သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၉)
ဤကာလအတောအတွင်းတွင် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း အကြောင်းအရာသည် အတော်အတန် ကျယ်ပြန့်သော နယ်ပယ်တစ်ခု ပါဝင်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းတွင် လူ့သဘာဝနှင့်ဆိုင်သော ပို၍ တိကျသည့် ကိစ္စရပ်အချို့ ပါဝင်ခဲ့ပြီး လူတို့၏ ဘဝနှင့်ဆိုင်သော ကိစ္စရပ်အချို့လည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သည့်စုဝေးပွဲတွင် ငါတို့သည် အစွမ်းအစနှင့် သက်ဆိုင်သော အကြောင်းအရာများကို မိတ်သဟာယဖွဲ့ခဲ့ကြပြီး ထို့နောက်တွင် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အစွမ်းအစနှင့်ဆိုင်သော အကြောင်းအရာအပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် အခြေခံအားဖြင့် ပြီးစီးသွားခဲ့ပြီဖြစ်သည်။ ယခုမှစ၍ ဤအကြောင်းအရာကို အခြေခံ၍ လူတစ်ဦး၏ အစွမ်းအစ မည်သို့ရှိသည်ကို အတိအကျ အကဲဖြတ်နိုင်ပေသည်။ ဤကဏ္ဍသုံးရပ်ဖြစ်သည့် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်းကို မိတ်သဟာယဖွဲ့သောအခါ ဤအရာများက ၎င်းတို့၏ ပင်ကိုအခြေအနေများ၊ လူ့သဘာဝ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အမျိုးအစားတွင် အကျုံးဝင်ခြင်း ရှိမရှိကို အကဲဖြတ်ရန် နေ့စဉ်အသက်တာထဲရှိ လူတို့၏ သရုပ်သကန်များနှင့် ထုတ်ဖော်မှုအချို့ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟူသည့် ကဏ္ဍသုံးရပ်အပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ဖန်ဆင်းခံများအနေဖြင့် လူသားတို့၏ အခြေခံဖွဲ့စည်းပုံကို သင်တို့ ယခုအခါ ခိုင်မာသော နားလည်မှုတစ်ခု ရှိပြီလော။ (ကျွန်ုပ်တို့ ယခင်ကထက် အနည်းငယ် ပို၍ နားလည်နိုင်ပါသည်။) လူတို့၏ အသက်တာတွင် ထုတ်ဖော်ထားသော သရုပ်သကန်များနှင့်ဆိုင်သည့် ကဏ္ဍသုံးရပ်ကို ငါတို့ မိတ်သဟာယဖွဲ့ရသည့် အကြောင်းရင်းမှာ ဖန်ဆင်းခံ လူသားမျိုးနွယ်သည် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။ သင်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ လူငယ်ဖြစ်စေ၊ လူအိုဖြစ်စေ၊ မည်သည့်လူမျိုးကြားတွင် သို့မဟုတ် မည်သည့်နိုင်ငံ၌ နေထိုင်သည်ဖြစ်စေ၊ မည်သည့်ကာလတွင် နေထိုင်သည်ဖြစ်စေ၊ မည်သို့သော လူမှုပတ်ဝန်းကျင်နှင့် နောက်ခံတွင် နေထိုင်သည်ဖြစ်စေ၊ အတိုချုပ်ဆိုရလျှင် သင်၏ အပြင်ပန်းပုံပန်းသဏ္ဌာန် မည်သို့ပင်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံလူသားတစ်ဦး ဖြစ်နေသမျှကာလပတ်လုံး သင်သည် ဤကဏ္ဍသုံးရပ်ဖြစ်သည့် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်ဖြစ်သည့် လူတိုင်းသည် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အသက်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ မည်သည့်ဖန်ဆင်းခံလူသားမဆို ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်ကြသည်။ လူတစ်ဦး၏ ပင်ကိုအခြေအနေများကို ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းထားသည်မှာ အမှန်ပင်ဖြစ်သည်။ လူ့သဘာဝသည် ပင်ကိုအခြေအနေများ၏ လွှမ်းမိုးမှုကို တစ်စိတ်တစ်ပိုင်း ခံရပြီး မိသားစု၏ ပြုစုပျိုးထောင်မှု၊ လူမှုပတ်ဝန်းကျင်နှင့် စာတန်၏ သွန်သင်လေ့ကျင်ပေးမှုတို့၏ ပုံသွင်းခြင်းနှင့် လွှမ်းမိုးခြင်းတို့ကို တစ်စိတ်တစ်ပိုင်း ခံရသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာမူ စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော လူတစ်ဦး၏ စာတန်ဆန်သော စိတ်သဘောထားများနှင့် စာတန်၏ သဘာဝတို့ ဖြစ်ကြသည်။ ဤဖောက်ပြန်ပျက်စီးသော သဘာဝသည် လူတစ်ဦး၏ မိသားစုမှ တစ်စိတ်တစ်ပိုင်း၊ လူ့အဖွဲ့အစည်းမှ တစ်စိတ်တစ်ပိုင်းနှင့် လူတစ်ဦးက အမျိုးမျိုးသော ပတ်ဝန်းကျင်များတွင် တွေ့ကြုံခံစားရသည့် လွှမ်းမိုးမှုများနှင့် ပုံသွင်းမှုများမှ တစ်စိတ်တစ်ပိုင်း လာသည်။ ဤရှုထောင့်မှကြည့်လျှင် မည်သည့်ဖန်ဆင်းခံလူမဆိုသည် အမှန်တကယ်တွင် မည်သည့်လျှို့ဝှက်ဆန်းကြယ်မှုမျိုးမျှ မဟုတ်ပေ၊ အကြောင်းမှာ ၎င်းတို့သည် ဤကဏ္ဍသုံးရပ်ဖြစ်သည့် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးက မည်သို့သောလူစားမျိုးဖြစ်သည်ကို ပိုင်းခြားသိမြင်ခြင်းသည် အမှန်တကယ်တွင် လွယ်ကူသင့်သည်။ ဘုရားသခင် အမိန့်ဖြင့်ပြဋ္ဌာန်းပြီး ချပေးထားသည့် ပင်ကိုအခြေအနေများကို ဘေးဖယ်ထားလျက် ကျန်ရှိသည့်အရာမှာ လူတစ်ဦး၏ လူ့သဘာဝ မည်သို့ရှိသည်နှင့် ၎င်းတို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကို ပိုင်းခြားသိမြင်ရန် ဖြစ်သည်၊ ဤအရာများက ဤလူ၏ အနှစ်သာရ မည်သို့ရှိသည်ကို ဆုံးဖြတ်ပေးသည်။ ဤနည်းလမ်းဖြင့် ပိုင်းခြားသိမြင်ခြင်းသည် အမှုအရာများကို အလွန်ရှင်းလင်းစေသည်။ ဤအရာများကို အခြေခံ၍ လူတစ်ဦး၏ အနှစ်သာရ မည်သည်ဖြစ်သည်ကို ပိုင်းခြားသိမြင်ခြင်းသည် ခက်ခဲသောကိစ္စရပ်တစ်ခု မဟုတ်ပေ။ ဤနည်းလမ်းဖြင့် ပိုင်းခြားသိမြင်ခြင်းတွင် အခြေပြုစရာတစ်ခု ရှိသည့်အပြင် အကဲဖြတ်စရာ စံနှုန်းတစ်ခုလည်း ရှိသည်။
ယခင်က ငါတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မပါဝင်သည့် ပင်ကိုအခြေအနေများ၏ တိကျသော သရုပ်သကန်အချို့ကို စာရင်းပြုစုခဲ့ကြသည်။ ပင်ကိုအခြေအနေများသည် လူတို့ ရှင်သန်ရေးအတွက် မှီခိုအားထားရသည့် အခြေခံအုတ်မြစ်ဖြစ်ပြီး ဖန်ဆင်းခံ လူသားမျိုးနွယ်က ပိုင်ဆိုင်သင့်သည့် အခြေအနေများ ဖြစ်ကြသည်။ မွေးဖွားချိန်၊ မွေးဖွားသည့် ပတ်ဝန်းကျင်နှင့် မွေးဖွားရာနေရာကဲ့သို့သော လူတစ်ဦး၏ မွေးဖွားခြင်းနှင့် သက်ဆိုင်သည့် အခြေအနေများဖြစ်စေ၊ သို့မဟုတ် လူတစ်ဦး၏ ရုပ်ရည်၊ အစွမ်းအစ၊ အားသာချက်များ၊ ဗီဇများ၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများ၊ ပင်ကိုစရိုက်ကဲ့သို့သော ကဏ္ဍများဖြစ်စေ၊ ဤအရာအားလုံးသည် လူတစ်ဦး၏ ပင်ကိုအခြေအနေများတွင် ပါဝင်၏။ ဤပင်ကိုအခြေအနေများသည် လူတို့ကို မဖောက်ပြန်မပျက်စီးစေသလို၊ ၎င်းတို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမျှ မပါဝင်ပေ။ ယေဘုယျအားဖြင့်ဆိုသော် ပင်ကိုအခြေအနေများသည် ဖန်ဆင်းခံလူသားတစ်ဦး ရှင်သန်နေထိုင်နိုင်ရန်အတွက် ပိုင်ဆိုင်ရမည့် အခြေခံအခြေအနေအချို့ ဖြစ်ကြသည်။ လူ့သဘာဝဟူသည်မှာ ပင်ကိုအခြေအနေများကို ပိုင်ဆိုင်သော ခန္ဓာကိုယ်တစ်ခုမှ ထုတ်ဖော်ပြသသည့် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပါဝင်သည့် အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ပတ်သက်၍မူ ဤသည်မှာ ရှင်းလင်းပါသည်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပင်ကိုအခြေအနေများနှင့် လူ့သဘာဝကို ပိုင်ဆိုင်သော ဤခန္ဓာကိုယ်၏ အသက်အပေါ် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း၏ ရလဒ်ဖြစ်သည်။ ဤသည်မှာ အနည်းငယ် စိတ်ကူးသက်သက်မျှ ဖြစ်သလော။ အလုံးစုံခြုံငုံကြည့်လျှင် ဖန်ဆင်းခံလူသားများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ စိုးမိုးခြင်းကို ခံရပြီး လူ့သဘာဝ၏ အခြေခံ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သော ဖန်ဆင်းခံများ ဖြစ်ကြသည်။ ဤဖန်ဆင်းခံများသည် ဘုရားသခင် ပြဋ္ဌာန်းထားသော အမျိုးမျိုးသော ပင်ကိုအခြေအနေများ ရှိကြသည်။ ဤသည်မှာ ဘုရားသခင် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်၏ အခြေခံဖွဲ့စည်းပုံ ဖြစ်သည်။ ဤအထဲတွင် ပင်ကိုအခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်ရန် ပို၍လွယ်ကူသော်လည်း လူ့သဘာဝမှာမူ အတော်အတန် နားလည်ရခက်နိုင်သည်။ ရိုးရှင်းစွာဆိုရလျှင် လူ့သဘာဝသည် ဖန်ဆင်းခံ လူသားမျိုးနွယ်ကို အခြားသက်ရှိသတ္တဝါများနှင့် ကွဲပြားစေသော ထူးခြားသည့် ဂုဏ်ရည်တစ်ခု ဖြစ်သည်။ ဤထူးခြားသော ဂုဏ်ရည်ရှိသည့် ဖန်ဆင်းခံများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ ကိုယ်ကျင့်စရိုက်နှင့် အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်းတို့ကိုလည်း ပိုင်ဆိုင်ကြသည်။ လူသားမျိုးနွယ်ကို အခြားသက်ရှိသတ္တဝါများနှင့် ကွဲပြားစေသော ဤထူးခြားသည့် ဂုဏ်ရည်များသည် လူ့သဘာဝကို ဖွဲ့စည်းထားသည်။ ဤလူ့သဘာဝတွင် ဘာသာစကားကို အသုံးပြု၍ ဖော်ပြနိုင်စွမ်း၊ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်း၊ နားလည်နိုင်စွမ်း၊ အသစ်သောအရာများကို လက်ခံနိုင်စွမ်း၊ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီး မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်နိုင်စွမ်းတို့ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ လူ့သဘာဝ ဖြစ်သည်။ လူ့သဘာဝ၏ အရှင်းဆုံးသော နားလည်မှုမှာ ယင်းသည် ဖန်ဆင်းခံ လူသားမျိုးနွယ်ကို အခြားသက်ရှိသတ္တဝါများနှင့် ကွဲပြားစေသော မွေးရာပါ ဂုဏ်ရည်တစ်ခု ဖြစ်သည်။ ဤဂုဏ်ရည်၏ အခြေခံအကျဆုံးသော လက္ခဏာများမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ဖြစ်ကြသည်။ ဤသည်မှာ ယင်းကို နားလည်ရန် အရှင်းဆုံးသော နည်းလမ်းဖြစ်သည်။ ဤအထဲတွင် လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် တည်ကြည်မှုနှင့် ကိုယ်ကျင့်စရိုက်၊ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို ခွဲခြားသိမြင်ခြင်း၊ အပြုသဘောဆောင်သော အရာများကို ရွေးချယ်ပြီး လုပ်ဆောင်ခြင်းကဲ့သို့သော အသေးစိတ်အချက်အချို့ ရှိနေသည်။ အခြေခံအားဖြင့် ဤအရာများသည် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟူသည့် ကဏ္ဍသုံးရပ်အကြောင်း လူတို့ နားလည်သိရှိသင့်သည့်အရာများ ဖြစ်ကြသည်။ ဤကိစ္စရပ်များကို သင်တို့ ယခင်က စဉ်းစားဖူးသလော။ (ကျွန်ုပ်တို့ ယခင်က မစဉ်းစားဖူးပါ။) ဤကိစ္စရပ်များကို ပထမဆုံးအကြိမ် ကြုံတွေ့ရရာတွင် သင်တို့ နားလည်နိုင်သလော။ သင်တို့ သဘောပေါက်နိုင်သလော။ (ကျွန်ုပ်တို့ အတော်အသင့် နားလည်နိုင်ပါသည်။) ငါတို့ ပြောဆိုနေသည့် ဤအကြောင်းအရာသည် အလွန်နက်နဲပြီး အတော်အတန် နားလည်ရခက်ကာ ဒဿနိကဗေဒကို ဆွေးနွေးနေသကဲ့သို့ အနည်းငယ် နားလည်ရခက်သည်ဟု တစ်စုံတစ်ဦး ခံစားရသလော။ ဤနေ့ရက်များအတွင်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟူသည့် ဤကဏ္ဍသုံးရပ်၏ တိကျသော သရုပ်သကန်များကို အခြေခံ၍ ယခုလေးတင် ပြောဆိုခဲ့သည့်အရာသည် သင်တို့အတွက် စိတ်ကူးသက်သက်မျှဖြစ်သော အရာအဖြစ်သင့်ပေ။ ဤကဏ္ဍသုံးရပ်၏ တိကျသော သရုပ်သကန်များကို သင်တို့ နားလည်နိုင်သင့်သည်။ ထို့အပြင် ဤကဏ္ဍသုံးရပ်ကြားရှိ ဆက်နွှယ်မှုများသည်လည်း ရှင်းလင်းသင့်သည် မဟုတ်လော။ လူ့သဘာဝသည် လူတစ်ဦးက အခြေခံ ပင်ကိုအခြေအနေများ ရှိခြင်းဟူသည့် အခြေခံအုတ်မြစ်ကို အခြေပြု၍ ထုတ်ဖော်ပြသသည့် တည်ကြည်မှု၊ ကိုယ်ကျင့်စရိုက်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ပင်ကိုအခြေအနေများမှတစ်ဆင့် လူ့သဘာဝအတွင်း၌ အသက်ရှင်နေထိုင်သည့်အရာဖြစ်ပြီး ယင်းတို့သည် စာတန်က လူတို့ထဲသို့ သွတ်သွင်းသည့် အသက်၏ စိုးမိုးခြင်းကို ခံရသောလူများ အသက်ရှင်နေထိုင်သည့် အမျိုးမျိုးသော စိတ်သဘောထားများ ဖြစ်ကြသည်။ ဤနည်းအားဖြင့် လူတစ်ဦးသည် မည်သည့် ပင်ကိုအခြေအနေများကို ပိုင်ဆိုင်သည်ဖြစ်စေ၊ ၎င်းတို့သည် အခြေခံအကျဆုံးသော အပြင်ပန်း အခွံမျှသာဖြစ်ပြီး လူတစ်ဦး၏ အနှစ်သာရကို အမှန်တကယ် စိုးမိုးနိုင်သည့် အသက်မှာမူ စာတန်က ၎င်းတို့ထဲသို့ သွတ်သွင်းသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦး၏ အနှစ်သာရ မည်သည်ဖြစ်သည်ကို ပိုင်းခြားသိမြင်ရန်၊ ၎င်းတို့ ထုတ်ဖော်သည့် စိတ်သဘောထားများကို ကြည့်လော့။ ၎င်းတို့ ထုတ်ဖော်သည့် စိတ်သဘောထားများသည် မာနထောင်လွှားခြင်း၊ စိတ်နှလုံးခိုင်မာခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းဟူသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်နေပါက ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် ကြင်နာသည်ဖြစ်စေ၊ ဆိုးယုတ်သည်ဖြစ်စေ၊ ဤလူသည် အနှစ်သာရအားဖြင့် စာတန်နှင့် သက်ဆိုင်သည်၊ အကြောင်းမှာ ၎င်းတို့၏ အသက်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ လူတစ်ဦး၏ ဂုဏ်ရည်သည် ၎င်းတို့၏ ပင်ကိုအခြေအနေများ မည်သို့ရှိသည်အပေါ်၌ မဟုတ်ဘဲ ၎င်းတို့အတွင်း၌ ပိုင်ဆိုင်သော အသက်အပေါ်တွင် မူတည်သည်။ ၎င်းတို့၏ အသက်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်နေပါက၊ ၎င်းတို့၏ ပင်ကိုအခြေအနေများသည် အပြင်ပန်း၌ မည်မျှပင် မြင့်မြတ်သည် သို့မဟုတ် ကြီးမြတ်သည်ဟု ထင်ရစေကာမူ ၎င်းတို့သည် အနှစ်သာရအားဖြင့် စာတန်နှင့် သက်ဆိုင်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ လူတစ်ဦး၏ အသက်သည် သမ္မာတရားက သူ၏အသက်ဖြစ်သည့် အသက်တစ်ခု ဖြစ်နေပါက ၎င်းတို့၏ ပင်ကိုအခြေအနေများသည် အပြင်ပန်း၌ မည်မျှပင် သာမန်ဖြစ်သည်၊ ပုံမှန်ဖြစ်သည် သို့မဟုတ် အထင်သေးခံရသည်ဟု ထင်ရစေကာမူ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော အားနည်းချက်များ၊ ဟာကွက်များနှင့် ချို့ယွင်းချက်အချို့ကို အပြင်ပန်း၌ ပြသလျှင်ပင် ၎င်းတို့သည် ကယ်တင်ခြင်း ခံခဲ့ရပြီးဖြစ်သော လူသားမျိုးနွယ်၏ အစိတ်အပိုင်း ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် အနှစ်သာရအားဖြင့် ဘုရားသခင်နှင့် သက်ဆိုင်ပြီး စာတန်နှင့် မသက်ဆိုင်ပေ။ ၎င်းတို့၏ အနှစ်သာရ ပြောင်းလဲသွားသည်။ ၎င်းတို့၏ အနှစ်သာရ ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ သက်ဆိုင်ရာသည်လည်း ပြောင်းလဲသွားသည်၊ ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်နှင့် သက်ဆိုင်သွားသည်။ သို့ဖြစ်၍ လူတစ်ဦး၏ သက်ဆိုင်ရာ၊ အနှစ်သာရနှင့် နောက်ဆုံးအဆုံးသတ်တို့တွင် ဆုံးဖြတ်ပေးသည့် အကြောင်းရင်းမှာ ၎င်းတို့၏ ပင်ကိုအခြေအနေများ မဟုတ်သည့်အပြင် ၎င်းတို့၏ လူ့သဘာဝ လုံးလုံးလည်း မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်၊ သို့ရာတွင် ၎င်းတို့၏ အသက် မည်သည်ဖြစ်သည်ဟူသည့်အပေါ်တွင် မူတည်သည်။ အစမှအဆုံးတိုင် လူတစ်ဦး၏ အသက်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သူ၏အသက်ဖြစ်သည့် အသက်တစ်ခုဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ပါက ၎င်းတို့၏ သက်ဆိုင်ရာသည် စာတန်နှင့်အတူ ရှိလိမ့်မည်။ ၎င်းတို့သည် သမ္မာတရားကို မိမိတို့၏ အသက်အဖြစ် ရှိပါက ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဤသို့ဖြင့် ၎င်းတို့၏ သက်ဆိုင်ရာသည် ဘုရားသခင်နှင့်အတူ၊ ဘုရားသခင်က လူသားမျိုးနွယ်အတွက် ပြင်ဆင်ထားသည့် လှပသော ပန်းတိုင်၌ ရှိလိမ့်မည်။ ကဏ္ဍအားလုံးရှိ လူတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် အနှစ်သာရကို အခြေခံ၍ လူတို့၏ လက်ရှိ သက်ဆိုင်ရာသည် မည်သည်ဖြစ်သနည်း။ လူတို့တွင် သမ္မာတရားက သူတို့၏အသက်ဖြစ်သည့် အသက်တစ်ခု ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် လူတစ်ဦး၏ အနှစ်သာရသည် အတိအကျ မည်သည့်အရာအပေါ်တွင် မူတည်သနည်း။ (၎င်းတို့ အသက်အဖြစ် ရှိသည့်အရာအပေါ်တွင် ဖြစ်ပါသည်။) တိကျပါသည်၊ သင်၏ အတွင်း၌ရှိသော သင်၏ အသက်သည် မည်သည့်အရာဖြစ်စေ၊ ယင်းမှာ သင်၏ အနှစ်သာရ ဖြစ်သည်။ သင်၏ အတွင်း၌ရှိသော အသက်သည် ပြောင်းလဲသွားပြီး သင်၏ အသက်ဖြစ်သည့်အရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မဟုတ်တော့ဘဲ သမ္မာတရား ဖြစ်နေပါက သင်၏ အနှစ်သာရအရ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး သမ္မာတရားနှင့် သက်ဆိုင်သည်။ လူသားဖြစ်ခြင်းဟူသည့် လူတို့၏ ဂုဏ်ရည်သည် မပြောင်းလဲသည်မှာ အမှန်ပင်ဖြစ်သည်၊ လူတို့သည် လူများသာဖြစ်နေဆဲဖြစ်ပြီး ၎င်းတို့၏ ဂုဏ်ရည်အရ ၎င်းတို့သည် ဖန်ဆင်းခံလူသားများသာ ဖြစ်နေဆဲဖြစ်သည်။ သို့သော် သင်၏ အသက်သည် ပြောင်းလဲသွားသောကြောင့် သင်၏ သက်ဆိုင်ရာသည်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် ပင်ကိုအခြေအနေများသည် ဖန်ဆင်းခံ လူသားမျိုးနွယ်ကို ဖွဲ့စည်းထားသည့် အခြေခံအခြေအနေများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ သင်သည် ဖန်ဆင်းခံလူသားတစ်ဦးဟု ခေါ်တွင်နေသမျှ ကာလပတ်လုံး ဤပင်ကိုအခြေအနေများသည် သင့်အထဲ၌ ရှိရမည်၊ ယင်းတို့သည် အခြေခံအခြေအနေများ ဖြစ်ကြသည်။ လူ့သဘာဝသည် လူတစ်ဦးက သူ၏ ပင်ကိုအခြေအနေများအောက်တွင် နေထိုင်နေစဉ် သူ၏ ပုံမှန်လူ့သဘာဝမှ ထုတ်ဖော်ပြသပြီး အသက်ရှင်နေထိုင်သည့်အရာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပင်ကိုအခြေအနေများနှင့် လူ့သဘာဝ၏ အခွံအောက်တွင် ဖုံးကွယ်နေသော၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၌ မွေးရာပါ အသက်ဖြစ်သည်။ ဤကဏ္ဍသုံးရပ်ကြားရှိ ဆက်နွှယ်မှုများနှင့် ကွဲပြားမှုများအပြင် ဖန်ဆင်းခံ လူသားမျိုးနွယ်တွင် ၎င်းတို့တစ်ခုချင်းစီက ပါဝင်သည့် အခန်းကဏ္ဍများ သို့မဟုတ် ဆောင်ရွက်သည့် လုပ်ငန်းဆောင်တာများသည် ဖော်ပြခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ယခင်က ငါတို့သည် လူတို့ ထုတ်ဖော်သည့် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟူသည့် ဤကဏ္ဍသုံးရပ်နှင့် သက်ဆိုင်သော သရုပ်သကန်အချို့ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ သို့သော် ဤကဏ္ဍသုံးရပ် ပါဝင်သော အကြောင်းအရာသည် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာထက် များစွာ ကျော်လွန်သွားသောကြောင့် ငါတို့သည် ယနေ့ ဤအကြောင်းအရာအပေါ် ဆက်လက်၍ မိတ်သဟာယဖွဲ့ရမည်ဖြစ်သည်။
ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အမျိုးမျိုးသော ထုတ်ဖော်မှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့်အကြိမ်က ငါတို့ မည်သည့်နေရာတွင် အဆုံးသတ်ခဲ့ကြသနည်း။ ကြောက်တတ်ခြင်းနှင့် ရဲတင်းခြင်းတို့ ဖြစ်သည်၊ မှန်သလား။ (ဟုတ်ပါသည်။) ထိုမိတ်သဟာယဖွဲ့ခြင်းသည် ပြီးစီးသွားခဲ့ပြီဖြစ်သည်။ ယခု စကားပြောသည့်အခါ စကားထစ်ခြင်းနှင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်ခြင်းတို့ကို ကြည့်ကြစို့၊ ဤသည်မှာ မည်သည့်ပြဿနာအမျိုးအစား ဖြစ်သနည်း။ (ပင်ကိုအခြေအနေတစ်ခု ဖြစ်ပါသည်။) ဤသည်မှာ ပင်ကိုအခြေအနေတစ်ခုဖြစ်ပြီး ကာယပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်မျိုးလည်း ဖြစ်သည်။ စကားထစ်ခြင်း၏ ပုံစံများ ကွဲပြားသည်မှာ အမှန်ပင်ဖြစ်သည်။ အချို့ စကားထစ်သူများသည် စကားလုံးတစ်လုံးကို ဆွဲဆန့်ပြောဆိုကြပြီး အချို့မှာမူ စကားလုံးတစ်လုံးကို ထပ်ခါတလဲလဲ ပြောဆိုနေကြကာ ပြည့်စုံသော ဝါကျတစ်ကြောင်းကို ပြောဆိုနိုင်ဖို့ကို တစ်နေကုန် အချိန်ယူကြသည်။ အတိုချုပ်ဆိုရလျှင် ဤသည်မှာ ပင်ကိုအခြေအနေတစ်ခုဖြစ်ပြီး ကာယပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်မျိုးလည်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ပါဝင်သလော။ (မပါဝင်ပါ။) ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မပါဝင်ပေ။ တစ်စုံတစ်ဦးက “သင် စကားပြောသည့်အခါ ထစ်သည်၊ သင် အတော် စဉ်းလဲပါတကား” သို့မဟုတ် “သင် စကားပြောသည့်အခါ စကားပင်ထစ်သေးသည်၊ သင်မည်သို့ ထိုမျှလောက် မာနထောင်လွှားနိုင်ရသနည်း” ဟု ပြောဆိုပါက ထိုသို့သော ပြောဆိုချက်များသည် တိကျသလော။ (မတိကျပါ။) စကားထစ်ခြင်းသည် ချို့ယွင်းချက် သို့မဟုတ် အပြစ်အနာအဆာတစ်ခုအနေဖြင့် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ မည်သည့်ကဏ္ဍနှင့်မျှ မသက်ဆိုင်ပေ။ သို့ဖြစ်၍ စကားထစ်ခြင်းသည် ပင်ကိုအခြေအနေတစ်ခုနှင့် ကာယပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်မျိုး ဖြစ်သည်။ သိသာထင်ရှားသည်မှာ ယင်းသည် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မပါဝင်သည့်အပြင် ၎င်းတို့နှင့် လုံးဝ ဆက်စပ်မှုမရှိပေ။ စကားထစ်ခြင်းနှင့်ပတ်သက်သော အခြားအခြေအနေတစ်ခု ရှိသည်၊ အချို့လူများသည် ပုံမှန်အားဖြင့် စကားပြောသည့်အခါ မထစ်ကြသော်လည်း သင်က ၎င်းတို့ကို မေးခွန်းတစ်ခု မေးသည့်အခါ ၎င်းတို့သည် တွေဝေပြီး အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကြသည်၊ ၎င်းတို့သည် ဝါကျတစ်ကြောင်းတည်းကို ပြောရန် တစ်နေကုန် အချိန်ယူကြပြီး ၎င်းတို့ မည်သည့်အရာကို ပြောရန် ကြိုးစားနေသည်ကို သင် မပြောနိုင်သေးပေ။ ၎င်းတို့၏ စကားသည် မည်သည့်အခါမျှ လုံလောက်အောင် တိကျခြင်းမရှိဘဲ ၎င်းတို့၏ အဓိပ္ပာယ်ဆိုလိုရင်းကို သင့်အား အစဉ်သဖြင့် ခန့်မှန်းစေသည်၊ သင် မည်သို့ပင် ခန့်မှန်းသည်ဖြစ်စေ၊ ယင်းမှာ ၎င်းတို့၏ အဓိပ္ပာယ်ဆိုလိုရင်း ဖြစ်လာသည်။ သို့မဟုတ်ပါက ၎င်းတို့သည် အဓိပ္ပာယ်အစား အပြုံးကို အသုံးပြုကြသည်။ အတိုချုပ်ဆိုရလျှင် ၎င်းတို့သည် သင်၏ မေးခွန်းကို တိုက်ရိုက် မဖြေဆိုကြခြင်းသာ ဖြစ်သည်။ ဥပမာအားဖြင့် သင်က ၎င်းတို့ကို “သင် မည်သည့်နေရာမှ လာသနည်း” ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်... ကျွန်ုပ်... လျှောက်သွားရင်းဖြင့်...” ဟု ပြောသည်။ ဤသည်ကို ကြားပြီးနောက် ၎င်းတို့ မည်သည့်နေရာမှ လာသည်ကို သင် မသိသေးပေ။ သို့မဟုတ် သင်က ၎င်းတို့ကို “ထိုလူ၏ အစွမ်းအစကို သင် မည်သို့ အကဲဖြတ်သနည်း” ဟု မေးသည်။ ၎င်းတို့က “သူတို့၏... အစွမ်းအစမှာ... လူတိုင်း... သိသည်မဟုတ်လား... ကျွန်ုပ်တို့အားလုံး... အင်း... တကယ်တော့... မရှင်းလင်းဘူး” ဟု ပြောသည်။ အဘယ်ကြောင့် ၎င်းတို့သည် ထိုသို့သော တုံ့ဆိုင်းပြီး တစ်စစီ နည်းလမ်းဖြင့် စကားပြောဆိုကြသနည်း။ ဤသည်မှာ စကားထစ်ခြင်းလော။ ထိုသို့ မထင်ရပေ။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့ ဤသို့ စကားပြောဆိုကြသနည်း။ ဤသည်မှာ စကားထစ်ခြင်းကြောင့် မဟုတ်လျှင် အဘယ်အကြောင်းကြောင့် ဖြစ်သနည်း။ (၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ စိုးမိုးခြင်းကို ခံနေရပါသည်။) ဤသည်မှာ စိတ်သဘောထားတစ်ခု၏ ထုတ်ဖော်မှုဖြစ်သည်မှာ ရှင်းလင်းသည်။ ဆိုလိုသည်မှာ ၎င်းတို့ တစ်စုံတစ်ခုကို ဖော်ပြသည့်အခါ သို့မဟုတ် တစ်စုံတစ်ခုကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် ၎င်းတို့၏ အသက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော စိတ်သဘောထားတစ်ခု၏ စိုးမိုးခြင်းကို ခံကြရပြီး ယင်းက ၎င်းတို့ကို တိကျသော ရည်ရွယ်ချက်တစ်ခုကို အောင်မြင်စေရန် စကားပြောဆိုပြုမူဖို့ တွန်းအားပေးနေခြင်း ဖြစ်သည်။ ဤရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ အမှန်တရားများကို ဖုံးကွယ်ရန်၊ သင့်အား အမှန်တရားများကို မပြောပြဘဲ ရှောင်ရှားရန် ဖြစ်သည်၊ ၎င်းတို့သည် အမှုအရာများကို ထိုမျှ ရှင်းလင်းစွာ ရှင်းပြလိုခြင်း မရှိပေ။ အဘယ်ကြောင့် ၎င်းတို့ ဤနည်းလမ်းအတိုင်း ပြုမူကြသနည်း။ အကြောင်းမှာ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို ရှင်းပြပါက အကျိုးဆက်များကို ၎င်းတို့ ခံရမည်ဟု ၎င်းတို့ ယုံကြည်သောကြောင့် ဖြစ်သည်၊ တစ်စုံတစ်ဦးကို ပြစ်မှားမိခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို အကျိုးယုတ်စေခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် ဤအကျိုးဆက်များကို မခံလိုကြပေ၊ ၎င်းတို့သည် အမှန်တရားများကို သင် သိရှိစေလိုခြင်း မရှိပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ စိုးမိုးမှုအောက်တွင် စကားပြောဆိုပြုမူသည့် နည်းလမ်းနှင့် ပုံစံတစ်ခု ဖြစ်သည်။ ဤသို့ပြုမူရန် ၎င်းတို့ကို စိုးမိုးသည့် အသက်သည် ၎င်းတို့၏ သဘာဝကို ကိုယ်စားပြုပြီး ဤသို့ပြုမူခြင်းက ၎င်းတို့တွင် မည်သည့်သမ္မာတရားမျှ လုံးဝမရှိကြောင်း သက်သေပြနေသည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအတိုင်း စကားမပြောဆိုကြပေ။ သို့ဆိုလျှင် သမ္မာတရား စည်းမျဉ်းများအတိုင်း စကားပြောဆိုရန် မည်သို့ ပြောဆိုသင့်သနည်း။ ဤသို့ပြုလုပ်ရန် လူတစ်ဦးသည် ဘုရားသခင်က “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” ဟု မိန့်တော်မူသည့်အတိုင်း ရိုးသားသောသူတစ်ဦး ဖြစ်သင့်သည်။ ၎င်းတို့ ဤသို့ ပြုလုပ်ကြသလော။ (မလုပ်ကြပါ)။ ၎င်းတို့ မည်သည့်အရာကို ပြုလုပ်ကြသနည်း။ ၎င်းတို့သည် ဟုတ်သည့်အခါ ဟုတ်သည်ဟုလည်း မပြော၊ မဟုတ်သည့်အခါ မဟုတ်ဟုလည်း မပြောပေ။ ၎င်းတို့ မည်သည့်နည်းလမ်းကို အသုံးပြုကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ခြင်းဟူသည့် ၎င်းတို့၏ ပန်းတိုင်ကို အောင်မြင်စေရန်အလို့ငှာ မိမိတို့၏ အဓိပ္ပာယ်ဆိုလိုရင်းကို ဖော်ပြရန် လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်သော နည်းလမ်းများကို အသုံးပြုလျက် မရှင်းမလင်း စကားပြောဆိုကြသည်။ ၎င်းတို့သည် ကိစ္စတစ်ခုကို ကိုင်တွယ်ရန် သို့မဟုတ် တစ်စုံတစ်ခုကို ဖော်ပြရန် စာတန်က ၎င်းတို့အား ညွှန်ကြားပြီး သွတ်သွင်းသည့် နည်းလမ်းများကို အသုံးပြုကြသည်။ ဤသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်မှာ သိသာထင်ရှားသည်။ ဤသည်မှာ လူ့သဘာဝ၏ အပေါ်ယံ ထုတ်ဖော်မှုတစ်ခုမဟုတ်ဘဲ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ စိုးမိုးမှုအောက်တွင် ပြုမူသည့် နည်းလမ်းတစ်ခု၏ ထုတ်ဖော်မှု ဖြစ်သည်။
