သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)

ပြီးခဲ့သည့် စုဝေးပွဲတွင် အစွမ်းအစဟူသည် အဘယ်အရာဖြစ်ကြောင်းနှင့် လူတစ်ဦး၏ အစွမ်းအစကို မည်သို့ တိုင်းတာရမည်ဟူသည်တို့နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ လူတစ်ဦး၏ အစွမ်းအစကို တိုင်းတာရန်အတွက် စံနှုန်းမည်မျှကို ငါတို့ စုစုပေါင်း စာရင်းပြုစုခဲ့သနည်း။ (တစ်ဆယ့်တစ်ချက် ဖြစ်ပါသည်။) ဤစံနှုန်း တစ်ဆယ့်တစ်ချက်ကို တစ်ဖန် ပြန်လည်ရွတ်ဆိုကြစို့။ (သင်ယူနိုင်စွမ်း၊ အမှုအရာများကို နားလည်နိုင်စွမ်း၊ သဘောပေါက်နားလည်နိုင်စွမ်း၊ အမှုအရာများကို လက်ခံနိုင်စွမ်း၊ အမှုအရာများကို သိမြင်နားလည်နိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း၊ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း၊ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့် ဆန်းသစ်တီထွင်နိုင်စွမ်းတို့ ဖြစ်ပါသည်။) ဤစွမ်းရည် တစ်ဆယ့်တစ်ချက်စီသည် လူတစ်ဦး၏ ဘက်စုံပြည့်ဝသော အစွမ်းအစကို အကဲဖြတ်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က ငါတို့သည် ယင်းတို့ထဲမှ ဆယ်ချက်အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ကြပြီး အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းအထိ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ စွမ်းရည်တစ်ခုစီအတွက် အစွမ်းအစကောင်းမွန်ခြင်း၊ အစွမ်းအစ သာမန်ဖြစ်ခြင်း၊ အစွမ်းအစညံ့ဖျင်းခြင်းနှင့် အစွမ်းအစမရှိခြင်းတို့၏ သရုပ်သကန်များနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အစွမ်းအစမရှိသော လူတို့တွင် အခြေခံအားဖြင့် မည်သည့် ထူးချွန်မှုများမျှ မရှိသကဲ့သို့ စစ်မှန်သော ဝါသနာများ သို့မဟုတ် စိတ်ဝင်စားမှုများ မရှိကြပေ။ မည်သည့်အရာကို ကြုံတွေ့ရသည်ဖြစ်စေ ၎င်းတို့တွင် ကိုယ်ပိုင်အမြင်များ မရှိသကဲ့သို့ ဝေဖန်ပိုင်းခြားနိုင်စွမ်းလည်း မရှိကြပေ။ ၎င်းတို့တွင် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ခွဲခြားသိမြင်နိုင်စွမ်း မရှိပေ။ ၎င်းတို့တွင် မည်သည့်အရာကိုမဆို လက်ခံနိုင်စွမ်းလည်း မရှိကြပေ။ သို့ဖြစ်၍ တုံ့ပြန်နိုင်စွမ်း သို့မဟုတ် ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိသည်ဟု ဆိုဖွယ်ရာ သာ၍ပင် မရှိတော့ပေ။ ထိုသို့သောလူများတွင် အားသာချက်များ မရှိသောကြောင့် ၎င်းတို့သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့် သာ၍ပင် မသက်ဆိုင်ကြပေ။

အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် စုဝေးပွဲတွင် ယင်း၏ အကြောင်းအရာ တစ်စိတ်တစ်ပိုင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းသည် အဓိကအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ အကဲဖြတ်ခြင်းသည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အတွေးအခေါ်များ၊ အမြင်များ၊ ရပ်တည်ချက်များနှင့် ထောက်ခံအားပေးသော အကြောင်းအရာများကို ခွဲခြားသိမြင်နိုင်စွမ်းဟူသည့် သဘောအရ လူတို့ခေါ်ဆိုသော ခွဲခြားသိမြင်ခြင်းကို ရည်ညွှန်းသည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းသည် အဓိကအားဖြင့် အချို့သော ပြဿနာများနှင့်စပ်လျဉ်းသည့် လူတစ်ဦး၏ အတွေးအခေါ်များနှင့် အမြင်များ ပါဝင်ပတ်သက်သည်၊ ဆိုလိုသည်မှာ အတွေးအခေါ် နယ်ပယ်နှင့် ဆက်စပ်သော အရာများဖြစ်သည်။ သင်သည် ဤအရာများကို ခွဲခြားသိမြင်ပြီး ခံစားနားလည်နိုင်စွမ်း ရှိပါက သင်သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းရှိသော လူတစ်ဦး ဖြစ်သည်။ သင်သည် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များဆိုင်ရာ ဤပြဿနာများကို မည်သို့ကြည့်ရှုရမည်ကို မသိဘဲ အခြေခံအားဖြင့် သဘောမပေါက်နိုင်ပါက သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိသည်ဟု ယူဆ၍မရနိုင်ပေ။ ဤစွမ်းရည်သည် သင်နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သို့ရာတွင် သင်သည် တစ်စုံတစ်ရာကို ကြုံတွေ့ရသောအခါ ဤအရာ၏ ဇာစ်မြစ်နှင့် ယင်း၏နောက်ကွယ်ရှိ ရည်ရွယ်ချက်ကို သင် ခွဲခြားသိမြင်နိုင်ပြီး ယင်းက ဖော်ပြကာ ထောက်ခံအားပေးသော အတွေးအခေါ်များနှင့် အမြင်များသည် မှန်ကန်ခြင်း ရှိမရှိ သင် ခွဲခြားသိမြင်နိုင်ကာ ဤအတွေးအခေါ်များနှင့် အမြင်များသည် ခိုင်လုံမှု ရှိမရှိ၊ ယင်းတို့သည် အပြုသဘောဆောင်သော အရာများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ အပျက်သဘောဆောင်သော အရာများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ယင်းတို့သည် အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှု နိယာမများနှင့် ကိုက်ညီမှု ရှိမရှိကိုဖြစ်စေ၊ ဘုရားသခင် ဖန်ဆင်းထားသော အရာခပ်သိမ်းကို အုပ်စိုးသည့် နိယာမများအတွင်းရှိ ဖြစ်စဉ်များနှင့် နီးစပ်မှု ရှိမရှိကိုဖြစ်စေ သင် ခွဲခြားသိမြင်နိုင်ပါက ဆိုလိုသည်မှာ သင့်တွင် ဤကဲ့သို့သော အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိပါက သင်၏ အစွမ်းအစသည် အတော်အတန် ကောင်းမွန်ကြောင်း သက်သေပြနေသည်။ ဤအရာက ထောက်ခံအားပေးသော အတွေးအခေါ်များနှင့် အမြင်များ သို့မဟုတ် ယင်းက မြှင့်တင်ပေးသော ဦးတည်ချက်နှင့် ပန်းတိုင်များတွင် အမှားများ၊ လွဲချော်မှုများ၊ လူ့သဘာဝနှင့်ဖြစ်စေ၊ စဉ်းစားတွေးခေါ်မှု ယုတ္တိနှင့်ဖြစ်စေ မကိုက်ညီသော အရာများ၊ သို့မဟုတ် ဘုရားသခင် ဖန်ဆင်းထားသော အရာခပ်သိမ်းကို အုပ်စိုးသည့် ဓမ္မဓိဋ္ဌာန်ကျသော နိယာမများနှင့် အခြေခံအားဖြင့် လိုက်လျောညီထွေမရှိသော အရာများ ပါဝင်နေပါက၊ သင်သည် ဤအရာအားလုံးကို သတိပြုမိနိုင်ပြီး မည်သည့်အရာက မှန်ကန်သည်၊ မည်သည့်အရာက မမှန်ကန်သည် နှစ်ခုစလုံးကို သင် သတိပြုမိနိုင်ပါက ဤသည်မှာ သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိကြောင်းနှင့် သင်၏ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မြင့်မားကြောင်း သက်သေပြရန် လုံလောက်ပေသည်။ သင့်တွင် ဤစွမ်းရည်ရှိသည်ဟူသော အချက်က သင်၏ အစွမ်းအစ အလွန်ကောင်းမွန်သည်ဟု ဆိုလိုသည်။ ဥပမာအားဖြင့် အသင်းတော်မှ ညီအစ်ကိုမောင်နှမတစ်ဦး ရေးသားထားသော ဆောင်းပါးတစ်ပုဒ်ကို သင် ဖတ်ရှုသောအခါ အမှုအရာများအပေါ် ၎င်းတို့၏ နားလည်မှု၊ လူတို့၏ သဘာဝအနှစ်သာရအပေါ် ၎င်းတို့၏ နားလည်မှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ နားလည်မှုတို့သည် သမ္မာတရား စည်းမျဉ်းများနှင့် လိုက်လျောညီထွေ ရှိမရှိ၊ ဆောင်းပါးထဲတွင် ဖော်ပြထားသော အမြင်ရှုထောင့်များသည် လွဲချော်နေခြင်း ရှိမရှိ၊ ၎င်းတို့ ခံယူထားသော ရှုထောင့်နှင့် ရပ်တည်ချက်သည် မှန်ကန်ခြင်း ရှိမရှိဟူသည်တို့ကို သင် သတိပြုမိနိုင်သည်၊ သင်သည် ဤအရာအားလုံးကို သတိပြုမိနိုင်သည်။ ဆောင်းပါးထဲရှိ မှန်ကန်သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို သင် သဘောတူနိုင်ပါက၊ ဆောင်းပါးထဲရှိ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကိုလည်း သင် ခွဲခြားသိမြင်နိုင်ပြီး ပြုပြင်နိုင်ပါက၊ ထိုသို့သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် အဘယ်ကြောင့် မမှန်ကန်ကြောင်း၊ စဉ်းစားတွေးခေါ်မှု ယုတ္တိ၏ မည်သည့် ကဏ္ဍများ သို့မဟုတ် အပြုသဘောဆောင်သော အရာများ၏ မည်သည့် ဓမ္မဓိဋ္ဌာန်ကျသော နိယာမများကို ယင်းတို့က ချိုးဖောက်ကြောင်း သင် သိရှိပါက၊ ပို၍နက်ရှိုင်းသော အဆင့်တွင် ဘုရားသခင်က လူသားမျိုးနွယ်ကို သတိပေးဆုံးမထားသည့် သမ္မာတရား စည်းမျဉ်းများ၏ မည်သည့် ကဏ္ဍကို ယင်းတို့က ချိုးဖောက်ကြောင်း သင် မြင်တွေ့နိုင်ပါက ဤသည်မှာ သင်၏ အစွမ်းအစ ကောင်းမွန်ကြောင်း သက်သေပြနေသည်။ တစ်ချက်အနေဖြင့် ဤဆောင်းပါးထဲတွင် လေ့လာသင်ယူထိုက်သော မည်သည့် အပြုသဘောဆောင်သော အရာများ ရှိသည်ကို သင် မြင်တွေ့နိုင်ပြီး ယင်းက လူတို့အား မည်သည့် အပြုသဘောဆောင်သော လမ်းညွှန်မှုကို ပေးသည်၊ မည်သည့် အပြုသဘောဆောင်သော ထောက်ပံ့မှု၊ အကူအညီနှင့် ပံ့ပိုးမှုတို့ကို ယူဆောင်လာသည်ကိုလည်း သင် အကဲဖြတ်နိုင်ပါက၊ ထို့အပြင် ဆောင်းပါးတွင် မည်သည့် ဆိုးကျိုးပေးသော၊ အပျက်သဘောဆောင်သောနှင့် လွဲချော်သော အရာများ ပါဝင်သည်၊ လူတို့၏ တွေးခေါ်မှုကို မကောင်းသော လမ်းကြောင်းဆီသို့ ဦးတည်သွားစေနိုင်သည့် မည်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ ပါဝင်သည်၊ ယင်းတို့က လူတို့အပေါ် မည်သည့် အပျက်သဘောဆောင်သော သက်ရောက်မှုများ ရှိနိုင်သည်၊ ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို မည်သို့ ပြုပြင်သင့်သည်၊ လူတို့အား ပို၍ကြီးမားသော အကျိုးကျေးဇူး ယူဆောင်လာပေးနိုင်ရန် အချို့သော လိုကွက်များကို မည်သို့ ဖြည့်ဆည်းပေးသင့်သည်တို့ကို သင် သိရှိနိုင်ပါက ဤသည်မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် အကပညာကို သင်ယူရာတွင် အကဖျော်ဖြေမကို သင် ကြည့်ရှုလေ့လာသောအခါ မည်သည့် လှုပ်ရှားမှုများသည် လူ့သဘာဝ ဆန်သည်၊ လူ့သဘာဝအတွင်းရှိ အတွေးများနှင့် ဆန္ဒများကို ဖော်ပြသည်၊ လူ့သဘာဝ ရှုထောင့်မှ မြစ်ဖျားခံသည်၊ လူ့သဘာဝတွင် အခြေပြုပြီး ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား လိုအပ်ချက်များနှင့် အလွန် လိုက်လျောညီထွေ ရှိသည်တို့ကို သင် သတိပြုမိနိုင်သည်။ ပြီးလျှင် မည်သည့် လှုပ်ရှားမှုများ၊ မျက်နှာအမူအရာများနှင့် ကိုယ်ဟန်အနေထား ဖော်ပြမှုနည်းလမ်းများ၊ ထို့အပြင် ယင်းတို့အတွင်း ထောက်ခံအားပေးသော အတွေးများသည် အပြုသဘောဆောင်ပြီး လူတစ်ဦး၏ ဝိညာဉ်ရေးရာ ကမ္ဘာကို ကြွယ်ဝစေနိုင်သည်တို့ကို သင် သတိပြုမိနိုင်သည်၊ သင်သည် ဤအရာအားလုံးကို မြင်တွေ့နိုင်သည်။ သင်သည် ကခုန်နိုင်ရုံ သို့မဟုတ် ရိုးရှင်းသော လှုပ်ရှားမှုအချို့ကို ဖျော်ဖြေနိုင်ရုံမျှ မဟုတ်ဘဲ ထိုအစား အကဖျော်ဖြေမှုတစ်ခုတွင် ထောက်ခံအားပေးသော အတွေးများကို သင် မြင်တွေ့နိုင်သည်။ သင်သည် ယင်းအတွင်းရှိ အတွေးများ၏ အဓိပ္ပာယ်ကိုလည်းကောင်း၊ ဤအတွေးများ၏ လမ်းညွှန်မှုအောက်တွင် အသုံးပြုထားသော အကပုံစံများကိုလည်းကောင်း နားလည်သဘောပေါက်နိုင်သည်။ အက၏ ပုံစံများနှင့် ကိုယ်ဟန်အနေအထားသည် လူတို့အတွက် အကျိုးရှိပြီး သင် သင်ယူသင့်၊ လက်ခံသင့်ကာ နမူနာယူသင့်သော အရာတစ်ခု ဖြစ်ပါက၊ သင်သည် ဤအရာများကို မြင်တွေ့နိုင်ပြီး သင်ယူနိုင်ကာ ယင်း၏ အပြုသဘောဆောင်သော အစိတ်အပိုင်းများကို လက်ခံနိုင်ပါက ဤသည်မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထိုအကသည် လူ့သဘာဝနှင့် မကိုက်ညီသော လွဲချော်သည့် အတွေးအချို့ကို တင်ဆက်နေပါက၊ သင်သည် ယင်းတို့ကိုလည်း သဘောပေါက်နိုင်ပြီး အမှားများ မည်သည့်နေရာတွင် ရှိသည်ကို ခွဲခြားသိမြင်နိုင်ပါက၊ ဤတင်ဆက်မှုပုံစံတွင် မည်သည့်အရာ မှားယွင်းနေကြောင်းနှင့် ယင်း၏နောက်ကွယ်ရှိ လမ်းညွှန်သော အတွေးများမှာ အဘယ်အရာဖြစ်ကြောင်းတို့ကိုလည်း သင် သိရှိပါက၊ သင်သည် ဤအရာအားလုံးကို မြင်တွေ့နိုင်ပြီး ခွဲခြားသိမြင်နိုင်ပါက ဤသည်မှာလည်း အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ဤဥပမာနှစ်ခုကို ပေးပြီးနောက်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ဟူသည် အဘယ်အရာဖြစ်ကြောင်း သင်တို့ ယခု နားလည်ကြသလော။ တစ်စုံတစ်ဦးတွင် အစွမ်းအစကောင်းမွန်ခြင်းနှင့် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိမရှိ တိုင်းတာရန်အတွက် ဤစံနှုန်းကို သတ်မှတ်ပြီးပြီလော။ (သတ်မှတ်ပြီးပါပြီ။)

သင်သည် တစ်စုံတစ်ရာကို မြင်တွေ့ပြီး ယင်းက ထောက်ခံအားပေးသော အတွေးအခေါ်များနှင့် အမြင်များ သို့မဟုတ် ယင်းက ခံယူထားသော ရှုထောင့်နှင့် ရပ်တည်ချက်ကို သိရှိသော်လည်း ဤအတွေးအခေါ်များနှင့် အမြင်များသည် မှန်ကန်ခြင်း ရှိမရှိ သင် မသိပါက သင့်တွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း သိပ်မရှိပေ။ သင်သည် ဤအရာကို လုပ်ငန်းနယ်ပယ် ရှုထောင့်မှ သို့မဟုတ် အသိပညာ ရှုထောင့်မှသာ ကြည့်ရှုလေ့လာပြီး သင်ယူလျက် “ဤအကသည် အတော်အတန် ကောင်းသည်၊ ဤဆောင်းပါးသည် အတော်အတန် ကောင်းသည်၊ ဤရုပ်ရှင်သည် အတော်အတန် ကောင်းသည်၊ ယင်းတွင် အနုပညာ တန်ဖိုးရှိပြီး ယင်း၏ ဖော်ပြမှု နည်းပညာများသည် ကောင်းမွန်သည်” ဟုသာ ခံစားရကောင်း ခံစားရနိုင်သော်လည်း ဤအရာက ထောက်ခံအားပေးသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် မှန်ကန်သည်ကိုဖြစ်စေ၊ မမှန်ကန်သည်ကိုဖြစ်စေ၊ အမှန်ဖြစ်သည်ကိုဖြစ်စေ၊ အမှားဖြစ်သည်ကိုဖြစ်စေ၊ အပြုသဘောဆောင်သည်ကိုဖြစ်စေ၊ အပျက်သဘောဆောင်သည်ကိုဖြစ်စေ သင် ဆုံးဖြတ်နိုင်စွမ်း မရှိပေ။ ပြီးလျှင် သင်က “ဤအတွေးအခေါ်များနှင့် အမြင်များသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ဤလုပ်ရပ်သည် လူ့သဘာဝနှင့် လိုက်လျောညီထွေရှိသလော။ ယင်းသည် အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှု နိယာမများနှင့် ကိုက်ညီသလော။ ထိုသို့သောလူများ တည်ရှိသလော။ ထိုသို့သော ဖြစ်ရပ်များ ဖြစ်ပွားခဲ့သလော။ ဤသည်မှာ အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သလော” ဟူသည်တို့ကဲ့သို့သော မေးခွန်းများကို မေးကောင်းမေးနိုင်သည်။ သင် ပြောဆိုသော ဝါကျတိုင်း၏ အဆုံးသတ်တွင် မေးခွန်း အမှတ်အသားတစ်ခု ပါဝင်နေပါက သင့်တွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့နေသည်။ သင်သည် ပါဝင်ပတ်သက်နေသော နည်းပညာပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာ သို့မဟုတ် အသိပညာအခြေပြု ကဏ္ဍများကိုသာ သိရှိပြီး အတွေးအခေါ် အဆင့်ရှိ အမှုအရာများနှင့် ပတ်သက်လာသောအခါ ယင်းတို့ မှန်ကန်သည်ကိုဖြစ်စေ၊ မမှန်ကန်သည်ကိုဖြစ်စေ၊ အမှန်ဖြစ်သည်ကိုဖြစ်စေ၊ အမှားဖြစ်သည်ကိုဖြစ်စေ ဝေဖန်ပိုင်းခြားနိုင်စွမ်း ကင်းမဲ့နေပါက ဤအရာက သင်၏ အစွမ်းအစနှင့်ပတ်သက်၍ မည်သည့်အရာကို ဆိုနေသနည်း။ ဤသည်မှာ သင့်တွင် သာမန် အစွမ်းအစရှိကြောင်း ဖော်ပြနေသည်။ သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း အချို့ ရှိသော်လည်း သင်၏ စွမ်းရည်သည် စာရေးသူ၏ အတွေးများကို နည်းပညာပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာ ရှုထောင့်မှ ခံစားနားလည်ခြင်း၌သာ အကန့်အသတ် ရှိနေသည်။ သင်သည် စာရေးသူက ၎င်းလုပ်ဆောင်ခဲ့သည့်အရာကို အဘယ်ကြောင့် လုပ်ဆောင်ခဲ့သည်ကိုသာ သဘောပေါက်နိုင်သော်လည်း သို့မဟုတ် နားလည်နိုင်သော်လည်း ၎င်းတို့ ထောက်ခံအားပေးသော အတွေးအခေါ်များနှင့် အမြင်များသည် မှန်ကန်ခြင်း ရှိမရှိ၊ ယင်းတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်မဖြစ်၊ သို့မဟုတ် ဤအတွေးအခေါ်များနှင့် အမြင်များကို တင်ပြလိုက်သည်နှင့်တစ်ပြိုင်နက် လူတို့အပေါ် သက်ရောက်မှု မည်မျှ ကြီးမားသည်၊ ယင်းမှာ အပြုသဘောဆောင်သော သက်ရောက်မှုလော သို့မဟုတ် အပျက်သဘောဆောင်သော သက်ရောက်မှုလော၊ သို့မဟုတ် ယင်းတို့က လူတို့ထံ မည်သည့် အကျိုးဆက်များ ယူဆောင်လာသည်ဟူသည်တို့ကို သင် အကဲမဖြတ်နိုင်ပေ။ သင်သည် ဤအရာ တစ်စုံတစ်ရာကိုမျှ မသိပေ။ ဤအဆင့်ကို အခြေခံ၍ ထိုသို့သောလူများ၏ အစွမ်းအစသည် သာမန်မျှသာ ဖြစ်သည်။ ၎င်းတို့သည် ခံစားနားလည်နိုင်သော်လည်း အကဲမဖြတ်နိုင်ပေ။ ထို့ကြောင့် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိခြင်းဟူသည့် အစွမ်းအစကို မရောက်နိုင်ကြပေ။ အချို့လူများသည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း အလွန် ညံ့ဖျင်းကြသည်။ အမှုအရာများကို မည်သည့်နည်းဖြင့်မဆို လုပ်ဆောင်သည်ဖြစ်စေ လက်ခံနိုင်ဖွယ်ရှိသည်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့၏ အမြင်များနှင့် သဘောထားများသည် အလွန် နောက်ကျိပြီး လုံးဝ မရှင်းလင်းပေ။ အခြားမည်သူက မည်သည့်အရာကို ပြောသည်ဖြစ်စေ တိကျမှန်ကန်သော အမြင်များ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ မရှိဘဲ ၎င်းတို့ လက်ခံနိုင်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် မည်သည့်တာဝန်ကိုမျှ ကောင်းစွာ မထမ်းဆောင်ကြပေ။ ၎င်းတို့သည် မည်သည့်အလုပ်ကို တာဝန်ယူသည်ဖြစ်စေ ၎င်းတို့၏ အလုပ်တွင် ပေါ်ပေါက်လာသော အမျိုးမျိုးသော အတွေးအခေါ်များနှင့် အမြင်များ၏ အပြုသဘောဆောင်ခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်း၊ မှန်ကန်ခြင်း သို့မဟုတ် မှားယွင်းခြင်းတို့နှင့်စပ်လျဉ်း၍ ပိုင်းခြားသတ်မှတ်ခြင်းနှင့် စည်းများ ရေးဆွဲခြင်းတို့ ပြုလုပ်ရမည့်အချိန်တွင် အထူးသဖြင့် နောက်ကျိပြီး မရှင်းလင်းကြပေ။ လူများက ၎င်းတို့ကို “ဤကဲ့သို့သော အတွေး သို့မဟုတ် အမြင် ပေါ်ပေါက်လာသည်၊ ယင်းမှာ မှန်ကန်သလော” ဟု မေးသောအခါ ၎င်းတို့က “လူတို့၏ စိတ်များသည် လွတ်လပ်သည်။ ယင်းတို့ကို ကန့်သတ်မထားသင့်။ ကွဲပြားစုံလင်မှု ရှိရမည်။ မည်သည့် အတွေးအမျိုးအစားကိုမဆို တင်ပြခွင့်နှင့် ဖော်ပြခွင့် ပေးသင့်သည်” ဟု ပြောဆိုကြသည်။ ဤသည်မှာ အမျိုးမျိုးသော အတွေးများ တည်ရှိခြင်းနှင့်စပ်လျဉ်းသည့် ၎င်းတို့၏ အမြင်ဖြစ်သည်။ ဆိုလိုသည်မှာ မည်သည့် အတွေးအခေါ်များ သို့မဟုတ် အမြင်များ ပေါ်ပေါက်လာသည်ဖြစ်စေ၊ ယင်းတို့ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ယင်းတို့အားလုံးကို တည်ရှိခွင့် ပေးသင့်ကြောင်းနှင့် ယင်းတို့ကို လွတ်လပ်စွာ တင်ပြသင့်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ တစ်စုံတစ်ဦးက တစ်နည်းနည်းဖြင့် တွေးတောသရွေ့၊ တစ်စုံတစ်ဦးတွင် လိုအပ်ချက်တစ်ခု ရှိနေသရွေ့၊ အတွေးတစ်ခုအတွက် ပရိသတ် သို့မဟုတ် ယင်းကို ထောက်ခံသော လူများ ရှိနေသရွေ့ ယင်း၏ တည်ရှိမှုတွင် တန်ဖိုးရှိသည်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့၏ ဤအတွေးနှင့် အမြင်သည် အလွန် နောက်ကျိသည်။ ဘာသာတရား မရှိသူများ၏ စကားဖြင့်ဆိုရလျှင် ယင်းသည် နယ်နိမိတ်များ မရှိသော “မီးခိုးရောင် နယ်မြေ” တစ်ခုတွင် တည်ရှိလေ့ရှိသည်။ ဤလူများတွင် အမှုအရာများ မှန်ကန်ခြင်း ရှိမရှိ ဝေဖန်ပိုင်းခြားရန်အတွက် တင်းကျပ်သော စံနှုန်းများ သို့မဟုတ် စံသတ်မှတ်ချက်များ မရှိကြပေ။ ထိုသို့သောလူများတွင် ရပ်တည်ချက် မရှိ၊ စစ်မှန်သော အတွေးအခေါ်များ သို့မဟုတ် အမြင်များ မရှိဟုလည်း ပြောနိုင်သည်။ ဤလူများတွင် မည်သည့်အရာနှင့် ပတ်သက်၍မဆို အပြုသဘောဆောင်သော ထောက်ခံတင်ပြချက် မရှိဟုလည်း ပြောနိုင်သည်။ သို့ဆိုလျှင် ထိုသို့သောလူများသည် သမ္မာတရားကို လက်ခံနိုင်သလော။ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်သလော။ အမှန်တကယ် ပြောရ ခက်ခဲလှသည်။ အစွမ်းအစညံ့ဖျင်းခြင်းသည် ပြဿနာရှိသည်။ အစွမ်းအစညံ့ဖျင်းသော လူများသည် အတွေးအခေါ် သို့မဟုတ် အမြင် နှစ်မျိုး တစ်ချိန်တည်း ပေါ်ပေါက်လာသည်ကို ကြုံတွေ့ရသောအခါ ၎င်းတို့တွင် ကိုယ်ပိုင်အမြင် မရှိကြပေ။ မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မမှန်ကန်ကြောင်း ၎င်းတို့ မသိကြပေ။ မည်သည့်ဘက်က ပို၍ အားကောင်းသည်ဖြစ်စေ ၎င်းတို့သည် ထိုဘက်သို့ လိုက်ကြသည်။ ဤသည်ကို ရပ်တည်ချက်မရှိခြင်းဟု ခေါ်သည်။ ထိုသို့သောလူများသည် နားဝေတိမ်တောင် ဖြစ်သောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ လူ့သဘာဝ လိုက်စားမှု မည်သို့ရှိသည်၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ကျင့်စရိုက် မည်သို့ရှိသည်ကို ငါတို့ ဆွေးနွေးမည် မဟုတ်ပေ။ ၎င်းတို့၏ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှုထောင့်မှ ပြောရလျှင် ဤကဲ့သို့သော လူများအတွက် ၎င်းတို့၏ အစွမ်းအစသည် သာမန်မျှသာ ဖြစ်သည်။ ငါ အဘယ်ကြောင့် ဤသို့ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အစွမ်းအစက ၎င်းတို့အား အတွေးအခေါ် အဆင့်ရှိ အချို့သော အရာများကို ခံစားနားလည်နိုင်စေသော်လည်း အမှုအရာများ၏ အစစ်အမှန်ဖြစ်မှုကို အကဲဖြတ်ရန်နှင့် အမှုအရာများသည် မှန်သလော မှားသလော၊ မှန်ကန်သလော မမှန်ကန်သလောဟူသည်ကို ခွဲခြားသိမြင်ရန် စွမ်းရည် ကင်းမဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အစွမ်းအစကို သာမန်ဟု သတ်မှတ်သည်။ အဘယ်ကြောင့်ဆိုသော် အမှုအရာများကို အကဲဖြတ်ရာတွင် ၎င်းတို့၏ အတွေးအခေါ်များ၊ အမြင်များနှင့် ရပ်တည်ချက်များသည် အလွန် နောက်ကျိပြီး အပြုသဘောဆောင်သော အရာများဟူသည့် အခြေခံ သို့မဟုတ် စံသတ်မှတ်ချက် မရှိသောကြောင့် ၎င်းတို့သည် ကောင်းမှုအချို့ကို ပြုလုပ်နိုင်သော်လည်း မကောင်းမှုအချို့ကိုလည်း ပြုလုပ်နိုင်ကြသည်။ ၎င်းတို့သည် အခြားသူများကို အကျိုးပြုပြီး လူ့သဘာဝကို အထောက်အကူပြုသည့် အတော်အတန် မှန်ကန်သော အရာအချို့ကို လုပ်ဆောင်နိုင်သော်လည်း တစ်ချိန်တည်းမှာပင် အခြားသူများကို ထိခိုက်နာကျင်စေပြီး ထိုသူတို့အပေါ် ဆိုးကျိုးသက်ရောက်စေသည့် အရာများကို လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် ထိုသို့သောလူများ၏ အစွမ်းအစသည် သာမန်မျှသာ ဖြစ်သည်။ ဥပမာအားဖြင့် ရုပ်ရှင်တစ်ကား ရှိသည်ဟု ဆိုကြပါစို့။ ယင်းတွင် ဒါရိုက်တာ ထောက်ခံအားပေးသော အတွေးများသည် အတော်အတန် အပြုသဘောဆောင်ပြီး အတော်အတန် လူ့သဘာဝ ဆန်ကာ လူ့သဘာဝ၏ လိုအပ်ချက်များနှင့် အတော်အတန် လိုက်လျောညီထွေရှိသော အရာများ ဖြစ်သည်။ ထိုလိုအပ်ချက်များမှာ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနှင့် အခြားသော အပြုသဘောဆောင်သည့် အရာများကဲ့သို့ ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် တရားမျှတမှန်ကန်သော အရာများ ဖြစ်သည်။ ဒါရိုက်တာသည် လူတို့အား ဤအရာများကို သိရှိလာစေရန် ကူညီပေးဖို့ ရုပ်ရှင်မှတစ်ဆင့် လူ့အတွေးများ၏ နက်ရှိုင်းသော နေရာတွင်ရှိသည့် ဤအရာများကို ထုတ်ဖော်ပြသသည်။ အစွမ်းအစ သာမန်ရှိသော လူတစ်ဦးသည် ဤရုပ်ရှင်ကို ကြည့်ရှုပါက ထိုအတွေးများသည် ကောင်းမွန်ပြီး မှန်ကန်ကြောင်း အသိအမှတ်ပြုနိုင်သည်။ ထိုအတွေးများသည် ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် အတော်အတန် ရေပန်းစားပြီး အလေးထားခံရကြောင်း မြင်တွေ့နိုင်သည်။ ဒါရိုက်တာ ထောက်ခံအားပေးသော အတွေးများ၏ မှန်ကန်မှုကို ၎င်းက သဘောပေါက်နိုင်သည်။ သို့သော် ဤရုပ်ရှင်ထဲတွင် ဒါရိုက်တာသည် အတော်အတန် လူနည်းစုသာ လက်ခံသည့် အတွေးအချို့ကိုလည်း ထောက်ခံအားပေးပါက ဆိုလိုသည်မှာ အရွယ်ရောက်ပြီးသူ အများစုနှင့် သဘောပေါက်နားလည်နိုင်စွမ်းရှိသူ အများစု မတွေးမိနိုင်သော အရာများ၊ အလွန် အစွန်းရောက်ပြီး အမှုအရာများ၏ ပုံမှန် ဖွံ့ဖြိုးတိုးတက်မှု နိယာမများအရ တွေ့ရခဲသော သို့မဟုတ် ဖြစ်ပျက်ရန် မဖြစ်နိုင်သလောက်ရှိသော အရာများ ဖြစ်ပါက အမှုအရာများကို သာမန်သာ အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိသော လူတို့သည် ရုပ်ရှင်ကို ကြည့်ရှုသောအခါ ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပေ။ ၎င်းတို့က “ဒါရိုက်တာ ထောက်ခံအားပေးသော ဤသီးခြားအတွေးများသည် မမှားယွင်းပါ။ ဤအရာများသည် လူနည်းစုကသာ နှစ်သက်ပြီး လက်ခံသည့် အရာများ ဖြစ်လျှင်ပင် ဤအတွေးများကို ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် အလေးထားသင့်ပါသေးသည်။ လူတိုင်း သိရှိပြီး လက်ခံနိုင်ရန်အလို့ငှာ ယင်းတို့ကို လူသိရှင်ကြား ဖြစ်စေသင့်ပါသည်” ဟုပင် တွေးထင်ကြမည်။ သင် မြင်သလော၊ ရုပ်ရှင်ကား တစ်ကားတည်းတွင် ဒါရိုက်တာ ထောက်ခံအားပေးသော အရာများသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ လူတို့အပေါ် အပျက်သဘောဆောင်သော လွှမ်းမိုးမှု ရှိသည်ဖြစ်စေ ၎င်းတို့သည် ယင်းတို့ကို လက်ခံလိမ့်မည်ဖြစ်ပြီး အထူးပင် နှစ်သက်သဘောကျလိမ့်မည်။ ၎င်းတို့အတွက် မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်းကြားတွင် ရှင်းလင်းသော သို့မဟုတ် တိကျသော ခြားနားချက် မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် ဤရုပ်ရှင်ထဲရှိ အပြုသဘောဆောင်သော အရာများကို လက်ခံနိုင်သကဲ့သို့ အပျက်သဘောဆောင်သော အရာများကိုလည်း လက်ခံနိုင်သည်။ ၎င်းတို့သည် ဤအရာများကို လက်ခံနိုင်သောကြောင့် ယင်းတို့ကို အသုံးချကြလိမ့်မည်။ ၎င်းတို့သည် ဤအရာများကို မိမိတို့၏ ကိုယ်ပိုင် အတွေးအခေါ်များနှင့် အမြင်များကို ဖော်ပြသည့် လက်ရာများထဲသို့ ထည့်သွင်းလိမ့်မည်၊ သို့မဟုတ် နေ့စဉ်ဘဝတွင် အခြားသူများထံ သွတ်သွင်းပေးလျက် အခြားသူများကို လွှမ်းမိုးလိမ့်မည်။ အပြုသဘောဆောင်သော အရာများသည် လူတို့အပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သော်လည်း အပျက်သဘောဆောင်သော အရာများသည် လူတို့အပေါ် ဧကန်မုချ အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။ ထို့ကြောင့် ထိုသို့သောလူများသည် ကောင်းမှုပြုနေစဉ်တွင် မကောင်းမှုအချို့ကိုလည်း ပြုလုပ်ကြလိမ့်မည်။ ဆိုလိုသည်မှာ သင် ဗိုက်ဆာသောအခါ ဥပမာအားဖြင့် ၎င်းတို့က သင့်ကို ဆန်ပြုတ်တစ်ပန်းကန် ပေးလိမ့်မည်ဖြစ်သော်လည်း ယင်းမှာ သန့်ရှင်းမည်မဟုတ်ဘဲ သဲအချို့နှင့် ရောနှောနေမည်ဖြစ်ကာ အချိန်ကြာမြင့်စွာ စားသုံးခြင်းက သင်၏ ကျန်းမာရေးကို ထိခိုက်စေလိမ့်မည်။ သို့မဟုတ် ၎င်းတို့က သင့်ကို အစားအစာတစ်ပန်းကန် ပေးလိမ့်မည်ဖြစ်သော်လည်း ယင်းမှာ ယင်ကောင်များနှင့် ခြင်များကဲ့သို့သော အရာများနှင့် ရောနှောနေလိမ့်မည်။ သင်က အရသာရှိသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း ယင်းတွင် ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိသော ဘက်တီးရီးယားအချို့ ပါဝင်နေသည်။ ထိုသို့သောလူများသည် သင်၏ ဆာလောင်မှုကို ဖြေရှင်းပေးပြီးဖြစ်ကာ သင့်ကို ဗိုက်ဝစေပြီး ဖြစ်သော်လည်း ၎င်းတို့သည် သင်၏ ခန္ဓာကိုယ်အပေါ် ဆိုးကျိုးအချို့ကိုလည်း သက်ရောက်စေပြီး ဖြစ်လိမ့်မည်။ ထိုနည်းတူစွာပင် သင့်တွင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ပါက လက်ရာတစ်ခုကို သင် ကြည့်ရှုသောအခါ ယင်းမှ မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်အချို့ကို သင် လက်ခံမိရန် အလွန် အလားအလာရှိပြီး ယင်း၏ အထင်အမြင်မှားစေခြင်းနှင့် အဆိပ်သင့်စေခြင်းကို ခံရပေမည်။ ထို့ကြောင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ပိုင်ဆိုင်ခြင်းသည်လည်း အလွန် အရေးကြီးသည်။ ဤသည်တို့မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှုထောင့်မှကြည့်လျှင် အစွမ်းအစ သာမန်ရှိသော လူများ၏ သရုပ်သကန်များ ဖြစ်သည်။

