သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)

လတ်တလောတွင် လူအချို့သည် အပျက်သဘောဆောင်သော ကောလာဟလအချို့ကို ကြားပြီးကြသလော။ (ကြားပြီးပါပြီ။) သင်တို့ ဤကောလာဟလများကို ကြားသည့်အခါ သင်တို့၏ တုံ့ပြန်မှုမှာ အဘယ်အရာဖြစ်သနည်း။ သင်တို့ ကြောက်ရွံ့သွားကြသလော။ သင်တို့ သိချင်စိတ် ဖြစ်သွားကြသလော။ ဤကောလာဟလများမှာ အဘယ်အရာဖြစ်သည်ကို သင်တို့ သိချင်ကြသလော။ (ကျွန်ုပ်တို့ မသိချင်ပါ၊ အကြောင်းမှာ အဆင်းနီသော နဂါးကြီးသည် မကြာခဏ မရှိကိုအရှိလုပ်၍ ကောလာဟလများကို လုပ်ကြံဖန်တီးလေ့ရှိသည်ကို ကျွန်ုပ်တို့ သိထားပြီးဖြစ်သောကြောင့် ဖြစ်ပါသည်။ ၎င်းပြောဆိုသည့် မည်သည့်အရာမဆို မှားယွင်းပါသည်။ ထို့ကြောင့် ဤကောလာဟလများ၏ အသေးစိတ်ကို ကျွန်ုပ်တို့ စိတ်မဝင်စားကြသကဲ့သို့ ၎င်းပြောသည့် နတ်ဆိုးဆန်သော စကားများကို နားလည်အောင် ကြိုးစားရန်လည်း မလိုလားကြပါ။) အဆင်းနီသော နဂါးကြီးသည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ဖောက်ပြန်ပျက်စီးစေရန် ကောလာဟလအမျိုးမျိုးကို လုပ်ကြံဖန်တီးပြီး လူများစွာတို့သည် ကောလာဟလများကို ကြားပြီးနောက် အထင်အမြင်မှားစေခြင်း ခံကြရသည်။ အချို့သောသူတို့သည် ကြောက်ရွံ့လာကြပြီး မှန်သော လမ်းခရီးကို လက်ခံရန် မဝံ့ကြပေ။ ယင်းကို လက်ခံပြီးသူအချို့သည်လည်း သံသယဝင်လာကြပြီး ဘုရားသခင်ကို ဆက်၍မယုံကြည်ချင်ကြတော့ပေ။ ဤလူတို့သည် အဆင်းနီသော နဂါးကြီး၏ ကောလာဟလများကို မကြားမီက မည်သည့်သံသယမျှမရှိဘဲ ဘုရားသခင်ကို ယုံကြည်ခြင်းရှိပုံရခဲ့ပြီး ဘုရားသခင်နောက်လိုက်ရန်နှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားခဲ့ကြသည်။ သို့သော် ကောလာဟလများကို ကြားပြီးနောက်တွင်မူ ၎င်းတို့သည် ချက်ချင်းပင် သံသယများ ဖြစ်ပေါ်လာကြပြီး ဘုရားသခင်နောက်လိုက်ရန်နှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် စိတ်မရှိကြတော့ပေ။ အထူးသဖြင့် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရသူများထဲမှ အချို့သည် ၎င်း၏ ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုဖြင့် ခြိမ်းခြောက်ဖိအားပေးမှုအောက်တွင် အလျှော့ပေးလိုက်ကြပြီး ဘုရားသခင်၏ နာမတော်ကို ငြင်းပယ်ကြကာ ထိုလူများထဲမှ အချို့သည် “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ရေးထိုးကြပြီး ဘုရားသခင်ကို နှုတ်ဖြင့် စော်ကားရန် အတင်းအကျပ်စေခိုင်းခြင်းပင် ခံကြရသည်။ ထိုသို့သောလူများ အတော်များများ ရှိသည်။ သင်တို့အားလုံးသည် ကောလာဟလများနှင့် အပျက်သဘောဆောင်သော ဝါဒဖြန့်မှုများစွာကို ကြားဖူးကြပြီးဖြစ်သကဲ့သို့ အဆင်းနီသော နဂါးကြီးက ဘုရားသခင်ကို ယုံကြည်သူများကို ဖမ်းဆီးပြီးနောက် ၎င်းတို့ကို ဦးနှောက်ဆေးကြောသည်ကိုလည်း မြင်ဖူးကြပြီး ဖြစ်သည်၊ အမှန်ပင် လူအတော်များများ အထင်အမြင်မှားစေခြင်း ခံခဲ့ကြရသည်။ ထို့အပြင် ၎င်းသည် ဘုရားသခင်ကို သစ္စာဖောက်သူတို့ကိုလည်း ၎င်းအတွက် အစေခံမှုပေးရန် အသုံးပြုလျက် ၎င်းတို့အား အသင်းတော်ကို ထောက်လှမ်းစောင့်ကြည့်စေပြီး ဘုရားသခင်ကို ယုံကြည်သူများနောက်သို့ လိုက်၍ နောက်ယောင်ခံစေသည်။ ဘာသာရေးယုံကြည်မှုကို အမြစ်ဖြတ်ချေမှုန်းရန်နှင့် ဘုရားသခင်၏ အသင်းတော်ကို ဖယ်ရှားရန်အလို့ငှာ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို နှိမ်နင်းခြင်းနှင့် ဖမ်းဆီးခြင်းကို အရေးကြီးသော နိုင်ငံတော်အလုပ်အဖြစ်၊ နိုင်ငံရေးဆိုင်ရာ အထူးတာဝန်တစ်ရပ်အဖြစ် သဘောထားပြီး ယင်းကို အလွန် စေ့စပ်သေချာစွာနှင့် အားထုတ်ကြိုးပမ်း၍ လုပ်ဆောင်သည်။ ဤသည်က ဘုရားသခင်ကို ယုံကြည်သူများစွာတို့အား ကြောက်ရွံ့လာစေသဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် မဝံ့ကြတော့သကဲ့သို့ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်လည်း မဝံ့ကြတော့ပေ။ အထူးသဖြင့် အဆင်းနီသော နဂါးကြီးက လုပ်ကြံဖန်တီးသည့် ကောလာဟလများကို ကြားပြီးနောက်တွင် လူများစွာတို့သည် အထင်အမြင်မှားစေခြင်း ခံကြရသည်။ ဤကောလာဟလများနှင့်ပတ်သက်၍မူ ဘုရားအိမ်တော်က ရှေးယခင်ကတည်းက ယင်းတို့ကို အကျဉ်းချုပ်ပြီး ပိုင်းခြားသိမြင်ခဲ့ပြီး ဖြစ်သဖြင့် ယင်းတို့ကို ဤနေရာတွင် ဆွေးနွေးရန် မလိုအပ်ပေ။ သင်သည် အမှန်တကယ် ဖမ်းဆီးခံရခြင်းကို ကြုံတွေ့ရပြီး အဆင်းနီသော နဂါးကြီးက သင့်ကို ဦးနှောက်ဆေးကြောရန် ဤကောလာဟလများကို အသုံးပြုကာ သင့်ကို ရပ်တည်ချက်တစ်ခုခု ယူရန် အတင်းအကျပ်စေခိုင်းပြီး “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးရန် သင့်ကို အတင်းအကျပ်စေခိုင်းလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အဆင်းနီသော နဂါးကြီးက လုပ်ကြံဖန်တီးသည့် ကောလာဟလများအားလုံးသည် မှားယွင်းပြီး အထင်အမြင်မှားစေကာ လှည့်ဖြားတတ်ကြောင်းကို သင်တို့ ယခု သိကြသည်။ သင်တို့၏ သဘောထားမှာ ၎င်းတို့ကို နားမထောင်ခြင်း၊ မကြည့်ခြင်းနှင့် မယုံကြည်ခြင်း ဖြစ်သော်လည်း ဤကောလာဟလများကို သင့်ရှေ့တွင် ချထားခဲ့လျှင် သင့်အား ယင်းတို့ကို ကြားစေ၊ မြင်စေပြီး အမှန်တကယ်ဖြစ်သည်ဟုပင် ထင်စေလျှင် သင် စိတ်ယိုင်သွားမည်လော။ သင်၏ စိတ်နှလုံးထဲတွင် သင် မည်သည့်အရာကို ထင်မည်နည်း။ အဖြစ်မှန်များ၏ အမှန်တရားကို သင် သိချင်မည်လော။ ယင်းတို့ကို သင် အတည်ပြုစစ်ဆေးချင်မည်လော။ အဆင်းနီသော နဂါးကြီးက လူတို့ကို အထင်အမြင်မှားစေရန်နှင့် ခြိမ်းခြောက်ရန် ကောလာဟလများ လုပ်ကြံဖန်တီးခြင်း၊ သို့မဟုတ် လူများကို ဦးနှောက်ဆေးကြောရန်နှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ အလုပ်ကို လုပ်ဆောင်ရန် ကောလာဟလများနှင့် ဘုရားမဲ့ဝါဒကို အသုံးပြုခြင်းတို့နှင့်ပတ်သက်၍ လူများကို ကြိုတင်ကာကွယ်မှုပေးရန် ငါတို့ သမ္မာတရားကို မိတ်သဟာယဖွဲ့ဖို့ လိုအပ်သလော။ ဤသည်မှာ လိုအပ်သော အလုပ်တစ်ရပ် ဖြစ်သလော။ အချို့သောသူတို့က “အဆင်းနီသော နဂါးကြီးက ကျွန်ုပ်တို့အကြောင်း ကောလာဟလများကို နှစ်ပေါင်းများစွာ လုပ်ကြံဖန်တီးနေခဲ့သည်၊ အထူးသဖြင့် ခရစ်တော်အကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသည့်လူအကြောင်း၊ အသင်းတော်နှင့် အသင်းတော်၏ အလုပ်အကြောင်း ကောလာဟလများကို ဖြစ်သည်။ ကျွန်ုပ်တို့သည် ယင်းတို့ကို မည်သည့်အခါမျှ ရှင်းလင်းပြောကြားခဲ့ခြင်း မရှိ၊ ကျွန်ုပ်တို့၏ သဘောထား သို့မဟုတ် ရှုမြင်ပုံကို ရှင်းလင်းစေရန် ရှေ့ထွက်လာခဲ့ခြင်း မရှိ၊ မည်သည့် ခုခံကာကွယ်ပြောဆိုမှုကိုမျှ မလုပ်ခဲ့ပါ၊ ဤသည်မှာ သင့်လျော်ပါသလော” ဟု ပြောကြသည်။ အချို့သောသူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်မှ ယခုအချိန်အထိ အဆင်းနီသော နဂါးကြီးနှင့် ဘာသာရေးလောက၏ ကောလာဟလအမျိုးမျိုးကို မည်သည့်အခါမျှ ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိခဲ့ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာများနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာတစ်ခု အစဉ်သဖြင့်ရှိနေခဲ့သည်။ ဤမေးခွန်းထုတ်စရာမှာ လုံးဝမယုံကြည်ခြင်းကို ဆိုလိုခြင်းမဟုတ်သကဲ့သို့ လုံးဝယုံကြည်ခြင်းကိုလည်း ဆိုလိုခြင်းမဟုတ်ပေ။ ထိုအစား ဤအရာများသည် အဆင်းနီသော နဂါးကြီးက လုပ်ကြံဖန်တီးသည့် ကောလာဟလများ ဖြစ်နိုင်သကဲ့သို့ အဖြစ်မှန်များလည်း ဖြစ်နိုင်သည်ဟု တွေးထင်လျက် ဤကိစ္စရပ်များကို ရှုမြင်ရန် ကြားနေ ရပ်တည်ချက်တစ်ခုကို ၎င်းတို့က ယူကြသည်ကို ဆိုလိုသည်။ ဤ “ဖြစ်နိုင်သည်” ဆိုခြင်းက သမ္မာတရားကို ရှာဖွေခြင်းနှင့်ဆိုင်သော ရှုမြင်ပုံတစ်ရပ်ကို ထင်ဟပ်စေသလော။ (မထင်ဟပ်ပါ။) ဤသည်မှာ ကောလာဟလများကို မှန်မမှန်စစ်ဆေးပြီး အတည်ပြုရန် လိုအပ်သည်ဟု ယုံကြည်ခြင်းနှင့်ဆိုင်သော ရှုမြင်ပုံတစ်ရပ်၊ သို့မဟုတ် အတွင်းသိများက အခြေအနေမှန်အချို့ကို ထုတ်ဖော်ပြောကြားသည်ကို စောင့်ဆိုင်းပြီး စောင့်ကြည့်လေ့လာခြင်းနှင့်ဆိုင်သော ရှုမြင်ပုံတစ်ရပ် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤရှုမြင်ပုံနှစ်မျိုးထဲမှ တစ်ခုခုကို လူများက ထားရှိခြင်းမှ မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာမည်ဟု သင်တို့ ထင်သနည်း။ ထိုသို့သောသူများသည် အန္တရာယ် ကျရောက်နေသလော။ ဤရှုမြင်ပုံနှစ်မျိုးထဲမှ မည်သည့်ရှုမြင်ပုံက လူတို့ကို ခိုင်မာစွာ ရပ်တည်နိုင်စေမည်နည်း။ (ဤရှုမြင်ပုံနှစ်မျိုးလုံးက လူတို့ကို ခိုင်မာစွာ ရပ်တည်နိုင်စေမည် မဟုတ်ပါ။ တစ်စုံတစ်ဦးတွင် ဤ “ဖြစ်နိုင်သည်” ဟူသော အတွေးရှိလျှင် ၎င်းတို့သည် မှန်သော လမ်းခရီးအပေါ် မသေချာမရေရာသေးကြောင်းနှင့် ၎င်းတို့အတွင်း၌ သံသယဝင်ခြင်း အချက်အလက်များ ရှိနေသေးကြောင်းကို ပြနေပါသည်။ ဤအခြေအနေတွင် ကောလာဟလများသည် ၎င်းတို့အတွက် ကြီးမားသော စုံစမ်းသွေးဆောင်မှုတစ်ခု ဖြစ်လာသည်။ လူတို့သည် မှန်သော လမ်းခရီးအပေါ် မသေချာမရေရာနိုင်လျှင်၊ သမ္မာတရားကို မယုံကြည်နိုင်လျှင်၊ အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်ခြင်း မရှိလျှင် ၎င်းတို့သည် အမှန်တကယ်တွင် အလွန် အန္တရာယ်ကြီးမားသော အခြေအနေတွင် ရှိနေပါသည်။) ၎င်းတို့သည် ယနေ့ထက်တိုင် မှန်သော လမ်းခရီးအပေါ် မသေချာမရေရာသေးပေ။ ၎င်းတို့၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သနည်း။ (အနှစ်သာရအားဖြင့် ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြပါသည်။) ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ ဤရှုမြင်ပုံနှစ်မျိုးထဲမှ တစ်ခုခုကို စွဲကိုင်ထားသော လူများစွာ ရှိသလော။ ဧကန်မုချ အတော်များများ ရှိသည်။ ဤလူတို့သည် ကောလာဟလများကို ကြားသည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် သံသယများ ဖြစ်ပေါ်လာကြပြီး ကောလာဟလများ၏ အရင်းစစ်အမြစ်စစ်ကို သိရှိရန်၊ ၎င်းတို့ မှန်သည်၊ မှားသည်ကို သိရှိရန် လိုလားကြသည်။ သို့ရာတွင် ဤကိစ္စကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ ရှာဖွေရမည်ကို ၎င်းတို့ မသိသောကြောင့် အဆုံးတွင် ၎င်းတို့သည် ယင်းကို မဖြေရှင်းဘဲ ထားလိုက်ကြသည်။ အမှန်တွင် ဤပြဿနာသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ရှိနေဆဲဖြစ်ပြီး မဖြေရှင်းရသေးပေ။ သင်တို့ ဤကောလာဟလများကို ကြားသည့်အခါ သမ္မာတရားကို ရှာဖွေကြသလော။ ကောလာဟလများကို စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ပိုင်းခြားသိမြင်ရန် သင်တို့ သမ္မာတရားကို ရှာဖွေကြသလော၊ သို့မဟုတ် ၎င်းတို့ အမှားအမှန်ကို ခွဲခြားရန်နှင့် ၎င်းတို့ အမှန်တကယ် မှန်သည်၊ မှားသည်ကို သိမြင်ရန် ကောလာဟလများကို တစ်ခုပြီးတစ်ခု သင်တို့ ဆန်းစစ်ကြသလော။ သင်တို့ ကောလာဟလများကို ကြားပြီးနောက်တွင် ၎င်းတို့ မမှန်ကြောင်း၊ ဤသည်မှာ အဆင်းနီသော နဂါးကြီးက ကောလာဟလများ လုပ်ကြံဖန်တီးပြီး အသရေဖျက်သည့် လှုံ့ဆော်မှုတစ်ခုသာဖြစ်ကြောင်း သင်တို့၏ စိတ်နှလုံးထဲ၌ တွေးထင်ကြသော်လည်း သင်တို့သည် ၎င်းတို့ကို သမ္မာတရားနှင့် အဖြစ်မှန်များကို အခြေခံ၍ မချေပကြပေ၊ အမှန်တကယ်တွင် သင်တို့၏ စိတ်နှလုံးထဲ၌ သံသယအချို့ ရှိနေဆဲဖြစ်ပြီး သင်တို့၏ သံသယများကို ဖြေရှင်းရန် ဤအယူဝါဒဆိုင်ရာ ပြောဆိုချက်များကို အသုံးပြုကြရုံသာ ဖြစ်သည်။ ဤသို့ တွေးထင်ခြင်းက သင်တို့ကို ခိုင်မာစွာ ရပ်တည်နိုင်စေမည်လော။ ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်းလော။ ဤသည်က သင်တို့ သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို ရရှိပြီးဖြစ်ကြောင်း ပြသသလော။ ပြဿနာသည် အရင်းခံမှ ဖြေရှင်းပြီးဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤပြဿနာကို ဖြေရှင်းရန် သင်တို့ သမ္မာတရားကို အသုံးပြုလိုကြသလော၊ ဤသို့ဖြင့် သင်တို့သည် ဤကောလာဟလများကို ပိုင်းခြားသိမြင်နိုင်မည်ဖြစ်ပြီး အထင်အမြင်မှားစေခြင်း မခံရဘဲ သင်တို့၏ စိတ်နှလုံးထဲတွင် မည်သည့်မေးခွန်းမျှမရှိကာ ငါ့အပေါ် သင်တို့၏ သံသယများ၊ သင်တို့၏ သင်္ကာမကင်း ဖြစ်မှုများနှင့် သင်တို့၏ သတိထားရှောင်ခြင်းများကို လုံးဝ ဖယ်ရှားနိုင်မည် မဟုတ်လော။ အချို့သောသူတို့က “ကျွန်ုပ်တို့ ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်မှ ယခုအချိန်အထိ ကိုယ်တော်၏ တရားဒေသနာများကို နားထောင်နေခဲ့ပြီး ရေလောင်းခြင်းနှင့် သိုးထိန်းခြင်းကို လက်ခံနေခဲ့ကာ အကျိုးကျေးဇူးနှင့် တိုးတက်မှုအချို့ ရရှိခဲ့ကြပါသည်။ သို့သော် ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ကိုယ်တော်နှင့် အမှန်တကယ် အတူနေထိုင်ခဲ့ခြင်း သို့မဟုတ် အမှန်တကယ် ထိတွေ့ဆက်ဆံခဲ့ခြင်း မရှိပါ။ သို့ဖြစ်၍ ကိုယ်တော်သည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်သည်၊ ကိုယ်တော်၏ ပင်ကိုစရိုက်နှင့် ကိုယ်ကျင့်စရိုက်မှာ မည်သို့ရှိသည်၊ ကိုယ်တော်သည် မည်သို့သော အသက်တာမျိုးဖြင့် အသက်ရှင်သည်တို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့အား လုံးဝ အမှောင်ချထားပြီး အသိပေးမခံရပါ” ဟု တွေးထင်ကြသည်။ ဆိုလိုသည်မှာ ဤဇာတိပကတိ၏ လူ့သဘာဝနှင့်ဆိုင်သော သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းအမျိုးမျိုးအပြင် ငါ၏ အသက်တာ၊ လူများနှင့် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ငါ၏ သဘောထားနှင့် တိကျသော သရုပ်သကန်တို့နှင့် ပတ်သက်လာလျှင် လူတို့သည် ဤအရာများကို အစဉ်သဖြင့် မေးခွန်းထုတ်ခဲ့ကြပြီး ၎င်းတို့အပေါ် သံသယများ ထားရှိခဲ့ကြသည်။ တစ်ဖက်တွင် လူတို့ ဤသံသယများ ထားရှိခြင်းမှာ လူတို့ကိုယ်တိုင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအပေါ် ရာနှုန်းပြည့် မသေချာမရေရာခြင်းမှ ဖြစ်ပေါ်လာပြီး အခြားတစ်ဖက်တွင်မူ ၎င်းတို့၏ သမ္မာတရားနားလည်မှု အလွန်အပေါ်ယံဆန်သောကြောင့် ဘာသာရေးလောက သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ ကောလာဟလများ၏ လွှမ်းမိုးခြင်းကို ခံရခြင်းမှ ဖြစ်ပေါ်လာသည်။ သို့ဖြစ်၍ သင်တို့သည် ငါ့အကြောင်း ထင်ကြေးပေးမှုများစွာ ရှိကြသည်။ ဤထင်ကြေးပေးမှုများ၏ အကြောင်းအရာမှာ ဧကန်မုချ အပြုသဘောဆောင်ခြင်း သို့မဟုတ် သင့်လျော်ခြင်း မရှိသည်မှာ အမှန်ပေ။ ယင်းတွင် အမှောင်မိုက်သောနှင့် အပျက်သဘောဆောင်သော အချက်အလက်အချို့ ဧကန်မုချ ပါဝင်သည်။ ဤထင်ကြေးပေးမှုများကို ထားရှိခြင်းသည် သင်တို့အတွက် ကောင်းသောအရာလော၊ သို့မဟုတ် မကောင်းသောအရာလော။ ယင်းသည် ဝန်ထုပ်ဝန်ပိုးတစ်ခုလော၊ ချည်နှောင်မှုတစ်ခုလော၊ သို့မဟုတ် တွန်းအားတစ်ခုလော။ သင်တို့ မည်သို့ ထင်သနည်း။ (လူတို့၏ စိတ်နှလုံးထဲတွင် ဤအပျက်သဘောဆောင်သော ထင်ကြေးပေးမှုများ ရှိလျှင် ယင်းမှာ ကောင်းသောအရာမဟုတ်ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ပါသည်။ ယင်းက လူတို့ကို ဘုရားသခင်အပေါ် သတိထားကာကွယ်စေမည်ဖြစ်ပြီး ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် မည်သည့်အကူအညီမျှ ပေးမည်မဟုတ်ပါ။) ဤအပျက်သဘောဆောင်သော အရာများက သင်တို့အပေါ် မည်သို့သော သက်ရောက်မှု ရှိသနည်း။ ၎င်းတို့သည် မည်သို့သော အကျိုးဆက်များကို ဖြစ်ပေါ်စေမည်နည်း။ အချို့သော ပတ်ဝန်းကျင်များတွင် ဤအရာများသည် သင့်အတွက် အန္တရာယ်ရှိသလော။ (ရှိပါသည်။) ဤအရာများသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ပြီး သင့်အတွက် ကောင်းသောအရာ မဟုတ်သောကြောင့် ၎င်းတို့ကို ဖြေရှင်းရန် သင် သမ္မာတရားကို အသုံးပြုသင့်သလော။ သို့မဟုတ် ယင်းတို့ကို ဘေးဖယ်ထားပြီး ယင်းတို့နှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်မခံဘဲ ယင်းတို့အကြောင်း မစဉ်းစားဘဲ ပြဿနာတစ်ခုခု အမှန်တကယ် ပေါ်ပေါက်လာသည့်အချိန်အထိ စောင့်ဆိုင်းပြီးမှ ဖြေရှင်းသင့်သလော။ သင်တို့၏ သဘောထားမှာ အဘယ်အရာဖြစ်သနည်း။ (ကျွန်ုပ် ကောလာဟလများကို ကြားသည့်အခါ ၎င်းတို့ကို ဘေးဖယ်ထားပြီး စိတ်အနှောင့်အယှက်မခံခဲ့ပါ။ သို့သော် ယခုလေးတင် ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ဤပြဿနာများ ပေါ်ပေါက်လာသည့်အခါ ယင်းတို့ကို သမ္မာတရားဖြင့် ဖြေရှင်းရမည်ကို ကျွန်ုပ် နားလည်သဘောပေါက်ခဲ့ပါသည်။ သို့မဟုတ်လျှင် လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးထဲရှိ ဤဝန်ထုပ်ဝန်ပိုးကို မချထားနိုင်ဘဲ အချို့သောအခြေအနေများတွင် ယင်းက မကောင်းသော အကျိုးဆက်များဆီသို့ ဦးတည်နိုင်ပြီး ဘုရားသခင်ကို သံသယဝင်ခြင်းနှင့် ဘုရားသခင်ကို ငြင်းပယ်ခြင်းဆီသို့ပင် ဦးတည်နိုင်ကာ ယင်းမှာ အလွန် အန္တရာယ်ကြီးမားပါသည်။) ဤအရာများသည် ကောလာဟလများဖြစ်သည်ဟု သင်တို့ နှုတ်ဖြင့် ပြောဆိုကြသော်လည်း သင်သည် ဤကောလာဟလများကို မည်သည့်အခါမျှ အမှန်တကယ် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင် သို့မဟုတ် ၎င်းတို့အပေါ် မှန်ကန်သော သဘောထားမရှိလျှင်၊ ဤအပျက်သဘောဆောင်သော အရာများကို သင်၏ စိတ်နှလုံးထဲတွင် အစဉ်သဖြင့် သယ်ဆောင်ထားလျှင် သင်သည် ၎င်းတို့၏ ဘောင်ခတ်ခြင်းကို မကြာခဏ ခံရလိမ့်မည်။ ဤကောလာဟလများသည် သင့်အတွက် အချိန်မရွေး၊ နေရာမရွေး ပေါက်ကွဲရန် အသင့်ဖြစ်နေသော အချိန်ကိုက်ဗုံးတစ်ခု ဖြစ်လိမ့်မည်။ ဤအရာ၏ အကျိုးဆက်များမှာ မတွေးတောနိုင်ဖွယ် ဧကန်မုချ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလိမ့်မည်။ “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးသူတို့သည် ဗုံးကို ဖောက်ခွဲပြီး မိမိတို့ကိုယ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေခဲ့သူများ မဟုတ်လော။ ၎င်းတို့ “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးပြီးနောက်တွင် အဆင်းနီသော နဂါးကြီးသည် အလျှော့မပေးသေးပေ။ ၎င်းတို့သည် ဘုရားသခင်ကို စော်ကားသည့်အရာအချို့ကို နှုတ်ဖြင့် ပြောဆိုရမည်ဖြစ်ပြီး ထိုအခါမှသာ ကိစ္စပြီးပြတ်သည်ဟု မှတ်ယူနိုင်မည်ဖြစ်ကြောင်း ၎င်းက တောင်းဆိုသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် မလိုလားကြသော်လည်း ရွေးချယ်စရာမရှိဟု ခံစားရပြီး အကျဉ်းချခံရခြင်းကို ရှောင်ရှားရန် စာတန်ထံ အညံ့ခံကြသည်။ ဘုရားသခင်ကို နှုတ်ဖြင့် စော်ကားပြီးနောက်တွင် ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက် ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ လုံးဝ ဇာတ်သိမ်းသွားပြီဖြစ်ကြောင်း ခံစားကြရသည်။ ၎င်းတို့သည် ထိုကောလာဟလများ မှန်သည်၊ မှားသည်ကို စဉ်းစားရန် မလိုအပ်တော့ဘဲ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့စဉ်က ၎င်းတို့ သယ်ဆောင်ခဲ့သော စိုးရိမ်ပူပန်မှုများ၊ စိုးရိမ်ကြောင့်ကြမှုများ၊ သတ္တိနည်းခြင်းနှင့် ကြောက်ရွံ့ထိတ်လန့်ခြင်းတို့သည် လုံးဝ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်သည်လည်း ပျက်စီးသွားလေသည်။ ငါ့ကို ပြောလော့၊ လူတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို သို့မဟုတ် ဤရေစီးကြောင်းကို သံသယဝင်လျှင်ပင် ၎င်းတို့ ဘုရားသခင်ကို စော်ကားသင့်သလော။ (မစော်ကားသင့်ပါ။) အဆင်းနီသော နဂါးကြီးက သင့်ကို ဘုရားသခင်အား စော်ကားရန် ပြောသည့်အခါ အဘယ်ကြောင့် သင် ၎င်းကို နာခံသနည်း။ မည်သူပင်ဖြစ်စေ၊ မှန်သော လမ်းခရီးကို ငြင်းပယ်လျှင်၊ ဤရေစီးကြောင်းကို ငြင်းပယ်လျှင်ပင် ၎င်းတို့သည် ဘုရားသခင်ကို မစော်ကားသင့်ပေ။ ဘုရားသခင်ကို စော်ကားသူတို့သည် မည်သို့သော လူစားမျိုးတို့ ဖြစ်ကြသနည်း။ (ဘုရားသခင်ကို စော်ကားနိုင်သူတို့သည် ဆိုးယုတ်သော လူ့သဘာဝရှိသူများဖြစ်ပြီး သမ္မာတရားအတွက် အထူး အမုန်းတရားရှိကြကာ စာတန်၏ စွမ်းအားကို ကျိုးနွံနာခံသူများလည်း ဖြစ်ကြပါသည်။) ငါ့ကို ပြောလော့၊ လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် တည်ရှိသည်ကို အမှန်တကယ် ယုံကြည်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်ကို ယုံကြည်လျှင်၊ လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ကို ယုံကြည်လျှင်၊ လူ့အသက်ကို ဘုရားသခင်က ပေးသနားတော်မူသည်ကို ယုံကြည်လျှင်၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ပိုင်စိုးသည်ကို ယုံကြည်လျှင် ၎င်းတို့ ဘုရားသခင်ကို စော်ကားမည်လော။ (စော်ကားမည် မဟုတ်ပါ။) ၎င်းတို့ မည်သည့်အခါမျှ စော်ကားမည်မဟုတ်ပေ။ မည်သို့သော အခြေအနေများတွင်မဆို ၎င်းတို့ ဘုရားသခင်ကို စော်ကားမည်မဟုတ်ပေ။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ဟူသော နာမတော်ကို သို့မဟုတ် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုဖြစ်သော ဤရေစီးကြောင်းကို သံသယဝင်လျှင်ပင် ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ စော်ကားမည်မဟုတ်ပေ။ သို့ဖြစ်၍ ဘုရားသခင်ကို စော်ကားနိုင်သော လူစားမျိုးသည် ဤရေစီးကြောင်းကို ငြင်းပယ်ပြီး လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းပယ်သည်သာမက ၎င်းတို့သည် ဘုရားသခင်၏ အမှုနှင့် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားကိုလည်း ငြင်းပယ်ကြသည်။ သို့ဆိုလျှင် ဤအမျိုးအစားဝင် လူတို့သည် မည်သည့်အမျိုးအစားနှင့် သက်ဆိုင်သနည်း။ (၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြပါသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ငြင်းပယ်သူများ ဖြစ်ကြပါသည်။) ဤအမျိုးအစားဝင် လူတို့သည် စာတန်နှင့် နတ်ဆိုးများ၏ ဂိုဏ်းဝင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ မဟုတ်၊ ဘုရားသခင်၏ သိုးများ မဟုတ်ပေ၊ ၎င်းတို့သည် လူသားမဟုတ်ကြပေ။ အချို့သောသူတို့သည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် သမ္မာတရားကို နားမလည်သောကြောင့်လည်းကောင်း၊ ပိုင်းခြားသိမြင်မှု မရှိသောကြောင့်လည်းကောင်း ကောလာဟလများကို ကြားသည့်အခါ သံသယဝင်လာကြသည်။ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်အပေါ် သံသယများ ဖြစ်ပေါ်လာကြပြီး ခြိမ်းခြောက်မှုများ၊ သွေးဆောင်မှုများနှင့် ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုဖြင့် ခြိမ်းခြောက်ဖိအားပေးမှုအောက်တွင် ဘုရားသခင်၏ နာမတော်ကို ငြင်းပယ်ကြသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဖြစ်သော ဤရေစီးကြောင်းကို ငြင်းပယ်ကြသည်၊ အသင်းတော်ကို ငြင်းပယ်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်သည့် သဘောသက်ရောက်နေပြီဖြစ်၏။ သို့သော် အချို့သောသူတို့သည် ဘုရားသခင်ကိုပင် စော်ကားနိုင်ကြသည်၊ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးဝကင်းမဲ့ခြင်းဖြစ်သည်၊ ယင်းမှာ ခွင့်မလွှတ်နိုင်စရာဖြစ်ပြီး ခွင့်မလွှတ်နိုင်သော အပြစ်ကို ကျူးလွန်ခြင်း ဖြစ်သည်။ သင်သည် လူတို့ကို စော်ကားသည့်အခါ၊ သို့မဟုတ် ၎င်းတို့ကို တိုက်ခိုက်သည့်အခါ၊ ဝေဖန်သည့်အခါ၊ သို့မဟုတ် အသရေဖျက်သည့်အခါ ဥပဒေအရ ဤသည်မှာ အများဆုံးအားဖြင့် အသရေဖျက်မှုပြစ်မှုအဖြစ် သို့မဟုတ် အပြင်းထန်ဆုံးအခြေအနေများတွင် လူတစ်ဦးချင်းအပေါ် တိုက်ခိုက်မှုအဖြစ် သတ်မှတ်ခြင်းခံရမည် ဖြစ်သည်။ ယင်းမှာ အမှန်တကယ် ပြင်းထန်ခြင်းမရှိသကဲ့သို့ သေစေခြင်းလည်း မရှိပေ။ သို့ရာတွင် တစ်စုံတစ်ဦးက ဘုရားသခင်ကို စော်ကားနိုင်သည့်အခါ ပြဿနာ၏ သဘောသဘာဝသည် ပြောင်းလဲသွားသည်။ ယင်းမှာ ဘုရားသခင်ကို ရိုးရိုးစော်ကားခြင်းမျှသာ မဟုတ်တော့ပေ၊ ယင်းမှာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ပြစ်မှားစော်ကားသည် ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အပြုသဘောဆောင်သော အရာများကိုဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ တိုက်ရိုက် တိုက်ခိုက်ခြင်း၊ အသရေဖျက်ခြင်း၊ စော်ကားခြင်း သို့မဟုတ် ရှုတ်ချခြင်းကို ဆိုလိုသည်၊ ဤအရာအားလုံးသည် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းသည်၊ ဘုရားသခင်သည် အထွတ်အထိပ်ဖြစ်သည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးအပေါ် အချုပ်အခြာအာဏာ ပိုင်စိုးသည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အသက်ကို ပေးသနားတော်မူသောအရှင်ဖြစ်ပြီး ဘုရားသခင်သည် လူ့အသက်၏ ရင်းမြစ်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ၊ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့သည် အထွတ်အထိပ် ဖြစ်သည်။ ဘုရားသခင်သည် စုံလင်သည်၊ ကောင်းမြတ်သည်၊ သန့်ရှင်းသည်၊ ကိုယ်တော်သည် ခြောက်ပစ်ကင်းသဲလဲစင်သကဲ့သို့ အပြစ်ပြောစရာမရှိပေ။ ဘုရားသခင်သည် သန့်ရှင်းသောကြောင့်၊ စုံလင်သောကြောင့်၊ အထွတ်အထိပ်ဖြစ်သောကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အသက်ကို ပေးသနားတော်မူသော ရင်းမြစ်ဖြစ်သောကြောင့် ဖန်ဆင်းခံ လူသားမျိုးနွယ်က ဘုရားသခင်ကို မည်သည့်ရှုတ်ချခြင်းဖြစ်စေ၊ မည်သည့်တိုက်ခိုက်ခြင်းဖြစ်စေ၊ မည်သည့်စော်ကားခြင်းဖြစ်စေ ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ “ပြစ်မှားစော်ကားခြင်း” ဟူသည်မှာ အဘယ်အရာဖြစ်သည်ကို သင်တို့ ယခု နားလည်လောက်ပြီ မဟုတ်လော။ (ဘုရားသခင်ကို မည်သည့်ရှုတ်ချခြင်းဖြစ်စေ၊ မည်သည့်တိုက်ခိုက်ခြင်းဖြစ်စေ၊ မည်သည့်စော်ကားခြင်းဖြစ်စေ ပြစ်မှားစော်ကားခြင်း ဖြစ်ပါသည်။) “ပြစ်မှားစော်ကားခြင်း” ဟူသော စကားလုံးကို ရှင်းပြရမည်ဆိုလျှင် ယင်းမှာ အပြုသဘောဆောင်သော အရာများကို ရှုတ်ချခြင်း၊ ဝေဖန်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်းကို ဆိုလိုပြီး အထူးသဖြင့် သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို ရှုတ်ချခြင်း၊ ဝေဖန်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း ဖြစ်သည်။ ဤသည်ကို ပြစ်မှားစော်ကားခြင်းဟု ခေါ်သည်။ ထို့ကြောင့် “ပြစ်မှားစော်ကားခြင်း” ဟူသော စကားလုံးကို လူသားမျိုးနွယ်က ဘုရားသခင်ကို ရှုတ်ချခြင်း၊ စော်ကားခြင်း၊ တိုက်ခိုက်ခြင်း သို့မဟုတ် ဝေဖန်ခြင်းကို ဖော်ပြရန်သာ အသုံးပြုနိုင်သည်၊ ဤသည်မှာ အတော်အတန် သင့်လျော်သည်။ လူတို့က အခြားလူတို့ကို ဝေဖန်သည့်အခါ၊ စော်ကားသည့်အခါ၊ တိုက်ခိုက်သည့်အခါ သို့မဟုတ် ပြစ်တင်ရှုတ်ချသည့်အခါ ယင်းမှာ အဖြစ်မှန်များနှင့် မကိုက်ညီလျှင် အများဆုံးအားဖြင့် အသရေဖျက်မှု ဖြစ်သည်။ ယင်းမှာ အဖြစ်မှန်များနှင့် ကိုက်ညီလျှင်မူ အသရေဖျက်မှု မဟုတ်တော့ပေ။ သို့ရာတွင် လူတို့က ဘုရားသခင်ကို ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းမှာ အဖြစ်မှန်များကို လိမ်ညာလှည့်ဖြားခြင်းနှင့် အမှန်တရားကို အမှားဖြစ်အောင် ပြောင်းလဲခြင်း ဖြစ်သည်၊ ဤသည်မှာ ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ လူတို့ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချဝံ့ခြင်း၏ သဘောသဘာဝမှာ အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်၌ အပြစ်ရှိသလော။ (မရှိပါ။) ဘုရားသခင်သည် သန့်ရှင်းသည်၊ ဘုရားသခင်သည် အပြစ်မရှိပေ၊ သို့ဖြစ်၍ ဘုရားသခင်ကို မည်သည့်ရှုတ်ချခြင်းဖြစ်စေ၊ မည်သည့်တိုက်ခိုက်ခြင်းဖြစ်စေ၊ မည်သည့်ဝေဖန်ခြင်းဖြစ်စေ၊ မည်သည့်စော်ကားခြင်းဖြစ်စေ ပြစ်မှားစော်ကားခြင်းဟု ခေါ်သည်။ ဘုရားကို စော်ကားသူတို့က “ကျွန်ုပ်သည် ဘုရားကို စော်ကားသည့် စကားအနည်းငယ်မျှသာ ပြောခြင်းဖြစ်သရွေ့ ကျွန်ုပ် လွတ်မြောက်ပြီး အန္တရာယ်မှ လွတ်မြောက်နိုင်သည်။ အခြေအနေအရ ဘုရားက ဤအရာကို အမှတ်ရနေမည် မဟုတ်” ဟု တွေးထင်ကြသည်။ လူ့ရှုထောင့်မှကြည့်လျှင် ယင်းမှာ စော်ကားမှုအနည်းငယ်မျှသာဖြစ်ပြီး ကြီးမားသော ပြဿနာတစ်ခု မဟုတ်ပုံရသည်။ သို့သော် ဘုရားသခင်သည် ဤကိစ္စကို မည်သို့ ရှုမြင်သနည်း။ သင် ဘုရားသခင်ကို စော်ကားနိုင်ခြင်းက သင်၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ငြင်းပယ်ပြီးဖြစ်ကြောင်း ပြသသည်။ သင်၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် အမုန်းတရား ထားရှိသောကြောင့်သာ သင် ကိုယ်တော့်ကို စော်ကားနိုင်ခြင်း ဖြစ်သည်။ သင် ဘုရားသခင်ကို တမင်သက်သက် စော်ကားသည်ဖြစ်စေ၊ အခြားသူများက သင့်ကို စော်ကားရန် အတင်းအကျပ်စေခိုင်းသည်ဖြစ်စေ ယင်းမှာ ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ဘုရားသခင်ကို မုန်းတီးခြင်း၏ သရုပ်သကန်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဤသို့သော အပြုအမူနှင့် လုပ်ဆောင်ချက်မျိုးသည် လုံးဝမလွဲမသွေ ပြစ်မှားစော်ကားခြင်း ဖြစ်သည်။

အချို့သောသူတို့သည် ကောလာဟလအမျိုးမျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်နိုင်ဘဲ ၎င်းတို့ မှန်နိုင်သည်ဟု အစဉ်သဖြင့် တွေးထင်ကြသည်။ ၎င်းတို့သည် အုပ်စိုးသူပါတီဖြစ်သော အဆင်းနီသော နဂါးကြီး၊ ဘာသာရေးလောကနှင့် ဘာသာတရား မရှိသူများက ဖြန့်သည့် ကောလာဟလများ၊ အထူးသဖြင့် အွန်လိုင်းတွင် တင်ထားသော ထိုကောလာဟလများနှင့် မှတ်ချက်များက မှန်သည်၊ မမှန်သည်ကို အစဉ်သဖြင့် အတည်ပြုစစ်ဆေးလိုကြသည်။ ဘုရားသခင်က သူ၏ ရပ်တည်ချက်ကို မည်သည့်အခါမျှ မသိစေခဲ့လျှင် သို့မဟုတ် သူ၏အိမ်တော်က မည်သည့်ရှင်းလင်းချက်ကိုမျှ မပေးခဲ့လျှင် ၎င်းတို့သည် ဤကောလာဟလများ မှန်ကန်သည်ဟု အပြည့်အဝ ယုံကြည်ကြမည်ဖြစ်ပြီး ဘုရားသခင်ကို ငြင်းပယ်ကာ ဘုရားသခင်ကို သစ္စာဖောက်ကြလိမ့်မည်၊ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ ၎င်းတို့သည် မည်သည့်အခြေခံနှင့် ဘုရားသခင်ကို ယုံကြည်ကြသနည်း။ ၎င်းတို့၏ ယုံကြည်ခြင်းသည် ကောလာဟလများ မှန်သည်၊ မမှန်သည်ကို အခြေခံလျှင်မူ ယင်းမှာ ကြီးမားသော အမှားတစ်ခု ဖြစ်သည်။ အမှန်တွင် ကောလာဟလများစွာတို့ကို ဘုရားအိမ်တော်၏ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများ၊ ရုပ်ရှင်များတွင် အလွန်ရှင်းလင်းစွာ စိတ်ဖြာလေ့လာဆွေးနွေးပြီး ချေပပြီးဖြစ်သည်၊ ငါ ဤနေရာတွင် အသေးစိတ် ပြောရန်မလိုအပ်ပေ။ သို့ဆိုလျှင် မည်သည့်ကောလာဟလအမျိုးအစားများကို သင်တို့ မှန်မမှန် စစ်ဆေးလိုကြသေးသနည်း။ ယနေ့ ဤအကြောင်းအရာကို ပွင့်ပွင့်လင်းလင်း ပြောကြစို့။ သင်တို့ ကောလာဟလများကို မှန်မမှန်စစ်ဆေးလိုလျှင် ၎င်းတို့အကြောင်း ငါပြောစရာရှိသည်ကို သင်တို့အား ငါပြောမည်၊ သို့မှသာ အချို့သောသူတို့က “ကိုယ်တော်က ကျွန်ုပ်တို့ မသိစေချင်သည့် တစ်စုံတစ်ခုကို ကျွန်ုပ်တို့ထံမှ ဖုံးကွယ်ထားသလော။ ကျွန်ုပ်တို့က ကိုယ်တော့်ကို အပြည့်အဝ နားလည်သဘောပေါက်၍မရဟု အစဉ်သဖြင့် ခံစားရသည်။ ကျွန်ုပ်တို့ ကိုယ်တော့်နောက်လိုက်ခဲ့ပြီး သမ္မာတရားများစွာကို ကြားခဲ့ပြီးဖြစ်သော်လည်း ကောလာဟလများ မှန်သည်၊ မှားသည်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် မသေချာမရေရာ ဖြစ်နေဆဲဖြစ်သည်၊ သို့ဖြစ်၍ ကျွန်ုပ်တို့ထံတွင် ယင်းတို့ကို မှန်မမှန် စစ်ဆေးလိုသည့် စိတ်ကူးနှင့် အတွေးအခေါ်များ အစဉ်သဖြင့် ရှိနေလေသည်” ဟု ဆက်၍ မတွေးထင်ကြတော့မည်ဖြစ်သည်။ သင်တို့ ယင်းတို့ကို မှန်မမှန် စစ်ဆေးလိုလျှင် ရဲရဲဝံ့ဝံ့ ပြောလော့။ ဤကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောကြစို့။ ယင်းတို့အကြောင်း ငါပြောစရာရှိသည်ကို သင်တို့အား ငါပြောမည်၊ ဖုံးကွယ်စရာ တစ်စက်မျှမရှိပေ။ တစ်စုံတစ်ဦး ယင်းတို့ကို မှန်မမှန် စစ်ဆေးလိုသလော။ (မလိုပါ။) သင်တို့က ယင်းတို့ကို မှန်မမှန် မစစ်ဆေးလိုခြင်း၏ အကြောင်းရင်းမှာ သင်တို့ အဆင်းနီသော နဂါးကြီး၏ ကောလာဟလများကို မယုံကြည်သည့် အခြေခံအုတ်မြစ်အပေါ် တည်ထောင်ထားခြင်းကြောင့်လော၊ သို့မဟုတ် “ငါ ဤကိစ္စနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်မခံချင်ပါ၊ ဤအတိုင်းသာ ထားလိုက်တော့မည်” ဟူသော သဘောထား ရှိသောကြောင့်လော။ သို့မဟုတ် ကောလာဟလများကို မှန်မမှန်စစ်ဆေးပြီးနောက် သင်တို့ စိတ်ပျက်ပြီး ရလဒ်ကို ရင်မဆိုင်နိုင်မည်ကို ကြောက်သောကြောင့်လော၊ သင်တို့ ခိုင်မာစွာ ရပ်တည်နိုင်မည်၊ မနိုင်မည်ကို မသိသောကြောင့်လော၊ ထိုသို့သော အကျိုးဆက်များကို သင်တို့ ရင်မဆိုင်လိုသောကြောင့်လော။ ဤကောလာဟလများ၏ အကြောင်းအရာမှာ မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ သင်တို့ ယင်းတို့ကို အတည်ပြုစစ်ဆေးလိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ၊ ဤကောလာဟလများအကြောင်း ငါပြောစရာရှိသည်ကို သို့မဟုတ် ၎င်းတို့အပေါ် ငါ၏ မှတ်ချက်ကို သင်တို့ ကြားလိုသည်ဖြစ်စေ၊ မကြားလိုသည်ဖြစ်စေ၊ သင်တို့၏ သဘောထားမှာ မည်သည့်အရာဖြစ်သည်ဖြစ်စေ ငါ၌ သဘောထားတစ်မျိုးတည်းသာ ရှိသည်။ သင်တို့ သမ္မာတရားကို နားလည်လျှင် ဤကောလာဟလများကို သင်တို့ သဘာဝအတိုင်း ပိုင်းခြားသိမြင်နိုင်လိမ့်မည်၊ သင်တို့ သမ္မာတရားကို နားမလည်လျှင်လည်းကောင်း၊ သမ္မာတရားကို မရှာဖွေလျှင်လည်းကောင်း ငါ၌ မှတ်ချက်ပေးစရာမရှိပေ။ အကြောင်းမှာ ငါသည် သမ္မာတရားကို ဖော်ပြသည့် နှုတ်ကပတ်တော်များစွာကို ပြောခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်၊ ဤကောလာဟလများကို သင်တို့အား ရှင်းပြရန် ငါ့အတွက် မလိုအပ်ပေ၊ ဤသည်မှာ ငါလုပ်ဆောင်သင့်သော အလုပ်မဟုတ်ပေ။ သင်တို့သည် တရားဒေသနာများစွာကို နားထောင်ပြီးသည့်တိုင် ကောလာဟလများကို မပိုင်းခြားနိုင်ကြသေးသလော။ သင်တို့ မပိုင်းခြားနိုင်လျှင် သင်တို့ သမ္မာတရားကို နားမလည်ဟု ဆိုလိုသည်။ သမ္မာတရားကို နားမလည်သူတစ်ဦးအား မည်မျှပင် ပြောစေကာမူ အချည်းနှီးသာ ဖြစ်သည်၊ ယင်းမှာ ဘာသာတရား မရှိသူများကို စကားပြောခြင်းနှင့်တူသည်၊ သင် မည်မျှပင် ပြောစေကာမူ ၎င်းတို့ နားလည်မည်မဟုတ်ပေ။ ထို့ကြောင့် မည်သည့်ကောလာဟလများနှင့်ပတ်သက်၍မဆို ငါ၌ မှတ်ချက်ပေးစရာမရှိ။ ငါသည် မည်သည့်အရာကိုမျှ ရှင်းပြလိုခြင်းမရှိ၊ မည်သည့်အရာကိုမျှ ပြောလိုခြင်း မရှိသကဲ့သို့ မည်သည့်အရာကိုမျှ အကြောင်းပြချက်ပေးခြင်း သို့မဟုတ် ခုခံကာကွယ်ခြင်းလည်း ပြုလိုခြင်းမရှိပေ။ ပြင်ပလောကတွင် မည်သည့်အရာကို ပြောဆိုနေသည်ဖြစ်စေ ငါ၌ မှတ်ချက်ပေးစရာမရှိ။ သင်တို့ ရှင်းရှင်းလင်းလင်း ကြားကြပြီလော။ (ကြားပါပြီ။) “မှတ်ချက်ပေးစရာမရှိ” ဟူသည့် ဤသည်မှာ သဘောထားတစ်မျိုး ဖြစ်သည်။ ထို့အပြင် ဤကိစ္စနှင့်ပတ်သက်၍ သင်တို့အား ငါပြောလိုသည့်အရာမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ မည်သည့်အချိန်အခါ၌မဆို ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် ပြောင်းလဲမည် မဟုတ်၊ ဘုရားသခင်၏ အဆင့်အတန်းသည် ပြောင်းလဲမည်မဟုတ်၊ ဘုရားသခင်၏ စိတ်သဘောထားသည် ပြောင်းလဲမည်မဟုတ်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် ပြောင်းလဲမည်မဟုတ်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အချုပ်အခြာအာဏာ ကိုင်စွဲ ၎င်းတို့အတွက် အသက်ကို ပေးသနားသည့် အချက်သည် ပြောင်းလဲမည်မဟုတ်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဟူသော အချက်သည် ပြောင်းလဲမည်မဟုတ်၊ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟူသော အချက်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟူ၍ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် သင်တို့၏ သံသယများကို ဖြေရှင်းရန် လုံလောက်ပါသလော။ (လုံလောက်ပါသည်။) ဤကိစ္စနှင့်ပတ်သက်၍ သင်တို့အား ငါပြောစရာမှာ ဤမျှသာ ဖြစ်သည်။ သင်တို့ နားလည်လျှင် လက်ခံလော့။ သင်တို့ နားမလည်လျှင် အချိန်ယူ၍ ဆင်ခြင်သုံးသပ်လော့။ သင်၏ စိတ်နှလုံးထဲ၌ သံသယများ ရှိနေသေးလျှင်လည်းကောင်း၊ ဤနှုတ်ကပတ်တော်များက သင်၏ သံသယများကို မဖြေရှင်းနိုင်လျှင်လည်းကောင်း ငါလုပ်နိုင်သည့်အရာ ဘာမျှမရှိတော့ပေ။ သဘာဝအတိုင်းသာ ဖြစ်စေလော့။ ဤသည်မှာ သင့်အတွက် ငါပြောနိုင်ပြီး လုပ်ဆောင်နိုင်သမျှ အားလုံးဖြစ်သည်။ ဤချဉ်းကပ်ပုံမှာ သင့်လျော်သလော။ (သင့်လျော်ပါသည်။) ဤနှုတ်ကပတ်တော်များသည် လူတို့အပေါ် အကျိုးသက်ရောက်မှုတစ်စုံတစ်ရာ ရှိနိုင်သလော။ ရှုပ်ထွေးသော ကိစ္စရပ်အမျိုးမျိုးနှင့် ရင်ဆိုင်ရသည့်အခါ သင်နှင့် ဘုရားသခင်ကြား ဆက်ဆံရေးတွင် အက်ကြောင်းတစ်ခု ပေါ်လာလျှင်ဖြစ်စေ၊ သင် ဘုရားသခင်အပေါ် ကြီးမားသော သံသယများ ဖြစ်ပေါ်လာလျှင်ဖြစ်စေ၊ ဤနှုတ်ကပတ်တော်များက သင် လက်ရှိရင်ဆိုင်နေရသော ပြဿနာကို မဖြေရှင်းနိုင်လျှင်ဖြစ်စေ သင်သည် မယုံကြည်သူတစ်ဦး ဖြစ်သည်။ သင် လက်ခံသောအရာမှာ သမ္မာတရားမဟုတ်ဘဲ စာတန်၏ လိမ်လည်မှုများနှင့် စာတန်ပြောသည့် မည်သည့် နတ်ဆိုးဆန်သော စကားများကိုမဆို ဖြစ်သည်။ ယင်းမှာ အစအဦးက အာဒံနှင့် ဧဝတို့နှင့်တူသည်၊ ဘုရားသခင်က “သင်တို့သည် ဥယျာဉ်၌ရှိသော အပင်ရှိသမျှတို့၏ အသီးကို စားနိုင်ကြသည်၊ သို့သော် ကောင်းမကောင်းကို သိကျွမ်းရာအပင်၏အသီးကိုမူ သင်တို့ မစားရ၊ အကြောင်းမူကား ထိုအသီးကို စားသောနေ့၌ သင်တို့သည် အမှန်ပင် သေရမည်” ဟု မိန့်တော်မူခဲ့သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီးနောက် ၎င်းတို့၏ စိတ်နှလုံးထဲ၌ မှတ်သားထားခဲ့ကြသည်။ သို့သော် စာတန်က ၎င်းတို့အား “ဘုရားသခင်က ကောင်းမကောင်းကို သိကျွမ်းရာအပင်၏အသီးကို သင်တို့ မစားရဟု မိန့်တော်မူသည်၊ ဤသည်မှာ မလွဲဧကန် မှန်သည်မဟုတ်။ သင်တို့ ယင်းကို စားလျှင် အမှန်ပင် သေမည်မဟုတ်” ဟု ပြောသည့်အခါ အာဒံနှင့် ဧဝတို့သည် ချက်ချင်းပင် သံသယဝင်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စွန့်ပယ်ပြီး မြွေ၏စကားများကို ယုံကြည်ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင် ပြောခဲ့သောအရာမှာ လိမ်လည်မှုဖြစ်သည်ဟု သံသယဝင်ခဲ့ကြသည်။ မြွေပြောခဲ့သော စကားကြောင့် ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်တော့သကဲ့သို့ ဘုရားသခင်ကို နာခံခြင်းလည်း မရှိတော့ဘဲ မြွေ၏ လိမ်လည်မှုများကို လုံးဝ နားယောင်ခဲ့ကြသည်။ ဤအရာ၏ နောက်ဆုံးအကျိုးဆက်မှာ အဘယ်အရာဖြစ်ခဲ့သည်ကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ မြွေက ၎င်းတို့အား ပြောခဲ့သောအရာကို ယုံကြည်ပြီး လက်ခံနေစဉ်တွင် ၎င်းတို့သည် ဘုရားသခင် ပြောခဲ့သောအရာကိုလည်း ငြင်းပယ်နေခဲ့ကြပြီး ဘုရားသခင် ပြောခဲ့သောအရာမှာ လိမ်လည်မှုဖြစ်သည်ဟု တွေးထင်နေခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်သည်ကို မယုံကြည်တော့သကဲ့သို့ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကိုလည်း မယုံကြည်တော့ပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်အပေါ် သံသယဝင်ခဲ့ကြပြီး ကိုယ်တော်သည် ၎င်းတို့နှင့်ပတ်သက်၍ မသမာသော ရည်ရွယ်ချက်များ ရှိသည်ဟု သံသယဝင်ကာ လိမ်လည်မှုများဖြင့် ၎င်းတို့ကို လှည့်ဖြားနေသည်ဟု သံသယဝင်ခဲ့ကြသည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က မြွေပြောခဲ့သောအရာမှာ မှန်ကန်သည်ဟု ယုံကြည်ခဲ့ကြပြီး မြွေသည် ၎င်းတို့၏ အကျိုးအတွက် ပြောဆိုနေသည်ဟု ယုံကြည်ခဲ့ကြသည်။ နောက်ဆုံးအကျိုးဆက်မှာ ၎င်းတို့သည် မြွေ၏ သွေးဆောင်ခြင်းကို ခံခဲ့ရပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုမှ လမ်းလွဲသွားခဲ့ကြသည်၊ ဘုရားသခင်၏ ကာကွယ်မှုကို ဆုံးရှုံးခဲ့ကြသည်၊ ပြန်လမ်းမရှိသော လမ်းခရီးတစ်ခုပေါ်သို့ စတင်လျှောက်လှမ်းခဲ့ကြသည်။

ကောလာဟလ ပြဿနာသည် သင်တို့အတွက် ဖြေရှင်းပြီးပြီလော။ ဖြေရှင်းပြီး မရှိသေးပါက သင်တို့ကိုယ်တိုင် ဖြည်းဖြည်းချင်း သုံးသပ်ဖြေရှင်းလော့။ ကောလာဟလများကို မည်သို့ သဘောထားပြုမူရမည်နှင့် ပတ်သက်၍မူ ငါသည် များစွာ မိတ်သဟာယဖွဲ့ပြီး ဖြစ်သည်။ အမျိုးမျိုးသော ကောလာဟလများကို ထွင်းဖောက်မမြင်နိုင်ဘဲ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးသည့် လူများ ရှိနေသေးပါက ဤအကြောင်းကို သင်တို့ကိုယ်တိုင် မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းလော့။ ဤကိစ္စသည် အဓိကကျသောကိစ္စတစ်ခု မဟုတ်သော်လည်း လူတို့၏ နေ့စဉ်အသက်တာများတွင်မူ ယင်းမှာ ၎င်းတို့၏ စိတ်ကို မကြာခဏ နှောင့်ယှက်နိုင်ပြီး ၎င်းတို့၏ အသက်တာများကို နှောင့်ယှက်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ အချို့သော ကောလာဟလများသည် သင့်အသက်ကို ချက်ချင်းပင် သေစေသည်အထိ မဖြစ်စေသော်လည်း ယင်းတို့သည် သင့်အတွက် အနှောင့်အယှက်ပေးခြင်း တစ်မျိုးလည်း ဖြစ်သည်၊ ယင်းမှာ လူကိုမကိုက်သော်လည်း စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေသော နားပူနားဆာ ယင်ကောင်တစ်ကောင်ကဲ့သို့ ဖြစ်သည်၊ ယင်းတို့သည် သင့်ကို နှောင့်ယှက်ရန် အခါအားလျော်စွာ ပေါ်ထွက်လာတတ်သည်။ အထူးသဖြင့် သင် အားနည်းနေသည့်အခါတွင်ဖြစ်စေ၊ သင်သည် ကျရှုံးမှု သို့မဟုတ် အဆင်မပြေမှုများနှင့် ရင်ဆိုင်ရသည့်အခါတွင်ဖြစ်စေ၊ အပျက်သဘောဆောင်နေသည့်အခါတွင်ဖြစ်စေ ဤကောလာဟလများနှင့် နတ်ဆိုးဆန်သော စကားများသည် သင့်ကို နှောင့်ယှက်ရန်၊ သင့်စိတ်နှလုံးထဲ၌ သင့်ကို ညှဉ်းပန်းရန်၊ သင့်ကို ဆွဲထားရန်၊ သင့်ကို တဖြည်းဖြည်း နစ်မြုပ်သွားစေရန် ပေါ်ထွက်လာလိမ့်မည်။ ဤနည်းအတိုင်းပင် အချို့သောလူတို့သည် နောက်ဆုတ်သွားကြပြီး မယုံကြည်တော့ခြင်း ဖြစ်သည်။ သင် မြင်သလော၊ ဘီ အုပ်စုများ သို့မဟုတ် သာမန်အသင်းတော်များသို့ စေလွှတ်ခံရသော လူများသည် ကြီးမားသော အန္တရာယ်ထဲတွင် ရှိကြသည်၊ သို့သော် အချိန်ပြည့် တာဝန်ထမ်းဆောင်သော လူများသည် အန္တရာယ်ထဲတွင် မရှိကြသလော။ ၎င်းတို့ထဲမှ အချို့သည်လည်း ကြီးမားသော အန္တရာယ်ထဲတွင် ရှိကြသည်။ ၎င်းတို့ထဲမှ မည်သည့်အုပ်စုနည်း။ သမ္မာတရားကို အစဉ်အမြဲ နားလည်ရန် ပျက်ကွက်သော လူအုပ်စု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှများများကို ကြားခဲ့သည်ဖြစ်စေ ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် အစဉ်သဖြင့် သံသယဝင်နေကြသည်၊ “အဘယ်ကြောင့် ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်အရာက သမ္မာတရားဖြစ်သည်ကို မခွဲခြားနိုင်ရသနည်း။ လူတိုင်းက သမ္မာတရားသည် လမ်းခရီး၊ အသက်ဖြစ်သည်ဟု ဆိုကြသည်၊ ကျွန်ုပ်သည် အဘယ်ကြောင့် ယင်းကို အသက်ဖြစ်သည်ဟု မခံစားရသနည်း။ ကျွန်ုပ်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ကြားခဲ့ပြီးဖြစ်သော်လည်း ကျွန်ုပ်အတွင်းရှိ အသက်သည် မပြောင်းလဲသေးပေ၊ ကျွန်ုပ်သည် ကျွန်ုပ်ပင်ဖြစ်သည်၊ ကျွန်ုပ် မပြောင်းလဲသေးပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားဟူသည် အဘယ်အရာဖြစ်သည်ကို မည်သည့်အခါမျှ နားမလည်ကြ၊ ဘုရားသခင်၏ အလုပ်ကို မည်သည့်အခါမျှ နားမလည်ကြဘဲ ရူပါရုံများနှင့်ပတ်သက်၍ အစဉ်သဖြင့် မရှင်းမလင်း ဖြစ်နေကြသည်။ ထိုသို့သော လူများသည် အန္တရာယ်် ရှိနေကြသည်။ ဤလူစားမျိုးသည် ကောလာဟလများကို ကြားသည့်အခါ ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြပေ၊ ၎င်းတို့သည် ကောလာဟလများကို ရှောင်တိမ်းရန်နှင့် ငြင်းပယ်ရန်သာ သိကြသည်။ ၎င်းတို့ ရှောင်တိမ်းနိုင်လျှင် ကံကောင်းစွာဖြင့် ဘေးအန္တရာယ်ကို ရှောင်လွှဲကြသည်၊ ၎င်းတို့ ရှောင်တိမ်း၍မရပါက စာတန်၏ ဖမ်းသွားခြင်းကို ခံကြရသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူများသည် စာတန်၏ ဖမ်းသွားခြင်းကို ခံရနိုင်သည်မှာ တိုက်ဆိုင်မှုတစ်ခုလော။ (မဟုတ်ပါ။) သမ္မာတရားကို မည်သည့်အခါမျှ နားမလည်သူများ၊ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည် အဘယ်အရာဖြစ်သည်ကို မည်သည့်အခါမျှ နားမလည်သူများ၊ ဤလူများသည် ဘုရားသခင်၏ သိုးများ ဖြစ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ကြသလော။ (၎င်းတို့ မတတ်နိုင်ကြပါ။) ဤလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ နားမလည်ကြသကဲ့သို့ သမ္မာတရားကိုလည်း မရှာဖွေကြပေ၊ ပြီးလျှင် ၎င်းတို့သည် “ဘုရားသခင်၏နေ့ရက်သည် မည်သည့်အချိန်တွင် ရောက်လာမည်နည်း။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အချိန်တွင် ဝင်ရောက်ကြမည်နည်း” ဟူ၍ အစဉ်သဖြင့် စိုးရိမ်ပူပန်နေကြသည်။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူတို့ နားလည်သင့်သည့် အမှုအရာများနှင့်ပတ်သက်၍ ၎င်းတို့သည် တစ်ခုကိုမျှ နားလည်ခြင်း မရှိခဲ့ကြပေ။ ၎င်းတို့သည် အလွန်ပင် နားဝေတိမ်တောင် ဖြစ်နိုင်ကြပါတကား။ ငါ့ကို ပြောလော့၊ ဤသို့သော နားဝေတိမ်တောင်ဖြစ်သည့် လူစားမျိုးကို ငါ စကားပြောသည့်အခါ ငါ့စိတ်နှလုံးထဲတွင် မည်သို့သော ခံစားချက် ရှိသနည်း။ ယင်းသည် ဂုဏ်ယူခြင်းလော သို့မဟုတ် ဝမ်းနည်းခြင်းလော။ သို့တည်းမဟုတ် ဒေါသထွက်ခြင်း ခံစားချက်တစ်ခုလော။ ဤလူများကို မြင်ရခြင်းက ငါ့ကို စိတ်တိုစေသည်။ ဤနားဝေတိမ်တောင်ဖြစ်သော လူမိုက်များသည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် အဘယ်အရာကို ရရှိနိုင်မည်နည်း။ အဆင်းနီသော နဂါးကြီးက ၎င်းတို့ကို ဖမ်းဆီးပြီး ဦးနှောက်ဆေးကြောပြီးနောက် ၎င်းတို့သည် ဖော်ထုတ်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံကြရသည်။ ဤလူများသည် သမ္မာတရားကို အနည်းငယ်မျှပင် နားမလည်ကြဘဲ ဘုရားအိမ်တော်သည် ထိုသို့သော လူများကို အလိုမရှိပေ။ အဆင်းနီသော နဂါးကြီးမှတစ်ဆင့် ၎င်းတို့သည် ဖော်ထုတ်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံကြရခြင်း ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ မေတ္တာမဲ့ခြင်းလော။ (မဟုတ်ပါ။) ထိုသို့သော လူများသည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို မခံခဲ့ရပါက၊ ဤကောလာဟလများက ၎င်းတို့ကို အထင်အမြင်မှားစေခြင်း မရှိပါက ၎င်းတို့သည် အသင်းတော်ကို အစဉ်သဖြင့် တွယ်ကပ်နေမည် မဟုတ်လော။ မည်သည့်အခြေအနေများက ၎င်းတို့ကို နောက်ဆုတ်သွားစေနိုင်သနည်း။ (ယင်းမှာ အဆင်းနီသော နဂါးကြီး၏ ကောလာဟလများမှတစ်ဆင့် အတိအကျပင် ဖြစ်ပါသည်။ ၎င်းတို့သည် ကောလာဟလများကို ကြားပြီး ယုံကြည်ပြီးနောက်တွင် နောက်ဆုတ်သွားကြပါသည်။) ဤအဖြည့်ခံဖြစ်သည့် အဆင်းနီသော နဂါးကြီး၏ နတ်ဆိုးလက်သည်းများမှတစ်ဆင့် အတိအကျပင် ၎င်းတို့သည် ဖမ်းသွားခြင်းခံရပြီး အဆုံးတွင် မယုံကြည်တော့ခြင်း ဖြစ်သည်။ အမှန်တွင် ဤလူများသည် သမ္မာတရားကို နားမလည်နိုင်ကြ၊ မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်နိုင်ကြ၊ မည်သည့်အစေခံမှုကိုမျှ မပေးနိုင်ကြပေ။ ဘုရားအိမ်တော်၌ ၎င်းတို့သည် လူအရေအတွက် ဖြည့်ပေးရုံမျှသာဖြစ်ပြီး ကပ်ပါးရပ်ပါးလုပ်ကာ သေဖို့စောင့်နေကြသည်။ ၎င်းတို့ တစ်ဦးချင်းစီသည် သနားစရာကောင်းသော အခြေအနေတွင် ရှိနေကြသည့်တိုင် ဘုရားသခင်၏ နောက်လိုက်များ ဖြစ်ကြောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်၊ ၎င်းတို့သည် အရှက်ရဖွယ် မဟုတ်လော။ ဘုရားသခင်နောက် လိုက်သောသူများသည် အနည်းဆုံးအားဖြင့် လူသားများ ဖြစ်ရမည်၊ ဝိညာဉ်မရှိသော လူသေများ မဟုတ်၊ တိရစ္ဆာန်များ မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်သော လူများ ဖြစ်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး သမ္မာတရားကို နားလည်သောသူများသာလျှင် ဘုရားသခင်၏ သိုးများ ဖြစ်ကြသည်။ ဘုရားသခင်၏ သိုးများသာလျှင် မိမိတို့၏ တာဝန်ကို စိတ်ရင်းမှန်ဖြင့် ထမ်းဆောင်နိုင်ပြီး ဘုရားသခင်နောက် လိုက်နိုင်ကြသည်။ ဘုရားသခင်၏ သိုးများ မဟုတ်သောသူများသည် စိတ်ရင်းမှန်သော နောက်လိုက်များ မဟုတ်ကြပေ။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန်တည်းဟူသော ရည်ရွယ်ချက်တစ်ခုဖြင့် အသင်းတော်ထဲသို့ စိမ့်ဝင်လာကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိပေ။ ၎င်းတို့ မည်မျှကြာအောင် ယုံကြည်သည်ဖြစ်စေ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို မည်သည့်အခါမျှ ရနိုင်မည်မဟုတ်ပေ။ နတ်ဆိုးများ၊ စာတန်များနှင့် ညစ်ညူးသော မကောင်းဆိုးဝါးများ၊ ဝိညာဉ်ဆိုးများ ပူးကပ်ခြင်းခံရသူတို့သည်လည်း ဤသည်မှာ မှန်သော လမ်းခရီးဖြစ်ကြောင်း သိကြပြီး ၎င်းတို့သည်လည်း ကောင်းချီးမင်္ဂလာများကို တောင့်တကြသည်။ သို့သော် ဘုရားသခင်သည် ထိုသို့သော လူများကို အလိုရှိသလော။ (ကိုယ်တော် အလိုမရှိပါ။) အမျိုးမျိုးသော ဝိညာဉ်ဆိုးများနှင့် ညစ်ညူးသော နတ်ဆိုးများသည် တိရစ္ဆာန်များကို ပူးကပ်ကြပြီး ၎င်းတို့သည် နှစ်ပေါင်းများစွာ ပျိုးထောင်ပေးခြင်းကို ကြုံရပြီးနောက် သဘာဝလွန် သတ္တဝါများ ဖြစ်လာသောအခါ လူသားများအဖြစ်သို့ ပြောင်းလဲရန် အစဉ်သဖြင့် အလိုရှိကြသည်။ ၎င်းတို့သည် ညစ်ညူးသော နတ်ဆိုးများ၊ ဝိညာဉ်ဆိုးများ သို့မဟုတ် အမျိုးမျိုးသော တိရစ္ဆာန်ဝိညာဉ်များအဖြစ် ဆက်ရှိနေရန် မလိုလားကြပေ၊ ၎င်းတို့သည် ပိုမိုမြင့်မားသောအဆင့်ဖြစ်သည့် လူသားဖြစ်ရန်သို့ တက်လှမ်းလိုကြသည်။ အလားတူပင် ဤနားဝေတိမ်တောင်ဖြစ်သော လူမိုက်များသည်လည်း ဘုရားသခင် ရွေးချယ်ထားသောလူများ ဖြစ်လိုလျက် ၎င်းတို့၏ အဆင့်အတန်းကို မြှင့်တင်လိုကြသည်။ ငါ့ကို ပြောလော့၊ ဘုရားသခင်သည် ထိုသို့သော လူများကို အလိုရှိသလော။ ကိုယ်တော် အလိုမရှိပေ။ ၎င်းတို့သည် အသင်းတော်ထဲသို့ စိမ့်ဝင်လာလျှင်ပင် အချည်းနှီးသာ ဖြစ်လိမ့်မည်၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ဖယ်ရှားခြင်း ခံရမည်သာ ဖြစ်သည်။ ၎င်းတို့ ဖယ်ရှားခြင်း ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်ရော၊ အသင်းတော်ပါ စင်ကြယ်သွားလိမ့်မည်။ ကျန်ရစ်သောသူများသည် အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်ပြုသောသူများ၊ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း အသိအမှတ်ပြုသောသူများနှင့် ဘုရားသခင်အတွက် ဆန္ဒအလျောက် အစေခံမှုပေးနိုင်သောသူများ ဖြစ်ရမည်။ ထိုနားဝေတိမ်တောင်ဖြစ်သော လူမိုက်များသည် ဤအရာကို ပြီးမြောက်အောင်မြင်နိုင်သလော။ ၎င်းတို့သည် ဤအရာကို ပြီးမြောက်အောင်မြင်ခြင်းနှင့် များစွာ ကွာဝေးလှသည်။ ၎င်းတို့အားလုံးသည် ဝိညာဉ်မရှိသော လူသေများဖြစ်ကြသည့်တိုင် အစဉ်သဖြင့် ကောင်းချီးမင်္ဂလာများကို အလိုရှိကြသည်၊ အစဉ်သဖြင့် နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုကြသည်၊ အစဉ်သဖြင့် ကောင်းကင်ဘုံသို့ သွားလိုကြသည်။ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒသည် မသေးငယ်သော်လည်း ၎င်းတို့သည် မည်သို့သောအရာ ဖြစ်သည်ကိုပင် မကြည့်ကြပေ၊ မိမိတို့၏ အစွမ်းအစကို မသိကြပေ။ ထိုသို့သော လူများသည် ဖယ်ရှားရှင်းလင်းခြင်း ခံရသည်မှာ မှန်ကန်ပေသည်။ သင်တို့သည် ယင်းကို နှမြောစရာဟု ခံစားရသလော။ (မခံစားရပါ။) အစကတည်းက ဘုရားသခင်က “ငါလိုချင်သည့်အရာသည် လူအရေအတွက် များပြားခြင်းထက် လူတို့အထဲ၌ အရည်အသွေး ထူးချွန်ခြင်းဖြစ်၏။” ဟု မိန့်တော်မူခဲ့သည်။ ဤသည်မှာ သူ၏ ရွေးချယ်ထားသောလူများအတွက် ဘုရားသခင်၏ သတ်မှတ်ထားသော စံနှုန်းဖြစ်သကဲ့သို့ အသင်းတော်ရှိ လူအရေအတွက်နှင့်ပတ်သက်သည့် သတ်မှတ်ချက်နှင့် စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။ “ငါယခင်က ပြောဆိုခဲ့ပြီးသည့်အတိုင်း ငါလိုချင်သည့်အရာသည် လူအရေအတွက်များပြားခြင်းထက် လူတို့အထဲ၌ အရည်အသွေးထူးချွန်ခြင်းဖြစ်၏။”၊ ဤနေရာတွင် “အရည်အသွေးထူးချွန်ခြင်း” သည် နိုင်ငံတော်၏ စစ်သည်တော်ကောင်းများကို ရည်ညွှန်းသလော သို့မဟုတ် အောင်နိုင်သူများကို ရည်ညွှန်းသလော။ နှစ်ခုစလုံး တိကျမှန်ကန်ခြင်းမရှိ။ တိကျမှန်ကန်စွာ ပြောရလျှင် “အရည်အသွေးထူးချွန်ခြင်း” သည် ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်သောသူများ၊ အမှန်တကယ် လူသားဖြစ်သောသူများကို ရည်ညွှန်းသည်။ ဘုရားအိမ်တော်၌ သင်သည် လူတစ်ဦးအနေဖြင့် ထမ်းဆောင်သင့်သော တာဝန်များကို ထမ်းဆောင်နိုင်လျှင်၊ သင်သည် လူသားတစ်ဦးအဖြစ် အသုံးပြုခြင်းခံနိုင်လျှင်၊ သင်သည် အခြားသူများက သင့်ကို ဆွဲခြင်း၊ တရွတ်တိုက်ဆွဲခြင်း