နောက်ထပ် သရုပ်သကန်တစ်ခုဖြင့် ဆက်ကြစို့၊ စိတ်လှုပ်ရှားမှုများကို နှစ်သက်ပြီး ငြီးငွေ့ဖွယ်ရာကို မကြိုက်ခြင်း၊ အမှုအရာအားလုံးကို လုပ်ဆောင်ပြီး နေထိုင်မှုပုံစံ ရွေးချယ်မှုတိုင်းကို စိတ်လှုပ်ရှားမှုများအတွက် ပြုလုပ်ခြင်း ဖြစ်သည်။ ဤသည်မှာ မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ ဦးစွာ ဤသည်မှာ ပင်ကိုအခြေအနေများအတွင်းရှိ စိတ်ဝင်စားမှုများနှင့် ဝါသနာများထဲတွင် ပါဝင်သလော။ (ပါဝင်ပါသည်။) ပါဝင်သလော။ သေချာစဉ်းစားကြည့်လော့၊ ယင်းသည် ထိုအထဲတွင် အမှန်တကယ် ပါဝင်သလော။ လူတစ်ဦး၏ ဆင်ခြင်တုံတရားတွင် စိတ်လှုပ်ရှားမှုများကို နှစ်သက်ခြင်းသည် ပုံမှန်ဖြစ်သလော။ (ပုံမှန်မဟုတ်ပါ။) သို့ဆိုလျှင် ယင်းကို ပင်ကိုအခြေအနေများအောက်တွင် အမျိုးအစားခွဲခြားခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) ဤနည်းလမ်းဖြင့် ကြည့်လျှင် ယင်းမှာ မသင့်လျော်ပေ။ ဤသရုပ်သကန်သည် မည်သို့သော ပြဿနာမျိုးအောက်တွင် သက်ရောက်သနည်း။ စိတ်လှုပ်ရှားမှုများကို နှစ်သက်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်ဟု ငါတို့ ဆိုလျှင် ယင်းသည် မည်သို့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းသည် မာနထောင်လွှားခြင်းလော၊ လှည့်ဖြားတတ်ခြင်းလော သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းလော။ (ဤအရာများထဲမှ တစ်ခုမျှ မဟုတ်ပါ။) ယင်းသည် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားနှင့်မျှ မသက်ဆိုင်ပေ။ သို့ဆိုလျှင် ယင်းသည် မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ (ယင်းသည် လူ့သဘာဝ၏ ပြဿနာတစ်ခု ဖြစ်ပါသည်။) ယင်းသည် လူ့သဘောဝ၏ မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ ယင်းသည် အနည်းငယ် စည်းလွတ်ဘောင်လွတ်နိုင်ခြင်းလော။ (ဟုတ်ပါသည်။) ယင်းသည် မိမိကိုယ်ကို မလျော်ကန်စွာနှင့် စည်းလွတ်ဘောင်လွတ်နိုင်သည့် နည်းလမ်းဖြင့် ကျင့်ကြံခြင်း၊ စိတ်လှုပ်ရှားမှုများကို နှစ်သက်ခြင်းနှင့် မငြိမ်မသက်ဖြစ်ခြင်းတို့ ဖြစ်သည်။ မငြိမ်မသက် ဖြစ်ခြင်းသည် ပုံမှန်လူ့သဘာဝ ကင်းမဲ့ခြင်းကို ညွှန်ပြသည်။ ဤသည်မှာ အသိစိတ်နှင့် မသက်ဆိုင်ဘဲ အဓိကအားဖြင့် ပုံမှန်လူ့သဘာဝရှိ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းကို ထင်ဟပ်စေသည်။ ထိုသို့သောလူများသည် တာဝန်တစ်ခုကို စွဲစွဲမြဲမြဲ မလုပ်ဆောင်နိုင် သို့မဟုတ် စည်းကမ်းလိုက်နာပြီး တာဝန်သိတတ်သည့် နည်းလမ်းဖြင့် မိမိတို့၏ တာဝန်များကို မထမ်းဆောင်နိုင်ကြပေ။ ၎င်းတို့သည် လူကြီးများကဲ့သို့ အမှုအရာများကို မလုပ်ဆောင်နိုင်ကြပေ၊ ၎င်းတို့တွင် ရင့်ကျက်သော အတွေးအခေါ်၊ ရင့်ကျက်သော တစ်ကိုယ်ရေ ကျင့်ကြံမှုပုံစံနှင့် ရင့်ကျက်သော အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတို့ ကင်းမဲ့နေသည်။ အနည်းဆုံးအနေဖြင့် ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အရည်အသွေးဆိုင်ရာ ပြဿနာအဆင့်အထိ မမြင့်တက်သည်မှာ အမှန်ပင်ဖြစ်သော်လည်း မိမိတို့ကိုယ်ကို ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် သဘောထားတစ်ခုနှင့် သက်ဆိုင်သည်။ အသစ်အဆန်းဖြစ်မှုနှင့် စိတ်လှုပ်ရှားမှုများကို နှစ်သက်ခြင်း၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မတည်မြဲခြင်း၊ ဇွဲမရှိနိုင်ခြင်း၊ မငြိမ်မသက်ဖြစ်ပြီး မလျော်ကန်ခြင်း၊ စိတ်လှုပ်ရှားမှုများကို အစဉ်သဖြင့် ရှာဖွေလိုပြီး ဆန်းပြားသော အရာသစ်များကို စမ်းသပ်ကြည့်လိုခြင်း၊ ဤအမျိုးအစား၏ ကိစ္စရပ်များသည် လူ့သဘာဝ၏ ချို့ယွင်းချက်များအောက်တွင် သက်ရောက်သည်။ စိတ်လှုပ်ရှားမှုများကို နှစ်သက်သောလူများသည် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်၊ လူကြီးများက ထမ်းဆောင်သင့်သည့် တာဝန်များနှင့် အလုပ်ကို ၎င်းတို့အတွက် ထမ်းဆောင်ရန် မလွယ်ကူပေ။ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ အချိန်ကြာမြင့်စွာ လုပ်ဆောင်ပြီး ယင်းက အသစ်အဆန်းဖြစ်မှုကို ဆုံးရှုံးသွားသမျှကာလပတ်လုံး ၎င်းတို့သည် ယင်းကို ငြီးငွေ့ဖွယ်ရာဟု မြင်ကြပြီး ယင်းကို လုပ်ဆောင်ရန် စိတ်ဝင်စားမှု ကင်းမဲ့ကာ အသစ်အဆန်းဖြစ်မှုနှင့် စိတ်လှုပ်ရှားမှု ခံစားချက်ကို ရှာဖွေလိုကြသည်။ စိတ်လှုပ်ရှားမှုများမရှိဘဲ ၎င်းတို့သည် အမှုအရာများကို ငြီးငွေ့ဖွယ်ရာဟု ခံစားကြရပြီး ဝိညာဉ်ရေးရာ လစ်ဟာမှု ခံစားချက်ကိုပင် တွေ့ကြုံခံစားရနိုင်သည်။ ၎င်းတို့ ဤသို့ ခံစားရသည့်အခါ ၎င်းတို့၏ စိတ်နှလုံးများသည် မငြိမ်မသက်ဖြစ်လာပြီး ၎င်းတို့သည် စိတ်လှုပ်ရှားမှုများ သို့မဟုတ် ၎င်းတို့ကို စိတ်ဝင်စားစေသည့်အရာများကို ရှာဖွေလိုကြသည်။ ၎င်းတို့သည် ထူးထူးခြားခြား တစ်စုံတစ်ခုကို အဆက်မပြတ် လုပ်ဆောင်လိုကြသည်။ ၎င်းတို့ လုပ်ဆောင်နေသည့်အလုပ် သို့မဟုတ် ကိုင်တွယ်နေသည့် ကိစ္စရပ်များကို ငြီးငွေ့ဖွယ်ရာ သို့မဟုတ် စိတ်ဝင်စားဖွယ်မကောင်းဟု တွေ့ရှိသည့်အခါတိုင်း၊ ၎င်းတို့သည် ဆက်လက်လုပ်ဆောင်လိုသည့် လိုအင်ဆန္ဒကို ဆုံးရှုံးသွားကြသည်။ ယင်းသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အလုပ် သို့မဟုတ် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသည့်အလုပ် ဖြစ်နေလျှင်ပင် ၎င်းတို့ ဇွဲမရှိနိုင်ကြပေ။ မယုံကြည်သူများကြားတွင် မူးယစ်ဆေးဝါးကို မကြာခဏ သုံးစွဲသူများစွာ ရှိပုံကို ကြည့်လော့။ ဤနောက်ကွယ်ရှိ အကြောင်းရင်းများ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် စိတ်လှုပ်ရှားမှု ခံစားချက်ကို ရှာဖွေရန်နှင့် ပုံမှန်လူများ ပိုင်ဆိုင်သည့်အရာထက် ကျော်လွန်သော ဆင်ခြင်တုံတရားမဲ့သည့် ခံစားမှုများကို ရှာဖွေရန် မူးယစ်ဆေးဝါး သုံးစွဲခြင်းကို နှစ်သက်ကြသည်။ စိတ်လှုပ်ရှားမှုများကို နှစ်သက်သောလူများသည် စိတ်လှုပ်ရှားမှုအတွက် မူးယစ်ဆေးဝါးကို မှီခိုအားထားသူများနှင့် ဆင်တူသည်။ ၎င်းတို့၏ ကျင့်ကြံပြုမူသည့် နည်းလမ်းတွင် ပုံမှန်လူများ၏ ဆင်ခြင်တုံတရား ကင်းမဲ့ကြပြီး ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံကို ရွေးချယ်သည့်အခါ လက်တွေ့မကျဘဲ ထူးကဲသာလွန်သော ခံစားမှုများကို အစဉ်သဖြင့် လိုက်စားလိုကြသည်။ ဤသည်မှာ အလွန်အန္တရာယ်များသည်။ ဤလူစားမျိုးတို့သည် အပြင်ပန်း၌ ကြီးမားသော ပြဿနာများမရှိဟု မကြာခဏဆိုသလို ထင်ရသည်။ သင်သည် ထိုသို့သောလူများကို မပိုင်းခြားနိုင်လျှင် သို့မဟုတ် ၎င်းတို့၏ အနှစ်သာရ သို့မဟုတ် ဤပြဿနာမျိုး၏ အနှစ်သာရကို ထွင်းဖောက်၍ မမြင်နိုင်လျှင် သင်က “ဤလူများသည် မတည်ငြိမ်သော စိတ်သဘောထားများသာ ရှိကြသည်၊ ၎င်းတို့သည် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ်တွင် ရှိနေကြသော်လည်း ကလေးများကဲ့သို့ မရင့်ကျက်သေးပေ” ဟု တွေးထင်ကောင်း တွေးထင်လိမ့်မည်။ အမှန်တကယ်တွင် အတွင်းပိုင်းနက်ရှိုင်းရာ၌ ဤအမျိုးအစား၏ လူများသည် စိတ်လှုပ်ရှားမှုများကို အဆက်မပြတ် ရှာဖွေကြသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့တွင် လူကြီးများ၏ အတွေးများနှင့် အသိတရားများအပြင် လူကြီးများက ကိစ္စရပ်များကို ကိုင်တွယ်သည့် ချဉ်းကပ်နည်းနှင့် သဘောထားတို့ ကင်းမဲ့နေသည်။ သို့ဖြစ်၍ ထိုသို့သောလူများသည် အလွန် ပြဿနာရှိသည်။ ၎င်းတို့၏ လူ့သဘာဝသည် မဆိုးနိုင်သကဲ့သို့ ၎င်းတို့၏ စရိုက်သည်လည်း အထူးသဖြင့် ယုတ်မာခြင်း မရှိနိုင်ပေ၊ သို့သော် ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ ဤချို့ယွင်းချက်ကြောင့်၊ ၎င်းတို့အတွက် အရေးပါသောအလုပ်၊ အထူးသဖြင့် အချို့သော အရေးကြီးသည့် အလုပ်ကိစ္စများကို နိုင်နင်းစွာထမ်းဆောင်နိုင်ရန် အလွန်ခက်ခဲသည်။ သင်က ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့က “ကျွန်ုပ် အရာအားလုံးကို နားလည်ပါသည်၊ ကျွန်ုပ် မလုပ်နိုင်ခြင်းသာ ဖြစ်သည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ပုံမှန်လူများ၏ အတွေးအခေါ်များနှင့် သဘောထားများဖြင့် ကောင်းမွန်စွာနှင့် တာဝန်သိစွာ နေထိုင်ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်းတို့ကို မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အစဉ်သဖြင့် မငြိမ်မသက် ဖြစ်နေသည်။ ထိုသို့သော သရုပ်သကန်များရှိသည့် လူများသည်လည်း အလွန် ပြဿနာရှိသည်။ စိတ်လှုပ်ရှားမှုများကို နှစ်သက်ခြင်းဟူသည့် သရုပ်သကန်အပေါ် ငါတို့၏ ဆွေးနွေးမှုကို ဤတွင် အဆုံးသတ်ပါသည်။
ဆက်လက်ပြီး အာရုံခံလွယ်ခြင်းအကြောင်းကို ငါတို့ ပြောကြစို့။ ယင်းကို အမျိုးအစားခွဲခြားရန် အရှင်းလင်းဆုံးနည်းလမ်းကို အသုံးပြုကြစို့၊ ဖယ်ရှားရှင်းလင်းခြင်း နည်းလမ်းဖြင့် စတင်မည်။ အာရုံခံလွယ်ခြင်းသည် ပင်ကိုအခြေအနေတစ်ခုလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုလော။ (မဟုတ်ပါ။) တစ်စုံတစ်ဦးတွင် အာရုံခံလွယ်ခြင်း၏ သရုပ်သကန်တစ်ခုရှိပါက ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ထုတ်ဖော်ခြင်းလော။ (မဟုတ်ပါ။) အာရုံခံလွယ်ခြင်းသည် အစားအစာတစ်မျိုးမျိုးကို စားပြီးနောက် ယားယံခြင်းကို တွေ့ကြုံခံစားရခြင်း၊ သို့မဟုတ် အနံ့တစ်ခုခုကို ရှူရှိုက်ပြီးနောက် နှာချေခြင်းနှင့် မျက်ရည်ကျခြင်းတို့ကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ယင်းသည် ဝတ်မှုန်နှင့် မတည့်ခြင်း၊ မြေပဲနှင့် မတည့်ခြင်း သို့မဟုတ် တာရှည်ခံပစ္စည်းများ သို့မဟုတ် ဓာတုဒြပ်ပေါင်းတစ်ခုခုနှင့် မတည့်ခြင်းတို့ကို ရည်ညွှန်းခြင်းမဟုတ်ပေ၊ ယင်းသည် ရုပ်ပိုင်းဆိုင်ရာ အာရုံခံလွယ်ခြင်းကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ရုပ်ပိုင်းဆိုင်ရာ အာရုံခံလွယ်ခြင်းသည် အချို့သော ပြင်ပမှ အန္တရာယ်ရှိသော အနံ့များ သို့မဟုတ် အရာဝတ္ထုများကြောင့် ဖြစ်ပေါ်လာသော ဓာတ်မတည့်သည့် တုံ့ပြန်မှုများ ဖြစ်ပေါ်လွယ်သည့် အာရုံခံလွယ်သော ကိုယ်ခန္ဓာဖွဲ့စည်းပုံရှိခြင်းကို ရည်ညွှန်းသည်၊ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ အာရုံခံလွယ်ခြင်း ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ အာရုံခံလွယ်ခြင်းသည် လူတစ်ဦး၏ ပင်ကိုအခြေအနေများထဲမှ ဗီဇတစ်ခုမျှသာဖြစ်သည်၊ ယင်းသည် လူတစ်ဦး၏ ပင်ကိုကိုယ်ခန္ဓာဖွဲ့စည်းပုံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သို့သော် ဤနေရာတွင် ဆွေးနွေးနေသည့် အာရုံခံလွယ်ခြင်းသည် ဤအရာကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ပင်ကိုအခြေအနေများကို ပယ်ချပြီးနောက် ဤအာရုံခံလွယ်ခြင်းအမျိုးအစားသည် ယေဘုယျအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ အဆင့်အထိ မမြင့်တက်သွားသည်ကို ထည့်သွင်းစဉ်းစားရမည်။ ဆိုလိုသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ တိကျသော ထုတ်ဖော်ခြင်းမရှိဟု ဆိုလိုသည်။ သို့ဆိုလျှင် ဤအာရုံခံလွယ်ခြင်းသည် မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ (ယင်းသည် လူ့သဘာဝ၏ ပြဿနာတစ်ခု ဖြစ်ပါသည်။) ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခုလော သို့မဟုတ် အားနည်းချက်တစ်ခုလော။ (ယင်းသည် လူ့သဘာဝ၏ အားနည်းချက်တစ်ခု ဖြစ်ပါသည်။) ဤသည်မှာ လူ့သဘာဝ၏ အားနည်းချက်တစ်ခုဖြစ်သည်မှာ ရှင်းလင်းသည်၊ သင်သည် ဤအရာကိုပင် မမြင်နိုင်ပါက သင်သည် အလွန် မသိနားမလည်ဖြစ်ပေသည်။ အာရုံခံလွယ်ခြင်းသည် ကောင်းသလော မကောင်းသလော။ ယင်းသည် လူ့သဘာဝ၏ အားနည်းချက်တစ်ခုဖြစ်သောကြောင့် ကောင်းကျိုး မရှိသည်မှာ သေချာသည်။ အာရုံခံလွယ်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့၏ ကိုယ်ပိုင်စကားများဖြင့် ပြောဆိုကြလော့။ (အလွန်အမင်း အာရုံခံလွယ်သော စိတ်ရှိခြင်း ဖြစ်ပါသည်။) အလွန်အမင်း အာရုံခံလွယ်သော စိတ်ရှိခြင်းသည် စိတ်ရောဂါတစ်ခုလော။ လူတို့၏ အာရုံကြောများသည် ယေဘုယျအားဖြင့် အလွန်အမင်း အာရုံခံလွယ်လာကြသလောဟူသည်ကို ငါ့ကိုပြောလော့။ အာရုံကြောများသည် လူ့ကြွက်သားတစ်သျှူးအတွင်း၌ ရှိကြပြီး ပြင်ပလေ၊ ဖုန်မှုန့် သို့မဟုတ် အခြားအရာဝတ္ထုများနှင့် ထိတွေ့ခြင်းမရှိပေ၊ သို့ဖြစ်၍ ၎င်းတို့သည် မည်သို့များ အလွန်အမင်း အာရုံခံလွယ်လာနိုင်မည်နည်း။ လူတစ်ဦးသည် အမြဲတစေ အာရုံခံလွယ်နေပါက ဤသည်မှာ သူ၏ အတွေးအခေါ်များထဲရှိ ပြဿနာတစ်ခု မဟုတ်လော။ သူ၏ အတွေးများထဲတွင် ပြဿနာတစ်ခုရှိနေပါက ဤသည်မှာ သူ၏ စိတ်ထဲတွင် ပြဿနာတစ်ခုရှိသည်ဟု ဆိုလိုသလော။ (ဆိုလိုပါသည်။) စိတ်ထဲမှ ပြဿနာတစ်ခုသည် သူ၏ အတွေးများ၏ လမ်းညွှန်မှုကို ခံရပြီး ယင်းသည် သူ၏ အတွေးများ၏ လမ်းညွှန်မှုကို ခံရပါက ယင်းသည် သူ၏ လူ့သဘာဝနှင့် သက်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးထံမှ အကြည့်တစ်ချက်၊ စကားတစ်ခွန်း သို့မဟုတ် စကားလုံးရွေးချယ်မှုတစ်ခုနှင့် ပတ်သက်လာလျှင် သို့မဟုတ် ပတ်ဝန်းကျင်တစ်ခု သို့မဟုတ် အခြေအနေတစ်မျိုးကို ၎င်းတို့ ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် ယင်းကို အလွန်အကျွံ အဓိပ္ပာယ်ဖွင့်ဆိုမည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင်နှင့် ဆက်စပ်ကာ ထို့နောက်တွင် စိုးရိမ်ပူပန်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဝမ်းနည်းခြင်းနှင့် စိတ်မချမ်းမသာဖြစ်ခြင်းဟူသည့် စိတ်ခံစားချက်များထဲသို့ ကျရောက်သွားမည်ဖြစ်ပြီး တစ်ခါတစ်ရံတွင် အပျက်သဘောဆောင်ခြင်းထဲသို့ပင် ကျရောက်သွားကာ သို့မဟုတ် သာ၍ဆိုးသည်မှာ လက်စားချေရန် ကြိုးပမ်းခြင်း၊ ရန်လိုခြင်း စသည်တို့ကဲ့သို့သော အပျက်သဘောဆောင်သည့် သရုပ်သကန်များကို ပြသခြင်း ဖြစ်သည်။ ဤသရုပ်သကန်များသည် အာရုံခံလွယ်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်မျိုး ဖြစ်ကြောင်းကို အပြည့်အဝ သက်သေပြနေသည်။ ချို့ယွင်းချက်တစ်ခုဆိုသည်မှာ သင်၌ ဤသို့သော ပြဿနာမျိုးရှိပါက သင် ထုတ်ဖော်သည့် လူ့သဘာဝသည် ပုံမှန်မဟုတ်ဟု ဆိုလိုသည်။ ဤပြဿနာသည် သင်၏ အတွေးအခေါ်များ၊ စိတ်အခြေအနေ၊ ဆင်ခြင်တုံတရား သို့မဟုတ် အချို့သော ကိစ္စရပ်တွင် တိကျသော အယူအဆများနှင့် အမြင်ရှုထောင့်များကြောင့် ဖြစ်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဤသည်မှာ သင်၏ လူ့သဘာဝအတွင်းမှ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ယင်းက သင် ထုတ်ဖော်သည့် လူ့သဘာဝကို ပုံမှန်မဟုတ် ဖြစ်စေသည်၊ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား၊ အသိစိတ်တို့နှင့် မကိုက်ညီစေသကဲ့သို့ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံများမှ ထွက်ပေါ်လာသော အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များနှင့်ဖြစ်စေ၊ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံပြီး ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် လူတစ်ဦး၌ ရှိသင့်သည့် သဘောထားနှင့်ဖြစ်စေ မကိုက်ညီစေပေ။ အချုပ်အားဖြင့်ဆိုသော် လူ့သဘာဝ၏ ဤကဏ္ဍတွင် ထုတ်ဖော်သည့်အရာသည် အနှစ်သာရအားဖြင့် ပုံမှန်မဟုတ်သော စိတ်အခြေအနေတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများသည် တစ်စုံတစ်ဦးက ၎င်းတို့ကို မရည်ရွယ်ဘဲ ကြည့်လိုက်သောကြောင့် အလွန်အမင်း အာရုံခံလွယ်လာကြသည်၊ ၎င်းတို့က ထိုသူသည် ၎င်းတို့ကို အထင်သေးသည်ဟု ယူဆကြပြီး မပျော်မရွှင်ဖြစ်ကာ ထိုစိတ်ဆင်းရဲမှုကြောင့် ငိုပင်ငိုကြွေးကြသည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ ပုံမှန်မဟုတ်သော စိတ်အခြေအနေတစ်ခု မဟုတ်လော။ ဤသည်မှာ စိတ်ရောဂါတစ်ခု မဟုတ်လော။ ငါ ပြောနေသည့်အရာသည် တိကျသလော။ (တိကျပါသည်။) လူ့သဘာဝ၏ ဤသရုပ်သကန်သည် တိတိကျကျပြောရလျှင် စိတ်ရောဂါတစ်ခု ဖြစ်သည်။ အခြားသူများက ၎င်းတို့ကို မည်သည့်အရာမျှ မလုပ်ဆောင်ကြသည့်တိုင် ၎င်းတို့သည် ရက်ပေါင်းများစွာ ထိန်းမနိုင်သိမ်းမရ ငိုကြွေးကြပြီး ထိုအရာကို မမေ့နိုင်ကြပေ။ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ သင်၏ ပတ်ဝန်းကျင်တွင် ဤသို့သော လူစားမျိုးရှိသည့်အခါ သင်သည် အထူးသဖြင့် အလွန်အမင်း မွန်းကျပ်ပြီး ကန့်သတ်ခံရသည်ဟု ခံစားရသည်၊ သင်သည် ၎င်းတို့ထံမှ ဒုက္ခကို မည်သည့်အချိန်တွင် ဖိတ်ခေါ်မိမည်ကိုဖြစ်စေ၊ သင်ကိုယ်တိုင်အတွက် ပြဿနာများကို ဖြစ်စေမည်ကိုဖြစ်စေ မသိနိုင်သည့်အပြင် ၎င်းတို့၏ ရှေ့တွင် စကားပြောဆိုသည့်အခါ အလွန်အမင်း သတိထားရပြီး သင်၏ စကားလုံးများကို ထပ်ခါတလဲလဲ စဉ်းစားရသည်၊ “ငါ ဤစကားကို ပြောလိုက်လျှင် သူတို့က ငါ သူတို့ကို အထင်သေးသည်ဟု ထင်ကြမည်လော။ ငါ သူတို့နှင့် စကားမပြောလျှင် သူတို့က ငါ သူတို့အပေါ် ထင်မြင်ချက်တစ်ခုခုရှိသည်ဟု ထင်ကြမည်လော။ ငါ သူတို့နှင့် စကားအနည်းငယ် ပြောလိုက်လျှင် သူတို့က ငါ့တွင် မသမာသော ရည်ရွယ်ချက်တစ်ခုခုရှိသည်ဟု ထင်ကြမည်လော။ အတိအကျ မည်သို့သော ပြုမူပုံသည် သင့်လျော်သနည်း” ဟူ၍ ဖြစ်သည်။ အဆုံးတွင် သင်သည် ကောက်ချက်တစ်ခုကို ရရှိသည်။ ဤသို့သော လူစားမျိုးသည် စိတ်ရောဂါသည်များသာဖြစ်ပြီး အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်စရာပင်။ သင်သည် ၎င်းတို့ကို မည်သို့ပင် ချဉ်းကပ်သည်ဖြစ်စေ မည်သည့်အခါမျှ မမှန်ကန်ပေ၊ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ မည်သည့်အရာကို လုပ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို မည်သည့်အခါမျှ မှန်ကန်စွာ မခံယူကြပေ။ ၎င်းတို့၏ လူ့သဘာဝသည် အထူးသဖြင့် ပုံမှန်မဟုတ်ပေ။ ထိုသို့သောလူများနှင့် အချိန်ကြာမြင့်စွာ နေထိုင်ပြီးနောက်တွင် သင်သည် ၎င်းတို့နှင့် နောက်ထပ် မည်သည့် ထိတွေ့ဆက်ဆံမှုကိုမျှ မလိုလားဘဲ ၎င်းတို့နှင့် ခပ်ကင်းကင်းနေပြီး ၎င်းတို့ကို ရှောင်ရှားလိုရုံသာ ရှိတော့သည်။ ဤသို့သော လူစားမျိုးတွင် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှု မရှိပေ၊ ၎င်းတို့သည် စိတ်ရောဂါသည်များ ဖြစ်ကြသည်။ အာရုံခံလွယ်ခြင်းသည် ဤသရုပ်သကန်များကို ရည်ညွှန်းသည်၊ ယင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ယင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုဖြစ်သော်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထက် ပို၍ မရိုးရှင်းပေ။ တစ်စုံတစ်ဦးတွင် လူ့သဘာဝ၏ ချို့ယွင်းချက် သို့မဟုတ် ပြဿနာတစ်ခုရှိပါက ၎င်းတို့ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ပြဿနာများစွာ ပေါ်ပေါက်လာလိမ့်မည်၊ ၎င်းတို့နှင့် အဆင်ပြေအောင် ပေါင်းသင်းရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို ပြုပြင်ရန်လည်း ခက်ခဲလိမ့်မည်ဖြစ်သည်။ ဤသည်မှာ လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။
နောက်ထပ် သရုပ်သကန်တစ်ခုဖြစ်သည့် ခေါင်းမာခြင်းအကြောင်းကို ပြောကြစို့။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ (ယင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ဦးစွာ ပင်ကိုအခြေအနေများကို ပယ်ချကြစို့၊ ခေါင်းမာခြင်းသည် ပင်ကိုအခြေအနေတစ်ခု သေချာပေါက်မဟုတ်ပေ၊ ယင်းကို ဘုရားသခင်က ပေးထားခြင်းမဟုတ်ပေ။ ထို့အပြင် ခေါင်းမာခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ အဆင့်အထိ မမြင့်တက်ပေ။ သို့ဖြစ်၍ ယင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ခေါင်းမာခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ခေါင်းမာခြင်းနှင့် ယုတ္တိမတန်ခြင်းတို့အကြားတွင် တိကျသော ဆက်စပ်မှုတစ်ခု ရှိသလော။ (အနည်းငယ် ရှိပါသည်။) အတိုင်းအတာတစ်ခုအထိ ဆက်စပ်မှုတစ်ခု ရှိသည်။ သို့ဆိုလျှင် ခေါင်းမာခြင်း၏ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ဥပမာတစ်ခု ပေးလော့။ မည်သို့သော လူစားမျိုးသည် ခေါင်းမာလွယ်သနည်း။ မည်သည့်စကားများနှင့် လုပ်ဆောင်ချက်များသည် ခေါင်းမာခြင်း၏ သရုပ်သကန်များ ဖြစ်သနည်း။ (ခေါင်းမာသောလူများသည် အချို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကြုံတွေ့ရသည့်အခါ ခေါင်းထဲစွဲနေတတ်ပါသည်။) အမှုအရာများတွင် ခေါင်းထဲစွဲနေခြင်းသည် ကဏ္ဍတစ်ခု ဖြစ်သည်။ ဥပမာတစ်ခု ပေးလော့၊ မည်သို့သော ကိစ္စရပ်မျိုးတွင် ၎င်းတို့ ခေါင်းထဲစွဲနေကြသနည်း။ (တစ်စုံတစ်ဦးက ၎င်းတို့၏ ပြဿနာများကို ထောက်ပြသည့်အခါ ၎င်းတို့သည် ဆင်ခြေများပေးခြင်းနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ကျိုးကြောင်းဆင်ခြင်မှုကို အသုံးပြုခြင်းတို့ကို နှစ်သက်ကြပါသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံရန် သို့မဟုတ် ပြုပြင်ခြင်းကို လက်ခံရန် ငြင်းပယ်လျက် မိမိတို့ကိုယ်ကို ကာကွယ်ရန် စကားစုတစ်ခု သို့မဟုတ် စကားလုံးရွေးချယ်မှုတစ်ခုကို အစဉ်သဖြင့် ဖက်တွယ်ထားကြပါသည်။ ၎င်းတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များနောက်ကွယ်မှ အကြောင်းရင်းများကို ရှင်းပြလျက် မိမိတို့ကိုယ်ကို ဖြောင့်မတ်ကြောင်းပြရန် မိမိတို့၏ ကျိုးကြောင်းဆင်ခြင်မှုကို မလျှော့တမ်း ပြောဆိုနေကြပါသည်။) အခြားသူများက ၎င်းတို့ကို ပြုပြင်သည့်အခါ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများအကြောင်း ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့သည် လက်မခံကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ ရည်ရွယ်ချက်များ မှန်ကန်သည်ဟု အခိုင်အမာဆိုလျက် မိမိတို့၏ အမှားများကို လုံးဝ အသိအမှတ်မပြုဘဲ မိမိတို့၏ ဆင်ခြေများနှင့် ကျိုးကြောင်းပြချက်များကို အဆက်မပြတ် အလေးပေးကြသည်။ ဤသည်မှာ ခေါင်းထဲစွဲနေခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အချို့လူများသည် မဆင်မခြင်သော ဒုစရိုက်မှုများကို ကျူးလွန်ပြီး ဖြုတ်ချခံရသော်လည်း မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း မရှိကြပေ။ ထိုအစား ၎င်းတို့က “မည်သို့ပင်ဖြစ်စေ ဘုရားသခင်က ကျွန်ုပ်ကို မနှစ်သက်ပါ၊ ပြီးလျှင် ကျွန်ုပ်က သမ္မာတရားကို ချစ်သောသူတစ်ဦးလည်း မဟုတ်ပါ၊ ဒါကြောင့် ထိုသို့ပင်ဖြစ်၏၊ တိုးတက်ရန် ကြိုးစားခြင်းက အဓိပ္ပာယ်မရှိတော့ပါ” ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို “သင် ဤသို့ အပျက်သဘောမဆောင်သင့်ပေ။ သင်၏ အစွမ်းအစက သင့်ကို သမ္မာတရား နားလည်နိုင်စေသည်၊ သင် တိုးတက်ရန် ကြိုးစားသင့်သည်” ဟု အကြံပေးသည်။ ၎င်းတို့က “ဘုရားသခင်က သင် ကောင်းသော ပန်းတိုင်တစ်ခုကို မရရှိရန် ပြဋ္ဌာန်းထားပါက သင် တိုးတက်ရန် ကြိုးစားလျှင်ပင် အချည်းနှီးသာ ဖြစ်သည်။ သင် မည်မျှပင် အားထုတ်သည်ဖြစ်စေ သို့မဟုတ် သင် မည်မျှပင် ကောင်းစွာ လုပ်ဆောင်သည်ဖြစ်စေ အချည်းနှီးသာ ဖြစ်သည်” ဟု ပြန်ပြောကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ဘုရားသခင်ကို အဆက်မပြတ် အထင်အမြင်လွဲမှားပြီး ကိုယ်တော့်ကို စိန်ခေါ်နေကြသည်။ အခြားသူများ မည်သို့ပင် ပြောစေကာမူ ၎င်းတို့သည် လက်ခံရန် ငြင်းပယ်ကြသည်။ သင် ပြောဆိုသည့်အရာသည် ၎င်းတို့၏ အခြေအနေနှင့် မည်မျှပင် နီးကပ်စွာ ကိုက်ညီနေသည်ဖြစ်စေ၊ ၎င်းတို့ကို ပြောင်းလဲမှုတစ်ခု ပြုလုပ်ရန်နှင့် ကြီးထွားတိုးတက်မှု အချို့ ရရှိရန် မည်မျှပင် ကူညီနိုင်သည်ဖြစ်စေ ၎င်းတို့သည် လက်မခံကြသေးပေ။ ၎င်းတို့သည် မိမိတို့၏ အတွေးအခေါ်များ မှန်ကန်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ခေါင်းမာခြင်း၏ သရုပ်သကန်တစ်ခုလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် တစ်စိုက်မတ်မတ် ခိုင်မာစွာ ယုံကြည်ကြသည်မှာ “ဘုရားသခင်က ကျွန်ုပ်ကို မနှစ်သက်ပါ။ ကျွန်ုပ် မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ ဘုရားသခင်က ကျွန်ုပ်ကို ကျေးဇူးတော် ပြမည်မဟုတ်ပါ၊ ကျွန်ုပ်သည် ဘုရားသခင်၏ ဘေးဖယ်ထားခြင်းကို ခံရပါသည်။ ကျွန်ုပ်သည် သမ္မာတရားကို ချစ်သောသူတစ်ဦး မဟုတ်သည်ကို ကျွန်ုပ် သိပါသည်၊ ထို့ကြောင့် တိုးတက်ရန် ကြိုးစားခြင်းက အဓိပ္ပာယ်မရှိတော့ပါ။ ကျွန်ုပ် တာဝန်တစ်ခုခုကို ထမ်းဆောင်နိုင်ပါက အနည်းငယ်မျှသာ ထမ်းဆောင်ပါမည်။ ကျွန်ုပ်ကို အစေခံသူဟု ခေါ်လျှင်လည်း ထားလိုက်ပါတော့။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ် လိုက်သွားရုံသာ ရှိပါမည်။ မျှော်လင့်ချက် အရိပ်အမြွက်မျှ ရှိနေသရွေ့ ကျွန်ုပ် ထွက်သွားမည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ အမှန်တွင် ၎င်းတို့၏ အစွမ်းအစနှင့် အခြားသော အခြေအနေအမျိုးမျိုးကို အခြေခံ၍ ၎င်းတို့သည် ဤမျှ အပျက်သဘောမဆောင်သင့်ပေ၊ ၎င်းတို့သည် အချို့သော တန်ဖိုးရှိသည့်အရာများကို လုပ်ဆောင်နိုင်စွမ်း ရှိနေဆဲဖြစ်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အချို့သော ရလဒ်များကို ရရှိနိုင်ကြသည်။ သို့သော်လည်း ၎င်းတို့၏ ခေါင်းမာခြင်းကြောင့် ၎င်းတို့သည် တိုးတက်ဖို့ ကြိုးစားရန် ငြင်းပယ်ကြသည်၊ လမ်းကြောင်း မပြောင်းကြသည့်အပြင် နောင်တမရကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်သည် ၎င်းတို့ကို ကျေးဇူးတော် ပြမည်မဟုတ်ဟု ယုံကြည်ကြသည်။ အခြားသူများသည် အလင်းနှင့် ဉာဏ်အလင်းရခြင်း အမျိုးမျိုးကို ရရှိကြပြီး ဘုရားသခင်ထံမှ အချို့သော ကျေးဇူးတော်ကို မကြာခဏ ပြသခြင်းခံကြရသော်လည်း ၎င်းတို့သည် ယင်းကို မခံစားနိုင်ကြပေ၊ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် အချို့သော နာကြည်းမှုကို ထားရှိကြသည်။ ဤသည်မှာ ခေါင်းမာခြင်းလော။ (ဟုတ်ပါသည်။) အချို့လူများက “ဘုရားအိမ်တော်တွင် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းခံရသူများသည် စကားပြောကျွမ်းကျင်သော၊ ဆုကျေးဇူးများနှင့် အားသာချက်များရှိသော၊ မိမိတို့ကိုယ်ကို ကောင်းစွာတင်ပြတတ်သောသူများသာ ဖြစ်ကြသည်။ မိမိတို့ကိုယ်ကို မည်သို့တင်ပြရမည်ကို မသိသော၊ စကားပြောစွမ်းရည်မရှိသော ကျွန်ုပ်တို့ကဲ့သို့သော လူများကို ဘုရားအိမ်တော်က လျစ်လျူရှုသည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို မည်သည့်အခွင့်အရေးမျှ မပေးပေ။ ကျွန်ုပ်တို့တွင် အရည်အချင်းများရှိလျှင်ပင် အချည်းနှီးသာ ဖြစ်သည်။ ကျွန်ုပ်တို့တွင် အစွမ်းအစနှင့် သဘောပေါက်နားလည်နိုင်စွမ်းရှိလျှင်ပင် အရေးမကြီးပေ၊ ကျွန်ုပ်တို့ ဘေးဖယ်နေရဦးမည်သာ ဖြစ်သည်။ အထူးသဖြင့် ကျွန်ုပ်တို့သည် ဆင်းရဲသော နောက်ခံမှ လာသောကြောင့်၊ သာမန်ရုပ်ရည်ရှိသောကြောင့်၊ မည်သို့ဝတ်စားဆင်ယင်ရမည်ကို မသိသောကြောင့် မည်သည့်နေရာတွင်မျှ ပေါ်လွင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ တစ်သက်တာလုံးသည် ဤအတိုင်းသာ ဖြစ်လိမ့်မည်၊ လောကတွင် အဆင့်အတန်းမရှိသကဲ့သို့ ဘုရားအိမ်တော်တွင်လည်း အဆင့်အတန်းမရှိပါ” ဟု တွေးထင်ကြသည်။ ဤသည်မှာ ခေါင်းမာခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ဤဥပမာနှစ်ခုမှ ခေါင်းမာခြင်းဟူသည်မှာ အဘယ်အရာ ဖြစ်သည်ကို သင်တို့ ရှင်းလင်းစွာ ရှင်းပြနိုင်သလော။ (မိမိ၏ အတွေးအခေါ်များကို ခေါင်းမာစွာ ဖက်တွယ်ထားပြီး မည်သူ့စကားကိုမျှ နားမထောင်ခြင်း ဖြစ်ပါသည်။) (တစ်ယူသန်စွဲခြင်း ဖြစ်ပါသည်။) သာမန်စကားဖြင့်ဆိုလျှင် ယင်းကို တစ်ယူသန်စွဲခြင်းဟု ခေါ်သော်လည်း ဤသို့သော ပုံစံအားလုံးသည် ခေါင်းမာခြင်းမဟုတ်ပေ၊ ယင်းမှာ ၎င်းတို့ စွဲကိုင်ထားသော အမြင်သည် မှန်ကန်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ လူတစ်ဦး စွဲကိုင်ထားသော အမြင်သည် မှန်ကန်ပါက ယင်းမှာ လက်ခံနိုင်ဖွယ်ရှိနေသေးသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက “မည်သည့်အချိန်အခါပင်ဖြစ်စေ လူတစ်ဦးသည် အသိစိတ်ဖြင့် ပြုမူရမည်” ဟုဆိုလျက် သူ၏ အမြင်ကို စွဲကိုင်ထားပါက ဤအမြင်သည် အတော်အတန် အပြုသဘောဆောင်သည်။ သို့သော် သူ စွဲကိုင်ထားသော အမြင်သည် မမှန်ကန်ဘဲ အချက်အလက်များနှင့် မကိုက်ညီသည့်တိုင် သူသည် လက်လွှတ်ရန် ငြင်းဆန်နေဆဲဖြစ်ပြီး မည်သူက မည်သည့်အရာကိုပင် ပြောစေကာမူ သူ၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို မပြောင်းလဲနိုင်ပါက ဤသည်မှာ ခေါင်းမာခြင်း ဖြစ်သည်။ ခေါင်းမာခြင်းသည် လွဲချော်သော နားလည်မှုနည်းလမ်းတစ်ခုဖြစ်သည်၊ ယင်းမှာ လူတို့သည် လွဲချော်သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို ခေါင်းမာစွာ ဖက်တွယ်ထားသည့်အချိန် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီရန် မဆိုထားနှင့်၊ လူ့သဘာဝ သို့မဟုတ် သာမန်အသိတရားနှင့် မကိုက်ညီချေ။ မှန်ပေသည်၊ ယင်းသည် သမ္မာတရားနှင့်လည်း လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ ခေါင်းမာခြင်းသည် လူတစ်ဦး၏ လူ့သဘာဝနှင့်ဆိုင်သော စိတ်လိုက်မာန်ပါဖြစ်ခြင်းနှင့် စိတ်ခံစားချက်များ၏ စိုးမိုးမှုအောက်တွင် လွဲချော်သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို ဆက်လက်စွဲကိုင်ထားခြင်းကို ရည်ညွှန်းသည်။ ဤသို့သော သရုပ်သကန်မျိုးကို ပြသသောလူများသည် ခေါင်းမာသောလူများ ဖြစ်ကြသည်။ ဥပမာအားဖြင့် အချို့လူများသည် ပြုပြင်ခြင်းကို လက်ခံပြီး မိမိတို့ကိုယ်ကို သိလာပြီးနောက်တွင် ဤကိစ္စ၌ မိမိတို့ မှားယွင်းခဲ့ပြီး နောင်တရသင့်သည်ဟု ခံစားကြရသည်။ ၎င်းတို့သည် ယင်းကို ပြစ်မှားခြင်းတစ်ခုအဖြစ် မြင်ကြပြီး ပြုပြင်ခြင်းသည် မှန်ကန်ကြောင်း၊ ပြုပြင်ခြင်းသည် ကံကောင်းစွာဖြင့် အချိန်မီရောက်ရှိလာကြောင်းနှင့် ယင်းမရှိပါက ကြီးမားသော အမှားတစ်ခုကို ပြုလုပ်မိပြီးဖြစ်မည်ဖြစ်ကြောင်း ယုံကြည်ကြသည်။ သို့သော် ခေါင်းမာသောလူများသည် ဤနည်းလမ်းအတိုင်း မတွေးခေါ်ကြပေ။ ၎င်းတို့က “ကျွန်ုပ်ကို ပြုပြင်ခြင်းသည် ကျွန်ုပ်ကို အထင်သေးခြင်းဖြစ်သည်၊ ၎င်းတို့က ကျွန်ုပ်ကို မနှစ်မြို့သောကြောင့် ကျွန်ုပ်ကို အပြစ်ရှာနေခြင်း ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ကျွန်ုပ်သည် မုန်တိုင်း၏ အလယ်တည့်တည့်သို့ရောက်သွားပြီး ကံဆိုးမှုနှင့် ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဒေါသထွက်နေပြီး ပေါက်ကွဲစရာနေရာမရှိရာမှ ကျွန်ုပ်ကို ပြုပြင်ခြင်းအားဖြင့် ၎င်းတို့၏ ဒေါသကို ကျွန်ုပ်အပေါ် ပုံချလိုက်ခြင်းသာ ဖြစ်သည်” ဟု ပြောဆိုကြသည်။ အခြားသူများက “ယင်းမှာ သင် ထင်သကဲ့သို့ မဟုတ်ပေ။ သင် မည်သည့်အမှားကို လုပ်ဆောင်ခဲ့သည်ကို အဘယ်ကြောင့် သင် မဆန်းစစ်သနည်း။ ထိုကိစ္စကို သင်သည် စည်းမျဉ်းများအတိုင်း