သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၈)
ဤပြီးခဲ့သည့်နေ့များတွင် ငါတို့၏ မိတ်သဟာယသည် ကဏ္ဍအမျိုးမျိုး၌ အစွမ်းအစကို မည်သို့ ပိုင်းခြားသိမြင်ရမည်ဟူသည့် အကြောင်းအရာနှင့် ပတ်သက်ခဲ့သည်၊ မှန်သလော။ (မှန်ပါသည်။) အစွမ်းအစ၏ ကဏ္ဍအမျိုးမျိုးနှင့် အဆင့်အမျိုးမျိုးတို့၏ တိကျသော သရုပ်သကန်များနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် အစွမ်းအစကောင်းဟူသည် အဘယ်အရာဖြစ်သည်၊ သာမန်အစွမ်းအစဟူသည် အဘယ်အရာဖြစ်သည်၊ ညံ့ဖျင်းသော အစွမ်းအစဟူသည် အဘယ်အရာ ဖြစ်သည်နှင့် အစွမ်းအစ လုံးဝကင်းမဲ့ခြင်းဟူသည် အဘယ်အရာဖြစ်သည်ကို သင်တို့ အကျဉ်းချုပ်သုံးသပ်နိုင်သလော။ ငါတို့သည် ဤကဏ္ဍနှင့်ပတ်သက်၍ အတော်အတန် များစွာ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သောကြောင့် သင်တို့သည် ဤအကြောင်းအရာကို အကျဉ်းချုပ်သုံးသပ်နိုင်ရန် လိုအပ်ပြီး ထို့နောက် ယင်းကို နေ့စဉ်ဘဝထဲရှိ တိကျသော သရုပ်သကန်များနှင့် နှိုင်းယှဉ်ချိန်ဆရန် လိုအပ်သည်။ ဤသို့ဖြင့် သင်တို့၏ မိမိကိုယ်ကို အကဲဖြတ်ခြင်းနှင့် အခြားသူများကို အကဲဖြတ်ခြင်းသည် အတော်အတန် ပို၍ တိကျလာလိမ့်မည်။ သင်သည် မည်သို့အကျဉ်းချုပ်သုံးသပ်ရမည်ကို မသိရှိပါက နေ့စဉ်ဘဝတွင် အချို့သောလူများနှင့် ကြုံတွေ့ရသည့်အခါ သင်သည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်မည် မဟုတ်သကဲ့သို့ ကဏ္ဍအမျိုးမျိုး၌ သင်၏ ကိုယ်ပိုင်သရုပ်သကန်များနှင့် ထုတ်ဖော်မှုများကိုလည်း ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပေ။ ယင်းသို့ဆိုလျှင် သင်သည် အချည်းနှီး နားထောင်ခဲ့သည်ဟု ဆိုလိုမည် မဟုတ်လော။ သင်သည် အကျဉ်းချုပ်သုံးသပ်ရာ၌ ကျွမ်းကျင်ရမည်။ အကျဉ်းချုပ်သုံးသပ်သည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤကဏ္ဍအမျိုးမျိုးအားလုံး၏ တိကျသော အကြောင်းအရာအတွင်းမှ မတူညီသော အရာအမျိုးအစားများကို ပိုင်းခြားသိမြင်ခြင်း သို့မဟုတ် နားလည်ခြင်းအတွက် စည်းမျဉ်းများကို ရှာဖွေခြင်းကို ဆိုလိုသည်။ ဤသို့ဖြင့် အကျဉ်းချုပ်သုံးသပ်ခြင်း၏ ရည်ရွယ်ချက်သည် အောင်မြင်လေသည်။ သင်သည် စည်းမျဉ်းများကို ရှာတွေ့သောအခါ သင်သည် လူများနှင့် အမှုအရာများကို ရှုမြင်ရန် သမ္မာတရား စည်းမျဉ်းများကို အသုံးပြုနိုင်လိမ့်မည်ဖြစ်ပြီး သင်သည် အခြားသူများကို ပိုင်းခြားသိမြင်နိုင်သည့်အပြင် သင့်ကိုယ်သင်လည်း ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ ဤသည်မှာ သင်သည် သမ္မာတရားကို နားလည်ကြောင်း သက်သေပြသည်။ သင်သည် သမ္မာတရား၏ ကဏ္ဍတစ်ခုကို နားလည်ပြီး ယင်းကို အသုံးချနိုင်သည့်အခါ သင်သည် ဤကဏ္ဍရှိ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းကို ရရှိလိမ့်မည်။ သို့ဆိုလျှင် အစွမ်းအစ၏ ကဏ္ဍအမျိုးမျိုးနှင့်ဆိုင်သော တိကျသည့် အကြောင်းအရာကို ငါတို့ အကျဉ်းချုပ်သုံးသပ်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါတို့သည် ယင်းကို အကျဉ်းချုပ်သုံးသပ်ရမည်။ ဤနည်းလမ်းဖြင့်သာ သင်တို့သည် အစွမ်းအစနှင့် သက်ဆိုင်သော သမ္မာတရားစည်းမျဉ်းများကို ရှင်းလင်းစွာ နားလည်နိုင်ပေမည်။
အစွမ်းအစကောင်းရှိသော လူများကို အလုံးစုံ အကဲဖြတ်မှုတစ်ခု ပြုလုပ်ရန်အလို့ငှာ စည်းမျဉ်းများကို သိရှိရန် လိုအပ်သည်၊ မှန်သလော။ (မှန်ပါသည်။) လူတစ်ဦး၏ အစွမ်းအစသည် မည်သို့ရှိသည်ကို အကဲဖြတ်ရန် ဤတိကျသော သရုပ်သကန်များကို အသုံးပြုလျက် ငါတို့သည် တိကျသော သရုပ်သကန်များစွာကို အသေးစိတ် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ သို့ဆိုလျှင် အစွမ်းအစကောင်းရှိသော လူများ၏ အလုံးစုံ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ကျင့်ကြံပြုမူခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းအတွက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် တိကျသော စည်းမျဉ်းအချို့ ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်အခါ သို့မဟုတ် သမ္မာတရားကို မကြားဖူးသေးသည့်အခါတွင်ပင် ၎င်းတို့၌ လူများနှင့် အမှုအရာများကို ရှုမြင်ခြင်းအတွက်အပြင် ကျင့်ကြံပြုမူခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းအတွက် အခြေခံအကျဆုံးသော စည်းမျဉ်းအချို့ ရှိကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၌ ကျင့်ကြံပြုမူခြင်းအတွက် တိကျသော စည်းအချို့ ရှိကြသည်။ အတိုင်းအတာတစ်ခုအထိ ဤစည်းများသည် သမ္မာတရား စည်းမျဉ်းများနှင့် အတော်အတန် ကိုက်ညီနေသည် သို့မဟုတ် နီးစပ်နေပြီး အနည်းဆုံးအနေဖြင့် လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့၏ စံနှုန်းများနှင့် နီးစပ်နေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ခြင်းကို လက်ခံခြင်းတို့မှတစ်ဆင့် သမ္မာတရားအချို့ကို နားလည်လာကြပြီးနောက် ၎င်းတို့သည် ကိစ္စရပ်များစွာ သို့မဟုတ် အထူးပတ်ဝန်းကျင်များကို မတွေ့ကြုံဖူးလျှင်ပင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရား စည်းမျဉ်းအချို့ကို နားလည်ပြီး သဘောပေါက်နိုင်ကြဆဲဖြစ်သည်။ ထို့နောက် လက်တွေ့ဘဝတွင် ၎င်းတို့သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ကိုင်တွယ်ရန် ဤစည်းမျဉ်းများကို အသုံးချနိုင်ကြသည်။ အမှန်တွင် ၎င်းတို့သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ကိုင်တွယ်သောအခါ ယင်းမှာ ကဏ္ဍတစ်ခုတည်းပါသော ရိုးရှင်းသည့် ပြဿနာများကို ကိုင်တွယ်ခြင်းမျှသာ မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ရှုပ်ထွေးပြီး အပြန်အလှန်ဆက်နွှယ်နေသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ကြုံတွေ့ရသည့်အခါ ယင်းတို့ကို ဆက်ဆံရန်နှင့် ကိုင်တွယ်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများကို အသုံးချနိုင်ကြသည်။ ဤသည်မှာ စည်းမျဉ်းများပါဝင်သော ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် အစွမ်းအစကောင်းရှိသော လူများ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစက ကောင်းသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ခြင်းမှတစ်ဆင့် ၎င်းတို့သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ရှုမြင်ခြင်းနှင့် ကိုင်တွယ်ခြင်းအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ စည်းမျဉ်းများကို မိမိတို့ဘာသာ ရှာဖွေနိုင်ကြသည်။ ဤကဲ့သို့ အစွမ်းအစကောင်းရှိသော လူများသည် လုပ်ငန်းကို တစ်ဦးတည်း တာဝန်ယူနိုင်ပြီး တာဝန်တစ်ခုစီကို မိမိတို့ဘာသာ ပြီးမြောက်အောင် လုပ်ဆောင်ကြသည်။ ဤသည်မှာ အစွမ်းအစကောင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အဓိက သရုပ်သကန်မှာ အဘယ်အရာဖြစ်သနည်း။ (အဓိက သရုပ်သကန်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ခြင်းမှတစ်ဆင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ရှုမြင်ခြင်းနှင့် ကိုင်တွယ်ခြင်းအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ စည်းမျဉ်းများကို မိမိတို့ဘာသာ ရှာဖွေနိုင်ကြပြီး ပြဿနာများကို မိမိတို့ဘာသာ ဖြေရှင်းနိုင်ကာ လုပ်ငန်းကို တစ်ဦးတည်း တာဝန်ယူနိုင်ခြင်း ဖြစ်ပါသည်။) တိတိကျကျဆိုရလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှတစ်ဆင့် ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ရှုမြင်ခြင်းနှင့် ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများကို ရှာဖွေနိုင်ကာ အလုပ်ကို မိမိတို့ဘာသာ တာဝန်ယူနိုင်ကြသည်။ ဤအရာကသာ အစွမ်းအစကောင်းရှိသည်ဟု အဓိပ္ပာယ်ရသည်။ ယခင်က ငါတို့က အလုပ်ကို မိမိဘာသာ တာဝန်ယူနိုင်ခြင်းသည် အရည်အချင်းအမျိုးမျိုးကို ပိုင်ဆိုင်ရန် လိုအပ်သည်ဟု ပြောဆိုခဲ့ကြသည်။ ယခုမူကား သမ္မာတရား စည်းမျဉ်းများကို အသုံးပြု၍ ဤအရာကို အကဲဖြတ်သောအခါ ဤသည်မှာ အစွမ်းအစကောင်းရှိသော လူများ၏ သရုပ်သကန်တစ်ခု ဖြစ်ပေသည်။
သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် အစွမ်းအစကောင်းရှိသော သူများထက် သေချာပေါက် များစွာ ပိုညံ့ဖျင်းသည်။ သို့သော် လူများတွင် အစွမ်းအစကောင်းရှိသည်ဖြစ်စေ၊ သာမန်အစွမ်းအစရှိသည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထောက်ပံ့ခြင်းကို မခံယူမီတွင်လည်းကောင်း၊ သမ္မာတရားကို နားမလည်မီတွင်လည်းကောင်း ကျင့်ကြံပြုမူခြင်းအတွက် မှန်ကန်သော စည်းမျဉ်းများ ရှိကြမည်မဟုတ်ပေ။ ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများကို သဘောပေါက်နားလည်ခြင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထောက်ပံ့ခြင်းကို ခံယူခြင်းနှင့် သမ္မာတရားကို နားလည်လာခြင်းဟူသည့် အခြေခံအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ရမည်ဖြစ်သည်။ လက်တွေ့ကျသော အတွေ့အကြုံများမှတစ်ဆင့်သာ လူတစ်ဦးသည် ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများကို တဖြည်းဖြည်း နားလည်လာနိုင်သည်။ သာမန်အစွမ်းအစရှိသော လူတစ်ဦးဖြစ်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ၎င်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ပြထားသော အခြေခံအဓိပ္ပာယ်နှင့် သတ်မှတ်ထားသော စံနှုန်းများကိုသာ နားလည်နိုင်သည်။ ၎င်းတို့သည် ဤအရာများကို အယူဝါဒအရ နားလည်သော်လည်း အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားစည်းမျဉ်းများကို အသုံးချနိုင်စွမ်း မရှိကြသေးပေ။ အခြားသူများ၏ လမ်းပြမှုနှင့် ထောက်ပံ့ခြင်းမှတစ်ဆင့် သို့မဟုတ် အမှုအရာများစွာကို တွေ့ကြုံပြီးမှသာလျှင် ၎င်းတို့သည် အခြေခံ သမ္မာတရားစည်းမျဉ်းအချို့ကို နားလည်လာနိုင်သည်။ ဤနေရာတွင် “အခြေခံ” ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ၎င်းတို့ နားလည်ပြီး သဘောပေါက်သည့် စည်းမျဉ်းများသည် အဓိကအားဖြင့် ကဏ္ဍတစ်ခုတည်းပါသော အတော်အတန် ရိုးရှင်းသည့် စည်းမျဉ်းများဖြစ်ပြီး သာမန်ပြဿနာများကို ကိုင်တွယ်ပြီး ဖြေရှင်းနိုင်စေသည်ကို ဆိုလိုသည်။ သို့သော် ရှုပ်ထွေးသော အခြေအနေများ သို့မဟုတ် နောက်ခံအကြောင်းအရာများနှင့် ရင်ဆိုင်ရသည့်အခါ စည်းမျဉ်းများအတိုင်း မည်သို့ပြုမူရမည်ကို ၎င်းတို့ မသိကြပေ။ ရှုပ်ထွေးသော ပြဿနာအချို့ သို့မဟုတ် ကဏ္ဍပေါင်းစုံပါသော တာဝန်များကို ကိုင်တွယ်ရန် သမ္မာတရားကို နားလည်သောသူများထံမှ လမ်းညွှန်မှုနှင့် အကူအညီကို ၎င်းတို့ မှီခိုရမည်ဖြစ်သည်။ ဤသည်တို့မှာ သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များတွင် ထင်ရှားသောအရာမှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို မိမိဘာသာ နားမလည်နိုင် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို မရှာဖွေနိုင်ကြပေ။ ဘုရားသခင်၏ သတ်မှတ်ထားသော စံနှုန်းများ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ တိကျစွာ နားမလည်နိုင်ကြပေ။ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရန်၊ ၎င်းတို့ကို ထောက်ပံ့ရန်နှင့် အမှုအရာများကို စိစစ်ပေးရန် တစ်စုံတစ်ဦးကို လိုအပ်ပြီး ၎င်းတို့ကို ရှင်းလင်းစွာ ပြောပြရန်နှင့် သတိပေးရန်လည်း လိုအပ်သည်။ ဤနည်းလမ်းဖြင့်သာ ၎င်းတို့က “ဤသည်မှာ သမ္မာတရားစည်းမျဉ်းတစ်ခု ဖြစ်သည်။ ကျွန်ုပ် ယင်းကို မှတ်ထားရမည်။ ကျွန်ုပ် ဤအတိုင်း လက်တွေ့လုပ်ဆောင်ရမည်။ ကျွန်ုပ် ဤအလုပ်အစီအစဉ်အတိုင်း အလုပ်ကို အကောင်အထည် ဖော်ရမည်” ဟု သိရှိကြသည်။ ဤသည်မှာ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်းနှင့် သက်ဆိုင်သည်။ ဒုတိယအနေဖြင့် အလုပ်လုပ်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့ အတွေ့အကြုံမရှိသော အလုပ်ကို လုပ်သည့်အခါ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ရှုမြင်ရန် သို့မဟုတ် ကိုင်တွယ်ရန် သမ္မာတရားစည်းမျဉ်းများကို လျင်မြန်စွာ အသုံးမချနိုင်ကြပေ။ ၎င်းတို့သည် အခြေခံ သမ္မာတရားစည်းမျဉ်းအနည်းငယ်ကို နားလည်ခြင်းအပေါ် အခြေခံ၍ ကဏ္ဍတစ်ခုတည်းပါသော အလုပ်အချို့ကိုသာ ကိုင်တွယ်နိုင်သည်။ သမ္မာတရားစည်းမျဉ်းများစွာ ပါဝင်သော ရှုပ်ထွေးသည့်အလုပ်နှင့် ရင်ဆိုင်ရသည့်အခါ အမှုအရာများကို စိစစ်ပေးရန်၊ ထောက်ပံ့ရန်နှင့် ဖြည့်ဆည်းပေးရန် အခြားသူများကို လိုအပ်သည်။ ဤသည်တို့မှာ သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ တစ်ကိုယ်ရေ သဘောပေါက်နားလည်နိုင်စွမ်းနှင့်ပတ်သက်၍ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရန်နှင့် အမှုအရာများကို စိစစ်ပေးရန် အခြားသူများကို လိုအပ်သည်။ ၎င်းတို့သည် များစွာ နားထောင်ရန် လိုအပ်သည်၊ သမ္မာတရား၏ ကဏ္ဍတစ်ခုတည်းကိုသာမက ကဏ္ဍအမျိုးမျိုးကို နားထောင်ရန် လိုအပ်ပြီး အဆုံးတွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ အချို့ကို နားလည်နိုင်ရန်အလို့ငှာ သမ္မာတရား၏ ကဏ္ဍအမျိုးမျိုးနှင့်ဆိုင်သော အခြေခံစည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို ပြောပြရန် တစ်စုံတစ်ဦးကို လိုအပ်သည်။ သို့သော် ရှုပ်ထွေးသော အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ မည်သို့ သဘောပေါက်နားလည်ရမည်ကို ၎င်းတို့ တစ်ဖန် မသိရှိတော့ဘဲ ရှာဖွေရန် လိုအပ်နေဆဲဖြစ်သည်။ ဤသည်မှာ သဘောပေါက်နားလည်နိုင်စွမ်းနှင့် သက်ဆိုင်သည်။ အလုပ်တွင် သို့မဟုတ် လက်တွေ့ဘဝတွင် အမှုအရာအမျိုးမျိုးကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်၍မူ ပြဿနာများကို ကိုင်တွယ်နိုင်သည့် ၎င်းတို့၏ အရည်အချင်းသည် ကဏ္ဍတစ်ခုတည်းပါသော အလုပ်ကို ကိုင်တွယ်ရန် သမ္မာတရားစည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်းဟူသည့် အဆင့်သို့သာ ရောက်ရှိနိုင်သည်။ သမ္မာတရားစည်းမျဉ်းများစွာ ပါဝင်သော ရှုပ်ထွေးသည့်အလုပ်နှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် အတော်အတန် ခက်ခဲသည်ဟု မြင်ကြပြီး ရှာဖွေရန်နှင့် တစ်စုံတစ်ဦးက စိစစ်ပေးရန် လိုအပ်သည်။ ၎င်းတို့ကိုယ်တိုင် အလုပ်ကို ကောင်းမွန်စွာ လုပ်နိုင်မည်ဟု အာမမခံနိုင်သည့်အပြင် ၎င်းတို့လုပ်ဆောင်သည့်အရာသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်း မဆုံးဖြတ်နိုင်ပေ။ တစ်ခါတစ်ရံ ၎င်းတို့၏ အလုပ်တွင် လမ်းလွဲခြင်းများ ရှိလိမ့်မည်။ သို့သော် ဤလမ်းလွဲခြင်းများသည် လမ်းလွဲခြင်းများမျှသာ ဖြစ်ပြီး လွဲချော်မှုများ မဟုတ်ပေ။ ယင်းတို့သည် လွဲချော်မှုများ ဖြစ်ခဲ့ပါက ယင်းက ညံ့ဖျင်းသော အစွမ်းအစကို ညွှန်ပြပေလိမ့်မည်။ လမ်းလွဲခြင်းများနှင့် လွဲချော်ခြင်းများအကြား ကွဲပြားမှုတစ်ခု ရှိသည်၊ လမ်းလွဲခြင်းများဆိုသည်မှာ အလုပ်သည် သမ္မာတရားစည်းမျဉ်းများနှင့် လုံးလုံးလျားလျား မကိုက်ညီခြင်း၊ လုံလောက်စွာ မလုပ်ဆောင်ခြင်း၊ သို့မဟုတ် လုံလောက်သော ထည့်သွင်းစဉ်းစားမှု ကင်းမဲ့ခြင်းကို ဆိုလိုသော်လည်း ဦးတည်ချက်မှာမူ မမှားပေ။ ယင်းမှာ ၎င်းတို့၌ အလုပ် အတွေ့အကြုံ မလုံလောက်ခြင်း၊ သို့မဟုတ် သမ္မာတရားကို အပေါ်ယံကျကျသာ နားလည်၍ သမ္မာတရား စည်းမျဉ်းများကို လုံလုံလောက်လောက် တိကျစွာ နားလည်သဘောမပေါက်ခြင်းတို့ကြောင့် ၎င်းတို့၏ အလုပ်သည် လုံလောက်စွာ စံနှုန်းပြည့်မီမှု မရှိခြင်းသာ ဖြစ်ပေသည်။ ယင်းသည် စံနှုန်းပြည့်မီခြင်းသို့ ချဉ်းကပ်နိုင်သော်လည်း အပြည့်အဝ စံနှုန်းပြည့်မီရန်အတွက်မူ တိုးတက်ဖို့ လိုအပ်နေဆဲဖြစ်သည်။ ဤသည်တို့မှာ သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဤလူစားမျိုး၏ အဓိက လက္ခဏာရပ်မှာ အဘယ်အရာဖြစ်သနည်း။ (၎င်းတို့သည် အလုပ်တစ်ခုကို မိမိဘာသာ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခြင်း ဖြစ်ပါသည်။ အလုပ်အချို့ကို ပြီးမြောက်ရန် အခြားသူများထံမှ အကူအညီနှင့် ထောက်ပံ့မှုကို လိုအပ်ပါသည်။) ၎င်းတို့၏ လက္ခဏာရပ်မှာ သဘောပေါက်နားလည်နိုင်စွမ်းအရဖြစ်စေ၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ဖြစ်စေ ၎င်းတို့သည် အတော်အတန် ညံ့ဖျင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် ယေဘုယျအားဖြင့် အလုပ်တစ်ခုကို မိမိဘာသာ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ဘဲ အခြားသူများထံမှ ထောက်ပံ့မှု၊ စိစစ်ပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်မှုကို လိုအပ်သည်။ ထို့ကြောင့် သာမန်အစွမ်းအစရှိသော လူများ ပိုင်ဆိုင်သင့်သည့် အခြေခံဆင်ခြင်တုံတရားမှာ အမှုအရာများကို လုပ်ဆောင်သည့်အခါ ပို၍ ရှာဖွေရန်နှင့် ပို၍ စောင့်ဆိုင်းရန် ဖြစ်သည်။ တစ်စုံတစ်ခုကို ထိုးထွင်းမမြင်နိုင်သည့်အခါ ၎င်းတို့သည် ချက်ချင်း နှိမ့်ချစွာ ရှာဖွေသင့်သည်၊ မိမိတို့အတွက် အခြေခံအဖြစ် အသုံးပြုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်း သို့မဟုတ် အထက်လူကြီးများထံမှ ရှာဖွေခြင်းကို ပြုလုပ်သင့်ပြီး မစဉ်းမစားဖြစ်စေ၊ နားဝေတိမ်တောင်ပုံစံဖြင့်ဖြစ်စေ မပြုမူသင့်ပေ။ အချိန်ကာလတစ်ခုကြာ အလုပ်လုပ်ပြီးနောက် သင်သည် အမှုအရာများစွာနှင့်ပတ်သက်၍ မရှင်းမရှင်း ဖြစ်နေသည်ကို တွေ့ရှိပါက ယင်းတို့ကို ချက်ချင်း အကျဉ်းချုပ်သုံးသပ်ပြီး မှတ်တမ်းတင်ကာ အထက်လူကြီးများထံမှ ရှာဖွေလော့။ ရည်ရွယ်ချက်မှာ ဤကာလအတွင်း သင်လုပ်ဆောင်ခဲ့သော အလုပ်တွင် လမ်းလွဲခြင်းများ သို့မဟုတ် လစ်ဟာမှုများ တစ်စုံတစ်ရာ ပါဝင်ခြင်း ရှိမရှိကို သင်၏ အထက်လူကြီးများက စိစစ်ပေးပြီး စစ်ဆေးရန် ဖြစ်သည်။ သင့်တွင် အလုပ်အတွေ့အကြုံရှိသည်ဟု တွေးလျက် အလွန်အမင်း မိမိကိုယ်ကို မှန်ကန်သည်ဟု မယူမှတ်နှင့်၊ သင့်ကိုယ်သင် အလွန်အမင်း ကျေနပ်အားရမနေနှင့်။ သင်သည် မိမိကိုယ်ကို သတိပြုမိခြင်း ရှိရမည်။ သာမန်အစွမ်းအစ၏ သရုပ်သကန်များကို ဆွေးနွေးပြီးဖြစ်သည်၊ သို့ဆိုလျှင် သာမန်အစွမ်းအစရှိသော လူများ၏ လက္ခဏာရပ်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (၎င်းတို့သည် အလုပ်ကို မိမိဘာသာ မလုပ်ဆောင်နိုင်ကြပါ။ ၎င်းတို့ကို ထောက်ပံ့ရန်၊ ကူညီရန်နှင့် အမှုအရာများကို စိစစ်ပေးရန် အခြားသူများကို လိုအပ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ လက္ခဏာရပ်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့သည် အခြေခံစည်းမျဉ်းအချို့ကိုသာ သဘောပေါက်နားလည်နိုင်သော်လည်း ယင်းတို့ကို အလုပ်ထဲတွင် လက်တွေ့ကျကျ အသုံးမချနိုင်ကြပါ။) အလုပ်လုပ်နိုင်စွမ်းနှင့်ပတ်သက်၍ ၎င်းတို့၏ လက္ခဏာရပ်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (အလုပ်လုပ်နိုင်စွမ်းနှင့်ပတ်သက်၍ သာမန်အစွမ်းအစရှိသော လူများသည် ပြဿနာအမျိုးမျိုးကို ရှုမြင်ရန် သို့မဟုတ် ကိုင်တွယ်ရန် သမ္မာတရားစည်းမျဉ်းများကို လျင်မြန်စွာ အသုံးမချနိုင်ကြပါ။ ထို့အပြင် ၎င်းတို့သည် အလုပ်တစ်ခုတည်းကိုသာ ထိန်းသိမ်းထားနိုင်သည်၊ အလုပ်များစွာနှင့်ပတ်သက်လာလျှင် စည်းမျဉ်းများကို မသဘောပေါက်နိုင်ကြတော့ပေ။ ၎င်းတို့သည် အလုပ်အမျိုးမျိုးကို ကောင်းမွန်စွာ ပြီးမြောက်စေရန် အရေးကြီးမှု သို့မဟုတ် အရေးပေါ်ဖြစ်သည့်အပေါ် ဦးစားပေးနိုင်စွမ်း မရှိကြသည့်အပြင် အလုပ်ကို ကျိုးကြောင်းဆီလျော်စွာ စီစဉ်ရန် မဆိုထားနှင့်။ ၎င်းတို့၌ အမှုအရာများကို ထိန်းကျောင်းပေးရန်နှင့် ၎င်းတို့၏ ဦးတည်ရာကို လမ်းပြပေးရန်၊ အစဉ်မပြတ် ကူညီရန်နှင့် ထောက်ပံ့ရန် တစ်စုံတစ်ဦး ရှိရမည်ဖြစ်ပါသည်။) မှန်ပေသည်။ သာမန်အစွမ်းအစရှိသော လူများသည် ကဏ္ဍတစ်ခုတည်းပါသော အလုပ်အချို့ကို မိမိဘာသာ လုပ်ဆောင်နိုင်သည် သို့မဟုတ် အလုပ်အတွေ့အကြုံ အဆင့်တစ်ခု ရှိခြင်းဟူသည့် အခြေခံအုတ်မြစ်ပေါ်တွင် ရိုးရှင်းသော အလုပ်အချို့ကို ကိုင်တွယ်နိုင်သည်။ သို့သော် ရှုပ်ထွေးသော ပြဿနာများ၊ အထူးသဖြင့် သမ္မာတရားစည်းမျဉ်းများစွာ ပါဝင်သော အလုပ်နှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် မရှင်းမလင်း ဖြစ်သွားပြီး မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိတော့ပေ။ တစ်ခဏတွင် ဤသို့လုပ်ဆောင်သင့်သည်ဟု ၎င်းတို့ တွေးထင်ပြီး နောက်တစ်ခဏတွင် ထိုသို့လုပ်ဆောင်သင့်သည်ဟု တွေးထင်သော်လည်း မည်သည့်နည်းလမ်းက သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည်ကိုမူ ၎င်းတို့ မသိကြပေ။ တာဝန်ကို အဆုံးတွင် ပြီးမြောက်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ၎င်းတို့ အကဲမဖြတ်နိုင်ကြပေ။ ထိုသို့သော အခြေအနေများတွင် ၎င်းတို့သည် လမ်းကြောင်းပျောက်သွားကြသည်။ သာမန်အစွမ်းအစရှိသော လူများသည် အလုပ်တစ်ခုအတွက် အရည်အချင်းပြည့်မီနိုင်သော်လည်း၊ အလုပ်များစွာ သို့မဟုတ် အနည်းငယ် ပိုရှုပ်ထွေးသော အလုပ်နှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် မရှင်းမလင်း ဖြစ်သွားကြသည်။ ဥပမာအားဖြင့် သင်တို့အလယ်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်အချို့သည် ၎င်းတို့ထံ အလုပ်တစ်ခု တာဝန်ပေးအပ်သည့်အခါ ယင်းကို ကိုင်တွယ်နိုင်သော်လည်း ၎င်းတို့ထံ အလုပ်နှစ်ခု သို့မဟုတ် သုံးခု တာဝန်ပေးအပ်ပါက ၎င်းတို့ စီမံခန့်ခွဲနိုင်ခြင်း မရှိကြတော့ပေ။ ၎င်းတို့သည် ယင်းတို့ကို ကောင်းမွန်စွာ လုပ်ဆောင်လိုသော်လည်း မပြီးမြောက်နိုင်ကြပေ။ ၎င်းတို့ အလုပ်ရှုပ်နေသည့်အခါ တစ်စုံတစ်ဦးက ပြဿနာတစ်ခု သို့မဟုတ် အခြားတစ်ခုကို ထုတ်ဖော်ပြောဆိုသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မရှင်းမလင်း ဖြစ်သွားပြီး ယင်းတို့ကို မည်သို့ဖြေရှင်းရမည်ကို မသိတော့ပေ။ ရလဒ်အနေဖြင့် အလုပ်တစ်ခုမျှ ကောင်းမွန်စွာ မပြီးမြောက်ပေ။ ဤသည်တို့မှာ သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ သာမန်အစွမ်းအစရှိသော လူများသည် အလုပ်နှစ်ခု သို့မဟုတ် သုံးခုကို တစ်ပြိုင်နက်တည်း တာဝန်မယူနိုင်ကြပေ။ အထူးသဖြင့် ၎င်းတို့သည် ရှုပ်ထွေးသော သို့မဟုတ် အထူးအခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ချက်ချင်း မရှင်းမလင်း ဖြစ်သွားပြီး မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိတော့ပေ။ ရလဒ်အနေဖြင့် ၎င်းတို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ရမည့် အလုပ်သည် ကောင်းမွန်စွာ မပြီးမြောက်တော့ဘဲ ၎င်းတို့ တာဝန်ယူသည့် အလုပ်များသည် ပြဿနာကြုံရပြီး နှောင့်နှေးကြန့်ကြာသွားသည်။ ထို့ကြောင့် သာမန်အစွမ်းအစရှိသော လူများသည် အလုပ်နှစ်ခု သို့မဟုတ် သုံးခုကို တာဝန်မယူနိုင်ဘဲ ရိုးရှင်းသော၊ တစ်ခုချင်းဖြစ်သော အလုပ်များအတွက်သာ သင့်တော်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်အချို့သည် အလုပ်လုပ်ခြင်းကို အလွန်ရိုးရှင်းသည်ဟု အစဉ်သဖြင့် တွေးထင်ကြသည်။ အခြားလူများက ပြဿနာများကို ထောက်ပြသည့်အခါ ၎င်းတို့သည် အမြဲတစေ ဂရုမပြုဘဲ ယင်းတို့ကို ပြဿနာများအဖြစ် မမြင်သည့်အပြင်၊ ထိုလူများ၏ ခေါင်းထဲတွင် တစ်ခုခုမှားယွင်းနေပြီး ၎င်းတို့က အမှုအရာများကို အလွန်ရှုပ်ထွေးအောင် လုပ်နေသည်ဟုပင် တွေးထင်ကြသည်။ အဆုံးတွင် အကြီးစား ပြဿနာများ ပေါ်ပေါက်လာပြီး ၎င်းတို့ ဖြေရှင်းနိုင်စွမ်းမရှိတော့မှသာ အထက်လူကြီးများထံ တိုင်ကြားကြသည်။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အတွေ့အကြုံ အလွန်နည်းပြီး ထိုးထွင်းသိမြင်မှု ကင်းမဲ့ကြသည်။ ၎င်းတို့၏ အလုပ်တွင် ၎င်းတို့သည် အရာအားလုံး အဆင်ပြေချောမွေ့သွားမည်ဟု အစဉ်သဖြင့် တွေးထင်ကြပြီး စည်းမျဉ်းစည်းကမ်းအချို့ကိုသာ ပုံသေစောင့်ထိန်းကာ လမ်းကြောင်းတစ်ခုတည်းကို ခေါင်းမာမာဖြင့် လျှောက်ကြသည်။ ပေါ်ပေါက်လာသော ပြဿနာများ မည်မျှပင် ပြင်းထန်စေကာမူ ၎င်းတို့ သဘောမပေါက်ကြပေ။ ထို့ထက်မက ဤပြဿနာများ မဖြေရှင်းဘဲထားပါက အလုပ်၏အဘက်ဘက်ကို နှောင့်နှေးကြန့်ကြာစေမည်ကိုပင် ၎င်းတို့ သဘောမပေါက်ကြပေ။ ဤသည်တို့မှာ သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။
ယေဘုယျအားဖြင့် သာမန်အစွမ်းအစရှိသော လူများသည် ၎င်းတို့၏ လူ့သဘာဝ ကဏ္ဍအားလုံးတွင် စံနှုန်းပြည့်မီပါက ကဏ္ဍတစ်ခုတည်းပါသော အလုပ်အတွက် အခြေခံအားဖြင့် အရည်အချင်းပြည့်မီနိုင်သည်။ ၎င်းတို့သည် ဘက်စုံကျသော အလုပ်ကို မိမိဘာသာ မပြီးမြောက်နိုင်ဟု ငါပြောရသည့်အကြောင်းရင်းမှာ ၎င်းတို့၏ အစွမ်းအစက ကဏ္ဍတစ်ခုတည်းပါသော အလုပ်တွင်သာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် ခွင့်ပြုသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များနှင့် သက်ဆိုင်သော အလုပ်အချို့နှင့်ပတ်သက်လာလျှင် ၎င်းတို့၏ အစွမ်းအစအရ ၎င်းတို့သည် ထိုအလုပ်အတွက် အရည်အချင်းပြည့်မီနိုင်သည်။ သို့သော် ကဏ္ဍပေါင်းစုံပါသော အလုပ်၏ ရှုပ်ထွေးမှုများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် မရှင်းမလင်းသွားကြသည်။ ၎င်းတို့တွင် လက်တွေ့ကျသော အတွေ့အကြုံအချို့ ရှိလျှင်ပင် ၎င်းတို့၏ အစွမ်းအစသည် အလုပ်အတွက် မလုံလောက်ပေ။ အချို့လူများက “ဤသည်မှာ ကျွန်ုပ် ငယ်ရွယ်သောကြောင့်လော” ဟု ပြောဆိုကြသည်။ မဟုတ်ပေ။ သင်၏ အစွမ်းအစသည် သာမန်ဖြစ်ပါက သင်သည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်သို့ ရောက်သည့်အခါတွင်ပင် ကဏ္ဍပေါင်းစုံပါသော အလုပ်ကို တာဝန်ယူရန် အရည်အချင်းပြည့်မီမည် မဟုတ်သေးပေ။ အဘယ်ကြောင့် ငါ ဤသို့ပြောရသနည်း။ အမှန်တကယ် အလုပ်လုပ်ဆောင်ခြင်းမှတစ်ဆင့် အတွေ့အကြုံအချို့ကို စုဆောင်းပြီးနောက် သင်သည် ကဏ္ဍတစ်ခုတည်းပါသော အလုပ်အချို့ကို ကိုင်တွယ်နိုင်စွမ်း ရှိလာနိုင်သည်။ သို့သော် လမ်းပြမှုရှိခြင်း၊ တစ်စုံတစ်ဦးက အမှုအရာများကို စိစစ်ပေးခြင်း၊ သို့မဟုတ် အခြားသူများထံမှ နောက်ဆက်တွဲလုပ်ဆောင်မှုများ ရှိခြင်းဟူသည့် အခြေအနေများတွင်သာ သင်သည် အလုပ်ကို ကောင်းမွန်စွာ မိမိဘာသာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်၊ သင်သည် ကဏ္ဍပေါင်းစုံပါသော အလုပ်ကို မိမိဘာသာ တာဝန်ယူနိုင်စွမ်း ထာဝရ မရှိဘဲ ရှိနေမည်ဖြစ်သည်။ ဤသည်မှာ သင့်တွင် သာမန်အစွမ်းအစရှိကြောင်း ညွှန်ပြသည်။ အချို့လူများသည် နှစ်ပေါင်းများစွာ အခြေအနေအမျိုးမျိုးကို ဖြတ်သန်းခြင်းမှတစ်ဆင့် အတွေ့အကြုံအချို့ကို စုဆောင်းပြီးနောက်လည်းကောင်း၊ သမ္မာတရားစည်းမျဉ်းအချို့ကို နားလည်လာပြီးနောက်တွင်လည်းကောင်း ကဏ္ဍပေါင်းစုံပါသော အလုပ်၊ အထူးသဖြင့် ၎င်းတို့ မိမိဘာသာ တာဝန်ယူရမည့် အလုပ်ကို တာဝန်မယူနိုင်ကြသေးပေ။ ၎င်းတို့သည် ရှုပ်ထွေးသော အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ မရှင်းမလင်း ဖြစ်သွားပြီး တာဝန်များကို အရေးကြီးမှု သို့မဟုတ် အရေးပေါ်ဖြစ်သည့်အပေါ် ဦးစားမပေးနိုင်ကြပေ။ ထိုသို့သော လူများသည် သာမန်အစွမ်းအစရှိသည်မှာ သေချာသည်။ အလုပ်အတွေ့အကြုံသည် လူတစ်ဦး၏ အလုပ်လုပ်နိုင်စွမ်း၏ ကဏ္ဍတစ်ခုကိုသာ ကိုယ်စားပြုသည်၊ ယင်းမှာ အဓိကကျသော အချက် မဟုတ်ပေ။ အဓိကကျသော အချက်မှာ လူတစ်ဦး၏ အစွမ်းအစနှင့် ကဏ္ဍအမျိုးမျိုးရှိ ၎င်းတို့၏ အရည်အချင်းများ ဖြစ်သည်။ အလုပ်အတွေ့အကြုံသည် ရည်ညွှန်းချက်အချို့ကိုသာ ပေးသည်။ အမှန်တွင် အလုပ်အတွေ့အကြုံသည်လည်း တစ်ကိုယ်ရေ အတွေ့အကြုံမှ ပေါ်ပေါက်လာသောကြောင့် တန်ဖိုးရှိသည်မှာ မှန်သော်ငြား ဤလက်တွေ့ကျသော အလုပ်အတွေ့အကြုံသည် ကဏ္ဍပေါင်းစုံပါသော အလုပ်၏ စည်းမျဉ်းများကို ပို၍ တိကျစွာ သဘောပေါက်နိုင်ရန် သင့်ကို ထောက်ကူမပေးနိုင်ပေ။ သင်၏ အစွမ်းအစသည် ကောင်းပြီး သင်သည် သမ္မာတရားစည်းမျဉ်းများကို အမှန်တကယ် နားလည်ပါက၊ သင့်တွင် အလုပ်အတွေ့အကြုံမရှိလျှင် သို့မဟုတ် သင်၏ တစ်ကိုယ်ရေ အတွေ့အကြုံသည် မကျယ်ပြန့်လျှင်ပင် သင်သည် အလုံးစုံအလုပ်ကို မိမိဘာသာ တာဝန်ယူနိုင်ပြီး လုပ်ငန်းကို တစ်ဦးတည်း တာဝန်ယူနိုင်ဆဲဖြစ်သည်။ သို့သော် သာမန်အစွမ်းအစရှိသော လူများသည် အလုံးစုံအလုပ်ကို မိမိဘာသာ မပြီးမြောက်နိုင်ပေ၊ ၎င်းတို့သည် ကဏ္ဍတစ်ခုတည်းပါသော အလုပ်ကိုသာ ပြီးမြောက်နိုင်ပြီး မကြာခဏ တိုက်တွန်းနှိုးဆော်မှု၊ စိစစ်ပေးခြင်း၊ အကူအညီနှင့် လမ်းပြမှုကို လိုအပ်သည်။ ထို့ကြောင့်၊ သင်တို့ထဲမှ သာမန်အစွမ်းအစရှိသော သူများအတွက် ကဏ္ဍတစ်ခုတည်းပါသော အလုပ်အချို့တွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းသည် သင်သည် ကဏ္ဍပေါင်းစုံပါသော အလုပ်အတွက် အရည်အချင်းပြည့်မီနိုင်သည် သို့မဟုတ် လုပ်ငန်းကို တစ်ဦးတည်း တာဝန်ယူနိုင်သည်ဟု ဆိုလိုသည်ဟု မထင်နှင့်။ ဤသည်မှာ ထင်ယောင်ထင်မှား ဖြစ်ခြင်းနှင့် မှားယွင်းသော နားလည်မှုတစ်ခု ဖြစ်သည်။ ကဏ္ဍတစ်ခုတည်းပါသော အလုပ်အချို့ကို သင့်ဘာသာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းနှင့် ကဏ္ဍပေါင်းစုံပါသော အလုပ်ကို သင့်ဘာသာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်း၊ ဆိုလိုသည်မှာ လုပ်ငန်းကို တစ်ဦးတည်း တာဝန်ယူနိုင်ခြင်းတို့အကြားတွင် ကွာဟချက်တစ်ခု ရှိသည်။ ဤသည်မှာ သင်တို့သည် အတွေ့အကြုံမှတစ်ဆင့် တဖြည်းဖြည်း သိရှိလာမည့်အရာ ဖြစ်သည်။ ဤစကားများသည် နားလည်ရန် လွယ်ကူမည်မဟုတ်ပေ၊ နှစ်ပေါင်းများစွာ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် အမှုထမ်းခဲ့ပြီး လက်တွေ့ကျသော အတွေ့အကြုံရှိသော သူများသာလျှင် ယင်းတို့ကို နားလည်နိုင်သည်။ သာမန် ညီအစ်ကိုမောင်နှမများ နားလည်မည်မဟုတ်ပေ၊ မှန်သလော။ ကဏ္ဍပေါင်းစုံပါသော အလုပ်ကို တာဝန်ယူခဲ့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့ကျသော အတွေ့အကြုံရှိပြီး ဤအတွင်းရှိ ကွဲပြားမှုများကို နားလည်ကြသည်၊ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ပုံတွင် စည်းမျဉ်းများ ရှိကြသည်။ သို့သော် သာမန်အစွမ်းအစရှိသော လူများသည် ဤအဆင့်သို့ စံမမီပေ။ သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များကို ဤသို့ဖြင့် အပြည့်အစုံ အကျဉ်းချုပ်သုံးသပ်ပြီးဖြစ်သည်။
ဆက်လက်၍ အစွမ်းအစ ညံ့ဖျင်းသူများ၏ သရုပ်သကန်များကို အကျဉ်းချုပ် ဖော်ပြကြပါစို့။ အစွမ်းအစ ညံ့ဖျင်းသူများ၏ သရုပ်သကန်များသည် သာမန် အစွမ်းအစရှိသူများ၏ သရုပ်သကန်များထက် ဧကန်မုချ ပို၍ဆိုးပေသည်။ အစွမ်းအစ ညံ့ဖျင်းသူများ၏ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ယင်းတို့မှာ ၎င်းတို့ကိုယ်တိုင် ရှာဖွေခြင်းအားဖြင့်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဝါကျတစ်ကြောင်းစီနှင့် အပိုဒ်တစ်ပိုဒ်စီ၏ အဓိပ္ပာယ်ကို စာသားအတိုင်း နားလည်နိုင်သည့်အပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များမှာ အဘယ်အရာဖြစ်သည်ကိုလည်း နားလည်နိုင်သော်ငြားလည်း ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများ သို့မဟုတ် ဘုရားသခင် တောင်းဆိုသော စံနှုန်းများကို လုံးဝ နားလည်သဘောမပေါက်ကြခြင်းပင် ဖြစ်၏။ ဆိုလိုသည်မှာ လူနှင့် အမှုအရာများကို မည်သို့ရှုမြင်ရမည် သို့မဟုတ် မည်သို့ ကျင့်ကြံပြုမူ၍ ပြုမူဆောင်ရွက်ရမည်ဟူသော ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများကို ၎င်းတို့ နားလည်သဘောပေါက်ခြင်း မရှိသကဲ့သို့ ပါဝင်ပတ်သက်နေသော သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုလည်း နားလည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့ဘာသာ စားသောက်သည့်အခါ ဤအရာများကို နားလည်နိုင်ခြင်းမရှိဘဲ နေ့စဉ်အသက်တာ၌ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့်အတူ အတွေ့အကြုံများ ရရှိပြီးနောက်တွင်လည်း ၎င်းတို့သည် နားလည်ခြင်းမရှိကြသေးပေ။ မိတ်သဟာယဖွဲ့ပြီးသည့်နောက်တွင်ပင် သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ ရှင်းလင်းကြခြင်း မရှိသေးပေ။ ဤကဲ့သို့သော လူစားမျိုး၌ လက္ခဏာတစ်ရပ် ရှိ၏။ ယင်းမှာ သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာ ဖြစ်သည်ကို ၎င်းတို့ နားလည်သဘောပေါက်ခြင်း မရှိသော်လည်း ၎င်းတို့၏ ခံစားချက်များကို အားကိုးခြင်းဖြင့် ပုံသေစောင့်ထိန်းရန် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို အကျဉ်းချုပ် ဖော်ပြနိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့ မှတ်မိနိုင်သောအရာများမှာ စည်းမျဉ်းစည်းကမ်းများ၊ တင်းကျပ်သော ပုံသေအယူဝါဒတစ်မျိုး သို့မဟုတ် စည်းမျဉ်တစ်စုံ ဖြစ်၏။ ဥပမာအားဖြင့် ဘုရားသခင်သည် သမ္မာတရား စည်းမျဉ်းများ၏ ရှုထောင့်တစ်ရပ်အပေါ် မိတ်သဟာယဖွဲ့လျက်၊ ဤကိစ္စနှင့်ပတ်သက်၍ လူတို့၏ အပြုသဘောဆောင်သော သရုပ်သကန်များ၊ အပျက်သဘောဆောင်သော သရုပ်သကန်များ၊ စင်ကြယ်သော သဘောပေါက်နားလည်မှုနှင့် လွဲချော်သော သဘောပေါက်နားလည်မှုတို့၏ ဥပမာများကို အခြားသော သရုပ်သကန်အမျိုးမျိုးတို့တွင် ပေး၏။ အစွမ်းအစ ညံ့ဖျင်းသူများသည် နောက်ဆုံး၌ ဤအရာမှ အဘယ်အရာကို ရရှိကြသနည်း။ ၎င်းတို့က “ယခု ကျွန်တော် သဘောပေါက်ပြီ။ ဘုရားသခင်က ဤအရာ သို့မဟုတ် ထိုအရာကို လုပ်ခွင့်မပြုပေ။ ဘုရားသခင်က ဤအရာ သို့မဟုတ် ထိုအရာကို စားခွင့်မပြုပေ။ ဘုရားသခင်က ဤစကားလုံးများ၊ ထိုစကားလုံးများကို ပြောဆိုခွင့်မပြုပေ၊ သို့မဟုတ် ထိုအသုံးအနှုန်းများကိုလည်း အသုံးပြုခွင့်မပြုပေ” ဟု ဆိုကြ၏။ ဤသည်မှာ ၎င်းတို့ မှတ်မိသောအရာဖြစ်ပြီး ယင်းတို့သည် သမ္မာတရား စည်းမျဉ်းများဖြစ်သည်ဟု ထင်မှတ်ကာ ဤအရာကို တစ်သဝေမတိမ်း လိုက်နာစောင့်ထိန်းကြ၏။ ၎င်းတို့သည် ဤစည်းမျဉ်းစည်းကမ်းများ၊ အဆိုအမိန့်များနှင့် ပြုမူပုံနည်းလမ်းများကို လိုက်နာစောင့်ထိန်းပါက သမ္မာတရား စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း ဖြစ်သည်ဟု ယုံကြည်ကြ၏။ ဤသည်မှာ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းမျှသာ ဖြစ်ကြောင်း သင်က ၎င်းတို့ကို မည်မျှပင် ပြောစေကာမူ၊ ၎င်းတို့သည် လက်ခံကြမည်မဟုတ်ပေ။ ၎င်းတို့သည် ဤစည်းမျဉ်းစည်းကမ်းများကို မလျှော့တမ်း လိုက်နာစောင့်ထိန်းကြပြီး ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြ၏။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော ထိုကဲ့သို့သော လူများကို ကိုင်တွယ်ရန် နည်းလမ်းမရှိပေ။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းလိုလျှင် စောင့်ထိန်းစေလော့။ ၎င်းတို့၏ ရည်ရွယ်ချက်များ မမှားယွင်းသရွေ့ အဆင်ပြေ၏။ ဥပမာအားဖြင့် တစ်ချိန်က ငါသည် “သင်တို့ ဆုတောင်းသောအခါ ရိုသေကိုင်းရှိုင်းရမည်။ ပေါ့ပေါ့ဆဆ မဆုတောင်းရ။ သင့်တော်သော ပတ်ဝန်းကျင်များတွင် ဒူးထောက်၍ ဆုတောင်းခြင်း၊ ဘုရားသခင်၏ ရှေ့တော်၌ ပျပ်ဝပ်၍ ဆုတောင်းခြင်းသည် အကောင်းဆုံးဖြစ်ပြီး ဆုတောင်းနေစဉ်အတွင်း သင်တို့သည် ဘုရားသခင်၏ ရှေ့တော်၌ မိမိကိုယ်ကို ငြိမ်သက်စေရမည်ဖြစ်ပြီး အာရုံစူးစိုက်သော စိတ်နှလုံးဖြင့် ဆုတောင်းရမည်။ ဤသည်မှာ ရိုသေကိုင်းရှိုင်းခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်း ဖြစ်၏”ဟု ပြောခဲ့သည်။ အစွမ်းအစ ညံ့ဖျင်းသူများသည် ဤစကားကို ကြားပြီးနောက် စည်းမျဉ်းစည်းကမ်းတစ်ခုတည်းကိုသာ မှတ်မိကြ၏။ “ရိုသေကိုင်းရှိုင်းခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဆုတောင်းရန် လူတစ်ဦးသည် ဒူးထောက်ရမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဆုတောင်းရန် ဒူးထောက်ရခြင်းကို သမ္မာတရား စည်းမျဉ်းတစ်ခုအဖြစ် သဘောထားပြီး ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယုံကြည်ကာ ထိုအတိုင်း လိုက်နာစောင့်ထိန်းကြ၏။ ထို့ကြောင့် ပတ်ဝန်းကျင် မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် မရမက ဒူးထောက်၍ ဆုတောင်းကြ၏။ အစာစားချိန်၌ ဆုတောင်းလိုသည့်အခါတွင်ပင် ၎င်းတို့သည် စားပွဲအောက်၌ ဒူးထောက်၍ ဆုတောင်းကြ၏။ လယ်ကွင်းများထဲ၌ အလုပ်လုပ်နေစဉ် မြေကြီးသည် မည်မျှ ညစ်ပတ်နေသည်ဖြစ်စေ၊ မြေဆီလွှာထဲ၌ အဘယ်အရာ ရှိနေနိုင်သည်ဖြစ်စေ ၎င်းတို့သည် ဒူးထောက်၍ ဆုတောင်းကြ၏။ ဘာသာတရား မရှိသူများကြားတွင် ရှိနေစဉ် ကပ်ဘေးများ သို့မဟုတ် အကြီးစား ဖြစ်ရပ်များနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းလိုလျှင် လျှို့ဝှက်သောနေရာတစ်ခုကို ရှာဖွေ၍ ဒူးထောက်ကာ ဆုတောင်းရ၏။ ဤသို့ ဆုတောင်းခြင်းကသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ဟု ၎င်းတို့ ယုံကြည်ကြသောကြောင့် အခြေအနေ မည်သို့ပင်ရှိစေကာမူ ၎င်းတို့သည် ဒူးထောက်၍ ဆုတောင်းရ၏။ ဤသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ထင်မှတ်ကြ၏။ ထို့ပြင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားတရား အကိုင်းရှိုင်းဆုံးသောသူများ၊ ဘုရားသခင်၏ လမ်းခရီးကို အနီးကပ်ဆုံး လိုက်လျှောက်သူများ၊ သမ္မာတရားကို အချစ်ဆုံးသူများနှင့် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကျိုးနွံနာခံနိုင်ဆုံးသော သူများအဖြစ် ရှုမြင်ကြ၏။ သင်မြင်သလော၊ ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းသူများ၏ သရုပ်သကန်များ ဖြစ်ကြ၏။ ဤကဲ့သို့သော လူစားမျိုးသည် သဘောပေါက်နားလည်နိုင်စွမ်းတွင် ညံ့ဖျင်းပြီး ပြဿနာရှိ၏။ ၎င်းတို့သည် စည်းမျဉ်းများကို ဝါကျတစ်ကြောင်း သို့မဟုတ် စည်းမျဉ်းစည်းကမ်းတစ်ခုအပေါ်၌ အစဉ်သဖြင့် တစ်သဝေမတိမ်း ပုံသေ သတ်မှတ်ထားကြ၏။ ၎င်းတို့သည် သမ္မာတရားကို နားလည်ရန် စကားလုံးများနှင့် အသိပညာကို နားလည်သည့် နည်းလမ်းကို အသုံးပြုကြပြီး စည်းမျဉ်းစည်းကမ်းများ၊ စကားလုံးများ၊ အဆိုအမိန့်များနှင့် လုပ်ရိုးလုပ်စဉ်များကို လိုက်နာစောင့်ထိန်းခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြသည်မှာလည်း ပြောစရာမလိုပေ။ သင်သည် သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍ မည်မျှပင် မိတ်သဟာယဖွဲ့စေကာမူ ယင်းတို့ကို ကြားပြီးနောက် ၎င်းတို့သည် ယင်းတို့ကို ဝါကျများ၊ စည်းမျဉ်းစည်းကမ်းများ၊ ပြုမူပုံနည်းလမ်းများ၊ သို့မဟုတ် ကြွေးကြော်သံများအဖြစ်သာ ထင်မှတ်ကြ၏။ ၎င်းတို့အဖို့ ယင်းသည် စည်းမျဉ်းများကို လိုက်နာခြင်းမျှသာ ဖြစ်၏။ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ဤမျှ ရိုးရှင်းသည်ဟုလည်းကောင်း၊ လုပ်နိုင်သောအရာနှင့် မလုပ်နိုင်သောအရာကို လိုက်နာစောင့်ထိန်းခြင်းမျှသာ ဖြစ်သည်ဟုလည်းကောင်း ရှုမြင်ကြပြီး ထိုမျှသာ ဖြစ်လေ၏။
အစွမ်းအစ ညံ့ဖျင်းသော လူများသည် လူများနှင့် အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းတို့တွင် အရာခပ်သိမ်းကို အကဲဖြတ်ပြီး ချဉ်းကပ်ရန် စည်းမျဉ်းစည်းကမ်းများကို အသုံးပြုကြသည်။ ပြင်ပပတ်ဝန်းကျင်နှင့် အနီးအနားရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ မည်သို့ပင် ပြောင်းလဲစေကာမူ ၎င်းတို့သည် ပြောင်းလဲခြင်းမရှိဘဲ စည်းမျဉ်းစည်းကမ်း တစ်ခုတည်းကိုသာ ဇွဲနဘဲနှင့် ပုံသေစောင့်ထိန်းကြသည်။ သင်က ၎င်းတို့သည် သမ္မာတရားကို မချစ်ကြကြောင်းနှင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြကြောင်း ပြောဆိုပါက ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် နစ်နာသည်ဟု ခံစားကြရသည်။ ၎င်းတို့က “ကျွန်ုပ်သည် များစွာ စွန့်လွှတ်ခဲ့ပြီးဖြစ်သည်၊ များစွာသော ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခဲ့ပြီးဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို လိုက်နာစောင့်ထိန်းခဲ့ပြီး ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို လက်တွေ့လုပ်ဆောင်ခဲ့ပြီးဖြစ်သည်၊ သို့ဖြစ်ပါလျက် အဘယ်ကြောင့် ကျွန်ုပ်သည် သမ္မာတရားကို မချစ်ကြောင်းနှင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြောင်း သင် ပြောရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းသည်ဟုပင် သင် ပြောရသနည်း။ ကျွန်ုပ် နစ်နာပါတကား” ဟု ပြောဆိုကြသည်။ ၎င်းတို့က ထိုသို့သော စကားများကို ပြောဆိုနိုင်သည်မှာ မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ အစွမ်းအစ ညံ့ဖျင်းသော လူများ၏ အဓိက သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ မည်သည့်နည်းလမ်းများဖြင့် ၎င်းတို့၏ အစွမ်းအစက ညံ့ဖျင်းနေသနည်း။ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း လုံးဝကင်းမဲ့နေသောကြောင့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာကိုမဆို မည်မျှပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့အတွက်မူ ယင်းမှာ စည်းမျဉ်းတစ်ခုထက် နောက်ဆုံးတွင် ပြုမူဆောင်ရွက်ခြင်း လုပ်ရိုးလုပ်စဉ်တစ်ခု၊ စည်းကမ်းချက်တစ်ခု၊ စကားစုတစ်ခု သို့မဟုတ် လုပ်ရိုးလုပ်စဉ်တစ်ခု အဖြစ်သို့ ရောက်သွားသည်။ တစ်စုံတစ်ဦးက ၎င်းတို့၏ ထိုစည်းကမ်းချက်ကို ချိုးဖောက်သည့် ဝါကျတစ်ကြောင်းကို ပြောဆိုပါက သို့မဟုတ် ဝေါဟာရတစ်ခုကို အသုံးပြုပါက ၎င်းတို့အတွက်မူ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဒုက္ခများလှ၏။ သို့ဖြစ်၍ အစွမ်းအစ ညံ့ဖျင်းသော လူများသည် တစ်ဖက်တွင် မိမိတို့ကိုယ်တိုင် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ကြောင်း ဆုံးဖြတ်ရန် အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ရိုးလုပ်စဉ်အမျိုးမျိုး၊ စကားလုံးသက်သက်များနှင့် ပြုမူဆောင်ရွက်ခြင်းပုံစံများကို အသုံးပြုကြသည်။ ထို့အပြင် အခြားသော ဒုက္ခများသည့် ကိစ္စတစ်ခု ရှိသေးသည်၊ ၎င်းတို့သည် မိမိတို့ မကြာခဏ ပြောဆိုလေ့ရှိသော အယူဝါဒများနှင့် မိမိတို့ မကြာခဏ လိုက်နာစောင့်ထိန်းလေ့ရှိသော စည်းမျဉ်းစည်းကမ်းများ၊ ပြုမူဆောင်ရွက်ခြင်း ပုံစံများကို အသုံးပြု၍ အခြားသူများကို အကဲဖြတ်ရန်နှင့် ဘုရားသခင်ကိုပင် အကဲဖြတ်ရန် ပြုလုပ်လေ့ရှိကြသည်။ အကဲဖြတ်ခြင်းအပြင် ၎င်းတို့သည် အခြားသူများနှင့် ဘုရားသခင်ကို မကြာခဏ ဝေဖန်ကဲ့ရဲ့လေ့ရှိကြသည့်အပြင် အခြားသူများနှင့် ဘုရားသခင်ကို ဘောင်ခတ်လေ့ရှိကြသည်။ ဥပမာအားဖြင့် တစ်ချိန်က “ငါသည် ယေဘုယျအားဖြင့် အအေးစာများကို မစားရဲပေ။ ယင်းတို့ကို စားပြီးနောက်တွင် ငါ၏ အစာအိမ်က မခံနိုင်ပေ၊ သို့ဖြစ်၍ ငါသည် ဤအစိမ်းများနှင့် အအေးစာများကို အခြေခံအားဖြင့် မစားပေ” ဟု ငါ ပြောခဲ့ဖူးသည်။ အစွမ်းအစ ညံ့ဖျင်းသော လူတစ်ဦးက ဤသည်ကို ကြားပြီး “ယခု သင့်ကို ကျွန်ုပ် နားလည်ပါပြီ။ နောင်တွင် သင့်အား အစိမ်းများနှင့် အအေးစာများ မပေးမိစေရန် ကျွန်ုပ် သတိထားရပါမည်။ မည်သည့်အခြေအနေမျိုးတွင် ဖြစ်ပါစေ သင့်ကို အစိမ်းများနှင့် အအေးစာများ မည်သည့်အခါမျှ မကျွေးတော့ပါ” ဟု ပြောဆိုခဲ့သည်။ သို့သော် နွေခေါင်ခေါင်သို့ ရောက်ရှိပြီး ရာသီဥတု အလွန်ပူပြင်းကာ လယ်တောထဲရှိ စတော်ဘယ်ရီသီးများ မှည့်နေခဲ့ပြီး တစ်နေ့တွင် ငါသည် လယ်တောထဲ၌ စတော်ဘယ်ရီသီး နှစ်လုံး စားခဲ့သည်ကို မြင်သောအခါ သူ၌ အတွေးများ ရှိလာသည်၊ “သင်သည် အစိမ်းများနှင့် အအေးစာများကို မည်သည့်အခါမျှ မစားဘူး မဟုတ်လော။ စတော်ဘယ်ရီသီးများက အေးသည် မဟုတ်လော။ အအေးစာများကို စားခြင်းက သင်၏ အစာအိမ်ကို မအီမသာဖြစ်စေသည်ဟု သင် ယခင်က ပြောခဲ့သည် မဟုတ်လော။ သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် ယနေ့ စတော်ဘယ်ရီသီးများကို စားနေရသနည်း။ သင်သည် လိမ်ညာနေခြင်း မဟုတ်လော” ဟူ၍ ဖြစ်သည်။ သူသည် ဤသို့ သူ၏ စိတ်နှလုံးထဲတွင် စဉ်းစားခဲ့သည်၊ သူ အသံထွက် မပြောခဲ့ခြင်းသာ ဖြစ်သည်။ ငါ့ကို ပြောလော့၊ အမှုအရာများအပေါ် သူ၏ အမြင်သည် တိကျခဲ့သလော။ (မဟုတ်ပါ။) မည်သို့ မတိကျခဲ့သနည်း။ (သူသည် ဘုရားသခင် ပြောဆိုခဲ့သည့် ရှေ့နောက်စကား အဆက်အစပ်ကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ဘုရားသခင်၏ စကားတစ်ခွန်းကို အမှုအရာများကို အကဲဖြတ်ရန် စည်းမျဉ်းစည်းကမ်းတစ်ခုအဖြစ် မှတ်ယူခဲ့ပါသည်။) သူသည် ငါ၏ ဤစကားများက မည်သည့်အရာကို ရည်ညွှန်းသည်ကို မသိခဲ့ပေ။ ပုံမှန်အခြေအနေများအောက်တွင် အစိမ်းများနှင့် အအေးစာများကို စားခြင်းက ငါ၏ အစာအိမ်ကို မအီမသာဖြစ်စေသော်လည်း ခြွင်းချက်များ ရှိသည်။ ဥပမာအားဖြင့် ငါသည် ကာယအလုပ်တစ်ခုခု လုပ်ဆောင်ခဲ့ပြီး ငါ၏ ခန္ဓာကိုယ် ပူနွေးနေချိန်တွင် အပူချိန် ဒီဂရီသုံးဆယ်ခန့်အထိ ရောက်ရှိသော ပူပြင်းသည့် ရာသီဥတုနှင့် ပေါင်းစပ်ကာ ထိုအစိမ်းများနှင့် အအေးစာများက မခဲနေသောအခါ ထိုသို့သော အခြေအနေများတွင် ငါသည် အနည်းငယ် စားသုံးနိုင်သည်။ ငါ လုံးဝ မစားနိုင်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ငါက “မစားနိုင်” ဟု ပြောသောအခါ ငါသည် သာမန်အခြေအနေများကို ရည်ညွှန်းနေခြင်း ဖြစ်သည်၊ အလွန်ပူပြင်းသော နွေရာသီဥတုတွင် ငါသည် အနည်းငယ် စားရသည်ကို အဆင်ပြေပါသည်။ အစွမ်းအစ ညံ့ဖျင်းသော ထိုသူသည် ဤစကားများကို နားမလည်နိုင်ခဲ့ပေ။ သူသည် ယင်းတို့ကို ကြားသောအခါ စည်းမျဉ်းစည်းကမ်းတစ်ခု သို့မဟုတ် ပုံသေနည်းတစ်ခုအဖြစ် သဘောထားခဲ့သည်။ အထူးအခြေအနေများ ပေါ်ပေါက်လာသောအခါ သူသည် ယင်းတို့ကို ဤပုံသေနည်းနှင့် အံဝင်ခွင်ကျဖြစ်စေရန် ကြိုးစားနေဆဲ ဖြစ်သည်။ ယင်းတို့က မကိုက်ညီသည်ကို သူ မြင်သောအခါ သူ နားမလည်နိုင်တော့ပေ၊ “သင်သည် အစိမ်းများနှင့် အအေးစာများကို မစားနိုင်ဟု ပြောခဲ့သည် မဟုတ်လော။ ယခု အဘယ်ကြောင့် စားရသနည်း။ သင်သည် လိမ်ညာနေခြင်း မဟုတ်လော” ဟူ၍ ဖြစ်သည်။ ငါ၏ စကားများကို သူ နားမလည်နိုင်ခြင်းနှင့်ပတ်သက်၍ သူ၏ ချို့ယွင်းချက်မှာ မည်သည့်နေရာတွင် ရှိသနည်း။ (သူ့တွင် သဘောပေါက်နားလည်နိုင်စွမ်း မရှိခဲ့ပါ။) သူ၏ ချို့ယွင်းချက်မှာ ပတ်ဝန်းကျင်၏ ပြောင်းလဲမှုများနှင့် အထူးအခြေအနေများအပေါ် အခြေခံ၍ ဤကိစ္စရပ်ကို ဝေဖန်သုံးသပ်ရန်နှင့် နားလည်သဘောပေါက်ရန် မစွမ်းဆောင်နိုင်ခြင်းတွင် တည်ရှိသည်။ လုံလောက်သော အစွမ်းအစရှိသည့် လူတစ်ဦးက ဤသည်ကို မြင်ပါက အလုပ်လုပ်ပြီးနောက် ငါ၏ ခန္ဓာကိုယ် ပူနွေးနေချိန်တွင် ပူပြင်းသော ရာသီဥတုနှင့် ဤအသီးများက သိပ်မအေးသည့်အချက်တို့နှင့် ပေါင်းစပ်ကာ အနည်းငယ် စားသုံးခြင်းသည် ငါ့အတွက် ပြဿနာမဟုတ်ကြောင်းနှင့် ဤသည်မှာ အလွန် ပုံမှန်ဖြစ်ကြောင်းကို ၎င်းတို့ သိကြလိမ့်မည်။ ၎င်းတို့သည် ဤကိစ္စရပ်ကို နားလည်နိုင်ပြီး သဘောပေါက်နိုင်သည်။ သို့သော် အစွမ်းအစ ညံ့ဖျင်းသော လူတစ်ဦးမှာမူ ယင်းကို သဘောမပေါက်နိုင်ပေ၊ ၎င်းတို့သည် ဤအချက်တွင် တစ်နေကြပြီး မိမိတို့၏ စိတ်နှလုံးထဲတွင် အယူအဆများ ဖြစ်ပေါ်လာကြသည်။ အယူအဆများ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အကျိုးဆက်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းက ၎င်းတို့ကို ဝေဖန်သုံးသပ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းဆီသို့ အလွယ်တကူ ဦးတည်စေသည်။ ဤသည်မှာ မှန်ကန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မှန်ပေသည်၊ ဤသေးငယ်သော ကိစ္စရပ်မှာ ကြီးမားသော ပြဿနာတစ်ခု မဟုတ်သော်လည်း ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ယင်းကို လက်မလွှတ်နိုင်ကြပေ၊ “ဤသည်မှာ လိမ်ညာခြင်း မဟုတ်လော။ သို့ဆိုလျှင် သင်သည်လည်း လိမ်ညာပါတကား” ဟူ၍ ဖြစ်သည်။ သင် မြင်သလော၊ ၎င်းတို့သည် ဤအလွန်သေးငယ်သော ကိစ္စရပ်အပေါ်၌ပင် ဘောင်ခတ်ပြီး ဝေဖန်သုံးသပ်ရာတွင် လျင်မြန်ကြသည်။ ပြီးလျှင် ဤသည်မှာ ကြီးမားသော ပြဿနာများကို မထိတွေ့မီပင် ဖြစ်သည်၊ ၎င်းတို့သည် အယူအဆများ ဖြစ်ပေါ်ပြီးဖြစ်နေသည်။ အစွမ်းအစ ညံ့ဖျင်းသော လူများသည် ထိုသို့သော သေးငယ်သည့် ကိစ္စရပ်များကိုပင် ထိုးထွင်းမမြင်နိုင်ကြသည့်အပြင် မည်သည့်ပိုင်းခြားသိမြင်မှုမျှ လုံးဝမရှိကြပေ။ ၎င်းတို့သည် မည်သည့်ပြဿနာကို ရှုမြင်နေသည်ဖြစ်စေ စည်းမျဉ်းစည်းကမ်းများကို တစ်သဝေမတိမ်း အသုံးချကြသည်။ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းနိုင်သူများသာ သမ္မာတရားရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် သမ္မာတရား၏ စည်းမျဉ်းများနှင့် မည်သို့ပင် ကိုက်ညီနေစေကာမူ ထိုသို့သော လူများ၏ အယူအဆများနှင့် စိတ်ကူးများနှင့် ဆန့်ကျင်နေသရွေ့၊ ၎င်းတို့ အသိအမှတ်ပြုထားသော စည်းမျဉ်းစည်းကမ်းများနှင့် တိုက်ဆိုင်နေသရွေ့ ၎င်းတို့သည် သင့်ကို မိမိတို့၏ စိတ်နှလုံးထဲတွင် ဝေဖန်သုံးသပ်ပြီး ပြစ်တင်ရှုတ်ချကြလိမ့်မည်။ ၎င်းတို့ အသံထွက် မပြောဆိုလျှင်ပင် သင့်အပေါ် အယူအဆများ သို့မဟုတ် အာဃာတများ ဖြစ်ပေါ်လာကြလိမ့်မည်။ ဤအစွမ်းအစ ညံ့ဖျင်းသော လူများသည် မည်မျှပင် တရားဒေသနာများကို ကြားရသည်ဖြစ်စေ သို့မဟုတ် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာများကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ အရာခပ်သိမ်းကို ပြောဆိုချက်တစ်ခုတည်း၊ ပြုမူဆောင်ရွက်ခြင်းပုံစံတစ်ခုတည်း သို့မဟုတ် စည်းမျဉ်းစည်းကမ်းတစ်ခုတည်းအဖြစ်သို့ အစဉ်သဖြင့် လျှော့ချကြပြီး ၎င်းတို့သည် ဤပြောဆိုချက်များ၊ ပြုမူဆောင်ရွက်ခြင်းပုံစံများနှင့် စည်းမျဉ်းစည်းကမ်းများကို အလွန် စိတ်အားထက်သန်စွာဖြင့် ပုံသေစောင့်ထိန်းကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများ ဖြစ်သည်ဟုပင်၊ သမ္မာတရားကို အမှန်တကယ် ကျိုးနွံနာခံပြီး ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့သည်ဟုပင် ယုံကြည်ကြသည်။ ၎င်းတို့သည် တစ်ခါတစ်ရံ မိမိတို့ကိုယ်ကို မျက်ရည်ကျသည်အထိပင် စိတ်လှုပ်ရှားစေလျက် ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သည်ဟုလည်းကောင်း၊ လောကတွင် ၎င်းတို့ထက် ဘုရားသခင်ကို ပို၍ချစ်သောသူ မည်သူမျှမရှိဟုလည်းကောင်း တွေးထင်ကြသည်။ လက်တွေ့တွင်မူ ၎င်းတို့ ပုံသေစောင့်ထိန်းသည့်အရာမှာ စည်းမျဉ်းစည်းကမ်း တစ်ခုတည်း သို့မဟုတ် ပြုမူဆောင်ရွက်ခြင်း ပုံစံတစ်ခုတည်းမျှသာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ လက်တွေ့လုပ်ဆောင်မှုကို ဤနည်းလမ်းဖြင့် လုပ်ဆောင်ကြပြီး ပြောင်းလဲခြင်းမရှိဘဲ ယင်း၌ ဇွဲဖြင့် လုပ်ဆောင်နိုင်ကြကာ မိမိတို့သည် သမ္မာတရားကို ရရှိပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရပြီးဖြစ်ကြောင်း ယုံကြည်ကြသည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ ဒုက္ခများသည် မဟုတ်လော။ (ဟုတ်ပါသည်။)
သင်တို့သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းသော လူများ၏ ဥပမာများကို မကြာခဏ မြင်တွေ့ရသလော။ (မြင်တွေ့ရပါသည်။) ဥပမာအားဖြင့် သင်က ထမင်းချက်အား ရာသီဥတု ပိုပူလာနေသောကြောင့် နေ့စဉ် အအေးခံဆေးဖက်ဝင် ရေနွေးကြမ်းအချို့ ပြင်ဆင်သင့်ကြောင်း သို့မဟုတ် အအေးဖျော်ရည်အချို့ ပြုလုပ်သင့်ကြောင်းနှင့် လူတို့၏ အစာစားချင်စိတ်ကို လှုံ့ဆော်ရန် အစားအစာများ ပြင်ဆင်သောအခါ အနောက်တိုင်းသားများက အသုပ်ဟု ရည်ညွှန်းသည့်အရာဖြစ်သည့် အအေးစာ ဟင်းလျာအချို့ကို တည်ခင်းသင့်ကြောင်း ပြောဆိုသည်။ အစွမ်းအစ ညံ့ဖျင်းသော လူတစ်ဦးက ဤသည်ကို အလွတ်ကျက်မှတ်ထားသည်၊ ရာသီဥတု အလွန်ပူသောအခါ လူတို့သည် အအေးစာဟင်းလျာများ စားသုံးသင့်ပြီး အအေးဖျော်ရည်များ သောက်သုံးသင့်သည်ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဤသည်ကို ကောင်းစွာ မှတ်မိပြီး လုံ့လဝီရိယဖြင့် လိုက်နာစောင့်ထိန်းသည်။ သို့ရာတွင် တစ်နေ့တွင် အပူချိန် ကျဆင်းသောအခါ ၎င်းတို့သည် အေးသည်ဖြစ်စေ၊ မအေးသည်ဖြစ်စေ လျစ်လျူရှုပြီး “ယခု နွေရာသီဖြစ်သောကြောင့် ကျွန်ုပ်သည် အအေးစာများနှင့် အအေးဖျော်ရည်များကို ပြုလုပ်ရပေမည်။ ကိုယ်တော်တို့ အပြည့်အဝ သုံးဆောင်၍ လုံးဝ အေးမြသွားစေရန် ကျွန်ုပ်သည် ယင်းတို့ကို နေ့စဉ် ပြုလုပ်ပေးမည်။ အပူချိန် ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ကျွန်ုပ် ဂရုမစိုက်ပေ” ဟု တွေးထင်သည်။ ၎င်းတို့သည် အအေးစာဟင်းလျာများ ပြုလုပ်သည်သာမက ခေါက်ဆွဲအတွက်ပင် ရေအေးဖြင့် ဆေးကြောပြီးနောက် အစားအစာနှင့်အတူ အအေးဖျော်ရည်များ တည်ခင်းကာ ရေခဲတုံးအနည်းငယ်ပင် ထည့်လိုက်သေးသည်။ အချို့လူများက ဤသည်ကို မြင်သောအခါ “ယနေ့ အလွန် ချမ်းအေးလှ၏။ သင်သည် အဘယ်သို့လျှင် အအေးစာဟင်းလျာများကို ပြုလုပ်နေနိုင်သေးသနည်း။ ထို့ပြင် အအေးဖျော်ရည်များထဲသို့ ရေခဲတုံးများပင် ထည့်ထားသေး၏။ သင်သည် ကျွန်ုပ်တို့ကို အေးခဲသွားစေရန် ကြိုးစားနေသလော” ဟု ပြောဆိုကြသည်။ ထမင်းချက်သူက နာကျင်စွာ ခံစားရပြီး “ကျွန်ုပ်သည် ထိုမျှပင် ယုတ်မာသလော။ နွေရာသီသည် အလွန် ပူပြင်းလှ၏။ ကျွန်ုပ်သည် လူတိုင်း အေးမြသွားစေရန်နှင့် အနည်းငယ် ပို၍ စားသုံးနိုင်ရန် ကူညီပေးနေခြင်းသာ မဟုတ်လော။ ဤသည်မှာ စည်းမျဉ်းများကို လိုက်နာခြင်းနှင့် လူတိုင်းကို အလေးထားခြင်းပင် မဟုတ်လော။ ကျွန်ုပ်သည် အဘယ်မှာ မှားယွင်းနေသနည်း။ ယခု သင်တို့က ကျွန်ုပ်သည် သင်တို့ကို အေးခဲသွားစေရန် ကြိုးစားနေသည်ဟု ဆိုကြပြန်ရာ ကျွန်ုပ်သည် အမှန်တကယ်ကို အကျင့်သီလ ကင်းမဲ့နေသလော။ ကျွန်ုပ်၏ လူ့သဘာဝသည် အမှန်တကယ်ကို ညံ့ဖျင်းနေသလော။ သင်တို့အားလုံးသည် ကျွန်ုပ်အပေါ် အလွန်အမင်း အလေးထားမှု ကင်းမဲ့လှပေ၏” ဟု ပြောဆိုသည်။ ထိုနည်းဖြင့် အစားအစာ ပြုလုပ်ခြင်းအားဖြင့် ၎င်းတို့သည် စည်းမျဉ်းများကို လိုက်နာနေခြင်းလော။ ဤနေရာရှိ စည်းမျဉ်းမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ရာသီဥတုနှင့် အပူချိန်အရ အစားအသောက်ကို ချိန်ညှိရန် ဖြစ်သည်။ နွေရာသီတွင် ရာသီဥတု ပူသောအခါ လူတို့၏ အစာစားချင်စိတ်ကို လှုံ့ဆော်နိုင်သော အတော်အသင့် အေးသည့် အစားအစာများ သို့မဟုတ် ဖျော်ရည်များကို သုံးဆောင်ခြင်းသည် စည်းမျဉ်းတစ်ခု မဟုတ်လော။ ယင်းမှာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ သို့သော် ယခု အပူချိန် ရုတ်တရက် ကျဆင်းသွားသောအခါ ဤစည်းမျဉ်းကို မည်သို့ အသုံးချသင့်သနည်း။ (အပူချိန် ရုတ်တရက် ကျဆင်းသွားသောအခါ ထမင်းချက်သည် ယခင်က အကြံပြုထားသကဲ့သို့ အအေးစာဟင်းလျာများ သို့မဟုတ် အသုပ်များ ပြင်ဆင်ခြင်းကို ဆက်လုပ်နေ၍ မရတော့ဘဲ ရာသီဥတုအရ ချိန်ညှိရမည်ဖြစ်ပြီး ပူပူနွေးနွေး အစားအသောက်များကိုသာ ပြုလုပ်ရမည်ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်း၍ မရနိုင်ပါ။) မှန်ပေသည်။ နွေရာသီတွင် ရာသီဥတု ရံဖန်ရံခါ အေးသွားသောအခါ သင်သည် နွေရာသီတွင် အအေးစာဟင်းလျာများနှင့် အအေးဖျော်ရည်များ ဆက်ပြုလုပ်နေ၍ မရနိုင်ပေ၊ သင်သည် ဤစည်းမျဉ်းစည်းကမ်းကို ပုံသေစောင့်ထိန်း၍ မရနိုင်ပေ။ အပူချိန် ရုတ်တရက် ကျဆင်းသွားသောအခါ လူတို့ စားသုံးသည့် အစားအသောက်သည်လည်း ချက်ချင်း ပြောင်းလဲရမည်ဖြစ်သည်။ အအေးစာဟင်းလျာများနှင့် အအေးဖျော်ရည်များကို ဆက်လက် မပြုလုပ်သင့်တော့ဘဲ ရေခဲတုံးများကိုလည်း လုံးဝ မထည့်သင့်တော့ပေ။ ထိုအစား သင်သည် ပူပူနွေးနွေး ဟင်းလျာများကို ချက်ပြုတ်သင့်သည်၊ ပူပူနွေးနွေး ခေါက်ဆွဲအချို့ ပြုလုပ်သင့်သည်၊ အပူချိန်နှင့် ရာသီဥတုအရ အစားအသောက်ကို ချိန်ညှိရမည်ဖြစ်သည်။ ဤသည်မှာ စည်းမျဉ်း ဖြစ်သည်။ သို့သော် အစွမ်းအစ ညံ့ဖျင်းသော လူမှာမူ နွေရာသီဖြစ်နေသရွေ့ အပူချိန် သို့မဟုတ် ရာသီဥတု အခြေအနေများကို မည်သို့ပင်ဖြစ်စေ ထည့်မစဉ်းစားဘဲ အအေးဖျော်ရည်များနှင့် အအေးစာဟင်းလျာများ ပြုလုပ်ခြင်းကို စွဲကိုင်ထားသည်၊ ဤနေရာရှိ ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ (စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း ဖြစ်ပါသည်။) ဤသည်မှာ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း ဖြစ်ပြီး အခြေအနေများအရ စည်းမျဉ်းများကို အလိုက်သင့် အသုံးမချနိုင်ခြင်း ဖြစ်သည်။ ဤသည်တို့မှာ အမှုအရာများကို လုပ်ဆောင်ပုံနှင့်ပတ်သက်၍ အစွမ်းအစ ညံ့ဖျင်းသော လူများ၏ သရုပ်သကန်များ ဖြစ်သည်၊ ၎င်းတို့သည် ပြောဆိုချက်တစ်ခုကို မှတ်ထားပြီး ယင်းကို ပုံသေစောင့်ထိန်းရန် စည်းမျဉ်းစည်းကမ်းတစ်ခုအဖြစ် သဘောထားကြကာ ပတ်ဝန်းကျင်၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ မည်သို့ပင် ပြောင်းလဲစေကာမူ ကိစ္စရပ်များကို ကိုင်တွယ်ရန် စည်းမျဉ်းများကို အလိုက်သင့် အသုံးမချနိုင်ကြပေ။ အမှန်တကယ်တွင် အစားအသောက်နှင့်ပတ်သက်၍ စည်းမျဉ်းများ ချမှတ်ခြင်းဖြင့် ရရှိရမည့် ရလဒ်မှာ လူတို့သည် မိမိတို့၏ ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်စေသည့် နည်းလမ်းဖြင့် စားသုံးကြရန် သေချာစေဖို့ ဖြစ်သည်။ ထိုသို့သော စည်းမျဉ်းများသည် စည်းမျဉ်းစည်းကမ်းများ လုံးဝမဟုတ်ပေ။ သို့ရာတွင် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းသူများမှာမူ အပူချိန် သို့မဟုတ် ရာသီဥတုကို ထည့်မစဉ်းစားဘဲ သင် စားသုံးရသည်မှာ သက်သောင့်သက်သာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဂရုမစိုက်ဘဲ နွေရာသီဖြစ်နေသရွေ့ အအေးစာဟင်းလျာများနှင့် အအေးဖျော်ရည်များ ပြုလုပ်ခြင်းကို စွဲကိုင်ထားကြသည်၊ ဤသည်ကို စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းဟု ခေါ်သည်။ စည်းမျဉ်းများအရ လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ လုပ်ဆောင်သမျှ အရာအားလုံးသည် ထိုနောက်ဆုံးသော ကောင်းမွန်သည့် ရလဒ်ကို ရရှိရန် အဓိကထား လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ သို့ရာတွင် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းမှာမူ ရလဒ်ကို လျစ်လျူရှုပြီး လုပ်ရိုးလုပ်စဉ်များနှင့် ပြုမူဆောင်ရွက်ခြင်းပုံစံများကိုသာ အဓိကထားသည်။ ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းသော လူများက ပြဿနာများကို ကိုင်တွယ်ပုံ အတိအကျ ဖြစ်သည်၊ မည်သည့်အမှုအရာများ ပေါ်ပေါက်လာသည်ဖြစ်စေ ၎င်းတို့သည် ယင်းတို့ကို ကိုင်တွယ်ရန် ဤချဉ်းကပ်နည်းတစ်ခုတည်းကိုသာ အသုံးပြုကြသည်။
အစွမ်းအစ ညံ့ဖျင်းသော လူများသည် မိမိတို့ ကြုံတွေ့ရသည့် မည်သည့်အရာကိုမျှ ထိုးထွင်းမမြင်နိုင်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ သို့မဟုတ် တရားဒေသနာများကို နားထောင်သည့်အခါတွင်ပင် ၎င်းတို့၏ သဘောပေါက်နားလည်ခြင်းသည် လွဲချော်မှုအချို့ ပါဝင်ပြီး သွေဖည်မှုများကို မလွဲမသွေ ပါဝင်သည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများနှင့် လုံးဝကွဲပြားခြားနားသော စည်းမျဉ်းစည်းကမ်းတစ်ခု၊ ပြုမူဆောင်ရွက်ခြင်း လုပ်ရိုးလုပ်စဉ်တစ်ခု သို့မဟုတ် ဓလေ့ထုံးတမ်းတစ်ခုကို ပုံသေစောင့်ထိန်းကြသဖြင့် များစွာသော လွဲချော်သည့်အရာများ ပေါ်ပေါက်လာသည်။ မည်သည့်ကိစ္စရပ်နှင့်ပတ်သက်၍မဆို အစွမ်းအစ ညံ့ဖျင်းသော လူများ၏ သဘောပေါက်နားလည်နိုင်စွမ်းသည် အတော်အတန် လွဲချော်သော သဘောသဘာဝတစ်ခုကို အစဉ်သဖြင့် ဆောင်သည်ဟု ဆိုနိုင်သည်။ ရိုးရှင်းပြီး လွယ်ကူစွာ စီမံခန့်ခွဲနိုင်သော အမှုအရာများတွင် ၎င်းတို့သည် လွဲချော်မှုမပြဘဲ နွံနာမှုနှင့် ကျိုးနွံနာခံမှုကို ရရှိနိုင်သော်လည်း စည်းမျဉ်းအခြေပြု ကိစ္စရပ်များ သို့မဟုတ် အတော်အတန် ရှုပ်ထွေးသော ပြဿနာများနှင့် ပတ်သက်လာသောအခါ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို မသဘောပေါက်နိုင်ဘဲ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းရန်သာ သိကြသည်။ သင် နားလည်သလော။ (နားလည်ပါသည်။) အစွမ်းအစ ညံ့ဖျင်းသော လူများသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း လုံးဝကင်းမဲ့ပြီး စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းရန်သာ သိကြသည်။ ထိုသို့သော လူများသည်လည်း အတော်အတန် ဒုက္ခများသည်။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းရာတွင် အလွန် စိတ်အားထက်သန်ပြီး စိတ်ပိုင်းဖြတ်ထားကြသည်။ သင်က ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး “သင် လုပ်ဆောင်နေသည့်အရာမှာ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းနေခြင်း ဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းနေခြင်း မဟုတ်ပေ” ဟု ပြောဆိုပါက ၎င်းတို့ လက်မခံနိုင်ကြပေ။ ၎င်းတို့က “ကျွန်ုပ်သည် စည်းမျဉ်းများကို မြဲမြံစွာ စောင့်ထိန်းနေပြီး အခြားသူများနှင့် အပေးအယူ မလုပ်နိုင်ပါတကား။ အခြားသူများက စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း မရှိသဖြင့် ပြစ်တင်ရှုတ်ချခြင်း ခံရသော်လည်း ကျွန်ုပ်က လိုက်နာစောင့်ထိန်းသောအခါ ကျွန်ုပ်လည်း ပြစ်တင်ရှုတ်ချခြင်းခံရသည်။ ဤသည်မှာ တရားမျှတမှုမရှိပါတကား” ဟု ခံစားကြရသည်။ ၎င်းတို့ မည်မျှ ခေါင်းမာသည်ကို ကြည့်လော့၊ သင်သည် ၎င်းတို့ကို ဖျောင်းဖျ၍မရနိုင်ပေ။ သင်တို့သည် ထိုသို့သော လူများကို ကြုံတွေ့ဖူးသလော။ (တွေ့ကြုံဖူးပါသည်။) ဥပမာအားဖြင့် ငါက အချို့လူများကို “သင်သည် အကသင်ယူလိုပါက အလုပ်မများသောအခါ လေ့ကျင့်ရန် နေ့စဉ် နှစ်နာရီ အချိန်ပေးနိုင်သည်။ သင်သည် အချိန်ကာလတစ်ခုအထိ ဇွဲရှိပါက သင်ယူတတ်မြောက်သွားလိမ့်မည်” ဟု ပြောဆိုသည်။ ၎င်းတို့သည် “နေ့စဉ် နှစ်နာရီ လေ့ကျင့်ရန် ဇွဲရှိပါ” ဟူသော စကားစုကို မှတ်သားထားပြီး ထိုသို့ပြုလုပ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ နောက်ပိုင်းတွင် ၎င်းတို့ လုပ်ဆောင်နေသော တာဝန် မည်မျှပင် အလုပ်များနေစေကာမူ ၎င်းတို့သည် နေ့စဉ် နှစ်နာရီ အကလေ့ကျင့်ရန် ဇွဲရှိနေဆဲဖြစ်သည်။ အသင်းတော်အလုပ်သည် နံနက်မှ ညနေအထိ အလွန်အလုပ်များပြီး ၎င်းတို့တွင် တစ်နေ့တာအတွင်း အပိုနှစ်နာရီ အခြေခံအားဖြင့် မရှိသော အချိန်ကာလတစ်ခုအတွင်းတွင် ၎င်းတို့သည် နှစ်နာရီ မရမက အကလေ့ကျင့်နေဆဲဖြစ်သည်။ အခြားသူများက ဤသည်မှာ အသင်းတော်အလုပ်ကို နှောင့်နှေးစေနိုင်ကြောင်း သတိပေးသောအခါ ၎င်းတို့သည် နားထောင်ရန် ငြင်းပယ်ပြီး “ဘုရားသခင်က ကျွန်ုပ်ကို နေ့စဉ် နှစ်နာရီ အကလေ့ကျင့်ရန် ညွှန်ကြားခဲ့သည်။ ကျွန်ုပ် ဤသည်ကို လုပ်ဆောင်ရမည်။ ကျွန်ုပ် ဤသည်ကို မလုပ်ဆောင်ပါက ကျွန်ုပ်သည် မနာခံသူဖြစ်ပြီး ကျိုးနွံနာခံမှုမရှိဟု ဆိုလိုသည်” ဟု ပြောဆိုကြသည်။ သင်က ၎င်းတို့ကို မလုပ်ဆောင်ရန် ပြောဆိုပါက ၎င်းတို့သည် မလိုလားကြပေ။ ၎င်းတို့သည် အလုပ်၏ လိုအပ်ချက်များ သို့မဟုတ် ပတ်ဝန်းကျင်၏ လိုအပ်ချက်များအပေါ် အခြေခံ၍ အမှုအရာများကို အလိုက်သင့် ကိုင်တွယ်ရန် သို့မဟုတ် ငါ၏ စကားများကို အလိုက်သင့် အသုံးချရန် မစွမ်းဆောင်နိုင်ကြပေ။ ၎င်းတို့သည် အဘယ်ကြောင့် နှစ်နာရီ လေ့ကျင့်သင့်သည်ကိုဖြစ်စေ၊ နှစ်နာရီ လေ့ကျင့်ခြင်း၏ အရေးပါမှုမှာ အဘယ်အရာ ဖြစ်သည်ကိုဖြစ်စေ၊ ယင်းက မည်သည့်ရလဒ်ကို ရရှိရန် ရည်ရွယ်သည်ကိုဖြစ်စေ နားမလည်ကြပေ။ ၎င်းတို့သည် ဤအရာများကို နားမလည်ဘဲ မရှင်းလင်းကြပေ။ ၎င်းတို့အတွက်မူ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ ပြောဆိုချက်တစ်ခုတည်း၊ စည်းမျဉ်းစည်းကမ်းတစ်ခု သို့မဟုတ် လုပ်ရိုးလုပ်စဉ်တစ်ခုကို ပုံသေစောင့်ထိန်းခြင်းကိုသာ ဆိုလိုသည်၊ ၎င်းတို့၏ အမြင်တွင်မူ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ မည်သည့်ရလဒ် ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ သို့မဟုတ် ရလဒ်က မည်သို့ပင်ဖြစ်စေ နွားဆယ်ကောင်နှင့်ဆွဲလျှင်ပင် နောက်သို့မလှည့်ဘဲ တစ်လမ်းတည်းကိုသာ ခေါင်းမာစွာ ဆက်သွားကြသည်။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် သွေဖည်နေလျှင်ပင် ၎င်းတို့သည် ထိုနည်းအတိုင်း အဆက်မပြတ် လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့သည် ယုတ္တိမရှိဟု ပြောဆိုခြင်း ခံရသောအခါတွင်ပင် ယင်းကို လုပ်ဆောင်ရန် ဇွဲရှိနေဆဲဖြစ်သည်။ ထိုသို့သော လူများသည် အလွန် ဒုက္ခများလှသည် မဟုတ်လော။ မည်သူက ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သည်ဖြစ်စေ အလုပ်မဖြစ်ပေ။ သင်က အမှုအရာများကို ပင်ပင်ပန်းပန်း အသေအချာ ရှင်းပြပြီးနောက်တွင် ၎င်းတို့သည် ယနေ့ ဤကိစ္စရပ်ကို နားလည်ကောင်း နားလည်နိုင်သော်လည်း မနက်ဖြန်တွင် အခြားကိစ္စရပ်တစ်ခု၌ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းကြလိမ့်မည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို အဆုံးမရှိ ပုံသေစောင့်ထိန်းနေကာ သင်သည် ၎င်းတို့ကို အဆက်မပြတ် ပြုပြင်ပေးနေရမည်ဖြစ်သည်။ ၎င်းတို့သည် ဘယ်ဘက်သို့ သို့မဟုတ် ညာဘက်သို့ ယိမ်းယိုင်နေကြပြီး ဤသို့သော ကိစ္စရပ်မျိုးတွင် သို့မဟုတ် ထိုသို့သော ကိစ္စရပ်မျိုးတွင် သွေဖည်နေကြသည်၊ ၎င်းတို့သည် အဆုံးမရှိ အဆက်မပြတ် သွေဖည်နေကြသည်။ ၎င်းတို့ကို ကြည့်နေရသည်မှာ သင့်ကို ပူပန်ကြောင့်ကြစေသော်လည်း သင် မည်သို့ပင် ကြိုးစားစေကာမူ ၎င်းတို့ကို မပြုပြင်နိုင်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့၏ အစွမ်းအစသည် အလွန် ညံ့ဖျင်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများ၊ အမှန်နှင့်အမှား၊ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်း၊ သမ္မာတရားနှင့် စည်းမျဉ်းစည်းကမ်းများအကြားကို မည်သည့်အခါမျှ မခွဲခြားနိုင်ကြပေ။ ၎င်းတို့တွင် ဤကိစ္စရပ်များကို ပိုင်းခြားသတ်မှတ်ရန် စံနှုန်းမရှိ၊ ယင်းတို့ကို ပိုင်းခြားသတ်မှတ်နိုင်စွမ်းမရှိဘဲ ပိုင်းခြားသတ်မှတ်၍ လုံးဝမရနိုင်ပေ။ သို့ဖြစ်၍ အစွမ်းအစ ညံ့ဖျင်းသော လူများသည် နေ့စဉ် ပုံမှန်အချိန်ဇယားအတိုင်း လိုက်နာခြင်း၊ အချိန်တစ်ခုတွင် အရာတစ်ခုကို လုပ်ဆောင်ပြီး အခြားသတ်မှတ်ထားသော အချိန်တစ်ခုတွင် အခြားအရာတစ်ခုကို လုပ်ဆောင်ခြင်းကဲ့သို့သော စည်းမျဉ်းစည်းကမ်းအခြေပြု အလုပ်နှင့် လက်တိုလက်တောင်း အလုပ်များ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများ မပါဝင်သော ရိုးရှင်းသည့်အလုပ်ကိုသာ လုပ်ဆောင်နိုင်ကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် အချိန်ဇယား၊ လုပ်ရိုးလုပ်စဉ်များနှင့် လုပ်ဆောင်ပုံနည်းလမ်း တစ်ခုကို စွဲကိုင်ခြင်းက အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် လုံလောက်သော ထိုရိုးရှင်းသည့် တာဝန်များကိုသာ ကိုင်တွယ်နိုင်ကြသည်။ သို့သော် ၎င်းတို့သည် အနည်းငယ် ပိုရှုပ်ထွေးသော အလုပ်ကို