သို့မဟုတ် တွန်းခြင်းတို့မရှိဘဲ လူသားတစ်ဦး၏ တာဝန်ဝတ္တရားများ၊ အလုပ်များနှင့် ပြုဖွယ်ကိစ္စများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်လျှင်၊ သင်သည် အသုံးမကျသော အမှိုက်မဟုတ်၊ ကပ်ပါးရပ်ပါးမဟုတ်၊ အလေလိုက်သူ မဟုတ်ဘဲ လူသားတစ်ဦး၏ တာဝန်ဝတ္တရားများနှင့် ပြုဖွယ်ကိစ္စများကို ထမ်းရွက်နိုင်ပြီး လူသားတစ်ဦး၏ အထူးတာဝန်ကို ထမ်းရွက်နိုင်လျှင် ဤသည်သာလျှင် လူသားတစ်ဦးအနေဖြင့် စံနှုန်းပြည့်မီခြင်း ဖြစ်၏။ ထိုအလေလိုက်သူများနှင့် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို ဂရုမစိုက်သောသူများသည် လူသားတစ်ဦး၏ အထူးတာဝန်ကို ထမ်းရွက်နိုင်သလော။ (မထမ်းရွက်နိုင်ပါ။) အချို့လူများသည် တာဝန်ကို ထမ်းရွက်ရန် မလိုလားကြ၊ အချို့မှာမူ မထမ်းရွက်နိုင်ကြပေ၊ ၎င်းတို့သည် အသုံးမကျသော အမှိုက်များ ဖြစ်ကြသည်။ လူသားတစ်ဦး၏ တာဝန်ဝတ္တရားများကို မထမ်းရွက်နိုင်သောသူများကို လူသားဟု ခေါ်ဆို၍မရပေ။ ဉာဏ်ရည်မမီသူများ၊ အရူးအနှမ်းများ၊ ဦးနှောက်သွက်ချာပါဒဖြစ်သူများ သို့မဟုတ် ကိုယ်ခန္ဓာမသန်စွမ်းသူများကို ကြည့်လော့၊ ၎င်းတို့ကို စံမီသော လူသားများဟု ခေါ်ဆိုနိုင်သလော။ (မခေါ်ဆိုနိုင်ပါ။) အဘယ်ကြောင့် မခေါ်ဆိုနိုင်သနည်း။ ထိုသို့သော လူများတွင် အသက်ရှင်နေထိုင်နိုင်စွမ်း မရှိ၊ ရှင်သန်နိုင်စွမ်း မရှိ၊ မိမိတို့ကိုယ်ကို ဂရုစိုက်နိုင်စွမ်း မရှိပေ။ ၎င်းတို့သည် အကူအညီနှင့် စောင့်ရှောက်မှုအတွက် အခြားသူများကို လုံးလုံး မှီခိုကြရပြီး မိမိတို့ကိုယ်ကို မထောက်ပံ့နိုင်ဘဲ အသက်ရှင်ကြကာ လူသားတစ်ဦး၏ တာဝန်ဝတ္တရားများနှင့် ပြုဖွယ်ကိစ္စများကို ထမ်းရွက်နိုင်ခြင်း မရှိကြပေ။ ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်ကို မထမ်းရွက်နိုင်သောသူများသည် ပုံမှန်လူသားများ မဟုတ်ကြဘဲ ဘုရားသခင်သည် ၎င်းတို့ကို အလိုမရှိပေ။ သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်စေ၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ပါဝင်သော သီးခြားအလုပ်တစ်ခုကို လုပ်ဆောင်နေသည်ဖြစ်စေ သင် တာဝန်ယူထားသော အလုပ်ကို သင် ထမ်းရွက်နိုင်ရမည်။ သင်၏ ကိုယ်ပိုင်အသက်တာနှင့် ရှင်သန်မှုကို စီမံခန့်ခွဲနိုင်ခြင်းအပြင် သင်၏ တည်ရှိခြင်းသည် အသက်ရှူနေရုံမျှသာ မဟုတ်၊ စားသောက်ပျော်ပါးရန် မဟုတ်ဘဲ ဘုရားသခင်က သင့်အား ပေးအပ်ထားသော အထူးတာဝန်ကို ထမ်းရွက်နိုင်ခြင်း ဖြစ်ရမည်။ ထိုသို့သော လူများသာလျှင် ဖန်ဆင်းခံများဟု ခေါ်ဆိုခြင်းကို ခံထိုက်ပြီး လူသားဟု ခေါ်ဆိုခြင်းကို ခံထိုက်သည်။ ဘုရားအိမ်တော်၌ အစဉ်သဖြင့် ကပ်ပါးရပ်ပါးလုပ်လိုပြီး အဆုံးတိုင်အောင် လှည့်ဖြား၍ အောင်မြင်အောင် ကြိုးစားကာ ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ပြီး အစဉ်သဖြင့် ဖြတ်လမ်းလိုက်ရန် ကြိုးစားသောသူများသည် မည်သည့်အထူးတာဝန်ကိုမျှ မဆိုထားနှင့်၊ မည်သည့်အလုပ် သို့မဟုတ် မည်သည့်တာဝန်ကိုမျှ မထမ်းရွက်နိုင်ကြပေ။ ထိုသို့သော လူများသည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်ပြီး ယင်းမှာ ဝမ်းနည်းစရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဖယ်ရှားရှင်းလင်းခြင်း ခံနေရသည့်အရာသည် လူသားမဟုတ်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် လူသားဟု ခေါ်ဆိုခံရရန် အရည်အချင်း မပြည့်မီပေ။ သင်သည် ၎င်းတို့ကို အသုံးမကျသောလူများ၊ အလေလိုက်သူများ သို့မဟုတ် အပျင်းထူသူများဟု ခေါ်ဆိုနိုင်သည်၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် လူသားဟု ခေါ်ဆိုခြင်းကို ခံထိုက်သူများ မဟုတ်ကြပေ။ သင်သည် ၎င်းတို့အား အလုပ်တစ်ခုကို တာဝန်ပေးသည့်အခါ ထိုအလုပ်ကို ၎င်းတို့ သီးခြားလွတ်လပ်စွာ မပြီးမြောက်နိုင်ပေ၊ သင်သည် ၎င်းတို့အား တာဝန်တစ်ခုကို ပေးအပ်သည့်အခါ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မထမ်းရွက်နိုင် သို့မဟုတ် ထမ်းဆောင်သင့်သော ပြုဖွယ်ကိစ္စကို မဖြည့်ဆည်းနိုင်ပေ၊ ထိုသို့သော လူများသည် ဇာတ်သိမ်းပြီဖြစ်သည်။ ၎င်းတို့သည် အသက်ရှင်ရန် မထိုက်တန်ပေ၊ ၎င်းတို့သည် သေထိုက်သည်။ ဘုရားသခင်က ၎င်းတို့၏ အသက်ကို ချမ်းသာပေးခြင်းသည် သူ၏ ကျေးဇူးတော် ဖြစ်နေပြီးဖြစ်သည်၊ ယင်းမှာ ထူးကဲသော မျက်နှာသာပေးမှုတစ်ခု ဖြစ်သည်။

ကောလာဟလများ၏ အကြောင်းအရာနှင့် ပတ်သက်၍ ငါတို့ ဤနေရာတွင် အဆုံးသတ်ကြမည်။ သင်တို့၌ ပြဿနာတစ်ခုခု ရှိနေသေးပါက ယင်းတို့ကို တင်ပြ၍ မိတ်သဟာယဖွဲ့နိုင်သည် သို့မဟုတ် သင်တို့ကိုယ်တိုင် ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်သည်။ ငါတို့သည် ထိုအကြောင်းကို နောက်ထပ် မပြောကြတော့ပေ၊ ကောင်းပြီလော။ တစ်ဦးတလေ၌ ကန့်ကွက်ချက်များ ရှိသလော။ (မရှိပါ။) ငါ မဆွေးနွေးခဲ့သော ပြဿနာတစ်ခုခု ရှိနေပါက သင်တို့သည် ယင်းတို့ကို သင်တို့ကိုယ်တိုင် ဖြေရှင်းရန် နည်းလမ်းတစ်ခု စဉ်းစားနိုင်သည်။ ဤကိစ္စတွင် ငါသည် ငါ၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်သည်။ “ကျွန်ုပ်တို့ လိုချင်သော အဖြေကို မရရှိသေးပါ၊ ထိုကောလာဟလများသည် မှန်သလော သို့မဟုတ် မှားသလော။ ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ရှင်းလင်းသော အဖြေတစ်ခု ပေးပါ” ဟု တစ်စုံတစ်ဦးက ပြောသည် ဆိုပါစို့။ ငါသည် သင်တို့ကို ရှင်းလင်းသော အဖြေတစ်ခု ပေးလျှင်ပင် ယင်းက ဘယ်ပြဿနာကိုများ ဖြေရှင်းပေးနိုင်မည်နည်း။ ထို့ကြောင့် ဤအဖြေကို သင်တို့ကိုယ်တိုင် ရှာသင့်သည်ဟု ငါ ပြောခြင်းဖြစ်သည်။ ဤအပေါ်၌ ငါ့အနေဖြင့် မှတ်ချက်ပေးစရာမရှိ။ ယင်းတို့အားလုံးသည် သင်တို့၌ ပိုင်းခြားသိမြင်မှု ရှိမရှိအပေါ်တွင် မူတည်သည်။ သမ္မာတရားကို ရရှိပြီးသောသူများသည် မည်သည့်အခါမျှ အထင်အမြင်မှားစေခြင်းကို ခံရမည်မဟုတ်ပေ။ အမှန်တွင် ဤကောလာဟလများသည် လူများစွာကို ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း သမ္မာတရားကို မရရှိခဲ့သောသူများသည် အားလုံး ဖော်ထုတ်ခြင်း ခံခဲ့ရသည်၊ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာ ဖြစ်သည်။ ဤသည်မှာ ငါ၏ အဖြေပင်တည်း။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။) သို့ဆိုလျှင် သင်တို့ကို ငါ ပြောလိုသည့်အရာမှာ အဘယ်အရာနည်း။ ငါ ပြောလိုသည့်အရာသည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကျမ်းစာအတွဲများနှင့် တရားဒေသနာအားလုံးထဲတွင် ရှိသည်။ ထိုနှုတ်ကပတ်တော်များမှာ သင်တို့ကို ငါ ပြောလိုသည့်အရာ ဖြစ်သည်။ ယင်းတို့သည် မလုံလောက်သလော။ (လုံလောက်ပါသည်။) အချို့လူများက “သို့ဆိုလျှင် ကောလာဟလများနှင့်ပတ်သက်၍ သင့်ထံတွင် အဖြေတစ်ခုခု ရှိပါသလော” ဟု ပြောလျက် ဆက်၍ မလျှော့တမ်း ပြောဆိုနေပါက ငါက မရှိပါ၊ ငါ့အနေဖြင့် မှတ်ချက်ပေးစရာမရှိသေးပါဟု ဆိုမည်။ ငါ ပြောလိုသည့်အရာများစွာကို တရားဒေသနာအားလုံးတွင် ငါ ပြောခဲ့ပြီးဖြစ်သည်။ သင်တို့သည် သမ္မာတရားကို ရှာဖွေလိုလျှင်၊ ဤနှုတ်ကပတ်တော်များကို သင်တို့ လက်ခံပြီး စောင့်ထိန်းလိုက်နာနိုင်လျှင် သင်တို့၏ ပြဿနာများသည် ဖြေရှင်းပြီး ဖြစ်သွားလိမ့်မည်။ သင်တို့သည် ဤနှုတ်ကပတ်တော်များကို လက်မခံပါက သင်တို့၏ ပြဿနာများသည် ထာဝရ ပြဿနာများအဖြစ် ကျန်ရှိနေလိမ့်မည်။ ငါသည် ငါ၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်သည်၊ ယင်းမှာ ငါနှင့် သက်ဆိုင်ခြင်း မရှိတော့ပေ။ သင်တို့ ရှင်းရှင်းလင်းလင်း ကြားပြီးပြီလော။ (ရှင်းရှင်းလင်းလင်း ကြားပါသည်။)

“သမ္မာတရားကို လိုက်စားရန်နည်းလမ်း” ဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ဤကာလအတောအတွင်းတွင် ငါတို့သည် “သမ္မာတရားကို လိုက်စားရန်နည်းလမ်း” အတွင်းရှိ “လက်လွှတ်ခြင်း” နှင့် သက်ဆိုင်သော အကြောင်းအရာကို ဆွေးနွေးနေဆဲဖြစ်ပြီး “ဘုရားသခင်နှင့် မိမိတို့ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိတို့၏ ရန်လိုမုန်းတီးမှုကို လက်လွှတ်ခြင်း” ဟူသည့် အဓိကအကြောင်းအရာကြီးကို ပြောဆိုနေကြသည်။ ဤအကြောင်းအရာ၏ ပထမဆုံးအချက်မှာ ဘုရားသခင်နှင့်ပတ်သက်သည့် လူတစ်ဦး၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း ဖြစ်သည်။ ဤကဏ္ဍတွင် ငါတို့သည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဆွေးနွေးခဲ့ကြပြီးဖြစ်ကာ ယင်းတွင် အတော်အတန် ရှုပ်ထွေးသော ပြဿနာတစ်ခု ပါဝင်လေသည်။ ယင်းမှာ ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတို့ကြားရှိ ကွဲပြားခြားနားချက်များ ဖြစ်သည်။ ဤအထဲတွင် အသေးစိတ်အချက်များစွာ ရှိသည်။ လူတို့သည် နေ့စဉ်ဘဝတွင် ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် အယူအဆများကို အစဉ်သဖြင့် ရောထွေးကြပြီး အချို့သောပြဿနာသည် မည်သည့်အမျိုးအစားနှင့် သက်ဆိုင်သည်ကိုဖြစ်စေ၊ ၎င်းတို့ကို မည်သို့ခွဲခြားရမည်ကိုဖြစ်စေ ရှင်းလင်းစွာ မပိုင်းခြားနိုင်ကြပေ။ ဥပမာအားဖြင့် အချို့သော သရုပ်သကန်များနှင့်ပတ်သက်၍ ၎င်းတို့သည် လူ့သဘာဝနှင့် သက်ဆိုင်ခြင်း ရှိမရှိကိုဖြစ်စေ၊ ပင်ကိုအခြေအနေများနှင့် သက်ဆိုင်ခြင်း ရှိမရှိကိုဖြစ်စေ လူတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ အခြားသော သရုပ်သကန်အချို့အတွက်မူ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သို့မဟုတ် လူ့သဘာဝနှင့် သက်ဆိုင်သော ပြဿနာများ ဟုတ်မဟုတ်ကို လူတို့ မပြောနိုင်ကြပေ။ လူတို့သည် ဤအမှုအရာများကို မပိုင်းခြားနိုင်ကြပေ။ လူတို့သည် ပင်ကိုအခြေအနေများ၏ အချို့သော ပြဿနာများနှင့် ချို့ယွင်းချက်များကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအဖြစ် မကြာခဏ မှတ်ယူကြသည် သို့မဟုတ် လူ့သဘာဝ၏ အချို့သော ချို့ယွင်းချက်များနှင့် ပြဿနာများကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအဖြစ် မှတ်ယူကြသည်။ တစ်ခါတစ်ရံတွင် ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ထုတ်ဖော်ခြင်းဖြစ်သည့်တိုင် ၎င်းတို့က ယင်းကို မပြောင်းလဲနိုင်သော ပင်ကိုအခြေအနေတစ်ခု၏ ထုတ်ဖော်ခြင်းအဖြစ် မှတ်ယူကြသည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း လုပ်ငန်းစဉ်အတွင်း ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ အလွန် မရှင်းမလင်းဖြစ်သည်ဟု မကြာခဏ ခံစားရပြီး ၎င်းတို့ကို မပိုင်းခြားနိုင်ကြပေ။ လွန်ခဲ့သောတစ်ကြိမ်က ငါတို့သည် ဤအကြောင်းအရာ၏ အစိတ်အပိုင်းတစ်ခုကို မိတ်သဟာယဖွဲ့ခဲ့ကြပြီး ဥပမာအချို့ကိုလည်း ပေးခဲ့ကြသည်မှာ မှန်သော်လည်း ယင်းမှာ လုံလောက်သော တိကျမှု မရှိဟု ငါခံစားရသည်။ ယနေ့တွင် ငါတို့သည် ဤအမျိုးအစားသုံးခုအတွင်းရှိ ပြဿနာများကို ယူ၍ ယင်းတို့အပေါ် ပို၍ တိတိကျကျ မိတ်သဟာယဖွဲ့ကြမည်။ ငါသည် အချို့သော တိကျသည့် သရုပ်သကန်များနှင့် ဥပမာများကို ပြောပြမည်ဖြစ်ပြီး ထို့နောက်တွင် သင်တို့သည် ၎င်းတို့ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သည်ကို ပိုင်းခြားသိမြင်ရမည်။ ယင်းတို့မှာ ပင်ကိုအခြေအနေများ၊ လူ့သဘာဝ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ သင်တို့ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိပါက ငါတို့သည် ယင်းတို့ကို အတူတကွ စူးစမ်းလေ့လာကြမည်။ သင်တို့ မည်သို့ထင်သနည်း။ (ကောင်းပါသည်။) လွန်ခဲ့သောတစ်ကြိမ်က ငါတို့သည် ပင်ကိုအခြေအနေများအပေါ် အနည်းငယ်ပို၍ မိတ်သဟာယဖွဲ့ခဲ့ကြသောကြောင့် ဤကိစ္စနှင့်ပတ်သက်၍ သင်တို့၏ ပိုင်းခြားသိမြင်မှုသည် အမှန်ပင် အနည်းငယ် ပို၍ ရှင်းလင်းပေသည်။ သို့ရာတွင် အတော်အတန် ခွဲခြားရန်မပြတ်သားသော သို့မဟုတ် လူ့သဘာဝအတွင်းရှိ ကဏ္ဍများနှင့် ဆင်တူသော အရာအချို့ ရှိနေဆဲဖြစ်ပြီး ယင်းတို့ကို ပင်ကိုအခြေအနေများ သို့မဟုတ် လူ့သဘာဝအောက်တွင် အမျိုးအစား ခွဲခြားသင့်သလားဆိုသည်ကို လူတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးပေ။ ငါသည် အချို့သော သရုပ်သကန်များ သို့မဟုတ် အချို့သော အပြုအမူများနှင့် လုပ်ဆောင်ချက်များကို အဆိုပြုမည်ဖြစ်ပြီး ထို့နောက်တွင် သင်တို့သည် ယင်းတို့ကို မည်သည့်ကဏ္ဍအောက်တွင် အမျိုးအစား ခွဲခြားသင့်သည်ကို ပြောရမည်။ ဤနည်းလမ်းဖြင့် မိတ်သဟာယဖွဲ့ခြင်း၏ အကျိုးကျေးဇူးကား အဘယ်နည်း။ အချို့သော သရုပ်သကန်သည် မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သည်ကို သင်သိသည်နှင့်တစ်ပြိုင်နက် သင်သည် ယင်းကို မည်သို့ချဉ်းကပ်ရမည်နှင့် မည်သို့ကိုင်တွယ်ရမည်ကို သိလာလိမ့်မည်။

ပထမဆုံး သရုပ်သကန်ဖြင့် စလိုက်ကြစို့။ ယင်းမှာ အမှုအရာများကို လုပ်ဆောင်ရာတွင် ဇွဲလုံ့လရှိခြင်းဖြစ်ပြီး လူတစ်ဦးသည် အလွန်အလုပ်ကြိုးစားသည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သနည်း။ (ဤသည်မှာ လူတစ်ဦး၏ လူ့သဘာဝနှင့်ဆိုင်သော သရုပ်သကန်တစ်ခု ဖြစ်ပါသည်။) သို့ဆိုလျှင် ဤသည်မှာ လူ့သဘာဝ၏ အားသာချက်လော သို့မဟုတ် ချို့ယွင်းချက်လော။ (လူ့သဘာဝ၏ အားသာချက် ဖြစ်ပါသည်။) အလွန် ဇွဲလုံ့လရှိခြင်းနှင့် အလုပ်ကြိုးစားခြင်းသည် လူ့သဘာဝ၏ အားသာချက်တစ်ခု ဖြစ်သည်။ သပ်ရပ်သန့်ရှင်းမှုကို နှစ်သက်ခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို ထိန်းသိမ်းခြင်း၊ ဤသည်မှာ မည်သို့သော သရုပ်သကန်မျိုး ဖြစ်သနည်း။ (လူ့သဘာဝ၏ အားသာချက် ဖြစ်ပါသည်။) (ဤသည်မှာ ကောင်းမွန်သော နေထိုင်မှုအလေ့အထ တစ်ခုဖြစ်ပြီး လူတစ်ဦး၏ ပင်ကိုအခြေအနေများ အောက်တွင် သက်ရောက်ပါသည်။) ဤသည်မှာ ပင်ကိုအခြေအနေတစ်ခုလော။ ဤသည်မှာ လူတစ်ဦး၏ လူ့သဘာဝနှင့်ဆိုင်သော အားသာချက်နှင့် အားကောင်းသည့်အချက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ခုနက ဤသည်မှာ ပင်ကိုအခြေအနေတစ်ခုဖြစ်သည်ဟု တစ်စုံတစ်ဦးက ပြောခဲ့သည်၊ ဤသည်မှာ မမှန်ကန်ပေ။ ဤသည်မှာ လူတစ်ဦး၏ လူ့သဘာဝအပြင် နေထိုင်မှုအလေ့အထများနှင့်လည်း သက်ဆိုင်သည်။ ဤသည်မှာ လူ့သဘာဝ၏ အားသာချက်နှင့် အားကောင်းသည့် အချက်တစ်ခုလည်း ဖြစ်သည်မှာ သေချာပါသည်။ နောက်ထပ်သရုပ်သကန်မှာ အချို့သောလူများသည် ပျင်းရိကြသည်၊ ၎င်းတို့သည် သက်သောင့်သက်သာရှိမှုကို နှစ်သက်ပြီး အလုပ်လုပ်ပေးရခြင်းကို မုန်းတီးကာ အလုပ်လုပ်ရန် မကြိုက်ကြပေ။ အလုပ်မလုပ်သည့်အခါ ၎င်းတို့သည် အထူးသဖြင့် စိတ်သက်သာရာရသည်ဟု ခံစားရသော်လည်း အလုပ်စလုပ်သည့်အခါ ၎င်းတို့၏ စိတ်ခံစားချက်မှာ ပိုဆိုးလာသည်၊ ၎င်းတို့သည် စိတ်မရှည်ဖြစ်လာသည်၊ စိတ်တိုလာသည်၊ ဒေါသထွက်လာသည်။ အလုပ်လုပ်စရာရှိသည့်အခါ ၎င်းတို့သည် လေးလံထိုင်းမှိုင်းပြီး အားအင်ကုန်ခန်းနေသည်ဟု ခံစားရကာ အလုပ်မလုပ်ချင်ကြပေ။ သို့ရာတွင် စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းကိစ္စများသို့ ရောက်လာသည့်အခါ ၎င်းတို့တွင် အဆုံးမရှိသော ခွန်အား ရှိကြသည်။ ပျင်းရိခြင်း၊ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ (လူ့သဘာဝမကောင်းခြင်း ဖြစ်ပါသည်။) အနည်းဆုံးအနေဖြင့် ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု၊ လူ့သဘာဝအတွင်းရှိ အားနည်းချက်တစ်ခုနှင့် သိသာထင်ရှားသော ပြဿနာတစ်ခု ဖြစ်သည်။ ယင်းမှာ လူ့သဘာဝမကောင်းခြင်းအဆင့်သို့ မရောက်သေးပေ။ ထိုသို့သောလူများသည် အခြားသူများကို ခိုင်းစေခြင်းနှင့် အမြတ်ထုတ်ခြင်းတို့ကို နှစ်သက်ပြီး မိမိတို့ကိုယ်တိုင် မည်သည့်အလုပ်မျှမလုပ်ဘဲ အခြားသူများကို အလုပ်လုပ်စေပါက ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ (လူ့သဘာဝမကောင်းခြင်း ဖြစ်ပါသည်။) အလုပ်အချို့လုပ်ရန် တောင်းဆိုခံရသည့်အခါ ၎င်းတို့သည် ယင်းကိုရှောင်လွှဲရန် အကြောင်းပြချက်အမျိုးမျိုးနှင့် ဆင်ခြေအမျိုးမျိုးကို ရှာကြသည်၊ ၎င်းတို့သည် အလုပ်မလုပ်ချင်ကြရုံသာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ရည်ရွယ်ချက်များကို ပေါ်ပေါ်တင်တင် ပြောဆိုရမည့်အစား အပန်းဖြေမှုကို ခံစားရန် အလုပ်ကိုရှောင်ရှားနေစဉ် အခြားသူများကို အလုပ်လုပ်စေရန် ကြိုးပမ်းလျက် နည်းလမ်းအမျိုးမျိုး၊ ပရိယာယ်အမျိုးမျိုး သို့မဟုတ် လိမ်လည်မှုများနှင့် လှည့်စားမှုများကို အသုံးပြုကြသည်။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ဖြစ်ပါသည်။) ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျှသာလော။ အခြားသူများကို အသုံးချရန်နှင့် ခိုင်းစေရန် နှစ်သက်သောလူများသည် ပထမဦးစွာ လူ့သဘာဝမကောင်းခြင်းနှင့် ယုတ်ညံ့သော ကိုယ်ကျင့်စရိုက်ရှိကြသည်။ ဒုတိယအချက်အနေဖြင့် အခြားသူများကို ဩဇာပေးရာတွင် ၎င်းတို့၏ စဉ်းလဲသော နည်းလမ်းများသည် ၎င်းတို့၏ လှည့်ဖြားတတ်သော၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ဖော်ထုတ်သည်။ ၎င်းတို့၏ အမြတ်ထုတ်ရန်နှင့် ဩဇာပေးရန် နှစ်သက်ခြင်းဆိုင်ရာ သရုပ်သကန်များသည် ၎င်းတို့ လူ့သဘာဝမကောင်းသည်ကိုလည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဆိုးရွားပြီး လှည့်ဖြားတတ်ကာ ကောက်ကျစ်ဆိုးယုတ်သည်ကိုလည်းကောင်း နှစ်မျိုးလုံးကို ပြသသည်။ သင်မြင်သလော၊ အချို့သော သရုပ်သကန်များသည် လူ့သဘာဝမကောင်းခြင်း သို့မဟုတ် လူတစ်ဦး၏ လူ့သဘာဝအတွင်းရှိ အားနည်းချက်တစ်ခုကိုသာ ထင်ဟပ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအဆင့်သို့ မရောက်ရှိပေ။ သို့ရာတွင် အချို့သော သရုပ်သကန်များသည် ယုတ်ညံ့သော လူ့သဘာဝကို အခြေခံ၍ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ထို့ကြောင့် မည်သည့်သရုပ်သကန်မျှ ထိုမျှ ရိုးရှင်းခြင်း မရှိပေ။ အချို့သော သရုပ်သကန်များသည် ပြဿနာတစ်ခုတည်းနှင့်သာမက နှစ်ခုနှင့် သက်ဆိုင်သည်။

