သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၅)

ငါတို့၏ ပြီးခဲ့သည့် မိတ်သဟာယ အကြောင်းအရာသည် “မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမုန်းတီးမှုကို လက်လွှတ်ခြင်း” ဟူသည့် အကြောင်းအရာနှင့် သက်ဆိုင်ပြီး လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိဆိုင်ရာ ကဏ္ဍများကို အထူးတလည် ကိုင်တွယ်ဖြေရှင်းခဲ့လေသည်။ လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိကို မည်သို့ သိရှိပြီး ဆက်ဆံသင့်သည်ဟူသည့်အကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ပထမ စည်းမျဉ်းမှာ လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မနှိုင်းယှဉ်ရန် ဖြစ်သည်။ ဒုတိယအချက်မှာ အဘယ်အရာ ဖြစ်သနည်း။ (ဒုတိယအချက်မှာ လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တစ်တန်းတည်း မထားရန် ဖြစ်ပါသည်။) လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မနှိုင်းယှဉ်ခြင်းဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ပြီးဖြစ်ရာ လူ့ဇာတိခံထားသော ဘုရားသခင်ကို မည်သို့ ဆက်ဆံရမည်နှင့်စပ်လျဉ်း၍ သင်တို့တွင် အသစ်သော နားလည်မှု တစ်ခုတလေ ရှိသလော။ လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်သည့် သင်တို့၏ ယခင် အယူအဆများနှင့် စိတ်ကူးများထဲမှ အချို့ကို သင်တို့ လက်လွှတ်ပြီးဖြစ်ကာ မြေကြီးပေါ်ရှိ ဘုရားသခင်ကို ပို၍ လက်တွေ့ကျကျ သိရှိနိုင်ပြီလော။ ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်တို့၏ ယခင် အတွေးများ၊ နားလည်မှုများ သို့မဟုတ် သဘောထားများထဲမှ အချို့သည် လူသား၏ အယူအဆများနှင့် စိတ်ကူးများ၏ ရလဒ်တစ်ခု ဖြစ်ကြောင်းကို သင်တို့ သဘောပေါက်ပြီလော။ ယခု ဤနည်းဖြင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ပထမဦးစွာ သိမြင်မှုအရ လူ့ဇာတိခံယူခြင်းနှင့်စပ်လျဉ်းသည့် သင်တို့၏ အယူအဆများနှင့် စိတ်ကူးများစွာကို သင်တို့ မှန်ကန်အောင် ပြုပြင်ပြီးဖြစ်ကာ ရှေ့ဆက်၍ ဘုရားသခင်ကို သင်တို့ ဆက်ဆံသည့် သဘောထားနှင့် ချဉ်းကပ်ပုံသည်လည်း အနည်းငယ် ပို၍ လက်တွေ့ကျပြီး တိကျလာနိုင်လေသည်။ ဤကိစ္စရပ်တွင် သင်တို့အားလုံး၌ အတွေ့အကြုံဆိုင်ရာ အသိ တစ်စုံတစ်ရာ ရှိကြသလော။ (ရှိပါသည်။ ယခင်က လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိနှင့်ပတ်သက်၍ ကျွန်ုပ်တွင် စိတ်ကူးယဉ်ဆန်သော အယူအဆများနှင့် စိတ်ကူးများ ရှိခဲ့ပြီး ဘုရားသခင်သည် အရာအားလုံးကို နားလည်ကာ အရာခပ်သိမ်းကို သိမြင်တော်မူသည်ဟု ခံစားခဲ့ရပါသည်။ ဘုရားသခင်၏ ပြီးခဲ့သည့် မိတ်သဟာယ နှစ်ခုမှတစ်ဆင့် လူ့ဇာတိခံထားသော ဘုရားသခင်သည် အထူးသဖြင့် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျကြောင်းကို ကျွန်ုပ် နားလည်လာခဲ့ပါသည်။ ဥပမာအားဖြင့် သူသည် နိုင်ငံတစ်ခုသို့ သွားသည့်အခါ ဒေသတွင်း ဥပဒေများကိုလည်း ရှာဖွေကြည့်ရှုပြီး စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းကို ယုံကြည်မှုဆိုင်ရာ ခံယူချက်တစ်ခုအဖြစ် မှတ်ယူလေသည်။ ကျွန်ုပ်သည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်း သို့မဟုတ် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း မရှိသောကြောင့် ဤအပိုင်းက ကျွန်ုပ်ကို အနည်းငယ် ထိခိုက်စေခဲ့ပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်သည် စည်းကမ်းမဲ့ပြီး ဟာကွက်များကိုပင် အမြတ်ထုတ်လိုပါသည်။ ဘုရားသခင်၏ မိတ်သဟာယကို နားထောင်ပြီးနောက် ကျွန်ုပ်၏ စိတ်နှလုံးထဲရှိ ဘုရားသခင်၏ ပုံသဏ္ဌာန်သည် ရုတ်တရက် လက်တွေ့ကျလာပြီး ပီပြင်လာသည်ဟု ကျွန်ုပ် ခံစားခဲ့ရပါသည်။) ယခု ဤအကြောင်းအရာကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ ပို၍ ဓမ္မဓိဋ္ဌာန်ကျပြီး လက်တွေ့ကျသော သိမြင်မှုနှင့် ခံစားချက်အချို့ကို ရရှိခဲ့ကြလေသည်။ ဤခံစားချက်များက သင့်ကို ဘုရားသခင်၏ လက်တွေ့ကျသော တည်ရှိမှုကို ပို၍ပင် ခံစားရစေသလော၊ သို့မဟုတ် လူ့ဇာတိခံထားသော ဘုရားသခင်က အလွန် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျစွာ စကားပြောကာ ပြုမူဆောင်ရွက်သည်ကို မြင်ရခြင်းက ဘုရားသခင်သည် အလွန် သာမန်ဖြစ်သည်၊ စဉ်းစား၍ပင် မရနိုင်ဟု သင့်ကို ခံစားရစေသဖြင့် ထိုအစား သံသယများ ဖြစ်ပေါ်လာကာ ဘုရားသခင်နှင့် ပို၍ ဝေးကွာသွားသလော။ ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့၏ ဤသရုပ်သကန်များသည် လူအများစုက အတွင်း၌ စွဲကိုင်ထားသော ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများ၊ စိတ်ကူးများနှင့် လုံးဝ ကိုက်ညီမှုမရှိပေ။ ယင်းတို့သည် အလွန်အမင်း ကွဲပြားခြားနားပြီး လူတို့ မည်သည့်အခါမျှ မတွေးဖူးသောအရာလည်း ဖြစ်လေသည်။ သို့ဖြစ်၍ ဤအကြောင်းအရာကို ကြားပြီးနောက် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိနှင့်ပတ်သက်၍ သင် အလွန် စိတ်ပျက်မိသလော။ (မပျက်မိပါ။ နားထောင်ပြီးနောက် ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ခရစ်တော်၏ ပုံသဏ္ဌာန်သည် ပို၍ ပီပြင်လာသည်ဟု ကျွန်ုပ် ခံစားရပြီး သူသည် အလွန် ချဉ်းကပ်ရလွယ်ကူသည်ဟု ခံစားရပါသည်။ မူလက ခရစ်တော်သည် မြေကြီးပေါ်သို့ ကြွလာသော ကောင်းကင်ဘုံရှိ ဘုရားသခင်ဖြစ်ပြီး သူသည် အလွန် ခမ်းနားထည်ဝါကာ ကြီးမြတ်သင့်သည်ဟု ကျွန်ုပ် ထင်ခဲ့ပါသည်။ သို့သော် ယခုအခါ ခရစ်တော်သည် အလွန် သာမန်ဖြစ်ပြီး လက်တွေ့ကျကြောင်းကို ကျွန်ုပ် မြင်ရပါသည်။ သူသည် လူ့လောက၏ ဥပဒေများကို အလားတူပင် လိုက်နာစောင့်ထိန်းပြီး တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့ကို ထောက်ပံ့ပေးရန် သမ္မာတရားကို လက်တွေ့ကျကျ ဖော်ပြတော်မူပါသည်။ ဤအရာက သူသည် အလွန်အမင်း လက်တွေ့ကျပြီး ပီပြင်သည်ဟု ကျွန်ုပ်ကို ခံစားရစေပါသည်။ ဘုရားသခင်နှင့် ကျွန်ုပ်၏ ဆက်ဆံရေးသည် ထိုမျှ ဝေးကွာခြင်း မရှိတော့ဘဲ ထိုအစား ဘုရားသခင်နှင့် ကျွန်ုပ် ပို၍ ရင်းနှီးလာသည်ဟု ကျွန်ုပ် ခံစားရပါသည်။) သင်တို့အားလုံး ဤသို့ ခံစားရသလော။ သင်တို့အားလုံး အလားတူ အကျိုးကျေးဇူးများ ရရှိခဲ့ကြသလော။ (ရရှိခဲ့ပါသည်။) သို့ဆိုလျှင် ဤအကြောင်းအရာကို မိတ်သဟာယဖွဲ့ရန် လိုအပ်နေဆဲ ဖြစ်သည်။ ဤသည်မှာ လူတို့ လိုအပ်ပြီး ပိုင်ဆိုင်သင့်သည့် သမ္မာတရား၏ ကဏ္ဍတစ်ခု ဖြစ်သည်၊ ယင်းမှာ မရှိမဖြစ် လိုအပ်လေသည်။ သမ္မာတရားကို လိုက်စားသည့် လုပ်ငန်းစဉ်တွင် သမ္မာတရား၏ ဤကဏ္ဍသည် လူတို့ နားလည်ရမည့်အရာ ဖြစ်သည်။ လူတို့သည် သမ္မာတရား၏ ဤကဏ္ဍကို နားလည်သည်နှင့်တစ်ပြိုင်နက် လူတို့နှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည် ပို၍ ပုံမှန်ဖြစ်လာလိမ့်မည်။ မှန်သလော။ (မှန်ပါသည်။) ဤအကြောင်းအရာတွင် အဓိကအားဖြင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိ၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့၏ သရုပ်သကန်အချို့ကို မိတ်သဟာယဖွဲ့ခြင်း ပါဝင်ပြီး လူတို့ကို လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိ၏ အနှစ်သာရအပြင် သူ ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် သူ၏ အစပြုရာအချက်များနှင့် စည်းမျဉ်းအချို့ကို သိရှိခွင့်ပေးလေသည်။ ဤအစပြုရာအချက်များ၊ စည်းမျဉ်းများနှင့် အမှုအရာများကို လုပ်ဆောင်ခြင်းအပေါ် တိကျသော ရှုထောင့်အမြင်များကို သိရှိခြင်းအားဖြင့် လူတို့သည် ဘုရားသခင်ကို ပို၍ ဓမ္မဓိဋ္ဌာန်ကျကျနှင့် လက်တွေ့ကျကျ နားလည်နိုင်ပြီး သူ၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို နားလည်နိုင်ကြလေသည်။

လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို နားလည်ခြင်းမှတစ်ဆင့် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ အယူအဆများနှင့် စိတ်ကူးများထဲမှ အချို့ကို သင် အသိအမှတ်မပြုနိုင်သင့်သလော။ လူ့ဇာတိခံထားသော ဘုရားသခင်သည် လူတို့အလယ်သို့ ကြွလာသည့်အခါ ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို လုပ်ဆောင်ရာတွင် သူသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း စည်းမျဉ်းကို လိုက်နာစောင့်ထိန်းလေသည်။ သို့ဆိုလျှင် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့်ပတ်သက်၍မူ မည်သို့နည်း။ သူ့ထံတွင် ကျင့်ကြံပြုမူခြင်း၏ တိကျသေချာသော အပြုအမူများ မရှိသည့်အပြင် သူသည် ကျင့်ကြံပြုမူခြင်း၏ အမျိုးမျိုးသော ကဏ္ဍများတွင် ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း ဘုရားသခင် အမှုအရာများကို လုပ်ဆောင်သည့်ပုံစံကို ကြည့်လျှင် သမ္မာကျမ်းစာ မှတ်တမ်းများအပေါ် အခြေခံသည်ဖြစ်စေ၊ ဘုရားသခင်၏ လုပ်ရပ်များနှင့်ပတ်သက်၍ လူတို့ နားလည်သည့်အရာ၊ သတိပြုမိသည့်အရာနှင့် တွေ့ကြုံခံစားရသည့်အရာတို့အပေါ် အခြေခံသည်ဖြစ်စေ လူ့ဇာတိခံထားသော ဘုရားသခင် ကျင့်ကြံပြုမူပြီး အမှုအရာများကို လုပ်ဆောင်သည့် အနှစ်သာရ၊ စည်းမျဉ်းများနှင့် ပဋိပက္ခဖြစ်မှု တစ်ခုတလေ ရှိသလော။ (မရှိပါ။) သဘောတရားအရ ပဋိပက္ခမရှိကြောင်းကို ငါတို့ သေချာနိုင်သင့်ပေသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သော်လည်း သူသည် အမှုအရာများကို တာဝန်ကျေပွန်စွာနှင့် လက်တွေ့ကျကျ လုပ်ဆောင်လေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိတွင် လူတို့ မြင်နိုင်ပြီး သိရှိနိုင်သော ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည့် ဘက်တစ်ခု ရှိကာ ကောင်းကင်ဘုံရှိ ဘုရားသခင်တွင်လည်း အလားတူပင် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည့် ဘက်တစ်ခု ရှိလေသည်။ ဘုရားသခင်၏ တန်ခိုး၊ သြဇာအာဏာ၊ ဉာဏ်ပညာ၊ အနန္တတန်ခိုး စသည်တို့အကြောင်းကို ငါတို့ အသေးစိတ် ပြောမည်မဟုတ်ပေ၊ ယင်းမှာ ဘုရားသခင်ကို သိရှိခြင်း၊ ဘုရားသခင်၏ အနှစ်သာရကို သိရှိခြင်းနှင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို သိရှိခြင်းတို့၏ ကဏ္ဍတစ်ခုဖြစ်ပြီး ယင်းက သင်တို့၏ စွမ်းရည်ထက် ကျော်လွန်ကောင်း ကျော်လွန်နိုင်လေသည်။ သို့သော် လူတို့ မြင်နိုင်ပြီး တွေ့ကြုံခံစားနိုင်သော ဘုရားသခင် လုပ်ဆောင်သည့် အချို့သောအရာများနှင့်ပတ်သက်လာလျှင် ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ဤပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည့် ဘက်ကို ပြသဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ဘုရားသခင်သည် အာဒံနှင့် ဧဝတို့ကို ဖန်ဆင်းခဲ့ကြောင်း၊ ၎င်းတို့သည် ဝိညာဉ်များရှိသော အသက်ရှင်သည့် လူများ ဖြစ်လာစေရန် ၎င်းတို့ထဲသို့ သူ၏ ဇီဝအသက်ကို မှုတ်သွင်းခဲ့ကြောင်းနှင့် ထို့နောက် ၎င်းတို့ကို ဧဒင်ဥယျာဉ်ထဲတွင် နေရာချထားခဲ့ကြောင်း သမ္မာကျမ်းစာက မှတ်တမ်းတင်ထားလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဘိုးဘေးများဖြစ်သော အာဒံနှင့် ဧဝတို့ကို မဖန်ဆင်းမီ ဘုရားသခင်သည် အမှုအရာများ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ယင်းတို့အားလုံးကို ဘုရားသခင် ဖန်ဆင်းထားသော ဤလူနှစ်ဦးအတွက် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ လူအတွက် ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီး၊ မြစ်များနှင့် ရေကန်များ၊ မြေကြီးပေါ်ရှိ အမျိုးမျိုးသော သက်ရှိသတ္တဝါများ၊ ဥတုလေးပါးနှင့် လူ လိုအပ်သော အခြားအရာအားလုံးကို ဖန်ဆင်းခဲ့လေသည်။ ဤလူနှစ်ဦးကို မဖန်ဆင်းမီ ဘုရားသခင်သည် ဤအလုပ်ကို တစ်ဆင့်ပြီးတစ်ဆင့် ပြီးစီးအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ သူ လုပ်ဆောင်ခဲ့သည့် အဆင့်တိုင်းနှင့်အတူ ဘုရားသခင် ဖန်ဆင်းထားသော ဤအရာအားလုံးသည် ဤရုပ်ဝတ္ထုလောကတွင် နည်းနည်းချင်းစီ လက်တွေ့ကျကျ ပေါ်ထွက်လာခဲ့ပြီး ဤအရာအားလုံးသည် လူ့မျက်စိဖြင့် မြင်နိုင်သောအရာများ ဖြစ်ကြသည်။ ဤလူနှစ်ဦး ဖြစ်တည်လာသည့်အခါ ဤအရာအားလုံးက အသင့်ဖြစ်နေခဲ့သည်။ ဤလူနှစ်ဦးကို ဖန်ဆင်းပြီးနောက် ၎င်းတို့အတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သောအရာနှင့်ပတ်သက်၍မူ ဤအရာကိုလည်း သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားလေသည်။ ပထမဦးစွာ ဘုရားသခင်သည် ၎င်းတို့ကို ဧဒင်ဥယျာဉ်ထဲတွင် နေရာချထားခဲ့ပြီး ထို့နောက် သူသည် ၎င်းတို့ကို အလွန် လက်တွေ့ကျသော နည်းလမ်းဖြင့် တစ်စုံတစ်ရာ ပြောဆိုခဲ့လေသည်။ သူ အဘယ်အရာ ပြောဆိုခဲ့သနည်း။ (“ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်။” (ကမ္ဘာဦးကျမ်း ၂:၁၆-၁၇)) ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဤညွှန်ကြားချက် ပေးခဲ့ပြီး ထို့နောက် အမှုအရာများ ဆက်တိုက် ဖြစ်ပျက်ခဲ့လေသည်။ ထိုနောက်ပိုင်းတွင် ဘုရားသခင်သည် အာဒံနှင့် ဧဝတို့အတွက် အဘယ်အရာ လုပ်ဆောင်ပေးခဲ့သနည်း။ (သူသည် ၎င်းတို့အတွက် သားရေဝတ်လုံများကို လုပ်ပေးခဲ့ပါသည်။) ဘုရားသခင်သည် ၎င်းတို့ကို ဝတ်ဆင်ပေးရန် သားရေဝတ်လုံများကို လုပ်ပေးခဲ့သည်၊ သင်တို့သည် ဤဇာတ်ကြောင်းနှင့် အလွန် ရင်းနှီးကျွမ်းဝင်သင့်ပေသည်။ ဘုရားသခင် ပြောဆိုခဲ့၊ လုပ်ဆောင်ခဲ့ပြီး ညွှန်ကြားခဲ့သည့် ဤအမှုအရာများ ဆက်တိုက်ဖြစ်ပေါ်မှုက ပီပြင်သော ပုံဖော်မှုတစ်ခုကို ဖန်တီးပေးသည် မဟုတ်လော။ (ဖန်တီးပေးပါသည်။) ဤမြင်ကွင်းများမှတစ်ဆင့် ဘုရားသခင်၏ လှုပ်ရှားမှုတိုင်းတွင် ထုတ်ဖော်ပြသထားသောအရာ သို့မဟုတ် ပါဝင်သောအရာသည် အနှစ်သာရမဲ့ခြင်း မရှိကြောင်း၊ ထို့အပြင် ဘုရားသခင် လုပ်ဆောင်သည့် အရာတစ်ခုချင်းစီက လူတို့ထံ တင်ဆက်ပြသသော မြင်ကွင်းများသည်လည်း အနှစ်သာရမဲ့ခြင်း မရှိကြောင်းကို လူတို့သည် နက်ရှိုင်းစွာ သို့မဟုတ် စစ်မှန်စွာ သဘောပေါက်နားလည်နိုင်ကြလေသည်။ မှန်သလော။ (မှန်ပါသည်။) ဘုရားသခင် လုပ်ဆောင်သည့် အရာတစ်ခုတလေမျှ အနှစ်သာရမဲ့ခြင်း မရှိသည့်အပြင် အရာတစ်ခုတလေမျှ သဘောတရား သို့မဟုတ် ဆောင်ပုဒ်သက်သက် မဟုတ်ပေ၊ သူသည် အရာအားလုံးကို လက်တွေ့ကျကျ လုပ်ဆောင်လေသည်။ လူအချို့က “တစ်ခါတစ်ရံ ဘုရားသခင်သည် အတွေးတစ်ခုဖြင့် အမှုအရာများကို ပြီးမြောက်အောင်မြင်စေပြီး တစ်ခါတစ်ရံ ကိုယ်တော်သည် စကားတစ်ခွန်းဖြင့် အမှုအရာများကို ပြီးမြောက်အောင်မြင်စေသည်” ဟု ပြောဆိုကြသည်။ ဘုရားသခင်သည် ဤကိစ္စကို မည်သို့ ပြီးမြောက်အောင်မြင်စေသည်ဖြစ်စေ မည်သည့်အခြေအနေတွင်မဆို သူသည် ယင်းကို လက်တွေ့ကျကျ လုပ်ဆောင်နေခြင်း ဖြစ်သည်၊ သူသည် အမှုအရာများကို လက်တွေ့ကျပြီး တာဝန်ကျေပွန်သော နည်းလမ်းဖြင့် လုပ်ဆောင်နေလေသည်။ သူသည် ဆောင်ပုဒ်များကို မအော်ဟစ် သို့မဟုတ် အယူဝါဒများကို လျှောက်မပြောသည့်အပြင် လူတို့ကို လှည့်စားခြင်းလည်း မရှိပေ။ အမှုအရာများကို လက်တွေ့ကျကျ လုပ်ဆောင်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်သည် စီစဉ်ပြီး တွေးတောကာ သူ တစ်စုံတစ်ရာကို လုပ်ဆောင်သည့်အခါ သူသည် မိမိ၏ အတွေးများကို အသုံးပြုကောင်း အသုံးပြုမည်၊ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုမည်၊ သို့မဟုတ် ယင်းကို ကိုယ့်လက်ဖြင့်ကိုယ် လုပ်ဆောင်မည် ဖြစ်သည်။ “ကိုယ်တိုင် တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်း” ကို လူသား၏ ဘာသာစကားဖြင့် ငါတို့ မည်သို့ ဖော်ပြကြသနည်း။ ယင်းမှာ ကိစ္စရပ်ကို ကိုယ်တိုင် သွားရောက် ကိုင်တွယ်ခြင်း၊ ယင်းနှင့်ပတ်သက်၍ ကိုယ်တိုင် အလုပ်များနေခြင်းနှင့် ယင်းကို လုပ်ဆောင်ရန် ကိုယ်တိုင် လက်ဖြင့် လုပ်ဆောင်ခြင်းတို့ကို ဆိုလိုလေသည်။ “ကိုယ်တိုင်” ဟူသည့် ဤသာဓကများအားလုံးကို ကြည့်လျှင် ဘုရားသခင်သည် သူ အမှုအရာများကို လုပ်ဆောင်သည့်ပုံစံတွင် အထူးသဖြင့် လက်တွေ့ကျပြီး တာဝန်ကျေပွန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သေချာသည်မှာ လူသားများ အမှုအရာများကို လုပ်ဆောင်သည့်ပုံစံကို ဖော်ပြသော ဤစကားလုံးများကို အသုံးပြု၍ ကောင်းကင်ဘုံရှိ ဘုရားသခင် အမှုအရာများကို လုပ်ဆောင်သည့်ပုံစံကို ဖော်ပြရန် သိပ်မသင့်လျော်သော်လည်း လူသား၏ ဘာသာစကားမှာ အကန့်အသတ် ရှိလေသည်။ ဘုရားသခင်သည် အမှုအရာများကို ထိုသို့သော လက်တွေ့ကျပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သော နည်းလမ်းဖြင့် လုပ်ဆောင်ကြောင်း၊ သူသည် စနစ်တကျရှိကြောင်း၊ ဝတ်ကျေတမ်းကျေ မည်သည့်အခါမျှ မလုပ်ဆောင်ကြောင်းနှင့် ဆောင်ပုဒ်များကို မည်သည့်အခါမျှ မအော်ဟစ်ကြောင်းကို လူတို့ နားလည်နိုင်သရွေ့ ယင်းမှာ လုံလောက်လေသည်။ လူသား၏ လက်ဖြင့် မှတ်တမ်းတင်ထားသော ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာအားလုံးထဲတွင် မည်သည့်အရာကို ဘုရားသခင် ကိုယ်တော်တိုင်က ကိုယ်တိုင်ကိုယ်ကျ စီစဉ်ခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ခြင်းနှင့် ကိုယ်တိုင် နောက်ဆက်တွဲ လုပ်ဆောင်ခြင်း၊ စစ်ဆေးခြင်းနှင့် အတည်ပြုခြင်းတို့ မပြုလုပ်ခဲ့သနည်း။ ဤအရာများကို လူသား၏ လက်ဖြင့် မှတ်တမ်းတင်ထားပြီး ရေးသားထားသော ပုံစံဖြင့် တင်ဆက်ထားသော်လည်း ယင်းတို့သည် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် နားလည်ခြင်းတို့အတွက် အကောင်းဆုံးနှင့် အခိုင်လုံဆုံးသော သက်သေအထောက်အထားကို လူသားမျိုးနွယ်ထံ ချန်ထားရစ်ခဲ့လေသည်။

ဘုရားသခင်သည် အာဒံနှင့် ဧဝတို့ကို ဖန်ဆင်းပြီးနောက် သူသည် အခြားအရာတစ်ခုကို လုပ်ဆောင်ခဲ့သည်၊ ၎င်းတို့၏ ဘဝကို မည်သို့ အသက်ရှင်နေထိုင်ရမည်၊ ယောက်ျားက မည်သည့် တာဝန်များကို ထမ်းဆောင်သင့်သည်နှင့် မိန်းမက မည်သည့်အရာများကို လုပ်ဆောင်သင့်သည်တို့ကို ၎င်းတို့အား သူ ပြောပြခဲ့လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မည်မျှ အသေးစိတ်ကျပြီး တိကျသည်ကို ကြည့်လော့။ လူသားများသည် ၎င်းတို့၏ အလုပ်ကို ဤနည်းဖြင့် လုပ်ဆောင်ကြမည် မဟုတ်ပေ၊ မှန်သလော။ (မှန်ပါသည်။) ဘုရားသခင် လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် ဤမျှ တိကျသည်၊ လက်တွေ့ကျပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သည်၊ သူသည် ရလဒ်များကို ရည်မှန်းချက်ထားလေသည်။ ပြီးလျှင် ဤအရာက အဘယ်အရာကို ပြသသနည်း။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းကဲ့သို့သော ကြီးမားသည့် ကိစ္စရပ်ကို ဘေးဖယ်ထားကြစို့၊ လူသားမျိုးနွယ်ကို ဘုရားသခင် ပြောဆိုခဲ့သောအရာနှင့် လူသားမျိုးနွယ်အပေါ် သူ၏ တိုက်တွန်းနှိုးဆော်ချက်များအပြင် သူ၏ စိုးရိမ်ပူပန်မှုများ၊ အရာတစ်ခုချင်းစီအတွက် သူ၏ အသေးစိတ်ကျသော တိုက်တွန်းနှိုးဆော်ချက်များ၊ ညွှန်ကြားချက်များနှင့် သတိပေးဆုံးမချက်များ အပါအဝင် ယင်းတို့ကိုသာ ပြောရလျှင် ဤအရာများက အဘယ်အရာကို ပြသသနည်း။ တစ်ဖက်တွင် ဘုရားသခင်သည် သူ အမှုအရာများကို လုပ်ဆောင်သည့်ပုံစံ၌ အလွန် တင်းကျပ်ပြီး အလေးအနက်ထားကြောင်းကို မြင်ရလေသည်။ အခြားတစ်ဖက်တွင် ဤသည်မှာ လူသားမျိုးနွယ် သိရှိသင့်သောအရာလည်း ဖြစ်သည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး ၎င်းတို့အပေါ် သူ၏ စိုးရိမ်ပူပန်မှုအပြင် သူသည် ၎င်းတို့အပေါ် သူ၏ တာဝန်ကို အစဉ်သဖြင့် ဖြည့်ဆည်းနေခဲ့လေသည်။ တာဝန်ကို ဤသို့ ဖြည့်ဆည်းခြင်းသည် အနှစ်သာရမဲ့သော စကား မဟုတ်ပေ၊ ဘုရားသခင်သည် ယင်းကို အစဉ်သဖြင့် အဆုံးတိုင် ပြီးမြောက်အောင် လုပ်ဆောင်နေခဲ့လေသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့် အချိန်မှစ၍ ယခုအချိန်အထိ ဘုရားသခင်သည် လူတို့၏ ဘဝများကို ဗဟိုပြုခြင်းအားဖြင့် လူသားမျိုးနွယ်ကို အစဉ်သဖြင့် ထောက်ပံ့ပေးပြီး ဦးဆောင်နေခဲ့လေသည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ လုပ်ရပ်များသည် သူက မိမိ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်းမှလွဲ၍ အခြား မရှိခဲ့ပေ။ “သူ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း” ဟူသည့် စကားစုမှာ ရေးရလွယ်ကူပြီး ပြောရလွယ်ကူသော်လည်း ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအရာ အရေအတွက်မှာ လူသားက စိတ်ကူး၍ပင်မရပေ။ ယေဘုယျအားဖြင့် ပြောရလျှင် ဤသည်မှာ စိတ်ဝိညာဉ်တိုင်း၏ လူဝင်စားခြင်းအတွက် ဘုရားသခင် စီစဉ်ပေးခြင်းကဲ့သို့သောအရာများကို ဆိုလိုသည်၊ ၎င်းတို့သည် မည်သို့သော မိသားစုမျိုးတွင် နေထိုင်မည်၊ ၎င်းတို့ မည်သည့်ပုံစံရှိမည်၊ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အချိန်တွင် ယုံကြည်လာမည်၊ ဤဘဝတွင် ၎င်းတို့၌ မည်သို့သော ကံကြမ္မာမျိုး ရှိမည်နှင့် အခြားထိုသို့သောအရာများ ဆက်တိုက် ပါဝင်လေသည်။ ဤအရာများသည် ကြီးမားကျယ်ပြန့်သော အဆင့်တွင် လူတို့အတွက် ဘုရားသခင် ပြုလုပ်ပေးသည့် အစီအစဉ်များ ဖြစ်သည်။ ပို၍ သေးငယ်သော အသေးစိတ်အချက်များနှင့်ပတ်သက်၍မူ ဘုရားသခင်သည် သင်၏ နေ့စဉ် လိုအပ်ချက်များအတွက် ထောက်ပံ့ပေးသည်၊ သင်သည် စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုများမှ ကင်းလွတ်ကြောင်းနှင့် သင်၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဘဝသည် လုံခြုံမှုရှိကြောင်း သေချာစေလေသည်။ သာ၍ပင် သေးငယ်သော အသေးစိတ်အချက်များနှင့်ပတ်သက်၍မူ ဘုရားသခင်သည် သင် ကြီးထွားလာစဉ်တွင် သင့်ကို အဖော်ပြုရန်နှင့် နေ့ရက်တိုင်း၊ မတူညီသော ကာလတိုင်းနှင့် အထူး ကာလတိုင်းကိုပင် သင် ဖြတ်သန်းသွားသည့်အခါ သင်နှင့်အတူ ရှိနေရန် မတူညီသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို နေ့စဉ်နေ့တိုင်း စီစဉ်ပေးပြီး ဖန်ဆင်းရှင်နှင့်လည်းကောင်း၊ လူသားမျိုးနွယ်နှင့်လည်းကောင်း၊ သင်ကိုယ်တိုင်နှင့်လည်းကောင်း၊ ဘဝနှင့်လည်းကောင်း ပတ်သက်သည့် အသစ်သော နားလည်မှုနှင့် အသစ်သော ခံစားချက်များကို သင့်အား အဆက်မပြတ် ရရှိစေလေသည်။ ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး အမှုအရာများစွာကို လုပ်ဆောင်ခဲ့သည်၊ သူ၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်အရာက ဆောင်ပုဒ်သက်သက် သို့မဟုတ် အယူဝါဒတစ်ခု ဖြစ်သနည်း။ သူ လုပ်ဆောင်သည့် အရာများထဲမှ မည်သည့်အရာက အနှစ်သာရမဲ့ပြီး လက်တွေ့မကျသနည်း။ သူ လုပ်ဆောင်သည့် အရာတစ်ခုတလေမျှ အနှစ်သာရမဲ့ခြင်း မရှိသည့်အပြင် သူ ပြောဆိုသည့် စကားတစ်ခွန်းတလေမျှ ဆောင်ပုဒ်သက်သက် သို့မဟုတ် အယူဝါဒတစ်ခု မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဤအရာများအကြောင်း မသိစေမီကပင် ယင်းတို့ကို အစဉ်သဖြင့် လုပ်ဆောင်နေခဲ့လေသည်။ လူသားမျိုးနွယ်သည် ဤအမှန်တရားများကို မသိရှိ၊ နားမလည်၊ မယုံကြည် သို့မဟုတ် အသိအမှတ်မပြုသော်လည်း ဘုရားသခင်သည် ယင်းတို့ကို ပြတ်သားစွာ ဆက်လက် လုပ်ဆောင်နေခဲ့လေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အမှုအရာ မည်မျှကို လုပ်ဆောင်ပေးခဲ့ကြောင်း၊ လူသားမျိုးနွယ်အပေါ် အားထုတ်မှု မည်မျှကို သူ အသုံးပြုခဲ့ကြောင်းနှင့် လူသားမျိုးနွယ်အပေါ် ကျေးဇူးတော် မည်မျှကို သူ ပေးသနားခဲ့ကြောင်းတို့ကို ဘေးဖယ်ထားကြစို့။ ဘုရားသခင်၏ လုပ်ရပ်များအကြောင်းကိုသာ ပြောရလျှင် ယင်းတို့ထဲမှ မည်သည့်အရာကို လက်တွေ့ကျပြီး တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သည့် နည်းလမ်းဖြင့် မလုပ်ဆောင်ခဲ့သနည်း။ (ကိုယ်တော်သည် အရာတိုင်းကို လက်တွေ့ကျသော နည်းလမ်းဖြင့် လုပ်ဆောင်ပါသည်။) လူသားများသည် ၎င်းတို့၏ သားသမီးများကို မည်သို့ ပြုစုပျိုးထောင်သည်ကို ကြည့်လော့၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေလုပ်ကြပြီး ဖြစ်သည့်အပြင် ပြီးစလွယ်လုပ်ရန် ကြိုးစားကြသည်၊ တစ်ခါတစ်ရံ ၎င်းတို့သည် စိတ်လှုပ်ရှားထိခိုက်လွယ်ကြသည်၊ တစ်ခါတစ်ရံ ၎င်းတို့သည် အစွန်းရောက်ကြပြီး တစ်ခါတစ်ရံ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် နှစ်သက်မှုများကိုပင် ထည့်သွင်းလာကြကာ ၎င်းတို့၏ သမီးများကို သိပ်တန်ဖိုးမထားဘဲ ၎င်းတို့၏ သားများကိုမူ အလွန်အမင်း ချစ်ခင်ကြသည်၊ အလိုလိုက်ကြပြီး အလိုဆန္ဒ ပြည့်ဝစေကြကာ တာဝန်မဲ့စွာ ပြုမူပြီး အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ သားသမီးများကို ပြုစုပျိုးထောင်ရန်နှင့် ပညာသင်ကြားပေးရန်မှာ လူတို့၏ တာဝန်ဖြစ်သော်လည်း လူတို့သည် ဤတာဝန်ကို ဖြည့်ဆည်းခဲ့ကြသလော။ (မဖြည့်ဆည်းခဲ့ပါ။) ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းသည် မည်မျှ ပြီးပြည့်စုံစွာ လုပ်ဆောင်ထားကြောင်းကို ကြည့်လော့၊ ယင်းက လူသားမျိုးနွယ်ကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် လမ်းကြောင်းမှန်ကို လျှောက်လှမ်းနိုင်စေပြီး ဘုရားသခင်၏ လမ်းပြမှုအောက်တွင် အသက်ရှင်နေထိုင်နိုင်စေလေသည်။ ဘုရားသခင်၏ အလုပ် အဆင့်တစ်ဆင့်တလေ သို့မဟုတ် သူ လုပ်ဆောင်သည့် အရာတစ်ခုတလေမျှ အနှစ်သာရမဲ့ခြင်း မရှိပေ၊ ယင်းတို့အားလုံးသည် လက်တွေ့ကျလေသည်။ ကမ္ဘာကြီးကို ဖန်ဆင်းသည့်အချိန်မှစ၍ ယခုအချိန်အထိ ဘုရားသခင်သည် အလုပ် မည်မျှပင် လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ ပြီးလျှင် လူသားမျိုးနွယ်က ဤအရာအားလုံးကို သတိပြုမိသည်ဖြစ်စေ၊ အသိအမှတ်ပြုသည်ဖြစ်စေ လူတို့အပေါ် ဘုရားသခင်၏ လုပ်ရပ်များနှင့် ၎င်းတို့အတွက် သူ ဖြည့်ဆည်းပေးသော တာဝန်သည် အလုံးစုံ လွှမ်းခြုံပြီး ပြီးပြည့်စုံကာ စိုးစဉ်းမျှပင် လိုအပ်ချက် မရှိပေ။ သူသည် မည်သည့်အခါမျှ ဝတ်ကျေတမ်းကျေ မလုပ်ဆောင်သည့်အပြင် လုံးဝ ပေါ့ဆခြင်း မရှိပေ။ “မည်သည့်အခါမျှ ပေါ့ဆခြင်း မရှိ” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူသည် လူတိုင်းကို တည်ကြည်လေးနက်သော ပုံစံဖြင့်လည်းကောင်း၊ အထူးသဖြင့် စိတ်ထက်သန်မှုနှင့် တင်းကျပ်မှုတို့ဖြင့်လည်းကောင်း၊ အစဉ် စည်းမျဉ်းစည်းကမ်း လိုက်နာသော ပုံစံဖြင့်လည်းကောင်း ဆက်ဆံပြီး ကိုယ်ပိုင် နှစ်သက်မှုအတိုင်း မည်သည့်အခါမျှ မဆက်ဆံကြောင်းနှင့် လူသား၏ ထင်ရာစိုင်းခြင်း သို့မဟုတ် ဝတ်ကျေတမ်းကျေလုပ်ခြင်း လုံးဝ မရှိကြောင်းကို ဆိုလိုလေသည်။ အခြားအရာအားလုံးကို ဘေးဖယ်ထားကြစို့၊ လူတို့၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ပေးခြင်း ကိစ္စရပ်ကိုသာ ကြည့်လော့၊ ဘုရားသခင်သည် ဤအရာကို မည်မျှ ကောင်းမွန်စွာ လုပ်ဆောင်သနည်း။ လူတိုင်း၏ အသက်၊ သေခြင်းတရားနှင့် ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုတို့ကို ဘုရားသခင်၏ လက်ထဲတွင် ကိုင်စွဲထားလေသည်။ ဘုရားသခင်အတွက် ဤသည်မှာ အကြီးမားဆုံးသော ကိစ္စရပ် ဖြစ်သည်။ တစ်ခါတစ်ရံ သင်သည် အန္တရာယ်အချို့နှင့် ကြုံတွေ့ရပြီး သေခြင်းတရားနှင့် တေ့တေ့ဆိုင်ဆိုင် ကြုံရလျှင်ပင် ယင်းမှာ သင် သေရမည့်နေ့ မဟုတ်ပါက ဘုရားသခင်သည် သင့်ကို သေခွင့်ပြုမည် မဟုတ်ပေ။ သင် သေရန် ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းထားခြင်း မရှိပါက ဘုရားသခင်သည် သင်၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးမည် ဖြစ်သည်။ ဤသည်မှာ ပျက်ကွက်ခြင်း မရှိသည့်အပြင် ဘုရားသခင်သည် ယင်းကို အထူးသဖြင့် စေ့စပ်သေချာပြီး တိကျသော နည်းလမ်းဖြင့် ကိုင်တွယ်လေသည်။ အချုပ်အားဖြင့်ဆိုရလျှင် ငါ ပြောခဲ့သောအရာအားလုံးသည် မှန်ကန်ပြီး ယင်းကို လူတို့ မြင်တွေ့နိုင်လေသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်က အမှုအရာများကို မည်သို့ လုပ်ဆောင်သည်ကို လူတို့ မမြင်နိုင်သော်လည်း အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာ၏ အမှန်တရားများနှင့် သူ ရရှိသည့် ရလဒ်များကို မြင်တွေ့နိုင်ကြလိမ့်မည် ဖြစ်သည်။ မြေကြီးပေါ်တွင် လူသားမျိုးနွယ် အသက်ရှင်နေထိုင်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ တစ်လျှောက်လုံးတွင် မည်သူက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များမပါဘဲ အသက်ရှင်နိုင်ခဲ့သနည်း။ မည်သူက ဘုရားသခင်၏ ထောက်ပံ့မှုနှင့် လမ်းပြမှုမပါဘဲ အသက်ရှင်နိုင်ခဲ့သနည်း။ (မည်သူမျှ ယင်းတို့မပါဘဲ အသက်မရှင်နိုင်ပါ။) ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ၊ သူ၏ ထောက်ပံ့မှုနှင့် လမ်းပြမှုအားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က ကိုယ်တိုင် လုပ်ဆောင်ပြီး လက်တွေ့ကျကျ လုပ်ဆောင်လေသည်။ ဘုရားသခင်က အမှုအရာများကို ထိုသို့သော လက်တွေ့ကျပြီး တာဝန်ကျေပွန်သည့် နည်းလမ်းဖြင့် လုပ်ဆောင်ခြင်း မရှိပါက လူသားမျိုးနွယ်သည် ကာလကြာရှည်စွာ ဖရိုဖရဲ ဖြစ်နေခဲ့ပြီး ဖြစ်လိမ့်မည်၊ အနည်းဆုံးအနေဖြင့် မည်သူမျှ လူသားမျိုးနွယ်အတွက် စနစ်တကျဖြစ်မှုကို ထိန်းသိမ်းပေးနိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ကိစ္စများ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ယခုအချိန်အထိ ဘုရားသခင်နောက်သို့ လိုက်လျှောက်ခဲ့ကြသော လူတို့သည် ဘုရားသခင်က သူ၏ လူ့ဇာတိခံထားသော ဇာတိပကတိတွင် စကားပြောခြင်း၊ အမှုအရာများကို လုပ်ဆောင်ခြင်းနှင့် အလုပ်လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်ကာ လူသားမျိုးနွယ်ကို သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ထောက်ပံ့ပေးရုံသာမက ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း လူသားမျိုးနွယ်အပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း၊ ဦးဆောင်ခြင်းနှင့် ထောက်ပံ့ပေးခြင်းတို့ကို အဆက်မပြတ် ပြုလုပ်နေကြောင်းနှင့် ဤအရာအားလုံးကို လက်တွေ့ကျကျ လုပ်ဆောင်ကြောင်းကို တန်ဖိုးထားနားလည်နိုင်သင့်ပေသည်။ လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိက စကားပြောခြင်းနှင့် အမှုပြုခြင်းကို မြင်နိုင်၊ ကြားနိုင်ပြီး လက်တွေ့ကျကျ တန်ဖိုးထားနားလည်နိုင်သော်လည်း ကောင်းကင်ဘုံရှိ ဘုရားသခင် လုပ်ဆောင်သည့်အရာ၏ နယ်ပယ်မှာ များစွာ ပို၍ ကြီးမားပြီး လူတို့နှင့် အနည်းငယ် ပို၍ ကင်းကွာသောကြောင့် လူ့ဇာတိခံထားသော ဘုရားသခင် စကားပြောပြီး အလုပ်လုပ်ဆောင်သည့်အခါ ၎င်းတို့ ခံစားရသည့် နည်းလမ်းအတိုင်း ယင်းကို အနီးကပ် မခံစားနိုင်သည့်အပြင် တန်ဖိုးထားနားလည်နိုင်ခြင်း မရှိသည်သာ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုဖြစ်စေ၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကိုဖြစ်စေ သိရှိခြင်းနှင့်ပတ်သက်လာလျှင် လူတို့သည် လူသား၏ အယူအဆများနှင့် စိတ်ကူးများကို ဖယ်ရှားသင့်သည်၊ အနှစ်သာရမဲ့သော သဘောတရားများနှင့် ဆောင်ပုဒ်များမှ ရုန်းထွက်သင့်ပြီး သူ လုပ်ဆောင်သည့် အလုပ်နှင့် သူ ပြောဆိုသည့် နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပြင် သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ကို လက်တွေ့ကျကျ တန်ဖိုးထားနားလည်သင့်လေသည်။ ဤနည်းအားဖြင့် တစ်ဖက်တွင် သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိကို မှန်ကန်စွာ ဆက်ဆံနိုင်သည်၊ အခြားတစ်ဖက်တွင် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ အယူအဆများနှင့် စိတ်ကူးများကို သင် ပိုမိုကောင်းမွန်စွာ ဖယ်ရှားနိုင်သည်၊ ပြီးလျှင် နောက်ထပ်တစ်ဖက်တွင် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ စိတ်ကူးယဉ်ဆန်သော အယူအဆများနှင့် စိတ်ကူးများကို လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိအပေါ် အတင်းအကျပ် ပုံချခြင်းက ကြီးမားသော အမှားတစ်ခုဖြစ်မည်ဖြစ်သဖြင့် ထိုသို့ပုံချမည့်အစား မြေကြီးပေါ်ရှိ ဘုရားသခင်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်သည် တစ်ပါးတည်းဖြစ်ကြောင်းကို သင် ပိုမိုကောင်းမွန်စွာ သိရှိနိုင်သည်။ ဆိုလိုသည်မှာ တစ်ဖက်တွင် သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို စိတ်ကူးယဉ်ဆန်သော အယူအဆများနှင့် စိတ်ကူးများကို အသုံးပြု၍ အကဲဖြတ်နေမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သင်သည် မြေကြီးပေါ်ရှိ ဘုရားသခင်ကို မည်သို့ပို၍မျှ ကောင်းမွန်စွာ လက်ခံနိုင်မည် မဟုတ်ပေ။ ဤအရာနှစ်ခုကို လုပ်ဆောင်ခြင်းက သင့်ကို ဘုရားသခင်နှင့် ပို၍ ရင်းနှီးလာစေရန် ပျက်ကွက်မည်သာမက ထိုအစား သင့်ကို သူနှင့် ပို၍ ဝေးကွာသွားစေမည်ဖြစ်ကာ သင့်ကို မိမိ၏ ကိုယ်ပိုင် အနှစ်သာရမဲ့သော အယူအဆများနှင့် စိတ်ကူးများထဲတွင် အသက်ရှင်နေထိုင်စေပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးကို နားမလည်နိုင်ဖြစ်စေလိမ့်မည်။

“လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မနှိုင်းယှဉ်ခြင်း” အကြောင်းကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လူတို့သည် ဤကိစ္စရပ်တွင် တိကျမှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ (လုပ်ဆောင်နိုင်ပါသည်။) အချုပ်အားဖြင့်ဆိုရလျှင် လူ့ဇာတိခံထားသော ဘုရားသခင်ကို ဆက်ဆံရာတွင် သင်သည် သူ့ကို လက်ခံနိုင်ပြီး ထို့နောက် သူ၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို သိကျွမ်းလာကာ သူ၏ နှုတ်ကပတ်တော်များနှင့် အလုပ်အပြင် လူတို့အတွက် သူ၏ တောင်းဆိုချက်များကို လက်ခံပြီး ကျိုးနွံနာခံနိုင်ပါက ယင်းမှာ လုံလောက်လေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအတွင်းရှိ ဇာတိပကတိ၏ ပင်ကိုသဘာဝများနှင့် ပင်ကို အခြေအနေများနှင့်ပတ်သက်၍မူ လူတို့သည် ယင်းတို့ကို မှန်ကန်စွာ နားလည်သဘောပေါက်ရန်နှင့် ယင်းတို့ကို မှန်ကန်စွာ သဘောထားပြုမူနိုင်ရန်သာ လိုအပ်လေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် သာမန် လူသားတစ်ဦး ဖြစ်သည်၊ လူတစ်ဦး ပိုင်ဆိုင်သင့်သည့် ဇာတိပကတိ၏ ပင်ကို အခြေအနေများ၊ ပုံမှန် ပင်ကိုသဘာဝများနှင့် လုပ်ဆောင်ချက်များကို သူ သေချာပေါက် ပိုင်ဆိုင်လေသည်။ ဥပမာအားဖြင့် သာမန်လူတစ်ဦးသည် ၎င်းတို့၏ လက်က မီးကို ထိသည့်အခါ အပူကို ခံစားရမည်ဖြစ်ပြီး လူ့ဇာတိခံထားသော ဘုရားသခင်သည်လည်း ခြွင်းချက် မဟုတ်ပေ။ ပုံမှန်လူတစ်ဦးသည် အအေးမိပြီးနောက် နှာချေမည်ဖြစ်ပြီး ယင်းက ဆိုးရွားပါက ၎င်းသည် ဖျားနာမည်ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည်လည်း ဤသို့ပင် ဖြစ်သလော။ (ဖြစ်ပါသည်။) လူသားများသည် ၎င်းတို့၏ အစားအစာက ငန်လွန်းပါက ရေဆာမည်ဖြစ်ပြီး အစာမကြေနိုင်သော အစားအစာကို စားသုံးပါက ၎င်းတို့ ဗိုက်အောင့်မည် ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိတွင် ဤခံစားချက်များ ရှိသလော။ (ရှိပါသည်။) ပူပြင်းသော ရာသီဥတုတွင် လူသားများသည် အပူကို ခံစားရမည်ဖြစ်ပြီး အေးမြသော နေရာတစ်ခုကို ရှာဖွေလိုကြမည် ဖြစ်သည်၊ လူ့ဇာတိခံထားသော ဘုရားသခင်သည်လည်း ဤသို့ပင် ဖြစ်လေသည်။ ယခင်က သင်တို့ မည်သို့ ထင်ခဲ့ကြသနည်း။ “အပူချိန်က စင်တီဂရိတ် သုံးဆယ် သို့မဟုတ် လေးဆယ်သို့ ရောက်သည့်အခါ လူသားများဖြစ်သည့် ငါတို့၏ ဤသေမျိုးဖြစ်သော ဇာတိပကတိသည် အပူဒဏ်ကို မခံနိုင်သော်လည်း လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိကမူ အပူကို မကြောက်ပေ၊ ကိုယ်တော်သည် ဇာတိပကတိကို ကျော်လွန်ပြီး ဤခံစားမှုများ မရှိပေ” ဟု သင်တို့ဘာသာ တွေးခဲ့ကြသလော။ ဤနေရာတွင် သွယ်ဝိုက်ဆိုလိုရင်းမှာ အဘယ်အရာ ဖြစ်သနည်း။ လူ့ဇာတိခံထားသော ဘုရားသခင်သည် စက်ရုပ်တစ်ရုပ် သို့မဟုတ် သစ်သားရုပ်တစ်ရုပ်ကဲ့သို့ဖြစ်ပြီး မစား၊ မအိပ် သို့မဟုတ် ဖျားနာခြင်း မရှိဟု လူတို့ ထင်ကြသလော။ ယင်းမှာ မှားယွင်းလေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်တွင် ဇာတိပကတိ၏ အသက်တာတစ်ခု ရှိပြီး ယင်းမှာ ပုံမှန်လူတစ်ဦး၏ အသက်တာနှင့် တူညီလေသည်။ သူသည် သာမန်ထက် လွန်ကဲခြင်း သို့မဟုတ် သမားရိုးကျ မဟုတ်ခြင်း မရှိပေ။ ဤဇာတိပကတိတွင် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည့် ဘက်တစ်ခု ရှိသည်၊ ယင်းမှာ သူ၏ ဇာတိပကတိ၏ လုပ်ဆောင်ချက်များနှင့် ပင်ကိုသဘာဝများသည် လူသားမျိုးနွယ်၏ လုပ်ဆောင်ချက်များနှင့် ပင်ကိုသဘာဝများနှင့် တူညီခြင်း ဖြစ်သည်။ ဇာတိပကတိ၏ လုပ်ဆောင်ချက်များနှင့် ပင်ကိုသဘာဝများအားလုံးသည် ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသည့်အခါ ၎င်းတို့အပေါ် ပေးသနားခဲ့သောအရာများ မည်သို့ဖြစ်ကြောင်းကို ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့ကြသည်၊ ယင်းတို့ကို လူသားမျိုးနွယ်က မွေးရာပါ ပိုင်ဆိုင်ကြပြီး အပျက်သဘောဆောင်သောအရာများ မဟုတ်ကြပေ။ သို့ဆိုလျှင် လူ့ဇာတိခံထားသော ဘုရားသခင်သည် ဇာတိပကတိ၏ ပုံမှန် လုပ်ဆောင်ချက်များနှင့် ပင်ကိုသဘာဝများကို ပိုင်ဆိုင်သည်ဟူသည့် အမှန်တရားကို သင်တို့ အဘယ်ကြောင့် အစဉ် ရှောင်လွှဲကြသနည်း။ လူတို့က ဤအရာကို ရှောင်လွှဲရသည့် အကြောင်းရင်းမှာ ဤအရာများသည် ပုံမှန်မဟုတ်ဟု ၎င်းတို့ ထင်သောကြောင့်လည်းကောင်း၊ ဇာတိပကတိ၏ ပုံမှန် လုပ်ဆောင်ချက်များနှင့်ဆိုင်သည့် ဤသရုပ်သကန်များအပေါ် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမြင်စောင်းမှုကို သိုထားသောကြောင့်လည်းကောင်း၊ လူ့ဇာတိခံထားသော ဘုရားသခင်က ဤသရုပ်သကန်များကို ပိုင်ဆိုင်ခြင်းကို ၎င်းတို့ ဆန့်ကျင်သောကြောင့်လည်းကောင်း ဖြစ်သလော။ (ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ဤလက်တွေ့ကျသောအရာများကို ကျွန်ုပ် အမှန်တကယ်ပင် အထင်သေးမိပါသည်။) လူတို့သည် ဤအရာများကို အထင်သေးကောင်း အထင်သေးနိုင်သော်လည်း သို့မဟုတ် ယင်းတို့သည် မှန်သည်၊ မှားသည်ကို အသိစိတ်အဆင့်တွင် မသေမချာ ဖြစ်နေနိုင်သေးသော်လည်း ၎င်းတို့သည် ယင်းတို့ကို မသိစိတ်မှ ပြစ်တင်ရှုတ်ချကြလိမ့်မည် ဖြစ်သည်။ ဤအရာက လူတို့သည် ဘုရားသခင် ဖန်ဆင်းထားခဲ့သော လူ့ဇာတိပကတိ၏ ပင်ကိုသဘာဝများ၊ လုပ်ဆောင်ချက်များနှင့် ယင်း၏ ပင်ကို အခြေအနေအချို့ကို စေ့စပ်သေချာစွာ နားလည်မှု ကင်းမဲ့ကြောင်း သက်သေပြပြီး ဤအကြောင်းကြောင့် ၎င်းတို့တွင် လွဲချော်သော အတွေးများစွာ ရှိနိုင်သည်၊ သို့မဟုတ် လက်တွေ့မကျသော အယူအဆများနှင့် စိတ်ကူးများစွာ ရှိနိုင်ခြင်း ဖြစ်သည်။ ငါ့ကို ပြောလော့၊ လူ့ဇာတိခံထားသော ဘုရားသခင်သည် အိပ်စက်ရန် လိုအပ်သလော။ (လိုအပ်ပါသည်။) သူ အိပ်စက်သည့်အခါ သူသည် အလုပ်အကြောင်းကို တွေးတောနေဆဲ ဖြစ်သလော။ (မတွေးတောပါ၊ ကိုယ်တော် အိပ်ပျော်နေပါသည်။) ယင်းမှာ ရိုးသားသော အဖြေတစ်ခု ဖြစ်သည်၊ သူသည် အမှန်တကယ် အိပ်ပျော်နေလေသည်။ သို့မဟုတ်ပါက သူသည် မည်သို့ အနားယူနိုင်မည်နည်း။ သူ၏ ဦးနှောက်သည်လည်း အနားယူရန် လိုအပ်သည်၊ ဤသည်မှာ ဇာတိပကတိ၏ ပုံမှန် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ဇာတိပကတိ၏ ပင်ကိုသဘာဝတစ်ခုလည်း ဖြစ်သည်။ အေးသည့်အခါ သူသည် ပို၍ ထူသော အဝတ်အစားများကို ဝတ်ဆင်ပြီး ပူသည့်အခါ သူသည် ပို၍ ပါးသော အဝတ်အစားများကို ဝတ်ဆင်လေသည်။ သူသည် အအေး၊ အပူ၊ မိုးနှင့် နှင်းတို့ကို ခံစားနိုင်လေသည်။ ဤသည်မှာ ပုံမှန် လူ့သဘာဝ ဖြစ်သည်၊ ယင်းမှာ လုံးဝ အနှစ်သာရမဲ့ခြင်း မရှိပေ။ သင်သည် မည်သည့်အရာကိုမျှ မခံစားနိုင်ပါက သင် အနည်းငယ် မိုက်မဲသည် မဟုတ်လော။ သင်သည် ဉာဏ်ရည်နိမ့်ပါးသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိ၏ အာရုံများနှင့် ခန္ဓာကိုယ် လုပ်ဆောင်ချက်များအားလုံးသည် စစ်မှန်သည်၊ ယင်းတို့သည် အမှန်တကယ် တည်ရှိပြီး ပုံမှန် လုပ်ဆောင်ကြသည်၊ ယင်းတို့သည် လုံးဝ အနှစ်သာရမဲ့ခြင်း မရှိပေ။ သို့တိုင်အောင် သင်တို့က ယင်းတို့ကို အနှစ်သာရမဲ့ပြီး သဘာဝလွန်ဖြစ်သည်ဟု စိတ်ကူးကြလေသည်။ အနည်းငယ် ထူးဆန်းသော ယုံကြည်ခြင်းရှိသည့် တရုတ်လူမျိုးတစ်ဦးနှင့် ငါ တစ်ခါက တွေ့ဆုံခဲ့ဖူးသည်။ ယုံကြည်ခြင်းတွင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသောအရာအချို့ ပါဝင်သင့်ကြောင်းနှင့် ဤအရာကသာ ယုံကြည်ခြင်းဖြစ်ကြောင်းကို သူ ယုံကြည်ခဲ့သည်။ ဥပမာအားဖြင့် မိုးရွာသည့်အခါ သူသည် ဂါထာတစ်မျိုးမျိုးကို ရွတ်ဆိုမည်ဖြစ်ပြီး မိုးက သူ့အပေါ် ကျမည်မဟုတ်ပေ၊ ပြီးလျှင် သူက အခြားဂါထာတစ်ခုကို ရွတ်ဆိုသည့်အခါ မိုးတိတ်သွားမည် ဟူ၍ဖြစ်သည်။ သူသည် စစ်မှန်သော စွမ်းရည်များ ရှိသည်ဟု ထင်လျက် ဤအရာကိုပင် ကြွားလုံးထုတ်ခဲ့လေသည်။ ဤသည်မှာ ယုံကြည်ခြင်းဖြစ်ကြောင်းနှင့် ယင်းက သာမန် ယုံကြည်ခြင်းထက် ပို၍ မြင့်မားကြောင်းကို သူ ယုံကြည်ခဲ့သည်။ ဤလူသည် အတော်အတန် အဓိပ္ပာယ်မဲ့သည်ဟု သင်တို့ ပြောမည်လော။ (ပြောပါမည်။) ဤသည်မှာ ညစ်ညူးသော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။ သို့သော် ဤလူစားမျိုး၏ အတွေးများနှင့် အမြင်များသည် လူတစ်စိတ်တစ်ပိုင်း၏ အတွေးများနှင့် အမြင်များကို ကိုယ်စားပြုလေသည်။ လူများစွာတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးများ အစဉ်သဖြင့် ပြည့်နှက်နေပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤသို့ ပြောဆိုကြသည်။ “လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိသည် သာမန်ထက် လွန်ကဲသော လူတစ်ဦး သို့မဟုတ် ‘လမ်းခရီး’ ကို ရရှိထားသူတစ်ဦး ဖြစ်ရမည်။ သူသည် သာမန်လူများ မလုပ်ဆောင်နိုင်သောအရာများကို လုပ်ဆောင်နိုင်သည်၊ သာမန်လူများ မပြောဆိုနိုင်သော စကားများကို ပြောဆိုနိုင်သည်၊ သာမန်လူများ မမြင်နိုင်သောအရာများကို မြင်နိုင်ပြီး သာမန်လူများ မကြားနိုင်သော အသံများကို ကြားနိုင်လေသည်။ သူ၏ ကွယ်ရာတွင် လူတို့ ပြောဆိုပြီး လုပ်ဆောင်သည့်အရာကို သူ သိရှိလေသည်။ သူ၏ ပတ်ဝန်းကျင်တွင် ပုံမှန်မဟုတ်သော ဖြစ်စဉ်များ သို့မဟုတ် အမည်မသိ အရာများ ရှိမရှိကို သူ ခံစားနိုင်ပြီး သိရှိနိုင်ကာ ကောင်းကင်ဘုံရှိ ဘုရားသခင် အဘယ်အရာ လုပ်ဆောင်နေသည်ကိုပင် သူ သိရှိလေသည်။ ဤအရာကသာ လူ့ဇာတိခံထားသော ဘုရားသခင် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤအတွေးမျိုးသည် ဘုရားသခင်နှင့်ပတ်သက်၍ ဘာသာတရားမရှိသူများ၌ ရှိသော အယူအဆများနှင့် စိတ်ကူးများနှင့် တူညီလေသည်။ လူတိုင်းသည် ထိုသို့သော ဘုရားသခင်နှင့် တွေ့ဆုံရန် မျှော်လင့်ကြပြီး တစ်နေ့တွင် ၎င်းတို့သည် ဤဘုရားသခင်ကို မြင်တွေ့နိုင်ကာ ထိတွေ့ဆက်ဆံနိုင်ပါက ယင်းမှာ တစ်သက်တာ၏ ကောင်းချီးတစ်ခု ဖြစ်ပေမည်။ သို့ရာတွင် လူ့ဇာတိခံထားသော ဘုရားသခင်သည် လူတို့အလယ်သို့ ကြွလာပြီး ၎င်းတို့နှင့်အတူ နေထိုင်ခြင်းက လူတို့ကို အလွန် စိတ်ပျက်စေခဲ့လေသည်။ မည်သူကမျှ လူ့ဇာတိခံထားသော ဘုရားသခင်တွင် သဘာဝလွန် သရုပ်သကန် တစ်ခုတလေကို မမြင်နိုင်သည့်အပြင် မည်သူကမျှ သူ့ထံမှ ဤသဘာဝလွန်အရာများကို မခံစားနိုင်ပေ။ သို့တိုင်အောင် လူတို့၏ စိတ်ကူးများသည် အလွန် ကြွယ်ဝနေဆဲ ဖြစ်သည်၊ လူတို့တွင် လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးများစွာ ရှိနေဆဲဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏ စိတ်ကူးများထဲတွင် အသက်ရှင်နေထိုင်ကြဆဲ ဖြစ်သည်။ လူတို့တွင် လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးများစွာ ရှိသောကြောင့် ၎င်းတို့တွင် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးများ ပို၍ပင် ရှိမည် မဟုတ်လော။ (ရှိပါမည်။) ထိုအယူအဆများနှင့် စိတ်ကူးများသည် ပို၍ပင် ထူးဆန်းသည်၊ အမှန်တရားများနှင့် ပို၍ပင် ကိုက်ညီမှုမရှိသည့်အပြင် ပို၍ပင် ဓမ္မဓိဋ္ဌာန်မကျဘဲ လူတို့တွင် အလွန် ချောက်ချားဖွယ်ကောင်းပြီး စဉ်းစား၍မရနိုင်သော အတွေးများစွာပင် ရှိကြလေသည်။ မည်သို့ပင်ဖြစ်စေ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အကြောင်းအရာမှတစ်ဆင့် လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝ သို့မဟုတ် ဇာတိပကတိ၏ ပုံမှန်ဖြစ်မှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် လက်တွေ့ကျမှုတို့ကို အခြေခံအားဖြင့် မှန်ကန်စွာ နားလည်နိုင်၊ မှန်ကန်စွာ သိရှိနိုင်ပြီး မှန်ကန်စွာ ဆက်ဆံနိုင်ကြလိမ့်မည် ဖြစ်သည်။ ထို့အပြင် လူတို့ မြင်နိုင်ပြီး ထိတွေ့ဆက်ဆံနိုင်သော ဇာတိပကတိမှတစ်ဆင့် လူတို့နှင့် လက်တွေ့ကျကျ မိတ်သဟာယဖွဲ့ခြင်းနှင့် စကားပြောဆိုခြင်း၊ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်းနှင့် လူတို့အပေါ် အလုပ်၏ အမျိုးမျိုးသော ကဏ္ဍများကို လုပ်ဆောင်ခြင်းအားဖြင့် လူတို့သည် ဘုရားသခင်က အမှုအရာများကို မည်သို့ လုပ်ဆောင်ကြောင်းနှင့် ဘုရားသခင်က မည်သို့ အလုပ်လုပ်ဆောင်ကြောင်းကို ပိုမိုကောင်းမွန်သော၊ ပို၍ လက်တွေ့ကျသော၊ ပို၍ ဓမ္မဓိဋ္ဌာန်ကျသော နည်းလမ်းဖြင့် သိရှိလာနိုင်ကြလေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်ကို သိရှိခြင်းအားဖြင့် လူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုလည်း ပိုမိုကောင်းမွန်စွာ နားလည်နိုင်ကြလေသည်။

လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိ၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့နှင့်ပတ်သက်သည့် ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ လူ့ဇာတိခံထားသော ဘုရားသခင်သည် မည်သို့ ကျင့်ကြံပြုမူပြီး အမှုအရာများကို မည်သို့ လုပ်ဆောင်သည်၊ သူ မည်သည့်အရာများကို လုပ်ဆောင်သည်နှင့် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် သူ၏ စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်တို့ကို ငါတို့ ပထမဦးစွာ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ငါတို့သည် ဤကဏ္ဍများနှင့်ပတ်သက်၍ အတော်အတန် စေ့စပ်သေချာစွာ မိတ်သဟာယဖွဲ့ခဲ့ကြပြီး ဖြစ်သည်။ သင်တို့ နားမလည်သေးသောအရာ တစ်ခုတလေ ရှိသေးသလော။ ငါ အခြားတစ်စုံတစ်ရာ ထပ်ဖြည့်ပြောရန် လိုအပ်သေးသလော။ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့အကြောင်း သင်တို့ အနည်းငယ် ပို၍ နားလည်ပြီလော။ (နားလည်ပါပြီ။) ဤလက်တွေ့ကျသော သရုပ်သကန်များမှတစ်ဆင့် သင်တို့ အဘယ်အရာကို မြင်တွေ့နိုင်သနည်း။ (လူ့ဇာတိခံထားသော ဘုရားသခင်သည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျကြောင်းကို ကျွန်ုပ် မြင်တွေ့ရပါသည်။) လူ့ဇာတိခံထားသော ဘုရားသခင်သည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျလေသည်၊ သူသည် စကားမပြောမီ တွေးတောရမည်ဖြစ်ပြီး သူ၏ စကားနှင့် အပြုအမူအားလုံးသည် ပုံမှန်ဖြစ်ကာ သဘာဝလွန် သရုပ်သကန် စိုးစဉ်းမျှပင် မရှိပေ။ ဤသည်မှာ သင်တို့ မမျှော်လင့်ထားခဲ့သောအရာ ဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) လူ့ဇာတိခံထားသော ဘုရားသခင်တွင် ဇာတိပကတိ၏ ပင်ကိုသဘာဝများကို ကျော်လွန်သည့် သာမန်ထက် လွန်ကဲသော သဘာဝလွန် စွမ်းရည်များ တစ်ခုတလေ ရှိဖို့ မဆိုထားနှင့်၊ တတိယမျက်လုံး မရှိသည့်အပြင် မဟာလူသား၏ အကြားအာရုံလည်း မရှိပေ။ တစ်နေရာရာတွင် လျှပ်စစ်ဝါယာကြိုးများ ပေါ်နေပါက ငါလည်း ယင်းကို ကိုင်တွယ်မည် မဟုတ်ပေ။ ငါ အဘယ်ကြောင့် ယင်းကို ကိုင်တွယ်မည် မဟုတ်သနည်း။ (ကိုယ်တော် ဓာတ်လိုက်ပြီး ထိခိုက်ဒဏ်ရာရပါလိမ့်မည်။) သင်တို့၏ စိတ်ကူးအရ ငါသည် ယင်းကို တိုက်ရိုက် ကိုင်တွယ်လျှင်ပင် ငါ ဓာတ်လိုက်ပြီး ထိခိုက်ဒဏ်ရာရမည် မဟုတ်ပေ။ သို့သော် ငါ့တွင် ထိုသို့လုပ်နိုင်စွမ်း အမှန်တကယ် မရှိသည့်အပြင် ငါသည် ယင်းကို ကိုင်တွယ်မည်လည်း မဟုတ်ပေ။ တစ်ဖက်တွင် လျှပ်စစ်ဓာတ်လိုက်ခြင်းက ထိခိုက်ဒဏ်ရာရစေကြောင်းကို ငါ သိသည်၊ ဤကိစ္စရပ်တွင် ငါ့၌ အခြေခံအသိပညာ ရှိပြီး ငါ့၌ ပုံမှန် ဆင်ခြင်တုံတရား ရှိလေသည်။ အခြားတစ်ဖက်တွင် “အဆင်ပြေပါသည်။ ငါသည် အထူး ပင်ကိုလက္ခဏာနှင့် အထူး အဆင့်အတန်းရှိသော အထူး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ လျှပ်စစ်ဓာတ်က ငါ့ကို နာကျင်စေမည် မဟုတ်ပေ။ ငါ ယင်းကို ကိုင်တွယ်ကြည့်ပြီး ငါ သေမသေ ကြည့်မည်” ဟု ငါ မည်သည့်အခါမျှ လုံးဝ ပြောမည် မဟုတ်ပေ။ ငါသည် ထိုသို့သော ဆင်ခြင်တုံတရားမဲ့သည့်အရာကို လုပ်ဆောင်မည် မဟုတ်ပေ။ သင်တို့၏ အယူအဆများအရ လူတို့ မကိုင်တွယ်ရဲသော အန္တရာယ်ရှိသည့် မည်သည့်အရာကိုမဆို ငါ ကိုင်တွယ်ရဲမည် ဖြစ်သည်၊ သင်တို့သည် ထိုသို့သောအရာများကို ကြောက်ရွံ့ကြမည်ဖြစ်သော်လည်း ငါကမူ ကြောက်ရွံ့မည် မဟုတ်ပေ၊ အကြောင်းမှာ ငါ၏ ပင်ကိုလက္ခဏာက ထူးခြားသည်၊ ငါသည် သင်တို့နှင့် ကွဲပြားသည်၊ ငါသည် ကောင်းကင်ဘုံမှ ကြွလာခဲ့ပြီး ငါသည် လူ့ဇာတိခံထားသော ဘုရားသခင် ဖြစ်သောကြောင့် ငါသည် မကြောက်ရွံ့ဘဲ ထိုနည်းအတိုင်း ပြုမူဆောင်ရွက်နိုင်သည်ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ငါသည် ထိုသို့ ပြုမူဆောင်ရွက်မည်လော။ (ပြုမူဆောင်ရွက်မည် မဟုတ်ပါ။) ငါသည် ထိုသို့ ပြုမူဆောင်ရွက်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်အရာအပေါ် အခြေခံသနည်း။ ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားအပေါ် အခြေခံလေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ လူ့သဘာဝနှင့် သက်ဆိုင်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားသည်လည်း ပုံမှန် ဖြစ်လေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်တွင် အသိစိတ်နှင့်ဆိုင်သည့် သတိပြုမိခြင်း မရှိပါက၊ ပြီးလျှင် သူ၏ ဆင်ခြင်တုံတရားက ပုံမှန် မဟုတ်ပါက သူသည် ပုံမှန် လူ့သဘာဝဖြင့် အလုပ်ကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သူ့ထံတွင် အသိစိတ်နှင့်ဆိုင်သည့် သတိပြုမိခြင်း မရှိဘဲ သူ၏ ဆင်ခြင်တုံတရားက ပုံမှန် မဟုတ်ပါက ဤသည်မှာ မည်သို့သော လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ လူမဟုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝနှင့်ဆိုင်သည့် တွေးခေါ်မှုနှင့် နေထိုင်မှုပုံစံတို့နှင့်ပတ်သက်၍ လူတို့၌ရှိသော အယူအဆများနှင့် စိတ်ကူးများအားလုံးသည် လက်တွေ့မကျပေ၊ ယင်းတို့အားလုံးသည် သာမန်ထက် လွန်ကဲသည်၊ ကြံကြံဖန်ဖန် ဖြစ်သည်၊ ချောက်ချားဖွယ်ကောင်းပြီး ထူးခြားထိတ်လန့်ဖွယ်ဖြစ်ကာ ယင်းတို့အားလုံးသည် လူ့ဇာတိခံထားသော ဘုရားသခင်၏ လူ့သဘာဝနှင့် သက်ဆိုင်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့မှ ကင်းကွာနေလေသည်။ ငါ့ကို ပြောလော့၊ ငါတို့ အတူတကွ ထိုင်နေကြပြီး ပတ်ဝန်းကျင်တွင် ခြင်များရှိပါက ငါ အကိုက်ခံရမည်လော။ (အကိုက်ခံရပါမည်။) ယခင်က သင်တို့သည် “ခြင်များက အခြားမည်သူ့ကို ကိုက်သည်ဖြစ်စေ ခရစ်တော်ကိုမူ ကိုက်မည် မဟုတ်ပေ။ ခြင်များကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်၊ ၎င်းတို့သည် ဖန်ဆင်းရှင်ကို မကိုက်နိုင်ပေ” ဟု တွေးခဲ့ကြသလော။ ဤသို့ တွေးခြင်းက မှားယွင်းသလော။ ဤသည်မှာ လက်တွေ့အရှိတရားမှ ကင်းကွာနေသလော။ (ကင်းကွာနေပါသည်။) ခြင်များသည်လည်း ငါ့ကို မည်သည့် အထူးအခွင့်အရေးမျှ မပေးကြချေ။ ယင်းတို့တွင် ခံစားချက်များ မရှိပေ၊ တစ်စုံတစ်ဦးသည် သေမျိုး ဇာတိပကတိဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်ထဲတွင် သွေးရှိနေသရွေ့ ယင်းတို့ ကိုက်မည်ဖြစ်ကာ ၎င်းကို ကိုက်ပြီးနောက်တွင် အဖုတစ်ခု ထွက်လာလေသည်။ သင် အဖုတစ်ခု ထွက်လာသည့်အခါ သင် မည်သို့ လုပ်ဆောင်သင့်သနည်း။ ငါသည် ကြက်သွန်ဖြူ တစ်ပြားကို အမြန်လှီးပြီး သုတ်လိမ်းလေသည်။ ကြက်သွန်ဖြူသည် ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်သည်၊ ဘက်တီးရီးယားများကို သတ်နိုင်ပြီး ယားယံခြင်းကို ရပ်တန့်စေနိုင်လေသည်။ ယင်းကို အချိန်အတန်ကြာ သုတ်လိမ်းထားပြီးနောက် အကိုက်ခံရသည့်နေရာက ယားယံခြင်း ရပ်တန့်သွားပြီး အဖုက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ဤသည်မှာ အခြေခံအသိပညာ ဖြစ်သည်။ သင်သည် ယင်းကို ထူးခြားမှုမရှိဟု ထင်ကောင်းထင်နိုင်သော်လည်း ယင်းမှာ အလွန် လက်တွေ့ကျလေသည်။ သင် မြင်သလော၊ သင်တို့သည် ဘဝတွင် ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါ အိမ်တွင်း ဆေးမြီးတိုအချို့နှင့် လိမ္မာပါးနပ်သော နည်းလမ်းလေးများကို ရှာဖွေကြပြီး ငါသည်လည်း အတူတူပင် ဖြစ်လေသည်။ ဤအရာအားဖြင့် ငါ အဘယ်အရာကို ဆိုလိုသနည်း။ လူ့ဇာတိခံထားသော ဘုရားသခင်၏ လူ့သဘာဝက ပိုင်ဆိုင်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ သူ၏ တွေးခေါ်မှုနှင့် အတွေးများအပြင် လူများနှင့် အမှုအရာများကို ရှုမြင်ရာတွင်လည်းကောင်း၊ လက်တွေ့ဘဝတွင် အမျိုးမျိုးသော ပြဿနာများကို ရင်ဆိုင်ရသည့်အခါတွင်လည်းကောင်း သူ ဖန်တီးသည့် အတွေးများ၊ အမြင်များနှင့် သဘောထားများနှင့် သူ စဉ်းစားရရှိသည့် ဖြေရှင်းချက်များအားလုံးသည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျကြောင်း၊ ယင်းတို့သည် ထူးခြားဆန်းကြယ်ခြင်း၊ ထူးဆန်းထိတ်လန့်ဖွယ်ကောင်းခြင်း၊ သဘာဝလွန်ဖြစ်ခြင်း၊ လွဲချော်ခြင်း သို့မဟုတ် အစွန်းရောက်ခြင်း မရှိကြောင်းကို သင်တို့အား ငါ ပြောပြလိုခြင်း ဖြစ်သည်။ နားလည်သလော။ (နားလည်ပါသည်။) လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝနှင့်ဆိုင်သည့် အသက်တာနှင့် သရုပ်သကန်များကို သင်တို့ ပို၍ လက်တွေ့ကျကျ နားလည်နိုင်စေရန်အလို့ငှာ ဤဥပမာများကို ငါ ပေးလေသည်။ ဤသရုပ်သကန်များသည် သာမန်ထက် လွန်ကဲခြင်း တစ်ခုတလေ ရှိဖို့ မဆိုထားနှင့်၊ လုံးဝ အနှစ်သာရမဲ့ခြင်း မရှိသည့်အပြင် ကြံကြံဖန်ဖန်ဖြစ်ခြင်းလည်း မရှိပေ။ ထိုအစား ယင်းတို့သည် အလွန် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျလေသည်။ ဤပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုသည် စစ်မှန်သော ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု ဖြစ်သည်။ ကျင့်ကြံပြုမူခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းအတွက် သူ့ထံတွင်ရှိသည့် ရှုထောင့်အမြင်များနှင့် စည်းမျဉ်းများအပြင် သူ၏ ဇာတိပကတိ၏ ပင်ကိုသဘာဝများနှင့် လုပ်ဆောင်ချက်များသည်လည်း ပုံမှန် ဖြစ်လေသည်။ ဥပမာအားဖြင့် သင်တို့ အအေးမိသည့်အခါ သင်တို့ နှာချေပြီး ချောင်းဆိုးကာ သက်သာလာရန် တစ်ပတ် သို့မဟုတ် နှစ်ပတ် ကြာလေသည်။ ငါ အအေးမိပါက ငါ့တွင်လည်း ဤရောဂါလက္ခဏာများ ရှိမည်ဖြစ်ပြီး သက်သာလာရန် ငါ့အတွက်လည်း တစ်ပတ် သို့မဟုတ် နှစ်ပတ် ကြာမည် ဖြစ်သည်။ သင်တို့သည် ဤသို့ဖြစ်ပြီး လူ့ဇာတိခံထားသော ဘုရားသခင်သည်လည်း လုံးဝ အတူတူပင် ဖြစ်လေသည်။ ဤကဏ္ဍများသည် လက်တွေ့အရှိတရားမှ လုံးဝ ကင်းကွာနေခြင်း မရှိသည့်အပြင် သူက အသေးစိတ် အလုပ်ကို လုပ်ဆောင်ခြင်းအပေါ် သက်ရောက်မှု မရှိပေ၊ သို့မဟုတ် လူတို့ကြားတွင် သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသော အလုပ်ကို သူ လုပ်ဆောင်ခြင်းအပေါ် သက်ရောက်မှု မရှိပေ။ ဆိုလိုသည်မှာ လူ့ဇာတိခံထားသော ဘုရားသခင်၏ ဤပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည့် စရိုက်သည် ဘုရားသခင်၏ အလုပ် တိုးတက်မှုအပေါ် သက်ရောက်မှု ရှိဖို့ မဆိုထားနှင့်၊ လူ့ဇာတိခံထားသော ဘုရားသခင် ထမ်းဆောင်သည့် အမှုတော်အပေါ် မည်သည့်နည်းဖြင့်မျှ သက်ရောက်မှု ရှိမည် မဟုတ်သည့်အပြင် အမှုအရာများကို နောက်သို့ဆွဲထားမည် မဟုတ် သို့မဟုတ် ဘုရားသခင်၏ အလုပ် ရလဒ်များအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ပေ။ လူ့ဇာတိခံထားသော ဘုရားသခင် ထမ်းဆောင်သည့် အမှုတော်သည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော ဇာတိပကတိမှတစ်ဆင့် နှုတ်ကပတ်တော်များကို ဖော်ပြရန်၊ အလုပ်လုပ်ဆောင်ရန်နှင့် လူတို့အလယ်တွင် လျှောက်လှမ်းရန် အတိအကျပင် ဖြစ်လေသည်။

အထက်တွင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အရာအားလုံးသည် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိ၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအကြောင်း ဖြစ်သည်။ ဤအကြောင်းအရာကို မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်မှာ လူတို့က လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် အစဉ် နှိုင်းယှဉ်နေသည့် ပြဿနာကို ဖြေရှင်းရန် ဖြစ်သည်။ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အကြောင်းအရာသည် အခြေခံအားဖြင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝနှင့်ဆိုင်သော ပင်ကိုသဘာဝများ၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု သရုပ်သကန်များ၏ ကဏ္ဍတစ်ခုကို လွှမ်းခြုံထားသည်။ အခြားကဏ္ဍတစ်ခုမှာ လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိသည် မည်သို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည်ဟူသည့်အရာကို အဓိက လွှမ်းခြုံထားသည်။ သေချာသည်မှာ ဤအရာသည် လူတို့က လူ့ဇာတိခံထားသော ဘုရားသခင်သည် သူ၏ စကားနှင့် လုပ်ရပ်များတွင် မည်မျှ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျကြောင်းကို သိရုံမျှဖြင့် ၎င်းတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို လုံးဝ မှန်ကန်သော နည်းလမ်းဖြင့် ဆက်ဆံနိုင်ကြသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ဤသည်မှာ လုံလောက်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ယခု လူ့ဇာတိခံထားသော ဘုရားသခင်သည် မည်သို့ စကားပြောပြီး အမှုပြုသည်ကိုလည်းကောင်း၊ သူသည် မည်သို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည်ကိုလည်းကောင်း ငါတို့ သိရှိပြီးဖြစ်ရာ၊ လူ့ဇာတိခံထားသော ဘုရားသခင် မလုပ်ဆောင်သည့် အရာများ သို့မဟုတ် သူသည် လူသားမျိုးနွယ်နှင့် မည်သည့်နည်းလမ်းများဖြင့် ကွဲပြားသည်ဟူသည့်အရာတို့နှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့ကြစို့။

လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိ၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု သရုပ်သကန်အချို့သည် ကဏ္ဍများစွာတွင် လူသားမျိုးနွယ်၏ ပင်ကိုသဘာဝများနှင့် တူညီကြသည်။ ဆိုလိုသည်မှာ လူ့ဇာတိပကတိ၏ ပင်ကိုသဘာဝများ၊ လုပ်ဆောင်ချက်များနှင့် မွေးရာပါ အခြေအနေများနှင့် တူညီကြခြင်း ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်နှင့် သာမန် လူသားမျိုးနွယ်တို့သည် ပင်ကိုသဘာဝများအရ တူညီကြသည်ဟု ဆိုနိုင်သည်။ သို့သော် ဤတူညီမှုမှလွဲ၍ သူ၏ အသက် အနှစ်သာရ၊ ပင်ကိုလက္ခဏာ၊ စိတ်သဘောထား စသည်တို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အရာများနှင့် လုံးဝ ကွဲပြားခြားနားသည်။ ဤသည်မှာ သူ၏ အသက်ရှင်နေထိုင်ခြင်း သရုပ်သကန်များနှင့် သူ၏ စိတ်သဘောထား အနှစ်သာရတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အရာများနှင့် ကွဲပြားခြားနားပုံများဖြင့် သက်ဆိုင်၏။ ဤအရာကို ပြောဆိုခြင်းက ငါတို့ မိတ်သဟာယဖွဲ့မည့် နောက်ထပ် အကြောင်းအရာဆီသို့ ခေါ်ဆောင်သွားသည်။ ယင်းမှာ လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးများကို စွန့်လွှတ်ခြင်းနှင့် ဆိုင်သော ဒုတိယ အကြောင်းအရာ ဖြစ်သည့် လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တစ်တန်းတည်း မထားခြင်းပင် ဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းရန် ငါတို့သည် လူ့ဇာတိခံထားသော ဘုရားသခင် ပြသသည့် အမျိုးမျိုးသော ထုတ်ဖော်မှုများနှင့် အသက်ရှင်နေထိုင်ခြင်း၏ အမျိုးမျိုးသော ကဏ္ဍများအပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို အခြေခံရဦးမည် ဖြစ်သည်။ သဘောတရားအရ “လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တစ်တန်းတည်း မထားနှင့်” ဟူသော ပြောဆိုချက်ကို သင်တို့ သဘောတူသလော။ (ဟုတ်ပါသည်။) သင်တို့သည် ဤပြောဆိုချက်နှင့်အညီ လက်တွေ့လုပ်ဆောင်လိုကြပြီး ဤပြဿနာကို ဖြေရှင်းရန် လိုလားကြသော်လည်း လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တစ်တန်းတည်း မထားခြင်းကို ရှောင်ကြဉ်ရန်နည်းလမ်းအတွက် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု သင်တို့တွင် ရှိသလော။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာဖွေရန်မှာ လွယ်ကူဖို့ အလှမ်းဝေးသည် မဟုတ်လော။ လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တစ်တန်းတည်း မထားခြင်းသည် သင်တို့အပေါ် ချမှတ်ထားသော တောင်းဆိုချက်တစ်ခု ဖြစ်သော်လည်း အဘယ်ကြောင့် ထိုသို့သော တောင်းဆိုချက်ကို ပြုလုပ်ရသနည်း။ ဤသည်မှာ စဉ်းစားဆင်ခြင်သင့်သော အရာဖြစ်သည်။ လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရသောအခါ သူ၏ လူ့ဇာတိခံယူခြင်း ပုံသဏ္ဌာန်နှင့် သူ၏ အပြင်ပန်း အသွင်အပြင်တို့ကြောင့် ၎င်းတို့သည် သူ့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင် တစ်ဦးအဖြစ် သဘာဝကျကျပင် မကြာခဏ ဆက်ဆံတတ်ကြသည်။ ဤသည်မှာ လူ့ဇာတိခံထားသော ဘုရားသခင်ကို ဘုရားသခင်၏ အနှစ်သာရ၊ ပင်ကိုလက္ခဏာ၊ စိတ်သဘောထားတို့နှင့် လုံးဝ ပတ်သက်မှုမရှိသော လူတစ်ဦးအဖြစ် ဆက်ဆံခြင်းနှင့် ညီမျှပြီး ထို့နောက်တွင် သူနှင့် ဆက်ဆံရာတွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ တွေးခေါ်ပုံကို ကျင့်သုံးလျက် ၎င်းတို့ အခြားသူများနှင့် ဆက်ဆံသည့် နည်းလမ်းများကို အသုံးပြုကာ လူ့ဇာတိခံထားသော ဘုရားသခင်ကို ဆက်ဆံခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ရာ လူတို့ ဘုရားသခင်ကို ဆက်ဆံသည့် နည်းလမ်းသည် တစ်ဖက်တွင် သူ့အပေါ် ၎င်းတို့၏ မှားယွင်းသော သဘောထားကို ထုတ်ဖော်ပြပြီး အခြားတစ်ဖက်တွင် ၎င်းတို့အတွင်း၌ တည်ရှိနေသော ကြီးမားသည့် ပြဿနာတစ်ခုကို ထုတ်ဖော်ပြသည်။ ယင်းမှာ ၎င်းတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို မသိကျွမ်းခြင်းပင် ဖြစ်သည်။ လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို နှုတ်ဖြင့် အသိအမှတ်ပြုပြီး အပေါ်ယံအားဖြင့် သူ၏နောက်သို့ လိုက်ကြသော်လည်း ၎င်းတို့သည် ဤသာမန်လူကို အနှစ်သာရအားဖြင့် သိကျွမ်းလာခြင်း သို့မဟုတ် လက်ခံလာခြင်း မရှိကြပေ။ ဤသာမန်လူကို လက်မခံခြင်းဟူသည်မှာ ဤသာမန်လူကို လူ့ဇာတိခံထားသော ဘုရားသခင်အဖြစ် မဆက်ဆံခြင်းကို ဆိုလိုသည်။ ဆိုလိုရင်းမှာ လူတို့သည် ဤသာမန်လူကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင် တစ်ဦးအဖြစ် ဆက်ဆံကြခြင်း ဖြစ်သည်။ ဤပြဿနာကို ရှောင်ရှားရန်နှင့် ယင်းကို ဖြေရှင်းရန်အတွက် ယနေ့ ငါတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ နေ့စဉ်ဘဝရှိ ပုံမှန် လူ့သဘာဝ သရုပ်သကန်များအကြောင်းကိုလည်းကောင်း၊ လူတို့နှင့် သူ ထိတွေ့ဆက်ဆံပြီး ကိုင်တွယ်ဖြေရှင်းရာတွင် သူ ထုတ်ဖော်ပြသည့် အမျိုးမျိုးသော သရုပ်သကန်များကို လူတို့ မည်သို့ သိကျွမ်းပြီး နားလည်သင့်သည်ဟူသည့် အကြောင်းကိုလည်းကောင်း တစ်ဖန် မိတ်သဟာယဖွဲ့ကြမည် ဖြစ်သည်။ လူတို့ နားမလည်နိုင်သော လူ့ဇာတိခံထားသော ဘုရားသခင်နှင့် သက်ဆိုင်သည့် ပြဿနာအချို့ကိုဖြစ်စေ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ရှုထောင့်မှနေ၍ လူတို့ လွယ်ကူစွာ ရှုမြင်တတ်သော ပြဿနာအချို့ကိုဖြစ်စေ ဦးစွာ ကြည့်ကြစို့။ ပထမဦးစွာ လူ့ဇာတိခံထားသော ဘုရားသခင်ဖြစ်သည့် ဤသာမန် လူသားသည် မည်သည့်အရာများကို မလုပ်ဆောင်ကြောင်း သို့မဟုတ် သူ့ထံ၌ ထုတ်ဖော်ပြသော်လည်း လူတို့ အသိအမှတ်ပြုရန် ပျက်ကွက်သည့် အရာအချို့ကို သတ်မှတ်ကြစို့။ ဤအရာများသည် အတိအကျအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ပထမဦးဆုံးအနေဖြင့် သူသည် မလှည့်ဖြားပေ။ ထို့အပြင် သူသည် ငြင်းခုံခြင်း၊ တိုက်ခိုက်ခြင်း၊ အကောက်ကြံခြင်း၊ တိုက်ခိုက်စော်ကားခြင်း၊ လက်စားချေခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း စသည့်အရာများကိုလည်း မလုပ်ဆောင်ပေ။ အဘယ်ကြောင့် လူတို့သည် ဤအရာများကို နားလည်သင့်သနည်း။ ဤအရာများကို နားလည်သည်နှင့်တစ်ပြိုင်နက် သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရအပေါ် စစ်မှန်သော နားလည်မှုတစ်ခု ရရှိလိမ့်မည်။ စစ်မှန်သော နားလည်မှုတစ်ခု ရှိခြင်းဖြင့်သာ သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တစ်တန်းတည်း မထားရန် စွမ်းဆောင်နိုင်မည် ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တစ်တန်းတည်း မထားရန် စွမ်းဆောင်နိုင်သောအခါမှသာ သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခုကို ရရှိနိုင်မည်ဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၏ သင့်လျော်သော နေရာတွင် ရပ်တည်ကာ လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် သဘောထားဖြင့် ဆက်ဆံနိုင်မည် ဖြစ်သည်။

လူ့ဇာတိခံထားသော ဘုရားသခင် မလုပ်ဆောင်သည့် အရာများနှင့် စပ်လျဉ်း၍ မလှည့်ဖြားခြင်း ကဏ္ဍအပေါ် ငါတို့ ဦးစွာ မိတ်သဟာယဖွဲ့ကြစို့။ လှည့်ဖြားခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ လိမ်လည်ပြောဆိုခြင်း၊ မမှန်မကန် ပြုလုပ်ခြင်း၊ ဟန်ဆောင်ခြင်း၊ မိမိမဟုတ်သည့်အရာအဖြစ် ဟန်လုပ်ခြင်း၊ ကြွားလုံးထုတ်ခြင်း၊ ပေါက်ကရ ပြောဆိုခြင်း စသည်တို့ ဖြစ်သည်။ ငါ ယခုလေးတင် ဖော်ပြခဲ့သော သရုပ်သကန်များကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် အများအားဖြင့် တွေ့ရသလော။ (တွေ့ရပါသည်။) လှည့်ဖြားခြင်းနှင့် လိမ်ညာခြင်းသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ကြီးမားပြီး သိသာထင်ရှားသော ထူးခြားသည့် လက္ခဏာတစ်ခု ဖြစ်သည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၏ ဘုံလက္ခဏာတစ်ခု ဖြစ်ပြီး မည်သူမျှ ခြွင်းချက်မရှိဘဲ ဤအရာမှ မလွတ်ကင်းနိုင်ပေ။ လူတိုင်း လိမ်ညာကြသည်၊ လူတိုင်း ဟန်ဆောင်ကြပြီး လူတိုင်းသည် မိမိတို့မဟုတ်သည့်အရာအဖြစ် ဟန်လုပ်ကြသည်၊ အယောင်ဆောင်ကြပြီး ဟန်ဆောင်မှုများ ပြုလုပ်ကြသည်။ ထို့အပြင် ယင်းမှာ ၎င်းတို့အတွက် သဘာဝကျကျ ဖြစ်လာသည်။ ၎င်းတို့၏ မိဘများက ၎င်းတို့ကို သင်ပေးရန် မလိုအပ်သည့်အပြင် မည်သူကမျှ ၎င်းတို့ကို လွှမ်းမိုးရန်၊ သွေးထိုးလှုံ့ဆော်ရန် သို့မဟုတ် ရန်တိုက်ပေးရန် မလိုအပ်ပေ။ ၎င်းတို့သည် မွေးရာပါ လိမ်ညာသူများ ဖြစ်ကြသည်။ ဤသို့ပြောခြင်းသည် လွန်ကဲလွန်းသွားသလော။ (မလွန်ကဲလွန်းပါ။) လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိနှင့် ပတ်သက်၍မူ မည်သို့နည်း။ အလှမ်းဝေးသော အရာများအကြောင်းကို ငါတို့ မပြောကြစို့နှင့်။ ငါ စကားပြောသည့် နည်းလမ်းနှင့် ပတ်သက်၍ လူ့အသုံးအနှုန်းအရ ဆိုရလျှင် ငါသည် အရှိကိုအရှိအတိုင်း ပြောသည်။ ဥပမာအားဖြင့် အတတ်ပညာဆိုင်ရာ အလုပ်အချို့တွင် သင်တို့ကို လမ်းညွှန်သည့်အခါ ငါ မည်သို့ လုပ်ရမည်ကို မသိသောအရာ တစ်ခုခုရှိပါက ငါက “ဤကိစ္စနှင့် ပတ်သက်၍ ငါ သိပ်မရှင်းလင်းပေ။ ယင်းကို မည်သို့ လုပ်ရမည်ကို ငါ မသိပေ။ သင်တို့သည် ကိုးကားစရာ စာရွက်စာတမ်းအချို့ကို ရှာဖွေသင့်သည်” ဟု ပြောမည် ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ငါ အနည်းငယ် သိပါက ငါသိသလောက် ပြောမည် ဖြစ်သည်။ ငါသိပြီး နားလည်သည့်အရာကို ပြောဆို၍ပြီးသည့်နောက် ငါက “ငါ ကျန်ရစ်ခဲ့သောအရာ တစ်ခုခုရှိပြီး ယင်းကို သင်တို့ သိပါက သင်တို့ ဖြည့်စွက်နိုင်သည်” ဟု ပြောမည် ဖြစ်သည်။ သင် မြင်သလော၊ ငါပြောသော ဤစကားများသည် ဓမ္မဓိဋ္ဌာန်ကျပြီး ရိုးသားမှု ရှိသလော။ (ရှိပါသည်။) သင်တို့သည် ဤနှစ်များတစ်လျှောက်လုံး ငါ စကားပြောသည်ကို နားထောင်နေခဲ့ကြရာ ငါ၏ စကားများတွင် လှည့်ဖြားခြင်း တစ်ခုတလေကို သင်တို့ မြင်သလော။ ဟန်ဆောင်မှု တစ်ခုတလေ ရှိသလော။ မမှန်မကန် လုပ်ခြင်းတစ်ခုတလေ ရှိသလော။ (မရှိပါ။) စုဝေးပွဲများတွင် ငါ မိတ်သဟာယဖွဲ့သောအခါ သို့မဟုတ် အတတ်ပညာဆိုင်ရာ အလုပ်အချို့ကို ပုံမှန် လမ်းညွှန်သောအခါ ငါသည် နေ့စဉ်ဘဝမှ အသေးအဖွဲဖြစ်ပြီး သာမန်ဖြစ်သော အရာအချို့ကို ကိုးကားလျက် ဥပမာများ မကြာခဏ ပေးလေ့ရှိသည်။ အချို့သော ကိစ္စရပ်များတွင် လုပ်ငန်းစဉ်၏ အသေးစိတ်အချက်အချို့ကို ချန်လှပ်ထားကောင်း ချန်လှပ်ထားနိုင်သော်လည်း ကိစ္စရပ်သည်ပင်လျှင် အမှန်တရားတစ်ခု ဖြစ်သည်။ ထို့အပြင် ထိုကိစ္စရပ်များကို ငါ မည်သို့ ကိုင်တွယ်ပြီး လုပ်ဆောင်ခဲ့သည်ဟူသည့်အရာအတွက် သက်သေခံသူများ ရှိသည်။ ငါ တစ်ခါမျှ လိမ်ညာခဲ့ဖူးသလော။ (မလိမ်ညာခဲ့ဖူးပါ။) ငါသည် လိမ်ညာခြင်း မရှိသည့်အပြင် ဟန်လုပ်ခြင်း သို့မဟုတ် ဟန်ဆောင်မှုများ ပြုလုပ်ခြင်းလည်း မရှိပေ။ သင် မြင်သလော၊ ငါသည် အပြင်သွားသောအခါတွင် အိမ်၌ ဝတ်သည့် အဝတ်အစားများကိုပင် ဝတ်ဆင်သည်။ တစ်ခါတစ်ရံ ငါ၏ အဝတ်အစားများ ညစ်ပတ်နေပါက အပြင်သွားသောအခါ သန့်ရှင်းသောအရာများကို ငါ လဲဝတ်မည် ဖြစ်သည်။ ယင်းမှာ အနည်းငယ် ပို၍ သန့်ရှင်းစွာ ဝတ်ဆင်ခြင်းမျှသာ ဖြစ်သည်။ အပြင်သွားရုံသက်သက်အတွက် အဆင့်မြင့် အမှတ်တံဆိပ်ပါ အဝတ်အစားတစ်စုံကို ငါ လဲဝတ်မည် မဟုတ်ပေ။ အိမ်တွင် သာမန် အဝတ်အစားများကို ဝတ်ဆင်ခြင်းနှင့် အပြင်သွားသောအခါ အနည်းငယ် ပို၍ သန့်ရှင်းစွာ ဝတ်ဆင်ခြင်းဟူသည့် ဤသည်မှာ ဟန်လုပ်ခြင်း မဟုတ်ပေ။ ဤသည်မှာ ပုံမှန် လူ့သဘာဝ ဖြစ်သည်။