နောက်တစ်ဆင့်မှာ အစွမ်းအစညံ့ဖျင်းသော လူများ ဖြစ်သည်။ အစွမ်းအစညံ့ဖျင်းသော လူများတွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မရှိကြပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် မည်သည့်အရာကို မြင်တွေ့သည်ဖြစ်စေ မည်သည့် အတွေးအခေါ်များနှင့် အမြင်များကို ပိုင်ဆိုင်ထားခြင်းက မှန်ကန်သည်ကို မသိကြသကဲ့သို့ မည်သည့် ရှုထောင့် သို့မဟုတ် ရပ်တည်ချက်ကို ခံယူခြင်းက မှန်ကန်သည်ကိုလည်း မသိကြပေ။ ဤကိစ္စတွင် လူတို့၌ မည်သည့် မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်မျိုး ရှိသည်ကိုပင် ၎င်းတို့ မသိကြပေ၊ သို့မဟုတ် ထိုသို့သော ကိစ္စရပ်များကို ရင်ဆိုင်ရသောအခါ လူတို့သည် ယခင်က မည်သည့် အတွေးများ၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်ကိုပင် မသိကြပေ။ ဤသည်မှာ စဉ်းစားတွေးခေါ်မှု ယုတ္တိနှင့် သက်ဆိုင်ပြီး အစွမ်းအစညံ့ဖျင်းသော လူများသည် ဤအရာကို လုံးဝ လက်လှမ်းမမီကြပေ။ ထို့ကြောင့် ၎င်းတို့သည် အမှုအရာများကို တန်ဖိုးထားခံစားနိုင်သည်ဟု ဆိုဖွယ်ရာ မရှိတော့ပေ။ လူတစ်ဦးသည် အမှုအရာများကို တန်ဖိုးထားခံစားတတ်ပြီးမှသာ အမှုအရာများအပေါ် ၎င်းတို့၏ ခံစားမှု မည်သို့ရှိသည်၊ သို့မဟုတ် ၎င်းတို့တွင် အမှုအရာများကို အကဲဖြတ်နိုင်စွမ်း ရှိမရှိဟူသည်ကို ပြောဆိုနိုင်သည်။ ၎င်းတို့သည် အမှုအရာများကို ခံစားခြင်းပင် မပြုနိုင်ပါက ၎င်းတို့တွင် အကဲဖြတ်နိုင်စွမ်း ရှိမရှိ ဆွေးနွေးခြင်းသည် အဓိပ္ပာယ်ပင် မရှိတော့ပေ။ ဥပမာအားဖြင့် ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီးနောက်တွင် အချို့လူများက “ဤဆောင်းပါးသည် ဝေါဟာရ အသုံးအနှုန်း ကြွယ်ဝပြီး အလွန် ချောမွေ့ပြေပြစ်စွာ ဖော်ပြထားကာ အတော်လေး ဟာသမြောက်သည်။ ဆောင်းပါး ရေးသားထားပုံမှာ အလွန် ကောင်းမွန်ပါသည်” ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက “ဤဆောင်းပါးတွင် စာရေးသူက မည်သည့် အတွေးအခေါ်များနှင့် အမြင်များကို ဖော်ပြရန် ရည်ရွယ်ခဲ့သနည်း။ ဤကဲ့သို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း” ဟု မေးမြန်းသည်။ “ဪ၊ သဘောထားတစ်ခု ရှိသလော။ ယင်းတွင် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များလည်း ပါဝင်သလော။ ကျွန်ုပ် သတိမထားမိပါ။ မည်သို့ပင်ဖြစ်စေ ၎င်းတို့၏ ဆောင်းပါး ရေးသားထားပုံ ကောင်းသည်ဟု ကျွန်ုပ် ထင်ပြီး ဖတ်ရသည်ကို နှစ်သက်ပါသည်” ဟူ၍ ဖြစ်သည်။ တစ်ဖက်လူက “သို့ဆိုလျှင် ၎င်းတို့ ဖော်ပြခဲ့သည့် မည်သည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို သင် နှစ်သက်သနည်း။ မည်သည့် စာပိုဒ် သို့မဟုတ် ဇာတ်လမ်းက စာရေးသူ၏ မည်သည့် အတွေးအခေါ်များနှင့် အမြင်မျိုးကို ဖော်ပြသည်၊ ဆောင်းပါး၏ အဓိက အယူအဆမှာ အဘယ်အရာ ဖြစ်သည်တို့ကို သင် သိသလော” ဟု မေးမြန်းသည်။ ၎င်းတို့က “ကျွန်ုပ် ထိုအရာကို မစဉ်းစားရသေးပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ယင်းကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ထပ်ဖတ်သော်လည်း ဆောင်းပါး ရေးသားထားပုံ ကောင်းမွန်ပြီး စာပေအရေးအသား ကောင်းမွန်သည်ဟုသာ ခံစားရဆဲဖြစ်သည်။ ယင်းက မည်သည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင်များကို ဖော်ပြခြင်းနှင့်ပတ်သက်၍မူ ၎င်းတို့ မသိမြင်နိုင်ကြချေ။ ဤသည်မှာ ၎င်းတို့၏ အစွမ်းအစ မည်သို့ရှိကြောင်းကို ဖော်ထုတ်နေသည် မဟုတ်လော။ ၎င်းတို့သည် ဤဆောင်းပါးကို ဖတ်ရှုပြီး ဆောင်းပါးက ရှင်းပြထားသည့် အတွေးအခေါ်များနှင့် အမြင်များကို သဘောမပေါက်နိုင်ပါက ၎င်းတို့တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ပြီး အစွမ်းအစညံ့ဖျင်းသော လူတစ်ဦးဖြစ်သည်ဟုသာ ပြောဆိုနိုင်သည်။ ဆောင်းပါးတွင် မှန်ကန်သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို ရှင်းပြထားပြီးဖြစ်သည့် ရှင်းလင်းသော စကားလုံးများ ပါဝင်သော်လည်း ၎င်းတို့ မသိမြင်နိုင်သေးပါက ဤသည်မှာ ၎င်းတို့၏ အစွမ်းအစ အလွန်အမင်း ညံ့ဖျင်းကြောင်း သက်သေပြနေသည်။ ၎င်းတို့က “ဆောင်းပါး ရေးသားထားပုံ ကောင်းသည်၊ စကားလုံးများ ချောမွေ့ပြေပြစ်ပြီး စာပေအရေးအသား ပုံစံ ကောင်းသည်” ဟုသာ ပြောဆိုနိုင်သော်လည်း ဆောင်းပါးတွင် ဆွေးနွေးထားသော အချက်အလက်များသည် ဓမ္မဓိဋ္ဌာန်ကျခြင်း ရှိမရှိ၊ ယင်းက စာဖတ်သူများကို မည်သို့ ခံစားရစေသည်၊ သို့မဟုတ် စာဖတ်သူများက ယင်းမှ မည်သည့်အရာကို သင်ယူနိုင်ပြီး ရယူနိုင်သည်တို့ကို ၎င်းတို့ မသိကြပေ၊ နားမလည်ကြပေ။ ၎င်းတို့သည် စာရေးသူကို မေးမြန်းရန် လိုအပ်နေဦးမည် ဖြစ်သည်။ ဤသည်မှာ ထိုသို့သောလူများတွင် အစွမ်းအစ ညံ့ဖျင်းကြောင်း လုံးဝ သက်သေပြနေသည်။ ၎င်းတို့၏ အစွမ်းအစညံ့ဖျင်းခြင်းသည် မည်သို့ ထုတ်ဖော်ပြသနည်း။ ၎င်းတို့၏ အစွမ်းအစညံ့ဖျင်းခြင်းသည် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များဟူသည် အဘယ်အရာဖြစ်ကြောင်း ၎င်းတို့ နားမလည်ခြင်း၊ အမှုအရာများကို မည်သို့ တန်ဖိုးထားခံစားရမည်ကို နားမလည်ခြင်းတို့တွင် ထုတ်ဖော်ပြပြီး အမှုအရာများကို အကဲဖြတ်ရန် လုံးဝ မစွမ်းဆောင်နိုင်ခြင်းတွင် သာ၍ပင် ပေါ်လွင်ထင်ရှားသည်။ ခြုံငုံ၍ ဤသည်ကို အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ခြင်းဟု ခေါ်ဆိုသည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သော လူများသည် အစွမ်းအစ သာမန်ရှိသော လူများထက် ပို၍ဆိုးရွားသည့် ပုံစံမှာ ၎င်းတို့သည် အမှုအရာများကို အကဲဖြတ်နိုင်စွမ်း ကင်းမဲ့ရုံသာမက အမှုအရာများကို တန်ဖိုးထားခံစားနိုင်စွမ်းပင် ကင်းမဲ့နေခြင်း ဖြစ်သည်။ ထို့ကြောင့် အတွေးအခေါ်များနှင့် အမြင်များ အဆင့်၊ စဉ်းစားတွေးခေါ်မှု ယုတ္တိ၊ သို့မဟုတ် တစ်စုံတစ်ရာသည် လူ့သဘာဝနှင့် သို့မဟုတ် အမှုအရာများ၏ ဓမ္မဓိဋ္ဌာန်ကျသော နိယာမများနှင့် ကိုက်ညီမှု ရှိမရှိဟူသည်တို့နှင့် ပတ်သက်လာသောအခါ ၎င်းတို့သည် ယင်းတို့ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသကဲ့သို့ မည်သို့ ခံစားရမည်ကို မသိကြပေ။ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် မှန်ကန်ခြင်း ရှိမရှိ ခွဲခြားသိမြင်ဖို့ဆိုသည်မှာ ဝေးစွ၊ ဤဆောင်းပါးက အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ တစ်စုံတစ်ရာကို ရှင်းပြထားခြင်း ရှိမရှိကိုပင် ၎င်းတို့ သဘောမပေါက်နိုင်ကြပေ။ ၎င်းတို့ ကျောင်းတက်ဖူးသောကြောင့်သာ စကားလုံးများ၊ အသိပညာ၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အတတ်ပညာတို့နှင့် သက်ဆိုင်သော အရာများကို ဖတ်ရှုနိုင်ခြင်း ဖြစ်သော်လည်း ၎င်းတို့သည် အမှုအရာများကို ခံစားနိုင်ခြင်း မရှိဘဲ ဖတ်ရှုနိုင်၊ ကြည့်ရှုနိုင်၊ နားထောင်နိုင်သည့် အဆင့်တွင်သာ ရှိနေကြသည်။ ထိုသို့သောလူများသည် အစွမ်းအစညံ့ဖျင်းသော လူများ ဖြစ်ကြသည်။ အစွမ်းအစညံ့ဖျင်းသော လူများသည် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အတတ်ပညာများ သို့မဟုတ် အသိပညာ အဆင့်နှင့် သက်ဆိုင်သော အရာများကို ပြောဆိုနိုင်သည်။ တစ်စုံတစ်ရာသည် မည်သည့် နာမည်ကြီးပုဂ္ဂိုလ်၏ လက်ရာဖြစ်သည်၊ မည်သည့် နာမည်ကြီးပုဂ္ဂိုလ်၏ ကျော်ကြားသော စကားကို ကိုးကားထားသည်၊ မည်သည့် ဖော်ပြမှုပုံစံကို ရည်ညွှန်းထားသည်၊ သို့မဟုတ် ယင်းကို ပြီးမြောက်အောင်မြင်စေရန် မည်သည့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာကို အသုံးပြုထားသည် စသည်တို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို သိမြင်နိုင်သည်။ သို့ရာတွင် ဤအတတ်ပညာများနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ သို့မဟုတ် အသိပညာ အဆင့်အပေါ် အခြေခံ၍ ထောက်ခံအားပေးပြီး ဖော်ပြနေသော အယူအဆများကို ၎င်းတို့ နားမလည်ကြပေ။ ထို့အပြင် ဤအရာများကို ပုံဖော်ခြင်းနှင့် တင်ဆက်ခြင်း နောက်ကွယ်ရှိ အယူအဆများ၊ အခြေခံများ သို့မဟုတ် အခြေခံသဘောတရားများမှာ အဘယ်အရာ ဖြစ်သည်ကိုလည်း ၎င်းတို့ နားမလည်ကြပေ။ ဤသည်မှာ အစွမ်းအစညံ့ဖျင်းခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ ထိုသို့သောလူများတွင် ထူးခြားသော လက္ခဏာတစ်ခု ရှိသည်။ ၎င်းတို့သည် ပြဿနာများကို မည်သို့ တွေးတောဆင်ခြင်ရမည်ကို မသိကြပေ။ တစ်စုံတစ်ရာကြောင့် ဖြစ်ပေါ်လာသော ဖြစ်စဉ်များ၏ အခြေခံအကြောင်းရင်းနှင့် အနှစ်သာရကို မည်သို့ ခွဲခြားသိမြင်ရမည်၊ သုံးသပ်ဆုံးဖြတ်ရမည်၊ သို့မဟုတ် သိရှိရမည်ကို ၎င်းတို့ မသိကြပေ။ သို့မဟုတ် ဤဖြစ်စဉ်များ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်နှင့် ယင်းတို့က လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် သက်ရောက်မည့် လွှမ်းမိုးမှုကို ၎င်းတို့ မသိကြပေ။ ထိုသို့သောလူများတွင် ပုံမှန် တွေးခေါ်မှု မရှိကြပေ။ ၎င်းတို့ နားလည်နိုင်သော အရာများနှင့် ၎င်းတို့ သဘောပေါက်နိုင်သော ဘဝအတွေ့အကြုံများသည် အလွန် အကန့်အသတ် ရှိသည်။ ၎င်းတို့သည် မည်မျှ ရှုပ်ထွေးသော ကိစ္စရပ်များကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းတို့ကို နားမလည်နိုင်ကြပေ၊ သို့မဟုတ် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် တစ်စုံတစ်ရာနှင့်ပတ်သက်၍ မျက်နှာပြင်ပေါ်တွင် ၎င်းတို့ ကြားရသော စကားလုံးများနှင့် မြင်ရသော စာသားများကိုသာ စဉ်းစားနိုင်ပြီး ပါဝင်ပတ်သက်နေသော အပြင်ပန်း ပုံသဏ္ဌာန်များနှင့် နည်းလမ်းများကိုသာ စဉ်းစားနိုင်သည်။ ဤအဆင့်အထိသာ ရောက်ရှိသည်။ အမျိုးမျိုးသော အရာများကြားရှိ ဆက်နွှယ်မှုများ၊ ယုတ္တိနှင့် အပြန်အလှန် လွှမ်းမိုးမှုများကဲ့သို့သော ပို၍နက်ရှိုင်းသည့် ကဏ္ဍများနှင့်ပတ်သက်၍မူ ၎င်းတို့သည် ယင်းတို့ကို မစဉ်းစားကြသကဲ့သို့ စဉ်းစားနိုင်စွမ်းလည်း မရှိကြပေ။ အချို့လူများသည် အစားအသောက်ပျက်သည်အထိ၊ အအိပ်ပျက်သည်အထိ သို့မဟုတ် စိတ်ဓာတ်ကျသည်အထိ တစ်စုံတစ်ရာကို စဉ်းစားသော်လည်း ယင်းကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြသေးပေ။ ဤသည်မှာ အစွမ်းအစညံ့ဖျင်းခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ လူတစ်ဦးတွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိမရှိ အကဲဖြတ်ခြင်းသည် ကိစ္စရပ်တစ်ခုကို ကြုံတွေ့ရသောအခါ အမျိုးမျိုးသော အရာများကြားရှိ ရှုပ်ထွေးသော ဆက်နွှယ်မှုများ၊ ချိတ်ဆက်မှုများ သို့မဟုတ် အပြန်အလှန် လွှမ်းမိုးမှုများအပြင် ယင်းတို့ ရရှိလာနိုင်မည့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများနှင့် စပ်လျဉ်း၍ ဖြစ်နိုင်ချေ အမျိုးမျိုးကို ဖော်ထုတ်ရန် ၎င်းတို့ သုံးသပ်ဆုံးဖြတ်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ လူတစ်ဦးသည် တစ်စုံတစ်ယောက်က မည်သည့်အရာ ပြောဆိုခဲ့သည် သို့မဟုတ် လုပ်ဆောင်ခဲ့သည်ကိုသာ ပြောဆိုနိုင်ပြီး မည်သည့် ပိုင်းခြားသိမြင်မှုမျှ မရှိဘဲ၊ မည်သည့် ပြဿနာကိုမျှ သိမြင်ခြင်းမရှိဘဲ ၎င်းတို့ ကြားခဲ့သည့် သို့မဟုတ် မြင်ခဲ့သည့်အရာကို ပြန်လည်ပြောပြရုံသာ ပြုလုပ်နိုင်ပါက ဤသည်မှာ ၎င်းတို့တွင် ပုံမှန် တွေးခေါ်မှု မရှိကြောင်း ဖော်ပြနေသည်။ တွေးခေါ်နိုင်စွမ်း ကင်းမဲ့သော လူများသည် အမှုအရာများကို တန်ဖိုးထားခံစားနိုင်စွမ်း ကင်းမဲ့ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းလည်း ကင်းမဲ့ကြပြီး မည်သို့ တွေးခေါ်ရမည်ကို မသိကြပေ။ သို့ဆိုလျှင် ဤစွမ်းရည်အကြောင်း ငါတို့ အဘယ်ကြောင့် ဆွေးနွေးရန် လိုအပ်သနည်း။ လူတို့တွင် ရုပ်ဝတ္ထုကမ္ဘာကို ခံစားနိုင်သည့် စွမ်းရည်အမျိုးမျိုး ကင်းမဲ့ပါက ဤလူများ၏ အစွမ်းအစသည် ညံ့ဖျင်းသည်။ ၎င်းတို့သည် မည်သို့ တွေးခေါ်ရမည်ကို မသိကြသကဲ့သို့ ၎င်းတို့၏ တွေးခေါ်မှုတွင် ယုတ္တိကင်းမဲ့သောကြောင့် ထိုသို့သောလူများသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်တွင် သမ္မာတရားသည် လူတို့၏ လက်တွေ့ဘဝများတွင်ရှိသော ပြဿနာများ၏ ကဏ္ဍအသီးသီးနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပယ်ရှားရန်အလို့ငှာ ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းအမျိုးမျိုးနှင့်လည်း သက်ဆိုင်သည်။ ထို့အပြင် ယင်းသည် လူတို့ လက်တွေ့ဘဝတွင် ကြုံတွေ့ရသော တစ်ဖက်သတ် ပြဿနာ အမျိုးအစားအမျိုးမျိုးနှင့်ဖြစ်စေ၊ ရှုပ်ထွေးပြီး ဘက်ပေါင်းစုံပါဝင်သည့် ပြဿနာ အမျိုးအစားအမျိုးမျိုးနှင့်ဖြစ်စေ၊ ယင်းတို့ကြားရှိ ဆက်နွှယ်မှုများနှင့်ဖြစ်စေ သာ၍ပင် သက်ဆိုင်သည်။ သမ္မာတရား တစ်ခုတည်းအကြောင်း ပြောဆိုသည်ဖြစ်စေ၊ အပြန်အလှန် ဆက်စပ်နေသော သမ္မာတရား အများအပြားအကြောင်း ပြောဆိုသည်ဖြစ်စေ မည်သည့် သမ္မာတရားမျှ စည်းမျဉ်းစည်းကမ်းတစ်ခု မဟုတ်ပေ။ ထိုအစား ယင်းတို့သည် အမှုအရာ အမျိုးအစားတစ်ခုကို တိုင်းတာရန်အတွက် စည်းမျဉ်းများ သို့မဟုတ် စံသတ်မှတ်ချက်များ ဖြစ်ကြသည်။ စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များအကြောင်း ပြောရလျှင် ယင်းတို့သည် တစ်ပေါင်း တစ် ညီမျှခြင်း နှစ်ကဲ့သို့သော စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ပုံသေနည်းများ မဟုတ်ကြပေ။ ယင်းတို့သည် ပုံသေနည်းများ မဟုတ်သောကြောင့် လက်တွေ့ဘဝတွင် ကိစ္စရပ်များကို ကြုံတွေ့ရသောအခါ လူ့သဘာဝ၏ မည်သည့် ပြဿနာများ ပါဝင်ပတ်သက်နေသည်၊ ဤကဏ္ဍတွင် လူ့သဘာဝ၏ ထုတ်ဖော်မှုများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အစိတ်အပိုင်းများ ပါဝင်ခြင်း ရှိမရှိ၊ တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အမျိုးအစားအတွက် မည်သည့် အခြေအနေများနှင့် ထုတ်ဖော်ပြသမှုများ ရှိသည်၊ ပြီးလျှင် ယင်းကို ပြောင်းလဲရန်အလို့ငှာ လူတို့သည် သမ္မာတရား၏ မည်သည့် ကဏ္ဍများကို လက်တွေ့လုပ်ဆောင်သင့်ပြီး လိုက်နာသင့်သည်တို့ကို လူတို့ တွေးတောဆင်ခြင်နိုင်ရန်နှင့် ရှာဖွေနိုင်ရန် လိုအပ်သည်။ ဤအရာအားလုံးကို လူတို့ နားလည်ရန် လိုအပ်သည်။ သင်သည် သမ္မာတရား၏ စကားလုံးများကိုသာ သိရှိပြီး သမ္မာတရား၏ ဤကဏ္ဍတွင် ပြောဆိုထားသော စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို မသိပါက သင်သည် ယင်းကို လက်တွေ့ဘဝ အမှုအရာများနှင့် မည်သို့ ဆက်စပ်ရမည်ကို သိရှိမည်မဟုတ်သကဲ့သို့ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း သိရှိမည်မဟုတ်ပေ။ သင့်တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိပါက သင်သည် ယင်းကို သင့်ကိုယ်တိုင်၌ ရှိသော ပြဿနာများနှင့်ဖြစ်စေ၊ လက်တွေ့ဘဝတွင် သင် ကြုံတွေ့ရသော ပြဿနာများနှင့်ဖြစ်စေ ဆက်စပ်နိုင်မည် မဟုတ်ပေ။ သမ္မာတရား၏ ကဏ္ဍမည်မျှ ပါဝင်ပတ်သက်နေသည်၊ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှု လမ်းကြောင်းမှာ အဘယ်အရာဖြစ်သည်၊ သို့မဟုတ် သင် ဖြေရှင်းသင့်သည့် ပြဿနာများမှာ အဘယ်အရာဖြစ်သည်တို့ကို သင် သိရှိမည်မဟုတ်ပေ။ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ လူများနှင့် အမှုအရာများကို ရှုမြင်နိုင်မည် သို့မဟုတ် ကျင့်ကြံပြုမူပြီး ဆောင်ရွက်နိုင်မည်ဟု ဆိုဖွယ်ရာ မရှိတော့သကဲ့သို့ သမ္မာတရား စည်းမျဉ်းများကို လိုက်နာနိုင်မည် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်မည်ဟု ဆိုဖွယ်ရာ မရှိတော့ပေ။ သင့်တွင် လူ့ဘဝနှင့် သက်ဆိုင်သော အချို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို တန်ဖိုးထားခံစားနိုင်စွမ်း ကင်းမဲ့နေပါက၊ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့် အတွေးအခေါ်များ သို့မဟုတ် အမြင်များမျှ မရှိဘဲ အတွေးအခေါ် အဆင့်နှင့် သက်ဆိုင်သော အရာများကို အခြေခံအားဖြင့် သဘောမပေါက်နိုင်ပါက ယင်းတို့ကို တန်ဖိုးထားခံစားနိုင်စွမ်း မရှိသည့်အပြင် အကဲဖြတ်နိုင်စွမ်း သာ၍ပင် မရှိပါက သင့်တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိဟု ပြောဆိုနိုင်သည်။ သင့်တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိဘဲ သမ္မာတရားကို နားမလည်နိုင်ပါက သင်၏ လူ့သဘာဝရှိ ချို့ယွင်းချက်များကို ပြောင်းလဲရန်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပယ်ရှားရန် သင် မည်သည့်အရာကို အသုံးပြုမည်နည်း။ သင့်တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိပါက သင့်ရှေ့ရှိ ကိစ္စရပ်တွင် သမ္မာတရား စည်းမျဉ်း မည်သည့်အရာ ပါဝင်ပတ်သက်နေသည်ကို သင် သိရှိမည်မဟုတ်ပေ။ သို့ဖြစ်၍ သင် လိုက်နာစောင့်ထိန်းသင့်သည့် သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုလည်း သင် သိရှိမည်မဟုတ်ပေ။ ထိုအခြေအနေမျိုးတွင် သင်သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း သို့မဟုတ် အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ ပြုမူခြင်း သို့မဟုတ် ထိုသို့မဟုတ်ပါက မဆင်မခြင် ဒုစရိုက်အမှုပြုခြင်းဖြင့် ကျိုးကြောင်းမမြင် ပြုမူပေလိမ့်မည်။ သမ္မာတရားကို နားမလည်ခြင်းသည် ဤအကျိုးဆက်များ၊ ဤသရုပ်သကန်များကို ဖြစ်ပေါ်စေသည်။

အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့်ဆိုင်သည့် အကြောင်းအရာနှင့် ပတ်သက်လာလျှင် ယင်းက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် သမ္မာတရားကို လိုက်စားခြင်းဟူသည့် ကိစ္စရပ်နှင့် မသက်ဆိုင်လျှင်ပင် လူ့ဘဝကိုယ်၌ပင် သင်သည် အမှုအရာများကို တန်ဖိုးထားနိုင်စွမ်း မပိုင်ဆိုင်ပါက သင်မြင်သည့် မည်သည့်အရာအပေါ်တွင်မျှ အမြင်ရှုထောင့်များ မရှိသကဲ့သို့ အတွေးအခေါ်ပိုင်းဆိုင်ရာ ထင်မြင်ချက်များလည်း တစ်ခုမျှ မရှိပေ။ အရာရာတိုင်းကို သင့်မျက်စိအား ပိတ်စပါးလွှာဖြင့် ဖုံးအုပ်ထားသကဲ့သို့ ကြည့်ခြင်း၊ ထိုနေရာတွင် ပြဿနာတစ်ခုရှိသည်ကို မမြင်နိုင်ခြင်း ဖြစ်ပြီး ဖြစ်ရပ်တစ်ခုလုံး ပေါ်ပေါက်လာသည့် ဖြစ်စဉ် သို့မဟုတ် ပါဝင်ပတ်သက်သည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကိုသာ သိရှိသော်လည်း ပြဿနာ၏ အနှစ်သာရမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ လူတို့၏ ဆက်စပ်နေသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း သင်မသိပါက ဤသည်မှာ သင်သည် အစွမ်းအစ ညံ့ဖျင်းသောသူတစ်ဦးဖြစ်ကြောင်း ညွှန်ပြပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၏ဘဝထဲရှိ ပြဿနာအားလုံးနှင့်ပတ်သက်၍ သင့်တွင် မည်သည့်အတွေးအခေါ်မျှ လုံးဝမရှိသောကြောင့် ဖြစ်သည်။ သင်သည် ပြဿနာများကို အတွေးအခေါ်ပိုင်းဆိုင်ရာမှ မည်သို့သုံးသပ်ရကောင်းမှန်းဖြစ်စေ၊ စဉ်းစားရကောင်းမှန်းဖြစ်စေ၊ အဓိပ္ပာယ်ဖွင့်ဆိုရကောင်းမှန်းဖြစ်စေ မသိပေ။ သင်သည် သင်၏အသက်အရွယ်၊ သင်၏လူ့သဘာဝ ရင့်ကျက်မှု သို့မဟုတ် သင်၏အတိတ် အတွေ့အကြုံများကို အခြေခံ၍ တစ်စုံတစ်ခုသည် အမှန်တကယ်တွင် မည်သို့သော ပြဿနာအမျိုးအစားဖြစ်သည်၊ သင်သည် ယင်းထံမှ အဘယ်အရာကို သင်ယူပြီး ရယူသင့်သည်၊ ယင်းက သင့်အပေါ် မည်သို့သော သက်ရောက်မှုရှိသည်၊ ယင်းက သင့်ထံသို့ မည်သို့သော သင်ခန်းစာကို ဆောင်ကြဉ်းပေးသည်၊ ဤပြဿနာအမျိုးအစားကို သင်သည် မည်သည့်ရှုထောင့်မှ ရှုမြင်ပြီး ကိုင်တွယ်သင့်သည် သို့မဟုတ် ဤသို့သော ကိစ္စရပ်မျိုးကို သင် နောက်တစ်ကြိမ် ကြုံတွေ့ရပါက သင်သည် မည်သို့ပြုမူသင့်ပြီး အဘယ်အရာကို ရှောင်ရှားသင့်သည်တို့ကို မည်သို့စဉ်းစားရမည်ကို သင်မသိပေ။ သင့်တွင် ဤဆင်ခြင်သုံးသပ်မှုအားလုံး ကင်းမဲ့နေသည်။ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သင်သည် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အတွေးအခေါ် ရိုးရှင်းပြီး အမြင်ရှုထောင့်များ မရှိပေ။ သင် အသက်မည်မျှကြီးသည်အထိ နေထိုင်သည်ဖြစ်စေ သို့မဟုတ် သင် မည်မျှ အတွေ့အကြုံရှိသည်ဖြစ်စေ သင်သည် ပြဿနာများအကြောင်း မည်သို့တွေးခေါ်ရမည်ကို သိရှိခြင်းမရှိသေးပေ။ သင်သည် သင်၏အတိတ် အတွေ့အကြုံများ၊ သင်၏အသိပညာနှင့် သင်ယူခဲ့ပြီးသောအရာတို့ကို အသုံးပြု၍ အမျိုးမျိုးသော ကဏ္ဍများရှိ ပြဿနာများကို မည်သို့ဆင်ခြင်သုံးသပ်ရမည်ကို မသိပေ။ ဤကဲ့သို့သော လူများသည် အစွမ်းအစ ညံ့ဖျင်းသောသူများ ဖြစ်ကြသည်။ အစွမ်းအစ ညံ့ဖျင်းသောသူများအတွက် သမ္မာတရား၌ ဝင်ရောက်မှုရှိခြင်းကို မဆိုထားနှင့်၊ နေ့စဉ်ဘဝ၏ အသေးအဖွဲကိစ္စများတွင်ပင် ၎င်းတို့သည် မည်သည့်ပုံစံကိုမျှ အကျဉ်းချုပ် သုံးသပ်၍မရနိုင်ပေ။ ၎င်းတို့သည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်၊ သို့မဟုတ် ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ်အထိ အသက်ရှင်နေထိုင်လျှင်ပင် မည်သည့်အတွေ့အကြုံကိုမျှ မမျှဝေနိုင်သော နားဝေတိမ်တောင်ဖြစ်သောသူများ ဖြစ်နေဆဲပင် ဖြစ်သည်။ ထိုသို့သောသူများသည် အတွေးအခေါ်မရှိသော ဉာဏ်ထိုင်းသည့်လူများ ဖြစ်ကြသည်။ ၎င်းတို့၏ အစွမ်းအစက ညံ့ဖျင်းပြီး အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သောကြောင့် ထိုသို့သောလူများသည် အသက်မည်မျှကြီးသည်အထိ နေထိုင်သည်ဖြစ်စေ မည်သည့်အရာကိုမျှ အတွေးအခေါ်ပိုင်းဆိုင်ရာမှ ဘယ်သောအခါမျှ မကြည့်ရှုကြပေ။ ၎င်းတို့သည် အမှုအရာများကို မည်သို့ရှုမြင်ရမည်ကို မသိသည့်အပြင် မည်သည့်အရာကိုမျှ ထိုးထွင်း၍မမြင်နိုင်ကြပေ။ ထို့ကြောင့် တစ်စုံတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်သည့်အခါ၊ အထူးသဖြင့် ၎င်းတို့တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိမရှိကို အကဲဖြတ်သည့်အခါ ၎င်းတို့၏ အသက်အရွယ် သို့မဟုတ် ၎င်းတို့၏ အတိတ်အတွေ့အကြုံများကို မကြည့်ရှုနှင့်။ ထိုအစား သင်သည် အဘယ်အရာကို ကြည့်ရှုသင့်သနည်း။ (၎င်းတို့တွင် အတွေးအခေါ်များ ရှိမရှိကို ကျွန်ုပ်တို့ ကြည့်ရှုသင့်ပါသည်။) ဆိုလိုသည်မှာ သင်သည် ၎င်းတို့ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို နှစ်လေးဆယ် သို့မဟုတ် ငါးဆယ်ကြာ တွေ့ကြုံပြီးနောက်တွင် အတွေးအခေါ်အဆင့်၌ မည်သည့်ကိုယ်ပိုင် နားလည်သဘောပေါက်မှုတစ်ခုခု ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့၏ အတိတ်အတွေ့အကြုံများက လူ့ဘဝ၏ တန်ဖိုး၊ လူတို့လျှောက်လှမ်းသည့် လမ်းကြောင်း သို့မဟုတ် လူ့အတွေးအခေါ်၏ နက်နဲရာများနှင့် ၎င်းတို့၏ ဝိညာဉ်လောကတို့နှင့် သက်ဆိုင်သော အရာများကို ပါဝင်ပတ်သက်ခြင်း ရှိမရှိကိုလည်းကောင်း ကြည့်ရှုသင့်သည်။ ၎င်းတို့၏ အတွေ့အကြုံများသည် အချို့သော ကိစ္စရပ်များနှင့်သာ သက်ဆိုင်ပြီး အတွေးအခေါ်ပိုင်းဆိုင်ရာ အရာများကို မပါဝင်ပါက ၎င်းတို့သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းကို မပိုင်ဆိုင်ကြပေ။ ဥပမာအားဖြင့် အချို့လူများက “ကျွန်ုပ်တို့မျိုးဆက်တွင် ချို့တဲ့စွာ နေခဲ့ရပါသည်။ ကောင်းစွာ စားရရန် မလွယ်ကူခဲ့ပါ၊ နှစ်သစ်ကူးဖြစ်စေ၊ အခြားပွဲတော်များတွင်ဖြစ်စေ အသားအနည်းငယ် စားရပါသည်၊ ကျွန်ုပ်တို့၏မျိုးဆက်မှ လူများသည် အလွန်ပင် ရိုးသားပြီး ဟန်ဆောင်မှု ကင်းမဲ့ကြသည်၊ ပြီးလျှင် ကျွန်ုပ်တို့သည် အလွန်ပင် ရိုးရှင်းစွာ ဝတ်ဆင်ကြပါသည်” ဟု မကြာခဏ ပြောဆိုကြသည်။ ၎င်းတို့သည် ဤသို့သောအရာများ အကြောင်းကို ပြောပြီးရင်းပြောကြသည်။ ထိုအခါ အခြားသူများက “အဘယ်ကြောင့် သင်တို့၏မျိုးဆက်က ဤမျှ ပြန်လည်တမ်းတဖို့ ထိုက်တန်ရသနည်း။ ကျွန်ုပ်တို့ လူငယ်များ သင်ခန်းစာယူနိုင်ပြီး အတွေးအခေါ်အဆင့်မှာ ဆက်သွယ်ပြောဆိုနိုင်သည့် အရာများ ရှိပါသလား” ဟု ဆိုကြသည်။ ၎င်းတို့က “ကျွန်ုပ်တို့ခေတ်က တိုက်ပွဲဝင်ဖို့ စစ်မြေပြင်ကို သွားသည့်အခါတွင် အဆက်မပြတ် ချီတက်ရသောကြောင့် ရက်နဲ့ချီ၍ အိပ်ရေးပျက်ခဲ့ကြရသည်။ တစ်ခါတစ်ရံတွင် တစ်နေ့လုံး တစ်နပ်မျှပင် မစားရပါ။ စခန်းကို ရောက်သည့်အခါတွင် စစ်သားသစ်များက ချက်ချင်း အိပ်ကြသော်လည်း ကျွန်ုပ်တို့ စစ်ပြန်ကြီးများသည် အလျင်ဦးစွာ အစားစားပြီးနောက်မှ အိပ်ကြသည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့သည် အစာစားချိန်ပြီးနောက်တွင် လမ်းပေါ်ပြန်တက်ရပြီး လမ်းပေါ်ရောက်သည်နှင့် ဗိုက်ဆာခြင်းဖြင့် အဆုံးသတ်ကြရသည်” ဟု ပြန်ဖြေကြသည်။ အခြားသူများက “ဤသည်မှာ ဖြစ်ရပ်တစ်ခုမျှသာ ဖြစ်၏။ အတွေးအခေါ်ပိုင်းဆိုင်ရာ အဆင့်သို့ မရောက်ပေ။ ကျွန်ုပ်တို့ လူငယ်များ သင်ယူထိုက်သည့်အရာတစ်ခုခုကိုဖြစ်စေ၊ ကျွန်ုပ်တို့အား လမ်းလွဲများ ရှောင်ရှားစေရန်နှင့် စဉ်းစားဉာဏ်မဲ့မှုကြောင့် အမှားများ သို့မဟုတ် အဆင့်နိမ့်သော မှားယွင်းမှုများကို မကျူးလွန်မိစေရန် ကာကွယ်ပေးနိုင်မည့် သင်ခန်းစာအချို့ကို မျှဝေပေးပါ” ဟု ဆိုကြသည်။ ၎င်းတို့က “ထိုအချိန်က ကျွန်ုပ်တို့သည် ပျင်းရိခြင်း၊ အစားမက်ခြင်း၊ အလုပ်ကို မုန်းတီး၍ သက်သောင့်သက်သာ နေခြင်းကို နှစ်သက်သော ယနေ့ခေတ် လူငယ်များကဲ့သို့ မဟုတ်ခဲ့ကြပေ။ ထိုစဉ်က ကျွန်ုပ်တို့သည် မိမိတို့၏ ခေါင်းဆောင်များ၏ အသိအမှတ်ပြုခြင်းကို ရရှိကာ ရာထူးတိုးမြှင့်ခြင်း ခံရနိုင်ရန်အလို့ငှာ ပို၍ ဆင်းရဲဒုက္ခခံရန်၊ အလုပ်ပိုလုပ်ရန်နှင့် ကောင်းမွန်စွာ ဆောင်ရွက်ရန်သာ လိုလားခဲ့ကြ၏” ဟု ဆိုကြသည်။ ဤစကားများထဲတွင် အတွေးအခေါ်ပိုင်းဆိုင်ရာ တစ်စုံတစ်ရာ ရှိပါသလော။ (မရှိပါ။) ဤအရာကို ကြားပြီးနောက်တွင် ဤအရာများသည် ဝိညာဉ်ရေးရာ လမ်းညွှန်ပြသသူတစ်ဦး၏ စကားများ၊ ဘာသာတရားမရှိသူများ ပြောဆိုသည့် အနှစ်သာရမရှိဘဲ အပေါ်ယံ အားပေးတိုက်တွန်းသည့် စကားမျိုးဖြစ်သည်ဟု သင့်ကို ခံစားရစေပါသလော။ ယင်းက သင်၏တွေးခေါ်မှုကို ကျယ်ပြန့်စေပါသလော၊ သင်၏အတွေးအခေါ်အဆင့်ကို မြှင့်တင်ပေးပါသလော၊ အမှုအရာများကို သိမြင်နိုင်စွမ်းကို မြှင့်တင်ပေးပါသလော သို့မဟုတ် သင် ယခင်က တစ်ခါမျှ မတွေးခဲ့ဖူးသော အသစ်သောအရာများ သို့မဟုတ် မှန်ကန်သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်အချို့ကို ရှာဖွေတွေ့ရှိရန် သင့်ကို ကူညီပေးပါသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ထိုသို့သောလူများတွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိပါသလော။ အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်သော ကိစ္စရပ်များအကြောင်းကို သင် ၎င်းတို့အား မည်သို့ပင် မေးသည်ဖြစ်စေ သင်သည် ၎င်းတို့ထံမှ မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ ယင်းမှာ ၎င်းတို့က ပြောဆိုရန် မလိုလားသောကြောင့် အမှန်တကယ် မဟုတ်ပေ၊ ၎င်းတို့အတွင်း၌ မည်သည့်အရာမျှကို မရှိသောကြောင့်သာ ဖြစ်သည်။ ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အရွယ်သို့ ရောက်သည့်အခါတွင်ပင် အတွေးအခေါ်များ သို့မဟုတ် အမြင်ရှုထောင့်များ မရှိကြပေ၊ ၎င်းတို့သည် ဘဝကို ဤသို့ နားဝေတိမ်တောင်ဖြင့် ဖြတ်သန်းကြသည်။ အသက်ရှင်ခြင်းသည် အနာဂတ်အလားအလာများ၊ မိသားစုကောင်း၊ အလုပ်ကောင်း သို့မဟုတ် ဘဝကောင်းကို လိုက်စားခြင်းအတွက်သာမက နှလုံးသား၏ နက်နဲရာများအတွင်း၌ သုံးသပ်ဆင်ခြင်ခြင်း၊ တွေးတောဆင်ခြင်ခြင်းနှင့် အဆက်မပြတ် အကျဉ်းချုပ်သုံးသပ်ခြင်းတို့ကို လိုအပ်သည့် အတွေးအခေါ်ပိုင်းဆိုင်ရာ ကိစ္စရပ်များလည်း ရှိသည်ကို ၎င်းတို့မသိကြပေ။ လူ့ဘဝ၏ လမ်းကြောင်းတွင် လူတို့သည် မသိသော အရာများစွာကို ကြုံတွေ့ရမည်ကို ၎င်းတို့မသိသကဲ့သို့ ၎င်းတို့ကို မည်သို့ရင်ဆိုင်သင့်သည်ကိုလည်း ၎င်းတို့မသိကြပေ။ ၎င်းတို့အပေါ် မည်သည့်အရာမျှ မဖြစ်ပျက်သည့်အခါတွင် လမ်းမှားများလျှောက်ခြင်း သို့မဟုတ် မှားယွင်းသောလမ်းကြောင်းသို့ သွားခြင်းကို ရှောင်ရှားရန် ၎င်းတို့သည် ကြိုတင်၍ မစဉ်းစားကြ သို့မဟုတ် မတွေးတောကြပေ။ ၎င်းတို့ တွေ့ကြုံခဲ့ပြီးသော အချို့အရာများတွင် အဘယ်ကြောင့် ထိုသို့ပြုမူခဲ့သည်ကိုလည်းကောင်း၊ ထိုသို့ပြုမူခြင်းသည် မှန်သည် သို့မဟုတ် မှားသည်ကိုလည်းကောင်း၊ ပျော်ရွှင်စွာနေထိုင်ရန်၊ စိတ်နှလုံး အေးချမ်းစွာဖြင့် နေထိုင်ရန်နှင့် အချည်းနှီး အသက်မရှင်ဘဲ တန်ဖိုးရှိသော ဘဝတစ်ခုဖြင့် အသက်ရှင်ရန် ရှေ့ဆက်ရမည့်လမ်းကို မည်သို့လျှောက်လှမ်းသင့်သည်ကိုလည်းကောင်း ၎င်းတို့မသိကြပေ။ ထိုသို့သောလူများသည် အစွမ်းအစ ညံ့ဖျင်းသောကြောင့် ဤကိစ္စရပ်များကို မစဉ်းစားကြပေ။ ဤလူများသည် အသက်ခြောက်ဆယ်သို့ ရောက်သောအခါ ထိုင်၍ အတိတ်ကို တမ်းတလျက် “ငါ ငယ်စဉ်အခါက ရုပ်ရည် ချောမောလှပသည့်အပြင် အရည်အချင်းလည်း ရှိခဲ့သောကြောင့် များစွာသောသူတို့က ငါ့အား ပိုးပန်းခဲ့ကြ၏။ ဪ၊ ငါ၏ နုပျိုသောအရွယ်တွင်...” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဖော်ပြရန်မထိုက်တန်သော ထိုအရာများဖြစ်သည့် တစ်ခါက သူတို့ဂုဏ်ယူဝင့်ကြွားခဲ့သည့်အကြောင်းများကိုသာ အမြဲတစေ ထုတ်ပြောကြသည်။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် အသက်မည်မျှကြီးသည်အထိ နေထိုင်သည်ဖြစ်စေ လူ့ဘဝ၊ လူတို့လျှောက်လှမ်းသည့် လမ်းကြောင်း သို့မဟုတ် လူတို့ မည်သို့အသက်ရှင်သင့်သည်နှင့် သက်ဆိုင်သော ကိစ္စရပ်များကို မစဉ်းစားကြပေ။ အမျိုးမျိုးသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ လူတို့တွင် မည်သို့သော အမြင်ရှုထောင့်မျိုး ရှိသင့်သည်ကို ၎င်းတို့မစဉ်းစားကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့ မည်သို့ပင် အသက်ရှင်နေထိုင်သည်ဖြစ်စေ ၎င်းတို့၏ အတွေးအခေါ်အဆင့်သည် တိုးတက်လာမည်မဟုတ်၊ ၎င်းတို့၏ အတွေးအခေါ်များသည် အနှစ်သာရ ကင်းမဲ့လိမ့်မည်၊ ၎င်းတို့၏ ဝိညာဉ်လောကသည် ဆင်းရဲနွမ်းပါးနေဆဲ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့တွင် စစ်မှန်သော ဘဝအတွေ့အကြုံ ရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ သင်သည် ထိုသို့သောလူများနှင့် ဆက်ဆံသည့်အခါ အသက်နှစ်ဆယ်အရွယ်တွင် ၎င်းတို့သည် အတော်လေး ကလေးဆန်ပြီး ရိုးရှင်းသည်၊ ၎င်းတို့သည် သွေးဆူပြီး တက်ကြွမှုအပြည့်ရှိကာ ဒေါသကြီးကြသည်။ ၎င်းတို့ အသက်သုံးဆယ်အရွယ်သို့ ရောက်သောအခါ ထိုမကောင်းသည့်အကျင့်အတိုင်းပင် ရှိနေဆဲဖြစ်သည်။ အသက်ငါးဆယ်တွင် ၎င်းတို့ စကားပြောဆိုပုံသည် အဆင့်အတန်းတစ်ခုတည်းတွင် ရှိနေဆဲဖြစ်သည်၊ ၎င်းတို့သည် ရိုးရှင်းသော စကားစုအနည်းငယ်ကိုသာ မည်သို့ပြောရမည်ကို သိကြသည်။ ၎င်းတို့၏ မျက်နှာများတွင် အရေးအကြောင်းများနှင့် အသက်အရွယ်ကြောင့်ဖြစ်သော အစက်အပြောက်များ ပိုများလာပြီး ဆံပင်ဖြူများလည်း ပိုများလာသည်။ ၎င်းတို့သည် အသက်အရွယ် အတော်ရနေပြီဖြစ်သည်မှာ သိသာထင်ရှားသော်လည်း ၎င်းတို့တွင် အတွေးအခေါ်များ သို့မဟုတ် အမြင်ရှုထောင့်များ မရှိကြချေ။ အခြားသူများနှင့် စကားစမြည်ပြောဆိုသည့်အခါ ၎င်းတို့တွင် မည်သည့်အခါမျှ ပြောစရာ မရှိပေ။ ၎င်းတို့ဘဝ၏ ဤနှစ်များအားလုံးသည် အလဟဿဖြစ်ခဲ့ပြီး ၎င်းတို့သည် တိုးတက်မှုမရှိခဲ့ကြပေ။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် ဘဝတွင် ဤကဲ့သို့ဖြစ်ကြပြီး ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပါက ၎င်းတို့၏ သရုပ်သကန်များသည် အစမှအဆုံး တူညီကြသည်။ ၎င်းတို့သည် အသက်နှစ်ဆယ်ကျော်အရွယ်တွင် ဘုရားသခင်ကို ပထမဆုံး ယုံကြည်သည့်အခါ ဤကဲ့သို့ဖြစ်ကြသည်။ ၎င်းတို့ အသက်သုံးဆယ် သို့မဟုတ် ငါးဆယ်သို့ ရောက်သောအခါတွင်လည်း မည်သည့်တိုးတက်မှုကိုမျှ လုံးဝ မသိရှိဘဲ ဤကဲ့သို့ပင် ရှိနေဆဲဖြစ်သည်။ ၎င်းတို့ ပြောဆိုသည့်အရာများသည် ယခင်အတိုင်းပင် ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်နေစဉ် အချို့အရာများကို တွေ့ကြုံခဲ့ပြီး အချို့သော စကားလုံးများနှင့် အယူဝါဒများကို နားလည်လာကာ ဝိညာဉ်ရေးရာ ဝေါဟာရများကို ပိုမိုပြည့်စုံစွာ ပြောဆိုနိုင်ခြင်းမျှသာ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့တွင် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှု မရှိပေ။ ၎င်းတို့၏ အတွေးအခေါ်များသည် နက်နဲမှု ကင်းမဲ့နေဆဲဖြစ်သည်၊ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်ရှုထောင့်များသည် မပြောင်းလဲပေ၊ ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့၏ အသိပညာသည် မတိုးပွားခဲ့သည့်အပြင် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းသည်လည်း မတိုးတက်ခဲ့ပေ။ ၎င်းတို့သည် မည်သည့်ပြောင်းလဲမှုကိုမျှ မကြုံတွေ့ခဲ့ရပေ၊ မှန်သလော။ (မှန်ပါသည်။) အချို့သော စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် ဝိညာဉ်ရေးရာ ဝေါဟာရများကို မှတ်ဉာဏ်ဖြင့်ဖြစ်စေ၊ အချိန်၏ ကြံ့ခိုင်ဖွံ့ဖြိုးအောင် လုပ်ပေးမှုဖြင့်ဖြစ်စေ စုဆောင်းခြင်းသည် ပြောင်းလဲခြင်းမဟုတ်၊ တိုးတက်ခြင်းမဟုတ်သည့်အပြင် ယင်းသည် အကျိုးကျေးဇူးလည်း သေချာပေါက် မဟုတ်ပေ။ ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းသောသူများ၏ သရုပ်သကန် အတိအကျ ဖြစ်သည်။ ၎င်းတို့သည် မည်မျှပင် ကြီးမားသော အနိမ့်အမြင့်များကို ဖြတ်သန်းသည်ဖြစ်စေ သို့မဟုတ် မည်မျှပင် အဆင်မပြေမှုများ၊ ရှုံးနိမ့်မှုများ သို့မဟုတ် စိတ်ပျက်မှုများကို တွေ့ကြုံသည်ဖြစ်စေ မည်သည့်သင်ခန်းစာကိုမျှ မသင်ယူကြ သို့မဟုတ် မည်သည့်အတွေ့အကြုံကိုမျှ မရရှိကြသည့်အပြင် အကျိုးရှိသောအရာ တစ်စုံတစ်ရာကိုမျှ မရရှိနိုင်ကြပေ။ တစ်စုံတစ်ခု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ယင်းသည် ၎င်းတို့အတွက် ရိုးရှင်းစွာ ပြီးဆုံးသွားခြင်းသာဖြစ်သည်၊ ၎င်းတို့သည် ဖြစ်စဉ်ကိုသာ ဖြတ်သန်းပြီး နောက်ဆုံးတွင် မည်သည့်အရာကိုမျှ ဖြစ်မြောက်အောင်မြင်ခြင်း မရှိကြ။ ထိုသို့သောလူများကို အလွန် သနားစရာကောင်းသည်ဟု ဖော်ပြနိုင်သည်။ ထိုသို့သောလူများသည် အလွန် အစွမ်းအစ ညံ့ဖျင်းသည်ဟု ငါတို့ပြောဆိုခြင်းမှာ ၎င်းတို့သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သောကြောင့် အတိအကျ ဖြစ်သည်။ ၎င်းတို့တွင် သမ္မာတရားကို နားလည်သဘောပေါက်နိုင်စွမ်း တစ်စုံတစ်ရာ ရှိသည်ဟု ဆိုခြင်းသည် သာ၍ပင် မဖြစ်နိုင်သကဲ့သို့ ၎င်းတို့တွင် မည်သည့်ပြောင်းလဲမှုမျှ ရှိသည်ဟုလည်း မဆိုနိုင်ပေ။