မကိုင်တွယ်နိုင်ကြပေ။ ၎င်းတို့အား သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူရန်နှင့် အချို့သော ရလဒ်များကို ရရှိရန် လိုအပ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဤသည်ကို မပြီးမြောက်နိုင်ကြပေ။ သင်က ၎င်းတို့အား သမ္မာတရား စည်းမျဉ်းများကို အလိုက်သင့် အသုံးချရန်၊ အမျိုးမျိုးသော ပြဿနာများကို သင့်လျော်သလို ကိုင်တွယ်ရန်နှင့် ပတ်ဝန်းကျင်အရ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရန် လိုအပ်သော အလုပ်တစ်ခုကို တာဝန်ပေးပါက ၎င်းတို့သည် မရှင်းမလင်းဖြစ်သွားပြီး ယင်းကို မပြီးမြောက်နိုင်ကြပေ။ ၎င်းတို့တွင် ကူညီရန်နှင့် ညွှန်ကြားရန် တစ်စုံတစ်ဦး ရှိရမည်ဖြစ်သည်၊ သင်သည် ၎င်းတို့အား အမှီအခိုကင်းကင်းဖြင့် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်မည်ဟု မျှော်လင့်၍မရနိုင်ပေ။ ထိုသို့သော လူများကို မည်သို့ ဆက်ဆံသင့်သနည်း။ ၎င်းတို့သည် နေ့စဉ် ပုံမှန်အတိုင်း မိမိတို့၏ တာဝန်ကို ဇွဲဖြင့် လုပ်ဆောင်နိုင်သော်လည်း မမျှော်လင့်ထားသော အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ မည်သို့ တုံ့ပြန်ရမည်ကို မသိကြဘဲ မိမိတို့၏ တာဝန်ကို ရပ်တန့်လိုက်သည်အထိပင် ဖြစ်နိုင်သည်။ ထိုသို့သော လူများအတွက် ၎င်းတို့၏ အလုပ်ကို မကြာခဏ စုံစမ်းမေးမြန်းပြီး စစ်ဆေးရန် လိုအပ်သည်၊ “ဤအချိန်ကာလအတွင်း အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ တစ်စုံတစ်ရာ ရှိခဲ့သလော။ သင် မည်သို့ ကိုင်တွယ်ရမည်ကို မသိခဲ့သော ရှုပ်ထွေးသည့် ပြဿနာများ တစ်စုံတစ်ရာ ရှိခဲ့သလော” ဟု မေးမြန်းရမည်ဖြစ်သည်။ စဉ်းစားပြီးနောက်တွင် ၎င်းတို့က “ဤအချိန်ကာလအတွင်း အရာအားလုံး ကောင်းမွန်ခဲ့ပါသည်။ လူတိုင်းက မိမိတို့၏ တာဝန်ကို လုပ်ဆောင်နေကြပြီး ပုံမှန် စုဝေးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ကြသည်။ မည်သူမျှ အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုခဲ့ပါ၊ တစ်စုံတစ်ဦးက အခြားသူများကို အထင်အမြင်မှားစေရန် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့်အယူအဆများ ဖြန့်ဝေနေသည်ဟုလည်း ကျွန်ုပ် မကြားမိပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ မဖော်ထုတ်နိုင်ဘဲ မည်သည့်အရာကို အစီရင်ခံရမည်ကို မသိကြသည့်အပြင် မေးခွန်းများပင် မမေးနိုင်ကြပေ။ သို့ဖြစ်၍ သင်သည် ၎င်းတို့အား လက်တွေ့ဘဝတွင် သို့မဟုတ် မိမိတို့၏ တာဝန်ကို လုပ်ဆောင်ရာတွင် ပေါ်ပေါက်လာသော ပြဿနာများကို ကိုယ်တိုင် ကိုင်တွယ်ရန် သို့မဟုတ် ဖြေရှင်းရန် မမျှော်လင့်နိုင်ပေ။ တစ်စုံတစ်ခုကို မည်သို့ ကိုင်တွယ်ရမည်ကို မသိသောအခါ ၎င်းတို့၏ အထက်လူကြီးများထံ လမ်းညွှန်မှုတောင်းခံရန် သို့မဟုတ် ၎င်းတို့အား မေးခွန်းများ မေးရန်ကိုလည်း သင် မမျှော်လင့်နိုင်ပေ။ ၎င်းတို့၏ အစွမ်းအစ မလုံလောက်သောကြောင့် ဤအရာတစ်ခုတလေကိုမျှ ၎င်းတို့ မပြီးမြောက်နိုင်ကြပေ။ ထိုသို့သော လူများသည် ၎င်းတို့၏ အထက်လူကြီးများထံ ပြဿနာများကို အစီရင်မခံပါက အခြားသူများက ၎င်းတို့တွင် ပြဿနာမရှိဟု ထင်ကောင်းထင်နိုင်သည်။ သို့ရာတွင် ဤသည်မှာ မမှန်ကန်ပေ။ ၎င်းတို့သည် သာမန်ပြဿနာများကိုပင် မဖော်ထုတ်နိုင်ကြပေ၊ ပြဿနာများ ၎င်းတို့၏ ရှေ့တွင် စုပုံနေသည့်အခါတွင်ပင် ၎င်းတို့သည် ယင်းတို့ကို ပြဿနာများအဖြစ် မမြင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် ပြဿနာများကိုလည်း မဖြေရှင်းကြပေ။ ၎င်းတို့တွင် ဦးခေါင်းတစ်ခုရှိပြီး ယင်းတွင် မျက်လုံးနှစ်လုံးနှင့် နားနှစ်ဖက်ရှိသည်၊ ၎င်းတို့သည် မြင်နိုင်သည်၊ ကြားနိုင်သည်၊ စကားပြောဆိုနိုင်သော်လည်း ပြဿနာများကို မဖော်ထုတ်နိုင် သို့မဟုတ် မဖြေရှင်းနိုင်ကြပေ။ အကြောင်းမှာ ၎င်းတို့သည် အစွမ်းအစကိုလည်းကောင်း၊ ပြဿနာများကို ဖော်ထုတ်ရန်နှင့် ကိုင်တွယ်ရန် စွမ်းရည်ကိုလည်းကောင်း လုံးဝ ကင်းမဲ့သောကြောင့်ဖြစ်ပြီး ၎င်းတို့၏ ရုပ်ရည်သွင်ပြင်အရ မည်မျှပင် ပါးနပ်ပုံရစေကာမူ အသုံးမဝင်ပေ။ ၎င်းတို့သည် မိမိတို့ မြင်တွေ့ရသည် သို့မဟုတ် ကြားသိရသည်ကို ယူပြီး ဤသည်တို့မှာ ပြဿနာများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ယင်းတို့ကို မည်သို့ ကိုင်တွယ်သင့်သည်ကိုဖြစ်စေ စဉ်းစားရန်နှင့် ပိုင်းခြားသိမြင်ရန် မိမိတို့၏ စိတ်ထဲတွင် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများ ပါဝင်သော ပြဿနာများကို မကိုင်တွယ်နိုင်ပါက ၎င်းတို့၏ အထက်လူကြီးများထံလည်း အစီရင်ခံကြမည် မဟုတ်ပေ။ ၎င်းတို့သည် ဤအရာတစ်ခုတလေကိုမျှ လုပ်ဆောင်ရန် လုံးဝ မစွမ်းဆောင်နိုင်ကြပေ။ ဤသည်မှာ ၎င်းတို့တွင် အစွမ်းအစ ညံ့ဖျင်းကြောင်း မပြသလော။ ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းသော လူများ၏ သရုပ်သကန်များ မဟုတ်လော။ (ဟုတ်ပါသည်။) သင်က အစွမ်းအစ ညံ့ဖျင်းသော တစ်စုံတစ်ဦးအား “ဤအချိန်ကာလအတွင်း အလုပ်၌ ပြဿနာတစ်စုံတစ်ရာ ရှိခဲ့သလော။ သင် နားမလည်သော စည်းမျဉ်းများနှင့်ပတ်သက်သည့် နယ်ပယ်များ တစ်စုံတစ်ရာ ရှိသလော” ဟု မေးမြန်းပါက ၎င်းတို့က “ပြဿနာတစ်စုံတစ်ရာ မရှိပါ၊ လူတိုင်း အလုပ်များနေကြပြီး အမှုအရာများ အတော်လေး ကောင်းမွန်စွာ ဖြစ်ပျက်နေပါသည်” ဟု တုံ့ပြန်ကြသည်။ ၎င်းတို့အတွက်မူ အရာအားလုံး အဆင်ပြေနေသည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်က အရာအားလုံး အဆင်ပြေသည်ဟု ၎င်းတို့ ပြောသောအခါ ယင်းကို ယုံကြည်လိုက်ရုံသာဆိုလျှင် သင်သည် အလွန် စဉ်းစားဉာဏ်မဲ့ပြီး ၎င်းတို့ကဲ့သို့ပင် အစွမ်းအစ ညံ့ဖျင်းသော လူတစ်ဦးသာ ဖြစ်သည်။ အစွမ်းအစ ကောင်းသော လူများသည် ပြဿနာများအကြောင်း လေ့လာရကောင်းမှန်း သိရှိရုံသာမက မိမိတို့ဘာသာလည်း ဖော်ထုတ်နိုင်ရမည်ဖြစ်သည်။ ၎င်းတို့သည် ပြဿနာများကို ပစ်မှတ်ထားသော စကားဝိုင်းများတွင် ပါဝင်နိုင်ပြီး ၎င်းတို့ စကားပြောဆိုသည်နှင့်အမျှ ပြဿနာများမှာ အလိုအလျောက် ပေါ်ထွက်လာသည်။ သင်က ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိပြီး အစွမ်းအစ ညံ့ဖျင်းသော တစ်စုံတစ်ဦးအား ယင်းကို မည်သို့ ကိုင်တွယ်ခဲ့သည်ကို မေးမြန်းသောအခါ ၎င်းတို့က “မည်သည့်ပြဿနာနည်း။ ကျွန်ုပ်သည် ယင်းကို မည်သို့ဖြစ်၍များ သတိမပြုမိရသနည်း” ဟု တုံ့ပြန်ကြသည်။ အစွမ်းအစ ညံ့ဖျင်းသော လူများသည် ပြဿနာများကို မဖော်ထုတ်နိုင်ကြပေ၊ သို့ဖြစ်၍ အလုပ်လုပ်ဆောင်ရာတွင် သင်သည် ပြဿနာများအကြောင်း လေ့လာခြင်းနှင့် ဖော်ထုတ်ခြင်းတို့တွင် ကျွမ်းကျင်ရမည်ဖြစ်ပြီး ပြဿနာများကို ဆုပ်ကိုင်ထားကာ လက်မလွှတ်ဘဲ ထို့နောက် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီပေးရမည်ဖြစ်သည်။ သင်သည် ပြဿနာများကို ဖော်ထုတ်ရန်အလို့ငှာ အစွမ်းအစ ညံ့ဖျင်းသော လူများနှင့် မည်သို့ စကားစမြည်ပြောဆိုရမည်ကို သိရန် လိုအပ်ပြီး ၎င်းတို့အား မေးခွန်းများ မေးမြန်းကာ စကားစမြည်ပြောဆိုသည့်ပုံစံဖြင့် စုံစမ်းမေးမြန်းရမည်ဖြစ်သည်။ သင် စကားစမြည် ပြောဆိုသည်နှင့်အမျှ ၎င်းတို့သည် မသိလိုက်ဘဲ မိမိတို့ဘာသာ ပြဿနာများကို ထုတ်ပြောလာကြလိမ့်မည်။ ဤသို့ စကားစမြည် မပြောဆိုဘဲနှင့် ဤပြဿနာများကို ဖော်ထုတ်ရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ သင်က ၎င်းတို့နှင့် ဤနည်းလမ်းဖြင့် စကားစမြည်ပြောဆိုသောကြောင့် ၎င်းတို့သည် အတွေးအခေါ်ရလာပြီး ဤပြဿနာများကို ရုတ်တရက် ဖော်ထုတ်နိုင်လာကြသောကြောင့်ဖြစ်သည်။ သင်သည် အခြေအနေအကြောင်း လေ့လာရန် ဤချဉ်းကပ်နည်းကို အသုံးမပြုပါက ၎င်းတို့သည် မိမိတို့ မြင်တွေ့ရသော ဤကိစ္စရပ်များကို ပြဿနာများအဖြစ် မြင်ကြမည်မဟုတ်ပေ။ သို့ဖြစ်၍ သင်တို့၏ စကားဝိုင်းများအတွင်း ပြဿနာများ ပေါ်လာသောအခါ သွားတိုက်ဆေးကို ညှစ်ထုတ်သကဲ့သို့ ယင်းတို့ကို တစ်စချင်းစီ ဖော်ထုတ်မေးမြန်းရမည်။ ပြဿနာအားလုံး ဖြေရှင်းပြီးမှသာ ၎င်းတို့သည် အတော်အတန် အရှက်ရသည်ဟု ခံစားကြရလိမ့်မည်။ ဤသည်မှာ ၎င်းတို့တွင် အစွမ်းအစ ညံ့ဖျင်းကြောင်း မပြသလော။ (ပြပါသည်။) ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းသော လူများ၏ သရုပ်သကန်များ ဖြစ်သည်၊ ပြဿနာများ ရှိသည့်အခါတွင်ပင် ၎င်းတို့သည် ယင်းတို့ကို မဖော်ထုတ်နိုင်ကြပေ၊ ၎င်းတို့သည် ပြဿနာများကို မဖော်ထုတ်နိုင်သောကြောင့် ယင်းတို့ကို မည်သည့်အခါမျှ ထုတ်ပြောနိုင်ခြင်း သို့မဟုတ် ဖြေရှင်းနိုင်ခြင်း မရှိကြပေ။ ငါ့ကို ပြောလော့၊ ၎င်းတို့သည် ပြဿနာများကို မဖော်ထုတ်နိုင်ပါက မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်လော။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းဖြင့် မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်လော။ (မလုပ်ဆောင်နိုင်ပါ။) လုံးဝ မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သင်က ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသည်ဟု ပြောဆိုပါက ၎င်းတို့က “ကျွန်ုပ်၏ အစွမ်းအစက ထူးချွန်လိုက်လေခြင်း။ ဘုရားသခင်က တစ်စုံတစ်ခုအကြောင်း ပြောဆိုပြီးနောက်တွင် ကျွန်ုပ်သည် ပြုမူဆောင်ရွက်ခြင်းပုံစံတစ်ခု သို့မဟုတ် စည်းမျဉ်းစည်းကမ်းတစ်ခုကို ချက်ချင်း သဘောပေါက်ပြီး တစ်သက်တာ ပုံသေစောင့်ထိန်းထားနိုင်သည်။ မြင်သလော။ ကျွန်ုပ်၏ အစွမ်းအစ မကောင်းဘူးလား။ သင်တို့အားလုံးက အဓိကအချက်များကို မသဘောပေါက်နိုင်ကြ၊ ကျွန်ုပ်မှာမူ သဘောပေါက်နိုင်သည်။ ဥပမာအားဖြင့် နွေရာသီတွင် ရာသီဥတု ပူပြီး ကျွန်ုပ်တို့ အအေးစာဟင်းလျာများ စားသုံးသင့်သည်ဟု ကျွန်ုပ်အား ပြောခဲ့သည်။ သို့ဖြစ်၍ ကျွန်ုပ်သည် အအေးစာဟင်းလျာများ ဆက်လုပ်ပြီး အအေးဖျော်ရည်များ ဆက်တည်ခင်းနေသည်၊ ကျွန်ုပ်သည် ဤညွှန်ကြားချက်ကို ပုံသေစောင့်ထိန်းနိုင်သည်။ သင်တို့ မြင်သလော၊ သင်တို့တစ်ယောက်မျှ ယင်းကို ပုံသေစောင့်ထိန်းနိုင်ခြင်း မရှိကြဘဲ သင်တို့က စည်းမျဉ်းများအကြောင်း အစဉ်သဖြင့် ပြောဆိုနေကြသည်။ စည်းမျဉ်းများဆိုသည်မှာ စည်းမျဉ်းစည်းကမ်းများသာ မဟုတ်လော။ သင်သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းပါက ယင်းမှာ စည်းမျဉ်းများကို ပုံသေစောင့်ထိန်းနေခြင်း မဟုတ်လော” ဟုပင် တွေးထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အစွမ်းအစ ကောင်းသည်ဟုပင် တွေးထင်ကြပြီး ပြဿနာတစ်ခု၏ အဓိကအချက်များကို သဘောပေါက်နိုင်သည်ဟုလည်းကောင်း၊ ရှည်လျားသော တရားဒေသနာတစ်ခုမှ မိမိတို့ လိုက်နာရန် လိုအပ်သည်ဟု ခံစားရသော ပြောဆိုချက်တစ်ခု၊ ပြုမူဆောင်ရွက်ခြင်းပုံစံတစ်ခု၊ စည်းမျဉ်းစည်းကမ်းတစ်ခု သို့မဟုတ် စကားစုတစ်ခု သို့မဟုတ် စကားလုံးတစ်လုံးကိုပင် ကောက်နုတ်နိုင်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ ဒုက္ခများလှသည် မဟုတ်လော။ ထိုသို့သော လူများ အတော်များများ ရှိသည်။ သင်က သမ္မာတရား၏ အမျိုးမျိုးသော အသေးစိတ်အချက်များအကြောင်း မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် နားမလည်နိုင်ဘဲ “အလုပ်ရှုပ်လှပါတကား။ သင်သည် စကားကို မရပ်တော့ပါ။ ထိုစကားလုံးများကို မပြောဖို့ သို့မဟုတ် ထိုသို့သောအရာမျိုးကို မလုပ်ဖို့အကြောင်းသာ မဟုတ်လား။ ထိုပြောဆိုချက်တစ်ခုတည်းကိုသာ ပုံသေစောင့်ထိန်းလိုက်လျှင် ထိုမျှသာဖြစ်သည်၊ ဤသည်မှာ ပြောဆိုချက်တစ်ခုတည်း၏ ကိစ္စဖြစ်သည်။ အဘယ့်ကြောင့်များ ထိုမျှ အလုပ်ရှုပ်အောင် လုပ်နေရသနည်း။ သင်သည် အခြေအနေများ၊ ပတ်ဝန်းကျင်များနှင့် လူအမျိုးမျိုးတို့၏ လူ့သဘာဝကိုပင် ခွဲခြားနေသေးသည်။ ပြီးလျှင် လွဲချော်သော သဘောပေါက်နားလည်နိုင်စွမ်းနှင့် စင်ကြယ်သော သဘောပေါက်နားလည်နိုင်စွမ်းတို့အကြား ခွဲခြားနေသေးသည်။ အမှန်တကယ်ပင် ထိုမျှ အသေးစိတ်အချက်များ ပါဝင်နေသလား။ အဘယ့်ကြောင့်များ ထိုမျှ တိကျနေရသနည်း။ သင်သည် အလွန်ပင် ဇီဇာကြောင်လှသည်” ဟုပင် ပြောဆိုကြသည်။ ၎င်းတို့သည် အခြားသူများကိုပင် ပြစ်တင်ရှုတ်ချကြသည်။ ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းသော လူများ၏ သရုပ်သကန်များ ဖြစ်လေသည်။
အစွမ်းအစ ညံ့ဖျင်းသော လူများ၏ လက္ခဏာများမှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြပေ၊ သမ္မာတရား စည်းမျဉ်းများ၏ မည်သည့်သွင်ပြင်လက္ခဏာပင်ဖြစ်စေ ၎င်းတို့သည် ယင်းကို စည်းမျဉ်းစည်းကမ်းတစ်ခု သို့မဟုတ် ပုံသေနည်းတစ်မျိုးအဖြစ် သဘောထားပြီးနောက် မမောနိုင် မပန်းနိုင်သော စိတ်အားထက်သန်မှုဖြင့် ပုံသေစောင့်ထိန်းကြသည်။ ၎င်းတို့သည် အယူဝါဒများစွာကို ပြောဆိုနိုင်သောကြောင့် မိမိတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သည်ဟု တွေးထင်ကြသော်လည်း လက်တွေ့တွင်မူ ၎င်းတို့သည် သမ္မာတရားကို လုံးဝ နားမလည်ကြပေ။ သင်က ခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းအချို့ကို ရှင်းပြပြီး ထိုသို့သော လူများအား ဤစည်းမျဉ်းများကို နားလည်မှုအပေါ် အခြေခံ၍ အလုပ်လုပ်ဆောင်ရန်နှင့် အမျိုးမျိုးသော ပြဿနာများကို ကိုင်တွယ်ရန် တောင်းဆိုပါက ဤအစွမ်းအစ ညံ့ဖျင်းသော လူများသည် ယင်းတို့ကို လုံးဝ အသုံးမချနိုင်ကြပေ။ ၎င်းတို့သည် ဤသမ္မာတရား စည်းမျဉ်းများကို နားမလည်ကြသည့်အပြင် အလုပ်လုပ်ဆောင်ရန် ဤသမ္မာတရား စည်းမျဉ်းများကို အသုံးလည်းမချနိုင်ကြပေ။ ၎င်းတို့ အလုပ်လုပ်ဆောင်ရန် ဆင်းသွားသောအခါ ယင်းမှာ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်းနှင့် အယူဝါဒများကို စက်ယန္တရားကဲ့သို့ အသုံးချခြင်းသာ လုံးလုံးဖြစ်နေသည်။ သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းလိုသော လူအချို့ ရှိသော်လည်း ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းပြီး သမ္မာတရားကို နားလည်မှုတစ်ခု မရရှိနိုင်သောကြောင့် ၎င်းတို့သည် စည်းမျဉ်းများကို မစောင့်ထိန်းနိုင်ကြပေ။ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် မည်သည့်အရာကို လုပ်ရမှန်းမသိဖြစ်ကြပြီး ခေါင်းမီးတောက်သည်အထိပင် ဖြစ်သည်၊ ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ကြပေ။ အထက်လူကြီးများက စည်းမျဉ်းများအကြောင်း မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် ယင်းတို့အားလုံးကို နားလည်ပြီး၊ သဘောပေါက်နားလည်ပြီး၊ ဆုပ်ကိုင်ပြီး၊ မှတ်မိပြီးဖြစ်သည်ဟု ခံစားကြရသည်။ သို့သော် လက်တွေ့ဘဝတွင် ပြဿနာများ ကြုံတွေ့ရသောအခါ ၎င်းတို့ နားလည်ထားသော အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများမှာ အသုံးမဝင်တော့သဖြင့် ၎င်းတို့သည် မရှင်းမလင်း ဖြစ်သွားကြပြီး “ငါသည် ယခုအခါတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် အလုပ်ကို မည်သည့်နေရာမှ စတင်ရမည်ကို မသိကြ၊ အလုပ်လုပ်ဆောင်ရန် မည်သည့်နည်းလမ်းများကို အသုံးပြုရမည်ကို မသိကြ၊ အလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည် ဖော်ရမည်ကို မသိကြသည့်အပြင် အသင်းတော်အလုပ် ပုံမှန်တိုးတက်မှုကို အာမခံရန် လက်ငင်း မည်သည့်ပြဿနာများကို ဖြေရှင်းသင့်သည်ကိုပင် ပို၍မသိကြပေ၊ ၎င်းတို့သည် ဤအရာ တစ်ခုတလေကိုမျှ မသိကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့ မည်မျှကြာအောင် အလုပ်လုပ်သည်ဖြစ်စေ ရလဒ်များ မရှိသည့်အပြင် အလုပ်အစီအစဉ်များကိုလည်း အကောင်အထည်ဖော်၍ မရနိုင်ပေ။ ၎င်းတို့သည် အသင်းတော်အသက်တာကို မည်သို့ ကောင်းမွန်အောင် ပြုလုပ်ရမည်ဟူသော ပြဿနာကိုပင် မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် အခြေခံအကျဆုံးသော အလုပ်ကိုပင် အကောင်အထည် မဖော်နိုင်ကြသည့်အပြင် ယင်းကို မည်သို့ အကောင်အထည် ဖော်ရမည်ကိုလည်း မသိကြပေ။ ၎င်းတို့သည် လူတို့အား အယူဝါဒများကို ပြောဆိုရန်နှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းရန် တောင်းဆိုဖို့ကိုသာ လုပ်ဆောင်နိုင်သည်။ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း၊ လက်တွေ့ကျသော အသင်းတော်အလုပ်ကို လုပ်ဆောင်ခြင်းတို့နှင့် ပတ်သက်လာသောအခါ ၎င်းတို့သည် စိတ်ရှုပ်ထွေးသွားပြီး ယင်းကို မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် “ဤအလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်သင့်သနည်း။ မည်သည့်စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းသင့်သနည်း” ဟု မိမိတို့ဘာသာ တွေးထင်ကြသည်။ ၎င်းတို့သည် ဤအရာများကို ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ သို့သော် ၎င်းတို့တွင် နောက်ဆုံးအားကိုးရာတစ်ခု ရှိနေသေးသည်၊ ၎င်းတို့သည် စုဝေးပွဲများ ပိုမိုကျင်းပနေသမျှ ကာလပတ်လုံး ပြဿနာများကို ဖြေရှင်းနိုင်သည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ ၎င်းတို့၏ အလုပ်လုပ်ဆောင်ပုံနည်းလမ်းမှာ မရပ်မနား စုဝေးပွဲများ ကျင်းပခြင်းနှင့် မရပ်မနား တရားဒေသနာများ ဟောပြောခြင်း ဖြစ်သည်။ ၎င်းတို့၏ တရားဟောပြောခြင်းက လူတိုင်းကို လှုံ့ဆော်ပြီး စိတ်လှုပ်ရှားစေသောအခါ ပြဿနာအားလုံး ဖြေရှင်းပြီး ဖြစ်သည်ဟုလည်းကောင်း၊ ပြဿနာများ မရှိတော့ဟုလည်းကောင်း၊ လူတိုင်း စိတ်အားထက်သန်နေသမျှ ကာလပတ်လုံး အလုပ်အားလုံး ကောင်းမွန်စွာ ပြီးစီးသည်ဟုလည်းကောင်း ၎င်းတို့ တွေးထင်ကြသည်။ သို့သော် ရက်အနည်းငယ်ကြာ စုဝေးပွဲများ ကျင်းပပြီးနောက်တွင် စစ်မှန်သော ပြဿနာများမှာ ဖြေရှင်းပြီးမသွားသည်သာမက လူတို့ လုပ်ဆောင်သော တာဝန်များမှာလည်း ရလဒ်များ မရရှိသေးသည့်အပြင် အသင်းတော်အလုပ်မှာလည်း လုံးဝ တိုးတက်မှုမရှိကြောင်း ထွက်ပေါ်လာသည်။ သို့တိုင် ၎င်းတို့တွင် တရားဒေသနာများ ေဟောပြောရန် စိတ်ခံစားချက် ရှိနေဆဲဖြစ်သည်။ အစွမ်းအစ ညံ့ဖျင်းသော လူများသည် မည်မျှကြာအောင် အလုပ်လုပ်သည်ဖြစ်စေ ရလဒ်များ မရရှိကြသည့်အပြင် မည်မျှ အချိန်ပေးခံရသည်ဖြစ်စေ အလုပ်အစီအစဉ်များကို အကောင်အထည် မဖော်နိုင်ကြပေ၊ ၎င်းတို့တွင် စွမ်းဆောင်ရည်လည်းမရှိ၊ ထိရောက်မှုလည်းမရှိပေ။ ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းသော လူများ၏ သရုပ်သကန်များ ဖြစ်သည်။ အစွမ်းအစမရှိသူများကိုမူ မဆိုထားနှင့်၊ အစွမ်းအစ ညံ့ဖျင်းသော လူများ၏ သရုပ်သကန်များမှာ ငါ ယခုလေးတင် ဖော်ပြခဲ့သကဲ့သို့ ဖြစ်၏။ ၎င်းတို့ မည်မျှပင် တရားဒေသနာများကို ကြားရသည်ဖြစ်စေ သို့မဟုတ် အခြားသူများက ၎င်းတို့အား သမ္မာတရား မည်မျှ မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို မဆုပ်ကိုင်နိုင်ကြသည့်အပြင် လိုက်နာစောင့်ထိန်းသင့်သည့် အခြေခံအကျဆုံးသော စည်းမျဉ်းစည်းကမ်းများကိုပင် မဆုပ်ကိုင်နိုင်ကြပေ။ တစ်စုံတစ်ဦး၏ အစွမ်းအစသည် ဤအတိုင်းအတာအထိ ညံ့ဖျင်းသောအခါ သမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့၏ လက်လှမ်းမမီသောနေရာတွင် ရှိသည်။ အခြားသူများက ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့လျှင်ပင် ၎င်းတို့သည် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို မရှာဖွေနိုင်ကြဘဲ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိမီ တစ်စုံတစ်ဦးက ၎င်းတို့အား တိကျသော ညွှန်ကြားချက်များ ပေးရမည်ဖြစ်သည်။ ထိုသို့သော လူများသည် သားရဲတိရစ္ဆာန်နှင့်မခြား ဖြစ်သည်၊ ၎င်းတို့၏ စိတ်များသည် အစဉ်သဖြင့် မြူဆိုင်းပြီး မရှင်းလင်းဘဲ မည်သည်တို့မှာ စည်းမျဉ်းများဖြစ်ပြီး မည်သည်တို့မှာ စည်းမျဉ်းစည်းကမ်းများဖြစ်သည်ကို မည်သည့်အခါမျှ မခွဲခြားနိုင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “ဤအရာများကို ကြားရခြင်းက အဘယ်ကြောင့် ကျွန်ုပ်၏ ခေါင်းကို အစဉ်သဖြင့် ကိုက်စေပြီး ကျွန်ုပ်ကို အိပ်ငိုက်စေရသနည်း” ဟု ပြောဆိုကြသည်။ အဆုံးတွင် ၎င်းတို့သည် ကောက်ချက်တစ်ခုသို့ ရရှိလာသည်၊ “သမ္မာတရား စည်းမျဉ်းများသည် ကျွန်ုပ်၏ လက်လှမ်းမမီသောနေရာတွင် ရှိသည်သာမက ကျွန်ုပ်သည် စည်းမျဉ်းစည်းကမ်းများကိုပင် ပုံသေမစောင့်ထိန်းနိုင်ပေ၊ သို့ဖြစ်၍ နောင်တွင် ကျွန်ုပ်အတွင်း၌ ရှိသမျှသော အပူစွမ်းအားဖြင့် တတ်နိုင်သမျှ လင်းလက်စွာ တောက်ပမည်၊ ကျွန်ုပ်၏ စွမ်းရည်ခွင့်ပြုသလောက် ကြိုးစားအားထုတ်မည်၊ ကျွန်ုပ် လုပ်ဆောင်နိုင်စွမ်းရှိသမျှကိုသာ လုပ်ဆောင်မည်၊ ပြီးလျှင် ယင်းမှာ လုံလောက်ပြီ” ဟူ၍ ဖြစ်သည်။ ဤလူများထဲမှ အချို့က “ကျွန်ုပ်သည် စည်းမျဉ်းစည်းကမ်းများကို မည်သို့ ပုံသေစောင့်ထိန်းရမည်ကို မသိ၊ သမ္မာတရား စည်းမျဉ်းများကိုလည်း နားမလည်ပါ၊ သို့သော် ကျွန်ုပ်တွင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံး ရှိပါသည်” ဟု ပြောဆိုလျက် မိမိတို့ကိုယ်ကိုပင် နှစ်သိမ့်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်ပါက ယင်းမှာ မဆိုးပေ၊ သို့သော် ထိုသို့သော ညံ့ဖျင်းသည့် အစွမ်းအစဖြင့် ၎င်းတို့သည် သမ္မာတရားကိုပင် နားမလည်ကြပေ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်နိုင်မည်လော။ အစွမ်းအစမရှိသော လူများသည် အဘက်ဘက်တွင် သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ပြီး စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းနိုင်စွမ်းပင် မပိုင်ဆိုင်ကြပေ။ အချို့သော အစွမ်းအစ ညံ့ဖျင်းသော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ အနည်းဆုံးအနေဖြင့် တစ်စိတ်တစ်ပိုင်း နားလည်ထားသော စည်းမျဉ်းတစ်ခု၊ စည်းမျဉ်းစည်းကမ်းတစ်ခု သို့မဟုတ် ပုံသေနည်းတစ်ခုကို ဆုပ်ကိုင်နိုင်ပြီး ထိုသို့ဖြင့် သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်သည်။ သို့ရာတွင် အစွမ်းအစမရှိသူများမှာမူ စည်းမျဉ်းအခြေပြု အရာများကိုပင် မသဘောပေါက်နိုင် သို့မဟုတ် ပုံသေမစောင့်ထိန်းနိုင်ကြပေ၊ ဤလူစားမျိုးသည် ပို၍ပင် သနားစရာကောင်းသည်။
လူတို့၏ အစွမ်းအစကို သမ္မာတရား စည်းမျဉ်းများ အသုံးပြုပြီး ဤနည်းလမ်းအတိုင်း အကဲဖြတ်လျှင် ဆီလျော်သော သရုပ်သကန်များမှာ ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် အရာများ ဖြစ်သည်။ သို့ဆိုလျှင် လူတို့၏ အစွမ်းအစကို အကဲဖြတ်ရန် လူတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ကို ငါတို့ အသုံးပြုလျှင် ငါတို့ မည်သို့ လုပ်ဆောင်သင့်သနည်း။ အစွမ်းအစကောင်းသော လူတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ဧကန်မုချ ရှိသည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသည်ဟု ဆိုလိုသည့်အရာမှာ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်သည်၊ သမ္မာတရား စည်းမျဉ်းများကို စွဲကိုင်နိုင်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်း လုပ်ငန်းစဉ်တွင် ပေါ်ပေါက်လာသည့် သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်သော ပြဿနာအမျိုးမျိုးကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်သည်၊ ထို့အပြင် ဘုရားအိမ်တော်၏ အတွင်းပိုင်း ကိစ္စရပ်အမျိုးမျိုးကို ကိုင်တွယ်ရန် သမ္မာတရားကို အသုံးပြုနိုင်သည် ဟူ၍ဖြစ်သည်။ သို့ဆိုလျှင် ပြင်ပလောက၏ ကိစ္စရပ်အမျိုးမျိုးနှင့် ပတ်သက်၍ကော အသို့နည်း။ အစွမ်းအစကောင်းသော သူတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိပြီး ကိစ္စရပ်အမျိုးမျိုးကို ကိုင်တွယ်ရန် စွမ်းရည် ပိုင်ဆိုင်သောကြောင့် ၎င်းတို့သည် ပြင်ပလောက၏ ကိစ္စရပ်များကို ကိုင်တွယ်ရန် လူ့သဘာဝကို အတော်အတန် အခြေခံသော စည်းမျဉ်းအချို့ သို့မဟုတ် အပြုသဘောဆောင်သော အရာများနှင့် နီးစပ်သည့် စည်းမျဉ်းအချို့ကိုလည်း အသုံးပြုနိုင်သည်။ အပေါ်ယံ ကွဲပြားခြားနားမှုများ ရှိသော်လည်း အရာအမျိုးမျိုး၏ အခြေခံသဘောတရားများမှာ တူညီပြီး အရာအမျိုးမျိုးအတွင်းရှိ စည်းမျဉ်းများသည် အခြေခံအားဖြင့် အစွမ်းအစကောင်းသော လူတို့ စွဲကိုင်နိုင်သည့် အရာများ ဖြစ်သဖြင့် အစွမ်းအစကောင်းသော လူတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်ဟု ယေဘုယျအားဖြင့် ပြောဆိုနိုင်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိခြင်းသည် ဝိညာဉ်လောကနှင့် ဆက်သွယ်နိုင်ခြင်းကို မဆိုလိုပေ။ ထိုအစား လူတစ်ဦးသည် အမှုအရာအမျိုးမျိုး၏ အခြေခံ ဥပဒေသများနှင့် စည်းမျဉ်းများကို စွဲကိုင်နိုင်သည်ကို ဆိုလိုသည်။ ဤသည်မှာ ပြတ်သားပြီး ရိုးရှင်းကာ ရှင်းလင်းသော ပြောဆိုနည်းဖြစ်သည်။ ပြင်ပလောကရှိ အရာများ၏ အခြေခံ ဥပဒေသများနှင့် သမ္မာတရား ပါဝင်ပတ်သက်သော စည်းမျဉ်းများကို နားလည်နိုင်ခြင်းသည် အစွမ်းအစကောင်းသော လူတို့၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင် သာမန်အစွမ်းအစရှိသော လူတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ကို အခြေခံ၍ ၎င်းတို့၏ သရုပ်သကန်များကို ငါတို့ မည်သို့ တိုင်းတာနိုင်သနည်း။ သာမန်အစွမ်းအစရှိသော လူတို့သည် အမှုအရာများ၏ တစ်ဝက်ကို ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသော်လည်း ကျန်တစ်ဝက်ကို မရှိပေ၊ အချို့သော အစိတ်အပိုင်းများကို နားလည်သော်လည်း အခြားသော အစိတ်အပိုင်းများကို နားမလည်ကြပေ။ ၎င်းတို့ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည့် အစိတ်အပိုင်းများမှာ ၎င်းတို့၏ အစွမ်းအစက မီနိုင်သည့် အစိတ်အပိုင်းများ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သက်ဆိုင်သော သမ္မာတရား အမျိုးမျိုးအကြောင်း မိတ်သဟာယဖွဲ့ခြင်းကို ကြားနာရခြင်းမှတစ်ဆင့် ၎င်းတို့သည် ယင်းတို့ကို နားလည်လာနိုင်ပြီး မည်သူ့ထံမှ ညွှန်ကြားချက်မပါဘဲနှင့်ပင် ယင်းတို့အတွင်း၌ စွဲကိုင်ထားသင့်သည့် စည်းမျဉ်းများကို ၎င်းတို့ စဉ်းစားသိမြင်နိုင်သည်။ ၎င်းတို့ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် အစိတ်အပိုင်းများမှာ ၎င်းတို့၏ အစွမ်းအစ မမီသည့် အစိတ်အပိုင်းများ ဖြစ်သည်။ အခြားသူများထံမှ လမ်းပြမှုနှင့် ညွှန်ကြားချက် မပါဘဲ ၎င်းတို့တွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ မရှိပေ၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ပုံမှန် မထမ်းဆောင်နိုင် သို့မဟုတ် ပြဿနာများကို မဖြေရှင်းနိုင်ကြပေ။ ပြီးလျှင် အလုပ်လုပ်ပုံနှင့် ပြဿနာများကို ကိုင်တွယ်ပုံကို သိရှိရန် ရေလောင်းပေးခြင်း၊ လမ်းပြမှုနှင့် ညွှန်ကြားချက်တို့ကို လိုအပ်သည်၊ ဤသည်တို့မှာ ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ သာမန်အစွမ်းအစရှိသော လူတို့သည် အခြေခံအားဖြင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်ဟု ပြောဆိုနိုင်သော်လည်း ၎င်းတို့၏ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အဆင့်အတန်းသည် အစွမ်းအစကောင်းသော လူတို့၏ အဆင့်အတန်းနှင့် ယှဉ်လျှင် လိုအပ်ချက်ရှိသည်၊ ၎င်းတို့သည် တစ်ဝက်ကိုသာ နားလည်ကြသည်။ မည်သည့်နေရာတွင် လိုအပ်ချက် ရှိသနည်း။ ၎င်းတို့ သမ္မာတရား စည်းမျဉ်းများကို စွဲကိုင်သည့် အတိုင်းအတာတွင် လိုအပ်ချက် ရှိသည်၊ ၎င်းတို့သည် အလုပ်အမျိုးမျိုးကို အမှီအခိုကင်းစွာ မပြီးစီးနိုင်ကြပေ။ သို့ဆိုလျှင် အစွမ်းအစ ညံ့ဖျင်းသော လူတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ကို အသုံးပြု၍ ၎င်းတို့ကို ငါတို့ အကဲဖြတ်လျှင် ငါတို့ မည်သို့ လုပ်ဆောင်သင့်သနည်း။ အကဲဖြတ်ရန် လွယ်ကူသလော။ အစွမ်းအစ ညံ့ဖျင်းသော လူတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသလော။ (မရှိပါ။) အစွမ်းအစ ညံ့ဖျင်းသော လူတို့၏ သရုပ်သကန်များကို ကြည့်ရုံမျှဖြင့် ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြောင်း သင် ပြောနိုင်သည်၊ အကြောင်းမှာ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းကြသောကြောင့် ဖြစ်သည်။ အစွမ်းအစမရှိသော လူတို့သည် အမှန်တကယ်တွင် လူ့ဝိညာဉ် မရှိကြပေ။ လူ့ဝိညာဉ် မရှိခြင်းက ၎င်းတို့သည် သားရဲတိရစ္ဆာန်များကဲ့သို့ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်ကို ဆိုလိုသည်။ ထိုသို့သော လူများအတွက် ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ကို အကဲဖြတ်ရန် မလိုအပ်ပေ။ ဝိညာဉ်မရှိသော လူတစ်ဦးသည် မည်သည့်ကိစ္စရပ်များကိုမဆို ရှုမြင်သည့်အခါ သို့မဟုတ် လူအမျိုးမျိုးနှင့် ဆက်ဆံသည့်အခါ ၎င်းတို့သည် ထိုအရာများကို အကဲမဖြတ်နိုင်ကြပေ။ ပြီးလျှင် အပြုသဘောဆောင်သော အရာများ သို့မဟုတ် အပျက်သဘောဆောင်သော အရာများနှင့်ပတ်သက်၍ ၎င်းတို့တွင် မည်သည့်အမြင်ရှုထောင့်မျှ မရှိကြပေ။ ၎င်းတို့တွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ဆုံးရှုံးမှုများကို ရှောင်ရှားရန်အတွက် တွက်ချက်မှုအချို့သာ ရှိကြသည်။ သင်က အမြင်ရှုထောင့်တစ်ခုကို ထုတ်ဖော်ပြောဆိုသည့်အခါ ၎င်းတို့သည် သင်နှင့် ရင်းနှီးပြီး သင်၌ အစွမ်းအစကောင်း ရှိသည်ကိုလည်းကောင်း၊ စင်ကြယ်သော နားလည်သဘောပေါက်နိုင်စွမ်း ရှိသည်ကိုလည်းကောင်း၊ သင်သည် အပြုသဘောဆောင်သော လူတစ်ဦး ဖြစ်သည်ကိုလည်းကောင်း သိရှိပါက ၎င်းတို့သည် သင်၏ အမြင်ရှုထောင့်နောက်သို့ လိုက်ကြသည်။ သို့သော် ၎င်းတို့သည် သင်နှင့် မရင်းနှီးပါက သင့်ကို အထင်သေးကြသည်။ သင်၏ အမြင်ရှုထောင့်သည် မည်မျှပင် မှန်ကန်ပါစေ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့် မည်မျှပင် ကိုက်ညီပါစေ ၎င်းတို့ လက်မခံကြပေ။ ယင်းမှာ မှန်ကန်ကြောင်း ၎င်းတို့ မသိကြ၊ ယင်းမှာ လူတို့ လက်ခံသင့်သည့်အရာ ဖြစ်ကြောင်း မသိကြ၊ ဤကောင်းမွန်သော အမြင်ရှုထောင့်က ၎င်းတို့အတွက် မည်မျှ အကျိုးရှိနိုင်ကြောင်း သို့မဟုတ် ၎င်းတို့ကို အကူအညီ မည်မျှ ပေးနိုင်ကြောင်းကို မသိကြပေ။ ၎င်းတို့သည် ဤအရာအားလုံးကို မသိကြပေ။ သို့ရာတွင် အပျက်သဘောဆောင်သော လူတစ်ဦးက အပျက်သဘောဆောင်သော အမြင်ရှုထောင့်တစ်ခုကို တင်ပြသည့်အခါ ဤအပျက်သဘောဆောင်သော လူသည် လွှမ်းမိုးချုပ်ကိုင်ပြီး ၎င်းတို့ အထင်ကြီးကာ ရိုသေလေးစားသော သူတစ်ဦးဖြစ်ပါက ၎င်းတို့သည် ထိုအရာကို လုပ်ဆောင်ပြီးနောက်တွင် ယင်းက ၎င်းတို့ကို ထိခိုက်စေမည်ကို သိလျှင်ပင် ထိုအပျက်သဘောဆောင်သော အမြင်ရှုထောင့်ကို လက်ခံကြသည်။ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ (အစွမ်းအစမရှိသောသူ ဖြစ်ပါသည်။) ၎င်းတို့သည် အစွမ်းအစမရှိသော လူတစ်ဦးဖြစ်ပြီး ဆိုလိုသည်မှာ ၎င်းတို့၌ အရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သည်။ ၎င်းတို့သည် မည်သည့်အခြေအနေကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသကဲ့သို့ ၎င်းတို့ စွဲကိုင်သင့်သည့် မည်သည့်စည်းမျဉ်းများကိုမျှ မသိကြပေ။ ဤလူစားမျိုးသည် ဆိုးသောလူများ သို့မဟုတ် ဆိုးယုတ်သောလူများနောက် လိုက်သည့်အခါ မကောင်းမှုများကို ကျူးလွန်နိုင်ပြီး ကောင်းသောလူများနောက် လိုက်သည့်အခါ ကောင်းသောအရာအချို့ကို လုပ်ဆောင်နိုင်သည်။ ၎င်းတို့၌ အရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် ဝိညာဉ်မရှိသော လူသေ ဖြစ်သည်ဟု ငါ ပြောခြင်းဖြစ်သည်။ အစွမ်းအစ ညံ့ဖျင်းသော လူတို့သည် အစွမ်းအစကောင်းသော လူများ သို့မဟုတ် အပြုသဘောဆောင်သော လူပုဂ္ဂိုလ်များနှင့်အတူ နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက်တွင် ၎င်းတို့ ကြားရမြင်ရသည့်အရာ၏ လွှမ်းမိုးမှုကို ခံရနိုင်ပြီး ကောင်းသောအရာအချို့ကို သင်ယူနိုင်သည်၊ ကောင်းသော စည်းမျဉ်းစည်းကမ်းအချို့ကို စောင့်ထိန်းနိုင်ကာ အပြုသဘောဆောင်သော ပြောဆိုချက်များနှင့် ပြုမူပုံများ သို့မဟုတ် အပြုသဘောဆောင်သော အတွေးများနှင့် အမြင်ရှုထောင့်အချို့ကို စောင့်ထိန်းနိုင်သည်။ သို့ရာတွင် ဝိညာဉ်မရှိသော လူသေများသည် အပြုသဘောဆောင်သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၊ ကောင်းမွန်သော ပြုမူပုံများနှင့် စည်းမျဉ်းစည်းကမ်းများ၊ ကောင်းမွန်သော အတွေးစဉ်များ သို့မဟုတ် အပြုသဘောဆောင်သော နေထိုင်မှုပုံစံအချို့နှင့် နေ့စဉ်ဘဝ၏ အပြုသဘောဆောင်သော အထွေထွေဗဟုသုတများကိုပင် သင်ယူနိုင်ခြင်း သို့မဟုတ် စောင့်ထိန်းနိုင်ခြင်း မရှိကြပေ။ ၎င်းတို့ အမှီအခိုကင်းစွာ စတင်နေထိုင်သည့်အခါတွင် နားဝေတိမ်တောင်ဖြစ်သူတစ်ဦး၏ အခြေအနေဖြစ်သော ၎င်းတို့၏ နေထိုင်မှုအခြေအနေသည် လုံးလုံးလျားလျား ဖော်ထုတ်ခံရသည်။ ဤသည်တို့မှာ ဝိညာဉ်မရှိသော လူသေများ၏ သရုပ်သကန်များ ဖြစ်သည်။
ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသောသူများသည် အနည်းဆုံးအနေဖြင့် သာမန်အစွမ်းအစ ရှိကြသည်။ သမ္မာတရားသည် ၎င်းတို့ လက်လှမ်းမီနိုင်သော အရာဖြစ်ပြီး ၎င်းတို့ နားလည်နိုင်ပါက ၎င်းတို့သည် အစွမ်းအစကောင်းသော သူများ ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောသူများသည် အစွမ်းအစ ညံ့ဖျင်းသောသူများ သို့မဟုတ် အစွမ်းအစ လုံးဝမရှိသောသူများ ဖြစ်သည်မှာ သေချာသည်၊ ဤလူနှစ်မျိုးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု လုံးဝ ကင်းမဲ့ကြသည်။ အစွမ်းအစကောင်းသော သူများသာလျှင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အပြည့်အဝ ရှိသည်ဟု ပြောဆိုနိုင်ပြီး သာမန်အစွမ်းအစရှိသော သူများမှာမူ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု သာမန်အဆင့်သာ ရှိသည်။ ဆိုလိုသည်မှာ ကိစ္စရပ်များစွာတွင် ၎င်းတို့၏ အစွမ်းအစ လိုအပ်ချက်ရှိပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို မရရှိနိုင်ကြပေ။ သာမန်ကိစ္စရပ်များတွင်သာ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို ရရှိနိုင်ပြီး အမှုအရာများကို အမှီအခိုကင်းစွာ ကိုင်တွယ်နိုင်သည်။ ၎င်းတို့သည် ရှုပ်ထွေးသော ကိစ္စရပ်များ သို့မဟုတ် ဘက်ပေါင်းစုံပါဝင်သော အလုပ်နှင့် ရင်ဆိုင်ရသောအခါ ပါဝင်ပတ်သက်နေသော သမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့ လက်လှမ်းမီနိုင်မှုနှင့် နားလည်မှုတို့၏ ပြင်ပတွင် ရှိသောကြောင့် ဤအရာများကို အမှီအခိုကင်းစွာ မကိုင်တွယ်နိုင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့၏ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အဆင့်သည် အတော်အတန် သာမန်ဖြစ်သည်။ အစွမ်းအစ ညံ့ဖျင်းသော ဤလူစားမျိုး၏ ထူးခြားသော လက္ခဏာမှာ သမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့ လက်လှမ်းမမီနိုင်သော အရာဖြစ်ပြီး ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းကြခြင်း ဖြစ်သည်၊ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို နားမလည်နိုင်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများ၏ သဘောတရားမှာ အဘယ်အရာဖြစ်သည်ကိုပင် သဘောမပေါက်ကြဘဲ သမ္မာတရား စည်းမျဉ်းများသည် စည်းမျဉ်းစည်းကမ်းများသာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ ဤလူစားမျိုး၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည်မှာ အလွန် ရှင်းလင်းသည်။ ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၏ အဓိက လက္ခဏာတစ်ခုမှာ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ၎င်းတို့ နားလည်ရာတွင် ထုတ်ဖော်သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ အားလုံးသည် လွဲချော်နေခြင်း ဖြစ်သည်။ ဤနေရာတွင် “လွဲချော်သော” ဟူသည်ကို မည်သို့ နားလည်သင့်သနည်း။ ယင်းမှာ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှု လမ်းကြောင်းမှ လုံးဝ ကင်းကွာနေခြင်းနှင့် ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်များ လမ်းကြောင်းမှ လုံးဝ ကင်းကွာနေခြင်းကို ဆိုလိုသည်၊ ဤသည်မှာ လွဲချော်နေခြင်း ဖြစ်သည်။ ဤလူများ ပြောဆိုသည့်အရာ၏ တွေးခေါ်မှု ယုတ္တိကို သင် နားထောင်သောအခါ ယင်းမှာ အလွန်ထူးဆန်းသည်ဟု သင် တွေ့ရှိရပြီး ၎င်းတို့က အမြင်ရှုထောင့်တစ်ခုကို ထုတ်ဖော်ပြောဆိုသည် သို့မဟုတ် တစ်စုံတစ်ရာအကြောင်း ပြောဆိုသည်ကို သင် ကြားရတိုင်း သင် အံ့အားသင့်ရသည်။ “အံ့အားသင့်ရသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ၎င်းတို့ တစ်စုံတစ်ရာ ပြောဆိုသည်ကို သင် ကြားရသောအခါ ယင်းမှာ ယုံနိုင်စရာမရှိဟု သင် ခံစားရပြီး “၎င်းတို့တွင် ထိုသို့သော စိတ်ကူးမျိုး မည်သို့များ ရှိနိုင်ရသနည်း။ ပုံမှန်လူများ တွေးသည့်အရာနှင့် အဘယ်ကြောင့် ဤမျှကွာခြားနေရသနည်း။ ဤစိတ်ကူးက အလွန် ထူးဆန်းသည်၊ အဘယ်ကြောင့် အဓိပ္ပာယ်မရှိသကဲ့သို့ ခံစားရသနည်း” ဟု သင့်စိတ်ထဲတွင် တွေးမိသည်။ သင့်စိတ်နှလုံးထဲတွင် ယင်းကို အထူးသဖြင့် ခွတီးခွကျဖြစ်ပြီး ယုတ္တိမရှိဟု သင် မြင်သည်။ မိမိတို့၏ စကားများဖြင့် အခြားသူများကို အစဉ်သဖြင့် အံ့အားသင့်စေသော သူများသည် လွဲချော်တတ်သောသူများ ဖြစ်သည်၊ အထူးသဖြင့် ထိုသို့ ဖြစ်တတ်သည်။ ဥပမာအားဖြင့် သင်က “သင် ထမင်းစားပြီးပြီလော” ဟု ၎င်းတို့ကို မေးသည်။ ၎င်းတို့က “ယနေ့ အတော် အေးသည်” ဟု ပြန်ဖြေသည်။ ဤအရာနှစ်ခုကြားတွင် ဆက်စပ်မှု တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) သင်က “ယနေ့ သင်သည် အဘယ်ကြောင့် အဝတ်အစား အနည်းငယ်သာ ဝတ်ဆင်ထားသနည်း” ဟု ပြောသည်။ ၎င်းတို့က “ကျွန်ုပ် ယနေ့ ဂျင်းရည် တစ်ခွက် သောက်ခဲ့သည်” ဟု ပြောသည်။ ၎င်းတို့၏ တုံ့ပြန်မှုသည် သင်၏ မေးခွန်းနှင့် ဆက်စပ်မှုတစ်ခုတလေ အမှန်တကယ် ရှိသလော။ ၎င်းတို့၏ အဖြေတွင် ပုံမှန် တွေးခေါ်မှုနှင့် ယုတ္တိ ရှိသလော။ (မရှိပါ။) ပုံမှန် တွေးခေါ်မှုနှင့် ယုတ္တိရှိသော သူတစ်ဦးသည် မည်သို့ တုံ့ပြန်သင့်သနည်း။ ၎င်းတို့က “အထဲတွင် အလွန်ပူသဖြင့် ကျွန်ုပ် အဝတ်အထည် အနည်းငယ်သာ ဝတ်ဆင်ထားခြင်းဖြစ်သည်၊ ထို့အပြင် အပြင်တွင် နေအရမ်းပူပြီး အပူချိန်က အတော်ပင် မြင့်နေသည်” ဟု ပြောနိုင်သည်။ သို့မဟုတ် “ကျွန်ုပ် လေ့ကျင့်ခန်းလုပ်ပြီးခါစဖြစ်၍ ကိုယ်ပူလာပြီး အဝတ်အထည် အနည်းငယ်သာ ဝတ်ထားခြင်းဖြစ်သည်” ဟုလည်း ၎င်းတို့ ပြောနိုင်သည်။ သို့သော် တစ်စုံတစ်ဦးက “သင် အဘယ်ကြောင့် အဝတ်အထည် အနည်းငယ်သာ ဝတ်ထားရသနည်း” ဟု မေးပြီး ၎င်းတို့က “ကျွန်ုပ်သည် ယနေ့တွင် သိုးမွှေးပါသည့် ဖိနပ်စီးထားသောကြောင့် ဖြစ်သည်” ဟု ပြန်ဖြေလျှင် ဤအဖြေသည် မေးခွန်းနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ၎င်းတို့ တွေးတောသောအခါ ၎င်းတို့ လိုက်နာသည့် အတွေးစဉ်နှင့် ယုတ္တိသည် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုနှင့် ယုတ္တိတို့နှင့် မကိုက်ညီပေ။ ယင်းမှာ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုရှိသော မည်သူမျှ စဉ်းစားမိမည်မဟုတ်သည့် အလွန် ထူးဆန်းသော စိတ်ကူးတစ်ခုနှင့် အလွန် ထူးဆန်းသော အတွေးစဉ်တစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့၏ အဖြေကို နားထောင်ပြီးနောက်တွင် ယင်းမှာ ခွတီးခွကျနိုင်သည်ဟု သင် ခံစားရသည်။ သင်သည် ၎င်းတို့နှင့် စကားစမြည် ပြောဆိုလိုသော်လည်း ၎င်းတို့နှင့် အဆက်အစပ် မလုပ်နိုင်ပေ၊ ၎င်းတို့သည် အစဉ်သဖြင့် အမေးတခြား အဖြေတခြား ဖြစ်နေသဖြင့် စကားဝိုင်းကို ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်အောင် ပြုလုပ်သည်။ ဥပမာအားဖြင့် လူတစ်ဦးသည် အဝတ်အစား ချုပ်လုပ်နည်းကို သင်ယူနေခဲ့ပြီး “အဝတ်အစား ချုပ်လုပ်နည်း သင်ယူရာမှာ သင်၏ တိုးတက်မှုက မည်သို့ရှိသနည်း။ ဂွမ်းခံအဝတ်အထည် သင် ချုပ်တတ်သလား” ဟု ငါ သူ့ကို မေးခဲ့သည်။ ပုံမှန် တွေးခေါ်မှုနှင့် ယုတ္တိတို့နှင့် ကိုက်ညီသော တုံ့ပြန်မှုတစ်ခုမှာ အဘယ်အရာ ဖြစ်မည်နည်း။ (“ချုပ်တတ်ပါသည်” သို့မဟုတ် “မချုပ်တတ်ပါ” ဟူ၍ ဖြစ်ပါမည်။) ထိုအရာက ပုံမှန် တွေးခေါ်မှုနှင့် ယုတ္တိကို ထင်ဟပ်ပေမည်။ သို့မဟုတ် သူက “တစ်ခါတလေ ကျွန်ုပ် နည်းနည်း ပိုကောင်းအောင် လုပ်နိုင်ပါသည်၊ နည်းပြက အဆင်ပြေသည်၊ လက်ခံနိုင်ရုံလေးသာ ရှိသည်ဟု ပြောပါသည်။ သို့ရာတွင် ပိုရှုပ်ထွေးသည့် အစိတ်အပိုင်းအချို့နှင့် ပတ်သက်လာလျှင် ကျွန်ုပ်၏ လက်ရာက ချို့ယွင်းချက်ရှိသဖြင့် ပြန်လုပ်ရပါသည်” ဟုလည်း ပြောနိုင်သည်။ ဤသည်တို့မှာ ပုံမှန် တွေးခေါ်မှုနှင့် ယုတ္တိရှိသော သူတစ်ဦးထံမှ တုံ့ပြန်မှုများ ဖြစ်သလော။ (ဟုတ်ပါသည်။) ပုံမှန် တွေးခေါ်မှုနှင့် ယုတ္တိမရှိသော ဤသူသည် မည်သို့ တုံ့ပြန်ခဲ့သနည်း။ “ဤဂွမ်းခံအဝတ်အစားမျိုးကို သင် ယခု ချုပ်တတ်ပြီလော” ဟု ငါ မေးခဲ့သည်။ သူက “ကျွန်ုပ် ဤနေရာကို ရောက်ခါစက ဤကဲ့သို့ အဝတ်အစားမျိုး ချုပ်နည်းကို သင်ယူနေခဲ့သည်” ဟု ပြန်ဖြေခဲ့သည်။ “သို့ဆိုလျှင် သင် ယခု ချုပ်တတ်ပြီလော” ဟု ငါ မေးခဲ့သည်။ သူက “ကျွန်ုပ် ဤနေရာကို ရောက်ခါစက ဤကဲ့သို့ အဝတ်အစားမျိုး ချုပ်နည်းကို သင်ယူနေခဲ့သည်” ဟု ပြန်ဖြေမြဲ ပြန်ဖြေခဲ့သည်။ “ငါ နားမလည်ပါ။ သင် ရောက်ခါစက ဤကဲ့သို့ အဝတ်အစားမျိုး ချုပ်နည်းကို သင်ယူနေခဲ့သည်ဆိုပါက ယခု သင် ချုပ်တတ်သလား။ ငါသည် အဘယ်ကြောင့်များ ဤအရာကို နားမလည်နိုင်ရသနည်း” ဟု ငါ့စိတ်ထဲတွင် တွေးမိသည်။ သူ့တုံ့ပြန်မှုကို ငါ ကြားသောအခါ ခွတီးခွကျနိုင်သည်ဟု ငါ ခံစားခဲ့ရသည်။ သူ ဤအဝတ်အစားမျိုး ချုပ်တတ်မတတ် ငါ မေးနေခဲ့ခြင်းဖြစ်ပြီး သူ ရောက်ခါစက ယင်းကို ချုပ်နည်း သင်ယူနေခဲ့ကြောင်း သူ ပြောခဲ့သည်။ သူက ထိုအကြောင်းအရာဆီသို့ မည်သို့ ပြောင်းလဲသွားရသည်ကို ငါ နားမလည်ခဲ့ပေ၊ ထိုအရာက သူ ချုပ်တတ်မတတ် ဟူသည်နှင့် မည်သည့် ပတ်သက်မှု ရှိသနည်း။ “ဤအကြောင်းအရာ ပြောင်းသွားရခြင်းကို ငါ လုံးဝ နားမလည်နိုင်ပါ” ဟု ငါ့စိတ်ထဲတွင် တွေးမိသည်။ “သို့ဆိုလျှင် သင် ယခု ချုပ်တတ်ပြီလော” ဟု နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ဆက်တိုက် ငါ မေးသည့်အခါတွင်ပင် သူက “ကျွန်ုပ် ရောက်ခါစက ဤအရာ ချုပ်လုပ်နည်းကို သင်ယူနေခဲ့သည်၊ ဤအရာ ချုပ်လုပ်ရာတွင် နည်းပြက ကျွန်ုပ်ကို လမ်းပြပေးနေခဲ့ပါသည်၊ ကျွန်ုပ်က ဤအရာကိုသာ အဓိက ချုပ်လုပ်နေခြင်းဖြစ်သည်” ဟု ဆက်လက် ဖြေကြားခဲ့သည်။ ငါ ရှာနေသော အဖြေကို ငါ မရရှိခဲ့သေးပေ၊ ယနေ့ထိတိုင် သူ ချုပ်တတ်မတတ်ကို ငါ မသိရသေးပေ။ သူ့စကားများ၏ နောက်ကွယ်ရှိ ယုတ္တိနှင့် သူ အဘယ်ကြောင့် ဤသို့ပြောသည်ကို စိတ်ဖြာလေ့လာကြည့်လော့။ (သူ့တုံ့ပြန်မှုသည် အတော်အတန်ပင် မေးခွန်းနှင့် အမေးတခြား အဖြေတခြား ဖြစ်နေပါသည်။ ယင်းကို ကြားသောသူများသည် သူ၏ ဆိုလိုရင်းကို ခန့်မှန်းရန် ကြိုးစားကြလိမ့်မည်ဖြစ်သော်လည်း သူ အမှန်တကယ် ချုပ်တတ်မတတ်ကိုမူ သိကြလိမ့်မည် မဟုတ်ပါ။) သူသည် ငါ့ကို သိစေလိုသလော၊ မသိစေလိုသလော။ သူသည် ငါ့ကို တိကျသော အဖြေတစ်ခု ပေးလိုသလော။ ဤနေရာတွင် သူသည် အရိပ်အမြွက်တစ်ခု ပေးနေခဲ့သည်။ “ကျွန်ုပ် ရောက်ခါစက ဤအရာကိုသာ အဓိက သင်ယူနေခဲ့ခြင်း ဖြစ်သည်ဟု ကိုယ်တော့်ကို ပြောပြီးဖြစ်သည်၊ ယခုအခါတွင် ရက်သတ္တတစ်ပတ် ရှိပြီဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ် ချုပ်နိုင်သည်မှာ ပြောစရာမလိုပါ။ ကိုယ်တော်သည် ကျွန်ုပ်၏ ဆိုလိုရင်းကို သဘောမပေါက်သင့်သလော။ ကိုယ်တော် မည်သို့ဖြစ်၍များ နားမလည်နိုင်ရသနည်း” ဟူ၍ ဖြစ်သည်။ သူ့တုံ့ပြန်မှုမှ ဤဆိုလိုရင်းကို သင်တို့ ရရှိသလော။ (မရရှိပါ။) သူ့တုံ့ပြန်မှုက သင့်အား တိကျသော အဖြေတစ်ခု ရရှိစေပြီး သူ ချုပ်တတ်မတတ်ကို သိရှိစေပါက သူ့တုံ့ပြန်မှုသည် ယုတ္တိရှိလိမ့်မည်။ သို့သော် သူ့တုံ့ပြန်မှုသည် သင့်အား မရေရာသော ဆိုလိုရင်းတစ်ခုကိုသာ ပေးပြီး သူ ချုပ်တတ်မတတ်ကို သင့်အား အမှန်တကယ် အသိမပေးပေ။ ဤသို့ အစဉ်သဖြင့် စကားပြောဆိုသော သူများသည် အလွန် နားဝေတိမ်တောင်ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဤနည်းလမ်းအတိုင်း တမင်သက်သက် တုံ့ပြန်နေခြင်းဖြစ်ပါက ယင်းမှာ ကိုယ်ကျင့်စရိုက်ပိုင်းဆိုင်ရာ ကိစ္စ ဖြစ်သည်။ ၎င်းတို့သည် တမင်သက်သက် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ၎င်းတို့၏ တုံ့ပြန်မှုသည် သင် ရယူရန် ကြိုးစားနေသော အဖြေနှင့် မည်သည့် မရှိမဖြစ် လိုအပ်သော ဆက်စပ်မှုမျှ မရှိပါက ၎င်းတို့၏ တွေးခေါ်မှုနှင့် ယုတ္တိတို့တွင် ပြဿနာတစ်ခု ရှိနေသည်။ ၎င်းတို့၏ တွေးခေါ်မှုနှင့် ယုတ္တိတို့တွင် ပြဿနာရှိပါက ဤသည်မှာ ၎င်းတို့၌ အစွမ်းအစ ညံ့ဖျင်းသည်ဟု ဆိုလိုသည် မဟုတ်လော။ ၎င်းတို့သည် လွဲချော်တတ်သောသူများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လွဲချော်တတ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ “ကျွန်ုပ် ရောက်ခါစက ဤအရာကို သင်ယူနေခဲ့သည်ဟု ပြောနေသဖြင့် မလွှဲရှောင်သာသော ရလဒ်မှာ ကျွန်ုပ် ချုပ်လုပ်နိုင်သည်ဟုပင် ဖြစ်သည်” ဟု ထိုသူ တွေးခဲ့သည်။ သူ အသိပေးလိုခဲ့သည့်အရာမှာ “ကျွန်ုပ် ချုပ်တတ်ပါသည်” ဟူသော အဖြေဖြစ်သည်။ သို့ရာတွင် ပုံမှန် တွေးခေါ်မှုရှိသော သူများသည် ဤအရာကို ကြားပြီးနောက် တိကျသော အဖြေတစ်ခု မရရှိကြပေ။ ထို့ကြောင့် “ကျွန်ုပ် ရောက်ခါစက ဤအရာကို သင်ယူနေခဲ့ခြင်းဖြစ်သည်” ဟူသော သူ့တုံ့ပြန်မှုသည် သူ ချုပ်တတ်ကြောင်း အသိပေးလိုခြင်းနှင့် မည်သည့် ယုတ္တိကျသော ဆက်စပ်မှုမျှ မရှိခဲ့ပေ။ သို့ဖြစ်၍ သူ့တုံ့ပြန်မှုသည် နားဝေတိမ်တောင် စကားများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မိမိတို့သည် ကောင်းစွာ ဆက်သွယ်ပြောဆိုနိုင်သည်ဟုလည်းကောင်း၊ မေးခွန်းကို ဖြေဆိုပြီးဖြစ်သည်ဟုလည်းကောင်း တွေးထင်လျက် နားဝေတိမ်တောင် စကားများကို ပြောဆိုခြင်းသည် အစွမ်းအစ ညံ့ဖျင်းခြင်းကို ထင်ဟပ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထိုသူ၌ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုနှင့် ယုတ္တိ မရှိပေ။ သင် မည်သို့ပင် မေးပါစေ၊ ပြဿနာ၏ အခရာမှာ အဘယ်အရာဖြစ်သည်ကို သို့မဟုတ် သင် အဘယ်ကြောင့် ထိုအရာကိုသာ ထပ်ခါတလဲလဲ မေးနေရသည်ကို သူ သဘောပေါက်နိုင်လိမ့်မည် မဟုတ်ပေ။ သင် သုံးကြိမ်မြောက် မေးသောအခါ သူသည် ထိုတုံ့ပြန်မှုကိုသာ ပေးမြဲပေးလိမ့်မည်ဖြစ်ပြီး “ သင်သည် အဘယ့်ကြောင့် ထပ်တလဲလဲ မေးနေရသနည်း။ သင့်ကို ပြောပြပြီးဖြစ်သည်၊ သင်သည် နားမလည်ဘဲ ထပ်၍ မေးနေဆဲသာဖြစ်သည်” ဟု တွေးလျက် စိတ်မရှည်ပင် ဖြစ်လိမ့်မည်။ သုံးကြိမ်တိုင်တိုင် မေးမြန်းခံရပြီးနောက်တွင်ပင် သူ့အဖြေသည် ရှင်းလင်းမှုမရှိကြောင်းနှင့် တစ်ဖက်လူ ရှာနေသော အဖြေမဟုတ်ကြောင်း၊ သူသည် စကားအသုံးအနှုန်းကို ပြောင်းလဲပြီး သူ ချုပ်တတ်မတတ်ကို ရှင်းလင်းစွာ ပြောဆိုသင့်ကြောင်း၊ တစ်ဖက်လူကို ခန့်မှန်းခိုင်းခြင်း မပြုသင့်ကြောင်းတို့ကို သူ သဘောပေါက်နိုင်လိမ့်မည် မဟုတ်ပေ။ သူ့စကားများက အခြားသူများကို မည်သို့ ခံစားရစေသည်ကို သို့မဟုတ် ယင်းတို့ကို ကြားပြီးနောက် တစ်ဖက်လူက မည်သို့ တုံ့ပြန်သည်ကို သူ သဘောမပေါက်နိုင်ပေ၊ ဤအရာအားလုံးကို သူ သဘောမပေါက်နိုင်ပေ။ ဤသည်က သူ့၌ အစွမ်းအစမရှိကြောင်း ပြသသည်။ သင် မည်မျှပင် အကြိမ်ကြိမ် မေးပါစေ၊ သူသည် ထိုတုံ့ပြန်မှုကိုသာ ပေးလိမ့်မည်ဖြစ်ပြီး “ သင်သည် ဤကိစ္စကို အခေါက်ရေမည်မျှ မေးပါစေ၊ ကျွန်ုပ်က ဤအဖြေကိုသာ ပေးပါသည်၊ ကျွန်ုပ်သည် ရိုးသားသူဖြစ်ရန် လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်၊ ကျွန်ုပ် စိတ်ထဲရှိသည့်အရာကို ပြောနေခြင်းဖြစ်သည်” ဟု တွေးလျက် သူ ပြောနေသည့်အရာသည် ရိုးသားပြီး မှားယွင်းခြင်းမရှိဟုပင် ခံစားရလိမ့်မည်။ ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းခြင်း၏ ထင်ဟပ်မှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်က မောင်ဖြူအကြောင်း မေးသောအခါ ဤလူစားမျိုးသည် မောင်မဲနှင့် မောင်လှအကြောင်း အစဉ်သဖြင့် ပြောဆိုသည်။ သင်က မောင်မဲနှင့် မောင်လှအကြောင်း မေးသောအခါ ၎င်းတို့သည် မောင်ဖြူအကြောင်း အစဉ်သဖြင့် ပြောဆိုသည်။ ပုံမှန် တွေးခေါ်မှုမရှိသော သူများ၌ နားဝေတိမ်တောင်ဖြစ်သော အတွေးအခေါ်များရှိပြီး ၎င်းတို့၏ တွေးခေါ်မှုမှာ ရှုပ်ထွေးပွေလီနေသည်။ ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းခြင်း၏ အဓိက သရုပ်သကန်တစ်ခု ဖြစ်သည်။ အကျဉ်းချုပ်အားဖြင့် ဤသည်တို့မှာ မတူညီသော အစွမ်းအစရှိသည့် လူတို့၏ သရုပ်သကန်များ ဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစကို သမ္မာတရား စည်းမျဉ်းများ နားလည်နိုင်စွမ်းနှင့် အသုံးပြုနိုင်စွမ်း ရှိမရှိဟူသည်ဖြင့် သင် အကဲဖြတ်သည်ဖြစ်စေ၊ ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ဖြင့် အကဲဖြတ်သည်ဖြစ်စေ ဤသည်တို့မှာ သရုပ်သကန်များ ဖြစ်သည်။ ငါတို့သည် အတော်အတန် ယေဘုယျကျသော အသုံးအနှုန်းဖြင့် ပြောဆိုခဲ့သော်လည်း ငါ၏စကားများကို လက်တွေ့ဘဝနှင့် အခြေခံအားဖြင့် သင် နှိုင်းယှဉ်ချိန်ဆ၍ မရနိုင်သလော။ (ရနိုင်ပါသည်။) သို့ဆိုလျှင် ငါတို့သည် အစွမ်းအစနှင့်ပတ်သက်သော အကြောင်းအရာကို အနည်းနှင့်အများ အကျဉ်းချုပ်ပြီးပြီ မဟုတ်လော။ (ဟုတ်ပါသည်။) အစွမ်းအစ အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၏ ဆွေးနွေးမှုကို ဤနေရာတွင် အဆုံးသတ်လိုက်သည်။
လူတို့က ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပုန်ကန်သည့် အတိုင်းအတာသည် ၎င်းတို့၏ အစွမ်းအစ ကောင်းမွန်ခြင်း သို့မဟုတ် ဆိုးရွားခြင်းနှင့် သက်ဆိုင်မှု ရှိသလော၊ ငါ့ကို ပြောလော့။ လူတို့သည် အစွမ်းအစ ညံ့ဖျင်းသောကြောင့် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပုန်ကန်ကြသလော။ ဤမေးခွန်းကို သင်တို့ စဉ်းစားဖူးသလော။ ဤသည်မှာ စဉ်းစားထိုက်သော မေးခွန်းတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) အချို့လူများက “ကျွန်ုပ်တို့ အစွမ်းအစ ညံ့ဖျင်းသောကြောင့်၊ ဘုရားသခင် ကျွန်ုပ်တို့ကို ပေးထားသော အစွမ်းအစ မကောင်းသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ပြင်းထန်စွာ အတိုက်အခံလုပ်ပြီး ပုန်ကန်ကြသည်” ဟု ပြောဆိုကြသည်။ ဤပြောဆိုချက် မှန်ကန်သလော။ (မမှန်ကန်ပါ။) ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြား ကွာခြားချက်များနှင့်ပတ်သက်သည့် ငါတို့၏ ယခင် မိတ်သဟာယအပေါ် အခြေခံလျှင် အစွမ်းအစသည် မည်သည့်အမျိုးအစားတွင် ပါဝင်သနည်း။ (ပင်ကိုအခြေအနေများတွင် ပါဝင်ပါသည်။) ယင်းသည် ပင်ကိုအခြေအနေများတွင် ပါဝင်သည်။ သို့ဆိုလျှင် ပင်ကိုအခြေအနေများ၏ ကဏ္ဍအသီးသီးသည် လူတို့၏ လူ့သဘာဝ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတို့နှင့် ဆက်စပ်မှု ရှိမရှိဟူသည်ကို သင် သိသလော။ အစွမ်းအစဖြင့် စတင်ကြစို့။ လူတစ်ဦးသည် ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်သည့် အတိုင်းအတာကို အစွမ်းအစက အဆုံးအဖြတ်ပေးသလော။ (အဆုံးအဖြတ်မပေးပါ။) ယင်းက အဆုံးအဖြတ်မပေးဟု ငါတို့ အဘယ်ကြောင့် ပြောဆိုကြသနည်း။ ဤသည်မှာ လူတို့ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပုန်ကန်ရသည့် အကြောင်းရင်းနှင့် သက်ဆိုင်သည်။ လူတို့သည် အစွမ်းအစ ညံ့ဖျင်းသောကြောင့် ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်ကြသလော။ (မဟုတ်ပါ၊ ကျွန်ုပ်တို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်၊ ဤသည်မှာ လက်တွေ့ကျမှုနှင့် ကိုက်ညီသည်။ ဘုရားသခင်ကို သင်၏ အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်း၊ သမ္မာတရားကို သင် ကျိုးနွံနာခံနိုင်စွမ်းမရှိခြင်းတို့သည် အစွမ်းအစ ညံ့ဖျင်းခြင်းကြောင့် မဟုတ်ဘဲ သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်သည်ဟူသော အကြောင်းပြချက်သက်သက်ဖြင့် ဘုရားသခင်က သင့်ကို အစွမ်းအစ ညံ့ဖျင်းအောင် ပေးထားသည်ဟု အပြစ်တင်၍ မရနိုင်ပေ။ အစွမ်းအစ သို့မဟုတ် သင်၏ ပင်ကိုအခြေအနေများ၏ အခြားမည်သည့်ကဏ္ဍမဆိုသည် သင်ကိုယ်တိုင် ပိုင်ဆိုင်ထားသော အခြေအနေများသာ ဖြစ်သည်၊ ယင်းတို့သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင် ပိုင်ဆိုင်ထားသော ပင်ကိုရှိပြီးသား ပင်ကိုအခြေအနေများ ဖြစ်သည်။ ပင်ကိုအခြေအနေများ၏ မည်သည့်ကဏ္ဍပင် ဖြစ်ပါစေ၊ ယင်းက ဘုရားသခင်ကို အတိုက်အခံ လုပ်ခြင်းဆီသို့ ဦးတည်စေခြင်း မရှိသကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်လည်း မည်သည့် ဆက်စပ်မှုမျှ မရှိပေ။ ဥပမာအားဖြင့် အရပ်ရှည်ခြင်းက သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ နည်းပါးသည်ဟု မဆိုလိုပေ။ လှပခြင်း သို့မဟုတ် အသားအရေ ဖြူဝင်းခြင်းက သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိဟု မဆိုလိုပေ။ လူတို့ အထင်ကြီးပြီး လေးစားအားကျသော လူမျိုးနွယ်စုတစ်ခုတွင် မွေးဖွားလာခြင်းက သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိဟု မဆိုလိုပေ။ တစ်နည်းအားဖြင့် ဘုရားသခင်က လူတစ်ဦးကို မည်သည့် ပင်ကိုအခြေအနေများ ပေးထားသည်ဖြစ်စေ၊ လူတစ်ဦး၏ ပင်ကိုအခြေအနေများက မည်သို့ပင် ရှိပါစေ၊ ယင်းတို့သည် ထိုသူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မည်သည့် ဆက်စပ်မှုမျှ မရှိပေ။ ဥပမာအားဖြင့် လူတစ်ဦး၏ ရုပ်ရည်သွင်ပြင်သည် ယင်းဘာသာ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းဆီသို့ ဦးတည်စေခြင်း မရှိပေ။ သို့ရာတွင် လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် တစ်စုံတစ်ဦးသည် ရုပ်ရည်ချောမောသောအခါ “ငါက လှသည်၊ သို့ဖြစ်၍ ငါ့ထံတွင် အဆင့်အတန်းရှိပြီး လေးစားခြင်းခံရသင့်သည်” ဟု ၎င်းတို့ တွေးကောင်းတွေးနိုင်သည်။ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ပြသမှုများ ဖြစ်သည်။ အချို့လူများသည် မိမိတို့၏ အားသာချက်များကို အသုံးချရန် မိမိတို့၏ ရုပ်ရည်ချောမောမှုကို အသုံးပြုကြပြီး ထိုသို့ဖြင့် မှားယွင်းသော ပြောဆိုချက်များနှင့် လုပ်ရပ်များစွာကို ထုတ်ဖော်ကြသည်။ ဤပြောဆိုချက်များနှင့် လုပ်ရပ်များအားလုံးသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ၎င်းတို့၏ ပင်ကိုအခြေအနေများကြောင့် ဖြစ်ပွားရခြင်း မဟုတ်ပေ။ သင့်၌ အစွမ်းအစ ကောင်းသည်ဖြစ်စေ၊ ညံ့ဖျင်းသည်ဖြစ်စေ အစွမ်းအစ ကိုယ်တိုင်က ဘုရားသခင်ကို အတိုက်အခံ လုပ်ခြင်းဆီသို့ ဦးတည်စေခြင်း မရှိပေ။ သင့်၌ အစွမ်းအစကောင်း ရှိသော်လည်း သမ္မာတရားကို နားမလည်ပါက သို့မဟုတ် လက်မခံပါက သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် သင်သည် ဘုရားသခင်ကို အတိုက်အခံ လုပ်ပြီး ပုန်ကန်နေဦးမည် ဖြစ်သည်။ သင့်၌ အစွမ်းအစ ညံ့ဖျင်းသော်လည်း သမ္မာတရားကို သင် လက်ခံနိုင်ပါက၊ ဘုရားသခင်က သင့်အား လုပ်ဆောင်ရန် သို့မဟုတ် မလုပ်ဆောင်ရန် ပြောဆိုသည့်အရာကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် သင် လိုက်နာနိုင်ပါက၊ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အခြေခံ၍ မပြုမူဘဲ နေနိုင်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်လိမ့်မည် မဟုတ်သကဲ့သို့ ကောက်ကျစ်စဉ်းလဲပြီး ခိုကပ်လိမ့်မည် မဟုတ်၊ သို့မဟုတ် ဝတ်ကျေတမ်းကျေလုပ်ခြင်း၊ တစ်ဇွတ်ထိုးလုပ်ခြင်း သို့မဟုတ် ထင်ရာစိုင်းခြင်းတို့ ရှိလိမ့်မည် မဟုတ်ပေ။ သင့်၌ အစွမ်းအစ ညံ့ဖျင်းသည်ဖြစ်စေ၊ မညံ့ဖျင်းသည်ဖြစ်စေ သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေသရွေ့ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်လျှင်ပင် ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်နေဦးမည် ဖြစ်သည်။ အကြောင်းမှာ သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင့်အသက်အဖြစ် ရှိနေသောကြောင့် သင်သည် အမျိုးမျိုးသော စာတန်ဆန်သည့် အတွေးများနှင့် အမြင်ရှုထောင့်များ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်ဆန်သည့် အတွေးအခေါ်များအပြင် လူများနှင့် အမှုအရာများကို သင် ရှုမြင်ပုံ၏ အခြေခံဖြစ်သော စာတန်ဆန်သည့် အမြင်ရှုထောင့်များကို သဘာဝအလျောက် ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး သင်သည် မိမိကိုယ်ကို ကိုယ်ရည်သွေးမည်၊ မိမိကိုယ်ကို ခုခံကာကွယ်မည်ဖြစ်ကာ အခြားသူများထက် ထင်ပေါ်ကျော်ကြားရန်နှင့် လူတစ်ပါးအပေါ် ဗိုလ်ကျရန်၊ အခြားသူများကို ထိန်းချုပ်ရန်နှင့် အုပ်စိုးရန်ကိုပင် အမြဲတစေ အလိုရှိလိမ့်မည်။ ဤသရုပ်သကန်များ အားလုံးသည် လူတို့၏ စာတန်ဆန်သော သဘာဝမှ မြစ်ဖျားခံသည်။ သင်သည် သင်၏ စာတန်ဆန်သော သဘာဝနှင့် စာတန်ဆန်သော အသက်အပေါ် အခြေခံ၍ အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ပါက သင့်၌ အစွမ်းအစ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင်သည် ဘုရားသခင်ကို အတိုက်အခံ လုပ်လိမ့်မည်။ အစွမ်းအစ ကိုယ်တိုင်က ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းဆီသို့ ဦးတည်စေခြင်း မရှိပေ။ သင့်၌ အစွမ်းအစ ညံ့ဖျင်းသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည်သရွေ့ ယင်းတို့အတိုင်း သင် ပြုမူနိုင်သလော။ သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိပါက သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်မရှင်ပါက သင်သည် ဤအရာကို လုံးဝ အောင်မြင်နိုင်သည်။ သီးခြား အားသာချက်တစ်ခု ပိုင်ဆိုင်ထားခြင်းကို ဥပမာအနေဖြင့် ကြည့်ကြစို့၊ “ ငါ့ထံတွင် ဤအားသာချက် ရှိသည့်အတွက် ငါသည် အခြားသူများထက် သာသည်၊ ဘုရားသခင်၏ အိမ်တော်၌ ငါသည် အဆင့်အတန်း ရှိသင့်သည်၊ ငါသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် ဘုရားအိမ်တော်၏ ထောက်တိုင် ဖြစ်သင့်သည်” ဟု လူတို့ မကြာခဏ တွေးတောကြသည်။ ဤအတွေးအခေါ်များသည် အားသာချက်တစ်ခု ရှိခြင်းကြောင့် ဖြစ်ပွားရခြင်း မဟုတ်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏ အသက်အဖြစ် ရှိနေသောကြောင့် ၎င်းတို့ ထုတ်ဖော်သည့်၊ အသက်ရှင်နေထိုင်သည့်၊ ပြသသည့် အရာအားလုံးအပြင် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ရှုမြင်ရာတွင် ၎င်းတို့၏ ရှုထောင့်အမြင်များ၊ ရပ်တည်ချက်များနှင့် စည်းမျဉ်းများ အားလုံးသည် ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ၎င်းတို့၏အသက်အဖြစ် ရှိနေခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ ဤအရာများသည် ဘုရားသခင် ၎င်းတို့ကို ပေးထားသော မည်သည့် ပင်ကိုအခြေအနေကြောင့်မျှ ဖြစ်ပွားရခြင်း မဟုတ်ပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) ဤစကားများကို မိတ်သဟာယဖွဲ့ခြင်းဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ ဤမိတ်သဟာယ၏ ရည်ရွယ်ချက်မှာ သင်တို့၏ အမှန်တကယ်ဖြစ်သော အခြေအနေကို ပို၍ ရှင်းလင်းစွာ နားလည်ပြီး သဘောပေါက်စေရန်နှင့် သင်၏ အစွမ်းအစ မည်သို့ရှိသည်ကို သဘောပေါက်စေရန် ဖြစ်သည်။ ဆင်ခြင်တုံတရားမဲ့သော လူတစ်ဦး မဖြစ်နှင့်၊ အစွမ်းအစ သာမန်ရှိခြင်း သို့မဟုတ် ညံ့ဖျင်းခြင်းနှင့်ပတ်သက်၍ အဓိပ္ပာယ်မရှိသော ရုန်းကန်မှုများ မပြုလုပ်နှင့်၊ သို့မဟုတ် သင်၏ အစွမ်းအစ မညံ့ဖျင်းကြောင်း ပြသရန် အဓိပ္ပာယ်မရှိသော ဆင်ခြေများကိုပင် မပေးနှင့်။ ဤလုပ်ရပ်များသည် မည်သည့်တန်ဖိုးမျှ မရှိပေ။ ဤမိတ်သဟာယသည် သင့်အား သင်၏ အစွမ်းအစနှင့် သင်၏ စွမ်းရည်အမျိုးမျိုးကို တိကျစွာ နားလည်စေရန်နှင့် ထို့နောက် သင်၏ သင့်လျော်သော နေရာကို ရှာဖွေပြီး သင်၏ သင့်လျော်သော အဆင့်အတန်းနှင့်အညီ ကျင့်ကြံပြုမူစေရန် ရည်ရွယ်သည်။ ဤသည်က သင့်အား သင့်လျော်သော ဖန်ဆင်းခံတစ်ဦး ဖြစ်ရန်၊ ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ နေရာတွင် သင့်လျော်စွာ ရပ်တည်ရန်နှင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပို၍ အထောက်အကူပြုလိမ့်မည်။ သေချာသည်မှာ ယင်းက သင့်အား သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပစ်ရန်လည်း အတိုင်းအတာတစ်ခုအထိ ပို၍ ကူညီလိမ့်မည်။ သင်၏ အစွမ်းအစ သို့မဟုတ် စွမ်းရည်အမျိုးမျိုးသည် မည်သည့်အဆင့်တွင် ရှိသည်ဖြစ်စေ ယင်းတို့သည် သင် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပုန်ကန်သည့် အတိုင်းအတာကို မဆုံးဖြတ်ပေ။ တစ်နည်းအားဖြင့်ဆိုသော် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏ အစွမ်းအစ အဆင့်အတန်းအပေါ် မူမတည်ဘဲ သင်၏ ပင်ကိုအခြေအနေများ မည်သို့ရှိသည်ဟူသည်အပေါ်တွင်မူ သာ၍ပင် မမူတည်ဟု ပြောဆိုနိုင်သည်။ လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏ မွေးရာပါ၊ ပင်ကို ဇာတိပကတိအတွင်း၌ ဖြစ်ပေါ်သည်။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏ အတွင်းပိုင်း အသက် ဖြစ်လာခဲ့သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် မဖယ်ရှားပစ်ရသေးသောအခါ သင်သည် ဤစာတန်ဆန်သော အသက်အပေါ် အခြေခံ၍ ပြောဆိုပြီး ပြုမူရန် သင်၏ ပင်ကိုအခြေအနေများကို အခွင့်ကောင်းယူသည်။ ဆိုလိုသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် မဖယ်ရှားပစ်မီတွင် သင်သည် သင်၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ ဖြစ်မြောက်အောင်မြင်မှုအတွက် အကျိုးဆောင်ရန် ဘုရားသခင် သင့်အား ပေးထားသော ပင်ကိုအခြေအနေအမျိုးမျိုးကို အခွင့်ကောင်းယူနေခြင်း ဖြစ်သည်။ ထို့ကြောင့် ငါတို့ ဤသို့ ပြောဆိုနိုင်သည်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖယ်ရှားပစ်ပါက သင်သည် ဘုရားသခင် သင့်အား ပေးထားသော ပင်ကိုအခြေအနေအမျိုးမျိုးကို အခွင့်ကောင်းယူနေခြင်း သို့မဟုတ် ဖျက်ဆီးနေခြင်း ဖြစ်သည်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပစ်ရန် သမ္မာတရားကို လိုက်စားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်တွင် ရှိနေပါက သင်သည် ဘုရားသခင် သင့်အား ပေးထားသော ပင်ကိုအခြေအနေအမျိုးမျိုးကို သင့်လျော်စွာနှင့် ထိရောက်စွာ အသုံးချနေခြင်း ဖြစ်သည်၊ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင့်အသက်အဖြစ် ထားရှိခြင်းမှ သမ္မာတရားကို သင့်အသက်အဖြစ် ထားရှိခြင်းဆီသို့ ပြောင်းလဲသောအခါ သင်သည် ဘုရားသခင် သင့်အား ပေးထားသော ပင်ကိုအခြေအနေများကို သင့်လျော်စွာနှင့် မှန်ကန်စွာ အသုံးပြုနေခြင်း ဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုသော် ပို၍ အဓိပ္ပာယ်ရှိသော နည်းလမ်းဖြင့် အသုံးပြုနေခြင်း ဖြစ်သည်။ ယခု သင် နားလည်ပြီလော။ ပင်ကိုအခြေအနေများ ကိုယ်တိုင်က လူသားမျိုးနွယ် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၏ မူလအကြောင်းရင်း မဟုတ်ပေ။ ထိုအစား လူတို့၏ စာတန်ဆန်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူတို့အတွင်း၌ စာတန် ထည့်သွင်းထားသော အသက်သည်သာလျှင် လူသားမျိုးနွယ် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့၏ မူလအကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ မမှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤကိစ္စရပ်သည် ယခု သင့်အတွက် အခြေခံအားဖြင့် ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။)
အစွမ်းအစဟူသော ခေါင်းစဉ်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယမဖွဲ့မီတွင် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟူသည့် ကဏ္ဍသုံးရပ်ရှိ အချို့သော သရုပ်သကန်များအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ပြီးခဲ့သည့်အကြိမ်က မည်သည့် သရုပ်သကန်များကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသနည်း။ (ပြီးခဲ့သည့်အကြိမ်က မိတ်သဟာယဖွဲ့ခဲ့သည့် သရုပ်သကန်များမှာ အမှုအရာများကို လုပ်ဆောင်ရာတွင် လုံ့လဝီရိယရှိခြင်း၊ အမှုအရာများကို စနစ်တကျ လုပ်ဆောင်ခြင်း၊ အမှုအရာများကို လုပ်ဆောင်ရာတွင် အစကောင်းသော်လည်း အနှောင်းမသေချာဘဲ သတိထား၍ လုပ်ဆောင်ခြင်းတို့ ဖြစ်သည့်အပြင် လေကြီးမိုးကြီးပြောခြင်းနှင့် ကြွားဝါခြင်း၊ ပေါ့ဆခြင်း၊ မိမိကိုယ်ကို ဂုဏ်တင်လိုခြင်း၊ ဆင်းရဲသားကို အထင်သေး၍ ချမ်းသာသူကို မျက်နှာလိုက်လုပ်ခြင်း၊ အာဏာရှိသူများကို မျက်နှာလိုမျက်နှာရလုပ်ခြင်း၊ ထူးကဲသော မှတ်ဉာဏ်ရှိခြင်း စသည်တို့ ဖြစ်ပါသည်။) ဤအရာများနှင့်ပတ်သက်၍ ငါတို့ နောက်ထပ် မိတ်သဟာယဖွဲ့တော့မည် မဟုတ်။ ပင်ကိုအခြေအနေများ၊ လူ့သဘာဝအပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြမှုများ၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကို ငါတို့ ဆက်လက် မိတ်သဟာယဖွဲ့ကြမည်။ ဤသရုပ်သကန်များ ဖြစ်ပေါ်လာသည့်အခါ ယင်းတို့သည် မည်သည့် သရုပ်သကန်အမျိုးအစားတွင် ပါဝင်သည်ကို သင် သိရမည်ဖြစ်ပြီး ယင်းတို့ကို သင် ခွဲခြားနိုင်ရမည်ဖြစ်ပြီး ပိုင်းခြားသိမြင်နိုင်ရမည်။ သို့မှသာ ယင်းတို့ကို သင် တိကျမှန်ကန်စွာ ချဉ်းကပ်နိုင်မည် ဖြစ်သည်။ သရုပ်သကန်အချို့သည် ပြောင်းလဲ၍မရနိုင်သော ပင်ကိုအခြေအနေများနှင့် သက်ဆိုင်ပါက ယင်းနှင့်ပတ်သက်၍ သင် ဂရုစိုက်နေရန် မလိုအပ်ပေ။ ယင်းက ကျော်လွှားနိုင်သော၊ ပြုပြင်နိုင်သော သို့မဟုတ် ပြောင်းလဲနိုင်သော လူ့သဘာဝ၏ အချို့သော ချို့ယွင်းချက်များ သို့မဟုတ် အပြစ်အနာအဆာများတွင် ပါဝင်ပါက ယင်းတို့ကို ပြုပြင်ရန်နှင့် ပြောင်းလဲရန် သင် ကြိုးစားသင့်သည်။ ယင်းတို့ကို ကျော်လွှားရန် မလိုအပ်ဘဲ သင်၏ တာဝန်ထမ်းဆောင်ခြင်း သို့မဟုတ် သမ္မာတရားကို သင်၏ လိုက်စားခြင်းအား ယင်းတို့က မထိခိုက်စေပါက ယင်းတို့ကို သင် အာရုံစိုက်ရန် မလိုအပ်ပေ။ သရုပ်သကန်တစ်ခုသည် ပင်ကိုအခြေအနေများနှင့်ဆိုင်သော ပြဿနာတစ်ခု မဟုတ်သကဲ့သို့ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခုလည်း မဟုတ်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပါဝင်ပတ်သက်နေပါက ယင်းကို မဖြစ်မနေ ပြောင်းလဲရမည်။ သင်သည် ယင်းကို အသွင်ပြောင်းလဲခြင်း သို့မဟုတ် ပြောင်းလဲခြင်း မပြုပါက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ လွှမ်းမိုးခြင်းခံရသည့် အသက်ပုံသဏ္ဌာန်တစ်ခုသည် သင့်အတွင်း၌ အမြစ်တွယ်ပြီး အာဏာကိုင်စွဲထားသဖြင့် သင် အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသသည့်အရာမှာ အခြားသူများနှင့် မသင့်မြတ်နိုင်ခြင်း သို့မဟုတ် အခြားသူများအတွက် မနှစ်မြို့ဖွယ်ဖြစ်ပြီး ၎င်းတို့ကို မတည်ဆောက်ပေးနိုင်ခြင်းကဲ့သို့သော အသေးစား ပြဿနာများမျှသာ မဟုတ်တော့ပေ။ ထိုအစား သင် အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသသည့်အရာသည် သမ္မာတရားကို ချိုးဖောက်ခြင်း၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ ဘုရားသခင်ကို ငြင်းပယ်ခြင်း၊ ဘုရားသခင်ကို ရန်လိုခြင်းအဆင့်သို့ ရောက်ရှိပြီး ဘုရားသခင်၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်း ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဤသဘောသဘာဝ ရှိသည်မှာ အတိအကျ ဖြစ်သောကြောင့် ဤသရုပ်သကန်များတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပါဝင်ပတ်သက်သည်နှင့်တစ်ပြိုင်နက် သင်သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိလာရမည်ဖြစ်ပြီး ထို့နောက် သမ္မာတရားကို ရှာဖွေကာ သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများကို နားလည်ပြီး သဘောပေါက်ရမည်။ ပြီးလျှင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အစားထိုးရန် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရမည်။ သို့မှသာ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏ အသက်ကို လွှမ်းမိုးတော့မည် မဟုတ်ဘဲ ယင်းတို့၏ နေရာတွင် သမ္မာတရားသည် သင်၏ အသက်ဖြစ်လာပြီး သင်၏ နေ့စဉ်အသက်တာနှင့် သင် အသက်ရှင်နေထိုင်သည့် အရာကို လွှမ်းမိုးမည်ဖြစ်သည်။