လှည့်ဖြားခြင်း၊ ဟန်လုပ်ခြင်းနှင့် ဟန်ဆောင်မှုများ ပြုလုပ်ခြင်းဟူသည့် ဤအရာများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် မကြာခဏ လုပ်ဆောင်သည့် အရာများ ဖြစ်သည်။ သင် မြင်သလော၊ လူသားများ ပြောဆိုသည့်အရာ အများစုတွင် ရောနှောခြင်းများ ပါဝင်သည်။ အထူးသဖြင့် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ဂုဏ်သိက္ခာ၊ အဆင့်အတန်း သို့မဟုတ် ဂုဏ်သတင်းတို့ ပါဝင်ပတ်သက်သောအခါ လူတို့သည် လိမ်ညာကြလိမ့်မည်။ ဥပမာအားဖြင့် အချို့လူများသည် အထူးသဖြင့် အကျင့်ပျက်ကြပြီး မကြာခဏ ရယ်မောကာ နောက်ပြောင်တတ်ကြသည်၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အလွန် ခိုကပ်ကြပြီး ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ လေးလေးနက်နက် မရှိကြပေ။ ခေါင်းဆောင် မရှိသောအခါ ၎င်းတို့သည် အရည်မရ အဖတ်မရ စကားများပြောကြသည်၊ လက်ဖက်ရည် သောက်ကြသည်၊ တစ်ခဏတွင် သန့်စင်ခန်းသွားပြီး နောက်တစ်ခဏတွင် ခြံဝင်းထဲ၌ လမ်းလျှောက်ကြကာ အထူးသဖြင့် သက်သောင့်သက်သာရှိသော ဘဝဖြင့် နေထိုင်ကြသည်။ ခေါင်းဆောင် လာသောအခါ ၎င်းတို့သည် အလုပ်ရှုပ်နေစေရန် အလျင်စလို ကမန်းကတန်း လုပ်ကြပြီး အထူးသဖြင့် တာဝန်ယူတတ်သယောင် ဟန်ဆောင်ကြသည်။ ဤသည်မှာ မမှန်မကန် ပြုလုပ်ခြင်း မဟုတ်လော။ ဤသည်မှာ ဟန်ဆောင်မှုများ ပြုလုပ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် အခြားသော အားနည်းချက်တစ်ခု ရှိသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အထူးသဖြင့် မွန်မြတ်ပြီး မြင့်မြတ်သူများအဖြစ်၊ အထူးသဖြင့် ထိုးထွင်းသိမြင်မှုရှိပြီး ကြွယ်ဝချမ်းသာသူများအဖြစ်၊ ထို့ပြင် အထူး အဆင့်အတန်းနှင့် နောက်ခံရှိသော လူများအဖြစ် ဖော်ပြရန် နှစ်သက်ကြသည်။ ၎င်းတို့သည် တိတ်တဆိတ် လုပ်ဆောင်ခဲ့သော ယုတ်မာသည့် သို့မဟုတ် မိုက်မဲသည့် အရာများ၊ ၎င်းတို့ ပြုလုပ်ခဲ့သော အမှားများ သို့မဟုတ် ၎င်းတို့တွင်ရှိသော အားနည်းချက်များနှင့် ချို့ယွင်းချက်များကို မည်သည့်အခါမျှ မပြောဆိုကြပေ။ အခြားသူများက အမှန်တရားကို ထိုးထွင်းသိမြင်ပြီး ၎င်းတို့ကို အထင်သေးမည်ကို အလွန် ကြောက်ရွံ့လျက် ၎င်းတို့သည် ဤအရာများ၏ စိုးစဉ်းမျှကိုပင် မည်သည့်အခါမျှ ထုတ်မပြောကြ သို့မဟုတ် အနည်းငယ်မျှ ထုတ်ဖော်မပြကြပေ။ ဤသည်မှာ မမှန်မကန် ပြုလုပ်ခြင်း မဟုတ်လော။ ဤသည်မှာ လိမ်ညာခြင်းနှင့် လှည့်ဖြားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ မလုပ်နိုင်သော အရာများကိုပင် လုပ်နိုင်သည်ဟု ဆိုကြသည်။ ၎င်းတို့သည် ယခင်က အဆင့်တစ်ခုတွင် ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါက၊ အရေးကြီးသော အလုပ်အချို့ကို လုပ်ဆောင်ခဲ့ပါက သို့မဟုတ် ပံ့ပိုးကူညီမှု တစ်ခုခု ပြုလုပ်ခဲ့ပါက အခြားသူများက ၎င်းတို့ကို အထင်သေးမည်ကို အလွန် ကြောက်ရွံ့လျက် ၎င်းတို့သည် ယင်းကို ကျယ်ကျယ်ပြန့်ပြန့် လူသိရှင်ကြား ပြောဆိုမှရမည်ဖြစ်သည်။ ပေါက်ကရ ပြောဆိုခြင်းနှင့် ကြွားလုံးထုတ်ခြင်းတို့နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် “မည်သည့်အရာကိုမဆို လုပ်နိုင်စွမ်းရှိကြသည်”၊ သို့သော် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အားနည်းချက်များ သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ ချို့ယွင်းချက်များကို မည်သည့်အခါမျှ မပြောဆိုကြပေ။ လူအားလုံးသည် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူပြီး လုပ်ဆောင်ကြသည်။ လူတို့သည် ဤသရုပ်သကန်များကို လူသားမျိုးနွယ်၏ ဘုံလက္ခဏာတစ်ခုအဖြစ် ရှုမြင်ကြပြီး ဤသို့ ကျင့်ကြံပြုမူခြင်းသည် အလွန် ပုံမှန်ဖြစ်ကာ သာမန်ဖြစ်ပြီး ပုံမှန် လူ့သဘာဝနှင့် သက်ဆိုင်သည်ဟု ထင်ကြသည်။ သို့ဖြစ်၍ လူများစွာတို့သည် ဤအမြင်ကို လူ့ဇာတိခံထားသော ဘုရားသခင်အပေါ် သဘာဝကျကျပင် ပုံချလျက် “လူ့ဇာတိခံထားသော ဘုရားသခင်သည်လည်း လိမ်ညာပြီး လှည့်ဖြားသလော” ဟု တွေးထင်ကြသည်။ ဥပမာအားဖြင့် ဖက်ထုပ်လုပ်နည်းကို ငါသိသည်ဟု ငါပြောသောအခါ အချို့လူများက မယုံကြည်ကြဘဲ “ဟွန်း၊ သမ္မာတရားကို ဖော်ပြခြင်းအပြင် ကိုယ်တော်သည် ဟင်းလည်းချက်တတ်သလော။ ယင်းမှာ မဖြစ်နိုင်ပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့က “မည်သူက မုသားကို မည်သည့်အခါမျှ မပြောဖူးဘဲ နေမည်နည်း။ ကြွားလုံးထုတ်ခြင်းကို မည်သူက မည်သည့်အခါမျှ မလုပ်ဖူးဘဲ နေမည်နည်း” ဟု တွေးကြသည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် ထို “မည်သူ” ထဲတွင် ပါဝင်သည်။ ၎င်းတို့ ဤသို့ပြောခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ၎င်းတို့ မည်သည့်နေရာတွင် မှားယွင်းသွားသနည်း။ (၎င်းတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တစ်တန်းတည်း ထားကြပါသည်။) လူသားမျိုးနွယ်တစ်ရပ်လုံးသည် လိမ်ညာနိုင်စွမ်း ရှိသောကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်သည်လည်း လိမ်ညာနိုင်သည်ဟု သင် ထင်ပြီး လူ့ဇာတိခံထားသော ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တူညီသည်ဟု စိတ်ကူးကာ သင်၏ စိတ်နှလုံးထဲတွင် “လူ့ဇာတိခံထားသော ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြနိုင်သရွေ့ ယင်းမှာ လုံလောက်ပါသည်။ ကိုယ်တော်သည် တစ်ခါတစ်ရံ လိမ်ညာလျှင်ပင် ကျွန်ုပ်တို့ ဂရုမစိုက်ပါ။ ယင်းက လူ့ဇာတိခံထားသော ဘုရားသခင်အဖြစ် ကိုယ်တော်၏ ပင်ကိုလက္ခဏာကို မထိခိုက်ပါ” ဟုပင် ပြောဆိုသည်။ ဤသည်မှာ သင် ဂရုစိုက်ခြင်း၊ မစိုက်ခြင်းနှင့် ဆိုင်သော ကိစ္စမဟုတ်ပေ။ လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ပတ်သက်၍ သင်၌ရှိသော ဤအတွေးများသည် မှန်ကန်ခြင်း ရှိမရှိကို သင် ဆင်ခြင်တွေးတောရမည် ဖြစ်သည်။ သဘောတရားအရ ဤသည်မှာ မှားယွင်းကြောင်းနှင့် သင် ဤသို့ မတွေးသင့်ကြောင်းကို သင် သိသော်လည်း အဘယ်ကြောင့် သင် ဤသို့ တွေးနိုင်ရသည်ကို သင် ဆင်ခြင်တွေးတောရမည် ဖြစ်သည်။ ယင်းမှာ သင်သည် အလွန် လှည့်ဖြားတတ်ပြီး ရိုးသားမှုမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတိုင်းသည် မုသားများ ပြောနိုင်ပြီး ဟန်လုပ်နိုင်သည်ဟုလည်းကောင်း၊ လူ့ဇာတိခံထားသော ဘုရားသခင်သည်လည်း ခြွင်းချက်မဟုတ်ဟုလည်းကောင်း သင် ထင်ခြင်းဖြစ်သည်။ ဤသို့ တွေးခြင်းအားဖြင့် သင်သည် အမှားတစ်ခု ပြုလုပ်နေခြင်း မဟုတ်လော။ ဤအမှားကို ပြုလုပ်ခြင်းသည် ကြီးမားသော ကိစ္စမဟုတ်ဘဲ သမ္မာတရားကို သင် ရရှိခြင်းအပေါ် မထိခိုက်သော်လည်း ဤကိစ္စနှင့် ပတ်သက်၍ ငါတို့သည် အမှန်တကယ် စေ့စပ်သေချာရမည်ဖြစ်ပြီး ယင်းကို အသေအချာ ရှင်းပြရမည် ဖြစ်သည်။ သင်သည် လူ့ဇာတိခံထားသော ဘုရားသခင် ပြောဆိုသည့် သာမန် စကားများကို ထိုသို့သော သံသယရှိပြီး မယုံကြည်သည့် သဘောထားဖြင့် သဘောထားပြုမူပါက သူသည် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ၊ သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖော်ပြသောအခါ၊ ထို့အပြင် သူသည် သင့်ကို တရားစီရင်၊ ဖော်ထုတ်၊ ပြစ်တင်ရှုတ်ချပြီး ပြုပြင်သောအခါတွင် သင်သည် ယင်းကို မည်သို့ ဆက်ဆံမည်နည်း။ သင်သည် မိမိ၏ သဘောထားကို ပြောင်းလဲမည်လော။ သင် ပြောင်းလဲမည် မဟုတ်ပေ။ လူ့ဇာတိခံထားသော ဘုရားသခင် ပြောဆိုသည့် စကားများသည် အားလုံး မှန်ကန်ချင်မှ မှန်ကန်ပေမည်ဟု တွေးလျက် သင်သည် ယင်းကို တစ်ပုံစံတည်းသော သဘောထားမျိုးဖြင့် သဘောထားပြုမူလိမ့်မည်။ သဘောတရားအရ သူ ပြောဆိုသည့်အရာသည် မှန်ကန်ကြောင်းနှင့် ယင်းတို့အားလုံးသည် သမ္မာတရား ဖြစ်ကြောင်းကို သင် အသိအမှတ်ပြုသော်လည်း သင်သည် စည်းမျဉ်းများကို ချိုးဖောက်သော အရာများကို လုပ်ဆောင်ပြီး သူက သင့်ကို ပြုပြင်ကာ ဖော်ထုတ်သောအခါ သင်က မိမိ၏ စိတ်နှလုံးထဲတွင် “ဤကိစ္စ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းနှင့် ပတ်သက်၍ ထိုနည်းအတိုင်း ကျွန်ုပ် မတွေးသောကြောင့် ဖြစ်သည်။ ဤအရာအတွက် ကျွန်ုပ်တွင် အလွန်ကောင်းသော ဆင်ခြေနှင့် အကြောင်းပြချက် ရှိသောကြောင့် ယင်းကို လက်မခံရန် ကျွန်ုပ် ရွေးချယ်နိုင်သည်။ ယင်းကို လျစ်လျူရှုခြင်း၊ အကြောင်းအရာကို ရှောင်လွှဲခြင်းနှင့် ယင်းကို လက်မခံခြင်း သဘောထားဖြင့် ကိုယ်တော်ကို ကျွန်ုပ် ငြင်းပယ်ပြီး ဆန့်ကျင်နိုင်ကာ လူတစ်ဦးအား အကျိုးအကြောင်းပြ ပြောဆိုရာတွင် ကျွန်ုပ် အသုံးပြုသည့် သဘောထားမျိုးဖြင့် လူ့ဇာတိခံထားသော ဘုရားသခင်ကို ဆက်ဆံနိုင်သည်” ဟု တွေးသည်။ သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို ထိုသို့သော သဘောထားဖြင့် ဆက်ဆံပါက ပြဿနာ၏ အနှစ်သာရမှာ အဘယ်နည်း။ လူ့ဇာတိခံထားသော ဘုရားသခင်အပေါ် သင်၏ သဘောထားသည် ပုန်ကန်ခြင်းလော သို့မဟုတ် သင့်လျော်ခြင်းလော။ (ယင်းမှာ ပုန်ကန်ခြင်းဖြစ်ပြီး မသင့်လျော်ပါ။) လူ့ဇာတိခံထားသော ဘုရားသခင်သည် လှည့်ဖြားနိုင်သည်၊ လိမ်ညာနိုင်သည်၊ ကြွားလုံးထုတ်နိုင်သည်၊ ခမ်းကြီးနားကြီးနိုင်သော စိတ်ကူးများကို ပြောဆိုနိုင်ပြီး ဆောင်ပုဒ်များကို ဟစ်ကြွေးနိုင်သည်ဟု သင် ထင်ပါက သူသည် သင့်ကို ပြုပြင်ပြီး ဖော်ထုတ်သောအခါ ယင်းကို လက်မခံရန်နှင့် ငြင်းပယ်ရန် သင့်တွင် အကြောင်းပြချက် ရှိသည်ဟု သင် တွေးလိမ့်မည် ဖြစ်သည်။ “ယင်းကို ကျွန်ုပ် လက်ခံမည် မဟုတ်ဘဲ ကိုယ်တော့်ကို ကျွန်ုပ် ဆန့်ကျင်မည်။ ကိုယ်တော်သည် သာမန်လူတစ်ဦးမျှသာ မဟုတ်လော။ ကိုယ်တော် ပြောသည့်အရာကို ကျွန်ုပ် အဘယ်ကြောင့် လက်ခံသင့်သနည်း။ ကိုယ်တော် ပြောသည့်အရာက မှန်ကန်ပါက ကျွန်ုပ် လက်ခံမည်ဖြစ်ပြီး မှားယွင်းသည်ဟု ကျွန်ုပ်ထင်သောအရာကို လက်ခံမည် မဟုတ်ပေ။ ကျွန်ုပ် ပျော်ရွှင်ပါက ယင်းကို လက်ခံမည်ဖြစ်ပြီး မပျော်ရွှင်ပါက လက်ခံမည် မဟုတ်ပေ။ ကိုယ်တော်ပြောသည့်အရာသည် ကျွန်ုပ်၏ အကျိုးစီးပွားများ၊ အကြိုက်များနှင့် စိတ်ခံစားချက်တို့နှင့် ကိုက်ညီပါက ယင်းကို ကျွန်ုပ် လက်ခံမည်ဖြစ်ပြီး ကျွန်ုပ်၏ အကျိုးစီးပွားများ၊ စိတ်ခံစားချက်တို့နှင့် မကိုက်ညီပါက ယင်းကို လက်ခံမည် မဟုတ်ပေ။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည် မဟုတ်လော။ ဤသည်မှာ အလွန် သင့်လျော်သည်၊ ဤသည်မှာ ကျွန်ုပ်၏ အခွင့်အရေးဖြစ်ပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် စိုးစဉ်းမျှ မိမိကိုယ်ကို အပြစ်တင်ခြင်း မရှိပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သင်၏ သဘောထားဖြစ်ပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်ကြားရှိ ဆက်ဆံရေး အမှန်တကယ် ဖြစ်သလော။ ယင်းမှာ လူနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေး ဖြစ်သလော။ (မဟုတ်ပါ။) သင်၏ သဘောထား သို့မဟုတ် သရုပ်သကန်များမှ အကဲဖြတ်ရလျှင် လူ့ဇာတိခံထားသော ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် သာမန်လူတစ်ဦးနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးကြားရှိ ဆက်ဆံရေးမျှသာ ဖြစ်သည်။ ယင်းမှာ လူအချင်းချင်းကြားရှိ ဆက်ဆံရေး အဆင့်တွင်သာ ရှိနေသည်။ ဤနေရာတွင် ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ (ရှိပါသည်။) ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရိုးသားသောလူများ ဖြစ်ရန် တောင်းဆိုသောကြောင့် သူ ကိုယ်တိုင်သည် ဦးစွာ ရိုးသားကြောင်းကို သင် ပထမဆုံး အတည်ပြုရမည် ဖြစ်သည်။ သူ၏ လူ့သဘာဝသည် ရိုးသားခြင်း အနှစ်သာရကို ပိုင်ဆိုင်သည်။ ဤသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သင်သည် ဤအချက်ကို အသိအမှတ်ပြုသင့်ပြီး ယင်းကို သင်၏ စိတ်နှလုံးထဲမှလည်း လက်ခံသင့်သည်။ သင်သည် ယင်းကို မိမိ၏ စိတ်နှလုံးထဲတွင် အသိအမှတ်ပြုရမည်သာမက လက်တွေ့ဘဝတွင်လည်း ထိုသို့သော လက်ခံသည့် သဘောထား ရှိရမည် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် မည်သည့် အခြေအနေများတွင်မဆို လိမ်ညာနိုင်ပြီး မမှန်မကန် ပြုလုပ်နိုင်ကာ မည်သူမဆို ဟန်ဆောင်မှုများ ပြုလုပ်နိုင်သည်၊ ပေါက်ကရ ပြောဆိုနိုင်ပြီး ကြွားလုံးထုတ်နိုင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ဤသို့ လုပ်ဆောင်နိုင်ရသည့် အကြောင်းရင်းမှာ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် လူ၏ အသက်နှင့် သဘာဝ ဖြစ်လာသောကြောင့် ဖြစ်ပြီး ထို့ကြောင့် ၎င်းတို့တွင် ဤသဘာဝကျသော ထုတ်ဖော်မှုများ ရှိကြခြင်း ဖြစ်သည်။ သို့သော် လူ့ဇာတိခံထားသော ဘုရားသခင်သည် သူ၏ လူ့သဘာဝတွင် ရိုးသားခြင်း ကဏ္ဍ ရှိသည်။ သူ၏ အသက်သည် ဘုရားသခင်နှင့်ဆိုင်သောကြောင့်ပင် ရိုးသားခြင်း အစိတ်အပိုင်းသည် သူ၏ အနှစ်သာရနှင့်ဆိုင်သော ကဏ္ဍတစ်ခု သာ၍ပင် ဖြစ်သည်။ ဤသည်မှာ သံသယဖြစ်ဖွယ် မရှိသည့်အပြင် လူတို့သည် သံသယမဝင်သင့်ပေ။

တစ်ကြိမ်တွင် ငါသည် တစ်စုံတစ်ဦးနှင့် စကားစမြည်ပြောဆိုနေခဲ့ပြီး ၎င်းက မိမိတွင် အစာအိမ်မကောင်းကြောင်း၊ ဆေးရုံမှ ဆေးများစွာ ရရှိခဲ့ကြောင်းနှင့် ယင်းကို နှစ်အတော်ကြာ သောက်နေခဲ့ကြောင်း ပြောဆိုခဲ့သည်။ နောက်ပိုင်းတွင် ၎င်း၏ အစာအိမ်ပြဿနာသည် အနည်းငယ် ပိုကောင်းလာခဲ့သည်။ ငါက ၎င်းကို “သင့်တွင် မည်သည့် အစာအိမ်ပြဿနာမျိုး ရှိသနည်း၊ ယင်းမှာ အစာအိမ်အအေးပတ်ခြင်းလော၊ အစာအိမ်အနာလော သို့မဟုတ် အစာအိမ်အက်ဆစ်များခြင်းလော” ဟု မေးခဲ့သည်။ ၎င်းသည် ငါက အသေးစိတ်အချက်များကို မေးသည်ကို ကြားသောအခါ ငါ့ကို ဖြောင့်မှန်သော အဖြေတစ်ခု မပေးခဲ့ဘဲ “ကျွန်ုပ် အစာအိမ်မကောင်းပါ၊ ပြီးလျှင် ဆေးများစွာ သောက်ထားပါသည်” ဟုသာ ဆက်ပြောနေခဲ့သည်။ ငါသည် ၎င်းအား ဤအရာကို အဘယ်ကြောင့် မေးခဲ့သနည်း။ ယင်းမှာ ၎င်းထံတွင် မည်သည့် အစာအိမ်ပြဿနာမျိုး ရှိသည်ကို သိရှိရန် ပုံမှန် စကားစမြည်ပြောဆိုခြင်းမျှသာ ဖြစ်သည်။ ငါသည်လည်း တစ်ခါတစ်ရံ အစာအိမ်မကောင်း ဖြစ်တတ်သောကြောင့် ၎င်းထံတွင် ဤပြဿနာမျိုးရှိပါက ၎င်းသည် အကူအညီအချို့ ပေးနိုင်ကောင်း ပေးနိုင်မည် ဖြစ်သည်။ စကားစမြည်ပြောဆိုခြင်းသည် ရှင်းလင်းသော ပန်းတိုင်များ၊ တင်းကျပ်သော လုပ်ငန်းစဉ်များနှင့် လေးနက်သော သဘောထားတစ်ခု ရှိသည့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် တရားဝင် အလုပ်လုပ်ခြင်းနှင့် မတူပေ။ စကားစမြည်ပြောဆိုခြင်းသည် သီးခြား ရည်ရွယ်ချက် သို့မဟုတ် အကြံအစည်ထုတ်ခြင်း မပါဝင်ဘဲ ပို၍ ပေါ့ပေါ့ပါးပါး ဖြစ်သည်။ သို့သော် ၎င်းထံတွင် အတိအကျ မည်သည့် အစာအိမ်ပြဿနာမျိုး ရှိသည်ကို ငါ မေးသောအခါ ၎င်းသည် ငါ့ကို ဖြောင့်မှန်သော အဖြေတစ်ခု မပေးခဲ့ပေ။ ၎င်းသည် လိမ်ညာနေခဲ့ခြင်းလော။ ၎င်းသည် အမှန်တရားကို ပြောနေခဲ့ခြင်းလော။ (မပြောနေခဲ့ပါ။) သို့ဆိုလျှင် ၎င်းသည် အမှန်တရားကို အဘယ်ကြောင့် မပြောခဲ့သနည်း။ အကြောင်းမှာ ၎င်းသည် ပြဿနာကို ဖုံးကွယ်ထားလိုသောကြောင့် ဖြစ်ပြီး ယင်းကို ဖုံးကွယ်ရသည့် ၎င်း၏ အကြောင်းရင်းမှာ ၎င်း၏ ရောဂါအကြောင်းကို သိပြီးနောက် ၎င်းအား ငါ မည်သို့ ဆက်ဆံမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ၎င်းကို ငါ အထင်သေးမည်ကိုဖြစ်စေ၊ ၎င်းကို ငါ ဖြုတ်ချမည်ကို၊ သို့မဟုတ် ၎င်း၏ တာဝန်ခန့်အပ်မှုကို ပြုပြင်၍ ၎င်း၏ ကယ်တင်ခြင်းကို ထိခိုက်စေမည်ကို စိုးရိမ်သည်ဖြစ်စေ အချုပ်အားဖြင့်ဆိုရလျှင် ၎င်းသည် စိုးရိမ်သောကြောင့် ယင်းကို ဖုံးကွယ်ထားလိုခြင်း ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤအရာအတွက် လိုအပ်မှု တစ်ခုတလေ ရှိသလော။ ၎င်းသည် ဤသို့ လုပ်ဆောင်သည်မှာ အလွန် မိုက်မဲသည် မဟုတ်လော။ (မိုက်မဲပါသည်။) သို့ဆိုလျှင် ထိုသို့သော လူများသည် မည်သည့် စိတ်သဘောထားမျိုးကို ထုတ်ဖော်ကြသနည်း။ (ဆိုးညစ်သော စိတ်သဘောထား ဖြစ်ပါသည်။) ဆိုးညစ်မှုသည် မည်သည့်နေရာတွင် ရှိသနည်း။ (၎င်းတို့သည် ဘုရားသခင်နှင့် ပတ်သက်၍ မှန်းဆကြသည်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမှုအရာများကို အဆက်မပြတ် စိတ်ကူးကြသည်၊ ၎င်းတို့၏ စိတ်ကူးများကို အမှန်တရားများအဖြစ် သဘောထားပြုမူကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် ပတ်သက်၍ မှန်းဆကြပြီး လူတို့ကို ၎င်းတို့ သတိထားရှောင်သကဲ့သို့ပင် ကဏ္ဍတိုင်းတွင် ဘုရားသခင်ကို သတိထားရှောင်ကြပါသည်။) သင်၏ မှန်းဆမှုနှင့် သတိထားစောင့်ကြပ်မှု၏ ပစ်မှတ်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင် တစ်ဦးဖြစ်ပါက ယင်းမှာ အတော်အတန် လိုအပ်လိမ့်မည် ဖြစ်သည်။ အကြောင်းမှာ ယနေ့ လူ့အဖွဲ့အစည်းသည် အလွန် ရှုပ်ထွေးလွန်းသည်၊ လူတို့သည် ရှုပ်ထွေးကြပြီး လူတို့၏ စိတ်နှလုံးသည် စဉ်းလဲယုတ်မာသောကြောင့် ဖြစ်သည်။ သင်၏ အမှန်တကယ်ဖြစ်သော အခြေအနေကို သိရှိပြီးနောက် သင်၏ နောက်ကွယ်တွင် မည်သူက မလိုမုန်းထားစွာ ပြုမူမည်ကို သင် မသိပေ။ ထို့ကြောင့် ပြင်ပလူများကို သင်၏ အမှန်တကယ်ဖြစ်သော အခြေအနေနှင့် ပတ်သက်၍ အလွန်အကျွံ မသိစေလိုပေ။ ဤသည်မှာ နားလည်ပေးနိုင်သော အရာဖြစ်သည်။ လူများနှင့် ဆက်ဆံရာတွင် ကဏ္ဍတိုင်း၌ သင်သည် သတိထားရှောင်ပြီး သတိပြုရမည်ဖြစ်ကာ အပြင်လူများကို သင်၏ အမှန်တကယ်ဖြစ်သော အခြေအနေနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ပြောပြ၍မရနိုင်ချေ။ ဤသည်မှာ လူများနှင့် ဆက်ဆံရာတွင် ဒဿနိကဗေဒဆိုင်ရာ နည်းဗျူဟာတစ်ခု သို့မဟုတ် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စည်းမျဉ်းတစ်ခု ဖြစ်သည်။ သို့သော် ၎င်းသည် ဤစည်းမျဉ်းနှင့် နည်းဗျူဟာကို မည်သည့်နေရာတွင် အသုံးချခဲ့သနည်း။ ၎င်းသည် ယင်းကို ငါနှင့် ဆက်ဆံရာတွင် အသုံးချခဲ့သည်။ ငါသည် ၎င်းနှင့် ယခင်က မည်သည့်အခါမျှ မဆက်ဆံခဲ့ဖူးသော်လည်း ထိုစကားစမြည်ပြောဆိုခြင်း တစ်ခုတည်းမှနေ၍ ဤလူကို ငါ လုံးဝ နားလည်သဘောပေါက်သွားခဲ့သည်။ ၎င်းသည် လိမ်ညာစကားများ အလွန်အမင်း ပြောဆိုသည်။ ငါ့ကို ပြောလော့၊ ငါသည် သင့်ကို ထောင်ချောက်ဆင်မည့် သို့မဟုတ် သင့်ကို ဘေးအန္တရာယ်ဖြစ်စေမည့် သူတစ်ဦးလော။ ငါသည် သင် သတိထားရှောင်ရန် လိုအပ်သည့် သူတစ်ဦးလော။ (မဟုတ်ပါ။) ငါပင်လျှင် သင် သတိထားရှောင်သည့် သူတစ်ဦးဖြစ်နေပါက ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းတွင် မည်သည့် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုး ရှိသနည်း။ ထိုသို့သော သေးငယ်သည့် ကိစ္စရပ်နှင့် ပတ်သက်၍ပင် အမှန်တရားကို ပြောရန် မဝံ့ရဲခြင်း၊ အမှန်တရားကို ပြောရန် သတ္တိပင် ကင်းမဲ့ခြင်း၊ ထိုအရာကို မည်သို့သော လူစားမျိုးဟု သင် ခေါ်ဆိုမည်နည်း။ ထိုသို့သော လူသည် အလွန် လှည့်ဖြားတတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် နည်းလမ်းများနှင့် ဘာသာတရား မရှိသူများကို ဆက်ဆံသည့် စည်းမျဉ်းများကို ငါ့အပေါ် အသုံးချရန် လုံးဝ မလိုအပ်သည်မှာ မဟုတ်လော။ ငါသည် သင့်အကြောင်းကို အမှန်တကယ် သိရှိလိုသလော။ ဤသည်မှာ စကားစမြည်ပြောဆိုခြင်းမျှသာ မဟုတ်လော။ သင့်အကြောင်းကို ငါ အမှန်တကယ် သိရှိလိုလျှင်ပင် ငါသည် သင့်ကို ထောင်ချောက်ဆင်မည် သို့မဟုတ် သင့်ကို ဘေးအန္တရာယ်ဖြစ်စေမည် မဟုတ်သည့်အပြင် သင်၏ နောက်ကွယ်တွင် ယင်းကို ပြဿနာတစ်ခုအဖြစ် ဖန်တီးမည်လည်း မဟုတ်ပေ။ ထို့ကြောင့် သင်တို့ တစ်ဦးချင်းစီအတွက် ငါသည် တစ်ခါတစ်ရံ သင်တို့နှင့် စကားစမြည်ပြောဆိုသည်၊ သင်တို့ရှိရာ အရပ်တွင် ဘဝက မည်သို့ရှိသည်၊ ရာသီဥတုက မည်သို့ရှိသည်၊ ယခု သင်တို့၏ တာဝန်ကို ထမ်းဆောင်ရန် ပတ်ဝန်းကျင်က သင့်လျော်မှု ရှိမရှိ၊ မကြာသေးမီက သင်တို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အခက်အခဲ တစ်ခုခု ရှိမရှိတို့ကို မေးမြန်းသည်။ သို့တည်းမဟုတ် တရုတ်ပြည်မကြီးမှ ယခုလေးတင် ရောက်လာသူ အချို့အတွက် ထိုနေရာတွင် ပတ်ဝန်းကျင်က မည်သို့ရှိကြောင်းနှင့် လူအများစုသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် မည်သည့်အခြေအနေရှိကြောင်းတို့ကို ၎င်းတို့အား ငါ မေးမြန်းသည်။ ဤသည်မှာ ပုံမှန် စကားစမြည်ပြောဆိုခြင်းမျှသာ ဖြစ်သည်။ တစ်ဖက်တွင် ယင်းသည် ပုံမှန် လူ့သဘာဝ၏ လိုအပ်ချက်များမှ မြစ်ဖျားခံသည်။ အခြားတစ်ဖက်တွင် သင်တို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့ စကားစမြည်ပြောဆိုသည့် အရာများအားလုံးသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များဖြစ်ပြီး ကြယ်ပွင့်များ၊ နာမည်ကြီးသူများ၊ လူမှုရေး ရေစီးကြောင်းများ သို့မဟုတ် နိုင်ငံရေးကဲ့သို့သော ဘာသာတရားမရှိသူများ၏ လောကနှင့်ဆိုင်သည့် အကြောင်းအရာများကို ငါတို့ စကားစမြည် မပြောဆိုကြပေ။ သင်တို့သည် ပုံမှန် စကားစမြည်ပြောဆိုနေစဉ်တွင်ပင် သတိထားရှောင်နေရမည်ဆိုပါက သင်တို့နှင့် ငါ ဆက်၍ စကားစမြည်ပြောဆိုမည် မဟုတ်တော့ပေ။ အချို့လူများက “ကျွန်ုပ်တို့နှင့် စကားစမြည်ပြောဆိုရာတွင် ကိုယ်တော့်ထံ၌ သီးခြား ရည်ရွယ်ချက်တစ်ခု ရှိသလော၊ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် ဆက်ဆံသောအခါ ကျွန်ုပ်တို့ကို မေးခွန်းအချို့ အစဉ် မေးပါသည်၊ ကိုယ်တော်သည် တစ်စုံတစ်ခုကို သိရှိလိုသလော၊ တကယ့်အခြေအနေကို ကိုယ်တော့်အား ကျွန်ုပ် လုံးဝ မပြောပြနိုင်ပါ” ဟု အစဉ် တွေးကြသည်။ သင် ဤသို့ တွေးပါက သင်က “ကျွန်ုပ်တို့နှင့် စကားစမြည် မပြောဆိုပါနှင့်၊ ကိုယ်တော်သည် သတင်းအချက်အလက် အချို့ကို သိရှိသွားမည်ကို ကျွန်ုပ် စိုးရိမ်ပါသည်၊ ကိုယ်တော့်ကို ကျွန်ုပ် မပြောပြလိုပါ၊ ထို့ကြောင့် ထပ်မမေးပါနှင့်” ဟု ကြိုတင်၍ ပြောသင့်သည်။ သင်သည် စကားစမြည်ပြောဆိုရန် မလိုလားကြောင်းကို ငါ ကြားသည်နှင့်တစ်ပြိုင်နက် ယင်းကို ငါ လက်လွှတ်ထားလိုက်မည် ဖြစ်သည်။ ငါသည် သင်နှင့် စကားစမြည်ပြောဆိုရန် လိုအပ်သည်ဟု သင် ထင်သလော။ လူအများစုတွင် ပုံမှန် လူ့သဘာဝ မရှိကြဘဲ ထိုသို့သော လူများနှင့် စကားစမြည်ပြောဆိုရန် ငါ မလိုလားပေ။

လူ့ဇာတိခံထားသော ဘုရားသခင်သည် မည်သို့ မလှည့်ဖြားကြောင်းကို ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤပြောဆိုချက်သည် သဘောတရား အဆင့်တွင်သာ ရှိနေခြင်း မဟုတ်သည့်အပြင် စက်ရုပ်ဆန်သော ဆိုရိုးစကားတစ်ခုလည်း မဟုတ်ပေ။ ပထမဦးဆုံးအနေဖြင့် မလှည့်ဖြားခြင်းသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သော လူ့ဇာတိခံထားသော ဘုရားသခင် ပိုင်ဆိုင်သည့် အနှစ်သာရ၏ အသက်ရှင်နေထိုင်ခြင်းနှင့် ထုတ်ဖော်မှု ကဏ္ဍတစ်ခု ဖြစ်သည်။ ယင်းမှာ သဘောတရားတစ်ခု မဟုတ်ဘဲ ဆောင်ပုဒ်တစ်ခု ဖြစ်ဖို့ဆိုလျှင် သာ၍ပင် မဟုတ်ပေ။ ယင်းမှာ စစ်မှန်သော အသက်ရှင်နေထိုင်ခြင်း၊ လက်တွေ့ကျသော အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ နေ့စဉ်ဘဝတွင်ဖြစ်စေ၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး အလုပ်အကြောင်း ဆွေးနွေးသောအခါတွင်ဖြစ်စေ ငါပြောဆိုသော စကားများတွင် လှည့်ဖြားမှု လုံးဝ မပါဝင်သည့်အပြင် မုသားများ လုံးဝ မပါဝင်ပေ။ ငါသည် အမှုအရာများကို လုပ်ကြံဖန်တီးမည် မဟုတ်သည်မှာ သာ၍ပင် သေချာသည်။ ဥပမာအားဖြင့် ငါသည် အကြောင်းအရာတစ်ခုအပေါ် မိတ်သဟာယဖွဲ့နေစဉ် စကားလုံးတစ်လုံးကို မမှတ်မိသောအခါ ဤစကားလုံးကို သင်တို့ မှတ်မိခြင်း ရှိမရှိ ငါ မေးမည် ဖြစ်သည်။ တစ်ခါတစ်ရံ သင်တို့ မှတ်မိနိုင်ပြီး တစ်ခါတစ်ရံ သင်တို့ မမှတ်မိနိုင်သောကြောင့် ယင်းကို ဖော်ပြရန် အခြားစကားလုံးတစ်လုံးကို ငါ အသုံးပြုမည် သို့မဟုတ် ငါလည်း မမှတ်မိကြောင်း ပြောမည် ဖြစ်သည်။ တစ်ဖက်တွင် ငါသည် ရိုးသားသော သဘောထားတစ်ခု ရှိပြီး အမှုအရာများကို လုပ်ကြံဖန်တီးခြင်း မရှိပေ။ ငါ မေ့သွားပါက မေ့သွားကြောင်း ပြောပြီး ငါ မမှတ်မိပါက မမှတ်မိကြောင်း ပြောသည်။ အခြားတစ်ဖက်တွင် တစ်ခါတစ်ရံ ငါသည် သင့်တော်သော စကားလုံးကို ရှာမတွေ့နိုင်ခြင်း သို့မဟုတ် ငါ၏ အတွေးစဉ် ပြတ်တောက်သွားခြင်း ရှိတတ်ပြီး ထိုသို့သောအခြေအနေမျိုးတွင် ငါသည် ချောင်းဆိုးဟန်ဆောင်မည် မဟုတ်၊ သို့မဟုတ် “တံခါးဘဲလ် မြည်နေသည်၊ ငါ သွားဖွင့်လိုက်မည်” သို့မဟုတ် “ဖုန်းလာနေသည်၊ ငါ ကိုင်လိုက်မည်” ဟု ပြောမည် မဟုတ်ပေ။ ငါသည် မမှန်မကန် ပြုလုပ်မည် မဟုတ်ပေ။ သင်တို့နှင့် တေ့တေ့ဆိုင်ဆိုင် ထိတွေ့ဆက်ဆံပြီး အလုပ်အကြောင်း မိတ်သဟာယဖွဲ့သောအခါ ငါ မည်သို့ရှိသည်ဟူသည်မှာ သင်တို့ မမြင်ရသည့်အချိန်တွင် ငါ၏ နေ့စဉ်ဘဝ၌ ငါ မည်သို့ရှိသည်နှင့် အတူတူပင် ဖြစ်သည်။ ငါသည် ဤသို့သော လူစားမျိုးသာ ဖြစ်သည်။ သင်တို့၏ မျက်ကွယ်တွင် ငါ မည်သို့ရှိသည်ဟူသည်မှာ သင်တို့၏ မျက်မှောက်တွင် ငါ မည်သို့ရှိသည်ဟူသည့်အရာနှင့် တူညီသည်။ ငါသည် တစ်စုံတစ်ရာကို စားရန် နှစ်သက်ပါက ယင်းကို စားရန် နှစ်သက်ကြောင်း ငါ ပြောသည်။ ငါ မလိမ်ညာပေ။ ဥပမာအားဖြင့် ငါက “ကြက်သွန်မြိတ်နှင့် သုပ်ထားသော ပဲပြား၊ ရှာလကာရည်နှင့် သုပ်ထားသော အာလူးမျှင်များကို စားရသည်ကို ငါ နှစ်သက်သည်” ဟု ပြောသည်။ အချို့လူများက “ကျွန်ုပ် မယုံကြည်ပါ။ ယခု ကိုယ်တော်၌ မည်သည့်အရာ လိုအပ်နေနိုင်မည်နည်း။ ကိုယ်တော်သည် နေ့စဉ်နေ့တိုင်း ဝက်သားဟင်းနှင့် ဖက်ထုပ်များကို စားကောင်းစားနေမည် ဖြစ်သည်” ဟု ပြောကြသည်။ ငါက “ဝက်သားဟင်းသည် အရသာရှိသော်လည်း အလွန် ဆီများသော အရာများကို စားရခြင်းကို ငါ အမှန်တကယ် မနှစ်သက်ပေ။ နံနက်စာအတွက် ဆန်ပြုတ်တစ်ပန်းကန်နှင့် အရံဟင်းအချို့ကိုသာ ငါ စားသည်။ ယင်းမှာ ထိုမျှ ရိုးရှင်းသည်” ဟု ပြောသည်။ ဤအရာများအားလုံးသည် အမှန်တကယ်ဖြစ်သော အမှန်တရားများ ဖြစ်သည်။ စကားတစ်ခွန်းမျှ မုသား မဟုတ်ပေ။ သင်တို့ကို ငါပြောဆိုသော စကားများ၊ ငါပေးသော ဥပမာများ သို့မဟုတ် လက်တွေ့ဘဝမှ ငါဖော်ပြသော ဤအရာများကို သင်တို့က အတော်အတန် လူသားဆန်သည်၊ သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သည်ဟု ရှုမြင်သည်ဖြစ်စေ၊ အနည်းငယ် ရိုင်းစိုင်းသည်ဟု ရှုမြင်သည်ဖြစ်စေ မည်သည့်အခြေအနေတွင်မဆို ငါပြောသည့်အရာအားလုံးသည် ရိုးသားသော အမှန်တရားဖြစ်ပြီး အမှန်တရားများအပေါ် အခြေခံထားခြင်းသာ ဖြစ်သည်။ ယင်းမှာ “ငါ မည်မျှ သာမန်ဖြစ်ကြောင်း၊ လူ့ဘဝထဲသို့ ငါ မည်မျှ ဝင်ဆံ့ကြောင်း၊ ငါ မည်မျှ ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းကြောင်းကို ကြည့်လော့” ဟု သင်တို့ကို ပြသရန် မဟုတ်ပေ။ ငါ့တွင် ဤအတွေးများ အမှန်တကယ် မရှိပေ။ တစ်ခါတစ်ရံ သမ္မာတရား၏ ကဏ္ဍတစ်ခုအပေါ် မိတ်သဟာယဖွဲ့ရန် ဘဝရှိ သေးငယ်သော အရာအချို့ကို ငါ ဖော်ပြပြီး အချို့လူများက ဤသည်မှာ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုဖြစ်သည်ဟု ထင်ကြသည်။ အမှန်တကယ်တွင် ယင်းမှာ ငါ၏ ဆိုလိုရင်း အမှန်တကယ် မဟုတ်ပေ။ ထိုအရာများကို ငါ ဖော်ပြသောအခါ ငါသည် အရှိကိုအရှိအတိုင်း ပြောနေခြင်းသာ ဖြစ်သည်။ မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသော အရာတစ်ခုတလေကို ငါ မပြောပေ။ ရည်ရွယ်ချက်မှာ လူတို့ကို သမ္မာတရားအား ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်ခွင့်ပေးရန် ဖြစ်ပြီး ငါ့တွင် အခြား ရည်ရွယ်ချက်များ မရှိပေ။ ငါ၏ စကားနှင့် လုပ်ရပ်များတွင် ဂျပိုးကို လိပ်ဟုခေါ်ခြင်း၊ အခြားသူများကို ခြောက်လှန့်ရန် တစ်စုံတစ်ဦးကို စံနမူနာအဖြစ် ပြုလုပ်ခြင်း သို့မဟုတ် အခြားသူများအတွက် သတိပေးချက်တစ်ခုအဖြစ် လူတို့ကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးခြင်း စသည့်အရာများကို ငါ လုံးဝ မည်သည့်အခါမျှ လုပ်ဆောင်မည် မဟုတ်ပေ။ အတိတ်၌ ညီအစ်ကိုမောင်နှမများ နေထိုင်ရာ နေရာများသို့ ငါတို့ သွားသောအခါ ၎င်းတို့သည် ဖက်ထုပ်များ လုပ်ခြင်း၊ အသားကြော်ခြင်းနှင့် ဟင်းလျာများ ချက်ပြုတ်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေတတ်ကြသည်။ အမှန်တကယ်တွင် ငါတို့ကို ဤသို့ ဧည့်ခံဝတ်ပြုရန် မလိုအပ်ပေ။ ငါသည် ပုံမှန်အားဖြင့် ငါ၏ အစားအစာများနှင့် ပတ်သက်၍ ဤမျှ ဇီဇာကြောင်လေ့မရှိကြောင်း၊ ငါ၏ အစားအစာများသည် အထူးသဖြင့် ရိုးရှင်းပြီး ဟန်လုပ်ခြင်းကို ငါ ဂရုမစိုက်ကြောင်း ငါ ပြောသည်။ အချို့လူများသည် ငါပြောသည့်အရာကို မည်သည့်အခါမျှ မယုံကြည်ကြပေ။ ၎င်းတို့က ငါ လိမ်ညာနေသည်ဟု အစဉ် ထင်ကြသည်။ ငါ မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့ မယုံကြည်ကြပေ။ ထိုသို့သော လူများသည် အလွန် ဒုက္ခပေးတတ်ကြသည်။ ၎င်းတို့သည် လုံးဝ အကျိုးအကြောင်း မသင့်ပေ။ ယင်းမှာ ငါသည် ယုံကြည်စိတ်ချရမှု မရှိခြင်း သို့မဟုတ် ငါပြောဆိုသော စကားများတွင် မမှန်ကန်မှုများ ပါဝင်နေခြင်းကြောင့် မဟုတ်ဘဲ သင်သည် အလွန် ဆိုးညစ်သောကြောင့် ဖြစ်သည်။ ငါ မည်သည့်အရာကို ပြောသည်ဖြစ်စေ သင်သည် ယင်းကို မှန်ကန်သော နည်းလမ်းဖြင့် မခံယူနိုင်ပေ။ ငါပြောသည့် မည်သည့်အရာကိုမဆို သင်သည် သံသယရှိသော သဘောထားတစ်ခု ထားရှိပြီး ယင်းကို လွဲချော်သော နည်းလမ်းဖြင့်ပင် တွေးတောကာ ယင်းတို့အားလုံးကို လှည့်ဖြားမှုအဖြစ် ယူဆပြီး သင်သည် သတိထားရှောင်ခြင်းကိုပင် ပြုလုပ်သည်။ ငါပြောဆိုသော စကားများအားလုံးသည် ရိုးသားသော အမှန်တရားဖြစ်သည်ကို သင် မည်သည့်အခါမျှ မယုံကြည်ပေ။ ဤသည်မှာ မည်သည့် ပြဿနာမျိုး ဖြစ်သနည်း။ သင်သည် နတ်ဆိုးများနှင့် စာတန်များ၏ စကားများကို ယုံကြည်နိုင်ပါလျက် ငါ၏ စကားများကို အဘယ်ကြောင့် မယုံကြည်နိုင်သနည်း။ သို့ဆိုလျှင် ဤသို့ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သင်သည် သမ္မာတရားကို ရရှိနိုင်သေးသလော။ သမ္မာတရားသည် အနှစ်သာရမဲ့သော စကားများ သေချာပေါက် မဟုတ်ဘဲ လူတို့ အသက်ရှင်နေထိုင်သည့် အသက် လက်တွေ့ကျမှု ဖြစ်သည်။ သင်တို့ကို ငါပြောဆိုသော စကားများအားလုံးသည် လက်တွေ့ကျသော စကားများ ဖြစ်သည်။ သင်တို့သည် ယင်းတို့ကို မယုံကြည်ပါက သင်တို့သည် ဘုရားသခင်ကို မည်သို့ ယုံကြည်နိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးသည် ရိုးသားပြီး မှန်ကန်သည်။ သူသည် မည်သည့်အခါမျှ မလိမ်ညာပေ၊ မမှန်မမကန် မပြုလုပ်ပေ၊ ဟန်ဆောင်မှုများ မပြုလုပ်ပေ၊ သို့မဟုတ် သူမဟုတ်သည့်အရာအဖြစ် ဟန်ဆောင်ခြင်း မရှိပေ။ သင်တို့သည် ဤအပြုအမူ ပုံစံများကို တန်ဖိုးထားနိုင်ပါက သင်တို့သည် ဘုရားသခင်နှင့် ပတ်သက်သည့် နားလည်မှုတစ်ခု ရရှိလိမ့်မည်ဖြစ်ပြီး ထိုသို့ဖြင့်သာ သင်တို့သည် လူ့ဇာတိခံထားသော ဘုရားသခင်မှတစ်ဆင့် ဘုရားသခင်သည် သူ၏ လုပ်ရပ်များနှင့် စကားများတွင် လက်တွေ့ကျကြောင်းကို တဖြည်းဖြည်း တန်ဖိုးထားကာ သိကျွမ်းလာနိုင်ပြီး သူ ပြောဆိုသော စကားများနှင့် သူ မိတ်သဟာယဖွဲ့သော သမ္မာတရားများကို အမှန်တကယ် သဘောပေါက်နားလည်နိုင်မည် ဖြစ်သည်။ မလှည့်ဖြားခြင်း ကဏ္ဍအပေါ် ငါတို့ မိတ်သဟာယဖွဲ့ခြင်း ပြီးဆုံးပြီ ဖြစ်သည်။