အစွမ်းအစ ညံ့ဖျင်းသောသူများအတွက်မူ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် စံမမီကြပေ။ အစွမ်းအစ လုံးဝမရှိသောသူများနှင့်ပတ်သက်၍မူ ၎င်းတို့သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း သာ၍ပင် ကင်းမဲ့ကြသည်၊ ၎င်းတို့သည် အရာများ၏ အကောင်းအဆိုးကို မသိမြင်နိုင်သည့်အပြင် သာ၍ပင် ယင်းတို့ကို အကဲမဖြတ်နိုင်ကြပေ။ သင်သည် တစ်စုံတစ်ခုအကြောင်း သင်၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို မျှဝေသောအခါ အစွမ်းအစ ညံ့ဖျင်းသောသူများသည် နားထောင်ရင်း မှင်တက်သွားမည်ဖြစ်ပြီး မည်သည့်တုံ့ပြန်မှုကိုမျှ မပြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “ဤအရာ၌ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ ပါဝင်နေသလော။ အဘယ်ကြောင့် ငါ မသိမြင်ခဲ့ရပါသနည်း” ဟု တွေးကြသည်။ သင်ပြောသည့်အရာကို ၎င်းတို့ အနည်းငယ် နားလည်နိုင်လျှင်ပင် ၎င်းတို့သည် ယင်းကို စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် ပုံသေနည်းတစ်ခုအဖြစ်သာ နားထောင်နိုင်သည်။ အစွမ်းအစမရှိသော လူများနှင့်ပတ်သက်၍မူ ၎င်းတို့သည် အခြားသူများက တစ်စုံတစ်ခုအတွင်းရှိ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များအကြောင်း သို့မဟုတ် ပြဿနာ၏အနှစ်သာရနှင့် ယင်းနှင့်စပ်လျဉ်း၍ လူတို့ထားရှိသင့်သော ရပ်တည်ချက်အကြောင်း မိတ်သဟာယဖွဲ့သည်ကို ကြားသောအခါ ၎င်းတို့သည် နားမလည်နိုင်ကြပေ။ ၎င်းတို့သည် ယင်းမှာ အနည်းငယ် နက်နဲသည်ဟုသာ ခံစားရသော်လည်း ယင်းသည် ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ သင်သည် အတွေးအခေါ်များနှင့် နားလည်မှုအကြောင်း ပို၍ မိတ်သဟာယဖွဲ့လေလေ ၎င်းတို့သည် ပို၍ စိတ်ရှုပ်ထွေးလာလေလေ ဖြစ်သည်။ ၎င်းတို့က “ဤသာမန်အရေးအရာသည် အဘယ်သို့ ရှုပ်ထွေးသွားရသနည်း။ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များ သို့မဟုတ် ရပ်တည်ချက်များနှင့် ပတ်သက်၍ အဘယ်ကြောင့် ငါ တစ်ခုမျှ မသိမြင်နိုင်ရသနည်း။ အဘယ်ရပ်တည်ချက်နည်း။ ငါတို့သည် ဘုရားသခင်ကို ကောင်းမွန်စွာ ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်သာ လိုသည်၊ ပြီးလျှင် ဘုရားသခင်က အသိအမှတ်ပြုလိမ့်မည်။ အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်သည့် အချိန်ကာလ ကြာရှည်လာလေလေ၊ အရာရာသည် ပို၍ ရှုပ်ထွေးလာလေလေ ဖြစ်ရသနည်း။ သင်တို့စကားကို နားထောင်ရသည်မှာ မည်သူမျှ နိုင်ငံတော်ထဲသို့ ဝင်နိုင်တော့မည် မဟုတ်သကဲ့သို့ပင်” ဟု ခံစားကြရသည်။ သင်သည် ထိုသို့သောလူများနှင့် ဆက်ဆံဆွေးနွေးနိုင်ပါသလော။ (မဆွေးနွေးနိုင်ပါ။) သင်သည် ၎င်းတို့နှင့် ဆက်ဆံဆွေးနွေး၍ မရနိုင်သည်သာမက ၎င်းတို့သည် အကျိုးအကြောင်းမညီညွတ်သော အရာအချို့ကိုလည်း ပြောဆိုနိုင်ကြသည်။ “သင်တို့ ဖော်ပြခဲ့သော ထိုအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် အမှန်တကယ်ပင် ထိုမျှ ကောင်းမွန်ပြီး မှန်ကန်ပါသလော။ ကျွန်မ ထိုသို့ မထင်ပါ။ လူတို့သည် ငွေနှင့် ကင်းကွာ၍ မရနိုင်ပေ။ လူတို့သည် အစဉ် ကောင်းမွန်စွာ စားသောက်၍ ကောင်းမွန်သော အရာများကို ခံစားသင့်သည်။ သုံးစွဲရန် ငွေနှင့် စားသောက်ရန် အစားအစာကောင်းများ မရှိဘဲ မည်သူမဆို မိမိ၏ တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သို့သော ယုတ္တိမျိုးဖြစ်သနည်း။ ၎င်းတို့က “သင်တို့သည် လူ့ဘဝ၊ လူတို့၏ စံများ၊ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များနှင့် လူတို့ လျှောက်လှမ်းသည့် လမ်းခရီးတို့နှင့်ပတ်သက်၍ အစဉ်အမြဲ ပြောဆိုနေကြသည်။ အဘယ်ကြောင့် သင်တို့သည် စားသောက်ခြင်းနှင့် ဝတ်စားဆင်ယင်ခြင်းအကြောင်းကို မပြောကြသနည်း။ မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန်အလို့ငှာ မိမိတို့၏ ခန္ဓာကိုယ်ကို မည်သို့ ဂရုစိုက်ရမည်ကို အဘယ်ကြောင့် မပြောကြသနည်း” ဟု ဆိုကြသည်။ ၎င်းတို့ စဉ်းစားနေသည့်အရာမှာ ဤအရာများဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ကြသေးသလော။ သင်သည် ထိုသို့သောလူများနှင့် လုံးဝ ဆက်ဆံဆွေးနွေး၍မရနိုင်ပေ။ သင်သည် ၎င်းတို့နှင့် စကားပြောရန် ကြိုးစားသောအခါ ၎င်းတို့သည် ပိုက်ဆံရှာခြင်းအကြောင်းကိုသာ ပြောဆိုကြသည်။ ၎င်းတို့သည် ပိုက်ဆံရှာခြင်း၊ ၎င်းတို့၏ဘဝကို နေထိုင်ခြင်း၊ လောကကို လိုက်စားခြင်းနှင့် ၎င်းတို့၏ဘဝများကို စားသောက်ပျော်ပါးခြင်းဖြင့် ကုန်ဆုံးခြင်းတို့ကို လူ့ဘဝ၏ အဓိကကိစ္စရပ်များနှင့် လူတို့လျှောက်လှမ်းသင့်သော ဘဝလမ်းကြောင်းအဖြစ် သဘောထားကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် လူတို့သည် အဘယ်အရာကို လိုက်စားသင့်သည် သို့မဟုတ် ရရှိသင့်သည်နှင့်ပတ်သက်၍မူ ဤအရာများသည် ၎င်းတို့၏ အတွေးအခေါ်များ သို့မဟုတ် အသိစိတ်ထဲတွင် မတည်ရှိပေ။ လူတို့သည် ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်သည်ဖြစ်စေ ၎င်းတို့သည် စားသောက်နေထိုင်ရန် လိုအပ်နေဆဲဖြစ်ပြီး ကောင်းမွန်စွာနေထိုင်ရန်အတွက် ပိုက်ဆံမရှိဘဲ မဖြစ်နိုင်ကြောင်း၊ ပိုက်ဆံရှိခြင်းသည် ဘဝကောင်းရှိခြင်းကို ဆိုလိုပြီး ပိုက်ဆံမရှိလျှင် ဘဝသည် ရှေ့ဆက်၍မဖြစ်နိုင်တော့ကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့၏ ယုတ္တိဖြစ်သည်၊ ထိုသို့သောလူများသည် လွဲချော်တတ်သောသူများ ဖြစ်ကြသည်။ လွဲချော်တတ်သောသူများတွင် မှန်ကန်သော အတွေးအခေါ်များ သို့မဟုတ် အမြင်ရှုထောင့်များ မရှိကြပေ၊ ၎င်းတို့သည် ဝိညာဉ်မရှိသော လူများကဲ့သို့ ဖြစ်ကြသည်။ ထိုသို့သောလူများ၏ ဘဝများနှင့် ဝက်များ သို့မဟုတ် ခွေးများ၏ ဘဝများအကြားတွင် အဘယ်ခြားနားမှု ရှိသနည်း။ (ခြားနားမှု မရှိပါ။) သင်သည် ခွေးတစ်ကောင် သို့မဟုတ် ကြောင်တစ်ကောင်ကို နာခံမှုရှိစေရန်နှင့် ကလေးလိမ္မာတစ်ဦးကဲ့သို့ ပြုမူစေရန် သွန်သင်လေ့ကျင့်ပေးဖို့ ကြိုးစားပါက ယင်းက နားလည်နိုင်ပါသလော။ (နားမလည်နိုင်ပါ။) ခွေးတစ်ကောင်သည် အများဆုံး မည်သည့်အရာကို နားလည်နိုင်သနည်း။ သင်သည် ၎င်းကို “ထိုင်” ဟု ပြောပြီးနောက် အသားတစ်ဖဲ့ပေးပါက ၎င်းသည် မှတ်မိသွားလိမ့်မည်။ ထို့နောက်တွင် သင်သည် “ထိုင်” ဟု ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် မည်မျှပင် ဝေးနေပါစေ ချက်ချင်းထိုင်ချပြီး သင် အသားကျွေးသည်ကို စောင့်နေလိမ့်မည်။ ခွေးတစ်ကောင်သည် စက်ကဲ့သို့ ဤလုပ်ဆောင်ချက်ကို မှတ်မိနိုင်သည်၊ ထိုင်ခြင်းသည် ဆုလာဘ်တစ်ခုဆီသို့ ဦးတည်ကြောင်း သင် ၎င်းကို သိစေသရွေ့ ၎င်းသည် နာခံလိမ့်မည်။ ၎င်း၏ အတွေးအခေါ်များသည် ထိုမျှ ရိုးရှင်းသည်။ သို့ဆိုလျှင် အစွမ်းအစမရှိသော လူများ၏ အတွေးအခေါ်များနှင့် တိရစ္ဆာန်များ၏ အတွေးအခေါ်များအကြားတွင် မည်မျှကြီးမားသော ခြားနားမှု ရှိသနည်း။ (သိသာသော ခြားနားမှု မရှိပါ။) တိရစ္ဆာန်များသည် နေ့စဉ် အစာစားပြီးနောက် အပြင်ထွက်၍ ကစားကြသည်။ နောက်တစ်ကြိမ် စားချိန်ရောက်၍ သင် ၎င်းတို့ကို ပြန်ခေါ်သောအခါ ၎င်းတို့သည် ချက်ချင်း ပြေးလာကြသည်။ သင်သည် ၎င်းတို့ကို ချည်ထားသည်ဖြစ်စေ ထိုင်ခိုင်းသည်ဖြစ်စေ ၎င်းတို့သည် လိုက်နာကြလိမ့်မည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းမှာ စားစရာ အစာရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ထိုအစားအစာအနည်းငယ်အတွက် သင်၏ အမိန့်များကို နာခံရန် အလွန် ပျော်ရွှင်ကြသည်။ တိရစ္ဆာန်များ၏ အတွေးအခေါ်များသည် ဤမျှ ရိုးရှင်းသည်။ ၎င်းတို့အတွက်မူ ၎င်းတို့ကို အကျိုးပြုသော စည်းမျဉ်းတစ်ခု သို့မဟုတ် ပုံသေနည်းတစ်ခုကို စွဲကိုင်ထားရန် လုံလောက်သည်၊ ၎င်းတို့သည် အခြားအရာများစွာကို မစဉ်းစားကြပေ။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်များကို ဘုရားသခင် ပေးသနားသည့် ထိုဗီဇများမှာ ၎င်းတို့၏ ရှင်သန်မှုအတွက် လုံလောက်သည့် ဤအရာများသာ ဖြစ်သောကြောင့် ဘုရားသခင်သည် ၎င်းတို့အား မည်သည့် တာဝန်ပေးစေခိုင်းချက်ကိုမျှ မပေးခဲ့ပေ၊ တိရစ္ဆာန်များသည် ဘဝ၊ အနာဂတ်၊ ၎င်းတို့၏ ပန်းတိုင် သို့မဟုတ် ၎င်းတို့၏ တာဝန်များနှင့် ဝတ္တရားများကို စဉ်းစားရန် မလိုအပ်ပေ။ ၎င်းတို့သည် မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းရမည် သို့မဟုတ် အဓိပ္ပာယ်ရှိသော ဘဝကို လိုက်စားခြင်း စသည်တို့ကိုလည်း စဉ်းစားရန် မလိုအပ်ပေ။ သို့သော် လူတို့သည် ကွဲပြားသည်။ ဘုရားသခင်သည် လူတို့ကို အမျိုးမျိုးသော ဗီဇများဖြင့် ပြည့်စုံစေခဲ့ပြီး ၎င်းတို့၏ အသက်ဖြစ်စေရန် သမ္မာတရားကိုလည်း ပေးသနားခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့အတွက် လိုအပ်သော စံနှုန်းများ ရှိသည်။ သို့ဖြစ်၍ လူတို့သည် ဤကိစ္စရပ်များကို စဉ်းစားသင့်သည်၊ ဤသို့ပြုလုပ်ခြင်းကသာ ၎င်းတို့၏ အသက်ဖြစ်စေရန် သမ္မာတရားကို ရရှိခြင်းအတွက် အထောက်အကူပြုသည်။ ဤသည်မှာ လူတို့ ရှိသင့်သော တာဝန်နှင့် ဝတ္တရားဖြစ်ပြီး ယင်းသည် အမှန်စင်စစ် ၎င်းတို့၏ အခွင့်အရေးလည်း ဖြစ်သည်။ သို့သော် သင်သည် ဤအခွင့်အရေးကို မကျင့်သုံးနိုင်ပါက သို့မဟုတ် ကိစ္စရပ်များကို စဉ်းစားရန် ဤစွမ်းရည် ကင်းမဲ့နေပါက ယင်းက သင်၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းကြောင်း သက်သေပြနေသည်။ လူသားများအဆင့်ရှိ သက်ရှိသတ္တဝါများထဲတွင် သင်သည် အစွမ်းအစ ညံ့ဖျင်းသောသူများ အမျိုးအစားတွင် ပါဝင်သည်။ သင်သည် မိမိဘာသာ မစဉ်းစားနိုင်သည့်အပြင် အခြားသူများက သင့်အား အရာများကို ရှင်းပြသည့်အခါတွင်ပင် သင်သည် နားမလည်နိုင်ပေ။ ပို၍ဆိုးရွားသော အခြေအနေများတွင် သင်သည် အခြားသူများကို အတိုက်အခံလုပ်သည်၊ လှောင်ပြောင်သည်၊ သရော်သည် သို့မဟုတ် ဝေဖန်ကဲ့ရဲ့ခြင်းပင် ပြုသေးသည်။ သင်၏ အစွမ်းအစသည် ဤအတိုင်းအတာအထိ ညံ့ဖျင်းပါက ယင်းမှာ သင့်တွင် အစွမ်းအစ လုံးဝမရှိဟု ဆိုလိုသည်။ ဥပမာအားဖြင့် အစွမ်းအစမရှိသော လူတစ်ဦးသည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီး သင်က ၎င်းကို “ဤဆောင်းပါးက ကောင်းသလား” ဟု မေးသည်။ ၎င်းက “တော်တော်လေး ကောင်းမွန်ပါသည်။ စာပိုဒ်တစ်ခုစီကို တိကျစွာ ပိုင်းခြားထားပြီး ပုဒ်ဖြတ်ပုဒ်ရပ် အသုံးအနှုန်းများသည်လည်း အများအားဖြင့် တိကျပါသည်။ ပထမစာပိုဒ်သည် အချိန်နှင့် နေရာကို ရှင်းလင်းဖော်ပြ၍ ဒုတိယစာပိုဒ်က ဇာတ်ကောင်များ၏ နောက်ခံအကြောင်းကို ရှင်းပြကာ တတိယစာပိုဒ်မှအစပြု၍ ဇာတ်လမ်းဇာတ်အိမ်ကို စတင်ပြောပြပြီးနောက် အထွတ်အထိပ်နှင့် နိဂုံးပိုင်းသို့ ရောက်ရှိသွားပါသည်” ဟု ဆိုသည်။ သင်သည် ၎င်းအား စာရေးသူ၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များမှာ အဘယ်အရာဖြစ်သည်ကို ထပ်မေးပါက ၎င်းက “အတွေးအမြင်များ ရှိသည်လော။ စာရေးသူ ကိုးကားထားသော ဘုရားသခင်၏ နှုတ်ကပတ်တော် အပိုင်းသည် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များပင် ဖြစ်ပါသည်” ဟု ဆိုသည်။ သင်က “သူတို့ ကိုးကားထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဆီလျော်မှု ရှိပါသလော။ သူတို့ ဖော်ပြလိုသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် တိကျမှန်ကန်ပါသလော” ဟု မေးသည်။ ၎င်းက မသိဟု ဆိုသည်။ ထို့နောက် သင်သည် “စာရေးသူ မျှဝေထားသော နားလည်သဘောပေါက်မှုသည် စစ်မှန်ပြီး လက်တွေ့ကျပါသလော။ သူတို့ နားလည်ထားသောအရာသည် အယူဝါဒလော၊ သို့တည်းမဟုတ် လက်တွေ့ဘဝနှင့် နီးစပ်ပါသလော။ ယင်းသည် အခြားသူများကို တည်ဆောက်မှုပေးပါသလော သို့မဟုတ် သူတို့အတွက် တန်ဖိုးရှိပါသလော။ ယင်းသည် စာဖတ်သူများအတွက် အကူအညီ သို့မဟုတ် အကျိုးကျေးဇူးကို ပေးပါသလော” ကဲ့သို့သော မေးခွန်းများကို မေးသည်။ ၎င်းသည် ဤအရာများထဲမှ တစ်ခုကိုမျှ သိနားလည်ခြင်း မရှိသည့်အပြင် ယင်းကို မသိမြင်နိုင်ပေ။ ဤသည်မှာ အစွမ်းအစ အလွန်ညံ့ဖျင်းခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ သင်သည် ၎င်းနှင့် ဆောင်းပါးထဲရှိ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များမှ အမှားများအကြောင်း၊ မည်သည့်အပိုင်းများက လက်တွေ့ကျပြီး မည်သည့်အပိုင်းများက လက်တွေ့မကျကြောင်းကို မိတ်သဟာယဖွဲ့ပါက ၎င်းသည် သိရှိခြင်း မရှိသေးသည့်အပြင် ယင်းကို ဆောင်းပါးနှင့် မဆက်စပ်နိုင်ပေ။ ဤသည်မှာ အစွမ်းအစ ကင်းမဲ့ခြင်းကို ပြသသည် မဟုတ်လော။ (ဟုတ်ပါသည်။) အခြားသူများက တည်ရှိနေသော ပြဿနာများအကြောင်း မိတ်သဟာယ ဖွဲ့သည့်အခါတွင်ပင် ၎င်းသည် သိရှိခြင်းမရှိသေးပေ။ ဤသည်မှာ အစွမ်းအစ ကင်းမဲ့ခြင်းကို ပြသသည် မဟုတ်လော။ ယင်းမှာ အချို့သော အသင်းတော်ခေါင်းဆောင်များကဲ့သို့ ဖြစ်သည်။ အသင်းတော်တွင် ဆိုးယုတ်သောသူများ သို့မဟုတ် မယုံကြည်သူများ ပေါ်လာသောအခါ ၎င်းတို့ကို မည်သို့ကိုင်တွယ်ရမည်ကို ၎င်းတို့မသိကြပေ။ သင်သည် ၎င်းတို့နှင့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ၎င်းတို့သည် နားမလည်ဘဲ သင့်အား ဥပမာတစ်ခုပေးရန် တောင်းဆိုကြသည်။ သင်သည် ဥပမာတစ်ခု ပေးပြီးနောက်တွင်လည်း ထိုလူတို့ကို မည်သို့ကိုင်တွယ်ရမည်ကို ၎င်းတို့ သိရှိခြင်းမရှိသေးပေ။ ၎င်းတို့က “ကျွန်ုပ်အား သင်ကြားပေးပါ။ ထိုသူကို ကျွန်ုပ် အတိအကျ မည်သို့ ကိုင်တွယ်သင့်ပါသနည်း။ သူ့အား သာမန်အသင်းတော်၌ ထားသင့်သလော၊ ဘီအုပ်စု၌ ထားသင့်သလော၊ သို့တည်းမဟုတ် ရှင်းလင်းပစ်သင့်သလော။ ထိုသူနှင့် ကျွန်ုပ် မည်သို့ မိတ်သဟာယဖွဲ့သင့်ပါသနည်း။ ကျွန်ုပ်အား စကားလုံးတစ်လုံးချင်းစီ ရှင်းပြပေးပါ။ ကျွန်ုပ် မှတ်တမ်းတင်ထားပြီးနောက် အခြေအနေကို ကိုင်တွယ်ရန်အတွက် တစ်လုံးမကျန် လိုက်နာပါမည်။ ထိုသို့ဆိုလျှင် ကျွန်ုပ် လုပ်ဆောင်နိုင်ပါလိမ့်မည်” ဟု ဆိုကြသည်။ ၎င်းတို့ ဤသို့ဖြစ်နေလျှင် ၎င်းတို့နှင့် စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ခြင်းက အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ သင်သည် ဥပမာများ ပေးသည့်အခါတွင်ပင် ၎င်းတို့သည် နားမလည်ဘဲ ကိစ္စရပ်ကို မကိုင်တွယ်နိုင်ကြပေ။ ထိုသို့သောလူများတွင် သဘောပေါက်နားလည်နိုင်စွမ်း လုံးဝမရှိပေ။ အဆုံးတွင် ၎င်းတို့က “ဤလက်ရှိအရေးနှင့်ပတ်သက်၍ ကျွန်ုပ် မည်သည့်အရာ လုပ်သင့်သည်ကို ပြောပြပါ၊ ကျွန်ုပ် လုပ်ဆောင်ပါမည်” ဟု မေးနေဆဲဖြစ်သည်။ သင်သည် ၎င်းတို့အား ကိစ္စရပ်ကို ကိုင်တွယ်ရန် မည်သည့်နေရာသို့ သွားရမည်၊ ယင်းကို ပြီးမြောက်အောင်မြင်ရန် မည်သူ့ကို မည်သို့ပြောရမည်နှင့် ကိစ္စရပ်ကို လုံးဝပြီးပြတ်သည်ဟု မှတ်ယူရန် မည်သည့်အတိုင်းအတာအထိ ကိုင်တွယ်ရမည်ကို ပြောပြသည်။ သင် ရှင်းပြပြီးနောက်တွင် ၎င်းတို့သည် နားလည်ပုံရသော်လည်း ယင်းကို ကိုင်တွယ်နိုင်ခြင်း မရှိသေးသည့်အပြင် ယင်းကို ပြီးမြောက်အောင်မြင်ရန် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ တစ်စုံတစ်ဦးကို သင် ရှာဖွေပေးရသည်။ ထိုသို့သောလူများသည် အလွန် ဉာဏ်ထိုင်းပြီး အစွမ်းအစ ကင်းမဲ့ကြသည်။ ဥပမာအားဖြင့် သင်သည် အကသင်ယူနေသော လူများအား အကတစ်ခု၏ အကွက်များသည် အလွန်ကောင်းမွန်ကြောင်း ပြောပြီး ၎င်းတို့ကို သင်ယူရန် ဗီဒီယိုတစ်ခုကို လိုက်လုပ်ခိုင်းသည်ဟု ဆိုကြပါစို့။ ရက်အနည်းငယ်ကြာပြီးနောက် သင်သည် ၎င်းတို့ မည်သို့တိုးတက်လာသည်ကို မေးသောအခါ အချို့သော ဉာဏ်ထိုင်းသည့်လူများက မည်သည့်ကကွက်များက ကောင်းသည်ကို ၎င်းတို့ မပြောနိုင်ကြောင်း ဆိုကြလိမ့်မည်။ ၎င်းတို့တွင် သင်ကြားရေး အထောက်အကူပစ္စည်းများ ရှိသော်လည်း ယင်းကို သင်ယူနိုင်ခြင်းမရှိသေးပေ။ မည်သည့်လှုပ်ရှားမှုများက ကောင်းသည် သို့မဟုတ် မည်သည့်အရာများက အသုံးဝင်သည်ကို ၎င်းတို့မသိကြသည့်အပြင် မည်သို့ရွေးချယ်ရမည်ကိုလည်း ၎င်းတို့မသိကြပေ။ နောက်ဆုံးတွင် ၎င်းတို့ အဘယ်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့တွင် နည်းဗျူဟာတစ်ခုရှိသည်၊ ၎င်းတို့က “ကျွန်ုပ် သင်ယူရန်အတွက် ကကွက်အနည်းငယ်ကိုသာ ရွေးချယ်ပေးပါ၊ ပြီးလျှင် ကျွန်ုပ် လိုက်နာပါမည်။ ထိုမျှသာဖြစ်၏” ဟု ဆိုကြသည်။ ၎င်းတို့တွင် ဤဉာဉ်တစ်ခုရှိသည်၊ ၎င်းတို့သည် စည်းမျဉ်းများကို နားမလည်သော်လည်း စဉ်းလဲမှု အနည်းငယ်ရှိသည်။ ၎င်းတို့သည် စက်ရုပ်များကဲ့သို့ပင် မဟုတ်လော။ ၎င်းတို့တွင် အသိပညာနှင့် ပညာရေး ရှိနိုင်သော်လည်း အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ကြသည်၊ ဤသည်မှာ အစွမ်းအစ လုံးဝမရှိခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ သင်က ၎င်းတို့အား သင်ယူရန် ပြောသည့်အရာကို အဘယ်ကြောင့် သင်ယူသင့်သည်ကို ၎င်းတို့မသိကြပေ။ သင်က ၎င်းတို့အား မသင်ယူရန် ပြောသည့်အရာများအတွက်မူ ၎င်းတို့တွင် အဘယ်အရာက မှားယွင်းနေသည် သို့မဟုတ် အဘယ်ကြောင့် မသင်ယူသင့်သည်ကို ၎င်းတို့မသိကြပေ။ ပြောပြပြီးသည့်နောက်တွင်ပင် ၎င်းတို့သည် ယင်းကို မြင်နိုင်ခြင်းမရှိသေးပေ။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများတွင် အစွမ်းအစ ရှိပါသလော။ (မရှိပါ။) မိမိဘာသာ အမှုအရာများကို သိမြင်နိုင်စွမ်း ကင်းမဲ့ခြင်းနှင့် အမှားနှင့်အမှန်ကို လွတ်လပ်စွာ ပိုင်းခြားသိမြင်ပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်း ကင်းမဲ့ခြင်း၊ ဤသည်မှာ အစွမ်းအစ လုံးဝမရှိခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ နွားများ သို့မဟုတ် မြင်းများကဲ့သို့ ၎င်းတို့သည် တစ်စုံတစ်ဦးက ၎င်းတို့ကို ဦးဆောင်ရန် အစဉ်သဖြင့် လိုအပ်သည်၊ သို့ဆိုလျှင် ၎င်းတို့သည် တန်ဆာပလာများမျှသာ မဟုတ်လော။ သင်သည် အစွမ်းအစရှိပါက သင့်ကို တစ်စုံတစ်ဦးက ဦးဆောင်ရန် လိုအပ်နေဦးမည်လော။ သို့ဆိုလျှင် သင်သည် ဦးနှောက်ကို အဘယ်အတွက် ထားရှိသနည်း။ သင်၏ ဦးနှောက်သည် အသုံးမဝင်ပေ။ တိတိကျကျပြောရလျှင် သင့်တွင် အစွမ်းအစမရှိပေ။ သင်သည် အခြားသူများကို နားထောင်ပြီး ၎င်းတို့၏ ဦးဆောင်မှုကို ခံယူရသည်၊ သင်သည် တန်ဆာပလာတစ်ခုမျှသာ ဖြစ်သည်။ ဤကဲ့သို့သောလူများသည် အတတ်ပညာတစ်ခုခုကို မည်မျှကြာအောင် လေ့လာသည်ဖြစ်စေ သို့မဟုတ် ယင်းနှင့်သက်ဆိုင်သော စည်းမျဉ်းများကို မည်မျှကြားသည်ဖြစ်စေ နားလည်နိုင်ခြင်း သို့မဟုတ် သဘောပေါက်နိုင်ခြင်း မရှိသေးပေ။ အဆုံးတွင် ဤစည်းမျဉ်းများကို မည်သို့အသုံးချရမည် သို့မဟုတ် အကောင်အထည်ဖော်ရမည်ကို ၎င်းတို့မသိကြပေ။ ဤသူများသည် အညံ့ဖျင်းဆုံး အစွမ်းအစရှိသော လူစားမျိုး၊ အစွမ်းအစ လုံးဝမရှိသောသူများ ဖြစ်ကြသည်။ အချို့လူများက “သူတို့၌ အရာရာကို အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မရှိခြင်းနှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်တို့၏ ဦးဆောင်မှုကို အစဉ် လိုက်နာခြင်းတို့ကြောင့် သူတို့သည် အစွမ်းအစ နိမ့်ကျသည်ဟု မထင်လိုက်နှင့်။ အမှန်စင်စစ်၊ သူတို့သည် သမ္မာတရားကို သဘောပေါက်နားလည်ခြင်းနှင့် ပတ်သက်လာလျှင်သာ အစွမ်းအစ ကင်းမဲ့ကြခြင်း ဖြစ်ပါသည်။ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် သက်ဆိုင်သော ကိစ္စများနှင့် ပတ်သက်လာလျှင်မူ မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားရစေရန် မိမိတို့ကိုယ်ကို ကာကွယ်ဖို့ နည်းလမ်းမျိုးစုံကို အစဉ် စဉ်းစားကြပါသည်။ ဤအရာများတွင် သူတို့သည် ထက်မြက်ကြပါသည်။ သူတို့သည် ဉာဏ်ရည်ထိုင်းမှိုင်းသောသူများ လုံးဝ မဟုတ်ကြပေ။ အသင်းတော်၌ သူတို့သည် ဉာဏ်ရည်ထိုင်းမှိုင်းပုံရသော်လည်း လောကသို့ ပြန်သွားမည်ဆိုလျှင်မူ ဉာဏ်ရည်ထိုင်းမှိုင်းကြမည် မဟုတ်ပေ။ သူတို့ နှစ်သက်သော အရာများတွင်မူ သူတို့၌ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များနှင့် တီထွင်နိုင်သော လက်ရာများ ရှိကြပါသည်၊ သူတို့သည် အောင်မြင်မှုအချို့ ရရှိနိုင်ကောင်း ရရှိနိုင်ပါသည်” ဟု ဆိုကြသည်။ အသင်းတော်တွင် ဒုစရိုက်အမှုများကို မဆင်မခြင် ကျူးလွန်သော လူများလည်း ရှိကြပြီး လူတိုင်းက ၎င်းတို့တွင် အစွမ်းအစ ညံ့ဖျင်းသည်ဟု ဆိုကြသော်လည်း ၎င်းတို့ကိုယ်တိုင်ကမူ လက်မခံကြပေ။ “သင်တို့က ကျွန်ုပ်၌ အစွမ်းအစ နိမ့်ကျသည်ဟု ဆိုကြသော်လည်း ကျွန်ုပ်သာ ဘာသာတရားမရှိသော လောက၌ နေလျှင် ငွေရှာ၍ အသက်မွေးဝမ်းကျောင်း ပြုနိုင်ပါသေးသည်။ ကျွန်ုပ်သည် အောင်မြင်ကြီးပွားနိုင်ပါသေးသည်။ အခြားသူများထက် ပို၍ နိမ့်ကျမည်ဟု အသေအချာ ပြော၍မရပါတကား” ဟူ၍ ဖြစ်သည်။ ဘာသာတရားမရှိသော လောကသည် အရာခပ်သိမ်းကို သမ္မာတရား စည်းမျဉ်းများဖြင့် တိုင်းတာသလော။ ယင်းသည် အခြေခံအုတ်မြစ်အဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မှီခိုသလော။ မဟုတ်ပါက ၎င်းတို့၏ တီထွင်နိုင်သော လက်ရာများသည် ဘာသာတရားမရှိသော လောကတွင် ရပ်တည်နိုင်လျှင်ပင် ယင်းက ၎င်းတို့တွင် အစွမ်းအစ ရှိကြောင်း သက်သေမပြနိုင်ပေ။ ဥပမာအားဖြင့် အချို့လူများက ပန်းချီဆွဲကြပြီး တစ်ချက်ကြည့်လိုက်လျှင် ၎င်းတို့၏ ပန်းချီကားများ၏ အရောင်များ၊ ဖွဲ့စည်းပုံ၊ အလင်းရောင်၊ ပုံသဏ္ဌာန်များ၏ အချိုးအစားနှင့် အခြားသော ကဏ္ဍများသည် အတော်လေး ကောင်းမွန်ပုံရသည်။ သို့သော် ၎င်းတို့သည် ဘုရားအိမ်တော်ရှိ အချို့သော ရှေးခေတ်သူတော်စင်များကို ပန်းချီဆွဲသောအခါ ပြဿနာများ ပေါ်ပေါက်လာသည်။ ငါက “ဤပန်းချီဆရာ၏ လက်ရာများသည် ဘာသာတရားမရှိသူများအကြားတွင် တော်တော်လေး ရောင်းကောင်းခဲ့ပြီး လူတို့ကလည်း ယင်းတို့ကို တန်ဖိုးထားခဲ့ကြပါသည်။ သို့သော် အာဗြဟံ၊ ယောဘနှင့် နောဧတို့နှင့်ပတ်သက်၍ ၎င်း၏ ရေးဆွဲချက်များကို ငါ အဘယ်ကြောင့် အဆင်မပြေ၊ ကသိကအောက် ဖြစ်နေသည်ဟု မြင်နေရပါသနည်း။ ခေတ်ကာလ မတူညီသော ဤပုဂ္ဂိုလ်သုံးဦးသည် အဘယ်သို့လျှင် မိသားစုတစ်စုတည်းမှ ဆင်းသက်လာသကဲ့သို့ ဖြစ်နေရပါသနည်း။ ထိုသူတို့သည် ရှေးခေတ် ဣသရေလလူမျိုးများ ဖြစ်ကြပြီး သူတို့၏ မျက်နှာသွင်ပြင် အရိုးဖွဲ့စည်းပုံသည် ထိုလူမျိုးစု၏ ထူးခြားသော လက္ခဏာများကို ထင်ဟပ်နေသင့်ပါသည်။ ပုဂ္ဂိုလ်တစ်ဦးစီ၏ ပင်ကိုစရိုက်ကို မသိလျှင်ပင် အနည်းဆုံးအနေဖြင့် ထိုလူမျိုး၏ အရိုးဖွဲ့စည်းပုံနှင့် သွင်ပြင်လက္ခဏာများ မည်သို့ရှိသည်ကို သူ နားလည်သင့်ပါသည်။ သူ ရေးဆွဲနေသော ပုဂ္ဂိုလ်သည် မည်သည့်ခေတ်ကာလနှင့် သက်ဆိုင်သည်ဖြစ်စေ သူတို့၏ လူမျိုးစုဆိုင်ရာ ထူးခြားသော လက္ခဏာများကို သူတို့၏ ဆံပင်၊ မျက်နှာသွင်ပြင်၊ မျက်လုံးအရောင်နှင့် မျက်နှာပုံသဏ္ဌာန်တို့မှတစ်ဆင့် အလေးပေး၍ ထင်ရှားပေါ်လွင်စေသင့်ပါသည်” ဟု ဆိုသည်။ သို့တိုင်အောင် မတူညီသော အသက်အရွယ်များရှိလင့်ကစား ဤမတူညီသော ခေတ်များမှ ၎င်းတို့ဆွဲခဲ့သော ပုံသဏ္ဌာန်များသည် အဘယ်ကြောင့် ၎င်းတို့၏ လူမျိုးစုနှင့် မတူသော အရိုးဖွဲ့စည်းပုံများ ရှိနေကြရသနည်း။ ၎င်းတို့အားလုံးသည် လေးထောင့်ကျသော မျက်နှာများ ရှိကြသည်၊ ငယ်ရွယ်သူများမှာ အရေးအကြောင်းနည်းပြီး ဆံပင်ပိုနက်ကာ အသက်ကြီးသူများမှာ အရေးအကြောင်း ပိုများပြီး အသားအရေပိုညိုကာ ဆံပင်ဖြူ ပိုများခြင်းသာ ဖြစ်သည်။ ဤပုံသဏ္ဌာန်များ၏ အသွင်အပြင်များသည် အခြေခံအားဖြင့် အားလုံးတူညီကြသည်။ ကျယ်ပြန့်သော၊ ထောင့်မှန်စတုဂံပုံ မျက်နှာများ၊ အရပ်ရှည်သော ကိုယ်လုံးကိုယ်ပေါက်များနှင့် အထူးသဖြင့် သန်မာသော ကိုယ်လုံးကိုယ်ပေါက်များ ဖြစ်ကြသည်။ ငါက “အဘယ်ကြောင့် ဤပုဂ္ဂိုလ်များအားလုံးသည် တစ်ပုံစံတည်း ဖြစ်နေရပါသနည်း။ သူတို့သည် အလွန်အမင်း တူညီနေပြီး ကွဲပြားထင်ရှားသော လက္ခဏာများ ကင်းမဲ့နေပါသည်” ဟု ဆိုသည်။ ပန်းချီဆရာကိုယ်တိုင်က ပြဿနာကို သတိမထားမိပေ။ ဖြစ်နိုင်သည်မှာ ၎င်းတို့သည် ဤသို့သော လက်ရာမျိုးကို များစွာပင် ဆွဲခဲ့ပြီး ၎င်းတို့၏ နည်းစနစ်သည် ကျွမ်းကျင်လွန်းလာကာ ၎င်းတို့၏ ပုံစံသည် ပုံသေဖြစ်သွားခြင်း ဖြစ်သည်။ ၎င်းတို့သည် ပုံသဏ္ဌာန်များကို ပန်းချီဆွဲသည့်အခါတိုင်း အမျိုးသားများသည် အစဉ်သဖြင့်နီးပါး တူညီသော မျက်နှာပုံသဏ္ဌာန်ရှိပြီး မတူညီသော ဇာတ်ကောင်များ၏ ထူးခြားသော မျက်နှာသွင်ပြင်များကို ၎င်းတို့ မဖမ်းယူနိုင်ကြပေ။ ၎င်းတို့၏ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းသည် အနည်းငယ် ညံ့ဖျင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ပန်းချီဆွဲပြီးနောက်တွင် ၎င်းတို့ ပုံဖော်ခဲ့သော မျက်နှာသွင်ပြင်များသည် ထိုလူမျိုးစု၏ အရိုးစုလက္ခဏာများနှင့် ကိုက်ညီမှုရှိမရှိကို ၎င်းတို့မသိပေ၊ ထိုလက္ခဏာများနှင့်ပတ်သက်၍ ၎င်းတို့ မသေချာကြပေ။ သင်တို့အနေဖြင့် ဤကဏ္ဍတွင် ၎င်းတို့၏ အစွမ်းအစသည် သာမန်ဖြစ်သည်ဟုဖြစ်စေ၊ ညံ့ဖျင်းသည်ဟုဖြစ်စေ သင်တို့ ပြောမည်လော။ (ညံ့ဖျင်းပါသည်။) အခြားသူများက ၎င်းတို့အား အကြံပြုချက်များ ပေးပြီးနောက်တွင် ၎င်းတို့ ယင်းကို ပြင်ဆင်နိုင်ပါသလော။ တစ်ခါက ငါသည် ၎င်းတို့အား အကြံပြုချက်များ ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့၏ လက်ရာကို ငါမြင်သောအခါ ယင်းသည် အတူတူပင် ဖြစ်နေဆဲဖြစ်သည်။ ထိုအချိန်တွင် ထပ်၍ ပြောစရာ တစ်ခုမျှ မရှိတော့ပေ၊ ထပ်မံရှင်းပြခြင်းသည် ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေဦးမည်သာ ဖြစ်သည်။

လူတို့၏ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် ဤသည်တို့မှာ အစွမ်းအစ အဆင့်ဆင့်ရှိ လူတို့၏ သရုပ်သကန်များ ဖြစ်ကြသည်။ အစွမ်းအစ ကောင်းသောသူများသည် အရာများကို တန်ဖိုးထားတတ်သည်သာမက ယင်းတို့ကို အကဲဖြတ်လည်း နိုင်သည်။ သာ၍ပင် အစွမ်းအစကောင်းရှိသူများမှာမူ မှန်ကန်သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို ကြုံတွေ့သည့်အခါ ၎င်းတို့အတွက် ထောက်ခံပြောဆိုပြီး အခြားသူများကို မျှဝေခြင်းနှင့် ပံ့ပိုးပေးခြင်းတို့ကို ပြုမည်ဖြစ်ကာ မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို ကြုံတွေ့သည့်အခါတွင်မူ ယင်းတို့ကို ပိုင်းခြားသိမြင်ပြီး ပြုပြင်နိုင်သည်။ သာမန် အစွမ်းအစရှိသောသူများတွင် အရာများကို တန်ဖိုးထားတတ်သည့် စွမ်းရည် အတိုင်းအတာတစ်ခုအထိ ရှိသော်လည်း အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သည်၊ ၎င်းတို့သည် အတွေးအခေါ်ပိုင်းဆိုင်ရာမှ အရာများကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိပေ။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် အတွေးအခေါ်ပိုင်းဆိုင်ရာမှ အရာများကို နားမလည်သောကြောင့် ၎င်းတို့တွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း တစ်စုံတစ်ရာ ရှိသည်ဟု မဆိုနိုင်ပေ။ အစွမ်းအစ လုံးဝမရှိသောသူများသည် ဤကိစ္စရပ်များကို လုံးဝ နားမလည်နိုင်ကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့အား ဤအရာများကို ရှင်းပြလျှင်ပင် ဆွေးနွေးနေသည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များမှာ အမှန်တကယ်တွင် အဘယ်အရာဖြစ်သည်ကို ၎င်းတို့ နားလည်နိုင်ကြခြင်း မရှိပေ။ ၎င်းတို့အတွက်မူ ယင်းသည် အခြားဂြိုဟ်တစ်ခုအကြောင်း ပုံပြင်တစ်ပုဒ်ကို ကြားရသကဲ့သို့ ဖြစ်သည်၊ ယင်းသည် ၎င်းတို့၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေသည်။ ဤသည်တို့မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့်ပတ်သက်၍ ကွဲပြားသော အစွမ်းအစရှိသည့် လူတို့ ပြသသည့် မတူညီသော လက္ခဏာများ ဖြစ်ကြသည်။

