သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၀)
လတ်တလောတွင်၊ ငါတို့သည် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ကိစ္စရပ်များ ပါဝင်သော မိတ်သဟာယအချို့ကို ဆောင်ရွက်ပြီးဖြစ်သည်။ အဓိကအားဖြင့်၊ ဤကဏ္ဍသုံးရပ်၏ သရုပ်သကန်အချို့အကြောင်းကို ငါတို့ အသေးစိတ်နှင့် တိတိကျကျ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ထိုသို့အသေးစိတ်ကျသော မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်၊ သင်တို့သည် ဤသရုပ်သကန်များ၏ တိကျသော အမျိုးအစားခွဲခြားခြင်းအပေါ် သိနားလည်မှုတစ်ခုခု ရရှိကြပြီလော။ (ရရှိပါပြီ။) ဤကဏ္ဍသုံးရပ်ရှိ တိကျသော သရုပ်သကန်များအပေါ် သိနားလည်မှု ရရှိပြီးသည့်နောက်တွင်၊ လူတို့က အဘယ်ကြောင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားရမည် သို့မဟုတ် လူတို့၌ရှိသော မည်သည့်အရာများကို ပြောင်းလဲပြီး ဖယ်ရှားရန် လိုအပ်သည်ဟူသည်မှာ ယခု သင်တို့အတွက် ပို၍ ရှင်းလင်းသလော။ မည်သည့်ကဏ္ဍများကို ပြောင်းလဲရန် လိုအပ်သည်၊ မည်သည်တို့ကို ပြောင်းလဲရန် မလိုအပ်သည်၊ မည်သည့်အရာများကို သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ မည်သည့်အရာများမှာ ဘုရားသခင်က ကြိုတင်စီမံထားကာ စီစဉ်ထားသည့် ပင်ကိုအခြေအနေများဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မဆက်စပ်သည့်အပြင် လူတို့ ကြိုးစားအားထုတ်ရန် သို့မဟုတ် ပြောင်းလဲမှု တစ်ခုတလေ ပြုလုပ်ရန် မလိုအပ်သည့်အရာများဖြစ်သည်ဟူသည့် ဤကိစ္စရပ်များသည် ယခု ရှင်းလင်းသွားပြီလော။ (ယင်းတို့နှင့်ပတ်သက်၍ ယခင်ကထက် အတိုင်းအတာတစ်ခုအထိ ပို၍ ရှင်းလင်းသည်ဟု ခံစားရပါသည်။) ရှင်းလင်းမှုကို ရရှိပြီးနောက်၊ လူတို့ကို သန့်စင်ရန်၊ ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန်နှင့် စာတန်၏ စွမ်းအားမှ ၎င်းတို့ကို ကယ်တင်ရန်ဟူသည့် ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော အရေးပါမှုကို သင်တို့ နားလည်သလော။ သမ္မာတရားကို ပေးရန်နှင့် လူတို့၌ရှိသည့် အမျိုးမျိုးသော ပြဿနာများကို ဖော်ထုတ်ရန် ဘုရားသခင် အလုပ်လုပ်ခြင်းနှင့် စကားပြောခြင်းသည် မည်သည့်အရာအား ဦးတည်သည်ဟူသည်မှာ ယခု ရှင်းလင်းသွားပြီလော။ လူတို့၌ရှိသော ပြဿနာအားလုံးအပေါ် ဘုရားသခင်၏ ဖော်ထုတ်ခြင်းသည် ၎င်းတို့၏ ပင်ကိုအခြေအနေများကို ဦးတည်သလော။ (မဟုတ်ပါ။) ယင်းသည် လူ့သဘာဝရှိ လူတို့၏ ပင်ကိုချွတ်ယွင်းချက်များကို ဦးတည်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းသည် မည်သည့်အရာကို ဦးတည်နည်း။ (အဓိကအားဖြင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဦးတည်ပါသည်။) ယင်းသည် အဓိကအားဖြင့် လူတို့ ကျင့်ကြံပြုမူပြီး ဆောင်ရွက်သည့် စည်းမျဉ်းများ၊ ဘုရားသခင်၊ သမ္မာတရား၊ အပြုသဘောဆောင်သောအရာများနှင့် အခြားထိုသို့သော ကိစ္စရပ်များအပေါ် ၎င်းတို့၏ အမြင်များနှင့် သဘောထားများကို ဦးတည်ပေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟူသည် အဘယ်နည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စာတန်၏ သဘာဝမှ ဆင်းသက်လာခြင်းဖြစ်ပြီး စာတန်၏ သဘာဝမှ ထုတ်ဖော်ခြင်းခံရသည်။ ဤအရာအားလုံးသည် သမ္မာတရား စည်းမျဉ်းများကို ဆန့်ကျင်သည်၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများဖြစ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့်ဆိုင်သည့် လုပ်ရပ်များနှင့် သရုပ်သကန်များလည်း ဖြစ်ကြသည်။ ဤအရာများသည် ဘုရားသခင်ကို ဆန့်ကျင်သည့် အဓိကအရာများဖြစ်ပြီး လူတို့ သမ္မာတရားကို ဆန့်ကျင်နိုင်ခြင်း၊ သမ္မာတရားကို သစ္စာဖောက်နိုင်ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆန့်ကျင်နိုင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်နိုင်ခြင်းတို့၏ အကြောင်းရင်းမြစ်များ ဖြစ်ကြသည်။ အခြားတစ်ဖက်တွင်မူ ပင်ကိုအခြေအနေများမှာ လူတို့ မွေးရာပါဖြစ်သည့် အခြေခံကျသော၊ အလိုအလျောက်ဖြစ်သော အရာအချို့မျှသာ ဖြစ်သည်။ သို့သော် လူသားမျိုးနွယ်က လက်ရှိတွင် ရှင်သန်မှုအတွက် မှီခိုနေရသည့် အသက်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလုပ်က ပြောင်းလဲရန် ရည်ရွယ်သည့်အရာမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး စာတန်နှင့်သက်ဆိုင်သည့်အပြင်၊ အပျက်သဘောဆောင်သော အရာအားလုံး၏ ယေဘုယျ သရုပ်သကန်များဟု ဆိုနိုင်သောကြောင့်၊ လူတို့၌ ထုတ်ဖော်ခံရသည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ သို့မဟုတ် အမျိုးမျိုးသော အခြေအနေများအပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများပါဝင်သည့် အသေးစိတ်ကျသော ထုတ်ဖော်ပြချက်များနှင့် သရုပ်သကန်များသည် အပျက်သဘောဆောင်သော အရာများနှင့် ဆက်စပ်သည်ချည်းသာ ဖြစ်သည်။ ထို့ကြောင့်၊ လူတို့ ဘုရားသခင်ကို အတိုက်အခံလုပ်ရခြင်း၏ အကြောင်းရင်းမြစ်မှာ ၎င်းတို့၏ ပင်ကိုအခြေအနေများ သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝရှိ အချို့သော ချွတ်ယွင်းချက်များ မဟုတ်ဘဲ၊ ရှင်သန်မှုအတွက် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မိမိ၏အခြေခံအုတ်မြစ်အဖြစ် သဘောထားသော အသက် ဖြစ်သည်။ ဤအသက်သည် စာတန်ထံမှ တိကျစွာ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုသို့ဖြင့် နောက်ဆုံးတွင် ပြောင်းလဲရန် လိုအပ်သည့်အရာမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်ပြီး ဖယ်ရှားရန် လိုအပ်သည့်အရာမှာလည်း လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြောင်းလဲသွားသည့်အခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းအား ရပ်တန့်နိုင်သည်ဟုလည်း ဆိုနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီးသည့်အခါမှသာ ၎င်းတို့ ကယ်တင်ခြင်းခံရပြီး ဖြစ်သည်ဟု ဆိုလိုပြီး၊လူတို့ ကယ်တင်ခြင်းခံရပြီးသည့်အခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းအား ရပ်တန့်နိုင်ပြီး ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံနိုင်ကြပေသည်။ ထို့ကြောင့် လူတို့ကို ကယ်တင်ရန် ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော စစ်မှန်သည့် အဓိပ္ပာယ်မှာ ၎င်းတို့အား မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်စေရန် ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်းလည်းကောင်း၊ သမ္မာတရားကို မိမိ၏ စံသတ်မှတ်ချက်အဖြစ်ထား၍လည်းကောင်း လူများနှင့် အမှုအရာများကို ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူကာ ဆောင်ရွက်ခြင်းဖြစ်သည်ဟု လူတို့ကို ဘုရားသခင် ပြောကြားခြင်း၏ စစ်မှန်သည့် အဓိပ္ပာယ်နှင့် ရည်ရွယ်သည့် ရလဒ်မှာ လူတို့အား မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်စေရန်နှင့် နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် ထားရှိခြင်းဖြင့် လူများနှင့် အမှုအရာများကို ရှုမြင်ရန်၊ ကျင့်ကြံပြုမူရန်နှင့် ဆောင်ရွက်ရန် ဖြစ်သည်။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။)
ယခင်က ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပါဝင်သည့် အချို့သော တိကျသည့် ထုတ်ဖော်ပြချက်များနှင့် သရုပ်သကန်များအပေါ် ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အချို့သော သရုပ်သကန်များသည် ပင်ကိုအခြေအနေများနှင့် သက်ဆိုင်သည်၊ အချို့မှာ လူ့သဘာဝရှိ ချွတ်ယွင်းချက်များနှင့် သက်ဆိုင်သည်၊ အချို့မှာ ယုတ်ညံ့သော အကျင့်စရိုက်၏ သရုပ်သကန်များဖြစ်ပြီး အချို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ တိကျသော သရုပ်သကန်များ ဖြစ်ကြသည်။ မိမိ၏ လူ့သဘာဝရှိ ချွတ်ယွင်းချက်များနှင့် မိမိလူ့သဘာဝ၏ ယုတ်ညံ့သော အနှစ်သာရမှာ လူတို့ အလွယ်တကူ အရောထွေးတတ်ဆုံးသောအရာများ ဖြစ်သည်။ လူ့သဘာဝရှိ ချွတ်ယွင်းချက်များသည် အများအားဖြင့် ပင်ကိုအခြေအနေများအောက်တွင် အကျုံးဝင်သည်။ ဥပမာအားဖြင့် အချို့လူတို့သည် စကားပြောသောအခါ စကားထစ်ကြပြီး အချို့လူတို့တွင် စိတ်မြန်သော သို့မဟုတ် စိတ်နှေးသော ပင်ကိုစရိုက်ရှိကြသည်။ လူ့သဘာဝရှိ ဤချွတ်ယွင်းချက်များသည် ယုတ်ညံ့သော အကျင့်စရိုက်အမျိုးအစားအောက်တွင် မကျရောက်သရွေ့ အခြေခံအားဖြင့် ပင်ကိုအခြေအနေများ၏ နယ်ပယ်အတွင်း၌ အကျုံးဝင်သည်။ သို့ရာတွင် ယုတ်ညံ့သော အကျင့်စရိုက်သည် ပင်ကိုအခြေအနေများနှင့် မဆက်စပ်ပေ။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ထုတ်ဖော်ပြချက်တစ်ခုဖြစ်ပြီး ပင်ကိုအခြေအနေများအောက်တွင် မဟုတ်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအောက်တွင် အကျုံးဝင်သင့်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတစ်ဦး၏ အကျင့်စရိုက်အတွင်း၌ ဘုရားသခင်က ၎င်းတို့အား အခြေခံအမှုအရာနှစ်ခုဖြစ်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပေးထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦး၏ အကျင့်စရိုက်က ယုတ်ညံ့ပါက ဤသည်မှာ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့်ဆိုင်သော ပြဿနာများ ပါဝင်နေသည်။ ဤသည်မှာ ၎င်းတို့၏ ပင်ကိုအခြေအနေများနှင့် ဧကန်မုချ မသက်ဆိုင်ပေ။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအောက်တွင် ဧကန်မုချ အကျုံးဝင်သည်။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုခု၏ တိကျသော သရုပ်သကန်တစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက် မိမိတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားကြောင်း ပြသရန် အချက်အလက်များက လုံလောက်ပေသည်။ ၎င်းတို့၏ စိတ်နှလုံးသည် စာတန်၏ လုံးဝ အထင်အမြင်မှားစေခြင်းခံရပြီး ၎င်းတို့သည် စာတန်ထံမှလာသည့် များစွာသော အတွေးများနှင့် ရှုထောင့်များအပြင် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများမှဖြစ်သည့် အချို့သော ဆိုရိုးစကားများနှင့် ထင်မြင်ချက်များကိုလည်း လက်ခံကြသည်။ အမှုအရာများက ဤအခြေအနေသို့ ရောက်သောအခါ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် လုံးဝ ဖောက်ပြန်ပျက်စီးပြီး ပျက်စီးယိုယွင်းသွားသည်။ ဤအချိန်တွင် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ လုံးဝ ဆုံးရှုံးသွားသည်ဟု ဆိုနိုင်ပေမည်။ ထုတ်ဖော်ပြခံရသည့်အရာမှာ ၎င်းတို့၏ အကျင့်စရိုက်က အလွန်ညံ့ဖျင်းပြီး ဆိုးယုတ်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို မလက်ခံမီတွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ စာတန်ထံမှဖြစ်သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အရာများစွာကို လက်ခံနှင့်ပြီးဖြစ်နေသည်။ ဤအရာများက ၎င်းတို့၏ လူ့သဘာဝကို ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေပြီးဖြစ်ကာ ၎င်းတို့၏ လူ့သဘာဝ အလွန်ညံ့ဖျင်းသွားသည့် အကျိုးဆက်ကို ဖြစ်စေသည်။ ဥပမာအားဖြင့် ၎င်းတို့သည် “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”ဟု ဖော်ပြသည့် လောကမှ စာတန်ဆန်သော အတွေးနှင့် ရှုထောင့်ကို လက်ခံပြီးနောက်တွင် ၎င်းတို့၏ အသိစိတ်သည် တိုးတက်လိမ့်မည်လော သို့မဟုတ် အလားတူပင် ရှိနေလိမ့်မည်လော၊ သို့မဟုတ် ပို၍ ဆိုးရွားလာလိမ့်မည်လော။ (ယင်းသည် ပို၍ ဆိုးရွားလာလိမ့်မည် ဖြစ်ပါသည်။) ဤသို့ ပိုဆိုးရွားလာခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (၎င်းတို့သည် မိမိတို့လုပ်ဆောင်သည့် အရာတိုင်းတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားများကိုသာ ထည့်သွင်းစဉ်းစားကြပါသည်။) မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်နှင့် အကျိုးစီးပွားများအတွက် ၎င်းတို့သည် အဘယ်အတွက်ကြောင့်မျှ ရပ်တန့်ခြင်းမရှိကြပေ။ ၎င်းတို့သည် အခြားသူများကို လိမ်လည်လှည့်စားနိုင်ပြီး ထိခိုက်နစ်နာစေနိုင်သည့်အပြင် ကိုယ်ကျင့်တရားနှင့် အသိစိတ်ကို ဆန့်ကျင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ ၎င်းတို့ ပို၍လုပ်ဆောင်လေ ၎င်းတို့၏ လုပ်ရပ်များက ပို၍ ရက်စက်လာလေ၊ ၎င်းတို့၏ စိတ်နှလုံးက ပို၍ ပျက်ယွင်းလာလေ၊ ၎င်းတို့ အသိစိတ် ခံစားမှုက ပို၍ လျော့နည်းလာလေဖြစ်ပြီး လူ့သဘာဝလည်း ၎င်းတို့ ပို၍ လျေားနည်းလာလေဖြစ်သည်။ မိမိတို့၏ ကိုယ်ကျိုးစီးပွားများအတွက် ၎င်းတို့သည် ၎င်းတို့ သိသောလူများနှင့် မသိသောလူများကို ထပ်တူထပ်မျှ လှည့်ဖြားလျက် မည်သူ့ကိုမဆို လိမ်လည်လှည့်စားပြီး လှည့်ဖြားကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကို အယုံကြည်ဆုံးသောသူများကိုပင် ထိခိုက်နစ်နာစေလျက်၊ လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုဝင်များနှင့် ၎င်းတို့ အနီးဝန်းကျင်ရှိ အရင်းနှီးဆုံးသော လူများကိုပင် လိမ်လည်လိမ့်မည်ဖြစ်သည်။ အစပိုင်းတွင် ဤအရာများကို ၎င်းတို့ လုပ်ဆောင်သောအခါ ၎င်းတို့သည် အတွင်းစိတ် သဘောထားကွဲလွဲမှုတစ်ခုခုနှင့် ၎င်းတို့၏ အသိစိတ်ထဲတွင် ခံစားချက်အနည်းငယ်ကို တွေ့ကြုံခံစားရသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် မရင်းနှီးသော သူစိမ်းများဖြင့် ဦးစွာ အစပြုလျက် မည်သို့ အရေးယူဆောင်ရွက်ရမည်ကို စတင်စဉ်းစားလာကြပြီး နောက်ဆုံးတွင် မိမိတို့၏ ကိုယ်ပိုင်ဆွေမျိုးများကိုပင် သနားညှာတာမှု မပြကြပေ။ သင် မြင်သည့်အတိုင်း၊ ၎င်းတို့၏ လူ့သဘာဝသည် တရွေ့ရွေ့ ဖောက်ပြန်ပျက်စီးလျက်ရှိသည်။ ယင်းသည် “အကျိုးစီးပွားက အရာအားလုံးထက် ပိုအရေးကြီးသည်”ဟူသည်နှင့် “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသကဲ့သို့သော စာတန်၏ အတွေးများနှင့် ရှုထောင့်၏ တဖြည်းဖြည်း တိုက်စားခြင်းကို ခံနေရသည်။ ဤသို့ တဖြည်းဖြည်း တိုက်စားခံရသည့် ဖြစ်စဉ်မှာ ၎င်းတို့၏ အသိစိတ်က အသိရှိခြင်း တဖြည်းဖြည်း ဆုံးရှုံးလာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ဆုံးသွားသည့် အခြေအနေသို့ ရောက်ရှိသွားသည့်အထိ အလုပ်မလုပ်တော့သည့် ဖြစ်စဉ်ဖြစ်သည်။ အဆုံးတွင် ၎င်းတို့သည် မိမိတို့၏ လုပ်ရပ်များ၌ ကိုယ်ကျင့်တရားဆိုင်ရာ နယ်နိမိတ်များ သို့မဟုတ် အသိစိတ်နှင့်ဆိုင်သော ခံစားမှု မရှိတော့သည့်အပြင် မည်သူကိုမဆို လှည့်ဖြားနိုင်ကြသည်။ ၎င်းတို့ မည်သူ့ကိုမဆို လှည့်ဖြားနိုင်သည့် အကြောင်းရင်းမှာ အဘယ်နည်း။ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် စာတန်၏ အတွေးများနှင့် ရှုထောင့်များကို လက်ခံပြီးဖြစ်သောကြောင့်ဖြစ်ပြီး စာတန်၏ အတွေးများနှင့် ရှုထောင့်များ၏ စိုးမိုးမှုအောက်တွင် ပြုမူကြသောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင်၊ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် အလုပ်မလုပ်တော့ပေ။ ဆိုလိုသည်မှာ လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အခြေခံကျသောအရာများသည် လုံးဝ အလုပ်မလုပ်တော့ပေ။ ယင်းတို့သည် စာတန်၏ ဆိုးယုတ်သော အတွေးများ၏ လုံးဝ တိုက်စားခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံကြရသည်။ တိုက်စားခြင်းနှင့် ထိန်းချုပ်ခြင်း ဖြစ်စဉ်မှာ ၎င်းတို့က ဤအတွေးများနှင့် ရှုထောင့်များကို လက်ခံသည့် ဖြစ်စဉ်ဖြစ်ပြီး ယင်းမှာ ၎င်းတို့ ဖောက်ပြန်ပျက်စီးခြင်းခံရသည့် ဖြစ်စဉ်လည်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ဖောက်ပြန်ပျက်စီးသွားသည်နှင့်အမျှ ၎င်းတို့၌ နောက်ဆုံးတွင် ထုတ်ဖော်ပြသည့်အရာမှာ ၎င်းတို့၏ လူ့သဘာဝ အလွန်ညံ့ဖျင်းလာခြင်းဖြစ်ပြီး ပို၍ ဆိုးရွားသော အခြေအနေများတွင် ၎င်းတို့သည် မိမိတို့၏ လူ့သဘာဝကို ဆုံးရှုံးသွားကြသည်။ ဤသည်တို့မှာ ပုံမှန် ဖောက်ပြန်ပျက်စီးသော လူသားများ၏ လူ့သဘာဝနှင့်ဆိုင်သော သရုပ်သကန်အချို့ ဖြစ်ကြသည်။
အချို့လူတို့သည် လူသားများအဖြစ်ပင် မွေးဖွားလာခြင်းမရှိသောကြောင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ၎င်းတို့ ပိုင်ဆိုင်သည်ဟု ပြော၍မရနိုင်သည့် အထူးအခြေအနေအချို့လည်း ရှိသည်။ စိတ်ကူးသက်သက်ဖြင့် ပြောရလျှင်၊ ၎င်းတို့သည် လူသားများမှ လူဝင်စားကြခြင်း မဟုတ်ပေ။ ပြန်လည်မွေးဖွားခြင်း၊ လူဝင်စားခြင်းနှင့် ဘဝပြောင်းခြင်း ကိစ္စရပ်သည် စိတ်ကူးသက်သက်ဖြစ်ပြီး လူတို့အဖို့ မြင်၍မရနိုင်သော်လည်း၊ လူတို့သည် ဤအရာကို လွယ်ကူစွာ နားလည်နိုင်သင့်သည်။ ယင်းမှာ လူတို့ နားလည်ပြီး သဘောပေါက်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ ထိုသို့သော လူများသည် လူသားများမှ လူဝင်စားသောသူများ မဟုတ်ကြပေ။သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာမှ လူဝင်စားကြသနည်း။ အချို့မှာ တိရစ္ဆာန်များမှ ပြန်လည်မွေးဖွားပြီး ဘဝပြောင်းလာကြကာ အချို့မှာ နတ်ဆိုးများမှ လူဝင်စားကြသည်။ ၎င်းတို့သည် လူ့သဘာဝမရှိဘဲ မွေးဖွားလာကြသည်။ လူ့သဘာဝမရှိသော လူများသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိဘဲ မွေးဖွားလာကြပေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးခြင်းကြောင့် လုံးလုံးဖြစ်ရသည် မဟုတ်ပေ။ ၎င်းတို့သည် ပင်ကိုအားဖြင့် အသက်ရှင်နေသော စာတန်များနှင့် အသက်ရှင်နေသော နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့သည် နတ်ဆိုးများမှ လူဝင်စားကြခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အန္တိခရစ်များသည် ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများမှ လူဝင်စားကြခြင်း ဖြစ်သည်။ နောက်ပိုင်း ဘဝတွင် ၎င်းတို့သည် စာတန်၏ အတွေးများနှင့် ရှုထောင့်များကို သာ၍ပင် လက်ခံကြသည်။ ၎င်းတို့ နောက်ပိုင်းတွင် ဆည်းပူးရရှိသည့်အရာနှင့် ပေါင်းစပ်လျက် ၎င်းတို့ မူလကတည်းက ရှိသည့်အရာသည် ၎င်းတို့ကို တိုး၍ ဆိုးစေသည်။ ထိုသို့သော လူများသည် အပြုသဘောဆောင်သော အရာများကို မချစ်မြတ်နိုးဘဲ မွေးဖွားလာကြသည်။ ၎င်းတို့သည် ပင်ကိုဝအားဖြင့် အပြုသဘောဆောင်သော အရာများကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် အပြုသဘောဆောင်သော အရာများကို ပြင်းထန်စွာ အတိုက်အခံလုပ်ပြီး စက်ဆုပ်မုန်းတီးကြသည်။ ထို့ကြောင့် ထိုသို့သော လူများ၌ရှိသည့် လူ့သဘာဝ၏ သရုပ်သကန်မှာ ၎င်းတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား စိုးစဉ်းမျှ မရှိခြင်း ဖြစ်သည်။ ၎င်းတို့၌ လူ့သဘာဝ၏ ကောင်းကျိုးများ သို့မဟုတ် အားသာချက်များကို မြင်တွေ့ရန် လုံးဝ မဖြစ်နိုင်ပေ။ ဤကောင်းကျိုးဆိုသည်မှာ သီချင်းဆိုရာ၌ ကျွမ်းကျင်ခြင်း၊ မိမိ၏ ရှုထောင့်များကို ဖော်ပြရာ၌ ကျွမ်းကျင်ခြင်း သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုခု သို့မဟုတ် အလုပ်အကိုင်တစ်ခုခုကို ဆိုလိုခြင်းမဟုတ်ပေ။ ဤသည်တို့မှာ ရည်ညွှန်းထားသည့် ကောင်းကျိုးများ မဟုတ်ပေ။ ထို့ထက် ယင်းသည် ကြင်နာတတ်ပြီး စိတ်ကောင်းရှိခြင်း၊ အခြားသူများကို နားလည်ပေးခြင်း သို့မဟုတ် စာနာတတ်ခြင်းကဲ့သို့သော လူ့သဘာဝ၏ ကောင်းကျိုးများကို ရည်ညွှန်းသည်။ လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား နယ်ပယ်အတွင်းရှိ ဤတိကျသော သရုပ်သကန်များက ၎င်းတို့တွင် လုံးဝ ကင်းမဲ့နေသည်။ သို့ဆိုလျှင် ထိုသို့သော လူများ၏ လူ့သဘာဝနှင့်ဆိုင်သော အဓိက ထူးခြားသည့်လက္ခဏာများမှာ အဘယ်နည်း။ သွေဖည်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့ ဖြစ်သည်။ ဤသည်တို့မှာ အဓိက ထူးခြားသောလက္ခဏာနှစ်ခု ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို မချစ်မြတ်နိုးကြပေ၊ အပြုသဘောဆောင်သော အရာများအကြောင်းကို ၎င်းတို့ ကြားသောအခါ ယင်းတို့သည် မှန်ကန်ကြောင်း ၎င်းတို့ အသိအမှတ်ပြုနိုင်သော်လည်း လုံးဝ လက်မခံကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင်ရှိသည့် အရာရာတိုင်းနှင့် ၎င်းတို့ ထုတ်ဖော်သည့် အရာရာတိုင်းသည် သွေဖည်ခြင်း၊ ဆိုးယုတ်ခြင်းတို့နှင့် ဆက်စပ်သည်။ ဤသည်မှာ မိမိတို့၏ ပင်ကို လူ့သဘာဝ အနှစ်သာရက ဆိုးယုတ်သော လူများ၏ အဓိက ထူးခြားသော လက္ခဏာများထဲမှ တစ်ခုဖြစ်သည်။ ထိုသို့သော လူများသည် နတ်ဆိုးများနှင့် စာတန်များမှ လူဝင်စားပြီး ဘဝပြောင်းလာကြခြင်း ဖြစ်သည်။ နောက်ပိုင်း ဘဝတွင် လူလုပ်သော သွတ်သွင်းမှု၊ သင်ကြားမှု၊ လွှမ်းမိုးမှု သို့မဟုတ် ပျိုးထောင်လေ့ကျင့်ပေးခြင်းတို့ပင်မရှိဘဲ ၎င်းတို့သည် အလွန် ဆိုးယုတ်နှင့်ပြီးဖြစ်သည်။ ၎င်းတို့သည် ပင်ကိုအားဖြင့် ဤသတ္တဝါမျိုးများ ဖြစ်ကြသည်။ ၎င်းတို့၏ အတွေးများနှင့် ရှုထောင့်များက ပင်ကိုအားဖြင့် စာတန်နှင့်ဆိုင်သော ပဓာနကျသည့်အရာများစွာကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် ၎င်းတို့သည် မွေးဖွားပြီးနောက်တွင် စာတန်၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများမှဖြစ်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် ရှုထောင့်များကို သာ၍ပင် လက်ခံကြသည်။ သို့ဖြစ်၍ ထိုသို့သော လူများ၏ သဘာဝ အနှစ်သာရ မီးလောင်ရာလေပင့်ခံရသည်ဟု ဆိုနိုင်သည်။ ယင်းသည် သာ၍ပင် ဆိုးယုတ်ပြီး ပိုဆိုးရွားလာသည်။ ဆိုလိုသည်မှာ ယင်းသည် စိတ်ကူးနိုင်သမျှ အဆိပ်အတောက်ဖြစ်စေသော အရည်အသွေးတိုင်းကို ပိုင်ဆိုင်ပြီး သာ၍ပင် ပြင်းထန်လာသည်။ ဤသည်တို့မှာ တိရစ္ဆာန်များမှ လူဝင်စားသောသူများနှင့် နတ်ဆိုးများမှ လူဝင်စားသောသူများ၏ အထူးအခြေအနေနှစ်ခု ဖြစ်သည်။ ပုံမှန်အခြေအနေမှာ လူတစ်ဦးသည် လူ့သဘာဝတွင် မည်သည့် ချို့ယွင်းချက်များဖြင့် မွေးဖွားလာသည်ဖြစ်စေ ယုတ်ညံ့သော အကျင့်စရိုက်၏ သရုပ်သကန်အချို့ကို ၎င်းတို့ ပြသသရွေ့ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ နယ်ပယ်အတွင်း၌ အကျုံးဝင်သည်။ ၎င်းတို့က သမ္မာတရားကို လက်ခံနိုင်လျှင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို လျှောက်လှမ်းနိုင်လျှင် နောက်ဆုံးတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားခြင်းခံရနိုင်ပေသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖယ်ရှားခြင်းခံရသောအခါ ၎င်းတို့ အကျင့်စရိုက်၏ ယုတ်ညံ့သော သွင်ပြင်လက္ခဏာများက လိုက်လျောညီထွေစွာဖြင့် ပြောင်းလဲသွားလိမ့်မည်။ ထိုသို့သော လူများသည် ကယ်တင်ခြင်းခံရနိုင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ပုံမှန် ဖောက်ပြန်ပျက်စီးသော လူသားများ ဖြစ်ကြသည်။ သင်သည် မကောင်းသော အကျင့်စရိုက်၏ သရုပ်သကန်အချို့ကို ပြသလျှင်ပင်၊ သို့မဟုတ် တည်ကြည်မှု ကင်းမဲ့လျှင်ပင်၊ သို့မဟုတ် သင်၏ လူ့သဘာဝနှင့်ဆိုင်သည့် သရုပ်သကန်အချို့က သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် အခြားသူများအတွက် စက်ဆုပ်ဖွယ်ဖြစ်နေလျှင်ပင်၊ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိနေဆဲဖြစ်ပြီး လူများနှင့် အမှုအရာများကို သင် ရှုမြင်ပုံနှင့် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပုံတို့အတွက် အခြေခံသတ်မှတ်ချက်များအဖြစ် ဆက်လက် အလုပ်လုပ်နိုင်သရွေ့၊ ဆိုလိုသည်မှာ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် လူများနှင့် အမှုအရာများကို သင် ရှုမြင်ပုံနှင့် သင် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပုံတို့ကို လွှမ်းမိုးနိုင်ဆဲဖြစ်ပြီး သင့်အထဲ၌ အလုပ်လုပ်နိုင်ဆဲဖြစ်သရွေ့၊ နောက်ဆုံးတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ပြောင်းလဲနိုင်ပေသည်။ လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့က ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ မထိန်းချုပ်နိုင် သို့မဟုတ် မထိန်းကျောင်းနိုင်ပါက ဤလူစားမျိုးသည် သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသည့်အပြင် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း သာ၍ပင် မရှိဟု ဆိုနိုင်ပေသည်။ သို့ဖြစ်၍ ထိုသို့သော လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လွယ်ကူစွာ ဖယ်ရှားခြင်းခံရလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူများ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် ဘာဆိုဘာမျှ အလုပ်မလုပ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံရန် အခွင့်အရေး မရှိတော့သည့်အပြင် သမ္မာတရားကို လက်ခံရန်အတွက် အခြေခံသတ်မှတ်ချက်များကိုလည်း မပိုင်ဆိုင်တော့ပေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်မှာ ဤလူများအတွက် အလွန် ခက်ခဲသည်။ ထို့ကြောင့် သင်၏ လူ့သဘာဝ၌ မည်သည့်ပြဿနာများ တည်ရှိနေသည်ဖြစ်စေ သင်သည် လူ့သဘာဝ သို့မဟုတ် သမ္မာတရားကို ဆန့်ကျင်သည့် နည်းလမ်းဖြင့် ပြုမူတော့မည့်အချိန်တွင် သင်၏ အသိစိတ်ထဲ၌ တစ်ခုတလေ ခံစားရခြင်း ရှိမရှိ သို့မဟုတ် သင်၏ စိတ်နှလုံးထဲတွင် နာကျင်မှု သို့မဟုတ် ပြစ်တင်ဆုံးမမှုကို ခံစားရခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ ဤကိစ္စရပ်ကို လုပ်ဆောင်သင့်သည် သို့မဟုတ် မလုပ်ဆောင်သင့်သည်ဟူသည်ကို တိုင်းတာရန် သင်၏ စိတ်နှလုံးထဲတွင် နယ်နိမိတ်တစ်ခု သို့မဟုတ် စံနှုန်းတစ်ခု ရှိမရှိဟူသည်ကိုလည်းကောင်း၊ ဤကိစ္စရပ်ကို လုပ်ဆောင်ခြင်းက ကိုယ်ကျင့်တရား သို့မဟုတ် အသိစိတ်ကို ဆန့်ကျင်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ ပို၍ နက်ရှိုင်းစွာဆိုရသော် ယင်းသည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း သိရှိရန် သင်ကိုယ်တိုင် ဆန်းစစ်ကြည့်လော့။ အကယ်၍ သင်သည် အသိစိတ်နှင့်ဆိုင်သော ခံစားမှုတစ်ခုရှိလျှင်၊ ဤကိစ္စရပ်သည် လူ့သဘာဝနှင့် သမ္မာတရားကို ဆန့်ကျင်ကြောင်း အကဲဖြတ်နိုင်ပြီး သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ အလုပ်လုပ်ဆောင်မှုအောက်တွင် သင့်ကိုယ်သင် ချုပ်တည်းနိုင်ပြီး သင်၏ လုပ်ရပ်များကို ထိန်းချုပ်နိုင်လျှင် သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်မည့် အခွင့်အရေး သို့မဟုတ် ဖြစ်နိုင်ခြေ ရှိပေသည်။ သို့သော် တစ်ခုတလေကို လုပ်ဆောင်သောအခါ သင်၏ အသိစိတ်ထဲတွင် မည်သည့်အရာမျှ မခံစားရလျှင်၊ ဤကိစ္စရပ်အတွက် စံနှုန်းမှာ အဘယ်အရာဖြစ်သည် သို့မဟုတ် ယင်းကို သင် လုပ်ဆောင်သင့်ခြင်း ရှိမရှိဟူသည်ကို အကဲမဖြတ်နိုင်သည့်အပြင်၊ ဤအရာကို လုပ်ဆောင်ခြင်းက လူ့သဘာဝ၊ ကိုယ်ကျင့်တရား သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်ကို မသိလျှင်၊ ထို့အပြင် ဤအရာကို လုပ်ဆောင်သောအခါ ယင်းသည် အသိစိတ်၊ လူ့သဘာဝ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ဆန့်ကျင်သော်လည်း သင်၏ အသိစိတ်က ဤမှားယွင်းပြီး အပျက်သဘောဆောင်သော အရာကို လုပ်ဆောင်ခြင်းမှ သင့်အား တားဆီးရန် အလုပ်မလုပ်နိုင်လျှင် သင်ကဲ့သို့သော လူများသည် အခြေခံအားဖြင့် သမ္မာတရားကို လက်ခံရန် အခွင့်အရေး မရှိပေ။ နောက်ဆက်တွဲဖြစ်သည့်အရာမှာ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် အခွင့်အရေး မရှိခြင်း ဖြစ်သည်။
လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ခြင်း ရှိမရှိဟူသည်မှာ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဟူသည့်အပေါ် မူတည်သည်။ ဤသည်မှာ အတော်လေး သိသာထင်ရှားသည်။ ပြီးလျှင် လူတို့က သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိဟူသည်မှာမူ ၎င်းတို့တွင် အသိစိတ် ခံစားချက်တစ်ခု ရှိမရှိဟူသည့်အပေါ် မူတည်သည်။ သို့ဆိုလျှင် တစ်စုံတစ်ဦးတွင် အသိစိတ် ခံစားချက်တစ်ခု ရှိမရှိဟူသည်ကို မည်သို့ ပိုင်းခြားသိမြင်နိုင်သနည်း။ အမှုအရာများကို လုပ်ဆောင်သောအခါ လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အခြေခံအကျဆုံးသော အသိစိတ် ၎င်းတို့တွင် ရှိမရှိဟူသည်ကိုလည်းကောင်း၊ တစ်စုံတစ်ခုကို ၎င်းတို့ လုပ်ဆောင်သောအခါ သို့မဟုတ် တစ်စုံတစ်ခုကို ပြောဆိုသောအခါ ၎င်းတို့၏ အသိစိတ်က အလုပ်လုပ်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း ကြည့်ရှုရန် လိုအပ်သည်။ ဥပမာအားဖြင့် သင်သည် တစ်စုံတစ်ဦးကို အသရေဖျက်ရန် သင်၏ အသိစိတ်နှင့် အဖြစ်မှန်များကို ဆန့်ကျင်သည့် တစ်စုံတစ်ရာကို ပြောလိုသောအခါ သို့မဟုတ် သင် လိမ်ညာလိုသောအခါ သင်၏ အသိစိတ်က သင့်ကို “ငါ ဤအရာကို မပြောသင့်ပါ။ ဤအရာကို ပြောခြင်းသည် လိမ်ညာခြင်းနှင့် လှည့်စားခြင်းဖြစ်သည်။ ယင်းမှာ ငါသည် ရိုးသားသောသူတစ်ဦး မဟုတ်ဟု ဆိုလိုသည်။ ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေပြီး ငါ့ကိုယ်ပိုင်အသိစိတ်ကလည်း ငါ့ကို ဤအရာလုပ်ခွင့်ပြုမည် မဟုတ်ပါ။ ဤအရာကို ပြောရန် မသင့်လျော်ပါ”ဟု ပြစ်တင်ဆုံးမသည်။ ဤအတွေးများ ရှိခြင်းသည် သင်၏ အသိစိတ်က အလုပ်လုပ်နေသည်ဟု ဆိုလိုသည်။ သင်၏ အသိစိတ်က အလုပ်လုပ်နေသောအခါ သင်ပြောဆိုသည့် စကားများတွင် မသန့်စင်မှုအချို့ သို့မဟုတ် လူ့ရည်ရွယ်ချက်၏ အရိပ်လက္ခဏာများ ပါဝင်နေနိုင်သေးပြီး ၁၀၀ ရာခိုင်နှုန်း တိကျကောင်းမတိကျနိုင်ပေ။ သို့ရာတွင် သင့် အသိစိတ်၏ အကျိုးသက်ရောက်မှုအောက်တွင် သင်ပြောဆိုသည့် စကားများသည် အတော်အတန် သင့်တင့်လျောက်ပတ်နှင့်ပြီးဖြစ်သည်။ သင်သည် သမ္မာတရားကို နောက်ထပ် လက်တွေ့လုပ်ဆောင်နိုင်ပြီး စည်းမျဉ်းများကို အခြေခံ၍ စကားပြောဆိုနိုင်ပါက သင်ပြောဆိုသည့် စကားများသည် လုံးဝ သင့်တင့်လျောက်ပတ်လိမ့်မည်ဖြစ်ပြီး သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်လာလိမ့်မည်။ သို့သော် တစ်စုံတစ်ဦးသည် အသိစိတ်၏ အလုပ်မလုပ်ပါက၊ သေချာပေါက် ရိုးသားသောသူတစ်ဦး ဖြစ်မလာနိုင်ပေ သို့မဟုတ် ရိုးသားသော စကားများကို မပြောနိုင်ပေ။ ဥပမာအားဖြင့် အထက်က ၎င်းတို့အား တစ်စုံတစ်ဦးအကြောင်း မေးသောအခါ ၎င်းတို့က “ထိုလူက အမှန်ပင် မဆိုးပါ။ သူ၏ အစွမ်းအစက ကောင်းပြီး သူ၏ လူ့သဘာဝကလည်း အတော်လေး ကောင်းသည်။ အထက်က သူ့ကို ရာထူးတိုးပေးဖို့ သူ့အကြောင်း မေးနေခြင်းဖြစ်သလော။ သူ့ကို ရာထူးတိုးပေးလိုက်လျှင်၊ ငါ ရာထူးတိုးမခံရမည့် သဘောဖြစ်သည်။ ငါ အမှန်အတိုင်း ပြော၍ မဖြစ်ပါ။ သူက သာမန်ဖြစ်သည်ဟုသာ ငါပြောမည်”ဟု တွေးကောင်းတွေးနိုင်သည်။ မိမိတို့ကိုယ်ကို အကျိုးရှိစေသည့် နည်းလမ်းဖြင့် မည်သို့ ပြောဆိုရမည်ကို ၎င်းက စတင်စဉ်းစားသည်။ ၎င်းတို့ ဤသို့ တွေးသောအခါ ၎င်းတို့၏ အသိစိတ်က အလုပ်လုပ်နေသလော။ ၎င်းတို့တွင် အသိစိတ်မရှိသည့်အပြင် အသိစိတ်၏ အလုပ်လုပ်ခြင်းကို ၎င်းတို့ မခံစားရပေ။ အသိစိတ်မရှိသော လူများတွင် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် ပြောချင်သည့် မည်သည့်အရာကိုမဆို ပြောဆိုပြီး လိမ်ညာချင်သည့် မည်သည့်အခါတွင်မဆို လိမ်ညာကြသည်။ အဘယ်ကြောင့် လိမ်ညာခြင်းက ၎င်းတို့ကို စိတ်မကောင်း မဖြစ်စေသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အသိစိတ်၏ အလုပ်လုပ်ခြင်းကို မခံစားရသောကြောင့် ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်တည်းမှု မရှိသည့်အပြင်၊၊ ချုပ်ထိန်းသည့် အစွမ်းတန်ခိုး တစ်ခုတလေလည်း မရှိပေ။ နောက်ဆုံးတွင်၊ ၎င်းတို့သည် လိမ်ညာမှုများကို ပြောဆိုနိုင်ပြီး မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း လိမ်ညာလိုသည့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်သည်။ အဆုံးတွင် ထိုသို့သော လူများ၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ အသိစိတ်၏ ချုပ်ထိန်းသည့် အစွမ်းတန်ခိုးမရှိဘဲ အမှုအရာများကို လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် အသိစိတ်၏ အလုပ်လုပ်ခြင်းကို ခံစားရခြင်းမရှိဟု ဆိုလိုသည်။ အသိစိတ်၏ အလုပ်လုပ်ခြင်းကို မခံစားရသည့် လူများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပြစ်တင်စွပ်စွဲခံရခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်းကို မခံစားရဘဲ အမှားများ ပြုလုပ်ပြီး မကောင်းမှုကို ကျူးလွန်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အရာရာကို မိမိတို့၏ ကိုယ်ကျိုးစီးပွားများအား စံသတ်မှတ်ချက်အဖြစ် အသုံးပြုလျက် လုပ်ဆောင်ကြသည်။ ထိုသို့သော လူများတွင် လုံးဝ ချုပ်ထိန်းသည့် အစွမ်းတန်ခိုးမရှိသည့်အပြင် အသိစိတ်၏ အလုပ်လုပ်ခြင်းကိုလည်း မခံစားရသောကြောင့်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ (လက်တွေ့မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင့်တွင် မည်သည့် လူ့သဘာဝမျိုး ရှိသည်ဟူသည်ကို အကဲဖြတ်ရန်အတွက်၊ သင်သည် သင်၏ စကားများနှင့် လုပ်ရပ်များက အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အုပ်စိုးခြင်းကို ခံရခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ပြီး ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိနိုင်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း အဓိက ကြည့်ရှုရမည်ဖြစ်သည်။ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် ပုံမှန် အလုပ်လုပ်နိုင်ဆဲဖြစ်ပါက သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦး ဖြစ်သည်။ သင်၏ စကားများနှင့် လုပ်ရပ်များသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်ထိန်းခြင်းကို မခံရသည့်အပြင်၊ သင်သည် မည်သည့် ချုပ်တည်းမှုမျှမရှိဘဲ လုံးဝ တစ်ဇွတ်ထိုးလုပ်ပြီး အရှက်အကြောက်ကင်းမဲ့စွာပင် ပြုမူနိုင်ပါက သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သည်သာမက လူ့သဘာဝလည်း ကင်းမဲ့ပေသည်။ လူတစ်ဦး၏ လူ့သဘာဝ၌ ထုတ်ဖော်ပြသသည့် အရာရာတိုင်းသည် အခြေခံအားဖြင့် ယုတ်ညံ့သော အကျင့်စရိုက်၏ နယ်ပယ်အတွင်း၌ အကျုံးဝင်နိုင်ပါက ဤလူသည် အခြေခံအားဖြင့် လူ့သဘာဝမရှိပေ။ လူ့သဘာဝမရှိခြင်း၏ ဝိသေသလက္ခဏာမှာအသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိခြင်းအပြင်၊ အသိစိတ်၏ အလုပ်လုပ်ဆောင်မှုမရှိဘဲ အမှုအရာများကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် ၎င်းတို့အား လူတစ်ဦးသည် အသိစိတ်နှင့် လူ့သဘာဝဖြင့် ကျင့်ကြံပြုမူသင့်သည်ဟု ပြောပါက ၎င်းတို့က “အသိစိတ်သည် အဘယ်တန်ဖိုးရှိသနည်း။ အသိစိတ်ရှိခြင်းက ငွေရစေသလော။ အသိစိတ်ရှိခြင်းက ငါ၏ဗိုက်ကို ဖြည့်ပေးနိုင်သလော”ဟု တွေးကြသည်။ သို့သော် အသိစိတ်ရှိသော လူများအတွက်မူ ကွဲပြားသည်။ ၎င်းတို့သည် လောဘ၏ စေ့ဆော်မှုကြောင့် ရံဖန်ရံခါ အခြားသူများကို ထိခိုက်နစ်နာစေလျက် မကောင်းသည့်အရာတစ်ခုကို လုပ်ဆောင်မိပါက၊ နောက်ပိုင်းတွင် ၎င်းတို့က၊ “ငါသည် သူတို့ကို ဤသို့လုပ်ဆောင်ခြင်းအားဖြင့် အမှန်တကယ် မတရားဆက်ဆံမိလေပြီ။ ဤသည်မှာ မကောင်းမှုကို ကျူးလွန်ခြင်း မဟုတ်လော။ ထိုအချိန်တွင် ငါသည် အဘယ်သို့ဖြစ်ပြီး အသိစိတ်လွတ်သွားနိုင်ခဲ့သနည်း။ ငါ့ကိုယ်ငါ အဘယ်ကြောင့် မချုပ်တည်းနိုင်ခဲ့ရသနည်း။ ငါ အမှားပြင်ဖို့ နည်းလမ်းတစ်ခု ရှာရမည်”ဟု တွေးလျက်၊ မိမိကိုယ်ကို ပြစ်တင်ဆုံးမခြင်းနှင့် နောင်တ ခံစားရလိမ့်မည်ဖြစ်သည်။ သင် မြင်သလော၊ ၎င်းတို့သည် ထိုအချိန်က တစ်စုံတစ်ဦးကို လှည့်စားခဲ့ပြီး အကျိုးအမြတ်အချို့ ရရှိခဲ့သော်ငြားလည်း ဤအကျိုးအမြတ်အကြောင်းကို ၎င်းတို့ စဉ်းစားသောအခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မသက်မသာ ခံစားရပြီး၊ “ငါ မည်သို့ဖြစ်ပြီး ဤကဲ့သို့သောအရာကို လုပ်နိုင်ခဲ့ရသနည်း။ အနာဂတ်တွင် ဤအရာကို ငါ တစ်ဖန် လုံးဝ လုပ်၍မဖြစ်ပါ။ ဤအရာကို ထပ်လုပ်သည့်အစား ဆင်းရဲမွဲတေမှုဖြင့် အသက်ရှင်လိုက်မည် သို့မဟုတ် ငတ်ပြတ်နေလိုက်မည်။ ယင်းမှာ လူတစ်ယောက် လုပ်သင့်သည့်အရာ မဟုတ်ပါ။ ယင်းကို လုပ်ဆောင်ခြင်းက တစ်သက်တာ နောင်တရစေမည်ဖြစ်သည်”ဟု တွေးလျက် မိမိတို့ကိုယ်ကို မုန်းတီးကြလိမ့်မည်။ ဤကဲ့သို့သော အရာတစ်ခုကို တစ်ကြိမ်လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် ယင်ကောင်သေတစ်ကောင်ကို မျိုချရခြင်းလောက် ရွံရှာဖွယ်ကောင်းသည်ဟု ခံစားရသည်။ သို့ဖြစ်၍ ၎င်းတို့သည် ယင်းကို လုံးဝ ထပ်မလုပ်ကြပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် နောင်တခံစားရပြီး စိတ်သောကရောက်ကြသည်။ အခြားတစ်ဖက်တွင်မူ လူ့သဘာဝမရှိသော လူများသည် လုံးဝ ချုပ်တည်းမထားဘဲ အခြားသူများကို လှည့်စားလျက် ဦးနှောက်ခြောက်အောင် စဉ်းစားပြီး အခြားသူများကို လှည့်စားခြင်းအပေါ် လုံးလုံး အာရုံစိုက်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ အသိစိတ်က ၎င်းတို့ကို မစွပ်စွဲသည့်အပြင် ၎င်းတို့က သနားညှာတာမှု မပြကြပေ။ ၎င်းတို့သည် အခြားသူများကို ဆိုးရွားစွာ ထိခိုက်နစ်နာစေပြီး “သူတို့ထိုက်နှင့်သူတို့ကံဖြစ်သည်။ ငါ့လက်ထဲကို ကျရောက်ဖို့ သူတို့ကို မည်သူက ပြောခဲ့သနည်း။ သူတို့ကို ငါ မလှည့်စားလျှင် အခြားမည်သူကို လှည့်စားရမည်နည်း။ ငါနှင့် ဆုံရခြင်းက သူတို့ကံဆိုးခြင်းသာ ဖြစ်သည်”ဟု တွေးလျက် ပျော်ပင်ပျော်ရွှင်နေကြသေးသည်။ ထိုသို့သော လူများတွင် အသိစိတ်၏ ခံစားချက် တစ်ခုခု ရှိသလော။ (မရှိပါ။) ၎င်းတို့သည် အခြားသူများကို မည်သို့ ဆိုးရွားစွာ လှည့်စားသည်ဖြစ်စေ သို့မဟုတ် မည်သည့်အတိုင်းအတာအထိ ထိခိုက်နစ်နာစေသည်ဖြစ်စေ ၎င်းတို့သည် တောင်းပန်စကားတစ်ခွန်းကိုမျှ လုံးဝမပြောသည့်အပြင် အပြစ်ရှိသည့်စိတ် သို့မဟုတ် နောင်တတရားကို လုံးဝ မခံစားရပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဂုဏ်ယူပြီး ကံကောင်းသည်ဟု ခံစားရသည်။ လှည့်စားခြင်းမှတစ်ဆင့် ၎င်းတို့ ရရှိခဲ့သည့်အရာကို မွေ့လျော်ခံစားသည့်အခါတိုင်း ၎င်းတို့သည် စိတ်သောကမရောက်ဘဲ ယင်းမှာ လုံးဝ တရားသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့အနေဖြင့် အရည်အချင်းရှိသည်၊ ကျွမ်းကျင်ပြီး လိမ္မာပါးနပ်သည်၊ ထိုအချိန်က ၎င်းတို့ တွေးခဲ့ပြီး လုပ်ဆောင်ခဲ့သည့်အရာမှာ မှန်ကန်သည့်အပြင် ၎င်းတို့၏ လှည့်စားခြင်းမှတစ်ဆင့် သာ၍ပင် ရရှိခဲ့သင့်သည်ဟု စဉ်းစားကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူများတွင် လူ့သဘာဝ ရှိသလော။ (မရှိပါ။) မကောင်းမှုကို ကျူးလွန်ပြီးနောက် ၎င်းတို့သည် ဤနည်းလမ်းဖြင့် တွေးနိုင်ဆဲဖြစ်ပြီး ထိုသို့သော အပြုအမူကို ထုတ်ဖော်ပြသနိုင်ဆဲဖြစ်သည်။ ဤလူစားမျိုးက ကယ်တင်ခံရနိုင်သည်ဟု သင် ထင်သလော။ အလားတူ အခြေအနေများနှင့် ရင်ဆိုင်ရပါက ၎င်းတို့ ထပ်မံ လှည့်စားလိမ့်ဦးမည်လော။ (လှည့်စားလိမ့်ဦးမည် ဖြစ်ပါသည်။) ၎င်းတို့သည် လှည့်စားရာ၌ ပို၍ ကျွမ်းကျင်လာလိမ့်မည်သာဖြစ်သည်။မိမိတို့ကိုယ်ကို ပို၍ ကျေနပ်အားရလိမ့်မည်ဖြစ်ပြီး လှည့်စားလေလေ တိုး၍ လိမ္မာပါးနပ်သည်ဟု ခံစားရလေလေ ဖြစ်လိမ့်မည်။ လှည့်စားမှုတစ်ခုစီနှင့်အတူ ၎င်းတို့၏ စိတ်နှလုံးက ပို၍ မှောင်မိုက်သည်၊ ၎င်းတို့၏ လုပ်ရပ်များက ပို၍ ရက်စက်လာပြီး ၎င်းတို့၏ နည်းလမ်းများက ပို၍ ကြမ်းကြုတ်လာသည်။ ထိုသို့သော လူများသည် ကယ်တင်၍မရနိုင်တော့ပေ။ ၎င်းတို့သည် စာတန်၏ လုံးဝ ဖမ်းသွားခြင်းကို ခံရပြီးဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ၎င်းတို့သည် လုံးလုံးလျားလျား ဆိုးယုတ်သောလူများ၊ နတ်ဆိုးများနှင့် လူလိမ်လူညစ်များ ဖြစ်ကြသည်။ သင်သည် ထိုသို့သော လူများကို အသိစိတ်နှင့် လူ့သဘာဝအကြောင်း ပြောပါက ၎င်းတို့သည် သင့်ကို လှောင်ပြီး “သင်သည် အသိစိတ်နှင့် လူ့သဘာဝဖြင့် ပြုမူဆောင်ရွက်သည့် ငတုံးကြီးဖြစ်သည်။ ယင်းအတွက် သင့်ကို မည်သူက ငွေပေးမည်နည်း။ သင် ဆင်းရဲသာဆင်းရဲသွားမည် မဟုတ်လော။ ကျွန်ုပ် မည်မျှ အဆင်ပြေနေသည်ကို ကြည့်လော့၊ ပြီးလျှင် သင့်ကိုသာ ကြည့်လော့၊ အလွန် သနားစရာကောင်းလှသည်တကား”ဟု ပြောလိမ့်မည်။ ၎င်းတို့သည် သင့်ကို လှောင်ပြီး အထင်အမြင်သေးလိမ့်မည်။ ထိုသို့သော လူ့သဘာဝသည် အသိစိတ် လုံးဝ ကင်းမဲ့နေသည်။ ထိုသို့သော လူများ၏ အသိစိတ်သည် လုံးဝ ပျောက်ဆုံးသွားပြီးဖြစ်သည်။၎င်းတို့သည် နတ်ဆိုးများ၏ လုံးဝ သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်ကာ ၎င်းတို့သည် လုံးလုံးလျားလျား အသက်ရှင်နေသော နတ်ဆိုးများ ဖြစ်လာကြပြီးဖြစ်သည်။ ထို့ကြောင့် ထိုသို့သော လူများနှင့် သမ္မာတရားအကြောင်း မပြောနှင့်။ ယင်းကို ၎င်းတို့ မလက်ခံနိုင်ကြပေ။ ၎င်းတို့တွင် ပုံမှန် လူ့သဘာဝပင် မရှိသောကြောင့်၊ အဘယ်သို့ဖြစ်ပြီး သမ္မာတရားကို လက်ခံနိုင်မည်နည်း။ သမ္မာတရားကို လက်ခံနိုင်သော လူများသည် အထူးသဖြင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားများ ပါဝင်သောအခါ လူများနှင့် ကိစ္စရပ်များကို ရှုမြင်ခြင်းနှင့် ကျင့်ကြံပြုမူပြီး ဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်လာသည့်အခါ နယ်နိမိတ်တစ်ခု ရှိကြသည်။ ဤနယ်နိမိတ်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့ အသိစိတ်၏ ချုပ်တည်းခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ အသိစိတ်၏ ချုပ်တည်းခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရနိုင်ပါက ထိုသို့သော လူများသည် လူ့သဘာဝ အတိုင်းအတာတစ်ခု ရှိနေဆဲဖြစ်ပြီး ၎င်းတို့၏ မိမိကိုယ်ကို ကျင့်ကြံပြုမူခြင်း၌ နယ်နိမိတ်တစ်ခု ရှိသည်ဟု ဆိုနိုင်ပေသည်။ ဤသည်မှာ ၎င်းတို့သည် တော်သင့်လျော်မှု အတိုင်းအတာတစ်ခုဖြင့် ပြုမူသည်ဟု ဆိုလိုသည်။ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသောအခါ သို့မဟုတ် မည်သည့်အရာကိုမဆို လုပ်ဆောင်သောအခါ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို နားမလည်လျှင် သို့မဟုတ် သမ္မာတရားနှင့်အညီ မည်သို့ ပြုမူရမည်ကို မသိလျှင် အနည်းဆုံးအနေဖြင့် အသိစိတ်၏ နယ်နိမိတ်များကို ၎င်းတို့ လိုက်နာစောင့်ထိန်းနိုင်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့၏ အသိစိတ်သည် နိုးကြားမှုနေဆဲဖြစ်ပြီး အလုပ်လုပ်နိုင်ဆဲဖြစ်သည်။ ၎င်းတို့၏ အသိစိတ်က အလုပ်လုပ်နိုင်ပါက ၎င်းတို့သည် သမ္မာတရားကို လက်ခံရန် အခွင့်အရေးရှိသည်။ ၎င်းတို့၏ အသိစိတ်သည် အပြုသဘောဆောင်သော ဦးတည်ချက်တစ်ခုဖြင့် ဖွံ့ဖြိုးတိုးတက်လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင်မကောင်းသော ၎င်းတို့ အကျင့်စရိုက်၏ အစိတ်အပိုင်းများသည် အတော်အတန် ပြောင်းလဲသွားလိမ့်မည်။ ၎င်းတို့၏ အကျင့်စရိုက်က ပြောင်းလဲခြင်းကို တဖြည်းဖြည်း ကြုံရသည်နှင့်အမျှ ၎င်းတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည်လည်း တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားခြင်းခံရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ယခု ရှင်းလင်းသွားပြီလော။ (ရှင်းပါပြီ။)
ဘုရားသခင်က မည်သူတို့ကို ကယ်တင်ပြီး လူတို့၏ မည်သည့်ကဏ္ဍများအား ပြောင်းလဲပေးသည်ကို လူတို့ ရှင်းလင်းစွာ မြင်သင့်သည်။ တစ်ချက်အနေဖြင့်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ရှင်းလင်းစွာ နားလည်သင့်ပြီး၊ နောက်တစ်ချက်အနေဖြင့်၊ ၎င်းတို့ အနီးဝန်းကျင်တွင်ရှိသောသူများနှင့် စပ်လျဉ်း၍လည်း ပိုင်းခြားသိမြင်မှု ရှိသင့်သည်။ ယုတ်ညံ့သော အကျင့်စရိုက်၏ သရုပ်သကန်များနှင့်စပ်လျဉ်း၍ ဤအရာများထဲမှ အချို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ပြချက်များ ပါဝင်သည်။ ဤသည်တို့မှာ အဓိကအားဖြင့် သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ကာ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သရုပ်သကန်များကို ရည်ညွှန်းသည်။ လူတို့၏ အမြင်တွင် ထိုသို့သော လုပ်ရပ်များသည် ဥပဒေကို မချိုးဖောက်သည့်အပြင် ဥပဒေ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရမည်မဟုတ်သော်လည်း ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသည်။ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် အကျုံးဝင်သည်။ ယုတ်ညံ့သော အကျင့်စရိုက်၏ အခြားသရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပါဝင်သည်သာမက ရက်စက်ကြမ်းကြုတ်သော လူ့သဘာဝ အနှစ်သာရ ရှိခြင်း၏ ပြဿနာနှင့်လည်း သက်ဆိုင်သည်။ ထိုသို့သော လူများသည် မည်သည့် မကောင်းမှုမျိုးကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိပြီး လုံးဝ ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ အကယ်၍ လူတစ်ဦးသည် ကဏ္ဍတစ်ခုတည်း၌သာ ၎င်းတို့၏ အကျင့်စရိုက်နှင့်ပတ်သက်၍ ပြဿနာများရှိသော်လည်း အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ဖြင့် ပြောဆိုကာ လုပ်ဆောင်နေဆဲဖြစ်သည့်အပြင်၊ အထူးအခြေအနေများအောက်၌သာ မကောင်းမှုအချို့ကို ကျူးလွန်ပါက ၎င်းတို့သည် ဆိုးယုတ်သောသူတစ်ဦး မဟုတ်ပေ။ ဆိုးယုတ်သောလူများတွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား ဘာဆိုဘာမျှ မရှိပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော လူများသည် ကောင်းသောအရာများကို လုပ်ဆောင်နိုင်သလော။ လုံးဝ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ သာ၍ပင် မဖြစ်နိုင်ပေ။ လူတစ်ဦး၏ အသိစိတ်သည် အလုပ်လုပ်နေပြီး ချုပ်ထိန်းသည့် အစွမ်းတန်ခိုး ရှိပါက ၎င်းတို့၏ အကျင့်စရိုက်နှင့် အပြုအမူသည် အတိုင်းအတာတစ်ခုခုအထိ တိုးတက်ကောင်းမွန်နိုင်သည်။ လူတစ်ဦးသည် အသိစိတ်မရှိသည့်အပြင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အသိစိတ်၏ အလုပ်လုပ်ဆောင်မှု ကင်းမဲ့ပါက ၎င်းတို့၏ အကျင့်စရိုက်နှင့် အပြုအမူသည် တိုးတက်ကောင်းမွန်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦးကို ပိုင်းခြားသိမြင်ခြင်းသည် ၎င်း၏ အကျင့်စရိုက် သို့မဟုတ် တည်ကြည်မှုအပေါ် လုံးလုံး အခြေမခံနိုင်ပေ။ အဓိကအရာမှာ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိဟူသည်နှင့် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အလုပ်လုပ်နေခြင်း ရှိမရှိဟူသည်တို့ကိုင်း ကြည့်ရှုရန် ဖြစ်သည်။ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိပြီး ၎င်းတို့ ပြုမူသောအခါ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့က အလုပ်လုပ်နိုင်ပါက ၎င်းတို့သည် အခြေခံကျသော လူ့သဘာဝကို ပိုင်ဆိုင်ဆဲဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များက အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ လုပ်ငန်းဆောင်တာ ကင်းမဲ့ပါက ၎င်းတို့သည် အခြေခံကျသော လူ့သဘာဝကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့ လူ့သဘာဝ ကင်းမဲ့ပေသည်။ အသိစိတ်၏ အခြေခံ လုပ်ငန်းဆောင်တာနှင့် အခြေခံ လူ့သဘာဝကို ပိုင်ဆိုင်သော လူများသည် ကယ်တင်ခြင်းအတွက် အခွင့်အရေးရှိစဉ်တွင်၊ အခြေခံ လူ့သဘာဝ ကင်းမဲ့သောသူများမှာမူ ကယ်တင်ခြင်းအတွက် အခွင့်အရေး မရှိပေ။ တစ်စုံတစ်ဦးက ကယ်တင်ခြင်းကို လက်ခံရရှိနိုင်ခြင်း ရှိမရှိဟူသည်တွင် အဓိကအချက်မှာ အဘယ်နည်း။ (အဓိကအချက်မှာ ၎င်းတို့အတွင်း၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိ ဖြစ်ပါသည်။) မှန်ပေသည်။ သို့ဆိုလျှင် တစ်စုံတစ်ဦးတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိဟူသည်ကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ (ကျွန်ုပ်တို့ အနည်းငယ် ပိုင်းခြားသိမြင်နိုင်ပါသည်။ အရေးကြီးဆုံးအရာမှာ လူတစ်ဦးက ပြုမူသောအခါ ၎င်းတို့သည် အတွင်းတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်တည်းခြင်းကို ခံရခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ ၎င်းတို့တွင် ကိုယ်ကျင့်တရားဆိုင်ရာ နယ်နိမိတ်များ ရှိမရှိဟူသည်ကိုလည်းကောင်း ကြည့်ရှုရန် ဖြစ်ပါသည်။) အယူဝါဒနှင့် သဘောတရားအရ ဤသို့ ရှင်းပြ၍ရသည်။ သင့်တွင် ခိုင်လုံသော ဥပမာတစ်ခုတလေ ရှိသလော။ (ဥပမာအားဖြင့် အချို့လူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် စည်းမျဉ်းများကို ချိုးဖောက်ပြီး မဆင်မခြင် မကောင်းမှုများကို ကျူးလွန်ကြကာ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ ပြဿနာများကို ထောက်ပြကြသည် သို့မဟုတ် ၎င်းတို့ကို ပြုပြင်ကြသည်။ ထိုသို့သော အခြေအနေများတွင် ထိုလူများက အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိပါက ၎င်းတို့သည် မိမိတို့ကိုယ်ကို တက်ကြွစွာ ဆင်ခြင်သုံးသပ်ပြီး သိရှိရန် ကြိုးစားကြလိမ့်မည်။ သို့ရာတွင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ပါက မကျေမချမ်းဖြစ်လာနိုင်သည် သို့မဟုတ် ထိုးနှက်ပြီး လက်တုံ့ပြန်ခြင်းပင် ပြုကောင်းပြုနိုင်သည်။) ဤသည်မှာ ဥပမာကောင်းတစ်ခု ဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် မှားယွင်းသည့်အရာတစ်ခုကို လုပ်ဆောင်ခြင်းအတွက် အခြားသူများ၏ ဝေဖန်ခြင်းကို ခံရသောအခါ ၎င်းတို့ ရှက်ပြီး အပြစ်ရှိသည့်စိတ် ခံစားရသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် နောင်တ ဖြစ်ပေါ်ပြီး နောင်တနှင့်အတူ ၎င်းတို့တွင် နောင်တတရား၏ သရုပ်သကန်များ ရှိလိမ့်မည်ဖြစ်ကာ ပိုကောင်းစွာလုပ်ဆောင်ရန် လိုလားကြသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော လူများနှင့်ပတ်သက်၍မူ ၎င်းတို့ ကျူးလွန်သည့် မကောင်းမှုများ သို့မဟုတ် အမှားများက မည်မျှ ကြီးမားသည်ဖြစ်စေ၊ အသင်းတော်အလုပ်ကို ၎င်းတို့ မည်မျှ ဆုံးရှုံးမှု ဖြစ်စေသည်ဖြစ်စေ သို့မဟုတ် ညီအစ်ကိုမောင်နှမများထံ ဒုက္ခနှင့် အနှောင့်အယှက်များ မည်မျှ ဆောင်ကြဉ်းသည်ဖြစ်စေ ဝေဖန်ခံရသောအခါ ၎င်းတို့သည် မိမိတို့၏ ပြစ်မှားခြင်းများကို စိုးစဉ်းမျှ အသိအမှတ်ပြုရန် ငြင်းပယ်လျက် မိမိတို့ကိုယ်ကို မှန်ကန်ကြောင်းပြကာ ခုခံကာကွယ်ရန် အကြောင်းပြချက်ရာချီ ရှိကြသည်။ ၎င်းတို့သည် အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်စေသည်မှာ သိသာထင်ရှားသော်လည်း မိမိတို့၏ စိတ်နှလုံးထဲတွင် အပြစ်ရှိသည့်စိတ် မခံစားရပေ။ သင်တို့ ပြောလော့၊ ၎င်းတို့ နောင်တ ခံစားရလိမ့်မည်လော။ (ခံစားရလိမ့်မည် မဟုတ်ပါ။) ၎င်းတို့ နောင်တကို ခံစားရမည်မဟုတ်ပေ။ နောင်တမရှိသော လူများသည် နောင်တရနိုင်သလော။ (မရနိုင်ပါ။) နောင်တမရနိုင်သော လူများသည် သမ္မာတရားကို လက်ခံသောသူများ ဖြစ်ကြသလော။ (မဟုတ်ကြပါ။) ၎င်းတို့သည် အလားတူ အရာများကို ဆက်လက်လုပ်ဆောင်လိမ့်ဦးမည်လော။ (လုပ်ဆောင်လိမ့်ဦးမည် ဖြစ်ပါသည်။) မည်သည့်အချိန်အထိနည်း။ (၎င်းတို့ အသိစိတ် ခံစားချက် ကင်းမဲ့သည့်အတွက် ယင်းကို ဆက်လုပ်နေဦးမည် ဖြစ်ပါသည်။) မှန်ပေသည်။ ဤအရာကို ၎င်းတို့ ဆက်လုပ်နေလိမ့်မည်ဖြစ်သည်။ အခြားသူများက မည်သည့်အရာကို ပြောစေကာမူ ၎င်းတို့ နားထောင်မည်မဟုတ်ပေ။ “ဤသည်မှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အမှုအရာများကို ကျွန်ုပ် လုပ်သည့်ပုံစံသာ ဖြစ်သည်။၊ အသင်းတော်၏အလုပ်က ဆုံးရှုံးမှုများ ခံစားရခြင်းသည် ငါနှင့် အဘယ်ပတ်သက်မှုရှိသနည်း။ အရေးကြီးသမျှမှာ ကျွန်ုပ်ကိုယ်တိုင် မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားရန်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ရှုထောင့် ဖြစ်သည်။ ကောင်းပြီ၊ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယမှာ ထိုမျှသာ ဖြစ်သည်။ ငါတို့ မိတ်သဟာယဖွဲ့ပြီးသည့်အရာကို တွေးဆလော့၊ ယင်းကို သင်ကိုယ်တိုင်နှင့်လည်းကောင်း၊ သင့်အနီးဝန်းကျင်ရှိ အမှုအရာများ၊ လူများနှင့်လည်းကောင်း တိုက်ဆိုင်စစ်ဆေးကြည့်လော့၊ ယင်းကို တဖြည်းဖြည်း နားလည်ပြီး အခြားသူများကို ရှုမြင်ရန်၊ အမှုအရာများကို ရှုမြင်ရန်နှင့် သင်တို့ကိုယ်သင်တို့ ရှုမြင်ရန် ဤနှုတ်ကပတ်တော်များကို အသုံးပြုလော့။ တဖြည်းဖြည်းနှင့် သင်သည် ဤအမှုအရာများအပေါ် သိနားလည်မှု ရရှိလိမ့်မည် ဖြစ်သည်။
ငါတို့သည် လူ့သဘာဝ၊ ပင်ကိုအခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ပါဝင်သည့် တိကျသော သရုပ်သကန်များစွာအကြောင်းကို ယခင်က မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့တွင် ငါတို့သည် ဤသွင်ပြင်လက္ခဏာသုံးခုပါဝင်သော တိကျသည့် သရုပ်သကန်အချို့အကြောင်းကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ပထမဆုံး သရုပ်သကန်ဖြစ်သည့် ယုတ်ညံ့သိမ်ဖျင်းခြင်းဖြင့် ငါတို့ အစပြုမည်။ ဤဝေါဟာရက မည်သည့်အရာကို ဆိုလိုသနည်း။ (ယင်းမှာ တစ်စုံတစ်ဦးသည် ပွင့်လင်းမှုမရှိ၊ တည်ကြည်ဖြောင့်မတ်ခြင်းမရှိ၊ မှန်ကန်မှုမရှိသည့်အပြင် လျှို့ဝှက်တတ်ကာ ခိုးကြောင်ခိုးဝှက်ပြုမူတတ်သည်ဟု ဆိုလိုပါသည်။) (ယင်းမှာ လူတစ်ဦး၏ အပြုအမူနှင့် ကိုယ်နှုတ်အမူအရာတို့က အတော်အတန် ကောက်ကျစ်ဆိုးယုတ်သည့်ပုံပေါ်သည်ဟု ဆိုလိုပါသည်။) အတော်အတန် ကောက်ကျစ်ဆိုးယုတ်ခြင်းမှာ အနည်းငယ် ယေဘုယျသဘောဆန်ပုံရသည်။ လူအများစုသည် ဤကောက်ကျစ်ဆိုးယုတ်ခြင်းက မည်သည့်အရာအဖြစ် အတိအကျ ပေါ်လွင်ထင်ရှားသည်ကို စိတ်ကူးမရနိုင်ပေ။ နောက်ထပ် ရှိသေးသလော။ (ယုတ်ညံ့သိမ်ဖျင်းခြင်းဆိုသည်မှာ လူတစ်ဦး၏ အပြုအမူနှင့် ကိုယ်နှုတ်အမူအရာသည် အတော်အတန် အဆင့်အတန်းနိမ့်ကျသည်ဟု ဆိုလိုပါသည်။) သင်တို့ သွင်ပြင်လက္ခဏာမည်မျှကို ဖော်ပြပြီးပြီနည်း။ လျှို့ဝှက်တတ်ပြီး ခိုးကြောင်ခိုးဝှက်ပြုမူခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ အဆင့်အတန်းနိမ့်ကျခြင်း၊ စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ ရှက်ဖွယ်ဖြစ်ခြင်း၊ ဤသည်တို့မှာ သရုပ်သကန်များဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ယုတ်ညံ့သိမ်ဖျင်းခြင်းဟူသော ယူဆချက်ကို စက်ဆုတ်ဖွယ်ဖြစ်ခြင်းနှင့် အဆင့်အတန်းနိမ့်ကျခြင်းတို့ဖြင့် အစားထိုး၍ ရနိုင်သလော။ (ရနိုင်ပါသည်။) ယုတ်ညံ့သိမ်ဖျင်းခြင်း၏ ဤသရုပ်သကန်များကို မည်သည့်သွင်ပြင်လက္ခဏာအောက်တွင် အမျိုးအစားခွဲခြားထားသနည်း။ (ယုတ်ညံ့သော အကျင့်စရိုက် ဖြစ်ပါသည်။) ဤသည်မှာ လူ့သဘာဝ၏ ချွတ်ယွင်းချက်တစ်ခုလော။ (မဟုတ်ပါ။) ဤသရုပ်သကန်သည် သဘာဝအားဖြင့် လူ့သဘာဝ၏ ချွတ်ယွင်းချက်တစ်ခုထက် များစွာ ပို၍ဆိုးရွားသောကြောင့် ယင်းကို လူ့သဘာဝ၏ ချွတ်ယွင်းချက်တစ်ခုအဖြစ် အမျိုးအစားခွဲခြား၍မရနိုင်ပေ။ ယုတ်ညံ့သိမ်ဖျင်းခြင်းသည် ယုတ်ညံ့သော အကျင့်စရိုက်၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ လူတစ်ဦးသည် ယုတ်ညံ့သိမ်ဖျင်းသောပုံစံဖြင့် ပြုမူပါက၊ ဤလူသည် ဆိုးယုတ်သောလူတစ်ဦးဖြစ်သည်ဟု မဆိုနိုင်သော်လည်း၊ ယုတ်ညံ့သိမ်ဖျင်းခြင်း၏ သရုပ်သကန်များမှ ကြည့်သည့်အခါ ၎င်းတို့သည် လူတို့ကို အမြဲတစေ အလွန်အမင်း မနှစ်မြို့ဖြစ်စေပြီး စက်ဆုပ်ရွံရှာစေသည်။ ယုတ်ညံ့သိမ်ဖျင်းခြင်းကို ပြသသည့် ထိုသို့သောလူများသည် အမှန်ပင် အမှုအရာများကို လုံးဝ ပွင့်လင်းမြင်သာမှုမရှိဘဲ၊ အတော်အတန် အောက်တန်းကျသော နည်းလမ်းဖြင့် ပြုမူသည့်အပြင်၊ စက်ဆုပ်ဖွယ်ဖြစ်သော အရာများကို အမြဲ လုပ်ဆောင်လျက် ခိုးကြောင်ခိုးဝှက်နှင့် ပုန်းလျှိုးကွယ်လျှိုးပုံစံဖြင့် လုပ်ဆောင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ရာတွင် တည်ကြည်ဖြောင့်မတ်ခြင်း သို့မဟုတ် ပွင့်လင်းခြင်းမရှိသော နည်းလမ်းများဖြစ်သည့် စက်ဆုပ်ဖွယ်ဖြစ်သော၊ အရှက်မဲ့သည့်အပြင်၊ ရှက်ဖွယ်ဖြစ်သော နည်းလမ်းများကို အသုံးပြုကြသည်။ လူအများစုသည် ဤအရာကို မြင်သောအခါ စက်ဆုပ်ခြင်းနှင့် ရွံရှာမုန်းတီးခြင်းကို ခံစားကြရသည်။ ဤအရာက ၎င်းတို့အနေဖြင့် စက်ဆုပ်ဖွယ်ကောင်းပြီး နိမ့်ကျကြောင်းကို ပြနေသည်။ ၎င်းတို့၏ အထင်ရှားဆုံးသော ထူးခြားသည့်လက္ခဏာမှာ အထူးသဖြင့် ယုတ်ညံ့ခြင်း၊ အောက်တန်းကျခြင်းနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်းတို့ ဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ပြောဆိုသည်ဖြစ်စေ တည်ကြည်ဖြောင့်မတ်ခြင်း မရှိနိုင်သည့်အပြင် ပွင့်လင်းနိုင်ခြင်းမရှိပေ။ ၎င်းတို့သည် ကလိမ်ကကျစ် လှည့်ကွက်အချို့ကို အမြဲ ထုတ်ပြီး ရှက်ဖွယ်ဖြစ်သော အရာအချို့တွင် ပါဝင်ပတ်သက်ကြသည်။ ဥပမာအားဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအား လူတို့ နားလည်နိုင်ပြီး အသိအမှတ်ပြုနိုင်သည့်အရာတစ်ခု၊ အလွန်မှန်ကန်သော ကိစ္စရပ်တစ်ခုအဖြစ် လူတိုင်းက အသိအမှတ်ပြုထားကြပေသည်။ သို့သော် ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါ၊ ရှက်ဖွယ်ဖြစ်သော အရာတစ်ခုဖြစ်သည့်အလား၊ လမ်းကြောင်းမှားကို လျှောက်မိပြီးဖြစ်သကဲ့သို့ ပြုမူကြသည်။ ဤသည်တို့မှာ စက်ဆုပ်ဖွယ်ကောင်းပြီး ယုတ်ညံ့သိမ်ဖျင်းသော လူစားမျိုးများ ဖြစ်ကြသည်။ ယုတ်ညံ့သိမ်ဖျင်းသောလူများသည် အခြားသူများကြားတွင် မည်သည့် အခန်းကဏ္ဍကို အများအားဖြင့် ပါဝင်လုပ်ဆောင်ကြသနည်း။ (၎င်းတို့သည် အပျက်သဘောဆောင်သော ဇာတ်ကောင်များ၊ စက်ဆုပ်ဖွယ်ဖြစ်သော လူများ ဖြစ်ကြပါသည်။) ၎င်းတို့သည် အပျက်သဘောဆောင်သော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ကြသည်။ ထိုသို့သောလူများတွင် မည်သည့်ထူးခြားသော လက္ခဏာများ ရှိသနည်း။ ၎င်းတို့၏ အသွင်အပြင်အရ၊ ၎င်းတို့ အလွန်ဆိုးသည်ဟု သင် ပြော၍မရ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာတွင် မကောင်းသော ရည်ရွယ်ချက်များ တစ်ခုတလေ ရှိသည်ကို သင် မမြင်ရပေ။ သို့သော် ၎င်းတို့နှင့် အချိန်ကာလတစ်ခုကြာ ထိတွေ့ဆက်ဆံပြီးနောက်တွင် ၎င်းတို့သည် ဖြောင့်မတ်ပြီး ပွင့်လင်းမှုမရှိသော နည်းလမ်းဖြင့် အမြဲတစေ စကားပြောပြီး ပြုမူသည်ဟု သင် ခံစားရသည်။ ၎င်းတို့ ပြောဆိုသည့်အရာက ကောင်းမွန်ပုံရသော်လည်း နောက်ကွယ်တွင် ၎င်းတို့လုပ်ဆောင်သည့်အရာမှာမူ တစ်မျိုးတစ်ဖုံ ဖြစ်နေသည်။ ၎င်းတို့၏ ရည်ရွယ်ချက်များ မမှန်ကန်ကြောင်း သို့မဟုတ် သင့်ကို နားမလည်နိုင်အောင် ဖြစ်စေလျက် ၎င်းတို့ လုပ်ဆောင်ရန် ရည်ရွယ်သည့်အရာများကို ၎င်းတို့က ထုတ်မပြောကြောင်း သင် အမြဲတစေ ခံစားရသည်။ အဆုံးတွင် သင်သည် ထိုသို့သောလူများသည် အလွန်အမင်း စိတ်မချရနိုင်သူများဖြစ်ပြီး စက်ဆုပ်ဖွယ်ကောင်းသော၊ မသမာသော အရာများကိုသာ လုပ်ဆောင်ကာ သင်၏ အရေးကိစ္စများကို အမြဲတစေ ဖျက်ဆီးသည်ဟု ခံစားလာရသည်။ ဤသည်တို့မှာ ယုတ်ညံ့သိမ်ဖျင်းသောလူများ ဖြစ်ကြသည်။ သင်သည် ဤလူများက ၎င်းတို့၏ ကွဲပြားသော အမြင်များအား ပွင့်ပွင့်လင်းလင်း ဖော်ပြသည်ကို သို့မဟုတ် ကန့်ကွက်ချက်များအား ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသည်ကို မြင်ရလိမ့်မည်မဟုတ်ပေ။ အခြားသူများရှေ့တွင် ၎င်းတို့က “ငါတို့ ထိုအရာကို လုပ်၍မဖြစ်၊ ငါတို့ အသိစိတ်ဖြင့် ပြုမူရမည်”ဟူသကဲ့သို့သော ကောင်းမွန်ပုံရသည့် တစ်စုံတစ်ရာကိုပင် ပြောကောင်းပြောနိုင်သည်။ သို့သော် နောက်ကွယ်တွင် ၎င်းတို့သည် ပိုင်းခြားသိမြင်မှုမရှိသော၊ မိုက်မဲပြီး မသိနားမလည်သော လူအချို့ကို ၎င်းတို့၏ ရည်ရွယ်ချက်များအတိုင်း ပြုမူရန် လှုံ့ဆော်လျက် အမှုအရာများကို ကြိုးကိုင်ခြယ်လှယ်ကြသည်။ အဆုံးတွင် ၎င်းတို့ ပြီးမြောက်စေလိုခဲ့သည့် ကိစ္စရပ်က ပြီးမြောက်သွားပြီး ဤပြီးမြောက်မှု၏ ရလဒ်များကို ၎င်းတို့ ခံစားရသည့်တိုင် ယင်းမှာ ၎င်းတို့၏ လုပ်ဆောင်မှုဖြစ်ကြောင်း မည်သူမျှ သဘောမပေါက်ပေ။ ၎င်းတို့က အခြားသူများ၏ ရှေ့မှောက်တွင် တစ်ခုတလေ ပြောဆိုခြင်း သို့မဟုတ် လုပ်ဆောင်ခြင်းမရှိသည်ကို မြင်ရသော်လည်း အဖြစ်အပျက်များ၏ ဖြစ်စဉ်မှာ အဆုံးစွန်၌ ၎င်းတို့ ကြိုးကိုင်ခြယ်လှယ်ပြီးဖြစ်သည့် ဦးတည်ချက်အတိုင်း ဆက်လက်ဖြစ်ပေါ်သွားသည်။ ဤရှုထောင့်အမြင်မှကြည့်လျှင် ထိုသို့သောလူများသည် အတော်အတန်လည်း စဉ်းလဲကောက်ကျစ်ကြသည်။ သင်တို့၏ ပတ်ဝန်းကျင်တွင် ယုတ်ညံ့သိမ်ဖျင်းသောလူများ ရှိသလော။ ယုတ်ညံ့သိမ်ဖျင်းသောလူများကို အခြားသူများက ယေဘုယျအားဖြင့် ပိုင်းခြားသိမြင်ရန် သို့မဟုတ် ထွင်းဖောက်သိမြင်ရန် လွယ်ကူသလော။ (မလွယ်ကူပါ။) ဤလူတို့သည် မိမိတို့ကိုယ်ကို အတော်လေး နက်ရှိုင်းစွာ ဖုံးကွယ်ထားကြသည်။ ၎င်းတို့နှင့်ပတ်သက်သည့် ကိစ္စမှာ အကျင့်စရိုက်နှင့်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။ ၎င်းတို့တွင် ညံ့ဖျင်းသော လူ့သဘာဝ အနှစ်သာရတစ်ခု ရှိသည်။ သင်တို့သည် ယုတ်ညံ့သိမ်ဖျင်းသောလူများကို ကြုံတွေ့ဖူးသလော။ ထိုသို့သောလူများ၏ အဓိက သရုပ်သကန်များကို သင်တို့ ရှင်းလင်းသလော။ (သိပ်မရှင်းပါ။) ယခုမှစ၍ သင်တို့သည် သင်တို့ အနီးဝန်းကျင်ရှိ မည်သည့် လူစားမျိုးက ယုတ်ညံ့သိမ်ဖျင်းခြင်း၏ အမျိုးမျိုးသော သရုပ်သကန်များအား မကြာခဏ ထုတ်ဖော်သည်ကို အာရုံစိုက်ပြီး စောင့်ကြည့်လေ့လာရန် လိုအပ်သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ သရုပ်သကန်များသည် အတော်အတန် မရှင်းလင်းသည့်အပြင် ဖုံးကွယ်နေသလော။ (ဟုတ်ပါသည်။) သင့် အနီးဝန်းကျင်တွင် ထိုသို့သောလူများ ရှိနေလျှင်ပင် ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် ခက်ခဲသောကြောင့် သင့်အနေဖြင့် ၎င်းတို့ကို သတိပြုမိရန် လွယ်ကူလိမ့်မည်မဟုတ်ပေ။ တစ်နေ့တွင် ထိုသို့သောလူတစ်ဦးကို သင် ဖော်ထုတ်သိရှိသောအခါ ၎င်းတို့၏ ထူးခြားသော လက္ခဏာများနှင့် အနှစ်သာရတို့က အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို မြင်ရန် ၎င်းတို့ကို သင်တို့ စောင့်ကြည့်လေ့လာနိုင်ပြီး ၎င်းတို့၏ သရုပ်သကန်များကို အစမှအဆုံး မှတ်တမ်းတင်ကာ ထို့နောက် အကျဉ်းချုပ်သုံးသပ်နိုင်သည်။ ယုတ်ညံ့သိမ်ဖျင်းခြင်း သရုပ်သကန်နှင့်ဆိုင်သော အကြောင်းအရာကို ယခုလောလောဆယ် ဤနေရာတွင် ငါတို့ ရပ်ထားမည်။