ငါတို့သည် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကို ဆက်လက် မိတ်သဟာယဖွဲ့ကြမည်။ ပြီးခဲ့သည့်အကြိမ်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် နောက်ဆုံး သရုပ်သကန်မှာ မှတ်ဉာဏ်ကောင်းခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် မေ့လျော့တတ်ခြင်းသည် မည်သည့်ကဏ္ဍတွင် ပါဝင်သနည်း။ (ပင်ကိုအခြေအနေများ ဖြစ်ပါသည်။) ဤသည်မှာ ပင်ကိုအခြေအနေတစ်ခု ဖြစ်ပြီး လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုလည်း ဖြစ်သည်၊ ဤကဏ္ဍနှစ်ခုသာ ဖြစ်သည်။ မေ့လျော့တတ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) မဟုတ်သည်မှာ သိသာထင်ရှား၏။ အချို့လူများသည် သဘာဝအလျောက် မှတ်ဉာဏ်ညံ့ဖျင်းသောကြောင့် မေ့လျော့တတ်ကြပြီး အခြားသူများမှာမူ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အိုမင်းလာကာ မှတ်ဉာဏ်ကျဆင်းလာခြင်းကြောင့် မေ့လျော့တတ်လာကြသည်။ မေ့လျော့တတ်ခြင်းသည် မွေးရာပါဖြစ်ပါက ယင်းမှာ ပင်ကိုအခြေအနေများတွင် ပါဝင်သည်။ ယင်းက နောက်မှရရှိလာသော အရာဖြစ်ပါက လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ သဘာဝအလျောက် မေ့လျော့တတ်ခြင်းကိုလည်း ချို့ယွင်းချက်တစ်ခုအဖြစ် မှတ်ယူသည်မှာ အမှန်ပင်ဖြစ်သည်၊ မှန်သလော။ (ဟုတ်ပါသည်။)
အမှုအရာများကို မလုပ်ဆောင်မီ ကြိုတင်စီစဉ်တတ်ခြင်းသည် မည်သည့်ကဏ္ဍတွင် ပါဝင်သနည်း။ (လူ့သဘာဝ၏ အားသာချက်တစ်ခု ဖြစ်ပါသည်။) ဤသည်မှာ လူ့သဘာဝ၏ အားသာချက်တစ်ခု ဖြစ်သည်။ ကြိုတင်စီစဉ်ရာတွင် ကျွမ်းကျင်သူများသည် တစ်စုံတစ်ရာကို မလုပ်ဆောင်မီ ကြိုတင်စီစဉ်ကြပြီးနောက် စိတ်လိုက်မာန်ပါလုပ်ခြင်း၊ မဆင်မခြင်လုပ်ခြင်း သို့မဟုတ် တဇောက်ကန်းလုပ်ခြင်း မရှိဘဲ အဆင့်များအတိုင်း လိုက်နာလုပ်ဆောင်ကြသည်။ ၎င်းတို့သည် တည်ငြိမ်သော နည်းလမ်းဖြင့် ပြုမူကြပြီး စိတ်ကူးပေါက်ရာ အမှုအရာများကို လုပ်ဆောင်ရန် အလျင်စလိုသွားခြင်းမရှိဘဲ မည်သို့သွားသင့်သည်၊ မည်သူနှင့် သွားသင့်သည်၊ အထူးအခြေအနေများတွင် မည်သို့လုပ်ဆောင်သင့်သည်၊ မည်သည့် စာရွက်စာတမ်းများ သို့မဟုတ် ပစ္စည်းများ ယူဆောင်သွားရန် လိုအပ်သည်၊ ပတ်ဝန်းကျင်အပေါ် မူတည်၍ မရှိမဖြစ်လိုအပ်သော နေ့စဉ်သုံးပစ္စည်းအချို့ကို ယူဆောင်သွားသင့်မသင့် စသည်တို့ကို ကြိုတင်စဉ်းစားကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားနိုင်ကြသည်။ အမှုအရာများကို မလုပ်ဆောင်မီ ၎င်းတို့သည် အချက်အလက်များကို ပိုမို ထည့်သွင်းစဉ်းစားလျက်၊ ၎င်းတို့၏ စဉ်းစားဆင်ခြင်မှုများတွင် ပိုမို စေ့စပ်သေချာလျက် စုံလင်သော ပြင်ဆင်မှုများကို ပြုလုပ်ကြသည်။ ၎င်းတို့သည် အဆင်ပြေသော အခြေအနေများနှင့် အဆင်မပြေသော အခြေအနေများအကြား ကွာခြားချက်ကို ကြိုတင်အကဲဖြတ်ကြလိမ့်မည်ဖြစ်ပြီး အကောင်းဆုံး ဖြစ်လာနိုင်သည့် အခြေအနေနှင့် အဆိုးရွားဆုံး ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ခွဲခြားကြလိမ့်မည်။ ၎င်းတို့သည် အကောင်းဆုံး ရလဒ်များကို ရရှိရန် ကျိုးကြောင်းဆီလျော်သော စီစဉ်မှုများကို ပြုလုပ်ကြလိမ့်မည်။ ၎င်းတို့သည် ကြိုတင်စီစဉ်ခြင်းနှင့် ကျိုးကြောင်းဆီလျော်သော စီစဉ်မှုများ ပြုလုပ်ခြင်း၌ ကျွမ်းကျင်ကြသောကြောင့် ကိစ္စရပ်များကို ၎င်းတို့၏ ကိုင်တွယ်ဖြေရှင်းခြင်းမှာ ယေဘုယျအားဖြင့် ပို၍ စေ့စပ်သေချာသည်။ ၎င်းတို့ စီစဉ်သော အမှုအရာများနှင့် ခရီးစဉ်များတွင် မမျှော်လင့်ထားသော အခြေအနေများ ဖြစ်ပေါ်မှု အကြိမ်ရေ နည်းပါးလာပြီး ၎င်းတို့၏ အလုပ်ရလဒ်များမှာ ပိုမို ကောင်းမွန်လေ့ရှိသည်။ ၎င်းတို့နှင့်အတူ အလုပ်လုပ်သောသူများသည် စိုးရိမ်ပူပန်မှု ခံစားရမည့်အစား ပို၍ စိတ်အေးချမ်းမှု ရရှိကြသည်။ ထို့ကြောင့် ကြိုတင်စီစဉ်ရာ၌ ကျွမ်းကျင်ခြင်းသည် နှိုင်းယှဉ်ပြောရလျှင် လူ့သဘာဝ၏ အားသာချက်တစ်ခုတွင် ပါဝင်သည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ယင်းမှာ ကြိုတင်စီစဉ်တတ်ခြင်းအကြောင်း ဖြစ်သည်။ သို့ဆိုလျှင် တွက်ကပ်ခြင်းသည် ကောင်းသလော သို့မဟုတ် မကောင်းသလော။ (မကောင်းပါ။ ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ကြိုတင်စီစဉ်တတ်ခြင်းသည် လူ့သဘာဝ၏ အားသာချက်နှင့် ကောင်းကွက်တစ်ခုဖြစ်ပြီး အပြုသဘောဆောင်သော်လည်း တွက်ကပ်ခြင်းမှာမူ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် လူနှစ်ဦးသည် စုစုပေါင်း ဆယ်ယွမ်ကျသင့်သော အစားအစာတစ်နပ်ကို စားကြပြီး ငွေရှင်းသောအခါ တွက်ကပ်တတ်သူက ငါးယွမ်ခွဲ ပေးရပြီး အခြားတစ်ဦးက လေးယွမ်ခွဲ ပေးရပါက “ဤသည်မှာ မမှန်ပါ၊ သူက ပြားငါးဆယ် လျှော့ပေးလိုက်ရသည်။ တရားမျှတပြီး ကျိုးကြောင်းဆီလျော်မှု ရှိစေရန် လူတစ်ဦးစီက ငါးယွမ် ပေးသင့်သည်” ဟု ၎င်း ခံစားရလေသည်။ ၎င်းတို့သည် ထိုမျှလောက် သေးငယ်သော ပမာဏကိုပင် တွက်ချက်ကြသည်။ ၎င်းတို့ နစ်နာသွားသည်ဟု ခံစားရပါက ၎င်းတို့ နေမထိထိုင်မသာ ဖြစ်လာပြီး ကောက်ကျစ်စဉ်းလဲသော နည်းလမ်းများမှတစ်ဆင့် ၎င်းတို့၏ ဆုံးရှုံးမှုများကို ပြန်လည်ရယူရန် အခွင့်အရေးကို အစဉ်သဖြင့် ရှာဖွေကြသည်။ ဤနည်းလမ်းဖြင့် ၎င်းတို့၏ ဆုံးရှုံးမှုများကို ပြန်လည်မရယူနိုင်ပါက ၎င်းတို့ စားမဝင်အိပ်မပျော် ဖြစ်ကြသည်။ တွက်ကပ်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤအရာက ဆိုးရွားလာပြီး ကြီးမားသော ကိစ္စရပ်များတွင်ပင် ၎င်းတို့ တွက်ကပ်လာပါက အခြားသူများထံမှ အကျိုးအမြတ်ရယူရန် သို့မဟုတ် ၎င်းတို့ကို အခွင့်ကောင်းယူရန် အစဉ်သဖြင့် ကြိုးစားလာပါက သို့မဟုတ် ၎င်းတို့၏ တွက်ကပ်မှုများအတွက် ကောက်ကျစ်စဉ်းလဲသော အကြံအစည်များကို မကြာခဏ အသုံးပြုလာပါက ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ မဟုတ်တော့ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပါဝင်ပတ်သက်လေသည်။ လူတစ်ဦး၏ တွက်ကပ်ခြင်းသည် အခြားသူများကို မထိခိုက်စေပါက သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားများကို မနစ်နာစေဘဲ နေ့စဉ်ဘဝ၏ အသေးအဖွဲ ကိစ္စရပ်များတွင်သာ ရှိနေပြီး နောက်ဆုံးတွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာ၌ မကြာခဏ ကျရှုံးမှုများ သို့မဟုတ် ရလဒ်ဆိုးများကို ဖြစ်ပေါ်စေပါက ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။
ကပ်စေးနဲခြင်းသည် မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်၏။) မည်သည့် သရုပ်သကန်များက ကပ်စေးနဲခြင်းကို ဖြစ်စေသနည်း။ ဥပမာအားဖြင့် ကပ်စေးနဲသောသူတစ်ဦးသည် တစ်နေရာရာသို့ ကားမောင်းသွားပြီး တစ်စုံတစ်ယောက်က “သွားမည့်လမ်းကြုံနေ၍ ကျွန်ုပ်ကို တစ်ခါတည်း ကားကြုံခေါ်သွားနိုင်မည်လော။ ငါးမိနစ်ခန့်သာ ကြာမည်ဖြစ်ပြီး သင့်အား ဆီဖိုး အနည်းငယ် ပေးပါမည်” ဟု ပြောဆိုလျှင် သူတို့သည် ထိုသူက ကားစီးပြီးနောက် ငွေမရှင်းမည်ကို စိုးရိမ်၍ အကြောင်းပြချက် တစ်ခုခုရှာကာ လိုက်ခွင့်မပေးဘဲ ငြင်းပယ်လိုက်၏။ ဤသည်မှာ ကပ်စေးနဲခြင်း ဖြစ်၏။ တစ်စုံတစ်ယောက်က သူတို့ထံမှ တစ်စုံတစ်ခုကို ငှားရန် တောင်းဆိုလာပြီး သူတို့က မငှားလိုသောအခါ “ကျွန်ုပ် ယခု သုံးနေသည်။ သင့်ကို ငှားပေးရန် အခြေအနေမပေးပါ။ တခြားသူကို မေးကြည့်သင့်သည်” ဟု ပြောတတ်သူများလည်း ရှိသေး၏။ သူတို့သည် အလွန် နှမြောတွန့်တို၍ သိမ်ဖျင်း၏။ သူတို့၌ ပုံမှန် လူအချင်းချင်း အပြန်အလှန်ဆက်ဆံမှုများ မရှိဘဲ သူတစ်ပါး၏ အခွင့်ကောင်းယူခြင်းကို ခံရမည်ကို အလွန်အမင်း ကြောက်ရွံ့ကြပြီး မိမိတို့ကမူ သူတစ်ပါးအပေါ် အခွင့်ကောင်းယူရန် အမြဲ မျှော်လင့်နေကြ၏။ ဤသည်ကို ကပ်စေးနဲခြင်းဟု ခေါ်၏။ သင်က ထမင်းတစ်နပ်နှင့် အခြားအရာများ ဝယ်ရန် ယွမ်ငွေတစ်ဆယ် ချေးရန် တောင်းဆိုသောအခါ “ကျွန်ုပ်သည် သင့်အား ငါးယွမ်သာ ချေးနိုင်သည်၊ ထိုထက် တစ်ယွမ်ပင်ပို၍ မချေးနိုင်ပါ” ဟု အသေအချာ တွေးတောသူများလည်း ရှိသေး၏။ နောက်တစ်နေ့ သင့်ကို တွေ့သောအခါ သူတို့က “ဟင်းလျာက မည်သို့နေသနည်း။ ငါးယွမ်လုံးလုံး သင်သုံးပစ်လိုက်သလား” ဟုပင် မေးတတ်ကြ၏။ သူတို့၏ စကားများက “ငွေမြန်မြန်ပြန်ပေးပါ။ သင်သည် ကျွန်ုပ်ကို ထိုထမင်းဖိုး ပေးစရာရှိသေးသည်။ ငွေပြန်မပေးလျှင် သင်သည် ကျွန်ုပ်ကို တစ်နပ်စာ ပြန်ကျွေးရမည်” ဟူသော အထာနှင့်ပြော၏။ ဤသို့သော လူစားမျိုးတို့သည် မိမိတို့၏ ကျင့်ကြံပြုမူမှုတွင် အလွန် သဘောထားသေးသိမ်ပြီး တွက်ချက်ရာ၌ ကျွမ်းကျင်လိမ္မာကြ၏။ သူတို့သည် ရုပ်ဝတ္ထုပစ္စည်းများနှင့်ပတ်သက်လျှင်သာ တွက်ချက်ရာ၌ ကျွမ်းကျင်သည် မဟုတ်ဘဲ လူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးများတွင် တွက်ကပ်ရာ၌လည်း အထူးပင် ကျွမ်းကျင်ကြ၏။ တစ်စုံတစ်ယောက်က သူတို့ကို မည်သို့ပင် ပြောစေကာမူ သူတို့သည် ၎င်း၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို စေ့ငု၍ စဉ်းစားကြံဆကြသည်။ ထိုစကားများက သူတို့ကို ထိခိုက်နစ်နာစေလျှင် သို့မဟုတ် သူတို့၏ အကျိုးစီးပွားကို ထိပါးလျှင် သူတို့သည် ချက်ချင်း လက်တုံ့ပြန်ကြ၏။ စကားစမြည်ပြောဆိုရာ၌ပင် သူတို့သည် အခွင့်ကောင်းယူရန် ကြိုးပမ်းကြပြီး တစ်စက်မျှပင် အနစ်နာမခံဘဲ ခေါင်းမာစွာ ငြင်းဆန်ကြ၏။ ဤသည်မှာ သဘောထားသေးသိမ်ခြင်း သို့မဟုတ် ကပ်စေးနဲခြင်းမျှသာ မဟုတ်တော့ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်နေလေပြီ။ ၎င်းတွင် နေ့စဉ် ရုပ်ဝတ္ထုနှင့် ငွေကြေးဆိုင်ရာ အပြန်အလှန်ဆက်ဆံမှုများ၌ အစဉ်သဖြင့် အခွင့်ကောင်းယူရန်နှင့် နစ်နာမှုများကို ရှောင်ရှားရန် ကြိုးပမ်းခြင်းသာ ပါဝင်ပါက ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အဆင့်သို့ မရောက်သေးပေ။ သို့သော်လည်း ယင်းတွင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းများ ပါဝင်လာပါက ၎င်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ မဟုတ်တော့ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အဆင့်သို့ တက်သွားလေ၏။ သို့ဖြစ်လျှင် ရက်ရောခြင်းသည် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ (လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးနှင့် သက်ဆိုင်၏။) ဤသည်ကို လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးတစ်ခုအဖြစ် အမျိုးအစားခွဲခြားနိုင်၏။ သူတစ်ပါးနှင့် ဆက်ဆံရာတွင် ရက်ရောသောသူတို့သည် အကျိုးအမြတ်နှင့် နစ်နာဆုံးရှုံးမှုများကို များစွာ အလေးမထားကြပေ။ သူတစ်ပါးက အနည်းငယ် အခွင့်အရေး ယူသွားသည့်အခါ သို့မဟုတ် သူတို့ထံမှ တစ်စုံတစ်ခုကို အနည်းငယ် ယူသွားသည့်အခါ သို့မဟုတ် တစ်ခါတစ်ရံ တစ်စုံတစ်ယောက်က ချေးထားသောငွေကို ပြန်မဆပ်သည့်အခါမျိုးတွင် သူတို့သည် ထိုသို့သော အရာများနှင့်ပတ်သက်၍ အမှန်တကယ် တွက်ချက်ခြင်း မပြုကြပေ။ သူတို့သည် သူတစ်ပါးအပေါ် အတော်အတန် ရက်ရော၍ သည်းခံခွင့်လွှတ်တတ်ကြ၏။ ဤသည်မှာ လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးတစ်ခု ဖြစ်၏။
စိတ်သဘောထား သေးသိမ်ခြင်းသည် မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ စိတ်သဘောထား သေးသိမ်ခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ (အသေးအဖွဲ ကိစ္စရပ်များကို ချစ်တီးခေါင်းသန်းရှာခြင်း ဖြစ်ပါသည်။) ဥပမာအားဖြင့် အစားစားနေစဉ်တွင် သင်က စိတ်သဘောထား သေးသိမ်သူတစ်ဦးကို “သင်က အမှန်တကယ် အစားကြီးသည်၊ လူအများစုထက် ပိုစားသည်” ဟု ပြောလျှင် ၎င်းက “သင်က ကျွန်ုပ်ကို အစားပုတ်ဟု ခေါ်နေခြင်းလော” ဟု ဒေါသထွက်ကြသည်။ သင်က မရည်ရွယ်ဘဲ ၎င်းတို့ကို နာကျင်စေသည့် သို့မဟုတ် စိတ်ဆိုးစေသည့် မှတ်ချက်တစ်ခုကို ပေးမိလိုက်ရာ ၎င်းတို့က ယင်းကို အသည်းစွဲမှတ်ထားပြီး လက်လွှတ်မည် မဟုတ်ပေ။ ၎င်းတို့သည် သင့်ကို လဝက်ခန့် စိတ်ဆိုးနေနိုင်ပြီး စကားပြောရန် ငြင်းဆန်နိုင်သဖြင့် ဤအရာကို မည်သည့်အရာက ဖြစ်စေခဲ့သည်ကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ လက်တွေ့တွင် သင်က ၎င်းတို့ကို လှောင်ပြောင်လိုစိတ်မရှိဘဲ ပေါ့ပေါ့ပါးပါး မှတ်ချက်တစ်ခု ပေးလိုက်ခြင်းသာ ဖြစ်သော်လည်း ၎င်းတို့က ဤမှတ်ချက်ကို မမျှော်လင့်ဘဲ ပုံကြီးချဲ့ကာ ၎င်းတို့ ရယ်မောခံနေရသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဤကိစ္စအသေးအဖွဲလေးကိုပင် အသည်းစွဲမှတ်ထားပြီး အဆုံးမရှိ ပုံကြီးချဲ့ကာ အမှုအရာများကို ချစ်တီးခေါင်းသန်းရှာလျက် လုံးဝ ခွင့်လွှတ်ခြင်းမရှိပေ။ ဤသည်မှာ စိတ်သဘောထား သေးသိမ်ခြင်း ဖြစ်သည်။ ဤလူစားမျိုးသည် မည်မျှ စိတ်သဘောထား သေးသိမ်နိုင်သနည်း။ ၎င်းတို့သည် ကလေးများကဲ့သို့ တစ်ဇွတ်ထိုးနိုင်သဖြင့် မည်သူမျှ ၎င်းတို့ကို မရန်စရဲကြပေ။ ၎င်းတို့နှင့် ဆက်ဆံသောအခါ သင်သည် ၎င်းတို့ကို ပုံမှန်အတိုင်း စကားမပြောရဲဘဲ အစဉ်သဖြင့် သတိထားရသည်၊ အကြောင်းမှာ သင် ထိုသို့ပြုလုပ်ပါက သင်ပြောသည့် မည်သည့်အရာမဆိုသည် ၎င်းတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည် သို့မဟုတ် နာကျင်စေနိုင်ပြီး ယင်းက အကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သောကြောင့်တည်း။ နောက်တစ်ကြိမ် သင် တွေ့ဆုံသောအခါ ၎င်းတို့က သင့်ကို မျက်နှာထားတင်းတင်းဖြင့် ဆက်ဆံမည်၊ မျက်လုံးချင်းဆုံခြင်းကို ရှောင်ကြဉ်မည်ဖြစ်ပြီး ပစ္စည်းများကို ပစ်ပေါက်ရိုက်ခွဲခြင်းပင် ပြုလုပ်လိမ့်မည်။ သင်က ၎င်းတို့ကို စကားပြောရန် ကြိုးစားပါက ၎င်းတို့က သင့်ကို လျစ်လျူရှုလိမ့်မည်။ ၎င်းတို့နှင့် အမှုအရာများကို ဆွေးနွေးခြင်းကဖြစ်စေ၊ ၎င်းတို့ကို ချော့မော့ရန် ကြိုးစားခြင်းကဖြစ်စေ အလုပ်ဖြစ်မည် မဟုတ်ပေ။ သင်က ၎င်းတို့အနီးတွင် ထိုင်ပါက ၎င်းတို့က သင့်ကို ရှောင်ဖယ်ပြီး လျစ်လျူရှုလိမ့်မည်။ ၎င်းတို့၏ အသက်အရွယ်က မည်သို့ပင်ရှိစေကာမူ ၎င်းတို့သည် ကလေးဆန်သော စိတ်ကောက်ခြင်းများကို အစဉ်သဖြင့် လုပ်ဆောင်နေပြီး တဇောက်ကန်း ပြုမူနေကြသည်။ ဤသည်မှာ စိတ်သဘောထား သေးသိမ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤကဲ့သို့သော လူများသည် အဆင်ပြေအောင် ပေါင်းသင်းရန် အလွန်ခက်ခဲသည်။ ညီအစ်ကိုမောင်နှမများက တစ်ဦး၏ ချို့ယွင်းချက်များကို တစ်ဦးက ထောက်ပြလျက် အတူတကွ ရင်ဖွင့်ကာ မိတ်သဟာယဖွဲ့ကြသောအခါ မည်သူမျှ ဤလူစားမျိုးကို တစ်စုံတစ်ရာ ထောက်ပြရဲခြင်း မရှိကြပေ။ သို့သော် ၎င်းတို့သည် မိတ်သဟာယဖွဲ့ခြင်းတွင် မပါဝင်ရပါက ၎င်းတို့ မကျေမနပ်ဖြစ်လာပြီး “သင်တို့အားလုံးက အချင်းချင်း ကူညီလျက် အတူတကွ ရင်ဖွင့်ကာ မိတ်သဟာယ ဖွဲ့ကြသော်လည်း ကျွန်ုပ်ကို ညီအစ်ကိုမောင်နှမတစ်ဦးအဖြစ် မဆက်ဆံကြပါ” ဟူသော အတွေးအချို့ စတင်ရှိလာကြသည်။ ၎င်းတို့ကို တစ်စုံတစ်ရာမျှ မပြောဘဲနေခြင်းက မကောင်းပေ။ သင်သည် ၎င်းတို့ကို “သင်က လူကောင်းတစ်ယောက်ပါ၊ သို့သော် တစ်ခါတစ်ရံတွင် သင်က စိတ်ဆတ်သည်။ သို့ရာတွင် ကျွန်ုပ်တို့၌လည်း အမှားများ ရှိပြီး မကြာခဏဆိုသလို ကျွန်ုပ်တို့ ပြောဆိုနေသည့်အရာကို သတိမထားမိတတ်ကြပါ” ဟု တစ်စုံတစ်ရာ အနည်းငယ် ပြောရသည်။ သင်က ထိုနည်းလမ်းအတိုင်း မပြောဘဲ ၎င်းတို့တွင် စိတ်ဆတ်ပြီး စိတ်သဘောထား သေးသိမ်သည်ဟုသာ ပြောပါက အလုပ်ဖြစ်မည် မဟုတ်ပေ။ ၎င်းတို့ ဒေါသထွက်ကြလိမ့်မည်။ ၎င်းတို့နှင့် ဆက်ဆံသောအခါ သင်သည် အထူးသတိထားရမည်ဖြစ်ပြီး ဂရုတစိုက် ပြောဆိုရမည်။ သင်က မသင့်လျော်သော စကားတစ်ခွန်း ပြောမိပါက အကျိုးဆက်များကို သင် ခံရလိမ့်မည်။ ထို့ကြောင့် ၎င်းတို့နှင့် ဆက်ဆံရခြင်းမှာ အထူးပင်ပန်းလှသည်။ ဘာသာတရား မရှိသူများတွင် ဤအရာအတွက် ဝေါဟာရတစ်ခု ရှိသည်။ ၎င်းတို့က ဤလူစားမျိုးတွင် “ဖန်ကဲ့သို့ ကျိုးပဲ့လွယ်သော စိတ်နှလုံးများ” ရှိသည်ဟု ပြောကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အထူးသဖြင့် အလွယ်တကူ နာကျင်တတ်ကြသည်။ အနည်းငယ်မျှသော အကြောင်းအရာလေးဖြင့် ဤကဲ့သို့သော လူများသည် နာကျင်ရသည်ဟု ခံစားရကာ ငိုကြွေးကြသည်၊ အစာမစားဘဲ နေကြသည်၊ အိပ်မပျော်ဘဲ ဖြစ်ကြပြီး အပျက်သဘောဆောင်လာကြသည်။ ၎င်းတို့က “သင်တို့အားလုံးက ကျွန်ုပ်ကို အသုံးမကျဟု ပြောကြသည်။ သင်တို့ထဲမှ မည်သူမျှ ကျွန်ုပ်ကို မကြိုက်ကြပါ၊ သင်တို့ထဲမှ မည်သူမျှ ကျွန်ုပ်ကို စကားမပြောကြပါ၊ သင်တို့အားလုံး ကျွန်ုပ်ကို ရှောင်ဖယ်ကြပြီး ကျွန်ုပ်အနားတွင် မနေချင်ကြပါ” ဟု ပြောဆိုကြသည်။ ဤသည်မှာ ကလေးဆန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) တစ်စုံတစ်ဦးက “သင်၏ စိတ်နှလုံးသည် ဖန်ကဲ့သို့ အလွန် ကျိုးပဲ့လွယ်သည်၊ အနည်းငယ် နာကျင်ရုံမျှဖြင့် ယင်းက ကျိုးပဲ့သွားသည်။ သင့်ကို မည်သူက ဖော်ထုတ်ရဲမည်နည်း။ သင့်ကို မည်သူက ဆက်ဆံရဲမည်နည်း။ လူတိုင်းက ထိုသို့ပြုလုပ်ရန် ကြောက်ရွံ့ကြသည်” ဟု ပြောလေသည်။ ဤလူစားမျိုးတွင် လူ့သဘာဝ ဆိုးယုတ်သည်ဟု ပြောဆိုခြင်းက ဓမ္မဓိဋ္ဌာန်ကျမည် မဟုတ်ပေ။ ၎င်းတို့သည် မည်သည့် ဒုစရိုက်အမှုကိုမျှ အမှန်တကယ် မကျူးလွန်ကြပေ။ ၎င်းတို့သည် အထူးသဖြင့် စိတ်ကောက်တတ်ကြရုံသာ ဖြစ်သည်။ ၎င်းတို့သည် တစ်ဇွတ်ထိုးနိုင်ပြီး တစ်ဆိတ်ကိုတစ်အိတ် လုပ်တတ်ကာ ကလေးကဲ့သို့ စိတ်ဆတ်ကြသည်။ သင်သည် ၎င်းတို့နှင့် ထိပ်တိုက်တွေ့၍မရ သို့မဟုတ် ၎င်းတို့ကို ရန်စ၍ မရပေ။ သင်က ၎င်းတို့အပေါ် ခွင့်လွှတ်သည်းခံပါက သင်သည် ၎င်းတို့ကို အထင်သေးပြီး အလေးအနက်မထားဟု ၎င်းတို့က ပြောကြသည်။ သင်က ၎င်းတို့နှင့် အလေးအနက်ထား ဆက်ဆံပါက သင်သည် ၎င်းတို့အပေါ် ဇီဇာကြောင်သည်ဟု ၎င်းတို့က ပြောကြသည်။ သင် မည်သို့လုပ်ဆောင်သည်ဖြစ်စေ မှားယွင်းနေသည်။ ဤလူစားမျိုးနှင့် ဆက်ဆံသောအခါ သင်၏ ချဉ်းကပ်ပုံက သင့်လျော်ပြီး ၎င်းတို့ကို သင် ကျေနပ်အောင် လုပ်ဆောင်နိုင်ပါက ၎င်းတို့၏ အစွမ်းအစ အနည်းငယ် ညံ့ဖျင်းလျှင်ပင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသည်။ သို့သော် သင်၏ ချဉ်းကပ်ပုံက မသင့်လျော်ဘဲ တစ်စုံတစ်ရာက ၎င်းတို့ကို စိတ်ဆိုးစေပါက ၎င်းတို့ အပျက်သဘောဆောင်လာကြပြီး ၎င်းတို့ကို ချော့မော့ရန် နည်းလမ်းများကို သင် ဦးနှောက်ခြောက်အောင် စဉ်းစားရသည်။ စိတ်သဘောထား သေးသိမ်သူများသည် အလွန် ဒုက္ခပေးတတ်ကြသည်။ အသေးအဖွဲ ကိစ္စရပ်တစ်ခုအပေါ် ၎င်းတို့သည် မျက်လုံးများ နီရဲလာသည်အထိ အချိန်ကြာမြင့်စွာ ငိုကြွေးနိုင်ကြသည်။ အသေးအဖွဲ ကိစ္စရပ်တစ်ခုက ၎င်းတို့ အလိုရှိသည့်အတိုင်း မဖြစ်ပါက ၎င်းတို့သည် နာရီပေါင်းများစွာ စူပုတ်နေတတ်ကြသည်။ ၎င်းတို့ စိတ်ဆိုးနေချိန်တွင် အခြားသူများကို ဂရုမစိုက်ဘဲ သို့မဟုတ် စကားမပြောဘဲ လဝက်ခန့် နေနိုင်ကြသည်။ ဤလူစားမျိုးသည် စိတ်ကြီးပြီး စိတ်သဘောထား သေးသိမ်ကြသော်လည်း ၎င်းတို့ လုပ်ဆောင်ရမည့် အလုပ်ကို လုပ်ဆောင်ကြဆဲဖြစ်သည်။ ၎င်းတို့က ဒေါသဖြင့် လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်အခြေအနေ ကောင်းမွန်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ကောင်းစွာ ပြန်လည်လုပ်ကိုင်နိုင်ကြသည်။ ယေဘုယျအားဖြင့် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ဤချို့ယွင်းချက်နှင့် ပြဿနာသည် ဆိုးရွားသည်။ ၎င်းတို့သည် တင်းမာသော အငွေ့အသက်တစ်ခုကို ဖန်တီးနိုင်ဖွယ်ရှိပြီး မိမိတို့ကိုယ်တိုင်နှင့် အခြားသူများအတွက်ပါ ဒုက္ခရောက်စေကာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတတ်သည်။ ဤလူစားမျိုးတွင် လူကြီးများ၏ သဘောထားကြီးမှု သို့မဟုတ် လောကီရေးရာ ဆက်ဆံမှုများအတွက် လူကြီးများ၏ သဘောထား မရှိကြပေ။ ၎င်းတို့သည် အသက်ဆယ်နှစ်အရွယ် ကလေးများနှင့် အနည်းငယ် တူသည်။ ၎င်းတို့သည် အမှန်တကယ် လိမ္မာရေးခြား မရှိသောကြောင့် ၎င်းတို့ကို လိမ္မာရေးခြားရှိသည်ဟု သင် မပြောနိုင်သော်လည်း ၎င်းတို့သည် လူကြီးများကဲ့သို့ အစဉ်သဖြင့် ပြောဆိုတတ်သောကြောင့် ၎င်းတို့ကို ရင့်ကျက်မှုမရှိဟုလည်း သင် မပြောနိုင်ပေ။ သင်က ၎င်းတို့ကို လူကြီးများကဲ့သို့ ဆက်ဆံပါက သင်ပြောသည့် မည်သည့်အရာမဆိုသည် ၎င်းတို့ကို မကျေမနပ် ဖြစ်စေပြီး ၎င်းတို့အား ဘောင်ခတ်ခံရသည်ဟု ခံစားရစေကာ ကလေးတစ်ဦးကဲ့သို့ ရုတ်တရက် ဒေါသတကြီး ပေါက်ကွဲစေနိုင်ဖွယ် ရှိသည်။ သို့သော် သင်က ၎င်းတို့ကို ကလေးများကဲ့သို့ ဆက်ဆံပါက သင်သည် ၎င်းတို့ကို အထင်သေးသည်ဟု ၎င်းတို့ ခံစားကြရသည်။ အတိုချုပ်ပြောရလျှင် ၎င်းတို့သည် အလွန် ပုံမှန်မဟုတ်ပေ။ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးတွင် ဤပြဿနာမျိုး ရှိပါက ၎င်းတို့သည် ပြောင်းလဲသင့်ပြီး သည်းခံတတ်ရန်နှင့် ခွင့်လွှတ်တတ်ရန် သင်ယူဖို့ ကြိုးစားသင့်သည်။ ကိစ္စရပ်များကို မှန်ကန်သော နည်းလမ်းဖြင့်၊ မှန်ကန်သော သဘောထားဖြင့် ချဉ်းကပ်ကိုင်တွယ်ရန်နှင့် ပုံမှန်လူများ၏ ဆင်ခြင်တုံတရားရှိသော နည်းလမ်းဖြင့် အခြားသူများနှင့် ဆက်ဆံရန် သင်ယူဖို့ ကြိုးစားသင့်သည်။ လူအများစုက သမ္မာတရားကို သို့မဟုတ် အမှုအရာများကို လုပ်ဆောင်သည့် မှန်ကန်သော နည်းလမ်းကို လက်မခံလျှင်ပင် သင်သည် ဤအရာ၏ ဘောင်ခတ်ခြင်း သို့မဟုတ် လွှမ်းမိုးခြင်းကို မခံရသင့်သကဲ့သို့ ဤအရာ၏ ကန့်သတ်ခြင်း သို့မဟုတ် ချည်နှောင်ခြင်းကိုလည်း မခံရသင့်ပေ။ သင်သည် အမှုအရာများကို မှန်ကန်သော နည်းလမ်းဖြင့် လုပ်ဆောင်ရန် ဆက်လက်၍ ဇွဲရှိသင့်သည်။ သင် ခက်ခဲသည်ဟု ခံစားရလျှင်ပင် လက်မလျှော့ပါနှင့်။ ဤသည်မှာလည်း သင်ယူမှု လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ တဖြည်းဖြည်းနှင့် သင်၏ လူ့သဘာဝ၊ အမြော်အမြင်နှင့် အခြားသော ကဏ္ဍများသည် ရင့်ကျက်လာမည်ဖြစ်ပြီး သင် ကြီးထွားတိုးတက်လာလိမ့်မည်။ ကြီးထွားတိုးတက်လာခြင်း၏ အမှတ်အသားမှာ အဘယ်နည်း။ ယင်းမှာ လူအများစုနှင့် သဟဇာတ ဖြစ်အောင် ပေါင်းသင်းနိုင်ခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးက မနှစ်မြို့ဖွယ်ရာ တစ်စုံတစ်ရာကို ပြောဆိုသောအခါ၊ နောက်ပြောင်သောအခါ သို့မဟုတ် သင့်ကို နာကျင်စေသော တစ်စုံတစ်ရာကို ပြောဆိုသောအခါ ယင်းကို သည်းခံနိုင်ခြင်း၊ နားလည်ပေးနိုင်ခြင်းနှင့် မှန်ကန်စွာ ချဉ်းကပ်နိုင်ခြင်း ဖြစ်သည်။ အခြားသူများ ပြောဆိုသည့်အရာက နားထောင်ရဆိုးသော်လည်း သင်၏ လက်တွေ့အခြေအနေကို ထင်ဟပ်နေပါက သင်သည် ယင်းကို လက်ခံသင့်ပြီး အသိအမှတ်ပြုသင့်သည်။ တစ်စုံတစ်ဦးက သင့်ကို စော်ကားသည့် တစ်စုံတစ်ရာကို မရည်ရွယ်ဘဲ ပြောဆိုမိပြီး ယင်းမှာ မရည်ရွယ်ဘဲ ဖြစ်သည်ကို သင် မြင်ပါက သင်သည် သည်းခံခြင်းကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်သင့်သည်။ တစ်စုံတစ်ဦးက သင့်ကို တမင်ရည်ရွယ်ပြီး အလွန် နာကျင်စေသော စကားအချို့ကို ပြောဆိုပါက သင်သည် တည်ငြိမ်ရန်၊ ဘုရားသခင်ထံ ဆုတောင်းရန်နှင့် ရှာဖွေရန် လိုအပ်သည်။ “၎င်းက ကျွန်ုပ်ကို အဘယ်ကြောင့် ဤကဲ့သို့ ပစ်မှတ်ထားသနည်း။ ၎င်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းသည် ဆိုးယုတ်သောသူလော၊ သို့မဟုတ် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြသခြင်းလော။ ၎င်းသည် ဆိုးယုတ်သောသူဖြစ်ပါက ကျွန်ုပ်သည် ၎င်းနှင့်ပတ်သက်၍ ပိုမို ပိုင်းခြားသိမြင်ရန်နှင့် သတိထားရန် လိုအပ်သည်။ ၎င်း ပြောဆိုသည့်အရာက မှန်ကန်ပြီး သမ္မာတရားနှင့် ညီညွတ်ပါက ကျွန်ုပ် လက်ခံမည်။ ယင်းက မမှန်ကန်ပါက ၎င်းနှင့် ငြင်းခုံနေရန်လည်း မလိုအပ်ပေ။ ၎င်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြသနေခြင်းဖြစ်ပါက ၎င်းအနေဖြင့် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိ ကျွန်ုပ် ကြည့်မည်။ ၎င်းက သမ္မာတရားကို လက်ခံနိုင်ပါက ကျွန်ုပ်သည် ၎င်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့မည်။ ၎င်းသည် သမ္မာတရားကို လက်မခံပါက ကျွန်ုပ်သည် သည်းခံခြင်းကိုသာ လက်တွေ့လုပ်ဆောင်နိုင်သည်” ဟူ၍ ဖြစ်လေသည်။ ထိုသို့ဆိုလျှင် ပြဿနာ ပြေလည်သွားသည် မဟုတ်လော။ ဤနည်းအားဖြင့် သင်သည် လူအမျိုးမျိုးနှင့် ဆက်ဆံသောအခါ အပြန်အလှန် သည်းခံခြင်း၊ အပြန်အလှန် ကူညီခြင်းတို့ဖြင့် ပြနိုင်ပြီး ၎င်းတို့နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်းနိုင်သည်၊ ဤသည်မှာ စိတ်သဘောထား သေးသိမ်သူတစ်ဦး ဖြစ်ခြင်းထက် အစဉ်သဖြင့် ပိုကောင်းသည်။ စိတ်သဘောထား သေးသိမ်သောလူများသည် တစ်ဖက်တွင် အခြားသူများကို သိသာထင်ရှားသော အနေရခက်မှုကို ဖြစ်စေပြီး အခြားတစ်ဖက်တွင် ၎င်းတို့သည် မည်သည့်အုပ်စုနှင့်မဆို ဝင်ဆံ့ရန် ပျက်ကွက်ကာ အလွန် အထီးကျန်ပြီး တစ်မူထူးခြားနေသည်ဟု ထင်ရသည်။ ကြင်နာတတ်သော လူအချို့က သင့်ကို သနားကြလိမ့်မည်ဖြစ်ပြီး လူတိုင်းက သင့်ကို အမှန်တကယ် ကူညီချင်ကြလိမ့်မည်။ အကြောင်းမှာ သင်တို့အားလုံးသည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသောကြောင့် ဖြစ်သည်။ သို့သော် သင်သည် သင့်ကိုယ်သင် အစဉ်သဖြင့် သီးခြားနေပြီး ဤကဲ့သို့ တစ်ကိုယ်တည်း ကျန်ရှိနေသောအခါ သင်သည် အခြားသူများအတွက် အနေရခက်စေသည်ဟု မထင်မှတ်လော။ (ထင်မှတ်ပါသည်။) သင် အဘယ်ကြောင့် တစ်မူထူးခြားနေသနည်း။ အကြောင်းမှာ သင့်တွင် လူ့သဘာဝ၏ ဤချို့ယွင်းချက် ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ယင်းကို ကျော်လွှားရန် ကြိုးစားသင့်ပြီး တဖြည်းဖြည်း ပြောင်းလဲသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။)
စိတ်ဆတ်ခြင်းနှင့် ဒေါသကြီးခြင်းတို့သည် မည်သည့်ကဏ္ဍတွင် ပါဝင်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) စိတ်ဆတ်ခြင်းကို ဒေါသကြီးခြင်းဟုလည်း ခေါ်ဆိုနိုင်သည်၊ ဤအရာသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုအဖြစ် ယူဆသလော။ (မယူဆပါ။) ဤအရာကို မည်သို့ ရှုမြင်သင့်သနည်း။ လူတစ်ဦးသည် စိတ်နေစိတ်ထား ကောင်းမွန်ပြီး အပြုံးနောက်ကွယ်တွင် မလိုမုန်းထားစိတ်ကို ဖုံးကွယ်ထားသူဖြစ်ကာ အမြဲတစေ နူးညံ့သိမ်မွေ့ပြီး ဖော်ရွေသော နည်းလမ်းဖြင့် ပြောဆိုသည်၊ မည်သူနှင့်မျှ မည်သည့်အခါမျှ မငြင်းခုံဘဲ အခြားသူများ ကြားချင်သည့်အရာကို အစဉ်သဖြင့် ပြောဆိုသည်၊ ဤသည်မှာ ကောင်းသလော။ (မကောင်းပါ။) တစ်စုံတစ်ဦးက ဤသူသည် ကြမ်းတမ်းသူဖြစ်သည်ဟု ပြောပါက ၎င်းတို့က “ကြမ်းတမ်းခြင်းသည် ကောင်းပါသည်၊ ကြမ်းတမ်းသူများသည် ပြဿနာမရှာတတ်ကြပါ” ဟု ပြောကြသည်။ တစ်စုံတစ်ယောက်က ထိုသူသည် ရိုင်းသည်ဟု ဆိုလျှင် သူက “ရိုင်းခြင်းသည် ကောင်း၏။ ရိုင်းသောသူတို့သည် ဒုက္ခမပေး” ဟု ဆို၏။ တစ်စုံတစ်ယောက်က သူသည် ထိပ်ပြောင်သည်ဟု ဆိုလျှင် သူက “ထိပ်ပြောင်ခြင်းသည် ကောင်း၏။ ထိပ်ပြောင်သောသူတို့သည် ဉာဏ်ကောင်းကြသည်” ဟု ဆို၏။ ဆိုလိုသည်မှာ အခြားသူများက မည်သည့်အရာ ပြောသည်ဖြစ်စေ၊ ၎င်းတို့ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အခါမျှ စိတ်မဆိုးကြပေ သို့မဟုတ် ဒေါသ မထွက်ကြပေ။ ဤကဲ့သို့သော လူစားမျိုးသည် ကောင်းသလော။ (မကောင်းပါ။) ၎င်းတို့ အမှန်တကယ် နှစ်သက်သော လူများနှင့်ပတ်သက်လျှင်၊ လူကောင်းနှင့် ကောင်းမှုများအပေါ်တွင်လည်းကောင်း၊ ဆိုးယုတ်သောလူများနှင့် ဒုစရိုက်အမှုများအပေါ်တွင်လည်းကောင်း ၎င်းတို့၏ အတွေးများနှင့် ရှုထောင့်အမြင်များမှာ အဘယ်အရာဖြစ်သည်၊ ၎င်းတို့သည် လူကောင်းများကို ထောက်ခံပြီး ဆိုးယုတ်သောလူများကို ရွံရှာခြင်း ရှိမရှိကိုဖြစ်စေ၊ ဆိုးယုတ်သောလူများကို ထောက်ခံပြီး လူကောင်းများကို ရွံရှာခြင်း ရှိမရှိကိုဖြစ်စေ ၎င်းတို့၌ ရှင်းလင်းသော အမြင်ရှုထောင့်များ သို့မဟုတ် ရပ်တည်ချက် မရှိကြဘဲ မည်သည့်အရာကိုမျှ မှတ်ချက်မပေးကြပေ။ ၎င်းတို့သည် မည်သည့်ကိစ္စရပ်ကို ကြုံတွေ့ရသည်ဖြစ်စေ အမြဲတစေ အပြုံးဖြင့် တုံ့ပြန်ကြပြီး အထူးသဖြင့် သဘောတူလွယ်ကာ ဒေါသထွက်ခြင်း မရှိကြပေ။ ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) စိတ်နေစိတ်ထား ကောင်းမွန်ခြင်းသည် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု မဟုတ်၊ သို့ဆိုလျှင် စိတ်ဆတ်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သလော။ လူတစ်ဦးတွင် စိတ်နေစိတ်ထား ကောင်းခြင်း သို့မဟုတ် ဆိုးခြင်းက ၎င်းတို့၏ လူ့သဘာဝ မည်သို့ရှိသည်ကို ဆုံးဖြတ်ပေးနိုင်သလော။ (မဆုံးဖြတ်ပေးနိုင်ပါ။) ဥပမာအားဖြင့် အချို့လူများသည် တစ်စုံတစ်ဦးက မိမိတာဝန်တွင် ဝတ်ကျေတမ်းကျေ လုပ်နေသည်ကို မြင်သော်လည်း ဂရုမစိုက်ကြပေ။ တစ်စုံတစ်ဦးက အသင်းတော်၏ အလုပ်ကို နှောင့်ယှက်နေသည်ကို မြင်သော်လည်း ဒေါသ မထွက်ကြပေ။ ၎င်းတို့က “ကိစ္စမရှိပါ၊ သင် တိုးတက်လာပါလိမ့်မည်။ အချိန်ယူပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပင်ပန်းခံရသော ရည်ရွယ်ချက်များ ရှိ၏။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ မေတ္တာတော်နှင့် ကျေးဇူးတော်ကို ပြန်ပေးဆပ်ရမည်ဖြစ်ပြီး ဝတ်ကျေတမ်းကျေ လုပ်ဆောင်၍ မရပေ။ နောင်အခါ ဤအရာကို အာရုံစိုက်ပါ” ဟုပင် ပြောဆိုကြသည်။ ဤလူများတွင် စိတ်နေစိတ်ထား ကောင်းသလော။ (ကောင်းပါသည်။) အချို့လူများသည် တစ်စုံတစ်ဦးက ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်သည်ကို မြင်သောအခါ “ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန် သင် ကြိုးစားနိုင်မည်လော။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားပါက အလွန် ကောင်းမွန်ပေလိမ့်မည်။ ကျွန်ုပ်တို့သည် လူကောင်းများ ဖြစ်ရမည်၊ ကျွန်ုပ်တို့သည် လူကောင်းများ မဟုတ်ပါက ဘုရားသခင်သည် ကျွန်ုပ်တို့ကို နှစ်သက်လိမ့်မည် မဟုတ်ပေ။ ကျွန်ုပ်တို့ ကျင့်ကြံပြုမူပုံတွင် အနည်းဆုံးအနေဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည်၊ နောင်တွင် ဤအရာကို ဂရုစိုက်ပါ” ဟု ပြောဆိုကြသည်။ ဤအရာတွင် ဒေါသကို ပြသနေသလော။ (မပြသပါ။) ၎င်းတို့၏ စိတ်နေစိတ်ထားသည် အတော်လေး ကောင်းမွန်သည် မဟုတ်လော။ အချို့လူများသည် မည်သည့်အရာ ဖြစ်ပျက်ပါစေ မည်သည့်အခါမျှ ဒေါသမထွက်ကြပေ။ အချို့လူများသည် ဧဝံဂေလိတရားဟောနေစဉ်တွင် အထက်လူကြီးနှင့် ဘုရားအိမ်တော်ကို လှည့်စားရန် ကိန်းဂဏန်း အမှားများကို စာရင်းပေးလေ့ရှိသည်ကို ၎င်းတို့ မြင်သောအခါ “လူအများစုက ဤကဲ့သို့ ကိန်းဂဏန်း အမှားများကို စာရင်းပေးနေကြပါက ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သော ရေစီးကြောင်း ဖြစ်သည်၊ ကျွန်ုပ်တို့သည် ယင်းကို ကျိုးနွံနာခံရမည်” ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက “ကိန်းဂဏန်း အမှားများကို စာရင်းပေးခြင်းသည် ဘုရားသခင်ကို လိမ်ညာခြင်းနှင့် လှည့်စားခြင်း ဖြစ်သည်၊ ကျွန်ုပ် ထိုသို့ မလုပ်နိုင်ပါ” ဟု ပြောလျက် ၎င်းတို့ကို ချေပသည်။ ၎င်းတို့က “အဘယ်ကြောင့် မလုပ်နိုင်သနည်း။ အခြားလူများသည် သတင်းကောင်းကိုသာ တင်ပြပြီး သတင်းဆိုးကို မတင်ပြဘဲ ကိန်းဂဏန်း အမှားများကို စာရင်းပေးကြသည်။ သင်က အဘယ်ကြောင့် ဤမျှ မိုက်မဲနေရသနည်း” ဟု ပြန်ပြောကြသည်။ လူများက ကိန်းဂဏန်း အမှားများကို စာရင်းပေးသည်ကို မြင်သောအခါ ၎င်းတို့ ပျော်ရွှင်ကြသည်။ အချို့လူများက စည်းမျဉ်းများကို စောင့်ထိန်းပြီး ကိန်းဂဏန်း အတုအယောင်များကို စာရင်းပေးရန် ငြင်းဆန်သည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့ ဒေါသထွက်ပြီး စားပွဲကို ရိုက်ကာ “သင်က အဘယ်ကြောင့် ကိန်းဂဏန်း အမှားများကို စာရင်းမပေးသနည်း။ သင်က သန့်ရှင်းသောဝိညာဉ်တော်၏ ရေစီးကြောင်းကို ဆန့်ကျင်ချင်သလော။ သင်က ကိန်းဂဏန်း အမှားများကို စာရင်းမပေးပါက သင့်ကို ငါ ဖြုတ်ချမည်။ သင့်ကို ငါ ရှင်းလင်းပစ်မည်” ဟု ပြောဆိုကြသည်။ ဤနည်းလမ်းဖြင့် ၎င်းတို့ ဒေါသထွက်ခြင်းကို သင် မည်သို့ ထင်သနည်း။ (မကောင်းပါ။) ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော ဒေါသ ပေါက်ကွဲခြင်း ဖြစ်သည်။ ၎င်းတို့ ဒေါသထွက်သင့်ချိန်တွင် ဒေါသမထွက်ဘဲ မထွက်သင့်ချိန်တွင် ထင်ရာမြင်ရာ ဒေါသထွက်ခြင်း၊ ဆိုးယုတ်သော အရာများကို တရားမျှတသည်ဟု ခေါ်ဆိုခြင်း၊ ကိန်းဂဏန်း အမှားများကို စာရင်းပေးခြင်းကို သန့်ရှင်းသောဝိညာဉ်တော်၏ ရေစီးကြောင်းဟု ခေါ်ဆိုပြီး ယင်းကို အလွန်အမင်း ချီးမွမ်းကာ မြှင့်တင်ခြင်းပင် ပြုလုပ်ခြင်း၊ ဤသည်မှာ ယုတ်မာသည် မဟုတ်လော။ (ဟုတ်ပါသည်။) တစ်စုံတစ်ဦးက ကိန်းဂဏန်း အမှားများကို စာရင်းပေးရန် ငြင်းဆန်သည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့သည် စားပွဲကို ရိုက်သည်၊ ဒေါသထွက်သည်၊ စူးစူးရဲရဲကြည့်သည်၊ ထိုသူကို ဖြုတ်ချရန် သို့မဟုတ် ရှင်းလင်းပစ်ရန် ဆန္ဒရှိကြသည်။ ဤသည်မှာ “မိုးကြိုးပစ်သကဲ့သို့သော အမျက်ဒေါသ” ဖြစ်သည်။ အဆင်းနီသော နဂါးကြီးတွင် “မိုးကြိုး စစ်ဆင်ရေး” တစ်ခု ရှိသည်။ ထိုနတ်ဆိုး၏ အင်အားပြမှုကို “မိုးကြိုး စစ်ဆင်ရေး” ဟု ခေါ်ဆိုပြီး ဤသည်မှာ ဤလူများ၏ “မိုးကြိုးပစ်သကဲ့သို့သော အမျက်ဒေါသ” ဖြစ်သည်။ သင်က ကိန်းဂဏန်း အမှားများကို စာရင်းပေးရန် ငြင်းဆန်ပြီး ၎င်းတို့က စားပွဲကို ရိုက်ကာ သင့်အပေါ် ၎င်းတို့၏ မိုးကြိုးပစ်သကဲ့သို့သော အမျက်ဒေါသကို ထုတ်ဖော်ပါက ထိုသို့သော အခြေအနေမျိုးတွင် သင်တို့သည် စည်းမျဉ်းများကို စွဲကိုင်ပြီး ကိန်းဂဏန်း အစစ်အမှန်များကိုသာ စာရင်းပေးလျက် ကိန်းဂဏန်း အမှားများကို စာရင်းပေးရန် ငြင်းဆန်ရဲသလော။ သင်က ထရပ်ပြီး “သင်သည် လူများကို ကိန်းဂဏန်း အမှားများ စာရင်းပေးရန် အတင်းအကျပ် ခိုင်းစေနေသည်၊ သင်သည် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ အန္တိခရစ်များနှင့်အတူ ကိန်းဂဏန်း အမှားများကို စာရင်းပေးခြင်းကိုပင် သန့်ရှင်းသောဝိညာဉ်တော်၏ ရေစီးကြောင်းဟု သင် ခေါ်ဆိုသည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်းနှင့် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ သင်သည် အမှားနှင့် အမှန်ကို မခွဲခြားဘဲ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည့်တိုင် သင့်ကိုယ်သင် တရားမျှတသော ကောင်းကင်တမန်တစ်ပါးအဖြစ် ထင်မှတ်နေသည်။ ကိန်းဂဏန်း အမှားများကို စာရင်းပေးရန် သင်၏ တောင်းဆိုချက်ကို ဆန့်ကျင်ဖို့ မည်သူ့ကိုမျှ သင် ခွင့်မပြုဘဲ ဒေါသပင် ထွက်သေးသည်။ သင့်တွင် တရားမျှတစိတ် စိုးစဉ်းမျှ မရှိပေ။ သင်သည် ဆိုးယုတ်သော အရာများကို ဖော်ထုတ်ပြီး ပြစ်တင်ရှုတ်ချခြင်း မရှိသည်သာမက သမ္မာတရားကို စွဲကိုင်ပြီး ကိန်းဂဏန်း အမှားများကို စာရင်းပေးရန် ငြင်းဆန်သူများအပေါ် သင်၏ ဒေါသကို ကြီးမားစွာ ပေါက်ကွဲစေပြီး ၎င်းတို့အပေါ် သင်၏ ‘မိုးကြိုးပစ်သကဲ့သို့သော အမျက်ဒေါသ’ ကိုပင် လွှတ်ပေးသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်ကို တမင်သက်သက် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေခြင်း မဟုတ်လော။ ဤအပြုအမူသည် အဆင်းနီသော နဂါးကြီး လုပ်ဆောင်သည့်အရာနှင့် သဘောသဘာဝချင်း တူညီသည် မဟုတ်လော” ဟု ပြောလျက် ၎င်းတို့ကို ဝေဖန်ပြီး ဖော်ထုတ်ရဲသလော။ ထို့ကြောင့် စိတ်ဆတ်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဟုတ်မဟုတ်ကိုဖြစ်စေ၊ သို့မဟုတ် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဟုတ်မဟုတ်ကိုဖြစ်စေ ပြန်ကြည့်လျှင် ဤအရာကို ယေဘုယျ ကောက်ချက်ချ၍ မရနိုင်ပေ။ ယင်းမှာ မည်သည့် အခြေအနေများက လူတစ်ဦးကို ဒေါသထွက်စေသည်၊ မည်သည့် အခြေအနေများက ဒေါသမထွက်စေသည်ဟူသည်၊ ထို့အပြင် ထိုသူသည် အဘယ်ကြောင့် အများအားဖြင့် စိတ်ဆတ်ရသည်ဟူသည့်အပေါ်တွင် မူတည်သည်။ ယင်းမှာ ထိုသူ လိုက်စားနေသည့်အရာက အဘယ်အရာဖြစ်သည်၊ ထိုသူ၌ ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများ ရှိမရှိ၊ သမ္မာတရားအပေါ် ထိုသူ၏ သဘောထားက အတိအကျ မည်သို့ရှိသည်၊ ထို့အပြင် ဘုရားသခင်၊ ဘုရားသခင်၏ အလုပ်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အလုပ်အပေါ် ထိုသူ၏ သဘောထားက မည်သို့ရှိသည်ဟူသည့်အပေါ်တွင် မူတည်သည်။ သမ္မာတရား စည်းမျဉ်းများကို စွဲကိုင်ရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ရန်အလို့ငှာ ၎င်းတို့သည် အမျိုးမျိုးသော ဆိုးယုတ်သည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရင်ဆိုင်ရသောအခါ တစ်သမတ်တည်း စိတ်ဆတ်နေပါက ဤသည်မှာ ၎င်းတို့ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းတို့သည် အမျိုးမျိုးသော ဆိုးယုတ်သည့် အရာများ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်သည့် အရာများကို ရင်ဆိုင်ရသောအခါ ထိုအရာများသည် ၎င်းတို့နှင့် မသက်ဆိုင်သကဲ့သို့ မည်သည့်အခါမျှ ဒေါသမထွက်ပါက သို့မဟုတ် စိတ်မဆိုးပါက ဤသည်မှာ ၎င်းတို့ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု မဟုတ်ပေ။ ဤသည်မှာ လူ့သဘာဝ ညံ့ဖျင်းခြင်းဖြစ်ပြီး တရားမျှတစိတ် လုံးဝ ကင်းမဲ့ခြင်းဖြစ်ကာ ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ကဏ္ဍတွင် ပါဝင်သည်မှာ အမှန်စင်စစ် ဖြစ်ပေသည်။ သို့ဆိုလျှင် စိတ်သဘောထားကို မည်သို့ ရှုမြင်သင့်သနည်း။ လူတစ်ဦးတွင် စိတ်နေစိတ်ထား ကောင်းမွန်ခြင်းသည် ထိုသူ၏ လူ့သဘာဝ ကောင်းမွန်သည်ဟု မလွဲမသွေ ဆိုလိုခြင်းမျိုး မဟုတ်သကဲ့သို့ လူတစ်ဦးတွင် စိတ်ဆတ်ခြင်းသည် ထိုသူ၏ လူ့သဘာဝ ညံ့ဖျင်းသည်ဟု မလွဲမသွေ ဆိုလိုခြင်းမျိုး မဟုတ်ပေ။ ယင်းမှာ ၎င်းတို့၏ စိတ်ဆတ်ခြင်းက မည်သည့်အရာကို ဦးတည်သည်ဟူသည့်အပေါ်တွင် မူတည်သည်။ ၎င်းတို့၏ စိတ်ဆတ်ခြင်းသည် ဆိုးယုတ်သော၊ မှောင်မိုက်သော၊ သမ္မာတရားနှင့် မညီညွတ်သော အရာများကို ဦးတည်ပါက၊ ယင်းက ဘုရားအိမ်တော်၏ စည်းမျဉ်းများကို ချိုးဖောက်သော၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေသော၊ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အရာများကို ဦးတည်ပါက၊ ပြီးလျှင် ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် စိတ်သောကရောက်ခြင်းတို့ကြောင့် မကြာခဏ ဒေါသထွက်ပြီး စိတ်ဆတ်ပါက ဤသည်မှာ လူ့သဘာဝ ညံ့ဖျင်းခြင်း မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းဖြစ်ပြီး လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် ဤအပျက်သဘောဆောင်သော အရာများကို ရင်ဆိုင်ရသောအခါ မည်သည့် ဒေါသကိုမျှ မပြသပါက၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ သို့မဟုတ် ဘုရားသခင်၏ သက်သေခံချက်ကို ကာကွယ်ရန် ရှေ့သို့ မထွက်ပါက၊ သမ္မာတရား စည်းမျဉ်းများကို မစွဲကိုင်ဘဲ ဤအရာများကို တားဆီးရန် သို့မဟုတ် ကန့်သတ်ရန် ရှေ့သို့ မထွက်ပါက၊ ထိုအစား ဤအဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို အထိန်းအကွပ်မဲ့ ကြီးထွားပြီး ပြန့်ပွားခွင့် ပြုပါက ထိုသို့သော လူများသည် အလွန် စိတ်နေစိတ်ထား ကောင်းမွန်ပုံရသော်လည်း စင်စစ်အားဖြင့် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် ယုတ်ညံ့သည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) စိတ်ဆတ်ခြင်း ပြဿနာကို မည်သို့ ရှုမြင်သင့်သနည်း။ ယင်းမှာ လူတစ်ဦး၏ စိတ်ဆတ်ခြင်းက မည်သည့်ကိစ္စရပ်များကို ဦးတည်သည်ဟူသည့်အပေါ်တွင် မူတည်သည်။ သင်သည် ထိုသူ၏ ကိုယ်ကျင့်စရိုက် မည်သို့ရှိသည်၊ ၎င်းတို့ မည်သည့်အရာကို လိုက်စားပြီး မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းသည်၊ သမ္မာတရားအပေါ်၊ ဘုရားသခင်အပေါ်၊ ဘုရားအိမ်တော်၏ အလုပ်အပေါ်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် ၎င်းတို့ မည်သည့် သဘောထား ရှိသည်တို့ကို ကြည့်ရှုသင့်သည်။ ဤရှုမြင်ပုံသည် တိကျမှန်ကန်သလော။ (မှန်ကန်ပါသည်။) လူတစ်ဦးတွင် တရားမျှတစိတ် မရှိသော်လည်း ၎င်းတို့၏ နေ့စဉ်ဘဝတွင် လူများနှင့် ပေါင်းသင်းဆက်ဆံရာ၌ စိတ်ဆတ်ပါက၊ အလွယ်တကူ ဒေါသထွက်ပါက၊ အလွန် တဇောက်ကန်းနိုင်ပါက၊ မကြာခဏ ဒေါသတကြီး ဖြစ်ပါက၊ အသေးအဖွဲ ကိစ္စရပ်များအပေါ် အခြားသူများနှင့် မကြာခဏ ငြင်းခုံပြီး ထိပ်တိုက်တွေ့ကာ ရိုင်းစိုင်းသော စကားများကိုပင် အသုံးပြုပါက ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု မဟုတ်ပေ။ ဤသည်မှာ ယုတ်ညံ့သော ကိုယ်ကျင့်စရိုက် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအရ ကြည့်လျှင် ဤသူ၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်ပြီး မည်သူမျှ ၎င်းတို့ကို မရန်စရဲကြပေ။ ၎င်းတို့သည် တရားမျှတသော အကြောင်းကိစ္စများကို ကာကွယ်ရန်၊ အပြုသဘောဆောင်သော အရာများကို ကာကွယ်ရန်၊ သမ္မာတရား စည်းမျဉ်းများကို စွဲကိုင်ရန် သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အလုပ်ကို ကာကွယ်ရန်အလို့ငှာ ဒေါသထွက်ခြင်း မဟုတ်ဘဲ ထိုအစား ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွား အားလုံး၊ ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ အချည်းနှီးသော ဂုဏ်၊ ရုပ်ပစ္စည်း ပိုင်ဆိုင်မှုများ၊ ငွေကြေး စသည်တို့ကို ကာကွယ်ရန်အလို့ငှာ ဒေါသထွက်ခြင်း ဖြစ်သည်။ ထိုသို့သော လူတစ်ဦး၏ စိတ်ဆတ်ခြင်းကို ယုတ်ညံ့သော ကိုယ်ကျင့်စရိုက်အဖြစ် သတ်မှတ်နိုင်သည်။ စိတ်ဆတ်ခြင်းကို အခြေအနေအပေါ် မူတည်၍ ရှုမြင်ရမည်ဖြစ်ပြီး တစ်စုံတစ်ဦး၏ စိတ်ဆတ်ခြင်းက မည်သည့်အရာကို ဦးတည်သည်နှင့် ယင်း၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်များကို ထည့်သွင်းစဉ်းစားရမည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ရန် သို့မဟုတ် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ ၎င်းတို့သည် မှတ်ချက်တစ်ခုတည်းအပေါ် အမှန်တကယ် ဒေါသထွက်နိုင်ပြီး ဆူညံပွက်လောရိုက်အောင် ရန်ဖြစ်နိုင်ပါက ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် ယုတ်ညံ့သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ယေဘုယျအားဖြင့် အတော်လေး သဘောထားကြီးပါက၊ ဥပမာအားဖြင့် လူများက ၎င်းတို့ကို ရည်ရွယ်ပြီး ၎င်းတို့၏ မာနကို အနည်းငယ် ထိခိုက်စေသော မှတ်ချက်များကို ရံဖန်ရံခါ ပေးသောအခါ သို့မဟုတ် ၎င်းတို့အပေါ် အနည်းငယ် အခွင့်ကောင်းယူသောအခါ ၎င်းတို့သည် ယေဘုယျအားဖြင့် ဗွေမယူဘဲ ဒေါသမထွက်ပါက၊ ၎င်းတို့သည် အသေးအဖွဲ ကိစ္စများကို ဇီဇာမကြောင်ဘဲ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် လိုက်လျောညီထွေ နေတတ်သည့်တိုင် တစ်စုံတစ်ဦးက အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေသည်ကို မြင်သောအခါ ဒေါသထွက်ပါက ဤသည်မှာ ကိုယ်ကျင့်စရိုက် မကောင်းခြင်း မဟုတ်ပေ။ ထိုအစား ယင်းမှာ လူ့သဘာဝတွင် ရှိသင့်သော တရားမျှတစိတ် ဖြစ်သည်၊ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သည်။
စိတ်ကောက်တတ်ခြင်းသည် မည်သည့် ပြဿနာအမျိုးအစားတွင် ပါဝင်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက် ဖြစ်ပါသည်။) ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ မည်သည့်လူစားမျိုးသည် စိတ်ကောက်တတ်သနည်း။ (သဘောထားသေးသိမ်သူများ ဖြစ်ပါသည်။) သဘောထားသေးသိမ်သူများ၊ စိတ်ကြီးသူများနှင့် ကလေးများသည် စိတ်ကောက်တတ်ကြသည်။ ၎င်းတို့သည် အသေးအဖွဲကိစ္စတစ်ခုနှင့် ကြုံရသည့်အခါ ချက်ချင်း ဒေါသထွက်တတ်ကြပြီး သင့်ကို စကားမပြောဘဲ နေတတ်သည်၊ သင့်ကို တွေ့ဆုံရန် ငြင်းဆန်ပြီး သင့်ဖုန်းကိုလည်း ကိုင်မည်မဟုတ်ပေ။ သင်က မရည်ရွယ်ဘဲ ၎င်းတို့ကို နာကျင်စေသည့် စကားတစ်ခွန်း ပြောမိပြီး ၎င်းတို့သည် စိတ်ကောက်ကာ သင့်ကို အချိန်ကြာမြင့်စွာ လျစ်လျူရှုထားကြပြီး ဤကိစ္စနှင့်ပတ်သက်၍ မေးမြန်းသည့်အခါတွင်လည်း ၎င်းတို့က မည်သည့်အရာမျှ ပြောဆိုမည်မဟုတ်ပေ။ သင်က ၎င်းတို့ကို “မည်သည့်အရာမှားနေသနည်း။ ပြဿနာရှိလျှင် ဖြေရှင်းကြပါစို့။ ကျွန်ုပ် သင့်ကို ပေးစရာရှိလျှင် အစားပေးပါမည်။ ကျွန်ုပ်ပြောလိုက်သည့် စကားတစ်ခွန်းက သင့်ကို နာကျင်စေခဲ့လျှင် ကျွန်ုပ် တောင်းပန်ပါသည်။ ပြီးလျှင် သင် လိုအပ်သည့် မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်ပေးနိုင်ပါသည်” ဟု မေးမြန်းသည်။ သို့သော် ၎င်းတို့သည် နှုတ်ဆိတ်နေဆဲဖြစ်ပြီး စိတ်ကောက်နေဆဲ ဖြစ်သည်။ ထိုသို့သောလူများသည် ဒုက္ခပေးသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ပုံမှန်မဟုတ်သော လူ့သဘာဝဖြစ်သည်။ လူ့သဘာဝ အရည်အသွေးနှင့်ဆိုင်သော ကိစ္စရပ်များအဆင့်ထိ မရောက်ရှိသည့် လူ့သဘာဝနှင့် ဆက်နွှယ်သော ပြဿနာများအားလုံးသည် လူ့သဘာဝ၏ ချို့ယွင်းချက်များတွင် ပါဝင်သည်။ ချို့ယွင်းချက်တစ်ခု ဆိုသည်မှာ ပုံမှန် လူ့သဘာဝအတွင်း ရှိသင့်သော အရာတစ်ခုခုသည် တစ်စုံတစ်ဦး၌ လိုအပ်နေခြင်းကို ဆိုလိုသည်။ လူတစ်ဦး၏ သဘောထား သို့မဟုတ် ကျင့်ကြံပြုမူခြင်းနှင့် ကိစ္စများကို ကိုင်တွယ်ခြင်းရှိ ပုံစံသည် ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ရင့်ကျက်မှုမရှိခြင်း ဖြစ်ပြီး ပုံမှန် လူ့သဘာဝအတွက် ဆင်ခြင်တုံတရား စံနှုန်းကို မမီခြင်းဖြစ်သည်။ ဤသည်မှာ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ စိတ်ကောက်တတ်ခြင်းသည် တစ်ချက်အနေဖြင့် အခြားသူများကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး ၎င်းတို့သည် ထိုသို့သောလူများနှင့် ဆက်ဆံရသည်ကို မနှစ်သက်ကြပေ။ ထို့အပြင် စိတ်ကောက်တတ်ခြင်းသည် ကလေးဆန်ပြီး ရင့်ကျက်မှုမရှိခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် အသက်ဆယ်နှစ်ဝန်းကျင် ကလေးများသာ ဤနည်းလမ်းအတိုင်း ပြုမူတတ်ကြပြီး လူကြီးများတွင် ဤသရုပ်သကန်များ မရှိကြပေ။ ထိုသို့သောလူတစ်ဦးသည် သင်နှင့် ဆက်ဆံရေး ကောင်းမွန်သည့်အခါ သင်တို့နှစ်ဦးသည် ဤပုပ်ထဲမှဤပဲသာ ဖြစ်ကြသည်။ သို့သော် သင်တို့ကြား အဆင်မပြေဖြစ်သည့်အခါ ၎င်းတို့သည် ရန်လိုလာပြီး စိတ်ကောက်ကာ သင့်ကို စကားမပြောဘဲနေသည်၊ သင် ၎င်းတို့ကို ပေးထားသည့် အရာအားလုံးကို ပြန်ပေးပြီး သင့်ကို အပြီးအပိုင် အဆက်ဖြတ်လေသည်။ သို့တိုင်အောင် တစ်နေ့တွင် ၎င်းတို့ ပြန်လည်သင့်မြတ်ပြီး ယခင်ကကဲ့သို့ ရင်းနှီးသွားမည်ကို မည်သူသိနိုင်မည်နည်း။ ဤအရာများသည် ရင့်ကျက်မှုမရှိခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ ရင့်ကျက်မှုမရှိခြင်း၏ ဤသရုပ်သကန်များအားလုံးကို လူ့သဘာဝ၏ ချို့ယွင်းချက်များဟု ရည်ညွှန်းသည်။ စိတ်ကောက်တတ်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ စိတ်ကောက်တတ်သော လူများသည် တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ အမှုအရာများကို နှောင့်နှေးစေရန် အဖြစ်နိုင်ဆုံး ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို နာကျင်စေသည့် စကားတစ်ခွန်း ပြောလိုက်သောကြောင့် ၎င်းတို့သည် ရက်ပေါင်းများစွာ မည်သည့်အချိန်တွင် စိတ်ကောက်သွားမည်ကို သင် မည်သည့်အခါမျှ မသိနိုင်ပေ။ တာဝန်သည် မည်မျှပင် အရေးကြီးသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အရာမျှ မပြောဆိုဘဲ ရပ်တန့်သွားနိုင်သည်။ ၎င်းတို့သည် ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်ဟု သင် ထင်ကောင်းထင်နိုင်သော်လည်း စင်စစ်အားဖြင့် ၎င်းတို့သည် မိမိတို့၏အလုပ်ကို ရပ်တန့်ထားပြီး ဖြစ်သည်မှာ ကြာပြီဖြစ်၏။ ထို့ကြောင့် စိတ်ကောက်တတ်သော လူများကို အရေးကြီးသော အလုပ်အား မည်သည့်အခါမျှ တာဝန်မပေးဖို့ အရေးကြီးသည်၊ အထူးသဖြင့် အလွန် အရေးကြီးသော အဆင့်များတွင်ရှိသည့် တာဝန်များကို ၎င်းတို့အား မပေးအပ်သင့်ပေ။ အကြောင်းမှာ ၎င်းတို့သည် အလွန် တစ်ဇွတ်ထိုးနိုင်ပြီး အမြဲတစေ စိတ်ထိခိုက်လွယ်ကာ စိတ်ကောက်တတ်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၎င်းတို့၏ အလုပ်ကို စွန့်လွှတ်လိုက်ရန် လွယ်ကူသောကြောင့် ဖြစ်သည်။ ဤအလုပ်ကို ၎င်းတို့ မဖြစ်မနေ လုပ်ရမည်ဆိုလျှင် သို့မဟုတ် ၎င်းတို့ကို အစားထိုးရန် အခြားမည်သူမျှ မရှိလျှင် ၎င်းတို့အား အလုပ်တာဝန်ပေးအပ်သည့်အခါ ၎င်းတို့၏ အလုပ်ကို ကြီးကြပ်ရန် သင်သည် တစ်စုံတစ်ဦးကို ထားရှိရမည်။ ၎င်းတို့ကို အစားထိုးနိုင်မည့် အခြားသူတစ်ဦး ရှိလျှင် အတော်အတန် အရေးကြီးသော အလုပ်ကို ၎င်းတို့အား တာဝန်မပေးသင့်ပေ။ ဥပမာအားဖြင့် အချို့လူများတွင် အစွမ်းအစ အနည်းငယ်ရှိပြီး အသင်းတော် ခေါင်းဆောင်တစ်ဦး၏ အလုပ်ကို ကိုင်တွယ်နိုင်သော်လည်း ညီအစ်ကိုမောင်နှမ တစ်ဦးဦးက ၎င်းတို့ကို နာကျင်စေသည့် စကားတစ်ခွန်း ပြောလိုက်သည့်အခါ ၎င်းတို့သည် စိတ်ကောက်သွားကြသည်။ “ကျွန်ုပ် နုတ်ထွက်ပါပြီ။ သင်တို့ မည်သူ့ကိုမဆို ခေါင်းဆောင်အဖြစ် ခန့်လိုက ခန်နိုင်ပါသည်။ ကျွန်ုပ် အိမ်ပြန်ပြီး ကိုယ့်ဘဝနှင့်ကိုယ် နေတော့မည်။ ဤကိစ္စနှင့် ကျွန်ုပ် မသက်ဆိုင်တော့ပြီ” ဟူ၍ ဖြစ်သည်။ ၎င်းတို့ စတင် စိတ်ကောက်သည်နှင့်တစ်ပြိုင်နက် မိမိတို့၏ တာဝန်ကို စွန့်လွှတ်ပြီး ထွက်သွားနိုင်ကာ ၎င်းတို့ မည်သည့်အချိန်တွင် ပြန်လာမည်ကို မည်သူသိနိုင်မည်နည်း။ ထိုသို့သောလူများသည် ယုံကြည်စိတ်ချရသလော။ (မရပါ။) ၎င်းတို့သည် မိမိတို့၏ ဒေါသကို တာဝန်အပေါ်တွင်လည်းကောင်း၊ အသင်းတော်၏ အလုပ်အပေါ်တွင်လည်းကောင်း ပုံချကြပြီး မည်သည့်အချိန်တွင်မဆို မိမိတို့၏ တာဝန်ကို စွန့်လွှတ်ကြသည်။ ဤသည်မှာ ရင့်ကျက်မှုမရှိခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို ကလေးများ ကစားသကဲ့သို့ သဘောထားခြင်းသည် ရင့်ကျက်မှုမရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ကလေးများ လူကြီးလုပ်တမ်းကစားသည့်အခါ ယင်းမှာ ကစားပွဲတစ်ခုမျှသာ ဖြစ်သည်။ ၎င်းတို့ စိတ်ဆိုးသွားလျှင် ကစားခြင်းကို ရပ်လိုက်ကြသည်၊ ယင်းက မည်သည့်အရာကိုမျှ မနှောင့်နှေးစေပေ။ သို့သော် အသင်းတော် အလုပ် သို့မဟုတ် တာဝန်တစ်ခုကို ကလေးများ လူကြီးလုပ်တမ်းကစားသကဲ့သို့ သဘောထားပြီး ၎င်းတို့ အလိုရှိသည့်အချိန်တိုင်း နုတ်ထွက်ခြင်းသည် အမှုအရာများကို နှောင့်နှေးစေသည် မဟုတ်လော။ ဤအရာက ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စရပ်များကိုသာ နှောင့်နှေးစေသည် မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်လျှင် အသင်းတော်၏ အလုပ်သည် ၎င်းတို့ကြောင့် နှောင့်နှေးသွားလေသည်။ ၎င်းတို့သည် အရေးကြီးသော တာဝန်တစ်ခုကို ထမ်းဆောင်နေလျှင် ထိုအရေးကြီးသော တာဝန်သည် နှောင့်နှေးသွားလေသည်။ ထို့ကြောင့် အသုံးပြုရန် လူများကို ရွေးချယ်သည့်အခါ ၎င်းတို့တွင် စိတ်ကောက်တတ်သည့် ပြဿနာ ရှိမရှိဟူသည်ကို သင် ထည့်သွင်းစဉ်းစားရမည်။ ၎င်းတို့တွင် ဤပြဿနာရှိလျှင် ယင်းမှာ ဆိုးရွားသလော။ မည်မျှ ဆိုးရွားသနည်း။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို စွန့်လွှတ်မည်လော။ ၎င်းတို့ စိတ်ကောက်သည့်အခါ ဒေါသတကြီးဖြင့် အိမ်ပြန်ပြီး မိမိတို့၏ တာဝန်ကို ရပ်တန့်ကာ မည်သူက ခေါ်သည်ဖြစ်စေ ပြန်လာရန် ငြင်းဆန်မည်လော။ ဤလူစားမျိုးသည် ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။ ၎င်းတို့ကို မည်သည့်အခါမျှ အသုံးမပြုနှင့်။ ၎င်းတို့သည် ဆူးများသော လူစားမျိုး ဖြစ်သည်။ ၎င်းတို့ကို ချော့မော့၍ မရ၊ ဆုံးမပဲ့ပြင်၍ မရသကဲ့သို့ သင်သည် သမ္မာတရားအကြောင်း မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့ လက်ခံရန် ခက်ခဲသည်။ ၎င်းတို့ကိုယ်တိုင် စဉ်းစားဆင်ခြင်ပြီး နားလည်သဘောပေါက်မှသာ ၎င်းတို့ ပြန်လည်ကောင်းမွန်နိုင်ပြီး ပုံမှန် ဆင်ခြင်တုံတရားသို့ ပြန်ရောက်နိုင်သည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိခြင်းအပြင် လူတစ်ဦး၏ လူ့သဘာဝတွင် ချို့ယွင်းချက်များ သို့မဟုတ် အပြစ်အနာအဆာများစွာ ရှိပါက ၎င်းတို့သည် မနှစ်မြို့ဖွယ်ရာ တစ်စုံတစ်ရာနှင့် ကြုံတွေ့ရသည်နှင့်တစ်ပြိုင်နက် ယင်းက ၎င်းတို့ကို ပြန်လည်မထူမထောင်နိုင်လောက်အောင် အပျက်သဘောဆောင်သွားစေနိုင်သည်။ ၎င်းတို့တွင် စိတ်ပိုင်းဖြတ်မှု အချို့ရှိပြီး ကယ်တင်ခြင်းရရှိရန် သမ္မာတရားကို လိုက်စားလိုစိတ် ရှိလျှင်ပင် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး စံနှုန်းမီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ရန် စိတ်ဆန္ဒရှိလျှင်ပင် အခက်အခဲများ သို့မဟုတ် မနှစ်မြို့ဖွယ်ရာ အခြေအနေများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့ ရှေ့ဆက်မသွားနိုင်ကြတော့ပေ။ ထို့ကြောင့် လူတစ်ဦးသည် သမ္မာတရားကို လိုက်စားပြီး မိမိ၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်လိုလျှင် ၎င်း၏ လူ့သဘာဝတွင် ရှိနိုင်သော မည်သည့် ချို့ယွင်းချက်များ သို့မဟုတ် အပြစ်အနာအဆာများကိုမဆို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်။ သင်သည် ဘုရားသခင်ကို ကြီးမားသော လိုအင်ဆန္ဒရှိသော စိတ်နှလုံးကိုဖြစ်စေ၊ သမ္မာတရားကို တောင့်တသော စိတ်နှလုံးကိုဖြစ်စေ မပိုင်ဆိုင်လျှင်၊ ပြီးလျှင် သင်သည် ဤလူ့သဘာဝ၏ ချို့ယွင်းချက်များကို ကျော်လွှားရန် မလိုလားလျှင် သို့မဟုတ် ထိုသို့ပြုလုပ်ရန် လုံလောက်သော စိတ်ပိုင်းဖြတ်မှု မရှိလျှင် သင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများသည် များပြားလိမ့်မည်။ သင်သည် ဤပုဂ္ဂိုလ်ရေးရာ ချို့ယွင်းချက်များကိုပင် မပြောင်းလဲနိုင်လျှင် သို့မဟုတ် မကျော်လွှားနိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပစ်ရန်မှာ သာ၍ပင် ခက်ခဲလိမ့်မည်။
ယခု “အမြတ်ထုတ်လိုခြင်း” အကြောင်း ပြောကြစို့။ ဤသည်မှာ မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက် ဖြစ်ပါသည်။) ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သလော။ အမြတ်ထုတ်လိုခြင်းသည် လူ့သဘာဝ အရည်အသွေး ပြဿနာတစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးသည် အခြေအနေတိုင်းတွင် ဟင်းသီးဟင်းရွက်တစ်ပင်၊ စက္ကူတစ်ရွက် သို့မဟုတ် ရေဘူးအသေးလေး တစ်ဘူးကဲ့သို့ သေးငယ်သော အရာများအပေါ်၌ပင် အမြတ်ထုတ်ပါက ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ အရည်အသွေးနှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့၏ စရိုက်သည် ယုတ်ညံ့သည်။ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု မဟုတ်ပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) ထိုသို့သောလူများသည် ယုတ်ညံ့သော လူ့သဘာဝ စရိုက်ရှိပြီး တည်ကြည်မှု မရှိကြပေ။ ၎င်းတို့သည် ဆိုင်တစ်ဆိုင်တွင် ဈေးဝယ်သောအခါ အမြဲတစေ ဈေးဆစ်ရန်နှင့် လျှော့ဈေးတောင်းရန် ကြိုးစားကြသည်။ ဈေးထဲတွင် ဟင်းသီးဟင်းရွက် ဝယ်သောအခါ ၎င်းတို့သည် ငွေအနည်းငယ်အတွက် အဆုံးမရှိ ငြင်းခုံကြသည်။ ဟိုတယ်တစ်ခုတွင် တည်းခိုပြီး တစ်ခါသုံး မျက်နှာသုတ်ပဝါများ၊ သွားတိုက်တံများနှင့် သွားတိုက်ဆေးများကဲ့သို့သော အခမဲ့ ပစ္စည်းများကို မြင်သောအခါ တစ်ခုတလေ ကျန်ခဲ့မည်ကို စိုးရွံ့ကာ ၎င်းတို့သည် တစ်ခုတလေမျှ ချန်မထားခဲ့ဘဲ အိမ်သို့ အကုန်ယူသွားကြသည်။ အချို့လူများက “၎င်းတို့ ဆင်းရဲသောကြောင့် အမြတ်ထုတ်လိုကြခြင်း ဖြစ်သလော” ဟု ပြောကြသည်။ မဟုတ်ပေ။ ဤလူစားမျိုးတွင် ဤကဲ့သို့သော လူ့သဘာဝ စရိုက်မျိုး ရှိရုံသာဖြစ်သည်။ ၎င်းတို့၏ မိသားစုသည် ငွေကြေးမပြတ်လပ်သော်လည်း ၎င်းတို့က မရမက အမြတ်ထုတ်ကြသည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ဤလူစားမျိုးသည် ဘုရားအိမ်တော်အပေါ်၌ပင် အမြတ်ထုတ်ကြသည်။ အချို့လူများသည် ကိုယ့်အိမ်တွင်ကိုယ် ထမင်းမစားဘဲ ဧည့်ခံသည့်အိမ်အတွက် အလုပ်ကူလုပ်ပေးသယောင် ဟန်ဆောင်လျက် ဧည့်ခံသည့်မိသားစုထံသို့ အလကား ထမင်းသွားစားလေ့ရှိသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ ပိုင်ဆိုင်မှုများကို တိတ်တဆိတ် ယူသုံးကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းများကို အသုံးပြုခြင်းကို ရှောင်ကြဉ်ပြီး အခြားသူများ၏ ပိုင်ဆိုင်မှုများကို အစဉ်သဖြင့် ယူသုံးကြသည်။ ၎င်းတို့သည် ကိုယ့်အဝတ်အထည်ကိုယ် မဝတ်ဘဲ အခြားသူတစ်ဦး၏ အဝတ်အထည်များကို အစဉ်သဖြင့် ဝတ်ဆင်ကြသည်။ တစ်စုံတစ်ဦး အဝတ်လျှော်နေသည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့အတွက် အဝတ်တချို့ကို တစ်ပါတည်း လျှော်ပေးရန် တောင်းဆိုပြီး အဆုံးတွင် လျှော်ရန်အတွက် အဝတ် ခုနစ်ထည်၊ ရှစ်ထည်ခန့် ပေးလိုက်ကြသည်။ ဤသည်မှာ သိသိသာသာ အမြတ်ထုတ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရိုးရှင်းစွာပင် ဤကဲ့သို့သော ကိုယ်ကျင့်စရိုက်မျိုး ရှိကြ၏။ ၎င်းတို့၏ မိသားစုတွင် ငွေရှိသည်မှာ ထင်ရှားသော်လည်း ၎င်းတို့သည် ညီအစ်ကိုမောင်နှမများထံမှ ငွေချေးကြသေးသည်။ ၎င်းတို့ ပြန်ဆပ်မည့်အချိန်ကို မေးမြန်းသောအခါ ၎င်းတို့က “ကျွန်ုပ် ငွေရှိသည့်အချိန်ကျမှ ပြန်ဆပ်ပါမည်။ ကျွန်ုပ်တွင် ငွေမရှိလျှင် မည်သို့ ပြန်ဆပ်နိုင်မည်နည်း။ ကျွန်ုပ်တွင် ငွေမရှိပါ၊ အသက်တစ်ချောင်းသာ ရှိပါတော့သည်” ဟု ပြောဆိုကြသည်။ ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် ပြန်မဆပ်ချင်ကြသည်မှာ သိသာထင်ရှားပြီး ပြန်ဆပ်ရန်လည်း မည်သည့်အခါမျှ ရည်ရွယ်ချက် မရှိခဲ့ကြပေ။ ၎င်းတို့သည် အခြားသူများ၏ ငွေကို မိမိတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် အသုံးပြုလျက်၊ လွတ်လပ်စွာ သုံးစွဲလျက် အမြတ်ထုတ်လိုကြရုံသာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ တစ်စုံတစ်ဦးက ပစ္စည်းအသစ်တစ်ခု ဝယ်ထားသည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့သည် အလွန် စိတ်ဝင်စားလာပြီး ယင်းကို ငှားရန် အဆက်မပြတ် စဉ်းစားကြသည်။ ပိုင်ရှင်က ယင်းကို လိုအပ်ပြီး မငှားချင်လျှင်လည်း ၎င်းတို့က မရမက ယူငှားကြသည်။ ၎င်းတို့သည် ယင်းကို ဟောင်းနွမ်းသည်အထိ သို့မဟုတ် ပျက်စီးသည်အထိ သုံးစွဲကြပြီး ပြန်မပေးကြသေးဘဲ ယင်းကို မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ သဘောထားကြသည်။ ဤလူစားမျိုးသည် နေရာတိုင်းတွင် အမြတ်ထုတ်ကြသည်၊ ပစ္စည်းများကို ငှားရမ်းပြီး မည်သည့်အခါမျှ ပြန်မပေးကြပေ။ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ တည်ကြည်မှု မရှိခြင်းနှင့် ယုတ်ညံ့သော လူ့သဘာဝ စရိုက်ရှိခြင်း ဖြစ်သည်။ သင်တို့သည် ဤလူစားမျိုးကို မြင်ဖူးသလော။ (မြင်ဖူးပါသည်။) ၎င်းတို့ အတော်များများ ရှိကြသည်။ ဤလူစားမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော ဟူသည်ကို ငါ့ကို ပြောလော့။ (မလုပ်ဆောင်နိုင်ပါ။) ဤပုဂ္ဂိုလ်များထဲမှ အများစုသည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် လူယုတ်မာများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် အခြားသူများအပေါ် မည်မျှပင် အမြတ်ထုတ်ပါစေ လိပ်ပြာမသန့်ခြင်း မရှိပေ။ ၎င်းတို့တွင် ဟီရိဩတ္တပ္ပ ရှိသလောဟု ငါ့ကို ပြောလော့။ (မရှိပါ။) ဟီရိဩတ္တပ္ပ မရှိသောသူများသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် လူကောင်းများ ဖြစ်သလော သို့မဟုတ် လူဆိုးများ ဖြစ်သလောဟူသည်ကို ငါတို့ မပြောဘဲ နေကြစို့။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်သော လူ့သဘာဝ၏ အခြေခံအကျဆုံး စံနှုန်းများနှင့် အခြေအနေများ ကင်းမဲ့နေကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် လူတစ်ဦးသည် အနည်းဆုံး ဟီရိဩတ္တပ္ပ ပိုင်ဆိုင်ရမည်ဟု ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့ကြသည်။ လူတစ်ဦး၏ ဟီရိဩတ္တပ္ပတွင် အရှက်တရား ပါဝင်သည်။ မိမိတို့၏ ဟီရိဩတ္တပ္ပတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း တစ်စုံတစ်ရာ မခံစားရဘဲ အခြားသူများအပေါ် အစဉ်သဖြင့် အမြတ်ထုတ်နေသူများတွင် ရှက်စိတ် ရှိသလော။ (မရှိပါ။) ရှက်စိတ်မရှိသော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရဘဲ ၎င်းတို့၏ ဟီရိဩတ္တပ္ပမှ မည်သည့် ပြစ်တင်ရှုတ်ချမှုမျှ မရှိဘဲ မကောင်းမှုကို ကျူးလွန်ကြသည်။ ထို့ကြောင့် တရားမျှတသော အမှုများကို ပြုခြင်းနှင့် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းခြင်းတို့သည် ၎င်းတို့အတွက် ဆွဲဆောင်မှု မရှိပေ။ အကြောင်းမှာ ၎င်းတို့၏ လူ့သဘာဝတွင် ထိုသို့သောအရာများအတွက် လိုအပ်ချက် မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ လိုအပ်ချက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့၏ လိုအပ်ချက်မှာ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို မည်သည့်ဆုံးရှုံးမှုမှ မရှိအောင် ကာကွယ်ရန်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အခြားသူများ၏ အကျိုးစီးပွားများကို ယူငင်ကာ မိမိတို့ကိုယ်ကို အလုပ်အကျွေးပြုရန် အသုံးပြုဖို့ ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝတွင် ထိုသို့သော အပြုအမူအတွက် ပြစ်တင်ရှုတ်ချမှု သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှု မရှိသကဲ့သို့ မည်သည့် ရှက်စိတ်မျှလည်း မရှိပေ။ ထို့ကြောင့် ဤလူစားမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အလွန် ခက်ခဲသည်။ ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့၏ ခံယူချက်မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ သဘောအရ ဖြစ်စေ မိမိတို့အတွက် အကျိုးရှိသော မည်သည့်အရာကိုမဆို စိုးစဉ်းမျှ စွန့်လွှတ်၍ မဖြစ်ဟူ၍ ဖြစ်သည်။ အခြားသူများ၏ ကောင်းမွန်ပြီး တန်ဖိုးရှိသော အရာများနှင့်ပတ်သက်၍မူ ၎င်းတို့သည် အမြဲတစေ ပိုင်ဆိုင်လိုကြသည်၊ သိမ်းပိုက်လိုကြသည်၊ သို့မဟုတ် အတင်းအဓမ္မပင် ရယူပိုင်ဆိုင်လိုကြသည်။ ၎င်းတို့တွင် အခွင့်အရေး ရသည်နှင့်တစ်ပြိုင်နက် အခြားသူများ၏ ကောင်းမွန်သော အရာများကို မိမိတို့အတွက် သိမ်းပိုက်ကြလိမ့်မည်။ ၎င်းတို့သည် အခွင့်အရေးကို လက်လွတ်ခံရန် မိမိတို့ကိုယ်ကို လုံးဝ ခွင့်မပြုနိုင်ကြပေ။ ပြီးလျှင် ၎င်းတို့ လက်လွတ်သွားပါက တစ်သက်လုံး နောင်တရကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့ ကျင့်ကြံပြုမူရာတွင် ထားရှိသော ခံယူချက်ဖြစ်သည်။ ၎င်းတို့သည် ဤခံယူချက်၏ လွှမ်းမိုးခြင်းကို ခံရသောကြောင့် အခြားသူများအပေါ် အမြတ်ထုတ်ပြီး အခြားသူများ၏ အကျိုးခံစားခွင့်များကို မိမိတို့၏ ကိုယ်ပိုင်အရာအဖြစ် တောင်းဆိုသောအခါ ၎င်းတို့သည် မှန်ကန်သည်ဟု ခံစားရပြီး စိတ်သက်သာရာ ရကြကာ ကြီးမားသော အောင်မြင်မှု ခံစားချက်ကို ခံစားကြရသည်။ ၎င်းတို့ အမြတ်မထုတ်နိုင်လျှင် သို့မဟုတ် ထိုသို့ပြုလုပ်ရန် အခွင့်အရေးတစ်ခု လွတ်သွားလျှင် ၎င်းတို့ ကျရှုံးသွားသည်ဟု ခံစားရပြီး မိမိတို့ကိုယ်ကို မိုက်မဲသည်ဟု ထင်ကြသည်။ ၎င်းတို့ အမြတ်ထုတ်ရသည့်အခါ ကောင်းမွန်သည်ဟု ခံစားရသည်၊ ဝမ်းမြောက်ပြီး ငြိမ်းချမ်းကြသည်။ သို့သော် အမြတ်ထုတ်ရန် အခွင့်အရေးတစ်ခုကို မြင်ပြီး အမြတ်မထုတ်ရသည့်အခါ ၎င်းတို့ စိတ်ဆိုးပြီး ဂနာမငြိမ် ဖြစ်ကြသည်။ “ကျွန်ုပ်သာ ဤအခွင့်ကောင်းကို မယူလျှင် အလဟဿဖြစ်မည်။ အခြားသူတစ်ဦးက ယူသွားလျှင် ကျွန်ုပ်သည် နစ်နာသူ ဖြစ်သွားမည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ကြည့်လော့၊ ဤခံယူချက်၏ လွှမ်းမိုးခြင်းကို ခံရသောသူတစ်ဦးသည် လူကောင်းဖြစ်ရန် ကြိုးစားနိုင်သလော။ (မကြိုးစားနိုင်ပါ။) သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ လူတို့သည် မိမိတို့ တန်ဖိုးထားသော ဂုဏ်သိက္ခာ၊ အဆင့်အတန်းနှင့် အခြားသော စိတ်ပိုင်းဆိုင်ရာ အရာများကဲ့သို့သော အရာများစွာကို လက်လွှတ်ရန် လိုအပ်သည့်အပြင် အချို့သော ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အရာများကိုလည်း လက်လွှတ်ရန် လိုအပ်သည်။ ဤအရာအားလုံးတွင် ကိုယ်ကျိုးစီးပွားများ ပါဝင်ပတ်သက်နေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက လူများကို ဤအရာအားလုံးအား ပုန်ကန်ရန်၊ ကျော်လွှားရန်၊ ဖယ်ရှားပစ်ရန်နှင့် လက်လွှတ်ရန် တောင်းဆိုသည်။ အမြတ်ထုတ်လိုသော သူများသည် ဤအရာ တစ်ခုကိုမျှ လုံးဝ မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ မျက်နှာ သို့မဟုတ် အဆင့်အတန်းကို လက်မလွှတ်နိုင်ကြသကဲ့သို့ မည်သည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကျိုးစီးပွားများကိုမဆို စွန့်လွှတ်ရန် သာ၍ပင် စွမ်းဆောင်နိုင်စွမ်း မရှိကြပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ ၎င်းတို့သည် ဤအရာ တစ်ခုကိုမျှ မလုပ်ဆောင်နိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ထို့ကြောင့် ၎င်းတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အလွန် ခက်ခဲသည်။ ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကောင်းမွန်သော အရာအားလုံးကို မိမိတို့အတွက် ပိုင်ဆိုင်လိုကြပြီး