လူတစ်ဦး၏ အစွမ်းအစကို တိုင်းတာရန်အတွက် တစ်ဆယ့်တစ်ခုမြောက် စံသတ်မှတ်ချက်မှာ ဆန်းသစ်တီထွင်နိုင်စွမ်း ဖြစ်သည်။ ဆန်းသစ်တီထွင်နိုင်စွမ်းဆိုသည်မှာ သင်သည် တစ်စုံတစ်ခု၏ အခြေခံသဘောတရားများ၊ စည်းမျဉ်းများနှင့် နိယာမများကို သိရှိပြီးနောက် သင်၌ရှိသော နားလည်မှုကို အခြေခံ၍ သင်ပိုင်ဆိုင်သည့် တီထွင်နိုင်စွမ်း ဖြစ်သည်။ ဤဖန်တီးနိုင်စွမ်းသည် ဤအရာကို ၎င်း၏ မူလအခြေခံအုတ်မြစ်ပေါ်တွင် တိုးတက်ကောင်းမွန်စေခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ယင်း၏ လွှမ်းမိုးမှုအတိုင်းအတာကို ချဲ့ထွင်ခြင်း သို့မဟုတ် အချို့သောအရာတစ်ခု၏ မျိုးဆက်သစ်တစ်ခုအဖြစ်သို့ ပြောင်းလဲခြင်းကို ရည်ညွှန်းသည်၊ ဤသည်ကို ဆန်းသစ်တီထွင်နိုင်စွမ်းဟု ခေါ်သည်။ အတိအကျဆိုရလျှင် အချို့သောအရာတစ်ခု၏ ဓမ္မဓိဋ္ဌာန်ကျသော နိယာမများကို တိကျမှန်ကန်စွာ သဘောပေါက်နားလည်ခြင်းဟူသော အချက်ကို အခြေခံ၍ သင်သည် ယင်းတို့ကို လက်တွေ့ဘဝတွင် အသုံးချနိုင်ပြီး ယင်းတို့၏ အသုံးချမှုအတိုင်းအတာကို ချဲ့ထွင်ကာ ကျယ်ပြန့်စေနိုင်သည့်အပြင် အရာများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများနှင့် ကိုက်ညီသော ဤအခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို ပို၍များသော လူများအား အကျိုးဆောင်ခွင့်ပြုနိုင်သည်၊ ထိုသို့ဖြင့် လူအများက ယင်းထံမှ အကျိုးကျေးဇူးနှင့် အကူအညီကို ရရှိကြမည်ကို ဆိုလိုသည်။ တစ်ဖက်တွင် သင်သည် ဤအခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို ထိန်းသိမ်းထားလျက် ယင်းတို့၏ လွှမ်းမိုးမှုအတိုင်းအတာနှင့် ယင်းတို့မှ အကျိုးခံစားရသူများကို အစဉ်မပြတ် ချဲ့ထွင်နေသည်။ ထို့အပြင် သင်သည် ယင်းတို့ကို စာသားအတိုင်း တင်ပြခြင်းမှ လူတို့က ပို၍ လက်တွေ့ကျသော နည်းလမ်းဖြင့်လည်းကောင်း၊ နောက်တစ်ဆင့် တက်ခြင်းဖြင့်လည်းကောင်း စစ်မှန်သော အကျိုးကျေးဇူးကို ရရှိနိုင်သည့် လက်ဆုပ်လက်ကိုင် ပြနိုင်သော အရာတစ်ခုအဖြစ်သို့ ပြောင်းလဲနေသည်။ ဤသည်မှာ ဆန်းသစ်တီထွင်နိုင်စွမ်း ရှိခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ လူတစ်ဦးသည် ၎င်းတို့၌ရှိသော မိသားစုပတ်ဝန်းကျင်နှင့် ကြီးပြင်းလာသည့် နောက်ခံအခြေအနေဟူသည့် အခြေခံအုတ်မြစ်ပေါ်၌လည်းကောင်း၊ ၎င်းတို့ ဆည်းပူးထားသော အသိပညာအပေါ်၌လည်းကောင်း တစ်စုံတစ်ခု၏ အခြေခံသဘောတရားများ၊ စည်းမျဉ်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများကို တိကျစွာ သဘောပေါက်နားလည်နိုင်လျှင်၊ ဤအခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို မည်သို့ အသုံးချရမည်ကို သိရှိလျှင်၊ ဤအခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို သဘောတရားမှ လက်ဆုပ်လက်ကိုင်ပြနိုင်သော အရာများအဖြစ်သို့ မည်သို့ ပြောင်းလဲရမည်ကို သိရှိလျှင် စကားလုံးများနှင့် အယူဝါဒများ အဆင့်တွင် မရပ်တန့်ဘဲ ယင်းတို့ကို လက်တွေ့ဘဝတွင် အသုံးချကာ လူတို့၏ ဘဝတွင် ပါဝင်စေပြီး လူတို့ကို အကျိုးဆောင်သည့် ရလဒ်များအဖြစ်သို့ ပြောင်းလဲသည့်အပြင် လူတို့အား ယင်းတို့ထံမှ အကျိုးကျေးဇူးနှင့် အကူအညီကို ရရှိစေပြီး လူတို့၏ ဘဝများကို ပို၍ လွယ်ကူချောမွေ့စေကာ အဆင်ပြေစေလျှင် တစ်စုံတစ်ဦးက ဤအဆင့်သို့ ရောက်ရှိနိုင်ပါက ၎င်းသည် ဆန်းသစ်တီထွင်နိုင်စွမ်း ရှိသူနှင့် အစွမ်းအစကောင်းသူတစ်ဦး ဖြစ်ကြသည်။ ဆိုလိုသည်မှာ သင်သည် အရာများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများ၏ အခြေခံသဘောတရားများနှင့် သမ္မာတရား စည်းမျဉ်းများကို နားလည်ခြင်းအပေါ် အခြေခံ၍ အရာတစ်ခုကို မြှင့်တင်ခြင်း၊ ထိန်းသိမ်းခြင်း၊ တိုးချဲ့ခြင်း သို့မဟုတ် အသစ်ပြုပြင်ခြင်းကို အကောင်အထည် ဖော်နိုင်လျှင်၊ သင်သည် ဤစွမ်းရည်ကို ပိုင်ဆိုင်ပါက သို့မဟုတ် ဤအရာများထဲမှ တစ်ခုခုကို ပြီးမြောက်အောင်မြင်နိုင်ပါက၊ အပြုသဘောဆောင်သော အရာတစ်ခု၏ အခြေခံသဘောတရားများနှင့် နိယာမများကို သို့မဟုတ် သမ္မာတရား၏ စည်းမျဉ်းများကို လူတို့အကြားတွင် အကောင်အထည်ဖော်ရန်၊ လက်တွေ့အကောင်အထည်ဖြစ်စေရန်နှင့် တိုးချဲ့ရန် ခွင့်ပြုနိုင်ပါက ဤသည်မှာ သင်၏ အစွမ်းအစ ကောင်းမွန်ကြောင်း သက်သေပြသည်။ သင်သည် ယင်းကို ပို၍ နက်ရှိုင်းသောအဆင့်သို့ မဆောင်ကြဉ်းနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် သင်သည် ယင်းကို ထိန်းသိမ်းနိုင်၊ တိုးချဲ့နိုင်၊ လက်တွေ့အကောင်အထည်ဖြစ်စေနိုင်ပြီး ယင်း၏ အပြုသဘောဆောင်သော လွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ပါက ဤသည်မှာ သင်သည် ဆန်းသစ်တီထွင်နိုင်စွမ်း ရှိသူတစ်ဦးဖြစ်ကြောင်း သက်သေပြသည်။ သင်သည် ဤစွမ်းရည်ကို မပိုင်ဆိုင်ဘဲ အပြုသဘောဆောင်သော အရာများ၏ နိယာမများကို နားလည်သဘောပေါက်နိုင်စွမ်းသာ သင့်၌ ရှိသော်လည်း ဤနားလည်သဘောပေါက်နိုင်စွမ်းသည် စာသားအတိုင်းနှင့် သဘောတရားပိုင်းဆိုင်ရာ နားလည်မှုအဆင့်တွင်သာ ရှိနေပြီး သင်သည် ယင်းတို့ကို လူတို့နှင့်အတူ အကောင်အထည်မဖော်နိုင် သို့မဟုတ် လက်တွေ့အကောင်အထည်မဖြစ်စေနိုင်သကဲ့သို့ ယင်းတို့ကို လူတို့အား အစေခံစေပြီး အကျိုးပြုစေနိုင်ခြင်းလည်း မရှိပါက သင်၌ ဆန်းသစ်တီထွင်နိုင်စွမ်း မရှိပေ။ သင်သည် အခြေခံသဘောတရားများ၊ စည်းမျဉ်းများ၊ နိယာမများနှင့် စည်းကမ်းများကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်ပြီး အသုံးချနိုင်ရမည်၊ ထိုသို့ဖြင့် သင်၌ ဆန်းသစ်တီထွင်နိုင်စွမ်း ရှိသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ဤစွမ်းရည်ကို ပိုင်ဆိုင်သောသူများသာလျှင် အစွမ်းအစကောင်းသူများ ဖြစ်ကြသည်။ ဥပမာအားဖြင့် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများသည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ပြဋ္ဌာန်းချက်များကို ၎င်းတို့ နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် အကောင်အထည် ဖော်နိုင်သည်။ ၎င်းတို့သည် အလုပ်တစ်ခုချင်းစီ၏ သမ္မာတရား စည်းမျဉ်းများကို ဘုရားသခင် ရွေးချယ်ထားသော လူများနှင့်အတူ အကောင်အထည်ဖော်ကာ ပို၍များသော လူများ သမ္မာတရားကို နားလည်လာစေရန် ကူညီပေးပြီး အသင်းတော်၏ အလုပ်ကို စနစ်တကျပုံစံဖြင့် ဆက်လက် လုပ်ဆောင်သွားစေသည်၊ ဆိုလိုသည်မှာ လမ်းလွဲခြင်း မရှိဘဲ အစဉ်မပြတ် ဖွံ့ဖြိုးတိုးတက်ကာ ရှေ့သို့ချီတက်လျက်၊ စည်းမျဉ်းများ၏ အတိုင်းအတာအတွင်း၌ အပြုသဘောဆောင်စွာ လည်ပတ်စေသည်။ ဤအရာမှ လူတို့ မည်သည့်ရလဒ်ကို မြင်တွေ့ရသနည်း။ လူတိုင်းသည် ဤအလုပ်၏ အတိုင်းအတာအတွင်း၌ မိမိတို့ လုပ်ဆောင်သင့်သည်ကို လုပ်ဆောင်ကြသည်၊ လူတိုင်းသည် စည်းမျဉ်းများကို နားလည်ပြီး စည်းမျဉ်းများအတိုင်း ပြုမူကြသည်၊ အလုပ်သည် သွေဖည်ခြင်းမရှိ၊ ဤအလုပ်သည် ရလဒ်အသစ်များ သို့မဟုတ် ဖန်တီးမှုအသစ်များကို အစဉ်မပြတ် ထုတ်လုပ်ပေးသည်။ လုပ်ငန်းစဉ်အတွင်း အထူးအခြေအနေများ ပေါ်ပေါက်လာလျှင်ပင် ကြီးကြပ်ရေးမှူးများသည် အလုပ်၏ အခြေခံသဘောတရားများ၊ ပြဋ္ဌာန်းချက်များနှင့် စည်းမျဉ်းများအတိုင်း ယင်းတို့ကို အလိုက်သင့် မည်သို့ ကိုင်တွယ်ရမည်ကို သိရှိကြလိမ့်မည်။ ၎င်းတို့၏ ဦးဆောင်မှုအောက်တွင် ဤအလုပ်သည် အစဉ်မပြတ် စနစ်တကျပုံစံဖြင့် ဆက်လက်လုပ်ဆောင်သွားပြီး အခြေခံအားဖြင့် မရပ်တန့်ပေ။ ဆိုလိုသည်မှာ မည်သို့သောအခြေအနေ ပေါ်ပေါက်လာသည်ဖြစ်စေ၊ မည်သူက နှောင့်ယှက်ရန် သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အယူအဆတစ်ခုခုကို ဖြန့်ဝေရန် လာသည်ဖြစ်စေ ယင်းသည် အလုပ်၏ စနစ်တကျပုံစံဖြင့် တိုးတက်မှုကို သက်ရောက်မှုရှိမည် မဟုတ်ပေ၊ အလုပ်သည် အစဉ်မပြတ် ရှေ့သို့ ရွေ့လျားနေသည်။ ဤအလုပ်၏ အခြေခံသဘောတရားများနှင့် ဤကိစ္စရပ်ရှိ သမ္မာတရား စည်းမျဉ်းများကို အစဉ်မပြတ် ထိန်းသိမ်းထားသည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ဤအလုပ်၏ အခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို အကောင်အထည်ဖော်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် တိုးတက်စေခြင်းတို့မှတစ်ဆင့် ဤအလုပ်သည် ပြတ်တောက်ခြင်းမရှိခဲ့ပေ၊ ယင်းကို အစဉ်မပြတ် စနစ်တကျပုံစံဖြင့် အကောင်အထည် ဖော်ကာ ထိန်းသိမ်းနေပြီး တစ်ချိန်တည်းမှာပင် မတူညီသော ကာလများ၌ ကောင်းမွန်သော အလုပ်ရလဒ်များ ပေါ်ထွက်လာသည်။ ဤအလုပ်ရလဒ်များ၏ လွှမ်းမိုးမှုသည် အစဉ်မပြတ် ကျယ်ပြန့်လာနေပြီး လူအများအပြားသည် ယင်းတို့ထံမှ အကျိုးကျေးဇူး ရရှိနေကြသည်။ အကျိုးကျေးဇူး ရရှိသူများသည် အမှန်တွင် ဤကြီးကြပ်ရေးမှူးများ သဘောပေါက်နားလည်နိုင်ပြီး လက်ခံနိုင်သည့် အလုပ်အစီအစဉ်များ၏ အမျိုးမျိုးသော စည်းမျဉ်းများ၊ အခြေခံသဘောတရားများနှင့် တင်းကျပ်သော ပြဋ္ဌာန်းချက်များမှပင် အကျိုးကျေးဇူး ရရှိနေကြခြင်း ဖြစ်သည်။ ဤသည်မှာ ဆန်းသစ်တီထွင်နိုင်စွမ်းရှိခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ ဆိုလိုသည်မှာ အစွမ်းအစ ကောင်းသူတစ်ဦးသည် ၎င်းတို့ သဘောပေါက်နားလည်ပြီး လက်ခံသည့် အလုပ်စည်းမျဉ်းများနှင့် သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ တာဝန်ယူသည့်အလုပ်ထဲသို့ အစဉ်မပြတ် အကောင်အထည်ဖော်နိုင်ပြီး လူတိုင်းနှင့်အတူ ယင်းတို့ကို အကောင်အထည်ဖော်ကာ အလုပ်ကို စနစ်တကျပုံစံဖြင့် ဆက်လက်လုပ်ဆောင်သွားရန် သို့မဟုတ် ရှေ့သို့ ရွေ့လျားရန် ဖြစ်နိုင်စေသည်။ တစ်ချိန်တည်းမှာပင် အလုပ်ရလဒ်များသည် အချိန်မှန် သို့မဟုတ် အချိန်မမှန် ထွက်ပေါ်လာလိမ့်မည်၊ မယုံကြည်သူများက ဤသည်ကို “ဖန်တီးချက်များကို ထုတ်လုပ်ခြင်း” ဟု ခေါ်သည်၊ ဆိုလိုသည်မှာ အလုပ်ရလဒ်များသည် အစဉ်မပြတ် ပေါ်ထွက်လာလိမ့်မည်ဖြစ်ပြီး ဤအလုပ်ရလဒ်များ ပေါ်ထွက်လာခြင်းသည် နောက်ဆက်တွဲအနေဖြင့် ပိုကြီးမားသော လွှမ်းမိုးမှုကို ဆောင်ကြဉ်းလာမည်ဖြစ်ကာ ပို၍များသော လူများကို အကျိုးပြုလိမ့်မည်။ ဤစွမ်းရည်ကို ပိုင်ဆိုင်သောသူများသည် နောက်ဆုံးတွင် အလုပ်၏ ရလဒ်များကို အစဉ်မပြတ် ချဲ့ထွင်နိုင်ပြီး ထိုသို့ဖြင့် ပို၍ ပို၍ များသော လူများ အကျိုးကျေးဇူး ရရှိကြမည်ဖြစ်သည်။ ထိုသို့သောလူများသည် အစွမ်းအစကောင်းသူများ ဖြစ်ကြသည်။ သင်၏ အစွမ်းအစကို သင်၏ ဆန်းသစ်တီထွင်နိုင်စွမ်းဖြင့် တိုင်းတာရန်၊ အလုပ်စည်းမျဉ်းများ၊ အလုပ်ပြဋ္ဌာန်းချက်များနှင့် သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်နားလည်ပြီးနောက် သင်၏ အကောင်အထည်ဖော်နိုင်စွမ်း၊ ရှေ့ဆက်တိုးစေနိုင်စွမ်းနှင့် တိုးချဲ့နိုင်စွမ်းသည် မည်သို့ရှိသည်ကို ကြည့်ရှုရန် လိုအပ်သည်၊ ဆိုလိုသည်မှာ ဤအလုပ်ကို ထိန်းသိမ်းရန် သင်၏ စွမ်းရည်သည် မည်သို့ရှိသည်ကို ဖြစ်သည်။ ဒုတိယအနေဖြင့် သင်လုပ်ဆောင်သည့်အလုပ်က လူမည်မျှကို အကျိုးပြုသည်၊ အကျိုးခံစားရသူများ၏ အတိုင်းအတာ မည်မျှကြီးမားသည်၊ လွှမ်းမိုးမှုအတိုင်းအတာ မည်မျှကြီးမားသည်၊ သင်၏ အလုပ်၏ စွမ်းဆောင်ရည်နှင့် ရလဒ်များသည် မည်သို့ရှိသည်တို့ကို ကြည့်ရှုရန် လိုအပ်သည်။ သင်၏ အလုပ်စွမ်းဆောင်ရည် မြင့်မားလျှင်၊ သင်၏ အလုပ်ရလဒ်များ ကောင်းမွန်လျှင်၊ အကျိုးခံစားရသူများ၏ အတိုင်းအတာ အစဉ်မပြတ် ကျယ်ပြန့်လာလျှင် သင်၏ အစွမ်းအစသည် ကောင်းမွန်သည်။ အကျိုးခံစားရသူအရေအတွက် နည်းပါးလျှင်၊ အလုပ်စွမ်းဆောင်ရည် နိမ့်ကျလျှင်၊ ရလဒ်များ ညံ့ဖျင်းလျှင်၊ အစဉ်မပြတ် ပြန်လည်လုပ်ဆောင်ရခြင်း၊ ရပ်တန့်ခြင်းနှင့် လစ်ဟာမှုများကို ဖာထေးခြင်းတို့ ရှိနေလျှင် သင်၏ အစွမ်းအစသည် သာမန်ဖြစ်သည်။ လူတစ်ဦးသည် အလုပ်စည်းမျဉ်းများ၊ အလုပ်အစီအစဉ်များနှင့် အခြားကဏ္ဍများကို အတော်အတန် ကောင်းမွန်စွာနှင့် လျင်မြန်စွာ သဘောပေါက်နားလည်သော်လည်း အကောင်အထည်ဖော်ရာတွင် ၎င်းတို့၏ တိုးတက်မှုသည် အလွန်နှေးကွေးပြီး ၎င်းတို့၏ စွမ်းဆောင်ရည်သည် အလွန်နိမ့်ကျလျှင် ပုံမှန်အခြေအနေများအောက်တွင် ရလဒ်များကို တစ်လအတွင်း ထုတ်လုပ်နိုင်သော်လည်း ၎င်းတို့က သုံးလ သို့မဟုတ် ခြောက်လပင် အချိန်ယူပြီး ထုတ်လုပ်လိုက်သော ရလဒ်များသည် အလွန်သာမန် ဖြစ်နေဆဲဖြစ်ကာ အကျိုးခံစားရသူအရေအတွက် နည်းပါးပြီး လူတို့အတွက် အကျိုးကျေးဇူးသည် သိသာထင်ရှားခြင်း မရှိပါက ထိုသို့သောလူသည် သာမန်အစွမ်းအစရှိသူ ဖြစ်သည်။

အချို့သောလူများသည် အချို့သော စည်းမျဉ်းများ သို့မဟုတ် အခြေခံသဘောတရားများကို နားလည်ပြီးနောက် ထိုအချိန်တွင် စာသားအတိုင်း အဓိပ္ပာယ်ကိုသာ သဘောပေါက်ကြပြီး ဤစည်းမျဉ်းများ သို့မဟုတ် အခြေခံသဘောတရားများနှင့် သက်ဆိုင်သော ၎င်းတို့၏ အလုပ်ထဲရှိ လူများ၊ ဖြစ်ရပ်များ သို့မဟုတ် အမှုအရာများနှင့် လုံးဝ မဆက်စပ်နိုင်ကြပေ။ ၎င်းတို့သည် စည်းမျဉ်းများနှင့် အခြေခံသဘောတရားများကို စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် အယူဝါဒများအဖြစ်သာ နားထောင်ကြပြီး ယင်းတို့ကို ကြားပြီးနောက်တွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ မည်သည့်အစီအစဉ်မျှ မချမှတ်ကြသည့်အပြင် ယင်းတို့ကို မည်သို့ အကောင်အထည်ဖော်ရမည်ကို သို့မဟုတ် ၎င်းတို့ နားလည်သည့် အလုပ်အစီအစဉ်များနှင့် အခြေခံသဘောတရားများ သို့မဟုတ် စည်းမျဉ်းများကို လက်တွေ့ဘဝတွင် မည်သို့ အသုံးချရမည်ကို မသိကြပေ။ ၎င်းတို့သည် လက်တွေ့ဘဝနှင့် ဤအခြေခံသဘောတရားများ သို့မဟုတ် စည်းမျဉ်းများအကြား မည်သည့်ဆက်စပ်မှုကိုမျှ အခြေခံကျကျ မပြုလုပ်နိုင်ကြပေ။ လက်တွေ့ဘဝ သို့မဟုတ် အလုပ်နှင့်ပတ်သက်လာလျှင် ၎င်းတို့သည် စည်းမျဉ်းများ၊ အခြေခံသဘောတရားများနှင့် အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများကို ဘေးဖယ်ထားကြပြီး ယင်းတို့ကို အသုံးမချနိုင်ဘဲ မိမိတို့ လုပ်ချင်ရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ လူ့သဘာဝ ကောင်းသည် မကောင်းသည်ကိုဖြစ်စေ၊ ၎င်းတို့၏ စရိုက် မည်သို့ရှိသည်ကိုဖြစ်စေ၊ ၎င်းတို့က တစ်စုံတစ်ခုကို တမင်တကာ မလုပ်ဆောင်ခြင်း ရှိမရှိကိုဖြစ်စေ၊ သို့မဟုတ် ၎င်းတို့က တစ်စုံတစ်ခုကို မလုပ်ဆောင်လိုခြင်း ရှိမရှိကိုဖြစ်စေ ယခု လောလောလတ်လတ် မပြောကြစို့နှင့်။ အစွမ်းအစအရဆိုလျှင် ထိုသို့သောလူများသည် အစွမ်းအစ ညံ့ဖျင်းကြသည်။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ အယူဝါဒများစွာကို ပြောနိုင်သည်၊ အချို့သော အခြေခံသဘောတရားများအကြောင်း ပြောနိုင်သည်၊ အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများဟုခေါ်သော အချို့အရာများကို အခြားသူများနှင့် ဆွေးနွေးနိုင်သည်။ ၎င်းတို့သည် အတော်အတန် မြင့်မားသော အတွေးအခေါ်အဆင့်နှင့် သဘောပေါက်နားလည်နိုင်စွမ်း ရှိပုံရပြီး အချို့သော အစွမ်းအစ ရှိပုံပေါ်သည်။ သို့သော် ၎င်းတို့အား အလုပ်တစ်ခုကို တာဝန်ပေးအပ်သောအခါ တစ်လ သို့မဟုတ် နှစ်လ ကြာသွားသော်လည်း မည်သည့်ရလဒ်မျှ မထွက်ပေါ်လာဘဲ ၎င်းတို့ထံမှ မည်သည့် သတင်းအသစ်မျှ မကြားရပေ။ ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှုကို ဖော်ပြသည့်အချိန်တွင် ၎င်းတို့သည် အလွန်ကောင်းမွန်စွာ ပြောဆိုခဲ့ကြသော်လည်း အမှန်စင်စစ် လုပ်ဆောင်ရမည့်အချိန်သို့ ရောက်သောအခါတွင်မူ မည်သို့လုပ်ဆောင်ရမည်ကို မသိကြပေ။ “အထက်က စည်းမျဉ်းများကို အသေအချာ ရှင်းပြခဲ့သည်၊ သို့ဆိုလျှင် ယခု ကျွန်ုပ် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ မည်သူ့ကို ကြီးကြပ်ရေးမှူးအဖြစ် ခန့်သင့်သနည်း၊ မည်သူ့ကို တရားဟောဆရာအဖြစ် ခန့်သင့်သနည်း၊ မည်သူက ပြင်ပရေးရာများကို ကိုင်တွယ်သင့်သနည်း။ ကျွန်ုပ် မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိပါ။ သို့ရာတွင် ကျွန်ုပ် ရဲတင်းစွာ ပြောဆိုခဲ့ပြီး ကျွန်ုပ်၏ စိတ်ပိုင်းဖြတ်မှုကို ဖော်ပြခဲ့သည်၊ ထို့ကြောင့် ကျွန်ုပ် လုပ်ဆောင်ရမည်သာဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အလွန်စိုးရိမ်သောကရောက်ကြသဖြင့် အတွင်းအပူများ ဖြစ်ပေါ်လာပြီး ပါးစပ်တွင် အနာများပေါက်ကာ မစားနိုင် မအိပ်နိုင်ဖြစ်သည့်အပြင် နောက်ဆုံးတွင် ဖရိုဖရဲဖြစ်ကာ မနိုင်ဝန်ထမ်းရသည့် အခြေအနေသို့ ရောက်သွားသည့်တိုင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိကြသေးပေ။ ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းသောသူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ၎င်းတို့အား အလုပ်တစ်ခုကို စီစဉ်ပေးသောအခါ ၎င်းတို့က မည်သို့ပင် တရားဝင်ကတိသစ္စာများ ပြုသည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှုကို ဖော်ပြသည်ဖြစ်စေ၊ ထိုသို့သော စိတ်ဓာတ်ဖြင့် ရဲတင်းပြီး ကြီးကျယ်ခမ်းနားသော စကားများကို ပြောဆိုသည်ဖြစ်စေ ၎င်းတို့က အလုပ်ကို လုပ်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့၌ အဆင့်များနှင့် အစီအစဉ်များ ရှိမရှိ၊ အလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည် ဖော်ရမည်ကိုလည်းကောင်း၊ စည်းမျဉ်းများအတိုင်း မည်သို့ ပြုမူရမည်ကိုလည်းကောင်း နားလည်ခြင်း ရှိမရှိတို့ကို ကြည့်ရှုရမည်ဖြစ်သည်။ ၎င်းတို့သည် ဤအရာကို နားမလည်လျှင် သို့မဟုတ် မလုပ်နိုင်လျှင် ၎င်းတို့၌ ညံ့ဖျင်းသော အစွမ်းအစရှိသည်။ ၎င်းတို့သည် အယူဝါဒများကိုသာ နားလည်ပြီး စည်းမျဉ်းများကို အသုံးမချနိုင်ဘဲ ကြောင်းကျိုးမမြင် မဆင်မခြင် ပြုမူလျှင် ဤသည်မှာလည်း အစွမ်းအစ ညံ့ဖျင်းကြောင်း ပြသည်။ သင်သည် စည်းမျဉ်းများ၊ အခြေခံသဘောတရားများ သို့မဟုတ် အရာများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများကို လက်တွေ့ဘဝတွင် ထိရောက်စွာ အကောင်အထည်မဖော်နိုင်သရွေ့၊ သင်သည် စိုးရိမ်သောကရောက်ပြီး ပျာယာခတ်နေသည်ဖြစ်စေ သို့မဟုတ် မဆင်မခြင် မှားယွင်းသော အမှုများကို ကျူးလွန်သည်ဖြစ်စေ ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဤစကားများသည် မှန်ကန်တိကျသလော။ (မှန်ကန်တိကျပါသည်။) အချို့လူများသည် ကြောင်းကျိုးမမြင်ဘဲ ပြုမူကြပြီး အချို့မှာမူ မည်သို့လုပ်ဆောင်ရမည်ကို မသိသည့်အပြင် လုပ်ဆောင်ရန် မရဲကြပေ၊ ၎င်းတို့သည် မည်သည့်နေရာမှ စတင်ရမည်ကိုပင် မသိကြပေ။ အစွမ်းအစ ညံ့ဖျင်းသောသူများ၏ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် ပတ်သက်သည့် တိကျသော သရုပ်သကန်များမှာ ၎င်းတို့သည် အခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို တိကျသော၊ စစ်မှန်သော အလုပ်တွင် မည်သို့ အသုံးချရမည်ကို မသိခြင်း ဖြစ်သည်၊ ၎င်းတို့သည် စကားလုံးများကို သံယောင်လိုက်ပြောရန်၊ အယူဝါဒများကို သင်ယူရန်နှင့် စည်းမျဉ်းစည်းကမ်းများကို အလွတ်ကျက်မှတ်ရန်သာ တတ်နိုင်သည်။ အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို အလွတ်ကျက်မှတ်ရုံမျှဖြင့် အသုံးမဝင်သည့်အပြင် သင်၌ ဆန်းသစ်တီထွင်နိုင်စွမ်းရှိကြောင်းကိုလည်း မညွှန်ပြပေ။ သင်၌ ဆန်းသစ်တီထွင်နိုင်စွမ်း ရှိမရှိဟူသည်မှာ သင်သည် ဤအခြေခံသဘောတရားများ၊ စည်းမျဉ်းများနှင့် စည်းကမ်းများကို လက်တွေ့ဘဝထဲသို့ အကောင်အထည် ဖော်နိုင်ခြင်း ရှိမရှိ၊ ဤအခြေခံသဘောတရားများနှင့် စည်းမျဉ်းများနှင့် သက်ဆိုင်သော အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိတို့ဖြင့် သိသာထင်ရှားသည်၊ ထိုသို့ဖြင့် ဤအခြေခံသဘောတရားများနှင့် စည်းမျဉ်းများသည် စကားလုံးများနှင့် အယူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ပုံသေနည်းများအဖြစ် ဆက်လက်တည်ရှိနေမည်မဟုတ်ဘဲ လူတို့၏ ဘဝများတွင် အကောင်အထည်ဖော်ခြင်းခံရပြီး လူတို့အပေါ် အသုံးချခြင်းခံရကာ လူတို့အား ယင်းတို့ကို အသုံးပြုခွင့်ပေးပြီး ယင်းတို့ထံမှ အကျိုးကျေးဇူးနှင့် အကူအညီကို ရယူစေကာ ယင်းတို့ကို ဘဝတွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု သို့မဟုတ် အသက်ရှင်နေထိုင်ရန်အတွက် လမ်းညွှန်မှု၊ ဦးတည်ချက်နှင့် ပန်းတိုင်တစ်ခု ဖြစ်လာစေမည်ဖြစ်သည်။ လူတစ်ဦးသည် ဤဆန်းသစ်တီထွင်နိုင်စွမ်း ကင်းမဲ့ပြီး စကားလုံးများနှင့် အယူဝါဒများကို တတွတ်တွတ် ပြောရန်နှင့် ကြွေးကြော်သံများကို ဟစ်ကြွေးရန်သာ သိရှိကာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အချိန်သို့ ရောက်သောအခါ ဤစည်းမျဉ်းများနှင့် အခြေခံသဘောတရားများကို အသုံးမချနိုင်ပါက ထိုသို့သော ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူး နောက်သို့ လိုက်သောသူများသည် သမ္မာတရား၏ ဤကဏ္ဍတွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို ရရှိကြမည်မဟုတ်ပေ။ ထိုသို့သော ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများသည် အစွမ်းအစ ညံ့ဖျင်းသူများ၊ အလုပ်ကို လုပ်နိုင်စွမ်း မရှိသူများဖြစ်ကြပြီး ဖော်ထုတ်တွေ့ရှိသည်နှင့် တစ်ပြိုင်နက် တိုင်ကြားပြီး ဖယ်ရှားခြင်းခံရသင့်သည်။ တစ်စုံတစ်ဦးသည် အလုပ်တစ်ခုကို ထမ်းဆောင်နိုင်ခြင်း ရှိမရှိကို အကဲဖြတ်ရန် သင်သည် ပထမဦးစွာ ၎င်းတို့က အလုပ်အစီအစဉ်များကို ဖတ်ရှုပြီး သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီးနောက် ၎င်းတို့က ယင်းတို့ကို စီစဉ်ပြီး အကောင်အထည်ဖော်ကာ အလုပ်ကို စတင်လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို ကြည့်ရှုရမည်။ အသင်းတော်တစ်ခုတွင် လူမည်မျှပင် ရှိသည်ဖြစ်စေ၊ ၎င်းတို့က အသင်းတော်၏ အလုပ်အားလုံးကို စတင်လုပ်ဆောင်စေပြီး လူမည်မျှ၏ အလုပ်ကို ၎င်းတို့ တာဝန်ယူရသည်ဖြစ်စေ၊ ငါးဆယ်ဖြစ်စေ တစ်ရာဖြစ်စေ၊ ၎င်းတို့သည် အလုပ်ကို ရှင်သန်ကြီးထွားစေနိုင်ပြီး လူတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်နေရာရှိကြောင်းနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း အလုပ်လုပ်နိုင်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြောင်း သေချာစေပါက ထိုသို့သောလူကို ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ရန် စဉ်းစားနိုင်သည်။ မှန်ပေသည်၊ သင်သည် ၎င်း၏ စရိုက် မည်သို့ရှိသည်၊ ၎င်းသည် သင့်တော်သောသူတစ်ဦး ဟုတ်မဟုတ်၊ ၎င်းသည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဟုတ်မဟုတ်တို့ကိုလည်း ကြည့်ရှုရမည်၊ ဤအရာများကို သိရှိခြင်းသည် မရှိမဖြစ် လိုအပ်သည်။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသော လူများကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်ရန်နှင့် လူတိုင်းက အလုပ်အစီအစဉ်များ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများအတိုင်း အလုပ်လုပ်နိုင်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ရန်အလို့ငှာ အနည်းဆုံးအနေဖြင့် ဤကဏ္ဍများတွင် အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်ရမည်၊ ဤနည်းဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူများသည် ၎င်းတို့ထံမှ အကျိုးကျေးဇူး ရရှိနိုင်သည်။ ၎င်းတို့သည် ဤစွမ်းရည်ကို မပိုင်ဆိုင်ပါက ၎င်းတို့ကို ရွေးကောက်တင်မြှောက်၍ မရနိုင်ပေ။ သင်သည် ထိုသို့သောလူကို ရွေးချယ်ပါက၊ ၎င်းတို့နောက်သို့ လိုက်နေစဉ် နေ့စဉ် မည်သည့်အလုပ်မျှ မလုပ်ဘဲ အအားနေခြင်းက သင်၏ ဇာတိပကတိအတွက် သက်သောင့်သက်သာဖြစ်မှုကို ဆောင်ကြဉ်းပေးနိုင်သော်လည်း သင်၏ ဝိညာဉ်၌ ပြည့်စုံမှုကို ခံစားရမည်လော။ သင်သည် နေ့စဉ် နာရီအနည်းငယ်ကို စုဝေးပွဲများတွင် ၎င်းတို့ ဟောပြောသည့် အယူဝါဒများကို နားထောင်ရင်း ကုန်ဆုံးသော်လည်း လက်တွေ့အလုပ် မလုပ်ပါက ဤသည်မှာ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း ဟုတ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် သင့်အား နေ့စဉ် အယူဝါဒများကို ဟောပြောကြပြီး သင်၏ နားများ ကြွယ်ဝလာနိုင်သော်လည်း သင်သည် မိမိ၏ တာဝန်ကို မထမ်းဆောင်ဘဲ ၎င်းတို့နောက်သို့ ဦးတည်ချက်မဲ့စွာ အိုးနင်းခွက်နင်း လိုက်နေခြင်းသာ ဖြစ်သည်။ ထိုသို့ဆိုလျှင် သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းနှင့် ဟန့်တားခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ သင်သည် ၎င်းတို့ ပြောဆိုသည့် ထိုငြီးငွေ့ဖွယ် စကားလုံးများနှင့် အယူဝါဒများကို ဆက်လက်နားထောင်နေပြီး နောက်ဆုံးတွင် သင်၏ တာဝန်ကို မထမ်းဆောင်ဘဲ သို့မဟုတ် သစ္စာစောင့်သိမှုကို မပြဘဲ၊ သမ္မာတရား၌ စစ်မှန်သော အတွေ့အကြုံမရှိဘဲ၊ ဘုရားသခင်က သင့်အား အပ်နှံထားသည့်အရာတွင် သစ္စာစောင့်သိမှုကို မဆက်ကပ်ဘဲ အလုပ်ကို စတင်လုပ်ဆောင်ခြင်း သို့မဟုတ် မည်သည့်ရလဒ်မျှ မရရှိဘဲနေပါက ဘုရားသခင်က လူတို့ထံမှ ရလဒ်များကို တောင်းသောအခါ သင်၌ တင်ပြစရာ တစ်ခုမျှမရှိလျှင် သင်သည် ဆုံးရှုံးမှုကို ခံစားခဲ့ရမည် မဟုတ်လော။ ထို့ကြောင့် သင်သည် ယခင်က ထိုသို့သောလူများကို ခေါင်းဆောင်လောင်းများအဖြစ် တွေးထင်ခဲ့ပါက ယခု သင်၏ ရှုမြင်ပုံကို လျင်မြန်စွာ ပြောင်းလဲပြီး ထိုသို့သောလူများကို သင်၏ ကိုယ်စားလှယ်လောင်းများစာရင်းမှ ပယ်ဖျက်လော့။ ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ခြင်း မပြုရ။ အစွမ်းအစ ညံ့ဖျင်းပြီး ဆန်းသစ်တီထွင်နိုင်စွမ်းမရှိသောသူများသည် မည်သည့်နေရာတွင် လိုအပ်ချက်ရှိသနည်း။ ၎င်းတို့သည် လက်တွေ့မလုပ်ဘဲ အပြောသာရှိသော ဗိုလ်ချုပ်ကြီးများကဲ့သို့ ပြုမူရန်သာ သိရှိပြီး ၎င်းတို့၏ စိတ်ကူးများကို လက်တွေ့ဘဝအလုပ်တွင် မည်သို့ အသုံးချရမည်ကို မည်သည့်အခါမျှ မသိခြင်း၌လည်းကောင်း၊ ၎င်းတို့သည် လက်တွေ့အလုပ်ကို မလုပ်နိုင်ခြင်း၌လည်းကောင်း လိုအပ်ချက်ရှိသည်။ ထိုသို့သောလူများ ခေါင်းဆောင်များ ဖြစ်လာပါက မည်သို့သော အကျိုးဆက်များ ရှိမည်နည်း။ ၎င်းတို့သည် အလုပ်ကို လုံးဝ ရှုပ်ထွေးပွေလီသွားစေမည်သာ ဖြစ်သည်။ ၎င်းတို့သည် တရုတ်ပြည်မကြီးတွင် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံပါက အသင်းတော်တစ်ခုလုံးကို ပျက်စီးခြင်းသို့ ဦးဆောင်သွားလိမ့်မည်။ ၎င်းတို့ကိုယ်တိုင် သမ္မာတရားကို မရရှိနိုင်ရုံသာမက ၎င်းတို့ ဦးဆောင်သောသူများ၏ အသက်သည်လည်း ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။ သင်သည် ထိုသို့သောလူများကို ချက်ချင်း ဖော်ထုတ်နိုင်ပြီး ဖယ်ရှားနိုင်ပါက အချို့သော ဘေးအန္တရာယ်များကို ကာကွယ်နိုင်မည်ဖြစ်ပြီး အသင်းတော်အလုပ်သည် ဆုံးရှုံးမှုများကို ခံစားရမည်မဟုတ်ပေ။ သို့သော် သင်သည် ထိုသို့သောလူများအောက်တွင် နောက်လိုက်တစ်ဦးအဖြစ် ဆက်လက်ရှိနေပြီး ၎င်းတို့၏ ဦးဆောင်မှုကို လက်ခံပါက သင်၏ ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်သည် ၎င်းတို့၏လက်ထဲတွင် ပျက်စီးသွားနိုင်ဖွယ်ရှိပြီး သင်၏ ကယ်တင်ခြင်းအတွက် အခွင့်အရေးသည် ထိုအခါ ပျောက်ဆုံးသွားလိမ့်မည်။ ထို့ကြောင့် ဆန်းသစ်တီထွင်နိုင်စွမ်းသည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦးအတွက် အရေးပါသော စွမ်းရည်တစ်ခု ဖြစ်သည်။ သင်သည် အလုပ်လုပ်ရန် အခြေခံကျသော အစွမ်းအစနှင့် စွမ်းရည်ကင်းမဲ့လျှင် သင်သည် လုံးဝ သတိထားရမည်ဖြစ်ကာ စိတ်ထက်သန်မှုဖြင့်သာ ရှေ့မဆက်ရဘဲ အစဉ်သဖြင့် ထင်ပေါ်လိုခြင်းနှင့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦး အစဉ်သဖြင့် ဖြစ်လိုခြင်း မရှိရ။ ထိုသို့ လုပ်ဆောင်ခြင်းသည် ကယ်တင်ခြင်းမရစေရန် သင့်ကိုယ်သင် ဟန့်တားသည်သာမက အခြားသူများကိုလည်း ဟန့်တားပေသည်။ သင့်ကိုယ်သင်သာ ဟန့်တားလျှင် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်သော်လည်း ညီအစ်ကို မောင်နှမများကို သင် ဟန့်တားလျှင် လူများစွာကို သင် ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ သင်ကိုယ်တိုင်၏ ဘဝကို သင် အရေးမစိုက်ဘဲ ရှိကောင်းရှိမည်ဖြစ်သော်လည်း အခြားသူများက ၎င်းတို့၏ ဘဝများကို အရေးစိုက်ကြ၏။ ထို့အပြင် သင်၏ နေ့စဉ်ဘဝ သို့မဟုတ် ငွေကြေးအောင်မြင်မှုကို ဟန့်တားခြင်းက အရေးမကြီးသော်လည်း အသင်းတော်၏ အလုပ်ကို ဟန့်တားခြင်းက အသေးအမွှားကိစ္စ မဟုတ်ပေ။ ထိုသို့သော တာဝန်တစ်ခုကို သင် ခံယူနိုင်သလော။ သင်သည် အသိတရားရှိသည့် တစ်စုံတစ်ဦး အမှန်တကယ်ဖြစ်ကာ ဤကိစ္စသည် အရေးပါသော တာဝန်ယူမှု ပါရှိကြောင်း၊ အသင်းတော် အလုပ်ကို ဟန့်တားခြင်းသည် သင် တာဝန်ယူနိုင်သည့်အရာတစ်ခု မဟုတ်ကြောင်းကို ခံစားရလျှင် ခေါင်းဆောင်မှုအတွက် ကြွားဝါကာ ပြိုင်ဆိုင်ရန် မည်သည့်နည်းလမ်းကိုမျှ လုံးဝ သင် အားမကိုးရပေ။ သင်သည် အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့လျှင် ထင်ပေါ်ရန် အစဉ်သဖြင့် မကြိုးပမ်းနှင့်။ ဩဇာအာဏာအပေါ် သင်၏ မက်မောတောင့်တမှုကို ဖြည့်ဆည်းရန်သက်သက်အတွက် သင်၏ အသင်းတော်အလုပ်အား မဟန့်တားနှင့် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းနှင့် ကောင်းမွန်သည့် ခရီးပန်းတိုင်ရရှိခြင်းတို့အား မဟန့်တားနှင့်။ ဤသည်မှာ ဆိုးယုတ်မှုတစ်ခု ဖြစ်သည်။ သင်သည် မိမိကိုယ်ကို သိသောအသိတစ်ခုခု ရှိသင့်သည်။ သင် လုပ်နိုင်စွမ်းရှိသည့်အရာကို လုပ်ဆောင်လော့၊ ပြီးလျှင် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစဉ်သဖြင့် ဆန္ဒမပြင်းပြနှင့်။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းအပြင် သင် ထမ်းဆောင်နိုင်သည့် တာဝန်များစွာ ရှိသည်။ ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းသည် သင်၏ သီးသန့် လုပ်ပိုင်ခွင့် မဟုတ်သကဲ့သို့ သင်၏ လိုက်စားမှုလည်း မဖြစ်သင့်ပေ။ သင့်ထံတွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုရှိကာ ဝန်တာထမ်းလိုစိတ် တစ်ခုလည်း ရှိလျှင် အခြားသူများက သင့်ကို ရွေးကောက်သည်ကို အခွင့်ပေးခြင်းက ပို၍ကောင်းပေသည်။ ဤလက်တွေ့လုပ်ဆောင်မှုက အသင်းတော်အလုပ်နှင့် ပါဝင်သည့်လူတိုင်းကို အကျိုးပြုသည်။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစကင်းမဲ့လျှင် အခြားသူများ၏ အနာဂတ်အတွက် သင် ကြင်နာမှုအချို့ကို ဖော်ပြကာ တာဝန်အချို့ ယူသင့်သည်။ ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစဉ်သဖြင့် မပြိုင်ဆိုင်နှင့်၊ ပြီးလျှင် အခြားသူများကို မဟန့်တားနှင့်။ ညံ့ဖျင်းသည့် အစွမ်းအစရှိသော်လည်း ခေါင်းဆောင်တစ်ဦး ဖြစ်လိုကာ အသင်းတော်အလုပ်ကို ကြီးကြပ်လိုခြင်းသည် အသိစိတ်ကင်းမဲ့ခြင်းကို ပြသည်။ သင်သည် အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုကင်းမဲ့လျှင် သင်၏ ကိုယ်ပိုင် တာဝန်များကိုသာ ကောင်းစွာ ထမ်းဆောင်လော့။ သင်၏ တာဝန်များကို အမှန်တကယ် ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းသည် သင့်တွင် အသိစိတ်အချို့ရှိသည်ကို ပြသည်။ သင်၏ စွမ်းရည်အတိုင်း သင် လုပ်ဆောင်နိုင်သည့် အလုပ်မှန်သမျှကို ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ မထားရှိနှင့်။ အသင်းတော်၏ အလုပ်ကို လျစ်လျူရှုနေစဉ် သင်၏ ကိုယ်ရေးကိုယ်တာ လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်သာ မကြိုးစားနှင့်။ ဤအရာက သင်ကိုယ်တိုင်ကိုရော၊ အသင်းတော်ကိုပါ ထိခိုက်စေသည်။ ဤသည်မှာ ဆန်းသစ်တီထွင်နိုင်စွမ်းအရ ညံ့ဖျင်းသည့် အစွမ်းအစရှိသည့် လူများ၏ သရုပ်သကန်ဖြစ်သည်။