ကိုင်တွယ်ခဲ့သလော။ သင်သည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခဲ့သလော” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို မဆန်းစစ်ကြပေ။ ထိုအစား ၎င်းတို့သည် ကိစ္စရပ်များကို စိတ်ခံစားချက်များနှင့် စိတ်လိုက်မာန်ပါဖြစ်ခြင်းဖြင့် ဆန်းစစ်သည်၊ နားလည်သည်၊ ချဉ်းကပ်သည်။ အချုပ်အားဖြင့်ဆိုသော် ခေါင်းမာသောလူများသည် ကိစ္စအများစုတွင် အပြုသဘောဆောင်သောအရာများ သို့မဟုတ် သမ္မာတရားကို လက်မခံကြပေ၊ ၎င်းတို့သည် အပြုသဘောဆောင်သော အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များကိုပင် လက်မခံကြပေ။ ၎င်းတို့အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သို့မဟုတ် မည်သည့်ပတ်ဝန်းကျင်ကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ခေါင်းမာသောနည်းလမ်းဖြင့် ချဉ်းကပ်ပြီး အကြွင်းမဲ့ သေချာမှုဖြင့် ဖက်တွယ်ထားကြသည်။ သင်သည် ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါတွင်ပင် ၎င်းတို့သည် လက်မခံဘဲ ၎င်းတို့ ဖက်တွယ်ထားသောအရာသည် အချက်အလက်များနှင့် လုံးဝကိုက်ညီသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် မည်သည့်အရာကို မကြာခဏ ပြောဆိုကြသနည်း။ “ကြားရသောအရာသည် မခိုင်လုံ၊ မြင်ရသောအရာသာလျှင် အမှန်ဖြစ်၏။ ကျွန်ုပ် မြင်ရသောအရာများသည် အချက်အလက်များ ဖြစ်သည်။ သင် ပြောဆိုသောအရာသည် သမ္မာတရားဖြစ်လျှင်ပင် သင် ယင်းကို မမြင်ဖူးပါက သင်သည် ယင်းအပေါ် ပြောဆိုပိုင်ခွင့်မရှိပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ မြင်ရသောအရာများသည် ဖြစ်ရပ်မှန်များ ဖြစ်ကြောင်း၊ အနှစ်သာရအားဖြင့် ဤဖြစ်ရပ်မှန်များသည် အပေါ်ယံတွင် မည်သို့ပေါ်ပေါက်နေသည်မှာ အတိအကျအားဖြင့် ယင်းတို့၏ ပကတိအခြေအနေပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သင်သည် သမ္မာတရားအကြောင်း ပြောဆိုသည့်အခါ အချည်းနှီးသာဖြစ်သည်၊ ၎င်းတို့၏ အမြင်တွင် သမ္မာတရားသည် အပေါ်ယံဟန်ဆောင်မှုတစ်ခု၊ ကြားကောင်းသော စကားလုံးများမျှသာ ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် လက်မခံကြပေ။ ၎င်းတို့က “ကျွန်ုပ် ပြောဆိုသောအရာသည် အမှန်ဖြစ်သည်၊ ယင်းမှာ လိမ်ညာခြင်းမဟုတ်ပါ၊ အကြောင်းမှာ ကျွန်ုပ်သည် ဖြစ်ရပ်မှန်များ၏ အမှန်တရားကို မြင်တွေ့ခဲ့သောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် ဖြစ်ရပ်မှန်များ ဖြစ်ပေါ်လာသည့် ဖြစ်စဉ်ကို မြင်တွေ့ခဲ့ပါသည်” ဟု ကြောင်းကျိုးမမြင်ဘဲ ယုံကြည်ကြသည်။ ဥပမာအားဖြင့် ခေါင်းမာသောလူတစ်ဦးသည် ဇနီးမောင်နှံတစ်စုံ ရန်ဖြစ်နေသည်ကို မြင်တွေ့ရပြီး ခင်ပွန်းနှင့် ဇနီးနှစ်ဦးစလုံးက ကွာရှင်းရန် အော်ဟစ်နေသည့်အခါ ၎င်းတို့သည် သေချာပေါက် ကွာရှင်းကြလိမ့်မည်ဟု ကောက်ချက်ချသည်။ အခြားသူများက “သင် ၎င်းတို့ ကွာရှင်းရန် ရန်ဖြစ်နေသည်ကို မြင်ရုံမျှဖြင့် ၎င်းတို့သည် အမှန်တကယ် ကွာရှင်းလိုသည်ဟု မဆိုလိုပေ။ လူတို့သည် ဒေါသထွက်နေချိန်တွင် ကြမ်းတမ်းသော စကားလုံးများကို ပြောဆိုတတ်ကြသည်။ အမှန်တွင် ဤဇနီးမောင်နှံသည် များသောအားဖြင့် အလွန် ချစ်ခင်ကြသည်၊ ၎င်းတို့၏ ဆက်ဆံရေးတွင် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု ရှိသည်။ ၎င်းတို့သည် တစ်သက်လုံး ရန်ဖြစ်ခဲ့ကြသော်လည်း တစ်ဦးနှင့်တစ်ဦး ခွဲခွာ၍မနေနိုင်ကြပေ။ ဇနီးဖြစ်သူက အခြေအနေကို သိသော တစ်စုံတစ်ဦးအား ၎င်းတို့ ကွာရှင်းရန် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။ သို့ဖြစ်၍ ဤဖြစ်ရပ်မှန်များနှင့် ၎င်းတို့၏ ပုံမှန်နေထိုင်မှုပုံစံကို အခြေခံ၍ ၎င်းတို့သည် ကွာရှင်းကြမည်မဟုတ်ပေ” ဟု ပြောဆိုကြသည်။ ခေါင်းမာသောလူသည် ယင်းကို မယုံကြည်ပေ။ နောက်ပိုင်းတွင် သူ သွားရောက် စစ်ဆေးကြည့်ရှုရာ ထိုဇနီးမောင်နှံသည် အမှန်တကယ် ကွာရှင်းခြင်း မရှိသည်ကို တွေ့ရှိရသော်လည်း သူက “၎င်းတို့သည် အပေါ်ယံတွင်သာ ကွာရှင်းခြင်းမရှိခြင်း ဖြစ်သည်၊ ၎င်းတို့သည် နှစ်ကိုယ်ကြား တိတ်တဆိတ် ကွာရှင်းပြီးဖြစ်နေပြီ။ ၎င်းတို့သည် ကလေးများအတွက်သာ ယင်းကို လူသိရှင်ကြား မကြေညာခြင်း ဖြစ်သည်” ဟု ခေါင်းမာစွာ ယုံကြည်နေဆဲဖြစ်သည်။ သင် မြင်သလော၊ သူသည် ဤကိစ္စကို ခေါင်းမာစွာ ဖက်တွယ်ထားဆဲဖြစ်သည်။ သူသည် သူ၏ မျက်စိမြင်သောအရာနှင့် သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုသာ ယုံကြည်ပြီး သူ၏ ဆုံးဖြတ်ချက်နှင့် သူ၏ အတွေးအခေါ်များ၊ ရှုထောင့်အမြင်များသည် မှန်ကန်သည်ဟု ခေါင်းမာစွာ အခိုင်အမာဆိုနေသည်။ အချက်အလက်များသည် ထိုသို့မဟုတ်လျှင်ပင် သို့မဟုတ် ပြဿနာ၏ အနှစ်သာရနှင့် အရင်းအမြစ်သည် ထိုသို့မဟုတ်လျှင်ပင် သူသည် ထိုသို့ဖြစ်သည်ဟု ယုံကြည်နေဆဲဖြစ်သည်။ သူ၏ ကိစ္စရပ်အားလုံးအပေါ် နားလည်မှုသည် သူ၏ ကိုယ်ပိုင်ဘက်လိုက်မှုများ၊ စိတ်လိုက်မာန်ပါဖြစ်ခြင်းနှင့် စိတ်ခံစားချက်များအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေသည်၊ သူသည် အချက်အလက်များ၏ သဘောသဘာဝ သို့မဟုတ် ပြဿနာ၏ အရင်းအမြစ်ကို အခြေခံ၍ မဆုံးဖြတ်ပေ။ အခြေအနေ ပြောင်းလဲသွားလျှင်ပင် သူ၏ နားလည်မှုနည်းလမ်းနှင့် သူ၏ အတွေးအခေါ်များ၊ ရှုထောင့်အမြင်များသည် ပြောင်းလဲသွားခြင်းမရှိပေ။ ဤသည်တို့မှာ ခေါင်းမာသော လူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။
ခေါင်းမာသောလူများသည် တိကျသော ပြဿနာများကို ကြုံတွေ့ရသည့်အခါ ၎င်းတို့၏ ပြဿနာများကို ကိုင်တွယ်ပုံနှင့် ၎င်းတို့ ထုတ်ဖော်သည့် စိတ်သဘောထားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် သက်ဆိုင်သည်။ ခေါင်းမာခြင်းသည် လူ့သဘာဝ၏ အဓိက ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ မှန်ပေသည်၊ ဤသည်မှာ ကိုယ်ကျင့်စရိုက် သို့မဟုတ် တည်ကြည်မှု၏ အဆင့်အထိ မမြင့်တက်ပေ၊ ယင်းသည် ၎င်းတို့ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံပြီး ကိစ္စရပ်များကို ကိုင်တွယ်သည့် သဘောထား၊ အတွေးအခေါ်နှင့် ရှုထောင့်အမြင်တို့နှင့်သာ သက်ဆိုင်သည်။ လူတစ်ဦးသည် ခေါင်းမာပါက ၎င်းတို့၏ လူ့သဘာဝတွင် ချို့ယွင်းချက်တစ်ခုရှိကြောင်း ပြသရန် လုံလောက်သည်။ ဤချို့ယွင်းချက်သည် တိကျသော ကိစ္စရပ်တစ်ခုတွင် ထုတ်ဖော်သည့်အခါ ၎င်းတို့ ထုတ်ဖော်သည့်အရာသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ မဟုတ်တော့ပေ။ ပေးထားသော အခြေအနေတစ်ခုတွင် ၎င်းတို့သည် မိမိတို့၏ လွဲချော်သော နားလည်မှုနှင့် ရှုထောင့်အမြင်များကို ဤအရာများသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်လျက် ခေါင်းမာစွာ အခိုင်အမာဆိုနေပါက မည်သူက ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ လက်မခံနိုင်ဘဲ အချို့သော ခေါင်းမာသည့် လုပ်ဆောင်ချက်များနှင့် ပြောဆိုချက်များကိုပင် ဖြစ်ပေါ်လာစေပါက ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခုမျှသာ မဟုတ်တော့ပေ။ ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည့် အဆင့်သို့ မြင့်တက်သွားပြီးဖြစ်သည်၊ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ အဆင့်သို့ မြင့်တက်သွားပြီးဖြစ်သည်။ ဥပမာအားဖြင့် ပြုပြင်ခြင်းကို လက်ခံခြင်းနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ရာတွင် စည်းမျဉ်းများကို ချိုးဖောက်ပြီး မဆင်မခြင်သော ဒုစရိုက်မှုများကို ကျူးလွန်ပါက ၎င်းတို့သည် ပြုပြင်ခြင်းကို လက်ခံသင့်သည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို လက်မခံလျှင်ပင် သက်ဆိုင်ရာ အပြစ်ဒဏ်ပေးခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို လက်ခံသင့်နေဆဲဖြစ်သည်။ သို့သော် ဤအရာကို မှန်ကန်စွာ နားလည်သဘောပေါက်မည့်အစား ၎င်းတို့သည် မိမိတို့၏ ကံဆိုးမှုကို ညည်းညူကြပြီး “ကျွန်ုပ်သည် ကျွဲနှစ်ကောင်ခတ်သည့်ကြားမှ မြေစာပင် ဖြစ်သည်။ ကျွန်ုပ်ကို ပြုပြင်သောသူသည် ဒေါသထွက်နေပြီး သူ၏ ဒေါသကို ပေါက်ကွဲစရာ နေရာမရှိခဲ့ခြင်းသာ ဖြစ်သည်၊ သူသည် ကျွန်ုပ်၏ ဤကိစ္စကို ကြုံတွေ့ခဲ့ရုံမျှသာဖြစ်ပြီး ထို့ကြောင့် သူက ကျွန်ုပ်ကို ပြုပြင်ခဲ့ခြင်း ဖြစ်သည်” ဟု ပြောဆိုကြသည်။ ပြုပြင်ခြင်းခံရခြင်းအပေါ် ၎င်းတို့၏ အတွေးအခေါ်၊ ရှုထောင့်အမြင်နှင့် သဘောထားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ထုတ်ဖော်ခြင်း ဖြစ်သည်။ မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုးနည်း။ (စိတ်နှလုံးမာကျောခြင်းနှင့် သမ္မာတရားကို ရွံမုန်းခြင်း ဖြစ်ပါသည်။) သမ္မာတရားကို ရွံမုန်းခြင်းနှင့် စိတ်နှလုံးမာကျောခြင်း ဖြစ်သည်။ လူများနှင့် အမှုအရာများနှင့်စပ်လျဉ်း၍ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ခေါင်းမာခြင်းအောက်တွင် ကျရောက်သော်လည်း ဤခေါင်းမာသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို ဖြစ်ပေါ်စေသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ စိတ်နှလုံးမာကျောခြင်းနှင့် သမ္မာတရားကို ရွံမုန်းခြင်းတို့ ဖြစ်ကြသည်။ ဤသည်က ပြဿနာ၏ အနှစ်သာရကို ပြင်းထန်စေသည်၊ ထိုသို့သောလူများသည် မယုံကြည်သူများ ဖြစ်ကြသည်။ ခေါင်းမာခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ယင်းနှင့် သက်ဆိုင်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ အဓိက လက္ခဏာများမှာ အဘယ်အရာများ ဖြစ်သနည်း။ စိတ်နှလုံးမာကျောခြင်းနှင့် သမ္မာတရားကို ရွံမုန်းခြင်း ဖြစ်သည်၊ ဤသည်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အဆင့်သို့ မြင့်တက်သွားသည်။ ဤအရာမှ သင်တို့ အဘယ်အရာကို သတိပြုမိသနည်း။ လူ့သဘာဝရှိ အချို့သော ချို့ယွင်းချက်များသည် လူတို့ ပြုမူကျင့်ကြံပြီး လုပ်ဆောင်သည့် အတွေးအခေါ်များ၊ အမြင်ရှုထောင့်များ၊ သဘောထားများနှင့် သက်ဆိုင်သည့်အခါ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအထိ မြင့်တက်သွားနိုင်သည်။ ဥပမာအားဖြင့် စကားထစ်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ စကားထစ်သော လူတစ်ဦးသည် သူ မည်သည့်အရာကို ပြောသည်ဖြစ်စေ စကားထစ်လိမ့်မည်။ စကားထစ်ခြင်းကိုယ်၌က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်သည့်အပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ အဆင့်အထိ မမြင့်တက်ပေ။ သို့သော် စကားထစ်သောပုံစံဖြင့် ပြောဆိုသော စကားလုံးများသည် အချို့သော အတွေးအခေါ်များကို ပါရှိပြီး ဤအတွေးအခေါ်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ စိုးမိုးမှုအောက်တွင် ထွက်ပေါ်လာပါက ထိုသူသည် ပင်ကိုအားဖြင့် စကားထစ်သူဖြစ်စေ မဖြစ်စေ၊ သူ၏ စကားများနောက်ကွယ်မှ အတွေးအခေါ်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် သက်ဆိုင်သည်။ စကားထစ်ခြင်းသည် စကားပြောဆိုမှုဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်၊ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်ခြင်းမရှိပေ။ သို့သော် စကားထစ်သောပုံစံကို အသုံးပြု၍ ပြောဆိုခြင်းနောက်ကွယ်မှ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကြောင့် ဖြစ်ပေါ်လာခြင်း သို့မဟုတ် ဖြစ်စေခြင်း ဖြစ်သည်။ သို့ဖြစ်၍ သင် မြင်သလော၊ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုသည် ပင်ကိုအခြေအနေများနှင့် သက်ဆိုင်သည့်အခါ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်ခြင်းမရှိပေ။ သို့သော် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုသည် လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်နှင့်ဆိုင်သော ယုတ်ညံ့သော၊ လွဲချော်သော သို့မဟုတ် အပျက်သဘောဆောင်သော အရာများနှင့် သက်ဆိုင်သည့်အခါ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် သက်ဆိုင်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။)
နောက်ထပ် သရုပ်သကန်တစ်ခုဖြစ်သည့် ထုံထိုင်းခြင်းအကြောင်းကို ဆွေးနွေးကြစို့။ ဤသည်မှာ အဘယ်ပြဿနာဖြစ်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက် ဖြစ်ပါသည်။) ထုံထိုင်းခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ လူတို့တွင် ထုံထိုင်းခြင်း၏ ပုံမှန်သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ အမှုအရာများကို လုပ်ဆောင်ရာတွင် တုံ့ပြန်မှုနှေးကွေးခြင်း၊ လှုပ်ရှားမှုနှေးကွေးခြင်းနှင့် လိုက်လျောညီထွေမှုမရှိခြင်း၊ ပြဿနာများအကြောင်း စဉ်းစားသောအခါတွင် အတွေးအခေါ် အနည်းငယ်သာရှိခြင်း သို့မဟုတ် ပြဿနာများ၏ အတော်အတန်နည်းသော ကဏ္ဍများကိုသာ စဉ်းစားဆင်ခြင်နိုင်ခြင်းတို့ ဖြစ်သည်။ ဤအရာအားလုံးကို ထုံထိုင်းသည်ဟု ခေါ်သည်။ ထုံထိုင်းခြင်းသည် လူ့သဘာဝ၏ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သနည်း။ ယင်းသည် လူများနှင့် အမှုအရာများအပေါ် လူတစ်ဦး၏အမြင်နှင့်ဆိုင်သော နက်နဲမှု၊ လူတစ်ဦး၏ ပြုမူလုပ်ဆောင်မှုဆိုင်ရာ နက်နဲမှုတို့အပြင် လူများနှင့် အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူခြင်း၊ လုပ်ဆောင်ခြင်းတို့နှင့် ပတ်သက်လာလျှင် လူတစ်ဦး၏ ဉာဏ်ရည် သို့မဟုတ် အစွမ်းအစတို့နှင့် သက်ဆိုင်သည်။ ယေဘုယျအားဖြင့် မည်သို့သောလူစားမျိုးကို “ထုံထိုင်းသော” ဟူသည့် ဝေါဟာရဖြင့် ဖော်ပြသနည်း။ (အတော်အတန် ညံ့ဖျင်းသော အစွမ်းအစရှိသည့် လူတစ်ဦး ဖြစ်ပါသည်။) ထုံထိုင်းခြင်းဆိုသည်မှာ လူတစ်ဦးသည် ညံ့ဖျင်းသော အစွမ်းအစရှိခြင်း၊ ဉာဏ်ရည်နိမ့်ခြင်းနှင့် တုံ့ပြန်မှု နှေးကွေးခြင်းတို့ကို ဆိုလိုသည်၊ ဤသရုပ်သကန်များ ရှိခြင်းသည် ထုံထိုင်းခြင်း ဖြစ်သည်။ ထုံထိုင်းခြင်းသည် လူ့သဘာဝ၏ အဓိကချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤထုံထိုင်းခြင်းသည် သင်၏ လက်မောင်း သို့မဟုတ် ခြေထောက် ထုံကျဉ်ပြီး ခံစားမှုမရှိခြင်းကို ရည်ညွှန်းခြင်းမဟုတ်ပေ၊ ဤသည်မှာ ဤသို့သော ရုပ်ပိုင်းဆိုင်ရာ ခံစားမှုမရှိခြင်းမျိုး မဟုတ်ပေ။ ယင်းသည် ထိုင်းမှိုင်းခြင်း၊ တင်းမာခြင်း သို့မဟုတ် တောင့်တင်းခြင်းဟူသည့် ပင်ကိုစရိုက်တစ်ခုကို ရည်ညွှန်းခြင်းလည်း မဟုတ်ပေ။ ထိုအစား ယင်းသည် ပြဿနာများကို ကိုင်တွယ်ရာတွင် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခု သို့မဟုတ် လူတစ်ဦး၏ ဉာဏ်ရည်နှင့်ဆိုင်သော သရုပ်သကန်တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် ဤသို့သောလူစားမျိုးသည် ၎င်းတို့၏ ပတ်ဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့်ပတ်သက်လာလျှင် ထုံထိုင်းခြင်း၊ ဉာဏ်ထိုင်းခြင်းနှင့် တုံ့ပြန်မှုမရှိခြင်း အခြေအနေတွင် မကြာခဏ ရှိနေတတ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အမှုအရာများကို မြင်သော်လည်း ထိုအမှုအရာများ၏ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်သည့်အပြင် အတွင်းရှိ ပြဿနာများကိုလည်း သတိမပြုမိနိုင်ခြင်း ဖြစ်သည်။ သင်က ၎င်းတို့အား ဤနေရာတွင် ပြဿနာတစ်ခုရှိကြောင်း သတိပေးသောအခါ ၎င်းတို့တွင် တုံ့ပြန်မှုပင် မရှိသည့်အပြင် ယင်းမှာ ပြဿနာ ဖြစ်သည်ကိုလည်း မသိကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့အား ပြဿနာကို ထောက်ပြလျှင်ပင် ၎င်းတို့သည် ပြဿနာ၏ ဆိုးရွားမှုနှင့် ပြဿနာ၏ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်ကြသေးပေ။ သို့ဖြစ်၍ ၎င်းတို့သည် ကိစ္စရပ်များစွာကို အလွန်နှေးကွေးစွာ ကိုင်တွယ်ကြသည်။ ဤသည်မှာ ထုံထိုင်းခြင်း ဖြစ်သည်။ ထုံထိုင်းခြင်းဆိုသည်မှာ ယင်းကိုယ်၌ကပင် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ထုံထိုင်းသောသူများနှင့် ပတ်သက်၍မူ ၎င်းတို့၏ အသက်အရွယ် သို့မဟုတ် ၎င်းတို့၏ ရုပ်ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုခု ထုံကျဉ်ခြင်း ရှိမရှိကို ထည့်မစဉ်းစားဘဲ ဤကဏ္ဍရှိ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော သရုပ်သကန်များအရ ၎င်းတို့သည် တိကျပြီး ပဓာနကျသော အလုပ်ကို မလုပ်နိုင်သကဲ့သို့ နည်းပညာဆိုင်ရာ အကြောင်းအရာများ ပါဝင်သော သို့မဟုတ် သဘာဝအားဖြင့် အလွန်အမင်း အထူးပြုသော အလုပ်ကိုလည်း မထမ်းဆောင်နိုင်ကြပေ။ မှန်ပေသည်၊ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ မဖြစ်နိုင်ကြပေ။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ထုံထိုင်းနေပါက ၎င်းတို့လုပ်ဆောင်သော အလုပ်တွင် ပြဿနာပေါ်ပေါက်လာမည်ဖြစ်ပြီး ယင်းသည် ရပ်တန့်ကာ အကြောသေသွားလိမ့်မည်။ ၎င်းတို့သည် ပြဿနာများကို သတိမပြုမိနိုင်သည့်အပြင် ယင်းတို့ကို ချက်ချင်း ဖြေရှင်းနိုင်စွမ်းလည်း မရှိကြပေ။ သို့ဖြစ်၍ အမျိုးမျိုးသော ပြဿနာများ ပေါ်ပေါက်လာသောအခါ ၎င်းတို့သည် ယင်းတို့ကို သတိမပြုမိနိုင်သည့်အပြင် ပြဿနာများကိုလည်း ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ မျက်စိများဖြင့် ပြဿနာများကို မမြင်နိုင်ကြသဖြင့် ယင်းတို့ကို ဖြေရှင်းရန် မစတင်နိုင်သည့်အပြင် မည်သည့်အလုပ်ကို လုပ်ဆောင်ရန် အရေးကြီးဆုံးဖြစ်သည်ကိုလည်း မသိကြပေ။ နေ့စဉ်နေ့တိုင်း ၎င်းတို့သည် ပုံမှန်လုပ်ရိုးလုပ်စဉ် ပုံစံအတိုင်း အပေါ်ယံအလုပ်အနည်းငယ်ကိုသာ လုပ်ဆောင်နိုင်သည်။ အထက်မှ မည်သည့်အလုပ်အစီအစဉ်များကို ထုတ်ပြန်သည်ဖြစ်စေ ၎င်းတို့သည် ယင်းတို့ကို လက်ဆင့်ကမ်း ပေးကြသော်လည်း ယင်းတို့ကို လက်ဆင့်ကမ်း ပြီးနောက်တွင် ယင်းတို့ကို ကောင်းစွာ အကောင်အထည် ဖော်နိုင်ခြင်း ရှိမရှိ၊ မည်သို့သောရလဒ်များ ရရှိနိုင်မည်၊ သို့မဟုတ် နောက်ဆက်တွဲအကျိုးသက်ရောက်မှုများက မည်သို့ဖြစ်မည်ကို ၎င်းတို့ လုံးဝမသိပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ထိုးထွင်းမမြင်နိုင်ပေ။ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လူမည်မျှ မကောင်းမှုပြုနေသည်ဖြစ်စေ၊ သို့မဟုတ် အနှောင့်အယှက်များ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေနေသည်ဖြစ်စေ ၎င်းတို့သည် ယင်းကို မသိမြင်နိုင်ကြပေ။ မည်မျှသောအလုပ်ကို နောက်ဆက်တွဲလုပ်ဆောင်ရန် လိုအပ်သည်ကိုဖြစ်စေ၊ မည်သည့်တိကျသော အလုပ်ကို အကောင်အထည်ဖော်ရန် လိုအပ်သည်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ တစ်စုံတစ်ဦးက ထိုသူအား “သင် အလုပ်ကို တာဝန်ခန့်အပ်ပေးပြီး စီစဉ်ပြီးပြီလော” ဟု မေးသည်။ ၎င်းက “အားလုံး စီစဉ်ပြီးပါပြီ။ ကျွန်ုပ် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး အလုပ်အစီအစဉ်ကို တစ်ကြိမ် အသံကျယ်ကျယ်ဖတ်ပြခဲ့သည်၊ လူတိုင်း သိကြပါသည်” ဟု ဆိုသည်။ ဤသည်မှာ အလုပ်အစီအစဉ်ကို အကောင်အထည်ဖော်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) အလုပ်အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းသည် ဦးစွာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ကောင်းစွာတာဝန်ခန့်အပ်ရန်၊ မည်သည့်ခေါင်းဆောင်က မည်သည့်အလုပ်ကို ကိုင်တွယ်သင့်သည်ကို တိတိကျကျဖော်ပြရန်နှင့် အလုပ်တစ်ခုချင်းစီကို တိကျသောလူများထံ တာဝန်ပေးအပ်ကြောင်း သေချာစေရန် လိုအပ်သည်။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များအား မည်သို့လုပ်ဆောင်ရမည်နှင့် မည်သည့်စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရမည်ကို တိတိကျကျ ပြောပြရမည်ဖြစ်သည်။ လူတိုင်း အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကို သိရှိစေရန် ဤကိစ္စရပ်အားလုံးကို ရှင်းလင်းစွာ ရှင်းပြရမည်ဖြစ်သည်။ ဤသည်သာလျှင် အလုပ်ခွဲဝေပေးခြင်း ဖြစ်သည်။ အလုပ်လုပ်ဆောင်သောအခါ အချို့လူများသည် အလုပ်အစီအစဉ်ကို အခြားသူများအား အသံကျယ်ကျယ် ဖတ်ပြရုံမျှသာဖြစ်ပြီး လူတိုင်းအား ယင်းနှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်မှုနှင့် ခံစားချက်များကို မျှဝေစေပြီးနောက် ပြီးစီးပြီဟု သဘောထားသည်။ လူတိုင်း မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အလုပ်များနေသည်ကို ၎င်းတို့ မြင်နေသမျှ ကာလပတ်လုံး အလုပ်အစီအစဉ်ကို ကောင်းစွာ အကောင်အထည် ဖော်ပြီးဖြစ်သည်ဟု ၎င်းတို့ ယူဆကြသည်။ ဤအချိန်တွင် သင်က ၎င်းတို့အား “ညီအစ်ကိုမောင်နှမများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အခက်အခဲတစ်စုံတစ်ရာ ရှိကြသလော။ ပြဿနာ တစ်စုံတစ်ရာ ရှိနေသေးသလော။ သင်သည် ယင်းတို့ကို ဖြေရှင်းရန် မိတ်သဟာယဖွဲ့ခဲ့သလော” ဟု မေးပါက ၎င်းတို့က “မည်သည့်ပြဿနာကိုမျှ ကျွန်ုပ် မကြားမိပါ၊ ကျွန်ုပ် သွား၍စုံစမ်းကြည့်ပါမည်” ဟု တုံ့ပြန်သည်။ စင်စစ်အားဖြင့် အလုပ်ကို တာဝန်ခံသောသူသည် မည်သည့်ပြဿနာ သို့မဟုတ် အခက်အခဲကိုမျှ မပြောခဲ့သော်လည်း ထိုအခက်အခဲများမှာမူ အမှန်တကယ် တည်ရှိနေသည်။ ၎င်းတို့သည် အလွန်ထုံထိုင်းသောကြောင့်သာ ယင်းတို့ကို သတိမပြုမိနိုင်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် လူနှစ်ဦးသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိဘဲ အဆင့်အတန်းအတွက် အချင်းချင်း ပြိုင်ဆိုင်နေကြပြီး ဤသည်က အလုပ်ကို ထိခိုက်စေသည့်အခါတွင်ပင် ၎င်းတို့သည် ယင်းကို မသိမြင်နိုင်ကြပေ။ ၎င်းတို့က “၎င်းတို့၏ ဆက်ဆံရေးက အတော်လေးကောင်းပါသည်၊ ၎င်းတို့ အချင်းချင်း စကားပြောဆိုဆက်သွယ်ကြပါသည်။ ၎င်းတို့ ပူးပေါင်းဆောင်ရွက်၍မရပါက စကားပြောဆိုနေကြမည် မဟုတ်ပါ” ဟုပင် ပြောဆိုကြသည်။ လူများက ၎င်းတို့အား “၎င်းတို့ အချင်းချင်း အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေကြသလော။ ၎င်းတို့ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်ကြသလော” ဟု မေးကြသည်။ ၎င်းတို့က “ထိုအကြောင်းကို ကျွန်ုပ်မသိပါ” ဟု တုံ့ပြန်သည်။ စုံစမ်းမေးမြန်းပြီးမှသာ ၎င်းတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိသည့်အပြင် အချင်းချင်း ပြိုင်ဆိုင်နေကြသည်ကို တွေ့ရှိရသည်၊ မည်သူက ပို၍မြင့်မြတ်သော တရားဒေသနာများကို ဟောကြားသည်၊ မည်သူ၏အသံက ပို၍ကျယ်လောင်သည်၊ မည်သူက ပို၍ကြာရှည်စွာ ပြောဆိုသည်တို့ကို ပြိုင်ဆိုင်နေကြခြင်း ဖြစ်သည်။ ဤအရာများကို ဘုရားသခင် ရွေးချယ်ထားသော လူများက သတိပြုမိခဲ့သည်မှာ ကြာပြီဖြစ်သည်။ သင်က ထိုသူအား “ဤပြဿနာများကို ချက်ချင်း ဖြေရှင်းပြီးပြီလော” ဟု မေးပါက ၎င်းက “မဖြေရှင်းရသေးပါ၊ ဤသည်မှာ ကျွန်ုပ်လုပ်ဆောင်သင့်သော အလုပ်ဖြစ်သည်ကို ကျွန်ုပ်မသိခဲ့ပါ” ဟု ပြောဆိုလိမ့်မည်။ ဤမျှကြီးမားသော ပြဿနာကို ဖြေရှင်းရန်ပင် ၎င်းတို့မသိကြပေ၊ ၎င်းတို့သည် မိုက်မဲခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အလုပ်အစီအစဉ်များကို တစ်ကြိမ် အသံကျယ်ကျယ်ဖတ်ပြီးနောက် လူတိုင်းအား မိမိတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ ကြေညာချက်များနှင့် သစ္စာဆိုမှုများ ပြုလုပ်ရန် တောင်းဆိုပြီး ထို့နောက်တွင် ၎င်းတို့၏အလုပ် ပြီးပြီဟု ယူဆလိုက်ကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကို “အသင်းတော်ခေါင်းဆောင်က မည်သူဖြစ်သည်၊ မည်သည့်လုပ်ငန်းတာဝန်အတွက် မည်သူက တိတိကျကျ တာဝန်ရှိသည်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို မည်သူက တာဝန်ခံသည်တို့ကို ကျွန်ုပ် မှတ်မိသည်” ဟု ဆိုကြသော်လည်း ထိုတိကျသော လုပ်ငန်းတာဝန်များကို မည်သို့လုပ်ဆောင်သင့်သည်ကိုမူ ၎င်းတို့ လုံးဝမမြင်နိုင်ကြပေ။ ဤသည်မှာ ထုံထိုင်းပြီး ဉာဏ်ထိုင်းသည့်ပုံစံ ဖြစ်သည်၊ ၎င်းတို့သည် မိုက်မဲသောလူများ ဖြစ်ကြသည်။ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ သတိမပြုမိနိုင်သည့်အပြင် သမ္မာတရား စည်းမျဉ်းများ၏ မည်သည့်ကဏ္ဍနှင့်ပတ်သက်၍မျှ မိတ်သဟာယ ဖွဲ့ရမည်ကို မသိကြပေ။ သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်သော ပြဿနာများနှင့်ပတ်သက်လာလျှင် ၎င်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့မိတ်သဟာယဖွဲ့ရမည်ကို ၎င်းတို့မသိကြပေ။ ဝန်ထမ်းရေးရာ သို့မဟုတ် အုပ်ချုပ်ရေးဆိုင်ရာ အလုပ်များနှင့် သက်ဆိုင်သော ပြဿနာများနှင့်ပတ်သက်လာလျှင်လည်း ၎င်းတို့သည် ယင်းတို့ထဲမှ တစ်ခုကိုမျှ မသိမြင်နိုင်ကြပေ။ တစ်စုံတစ်ဦးက အလုပ်မလုပ်နိုင်သည်ကို ၎င်းတို့ မြင်လျှင်ပင် ဤအရာကို မည်သို့ဖြေရှင်းရမည်ကို ၎င်းတို့မသိကြပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ထိုးထွင်းမမြင်နိုင်ကြပေ။ ဤသည်မှာ ထုံထိုင်းခြင်းဟု အဓိပ္ပာယ်ရသည်။ ၎င်းတို့သည် အယူဝါဒအချို့ကို ပြောဆိုတတ်ရုံသာဖြစ်သော်လည်း အလုပ်တွင် အရည်အချင်း မပြည့်မီကြပေ၊ ၎င်းတို့တွင် ထုံထိုင်းပြီး ဉာဏ်ထိုင်းသည့်ပုံစံ ရှိသည်။ ငါ့ကို ပြောလော့၊ ဤသို့သောလူတစ်ဦးသည် စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး ဟုတ်ပါသလော။ (မဟုတ်ပါ။) ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထုံထိုင်းနေပါက ဤသည်မှာ အခက်တွေ့စရာဖြစ်သည်၊ ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ လုံးဝလုပ်နိုင်မည် မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သင့်သော အလုပ်ကို မလုပ်ဆောင်ဘဲ တစ်စုံတစ်ဦးက ပြဿနာတစ်ခုကို တိုင်ကြားသောအခါတွင်လည်း ယင်းကို မကိုင်တွယ်ပါက ဤသည်မှာ ထုံထိုင်းခြင်းပြဿနာတစ်ခုမျှသာ မဟုတ်တော့ဘဲ ထိုအစား ပုံမှန် လူ့သဘာဝ ကင်းမဲ့ခြင်းနှင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ပုံမှန်လုပ်ဆောင်မှုကို ဆုံးရှုံးခြင်း ဖြစ်ပေသည်။