ယင်းတို့ကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ကြပေ။ ယင်းက သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် တိုက်ရိုက် ပဋိပက္ခဖြစ်ပြီး ဆန့်ကျင်နေသည်။ ထိုအကြောင်းကြောင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြခြင်း ဖြစ်သည်။ အထူးသဖြင့် အမြတ်ထုတ်လိုသူများကို ကြည့်လော့၊ ၎င်းတို့သည် မည်မျှအထိ လွန်ကဲကြသနည်း။ တစ်စုံတစ်ဦး၏ အိမ်သို့ အလည်သွားသောအခါ ပြန်မသွားမီ ၎င်းတို့၏ ရေအနည်းငယ်ကို သောက်ရန်နှင့် ၎င်းတို့၏ မုန့်အနည်းငယ်ကို စားရန်ပင် သေချာအောင် လုပ်ဆောင်ကြသည်။ ဤကဲ့သို့သော ကိုယ်ကျင့်စရိုက်ရှိသည့် လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလောဟူသည်ကို ငါ့ကို ပြောလော့။ (မလုပ်ဆောင်နိုင်ပါ။) အရာအားလုံးကို တိုင်းတာရန်အတွက် ၎င်းတို့၏ စံနှုန်းသည် ၎င်းတို့ အမြတ်ထုတ်နိုင်မနိုင်နှင့် အကျိုးကျေးဇူးများ ရရှိနိုင်မနိုင်ဟူသော မူဝါဒအပေါ် အခြေခံသည်။ ကိုယ်ကျိုးစီးပွားသည် အရာအားလုံးကို ၎င်းတို့ တိုင်းတာသည့် မူဝါဒဖြစ်သည်။ ကျင့်ကြံပြုမူရာတွင် ၎င်းတို့သည် အခြားသူများအပေါ် အမြတ်ထုတ်ရန်ကိုသာ အာရုံစိုက်ကြသည်။ ၎င်းတို့ မနစ်နာသရွေ့၊ အမြတ်ထုတ်နိုင်သရွေ့ ယင်းက တန်သည်ဟု ၎င်းတို့ ခံစားကြရသည်။ ကျင့်ကြံပြုမူရာတွင် လူတစ်ဦးသည် အမြတ်ထုတ်နိုင်ရမည် ဖြစ်ကြောင်းနှင့် မကြာခဏ အမြတ်ထုတ်ဖူးမှသာလျှင် ဉာဏ်ကောင်းပြီး ပါးနပ်သူ ဖြစ်ကြောင်း၊ တစ်စုံတစ်ဦးသည် အမြတ်ထုတ်နည်းကို မသိပါက ထိုသူသည် မိုက်မဲကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ကျင့်ကြံပြုမူရန်အတွက် ၎င်းတို့၏ စံနှုန်းမှာ အမြတ်ထုတ်ရန်သာဖြစ်ပြီး မည်သည့်အခါမျှ အရှုံးမခံရန် ဖြစ်သည်။ ၎င်းတို့သည် ဤချဉ်းကပ်ပုံကို ကျင့်ကြံပြုမူရန်အတွက် စံနှုန်းအဖြစ် ထားရှိကြသည်၊ ၎င်းတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) သမ္မာတရားသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် နေရာတစ်နေရာ ရှိသလော။ ယင်းက ၎င်းတို့၏ စိတ်နှလုံးထဲတွင် အာဏာ တည်နိုင်သလော။ (မတည်နိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်နိုင်သနည်း။ (မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် မည်သည့် သမ္မာတရားကိုမျှ လုံးဝ လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့၏ တည်ကြည်မှုသည် အလွန် နိမ့်ကျသဖြင့် အခြားသူများကို ၎င်းတို့အား စက်ဆုပ်ရွံရှာစေသည်။ အချို့လူများသည် ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်ကြသည်။ ဘုရားအိမ်တော်က ၎င်းတို့အား နေ့စဉ်သုံးအတွက် ပစ္စည်းအချို့ ပေးအပ်ထားပြီး ၎င်းတို့တွင် အချို့ ကျန်ရှိနေသေးသော်လည်း ကုန်သွားပြီဟူသော ဆင်ခြေကို အသုံးပြုလျက် ပိုမိုရရှိရန် မကြာခဏ တောင်းဆိုကြသည်။ အဘယ်ကြောင့် ၎င်းတို့ အမြဲတစေ ပိုမို တောင်းဆိုကြသနည်း။ “ကျွန်ုပ်သာ ဤအရာကို အမြတ်မထုတ်ဘဲ အခြားသူတစ်ဦးက အမြတ်ထုတ်သွားလျှင် ကျွန်ုပ်သည် နစ်နာသူ ဖြစ်သွားမည် မဟုတ်လော” ဟူ၍ ၎င်းတို့ တွေးကြသည်။ ကြည့်လော့၊ ဤသည်မှာ မည်သည့် ကိုယ်ကျင့်စရိုက်မျိုး ဖြစ်သနည်း။ ဤလူစားမျိုးက အရာအားလုံးကို တိုင်းတာရန် အသုံးပြုသည့် စံနှုန်းသည် ၎င်းတို့ အမြတ်ထုတ်နိုင်မနိုင်နှင့် အကျိုးကျေးဇူးများ ရရှိနိုင်မနိုင်ဟူသော မူဝါဒအပေါ် အခြေခံသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် အကျိုးစီးပွားနှင့်ဆိုင်သော အတွေးများဖြင့် လုံးလုံးလျားလျား လွှမ်းမိုးခံထားရသည်။ သင်သည် အပြုသဘောဆောင်သော အရာများ သို့မဟုတ် သမ္မာတရားအကြောင်း ၎င်းတို့နှင့် မည်မျှပင် မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့ လက်ခံရန် ငြင်းဆန်ကြသည်။ ယင်းမှာ ၎င်းတို့၏ အစွမ်းအစ သို့မဟုတ် ၎င်းတို့ နားလည်နိုင်စွမ်း ရှိမရှိဟူသည်တို့နှင့် မသက်ဆိုင်ပေ။ ယင်းမှာ ကျင့်ကြံပြုမူရာတွင် ထားရှိသော ၎င်းတို့၏ ခံယူချက်က ပြဿနာရှိနေခြင်း ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို လုံးဝ လက်ခံမည်မဟုတ် သို့မဟုတ် လက်တွေ့လုပ်ဆောင်မည် မဟုတ်သကဲ့သို့ သမ္မာတရား စည်းမျဉ်းများကိုလည်း လိုက်နာစောင့်ထိန်းမည် မဟုတ်ပေ။ ၎င်းတို့၏ တည်ကြည်မှုသည် အလွန်အမင်း နိမ့်ကျသည်။ ဤလူစားမျိုးနှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ရန် လိုအပ်သလောဟူသည်ကို ငါ့ကို ပြောလော့။ (မလိုအပ်ပါ။) အဘယ်ကြောင့် မလိုအပ်သနည်း။ (အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို ဘယ်သောအခါမျှ လက်တွေ့လုပ်ဆောင်မည် မဟုတ်သောကြောင့် ဖြစ်ပါသည်။) ၎င်းတို့သည် ၎င်းတို့၏ လူ့သဘာဝတွင် ဟီရိဩတ္တပ္ပ ကင်းမဲ့နေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် အခြေခံ အခြေအနေများ မပိုင်ဆိုင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အမြတ်ထုတ်ရန်နှင့် အကျိုးကျေးဇူးများ ရရှိရန်ကိုသာ အာရုံစိုက်ကြသည်။ ဤလူစားမျိုးသည် သမ္မာတရားကို ကြားနာရန် မထိုက်တန်သကဲ့သို့ ကယ်တင်ခြင်း ရရှိခြင်းအကြောင်း တရားဒေသနာများကို နားထောင်ရန် မထိုက်တန်ဟု ဆိုနိုင်သည်။ ကြည့်လော့၊ အမြတ်ထုတ်လိုခြင်းသည် မည်သည့် ပြဿနာအမျိုးအစား ဖြစ်သည်ကို သင်တို့ အပြည့်အဝ နားမလည်ခဲ့ကြပေ၊ ဟုတ်သလော။ သင်တို့က ယင်းကို လူ့သဘာဝ၏ ချို့ယွင်းချက်ဟုပင် ထင်ခဲ့ကြသည်။ ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက် ဖြစ်သလော။ (မဟုတ်ပါ။) ယခု သင်တို့ နားလည်ပြီ မဟုတ်လော။ ယင်းမှာ မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ (ယင်းမှာ စရိုက်၏ ပြဿနာတစ်ခု ဖြစ်ပါသည်၊ ဤလူစားမျိုးသည် နိမ့်ကျသော ကိုယ်ကျင့်စရိုက် ရှိ၏။)
ယခု ပေးကမ်းစွန့်ကြဲလိုခြင်းအကြောင်း ပြောကြစို့။ လူတစ်ဦး၏ ပေးကမ်းစွန့်ကြဲလိုခြင်း နောက်ကွယ်တွင် မည်သည့် ရည်ရွယ်ချက်မျှ မရှိဘဲ ယင်းမှာ အပြုအမူတစ်ခု သို့မဟုတ် ၎င်းတို့၏ နေ့စဉ်ဘဝတွင် အလေ့အထ တစ်ခုမျှသာ ဖြစ်ပါက ဤပေးကမ်းစွန့်ကြဲလိုခြင်းကို လူ့သဘာဝ၏ ကောင်းကွက်တစ်ခုအဖြစ် မှတ်ယူသင့်သည်။ မည်သို့ပင်ဖြစ်စေ ပေးကမ်းခြင်းသည် လက်ခံရယူခြင်းထက် ပို၍ ကောင်းမွန်သည်။ အနည်းဆုံးအနေဖြင့် ပေးကမ်းစွန့်ကြဲလိုသော လူတစ်ဦးတွင် အခြားသူများကို စာနာတတ်သော စိတ်နှလုံး ရှိပြီး ၎င်းတို့၏ လူ့သဘာဝအတွင်း ကြင်နာမှု အစိတ်အပိုင်းတစ်ခု ရှိကာ ၎င်းတို့သည် တွန့်တိုခြင်း မရှိသကဲ့သို့ ရုပ်ဝတ္ထုပစ္စည်းများကို အလွန်အမင်း အလေးမထားကြပေ။ ထို့အပြင် ၎င်းတို့သည် ရုပ်ဝတ္ထုပစ္စည်းများကို အတော်အတန် ပိုင်ဆိုင်ထားကြသောအခါ ၎င်းတို့၏ ပိုလျှံနေသော ပစ္စည်းများကို ဖြစ်စေ၊ ၎င်းတို့ အသုံးမပြုသော်လည်း အခြားသူများ အသုံးပြုရန် သင့်လျော်သော ပစ္စည်းများကို ဖြစ်စေ ပေးကမ်းစွန့်ကြဲကြပြီး အခြားသူများ၏ ဘဝများကို အနည်းငယ် ပို၍ ချောင်လည်စေသည် သို့မဟုတ် အဆင်ပြေစေသည်။ ဤလုပ်ရပ်များ၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်ကို အကဲဖြတ်ကြည့်လျှင် အနည်းဆုံးအနေဖြင့် ပေးကမ်းစွန့်ကြဲလိုသော လူများသည် ကြင်နာတတ်သော လူ့သဘာဝ ရှိကြပြီး အခြားသူများကို စာနာခြင်းနှင့် သနားခြင်းတို့၏ အနှစ်သာရနှင့်ဆိုင်သော သရုပ်သကန်များကို ပြသကြသည်။ ယင်းမှာ ၎င်းတို့၏ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သည်။ ထိုသို့သောလူများသည် အခြားသူများအပေါ် အမြတ်ထုတ်လိုပြီး အခြားသူများ၏ ပိုင်ဆိုင်မှုများကို ထင်ရာမြင်ရာ သိမ်းပိုက်တတ်သော လူဆိုးများထက် များစွာ ပိုကောင်းသည့် အတော်အတန် ကောင်းမွန်သော ကိုယ်ကျင့်စရိုက် ရှိကြသည်။ ၎င်းတို့တွင် အတော်အတန် ပို၍ မြင့်မားသော တည်ကြည်မှု ရှိသည်။ ၎င်းတို့သည် မည်သည့် တုံ့ပြန်မှုကိုမျှ မမျှော်ကိုးဘဲ၊ အခြားသူများထံမှ ချီးမွမ်းခြင်းကို မမျှော်ကိုးဘဲ သို့မဟုတ် ဂုဏ်သတင်းကောင်း ကျန်ရစ်ရန် မရည်ရွယ်ဘဲ ပေးကမ်းစွန့်ကြဲပြီး အခြားသူများကို ကူညီကြသည်။ ဤသည်မှာ ကျင့်ကြံပြုမူရာတွင် ၎င်းတို့၏ သဘောထား သို့မဟုတ် ၎င်းတို့၏ နေထိုင်မှုပုံစံမျှသာ ဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးတွင် အဝတ်အထည် မရှိသည်ကို ၎င်းတို့ မြင်သောအခါ ဝတ်ဆင်ရန်အတွက် ထိုသူအား ၎င်းတို့၏ ပိုလျှံနေသော အဝတ်အစားများကို ချက်ချင်း ပေးကမ်းကြသည်။ အခြားလူတစ်ဦး၏ မိသားစု ဆင်းရဲပြီး မကြာခဏ ထမင်းအဝမစားရသည်ကို ၎င်းတို့ မြင်သောအခါ ထိုသူတို့လည်း ထမင်းအဝစားရစေရန် ၎င်းတို့ မိသားစု၏ ဆန်အချို့ကို ပေးကမ်းကြသည်။ ၎င်းတို့သည် ကွန်ပျူတာအသစ်တစ်လုံး ဝယ်ပြီး အခြားသူတစ်ဦး၏ ကွန်ပျူတာမှာ သုံး၍မရလုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ အသုံးပြုရန်အတွက် ထိုသူအား ၎င်းတို့၏ ကွန်ပျူတာအဟောင်းကို ပေးလိုက်ကြသည်။ ၎င်းတို့သည် မည်သည့် တုံ့ပြန်မှုကိုမျှ မမျှော်ကိုးဘဲ ပေးကမ်းစွန့်ကြဲကြသည်။ ဤသည်မှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်မျှသာ ဖြစ်သည်။ ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်ပြီး ကောင်းမွန်သော ကိုယ်ကျင့်စရိုက်၏ သရုပ်သကန်တစ်ခုအဖြစ်လည်း သတ်မှတ်နိုင်သည်။ ပေးကမ်းစွန့်ကြဲလိုသော အပြုအမူသည် လုံးဝ မဆိုးသော်လည်း အချို့လူများသည် ၎င်းတို့ ပေးကမ်းစွန့်ကြဲလိုသောကြောင့် “ကျွန်ုပ်သည် ကြင်နာသည်၊ ကျွန်ုပ်သည် မြင့်မြတ်သည်၊ ကျွန်ုပ်သည် ရက်ရောသည်။ ကျွန်ုပ်၏ ပေးကမ်းစွန့်ကြဲမှုနှင့် အကူအညီကို ရရှိပြီးနောက် လူများစွာ၏ ဘဝများ တိုးတက်လာခဲ့သည်။ ကျွန်ုပ်သည် ဘုရားသခင် ကယ်တင်မည့်သူ ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကဲ့သို့သော လူတစ်ဦးကို မကယ်တင်လျှင် သူသည် မည်သည့်လူစားမျိုးကို ကယ်တင်မည်နည်း” ဟု မကြာခဏ တွေးတောကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို “ပေးကမ်းစွန့်ကြဲလိုသော လူကောင်းတစ်ဦး” အဖြစ် မကြာခဏ မှတ်ယူကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို “သင်၏ လူ့သဘာဝ မကောင်းပါ။ သင်သည် သမ္မာတရားနှင့် ဆန့်ကျင်သော အရာများစွာကို ပြုလုပ်ပြီး သင်သည် သမ္မာတရားကို မချစ်ပါ” ဟု ပြောသည် ဆိုပါစို့။ ဤစကားကို ကြားပြီးနောက် ၎င်းတို့ ဒေါသထွက်ကြလိမ့်မည်။ ဤနေရာတွင် ပြဿနာက အဘယ်နည်း။ အချို့လူများ၏ မိသားစုများသည် အတော်အတန် ပြေလည်ကြပြီး ၎င်းတို့ ပတ်ဝန်းကျင်ရှိ ညီအစ်ကိုမောင်နှမ အားလုံးသည် ၎င်းတို့ထံမှ ကျေးဇူးအချို့ကို ခံစားဖူးကြသည်။ ထို့ကြောင့် ထိုသူတို့က “ကျွန်ုပ်သည် အသင်းတော်ရှိ ဤလူများကို အလွန် ကောင်းမွန်စွာ ဆက်ဆံခဲ့သည်၊ ၎င်းတို့အားလုံး ကျွန်ုပ်ထံမှ အကူအညီအချို့ ရရှိဖူးကြသည်။ ဤလူများ၏ စိတ်နှလုံးထဲတွင် ကျွန်ုပ်၌ ဂုဏ်နှင့် အဆင့်အတန်း ရှိသည် မဟုတ်လော။ ကျွန်ုပ်သည် အသင်းတော်တွင် အကောင်းဆုံး အစွမ်းအစနှင့် အကောင်းဆုံး လူ့သဘာဝ ရှိသူ မဟုတ်လော။ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သင့်သည် မဟုတ်လော။ ညီအစ်ကိုမောင်နှမ အားလုံး ကျွန်ုပ်စကားကို နားထောင်သင့်သည် မဟုတ်လော” ဟု မကြာခဏ စဉ်းစားဆင်ခြင်ကြသည်။ ဤသည်မှာ မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့တွင် ကောင်းမွန်သော အပြုအမူ အနည်းငယ် ရှိရုံမျှဖြင့် မိမိတို့၏ အစစ်အမှန် အတိုင်းအတာကို မသိကြတောဘဲ ၎င်းတို့သည် ဤအပြုအမူကို အရင်းအနှီးအဖြစ် သဘောထားကြကာ အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ရန် အစဉ်သဖြင့် ဆန္ဒရှိကြကာ ၎င်းတို့သည် ထူးခြားသည်ဟု ထင်မှတ်လျက် ဘဝင်မြင့်သွားကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များက ဖော်ထုတ်ထားသော အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို မိမိတို့နှင့် မချိတ်ဆက်ကြပေ။ ၎င်းတို့၏ ပေးကမ်းစွန့်ကြဲလိုခြင်းက ၎င်းတို့သည် လူကောင်းတစ်ဦး ဖြစ်သည်ကို ဆိုလိုကြောင်း၊ ၎င်းတို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျှ မရှိကြောင်း၊ ၎င်းတို့ လုပ်ဆောင်သမျှ အရာအားလုံး မှန်ကန်ကြောင်း၊ ၎င်းတို့သည် အသင်းတော်တွင် ခေါင်းဆောင်တစ်ဦးနှင့် စံပြတစ်ဦး ဖြစ်သင့်ကြောင်းနှင့် ညီအစ်ကိုမောင်နှမ အားလုံး ၎င်းတို့ကဲ့သို့ လိုက်လုပ်သင့်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ဤအရာများက မည်သည့်အရာ၏ ထုတ်ဖော်ခြင်းများ ဖြစ်သနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ပါသည်။) ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ပေးကမ်းစွန့်ကြဲလိုခြင်းသည် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သော်လည်း တစ်စုံတစ်ဦးသည် ဤအရာကြောင့် မိမိကိုယ်ကို ကယ်တင်ခြင်း ခံရရန် သေချာသော လူကောင်းတစ်ဦးအဖြစ် သတ်မှတ်ပါက ဤကဲ့သို့သော အတွေးအခေါ်နှင့် အမြင်ရှုထောင့်တို့သည် မှန်ကန်သလော။ ၎င်းတို့သည် ပေးကမ်းစွန့်ကြဲလိုခြင်းဟူသော မိမိတို့၏ ကောင်းမွန်သည့် အပြုအမူကို ကောင်းမွန်သော ကိုယ်ကျင့်စရိုက်နှင့် မြင့်မြတ်သော တည်ကြည်မှု ရှိခြင်းအဖြစ် မှတ်ယူကြပြီး ယင်းကို သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအဖြစ်ပင် မှတ်ယူကြသည်။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း ဖြစ်ကာ မိမိကိုယ်ကို သတိပြုမိခြင်း လုံးဝ ကင်းမဲ့နေခြင်း ဖြစ်သည်။ ပေးကမ်းစွန့်ကြဲလိုခြင်းကို ကောင်းမွန်သော အပြုအမူတစ်ခုဟု ပြောနိုင်သည်။ အများဆုံးအနေဖြင့် ပေးကမ်းစွန့်ကြဲလိုသော လူတစ်ဦးတွင် အမြတ်ထုတ်လိုသူများထက် များစွာ ပိုကောင်းသည့် အတော်အတန် ကောင်းမွန်သော ကိုယ်ကျင့်စရိုက် ရှိသည်။ သို့ရာတွင် သင်၌ ပေးကမ်းစွန့်ကြဲလိုခြင်းဟူသော ဤကောင်းမွန်သည့် အပြုအမူ ရှိရုံမျှဖြင့် သင်သည် လူကောင်းတစ်ဦး ဖြစ်သည်ဟုလည်းကောင်း၊ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျှ မရှိဘဲ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ သင်သည် အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ရန်နှင့် အခြားသူများအထက်တွင် ရပ်တည်ကာ အမိန့်ပေးရန် အရည်အချင်း ပြည့်မီသည်ဟုလည်းကောင်း သင် အခိုင်အမာ မပြောဆိုနိုင်ပေ။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား ဖြစ်သည်။ သင်သည် ပေးကမ်းစွန့်ကြဲလိုပြီး အခြားသူများကို ကူညီလိုသော်လည်း ဤကောင်းမှုအချို့ကို ပိုင်ဆိုင်ထားခြင်းသည် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သော်လည်း ဤအရာက သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိကြောင်း သက်သေမပြပေ။ သင်သည် သင်၏ ပေးကမ်းစွန့်ကြဲလိုခြင်းနှင့် အခြားသူများကို ကူညီလိုခြင်းကို အရင်းအနှီးကဲ့သို့ သဘောထားပြီး အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန်နှင့် သင့်ကိုယ်သင် အခြားသူများအထက် မြှင့်တင်ရန် ရည်မှန်းချက်တစ်ခု ဖြစ်ပေါ်လာပါက ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာတစ်ခု ဖြစ်သည်။ ယခု သင် ကွဲပြားခြားနားမှုကို မြင်နိုင်ပြီလော။ ကောင်းမွန်သော ကိုယ်ကျင့်စရိုက် ရှိခြင်းက လူတစ်ဦးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိဟု မဆိုလိုပေ။ အချို့လူများသည် အခြားသူများနှင့် အခြေခံအားဖြင့် အဆင်ပြေစွာ ဆက်ဆံပေါင်းသင်းကြသည်။ ၎င်းတို့သည် အခြားသူများအပေါ် အမြတ်မထုတ်ကြသကဲ့သို့ ပေးကမ်းစွန့်ကြဲပြီး အခြားသူများကို ကူညီကြသည်။ ၎င်းတို့တွင် လူ့သဘာဝ၏ ကောင်းကွက်အချို့ ရှိကြသည်။ သို့ရာတွင် ၎င်းတို့နှင့် အချိန်အတန်ကြာ အတူနေပြီးနောက် ၎င်းတို့သည် အလွန် မာနထောင်လွှားကြောင်း၊ ကြွားဝါရသည်ကို နှစ်သက်ကြောင်းနှင့် တစ်ခါတစ်ရံတွင် လိမ်ညာပြောဆိုပြီး အတော်လေး လှည့်ဖြားတတ်ကြောင်း သင် တွေ့ရှိရသည်။ သင်က ၎င်းတို့ကို ဝေဖန်လျှင် ၎င်းတို့ လက်မခံကြသကဲ့သို့ အနည်းငယ် ရက်စက်ကြမ်းကြုတ်ကာ စားပွဲကိုပင် ရိုက်လျက် “ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်ထံမှ ပေးကမ်းစွန့်ကြဲမှုကို မရရှိဖူးသူ မည်သူရှိသနည်း။ ညီအစ်ကိုမောင်နှမများကို မေးကြည့်လော့။ ကျွန်ုပ်သည် မည်သူ့အပေါ် အမြတ်ထုတ်ဖူးသနည်း။ ကျွန်ုပ်သည် မည်သူ့ကို ထိခိုက်အောင် သို့မဟုတ် နာကျင်အောင် လုပ်ဖူးသနည်း” ဟု ပြောဆိုကြသည်။ အခြားသူများကို မထိခိုက်စေခြင်းက သင့်ကို လူကောင်းတစ်ဦး ဖြစ်စေသလော။ အခြားသူများကို မထိခိုက်စေခြင်းသည် လူတစ်ဦး လုပ်ဆောင်သင့်သည့် အနိမ့်ဆုံးအရာမျှသာ မဟုတ်လော။ သင် မောက်မာခြင်းအတွက် မည်သည့် အကြောင်းပြချက် ရှိသနည်း။ မည်သူ့ကိုမျှ မထိခိုက်စေခြင်း သို့မဟုတ် နာကျင်အောင် မလုပ်ခြင်းသည် လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ယင်းမှာ အရင်းအနှီး မဟုတ်ပေ။ အခြားသူများအပေါ် အမြတ်မထုတ်ခြင်းက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သည်ဟု မဆိုလိုပေ။ သင်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန် သင်ယူသင့်ပြီး အခြားသူများ၏ ဝေဖန်မှုနှင့် အကူအညီကို လက်ခံနိုင်ရမည်။ ထိုအခါမှသာ သင်သည် ဆင်ခြင်တုံတရားရှိသောသူတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြသခဲ့ပြီး သင်၏ လုပ်ရပ်များသည် သမ္မာတရားနှင့် မကိုက်ညီသောကြောင့် ယခု သင် ပြုပြင်ခြင်း ခံနေရသည်။ ဤသည်မှာ ပေးကမ်းစွန့်ကြဲလိုခြင်းဟူသော သင်၏ ကောင်းမွန်သည့် အပြုအမူသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်ဟူသော အချက်ကို ငြင်းပယ်ခြင်း မဟုတ်သကဲ့သို့ သင်၏ တည်ကြည်မှုကို ငြင်းပယ်ခြင်းလည်း မဟုတ်ပေ။ ထို့ထက် သင်သည် အမှားတစ်ခု ပြုလုပ်မိပြီး သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခဲ့သောကြောင့် ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ သင် လက်ခံနိုင်လျှင် သင်သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူ ဖြစ်သည်။ သင် လက်မခံလျှင် သင်၏ ပေးကမ်းစွန့်ကြဲလိုခြင်းသည် အများဆုံးအနေဖြင့် လူ့သဘာဝ၏ ကောင်းကွက်တစ်ခုမျှသာ ဖြစ်သည်။ သို့သော် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အတွင်းရှိ မာနထောင်လွှားခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့က လွှမ်းမိုးထားသောကြောင့် သင်သည် သမ္မာတရားကို လက်မခံနိုင်ပေ၊ သို့ဖြစ်၍ သင်သည် လုံးဝ ယုတ်ညံ့ပြီး တန်ဖိုးမရှိပေ။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ ဤလူစားမျိုးသည် ပြဿနာအကြီးအကျယ် ရှာကြသည်၊ ၎င်းတို့၏ အရည်အချင်းများအကြောင်း ပြောဆိုကြပြီး ၎င်းတို့ လုပ်ဆောင်ခဲ့ဖူးသည့် ကောင်းမွန်သော အပြုအမူ အနည်းငယ်ကို ကြွားဝါပြသကြသည်။ ၎င်းတို့သည် ခွေးရူးများကဲ့သို့ ပြုမူကြပြီး သောင်းကျန်းကြသည်။ ၎င်းတို့တွင် ရှိခဲ့သည့် ကောင်းမွန်သော ပုံရိပ်အနည်းငယ်သည် လုံးဝ ပျောက်ကွယ်သွားပြီး ၎င်းတို့၏ သဘာဝသည် အပြည့်အဝ ဖော်ထုတ်ခံလိုက်ရသည်။ လူတိုင်းက ဤအရာကို ရှင်းလင်းစွာ မြင်တွေ့ပြီး “ဤလူတွင် ဆိုးဆိုးရွားရွား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူတစ်ဦး၊ စွာကျယ်စွာကျယ် လုပ်သူတစ်ဦး ဖြစ်သည်တကား။ ၎င်းတို့ အသင်းတော် ခေါင်းဆောင်အဖြစ် ရွေးချယ်မခံရသည်မှာ ကံကောင်းပေသည်။ ၎င်းတို့သာ အသင်းတော် ခေါင်းဆောင် ဖြစ်လာခဲ့လျှင် ၎င်းတို့သည် ဆတ်ဆတ်ထိအခံ ဖြစ်သွားမည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ဖြုတ်ချရန် ကြိုးစားလျှင် ၎င်းတို့သည် ထိုသူကို မည်သည့်အခါမျှ အလွတ်ပေးမည် မဟုတ်ဘဲ ထိုသူကို သေသည်အထိ တိုက်ခိုက်လိမ့်မည်။ ယင်းမှာ ကပ်ဘေးသင့်စရာ ဖြစ်လိမ့်မည်” ဟု ပြောဆိုကြသည်။ သင်သည် ၎င်းတို့၏ ကောင်းမွန်သော အပြုအမူတစ်ခု သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ အရည်အသွေး တစ်ခုတည်းကိုသာ ကြည့်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက မည်သို့ရှိသည်၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားက မည်သို့ရှိသည်၊ သို့မဟုတ် ၎င်းတို့သည် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဟူသည်တို့ကို သင် လုံးဝ မမြင်နိုင်ပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြပြီးနောက် ဖော်ထုတ်ခြင်းနှင့် ပြုပြင်ခြင်းကို ခံရသောအခါ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားသည် တဖြည်းဖြည်း ပေါ်လာပြီး ဖော်ထုတ်ခံရလိမ့်မည်။ ထို့ကြောင့် လူတစ်ဦး၏ တည်ကြည်မှု၊ သို့မဟုတ် ၎င်းတို့ လူ့သဘာဝ၏ ကောင်းကွက်များနှင့် ချို့ယွင်းချက်များသည် ၎င်းတို့ သမ္မာတရားကို လက်ခံခြင်း ရှိမရှိဟူသည်ကို အပြည့်အဝ မဆုံးဖြတ်နိုင်ပေ။ ၎င်းတို့၏ တည်ကြည်မှု သို့မဟုတ် ၎င်းတို့ လူ့သဘာဝ၏ ကောင်းကွက်များနှင့် ချို့ယွင်းချက်များကို ကြည့်ခြင်းအားဖြင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထား မည်သို့ရှိသည်ကို မြင်တွေ့ရန်လည်း မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြသသောအခါ သို့မဟုတ် ဖော်ထုတ်ခြင်းနှင့် ပြုပြင်ခြင်းတို့နှင့် ရင်ဆိုင်ရသောအခါမှသာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထား ထုတ်ဖော်ခံရမည်ဖြစ်ပြီး ထိုအခါမှသာလျှင် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း ရှိမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ကယ်တင်ခြင်းရရှိရန် ၎င်းတို့၌ မျှော်လင့်ချက် မည်မျှရှိသည်ကို သိရှိနိုင်မည်ဖြစ်သည်။ ထိုသို့သောလူများ၏ ပေးကမ်းစွန့်ကြဲလိုခြင်းနှင့် အခြားသူများကို ကူညီလိုခြင်းတို့မှတစ်ဆင့် ၎င်းတို့တွင် မည်သည့် လူ့သဘာဝ ကောင်းကွက်များနှင့် ချို့ယွင်းချက်များ ရှိသည်ကို သင် မြင်နိုင်သည်။ ထို့နောက် ၎င်းတို့၏ ပေးကမ်းစွန့်ကြဲလိုခြင်းနှင့် အခြားသူများကို ကူညီလိုခြင်းတို့ကြောင့် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လာခြင်း၊ ခေါင်းဆောင်တစ်ဦး ဖြစ်ချင်လာပြီး အခြားသူများအထက်တွင် ရပ်တည်ချင်လာခြင်းကဲ့သို့သော ၎င်းတို့၏ ပြဿနာများစွာမှတစ်ဆင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို သင် ရှင်းလင်းစွာ မြင်နိုင်သည်၊ ပြီးလျှင် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို အခြေခံ၍ ၎င်းတို့ ကယ်တင်ခြင်း ရရှိနိုင်မနိုင်ဟူသည်ကို သင် ရှင်းလင်းစွာ မြင်နိုင်သည်။ ဤအပြုအမူများမှတစ်ဆင့် သင်သည် ၎င်းတို့ လူ့သဘာဝ၏ ကောင်းကွက်များနှင့် ချို့ယွင်းချက်များကို ပိုင်းခြားသိမြင်နိုင်သည်၊ ၎င်းတို့၏ တည်ကြည်မှုကို ပိုင်းခြားသိမြင်နိုင်သည်၊ တစ်ချိန်တည်းမှာပင် လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကြား ကွာခြားမှုကို ခွဲခြားရန် သင်ယူနိုင်သော်လည်း ၎င်းတို့ အဆုံးတွင် ကယ်တင်ခြင်း ခံရနိုင်မနိုင်ကိုဖြစ်စေ၊ ၎င်းတို့၏ ရလဒ် မည်သို့ဖြစ်မည်ကိုဖြစ်စေ သင် အပြည့်အဝ မပြောနိုင်ပေ။ တစ်စုံတစ်ဦး ကယ်တင်ခြင်း ခံရနိုင်မနိုင် ဆုံးဖြတ်ခြင်းသည် အနည်းငယ် ပို၍ ရှုပ်ထွေးသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြသသောအခါ သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိ၊ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ခြင်း ရှိမရှိနှင့် စစ်မှန်သော နောင်တရခြင်း ရှိမရှိဟူသည်တို့ကိုလည်း သင် ကြည့်ရှုရမည်၊ ယင်းကို ဤကဏ္ဍများအပေါ် အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်သည်။
လူပေါင်းဆံ့ခြင်း၊ ဤသည်မှာ မည်သည့်ကဏ္ဍ ဖြစ်သနည်း။ (ပင်ကိုအခြေအနေ ဖြစ်ပါသည်။) ဤသည်မှာ ပင်ကိုအခြေအနေတစ်ခုဖြစ်ပြီး လူအုပ်စုများကြား၌ လောကီဆက်ဆံရေးများအတွက် နည်းလမ်းတစ်ခု ဖြစ်သည်။ အချို့လူများသည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရသည်ကို နှစ်သက်ကြသည်၊ ၎င်းတို့သည် ယင်းကို မည်သည့်အခါမျှ ငြီးငွေ့ခြင်းမရှိဘဲ အခြားလူတို့၏ ပင်ကိုစရိုက်က မည်သို့ပင်ဖြစ်ပါစေ ၎င်းတို့သည် ထိုသူတို့နှင့် ပေါင်းသင်းဆက်ဆံနိုင်ကြပြီး ပေါင်းသင်းဆက်ဆံလိုစိတ် ရှိကြသည်။ သို့ရာတွင် အချို့လူများက လူအုပ်ကို ရှောင်ရှားလိုကြပြီး အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရန် မလိုလားကြပေ။ ဤအရာသည် လူတစ်ဦး၏ မွေးရာပါ ပင်ကိုစရိုက်နှင့် အတိုင်းအတာတစ်ခုအထိ ဆက်စပ်မှုရှိသည်။ ပင်ကိုစရိုက် ပါဝင်ပတ်သက်သည့်အခါ ယင်းက ပင်ကိုအခြေအနေများ ပါဝင်ပတ်သက်သည်မှာ သေချာသည်။ လူပေါင်းဆံ့ခြင်းသည် လူတစ်ဦး၏ ပင်ကိုစရိုက်နှင့် ဆက်စပ်နေသည်။ ယင်းက လူ့သဘာဝ၏ ကောင်းကွက်များ သို့မဟုတ် အားနည်းချက်များနှင့် မသက်ဆိုင်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်လည်း သေချာပေါက် မသက်ဆိုင်ပေ။ ဤသည်မှာ နှိုင်းယှဉ်ချက်အရ ရိုးရှင်းသော သရုပ်သကန်တစ်ခု ဖြစ်သည်။ တစ်သီးပုဂ္ဂလဆန်ခြင်း၊ ဤသည်မှာ မည်သည့်ကဏ္ဍအောက်တွင် အကျုံးဝင်သနည်း။ (ယင်းမှာ လူတစ်ဦး၏ မွေးရာပါ ပင်ကိုစရိုက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။) (ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ဤနေရာတွင် သဘောထားကွဲလွဲမှု အချို့ရှိသည်၊ သို့ဆိုလျှင် တစ်သီးပုဂ္ဂလဆန်ခြင်းဟူသည်မှာ အတိအကျအားဖြင့် မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ (တစ်သီးပုဂ္ဂလဆန်ခြင်းက လူတစ်ဦး၏ ပင်ကိုစရိုက် ညံ့ဖျင်းကြောင်းကို ညွှန်ပြပါသည်။) ညံ့ဖျင်းသော ပင်ကိုစရိုက်တစ်ခု ရှိခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ပင်ကိုစရိုက် ကိုယ်၌က လူတစ်ဦး၏ ပင်ကိုအခြေအနေများ၏ ကဏ္ဍတစ်ခုလည်း ဖြစ်သောကြောင့် တစ်သီးပုဂ္ဂလဆန်ခြင်းဟူသော ဤစရိုက်လက္ခဏာသည် ပင်ကိုအခြေအနေတစ်ခု ဖြစ်သကဲ့သို့ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုလည်း ဖြစ်သည်။ ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် မပါဝင်သကဲ့သို့ လူတစ်ဦး၏ ကျင့်ကြံပြုမူခြင်းနှင့်လည်း မသက်ဆိုင်ပေ။ တစ်သီးပုဂ္ဂလဆန်ခြင်း ဆိုသည်မှာ လူများကို အစဉ်သဖြင့် ရှောင်ရှားခြင်း၊ မိမိ၏ အတွေးများကို အခြားသူများနှင့် ပြောဆိုဆွေးနွေးရန် မလိုလားခြင်း၊ အမှုအရာများကို တစ်ဦးတည်း လုပ်ဆောင်ရန် ပိုနှစ်သက်ခြင်း၊ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည်ကို မကြိုက်ခြင်းနှင့် လူများအကြားတွင် နေထိုင်သည်ကို မကြိုက်ခြင်းတို့ကို ဆိုလိုသည်။ ထိုသို့သောလူများသည် လူသူကင်းဝေးသော ပတ်ဝန်းကျင်တစ်ခုတွင် သို့မဟုတ် ချောင်တစ်ချောင်တွင် နေရသည်ကိုသာ နှစ်သက်ကြသည်။ လူများသောအခါ ၎င်းတို့သည် စကားမပြောလိုကြပေ။ ၎င်းတို့သည် အခြားသူများနှင့် ဆက်သွယ်ပြောဆိုရာတွင် မကျွမ်းကျင်ကြပေ။ ၎င်းတို့သည် အခြားသူများနှင့် အမှန်တကယ် ဆက်သွယ်ပြောဆိုသည့်အခါတွင် စိုးရိမ်ပူပန်ပြီး ထိတ်လန့်ကြသည်၊ သို့မဟုတ် အချို့သော ရှက်ရွံ့ဖွယ်ကောင်းပြီး အနေရခက်သော အခြေအနေများဖြင့် အဆုံးသတ်ကြရသည်။ ဤသည်မှာ ပင်ကိုအခြေအနေများအတွင်းရှိ ပင်ကိုစရိုက်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး သေချာပေါက်အားဖြင့် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုလည်း ဖြစ်သည်၊ ဟုတ်သလော။ (ဟုတ်ပါသည်။)
ယခု သတ္တိနည်းခြင်းကို ကြည့်ကြစို့၊ ဤသည်မှာ မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ (ပင်ကိုအခြေအနေ ဖြစ်ပါသည်။) (လူ့သဘာဝ၏ ချို့ယွင်းချက် ဖြစ်ပါသည်။) ယင်းမှာ ပင်ကိုအခြေအနေတစ်ခု ဖြစ်သကဲ့သို့ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုလည်း ဖြစ်သည်။ သတ္တိနည်းခြင်းက မည်သည့်အရာကို ဆိုလိုကြောင်း ငါ့ကို ပြောပြလော့။ ညဘက်တွင် အပြင်မထွက်ရဲခြင်း၊ ကြွက်များ၊ ကင်းခြေများများနှင့် ကင်းမြီးကောက်များကို ကြောက်ခြင်း၊ ထို့ပြင် ဒုက္ခရောက်မည်ကို ကြောက်ပြီး ရှုပ်ထွေးသော ပြဿနာများကို ရင်ဆိုင်ရန် မလိုလားခြင်း၊ ဤအရာအားလုံးသည် သတ္တိနည်းခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ အချို့လူများသည် မြွေတစ်ကောင်ကို မြင်သောအခါ ကြောက်လွန်း၍ သတိလစ်သွားကြသည်။ အချို့လူများသည် ကားမတော်တဆမှုတစ်ခုအကြောင်း ကြားသောအခါ ကြောက်လွန်း၍ တစ်ကိုယ်လုံး တုန်ရီသွားကြသည်။ အချို့လူများသည် ဘုရားသခင်ကို ယုံကြည်သူများ ညှဉ်းပန်းနှိပ်စက်ခံရကြောင်း၊ ဖမ်းဆီးခံရနိုင်ပြီး ပြစ်ဒဏ်ချမှတ်ခံရကာ ထောင်ချခံရနိုင်ကြောင်း ကြားသည်နှင့်တစ်ပြိုင်နက် အလွန်ကြောက်ရွံ့သွားကြပြီး မယုံကြည်ရဲတော့ပေ။ ရိုလာကိုစတာ မစီးရဲသော သူများလည်း ရှိသည်။ ထိုသို့သောလူများသည် ၎င်းတို့ သဘောမပေါက်နိုင်သည့် အရာ အနည်းငယ်မျှ ရှိလျှင်ပင် သို့မဟုတ် ၎င်းတို့ တစ်ခါမျှ မလုပ်ဖူးသော အရာတစ်ခု ဖြစ်နေလျှင် မည်သည့်အရာကိုမျှ ပါဝင်ရန် သို့မဟုတ် စမ်းသပ်ရန် မဝံ့ရဲကြပေ။ ၎င်းတို့သည် အန္တရာယ်ရှိသော အလုပ် သို့မဟုတ် အန္တရာယ်ရှိသော လှုပ်ရှားမှုများကို မစမ်းသပ်ရဲသည်သာမက နေ့စဉ်ဘဝတွင် ပုံမှန်လူများ လုပ်ဆောင်သင့်သည့် အရာများကို လုပ်ဆောင်ရန်လည်း ကြောက်ရွံ့ကြသည်။ ဥပမာအားဖြင့် ကားမောင်းသင်ခိုင်းပါက ၎င်းတို့က “ကျွန်ုပ် ကားမမောင်းရဲပါ၊ လမ်းပေါ်တွင် ကားများ အလွန်များပြီး အလွန်မြန်မြန် မောင်းကြသည်၊ မတော်တဆ တိုက်မိလျှင် မည်သို့လုပ်မည်နည်း” ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက “သင်သည် ကားတိုက်မှု ဖြစ်မည်ကို အဘယ်ကြောင့် အစဉ်သဖြင့် စိုးရိမ်နေသနည်း။ ကားမောင်းသည့်အခါ သင် အနည်းငယ် ပို၍ သတိထား၍ မရနိုင်သလော” ဟု ပြောသည်။ သို့သော် ၎င်းတို့သည် ကြောက်နေဆဲဖြစ်ပြီး “ကားစထွက်သည်နှင့်တစ်ပြိုင်နက် ကျွန်ုပ် မထိန်းချုပ်နိုင်တော့ပါ၊ တကယ်တိုက်မိလျှင် မည်သူမျှ မထိန်းချုပ်နိုင်ပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် အပျက်သဘောဆောင်သည့် ဘက်သို့သာ အစဉ်သဖြင့် တွေးတောကြသဖြင့် မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ကြပေ။ သတ္တိနည်းခြင်းသည် ပင်ကိုအခြေအနေတစ်ခု ဖြစ်ပြီး ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုလည်း ဖြစ်သည်။ သတ္တိနည်းသောသူများသည် ၎င်းတို့လုပ်ဆောင်သမျှတွင် အလွန်အမင်း သတိကြီးပြီး စေ့စပ်သေချာကြသည်။ ၎င်းတို့သည် များသောအားဖြင့် ကြီးမားသော အမှားများကို မပြုလုပ်ကြသကဲ့သို့ အကြီးစား မကောင်းမှုများကို မကျူးလွန်ကြပေ။ သို့သော် မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ဤအရာကို အားသာချက်တစ်ခုအဖြစ် မယူဆနိုင်ပေ၊ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ရဲတင်းခြင်းနှင့်ပတ်သက်၍ မည်သို့နည်း။ ရဲတင်းခြင်းနှင့် ဆက်စပ်၍ မည်သည့် ဝေါဟာရများကို အများအားဖြင့် သုံးနှုန်းကြသနည်း။ (မိုက်ရူးရဲဆန်ခြင်း၊ ရဲတင်းသဖြင့် မိုက်ရူးရဲဆန်ခြင်းတို့ ဖြစ်ပါသည်။) “ရဲတင်းသဖြင့် မိုက်ရူးရဲဆန်ခြင်း”၊ “အလွန်အမင်း ရဲတင်းခြင်း” နှင့် “အရှက်အကြောက်ကင်းမဲ့စွာ ရဲတင်းခြင်း” တို့အားလုံးသည် ရဲတင်းခြင်းကို ရည်ညွှန်းသည်။ သို့ဖြစ်၍ ရဲတင်းခြင်းသည် ကောင်းသလော၊ သို့မဟုတ် မကောင်းသလော။ (ကိစ္စရပ်အပေါ် မူတည်ပါသည်။) ယင်းမှာ အခြေအနေနှင့် ၎င်းတို့သည် မည်သို့သော လူစားမျိုးဖြစ်သည်ဟူသည့်အပေါ် မူတည်သည်။ လူ့သဘာဝ ရှုထောင့်မှ ကြည့်လျှင် ရဲတင်းခြင်းကို အားသာချက် သို့မဟုတ် အားနည်းချက်အဖြစ် သတ်မှတ်၍မရနိုင်ပေ၊ ငါတို့သည် ယင်းကို ပင်ကိုအခြေအနေတစ်ခုအဖြစ် အမျိုးအစား သတ်မှတ်ကြမည်။ လူတစ်ဦး၏ ရဲတင်းခြင်းကို ကိစ္စရပ်နှင့်ဆက်စပ်၍ ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး ထို့အပြင် အမှုအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့၌ အကန့်အသတ် ရှိမရှိနှင့် ၎င်းတို့၏ ကိုယ်ကျင့်စရိုက် မည်သို့ရှိသည်ကို ကြည့်ရမည်။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက် မကောင်းပါက ရဲတင်းခြင်းသည် ၎င်းတို့အား ဥပဒေချိုးဖောက်ရန်၊ မကောင်းမှုပြုရန်နှင့် ရာဇဝတ်မှုကျူးလွန်ရန်၊ အမြတ်ထုတ်ရန်၊ မတရားသော နည်းလမ်းဖြင့် အကျိုးအမြတ်ရယူရန်နှင့် နေရာတိုင်းတွင် အခြားသူများကို လိမ်လည်လှည့်ဖြားရန် ဦးတည်စေနိုင်သည်။ တစ်စုံတစ်ဦးက လွဲမှားမှုတစ်ခု ကျူးလွန်ရန် ၎င်းတို့အား ငွေပေးပါက ၎င်းတို့သည် လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ အမြတ်ထုတ်ရန်အလို့ငှာ ၎င်းတို့သည် နောက်ဆက်တွဲ အကျိုးဆက်များကို ဂရုမစိုက်ဘဲ သို့မဟုတ် အခြားသူများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ မည်သည့် မကောင်းမှုကိုမဆို လုပ်ရဲကြသည်။ ဤကဲ့သို့ ရဲတင်းသဖြင့် မိုက်ရူးရဲဆန်ခြင်းသည် ကောင်းသလော။ (မကောင်းပါ။) အချို့လူများသည် ၎င်းတို့၏ စီးပွားရေးအတွက် နေရာတိုင်းတွင် အခြားသူများကို လှည့်ဖြားကြသည်။ ၎င်းတို့ လုပ်ကိုင်သော စီးပွားရေးမှာ တရားမဝင်ပေ၊ ယင်းမှာ စစ်မှန်သော လုပ်ငန်းလည်ပတ်မှု မရှိသည့် ဟန်ပြကုမ္ပဏီတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ၎င်းတို့၏ ရဲတင်းခြင်းနှင့် လှည့်ဖြားနိုင်စွမ်းတို့ ပေါင်းစပ်သွားသောကြောင့် ၎င်းတို့သည် ယာယီအားဖြင့် ချမ်းသာကြွယ်ဝလာကြသည်၊ လုံးချင်းအိမ်ကြီးများတွင် နေထိုင်ကြပြီး ဇိမ်ခံကားများကို မောင်းနှင်ကြသည်၊ ၎င်းတို့သည် အလွန်ကောင်းမွန်သော ဘဝကို စံစားကြသော်လည်း ၎င်းတို့ စံစားသော ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများ အားလုံးသည် ၎င်းတို့၏ ရဲတင်းခြင်းကြောင့် လှည့်ဖြားမှုဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာ ဖြစ်သလော။ ဤ ရဲတင်းခြင်းသည် ကောင်းသလော၊ ငါ့ကို ပြောပြလော့။ (မကောင်းပါ။) ထို့ကြောင့် ရဲတင်းသောသူများနှင့် ပတ်သက်လာလျှင် ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းကို ကြည့်ရမည်။ ၎င်းတို့သည် မိမိတို့၏ ရဲတင်းခြင်းကြောင့် အခြားသူများကို လိမ်လည်လှည့်ဖြားရဲပါက ၎င်းတို့သည် ကြီးလေးသော မကောင်းမှုကို ကျူးလွန်နေခြင်း ဖြစ်သည်။ သင်သည် လှည့်ဖြားလေလေ၊ အခြားသူများအပေါ် အမြတ်ထုတ်လေလေ၊ အနာဂတ်တွင် သင် ခံရမည့် ပြစ်ဒဏ်က ပို၍ ပြင်းထန်လေလေ ဖြစ်မည် မဟုတ်လော။ ဤအရာက ဘေးဒုက္ခကို ယူဆောင်လာသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သတ္တိနည်းပြီး အခြားသူများကို လိမ်လည်လှည့်ဖြားလိုလျှင် သင်သည် လှည့်ဖြားမှု အနည်းငယ် လျော့နည်းလိမ့်မည်ဖြစ်ပြီး အနာဂတ်တွင် သင် ခံရမည့် ပြစ်ဒဏ်မှာ ပို၍ သက်သာလိမ့်မည်။ သို့ဖြစ်၍ မှန်ကန်သော လမ်းကြောင်းကို မလျှောက်လှမ်းသော ဤလူများအတွက် ၎င်းတို့အနေဖြင့် အနည်းငယ် သတ္တိနည်းခြင်းက ပိုကောင်းသလော၊ သို့မဟုတ် အနည်းငယ် ရဲတင်းခြင်းက ပိုကောင်းသလော။ (အနည်းငယ် သတ္တိနည်းခြင်းက ပိုကောင်းပါသည်။) မှန်ကန်သောလမ်းကြောင်းကို မလျှောက်လှမ်းသော၊ အခြားသူများကို ကလိမ်ကျပြီး လှည့်ဖြားနိုင်စွမ်းရှိသော၊ ဥပဒေကို အလေးမထားဘဲ မတရားသော နည်းလမ်းဖြင့် ကြီးပွားချမ်းသာရန် ဥပဒေ၏ ဟာကွက်များကို အစဉ်သဖြင့် အခွင့်ကောင်းယူလိုသော၊ မည်သည့်အချိန်တွင်မဆို ဥပဒေကို ချိုးဖောက်နိုင်သော ဤလူများအတွက် ရဲတင်းခြင်းသည် ဘေးဒုက္ခတစ်ခု ဖြစ်သည်၊ ယင်းမှာ ၎င်းတို့ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုနှင့် အားနည်းချက်တစ်ခု ဖြစ်သည်။ အခြားတစ်ဖက်တွင် သတ္တိနည်းခြင်းသည် ကောင်းသောအရာ ဖြစ်လာသည်၊ ယင်းမှာ ၎င်းတို့အတွက် အကာအကွယ်တစ်ခုပင် ဖြစ်သည်။ သတ္တိနည်းသောသူများသည် ၎င်းတို့၏ မိသားစုနှင့် မိမိတို့ကိုယ်တိုင်အတွက် အခြေခံလိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်ရန် ငွေအနည်းငယ် ရှာဖွေကြပြီး ဇိမ်ခံပစ္စည်း အချို့ကိုလည်း စံစားကာ ထိုမျှဖြင့် ရပ်တန့်ကြသည်။ အနာဂတ်တွင် ၎င်းတို့ ခံရမည့် ပြစ်ဒဏ်မှာ ပို၍ သက်သာလိမ့်မည်။ ရဲတင်းသောသူများသည် မိုက်ရူးရဲဆန်စွာဖြင့် မကောင်းမှုများကို ကျူးလွန်ရဲကြပြီး အခြားသူများကို ကလိမ်ကျကာ လှည့်ဖြား၍ အခြားသူများ ပိုင်ဆိုင်သည့်အရာကို ရယူကြသဖြင့် ၎င်းတို့ကိုယ်တိုင် ပို၍ စံစားရကြသည်။ ၎င်းတို့သည် အခြားသူများအပေါ် အမြတ်ထုတ်ကြသည်၊ ၎င်းတို့သည် အနာဂတ်တွင် ယင်းအတွက် ပြန်လည်ပေးဆပ်ရမည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့တွင် နောင်ဘဝ ရှိပါက ထိုအချိန်တွင် ၎င်းတို့ ခံရမည့် ပြစ်ဒဏ်သည် ပြင်းထန်လိမ့်မည်၊ ၎င်းတို့သည် ဘဝတစ်ခု သို့မဟုတ် နှစ်ခု၌ပင် အပြည့်အဝ ပြန်လည်ပေးဆပ်နိုင်မည် မဟုတ်ပေ။ အချို့လူများသည် စားသောက်ဆိုင်များ ဖွင့်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ခြင်းဖြင့် တစ်သက်လုံး ကုန်ဆုံးကြပြီး ပိုင်ဆိုင်မှု တစ်သန်း နှစ်သန်း သို့မဟုတ် ဆယ်သန်းပေါင်းများစွာပင် ရှာဖွေကြသည့်တိုင် အကြွေးဆပ်ရန် အားလုံးကို အသုံးပြုလိုက်ရသောကြောင့် ၎င်းတို့ကိုယ်တိုင် မည်သည့်အရာကိုမျှ မစံစားရပေ။ ၎င်းတို့ အသက် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ် ရောက်သည့်အချိန်တွင်ပင် ပြန်ဆပ်၍ မပြီးသေးပေ။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ဤသည်မှာ ဝဋ်လည်ခြင်း ဖြစ်သည်၊ ဖြစ်နိုင်သည်မှာ ၎င်းတို့၏ အတိတ်ဘဝများတွင် လောဘကြောင့် အခြားသူများထံမှ အလွန်အမင်း ရယူခဲ့သောကြောင့် ဤဘဝအနည်းငယ်တွင် အကြွေးများကို ပြန်လည်ပေးဆပ်နေရခြင်း ဖြစ်ပေမည်။ ၎င်းတို့၏ အတိတ်ဘဝများတွင် ၎င်းတို့သည် အလွန် လောဘကြီးခဲ့ပြီး အလွန် ရဲတင်းကာ အခြားသူများအပေါ် အလွန်အမင်း အမြတ်ထုတ်ခဲ့သောကြောင့် လက်ရှိဘဝတွင် ဝဋ်လည်ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မှန်ကန်သောလမ်းကြောင်းကို မလျှောက်လှမ်းသော လူများအတွက် အနည်းငယ် သတ္တိနည်းခြင်းသည် ၎င်းတို့အတွက် အကာအကွယ်တစ်ခု ဖြစ်ပြီး ရဲတင်းခြင်းမှာမူ မကောင်းသော လက္ခဏာတစ်ခု ဖြစ်သည်။