အစွမ်းအစ ညံ့ဖျင်းသောသူများအားလုံးသည် ဆန်းသစ်တီထွင်နိုင်စွမ်း မရှိကြပေ၊ သို့ဆိုလျှင် အစွမ်းအစ လုံးဝမရှိသောသူများမှာမူ ယင်းကို ပို၍ပင် မပိုင်ဆိုင်ကြပေ။ ထိုသို့သောလူများသည် အမှုအရာများ၏ အခြေခံသဘောတရားများ၊ အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ကြားရသောအခါ လုံးဝ နားမလည်နိုင်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ ဤသည်တို့မှာ သမ္မာတရား စည်းမျဉ်းများဖြစ်ကြောင်း ၎င်းတို့ မြင်နိုင်လျှင်ပင် ၎င်းတို့သည် စည်းမျဉ်းများကို ၎င်းတို့၏ အသုံးချမှုအတိုင်းအတာ သို့မဟုတ် ၎င်းတို့နှင့် သက်ဆိုင်သော လူများ၊ ကိစ္စရပ်များနှင့် မဆက်စပ်နိုင်ကြပေ။ ၎င်းတို့က “သမ္မာတရားနှင့်ပတ်သက်သည့် ဤမိတ်သဟာယဖွဲ့ခြင်းသည် အလွန်အသေးစိတ်ကျပြီး အလွန်များပြားလှသည်။ ဤစကားများကို ကြားရလျှင် ယင်းတို့သည် စည်းမျဉ်းများဖြစ်ကြောင်း ကျွန်ုပ် နားလည်နိုင်သော်လည်း စည်းမျဉ်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်အရာဖြစ်သည် သို့မဟုတ် စည်းမျဉ်းများက မည်သည့်အတိုင်းအတာကို ဘောင်ခတ်ထားသည်ကို ကျွန်ုပ် မသိပါ” ဟုပင် တွေးထင်ကြသည်။ ၎င်းတို့သည် စည်းမျဉ်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုပင် မသိပါက ၎င်းတို့သည် ယင်းတို့ကို မည်သို့ အကောင်အထည်ဖော်ရမည်ကိုဖြစ်စေ၊ လက်တွေ့လုပ်ဆောင်ရမည်ကိုဖြစ်စေ သေချာပေါက် မသိကြပေ။ ဥပမာအားဖြင့် ကိုင်တွယ်ရန် လိုအပ်သော တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ အခြားသူများက ၎င်းတို့အား “သင်သည် စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်သင့်သည်” ဟု ပြောကြသည်။ ၎င်းတို့က “စည်းမျဉ်းများအတိုင်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုပင် ကျွန်ုပ် မသိပါ။ ဤကိစ္စက မည်သည့်စည်းမျဉ်းနှင့် သက်ဆိုင်ကြောင်းကို ကျွန်ုပ် မသိပါ” ဟု ဆိုသည်။ အခြားသူများက ဤကိစ္စကို ကိုင်တွယ်ရာတွင် ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းကို ရှင်းပြပြီးသည့်နောက်မှာပင် မည်သို့လုပ်ဆောင်ရမည်ကို ၎င်းတို့ မသိကြသေးပေ။ ထိုသို့သောလူများသည် အလွန်အမင်း အစွမ်းအစ ညံ့ဖျင်းကြသည်၊ ၎င်းတို့သည် လူ၏ဘာသာစကားကိုပင် နားမလည်နိုင်ကြသည့်အပြင် အသုံးပြုရန် ပို၍ပင် မသင့်တော်ကြပေ။ ဤသည်မှာ ထိုသို့သောလူများသည် စွမ်းဆောင်ရည် မရှိလွန်းသဖြင့် ကူညီ၍ပင် မရနိုင်ကြောင်းကို မပြသလော။ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်လောက်အောင် စွမ်းဆောင်ရည်မဲ့သော လူများသည် ယုတ္တိရှိရှိ တွေးခေါ်ရန် မဆိုထားနှင့်၊ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုနှင့် အမှုအရာများကို နားလည်နိုင်စွမ်းကို မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် သမ္မာတရား စည်းမျဉ်းများ သို့မဟုတ် အမျိုးမျိုးသော အခြေခံသဘောတရားများနှင့် စည်းကမ်းများကို နားလည်သောသူများသည် အစွမ်းအစ ကင်းမဲ့သောသူများနှင့် ဆက်ဆံဆွေးနွေးရန် နည်းလမ်းမရှိပေ၊ ၎င်းတို့သည် သဘောတူညီချက်တစ်ခုကို မရရှိနိုင်ကြသည့်အပြင် စိတ်တူကိုယ်တူ ဖြစ်ခြင်း မရှိသည်မှာလည်း အမှန်ပင်။ အဘယ်ကြောင့် ၎င်းတို့ ဆက်ဆံဆွေးနွေး၍ မရနိုင်သနည်း။ ပဓာနကျသော ပြဿနာတစ်ခု ရှိသည်၊ ယင်းမှာ အမျိုးမျိုးသော အရာများကို သိမြင်နားလည်ရန်၊ ပိုင်းခြားသိမြင်ရန်၊ သုံးသပ်ဆုံးဖြတ်ရန်၊ နားလည်ရန်နှင့် လက်ခံရန် ဤလူအမျိုးအစားနှစ်ခု၏ စွမ်းရည်များသည် တူညီသောအဆင့် သို့မဟုတ် တူညီသော လမ်းကြောင်းပေါ်တွင် မရှိခြင်း ဖြစ်သည်၊ ၎င်းတို့သည် မည်သည့်အခါမျှ ဆုံတွေ့မည်မဟုတ်သော မျဉ်းပြိုင်နှစ်ကြောင်းကဲ့သို့ ဖြစ်ကြသည်။ ဤသည်မှာ အတော်အတန် စိတ်ကူးသက်သက်ဖြစ်သော အသုံးအနှုန်းများဖြင့် ပြောဆိုခြင်း ဖြစ်သည်။ ပို၍ တိတိကျကျ ပြောရလျှင် ဤလူအမျိုးအစားနှစ်ခု၏ အစွမ်းအစသည် ကမ္ဘာခြားနေပြီး တူညီသောအဆင့်တွင် မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် တူညီသောကိစ္စရပ်နှင့်ပတ်သက်၍ တူညီသော သုံးသပ်ဆုံးဖြတ်နိုင်စွမ်း၊ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း သို့မဟုတ် သိမြင်နားလည်နိုင်စွမ်းကို မည်သည့်အခါမျှ ရှိကြမည် မဟုတ်ပေ။ ဆိုလိုသည်မှာ အစွမ်းအစကောင်းသူများ သို့မဟုတ် သာမန်အစွမ်းအစရှိသူများ အသိအမှတ် ပြုနိုင်သည့်အရာကို၊ အစွမ်းအစ လုံးဝမရှိသောသူများ လုံးဝ အသိအမှတ်ပြုခြင်းမရှိပေ၊ ၎င်းတို့သည် ဤအရာကို ပို၍ပင် စံမမီကြသည့်အပြင် ၎င်းတို့၌ ထိုလုပ်ဆောင်နိုင်စွမ်း ကင်းမဲ့နေသည့်အလား ထာဝစဉ် စံမမီကြပေ။ ဥပမာအားဖြင့် ကြက်မတစ်ကောင် ကြီးပြင်းလာသောအခါ ၎င်းသည် အလိုအလျောက် ဥဥသည်။ ၎င်း၏ ဥဥမှု နည်းပါးလျှင်ပင် ၎င်း၌ ထိုလုပ်ဆောင်နိုင်စွမ်းရှိသောကြောင့် ဥဥနေဦးမည် ဖြစ်သည်။ သို့သော် ကြက်ဖတစ်ကောင်ကို မည်မျှပင် ကောင်းမွန်စွာ ကျွေးမွေးသည်ဖြစ်စေ ၎င်း၌ ထိုလုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့် ဥမဥနိုင်ပေ။ ကြက်ဖက “ကျွန်ုပ်မှာ ဥဥသည့် လုပ်ဆောင်နိုင်စွမ်း မရှိသော်လည်း မနက်ခင်းတွင် တွန်နိုင်သည်” ဟု ဆိုသည်။ သင်သည် အကြိမ်မည်မျှ တွန်သည်ဖြစ်စေ သို့မဟုတ် သင်၏ အသံ မည်မျှ ကျယ်လောင်သည်ဖြစ်စေ ယင်းက သင် ဥဥနိုင်သည်ဟု မဆိုလိုပေ။ ကြက်မသည် မတွန်သော်လည်း ၎င်း၌ ဥဥသည့် လုပ်ဆောင်နိုင်စွမ်း ရှိသည်။ အဘယ်ကြောင့် ငါသည် သင်တို့အား ဤဥပမာကို ပေးနေသနည်း။ အကြောင်းမှာ အစွမ်းအစ လုံးဝမရှိသောသူများသည် ထိုသို့သော လွဲချော်သော၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော၊ ယုတ္တိမရှိသော ကျိုးကြောင်းဆင်ခြင်မှုကို ပြောဆိုကြလိမ့်မည်၊ ဤသည်ကို အစွမ်းအစမရှိခြင်းဟု ခေါ်သည်။ ထို့ကြောင့် အစွမ်းအစကောင်းသူများ၊ သာမန်အစွမ်းအစရှိသူများ သို့မဟုတ် အစွမ်းအစ ညံ့ဖျင်းသောသူများပင်လျှင် အစွမ်းအစမရှိသောသူများနှင့် ကိစ္စရပ်များကို ဆက်ဆံဆွေးနွေးပြီး ပြောဆိုကြသောအခါ အနေရခက်ကြသည်။ အစွမ်းအစ ညံ့ဖျင်းသောသူများနှင့်မူ သင်သည် အချို့သော ရိုးရှင်းပြီး လွယ်ကူစွာ နားလည်နိုင်သော ကိစ္စရပ်များတွင် ဆက်ဆံဆွေးနွေးနိုင်သေးသည်။ သို့သော် အစွမ်းအစ လုံးဝမရှိသောသူများနှင့်မူ မည်သူမျှ ၎င်းတို့နှင့် ဆက်ဆံဆွေးနွေး၍ မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၌ နားလည်သဘောပေါက်နိုင်စွမ်းမရှိသည့်အပြင် မည်သည့်အရာနှင့်ပတ်သက်၍မျှ အတွေးအခေါ်များ သို့မဟုတ် အမြင်ရှုထောင့်များ မရှိသောကြောင့် ဖြစ်သည်။ ဤသည်မှာ အစွမ်းအစ လုံးဝမရှိသောသူများ၏ ဖော်ပြချက် သို့မဟုတ် ရှင်းပြချက် ဖြစ်သည်။ သင်သည် ၎င်းတို့နှင့် တစ်စုံတစ်ခုကို ဆက်ဆံဆွေးနွေးသောအခါ သင်သည် ယင်းကို စေ့စေ့စပ်စပ်နှင့် အသေအချာ ရှင်းပြလျှင်ပင် ၎င်းတို့က နားလည်သည်ဟု ပြောနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ထိုအရာမျိုး နောက်တစ်ကြိမ် ဖြစ်ပျက်သောအခါ ၎င်းတို့သည် နားမလည်ကြသေးဘဲ လွဲချော်သော၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော၊ ကျိုးကြောင်းမဆီလျော်သော ကျိုးကြောင်းဆင်ခြင်မှုကို တစ်ဖန် ပြောဆိုကြလိမ့်ဦးမည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများသည် သမ္မာတရားကို နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) ၎င်းတို့၌ အရာများကို ပိုင်းခြားသိမြင်ရန် သို့မဟုတ် သိမြင်နားလည်ရန် စွမ်းရည်မရှိပေ၊ ၎င်းတို့သည် သမ္မာတရားကို မည်သို့ နားလည်နိုင်မည်နည်း။ ၎င်းတို့ သမ္မာတရားကို နားလည်နိုင်သည်ဟု ပြောဆိုခြင်းသည် အဓိပ္ပာယ်မရှိသောစကားသာ ဖြစ်ပေမည်။ အစွမ်းအစ လုံးဝမရှိသောသူများသည် ဆန်းသစ်တီထွင်နိုင်စွမ်း ကင်းမဲ့ကြသည်၊ ထို့ကြောင့် ဤကိစ္စရပ်တွင် ၎င်းတို့၏ သရုပ်သကန်များသည် ဤသို့ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မည်သည့် အခြေခံသဘောတရားများ သို့မဟုတ် စည်းမျဉ်းများကိုမျှ နားမလည်သောကြောင့် ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မျှ အစီအစဉ်မရှိကြပေ။ ၎င်းတို့၏ စိတ်ထဲတွင် အစီအစဉ် သို့မဟုတ် အဆင့်များ မရှိသည့်အပြင် ၎င်းတို့သည် မည်သည့် အခြေခံသဘောတရားများ သို့မဟုတ် စည်းမျဉ်းများကိုမျှ အကောင်အထည်မဖော်နိုင်ကြပေ။ ၎င်းတို့ လုပ်ဆောင်သမျှသည် လုံးဝ ရှုပ်ထွေးပွေလီပြီး လုံးဝ အိုးနင်းခွက်နင်းဖြစ်နေသည်။ ထိုသို့သောလူများသည် ကာယအားစိုက်ထုတ်ပြီး ကာယလုပ်အားသုံးရသော အလုပ်များကိုသာ လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် ရိုးရှင်းပြီး တစ်ခုတည်းသော အလုပ်တစ်ခုကို အနိုင်နိုင် စီမံခန့်ခွဲနိုင်သည်၊ အမှန်တွင် ၎င်းတို့သည် သာမန်လူများဖြစ်ကြပြီး တစ်ခုတည်းသော လုပ်ငန်းဆောင်တာတစ်ခုတွင် ပါဝင်လုပ်ဆောင်နိုင်သော်လည်း အခြေအနေက အလုပ်တစ်ခုကို တာဝန်ယူရသည့်အဆင့်သို့ မြင့်တက်သွားသောအခါ ၎င်းတို့သည် ယင်းအတွက် အရည်အချင်းမပြည့်မီတော့ပေ။ ထိုသို့သောလူများသည် တန်ဖိုးရှိသော သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ လိုအပ်မှုရှိသော မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ကာယလုပ်အား၊ လယ်ယာလုပ်ငန်း သို့မဟုတ် တိရစ္ဆာန် မွေးမြူရေးကဲ့သို့သော အသေးအဖွဲအလုပ်အချို့ကိုသာ စီမံခန့်ခွဲနိုင်ပြီး ထိုသို့လုပ်ဆောင်သည့်အခါတွင်ပင် ၎င်းတို့အား ကြီးကြပ်ရန်နှင့် ပံ့ပိုးရန် ၎င်းတို့အနီးတွင် ကြီးကြပ်ရေးမှူးတစ်ဦး လိုအပ်သည်။ တစ်ခါတစ်ရံ ၎င်းတို့ စိတ်မကြည်သောအခါ တစ်စုံတစ်ဦးက ၎င်းတို့အား လမ်းမှန်သို့ ပြန်ရောက်အောင် ပို့ဆောင်ပေးရန် လိုအပ်သည်၊ တစ်ခါတစ်ရံ ၎င်းတို့သည် လွဲချော်မှုများတွင် နစ်မွန်းသွားသောအခါ သို့မဟုတ် အပျက်သဘောဆောင်လာသောအခါ တစ်စုံတစ်ဦးက ၎င်းတို့၏ တွေးခေါ်ပုံနည်းလမ်းများနှင့်ပတ်သက်၍ အကြံပေးလမ်းညွှန်ရသည်။ အသေးအဖွဲ အလုပ်များအတွက်ပင် တစ်စုံတစ်ဦးက ၎င်းတို့လုပ်ဆောင်သည့်အရာကို စိစစ်ပေးရန် လိုအပ်သည်၊ သို့မဟုတ်ပါက ပြဿနာများနှင့် အမှားများ ပေါ်ပေါက်လာမည်ဖြစ်ပြီး အလုပ်ကို ပြန်လည်လုပ်ဆောင်ရမည်ဖြစ်သည်။ ၎င်းတို့သည် ပစ္စည်းများကို ဖြုန်းတီးခြင်းမရှိလျှင် စွမ်းအင်ကို ဖြုန်းတီးကြသည်၊ သို့မဟုတ် ရေ၊ လျှပ်စစ်နှင့် ဓာတ်ငွေ့ကို ဖြုန်းတီးကြသည်။ အနောက်နိုင်ငံများတွင် ၎င်းတို့သည် အခြားသူများ၏ တိုင်ကြားခြင်းကို အစဉ်မပြတ်ခံရပြီး ရဲများ၏ ဒဏ်ငွေရိုက်ခြင်းကို ခံရသည်။ တစ်စုံတစ်ဦးက ၎င်းတို့အား မကြည့်ရှုနေဘဲ ၎င်းတို့သည် အသေးအဖွဲအလုပ်များကိုပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ကြပေ၊ ၎င်းတို့သည် ဤမျှ ပြဿနာများပြီး ဤမျှ သနားစရာကောင်းကြသည်။ ဤသည်တို့မှာ အစွမ်းအစ လုံးဝမရှိသောသူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ထိုသို့သောလူများသည် အသုံးမကျသူများနှင့် စဉ်းစားဉာဏ်မဲ့သူများ ဖြစ်သည်မဟုတ်လော။ ၎င်းတို့ကို လူများအဖြစ် ဆက်လက်အသုံးပြုနိုင်သေးသလော။ အမှန်တွင် ဘုရားအိမ်တော်၌ ထိုသို့သောလူများသည် ကာယအားစိုက်ထုတ်မှု အနည်းငယ်ကိုသာ ပြုလုပ်နိုင်သည်။ အသင်းတော်အလုပ်နှင့် ပတ်သက်လာလျှင် ၎င်းတို့ မလုပ်ဆောင်နိုင်ကြပေ၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိကြပေ။ ကာယအားစိုက်ထုတ်မှု လိုအပ်သော အလုပ်များမှာပင် ၎င်းတို့သည် ယင်းတို့ကို ကိုယ်တိုင်ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ကြဘဲ အခြားသူများက ၎င်းတို့လုပ်ဆောင်သည့်အရာကို ညွှန်ကြားရန်၊ ကြီးကြပ်ရန်နှင့် စိစစ်ရန် လိုအပ်နေဆဲဖြစ်သည်။ သို့သော် ၎င်းတို့သည် ကာယအားစိုက်ထုတ်မှု လိုအပ်သော အလုပ်များကို လုပ်ဆောင်သောအခါ ယင်းသည် မိမိတို့၏ ပင်ကိုစွမ်းရည်များနှင့်ယှဉ်လျှင် ဂုဏ်ငယ်ရသည်ဟုလည်းကောင်း၊ မိမိတို့နှင့် မတန်ဟုလည်းကောင်း ခံစားရနေဆဲဖြစ်ပြီး ၎င်းတို့သည် စောဒကပင် တက်လာကာ “နည်းပညာဆိုင်ရာ ကွန်ပျူတာအလုပ်လုပ်သည့်သူများ၊ ဆောင်းပါးများ ရေးသည့်သူများ၊ သီချင်းဆိုကာ ကခုန်သည့်သူများ၊ သို့မဟုတ် သရုပ်ဆောင်သည့်သူများကို ကြည့်ပါ။ သူတို့သည် စွဲမက်ဖွယ်ကောင်းလိုက်လေခြင်း။ သို့ရာတွင် ကျွန်ုပ်မှာမူ ဧည့်ခံဝတ်ပြုခြင်းနှင့် ချက်ပြုတ်ခြင်းကိုသာ ကိုင်တွယ်နိုင်သည်၊ တစ်နေကုန် ဆီ၊ မီးခိုးငွေ့တို့ဖြင့် လုံးပန်းနေရသည်။ နှစ်အနည်းငယ်အတွင်းတွင် ကျွန်ုပ်သည် နွမ်းနွမ်းဖတ်ဖတ်ဖြင့် မိန်းမတစ်ဦး ဖြစ်လာတော့မည်။ ကျွန်ုပ် မည်မျှ သနားစရာကောင်းသည်ကို ကြည့်ပါ” ဟုပင် ညည်းညူကြသည်။ ၎င်းတို့သည် ဤအလုပ်ကို လုပ်ဆောင်ရသည်မှာ အတော်ပင် သနားစရာ ကောင်းသည်ဟု အစဉ်သဖြင့် ခံစားကြရသော်လည်း အဘယ်ကြောင့် ၎င်းတို့သည် ဤအလုပ်မျိုးကိုသာ လုပ်ဆောင်နိုင်သည်ကို မည်သည့်အခါမျှ ခဏတဖြုတ် မစဉ်းစားကြပေ။ ၎င်းတို့သည် အခြားအလုပ်ကို ကိုင်တွယ်ရန် အမှန်တကယ် အစွမ်းအစရှိမရှိကို အကဲမဖြတ်ကြပေ။ ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့် ၎င်းတို့သည် ကာယအားစိုက်ထုတ်မှု လိုအပ်သော အလုပ်အချို့ကို လုပ်ဆောင်သောအခါ အစဉ်သဖြင့် စိတ်မကောင်းဖြစ်ကြရသည်။ ၎င်းတို့၏ အစွမ်းအစ အမှန်တကယ် ကောင်းမွန်ပါက ၎င်းတို့ စိတ်မကောင်းဖြစ်ကြမည်မဟုတ်ပေ။ ၎င်းတို့၏ အစွမ်းအစသည် ဤမျှ ညံ့ဖျင်းနေပြီဖြစ်သောကြောင့် ကာယလုပ်အားသုံးရသော အလုပ်များကိုသာ လုပ်ဆောင်နိုင်သည့်တိုင် ယင်းသည် မိမိတို့၏ ပင်ကိုစွမ်းရည်များနှင့်ယှဉ်လျှင် ဂုဏ်ငယ်ရသည်ဟု ခံစားနေကြဆဲဖြစ်သည်။ ၎င်းတို့သည် စဉ်းစားဉာဏ်မဲ့သူများ ဖြစ်သည်မဟုတ်လော။ ထိုသို့သောလူများသည် အမှန်တကယ် စဉ်းစားဉာဏ်မဲ့ကြသည်။ ဤလူစားမျိုးသည် ကာယအားစိုက်ထုတ်မှု လိုအပ်သော အလုပ်များကိုပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ကြပေ။ ချက်ပြုတ်သောအခါ ၎င်းတို့ ချက်သည်မှာ များလွန်းလျှင်များ၊ မများလျှင်နည်းလွန်းကြပြီး ချက်ပြုတ်သည်မှာ မည်မျှကြာလာသည်ဖြစ်စေ၊ ထိုသို့လုပ်ဆောင်ရာတွင် မည်သည့်ပုံစံကို လိုက်နာသင့်သည်ကို မသိကြသေးပေ။ သို့တိုင်အောင် ၎င်းတို့သည် ထိုသို့သောအလုပ်များသည် မိမိတို့၏ ပင်ကိုစွမ်းရည်များနှင့်ယှဉ်လျှင် ဂုဏ်ငယ်ရသည်ဟုလည်းကောင်း၊ မိမိတို့နှင့်မတန်ဟုလည်းကောင်း ခံစားနေကြဆဲဖြစ်ပြီး ကာယအားစိုက်ထုတ်မှု လိုအပ်သော အလုပ်များကို မလုပ်ဆောင်သင့်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် ရုံးခန်းတွင် အတွင်းရေးမှူးအဖြစ် အလုပ်လုပ်သင့်သည်၊ ဘုရားအိမ်တော်တွင် အလုပ်တစ်ခုခုကို ထမ်းဆောင်သင့်သည် သို့မဟုတ် အနည်းဆုံး အသင်းတော်ခေါင်းဆောင်အဖြစ် အစေခံသင့်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ လုံးဝ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း မဟုတ်လော။ ငါ့ကို ပြောလော့၊ သင်သည် မည်သည့်အလုပ်အတွက် အရည်အချင်းပြည့်မီသနည်း။ သင်သည် မည်သည့်အလုပ်အမျိုးအစားအတွက်မျှ အရည်အချင်းမပြည့်မီဘဲ ဘုရားအိမ်တော်က သင့်အား ထောက်ပံ့နေဆဲဖြစ်ချိန်တွင် သင့်အား ကာယအားစိုက်ထုတ်မှု လိုအပ်သော အလုပ်များကို လုပ်ဆောင်ရန် ပေးအပ်ခံရပါက ဤသည်မှာ သင့်အား ချီးမြှောက်ခြင်း မဟုတ်လော။ သို့တိုင် သင်သည် မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။ သင်၏ ဆင်ခြင်တုံတရားသည် အလွန်အမင်း ညံ့ဖျင်းနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဆင်ခြင်တုံတရားနှင့် အစွမ်းအစအကြား ဆက်စပ်မှု ရှိသလော။ (ဟုတ်ပါသည်။) မိမိကိုယ်ကို မသိခြင်း၊ မိမိ၏ အစွမ်းအစ မည်သည့်အဆင့်တွင် ရှိသည်ကို မသိခြင်း၊ မိမိ၏ အစွမ်းအစ မြင့်မားသည်ဟု အစဉ်သဖြင့် တွေးထင်နေခြင်း၊ ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းခြင်း၏ သရုပ်သကန်များ မဟုတ်လော။ (ဟုတ်ပါသည်။) အစွမ်းအစကောင်းသူများသည် မိမိတို့ကိုယ်ကို မည်သို့ အကဲဖြတ်ရမည်ကို သိရှိကြလိမ့်မည်ဖြစ်ပြီး အကဲဖြတ်ပြီးနောက် ၎င်းတို့သည် မိမိတို့၏ အစွမ်းအစအဆင့်ကို သိရှိကြလိမ့်မည်။ ၎င်းတို့၏ အစွမ်းအစ မည်သို့ရှိသည်ကို ဆုံးဖြတ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အသင်းတော်တွင် မိမိတို့၏ နေရာကို ရှာဖွေနိုင်ကြလိမ့်မည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ စိတ်အေးချမ်းမှုကို ခံစားရမည်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သည့် တာဝန်ကို ဆင်ခြင်တုံတရားဖြင့် ချဉ်းကပ်နိုင်ကြလိမ့်မည်။ ၎င်းတို့အား ကာယအားစိုက်ထုတ်မှု လိုအပ်သော လုပ်ငန်းဆောင်တာများကို တာဝန်ပေးအပ်လျှင်ပင် ၎င်းတို့သည် ထိုသို့လုပ်ဆောင်ရာတွင် ငြိမ်းချမ်းမှုကို ခံစားရပြီး ကျိုးကြောင်းခိုင်လုံသည်ဟု ခံစားရမည်၊ ၎င်းတို့သည် ဤအလုပ်နှင့် ဤတာဝန်ကို လက်ခံလျက် မိမိတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာမှ ကျိုးနွံနာခံပြီး သဘောတူကြလိမ့်မည်။ ဤသည်ကို ဆင်ခြင်တုံတရားရှိခြင်းဟု ခေါ်သည်။ တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို ထမ်းဆောင်သောအခါ မည်သည့်အခါမျှ စိတ်မအေးချမ်းဘဲ အစဉ်သဖြင့် နာကြည်းသည်ဟု ခံစားရပြီး ၎င်းတို့အား လုပ်ဆောင်ရန် တောင်းဆိုသည့် မည်သည့်အလုပ်မဆို မိမိတို့၏ ပင်ကိုစွမ်းရည်များနှင့်ယှဉ်လျှင် ဂုဏ်ငယ်ရသည်ဟု တွေးထင်နေပါက ၎င်းတို့၌ ဆင်ခြင်တုံတရား ကင်းမဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။)

ငါတို့သည် လူတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်ရန်အတွက် စွမ်းရည်တစ်ဆယ့်တစ်မျိုးထဲမှ နောက်ဆုံးတစ်မျိုးဖြစ်သည့် ဆန်းသစ်တီထွင်နိုင်စွမ်းကို ယခု ဆွေးနွေးပြီးပြီဖြစ်သည်။ ဤစွမ်းရည်တစ်ဆယ့်တစ်မျိုးနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးနောက် သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့်ပတ်သက်၍ အတော်အတန် ရှင်းလင်းသွားပြီလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့သည် ယင်းကို အကဲဖြတ်နိုင်ပြီလော။ သင်တို့၏ ကိုယ်ပိုင်အစွမ်းအစ အမှန်တကယ် မည်သို့ဖြစ်သည်ကို သင်တို့ တိတိကျကျ အကဲဖြတ်နိုင်သလော။ သင်၏ ကိုယ်ပိုင်အစွမ်းအစသည် ကောင်းသည်၊ သာမန်ဖြစ်သည်၊ ညံ့ဖျင်းသည် သို့မဟုတ် လုံးဝမရှိဟူ၍ ဆုံးဖြတ်သတ်မှတ်ခြင်းနှင့်ပတ်သက်လာလျှင် အကဲဖြတ်ခြင်းဆိုင်ရာ စံတစ်ခုရှိသည်၊ သင်သည် ရှုထောင့်တစ်မျိုးတည်းကိုသာ ကြည့်၍မရပေ၊ ယင်းကို ဘက်စုံခြုံငုံ၍ အကဲဖြတ်ရမည်ဖြစ်သည်။ သို့ဆိုလျှင် လူတစ်ဦး၏ အစွမ်းအစ မည်သို့ဖြစ်သည်ကို အကဲဖြတ်ရန် မည်သည့်ရှုထောင့်များကို ကြည့်ရှုသင့်သနည်း။ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သော စွမ်းရည်တစ်ဆယ့်တစ်မျိုး၏ သရုပ်သကန်များမှ အကဲဖြတ်ရသော် လူတစ်ဦးကို အစွမ်းအစကောင်းရှိသည်ဟု အကဲဖြတ်ခံရရန်အတွက် အနည်းဆုံးအားဖြင့် ၎င်းတို့သည် အတော်အတန် အရေးကြီးသော စွမ်းရည်အချို့ကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ခဏမျှ စဉ်းစားကြည့်လော့၊ စွမ်းရည် တစ်ဆယ့်တစ်မျိုးထဲမှ မည်သည့်အရာများက လူတစ်ဦးတွင် အစွမ်းအစကောင်းရှိကြောင်း သက်သေပြနိုင်သည့် အဓိကစွမ်းရည်များ ဖြစ်ကြသနည်း။ သင် ဤအရာကို အကဲဖြတ်နိုင်သလော။ အစီအစဉ်သည် နောက်ဆုံးစွမ်းရည်မှ ပထမစွမ်းရည်အတိုင်း သွားသင့်သည်၊ အစွမ်းအစကောင်းရှိသောသူတစ်ဦးသည် အနည်းဆုံး ဆန်းသစ်တီထွင်နိုင်စွမ်းကို ပိုင်ဆိုင်ရမည်၊ ထို့နောက်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းတို့ ဖြစ်ကြသည်၊ ထို့နောက်တွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းနှင့် သိမြင်နားလည်နိုင်စွမ်းတို့ လာသည်၊ နောက်ဆုံးတွင် အမှုအရာများကို လက်ခံနိုင်စွမ်း၊ သဘောပေါက်နားလည်နိုင်စွမ်း၊ အမှုအရာများကို နားလည်နိုင်စွမ်းနှင့် သင်ယူနိုင်စွမ်းတို့ ဖြစ်ကြသည်။ အစီအစဉ်မှာ ဤသို့ဖြစ်၏။ အဘယ်ကြောင့် အစီအစဉ်ကို ပြောင်းပြန်လှန်ထားသနည်း။ ငါတို့ အစပိုင်းတွင် စီစဉ်ခဲ့သော အစီအစဉ်မှာ အောက်မှ အထက်သို့ ဖြစ်သော်လည်း အစွမ်းအစကောင်း ရှိသောသူတစ်ဦးကို အကဲဖြတ်ရန်အတွက်မူ ယင်းကို အထက်မှ အောက်သို့ စီစဉ်ထားသည်။ အစွမ်းအစကောင်း ရှိသောသူတစ်ဦးသည် အနည်းဆုံး ဆန်းသစ်တီထွင်နိုင်စွမ်းကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ဤအရာကို ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ပြီးဖြစ်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ရရှိခြင်းဖြစ်သည်။ သင်သည် အမှုအရာများကို သိမြင်နားလည်နိုင်လျှင်၊ ပိုင်းခြားသိမြင်နိုင်လျှင်၊ သုံးသပ်ဆုံးဖြတ်နိုင်လျှင် သင်သည် အမှုအရာများကို နားလည်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ပြီး ထို့နောက် သင် ဆန်းသစ်တီထွင်နိုင်ပါက ယင်းက သင့်ကို အစွမ်းအစကောင်းရှိသောသူတစ်ဦး ဖြစ်စေသည်။ ထိုသို့သောလူများသည် ခေါင်းဆောင်နိုင်စွမ်းရှိသူများ၊ ဆုံးဖြတ်ချက်ချသည့်အဆင့်သို့ ဝင်ရောက်နိုင်စွမ်းရှိသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ခေါင်းဆောင်များဖြစ်ရန် အစွမ်းအစရှိကြပြီး အလုပ်၏ ကဏ္ဍတစ်ခုကို ကြီးကြပ်အုပ်ချုပ်နိုင်သည်။ ဤသူတို့သည် အစွမ်းအစကောင်း ရှိသောသူများ ဖြစ်ကြသည်။ အစွမ်းအစ သာမန်ဖြစ်သောသူများမှာ ဆန်းသစ်တီထွင်နိုင်စွမ်းမှအစ သင်ယူနိုင်စွမ်းအထိ ရှုထောင့်အားလုံးရှိ ၎င်းတို့၏ စွမ်းရည်များအားလုံး သာမန်ဖြစ်သောသူများ ဖြစ်ကြသည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် ရလဒ်များမှာ နှစ်မျိုးလုံး သာမန်ဖြစ်ကြသည်။ ဤသူတို့သည် အစွမ်းအစ သာမန်ဖြစ်သောသူများ ဖြစ်ကြသည်။ အစွမ်းအစ သာမန်ဖြစ်သောသူများ၏ အဓိက သရုပ်သကန်တစ်ခုမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ စည်းမျဉ်းများနှင့်ပတ်သက်၍ ၎င်းတို့၏ သဘောပေါက်နားလည်မှုနှင့် သိနားလည်မှုတို့သည် နက်နဲမှုမရှိဘဲ အလွန်ပင် တိကျမှန်ကန်မှုမရှိခြင်း ဖြစ်သည်။ အကောင်အထည်ဖော်ပြီး လက်တွေ့လုပ်ဆောင်သောအခါတွင် လစ်ဟာမှုများနှင့် သွေဖည်မှုများ အစဉ်သဖြင့် ရှိနေသည်။ ၎င်းတို့သည် အမှုအရာများကို အစဉ်သဖြင့် လွဲချော်နေတတ်သည်၊ ဤအရာမေ့၊ ထိုအရာမေ့ ဖြစ်တတ်ပြီး အရာရာတိုင်းကို ဘက်စုံခြုံငုံ၍ ထည့်သွင်းစဉ်းစားနိုင်ခြင်းမရှိပေ။ ဥပမာအားဖြင့် ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များအဖြစ် ရွေးချယ်ခံရသော်လည်း အလုပ်၏ ရှုထောင့်အားလုံးကို ဘက်စုံခြုံငုံ၍ တာဝန်ယူနိုင်စွမ်းမရှိကြပေ။ ၎င်းတို့သည် ဧဝံဂေလိအလုပ်အတွက် တာဝန်ရှိသောအခါ ဧဝံဂေလိအလုပ်ကိုသာ အာရုံစိုက်ပြီး အခြားအလုပ်များကို ဂရုမစိုက်နိုင်ကြပေ။ ၎င်းတို့သည် ဧဝံဂေလိအလုပ်ကို စတင်လုပ်ဆောင်နိုင်သော်လည်း စာနှင့်ပတ်သက်သောအလုပ် သို့မဟုတ် ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်နှင့်ပတ်သက်၍ မေးခွန်းများမေးရန် အချိန်မရှိကြပေ။ ဤသည်မှာ အဘယ်ကြောင့်ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အစွမ်းအစမှာ လုံးလုံးလျားလျား သာမန်ဖြစ်ပြီး အလုပ်၏ ရှုထောင့်တစ်မျိုးကိုသာ ကိုင်တွယ်နိုင်သောကြောင့်ဖြစ်သည်၊ ၎င်းတို့သည် အလုပ်၏ နယ်ပယ်တစ်ခုအတွက် အရည်အချင်းပြည့်မီရန် အနိုင်နိုင် စီမံနိုင်သော်လည်း အခြားအလုပ်များကိုပါ ဂရုစိုက်ရန် တောင်းဆိုခံရသည်နှင့်တစ်ပြိုင်နက် ခါးသီးစွာ ညည်းညူကြပြီး မည်သည့်အလုပ်ကိုမျှ ကောင်းစွာ မလုပ်နိုင်ဘဲ အလွန်အမင်း စိတ်ဖိစီးသွားကြသည်။ ၎င်းတို့၏ အလုပ်တွင် ၎င်းတို့လုပ်ဆောင်သည့်အရာကို ကြီးကြပ်ရန်၊ သတိပေးရန်၊ စစ်ဆေးရန်နှင့် စိစစ်အတည်ပြုရန် တစ်စုံတစ်ဦး အစဉ်သဖြင့်ရှိနေရသည်။ ၎င်းတို့အနားတွင် ၎င်းတို့ကို ထောက်ပံ့ရန်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန်၊ အလုပ်၏ စည်းမျဉ်းများနှင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော အမျိုးမျိုးသော သွေဖည်မှုများနှင့် ဟာကွက်များကို ထပ်ခါတလဲလဲ အလေးပေးပြောဆိုရန် တစ်စုံတစ်ဦး အစဉ်သဖြင့် ရှိနေရသည်။ ၎င်းတို့ကို သတိပေးရန် တစ်စုံတစ်ဦး အစဉ်သဖြင့်ရှိနေရသည်။ အဘယ်ကြောင့် ၎င်းတို့အား သတိပေးရန်နှင့် လမ်းညွှန်ချက်များပေးရန် တစ်စုံတစ်ဦး အစဉ်သဖြင့်လိုအပ်နေရသနည်း။ ယင်းမှာ ၎င်းတို့၏ အလုပ်အတွေ့အကြုံ မလုံလောက်သောကြောင့်မဟုတ်ဘဲ ၎င်းတို့၏ အစွမ်းအစ သာမန်ဖြစ်သောကြောင့် ဖြစ်သည်။ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော အခြေအနေများနှင့် ပြဿနာများကို ၎င်းတို့ မမျှော်မှန်းနိုင်ပေ၊ သို့မဟုတ် ၎င်းတို့ မျှော်မှန်းနိုင်သည့်အရာမှာ အလွန်အကန့်အသတ် ရှိသည်။ ထို့ကြောင့် ၎င်းတို့အနားတွင် လမ်းညွှန်ရန်၊ စိစစ်အတည်ပြုရန်နှင့် နောက်ဆက်တွဲလုပ်ဆောင်ရန် တစ်စုံတစ်ဦး အစဉ်သဖြင့် ရှိနေရပြီး ၎င်းတို့ကို မကြာခဏ စစ်ဆေးမေးမြန်းရန် လိုအပ်သည်။ စစ်ဆေးမေးမြန်းသောအခါတွင် ၎င်းတို့သည် ဤအလုပ်အပိုင်းကို မလုပ်ရသေးခြင်း သို့မဟုတ် ထိုအလုပ်အပိုင်းကို မေ့နေခြင်း ဖြစ်နေသည်၊ သို့မဟုတ်ပါက ရှုထောင့်တစ်ခုခုကို လျစ်လျူရှုထားခြင်း သို့မဟုတ် မည်သို့ဆက်လုပ်ရမည်ကို မသိခြင်းဖြစ်ပြီး သို့တိုင်အောင် မည်သူ့ကိုမေးရမည် သို့မဟုတ် မည်သို့ရှာဖွေရမည်ကိုလည်း မသိသေးဘဲ စောင့်ဆိုင်းနေဆဲသာ ဖြစ်နေသည်။ အတိုချုပ်အားဖြင့် အလုပ်အတွက် အရည်အချင်းပြည့်မီရန် ၎င်းတို့၏ စွမ်းရည်မှာ အလွန်သာမန်ဖြစ်သည်။ ဤ “သာမန်” ဟူသည်မှာ ၎င်းတို့ မည်မျှ စိတ်ပိုင်းဖြတ်ထားသည်၊ မည်မျှ ခွန်အားကြီးသည်၊ အလုပ်လုပ်ရသည်ကို မည်မျှ နှစ်သက်သည်၊ သို့မဟုတ် မည်မျှ ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးနိုင်သည်ဟူသည်တို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ၊ ဤအရာများနှင့် မသက်ဆိုင်ပေ။ ထိုအစား ယင်းမှာ ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်း သာမန်ဖြစ်သည်ကိုသာ ရည်ညွှန်းသည်။ အခြားတစ်ဖက်တွင်မူ အစွမ်းအစကောင်း ရှိသောသူများသည် ၎င်းတို့၏ အလုပ်တွင် အခြေခံအားဖြင့် အမှားကြီးများ မလုပ်ကြပေ။ ၎င်းတို့ လိုက်နာသော စည်းမျဉ်းများ၊ ဦးတည်ချက်နှင့် ကျယ်ပြန့်သော ဘောင်တို့သည် အခြေခံအားဖြင့် တိကျသည်။ ၎င်းတို့သည် အချို့သော အသေးစိတ်အချက်လေးများကို မကြာခဏ လျစ်လျူရှုမိနိုင်သော်လည်း ဤအသေးစိတ်အချက်များသည် အလုံးစုံအလုပ်၏ စွမ်းဆောင်ရည်နှင့် ရလဒ်များကို မထိခိုက်ပေ။ ဤသူတို့သည် အစွမ်းအစကောင်းရှိသောသူများ ဖြစ်ကြသည်။ ဟုတ်ပေသည်၊ မည်သည့်လူသားမျှ စုံလင်ခြင်းမရှိပေ။ အစွမ်းအစကောင်း ရှိသောသူများပင်လျှင် ၎င်းတို့၏ အလုပ်တွင် သေးငယ်သော ဟာကွက်အချို့ ရှိနိုင်သည်၊ တစ်ခါတစ်ရံ တစ်စုံတစ်ခုကို ခဏတာ လျစ်လျူရှုမိခြင်း၊ သို့မဟုတ် လတ်တလောတွင် အခြားအလုပ်တစ်ခုဖြင့် အလုပ်များနေသောကြောင့် အလုပ်အပိုင်းတစ်ခုကို အနည်းငယ် လျစ်လျူရှုမိခြင်းတို့ ဖြစ်နိုင်သည်။ သို့သော် ၎င်းတို့၏ အစွမ်းအစအရပင်လျှင် ၎င်းတို့သည် အခြေအနေကို လျင်မြန်စွာ ပြောင်းပြန်လှန်နိုင်ပြီး ယင်းကို စီမံခန့်ခွဲကာ ထိန်းချုပ်နိုင်သည်၊ အလုပ်၏ အဘက်ဘက်သည် အခြေခံအားဖြင့် အမှားကင်းကြောင်းနှင့် အလုံးစုံအလုပ်သည် ယေဘုယျအားဖြင့် သမ္မာတရား စည်းမျဉ်းများ၊ အလုပ်အစီအစဉ်များ သို့မဟုတ် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ဆောင်ပြီး စနစ်တကျ ရှေ့ဆက်နေကြောင်း သေချာစေသည်။ ၎င်းတို့၏ အလုပ်နယ်ပယ်အတွင်း၌ အန္တိခရစ်များ သို့မဟုတ် ဆိုးယုတ်သောလူများက အနှောင့်အယှက်များ ဖြစ်စေရန် ပေါ်လာသည့်အခါတွင်ပင် ၎င်းတို့သည် အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ပိုင်ဆိုင်သောကြောင့် အခြေအနေကို လျင်မြန်စွာ ကိုင်တွယ်လိမ့်မည်။ ၎င်းတို့သည် ကိစ္စရပ်ကို ပထမဆုံးအခွင့်အရေးမှာပင် ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဖြစ်ပြီး အသင်းတော်အလုပ် လမ်းကြောင်းမှန်ပေါ်သို့ လျင်မြန်စွာ ပြန်ရောက်ကြောင်းနှင့် ညီအစ်ကိုမောင်နှမများ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် ပတ်ဝန်းကျင် မထိခိုက်ကြောင်း သေချာစေသည်။ မမျှော်လင့်ထားသော အခြေအနေများ ပေါ်ပေါက်လာသည့်အခါတွင်ပင် အစွမ်းအစကောင်း ရှိသောသူများသည် မည်သို့ကိုင်တွယ်ရမည်ကို သိကြသည်။ ထိုသို့သော အခြေအနေများကို ယခင်က မကိုင်တွယ်ဖူးလျှင်ပင် ၎င်းတို့သည် စည်းမျဉ်းများကို မည်သို့ရှာဖွေရမည်ကို သိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းနှင့် သိမြင်နားလည်နိုင်စွမ်းတို့ကို ပိုင်ဆိုင်သောကြောင့်ဖြစ်သည်၊ ၎င်းတို့သည် ပြဿနာများကို စည်းမျဉ်းများနှင့်အညီ လျင်မြန်စွာ ဖြေရှင်းလိမ့်မည်။ ၎င်းတို့တွင် ပြဿနာများကို ဖြေရှင်းနိုင်စွမ်း ဧကန်မုချ ရှိသည်။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း၊ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းနှင့် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းတို့က ၎င်းတို့ကို မမျှော်လင့်ထားသော အခြေအနေများကို လျင်မြန်စွာ ပြေလည်ပြီး ငြိမ်းအေးစေနိုင်သည်၊ အသင်းတော်အလုပ်၏ ပုံမှန်နှင့် စနစ်ကျသော တိုးတက်မှုကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ဖြစ်မြောက်အောင်မြင်စေပြီး ထိုသို့သော အခြေအနေများ ထပ်မဖြစ်ပွားစေရန် သို့မဟုတ် အချိန်ကြာမြင့်စွာ မပြေငြိမ်းဘဲ မကျန်ရှိစေရန် သေချာစေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ အမှုအရာများကို ကိုင်တွယ်သည့် စည်းမျဉ်းများနှင့် ၎င်းတို့ ရရှိသည့် နောက်ဆုံးရလဒ်များ နှစ်မျိုးစလုံးသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သည်။ စွမ်းဆောင်ရည်မြင့်မားခြင်းနှင့် ရလဒ်ကောင်းများမှာ အစွမ်းအစကောင်းရှိသောသူများ ၎င်းတို့၏ အလုပ်တွင် စွမ်းဆောင်ရရှိနိုင်သည့်အရာ ဖြစ်သည်။ သို့သော် အစွမ်းအစ သာမန်ဖြစ်သောသူများက အသင်းတော်အလုပ် သို့မဟုတ် နေ့စဉ်ဘဝတွင် ဖြစ်ပေါ်သော ပြဿနာများကို ကိုင်တွယ်သောအခါ ၎င်းတို့သည် အတော်အတန် မနိုင်မနင်းဖြစ်ကြပြီး အနည်းငယ် ခက်ခဲသည်ဟု မြင်ကြသည်။ ၎င်းတို့၏ ပြဿနာများကို ကိုင်တွယ်ခြင်းမှာ မကြာခဏ စွမ်းဆောင်ရည်နိမ့်ပြီး အလွန်နှေးကွေးသည်။ တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ဖြေရှင်းသင့်သော ကိစ္စရပ်များအတွက် ၎င်းတို့သည် ထိုးထွင်းမမြင်နိုင်သောကြောင့် စောင့်ဆိုင်းရနိုင်ပြီး သုံးရက်မှ ငါးရက်အထိ စဉ်းစားဆင်ခြင်နေရနိုင်သည်။ ၎င်းတို့သည် အခြေအနေကို ပြောင်းပြန်လှန်ရန်အတွက် ပြတ်သားသော ဆုံးဖြတ်ချက်များ မချနိုင်ဘဲ ထိုအစား အားကိုးရာမဲ့ဖြစ်နေကာ အခြေအနေကို ဆက်လက် ဆိုးရွားသွားစေရုံသာ ရှိနိုင်သည်။ ၎င်းတို့သည် အချက်အလက်များကို အတည်ပြုခြင်း၊ သက်ဆိုင်ရာလူများအား အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခြင်း သို့မဟုတ် ပြဿနာများကို စီခွဲပြီး အထက်သို့ တင်ပြခြင်းကဲ့သို့သော ရိုးရှင်းသည့် တာဝန်အချို့ကိုသာ ကိုင်တွယ်နိုင်သည်။ အခြားသူများ နှစ်ရက်အတွင်း ဖြေရှင်းနိုင်သော ပြဿနာများကို ၎င်းတို့အတွက် လတစ်ဝက်ကြာနိုင်သည်။ ပြဿနာများကို နောက်ဆုံးတွင် ဖြေရှင်းပြီးသော်လည်း ကြာရှည်စွာ ကြန့်ကြာခြင်းက အသင်းတော်အလုပ်အတွက် ဆုံးရှုံးမှုအချို့ကို ဖြစ်စေသည်။ ဤအချိန်အတောအတွင်း အချို့လူများသည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရနိုင်သည်၊ ပူဇော်သက္ကာများ ဆုံးရှုံးနိုင်သည် သို့မဟုတ် ပြဿနာများကို အချိန်မီ မဖြေရှင်းနိုင်သောကြောင့် အလုပ်၏ ကဏ္ဍအချို့တွင် ဆုံးရှုံးမှုများ ခံစားရနိုင်သည်။ နောက်ပိုင်းတွင် လျော်ကြေး သို့မဟုတ် အစားထိုးပေးခြင်းများ ရှိသော်လည်း ကိုင်တွယ်သင့်သောလူများကို နောက်ဆုံးတွင် ကိုင်တွယ်ပြီးသော်လည်း ရလဒ်နှင့် စွမ်းဆောင်ရည်မှာ အလွန်သာမန်ဖြစ်သည်။ ယင်းမှာ မီးသတ်ခြင်းနှင့်တူသည်၊ အစွမ်းအစကောင်းရှိသောသူများသည် မီးငြှိမ်းသတ်ရာတွင် ကျွမ်းကျင်မှုရှိပြီး ရလဒ်ကောင်းများ စွမ်းဆောင်ရရှိကာ ငွေကြေးဆုံးရှုံးမှုများကို ကာကွယ်နိုင်သည်။ သို့သော် အစွမ်းအစ သာမန်ဖြစ်သောသူများမှာမူ မသင့်လျော်သော နည်းလမ်းများ၊ အရေးပေါ်အစီအမံများ မရှိခြင်း၊ နှေးကွေးစွာ လုပ်ဆောင်ခြင်းနှင့် ပြတ်သားသော ဆုံးဖြတ်ချက်များချရန်နှင့် ပြဿနာကို ဖြေရှင်းရန် အဓိကအချက်များကို သဘောပေါက်နိုင်စွမ်း မရှိခြင်းတို့ကြောင့် နောက်ဆုံးတွင် ပိုကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်စေသည်။ အချို့လူများက “ကျွန်ုပ်ဖြစ်စေခဲ့သော ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးလိုပါသည်” ဟု ဆိုကြသည်။ ယင်းမှာ စီးပွားရေးဆုံးရှုံးမှုမျှသာဖြစ်ပါက လျော်ကြေးက ပြဿနာကို ဖြေရှင်းနိုင်သည်။ သို့သော် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးမှုများနှင့် ရင်ဆိုင်ရပြီး သင်က ယင်းကို ကောင်းစွာမကိုင်တွယ်နိုင်ဘဲ အသင်းတော်အလုပ်အတွက် ဆုံးရှုံးမှုများကို ဖြစ်စေပါက သင် ထိုအရာအတွက် လျော်ကြေးပေးနိုင်သလော။ ကြန့်ကြာသွားသော အလုပ်နှင့် ဆုံးရှုံးသွားသော အချိန်၏ တန်ဖိုးကို သင် လျော်ကြေးပေးနိုင်စွမ်းရှိသလော။ မမျှော်လင့်ထားသော ဖြစ်ရပ်များ ဖြစ်ပေါ်လာသောအခါ အစွမ်းအစ သာမန်ဖြစ်သောသူများ၏ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း၊ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းပင်လျှင် အားလုံး သာမန်ဖြစ်သောကြောင့် ၎င်းတို့သည် ပြဿနာများကို နှေးကွေးစွာနှင့် အလွန်နိမ့်သော စွမ်းဆောင်ရည်ဖြင့် ကိုင်တွယ်ကြသည်၊ ၎င်းတို့၏ အရေးပေါ်အစီအမံများမှာ အကျိုးသက်ရောက်မှုမရှိဘဲ နောက်ဆုံးတွင် စိတ်ကျေနပ်မှုမရှိသော အလုပ်ရလဒ်များနှင့် ဆုံးရှုံးမှုအချို့ကို ဖြစ်ပေါ်စေသည်။ ပြဿနာများကို နောက်ဆုံးတွင် ဖြေရှင်းပြီးသော်လည်း ကြာရှည်စွာ ကြန့်ကြာမှုများ ဖြစ်ပေါ်ပြီး စွမ်းဆောင်ရည် ကျဆင်းသောကြောင့် ဤသည်မှာ ဆုံးရှုံးမှုတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ဤလူများကို အစွမ်းအစ သာမန်ရှိသည်ဟု သတ်မှတ်ခြင်းဖြစ်သည်။ အချို့လူများက “ဤသည်မှာ တရားမမျှတပါ။ ၎င်းတို့လည်း ကြိုးစားအားထုတ်ခဲ့သည်၊ ကြိုးစားလုပ်ဆောင်ခဲ့သည်၊ ပြဿနာများကိုလည်း ဖြေရှင်းခဲ့သည်။ ၎င်းတို့၏ အစွမ်းအစက သာမန်ဖြစ်သည်ဟု ကိုယ်တော်က အဘယ်ကြောင့်များ ပြောနေရသနည်း” ဟု ဆိုကြသည်။ ထိုသို့သော ကိစ္စရပ်များကို အကဲဖြတ်ရာတွင် စိတ်ခံစားချက်များ သို့မဟုတ် တွယ်တာမှုများကို အခြေခံ၍ မရနိုင်ပေ။ ဓမ္မဓိဋ္ဌာန်ကျကျနှင့် မျှတစွာ ပြောရသော် လူတစ်ဦး၏ အစွမ်းအစ ရောက်ရှိနိုင်သည့် အဆင့်အရ သင်၏ အစွမ်းအစမှာ သာမန်ဖြစ်သည်။ အဘယ်ကြောင့် သာမန်ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် သင့်ထက် အစွမ်းအစ ပိုမြင့်သောသူများ ရှိသောကြောင့်ဖြစ်သည်၊ ၎င်းတို့၏ လူ့သဘာဝသည် သင်နှင့် အကြမ်းဖျင်း တူညီသော အခြေအနေများတွင် အစွမ်းအစကောင်း ရှိသောသူများသည် ပြဿနာများကို သင့်ထက် ပိုကောင်းသော စွမ်းဆောင်ရည်နှင့် ရလဒ်များဖြင့် ကိုင်တွယ်ကြပြီး ဆုံးရှုံးမှုများမှာ သင့်ထက် ပိုနည်းသည်။ ထို့ကြောင့် သင်၏ အစွမ်းအစကို သာမန်အဖြစ်သာ အမျိုးအစားခွဲခြားနိုင်သည်။ သင် နားလည်ပြီလော။ (နားလည်ပါပြီ။) ထိုသို့သောလူများကို အစွမ်းအစ သာမန်ရှိသည်ဟု သတ်မှတ်ရသည့်အကြောင်းရင်းမှာ အစွမ်းအစကောင်းရှိသောသူများက ၎င်းတို့ထက် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် ပိုကောင်းသော စွမ်းဆောင်ရည်နှင့် ရလဒ်များကို ရရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အစွမ်းအစမှာ သာမန်ဖြစ်သည်။ ဤရှင်းပြချက်မှာ မျှတပြီး ကျိုးကြောင်းဆီလျော်သည်။ အချို့လူများက “၎င်းတို့တွင် စိတ်ရင်းခံရှိသည်၊ ပြီးလျှင် ၎င်းတို့က ဤလုပ်ငန်းဆောင်တာကို စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ဆောင်ခဲ့သည်၊ ၎င်းတို့ ဒုက္ခဆင်းရဲများစွာ ခံခဲ့ပြီး အဖိုးအခလည်း မနည်းမနော ပေးခဲ့သည်” ဟု ဆိုကြသည်။ ထိုသို့ပြောခြင်းက အဘယ်အသုံးဝင်သနည်း။ ယင်းက ၎င်းတို့တွင် အစွမ်းအစကောင်းရှိသည်ဟု ဆိုလိုသလော။ ၎င်းတို့၏ လူ့သဘာဝ၊ စိတ်ခံစားချက်များ သို့မဟုတ် ဆန္ဒများ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့၏ အစွမ်းအစအရ၊ ဤအရာများသည် အစွမ်းအစ သာမန်ရှိခြင်း၏ သရုပ်သကန်များသာ ဖြစ်ကြသည်။