နောက်ထပ်သရုပ်သကန်မှာ အောက်တန်းကျခြင်း ဖြစ်သည်။ ပထမဦးစွာ၊ တစ်ချက်ကြည့်လော့၊ အောက်တန်းကျခြင်းသည် မည်သည့် သွင်ပြင်လက္ခဏာအောက်တွင် အကျုံးဝင်သနည်း။ (ယုတ်ညံ့သော အကျင့်စရိုက် ဖြစ်ပါသည်။) ယင်းသည် ယုတ်ညံ့သော စရိုက်အောက်တွင် အကျုံးဝင်သည်။ သို့ဆိုလျှင် အောက်တန်းကျခြင်းသည် ယေဘုယျအားဖြင့် မည်သည့် ပြဿနာမျိုးကို ရည်ညွှန်းသနည်း။ (လူလူချင်း ဆက်ဆံမှုဆိုင်ရာ အပြုအမူနှင့်ပတ်သက်သည့် ပြဿနာများ ဖြစ်ပါသည်။) ယင်းမှာ အတော်လေး မှန်ကန်တိကျသည်၊ အောက်တန်းကျခြင်းသည် ယေဘုယျအားဖြင့် အမျိုးသားများနှင့် အမျိုးသမီးများကြား လူလူချင်း ဆက်ဆံမှုဆိုင်ရာ အပြုအမူနှင့်ဆိုင်သည့် ပြဿနာများ ပါဝင်သည်။ သို့ဆိုလျှင် အောက်တန်းကျခြင်းသည် အမျိုးသားများနှင့် သက်ဆိုင်သလော သို့မဟုတ် အမျိုးသမီးများနှင့် သက်ဆိုင်သလော။ (အမျိုးသားများရော အမျိုးသမီးများပါ နှစ်ဦးလုံးနှင့် သက်ဆိုင်ပါသည်။) ယင်းသည် ကျားမတစ်မျိုးတည်းနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ပေ။ ဤကဲ့သို့သော အမျိုးသားများရှိသည့်အပြင်၊ ဤကဲ့သို့သော အမျိုးသမီးများလည်း ရှိသည်။ ထို့ကြောင့် အောက်တန်းကျနိုင်သူများမှာ အမျိုးသားများသာ မဟုတ်ပေ။ အကယ်၍ အမျိုးသမီးများသည် လူလူချင်း ဆက်ဆံမှုဆိုင်ရာ အပြုအမူနှင့်ဆိုင်သည့် ပြဿနာများရှိပါက ယင်းသည်လည်း အောက်တန်းကျခြင်းပင် ဖြစ်သည်။ သို့ဆိုလျှင် အောက်တန်းကျခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ဆန့်ကျင်ဘက်လိင်နှင့် ရောနှောနေထိုင်ပြီး ကြွားဝါခြင်းကို အမြဲ နှစ်သက်ခြင်းဖြစ်သည်။ ဤသည်မှာ မည်သည့် ပြဿနာမျိုးဖြစ်သနည်း။ ဤသည်မှာ အတော်အတန် အောက်တန်းကျခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဆန့်ကျင်ဘက်လိင်ကို မြင်ခြင်းက ၎င်းတို့ကို စိတ်လှုပ်ရှားစေသည်။ ဆန့်ကျင်ဘက်လိင်ရှိသော လူများ ပိုများလေလေ၊ ၎င်းတို့ ပို၍ စိတ်လှုပ်ရှားလာလေလေဖြစ်ပြီး ပို၍ ကြွားဝါချင်လေလေ ဖြစ်သည်။ အထူးသဖြင့် အချို့လူများအတွက် ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ ကြွားဝါကြသနည်း။ မိမိတို့၏ ရင်ဘတ်ကို ဖွင့်ပြခြင်းနှင့် ကျောကို ဖော်ခြင်း၊ စိတ်ကိုဆွပေးသော ဟန်အမူအရာများ လုပ်ဆောင်ခြင်း၊ စိတ်ကိုဆွပေးသော စကားများ ပြောဆိုခြင်း၊ ဤသည်တို့မှာ အောက်တန်းကျခြင်း၏ သရုပ်သကန်များ မဟုတ်လော။ (ဟုတ်ပါသည်။) အနီးဝန်းကျင်တွင် ဆန့်ကျင်ဘက်လိင်ရှိသူများ ရှိနေသရွေ့၊ ၎င်းတို့၏ အသက်အရွယ် မည်သို့ဖြစ်စေ၊ ထိုသူတို့သည် ၎င်းတို့ ကြိုက်နှစ်သက်သောသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ရန်အတွက် ဝင့်ဝင့်ဝါဝါ၊ ဆွဲဆောင်မှုရှိရှိ သို့မဟုတ် စွဲမက်ဖွယ်ဖြစ်အောင် ဝတ်စားဆင်ယင်ကြသည်။ ဤသည်မှာ အောက်တန်းကျခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မြင်ရလေ့အရှိဆုံးသော သရုပ်သကန် ဖြစ်သည်။ ဤဖြစ်စဉ်များသည် မယုံကြည်သူများကြားတွင် မဆန်းတော့သည့်အရာ ဖြစ်လာနှင့်ပြီးဖြစ်ကာ တစ်မူထူးခြားသည့်အရာအဖြစ် မမြင်ကြတော့ပေ။ ၎င်းတို့သည် ဤအရာကို အောက်တန်းကျခြင်းအဖြစ် မယူဆဘဲ ထိုအစား အလွန်ပုံမှန်ကျပြီး သင့်လျော်သည်ဟု မြင်ကြသည်။ ကျားမနှစ်ဦးလုံးသည် မိမိတို့ကိုယ်ကို စွဲဆောင်မှုရှိစေရန်နှင့် ဆန့်ကျင်ဘက်လိင်၏ အထင်ကြီးလေးစားခြင်းခံရစေရန် လှပစွာ ဝတ်စားဆင်ယင်သင့်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်၊ သို့မှသာ ဆန့်ကျင်ဘက်လိင်ရှိသူများသည် ၎င်းတို့ကို လိုက်လံပိုးပန်းရန် သွေးဆောင်ခြင်းခံရမည် ဖြစ်သည်။ ထိုသို့သော အတွေးများနှင့် ရှုထောင့်များသည် အောက်တန်းကျသော အတွေးများနှင့် ရှုထောင့်များ ဖြစ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်အတွက် အဓိကအာရုံစိုက်ခံရသူ ဖြစ်ချင်ကြသည်။ ထိုသူတို့ကို ဆွဲဆောင်ရန်နှင့် မိမိတို့ကိုယ်တိုင်အား စိတ်ဝင်စားလာစေရန် အမြဲတစေ လိုလားနေကြသည်။ ၎င်းတို့၏ အိမ်ထောင်ရေးအခြေအနေ သို့မဟုတ် အသက်အရွယ် မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့တွင် ဤအတွေးများနှင့် လုပ်ရပ်များ အမြဲရှိကြပြီး ၎င်းတို့၏ ဘဝသည် ထိုသို့သော တွေးခေါ်မှုများဖြင့် ပြည့်နေသည်။ ဤသည်မှာ အောက်တန်းကျခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ လူအများစုက အတော်အတန် လက်ခံနိုင်စရာဖြစ်သည်ဟု ယူဆပြီး ဆန့်ကျင်ဘက်လိင်ရှေ့တွင် မိမိကိုယ်ကို ပြသရန်နှင့် ကြွားဝါရန် နှစ်သက်ခြင်းမျှသာ ဖြစ်ပြီး၊ အလွန်အမင်း အောက်တန်းကျသည်ဟု မမြင်ကြသော သရုပ်သကန်အချို့ဖြစ်သည်။ ဥပမာအားဖြင့် အဝတ်အစားကောင်းများ ဝတ်ဆင်ခြင်း၊ ရေမွှေးတစ်ခုခု ဖျန်းခြင်း၊ အနည်းငယ် ဆွဲဆောင်မှုရှိအောင် ဝတ်စားဆင်ယင်ခြင်း၊ စိတ်ကိုဆွပေးသော စကားများ ပြောဆိုခြင်း သို့မဟုတ် မိမိ၏ စွဲဆောင်မှုကို ကြွားလုံးထုတ်ခြင်းတည်းဟူသော ဤအောက်တန်းကျသည့် သရုပ်သကန်များသည် လူအများစုက သည်းခံနိုင်စရာဟု မြင်သောအရာများ ဖြစ်သည်။ အောက်တန်းကျခြင်း၏ ပို၍ဆိုးရွားသော သရုပ်သကန်တစ်ခုမှာ ၎င်းတို့က ဆန့်ကျင်ဘက်လိင်ရှိသူများကို မည်သည့်ပတ်ဝန်းကျင်တွင် တွေ့မြင်သည်ဖြစ်စေ၊ ထိုသို့သောလူများသည် လက်လွတ်စပယ်နေပြီး ၎င်းတို့ကို ထိတွေ့ဝံ့ခြင်း ဖြစ်သည်။ အခြားသူက သဘောတူခြင်း ရှိမရှိဟူသည်ကို ထည့်မစဉ်းစားဘဲ၊ မိမိတို့က တစ်ဦးနှင့်တစ်ဦး အမြဲ ရင်းနှီးကြပြီးဖြစ်သည့်အလား ပြုမူလျက် ၎င်းတို့သည် ပေါ့ပေါ့ဆဆပင် အနားကပ်ပြီး ထိုသူတို့ကို ထိတွေ့ကြသည်။ ၎င်းတို့သည် အခြားသူများ၏ မျက်နှာအမူအရာနှင့် တုံ့ပြန်မှုများကို စောင့်ကြည့်လေ့လာရာတွင် အထူးကျွမ်းကျင်ကြသည်။ တစ်စုံတစ်ဦးသည် တွန်းကန်ခြင်းမရှိသည့်အပြင် အတော်အတန် ကျိုးနွံသည်ကို ၎င်းတို့ မြင်ပါက၊ ထိုသူ၏ ဦးခေါင်း သို့မဟုတ် ကျောကို ပေါ့ပေါ့ဆဆ ထိကိုင်ဝံ့ကြသည်၊ သို့မဟုတ် ထိုသူ၏အနားတွင်ပင် ကပ်ထိုင်ဝံ့သည်၊ သို့မဟုတ် အခြားသူက အတိုက်အခံလုပ်ခြင်းမပြုပါက သူ၏လက်ကို ကိုင်ဝံ့ကြလေသည်။ အချို့အမျိုးသမီးများသည် အခြားသူများက မြင်သည့်အခါ မည်သို့ခံစားရမည်ကို ဂရုမစိုက်ဘဲ အမျိုးသားများ၏ ပေါင်ပေါ်တွင် တိုက်ရိုက်ထိုင်နိုင်သည်။ ဤသည်မှာ သာမန်ပြစားခြင်းမှ သာ၍ ပိုလွန်သောအရာအဖြစ်သို့ ကျော်လွန်လျက် တိုးတက်သွားပြီဖြစ်သည်။ ဤသည်မှာ အောက်တန်းကျခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လူအများစုသည် ဤအောက်တန်းကျခြင်းမျိုးကို လက်ခံနိုင်သလော။ (၎င်းတို့ လက်မခံနိုင်ပါ။) အချို့လူများက ဤသည်မှာ အရေးကြီးသောအရာတစ်ခုဟု မထင်သည့်အပြင် “ဤသည်မှာ အောက်တန်းကျခြင်းမဟုတ်ပါ။ အမျိုးသားနှင့် အမျိုးသမီးတို့က တစ်ဦးအပေါ်တစ်ဦး ချစ်ခင်တွယ်တာမှုပြခြင်းသည် အလွန်ပုံမှန်ဖြစ်ပါသည်။ သို့မဟုတ်လျှင် အသက်ရှင်နေရခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ အမျိုးသားများသည် အမျိုးသမီးများ၌ ပျော်မွေ့သင့်ပြီး အမျိုးသမီးများသည် အမျိုးသားများ၌ ပျော်မွေ့သင့်သည်၊ ထိုအခါမှသာ ဘဝက စိတ်ဝင်စားဖွယ်ဖြစ်သည်”ဟုပင် ပြောဆိုကြသည်။ အကယ်၍ ဆန့်ကျင်ဘက်လိင်ရှိသည့်သူ မည်သူကမျှ ၎င်းတို့အပေါ် ထိုသို့သော အောက်တန်းကျသည့် အမူအရာများ မပြုလုပ်ပါက ၎င်းတို့က “ငါ စွဲဆောင်မှု တစ်ခုတလေမျှ မရှိခြင်းဖြစ်သလော။ အဘယ်ကြောင့် ငါက ဆန့်ကျင်ဘက်လိင်ကို မဆွဲဆောင်နိုင်သနည်း”ဟု တွေးကြသည်။ ထို့နောက် ၎င်းတို့ စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။ ထိုသို့သောလူများသည် အောက်တန်းကျသူတစ်ဦးက ၎င်းတို့ထံ ချဉ်းကပ်လာသည်ကို ကြုံရသောအခါ အလွန်ကျေနပ်ပြီး စိတ်ထဲတွင် နှစ်သက်သဘောကျကြသည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် မိမိတို့ကို စိတ်ဝင်စားသူတစ်ဦးရှိခြင်းက မိမိတို့၏ဘဝကို အကျိုးနပ်စေသည်ဟု တွေးလျက်၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအရ အားရကျေနပ်ကြလေသည်။ ထို့ကြောင့် အချို့လူများသည် ဤအောက်တန်းကျခြင်းမျိုးကို လက်ခံနိုင်သည်။ ဥပမာအားဖြင့် လူတစ်ဦးသည် အခြားတစ်ဦးကို ကြိုက်နှစ်သက်ပြီး ထိုသူအတွက် ခံစားချက်များရှိသည် ဆိုပါစို့။ ထိုသူက ၎င်းကို အမြဲတစေ လျစ်လျူရှုပြီး စိတ်ဝင်စားမှုမပြပါက ၎င်းတို့ အလွန်စိတ်ပျက်ကြလေသည်။ သို့သော် ထိုလူက ၎င်းတို့ကို ရံဖန်ရံခါ ထိတွေ့ခြင်း၊ စနောက်ခြင်း၊ ၎င်းတို့၏လက်ကို ပွတ်သပ်ခြင်း သို့မဟုတ် ၎င်းတို့၏ ကိုယ်ငွေ့ကို ခံစားရလောက်အောင် အနီးကပ်ထိုင်ခြင်း၊ သို့မဟုတ် ထို့ထက်ပို၍ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအပေါ် လက်လွတ်စပယ်ပြုမူခဲ့ပါက၊ သူမက “အိုး၊ ကောင်းပေသည်၊ သူ ငါ့ကို ကြိုက်သည်။ ဤလောကတွင် ငါတို့ အတူမပေါင်းစည်းနိုင်သော်လည်း၊ ဤသို့ သူ၏ အောက်တန်းကျစွာ ဆက်ဆံခံရခြင်းက အနည်းဆုံးအနေဖြင့် ငါ့ဘဝကို တန်ဖိုးရှိစေသည်” ဟု တွေးလေသည်။ သင် မြင်သည့်အတိုင်း အချို့လူများသည် ဤအောက်တန်းကျခြင်းမျိုးကို စက်ဆုပ်ရွံရှာမည့်အစား ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာမှ လက်ခံကြသည်။ ၎င်းတို့၏ သဘောထားသည် ဤအရာများကို လုပ်ဆောင်သော ဆန့်ကျင်ဘက်လိင်ရှိသူသည် ၎င်းတို့ ကြိုက်နှစ်သက်သောသူ ဟုတ်မဟုတ်ဟူသည့်အပေါ်တွင် မူတည်သည်။ အကယ်၍ ၎င်းတို့က ထိုသူတို့ကို ကြိုက်နှစ်သက်ပြီး အော့ကြောလန်ခြင်းမခံစားရပါက သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ထိုသူတို့ကို တောင့်တပင်တောင့်တနေလျှင်၊ ထိုသို့သော အောက်တန်းကျသောလူများ သို့မဟုတ် အောက်တန်းကျသော လုပ်ရပ်များကို ၎င်းတို့ မစက်ဆုပ်ကြပေ။ ထိုအစား ထိုအရာများကို ၎င်းတို့ လက်ခံနိုင်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ နေရာပေးလျက် ကြိုဆိုကြသည်။ ဤသို့ဖြင့် အချို့လူများသည် ထိုသို့သော အောက်တန်းကျသည့် ပုဂ္ဂိုလ်များကို စိတ်နှလုံးထဲ၌ လက်ခံကြသည်။ အောက်တန်းကျသောလူများသည် မကောင်းသည့်အတွက်၊ ထိုသို့သော အောက်တန်းကျသည့် အပြုအမူကို လက်ခံနိုင်သူများသည်လည်း အောက်တန်းကျကြသည်ဟု ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည်လည်း အောက်တန်းကျကြသည်။ ဤအောက်တန်းကျခြင်းမျိုးထက် ပို၍ဆိုးရွားသော သရုပ်သကန်အချို့ ရှိသည်။ အနည်းငယ် ပြစားခြင်းမျှသာ မဟုတ်၊ အကြည့်ချင်းဖလှယ်ခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ပွတ်သပ်မှုအချို့ရှိခြင်းမျှသာ မဟုတ်ဘဲ ထို့ထက်ပင် ပို၍ တိုးတက်ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ဤလူတို့၏ စိတ်များသည် ထိုသို့သော အောက်တန်းကျသည့်အရာများဖြင့် လုံးလုံးလျားလျား လွှမ်းမိုးခြင်းခံရသည်။ ဤအရာသည် လူတစ်ဦး ချိန်းတွေ့နေချိန်၌ ဖြစ်ပျက်ပါက ယင်းသည် ပုံမှန် သရုပ်သကန်တစ်ခု ဖြစ်သည်။ သို့သော် တစ်စုံတစ်ဦး၏ အသက်အရွယ်နှင့် တကယ့် အခြေအနေများက ခွင့်မပြုသည့်အပြင်၊ ဆန့်ကျင်ဘက်လိင်ကို မြင်သောအခါ ထိုသို့သောအရာများအကြောင်းကိုသာ ၎င်းတို့ လုံးလုံးလျားလျား တွေးနေဆဲဖြစ်ပါက၊ ဤသရုပ်သကန်၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းမှာ ဆန့်ကျင်ဘက်လိင်ကို ရင်ဆိုင်ရသောအခါ ၎င်းတို့တွင် လိုအင်ဆန္ဒနှင့် တပ်မက်မှုတစ်မျိုးရှိသည် သို့မဟုတ် စိတ်ထဲတွင် ၎င်းတို့ ရည်မှန်းချက်တစ်ခုခု ရှိသည်ဟု ဆိုလိုသည်။ ယင်းမှာ ၎င်းတို့က စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်အချို့ကို ဖြည့်ဆည်းချင်ရုံဖြစ်ပြီး ထိုမျှသာဖြစ်ခြင်း မဟုတ်ပေ။ ထို့ထက်၊ ၎င်းတို့သည် ထိရောက်သော လုပ်ရပ်များကို လုပ်ဆောင်လိုပြီး မည်မည်ရရဖြစ်သော တိုးတက်မှုရှိလိုကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤအရာများကို စဉ်ဆက်မပြတ် လိုက်လံရှာဖွေနေကြသည်။ ၎င်းတို့၏ စိတ်ထဲ၌ အောက်တန်းကျသောအရာများအကြောင်း တွေးတောခြင်းအပြင်၊ ၎င်းတို့၏ အပြုအမူအရလည်း မိမိတို့၏ ကာမစိတ်ဆန္ဒကို ဖြည့်ဆည်းရန်နှင့် ထုတ်ဖော်ရန်အတွက် သင့်လျော်သော ဆန့်ကျင်ဘက်လိင်ရှိသူများနှင့် ထိတွေ့မှုပြုလုပ်ရန် စတင်ရှာဖွေကြသည်။ ထိုသို့သောလူများသည် အောက်တန်းကျကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခင် အောက်တန်းကျသောလူ နှစ်မျိုးနှင့် နှိုင်းယှဉ်ပါက ဤအောက်တန်းကျသည့်လူစားမျိုးသည် အလွန်အန္တရာယ်များပြီး ကြောက်လန့်ဖွယ်ကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော အောက်တန်းကျသည့်လူများသည် အချိန်မရွေး ဆောင်ရွက်နိုင်သည်၊ ဤအရာက ၎င်းတို့ အလွန်ကောက်ကျစ်ဆိုးယုတ်ပြီး အောက်တန်းကျကြောင်း ပြနှင့်ပြီးဖြစ်သည်။ ဤအရာထက် ကျော်လွန်သောအဆင့်များနှင့်ပတ်သက်၍မူ ငါတို့ နောက်ထပ် ဆွေးနွေးမည်မဟုတ်။
သို့ဆိုလျှင် ဤအောက်တန်းကျခြင်းအမျိုးအစားသုံးမျိုးအနက် မည်သည့်အရာကို သင်တို့ လက်ခံနိုင်သနည်း။ ဆိုလိုသည်မှာ သင်တို့စိတ်ထဲ၌ ထိုသို့ပြုမူသောသူတစ်ဦးသည် ပုံမှန်ဖြစ်သည်၊ ပြဿနာကြီးကြီးမားမားမဟုတ်ကြောင်းနှင့် သူသည် သင် များစွာ စက်ဆုပ်ရွံရှာခြင်းမရှိသည့် သို့မဟုတ် အထင်သေးခြင်းမရှိသည့်သူတစ်ဦးဖြစ်ပြီး အတော်အသင့် လက်ခံနိုင်သည့်သူတစ်ဦးဖြစ်ကြောင်း သင့်ကို ခံစားရစေသည်မှာ အဘယ်တစ်ဦးဖြစ်သနည်း။ မည်သည့် အောက်တန်းကျခြင်းအဆင့်ကို သင်တို့ လက်ခံနိုင်သနည်း။ (ကျွန်ုပ်တို့ မည်သည့်အဆင့်ကိုမျှ လက်မခံနိုင်ပါ။) အဘယ်ကြောင့် သင်တို့သည် အောက်တန်းကျခြင်း၏ မည်သည့်အဆင့်ကိုမျှ လက်မခံနိုင်ရသနည်း။ (အောက်တန်းကျခြင်း နောက်ဆုံးအမျိုးအစား၏ သဘာဝသည် အတော်လေး ယုတ်ညံ့ပြီး ပထမအမျိုးအစား အောက်တန်းကျခြင်းသည် ဆန့်ကျင်ဘက်လိင်ရှေ့တွင် ကြွားဝါခြင်းသာ ပါဝင်သော်လည်း၊ ယင်းက ၎င်းတို့ အနီးဝန်းကျင်ရှိသူများကို အနှောင့်အယှက်ဖြစ်စေပါသည်။) ပထမလူစားမျိုးသည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ကျားမ ခွဲခြားခြင်းနှင့်ဆိုင်သည့် ရှင်းလင်းသော အသိစိတ် မရှိပေ။ လူအများစုသည် ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ဆက်ဆံသောအခါ အမျိုးသားနှင့် အမျိုးသမီးကြား နယ်နိမိတ်များကို အာရုံစိုက်ကြသည်။ အထူးသဖြင့် အမျိုးသမီးများက အမျိုးသားများနှင့် ထိတွေ့ဆက်ဆံသည့်အခါတွင်၊ ၎င်းတို့သည် တည်ငြိမ်စွာနေမြဲနေသင့်ပြီး အမျိုးသားများရှေ့တွင် နယ်နိမိတ်အချို့ကို ထိန်းသိမ်းသင့်သည်။ သို့သော် အချို့အမျိုးသမီးများသည် ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရခြင်းကို နှစ်သက်ပြီး ၎င်းတို့ သဘောကျသောသူတစ်ဦးကို မြင်သောအခါ စိတ်လှုပ်ရှားကြသည်။ အခွင့်အရေးရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အဆက်အသွယ်လုပ်ရန် အကြောင်းပြချက်တစ်ခုကို ရှာကြသည်။ ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရန် တမင်တကာ ကြိုးစားသူမည်သူမဆို ၎င်းတို့၏ စိတ်နှလုံးထဲ၌ ပုံမှန်မဟုတ်သော တစ်စုံတစ်ရာ ရှိသည်။ ပထမအမျိုးအစား အောက်တန်းကျခြင်းသည် အခြေအခြေမြစ်မြစ်ရှိသော အောက်တန်းကျသည့် ပြုမူပုံများ မပါဝင်သော်လည်း သို့မဟုတ် လက်ဆုပ်လက်ကိုင်ပြ၍ရသည့် အဖြစ်အပျက်များဆီသို့ မဦးတည်သည့်အပြင်၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုလည်း မပါဝင်သော်လည်း၊ ၎င်းတို့၏ သရုပ်သကန်များကို အခြေခံ၍ လူလူချင်း ဆက်ဆံမှုဆိုင်ရာ အပြုအမူအရ၊ ဤလူများသည် အမျိုးသားနှင့် အမျိုးသမီးကြား ရှင်းလင်းသော နယ်နိမိတ်များ ကင်းမဲ့ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရှင်းလင်းသော နယ်နိမိတ်များမရှိသည့်အပြင်၊ ပုံမှန်လူများသည် အရှက်တရားရှိသင့်ပြီး အခြားသူများအား မိမိတို့အပေါ် အထင်မသေးစေသင့်သည်ကို နားမလည်ကြခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးက မည်သည့်အရာမျှ မခံစားရဘဲ အောက်တန်းကျသော သရုပ်သကန်များကို ပြသပါက၊ ၎င်းသည် ပုံမှန်လူတစ်ဦးမဟုတ်သည့်အပြင် အနည်းဆုံးအားဖြင့် ပုံမှန်လူများ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့နေသည်။ လူတစ်ဦးသည် ကျားဖြစ်စေ၊ မဖြစ်စေ၊ ၎င်းသည် ကျားမများကြား နယ်နိမိတ်များကို စောင့်ထိန်းရမည်ဖြစ်ပြီး ဤနယ်နိမိတ်များကို ကျော်ဖြတ်၍မဖြစ်ကြောင်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရှင်းလင်းနေရမည်။ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးများကို မွေးရာပါ ခြားနားချက်များဖြင့် ဖန်ဆင်းခဲ့သည်။ ၎င်းတို့ကြားရှိ ခြားနားမှုကို ပြတ်ပြတ်သားသား မခွဲခြားနိုင်ခြင်းက ဖြစ်၍မရပေ။ တစ်စုံတစ်ဦးသည် အမျိုးသားနှင့် အမျိုးသမီးကြား ရှင်းလင်းသော နယ်နိမိတ်များ အမြဲတစေ ကင်းမဲ့နေပြီး ဆန့်ကျင်ဘက်လိင်ရှေ့တွင် အဆက်မပြတ် ပြစားနေပါက ဤသည်မှာ ယေဘုယျကျသော အကျင့်ပျက်ပြားခြင်း သို့မဟုတ် ချုပ်တည်းမှုကင်းမဲ့ခြင်းမျှသာ မဟုတ်ဘဲ လူလူချင်း ဆက်ဆံမှုဆိုင်ရာ အပြုအမူနှင့်ဆိုင်သော ပြဿနာတစ်ခု ပါဝင်နေသည်။ ၎င်းတို့လုပ်ဆောင်သည့်အရာများတွင် ခြေခြေမြစ်မြစ်ဖြစ်သော ပြဿနာများ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ၊ ဤသရုပ်သကန်များက လူလူချင်းဆက်ဆံမှုဆိုင်ရာ အပြုအမူနှင့်ဆိုင်သည့် ပြဿနာများ ပါဝင်နေသရွေ့၊ ယင်းတို့သည် လူသား ရှက်စိတ်နှင့် မကိုက်ညီပေ။ အထူးသဖြင့် အမျိုးသားနှင့် အမျိုးသမီးကြား ကိစ္စရပ်များတွင် လူတစ်ဦးသည် အရှက်တရားကို မသိပါက သို့မဟုတ် ရှက်စိတ်ကင်းမဲ့နေပါက ထိုသူသည် အလွန်အန္တရာယ်ရှိပေသည်။ အကယ်၍ သင်သည် ဆန့်ကျင်ဘက်လိင်ရှေ့တွင် သင်၏ စွဲဆောင်မှုကို တမင်တကာ ထုတ်ဖော်ပြသနိုင်ပြီး ၎င်းတို့ကို ဆွဲဆောင်ရန် ကြိုးစားနိုင်ပါက သင်သည် အောက်တန်းကျခြင်း၏ နောက်တစ်ဆင့်သို့ တိုးတက်သွားရန် အလွန်အလားအလာများသည်။ သင်သည် ပြစားခြင်းဖြင့် စတင်နိုင်သော်လည်း ယင်းက လက်ပါခြေပါဖြစ်လာခြင်းအဖြစ်သို့ လွယ်ကူစွာ တိုးတက်ဖြစ်ပေါ်သွားနိုင်ပြီး၊ လက်ပါခြေပါဖြစ်လာခြင်းမှ ပို၍ ခြေခြေမြစ်မြစ်ရှိသောတစ်စုံတစ်ရာအဖြစ်သို့ လွယ်ကူစွာ တိုးတက်ဖြစ်ပေါ်သွားနိုင်ကာ အဆုံးတွင် သင့်အတွက် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလိမ့်မည်။ သင် မြင်သည့်အတိုင်း အောက်တန်းကျခြင်း၏ အဆင့် မည်သို့ပင်ဖြစ်စေ၊ ယင်းသည် အောက်တန်းကျခြင်း၏ နယ်ပယ်အတွင်း အကျုံးဝင်နေသရွေ့ လူလူချင်း ဆက်ဆံမှုဆိုင်ရာ အပြုအမူနှင့်ဆိုင်သည့် ပြဿနာတစ်ခု ပါဝင်နေသည်။ ယင်းသည် လူလူချင်း ဆက်ဆံမှုဆိုင်ရာ အပြုအမူနှင့်ဆိုင်သည့် ပြဿနာတစ်ခု ပါဝင်သည်နှင့်တစ်ပြိုင်နက် ပြင်းထန်မှုအဆင့်များကြား ခြားနားမှုမရှိတာ့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော ပြဿနာများက ပိုမိုဆိုးရွားလာနိုင်သောကြောင့် ဖြစ်သည်၊ ပြစားခြင်းနှင့် အရှက်တရား ကင်းမဲ့ခြင်းမှ စတင်ကာ၊ ယင်းသည် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်း၊ နှစ်သက်မှု ဖြစ်ပေါ်ခြင်း၊ ထို့နောက် အပြန်အလှန် ခွဲမရဖြစ်လာခြင်းတို့ဆီသို့ လွယ်ကူစွာ တိုးတက်သွားနိုင်သည်။ ထိုမှနေ၍ ယင်းသည် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး နောင်တရရန် အချိန်နှောင်းသွားစေလျက် နောက်ထပ် ပိုမိုဆိုးရွားလာနိုင်လေသည်။ ယင်းက အမှန်တကယ် ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သင့်လျော်သော အဆုံးသတ်တစ်ခုသို့ ရောက်စေရန် ခက်ခဲသွားသည်။ သို့ဖြစ်၍ အောက်တန်းကျခြင်း၏ မည်သည့် သရုပ်သကန်မျိုးများကို သင် ပြသသည်ဖြစ်စေ၊ ယင်းတို့က လူလူချင်း ဆက်ဆံမှုဆိုင်ရာ အပြုအမူနှင့်ဆိုင်သည့် ပြဿနာတစ်ခု ပါဝင်နေသရွေ့၊ သင်သည် မိမိကိုယ်ကို မချုပ်တည်းသည့်အပြင် ရှက်စိတ် ကင်းမဲ့နေပါက၊ သင့်အကြောင်း အခြားသူများ ပြောဆိုသည့်အရာ၊ လူတို့ သင့်ကို အကဲဖြတ်ပုံ သို့မဟုတ် ဘုရားသခင် သင့်ကို ရှုမြင်ပုံတို့ကို လုံးဝ ဂရုမစိုက်ပါက၊ သင်သည် အလွန်အန္တရာယ်ရှိနေသည်။ အလွန်အန္တရာယ်ရှိနေသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သာမန် အောက်တန်းကျသော လုပ်ရပ်များနှင့် သရုပ်သကန်များမှ အစပြုကာ၊ အကျင့်ပျက်ပြီး သင့်အား တစ်သက်တာ နောင်တရစေမည့် အဓိပ္ပာယ်မဲ့သော အရာများကို လုပ်ဆောင်မိရန် အလွန်လွယ်ကူသည်ဟု ဆိုလိုသည်။ သင် နားလည်သလော။ (နားလည်ပါသည်။) ထို့ကြောင့် သင်သည် အောက်တန်းကျခြင်းပြဿနာ၏ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်သည့်အပြင် ယင်းကို အချိန်မီ ဖြေရှင်းရန် ပျက်ကွက်ပါက သင်သည် အလွန်ဒုက္ခပေးတတ်ပေသည်။ ထိုသို့သော သရုပ်သကန်များကို သင် ပြသပါက သို့မဟုတ် ထိုသို့သောအရာများကို လိုက်စားခြင်း၌ သင် ပျော်မွေ့ပါက ယင်းက သင်၏ လူ့သဘာဝ၌ ဆိုးရွားသော ပြဿနာတစ်ခုရှိကြောင်း သက်သေပြနေသည်။ မည်သည့်ပြဿနာနည်း။ ရှက်စိတ် ကင်းမဲ့ခြင်း ဖြစ်သည်။ လူလူချင်း ဆက်ဆံမှုဆိုင်ရာ အပြုအမူနှင့်ဆိုင်သည့် ပြဿနာသည် လူတစ်ဦး၏ ရှက်စိတ်နှင့် ဆက်စပ်မှုရှိသည်။ အကယ်၍ သင်သည် ရှက်စိတ် ကင်းမဲ့နေပါက ထိုသို့သောအရာများကို လုပ်ဆောင်ရာတွင် သင်သည် နယ်နိမိတ်များမရှိပေ။ သင် တွေးမိသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်နိုင်သည်။ သင်၏ အတွေးများနှင့် လိုအင်ဆန္ဒများသည် ထိန်းချုပ်ခြင်းခံရလိမ့်မည် မဟုတ်သည့်အပြင် ကန့်သတ်ခြင်းလည်း ခံရလိမ့်မည်မဟုတ်ပေ။ ပတ်ဝန်းကျင်က သင့်လျော်နေသရွေ့ သင်၏ အတွေးများနှင့် လိုအင်ဆန္ဒများသည် မိမိတို့ဘာသာ ပေါ်လွင်ထင်ရှားရန် အခွင့်အရေးယူလိမ့်မည်။ ယင်းတို့သည် တဖြည်းဖြည်း ဖောင်းပွလာလိမ့်မည်ဖြစ်ပြီး ပေါက်ကွဲထွက်သည့်အဆင့်သို့ ရောက်ရှိသွားလိမ့်မည်။ ဤအရာက ကြောက်လန့်ဖွယ်ကောင်းသော အကျိုးဆက်များကို ဖြစ်စေလိမ့်မည်။
သင်တို့ အနီးဝန်းကျင်တွင် ထိုသို့သော အောက်တန်းကျသည့်လူများ ရှိနေပါက၊ ၎င်းတို့၏ အောက်တန်းကျခြင်းပြဿနာသည် ရံဖန်ရံခါ စိတ်ကိုဆွပေးသော မှတ်ချက်တစ်ခုတည်းကို ပြောဆိုခြင်းမျှသာမဟုတ်သည့်အပြင် ၎င်းတို့၏ အောက်တန်းကျခြင်းသည် သတ်သတ်မှတ်မှတ်ဖြစ်သော လူအနည်းငယ်ကိုသာ ဦးတည်ခြင်းမဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့သည် ရှက်စိတ် ဘာဆိုဘာမျှမရှိဘဲ ဤနည်းအတိုင်း မကြာခဏ ပြုမူကြပြီး၊ အခြားသူများက ၎င်းတို့ကို အထင်သေးသည့်အခါ၊ အသိပေးသည့်အခါ သို့မဟုတ် သတိပေးသည့်အခါတွင်ပင် ပြဿနာမှာ ပြေလည်မသွားဘဲရှိနေကာ၊ ၎င်းတို့သည် ဆက်လက်၍ အောက်တန်းကျနေပြီး ၎င်းတို့၏ အောက်တန်းကျခြင်းက ပို၍ပင် ပြင်းထန်လာသည်ဆိုပါက၊ပြီးလျှင် သင်တို့သည် ထိုသို့သောလူများကို ကြုံတွေ့ရပါက ၎င်းတို့ကို ရှောင်ကြဉ်ရမည်။ အဘယ်ကြောင့် ၎င်းတို့ကို ရှောင်ကြဉ်သင့်သနည်း။ အဘယ်ကြောင့်ဆိုသော် အောက်တန်းကျသောလူများ၌ ရှက်စိတ်မရှိသောကြောင့် ဖြစ်သည်။ ရှက်စိတ်မရှိသောလူများသည် ၎င်းတို့၏ လုပ်ရပ်များတွင် ချုပ်တည်းမှု တစ်ခုတလေ ရှိသလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းနိုင်သလော။ (မချုပ်တည်းနိုင်ပါ။) ၎င်းတို့သည် မိမိတို့ကိုယ်ကို မချုပ်တည်းနိုင်ပေ၊ သို့ဖြစ်၍ သင်သည် ထိုသို့သောလူများကို ရှောင်ရှားရမည်။ ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းကို ရှောင်ကြဉ်ရန် အကောင်းဆုံး ကြိုးစားလော့။ အလုပ်အရ ၎င်းတို့နှင့် ထိတွေ့ရန် လိုအပ်ပြီး ရှောင်လွှဲ၍မရပါက ယင်းကို တင်းကြပ်စွာ အလုပ်သဘောအတိုင်းသာ ထားရှိလော့၊ သို့သော် ၎င်းတို့နှင့် သင် ဆက်ဆံသောအခါ အခြားလူအချို့ ရှိနေခြင်းက အကောင်းဆုံးဖြစ်သည်။ ၎င်းတို့နှင့် တစ်ကိုယ်တည်း မဆက်ဆံနှင့်၊ ပြီးလျှင် ၎င်းတို့ကို အခွင့်ကောင်းယူရန် အခွင့်အရေး တစ်ခုတလေမျှ မပေးနှင့်။ စုံစမ်းသွေးဆောင်မှုထဲသို့ မကျရောက်စေရန်နှင့် စာတန်အား အခွင့်ကောင်းယူရန် အခွင့်အရေး တစ်ခုတလေမျှ မပေးရန်အလို့ငှာ ၎င်းတို့နှင့် တစ်ယောက်တည်းရှိနေခြင်းကို ရှောင်ကြဉ်ရန် အကောင်းဆုံး ကြိုးစားလော့။ မည်သည့် အောက်တန်းကျသည့် အပြုအမူမျိုးပင်ဖြစ်စေ၊ ထိုသို့သောလူများသည် ၎င်းတို့၏ လူလူချင်း ဆက်ဆံမှုဆိုင်ရာ အပြုအမူတွင် အရှက်စိတ်မရှိကြောင်း၊ ၎င်းတို့သည် မည်သည့် ဆန့်ကျင်ဘက်လိင်ရှိသူကိုမဆို ပရောပရည်လုပ်နိုင်ကြောင်း၊ ပြီးလျှင် ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ဝင်အများအပြား၏ ရှေ့မှောက်တွင် အောက်တန်းကျသော ပြက်လုံးများကို ပြောနိုင်လောက်အောင်ပင် အောက်တန်းကျပြီး၊ ယင်းသည် လုံးဝပုံမှန်ဖြစ်သည့်အလား ပြောဆိုကာ၊ နားထောင်သူများကို မျက်နှာနီမြန်းသွားစေပြီး၊ အရှက်ရစေကာ၊ နားမထောင်နိုင်အောင် ဖြစ်စေစဉ်တွင် ၎င်းတို့ကိုယ်တိုင်မှာမူ မည်သည့်အရာမျှ မခံစားရကြောင်း၊ သတိမမူမိသည့်အပြင်၊ ဂရုမစိုက်ကြောင်းကို သင် ခွဲခြားသိမြင်နေသရွေ့၊ ထိုသို့သောလူများကို ရှောင်ရှားရမည်။ သင် နားလည်သလော။ (နားလည်ပါသည်။) အထူးသဖြင့် ၎င်းတို့နှင့် တစ်ယောက်တည်း အပြန်အလှန်ဆက်ဆံရာတွင် ၎င်းတို့က သင့်အား သီးခြား ဂရုစိုက်မှုနှင့် အာရုံစိုက်မှုကို ပြသပြီး၊ သင်၏ အပြစ်အနာအဆာများနှင့် ချွတ်ယွင်းချက်များကို သာ၍ပင် သည်းခံကာ၊ ထို့နောက် သင့်ကို မကြာခဏ လက်ပါခြေပါဖြစ်သည့်အခါ၊ သို့မဟုတ် အပြင်ပန်းတွင် မိမိတို့ကိုယ်ကို လူကြီးလူကောင်းဆန်ပြီး ယဉ်ကျေးသိမ်မွေ့သူအဖြစ် ပြသော်လည်း ၎င်းတို့၏ စကားများတွင် အောက်တန်းကျမှု၏ အရိပ်အငွေ့တစ်ခု အမြဲပါနေသည့်အခါ၊ ထိုသို့သောလူများသည် အလွန်အန္တရာယ်များပြီး သင်တို့သည် ၎င်းတို့ကို သတိထားရမည်။ လိင်တူသူတစ်ဦးနှင့် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်သည့် သို့မဟုတ် မေးမြန်းနိုင်သည့် ကိစ္စရပ်များအတွက်၊ သို့မဟုတ် လိင်တူတစ်ဦးနှင့် ကိုင်တွယ်နိုင်မည့် အလုပ်အတွက်၊ ဤသို့မလုပ်ဘဲ ထိုအစား ဆန့်ကျင်ဘက်လိင်ရှိသူတစ်ဦးကို မရမက ရှာဖွေသော လူအချို့လည်း ရှိသည်။ ၎င်းတို့ မျက်စိကျသည့် မည်သည့်ဆန့်ကျင်ဘက်လိင်ရှိသူကိုမဆို ၎င်းတို့က မေးရန်မလိုသော အသုံးမဝင်သည့် မေးခွန်းများကို အမြဲမေးပြီး ဤသူနှင့် တစ်ဦးချင်း အပြန်အလှန်ဆက်ဆံရန် အခွင့်အလမ်းများ ဖန်တီးဖို့ အစွမ်းကုန် ကြိုးစားလျက် အဆက်မပြတ် မေးခွန်းများမေးသည်၊ ထိုသူတို့ကို အနှောင့်အယှက်ပေးသည်၊ မလိုအပ်သော စကားစမြည်ပြောဆိုမှုများကို စတင်သည်၊ ၎င်းတို့ကို အနှောင့်အယှက်ပေးရန် အကြောင်းအရာများ ဖန်တီးလေသည်။ ၎င်းတို့ အခွင့်အလမ်းများ ရှာဖွေရခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည်။ သင်သည် ကျားဖြစ်စေ၊ မဖြစ်စေ၊ ထိုသို့သောလူများကို ကြုံတွေ့ရသောအခါ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (၎င်းတို့နှင့် ဝေးဝေးနေပါ။) ၎င်းတို့ကို ငြင်းပယ်ရန် နည်းလမ်းတစ်ခုကို သင် စဉ်းစားသင့်သည်။ အကြောင်းအရာများကို ၎င်းတို့အား အလွန်ရှင်းလင်းပြတ်သားမှုဖြင့် ရှင်းပြလော့။ ၎င်းတို့နှင့် တိတ်တဆိတ် ဝေးဝေးနေပြီး လုံလောက်ပြီဟု မထင်လိုက်နှင့်။ ၎င်းတို့က တစ်ကြိမ် သင့်အား ရံဖန်ရံခါ အနှောင့်အယှက်ပေးပါက ၎င်းတို့သည် မဖွယ်မရာ ပြုမူနေခြင်း ဟုတ်မဟုတ်ဟူသည်ကို သင် မဆုံးဖြတ်နိုင်ပေ။ သို့သော် ၎င်းတို့က သင့်အား ထပ်တလဲလဲအနှောင့်အယှက်ပေးပါက သင်သည် ၎င်းတို့အား ရှင်းရှင်းလင်းလင်း ပြောဆိုရမည်။ သင် မည်သည့်အရာ ပြောဆိုသင့်သနည်း။ သင်သည် ၎င်းတို့အား၊ “သင် ကျွန်ုပ်ကို တစ်ကြိမ်နှစ်ကြိမ်ထက်မက အနှောင့်အယှက်ပေးလေပြီ။ သင် မည်သည့်အရာကို ဆိုလိုသနည်း။ အတိအလင်း ပြောပါ။ ကျွန်ုပ်တို့တွင် ထိုသို့သော အလုပ်သဘောဆက်ဆံရေး တကယ် ရှိသလော။ သင် မေး၍ရနိုင်မည့် လူများစွာ ရှိသည့်တိုင် သင်က ကျွန်ုပ်ကို မရမက မေးပြီး ကျွန်ုပ်ဆီ မရမကလာသည်။ ကျွန်ုပ်တို့ အမှန်တကယ် ထိုမျှရင်းနှီးသလာ။ ဤသို့မလုပ်ပါနှင့်။ ကျွန်ုပ် စိတ်မဝင်စားပါ။ ပြီးလျှင် ကျွန်ုပ်က လူများနှင့် ဤသို့ ပေါင်းသင်းဆက်ဆံရသည်ကို မကြိုက်ပါ။ ကျေးဇူးပြုပြီး နောင်တွင် ကျွန်ုပ်ကို ထပ်မနှောင့်ယှက်ပါနှင့်။ ကျွန်ုပ် သင့်ကို ဘာဆိုဘာမျှ စိတ်မဝင်စားပါ။ နောင်တွင် ကျွန်ုပ်ကို သင် ဤသို့ ဆက်လက်နှောင့်ယှက်လျှင် ကျွန်ုပ် သဘောကောင်းနေမည် မဟုတ်ပါ”ဟု ပြောနိုင်သည်။ ထိုသို့သောလူများအပေါ် မည်သည့် လုပ်နည်းကိုင်နည်းကို ကျင့်သုံးသင့်သနည်း။ (၎င်းတို့နှင့် ဝေးဝေးနေပြီး ၎င်းတို့ကို ငြင်းပယ်ပါ။) ထိုသို့သောလူများသည် အထပ်ထပ် ဆုံးမသော်လည်း မပြင်နိုင်ဘဲရှိနေပါက ၎င်းတို့ကို မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ၎င်းတို့ကို အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ၊ သီးခြားခွဲထားခြင်း သို့မဟုတ် ရှင်းလင်းဖယ်ထုတ်ခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းသင့်သည်။ အချို့ပုဂ္ဂိုလ်များသည် အခြားသူများကို စိတ်မဆိုးစေဝံ့သည့်အပြင် ဤအောက်တန်းကျသည့်လူစားမျိုးကို အတွင်းစိတ်၌ ကြောက်ရွံ့သော လူ့အကြိုက်ဆောင်သူများ ဖြစ်ကြသည်။ ဤအရာက ဒုက္ခပေးတတ်သေည်။ ၎င်းတို့သည် ထိုသူများ၏ ကစားခြင်းသာ ခံရနိုင်သည်။ ထိုသို့သော အောက်တန်းကျသည့်လူများကို လေးဆေးတည်ငြိမ်စွာ ဆက်ဆံရမည်။ ၎င်းတို့အပေါ် သင်၏ ကိုယ်နှုတ်အမူအရာသည် ပို၍ အေးစက်သင့်သော်လည်း ဒေါသတကြီးဖြစ်ရန် မလိုအပ်ပေ။ “ဤကလေးဆန်သည့်အကွက်များကို မလုပ်ကြစို့နှင့်။ သင် မည်သည့်အရာ ဆိုလိုသည်ကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။ ကျွန်ုပ်နှင့် ဤသို့ ကစားခြင်းက အလုပ်ဖြစ်မည် မဟုတ်ပါ။ ကျွန်ုပ် သင့်ကို မကြိုက်ပါ။ ထို့ကြောင့် ကျေးဇူးပြုပြီး ကျွန်ုပ်ကို ထပ်မနှောင့်ယှက်နှင့်။ သင် ကျွန်ုပ်ကို ထပ်တလဲလဲ နှောင့်ယှက်လျှင်၊ သင့်ကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်ုပ်တွင် နည်းလမ်းများစွာ ရှိသည်”ဟု အေးဆေးတည်ငြိမ်စွာ ပြောဆိုလော့။ ဤသည်မှာ ၎င်းတို့ကို ငြင်းပယ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် ၎င်းတို့ကို ဤနည်းအတိုင်း ငြင်းပယ်နိုင်လိမ့်မည်လော။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် ငြင်းပယ်နိုင်ပါမည်။ ဘုရားသခင် စကားမပြောမီတွင်မူ ကျွန်ုပ်တို့ ဤသို့ ငြင်းပယ်ဝံ့မည်မဟုတ်ပါ။) ဤသည်မှာ ဥပမာတစ်ခုမျှသာ ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့သောအခြေအနေများသည် အမျိုးသားများ၏ နှောင့်ယှက်ခြင်းကို အမျိုးသမီးများခံရခြင်း၌သာ ကန့်သတ်မထားပေ။ ထိုအခြေအနေများတွင် အမျိုးသားများက အမျိုးသမီးများ၏ နှောင့်ယှက်ခြင်းကို ခံရခြင်းလည်း ပါဝင်သည်။ တိုတိုပြောရလျှင်သင်သည် နှောင့်ယှက်ခြင်းခံရသော ကျားဖြစ်စေ၊ မဖြစ်စေ၊ ထိုသို့သော အောက်တန်းကျသည့်လူများသည် အမှန်ပင် သင်နှင့် ပုံမှန်အတိုင်း အပြန်အလှန်ဆက်ဆံခြင်း၊ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း စကားပြောဆိုခြင်း သို့မဟုတ် တိုင်ပင်ဆွေးနွေးခြင်းတို့ကို လုပ်ဆာင်နေခြင်းမဟုတ်ကြောင်း သင် ရှင်းလင်းစွာ မြင်နိုင်ပါက ၎င်းတို့ကို သင် ငြင်းပယ်နိုင်သည်။ ထိုသို့သောလူများနှင့် အပြန်အလှန်ဆက်ဆံသောအခါ ၎င်းတို့၏ ရည်ရွယ်ချက်ကို ခံစားမိရန် အလွန်လွယ်ကူပြီး သင်သည် သတိထားသင့်သည်။ သင်သည် ၎င်းတို့အား “ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦး မရင်းနှီးပါ။ ထို့ကြောင့် သင် ကျွန်ုပ်ကို မနှောင့်ယှက်ခြင်းက အကောင်းဆုံးဖြစ်မည်”ဟု ပြောသင့်သည်။ ၎င်းတို့က သင့်အား ထပ်တလဲလဲနှောင့်ယှက်ပြီး သင်သည် ၎င်းတို့၏ ခံစားချက်အား ထိခိုက်မိမည်ကို စိုးရိမ်လျက်၊ ညီအစ်ကိုမောင်နှမများအဖြစ် သင်သည် ၎င်းတို့ကို သည်းခံသင့်သည်ဟု တွေးလျက် ၎င်းတို့ကို ငြင်းပယ်ရန် ရှက်တက်တက်ဖြစ်နေသေးပါက၊ထိုသို့သော သည်းခံမှုက ဖြစ်စေနိုင်သော အကျိုးဆက်များကို သင် နားလည်သင့်သည်။ သင်သည် ၎င်းတို့ကို ကြိုက်နှစ်သက်ပြီး ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရန် ဆန္ဒရှိပါက ယင်းမှာ သင်၏ လွတ်လပ်ခွင့်ဖြစ်သည်။ ဟုတ်ပေသည်၊ အောက်တန်းကျသောလူတစ်ဦးကို စာနာခြင်း သို့မဟုတ် ကြိုက်နှစ်သက်ခြင်းပင် ဖြစ်ခြင်းက မိုက်မဲသည် မဟုတ်လော။ အကယ်၍ ၎င်းတို့သည် သင့်အပေါ် အောက်တန်းကျသောပုံစံဖြင့် ပြုမူနိုင်ပါက အခြားသူများအပေါ်လည်း အလားတူ ပြုမူနိုင်သည်။ ထိုသို့သောလူများနှင့် ပေါင်းသင်းဆက်ဆံခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်း၊ သေခြင်းကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုသို့သောလူများနှင့်ပတ်သက်၍ သင်သည် ၎င်းတို့ကို တိုက်ရိုက် ငြင်းပယ်သင့်သည်။ အကြောင်းအရာများကို ၎င်းတို့ ရှင်းသွားအောင် လုပ်ပြီး ၎င်းတို့ကို သင့်နှင့် ဝေးဝေးနေရန် ပြောဆိုလော့။ ယင်းမှာ အလွန်ရိုးရှင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်တကယ် အောက်တန်းကျသောလူများဆိုသည်မှာ ၎င်းတို့၏ လူ့သဘာဝ၌ အရှက်တရား ကင်းမဲ့သူများကို ရည်ညွှန်းသည်။ ကျားဖြစ်စေ၊ မဖြစ်စေ၊ လူများသည် ဆန့်ကျင်ဘက်လိင်ကို ကြုံတွေ့ရသောအခါ အနည်းငယ် မူမမှန်သော သရုပ်သကန်အချို့ကို ရံဖန်ရံခါ ပြသကောင်းပြသနိုင်သည်။ ယင်းသည် အလေ့အကျင့်တစ်ခု မဟုတ်သရွေ့၊ လုပ်ရပ်များ သို့မဟုတ် အကျိုးဆက်များကို မဖြစ်ပေါ်စေသည့်အပြင် အချိန်ကာလတစ်ခုကြာပြီးနောက် မသင့်လျော်ဟု ခံစားရသောအခါ ယင်းကို ပြုပြင်၍ရနိုင်သရွေ့၊ အောက်တန်းကျခြင်းအဖြစ် အမျိုးအစားခွဲခြား၍မရနိုင်ပေ။အနည်းငယ် မူမမှန်သော ဤသရုပ်သကန်များကို ခြုံငုံ၍ ကောက်ချက်မချသင့်ပေ။ အောက်တန်းကျခြင်းသည် မိမိ၏ လူ့သဘာဝအတွင်း၌ အရှက်တရား ကင်းမဲ့ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထိုသို့သောလူများ၏ အဓိက သရုပ်သကန်မှာ ၎င်းတို့၏ လူလူချင်း ဆက်ဆံမှုဆိုင်ရာ အပြုအမူတွင် အရှက်တရားမရှိခြင်း ဖြစ်သည်၊ ၎င်းတို့သည် ထိန်းမနိုင်သိမ်းမရဖြစ်ကြသည်၊ ချုပ်ထိန်းမရဖြစ်ပြီး အထူးသဖြင့် လျှပ်ပေါ်လော်လည်ကြသည်။ ဤအရာကို လူတစ်ဦး၏ လူ့သဘာဝအတွင်းရှိ အောက်တန်းကျခြင်း၏ သရုပ်သကန်အဖြစ် အမျိုးအစားခွဲခြားထားသည်။ ယခုတွင်၊ ထိုသို့သောလူများကို မည်သို့ဆက်ဆံရမည်၊ မည်သို့ကိုင်တွယ်ရမည်ကို သင်တို့ သိပြီလော။ (သိပါပြီ။) အောက်တန်းကျခြင်းအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၏ ဆွေးနွေးမှုအတွက် ဤမျှသာဖြစ်သည်။
နောက်ထပ် သရုပ်သကန်တစ်ခုဖြစ်သည့် ယုတ်ညံ့ခြင်းအကြောင်းကို ငါတို့ ပြောကြစို့။ ဤသည်မှာ မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ (ယင်းမှာ ဆိုးယုတ်သာအကျင့်စရိုက်နှင့်ဆိုင်သည့် ပြဿနာတစ်ခု ဖြစ်ပါသည်။) ယုတ်ညံ့ခြင်းသည် ဆိုးယုတ်သော အကျင့်စရိုက်အောက်တွင် အကျုံးဝင်ပြီး လူ့သဘာဝအောက်တွင် အမျိုးအစားခွဲခြားထားသည်။ ယုတ်ညံ့ခြင်းသည် ယုတ်ညံ့သိမ်ဖျင်းခြင်းနှင့် အတော်အတန် ဆင်တူသလော။ (ဆင်တူပါသည်။) ဤသည်မှာလည်း ဆိုးယုတ်သောအကျင့်စရိုက်၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ယုတ်ညံ့ခြင်းဆိုသည်မှာ စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်းဘဲ အောက်တန်းကျသောနည်းလမ်းဖြင့် ပြုမူခြင်း၊ စည်းမျဉ်းများ သို့မဟုတ် အသိစိတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ နယ်နိမိတ်များမရှိဘဲ အမှုအရာများကို လုပ်ဆောင်ခြင်းသာမက အထူးသဖြင့် စက်ဆုပ်ဖွယ်ဖြစ်ပြီး အောက်တန်းကျသော ပုံစံဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။ ယုတ်ညံ့ခြင်း၏ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ဥပမာအားဖြင့်၊ ယုတ်ညံ့သောသူတစ်ဦးသည် တစ်စုံတစ်ဦးက မိမိကိုယ်တိုင် မတတ်နိုင်သော ကားကောင်းတစ်စီး ဝယ်ထားသည်ကို မြင်သည်။ ဖြတ်သွားသောအခါတွင် ၎င်းက “ကောင်းလိုက်သည့်ကားပါတကား။ သင်က ချမ်းသာခြင်း ဖြစ်ရမည်”ဟု ပြောဆိုလျက် အပြင်ပန်းအားဖြင့် နှုတ်ဆက်သည်။ ၎င်း၏စကားများက နားကြားကောင်းသော်လည်း ကားပိုင်ရှင် ထွက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းက ကားပေါ်သို့ “ထွီ” ဟူ၍ တံတွေးထွေးလိုက်သည်။ ဤသည်မှာ ယုတ်ညံ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) တံတွေးထွေးခြင်းသည် မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ (ယုတ်ညံ့ခြင်း ဖြစ်ပါသည်။) ဤသည်ကို ယုတ်ညံ့ခြင်းဟု ခေါ်သည်။ ယုတ်ညံ့ခြင်းဆိုသည်မှာ အထူးသဖြင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ ညစ်ပတ်ခြင်းနှင့် နိမ့်ကျခြင်း ဖြစ်သည်။ ယင်းမှာ အခြားသူများအား သင့်ကို လှောင်ပြောင်စေပြီး မထီမဲ့မြင်ပြုစေလျက်၊ လူတို့အား သင်၏စရိုက်က နိမ့်ကျကြောင်းနှင့် သင်သည် အသရေမဲ့သူတစ်ဦးဖြစ်ကြောင်း ခံစားရစေလျက် ရှက်ဖွယ်ကောင်းစွာ ပြုမူခြင်း ဖြစ်သည်။ ဥပမာ၊ အချို့လူများသည် ၎င်းတို့၏ အိမ်နီးချင်းတွင် လိမ္မာသော ခွေးတစ်ကောင်ရှိသည်ကို မြင်ပြီး စိတ်ထဲ၌၊ “သူတို့မိသားစုတွင် လိမ္မာသော ခွေးတစ်ကောင် ရှိသည်။ ထိုခွေးကို ငါ အဘယ်ကြောင့် မဝယ်ခဲ့မိသနည်း”ဟူ၍ မနာလိုဖြစ်ကြသည်။ သို့ဖြင့် ၎င်းတို့သည် ထိုခွေးကို သတ်ရန် နည်းလမ်းတစ်ခု ရှာပြီး နောက်ပိုင်းတွင် မပြောပြတတ်အောင် ပျော်သွားကြသည်။ ၎င်းတို့ အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ရှန်ပိန်ဖောက်ပြီး ပွဲတော်တည်လျက်၊ ယခင်က ခံစားခဲ့ဖူးသည်ထက် ပို၍ ပျော်ရွှင်နေသည်ဟု ခံစားလျက် အောင်ပွဲခံကြသည်။ ငါ့ကို ပြောလော့၊ ဤလူသည် ဆိုးဝါးသလော၊ မဆိုးဝါးသလော။ (ဆိုးဝါးပါသည်။) ဤသည်မှာ ယုတ်ညံ့ခြင်း ဖြစ်သည်။ အခြားသူများ၌ ကောင်းသောအရာတစ်ခု ဖြစ်ပျက်ပြီး ပျော်ရွှင်နေသရွေ့ ၎င်းတို့သည် မပျော်မရွှင်ဖြစ်လာပြီး ၎င်းတို့အတွက် အမှုအရာများကို ဖျက်ဆီးရန် နည်းလမ်းများ စဉ်းစားကြသည်။ အခြားသူများ ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည်ကို မြင်သောအခါ သူတစ်ပါး၏ ကံအကြောင်းမလှမှုအပေါ် နှစ်ထောင်းအားရဖြစ်ကြသည်။ ထိုသို့သောလူများသည် အလွန် ယုတ်ညံ့ပေသည်။
ယုတ်ညံ့သောလူများ၏ အတွေးများသည် အလွန် အပျက်သဘောဆောင်သည်။ ယင်းတို့သည် မည်သို့ အပျက်သဘောဆောင်သနည်း။ ဥပမာအားဖြင့်၊ သင်က တစ်စုံတစ်ဦးကို တစ်စုံတစ်ခု ပေးသောအခါ၊ ပုံမှန်အခြေအနေများအောက်တွင် ၎င်းတို့က “ဤအရာက အတော်လေး ကောင်းသည်။ ယခင်က ထိုအရာကို သင် အမှန်တကယ် ကြိုက်လေ့ရှိခဲ့သော်လည်း ယခု သင် မလိုအပ်တော့ပါ။ သင်က အခြားတစ်စုံတစ်ဦးကို မပေးဘဲ ကျွန်ုပ်ကို ချက်ချင်းပေးခဲ့သည်၊ ကျွန်ုပ်တို့က အမှန်တကယ်ပင် သူငယ်ချင်းများ ဖြစ်ကြသည်”ဟု ပြောဆိုလျက် ကျေးဇူးတင်သင့်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူ မည်သူမဆို ဤနည်းလမ်းအတိုင်း စဉ်းစားပေမည်။ ၎င်းတို့သည် ဤကိစ္စရပ်ကို အပြုသဘောဖြင့် နားလည်သဘောပေါက်ကြပေမည်။ သို့သော် ယုတ်ညံ့သောလူများ၏ တွေးခေါ်ပုံမှာ မူမမှန်ပေ။ ၎င်းတို့က၊ “သင် မလိုအပ်တော့သောကြောင့်သာ ဤအရာကို ကျွန်ုပ်အား ပေးခြင်းဖြစ်သည်။ အကယ်၍ သင် လိုအပ်နေဆဲဖြစ်ပါက ကျွန်ုပ်ကို ပေးပြီးလေမည်လော။ သင်က ကောင်းသောအရာများကို သင့်အတွက် သိမ်းထားပြီး မကောင်းသောအရာများကို ကျွန်ုပ်အား ပေးသည်၊ မည်သူက လိုချင်သနည်း။ သင်က ကျွန်ုပ်ကို သူတောင်းစားတစ်ယောက်လို ခါထုတ်ခြင်းဖြစ်သလော။ ကောင်းမွန်သည့်အရာကို ကျွန်ုပ် မသိဟု သင် ထင်သလော။ သင် မလိုအပ်တော့သောကြောင့်သာ ထိုအရာကို ကျွန်ုပ်အား ပေးခဲ့ခြင်းဖြစ်ပြီး ကျွန်ုပ်က ကျေးဇူးတင်ရှိဖို့ သင် မျှော်လင့်နေသေးသည်။ သင်က ကျွန်ုပ်ကို လူနုံလူအတစ်ယောက်အဖြစ် သဘောထားသလော”ဟု မိမိဘာသာ ပြောမည်ဖြစ်သည်။ သင် မြင်သည့်အတိုင်း၊ ထိုသို့သော ရိုးရှင်းသည့်ကိစ္စရပ်တစ်ခုအပေါ်တွင် ၎င်းတို့သည် ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းသည့်၊ မနှစ်သက်စရာကောင်းသည့်၊ နိမ့်ကျသည့်နည်းလမ်းဖြင့် တွေးခေါ်ကြသည်။ ၎င်းတို့အား တစ်စုံတစ်ခု ပေးခြင်းသည် သင်ကိုယ်တိုင်အတွက် ဒုက္ခဖြစ်ခြင်းဖြင့် အဆုံးသတ်သည်။ အဘယ်ကြောင့် ထိုအရာက ဒုက္ခဖြစ်စေသနည်း။ အဘယ်ကြောင့်ဆိုသော် သင် ပေးခဲ့သောသူသည် ယုတ်ညံ့သောသူ၊ စက်ဆုပ်ဖွယ်ကောင်းသည့်၊ မနှစ်သက်စရာကောင်းသည့်အပြင် အောက်တန်းကျသော အတွေးများရှိသူတစ်ဦး ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် တစ်ဦးတလေနှင့်ပတ်သက်၍ အပျက်သဘောဆောင်စွာ တွေးခေါ်ကြသည်။ ၎င်းတို့သည် တစ်စုံတစ်ဦးကို ရှုမြင်သောအခါ စည်းမျဉ်းများကို အခြေခံ၍ ရှုမြင်ခြင်းမရှိသည့်အပြင်၊ ထိုသူနှင့် နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခြင်းမှ ၎င်းတို့သိရှိသော ထိုသူ၏ အကျင့်စရိုက် သို့မဟုတ် ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းများကို အခြေခံ၍လည်း ရှုမြင်ခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် အခြားသူများကို ၎င်းတို့၏ ကိုယ်ပိုင်အစွန်းရောက်သည့်၊ ခေါင်းမာသော အတွေးများနှင့် ရှုထောင့်များကို အခြေခံ၍ ရှုမြင်ကြသည်။ ထိုသို့သောလူများသည် အလွန် ယုတ်ညံ့ပေသည်။ သင်က ၎င်းတို့နှင့် မပေါင်းသင်းပါက သို့မဟုတ် ၎င်းတို့အား မည်သည့်အရာမျှ မပေးပါက အခြေအနေများက အေးချမ်းနေမြဲဖြစ်သည်။ သို့သော် သင်က ၎င်းတို့နှင့် အမှန်တကယ် ပေါင်းသင်းပြီး ကူညီပါက သင်သည် မကြာခဏ ၎င်းတို့၏ ဝေဖန်ခြင်းနှင့် အပြစ်ရှာတို့ကို ခံသွားရသည်။ ကောင်းသောအရာတစ်ခု သင် အသုံးပြုနေသည်ကို ၎င်းတို့ မြင်သောအခါ ထိုအရာကို ၎င်းတို့ အမြဲ လိုချင်ကြသည်။ သင်က ၎င်းတို့အား မပေးပါက သင်သည် ကပ်စေးနဲပြီး နှမြောတွန့်တိုသည်ဟု ၎င်းတို့ ထင်ကြသည်။ ထိုသို့သောလူများသည် အလွန်ဒုက္ခပေးတတ်ပြီး ၎င်းတို့နှင့် အဆင်ပြေအောင် ပေါင်းသင်းရန် အလွန်ခက်ခဲသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ပြောင်ပြောင်တင်းတင်း ပြောဆိုမည်မဟုတ်သော်လည်း စိတ်ထဲတွင်၊ တိတ်တဆိတ်အားဖြင့် ၎င်းတို့သည် သင့်ကို အမြဲ ပြိုင်ဆိုင်နေကြသည်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် သင်နှင့်ပတ်သက်၍ သဘောမကျသော အတွေးများ ဖြစ်ပေါ်ကြသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ထိုသို့သောလူများတွင် မနှစ်မြို့ဖွယ် စိတ်နှလုံးများနှင့် မနှစ်မြို့ဖွယ် အတွေးများ ရှိကြသည်။ “မနှစ်မြို့ဖွယ်”ဟူသော စကားလုံးက လူတစ်ဦး၏ အတွေးများနှင့် စိတ်နှလုံးကို မနှစ်သက်စရာကောင်းသောအရာအဖြစ် ဖော်ပြရန် အတော်လေး သင့်လျော်သည်ဟု ငါ ထင်သည်။ ယင်းမှာ ၎င်းတို့ မသန့်ရှင်းခြင်း၊ အပြုသဘောမဆောင်ခြင်းနှင့် ကြင်နာမှုမရှိခြင်းကို ဆိုလိုသည်။ တစ်စုံတစ်ခုသည် မည်မျှပင် အပြုသဘောဆောင်နေပါစေ၊ ၎င်းတို့က ယင်းအကြောင်းကို ပြောဆိုသောအခါ အပျက်သဘောဆောင်သော အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သင်က ၎င်းတို့အတွက် ကောင်းသောအရာ မည်မျှပင် လုပ်ဆောင်ပါစေ၊ ၎င်းတို့က ယင်းကို တန်ဖိုးမထားသည်သာမက သင့်တွင် မကောင်းသော ရည်ရွယ်ချက်များရှိသည်ဟု ပြောဆိုလျက် သင့်အား သေးသိမ်စေပြီး အမှုဆင်စွပ်စွဲပေမည်။ သင်က ၎င်းတို့အား အကျိုးကျေးဇူးတစ်ခုခု ပေးပါက သင်က ၎င်းတို့ကို အမြတ်ထုတ်ရန် ကြိုးစားနေခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ တွေးဆကြပေမည်။ သင်က ၎င်းတို့အပေါ် ဟက်ဟက်ပက်ပက်မရှိဘဲနေလျှင် သင်သည် ချမ်းသာပြီး အာဏာရှိသောကြောင့် ဆင်းရဲသားများကို အထင်သေးသည်ဟု ၎င်းတို့ ထင်ကြပေမည်။ သင်သည် လူ့သဘော ကင်းမဲ့သည်၊ လူများနှင့် မည်သို့ အဆင်ပြေအောင် ပေါင်းသင်းရမည်ကို မသိဟုလည်းကောင်း၊ အခြားသူများ၏ ခံစားချက်များကို ထည့်သွင်းစဉ်းစားပေးနိုင်စွမ်းမရှိဟုလည်းကောင်း ၎င်းတို့ ခံစားကြလိမ့်မည်။ သင်က ၎င်းတို့နှင့် ခပ်ကင်းကင်းနေပါက ယင်းသည်လည်း အလုပ်ဖြစ်မည် မဟုတ်။ ၎င်းတို့က ယင်းနှင့်ပတ်သက်၍ ပြောစရာတစ်ခု ရှိနေလိမ့်ဦးမည်သာ ဖြစ်သည်။ ထိုသို့သောလူများသည် အလွန်ဒုက္ခပေးတတ်သည်။ သင်က ၎င်းတို့နှင့် မည်သို့ပင် ပေါင်းသင်းပါစေ၊ ၎င်းတို့ကို လုံးဝ စိတ်မကျေနပ်စေနိုင်ပေ။ ၎င်းတို့ မည်သည့်အရာ တွေးလိမ့်မည်ကို သင် မသိသည့်အပြင်၊ ကောင်းသောရည်ရွယ်ချက်များဖြင့် သင် လုပ်ဆောင်သည့်အရာများမှ မည်သည့်ဒုက္ခများ ပေါ်ပေါက်လာမည်ကိုလည်း သင် မသိပေ။ သို့ဖြစ်၍ ထိုသို့သောလူများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းတစ်ခုတည်းသာ ရှိသည်။ ၎င်းတို့နှင့် ဝေးဝေးနေပြီး မပတ်သက်နှင့်။ မိတ်ဆွေဖွဲ့သောအခါတွင် ထိုသို့သောလူများကို မရွေးချယ်နှင့်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အလွန် ယုတ်ညံ့သောကြောင့် ဖြစ်သည်။ ၎င်းတို့နှင့် ပေါင်းဖော်ခြင်းသည် သင့်အား ကြီးမားသော ဒုက္ခနှင့် ကြီးမားသော စိတ်ဆင်းရဲမှုကို ဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ပြီး ဤစိတ်ဆင်းရဲမှုနှင့် ဒုက္ခပြဿနာအားလုံးသည် လုံးဝ မလိုအပ်ပေ။ ယုတ်ညံ့သောလူများတွင် ဆင်ခြင်တုံတရား ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် ဆင်ခြင်တုံတရားမရှိဟု ဆိုခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ (၎င်းတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိသည့်အပြင် ကိုယ်ကျင့်တရားဆိုင်ရာ နယ်နိမိတ်များလည်း မရှိပါ။) ဤအရာ၏ အသေးစိတ်အချက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (၎င်းတို့တွင် ပုံမှန်လူများ၏ တွေးခေါ်ပုံ မရှိပါ။) ပုံမှန်လူများ၏ တွေးခေါ်ပုံ မရှိခြင်းသည် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများတွင် အရှက်တရား တစ်ခုတလေ ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် အရှက်တရားမရှိ၊ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုမရှိသည့်အပြင်၊ မူမမှန်သည့်၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ကျိုးကြောင်းဆင်ခြင်မှုကိုသာ ပြောဆိုကြသည်။ ၎င်းတို့၏ ကျိုးကြောင်းဆင်ခြင်မှုသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန် ရည်ရွယ်သည်၊ ထိုအရာသည် မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုချည်းသာ ဖြစ်သည်။ သင်က ၎င်းတို့အား တစ်စုံတစ်ခု ပေးပါက ၎င်းတို့ကို သင် အထင်သေးပြီး သင်မလိုအပ်သောအရာများကိုသာ ပေးသည်ဟု ၎င်းတို့က ပြောဆိုကြသည်။ သင်က ၎င်းတို့အား မည်သည့်အရာမျှ မပေးပါက သင်သည် အလွန် နှမြောတွန့်တိုသည်ဟု ၎င်းတို့က ပြောဆိုကြသည်။ ထိုသို့သောစကားများသည် မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အမှုအရာများကို မှန်ကန်စွာ ရှင်းရှင်း နားလည်သဘောပေါက်နိုင်သည့်အပြင် အလွန် အပျက်သဘောဆောင်သောနည်းလမ်းဖြင့် တွေးကြသည်။ ဤသည်မှာ မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှု ဖြစ်သည်။ ဘာသာတရား မရှိသူများက လူတို့သည် ကျိုးကြောင်းဆီလျော်စွာ ကျင့်ကြံပြုမူရမည်ဟု မကြာခဏ ပြောဆိုကြသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ကျိုးကြောင်းဆီလျော်မှုမရှိသည့်အပြင်၊ မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုကိုသာ ပြောဆိုပါက ၎င်းတို့သည် ကောင်းသည့်အရာ မည်သည့်အရာမျှ မရှိပေ။ အကယ်၍ တစ်စုံတစ်ဦးက သင့်အား တစ်စုံတစ်ခု ပေးပါက ၎င်းတို့က သင့်အပေါ် အလေးထားမှုတစ်ခုခုရှိသည်ဟု ဆိုလိုသည်။ ၎င်းတို့က သင့်အား ထိုအရာကို မပေးပါကလည်း ယင်းမှာ တရားနည်းလမ်းကျသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ဥစ္စာပစ္စည်းများကို မိမိတို့အလိုရှိသည့် မည်သူ့ကိုမဆို ပေးနိုင်ပေသည်။ ၎င်းတို့က သင့်အား ပေးသောအခါတွင် သင်က အပြစ်ရှာနေဆဲဖြစ်သော်လည်း ၎င်းတို့ မပေးပါက ၎င်းတို့ကို နှမြောတွန့်တိုသည်ဟု ခေါ်ဆိုပါက ဤသည်မှာ ဆင်ခြင်တုံတရားမရှိခြင်း မဟုတ်လော။ ဤကဲ့သို့ မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုကို လုပ်ဆောင်သောလူများသည် ယုတ်ညံ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ အလွန်အလွန် ယုတ်ညံ့သည်တကား။ ယုတ်ညံ့သောလူများသည် ဆင်ခြင်တုံတရားမရှိသောကြောင့်၊ မည်သည့်ကျိုးကြောင်းဆင်ခြင်မှုကိုမဆို ၎င်းတို့ နားမဝင်ပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတိုင်း သို့မဟုတ် သမ္မာတရား၏ စည်းမျဉ်းများကို အခြေခံ၍ ပြုမူခြင်းသည် ၎င်းတို့အတွက် တကယ်ကို အဓိပ္ပာယ်မရှိပေ။ ယုတ်ညံ့ခြင်းသည် ယုတ်ညံ့သိမ်ဖျင်းခြင်းနှင့် အနည်းငယ် ဆင်တူသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့်၊ အချို့လူများသည် တစ်စုံတစ်ခုကို ဝယ်ရန် ငွေသုံးပြီး ဆုံးရှုံးမှုတစ်ခုကို ခံစားရပြီးဖြစ်သည့်အလား ယင်းမှာ ဈေးမတန်ဟု အမြဲ ခံစားရသည်။ ထို့နောက် ၎င်းတို့က “သင်သည် ကျွန်ုပ်ကို အခွင့်အရေးယူခဲ့သည်။ ထို့ကြောင့် သင့်ကို ဆုံးရှုံးမှုတစ်ခု ခံစားရစေရန် နည်းလမ်းတစ်ခု ကျွန်ုပ် ရှာဖို့လိုအပ်သည်။ ထိုအခါမှသာ ကျွန်ုပ် စိတ်ထဲတွင် မျှတသည်ဟု ခံစားရမည်”ဟု တွေးကြသည်။ စက်ဆုပ်ဖွယ်ကောင်းပြီး ယုတ်ညံ့သည့် ဤကဲ့သို့သောလူများသည် အခြားသူများအား မည်သို့ အခွင့်အရေးယူရမည်ကို အမြဲ တွေးဆနေကြသည်။ ၎င်းတို့ ဆုံးရှုံးမှုတစ်ခုခံစားရပြီးဖြစ်သည်ဟု ခံစားပါက အခြားသူများအတွက် အမှုအရာများ ခက်ခဲအောင်လုပ်ကြသည်။ ၎င်းတို့သည် မိမိတို့ မနစ်နာသည်ကို အမြဲ သေချာအောင်လုပ်လိုပြီး ထိုအခါမှသာ စိတ်ကျေနပ်ကြသည်။ ၎င်းတို့က အခြားတစ်စုံတစ်ဦးကို အခွင့်အရေးယူပါက အောင်ပွဲခံပြီး မိုးမမြင် လေမမြင် ပျော်ရွှင်ကြသည်။ တစ်စုံတစ်ခုအပေါ် သင် သုံးစွဲသည့်ငွေပမာဏမှာ သင်၏ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သည်။ မည်သူမျှ သင့်ငွေကို ၎င်းတို့အား ပေးရန် အတင်းအကျပ်မပြုပေ။ သင်က လိုလိုလားလား ဝယ်ယူခဲ့သည့်အတွက်၊ အဘယ်ကြောင့် မကျေမချမ်းဖြစ်နေဆဲဖြစ်ပြီး အခြားသူများကို အခွင့်အရေးယူရန်နှင့် နစ်နာဆုံးရှုံးမှုတစ်ခု ခံစားရသည်ကို ရှောင်ရှားရန် ကြိုးစားနေဆဲ ဖြစ်သနည်း။ ထိုသို့သောလူများသည် အလွန် ယုတ်ညံ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ကုန်စုံဆိုင်သို့ ဈေးဝယ်ထွက်ပြီး အစားအသောက်များမှာ အလွန်ဈေးကြီးသည်ဟု ခံစားရသောအခါ ဆုံးရှုံးနစ်နာမှုကို ရှောင်ရှားရန်အလို့ငှာ ပလတ်စတစ်အိတ်အပို အနည်းငယ် ယူကြသည်။ ယင်းသည် နှစ်သစ်ကူး သို့မဟုတ် အားလပ်ရက် အတောအတွင်းဖြစ်ပြီး ကုန်စုံဆိုင်က ပြက္ခဒိန်များ ဝေပေးနေပါက ၎င်းတို့သည် နောက်ထပ် အချို့ကို ပို၍ ယူရမှဖြစ်မည်ဖြစ်ပြီး ထိုအခါမှသာ ကျေနပ်ကြသည်။ ၎င်းတို့က အခြားသူများကို အခွင့်အရေးယူသောအခါ ကျေနပ်နှစ်သိမ့်ကြပြီး မိမိတို့ မည်မျှ တတ်စွမ်းနိုင်ပြီး ကျွမ်းကျင်ကြောင်းကိုပင် လှည့်လည်ကြွားဝါကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများတွင် မည်သည့် စိတ်နေစိတ်ထားမျိုး ရှိသနည်း။ မည်သည့်အရာပင်ဖြစ်စေ၊ ၎င်းတို့သည် အမှုအရာများကို အခွင့်အရေးယူနိုင်ခြင်းနှင့် ဆုံးရှုံးနစ်နာမှုအား ရှောင်ရှားနိုင်ခြင်း ရှိမရှိဟူသည့်အပေါ် အခြေခံ၍ အမြဲ တိုင်းတာကြသည်။ ဤအတွေးနှင့် ရှုထောင့်သည်ပင်လျှင် အလွန် ယုတ်ညံ့ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်။ ဤအရာတွင် နိုင်လိုမင်းထက်ပြုသောဘက်ခြမ်းအပြင် ဆိုးယုတ်သောဘက်ခြမ်းလည်း ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့သောလူများသည် ဆက်ဆံရ ခက်ခဲပြီး ဇီဇာကြောင်ကြသည်။ ထိုသို့သောလူများတွင် လူ့သဘာဝ၏ ချွတ်ယွင်းချက်များစွာ ပေါ်လွင်သည်။ လူ့သဘာဝ၏ ရှုထောင့်အမြင်မှကြည့်လျှင် ၎င်းတို့၏ တွေးခေါ်ပုံများသည် သာမန်အသိစိတ် သို့မဟုတ် အပြုအမူဆိုင်ရာ စည်းမျဉ်းများ တစ်ခုတလေနှင့်မျှ လုံးဝ မကိုက်ညီသည့်အပြင်၊ ပုံမှန်လူ့သဘာဝ၏ အခြေခံကိုယ်ကျင့်တရား စည်းမျဉ်းအောက်သို့ ကျဆင်းနေသည်။ ယင်းတို့သည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားနှင့်လည်း မကိုက်ညီပေ။ ယင်းတို့သည် အလွန် လွဲမှားသည်၊ အလွန် အောက်တန်းကျပြီး အလွန် နိုင်လိုမင်းထက်ပြုရာရောက်သည်။ ထိုသို့သောလူများကို လူအုပ်စုများကြားတွင် မကြာခဏ မြင်တွေ့ရသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယုတ်ညံ့သောလူများတွင် ယုတ်ညံ့သိမ်ဖျဉ်းသော အကျင့်စရိုက်ရှိပြီး ဆက်ဆံရ အလွန်ခက်ခဲသည်။ ၎င်းတို့၏ အကျိုးစီးပွားများနှင့် တစ်စုံတစ်ခု သက်ဆိုင်သရွေ့၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကျိုးစီးပွားများနှင့် သက်ဆိုင်သည်ဖြစ်စေ၊ ၎င်းတို့၏ သိက္ခာနှင့် အဆင့်အတန်းတို့နှင့် သက်ဆိုင်သည်ဖြစ်စေ၊ ဤကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့၏ အကျင့်စရိုက်က ပေါ်လွင်လိမ့်မည်။ ယင်းမှာ အထူးသဖြင့် ရှင်းလင်းစွာ ထုတ်ဖော်ပြခံရလိမ့်မည်။ ၎င်းတို့သည် မူမမှန်သည့်အပြင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ကျိုးကြောင်းဆင်ခြင်မှုကို စတင်ပြောဆိုလာလိမ့်မည်ဖြစ်ပြီး အကျိုးသင့်အကြောင်းသင့် လုံးဝ ပြော၍မရတော့ပေ။ ကောင်းပြီ၊ ယုတ်ညံ့သောလူများနှင့်ပတ်သက်၍ ငါတို့၏ ဆွေးနွေးမှုမှာ ထိုမျှသာ ဖြစ်သည်။