အပေါ်ယံသဘောသာရှိခြင်း၊ ဤသည်မှာ မည်သည့်ကဏ္ဍအောက်တွင် သက်ရောက်သနည်း။ (ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) မှန်သည်၊ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကို အလှဆင်ခြင်း၊ မိမိကိုယ်ကို လှပအောင်ပြုလုပ်ခြင်းနှင့် ရုပ်ရည်ချောမောခြင်း၊ လှပခြင်း၊ ကြည့်ကောင်းခြင်း သို့မဟုတ် နုပျိုခြင်းတို့နှင့်ပတ်သက်၍ ချီးကျူးစကားများ လက်ခံရရှိခြင်းကို နှစ်သက်ခြင်းမျှသာဖြစ်ပါက၊ ဆိုလိုသည်မှာ အခြားသူများက မိမိ၏ရုပ်ရည်အသွင်အပြင်အပေါ် အကောင်းမြင်ခြင်း သို့မဟုတ် အပြုသဘောဆောင်သောအမြင် ရှိစေလိုခြင်းဖြစ်ပါက ဤသည်မှာ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခုမျှသာ ဖြစ်သည်။ မည်သို့သော လူ့သဘာဝ၏ ပြဿနာမျိုးနည်း။ ရှင်းရှင်းပြောရလျှင် ဤသည်မှာ အားသာချက်မဟုတ်ဘဲ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ အချို့လူများက “လူတိုင်းတွင် အလှတရားကို ချစ်မြတ်နိုးစိတ်ရှိသည်၊ ဤသည်မှာ ချို့ယွင်းချက်တစ်ခု မည်သို့ဖြစ်နိုင်မည်နည်း။” ဟု ပြောကောင်းပြောနိုင်သည်။ သို့ဆိုလျှင် အပေါ်ယံသဘောသာရှိခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောရသနည်း။ အပေါ်ယံသဘောသာရှိခြင်းသည် ချို့ယွင်းချက်တစ်ခု ဖြစ်သောကြောင့် ယင်း၏ သရုပ်သကန်များသည် တရားနည်းလမ်းကျခြင်းမရှိပေ။ အပေါ်ယံသဘောသာရှိခြင်းသည် သင့်တော်သော၊ ဂုဏ်သိက္ခာရှိသော၊ ဘာသာတရားကိုင်းရှိုင်းသော သို့မဟုတ် တည်ကြည်သောပုံပေါက်ခြင်း၊ အခြားသူများအား ဂုဏ်သိက္ခာနှင့် သိက္ခာသမာဓိ၏ ခံစားချက်ကို ပေးခြင်းတို့နှင့် မသက်ဆိုင်ပေ။ ဤသည်မှာ သင့်တော်သောပုံပေါက်ခြင်းအဆင့်တွင် မရှိဘဲ၊ သင့်တော်သောပုံပေါက်ရန် တရားနည်းလမ်းကျသော အာရုံစိုက်မှုထက် ပို၍ လွန်ကဲပြီး ဆိုးရွားသည်။ လူတို့သည် အပေါ်ယံသဘောသာရှိသောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလှဆင်ခြင်းနှင့် မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသခြင်း၊ အခြားသူများကို ၎င်းတို့၏ ပုံရိပ်အပေါ် အာရုံစိုက်စေခြင်းတို့ကို အထူးဂရုပြုကြပြီး အနည်းငယ် အရှက်မရှိသည့်အဆင့်အထိပင် ရောက်ရှိကြသည်၊ တစ်နည်းအားဖြင့်ဆိုသော် ဤလူများသည် ကိစ္စရပ်များစွာတွင် ရုပ်ရည်အသွင်အပြင်၏ လွှမ်းမိုးမှုနှင့် ဘောင်ခတ်ခြင်းတို့ကို ခံကြရသည်။ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများသည် မိတ်ကပ်မလိမ်းဘဲ အပြင်ထွက်ရမည်ကို ရှက်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပေါ် ရေမွှေးအချို့ မဖျန်းထားပါက အခြားသူများနှင့် တွေ့ဆုံရမည်ကို ရှက်ကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်များနှင့်သာ အစဉ်သဖြင့် အာရုံစိုက်နေကြပြီး အခြားလူများက ၎င်းတို့ကို အထင်ကြီးပြီး နှစ်သက်စေရန် မိမိတို့ကိုယ်ကို အလွန်အကျွံ အလှဆင်လိုကြသည်။ ဤသည်မှာ အလွန်အမင်း အပေါ်ယံသဘောသာရှိခြင်းဖြစ်သည်၊ ဤအခြေအနေတွင် ယင်းသည် ချို့ယွင်းချက်တစ်ခု ဖြစ်လာသည်။ ဤချို့ယွင်းချက်သည် ပုံမှန် လူ့သဘာဝ၏ အတိုင်းအတာနှင့် လိုအပ်သောစံနှုန်းများကို ကျော်လွန်သွားခဲ့ပြီးဖြစ်သည်။ အလွန်အမင်း အပေါ်ယံသဘောသာ ရှိခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤသရုပ်သကန်နှင့်ပတ်သက်၍ ငါတို့၏ ဆွေးနွေးမှုကို ဤတွင် အဆုံးသတ်သည်။

နောက်တစ်မျိုးမှာ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်း ဖြစ်သည်။ ဤသည်မှာ မည်သို့သော သရုပ်သကန်မျိုးဖြစ်သနည်း။ (ဤသည်မှာ လူတစ်ဦး၏ လူ့သဘာဝနှင့်ဆိုင်သော အားနည်းချက်တစ်ခု ဖြစ်ပါသည်၊ ဤသည်မှာ မိမိကိုယ်ကို ရှေ့တန်းတင်ခြင်းကို နှစ်သက်ခြင်း၊ မိမိကိုယ်ကို ကိုယ်ရည်သွေးရခြင်းကို နှစ်သက်ခြင်း ဖြစ်ပါသည်။) သို့ဆိုလျှင် ဤအထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသလော။ (ရှိပါသည်၊ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးသည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ပါက ၎င်းတို့သည် ထင်ရှားပေါ်လွင်လိုလျက် မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးလိုကြသောကြောင့် ဖြစ်ပါသည်။) ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းနှင့် မိမိကိုယ်ကို အမြဲတစေ ကိုယ်ရည်သွေးလိုခြင်း၊ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့တွင် ခေါင်းဆောင်နိုင်စွမ်းရှိသောကြောင့်လော သို့မဟုတ် ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး တာဝန်ယူလိုစိတ်ရှိသောကြောင့်လော။ ၎င်းတို့သည် တာဝန်ယူလိုစိတ်ရှိပြီး အလုပ်လုပ်နိုင်စွမ်းရှိကာ အလုပ်တစ်ခုကို တာဝန်ယူနိုင်ပါက ဤသည်မှာ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်း မဟုတ်ပေ။ သို့ဖြစ်လျှင် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းသည် မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ရှုထောင့်တစ်ခုအနေဖြင့် ဤသည်မှာ လူတစ်ဦး၏ လူ့သဘာဝနှင့်ဆိုင်သော ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤအမျိုးအစားဝင်လူများသည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ကြသည်။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးရန် နှစ်သက်ကြပြီး အခြားသူများက ၎င်းတို့ကို မမြင်မည်ကို စိုးရိမ်ကြသည်။ ၎င်းတို့သည် အတော်အတန် ပကာသနဆန်သော၊ ချဲ့ကားပြောဆိုသော၊ ကျယ်လောင်သော နည်းလမ်းဖြင့်လည်း စကားပြောကြသည်။ လူများများရှိလေ ၎င်းတို့သည် စကားပြောရန် ပို၍ စိတ်အားထက်သန်လေဖြစ်ပြီး လူအုပ်ထဲတွင် နေရာတစ်နေရာ အစဉ်သဖြင့် ရလိုကြသည်။ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းကို လူ့သဘာဝမကောင်းခြင်း၏ သရုပ်သကန်တစ်ခုအဖြစ် မှတ်ယူ၍ မရနိုင်ပေ။ ဤသည်မှာ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်နှင့်မသက်ဆိုင်ဘဲ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု၊ အားနည်းချက် သို့မဟုတ် ပြဿနာတစ်မျိုးမျှသာ ဖြစ်သည်။ ဤသည်မှာ လူ့သဘာဝ၏ အားနည်းချက် သို့မဟုတ် ပြဿနာတစ်ခု ဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ ဤလူတို့သည် ထင်ပေါ်စေရန် အဆက်မပြတ် ကြိုးစားနေကြသော်လည်း အလုပ်ကို တာဝန်ယူထမ်းဆောင်နိုင်စွမ်း အမှန်တကယ် ရှိသလော။ ၎င်းတို့သည် အဘယ်ကြောင့် ထင်ပေါ်ကျော်ကြားမှုကို အမြဲတစေ လိုလားနေရသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ထင်ပေါ်ကျော်ကြားမှုကို အမြဲတစေ လိုလားကြသနည်း။ ဤသည်မှာ ၎င်းတို့သည် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့၏ တွန်းအားပေးခြင်းကို ခံရသောကြောင့်လော။ ဤသည်မှာ ၎င်းတို့သည် အဆင့်အတန်းကိုလည်းကောင်း၊ ချီးမြှောက်ခံရခြင်းကိုလည်းကောင်း၊ မိမိတို့ကိုယ်ကို အာရုံစိုက်မှု၏ ဗဟိုချက် ဖြစ်စေခြင်းကိုလည်းကောင်း နှစ်သက်သောကြောင့်လော။ ဤသည်မှာ ၎င်းတို့သည် လူတို့ကြားတွင် ဂုဏ်သတင်းရှိခြင်း၊ အခြားသူများထက် သာလွန်ခြင်းနှင့် အခြားသူများကို ဦးဆောင်ရန် နှစ်သက်ခြင်းတို့ကြောင့်လော။ (ဟုတ်ပါသည်။) ဤသို့သောလူစားမျိုး၏ လူ့သဘာဝသည် ဖော်ထုတ်ခြင်းမခံရသလော။ ဤသည်မှာ မည်သို့သော လူ့သဘာဝမျိုးဖြစ်သနည်း။ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့သည်။ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ရှုထောင့်တစ်ခုအားဖြင့် ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ အခြားရှုထောင့်တစ်ခုအားဖြင့် ဤသို့သောလူစားမျိုးသည် ရံဖန်ရံခါမျှသာ မိမိတို့ကိုယ်ကို ရှေ့တန်းတင်ခြင်း သို့မဟုတ် ကိုယ်ရည်သွေးခြင်းမဟုတ်ဘဲ ၎င်းတို့သည် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့၏ တွန်းအားပေးခြင်းကို ခံရသောကြောင့်၊ အဆင့်အတန်း၊ အာဏာနှင့် ဆုံးဖြတ်ပိုင်ခွင့် ရှိခြင်းတို့ကို နှစ်သက်သောကြောင့် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ကြခြင်းဖြစ်သည်။ သို့ဆိုလျှင် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့်လည်း သက်ဆိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မည်သို့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးဖြစ်သနည်း။ (မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ဖြစ်ပါသည်။) ဤသည်မှာ မာနထောင်လွှားမှု ဖြစ်သည်။ ၎င်းတို့အား ထင်ပေါ်ကျော်ကြားအောင် လုပ်ခွင့် အဘယ်အရာက ပေးသနည်း။ အခြားသူများအပေါ် ဆုံးဖြတ်ပိုင်ခွင့်နှင့် ဦးဆောင်ပိုင်ခွင့်ကို ၎င်းတို့အား အဘယ်အရာက ပေးသနည်း။ အချို့လူများက “ကျွန်ုပ်သည် သမ္မာတရားကို နားလည်ပြီး ဝန်တာထားလိုစိတ်ရှိသည်” ဟု ပြောကြသည်။ သင်သည် ဝန်တာထားလိုစိတ်ရှိလျှင်ပင် သင်သည် အမှန်တကယ် အလုပ်လုပ်နိုင်ခြင်း ရှိမရှိကို ကြည့်ရှုရန် လိုအပ်နေဆဲဖြစ်သည်။ သင်သည် ဝန်တာထားလိုစိတ်ရှိပြီး ယင်းကို လုပ်လိုသည့်အတွက်ကြောင့်သာ သင်သည် ယင်းကို အမှန်တကယ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ဟု မဆိုလိုပေ။ ဤအရာနှစ်ခုကြားတွင် ယုတ္တိရှိသော ဆက်စပ်မှု မရှိပေ။ ယင်းကို လုပ်လိုခြင်းနှင့် လုပ်ရန်နှစ်သက်ခြင်းသည် သင် လုပ်နိုင်သည် သို့မဟုတ် သင်သည် ခေါင်းဆောင်ပိုင်းအလုပ်တွင် အရည်အချင်းပြည့်မီသည်ဟု မဆိုလိုပေ။ သင်သည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်သည်၊ သင်သည် အဆင့်အတန်းကို နှစ်သက်သည်၊ ယင်းက လူတိုင်းသည် သင့်ကို ရွေးကောက်တင်မြှောက်ရမည်ဟု အဓိပ္ပာယ်ရသလော။ အသင်းတော်ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ စည်းမျဉ်းများမှာ အဘယ်နည်း။ (ဤသည်မှာ လူတစ်ဦးတွင် အလုပ်လုပ်နိုင်စွမ်းရှိမရှိ၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဟုတ်မဟုတ်နှင့် ၎င်းတို့သည် မှန်ကန်သောသူတစ်ဦး ဟုတ်မဟုတ်အပေါ် အခြေခံရမည် ဖြစ်ပါသည်။) အနည်းဆုံးအနေဖြင့် သင်သည် မှန်ကန်သောသူတစ်ဦး ဖြစ်ရမည်။ သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိရမည်၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းရှိရမည်၊ ထို့အပြင် အလုပ်လုပ်နိုင်စွမ်းလည်း ရှိရမည်။ သို့မှသာ သင်သည် ပျိုးထောင်ခံရရန် အခြေအနေများနှင့် ကိုက်ညီပြီး ပျိုးထောင်ဖို့အတွက် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်လာမည်။ သင်သည် ဤသတ်မှတ်ချက်အားလုံးနှင့် ကိုက်ညီရမည်။ သင်သည် ဤသတ်မှတ်ချက်တစ်ခုမျှနှင့် မကိုက်ညီပါက သင်သည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ရုံမျှဖြင့် လူတိုင်းက သင့်ကို ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်မည်လော။ ထိုသို့ ဘယ်သောအခါမျှ ဖြစ်မည်မဟုတ်ပေ။ သို့ဆိုလျှင် သင်သည် ထင်ပေါ်ကျော်ကြားမှုကို အစဉ်သဖြင့် နှစ်သက်ပြီး မိမိကိုယ်ကို အစဉ်သဖြင့် ကိုယ်ရည်သွေးလိုပါက ဤသည်မှာ မာနထောင်လွှားမှု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို အထင်ကြီးခြင်း ဖြစ်သည်။ မာနထောင်လွှားမှုသည် လူ့သဘာဝ၏ ရှုထောင့်မှကြည့်လျှင် ဆင်ခြင်တုံတရားကင်းမဲ့ခြင်း ဖြစ်သည်။ သမ္မာတရားဖြင့် တိုင်းတာပါက ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်ပြီး စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်း၏ သရုပ်သကန်သည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုဖြစ်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုလည်းဖြစ်ရာ ပြဿနာနှစ်ခုနှင့် သက်ဆိုင်သည်။ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းသည် ညံ့ဖျင်းသော သို့မဟုတ် မကောင်းသော လူ့သဘာဝရှိခြင်းအဆင့်သို့ မရောက်ရှိသော်လည်း ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း၏ တိကျသော သရုပ်သကန်တစ်ခုဖြစ်သကဲ့သို့ မာနထောင်လွှားသော စိတ်သဘောထား၏ သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ လူတစ်ဦးသည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ရုံမျှသာဖြစ်ပြီး ၎င်းတို့သည် လူများကို မနှိပ်ကွပ် သို့မဟုတ် မညှဉ်းပန်းဘဲ၊ ရန်တိုက်ပေးရန် သို့မဟုတ် ဂိုဏ်းဂဏဖွဲ့ရန် ဆိုးယုတ်သောလူများ၏ နည်းလမ်းများကို အသုံးမပြုပါက ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် ဆိုးယုတ်သောလူများ သို့မဟုတ် အန္တိခရစ်များ၏ သရုပ်သကန်များကို ပြသပြီး အချို့သော ဒုစရိုက်အမှုများတွင်လည်း ပါဝင်ပါက ဤလူ့သဘာဝ၏ ချို့ယွင်းချက်သည် ပိုမိုဆိုးရွားလာသည်၊ ဤသည်မှာ အဘယ်အရာ ဖြစ်လာသနည်း။ ထိုသို့သော လူ့သဘာဝကို ညံ့ဖျင်းသည်၊ ဆိုးရွားသည်၊ ဆိုးယုတ်သည်ဟု ဤရှုထောင့်များဖြင့် သတ်မှတ်သည်။ ထို့အပြင် ထိုသို့သောလူများ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သရုပ်သကန်များတွင် မာနထောင်လွှားမှုနှင့် ရက်စက်ကြမ်းကြုတ်ခြင်း နှစ်မျိုးလုံး ပါဝင်သည်၊ ပို၍ တိကျသော သရုပ်သကန်များလည်း ရှိသည်မှာ သေချာသည်။ သို့ဖြစ်၍ ထိုသို့သောလူများ၏ လူ့သဘာဝကို ၎င်းတို့ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည့် အတိုင်းအတာအပေါ် အခြေခံ၍ စရိုက်လက္ခဏာကို သရုပ်ဖော်သင့်သည်။ ၎င်းတို့သည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ရုံမျှသာဖြစ်ပြီး ၎င်းတို့သည် ဆိုးယုတ်သော လူ့သဘာဝ၏ သရုပ်သကန်များကို မပြသဘဲ၊ လူများကို မနှိပ်ကွပ် သို့မဟုတ် မညှဉ်းပန်းဘဲ၊ တိတ်တဆိတ် ဂိုဏ်းဂဏဖွဲ့ခြင်းနှင့် အမှီအခိုကင်းသော တိုင်းပြည်တစ်ခု တည်ထောင်ခြင်းမရှိဘဲ၊ သို့မဟုတ် လူများကို အထင်အမြင်မှားစေရန်နှင့် ၎င်းတို့ကို နာခံစေရန် နည်းလမ်းမကျသော နည်းလမ်းများကို အသုံးမပြုဘဲနေပါက ဤထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သည်။ သို့သော် ထိုသို့သော ဒုစရိုက်အမှုများကို ကျူးလွန်သည်နှင့်တစ်ပြိုင်နက် ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ မဟုတ်တော့ပေ။ သို့ဆိုလျှင် ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ (ဤသည်မှာ ညံ့ဖျင်းသော၊ ဆိုးရွားသော၊ ဆိုးယုတ်သော လူ့သဘာဝ ဖြစ်ပါသည်။) အတိအကျပင်ဖြစ်၏။ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ မဟုတ်တော့ဘဲ ဆိုးယုတ်သော လူ့သဘာဝ ဖြစ်သည်။ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သည်။ ထိုသို့သောလူတစ်ဦးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု၊ အစွမ်းအစအချို့နှင့် အလုပ်လုပ်နိုင်စွမ်းရှိပါက သင်တို့သည် ၎င်းတို့ကို ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်မည်လော။ (ရွေးချယ်ပါမည်။) အဘယ်ကြောင့် ၎င်းတို့ကို ရွေးချယ်မည်နည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဆိုးယုတ်သောသူတစ်ဦး မဟုတ်သောကြောင့် ဖြစ်ပါသည်။) ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ထုတ်ဖော်ခြင်းမျှသာ ဖြစ်သည်။ ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းတွင် ဆိုးယုတ်မှု၏ အစိတ်အပိုင်း မရှိဘဲ ၎င်းတို့သည် ဆိုးယုတ်သောသူတစ်ဦး မဟုတ်ပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အခြေအနေများနှင့် ကိုက်ညီသရွေ့ ၎င်းတို့ကို ရွေးကောက်တင်မြှောက်နိုင်ပြီး ဆက်လက်၍ ပျိုးထောင်ပေးနိုင်သည်။ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းသည် လူ့သဘာဝတွင် ဆင်ခြင်တုံတရားနည်းပါးခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သော်လည်း ၎င်းတို့သည် အလုပ်လုပ်နိုင်ခြင်း၊ အလုပ်လုပ်နိုင်စွမ်းရှိခြင်း၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိခြင်း၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းရှိခြင်းနှင့် ထို့အပြင် အလုပ်အချို့လုပ်ရန်နှင့် ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်ရန် ဆန္ဒရှိခြင်းတို့ကို ထောက်ရှု၍ ၎င်းတို့ကို ရွေးကောက်တင်မြှောက်နိုင်သည်။ အဘယ်ကြောင့် ၎င်းတို့ကို ရွေးကောက်တင်မြှောက်နိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လူ့သဘာဝသည် ၎င်းတို့၏ အရည်အချင်းကဲ့သို့ပင် စံနှုန်းပြည့်မီသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောသူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦး မဟုတ်သရွေ့ ၎င်းတို့သည် လူများကို ညှဉ်းပန်းခြင်း သို့မဟုတ် နှိပ်ကွပ်ခြင်း ပြုမည်မဟုတ်ဘဲ အမှီအခိုကင်းသော တိုင်းပြည်တစ်ခု တည်ထောင်ရန် ကြိုးစားမည်မဟုတ်သောကြောင့် ၎င်းတို့ကို ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်နိုင်သည်။ သို့သော် ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းတွင် ဆိုးယုတ်သော လူ့သဘာဝ၏ အစိတ်အပိုင်းများ ပါဝင်နေပါက ထိုသို့သောလူတစ်ဦးကို