ထုံထိုင်းခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤချို့ယွင်းချက်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအဆင့်အထိ မရောက်သော်လည်း ယင်းကိုယ်၌ကပင် ဤပြဿနာသည် သေစေလောက်သည်။ သက်ရှိလူတစ်ဦးသည် အာရုံခံအင်္ဂါများနှင့် ခြေလက်အင်္ဂါများ ကောင်းစွာ အလုပ်လုပ်လျက် ထိုနေရာတွင် ရပ်နေသော်လည်း ၎င်းတို့တွင် လူများနှင့် အမှုအရာများကို ရှုမြင်ရန် သို့မဟုတ် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန် ပုံမှန်လူတစ်ဦး၏ စွမ်းရည်မရှိကြပေ။ ၎င်းတို့ အလုပ်လုပ်သောအခါ အတွေးအခေါ်မရှိသော အသုံးမကျသူတစ်ဦးကဲ့သို့ ဖြစ်သည်၊ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ သတိမပြုမိနိုင်၊ အခြားသူများက ပြဿနာများကို ထောက်ပြသောအခါတွင်လည်း ဖြေရှင်းနိုင်စွမ်း ပို၍ပင်နည်းပါးပြီး မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သည်ကိုလည်း မမြင်နိုင်ကြပေ။ ၎င်းတို့၏ စိတ်ထဲတွင် မည်သည့်အရာကမျှ ၎င်းတို့နှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ မလုပ်နိုင်ကြပေ၊ ၎င်းတို့သည် ဆန်ကုန်မြေလေး၊ အသုံးမကျသောသူ ဖြစ်သည်။ ဤပြဿနာသည် လုံလောက်အောင် မဆိုးရွားသေးသလော။ သင် မြင်သည့်အတိုင်း ခေါင်းမာသောလူများနှင့် အကင်းပါးသောလူများသည် အနည်းဆုံးအနေဖြင့် တက်ကြွသော အတွေးအခေါ်များ ရှိကြသည်၊ ၎င်းတို့သည် ပုံမှန်လူတစ်ဦး၏ တွေးခေါ်မှုကို ပိုင်ဆိုင်ကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့၏ စိတ်များသည် အဆက်မပြတ် လည်ပတ်နေခြင်း ဖြစ်သည်။ သို့သော် ထုံထိုင်းသောလူများ၏ စိတ်များမှာမူ ရိုးရှင်းသည်၊ ဦးနှောက် သေနေသည့်အလား လူသေကောင်လိုပင် ဖြစ်သည်။ ၎င်းတို့တွင် မျက်စိများရှိသော်လည်း မည်သည့်အရာကို မြင်သည်ဖြစ်စေ ၎င်းတို့၏ စိတ်ထဲတွင် တုံ့ပြန်မှုမရှိသည့်အပြင် ၎င်းတို့၏ စိတ်ထဲတွင် ယင်းကို ဆင်ခြင်သုံးသပ်မည်လည်း မဟုတ်ပေ၊ ၎င်းတို့တွင် အတွေးအခေါ်မရှိဘဲ လုံးဝ သစ်သားရုပ်များ ဖြစ်ကြသည်။ သစ်သားရုပ်များဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့သည် သစ်သားဖြင့် ထွင်းထုထားသော လူများဖြစ်သည်၊ ၎င်းတို့သည် အပြင်ပန်းအားဖြင့် လူများနှင့်တူသော်လည်း သင်က ၎င်းတို့အား စကားပြောသောအခါ ၎င်းတို့ တုံ့ပြန်ခြင်းမရှိပေ။ သင်က ၎င်းတို့အား အိမ်ကိုစောင့်ရန် တောင်းဆိုသော်လည်း အိမ် သူခိုးဝင်သောအခါ ၎င်းတို့ မည်သည့်အရာကိုမျှ မလုပ်ပေ။ သင်က ၎င်းတို့အား “သင် အိမ်ကို အဘယ်ကြောင့် မစောင့်သနည်း” ဟု မေးသော်လည်း ၎င်းတို့ တုံ့ပြန်ခြင်းမရှိသေးပေ။ လူတစ်ဦးသည် မည်သည့်အရာကိုမျှ တုံ့ပြန်မှုမရှိပါက ဤသည်မှာ အလွန်အခက်တွေ့စရာ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် လူ့သဘာဝ၏ ဗီဇများက လုပ်ဆောင်သင့်သော လုပ်ဆောင်ချက်များဖြစ်သည့် အတွေးအခေါ်နှင့် သတိတရား၏ လုပ်ဆောင်ချက်များ၊ မျက်စိ၊ နား၊ ဦးနှောက်နှင့် နှလုံးတို့က လုပ်ဆောင်သင့်သော လုပ်ဆောင်ချက်များကို မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့တွင် ပုံမှန် လူ့သဘာဝရှိသောလူများ ပိုင်ဆိုင်သင့်သည့် အတွေးအခေါ်များ မရှိခြင်း သို့မဟုတ် ချို့တဲ့နေခြင်း ဖြစ်သည်။ ဤသည်ကို ထုံထိုင်းသည်ဟု ခေါ်သည်။ ထုံထိုင်းသောလူများသည် အသုံးမကျသောလူများနှင့် များစွာ မကွာခြားပေ။ အချို့လူများက “သင်က ဤသို့သော လူစားမျိုးသည် ထုံထိုင်းသည်၊ ၎င်းတို့၏ မျက်စိ၊ နားနှင့် ဦးနှောက်တို့သည် ၎င်းတို့၏ လုပ်ဆောင်ချက်များကို မလုပ်ဆောင်နိုင်ဟု ဆိုသည်။ သို့သော် သင်က ၎င်းတို့ကို စော်ကားပါက ၎င်းတို့ တုံ့ပြန်သည်။ ၎င်းတို့ နစ်နာဆုံးရှုံးမှုတစ်ခု ခံစားရပါက ၎င်းတို့ တုံ့ပြန်သည်။ သို့ဆိုလျှင် ၎င်းတို့ကို စဉ်းစားဉာဏ်မဲ့သောလူများအဖြစ် မှတ်ယူနိုင်သေးသလော” ဟု ဆိုကြသည်။ အချို့သော တိရစ္ဆာန်များပင်လျှင် လူ့စကားကို နားလည်နိုင်သည်၊ သင်က ၎င်းတို့အကြောင်း ပြောဆိုသော ကောင်းသောအရာများကိုရော၊ မကောင်းသောအရာများကိုပါ ၎င်းတို့ နားလည်နိုင်သည်။ တစ်စုံတစ်ဦးသည် လူသားတစ်ဦးအနေဖြင့် လူ့စကားကို နားမလည်နိုင်ပါက ၎င်းသည် လူဖြစ်ခြင်း၏ စံနှုန်းနှင့် မမီပေ။ ထို့ကြောင့် တစ်စုံတစ်ဦးသည် လူဟုတ်မဟုတ် တိုင်းတာရန်အတွက် လူသားများအတွက် စံနှုန်းကို အသုံးပြုရမည်ဖြစ်သည်။ ငါသည် အဘယ်ကြောင့် တိရစ္ဆာန်များအကြောင်း ဖော်ပြရသနည်း။ သင်သည် တိရစ္ဆာန်မဟုတ်ဘဲ ဖန်ဆင်းခံလူသားများ အမျိုးအစားအတွင်းရှိ သက်ရှိသတ္တဝါတစ်ဦးဖြစ်သည်ကို သင့်အား သိစေရန်ဖြစ်သည်။ သင်သည် လူသားတစ်ဦးအနေဖြင့် တိရစ္ဆာန်များပင် ပိုင်ဆိုင်သော အတွေးအခေါ်များ ကင်းမဲ့နေပါက သင်သည် အလွန်အမင်း ချို့တဲ့နေပေသည်။ တိရစ္ဆာန်များပင်လျှင် ၎င်းတို့ကို ကောင်းစွာဆက်ဆံပြီး ၎င်းတို့၏ နေ့စဉ်အစာကို ပံ့ပိုးပေးသောသူများအပေါ် ကောင်းရန်နှင့် ရင်းနှီးရန် သိကြသည်။ သင်သည် လူသားတစ်ဦးအနေဖြင့် ထိုသို့သော လူ့သဘာဝ ကင်းမဲ့နေပါက လူဟုခေါ်ခံရရန် ထိုက်တန်သေးသလော။ ငါသည် အဘယ်ကြောင့် ဤနှိုင်းယှဉ်မှုကို ပြုလုပ်ရသနည်း။ သင်သည် တိရစ္ဆာန် သို့မဟုတ် အဆင့်မြင့်တိရစ္ဆာန် မဟုတ်ကြောင်း၊ သင်သည် လူတစ်ဦးဖြစ်ကြောင်း၊ သင်သည် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာခပ်သိမ်းတို့တွင် အမြင့်ဆုံးအဆင့်ရှိသော သတ္တဝါဖြစ်သည့် လူသားတစ်ဦးဖြစ်ကြောင်း သင့်အား သိစေရန်ဖြစ်သည်။ သင်၌ ဘာသာစကားစွမ်းရည်၊ တွေးခေါ်နိုင်စွမ်းနှင့် သမ္မာတရားကို နားလည်နိုင်စွမ်းတို့ ရှိသည်။ ဘုရားသခင်သည် သင့်အား အရာခပ်သိမ်းတို့တွင် သခင်ဖြစ်စေရန်၊ အရာခပ်သိမ်းနှင့် အခြားသက်ရှိသတ္တဝါများကို စီမံခန့်ခွဲရန် ဖန်ဆင်းခဲ့သည်။ သင်သည် အရာခပ်သိမ်းတို့တွင်ရှိသော သက်ရှိသတ္တဝါအားလုံး၏ စီမံအုပ်ချုပ်သူ ဖြစ်သည်။ ၎င်းတို့ကို စီမံခန့်ခွဲရန် သင်သည် ၎င်းတို့အထက်တွင် ရှိရမည်။ ၎င်းတို့ကို စီမံခန့်ခွဲနိုင်စွမ်းရှိရန် သင်သည် ၎င်းတို့ထက် ပို၍ကောင်းမွန်ရမည်။ သို့ဖြစ်၍ တိရစ္ဆာန်များအကြောင်း ဖော်ပြခြင်းသည် သင့်အား သေးသိမ်စေရန်မဟုတ်ဘဲ သင်သည် ၎င်းတို့ထက် ပို၍ကောင်းမွန်သင့်ကြောင်း သင့်အား သတိပေးပြီး နားလည်စေရန် ဖြစ်သည်။ သင်သည် လူသားတစ်ဦး လုပ်ဆောင်သင့်သည့်အရာ၊ ဘုရားသခင်က သင့်အား တာဝန်ပေးစေခိုင်းထားသည့်အရာကို လုပ်ဆောင်လျက်၊ ၎င်းတို့ကို စီမံခန့်ခွဲရန်နှင့် ဦးဆောင်ရန် သင်၏ လူ့သဘာဝက ပိုင်ဆိုင်သင့်သော စွမ်းရည်များအပြင် သင်မွေးဖွားလာကတည်းက သင်ရရှိထားသော အမျိုးမျိုးသော သာမန်အသိတရားနှင့် စွမ်းရည်များကို အသုံးပြုသင့်သည်။ သင်သည် မိမိကိုယ်ကို ဖန်ဆင်းခံလူသားတစ်ဦးအဖြစ် မှတ်ယူပါက သင်၏ လူ့သဘာဝနှင့် သင်၏ အနှစ်သာရကို အကဲဖြတ်ရန် ဖန်ဆင်းခံလူသားမျိုးနွယ်အတွက် စံနှုန်းကို အသုံးပြုသင့်သည်။ ဤစံနှုန်းသည် ဘုရားသခင်က လူသားမျိုးနွယ်အတွက် သတ်မှတ်ထားသော စံနှုန်းထက် နိမ့်ကျခြင်းမရှိသင့်ပေ။ သို့ဖြစ်၍ လူတစ်ဦး၏ အစွမ်းအစနှင့် ၎င်းတို့၏ လူ့သဘာဝ၏ ကဏ္ဍအမျိုးမျိုးရှိ ပြဿနာများကို တိုင်းတာရန်အတွက် လူသားများအတွက် စံနှုန်းကို အသုံးပြုရမည်ဖြစ်သည်။ လူများစွာသည် လူ့သဘာဝအရ စိတ်ပိုင်းဆိုင်ရာ ထုံထိုင်းပြီး တုံ့ပြန်မှုနှေးကွေးကြသည်၊ ၎င်းက ၎င်းတို့အား မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် တာဝန်များစွာကို ညံ့ဖျင်းစွာ လုပ်ဆောင်စေသည်၊ ၎င်းတို့သည် အသင်းတော်အလုပ်တွင် အရည်အချင်းမမီသည့်အပြင် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်စွမ်းလည်း မရှိကြပေ။ သို့ဖြစ်၍ သင်သည် မိမိကိုယ်ကို သိရမည်ဖြစ်ပြီး မိမိ၏အတိုင်းအဆကို သိရမည်ဖြစ်သည်။ သင်သည် ဤသို့သော အစွမ်းအစ သို့မဟုတ် လူ့သဘာဝကို မပိုင်ဆိုင်ပါက သို့မဟုတ် သင်၏ လူ့သဘာဝတွင် ထုံထိုင်းခြင်းဟူသော ချို့ယွင်းချက်ရှိပါက သင်သည် ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးဖြစ်ရန် မပြိုင်ဆိုင်သင့်ပေ။ သင်သည် ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူး ဖြစ်လာပါက သင်တာဝန်ယူသော မည်သည့်အသင်းတော်၏ အလုပ်မဆို ထိုအသင်းတော်သည် တုံ့ဆိုင်းသွားလိမ့်မည်။ သင်တာဝန်ယူသော မည်သည့်အလုပ်အပိုင်းအစမဆို ထိုအလုပ်သည် လုံးဝ ကမောက်ကမ ဖြစ်သွားလိမ့်မည်။ သင်သည် ယင်းအတွက် အရည်အချင်းမမီနိုင်ပါက သင်သည် ဘေးသို့ရှောင်နေသင့်ပြီး ယင်းကို လုပ်ဆောင်နိုင်စွမ်း ရှိသောသူများကို လုပ်ဆောင်ခွင့် ပြုသင့်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။) မိမိကိုယ်ကို သတိပြုမိခြင်းရှိပြီးနောက် ပို၍စွမ်းဆောင်နိုင်သောသူများအတွက် လမ်းဖယ်ပေးရန်နှင့် အခြားသူများကို ထောက်ခံရန် သင်ယူခြင်း၊ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်း ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်က အလွန်ထုံထိုင်းသဖြင့် မည်သူက ကောင်းသည်ကို မပြောနိုင်ပါ၊ မည်သူ့ကို ကျွန်ုပ် ထောက်ခံနိုင်မည်နည်း” ဟု ဆိုကြသည်။ သင်သည် မည်သူက ကောင်းမွန်သော အစွမ်းအစ ရှိသည်ကို မပြောနိုင်ဘဲ ထောက်ခံချက်များ မပေးနိုင်ပါက သင်သည် သင်ခန်းစာအချို့ကို သင်ယူရန် လိုအပ်သည်။ သမ္မာတရားကို နားလည်ပြီး အခြားသူများကို ပိုင်းခြားသိမြင်နိုင်သော တစ်စုံတစ်ဦးကို သင်မြင်သောအခါ သင်သည် ၎င်းတို့ထံမှ သင်ယူသင့်သည်။ ၎င်းတို့နှင့် ပို၍မိတ်သဟာယဖွဲ့ခြင်းဖြင့် သင်သည် အချို့အရာများကို သင်ယူနိုင်လိမ့်မည်။ သင်၏ လူ့သဘာဝတွင် ထုံထိုင်းခြင်းဟူသော ချို့ယွင်းချက် ရှိသောကြောင့် သင်လုပ်ဆောင်သော တာဝန်များနှင့် ပတ်သက်၍ ဇီဇာကြောင်ခြင်း သို့မဟုတ် ရွေးချယ်ခြင်း မပြုနှင့်။ သင်ကိုယ်တိုင် ဤချို့ယွင်းချက်ရှိသောကြောင့် သင်လုပ်ဆောင်နိုင်သော အလုပ်နှင့် တာဝန်အမျိုးအစားများစွာ မရှိပေ။ များစွာသော အခက်အခဲဖြင့် သင့်အတွက် သင့်တော်သော ရာထူးတစ်ခုကို ရှာတွေ့ပြီး သင်သည် ချေးများပြီး ရွေးချယ်နေဆဲဖြစ်ပါက ဤသည်မှာ ထုံထိုင်းခြင်းပြဿနာ သို့မဟုတ် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု မဟုတ်တော့ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနည်း။ ယင်းမှာ မာနထောင်လွှားမှု၊ ကျိုးနွံနာခံခြင်းမရှိမှုနှင့် မိမိ၏အတိုင်းအဆကို မသိရှိခြင်းတို့ ဖြစ်သည်။ သင်သည် ဘာမျှမဟုတ်၊ ကောက်ရိုးထုံး၊ လူတုံးတစ်ယောက်မျှသာ ဖြစ်သော်လည်း ဂုဏ်သိက္ခာရှိသော၊ မပင်ပန်းသော၊ အခြားသူများက အထင်ကြီးသော တာဝန်များကို လုပ်ဆောင်လိုနေသေးသည်၊ ဤသည်က မာနထောင်လွှားသော စိတ်သဘောထားကို ဖော်ပြသည်။ သင်သည် အလွန်ထုံထိုင်းနေပါက သင်လုပ်ဆောင်သင့်သော အလုပ်နှင့် သင်ဂရုစိုက်သင့်သော ကိစ္စရပ်များရှိလျက်နှင့် ယင်းတို့ကို မလုပ်ဆောင်ဘဲ၊ သတိလည်းမပြုမိဘဲ၊ အမှုအရာများ မှားယွင်းသွားသောအခါတွင် လက်တစ်ချောင်းပင် မလှုပ်ဘဲ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အရာတစ်ခုကို သင်မြင်သောအခါတွင်ပင် “ဤသည်မှာ ငါ့အိမ်မှ ပြဿနာမဟုတ်၊ သို့ဖြစ်၍ ငါ ဂရုစိုက်မည်မဟုတ်” ဟု တွေးလျက် ယင်းကို လျစ်လျူရှုပါက ဤသည်မှာ ထုံထိုင်းခြင်းမျှသာ မဟုတ်ဘဲ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း ဖြစ်သည်။ သင်၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်မျှပင်ရှိပြီး ဘုရားအိမ်တော်၏ ကိစ္စရပ်များကို သင်၏ကိစ္စကဲ့သို့ သဘောထားပါက သင်သည် သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်စေရန် ခွင့်မပြုသင့်ပေ။ သို့သော် သင်၌ ဤကောင်းသောရည်ရွယ်ချက် ကင်းမဲ့ပြီး ကောင်းသောအရာ တစ်ခုတလေမျှ မလုပ်ဆောင်ပါက သင်သည် ဉာဏ်ထိုင်းပြီး ထုံထိုင်းသောသူတစ်ဦး မဟုတ်လော။ ထုံထိုင်းခြင်းဟူသော သရုပ်သကန်နှင့်ပတ်သက်၍ ပြောဆိုခြင်း ပြီးပြီဖြစ်သည်။
ယခု အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်းအကြောင်းကို ပြောကြစို့။ အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်းသည် မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ယင်းမှာ ချို့ယွင်းချက်တစ်ခုလော။ (ယင်းမှာ ကိုယ်ကျင့်စရိုက် ညံ့ဖျင်းခြင်း ပြဿနာတစ်ခု ဖြစ်ပါသည်။) ကိုယ်ကျင့်စရိုက် ညံ့ဖျင်းခြင်းသည် မကောင်းသော လူ့သဘာဝကို ဆိုလိုသည်။ အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်းသည် လူ့သဘာဝ၏ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သနည်း။ ယင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအပြင် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာတို့နှင့်လည်း သက်ဆိုင်သည်။ ဤသည်မှာ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်ကဏ္ဍနှင့် သက်ဆိုင်သည်။ အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ မည်သည့်အရာများက လူတစ်ဦးသည် မျက်နှာပြောင်တိုက်ကြောင်း ညွှန်ပြသနည်း။ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရှက်မရှိသော အရာမဆိုသည် အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်မှာ သေချာသည်။ မျက်နှာပူလောက်အောင် မခံစားရဘဲ မြှောက်ပင့်ဖားယား ပြောဆိုခြင်းသည် အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် ဤသည်မှာ အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်း ဖြစ်သည်ဟု ငါတို့ ပြောဆိုရသနည်း။ အကြောင်းမှာ ဤသို့ပြုလုပ်ခြင်းက လူတစ်ဦးတွင် ရှက်စိတ်မရှိကြောင်း ညွှန်ပြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်ကို ချိုးဖောက်သော သို့မဟုတ် အချက်အလက်များနှင့် မကိုက်ညီသော အချို့စကားများကို၊ ထိုစကားများ မည်မျှပင် မျက်နှာပူလောက်သည်ဖြစ်စေ၊ မည်မျှပင် နားထဲမဆံ့သည်ဖြစ်စေ ရှက်သွေးမဖြန်းဘဲ၊ ရင်မခုန်ဘဲ ပြောဆိုနိုင်ကြပြီး ထိုစကားများကို ကြားပြီးနောက် အခြားသူများက ၎င်းတို့ကို မည်သို့မြင်သည်ကို ဂရုမစိုက်ကြပေ။ အခြားသူများက ၎င်းတို့ကို ရယ်မောလျှင်ပင် ဂရုမစိုက်ကြပေ။ ၎င်းတို့တွင် ရှက်စိတ် ကင်းမဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ရှက်စိတ်မရှိခြင်းသည် အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်း အတိအကျပင် မဟုတ်လော။ ထို့ပြင် တစ်စုံတစ်ဦးသည် မည်သည့်အရာမျှ မဟုတ်သည်မှာ သိသာထင်ရှားသည့်တိုင် လူအများရှေ့တွင် ရာထူးအတွက်နှင့် ခေါင်းဆောင်တစ်ဦး ဖြစ်ရန်အတွက် ပြိုင်ဆိုင်နေဆဲဖြစ်သည်၊ ဤသည်မှာ အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် လူအများရှေ့တွင် ပြိုင်ဆိုင်ရုံသာမက ရွေးကောက်ပွဲများအတွင်းတွင် မဲပြားအတုများကိုလည်း ပြုလုပ်ကြသည်။ အခြားသူများက တစ်ဦးလျှင် မဲတစ်မဲ ပေးကြသော်လည်း ၎င်းတို့ကမူ မိမိတို့ကိုယ်တိုင်အတွက် မဲနှစ်မဲ ပေးကြသည်၊ ဤသည်မှာ အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အခြားသူများက ၎င်းတို့ကို မဲမပေးသောအခါ ၎င်းတို့က မိမိတို့ကိုယ်ကို မဲပေးကြသည်။ ထိုသို့သောလူများသည် ခေါင်းဆောင်များဖြစ်လာရန် အရှက်ကင်းမဲ့စွာနှင့် မည်သည့်ရှက်စိတ်မျှမရှိဘဲ ပြိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် မျက်နှာပြောင်တိုက်လိုက်လေခြင်းပါတကား။ ယေဘုယျအားဖြင့် ရာထူးကို ချစ်မြတ်နိုးပြီး ရည်မှန်းချက် ရှိသူအားလုံးသည် အခြားသူများက ၎င်းတို့ကို ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ကောင်း ရွေးချယ်နိုင်ရန် မိမိတို့ကိုယ်ကို ကောင်းစွာ ဂုဏ်တင်လိုကြသည်။ ၎င်းတို့ ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်နှင့်တစ်ပြိုင်နက် အတော်လေး ဂုဏ်ယူသည်ဟု ခံစားကြရသော်လည်း ရွေးချယ်မခံရပါက မပျော်မရွှင်ဖြစ်ပြီး စိတ်မချမ်းမသာ ခံစားကြရသည်၊ ဤသည်မှာ ပုံမှန်သရုပ်သကန်တစ်ခု ဖြစ်သည်။ သို့သော် အရှက်မရှိ မျက်နှာပြောင်တိုက်သောလူများမှာ ဤသို့မဟုတ်ပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်လာရန် လိုအပ်သည့် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုကြလိမ့်မည်။ ၎င်းတို့က “လူတိုင်းက ကျွန်ုပ်ကို မကြိုက်ကြပါ၊ ကျွန်ုပ်ကို မဲပေးမည် မဟုတ်ပါ၊ သို့ရာတွင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးဖြစ်လာရန် နည်းလမ်းရှာမည်ဖြစ်သည်။ ကျွန်ုပ် လိမ်ညာရမည်၊ မသမာသည့် နည်းလမ်းများ သုံးလျှင်ပင် လူတိုင်းကို ကျွန်ုပ်အတွက် ခေါင်းဆောင်အဖြစ် မဲပေးအောင် လုပ်မည်ဖြစ်သည်” ဟု ပြောဆိုကြသည်။ အခြားသူများက “သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာလျှင်ပင် လူတိုင်းက သင့်ကို မကြိုက်ဆဲသာဖြစ်လေသည်။ ကျွန်ုပ်တို့က သင့်အား အကောင်းမမြင်ပါ၊ ပြီးလျှင် သင်၏ ဂုဏ်သတင်းကလည်း မကောင်းပါ။ သင်သည် အလုပ်တစ်ခုခုကို စီစဉ်လျှင် မည်သူကမျှ သင်၏စကားကို နားထောင်မည် မဟုတ်ပါ” ဟု ပြောကြသည်။ ၎င်းတို့က “သင်တို့ ငါ့စကားကို နားမထောင်လျှင်ပင် ငါက ခေါင်းဆောင်ဖြစ်အောင် ကြိုးစားနေဦးမည်ဖြစ်သည်” ဟု ပြန်ဖြေကြသည်။ ထိုသို့သောလူများသည် မည်မျှ အရှက်မရှိ မျက်နှာပြောင်တိုက်လိုက်လေခြင်းပါတကား။ ဤအချက်မှ အကဲဖြတ်ရသော် ထိုသို့သောလူများသည် မိမိကိုယ်ကို သတိပြုမိခြင်း ကင်းမဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မိမိကိုယ်ကို သတိပြုမိခြင်း ကင်းမဲ့ပြီး ၎င်းတို့တွင် အတော်အတန် ပြင်းထန်ကြမ်းတမ်းသော အရည်အသွေးတစ်ခု ရှိကြသည်။ မျက်နှာပြောင်တိုက်သောလူများ၏ မိမိတို့ကိုယ်ကို ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်သည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များမှ အကဲဖြတ်ရသော် ၎င်းတို့၏ လူ့သဘာဝတွင် ရှက်စိတ်မရှိပေ၊ ၎င်းတို့သည် တည်ကြည်မှု သို့မဟုတ် ကိုယ်ကျင့်စရိုက်၊ အသိစိတ် သို့မဟုတ် ရှက်စိတ်တို့ကို ဂရုမစိုက်ကြသကဲ့သို့ ကိုယ်ကျင့်တရားနှင့် ကျင့်ကြံပြုမူခြင်းအတွက် အခြေခံစည်းကိုလည်း ဂရုမစိုက်ကြပေ၊ ၎င်းတို့သည် ဤအရာအားလုံးကို လျစ်လျူရှုကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် သိနားလည်မှုတို့မှ အကဲဖြတ်ရသော် ၎င်းတို့သည် အလွန်အမင်း မိုက်မဲသည်၊ အသိဉာဏ်မဲ့ပြီး ယုတ်ညံ့ကြသည်။ ထို့ကြောင့် ၎င်းတို့တွင် ညံ့ဖျင်းသော၊ မကောင်းသော ကိုယ်ကျင့်စရိုက်ရှိသည်ဟု ဆိုကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့လုပ်ဆောင်သော အရှက်မရှိသည့်အရာများသည် ၎င်းတို့၏ မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၏ စေ့ဆော်မှုကြောင့်ဖြစ်သည်မှာ သေချာသည်။ အသင်းတော်ရွေးကောက်ပွဲများအတွင်းတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ရွေးချယ်ရန်၊ မိမိတို့ကိုယ်ကို မဲပေးရန်နှင့် ခေါင်းဆောင်တစ်ဦးဖြစ်လာရန် အခိုင်အမာ တောင်းဆိုကြသည်၊ ထိုသို့သောသူတစ်ဦး မဖြစ်လာခြင်းသည် ၎င်းတို့အတွက် လက်မခံနိုင်စရာဖြစ်ပြီး ၎င်းတို့ မဖြစ်လာပါက ၎င်းတို့အတွက် မဲမပေးခဲ့သော ညီအစ်ကို မောင်နှမများကို မုန်းတီးကြလိမ့်မည်။ သင်က ၎င်းတို့အတွက် မဲမပေးခဲ့ကြောင်း ၎င်းတို့ သိရှိသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် သင့်ကို မနှစ်မြို့ဖွယ်အဖြစ် မြင်ကြသည်။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့က တစ်စုံတစ်ခုဖြင့် ပြန်လည်ချေပကြသည်။ ၎င်းတို့သည် သင့်အား စကားပြောဆိုသောအခါ အလွန်အမင်း ကြမ်းတမ်းကြပြီး ပါးစပ်က မီးပွင့်မတတ် ဖြစ်သည်။ ၎င်းတို့သည် သင့်ကို မည်သို့ ကလဲ့စားချေပြီး ညှဉ်းပန်ရမည်ကိုလည်း စဉ်းစားကြသည့်အပြင် ၎င်းတို့၏ တစ်သက်တာလုံး သင့်ကို စကားမပြောဘဲ နေကောင်းနေနိုင်ပေသည်။ ထိုသို့သောလူများ၏ ဤတိကျသော လုပ်ဆောင်ချက်များတွင် ထုတ်ဖော်ပြထားသည့်အရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ယင်းမှာ မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ (ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်ပါသည်။) ယဉ်ကျေးစွာ ပြောရလျှင် ယင်းမှာ မာနထောင်လွှားမှုနှင့် မိမိတို့၏ ကိုယ်ပိုင်စွမ်းရည်များကို အထင်ကြီးလွန်းခြင်း ဖြစ်သည်၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်ချင်ရုံသာ ရှိသည်။ သို့သော် ၎င်းတို့၏ အမှုအရာများ လုပ်ဆောင်ပုံနည်းလမ်းများနှင့် အမျိုးမျိုးသော သရုပ်သကန်များမှ အကဲဖြတ်ရလျှင် ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားရှိသည့် လူများ ဖြစ်ကြသည်။ ယုတ်ညံ့သော လူ့သဘာဝရှိသည့် အရှက်မရှိ မျက်နှာပြောင်တိုက်သော ဤလူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အလွန်သိသာထင်ရှားသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်အားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အဆင့်အထိ မြင့်တက်သွားနိုင်သည်။ အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်းသည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်၏ သရုပ်သကန်တစ်ခု ဖြစ်သည်၊ သို့ဖြစ်၍ ၎င်းတို့၏ ပြောဆိုခြင်းနှင့် လုပ်ဆောင်ချက်များတွင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျင့်စရိုက်၏ ဤသွင်ပြင်လက္ခဏာ၏ စိုးမိုးခြင်းကို ခံကြရပြီး အကျိုးဆက်အနေဖြင့် အရှက်မရှိသော လုပ်ရပ်များစွာကို ကျူးလွန်ကြကာ မာနထောင်လွှားမှုနှင့် ရက်စက်ကြမ်းကြုတ်ခြင်းကဲ့သို့သော အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ကြသည်။ ထို့ကြောင့် အတိုင်းအတာတစ်ခုအထိ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်မှ ထုတ်ဖော်ပြသော ယုတ်ညံ့သည့် သရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်းတွင် အကျုံးဝင်သည်၊ ဤသရုပ်သကန်များအားလုံးသည် ၎င်းတို့၏ သဘာဝအနှစ်သာရနှင့် ဆက်စပ်ပြီး ရှုပ်ထွေးစွာ နှောင်ဖွဲ့နေသည့်အပြင် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ တိကျသော ထုတ်ဖော်မှုမဆိုသည် ၎င်းတို့၏ ယုတ်ညံ့သော ကိုယ်ကျင့်စရိုက်မှ မြစ်ဖျားခံသည်။ သို့ဖြစ်၍ ယုတ်ညံ့သော ကိုယ်ကျင့်စရိုက်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့သည် အပြန်အလှန် ဆက်စပ်နေသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူတို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်တွင် ဖြစ်ပေါ်လာသည်။ ဥပမာအားဖြင့် လူတို့၏ လူ့သဘာဝအတွင်းရှိ ခေါင်းမာခြင်း၊ စိတ်ထားသေးသိမ်ခြင်းနှင့် အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်းကဲ့သို့သော ယုတ်ညံ့သည့် ကိုယ်ကျင့်စရိုက်၏ သွင်ပြင်လက္ခဏာများအားလုံးသည် လူတို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် ကြိုးကိုင်ခြင်းကို ခံရခြင်းမှ ဖြစ်ပေါ်လာသည်။ သမ္မာတရားကို လက်မခံမီတွင် လူအားလုံးသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော၊ ဆိုးယုတ်သော၊ အပျက်သဘောဆောင်သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များစွာတို့၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့ကို ဦးစွာ ခံယူကြသည်၊ ၎င်းတို့သည် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများကို မိမိတို့၏ အသက်အဖြစ် မိမိတို့၏ စိတ်နှလုံးထဲသို့ လက်ခံကြပြီး ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ၎င်းတို့၏ အသက်ဖြစ်လာသည်ဟု ဆိုလိုသည်။
အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်းတွင် အခြားသော သရုပ်သကန်အချို့ ရှိသည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် သိသာထင်ရှားသော လုပ်ရပ်များကို လုပ်ဆောင်ကြသည်၊ အထက်လူကြီးများကို လှည့်ဖြားပြီး မိမိတို့ လက်အောက်ငယ်သားများထံမှ အကြောင်းအရာများကို ဖုံးကွယ်ထားကြသည် သို့မဟုတ် အလုပ်အစီအစဉ်များကို ဆန့်ကျင်ကြသည့်အပြင် ၎င်းတို့၏ လုပ်ရပ်များသည် အသင်းတော်အလုပ်ကို ကြီးစွာသော ပျက်စီးထိခိုက်မှုပင် ဖြစ်စေသည်။ သို့တိုင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို ဆင်ခြင်သုံးသပ်ပြီး သိရှိလာခြင်း သို့မဟုတ် အသင်းတော်အလုပ်ကို နှောင့်ယှက်သည့် မိမိတို့၏ ဒုစရိုက်အမှုနှင့်ဆိုင်သော အချက်ကို ဝန်ခံခြင်း မရှိရုံသာမက ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် ကောင်းစွာလုပ်ဆောင်ခဲ့သည်ဟုပင် ယုံကြည်ကြပြီး နေရာတကာတွင် မိမိတို့ အလုပ်မည်မျှ လုပ်ဆောင်ခဲ့ကြောင်း၊ ဆင်းရဲဒုက္ခ မည်မျှ ခံခဲ့ရကြောင်း၊ မိမိတို့၏ အလုပ်အတွင်း မည်မျှ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြောင်း၊ အလုပ်လုပ်ရင်း ဧဝံဂေလိ တရားဟောခြင်းမှတစ်ဆင့် လူမည်မျှ ရရှိခဲ့ကြောင်း စသည်တို့ကို ကြွားဝါပြီး သက်သေခံလျက် နာမည်ကောင်းနှင့် ဆုလာဘ်များကို ရှာဖွေလိုကြသည်။ ၎င်းတို့သည် မိမိတို့ မကောင်းမှုမည်မျှ ပြုလုပ်ခဲ့ကြောင်း သို့မဟုတ် အသင်းတော်အလုပ်ကို ကြီးစွာသော ထိခိုက်နစ်နာမှု မည်မျှ သက်ရောက်စေခဲ့ကြောင်းကို လုံးဝ အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် နောင်တလည်း မရကြသည့်အပြင် လမ်းကြောင်းပြောင်းရန်မှာ သာ၍ပင် ဝေးသေးသည်။ ငါ့ကိုပြောလော့၊ ထိုသို့သောလူများသည် မျက်နှာပြောင်တိုက်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်က ၎င်းတို့ကို “သင်သည် အသင်းတော်အလုပ်ကို သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခဲ့သလော။ သင်၏အလုပ်သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် ကိုက်ညီခဲ့သလော” ဟု မေးပါက ၎င်းတို့သည် ထိုအကြောင်းအရာကို ရှောင်ကြဉ်ကြသည်။ အခြားလူများက ၎င်းတို့၏ အလုပ်အတွင်း ဘုရားသခင်ထံ ဆက်ကပ်သော ပူဇော်သက္ကာများကို ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေခဲ့ကြောင်း၊ အချို့ဆုံးရှုံးမှုများမှာ ယွမ်ငွေ ရာပေါင်းများစွာ၊ အချို့မှာ ထောင်ပေါင်းများစွာနှင့် အချို့မှာ သောင်းပေါင်းများစွာပင် ရှိကြောင်းကို ဖော်ထုတ်ပါက လျော်ကြေးပေးရန် တောင်းဆိုခံရသောအခါ ၎င်းတို့၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ရှက်စိတ်ရှိသော ပုံမှန်လူများသည် ဤအရာကို ကြားလျှင်ပင် ပြိုလဲသွားမည်ဖြစ်ပြီး မိမိတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာမှ အရှက်ရပြီး သိက္ခာကျသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ကောင်းစွာမလုပ်ဆောင်ခဲ့ကြောင်းနှင့် ဘုရားသခင်ထံ အလွန်အမင်း အကြွေးတင်နေကြောင်း ယုံကြည်ကြလိမ့်မည်ဖြစ်ပြီး ထို့ကြောင့် မိမိတို့ကိုယ်ကို ဆင်ခြေပေးရန် ကြိုးစားကြမည်မဟုတ်ပေ။ ၎င်းတို့သည် တိကျသောအလုပ်အချို့ကို လုပ်ဆောင်ခဲ့ပြီး ဆင်းရဲဒုက္ခများစွာကို ခံခဲ့ရလျှင်ပင် ယင်းကို ထုတ်ပြောရန်မထိုက်တန်ဟု ထင်ကြလိမ့်မည်။ ၎င်းတို့၏ အလုပ်ကို အမှန်တကယ် ကောင်းစွာလုပ်ဆောင်ခဲ့ပါက ဘုရားအိမ်တော်၏ အလုပ်ကို ဤမျှလောက် ထိခိုက်နစ်နာမှု ဖြစ်စေနိုင်မည်လော။ မဖြစ်စေနိုင်ခဲ့ပေ။ ၎င်းတို့ဖြစ်စေခဲ့သော ထိခိုက်နစ်နာမှုကို အကဲဖြတ်ရုံမျှဖြင့် ၎င်းတို့၏ အလုပ်ကို ညံ့ဖျင်းစွာ လုပ်ဆောင်ခဲ့ကြောင်း သက်သေပြနိုင်သောကြောင့် ၎င်းတို့သည် အမှားကို ဝန်ခံပြီး နောင်တရသင့်သည်။ ၎င်းတို့ဖြစ်စေခဲ့သော ဆုံးရှုံးမှုများက လျော်ကြေးပေးရန် လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့် ၎င်းတို့၏ အလုပ်သည် အသင်းတော်အလုပ်ကို အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေခဲ့သည်ဟူသော အချက်ကို ၎င်းတို့ အသိအမှတ်ပြုရမည်။ လုံးဝ အရှက်မရှိသော လူများသာလျှင် ဤအချက်ကို အသိအမှတ်ပြုရန် ငြင်းပယ်ကြလိမ့်မည်။ ၎င်းတို့က “ကျွန်ုပ်သည် ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးလျှင်ပင် ကျွန်ုပ်၏ အလုပ်တွင် အမှားတစ်ခုခု လုပ်ခဲ့ကြောင်း၊ သို့တည်းမဟုတ် မှားယွင်းသည့်အရာတစ်ခုခု လုပ်ခဲ့ကြောင်း ဝန်ခံမည် မဟုတ်ပါ။ ကျွန်ုပ် အကြွေးများ ပြန်ဆပ်လျှင်ပင် ဘုရားသခင်၏ အိမ်တော်တွင် သာမန်လူတစ်ယောက်ထက် ပို၍ကောင်းသည့် ကျေးဇူးပြုခဲ့သူတစ်ဦး ဖြစ်နေဆဲပင်ဖြစ်သည်။ ကျွန်ုပ်တွင် ဂုဏ်သရေရှိသည့် သမိုင်းကြောင်းတစ်ခု ရှိခဲ့သည်” ဟု ပြောဆိုကြလိမ့်မည်။ ဤသည်မှာ မည်သို့သော လူ့သဘာဝမျိုး ဖြစ်ပါသနည်း။ ငါ့ကို ပြောလော့၊ ဤသို့သော လူစားမျိုးတွင် ရှက်စိတ်တစ်ခုတလေ ရှိသလော။ ၎င်းတို့သည် “ရှက်စိတ်” ဟူသော စကားလုံးများကို စာလုံးပေါင်းနိုင်ကြပါမည်လော။ ၎င်းတို့တွင် ရှက်စိတ် အမှန်တကယ် မရှိပါက ယင်းမှာ ပြဿနာရှိသည်။ ၎င်းတို့သည် မိမိတို့ မကောင်းမှုပြုခဲ့ကြောင်းကို မိမိတို့၏ စိတ်နှလုံးထဲတွင် ရှင်းလင်းစွာ သိသော်လည်း နှုတ်ဖြင့် ဝန်ခံရန် ခေါင်းမာစွာ ငြင်းပယ်ပါက ထိုသို့သောလူများသည် အလွန် စိတ်နှလုံးမာကျောကြသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့ မကောင်းမှုပြုခဲ့ကြောင်းကို မိမိတို့၏ စိတ်နှလုံးထဲတွင် အသိအမှတ်ပြုပြီး နှုတ်ဖြင့်လည်း ဝန်ခံနိုင်ပါက ၎င်းတို့သည် အသိစိတ်ရှိသည်ဟု မှတ်ယူရဆဲဖြစ်သည်၊ ၎င်းတို့အတွင်း၌ ရှက်စိတ် ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် နှုတ်ဖြင့် ဝန်ခံရန် ငြင်းပယ်ရုံသာမက မိမိတို့၏ စိတ်နှလုံးထဲတွင်လည်း အာခံနေပါက၊ အဆက်မပြတ် ဆန့်ကျင်နေပြီး ဘုရားအိမ်တော်က ၎င်းတို့ကို တရားမမျှတစွာ ဆက်ဆံနေကြောင်းနှင့် ၎င်းတို့သည် ကံဆိုးခြင်း၏ သားကောင်များဖြစ်ကြောင်း နေရာတကာတွင် ပြောဆိုချက်များကို ဖြန့်ဝေနေပါက ၎င်းတို့၏ ပြဿနာမှာ ဆိုးရွားသည်။ မည်မျှဆိုးရွားသနည်း။ ၎င်းတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား လုံးဝမရှိပေ။ အသိစိတ်တွင် တရားမျှတစိတ်နှင့် ကြင်နာမှု နှစ်မျိုးစလုံး ပါဝင်ရမည်။ တရားမျှတစိတ်၏ သွင်ပြင်လက္ခဏာတစ်ခုမှာ လူတို့သည် အရှက်တရား ရှိရမည်ဖြစ်သည်။ လူတို့သည် အရှက်ကို သိမှသာလျှင် ဖြောင့်မတ်နိုင်သည်၊ တရားမျှတစိတ် ရှိနိုင်သည်၊ အပြုသဘောဆောင်သောအရာများကို ချစ်မြတ်နိုးပြီး ယင်းတို့ကို စွဲကိုင်ထားနိုင်ကြသည်။ သို့သော် သင်၏ အသိစိတ်နှင့် သင်၏ တရားမျှတစိတ်တွင် အရှက်တရား ကင်းမဲ့နေပါက၊ သင်သည် အရှက်ကို မသိပါက၊ မှားယွင်းသောအရာတစ်ခုခုကို လုပ်ဆောင်ပြီးနောက်တွင်ပင် သင်သည် ယင်းနှင့်ပတ်သက်၍ ရှက်ရွံ့သည်ဟု မခံစားရပါက၊ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန် သို့မဟုတ် မုန်းတီးရန် မသိပါက၊ နောင်တမရပါက၊ အခြားသူများက သင့်ကို မည်သို့ ဖော်ထုတ်သည်ကို ဂရုမစိုက်ပါက၊ သင်သည် မျက်နှာမပူသည့်အပြင် အရှက်မရှိပါက လူတစ်ဦးအနေဖြင့် သင်၏ အသိစိတ်တွင် ပြဿနာရှိပြီး သင်သည် အသိစိတ်မရှိဟုလည်း ဆိုနိုင်ပေသည်။ ထိုသို့ဖြစ်ပါက သင်၏ စိတ်နှလုံးသည် မကောင်းသလော သို့မဟုတ် ဆိုးယုတ်သလောဟု ပြောရန် ခက်ခဲသည်၊ သင်၏ စိတ်နှလုံးသည် ဆိုးယုတ်သော စိတ်နှလုံး၊ ဝံပုလွေ၏ နှလုံးသား ဖြစ်နိုင်သည်၊ အပြုသဘောဆောင်ခြင်း မဟုတ်ဘဲ အပျက်သဘောဆောင်သည်။ အသိစိတ်မရှိဘဲ၊ လူ့သဘာဝမရှိဘဲ နေသောလူများသည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ သင်သည် မှားယွင်းသော အရာတစ်ခုခုကို လုပ်ဆောင်ပြီး အရှက် လုံးဝမရှိပါက၊ နောင်တရခြင်း သို့မဟုတ် အပြစ်ရှိသည်ဟူသော ခံစားချက် မခံစားရပါက၊ သင်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း မရှိရုံသာမက ငြင်းခုံခြင်း၊ ဆန့်ကျင်ခြင်းနှင့် မိမိကိုယ်ကို ကာကွယ်ရန်နှင့် မှန်ကြောင်းရှင်းချက်ထုတ်ရန် ကြိုးစားခြင်း၊ မိမိကိုယ်ကို ကောင်းမွန်ပုံရသော အပေါ်ယံအကာဖြင့် ဖုံးအုပ်ခြင်းတို့ကိုလည်း ပြုလုပ်ပါက၊ စံချိန်မီသော လူ့သဘာဝဖြင့် တိုင်းတာပါက သင်၏ လူ့သဘာဝမှာ ပြဿနာရှိသည်။ သင်၏ ဆင်ခြင်တုံတရား မည်သို့ပင်ဖြစ်စေ၊ သင်သည် အသိစိတ်၏ စံနှုန်းကို မမီပါက သင်၌ အမှန်တကယ် လူ့သဘာဝ ရှိမရှိ ပြောရန် ခက်ခဲသည်။ သင်၏ အတွင်းပိုင်းဝိညာဉ်သည် အဘယ်အရာ ဖြစ်သည်၊ သင်သည် အဘယ်မှ လာခဲ့သည် သို့မဟုတ် အတိတ်တွင် သင် မည်သည့်မကောင်းမှု ပြုခဲ့သည်ကို ငါတို့ ဆွေးနွေးမည်မဟုတ်၊ သင်၏ ယခင်ဘဝအကြောင်းကို ငါတို့ ပြောဆိုမည်မဟုတ်။ ဤဘဝတွင် သင် ရှိသင့်သည့် အသိစိတ်အရ ပြောရုံမျှဖြင့် သင်သည် ရှက်စိတ် ကင်းမဲ့ပါက လူတစ်ဦးအနေဖြင့် သင်သည် စံနှုန်းမပြည့်မီပေ။ အချို့လူများက “ကျွန်ုပ်သည် အရှက်မရှိ မျက်နှာပြောင်တိုက်သဖြင့် ကျွန်ုပ် လိုချင်သည့်အရာ မှန်သမျှကို ယူလိုက်ရုံသာရှိသည်” ဟု ပြောဆိုကြသည်။ သို့သော် ယင်းမှာ သင် ထိုသို့ပြုလုပ်သည့်နေရာအပေါ် မူတည်သည်၊ ဘုရားအိမ်တော်တွင် ထိုသို့ပြုလုပ်ခြင်းသည် အလုပ်ဖြစ်မည်မဟုတ်ပေ။ ဘုရားအိမ်တော်သည် သင် မှီခိုကပ်ရပ်နိုင်သည့် နေရာတစ်ခု မဟုတ်ပေ။ သင်သည် ယင်းကို မှီခိုကပ်ရပ်ရန် အခိုင်အမာ တောင်းဆိုပါက သင်သည် သင့်ကိုယ်သင် ဘေးဒုက္ခ သက်ရောက်စေမည်မှာ သေချာသည်။ အချို့လူများက “ငါသည် အရှက်မရှိ မျက်နှာပြောင်တိုက်သည်။ မည်သည့်နေရာကိုသွားပါစေ ဤကဲ့သို့သာ ပြုမူသည်၊ တစ်မြေထောင်လုံး မိမိအပိုင်ကဲ့သို့ သွားလာလှုပ်ရှားသည်။ အခြားသူများက ငါ့အကြောင်း မည်သည့်အရာ ပြောပါစေ ဂရုမစိုက်ပါ၊ မည်သူကများ ငါ့ကို မည်သည့်အရာ လုပ်နိုင်မည်နည်း” ဟု တွေးထင်ကြသည်။ လူများက သင့်ကို မည်သည့်အရာကိုမျှ လုပ်နိုင်မည် မဟုတ်သော်လည်း သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သင်လုပ်ဆောင်သမျှအရာတိုင်းကို ဘုရားသခင်က မည်သို့ တိုင်းတာပြီး အကဲဖြတ်သည်၊ ဘုရားသခင်က သင့်ကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုပြီး သင့်အပေါ် မည်သို့သော အဆုံးအဖြတ်များကို ချမှတ်သည်ကို သင် အာရုံစိုက်သင့်သည်။ သင်သည် ဤအရာကို အာရုံမစိုက်ပါက သင်သည် ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦး ဖြစ်နေသေးသလော။ သင်သည် ဤအရာကိုပင် ဂရုမစိုက်ပါက သင်သည် မယုံကြည်သူတစ်ဦး ဖြစ်သည်။ လူများက သင့်အကြောင်း ပြောဆိုသည့်အရာကို သင် လျစ်လျူရှုနိုင်သော်လည်း ဘုရားသခင်၏ သင့်အပေါ် အကဲဖြတ်ချက်၊ သင့်အပေါ် သူ၏အမြင်နှင့် သူ သင့်အပေါ် ချမှတ်သည့် အဆုံးအဖြတ်များကို သင် ဂရုစိုက်သင့်သည် မဟုတ်လော။ ဘုရားသခင်၏ သင့်အပေါ် အကဲဖြတ်ချက်မှာ သင်သည် အရှက်မရှိ မျက်နှာပြောင်တိုက်သည်၊ အရှက်အကြောက် ကင်းမဲ့သည်၊ သင်၏ လူ့သဘာဝတွင် အရာများစွာ ချို့တဲ့နေပြီး အလွန်အရေးကြီးသောအရာအချို့ ပျောက်ဆုံးနေသည်ဟု ဖြစ်ပါက သင်သည် လူတစ်ဦးအနေဖြင့် အသစ်တစ်ဖန် ပြန်လည်ကျင့်ကြံပြုမူသင့်သည်၊ သင်သည် နောင်တရပြီး သင်၏ ကိုယ်ပိုင်ကျိုးကြောင်းဆင်ခြင်မှုများ ထုတ်ခြင်းကို ရပ်တန့်ရမည်။ သင့်တွင် ထောင်ပေါင်းသောင်းပေါင်း များစွာသော ဆင်ခြေများ ရှိလျှင်ပင် သင် အရှက်မရှိ မျက်နှာပြောင်တိုက်သည်ဟူသည့် တစ်ခုတည်းသော အချက်သည် သင်၏ လူ့သဘာဝနှင့် အသိစိတ်တွင် ကြီးမားသော ပြဿနာတစ်ခုရှိကြောင်း ဆုံးဖြတ်ရန် လုံလောက်သည်။ ဤတစ်ချက်တည်းဖြင့် တိုင်းတာလျှင်ပင် သင်၏ ပြဿနာမှာ အလွန်ပြင်းထန်သည်။ ငါပြောနေသည့်အရာကို သင် နားလည်နိုင်ပါက သင်သည် နောင်တရပြီး သင်၏ စိတ်နှလုံးထဲတွင် သင်၏ ကိုယ်ပိုင်ကျိုးကြောင်းဆင်ခြင်မှုများ ထုတ်ခြင်းကို ရပ်တန့်သင့်သည်။ သင်၏ ကျိုးကြောင်းဆင်ခြင်မှုသည် သွေးဆူခြင်းမှလည်းကောင်း၊ စိတ်ခံစားချက်များမှလည်းကောင်း၊ စာတန်ထံမှလည်းကောင်း မြစ်ဖျားခံသည်၊ သင်၏ ကျိုးကြောင်းဆင်ခြင်မှုသည် မမှားဟု သင် ယုံကြည်လျှင်ပင် ယင်းမှာ သမ္မာတရား မဟုတ်ပေ။ ဘုရားသခင်၏ သင့်အပေါ် အကဲဖြတ်ချက်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ်တွင် လုံးလုံးလျားလျား အခြေမခံပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မစဉ်းစားမီတွင် ဘုရားသခင်သည် သင်၏ လူ့သဘာဝကို ဦးစွာ ကြည့်ရှုသည်။ သင်၏ လူ့သဘာဝ မည်သို့ရှိသည်နှင့် ကိစ္စရပ်တစ်ခုစီအပေါ် သင်၏ သဘောထား မည်သို့ရှိသည်ကို သင်၏ ကိုယ်ကျင့်စရိုက်က ဆုံးဖြတ်သည်။ ဘုရားသခင် စောင့်ကြည့်လေ့လာသည့် အရာသည် သေချာပေါက် တိကျပြီး သူ သင့်ကို တိုင်းတာသည့် စံနှုန်းသည်လည်း သမ္မာတရားနှင့် ကိုက်ညီသည်။ သူ မည်သူ့ကို တိုင်းတာသည်ဖြစ်စေ ယင်းမှာ ၎င်းတို့၏ အပြင်ပန်းအသွင်အပြင်ကို မည်သည့်အခါမျှ အခြေမခံဘဲ ၎င်းတို့ အမှန်တကယ် လုပ်ဆောင်သည့်အရာ၊ ၎င်းတို့၏ နေ့စဉ်ဘဝများရှိ ၎င်းတို့၏ ထုတ်ဖော်မှုများနှင့် သရုပ်သကန်များ၊ ကိစ္စရပ်တစ်ခုစီကို ကိုင်တွယ်သောအခါ ၎င်းတို့၏ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များနှင့် သဘောထားများအပြင် အပြုသဘောဆောင်သော အရာများအပေါ်တွင်လည်းကောင်း၊ သမ္မာတရားအပေါ်တွင်လည်းကောင်း၊ ဘုရားသခင်အပေါ်တွင်လည်းကောင်း ၎င်းတို့၏ သဘောထားတို့ကို အခြေခံသည်။ ဘုရားသခင်က သင့်ကို အဆုံးစွန်တွင် မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသည် သို့မဟုတ် အကဲဖြတ်သည်ဖြစ်စေ သင်သည် မတရားပြုခံရမည် မဟုတ်ပေ။ ယင်းမှာ သင်၏ ယာယီသရုပ်သကန် သို့မဟုတ် ရံဖန်ရံခါ ပြစ်မှားခြင်းအပေါ် အခြေမခံပေ။ ယင်းမှာ သင်၏ အလုံးစုံသော သရုပ်သကန်များအပေါ် အခြေခံသည့် အကဲဖြတ်ချက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးစီအပေါ် ဘုရားသခင်၏ အကဲဖြတ်ချက်သည် တိကျပြီး ဘက်မလိုက်ပေ။ ထိုသို့မဟုတ်လော။ (ဟုတ်ပါသည်။) အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်း၏ သရုပ်သကန်သည် လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်နှင့် သက်ဆိုင်သည်။ အတိုင်းအတာတစ်ခုအထိ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အဆင့်အထိလည်း မြင့်တက်သွားသည်။ အကြောင်းမှာ ထိုသို့သောလူများတွင် လူ့သဘာဝ၏ ဤကဏ္ဍ ရှိသောကြောင့် ယင်းက ၎င်းတို့ကို အချို့သောအရာများ လုပ်ဆောင်ရန် ဦးဆောင်ပြီး ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်သောအခါ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ကြသည်။ မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုးကို ထုတ်ဖော်သည်ဖြစ်စေ မျက်နှာပြောင်တိုက်သောလူများ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လုပ်ဆောင်သည့် လုပ်ရပ်များသည် ၎င်းတို့၏ လူ့သဘာဝနှင့် ခွဲခြား၍မရနိုင်ပေ။ သို့ဖြစ်၍ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြောင်းလဲနိုင်ပြီး ဖယ်ရှားနိုင်ခြင်း ရှိမရှိသည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက် မည်သို့ရှိသည်အပေါ် မူတည်သည်။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် ဆိုးယုတ်ပါက၊ ၎င်းတို့သည် သမ္မာတရားကို အတိုက်အခံလုပ်ပါက၊ သမ္မာတရားကို ပစ်ပစ်ခါခါငြင်းပြီး အလွန်အမင်း မနှစ်မြို့ပါက၊ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ပါက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ သို့သော် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်အရ ၎င်းတို့သည် ဆိုးယုတ်သောသူတစ်ဦး မဟုတ်ပါက၊ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်ပြီး လက်ခံနိုင်ပါက၊ ခေါင်းမမာပါက၊ ယုတ်ညံ့သော ကိုယ်ကျင့်စရိုက်၏ ပြဿနာများ မရှိပါက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်သည်။ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသော်လည်း ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားပြီး ကယ်တင်ခြင်းကို ရရှိနိုင်ခြင်း ရှိမရှိကို အဘယ်အရာက ဆုံးဖြတ်သနည်း။ (ယင်းမှာ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက် မည်သို့ရှိသည်အပေါ် မူတည်ပါသည်။) အတိအကျပင်၊ ယင်းမှာ လူတစ်ဦး၏ လူ့သဘာဝ ကောင်းမကောင်းအပေါ် မူတည်သည်။
ဆက်လက်၍ သံသယဝင်လွယ်ခြင်းအကြောင်းကို ငါတို့ ဆွေးနွေးကြစို့။ ငါတို့ ယခုလေးတင် ဆွေးနွေးခဲ့သည့် မည်သည့်သရုပ်သကန်သည် သံသယဝင်လွယ်ခြင်းနှင့် အတော်အတန် တူညီသနည်း။ (ခံစားလွယ်ခြင်း ဖြစ်ပါသည်။) ခံစားလွယ်ခြင်းသည် မည်သို့သော ပြဿနာအမျိုးအစားဖြစ်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။) သံသယဝင်လွယ်ခြင်းသည် ခံစားလွယ်ခြင်းထက် တစ်ဆင့်ပိုမြင့်သည်၊ ပြဿနာမှာ ပို၍ ဆိုးရွားသည်။ ခံစားလွယ်ခြင်းသည် ကလေးတစ်ဦးကဲ့သို့ အတော်အတန် မရင့်ကျက်သော လူ့သဘာဝ၏ လက္ခဏာတစ်ခုမျှသာ ဖြစ်ပြီး သံသယဝင်လွယ်ခြင်းမှာမူ တိကျသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်အချို့ ပါဝင်သည်၊ ယင်းမှာ လူအများအခေါ်အရ အတွေးအခေါ် ရှုပ်ထွေးခြင်းဖြစ်ပြီး ယင်းက ကိုယ်ကျင့်စရိုက် မကောင်းခြင်းကို ညွှန်ပြသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက သံသယဝင်လွယ်သော လူတစ်ဦးအား ဆယ်ယွမ်တန် ပစ္စည်းတစ်ခု ဝယ်ပေးရန် အကူအညီတောင်းပြီး “သင် ဆယ်ယွမ်ထက် လုံးဝ ပိုမသုံးရပါ။ အလွန် ဈေးကြီးလျှင် မဝယ်နှင့်” ဟု အထူးအလေးပေး ပြောဆိုသည်။ ဤသည်ကို ကြားပြီးနောက် ၎င်းတို့က “သင်သည် ယဉ်ကျေးပြနေခြင်းလော။ အမှန်တွင် သင်သည် ယွမ်တစ်ရာတန် ပစ္စည်းတစ်ခုကို လိုချင်သော်လည်း ပြောရန် ရှက်နေခြင်းဖြစ်သည်။ သို့ဖြစ်ပါက သင့်ကို ပျော်ရွှင်စေပြီး ငါ့အပေါ် အကောင်းမြင်စေဖို့အတွက် ငါ ဝယ်ပေးလိုက်မည်” ဟု တွေးတောလေသည်။ ထို့နောက် ဖြစ်ချင်တော့ ၎င်းတို့က ထိုပစ္စည်းကို ပြန်ယူလာပြီးနောက်တွင် အခြားလူက “ယင်းက အလွန်ဈေးကြီးသည်။ ကျွန်ုပ်တွင် ဆယ်ယွမ်သာရှိသည်၊ ထိုမျှပိုက်ဆံ ကျွန်ုပ်တွင် မရှိပါ” ဟု ပြောဆိုလေတော့သည်။ သို့ဆိုလျှင် ထိုသူအတွက် ယွမ်တစ်ရာတန် ပစ္စည်းတစ်ခုကို ဝယ်ပေးခြင်းအားဖြင့် ၎င်းတို့သည် သူ့ကို အဆုံးတွင် အရှုံးခံရအောင် လုပ်လိုက်ခြင်း မဟုတ်လော။ သို့သော် ၎င်းတို့သည် အခြားလူကို နားမလည်နိုင်သည့်အပြင် ထိုအစား ဤသူသည် ပိုက်ဆံပိုမသုံးချင်ဘဲ ၎င်းတို့အပေါ် အခွင့်ကောင်းယူရန် ကြိုးစားနေသည်ဟု သံသယများ ထားရှိကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော သံသယဝင်လွယ်သည့်လူများသည် အလွန် ဒုက္ခများသောသူများ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်နည်းလမ်းဖြင့် ၎င်းတို့က ဒုက္ခများကြသနည်း။ (၎င်းတို့၏ အတွေးအခေါ်များမှာ အလွန်ရှုပ်ထွေးပါသည်။) အလွန်အမင်း ရှုပ်ထွေးသော အတွေးအခေါ်များရှိသည့် လူများနှင့် ပေါင်းသင်းဆက်ဆံရန် ခက်ခဲသည်။ ငါ့ကို ပြောလော့၊ ပွင့်လင်းဖြောင့်မတ်သော စရိုက်ရှိသည့်လူများသည် ထိုသို့သောလူများနှင့် ပေါင်းသင်းဆက်ဆံရန် ဆန္ဒရှိကြသလော။ (မရှိပါ။) ၎င်းတို့၏ စိတ်ထဲတွင် မည်သည့်အရာကို တွေးနေသည်ကိုဖြစ်စေ၊ ၎င်းတို့၏ အတွေးများက မည်သည့်ဘက်သို့ ဦးတည်နေသည်ကိုဖြစ်စေ သင် မသိသည့်အပြင် ၎င်းတို့၏ ရည်ရွယ်ချက်များကိုဖြစ်စေ၊ ၎င်းတို့က သင့်ကို မည်သို့ သံသယဝင်နေသည်ကိုဖြစ်စေ သင် ထိုးထွင်းမမြင်နိုင်ပေ။ သို့ဖြစ်၍ သင်သည် ၎င်းတို့အား တစ်စုံတစ်ခုကို ကိုင်တွယ်ရန် တာဝန်ပေးသောအခါ ယင်းမှာ ရှင်းလင်းစွာ အလွန်ရိုးရှင်းသော ကိစ္စငယ်လေးတစ်ခု ဖြစ်သော်လည်း ၎င်းတို့က ယင်းကို အလွန်ရှုပ်ထွေးပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် လုပ်ကြသည်။ ၎င်းတို့က ထိုဖြစ်စဉ်တွင် ကိစ္စရပ်များကို အလွန်အမင်း ရှုပ်ထွေးအောင် လုပ်ဆောင်ကြသဖြင့် သင်ကိုယ်တိုင်ပင် ပင်ပန်းသည်ဟု ခံစားရပြီး သင်ကိုယ်တိုင် လုပ်ဆောင်ခဲ့လျှင် ပိုကောင်းမည်ဟု ထင်မြင်မိသည်။ သင်သည် ထိုသို့သောလူများနှင့် ပေါင်းသင်းဆက်ဆံလိုခြင်းမရှိဘဲ ၎င်းတို့ကို ရှောင်ရှားလိုရုံသာ ဖြစ်သည်။ ဥပမာအားဖြင့် သင့်တွင် သင်မလိုအပ်တော့သည့် ပစ္စည်းတစ်ခုရှိပြီး ယင်းကို ထိုအတိုင်းထားလျှင် ဖြုန်းတီးရာ ရောက်မည်ဖြစ်ကာ လွှင့်ပစ်ရန်လည်း နှမြောစရာ ကောင်းသည် ဆိုပါစို့၊ သို့ဖြစ်၍ သင်သည် ယင်းကို ဤသို့သော လူစားမျိုးအား ပေးလိုက်သည်။ ၎င်းသည် ကျေးဇူးမတင်သည့်အပြင် ၎င်း၏ စိတ်နှလုံးထဲတွင် “သင်သည် ငါ့ကို အဘယ်ကြောင့် ဤအရာကို ပေးသနည်း။ ဤနောက်ကွယ်တွင် တစ်ခုခုတော့ ရှိရမည်။ သင့်အား လူကောင်းတစ်ဦးဟု ငါ့ကို ထင်စေရန်၊ ငါ့အား သင့်အပေါ် အကြွေးတင်စေရန် ကြိုးစားနေခြင်းလား၊ သို့မဟုတ် သင့်အတွက် တစ်ခုခုလုပ်ပေးရန် ငါ့ကို ခိုင်းရန် ကြိုးစားနေခြင်းလား” ဟု သံသယဝင်ကြသည်။ ထိုသို့သော ကိစ္စငယ်လေးတစ်ခုအပေါ် ၎င်းတို့က ထိုမျှလောက် တွေးတောမည်ကိုလည်းကောင်း၊ ၎င်းတို့အား သေးငယ်သော အရာတစ်ခုခု ပေးခြင်းက ထိုမျှလောက် သံသယများစွာကို ဖြစ်ပေါ်စေနိုင်မည်ကိုလည်းကောင်း သင် မည်သည့်အခါမျှ မမျှော်လင့်ခဲ့ပေ။ ၎င်းတို့၏ သံသယများကို ပယ်ဖျောက်ရန် သင်သည် စကားများစွာ ပြောဆိုရသည်။ ဤသည်မှာ အလွန် ဒုက္ခများခြင်း မဟုတ်လော။ သင်သည် ဤလူအပေါ် ရွံမုန်းစိတ်ဝင်လာပြီး ထို့နောက်တွင် သင့်ထံ၌ ပိုလျှံသော ပစ္စည်းတစ်ခုခုရှိပါက ၎င်းတို့အား ပေးမည့်အစား လွှင့်ပစ်လိုက်ဖို့ကိုပင် သင် ပို၍ လိုလားပေမည်။ အဘယ်ကြောင့် ၎င်းတို့အား မပေးသနည်း။ သင်က အကြင်နာမဲ့သောကြောင့် မဟုတ်ဘဲ သင်က ပြဿနာဖြစ်ပွားစေရန် မလိုလားသောကြောင့် ဖြစ်သည်။ ယခင်က တစ်စုံတစ်ဦးသည် နေရာတစ်ခုကို ယခုလေးတင် ငှားရမ်းခဲ့ပြီး ထိုနေရာထဲတွင် သန့်ရှင်းရေးသုံးပစ္စည်းများ မရှိခဲ့ပေ။ သို့ဖြစ်၍ ငါသည် အိမ်မှ သန့်ရှင်းရေးပစ္စည်းအချို့ကို ယူဆောင်လာခဲ့သည်၊ အချို့သော သန့်စင်ဆေးရည်များမှာ ပုလင်းအပြည့်ဖြစ်ပြီး အချို့မှာမူ တစ်ဝက်သာ ရှိသည်။ ထိုနေရာကို ငှားရမ်းသည့်သူသည် ထိုပစ္စည်းများကို ကြည့်ပြီးလျှင် “သင်က ဤအရာများကို ကျွန်ုပ်အား အလကားပေးသော်လည်း ကျွန်ုပ်က သင့်ကို ကျေးဇူးတင်မည် မဟုတ်ပါ၊ ဤအရာများသည် သုံးပြီးသားများ ဖြစ်သည်။ ယင်းတို့က အသစ်ဖြစ်ခဲ့လျှင် သင်က ကျွန်ုပ်ကို ပေးမည်လော” ဟု ပြောဆိုခဲ့သည်။ ဤစကားများသည် စိတ်ထိခိုက်စရာ မကောင်းလော။ (ကောင်းပါသည်။) အဘယ်ကြောင့် ၎င်းတို့က စိတ်ထိခိုက်စရာ ကောင်းသနည်း။ (စေတနာကောင်းတစ်ခုကို ၎င်းတို့က ဤသို့ လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သောကြောင့် ဖြစ်ပါသည်။) ၎င်းတို့သည် ငါ၏ စေတနာကောင်းကို အဆိုးမြင်ခဲ့ကြသည်။ ငါသည် သင့်အား ကျေးဇူးတင်ရန် မတောင်းဆိုခဲ့သကဲ့သို့ ထိုပစ္စည်းများအတွက် ပိုက်ဆံပေးရန်လည်း မတောင်းဆိုခဲ့ပေ။ ရိုးရှင်းစွာပင် သင်က နေရာတစ်ခုကို ငှားရမ်းထားပြီး ထိုနေရာထဲတွင် မည်သည့် သန့်ရှင်းရေးသုံးပစ္စည်းမျှ မရှိသည့်အပြင် သင် အပြင်ထွက်၍ ဝယ်ရန်လည်း အဆင်မပြေသောကြောင့် ဖြစ်သည်။ ငါသည် သင့်အတွက် ပို၍ အဆင်ပြေစေရန် ငါ့ထံတွင် ရှိသည့်အရာအချို့ကို သင့်ထံ ယူဆောင်လာပေးခြင်းသာ ဖြစ်သည်။ ငါသည် ဤအရာများကို သင့်အား သုံးစွဲစေခြင်းဖြင့် သင့်အား မျက်နှာလုပ်ရန် ကြိုးစားနေခြင်း မဟုတ်ပေ၊ ငါသည် သင့်အပေါ် မည်သည့်အကြွေးမျှ မတင်သကဲ့သို့ ငါ့အပေါ် မည်သည့်အကြွေးကိုမဆို တင်ရှိရန်လည်း သင့်အား ငါ မတောင်းဆိုခဲ့ပေ။ ၎င်းတို့သည် ထိုသို့သော ရိုးရှင်းသည့် ကိစ္စတစ်ခုအပေါ် သံသယဝင်လာခဲ့ကြသည်၊ “ဟွန်း၊ ဤသည်မှာ မည်မျှကောင်းနေသနည်း။ သင်သည် ငါ့ကို ပစ္စည်းနည်းနည်းပါးပါး ယူလာပေးပြီး ယခုအခါတွင် ငါက သင့်ကို ကျေးဇူးတင်ရမည်ဟု ထင်နေသလား။ သင် ယူလာသည့်ပစ္စည်းများသည် ကောင်းကွက်တစ်စက်မျှ မရှိပါ၊ အလကားပေးသည့် ပစ္စည်းသည် မည်သို့ဖြစ်၍များ ကောင်းနိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ ဤလူသည် အမှန်တကယ်ပင် ဆက်ဆံရခက်သည်။ ငါသည် ဤအရာများမှာ ရှားပါးသော အသက်ရှည်ဆေးတစ်မျိုးမျိုးဖြစ်သည်ဟု မပြောဆိုခဲ့ပေ၊ ၎င်းတို့သည် သာမန် သန့်ရှင်းရေးထုတ်ကုန်အချို့သာ ဖြစ်သည်။ သင်သည် ၎င်းတို့ကို အသုံးမပြုလိုပါက အသုံးမပြုဘဲ နေနိုင်သည်။ အဘယ်ကြောင့် ကိစ္စရပ်များကို ထိုမျှလောက် ရှုပ်ထွေးအောင် လုပ်ရသနည်း။ ဤလူသည် ပေါင်းသင်းဆက်ဆံရခက်ပြီး ကိုင်တွယ်ရခက်ကြောင်းကို ငါ သဘောပေါက်ခဲ့သည်။ ငါသည် မည်သည့်အရာကိုမျှ လုံးဝ မယူဆောင်လာခဲ့ပါက ပြဿနာ ပို၍ နည်းမည်မဟုတ်လော။ မသေချာပါ။ မည်သည့်အရာကိုမျှ လုံးဝ မယူဆောင်လာခြင်းကလည်း ပြဿနာဖြစ်စေနိုင်ဖွယ်ရှိသည်။ ၎င်းတို့က “ငါသည် ဤနေရာကို ငှားထားခြင်းဖြစ်ပြီး သင်သည် သန့်ရှင်းရေးသုံးပစ္စည်း တစ်ခုမျှပင် မယူဆောင်လာပေးပါ။ ငါတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်ရမည်ဖြစ်သည်၊ သို့သော်လည်း သင်သည် ငါ့ကို မေတ္တာတစ်စက်မျှ လုံးဝ မပြပါ” ဟု တွေးနေနိုင်သေးသည်။ ၎င်းတို့တွင် ပြောစရာတစ်ခုခု ရှိနေဦးမည်။ ထိုသို့သောလူများ၏ ပင်ကိုစရိုက်သည် အလွန်ညံ့ဖျင်းသည်။ ၎င်းတို့သည် အခြားသူများ ကောင်းသည် သို့မဟုတ် ဆိုးသည်ကို အကဲဖြတ်ရန် မိမိတို့၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် စံနှုန်းများကို အစဉ်သဖြင့် အသုံးပြုကြသည်။ သူတို့သည် အခြားသူတို့ကို ရက်စက်ကြမ်းတမ်းသော အမြင်ဖြင့် အစဉ်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး၍ အကဲဖြတ်ကြပြီး မိမိတို့သည် ကိုယ်ကျင့်တရားပိုင်းတွင် သာလွန်မြင့်မြတ်ကာ အခြားသူအားလုံးတွင်မူ မှောင်မိုက်သောဘက်တစ်ခု ရှိကြသည်ဟု ထင်မြင်ကြ၏။ ထို့ပြင် အခြားသူတို့သည် မည်သို့ပင် ပြုမူပါစေ၊ မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ အစဉ်အမြဲ ရှိကြပြီး မိမိတို့တစ်စုတည်းသာ ဖောက်ပြန်ပျက်စီးခြင်းမရှိဘဲ စုံလင်သည်ဟုလည်း ယူဆကြ၏။
သံသယဝင်လွယ်သောလူများသည် ကိုယ်ကျင့်စရိုက် မကောင်းကြပေ။ ၎င်းတို့သည် ကိုယ်ကျင့်စရိုက် မကောင်းသောကြောင့် ဤကိုယ်ကျင့်စရိုက်၏ စိုးမိုးမှုအောက်တွင် မလွဲမသွေ ပြုမူကြလိမ့်မည်။ ၎င်းတို့ ထုတ်ဖော်သည့်အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်လိမ့်မည်၊ ယင်းမှာ ပုံမှန် လူ့သဘာဝ သေချာပေါက် ဖြစ်မည်မဟုတ်ပေ။ ယင်းမှာ ပုံမှန် လူ့သဘာဝ မဟုတ်ပါက အတိအကျအားဖြင့် မည်သည့်အရာ ဖြစ်သနည်း။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သည်။ သံသယဝင်လွယ်ခြင်းနှင့် ပတ်သက်လာလျှင် ထိုသို့သောလူများက ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရာတွင် ထုတ်ဖော်သည့် ကိုယ်စားပြုသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ ကောက်ကျစ်ဆိုးယုတ်မှုနှင့် လှည့်ဖြားတတ်ခြင်းတို့ သေချာပေါက် ဖြစ်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များသည် ထိုမျှလောက် ရှုပ်ထွေးသည်၊ ထိုမျှလောက် ကောက်ကျစ်ဆိုးယုတ်ပြီး ယုတ်မာလှသည်။ ၎င်းတို့ကိုယ်တိုင်က ၎င်းတို့အတွက် အကျိုးအမြတ် တစ်စုံတစ်ရာ မရှိလျှင် မည်သည့်အရာကိုမျှ မလုပ်ဆောင်သည့်အတွက် အခြားလူတိုင်းလည်း ထိုအတိုင်းပင်ဖြစ်သည်ဟု ၎င်းတို့က ယူဆကြသည်။ သင်သည် ထိုသို့သော လူစားမျိုး မဟုတ်လျှင်ပင် ၎င်းတို့က ယုံကြည်မည်မဟုတ်သကဲ့သို့ သင်က ရှင်းပြရန် ကြိုးစားလျှင်ပင် အထောက်အကူ ဖြစ်မည် မဟုတ်ပေ၊ ၎င်းတို့က သင့်ကို ထိုသို့ပင် ရှုမြင်ကြသည်။ ၎င်းတို့သည် အရာခပ်သိမ်းနှင့် ကိစ္စရပ်အားလုံးအပြင် လူအားလုံးကို ရှုမြင်ရန် ကောက်ကျစ်ဆိုးယုတ်သော နည်းလမ်းတစ်ခုနှင့် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုကို အသုံးပြုကြသည်။ သင် လုပ်ဆောင်သည့်အရာသည် သင့်လျော်လျှင်ပင်၊ လူ့သဘာဝ၏ လိုအပ်ချက်များနှင့် ကိုက်ညီလျှင်ပင်၊ လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့် ကိုက်ညီလျှင်ပင် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီလျှင်ပင် ၎င်းတို့သည် ထိုအရာ၏နောက်တွင် မေးခွန်းများ ဆက်တိုက်ထားရှိပြီး သင့်အား “သင်သည် အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်ရသနည်း။ သင်၏ ကြံရွယ်ချက်မှာ အဘယ်နည်း” ဟု မေးကြလိမ့်မည်။ သင်က “ကျွန်ုပ်တွင် မည်သည့်ကြံရွယ်ချက်မျှ မရှိပါ” ဟု ပြောသော်လည်း ၎င်းတို့က လုံးဝ ယုံကြည်မည်မဟုတ်ပေ၊ ၎င်းတို့သည် သင့်အပေါ် ကြံရွယ်ချက်တစ်ခု ထားရှိပြီး သင့်အား ဝန်ခံစေရန် မလျှော့တမ်း တောင်းဆိုကြသည်။ ထိုသို့သောလူများသည် ဒုက္ခများသောသူများ မဟုတ်လော။ (ဟုတ်ပါသည်။) သံသယဝင်လွယ်သော လူများအတွက် အခြားသူများနှင့် အဆင်ပြေအောင် ပေါင်းသင်းရန် ခက်ခဲသည်။ ထိုသို့သောလူများသည် ရိုးရှင်းပြီး ပွင့်လင်းသောသူများ သေချာပေါက် မဟုတ်ကြသည့်အပြင် ၎င်းတို့သည် ရိုးသားသောလူများလည်း မဟုတ်ကြပေ။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်တွင် ရိုးသားခြင်း၊ ကြင်နာခြင်းနှင့် ဆင်ခြင်တုံတရားဟူသည့် အချက်များသည် အခြေခံအားဖြင့် လုံးဝမရှိပေ။ သို့ဆိုလျှင် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်၏ အဓိက ပါဝင်ဖွဲ့စည်းမှုများမှာ အဘယ်အရာများ ဖြစ်သနည်း။ သံသယလွန်ကဲခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်မှု၊ ရိုးရှင်းမှုမရှိခြင်းနှင့် မရိုးသားခြင်းတို့ ဖြစ်ကြသည်။ ၎င်းတို့သည် လူအားလုံးနှင့် ပြဿနာအားလုံးကို အလွန်ရှုပ်ထွေးသည်ဟု ရှုမြင်ကြသည်။ သင်သည် ၎င်းတို့အား ရိုးသားစွာ စကားပြောလျှင်ပင် သင် အဘယ်ကြောင့် ထိုသို့ပြောဆိုခဲ့သည်ကို ၎င်းတို့က ဆန်းစစ်ပြီး တွေးတောကြလိမ့်မည်။ ၎င်းတို့သည် သင်နှင့် အချိန်ကြာမြင့်စွာ အပြန်အလှန်ဆက်ဆံခဲ့ပြီး သင်၏ ကိုယ်ကျင့်စရိုက် မည်သို့ရှိသည်ကို သိရှိလျှင်ပင် သင်နှင့် စကားပြောဆိုသည့်အခါ၊ ကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ သို့မဟုတ် ပေါင်းသင်းဆက်ဆံသည့်အခါတွင် သင့်အပေါ် သံသယစိတ်ထားကို မကြာခဏ ထားရှိနေဆဲ ဖြစ်သည်။ သို့ဖြစ်၍ ထိုသို့သောလူများသည် အလွန် ဒုက္ခများကြသည်။ ၎င်းတို့နှင့် အပြန်အလှန် ဆက်ဆံခြင်းသည် ဝန်ထုပ်ဝန်ပိုးများနှင့် လုပ်ထုံးလုပ်နည်းများစွာကို တိုးပွားစေပြီး သင်သည်လည်း အိမ်စာများစွာ လုပ်ဆောင်ရကာ ၎င်းတို့ကို သိကျွမ်းအောင် လုပ်ဆောင်ရသည်၊ ၎င်းတို့ မကြိုက်နှစ်သက်သည့်အရာများ၊ ၎င်းတို့ မလုပ်လိုသည့်အရာ သို့မဟုတ် မပြောဆိုလိုသည့် အရာများကို သိကျွမ်းအောင် လုပ်ဆောင်ရသည်။ သို့မဟုတ်ပါက သင် မသတိထားမိပါက ၎င်းတို့ကို သင် စော်ကားမိနိုင်သည် သို့မဟုတ် ၎င်းတို့အမြင်တွင် ၎င်းတို့ကို နာကျင်အောင် လုပ်မိနိုင်သည်။ ၎င်းတို့သည် လူတို့ကို ဤနည်းလမ်းဖြင့် ဆက်ဆံသည်၊ သို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ဆက်ဆံကြသနည်း။ (၎င်းတို့သည် ဘုရားသခင်ကို ထိုနည်းအတိုင်း ဆက်ဆံကြပါသည်။) ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားဖြောင့်မတ်စွာ ဆက်ဆံကြမည်လော။ (မဆက်ဆံပါ။) ဥပမာအားဖြင့် အသင်းတော်က ၎င်းတို့အား တာဝန်တစ်ခု ထမ်းဆောင်ရန် စီစဉ်သောအခါ ၎င်းတို့က “ဤတာဝန်ကို ငါထမ်းဆောင်နေသည်ကို ဘုရားသခင် သိပါသလား။ ကိုယ်တော် အမှတ်ရမလား။ ငါ ကျော်လွှားနိုင်ရန်နှင့် ဘုရားသခင်၏ ရှေ့တွင် အမှတ်ရခံရရန် မည်မျှအထိ ကြိုးစားအားထုတ်သင့်သနည်း” ဟု စတင်တွေးတောကြသည်။ ၎င်းတို့၏ တာဝန်ကို အချိန်ကာလတစ်ခုကြာ ထမ်းဆောင်ပြီးနောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို မည်သို့ ရှုမြင်သည်ကိုလည်းကောင်း၊ ၎င်းတို့အပေါ် အပျက်သဘောဆောင်သော အကဲဖြတ်မှုများ ရှိမရှိကိုလည်းကောင်း စုံစမ်းကြသေးသည်။ ဤသည်မှာ မည်သို့သော လူ့သဘာဝမျိုး ဖြစ်သနည်း။ ကိစ္စရပ်များကို ကိုင်တွယ်သည့် သဘောထားမှတစ်ဆင့် ထင်ရှားပေါ်လွင်သော လူ့သဘာဝကို အကဲဖြတ်ကြည့်သော် ထိုသို့သောလူများသည် အလွန် ဒုက္ခများကြပြီး ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် မလွယ်ကူပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းမှာ ၎င်းတို့အတွက် ရိုးသားသောလူများ ဖြစ်ရန် ခက်ခဲသောကြောင့် ဖြစ်သည်၊ ၎င်းတို့၏ အသိစိတ်တွင် တရားမျှတစိတ် ကင်းမဲ့သည်၊ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် မခိုင်မာသည့်အပြင် အမှုအရာများကို ၎င်းတို့ အကဲဖြတ်ပုံသည် ဆင်ခြင်တုံတရားကင်းမဲ့သောကြောင့် ဖြစ်သည်။ ယင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့သည်ဟု ငါ အဘယ်ကြောင့် ပြောရသနည်း။ အကြောင်းမှာ ၎င်းတို့သည် အတော်အတန် အစွန်းရောက်ကြပြီး အမှုအရာများအပေါ် ပုံသေထားရှိကာ ယုတ်မာသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ပုံမှန် လူ့သဘာဝ၏ တွေးခေါ်ပုံကို အသုံးပြု၍ အမှုအရာများကို မရှုမြင်ကြပေ။ ၎င်းတို့သည် ပွင့်လင်းပြီး ရိုးသားဖြောင့်မတ်ခြင်းမရှိဘဲ ထိုအစား အထူးသဖြင့် အမှောင်မိုက်ဆုံးသော နည်းလမ်းဖြင့် နေထိုင်ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ အမှောင်မိုက်ဆုံးသော နည်းလမ်းဖြင့် နေထိုင်သည်ဟု မည်သည့်အခါမျှ မခံစားရသည့်အပြင် မိမိတို့သည် အခြားသူများထက် ပို၍ လိမ္မာပါးနပ်သည်ဟုလည်းကောင်း၊ အခြားသူများထက် ပို၍ သန့်စင်ပြီး အသေးစိတ်ကျကျ နေထိုင်သည်ဟုပင် ထင်မှတ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လိမ္မာပါးနပ်မှုကို အထူးသဖြင့် အထင်ကြီးလေးစားကြသည်။ ဤသည်ကို မိမိကိုယ်ကို လိမ္မာသည်ဟု ထင်မှတ်ခြင်းဟု ခေါ်သည်။ မိမိကိုယ်ကို လိမ္မာသည်ဟု ထင်မှတ်သောလူများသည် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ဆင်ခြင်တုံတရား၊ ၎င်းတို့၏ အသိစိတ်အတွင်းရှိ တရားမျှတစိတ် အလွန် ကင်းမဲ့ကြသည်။ ထို့ကြောင့် ထိုသို့သောလူများ၏ လူ့သဘာဝသည် ညံ့ဖျင်းပြီး အခြားသူများသည် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံရန် ဆန္ဒမရှိကြပေ။ မည်သူက တစ်စုံတစ်ရာကို ပြောဆိုသည်ဖြစ်စေ၊ ထိုသို့သောလူများသည် ယင်းကို အကြောင်းရှာကြလိမ့်မည်။ ၎င်းတို့ အဓိပ္ပာယ် ကောက်ယူသည့်အရာများမှာ လွဲချော်သော၊ တဇောက်ကန်းဖြစ်သော၊ စာတန်နှင့်ဆိုင်သော၊ စိတ်ခံစားမှုနှင့်ဆိုင်သော အစွန်းရောက်သည့် အရာများအားလုံး ဖြစ်သည်၊ ယင်းတို့အားလုံးသည် မှောင်မိုက်ပြီး အပျက်သဘောဆောင်သောအရာများ၊ သမ္မာတရားနှင့် ဆန့်ကျင်ပြီး သမ္မာတရားကို အတိုက်အခံလုပ်သောအရာများ ဖြစ်ကြသည်။ ဤအရာများသည် လူတို့ကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ လုံးဝ လမ်းညွှန်နိုင်ခြင်းမရှိပေ။ သို့ဖြစ်၍ ဤသို့သော လူစားမျိုးသည် အလွန် စက်ဆုပ်ဖွယ်ကောင်းပြီး ရွံရှာဖွယ်ကောင်းသည်။ ၎င်းတို့သည် မှောင်မိုက်သောချောင်များနှင့် မိမိတို့၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲတွင် နေထိုင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အထူးသဖြင့် ချစ်ခင်မြတ်နိုးပြီး အထင်ကြီးလေးစားကြကာ မိမိတို့သည် အခြားသူများထက် ပို၍ ခမ်းနားထည်ဝါသော၊ မြင့်မြတ်သော၊ ဂုဏ်ရှိသော၊ သိက္ခာရှိသော ဘဝများဖြင့် နေထိုင်သည်ဟု ထင်မှတ်ကြသည်၊ မည်သူမျှ ၎င်းတို့ကို ထိပါးခွင့်မရှိပေ။ အမှန်တွင် ထိုသို့သောလူများ၏ ကိုယ်ကျင့်စရိုက်သည် အလွန်နိမ့်ကျပြီး ၎င်းတို့တွင် စစ်မှန်သော ဂုဏ်သိက္ခာ မရှိပေ။ စစ်မှန်သော ဂုဏ်သိက္ခာ မရှိခြင်းဆိုသည်မှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် အထူးသဖြင့် ညံ့ဖျင်းခြင်းကို ဆိုလိုသည်၊ အကြောင်းမှာ ၎င်းတို့၏ လူ့သဘာဝမှ ပေါ်ထွက်လာသည့်အရာများမှာ အများရှေ့သို့ ထုတ်မပြနိုင်သော အမှောင်မိုက်သည့် အရာများ အားလုံးဖြစ်ပြီး ဖြောင့်မတ်မှန်ကန်သော အရာများ မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သောလူများတွင် ပြောပလောက်သည့် ဂုဏ်သိက္ခာ မရှိပေ။ လူတို့ သံသယဝင်လွယ်ခြင်းကြောင့် မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသနည်း။ ရိုးရိုးရှင်းရှင်းပြောရလျှင် ထိုသို့သောလူများသည် စဉ်းလဲသော လှည့်ကွက်များဖြင့် ပြည့်နှက်နေသည်။ သံသယဝင်လွယ်ခြင်းဟူသည်မှာ ဤလူများသည် စဉ်းလဲသော အကြံအစည်များစွာကို သိုဝှက်ထားသည်ဟု ဆိုလိုသည်။ မကောင်းဆိုးဝါးဘုရင်များက ဘုရားသခင် ရွေးချယ်ထားသောလူများကို မည်သို့ ဖိနှိပ်ပြီး ဖမ်းဆီးသည်ကို ကြည့်လော့၊ ၎င်းတို့သည် စဉ်းလဲသော အကြံအစည်များစွာကို သိုဝှက်ထားကြပြီး နောက်ဆုံးတွင် လူတို့ကို ၎င်းတို့၏ မိသားစုများ ပြိုကွဲသည်အထိ၊ အချို့အဖွဲ့ဝင်များ သေဆုံးသည်အထိ၊ အချင်းချင်း ကွဲကွာသွားသည်အထိ ဘေးဖြစ်စေကြသည်။ ယင်းမှာ မကောင်းဆိုးဝါးများနှင့် မကောင်းဆိုးဝါးဘုရင်များ၏ လုပ်ဆောင်ချက် ဖြစ်သည်။ ထို့ကြောင့် သံသယ ဝင်လွယ်သောသူများထဲမှ မည်သူမျှ ကောင်းသောအရာ မဟုတ်ကြပေ။ ဘုရားသခင်ကို ယုံကြည်သူများသည် လူများနှင့် အမှုအရာများကို သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ရှုမြင်သင့်သည်၊ ၎င်းတို့သည် ကျပန်း သံသယဝင်ခြင်း မပြုရသည့်အပြင် ၎င်းတို့ ပြောဆိုသည့်အရာ၏ နောက်ကွယ်တွင် သက်သေအထောက်အထား ရှိရမည်။ သင်သည် လူတစ်ဦး သို့မဟုတ် ကိစ္စရပ်တစ်ခုကို ရှုမြင်သောအခါ သင်၌ ဖြစ်ပေါ်လာသော အတွေးအခေါ်များသည် အနည်းဆုံးအားဖြင့် အပြုသဘောဆောင်ပြီး အခြားသူများအတွက် သဘောတူလက်ခံနိုင်ဖွယ် ဖြစ်သင့်သည်။ သာ၍ကောင်းသည်မှာ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသင့်သည်၊ အခြားသူများအတွက် အထောက်အကူဖြစ်သင့်ပြီး ၎င်းတို့အပေါ် အပြုသဘောဆောင်သော လွှမ်းမိုးမှုတစ်ခု ရှိသင့်သည်။ သို့သော် သံသယဝင်လွယ်သောလူများက ထုတ်ပေးသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များထဲမှ တစ်ခုမျှ သမ္မာတရားနှင့် မကိုက်ညီပေ၊ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများ မဟုတ်ကြပေ၊ ဆိုလိုသည်မှာ ထိုသို့သောလူများက ပြဿနာများကို စဉ်းစားသည့် ရှုထောင့် သို့မဟုတ် ၎င်းတို့ ထုတ်ပေးသော အတွေးအခေါ်များနှင့် စိတ်ကူးများသည် သမ္မာတရားနှင့် လုံးဝ မကိုက်ညီခြင်း ဖြစ်သည်။ ထို့ကြောင့် ဤသို့သော လူစားမျိုးသည် မှောင်မိုက်သောချောင်များတွင် နေထိုင်ကြပြီး ပြောပလောက်သည့် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိကြပေ။ ၎င်းတို့၏ အတွေးအခေါ်များမှ ပေါ်ထွက်လာသောအရာများသည် အမှောင်မိုက်ပြီး ကောက်ကျစ်ဆိုးယုတ်သော အရာများအားလုံး ဖြစ်သည်၊ ဤအရာများသည် သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီသည့်အပြင် လူများ သို့မဟုတ် ၎င်းတို့၏ ဘဝများအပေါ် အပြုသဘောဆောင်သော လွှမ်းမိုးမှုတစ်ခု ရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ထိုသို့သောလူများ၏ သံသယစိတ်မှ ပေါ်ထွက်လာသော အမျိုးမျိုးသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို လက်ခံပါက သင်သည် အဆိပ်သင့်သွားပြီး ၎င်းတို့၏ ဆွဲချခြင်းကို ခံရသည်၊ ဤသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရခြင်းနှင့် ညီမျှသည်။ သို့သော် သင်သည် ထိုသို့သောလူများကို ပိုင်းခြားသိမြင်မှုရှိပြီး ၎င်းတို့ကို အပျက်သဘောဆောင်သော စံနမူနာတစ်ခုအဖြစ် သဘောထားပါက သင်သည် အပျက်သဘောဆောင်သောအရာများကို နားလည်ရာတွင် တိုးတက်မှုအချို့ ရရှိနိုင်ပြီး ပိုင်းခြားသိမြင်မှုအချို့ ရရှိနိုင်သည်။ သံသယဝင်လွယ်ခြင်းအကြောင်း ဆွေးနွေးခြင်းသည် ဤမျှသာဖြစ်သည်။
ဆက်လက်၍ အသုံးမကျခြင်းအကြောင်း ပြောကြစို့။ အသုံးမကျခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို လူတိုင်း နားလည်ကြသည်၊ ယင်းမှာ မည်သည့်အရာကိုမျှ ကောင်းစွာ မကိုင်တွယ်နိုင်ခြင်း၊ အစွမ်းမရှိပုံပေါ်ခြင်းကို ရည်ညွှန်းသည်၊ လူတို့က “သင်သည် အဘယ်ကြောင့် ဤမျှ အသုံးမကျရသနည်း။ သင့်ထံတွင် တကယ်ကို အလားအလာမရှိပါ” ဟု မကြာခဏ ပြောဆိုကြသကဲ့သို့ပင် ဖြစ်သည်။ အသုံးမကျခြင်းသည် ကောင်းသလော။(မကောင်းပါ။) သို့ဆိုလျှင် ယင်းကို အမျိုးအစားခွဲကြစို့၊ ယင်းမှာ အဘယ်အရာဖြစ်သနည်း။ (ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) အသုံးမကျခြင်းသည် ရှင်းလင်းစွာပင် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ အသုံးမကျခြင်းဟူသည်မှာ လူတစ်ဦးသည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် အလွန်နိမ့်ကျသော ဉာဏ်ရည်ရှိပြီး ရှင်သန်နိုင်စွမ်း ညံ့ဖျင်းသည်ကို ဆိုလိုသည်၊ ဤသည်ကို အသုံးမကျခြင်းဟု ရည်ညွှန်းသည်။ အချို့လူများသည် စကားပြောမပိုင်နိုင်ဘဲ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိပေ၊ အချို့မှာမူ ရှက်တတ်ပြီး သီးသန့်နေတတ်သော စရိုက်များပင် ရှိကြသည်၊ ၎င်းတို့သည် လူများစွာရှေ့တွင် စကားပြောရသည့်အခါ သို့မဟုတ် အများအာရုံစိုက်ခံရသည့်အခါတွင် စင်ပေါ်တက်ရမည်ကို ကြောက်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းတို့ကို ခံစားရပြီး စကားမပြောရဲကြသည့်အပြင် အခြားသူများ၏ အနိုင်ကျင့်ခြင်းကို မကြာခဏ ခံကြရသည်။ အချို့သော ဆိုးယုတ်သည့်လူများသည် ထိုသို့သောလူများကို အနိုင်ကျင့်ခြင်းသည် ကျိုးကြောင်းဆီလျော်သည်ဟုလည်းကောင်း၊ အလွန် ပျော်စရာကောင်းပြီး နှစ်သက်ဖွယ် ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်၊ ၎င်းတို့သည် ဤသို့သော လူစားမျိုးကို နေ့စဉ်နေ့တိုင်း ပြောင်လှောင်ပြီး စနောက်ကြသည်။ အသုံးမကျသောလူများသည် ကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်း ညံ့ဖျင်းသည်။ ၎င်းတို့ထဲမှ အချို့သည် ရှင်သန်နိုင်သည့် အစွမ်းအစလည်း ညံ့ဖျင်းနိုင်သည်၊ ငွေမရှာနိုင်သည့်အပြင် အခြားသူများအနီးတွင် အမြဲတစေ အလွန်ကြောက်ရွံ့ပြီး အလွန်အမင်း သတိထားတတ်ကြသည်။ ၎င်းတို့သည် ဩဇာရှိသောသူများကို မြင်သောအခါ ထိုသူတို့ကို ရှောင်ရှားပြီး စကားမပြောရဲကြပေ။ ၎င်းတို့ အနိုင်ကျင့်ခံရသည့်အခါတွင်ပင် အခြားသူများကို စော်ကားမိမည်ကို ကြောက်ရွံ့သဖြင့် ပြန်လည်ခုခံခြင်း မပြုရဲကြပေ။ ဤသို့သော လူစားမျိုး၏ လူ့သဘာဝရှိ အသုံးမကျခြင်းနှင့်ဆိုင်သော သရုပ်သကန်များမှ အကဲဖြတ်ရလျှင် ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်မျိုးမျှသာ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်၏ အသုံးမကျမှုကမျှ ၎င်းတို့အား မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ ဖြစ်ပေါ်လာစေရန် သို့မဟုတ် မိမိတို့ကိုယ်တိုင်အပေါ်ဖြစ်စေ၊ အခြားသူများအပေါ်ဖြစ်စေ မည်သည့်ဆိုးကျိုးသက်ရောက်မှုမျှ သက်ရောက်စေရန် မည်သည့်အခါမျှ မဖြစ်စေခဲ့ပေ၊ ထို့ကြောင့် အသုံးမကျခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်က အသုံးမကျသောလူတစ်ဦး ဖြစ်လိုသနည်း။ (မဖြစ်လိုပါ။) မည်သူမျှ အသုံးမကျသောလူတစ်ဦး ဖြစ်လိုခြင်းမရှိပေ၊ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အသုံးမကျသောလူများသည် အနိုင်ကျင့်ခံကြရပြီး လူတိုင်းက ၎င်းတို့ကို အထင်သေးကြသည်၊ မှန်သလော။ (မှန်ပါသည်။) သင့်အား ဆိုးယုတ်ခြင်းနှင့် အသုံးမကျခြင်းကြားတွင် တစ်ခုခုကို ရွေးချယ်ခိုင်းပါက သင်သည် အသုံးမကျခြင်းထက် ဆိုးယုတ်ခြင်းကို သေချာပေါက် ရွေးချယ်ပေမည်။ သင်သည် မိမိကိုယ်ကို ဤသို့ တွေးပေမည်၊ “ငါသည် မည်သည့်အခါမျှ အသုံးမကျသည့်လူတစ်ဦး ဖြစ်မည် မဟုတ်ပါ။ ဤလူ့အဖွဲ့အစည်းတွင် အသုံးမကျသည့်လူများက ညှဉ်းပန်းနှိပ်စက်ခံရသည်၊ အနိုင်ကျင့်ခံရသည်၊ ၎င်းတို့က လူကြိုက်မများပါ၊ မည်သည့်နေရာကို သွားပါစေ ၎င်းတို့သည် အထင်သေးခြင်းခံရပြီး အခြားသူများ၏ ခြေအောက်တွင် နင်းခြေခံရသည်။ ၎င်းတို့တွင် တည်ရှိသည်ဟူသည့် ခံစားချက် မရှိရုံတင်မကပါ၊ ၎င်းတို့၏ ရှင်သန်ခွင့်ပင် ရုပ်သိမ်းခံရနိုင်သည်။ သို့သော်လည်း ဆိုးယုတ်သည့်လူတစ်ဦး ဖြစ်ရသည်မှာမူ မတူပါ၊ ဆိုးယုတ်သည့်လူများသည် မည်သည့်နေရာကို သွားပါစေ အခြားသူများက ၎င်းတို့အား ကြောက်ရွံ့ပြီး အလွန်လေးစားစွာ ဆက်ဆံကြသည်။ မည်သူကမျှ ၎င်းတို့အား ရန်မစရဲပါ။ မည်သည့်နေရာသို့ သွားပါစေ ၎င်းတို့က အထူးအခွင့်အရေးများ ခံစားရပြီး အခြားသူများအပေါ် နိုင်လိုမင်းထက်ပင် ပြုမူနိုင်ကြသည်။ ဆိုးယုတ်သောလူများက ဤလောကတွင် မည်သည့်နေရာတွင်မဆို ကြီးပွားကြသည်” ဟူ၍ ဖြစ်သည်။ သင်တို့ကို ယခု ရွေးချယ်ခိုင်းမည်ဆိုပါက သင်တို့ထဲမှ မည်သူမျှ အသုံးမကျသောလူများဖြစ်ရန် ရွေးချယ်မည်မဟုတ်ပေ၊ သင်တို့အားလုံးသည် ဆိုးယုတ်သောလူများဖြစ်ရန် ရွေးချယ်ကြပေမည်။ ဤအမြင်ရှုထောင့်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် ယင်းမှာ မမှန်ကန်သနည်း။ ဤသည်မှာ မည်သည့်သမ္မာတရား စည်းမျဉ်းနှင့် ဆန့်ကျင်သနည်း။ အသုံးမကျခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ အဖြစ်အများဆုံးသော သရုပ်သကန်များမှာ မည်သည့်အရာကိုမျှ ကောင်းစွာ မကိုင်တွယ်နိုင်ခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းနှင့် ဖယ်ကြဉ်ခံရခြင်းတို့ ဖြစ်ကြသည်။ အသုံးမကျသောလူများသည် အနိုင်ကျင့်ခံရပြီး လူ့အဖွဲ့အစည်းတွင် ခြေအောက်၌ နင်းခြေခံရသောကြောင့် မည်သူမျှ အသုံးမကျသူဖြစ်ရန် ဆန္ဒမရှိကြပေ။ လူအားလုံးသည် အရည်အချင်းရှိပြီး ကျွမ်းကျင်သောသူများကို အားကျကြသည့်အပြင် ၎င်းတို့အားလုံးသည် အခြားသူများထက် ထင်ပေါ်ကျော်ကြားလိုကြသည်၊ အာဏာနှင့် ဩဇာလွှမ်းမိုးမှုကို ရရှိလိုကြသည်၊ အခြားသူများအပေါ် နိုင်လိုမင်းထက်ပြုမူလိုကြသည်၊ မည်သည့်အုပ်စုအတွင်း၌မဆို အထူးအခွင့်အရေးများနှင့် ဂုဏ်သတင်းရှိလိုကြသည်၊ အခြားသူများ၏ အနိုင်ကျင့်ခြင်းကို ရှောင်ရှားနိုင်ရုံသာမက အခြားသူများကိုလည်း မိမိတို့သဘောအတိုင်း အနိုင်ကျင့်နိုင်လိုကြသည်။ ဤသို့သော အတွေးအခေါ်နှင့် အမြင်ရှုထောင့်မျိုးသည် မှန်ကန်သလော။ ယင်းမှာ သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သင်တို့သည် သမ္မာတရားများစွာကို နားထောင်ခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန်အထိ သင်တို့သည် ဆိုးယုတ်သောလူများကို အသိအမှတ်ပြုနေဆဲဖြစ်သည်၊ ဤသည်မှာ သင်တို့၏ စိတ်သဘောထားသည်လည်း အတော်အတန် ကောက်ကျစ်ဆိုးယုတ်သည်ဟု ဆိုလိုသည်။ သင် မြင်သည့် မည်သူမဆို ဆိုးယုတ်ပါက သင်သည် ၎င်းတို့ကို အားကျပြီး အထင်ကြီးလေးစားသည်။ ဆိုးယုတ်သောလူများသည် မကောင်းကြောင်းကို သင်၏ စိတ်နှလုံးထဲတွင် ကောင်းစွာ သိရှိသည့်တိုင် ထိုသို့ပြုလုပ်ခြင်းက သင့်အား အထောက်အပံ့တစ်ခု ပေးပြီး အနိုင်ကျင့်ခံရခြင်းမှ ကာကွယ်ပေးသည်ဟု ခံစားရသဖြင့် ၎င်းတို့နောက်သို့ သင် မလိုက်ဘဲမနေနိုင်ပေ။ သင်သည် အသုံးမကျသောလူများကို မြင်သောအခါ ၎င်းတို့အပေါ် စိတ်ကုန်ပြီး အထင်သေးကာ ၎င်းတို့ကို နင်းပင် နင်းခြေလိုကြသည်။ သို့သော် သင်သည် ဆိုးယုတ်သောလူများနောက်သို့ လိုက်ပါက မည်မျှလောက် မကောင်းမှုကို ကျူးလွန်မည်ဖြစ်ပြီး မည်မျှလောက် ဝဋ်ကြွေးကို လက်ခံရရှိမည်ကို သင် စဉ်းစားဖူးသလော။ သင်သည် ဆိုးယုတ်သောလူများ နောက်သို့လိုက်ပါက သင် ကယ်တင်ခြင်းခံရမည့် အခွင့်အလမ်းများ မည်သို့ရှိမည်နည်း။ သင်သည် ဆိုးယုတ်သောလူများနောက်သို့ လိုက်ပါက မကောင်းမှုကို ကျူးလွန်ခြင်းမှ ရှောင်ရှားနိုင်မည်လော။ သင်သည် ဆိုးယုတ်သောလူများနောက်သို့ လိုက်ပြီး ၎င်းတို့အား သစ္စာစောင့်သိစွာ အစေခံကာ ၎င်းတို့၏ လက်အောက်ငယ်သားအဖြစ် ပြုမူသည် ဆိုပါစို့။ ၎င်းတို့သည် အကျိုးအမြတ်ဝေစုကို သင့်အား ခွဲဝေပေးနိုင်ပြီး သင်သည် ၎င်းတို့နောက်သို့ လိုက်၍ အခြားသူများအပေါ် နိုင်လိုမင်းထက်ပြုမူနိုင်ကာ အကောင်းဆုံးသော အစားအသောက်များကို စားသုံးနိုင်ပြီး ကြီးစွာသော ပျော်ရွှင်မှုကို တွေ့ကြုံခံစားနိုင်ကာ အနိုင်ကျင့်ခံရခြင်းကို ရှောင်ရှားနိုင်သည့်အပြင် ဤဘဝတွင် အခြားသူများကြား၌ အဆင့်အတန်း ရရှိနိုင်ပေမည်။ သို့သော် သင်သည် ဤအရာများကို ခံစားနိုင်ရန် မကောင်းမှုများစွာကို ကျူးလွန်ရမည်ဖြစ်သည်။ သင်သည် မည်မျှလောက် ဝဋ်ကြွေးနှင့် မည်မျှ ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းကို လက်ခံရရှိမည်ကို သင် သိသလော။ ဤသည်မှာ မှန်ကန်သောလမ်းကြောင်း ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့သည် အသုံးမကျသောလူတစ်ဦး မဖြစ်ရေးနှင့် အနိုင်ကျင့်ခံရခြင်းကို ရှောင်ရှားရေးအတွက်သာလျှင် ဆိုးယုတ်မှုကို ကျူးလွန်ပြီး အပြစ်ဒဏ်ပေးခြင်းကို လက်ခံရန် ရွေးချယ်ခြင်းဟူသည့် စွန့်လွှတ်အနစ်နာခံမှုကို ပြုလုပ်လိုနေဆဲလော၊ ဤဘဝတွင် ပျော်ရွှင်မှုအတွက် သင်တို့၏ ပန်းတိုင်နှင့် ကံကြမ္မာကို စတေးလိုနေဆဲလော။ ဤသည်မှာ သင်တို့၏ အတွေးအခေါ်နှင့် အမြင်ရှုထောင့်လော။ အချို့လူများသည် အမှန်တကယ်ပင် ဤသို့သော အမြင်ရှုထောင့်မျိုးကို ကိုင်စွဲထားကြသည်၊ ၎င်းတို့သည် အသုံးမကျသူဖြစ်ပြီး အနိုင်ကျင့်ခံရမည့်အစား ဆိုးယုတ်သောလူများဖြစ်ရန် ပို၍ ရွေးချယ်လိုကြသည်။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ လမ်းကြောင်းကို လျှောက်လှမ်းလိုခြင်း မဟုတ်လော။ အသုံးမကျခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သည်၊ ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာက ထိုမျှလောက် ဆိုးရွားနေသနည်း။ အခြားသူများကို အနိုင်ကျင့်ခြင်းနှင့် မကောင်းမှုကို ကျူးလွန်ခြင်းသည် အမှန်တကယ် ပိုကောင်းသော ရွေးချယ်မှုလော။ ဘုရားသခင်က သင့်အား ငတ်မွတ်ခေါင်းပါးခြင်း မဖြစ်စေဘဲ စားစရာကို ပေးသနားတော်မူပါက သင်သည် အမှန်တကယ် ငတ်သေနိုင်မည်လော။ ဘုရားသခင်က သင့်အား ဝမ်းမြောက်ခြင်း၊ လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်း၊ နှစ်သက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ဖြင့် အသက်ရှင်ခွင့်ပြုပါက သင်သည် ဤအရာများထဲမှ တစ်ခုကိုမျှ ချို့တဲ့လိမ့်မည်မဟုတ်ပေ။ သို့ဆိုလျှင် အခြားသူများက သင့်ကို အနိုင်ကျင့်လျှင် မည်သည့်အရာဖြစ်သနည်း။ မည်သူမျှ ဤအရာများကို သင့်ထံမှ ယူဆောင်သွားနိုင်ခြင်းမရှိပေ၊ ဘုရားသခင်က သင့်အား ပေးသနားသည့်အရာကို မည်သူမျှ ယူဆောင်သွားနိုင်ခြင်းမရှိပေ။ သင်သည် ဆိုးယုတ်သော လူများနောက်သို့ လိုက်ပြီး ဆိုးယုတ်သောလူများ၏ လမ်းကြောင်းကို လျှောက်လှမ်းပါက သင် ခံစားရသော ပျော်ရွှင်မှုများအားလုံးသည် အပြစ်နှင့်ဆိုင်သော သုခများ ဖြစ်လိမ့်မည်။ ထို့အပြင် သင်သည် မကောင်းမှုကို ကျူးလွန်ခြင်းနည်းလမ်းဖြင့် ရရှိသော မည်သည့်ငွေကြေး သို့မဟုတ် ရုပ်ဝတ္ထုဆိုင်ရာ ခံစားမှုမဆို အင်အားသုံး သိမ်းပိုက်ခြင်းဖြင့် ရရှိလိမ့်မည်ဖြစ်ပြီး ဤဘဝတွင် ခံစားရသော ပျော်ရွှင်မှုသည် ဘုရားသခင်က သင့်အား ပေးသနားထားသည်ထက် ကျော်လွန်လိမ့်မည်ဖြစ်သဖြင့် သင်သည် နောင်ဘဝများစွာဖြင့် ယင်းကို ပြန်လည်ပေးဆပ်ရပေမည်။ ဤဘဝတွင် ဇာတိပကတိ၏ ပျော်ရွှင်မှုများကို အပြစ်ဒဏ်ခံရခြင်းဟူသည့် အဖိုးအခဖြင့် ရယူခြင်းသည် မှန်ကန်သောလမ်းကြောင်းကို မလျှောက်လှမ်းခြင်း မဟုတ်လော။ သင်တို့သည် အနိုင်ကျင့်ခံရမည့်အစား ဆိုးယုတ်သောလူများဖြစ်ရန် ပို၍ ရွေးချယ်လိုကြသည်၊ ဤသည်မှာ သင်တို့၏ စိတ်ဝိညာဉ် နက်ရှိုင်းရာ၌ ဆိုးယုတ်မှုအပေါ် သင်တို့၏ သိမြင်မှုနှင့် မြတ်နိုးမှုကို ထင်ဟပ်စေသည်။ သို့ဆိုလျှင် အသုံးမကျခြင်းနှင့်ပတ်သက်၍ မည်သည့်အရာက ထိုမျှလောက် ဆိုးရွားနေသနည်း။ လူ့သဘာဝ၏ ရှုထောင့်မှ ကြည့်လျှင် ယင်းမှာ ချို့ယွင်းချက်တစ်မျိုး ဖြစ်သော်လည်း ယင်းမှာ လူတို့ မပြောင်းလဲနိုင်သောအရာ ဖြစ်သည့် ပင်ကိုအခြေအနေတစ်ခုလည်း ဖြစ်သည်။ အသုံးမကျသောလူများသည် မိမိတို့၏ ကိုယ်ပိုင်ရွေးချယ်မှုဖြင့် အသုံးမကျသူများ ဖြစ်လာကြခြင်း မဟုတ်ပေ။ ယင်းမှာ ချို့ယွင်းချက်တစ်ခု ဖြစ်သော်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်ပေ၊ ယင်းမှာ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်နှင့်ဆိုင်သော ပြဿနာတစ်ခု မဟုတ်ပေ။ သို့ဆိုလျှင် ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာက ထိုမျှလောက် ဆိုးရွားနေသနည်း။ သင်၏ အသုံးမကျမှုနှင့် နိမ့်ကျသော အဆင့်အတန်းကြောင့် သင်သည် မကြာခဏ အနိုင်ကျင့်ခံရပြီး ဤလောက၏ မတရားမှုနှင့် ဆိုးယုတ်မှုအပြင် ဤလူ့အဖွဲ့အစည်း၏ အမှောင်မိုက်ကို နက်ရှိုင်းစွာ နားလည်နိုင်ကာ ထိုအကျိုးဆက်အနေဖြင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံရန် ဘုရားသခင်ရှေ့မှောက်သို့ ရိုးသားစွာ လာရောက်ပြီး ဘုရားသခင်၏ အုပ်စိုးမှုနှင့် စီစဉ်ညွှန်ကြားမှုများကို လိုလိုလားလား ကျိုးနွံနာခံကာ သင်၏ ကံကြမ္မာကို ဘုရားသခင်အား တာဝန်ယူေစေလျှင် ဤအသုံးမကျခြင်းသည် သင့်အတွက် ကာကွယ်မှုတစ်ခု မဟုတ်လော။ အသုံးမကျခြင်းသည် အပျက်သဘောဆောင်သောအရာတစ်ခု မဟုတ်ပေ၊ ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်မျိုးမျှသာ ဖြစ်သည်။ ချို့ယွင်းချက်က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ မလုံလောက်မှု၊ သေးငယ်သော ပြဿနာ၊ အပြစ်အနာအဆာတစ်ခုကို ဆိုလိုသည်၊ ယင်းမှာ စုံလင်မှုမရှိသော၊ အတော်အတန် ချို့တဲ့သော၊ လူတစ်ဦး၏ သဘောကျမှုနှင့် လုံးဝမကိုက်ညီသော သို့မဟုတ် စံမမီသောအရာတစ်ခုမျှသာ ဖြစ်သော်လည်း ယင်းက ညံ့ဖျင်းသော သို့မဟုတ် ယုတ်မာသော ကိုယ်ကျင့်စရိုက်ကို မညွှန်ပြပေ။ သို့ဆိုလျှင် အဘယ်ကြောင့် သင်တို့သည် ဤသေးငယ်သော ချို့ယွင်းချက်ကို သည်းမခံနိုင်ကြသနည်း။ ထို့ထက်မက ဤသေးငယ်သော ချို့ယွင်းချက်သည် သင်၏ အသက်ဝင်ရောက်မှုအတွက် ကြီးမားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်သည်။ သို့မဟုတ် အချို့လူများသည် ဤလူ့သဘာဝ၏ ချို့ယွင်းချက်၊ ဤပင်ကိုအခြေအနေ ရှိသောကြောင့် အဆုံးတိုင်အောင် ဘုရားသခင်နောက်သို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်လျှောက်နိုင်စွမ်း ပို၍ ရှိကြသည်ဟု ဆိုနိုင်ပေမည်။ နောက်ဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို ပိုင်ဆိုင်နိုင်ခြင်းတို့ကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး ကယ်တင်ခြင်းကို လက်ခံရရှိနိုင်ကြသည်။ ဤရှုထောင့်မှကြည့်လျှင် ယင်းမှာ ကောင်းချီးတစ်ခု ဖြစ်သည်၊ လူတို့သည် အသုံးမကျသူဖြစ်ရန် မငြင်းပယ်သင့်ပေ။ အသုံးမကျခြင်းနှင့်ပတ်သက်၍ မည်သည့်အရာက ထိုမျှလောက် ဆိုးရွားနေသနည်း။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အသုံးမကျခြင်းကြောင့် ပို၍ ဆိုးရွားလာမည်မဟုတ်ပေ။ ဘုရားသခင်သည် တစ်စုံတစ်ဦးက အသုံးမကျသောကြောင့် ၎င်းကို အထင်သေးမည် မဟုတ်သကဲ့သို့ ကယ်တင်ရန် ငြင်းပယ်မည်လည်း မဟုတ်ပေ၊ အသုံးမကျခြင်းသည် ၎င်းအနေဖြင့် သမ္မာတရားကို လက်ခံခြင်း သို့မဟုတ် ကယ်တင်ခြင်းခံရခြင်းကို သက်ရောက်မှုရှိစေမည်လည်း မဟုတ်ပေ။ သို့ဖြစ်၍ သင်တို့၏ အတွေးအခေါ်နှင့် အမြင်ရှုထောင့်သည် ပြောင်းလဲရမည်၊ ယင်းမှာ အတော်လေး ကွာဟနေဆဲဖြစ်သည်။ အချို့လူများက “ငါသည် အသုံးမကျသည့်လူတစ်ဦးဖြစ်မည့်အစား ဆိုးယုတ်သည့်လူတစ်ဦး ဖြစ်ချင်သည်။ အသုံးမကျသည့်လူများတွင် အလားအလာမရှိပါ၊ လူတိုင်းက ၎င်းတို့အား အထင်သေးသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုပင် အထင်သေးကြသည်။ အသုံးမကျသည့်လူတစ်ဦး ဖြစ်ရခြင်းက အဓိပ္ပာယ်မရှိပါ၊ ဆိုးယုတ်သည့်လူတစ်ဦး ဖြစ်ရခြင်းသည် အားရစရာသာဖြစ်၏၊ သင်လုပ်လိုသည့်အရာ မှန်သမျှကို လုပ်ဆောင်နိုင်သည်၊ အနိုင်ကျင့်ရလွယ်ကူပုံရသည့် မည်သူ့ကိုမဆို အနိုင်ကျင့်နိုင်သည်၊ မည်သူမျှ ပြန်မခုခံရဲပါ။ ထိုသို့နေထိုင်ရခြင်းသည် ထင်ပေါ်ကျော်ကြားလှပါတကား” ဟု ပြောဆိုကြသည်။ ထင်ပေါ်ကျော်ကြားမှုတွင် မည်သည့်အကျိုးကျေးဇူး ရှိသနည်း။ သင်သည် လောကတွင် ကြီးပွားပြီး ထင်ပေါ်ကျော်ကြားစွာ နေထိုင်ပါက သင်၏ အလားအလာများနှင့် ပန်းတိုင်သည် ပျက်စီးသွားလိမ့်မည်။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်တော့မည်မဟုတ်သည့်အပြင် ဘုရားသခင်ကို တွယ်တာတော့မည်လည်း မဟုတ်ပေ၊ ဘုရားသခင်သည် သင့်ကို ဖျောင်းဖျတော့မည် မဟုတ်သည့်အပြင် ဘုရားအိမ်တော်၏ နေထိုင်မှုပတ်ဝန်းကျင်နှင့် အလုပ်ပတ်ဝန်းကျင်သည်လည်း သင့်ကို ဖျောင်းဖျတော့မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို စွန့်ခွာပြီး သင်၏ အားသာချက်များကို အသုံးချနိုင်ကာ သင်၏ တန်ဖိုးကို သိရှိနိုင်မည့် နေထိုင်မှုပတ်ဝန်းကျင်တစ်ခုကို ရှာဖွေလိမ့်မည်။ ဘုရားအိမ်တော်သည် လူတို့၏ မကောင်းမှုပြုခြင်းကို ကန့်သတ်ပြီး မည်သည့်ဆိုးယုတ်သောလူမျှ ဘုရားအိမ်တော်၌ နေရာတစ်ခုမျှ မရနိုင်ပေ၊ သို့မဟုတ် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ သင်သည် ဆိုးယုတ်သောလူများကို ကြိုက်နှစ်သက်ပြီး ထိုသို့သောလူတစ်ဦးဖြစ်လိုပါက သင်သည် ဘုရားအိမ်တော်တွင် နေထိုင်နိုင်ဦးမည်လော။ အနှေးနှင့်အမြန်ဆိုသကဲ့သို့ သင်သည် ရှင်းလင်းဖယ်ရှားခြင်း ခံရလိမ့်မည်။ သင်သည် ကောင်းသော ပန်းတိုင်တစ်ခုကို ရရှိရန် အရေးနိမ့်မည်သာမက သေဆုံးပြီးနောက်တွင် သင် ကျူးလွန်ခဲ့သော မကောင်းမှုအတွက် အပြစ်ဒဏ်ကိုလည်း လက်ခံရရှိပေမည်။ ထို့ကြောင့် အသုံးမကျခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သော်လည်း ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်သကဲ့သို့ လူတစ်ဦး၏ လူ့သဘာဝသည် ဆိုးယုတ်သည်ဟုလည်း မဆိုလိုပေ။ မည်သူက အပြစ်အနာအဆာအချို့ မရှိဘဲနေသနည်း။ အသုံးမကျခြင်းသည် အချို့လူများ စကားထစ်ခြင်းဖြင့် မွေးဖွားလာပုံ သို့မဟုတ် အချို့လူများ အနည်းငယ် ရုပ်ဆိုးစွာ မွေးဖွားလာပုံတို့ကဲ့သို့ပင် ဖြစ်သည်၊ ဤအရာအားလုံးသည် မွေးရာပါ ချို့ယွင်းချက်များ ဖြစ်ကြသည်။ လူသားများတွင် မတူညီသော အသားအရောင်များ ရှိကြသည်၊ အချို့လူများသည် လူဖြူများအဖြစ် မွေးဖွားလာသည်၊ အချို့မှာ အသားဝါဖြင့် မွေးဖွားလာပြီး အချို့မှာ အသားမည်းဖြင့် မွေးဖွားလာကြသည်။ ဤသည်မှာ ပင်ကိုအခြေအနေတစ်ခု ဖြစ်သည်။ အသားဝါိသောလူများသည် သိပ်မကောင်းသော အသားအရေဖြင့် သိပ်မကျန်းမာပုံ ပေါ်နိုင်သည်၊ ဤသည်မှာ သေးငယ်သော ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ အသားမည်းသောလူများသည် ပို၍ သန်မာပုံ ပေါ်သော်လည်း မည်သူမျှ အသားမည်ိသောလူများ ဖြစ်လိုခြင်းမရှိပေ။ အသားဖြိသောလူများကို ယေဘုယျအားဖြင့် အားကျကြသော်လည်း ၎င်းတို့ထဲတွင်ပင် အချို့က အလွန်အမင်း ဖြူဖျော့ခြင်းသည် မကောင်းဟု ခံစားရသဖြင့် မိမိတို့၏ အသားအရေကို ကြေးနီရောင်ဖြစ်အောင် နေပူစာလှုံခြင်းကို နှစ်သက်ကြပြီး ယင်းက ၎င်းတို့ကို ကျန်းမာပုံပေါ်စေကာ ၎င်းတို့၏ အသားအရေကို တောက်ပစေသည်ဟု ယုံကြည်ကြသည်။ သင် မြင်သလော၊ အသုံးမကျခြင်းသည် လူတို့၏ အမျိုးမျိုးသော ပင်ကိုအခြေအနေများကဲ့သို့ပင် ဖြစ်သည်၊ ယင်းမှာ ချို့ယွင်းချက်တစ်မျိုးဖြစ်ရုံသာ ဖြစ်သည်။ သို့ဆိုလျှင် ယင်းမှာ ကြီးမားသော ပြဿနာတစ်ခုလော။ (မဟုတ်ပါ။) ထို့ကြောင့် ဤပြဿနာသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သော်လည်း ယင်းက သင်၏ သမ္မာတရားကို လက်ခံခြင်း သို့မဟုတ် သင်၏ သမ္မာတရားကို နားလည်ခြင်းအပေါ် သက်ရောက်မှု မရှိပေ။ သို့ဆိုလျှင် သင်တို့သည် အသုံးမကျသော လူတစ်ဦးဖြစ်ခြင်းအား အတိုက်အခံလုပ်နေဆဲ ဖြစ်သလော။ (အတိုက်အခံ မလုပ်တော့ပါ။) သင်တို့သည် အသုံးမကျသောလူများကို မြင်သောအခါ ၎င်းတို့ကို အနိုင်ကျင့်နေဦးမည်လော။(မကျင့်တော့ပါ။) သင်သည် ၎င်းတို့ကို အတော်အတန် အနိုင်ကျင့်ခဲ့ဖူးသည်၊ မဟုတ်လော။ ယခု သင်သည် အသုံးမကျသောလူများကို မြင်သောအခါ ၎င်းတို့ကို အထင်သေးပြီး နှိမ့်ချနေဦးမည်လော။ (မနှိမ့်ချတော့ပါ။) သင်ကိုယ်တိုင်က အသုံးမကျသော လူတစ်ဦးဖြစ်ပါက သင်သည် သင့်ကိုယ်သင် သာ၍ပင် အထင်မသေးသင့်ပေ။ သင်က အသုံးမကျလျှင် ထားလော့၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ရိုးသားသော လူတစ်ဦးဖြစ်ရန် လက်တွေ့လုပ်ဆောင်ကြမည်။ အသုံးမကျသော်လည်း သင်သည် ရိုးသားသင့်ပြီး လှည့်ဖြားတတ်သူ မဖြစ်သင့်ပေ၊ ဘုရားသခင်သည် ဤသို့သော လူစားမျိုးကို နှစ်သက်သည်။ ဘုရားသခင်က မည်သည့်အရာကို နှစ်သက်သနည်း။ ယင်းမှာ သင်၏ အသုံးမကျခြင်း မဟုတ်ပေ။ ယင်းမှာ သင်၏ အသုံးမကျခြင်းကြောင့် သင်သည် ရိုးသားသောလူတစ်ဦးဖြစ်ရန် ဆန္ဒရှိခြင်း ဖြစ်သည်၊ ယင်းမှာ သင်သည် အထင်သေးခံရပြီး လူတို့၏ မျက်နှာသာပေးခြင်းကို မရရှိနိုင်သောကြောင့် သင်သည် ဘုရားသခင်ကို ပျော်ရွှင်စေရန်နှင့် ဘုရားသခင်ကို ကျေနပ်စေရန် ရိုးသားသောလူတစ်ဦးဖြစ်ဖို့ နည်းလမ်းများကို စဉ်းစားပြီး ဘုရားသခင် ပြောသမျှကို သင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့် သင်၏ အသုံးမကျခြင်းသည် အကျိုးကျေးဇူးတစ်ခု ဖြစ်လာသည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့၏ အမြင်ရှုထောင့်သည် ယခု ပြောင်းလဲသွားပြီလော။ (ဟုတ်ပါသည်။) မှန်ပေသည်၊ အသုံးမကျသော လူများအားလုံးသည် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိကြသည်ဟု မဆိုလိုပေ။ အချို့လူများသည် ၎င်းတို့၏ လူ့သဘာဝရှိ အသုံးမကျခြင်းဟူသည့် ချို့ယွင်းချက်အပြင် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်၍လည်း ပြဿနာများ ရှိကြသည်။ ဤသည်ကို ယေဘုယျအားဖြင့် မသတ်မှတ်နိုင်ပေ။ အသုံးမကျခြင်းကိုယ်၌က ကြီးမားသော ပြဿနာတစ်ခု မဟုတ်သော်လည်း၊ သင်သည် တစ်စုံတစ်ဦး၏ ကိုယ်ကျင့်စရိုက် မည်သို့ရှိသည်ကိုလည်း ကြည့်ရှုရမည်ဖြစ်သည်။ တစ်စုံတစ်ဦးသည် လှည့်ဖြားတတ်သူဖြစ်ပါက သို့မဟုတ် ယုတ်မာသော ကိုယ်ကျင့်စရိုက်ရှိပါက၊ ၎င်းတို့သည် အရှက်မရှိ မျက်နှာပြောင်တိုက်လျှင်၊ သံသယဝင်လွယ်လျှင်၊ ခံစားလွယ်လျှင်၊ ခေါင်းမာလျှင် သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားပင် ရှိလျှင် ထိုသူသည် ကောင်းသောအရာ မဟုတ်ပေ။ သို့ဖြစ်၍ အသုံးမကျသော လူတစ်ဦးသည် ကိုယ်ကျင့်စရိုက် ကောင်းသောလူတစ်ဦး ဖြစ်ရန် မသေချာပေ။ ကောင်းပြီ၊ အသုံးမကျခြင်းအကြောင်း ဆွေးနွေးခြင်းသည် ဤမျှသာဖြစ်သည်။