ယှဉ်ပြိုင်ငြင်းခုံမှု မရှိခြင်း ကဏ္ဍအပေါ် ငါတို့ ဆက်လက် မိတ်သဟာယဖွဲ့ကြစို့။ ယှဉ်ပြိုင်ငြင်းခုံမှု မရှိခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အချေအတင် မပြောဆိုခြင်း၊ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ငြင်းခုံမှု မရှိခြင်း၊ အပြိုင်အဆိုင် မလုပ်ခြင်းနှင့် တစ်စုံတစ်ရာသော ပြောဆိုချက်တစ်ခုခုနှင့်ပတ်သက်၍ သင်နှင့် အချေအတင် မပြောဆိုခြင်းတို့ကို ဆိုလိုသည်။ သင့်ကို ငါပြောသည့်အရာကို သင် အသိအမှတ်ပြုပါက သင် လက်ခံသည်၊ သင် အသိအမှတ်မပြုပါက သင့်ကို ငါ အတင်းအကျပ် ပြုမည် မဟုတ်ပေ။ သင်၏ သဘောပေါက်နားလည်ခြင်းက လွဲချော်နေပါက သင့်ကို ငါ ဖော်ထုတ်ပြီး တည့်မတ်ပေးမည် ဖြစ်သည်။ သင်သည် ယင်းကို စင်ကြယ်စွာ သဘောပေါက်နားလည်နိုင်ပါက ယင်းမှာ အကောင်းဆုံး ဖြစ်သည်၊ သင် စင်ကြယ်စွာ သဘောပေါက်နားလည်နိုင်ခြင်း မရှိပါက ယင်းကို အတင်းအကျပ် လက်ခံစေရန် သင့်ကို ငါ ပြုလုပ်မည် မဟုတ်ပေ။ သင်သည် အမှုအရာများကို သဘာဝအတိုင်း ဖြစ်ခွင့်ပေးပြီး ယင်းကို တဖြည်းဖြည်း သိကျွမ်းလာနိုင်သည်။ ထို့အပြင် လူအချင်းချင်းကြား ထိတွေ့ဆက်ဆံမှုများ သို့မဟုတ် စကားစမြည်ပြောဆိုမှုများတွင်ဖြစ်စေ စကားပြောသောအခါ လူတို့သည် ဂုဏ်သတင်းအတွက် အစဉ် ယှဉ်ပြိုင်ငြင်းခုံကြသည်၊ အသာစီးရရန် ယှဉ်ပြိုင်ငြင်းခုံကြသည်၊ ကြွားဝါရန် ယှဉ်ပြိုင်ငြင်းခုံကြပြီး အခြားသူများ၏ အထင်ကြီးလေးစားမှုကို ရရှိရန် ယှဉ်ပြိုင်ငြင်းခုံကြသည်။ လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရသောအခါတွင်လည်း ဤနည်းလမ်းအတိုင်း မကြာခဏ ပြုမူတတ်ကြသည်။ သင်တို့သည် လူသားမျိုးနွယ်ကို ဆက်ဆံသည့် အမြင်ရှုထောင့်များဖြင့် လူ့ဇာတိခံထားသော ဘုရားသခင်ကို မဆက်ဆံသင့်ဘဲ လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တစ်တန်းတည်း မရှုမြင်သင့်ပေ။ သင် မြင်သလော၊ သင်တို့နှင့် ငါ စကားပြောသောအခါ သင်တို့အားလုံးကို သင်တို့၏ စိတ်နှလုံးထဲတွင် ရှိသည့်အရာများနှင့် ပတ်သက်၍ လွတ်လပ်စွာ ပြောဆိုခွင့်ပေးရန်နှင့် သင်တို့ သိရှိပြီး နားလည်သည့်အရာများအကြောင်း စကားစမြည်ပြောဆိုခွင့်ပေးရန် စကားပြောဟန်ကို သဘာဝကျစေရန် ငါ ကြိုးစားသည်။ သင်ပြောသည့်အရာသည် အမှန်တရားများနှင့် မကိုက်ညီခြင်း သို့မဟုတ် သိပ်ပြီး ဓမ္မဓိဋ္ဌာန်မကျခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သင့်ကို စကားပြောရန် အခွင့်အရေး ငါ ပေးဆဲဖြစ်သည်။ ငါတို့၏ ပုံမှန် စကားစမြည်ပြောဆိုခြင်းသည် တရားဝင် စုဝေးပွဲတစ်ခု မဟုတ်ပေ၊ လူတိုင်းတွင် စကားပြောဆိုခွင့် ရှိသည်။ သင်တို့အားလုံးကို ငါ့စကားကိုသာ နားထောင်စေမည် မဟုတ်ဘဲ ထိုအစား လူတိုင်းကို စကားပြောခွင့်ပေးရန် ကြိုးစားမည် ဖြစ်သည်။ တစ်ခါတစ်ရံ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုခြင်းမှတစ်ဆင့် အလုပ်ထဲရှိ ပြဿနာအချို့ကို ရှာဖွေတွေ့ရှိသောကြောင့် ငါတို့သည် ရှေ့ဆက်ပြီး ပြဿနာများကို ဖြေရှင်းကြသည်။ ပြဿနာများ မရှိပါက လူတိုင်းသည် မိမိတို့၏ စိတ်နှလုံးများကို ဖွင့်ဟပြီး စကားစမြည်ပြောဆိုနိုင်သည်၊ စိတ်အေးလက်အေးနေနိုင်ကာ ယင်းကို အပန်းဖြေမှုတစ်ခုအဖြစ်သာ သဘောထားနိုင်သည်။ ငါသည် မည်သည့် အခါသမယတွင် ရှိနေသည်ဖြစ်စေ သို့မဟုတ် မည်သည့် လူအုပ်စုနှင့် အတူရှိနေသည်ဖြစ်စေ “မည်သူ၏ အသံမျှ ငါ၏အသံထက် ပိုကျယ်ခွင့်မရှိပေ။ ငါသည် သင်တို့အားလုံးထက် သာလွန်ရမည်။ အထူးသဖြင့် ကိစ္စရပ်တစ်ခုကို ဆွေးနွေးသောအခါ ငါသည် စကားအများဆုံး ပြောရမည်ဖြစ်ပြီး ငါ၏ ထိုးထွင်းသိမြင်မှုများသည် အနက်နဲဆုံး ဖြစ်ရမည်။ အခြားမည်သူမျှ ငါ့ထက် သာလွန်၍မရပေ။ သင်သည် ငါ့ထက် သာလွန်ပါက အသာစီးရရန် သင့်ကို ငါ ယှဉ်ပြိုင်ငြင်းခုံမည်” ဟု ပြောမည် မဟုတ်ပေ။ ငါသည် ဤသို့ လုပ်ဆောင်မည် မဟုတ်ပေ။ ငါသည် မည်သည့် အခါသမယတွင်မဆို စကားပြောရမည် ဖြစ်သော်လည်း စကားအများကြီး ပြောရန် သိပ်ပြီး စိတ်အားထက်သန်ခြင်း မရှိသေးပေ။ လူတိုင်းကို စကားပြောခွင့်ပေးရန် ငါ နှစ်သက်သည်။ တစ်ခါတစ်ရံ ငါက လူတိုင်းကို “မကြာသေးမီက သင်တို့ အကတစ်ခုခု သင်ယူနေခဲ့သလော။ မည်သည့်အကများကို သင်တို့ သင်ယူပြီးဖြစ်သနည်း” ဟု မေးသည်။ တစ်စုံတစ်ဦးက စကားမှားသွားလျှင်ဖြစ်စေ၊ ၎င်းတို့ပြောသည့်အရာသည် ဓမ္မဓိဋ္ဌာန်မကျလျှင်ဖြစ်စေ၊ မတိကျလျှင်ဖြစ်စေ ယှဉ်ပြိုင်ငြင်းခုံရန် မလိုအပ်ပေ။ အချို့လူများက “တစ်စုံတစ်ဦးက ကိုယ်တော့်ကို ထိခိုက်စော်ကားလျှင် မည်သို့နည်း” ဟု ပြောကြသည်။ ငါ့ကို ထိခိုက်စော်ကားသည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ငါ့ကို လူသိရှင်ကြား ဝေဖန်ကဲ့ရဲ့သည့်၊ ငါ့ကို ကျိန်ဆဲသည့် သို့မဟုတ် ငါ့ကို ဆန့်ကျင်ပြောဆိုသည့် မည်သူနှင့်မျှ ငါ အမှန်တကယ် မကြုံတွေ့ဖူးသေးပေ။ ထိုသို့သော လူတစ်ဦး အမှန်တကယ် ရှိခဲ့ပါက ငါက ၎င်းကို “သင် အဘယ်ကြောင့် ဤသို့ လုပ်ဆောင်နေသနည်း။ သင်ပြောသည့်အရာသည် အမှန်တရားများနှင့် ကိုက်ညီသလော” ဟု မေးရမည် ဖြစ်သည်။ ၎င်း ပြောသည့်အရာ မှန်ကန်ပါက ၎င်းကို ငါ တောင်းပန်မည် ဖြစ်သည်။ မှားယွင်းပါက ၎င်းအနေဖြင့် ကိုယ့်ပြဿနာကိုယ် အသိအမှတ်ပြုနိုင်ရန်အလို့ငှာ ၎င်းနှင့်အတူ သမ္မာတရားကို ငါ မိတ်သဟာယဖွဲ့ရမည်ဖြစ်ပြီး ယင်းမှာ လုံလောက်မည် ဖြစ်သည်။ ၎င်းက ငါ့ကို အရှုံးပေးရန်နှင့် ငါသည် အကြီးအကဲဖြစ်ကြောင်း အသိအမှတ်ပြုရန် မရမကပြောလျက် ၎င်းကို ငါ ယှဉ်ပြိုင်ငြင်းခုံမည် မဟုတ်ပေ။ ထို့ကြောင့် တစ်ခါတစ်ရံ လူတိုင်း အတူတကွ စကားစမြည်ပြောဆိုနေကြသောအခါ အချို့လူများ၏ အသံများသည် ပို၍ပို၍ ကျယ်လာပြီး ဆွေးနွေးမှုက အတော်အတန် အချေအတင် ဖြစ်လာသည်၊ ၎င်းတို့ စကားပြောသည်ကို ငါ စိတ်ရှည်စွာဖြင့် နားထောင်ရုံသာ နားထောင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်မှာမူ ကွဲပြားသည်။ သင် မြင်သလော၊ အချို့လူများ အတူတကွ စကားပြောကြသောအခါ ၎င်းတို့သည် အဆုံးတွင် စကားအချေအတင် ဖြစ်ကြလေသည်။ စိတ်ထဲတွင် ၎င်းတို့သည် တစ်ဦးကိုတစ်ဦး အထင်သေးကြပြီး မည်သူက မှန်သည်၊ မည်သူက မှားသည်ကို ယှဉ်ပြိုင်ငြင်းခုံရန် မရမကပြောကာ လူတိုင်းကို ဆုံးဖြတ်ပေးရန် တောင်းဆို၍ မည်သူ့ကိုမျှ ၎င်းတို့အား ထိခိုက်စော်ကားခွင့် မပြုဘဲ အဆုံးမရှိ ယှဉ်ပြိုင်ငြင်းခုံကြသည်။ တစ်ခါတစ်ရံ အချို့လူများသည် ငါနှင့် စကားပြောသောအခါ ၎င်းတို့သည် ကြားဖြတ်ပြောကြသည်၊ စကားဖြတ်ကြသည် သို့မဟုတ် အတွေ့အကြုံနည်းသော မှတ်ချက်အချို့ကို ပေးကြပြီး ငါ့ကိုပင် ထိခိုက်စော်ကားကြသည်။ ယင်းမှာ ကြီးမားသော ကိစ္စမဟုတ်ဟု ငါ ခံစားရသည်၊ ၎င်းတို့သည် ယင်းကို တမင်တကာ လုပ်ဆောင်နေကြခြင်း မဟုတ်ပေ။ လူအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့် ဤသို့သော အပြုအမူမျိုး ရှိခြင်းသည် အလွန် ပုံမှန်ဖြစ်သည်။ ငါနှင့်အတူ ကိစ္စရပ်များကို ကိုင်တွယ်သောအခါ ငါ စကားပြောသည်ကို မစောင့်ဘဲ တိုက်ရိုက် ဆုံးဖြတ်ချက်များ ချသည့် လူများပင် ရှိကြသည်။ ငါက “ဤကိစ္စကို လူအားလုံးနှင့် မဆွေးနွေးဘဲ သင် တိုက်ရိုက် ဆုံးဖြတ်ချက်ချခဲ့သော်လည်း သင် ကိုင်တွယ်သည့် နည်းလမ်းသည် အကျိုးအကြောင်းဆီလျော်သောကြောင့် အဆင်ပြေပါသည်” ဟု ငါ့ဘာသာ တွေးမိလေသည်။ ထို့နောက် ငါ မည်သည့်အရာကိုမျှ မပြောပေ။ သင့်ကို ငါ စကားအချေအတင် ပြောခြင်း မပြုပေ၊ ဤသို့ ငါ လုပ်ဆောင်နိုင်စွမ်းရှိပြီး ဤသို့ အမှန်တကယ် လုပ်ဆောင်နေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အသင်းတော်ရှိ အတတ်ပညာဆိုင်ရာ အလုပ်၏ အမျိုးမျိုးသော ကိစ္စရပ်များနှင့် ပတ်သက်၍ ငါ့ကို မေးမြန်းပါက ထိုအချိန်တွင် စိတ်ကူးရသည့် မည်သည့်အရာကိုမဆို အခြေခံ၍ ငါ မိတ်သဟာယဖွဲ့ပြီး လမ်းညွှန်ချက်များ ပေးသည်၊ ထို့နောက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို အသိပေးပြောဆိုရန်နှင့် အကောင်အထည်ဖော်ရန် အသင်းတော်သို့ သွားကြသည်။ နောက်ပိုင်းတွင် ငါသည် အသင်းတော်သို့ သွားပြီး လူအချို့ကို တွေ့သောအခါ ၎င်းတို့ အလုပ်အကြောင်း မိတ်သဟာယဖွဲ့ချိန်တွင် ငါသည် ဘေးမှနေ၍ နားထောင်ရုံသာ နားထောင်သည်။ အမှန်တကယ်တွင် ဤအရာများအားလုံးကို ငါ သိသော်လည်း အချို့လူများက ငါ မသိဟု ထင်ကြသည်။ ၎င်းတို့က “ဤသည်မှာ လူသားများဖြစ်သည့် ကျွန်ုပ်တို့၏ ကိစ္စဖြစ်သည်၊ ယင်းသည် ကိုယ်တော်နှင့် မည်သို့မျှ မသက်ဆိုင်ပါ။ ကိုယ်တော်သည် ဘေးမှကြည့်နေသူတစ်ဦး ဖြစ်သောကြောင့် ကျွန်ုပ်တို့ စကားပြောသည်ကို ကိုယ်တော် နားထောင်ရုံသာ နားထောင်သင့်သည်” ဟု တွေးကြသည်။ ထိုအခြေအနေတွင် ငါ စကားသိပ်မပြောပေ၊ လူများနှင့် ငါ စကားအချေအတင် မပြောပေ။ သို့သော် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဤသို့ မလုပ်ဆောင်နိုင်ပေ။ အဆင့်အတန်း အနည်းငယ်ရှိသော သို့မဟုတ် တာဝန်အချို့ကို ထမ်းဆောင်ရသော မည်သူမဆိုသည် လူတို့အကြားတွင် အဆုံးသတ် ဆုံးဖြတ်ခွင့် ရှိလိုကြသည်၊ ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်လိုကြပြီး ၎င်းတို့၏ ရာထူးနေရာကို ကာကွယ်လိုကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို အလေးအနက်မထားပါက ၎င်းတို့၏ သိက္ခာ၊ ဂုဏ်နှင့် ကိုယ်ကျင့်စရိုက်တို့သည် ကြီးမားစွာ စိန်ခေါ်ခံရသည်ဟု ခံစားရလျက် ၎င်းတို့သည် အထူးသဖြင့် စိတ်အနှောင့်အယှက် ဖြစ်ကြသည်။ ဤသို့သော ကိစ္စမျိုးနှင့် ပတ်သက်၍ ငါ မည်သို့မျှ မခံစားရပေ၊ ငါ၏ စိတ်နှလုံးနှင့် စိတ်ထဲတွင် လူတို့အကြားရှိ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ဂုဏ်ဒြပ်တို့ကဲ့သို့သော အရာများကို ငါ စိတ်မဝင်စားပေ။ ငါသွားလေရာရာတိုင်းတွင် ငါ၏နောက်မှ လိုက်နေသော လူများ အစဉ်ရှိနေကာ ငါသည် အာရုံစိုက်ခံရသူကဲ့သို့ ငါ့ကို အစဉ် ဝန်းရံပြီး ပြုံတိုးနေကြပါက၊ သို့မဟုတ် လူတို့က ငါ့ကို ရိုသေလေးစားသော အသုံးအနှုန်းများဖြင့် အစဉ် ခေါ်ဝေါ်ပြီး ငါ့အပေါ် အလွန် ယဉ်ကျေးကြ၍ ငါ့ကို မြှောက်ပင့်ပြီး ငါ့ကို ထူးခြားသော လူတစ်ဦး သို့မဟုတ် အဆင့်အတန်းရှိသော အကြီးအကဲတစ်ဦးကဲ့သို့ ဆက်ဆံကြပါက ငါ အမှန်တကယ် အနေရခက်လေသည်။ သင်သည် ငါနှင့် တန်းတူညီမျှသော အနေအထားတွင် ရပ်တည်ပြီး တည်ငြိမ်စွာ စကားစမြည်ပြောဆိုပါက ငါ အတော်အတန် စိတ်အေးလက်အေး ရှိသည်ဟု ခံစားရသည်၊ သင်သည် ငါ့ရှေ့တွင် ခယရိုကျိုးနေပြီး အထူးသဖြင့် ဟန်ဆောင်မှုများ ပြုလုပ်ပါက ငါ အမှန်တကယ် အလွန် အနေရခက်လေသည်။ သို့သော် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ရာခိုင်နှုန်း တစ်ရာနီးပါးသည် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ဂုဏ်တို့၏ အတားအဆီးကို မကျော်လွှားနိုင်ကြပေ၊ ၎င်းတို့အားလုံးသည် ဤအရာများကို လိုက်စားပြီး ပျော်မွေ့ခံစားကြသည်။

ငါသည် တစ်စုံတစ်ဦးနှင့် စကားစမြည်ပြောဆိုနေသောအခါ ၎င်းတို့က အကြောင်းအရာတစ်ခုကို ထုတ်ပြောခဲ့ပြီး ၎င်းတို့၏ အကြောင်းအရာနောက်သို့ လိုက်လျက် ငါသည်လည်း အကြောင်းအရာတစ်ခုကို ထုတ်ပြောခဲ့သည်။ ၎င်းတို့က ငါသည် ၎င်းတို့နှင့် အသာစီးရရန် ယှဉ်ပြိုင်ငြင်းခုံလိုသည်ဟု မိမိတို့ဘာသာ တွေးခဲ့ကြသည်၊ ထို့ကြောင့် ငါက နောက်ထပ် အကြောင်းအရာနှစ်ခုကို ထုတ်ပြောနိုင်ခြင်း ရှိမရှိ ကြည့်ရန် ၎င်းတို့က ချက်ချင်းပင် နောက်ထပ် အကြောင်းအရာနှစ်ခုကို ထုတ်ပြောခဲ့ကြသည်။ စကားစမြည် ပြောဆိုခြင်းသည် အလုပ်လုပ်ခြင်းကဲ့သို့ လေးနက်ခြင်းနှင့် တင်းကျပ်ခြင်း မရှိကြောင်း ငါ ပြောခဲ့ပြီးဖြစ်သည်၊ ယင်းမှာ ပေါ့ပေါ့ပါးပါးမျှသာ ဖြစ်သည်။ လူတိုင်း ပျော်ရွှင်နေသရွေ့ အဆင်ပြေပါသည်၊ ယင်းတွင် ရှုပ်ထွေးမှုများစွာ မပါဝင်ပေ။ ငါသည် ရိုးရှင်းသော လူတစ်ဦး ဖြစ်သည်။ တစ်စုံတစ်ဦးက မည်သည့်အရာကို ပြောသည်ဖြစ်စေ ငါက ဝင်ပြောပြီး ထိုလမ်းကြောင်းအတိုင်း အနည်းငယ် စကားစမြည်ပြောဆိုရုံသာ ဖြစ်သော်လည်း ယင်းက အဆုံးတွင် ပြဿနာကို ဖြစ်စေခဲ့သည်။ ၎င်းတို့က မည်သည့်အရာကို ဆိုလိုခဲ့သနည်း။ ၎င်းတို့ မည်သည့် အကြောင်းအရာကို စကားစမြည်ပြောဆိုသည်ဖြစ်စေ ငါသည် ယင်းနှင့် ပတ်သက်၍ ဆက်မပြောနိုင်တော့ပေ။ ငါ ဆက်ပြောနေပါက ၎င်းတို့သည် သာလွန်ပုံပေါ်မည် မဟုတ်ဘဲ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “ကိုယ်တော်သည် အဘယ်ကြောင့် ဤမျှ နားမလည်ရသနည်း။ ကျွန်ုပ် ဆိုလိုသည့်အရာကို ကိုယ်တော် အဘယ်ကြောင့် နားမလည်သနည်း။ ကိုယ်တော်သည် မိမိကိုယ်ကို မည်သူဟုများ ထင်နေသနည်း။ ကိုယ်တော်သည် ကျွန်ုပ်နှင့် တန်းတူအနေအထားဖြင့်ပင် ဆက်ဆံလိုသေးသည်” ဟု ညည်းညူကြလိမ့်မည်။ ၎င်းတို့သည် ဤနည်းဖြင့် စကားစမြည်ပြောဆိုရန် မနှစ်သက်သည်ကို မြင်ရသဖြင့် ငါ သဘောပေါက်သွားခဲ့သည်။ ငါသည် ပုံမှန် လူ့သဘာဝ၏ နည်းလမ်းများကို အသုံးပြု၍ လူများနှင့် ထိတွေ့ဆက်ဆံသည်။ ယင်းက အလုပ်မဖြစ်ပါက ငါသည် အကျိုးအကြောင်းဆီလျော်စွာ အလျှော့ပေးမည် ဖြစ်သည်၊ လူများနှင့် ငါ ယှဉ်ပြိုင်ငြင်းခုံမည် မဟုတ်ပေ။ ဘာသာတရား မရှိသူများနှင့် သင့်မြတ်ရန် မဖြစ်နိုင်သည့်အပြင် အသင်းတော်ရှိ အချို့လူများသည်လည်း အကျိုးအကြောင်း မသင့်ကြပေ။ သင်သည် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သောအခါ မာနစိတ်ကြောင့် ၎င်းတို့သည် မည်သည့်အရာကိုမျှ ပွင့်ပွင့်လင်းလင်း မပြောသော်လည်း ၎င်းတို့အတွင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး ၎င်းတို့သည် သင်နှင့် ယှဉ်ပြိုင်ငြင်းခုံကြဦးမည် ဖြစ်သည်။ ၎င်းတို့သည် ယှဉ်ပြိုင်ငြင်းခုံခြင်းမှ မရှောင်ကြဉ်ဘဲ မနေနိုင်ကြပေ။ အဘယ်ကြောင့်နည်း။ ယင်းမှာ ၎င်းတို့၏ အသက် ဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများနှင့် မသက်ဆိုင်သော ကိစ္စရပ်များအတွက် စကားအချေအတင် စပြောရန် မလိုအပ်ပေ။ ဥပမာအားဖြင့် အရှေ့တိုင်းသားများက လက်ဖက်ရည်သောက်ခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ပြောကြပြီး အနောက်တိုင်းသားများက ကော်ဖီသောက်ခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ပြောကြသည်။ မည်သည့်အရာက အမှန်တကယ် ကျန်းမာရေးနှင့် ညီညွတ်သနည်း။ ထိုသို့သော အရာများနှင့် ပတ်သက်၍ ယှဉ်ပြိုင်ငြင်းခုံရန် မလိုအပ်ပေ။ ဤကိစ္စသည် သမ္မာတရား စည်းမျဉ်းများနှင့် မသက်ဆိုင်ပေ၊ မိမိ၏ ကိုယ်ပိုင် အကြိုက်များ၊ နေထိုင်မှု အခြေအနေများနှင့် လူနေမှုဘဝ အလေ့အထများအပေါ် အခြေခံ၍ ရွေးချယ်ရုံသာ ဖြစ်သည်။ သင့်ထံတွင် လက်ဖက်ရည်သောက်ရန် ငွေကြေးတတ်နိုင်ပါက လက်ဖက်ရည် သောက်လော့၊ သင် မတတ်နိုင်ပါက ရေကျက်အေးကို သောက်လော့။ သင် မည်သည့်အရာကို သောက်သည်ဖြစ်စေ ယင်းက သင် မည်သို့ ကျင့်ကြံပြုမူသည်ဟူသည့်အရာအပေါ် လုံးဝ မထိခိုက်ပေ။ တစ်ခါတစ်ရံ ငါတို့၏ အတွေးများနှင့် အမြင်များသည် ကွဲပြားကြသည့်တိုင် သင်နှင့် ငါ အသေးအဖွဲကိစ္စများကို ဇီဇာကြောင်၍ အငြင်းပွားနေမည် မဟုတ်ပေ၊ ငါ၏ စည်းမျဉ်းများကို ငါ လိုက်နာစောင့်ထိန်းဆဲ ဖြစ်သည်။ စည်းမျဉ်းများနှင့် မသက်ဆိုင်သော အရာများအပေါ် သင်နှင့် ငါ ယှဉ်ပြိုင်ငြင်းခုံမည် မဟုတ်ပေ။ ငါသည် မိမိကိုယ်ကို စည်းမျဉ်းများကို ခိုင်မာစွာ လိုက်နာစောင့်ထိန်းသူတစ်ဦးကဲ့သို့ ပုံပေါက်စေရန်သက်သက်အတွက် စည်းမျဉ်းများနှင့် မည်သို့မျှ မသက်ဆိုင်သော ပြောဆိုချက်တစ်ခု သို့မဟုတ် အယူဝါဒ သို့မဟုတ် သီအိုရီတစ်ခုအပေါ် သင်နှင့် အသေအလဲ စကားအချေအတင်ပြောခြင်းမျိုး လုံးဝ မည်သည့်အခါမျှ လုပ်မည်မဟုတ်ပေ။ ငါသည် ထိုသို့ လုံးဝ မည်သည့်အခါမျှ လုပ်ဆောင်မည် မဟုတ်ပေ။ တစ်ခါတစ်ရံ အချို့လူများက ငါ့ကို မေးခွန်းများ မေးသောအခါ ၎င်းတို့နှင့်အတူ စည်းမျဉ်းများအကြောင်းကို ငါ မိတ်သဟာယဖွဲ့မည်ဖြစ်ပြီး အထူး အခြေအနေများတွင် ၎င်းတို့ မည်သို့ လုပ်ဆောင်ရမည်ကို ငါ တိုက်ရိုက် ပြောပြမည် ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့က ယင်းကို လုပ်ဆောင်ရန် အခြားနည်းလမ်းတစ်ခုကို အဆိုပြုကြပြီး ယင်းက အလုပ်ဖြစ်ခြင်း ရှိမရှိ ငါ့ကို မေးကြသည်။ ၎င်းတို့ အဆိုပြုသော နည်းလမ်း၏ အကျိုးသက်ရောက်မှုသည် ငါ၏နည်းလမ်းနှင့် အတော်ပင် တူညီကြောင်းကို ကြားရသောအခါ ငါက “ယင်းကို လုပ်ဆောင်ရန် သင့်အတွက် အဆင်ပြေပြီး ဒေသခံ အခြေအနေများက သင့်လျော်ပါက သင်၏ စိတ်ကူးအတိုင်း သင် လုပ်ဆောင်နိုင်ပါသည်၊ ငါပြောခဲ့သည့်အတိုင်း သင် လုပ်ဆောင်ရန် မလိုအပ်ပါ” ဟု ပြောသည်။ ငါက “ငါ၏ စကားသည် ဥပဒေ ဖြစ်သည်၊ ငါပြောသည့်အတိုင်း ဖြစ်ရမည်ဖြစ်ပြီး သင်တို့ နားထောင်ရမည်” ဟု လုံးဝ မည်သည့်အခါမျှ ပြောမည် မဟုတ်ပေ။ သင် နားမထောင်လျှင်လည်း အဆင်ပြေပါသည်။ သင်ပြောသည့်အရာသည် အကျိုးအကြောင်းဆီလျော်ကာ ငါ အကြံပြုခဲ့သော ချဉ်းကပ်ပုံနှင့် သိပ်မကွာခြားဘဲ တူညီသော ပန်းတိုင်တစ်ခု ရှိပြီး အကျိုးသက်ရောက်မှုက အကြမ်းဖျင်း တူညီပါက သင်သည် ငါ၏ အကြံပြုချက်ကို နားမထောင်ရန် ရွေးချယ်နိုင်သည်။ သင့်ကို ငါ လုံးဝ မည်သည့်အခါမျှ အတင်းအကျပ် ပြုမည် မဟုတ်ပေ။