နောက်ထပ် သရုပ်သကန်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်ခြင်းသည် ကောင်းသလော။ (မကောင်းပါ)။ သို့ဆိုလျှင် ပထမဦးစွာ ငါ့ကို ပြောလော့၊ တစ်ကိုယ်ကောင်းဆန်ခြင်းသည် မွေးရာပါဖြစ်သလော။ (မဟုတ်ပါ)။ တစ်ကိုယ်ကောင်းဆန်ခြင်းသည် မွေးရာပါမဟုတ်ပေ၊ သို့ဆိုလျှင် ယင်းသည် မည်သည့် ပြဿနာမျိုးဖြစ်သနည်း။ (လူ့သဘာဝ၏ ချွတ်ယွင်းချက်တစ်ခု ဖြစ်ပါသည်။) (ယင်းမှာ အကျင့်စရိုက်နှင့်ဆိုင်သည့် ပြဿနာတစ်ခုဖြစ်သည်ဟု ကျွန်ုပ် ထင်ပါသည်။) တစ်ကိုယ်ကောင်းဆန်ခြင်းကို အခြေအနေအပေါ် အခြေခံ၍ အမျိုးအစားခွဲခြားသင့်သည်။ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့်ဆိုင်သည့် အချို့သောသာဓကများသည် လူ့ဗီဇ၏ သရုပ်သကန်များဖြစ်သည်။ ယင်းတို့သည် လူ့ဗီဇတစ်မျိုး၊ လူတို့ ရှိသင့်သော လုပ်ပိုင်ခွင့်တစ်ခု၊ မိမိ၏ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန် လုပ်ပိုင်ခွင့်တစ်ခု ဖြစ်သည်။ ဤသည်မှာ လူ့ဗီဇ၏ သရုပ်သကန်တစ်ခုဖြစ်ပါက လူတို့ ပိုင်ဆိုင်သင့်သောအရာတစ်ခု ဖြစ်သည်။ ဤတစ်ကိုယ်ကောင်းဆန်ခြင်းမျိုးသည် မိမိ၏ လူ့အခွင့်အရေးများကို ကာကွယ်ခြင်းနှင့် လူတစ်ဦး၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤတစ်ကိုယ်ကောင်းဆန်ခြင်းမျိုးသည် ကျိုးကြောင်းဆီလျော်သည်၊ ယင်းမှာ လူ့သဘာဝ၏ ချွတ်ယွင်းချက်တစ်ခု မဟုတ်ပေ။ သို့သော်လည်း ဤတစ်ကိုယ်ကောင်းဆန်ခြင်းမျိုးထက် ပို၍ဆိုးရွားသော နောက်ထပ်သရုပ်သကန်တစ်မျိုး ရှိသည်။ ယင်းမှာ အခြားသူများ၏ အကျိုးစီးပွားများကို ထိခိုက်ခြင်း ပါဝင်ပြီး ဤသည်မှာ လူ့သဘာဝ၏ ချွတ်ယွင်းချက်တစ်ခု ဖြစ်သည်။ ယင်းသည် အကျင့်စရိုက်နှင့်ဆိုင်သည့် ပြဿနာတစ်ခုအဖြစ်သို့ မြင့်တက်သွားပြီဖြစ်သည်။ ဤကိစ္စရပ်များကို ပိုင်းခြားသိမြင်ရမည်။ တစ်ကိုယ်ကောင်းဆန်ခြင်း၏ မည်သည့်သရုပ်သကန်များက ကျိုးကြောင်းဆီလျော်သည်၊ တစ်ကိုယ်ကောင်းဆန်ခြင်း၏ မည်သည့် သရုပ်သကန်များက လူ့သဘာဝ၏ ချွတ်ယွင်းချက်တစ်ခုဖြစ်သည်၊ တစ်ကိုယ်ကောင်းဆန်ခြင်း၏ မည်သည့် သရုပ်သကန်များက အကျင့်စရိုက်နှင့်ဆိုင်သည့် ပြဿနာတစ်ခု ပါဝင်သည်ဟူ၍ ဖြစ်သည်။ ဤကိစ္စရပ်များကို ရှင်းလင်းစွာ မြင်နိုင်ပါက စည်းမျဉ်းများနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိလိမ့်မည်။ ဥပမာအားဖြင့်၊ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ဘဝများကို ကောင်းစွာ ဂရုစိုက်လိုကြသည်၊ မိမိတို့၏ တာဝန်ဝတ္တရားများကို လုံးဝဖြည့်ဆည်းလိုကြပြီး အခြားသူများကို စိတ်မဝင်စားဘဲမိမိတို့ဘာသာ ကောင်းစွာ ရပ်တည်နိုင်လိုကြသည်၊ အခြားသူများ၏ အကျိုးစီးပွားများကို မထိပါးဘဲ မိမိတို့ဘာသာ ကောင်းစွာသာ ရပ်တည်နိုင်ချင်ကြသည်။ လူ့သဘာဝ၏ ရှုထောင့်အမြင်မှကြည့်လျှင် ဤသည်မှာလည်း တစ်ကိုယ်ကောင်းဆန်ခြင်းတစ်မျိုး မဟုတ်လော။ သို့သော်လည်း နောက်ထပ် ရှုထောင့်အမြင်တစ်ခုမှကြည့်လျှင် ဤသည်မှာလည်း လူတို့တွင်ရှိသော အလိုအလျောက် တုံ့ပြန်မှုတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူတို့အား ပေးထားသော မွေးရာပါ အခွင့်အရေးတစ်ခုလည်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် အခြားသူများကို စိတ်မဝင်စားဘဲ၊ သင့်ကိုယ်သင် ဦးစွာ တာဝန်ယူပိုင်ခွင့်ရှိသည်။ သင်၏ ကိုယ်ပိုင်လူ့ဘဝကို ထိန်းသိမ်းခြင်းအားဖြင့် သင်သည် သင်၏ ကိုယ်ပိုင်ရှင်သန်မှုကို ထိန်းသိမ်းနေခြင်း ဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်သည်။ လူ့သဘာဝ၏ ရှုထောင့်အမြင်မှကြည့်လျှင် မိမိကိုယ်ကိုယ်သာ ဂရုစိုက်ပြီး အခြားသူများကို စိတ်မဝင်စားခြင်းသည်လည်း တစ်ကိုယ်ကောင်းဆန်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သို့သော်လည်း ဤတစ်ကိုယ်ကောင်းဆန်ခြင်းမျိုးသည် လူ့သဘာဝ၏ ပုံမှန်သရုပ်သကန်တစ်ခုဖြစ်ပြီး ကျိုးကြောင်းဆီလျော်သည်။ လူသားရှုထောင့်မှကြည့်လျှင် ယင်းကို လူ့သဘာဝ၏ ချွတ်ယွင်းချက်တစ်ခုအဖြစ် မြင်ရသော်လည်း အမှန်တွင် ယင်းသည် လူ့သဘာဝ၏ ချွတ်ယွင်းချက်တစ်ခု မဟုတ်ပေ။ သင့်ကိုယ်သင်သာ ဂရုစိုက်ခြင်း၊ ကောင်းစွာစားသောက်ပြီး နွေးထွေးစွာ ဝတ်စားဆင်ယင်ခြင်း၊ သင်၏အလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းနှင့် ဤမျှသာဖြစ်သည်။ အခြားသူများကို ဂရုမစိုက်နိုင်ခြင်း သို့မဟုတ် အခြားသူများကို တာဝန်မယူလိုခြင်းသည် သင်၌ရှိသည့် လုပ်ပိုင်ခွင့်ဖြစ်ပြီး ဘုရားသခင်က သင့်အား ပေးထားသော ဗီဇတစ်ခုလည်း ဖြစ်သည်။ မွေးရာပါ အခြေအနေများ၏ ရှုထောင့်အမြင်မှကြည့်လျှင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် တာဝန်ယူရန်ပင် မသိပါက၊ ဤမွေးရာပါဗီဇ ကင်းမဲ့နေပါက ၎င်းတို့သည် အရွယ်ရောက်ပြီးသူတစ်ဦး၏ စံနှုန်းကို မပြည့်မီပေ။ ဤတစ်ကိုယ်ကောင်းဆန်ခြင်းမျိုးသည် လူတို့တွင်ရှိသော အလိုအလျောက် တုံ့ပြန်မှုတစ်ခု ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်သာ ဂရုစိုက်သော်လည်း၊ မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကိုသာ ကာကွယ်သော်လည်း၊ အသက်ရှင်ရေးအတွက် မိမိတို့၏ ကိုယ်ပိုင် အခြေခံလိုအပ်ချက်များအပြင် မိမိတို့၏ ကိုယ်ပိုင်ဘဝနှင့် အလုပ်နယ်ပယ်အတွင်းရှိ ကိစ္စရပ်များကိုသာ ကြည့်ရှုစောင့်ရှောက်သော်လည်း၊ မည်သို့ပင်ဖြစ်စေ၊ အခြားသူများ၏ အကျိုးစီးပွားများကို ၎င်းတို့ မထိပါးသရွေ့ ဤတစ်ကိုယ်ကောင်းဆန်ခြင်းမျိုးသည် ပြစ်တင်ရှုတ်ချခြင်းမခံရပေ။ ယုတ်ညံ့သော အကျင့်စရိုက်အဆင့်သို့ အမှန်တကယ် တိုးမြင့်သွားသော တစ်ကိုယ်ကောင်းဆန်ခြင်းမျိုးသည် မိမိကိုယ်ကိုယ်သာ ဂရုစိုက်ခြင်းအပြင် အခြားသူများ၏ အကျိုးစီးပွားများနှင့် အခွင့်အရေးများကို ထိပါးခြင်း သို့မဟုတ် ထိခိုက်နစ်နာစေခြင်း၊ အခြားသူများ၏ လူ့အခွင့်အရေးများကို ထိပါးခြင်းတို့လည်း ပါဝင်သည်။ ဤသည်မှာ စစ်မှန်သော တစ်ကိုယ်ကောင်းဆန်ခြင်းဖြစ်ပြီး ဤသည်မှာ ယုတ်ညံ့သော အကျင့်စရိုက်နှင့်ဆိုင်သည့် ပြဿနာတစ်ခု ဖြစ်သည်။ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် မာနတို့ကို ကာကွယ်ရန်အလို့ငှာ သင်သည် အခြားသူများ၏ အကျိုးစီးပွားများကို မလွှတ်တမ်းအသုံးချရန် သို့မဟုတ် အတင်းအကျပ် ယူရန် မည်သည့်အတွက်ကြောင့်မျှ ရပ်တန့်မည်မဟုတ်ပါက၊ အခြားသူများ၏ အကျိုးစီးပွားများကို မိမိ၏ကိုယ်ပိုင်အဖြစ် ယူမှတ်ခြင်း၊ သင့်ကိုယ်သင်သာ ထည့်သွင်းစဉ်းစားပြီး အခြားသူများကို မထည့်သွင်းစဉ်းစားခြင်း၊ အခြားသူများကို ရှင်သန်ရန် နည်းလမ်းမရှိအောင်ဖြစ်စေခြင်း၊ ဤတစ်ကိုယ်ကောင်းဆန်ခြင်းမျိုးသည် ယုတ်ညံ့သော အကျင့်စရိုက်ကို ညွှန်ပြသည်။ ဥပမာအားဖြင့်၊ ညအခါတွင် အခြားလူအားလုံး အိပ်ပျော်နေချိန်၊ သင်က စိတ်လှုပ်ရှားပြီး အိပ်မပျော်နိုင်သောကြောင့် သီချင်းတစ်ပုဒ် ဆိုချင်သည်။ သင် စိတ်မထိန်းနိုင်ဖြစ်သည်နှင့်အမျှ ကျယ်လောင်စွာ စတင်သီဆိုသည်၊ သီချင်းသီဆိုရင်း တေးဂီတပင်ဖွင့်ကာ ကခုန်လေသည်။ သင်၏ စိတ်အခြေအနေတိုးတက်ဖြစ်ပေါ်ပြီး သင် ပျော်ရွှင်သော်လည်း သင်သည် အခြားလူအားလုံးကို အိပ်မရအောင်ဖြစ်စေလျက် နှိုးလိုက်လေသည်။ ဤသည်ကို အဘယ်အရာဟု ခေါ်သနည်း။ (တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်ပါသည်။) ဤအပြုအမူမျိုးကို တစ်ကိုယ်ကောင်းဆန်ခြင်းဟု ခေါ်သည်။ ဤအပြုအမူသည် ယုတ်ညံ့သော အကျင့်စရိုက်ကို ညွှန်ပြသလော။ (ညွှန်ပြပါသည်။) အဘယ်ကြောင့် ဤအပြုအမူသည် ယုတ်ညံ့သော အကျင့်စရိုက်ကို ညွှန်ပြသနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အခြားသူများကို ထည့်သွင်းစဉ်းစားခြင်းမရှိသည့်အပြင်၊ အခြားသူများ၏ အနားယူခြင်းကို ထိခိုက်စေသောကြောင့် ဖြစ်ပါသည်။) သင့်ကိုယ်သင် ပျော်ရွှင်စေရန်အလို့ငှာ သင်သည် လူတိုင်းကို သင်၏ သီချင်းသီဆိုခြင်းနှင့် ပျော်ပွဲရွှင်ပွဲခြင်းတွင် သင့်နှင့်အတူ လိုက်ပါစေလျက်၊ အခြားလူများ၏ အနားယူ၊ အိပ်စက်ချိန်ကို စတေးဖို့ ဝန်မလေးပေ။ သင်၏ ကိုယ်ပိုင် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်နှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန် သင်သည် အခြားသူများ၏ အကျိုးစီးပွားများနှင့် အခွင့်အရေးများကို ထိပါးသည်။ ဆိုလိုသည်မှာ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ခြင်းအတွက် သတ်မှတ်ချက်မှာ အခြားလူများ၏ အကျိုးစီးပွားများနှင့် အခွင့်အရေးများကို စတေးခြင်း ဖြစ်သည်။ ဤသရုပ်သကန်မျိုးကို တစ်ကိုယ်ကောင်းဆန်ခြင်းဟု ခေါ်သည်။ ဤတစ်ကိုယ်ကောင်းဆန်ခြင်းမျိုးက စက်ဆုပ်ဖွယ်ကောင်းသည့်၊ ယုတ်ညံ့သော အကျင့်စရိုက်ကို ညွှန်ပြသည့်အကြောင်းရင်းမှာ ဤအပြုအမူမျိုးသည် အခြားသူများ၏ အကျိုးစီးပွားများကို ထိခိုက်သောကြောင့် ဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန် မသင့်လျော်သောနည်းလမ်းများကို အသုံးပြုစဉ်တွင် အခြားသူများ၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေပြီး လျော့ပါးစေသည်၊ ဤသည်ကို တစ်ကိုယ်ကောင်းဆန်ခြင်းဟု ခေါ်သည်။ ဥပမာအားဖြင့်၊ လူတိုင်း အတူတကွ စားသောက်နေချိန်တွင်၊ လူအချို့က မိမိတို့ အသားရရှိခြင်း ရှိမရှိဟူသည်ကိုသာ ဂရုစိုက်ပြီး အခြားသူများ၏ အသားဝေစုကိုပင် စားသုံးကြသည်။ အသားပိုစားသည့် ထိုသို့သောလူများသည် တစ်ကိုယ်ကောင်းဆန်ခြင်းဖြစ်သလော။ (တစ်ကိုယ်ကောင်းဆန်ပါသည်။) ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်သာ ထည့်သွင်းစဉ်းစားပြီး အခြားသူများကို လျစ်လျူရှုလျက် မိမိတို့ ကျင့်ကြံပြုမူပုံတွင် မလျော်ကန်ကြပေ။ ဤသည်ကို တစ်ကိုယ်ကောင်းဆန်ခြင်းဟု ခေါ်သည်။ အဘယ်ကြောင့် ဤအခြေအနေကို တစ်ကိုယ်ကောင်းဆန်ခြင်းဟု ခေါ်သနည်း။ အဘယ်ကြောင့် ယင်းကို ယုတ်ညံ့သော အကျင့်စရိုက်ဟု ယူဆခံရသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့က မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန်အလို့ငှာ အခြားသူများ၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်ကာ မိမိတို့၏ကိုယ်ပိုင်အဖြစ် ယူမှတ်လျက် အခြားသူများ၏ အကျိုးစီးပွားများကို ထိပါးသောကြောင့် ဖြစ်သည်။ ဤသည်ကို တစ်ကိုယ်ကောင်းဆန်ခြင်းဟု ခေါ်ပြီး ဤတစ်ကိုယ်ကောင်းဆန်ခြင်းမျိုးသည် စက်ဆုပ်ဖွယ်ကောင်းသော လူ့သဘာဝနှင့် ယုတ်ညံ့သော အကျင့်စရိုက်ကို ညွှန်ပြသည်။ ထို့ကြောင့် သင်သည် အခြားသူများ၏ အကျိုးစီးပွားများကို ထိပါးခြင်းနှင့် ထိခိုက်စေခြင်းအားဖြင့် သင်၏ ကိုယ်ပိုင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ပါက သင်သည် တစ်ကိုယ်ကောင်းဆန်သောသူ၊ ယုတ်ညံ့သော အကျင့်စရိုက်ရှိသူတစ်ဦး ဖြစ်သည်။ သင်သည် မကောင်းသော လူ့သဘာဝရှိသူတစ်ဦးဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ သို့သော်၊ သင်သည် အခြားသူများ၏ အကျိုးစီးပွားများကို ထိခိုက်စေခြင်းမရှိခဲ့ပါက၊ အခြားသူများ၏ ဆက်ဆံရေးများကို မဖြိုခွဲခဲ့ပါက သို့မဟုတ် မပျက်စီးစေခဲ့ပါက၊ အခြားသူများကို စိတ်မဝင်စားဘဲ သင့်ကိုယ်သင်သာ ဂရုစိုက်ခဲ့ပါက ဤတစ်ကိုယ်ကောင်းဆန်ခြင်းမျိုးသည် အတော်အတန် ကျိုးကြောင်းဆီလျော်နေဆဲဖြစ်သည်။ အလွန်ဆုံးအားဖြင့် သင်သည် အလွန် ကြင်နာတတ်သူမဟုတ်ကြောင်းနှင့် စိတ်ထားသေးသိမ်ပြီး အတ္တဆန်ကြောင်း ဆိုနိုင်သော်လည်း၊ သင်သည် မကောင်းသော လူတစ်ဦးမဟုတ်ပေ။ ဤသည်မှာ ယုတ်ညံ့သော အကျင့်စရိုက်အဆင့်ထိ မရောက်ပေ။ ဤတစ်ကိုယ်ကောင်းဆန်ခြင်း နှစ်မျိုး၏ သဘောသဘာဝတွင် ကွာခြားချက် ရှိသလော။ (ရှိပါသည်။) လူတို့၏ အကျင့်စရိုက်ကို ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှု အတိုင်းအတာနှင့် ၎င်းတို့ ပြုမူပုံ၏ အနှစ်သာရအပေါ် အခြေခံ၍ ပိုင်းခြားသိမြင်ခြင်းအားဖြင့် လူများအတွင်းရှိ အကျင့်စရိုက်သည် ကွဲပြားကြောင်း မြင်နိုင်သည်၊ ကွဲပြားမှုများ ရှိပေသည်။
လူအချို့သည် အခြားလူများ၏ အရေးကိစ္စများကို လုံးဝ စိတ်မဝင်စားသည့်အပြင် မိမိတို့၏ ကိုယ်ပိုင်ကိစ္စရပ်များကိုသာ အာရုံစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန်ကြင်နာတတ်ပုံမရ၊ အလွန်ဖော်ရွေတတ်ပုံမရသည့်အပြင်၊ အခြားသူများနှင့် ၎င်းတို့၏ ထိတွေ့ဆက်ဆံမှုတွင် အလွန်နွေးထွေးပုံမရပေ။ သို့သော်၊ ၎င်းတို့သည် မည်သည့်အခါတွင်မျှ အနှောင့်အယှက်များ မဖြစ်စေကြ၊ အခြားသူများအကြောင်း အလိမ်အညာများ သို့မဟုတ် ကောလာဟလများကို မည်သည့်အခါတွင်မျှ လုပ်ကြံဖန်တီးခြင်းမရှိသည့်အပြင်၊ အခြားသူများ၏ ပိုင်ဆိုင်မှုများကို မည်သည့်အခါတွင်မျှ ထိပါးခြင်းမရှိ သို့မဟုတ် လက်မလွှတ်တမ်း အသုံးချခြင်း မရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုများကို အခြားသူများအား ဘယ်သောအခါမျှ မပေးကြသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် အလွန်ကပ်စေးနဲပြီး အလွန်နှမြောတွန့်တိုပုံရကောင်းရနိုင်သော်လည်း အခြားသူများ၏ အကျိုးစီးပွားများကို ဘယ်သောအခါမျှ မထိခိုက်ကြသည့်အပြင်၊ ကျင့်ကြံပြုမူပုံတွင် အလွန် မူရှိကြသည်။ ထိုသို့သောလူများတွင် အခြေခံစည်းမျဉ်းတစ်ခု ရှိသည်၊ ယင်းမှာ၊ “ကျွန်ုပ်က သင့်ကို အခွင့်အရေးမယူပါ၊ သင်လည်း ကျွန်ုပ်ကို အခွင့်အရေးယူရန် မစဉ်းစားသင့်ပေ။ ကျွန်ုပ်က သင့်ကို ဘယ်သောအခါမျှ အမြတ်မထုတ်သည့်အပြင်၊ သင်လည်း ကျွန်ုပ်ကို အမြတ်ထုတ်ရန် မစဉ်းစားသင့်ပေ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အလွန် မူရှိကြသည်။ ထိုသို့သောလူများသည် အခြားသူများကို ဂရုမစိုက်ကြသော်လည်း၊ အခြားသူများကို ကူညီရန် စိတ်အားထက်သန်ခြင်းမရှိသော်လည်း၊ အခြားသူများနှင့် ထိတွေ့ဆက်ဆံခြင်းမရှိသော်လည်း၊ အခြားသူများအား ဖော်ရွေမှု သို့မဟုတ် စိတ်အားထက်သန်မှုကို များစွာ မပြသော်လည်း အခြားသူများကို လုံးဝ ထိခိုက်နစ်နာစေခြင်း မရှိကြပေ။ ၎င်းတို့တွင် တစ်စုံတစ်ရာ များစွာရှိလျှင်ပင် အခြားသူများအား မပေးကြပေ။ အခြားသူများက ကောင်းသောအရာများရှိသည်ကို ၎င်းတို့ မြင်သောအခါ တစ်ခါတစ်ရံ အားကျကောင်းအားကျနိုင်သည် သို့မဟုတ် မနာလိုဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ၎င်းတို့တွင် ထိုအရာများကို လောဘကြီးစွာ ရယူလိုသည့် ရည်ရွယ်ချက်မရှိပေ။ ၎င်းတို့သည် အခြားသူများကို တိတ်တဆိတ် အခွင့်အရေးယူခြင်းလည်း မရှိသည့်အပြင်၊ မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အခြားသူများ၏ အကျိုးစီးပွားများကို ထိပါးခြင်းလည်း မရှိပေ။ အထက်တွင်ဖော်ပြထားသော ဤအချက်များမှ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် ဆိုးယုတ်ခြင်းမရှိပေ။ သို့ဆိုလျှင် ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝက ကောင်းမွန်သည်ဟု ဆိုလိုသလော။ ၎င်းတို့၏ လူ့သဘာဝ ကောင်းခြင်း၊ မကောင်းခြင်းသည် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ သမ္မာတရားအား လက်ခံခြင်းအပေါ် ၎င်းတို့၏ သဘောထားနှင့် အပြုသဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ သဘောထားတို့အပေါ်တွင် မူတည်သည်။ ဤသည်မှာ အခြားကိစ္စရပ်တစ်ခု ဖြစ်သည်။ သို့သော် အနည်းဆုံးအနေဖြင့် အခြားသူများနှင့် အဆင်ပြေအောင် ပေါင်းသင်းရာတွင် ၎င်းတို့ ခံယူကျင့်သုံးသော သဘောထားနှင့် ပုံစံမှ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် အခြားသူများအပေါ် မလိုမုန်းထားခြင်းမရှိပေ။ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်သာ ဂရုစိုက်လျက်၊ မိမိတို့၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲတွင် နေထိုင်ပြီး အခြားသူများ၏ အရေးကိစ္စများကို စိတ်မဝင်စားဘဲလျက် အလွန် တစ်ကိုယ်ကောင်းဆန်ပုံရကြသည်။ သို့သော် ၎င်းတို့သည် အခြားသူများ၏ အကျိုးစီးပွားများကို ဘယ်သောအခါမျှ ထိခိုက်နစ်နာစေခြင်းမရှိသောကြောင့် ၎င်းတို့၏ အကျင့်စရိုက်သည် လက်ခံနိုင်စရာဖြစ်နေဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ သင်က ၎င်းတို့နှင့် ထိတွေ့ဆက်ဆံသောအခါ သို့မဟုတ် ၎င်းတို့နှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ သို့မဟုတ် လူမှုရေးဆိုင်ရာ ဖလှယ်မှုများ ရှိသောအခါ အနည်းဆုံးအနေဖြင့် သင်၏ အကျိုးစီးပွားများကို ၎င်းတို့ ထိခိုက်နစ်နာစေလိမ့်မည် မဟုတ်ပေ။ သင်က ၎င်းတို့အား အကြံဉာဏ်တောင်းပါက သို့မဟုတ် ထင်မြင်ချက်အချို့ ပေးရန် တောင်းဆိုပါက ၎င်းတို့သည် သင့်ကို ကူညီလိမ့်မည်ဖြစ်သော်လည်း၊သင်က မတောင်းဆိုပါက ကူညီရန် အစပျိုးလိမ့်မည် မဟုတ်ပေ။ ဤသရုပ်သကန်မှ အကဲဖြတ်သည့်အခါ၊ ထိုသို့သောလူများသည် အတော်လေး အဖက်မလုပ်သည့်ပုံရနိုင်သော်လည်း အခြားသူများကို ၎င်းတို့ ဘယ်သောအခါမျှ အခွင့်အရေးမယူခြင်း သို့မဟုတ် အခြားသူများ၏ အကျိုးစီးပွားများကို မထိခိုက်စေခြင်းဟူသောအချက်မှ အကဲဖြတ်သည့်အခါ၊ ၎င်းတို့တွင် လူ့သဘာဝ ရှိနေဆဲဖြစ်ပြီး အတော်အတန် ကောင်းမွန်ကြပေသည်။ ထိုအရာကို ဤနည်းလမ်းဖြင့် ကြည့်ခြင်းသည် မှန်ကန်တိကျပြီး ဓမ္မဓိဋ္ဌာန်ကျသလော။ (ကျပါသည်။) ထို့ကြောင့် တစ်ကိုယ်ကောင်းဆန်သောလူအားလုံးသည် ဆိုးယုတ်သောလူများ သို့မဟုတ် မကောင်းသော အကျင့်စရိုက်ရှိသူများ မဟုတ်ကြပေ။ သင့်အနေဖြင့် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှုက အခြားသူများ၏ အကျိုးစီးပွားများကို ထိခိုက်စေခြင်း သို့မဟုတ် အခြားသူများ၏ ပစ္စည်းဥစ္စာများကို လက်မလွှတ်တမ်း အသုံးချခြင်းအဆင့်သို့ ရောက်ရှိခြင်း ရှိမရှိဟူသည့်အပြင်၊ ကျင့်ကြံပြုမူခြင်း၊ လောကနှင့်ဆက်ဆံခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းများက အဘယ်အရာဖြစ်သည်၊ ၎င်းတို့ အကျင့်စရိုက်၏ အနှစ်သာရက အဘယ်အရာဖြစ်သည်၊ ၎င်းတို့ ကျင့်ကြံပြုမူပုံတွင် နယ်နိမိတ်များနှင့် စည်းမျဉ်းများ ရှိမရှိဟူသည်တို့ကိုလည်း ကြည့်ရှုရမည်ဖြစ်သည်။ အချို့လူများသည် အပေါ်ယံအားဖြင့် အခြားသူများနှင့် အဆင်ပြေအောင် ပေါင်းသင်းရာတွင် အလွန် ရက်ရောပြီး ကြင်နာတတ်ပုံရသည်။ ၎င်းတို့သည် အခြားသူများအား ပေးကမ်းခြင်း၊ အခြားသူများကို ကူညီခြင်းနှင့် အခြားသူများအတွက် အမှုအရာများကို လုပ်ဆောင်ပေးခြင်းတို့လည်း ပြုကြသည်။ သင် အကူအညီလိုအပ်သောအရာ တစ်စုံတစ်ခုရှိပါက ဤသည်ကို ၎င်းတို့ မြင်သရွေ့ သင် တောင်းဆိုရန်ပင် မလိုအပ်ဘဲ ဝင်ရောက်ကူညီကြသည်။ ဤသရုပ်သကန်များမှ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် အတော်လေး ကြင်နာတတ်ပုံရသည်။ သို့သော်၊ သင်က ၎င်းတို့ကို စိတ်ဆိုးစေပါက သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားများအား ထိခိုက်စေသော တစ်စုံတစ်ခုကို မရည်ရွယ်ဘဲ လုပ်ဆောင်မိပါက ၎င်းတို့သည် အညှိုးအတေးထားလျက်၊ ဓာတ်ပြားဟောင်းဖွင့်ပြီး သင့်ကို မဖျက်ဆီးပစ်ရမချင်း မနားဘဲလျက် လက်လွတ်ရန် ငြင်းဆန်လိမ့်မည်။ ဤသူများသည် ဆိုးယုတ်သောလူများဖြစ်သည်၊ အပြင်ပန်းအားဖြင့် တစ်ကိုယ်ကောင်းဆန်ပုံရသောသူများထက် လူ့သဘာဝတွင် များစွာ ပို၍ဆိုးရွားသည်။ သင် နားလည်သလော။ (နားလည်ပါသည်။) လူများကြားတွင် ဤအမျိုးအစားနှစ်ခုအနက် မည်သည့်အမျိုးအစားက ပို၍အတွေ့ရများသနည်း။ မည်သည့်အမျိုးအစားကို သင်တို့ ပိုနှစ်သက်သနည်း။ လူအများစုသည် ဂရုမစိုက်သည့်အပြင် တစ်ကိုယ်ကောင်းဆန်သောသူများကို မနှစ်သက်ကြပေ။ အချို့လူများသည် သင် အခက်အခဲကြုံနေရသည်ကို မြင်သောအခါ ကူညီရန် အစပြုလုပ်ဆောင်လိမ့်မည်။ သင် မတောင်းဆိုလျှင်ပင် သင် အကူအညီလိုအပ်သလောဟူသည်ကို ၎င်းတို့က စစ်ဆေးလိမ့်ဦးမည်ဖြစ်သည်။ သင် လိုအပ်ပါက သင့်ကို ကူညီကြလိမ့်မည်။ ထိုသို့သောလူများသည် အခြားသူများအပေါ် ချစ်ခြင်းမေတ္တာရှိပြီး အခြားသူများအား ပေးကမ်းပြီး ကူညီလေ့ရှိကြသည်။ အချို့သော အခြားသူများသည် သင် အခက်အခဲကြုံနေရသည်ကို မြင်သောအခါ သင့်ကို ကူညီရန် အစပြုလုပ်ဆောင်လိမ့်မည်မဟုတ်သော်လည်း သင်က ဖွင့်ဟပြောဆိုပြီး ၎င်းတို့အား တောင်းဆိုသရွေ့ ၎င်းတို့ ကူညီလိမ့်ဦးမည်ဖြစ်သည်။ ထိုသို့သောလူများသည် အနည်းငယ် တက်ကြွမှုမရှိသော်လည်း မဆိုးသေးသည့်အပြင် လူကောင်းများအဖြစ် ယူဆ၍ရနိုင်သေးသည်။ နောက်ထပ်လူစားတစ်မျိုး ရှိသည်။ မည်မျှ ကြီးမားသည့် အခက်အခဲကို သင်ရင်ဆိုင်ရပါစေ၊ ၎င်းတို့က ကူညီလိမ့်မည်မဟုတ်ပေ။ သင်က ၎င်းတို့ကို တောင်းဆိုလျှင်ပင် ၎င်းတို့သည် ငြင်းပယ်ရန် ဆင်ခြေများနှင့် အကြောင်းပြချက်များကို ရှာဖွေလိမ့်မည်။ ဤလူစားမျိုးသည် တစ်ကိုယ်ကောင်းအဆန်ဆုံး ဖြစ်သည်။ အချို့လူများသည် အပြင်ပန်းအားဖြင့် “သင် အကူအညီတစ်ခုတလေ လိုအပ်လျှင် ကျွန်ုပ်ကိုသာ ပြောလိုက်ပါ”ဟု မကြာခဏ ပြောကြသည်။ မည်သည့်အရာမျှ ဖြစ်မနေချိန်တွင် ၎င်းတို့သည် အထူးသဖြင့် ကြင်နာတတ်ပုံရသည်၊ တက်ကြွပြီး အပြုသဘောဆောင်ပုံရသည်။ သို့သော် တစ်စုံတစ်ရာနှင့်ပတ်သက်၍ သင်က ၎င်းတို့အား အမှန်တကယ် အကူအညီတောင်းသောအခါ ကူညီပြီးနောက်တွင် ၎င်းတို့သည် “ထိုကိစ္စအတွက် ကျွန်ုပ်၏ သူဌေးကို လက်ဆောင်ပေးရန် ငွေဤမျှကုန်သွားသည်”ဟူသကဲ့သို့သော အရာများကို ပြောဆိုလျက် ပြန်လည်ဆပ်ပေးရန် အရိပ်အမြွက်ပြလာလေသည်။ သင် မြင်သည့်အတိုင်း၊ အပေါ်ယံအားဖြင့် အပြန်အလှန်အားဖြင့် မည်သည့်အရာမျှ မတောင်းဆိုဘဲ သင့်အတွက် ဝန်ဆောင်မှုများပေးပြီး အမှုအရာများကို လုပ်ဆောင်ပေးရန် ကမ်းလှမ်းလျက် အတော်လေး ကြင်နာတတ်ပုံရကြသည်။ သို့သော် ၎င်းတို့ ကူညီပြီးနောက်တွင် သင်သည် ထိုတစ်ကိုယ်ရေ အကူအညီကို မည်သည့်အခါတွင်မျှ အပြည့်အဝ ပြန်ဆပ်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုသို့သောလူများသည် မည်မျှ စဉ်းလဲကောက်ကျစ်လိုက်လေခြင်းတကား။ သင်သည် ထိုသို့သောလူများနှင့် ပေါင်းသင်းသင့်သလော။ (မပေါင်းသင်းသင့်ပါ)။ ငါသည် ထိုသို့သောလူများနှင့် လုံးဝ မပေါင်းသင်းပေ။ ၎င်းတို့သည် အထူးသဖြင့် နွေးထွေးမှုနှင့် ထောက်ထားမှုကို ပြသလျက် ချိုသာစွာ ပြောဆိုကြသည်။ ၎င်းတို့သည် သင့်ရှေ့တွင် ကောင်းသောအရာများကို ပြောဆိုသော်လည်း သင့်ကွယ်ရာတွင် မကောင်းသောအရာများကို လုပ်ဆောင်ကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းများ လုံးဝမရှိပေ၊ ၎င်းတို့သည် မိမိတို့၏ အပြုံးများနောက်ကွယ်တွင် ဓားများဝှက်ထားသည့် ပြုံးနေသောကျားများ ဖြစ်သည်။ မည်သည့်အရာမျှ ဖြစ်မနေချိန်တွင် ၎င်းတို့သည် သင်နှင့် အတော်လေး ရင်းနှီးသည့်အလား ပြုမူလျက် သင့်နှင့်အတူ အမြဲ ရယ်မောပြီး နောက်ပြောင်နေတတ်သည်။ သို့သော် သင်က ၎င်းတို့၏ အကူအညီကို အမှန်တကယ် လိုအပ်သောအခါ ၎င်းတို့ကို အရိပ်အယောင်မျှ မတွေ့ရတော့ပေ။ ၎င်းတို့အတွက် လုပ်ဆောင်ရန် အလွန်လွယ်ကူသော အရာများအတွက်ပင် ၎င်းတို့သည် ရှောင်ရှားရန် အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာဖွေလိမ့်မည်။ ယင်းမှာ အနည်းငယ်သာ အားစိုက်ထုတ်ရန်လိုသည့် အရာတစ်ခုဖြစ်လျှင်ပင် ၎င်းတို့သည် သင့်ထံမှ ပုဂ္ဂိုလ်ရေး အကူအညီများကိုတောင်းဆိုနေဆဲဖြစ်သည်။ ၎င်းတို့က သင့်အတွက် တစ်စုံတစ်ခု လုပ်ဆောင်ပေးသောအခါ အပြန်အလှန်အားဖြင့် သင်က ၎င်းတို့အား တစ်စုံတစ်ခု ပေးစေရန် နည်းလမ်းမျိုးစုံကို ၎င်းတို့ စဉ်းစားလိမ့်မည်။ သင်သည် ဤပုဂ္ဂိုလ်ရေး အကူအညီကို မည်သည့်အခါတွင်မျှ အပြည့်အဝ ပြန်ဆပ်နိုင်လိမ့်မည်မဟုတ်ပေ။ အခြားတစ်ဖက်တွင်မူ အပြင်ပန်းအားဖြင့် အတော်လေး အေးစက်ပုံရပြီး အတော်လေး တစ်ကိုယ်ကောင်းဆန်ပုံရသောသူများသည် ကျင့်ကြံပြုမူပုံတွင် နယ်နိမိတ်များ မကြာခဏ ရှိတတ်ပြီး ၎င်းတို့၏ လုပ်ရပ်များတွင် အလွန်စေ့စပ်ကြသည်။ ၎င်းတို့သည် သင့်အပေါ် ဟက်ဟက်ပက်ပက်ရှိကောင်း မရှိနိုင်သော်လည်း သင့်အပေါ် မည်သည့်အခါတွင်မျှ ကျိတ်ကြံစည်လိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ရာနှင့်ပတ်သက်၍ သင်က ၎င်းတို့အား အမှန်တကယ် အကူအညီတောင်းပါက ၎င်းတို့သည် ယင်းကို အလွန်အလေးအနက်ထားခြင်းဖြင့် သေချာပေါက် လုပ်ဆောင်ပေးလိမ့်မည်။ နောက်ပိုင်းတွင် သင်က ၎င်းတို့အား ပုဂ္ဂိုလ်ရေး အကူအညီအနည်းငယ် သို့မဟုတ် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တစ်စုံတစ်ခုဖြင့် ပြန်လည်ဆပ်ပေးပါက ၎င်းတို့သည် ယင်းကို သင့်တင့်လျောက်ပတ်စွာ သဘောထားလိမ့်မည်။ သို့သော် သင်က ၎င်းတို့အား မည်သည့်အရာမျှ မပေးပါက ၎င်းတို့သည် သင့်ထံမှ မည်သည့်အရာကိုမျှ တောင်းဆိုလိမ့်မည်မဟုတ်သည့်အပြင်၊ အကူအညီများ သို့မဟုတ် ကျေးဇူးဆပ်ခြင်းကို တောင်းဆိုဖို့ ထိုအရာကို ဆက်လက် ထုတ်ဖော်ပြောနေလိမ့်မည် မဟုတ်ပေ။ ထိုသို့သောလူများသည် စစ်မှန်သည်၊ ၎င်းတို့သည် အပြင်ပန်းတွင် ပေါ်လွင်သည့်အရာသည် အတွင်းစိတ်၌ဖြစ်သည့်အရာ အတိအကျဖြစ်သည်။ သို့သော်၊ မကြာခဏဆိုသလို လူတို့က ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်သည်၊ ပေါင်းသင်းရခက်သည်၊ အေးစက်သည်၊ လူ့သဘောမနှောကင်းမဲ့သည်ဟု ပြောဆိုလျက် ထိုသို့သောလူများကို မနှစ်သက်ကြသည့်အပြင်၊ ၎င်းတို့နှင့် မည်သည့်ထိတွေ့ဆက်ဆံမှုမျှ မပြုလုပ်လိုကြပေ။ အမှန်တွင် ဤလူများထဲမှ အချို့သည် ကောင်းမွန်သော လူ့သဘာဝရှိပေသည်။ သင်တို့ အနီးဝန်းကျင်ကို ကြည့်ပြီး မည်သူက ဤလူစားမျိုးဖြစ်သည်ကို ကြည့်လော့။ ၎င်းတို့သည် စကားပြောမကောင်းသော်လည်း၊ ၎င်းတို့၏ ပင်ကိုစရိုက်သည် တော်တော် အေးစက်သော်လည်း၊ အပြင်ပန်းအားဖြင့် ၎င်းတို့သည် လူ့သဘောမနှော ကင်းမဲ့ပုံရပြီး အခြားသူများနှင့် မည်သို့ ပါဝင်ပတ်သက်ရမည် သို့မဟုတ် စကားစမြည်ပြောဆိုရမည်ကို မသိသော်လည်း ၎င်းတို့သည် ကျင့်ကြံပြုမူပုံတွင် အတော်လေး မူရှိကြသည်။ ၎င်းတို့သည် အလွန် ကြင်နာတတ်သူများ ဟုတ်ကောင်းမဟုတ်နိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် မလိုမုန်းထားမှုမရှိပေ။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် လူအများစုအပေါ် မကောင်းသော ရည်ရွယ်ချက်များမရှိပေ။ အပြင်ပန်းတွင် ၎င်းတို့ ပေါ်လွင်သည့်အရာသည် အတွင်းစိတ်၌ဖြစ်သည့်အရာ အတိအကျဖြစ်သည်။ ၎င်းတို့သည် လူများကို သိမ်းသွင်းစည်းရုံးရန် လောကီ ဆက်ဆံရေးများအတွက် နည်းဗျူဟာများ သို့မဟုတ် အတွေးအခေါ်များကို အသုံးမပြုကြပေ။ ထိုသို့သောလူများသည် ရိုးရှင်းသည်။ ထိုသို့ ဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ယခု သင်သည် တစ်ကိုယ်ကောင်းဆန်သောလူများကို မှန်ကန်စွာ ဆက်ဆံသင့်သည့် အခြေခံအကြောင်းရင်းတစ်ခု ရှိပြီ မဟုတ်လော။ သင်သည် ၎င်းတို့ကို မည်သည့်အခြေခံပေါ်တွင် ဆက်ဆံသင့်သနည်း။ ယင်းမှာ သင်၏ ခံစားချက်များ သို့မဟုတ် နှစ်သက်မှုများအပေါ် အခြေခံ၍မရသည့်အပြင်၊ ဤလူများကို သင် နှစ်သက်ခြင်း ရှိမရှိ၊ ၎င်းတို့နှင့် သင် အဆင်ပြေခြင်း ရှိမရှိ၊ မပြေခြင်း၊ ၎င်းတို့သည် သင့်အတွက် အထောက်အကူဖြစ်ခြင်း သို့မဟုတ် အကျိုးရှိခြင်း ရှိမရှိဟူသည်တို့အပေါ်တွင် သို့မဟုတ် သင့်အပေါ် ၎င်းတို့၏ သဘောထားအပေါ်တွင် အခြေခံ၍မရပေ။ ယင်းမှာ ဤအရာများအပေါ် အခြေခံ၍မရပေ။ ထိုအစား ယင်းမှာ ၎င်းတို့၏ အကျင့်စရိုက်၊ ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရနှင့် လူများအပေါ်၊ သမ္မာတရားအပေါ်နှင့် အပြုသဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ သဘောထားတို့အပေါ် အခြေခံသင့်သည်။ သင်သည် တစ်ကိုယ်ကောင်းဆန်သောလူများကို ဤအချက်များအပေါ် အခြေခံ၍ ဆက်ဆံသင့်သည်။ ၎င်းတို့သည် အမှန်တကယ် ဆိုးယုတ်သောလူများဖြစ်ပါက ၎င်းတို့ကို လျော်ညီစွာ ဆက်ဆံလော့။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် တစ်ကိုယ်ကောင်းဆန်ပုံရသော်လည်း ၎င်းတို့၏ လူ့သဘာဝက ဆိုးယုတ်ခြင်းမရှိပါက သင်သည် ၎င်းတို့ကို ဆိုးယုတ်သောလူများ သို့မဟုတ် မကောင်းသော လူ့သဘာဝရှိသူများအဖြစ် မဆက်ဆံသင့်ပေ။ သင်သည် ဤလူများကို မနှစ်သက်လျှင်ပင် သို့မဟုတ် ၎င်းတို့သည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် သို့မဟုတ် ဆက်ဆံရေးများကို ထိန်းသိမ်းရာတွင် မတော်လျှင်ပင်၊ ၎င်းတို့က အပြင်ပန်းအားဖြင့် တစ်ကိုယ်ကောင်းဆန်ပုံရသောကြောင့်သက်သက် သင့်အနေဖြင့် ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် သို့မဟုတ် လူ့သဘာဝမရှိသောလူများအဖြစ် မှတ်ယူ၍မရပေ။ ဤသည်မှာ ဤလူများအပေါ် မလိုမုန်းထားမှု ဖြစ်သည်။ သို့ဆိုလျှင် ယခုတွင် သင်သည် တစ်ကိုယ်ကောင်းဆန်သောလူများကို မည်သို့ ဆက်ဆံရမည်ဟူသော စည်းမျဉ်းတစ်ခု ရှိပြီ မဟုတ်လော။ ယင်းကို ခြုံငုံပြီးကောက်ချက်ချ၍ မရပေ။ ထို့ထက်၊ ယင်းမှာ ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရအပြင်၊ သမ္မာတရားနှင့် ၎င်းတို့၏ တာဝန်အပေါ် ၎င်းတို့၏ သဘောထားနှင့် ၎င်းတို့ ကျင့်ကြံပြုမူသည့် သဘောထားတို့အပေါ် အခြေခံသင့်သည်။ ဤသည်မှာ ၎င်းတို့ကို သင် ဆက်ဆံသင့်သည့် စည်းမျဉ်း ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယမှာ ထိုမျှသာ ဖြစ်သည်။