နောက်ဖော်ပြချက်တစ်ခုမှာ သဘောကောင်းခြင်း ဖြစ်သည်။ ဤဖော်ပြချက်သည် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သည်။ ငါတို့ များစွာ ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် လူ့သဘာဝ၏ ကောင်းကွက်တစ်ခုကို တွေ့ရှိခဲ့သည်။ လူ့သဘာဝ၏ ကောင်းကွက်များ အမှန်တကယ်ပင် များများစားစား မရှိပေ။ သဘောကောင်းခြင်းသည် လူ့သဘာဝ၏ ကောင်းကွက်တစ်မျိုး ဖြစ်သည်။ ယင်းသည် ကောင်းကွက်တစ်ခု ဖြစ်သောကြောင့် ငါတို့သည် ယင်းအကြောင်းကို အသေးစိတ် ပြောဆိုရမည်ဖြစ်သည်၊ အကြောင်းမှာ လူအများစုသည် လူတို့တွင် တွေ့ရှိနိုင်သော လူ့သဘာဝ၏ ကောင်းကွက်အနည်းငယ်၏ ဖော်ပြချက်များ မရှိကြသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ကြည့်ကြစို့၊ သဘောကောင်းခြင်း၏ ကောင်းကွက်များမှာ မည်သည့်နေရာတွင် ရှိသနည်း။ (သဘောကောင်းခြင်း ဆိုသည်မှာ တစ်စုံတစ်ဦးသည် အတော်အတန် ရိုးသားစစ်မှန်သည်ကို ဆိုလိုပါသည်။ ၎င်းက အမှုအရာများကို ကိုင်တွယ်သောအခါ အခြားသူများက အတော်အတန် စိတ်ချရသည်ဟု ခံစားရသည်။ ၎င်းတို့ထံ အပ်နှင်းထားသော တာဝန်များကို တာဝန်ယူစိတ်ဖြင့် ကောင်းမွန်စွာ ကိုင်တွယ်ဆောင်ရွက်ကြပါသည်။) (သဘောကောင်းသောသူတို့သည် အတော်အတန် ကောင်းမွန်သော ကိုယ်ကျင့်တရားရှိကြသည်၊ အခြားသူများကို ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး အခြားသူများအတွက် စဉ်းစားတွေးခေါ်ပေးကြပါသည်။) အခြားသူများအတွက် စဉ်းစားတွေးခေါ်ပေးခြင်းသည် မြင့်မြတ်သော ပုံစံတစ်ခု ဖြစ်သည်။ ထိုသို့သော လူများသည် မြင့်မြတ်ကြသော်လည်း သဘောကောင်းခြင်းသည် ထိုမျှ မြင့်မြတ်ပါသလော။ (မမြင့်မြတ်ပါ။) သဘောကောင်းခြင်းဆိုသည်မှာ လူတစ်ဦး၏ အတွေးများသည် ထိုမျှ မရှုပ်ထွေးသည်ကို ဆိုလိုရုံသာ ဖြစ်သည်။ ၎င်းတို့သည် အတော်အတန် ရိုးရှင်းပြီး ကောက်ကျစ်စဉ်းလဲခြင်းမရှိပေ။ ၎င်းတို့သည် အခြားသူများအပေါ် ရက်ရောပြီး မကြမ်းတမ်းကြသကဲ့သို့ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသောအခါတွင် တစ်ကိုယ်ရေ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကို မတွက်ချက်ကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို စော်ကားလိုက်လျှင် ခဏတာ စိတ်မကောင်း ဖြစ်သွားသော်လည်း ထို့နောက် “ထားလိုက်ပါ” ဟု တွေးကာ ထိုကိစ္စကို ပုံကြီးမချဲ့ဘဲနေလိုက်သည်။ တစ်စုံတစ်ဦးက ၎င်းတို့ထံမှ ငွေကို အချိန်ကြာမြင့်စွာ ပြန်မဆပ်ဘဲ ချေးထားလျှင် ၎င်းတို့က ဤသို့ပြန်စဉ်းစားသည်၊ “၎င်းကို ငွေပြန်ပေးရန် တိုက်တွန်းခြင်းသည် ရှက်စရာဖြစ်ပေမည်။ ထို့အပြင် ၎င်းသည် အခက်အခဲရှိနေပြီး ထိုအချိန်က ငါသည် ၎င်းထက် ပို၍အဆင်ပြေခဲ့သည်။ ငါက ချေးလိုက်ပြီး ထိုမျှသာဖြစ်သည်၊ ငါက ဆင်းရဲသားများကို ကူညီခြင်းအဖြစ် မှတ်ယူလိုက်ပါမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ အတွေးများသည် အတော်အတန် သဘောထားကြီးပြီး သည်းခံတတ်သည်။ ဥပမာအားဖြင့် အခြားသူများက ၎င်းတို့ကို နားလည်မှုလွဲသောအခါ ၎င်းတို့က စိတ်ထဲမထားသည့်အပြင် မိမိတို့ကိုယ်ကို မခုခံကာကွယ်ကြပေ။ အခြားသူများက ၎င်းတို့ကို ဝေဖန်ပြီး လူမိုက်ဟုခေါ်သောအခါ ၎င်းတို့က ဂရုမစိုက်ကြပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ပင်ပန်းသည်ဟု မခံစားရဘဲ အခြားသူများ မလုပ်လိုသည့်အရာများကို လုပ်ဆောင်ကြသည်။ တစ်စုံတစ်ဦးက “လူတိုင်း အနားယူနေကြပြီ၊ သင်က ဘာကြောင့် အလုပ် ဆက်လုပ်နေသေးသနည်း” ဟု ဆိုကာ ၎င်းတို့ကို လှောင်ပြောင်သည်။ ၎င်းတို့က “အနည်းငယ် ပိုလုပ်ရသည်မှာ အဘယ်များ နစ်နာစရာ ရှိသနည်း။ ဤသည်မှာ ကျွန်ုပ်ကို မပင်ပန်းစေပါ။ အလုပ်လုပ်ခြင်းသည် လူတစ်ဦးအား အမှန်တကယ် ပင်ပန်းနွမ်းနယ်စေသလား။ အခြားသူများက မလုပ်ရင် နေပါစေ။ ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အတွက် အနည်းငယ် ပိုလုပ်လိုက်ပါမည်” ဟု ပြန်ပြောသည်။ ၎င်းတို့သည် ထိုသို့သောကိစ္စများကို ပုံကြီးမချဲ့သည့်အပြင် အလုပ်ကိုလုပ်ဆောင်ရန် လက်တွေ့လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို များများစားစား ပုံကြီးမချဲ့သကဲ့သို့ မျက်နှာ သို့မဟုတ် အဆင့်အတန်းကိုလည်း များများစားစား ပုံကြီးမချဲ့ကြပေ။ မိမိတို့ကိုယ်တိုင် ဆုံးရှုံးမှုများ ခံစားရသည့်အခါတွင်ပင် ၎င်းတို့က ထုတ်မပြောကြပေ။ အခြားသူများ အခက်အခဲများနှင့် ကြုံတွေ့သောအခါ ၎င်းတို့က အလျင်ဦးအောင် ကူညီကြသည်။ ၎င်းတို့၏ အကူအညီသည် ရည်ရွယ်ချက်နှင့် ကြံရွယ်ချက် မပါဘဲဖြစ်ပြီး အခြားသူများက ၎င်းတို့အား ကျေးဇူးပြန်ဆပ်လိုပါက အနည်းငယ်ကူညီခြင်းသည် ကိစ္စကြီးမဟုတ်ဘဲ ၎င်းတို့လုပ်ဆောင်သင့်သည့် အရာဖြစ်သည်ဟု ခံစားရသည်။ ၎င်းတို့ ကူညီပြီးသည့်နောက်တွင် အခြားသူများက ၎င်းတို့၏အကူအညီကို တန်ဖိုးမထားလျှင်ပင် ၎င်းတို့သည် ထိုသို့သောအရာများကို ပုံကြီးမချဲ့ကြပေ။ အခြားသူများကို ကူညီရမည့်အချိန်ရောက်လျှင် ၎င်းတို့သည် ကူညီဆဲပင် ဖြစ်သည်။ ထိုသို့သောလူများစွာ ရှိပါသလော။ (မရှိပါ။) ထိုသို့သောလူများစွာ မရှိပါ။ ၎င်းတို့သည် သဘောကောင်းကြသော်လည်း ကျင့်ကြံပြုမူရာတွင် အချို့သော စည်းများရှိကြသည်။ ဥပမာအားဖြင့် အချို့လူများသည် ထိုသို့သောလူတစ်ဦးကို လူအတစ်ဦးအဖြစ် သတ်မှတ်လျက် အမြဲတစေ အခွင့်ကောင်းယူလိုကြသည်။ အခွင့်ကောင်းယူပြီးနောက် ၎င်းတို့က ထိုသူအား ချော့မြှူရန် ချိုသာသောစကားအချို့ကို ပြောဆိုပြီး ခဏအကြာတွင် ၎င်းတို့က တစ်ဖန် အခွင့်ကောင်းယူပြန်သည်။ ဤအရာသည် အဆုံးမရှိနိုင်တော့မည်ကို သဘောကောင်းသောသူက မြင်သောအခါ ၎င်းတို့သည် ထိုသူတို့နှင့် ပုံကြီးမချဲ့ခြင်း၊ ငြင်းခုံခြင်း သို့မဟုတ် အကျိုးအကြောင်းဆွေးနွေးခြင်းတို့ကို မပြုလုပ်တော့ပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထိုသို့သောလူများသည် လူကောင်းများမဟုတ်ဘဲ ပေါင်းသင်းဆက်ဆံရန် မသင့်တော်ကြောင်း သိရှိကြသဖြင့် ထိုအချိန်မှစ၍ ၎င်းတို့ကို လျစ်လျူရှုလိုက်ကြသည်။ သို့သော် ၎င်းတို့သည် ထိုသူတို့ကို နောက်ကွယ်တွင် မဝေဖန်ကြပေ။ အများဆုံးအားဖြင့် တစ်စုံတစ်ဦးက ထိုသို့သော လူတစ်ဦးအကြောင်း မေးသောအခါ ၎င်းတို့က “ထိုသူက အခွင့်အရေးလေးများ ယူရသည်ကို နှစ်သက်သည်” ဟု ပြောဆိုသည်။ ၎င်းတို့သည် ချဲ့ကားပြောဆိုခြင်း မရှိသကဲ့သို့ စိတ်လိုက်မာန်ပါဖြစ်ခြင်းဖြင့် လူတို့ကို မဝေဖန်ကြပေ။ ၎င်းတို့သည် ဖြစ်နေသောကိစ္စနှင့် ပတ်သက်၍သာ ပြောဆိုခြင်းဖြစ်သည်။ သဘောကောင်းသောသူတို့၏ လူ့သဘာဝသည် အမှန်တကယ်ပင် အတော်ကောင်းမွန်သည်။ ၎င်းတို့၏ ကောင်းကွက်မှာ အမှုအရာများကို အလွန်အမင်း ပုံကြီးမချဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ စိတ်လက်မာန်ပါဖြစ်ခြင်း၊ စိတ်ခံစားချက်များ သို့မဟုတ် ခံစားချက်များကို အခြေခံ၍ မပြုမူကြပေ။ ၎င်းတို့သည် လူတို့ လုပ်ဆောင်သင့်သည်ကိုသာ လုပ်ဆောင်ပြီး လူတို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းကြသည်။ ပုံမှန် လူအချင်းချင်း ဆက်ဆံရေး၏ နယ်ပယ်အတွင်းတွင် ၎င်းတို့လုပ်ဆောင်သင့်သည်ကို လုပ်ဆောင်ကြသည်။ ၎င်းတို့လုပ်ဆောင်နိုင်သမျှကို အကောင်းဆုံး လုပ်ဆောင်ရန် ကြိုးစားကြပြီး အခြားသူများကို ကူညီရန် ကြိုးပမ်းကြကာ ထိုသို့လုပ်ဆောင်ရာတွင် စေတနာမှန်ဖြင့် အလေးအနက် လုပ်ဆောင်ကြသည်။ ၎င်းတို့ထဲမှ အချို့သည် “ကျွန်ုပ်က ကူညီခြင်းမျှသာ ဖြစ်ပါသည်။ သင်သည် ကျွန်ုပ်အပေါ် များစွာ အကြွေးတင်သည်ဟု ခံစားရန်မလိုအပ်သကဲ့သို့ ဤအနည်းငယ်ကို အကြွေးတင်ရုံဖြင့် ကျွန်ုပ်ကို မည်သည့်အခါမျှ ပြန်ဆပ်နိုင်မည်မဟုတ်ဟု ခံစားရန်လည်း မလိုအပ်ဘဲ ကျွန်ုပ်၏ရှေ့တွင် အမြဲတစေ ကျွန်ဆန်ပြီး အလွန်အမင်း ရိုသေနေရန်လည်း မလိုအပ်ပါ။ ယင်းသည် မလိုအပ်ပါ” ဟု တွေးလျက် မည်သည့်ဆုလာဘ်ကိုမျှပင် မရှာဖွေကြပေ။ ထိုသို့သော ပုဂ္ဂိုလ်များသည် လူတို့ကြားတွင် အကောင်းဆုံးသော လူ့သဘာဝ ရှိကြသည်။ ၎င်းတို့သည် ကောက်ကျစ်စဉ်းလဲခြင်း မရှိသကဲ့သို့ အခြားသူများအပေါ် ကြမ်းတမ်းခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် စိတ်နှလုံးနွေးထွေးပြီး ၎င်းတို့၏ လူ့သဘာဝတွင် ကြင်နာတတ်သောဘက် ရှိသည်။ ၎င်းတို့သည် မိမိတို့တတ်နိုင်သမျှကို လုပ်ဆောင်ကြပြီး တစ်ကိုယ်ရေ အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို များများစားစား ပုံကြီးမချဲ့သကဲ့သို့ ဆုလာဘ်များကိုလည်း များများစားစား ဂရုမစိုက်ကြပေ။ ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သည်။ သင်တို့၏ ပတ်ဝန်းကျင်ကို ကြည့်ရှုပြီး မည်သူသည် ထိုသို့သော ကောင်းကွက်များကို ပိုင်ဆိုင်သည်ကို ကြည့်လော့။ လူတစ်ဦးသည် ထိုသို့သော ကိုယ်ကျင့်စရိုက်ကို ပိုင်ဆိုင်ပါက ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် လူကောင်းတစ်ဦး၊ ရည်မွန်သောသူတစ်ဦးအဖြစ် မှတ်ယူနိုင်ပေသည်။ ၎င်းတို့သည် အမှုအရာများကို ပုံကြီးမချဲ့ကြ၊ ကောက်ကျစ်စဉ်းလဲခြင်းမရှိကြ၊ အခြားသူများအပေါ် မကြမ်းတမ်းကြသည့်အပြင် အကျိုးအမြတ်မရှာဘဲ အခြားသူများကို ကူညီကြသည်။ ၎င်းတို့သည် အခြားသူများကို အထူးသဖြင့် သည်းခံတတ်ပြီး ကျင့်ကြံပြုမူရာတွင် အလွန် သဘောထားကြီးကြသည်။ အလွန် သဘောထားကြီးသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အသေးအဖွဲကိစ္စများအပေါ် အဆုံးမရှိ ပုံကြီးမချဲ့ခြင်းနှင့် အခြားသူများက ၎င်းတို့ကို အခွင့်ကောင်းယူသောအခါ နာကြည်းမှုကို မထားရှိခြင်းကို ဆိုလိုသည်။ ဤသည်ကို သဘောထားကြီးခြင်းဟု ခေါ်ပြီး ၎င်းသည် လူ့သဘာဝ၏ အဓိကကောင်းကွက်တစ်ခု ဖြစ်သည်။ သဘောကောင်းခြင်းသည်လည်း ကောင်းကွက်တစ်ခု ဖြစ်ပြီး သဘောထားကြီးခြင်းသည်လည်း အလားတူ ကောင်းကွက်တစ်ခု ဖြစ်သည်။ ဤသည်မှာ စိတ်ထားသေးသိမ်သော၊ သံသယဝင်လွယ်သော၊ အထိမခံတတ်သော၊ တစ်ယူသန်သောသူတို့နှင့် မတူပေ။ ဤလူများသည် အသေးအဖွဲကိစ္စများအပေါ် အဆုံးမရှိ အရေးလုပ်ကြသည်၊ အလွယ်တကူ ဒေါသထွက်ကြသည်၊ ဒေါသကြောင့် တင်းမာလာကြသည်၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အေးစက်သော မျက်နှာထားကို ထားကြသည်၊ ၎င်းတို့အား စကားပြောသော မည်သူ့ကိုမဆို လျစ်လျူရှုကြပြီး အခြားသူများကို မည်သို့ လက်စားချေရမည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မစဉ်းစားကြပေ။ ဤအရာများထဲမှ တစ်ခုမျှသည် ပုံမှန်လူများ ရှိသင့်သည့်အရာများ မဟုတ်ပေ။ သဘောကောင်းသောသူတို့သည် ၎င်းတို့၏ အတွေးများထဲတွင် ထိုရှုပ်ထွေးသောကိစ္စများ မရှိကြသကဲ့သို့ အခြားသူများအပေါ် သံသယဖြစ်ဖွယ် အတွေးများလည်း မရှိကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲရှိ အရာအားလုံးသည် ပုံမှန်လူများ ရှိသင့်သည့်အရာများ ဖြစ်သည်။ ယင်းသည် လူ့သဘာဝ၏ တရားမျှတစိတ်၊ ကြင်နာမှု၏ စံနှုန်းအပြင် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့် အထူးသဖြင့် ကိုက်ညီသည်။ သင်သည် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံသောအခါ အလွန်စိတ်အေးလက်အေးရှိသည်ဟု ခံစားရပြီး အမှုအရာများသည် အလွန်ရိုးရှင်းသည်ဟု သင်ခံစားရသည်၊ ထိုမျှများပြားသော ဒုက္ခပေးသည့် ကိစ္စများ မရှိသည့်အပြင် သင်သည် မည်သည့်အရာကိုမျှ သတိထားရှောင်ရှားရန် မလိုအပ်ပေ။ သင်သည် ၎င်းတို့၏ အတွေးများကို မှန်းဆရန် သို့မဟုတ် ခန့်မှန်းရန် မလိုအပ်ပေ။ သင်သည် ၎င်းတို့ကို မတော်တဆ ထိခိုက်နစ်နာစေလျှင်ပင် သင်သည် မည်သည့်အကျိုးဆက်ကိုမျှ စိုးရိမ်ရန်မလိုအပ်ပေ၊ သင်သည် မည်သည့်အကျိုးဆက်ကိုမျှ ခံယူရန်လည်း မလိုအပ်သည်မှာ ပြောစရာမလိုပေ။ သင် ဒေါသထွက်သောအခါ သင် စိတ်လိုက်မာန်ပါဖြစ်လာကာ ၎င်းတို့အား ကြမ်းတမ်းသောစကားအချို့ကို အော်ဟစ်ပြောဆိုမိနိုင်ပြီး ထိုအချိန်တွင် ၎င်းတို့သည်လည်း သင်နှင့်အတူ ရန်ဖြစ်ကာ ငြင်းခုံကြသော်လည်း ငြင်းခုံပြီးနောက်တွင် ၎င်းတို့သည် အငြိုးအတေးမထားသည့်အပြင် သင့်ကို ကျိတ်ကြံစည်ခြင်း သို့မဟုတ် လက်စားချေခြင်းတို့ကိုလည်း ပြုလုပ်မည်မဟုတ်ပေ။ ၎င်းတို့ အဆင့်အတန်းရရှိသွားပါက သင့်ကို နည်းမျိုးစုံဖြင့် ဒုက္ခပေးမည် သို့မဟုတ် သင့်အပေါ် အပြစ်လိုက်ရှာမည်ကို သင် စိုးရိမ်ရန်မလိုအပ်သကဲ့သို့ ၎င်းတို့သည် သင့်ကို အကြောင်းမရှိဘဲ ပစ်မှတ်ထားမည်ကိုလည်း သင် စိုးရိမ်ရန်မလိုအပ်ပေ။ ၎င်းတို့၏ စိတ်ထဲ၌ ထိုသို့သောအရာများ မရှိပေ၊ ၎င်းတို့သည် ဤမျှသာ ရိုးရှင်းကြသည်။ ၎င်းတို့သည် ထိုအချိန်မှစ၍ သင့်အပေါ် အငြိုးအတေးထားပြီး မပြီးနိုင်မစီးနိုင် ဖြစ်နေမည် မဟုတ်ပေ။ ကိစ္စပြီးသွားသည်နှင့် ပြီးသွားပြီဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် သင့်ကို စကားပြောသောအခါ သင့်ကို ပုံမှန်အတိုင်းပင် ဆက်ဆံဆဲဖြစ်သည်။ ၎င်းတို့သည် ထိုအချိန်က ဒေါသထွက်ပြီး သင်နှင့် ရန်ဖြစ်ခဲ့လျှင်ပင် ထို့နောက်တွင် သင့်အပေါ် အငြိုးအတေးမထားကြပေ။ သင်သည် ဒေါသစကားအချို့ကိုသာ ပြောခဲ့ကြောင်း ၎င်းတို့သိပြီး ၎င်းတို့က နားလည်ပေးနိုင်သည်၊ “မည်သူက ဒေါသထွက်နေချိန်တွင် ကြမ်းတမ်းသော စကားအချို့ကို မပြောဘဲနေမည်နည်း။ ဤသည်မှာ တမင်သက်သက် လုပ်ဆောင်ခြင်း မဟုတ်ပါ။ ထို့အပြင် လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်။ လူတိုင်းတွင် စိတ်မကြည်သည့်အချိန်များ ရှိကြသည်။ လူတိုင်းတွင် စိတ်လိုက်မာန်ပါဖြစ်ခြင်းများ ရှိကြသည်။ ထို့နောက်တွင် လူတိုင်း စိတ်အေးသွားပြီး အမှားများကို ဝန်ခံကြကာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ခဲ့ပြီး စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်ခဲ့သည့်အချက်ကို ဆင်ခြင်သုံးသပ်ကြသရွေ့ ယင်းမှာ အဆင်ပြေပါသည်” ဟူ၍ ဖြစ်သည်။ သင့်ကို အငြိုးဖြင့် မဆုတ်မနစ်လိုက်နေပြီး သင့်ကို မဖျက်ဆီးရမချင်း မရပ်တန့်မည့် ဆိုးယုတ်သောလူများနှင့်မတူဘဲ ၎င်းတို့သည် သင့်ကို ခွင့်လွှတ်ကြလိမ့်မည်။ သဘောကောင်းသောသူတို့သည် ယေဘုယျအားဖြင့် လက်စားချေလိုစိတ် မရှိကြပေ။ သင်က ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည့် တစ်စုံတစ်ခုကို လုပ်ဆောင်ပါက ၎င်းတို့သည် သင့်ကို တစ်ခါတစ်ရံ မုန်းကောင်းမုန်းနိုင်သော်လည်း ၎င်းတို့သည် လူ့သဘာဝ၏ ကိုယ်ကျင့်တရားကို လုံးဝ ချိုးဖောက်မည် မဟုတ်ဘဲ သင့်ကို ညှဉ်းပန်းရန် ယုတ်ညံ့သော နည်းလမ်းများကို အသုံးပြုမည်မဟုတ်ပေ။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံ၍ သင် အတိတ်ကလုပ်ခဲ့သော အမှားများကို ဖော်ပြခြင်း သို့မဟုတ် သင့်ကို ပြုပြင်ခြင်းတို့ကဲ့သို့ အချို့သောအရာများကို ပြောဆိုခြင်း သို့မဟုတ် လုပ်ဆောင်ခြင်းတို့ ပြုနိုင်သော်လည်း ၎င်းတို့သည် အခြေအမြစ်မရှိဘဲ အမှုအရာများကို ဖန်တီးပြောဆိုမည် မဟုတ်သကဲ့သို့ သင့်ကို တိုက်ခိုက်ရန် သို့မဟုတ် လက်စားချေရန် ၎င်းတို့ကိုင်စွဲထားသော အာဏာကို အသုံးပြုမည်မဟုတ်ပေ။ ၎င်းတို့သည် သင့်ကို တိုက်ခိုက်ရန် သို့မဟုတ် လက်စားချေရန် လိုလားပြီး ဤသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိလျှင်ပင် ၎င်းတို့၏ လူ့သဘာဝသည် သဘောကောင်းခြင်းဟူသည့် ကောင်းကွက်ကို ပိုင်ဆိုင်သောကြောင့် ၎င်းတို့ လက်စားချေလိုသောအခါ ချုပ်တည်းခြင်းခံရမည်ဖြစ်ပြီး အမှုအရာများကို သင့်လျော်သော ဘောင်များအတွင်း၌ ထိန်းထားနိုင်ကြလိမ့်မည်။ အာဏာရှိသော ဖောက်ပြန်ပျက်စီးသည့် လူတစ်ဦးသည် ဤအဆင့်ကိုပင် အောင်မြင်နိုင်သေးပါက ၎င်းသည် အတော်အတန် ချီးကျူးဖွယ်ရာဖြစ်နေပြီဖြစ်သည်။ လူအများစုသည် ဤကောင်းကွက်ကို မပိုင်ဆိုင်ပါက ဤချုပ်တည်းမှုအဆင့်ကိုပင် မရရှိနိုင်ကြသည့်အပြင် အခြားသူများကို တိုက်ခိုက်ခြင်းနှင့် လက်စားချေခြင်းတို့မှ မရှောင်ကြဉ်နိုင်ကြပေ။
သဘောကောင်းခြင်း၏ ဖော်ပြချက် သို့မဟုတ် ထုတ်ဖော်ခြင်းသည် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သည်။ လူ့သဘာဝ၏ ဤကောင်းကွက်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခံရသည့်အခါတွင် ၎င်းတို့အား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်မှုနှင့် ချုပ်တည်းမှုကို ရရှိစေလျက် ကြီးမားသော အတိုင်းအတာအထိ ၎င်းတို့ကို ချုပ်တည်းမည် သို့မဟုတ် သတိပေးမည် ဖြစ်သည်။ ထိုသို့သော သဘောကောင်းသောသူသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သည့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသောသူတစ်ဦးဖြစ်ပါက ၎င်းတို့၏ လူ့သဘာဝ၏ ဤကောင်းကွက်သည် လူများနှင့် အမှုအရာများကို ရှုမြင်သောအခါနှင့် ကျင့်ကြံပြုမူပြီး လုပ်ဆောင်သောအခါတွင် သမ္မာတရား စည်းမျဉ်းများကို ပို၍ တစ်သဝေမတိမ်း လိုက်နာစောင့်ထိန်းနိုင်စေသည်၊ ထိုသို့မဟုတ်ပါလော။ (ဟုတ်ပါသည်။) အခြားတစ်ဖက်တွင် စဉ်းလဲသောသူသည် ပို၍ ကောက်ကျစ်စဉ်းလဲပြီး သဘောကောင်းသောသူနှင့် ကွဲပြားသည်။ မကောင်းမှုတစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမရှိသည်သာမက မိမိတို့၏ မှားယွင်းသောလုပ်ဆောင်မှုကိုပင် ပိုမိုပြင်းထန်စေပြီး အဆုံးတိုင် လုပ်ဆောင်ကြသည်။ ဤသည်မှာ နတ်ဆိုး ဖြစ်သွားခြင်းပင်ဖြစ်ပြီး သဘောကောင်းသောသူတစ်ဦး လုပ်ဆောင်သည့် စည်းမျဉ်းများနှင့် လုံးဝဆန့်ကျင်နေသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် သဘောကောင်းသောသူတစ်ဦးဖြစ်ပြီး လူ့သဘာဝ၏ ဤကောင်းကွက်ကို ပိုင်ဆိုင်ပါက သင်နှင့် ငြင်းခုံသောအခါ ၎င်းသည် အချက်အလက်များကို အခြေခံ၍ ပြောဆိုလိမ့်မည်။ ၎င်းတို့သည် သင်နှင့် စိတ်ဆိုးသောကြောင့် ချဲ့ကားပြောဆိုခြင်း၊ သင့်အကြောင်း အခြေအမြစ်မရှိဘဲ အပျက်သဘောဆောင်သော အရာအချို့ကို ဖန်တီးပြောဆိုခြင်း သို့မဟုတ် သင့်ကို အသရေဖျက်ခြင်းနှင့် သင်၏ တည်ကြည်မှုကို စော်ကားခြင်းတို့ကို ပြုလုပ်မည်မဟုတ်ပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို လုံးဝ လုပ်ဆောင်မည်မဟုတ်ပေ။ သင်နှင့် ငြင်းခုံသောအခါ ၎င်းတို့သည် မာနထောင်လွှားသော သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ထုတ်ဖော်နိုင်သော်လည်း ၎င်းတို့ ပြောဆိုသောစကားများသည် ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် သဘောကောင်းသော လူ့သဘာဝတို့၏ ချုပ်တည်းမှုကို လုံးဝခံရသည်။ ဤနည်းအားဖြင့် သင့်အပေါ် သက်ရောက်သော ဘေးဖြစ်စေမှု အတိုင်းအတာသည် အတိုင်းအတာတစ်ခုအထိ လျော့ကျသွားသည်။ သို့သော်လည်း ဆိုးယုတ်သောလူများမှာမူ လူ့သဘာဝ၏ သဘောကောင်းသောသွင်ပြင်လက္ခဏာ ကင်းမဲ့ကြသည်။ ဆိုးယုတ်သောလူများသည် မည်သို့ ရန်ဖြစ်ကြသနည်း။ “သင်သည် မိန်းမပျက်၊ ပြည့်တန်ဆာမ ဖြစ်သည်။ ငါသည် သင့်ဘိုးဘေးဘီဘင်၏ မျိုးရိုးရှစ်ဆက်ကို စော်ကားသည်၊ သင့်ဘိုးဘေးဘီဘင်၏ မျိုးရိုးရှစ်ဆက်ကို ကျိန်ဆဲသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ကြမ်းတမ်းပြီး မလိုမုန်းထားသောစကား အမျိုးမျိုးကို ပြောဆိုကြလိမ့်မည်။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ ပုံစံဖြစ်သည်၊ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် ယုတ်ညံ့သည်။ ယုတ်ညံ့သော ကိုယ်ကျင့်စရိုက်ရှိသည့် အချို့လူများသည် ၎င်းတို့၏ စော်ကားမှုများကို အချက်အလက်များပေါ်တွင် အခြေမခံကြပေ။ အဘယ်ကြောင့် ၎င်းတို့သည် အချက်အလက်များပေါ်တွင် အခြေမခံကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် အသိစိတ်ကင်းမဲ့ပြီး အသိစိတ်၏ စံနှုန်းများနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အခြားသူများကို စော်ကားသောအခါ ၎င်းတို့၏ အသိစိတ်၏ ကန့်သတ်ခြင်းကို မခံရပေ။ ၎င်းတို့သည် စိတ်ထဲပေါ်လာသမျှ ဆဲဆိုမှုများကို ပြောဆိုလျက် မဆင်မခြင် ုကြိမ်းမောင်းစော်ကားကြသည်။ ၎င်းတို့၏ အမုန်းတရားကို ဖွင့်ထုတ်နိုင်သည့်၊ သင်၏ စိတ်နှလုံးကို နက်ရှိုင်းစွာ ဒဏ်ရာရစေသည့်၊ သင့်ကို ဒေါသဖြင့် ရူးသွပ်သွားစေသည့် မည်သည့်စကားမဆိုသည် ၎င်းတို့ပြောဆိုမည့်စကားများ ဖြစ်သည်။ ၎င်းတို့၏ စော်ကားမှုများသည် သင့်ကို ဒေါသဖြင့် သေသွားစေနိုင်သည်အထိပင် ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကြင်နာမှုမရှိဘဲ မလိုမုန်းထားခြင်းနှင့် ပြည့်နှက်နေသည်။ ဆိုးယုတ်သောလူများ ထုတ်ဖော်သည့်အရာမှာ အဓိကအားဖြင့် မာနထောင်လွှားခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတည်းဟူသော ဤစိတ်သဘောထားနှစ်မျိုး ဖြစ်သည်။ အနှစ်သာရအားဖြင့် ၎င်းတို့ ဆဲဆိုကြိမ်းမောင်းသည့် စကားများသည် ကျိန်ဆဲခြင်းများပါဝင်ပြီး စာတန်၏ မလိုမုန်းထားခြင်းနှင့် ပြည့်နှက်နေကာ လုံလောက်သော ဖျက်ဆီးနိုင်စွမ်းရှိသည်၊ ၎င်းတို့သည် အမလိုမုန်းထားဆုံးသော ကျိန်ဆဲခြင်းစကားများကိုပင် ဆဲဆိုကြိမ်းမောင်းနိုင်ကြသည်။ သင်သည် လူ့သဘာဝရှိပါက သို့မဟုတ် သင်၏ လူ့သဘာဝသည် သဘောကောင်းပါက သင်သည် ထိုသို့သော စော်ကားမှုများကို မပြောဆိုနိုင်ပေ၊ ထို့အပြင် သင်သည် အခြေအမြစ်မရှိဘဲ အရာများကို မဖန်တီးနိုင်ပေ။ ဤသည်မှာ သင့်တွင် အသိစိတ်ရှိပြီး ဆင်ခြင်တုံတရား ရှိသောကြောင့်ဖြစ်ကာ သင်၏ အသိစိတ်အတွင်းရှိ စိတ်ကောင်းရှိပြီး သဘောကောင်းသော သွင်ပြင်လက္ခဏာသည် သင့်ကို ကြီးမားစွာ ချုပ်တည်းပြီး ထိန်းချုပ်ထားသဖြင့် သင်သည် ထိုသို့သော ဆဲဆိုမှုများကို ပြောဆိုရန် မဖြစ်နိုင်အောင် ဖြစ်စေသည်။ တစ်စုံတစ်ဦးက သင့်ကို စော်ကားသောအခါ သင်သည် ဒေါသထွက်ပြီး ၎င်းတို့၏ မျိုးရိုးရှစ်ဆက်ကို စော်ကားလိုကာ ၎င်းတို့ ငရဲသို့သွားသင့်သည်ဟု ဆိုလျက် ကျိန်ဆဲလိုသော်လည်း သင်က ဤသို့ပြန်စဉ်းစားသည်၊ “၎င်းတို့ကို ကျိန်ဆဲရန် ငါ့ထံတွင် မည်သည့်အခွင့်ရှိသနည်း။ ငါသည် ဘုရားသခင် မဟုတ်ပါ။ ငါ့ထံတွင် အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့် မရှိပါ” သင်သည်လည်း ညစ်ညမ်းသောစကားများဖြင့် ပြန်လည်စော်ကားလိုသော်ငြား သင်က ဤသို့ ပြန်စဉ်းစားသည်၊ “ငါသာ ညစ်ညမ်းသော စကားများသုံးလျှင် ငါကိုယ်တိုင်ပင် စက်ဆုပ်ရွံရှာမိမည် ဖြစ်သည်၊ ငါ၏ ပတ်ဝန်းကျင်မှ လူများက ငါ့ကို မည်သို့ထင်ကြမည်နည်း။ ဤသည်မှာ ငါသည် ကိုယ်ကျင့်တရားနှင့် သိက္ခာမရှိခြင်းဖြစ်သည်ဟု အဓိပ္ပာယ်သက်ရောက်မည် မဟုတ်လား။ ငါသည် မိန်းမပါးစပ်ကဲ့သို့ ပြုမူနေခြင်း မဟုတ်လား။ ငါက ထိုသို့သော လူစားမျိုး မဖြစ်ချင်ပါ” ဟူ၍ဖြစ်သည်။ သင်သည် ၎င်းတို့ကို စော်ကားရန် ပြောထွက်မည် မဟုတ်ပေ။ သို့ဖြစ်၍ ကြီးမားသော အတိုင်းအတာအထိ သင်၏ စကားပြောဆိုမှုသည် ချုပ်တည်းခြင်းခံရပြီး သင် ပြောဆိုနိုင်သည့်အရာသည် အလွန်အမင်း ကန့်သတ်ထားသည်။ အများဆုံးအားဖြင့် သင်က ဤသို့ပြောကောင်းပြောနိုင်သည်၊ “သင်သည် စာတန်ဖြစ်သည်၊ သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက ဆိုးရွားသည်၊ သင်သည် ကယ်တင်ခြင်းကို မရနိုင်ပါ၊ ဘုရားသခင်က သင့်ကို မနှစ်သက်ပါ” ဟူ၍ ဖြစ်သည်။ သင်သည် အလွန်ဆုံးအားဖြင့် ထိုသို့သောစကားအနည်းငယ်ကို ပြောကောင်းပြောနိုင်သော်လည်း ထို့နောက် သင်က ဤသို့ပြန်စဉ်းစားသည်၊ “ဘုရားသခင်က တစ်စုံတစ်ယောက်ကို မနှစ်သက်ခြင်းရှိမရှိဆိုသည်မှာ ငါ ဆုံးဖြတ်ရမည့်အရာ မဟုတ်ပါ” ဟူ၍ ဖြစ်လေသည်၊ သို့ဖြစ်၍ သင် ထိုသို့ပြောသောအခါ သင်၌ ယုံကြည်မှုကင်းမဲ့နေသည်။ တစ်စုံတစ်ဦးက သင့်ကို စော်ကားပြီး သင့်ကို ငရဲ၏ ဆယ့်ရှစ်ထပ်မြောက်အလွှာသို့ သွားရန် ပြောဆိုကာ ကျိန်ဆဲသောအခါ သင်သည် သင့်ဘာသာသင် ဤသို့တွေးသည်၊ “တစ်စုံတစ်ယောက်ကို ကျိန်ဆဲပြီး ငရဲ၏ ဆယ့်ရှစ်ထပ်မြောက်အလွှာကို သွားခိုင်းခြင်းသည် ထိုစကားများက အလွန်ပင် ကြမ်းတမ်းလွန်းပါတကား၊ ထိုသို့သော စကားမျိုး ကျွန်ုပ် မပြောနိုင်ပါ၊ စကားပြောလျှင် ချင့်ချိန်ရမည်” ဟူ၍ ဖြစ်လေသည်။ အဘယ်ကြောင့် သင်သည် ဤအတွေးများကို ထားရှိနိုင်သနည်း။ အကြောင်းမှာ သင်၏ လူ့သဘာဝအတွင်း၌ တည်ရှိသောအရာသည် ဆိုးယုတ်သောလူများ၏ အရာနှင့် ကွဲပြားသောကြောင့် ဖြစ်သည်။ သင်သည် သဘောကောင်းပြီး စိတ်ကောင်းရှိကာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိပါက သင်ပြောဆိုသောစကားများသည် အလွန် ဆင်ခြင်တုံတရား ရှိလိမ့်မည်။ သင်သည် သင်၏ အသိစိတ်၏ ဘောင်အတွင်း၌ ဒေါသစကားအချို့ကို ပြောဆိုခြင်း သို့မဟုတ် ညစ်ညမ်းသောစကားအချို့ မတော်တဆ ပြောမိခြင်းတို့ ပြုနိုင်သော်လည်း ၎င်းတို့ကို ပြောဆိုပြီးနောက်တွင် သင်ကိုယ်တိုင် အလွန်စိတ်မကောင်းဖြစ်ပြီး အခြားသူကို အမှန်တကယ် မထိခိုက်စေခဲ့ပေ၊ သင်၏ စကားများတွင် ဖျက်ဆီးနိုင်စွမ်း ကင်းမဲ့နေသည်။ ဆိုးယုတ်သောလူများသည် ၎င်းတို့ အခြားသူများကို စော်ကားလေလေ ပို၍ ပျော်ရွှင်လာကြလေလေဖြစ်ပြီး သင်မှာမူ အခြားသူများကို စော်ကားလေလေ ပို၍ စိတ်မကောင်းဖြစ်လေလေဖြစ်ကာ သင့်ဘာသာသင် ဤသို့တွေးသည်၊ “ထားလိုက်ပါ၊ ဤကဲ့သို့ ယုတ်ညံ့သိမ်ဖျင်းသည့်သူနှင့် ဆိုးယုတ်သည့်လူစားမျိုးတို့ဖြင့် တစ်တန်းတည်းထား၍ ဆက်ဆံရသည်မှာ တန်ဖိုးမရှိပါ၊ အဓိပ္ပာယ်မရှိပါ။ ၎င်းတို့နှင့် နောက်ထပ် ရန်မဖြစ်တော့ပါ” ဟူ၍ ဖြစ်လေသည်။ ဆိုးယုတ်သောသူတစ်ဦးနှင့် ငြင်းခုံခြင်းသည် စာတန်နှင့် သမ္မာတရားအကြောင်း ပြောဆိုရန် ကြိုးစားခြင်းကဲ့သို့ လုံးဝ အကျိုးသက်ရောက်မှု မရှိပေ။ ၎င်းတို့နှင့် ငြင်းခုံရန် သို့မဟုတ် အမှုအရာများကို အရေးလုပ်ရန် မလိုအပ်ပေ။ နောင်တွင် ထိုသို့သောလူများထံမှ ဝေးဝေးနေလိုက်ရုံသာ ဖြစ်သည်။ သင်သည် ၎င်းတို့ကို ဘေးဖြစ်စေရန် တွေးမည်လော။ သင်သည် ၎င်းတို့ကို လက်စားချေရန်နှင့် ၎င်းတို့ကို သင်ခန်းစာပေးရန် အခွင့်အရေးရှာရန် တွေးမည်လော။ သင့်တွင် ထိုသို့သော ရက်စက်သည့်စိတ်နှလုံး မရှိပေ။ သင်သည် သင့်ဘာသာသင် ဤသို့သာ ဆက်ပြောနေသည်၊ “ထားလိုက်ပါ။ သူတို့ထံမှ စော်ကားမှုအနည်းငယ်က ငါ့ကို မည်သည့်ဆုံးရှုံးမှုမျှ မဖြစ်စေခဲ့ပါ၊ ၎င်းတို့နှင့် ဤကိစ္စကို ပုံကြီးမချဲ့တော့ပါ” ဟူ၍ဖြစ်သည်။ အချို့လူများသည် “မည်သို့ပင်ဖြစ်စေ ဘုရားသခင်က ကျွန်ုပ်ကို မကျိန်ဆဲခဲ့ပါ။ သူတို့၏ ကျိန်စာများက မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပါ” ဟု ဆိုကာ မိမိတို့ကိုယ်ကိုပင် နှစ်သိမ့်ကြသည်။ အမှန်တွင် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောကြောင့်၊ သင်၏ လူ့သဘာဝအတွင်း၌ သဘောကောင်းပြီး စိတ်ကောင်းရှိသောကြောင့် သင်သည် ထိုစော်ကားမှုများကို လုံးဝ မပြောဆိုနိုင်ပေ။ သင်သည် ၎င်းတို့ကို ညစ်ညမ်းပြီး သိက္ခာကျစေသည်ဟု မြင်သည်။ ထိုစကားများသည် သင်၏ ပါးစပ်မှ ထွက်လာမည်ဆိုပါက သင်၏ အသိစိတ်ကို ဆန့်ကျင်သည်ဟု သင်ခံစားရလိမ့်မည်။ အထူးသဖြင့် ဖန်တီးပြောဆိုမှုများ သို့မဟုတ် အခြေအမြစ် မရှိသောကိစ္စများနှင့် ပတ်သက်လာသောအခါ သင်သည် ၎င်းတို့ကို ပို၍ပင် မပြောဆိုနိုင်ပေ။ ၎င်းတို့ကို မပြောဆိုနိုင်ခြင်းသည် သင့်အတွက် အကာအကွယ်တစ်ခု ဖြစ်သည်။ ၎င်းတို့၏ စကားများတွင် သိသာထင်ရှားသော ဖျက်ဆီးနိုင်စွမ်းရှိပြီး သင့်ကို ဘေးဖြစ်စေခဲ့သည်၊ ဤသည်မှာ ၎င်းတို့၏ ဒုစရိုက်အမှု ဖြစ်သည်။ ဤဒုစရိုက်အမှုသည် မည်သို့ ဖြစ်ပေါ်လာခဲ့သနည်း။ ၎င်းမှာ ၎င်းတို့၏ လူ့သဘာဝတွင် ယုတ်ညံ့သော အရည်အသွေးများ ပါဝင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သင်နှင့် ပဋိပက္ခများ သို့မဟုတ် အငြင်းပွားမှုများရှိသောအခါ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အကန့်အသတ်မရှိ ဖောင်းပွလာပြီး သင့်ကို မဆင်မခြင် ကျိန်ဆဲနိုင်ကြသည်။ ၎င်းတို့တွင် ဤသို့သော ယုတ်ညံ့သည့် ကိုယ်ကျင့်စရိုက်ရှိသောကြောင့် ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သဘာဝအတိုင်း ထုတ်ဖော်ကြသည်။ အခြားတစ်ဖက်တွင် သင်သည် အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝရှိသော သဘောကောင်းပြီး စိတ်ကောင်း ရှိသူတစ်ဦးဖြစ်ပါက ဤသို့သောအခြေအနေမျိုးတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ထုတ်ဖော်မည် မဟုတ်သည်သာမက သင်၏ လူ့သဘာဝသည် ကြီးမားသော အတိုင်းအတာအထိ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်းကို ချုပ်တည်းလိမ့်မည်။ ဤသည်မှာ သင့်အတွက် အလွန်ကောင်းမြတ်လှပါသည်။ အပေါ်ယံအားဖြင့် သင်သည် ဆုံးရှုံးမှုခံစားခဲ့ရသည်၊ အားနည်းသောအခြေအနေတွင် ရှိနေသည်၊ ရန်ပွဲတွင် ၎င်းတို့ကို မနိုင်ဘဲ အခြားသူများအတွက် လူရယ်စရာ ဖြစ်ခဲ့ရသည်ဟု ထင်ရသည်။ အမှန်တွင် သင်၏ လူ့သဘာဝသည် သင့်ကို ကာကွယ်ခဲ့ပြီး သင့်ကို မကောင်းမှုကျူးလွန်ခြင်းမှဖြစ်စေ၊ ဘုရားသခင် မနှစ်သက်သောအရာများကို လုပ်ဆောင်ခြင်းမှဖြစ်စေ၊ ဘုရားသခင် မနှစ်သက်သောစကားများကို ပြောဆိုခြင်းမှဖြစ်စေ တားဆီးခဲ့သည်။ ဤနည်းအားဖြင့် ၎င်းသည် သင့်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူ့သဘာဝ၏ ဤကောင်းကွက်သည် ကြီးမားသော အတိုင်းအတာအထိ သင့်ကို ကာကွယ်ခဲ့ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်သည့်အခါတွင် ဘုရားသခင် မနှစ်သက်သော သို့မဟုတ် စက်ဆုပ်ရွံရှာသောအရာများကို ထပ်မံလုပ်ဆောင်ခြင်းမှဖြစ်စေ၊ ဘုရားသခင် စက်ဆုပ်ရွံရှာပြီး အပြစ်စီရင်သောစကားများကို ပြောဆိုခြင်းမှဖြစ်စေ သင့်ကို တားဆီးခဲ့သည်။ ဤသည်မှာ ကောင်းမှုတစ်ခုအဖြစ် မသတ်မှတ်သော်လည်း အနည်းဆုံးအနေဖြင့် သင်သည် မကောင်းမှုကို မကျူးလွန်ခဲ့ပေ။ ဤအခြေအနေတွင် သင်လုပ်ဆောင်ခဲ့သည့် အရာသည် ပြစ်တင်ရှုတ်ချခြင်း ခံရမည်မဟုတ်ဘဲ သင်သည် ၎င်းအတွက် အပြစ်ဒဏ်ပေးခြင်း ခံရမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ဆိုးယုတ်သောလူများသည် ၎င်းတို့၏ ယုတ်ညံ့သော ကိုယ်ကျင့်စရိုက်၏ လွှမ်းမိုးမှုအောက်တွင် လုပ်ဆောင်သောအရာများအတွက် ပြစ်တင်ရှုတ်ချခြင်း ခံရမည်သာမက အပြစ်ဒဏ်ပေးခြင်းလည်း ခံရမည်ဖြစ်သည်။ ၎င်းတို့သည် အကျိုးဆက်များကို ခံရမည်ဖြစ်ပြီး တာဝန်ကို ထမ်းရမည်ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့၏ လူ့သဘာဝတွင် အမျိုးမျိုးသော ကောင်းကွက်များကို ပိုင်ဆိုင်သော လူများသည် အချို့ကိစ္စများတွင် မျက်နှာ၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးပုံပေါ်နိုင်ပြီး အထူးသဖြင့် ၎င်းတို့၏ အကြောင်းပြချက်ကို ငြင်းခုံရန် အစပြုလုပ်ဆောင်ခွင့်ကို ဆုံးရှုံးနိုင်သော်လည်း ဤသည်မှာ ဆုံးရှုံးမှုခံရခြင်း မဟုတ်ပေ။ အချို့လူများက “ဆုံးရှုံးမှုခံရခြင်း မဟုတ်လျှင် အခွင့်ကောင်းယူခြင်း ဖြစ်သည်ဟု ဆိုလိုသလား” ဟု ပြောကြသည်။ ယင်းကို ဆုံးရှုံးမှုခံရခြင်း သို့မဟုတ် အခွင့်ကောင်းယူခြင်းတို့ဖြင့် တိုင်းတာ၍မရနိုင်ပေ။ သို့ဆိုလျှင် ၎င်းကို မည်သို့ တိုင်းတာသင့်သနည်း။ ၎င်းကို ဤသို့ တိုင်းတာသင့်သည်။ အချို့အခြေအနေတွင် ဆုံးရှုံးမှုခံရခြင်းသည် အရေးမကြီးပေ၊ အဓိကအချက်မှာ သင်သည် ယင်းမှ အကျိုးအမြတ်ရရှိနိုင်ခြင်း ဖြစ်သည်။ ဤအခြေအနေတွင် သင်၏ အပြုအမူကို ကာကွယ်စောင့်ရှောက်ခဲ့သည်မှာ သင်၏ လူ့သဘာဝ၏ ကောင်းကွက်များဖြစ်ပြီး သင့်ကို မကောင်းမှုကျူးလွန်ခြင်းမှ တားဆီးကာ သင်သည် ဘုရားသခင်၏ အပြစ်စီရင်ခြင်းကို မခံရကြောင်း သေချာစေသည်။ ဤသည်မှာ အကျိုးအမြတ်ရရှိခြင်း မဟုတ်လော။ ယခု သင်သည် မကောင်းမှုကျူးလွန်ခြင်း၏ အကျိုးဆက်အဖြစ် အပြစ်ဒဏ်ကို ခံရရန် မဖြစ်နိုင်တော့ပေ။ ဤသည်မှာ သင့်အတွက် ကောင်းသောအရာ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းသည် သင် တက်ကြွစွာ လုပ်ဆောင်ခဲ့သော ကောင်းမှုတစ်ခု မဟုတ်သကဲ့သို့ သမ္မာတရား စည်းမျဉ်းများကို တက်ကြွစွာ လိုက်နာသည့် လုပ်ဆောင်ချက်တစ်ခုလည်း မဟုတ်သော်လည်း သင်၏ လူ့သဘာဝတွင် ကောင်းကွက်များ ရှိခြင်းဟူသည့် ဘောင်အတွင်း၌ သင်သည် သမ္မာတရား စည်းမျဉ်းများကို မချိုးဖောက်သည့်အရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။ ဤနည်းအားဖြင့် သင်သည် ကာကွယ်ခြင်းခံရသည်။ ၎င်းသည် အမှတ်ရခြင်း ခံရမည် မဟုတ်သော်လည်း အနည်းဆုံးအနေဖြင့် ၎င်းသည် ပြစ်တင်ရှုတ်ချခြင်း မခံရပေ။ သို့ဖြစ်၍ သင်သည် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်ရန် သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းကို ခံရန် မလိုအပ်ပေ။ ဤသည်မှာ ကောင်းသောအရာ မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်နောက်သို့ လိုက်လျှောက်သည့် ဖြစ်စဉ်တွင် သင်လုပ်ဆောင်သည့် အရာသည် သမ္မာတရားနှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ၊ ဘုရားသခင်က ၎င်းကို မည်သို့ ရှုမြင်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် သင်သည် မိမိကိုယ်ကို လိပ်ပြာသန့်သည်။ ဘုရားသခင်က ယင်းကို အမှတ်မရလျှင်ပင် သင်သည် အနည်းဆုံး ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရခြင်း သို့မဟုတ် ဘုရားသခင် သင့်ကို မုန်းစေခြင်းတို့မှ ရှောင်ကြဉ်သင့်သည်။ ဤသည်မှာ သင် လိုက်နာသင့်သည့် အခြေခံအကျဆုံး စည်းမျဉ်းဖြစ်သည်။ လူ့သဘာဝ၏ ကောင်းကွက်များသည် လူတို့အတွက် အလွန်အရေးမကြီးသလော။ (အရေးကြီးပါသည်။) သို့ဖြစ်၍ လူ့သဘာဝ၏ ကောင်းကွက်အချို့ရှိခြင်းသည် သင့်ကို လူအများကြားတွင် အရာမရောက်စေဟု သင်ထင်သောကြောင့်၊ သင်သည် အခွင့်ကောင်းယူခြင်း သို့မဟုတ် အကျိုးအမြတ်များရရှိခြင်းတို့မှ အစဉ်သဖြင့် လွဲချော်မည်ဖြစ်ပြီး ကောင်းကွက်အားလုံးကို အခြားသူများက ရယူသွားမည်ဖြစ်ကာ သင်သည် အမြဲတစေ ဆုံးရှုံးမှုခံရသူဖြစ်မည်ဟု ထင်သောကြောင့်သာ အဆက်မပြတ် မလိုလားဘဲ မနေနှင့်။ ဆုံးရှုံးမှုခံရခြင်းတွင် မကောင်းသောအရာကား အဘယ်နည်း။ အနည်းဆုံးအနေဖြင့် သင် ခံစားနေရသည့်အရာမှာ ဘုရားသခင်က သင့်ကို မူလက ပေးထားသည့်အရာဖြစ်ပြီး သင်သည် အခြားသူများပိုင်ဆိုင်သည့်အရာကို မယူခဲ့ပေ။ သင်သည် အခွင့်ကောင်းယူပါက ထိုအရာသည် မမှန်ကန်ပေ၊ ၎င်းမှာ သင်သည် အခြားသူများ၏ ဝေစုမှ ယူခဲ့သည်ဟု ဆိုလိုသည်။ သင်သည် မိမိနှင့်မသက်ဆိုင်သည့်အရာကို ယူပါက ဘုရားသခင်က ပြစ်တင်ရှုတ်ချလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းခံရမည့်အရာများကို မလုပ်ဆောင်သင့်ပေ။ အချို့လူများက “ဘုရားသခင်က မည်သည့်လုပ်ဆောင်ချက်မျိုးကို အမှတ်ရမည်ကို ကျွန်ုပ်မသိပါ” ဟု ပြောကြသည်။ သို့သော် ဘုရားသခင်က မည်သည့်လုပ်ဆောင်ချက်များကို ပြစ်တင်ရှုတ်ချသည်ကို သင်သိပါသလော။ သင်သိပါက အနည်းဆုံးအားဖြင့် သင်သည် ဤနယ်နိမိတ်ကို လိုက်နာသင့်သည်။ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းခံရမည့်အရာများကို မလုပ်ဆောင်နှင့်။ သင် နားလည်ပြီလော။ (နားလည်ပါပြီ။) ဤကိစ္စရပ်များကို ဤမျှ ပြောပြီးဖြစ်သောကြောင့် သင်တို့ နားလည်လောက်ပြီ ဖြစ်သည်။
လူ့သဘာဝရှိ သဘောကောင်းခြင်းဟူသော ကောင်းကွက်သည် လူအများစုတွင် မရှိပေ။ သို့သော် တစ်စုံတစ်ဦးသည် ဤကောင်းကွက်ကို အမှန်တကယ် ပိုင်ဆိုင်ပါက ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် အမှန်တကယ် လူကောင်းတစ်ဦး ဖြစ်သည်၊ ထိုသို့သောလူများသည် အလွန်ရှားပါးသည်။ သင်သည် ဤကောင်းကွက်ကို အမှန်တကယ် ပိုင်ဆိုင်ပါက ဘုရားသခင်သည် သင့်ကို ကောင်းချီးပေးလိမ့်မည်၊ ဘုရားသခင်သည် သင့်ကို အချိန်တိုင်း ကျေးဇူးပြုလိမ့်မည်။ လူ့စကားဖြင့်ဆိုသော် ဘုရားသခင်သည် သင့်ကို အချိန်တိုင်း ဂရုစိုက်လိမ့်မည်ဟု ဆိုလိုသည်။ ကိုယ်တော်သည် သင့်ကို မည်သို့ ဂရုစိုက်သနည်း။ ဘုရားသခင်၏ သင့်အပေါ် ဂရုစိုက်မှုမှာ သင်သည် အခြားသူများကို အစဉ်သဖြင့် စဉ်းစားပေးပြီး သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ကာ အခြားသူများက သင့်အပေါ် အခွင့်ကောင်းယူကြသော်လည်း ၎င်းတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မရရှိနိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားသူများအပေါ် အခွင့်ကောင်းယူခြင်းဖြင့်သာ အသက်ရှင်နိုင်ပြီး နောင်ဘဝတွင် ဤအရာအတွက် ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။ သို့သော် သင်ကမူ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများဖြင့် အသက်ရှင်သည်။ အခြားသူများက သင့်အပေါ် အခွင့်ကောင်း ယူနိုင်သော်လည်း လက်တွေ့တွင် သင်သည် မည်သည့်အရာမျှ မဆုံးရှုံးပေ။ ငါ့ကို ပြောလော့၊ ဤသည်မှာ ကောင်းသလော။ (ကောင်းပါသည်။) သင်မြင်သလော၊ သဘောကောင်းသောသူများသည် အပြင်ပန်းအားဖြင့် ဆုံးရှုံးမှုများ အစဉ်သဖြင့် ခံရပုံပေါ်သည်။ လူတို့သည် ၎င်းတို့ကို ရိုးစင်းပြီး ဟန်ဆောင်မှုကင်းသူများအဖြစ် မြင်ကြသောကြောင့် စကားပြောဆိုပြီး ပြုမူသည့်အခါ ၎င်းတို့ကို စဉ်းစားဉာဏ်မဲ့သူများကဲ့သို့ ဆက်ဆံကာ အနိုင်ကျင့်လျက်၊ ၎င်းတို့ထံမှ ငွေနှင့် အကျိုးအမြတ် နှစ်မျိုးလုံးကို ထုတ်ယူလျက်၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများစွာကို သိမ်းပိုက်လျက် ၎င်းတို့အပေါ် အစဉ်သဖြင့် အခွင့်ကောင်းယူကြသည်။ သို့သော် သဘောကောင်းသောသူများတွင် တစ်စုံတစ်ရာ ချို့တဲ့နေသည်ကို သင်မြင်ပါသလော။ ၎င်းတို့တွင် မည်သည့်အရာမျှ မချို့တဲ့ပေ။ ၎င်းတို့သည် အရာရာတိုင်းတွင် အလျှံပယ် ရှိကြသည်။ အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့တွင် ဉာဏ်ရည်နှင့် ဉာဏ်ပညာရှိပြီး စိုးရိမ်ပူပန်ခြင်း မရှိပေ။ ဘုရားအိမ်တော်က ၎င်းတို့အား မည်သည့်တာဝန်ကိုမဆို ပေးအပ်ပါစေ ၎င်းတို့သည် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများအပေါ် အရေးမလုပ်သကဲ့သို့ မတိုက်ခိုက်၊ မယှဉ်ပြိုင်ကြပေ။ ၎င်းတို့သည် မိမိတို့အား ခိုင်းစေသည့် မည်သည့်အရာကိုမဆို ရိုးရှင်းစွာ လုပ်ဆောင်ကြသည်။ မည်သည့်အလုပ်ဖြစ်စေ ၎င်းတို့သည် အမှားလုပ်ခဲသည်။ ရံဖန်ရံခါ အသေးအဖွဲ ပြဿနာများ သို့မဟုတ် အမှားအယွင်းငယ်များ ဖြစ်ပေါ်လျှင်ပင် ယင်းတို့မှာ တမင်တကာလုပ်ခြင်း မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့လုပ်ဆောင်သည့်အရာတွင် စိတ်နှလုံးကို နှစ်မြှုပ်လုပ်ဆောင်ကြသည်၊ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအရ အနိမ့်ဆုံးသော အခြေခံစံကို ပြည့်မီကြပြီး ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်ကြသည်။ သို့ဖြစ်၍ ထိုသို့သောလူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိနိုင်ကြသည်။ သဘောကောင်းခြင်းသည် လူ့သဘာဝ၏ ကောင်းကွက်တစ်ခုဖြစ်ကြောင်း သင်သိသောကြောင့် သင်၏ ကျင့်ကြံပြုမူခြင်းတွင် ဤအရာကို ဦးတည်၍ ကြိုးစားသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အသေးအဖွဲကိစ္စများအတွက် စိတ်အနှောင့်အယှက် မဖြစ်နှင့်၊ မည်သူမျှ ချဉ်းကပ်ရန် သို့မဟုတ် ရန်စရန် မဝံ့သော ဆူးချွန်နှင့်တူသောသူမျိုး မဖြစ်နှင့်၊ ထိုသို့သော လူစားမျိုး မဖြစ်နှင့်။ အခြားသူများက သင့်အပေါ် အနည်းငယ် အခွင့်ကောင်းယူပါက ၎င်းတို့က သင့်ကို အနိုင်ကျင့်နေသည်ဟု အစဉ်သဖြင့် မခံစားရနှင့်။ အနည်းငယ် ပို၍ ရိုးစင်းပြီး ပို၍ ဟန်ဆောင်မှုကင်းခြင်းက အဘယ်များ ထိုမျှ ဆိုးရွားနေသနည်း။ အချို့လူများသည် အလွန်အမင်း ပါးနပ်လွန်းပြီး “ကျွန်ုပ်ကို လူမိုက်တစ်ဦးဟု မမှတ်ယူနှင့်။ ကျွန်ုပ်မှာ ဦးနှောက်ရှိသည်။ ကျွန်ုပ်ကို မကြိုက်သူ သို့မဟုတ် ဆက်ဆံရေးမကောင်းသူကို ကျွန်ုပ်သိမြင်နိုင်သည်။ ကျွန်ုပ်ကို အထင်သေးသူနှင့် မည်သူ၏စကားများမှာ လှောင်ပြောင်သရော်ခြင်း သို့မဟုတ် စောင်းမြောင်းပြောဆိုခြင်းများဖြင့် ပြည့်နေသည်ကို ကျွန်ုပ်သိနိုင်သည်” ဟုဆိုလျက် ၎င်းတို့ စဉ်းစားဉာဏ်မမဲ့ကြောင်းကို အစဉ်သဖြင့် သက်သေပြလိုကြသည်။ ထိုသို့သောအရာများကို မြင်နိုင်ကြားနိုင်ခြင်းသည် အသုံးမဝင်ပေ။ ဤသည်မှာ ဉာဏ်နီဉာဏ်နက်နှင့် ပါးနပ်ခြင်းမျှသာ ဖြစ်သည်။ ဤပါးနပ်မှု အနည်းငယ်ရှိခြင်းက သင့်တွင် ဉာဏ်ပညာရှိသည် သို့မဟုတ် သင်သည် အမှန်တကယ် ဉာဏ်ကောင်းသည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အားဖြင့် လူတို့သည် သင့်ကို အထင်သေးကြလိမ့်မည်၊ အကြောင်းမှာ တိရစ္ဆာန်များပင်လျှင် ဤသို့သော ပါးနပ်မှုနှင့် ဤမဖြစ်စလောက်သော အတွေးအခေါ်များကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ငါ ဤသို့ပြောရသနည်း။ တိရစ္ဆာန်များနှင့် အနီးကပ် ထိတွေ့ဆက်ဆံသူအားလုံး ဤအရာကို သိကြသည်၊ သင်သည် ၎င်းတို့အကြောင်း ကောင်းသောအရာများကိုဖြစ်စေ၊ မကောင်းသောအရာများကိုဖြစ်စေ ပြောဆိုသည့်အခါ တိရစ္ဆာန်ငယ်များပင်လျှင် နားလည်နိုင်ကြသည်။ ဥပမာအားဖြင့် ခွေးတစ်ကောင်သည် သင် မကောင်းသောစကားများ ပြောသည်ကို ကြားပါက ချက်ချင်းပင် မပျော်မရွှင်ဖြစ်သွားမည်ဖြစ်ပြီး သင်သည် သိသာထင်ရှားစွာ ကောင်းသောစကားအချို့ကို ပြောဆိုပါကလည်း ၎င်းက သိနိုင်ပေသည်။ လူတို့သည် တိရစ္ဆာန်ငယ်များပင် ပိုင်ဆိုင်သည့်အရာများကို အသုံးပြု၍ မိမိတို့ကိုယ်ကို အစဉ်သဖြင့် တိုင်းတာပါက ယင်းက ၎င်းတို့၏ လူ့ဂုဏ်ရည်ကို နှိမ့်ချရာ မရောက်ပေသလော။ ဖန်ဆင်းခံ လူသားမျိုးနွယ်ကို တိုင်းတာရန် စံနှုန်းကို နှိမ့်ချခြင်းအားဖြင့် သင်သည် မိမိကိုယ်ကို တန်ဖိုးနှိမ့်ချနေခြင်း ဖြစ်သည်။ “ကျွန်ုပ် စဉ်းစားဉာဏ်မဲ့သည်ဟု မထင်နှင့်၊ ကျွန်ုပ်ကို သုံးနှစ်သားကလေးတစ်ဦးကဲ့သို့ မဆက်ဆံနှင့်။ သင်က ကျွန်ုပ်ကို ပြောင်းဖူးမုန့်ပေးလျှင် ကျွန်ုပ် လုံးဝ စားမည်မဟုတ်၊ ကျွန်ုပ်ကို ဖက်ထုပ်သာ ယူလာပေးပါ။ ဖက်ထုပ်က အရသာရှိသည်ကို မသိသူ မည်သူရှိသနည်း” ကဲ့သို့သော စကားများကို အစဉ်သဖြင့် မပြောဆိုနှင့်။ သင် စဉ်းစားဉာဏ်မမဲ့ကြောင်း သက်သေပြရန် ထိုသို့သော စဉ်းစားဉာဏ်မဲ့သည့်စကားများကို အသုံးမပြုနှင့်။ သင်သည် အမှန်တကယ် စဉ်းစားဉာဏ်မမဲ့ပါက လူ့သဘာဝ၏ စံနှုန်းများကို ပြည့်မီရန် ကြိုးစားလော့။ လူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတွင် မည်သည့်အရာ ရှိသင့်သည်၊ လူ့သဘာဝ၏ ကောင်းကွက်များနှင့်ဆိုင်သော သရုပ်သကန်များမှာ အဘယ်အရာဖြစ်သည်၊ လူ့သဘာဝ၏ ချို့ယွင်းချက်များနှင့် ညံ့ဖျင်းသော ကိုယ်ကျင့်စရိုက်တို့၏ သရုပ်သကန်များမှာ အဘယ်အရာဖြစ်သည်ဟူသည့် ဤကဏ္ဍများကို မိတ်သဟာယဖွဲ့ပြီး နားလည်လော့။ လူတို့သည် မိမိတို့၏ လူ့သဘာဝတွင် မည်သည့်အရာကို ပိုင်ဆိုင်သင့်သည်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်သည် မည်သည့်အရာကို ပိုင်ဆိုင်သင့်သည်တို့နှင့်ပတ်သက်၍ အနည်းငယ် မိတ်သဟာယဖွဲ့လော့၊ ထို့နောက် ယင်းတို့ကို ဦးတည်၍ ကြိုးစားကာ ဤအရာများကို ပိုင်ဆိုင်ရန် ကြိုးစားအားထုတ်လော့။ ဤသည်က သင်၏ တစ်ကိုယ်ရေ တန်ဖိုးကို မြှင့်တင်ပေးမည် မဟုတ်လော။ သင်၏ ဉာဏ်ရည်ကို သုံးနှစ်သားကလေးတစ်ဦး၏ ဉာဏ်ရည်နှင့် အဆက်မပြတ် နှိုင်းယှဉ်နေခြင်းဖြင့် နေရာတစ်ခုခုကို သင်ရောက်ဦးမည်လော။ ထိုနည်းလမ်းဖြင့် သင် ရင့်ကျက်နိုင်မည်လော။ သုံးနှစ်သားကလေးတစ်ဦးက “ကျွန်ုပ်က ပလတ်စတစ်နို့ဘူးဖြင့် နို့သောက်နိုင်သည်” ဟု ပြောပြီး သင်က “ကျွန်ုပ်က ဖန်ဘူးဖြင့် သောက်နိုင်သည်၊ ကျွန်ုပ်၏လက်များ ပူလောင်မည်ကိုလည်း မကြောက်ပေ” ဟု ပြောသည်။ သုံးနှစ်သားကလေးက “ကျွန်ုပ်က ဖိနပ်စီးသည့်အခါ ဘယ်နှင့်ညာကို ခွဲခြားတတ်သည်” ဟု ပြောပြီး သင်က “ကျွန်ုပ်က ဆွယ်တာအင်္ကျီဝတ်သည့်အခါ အရှေ့နှင့်အနောက်ကို ခွဲခြားတတ်သည်။ သင် ထိုသို့လုပ်နိုင်သလော” ဟု ပြောသည်။ ဤသို့ဖြင့် သင်သည် နေရာတစ်ခုခုကို ရဦးမည်လော။ သင်၏ ဉာဏ်ရည်၊ ကိုယ်ကျင့်စရိုက်နှင့် သင်၏ လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အမျိုးမျိုးသော စွမ်းရည်များသည် သုံးနှစ်သားကလေးတစ်ဦး သို့မဟုတ် အရွယ်မရောက်သေးသူတစ်ဦး၏ အဆင့်တွင်သာ ရပ်တန့်နေပါက သင်သည် ရင့်ကျက်သောသူတစ်ဦး ဖြစ်လာရန် သို့မဟုတ် အခြားသူများက သင့်ကို အရွယ်ရောက်ပြီးသူတစ်ဦးအဖြစ် ဆက်ဆံစေရန် အလွန်ခက်ခဲပေလိမ့်မည်။ အခြားသူများက သင့်ကို အရွယ်ရောက်ပြီးသူတစ်ဦးအဖြစ် ဆက်ဆံစေရန် သင် မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သင်သည် အရွယ်ရောက်ပြီးသူများ လုပ်ဆောင်သင့်သည့် အရာများနှင့် ဖန်ဆင်းခံလူသားများ လုပ်ဆောင်သင့်သည့် အရာများကို လုပ်ဆောင်ရန် လိုအပ်သည်။ သင်သည် ဖန်ဆင်းခံလူသားများ ပိုင်ဆိုင်သင့်သည့် လူ့သဘာဝကို ပိုင်ဆိုင်ရမည်။ ဤလူ့သဘာဝသည် အနည်းဆုံးအနေဖြင့် မည်သည့်အရာကို ပိုင်ဆိုင်သင့်သနည်း။ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ကောင်းမွန်သော ကိုယ်ကျင့်စရိုက်၏ အမျိုးမျိုးသော ကဏ္ဍများ ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် သင်၏ လူ့သဘာဝ၏ ချို့ယွင်းချက်များနှင့် ပြဿနာများနှင့်စပ်လျဉ်း၍ တဖြည်းဖြည်း တိုးတက်လာပြီး တိုးတက်မှုကို ရရှိလိမ့်မည်။ ထို့နောက် သမ္မာတရားထဲသို့ ဝင်ရောက်ရန် များစွာ ပို၍ လွယ်ကူလာမည်ဖြစ်ပြီး အတားအဆီးများလည်း ပို၍ နည်းပါးသွားလိမ့်မည်။
လူ့သဘာဝရှိ သဘောကောင်းခြင်းဟူသော ကောင်းကွက်သည် အတော်ပင်ရှားပါးပြီး လူအများစု မပိုင်ဆိုင်ကြပေ။ သို့ဆိုလျှင် ဤကောင်းကွက်ကို မည်သို့ ရရှိနိုင်မည်နည်း။ သင်သည် မည်သည့်သမ္မာတရားကိုမျှ နားမလည်သောအခါ ဤလူ့သဘာဝ၏ ကောင်းကွက်ကို ပိုင်ဆိုင်ရန်နှင့် ထိုသို့သောလူတစ်ဦး ဖြစ်ရန် အလွန်ခက်ခဲသည်။ သို့သော် သင်သည် သမ္မာတရားအချို့ကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက် ထိုသို့သောလူတစ်ဦး ဖြစ်လာရန် လမ်းစရှိလာမည်ဖြစ်ပြီး ဤအရာကို ရရှိရန် မျှော်လင့်ချက် သင့်တွင် ရှိလာလိမ့်မည်။ သင် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိ၊ အဆုံးစွန်တွင် အကျိုးရလဒ်များ ရနိုင်ခြင်း ရှိမရှိ ဆိုသည်မှာမူ သင်သည် သမ္မာတရားကို ရရှိနိုင်ခြင်း ရှိမရှိနှင့် အသက်ဝင်ရောက်မှု ရှိမရှိအပေါ်တွင် မူတည်သည်။ ဤကောင်းကွက်ကို ရရှိရန် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ တစ်စုံတစ်ဦးက သင့်အပေါ် မည်သည့်အရာကို လုပ်ဆောင်သည် သို့မဟုတ် ပြောဆိုသည်ဖြစ်စေ ယင်းကို တဇောက်ကန်းဖြစ်ခြင်း သို့မဟုတ် စိတ်ခံစားချက်များကို အခြေခံ၍ မဆက်ဆံနှင့်။ သင့်အပေါ် ၎င်းတို့၏ ရည်ရွယ်ချက်များမှာ အဘယ်အရာ ဖြစ်သည်၊ ၎င်းတို့သည် သင့်ကို ပုဂ္ဂိုလ်ရေးအရ မည်မျှထိခိုက်စေခဲ့သည် သို့မဟုတ် သင်၏ ဂုဏ်သိက္ခာကို မည်မျှထိခိုက်ပျက်စီးစေခဲ့သည်တို့ကို မဆန်းစစ်နှင့်။ ဤကိစ္စရပ်များထဲမှ တစ်ခုကိုမျှ သင်၏စိတ်၊ လူ့အလို သို့မဟုတ် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များကို အခြေခံ၍ မဆက်ဆံနှင့်။ သို့ဆိုလျှင် ယင်းတို့ကို သင် မည်သို့ ဆက်ဆံသင့်သနည်း။ အမှုအရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ဆက်ဆံလော့။ ပတ်ဝန်းကျင်တိုင်းတွင်လည်းကောင်း၊ လူတိုင်းကို ရင်ဆိုင်သည့်အခါတွင်လည်းကောင်း ၎င်းတို့နှင့် စကားပြောဆိုသည်ဖြစ်စေ၊ ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ၊ တိကျသော ကိစ္စရပ်တစ်ခုကို ကိုင်တွယ်သည်ဖြစ်စေ သင်သည် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေပြီး ယင်းတို့အတိုင်း လုပ်ဆောင်ရန် သေချာအောင် ကြိုးစားလော့။ ဤချဉ်းကပ်နည်းသည် သင်၏ လူ့သဘာဝအပေါ် များစွာ မြှင့်တင်ပေးခြင်း အကျိုးသက်ရောက်မှု ရှိလိမ့်မည်။ ဆိုလိုသည်မှာ ယင်းသည် သင်၏ လူ့သဘာဝနှင့်ဆိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုမည်ဖြစ်ပြီး သင့်အား တရားမျှတစိတ် ဖြစ်ပေါ်လာစေရန် ကူညီပေးကာ လူများနှင့် အမှုအရာများကို မှန်ကန်သော ရပ်တည်ချက်နှင့် ရှုထောင့်မှ ရှုမြင်နိုင်စေမည် ဖြစ်သည်။ ဤသည်ကို မြှင့်တင်ပေးခြင်းဟု ခေါ်သည်။ မြှင့်တင်ပေးခြင်းဆိုသည်မှာ သင်၏ မူလက ညံ့ဖျင်းသော လူ့သဘာဝကို ကောင်းမွန်လာစေခြင်း၊ ပုံမှန်ဖြစ်လာစေခြင်း ဖြစ်သည်။ သို့ဆိုလျှင် သင်၏ မူလက ညံ့ဖျင်းသော လူ့သဘာဝသည် မည်သို့ ဖြစ်ပေါ်လာခဲ့သနည်း။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ လွှမ်းမိုးမှုနှင့် စိုးမိုးမှုတို့မှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ယခု သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပါက သင်လုပ်ဆောင်သည့်အခါ သင်၏ လူ့သဘာဝသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား၏ လွှမ်းမိုးမှုကို များစွာ ခံရလိမ့်မည်။ ဤလွှမ်းမိုးမှုသည် မြှင့်တင်ပေးခြင်းဟု ခေါ်သည့်အရာ ဖြစ်သည်။ မှန်ပေသည်၊ ဤမြှင့်တင်ပေးခြင်းက ဖြစ်ရပ်တစ်ခုတည်းမှတစ်ဆင့် သင်၏ လူ့သဘာဝ ပြောင်းလဲသွားမည်ဖြစ်ပြီး သင်၏ ကိုယ်ကျင့်စရိုက်သည် မြင့်မြတ်လာမည်ဟု မဆိုလိုပေ။ ထိုအစား ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင်၏ လုပ်ဆောင်ခြင်းအတွက် စံသတ်မှတ်ချက်များ၊ ပုံစံနှင့် ဦးတည်ချက်အဖြစ် သတ်မှတ်ကာ အချိန်ကာလကြာရှည်စွာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတို့မှ လာခြင်းဖြစ်ပြီး ထိုအတောအတွင်း သင်သည် သမ္မာတရားကို တိုး၍ နားလည်လာမည်ဖြစ်ကာ ကိစ္စရပ်များကို စည်းမျဉ်းများကို တိုး၍ လိုက်နာခြင်းဖြင့် ကိုင်တွယ်လာလိမ့်မည်။ ဤနည်းအားဖြင့် သင်၏ လူ့သဘာဝသည် တဖြည်းဖြည်း ပြောင်းလဲလာမည်ဖြစ်ပြီး ကောင်းမွန်သော ဦးတည်ချက်အတိုင်း ဖွံ့ဖြိုးလာလိမ့်မည်။ သင်သည် အသိစိတ်ကို တိုး၍ ဖွံ့ဖြိုးလာမည်၊ တိုး၍ ကြင်နာတတ်လာမည်၊ တိုး၍ တရားမျှတစိတ် ရှိလာလိမ့်မည်။ သင်၏ ဆင်ခြင်တုံတရားသည် တိုး၍ ပုံမှန်ဖြစ်လာမည်ဖြစ်ပြီး သင်သည် စိတ်လိုက်မာန်ပါဖြစ်ခြင်းကို အခြေခံ၍ လုပ်ဆောင်ခြင်း သို့မဟုတ် မဆင်မခြင် ပြုမူခြင်းတို့ ရှိတော့မည် မဟုတ်ပေ။ ဤသို့ဖြင့် သင်၏ လူ့သဘာဝက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် ထားရှိသည့် ချုပ်တည်းမှုသည် များစွာ တိုး၍ အားကောင်းလာလိမ့်မည်။ ထိုသို့သော လူ့သဘာဝ အခြေအနေ၏ အခြေခံအုတ်မြစ်အပေါ်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်မှုအပေါ် ချုပ်တည်းမှုသည် တိုး၍ အားကောင်းလာမည်ဖြစ်ပြီး တိုး၍ အစွမ်းထက်လာလိမ့်မည်။ ဤသို့ဖြင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်မှုသည် တိုး၍ လျော့နည်းသွားမည်ဖြစ်ပြီး အတိုင်းအတာသည်လည်း တိုး၍ ပေါ့ပါးသွားလိမ့်မည်။ သင်လုပ်ဆောင်သော လုပ်ရပ်များ သို့မဟုတ် သင်ထုတ်ဖော်သော ရှုမြင်ချက်များသည် အပြုသဘောဆောင်သောအရာများနှင့် သမ္မာတရား စည်းမျဉ်းများကို တိုး၍ ညီညွတ်လာလိမ့်မည်။ ဤသို့သော ဖြစ်စဉ်၊ ဤသို့သော ထုတ်ဖော်မှုသည် လူတစ်ဦး၏ အသက်တာ ပြောင်းလဲနေကြောင်းကို ညွှန်ပြသည်။ အတိအကျဆိုရလျှင် သင်သည် လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း၊ သမ္မာတရားကို သင်၏ စံသတ်မှတ်ချက်အဖြစ်ထားလျက် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပါက သင်၏ လူ့သဘာဝသည် တိုး၍ ပုံမှန်ဖြစ်လာမည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်မှုသည် တိုး၍ လျော့နည်းသွားလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားလိမ့်မည်။ ဤသည်မှာ အပြုသဘောဆောင်သော သံသရာလည်ပတ်မှုတစ်ခု ဖြစ်သည်။ သို့သော် သင်သည် လူများနှင့် အမှုအရာများကို ရှုမြင်ပြီး စာတန်၏ ယုတ္တိအတိုင်း ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပါက ဤသည်မှာ သင်၏ လူ့သဘာဝကို များစွာ ညစ်ညူးစေပြီး ယိုယွင်းပျက်စီးစေလိမ့်မည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တိုး၍ ချဲ့ကားလာမည်ဖြစ်ပြီး တိုး၍ ပြင်းထန်လာလိမ့်မည်။ ဤသည်မှာ ဆိုးယုတ်သော သံသရာလည်ပတ်မှုတစ်ခု ဖြစ်သည်။ လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ကျင့်ကြံပြုမူပြီး လုပ်ဆောင်ခြင်းသည် အပြုသဘောဆောင်သော သံသရာလည်ပတ်မှုတစ်ခု ဖြစ်သည်။ လူများနှင့် အမှုအရာများကို ရှုမြင်ကာ စာတန်၏ ယုတ္တိဗေဒအတိုင်း ကျင့်ကြံပြုမူပြီး လုပ်ဆောင်ခြင်းသည် သင့်ကို ဆိုးယုတ်သော သံသရာလည်ပတ်မှုတစ်ခု၏ အသက်တာနှင့် အခြေအနေအတွင်း အဆုံးမရှိ လည်ပတ်နေစေရန်သာ ဦးဆောင်နိုင်ပြီး မည်သည့်အခါမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သင်သည် အပြုသဘောဆောင်သော သံသရာလည်ပတ်မှု တစ်ခုထဲသို့ ဝင်ရောက်လိုပါက အရှင်းဆုံးနှင့် အဖြောင့်ဆုံး ချဉ်းကပ်နည်းမှာ သင်၏ လူ့သဘာဝ၏ ချို့ယွင်းချက်များနှင့် သင်၏ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်မှုများမှအစပြု၍ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး နားလည်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများကို အခြေခံအဖြစ် အသုံးပြု၍ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်ဖြစ်ပြီး ဤသို့ဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဟူသော အကျိုးရလဒ်ကို ရရှိစေမည် ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ အသက်တာသည် အပြုသဘောဆောင်သော သံသရာလည်ပတ်မှု တစ်ခုထဲသို့ ဝင်ရောက်မည်ဖြစ်ပြီး သင်၏ လူ့သဘာဝသည် တိုး၍ ပုံမှန်ဖြစ်လာမည်ဖြစ်ကာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တဖြည်းဖြည်း ပြောင်းလဲပြီး ဖယ်ရှားခြင်းခံရလိမ့်မည်။ ဤသည်မှာ အသက်ဝင်ရောက်မှု၏ ဖြစ်စဉ်ဖြစ်ပြီး လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး ကယ်တင်ခြင်းကို ရရှိရန်အတွက် မရှိမဖြစ်လိုအပ်သော ဖြစ်စဉ်လည်း ဖြစ်သည်။ ဟုတ်ပေသည်၊ ဤသည်မှာ ဝင်ရောက်ရန် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။ ငါတို့ ဆွေးနွေးခဲ့ပြီးဖြစ်သော လူ့သဘာဝ၏ ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများအပြင် ယုတ်ညံ့သော ကိုယ်ကျင့်စရိုက်နှင့် တည်ကြည်မှု ကင်းမဲ့ခြင်း ပြဿနာများ၊ ဤပြဿနာများကို သင့်ကိုယ်သင်၌ သင်တွေ့ရှိပါက ၎င်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို သင်ရှာဖွေသင့်သည်။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့ကို အစားထိုးလော့။ ဤနည်းအားဖြင့် သင်သည် အပြုသဘောဆောင်သော သံသရာလည်ပတ်မှုတစ်ခုထဲသို့ ဝင်ရောက်လိမ့်မည်။ အဆုံးစွန်တွင် သင်ရရှိသောအရာမှာ လူ့သဘာဝ၏ ပြောင်းလဲခြင်းတစ်ခုသာမက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းလည်း ဖြစ်သည်။ သင် အသက်ရှင်ရပ်တည်ရန် မှီခိုအားထားရသော သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အခြေခံအုတ်မြစ်သည် ပြောင်းလဲသွားလိမ့်မည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်အား ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်ပေးသည်။ သို့သော် သင်သည် ဤနည်းလမ်းဖြင့် သမ္မာတရားကို မရှာဖွေပါက သို့မဟုတ် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက သင်၏ စိတ်နှလုံးထဲတွင် “သင်သည် ငါ့အား သေးသိမ်သည်ဟု ပြောသည်၊ ငါ့ထံတွင် ခေါင်းမာခြင်း၊ အရှက်မရှိ မျက်နှာပြောင်တိုက်ခြင်းနှင့် သံသယဖြစ်လွယ်ခြင်းတို့ကဲ့သို့သော လူ့သဘာဝ၏ ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများ ရှိသည်ဟု ပြောသည်။ ကောင်းပြီ၊ ငါသည် ဤအတိုင်းသာဖြစ်သည်၊ ဤအတိုင်းသာနေမည်။ ငါသည် ပြောင်းလဲမည် မဟုတ်။ သင်ကြိုက်သလိုသာ ပြောပါ၊ မည်သည့်အရာပင်ဖြစ်ပါစေ ငါသည် ဆုံးရှုံးမှုများ မခံစားချင်ပါ။ ငါ အခွင့်ကောင်းယူနိုင်သရွေ့ ငါ့အတွက် အဆင်ပြေပါသည်” ဟု သင်တွေးတောပါက၊ ဤသည်တို့မှာ သင်၏ အတွေးများနှင့် ရှုမြင်ချက်များဖြစ်ပါက ကံမကောင်းစွာဖြင့် သင်သည် ဆိုးယုတ်သော သံသရာလည်ပတ်မှုတစ်ခု၏ ကြောက်မက်ဖွယ်ရာ ဝဲဂယက်ထဲသို့ ကျရောက်သွားမည်ဖြစ်ပြီး ထာဝစဉ် ထွက်နိုင်မည် မဟုတ်ပေ။ နောက်ဆုံးအကျိုးဆက်မှာ အဘယ်အရာဖြစ်မည်နည်း။ ယင်းမှာ သင်မြင်တွေ့ချင်မည် မဟုတ်သည့်အရာ ဖြစ်နိုင်သည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏ အသက်တာ ထာဝစဉ် ဖြစ်လိမ့်မည်။ ၎င်းတို့သည် သင်၏ တစ်သက်တာလုံး သင့်ကို တင်းကျပ်စွာ ချည်နှောင်ထားမည်ဖြစ်ပြီး သင်၏ အတွေးများနှင့် သင်၏ စိတ်ဝိညာဉ်၏ နက်ရှိုင်းသောနေရာများတွင် နက်ရှိုင်းစွာ အမြစ်စွဲသွားကာ ၎င်းတို့ကို ဖယ်ရှားရန် မဖြစ်နိုင်တော့ပေ။ ၎င်းတို့ကို ဖယ်ရှားရန် မဖြစ်နိုင်ခြင်းက အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်မရှိဟု ဆိုလိုပြီး လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ထားသော ပန်းတိုင်တွင် သင့်အတွက် ဝေစုမရှိဟု ဆိုလိုသည်။ ဤသည်မှာ အကျိုးဆက်ဖြစ်သည်။ သင်သည် ဤအကျိုးဆက်ကို မမြင်တွေ့လိုပါက ငါဖော်ပြခဲ့သော လမ်းကြောင်းအတိုင်း ဝင်ရောက်ပြီး လက်တွေ့လုပ်ဆောင်ခြင်းကို စတင်လော့၊ အပြုသဘောဆောင်သော သံသရာလည်ပတ်မှုတစ်ခုကို ရရှိအောင်လုပ်လော့၊ အဆုံးစွန်တွင် သင်သည် အကျိုးရလဒ်များကို သေချာပေါက် ရိတ်သိမ်းရလိမ့်မည်။ သင် နားလည်သလော။ (နားလည်ပါသည်။)
ယနေ့ မိတ်သဟာယတွင် အမျိုးမျိုးသော အကြောင်းအရာများစွာ မပါဝင်ခဲ့သော်လည်း အကြောင်းအရာများစွာကိုမူ ဆွေးနွေးခဲ့ကြပေသည်။ ယနေ့အတွက် မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။ အခြားသော အကြောင်းအရာများကို နောင်တွင် ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ နှုတ်ဆက်ပါသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်