ရွေးကောက်တင်မြှောက်သင့်သလော။ (ရွေးကောက်တင်မြှောက်ခြင်း မပြုသင့်ပါ။) ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခြင်း မခံရမီကပင် ကောက်ကျစ်သော နည်းလမ်းများကို စတင်အသုံးပြုနေပြီဖြစ်ပြီး တိတ်တဆိတ် ဂိုဏ်းဂဏဖွဲ့ခြင်းနှင့် မဲများကို ပြင်ဆင်ခြယ်လှယ်ခြင်းတို့ကို ပြုလုပ်နေပြီဖြစ်သည်။ မိမိတို့၏ ပန်းတိုင်များ အောင်မြင်ရန်အလို့ငှာ ၎င်းတို့သည် မသမာသော လှည့်ကွက်များ သုံးကြပြီး သမ္မာတရားကို လိုက်စားရာတွင် အတော်အတန် အလေးအနက်ထားပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်သော လူကောင်းအချို့အကြောင်း ကောလာဟလများ လုပ်ကြံဖန်တီးကာ မကောင်းပြောဆိုရန်ပင် စွမ်းဆောင်နိုင်ကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့် လူ့ကျင့်ဝတ်သိက္ခာကို ဆန့်ကျင်သော အမှုများစွာကို ပြုလုပ်ပြီး ဒုစရိုက်အမှုအချို့ကို ကျူးလွန်ကြသည်။ သင်တို့သည် ထိုသို့သောလူတစ်ဦးကို ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်နိုင်သလော။ (ရွေးကောက်တင်မြှောက်ခြင်း မပြုနိုင်ပါ။) အဘယ်ကြောင့် ရွေးကောက်တင်မြှောက်ခြင်း မပြုနိုင်သနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လူ့သဘာဝသည် ဆိုးယုတ်သောကြောင့် ဖြစ်ပါသည်။) တိတိကျကျပြောရလျှင် ဤသည်မှာ ၎င်းတို့သည် ဆိုးယုတ်သောသူတစ်ဦးဖြစ်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် လူများကို အသုံးပြုခြင်းဆိုင်ရာ ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် မကိုက်ညီပေ။ ဘုရားအိမ်တော်သည် ဆိုးယုတ်သောလူများကို အသုံးမပြုပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများ ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်ပါက အကျိုးဆက်များမှာ အဘယ်နည်း။ တစ်ချက်အနေဖြင့် ၎င်းတို့သည် ညှဉ်းပန်းခြင်းနှင့် နှိပ်ကွပ်ခြင်းကို ခံရမည်။ နောက်တစ်ချက်အနေဖြင့် အသင်းတော်သည် စည်းလုံးမှုမရှိဘဲ ပြိုကွဲသွားပြီး စည်းကမ်းမဲ့ ဖြစ်လာလိမ့်မည်။ ဤအခြေအနေတွင် သင်သည် သင်၏ တာဝန်များကို ထမ်းဆောင်နေခြင်းမဟုတ်ဘဲ ဆိုးယုတ်သောလူများကို အစေခံခြင်း၊ ဆိုးယုတ်သောလူများ၏ ထိန်းချုပ်ခြင်းကို ခံရခြင်းနှင့် ဆိုးယုတ်သောလူများနောက်သို့ လိုက်နေခြင်းသာ ဖြစ်လိမ့်မည်။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ သင်၏ ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်သည် ပျက်စီးသွားလိမ့်မည်။ ယခု သင် နားလည်ပြီလော။ (နားလည်ပါပြီ။) သို့ဆိုလျှင် လူနှစ်ဦးစလုံးသည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ပြီး မာနထောင်လွှားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိကြပါက သင်သည် လူတစ်ဦးကို ခေါင်းဆောင်အဖြစ် မည်သည့်အရာပေါ် အခြေခံ၍ ရွေးချယ်မည်နည်း။ (၎င်း၏ လူ့သဘာဝအပေါ် အခြေခံ၍ ရွေးချယ်ပါမည်။) မှန်သည်၊ ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ ဖြစ်သည်။ မာနထောင်လွှားမှု၊ လှည့်ဖြားတတ်ခြင်းနှင့် စိတ်နှလုံးမာကျောခြင်းကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအမျိုးမျိုး၏ ထုတ်ဖော်ခြင်းများသည် လူတိုင်း၌ရှိသော သဘောသဘာဝဖြစ်သည်၊ လူတိုင်းသည် ဤကိစ္စတွင် တူညီကြသည်။ သို့ဆိုလျှင် ကွဲပြားခြားနားချက်မှာ မည်သည့်နေရာတွင် ရှိသနည်း။ လူတို့၏ လူ့သဘာဝတွင် ရှိသည်။ အပေါ်ယံအားဖြင့် အချို့လူများသည် ပို၍ ချုပ်တည်းမှု မရှိကြသော်လည်း အချို့မှာမူ ပို၍ ရှေးရိုးဆန်ကြသည်၊ အချို့မှာ အတော်အတန် နားဝေတိမ်တောင်ဖြစ်ပြီး ဖြစ်ကတတ်ဆန်းနိုင်ကြသော်လည်း အခြားသူများမှာမူ အတော်အတန် လိမ္မာပါးနပ်ပြီး စေ့စပ်သေချာကြသည်။ အချို့မှာ ပို၍ ပွင့်လင်းပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်ကြသော်လည်း အခြားသူများမှာမူ ပို၍ အတွေးနက်ကြသည်။ လူတို့၏ ပင်ကိုစရိုက်များ၏ အပြင်ပန်း သရုပ်သကန်များသည် ကွဲပြားကြပြီး ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရသည်လည်း သေချာပေါက် မတူညီကြပေ။ အချို့လူများတွင် အသိတရားနှင့် ကိုယ်ကျင့်တရားဆိုင်ရာ စည်းများ ရှိကြသော်လည်း အခြားသူများမှာမူ မရှိကြပေ။ အချို့မှာ ဆိုးယုတ်ခြင်း၊ ရက်စက်ခြင်းနှင့် ကြမ်းကြုတ်ခြင်းပင် ရှိကြသည်၊ ၎င်းတို့သည် မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်ပြီး လူကို အရိုးပါမကျန် ဝါးမျိုကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကြသည်။ ထို့ကြောင့် ဆိုးယုတ်သောလူများအတွက် အခြားသူများကို ညှဉ်းပန်းခြင်းသည် ၎င်းတို့အတွက် ဘာမျှမဟုတ်ပေ။ သင်တို့သည် ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်ပါက သင်တို့၏ နေ့ကောင်းရက်သာများ ကုန်ဆုံးသွားလိမ့်မည်ဖြစ်ပြီး သင်တို့သည် ထိုနောက်ပိုင်းတွင် အမှောင်ထဲ၌ နေထိုင်ရလိမ့်မည်။ တစ်စုံတစ်ဦးသည် ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်ပါက အဆင်းနီသော နဂါးကြီး၏ လက်ထဲသို့ ကျရောက်ခြင်းနှင့် တူညီသည်။ သင်တို့ ဤအရာကို တွေ့ကြုံဖူးသလော။ (တွေ့ကြုံဖူးပါသည်။) ဆိုးယုတ်သောလူများ၏ လူ့သဘာဝနှင့်ပတ်သက်၍ အထင်ရှားဆုံးနှင့် အသိသာဆုံးသော သရုပ်သကန်များမှာ ဆိုးယုတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ ရက်စက်ခြင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ စည်းများမရှိခြင်းနှင့် အသိတရား၏ စံနှုန်းများမရှိခြင်းတို့ ဖြစ်သည်။ ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားမှ အကဲဖြတ်ရသော် ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝမရှိပေ။ ၎င်းတို့သည် အသိတရား၏ စည်းမျဉ်းများမရှိဘဲ မည်သည့်အရာကိုမဆို လုပ်ဆောင်ဝံ့လျက် မိုက်ရူးရဲဆန်ပြီး မဆင်မခြင်ဖြစ်ကြသည်။ သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးစဉ်းမျှပင် လက်မခံကြပေ။ အပေါ်ယံအားဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များတွင် အားထုတ်နိုင်ပြီး ဒုက္ခခံနိုင်ကာ ပေးကမ်းစွန့်ကြဲမှုများလည်း လုပ်နိုင်ကြသည်။ သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို သဆက်ဆံပုံတွင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိကြပေ။ ဘုရားသခင်အား သက်သေခံခြင်း၊ လူ့ဇာတိခံ ဘုရားသခင်အား သက်သေခံခြင်း၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို သက်သေခံခြင်း၊ ဘုရားသခင်၏ လုပ်ဆောင်မှုများကို သက်သေခံခြင်း၊ သို့မဟုတ် ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အဖိုးအခကို မည်သို့ပေးချေသည်နှင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏ ကြီးမားသောအဖိုးအခနှင့် သူ၏အသက်ကို မည်သို့အသုံးပြုသည်ကို သက်သေခံခြင်းတို့နှင့် ပတ်သက်လာတိုင်း ၎င်းတို့တွင် ပြောစရာမရှိဘဲ စကားမပြောလိုကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို မထီမဲ့မြင်ပြုကြသည်။ သို့သော် ၎င်းတို့သည် မိမိတို့ကိုယ်ကို သက်သေခံသည့်အခါတွင်မူ ပြောစရာများစွာရှိပြီး အဆုံးမရှိ စကားပြောကြသည်။ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သည်။ ထိုသို့သောလူများသည် ဒုစရိုက်မကျူးလွန်ဘဲ အသိတရားနှင့် ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများ ရှိပါက ၎င်းတို့သည် သမ္မာတရားအချို့ကို နားလည်နိုင်သရွေ့ ၎င်းတို့သည် ယေဘုယျအားဖြင့် ကိစ္စရပ်များကို ၎င်းတို့၏ အသိတရား၏ စည်းမျဉ်းများအတိုင်း တိုင်းတာနိုင်သည်၊ ၎င်းတို့၏ အသိတရားသည် အလုပ်လုပ်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်တစ်ဦးကို နှစ်သက်ပြီး ချဉ်းကပ်လိုပါက ၎င်းတို့၏ လူ့သဘာဝတွင် အသိတရား၏ စည်းများ၊ တည်ကြည်မှုနှင့် ရှက်စိတ်တို့ရှိသောကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို သဘာဝကျကျ ချုပ်တည်းကြလိမ့်မည်။ သို့ရာတွင် ဆိုးယုတ်သောလူများသည် ထိုသို့သောအရာများကို ဂရုမစိုက်ကြပေ။ ၎င်းတို့သည် တစ်စုံတစ်ဦးကို နှစ်သက်ပါက ၎င်းတို့သည် အတင်းအကျပ် ချဉ်းကပ်ကြလိမ့်မည်၊ အခြားတစ်ဖက်က သဘောမတူပါက ၎င်းတို့သည် ၎င်းတို့ကို ညှဉ်းပန်းရန်၊ အရှုံးပေးအပ်နှံစေရန် သို့မဟုတ် ဒုက္ခပေးရန် နည်းလမ်းအမျိုးမျိုးကို ကြံစည်ကြလိမ့်မည်။ အသိတရား၏ စည်းများရှိသောလူများသည် ၎င်းတို့၏ အသိတရား၏ ချုပ်တည်းခြင်းကို ခံကြရသည်၊ ၎င်းတို့တွင် တည်ကြည်မှုနှင့် ရှက်စိတ်တို့ ရှိသောကြောင့် ၎င်းတို့ မကျူးလွန်မည့် ပြစ်မှားခြင်းအချို့နှင့် ၎င်းတို့ မကျော်လွန်မည့် စည်းမျဉ်းအချို့ ရှိနေသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး ယင်းကို ၎င်းတို့၏ လက်ခံမှုသည် အတော်အတန် နက်ရှိုင်းပြီး ခိုင်မာပါက ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို ထိတ်လန့်ပြီး ကြောက်ရွံ့သောကြောင့် စည်းအချို့ကို ယေဘုယျအားဖြင့် မကျော်လွန်ကြပေ။ ထို့ကြောင့် အသိတရား၏ စည်းများရှိသောသူတစ်ဦးကို ခေါင်းဆောင်အဖြစ်ထားရှိခြင်းသည် သင်တို့အတွက် အလွန်အကျိုးရှိသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် သင့်ကို ဟန့်တားခြင်းဖြစ်စေ၊ ထိခိုက်စေခြင်းဖြစ်စေ ပြုဖို့ မဆိုထားနှင့်၊ သင့်ကို ဒုက္ခပေးမည်မဟုတ်ဘဲ သင်တို့ကို အထောက်အပံ့နှင့် အကူအညီအချို့ကိုလည်း ပေးနိုင်ကြသည်။ သို့ရာတွင် ဆိုးယုတ်သောလူများသည် ကွဲပြားကြသည်။ ၎င်းတို့သည် သင့်ကို အထင်အမြင်မှားစေရန် စကားလုံးများကို အသုံးပြုရုံမျှသာမက သင့်ကို ညှဉ်းပန်းရန်၊ ဖိနှိပ်ရန်နှင့် နင်းခြေရန် နည်းလမ်းအမျိုးမျိုးကိုလည်း အသုံးပြုကြသည်။ သင်သည် ၎င်းတို့ကို မနာခံဘဲ၊ ၎င်းတို့စကားကို နားမထောင်ဘဲ သို့မဟုတ် တစ်စုံတစ်ခုနှင့်ပတ်သက်၍ ၎င်းတို့နှင့် အငြင်းအခုံဖြစ်ပါက ၎င်းတို့သည် သင့်ကို တိုက်ခိုက်ရုံသာမက သင့်ကို ပြစ်တင်ရှုတ်ချခြင်း၊ အရှက်ရစေခြင်းနှင့် သင့်ကို အရှုံးပေးအပ်နှံစေရန် ကြိုးပမ်းခြင်းတို့ကိုပင် ပြုလုပ်ကြလိမ့်မည်။ ဤနည်းအားဖြင့် သင်သည် ၎င်းတို့၏ လက်ထဲသို့ လုံးလုံးကျရောက်သွားလိမ့်မည်။ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများနှင့် ဆိုးယုတ်သောလူများကြား အကြီးမားဆုံး ကွာခြားချက်မှာ ၎င်းတို့၏ လူ့သဘာဝသည် ကောင်းမြတ်ခြင်း ရှိမရှိဖြစ်စေ၊ ဆိုးယုတ်ခြင်း ရှိမရှိဖြစ်စေ၊ ၎င်းတို့၏ အသိတရားသည် အလုပ်လုပ် ရှိမရှိဖြစ်စေ ဟူသည့်အချက်တွင် တည်ရှိသည်။ ဆိုးယုတ်သောလူများတွင် အသိတရားမရှိသောကြောင့် ၎င်းတို့တွင် တည်ကြည်မှု သို့မဟုတ် ရှက်စိတ် မရှိဘဲ မည်သည့်မကောင်းမှုမျိုးကိုမဆို ကျူးလွန်နိုင်စွမ်း ရှိကြသည်။ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများသည် ၎င်းတို့၏ လူ့သဘာဝတွင် ချို့ယွင်းချက်များနှင့် အားနည်းချက်များရှိသော်လည်း အသိတရားနှင့် ဆင်ခြင်တုံတရား၏ ချုပ်တည်းခြင်းကို ခံရသောကြောင့် ၎င်းတို့ မကျော်လွန်နိုင်သော စည်းအမျိုးမျိုး များစွာရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်လျှင်ပင် လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ပြားခြင်းအမှု သို့မဟုတ် ခိုးမှုကဲ့သို့သော သိသာထင်ရှားသည့် မကောင်းမှုအချို့ကို ကျူးလွန်မည်မဟုတ်ပေ။ စဉ်းစားကြည့်လော့။ သင်သည် ဘုရားသခင်ကို မယုံကြည်မီ၊ လောက၌ ရှိနေစဉ်တွင် တစ်စုံတစ်ဦးက သင့်ကို ခွင့်ပြုပါက သင်သည် ကာမဂုဏ်လိုက်စားခြင်းတွင် ပါဝင်နိုင်မည်လော။ ကာမဂုဏ်လိုက်စားခြင်းသည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ဤသည်မှာ လိင်ဆက်ဆံဖော်များစွာရှိခြင်း၊ အမှားလုပ်မိသောစိတ် သို့မဟုတ် လိပ်ပြာမသန့်ခြင်း တစ်စက်မျှ မခံစားရဘဲ တစ်ချိန်တည်းတွင် ဆန့်ကျင်ဘက်လိင်များစွာနှင့် ပတ်သက်နေခြင်းကိုပင် ရည်ညွှန်းသည်။ သင်တို့သည် ထိုသို့သောအရာကို လုပ်နိုင်မည်လော။ (မလုပ်နိုင်ပါ။) ထိုကာမဂုဏ်လိုက်စားသော အမျိုးသမီးများ၊ ပြည့်တန်ဆာများနှင့် ကာမကြူးသူများကို ကြည့်လော့၊ ၎င်းတို့သည် ထိုသို့သောအရာများကို လုပ်နိုင်ကြသည်။ သင်တို့သည် ဤလူများနှင့် ကွဲပြားကြသည် မဟုတ်လော။ (ကွဲပြားကြပါသည်။) ကွာခြားချက်မှာ မည်သည့်နေရာတွင် ရှိသနည်း။ ဤသည်မှာ လူတစ်ဦးတွင် လူ့သဘာဝ၏ အသိတရားနှင့် ဆင်ခြင်တုံတရား ရှိမရှိဟူသည့်အချက်တွင် တည်ရှိသည်။ အသိတရားနှင့် ဆင်ခြင်တုံတရားသည် သင့်အား တည်ကြည်မှုနှင့် ရှက်စိတ်တို့ကို ပေးသောကြောင့် သင်သည် ကာမဂုဏ်လိုက်စားခြင်းအမှုကို ကျူးလွန်မည် မဟုတ်ဘဲ သင့်တွင် စံတစ်ခုရှိသည်။ “ထိုသို့ ပြုမူကျင့်ကြံခြင်းသည် မကောင်းပေ၊ ငါသည် ထိုသို့သောလူစားမျိုး ဖြစ်မည်မဟုတ်။ ငါသည် ငါ့ကိုယ်ငါနှင့် ထိုလူများကြားတွင် ရှင်းလင်းသောစည်းတစ်ခုကို ခြားထားမည်။ ငါ့ကို သေအောင်ရိုက်လျှင်ပင် ငါသည် ကာမဂုဏ်လိုက်စားခြင်းတွင် ပါဝင်မည်မဟုတ်” ဟူ၍ဖြစ်လေသည်။ ထိုသို့သောအခြေအနေမျိုးသို့ ရောင်းစားခံရပါက အချို့လူများက “ကျွန်ုပ်သည် ထိုသို့သောလူစားမျိုး ဖြစ်လာမည့်အစား သေခြင်းကိုပင် သာ၍နှစ်သက်မည်” ဟု ပြောကြလိမ့်မည်။ အချို့လူများသည် အရှက်ကွဲခြင်းနှင့် မတရားမှုတို့ကို သည်းခံပြီး မလိုလားဘဲ လိုက်ပါလုပ်ဆောင်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဆန္ဒမရှိဘဲ ထိုအခြေအနေမှ လွတ်မြောက်ရန် မည်သည့်အခွင့်အရေးကိုမဆို အမိအရ ဆုပ်ကိုင်ကြလိမ့်မည်။ သို့ရာတွင် အခြားသူများမှာမူ အခြားသူများက ၎င်းတို့ကို တားဆီးရန် ကြိုးစားလျှင်ပင် ထိုသို့သော ပတ်ဝန်းကျင်ကို မိမိတို့ကိုယ်တိုင် ရှာဖွေကြလိမ့်မည်။ ၎င်းတို့သည် ယင်းမှ ငွေမရလျှင်ပင် ထိုသို့လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် ကာမဂုဏ်လိုက်စားခြင်းကို နှစ်သက်ရုံသာဖြစ်ပြီး အကျိုးအမြတ်ရှိမရှိကို လုံးဝ ဂရုမစိုက်ကြပေ။ ဤလူအမျိုးအစားနှစ်ခုသည် ကွဲပြားကြသည် မဟုတ်လော။ (ကွဲပြားကြပါသည်။) ဤသည်မှာ လူတို့၏ လူ့သဘာဝကြားရှိ ကွာခြားချက်အတိအကျပင် ဖြစ်သည်။ လူ့သဘာဝရှိ ကွာခြားချက်သည် အလွန်အရေးကြီးသည်။ သင်တို့သည် လူအမျိုးအစားအမျိုးမျိုးကြားရှိ လူ့သဘာဝ၏ သရုပ်သကန်များရှိ ကွာခြားချက်များကို ပိုင်းခြားသိမြင်နိုင်ပါက သင်တို့သည် လူများကို ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ ထို့ကြောင့် လူတစ်ဦးကို အကဲဖြတ်ရာတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ်ဖြစ်စေ၊ အချိန်တိုအတွင်း သို့မဟုတ် အဖြစ်အပျက်တစ်ခုအတွင်း ၎င်းတို့၏ သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများအပေါ်ဖြစ်စေ လုံးလုံးအခြေခံ၍မရနိုင်ပေ။ ထိုအစား ၎င်းတို့ အမှန်တကယ် မည်သို့သောလူစားမျိုး ဖြစ်သည်ကို ၎င်းတို့၏ လူ့သဘာဝနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရအပေါ် အခြေခံ၍ အကဲဖြတ်ရမည်။ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်း၏ သရုပ်သကန်နှင့်ပတ်သက်၍ ငါတို့၏ ဆွေးနွေးမှုကို ဤတွင် အဆုံးသတ်သည်။