နောက်ထပ် သရုပ်သကန်တစ်ခုမှာ စကားကြီးစကားကျယ်များ ပြောဆိုပြီး လက်တွေ့ မည်သည့်အရာကိုမျှ မလုပ်ဆောင်ခြင်းဖြစ်သည်။ ဤသည်မှာ မည်သည့် ပြဿနာမျိုးဖြစ်သည်ကို ပထမဆုံး ဆွေးနွေးကြစို့။ ထိုသို့သောလူများသည် အဆင့်မြင့်သော အယူဝါဒများကို ပြောဆိုကာ စကားကြီးစကားကျယ်များ ပြောရသည်ကို ပျော်မွေ့ကြသည်။ စုဝေးပွဲများတွင် ၎င်းတို့သည် မိမိတို့၏ ရည်သန်မျှော်မှန်းချက်များနှင့် သန္နိဋ္ဌာန်၊ မိမိတို့၏ ကိုယ်ပိုင်သိနားလည်မှုနှင့် အလုပ်အတွက် မိမိတို့၏ အစီအစဉ်များကို မကြာခဏ ဆွေးနွေးကြသည်။ သို့သော် စစ်မှန်သည့်အရာ တစ်စုံတစ်ခု လုပ်ရမည့်အချိန် ရောက်လာသောအခါ ၎င်းတို့သည် မည်သည့်ခွန်အားကိုမျှ မစုစည်းနိုင်ကြပေ။ ထိုသို့သောလူများတွင် မည်သည့် ပြဿနာမျိုး ရှိသနည်း။ ယင်းမှာ ပင်ကိုအခြေအနေများ၊ လူ့သဘာဝ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သလော။ (ထိုအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအောက်တွင် အကျုံးဝင်သည်ဟု ကျွန်ုပ် ထင်ပါသည်။) ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အောက်တွင် အကျုံးဝင်သလော။ ဤနေရာတွင် ပြဿနာနှစ်ခု ပါဝင်ပတ်သက်နေသည် မဟုတ်လော။ တစ်ခုမှာ လူ့သဘာဝ၏ ချွတ်ယွင်းချက်ဖြစ်သည်။ ၎င်းတို့သည် လက်တွေ့ မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် လိုလားခြင်းမရှိကြပေ၊ အဘယ့်ကြောင့်ဆိုသော် ယင်းမှာ ၎င်းတို့အနေဖြင့် စိုးရိမ်ပူပန်ရန်၊ အခက်အခဲကို ခါးစည်းခံရန်၊ အဖိုးအခပေးပြီး အားအင်စိုက်ထုတ်ရန် လိုအပ်သည်ဟု ၎င်းတို့ ခံစားရသောကြောင့် ဖြစ်သည်။ ဤနေရာတွင် ပျင်းရိခြင်း အရိပ်အယောင်တစ်ခု မရှိပေလော။ ပျင်းရိခြင်းသည် လူ့သဘာဝ၏ ချွတ်ယွင်းချက်တစ်ခုဖြစ်သလော။ (ဟုတ်ပါသည်။) ဤမျှ ပျင်းရိသောလူများသည် လက်တွေ့ မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်းမရှိသည့်တိုင် စကားကြီးစကားကျယ်များကို ပြောဆိုနေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အခြားသူများထက် သာလွန်သည့်ပုံဖမ်းလိုဆဲဖြစ်ပြီး အခြားသူများထံ အဆင့်မြင့်သည့် အယူဝါဒများ ဟောပြောချင်ကြဆဲဖြစ်သည်။ ဤအရာက မကောင်းသော စိတ်သဘောထားတစ်ခုကို ညွှန်ပြသလော။ ယင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရိပ်လက္ခဏာများလည်း ပါရှိသလော။ (ပါရှိပါသည်။) ယင်းသည် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ဖြစ်သနည်း။ (မာနထောင်လွှားခြင်း ဖြစ်ပါသည်။) ယင်းမှာ မာနထောင်လွှားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤအရာအပြင် ၎င်းတို့သည် ပျင်းရိကြသည်၊ အလုပ်ကိုမုန်းတီးရင်း သက်သာအေးဆေးမှုကို နှစ်သက်ကြသည်။ ၎င်းတို့သည် အမှုအရာများကို အသိတရားရှိရှိ လက်တွေ့ကျသောပုံစံဖြင့် မလုပ်ဆောင်ကြသည့်အပြင် လက်တွေ့ကျသော လုပ်ရပ်ကို ပါဝင်လုပ်ဆောင်ရန် မလိုလားကြသည့်တိုင် အခြားသူများထက် သာလွန်ပုံ ပြုမူလိုကြဆဲဖြစ်သည်။ မိမိတို့၏ အဆင့်အတန်းကို အခိုင်အမာ ပြလိုကြဆဲဖြစ်ပြီး အခြားသူများကို တရားဟောလိုကြသေးသည်။ ၎င်းတို့သည် ပါးစပ်လှုပ်ရန်သာ လိုလားပြီး နည်းနည်းမျှပင် မလုပ်ချင်ကြပေ။ ၎င်းတို့ လူ့သဘာဝရှိ ချွတ်ယွင်းချက်များက သိသာထင်ရှားပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ အလွန်သိသာလှသည်။ ဤနှစ်ခုမှာ အလွန်သိသာထင်ရှားသော ပြဿနာများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောလူများစွာ ရှိသည်မဟုတ်လော။ (ရှိပါသည်။) အလုပ်ကို ဆွေးနွေးသောအခါ ၎င်းတို့သည် စကားကြီးစကားကျယ်များကို ပြောဆိုပြီး အဆုံးမရှိအောင် ပြောဆိုကြသော်လည်း စစ်မှန်သောအရာ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်လာသည့်အခါ ခြေတစ်လှမ်းမျှ မလှမ်းနိုင်ကြပေ။ ၎င်းတို့၏ အစွမ်းအစက မည်သည့်အရာဖြစ်သည်ကို မပြောကြစို့နှင့်။ ၎င်းတို့သည် အပြောသက်သက်သာဖြစ်ပြီး လက်တွေ့ မည်သည့်အရာကိုမျှ မလုပ်ဆောင်သည့်အချက်ကို အခြေခံရုံမျှဖြင့် ၎င်းတို့ကို အသုံးမကျသောလူများအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်နိုင်သည်။ ၎င်းတို့သည် လက်တွေ့ မည်သည့်အရာမျှ မလုပ်ဆောင်သည့်တိုင် အခြားသူများထက် သာလွန်သည့်ပုံဖမ်းလိုကြသေးသည့်အပြင် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားလိုကြသေးသည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားကင်းမဲ့သည့်အထိ မာနထောင်လွှားကြသည် မဟုတ်လော။ ၎င်းတို့သည် အပြောသက်သက်သာဖြစ်သည်။ လက်တွေ့ကျသည့်အရာ မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြသည့်အပြင် ပျင်းလည်းပျင်းရိပြီး မာနလည်းထောင်လွှားကြသည်။ ၎င်းတို့သည် အသုံးမကျသောလူများ ဖြစ်သည်၊ မှန်သလော။ ၎င်းတို့ကို တစ်ခုခု ဆောင်ရွက်ပြီး စစ်မှန်သော တစ်စုံတစ်ရာကို လုပ်ဆောင်ရန်၊ အလုပ်ကို စီမံရန်၊ စီစဉ်ရန်၊ အကောင်အထည်ဖော်ရန် စေခိုင်းပါက ၎င်းတို့သည် ထိုသို့လုပ်ဆောင်ရန် မလိုလားကြပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာများတွင် ထိုအရာအပေါ် အတိုက်အခံလုပ်ကြသည်။ ထိုသို့သောလူများသည် ပျင်းရိလိုက်မည့် ဖြစ်ခြင်းပါတကား။ ဤသူများသည် မိမိတို့၏ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို အာရုံစိုက်မလုပ်ဆောင်သည့် လတ်လျားလတ်လျားနေသူများ ဖြစ်သည်။ ၎င်းတို့သည် သာမန်ကာလျှံကာ စကားပြောခြင်းကိုသာ ပျော်မွေ့ကြသည်။ ၎င်းတို့ မည်သည့်အရာကိုမျှ မလုပ်ချင်ကြ၊ ဘဝကို ဖြစ်သလိုသာ ကုန်ဆုံးချင်ကြသည်၊ ကောင်းကောင်း စား၊ ကောင်းကောင်း ဝတ်ချင်ကြသည်သာမက အခြားသူများ၏ အထင်ကြီးလေးစားမှုကိုလည်း ခံယူလိုကြသည့်အပြင် အခွင့်ထူးဖြင့် ဆက်ဆံခံရခြင်းနှင့် အဆင့်အတန်းရှိသူများကို ပေးသည့် ဆက်ဆံမှုမျိုးကို မွေ့လျော်ခံစားလိုကြသည်။ ၎င်းတို့၏ လူ့သဘာဝသည် မည်သည့်အရာဖြစ်သနည်း။ (မကောင်းပါ။) ထိုသို့သောလူများကို စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်ဟု သင်တို့ မြင်သလော။ (မြင်ပါသည်။) အပြောကောင်းသော်လည်း လက်တွေ့ မည်သည့်အရာကိုမျှ မလုပ်ဆောင်သည့်သူများကို လူအချို့က မြင်သောအခါ အားကျကြသည်။ ၎င်းတို့က “သူတို့က မရပ်မနား ပြောဆိုနိုင်ကြပြီး သူတို့ပြောသမျှ အရာရာတိုင်းက အဆီအငေါ်တည့်သည့်အပြင် စနစ်ကျသည်။ ဤအရာက သူတို့တွင် သမ္မာတရား လက်တွေ့ကျမှု ရှိသည်ကို ပြပေသည်”ဟု တွေးကြသည်။ ထိုသူတို့ မကြာခဏ ပြောဆိုလေ့ရှိသည့်အရာများအားလုံးမှာ ဘုရားအိမ်တော်၏ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများမှ သင်ယူထားခြင်းဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများမှ ရရှိခြင်းမဟုတ်ကြောင်း ပိုင်းခြားသိမြင်တတ်သူအားလုံးက ခွဲခြားနိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ ဟောပြောခြင်းက အထင်ကြီးစရာကောင်းပုံရသော်လည်း ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ လုံးဝ မဖြေရှင်းနိုင်ကြပေ။ အချိန်ကြာလာသည်နှင့်အမျှ လူတို့က ထိုသို့သော ပုဂ္ဂိုလ်များသည် တစ်လျှောက်လုံး အယောင်ဆောင်များဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။ မည်သည့်မေးခွန်းကို သင် ထုတ်မေးသည်ဖြစ်စေ ထိုမေးခွန်းကို ၎င်းတို့ မဖြေနိုင်သည့်အပြင် မည်သည့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ သို့မဟုတ် လမ်းကြောင်းများကိုမျှ မမျှဝေနိုင်သည့်တိုင် ၎င်းတို့သည် သင့်အား ၎င်းတို့အပေါ် အထင်ကြီးစေလိုကြသေးသည်။ ၎င်းတို့သည် သင့်အား ၎င်းတို့အပေါ် အထင်ကြီးစေရန် မည်သို့လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် သင့်အား မိမိတို့ကို အားကျစေလျက်၊ လေးစားစေပြီး ကြည်ညိုစေလျက် သင်၏ စိတ်နှလုံးထဲတွင် နေရာတစ်ခုရရှိရန် ၎င်းတို့၏ သရုပ်ဆောင်မှုများနှင့် ဟောပြောမှုများကို အသုံးပြုကြသည်။ ထိုသို့သောလူများသည် အရှက်မဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် လက်တွေ့အလုပ်ကို မလုပ်သည့်အပြင် လက်တွေ့အလုပ်ကို လုပ်နိုင်စွမ်းလည်း မရှိကြသည့်တိုင် အခြားသူများကို ၎င်းတို့အပေါ် အထင်ကြီးစေလိုကြသေးသည့်အပြင် ၎င်းတို့၏ စကားကြီးစကားကျယ်များဖြင့် အခြားသူများ၏ အချိန်အင်အား၊ လူအင်အားကို ဖြုန်းတီးလိုကြသေးသည်။ သို့သော် အဆုံးတွင် ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ လုံးဝ မဖြေရှင်းနိုင်ကြပေ။ ဘုရားသခင်ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်မျှသာ ယုံကြည်ပြီးဖြစ်သည့် လူများက ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို ခံရကောင်းခံရနိုင်သေးသော်လည်း ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးသည့်အပြင် သမ္မာတရား လက်တွေ့ကျမှုကို အနည်းငယ် နားလည်သောသူများသည် ၎င်းတို့၏ စကားကြီးစကားကျယ်များကို နားမထောင်လိုကြပေ။ သို့တိုင် သင်က နားထောင်ရန် ငြင်းပယ်ပါက ၎င်းတို့သည် သင့်အပေါ် အဆိုးမြင်ပြီး သမ္မာတရားကို သင် မချစ်ဟု ပြောဆိုကြသည်။ ထိုသို့သောလူများသည် အလွန် ဒုက္ခပေးတတ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာကိုမဆို တစ်ပိုင်းတစ်စသာ နားလည်ကြပြီး အယူဝါဒအနည်းငယ်ကို နားလည်သောအခါ ယင်းတို့ကို ရှင်းလင်းစွာ မရှင်းပြနိုင်သည့်တိုင် ဤအယူဝါဒများကို အခြားသူများထံ ဟောပြောလိုကြသေးသည့်အပြင် အခြားသူများအား လက်ခံစေလိုကြဆဲဖြစ်သည်။ သင်က နားထောင်ရန် ငြင်းပယ်ပါက သင်သည် သမ္မာတရားကို မချစ်သည့်အပြင် ၎င်းတို့ကို လေးစားခြင်းမရှိဟု ၎င်းတို့က ပြောဆိုကြသည်။ သို့သော် သင်က ၎င်းတို့ကို နားထောင်ပါက မသက်မသာ ခံစားရပြီး ငြိမ်ငြိမ် ထိုင်၍မရနိုင်ပေ။ အဘယ်ကြောင့် သင် ငြိမ်ငြိမ်မထိုင်နိုင်ရသနည်း။ အကြောင်းမှာ သင့်တွင် ဖြေရှင်းရန်လိုအပ်သော ပြဿနာများစွာအပြင် လုပ်ဆောင်ရန်လိုအပ်သော အလုပ်များစွာရှိပြီး ၎င်းတို့၏ စကားကြီးစကားကျယ်များကို နားထောင်ရန် အချိန်မရှိသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးသည် စကားကြီးစကားကျယ်များ ပြောဆိုသူများအား အမှန်တကယ် အားကျပါက ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် ပျင်းရိသောသူ၊ မိုက်မဲသောသူနှင့် ပိုကောင်းသည့် မည်သည့်အရာမျှ လုပ်စရာမရှိသောသူ ဖြစ်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင် ထိုသို့သောလူများသည် သစ္စာစောင့်သိခြင်း မရှိသည့်အပြင် ဝန်ထုပ် တစ်စက်မျှ မထမ်းကြပေ။ ၎င်းတို့သည် ကပ်ပါးရပ်ပါးလုပ်ရင်း၊ သေဖို့ စောင့်ရင်း ဘဝကို ဖြစ်သလိုသာ ကုန်ဆုံးချင်ကြသည်။ နေ့စဉ်နေ့တိုင်း ၎င်းတို့သည် အချိန်ကုန်စေဖို့ နက်နဲသော အယူဝါဒအချို့ကို နားထောင်ကြသည့်တိုင် မိမိတို့အနေဖြင့် တစ်စုံတစ်ရာကို ရရှိပြီးဖြစ်ကာ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် တိုးတက်မှုဖြစ်စေပြီးဖြစ်သည်ဟု ထင်နေကြဆဲဖြစ်သည်။ “သူတို့ ဟောပြောနေသည့် သမ္မာတရားများက တစ်နေ့ထက်တစ်နေ့ အဆင့်မြင့်လာနေသည်။ သူတို့၏ ဟောပြောခြင်းက တတိယကောင်းကင်ဘုံ အဆင့်ကို မကြာမီ ရောက်ရှိလိမ့်မည်။ ဤသည်တို့မှာ ကောင်းကင်ဘုံမှဖြစ်သော နက်နဲမှုများချည်းသာ ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် စကားကြီးစကားကျယ်များ ပြောသူများက ပြောဆိုသည့် အယူဝါဒများစွာကို နားထောင်ကြသော်လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သို့ သစ္စာစောင့်သိရမည်ကိုဖြစ်စေ၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ မည်သည့်စည်းမျဉ်းများအား လိုက်နာသင့်သည်ဟူသည်ကိုဖြစ်စေ မသိဘဲရှိနေကြဆဲ ဖြစ်သည်။ သို့ဆိုလျှင် ဤအရာများကို နားထောင်ခြင်းသည် အသုံးဝင်သလော။ (မဝင်ပါ။) သင်တို့သည် စကားကြီးစကားကျယ်များ ပြောဆိုပြီး အဆင့်မြင့်သော အယူဝါဒများ ဟောပြောသည့်လူများနှင့် ကြုံတွေ့ရသောအခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်တို့သည် ၎င်းတို့နောက်သို့ အနီးကပ် လိုက်သင့်သလော သို့မဟုတ် ၎င်းတို့ကို ငြင်းပယ်သင့်သလော။ (၎င်းတို့ကို ငြင်းပယ်သင့်ပါသည်။) ၎င်းတို့ကို မည်သို့ ငြင်းပယ်မည်နည်း။ သင်သည် ၎င်းတို့အား မည်သို့ ငြင်းပယ်ရမည်ဟူသည်နှင့် အဘယ်ကြောင့် ငြင်းပယ်နေရသည်ဟူသည်တို့ကို သိရှိရန်လိုအပ်သည်။ သင်သည် ဤအရာကို မသိပါက ၎င်းတို့ကို သင် ငြင်းပယ်သောအခါ သင်၏ စိတ်နှလုံးထဲတွင် “သူတို့ကို ငြင်းပယ်ခြင်းက သမ္မာတရားကို ငါ မချစ်သည့်သဘောဖြစ်သလော”ဟု တွေးကောင်းတွေးနိုင်သေးသည်။ သင့်တွင် ဤအတွေးရှိပါက ယင်းသည် ပြဿနာရှိပေသည်။ ယင်းက သင့်တွင် ပိုင်းခြားသိမြင်မှုမရှိသည့်အပြင် သမ္မာတရား လက်တွေ့ကျမှုက အဘယ်အရာဖြစ်သည်ကို နားမလည်ကြောင်း သက်သေပြနေသည်။ သင်သည် ၎င်းတို့ အယူဝါဒများ ပြောဆိုသည်ကို နားထောင်ပြီး ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့နေသည်ဟု ထင်နေဆဲဖြစ်ကာ သင်၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို အသိအမှတ်ပင်ပြုနေသေးပါက သင်သည် လုံးဝ စဉ်းစားဉာဏ်ကင်းမဲ့ပေသည်။ သင်သည် စကားကြီးစကားကျယ်များ ပြောဆိုသည့် ထိုသို့သောလူများ ပြောသော အယူဝါဒများနှင့်စပ်လျဉ်း၍ ပိုင်းခြားသိမြင်မှုရှိပါက ၎င်းတို့ကို သင် ငြင်းပယ်သင့်သည်။ ဤအတွက် အကြောင်းရင်းမှာ ၎င်းတို့ ပြောဆိုသမျှအားလုံးက အယူဝါဒများနှင့် အနှစ်မဲ့သော စကားများဖြစ်သောကြောင့် ဖြစ်သည်။ ယင်းမှာ အချည်းနှီးဖြစ်သည်။ ယင်းမှာ ဆာလောင်မှုကို တွန်းလှန်ရန် ကိတ်မုန့်ပုံဆွဲခြင်း သို့မဟုတ် ရေငတ်ပြေစေရန် ဆီးသီးများကို စိုက်ကြည့်နေခြင်းကဲ့သို့ ဖြစ်သည်။ ၎င်းသည် လက်တွေ့ပြဿနာများကို လုံးဝ မဖြေရှင်းနိုင်ပေ။ ၎င်းတို့သည် အယူဝါဒများစွာကို ပြောဆိုကြသော်လည်း ဤအယူဝါဒများသည် လူတို့က မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် ကြုံတွေ့ရသည့် လက်တွေ့ပြဿနာများနှင့် မကိုက်ညီသည့်အပြင် ယင်းတို့ကို လုံးဝ မဖြေရှင်းနိုင်ပေ။ ထိုအရာများကို နားထောင်ခြင်းသည် နားမထောင်ခြင်းနှင့် မခြားပေ။ ၎င်းတို့သည် ဧဝံဂေလိအလုပ်နှင့် အသင်းတော်အသက်တာတွင် ပေါ်ပေါက်လာသော ပြဿနာများအား မည်သို့ ဖြေရှင်းရမည်ကို မသိကြပေ။ အလုပ်အစီအစဉ်များအား မည်သို့ အကောင်အထည်ဖော်ရမည် သို့မဟုတ် မည်သည့်အလုပ်က ပြုပြင်ရန် သို့မဟုတ် နောက်ဆက်တွဲလုပ်ဆောင်ရန် လိုအပ်သော အပြစ်အနာအဆာများနှင့် လစ်ဟာမှုများရှိသည်ဟူသည်တို့ကို ၎င်းတို့ မသိကြပေ။ ပြီးလျှင် အခြားသူများက လွဲချော်သော အယူအဆများအား ၎င်းတို့ထံ တင်ပြသောအခါ မည်သို့ ဖြေရှင်းရမည် သို့မဟုတ် ချေပရမည်ကို ၎င်းတို့ မသိကြပေ။ ဤအရာ တစ်ခုတစ်လေကိုမျှ ၎င်းတို့ မသိကြသောကြောင့် ၎င်းတို့၏ စကားကြီးစကားကျယ်များကို နားထောင်ခြင်းသည် အချိန်ဖြုန်းခြင်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့ကို သင် ငြင်းပယ်သင့်သည့် အကြောင်းရင်းဖြစ်သည်။ ထို့ကြောင့် ဤလူများ ပြောဆိုသည့်အရာသည် သမ္မာတရားမဟုတ်ဘဲ အယူဝါဒများ ဖြစ်သောကြောင့် ဤစကားကြီးစကားကျယ်များကို ငြင်းပယ်သင့်သည်။ အယူဝါဒများဟူသည်မှာ အဘယ်နည်း။ အယူဝါဒများတွင် လူ့အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသော စကားများ ပါဝင်သည်။ ဤလူများသည် ပြဿနာ၏ အနှစ်သာရကို အာရုံစိုက်လျက် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယခြင်း မရှိကြပေ။ ၎င်းတို့၏ စကားများသည် နားကြားကောင်းပြီး ရှင်းလင်းကာ ယုတ္တိရှိသော နည်းလမ်းဖြင့် ဖော်ပြထားသော်လည်း ပြဿနာများကို လုံးဝ မဖြေရှင်းနိုင်ပေ။ သို့ဖြစ်လျှင် ဤစကားများသည် အယူဝါဒများ ဖြစ်သည်။ ယင်းတို့သည် မည်မျှပင် မှန်ကန်ပုံရစေကာမူ သမ္မာတရား စည်းမျဉ်းများ မဟုတ်ပေ။ အချို့လူများ၏ စကားများသည် ပေါ့တန်သည်ဟု ထင်ရနိုင်သော်လည်း ပြဿနာ၏ အခရာကို ထိနိုင်ပြီး ယင်း၏ အနှစ်သာရကို ရှင်းလင်းစွာ ရှင်းပြနိုင်သည်။ ၎င်းတို့၏ စကားများထဲမှ အချို့သည် စော်ကားမှုများလောက် နားကြားကောင်းခြင်း မရှိသော်လည်း လူတို့ လက်ခံနိုင်သော စကားများဖြစ်ပြီး လက်တွေ့ပြဿနာများကို ဖြေရှင်းနိုင်သည်။ အသေအချာပင် ဤစကားများသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ အချို့သော စကားများသည် နားကြားကောင်းပြီး ပညာသားပါကာ သိမ်မွေ့ပြီး နက်နဲသည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း လက်တွေ့ပြဿနာများကို လုံးဝ မဖြေရှင်းနိုင်ပေ။ ထိုစကားများသည် သမ္မာတရား စည်းမျဉ်းများနှင့် စိုးစဉ်းမျှ မသက်ဆိုင်သည့်အပြင် လူတို့အား လမ်းကြောင်း သို့မဟုတ် ဦးတည်ချက်ကိုလည်း မညွှန်ပြနိုင်ပေ။ ယင်းတို့သည် ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသော အယူဝါဒများ ဖြစ်ကြသည်။ သို့ဖြစ်လျှင် ဤစကားများကို ငြင်းပယ်သင့်သည်။ ထိုသို့သောလူများကို ငြင်းပယ်ရသည့် အကြောင်းရင်းမှာ ၎င်းတို့၏ စကားကြီးစကားကျယ်များသည် သင်၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် အသုံးပြုသင့်သည့် အချိန်ကို အလဟဿ ဖြစ်စေသောကြောင့်ဖြစ်သည်၊ သမ္မာတရားကို ရှာဖွေရန်အတွက် သင် အသုံးပြုသင့်သည့် အချိန်ကို အလဟဿဖြစ်စေသည့်အပြင် သင်၏ ကိုယ်ပိုင်ခွန်အားကို အလဟဿဖြစ်စေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ၎င်းတို့ကို ငြင်းပယ်သင့်သည်။ ၎င်းတို့ကို သင် မည်သို့ ငြင်းပယ်သင့်သနည်း။ “နှုတ်ဆက်ပါသည်”ဟု ရိုးရှင်းစွာ ပြောခြင်းဖြင့် သင်သည် ၎င်းတို့ကို ငြင်းပယ်လိုက်သည် မဟုတ်လော။ သို့မဟုတ် သင်က “မပြောနှင့်တော့၊ သင်ပြောနေသည့်အရာအားလုံးကို ကျွန်ုပ် နားလည်သည်။ ကျွန်ုပ် သင့်ကို မေးထားသည့် မေးခွန်းကို သင် မည်သည့်အချိန်တွင် ဖြေမည်နည်း။ သင် မဖြေနိုင်လျှင် ချက်ချင်း ဤနေရာမှ ထွက်သွားပြီး ကျွန်ုပ်အချိန်ကို မဖြုန်းတီးနှင့် ” ဟု ပြောနိုင်သည်။ ၎င်းတို့ကို ဤနည်းဖြင့် ငြင်းပယ်ခြင်းသည် ကောင်းသလော။ (ကောင်းပါသည်။) ငါ့အဖို့ အတော်လေး ကောင်းပုံရသည်၊ သို့မဟုတ်ပါက သင်သည် ၎င်းတို့ကို အခြားမည်သို့မည်ပုံဖြင့် ငြင်းပယ်မည်နည်း။ ၎င်းတို့၏ စကားကြီးစကားကျယ်များ၊ အယူဝါဒများနှင့် ဆောင်ပုဒ်များကို ငြင်းပယ်ခြင်းသည် ဖာရိရှဲများကို ငြင်းပယ်ခြင်းကဲ့သို့ပင် ဖြစ်သည်။ ဤကဲ့သို့သောလူများသည် လက်တွေ့ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့၏ လူ့သဘာဝသည် စံနှုန်းမီခြင်းမရှိ၊ ၎င်းတို့၏ အစွမ်းအစသည်ညံ့ဖျင်းပြီး ၎င်းတို့သည် အခြေခံအားဖြင့် လက်တွေ့အလုပ်ကို လုပ်နိုင်စွမ်းမရှိကြပေ။ သို့သော် ၎င်းတို့သည် သင့်ကို အထင်အမြင်မှားစေရန် အဆင့်မြင့်သော အယူဝါဒများကို အသုံးပြုနေကြဆဲ ဖြစ်သည်။ သင်သည် ၎င်းတို့ကို မငြင်းပယ်ပါက သင်သည် လုံးဝ စဉ်းစားဉာဏ်ကင်းမဲ့ပေသည်။ ထိုသို့သောလူများနှင့် ကြုံရသောအခါ ၎င်းတို့ကို ငြင်းပယ်ခြင်းသည် မှန်ကန်သည်။ “နှုတ်ဆက်ပါသည်”ဟုသာ ပြောပြီး ထွက်သွားလော့။ ယင်းမှာ ဖြေရှင်းရန် အလွန်လွယ်ကူသော အရာဖြစ်သည်၊ မဟုတ်လော။ ဤသည်မှာ စကားကြီးစကားကျယ်များ ပြောဆိုသော်လည်း လက်တွေ့ မည်သည့်အရာမျှ မလုပ်ဆောင်သူများကို ဆက်ဆံရမည်ပုံ ဖြစ်သည်။ ဤကဲ့သို့သောလူများသည် အမှုအရာများကို မှန်ကန်ပြီး လေးနက်သောနည်းလမ်းဖြင့် လုပ်ဆောင်သူများ မဟုတ်ကြပေ။ ၎င်းတို့သည် အမှုအရာများကို လက်တွေ့ကျသော ပုံစံဖြင့် လုပ်ဆောင်သူများ မဟုတ်ကြပေ။ ၎င်းတို့ ပြောဆိုသည့်အရာသည် အများယုံကြည်လက်ခံနိုင်မှု ကင်းမဲ့သည်၊ မက်မောတွယ်တာထိုက်ခြင်း မရှိသည့်အပြင် ထိရောက်သော အကြံဉာဏ် သို့မဟုတ် ထိရောက်သော လမ်းကြောင်းတစ်ခုဖြစ်သည့်အလား နားထောင်ထိုက်ခြင်းလည်း မရှိပေ။ သို့ဖြစ်၍ ၎င်းတို့၏ စကားကြီးစကားကျယ်များနှင့်ပတ်သက်လာသည့်အခါ ယင်းကို ဘွင်းဘွင်းရှင်းရှင်းပင် ငြင်းပယ်လော့။ မှတ်စုရေးယူရန် မလိုအပ်သည့်အပြင် မြတ်နိုးတန်ဖိုးထားထိုက်ခြင်းလည်း မရှိပေ။ စကားကြီးစကားကျယ်များ ပြောဆိုခြင်း ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခြင်းက ဤတွင် အဆုံးသတ်သည်။
နောက်ထပ် သရုပ်သကန်တစ်ခုဖြစ်သည့် နိုင်ငံရေး ဆွေးနွေးခြင်းအား နှစ်သက်ခြင်းအကြောင်းကို ပြောကြစို့။ အချို့လူများသည် မိမိတို့နိုင်ငံ၏ နိုင်ငံရေးအခြေအနေ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးအခြေအနေအပြင် အဆင့်မြင့် နိုင်ငံရေး ပုဂ္ဂိုလ်များ၏ မူဝါဒများနှင့် ထုတ်ပြန်ချက်များ၊ ၎င်းတို့၏ အုပ်ချုပ်မှု အစီအစဉ်နှင့် နိုင်ငံရေးလမ်းစဉ်၊ မူဝါဒအမျိုးမျိုးအား ၎င်းတို့ အကောင်အထည်ဖော်သည့် လုပ်နည်းကိုင်နည်းများနှင့် နည်းလမ်းများ စသည်တို့ကို ဆွေးနွေးရန် နှစ်သက်ကြသည်။ တိုတိုပြောရလျှင် ၎င်းတို့သည် နိုင်ငံရေးနှင့်ဆက်စပ်သော အကြောင်းအရာများကို မကြာခဏ ဆွေးနွေးကြသည်။ ဤအကြောင်းအရာများသည် ရှေးခေတ် သို့မဟုတ် ခေတ်သစ်နိုင်ငံရေးနှင့်ဆက်စပ်သည်ဖြစ်စေ၊ ပြည်တွင်း သို့မဟုတ် နိုင်ငံတကာနိုင်ငံရေးနှင့် ဆက်စပ်သည်ဖြစ်စေ ၎င်းတို့သည် အခါအားလျော်စွာ ထိုအကြောင်းအရာများကို ထုတ်ဖော်ဆွေးနွေးရန် နှစ်သက်ကြသည်။ နိုင်ငံရေး ဆွေးနွေးခြင်းကို နှစ်သက်ခြင်းသည် ပင်ကိုအခြေအနေများ၊ လူ့သဘာဝ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအောက်တွင် အကျုံးဝင်သလော။ သင်တို့ မသိကြသည် မဟုတ်လော။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤအကြောင်းအရာသည် အနည်းငယ် ထူးခြားသောကြောင့် ဖြစ်သည်။ ၎င်းတို့ ဆွေးနွေးရန် နှစ်သက်သည့်အရာမှာ နိုင်ငံရေးဖြစ်ပြီး သင်တို့၏ အမြင်တွင် နိုင်ငံရေးသည် အပြုသဘောဆောင်သော အရာတစ်ခုမဟုတ်ပေ။ သင်တို့က “နိုင်ငံရေး ဆွေးနွေးခြင်းကို နှစ်သက်ခြင်းသည် ပင်ကိုအခြေအနေများအတွင်းရှိ စိတ်ဝင်စားမှုနှင့် ဝါသနာတစ်ခုဖြစ်ပါက ဘုရားသခင်သည် လူတို့ကို ဤ စိတ်ဝင်စားမှုနှင့် ဝါသနာမျိုးကို ပေးခဲ့မည်မဟုတ်ပါ။ ယင်းသည် မကောင်းသော လူ့သဘာဝနှင့်ဆိုင်သည့် ကိစ္စရပ်တစ်ခုဖြစ်ပါက မကောင်းသည့်အရာ တစ်ခုမျှမလုပ်ဘဲ ယင်းကို ဆွေးနွေးရုံမျှဆွေးနွေးခြင်းအား မကောင်းသော လူ့သဘာဝအဖြစ် မသတ်မှတ်သင့်သည့်အပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအဆင့်သို့ပင် ရောက်ရှိဖို့ သာ၍ဖြစ်နိုင်မည် မဟုတ်ပါ။ သို့ဆိုလျှင် ယင်းကို မည်သည့်နေရာတွင် အမျိုးအစား ခွဲခြားသင့်သနည်း”ဟု တွေးကြသည်။ အဆုံးတွင် သင်တို့သည် ကောက်ချက်တစ်ခု မရနိုင်ကြပေ။ ဤသည်မှာ မမှန်ကန်သလော။ (မှန်ကန်ပါသည်။) သို့ဆိုလျှင် သင်တို့သည် ဤသို့တွေးရာတွင် မှန်ကန်ကြသလော။ အဘယ်ကြောင့် သင်တို့သည် နောက်ဆုံးတွင် ကောက်ချက်တစ်ခု မရကြသနည်း။ သင်တို့သည် မည်သည့်နေရာတွင် ပိတ်မိနေကြသနည်း။ “နိုင်ငံရေး” ဟူသော စကားလုံးနှင့်ပတ်သက်၍ သင်တို့ ပိတ်မိနေကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါက အနုပညာ၊ ဂီတ၊ အက၊ ဒီဇိုင်း သို့မဟုတ် စီးပွားရေး ဆွေးနွေးခြင်းကို နှစ်သက်ခြင်းအကြောင်း ပြောဆိုပါက ယင်းကို မည်သည့်နေရာတွင် အမျိုးအစားခွဲခြားရမည်နည်း။ (ယင်းကို ပင်ကိုအခြေအနေများအတွင်းရှိ စိတ်ဝင်စားမှုနှင့် ဝါသနာအဖြစ် အမျိုးအစားခွဲခြားရမည်ဖြစ်သည်။) ငါက သမိုင်း ဆွေးနွေးခြင်းကို နှစ်သက်ခြင်း သို့မဟုတ် အရသာရှိသော အစားအစာများ ဆွေးနွေးခြင်းကို နှစ်သက်ခြင်းအကြောင်း ဖော်ပြပါက ယင်းကို မည်သည့်နေရာတွင် အမျိုးအစားခွဲခြားသင့်သနည်း။ (ပင်ကိုအခြေအနေများဖြစ်သည်။) တစ်စုံတစ်ဦးက တစ်စုံတစ်ရာ ဆွေးနွေးရန် နှစ်သက်သည်၊ တစ်စုံတစ်ခုကို သုတေသနလုပ်ရန် နှစ်သက်သည် သို့မဟုတ် တစ်စုံတစ်ရာတွင်တော်သည်ဟု ဆိုသောအခါ ၎င်းက ထိုနယ်ပယ်ကို နှစ်သက်ပြီး စိတ်ဝင်စားမှုရှိသည်ဟု ဆိုလိုပေသည်။ သို့ဖြစ်၍ ယင်းကို ပင်ကိုအခြေအနေများအတွင်းရှိ စိတ်ဝင်စားမှုနှင့် ဝါသနာအဖြစ် အမျိုးအစားခွဲခြားသည်။ သို့သော် ဤကိစ္စတွင် ဤလူများ ဆွေးနွေးရန် နှစ်သက်သည့် အကြောင်းအရာမှာ နိုင်ငံရေးဖြစ်သောကြောင့် သင်တို့သည် ဤနည်းဖြင့် ထိုအရာကို အမျိုးအစားမခွဲခြားဝံ့ကြပေ။ အဘယ်ကြောင့် သင်တို့သည် ထိုအရာကို ဤနည်းဖြင့် အမျိုးအစားမခွဲခြားဝံ့ကြသနည်း။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးသည် အလွန် အထိမခံသော အကြောင်းအရာဖြစ်ပြီး နိုင်ငံရေးသည် အထူးသဖြင့် အပြုသဘောဆောင်သော အရာတစ်ခု မဟုတ်သောကြောင့် ဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်)။ နိုင်ငံရေးသည် အထူးသဖြင့် အပြုသဘောဆောင်သော အရာတစ်ခု မဟုတ်သော်လည်း ယခုတင် ဖော်ပြခဲ့သည့်အတိုင်း နိုင်ငံရေး ဆွေးနွေးခြင်းကို နှစ်သက်ခြင်းတွင်ရှိသည့် လုပ်ရပ်မှာ ဆွေးနွေးခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းကို ပင်ကိုအခြေအနေများအတွင်းရှိ စိတ်ဝင်စားမှုနှင့် ဝါသနာအဖြစ် အမျိုးအစားခွဲခြားသင့်သည်။ ထိုသို့သောလူတစ်ဦး၏ မွေးရာပါ စိတ်ဝင်စားမှုနှင့် ဝါသနာမှာ နိုင်ငံရေးကို လိုက်စားရန်နှင့် ဆွေးနွေးရန် အတိုင်းအတာတစ်ခုအထိ နှစ်သက်ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့သည် နိုင်ငံရေးတွင် ပါဝင်ကြသလော။ ငါတို့သည် ထိုအရာထိ မဆွေးနွေးရသေးပေ။ ယခုအခါတွင်မူ ငါတို့သည် ဆွေးနွေးခြင်းနှင့်ဆိုင်သည့် လုပ်ရပ်ကိုသာ ငါတို့၏ အာရုံစိုက်မှုကို ကန့်သတ်ထားသည်။ သို့ဖြစ်၍ ယင်းကို ပင်ကိုအခြေအနေများအတွင်းရှိ စိတ်ဝင်စားမှုနှင့် ဝါသနာအဖြစ်သာ အမျိုးအစားခွဲခြား၍ရနိုင်သည်။ သင်တို့ ယခု နားလည်ပြီလော။ (နားလည်ပါသည်။) ဤသို့ပြောခြင်းသည် ဓမ္မဓိဋ္ဌာန်ကျသည်၊ ထိုအရာသည် အဖြစ်မှန်တစ်ခုဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် ရှေးခေတ် ဧကရာဇ်များအကြောင်း ဆွေးနွေးရသည်ကို နှစ်သက်ပြီး အချို့သော ဧကရာဇ်များက ၎င်းတို့၏ အမတ်များနှင့် သာမန်ပြည်သူများအား မည်သို့ ဆက်ဆံခဲ့သည်၊ အချို့သော အုပ်စိုးသူများသည် မည်သို့ ဇွဲလုံ့လဖြင့် အုပ်ချုပ်ပြီး ပြည်သူကို ဂရုစိုက်ခဲ့သည်ဟူသည်နှင့် ၎င်းတို့၏ အုပ်ချုပ်မှုအတောအတွင်းတွင် နိုင်ငံ၏ ကောက်ပဲသီးနှံ သိုလှောင်မှုများ မည်သို့ လုံလောက်ခဲ့ပြီး လူထု၏ လူနေမှုအဆင့်အတန်း မည်သည့်အဆင့်သို့ ရောက်ရှိခဲ့သည်ဟူသည်တို့အား မကြာခဏ ပြောဆိုဆွေးနွေးသည်ဟု ဆိုကြပါစို့။ ၎င်းတို့သည် မည်သည့် ဧကရာဇ်များက အာဏာရှင်များဖြစ်ခဲ့ပြီး ဤဧကရာဇ်များသည် ၎င်းတို့၏ နန်းတော်များတွင် လွန်ကဲသော စားသောက်ပွဲများနှင့် ကာမဂုဏ်လိုက်စားခြင်းတို့တွင် မွေ့လျော်ခံစားကာ ကြီးမားသော စည်းစိမ်ဖြင့် နေထိုင်နေစဉ် ၎င်းတို့၏ အုပ်ချုပ်မှုအောက်ရှိ ပြည်သူများက မည်သို့ ဆင်းရဲဒုက္ခရောက်ခဲ့သည်ဟူသည်တို့ကိုလည်း ပြောဆိုဆွေးနွေးကြသည်။ ထို့နောက် ၎င်းတို့သည် မည်သူက ကောင်းစွာလုပ်ဆောင်သည်၊ မည်သူက မလုပ်ဆောင်သည် စသည်တို့ကို ပြောဆိုလျက် ခေတ်ပြိုင် နိုင်ငံရေးသမားများ၏ ပြဿနာများကို ဆက်လက်ဆွေးနွေးကြသည်။ ၎င်းတို့သည် ဤအရာများကို ဆွေးနွေးရန်သာ နှစ်သက်ကြသည်။ တစ်နည်းအားဖြင့် ဤလူသည် ပင်ကိုအားဖြင့် ဤအကြောင်းအရာမျိုးနှင့် ကိစ္စရပ်မျိုးများကို အတော်အတန် စိတ်ဝင်စားသည်။ ၎င်းတို့၏ နေ့စဉ်ဘဝတွင် ၎င်းတို့၏ အပန်းဖြေခြင်းနှင့် မိမိကိုယ်ကို ဖျော်ဖြေခြင်းနည်းလမ်းမှာ ဤနိုင်ငံရေးကိစ္စများကို ဆွေးနွေးခြင်းဖြစ်ပြီး ယင်းကို အချိန်ဖြုန်းသည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုသည်။ ဤသည်မှာ ၎င်းတို့ ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းတို့သည် နိုင်ငံရေး ဆွေးနွေးခြင်းကိုသာ နှစ်သက်ပါက ယင်းသည် စိတ်ဝင်စားမှုနှင့် ဝါသနာတစ်ခုသာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝနှင့် သက်ဆိုင်သလော။ နိုင်ငံရေး ဆွေးနွေးခြင်းအား ၎င်းတို့ နှစ်သက်မှုကိုသာ သင် ကြည့်ပါက ၎င်းတို့၏ ကိုယ်ကျင့်စရိုက်က မည်သို့ရှိသည်ကို သင် မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးအပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်ရှုထောင့်များက မည်သို့ရှိသည်ကို သင် မမြင်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော အကြောင်းအရာများကို ဆွေးနွေးခြင်းအား ရိုးရှင်းစွာ နှစ်သက်ကြပြီး ဤကိစ္စရပ်များကို စိတ်ဝင်စားကြသည်၊ ဤအရာတွင် ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများ မပါဝင်ပေ။ တစ်စုံတစ်ဦးသည် နိုင်ငံရေး ဆွေးနွေးခြင်းအား ရိုးရှင်းစွာ နှစ်သက်ပြီး ၎င်းတို့၏ နေ့စဉ်ဘဝတွင် ယင်းကို အပန်းဖြေစရာ အကြောင်းအရာအဖြစ်၊ နှုတ်ပြောစကား အကြောင်းအရာအဖြစ်၊ သို့မဟုတ် အခြားသူများနှင့် ထိတွေ့ဆက်ဆံပြီး အမှုအရာများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ဆွေးနွေးမှု၏ အဓိကအကြောင်းအရာအဖြစ် မကြာခဏ သဘောထားပါက ယင်းသည် စိတ်ဝင်စားမှုနှင့် ဝါသနာတစ်ခုဖြစ်ပြီး ထိုသူ၏ လူ့သဘာဝနှင့် မသက်ဆိုင်ပေ။ ဤစိတ်ဝင်စားမှုနှင့် ဝါသနာရှိသောလူများသည် အခြားဝါသနာများရှိသည့် သူများနှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့ တန်းတူရည်တူဖြစ်သည်။ ဤလူကို နိုင်ငံရေး ဆွေးနွေးရန် နှစ်သက်သောကြောင့် ရည်မှန်းချက်ကြီးသူ၊ မကောင်းသော လူ့သဘာဝရှိသူ သို့မဟုတ် ယုတ်ညံ့သော အကျင့်စရိုက်ရှိသူအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်၍မရပေ။ ဘုရားသခင်ကို ယုံကြည်သူများသည် နိုင်ငံရေးတွင် မပါဝင်သော်လည်း နိုင်ငံရေးကိုယ်တိုင်နှင့် ပတ်သက်လာသည့်အခါ လူတိုင်းက ထိုနိုင်ငံရေးတွင် ပါဝင်ပိုင်ခွင့်ရှိသည်။ နိုင်ငံရေးသည် အပြုသဘောဆောင်သော အရာတစ်ခုမဟုတ်သော်လည်း အပျက်သဘောဆောင်သည်ဟုလည်း မဆိုနိုင်ပေ။ ယင်းသည် လူ့အဖွဲ့အစည်းဆိုရာ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် မလွဲမသွေ တည်ရှိနေသည့် အရာတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး ဆွေးနွေးခြင်းကို နှစ်သက်ရုံမျှနှစ်သက်ခြင်းသည် လူတစ်ဦး၏ ကိုယ်ကျင့်စရိုက် မည်သို့ရှိသည်ကို မညွှန်ပြပေ။ ယင်းသည် အကကို နှစ်သက်သော လူတစ်ဦးကဲ့သို့ပင်ဖြစ်သည်။ သင်သည် ဤလူက သွေဖည်သည် သို့မဟုတ် လုပ်သင့်လုပ်ထိုက်သော အလုပ်တာဝန်များကို ပါဝင်လုပ်ဆောင်ခြင်းမရှိဟု ပြော၍မရပေ။ တစ်စုံတစ်ဦးသည် အီလက်ထရောနစ် ထုတ်ကုန်များကို နှစ်သက်ပါက ဤလူသည် ကြီးမားသော အမှုအရာများကို လုပ်ဆောင်နိုင်စွမ်းရှိသည် သို့မဟုတ် အပြုသဘောဆောင်သော ပုဂ္ဂိုလ်ဖြစ်သည်ဟုလည်း မဆိုနိုင်ပေ။ ထိုသို့သော အကဲဖြတ်မှုမျိုးသည် မှန်ကန်မည်လော။ (မှန်ကန်မည် မဟုတ်ပါ။) သို့ဆိုလျှင် ဤအရာကို မည်သို့ အကဲဖြတ်သင့်သနည်း။ ယင်းသည် သင်၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများဖြင့် သင် မည်သည့်အရာ လုပ်ဆောင်သည်ဟူသည့်အပေါ် မူတည်သည်။ သင်သည် တရားမျှတသော အကြောင်းတရားတစ်ခုကို ပါဝင်လုပ်ဆောင်ပါက သင်၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများသည် အကျိုးရှိသော စံတန်ဖိုးကို ဖန်တီးနိုင်သည်။ သင်သည် အပျက်သဘောဆောင်သော အရာများ၊ လူတို့ကို ထိခိုက်စေပြီး ၎င်းတို့၏ အကျိုးစီးပွားကို ပျက်စီးစေသော အရာများအား လုပ်ဆောင်ရန် သင်၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများကို အသုံးပြုပါက သင်၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများသည် အပျက်သဘောဆောင်သည်ဟု မဆိုနိုင်သေးပေ၊ ထိုအစား သင်၏ လူ့သဘာဝက မကောင်းသည့်အပြင် သင် လျှောက်လှမ်းသော လမ်းကြောင်း မှားယွင်းသည်ဟု ဆိုလိုပေသည်။ သင်သည် မကောင်းသောအရာများကို လုပ်ဆောင်ရန် သင်၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများကို အသုံးပြုကောင်းပြုနိုင်သော်လည်း သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများ၊ အားသာချက်များနှင့် ဆက်စပ်သော လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အသိပညာတို့သည် ယင်းတို့ကိုယ်၌က အပျက်သဘောဆောင်ခြင်း မရှိပေ။ သင့်အနေဖြင့် မည်သည့် စိတ်ဝင်စားမှုများနှင့် ဝါသနာများ ရှိသည်ဖြစ်စေ ယင်းတို့သည် သင် အသုံးပြုရန်အတွက် ဖြစ်သည်။ သင်သည် လမ်းကြောင်းမှန်ကို လျှောက်လှမ်းပါက သင်၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများဖြင့် သင် လုပ်ဆောင်သည့်အရာသည် တရားမျှတပေသည်။ သင်သည် လမ်းကြောင်းမှန်ကို မလျှောက်လှမ်းပါက သင်၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများကို အသုံးပြု၍ သင် လုပ်ဆောင်သည့်အရာသည် တရားမျှတခြင်းမရှိဘဲ ဆိုးယုတ်ပေသည်။ ဥပမာအားဖြင့် ကွန်ပျူတာသည် စက်တစ်ခုမျှသာဖြစ်သည်။ ယင်းသည် နည်းပညာဆိုင်ရာ ကိရိယာတစ်ခုဖြစ်သည်။ သင်သည် ကွန်ပျူတာကို စုဝေးပွဲများ၊ တရားဒေသနာများနှင့် ဧဝံဂေလိတရား ဟောပြောခြင်းအတွက် အသုံးပြုနိုင်သော်လည်း တစ်ချိန်တည်းတွင်ပင် မကောင်းသောလူများနှင့် ဆိုးယုတ်သောလူများစွာသည်လည်း ဆိုးယုတ်သောအရာများကို လုပ်ဆောင်ရန် ကွန်ပျူတာများကို အသုံးပြုနိုင်ပေသည်။ သို့ဖြစ်၍ ကွန်ပျူတာကို တရားမျှတသော အကြောင်းတရားတစ်ခုကို ပါဝင်လုပ်ဆောင်ရန် အသုံးပြုသောအခါ ကွန်ပျူတာကိုယ်၌က တရားမျှတသည်ဟု သင် ဆို၍မရပေ။ ထိုနည်းတူစွာ ဆိုးယုတ်သော အမှုအရာများ လုပ်ဆောင်ရန် ကွန်ပျူတာကို အသုံးပြုသောအခါ ကွန်ပျူတာကိုယ်၌က ဆိုးယုတ်သည်ဟု သင် ဆို၍မရပေ။ သင် နားလည်ပြီလော။ (နားလည်ပါသည်။) ထိုနည်းတူစွာ နိုင်ငံရေး ဆွေးနွေးရန် နှစ်သက်သောလူများအတွက် နိုင်ငံရေး ဆွေးနွေးခြင်းကို နှစ်သက်ခြင်းနှင့်ဆိုင်သည့် ဤသရုပ်သကန်သည် စိတ်ဝင်စားမှုနှင့် ဝါသနာတစ်ခုဖြစ်သည်။ ယင်းသည် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရ၏ ကိစ္စရပ်များနှင့် မသက်ဆိုင်ပေ။ ထို့အပြင် နိုင်ငံရေး ဆွေးနွေးရန် နှစ်သက်သူများသည် နိုင်ငံရေး အကြောင်းအရာများကို နှစ်သက်ကြသည်။ ၎င်းတို့သည် အမှားအမှန် ကိစ္စရပ်များကို ဆွေးနွေးရန်နှင့် နိုင်ငံရေးဆိုင်ရာ အမြင်ရှုထောင့်များနှင့် ဆက်စပ်သည့် အချို့သော အကြောင်းအရာများအပေါ် အခြားသူများနှင့် ငြင်းခုံရန် အမြဲ နှစ်သက်ကြသည်။ အချို့သည် ကျော်ကြားသူများ၊ ကြီးမြတ်သော ပုဂ္ဂိုလ်များနှင့် ဆက်စပ်သော အကြောင်းအရာများကို အထူးသဖြင့် စိတ်ဝင်စားကြစဉ်တွင် အချို့သည် လူ့အဖွဲ့အစည်း၏ အမှောင်ဘက်ခြမ်းများကို ဖော်ထုတ်သည့် အကြောင်းအရာများကို အထူးသဖြင့် စိတ်ဝင်စားကြသည်။ သို့သော် မည်သို့ပင်ဖြစ်စေ နိုင်ငံရေး ဆွေးနွေးရန် နှစ်သက်သူများသည် သမ္မာတရားကို မပိုင်ဆိုင်ကြသည့်အပြင် ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် နေရာမရှိပေ။ ဤသည်မှာ လုံးဝ သေချာသည်။ ကောင်းပေပြီ၊ နိုင်ငံရေး ဆွေးနွေးခြင်းကို နှစ်သက်ခြင်း ကိစ္စနှင့်ပတ်သက်၍ ငါတို့၏ ဆွေးနွေးမှုမှာ ထိုမျှသာ ဖြစ်သည်။