လွန်ခဲ့သော နှစ်အနည်းငယ်က လူအချို့သည် အစီအစဉ်တစ်ခုအတွက် အကတစ်ခုကို ကပြခဲ့ကြသည်။ ၎င်းတို့၏ လှုပ်ရှားမှုအချို့တွင် ပြဿနာအချို့ ရှိနေသည်ကို မြင်ရသဖြင့် ၎င်းတို့ကို ငါ ထောက်ပြခဲ့သည်။ ၎င်းတို့ထဲမှ အချို့သည် ဤအရာကို ကြားရသောအခါ မပျော်ရွှင်ကြဘဲ ယင်းကို လက်ခံရန် မလိုလားခဲ့ကြပေ။ ၎င်းတို့နှင့် ငါ ယှဉ်ပြိုင်ငြင်းခုံခြင်း မပြုခဲ့ပေ။ ထိုလှုပ်ရှားမှုများတွင် ပြဿနာများ ရှိမရှိကို ကြည့်ရန် ယင်းကို အကြိမ်အနည်းငယ် ဂရုတစိုက် ကြည့်ရှုဖို့ ၎င်းတို့ကို ငါ တောင်းဆိုရုံသာ တောင်းဆိုခဲ့သည်။ ငါက “ငါ ထုတ်ပြောသွားသော ပြဿနာများကို သင်တို့ မခံစားနိုင်သေးပါက သင်တို့ကို အခြားနည်းလမ်းတစ်ခု ငါ ပေးမည်။ ဤနည်းလမ်းကို စမ်းကြည့်ပြီး မည်သည့်အရာက ပိုကောင်းသည်ကို ကြည့်ရန် ယခင်နည်းလမ်းနှင့် နှိုင်းယှဉ်ကြည့်လော့” ဟု ပြောခဲ့သည်။ တကယ်တမ်းတွင် ၎င်းတို့သည် ငါ အကြံပြုခဲ့သော အခြားနည်းလမ်းအတိုင်း ယင်းကို လုပ်ဆောင်ရန် စမ်းကြည့်ခဲ့ကြပြီး ငါ၏ အခြားနည်းလမ်းက အမှန်တကယ် ပိုကောင်းသည်ဟု ခံစားခဲ့ရပြီး ထိုအခါမှသာ ယခင် အကလှုပ်ရှားမှုများတွင် ပြဿနာအချို့ ရှိနေကြောင်းကို ၎င်းတို့ ဝန်ခံခဲ့ကြသည်။ ထိုအချိန်က ၎င်းတို့သည် ယင်းကို သဘောမပေါက်နိုင်ခဲ့ကြပေ။ ယင်းမှာ ပါဝင်ပတ်သက်နေသူများထက် ဘေးမှကြည့်နေသူများက ပို၍ ရှင်းလင်းစွာ မြင်ရခြင်းကြောင့်သာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းတို့သည် ထိုလှုပ်ရှားမှုများကို အစဉ်မပြတ် လုပ်ဆောင်ခဲ့ကြသောကြောင့် ယင်းတို့တွင် ကျွမ်းကျင်လာခဲ့ကြသည်၊ ထို့ကြောင့် လှုပ်ရှားမှုအချို့ မကောင်းကြောင်း ငါပြောသည်ကို ရုတ်တရက် ကြားရသောအခါ ၎င်းတို့၏ ဂုဏ်သိက္ခာ ထိပါးသွားသည်ဟု ၎င်းတို့ ခံစားခဲ့ရကောင်း ခံစားခဲ့ရနိုင်ပြီး ယင်းကို ခဏတာ လက်မခံနိုင် ဖြစ်ခဲ့ကြသည်။ လူငယ်များ ဤသို့ဖြစ်ခြင်းသည် ပုံမှန်ဖြစ်သည်ဟု ငါ ပြောသည်။ ဤအရာကို သင်တို့ကို ပြောပြခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ပုံမှန် အခြေအနေများအောက်တွင် စည်းမျဉ်းများနှင့် မသက်ဆိုင်သော ကိစ္စရပ်များအပေါ် သင်တို့နှင့် ငါ လုံးဝ မည်သည့်အခါမျှ အချေအတင် ပြောမည်မဟုတ်ကြောင်းကို သင်တို့ကို ငါ ပြောပြလိုရုံသာ ဖြစ်သည်။ ယင်းသည် စည်းမျဉ်းနှင့်ဆိုင်သော ကိစ္စရပ်တစ်ခု ပါဝင်ပတ်သက်ပါက သင်တို့အတွက် ဖြေရှင်းချက်တစ်ခုကိုသာ ငါ ထောက်ပြမည် ဖြစ်သည်။ သင်တို့ကို ဖိနှိပ်ရန်နှင့် ငါ့စကားကို သင်တို့ နားထောင်စေရန် အဆင့်အတန်းကို ငါ အတင်းအကျပ် အသုံးပြုမည် မဟုတ်ပေ။ အခြေအနေ အများစုတွင် ငါသည် အမှုအရာများကို တဖြည်းဖြည်း ရှင်းလင်းသည်၊ ယင်းတို့ကို ဆွေးနွေးပြီး ဖြေရှင်းသည်။ ဤနည်းလမ်းများအားလုံး အလုပ်မဖြစ်ပါက လူအချို့သည် ပြုပြင်ခြင်း ခံရကောင်း ခံရရမည် ဖြစ်သည်။ သေချာသည်မှာ အချို့လူများသည် ငါ့ကို ထိခိုက်စော်ကားခဲ့သောကြောင့် ပြုပြင်ခြင်း ခံရသည် မဟုတ်ဘဲ ၎င်းတို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခဲ့ကာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ပြီး အသင်းတော်၏ အလုပ်ကို အနှောင့်အယှက်များ ဖြစ်စေခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် မည်သူမဆို အမှားတစ်ခု ပြုလုပ်သောအခါ သို့မဟုတ် ပုန်ကန်ပြီး ဆုံးမပဲ့ပြင်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း ခံရသောအခါ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ သို့မဟုတ် ဘုရားသခင်၏ အဆင့်အတန်းကို ထိခိုက်စော်ကားခဲ့သောကြောင့် မဟုတ်ပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ထိခိုက်စော်ကားခဲ့သောကြောင့် မဟုတ်ဘဲ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်ပြီး စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခဲ့သောကြောင့် ဖြစ်သည်။ တစ်ကမ္ဘာလုံးကို ကြည့်လော့၊ ဘုရားသခင်ကို ထိခိုက်စော်ကားခြင်းအတွက် မည်သူမဆို အပြစ်ဒဏ်ပေးခံရဖူးခြင်း သို့မဟုတ် လက်စားချေခံရဖူးခြင်း ရှိသလော။ မည်သူမျှ မရှိပေ။ ဤလောကတွင် ဘုရားသခင်ကို မယုံကြည်သော၊ ဘုရားသခင်ကို ကျိန်ဆဲသော၊ အဓိပ္ပာယ်မဲ့သော စကားများကို ပြောဆိုသော၊ ထို့ပြင် ရောင့်တက်သော စကားများကို ပြောဆိုသော လူများ အလွန်များပြားလှသည်။ ၎င်းတို့သည် နောက်ဆုံးတွင် အပြစ်ဒဏ်ပေးခံရသောအခါ ၎င်းတို့ထဲမှ မည်သူသည် ဘုရားသခင်ကို ထိခိုက်စော်ကားခြင်းအတွက် အပြစ်ဒဏ်ပေးခံရသနည်း။ ၎င်းတို့ထဲမှ တစ်ယောက်မျှ မဟုတ်ပေ၊ ယင်းတို့အားလုံးမှာ ၎င်းတို့သည် မရေမတွက်နိုင်သော မကောင်းမှုများကို ကျူးလွန်ခဲ့ကြသောကြောင့် ဖြစ်ပြီး ဤဒုစရိုက်အမှုများအပေါ် အခြေခံ၍ ၎င်းတို့သည် အပြစ်ဒဏ်ပေးခံရသင့်သည်။ အချေအတင် ဖြစ်စေနိုင်သော ကိစ္စရပ်များနှင့် ကြုံတွေ့ရသောအခါ ကိစ္စရပ်ကို ကိုင်တွယ်ရန် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို သင့်အား နားလည်ခွင့်ပေးလျက် သင်နှင့် ငါ ဆွေးနွေးရန် ကြိုးစားသည်။ သင့်တွင် ပိုကောင်းသော အစီအစဉ်တစ်ခု ရှိပါက သေချာပေါက် သင်သည်လည်း ယင်းကို ဖက်တွယ်ထားနိုင်သည်။ အသာစီးရရန် သင်နှင့် ငါ ယှဉ်ပြိုင်ငြင်းခုံမည် မဟုတ်သည့်အပြင် “ငါ ပြောပြီးဖြစ်သောကြောင့် ယင်းကို ငါ၏ အစီအစဉ်အတိုင်း အကောင်အထည်ဖော်ရမည်။ သင်၏ အစီအစဉ်က ကောင်းလျှင်ပင် ယင်းကို အကောင်အထည်ဖော်၍ မရနိုင်ပေ။ ဤကိစ္စတွင် ငါသာလျှင် အဆုံးသတ် ဆုံးဖြတ်ခွင့် ရှိရမည်” ဟုလည်း ငါ ပြောမည် မဟုတ်ပေ။ ငါသည် ဤသို့ လုပ်ဆောင်မည် မဟုတ်ပေ။ သင်တို့၏ အကြံပြုချက်ကို ရယူရန်နှင့် လူတိုင်း၏ အားသာချက်များကို အသုံးချရန် ငါ ကြိုးစားမည် ဖြစ်သည်။ သင်တို့ထဲမှ တစ်ယောက်မျှ မည်သည့် ထင်မြင်ချက်မျှ သို့မဟုတ် စိတ်ကူးမျှ မရှိပါက ငါသည် အဆုံးသတ် ဆုံးဖြတ်ခွင့် ရှိမည် ဖြစ်သည်၊ ဤသည်မှာ ပြောနေစရာပင် မလိုပေ။ သို့သော် ဂုဏ်သိက္ခာ၊ အဆင့်အတန်း သို့မဟုတ် မည်သူက အဆုံးသတ် ဆုံးဖြတ်ခွင့် ရသည်ဟူသည့်အရာအပေါ် သင်တို့ထဲမှ တစ်ဦးတစ်ယောက်နှင့်မျှ ငါသည် လုံးဝ မည်သည့်အခါမျှ ယှဉ်ပြိုင်ငြင်းခုံမည် မဟုတ်ပေ။ ဤနှစ်များအတွင်း သင်တို့နှင့် ထိတွေ့ဆက်ဆံပြီး ကိုင်တွယ်ဖြေရှင်းခဲ့ရာတွင် သင်တို့သည်လည်း ဤအရာကို တန်ဖိုးထားကောင်း တန်ဖိုးထားခဲ့ကြလိမ့်မည်၊ အကြိမ်များစွာ ငါသည် သင်တို့ကို အမှုအရာများ ပြောခဲ့ပြီး ငါ စကားပြောဆိုပြီးဆုံးပြီးနောက် သင်တို့တွင် ကိုယ်ပိုင် စိတ်ကူးများ ရှိခဲ့ကြကာ ငါပြောခဲ့သည့်အရာကို သင်တို့ လက်တွေ့မလုပ်ဆောင်ခဲ့ သို့မဟုတ် အကောင်အထည် မဖော်ခဲ့ကြပေ။ ထိုအခါ ယင်းကို ပို၍ အသေအချာ ရှင်းပြရန် နည်းလမ်းတစ်ခုကို ရှာဖွေဖို့ ငါ ကြိုးစားမည် ဖြစ်သည်။ သင်တို့သည် ယင်းကို လက်ခံနိုင်ပါက ယင်းမှာ သာ၍ပင် ကောင်းသည်။ သင်တို့သည် ယင်းကို လက်မခံဘဲ ယင်းက အသင်းတော်၏ အလုပ်ကို ထိခိုက်ပါက အသင်းတော်တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ရှိသည်။ သင်သည် ဖြုတ်ချခံရသင့်ပါက သင် ဖြုတ်ချခံရမည် ဖြစ်သည်၊ သင်သည် ပြုပြင်ခြင်း ခံရသင့်ပါက ပြုပြင်ခြင်း ခံရမည် ဖြစ်သည်၊ အသင်းတော်သည် သင့်ကို ကိုင်တွယ်သင့်သည့် မည်သည့်နည်းလမ်းဖြင့်မဆို ကိုင်တွယ်မည် ဖြစ်သည်။ ကိစ္စရပ်ကိုယ်တိုင်နှင့် ပတ်သက်သရွေ့ ငါ သိက္ခာဆယ်ရန် သို့မဟုတ် ငါ၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်ကို ကာကွယ်ရန် မည်သည့်အရာအပေါ်တွင်မဆို သင်နှင့် ငါ လုံးဝ မည်သည့်အခါမျှ အချေအတင်ပြောမည် မဟုတ်ပေ။ ကိစ္စရပ်၏ ဇာတ်ကြောင်းတစ်ခုလုံးနှင့် လူတို့ နားလည်သင့်သော စည်းမျဉ်းများကို အသေအချာ ရှင်းပြခြင်းအပေါ်တွင်သာ ငါ အာရုံစိုက်သည်။ သင်သည် သမ္မာတရားကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ရန်အလို့ငှာ အမှုအရာများကို ငါသည် စိတ်ရှည်စွာဖြင့် ထပ်ခါတလဲလဲ ရှင်းပြသည်။ ဤအကြောင်းအရာအပေါ် မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့ကို လူ့ဇာတိခံထားသော ဘုရားသခင်အား ပိုမိုကောင်းမွန်စွာ နားလည်ခွင့်ပေးရန် ဖြစ်သည်။ အပြင်ပန်းအားဖြင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော အသက်ရှင်နေထိုင်ခြင်းနှင့် ပတ်သက်သည့် နားလည်မှုတစ်ခု ရှိခြင်းအပြင် သင်တို့သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ အနှစ်သာရ၊ စိတ်သဘောထား၊ အတွေးများနှင့် အမြင်ရှုထောင့်များနှင့် ပတ်သက်၍လည်း နောက်ထပ် နားလည်မှုတစ်ခု ရရှိနိုင်သည်။ ယှဉ်ပြိုင်ငြင်းခုံမှု မရှိခြင်း အကြောင်းအရာအပေါ် ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့ ပါဝင်ပတ်သက်သောအခါ လူ့ဇာတိခံထားသော ဘုရားသခင် လိုက်နာသော စည်းမျဉ်းမှာ လူများနှင့် အချေအတင် မပြောရန်၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာ သို့မဟုတ် ဂုဏ်သတင်းအတွက် လူများနှင့် အသာစီးရဖို့ ယှဉ်ပြိုင်ငြင်းခုံခြင်း မပြုရန်ဖြစ်သည်။ ဤအရာများအပေါ် အခြားသူများနှင့် အသာစီးရရန် ယှဉ်ပြိုင်ငြင်းခုံရန် ဉာဉ်ပါခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ထင်ရှားသော သရုပ်သကန်တစ်ခု အတိအကျပင် ဖြစ်သည်။ ထို့ကြောင့် ယှဉ်ပြိုင်ငြင်းခုံမှု မရှိခြင်းသည် လူ့ဇာတိခံထားသော ဘုရားသခင်၏ လူ့သဘာဝ အနှစ်သာရက လူသားမျိုးနွယနှင့် ကွဲပြားသည့် နေရာလည်းဖြစ်ပြီး ယင်းမှာ လူတို့ နားလည်သင့်သော အကြောင်းအရာ၏ ကဏ္ဍတစ်ခု ဖြစ်သည်။

ယခု ငါတို့သည် ယှဉ်ပြိုင်ငြင်းခုံမှု မပြုခြင်း ကဏ္ဍနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို ပြီးစီးပြီဖြစ်ရာ မတိုက်ခိုက်ခြင်း ကဏ္ဍနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကြစို့။ မတိုက်ခိုက်ခြင်းသည် ယှဉ်ပြိုင်ငြင်းခုံမှု မပြုခြင်းနှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူသော်လည်း ကွဲပြားမှုအချို့လည်း ရှိသည်။ ယှဉ်ပြိုင်ငြင်းခုံမှု မပြုခြင်း၏ ထိုသရုပ်သကန်များ ရှိသည့်အပြင် လူ့ဇာတိခံထားသော ဘုရားသခင်တွင် မတိုက်ခိုက်ခြင်း ကဏ္ဍ၌ လက်တွေ့ကျသော အသက်ရှင် နေထိုင်မှုနှင့် ထုတ်ဖော်ချက်အချို့လည်း ရှိသည်။ ဤအသက်ရှင် နေထိုင်မှုနှင့် ဤထုတ်ဖော်ချက်များမှတစ်ဆင့် လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ လူ့သဘာဝ အနှစ်သာရနှင့်ဆိုင်သော ကဏ္ဍတစ်ခုကို ပို၍ ကောင်းမွန်စွာ နားလည်နိုင်ကြသည်။ မတိုက်ခိုက်ခြင်းဟူသည့် ဤကဏ္ဍတွင် ယေဘုယျအားဖြင့် အဘယ်အရာ ပါဝင်သနည်း။ ယင်းတွင် လူများနှင့် ဆက်ဆံခြင်းနှင့် ပေါင်းသင်းခြင်းတို့ ပါဝင်နေဆဲဖြစ်သည်။ လူများနှင့် ဆက်ဆံခြင်းနှင့် ပေါင်းသင်းခြင်းအတွက် လူ့ဇာတိခံထားသော ဘုရားသခင်၏ စည်းမျဉ်းမှာ လူတို့ကို တရားမျှတစွာ ဆက်ဆံရန်၊ အမှုအရာများကို စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန်နှင့် သူ၏ စိတ်နှလုံးထဲတွင်ဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ လူများအပေါ် စိတ်ပိုင်းဆိုင်ရာ ပရိယာယ်များ မသုံးရန် သို့မဟုတ် လှည့်ကွက်များ အသုံးမပြုရန် ဖြစ်သည်။ လူများနှင့် ဆက်ဆံပြီး အချို့သော အကြောင်းအရာများကို ဆွေးနွေးသည့်အခါ “ထိုအရာနှင့်ပတ်သက်၍ ကိုယ်တော်က မည်သည့်အရာကို ဆိုလိုသနည်း။ ကိုယ်တော်က ငါ့ကို တမင်တကာ ပစ်မှတ်ထားနေခြင်းလော။ ကိုယ်တော်၏ စကားများတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်တစ်ခု ရှိသလော။ နောက်ကွယ်တွင် ဖြစ်ပျက်နေသော အခြားအရာတစ်ခုခု ရှိသလော။ ကိုယ်တော့်ကို မည်သို့ စကားပြောရမည်၊ ငါ မည်သို့သောသူဖြစ်သည်ကို ကိုယ်တော့်အား မည်သို့ ပြသရမည်၊ သို့မဟုတ် ကိုယ်တော်နှင့် မည်သို့ တိုက်ခိုက်ရမည်ကို ငါ စဉ်းစားရမည်” ဟု သူသည် မိမိ၏ စိတ်နှလုံးထဲတွင် လုံးဝ မည်သည့်အခါမျှ စဉ်းစားဆင်ခြင်မည် မဟုတ်ပေ။ သင်တို့နှင့် ငါ ဆက်ဆံပြီး စကားပြောသည့်အခါ ငါ့တွင် ဤအတွေးများ မရှိပေ။ တစ်ဖက်လူက တမင်တကာ တိုက်ခိုက်လိုလျှင်ပင် ငါသည် ၎င်းနှင့် လုံးဝ တိုက်ခိုက်မည် မဟုတ်ပေ။ တစ်ဖက်လူသည် အခြေအနေမှန်ကို သိရှိလိုသော သို့မဟုတ် ငါ့ကို တိုက်ခိုက်ရာတွင် အသုံးပြုဖို့ တစ်စုံတစ်ခုကို အခွင့်ကောင်းယူလိုသော ဘာသာတရား မရှိသူတစ်ဦး ဖြစ်လျှင်ပင် ငါသည် အမှုအရာများကို စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ဆဲဖြစ်သည်။ ငါသည် ၎င်းနှင့် မတိုက်ခိုက်ပေ၊ ငါ လုပ်သင့်သည့်အရာကို လုပ်ပြီး ငါ ပြောသင့်သည့်အရာကို ပြောသည်။ ငါသည် မိမိ၏ စည်းမျဉ်းများနှင့် ငါ ကျင့်ကြံပြုမူခြင်းအတွက် ငါ၏ စည်းများနှင့်အညီ ပြုမူပြီး စကားပြောသည်။ အတိုချုပ်ဆိုရလျှင် မည်သူပင်ဖြစ်စေကာမူ ငါသည် ၎င်းတို့နှင့် မတိုက်ခိုက်ပေ။ ဥပမာအားဖြင့် ငါက တစ်စုံတစ်ဦးကို “ယခုလတွင် ဧဝံဂေလိတရား ဟောကြားခြင်း၏ ရလဒ်များ မည်သည့်အခြေအနေ ရှိသနည်း” ဟု မေးသည်။ ၎င်းက “ယခုလတွင် ဧဝံဂေလိတရား ဟောကြားခြင်း အခြေအနေနှင့်ပတ်သက်၍ ကိုယ်တော်သည် အဘယ်ကြောင့် ရုတ်တရက် မေးနေသနည်း။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ငါ၏ နောက်ကွယ်တွင် ငါနှင့်ပတ်သက်သော ပြဿနာတစ်ခုခုကို တစ်စုံတစ်ဦးက တိုင်ကြားထားသလော။ ကိုယ်တော်က ငါ၏ အခြေအနေနှင့်ပတ်သက်သည့် အမှန်တရားကို သိရှိရန် ကြိုးစားပြီး ငါ့ကို ဖြုတ်ချမည်လော” ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့ အဘယ်ကြောင့် ဤသို့ တွေးကြမည်နည်း။ ဤသို့မေးရာတွင် ငါ့၌ အန္တိမ ကြံရွယ်ချက်တစ်ခု ရှိသလော။ ဖုံးကွယ်ထားသော အဓိပ္ပာယ်တစ်ခု ရှိသလော။ (မရှိပါ။) ၎င်းတို့က တိုက်ခိုက်လိုကြသဖြင့် ငါ၏ စကားများတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်တစ်ခု ရှိသည်ဟု ခံစားကြရသည်၊ သို့မဟုတ် ၎င်းတို့သည် နောက်ကွယ်တွင် မကောင်းသောအရာအချို့ကို လုပ်ဆောင်ထားပြီး အပြစ်ရှိသည်ဟု ခံစားနေရသောကြောင့် ငါ စကားပြောရာတွင် အန္တိမ ကြံရွယ်ချက်တစ်ခု ရှိရမည်ဟု ခံစားကြရသည်။ အမှန်တွင် ယခုလ၌ ဧဝံဂေလိတရား ဟောကြားခြင်း မည်သည့်အခြေအနေ ရှိသည်ကို ငါ မေးသောအခါ ထိုစကားသည် အပေါ်ယံတွင် ပြောထားသည့်အတိုင်း အတိအကျ အဓိပ္ပာယ်ရပြီး အခြားသော အဓိပ္ပာယ် မရှိပေ။ ငါ့တွင် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသည့်အပြင် ယင်းကို ဆင်ခြေတစ်ခုအဖြစ် အသုံးပြုလျက် သင့်ကို ပြုပြင်ရန်နှင့် ဖြုတ်ချရန် တစ်စုံတစ်ခုကို အပြစ်ရှာနိုင်ဖို့အလို့ငှာ သင့်ကို အမှန်အတိုင်း ဖွင့်ပြောစေရန်၊ ယခုလတွင် ရလဒ်များ မကောင်းကြောင်း ဝန်ခံစေရန်၊ သို့မဟုတ် မကြာသေးမီက ဧဝံဂေလိတရား ဟောကြားခြင်း မည်သည့်အခြေအနေ ရှိခဲ့ကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောစေရန် ငါ ကြိုးစားနေခြင်းလည်း မဟုတ်ပေ။ ထိုအစား ငါသည် အသင်းတော်၏ အလုပ် အခြေအနေကို သိရှိရန်နှင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ရှိနေသော ပြဿနာများကို ဖြေရှင်းရန် သင့်အား ကူညီပေးဖို့ လက်တွေ့ကျသော နည်းလမ်းဖြင့် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် သင်သည် ငါ၏ စကားများကို အမြဲတစေ အဓိပ္ပာယ်ကောက်လိုပြီး ငါနှင့် အမြဲတစေ တိုက်ခိုက်လိုပါက ငါ သင့်ကို မေးမည် မဟုတ်ပေ။ ငါသည် အခြားလူများကို မေးနိုင်သည်။ အခြေအနေအမှန်ကို သိရှိနိုင်မည့်သူ၊ ပုံမှန် စကားပြောဆိုနိုင်သူ၊ သာမန်အတိုင်း ပုံမှန်ပြောဆိုနိုင်မည့်သူ၊ သာမန်လူတစ်ဦးကဲ့သို့ ပြောဆိုနိုင်မည့်သူနှင့် အမှန်တရားကို ပြောပြမည့်သူ မည်သူ့ကိုမဆို ငါ ရှာဖွေတွေ့ရှိနိုင်ပါက ထိုသူထံသို့ ငါ သွားမည်။ သင်သည် အရာရာတိုင်းကို ပြဿနာရှာပြီး အလွန် လက်ပေါက်ကပ်လွန်းသည်။ သင်သည် သံသယလွန်ကဲလွန်းပြီး သင်၏ စိတ်က အလွန် ရှုပ်ထွေးလွန်းသောကြောင့် သင်နှင့် ငါ စကားပြောမည် မဟုတ်ပေ။ ဤသည်မှာ လူများနှင့် ဆက်ဆံခြင်းနှင့် စကားပြောခြင်းအတွက် ငါ၏ စည်းမျဉ်း ဖြစ်သည်။ ယင်းမှာ ရိုးရှင်းသည်ဟု သင်တို့ ဆိုမည်လော။ (ဟုတ်ပါသည်၊ ယင်းမှာ ရိုးရှင်းပါသည်။) ဥပမာအားဖြင့် တစ်စုံတစ်ဦးက ဇိမ်ခံ အပျော်စီးသင်္ဘောတစ်စင်းပေါ် ရောက်ဖူးကြောင်း ငါ့ကို ကြွားလုံးထုတ်ခဲ့သည်။ ငါက “ငါသည် ဇိမ်ခံ အပျော်စီးသင်္ဘောတစ်စင်းပေါ် အမှန်တကယ် မရောက်ဖူးပေ။ သင်တို့သည် သူဌေးများ ဖြစ်ကြသည်၊ သင်တို့သည် အတွေ့အကြုံ ကြွယ်ဝကြသည်” ဟု ပြောခဲ့သည်။ ဤစကားများသည် ဒေါသဖြင့် ပြောသော စကားများ မဟုတ်သကဲ့သို့ တဇောက်ကန်းဖြစ်ခြင်းကြောင့် ပြောဆိုခြင်းလည်း မဟုတ်ပေ။ ငါ တစ်ခါမျှ မရောက်ဖူးသောကြောင့် ရိုးသားသော အမှန်တရားကို ငါ ပြောခြင်းဖြစ်သည်။ ငါ ဟန်ဆောင်မှုများ မပြုလုပ်ပေ။ ထိုသို့သော လူတစ်ဦးနှင့် ကြုံတွေ့ရသောအခါ ငါသည် နောက်ဆုတ်ပေးပြီး ၎င်းတို့နှင့် လုံးဝ မတိုက်ခိုက်ပေ။ တရုတ်လူမျိုး အချို့သည် ငါ့ကို အမြဲတစေ အင်္ဂလိပ်လို စကားပြောကြပြီး ငါ ယခင်က မကြားဖူးသော စကားလုံးအချို့ကို အသုံးပြုကြသည်။ ငါ မကြားဖူးသည်ကို မြင်သောအခါ ၎င်းတို့က ပို၍ပင် အားတက်သရော ကြွားဝါကြလေသည်။ “ကိုယ်တော် မသိသောအရာများကို ငါ အထူးတလည် ပြောမည်။ ကိုယ်တော် ငါ့ကို နားမလည်နိုင်စေရန်၊ ကိုယ်တော် အားကျပြီး မနာလိုဖြစ်စေရန်နှင့် ကိုယ်တော် ဒေါသထွက်စေရန် ငါ သေချာပေါက် လုပ်ဆောင်မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ တိုက်ခိုက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ငါက “သင် အသုံးပြုခဲ့သော စကားလုံးများကို ငါ မကြားဖူးပေ။ သင်၏ အင်္ဂလိပ်စာသည် အတော်လေး ကောင်းမွန်သည်” ဟု ပြောသည်။ အချို့လူများသည် ကိုယ်ရည်သွေးရန်နှင့် လူများကို အထင်သေးရန် နှစ်သက်ကြပြီး အမြဲတစေ သာလွန်သူများကဲ့သို့ ပြုမူလျက် မိမိတို့သည် ထူးခြားသူများဖြစ်သည်ဟု တွေးကာ မိမိတို့သည် စွမ်းဆောင်နိုင်ပြီး အခြားသူများထက် တစ်ပန်းသာသည်ဟု ခံစားကြရသည်။ ထိုသို့သော လူများနှင့် ကြုံတွေ့ရသောအခါ ငါသည်လည်း ၎င်းတို့ကို မှန်ကန်စွာ ဆက်ဆံနိုင်သည်။ သင်သည် ကိုယ်ရည်သွေးရသည်ကို နှစ်သက်ပါက သင့်ကို အပြည့်အဝ ကြွားဝါခွင့် ငါ ပေးမည်။ ငါသည် သင့်ကို ကြားဖြတ်နှောင့်ယှက်မည် မဟုတ်ပေ၊ သင်နှင့် တိုက်ခိုက်ရန်မှာ သာ၍ပင် ဝေးသေးသည်။