အစွမ်းအစ ညံ့ဖျင်းသောသူများ၏ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ အမျိုးမျိုးသော စွမ်းရည်များ၏ ရှုထောင့်မှ ကြည့်လျှင် အစွမ်းအစ ညံ့ဖျင်းသောသူများသည် သင်ယူနိုင်စွမ်းနှင့် အမှုအရာများကို နားလည်နိုင်စွမ်းအချို့ကို အတော်အတန် ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် အသိပညာ၊ သီအိုရီ၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု သို့မဟုတ် ပညာရပ်ဆိုင်ရာ ဘာသာရပ်အချို့ကို သင်ယူသောအခါ အဓိကအချက်များကို ၎င်းတို့၏ မှတ်စုစာအုပ်များတွင် မှတ်သားလျက် ယင်းတို့ကို ခိုင်ခိုင်မာမာနှင့် တိတိကျကျ မှတ်မိနိုင်သည်။ ၎င်းတို့သည် ပညာသင်ကြားဖူးသောကြောင့် အမှုအရာများကို နားလည်နိုင်စွမ်းမှာ သိပ်မညံ့ဖျင်းပေ၊ သာမန်အဆင့်သို့ ရောက်ရှိနိုင်သည်။ သို့သော်လည်း ၎င်းတို့သည် အမှုအရာများကို လက်ခံနိုင်စွမ်းနှင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းကဲ့သို့သော သဘောပေါက်နားလည်နိုင်စွမ်းပြီးနောက် လာသည့် စွမ်းရည်များကို မပိုင်ဆိုင်ကြပေ။ ဆိုလိုသည်မှာ ၎င်းတို့၏ စွမ်းရည်များသည် သဘောတရားများ၊ အသိပညာ၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာများကို စာတွေ့အဆင့်တွင် သင်ယူခြင်းနှင့် နားလည်ခြင်း၌သာ ကန့်သတ်နေသည်။ လက်တွေ့ဘဝတွင် လူများကို ရှုမြင်ခြင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ခြင်း၊ ပြဿနာများကို ဖြေရှင်းခြင်းနှင့် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းတို့နှင့် ပတ်သက်လာလျှင် ၎င်းတို့ စံမမီနိုင်ကြပေ။ ၎င်းတို့၏ စွမ်းရည်များသည် သင်ယူနိုင်စွမ်းနှင့် အမှုအရာများကို နားလည်နိုင်စွမ်း၌သာ ကန့်သတ်နေသည်၊ ၎င်းတို့သည် သဘောပေါက်နားလည်နိုင်စွမ်းကို ရရှိနိုင်သော်လည်း အမှုအရာများကို လက်ခံနိုင်စွမ်းနှင့် ပတ်သက်လာလျှင် စံမမီနိုင်ကြပေ။ အမှုအရာများကို လက်ခံနိုင်စွမ်း ပိုင်ဆိုင်သောသူများသည် ဤစည်းမျဉ်းများ၊ သဘောတရားများနှင့် အခြေခံသဘောတရားများက မည်သည့်လက်တွေ့ဘဝ အမှုအရာများနှင့် ကိုက်ညီသည်ကိုလည်းကောင်း၊ မည်သည့်အရာများက လက်တွေ့ကျပြီး အသုံးဝင်သည်ကိုလည်းကောင်း၊ မည်သည့်အရာများက လက်တွေ့မကျသည်ကိုလည်းကောင်း၊ မည်သည့်အရာများက မိမိတို့အတွက် သင့်လျော်ပြီး မည်သည့်အရာများက မသင့်လျော်သည်ကိုလည်းကောင်း သိနိုင်သည်။ သို့သော် အစွမ်းအစ ညံ့ဖျင်းသောသူများမှာမူ ဤအရာများကို ထိုးထွင်းမမြင်နိုင်ကြပေ။ ဥပမာအားဖြင့် အွန်လိုင်းတွင် အမျိုးမျိုးသော ကျန်းမာရေးအသိပညာနှင့် ကြံ့ခိုင်ရေးလေ့ကျင့်ရေးဆိုင်ရာ အကြောင်းအရာများ ရှိသည်။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် ဤအရင်းအမြစ်များမှ မည်သို့လေ့ကျင့်ခန်းလုပ်ရမည်နှင့် မိမိတို့ကိုယ်ကို မည်သို့ဂရုစိုက်ရမည်ကိုလည်း သင်ယူနိုင်သည်။ ၎င်းတို့သည် သင်ယူနိုင်စွမ်း၊ အမှုအရာများကို နားလည်နိုင်စွမ်းနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ကြပြီး မိမိတို့ကြိုက်နှစ်သက်ရာကို ရှာဖွေတတ်သည်ကိုလည်း သိကြသည်။ သို့သော် ဤအရာများထဲမှ မည်သည့်အရာများက လက်တွေ့ကျသည်၊ အကျိုးသက်ရောက်မှုရှိသည်၊ လူတို့ အမှန်တကယ် လိုအပ်သည်ဟူသည်နှင့် ပတ်သက်လာလျှင် အစွမ်းအစ ညံ့ဖျင်းသောသူများသည် ဤအရာကို မခွဲခြားနိုင်ပေ။ ၎င်းတို့သည် အမှုအရာများကို လက်ခံနိုင်စွမ်းနှင့် ပတ်သက်လာလျှင် စံမမီနိုင်ကြပေ။ ယနေ့ အွန်လိုင်းတွင် ဟင်းနုနွယ်ကို တို့ဟူးနှင့်ပြုတ်စားလျှင် အလွန်အာဟာရဖြစ်သည်ဟု ဆိုသောကြောင့် ၎င်းတို့သည် နေ့စဉ်စားကြသည်။ သို့သော် အချိန်အတန်ကြာ စားပြီးနောက်တွင် အကျိုးသက်ရောက်မှုများ မည်သို့ရှိသည် သို့မဟုတ် အွန်လိုင်းတွင် ပြောထားသည့် အာနိသင်ရှိမရှိကို ၎င်းတို့ လုံးဝမသိကြပေ။ နောက်ပိုင်းတွင် အွန်လိုင်း၌ ဟင်းနုနွယ်နှင့် တို့ဟူးသည် မတည့်ဟု ဆိုပြန်သည်၊ ဤသည်ကို ကြားပြီးနောက်တွင် ၎င်းတို့သည် ဟင်းနုနွယ်နှင့် တို့ဟူးပြုတ်ကို မည်သည့်အခါမျှ ထပ်မချက်တော့ပေ။ ဟင်းနုနွယ်နှင့် တို့ဟူးသည် အမှန်တကယ် အလွန်အာဟာရဖြစ်သည် သို့မဟုတ် မတည့်သည်နှင့်ပတ်သက်၍မူ ၎င်းတို့ မသိသည့်အပြင် မေးလည်းမေးမည်မဟုတ်ပေ၊ မစဉ်းမစား လိုက်လုပ်ရန်သာ သိကြသည်။ ယနေ့ခေတ်တွင် သတင်းအချက်အလက်များ အလွန်ပင် ဖွံ့ဖြိုးတိုးတက်နေသည်၊ အမျိုးမျိုးသော သတင်းများမှာ အလွန်ရှုပ်ထွေးသည်။ ၎င်းတို့သည် အမှားအမှန်ကို မခွဲခြားနိုင်ကြပေ။ ၎င်းတို့သည် မိမိတို့ ယခင်က မကြားဖူးသည့်အရာ၊ အသစ်အဆန်းဖြစ်သည့်အရာ သို့မဟုတ် နက်နဲပုံရသည့်အရာမှန်သမျှ ကောင်းသည်ဟု ယုံကြည်လျက် အရာရာတိုင်းကို ဖတ်ရှုနားထောင်ကြသည်။ ဥပမာအားဖြင့် အွန်လိုင်းတွင် ချောကလက်စားခြင်းသည် နှလုံးအတွက် ကောင်းသည်ဟု ဆိုသောကြောင့် ၎င်းတို့သည် နေ့စဉ် ချောကလက်စားကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အတွင်းအပူများဖြစ်လာပြီး ပါးစပ်တွင် အနာများပေါက်ကာ မျက်လုံးများနီရဲပြီး နားအူခြင်းကို တွေ့ကြုံရသည်။ အမှန်တွင် ပြောဆိုခဲ့သည်မှာ ချောကလက်ကို တော်ရုံသင့်ရုံ စားခြင်းသည် နှလုံးအတွက် ကောင်းသည်ဟု ဖြစ်သော်လည်း ၎င်းတို့သည် “တော်ရုံသင့်ရုံ” ဟူသော စကားလုံးများကို မမှတ်မိခဲ့ကြပေ။ ၎င်းတို့သည် အဓိကအချက်ကို သဘောပေါက်နိုင်စွမ်းမရှိဘဲ နောက်ဆုံးတွင် ကိုယ့်ဒုက္ခကိုယ်ရှာခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် အွန်လိုင်းတွင် “ချောကလက်စားခြင်းသည် နှလုံးအတွက် မကောင်းပါ၊ အများကြီးစားလျှင်လည်း ဝိတ်တက်လွယ်သည်” ဟု ဆိုပြန်သည်။ ခွဲခြားသိနိုင်သောသူများဆိုလျှင် အများကြီးစားခြင်းသည် ခန္ဓာကိုယ်အတွက် မကောင်းသော်လည်း တော်ရုံသင့်ရုံ စားခြင်းမှာ အဆင်ပြေကြောင်း သိလိမ့်မည်။ သို့သော် ၎င်းတို့သည် ဤအရာကို မခွဲခြားနိုင်ပေ၊ ဤသည်ကို ကြားပြီးနောက်တွင် ၎င်းတို့သည် ချောကလက်ကို လုံးဝမစားတော့ပေ။ ၎င်းတို့သည် အစွန်းတစ်ဖက်မှ အခြားတစ်ဖက်သို့ ကူးပြောင်းသွားကြသည်၊ ဘယ်ဘက်သို့ အလွန်အမင်း ယိမ်းသည်ဖြစ်စေ၊ ညာဘက်သို့ အလွန်အမင်း ယိမ်းသည်ဖြစ်စေ မိမိတို့ကိုယ်ကို ခေတ်မီသည်ဟု ထင်နေကြသည်၊ “ကြည့်ပါ၊ အင်တာနက်က ကောင်းသည်ဟု ပြောသည့် မည်သည့်အရာကိုမဆို ငါစားသည်၊ မကောင်းဟုပြောသည့် မည်သည့်အရာကိုမဆို ငါ မစားပါ။ ငါသည် ခေတ်၏ ရေစီးကြောင်းနောက်ကို အမီလိုက်နိုင်သူဖြစ်သည်” ဟူ၍ ဖြစ်သည်။ အမှန်တွင် ၎င်းတို့သည် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသော၊ လူအုပ်နောက် မစဉ်းမစား လိုက်တတ်သော နားဝေတိမ်တောင်ဖြစ်သည့်သူများ ဖြစ်ကြသည်။ အွန်လိုင်းတွင် သတင်းအချက်အလက် အမျိုးမျိုးရှိပြီး ပြောဆိုချက်အများစုမှာ မတိကျပေ။ ဟုတ်ပေသည်၊ မှန်ကန်သော သတင်းအချက်အလက်နှင့် ပြောဆိုချက် အနည်းငယ်လည်း ရှိသည်။ သင်သည် ၎င်းတို့ကို ခွဲခြားသိနိုင်ရန် လိုအပ်သည်။ မည်သည့်သတင်းအချက်အလက်ကို လက်ခံရမည်နှင့်ပတ်သက်၍မူ သင်၏ လိုအပ်ချက်များအရ သင့်အတွက် အကျိုးရှိမရှိနှင့် သတင်းအချက်အလက်သည် အပြုသဘောဆောင်ခြင်း ရှိမရှိတို့အရ အကဲဖြတ်ရမည်။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် ထိုသို့သော အရာများကို ခွဲခြားသိနိုင်စွမ်း ကင်းမဲ့ကြသည်။ ၎င်းတို့သည် လက်ခံနိုင်စွမ်းအဆင့်မှစ၍ နောက်ပိုင်းစွမ်းရည်အားလုံးကို မမီနိုင်ကြပေ။ ၎င်းတို့သည် အမှုအရာများကို စာတွေ့၊ သဘောတရားအရနှင့် အသိပညာအဆင့်များတွင် သင်ယူခြင်းနှင့် နားလည်ခြင်း၌သာ ကန့်သတ်နေပြီး သဘောပေါက်နားလည်နိုင်စွမ်းအချို့ကို ပိုင်ဆိုင်ကြသည်။ သို့သော် အမျိုးမျိုးသော ပြောဆိုချက်များ၏ မှန်ကန်မှုကို ထပ်မံခွဲခြားသိမြင်ခြင်းနှင့် ယင်းတို့ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိမရှိနှင့် ပတ်သက်၍မူ အစွမ်းအစ ညံ့ဖျင်းသောသူများသည် ဤအရာကို သုံးသပ်ဆုံးဖြတ်ရန်နှင့် ခွဲခြားသိမြင်ရန် စွမ်းရည်မရှိကြပေ။ နောက်တစ်ခုမှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းဖြစ်ပြီး ယင်းကိုလည်း အစွမ်းအစ ညံ့ဖျင်းသောသူများ အလားတူ မပိုင်ဆိုင်ကြပေ။ လက်တွေ့ဘဝတွင် သို့မဟုတ် ရှင်သန်မှုလမ်းခရီးတွင် ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် မိမိတို့သိရှိသော သို့မဟုတ် သဘောပေါက်ထားသော သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ယင်းတို့ကို မကိုင်တွယ်နိုင်ကြပေ။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများ မည်မျှပင် ပြောနိုင်သည်ဖြစ်စေ ဤအရာများသည် အနှစ်မဲ့ပြီး လက်တွေ့မကျပေ။ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် သို့မဟုတ် ရှင်သန်မှုလမ်းခရီးတွင် ဖြစ်ပေါ်သော ပြဿနာများအတွက် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ဉာဏ်နီဉာဏ်နက်များကို အားကိုး၍ ကိုင်တွယ်ကြသည်၊ ၎င်းတို့သည် ဆုံးရှုံးမှုများကို ရှောင်ရှားရန်သာ ကြိုးစားကြပြီး ထိုမျှသာဖြစ်သည်၊ မိမိတို့ သဘောပေါက်ထားသော စည်းမျဉ်းများကို တွေ့ကြုံခံစားခြင်း၊ သိမြင်နားလည်ခြင်း သို့မဟုတ် အတည်ပြုခြင်းအဆင့်သို့ မရောက်ရှိနိုင်ကြပေ။ ထို့အပြင် အစွမ်းအစ ညံ့ဖျင်းသောသူများသည် သိမြင်နားလည်နိုင်စွမ်းလည်း မရှိကြပေ။ ဆိုလိုသည်မှာ မည်သည့်ပြဿနာ ပေါ်ပေါက်လာသည့်အခါတွင်မဆို ၎င်းတို့သည် အမှုအရာများကို အကျဉ်းချုပ် သုံးသပ်နိုင်ခြင်းမရှိသကဲ့သို့ ကိစ္စရပ်၏ အနှစ်သာရ၊ ယင်း၏ နောက်ကွယ်ရှိ အရင်းခံအကြောင်းတရား သို့မဟုတ် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကိုလည်း မသိရှိနိုင်ကြပေ။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် ဤအရာများနှင့်ပတ်သက်၍ မည်သို့စဉ်းစားရမည်ကို လုံးဝမသိကြပေ၊ ထိုသို့သော ပြဿနာများကို ရင်ဆိုင်ရန်နှင့် ကိုင်တွယ်ရန် မိမိတို့ သဘောပေါက်ထားသော သမ္မာတရား သို့မဟုတ် အမျိုးမျိုးသော အမှုအရာများ၏ စည်းမျဉ်းများနှင့် နိယာမများကို အသုံးချနိုင်ဖို့ရန်မှာမူ သာ၍ပင် အလှမ်းဝေးလှသည်။ ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့် ၎င်းတို့၏ တွေးခေါ်မှုသည် ရိုးစင်းပြီး အပေါ်ယံကျကာ ကိစ္စရပ်များအပေါ် ၎င်းတို့၏ ရှုမြင်ပုံမှာ သွေဖည်နေသည်။ ထို့အပြင် ပို၍ပင် ပြဿနာရှိသည်မှာ ၎င်းတို့သည် အမှုအရာများကို မည်သည့်ရှုထောင့်မှ မှန်ကန်စွာ ရှုမြင်နိုင်သည်ကို မသိခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်အရာ၏ အနှစ်သာရကိုမျှ ထိုးထွင်းမမြင်နိုင်သကဲ့သို့ မည်သည့်အရာ၏ မှန်ကန်မှု သို့မဟုတ် အမှားအမှန်ကိုမျှ သုံးသပ်ဆုံးဖြတ်နိုင်ခြင်း မရှိကြပေ။ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း မရှိဘဲ ၎င်းတို့သည် ခွဲခြားသိမြင်နိုင်ခြင်း မရှိပေ၊ ဟုတ်ပေသည်၊ ထို့နောက်တွင် ၎င်းတို့သည် ဆုံးဖြတ်ချက်ချနိုင်စွမ်း မဆိုထားနှင့်၊ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းလည်း မရှိကြပေ။ အချို့လူများက “အစွမ်းအစ ညံ့ဖျင်းသောသူများလည်း နေ့စဉ် မည်သည့်အရာစားရမည်၊ မည်သည့်အရာ ဝတ်ရမည်ကို သိကြပြီး သူတို့၏ နေ့စဉ်ဘဝကို စီမံခန့်ခွဲနိုင်ကြပါသည်” ဟု ဆိုကြသည်။ ယင်းမှာ အစွမ်းအစရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ အစွမ်းအစ ရှိခြင်းဆိုသည်မှာ ဘဝနှင့် ရှင်သန်မှုလမ်းခရီးတွင် ကြုံတွေ့ရသော အမျိုးမျိုးသော အနှစ်သာရရှိသည့် ပြဿနာများကို လူတစ်ဦး နားလည်သော သမ္မာတရား စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်စွမ်းရှိခြင်းကို ရည်ညွှန်းသည်။ ဘဝတွင် ကြုံတွေ့ရသော အမျိုးမျိုးသော ပြဿနာများတွင် လူတစ်ဦးကို အကဲဖြတ်ခြင်း၊ ကိစ္စရပ်တစ်ခုကို ကိုင်တွယ်ခြင်း စသည်တို့ ပါဝင်သည်။ ရှင်သန်မှုလမ်းခရီးတွင် ကြုံတွေ့ရသော ပြဿနာများတွင် အမှားအမှန်နှင့်ဆိုင်သော အဓိကကိစ္စရပ်များကို ရင်ဆိုင်ခြင်း၊ ဘုရားသခင်က သင့်အတွက် စီစဉ်ပေးသော ပတ်ဝန်းကျင်များ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ အလားအလာများနှင့် ပန်းတိုင်တို့ပါဝင်သော ကိစ္စရပ်များနှင့် ရှေ့ဆက်ရမည့်လမ်းကို မည်သို့ရွေးချယ်ရမည် စသည်တို့ ပါဝင်သည်၊ ဤအရာအားလုံးသည် ရှင်သန်မှုနှင့်သက်ဆိုင်သော ပြဿနာများတွင် အကျုံးဝင်သည်။ တစ်စုံတစ်ဦးသည် ဘဝ သို့မဟုတ် ရှင်သန်မှုလမ်းခရီးတွင် ဖြစ်ပေါ်သော ပြဿနာများကို ကိုင်တွယ်ရန် စွမ်းရည်မရှိပါက ဤသည်မှာ ၎င်းတို့တွင် ဆုံးဖြတ်ချက်ချနိုင်စွမ်း ကင်းမဲ့သည်ဟု ဆိုလိုသည်။ ထိုသို့သောလူများသည် အတွေးအခေါ်ပိုင်းတွင် ဗလာနတ္ထိဖြစ်နေကြသည်၊ ထို့ကြောင့် ၎င်းတို့နှင့်ပတ်သက်၍ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းအကြောင်း ပြောဆိုခြင်းသည် အနည်းငယ် ကျိုးကြောင်းဆီလျော်မှု မရှိပေ။ ဟုတ်ပေသည်၊ နောက်ဆုံးစွမ်းရည်ဖြစ်သည့် ဆန်းသစ်တီထွင်နိုင်စွမ်းမှာမူ အစွမ်းအစ ညံ့ဖျင်းသောသူများအတွက် သာ၍ပင် လက်လှမ်းမမီနိုင်ပေ။ ယင်းမှာ ခြင်္သေ့ သို့မဟုတ် ကျားသည် သားရဲတိရစ္ဆာန်တို့၏ ဘုရင် ဟုတ်မဟုတ်ကို ဆွေးနွေးခြင်းနှင့်တူသည်။ အနည်းဆုံးအနေဖြင့် နှစ်ကောင်စလုံးသည် အစွမ်းအစပြည့်မီသော ယှဉ်ပြိုင်သူများ ဖြစ်ကြသည်၊ အဘယ်ကြောင့်ဆိုသော် ခြင်္သေ့နှင့် ကျားတို့သည် သားရဲတိရစ္ဆာန်များကြားတွင် အုပ်စိုးသူတစ်ဦး၏ ဟန်ပန်နှင့် စွမ်းရည်များကို တစ်ကောင်ချင်းစီ ပိုင်ဆိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့ တစ်ကောင်ချင်းစီတွင် ကိုယ်ပိုင်အားသာချက်ရှိပြီး တစ်ကောင်နှင့်တစ်ကောင် ယှဉ်ပြိုင်သောအခါတွင် မတိမ်းမယိမ်း ဖြစ်နိုင်သည်၊ ဤအချက်က ၎င်းတို့ကို သားရဲတိရစ္ဆာန်တို့၏ ဘုရင်ဘွဲ့အတွက် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီစေသည်။ သင်သည် သားရဲတိရစ္ဆာန်တို့၏ ဘုရင် မည်သူဖြစ်သည်ကို ဆုံးဖြတ်ရန် တောရိုင်းနွားများ၊ သမင်ကြီးများ သို့မဟုတ် တိဗက်နွားများကို ခြင်္သေ့နှင့် ကျားတို့နှင့် နှိုင်းယှဉ်ပါက လူများက သင့်ကို ရယ်မောကြလိမ့်မည်။ အဘယ်ကြောင့် ၎င်းတို့က သင့်ကို ရယ်မောကြမည်နည်း။ (အဘယ်ကြောင့်ဆိုသော် ဤတိရစ္ဆာန်များသည် နှိုင်းယှဉ်၍မရသောကြောင့် ဖြစ်ပါသည်။) ၎င်းတို့သည် အဆင့်အတန်းတူ မဟုတ်ကြပေ၊ ၎င်းတို့သည် နှိုင်းယှဉ်၍မရပေ။ အလားတူပင် အစွမ်းအစ ညံ့ဖျင်းသောသူများသည် အတွေးအခေါ်များ မရှိကြသည့်အပြင် မည်သည့်လူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာကိုမဆို အတွေးအခေါ်ပိုင်းဆိုင်ရာအဆင့်တွင် အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် ထိုသို့သောလူများ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ပိုင်ဆိုင်ခြင်း ရှိမရှိကို ပြောရန်ပင် မထိုက်တန်ပေ။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းသည် အတော်အတန် အဆင့်မြင့်ပြီး အစွမ်းအစကောင်းရှိသောသူများနှင့် သက်ဆိုင်သည်။ သို့ဆိုလျှင် ဆန်းသစ်တီထွင်နိုင်စွမ်းမှာ အစွမ်းအစကောင်း ရှိသောသူများနှင့် သာ၍ပင် သက်ဆိုင်သည်။ ဆန်းသစ်တီထွင်နိုင်စွမ်းကို လူတစ်ဦး၏ လက်တွေ့ဘဝတွင် မည်သည့်အရာကိုမဆို လက်တွေ့ကျကျ ကိုင်တွယ်နိုင်စွမ်းဖြင့် အကဲဖြတ်သည်။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို အတွေးအခေါ်များနှင့် အဆင့်များ ကင်းမဲ့သည်သာမက အမှုအရာများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်းလည်း မရှိကြပေ၊ ထို့ကြောင့် ၎င်းတို့တွင် ဆန်းသစ်တီထွင်နိုင်စွမ်း တစ်စက်မျှ ရှိသည်ဟု မဆိုနိုင်ပေ။ သို့ဆိုလျှင် အစွမ်းအစ လုံးဝ မရှိသောသူများတွင် မည်သည့်စွမ်းရည်များ ရှိသနည်း။ အစွမ်းအစ လုံးဝမရှိသောသူအများစုတွင် ဘုံလက္ခဏာတစ်ခုရှိသည်၊ ၎င်းတို့တွင် အားသာချက်များ မရှိခြင်းဖြစ်သည်။ ဖော်ပြနိုင်စွမ်းကိုကြည့်သော် ၎င်းတို့တွင် တစ်ခုမျှမရှိ၊ မည်သည့်နည်းပညာ သို့မဟုတ် အတတ်ပညာဆိုင်ရာ အားသာချက်များအရလည်း ၎င်းတို့တွင် တစ်ခုမျှမရှိပေ၊ သန့်ရှင်းရေး လုပ်ခြင်းကဲ့သို့သော အလွယ်ကူဆုံး လုပ်ငန်းဆောင်တာကို ထမ်းဆောင်ရာတွင်ပင် လျင်မြန်ပြီး တိကျသော ဖြေရှင်းနည်းများ၊ အဆင့်များ၊ အစီအစဉ်တို့ မရှိပေ။ ရိုးရှင်းသောအလုပ်တစ်ခုကို လုပ်ဆောင်ခြင်းမှတစ်ဆင့် အစွမ်းအစ လုံးဝမရှိသောသူများ၏ လက္ခဏာများ အတိအကျမှာ အဘယ်အရာဖြစ်သည်ကို သင် မြင်နိုင်သည်။ အစွမ်းအစ လုံးဝမရှိသောသူများ၏ အထင်ရှားဆုံးလက္ခဏာမှာ ၎င်းတို့သည် ကဏ္ဍတိုင်းတွင် စွမ်းရည်ကင်းမဲ့ခြင်း ဖြစ်သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ၎င်းတို့သည် မိမိတို့၏ လူ့ဘဝ သို့မဟုတ် အခြေခံကျသော နေ့စဉ်လိုအပ်ချက်များကိုပင် မစီမံနိုင်ကြပေ၊ ဤအရာအားလုံးသည် လုံးဝ ဖရိုဖရဲဖြစ်နေပြီး စည်းမျဉ်း တစ်ခုတလေ ကင်းမဲ့နေသည်။ အစွမ်းအစ လုံးဝမရှိသောသူများအတွက် အတိကျဆုံး ဖော်ပြချက်မှာ ၎င်းတို့သည် မည်သည့်အရာကိုမျှ မပြီးမြောက်နိုင်ဘဲ မိမိတို့၏ နေ့စဉ်အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက်သာ အသက်ရှင်ကြသည်၊ ထိုမျှသာဖြစ်သည်။ အစွမ်းအစအဆင့်အမျိုးမျိုးရှိသော လူများ၏ အမျိုးမျိုးသော သရုပ်သကန်များအပြင် ၎င်းတို့ပိုင်ဆိုင်သော အစွမ်းအစနှင့် စွမ်းရည်များ၏ လက္ခဏာများကို အသေအချာ ရှင်းပြပြီးဖြစ်သည်။ သင်တို့ နားလည်သွားပါက အစွမ်းအစအမျိုးမျိုးရှိသော လူများကို မည်သို့ ပိုင်းခြားသိမြင်ပြီး ဆက်ဆံရမည်ကို သင်ယူနိုင်လိမ့်မည်။

အစွမ်းအစဟူသည် အဘယ်အရာဖြစ်ကြောင်းအပြင် လူတို့၏ အစွမ်းအစ အဆင့်များနှင့် အမျိုးအစားများကို မည်သို့ ခွဲခြားရမည်ဟူသည်တို့နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးနောက်တွင် သင်တို့ နားထောင်ပြီးသည့်အခါ အကျိုးကျေးဇူး တစ်စုံတစ်ရာ ရရှိခဲ့သလော။ (ရရှိခဲ့ပါသည်။) သင်တို့၏ ကိုယ်ပိုင်အစွမ်းအစ ညံ့ဖျင်းကြောင်း သင်တို့ အမှန်တကယ် သိသလော။ (သိပါသည်။) အစွမ်းအစ လုံးဝမရှိသော လူအချို့က “ကျွန်ုပ်၌ အစွမ်းအစ မည်သို့ မရှိဘဲ နေမည်နည်း။ ကျွန်ုပ်၏ အစွမ်းအစက သာမန် သို့မဟုတ် ညံ့ဖျင်းလျှင်ပင် အဆင်ပြေပါသေးသည်” ဟု ပြောဆိုကြသည်။ မည်သူမျှ အစွမ်းအစ လုံးဝမရှိသည့်အဆင့်၊ ဉာဏ်ရည်နိမ့်သူ၊ စဉ်းစားဉာဏ်မဲ့သူ သို့မဟုတ် အသုံးမကျသူ ဖြစ်သည့်အဆင့်သို့ မရောက်ရှိလိုကြသော်လည်း တိုက်ဆိုင်စွာပင် အချို့လူများသည် ဤနှစ်များတစ်လျှောက် မိမိတို့၏ အဓိက သရုပ်သကန်များနှင့် တာဝန်ထမ်းဆောင်ခြင်း၏ ရလဒ်များကို အခြေခံ၍ မိမိတို့ကိုယ်ကို အကဲဖြတ်ကြည့်သည့်အခါ အစွမ်းအစ လုံးဝမရှိသော လူများအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားကြသည်။ ဤအရာက လူအချို့ကို အပျက်သဘောဆောင်စေသလော။ အမှုအရာများစွာကို ရှင်းလင်းအောင် မလုပ်ဆောင်ရသေးချိန်တွင် လူတို့က “ကျွန်ုပ်၌ စွမ်းရည်ရှိသည်၊ ကျွန်ုပ်၌ လုပ်ရည်ကိုင်ရည်ရှိသည်၊ ကျွန်ုပ်သည် ဉာဏ်ပညာရှိသည်၊ ကျွန်ုပ်၏ အစွမ်းအစ မဆိုးပါ၊ ကျွန်ုပ်သည် မြင့်မြတ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ နိုင်ငံတော်ထဲမှ လူတစ်ဦးဖြစ်သည်၊ ကျွန်ုပ်သည် ထောက်တိုင်ဖြစ်သည်၊ အဓိကထောက်ဖြစ်သည်” ဟု မိုက်မဲစွာ တွေးထင်ကြပြီး မိမိတို့၏ တစ်ဖက်သတ်ဆန်သော အိပ်မက်များကို မိုက်မဲစွာ ဖက်တွယ်လျက် အတော်အတန် ကောင်းမွန်သည်ဟု ခံစားရကာ အတော်အတန် ယုံကြည်မှုရှိပြီး မိမိတို့၌ အလားအလာနှင့် မျှော်လင့်ချက် ရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် အပျက်သဘောမဆောင်ကြဘဲ ရည်မှန်းချက်ဖြင့် အသက်ရှင်ကြသည်။ သို့ရာတွင် ၎င်းတို့သည် အဖြစ်မှန်များကို သိရှိသွားသည်နှင့်တစ်ပြိုင်နက် ဝမ်းနည်းလာကြပြီး “ဤသည်မှာ ကျွန်ုပ်၌ ကယ်တင်ခြင်းခံရမည့် မျှော်လင့်ချက် မရှိတော့ဟု ဆိုလိုသည် မဟုတ်လော” ဟု တွေးကာ အပျက်သဘောဆောင်သော အခြေအနေထဲသို့ ကျရောက်သွားကြသည်။ ဤအရာများကို ရှင်းလင်းအောင် မလုပ်ဆောင်ပါက လူတို့သည် မိုက်မဲစွာ မာနထောင်လွှားကြသည်။ လူတစ်ဦးသည် ပို၍ စဉ်းစားဉာဏ်မဲ့လေလေ၊ ၎င်းတို့သည် ပို၍ မာနထောင်လွှားလေလေဖြစ်ပြီး ၎င်းတို့၏ မာနထောင်လွှားမှုသည် ပို၍ အတိုင်းအဆမဲ့လေလေ ဖြစ်သည်။ ဉာဏ်ကောင်းသောသူများသည် ဤနှစ်များတစ်လျှောက် သမ္မာတရား ထောက်ပံ့မှုကို လက်ခံရရှိပြီးနောက်တွင် ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်ကို ဆန်းစစ်ကြလိမ့်မည်၊ သမ္မာတရားကို မိမိတို့ကိုယ်နှင့် နှိုင်းယှဉ်ကြလိမ့်မည်ဖြစ်ပြီး တဖြည်းဖြည်းနှင့် မာနထောင်လွှားသော စိတ်သဘောထား ထုတ်ဖော်ပြသမှုများ လျော့နည်းသွားလိမ့်မည်။ လူတစ်ဦး၏ အစွမ်းအစ ပို၍ ညံ့ဖျင်းလေလေ၊ ၎င်းတို့သည် ပို၍ မိုက်မဲစွာ မာနထောင်လွှားလေလေ ဖြစ်သည်။ “၎င်းတို့သည် မည်သည့်အရာမျှ မဟုတ်သည့်တိုင် မည်သူ့ကိုမျှ အရေးမလုပ်” ဟူသော ဆိုရိုးစကားတစ်ခု ရှိသည် မဟုတ်လော။ ဤဆိုရိုးစကားသည် အတော်အတန် ဆီလျော်လှသည်။ မည်သည့်အရာမျှ မဟုတ်သောသူများသည် မည်သူ့ကိုမျှ အရေးမလုပ်ကြပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့၏ အစွမ်းအစ အလွန် ညံ့ဖျင်းသောကြောင့် ဖြစ်သည်။ မည်သည့်အတိုင်းအတာအထိနည်း။ ဉာဏ်ရည် လုံးဝမရှိခြင်း၊ မိမိတို့၏ လုပ်နိုင်စွမ်း အတိုင်းအတာကို မသိခြင်း၊ မိမိတို့၏ ဉာဏ်ရည် မည်သို့ရှိသည်ကို မသိခြင်း၊ မိမိတို့ထက် သာသောသူများ အစဉ်သဖြင့်ရှိကြောင်း မသိခြင်းနှင့် အစွမ်းအစကောင်းဟူသည် အဘယ်အရာ ဖြစ်ကြောင်း မသိခြင်းတို့ ဖြစ်သည့် အတိုင်းအတာအထိ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ မာနထောင်လွှားမှုသည် မည်သည့်အတိုင်းအတာအထိ ရောက်ရှိသနည်း။ လူတို့ ကြည့်ရသည်မှာ ရွံရှာဖွယ်ကောင်းပြီး အော့နှလုံးနာဖွယ် ကောင်းသည်ဟု ထင်ရသည့် အတိုင်းအတာအထိ ဖြစ်သည်၊ ဤသည်မှာ မိုက်မဲစွာ မာနထောင်လွှားခြင်း ဖြစ်သည်။ “၎င်းတို့သည် မည်သည့်အရာမျှ မဟုတ်သည့်တိုင် မည်သူ့ကိုမျှ အရေးမလုပ်” ဟူသည်မှာ ၎င်းတို့သည် မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခြင်း၊ ဘဝတွင် ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စရပ်များမှာ လုံးဝ ကမောက်ကမဖြစ်နေခြင်း၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ ထိုးထွင်းမသိမြင်နိုင်ခြင်း၊ ၎င်းတို့၌ အတွေးများ သို့မဟုတ် ရှုထောင့်အမြင်များ တစ်ခုမျှ မရှိခြင်းနှင့် အခြားသူများ၏ ရှုထောင့်အမြင်များ မှန်ကန်မှု ရှိမရှိကိုဖြစ်စေ၊ တိကျမှန်ကန်မှု ရှိမရှိကိုဖြစ်စေ ၎င်းတို့ မပြောနိုင်ခြင်းတို့ကို ဆိုလိုကာ ၎င်းတို့က “ကျွန်ုပ်၌ စွမ်းရည်ရှိသည်၊ ကျွန်ုပ်၌ လုပ်နိုင်စွမ်း ရှိသည်၊ ကျွန်ုပ်သည် ဉာဏ်ပညာရှိသည်၊ ကျွန်ုပ်သည် အခြားသူများထက် သာသည်” ဟု တွေးလျက် ၎င်းတို့၏ မာနထောင်လွှားမှုကို မိုက်မဲစွာ ဆက်လက်ဖက်တွယ်ထားကြသည်။ ငါ့ကို ပြောလော့၊ ၎င်းတို့အား မည်သူ့ကိုမျှ အရေးမလုပ်သည့် မိုက်မဲစွာ မာနထောင်လွှားသော လူများ ဖြစ်ခွင့်ပေးခြင်းက ပိုကောင်းသလော၊ သို့မဟုတ် ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းကြောင်း၊ ၎င်းတို့သည် မည်သည့်အရာမျှ မဟုတ်ကြောင်း၊ စဉ်းစားဉာဏ်မဲ့သူများ၊ အသုံးမကျသူများနှင့် ဉာဏ်ရည်မမီသူများသာ ဖြစ်ကြောင်း ၎င်းတို့အား သိခွင့်ပေးပြီး ထိုသို့ဖြင့် ၎င်းတို့ အပျက်သဘောဆောင်သွားစေခြင်းက ပိုကောင်းသလော။ သင်တို့ မည်သည့်အရာကို ရွေးချယ်သနည်း။ (၎င်းတို့ မိုက်မဲစွာ မာနထောင်လွှားပါက စည်းမျဉ်းများကို ချိုးဖောက်သည့် အရာများကို လုပ်ဆောင်ဖွယ်ရှိပြီး အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နိုင်သောကြောင့် ၎င်းတို့ကို အပျက်သဘောဆောင်ခွင့်ပေးလိုက်ပါမည်။) ၎င်းတို့ အပျက်သဘောဆောင်သွားပါက လူ့သဘာဝ၏ ဆင်ခြင်တုံတရား ပြန်လည်ရရှိနိုင်ပြီး ပို၍ ရိုးကျိုးလာကာ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အရာများကို လျှော့လုပ်ကြပေမည်။ ဤသည်မှာ ၎င်းတို့အတွက် ကာကွယ်မှုတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အခြားသူများအတွက် အကျိုးရှိစေမည့် အရာများစွာကို မလုပ်ဆောင်ခဲ့သော်လည်း အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အရာများကို လျှော့လုပ်ခြင်းက ၎င်းတို့သည် ပြစ်မှားခြင်းများနှင့် ဒုစရိုက်အမှုများကို များစွာ လျှော့၍ ကျူးလွန်ကြလိမ့်မည်ဟု ဆိုလိုပြီး အနာဂတ်တွင် ၎င်းတို့ အပြစ်ဒဏ်ပေးခံရမည့် အလားအလာ လျော့နည်းသွားမည် ဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) ယင်းမှာ အတော်အတန် ဝေးကွာသော အရာတစ်ခု ဖြစ်သည့်အတွက် ၎င်းတို့ ကယ်တင်ခြင်း ရနိုင်မရနိုင်ဟူသည်ကို မပြောနှင့်ဦး၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ၎င်းတို့ ချိုးဖောက်မိပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမည့် အလားအလာ လျော့နည်းသွားမည် မဟုတ်လော။ ပြီးလျှင် ၎င်းတို့ ရှင်သန်ကျန်ရစ်မည့် အလားအလာ တိုးပွားလာမည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအကျိုးကျေးဇူးများ ရှုထောင့်မှ ဆုံးဖြတ်ကြည့်လျှင် လူတို့အား မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစကို အသိအမှတ်ပြုခွင့်ပေးခြင်းနှင့် မိမိတို့၌ အစွမ်းအစ လုံးဝမရှိကြောင်း နောက်ဆုံးတွင် သဘောပေါက်ပြီး အပျက်သဘောဆောင်သွားစေခြင်းသည် စင်စစ်အားဖြင့် ကောင်းသောကိစ္စတစ်ခု ဖြစ်လာသည်။ သို့မဟုတ်ပါက လူတို့က “သင်သည် မည်သည့်အရာမျှ မဟုတ်သော်လည်း မည်သူ့ကိုမျှ ဦးမညွှတ်ပါ၊ ဤသည်မှာ မိုက်မဲစွာ မာနထောင်လွှားခြင်း ဖြစ်သည်” ဟု ပြောဆိုကြသောအခါ ၎င်းတို့သည် ယင်းကို လုံးဝ ထိုးထွင်းသိမြင်နိုင်ခြင်းမရှိကြပေ၊ သို့မဟုတ် အသိအမှတ်မပြုနိုင်ကြပေ။ ၎င်းတို့သည် ခေါင်းမာလာကြပြီး “ကျွန်ုပ်၏ အစွမ်းအစ မညံ့ဖျင်းပါ။ ပြီးလျှင် ကျွန်ုပ်ကို မိုက်မဲစွာ မာနထောင်လွှားသည်ဟု သင်ပြောသည်။ ကျွန်ုပ်က လူမိုက်တစ်ဦးထက် များစွာ သာသည်” ဟု တွေးထင်နေဆဲ ဖြစ်သည်။ ဤအရာက ၎င်းတို့သည် အမှန်တကယ် မိုက်မဲကြောင်း၊ ၎င်းတို့၏ ဉာဏ်ရည် အလွန်နိမ့်ကြောင်းနှင့် ၎င်းတို့၌ အစွမ်းအစ လုံးဝမရှိဟူသော အချက်ကို လက်ခံရန် ပို၍ပင် လိုအပ်ကြောင်းတို့ကို ထပ်မံ သက်သေပြနေသည်။ ဤအချက်ကို လက်ခံခြင်း၏ အကျိုးကျေးဇူးများမှာ အဘယ်နည်း။ ယင်းမှာ သင့်ကို အပျက်သဘောဆောင်စေရန် မဟုတ်ဘဲ သင့်ကိုယ်သင် မှန်ကန်စွာ ဆက်ဆံရန်နှင့် မိုက်မဲစွာ ပြုမူခြင်းကို ရှောင်ကြဉ်ရန် သင့်အား ကူညီပေးဖို့ ဖြစ်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့်လည်းကောင်း၊ မိမိကိုယ်ကိုသိသောစိတ် လုံးဝမရှိသောကြောင့်လည်းကောင်း မာနထောင်လွှားကြခြင်း ဖြစ်သည်။ သို့ရာတွင် အချို့လူများ၏ မာနထောင်လွှားမှုသည် ပုံမှန်ဖြစ်သော မာနထောင်လွှားမှု ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများတွင် ထောင်ကျဖူးခြင်းနှင့် ဆင်းရဲဒုက္ခ ခံစားဖူးခြင်းတို့မှ ရရှိသော အရင်းအနှီး ရှိကြသည်၊ ၎င်းတို့သည် အသင်းတော်အတွက် နည်းလမ်းအချို့ဖြင့် အကျိုးပြုဖူးသည်၊ သို့မဟုတ် ၎င်းတို့၌ အခြားသူများထက် သာလွန်စေသည့် ဆုကျေးဇူးများ ရှိကြသည်။ ၎င်းတို့၌ မာနထောင်လွှားသော စိတ်သဘောထား ရှိသည့်အပြင် အရင်းအနှီးအချို့ ရှိခြင်းတို့ ပေါင်းစပ်သွားသောကြောင့် ၎င်းတို့ မာနထောင်လွှားမှုကို ထုတ်ဖော်ပြသခြင်းကို နားလည်နိုင်ဖွယ်ဖြစ်သည်ဟု ယူဆနိုင်သေးသည်။ သို့သော် သင်သည် မည်သည့်အရာမျှ မဟုတ်ပါက၊ သင်သည် အခြေခံအားဖြင့် မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပါက၊ မည်သည့် အကျိုးပြုမှုမျှ မလုပ်ဆောင်ဖူးပါက၊ ထို့အပြင် မည်သည့် အားသာချက်မျှ မရှိပါက သို့တိုင်အောင် သင် မာနထောင်လွှားနေသေးလျှင် ဤအရာက အဓိပ္ပာယ်မရှိပေ၊ ယင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့၏။ ယခု သင့်အား ရှင်းလင်းအောင် လုပ်ဆောင်ပေးလိုက်သည်၊ သင့်၌ အစွမ်းအစ လုံးဝမရှိ၊ သင်သည် မည်သည့်အရာမျှမဟုတ်၊ သင့်၌ မည်သည့် အားသာချက်မျှ လုံးဝမရှိပေ။ သင်၏ စိတ်သည် ဗလာဖြစ်နေပြီး အတွေးအခေါ်ရှိသော လူများနှင့် နှိုင်းယှဉ်လျှင် သင်၏ စိတ်၌ အနှစ်သာရ ကင်းမဲ့နေသည်။ သင်သည် ထပ်တူထပ်မျှ လူသားဖြစ်သော်လည်း ၎င်းတို့နှင့်ယှဉ်လျှင် များစွာ အလှမ်းဝေးလှသည်။ ဘုရားသခင်၏ အမြင်တွင် သင်သည် လူသားဖြစ်ခြင်း စံချိန်ကို မမီပေ။ သို့ဆိုလျှင် သင်သည် မည်သည့်အရာနှင့်ပတ်သက်၍ မာနထောင်လွှားနေသေးသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အကဲဖြတ်လျှင် သင်သည် လူသားဖြစ်ခြင်း စံချိန်ကို မမီပေ။ ဘုရားသခင်၏ မျက်မှောက်တွင် သင့်ကို လူသားတစ်ဦးအဖြစ် မဆက်ဆံသင့်ပေ။ သို့သော် ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးမားသောကြောင့် ဘုရားသခင်သည် သင့်ကို ချီးမြှောက်ခဲ့ပြီး ရွေးချယ်ခဲ့ကာ လူသားတစ်ဦးအဖြစ် ဆက်ဆံခဲ့ပြီး ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်ခွင့် ပေးခဲ့သည်။ သင်က ဘုရားသခင်ကိုလည်းကောင်း၊ သူထောက်ပံ့ပေးသော သမ္မာတရားကိုလည်းကောင်း ထိုသို့ မိုက်မဲစွာ မာနထောင်လွှားသည့် နည်းလမ်းဖြင့် သဘောထားပြုမူသည်ကို မြင်တွေ့ရန် ဘုရားသခင်က သင့်ကို လူသားတစ်ဦးအဖြစ် ဆက်ဆံခြင်းလော။ သင်၏ တာဝန်နှင့် သင်၏ အသက်တာကို ဤနည်းလမ်းဖြင့် သဘောထားပြုမူသည်ကို မြင်တွေ့ရန်လော။ မဟုတ်ပေ။ ဘုရားသခင်သည် သင့်ကို လူသားတစ်ဦးအဖြစ် ဆက်ဆံပြီး လူသားများ နားလည်သင့်သည့် အမျိုးမျိုးသော သမ္မာတရားများကို ပြောပြသည့်အတွက် သင်သည် စစ်မှန်သော လူသားတစ်ဦး ဖြစ်လာနိုင်ရန် သူမျှော်လင့်သည်၊ လူသားများ ရှိသင့်သည့် အတွေးအခေါ်များကို သင် လက်ခံနိုင်ရန် မျှော်လင့်ပြီး မိုက်မဲစွာ မာနထောင်လွှားလိမ့်မည် မဟုတ်ဟု မျှော်လင့်သည်။ ထို့ကြောင့် အပျက်သဘောဆောင်ခြင်းသည် မှားယွင်း၏။ သင် အပျက်သဘော မဆောင်သင့်ပေ။ ဘုရားသခင်သည် သင့်ကို သင်၏ အစွမ်းအစအပေါ် အခြေခံ၍ ဆက်ဆံခြင်း သို့မဟုတ် လျစ်လျူရှုခြင်း မပြုဘဲ သင့်ကို ပုံမှန်လူတစ်ဦးအဖြစ် ဆက်ဆံကာ ဤနည်းလမ်းဖြင့် အသုံးပြုသောကြောင့် သင်သည် ဘုရားသခင်ထံမှ ဤကျေးဇူးတော်နှင့် ထိုက်တန်အောင် နေထိုင်သင့်ပြီး ဘုရားသခင်ကို စိတ်ပျက်စေခြင်း မရှိသင့်ပေ။ သင့်၌ မည်သည့်အစွမ်းအစ ရှိသည်ဖြစ်စေ၊ မည်သည့်အလုပ်ကို သင် လုပ်ဆောင်နိုင်သည်ဖြစ်စေ ထိုအလုပ်ကိုသာ ကောင်းစွာ လုပ်ဆောင်လော့။ စကားကြီးစကားကျယ် မပြောနှင့်၊ လူတစ်ဦး မလုပ်သင့်သည့်အရာကို မလုပ်နှင့်၊ လူတစ်ဦး မရှိသင့်သည့် အလွန်အကျွံဖြစ်သော စိတ်ကူးများ သို့မဟုတ် ရည်မှန်းချက်များ မရှိစေနှင့်။ လူတစ်ဦး လုပ်သင့်သည့်အရာကို လုပ်ဆောင်ပြီး ဘုရားသခင်၏ ချီးမြှောက်မှုနှင့် ထိုက်တန်အောင် နေထိုင်လော့။ ဤသည်မှာ သင့်လျော်သည် မဟုတ်လော။ ဤအရာက အပျက်သဘောဆောင်ခြင်း ပြဿနာကို ဖြေရှင်းပေးသည် မဟုတ်လော။ (ဟုတပါသည်။)