နိုင်ငံရေးအကြောင်း ဆွေးနွေးပြောဆိုခြင်းကို နှစ်သက်ခြင်းသည် အချို့သောလူများ၏ စိတ်ဝင်စားမှုနှင့် ဝါသနာတစ်ခု ဖြစ်သည်။ ဆက်လက်၍၊ ဤဆွေးနွေးမှုကို နောက်တစ်ဆင့်တိုးပြီး နိုင်ငံရေးတွင် ပါဝင်ရခြင်းကို နှစ်သက်ခြင်းအကြောင်း ပြောဆိုကြစို့။ နိုင်ငံရေးတွင် ပါဝင်ရခြင်းကို နှစ်သက်ခြင်းသည် နိုင်ငံရေးအကြောင်း ဆွေးနွေးပြောဆိုခြင်းကို နှစ်သက်ခြင်းနှင့် မတူပေ။ ယင်းတွင် လုပ်ဆောင်ချက် ပါဝင်သည်။ နိုင်ငံရေးတွင် ပါဝင်ရခြင်းကို နှစ်သက်ခြင်းသည် ညစာစားပြီးချိန် စကားစမြည်ပြောဆိုသည့် အကြောင်းအရာတစ်မျိုး သို့မဟုတ် ဖျော်ဖြေမှုတစ်မျိုးမျှသာ မဟုတ်သည့်အပြင် စိတ်ဝင်စားမှုများနှင့် ဝါသနာများ သို့မဟုတ် နိုင်ငံရေးကို ဂရုစိုက်ခြင်းအဆင့်တွင်သာ ရှိမနေပေ။ ထို့ထက် ယင်းသည် လူတစ်ဦး လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် သက်ဆိုင်သည်။ သို့ဆိုလျှင် နိုင်ငံရေးတွင် ပါဝင်ရခြင်းကို နှစ်သက်သူတို့သည် မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းကြသနည်း။ ဤသည်မှာ ၎င်းတို့၏ လူ့သဘောဝနှင့် သက်ဆိုင်သလော။ (သက်ဆိုင်ပါသည်။) သို့ဖြစ်လျှင် နိုင်ငံရေးတွင် ပါဝင်ရခြင်းကို နှစ်သက်ခြင်းအား မည်သည့်အရာအဖြစ် အမျိုးအစားခွဲခြားသင့်သနည်း။ ဤသည်မှာ သင်တို့အားလုံးအတွက် ခက်ခဲသော မေးခွန်းတစ်ခုဖြစ်သည်။ သင်တို့သည် ဤအရာကို ထွင်းဖောက်မမြင်နိုင်ကြပေ။ သို့ဆိုလျှင် ဤအကြောင်းကို မိတ်သဟာယဖွဲ့ကြစို့။ လူ့အလွှာပေါင်းစုံတွင် နိုင်ငံရေးအကြောင်း ဆွေးနွေးပြောဆိုခြင်းကို နှစ်သက်သောလူများ ရှိကြသည်။ သင်မြင်သည့်အတိုင်း လယ်သမားများသည် လူ့အဖွဲ့အစည်း၏ အောက်ခြေအလွှာတွင် နေထိုင်ကြသော်လည်း ၎င်းတို့ထဲမှ အချို့သည် နိုင်ငံရေး၏ အထက်တန်းလွှာများနှင့် သက်ဆိုင်သော ကိစ္စရပ်များအကြောင်း များစွာသိရှိကြပြီး နိုင်ငံရေးနှင့် သက်ဆိုင်သော ရှုထောင့်အချို့ကို ဖော်ပြနိုင်ကြသည်။ စီးပွားရေးလုပ်ငန်းနှင့် စီးပွားရေးရာများတွင် ပါဝင်လုပ်ကိုင်သူများသည်လည်း နိုင်ငံရေးအကြောင်း ဆွေးနွေးကြပြီး အနုပညာနှင့် ပညာရေးနယ်ပယ်တွင်ရှိသည့် သူများပင်လျှင် နိုင်ငံရေးအကြောင်း ဆွေးနွေးကြသည်။ ဆိုလိုသည်မှာ နယ်ပယ်မျိုးစုံတွင် နိုင်ငံရေးအကြောင်း ဆွေးနွေးပြောဆိုခြင်းကို နှစ်သက်ပြီး နိုင်ငံရေးအကြောင်းအရာများကို စိတ်ဝင်စားသောသူများ ရှိကြသည်။ လူတစ်ဦးသည် မည်သည့်နယ်ပယ်တွင် ပါဝင်သည်ဖြစ်စေ နိုင်ငံရေးအကြောင်း ဆွေးနွေးပြောဆိုခြင်းကို ၎င်းတို့ နှစ်သက်ပါက ယင်းမှာ ၎င်းတို့တွင် နိုင်ငံရေးကို စိတ်ပါဝင်စားမှုတစ်ခု ရှိသောကြောင့် လုံးလုံး ဖြစ်ပေသည်။ ဤစိတ်ဝင်စားမှုသည် ၎င်းတို့၏ ပင်ကိုအစွမ်းအစနှင့်လည်းကောင်း၊ ၎င်းတို့၏ ရှုထောင့်အမြင် မြင့်မားမှုနှင့်လည်းကောင်း ဆက်စပ်မှုတစ်ခုခု ရှိသည်။ ၎င်းတို့သည် နိုင်ငံရေးအာဏာ၏ နယ်ပယ်အတွင်းရှိ ကိစ္စရပ်များကို သဘောပေါက်နိုင်ကြသောကြောင့် အခါအားလျော်စွာ မိမိတို့၏ ကိုယ်ပိုင်ရှုထောင့်များကို ဖော်ပြကြသည်။ ၎င်းတို့၏ သရုပ်သကန်များသည် မွေးရာပါ အခြေအနေများအတွင်းရှိ စိတ်ဝင်စားမှုနှင့် ဝါသနာအဆင့်တွင် ရှိနေသည်။ သို့သော် နိုင်ငံရေးတွင် ပါဝင်ခြင်းဆိုသည်မှာ အတွေးအမြင်အဆင့်တွင်ရှိသည့် ဤစိတ်ဝင်စားမှုနှင့် ဝါသနာကို ကျေနပ်နေခြင်းအား မဆိုလိုပေ။ ထို့ထက် ယင်းသည် မိမိ၏ မူလနယ်ပယ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးအလုပ်တွင် ပါဝင်ရန် ရွေးချယ်ခြင်း၊ နိုင်ငံရေးစင်မြင့်ပေါ်သို့ တက်ခြင်းနှင့် နိုင်ငံရေးသမားများနှင့် ပေါင်းသင်းဆက်ဆံခြင်းတို့ကို ဆိုလိုသည်။ သို့ဆိုလျှင် ထိုသို့သောလူများနှင့် ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ နိုင်ငံရေးတွင် ပါဝင်ရခြင်းကို နှစ်သက်သော ဤလူစားမျိုးသည် ထုံးစံအတိုင်း နိုင်ငံရေးအကြောင်း များများစားစား မဆွေးနွေးတတ်ပေ။ သို့သော် မည်သည့် အသက်မွေးဝမ်းကျောင်းအလုပ်ကို ၎င်းတို့ ရွေးချယ်သည်ဖြစ်စေ နိုင်ငံရေးနှင့် မဆက်စပ်သောအလုပ်ကို ၎င်းတို့ ပါဝင်လုပ်ကိုင်နေသရွေ့ ၎င်းတို့သည် ထိုအလုပ်ကို စိတ်မဝင်စားသည့်အပြင် မိမိတို့၏ အလားအလာများက မျှော်လင့်အားရဖွယ်မရှိဟု ခံစားရသည်။ သို့သော် နိုင်ငံရေးတွင် ပါဝင်ခြင်းအကြောင်း ပါလာသောအခါ့၊ ၎င်းတို့၏ မျက်လုံးများက လိုအင်ဆန္ဒဖြင့် လင်းလက်သွားပြီး ၎င်းတို့၏ စိတ်ဝင်စားမှုက နိုးကြွလာသည်။ တစ်စုံတစ်ဦးက မြို့တော်ဝန်၊ အုပ်ချုပ်ရေးမှူး၊ လွှတ်တော်အမတ် သို့မဟုတ် သမ္မတရာထူးအတွက် ယှဉ်ပြိုင်နေသည်ဟု ၎င်းတို့ ကြားသောအခါ မိမိတို့၏ စိတ်နှလုံးထဲတွင် ဆုံးရှုံးသည့်ခံစားချက်တစ်ခု ခံစားရပြီး မိမိတို့ကိုယ်တိုင် ပါဝင်ရန် နည်းလမ်းများကို ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်။ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် အာဏာအတွက် အလွန်ကြီးမားသော လိုအင်ဆန္ဒရှိသည့် လူစားမျိုး မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤလူစားမျိုးသည် မိမိ၏ လူ့သဘောဝအတွင်း၌ ပုံမှန်ထက်ပိုသောအရာ မည်သည့်အရာရှိသနည်း။ ၎င်းတို့သည် ငွေကို အလွန်အမင်း စွဲလမ်းသလော သို့မဟုတ် အာဏာကို အလွန်အမင်း စွဲလမ်းသလော။ (၎င်းတို့က အာဏာကို အလွန်အမင်း စွဲလမ်းပါသည်။) ၎င်းတို့သည် အာဏာကို မိမိတို့၏ တကယ့်အသက်ကဲ့သို့ ရှုမြင်လျက်၊ မိမိတို့၏ တစ်သက်တာလုံး လိုက်စားရမည့် ပန်းတိုင်တစ်ခုအဖြစ် မှတ်ယူရင်း အရာအားလုံး၏ အထက်တွင်ရှိသည်ဟု ရှုမြင်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် အတိအကျအားဖြင့် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မိမိတို့၏ လူ့သဘာဝတွင် သာမန်လူများ မရှိသည့် ပုံမှန်ထက်ပိုသောအရာ မည်သည့်အရာရှိသနည်း။ (ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ ဖြစ်ပါသည်။) ၎င်းတို့အနေဖြင့် မည်သည့်အရာကို လုပ်ဆောင်ရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ ရှိကြသနည်း။ (အာဏာကို ကိုင်စွဲရန် ဖြစ်ပါသည်။) အာဏာကိုင်စွဲခြင်းက ၎င်းတို့ကို ဆောင်ကြဉ်းပေးသည့် တိုက်ရိုက်အကျဆုံးသော အကျိုးကျေးဇူးမှာ အဘယ်နည်း။ (အဆင့်အတန်းရရှိခြင်းနှင့် အခြားသူများ၏ အထင်ကြီးလေးစားမှုကို ခံရခြင်း ဖြစ်ပါသည်။) ထိုအရာများသည် အရေးပါသော အကျိုးကျေးဇူးမဟုတ်ဘဲ သာမည ဖြစ်သည်။ (၎င်းတို့သည် လူများကို ထိန်းချုပ်လိုပါသည်။) ယင်းမှာ နီးစပ်ပေသည်။ လူတစ်ဦးသည် ရာထူးကိုင်စွဲခြင်းကို နှစ်သက်သော်လည်း သူကိုင်စွဲထားသော ရာထူးသည် အနှစ်မဲ့သော ဂုဏ်ပုဒ်တစ်ခုမျှသာဖြစ်ကာ သူ၏ လက်အောက်တွင် လက်အောက်ငယ်သား တစ်ဦးတစ်ယောက်မျှ မရှိပါက ဤသည်ကို အာဏာရှိခြင်းအဖြစ် မှတ်ယူ၍ရနိုင်သလော။ (မရနိုင်ပါ။) ဤသည်ကို အာဏာရှိခြင်းအဖြစ် မှတ်ယူ၍မရနိုင်ပေ။ ၎င်းတို့တွင် အထူးအခွင့်အရေးများ မရှိသည့်အပြင် ရာထူးကိုင်စွဲခြင်း၏ မည်သည့်အကျိုးကျေးဇူးကိုမျှ မခံစားရပေ။ ၎င်းတို့၏ အမြင်တွင် ထိုသို့သော ရာထူးတစ်ခုကို ကိုင်စွဲခြင်းသည် တကယ့် တန်ဖိုးတစ်ခုတလေ ရှိသလော။ (မရှိပါ။) သို့ဖြစ်၍ ဤလူစားမျိုးတွင် အခြားသူများ၌ မရှိသော အရာတစ်ခုရှိသည်၊ ယင်းမှာ အာဏာအတွက် အလွန့်အလွန် ပြင်းထန်သော ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ ဖြစ်သည်။ ၎င်းတို့တွင် ဤရည်မှန်းချက်နှင့် လိုအင်ဆန္ဒမျိုးရှိသောကြောင့် ၎င်းတို့ စွမ်းဆောင်ရရှိလိုသော ပန်းတိုင်သည် အခြားသူများ၏ အထင်ကြီးလေးစားခြင်း၊ ပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်း သို့မဟုတ် မနာလိုအားကျခြင်းကို ခံရရုံမျှလောက် ရိုးရှင်းသော အရာတစ်ခုမဟုတ်ဘဲ ထိုအစား ၎င်းတို့သည် ရာထူးကိုင်စွဲရန်၊ အဆုံးအဖြတ်ပေးရန်နှင့် အခြားသူများကို ဦးဆောင်ရန် ဆန္ဒရှိကြသည်။ ၎င်းတို့တွင် ဤရည်မှန်းချက်နှင့် လိုအင်ဆန္ဒရှိသည်၊ ၎င်းတို့တွင် အဆင့်အတန်းမရှိပါက မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိနိုင်သလော။ တစ်ဦးတလေက ၎င်းတို့စကားကို နားထောင်လိမ့်မည်လော။ လုံးဝနားထောင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့သည် အဆင့်အတန်းရရှိရန် စိတ်ပိုင်းဖြတ်ထားကြသည်။ ၎င်းတို့တွင် အဆင့်အတန်းရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့စကားပြောသောအခါ နားထောင်မည့်သူများ ရှိလိမ့်မည်ဖြစ်ပြီး အခြားသူများအား တစ်စုံတစ်ခုလုပ်ရန် တောင်းဆိုသောအခါ နာခံပြီး လိုက်နာမည့်သူများ ရှိလိမ့်မည်ဖြစ်သည်။ ထိုအခါ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ၊ ၎င်းတို့ ပြီးမြောက်လိုသည့်အရာသည် လက်တွေ့ဖြစ်လာနိုင်ပေသည်။ နိုင်ငံရေးတွင် ပါဝင်ရခြင်းကို နှစ်သက်သူများအား မြင့်မြတ်ပြီး ရည်မှန်းချက်ကြီးသူများအဖြစ် ကောင်းမွန်သော ဝေါဟာရများဖြင့် ဖော်ပြကောင်းဖော်ပြနိုင်သော်လည်း မကွယ်မထောင့်ပြောရလျှင်၊ ၎င်းတို့သည် ရာထူးကိုင်စွဲခြင်းကို စွဲလမ်းကြပေသည်။ ၎င်းတို့သည် ရာထူးကိုင်စွဲခြင်းကို တကယ် နှစ်သက်ကြသည်။ ၎င်းတို့ ရာထူးမကိုင်စွဲသောအခါ အဆုံးအဖြတ်မပေးနိုင်သည့်အပြင် ဦးဆောင်ရန် လက်အောက်ငယ်သား အနည်းငယ် မရှိသောကြောင့် စိတ်ဓာတ်ကျပြီး ဘဝသည် မျှော်လင့်အားရဖွယ်မရှိဟု ခံစားရသည်။ သို့သော် ၎င်းတို့ ရာထူးကိုင်စွဲရသည်နှင့်တစ်ပြိုင်နက် စကားပြောသောအခါ နားထောင်မည့်သူများရှိပြီး နောက်လိုက်များ ရှိကာ အကျိုးဆက်အနေဖြင့် ဘဝက ပျော်ရွှင်ဖွယ်ကောင်းသည်ဟု ၎င်းတို့ ခံစားရသည်။ သို့ဆိုလျှင် ၎င်းတို့၏ လူ့သဘောဝနှင့် ပတ်သက်၍ ပြဿနာတစ်ခု ရှိသလော။ (ရှိပါသည်။) ဤသည်ကို ၎င်းတို့ လူ့သဘောဝ၏ ချွတ်ယွင်းချက်ဟု ခေါ်၍ရနိုင်သလော။ (ခေါ်၍မရနိုင်ပါ။) ယင်းမှာ ထိုမျှမရိုးရှင်းသည်မှာ သေချာသည်။ သို့ဆိုလျှင် ဤသည်မှာ မည်သည့် ပြဿနာမျိုး ဖြစ်သနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ပါသည်။) ၎င်းတို့၏ လူ့သဘောဝအရ ဤလူစားမျိုးသည် ယုံကြည်စိတ်ချရသလော။ (ယုံကြည်စိတ်ချရခြင်း မရှိပါ။) သို့ဆိုလျှင် ၎င်းတို့၏ အကျင့်စရိုက်သည် ကောင်းမွန်သလော။ (မကောင်းမွန်ပါ။) အဘယ်ကြောင့် မကောင်းမွန်သနည်း။ (၎င်းတို့သည် လူများကို အမြဲ ထိန်းချုပ်လိုပြီး အမြဲ အဆုံးအဖြတ်ပေးလိုကြပါသည်။) ဤလူစားမျိုးတွင် အဆင့်အတန်းအတွက် အထူးသဖြင့် ပြင်းထန်သော လိုအင်ဆန္ဒတစ်ခု ရှိသည်။ ၎င်းတို့သည် အဆုံးအဖြတ်ပေးရန် အခွင့်အလမ်းအမျိုးမျိုးကို အမြဲ ရှာလိုကြပြီး ခေါင်းဆောင်မှုနေရာတွင် အမြဲရှိချင်ကြကာ အခြားသူများကို ထိန်းချုပ်လိုကြသည်။ ထိုသို့သောလူများသည် ယုံကြည်စိတ်ချ၍မရသည့်အပြင် ၎င်းတို့၏ အကျင့်စရိုက်သည်လည်း မကောင်းပေ။ ဘုရားသခင်၏ အိမ်တော်တွင် ဤလူစားမျိုး အတော်များများ ရှိသည်။ ဘုရားသခင်၏ အိမ်တော်က ၎င်းတို့ကို အလုပ်ကိစ္စတစ်ခုအား ကြီးကြပ်စေပါက၊ ဤသည်မှာ ၎င်းတို့အနေဖြင့် ရာထူးစွဲကိုင်ခြင်းနှင့် ခေါင်းဆောင်မှုနေရာတွင် အစေခံရခြင်းအား ဆိုလိုကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေလိမ့်မည်လော။ ၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်လိမ့်မည်လော။ (ဖော်လိမ့်မည် မဟုတ်ပါ။) ၎င်းတို့အနေဖြင့် ကြီးကြပ်ရေးမှူး သို့မဟုတ် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းကို ရာထူးစွဲကိုင်ခြင်းအဖြစ် မှတ်ယူပါက အလုပ်အစီအစဉ်များကို သေချာပေါက် အကောင်အထည်ဖော်လိမ့်မည် မဟုတ်သည့်အပြင် တကယ့်အလုပ်ကိုလည်း သေချာပေါက် လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်လိမ့်မည်နည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်ကြလိမ့်မည်၊ မိမိတို့၏ ကိုယ်ပိုင်သြဇာအာဏာကို တည်ဆောက်ကြလိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းကို ခိုင်မာစေလိမ့်မည်ဖြစ်ပြီး မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်များကို မိမိတို့လက်အောက်တွင်ရှိသည့်သူများထံ ဆက်သွယ်ပြောကြားကာ အလုပ်အစီအစဉ်များ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားတို့ကို ပျက်ပြယ်စေလျက် လူတို့အား ၎င်းတို့စကားကို နားထောင်စေလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ထိုသို့သောလူများ၏ အနှစ်သာရ အတိအကျပင် ဖြစ်သည်။ ၎င်းတို့တွင် အဆင့်အတန်းမရှိသောအခါ ယင်းကို အစွမ်းကုန် လိုက်စားကြပြီး အဆင့်အတန်းရရှိသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ၎င်းတို့အတွက် အခွင့်အရေးတစ်ခုကို ရှာတွေ့ပြီဟု ဆိုလိုသည်။ မည်သည့်အရာကို လုပ်ဆောင်ရန် အခွင့်အရေး ဖြစ်သနည်း။ ဖြစ်နိုင်သည့် အကြီးမားဆုံး အတိုင်းအတာအထိ မိမိတို့၏ ကိုယ်ပိုင်ရည်မှန်းချက်ကို ဖြည့်ဆည်းပြီး မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းကို ခိုင်မာစေရန် ဖြစ်သည်။ ၎င်းတို့သည် ရာထူးကိုင်စွဲရန်ဖြစ်သည့် မိမိတို့၏ ကိုယ်ပိုင်ရည်မှန်းချက်နှင့် စွဲလမ်းမှုကို ဖြည့်ဆည်းရန် ထိုသို့သော အခွင့်အရေးတစ်ခုကို အသုံးပြုကြသည်။
နိုင်ငံရေးတွင် ပါဝင်ရခြင်းကို နှစ်သက်ခြင်းသည် မကောင်းသော အကျင့်စရိုက်နှင့်သက်ဆိုင်သည့်အပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်လည်း သက်ဆိုင်ပေသည်။ ဤနေရာတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မည်မျှ ပါဝင်သနည်း။ (မာနထောင်လွှားခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ ဖြစ်ပါသည်။) မာနထောင်လွှားခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် စိတ်နှလုံးမာကျောခြင်းဟူသည့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားလုံး ရှိနေသည်။ တစ်ခုမကျန် ရှိနေသည်။ သို့ဆိုလျှင် ဤနေရာတွင် အပြင်းထန်ဆုံးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းမှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်၊ အထင်ရှားဆုံးဖြစ်သော ထူးခြားသည့် လက္ခဏာစစ်စစ်မှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။ နိုင်ငံရေးတွင် ပါဝင်ရခြင်းကို နှစ်သက်သောသူများအတွက်၊ ၎င်းတို့သည် နိုင်ငံရေးတွင် ပါဝင်လိုသော်လည်း အခွင့်အရေးမရရှိ သို့မဟုတ် နိုင်ငံရေးအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်ရန် နည်းလမ်းမတွေ့ရှိဘဲလျက် လောကတွင် မဖြစ်မြောက်သည့်အပြင် အောင်မြင်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ အိမ်တော်သို့ ရောက်လာသောအခါ ၎င်းတို့၏ ရည်မှန်းချက်က မကွယ်ပျောက်ပေ။ ၎င်းတို့သည် နိုင်ငံရေးတွင် ပါဝင်လိုနေဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အဆင့်အသီးသီးရှိ ခေါင်းဆောင်များ ရွေးကောက်ပွဲကို အစိုးရအရာရှိများ ရွေးကောက်ပွဲတစ်ခုဖြစ်သည့်အလား သဘောထားကြသည်။ ထိုသို့သော ရွေးကောက်ပွဲတစ်ခု ရှိသည့်အခါတိုင်းတွင် ၎င်းတို့သည် နေရာတိုင်းရှိ လူများကို ၎င်းတို့အား မဲပေးရန် စည်းရုံးလျက်၊ ပါဝင်ရန် တကဲကဲ ဖြစ်နေကြသည်။ ၎င်းတို့ ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ယင်းကို ရာထူးကိုင်စွဲခြင်း၊ မိမိတို့ကိုယ်တိုင်အတွက် အဆင့်အတန်းကို ကိုင်စွဲထားခြင်း၊ အာဏာကို ရယူခြင်းနှင့် မိမိတို့အလိုရှိသည့်အတိုင်း လုပ်ဆောင်ခြင်းအဖြစ် မြင်ကြသည်။ ၎င်းတို့သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားရန်သာ ဂရုစိုက်လျက်၊ မိမိတို့အလိုရှိသည့် မည်သည့်ပုံစံဖြင့်မဆို ပြုမူကြပြီး ဘုရားသခင်၏ အိမ်တော်က ၎င်းတို့အား တာဝန်ပေးထားသော အလုပ်နှင့် ၎င်းတို့ ထမ်းဆောင်သင့်သော တာဝန်ကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် မိမိတို့ကြိုက်နှစ်သက်ရာနှင့် လုပ်လိုရာမှန်သမျှကို လုပ်ဆောင်ကာ မိမိတို့၏ ကိုယ်ပိုင်သြဇာအာဏာကို တည်ဆောက်နိုင်စေရန်၊ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းကို ခိုင်မာစေရန်၊ အခြားသူများကို ၎င်းတို့စကား နားထောင်စေရန်နှင့် ရာထူးကိုင်စွဲခြင်းအား မိမိတို့၏ စွဲလမ်းမှုကို အပြည့်အဝ ဖြည့်ဆည်းရန် ဖြစ်နိုင်စေသည့် မည်သည့်နည်းလမ်းဖြင့်မဆို ပြုမူလျက် ခေါင်းဆောင်တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းအား ရာထူးကိုင်စွဲခြင်းကဲ့သို့ သဘောထားကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ် သို့မဟုတ် အလုပ်အစီအစဉ်များ၏ သတ်မှတ်ချက်များကို မစဉ်းစားကြပေ။ ဤလူစားမျိုးများသည် အလွန်အန္တရာယ်များလှသည်၊ ၎င်းတို့သည် အန္တိခရစ်များအဖြစ် ထုတ်ဖော်ခြင်းမခံရသေးလျှင်ပင် တက်သစ်စ အန္တိခရစ်များ ဖြစ်ကြသည်။ နိုင်ငံရေးတွင် ပါဝင်ရခြင်းကို နှစ်သက်သူများထဲတွင် လူကောင်းတစ်ဦးတလေ ရှိသလော။ မရှိ၊ လူကောင်းတစ်ဦးတလေမျှ မရှိပေ။ အာဏာအတွက် ပြင်းထန်သော လိုအင်ဆန္ဒရှိသူများသည် သမ္မာတရားကို ချစ်နိုင်ဖွယ်မရှိပေ။ ၎င်းတို့တွင် အာဏာအတွက် အလွန်အမင်း ပြင်းထန်သော လိုအင်ဆန္ဒရှိသောကြောင့် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အာဏာအတွက် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် လိုက်စားမှုကို ဖိနှိပ်နိုင်ခြင်းမရှိ သို့မဟုတ် ချုပ်တည်းနိုင်ခြင်းမရှိပေ။ လူတစ်ဦးသည် နိုင်ငံရေးတွင် ပါဝင်ရခြင်းကို နှစ်သက်လျှင် သို့မဟုတ် ထိုသို့လုပ်ဆောင်ခြင်းအား အလွန်အမင်း စွဲလမ်းပြီး ထိုသို့လုပ်ဆောင်ရန် ပြင်းပြသော လိုအင်ဆန္ဒရှိပါက ဤသည်မှာ ၎င်းတို့တွင် အဆင့်အတန်းနှင့် အာဏာအတွက် ပြင်းထန်သော ရည်မှန်းချက်ရှိသည်ဟု ဆိုလိုသည်။ ၎င်းတို့ ပြုမူကျင့်ကြံပုံ၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အခြေခံအကြောင်းရင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအားဖြင့် ဆုံးဖြတ်ခြင်းထက် ၎င်းတို့ အာဏာရနိုင်ခြင်း ရှိမရှိဟူသည်နှင့် ၎င်းတို့၏ ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိဟူသည်တို့အပေါ်တွင် လုံးလုံး မူတည်သည်။ ဤအကြောင်းကြောင့် ထိုသို့သောလူများ၏ လူ့သဘောဝသည် ကြောက်လန့်ဖွယ်ကောင်းသည်။ အာဏာအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်နှင့်အာဏာရရှိရန်အလို့ငှာ ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိပြီး မည်သည့်အရာကိုမဆို စတေးနိုင်စွမ်းရှိသည်။ မိမိတို့ အရင်းနှီးဆုံးနှင့် အချစ်မြတ်နိုးဆုံးသော လူများကိုပင် စတေးနိုင်စွမ်းရှိကြသည်။ ဤအချက်ကို အခြေခံ၍ အကဲဖြတ်သည့်အခါ၊ ထိုသို့သောလူများတွင် လူ့သဘောဝ ရှိသလော။ (မရှိပါ။) ဥပမာအားဖြင့်၊ အမျိုးသားတစ်ဦးသည် နိုင်ငံရေးတွင် ပါဝင်ရခြင်းကို နှစ်သက်ပြီး အာဏာအတွက် အလွန့်အလွန် ပြင်းထန်သော လိုအင်ဆန္ဒရှိသည် ဆိုပါစို့။ နိုင်ငံရေးတွင် ပါဝင်ရန်နှင့် သူမျှော်မှန်းသော အဆင့်အတန်းနှင့် အာဏာကို ရရှိရန် အခွင့်အရေးတစ်ခု ပေါ်ပေါက်လာသောအခါ၊ သူလိုက်စားသော အဆင့်အတန်းကို ရရှိရန် သူချစ်သော အမျိုးသမီးကို စတေးရမည်ဆိုပါက ထိုသို့လုပ်ဆောင်ရန် သူ တုံ့ဆိုင်းလိမ့်မည်မဟုတ်ပေ။ သူသည် လုံးဝ သနားကြင်နာတတ်လိမ့်မည် မဟုတ်။ အချို့လူများသည် အဆင့်အတန်းရရှိရန် မိမိတို့၏ မိဘများကိုပင် စတေးဖို့ တုံ့ဆိုင်းမည်မဟုတ်ပေ။ မည်သူ့ကိုမဆို ၎င်းတို့ စတေးနိုင်စွမ်းရှိကြသည်။ ၎င်းတို့ မည်သည့်အခါတွင်မျှ လက်လွှတ်လိမ့်မည်မဟုတ်သည့် တစ်ခုတည်းသောအရာမှာ အဆင့်အတန်း ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် အဆင့်အတန်းအတွက် လဲလှယ်ရန် မည်သည့်လူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာကိုမဆို စျေးညှိသည့်တိုကင်ပြားနှင့် အဖိုးအခအဖြစ် အသုံးပြုကောင်းပြုနိုင်သည်။ သို့ဆိုလျှင် ထိုသို့သောလူများ၏ အကျင့်စရိုက်မှနေ၍ အကဲဖြတ်သည့်အခါ၊ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား အမှန်တကယ် ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) ထို့ကြောင့် ဤလူစားမျိုးသည် အလွန် ကြောက်လန့်ဖွယ်ကောင်းသည်။ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်သည် သို့မဟုတ် ၎င်းတို့တွင် အစကတည်းက အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား လုံးဝ မရှိခဲ့ခြင်း ဖြစ်နိုင်သည်၊ နှစ်မျိုးလုံး ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့် နှစ်မျိုးလုံး ဖြစ်နိုင်သည်ဟု ငါ ပြောရသနည်း။ ဤလူများသည် အဆင့်အတန်းမရှိသောအခါတွင်လည်းကောင်း၊ နိုင်ငံရေးကိစ္စများ မပါဝင်သောအခါတွင်လည်းကောင်း အခြားသူများနှင့် အလွန်အဆင်ပြေကောင်းပြေနိုင်သည်၊ လူများကို ကူညီကောင်းကူညီနိုင်သည်၊ အခြားသူများအပေါ် မည်သည့်အခါတွင်မျှ အခွင့်အရေး ယူကောင်းယူမည် မဟုတ်သည့်အပြင် အလှူအတန်းပေးနိုင်ပြီး အလွန် သည်းခံကောင်းသည်းခံနိုင်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့တွင် လူ့သဘောဝရှိပုံရပြီး ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက ပုံမှန်ဖြစ်နေပုံရသည်။ သို့သော် ၎င်းတို့၏ အရိုးထဲစွဲအောင် နှစ်သက်သောအရာမှာ အဘယ်အရာဖြစ်သည်ကို သင် မသိပေ။ သူတို့၏ အရိုးထဲစွဲနေအောင် နှစ်သက်သောအရာမှာ အဆင့်အတန်းနှင့် အာဏာဖြစ်ကြောင်း သင် သိရှိပြီး၊ သူတို့၏ လူ့သဘောဝကို သင် သတိပြုမိသောအခါတွင် သင်၏ ရှုထောင့်သည် ပြောင်းလဲသွားပြီး ၎င်းတို့၏ လူ့သဘောဝအပေါ် သင်၏ နားလည်မှုနှင့် အကဲဖြတ်မှုသည်လည်း ပြောင်းလဲသွားသည်။ အဆင့်အတန်းနှင့် အာဏာ မပါဝင်သောအခါ ၎င်းတို့သည် အခြားသူများနှင့် ထိတွေ့ဆက်ဆံသည့်အခါ ပုံမှန်အတိုင်း ပြုမူကြပြီး ရည်မွန်သာလူများကဲ့သို့ ထင်ရသည်။ သို့သော် အဆင့်အတန်းနှင့် အာဏာကို ၎င်းတို့ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အပြုအမူသည် ယခင်နှင့် မတူတော့ပေ။ သူတို့၏ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားက မည်သည့်နေရာတွင် ရှိသည်ကို သင် မမြင်နိုင်တော့ပေ။ ထိုအခါမှသာ ထိုသို့သောလူများသည် အမှန်တကယ် ကြောက်လန့်ဖွယ်ကောင်းကြောင်း သင် သဘောပေါက်သည်။ လက်စသတ်တော့ ၎င်းတို့ပြသခဲ့သော လူ့သဘောဝသည် ယာယီမျှသာဖြစ်သည်၊ ယင်းမှာ ၎င်းတို့ချစ်ခင်သော အာဏာနှင့် အဆင့်အတန်းတို့ မပါဝင်သည့် အခြေအနေများအောက်တွင် ပတ်ဝန်းကျင်တစ်ခုခုနှင့် အကျိုးကျေးဇူးအချို့၏ တွန်းအားကြောင့် ထုတ်ဖော်ပြခြင်းမျှသာ ဖြစ်သည်။ သို့သော် အဆင့်အတန်းနှင့် အာဏာ ပါဝင်ပတ်သက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စစ်မှန်သော လူ့သဘောဝသည် ထုတ်ဖော်ခြင်းခံရသည်။ ၎င်းတို့၏ စစ်မှန်သော လူ့သဘောဝကို သင် မြင်သောအခါ ၎င်းတို့ကို လူ့သဘာဝ ကင်းမဲ့သောသူများအဖြစ် သင် သတ်မှတ်လိမ့်မည်။ ဆိုလိုသည်မှာ ၎င်းတို့ စိတ်နှလုံးများ၏ အတွင်းနက်နက်နေရာများတွင်ရှိသည့် ပဓာနကျသောအရာကို သင် မမြင်မီတွင် ၎င်းတို့သည် အခြားသူများနှင့် အတော်အသင့် ကောင်းစွာ အဆင်ပြေနိုင်ပြီး လူ့သဘာဝ ကင်းမဲ့ခြင်းမရှိဟု သင် ခံစားရသည်။ သို့သော် ၎င်းတို့၏ အတွင်းစိတ်အခြေအနနှင့် ၎င်းတို့၏ လူ့သဘောဝ အနှစ်သာရကို သင် အမှန်တကယ် နားလည်ပြီး ၎င်းတို့နှစ်သက်သောအရာမှာ အဆင့်အတန်းနှင့် အာဏာဖြစ်ကြောင်းကို သင် မြင်သောအခါ ထိုသို့သောလူများတွင် လူ့သဘောဝမရှိကြောင်း၊ ၎င်းတို့သည် မျက်နှာနှစ်ဖက်ရှိကြောင်း သင် သဘောပေါက်လိမ့်မည်။ ဘာသာတရားမရှိသူများက ဤသရုပ်သကန်မျိုးကို အဘယ်သို့ ခေါ်သနည်း။ ယင်းကို ပင်ကိုစရိုက်နှစ်မျိုးကွဲခြင်းဟု ခေါ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူသားမဟုတ်သော သတ္တဝါတစ်ဦးက လူ့ကိုယ်ခန္ဓာကို ဝတ်ဆင်ထားသည်၊ အခြားသူများနှင့် ၎င်းတို့ ထိတွ့ဆက်ဆံသောအခါ ၎င်းတို့၏ စိတ်ဝိညာဉ်အတွင်းနက်နက်တွင် မည်သည့်အရာ တည်ရှိသည်ကို သင် မမြင်နိုင်သောကြောင့် ၎င်းတို့သည် ပုံမှန်လူတစ်ဦးဖြစ်သည်ဟု သင် ထင်သည်။ ၎င်းတို့က လူကောင်းတစ်ဦးဖြစ်သည်ဟုပင် သင် ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ သို့သော် ၎င်းတို့၏ အခြားဖက်ခြမ်းကို သင် မြင်သောအခါ ၎င်းတို့က လူကောင်းတစ်ဦးဖြစ်သည်ဟု သင် မတွေးထင်တော့သည်သာမက ၎င်းတို့ကို ကြောက်မက်ဖွယ်ကောင်းသည်ဟုလည်း သင် မြင်လေသည်။ ဤသည်မှာ လူသားမဟုတ်သောသူတစ်ဦး ဖြစ်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ လူသားမဟုတ်သောသူများဟူသည်မှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့ပြသသည့်အရာတွင် လူသားပုံသဏ္ဌာန် အနည်းငယ်ရှိလျှင်ပင် ယင်းမှာ စစ်မှန်သည်မဟုတ်။ ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု မရှိသောကြောင့် ၎င်းတို့၏ ရံဖန်ရံခါဖြစ်သည့် ကောင်းမွန်သော သရုပ်သကန်များသည် ၎င်းတို့၏ အနှစ်သာရကို ကိုယ်စားမပြုပေ။ ၎င်းတို့၏ လမ်းကြောင်းကို အမှန်တကယ် ရွေးချယ်သောအခါ ၎င်းတို့ပြသသည့် လူ့သဘောဝသည်သာ ၎င်းတို့၏ အနှစ်သာရ ဖြစ်သည်။ ထို့ကြောင့် သင်သည် ထိုသို့သောလူများ၏ အပြင်ပန်းပုံပန်းသဏ္ဌာန်အားဖြင့် အထင်အမြင်မှားစေခြင်းကို မခံရ။ အဓိကအချက်မှာ ၎င်းတို့လျှောက်လှမ်းသော လမ်းကြောင်းနှင့် ၎င်းတို့၏ အနှစ်သာရကို ကြည့်ရန် ဖြစ်သည်။ ယခုတွင် ဤကိစ္စကို ငါ ရှင်းလင်းစွာ ရှင်းပြပြီးပြီလော။ (ရှင်းပြပြီးပါပြီ။) သင်တို့ အဘယ်အရာကို နားလည်ကြပြီနည်း။ လူတစ်ဦးသည် နိုင်ငံရေးအကြောင်း ဆွေးနွေးခြင်းကို နှစ်သက်ပြီး ဤအရာက အတွေးအမြင်အဆင့်တွင်သာ ရှိနေကာ စိတ်ဝင်စားမှုနှင့် ဝါသနာတစ်ခုမျှသာ ဖြစ်ပါက ယင်းမှာ ပြဿနာတစ်ခု မဟုတ်ပေ။ သို့သော် ၎င်းတို့သည် နိုင်ငံရေးတွင် ပါဝင်ရခြင်းကို နှစ်သက်ပါက ယင်းမှာ အတွေးနှင့်ဆိုင်သည့် ကိစ္စရပ်တစ်ခု မဟုတ်တော့ပေ။ ယင်းတွင် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် ၎င်းတို့လျှောက်လှမ်းသော လမ်းကြောင်းနှင့်ဆိုင်သော ပြဿနာတစ်ခု ပါဝင်သည်။ ယင်းတွင် ၎င်းတို့ ကျင့်ကြံပြုမူပုံနှင့် ၎င်းတို့လျှောက်လှမ်းသော လမ်းကြောင်း ပါဝင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အကျင့်စရိုက် ပါဝင်လေသည်။ အကျင့်စရိုက် ပါဝင်သောအခါ အများအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပါဝင်သည်။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကောင်းပြီ၊ နိုင်ငံရေးတွင် ပါဝင်ရခြင်းကို နှစ်သက်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်အပေါ် ငါတို့၏ ဆွေးနွေးမှု ထိုမျှဖြင့် အဆုံးသတ်သည်။