နေရာတိုင်းတွင် တိုက်ခိုက်ရခြင်းကို နှစ်သက်သော လူများကို မြင်တွေ့နိုင်သည်။ လူအုပ်စုများ ရှိသည့် မည်သည့်နေရာတွင်မဆို တိုက်ခိုက်ရခြင်းကို နှစ်သက်သူများ ရှိလိမ့်မည်။ ၎င်းတို့သည် အခြားသူများနှင့် မကြာခဏ ယှဉ်ပြိုင်ငြင်းခုံပြီး တိုက်ခိုက်ကြကာ စကားတစ်ခွန်း၊ ပစ္စည်းတစ်ခု သို့မဟုတ် ကိစ္စတစ်ခုအတွက် တိုက်ခိုက်ကြလိမ့်မည်။ ဤကဲ့သို့သော လူများကို ငါ မြင်တွေ့ခဲ့ရသည်မှာ အလွန်များပြားလှပြီဖြစ်သည်။ သို့သော် ငါသည် လူများနှင့် မတိုက်ခိုက်ပေ။ ငါ အဘယ်ကြောင့် မတိုက်ခိုက်သနည်း။ အကြောင်းမှာ တိုက်ခိုက်ခြင်းသည် ငါ၏ သဘာဝတွင် လုံးဝ မရှိသောကြောင့် ဖြစ်သည်။ အသင်းတော်တွင် ငါနှင့် ဆက်ဆံပြီး စကားပြောသည့်အခါ စိတ်ပိုင်းဆိုင်ရာ ပရိယာယ်များ အစဉ် အသုံးပြုတတ်သော လူများစွာလည်း ရှိသည်။ ၎င်းတို့က “ကိုယ်တော် မည်သည့်အရာကို ဆိုလိုနေသနည်း။ ကျွန်ုပ်၏ နောက်ကွယ်တွင် ကျွန်ုပ်၏ မကောင်းသော အပြုအမူတစ်ခုခုကို ကိုယ်တော် သိရှိသွားသလော။ ကိုယ်တော် ကျွန်ုပ်ကို ဖြုတ်ချမည်လော”၊ “ကိုယ်တော် အဘယ်ကြောင့် ဤသို့ ပြောနေသနည်း။ ကိုယ်တော် အရိပ်အမြွက် ပြောနေခြင်းလော။ ကိုယ်တော် ပြောနေသည့်အရာတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်တစ်ခုခု ရှိသလော။ ကိုယ်တော် ကျွန်ုပ်ကို တစ်စုံတစ်ရာ လုပ်ဆောင်စေရန် ကြိုးစားနေခြင်းလော” ဟု အမြဲတစေ ခန့်မှန်းတွေးဆကြသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက တီရှပ်တစ်ထည် ဝတ်ဆင်ထားပြီး ငါက “သင်၏ တီရှပ်အရောင်သည် အတော်လေး လှပသည်။ ယင်းက သင့်ကို အေးမြစေသလော။ ယင်းမှာ ချည်သားလော” ဟု ပြောခဲ့သည်။ ဤသည်မှာ အလွန် ပုံမှန်ဖြစ်ပြီး သာမန်ဖြစ်သော စကားတစ်ခွန်း မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအခါ ထိုသူက “ကိုယ်တော်လည်း တစ်ထည် လိုချင်သောကြောင့် ဤသို့ မေးနေခြင်းလော။ ဤသည်မှာ အရာရှိများက သာမန်လူများထံမှ ပစ္စည်းများကို တောင်းဆိုလေ့ရှိသည့် ပုံစံမဟုတ်လော။ ၎င်းတို့သည် ပွင့်ပွင့်လင်းလင်း မတောင်းဆိုဘဲ သွယ်ဝိုက်သောနည်းဖြင့် ပြောဆိုကြပြီး လူများကို အရိပ်အမြွက် နားလည်စေကာ ပစ္စည်းများကို ၎င်းတို့၏ တံခါးဝသို့ မိမိတို့သဘောဆန္ဒအလျောက် လာပို့စေကြသည်။ ထိုနည်းအားဖြင့် နောက်ပိုင်းတွင် ပြဿနာပေါ်လာပါက ၎င်းတို့က မတောင်းဆိုခဲ့ကြောင်းနှင့် ယင်းမှာ ခြိမ်းခြောက်ငွေညှစ်ခြင်း မဟုတ်ကြောင်း ပြောဆိုနိုင်သည်။ ဤသည်မှာ ဘုရားသခင် ဆိုလိုနေသည့်အရာလော။ ယင်းမှာ ကိုယ်တော် ဆိုလိုသည့်အရာဖြစ်ပါက ကျွန်ုပ်သည် တီရှပ်အချို့ကို အမြန်ဝယ်ပြီး ပို့ပေးရမည်” ဟု မိမိဘာသာ တွေးလေသည်။ ဤသို့ တွေးပြီးနောက် ၎င်းသည် တီရှပ်အချို့ကို ဝယ်ယူကာ ငါ့ထံ ပို့ပေးခဲ့သည်။ အင်္ကျီလှသည်ဟု ငါ ပြောသောကြောင့် ငါ တစ်ထည် လိုချင်သည်ဟု ၎င်းက ထင်သွား၏။ အမှန်တွင် ငါ အမှန်တကယ် မလိုချင်ခဲ့ပေ၊ ငါ စကားစမြည်ပြောရုံသာ ဖြစ်သည်။ ငါ အမှန်တကယ် လိုချင်ခဲ့ပါက တိုက်ရိုက် ပြောဆိုမည်သာ ဖြစ်သည်။ လူများကို အရိပ်အကဲဖမ်းစေမည် လုံးဝ မဟုတ်ပေ။ ထို့ကြောင့် ငါသည် အင်္ကျီများကို လက်မခံနိုင်ခဲ့ဘဲ ယင်းတို့ကို အမြန် ပြန်ပို့ခိုင်းခဲ့သည်။ ငါ့တွင် ဝတ်စရာ အဝတ်အစား မရှားပါးပေ။ ငါ ဝတ်ဆင်သည့်အရာနှင့်ပတ်သက်၍ ငါ၏ ကိုယ်ပိုင် နှစ်သက်မှုများ ရှိပြီး အခြားမည်သူမျှ ယင်းကို နားလည်နိုင်မည် မဟုတ်ပေ။ ယင်းမှာ ရှင်းလင်းသလော။ (ဟုတ်ပါသည်။) ငါသည် လူများနှင့် စကားပြောသောအခါ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုရာတွင်ပင် အလွန် တိကျပြီး လေးနက်စွာ ပြောဆိုသည်။ မကြာခဏဆိုသလို ရှုပ်ထွေးသော စိတ်ရှိသူအချို့သည် ငါ ပြောသည့်အရာကို လွဲမှားစွာ အဓိပ္ပာယ်ကောက်ကြပြီး ငါ၏ စကားများတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်တစ်ခုခု ရှိမရှိ ခန့်မှန်းတွေးဆကာ ရန်လိုလာတတ်ကြသည်။ သင်တို့ကို တစ်စုံတစ်ရာ ရှင်းလင်းစွာ ပြောပြပါရစေ၊ ငါ့တွင် မည်သူနှင့်မျှ တိုက်ခိုက်ရန် ရည်ရွယ်ချက် လုံးဝ မရှိပေ။ ငါ စကားပြောသောအခါ ငါ ပြောဆိုသည့်အရာသည် ငါ၏ စကားများ၏ တိုက်ရိုက်အဓိပ္ပာယ် အတိအကျပင် ဖြစ်သည်။ ငါ ပြောသည့်အရာတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ် လုံးဝ မရှိပေ။ ထို့ကြောင့် သင် ငါနှင့် စကားစမြည်ပြောဆိုသောအခါ ငါ ပြောသည်ကို သင် ကြားရသမျှသည် ယင်း၏ အဓိပ္ပာယ် အတိအကျပင် ဖြစ်သည်။ ယင်းကို အလွန်အကျွံ အဓိပ္ပာယ်မကောက်နှင့်၊ အလွန်အကျွံ မတွေးနှင့်၊ စိတ်ပိုင်းဆိုင်ရာ ပရိယာယ်များ မသုံးနှင့်။ ငါ့ကို စမ်းသပ်ရန် သို့မဟုတ် ငါနှင့်ပတ်သက်၍ ခန့်မှန်းတွေးဆရန် လှည့်ကွက်များ အသုံးပြုခြင်းဆိုလျှင် သာ၍ပင် မလုပ်နှင့်။ ငါ ပြောသော စကားများသည် အရိုးရှင်းဆုံးနှင့် အရှင်းလင်းဆုံး ဖြစ်သည်။ ပုံမှန် တွေးခေါ်မှု အနည်းငယ်ရှိသူ မည်သူမဆို ငါ ပြောသည့်အရာကို နားလည်နိုင်သည်။ သင် မတိုက်ခိုက်ပါက ငါတို့ အဆင်ပြေရန်နှင့် ကိစ္စရပ်များကို ကိုင်တွယ်ရန် လွယ်ကူလိမ့်မည်။ သင့်ကို တစ်စုံတစ်ရာ လုပ်ဆောင်ရန် ငါ ညွှန်ကြားသောအခါ ငါသည် အမှုအရာများကို မရှုပ်ရှုပ်အောင် မလုပ်ပေ၊ သင်သည် ငါ ပြောသည့်အတိုင်း အတိအကျ လုပ်ဆောင်ရန်သာ လိုအပ်သည်။ သင် တိုက်ခိုက်ပါက အမှုအရာများကို နှောင့်နှေးစေရုံသာ ရှိလိမ့်မည်ဖြစ်ပြီး သင့်အပေါ် အလွန်အမင်း မနှစ်မြို့သည့် ခံစားချက်တစ်ခုကို ငါ ခံစားရလိမ့်မည်။ ငါက “သင်သည် တိုက်ခိုက်ရခြင်းကို နှစ်သက်သည်၊ အလွန်အမင်း ရှုပ်ထွေးသော စိတ်ရှိပြီး ပွင့်လင်းမှု မရှိပေ။ သင့်ကဲ့သို့သော လူများနှင့် ဆက်ဆံခြင်း သို့မဟုတ် စကားပြောခြင်းကို ငါ မနှစ်သက်ပေ။ သင်နှင့် စကားစမြည်ပြောဆိုခြင်း သို့မဟုတ် ဆက်ဆံခြင်းထက် ငါ၏ အိမ်မွေးခွေးနှင့် ကစားခြင်းကို ငါ ပိုနှစ်သက်သည်။ သင်သည် ဤလူ၊ ထိုလူနှင့် တစ်နေ့လုံး တိုက်ခိုက်နေသည်၊ ယင်းမှာ ငါ နှစ်သက်သည့် လုပ်ဆောင်မှု မဟုတ်ပေ။ သဘာဝအရ ငါသည် အမှုအရာများကို ပြောဆိုပြီး လုပ်ဆောင်သောအခါ အရှိအတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုသည်၊ လူများနှင့် ငါ မတိုက်ခိုက်ပေ” ဟု ပြောမည်ဖြစ်သည်။ သင် လုံးဝ မတိုက်ခိုက်ရပေ။ သင် အမြဲတစေ တိုက်ခိုက်နေပါက သင်၏ တည်ကြည်မှုကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ငါ၏ စိတ်နှလုံးထဲတွင် သင်သည် အရေးပါလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ရာနှင့်ပတ်သက်၍ မေးမြန်းခံရသောအခါ အမှန်တရားကိုသာ ပြောလော့။ ထိုအချိန်တွင် စိတ်ထဲပေါ်လာသမျှကို ပြောပြီး သင် မှတ်မိနိုင်သလောက် ပြောလော့။ တစ်စုံတစ်ရာနှင့်ပတ်သက်၍ ငါ အဘယ်ကြောင့် သိရှိလိုသည်၊ ယင်းနှင့်ပတ်သက်၍ သင် အမှန်တရားကို ပြောပါက မည်သည့် ဆိုးကျိုးများ ရှိမည်၊ သို့မဟုတ် ယင်းက သင်၏ အဆင့်အတန်း သို့မဟုတ် သင့်ကို အထက်က မည်သို့ ရှုမြင်သည်ဟူသည့်အပေါ် သက်ရောက်မှု ရှိမရှိကို အမြဲတစေ ဆင်ခြင်တွေးတောခြင်း မပြုနှင့်။ ဤအရာများကို သင် အမြဲတစေ ဆင်ခြင်တွေးတောနေပါက သင်သည် ဒုက္ခရောက်နေသည်ကို တွေ့ရလိမ့်မည်။ သင့်ကို ငါ ပြောနေသည်၊ ရိုးသားစွာ ပြောဆိုလော့၊ စိတ်ကစားမှုများ မပြုလုပ်နှင့် သို့မဟုတ် လှည့်ကွက်များ အသုံးမပြုနှင့်။ သင်သည် မှားယွင်းသောအရာ တစ်ခုခုကို လုပ်ဆောင်ထားလျှင်ပင် အမှန်တရားကို ပြောသင့်ပြီး ယင်းကို မဖုံးကွယ်သင့်ပေ။ သင်သည် သင်၏ တာဝန်များအတွက် မသင့်တော်လျှင်ပင် ဘုရားအိမ်တော်သည် သင့်ကို စည်းမျဉ်းများနှင့်အညီသာ ဖြုတ်ချမည်ဖြစ်ပြီး သင့်အပေါ် အမုန်းတရား ထားရှိမည် မဟုတ်ပေ။ သို့သော် သင်သည် အခြေအနေမှန်ကို အမြဲတစေ ဖုံးကွယ်ပြီး ငါနှင့် စကားပြောသည့်အခါ စိတ်ပိုင်းဆိုင်ရာ ပရိယာယ်များကို အမြဲတစေ အသုံးပြုပါက သင် ဖြုတ်ချမခံရလျှင်ပင် ငါ၏ စိတ်ထဲ၌ သင့်ကို အလွန်အမင်း မနှစ်မြို့ဖြစ်လိမ့်မည်။ သင့်အကြောင်း ငါ တွေးမိတိုင်း ရွံရှာမှုကို ခံစားရလိမ့်မည်ဖြစ်ပြီး သင့်ကို ငါ အသုံးပြုရပါက ငါ့အတွက် ဝမ်းမြောက်မှု ဖြစ်စေမည် မဟုတ်ပေ။ သို့ဆိုလျှင် သင်တို့ မည်သည့် လမ်းကြောင်းကို ရွေးချယ်မည်နည်း။ (ကျွန်ုပ်တို့ အမှန်အတိုင်း ပြောပါမည်။) မှန်ပေသည်။ စိတ်ပိုင်းဆိုင်ရာ ပရိယာယ်များကို မည်သည့်အခါမျှ အသုံးမပြုနှင့်။ မည်သည့်အချိန်တွင်မဆို ရိုးသားသော စကားများ ပြောဆိုခြင်း၊ ရိုးသားသော အမှုအရာများ လုပ်ဆောင်ခြင်းနှင့် အမှန်တရားကို ပြောဆိုခြင်းသည် သင် ကျင့်ကြံပြုမူခြင်းအတွက် စည်း ဖြစ်သင့်ပြီး သင် ကျင့်ကြံပြုမူရာတွင် လိုက်နာသင့်သည့် အခြေခံအကျဆုံး စည်းမျဉ်းလည်း ဖြစ်သင့်သည်။ စိတ်ပိုင်းဆိုင်ရာ ပရိယာယ်များကို အမြဲတစေ အသုံးမပြုနှင့်။ အထူးသဖြင့် ငါနှင့် စကားပြောသောအခါ သို့မဟုတ် ငါနှင့် ကိစ္စရပ်များကို ကိုင်တွယ်သောအခါ သင်သည် စိတ်ပိုင်းဆိုင်ရာ ပရိယာယ်များကို လုံးဝ အသုံးမပြုရပေ။ စကားပြောသောအခါ သွယ်ဝိုက်၍ မပြောနှင့် သို့မဟုတ် လူများကို သို့လောသို့လော ဖြစ်မနေစေနှင့်၊ ကိစ္စရပ်များကို ကိုင်တွယ်သောအခါ စိတ်ပိုင်းဆိုင်ရာ ပရိယာယ်များကို မသုံးနှင့်။ သင်က “ကျွန်ုပ် မည်မျှ အလုပ်များကြောင်းနှင့် ကျွန်ုပ်၏ အလုပ်ကို မည်မျှ တင်းကျပ်စွာနှင့် စနစ်တကျ စီစဉ်ထားကြောင်း ကိုယ်တော် မြင်တွေ့စေရန် ကိုယ်တော့်ရှေ့တွင် ဤကိစ္စကို ကျွန်ုပ် ကိုင်တွယ်မည်၊ သို့သော် ကိုယ်တော့် နောက်ကွယ်တွင်မူ ကျွန်ုပ် မည်သည့်အရာကိုမျှ လုပ်ဆောင်မည် မဟုတ်ပေ” ဟု မိမိဘာသာ တွေးလျက် ဉာဏ်များရန် ကြိုးစားပါက၊ ဤသို့ သင် စဉ်းစားဆင်ခြင်ပါက သင်သည် ဒုက္ခရောက်ရန် ဦးတည်နေသည်။ သင့်ကို ငါ စည်းမျဉ်းအတိုင်း ဆက်ဆံပြီး အမှုအရာများကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်သည်။ သင်နှင့် ငါ တိုက်ခိုက်မည် မဟုတ်ပေ၊ သင်၏ နည်းလမ်းများ သို့မဟုတ် သင် အသုံးပြုသည့် လှည့်ကွက်များကို အသုံးပြု၍ သင်နှင့် ငါ တိုက်ခိုက်မည် မဟုတ်ပေ။ အသင်းတော်တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ရှိပြီး ဘုရားအိမ်တော်တွင် လူများကို ကိုင်တွယ်ရန် စည်းမျဉ်းများ ရှိသည်။ အနှေးနှင့်အမြန်ဆိုသလို သင်သည် တာဝန်ခံရမည်ဖြစ်ပြီး သင်၏ ဤမလျော်ကန်သော အပြုအမူများနှင့် ဒုစရိုက်အမှုများအတွက်ပင် အဖိုးအခ ပေးရလိမ့်မည်။ ယင်းမှာ ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။)

တစ်ခါတစ်ရံတွင် ငါတို့သည် အမေရိကန်ရှိ တရုတ်အသင်းတော်အချို့သို့ သွားရောက်လည်ပတ်ကြသည်။ ငါတို့ ရောက်ရှိပြီး ညီအစ်ကိုမောင်နှမများကို မြင်သည်နှင့်တစ်ပြိုင်နက် အချို့လူများက အခြားသူများကို သတိပေးလျက် “ဘုရားသခင် ရောက်နေပြီ၊ ညီအစ်ကို ရောက်နေပြီ” ဟု အော်ဟစ်ကြသည်။ ၎င်းတို့သည် ခိုကပ်နေခဲ့ကြသော်လည်း ဤအရာကို ကြားသောအခါ အငွေ့အသက်က ရုတ်တရက် ပြောင်းလဲသွားသည်။ အချို့က မြက်ရိတ်ရန် စက်များကို နှိုးကြသည်၊ အချို့က သန့်ရှင်းရေးလုပ်ကြပြီး ၎င်းတို့ အလုပ်များသွားကြသည်။ ငါက “ငါ လာသည်ကို သင် မြင်သောအခါ အဘယ်ကြောင့် သန့်ရှင်းရေး စတင်လုပ်ဆောင်သနည်း။ ငါ့ကို ဟန်ဆောင်ပြရန်အတွက်သာ ဤသို့ လုပ်ဆောင်နေခြင်းလော။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ဆင်ခြင်တုံတရားဖြင့် ပြုမူနေခြင်းလော” ဟု ပြောသည်။ လူတို့သည် အခြားလူများအပေါ် စိတ်ပိုင်းဆိုင်ရာ ပရိယာယ်များ အသုံးပြုနိုင်ပြီး ၎င်းတို့ကို လှည့်ဖြားရန် ကြိုးစားနိုင်ကြကာ ဘုရားသခင်နှင့်လည်း ထိုနည်းတူ လုပ်ဆောင်ကြသည်၊ ဤသည်မှာ လူ့သဘာဝ ဖြစ်သည်။ ဤအရာက လူ့သဘာဝ၏ မည်သည့်ကဏ္ဍကို ထုတ်ဖော်သနည်း။ ဤကဲ့သို့သော လူများသည် ကိုယ်ကျင့်စရိုက် နိမ့်ကျသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် အလွန် လှည့်ဖြားတတ်လွန်းပြီး စိတ်သဘောထား အလွန်အမင်း ယုတ်ညံ့ကြသည်။ ၎င်းတို့သည် လူများနှင့် တိုက်ခိုက်ရန် အကျင့်ပါနေကြပြီး ဘုရားသခင်နှင့်ပင် တိုက်ခိုက်လိုကြသည်။ ငါ့ကို အမြဲတစေ သတိထားရှောင်နေပြီး သင်၏ စိတ်နှလုံးထဲတွင် အမြဲတစေ အတိုက်အခံလုပ်နေသည်၊ ငါ့ကို မည်သို့သော လူစားမျိုးဟု သင် ထင်သနည်း။ စင်စစ်အားဖြင့် ငါ မရှိသည့်အချိန်၌ သင် လုပ်ဆောင်သည့်အရာကို မြင်တွေ့လိုစိတ် ငါ့တွင် မရှိပေ။ သင့်ကို ဘဝတွင် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဦးဆောင်ရန်နှင့် အရာခပ်သိမ်းတွင် သင့်အား စည်းမျဉ်းများနှင့်အညီ ပြုမူစေရန် ငါသည် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရုံသာ ဖြစ်သည်။ သင်သည် မှန်ကန်သော လမ်းကြောင်းကို သတိရှိရှိ လျှောက်လှမ်းနိုင်ပါက သင်သည် လူသားတစ်ဦး ဖြစ်သည်။ သင်သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်လှမ်းဘဲ ငါ့ နောက်ကွယ်တွင် မရိုးမသား လှည့်ကွက်များ ပြုလုပ်ကာ ငါနှင့် တိုက်ခိုက်ပါက သင်သည် လူသားတစ်ဦး မဟုတ်ပေ၊ သင်သည် နတ်ဆိုးတစ်ကောင်၊ တိရစ္ဆာန်တစ်ကောင် ဖြစ်သည်။ ထိုသို့ဆိုလျှင် ငါ မည်မျှပင် ပြောစေကာမူ ယင်းမှာ အချည်းနှီးဖြစ်သည်။ ဘုရားသခင်သည် သင့်ကဲ့သို့သော လူများကို ကယ်တင်မည် မဟုတ်ပေ။ သင်က တိုက်ခိုက်လိုသော်လည်း ငါသည် သင်နှင့် အမှန်တကယ် တိုက်ခိုက်မည် မဟုတ်ပေ၊ သင်နှင့် ဝေးဝေးတွင် ငါ နေမည်ဖြစ်သည်။ သင် နေထိုင်ပြီး အလုပ်လုပ်သော နေရာများသို့ မသွားရန် ငါ ကြိုးစားမည်ဖြစ်သည်သာမက ငါ ကိုယ်တိုင် နေထိုင်ပြီး အလုပ်လုပ်သော နေရာများသို့ မဝင်ရောက်ရန်လည်း သင် ကြိုးစားသင့်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သင်နှင့် တိုက်ခိုက်ရခြင်းကို ငါ မနှစ်သက်သောကြောင့် ဖြစ်သည်။ သင်သည် တိုက်ခိုက်ရခြင်းကို အလွန် နှစ်သက်သည်၊ သင် ငါ့အနီးတွင် အစဉ် ရှိနေပါက ငါ ခြေကုန်လက်ပန်းကျသည်ဟု ခံစားရမည် မဟုတ်လော။ အချို့လူများက “ကိုယ်တော် မတိုက်ခိုက်ပါက ကိုယ်တော် အဘယ်ကြောင့် ခြေကုန်လက်ပန်းကျသည်ဟု ခံစားရသနည်း” ဟု ပြောကြသည်။ သင်သည် ငါနှင့် အမြဲတစေ တိုက်ခိုက်ပါက ငါသည် သင်နှင့် သမ္မာတရားအကြောင်းကို အဆက်မပြတ် မိတ်သဟာယဖွဲ့နေရမည် ဖြစ်သည်။ အသေးအဖွဲ ကိစ္စတစ်ခုအတွက်ပင် ယင်းနှင့်ပတ်သက်၍ သင်နှင့် အချိန်ကြာမြင့်စွာ ငါ မိတ်သဟာယဖွဲ့ရမည် ဖြစ်သည်။ ငါ ခြေကုန်လက်ပန်းကျသည်ဟု ခံစားရမည်ကို သင် မတွေးမိသလော။ ငါသည် သင်နှင့် အမှုအရာများကို ရှင်းလင်းစွာ မပြောဆိုဘဲ နားလည်သဘောပေါက်စေခြင်း မရှိပါက သင်၏ စိတ်နှလုံးထဲတွင် နာကြည်းမှု ခံစားချက်တစ်ခု အမြဲတစေ ရှိနေမည်ဖြစ်ပြီး အမြဲတစေ အပျက်သဘောဆောင်ကာ နားလည်မှုလွဲမှားခြင်းများ ရှိပြီး ညည်းညူနေမည်ဖြစ်သည့်အပြင် စိတ်သည် အပျက်သဘောဆောင်သော အရာများနှင့် ပြည့်နှက်နေမည်ဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရသည် စာတန်နှင့်ဆိုင်ပြီး စာတန်၏ စိတ်သဘောထားသည် သူ၏ အသက် ဖြစ်လာခဲ့သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် တိုက်ခိုက်တတ်ပြီး လူသားအနေဖြင့် မတိုက်ခိုက်ဘဲ နေရန် အလွန် ခက်ခဲသည်။ ထို့ကြောင့် သင်တို့သည် ငါနှင့် ဆက်ဆံပြီး စကားပြောသည့်အခါ စိတ်ပိုင်းဆိုင်ရာ ပရိယာယ်များ မသုံးတော့သည့်အချိန်၊ ငါ ပြောသမျှကို သင်တို့က လေးနက်စွာ သဘောထားနိုင်ပြီး ယင်းကို စင်ကြယ်စွာ သဘောပေါက်နိုင်သည့်အချိန်၊ ပြီးလျှင် ငါတို့သည် အချင်းချင်း ပွင့်လင်းရိုးသားနိုင်ပြီး မည်သည့်အရာကိုမဆို ပြောဆိုနိုင်သည့်အချိန်တွင် ငါတို့ကြား၌ ရင်းနှီးနားလည်မှု ရှိလာလိမ့်မည်။ စကားမပြောလျှင်ပင် ငါတို့သည် ဝိညာဉ်ရေးရာတွင် သဟဇာတဖြစ်မည်၊ ငါတို့ကြားတွင် အတားအဆီးများ သို့မဟုတ် နားလည်မှုလွဲမှားခြင်းများ ရှိမည်မဟုတ်ဘဲ ငါတို့၏ စိတ်နှလုံးထဲတွင် အပြည့်အဝ ဆက်သွယ်နိုင်ကြလိမ့်မည်။ ထိုအခါ ငါတို့သည် အတူတကွ နေထိုင်နိုင်ပြီး သင့်မြတ်နိုင်ကြလိမ့်မည်။ ယခုအချိန်တွင် ငါသည် သင်တို့နှင့် တစ်ဖက်သတ် မတိုက်ခိုက်သော်လည်း သင်တို့သည် တိုက်ခိုက်ခြင်းမှ မိမိတို့ကိုယ်ကို မတားဆီးနိုင်ကြပေ။ ထို့ကြောင့် သင်တို့သည် ငါ၏ စကားများကို ဆန့်ကျင်ရန်၊ ငြင်းပယ်ရန်၊ ဝေဖန်ကဲ့ရဲ့ရန်နှင့် ပြစ်တင်ရှုတ်ချရန် ပွင့်ပွင့်လင်းလင်း ထမလာလျှင်ပင် စိတ်နှလုံးထဲတွင် အတိုက်အခံလုပ်နေဆဲဖြစ်မည်ဖြစ်ပြီး ငါနှင့် ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်နေဆဲ ဖြစ်လိမ့်မည်။ ဤသည်မှာ လူသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းဘဲ စစ်မှန်သော ကျိုးနွံနာခံခြင်း မရှိနိုင်ကြောင်း သက်သေပြနေသည်။ ကိစ္စရပ်အများစုတွင် သင်တို့သည် ငါနှင့် စည်းလုံးညီညွတ်မှုကို မရရှိနိုင်သည်သာမက ငါနှင့် အခြေခံအကျဆုံး ရင်းနှီးနားလည်မှု သို့မဟုတ် ငါ့ကို နားလည်သဘောပေါက်မှုပင် မရှိပေ၊ ဤအရာကို လုံးဝ မရရှိနိုင်ကြပေ။ သို့ဖြစ်၍ လူတိုင်း ပျော်ရွှင်ပြီး ဝမ်းမြောက်မှု ခံစားရမည့် နည်းလမ်းဖြင့် ငါတို့ အတူတကွ နေထိုင်ရန် အလွန် ခက်ခဲလိမ့်မည်။ ငါသည် သင်တို့နှင့်အတူ ရှိနေပါက သင်တို့သည် ကိစ္စရပ်တိုင်းတွင် စင်ကြယ်သော သဘောပေါက်နားလည်ခြင်း ရှိပြီး မှန်ကန်သော ရွေးချယ်မှုများ ပြုလုပ်နိုင်စေရန်အလို့ငှာ၊ ဘဝတွင်ဖြစ်စေ၊ ကျင့်ကြံပြုမူရာတွင်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင်ဖြစ်စေ မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းနိုင်စေရန်အလို့ငှာ၊ ပြီးလျှင် ငါ စကားပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ သင်တို့၏ စိတ်နှလုံးထဲတွင် ငါ့အပေါ် အခြေခံအကျဆုံး ယုံကြည်မှုအပြင် ငါ့ကို နာခံခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ရှိစေရန်အလို့ငှာ ငါသည် သင်တို့ကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ အမြဲတစေ ဦးဆောင်လိုမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် လူတို့သည် ဤအခြေခံအကျဆုံး ယုံကြည်မှု၊ နာခံခြင်းနှင့် ကျိုးနွံနာခံခြင်းကိုပင် မရရှိနိုင်ကြပေ၊ လူတို့၏ စိတ်များသည် အလွန် ရှုပ်ထွေးလွန်းသည်။ ငါသည် သင့်အပေါ် အနည်းငယ် ကောင်းမွန်ပါက မည်သူမျှ မိမိနှင့် မယှဉ်နိုင်ကြောင်းနှင့် မိမိသည် အခြားသူတိုင်းထက် များစွာ မြင့်မားသည်ဟု တွေးလိမ့်မည်ဖြစ်ပြီး ငါနှင့် ပတ်သက်ဆက်နွှယ်မှုကြောင့် ဗိုလ်ကျလာမည်ဖြစ်ကာ ငါ၏ နာမကို အသုံးပြု၍ အာဏာပြလိမ့်မည်။ ငါသည် သင့်ကို ပုံမှန်အတိုင်း သို့မဟုတ် အနည်းငယ် အေးစက်စွာ ဆက်ဆံပါက ငါ့တွင် မေတ္တာမရှိဟု သင် ခံစားရလိမ့်မည်။ ငါသည် သင့်အပေါ် အနည်းငယ် တင်းကျပ်ပါက သို့မဟုတ် သင့်ကို အမြဲတစေ ပြုပြင်ပြီး ဆုံးမပဲ့ပြင်ပါက ငါ့တွင် သင့်အတွက် မေတ္တာ သို့မဟုတ် သည်းခံမှု မရှိဟု တွေးလျက် သင်သည် နစ်နာသည်ဟုလည်းကောင်း၊ မတရား ဆက်ဆံခံရသည်ဟုလည်းကောင်း ခံစားရလိမ့်မည်။ ငါ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သင်တို့၏ ပြဿနာများသည် အလွန် ဆိုးရွားလွန်းပြီး သင်တို့၏ စိတ်များသည် အလွန် ရှုပ်ထွေးလွန်းသောကြောင့် ယင်းအပေါ် သင်တို့၏ ကိုယ်ပိုင် ထင်မြင်ချက်များ ရှိကြလိမ့်မည်။ ထို့ကြောင့် ငါသည် သင်တို့နှင့် အတူတကွ နေထိုင်မည်ဆိုလျှင်ပင် ငါတို့ ဆက်သွယ်ပြီး ဆက်ဆံသည့်အခါ ပြဿနာများ အဆက်မပြတ် ပေါ်ပေါက်လာလိမ့်မည်။ အဆုံးတွင် ဤပြဿနာများသည် ပဋိပက္ခဆီသို့ အဆက်မပြတ် ဦးတည်သွားလိမ့်မည်ဖြစ်ပြီး ပဋိပက္ခ ပြင်းထန်လာသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည့် ဤလမ်းကြောင်းကို သင်တို့ ဆက်လက် လျှောက်လှမ်းနိုင်ခြင်း ရှိမရှိဟူသည်ကို ပြောရန် ခက်ခဲလိမ့်မည်။ သင်တို့ထံတွင် ကြီးမားသော ယုံကြည်ခြင်း ရှိသည်ဟု သင်တို့ ထင်ခဲ့ကြသလော။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်လွန်းသည်။ ယခု ငါသည် အလွန် သာမန်ဖြစ်သော လူတစ်ဦးအဖြစ် လူ့ဇာတိခံယူထားပြီး သင်တို့နှင့် စကားပြောကာ သင်တို့အပေါ် အချိန်ကြာမြင့်စွာ အလုပ်လုပ်ဆောင်ခဲ့သော်လည်း သင်တို့နှင့် ဆက်ဆံရာတွင် ကြီးမားသော အခက်အခဲများ ရှိနေသည်။ ဤအခက်အခဲများ၏ အရင်းအမြစ်မှာ အဘယ်အရာနည်း။ (ကျွန်ုပ်တို့သည် အလွန် လှည့်ဖြားတတ်လွန်းပြီး တိုက်ခိုက်တတ်ကြခြင်း ဖြစ်ပါသည်။) လူတို့၏ စိတ်များသည် မစင်ကြယ်ပေ၊ ပြီးလျှင် လူတို့သည် မရိုးသားကြပေ၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပြည့်နှက်နေကြသည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ကြောင်း သို့မဟုတ် လူ့သဘာဝတွင် အားနည်းချက်အချို့ ရှိကြောင်းကို ငါ တွေ့ရှိသည့်အခါ ယင်းတို့ကို သင့်အား ငါ မထောက်ပြပါက ယင်းမှာ ငါ့ဘက်မှ တာဝန်မဲ့သကဲ့သို့ ဖြစ်ပေမည်။ ငါသည် ထိုသို့သောအရာများကို သင့်အား ထောက်ပြပြီး သင်က ယင်းတို့ကို လက်ခံနိုင်ပါက ယင်းမှာ သေချာပေါက် ပိုကောင်းပေမည်။ သို့သော် သင်က ယင်းကို လက်မခံပါက ငါသည် သင့်ကို အလိုလိုက်သင့်သလော၊ သို့မဟုတ် သင့်ကို ပြုပြင်ပြီး တင်းကျပ်စွာ ဆုံးမပဲ့ပြင်သင့်သလော။ ငါသည် သင့်ကို အလိုလိုက်မည်ဆိုပါက ယင်းကို ငါ၏ အသိစိတ်က လက်ခံနိုင်မည် မဟုတ်ပေ။ ငါသည် သင့်ကို ပြုပြင်ပါက သင်သည် ယင်းကို လက်ခံနိုင်မည် မဟုတ်ဘဲ နစ်နာသည်ဟု ခံစားရလိမ့်မည်။ ငါသည် သင်နှင့် သမ္မာတရားအကြောင်းကို အမြဲတစေ မိတ်သဟာယဖွဲ့ပြီး သင်၏ စိတ်နှလုံးထဲတွင် ယင်းကို လက်မခံသေးပါက ငါ့ကို ပြောလော့၊ ဤသည်မှာ ငါ့အတွက် လုပ်ဆောင်ရကျိုးနပ်မည်လော။ ငါ ခြေကုန်လက်ပန်းကျသည်ဟု ခံစားရမည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါသည် သင်တို့ တစ်ဦးချင်းစီကို နေ့စဉ်နေ့တိုင်း တရားဟောပါက ငါသည် စက်ရုပ်တစ်ရုပ် ဖြစ်သွားမည် မဟုတ်လော။ ငါသည် ကိရိယာတစ်ခု ဖြစ်သွားမည် မဟုတ်လော။ ယင်းမှာ ငါ လုပ်ဆောင်ရန် ရည်ရွယ်ထားသော အလုပ် မဟုတ်ပေ။ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို စကားပြောသည်၊ ဤသည်မှာ ငါ၏ အမှုတော် ဖြစ်သည်။ ငါ၏ စကားများသည် သီးခြား ပုဂ္ဂိုလ်တစ်ဦးဦးကို ရည်ရွယ်ခြင်း မဟုတ်ပေ။ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို စကားပြောပြီး သင်သည် လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သောကြောင့် ဤစကားများသည် သင်နှင့် သက်ဆိုင်သည်။ ယင်းတို့ကို ဖြည်းဖြည်းချင်း စားသောက်လော့၊ ယင်းတို့နှင့် သင့်ကိုယ်သင် ဖြည်းဖြည်းချင်း နှိုင်းယှဉ်လော့၊ ပြီးလျှင် ဖြည်းဖြည်းချင်း တွေ့ကြုံပြီး ပြောင်းလဲလော့။ သို့သော် ဤနှေးကွေးသော ပြောင်းလဲမှုသည် အချိန်မည်မျှ ကြာမည်နည်း။ သုံးနှစ်မှ ငါးနှစ်လော၊ သို့မဟုတ် ဆယ်နှစ်မှ အနှစ်နှစ်ဆယ်လော။ ပြီးလျှင် မည်သည့် အတိုင်းအတာအထိ ပြောင်းလဲမည်နည်း။ ယင်းမှာ သင်၏ ကိုယ်ပိုင် စိတ်ပိုင်းဖြတ်မှုနှင့် သဘောပေါက်နားလည်နိုင်စွမ်းအပေါ် မူတည်သည်။ ဤကာလအတွင်း ငါတို့ အတူတကွ ပေါင်းသင်းဆက်ဆံသည့်အခါ သင်တို့သည် လိမ်ညာပြီး လှည့်ဖြားကြသည်၊ ယှဉ်ပြိုင်ငြင်းခုံပြီး တိုက်ခိုက်ကြကာ လှည့်ကွက်များ ပြုလုပ်ကြသည်။ ထို့ကြောင့် ငါတို့ သဟဇာတဖြစ်မှု၊ နားလည်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ရရှိရန် သို့မဟုတ် ငါတို့၏ ဆက်ဆံမှုများတွင် ပျော်ရွှင်ပြီး ဝမ်းမြောက်မှု ခံစားရရန် အမှန်တကယ် မလွယ်ကူပေ။ မည်သို့ပင်ဖြစ်စေ ငါ အနီးကပ် ဆက်သွယ်ရသူများဖြစ်စေ၊ အဝေးမှ ဆက်သွယ်ရသူများဖြစ်စေ ယခုအချိန်အထိ မည်သူ့ထံမှ ရိုးသားစစ်မှန်မှု သို့မဟုတ် ပြောင်းလဲမှုကို ငါ မခံစားရသကဲ့သို့ မည်သူ့ထံမှ ပျော်ရွှင်မှု သို့မဟုတ် စိတ်သက်သာမှုကိုလည်း ငါ မခံစားရပေ။ ထို့အပြင် ငါ နေထိုင်ခဲ့သမျှ ကာလပတ်လုံး ယခု ငါ၏ အနက်ရှိုင်းဆုံးသော သဘောပေါက်နားလည်မှုမှာ အဘယ်အရာနည်း။ ငါ မလုပ်ချင်ဆုံးအရာမှာ လူများနှင့် အနီးကပ် အဆက်အသွယ်ရှိခြင်းနှင့် ၎င်းတို့နှင့် အနီးကပ် ဆက်ဆံခြင်းဖြစ်သည်ဟု တိကျစွာ ပြောဆိုနိုင်သည်။ ငါသည် မည်သူ့ကိုမျှ လှည့်ဖြားခြင်း၊ ယှဉ်ပြိုင်ငြင်းခုံခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း မပြုသော်လည်း လူတို့သည် အမြဲတစေ ယှဉ်ပြိုင်ငြင်းခုံရန်၊ တိုက်ခိုက်ရန်နှင့် လှည့်ဖြားရန် အလိုရှိကြသည်။ ငါ မည်သို့ လုပ်ဆောင်သင့်သနည်း။ လူတို့၏ လှည့်ဖြားခြင်း၊ ယှဉ်ပြိုင်ငြင်းခုံခြင်းနှင့် တိုက်ခိုက်ခြင်းတို့ကို ငါ အလိုလိုက်သင့်သလော၊ သို့မဟုတ် လူတို့၏ လှည့်ဖြားခြင်း၊ ယှဉ်ပြိုင်ငြင်းခုံခြင်းနှင့် တိုက်ခိုက်ခြင်းတို့ကို ငါ ပြောင်းလဲသင့်သလော။ ငါသည် လူတို့ကို အလိုမလိုက်နိုင်ပေ။ လူတို့ကို ပြောင်းလဲရန် ငါ့တွင် အစွမ်းအစအချို့နှင့် လမ်းကြောင်းအချို့ အမှန်တကယ် ရှိသော်လည်း ဤပြောင်းလဲမှု လုပ်ငန်းစဉ်သည် အလွန် ရှည်လျားလွန်းပြီး အလွန် ခက်ခဲလွန်းသည်။ အဆုံးတွင် ငါသည် ဒုတိယအကောင်းဆုံးအရာကို ရွေးချယ်သည်၊ လူများနှင့် အဆက်အသွယ်ရှိလာသောအခါ ကူညီပေးနိုင်သူများကို ကူညီပေးရန် ငါ အစွမ်းကုန် ကြိုးစားသည်။ မည်သို့ပင်ဖြစ်စေ အကူအညီကို လက်မခံသူများအတွက်မူ ၎င်းတို့နှင့် အဆက်အသွယ်လုပ်ခြင်းနှင့် ဆက်ဆံခြင်းကို ရှောင်ရှားရန် ငါ ကြိုးစားပြီး စောင့်ဆိုင်းနေရန် အချိန်ပေးလိုက်သည်။

ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်နှင့် သန့်စင်ခြင်းကို ရရှိရန်အလို့ငှာ သမ္မာတရားကို လက်ခံခြင်းနှင့် သမ္မာတရားကို ကျိုးနွံနာခံခြင်းသည် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်၊ ဤသည်မှာ လွယ်ကူသောအရာ မဟုတ်ပေ။ လူများနှင့် ဆက်ဆံခဲ့ရသော နှစ်များတစ်လျှောက်တွင် ငါသည် မည်သည့် လူအုပ်စုထဲတွင် ရှိနေသည်ကို တွေ့ရပါစေ၊ ပြီးလျှင် လူတို့သည် ၎င်းတို့၏ အသက်အရွယ်၊ ရုပ်ရည်၊ အသားအရောင်၊ ပင်ကိုစရိုက်နှင့် နေထိုင်မှု နောက်ခံတို့အရ မည်မျှပင် ကွဲပြားပါစေ ၎င်းတို့၏ သဘာဝ အနှစ်သာရသည် အလွန် ရင်းနှီးနေပြီး ယင်းအားလုံးကို ငါ မြင်ဖူးသကဲ့သို့ အမြဲတစေ ခံစားရသည်။ လူအမျိုးအစားအားလုံး၏ စိတ်သဘောထား အနှစ်သာရသည် တူညီသည်ဟု ငါ ခံစားရပြီး ၎င်းတို့နှင့် ငါ ဆက်ဆံပြီးနောက်တွင် ၎င်းတို့အားလုံးသည် ငါ မျှော်လင့်ထားသည့်အတိုင်း အတိအကျ ဖြစ်လာကြသည်။ ဤအခြေအနေများအောက်တွင် ငါသည် မည်သည့် စိတ်အခြေအနေမျိုး ရှိနေသနည်း။ ယင်းမှာ ကောင်းမွန်သော စိတ်အခြေအနေ ဖြစ်သလော။ (မဟုတ်ပါ။) ငါ အဘယ်ကြောင့် စိတ်မကြည်သည်ကို မည်သူမျှ မသိကြပေ။ လူတို့သည် ငါနှင့် ဆက်ဆံသည့်အခါ ဤသတိပြုမိခြင်း ရှိကြသလော။ (မရှိပါ။) ဖောက်ပြန်ပျက်စီးမှုထဲတွင် နေထိုင်လျက် လူသားမျိုးနွယ်သည် အသက်ရှင်ရန်အတွက် လှည့်ဖြားခြင်း၊ ယှဉ်ပြိုင်ငြင်းခုံခြင်းနှင့် တိုက်ခိုက်ခြင်းကဲ့သို့သော ရှင်သန်မှု နည်းလမ်းများအပေါ် မှီခိုကြသည်။ ၎င်းတို့သည် ဤကဲ့သို့ လုံးဝ နေသားတကျဖြစ်နေပြီး ပူပင်သောကကင်းကာ သက်သောင့်သက်သာ နေထိုင်ကြသည်။ ၎င်းတို့သည် အပြစ်ထဲတွင် နေထိုင်ကြပြီး မည်သည့် စိုးရိမ်ပူပန်မှုမျှမရှိဘဲ အပြစ်၏ သာယာမှုများကို ခံစားကြကာ ဤသည်မှာ နာကျင်စရာ တစ်ခုခုဖြစ်သည်ဟု မခံစားရပေ။ လူအားလုံးတွင် အပြစ်ရှိသော သဘာဝ ရှိသောကြောင့်ပင် အပြစ်သည် လူတို့၏ အသက်ဖြစ်ပြီး လူတို့၏ အသက် အနှစ်သာရသည် အပြစ်ဖြစ်သောကြောင့် အပြစ်ထဲတွင် နေထိုင်ခြင်းသည် နာကျင်စရာဖြစ်သည်ဟု ၎င်းတို့ မခံစားရပေ။ ယင်းမှာ ဝက်တစ်ကောင်နှင့် တူသည်၊ ဝက်သည် ညစ်ပတ်သောအရာ၊ ညစ်ညမ်းသောအရာ ဖြစ်သည်။ ယင်းသည် ညစ်ပတ်သည် သို့မဟုတ် ညစ်ညမ်းသည်ဟု မခံစားရဘဲ ရွှံ့ကျင်းများနှင့် အမှိုက်ပုံများတွင် စားသောက်ပြီး အိပ်စက်သည်။ လောက်ကောင်များလည်း ရှိသည်၊ ၎င်းတို့သည် မစင်ပုံများနှင့် နံစော်နေသော မြောင်းများတွင် နေထိုင်ကြပြီး ညစ်ညမ်းမှု စိုးစဉ်းမျှကို မည်သည့်အခါမျှ မခံစားရပေ၊ ၎င်းတို့သည် အတော်လေး နေသားတကျဖြစ်ပြီး သက်သောင့်သက်သာပင် ခံစားရသည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း၌လည်းကောင်း၊ ယှဉ်ပြိုင်ငြင်းခုံခြင်းနှင့် တိုက်ခိုက်ခြင်းအလယ်၌လည်းကောင်း နေထိုင်ကြပြီး ယင်းကို နာကျင်စရာ သို့မဟုတ် ခက်ခဲစရာအဖြစ် ၎င်းတို့လည်း မမြင်ကြပေ။ အချို့လူများက ၎င်းတို့သည် ယှဉ်ပြိုင်ငြင်းခုံခြင်း၊ တိုက်ခိုက်ခြင်း သို့မဟုတ် လှည့်ကွက်များ ပြုလုပ်ခြင်းမရှိဘဲ တစ်ရက်မျှ နေရမည်ဆိုပါက ၎င်းတို့၏ ဘဝများသည် အလွန် ပျင်းစရာကောင်းပြီး စိတ်ဝင်စားစရာ မရှိဖြစ်လိမ့်မည်ဟုပင် ခံစားရသောကြောင့် ၎င်းတို့သည် တိုက်ခိုက်ရန် တစ်စုံတစ်ခု သို့မဟုတ် လှည့်ကွက်များ ပြုလုပ်ရန် တစ်စုံတစ်ဦးကို ရှာဖွေရမည် ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ဇာတိပကတိ၌ နေထိုင်ပြီး လူ့အရေခွံကို ဝတ်ဆင်ထားလျက် လူတို့သည် ယှဉ်ပြိုင်ငြင်းခုံပြီး တိုက်ခိုက်ရမည်၊ ၎င်းတို့ ထိုသို့ မလုပ်ဆောင်ပါက ၎င်းတို့၏ တည်ရှိမှုသည် ယင်း၏ တန်ဖိုးကို ဆုံးရှုံးသွားသည်။ ငါ့အတွက်မူ ခံစားချက်က လုံးဝ ကွဲပြားသည်။ လူများနှင့် ယှဉ်ပြိုင်ငြင်းခုံခြင်းနှင့် တိုက်ခိုက်ခြင်းသည် အလွန် ပင်ပန်းနွမ်းနယ်စရာကောင်းသော အရာတစ်ခုဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ အရာတစ်ခုလည်း ဖြစ်သည်ဟု ငါ ခံစားရသည်၊ ယင်းသည် ဤဘဝတွင် ငါ အလွတ်မြောက်ချင်ဆုံးသော အဓိကအရာတစ်ခု ဖြစ်သည်။ ငါသည် မည်သို့ ယှဉ်ပြိုင်ငြင်းခုံရမည် သို့မဟုတ် တိုက်ခိုက်ရမည်ကို မသိသည့်အပြင် ယှဉ်ပြိုင်ငြင်းခုံရန် သို့မဟုတ် တိုက်ခိုက်ရန်လည်း ငါ မလိုလားပေ။ ယှဉ်ပြိုင်ငြင်းခုံခြင်းနှင့် တိုက်ခိုက်ခြင်း ပါဝင်သော ကိစ္စရပ်များနှင့် ငါ အမှန်တကယ် ကြုံတွေ့ရသောအခါ ငါသည် နောက်ဆုတ်ရန်၊ ယင်းတို့ကို ရှောင်ကွင်းရန်နှင့် ရှောင်ရှားရန်သာ အလိုရှိသောကြောင့် ဤအရာများကို အင်မတန် စိတ်အနှောင့်အယှက်ဖြစ်စရာအဖြစ် ငါ မြင်သည်။ ငါ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသော နှစ်များစွာကြာပြီးနောက် ဤစိတ်ခံစားမှုများသည် စုပုံလာပြီး ယင်းတို့၏ အကန့်အသတ်သို့ ရောက်ရှိလာကာ နောက်ဆုံးတွင် လူသားများနှင့် ဆက်ဆံခြင်းသည် လောကတွင် အနာကျင်ရဆုံးအရာဖြစ်သည်ဟု ငါ ခံစားလာရသည်။ ငါနှင့် ယှဉ်ပြိုင်ငြင်းခုံပြီး တိုက်ခိုက်သူ တစ်စုံတစ်ဦးနှင့် ငါ ကြုံတွေ့ရတိုင်း အသားကြိတ်စက်ထဲသို့ တွန်းပို့ခံရသကဲ့သို့၊ ကစားစရာအဖြစ် အသုံးပြုခံရသကဲ့သို့ ခံစားရသည်၊ ထိုသို့ ခံစားရသည်။ ဤခံစားချက်များ ရှိပြီးနောက် ငါက “၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဤကဏ္ဍသည် မည်သို့ ထုတ်ဖော်ခံရသနည်း။ ဤကဲ့သို့သော လူတစ်ဦး၏ အနှစ်သာရမှာ အဘယ်အရာနည်း။ အခွင့်အရေးတစ်ခု ရှိပါက ယင်းနှင့်ပတ်သက်၍ ၎င်းတို့နှင့် ငါ မိတ်သဟာယဖွဲ့မည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပါက ယင်းမှာ အကောင်းဆုံးဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် အမှန်တကယ် ကူညီပေးထိုက်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံပါက အမှုအရာများကို ယင်းတို့၏ သဘာဝအတိုင်း ဖြစ်ခွင့်ပေးမည်ဖြစ်ပြီး ကံကြမ္မာက ၎င်းတို့ကို ပြုသမျှ ခံစေမည်” ဟု ဆင်ခြင်တွေးတောသည်။ သမ္မာတရားကို လက်မခံသော လူများသည် လူ့သဘာဝ မရှိသော လူများဖြစ်ပြီး ၎င်းတို့သည် ကောင်းချီးများ မရှိသော လူများလည်း ဖြစ်ကြသည်၊ ၎င်းတို့သည် အမိုက်မဲဆုံးသော လူများ၊ အတန်ဖိုးမဲ့ဆုံးသော လူများ ဖြစ်ကြသည်။ လူများစွာနှင့် ဆက်ဆံခဲ့ရပြီးနောက် လူများနှင့်လည်းကောင်း လောကီရေးရာများနှင့်လည်းကောင်း ပတ်သက်၍ ဤအတွေးနှင့် အမြင်ရှုထောင့်ကို ငါ ရရှိခဲ့သည်၊ လူများနှင့် ဆက်ဆံခြင်းသည် ပင်ပန်းနွမ်းနယ်စရာတစ်ခု ဖြစ်လာခဲ့သည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ခြေကုန်လက်ပန်းကျခြင်း မဟုတ်ဘဲ ဝိညာဉ်ရေးရာ ခြေကုန်လက်ပန်းကျခြင်း ဖြစ်သည်။ ဤခြေကုန်လက်ပန်းကျခြင်းအတွင်း၌ ပျင်းရိငြီးငွေ့မှု၊ စိတ်ကျဉ်းကျပ်မှုနှင့် နာကျင်မှု ခံစားချက်တစ်ခုလည်း ရှိသည်။ ငါသည် လူများနှင့် မဆက်ဆံပါက ငါနှင့် ယှဉ်ပြိုင်ငြင်းခုံပြီး တိုက်ခိုက်သော လူများ၏ အဖြစ်အပျက်များနှင့် ငါ ကြုံတွေ့ရမှု နည်းပါးပြီး ငါ၏ ဝိညာဉ်သည် အတော်လေး လွတ်မြောက်ကာ သက်သောင့်သက်သာ ရှိသည်ဟု ခံစားရသည်။

မကြာသေးမီ နှစ်များအတွင်း ညီအစ်ကိုမောင်နှမအချို့နှင့် ဆက်ဆံသည့်အခါ “ကျွန်ုပ် ခုနက စကားမှားသွားသည်၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် ပြင်ဆင်ခွင့်ပြုပါ” သို့မဟုတ် “ကျွန်ုပ် စောစောက သိရှိခဲ့ရသော အခြေအနေတွင် အနည်းငယ် ကွဲလွဲမှု ရှိနေသည်၊ ယင်းကို ကျွန်ုပ် ပြင်ဆင်ခွင့်ပြုပါ” ဟု အချို့လူများ ပြောသည်ကို ငါ မကြာခဏ ကြားရသည်။ ထို့အပြင် အချို့လူများသည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ယခင်ကထက် ပို၍ သင့်လျော်သော သဘောထား ရှိကြပြီး အနည်းငယ် ပို၍ အလေးအနက်ထားကာ တာဝန်ယူမှု ရှိကြသည်။ ထို့အပြင် ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိပြီး အဖိုးအခ ပေးဆပ်နိုင်ကြကာ ၎င်းတို့တွင် ညည်းညူမှုများ ပိုနည်းပါးသည်။ လူအများစုသည် မိမိတို့၏ တာဝန်များကို အတူတကွ ထမ်းဆောင်သည့်အခါ အချင်းချင်း ကိစ္စရပ်များကို ဆွေးနွေးနိုင်ပြီး သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် များစွာ ပိုကောင်းလာပြီး အနည်းငယ် ပြောင်းလဲလာကြသည်။ ဤသို့ ဖြစ်ပျက်နေသည်ကို ငါ သတိပြုမိတိုင်း အတော်လေး ကောင်းမွန်သည်ဟု ငါ ခံစားရသည်။ ဤအရာများကို ထပ်ခါတလဲလဲ ပြောဆိုခဲ့ရသည့် ဤနှစ်များအားလုံးသည် အချည်းနှီး မဖြစ်ခဲ့ဟု ငါ ခံစားရသည်၊ နောက်ဆုံးတွင် လူတစ်စိတ်တစ်ပိုင်းသည် ဤစကားများကို လေးနက်စွာ သဘောထားခဲ့ကြသည်။ ဤစကားများကို ကြားပြီးနောက် ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်ရကောင်းမှန်း သိရှိကြသည်။ ၎င်းတို့သည် မည်မျှ လက်တွေ့လုပ်ဆောင်နိုင်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် ၎င်းတို့တွင် အသက် ဝင်ရောက်မှု ရှိပြီး အတိုင်းအတာတစ်ခုအထိ ပြောင်းလဲလာကြသည်။ အတိုချုပ်ဆိုရလျှင် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားများနှင့် အမြင်ရှုထောင့်များသည် အတော်အတန် သင့်လျော်ပြီး မှန်ကန်လာကြသည်။ အချို့လူများသည် အနည်းငယ် ပြောင်းလဲလာကြသော်လည်း ၎င်းတို့သည် လုံလောက်အောင် မပြောင်းလဲသေးပေ။ တစ်ခါတစ်ရံ မတူညီသော ကိစ္စရပ်များနှင့် ကြုံတွေ့ရသောအခါ လူတို့ ယှဉ်ပြိုင်ငြင်းခုံပြီး တိုက်ခိုက်သည့် အဖြစ်အပျက်များ ရှိနေဆဲဖြစ်သည်။ ပြဿနာကို ယင်း၏ အရင်းအမြစ်မှ ဖြေရှင်းပြီးခြင်း မရှိသေးပေ။ သင်တို့သည် အနည်းငယ်သာ ပြောင်းလဲသေးပြီး အပြည့်အဝ ကျိုးနွံနာခံနိုင်သည့် အဆင့်သို့ မရောက်ရှိသေးပေ။ သင်တို့သည် သမ္မာတရားကို ဆက်လက် လိုက်စားရဦးမည်ဖြစ်ပြီး ပြုပြင်ခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ဆက်လက် တွေ့ကြုံရဦးမည်ဖြစ်သည်။ ပြောင်းလဲမှုသည် အပြင်ပန်း ပြောင်းလဲမှု မဟုတ်ပေ၊ သို့ဆိုလျှင် အဘယ်အရာက အတိအကျ ပြောင်းလဲသနည်း။ ငါသည် နှစ်ပေါင်းများစွာ စကားပြောခဲ့ပြီး သင်တို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အတော်များများ ရှိကြောင်းနှင့် သင်တို့၏ လူ့သဘာဝတွင်လည်း အားနည်းချက် အတော်များများ အမှန်တကယ် ရှိကြောင်းကို သင်တို့ အသိအမှတ်ပြုလာကြသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့ ဖယ်ရှားရမည်၊ တာဝန်များကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်ရမည်၊ ပြီးလျှင် တာဝန်များကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ရန် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဟူသည်တို့နှင့်ပတ်သက်၍ ရှင်းလင်းသင့်သည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်တို့အားလုံးသည် ရိုးသားသော လူများ မည်သို့ ဖြစ်ရမည်ကို သိနားလည်သင့်ပြီး ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း သိရှိသင့်သည်။ သင်တို့ နားလည်ပြီး သင်တို့၏ စွမ်းရည်များအတွင်း၌ ရှိသော ပြဿနာများနှင့်စပ်လျဉ်း၍ ယင်းတို့ကို တစ်ခုချင်းစီ ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရာတွင် အားထုတ်နိုင်ပါက၊ အမျိုးမျိုးသော အခက်အခဲများကို ကျော်လွှားရန် ဆင်းရဲဒုက္ခ အနည်းငယ်ကို ခံနိုင်ရည်ရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက သင်တို့တွင် လူသားပုံသဏ္ဌာန် အနည်းငယ် အခြေခံအားဖြင့် ရှိသည်ဟု ငါ ယူဆလာကောင်း ယူဆလာနိုင်သည်။ သင်နှင့် ငါ ဆက်ဆံသည့်အခါ တစ်ခါတစ်ရံတွင် သင်သည် တိုက်ခိုက်လိုသည့် သဘောထား အနည်းငယ်ကို ပြသနေဆဲဖြစ်လျှင်ပင် ယင်းမှာ သိသာထင်ရှားမှု မရှိဟု ငါ ခံစားရပါက သင့်အပေါ် ငါ၏ အမြင်သည် ယခင်ကနှင့် အလွန် ကွဲပြားလိမ့်မည်ဖြစ်ပြီး ငါတို့ သင့်မြတ်ရန် များစွာ အခက်အခဲ နည်းပါးလိမ့်မည်။ ပြောင်းလဲမှု ရရှိရန်အလို့ငှာ မည်သို့ လိုက်စားရမည်ဟူသည်နှင့်ပတ်သက်၍ ဤအရာအကြောင်းကို သင်တို့ မိတ်သဟာယဖွဲ့ပြီး အစီအစဉ်များ ပြုလုပ်ရမည်။ တာဝန်ကို ထမ်းဆောင်ရာတွင် အားထုတ်မှု အနည်းငယ် ပြုလုပ်ခြင်း၊ အနည်းငယ် အလုပ်လုပ်ပေးခြင်း၊ ဝတ်ကျေတမ်းကျေလုပ်ခြင်း၊ မှားယွင်းသော အရာများကို မလုပ်ဆောင်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို မဖြစ်စေခြင်း၊ သို့မဟုတ် ဖြုတ်ချမခံရခြင်း သို့မဟုတ် ရှင်းလင်းပစ်မခံရခြင်းတို့ဖြင့်သာ ကျေနပ်နေ၍ မရနိုင်ပေ။ ထိုအစား သမ္မာတရားထဲသို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းထဲသို့၊ ပြီးလျှင် သမ္မာတရားကို လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းထဲသို့ အားထုတ်မှု ပြုလုပ်ရမည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ ညီအစ်မအများစုကို ငါ ချီးကျူးရမည်၊ ညီအစ်မအများစုသည် ကောင်းမွန်စွာ လုပ်ဆောင်နေကြသော်လည်း ညီအစ်ကိုအများစုမှာမူ ညံ့ဖျင်းစွာ လုပ်ဆောင်နေကြသည်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများမှတစ်ဆင့် အသင်းတော် အလုပ်၏ အမျိုးမျိုးသော ကဏ္ဍများတွင် အဓိက အခန်းကဏ္ဍများမှ ပါဝင်ပြီး ကြီးကြပ်ရေးမှူးများအဖြစ် အစေခံသူ အများစုမှာ ညီအစ်မများဖြစ်ကြောင်း ငါ မြင်တွေ့ရသည်၊ ညီအစ်ကိုများ အလွန် နည်းပါးသည်။ ညီအစ်ကိုအများစုသည် အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ အလုပ်များနှင့်ပတ်သက်လာလျှင် အမှုအရာများကို လေးနက်စွာ သဘောမထားကြသည့်အပြင် သမ္မာတရား စည်းမျဉ်းများနှင့် အသက် ဝင်ရောက်မှု၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကယ်တင်ခြင်းသို့ ရောက်ခြင်းတို့နှင့်ဆိုင်သော အမျိုးမျိုးသော သမ္မာတရားများနှင့်ပတ်သက်လာလျှင်လည်း အမှုအရာများကို လေးနက်စွာ သဘောမထားကြပေ။ ထိုထက်ပို၍ပင် ညီအစ်ကိုများစွာတွင် ဝိညာဉ်ရေးရာ အသက်တာ လုံးဝ မရှိကြပေ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုကြ၊ တရားဒေသနာများနှင့် မိတ်သဟာယများကို နားမထောင်ကြ၊ ဘုရားအိမ်တော်၏ ရုပ်ရှင်များနှင့် ဗီဒီယိုများကို မကြည့်ရှုကြသည့်အပြင် ပြဿနာများနှင့် ကြုံတွေ့ရသောအခါ သမ္မာတရားကို မရှာဖွေကြ သို့မဟုတ် ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယမဖွဲ့ကြပေ။ ဤကိစ္စနှင့်စပ်လျဉ်း၍ ညီအစ်မများသည် ညီအစ်ကိုများထက် ပိုမို ကောင်းမွန်စွာ လုပ်ဆောင်ကြသည်။ အထူးသဖြင့် လက်ရှိတွင် ဘုရားအိမ်တော်၌ အရေးကြီးသော အလုပ်အတွက် ကြီးကြပ်ရေးမှူးများအဖြစ် အမှုဆောင်နေကြသော ညီအစ်မအချို့သည် ယခင်ကထက် ပို၍ နာခံပြီး ကျိုးနွံနာခံကြသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိကြသည်၊ အဖိုးအခ ပေးဆပ်ရန် လိုလားကြသည်၊ အမှုအရာများကို စေ့စပ်သေချာစွာ လုပ်ဆောင်ကြပြီး အလွန် လေးနက်ကြသည်၊ တင်းကျပ်ကြကာ အလေးအနက်ထားကြသည်။ ပြုပြင်ခံရသောအခါ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မစွန့်လွှတ်ကြ သို့မဟုတ် မညည်းညူကြပေ၊ ၎င်းတို့သည် ဆုတောင်းပြီး ကျိုးနွံနာခံနိုင်ဆဲဖြစ်ကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိရန်နှင့် ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ကြသည်။ ညီအစ်ကိုတို့၊ မိမိအနီးအနားရှိ ညီအစ်မများ အမှုအရာများကို မည်သို့ လုပ်ဆောင်သည်ကို ကြည့်ရှုနိုင်သည်။ ၎င်းတို့သည် သင်တို့ထက် ပို၍ စေ့စပ်သေချာကြပြီး ၎င်းတို့၏ လုပ်ရပ်များတွင် သင်တို့ထက် ပို၍ လေးနက်ကြသည်၊ တာဝန်ယူမှု ရှိကြကာ အလေးအနက်ထားကြသည်။ ထို့အပြင် ၎င်းတို့သည် နာခံပြီး ကျိုးနွံနာခံကြကာ အမှုအရာများကို လုပ်ဆောင်သည့်အခါ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းအပေါ် အာရုံစိုက်ကြသည်။ သေချာသည်မှာ နှိုင်းယှဉ်ချက်အရ နာခံပြီး ၎င်းတို့ လုပ်ဆောင်သည့် အရာများတွင် စေ့စပ်သေချာကာ အလေးအနက်ထားနိုင်သော ညီအစ်ကို တစ်စိတ်တစ်ပိုင်းလည်း ရှိသော်လည်း ညီအစ်ကိုအများစုမှာ အမြဲတစေ အနည်းငယ် ပေါ့ဆတတ်ကြသည်။ ဘာသာတရား မရှိသူများက ဤအရာကို ကြမ်းတမ်းပြီး ဖြစ်သလို လုပ်ဆောင်ခြင်းနှင့် ပွင့်လင်းလွတ်လပ်ခြင်းဟု ခေါ်ကြသည်။ ဘုရားအိမ်တော်သည် “ကြမ်းတမ်းပြီး ဖြစ်သလို လုပ်ဆောင်ခြင်း” ကို လက်မခံပေ၊ ဘုရားအိမ်တော်သည် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းနှင့် အမှုအရာများကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ခြင်းအပြင် အမှုအရာများကို အလေးအနက်ထားပြီး တင်းကျပ်စွာ လုပ်ဆောင်ခြင်းကို အလေးပေးသည်။ ဂရုမစိုက်ခြင်းနှင့် ဖြစ်ကတတ်ဆန်းလုပ်ခြင်းကို လုံးဝ လက်မခံနိုင်ပေ။ ညီအစ်ကိုအများစုသည် အမှုအရာများကို ကိုင်တွယ်ရာတွင် ပေါ့ဆကြပြီး မည်သည့်အခါမျှ အလေးအနက်မထားဘဲ “‘အကြမ်းဖျင်း’ သို့မဟုတ် ‘နီးစပ်ရုံ’ ဆိုလျှင် ရပါသည်၊ ဤသည်မှာ လုံလောက်ပါသည်” ဟု အမြဲတစေ တွေးကြသည်။ ညီအစ်မအချို့က သမ္မာတရားအပေါ် အားထုတ်မှု ပြုလုပ်ပြီး ယင်းကို အလေးအနက် ချဉ်းကပ်ကာ မိမိတို့၏ တာဝန်များနှင့်ပတ်သက်၍ အလေးအနက်ထားပြီး တင်းကျပ်သည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့က “ငါတို့သည် ယောက်ျားစစ်စစ်များ ဖြစ်ကြသည်။ ထိုအရာများကို အလွန်အသေးစိတ်ကျပြီး အရေးမပါသော အရာများအထိ လုပ်ဆောင်ရမည်လော။ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းဖြစ်သည့် ဤအရာအားလုံး၊ ဤဆုတောင်းခြင်းအားလုံးနှင့် ဤရှာဖွေခြင်းအားလုံးသည် ငါတို့သည် အခြေခံအားဖြင့် မှန်ကန်သော ဦးတည်ချက်သို့ ရွေ့လျားနေသရွေ့ ယင်းမှာ အဆင်ပြေပါသည်။ ဤမျှ ဇီဇာကြောင်နေခြင်းက မည်သည့်အကျိုးရှိမည်နည်း။ ငါတို့သည် အရာရာတိုင်းနှင့်ပတ်သက်၍ ဤမျှ ဇီဇာကြောင်နေပါက ငါတို့ကိုယ်ငါတို့ ယောက်ျားများဟု ခေါ်နိုင်သေးသလော။ လူတို့က ငါတို့ကို ရယ်ကြလိမ့်မည်” ဟု ပြောဆိုလျက် ထိုညီအစ်မများကို အထင်သေးကြသေးသည်။ သင်၏ ဤသဘောထားသည် မှားယွင်းသည်။ အမှုအရာများကို လေးနက်စွာ လုပ်ဆောင်သည့်အတွက် သင့်ကို မည်သူက ရယ်မည်နည်း။ ၎င်းတို့ ရယ်လိုပါက ရယ်ပါစေ။ ယောက်ျားစစ်စစ်တစ်ဦးသည် အမှုအရာများကို လေးနက်စွာ လုပ်ဆောင်ရမည်၊ ဤအရာတွင် ရှက်စရာ မရှိပေ။ အမှုအရာများကို လေးနက်စွာ လုပ်ဆောင်ခြင်းသည် သမ္မာတရားအပေါ်၊ တာဝန်ယူမှုများအပေါ်နှင့် တာဝန်များအပေါ် ကျား၊ မ မရွေး ဖန်ဆင်းခံများဖြစ်သည့် လူသားအားလုံး ထားရှိသင့်သည့် သဘောထား ဖြစ်သည်။ ပင်ပန်းသော အလုပ်ကြမ်း လုပ်ဆောင်ခြင်း သို့မဟုတ် စက်ယန္တရားကဲ့သို့သော အရာများကို လည်ပတ်ခြင်းနှင့်ပတ်သက်လာလျှင် အမျိုးသားများနှင့် အမျိုးသမီးများကြားတွင် ကွဲပြားမှု ရှိသော်လည်း သမ္မာတရားကို လိုက်စားရာတွင် ထိုသို့သော ကွဲပြားမှု မရှိပေ။ သမ္မာတရားသည် အမျိုးသားများ သို့မဟုတ် အမျိုးသမီးများကိုသာ ရည်ရွယ်ခြင်း မဟုတ်ဘဲ အမျိုးသားများနှင့် အမျိုးသမီးများ နှစ်မျိုးစလုံး ပါဝင်သော လူသားမျိုးနွယ်ကို ရည်ရွယ်သည်။ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် သမ္မာတရားအားလုံးအနက် အိမ်ထောင်ရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင်သာ အမျိုးသားများနှင့် အမျိုးသမီးများကြား ကွဲပြားမှု ရှိပြီး အမျိုးသားများက အမျိုးသား တာဝန်များကို ဖြည့်ဆည်းရန်နှင့် အမျိုးသမီးများက အမျိုးသမီး တာဝန်များကို ဖြည့်ဆည်းရန် လိုအပ်သည်။ သမ္မာတရား၏ အခြားသော ကဏ္ဍများတွင် အမျိုးသားများနှင့် အမျိုးသမီးများကြား ကွဲပြားမှုများ မရှိပေ၊ ယင်းတို့အားလုံးသည် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာများ ဖြစ်ကြသည်။ အထူးသဖြင့် သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် မမှားယွင်းရပေ၊ ပြီးလျှင် ဦးတည်ချက်နှင့် ပန်းတိုင်သည်လည်း မမှားယွင်းရပေ။ သမ္မာတရားကို လိုက်စားရာတွင် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ လူတစ်ဦး ထုတ်ဖော်သည့် အခြေအနေများနှင့် လူတစ်ဦး၏ အတွေးများနှင့် စိတ်ကူးများ ပါဝင်လာသောအခါ ယင်းတို့ကို အသေးစိတ် ဆန်းစစ်ပြီး ပိုင်းခြားသိမြင်ရမည်။ ယင်းတို့ကို မဆန်းစစ်ပါက အရင်းအမြစ် ပြဿနာကို မည်သည့်အခါမျှ တွေ့ရှိမည် မဟုတ်ပေ။ မတွေ့ရှိနိုင်ပါက သင်သည် ယင်းကို မဖြေရှင်းနိုင်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း၌ အမြဲတစေ နေထိုင်မည်ဖြစ်ကာ ယင်းတို့၏ ဒုက္ခပေးခြင်းနှင့် ကြိုးကိုင်ညွှန်ကြားခြင်းကို ခံရမည်ဖြစ်သည်၊ သင်သည် ပြောင်းလဲမှုကို မရရှိနိုင်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖယ်ရှားနိုင် ဖြစ်လိမ့်မည်။

ယနေ့ ငါတို့သည် “လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တစ်တန်းတည်း မထားခြင်း” ဟူသည့် အကြောင်းအရာတွင် ပါဝင်သော ကဏ္ဍများစွာအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤသည်မှာ အဓိကအားဖြင့် ငါ ကျင့်ကြံပြုမူပြီး လူများနှင့် ဆက်ဆံသည့် စည်းမျဉ်းများအပြင် လူများနှင့် ငါ ဆက်ဆံသည့်အခါ ငါ၏ အတွင်းစိတ်သဘောထားနှင့် အနှစ်သာရတို့အကြောင်းကို ပြောပြရန် ဖြစ်သည်။ သင်တို့သည် ဤအရာများကို အပြင်ပန်းမှ မမြင်နိုင်၊ နားမလည်နိုင် သို့မဟုတ် တန်ဖိုးမထားနိုင်သောကြောင့် ငါ၏ ခံစားချက်များနှင့် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် ငါ၏ စည်းမျဉ်းများကို သင်တို့နှင့် ငါ မျှဝေခဲ့သည်။ ငါသည် မိမိကိုယ်ကို သက်သေခံချက် ပေးနေခြင်း မဟုတ်ပေ၊ ငါ ကျင့်ကြံပြုမူပြီး အမှုအရာများကို လုပ်ဆောင်သည့် စည်းမျဉ်းများနှင့် ငါ အသက်ရှင် နေထိုင်သည့် အသက်၊ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို သင်တို့ သိရှိပြီး နားလည်နိုင်စေရန်အလို့ငှာ ဤအရာများကို သင်တို့နှင့် ငါ မျှဝေနေခြင်းသာ ဖြစ်သည်။ ဤအရာများသည် လျှို့ဝှက်ချက်များ မဟုတ်သကဲ့သို့ နက်နဲသောအရာများလည်း မဟုတ်ပေ။ ယင်းတို့ကို နားလည်ပြီး ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက် သင်တို့သည် ဘုရားသခင်ကို သိကျွမ်းနိုင်ပြီး လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိကို ပို၍ တိကျမှန်ကန်စွာ သိကျွမ်းနိုင်လိမ့်မည်။ သို့မဟုတ်ပါက “လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုယ်စားပြုနိုင်ပြီး ကိုယ်တော်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပိုင်ဆိုင်သည်” ဟူသော ပြောဆိုချက်သည် သင်တို့အတွက် ထာဝရ အနှစ်မဲ့သော စကားစုတစ်ခု ဖြစ်နေနိုင်သည်၊ သို့မဟုတ် ယင်းသည် သင်တို့၏ အယူအဆများနှင့် စိတ်ကူးများအတွင်း၌ ထာဝရ တည်ရှိနေနိုင်သည်၊ သို့မဟုတ် ယင်းသည် သင်တို့အတွက် ထာဝရ နက်နဲမှုတစ်ခု ဖြစ်နေနိုင်သည်။ အမှန်တွင် ဤသည်မှာ ဖြေရှင်းနိုင်သော ပြဿနာတစ်ခု ဖြစ်သည်၊ ယင်းမှာ သဘောတရားတစ်ခု မဟုတ်သည့်အပြင် ပုံသေပြောဆိုချက်တစ်ခုလည်း မဟုတ်ပေ။ လူ့ဇာတိခံထားသော ဘုရားသခင်၏ အသက် တည်ရှိသည့် ပုံစံသည် ကောင်းကင်ဘုံရှိ ဘုရားသခင် တည်ရှိသည့် ပုံစံနှင့် အတိုင်းအတာတစ်ခုအထိ ကွဲပြားသော်လည်း ယင်းမှာ လူ့ဇာတိ၌ တည်ရှိနေသော ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ ၎င်းတို့၏ အသက်တွင် ကွဲပြားမှု မရှိသည့်အပြင် ၎င်းတို့၏ အသက် အနှစ်သာရတွင်လည်း ကွဲပြားမှု မရှိပေ။ သို့ဆိုလျှင် ငါတို့ ပြောဆိုခဲ့သည့် ဤအရာများဖြစ်သည့် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဇာတိပကတိသည် လူများကို မလှည့်စားခြင်း၊ ယှဉ်ပြိုင်ငြင်းခုံမှု မရှိခြင်း သို့မဟုတ် မတိုက်ခိုက်ခြင်းသည် မည်သည့်နေရာမှ လာသနည်း။ ယင်းတို့သည် ဘုရားသခင် ကိုယ်တိုင်၏ အသက်မှ လာသည်၊ တိတိကျကျ ဆိုရလျှင် ယင်းတို့သည် ဘုရားသခင် ကိုယ်တိုင်၏ စိတ်သဘောထားကို ဖော်ပြခြင်းမှ လာသည်။ ထို့ကြောင့် “ငါသည် မည်သူ့ကိုမျှ မလှည့်ဖြားပေ၊ ယှဉ်ပြိုင်ငြင်းခုံခြင်း မရှိပေ၊ သို့မဟုတ် မတိုက်ခိုက်ပေ” ဟု သင်တို့ကို ပြောဆိုခြင်းသည် ဗျူရိုကရေစီဆန်သော စကားအသုံးအနှုန်းတစ်ခု မဟုတ်သည့်အပြင် နက်နဲမှုတစ်ခုလည်း မဟုတ်ပေ။ သူသည် ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်သည်၊ သူသည် ထိုသို့သော အသက်တာအတွင်း၌သာ နေထိုင်ပြီး သူ ကျင့်ကြံပြုမူခြင်းအတွက် သူ၏ စည်းမျဉ်းများအပြင် သူ အသက်ရှင် နေထိုင်သည့် အသက်၊ စိတ်သဘောထားနှင့် အနှစ်သာရ အားလုံးတွင် လူများကို မလှည့်စားခြင်း၊ ယှဉ်ပြိုင်ငြင်းခုံမှု မပြုခြင်းနှင့် မတိုက်ခိုက်ခြင်းဟူသည့် လက္ခဏာများ ပါဝင်သည်။ ယင်းမှာ ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်မည်။ နှုတ်ဆက်ပါသည်။

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၄)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၆)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။