လူတစ်ဦးသည် မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းပါက ရဲတင်းခြင်းသည် ကောင်းသလော။ (ကောင်းပါသည်။) ယင်းနှင့်ပတ်သက်၍ မည်သည့်အရာက ကောင်းသနည်း။ ( ၎င်းတို့ ရဲတင်းပါက ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ရချိန်တွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဆက်လက်၍ စွဲမြဲနိုင်ပါသည်။) ဤရဲတင်းခြင်းသည် ဇာတိပကတိနှင့်ဆိုင်သော သတ္တိကို ရည်ညွှန်းရုံသက်သက် မဟုတ်ပေ။ ယင်းသည် ဇာတိပကတိနှင့်ဆိုင်သော သတ္တိမျိုး ဖြစ်ပါက ယင်းမှာ မဆင်မခြင်ပြုမူခြင်းနှင့် မိုက်ရူးရဲဆန်ခြင်း ဖြစ်သည်၊ ယင်းမှာ အနည်းငယ် စိတ်မြန်လက်မြန်ဖြစ်ပြီး အမြော်အမြင်ကင်းမဲ့ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် ရဲတင်းပြီး ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖမ်းဆီးခံရပါက သင်သည် ညှဉ်းပန်းနှိပ်စက်ခံရမည်ကို ကြောက်မည်လော။ သင်သည် သေရမည်ကို ကြောက်မည်လော။ သင်သည် အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ် ထောင်ချခံရမည်ကို ကြောက်မည်လော။ သင် ကြောက်မည်ဆိုပါက ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်က “ကျွန်ုပ် မကြောက်ပါ” ဟု သင် ပြောဆိုခြင်းသည် မဆင်မခြင်ပြုမူခြင်း ဖြစ်ပြီး စစ်မှန်သော ရဲတင်းခြင်း မဟုတ်ပေ။ မည်သည့် သရုပ်သကန်သည် မဆင်မခြင်ပြုမူခြင်း မဟုတ်သနည်း။ ယင်းမှာ သင် ဘုရားသခင်ကို စတင်ယုံကြည်စဉ်က သင်၌ သတ္တိ အတိုင်းအတာတစ်ခုအထိ ရှိသော်လည်း စစ်မှန်သော ယုံကြည်ခြင်းလည်း ရှိခြင်း ဖြစ်သည်။ ဤ စစ်မှန်သော ယုံကြည်ခြင်းက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ရာတွင် သင်၌ စိတ်ပိုင်းဖြတ်မှု ရှိသည်ကို ဆိုလိုသည်၊ “ ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် နှိပ်ကွပ်ခံရလျှင်၊ ဖမ်းဆီးခံရပြီး နှိပ်စက်ခံရလျှင် ကျွန်ုပ်၏ အသက်ကို စွန့်ရန် အသင့်ရှိရမည်။ ကျွန်ုပ် မည်သို့ပင် ညှဉ်းပန်းခံရပါစေ၊ သို့မဟုတ် မည်သည့်အတိုင်းအတာအထိ ခံရပါစေ၊ ကျွန်ုပ်သည် အသင်းတော်ကို သစ္စာဖောက်မည် မဟုတ်၊ သို့မဟုတ် ယုဒတစ်ဦး ဖြစ်လာမည် မဟုတ်ပေ၊ ကျွန်ုပ် သေရမည်ကို မကြောက်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရှုထောင့်တစ်ဖက် ဖြစ်သည်။ အခြားရှုထောင့်တစ်ဖက်မှာ သင် အမှန်တကယ် ဖမ်းဆီးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရကာ သင့်အား အသင်းတော်ကို သစ္စာဖောက်စေရန် အဆင်းနီသော နဂါးကြီးက ခြိမ်းခြောက်ပါက သင်သည် စာတန်၏ ပရိယာယ်များကို ထိုးထွင်းသိမြင်နိုင်ပြီး ယင်း၏ ဘောင်ခတ်ခြင်းကို မခံရဘဲ “လူတစ်ဦး၏ သေရေးရှင်ရေး အပါအဝင် လူတစ်ဦးနှင့်ဆိုင်သော အရာအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ ကျွန်ုပ် မကြောက်ပါ” ဟု ပြောဆိုလျက် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ မဆင်မခြင်ပြုမူခြင်း မဟုတ်သကဲ့သို့ သတ္တိသက်သက်လည်း မဟုတ်ပေ၊ ဤသည်မှာ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ ဤ စစ်မှန်သော ယုံကြည်ခြင်း ရှိခြင်းနှင့် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နိုင်ခြင်းသည် သင်၏ အားသာချက် ဖြစ်သည်။ ဆိုကြပါစို့၊ သင်၌ စစ်မှန်သော ယုံကြည်ခြင်း မရှိဘဲ “ကျွန်ုပ် မကြောက်ပါ၊ အလွန့်အလွန်ဆုံးက သေခြင်းသာ ဖြစ်သည်” ဟုသာ ပြောဆိုသော်လည်း ဖမ်းဆီးခံရမှုကို ရင်ဆိုင်ရသောအခါ သင်သည် ကြောက်လွန်း၍ ဆီးထွက်ကျသွားသည်။ ဖမ်းဆီးခံရပြီးနောက် သင် ပထမဆုံး တွေးမိသည်မှာ “ကျွန်ုပ် နှိပ်စက် ခံရမည်လော။ ကျွန်ုပ်၏ ဇာတိပကတိ နာကျင်ခံစားရမည်လော။ လျှပ်စစ်သံပူဖြင့် ကျွန်ုပ်၏ ခန္ဓာကိုယ်ကို ဖိကပ်လျှင် ကျွန်ုပ် ခံနိုင်ရည်ရှိပါမည်လော။ နှိပ်စက်မှု ပြင်းထန်လျှင် ကျွန်ုပ် သေမည်လော။ ကျွန်ုပ် သေဆုံးပါက ဘုရားသခင် အမှတ်ရတော်မမူဘဲ နေမည်လော။ ကျွန်ုပ် ကယ်တင်ခြင်း မခံရဘဲ နေမည်လော။ ကျွန်ုပ် အမှန်တကယ် သည်းမခံနိုင်ပါက ကျွန်ုပ်သည် အသင်းတော်ကို သစ္စာဖောက်ပြီး ယုဒတစ်ဦး လုပ်မည်။ ယုဒတစ်ဦး ဖြစ်လာပြီးနောက် ကျွန်ုပ် အပြစ်ဒဏ်ပေးခံရပြီး ဖျက်ဆီးခံရလျှင်လည်း ဖြစ်ပါစေတော့၊ အနည်းဆုံးအနေဖြင့် ကျွန်ုပ် ယခုလက်ရှိတွင် နာကျင်မှု ခံစားရမည် မဟုတ်တော့ပေ” ဟူ၍ ဖြစ်သည်။ ထိုသို့ဆိုလျှင် သင်သည် သက်သေခံချက် ပျောက်ဆုံးနေသည် မဟုတ်လော။ ကွန်မြူနစ်ပါတီက သင်၏ မိသားစုကို အသုံးချပြီး သင်၏ သားသမီးများကို တက္ကသိုလ်တက်ခွင့် မပေးခြင်း၊ သင်၏ မိဘများကို ကျန်းမာရေးအာမခံ ရရှိခွင့် ငြင်းပယ်ခြင်း၊ သင်၏ မိသားစု အခွင့်အရေးအားလုံးကို ရုပ်သိမ်းခြင်းတို့ဖြင့် သင့်ကို ခြိမ်းခြောက်သည် ဆိုပါစို့၊ ထိုအခါ သင်သည် ကြောက်ရွံ့လာပြီး စစ်မှန်သော ယုံကြည်ခြင်း ရှိတော့မည် မဟုတ်ပေ။ သင်၏ သတ္တိ မည်သည့်နေရာသို့ ရောက်သွားပြီနည်း။ သင် အမှန်တကယ် ရဲတင်းသလော။ သင်၌ စစ်မှန်သော ယုံကြည်ခြင်း မရှိပါက သင်၏ ရဲတင်းခြင်းသည် မဆင်မခြင်ပြုမူခြင်းမျှသာ ဖြစ်သည်။ သင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိမှသာ သင်၏ သတ္တိသည် စစ်မှန်ပေသည်။ ဖမ်းဆီးမခံရမီတွင် သင်က “ဘုရားသခင်သည် ကျွန်ုပ်ကို ဖမ်းဆီးခံရခွင့်ပေးမည် မဟုတ်” ဟု တွေးလျှင် ဤအတွေးကြောင့် သင် သတ္တိဝင်လာပါက ယင်းသည် စစ်မှန်သော ကြံ့ခိုင်မှု သို့မဟုတ် စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ။ ဖမ်းဆီးမခံရမီတွင် သင်သည် ဤအရာအားလုံးကို သေချာစွာ စဉ်းစားပြီးဖြစ်ကာ “လူတစ်ဦး၏ သေရေးရှင်ရေးသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ ဘုရားသခင်က ကျွန်ုပ်၏ အသက်ကို အမှန်တကယ် ယူလိုပါက ကျွန်ုပ် ကျိုးနွံနာခံသင့်သည်။ ကျွန်ုပ်၏ အနာဂတ် ပန်းတိုင်နှင့်ပတ်သက်၍မူ ယင်းကို ဘုရားသခင်ထံမှ စကားတစ်ခွန်းဖြင့် ဆုံးဖြတ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ သူက ကျွန်ုပ်ကို မည်သည့် ပန်းတိုင် ပေးသည်ဖြစ်စေ၊ ယင်းအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး ကျွန်ုပ် ကျိုးနွံနာခံမည်။ ဘုရားသခင်က ကျွန်ုပ်ကို ထောင်ထဲတွင် သေဆုံးရန် စီစဉ်ပါက ယင်းသည် ကျွန်ုပ်၏ ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်သည်၊ ကျွန်ုပ်သည် ဤအသက်ကို ဘုရားသခင်အား ပေးလှူရန် လိုလားသည်။ ကျွန်ုပ် မည်မျှပင် ကြီးစွာသော ဆင်းရဲဒုက္ခကို ကြုံတွေ့ရပါစေ၊ ကျွန်ုပ်၌ မပြောင်းလဲသော ယုံကြည်ချက်တစ်ခု ရှိမည်၊ ယင်းမှာ ကျွန်ုပ်၏ အသက်ကို ဘုရားသခင်၏ လက်ထဲသို့ အပ်နှံခြင်း ဖြစ်ပြီး စာတန်က ကျွန်ုပ်ကို မည်သို့ပင် ညှဉ်းပန်းပါစေ၊ ဖျက်ဆီးပါစေ၊ သို့မဟုတ် နှိပ်စက်ပါစေ၊ ကျွန်ုပ်သည် ယင်းကို မည်သည့်အခါမျှ အရှုံးပေးမည် မဟုတ်ပေ။ ကျွန်ုပ် သေမည်၊ မသေမည်ကို ကျွန်ုပ် မစိုးရိမ်ပါ။ ကျွန်ုပ် သေဆုံးလျှင်ပင် ယင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိပြီး သူက ယင်းကို ကြိုတင်ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းနေဦးမည် ဖြစ်သည်” ဟု ပြောဆိုသည် ဆိုပါစို့။ ဤသည်မှာ သင် ရှိရမည့် ယုံကြည်ခြင်းမျိုး ဖြစ်သည်၊ ထိုသို့သော ယုံကြည်ခြင်းဖြင့်သာ သင်၌ စစ်မှန်သော သတ္တိ ရှိနိုင်ပေသည်။ ဖမ်းဆီးမခံရမီတွင် ထိုအရာ သင့်အပေါ် အမှန်တကယ် မဖြစ်ပျက်မီတွင် သင်သည် ဤကိစ္စရပ်များကို ထိုးထွင်းသိမြင်ပြီးဖြစ်ကာ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း၊ ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံခြင်းနှင့် သေရေးရှင်ရေး ကိစ္စရပ်များကို စစ်မှန်သော နားလည်မှုနှင့် လက်ခံမှုတို့ ရှိပြီး သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ လက်ထဲသို့ လုံးလုံးလျားလျား အပ်နှံနိုင်ကာ သင် အမှန်တကယ် ဖမ်းဆီးခံရပြီး သေရမည်မှာ ဖြစ်နိုင်ချေရှိသည့် အခြေအနေကို ရင်ဆိုင်ရချိန်တွင် သင်၏ စိတ်နှလုံးထဲရှိ ဤနားလည်မှုများ မပြောင်းလဲဘဲ ရှိနေသည် ဆိုပါစို့၊ ထိုအခါ သင်၏ ယုံကြည်ခြင်းသည် တုန်လှုပ်မည် မဟုတ်ပေ။ အခြေအနေများက မည်သို့ပင်ဖြစ်ပါစေ၊ သင်၏ ယုံကြည်ခြင်းသည် ချေမှုန်းမခံရပါက သို့မဟုတ် ရှုံးနိမ့်မသွားပါက သင်၌ သတ္တိ အစဉ်သဖြင့် ရှိလိမ့်မည်။ ဖမ်းဆီးမခံရမီတွင် ထိုအရာ သင့်အပေါ် အမှန်တကယ် မဖြစ်ပျက်မီတွင် သင်သည် ဤအရာများကို သေချာစွာ မစဉ်းစားထားဘဲ “ကျွန်ုပ်၏ အသက်ကို ပေးလှူရန် ကျွန်ုပ် လိုလားပါသည်။ ကျွန်ုပ်၏ အသက်ကို ဘုရားသခင် ပေးထားခြင်း ဖြစ်သည်၊ အဆိုးဆုံးမှာ ဘုရားသခင်အတွက် မာတုရအဖြစ် အသေခံလိုက်မည်” ဟု အတွေးဆန္ဒဖြင့် စဉ်းစားသည် ဆိုပါစို့။ ထိုအခြေအနေမျိုးတွင် အဆင်းနီသော နဂါးကြီးက သင့်ကို ညှဉ်းပန်းနှိပ်စက်ပြီးနောက် ထောင်ဒဏ် ဆယ်နှစ် ချမှတ်လိုက်သောအခါ သင် ကြောင်အသွားလိမ့်မည်၊ “သေခြင်းက အဆုံးသတ် ဖြစ်လိမ့်မည်ဟု ကျွန်ုပ် ထင်ခဲ့သည်။ ကျွန်ုပ် မာတုရအဖြစ် အသေခံခဲ့လျှင် ဘုရားသခင် အမှတ်ရလိမ့်မည်။ ကျွန်ုပ်သည် ထိုသက်သေခံချက်ကို ခံယူရန် ပျက်ကွက်ပြီးး အဆုံးတွင် ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။ ဆယ်နှစ်ဖြစ်သည်၊ ယင်းမှာ ဆယ်ရက် သို့မဟုတ် ဆယ်လ မဟုတ်ပေ။ ဤအရာကို ကျွန်ုပ် မည်သို့ ကြံ့ကြံ့ခံရမည်နည်း” ဟူ၍ ဖြစ်သည်။ သင်သည် ယခင်က ဤအရာများကို မစဉ်းစားခဲ့ဖူးသောကြောင့် ဤအချိန်တွင် ယင်းတို့ကို စဉ်းစားဆင်ခြင်ရန် လွယ်ကူပါမည်လော။ အနည်းငယ် ခက်ခဲလိမ့်မည်၊ ဟုတ်သလော။ (ဟုတ်ပါသည်။) အခက်အခဲများ ပေါ်ပေါက်လာသောအခါ လူတို့သည် ယင်းတို့ကို မည်သို့ ကိုင်တွယ်ရမည်နှင့် ယင်းတို့မှ မည်သို့ လွတ်မြောက်ရမည်ကိုသာ တွေးတောကြသည်။ အခက်အခဲများမှ ရုန်းထွက်လိုစိတ်က ပြင်းထန်ပါက ဒုက္ခရောက်နေစဉ်အတွင်း ယင်းတို့နှင့် အလိုက်သင့် နေထိုင်ရန် သင်၏ စိတ်ဆန္ဒသည် အလွန်အမင်း အားနည်းလိမ့်မည်။ ထို့ကြောင့် အခက်အခဲများကို ရင်ဆိုင်ရသောအခါ ထိုသို့သော ပတ်ဝန်းကျင်ကို ကျိုးနွံနာခံရန် သင့်အတွက် အလွန် ခက်ခဲလာသည်။ သို့ဆိုလျှင် ထိုသို့သော အခြေအနေများကို မည်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် သမ္မာတရားကို ချက်ချင်း ရှာဖွေပြီး ဤကိစ္စရပ်များကို သေချာစွာ စဉ်းစားရမည်၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဟူသော လမ်းကြောင်းကိုလည်း သင် စဉ်းစားဆင်ခြင်ရမည်။ ဥပမာအားဖြင့် သင်သည် ဆယ်နှစ် ထောင်ချခံရမည် ဆိုပါက သင် မည်သို့ တွေးမည်နည်း။ “ကျွန်ုပ်၏ ဇနီး (သို့မဟုတ် ခင်ပွန်း) သည် ကျွန်ုပ်နှင့် ကွာရှင်းမည်လော။ ဆယ်နှစ်ကြာပြီးနောက် ကျွန်ုပ်၏ ကလေးများ မည်မျှ ကြီးပြင်းနေမည်နည်း။ ကျွန်ုပ်သည် ၎င်းတို့အပေါ် တာဝန်ကျေပွန်ခဲ့ခြင်း မရှိပါ၊ ၎င်းတို့သည် ကျွန်ုပ်ကို အသိအမှတ်မပြုဘဲ နေမည်လော၊ ကျွန်ုပ် အသက်ကြီးလာသောအခါ ကျွန်ုပ်ကို ပြုစုစောင့်ရှောက်ရန် ငြင်းဆန်မည်လော။ လွတ်မြောက်လာပြီးနောက် ကျွန်ုပ် မည်သို့ နေထိုင်မည်နည်း။ ဆယ်နှစ်ကြာပြီးနောက် ကျွန်ုပ်၏ မိဘများ အိုမင်းနေလိမ့်မည်၊ ကျွန်ုပ်သည် ၎င်းတို့အပေါ် သားသမီးဝတ္တရား ကျေပွန်ခဲ့မည် မဟုတ်ပါ၊ ဤသည်မှာ ကျွန်ုပ်သည် သားသမီးဝတ္တရား မကျေပွန်ရာ ရောက်မည် မဟုတ်လော။ ဆယ်နှစ်ကြာပြီးနောက် ဘုရားသခင်၏ အမှုတော် ပြီးဆုံးသွားမည်လော။ ကျွန်ုပ်သည် ထောင်ထဲတွင် မည်သည့်အရာမျှ ရရှိခဲ့ခြင်း မရှိပါ၊ စုဝေးပွဲများ ရှိခဲ့မည်မဟုတ်၊ သို့မဟုတ် တရားဒေသနာများကို နားထောင်ခဲ့မည်မဟုတ်၊ ပြီးလျှင် သမ္မာတရားကိုလည်း နားလည်ခဲ့မည်မဟုတ်ပါ။ ဤဆယ်နှစ်အတွင်း ကျွန်ုပ် နောက်ကျ ကျန်ရစ်ခဲ့မည် မဟုတ်လော။ ဤသည်မှာ ကျွန်ုပ် ဖယ်ရှားရှင်းလင်းခြင်း ခံလိုက်ရသည်ဟု ဆိုလိုခြင်း မဟုတ်လော။ ဘုရားသခင်က ကျွန်ုပ်ကို လိုချင်ပါဦးမည်လော။ ကျွန်ုပ် ဤဆင်းရဲဒုက္ခကို ခံစားရပါက ဘုရားသခင် အမှတ်ရတော်မူမည်လော။ ကိုယ်တော် အမှတ်ရတော်မမူဘဲ ကျွန်ုပ် ကယ်တင်ခြင်း မခံရနိုင်ပါက ကျွန်ုပ်သည် ဤအချိန်ကာလကို ထောင်ထဲတွင် အချည်းနှီး ကုန်ဆုံးခဲ့ခြင်း မဟုတ်လော။ ဆယ်နှစ်အတွင်း အရာများစွာ ပြောင်းလဲလိမ့်မည်ဖြစ်ပြီး ကျွန်ုပ်သည် မည်သည့်အရာမျှ မရရှိဘဲ များစွာ ဆုံးရှုံးရလိမ့်မည်” ဟူ၍ ဖြစ်သည်။ သင် ဤအရာများကို တွေးတောသောအခါ အခက်အခဲများ ပေါ်ပေါက်လာသည်။ သင်သည် ဤအခက်အခဲများကို မည်သို့ ရင်ဆိုင်သင့်သနည်း။ နေ့ရက်တိုင်းကို မည်သို့ ကျော်ဖြတ်ရမည်ကို သင် စဉ်းစားသင့်သည် မဟုတ်လော။ သင်သည် ဤအရာများကို သေချာစွာ မစဉ်းစားထားဘဲ သမ္မာတရားကို နားလည်ပြီး အမှုအရာများကို ရှင်းလင်းစွာ မြင်နိုင်သည့် အခြေအနေသို့ မရောက်ရှိသေးပါက သင် ဖမ်းဆီးခံရမှုကို ရင်ဆိုင်ရသောအခါ သင်၏ သေရေးရှင်ရေးသည် အတွေးတစ်ချက်အပေါ်၌သာ တည်မှီနေလိမ့်မည်။ တစ်ခဏတာ ကြောက်ရွံ့ခြင်း၊ အတွေးတစ်ချက် သို့မဟုတ် စိတ်ကူးတစ်ခုသည် သင့်အား ယုဒတစ်ဦး ဖြစ်လာစေနိုင်ပြီး အသင်းတော်ကို သစ္စာဖောက်စေကာ သင်၏ ယခင် ကြိုးပမ်းအားထုတ်မှုများ အားလုံးကို အချည်းနှီး ဖြစ်စေနိုင်သည်။ သင်သည် ဤကိစ္စကို သေချာစွာ မစဉ်းစားနိုင်ပါက သို့မဟုတ် ထိုးထွင်းမသိမြင်နိုင်ပါက သင်၏ ရှေ့ရေးနှင့် ကံကြမ္မာအတွက် မစိုးရိမ်ဘဲနေရန် အလွန် ခက်ခဲလိမ့်မည်ဖြစ်ပြီး သင်၏ သေရေးရှင်ရေးကို ဘုရားသခင်၏ လက်ထဲသို့ အပ်နှံကာ ကိုယ်တော် အလိုရှိသလို စီစဉ်ညွှန်ကြားခွင့်ပြုရန် အလွန် ခက်ခဲလိမ့်မည်။ သင်သည် သေရေးရှင်ရေး ကိစ္စရပ်များကို ထိုးထွင်းမသိမြင်နိုင်ဘဲ ကံစမ်းမဲနှိုက်သကဲ့သို့ အိုးနင်းခွက်နင်း ကျော်ဖြတ်လိုသော စိတ်နေစိတ်ထား ရှိနေဆဲဖြစ်ပါက ပတ်ဝန်းကျင်အခြေအနေတစ်ခု သင့်အပေါ် ကျရောက်လာသောအခါ သင် ထုတ်ဖော်ခံရလိမ့်မည်။ ဖမ်းဆီးခံရချိန်တွင် "ကတိခံဝန်ချက်သုံးမျိုး" ကို လက်မှတ်ထိုးပြီး ယုဒများ ဖြစ်သွားသူ အားလုံးသည် ညတွင်းချင်း ဖြစ်သွားကြခြင်းဖြစ်ပြီး ၎င်းတို့သည် စာတန်၏ သားရဲ၏ တံဆိပ် ခတ်နှိပ်ခြင်းကို ခံခဲ့ရသည်။ လူတစ်ဦး၏ သေရေးရှင်ရေးသည် တစ်ခါတစ်ရံတွင် အတွေးတစ်ချက်အပေါ်၌သာ တည်မှီနေသည်။ သမ္မာတရား မရှိပါက အကျပ်အတည်းများကို ကျော်ဖြတ်ရန် အလွန် ခက်ခဲသည်။ သို့ဆိုလျှင် စစ်မှန်သော ရဲတင်းခြင်းဟူသည် အဘယ်နည်း။ တစ်စုံတစ်ဦးက ကောက်ရိုးမီးသတ္တိကို အားကိုး၍ တစ်စုံတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ပါက ယင်းသည် စစ်မှန်သော ရဲတင်းခြင်း ဖြစ်သလော။ မဟုတ်ပါ၊ ယင်းမှာ စိတ်မြန်လက်မြန်ဖြစ်ခြင်း ဖြစ်သည်။ အမှန်တကယ် သတ္တိရှိသောသူတစ်ဦးသည် များစွာသော အပြုသဘောဆောင်သည့်အရာများ၊ အပျက်သဘောဆောင်သည့်အရာများနှင့် စပ်လျဉ်း၍ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပိုင်းခြားသိမြငနိုင်စွမ်း အတိုင်းအတာတစ်ခု ရှိကြသည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို အတွင်းစိတ်၌ လက်ခံသဘောတူနိုင်သည်၊ လက်ခံနိုင်သည်၊ ခိုင်မာစွာ အသိအမှတ်ပြုနိုင်ပြီး သမ္မာတရားနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံနိုင်သည့် အတိုင်းအတာသို့ ရောက်ရှိကြသည်။ ဤနည်းဖြင့်သာ သင်၌ စစ်မှန်သော သတ္တိ ရှိနိုင်ပေသည်။ သင်၏ စိတ်နှလုံးထဲတွင် ဤအရာများကို မပိုင်ဆိုင်ထားပါက သင်၏ ရဲတင်းခြင်းသည် ကျားကို မကြောက်သော နွားပေါက်စကဲ့သို့ မိုက်မိုက်ကန်းကန်း ရဲတင်းခြင်းမျှသာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို အတိုက်အခံလုပ်သော နိုင်ငံတစ်ခုတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နောက်တော်သို့ လိုက်ခြင်းသည် သတ္တိလိုအပ်သည်သာမက ပို၍ အရေးကြီးသည်မှာ ယုံကြည်ခြင်း လိုအပ်သည်။ သင် ဘုရားသခင်ကို ယုံကြည်ရဲခြင်းမှာ သင် ရဲတင်းသောကြောင့် မဟုတ်ဘဲ သင်၌ ယုံကြည်ခြင်း ရှိသောကြောင့် ဖြစ်သည်။ အချို့လူများက “ကျွန်ုပ် ရဲတင်းပြီး ညှဉ်းပန်းနှိပ်စက်မှုကို မကြောက်သောကြောင့်သာ ဘုရားသခင်ကို ယုံကြည်သည်ဟု ကျွန်ုပ် ထင်ပါသည်” ဟု ပြောဆိုကြသည်။ ဤစကား မှန်ကန်ကောင်း မှန်ကန်နိုင်သည်။ သင်သည် အတင့်ရဲခြင်းကြောင့် ယုံကြည်သော်လည်း သင်၏ မိုက်မဲခြင်း၊ အသိပညာမဲ့ခြင်းနှင့် ရိုးရှင်းခြင်းတို့ကို ထောက်ရှု၍ ဘုရားသခင်က သင့်ကို အထူး ကျေးဇူးပြုတော်မူကာ သင့်အတွက် အချို့သော ပတ်ဝန်းကျင်များကို စီစဉ်ပေးပြီး သမ္မာတရားဖြင့် ရေလောင်းပေးကာ ထောက်ပံ့ပေးသည်။ ဤအရာမှတစ်ဆင့် သင်သည် သမ္မာတရား အတော်များများကို နားလည်ပြီး ရရှိလာသည်။ အချိန်ကြာလာသည်နှင့်အမျှ သင်၏ အတင့်ရဲခြင်းတွင် စစ်မှန်သော ယုံကြည်ခြင်း၏ အစိတ်အပိုင်းများ ပါဝင်လာပြီး ထိုအခါမှသာ သင်၏ သတ္တိ ကြီးထွားလာကာ အနာဂတ် ပတ်ဝန်းကျင်များ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ရန် ပို၍ ဝံ့ရဲလာသည်။ လူတစ်ဦး၌ စစ်မှန်သော ယုံကြည်ခြင်း မရှိဘဲ “ကျွန်ုပ် ဘုရားသခင်ကို ယုံကြည်ရဲသည်။ ကျွန်ုပ် ညှဉ်းပန်းနှိပ်စက်မှုကို မကြောက်ပါ၊ ဖမ်းဆီးခံရပြီး ထောင်ချခံရမည်ကို မကြောက်ပါ” ဟု ပြောဆိုလျက် ခဏတာ ကောက်ရိုးမီးသတ္တိကို အားကိုးပါက ထိုသတ္တိမျိုးသည် ကြာရှည်ခံမည် မဟုတ်ပေ။ သမ္မာတရား၏ ထောက်ပံ့မှု မရှိဘဲ၊ သင့်ကို လေ့ကျင့်ပေးရန်၊ လက်တွေ့လုပ်ဆောင်စေရန်နှင့် အမျိုးမျိုးသော အမှုအရာများကို မည်သို့ ရင်ဆိုင်ရမည်ကို သင်ကြားပေးရန် လက်တွေ့ဘဝတွင် ဘုရားသခင် စီစဉ်ပေးသော ပတ်ဝန်းကျင်များ မရှိဘဲ သင်၏ ရဲတင်းခြင်းသည် သက်သက် မိုက်ရူးရဲဆန်ခြင်းသာ ဖြစ်ပြီး စစ်မှန်သော ယုံကြည်ခြင်း လုံးဝ မဟုတ်ပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) ယင်းသည် အမှန်တကယ် အတင့်ရဲခြင်းသာ ဖြစ်ပါက ယင်းက သင့်ကို မဆင်မခြင်ပြုမူသော၊ မိုက်မဲပြီး အသိပညာမဲ့သောသူ ဖြစ်စေသည်။ ဘုရားသခင်ကို ယုံကြည်သော အချို့လူများသည် အလွန် ရိုးရှင်းသော အတွေးများ ရှိကြပြီး ဘုရားသခင်နောက်သို့ လိုက်ရာတွင် မည်သည့် အန္တရာယ်များ ပါဝင်မည်ကို လုံးဝ မမျှော်လင့်ထားဘဲ အမှုအရာများကို အလွန် လွယ်ကူသည်ဟု ထင်မြင်ကြသည်။ သို့သော် ၎င်းတို့ အဆင်မပြေမှုများနှင့် ကြုံတွေ့ရသောအခါမှသာ ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်းသည် လွယ်ကူသောကိစ္စ မဟုတ်ကြောင်း ၎င်းတို့ သဘောပေါက်ကြသည်။ လူတစ်ဦး၏ ရဲတင်းခြင်းသည် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်ပါက အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ရိုးရှင်းပြီး ပွင့်လင်းသူများ ဖြစ်ကြသည်၊ ရှုပ်ထွေးခြင်း မရှိသကဲ့သို့ တစ်ချိန်လုံး စိုးရိမ်ကြောက်ရွံ့ မနေကြချေ။ သို့သော် သင်၏ ရဲတင်းခြင်းသည် ကောင်းချီးများ ရယူလိုသော ရည်ရွယ်ချက်၏ တွန်းအားပေးမှုကို ခံရပြီး “ဘုရားသခင်ကို ယုံကြည်လျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်၊ ကြီးမားသော ကောင်းချီးများ ရရှိနိုင်သည်၊ ဘေးအန္တရာယ်များမှ လွတ်မြောက်ပြီး သေခြင်းမှ ရှောင်ရှားနိုင်သည်၊ ထို့ကြောင့် ဖြစ်ချင်ရာဖြစ် ကျွန်ုပ် ယုံကြည်မည်” ဟု သင် တွေးသည် ဆိုပါစို့။ တစ်နည်းအားဖြင့် သင်၏ ယုံကြည်ခြင်းသည် ကောက်ရိုးမီးဖြစ်ကာ အတင့်ရဲသော ဇာတိပကတိ အားအင်၏ တွန်းအားပေးမှုကို ခံရခြင်း ဖြစ်သည်၊ ယင်းမှာ သင်က ရိုးရှင်းသော နည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်လိုခြင်း မဟုတ်ဘဲ ကောင်းချီးများကို လိုက်စားနေခြင်း ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် သင်၏ ရဲတင်းခြင်းသည် အကောင်းဆုံးအားဖြင့် အတင့်ရဲခြင်းသာဖြစ်ပြီး လူ့သဘာဝ၏ ကောင်းကွက်တစ်ခုအဖြစ် အမျိုးအစား သတ်မှတ်၍ မရနိုင်ပေ။ ထို့ကြောင့် ရဲတင်းသောသူများနှင့်ပတ်သက်လာလျှင် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရ မည်သို့ရှိသည်ကို သင် ကြည့်ရမည်။ ၎င်းတို့၌ လိပ်ပြာနှင့် ဆင်ခြင်တုံတရား မရှိဘဲ အတင့်ရဲရုံသက်သက် ဖြစ်ပါက ၎င်းတို့၌ တန်ဖိုး သိပ်မရှိသကဲ့သို့ အဓိပ္ပာယ်ရှိသော မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပေ။ သို့သော် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်နိုင်ပြီး သမ္မာတရားကို လက်ခံနိုင်ပါက ထိုသို့သောလူများ၌ တန်ဖိုးရှိသည်။ လူတစ်ဦးသည် ရဲတင်းသော်လည်း သဘောပေါက်နားလည်နိုင်စွမ်း မရှိပါက၊ သမ္မာတရားကို နားမလည်နိုင်ဘဲ ကောင်းချီးများ ရယူရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ပါက၊ ပြီးလျှင် ကောင်းချီးများ ရရှိရန်အလို့ငှာ ၎င်းတို့၏ မိသားစုနှင့် အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ဖို့ လိုလားပြီး ညှဉ်းပန်းနှိပ်စက်မှုကို မကြောက်ပါက ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု မဟုတ်ဘဲ မှားယွင်းသော အတွေးအခေါ်နှင့် အမြင်ရှုထောင့်တစ်ခုသာ ဖြစ်သည်။ မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) တစ်စုံတစ်ဦးသည် သတ္တိနည်းသည်ဖြစ်စေ၊ ရဲတင်းသည်ဖြစ်စေ ယင်းမှာ ၎င်းတို့၏ ပင်ကိုအခြေအနေများ ပါဝင်ပတ်သက်ပြီး ၎င်းတို့ လူ့သဘာဝ၏ အနှစ်သာရနှင့် သိပ်မသက်ဆိုင်လှပေ။
ငါတို့သည် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ပတ်သက်၍ မိတ်သဟာယမဖွဲ့ခဲ့ပါက သင်တို့ဘာသာ ပိုင်းခြားသိမြင်နိုင်ပါမည်လော။ (ရိုးရှင်းသော သရုပ်သကန်များဖြင့်ဆိုလျှင် ကျွန်ုပ်တို့ ပိုင်းခြားသိမြင်နိုင်ကောင်း ပိုင်းခြားသိမြင်နိုင်ပါလိမ့်မည်၊ သို့သော် ပို၍ ရှုပ်ထွေးသော အရာများဖြင့်ဆိုလျှင် ကျွန်ုပ်တို့ ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပါ။) ယခု ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့အကြား ကွဲပြားခြားနားချက်များကို မိတ်သဟာယဖွဲ့ပြီးဖြစ်ရာ ယခု သင်တို့ ပိုင်းခြားသိမြင်နိုင်ပြီလော။ (ယခင်ကထက် အနည်းငယ် ပို၍ ပိုင်းခြားသိမြင်နိုင်ပါပြီ။) ငါသည် ပို၍ တစ်မူထူးခြားသော ဥပမာအချို့ကို ပေးပါက သင်တို့သည် ငါ မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို အခြေခံ၍ ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်ပါမည်လော။ ပြောရခက်သည်၊ ဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် နောက်တစ်ကြိမ်တွင် ငါတို့သည် ဤခေါင်းစဉ်နှင့် ဆက်စပ်သော ကိစ္စရပ်များအကြောင်း ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ငါတို့ ပို၍ မိတ်သဟာယဖွဲ့လေလေ၊ သင်တို့သည် မတူညီသော ကိစ္စရပ်အမျိုးအစားများကို ပိုင်းခြားသိမြင်ရန်အတွက် စည်းမျဉ်းအချို့ကို ရှာဖွေတွေ့ရှိလေလေ ဖြစ်လိမ့်မည်။ လူ့သဘာဝ၊ ပင်ကိုအခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် စပ်လျဉ်း၍ မိတ်သဟာယဖွဲ့ပြီးဖြစ်သော သရုပ်သကန်များကို သင်တို့ ယေဘုယျအားဖြင့် ပိုင်းခြားသိမြင်နိုင်ကြသည်။ မိတ်သဟာယမဖွဲ့ရသေးသော အရာများအတွက်မူ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသူများ သို့မဟုတ် သမ္မာတရားကို ရှာဖွေတတ်သူများသာလျှင် ယင်းတို့ထဲမှ အချို့ကို ပိုင်းခြားသိမြင်နိုင်ကောင်း ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ အစွမ်းအစ ညံ့ဖျင်းသူများမှာမူ လက်လှမ်းမီမည် မဟုတ်ဘဲ ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် ၎င်းတို့သည် ပို၍ နားထောင်ရန်နှင့် ပို၍ မေးမြန်းရန် လိုအပ်သည်။ ငါတို့သည် ဤကိစ္စရပ်များအကြောင်း မိတ်သဟာယမဖွဲ့ပါက ယင်းတို့သည် သင်တို့အတွက် အမြဲတစေ ဝေဝါးနေလိမ့်မည်ဖြစ်ပြီး သင်တို့ ပြောဆိုသည့်အရာသည်လည်း ရှင်းလင်းမှု မရှိ ဖြစ်နေလိမ့်မည်။ သင်တို့၏ နားလည်မှုနှင့် သမ္မာတရားအပေါ် စင်ကြယ်သော နားလည်မှုတို့အကြားတွင် ကွာဟချက်တစ်ခု အစဉ်သဖြင့် ရှိနေလိမ့်မည်၊ ဟုတ်သလော။ (ဟုတ်ပါသည်။)
ယနေ့ ငါတို့သည် အစွမ်းအစနှင့်ဆိုင်သော ကိစ္စရပ်များကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယခု လူတို့၏ အစွမ်းအစ မည်သို့ရှိသည်ကို သင် ပိုင်းခြားသိမြင်နိုင်ပြီလော။ (ကျွန်ုပ်တို့ အကြမ်းဖျင်း ပိုင်းခြားသိမြင်နိုင်ပါသည်။) သင် ပိုင်းခြားမသိမြင်နိုင်ပါက အချိန်ယူပြီး အမှုအရာများကို တွေ့ကြုံခံစားလော့။ နေ့စဉ်ဘဝတွင် သင်သည် ဤကိစ္စရပ်များကို ကြုံတွေ့ရလိမ့်မည်။ ငါတို့၏ မိတ်သဟာယမှ စကားများကို လက်တွေ့ဘဝတွင် အသုံးချရန် သင်ယူလော့၊ ယင်းတို့ကို လူတို့၏ သရုပ်သကန်များနှင့် တစ်စတစ်စ နှိုင်းယှဉ်ချိန်ဆကြည့်လျက် သင်ကိုယ်တိုင်ကို ပိုင်းခြားသိမြင်ပြီး အခြားသူများကို ပိုင်းခြားသိမြင်လော့၊ သင်ကိုယ်တိုင်ကို သိရှိလာပြီး အခြားသူများကို သိရှိလာလော့။ တဖြည်းဖြည်းနှင့် သင်သည် ဤအရာများကို တိုင်းတာနိုင်လာလိမ့်မည်ဖြစ်ပြီး ဤသို့ပြုလုပ်ရန် စံနှုန်းတစ်ခု ရှိလာလိမ့်မည်။ လူများနှင့် အမှုအရာများကို ရှုမြင်ရန်အတွက်လည်းကောင်း၊ သင်ကိုယ်တိုင် ကျင့်ကြံပြုမူရန်နှင့် ပြုမူဆောင်ရွက်ရန်အတွက်လည်းကောင်း စည်းမျဉ်းများသည် တိုး၍ ရှင်းလင်းလာလိမ့်မည်။ ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ပိုင်းခြားသိမြင်ခြင်း၏ အမျိုးမျိုးသော ရှုထောင့်များနှင့်ပတ်သက်၍ ငါတို့ များစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ မည်သည့် သရုပ်သကန်များ သို့မဟုတ် လူ့သဘာဝ၏ မည်သည့် ထုတ်ဖော်ပြသမှုများကို ငါတို့ မိတ်သဟာယ ဖွဲ့သည်ဖြစ်စေ၊ ယင်းတို့ထဲမှ မည်သည့်အရာမျှ အနှစ်သာရမဲ့သော စကားများ မဟုတ်ပေ။ ဤအရာအားလုံးကို လက်တွေ့ဘဝတွင် ကြုံတွေ့နိုင်သည်၊ မြင်တွေ့နိုင်သည်နှင့် ခံစားနိုင်သည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမျိုးမျိုးသော အမှုအရာများ၊ အမျိုးမျိုးသော လူစားများနှင့် နှိုင်းယှဉ်ချိန်ဆခြင်းအားဖြင့် ယင်းတို့ကို ရှုမြင်တတ်ရန် သင် သင်ယူရမည်။ ငါတို့၏ မိတ်သဟာယမှ အမျိုးမျိုးသော အခြေအနေများနှင့် ကိစ္စရပ်များကို လက်တွေ့ဘဝနှင့် နှိုင်းယှဉ်ချိန်ဆကြည့်ရန် သင်ယူခြင်းအားဖြင့်သာ သင်သည် လူများနှင့် အမှုအရာများကို ရှုမြင်ရာ၌လည်းကောင်း၊ ကျင့်ကြံပြုမူရာနှင့် ပြုမူဆောင်ရွက်ရာ၌လည်းကောင်း တိုးတက်မှုကို တဖြည်းဖြည်း ရရှိနိုင်မည်ဖြစ်ပြီး သမ္မာတရားနှင့် ဆက်စပ်သော အမျိုးမျိုးသော ကိစ္စရပ်များကို တိကျသော နားလည်မှု ရရှိကာ အမျိုးမျိုးသော သမ္မာတရား စည်းမျဉ်းများကို တဖြည်းဖြည်း သဘောပေါက်နိုင်မည် ဖြစ်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။) ငါတို့ ဆွေးနွေးခဲ့သော ကိစ္စရပ်များကို လူတို့ ပြသသည့် အမျိုးမျိုးသော အခြေအနေများနှင့် ထုတ်ဖော်ပြသမှုများကို ပိုင်းခြားသိမြင်ရန် အဓိကအားဖြင့် အသုံးပြုပြီး သင့်ကို သမ္မာတရား နားလည်ရန်နှင့် သမ္မာတရားထဲသို့ ဝင်ရောက်ရန် တိုက်ရိုက် လုပ်ဆောင်ပေးခြင်း မရှိသော်လည်း ဤကိစ္စရပ်များ အားလုံးသည် သမ္မာတရားအပေါ် သင်၏ နားလည်မှုအပြင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ သင်၏ ဝင်ရောက်မှုကို အကျိုးသက်ရောက်စေလိမ့်မည်။ ထို့ကြောင့် ဤကိစ္စရပ်များသည် လူတို့၏ အယူအဆများတွင် လူ့သဘာဝ၊ ပင်ကိုအခြေအနေများ သို့မဟုတ် ထင်ရှားသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့နှင့်သာ သက်ဆိုင်ပုံရသော်လည်း ကိစ္စရပ်တိုင်းနှင့် ပြောဆိုချက်တိုင်းသည် လူတို့ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းနှင့် ဆက်စပ်နေသည်။ သို့ဖြစ်၍ ဤကိစ္စရပ်များသည် သမ္မာတရားထဲသို့ ဝင်ရောက်သော လမ်းခရီးတွင် သင် ရင်ဆိုင်ရမည့် အရာများဖြစ်သည်၊ သင် ယင်းတို့ကို ရှောင်လွှဲ၍မရနိုင်ပေ။ လူ့သဘာဝ၏ အမျိုးမျိုးသော ကိစ္စရပ်များနှင့် သရုပ်သကန်များသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ ယင်းတို့အားလုံးသည် နေ့စဉ်ဘဝရှိ အမျိုးမျိုးသော ပတ်ဝန်းကျင်များတွင် သင် ရင်ဆိုင်ရမည့်၊ ကြုံတွေ့ရမည့် အရာများ ဖြစ်သည်။ သင်သည် အမျိုးမျိုးသော ကိစ္စရပ်များကို ရင်ဆိုင်ရသောအခါ ယင်းတို့ထဲမှ မည်သည့်အရာကိုမျှ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိဘဲ ငါတို့၏ မိတ်သဟာယမှ သမ္မာတရား စည်းမျဉ်းများကို စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် အယူဝါဒများအဖြစ် သဘောထားလျက် ယင်းတို့အားလုံးကို တစ်တန်းတစ်စားတည်း သတ်မှတ်ပါက သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းမှာ သင်သည် သမ္မာတရားဟူသည် အဘယ်အရာဖြစ်ကြောင်း မည်သည့်အခါမျှ နားလည်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ကောင်းပြီ၊ ယနေ့ မိတ်သဟာယအတွက် ဤမျှသာ ဖြစ်သည်။ နှုတ်ဆက်လိုက်ပါသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်