နောက်ထပ် သရုပ်သကန်တစ်ခုဖြစ်သည့် စာပေကို နှစ်သက်ခြင်းအကြောင်း ပြောဆိုဆွေးနွေးကြစို့။ ဤသည်မှာ မည်သည့် သရုပ်သကန်မျိုး ဖြစ်သနည်း။ (မွေးရာပါ အခြေအနေတစ်ခု ဖြစ်ပါသည်။) ဆိုလိုသည်မှာ ထိုသို့သောလူများသည် ပင်ကိုအားဖြင့် စာပေကို နှစ်သက်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် စာပေကို နှစ်သက်သောကြောင့် စာပေနှင့်ဆက်စပ်သော အကြောင်းအရာများ၊ စာအုပ်များ၊ ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် အထူးနှစ်သက်မှုနှင့် သိချင်စိတ်ပြင်းပြခြင်းကို ဖော်ပြသည်၊ သို့မဟုတ် အထူးသဘောထားတစ်ခုကို ပြကြသည်။ ဤသည်မှာ မွေးရာပါအခြေအနေတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် နည်းပညာကို နှစ်သက်ခြင်းနှင့်ပတ်သက်၍ကော မည်သို့နည်း။ (ယင်းမှာ မွေးရာပါ အခြေအနေတစ်ခု ဖြစ်ပါသည်။) ဆိုလိုသည်မှာ ပြင်ပလောကမှ အရာများက ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ကြားဖြတ်နှောင့်ယှက်ခြင်း မရှိရာတွင်၊ လူတို့သည် အချို့သော အမှုအရာမျိုးများကို အလွန်စိတ်ဝင်စားကြသည်၊ ၎င်းတို့သည် ထိုစာအုပ်အမျိုးအစားများ ဖတ်ရှုရခြင်းကို နှစ်သက်ကြပြီး ထိုအကြောင်းအရာမျိုးများကို အာရုံစိုက်ခြင်းနှင့် ဆွေးနွေးခြင်းတို့ကိုလည်း နှစ်သက်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ပြင်းပြန်သောဆန္ဒမှာလည်း ထိုသို့သောအရာများနှင့် ဆက်စပ်သော အလုပ်အကိုင် သို့မဟုတ် နယ်ပယ်တစ်ခုတွင် ပါဝင်လုပ်ကိုင်ရန် ဖြစ်သည်။ ဤသည်မှာ မွေးရာပါဖြစ်သည်၊ ယင်းသည် အခြားသူများ ကြားဝင်စွက်ဖက်ရန် မလိုအပ်သည့်အပြင်၊ သင်ကြားပေးရန်လည်း မလိုအပ်ပေ။ ပြီးလျှင်၎င်းတို့၏ ဘဝအတောအတွင်းတွင် အခြားသူများက တမင်တကာ လွှမ်းမိုးရန် သို့မဟုတ် အယူဝါဒသွတ်သွင်းရန်လည်း မလိုအပ်သည်မှာ အမှန်ပင် ဖြစ်သည်။ ၎င်းတို့သည် အချို့သောအရာများကို မွေးရာပါ နှစ်သက်ကြသည်။ နည်းပညာကို နှစ်သက်ခြင်းသည် မွေးရာပါ အခြေအနေတစ်ခုဖြစ်သည်။ သို့ဆိုလျှင် အပင်များနှင့် တိရစ္ဆာန်များကို နှစ်သက်ခြင်းနှင့်ပတ်သက်၍ကော မည်သို့နည်း။ (ယင်းမှာလည်း မွေးရာပါ အခြေအနေတစ်ခု ဖြစ်ပါသည်။) အပင်များနှင့် တိရစ္ဆာန်များကို နှစ်သက်ခြင်း၊ သစ်ပင်များ၊ အင်းဆက်ပိုးမွှားများနှင့် ငှက်များကို ဂရုစိုက်ခြင်း၊ အထူးသဖြင့် တိရစ္ဆာန်ငယ်လေးများနှင့် ထိတွေ့ဆက်ဆံရန် နှစ်သက်ခြင်း၊ ၎င်းတို့နှင့် အနီးကပ် ထိတွေ့လိုခြင်းအပြင် ၎င်းတို့အပေါ် အထူးချစ်ခင်ပြီး သည်းခံတတ်ခြင်းသည် မွေးရာပါ အခြေအနေတစ်ခု ဖြစ်သည်။ သင် မြင်သည့်အတိုင်း၊ မွေးရာပါ အခြေအနေများအတွင်း ပါဝင်သော ဤအရာများသည် အလွန်ပုံမှန်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မာနထောင်လွှားခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းကဲ့သို့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်းရှိ အပျက်သဘောဆောင်သော အရာများ မပါဝင်ပေ။ သို့ဆိုလျှင် လေကြောင်းပညာကို နှစ်သက်ခြင်း၊ သမိုင်းကို နှစ်သက်ခြင်း၊ နက္ခတ္တဗေဒနှင့် ပထဝီဝင်ကို နှစ်သက်ခြင်း၊ အာဟာရသိပ္ပံနှင့် ဆေးပညာကို နှစ်သက်ခြင်း၊ ဥပဒေကို နှစ်သက်ခြင်း၊ စိုက်ပျိုးရေးကို နှစ်သက်ခြင်းကဲ့သို့သော အရာများသည် မည်သည့် သရုပ်သကန် အမျိုးအစားများ ဖြစ်ကြသနည်း။ (မွေးရာပါ အခြေအနေများ ဖြစ်ပါသည်။) အချို့လူများက စိုက်ပျိုးရေးကို နှစ်သက်ကြသည်။ ၎င်းတို့သည် အပင်အမျိုးမျိုး၏ ကိုင်းဆက်ကူးခြင်း၊ တိုးတက်ဖြစ်ပေါ်ခြင်းနှင့် ဖြစ်ထွန်းခြင်းတို့ကို သုတေသနလုပ်ရခြင်းအား နှစ်သက်ကြသည်။ အပင်များအပေါ် ရာသီဥတုနှင့် အပူချိန်၏ သက်ရောက်မှုများကို သုတေသနလုပ်ရခြင်းအား နှစ်သက်ကြသည်။ ၎င်းတို့သည် ဟင်းသီးဟင်းရွက်များ၊ သီးနှံများ၊ သစ်ပင်များနှင့် ပန်းများကို စိုက်ပျိုးရခြင်းအား နှစ်သက်ကြသည်။ ၎င်းတို့၏ လက်များသည် နေ့စဉ်နေ့တိုင်း ရွှံ့များဖြင့် ပေကျံနေပြီး အလုပ်လုပ်ရခြင်းကြောင့် အသားမာတက်နေသည်။ ဤလူများသည် ဆရာဝန်များ၊ ရှေ့နေများ သို့မဟုတ် အရာရှိများ ဖြစ်လိုကြမည်မဟုတ်ပေ။ ၎င်းတို့သည် လယ်ယာစိုက်ပျိုးခြင်း၊ အပင်များနှင့် ပတ်သက်ရခြင်းကိုသာ နှစ်သက်ကြပြီး ဤသို့နေထိုင်ရခြင်းကို အလွန်စိတ်အေးချမ်းသည်ဟု ခံစားကြသည်။ လူတို့ မည်သည့်အရာကို နှစ်သက်သည်၊ ၎င်းတို့တွင် မည်သည့် စိတ်ဝင်စားမှုများနှင့် ဝါသနာများရှိသည်ဟူသည်တို့မှာ ၎င်းတို့၏ လူ့သဘာဝနှင့် တစ်စုံတစ်ရာ ဆက်စပ်မှု ရှိသလော။ (မရှိပါ)။ ယင်းသည် ၎င်းတို့၏ လူ့သဘာဝကို သက်ရောက်မှုရှိသလော။ (မရှိပါ)။ အခြေခံအားဖြင့် ယင်းက ထိုအရာကို သက်ရောက်မှုမရှိပေ။ လယ်သမားများကို အလွန်မြင့်မြတ်သည်ဟု ခေါ်ဆို၍မရပေ၊ ၎င်းတို့တွင်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်။ ထိုနည်းတူ၊ နည်းပညာ၊ စာပေ၊ ဆေးပညာ သို့မဟုတ် ဥပဒေကဲ့သို့သော နယ်ပယ်များတွင် လုပ်ကိုင်နေကြသည့် လူများဖြစ်သော ထိုအဆင့်မြင့် ပညာရှင်ကြီးများသည်လည်း လယ်သမားများထက် ပိုကြီးမြတ်သော လူ့သဘာဝ မရှိကြပေ။ များလှစွာသောအသိပညာကို ဆည်းပူးပြီးနောက်၊ များလှစွာသောစာအုပ်များကို ဖတ်ရှုပြီး ထိုမျှအချိန်ကြာမြင့်စွာ ပညာသင်ကြားပြီးနောက်တွင် အဆုံး၌ ၎င်းတို့သည် ဘုရားသခင်နှင့်အပေါ် သိနားလည်မှု လုံးဝမရှိကြပေ။ ၎င်းတို့သည် စာအုပ်များမှ အနည်းငယ်ပို၍ သင်ယူခဲ့ပြီး အသိပညာနှင့် ထိုးထွင်းသိမြင်မှု အနည်းငယ်ပို၍ ရရှိခဲ့ခြင်းမျှသာ ဖြစ်သည်။ သို့သော် မည်သို့ပြုမူကျင့်ကြံရမည်၊ မည်သည့် ဘဝလမ်းကြောင်းကို ၎င်းတို့ လျှောက်လှမ်းသင့်သည်၊ ဘုရားသခင်ကို မည်သို့ယုံကြည်ပြီး ဝတ်ပြုကိုးကွယ်သင့်သည်၊ ဘဝထဲက ကိစ္စရပ်အမျိုးမျိုးတွင် ပြုမူကျင့်ကြံပုံ၏ စည်းမျဉ်းများနှင့်အညီဖြစ်စေရန် မည်သို့ပြုမူရမည်ဟူသည်တို့နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် ဤအရာများထဲမှ တစ်ခုကိုမျှ မသိကြပေ။ နယ်ပယ်အမျိုးမျိုးတွင် စိတ်ဝင်စားမှုများနှင့် ဝါသနာများရှိသော လူများ၏ တူညီသော ထူးခြားသည့်လက္ခဏာမှာ ၎င်းတို့နှစ်သက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် လိုလားကြပြီး ထိုနယ်ပယ်၏အလုပ်တွင် ပါဝင်လုပ်ကိုင်ရန် လိုလားကြသည့်အပြင်၊ ထို့နောက်တွင် ထိုနယ်ပယ်ကို အစဉ်ချစ်ခင်၍ သစ္စာရှိလိုက်ကြလေသည်။ ၎င်းတို့ မည်သည့်နယ်ပယ်တွင် မိမိတို့ကိုယ်ကို ပေးအပ်နှစ်မြှုပ်သည်ဖြစ်စေ ဤလူ့အဖွဲ့အစည်းအတွင်း၌ ရှိနေသရွေ့ ၎င်းတို့သည် စာတန်၏ ပျိုးထောင်လေ့ကျင့်ပေးခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံကြရပြီး ဖြစ်သည်။ မိမိ၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများ သို့မဟုတ် မိမိ ပါဝင်လုပ်ကိုင်သည့်နယ်ပယ်က အခြားသူများထက် ပို၍မြင့်မြတ်ခြင်း သို့မဟုတ် လေးစားဖွယ်ကောင်းခြင်းကြောင့် မည်သည့်လူ၏ လူ့သဘာဝကမျှ မြင့်မြတ်လာခြင်း မရှိပေ။ ထိုနည်းတူ၊ မိမိလုပ်ကိုင်သည့် အလုပ်အကိုင်က အဆင့်အတန်းနိမ့်ကျသောကြောင့်၊ ယုတ်ညံ့သောကြောင့် သို့မဟုတ် အခြားသူများ၏ အထင်သေးခြင်းကို ခံရသောကြောင့် မည်သူမျှ အခြားသူများထက် ပို၍ယုတ်ညံ့သွားခြင်း သို့မဟုတ် ပို၍ဖောက်ပြန်ပျက်စီးသွားခြင်း မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ လူတစ်ဦး၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများ မည်သို့ပင်ဖြစ်စေ၊ အစွမ်းအစ သို့မဟုတ် ဆုကျေးဇူး တစ်ခုတလေကို အသုံးပြုလျက် မည်သည့် နယ်ပယ်မျိုးတွင် ထိုသူ လုပ်ကိုင်သည်ဖြစ်စေ နောက်ဆုံးတွင်၊ ၎င်းပိုင်ဆိုင်သော အတွေးများနှင့် ရှုထောင့်များသည် သမ္မာတရားနှင့် မကိုက်ညီပေ။ လူအားလုံးသည် သမ္မာတရားနှင့် ဘုရားသခင်အပေါ် တူညီသောသဘောထားရှိကြပြီး ၎င်းတို့ထုတ်ဖော်သည့်အရာများမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများချည်းသာ ဖြစ်သည်။ လူတို့၏ တူညီမှုမှာ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မိမိတို့၏အသက်အဖြစ် အသက်ရှင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သင်၌ မည်သည့်စိတ်ဝင်စားမှုများနှင့် ဝါသနာများ ရှိသည်ဖြစ်စေ၊ မည်သည့် အလုပ်အကိုင်ကို သင် လုပ်ကိုင်သည်ဖြစ်စေ ထိုအရာက သင်၏ လူ့သဘာဝကို သက်ရောက်မှုရှိလိမ့်မည်ဟု မဆိုလိုသည့်အပြင်၊ သင်၏ လူ့သဘာဝသည် အတိုင်းအတာတစ်ခုအထိ မြင့်တက်လာလိမ့်မည် သို့မဟုတ် လျော့ပါးလိမ့်မည်ဟုလည်း မဆိုလိုပေ။ ဤအချက်များမှကြည့်လျှင် ဘုရားသခင်က လူတို့ကိုပေးသော မွေးရာပါ အခြေအနေများသည် ၎င်းတို့၏ ပြုမူကျင့်ကြံပုံနှင့် လုပ်ရပ်များအတွက် ၎င်းတို့၏ စံသတ်မှတ်ချက်များကို သက်ရောက်မှုမရှိသည့်အပြင်၊ ၎င်းတို့၏ လုပ်ရပ်များ၏ လမ်းကြောင်းနှင့် ဦးတည်ရာကိုလည်း မပြောင်းလဲစေကြောင်း တွေ့မြင်နိုင်သည်။ အလွန်ဆုံးအနေဖြင့် ဤစိတ်ဝင်စားမှုများနှင့် ဝါသနာများသည် ၎င်းတို့ ရှင်သန်ရန် မှီခိုအားထားရသည့် တန်ဆာပလာများ သို့မဟုတ် မွေးရာပါ အရင်းအနှီးတစ်မျိုးမျှသာဖြစ်ပြီး ၎င်းတို့လုပ်ကိုင်သည့် နယ်ပယ်မှတစ်ဆင့် ၎င်းတို့ ဝင်ငွေရရှိနိုင်ကာ ထိုသို့ဖြင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ ဖြစ်သည်။ သို့သော် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းကို ထိန်းသိမ်းသည့် ဖြစ်စဉ်တွင် နယ်ပယ်အသီးသီးရှိ လူအုပ်စုများကြားတွင် လူတို့လက်ခံသည့် အမျိုးမျိုးသော အတွေးများနှင့် ရှုထောင့်များက တူညီကြသည်။ ထို့ကြောင့်၊ နောက်ဆုံးတွင်၊ လူတစ်ဦးက မည်သည့်နယ်ပယ်တွင် ရှိသည်ဖြစ်စေ၊ လူ့အဖွဲ့အစည်း၏ မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်လူအုပ်စု သို့မဟုတ် မည်သည့်လူမျိုးတွင် ပါဝင်သည်ဖြစ်စေ သူလက်ခံရရှိသည့် ဖောက်ပြန်ပျက်စီးမှုက အတူတူပင်ဖြစ်သည်။ သင်သည် အနည်းငယ်ပို၍ အဆင့်မြင့်သော အလုပ် သို့မဟုတ် အလုပ်အကိုင်ကို လုပ်ကိုင်သောကြောင့် အခြားသူများထက် ပို၍မြင့်မြတ်လာခြင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ပို၍နည်းပါးသွားခြင်း မရှိသည့်အပြင် သင်လုပ်ကိုင်သည့်နယ်ပယ်က အဆင့်အတန်းနိမ့်သောကြောင့် အခြားသူများထက် ဖောက်ပြန်ပျက်စီးမှု ပို၍နက်ရှိုင်းသွားခြင်းလည်း မရှိပေ။ တိုတိုပြောရလျှင်၊ သင်၏ မွေးရာပါ စိတ်ဝင်စားမှုများနှင့် ဝါသနာများ မည်သို့ပင်ဖြစ်စေ အဆုံး၌ သင်သည် ဤလူ့အဖွဲ့အစည်းနှင့် လူများကြားတွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို မလွှဲဧကန်နှင့် တားမရအောင်ပင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပေသည်။
ဆက်လက်၍၊ နောက်ထပ် သရုပ်သကန်တစ်ခုနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုကြစို့။ အချို့လူများသည် ဘဏ္ဍာရေးနှင့် စာရင်းကိုင်အလုပ်ကို နှစ်သက်ကြသည်။ ၎င်းတို့သည် ကိန်းဂဏန်းများနှင့် ပတ်သက်ရသည်ကို နှစ်သက်ပြီး ၎င်းတို့၏ ဘဝတစ်ခုလုံးကို ဘဏ္ဍာရေးအလုပ်တွင် လုပ်ကိုင်လျက် ကုန်ဆုံးကြသည်။ နေ့စဉ်နေ့တိုင်း ၎င်းတို့သည် စာရင်းများထိန်းသိမ်းခြင်း၊ စာရင်းများကို ရှင်းလင်းခြင်း၊ ငွေပေးချေမှုများနှင့် ရန်ပုံငွေလက်ခံရရှိမှုများကို ကိုင်တွယ်ခြင်းတို့အား လုပ်ဆောင်ကြသည်။ ၎င်းတို့၏စိတ်ထဲတွင် တစ်ချိန်လုံး အချက်အလက်များဖြင့် ပြည့်နေသော်လည်း ယင်းကို ငြီးငွေ့စရာအဖြစ် မည်သည့်အခါမျှ မမြင်ကြပေ။ ဘဏ္ဍာရေးနှင့် စာရင်းကိုင်အလုပ်ကို နှစ်သက်ခြင်းသည် မည်သည့်သွင်ပြင်လက္ခဏာတွင် အကျုံးဝင်သနည်း။ (မွေးရာပါ အခြေအနေ ဖြစ်ပါသည်။) ဤသည်မှာ ဘုရားသခင်က လူတို့ကို ပေးသော အစွမ်းအစတစ်ခု ဖြစ်သည်။ သင်သည် ဤအရာတွင် တော်သောကြောင့် ဤအလုပ်အကိုင်ကို သင် အလိုအလျောက် စတင်လိုက်စားပြီး ထို့နောက်တွင် သင်၏ဘဝတစ်ခုလုံးအတွက် အသက်မွေးဝမ်းကျောင်းတစ်ခုကို သင် ရရှိလေသည်။ ဤသည်မှာ သင့်ကိုယ်သင် ထောက်ပံ့သည့်ပုံစံ ဖြစ်သည်။ ယင်းမှာ သင် စားစရာတစ်ခုခု ရှိရန်အလို့ငှာ ဘုရားသခင်က သင့်အတွက် ကောင်းကင်မှ မန္နမုန့် သို့မဟုတ် ငုံးများကို ချပေးခြင်းနှင့် ညီမျှသည်။ ဤစိတ်ဝင်စားမှုနှင့် ဝါသနာသည် သင်၏လက်ထဲသို့ ရောက်လာကာ ဤစိတ်ဝင်စားမှုနှင့် ဝါသနာကို သင့်အား ပိုင်ဆိုင်နိုင်စေလျက် မိုးပေါ်ကကျလာသည့် ရွှေဘဲငန်းတစ်ကောင်ကဲ့သို့ဖြစ်သည်။ ထို့နောက် သင်သည် သင်၏ စိတ်ဝင်စားမှု၊ ဝါသနာနှင့်ဆက်စပ်သော အလုပ်အကိုင်တစ်ခုကို အလိုအလျောက် လုပ်ကိုင်ပြီး ဤအရာကို သင်၏ အသက်မွေးဝမ်းကျောင်းအနေဖြင့်ရှိထားလျက် သင်သည် ယခုအချိန်အထိ သင့်ကိုယ်သင် ထောက်ပံ့လေသည်။ ယင်းကို သင် ကောင်းစွာလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ ယင်းကို သင် နှစ်ပေါင်းမည်မျှ လုပ်ကိုင်ပြီးသည်ဖြစ်စေ ယင်းသည် သင်နှင့်အတူ မွေးရာပါ ပါလာသည့်အရာတစ်ခု ဖြစ်နေသရွေ့ ဘုရားသခင်က သင့်အတွက် စီမံထားပြီးဖြစ်သည့်အရာဖြစ်သည်။ ယင်းသည် မွေးရာပါ အခြေအနေတစ်ခု ဖြစ်သည်။ တိုတိုပြောရလျှင်၊ ဤအရာအားလုံးသည် ဘုရားသခင်ထံမှ လာသည်၊ ဤနေရာတွင် လူတို့အတွက် ဝါကြွားစရာ ဘာမျှမရှိပေ။ မှန်သည် မဟုတ်လော။ (မှန်ပါသည်။)
စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခြင်းကို နှစ်သက်ခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရာ၌ ကျွမ်းကျင်ခြင်းသည် မည်သည့် သွင်ပြင်လက္ခဏာတွင် အကျုံးဝင်သနည်း။ (မွေးရာပါ အခြေအနေ ဖြစ်ပါသည်။) စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရာ၌ ကျွမ်းကျင်ခြင်းဆိုသည်မှာ လူအများစုထက် မိမိ၏စီးပွားရေးလုပ်ငန်းကို ပိုမိုကောင်းမွန်စွာ လုပ်ကိုင်ခြင်းကို ဆိုလိုသည်။ အခြားသူများသည် စီးပွားရေးလုပ်ငန်းတစ်ခုကို နှစ်လ သို့မဟုတ် သုံးလ လုပ်ကိုင်ပြီးနောက် ၎င်းတို့၏ ကနဦးအရင်းအနှီးကိုပင် ဆုံးရှုံးလျက် ဒေဝါလီခံသွားရနိုင်သည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းကို နှစ်နှစ် သို့မဟုတ် သုံးနှစ် လုပ်ကိုင်ပြီး တိုး၍ကောင်းသည်ထက်ကောင်းအောင် လုပ်ဆောင်ကြသည်။ တဖြည်းဖြည်းနှင့် ၎င်းတို့၏ဘဝများသည် ကြီးပွားချမ်းသာလာသည်၊ ၎င်းတို့၏မိသားစုက ပိုမိုကောင်းမွန်စွာ စားသောက်ကာ ဝတ်စားလာသည်၊ ၎င်းတို့၏အိမ်ငယ်ကို ပိုမိုကြီးမားသော အိမ်ဖြင့် အစားထိုးသည်၊ ၎င်းတို့၏ကားငယ်ကို ပိုကြီးမားသော ကားဖြင့် အစားထိုးပြီး ၎င်းတို့၏ဘဝက တိုးတက်မြဲတိုးတက်နေသည်။ ၎င်းတို့သည် ချမ်းသာသော စီးပွားရေးသမားများ ဖြစ်လာကြသည်။ စီးပွားရေးလုပ်ငန်းလုပ်ရာ၌ ကျွမ်းကျင်ခြင်းသည် မွေးရာပါ အခြေအနေတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) စီးပွားရေးလုပ်ငန်းကို လုပ်ရာ၌ ကျွမ်းကျင်ခြင်း၊ ဤမွေးရာပါ အခြေအနေသည် ၎င်းတို့၏ အစွမ်းအစ ဖြစ်သည်။ ၎င်းတို့သည် စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်နည်းအား အထူးတလည် လေ့လာဖူးခြင်းမရှိသည့်အပြင်၊ ၎င်းတို့မိဘများ၏ လွှမ်းမိုးခြင်းကိုလည်း မခံခဲ့ရပေ။ သို့သော် ၎င်းတို့သည် အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ရာတွင်လည်းကောင်း၊ ငွေရှာရာတွင်လည်းကောင်း အလွယ်တကူ အောင်မြင်ကြသည်။ သင်က ၎င်းတို့ကို “စီးပွားရေးလုပ်ရခြင်းက ခက်သည်ဟု သင်မြင်သလော”ဟု မေးသည်။ ၎င်းတို့က “လုံးဝမမြင်ပါ။ ကျွန်ုပ်က ဦးနှောက်ကိုသာ သုံးပြီး အမှုအရာများကို သင့်တော်ပြီး ငွေရှာနိုင်သည့် နည်းလမ်းဖြင့် မည်သို့ လုပ်ဆောင်ရမည်ကို စဉ်းစားသည်။ ပြီးလျှင် ထိုနည်းလမ်းအတိုင်း ရှေ့ဆက်ပြီး လုပ်ဆောင်သည်။ အဆုံးတွင်၊ ငွေက ကျွန်ုအပ်ပိုင် ဖြစ်လာသည်”ဟု ပြောသည်။ သင်က “စီးပွားရေးလုပ်ရခြင်းက သင့်အတွက် သက်သောင့်သက်သာဖြစ်ပြီး အားမစိုက်ရဘဲ လွယ်ကူသည်ထင်ရသည်။ အဘယ်ကြောင့် ကျွန်ုပ်က မလုပ်ဆောင်နိုင်ရသနည်း”ဟု ပြောသည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်က သင့်ကို ထိုအစွမ်းအစကို မပေးခဲ့သောကြောင့်၊ သင်သည် ထိုအရာအတွက် အစွမ်းအစမရှိခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ အစွမ်းအစရှိသူများသည် မမော်ကြွားသင့်သည့်အပြင် အစွမ်းအစမရှိသူများသည်လည်း မနာလိုမဖြစ်သင့်ပေ။ ဘုရားသခင်ပေးသောအရာကို မည်သူမျှ ယူဆောင်မသွားနိုင်ပေ။ သင် မလိုချင်လျှင်ပင် ငြင်းပယ်၍မရပေ။ ဘုရားသခင်သည် သင့်ကို ဤအရာ၌ တကယ်ကို ကျွမ်းကျင်စေပြီးဖြစ်ကာ ဤအစွမ်းအစမှတစ်ဆင့် သူသည် သင့်ဘဝကို ထောက်ပံ့ရန် အသက်မွေးဝမ်းကျောင်းနည်းလမ်းတစ်ခု သို့မဟုတ် စီးပွားလုပ်ငန်းတစ်ခုကို သင့်အား ပေးသည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်သည်။ အခြားသူများသည် သင်ယူကြရသည်၊ သင်ကြားခြင်းခံကြရသည်၊ လေ့ကျင့်ကြရသည်။ သို့သော် ၎င်းတို့ မည်သို့ပင်ကြိုးစားစေကာမူ ကောင်းသောရလဒ်များကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိကြပေ။ သို့သော် သင်ကမူ ထိုအရာကို မသင်ယူဘဲ လုပ်ဆောင်နိုင်လေသည်။ ၎င်းတို့ မည်သို့ပင်စဉ်းစားစေကာမူ ၎င်းတို့၏မှတ်ဉာဏ်သည် သင်၏မှတ်ဉာဏ်လောက် လျင်မြန်စွာ အလုပ်မလုပ်သည့်အပြင်၊ ၎င်းတို့သည် သင့်လောက် ကောင်းမွန်စွာ မလုပ်ကိုင်နိုင်ကြပေ။ သို့ဆိုလျှင် သင်၏ ဤအစွမ်းအစသည် အဘယ်မှ လာသနည်း။ ယင်းသည် မွေးရာပါ မဟုတ်လော။ မွေးရာပါဖြစ်သောအရာသည် ဘုရားသခင်က ပေးသနားထားခြင်းဖြစ်သည် မဟုတ်လော။ သင်သည် သင်နှစ်သက်သောအရာ၊ သင်ကျွမ်းကျင်သောအရာကို အမြဲပြောသော်လည်း၊ ယင်းသည် သင်တောင်းဆိုခဲ့သော အရာတစ်ခု ဖြစ်သလော။ အချို့လူများက ယင်းကို ၎င်းတို့၏မိဘများထံမှ အမွေဆက်ခံခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် အခြားအရာတစ်ခုကို အမွေဆက်ခံခဲ့ခြင်း မရှိသနည်း။ ဤအစွမ်းအစကို သင်၏နောက်မျိုးဆက်သို့ လက်ဆင့်ကမ်းရန် နည်းလမ်းတစ်ခု ရှာကြည့်လော့။ သင် လုပ်ဆောင်နိုင်သလော။ ဤကိစ္စတွင် သင် ဆုံးဖြတ်ပိုင်ခွင့်ရှိသလော။ (မရှိပါ။) မုချ မရှိပေ။ သင်ပိုင်ဆိုင်သော အစွမ်းအစကို ဘုရားသခင်က ပေးထားခြင်းဖြစ်သည်။ အခြားသူများက သင့်အပေါ် မည်မျှပင် မနာလိုဖြစ်ကောင်းဖြစ်နိုင်စေကာမူ ၎င်းတို့သည် ထိုအရာကို ဖယ်ရှား၍မရ၊ ယူသွား၍မရနိုင်သည့်အပြင်၊ သင် မလိုချင်လျှင်ပင် ဘုရားသခင်က သင့်အား ပေးနေဆဲဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ကျေးဇူးပြုပြီးဖြစ်သည့်အတွက်၊ သင်သည် ထိုအရာကို သူ့ထံမှ လက်ခံသင့်သည်။ မမော်ကြွားနှင့်၊ ဝါမကြွားနှင့်။ မော်ကြွားခြင်းနှင့် ဝါကြွားခြင်းတို့သည် လူသား မသိနားမလည်မှု၏ သရုပ်သကန်များ ဖြစ်သည်။
သို့ဆိုလျှင် ဘုရားသခင်က သင့်အား ပေးထားသော အစွမ်းအစကို သင် မည်သို့ မှန်ကန်စွာ သဘောထားသင့်သနည်း။ ဘုရားအိမ်တော်က သင့်အား ဤနယ်ပယ်တွင် တာဝန်ထမ်းဆောင်ရန် လိုအပ်ပါက သင်သည် သင်၏အစွမ်းအစကို သင်၏တာဝန်တွင်၊ အသင်းတော်၏အလုပ်တွင် အသုံးပြုသင့်သည်။ ထိမ်ချန်မထားနှင့်။ ထိုအရာကို အသုံးချပြီး အပြည့်ဝဆုံး အတိုင်းအတာအထိ ထိုသို့လုပ်ဆောင်လော့။ ဤနည်းအားဖြင့် ဘုရားသခင်က သင့်အား ပေးထားသော အစွမ်းအစသည် အချည်းနှီးပေးထားခြင်း ဖြစ်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်ထံမှ သင် မွေ့လျော်ခံစားပြီးဖြစ်သည့် ကျေးဇူးတော်နှင့် အထူးအခွင့်အရေးကို သူ့ထံ ပြန်လည်ပေးဆပ်ခြင်း ဖြစ်လိမ့်မည်။ ထိုသို့လုပ်ဆောင်ရာတွင်၊ သင်သည် အသိစိတ်ရှိသော လူတစ်ဦးဖြစ်သည်။ သင်သည် သင်ကိုယ်တိုင်အတွက် အကျိုးကျေးဇူးများကို ရှာဖွေနေခြင်းသာမဟုတ်ဘဲ ဘုရားသခင်ကို ပြန်လည်ပေးဆပ်နေခြင်း ဖြစ်သည်။ ဤသည်မှာ မှန်ကန်စွာ ပြုမူခြင်း ဖြစ်သည်။ သင်က၊ “ငါသည် ဤအစွမ်းအစ၊ ဤစိတ်ဝင်စားမှုနှင့် ဝါသနာရှိပြီး ဤအရာကိုလုပ်ဆောင်ခြင်းသည် ငါ့အတွက်အလွန်လွယ်သည်”ဟု သင်ထင်လျှင်ပင် ယင်းကို သင်၏တာဝန်အဖြစ် သင် မှတ်ယူနေသရွေ့ သင်၏အစွမ်းအစ၊ စိတ်ဝင်စားမှုနှင့် ဝါသနာအပေါ်တွင်သာ သင် မှီခို၍မရပေ။ ဘုရားသခင်က သင့်အား ပြောထားသော စည်းမျဉ်းများနှင့် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များအတိုင်း ထိုအရာကို သင် လုပ်ဆောင်ရမည်ဖြစ်ပြီး ထို့နောက် သင်၏အစွမ်းအစနှင့် ပေါင်းစပ်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏သစ္စာစောင့်သိမှုကို သင် ပေးအပ်ပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်က အာဗြဟံအား သားတစ်ဦးကို ပေးသနားခဲ့ပုံကဲ့သို့ပင် ဖြစ်သည်။ ဘုရားသခင်က သူ့ကို ပေးသောအခါ အာဗြဟံသည် အလွန်ဝမ်းမြောက်ခဲ့ပြီး ဘုရားသခင်က သူ့ကို ရုပ်သိမ်းချင်ခဲ့သောအခါ အာဗြဟံသည် သူ့ကို ဘုရားသခင်ထံသို့ လိုလိုလားလားနှင့် လုံးဝ ပူဇော်ဆက်ကပ်ခဲ့သည်။ သူသည် ထိမ်ချန်ထားခြင်းမရှိနိုင်ခဲ့ သို့မဟုတ် အခြေအနေများ သတ်မှတ်ရန် မကြိုးစားနိုင်ခဲ့သည့်အပြင် ထို့ထက်ပင်ပို၍ သူသည် ဘုရားသခင်ကို မညည်းညူနိုင်ခဲ့ သို့မဟုတ် မစော်ကားနိုင်ခဲ့ပေ။ သူသည် သူ၏သားကို စိတ်နှလုံးအကြွင်းမဲ့နှင့် ရိုးသားစစ်မှန်စွာ ပူဇော်ဆက်ကပ်ခဲ့ရသည်။ ဘုရားသခင်က သင့်အပေါ် ကျေးဇူးတော်ကို ပေးသနားသောအခါ သင်သည် အကျိုးကျေးဇူးတစ်ခု ရရှိပြီးဖြစ်ကာ ဘုရားသခင်သည် သင့်အပေါ် ကြင်နာမှုပြသည်ဟု ခံစားရလျက် သင် အလွန်ပျော်ရွှင်ပြီး ကျေနပ်သည်။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်များစွာကို မွေ့လျော်ခံစားပြီးနောက် ဘုရားသခင်က သင့်အား တစ်စုံတစ်ခုကို ပူဇော်ဆက်ကပ်ရန် တောင်းဆိုသောအခါ သင်၏သဘောထားသည် မည်သည့်အရာဖြစ်သနည်း။ သင် ထိုအရာနှင့် ကင်းကွာရန် ခံနိုင်ရည်ရှိသလော။ သင် ထိုအရာကို ဘုရားသခင်ထံ ပူဇော်ဆက်ကပ်ပြီး သံသယမရှိဘဲ သူ့ကို ပြန်ပေးနိုင်သလော။ ဘုရားသခင်က သင့်အား ပေးထားသောအရာကို အပေးအယူလုပ်ခြင်းမရှိဘဲ၊ သူတောင်းဆိုသော စည်းမျဉ်းများအတိုင်း၊ ညည်းညူခြင်းမရှိဘဲ၊ သံသယမရှိဘဲ၊ ပြီးလျှင် သင်ကိုယ်တိုင်အတွက် သိမ်းမထားဘဲ၊ ထို့ထက် ဘုရားသခင်ထံ ပူဇော်ဆက်ကပ်ခြင်းဖြင့် သူ့ကို ပြန်ပေးနိုင်ပါက သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် စံနှုန်းပြည့်မီပေသည်။ သင်ထမ်းဆောင်ပြီးဖြစ်သည့် တာဝန်သည်လည်း စံနှုန်းပြည့်မီပြီး ဘုရားသခင် ကျေနပ်လိမ့်မည်။ ဘုရားသခင်က သင့်အား ပေးထားသောအရာသည် သင် ပူဇော်ဆက်ကပ်နိုင်သောအရာထက် အဆပေါင်းများစွာ သာလွန်သောကြောင့်၊ သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များသည် မမြင့်မားပေ။ အသက်ကို သင့်အား ပေးခြင်းအပြင် ဘုရားသခင်သည် ရှင်သန်ခြင်းအတွက် သင် မှီခိုအားထားရသည့် အရင်းအနှီးနှင့် အခြေအနေများကိုလည်း ပေးထားပြီးဖြစ်သည်။ သင်၌ ဤအစွမ်းအစ၊ စိတ်ဝင်စားမှုနှင့် ဝါသနာရှိသောကြောင့် အကျိုးကျေးဇူး မည်မျှကို သင် ရရှိပြီးပြီနည်း။ ဘုရားသခင်၏ ကျေးဇူးတော်ကို မည်မျှ မွေ့လျော်ခံစားပြီးပြီနည်း။ ယခုအချိန်အထိတိုင်၊ သင်သည် ဘုရားသခင်ကို မည်မျှပြန်လည်ပေးဆပ်ပြီးပြီနည်း။ သင်သည် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် ယခု စတင်နေခြင်းသာဖြစ်ပါက အနည်းငယ် နှေးကွေးလွန်းပေသည်။ သင်သည် အတိတ်တွင် ကောင်းစွာမလုပ်ဆောင်ခဲ့ပါက ယခုမှစ၍ သင်သည် ဘုရားသခင်ထံ သံသယမရှိဘဲ ပူဇော်ဆက်ကပ်သင့်သည်။ သင် ပူဇော်ဆက်ကပ်သောအရာသည် မူလက ဘုရားသခင်ပိုင်သောအရာဖြစ်သောကြောင့် သင်၏ တာဝန်တွင် သင်၏အစွမ်းအစနှင့် သင်ကျွမ်းကျင်ပြီးဖြစ်သော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၏ အမျိုးမျိုးသော စည်းမျဉ်းများကို မည်သည့်အရာမျှ ထိမ်ချန်မထားဘဲ အသုံးပြုလော့။ ယင်းကို ဘုရားသခင်က သင့်အပေါ် ပေးသနားခဲ့ခြင်း ဖြစ်သည်။ သင်သည် ဤအရာများကို ပူဇော်ဆက်ကပ်ပြီး သင်၏တာဝန်တွင် အသုံးပြုသောအခါ တစ်ချက်အနေဖြင့်၊ ဘုရားသခင်သည် ယင်းကို လက်ခံလိမ့်မည်ဖြစ်ပြီး နောက်တစ်ချက်အနေဖြင့်၊ သင်သည် သမ္မာတရားကို ရရှိလိမ့်မည်၊ အသက်ကို ရရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိလိမ့်မည်ဖြစ်သည်။ သင်သည် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိလိမ့်မည်ဖြစ်ပြီး ဆုံးရှုံးမှုကို လုံးဝ ခံစားရလိမ့်မည် မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် သင်၏စိတ်ဝင်စားမှု၊ ဝါသနာနှင့် အစွမ်းအစတို့အား ခံစားပိုင်ခွင့်ကို သင့်ထံမှ ရုပ်သိမ်းခြင်း မရှိပေ။ ဘုရားသခင်သည် ဤစိတ်ဝင်စားမှုနှင့် ဝါသနာကို သင့်အား ပေးသနားပြီးဖြစ်သည့်အတွက်၊ သူသည် ထိုအရာများကို မည်သည့်အခါမျှ ရုပ်သိမ်းလိမ့်မည် မဟုတ်ပေ။ သင် မည်မျှပင် ပူဇော်ဆက်ကပ်စေကာမူ ထိုအရာများကို ရှိနေလိမ့်ဦးမည်ဖြစ်သည်။ သင်၏အတွင်း၌ ထိုအရာများ အဆုံးမရှိ ဆက်လက်တည်ရှိနေမည်ကို ဘုရားသခင်က သေချာစေသည်။ ယင်းတို့သည် သင်ကိုယ်တိုင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သင်သည် ဘုရားသခင်ထံ ပူဇော်ဆက်ကပ်ခြင်းမပြုပါက သင်၌ အသိစိတ်မရှိကြောင်း၊ သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် စံနှုန်းမမီကြောင်းနှင့် ဘုရားသခင်အပေါ် စစ်မှန်ရိုးသားမှု မရှိကြောင်းသာ ဆိုနိုင်ပေသည်။ အသင့်အနေဖြင့် စစ်မှန်ရိုးသားမှုရှိပါက သင်သည် ဘုရားသခင်ထံမှ ရရှိပြီးသောအရာနှင့် သင်ပိုင်ဆိုင်သောအရာကို သူ့ထံ ပြန်လည်ပေးဆပ်သင့်သည်။ သင်သည် ဤသဘောထား ရှိသင့်ပေသည်။ ဘုရားသခင်က သင့်အပေါ် မည်မျှပင် ပေးသနားပြီးသည်ဖြစ်စေ၊ သင် မည်မျှပင် နားလည်သည်ဖြစ်စေ၊ သင် မည်မျှပင် လုပ်ဆောင်နိုင်စွမ်းရှိသည်ဖြစ်စေ သင်သည် ထိမ်ချန်မထားဘဲ ဘုရားသခင်ထံ ပူဇော်ဆက်ကပ်ရမည်။ ဘုရားသခင်သည် သင့်အား အချည်းနှီး ပူဇော်ဆက်ကပ်စေမည်ဟု သင်ထင်သလော။ အာဗြဟံကို ကြည့်လော့၊ ဘုရားသခင်က သူ့ထံမှ ဣဇာက်ကို တောင်းသောအခါ သူသည် ယဇ်ပလ္လင်ပေါ်တွင် ဣဇာက်ကို ပူဇော်ဆက်ကပ်ခဲ့သည်။ သို့သော် အာဗြဟံ၏ စစ်မှန်ရိုးသားမှုကို မြင်ပြီးနောက် ဘုရားသခင်သည် ဣဇာက်ကို အမှန်တကယ် ယူဆောင်ခဲ့သလော။ ဘုရားသခင်သည် သူ့ကို မယူသွားခဲ့ပေ၊ ဘုရားသခင်သည် ဣဇာက်ကို သူ့ထံ ပြန်ပေးခဲ့ပြီး အနီးအနားတွင် သိုးသငယ်တစ်ကောင်ကို ပြင်ဆင်ပေးခဲ့သည်။ အာဗြဟံသည် ဣဇာက်ကို ဘုရားသခင်ထံ ပြန်ပေးရန်မလိုခဲ့သည်သာမက အသင့်ပြင်ဆင်ပြီးဖြစ်သော သိုးသငယ်တစ်ကောင်ကိုလည်း သူ ရရှိခဲ့သည်။ အဆုံးတွင် ဘုရားသခင်က သူ့ကို ပေးသော ကောင်းချီးမင်္ဂလာသည် သူ စိတ်ကူးနိုင်ခဲ့သည်ထက် မရေတွက်နိုင်အောင် အဆများစွာ သာလွန်ခဲ့သည်။ ဤသည်မှာ အာဗြဟံ စိတ်ကူးနိုင်ပြီးဖြစ်မည့် အရာတစ်ခုမဟုတ်ခဲ့သည့်အပြင်၊ သူတောင်းဆိုခဲ့သော အရာတစ်ခုလည်း မဟုတ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် လူတို့ကို မမျှမတ မဆက်ဆံပေ။ ။ သူသည် လူတို့ကို ဤနည်းလမ်းဖြင့် ရိုးရှင်းစွာ ကောင်းချီးပေးသည်။ ဤသည်မှာ ဘုရားသခင် အလိုရှိသောအရာ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို မည်သည့်အရာမျှ ပြန်မဆပ်ရသေးသည့်အချိန်တွင်ပင် သူသည် သင့်အပေါ် များလှစွာ ပေးသနားပြီးဖြစ်သည်။ သို့ဖြစ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ် ပြန်လည်ပေးဆပ်ပါက သူသည် သင့်အပေါ် ပိုမိုလျော့နည်းစွာ ပေးသနားလိမ့်မည်ဟု သင်ထင်သလော။ လုံးဝမဟုတ်ပေ။ သင့်ကို ဘုရားသခင် ပေးသော ကောင်းချီးမင်္ဂလာသည် သင် စိတ်ကူးနိုင်ခဲ့သမျှထက် သာလွန်လိမ့်မည်။ သို့ဖြစ်၍ ငါ့ကို ပြောလော့၊ ဘုရားသခင်က သင့်အား ပေးသနားပြီးဖြစ်သည့် အစွမ်းအစအားလုံးကို ပူဇော်ဆက်ကပ်ပြီး သင်၏တာဝန်တွင် ထိုအစွမ်းအစများကို အသုံးပြုရန် လွယ်ကူသလော။ သင်က၊ “ငါ မွေးရာပါ ပိုင်ဆိုင်သော ဤအစွမ်းအစများ၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများသည် ငါနှင့်အတူ မွေးရာပါပါလာသည့်အရာတစ်ခုဖြစ်သည်။ ထိုအရာများကို ငါ့မိဘများထံမှ ငါ အမွေဆက်ခံခဲ့ခြင်း ဖြစ်သည်။ ယင်းတို့သည် ငါ၏ မျိုးဗီဇကောင်းခြင်းနှင့် ကောင်းမွန်သော နောက်ခံကြောင့် ဖြစ်သည်။ ထိုအရာများကို ဘုရားသခင်က ပေးသနားခဲ့ခြင်းရှိမရှိဟူသည်ကို ငါ မသိပါ။ မည်သို့ပင်ဖြစ်စေ ငါ ကောင်းမွန်သော ကံကြမ္မာရှိခြင်းသာ ဖြစ်သည်။ ထိုအရာသည် ငါ၏ ကိုယ်ပိုင်ကံတရား ဖြစ်သည်။ ယင်းတို့ကို ဘုရားသခင်ထံ ငါပြန်ပေးမည်၊ မပေးမည်ဟူသည်ကိုမူ နောက်မှ ငါဆုံးဖြတ်မည်။ ယခု၊ ထိုသို့လုပ်ဆောင်ရန် အစီအစဉ်တစ်ခုမျှ ငါ မရှိပါ”ဟု တွေးသည်ဆိုပါစို့။ ငါ့ကို ပြောလော့၊ ယင်းက သင်သည် အသိစိတ်ရှိသည်ဟု ဆိုလိုမည်လော။ (ဆိုလိုမည် မဟုတ်ပါ။) ဘုရားသခင်သည် သင့်အပေါ် သူ ပေးသနားခဲ့သည့် စိတ်ဝင်စားမှုများ၊ ဝါသနာများ၊ အစွမ်းအစများနှင့် အခြားအရာများကို ရုပ်သိမ်းသွားခဲ့လျှင်ပင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင် ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အမြင်တွင် သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် စံနှုန်းပြည့်မီမည်မဟုတ်ပေ၊ အနည်းဆုံးအနေဖြင့် ဘုရားသခင်သည် ဤသို့သောလူများကို မနှစ်သက်ပေ။ ဘုရားသခင်သည် လူတို့အပေါ် အချို့သော စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အစွမ်းအစများကို ပေးသနားပြီး သူသည် ၎င်းတို့အတွက် တိကျသော သတ်မှတ်ချက်များလည်း ရှိသည်။ လူတို့က ဤစိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အစွမ်းအစများကို မည်သို့သဘောထားသည်ဟူသည်နှင့် ပတ်သက်၍မူ ၎င်းတို့၌ သမ္မာတရားနှင့် ကိုက်ညီသော စည်းမျဉ်းများလည်း ရှိသင့်သည်။ တစ်ချက်အနေဖြင့် ဤအရာများကို သင်၏အရင်းအနှီးအဖြစ် မမှတ်ယူနှင့်။ ထို့အပြင် ဘုရားအိမ်တော်၏အလုပ်က သင့်အား သင်၏စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အစွမ်းအစများနှင့် ဆက်စပ်သော တာဝန်ကို ထမ်းဆောင်ရန် တောင်းဆိုပါက သင်သည် ဤတာဝန်ကို သင်၏ကိုယ်ပိုင်ဝတ္တရားအဖြစ် တာဝန်သိစွာ ခံယူသင့်သည်။ ဘုရားသခင်သည် သူ့အပေါ် ဖန်ဆင်းခံတစ်ဦး ထားရှိသော ရိုးသားစစ်မှန်မှုနှင့် ကျိုးနွံနာခံခြင်းကို ခံစားနိုင်ရန်အလို့ငှာ ဘုရားသခင်က သင့်အား ပေးသနားပြီးဖြစ်သည့်အရာကို သင်သည် လုံးဝ၊ သံသယမရှိဘဲ ပူဇော်ဆက်ကပ်သင့်သည်။ ဤသည်မှာ ဂုဏ်သိက္ခာရှိပြီး မွန်မြတ်သော အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သင့်အပေါ် ဘုရားသခင် ပေးသနားပြီးဖြစ်သည့် ဆုကျေးဇူးများနှင့် အစွမ်းအစများကို ဘုရားသခင်ထံ ပူဇော်ဆက်ကပ်နိုင်ခြင်း မရှိပါက သင်သည် ဘုရားသခင်ကို အကြွေးတင်သည်ပေ။ ယင်းမှာ ရှက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်က ဤဆုကျေးဇူးများနှင့် အစွမ်းအစများကို သင့်အပေါ် ပေးသနားသည့်အခါ သင်သည် အတော်လေး ပျော်ရွှင်ခဲ့သော်လည်း၊ ဘုရားသခင်က သင့်အား ထိုအရာများကို သူ့ထံ ပူဇော်ဆက်ကပ်ရန် တောင်းဆိုသောအခါ ယင်းတို့အား ဘုရားသခင် အသုံးပြုသည်ကို အလိုမရှိသည့်အပြင်၊ သင်ကိုယ်တိုင်အတွက်သာ အသုံးပြုချင်လျက် သင် စိတ်တိုလာလေသည်။ ဤအရာက ဆင်ခြင်တုံတရားကို ပြသလော။ ထိုအရာများသည် သင်၏ ကိုယ်ပိုင်ပစ္စည်းများ မဟုတ်ပေ။ ယင်းတို့ကို ဘုရားသခင်က ပေးသနားခဲ့ခြင်း ဖြစ်သည်။ ယင်းတို့ကို ဘုရားသခင်က ပေးသနားခဲ့ခြင်းဖြစ်သည့်အတွက်၊ ယင်းတို့ကို သူ လိုအပ်သောအခါ သင် ပူဇော်ဆက်ကပ်သင့်သည်။ ယင်းတို့ကို ပူဇော်ဆက်ကပ်နိုင်ခြင်းသည် သင့်အနေဖြင့် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းနှင့် စစ်မှန်ရိုးသားမှုရှိကြောင်းကို ပြသပေသည်။ သင်သည် ယင်းတို့ကို ပူဇော်ဆက်ကပ်လိုခြင်း မရှိပါက သို့မဟုတ် သင်သည် အင်တင်တင်နှင့် ဆောင့်ကြီးအောင့်ကြီး ထိုသို့ပြုလုပ်ပါက ယင်းမှာ သင်သည် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း သို့မဟုတ် ရိုးသားစစ်မှန်မှု မရှိကြောင်းကို သက်သေပြသည်။ သင်၏ လူ့သဘာဝနှင့် အကျင့်စရိုက်တွင် ပြဿနာတစ်ခုရှိသည်ဟုသာ ဆိုနိုင်ပေသည်။
ကောင်းပြီ၊ ယနေ့အတွက် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ထိုမျှသာဖြစ်သည်။ နှုတ်ဆက်ပါသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်