အစွမ်းအစ အမျိုးမျိုးရှိသော လူတို့၏ အမျိုးမျိုးသော သရုပ်သကန်များကို ပိုင်းခြားသိမြင်ကာ ဤတိကျသော ဥပမာများကို ပေးရခြင်းသည် သင်တို့အား ၎င်းတို့နှင့် ဆက်စပ်သုံးသပ်စေရန် ဖြစ်၏။ ထိုသို့ဖြင့် သင်တို့သည် မိမိတို့၏ အနေအထားကို တိကျစွာ ခွဲခြားသိမြင်နိုင်မည်ဖြစ်ပြီး မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် အမျိုးမျိုးသော အနေအထားများအပြင် သင်တို့အပေါ် ဘုရားသခင်၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြုပြင်ခြင်းကိုဖြစ်စေ၊ သင်တို့အတွက် စီစဉ်ပေးထားသော အလုပ်ကိုဖြစ်စေ ဆင်ခြင်တုံတရားဖြင့် ချဉ်းကပ်နိုင်မည် ဖြစ်သည်။ ထိုသို့ဖြင့် သင်တို့သည် အတိုက်အခံလုပ်ခြင်းနှင့် တွန်းလှန်ခြင်းကို ပြမည့်အစား စိတ်နှလုံးအနက်ရှိုင်းမှ ကျိုးနွံနာခံနိုင်ကာ ကျေးဇူးတင်နိုင်လာမည် ဖြစ်၏။ အတိုက်အခံလုပ်ခြင်းနှင့် စက်ဆုပ်မှုကို ပြသခြင်းထက် ကျေးဇူးတင်ရှိခြင်းဖြင့် သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများမှ ကျိုးနွံနာခံခွင့်ပေးရန် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အစွမ်းအစကို အကျိုးသင့်အကြောင်းသင့် ချဉ်းကပ်နိုင်ပြီးနောက် လက်တွေ့ကျသော နည်းလမ်းဖြင့် ဘုရားသခင် အလိုရှိသည့် ဖန်ဆင်းခံများအဖြစ် ပြုမူဆောင်ရွက်လျက် ၎င်းတို့၏ ပင်ကိုအစွမ်းအစကို အခြေခံ၍ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို မှန်ကန်စွာ လုပ်ဆောင်ရင်း၊ မိမိတို့၏ သစ္စာစောင့်သိမှုနှင့် အားထုတ်မှုအားလုံးတို့ကို ရည်စူးမြှုပ်နှံထားရင်း မိမိတို့၏ ကိုယ်ပိုင် နေရာကို မှန်ကန်စွာ ပိုင်းခြားသိမြင်သည့်အခါ ဘုရားသခင်၏ စိတ်ကျေနပ်မှုကို ၎င်းတို့ စွမ်းဆောင်ရရှိကြပေသည်။ ဘုရားသခင်သည် သင့်အား ဤအစွမ်းအစနှင့် ဤအခြေအနေများကို ပေးထားပြီးဖြစ်သည့်အတွက် သင့်အတွက် ခက်ခဲသော အရာများကို လုပ်ဆောင်ရန် ဘုရားသခင်က သင့်ကို အတင်းအကျပ် စေခိုင်းမည် မဟုတ်ပေ၊ ငါးကို ကုန်းပေါ်တွင် နေထိုင်ရန် သူ အတင်းအကျပ် စေခိုင်းမည် မဟုတ်ပေ။ ဘုရားသခင်က သင့်အား မည်မျှ ပေးထားသည်ဖြစ်စေ ထိုအရာသည် သူက သင့်အား ပေးဆပ်စေသည့်အရာ ဖြစ်သည်။ ဘုရားသခင်က သင့်အား မပေးထားသည့်အရာကို သူ အလွန်အကျွံ တောင်းဆိုမည် မဟုတ်ပေ။ သင်သည် သင့်ကိုယ်သင် သန်မာသောသူတစ်ဦး၊ မဟာလူသားတစ်ဦး၊ သာမန်လူထက် ကျော်လွန်သောသူတစ်ဦး ဖြစ်လာရန် ကြိုးစားလျက် သင့်ကိုယ်သင် အလွန်မြင့်မားသော သတ်မှတ်ချက်များကို အမြဲတစေ ထားရှိပါက ဤသည်မှာ သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိကြောင်း ညွှန်ပြနေသည်၊ ဤသည်မှာ ရည်မှန်းချက်ကြီးခြင်း ဖြစ်သည်။ သင်၏ အစွမ်းအစ ကောင်းမွန်ပါက သင်သည် အလုပ်ပိုလုပ်ရသည်၊ သင်၏ အစွမ်းအစ သာမန်ဖြစ်ပါက သင်သည် အလုပ်လျှော့လုပ်ရုံသာ ရှိသည်။ သင် မည်သည့်တာဝန်ကို လုပ်ဆောင်နိုင်သည်ဖြစ်စေ သင့်အစွမ်းကုန် လုပ်ဆောင်လော့၊ သင့်သစ္စာစောင့်သိမှုကို ပေးလော့၊ ပြီးလျှင် စည်းမျဉ်းများအတိုင်း ပြုမူလော့။ စကားကြီးစကားကျယ် မပြောနှင့်။ သင်သည် သာမန်လူတစ်ဦး မဟုတ်ကြောင်း သက်သေပြရန် အစဉ်သဖြင့် လိုလားနေခြင်း၊ အခြားသူများက သင့်ကို အထင်ကြီးလေးစားရန် အစဉ်သဖြင့် လိုလားနေခြင်း၊ ဤသည်မှာ မှားယွင်း၏။ ဤအရာက မိမိကိုယ်ကိုသိသောစိတ် အလွန် ကင်းမဲ့ခြင်း၊ မိမိ၏ အခြေအနေမှန်ကို မသိခြင်းတို့ကို ပြသနေသည်။ သင်သည် သင်၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများအတိုင်း ဆက်လက်လိုက်စားနေပါက အမှုအရာများသည် သင့်အတွက် ဇာတ်သိမ်းကောင်းလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အစွမ်းအစ ညံ့ဖျင်းသောသူများသည် ခေါင်းဆောင်များ၊ အဖွဲ့ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများ ဖြစ်လာရန် အစဉ်သဖြင့် ဆန္ဒမရှိသင့်ပေ။ ၎င်းတို့သည် အလွန်အမင်း ရည်မှန်းချက် မကြီးသင့်ပေ။ သင်၏ အစွမ်းအစ ညံ့ဖျင်းပါက အစွမ်းအစ ညံ့ဖျင်းသောသူများ လုပ်ဆောင်နိုင်သည့် အရာများကိုသာ တာဝန်သိစိတ်ဖြင့် လုပ်ဆောင်လော့။ သင့်၌ အတွေးအခေါ်များ ကင်းမဲ့ပြီး မည်သည့်အလုပ်ကိုမျှ မကိုင်တွယ်နိုင်ပါက အတင်းအကျပ် မလုပ်နှင့်။ ဘုရားသခင်သည် သင့်အား ထိုအစွမ်းအစကို မပေးထားသောကြောင့် သင့်အတွက် အလွန်မြင့်မားသော တောင်းဆိုချက်များကို သူ မထားရှိပေ။ သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍မူ သင် နားလည်နိုင်ပြီး လက်ခံနိုင်သရွေ့ ယင်းတို့ကို လက်တွေ့လုပ်ဆောင်လော့။ ဤသည်မှာ အရေးအကြီးဆုံး ဖြစ်သည်။ သင် သဘောပေါက်နားလည်နိုင်သည့်အရာသည် ဘုရားသခင်က သင့်အား ပေးထားသည့်အရာ ဖြစ်သည်။ ဤအရာများကို သင်၏ တာဝန်တွင် သို့မဟုတ် ဘုရားသခင်က သင့်အား အပ်နှံထားသော တာဝန်ပေးစေခိုင်းချက်တွင် သင် အသုံးပြုပြီးပြီလော။ သင် အသုံးပြုပြီးပါက သင်သည် သင့်အစွမ်းကုန် ပေးဆပ်ပြီးဖြစ်ကာ သင်၏ သစ္စာစောင့်သိမှုကို ပူဇော်ဆက်ကပ်ပြီးဖြစ်သည်။ ဘုရားသခင် ကျေနပ်လိမ့်မည်ဖြစ်ပြီး သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် စံနှုန်းပြည့်မီလိမ့်မည်။ သင်၏ အစွမ်းအစ ညံ့ဖျင်းပါက အစွမ်းအစ ကောင်းသောသူများအတွက် စံနှုန်းနှင့်အညီ သင့်ကို ဘုရားသခင် လုံးဝ တောင်းဆိုမည် မဟုတ်ပေ။ ဘုရားသခင် ထိုသို့ လုပ်ဆောင်မည် မဟုတ်ပေ။ အစွမ်းအစ မရှိသောသူများသည် လူများကြားတွင် အစွမ်းအစ အနိမ့်ဆုံးအဆင့် ရှိသူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ယုံကြည်သူအချို့၌ အစွမ်းအစ မရှိပါက ၎င်းတို့ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သင် ဘုရားသခင်နောက်သို့ လိုက်လိုသလော။ လူနှင့်သက်ဆိုင်သော အရာခပ်သိမ်းကို ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲကြောင်း သင် ဝန်ခံသလော။ သင့်အတွက် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို သင် ကျိုးနွံနာခံလိုသလော။ သင် လက်ခံရန်နှင့် ကျိုးနွံနာခံရန် လိုလားပါက သင်၏ စိတ်နှလုံးကို အေးဆေးတည်ငြိမ်စွာထားပြီး သင့်အတွက် ဘုရားသခင်၏ အစီအစဉ်များအားလုံးကို လက်ခံလော့။ သင်တို့၏ အစွမ်းအစအရ သင်တို့သည် ကာယအားစိုက်ထုတ်ရသော၊ လူမမြင်သော၊ အထင်သေးခံရသော၊ လူတို့ အမှတ်မရသော အလုပ်အချို့ကိုသာ လုပ်ဆောင်နိုင်ပါက၊ ဤသည်မှာ သင်၏အခြေအနေဖြစ်ပါက သင်တို့သည် ဘုရားသခင်ထံမှ ယင်းကို ခံယူသင့်ပြီး ညည်းညူခြင်း မရှိသင့်ဘဲ မိမိတို့၏ အလိုဆန္ဒများအတိုင်း မိမိတို့၏ တာဝန်များကို ပို၍ပင် မရွေးချယ်သင့်ပေ။ ဘုရားအိမ်တော်က သင့်အတွက် စီစဉ်ပေးသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လော့။ ပြီးလျှင် ထိုအရာသည် သင်၏ အစွမ်းအစရှိသည့်အရာ ဖြစ်သရွေ့ ကောင်းစွာ သင် လုပ်ဆောင်သင့်ပေသည်။ ဥပမာအားဖြင့် သင့်ကို ဝက်မွေးရန် တာဝန်ပေးပါက ညီအစ်ကိုမောင်နှမများ ဝက်သားကောင်းကောင်း စားနိုင်စေရန် သင်သည် ဝက်များကို ကောင်းစွာ ကျွေးမွေးသင့်သည်။ သင့်ကို ကြက်မွေးရန် တာဝန်ပေးပါက ဥဥသည့်ရာသီတွင် ကြက်များ ပုံမှန် ဥဥနိုင်စေရန် သင်သည် ယင်းတို့ကို ကောင်းစွာ အစာကျွေးပြီး စီမံခန့်ခွဲသင့်သည်။ ထို့အပြင် သင် မွေးထားသော ကြက်များကို မြင်တွေ့သူတိုင်းက ယင်းတို့ကို ကောင်းစွာ မွေးမြူထားသည်ဟု ပြောဆိုကြစေရန် အခြားတိရစ္ဆာန်များ၏ အန္တရာယ်မှလည်း ယင်းတို့ကို ကာကွယ်သင့်သည်။ ဤအရာက သင်သည် ဘုရားသခင် ဖန်ဆင်းထားသော အရာခပ်သိမ်းကို တန်ဖိုးထားကြောင်းနှင့် ယင်းတို့ကို သင် ကောင်းစွာ စီမံခန့်ခွဲနိုင်ကြောင်း သက်သေပြနေသည်။ ယင်းက မည်သည့် သတ္တဝါ သို့မဟုတ် တိရစ္ဆာန်အမျိုးအစား ဖြစ်ပါစေ ဤအရာကို သင် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားနှင့် တာဝန်အဖြစ် သဘောထားလျက် သင်သည် ယင်းကို တန်ဖိုးထားနိုင်ပြီး ကောင်းစွာ စီမံခန့်ခွဲနိုင်ကြောင်း သက်သေပြနေသည်။ အခြားအလုပ်ကို သင် မလုပ်နိုင်သော်လည်း အသင်းတော်အလုပ်တွင် သင်သည် အဓိကကျပြီး အဆုံးအဖြတ်ပေးသော အခန်းကဏ္ဍတွင် မပါဝင်နိုင်သကဲ့သို့ များစွာသော ပံ့ပိုးမှုများမရှိသော်လည်း မထူးခြားသော အလုပ်တစ်ခုခုတွင် သင်သည် အပြည့်အဝ အားထုတ်ကာ သစ္စာစောင့်သိမှု အသုံးပြုနိုင်ပြီး ဘုရားသခင်ကိုသာ စိတ်ကျေနပ်စေဖို့ ကြိုးစားလျှင် ယင်းမှာ လုံလောက်ပေသည်။ ဤသည်မှာ သင့်ကို ဘုရားသခင်၏ ချီးမြှောက်ခြင်းအား သင် တာဝန်မပျက်ကွက်ခြင်း ဖြစ်သည်။ အလုပ်တာဝန်များက ညစ်ပတ်ခြင်း သို့မဟုတ် ပင်ပန်းစရာဖြစ်ခြင်း ရှိမရှိကိုဖြစ်စေ၊ ယင်းတို့ကို သင် လုပ်ဆောင်ခြင်းအား အခြားသူများ မြင်ခြင်းရှိမရှိကိုဖြစ်စေ၊ ယင်းတို့ကို လုပ်ဆောင်ခြင်းအတွက် အခြားသူများက သင့်အား ချီးမွမ်းခြင်း ရှိမရှိကိုဖြစ်စေ၊ ၎င်းတို့က သင့်အား အထင်သေးခြင်း ရှိမရှိကိုဖြစ်စေ အခြေခံ၍ အလုပ်တာဝန်များကို ဇီဇာမကြောင်နှင့်။ ဤအရာများနှင့်ပတ်သက်၍ မစဉ်းစားနှင့်။ ယင်းကို ဘုရားသခင်ထံမှသာ လက်ခံလော့၊ ကျိုးနွံနာခံပြီး သင် ထမ်းဆောင်သင့်သည့်တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်လော့။ အစွမ်းအစ လုံးဝမရှိသော လူများ၏ သရုပ်သကန်များနှင့်ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့သောအခါ သင်သည် လူမိုက်၊ အသုံးမကျသူနှင့် ဉာဏ်ရည်မမီသူ ဖြစ်သည်ဟု ငါ ပြောကောင်းပြောပေမည်။ သို့ရာတွင် သင်သည် သင့်အား အပ်နှံထားသော အလုပ်များကို တာဝန်ယူနိုင်ပြီး အဆုံးတွင် သင့်အား ဘုရားသခင်၏ ချီးမြှောက်မှုကိုဖြစ်စေ၊ ဘုရားသခင်က သင့်အား ပေးသနားထားသော ဇီဝအသက်ကိုဖြစ်စေ သင် စိတ်ပျက်စေခြင်း မရှိပါက၊ သင်သည် အချည်းနှီး အသက်မရှင်၊ သို့မဟုတ် အလဟဿ မစား၊ လူသားမျိုးနွယ်အတွက် ဘုရားသခင် ထောက်ပံ့ပေးသော မည်သည့် ရုပ်ဝတ္ထုပစ္စည်းများကိုမဆို အချည်းနှီး မခံစားဘဲ ဘုရားသခင်၏ နှုတ်မှထွက်သော နှုတ်ကပတ်တော်များနှင့် ထိုက်တန်အောင် နေထိုင်ရန် မပျက်ကွက်ပါက ထိုအရာသည် လုံလောက်ပေသည်။ အစွမ်းအစအရ သင်သည် ပြည့်စုံသော လူတစ်ဦးဖြစ်ခြင်းကို မမီသော်ငြားလည်း သင်သည် ဤသစ္စာစောင့်သိမှု၊ စိတ်ရင်းမှန်တို့ဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ပြီး အလုပ်ကို လုပ်ဆောင်နိုင်ပါက အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် စံနှုန်းပြည့်မီသည်။ ဘုရားသခင် အလိုတော်ရှိသည်မှာ ဤသစ္စာစောင့်သိမှုနှင့် စိတ်ရင်းမှန် ဖြစ်သည်။ သူသည် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦးကို လိုချင်သည်။ ဘုရားအိမ်တော်က သင့်အတွက် မည်သည့်တာဝန်ကို စီစဉ်ပေးသည်ဖြစ်စေ ဘုရားသခင်ထံမှ လက်ခံရယူပြီး နာခံမှုရှိရှိ လက်ခံနိုင်ခြင်း၊ ဤသည်မှာ တန်ဖိုးအရှိဆုံးအရာ ဖြစ်သည်။ သင်သည် ဘုရားသခင်က သင့်အား တောင်းဆိုသည့်အရာကို လုပ်ဆောင်ပြီးဖြစ်ကာ သင် ပူဇော်ဆက်ကပ်နိုင်သမျှကို ပူဇော်ဆက်ကပ်ပြီးဖြစ်ပါက ဘုရားသခင်သည် သင့်အပေါ် ပို၍ မြင့်မားသော တောင်းဆိုချက်များ ရှိဦးမည်လော။ သင်၏ စိတ်ရင်းမှန်နှင့် သစ္စာစောင့်သိမှုတို့ကို ဘုရားသခင်၏ အမြင်တွင် တန်ဖိုးရှိသည်ဟု ရှုမြင်ပါက သင်၏ အသက်တာသည် တန်ဖိုးရှိ၏။ ဤသဘောပေါက်နားလည်မှု ကောင်းသလော။ (ကောင်းပါသည်။)

အချို့လူများက “ကျွန်ုပ် နားမလည်နိုင်သေးဟု ခံစားရပါသည်။ ဘုရားသခင်သည် အဘယ်ကြောင့် လူများကို အမျိုးမျိုးသော အစွမ်းအစများဖြင့် သတ်မှတ်ပေးထားသနည်း။ ဘုရားသခင်သည် လူများကို သူ့အတွက် သက်သေခံစေလိုသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်စေလိုသည်၊ ပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပစ်ပယ်စေလိုသည်ဖြစ်ရာ သူသည် အဘယ်ကြောင့် လူများကို အစွမ်းအစကောင်း မပေးနိုင်သနည်း။ လူများကို အစွမ်းအစကောင်းပေးရန် ဘုရားသခင်အတွက် အလွန် ခက်ခဲသလော။ ဘုရားသခင်သည် လူများကို ကဏ္ဍပေါင်းစုံတွင် စွမ်းရည်များ ရှိစေခဲ့ပါက ဆိုလိုသည်မှာ သိမြင်နားလည်နိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း၊ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း၊ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ဟူ၍ ကဏ္ဍပေါင်းစုံတွင် လူများကို စွမ်းရည်များ ပေးခဲ့ပါက လူတို့၏ အစွမ်းအစ ကောင်းမွန်သွားမည် မဟုတ်လော။ သူသည် လူများကို သာမန် အစွမ်းအစ ပေးခဲ့လျှင်ပင် ၎င်းတို့သည် သမ္မာတရားကို သာမန်အဆင့်အထိ သဘောပေါက်နားလည်နိုင်ကြမည် မဟုတ်လော။ လူတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ပါက ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြမည် မဟုတ်လော။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပစ်ပယ်နိုင်ပြီး ကယ်တင်ခြင်း ရရှိနိုင်ကြမည် မဟုတ်လော” ဟု ပြောဆိုကြသည်။ လူတို့တွင် ဤအတွေးအခေါ်များ ရှိနေခြင်းက မည်သည့်ပြဿနာ ဖြစ်သနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ၎င်းတို့အား ဤမျှ လုံးဝ သာမန်ဖြစ်သော အစွမ်းအစကို ပေးထားသည်ကို လူတို့ နားမလည်ကြပေ။ အစွမ်းအစကောင်းသော ခေါင်းဆောင်များကို ရှာဖွေရန် ခက်ခဲပြီး အသင်းတော်အလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် အလွန်ပင် ခက်ခဲလှသည်။ လူတို့က “ဘုရားသခင်သည် လူများကို အစွမ်းအစကောင်း ပေးခဲ့ပါက ခေါင်းဆောင်များကို ရှာဖွေရန် ပို၍ လွယ်ကူမည် မဟုတ်လော။ အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် ပို၍ လွယ်ကူမည် မဟုတ်လော။ ဘုရားသခင်သည် အဘယ်ကြောင့် လူများကို အစွမ်းအစကောင်း မပေးသနည်း” ဟု တွေးတောကြသည်။ ဘုရားအိမ်တော်၏ အလုပ်တစ်ခုလုံး ရှုထောင့်မှ ကြည့်လျှင် အစွမ်းအစကောင်းသော လူများ ပို၍ ရှိပါက အသင်းတော်အလုပ်သည် အမှန်ပင် ပို၍ လွယ်ကူပေမည်ဖြစ်သည်မှာ အမှန်ပင်။ သို့ရာတွင် အခြေခံအကြောင်းရင်းတစ်ခု ရှိသည်၊ ဘုရားအိမ်တော်တွင် ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်ပြီး လူတို့သည် အဆုံးအဖြတ်ပေးသော အခန်းကဏ္ဍမှ ပါဝင်ခြင်း မရှိပေ။ ထို့ကြောင့် လူတို့၏ အစွမ်းအစ ကောင်းသည်ဖြစ်စေ၊ သာမန်ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ညံ့ဖျင်းသည်ဖြစ်စေ ဘုရားသခင်၏ အလုပ်ရလဒ်များကို အဆုံးအဖြတ်မပေးပေ။ နောက်ဆုံး ရရှိမည့် ရလဒ်များကို ဘုရားသခင်က ပြီးမြောက်အောင်မြင်စေခြင်း ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားသခင်က ဦးဆောင်သည်၊ အရာခပ်သိမ်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်၏။ ဘုရားသခင်၏ အလုပ်ရှုထောင့်မှ ကြည့်လျှင် ဤကိစ္စကို ဤနည်းလမ်းဖြင့် ရှင်းပြသင့်သည်၊ ဤသည်မှာ အကြောင်းရင်းတစ်ခု ဖြစ်သည်။ အခြားအကြောင်းရင်းတစ်ခု ရှိသေးသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်တွင် လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့၏ အသက်အနှစ်သာရအဖြစ် ပိုင်ဆိုင်ထားကြသည်။ ဆိုလိုသည်မှာ ၎င်းတို့အားလုံးသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပြီး ၎င်းတို့၏ အသက်တာကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လွှမ်းမိုးထားသည်။ ဤအရာအပြင် လူတစ်ဦး၌ ကောင်းမွန်သော သို့မဟုတ် ထူးကဲသော အစွမ်းအစ ရှိပြီး ကဏ္ဍပေါင်းစုံတွင် ၎င်းတို့၏ စွမ်းရည်များက ပြည့်စုံပြီး အပြစ်ကင်းစင်ကာ အနာအဆာကင်းမဲ့ပါက ယင်းက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အားပေးအားမြှောက် ပြုလိမ့်မည်။ ယင်းက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အတိုင်းအဆမဲ့ ပို၍ ဆိုးရွားလာစေပြီး ထိန်းချုပ်၍မရနိုင်အောင် ဖြစ်လာစေမည့်အပြင် ထိုသူကို ပို၍ မာနထောင်လွှားစေ၊ စိတ်နှလုံးမာကျောစေ၊ စဉ်းလဲစေပြီး ကောက်ကျစ်ဆိုးယုတ်စေလိမ့်မည်။ ၎င်းတို့ သမ္မာတရားကို လက်ခံရန် ခက်ခဲမှု တိုးပွားလာမည်ဖြစ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် နည်းလမ်းတစ်ခုမျှ ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အခြားအကြောင်းရင်းတစ်ခု ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် လူများကို ထိုသို့သော အစွမ်းအစ ပေးရခြင်းမှာ ဘုရားသခင် ကယ်တင်လိုသော လူသားမျိုးနွယ်သည် ပင်ကိုအားဖြင့် မပြည့်စုံသော လူသားမျိုးနွယ်ဖြစ်ပြီး ကဏ္ဍပေါင်းစုံရှိ စွမ်းရည်များမှာ သာမန်ဖြစ်ကာ ချို့ယွင်းချက်များ ရှိသောကြောင့် ဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သိရှိခြင်းသည် အမျိုးမျိုးသော စွမ်းရည်များကို အသုံးပြုရုံမျှဖြင့် ပြီးမြောက်အောင်မြင်သည် မဟုတ်ဘဲ လုပ်ငန်းစဉ်တစ်ခု လိုအပ်သည်။ ဤလုပ်ငန်းစဉ်တွင် အဘယ်အရာ ပါဝင်သနည်း။ ယင်းတွင် ပတ်ဝန်းကျင် ပြောင်းလဲမှုများ၊ လူတစ်ဦး၏ အသက်အရွယ် ကြီးရင့်လာမှု၊ ဘဝအတွေ့အကြုံများနှင့် ဗဟုသုတ တိုးပွားလာမှု၊ အမျိုးမျိုးသော ပတ်ဝန်းကျင်များမှတစ်ဆင့် ရရှိသော အတွေ့အကြုံတို့ ပါဝင်ပြီး ယင်းတို့က လူများကို ၎င်းတို့၏ ပင်ကို အစွမ်းအစနှင့် ဗီဇများ အခြေခံပေါ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ သမ္မာတရားက အမှန်တကယ် မည်သည့်အရာကို ရည်ညွှန်းသည်ကို တဖြည်းဖြည်း နားလည်သဘောပေါက်စေပြီး သိရှိစေကာ ထို့နောက်တွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ကြသည်။ ထိုသို့သော လုပ်ငန်းစဉ်မှတစ်ဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ သမ္မာတရားသည် လူတစ်ဦးထဲသို့ ဝင်ရောက်ပြီး ၎င်းတို့၏ အသက် ဖြစ်လာသည်။ ယင်းသည် အသက်ရှင်နေထိုင်မှု သဘောတရားတစ်ခု သို့မဟုတ် အသက်ရှင်နေထိုင်မှု အတွေးအခေါ်နှင့် နည်းလမ်းတစ်ခု ဖြစ်မလာဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ တည်ရှိမှုအတွက် အခြေခံအုတ်မြစ် ဖြစ်လာသည်။ ထိုသို့သော လူတစ်ဦးသည် လူသစ်တစ်ဦး၊ အသစ်မွေးဖွားသော အသက်တာတစ်ခု ဖြစ်သည်။ ဤသည်မှာ မရှိမဖြစ် လိုအပ်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ သင်၏ အစွမ်းအစနှင့် ကဏ္ဍပေါင်းစုံရှိ စွမ်းရည်များ မည်မျှပင် ထူးကဲစွာ ကောင်းမွန်ပြီး မြင့်မားပါစေ ဤလုပ်ငန်းစဉ်များကို ချန်လှပ်ထား၍ မရနိုင်ပေ။ ဖန်ဆင်းခံ လူသားတစ်ဦးအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ အသက်အဖြစ်သို့ ပြောင်းလဲခြင်းကို နောက်ဆုံးတွင် ပြီးမြောက်အောင်မြင်ရာ၌ မည်သူမျှ တွေ့ကြုံရမည့် လုပ်ငန်းစဉ်တစ်ခုလုံး၏ မည်သည့်အဆင့်ကိုမျှ ကျော်သွား၍ မရနိုင်ပေ။ ဆိုလိုသည်မှာ လူတိုင်းသည် ဘုရားသခင်အပေါ် အယူအဆများ၊ စိတ်ကူးများ၊ အတိုက်အခံပြုခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ကို ဖြစ်ပေါ်ကြလိမ့်မည်။ ၎င်းတို့အားလုံးသည် အဆင်မပြေမှုများ၊ ကျရှုံးမှုများ၊ မှောက်မှားခြင်း၊ ဖြုတ်ချခံရခြင်း၊ ပြုပြင်ခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ပြစ်တင်ဆုံးမခံရခြင်းတို့ကို ဖြတ်သန်းကြရမည်၊ အမျိုးမျိုးသော ပတ်ဝန်းကျင်များကို တွေ့ကြုံရမည်၊ လူအမျိုးအစား အမျိုးမျိုးနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး အခြားသော ထိုကဲ့သို့ လုပ်ငန်းစဉ်များကို ဖြတ်သန်းကြရမည်။ သင်၏ အစွမ်းအစ မည်မျှ ကောင်းသည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ၊ သို့မဟုတ် ကဏ္ဍပေါင်းစုံတွင် သင်၏ စွမ်းရည်များ မည်မျှ သန်မာသည်ဖြစ်စေ ဤလုပ်ငန်းစဉ်များ သို့မဟုတ် အဆင့်များထဲမှ မည်သည့်အရာကိုမျှ ချန်လှပ်ထား၍ မရနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် သင့်အား ထူးကဲစွာ မြင့်မားသော အစွမ်းအစနှင့် စွမ်းရည်များကို ပေးခဲ့လျှင်ပင် ယင်းမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ သာမန်ဖြစ်သော၊ ရိုးရိုးလူတစ်ဦး ဖြစ်ခြင်းက သင့်အတွက် ပိုကောင်းသည်။ သင့်၌ လူ့သဘာဝဆိုင်ရာ ချို့ယွင်းချက်အချို့ ရှိကောင်းရှိနိုင်သော်လည်း သင်သည် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် နားလည်နိုင်သည်၊ ပြီးလျှင် သင်၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များကို သိမြင်နိုင်သည်။ ဤနည်းအားဖြင့် တစ်ဖက်တွင် သင် ရရှိသောအရာသည် ပို၍ လက်တွေ့ကျပြီး ဘုရားသခင်ထံမှ ပို၍ ရရှိသည်။ အခြားတစ်ဖက်တွင် သင်သည် သင်၏ ပင်ကိုစွမ်းရည်များကို ပို၍ တိကျစွာ သိရှိလာပြီး သင်သည် ပို၍ ဆင်ခြင်တုံတရား ရှိလာသည်။ ထို့ကြောင့် ဘုရားသခင်သည် လူတိုင်းကို အစွမ်းအစကောင်း ပေးရန် မရည်ရွယ်ဘဲ လူများကို သာမန် အစွမ်းအစ ပေးခြင်း ဖြစ်သည်။

လူတို့၏ အစွမ်းအစကို တိုင်းတာသည့် စွမ်းရည်အမျိုးမျိုး၏ ဤတိကျသော သရုပ်သကန်များအကြောင်း ကြားပြီးနောက် သင်တို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်ကြပြီး အများဆုံးအနေဖြင့် သင်တို့၌ သာမန် အစွမ်းအစသာရှိကြောင်း၊ အစွမ်းအစကောင်းရှိသည့် အဆင့်သို့ မမီကြောင်း တွေ့ရှိကြသည်။ သို့ဆိုလျှင် အစွမ်းအစကောင်းရှိသည့် အဆင့်သို့ မီသောသူများမှာ မည်သူများဖြစ်သနည်း။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသောလူများ ဖြစ်ကြသည်။ ဘုရားသခင်က သင့်ကို အစွမ်းအစကောင်း ပေးပါက သင်သည် အစွမ်းအစကောင်းနှင့် ကိုက်ညီသော အလုပ်ကို တာဝန်ယူရမည်။ သင်သည် ထိုသို့သော အလုပ်ကို တာဝန်ယူရန် မလိုအပ်ပါက ဘုရားသခင်က သင့်ကို သာမန် အစွမ်းအစ ပေးထားခြင်းသည်ပင် အတော်အတန် ကောင်းမွန်နေပြီဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ ဘုရားသခင်က သင့်ကို သာမန် အစွမ်းအစ ပေးပါက သင်သည် အလွန်ကြီးမားသော အလုပ်ကို မလုပ်နိုင်ပေ၊ သို့ဖြစ်၍ သင်သည် မာနထောင်လွှား၍ မရနိုင်ပေ။ ဤသည်မှာ သင့်အတွက် ကာကွယ်မှုတစ်ခု ဖြစ်သည်။ သင့်ကို ပေးထားသော သာမန် အစွမ်းအစဖြင့် သင်၌ ကြွားဝါရန် အရင်းအနှီး မရှိသကဲ့သို့ ကမ္ဘာကိုတုန်လှုပ်စေသော မည်သည့် အကျိုးပြုမှုများကိုမျှ သင် မပြုလုပ်နိုင်ပေ။ “ကျွန်ုပ်၏ အစွမ်းအစမှာ သာမန်ဖြစ်သည်၊ ကျွန်ုပ်သည် ဤကဏ္ဍတွင် မတော်ပါ၊ ထိုကဏ္ဍတွင်လည်း မတော်ပါ၊ ကျွန်ုပ်သည် သတိထားရမည်ဖြစ်ပြီး ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရမည်” ဟု သင် အစဉ်သဖြင့် တွေးတောရန် လိုအပ်သည်။ သင်သည် ကဏ္ဍပေါင်းစုံ၌ လိုအပ်ချက်ရှိသည်ဟု ခံစားရသောအခါ သင်သည် ပို၍ လိမ္မာလာပြီး ပို၍ စည်းကမ်းရှိလာကာ ပို၍ နှိမ့်ချလာသည်။ ဥပမာအားဖြင့် သင်တို့သည် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ၊ သင်တို့သည် ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်စေ၊ သာမန် အဖွဲ့ဝင်တစ်ဦး ဖြစ်စေ ကာလတစ်ခုအတွင်း သင့်အလုပ်က အတော်အတန် ချောမွေ့ပြီး ရလဒ်အချို့ ထွက်ပေါ်ကာ အောင်မြင်မှုများက အတော်အတန် ထူးခြားထင်ရှားပြီး အထက်၏ အသိအမှတ်ပြုခြင်းကို သင် ရရှိပါက သင်၏ စိတ်နေစိတ်ထားသည် မည်သို့ ဖြစ်မည်နည်း။ (ကျွန်ုပ်တို့သည် ဘဝင်မြင့်လာမည်ဖြစ်ပြီး မိမိတို့ကိုယ်ကို အတော်အတန် ကောင်းသည်ဟု ခံစားရကာ သမ္မာတရားကို အလွယ်တကူ ရှာဖွေတော့မည် မဟုတ်ပါ။) ထို့နောက် သင်သည် စည်းကမ်းလိုက်နာရန်နှင့် လက်တွေ့ကျကျ ကျင့်ကြံပြုမူရန် ခက်ခဲလာလိမ့်မည်။ ဤသည်မှာ သင့်အတွက် အလွန် အန္တရာယ်ရှိသော စုံစမ်းသွေးဆောင်မှုတစ်ခု ဖြစ်သည်၊ ဤသည်မှာ လက္ခဏာကောင်းတစ်ခု မဟုတ်ပေ။ သို့ရာတွင် သင်သည် စွမ်းရည်အမျိုးမျိုး၌ လိုအပ်ချက်ရှိသည် သို့မဟုတ် ချို့ယွင်းချက်များ ရှိသောကြောင့်လည်းကောင်း၊ အလုပ်လုပ်သောအခါ သင်သည် ကဏ္ဍတစ်ခုကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်သည် သို့မဟုတ် အခြားတစ်ခုကို ကြိုတင်မတွေးမိ သို့မဟုတ် လျစ်လျူရှုမိပြီး မေ့လျော့သောကြောင့်လည်းကောင်း၊ ကဏ္ဍတစ်ခုနှင့်ပတ်သက်၍ ပြုပြင်ခြင်းခံရသည် သို့မဟုတ် အခြားတစ်ခု၌ အဆင်မပြေမှုများနှင့် ထိုးနှက်မှုများကို ရင်ဆိုင်ရသောကြောင့်လည်းကောင်း သင်၏ စိတ်နှလုံး နက်ရှိုင်းရာ၌ “ကျွန်ုပ် မတော်ပါ၊ ကျွန်ုပ်၏ အစွမ်းအစမှာ ညံ့ဖျင်းပြီး သမ္မာတရားကို ကျွန်ုပ် နားမလည်ပါ၊ စည်းမျဉ်းများကို ကျွန်ုပ် နားမလည်ပါ” ဟု သင့်ကိုယ်သင် အဆက်မပြတ် သတိပေးလေသည်။ ဤနည်းအားဖြင့် သင်သည် အမှုအရာများကို ပြုလုပ်ရာတွင် အလွန် သတိထားလာသည်၊ အမှားများ ပြုလုပ်မိမည်ကိုလည်းကောင်း၊ ပြုပြင်ခြင်းခံရမည်ကိုလည်းကောင်း အလွန် ကြောက်ရွံ့လာသည်၊ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်မိမည်ကို အလွန် ကြောက်ရွံ့လာကာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့် ဟာကွက်များ အလုပ်တွင် ဖန်တီးမိမည်ကို အလွန် ကြောက်ရွံ့လာသည်။ ကဏ္ဍအသီးသီးရှိ သင်၏ စွမ်းရည်များသည် လိုအပ်ချက်ရှိသောကြောင့်ဖြစ်စေ၊ အားလုံးက အလွန် သာမန်ဖြစ်သောကြောင့်ဖြစ်စေ အလုပ်အတွက် အရည်အချင်းပြည့်မီရန် သင်၏ စွမ်းဆောင်နိုင်ရည်မှာလည်း အလွန် သာမန်ဖြစ်ပြီး သင်လုပ်သော အလုပ်မှာ အလွန် သာမန်ဖြစ်သည်။ သို့ဖြစ်၍ ကြွားဝါစရာ မည်သည့်အရာမျှ မရှိဟု သင် ခံစားရသည်။ သင်သည် ခက်ခဲစွာရရှိသော ရလဒ်အချို့ကို ရယူနိုင်လျှင်ပင် နောက်ကွယ်၌ များစွာသော ပင်ပန်းမှုကို သည်းခံပြီးနောက်မှလည်းကောင်း၊ ကြီးမားသော ကြိုးပမ်းအားထုတ်မှုကို ပြုပြီးနောက်မှလည်းကောင်း ယင်းတို့ကို သင် ရရှိခြင်းဖြစ်သည်။ သင်သည် အခြားသူများရှေ့တွင် လုပ်ရည်ကိုင်ရည် ရှိသယောင်နှင့် အတော်အတန် တော်သယောင် ဟန်ဆောင်လိုသော်လည်း သင်၏ စိတ်နှလုံးထဲတွင် သင်၌ ယုံကြည်မှု ကင်းမဲ့နေသည်။ သင်သည် မည်သည့်အရာကို လုပ်သည်ဖြစ်စေ ကောင်းစွာ မလုပ်နိုင်ကြောင်းနှင့် အထက်က ယင်းကို စိစစ်ရန် လိုအပ်နေဆဲဖြစ်ကြောင်း သိသည်။ အချို့သော အရာများတွင် ပြုပြင်ခြင်းခံရမှုကို ရင်ဆိုင်ရသောအခါမှသာ သင်သည် မည်သည့်နေရာ၌ မှားယွင်းကြောင်း သဘောပေါက်ပြီး သင်၏ အစွမ်းအစမှာ မည်မျှ အလွန်အမင်း ညံ့ဖျင်းသည်ကို မြင်တွေ့ရသည်။ ဤနည်းအားဖြင့် သင်သည် မာနထောင်လွှား၍ ရနိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ သင့်ပတ်ဝန်းကျင်၌ သင့်ထက်သာလွန်သော အစွမ်းအစကောင်းရှိသူ တစ်ဦး အစဉ်သဖြင့် ရှိနေလိမ့်မည်ဖြစ်ပြီး သင့်ကို ချုပ်ထိန်းသည့် သမ္မာတရားနှင့် ဘုရားသခင်၏ တောင်းဆိုထားသော စံနှုန်းများ အစဉ်သဖြင့် ရှိနေလိမ့်မည်။ “ကျွန်ုပ် ပြီးမြောက်အောင် လုပ်နိုင်သည့် အလုပ်အနည်းငယ်မှာ အထက်က စိစစ်ပြီး ဆုံးဖြတ်ခဲ့သောကြောင့်သာ ဖြစ်သည်၊ အထက်က အကြိမ်ကြိမ် စစ်ဆေးခြင်း၊ ကြည့်ရှုခြင်းနှင့် ပြုပြင်ခြင်းတို့ ပြုလုပ်ခဲ့သောကြောင့်သာ ယင်းက ပြီးစီးခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်၌ ကြွားဝါစရာ တစ်ခုမျှ မရှိပါ” ဟု သင် ခံစားရသည်။ နောက်တစ်ကြိမ် သင် တစ်စုံတစ်ရာ လုပ်ဆောင်သည့်အခါတွင် သင်၏ လက်စွမ်းပြရန် စဉ်းစားနေဆဲဖြစ်သော်လည်း သင်သည် ကောင်းစွာ လုပ်ဆောင်ရန် ပျက်ကွက်ဆဲဖြစ်ကာ မည်သည့်အခါမျှ ထင်ပေါ်နိုင်ခြင်း မရှိပေ။ သင်၏ အစွမ်းအစနှင့် အရည်အချင်းများ နည်းပါးသောကြောင့် အတိအကျပင်လျှင် သင်၏တာဝန်များ လုပ်ဆောင်ခြင်း၏ အကျိုးတရားများက သင် စံပြုသည့် အဆင့် သို့မဟုတ် စံနှုန်းကို အလှမ်းမီရန် အစဉ်သဖြင့် ပျက်ကွက်လျက် အစဉ်သဖြင့် သာမန်ဖြစ်လေသည်။ ထို့ကြောင့် အမှုမဲ့အမှတ်မဲ့ဖြင့် သင်သည် မည်သည့် ထင်ပေါ်သူမျိုးမျှ မဟုတ်၊ မည်သည့် သာလွန်သူ သို့မဟုတ် ထူးခြားသည့်လူမျှ မဟုတ်ဟု အမြဲမပြတ် သဘောပေါက်လေသည်။ သင်၏ အစွမ်းအစသည် သင် စိတ်ကူးသလောက် မကောင်းဘဲ သာမန်မျှသာ ဖြစ်လွန်းသည်ဟု သင် တဖြည်းဖြည်း နားလည်လာသည်။ ဤအဆင့်ဆင့် တိုးတက်မှုဖြစ်စဉ်သည် သင့်ကိုယ်သင် သိရှိရန် သင့်အတွက် အလွန် အထောက်အကူဖြစ်သည်။ သင်သည် အချို့သော ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများကို လက်တွေ့ကျသည့်နည်းလမ်းဖြင့် တွေ့ကြုံရပြီး စိတ်အတွင်းကျကျကို ဆင်ခြင်သုံးသပ်ပြီးနောက်တွင် သင်၏ အဆင့်၊ အရည်အချင်းများနှင့် အစွမ်းအစကို အကဲဖြတ်ရာတွင် သာ၍ သင် မှန်ကန်တိကျလာသည်။ သင်သည် ကောင်းမွန်သော အစွမ်းအစရှိသည့် လူတစ်ဦးမဟုတ်ကြောင်း၊ သင့်ထံတွင် အားသာချက်နှင့် ဆုကျေးဇူးအချို့၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း၊ သို့မဟုတ် စိတ်ကူး သို့မဟုတ် အစီအစဉ်အချို့ ရံဖန်ရံခါ ရှိနိုင်သော်လည်း သင်သည် သမ္မာတရား စည်းမျဉ်းများကို အလွန် စံမမီဖြစ်နေဆဲဖြစ်ကြောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရား၏ စံနှုန်းများမှ ဝေးကွာနေဆဲဖြစ်ပြီး သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ခြင်း စံနှုန်းမှ သာ၍ပင် အလှမ်းဝေးနေဆဲဖြစ်ကြောင်းတို့ကို သင် တိုး၍ သဘောပေါက်လာသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် သင့်ထံတွင် သင့်ကိုယ်သင်နှင့်ပတ်သက်သည့် ဤဝေဖန်မှုများနှင့် အကဲဖြတ်မှုများ ရှိလေသည်။ သင့်ကိုယ်သင် ဝေဖန်ခြင်းနှင့် အကဲဖြတ်ခြင်း ဖြစ်စဉ်တွင် သင့်ကိုယ်သင် သိသော သင်၏ အသိသည် တိုး၍ တိကျမှန်ကန်လာလိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများသည် သာ၍ ချုပ်တည်းကာ ထိန်းချုပ်ခြင်းခံလာရလျက် ပို၍ ပို၍ နည်းပါးသွားလိမ့်မည်။ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထိန်းချုပ်ထားခြင်းသည် ပန်းတိုင်မဟုတ်သည်မှာ အမှန်ပေ။ ပန်းတိုင်ကား အဘယ်နည်း။ ပန်းတိုင်မှာ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထိန်းချုပ်ထားသည်နှင့်အမျှ သင်တို့သည် ကြီးကျယ်ခမ်းနားသော အတွေးအခေါ်များကို တတွတ်တွတ် ပြောဆိုရန် သို့မဟုတ် သင်တို့၏ ကျွမ်းကျင်မှုများကို ကြွားဝါရန် အမြဲတစေ မကြိုးစားဘဲ၊ အကောင်းဆုံး သို့မဟုတ် အကြံ့ခိုင်ဆုံးဖြစ်ရန် အမြဲတစေ ပြိုင်ဆိုင်ကြိုးပမ်းခြင်း မပြုဘဲ၊ မိမိကိုယ်ကို သက်သေပြရန်လည်း အမြဲတစေ မကြိုးစားဘဲ တဖြည်းဖြည်း သမ္မာတရားကို ရှာဖွေတတ်ဖို့နှင့် အမူအကျင့်ကောင်းမွန်စွာ ကျင့်ကြံပြုမူတတ်ဖို့ သင်ယူလာကြခြင်း ဖြစ်၏။ ဤအသိသည် သင်၏ စိတ်နှလုံးအတွင်းတွင် ယင်းဘာသာ နက်နက်ရှိုင်းရှိုင်း စွဲထင်သော်လည်း သင်က “ဤအရာကို လုပ်ဆောင်ခြင်းအတွက် သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ထိုအရာနှင့်ပတ်သက်၍ ဘုရားသခင် ပြောသည့်အရာကိုလည်းကောင်း ငါ ရှာဖွေရမည်”ဟု တွေးဆလိမ့်မည်။ ဤအသိသည် သင်၏ စိတ်နှလုံးအတွင်းတွင် တဖြည်းဖြည်း အခြေကျလာလိမ့်မည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို သင်၏ ရှာဖွေခြင်း၊ အသိအမှတ်ပြုခြင်းနှင့် လက်ခံခြင်းတို့သည် တိုး၍ အရှိန်မြှင့်လိမ့်မည်။ ယင်းမှာ သင့်အတွက် ကယ်တင်ခံရမည့် မျှော်လင့်ချက်ကို ညွှန်ပြသည်။ သမ္မာတရားကို သင် လက်ခံနိုင်လေ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ယင်းတို့ဘာသာ ထုတ်ဖော်ပြလေ ဖြစ်လိမ့်မည်။ သာ၍ပင် ကောင်းမွန်သည့်ရလဒ်မှာ သင်သည် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်မှုအတွက် စံနှုန်းတစ်ခုအဖြစ် အသုံးပြုရန် အခွင့်အရေးများ သာ၍ ရှိလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခြင်းဆီသို့သွားသည့် လမ်းကြောင်းပေါ် တဖြည်းဖြည်း အစပြုခြင်း မဟုတ်လော။ ဤသည်မှာ ကောင်းမွန်သည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ရာတွင် လူတို့အလယ် သင်၏ အရည်အချင်းများအားလုံး သာလွန်လျှင် ပြီးပြည့်စုံကာ ထူးခြားလျှင် ကိစ္စရပ်များကို ကိုင်တွယ်ပြီး သင်၏ တာဝန်များကို လုပ်ဆောင်နေစဉ်တွင် သမ္မာတရားကို သင် ရှာဖွေနိုင်သေးသလော။ ယင်းမှာ ပြောရခက်၏။ အဘက်ဘက်၌ ထူးကဲသော စွမ်းရည်များရှိသူတစ်ဦးအဖို့ ငြိမ်သက်သော စိတ်နှလုံးဖြင့် သို့မဟုတ် နှိမ့်ချသော သဘောထားဖြင့် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ လာရောက်၍ မိမိကိုယ်ကို သိရှိရန်၊ မိမိတို့၏ ချို့ယွင်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိရန်၊ ထို့နောက် သမ္မာတရားကို ရှာဖွေခြင်း၊ လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတည်းဟူသော အဆင့်သို့ ရောက်ရှိရန်မှာ အလွန် ခက်ခဲ၏။ ဤသည်မှာ လုပ်ဆောင်ရန် အတော်ပင် ခက်ခဲသည် မဟုတ်လော။ (ဟုတ်ပါသည်။)

လူတို့၌ သာမန် အစွမ်းအစ ရှိခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများ ပါရှိသည်၊ လူတို့၌ အလွန် ညံ့ဖျင်းသော အစွမ်းအစ ရှိခြင်းတွင်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများ ပါရှိသည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်လိုသောကြောင့် သင့်အား လွန်ကဲစွာ ကောင်းမွန်သော အစွမ်းအစကို မပေးပေ။ အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် လူတို့အား ၎င်းတို့၏ မိသားစု နောက်ခံ၊ ရုပ်ရည်သွင်ပြင်၊ ဗီဇ၊ ပင်ကိုစရိုက်နှင့် အမျိုးမျိုးသော အသက်ရှင်မှု စွမ်းရည်များကဲ့သို့သော ပင်ကို အခြေအနေအမျိုးမျိုးကို ပေးထားသည်။ ဘုရားသခင်သည် လူတို့အား အချို့သော အားသာချက်များ၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများကိုပင် ပေးထားပြီး အချို့လူများကို အထူး ဆုကျေးဇူးများလည်း ပေးသနားသည်။ ဤသည်မှာ လုံလောက်သည်။ ဤအရာများသည် သင်၏ တစ်ကိုယ်ရေ အသက်ရှင်ရပ်တည်မှုကို ထောက်ပံ့ရန် လုံလောက်သည်။ ဤအရာများဖြင့် သင်သည် အမှီအခိုကင်းစွာ ရပ်တည်နေထိုင်ရန် စွမ်းရည်နှင့် အခြေအနေများကို ပိုင်ဆိုင်ပြီး အစွမ်းအစ အဆင့်တစ်ခု၏ အခြေခံပေါ်တွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်သည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အတိုင်းအတာ အမျိုးမျိုးအထိ ဖယ်ရှားပစ်နိုင်ကာ ကယ်တင်ခြင်းခံရသည့်အဖြစ်သို့ ရောက်ရှိနိုင်သည်။ ဤသည်မှာ ဘုရားသခင်က လူတို့အား လွန်ကဲစွာ မြင့်မားသော အစွမ်းအစကို မပေးသည့် အကြောင်းရင်းဖြစ်သည်။ ဘုရားသခင်သည် လူတို့အား လွန်ကဲစွာ ကောင်းမွန်သော အစွမ်းအစကို မပေးပေ။ တစ်ချက်အနေဖြင့် ဤသည်မှာ လူတို့သည် ဤအခြေခံ အခြေအနေဖြင့် အနည်းငယ် တည်ငြိမ်နိုင်ရန် ဖြစ်ပြီး ၎င်းတို့သည် သာမန်ဖြစ်သော၊ ပျမ်းမျှဖြစ်သော လူများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် လူများ ဖြစ်သည်ဟု ခံစားရခြင်း အခြေခံပေါ်တွင် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုလိုလားလား လက်ခံနိုင်ရန် ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန် အခြေခံ အခြေအနေ ရှိကြသည်။ အခြားတစ်ချက်အနေဖြင့် လူတို့၌ အလွန် ကောင်းမွန်သော အစွမ်းအစ သို့မဟုတ် ထူးခြားစွာ လျင်မြန်သော ဉာဏ်များ ရှိပြီး ကဏ္ဍပေါင်းစုံတွင် အလွန် အားကောင်းသော စွမ်းရည်များ ရှိကာ အားလုံးက ထူးချွန်နေပြီး လောကတွင် ၎င်းတို့အတွက် အရာရာ အဆင်ပြေချောမွေ့နေပါက စီးပွားရေးလုပ်ရာတွင် ငွေအများအပြား ရှာဖွေနိုင်ခြင်း၊ အထူး ချောမွေ့သော နိုင်ငံရေး အလုပ်အကိုင်များ ရှိခြင်း၊ အခြေအနေ အားလုံးတွင် လွယ်ကူစွာ လုပ်ဆောင်နိုင်ပြီး သက်သောင့်သက်သာ ဖြစ်နေပါက ထိုသို့သော လူများသည် ဘုရားသခင် ရှေ့မှောက်သို့ လာရန်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် မလွယ်ကူပေ၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင် ကယ်တင်သောသူတို့အနက် အများစုသည် လောက၌ သို့မဟုတ် လူ့အဖွဲ့အစည်းရှိ လူများကြားတွင် ရာထူးကြီးမြင့်သူများ မဟုတ်ကြပေ။ သူတို့၏ အစွမ်းအစနှင့် စွမ်းရည်များသည် သာမန်မျှသာဖြစ်၏ သို့မဟုတ် ညံ့ပင်ညံ့ဖျင်း၏၊ ပြီးလျှင် လောက၌ လူကြိုက်များမှု သို့မဟုတ် အောင်မြင်မှုကို ရှာဖွေရန် ရုန်းကန်ရကာ လောကကြီးသည် အုံ့မှိုင်းပြီး တရားမမျှတဟု အစဉ်သဖြင့် ခံစားရသောကြောင့် သူတို့သည် ယုံကြည်ခြင်းကို လိုအပ်လာကြပြီး နောက်ဆုံးတွင် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ရောက်လာကာ ဘုရားသခင်၏ အိမ်တော်သို့ ဝင်ရောက်ကြ၏။ ဤသည်မှာ ဘုရားသခင်က လူတို့ကို ၎င်းတို့အား ရွေးချယ်ရာတွင်ပေးသည့် အခြေခံ အနေအထားတစ်ခု ဖြစ်သည်။ ဤလိုအပ်ချက်ဖြင့်သာ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုအင်ဆန္ဒရှိနိုင်သည်။ ကဏ္ဍအားလုံးတွင် သင်၏ အနေအထားများသည် အလွန် ကောင်းမွန်ပြီး လောကတွင် ကြိုးပမ်းခြင်းအတွက် သင့်တော်ကာ သင်သည် အစဉ်သဖြင့် အောင်မြင်ကျော်ကြားလိုလျက်ရှိလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုအင်ဆန္ဒရှိမည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိမည့် အခွင့်အရေးပင် ရှိမည် မဟုတ်ပေ။ သင့်ထံတွင် သာမန် သို့မဟုတ် ညံ့ဖျင်းသည့် အစွမ်းအစ ရှိကောင်းရှိနိုင်သော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့် အခွင့်အရေး ရှိရာတွင် ဘာသာတရားမရှိသူများထက် သင်သည် သာ၍ များစွာ ကောင်းချီးခံစားရဆဲ ဖြစ်သည်။ ထို့ကြောင့် ညံ့ဖျင်းသည့် အစွမ်းအစရှိခြင်းသည် သင်၏ ဟာကွက် မဟုတ်သကဲ့သို့ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းနှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိခြင်းအတွက် အတားအဆီးတစ်ခုလည်း မဟုတ်ပေ။ နောက်ဆုံး စိစစ်မှုတွင် ဤအစွမ်းအစကို သင့်အား ပေးခဲ့သူမှာ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် သင့်ကို ပေးသလောက် သင်၌ ရှိပေသည်။ ဘုရားသခင်က သင့်ကို ကောင်းသည့် အစွမ်းအစပေးလျှင် သင်သည် ကောင်းသည့် အစွမ်းအစ ရှိလိမ့်မည်။ ဘုရားသခင်က သင့်ကို သာမန် အစွမ်းအစပေးလျှင် သင်၏ အစွမ်းအစက သာမန်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ညံ့ဖျင်းသည့် အစွမ်းအစပေးလျှင် သင်၏ အစွမ်းအစ ညံ့ဖျင်းသည်။ ဤအရာကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ထံမှ ထိုအရာကို သင် လက်ခံရမည်ဖြစ်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ရမည်။ ကျိုးနွံနာခံခြင်းအတွက် အခြေခံအကြောင်းရင်းကို မည်သည့် သမ္မာတရားက ပုံဖော်သနည်း။ ထိုအရာမှာ ဘုရားသခင်၏ ထိုသို့သော အစီအစဉ်များတွင် ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ ပါရှိခြင်း ဖြစ်သည်။ ဘုရားသခင်သည် အပင်ပန်းခံ၍ စဉ်းစားဆင်ခြင်ပြီး လူတို့က မညည်းညူရ သို့မဟုတ် ဘုရားသခင်၏ စိတ်နှလုံးကို အထင်မလွဲရပေ။ ဘုရားသခင်သည် သင်၏ ကောင်းမွန်သော အစွမ်းအစကြောင့် သင့်ကို အထင်ကြီးလေးစားလိမ့်မည် မဟုတ်သကဲ့သို့ သင်၏ ညံ့ဖျင်းသော အစွမ်းအစအတွက် သင့်ကို စက်ဆုပ်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် စက်ဆုပ်သောအရာမှာ အဘယ်နည်း။ ဘုရားသခင် စက်ဆုပ်သောအရာမှာ လူတို့က သမ္မာတရားကို မချစ်ခြင်း သို့မဟုတ် လက်မခံခြင်း၊ သမ္မာတရားကို လူတို့ နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ခြင်း၊ လူတို့က ၎င်းတို့ လုပ်နိုင်စွမ်းရှိသည့်အရာကို မလုပ်ဆောင်ခြင်း၊ လူတို့သည် ၎င်းတို့၏ တာဝန်များတွင် အစွမ်းကုန် မပေးဆပ်နိုင်သည့်တိုင် လွန်ကဲသော လိုအင်ဆန္ဒများ အစဉ်သဖြင့် ရှိကြခြင်း၊ အဆင့်အတန်းကို အစဉ်သဖြင့် လိုချင်ကြခြင်း၊ ရာထူးအတွက် ယှဉ်ပြိုင်ခြင်းနှင့် အစဉ်သဖြင့် သူ့ထံမှ တောင်းဆိုချက်များ ပြုလုပ်ခြင်းတို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က စက်ဆုပ်ဖွယ်ရာနှင့် မုန်းစရာကောင်းသောအရာအဖြစ် မြင်သည့်အရာ ဖြစ်သည်။ သင်သည် အစကတည်းက အစွမ်းအစ ညံ့ဖျင်းသည် သို့မဟုတ် အစွမ်းအစ လုံးဝ မရှိဘဲ မည်သည့်အလုပ်ကိုမျှ မလုပ်နိုင်သည့်တိုင် ခေါင်းဆောင်တစ်ဦး ဖြစ်လိုနေဆဲဖြစ်သည်၊ သင်သည် ရာထူးနှင့် အာဏာအတွက် အစဉ်သဖြင့် လုယူပြီး နောင်အနာဂတ်တွင် သင်သည် နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြောင်း၊ ကောင်းချီးများ ရရှိပြီး ကောင်းမွန်သော ပန်းတိုင်တစ်ခု ရှိကြောင်း သင့်ကို ပြောပြသည့် တိကျပြတ်သားသော အဖြေတစ်ခုကို ဘုရားသခင်က သင့်အား ပေးရန် အစဉ်သဖြင့် အလိုရှိသည်။ ဘုရားသခင်က သင့်ကို ရွေးချယ်ခြင်းသည်ပင် ကြီးမားသော မြှောက်စားခြင်းတစ်ခု ဖြစ်သော်လည်း သင်သည် ရလေလိုလေ အိုတစ္ဆေ ဖြစ်သည်။ ဘုရားသခင်သည် သင့်အား သင် ရသင့်ရထိုက်သည့်အရာကို ပေးထားပြီးဖြစ်ကာ သင်သည် ဘုရားသခင်ထံမှ များစွာ ရရှိပြီးဖြစ်သည့်တိုင် သင်သည် မလျော်ကန်သော တောင်းဆိုမှုများကို ပြုလုပ်နေဆဲ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွံရှာသော အရာဖြစ်သည်။ သင်၏ အစွမ်းအစမှာ အလွန် ညံ့ဖျင်းသည်၊ သို့မဟုတ် သင်သည် လူ့ဉာဏ်ရည်ကိုပင် မမီသော်လည်း ဘုရားသခင်သည် သင့်ကို တိရစ္ဆာန်တစ်ကောင်ကဲ့သို့ မဆက်ဆံဘဲ လူသားတစ်ဦးအဖြစ် ဆက်ဆံနေဆဲ ဖြစ်သည်။ ထို့ကြောင့် သင်သည် လူတစ်ဦး လုပ်သင့်လုပ်ထိုက်သည့်အရာကို လုပ်သင့်သည်၊ လူတစ်ဦး ပြောသင့်သည့်အရာကို ပြောသင့်ပြီး ဘုရားသခင် သင့်ကို ပေးသမျှ အရာအားလုံးကို သူ့ထံမှ လာသည်ဟု လက်ခံသင့်သည်။ သင် လုပ်နိုင်သည့် မည်သည့်တာဝန်ကိုမဆို လုပ်ဆောင်လော့။ ဘုရားသခင်ကို စိတ်ပျက်စေခြင်း မရှိနှင့်။ ဘုရားသခင်က သင့်ကို လူသားတစ်ဦးအဖြစ် ဆက်ဆံသောကြောင့် “ဘုရားသခင်သည် ကျွန်ုပ်ကို လူတစ်ဦးကဲ့သို့ ဆက်ဆသည့်အတွက် သူသည် ကျွန်ုပ်ကို ပိုကောင်းသော အစွမ်းအစ ပေးသင့်သည်၊ ကျွန်ုပ်ကို အဖွဲ့ခေါင်းဆောင်၊ ကြီးကြပ်ရေးမှူး သို့မဟုတ် ခေါင်းဆောင်တစ်ဦး ဖြစ်ခွင့်ပေးသင့်သည်။ ကျွန်ုပ်သည် မည်သည့် ပင်ပန်းသော အလုပ်ကိုမျှ လုပ်စရာ မလိုအောင်၊ ဘုရားအိမ်တော်က ကျွန်ုပ်ကို အလကား ထောက်ပံ့ပေးအောင်၊ ကျွန်ုပ်သည် အားထုတ်ရန် သို့မဟုတ် ပင်ပန်းနွမ်းနယ်မှုကို ခံစားရန် မလိုဘဲ ကျွန်ုပ် လုပ်ချင်သည့်အရာကို လုပ်ခွင့်ပေးအောင် သူ ဖန်တီးပေးလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်” ဟု ပြောဆိုလျက် ရလေလိုလေ အိုတစ္ဆေ မဖြစ်နှင့်။ ဤအရာအားလုံးသည် မလျော်ကန်သော တောင်းဆိုမှုများ ဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခံတစ်ဦး၌ ရှိသင့်သော သရုပ်သကန်များ သို့မဟုတ် တင်ပြသင့်သော တောင်းဆိုမှုများ မဟုတ်ပေ။ ဘုရားသခင်သည် သင့်ကို သင်၏ ညံ့ဖျင်းသော အစွမ်းအစနှင့်အညီ မဆက်ဆံဘဲ သင့်ကို ရွေးချယ်ခဲ့ပြီး သင့်တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေး ပေးခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း ဖြစ်သည်။ သင်သည် ရလေလိုလေ အိုတစ္ဆေ မဖြစ်သင့်သကဲ့သို့ ဘုရားသခင်ထံ မလျော်ကန်သော တောင်းဆိုမှုများ မပြုလုပ်သင့်ပေ။ ထိုအစား သင်သည် ဘုရားသခင်ကို ကျေးဇူးတင်သင့်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက် ဖြစ်သည်။ သင်၏ အစွမ်းအစမှာ ညံ့ဖျင်းသော်လည်း ဘုရားသခင်သည် အစွမ်းအစကောင်း ရှိသူများအတွက် စံနှုန်းများနှင့်အညီ သင့်အပေါ် တောင်းဆိုချက်များ မပြုလုပ်ထားပေ။ သင်၌ အစွမ်းအစနှင့် ဉာဏ်ရည် ကင်းမဲ့သော်လည်း အစွမ်းအစကောင်းရှိသူများ မီနိုင်သော စံနှုန်းများကို သင် ဖြစ်မြောက်အောင်မြင်ရန် ဘုရားသခင် မသတ်မှတ်ထားပေ။ သင် လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာကိုမဆို ထိုအရာကိုသာ လုပ်ဆောင်လော့။ ဘုရားသခင်သည် ငါးကို ကုန်းပေါ်တွင် နေထိုင်ရန် အတင်းအကျပ် မစေခိုင်းပေ။ သင်ကိုယ်တိုင်ကသာ လွန်ကဲသော အလိုဆန္ဒများ အစဉ်သဖြင့် ရှိနေပြီး သာမန်လူတစ်ဦး၊ အစွမ်းအစ ညံ့ဖျင်းသော ပျမ်းမျှလူတစ်ဦး ဖြစ်ရန် အစဉ်သဖြင့် မလိုလားခြင်းသာ ဖြစ်သည်၊ သင့်ကို မထင်ပေါ်စေသော ဤပင်ပန်းသည့် အလုပ်များကို သင် မလုပ်ချင်ဘဲ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် ပင်ပန်းဆင်းရဲမှုကို အစဉ်သဖြင့် မနှစ်သက်ဘဲ ခြေကုန်လက်ပန်းကျခြင်းကို ရှောင်ဖယ်ကာ မည်သည့်အရာကို လုပ်ရမည်ကို ဇီဇာကြောင်ပြီး ရွေးချယ်နေခြင်းသာ ဖြစ်သည်၊ သင်သည် အမြဲတစေ တစ်ဇွတ်ထိုးဆန်ပြီး သင့်ကိုယ်ပိုင် အစီအစဉ်များနှင့် ဦးစားပေးမှုများ အစဉ်သဖြင့် ရှိနေခြင်းသာ ဖြစ်သည်၊ ဘုရားသခင်က သင့်ကို မတရားသဖြင့် ပြုမူခဲ့ခြင်း မဟုတ်ပေ။ သို့ဖြစ်၍ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အစွမ်းအစကို မည်သို့ မှန်ကန်စွာ ချဉ်းကပ်သင့်သနည်း။ တစ်ချက်အနေဖြင့် ဘုရားသခင်က သင့်ကို မည်သည့် အစွမ်းအစမျိုး ပေးသည်ဖြစ်စေ သင်သည် ယင်းကို ဘုရားသခင်ထံမှ ခံယူသင့်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုကို နာခံသင့်သည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် အခြေခံအကျဆုံး အတွေးအခေါ်နှင့် အမြင်ရှုထောင့် ဖြစ်သည်။ ဤအမြင်ရှုထောင့်သည် မှန်ကန်ပြီး မည်သည့် အခြေအနေတွင်မဆို ခိုင်မာလေသည်။ ယင်းသည် အမှုအရာများ မည်သို့ပင် ပြောင်းလဲပါစေ မပြောင်းလဲဘဲ တည်ရှိနေသော သမ္မာတရား စည်းမျဉ်းဖြစ်သည်။ အခြားတစ်ချက်အနေဖြင့် သင်၏ အစွမ်းအစသည် ကောင်းသည်ဖြစ်စေ၊ သာမန်ဖြစ်သည်ဖြစ်စေ၊ ညံ့ဖျင်းသည်ဖြစ်စေ၊ လုံးဝ မရှိသည်ဖြစ်စေ သင်သည် သင်၏ အစွမ်းအစက စွမ်းဆောင်ရရှိနိုင်သော အလုပ်ကို လုပ်သင့်သည်။ သင်သည် မည်သည့်အရာကိုမျှ ချန်လှပ်မထားသင့်သကဲ့သို့ ပေါ်လွင်ရန်လည်း မကြိုးစားသင့်ပေ။ သင်၏ အစွမ်းအစသည် ကောင်းသည်ဖြစ်စေ၊ သာမန်ဖြစ်စေ သင်သည် သင်၏ အစွမ်းအစနှင့် စွမ်းရည် အတိုင်းအတာအတွင်းရှိ အရာများကိုသာ လုပ်ဆောင်နိုင်သည်၊ ကြွားဝါစရာ တစ်စက်မျှ မရှိပါ၊ ထိုအရာသည် ဘုရားသခင် ပေးထားသော အရာဖြစ်သည်၊ သင်သည် ယင်းကို ပူဇော်ဆက်ကပ်သင့်သည်။ သင်၏ တစ်ကိုယ်လုံး၊ သင်၏ ထွက်သက်ဝင်သက်၊ သင်၏ ပင်ကို အခြေအနေများနှင့် သင်၏ အစွမ်းအစ၏ ကဏ္ဍပေါင်းစုံရှိ သင်၏ စွမ်းရည်များသည် ဘုရားသခင် ပေးထားခြင်း ဖြစ်သည်။ ယခု သင် နားလည်သော အမျိုးမျိုးသော သမ္မာတရား စည်းမျဉ်းများကိုလည်း ဘုရားသခင်က ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ် မရှိဘဲနှင့် ဘုရားသခင်က လူတို့အား ပေးသနားသော အမျိုးမျိုးသော ပင်ကို အခြေအနေများ မရှိဘဲနှင့် လူသားများသည် မြေမှုန့်တစ်ဆုပ်မှလွဲ၍ မည်သည့်အရာမျှ မဟုတ်ပေ။ ထို့ကြောင့် လူတို့အတွက် ကြွားဝါစရာ တစ်စက်မျှ မရှိပေ။ ဤသည်မှာ ဒုတိယ ကဏ္ဍဖြစ်သည်။ အခြား ကဏ္ဍတစ်ခု ရှိသေးသည်၊ သင်၏ အစွမ်းအစသည် သာမန်ဖြစ်စေ၊ ညံ့ဖျင်းသည်ဖြစ်စေ၊ လုံးဝ မရှိသည်ဖြစ်စေ သင်သည် ယင်းကို မှန်ကန်စွာ ချဉ်းကပ်ရမည်။ ပထမဦးစွာ သင်၏ အစွမ်းအစသည် မည်သည့် အဆင့်တွင် ပါဝင်သည်ကို အသိအမှတ်ပြုလော့၊ ထို့နောက် သင်၏ ပင်ကိုအစွမ်းအစအပေါ် အခြေခံ၍ သင် လုပ်သင့်သည့်အရာကို လုပ်ဆောင်လော့။ သင်၏ စွမ်းရည်များကို ကျော်လွန်ရန်နှင့် သင် မပြီးမြောက်နိုင်သော အရာများကို လုပ်ဆောင်ရန် အစဉ်သဖြင့် မကြိုးစားနှင့်၊ လူတို့ကို သို့မဟုတ် ဘုရားသခင်ကို သက်သေပြရန် သင့်ကိုယ်သင် အစဉ်သဖြင့် မကြိုးစားနှင့်။ သင်သည် မည်သည့်အရာကိုမျှ သက်သေမပြနိုင်ပေ။ ဤနည်းဖြင့် သင့်ကိုယ်သင် သက်သေပြရန် သင် ပို၍ ကြိုးစားလေလေ၊ သင်၏ အစွမ်းအစ ညံ့ဖျင်းကြောင်း၊ သင့်ကိုယ်သင် အကဲမဖြတ်တတ်ကြောင်း ပို၍ သက်သေပြလေလေဖြစ်ပြီး သင်သည် ဆင်ခြင်တုံတရား ကင်းမဲ့ကာ ဆိုးရွားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ရှိကြောင်း ပို၍ သက်သေပြလေလေ ဖြစ်သည်။ ကဏ္ဍအားလုံးတွင် သင်၏ အစွမ်းအစကို ပြောင်းလဲရန် သို့မဟုတ် သင်၏ အရည်အချင်းများကို တိုးတက်စေရန် မုချ မကြိုးစားဘဲ ထိုအစား သင်၏ ပင်ကိုအစွမ်းအစနှင့် အရည်အချင်းများကို တိကျမှန်ကန်စွာ အသိအမှတ်ပြုကာ မှန်ကန်စွာ ချဉ်းကပ်လော့။ မည်သည့်နေရာတွင် သင် ချို့တဲ့နေသည်ကို ရှာဖွေတွေ့ရှိလျှင် ဤနယ်ပယ်များအတွက် ထေမိစေရန်အလို့ငှာ အချိန်တိုအတွင်း သင် တိုးတက်မှု စွမ်းဆောင်ရရှိနိုင်သည့် ထိုကဏ္ဍများကို အမြန် လေ့လာလော့။ သင် အလှမ်းမမီနိုင်သည့် ကဏ္ဍများအတွက် အတင်းအကျပ်မလုပ်ဆောင်နှင့်။ သင်၏ အမှန်တကယ်ဖြစ်သော အခြေအနေနှင့်အညီ ပြုမူဆောင်ရွက်လော့။ သင်၏ ကိုယ်ပိုင် အစွမ်းအစ၊ စွမ်းရည်တို့ကို အခြေခံ၍ အမှုအရာများကို လုပ်ဆောင်လော့။ နောက်ဆုံး စည်းမျဉ်းမှာ ဘုရားနှုတ်ကပတ်တော်၊ လူသားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း သင်၏ တာဝန်ကို လုပ်ဆောင်ရန် ဖြစ်သည်။ သင်၏ အစွမ်းအစ အဆင့်မည်မျှဖြစ်သည်ဖြစ်စေ၊ အမျိုးမျိုးသော လုပ်ဆောင်ချက်အဆင့်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း သင်၏ တာဝန်များကို လုပ်ဆောင်ခြင်းအား သင် စွမ်းဆောင်ရရှိနိုင်သည်။ ဘုရားသခင်၏ စံနှုန်းများကို သင် ပြည့်မီနိုင်သည် သို့မဟုတ် ဘုရားသခင်၏ စံနှုန်းများနှင့် လျော်ညီအောင် နေနိုင်သည်။ ဤသမ္မာတရား စည်းမျဉ်းများသည် အနှစ်မဲ့သော စကား လုံးဝ မဟုတ်ပေ။ ယင်းတို့သည် လူ့သဘာဝကို လုံးဝ မကျော်လွန်ပေ။ ယင်းတို့သည် ဖန်ဆင်းခံ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ဗီဇများအပြင် အမျိုးမျိုးသော စွမ်းရည်များနှင့် အစွမ်းအစနှင့် အံဝင်ဂွင်ကျ စီမံထားသော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများသာ ဖြစ်သည်။ ထို့ကြောင့် သင်၏ အစွမ်းအစက မည်သည့်အရာဖြစ်စေ၊ သင်၏ အရည်အချင်းများ မည်သည့်နေရာတွင် မလုံလောက်သည်ဖြစ်စေ၊ သို့မဟုတ် အားနည်းချက်ရှိသည်ဖြစ်စေ ပြဿနာ မဟုတ်ပေ။ သမ္မာတရားကို သင် အမှန်တကယ် နားလည်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေလျှင် ရှေ့ဆက်ရမည့် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ အစွမ်းအစနှင့် အရည်အချင်းများ၏ အချို့သော ကဏ္ဍများတွင်ရှိသည့် လူတစ်ဦး၏ ချို့ယွင်းချက်များသည် ၎င်းတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုကို လုံးဝ မဟန့်တားပေ။ သင်၏ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း သို့မဟုတ် အခြားသော စွမ်းရည်တစ်ခုခု ချို့တဲ့နေပါက သမ္မာတရားကို နားလည်သူများထံမှ လမ်းညွှန်မှုနှင့် အကြံဉာဏ်များကို ပို၍ ရှာဖွေတောင်းခံကာ ပို၍ မိတ်သဟာယဖွဲ့နိုင်ပေသည်။ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို သင် နားလည်ပြီး သဘောပေါက်သည့်အခါ ယင်းတို့ကို သင်၏ ဝိညာဉ်ရင့်သန်မှုပေါ် အခြေခံ၍ အစွမ်းကုန် အားထုတ်ခြင်းဖြင့် လက်တွေ့လုပ်ဆောင်သင့်သည်။ လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းဟူသည်မှာ သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ငါ ဤကဲ့သို့ မိတ်သဟာယဖွဲ့ခြင်းက သင့်ကို နားလည်ရန် အထောက်အကူပြုသလော။ (ကျွန်ုပ်တို့ အနည်းငယ် ပို၍ နားလည်ပါသည်။)

ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို အမျိုးမျိုးသော အစွမ်းအစများဖြင့် ကြိုတင်ပြဋ္ဌာန်းသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို စုံလင်သော အစွမ်းအစ မပေးသနည်း။ ဤကိစ္စရပ်နှင့် စပ်လျဉ်း၍ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်ကြောင်းနှင့် လူတို့သည် ယင်းကို မည်သို့ မှန်ကန်စွာ ချဉ်းကပ်သင့်ကြောင်းတို့နှင့်ပတ်သက်၍ ကဏ္ဍမည်မျှကို ငါတို့ မိတ်သဟာယဖွဲ့ပြီးပြီနည်း။ ယင်းတို့ကို အကျဉ်းချုပ်ကြစို့။ ပထမ ကဏ္ဍမှာ ယင်းကို ဘုရားသခင်ထံမှ ခံယူရန် ဖြစ်သည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် အခြေခံအကျဆုံး အတွေးအခေါ်နှင့် အမြင်ရှုထောင့် ဖြစ်သည်။ ဒုတိယ ကဏ္ဍမှာ သင်၏ အစွမ်းအစသည် မည်သည့်အရာဖြစ်ကြောင်း အသိအမှတ်ပြုပြီး အကဲဖြတ်ရန်ဖြစ်ကာ သင်၏ အစွမ်းအစနှင့် စွမ်းရည်အပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရန် ဖြစ်သည်။ သင်၏ အစွမ်းအစနှင့် စွမ်းရည်ကို ကျော်လွန်သော အရာများကို လုပ်ဆောင်ရန် မကြိုးစားနှင့်။ သင် လုပ်နိုင်သည့်အရာကို တာဝန်သိသိ အသိဉာဏ်ရှိရှိနှင့် စိတ်ပါလက်ပါ လုပ်ဆောင်ပြီး ကောင်းစွာ လုပ်ဆောင်လော့။ သင် မလုပ်နိုင်သည့်အရာကို အတင်းအကျပ် မလုပ်နှင့်။ တတိယ ကဏ္ဍမှာ အဘယ်နည်း။ (ကျွန်ုပ်တို့သည် မိမိတို့၏ အစွမ်းအစကို ပြောင်းလဲရန် အစဉ်သဖြင့် ဆန္ဒမရှိရပါ။ ကျွန်ုပ်တို့၏ အစွမ်းအစသည် သာမန်ဖြစ်စေ၊ ညံ့ဖျင်းသည်ဖြစ်စေ၊ လုံးဝ မရှိသည်ဖြစ်စေ ကျွန်ုပ်တို့သည် ယင်းကို မှန်ကန်စွာ သဘောထားရပါမည်။ ကျွန်ုပ်တို့၏ အစွမ်းအစ ကောင်းမွန်ကြောင်း ဘုရားသခင်ကို သက်သေပြရန် ကျွန်ုပ်တို့ အစဉ်သဖြင့် ဆန္ဒမရှိရပါ။ ဤသည်မှာ မလျော်ကန်ပါ။) မှန်ပေသည်။ သင်၏ အစွမ်းအစကို မှန်ကန်စွာ သဘောထားလော့။ ညည်းညူခြင်း မရှိနှင့်။ ဘုရားသခင်က သင့်ကို မည်မျှပင် ပေးသည်ဖြစ်စေ ထိုအရာသည် သူက သင့်ထံမှ တောင်းဆိုမည့်အရာ ဖြစ်သည်။ ဘုရားသခင်က သင့်ကို မပေးထားသည့်အရာကို ဘုရားသခင်က သင့်ထံမှ မတောင်းဆိုပေ။ ဥပမာအားဖြင့် ဘုရားသခင်က သင့်ကို သာမန် အစွမ်းအစ သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစ ပေးထားပါက ခေါင်းဆောင်တစ်ဦး၊ အဖွဲ့ခေါင်းဆောင်တစ်ဦး သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်ရန် သူက သင့်ကို မတောင်းဆိုပေ။ သို့ရာတွင် ဘုရားသခင်က သင့်ကို စကားပြောကောင်းခြင်း၊ သင့်စိတ်ထဲရှိသော အရာများကို ထုတ်ဖော်ပြောဆိုနိုင်စွမ်း သို့မဟုတ် အချို့သော ဆုကျေးဇူးတစ်ခု ပေးထားပြီး ဤဆုကျေးဇူးနှင့် ဆက်စပ်သော အလုပ်ကို လုပ်ဆောင်ရန် သင့်ကို တောင်းဆိုပါက သင်သည် ယင်းကို ကောင်းစွာ လုပ်ဆောင်သင့်သည်။ ဘုရားသခင်က သင့်ကို ပေးထားသော အခြေအနေများနှင့်အညီ နေထိုင်ရန် မပျက်ကွက်နှင့်။ သင်သည် ဘုရားသခင်၏ ပေးသနားခြင်းနှင့်အညီ နေထိုင်ကာ ယင်းကို အစွမ်းကုန် ထုတ်သုံး၍ ကောင်းမွန်စွာ အသုံးချပြီး အပြုသဘောဆောင်သော အရာများ၌ အသုံးချလျက် လူသားမျိုးနွယ်ကို အကျိုးပြုသည့် တန်ဖိုးရှိသော အလုပ်၏ အကျိုးရလဒ်များကို ဖြစ်ထွန်းစေရမည်။ ထိုအရာသည် အလွန် ကောင်းမွန်ပေလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့အပြင် ဘုရားသခင်သည် လူတို့ကို အမျိုးမျိုးသော အစွမ်းအစများ ပေးခြင်းတွင် ရည်ရွယ်ချက်ကောင်းများ ရှိကြောင်း သင် သိရမည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်လိုသောကြောင့်ပင် သင့်အား လွန်ကဲစွာ ကောင်းမွန်သော အစွမ်းအစကို မပေးခြင်း ဖြစ်သည်။ ဤအရာတွင် ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များ ပါရှိသည်။ ဘုရားသခင်က သင့်ကို သာမန် သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစ ပေးခြင်းသည် သင့်အတွက် ကာကွယ်မှုတစ်ခု ဖြစ်သည်။ လူတို့၌ လွန်ကဲစွာ ကောင်းမွန်သော သို့မဟုတ် ထူးခြားသော အစွမ်းအစ ရှိပါက ၎င်းတို့သည် လောကနှင့် စာတန်နောက်သို့ လိုက်ရန် လွယ်ကူလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်လာရန် မလွယ်ကူပေ။ လောကရှိ စက်မှုလုပ်ငန်းများနှင့် နယ်ပယ်အသီးသီးမှ ထူးချွန်ပြောင်မြောက်သူများကို ကြည့်လော့၊ ၎င်းတို့သည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့အားလုံးသည် ကြိုးကိုင်သူများ၊ လူဝင်စားသော နတ်ဆိုးများ ဖြစ်ကြ၏။ သင်က ၎င်းတို့ကို ဘုရားသခင်ကို ယုံကြည်ရန် ပြောပါက “ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်နေရာသို့မျှ မရောက်စေပါ၊ စွမ်းရည်မရှိသောသူများသာ ဘုရားသခင်ကို ယုံကြည်ကြသည်” ဟု ၎င်းတို့ တွေးကြသည်။ လွန်ကဲစွာ ကောင်းမွန်သော အစွမ်းအစ၊ ကြီးမားသော စွမ်းရည်များနှင့် အဆင့်မြင့်သော နည်းဗျူဟာများ ရှိသည့်လူများသည် စာတန်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံကြရသည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် လုံးလုံးလျားလျား အသက်ရှင်ကြပြီး လောကအတွက် လုံးလုံးလျားလျား အသက်ရှင်ကြသည်။ ထိုသို့သော လူများသည် လူဝင်စားသော နတ်ဆိုးများ ဖြစ်ကြ၏။ ငါ့ကို ပြောလော့၊ ဘုရားသခင်သည် ထိုသို့သော လူများကို ကယ်တင်သလော။ (မကယ်တင်ပါ။) သို့ဆိုလျှင် သင်တို့သည် လောကကို လူဝင်စားသော နတ်ဆိုးတစ်ဦး ဖြစ်လိုသလော၊ သို့မဟုတ် သင်တို့သည် သာမန်လူတစ်ဦး၊ အစွမ်းအစ ညံ့ဖျင်းသော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်သော လူတစ်ဦး ဖြစ်လိုသလော။ (ကျွန်ုပ်တို့သည် သာမန်လူများ ဖြစ်လိုကြပါသည်။) ဤလူနှစ်မျိုးနှစ်စားထဲတွင် မည်သူက ကောင်းချီးမင်္ဂလာ ခံစားရသနည်း။ လောကတွင် ကြီးပွားချမ်းသာပြီး ထင်ရှားကျော်ကြားလာကာ ဂုဏ်သတင်းရှိသူများ၊ အရာရှိကြီးများ သို့မဟုတ် ချမ်းသာကြွယ်ဝသူများ ဖြစ်လာပြီး ၎င်းတို့ လိုချင်သမျှ အရာအားလုံး ရှိကာ သုံးမကုန်သော ငွေများ ရှိသူများ၊ သင်တို့သည် ထိုသို့သော လူများ ဖြစ်လိုသလော၊ သို့မဟုတ် သင်တို့သည် ဘုရားသခင် ရှေ့မှောက်သို့ လာပြီး သာမန် အစွမ်းအစရှိသည့် ရိုးရှင်းသော သာမန်လူများ ဖြစ်လိုသလော။ သင်၏ ရွေးချယ်မှုမှာ အဘယ်နည်း။ (ရိုးရှင်းသော သာမန်လူများ ဖြစ်ရန် ဖြစ်ပါသည်။) သင်သည် သာမန်အစွမ်းအစရှိသော ရိုးစင်းသော သာမန်လူတစ်ဦး ဖြစ်ရန် ရွေးချယ်ပြီး ဤဘဝ၌ ကောင်းမွန်သော လောကီစည်းစိမ်ကို ပျော်မွေ့ခံစားလိုခြင်း မရှိဘဲ၊ ထင်ပေါ်ကျော်ကြားလာရန် မလိုလားဘဲ၊ ဤလောက၌ အရာမဝင်သူ၊ လူတိုင်း၏ အထင်သေးခြင်းကို ခံရသူ ဖြစ်ရန် နှစ်သက်ကာ ဘုရားသခင်က လူတို့အား ပေးသနားသော ကယ်တင်ခြင်းအခွင့်အရေးကို မြတ်နိုးတန်ဖိုးထားရန် သို့မဟုတ် ရရှိရန် နှစ်သက်လျှင်၊ ဤသည်မှာ သင်၏ ရွေးချယ်မှုဖြစ်လျှင်၊ သင်သည် ကယ်တင်ခြင်းခံရရန် ရွေးချယ်ကာ ဤလောကနောက်သို့ မလိုက်ရန် ရွေးချယ်၊ သင်၏ စိတ်နှလုံးထဲ၌ ဤလောကနှင့် မသက်ဆိုင်ဘဲ ဘုရားသခင်နှင့်သာ သက်ဆိုင်ရန် ဆန္ဒရှိလျှင် သင်သည် ဘုရားသခင်က သင့်အား ပေးသနားထားသော အစွမ်းအစကို မထီမဲ့မြင် မပြုသင့်ပေ။ သင်၏ အစွမ်းအစသည် အလွန် ညံ့ဖျင်းလျှင်ပင် သို့မဟုတ် ဘုရားသခင်က သင့်ကို မည်သည့် အစွမ်းအစမျှ မပေးလျှင်ပင် သင်သည် ဤအချက်ကို ဝမ်းမြောက်စွာ လက်ခံသင့်ပြီး ဘုရားသခင် သင့်ကို ပေးထားသော စွမ်းရည်အမျိုးမျိုး၏ ပင်ကို အခြေအနေများနှင့်အတူ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ နောက်တစ်ချက်မှာမူကား ဘုရားသခင်က လူတို့အား ပေးသနားသော အစွမ်းအစသည် ထိုမျှ မကောင်းလျှင်ပင်၊ သာမန်လူတို့၏ အစွမ်းအစမျှသာဖြစ်ပြီး ကိုယ်တော်က ၎င်းတို့အား ကဏ္ဍပေါင်းစုံ၌ ပေးသနားသော စွမ်းရည်များသည် သာမန် သို့မဟုတ် ညံ့ဖျင်းနေလျှင်ပင် ဘုရားသခင်က လူတို့အား လက်တွေ့လုပ်ဆောင်ရန် သွန်သင်ပေးသည့် အခြေခံအကျဆုံးသော သမ္မာတရားများကိုမူ ၎င်းတို့သည် ယင်းတို့ကို စိတ်နှလုံးသွင်း၍ လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိပါက ဖြစ်မြောက်အောင်မြင်ပြီး ရရှိနိုင်ပေသည်။ သင်၏ အစွမ်းအစမှာ အလွန် ညံ့ဖျင်းပြီး သင်၏ သဘောပေါက်နားလည်နိုင်စွမ်း၊ အမှုအရာများကို လက်ခံနိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းနှင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းတို့သည် အလွန် ညံ့ဖျင်းသည် သို့မဟုတ် လုံးဝ မရှိလျှင်ပင် သင်၌ အခြေခံအကျဆုံး လူ့သဘာဝနှင့် ဆင်ခြင်တုံတရား ရှိသရွေ့ ဘုရားသခင်က သင့်ကို အပ်နှံထားသော လုပ်ငန်းဆောင်တာများနှင့် အလုပ်များကို ပြီးမြောက်နိုင်ပြီး ကောင်းစွာ လုပ်ဆောင်နိုင်သည်။ ထို့အပြင် ဘုရားသခင်က လူတို့ထံမှ တောင်းဆိုသော ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် အခြေခံအကျဆုံး နည်းလမ်းသည် သင် လိုက်လျှောက်နိုင်သော အရာတစ်ခုဖြစ်သည်၊ ယင်းသည် သင် ရရှိနိုင်ပြီး ဖြစ်မြောက်အောင်မြင်နိုင်သော အရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သင့်ကို အလွန် ကောင်းမွန်သော အစွမ်းအစ ပေးရန် မည်သည့်အခါမျှ မရည်ရွယ်ခဲ့ပေ။ ဘုရားသခင်က သင့်ကို အစွမ်းအစကောင်းနှင့် အထူး စွမ်းရည်အချို့ ပေးပြီး လောကတွင် လူဝင်စားသော နတ်ဆိုးတစ်ကောင် ဖြစ်ခွင့်ပေးပါက ဘုရားသခင်သည် သင့်ကို ကယ်တင်လိမ့်မည် မဟုတ်ပေ။ ဤကိစ္စနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ စိတ်နှလုံးကို သင်တို့ ယခု နားလည်နိုင်သလော။ (နားလည်ပါသည်။) သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်နိုင်ပါက ယင်းမှာ ကောင်းမွန်သည်၊ သင်သည် ဤသမ္မာတရားကို နားလည်ပြီး သင်၏ ကိုယ်ပိုင် အစွမ်းအစကို မှန်ကန်စွာ သဘောထားလိမ့်မည်၊ ဤကဏ္ဍတွင် အခက်အခဲများ ရှိတော့မည် မဟုတ်ပေ။ ဤနေရာမှစ၍ လူတို့သည် မိမိတို့ လုပ်သင့်သည့်အရာကို ရိုးရှင်းစွာ လုပ်ဆောင်သင့်သည်။ အလုပ်တစ်ခုတည်း ဖြစ်လျှင်ပင် ယင်းကို ကောင်းစွာ လုပ်ဆောင်ရန် သင်၏ စိတ်နှလုံးနှင့် အားထုတ်မှုကို ထည့်သွင်းလော့၊ သင့်အပေါ် ဘုရားသခင်၏ မျှော်လင့်ချက်များနှင့်အညီ နေထိုင်ရန် မပျက်ကွက်နှင့်။ သင် နားလည်သလော။ (နားလည်ပါသည်။) ဤအကြောင်းအရာနှင့်ပတ်သက်သော ယနေ့ မိတ်သဟာယမှာ ဤမျှသာ ဖြစ်သည်။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၈)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။