နောက်ထပ် သရုပ်သကန်တစ်ခုကို ဆက်ကြည့်ကြစို့။ အချို့လူများသည် အမှုအရာများကို နည်းလမ်းတကျ၊ စိတ်တွင် အကြမ်းဖျင်းစိတ်ကူးဖြင့် စနစ်တကျ လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် အဘယ်အရာကို အရင်လုပ်ရမည်၊ အဘယ်အရာကို နောက်မှလုပ်ရမည်ကို စဉ်းစားတွေးတောခြင်းနှင့် ဆင်ခြင်ခြင်းတို့ဖြင့် ဆုံးဖြတ်နိုင်သည်။ ၎င်းတို့သည် အမှုအရာများကို မဆင်မခြင်လုပ်ဆောင်မည့်အစား အဆင့်များအတိုင်းလိုက်နာပြီး အစီအစဉ်များရှိကြသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်သည်ဖြစ်စေ အဝတ်လျှော်ခြင်းကဲ့သို့ အရှင်းဆုံးအလုပ်အတွက်ပင် အဆင့်များအတိုင်း လိုက်နာကြသည်။ ၎င်းတို့သည် အဝတ်များကို အရောင်အလိုက်ခွဲခြားပြီး အရောင်ရင့်နှင့် အရောင်နုများကို သီးခြားစီလျှော်ဖွပ်ကြသည်၊ ၎င်းတို့သည် အဝတ်လျှော်ဖွပ်ရမည့် ပမာဏအပေါ် မူတည်၍ ရေနှင့် ဆပ်ပြာမှုန့် မည်မျှအသုံးပြုရမည်ကို သိရှိပြီး ဖြုန်းတီးခြင်းကို ရှောင်ကြဉ်ကြသည်၊ ဤအရာအားလုံးသည် အစီအစဉ်ချထားပြီး အလွန်စနစ်ကျကာ အသေးစိတ်ကျပြီး ခြိုးခြံချွေတာသည်။ ဤသည်မှာ မည်သို့သော သရုပ်သကန်မျိုးဖြစ်သနည်း။ (ဤသည်မှာ လူ့သဘာဝ၏ အားသာချက်နှင့် အားကောင်းသည့်အချက်တစ်ခု ဖြစ်ပါသည်။) သို့ဆိုလျှင် ဤအားသာချက်သည် ဤသို့သောလူစားမျိုးတွင် လူ့သဘာဝကောင်းရှိသည်ကို ကိုယ်စားပြုနိုင်သလော။ (မကိုယ်စားပြုနိုင်ပါ။) ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော အားသာချက်နှင့် အားကောင်းသည့်အချက်တစ်ခုမျှသာ ဖြစ်သည်။ ဤသည်မှာ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက် သို့မဟုတ် ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် သက်ဆိုင်သည့်အဆင့်သို့ မရောက်ရှိသကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့်လည်း မသက်ဆိုင်ပေ။ ဤသည်မှာ နေထိုင်မှုပုံစံ အလေ့အထတစ်ခု သို့မဟုတ် ဘဝအပေါ်ထားရှိသော သဘောထားတစ်ခုမျှသာ ဖြစ်သည်။ အချို့လူများသည် အမှုအရာများကို စိတ်တွင် အကြမ်းဖျင်းစိတ်ကူးဖြင့်၊ အစီအစဉ်ဖြင့် လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် ပုံစံများကို နားလည်သဘောပေါက်နိုင်ပြီး အလုပ်ပြီးစီးသောအခါ အခြားသူများက ကျေနပ်ဖွယ်တွေ့ရှိကြသည်။ ဤသူများသည် အစွမ်အစကောင်းရှိသောလူများ ဖြစ်ကြသည်။ သို့သော် အစွမ်းအစ ညံ့ဖျင်းသူများအတွက်မူ ကွဲပြားသည်၊ ၎င်းတို့သည် အရာအားလုံးကို စိတ်တွင် အကြမ်းဖျင်းစိတ်ကူး သို့မဟုတ် အစီအစဉ်မရှိဘဲ၊ လုံးဝ ဖြစ်ကတတ်ဆန်းနိုင်သော နည်းလမ်းဖြင့် စည်းစနစ်မကျဘဲ ကမောက်ကမ လုပ်ဆောင်ကြရာ နောက်ဆုံးတွင် လုံးဝရှုပ်ထွေးသွားသည်။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ဤလူ့သဘာဝ၏ ချို့ယွင်းချက်သည် အဘယ်အရာနှင့် သက်ဆိုင်သနည်း။ (အလွန်ညံ့ဖျင်းသော အစွမ်းအစနှင့် သက်ဆိုင်ပါသည်။) အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသည့် ထိုသို့သောလူများကို ဦးနှောက်မရှိဟု ရိုးရှင်းစွာ ရည်ညွှန်းကြသည်။ အချို့လူများကို ငါက “သင်က ဝက်ဦးနှောက်လား။ ထိုမျှ ရိုးရှင်းသည့်အရာကို မည်သို့ဖြစ်၍များ နားမလည်နိုင်ရသနည်း” ဟု ပြောသည့်အခါ ၎င်းတို့က “ကျွန်ုပ် ဦးနှောက်မရှိပါ” ဟု ပြန်ဖြေကြသည်။ “ဦးနှောက်မရှိ” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အစွမ်းအစမရှိခြင်း သို့မဟုတ် အစွမ်းအစညံ့ဖျင်းခြင်းကို ဆိုလိုသည်၊ ဤသည်မှာ အစွမ်းအစ၏ ပြဿနာတစ်ခု ဖြစ်သည်။ ဤပြဿနာသည် မည်သည့်အောက်တွင် သက်ရောက်သနည်း။ ဤသည်မှာ ပင်ကိုအခြေအနေတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) တစ်စုံတစ်ဦးသည် ပင်ကိုအားဖြင့် ဦးနှောက်မရှိပါက ၎င်းတို့ကို လေ့ကျင့်ပေးရန် အကြောင်းရှိသေးသလော။ ထိုသို့သောလူများသည် အရာအားလုံးကို အစီအစဉ် သို့မဟုတ် စိတ်တွင် အကြမ်းဖျင်းစိတ်ကူးမရှိဘဲ ချဉ်းကပ်ကြသည်။ ရိုးရှင်းသောအလုပ်တစ်ခုက ၎င်းတို့ကို တစ်နေ့လုံး အချိန်ကုန်စေပြီး အရေးကြီးသောကိစ္စများကို နှောင့်နှေးစေသည်။ ဤသည်မှာ အစွမ်းအစမရှိခြင်း သို့မဟုတ် အစွမ်းအစညံ့ဖျင်းခြင်း ဖြစ်သည်။ မယုံကြည်သူများသည် လူ့သဘာဝ မကောင်းသောလူများကို အစွမ်းအစမရှိဟု မကြာခဏ ဖော်ပြကြသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အခြားတစ်ဦး အမှိုက်ပစ်ခြင်းကိုဖြစ်စေ၊ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်းကိုဖြစ်စေ၊ လူအများကြားတွင် ကျယ်လောင်စွာ အော်ဟစ်ပြီး စာသင်နေသော သို့မဟုတ် အနားယူနေသော အခြားသူများကို အနှောင့်အယှက်ပေးနေသည်ကိုဖြစ်စေ မြင်သည့်အခါ ၎င်းတို့က ထိုလူတွင် အစွမ်းအစမရှိဟု ပြောကောင်းပြောနိုင်သည်။ ငါ့အတွက်မူ ဤသည်မှာ အပြုအမူဆိုင်ရာ စံနှုန်းများကို နားမလည်ခြင်းနှင့် လူ့သဘာဝကင်းမဲ့ခြင်းဖြစ်သည်၊ ဤသည်ကို အစွမ်းအစမရှိဟု မည်သို့ခေါ်ဆိုနိုင်မည်နည်း။ “အစွမ်းအစမရှိခြင်း” သည် ဤအရာကို ရည်ညွှန်းသလော။ “အစွမ်းအစ” သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ဤသည်မှာ အမှုအရာများကို လုပ်ဆောင်ရာတွင် စွမ်းဆောင်ရည်နှင့် ထိရောက်မှုကို ရည်ညွှန်းသည်၊ ဤသည်ကို အစွမ်းအစဟု ခေါ်သည်။ သို့ဆိုလျှင် စိတ်တွင် အကြမ်းဖျင်းစိတ်ကူးမရှိဘဲ အမှုအရာများကို လုပ်ဆောင်သော လူများသည် အစွမ်းအစ ညံ့ဖျင်းကြသလော။ (ဟုတ်ပါသည်။) ဤသည်မှာလည်း လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤချို့ယွင်းချက်သည် ပင်ကိုအားဖြင့် ဖြစ်သလော။ ပြောင်းလဲရန် လွယ်ကူသလော။ လေ့ကျင့်ခြင်းဖြင့် ပြောင်းလဲနိုင်သလော။ ဝက်တစ်ကောင်ကို သစ်ပင်တက်အောင် လုပ်ပေးနိုင်သလော။ ဝက်သည် ထိုသို့ပြုလုပ်နိုင်သည့် အမျိုးအစားမဟုတ်ပေ၊ ၎င်းတွင် ထိုအစွမ်းအစမရှိပေ။ အမှုအရာများကို လုပ်ဆောင်ရာတွင် စိတ်တွင် အကြမ်းဖျင်းစိတ်ကူးမရှိခြင်းသည် အစွမ်းအစ၏ ပြဿနာတစ်ခု ဖြစ်သည်။

အစကောင်းသော်လည်း အနှောင်းမသေချာသောနည်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် မည်သည့်ပြဿနာ အမျိုးအစားအောက်တွင် သက်ရောက်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ လူအချို့သည် လုပ်ငန်းတစ်ခုကို စတင်သည့်အခါ အတော်အတန် ကောင်းမွန်စွာ အစီအစဉ်ဆွဲသည်၊ ကြီးကျယ်သော လှုပ်ရှားမှုအချို့ကို အစပြုသည်၊ လူတစ်စုကို စုစည်းသည်၊ အစီရင်ခံစာများ ပြုလုပ်သည်၊ တာဝန်များ ခွဲဝေပေးသည်၊ ခိုင်မာသော သန္နိဋ္ဌာန်နှင့်ဆိုင်သည့် စကားကြီးစကားကျယ်များပင် ပြောဆိုသော်လည်း ၎င်းတို့ ဆက်လက် လုပ်ဆောင်သည့်အခါ ဤအရာအားလုံးသည် ပျောက်ကွယ်သွားပြီး ဖြစ်ပျက်နေသည့်အရာကို ၎င်းတို့က နောက်ဆက်တွဲမလုပ်၊ မကြီးကြပ်၊ သို့မဟုတ် မစစ်ဆေးကြပေ။ ကြီးကြပ်မှုနှင့် လမ်းညွှန်မှုပေးရန် သမ္မာတရားကို နားလည်သောသူ တစ်ဦးတစ်ယောက်မျှ မရှိပါက ထိုလုပ်ငန်းသည် လုံးဝ ပျက်ပြယ်သွားနိုင်သည် သို့မဟုတ် မလိုလားအပ်သော အကျိုးဆက်များပင် ဖြစ်ပေါ်လာနိုင်ပြီး အလုပ်ကို လုံးဝ ဖရိုဖရဲ ဖြစ်ကျန်ရစ်စေသည်။ အယူဝါဒများကို အတော်အတန် ရှင်းလင်းစွာနှင့် ပြတ်သားစွာ ပြောဆိုနိုင်သော်လည်း လက်တွေ့ အမှုအရာများကို လုပ်ဆောင်သည့်အခါတွင်မူ မည်သို့ဆက်လုပ်ရမည်ကို မသိသည့်အပြင် ခိုင်မာသော အစီအစဉ်လည်း မရှိသည့် လူများလည်း ရှိသေးသည်။ အထူးအခြေအနေများ သို့မဟုတ် မမျှော်လင့်ထားသော အခြေအနေများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် မည်သို့ကိုင်တွယ်ရမည်ကို မသိကြသကဲ့သို့ အခြားသူများနှင့်လည်း မိတ်သဟာယမဖွဲ့ကြပေ၊ သို့မဟုတ် ၎င်းတို့အထက်ရှိသူများထံမှလည်း မရှာဖွေ၊ မတိုင်ပင်ကြပေ။ ၎င်းတို့သည် တစ်စုံတစ်ခုကို စတင်လုပ်ဆောင်သည့်အခါ ယုံကြည်မှုရှိပုံရပြီး သိသာထင်ရှားသော တစ်စုံတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်တော့မည့်အလား ကြီးကျယ်ခမ်းနားသော အစပြုမှုတစ်ခုကို ပြုလုပ်သော်လည်း၊ ၎င်းတို့ ဆက်လက်လုပ်ဆောင်သည်နှင့်အမျှ စိတ်အားထက်သန်မှု ပျောက်ဆုံးပြီး ထွက်ပြေးသွားကြသည်မှာ ၎င်းတို့သည် လေထဲတွင် ပျောက်ကွယ်သွားသည့်အလားပင် ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို “သင် ယခု မည်သည့်အလုပ်လုပ်နေသနည်း။ ထိုလုပ်ငန်းဆောင်တာသည် မည်သို့ရှိနေပြီနည်း” ဟု မေးသည့်အခါ ၎င်းတို့က “ယင်းက ပြီးမြောက်တော့မည် မဟုတ်ပါ” ဟု ပြန်ဖြေသည်။ သို့တိုင် ၎င်းတို့သည် အမှုအရာများကို မပြီးမြောက်နိုင်ကြောင်း အချိန်မီ သတင်းပို့ရန် ပျက်ကွက်ပြီး အမှုအရာများကို ရလဒ်မရှိဘဲ နှစ်လ သို့မဟုတ် သုံးလကြာ နှောင့်နှေးစေသည်။ ဤသည်မှာ ဒေါသထွက်စရာ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော လူများသည် အမှန်တကယ် စက်ဆုပ်ဖွယ်ကောင်းလှပါတကား။ ဤလူစားမျိုးတွင် အစကောင်းပြီး အနှောင်းမသေချာသည့် နည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းအပြင် နောက်ထပ်ပြဿနာတစ်ခု ရှိသည်၊ ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းသည် ဆက်လုပ်လေ ပို၍ ဖရိုဖရဲဖြစ်လာလေ ဖြစ်သည်။ အစပိုင်းတွင် ၎င်းတို့၌ အကြမ်းဖျင်းစိတ်ကူးတစ်ခု၊ အတွေးအခေါ်အချို့နှင့် ဖွဲ့စည်းပုံအနည်းငယ် ရှိနိုင်သော်လည်း ၎င်းတို့ ဆက်လက်လုပ်ဆောင်သည်နှင့်အမျှ ၎င်းတို့၏ အတွေးများသည် ရှုပ်ထွေးလာသည်။ ၎င်းတို့သည် ထိုလုပ်ငန်းဆောင်တာကို အဘယ်ကြောင့် စတင်ခဲ့သည် သို့မဟုတ် မည်သည့်ရလဒ်များကို ၎င်းတို့ ရရှိရန် ရည်ရွယ်သည်ကို မျက်ခြေပြတ်သွားသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ရှာဖွေမှုအချို့ပြုလုပ်ရန် အကြံပေးသည့်အခါ ၎င်းတို့က “မည်သည့်အရာကိုမျှ ရှာဖွေရန် မလိုပါ။ ဤနည်းအတိုင်းသာ ဆက်၍ လုပ်ဆောင်ကြစို့၊ မည်သို့ပင်ဖြစ်စေ မည်သူမျှလည်း အလေလိုက်နေခြင်း မဟုတ်ပါ” ဟု ပြောသည်။ သင်မြင်သလော၊ ၎င်းတို့သည် မိုးခြိမ်းသံကဲ့သို့ ကြီးမားသော အရှိန်အဟုန်ဖြင့် အမှုအရာများကို စတင်လုပ်ဆောင်သည်။ သို့သော် ၎င်းတို့ ဆက်လက် လုပ်ဆောင်သည်နှင့်အမျှ အမှုအရာများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ယင်းမှာ မိုးခြိမ်းသံချည်းသာဖြစ်ပြီး မိုးမရွာခြင်းပင် ဖြစ်သည်၊ လုံးဝ ရလဒ်မရှိပေ။ သင်သည် ထိုတာဝန်နှင့်ပတ်သက်၍ မမေးမြန်း၊ နောက်ဆက်တွဲမလုပ်၊ မစစ်ဆေးပါက ၎င်းတို့သည် အစီရင်ခံစာတစ်ခုပင် မပေးဘဲ မပြီးမပြတ် ပျက်ပြယ်သွားစေလိမ့်မည်။ အစပိုင်းတွင် ၎င်းတို့ ထုတ်ဖော်ပြောဆိုခဲ့သော သန္နိဋ္ဌာန်သည် အဘယ်ကိုရောက်သွားသနည်း။ ယင်းမှာ မေ့ပျောက်သွားပြီ ဖြစ်သည်။ ၎င်းတို့ရေးသားခဲ့သော ကနဦးအစီအစဉ်မှာရော အဘယ်သို့နည်း။ အရိပ်အယောင်မရှိ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အစပိုင်းတွင် ၎င်းတို့၌ ရှိခဲ့သော ထိုအတွေးအခေါ်များမှာရော အဘယ်သို့နည်း။ ယင်းတို့သည် ပျောက်ကွယ်သွားခဲ့ပြီ၊ ယင်းတို့ကို မေ့ပျောက်သွားပြီ ဖြစ်သည်။ ဤသည်မှာ ထိုသို့သော သတ္တဝါစားမျိုးပင်တည်း။ သင်တို့သည် ဤလူစားမျိုး၏ ကနဦးစိတ်အားထက်သန်မှုကို မြင်သည့်အခါ ၎င်းတို့သည် အမှန်တကယ် လုပ်ဆောင်သူတစ်ဦးဟု ထင်ရသည်။ သို့သော် လက်တွေ့တွင် ၎င်းတို့သည် လုံးဝ အသုံးမကျပေ၊ ၎င်းတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်သောသူ လုံးဝမဟုတ်ပေ၊ ၎င်းတို့သည် ဂနာမငြိမ်သောသူ ဖြစ်သည်။ ၎င်းတို့သည် ထင်ပေါ်ကျော်ကြားမှုကိုသာ နှစ်သက်သော်လည်း ဒုက္ခဆင်းရဲကို ခံနိုင်ရည်မရှိဘဲ တာဝန်ယူရန် ကြောက်ရွံ့ကြသည်။ ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းသည် မပြီးမပြတ် ကျန်ရစ်သည်။ ထိုသို့သော လူများတွင် မည်သို့သော လူ့သဘာဝမျိုး ရှိသနည်း။ (ညံ့ဖျင်းသော လူ့သဘာဝ ဖြစ်ပါသည်။) ငါ့ကို ပြောလော့၊ ဤလူစားမျိုးသည် တစ်စုံတစ်ရာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် အစဉ်သဖြင့် အစကောင်းသော်လည်း အနှောင်းမသေချာဘဲ လုံးဝ ဖရိုဖရဲဖြစ်နေသည်၊ ဤသည်မှာ ၎င်းတို့၏ ပုံစံဖြစ်သည်။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေသည်ဖြစ်စေ ဂီတကို နားထောင်ပြီး သီချင်းတအေးအေး ညည်းလျက် အတော်အတန် စိတ်အားထက်သန်စွာဖြင့် အစပြုကြသည်။ သို့သော် အတန်ကြာတွင် ၎င်းတို့သည် စိတ်ဝင်စားမှု ပျောက်ဆုံးပြီး အလုပ်ကို ပစ်ချကာ ထွက်သွားကြသည်။ ၎င်းတို့သည် မည်သို့သော သတ္တဝါအမျိုးအစားများ ဖြစ်ကြသနည်း။ ထိုသို့သော လူများသည် စက်ဆုပ်ဖွယ် မကောင်းလော။ (ကောင်းပါသည်။) ၎င်းတို့သည် မိမိတို့ ပြီးမြောက်နိုင်စွမ်း မရှိမှန်း သိသော လုပ်ငန်းဆောင်တာများကို မိမိတို့၏ အရည်အချင်းကို ပြသရန် ကြိုးစားလျက်၊ ကြွားဝါပြီး စကားကြီးစကားကျယ်များ ပြောလျက် မဆင်မခြင် တာဝန်ယူကြသည်၊ ၎င်းတို့သည် ကိုယ့်လုပ်နိုင်စွမ်းကိုယ် မသိကြသလော။ ၎င်းတို့သည် အလုပ်ကို မလုပ်နိုင်လျှင် သို့မဟုတ် ရလဒ်များ မပေးနိုင်လျှင် အဘယ်ကြောင့် ထိုအတိုင်း မပြောကြသနည်း။ ၎င်းတို့သည် အမှုအရာများကို မနှောင့်နှေးစေသင့်။ ထိုအစား ၎င်းတို့သည် သင့်အလုပ်ကို တန့်နေစေပြီး သင့်ကို လှည့်ဖြားရန် ကြိုးစားလျက် တိတ်ဆိတ်စွာ နေကြသည်။ ၎င်းတို့သည် နိမ့်ကျသော ကိုယ်ကျင့်စရိုက်ရှိသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် အလွန်အမင်း နိမ့်ကျလှပါတကား။ ထိုသို့သော လူများကို အမှုအရာများ ကိုင်တွယ်ရန် ယုံကြည်စွာ အပ်နှံနိုင်သလော။ (မအပ်နှံနိုင်ပါ။) ၎င်းတို့သည် ယုံကြည်ထိုက်သလော။ (မယုံကြည်ထိုက်ပါ။) ထိုသို့သော လူများသည် မယုံကြည်ထိုက်ပေ။ ၎င်းတို့သည် သင့်အား ကတိပေးပါက သင်သည် ၎င်းတို့ကို ယုံရဲမည်လော။ (မယုံရဲပါ။) ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် လိမ်လည်လှည့်ဖြားသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် သင့်ကို ငွေကြေးအကျိုးအမြတ်အတွက် သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် မလှည့်ဖြားသော်လည်း ၎င်းတို့၏ ကျင့်ကြံပြုမူပုံနှင့် အမှုအရာများကို ကိုင်တွယ်ပုံသည် အလွန် စက်ဆုပ်ဖွယ်ကောင်းပြီး ရွံရှာဖွယ်ကောင်းလှသည်။ သို့ဆိုလျှင် ဤလူများ အဘယ်ကြောင့် ဤမျှ ရွံရှာဖွယ်ကောင်းရသည်ဟူသည့် အရင်းခံအကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် နိမ့်ကျသော ကိုယ်ကျင့်စရိုက်ရှိကြသည်၊ မိမိတို့၏ ကျင့်ကြံပြုမူခြင်းတွင် ကိုယ့်နေရာကိုယ် မသိကြပေ၊ စကားကြီးစကားကျယ် ပြောခြင်းကို နှစ်သက်ကြသည်၊ ၎င်းတို့၌ ရှိသည်ဟု ၎င်းတို့ ယုံကြည်သည့် မည်သည့်အရည်အချင်းကိုမဆို ပြသခြင်းကို နှစ်သက်ကြသည်၊ ထင်ပေါ်ကျော်ကြားမှုကို ရယူရန် နှစ်သက်ကြပြီး မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးရသည်ကို နှစ်သက်ကြသည်။ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ တစ်ခါမျှ စွဲစွဲမြဲမြဲ မလုပ်ကြပေ။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အထင်ကြီးကြပြီး မိမိတို့ကိုယ်တိုင်၏ ဝိညာဉ်ရင့်ကျက်မှုကိုလည်းကောင်း၊ မည်သို့သော လုပ်ငန်းဆောင်တာမျိုးကို ၎င်းတို့ ကိုင်တွယ်နိုင်သည်ကိုလည်းကောင်း မသိနားမလည်ကြပေ။ သို့တိုင် ၎င်းတို့သည် မိမိတို့၏ အရည်အချင်းကို ပြသရန် ကြိုးစားနေဆဲဖြစ်ပြီး မည်သည့်အရေးကြီးသော အလုပ်မျိုးကိုမဆို ရဲတင်းစွာ တာဝန်ယူကြသည်။ တာဝန်ယူပြီးနောက် ၎င်းတို့သည် ကောင်းမွန်စွာ မလုပ်ဆောင်သည့်အခါနှင့် အဓိကကိစ္စရပ်များကို နှောင့်နှေးစေသည့်အခါတွင်ပင် ၎င်းတို့သည် စိတ်မဝင်စားကြချေ၊ ၎င်းတို့ ထင်ပေါ်ကျော်ကြားမှု ရနေသမျှကာလပတ်လုံး ၎င်းတို့အတွက် အဆင်ပြေနေသည်။ ၎င်းတို့သည် ယုတ်ညံ့ပြီး အောက်တန်းကျသောလူများ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤလူများတွင် အလွန်ညံ့ဖျင်းသော လူ့သဘာဝ မရှိသလော။ (ရှိပါသည်။) သင်တို့သည် ထိုသို့သော လူတစ်ဦးကို ကြုံတွေ့ရပါက အဓိကကျသော သို့မဟုတ် အရေးကြီးသော အမှုအရာများကို ၎င်းအား ယုံကြည်စွာ အပ်နှင်းရဲမည်လော။ (မအပ်နှင်းရဲပါ။) ဥပမာအားဖြင့် သင်သည် ဧဝံဂေလိတရားကို ဟောပြောရန် အပြင်ထွက်ရမည်ဖြစ်ပြီး သင်၏ ကလေးငယ်ကို ကြည့်ရှုစောင့်ရှောက်ရန် တစ်စုံတစ်ဦး လိုအပ်ပါက သင်သည် မည်သို့သော လူစားမျိုးကို အကူအညီတောင်းရန် ရှာဖွေသင့်သနည်း။ တာဝန်ယူစိတ်မရှိ၊ အဆုံးတိုင် မလုပ်ဆောင်နိုင်ဘဲ မယုံကြည်ထိုက်သော ဤသို့သော လူတစ်ဦးကို သင် ရွေးချယ်ရဲမည်လော။ (မရွေးချယ်ရဲပါ။) အဘယ်ကြောင့် မရွေးချယ်ရဲသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သင့်ကလေးကို ပျောက်သွားစေနိုင်သောကြောင့် ဖြစ်သည်။ သင့်ကလေး မည်သို့ ပျောက်သွားသည်ကို သင်က ၎င်းတို့အား မေးမြန်းပါက ၎င်းတို့က “ကျွန်ုပ် မသိပါ။ ကျွန်ုပ် ခဏလေး မှေးကနဲဖြစ်သွားပြီး ကလေးက ပျောက်သွားသည်။ ထိုအတွက် ကျွန်ုပ်ကို သင် မည်သို့ အပြစ်တင်နိုင်မည်နည်း။ ကလေးမှာ ခြေထောက်များပါသည်၊ သူ့ဘာသာသူ လမ်းလျှောက်နိုင်သည်၊ သူနှင့် ကျွန်ုပ်ကို ကြိုးချည်ထားခြင်း မဟုတ်။ သင် ကျွန်ုပ်ကို အပြစ်တင်၍မရပါ” ဟု ပြောလိမ့်မည်။ ၎င်းတို့သည် တာဝန်ကိုပင် ရှောင်လွှဲသေးပါတကား။ ဤသည်မှာ အရှက်မရှိသော လူယုတ်မာတစ်ဦး မဟုတ်လော။ (ဟုတ်ပါသည်။) သေရေးရှင်ရေး ကိစ္စများကို ထိုသို့သော လူများအား လုံးဝ ယုံကြည်စွာ အပ်နှံ၍မရပေ။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းတွင် ၎င်းတို့သည် ဂနာမငြိမ်ကြဘဲ တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာလည်း မရှိကြပေ။ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် အရှက်မရှိခြင်းကို အားကိုးပြီး အမှုအရာများကို ငြင်းပယ်ရန် သတ္တိရှိကြသည်။ အစကောင်းသော်လည်း အနှောင်းမသေချာသောနည်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သော်လည်း ဤတိကျသော ချို့ယွင်းချက်သည် အလွန်အမင်း ပြင်းထန်သော ပြဿနာတစ်ခုဖြစ်သည်၊ ယင်းမှာ တည်ကြည်မှု၏ ပြဿနာတစ်ရပ် ဖြစ်သည်။ အချို့လူများသည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ကြပြီး လုပ်ငန်းဆောင်တာများကို စိတ်အားထက်သန်စွာ တာဝန်ယူကြသော်လည်း တာဝန်မယူဝံ့ကြပေ။ အခက်အခဲများနှင့် ကြုံတွေ့ရသည်နှင့် တပြိုင်နက် ၎င်းတို့သည် တာဝန်ကို ချက်ချင်း ရှောင်လွှဲပြီး အခြေအနေမှ မိမိတို့ကိုယ်ကို ခပ်ဝေးဝေး ထားကြသည်။ ၎င်းတို့သည် လုံးဝ တာဝန်မဲ့ကြသည်။ ၎င်းတို့သည် အထူးသဖြင့်လည်း ဂနာမငြိမ်ဘဲ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ စွဲစွဲမြဲမြဲ မလုပ်နိုင်ကြပေ။ ဤမျှ ဆိုးရွားလာသည့်အခါတွင် ယင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ မဟုတ်တော့ဘဲ အမှန်တကယ် နိမ့်ကျသော ကိုယ်ကျင့်စရိုက်နှင့် ညံ့ဖျင်းသော လူ့သဘာဝရှိခြင်း၏ ကိစ္စရပ်တစ်ခု ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့သော လူများတွင် ညံ့ဖျင်းသော လူ့သဘာဝရှိသည်ဟု ငါ ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မယုံကြည်ထိုက်သောကြောင့် ဖြစ်သည်၊ သင်သည် ၎င်းတို့အား မည်သည့်အရာကိုမျှ ယုံကြည်စွာ အပ်နှံရဲမည် မဟုတ်ပေ။ သင်သည် ၎င်းတို့အား မည်သည့်လုပ်ငန်းဆောင်တာကို ယုံကြည်စွာ အပ်နှင်းသည်ဖြစ်စေ ၎င်းတို့သည် အလွယ်တကူ သဘောတူသော်လည်း သင် လှည့်ထွက်သွားသည်နှင့် ၎င်းတို့သည် ပျောက်ကွယ်သွားပြီး ၎င်းတို့ မည်သည့်အရာ လုပ်နေသည်ကို သင် လုံးဝ မသိနိုင်ပေ။ သင်သည် ၎င်းတို့ကို ရက်အတန်ကြာ တွေ့ရကောင်း တွေ့ရမည်မဟုတ်။ သင်သည် ၎င်းတို့အား ထိုလုပ်ငန်းဆောင်တာ မည်သို့ တိုးတက်နေသည်ကို မမေးမြန်းပါက ၎င်းတို့သည် မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ပြုမူလျက် သင့်ထံ ပြန်လည် သတင်းပို့မည် မဟုတ်ပေ။ ၎င်းတို့သည် မည်သို့သော သတ္တဝါစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် လုံးဝ တာဝန်မဲ့ကြပါတကား။ ၎င်းတို့သည် ဤသို့သော သေးငယ်သည့်အရာနှင့် ပတ်သက်လာလျှင်ပင် စမ်းသပ်မှုကို ကျရှုံးပြီး ယုံကြည်ခြင်း မခံရနိုင်ပေ။ ၎င်းတို့သည် အခြားမည်သည့်အရာကို ဖြစ်နိုင်ချေရှိရှိ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်ဟု သင် ထင်သနည်း။ (တစ်ခုမျှ မရှိပါ။) သင်သည် ၎င်းတို့အား ကလေးတစ်ဦးကို ကြည့်ရှုစောင့်ရှောက်ရန် ယုံကြည်စွာ အပ်နှံပါက ပြဿနာများသည် မည်သည့်အချိန်မဆို ပေါ်ပေါက်လာနိုင်သည်။ ကလေးသည် ချော်လဲပြီး ဒဏ်ရာရသွားနိုင်သည်၊ မစားသင့်သည့်အရာတစ်ခုခုကို စားမိနိုင်သည်၊ သို့မဟုတ် အပြင်ထွက်ကစားသည့်အခါ လမ်းပျောက်သွားနိုင်သည် သို့မဟုတ် လူဆိုးများ၏ ပြန်ပေးဆွဲခြင်းကို ခံရနိုင်သည်၊ ဤအရာအားလုံးသည် ဖြစ်နိုင်ချေရှိသော ရလဒ်များ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တာဝန်မဲ့ပြီး အလွန်အမင်း နိမ့်ကျသော ကိုယ်ကျင့်စရိုက် ရှိကြသည့်အပြင် ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းတွင် အသိတရား ကင်းမဲ့စွာ ပြုမူပြီး မိမိတို့၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများကို ဖြည့်ဆည်းရန်အတွက်သာ သီးသန့် ပြုမူကာ အခြားအရာအားလုံးကို လျစ်လျူရှုသောကြောင့် ဖြစ်သည်။ သင်သည် ၎င်းတို့အား လုပ်ငန်းဆောင်တာတစ်ခုကို ယုံကြည်စွာ အပ်နှံသည့်အခါ ငြင်းပယ်လိုက်ပါက သင့်ကို သိက္ခာကျနိုင်သည်ဟု ၎င်းတို့ ခံစားရသည်၊ မိမိတို့၏ ဂုဏ်သိက္ခာကို ထောက်ထား၍လည်းကောင်း၊ မိမိတို့၏ အချည်းနှီးသောဂုဏ်ကို ဖြည့်ဆည်းရန်လည်းကောင်း ၎င်းတို့သည် သဘောတူလိုက်သော်လည်း နောက်ပိုင်းတွင်မူ မည်သို့သော တာဝန်ကိုမျှ လုံးဝ မယူကြပေ။ ၎င်းတို့သည် တာဝန်ကို ကောင်းမွန်စွာ မဆောင်ရွက်ဘဲ စကားကြီးစကားကျယ် ပြောကြသည်။ ဤသည်မှာ မယုံကြည်ထိုက်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ ထိုသို့သော လူများသည် ကောင်းသလော။ (မကောင်းပါ။) အစကောင်းသော်လည်း အနှောင်းမသေချာသောနည်းဖြင့် အမှုအရာများကို လုပ်ဆောင်သောလူများကို ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်နိုင်သလော။ (မတင်မြှောက်နိုင်ပါ။) အဘယ်ကြောင့် မတင်မြှောက်နိုင်သနည်း။ (၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်အလုပ်ကို ပျက်စီးစေနိုင်သောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်။ ၎င်းတို့ စကားပြောပြီး ကတိများပေးသည့်အခါ ၎င်းတို့တွင် အရည်အချင်းရှိပုံရပြီး လူတို့သည် စကားကြီးစကားကျယ် ပြောနိုင်သူများကို ယုံကြည်လိုကြသည်။ သို့သော် လက်တွေ့ အမှုအရာများကို လုပ်ဆောင်သည့်အခါတွင်မူ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ကြိုတင်ခန့်မှန်း၍မရနိုင်ပေ။ ၎င်းတို့ ရှုပ်ပွသွားစေလျှင်ပင် သင့်ကို အသိပေးမည် မဟုတ်ပေ၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါကလည်း ဖြစ်ပျက်ခဲ့သည့်အရာနှင့် ပတ်သက်၍ သင့်ကို ရှင်းပြချက်ပေးမည် မဟုတ်ပေ။ သင်သည် ၎င်းတို့ အမှုအရာများကို ကောင်းမွန်စွာ ကိုင်တွယ်ပေးမည်ဟု စိတ်အားထက်သန်စွာ မျှော်လင့်နေသော်လည်း ၎င်းတို့သည် အဆုံးတွင် အရာရာကို ဖရိုဖရဲဖြစ်သွားစေပြီး ဤအပေါ်တွင် လုံးဝပင် ဂရုမစိုက်ဘဲ သင် ၎င်းတို့အား ယုံကြည်စွာ အပ်နှံခဲ့သည့်အရာကို လုံးဝ အလေးအနက် ထားသည့်ကိစ္စတစ်ခုအဖြစ် မမှတ်ယူကြပေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် ၎င်းတို့သည် ဂနာမငြိမ်ကြချေ။ ၎င်းတို့ထဲမှ အချို့သည် မိမိတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် စူးစမ်းလိုစိတ်တို့ကို အခြေခံ၍သာ အမှုအရာများကို လုပ်ဆောင်ကြသည်၊ ၎င်းတို့ထဲမှ အချို့သည် အာရုံစိုက်ခံရခြင်းကို နှစ်သက်ကြပြီး အာရုံစိုက်ခံရရန်နှင့် မြင်တွေ့ခံရရန်အတွက်သာ အမှုအရာများကို လုပ်ဆောင်ကြသည်။ ထိုသို့သော လူများသည် ဂနာမငြိမ်ဘဲ တာဝန်မဲ့ကြသည့်အပြင် လက်တွေ့ကျသော နည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ ဤသည်မှာ အတော်အတန် ဒုက္ခပေးသောအရာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိမရှိ၊ သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိ၊ ကျိုးနွံနာခံမှု ရှိမရှိ၊ သို့မဟုတ် သမ္မာတရားကို လိုက်စားသောလူများ ဟုတ်မဟုတ်ဟူသည့်အရာကိုပင် ထည့်မပြောရသေးပေ၊ ဤသည်မှာ ဤသွင်ပြင်လက္ခဏာများကို ထည့်မပြောရသေးပေ။ ၎င်းတို့၏ လူ့သဘာဝသက်သက်အားဖြင့် ဆိုရလျှင် ထိုသို့သော လူများသည် မယုံကြည်ထိုက်ပေ။ ထိုသို့သော လူများကို ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်နိုင်သလော။ (မတင်မြှောက်နိုင်ပါ။) လူ့သဘာဝ စံမမီသောလူများသည် ပျိုးထောင်ရန် တန်ဖိုးပင် မရှိကြပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် အလွန်နိမ့်ကျသည်၊ ၎င်းတို့တွင် အခြေခံ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာပင် ကင်းမဲ့နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ခေါင်းဆောင်များဖြစ်ရန် သို့မဟုတ် ခေါင်းဆောင်များအဖြစ် ပျိုးထောင်ခံရရန် အရည်အချင်းမပြည့်မီကြပေ။

ဆက်လက်၍ အမှုအရာများကို လုပ်ဆောင်ရာတွင် သတိရှိခြင်းအကြောင်း ဆွေးနွေးကြစို့။ ဤသည်မှာ မည်သို့သော သရုပ်သကန်မျိုး ဖြစ်သနည်း။ (ယင်းမှာ လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးတစ်ခု ဖြစ်ပါသည်။) အမှုအရာများကို လုပ်ဆောင်ရာတွင် သတိရှိခြင်း၊ မဆင်မခြင် မဖြစ်ခြင်း၊ ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ ယင်းတို့ကို တည်ငြိမ်စွာ ချဉ်းကပ်နိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်ခြင်း၊ ဤသည်မှာ လူ့သဘာဝ၏ ကောင်းမြတ်သောအရည်အသွေးတစ်ခု ဖြစ်သည်။ ဤဆိုးယုတ်သော လူ့အဖွဲ့အစည်းတွင်၊ ရှုပ်ထွေးသော နောက်ခံများရှိသည့် အမျိုးမျိုးသော လူအုပ်စုများကြားတွင် သင်သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ပေါ်ပေါက်လာခြင်းကို သတိဖြင့် ချဉ်းကပ်ရန် လိုအပ်သည်။ သင်သည် ဘုရားသခင်၏ အိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်နေသည့်အခါတွင်ပင် သင်ကြုံတွေ့ရသော အမျိုးမျိုးသော အမှုအရာများကြားတွင် ရှုပ်ထွေးသော အခြေအနေအချို့ ရှိနေပြီး သင်သည် ယင်းတို့ကို သတိဖြင့် ချဉ်းကပ်သင့်သည်။ ဥပမာအားဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် အနှောင့်အယှက်ပေးနေသော ဆိုးယုတ်သည့်လူများကို သင် ကြုံတွေ့ရသည့်အခါ သင်သည် ပထမဦးစွာ ပိုင်းခြားသိမြင်တတ်ရန် သင်ယူသင့်ပြီး ထို့နောက် ထိုအခြေအနေကို သမ္မာတရား စည်းမျဉ်းများအတိုင်း ချဉ်းကပ်သင့်သည်။ ဤသည်မှာ သင်၏ တာဝန်အပေါ် သင်ထားရှိသင့်သော သဘောထားတစ်ခု ဖြစ်သည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် သတိရှိခြင်း၌ အဘယ်အရာ ပါဝင်သနည်း။ ယင်းတွင် လူတစ်ဦး၏ ဆင်ခြင်တုံတရား ပါဝင်သည်။ သင်သည် မြင်နိုင်ခြင်းမရှိသော ကိစ္စရပ်များကို ကြုံတွေ့ရသည့်အခါ သင် သတိရှိရန် လိုအပ်သည်။ သင်သည် အချို့သော သမ္မာတရားများကို နားလည်လျှင်ပင် အချို့သော အထူးကိစ္စရပ်များ၏ နောက်ခံ အနှစ်သာရနှင့် အရင်းခံအကြောင်းရင်းကို သင် မြင်နိုင်ခြင်း မရှိသေးသည့်အခါ သင် သတိရှိရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ထိုသို့သော အခြေအနေများသည် သင့်အား သတိရှိရန် သာ၍ပင် လိုအပ်စေသည်။ သတိရှိခြင်းသည် ရှေးရိုးစွဲဖြစ်ခြင်း သို့မဟုတ် ခြေလှမ်းငယ်များ လှမ်းခြင်းမဟုတ်သကဲ့သို့ ပြုမူရန် မရဲဝံ့ခြင်း သို့မဟုတ် တာဝန်ယူရန် ကြောက်ရွံ့ခြင်းလည်း မဟုတ်ပေ၊ ယင်းသည် ဤအရာများကို ရည်ညွှန်းခြင်း မဟုတ်ပေ။ ဤနေရာတွင် ပြောဆိုသော သတိရှိခြင်းသည် လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးတစ်ခုကို ရည်ညွှန်းသည်။ သတိရှိခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ ယင်းမှာ တစ်စုံတစ်ခုကို လုပ်ဆောင်နေစဉ် သင်သည် ပထမဦးစွာ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေပြီး ထို့နောက် ထိုတာဝန် သို့မဟုတ် ထိုအလုပ်အတွက် တိကျသော လက်တွေ့လုပ်ဆောင်မှု အဆင့်များ၊ တိကျသော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့် လိုလားသော ရလဒ်များကို ရှာဖွေသည့်အခါ ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် အရေးကြီးသော ကိစ္စရပ်များနှင့် သင်၏ တာဝန်ကို ဂရုတစိုက်နှင့် သတိရှိသော စိတ်နှလုံးဖြင့် ချဉ်းကပ်ခြင်း ဖြစ်သည်။ အမှန်ပင် အချို့လူများသည် ၎င်းတို့၏ နေ့စဉ်ဘဝတွင် ကြုံတွေ့ရသော အမျိုးမျိုးသော ပြဿနာများကို ချဉ်းကပ်သည့်အခါတွင်လည်း အထူးသတိရှိကြသည်၊ ၎င်းတို့သည် ပေါ့ဆခြင်း ရှိရမည့်အစား မယုံနိုင်လောက်အောင် သတိရှိကြသည်။ ဤသည်မှာ မကောင်းသောအရာ မဟုတ်ပေ၊ ယင်းကို ချို့ယွင်းချက်တစ်ခုမဟုတ်ဘဲ လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးတစ်ခုဟုလည်း ခေါ်ဆိုနိုင်သည်။ သတိရှိခြင်းကို လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးတစ်ခုဟု ဆိုနိုင်သည်၊ သတိရှိသော သဘောထားရှိခြင်းသည် လူတို့အား အကျိုးကျေးဇူးကိုသာ ဆောင်ကြဉ်းပေးနိုင်ပြီး လူတို့ကို မည်သည့်နည်းနှင့်မျှ လုံးဝ ဘောင်ခတ်ခြင်း သို့မဟုတ် ချည်နှောင်ခြင်း ပြုမည်မဟုတ်ပေ။ ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ သင် စကားပြောရန် မရဲဝံ့ပါက၊ သင်သည် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် သို့မဟုတ် မည်သူနှင့်မျှ ဆက်ဆံရန် မရဲဝံ့ပါက၊ သစ်ရွက်ကြွေကျလာလျှင် သင့်ခေါင်းကို ထိမည်ကို သင် ကြောက်ရွံ့နေပါက ဤသည်မှာ အလွန်အကျွံ သတိထားခြင်း ဖြစ်သည်။ အချိန်ပြည့် သင်၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲတွင် နေထိုင်ပြီး သင်၏ နေ့ရက်များကို အလွန်အကျွံ စိုးရိမ်ပူပန်သော ပုံစံဖြင့် ကုန်ဆုံးခြင်းဟူသည်မှာ သတိရှိခြင်းလော။ (မဟုတ်ပါ။) ဈေးဝယ်ထွက်ပါက လှည့်စားခံရမည်ကို ကြောက်ရွံ့ခြင်း၊ စတိုးဆိုင်ဖွင့်ပါက ငွေရှုံးမည်ကို ကြောက်ရွံ့ခြင်း၊ အိမ်ဝယ်ပါက မကောင်းသတင်းရှိသော အိမ်တစ်လုံး ဖြစ်သွားမည်ကို ကြောက်ရွံ့ခြင်း၊ ကွန်ပျူတာဝယ်ပါက ဗိုင်းရပ်စ်များ ပါလာမည်ကို ကြောက်ရွံ့ခြင်း၊ အလွန်အကျွံ ကြောက်ရွံ့မှုကြောင့် သင်သည် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မရဲဝံ့ဘဲ ခြေတစ်လှမ်းမျှ လှမ်းရန် ခက်ခဲနေသည်အထိ ချည်နှောင်ခံရခြင်း၊ ဤအရာများသည် ငါတို့ ဤနေရာတွင် ပြောဆိုနေသော သတိရှိခြင်းမျိုး၏ သရုပ်သကန်များ လုံးဝမဟုတ်ပေ။ ဤသရုပ်သကန်များက လူတစ်ဦးသည် မသိနားမလည်၊ အသုံးမကျပြီး ကြောက်တတ်ကာ မရင့်ကျက်သည့်အပြင် လွတ်လပ်စွာ နေထိုင်နိုင်စွမ်း ကင်းမဲ့ကြောင်းကို ညွှန်ပြသည်။ ယင်းတို့သည် ညံ့ဖျင်းသော အစွမ်းအစ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ထိုသို့သော လူပုဂ္ဂိုလ်များသည် ဤဆိုးယုတ်သော လူ့အဖွဲ့အစည်းနှင့် ရှုပ်ထွေးသော လူအုပ်စုများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့တွင် မည်သို့သော တန်ပြန်ဆောင်ရွက်ချက်မျှ လုံးဝမရှိပေ။ ၎င်းတို့သည် အစဉ်သဖြင့် စိုးရိမ်ပူပန်ပြီး ကြောက်ရွံ့ကာ နောက်တွန့်ဆုတ်ပြီး ရှေ့ဆက်ရန် မရဲဝံ့သည်အထိ အလွန် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် လှည့်ဖြားခံရမည်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် အန္တရာယ်ပြုခံရမည် သို့မဟုတ် အသတ်ခံရမည်ကို ကြောက်ရွံ့ခြင်း ဖြစ်နိုင်သည်။ ၎င်းတို့သည် မည်သူနှင့်မျှ ဆက်ဆံရန် သို့မဟုတ် မည်သည့်ကိစ္စကိုမျှ ကိုင်တွယ်ရန် မရဲဝံ့ကြပေ။ ၎င်းတို့ အလုပ်သွားသည့်အခါ ၎င်းတို့၏ လစာငွေ မရရှိမည်ကို ကြောက်ရွံ့ကြသည်။ အချို့အမျိုးသမီးများသည် မတော်မတရား ပြုကျင့်ခံရမည်ကို ကြောက်ရွံ့၍ အလုပ်လုပ်ရန်ပင် မရဲဝံ့ကြပေ။ အချို့လူများသည် လူဆိုးများနှင့် ကြုံတွေ့ရမည်ကို ကြောက်ရွံ့၍ အိမ်မှပင် ထွက်ခွာရန် မဝံ့ရဲကြသကဲ့သို့ ပစ္စည်းများ ဝယ်ပါက လုယက်ခံရမည်ကို ကြောက်ရွံ့ကြသည်။ အတိုချုပ်ဆိုရလျှင် ၎င်းတို့သည် အရာအားလုံးကို ကြောက်ရွံ့ကြသည်။ ဤသည်မှာ အလွန်အကျွံ သတိထားခြင်း မဟုတ်လော။ ဤသည်မှာ အလွန်အကျွံ စိုးရိမ်ပူပန်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရူးသွပ်နေကြသည် မဟုတ်လော။ အချို့လူများတွင် ဤသို့သော စိတ်နေသဘောထားမျိုး ရှိကြသည်၊ ၎င်းတို့သည် တစ်နေ့လုံး ဤအရာထိုအရာကို စိုးရိမ်ပူပန်ကြပြီး ရလဒ်မှာ ၎င်းတို့သည် မည်သည့်ကိစ္စကိုမျှ ကိုင်တွယ်ရန်ဖြစ်စေ၊ အပြင်ထွက်၍ လူများနှင့် တွေ့ဆုံရန်ဖြစ်စေ မရဲဝံ့ဘဲ အိမ်တွင်သာ နေနိုင်ကြသည်။ ၎င်းတို့သည် မည်သို့သော လူစားမျိုး ဖြစ်ကြသနည်း။ (ရူးသွပ်သောသူတစ်ဦး ဖြစ်ပါသည်။) ၎င်းတို့သည် ရူးသွပ်နေကြသည်၊ ၎င်းတို့သည် ပုံမှန်မဟုတ်၊ ၎င်းတို့သည် လူမပီသသူများ ဖြစ်ကြသည်။ မည်သည့် တရားစီရင်နိုင်စွမ်းမျှ ကင်းမဲ့လျက်၊ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မျှ စည်းမျဉ်းများ သို့မဟုတ် အနိမ့်ဆုံး စံနှုန်းများ မရှိဘဲ၊ ဤလူစားမျိုးသည် တိရစ္ဆာန်ဝင်စားခြင်းဖြစ်သည်၊ ၎င်းတို့တွင် ပုံမှန် လူ့သဘာဝမရှိသကဲ့သို့ ၎င်းတို့၏ အလွန်အကျွံ စိုးရိမ်ပူပန်ခြင်းသည် သတိရှိခြင်း မဟုတ်ပေ။ သတိရှိခြင်းသည် အဘယ်အရာကို ရည်ညွှန်းသနည်း။ သတိရှိခြင်းဟူသည်မှာ အတိုင်းအတာတစ်ခုဖြင့်၊ စနစ်တကျ၊ စည်းကမ်းလိုက်နာသော နည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းကို ဆိုလိုပြီး ဤစည်းမျဉ်း၏ အခြေခံအုတ်မြစ်ပေါ်တွင် စေ့စပ်သေချာစွာ ပြုမူကာ၊ အမှုအရာများ ဖြစ်ပျက်သည့်အခါ တည်ငြိမ်ခြင်း၊ အလျင်စလိုမဖြစ်ခြင်း၊ မဆင်မခြင်မဖြစ်ခြင်း သို့မဟုတ် စိတ်လိုက်မာန်ပါမဖြစ်ခြင်း၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေနိုင်ပြီး ပညာရှိသော နည်းလမ်းများကို ရှာဖွေနိုင်ခြင်းကို ဆိုလိုသည်။ ဤသည်ကို သတိရှိခြင်းဟု ခေါ်ပြီး ဤသတိရှိခြင်းသာလျှင် လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးတစ်ခု ဖြစ်သည်။

စကားကြီးစကားကျယ်ပြောခြင်းနှင့် ကြွားဝါခြင်းကို နှစ်သက်သည့် လူမျိုးများစွာ ရှိသည်။ ဤသည်မှာ ဆိုးယုတ်သော လူ့အဖွဲ့အစည်း၏ ရေပန်းစားမှုတစ်ခုလည်း ဖြစ်သည်။ လူများစွာသည် ချဲ့ကားပြောဆိုခြင်း၊ အမှုအရာများကို ပေါ့ပေါ့တန်တန် လုပ်ကြံပြောဆိုခြင်း၊ ပေါက်ကရပြောဆိုခြင်းတို့ဖြင့် စကားပြောကြသည်။ ၎င်းတို့ ပြောဆိုသည့်အရာသည် အချက်အလက်များနှင့် လုံးဝမကိုက်ညီဘဲ ၎င်းတို့သည် လေလုံးထွားကြသည်။ ၎င်းတို့သည် မည်သည့် တည်ကြည်မှုနှင့် ရှက်စိတ်မျှ မရှိဘဲ မိမိတို့ကိုယ်ကို အရည်အချင်းရှိသည်ဟု ယုံကြည်နေကြဆဲဖြစ်သည်။ ထိုသို့သော လူများသည် ယုံကြည်ထိုက်သလော။ (မထိုက်ပါ။) ထိုသို့သော လူများတွင် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ ရှိသလော။ (မရှိပါ။) ထိုသို့သော လူများတွင် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာမရှိပေ၊ လေးစားထိုက်ခြင်း မရှိသည့်အပြင် မယုံကြည်ထိုက်ပေ။ သို့ဆိုလျှင် အရေးကြီးသော ကိစ္စရပ်များကို ကိုင်တွယ်ရန် ၎င်းတို့ကို ယုံကြည်စွာ အပ်နှံနိုင်သလော။ (မအပ်နှံနိုင်ပါ။) သို့ဖြစ်လျှင် ကြွားဝါခြင်းကို နှစ်သက်ခြင်းသည် မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ (ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ယင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သော်လည်း သင်သည် ဤလူ၏ လူ့သဘာဝကိုလည်း ကြည့်ရမည်၊ ၎င်းတို့၏ လူ့သဘာဝသည် ဆိုးယုတ်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို လက်ခံနိုင်ခြင်း ရှိမရှိကို ကြည့်ရမည်။ ၎င်းတို့သည် ယုတ်ညံ့သော စိတ်သဘောထား ရှိသူ ဖြစ်ရုံမျှသာဖြစ်ပြီး နှစ်ပေါင်းများစွာ မိမိတို့၏ မိသားစုဘဝ သို့မဟုတ် လူမှုပတ်ဝန်းကျင်၏ လွှမ်းမိုးခြင်းခံရကာ ကြွားဝါခြင်းနှင့် စကားကြီးစကားကျယ်ပြောခြင်းကို နှစ်သက်သည့် အကျင့်ဆိုးတစ်ခု၊ တာဝန်မဲ့စွာနှင့် အကျိုးဆက်များကို မထည့်သွင်းစဉ်းစားဘဲ ပြောဆိုသည့် အကျင့်ဆိုးတစ်ခု ဖြစ်ပေါ်လာခဲ့လျှင် ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သည်။ ၎င်းတို့သည် မကောင်းပေ။ ၎င်းတို့သည် အလွန်အမင်း ယုတ်ညံ့သော စိတ်သဘောထား ရှိသူဖြစ်သည့် အဆင့်တွင်သာ ရှိနေခြင်းဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် ကြွားဝါခြင်းကို နှစ်သက်သည့်အပြင် အခြားသူများနှင့် ဆက်ဆံရာတွင် အတော်အတန် အနိုင်ကျင့်စိုးမိုးပြီး ရက်စက်ကြမ်းကြုတ်သော နည်းလမ်းဖြင့် ပြုမူကာ သူ၏ စကားကြီးစကားကျယ်ပြောခြင်းနှင့် ကြွားဝါခြင်းတို့၏ ရည်ရွယ်ချက်မှာ အခြားသူများကို ဖိနှိပ်ရန်နှင့် သူကြွားဝါပြီး ချဲ့ကားသည့် အရာများကို အခြားလူများ လုပ်ဆောင်ခဲ့ပြီး သို့မဟုတ် ပိုင်ဆိုင်သည့် အရာများထက် ပို၍ မြင့်မြတ်သော၊ ပို၍ ကောင်းသော၊ အထက်တွင် ရှိသော အရာများကဲ့သို့ ဖြစ်စေရန်ဖြစ်လျှင် ဤသည်မှာ ၎င်းတို့ ယုတ်ညံ့သော စိတ်သဘောထား ရှိသူဖြစ်ခြင်း ပြဿနာ မဟုတ်တော့ပေ။ ဤသည်မှာ မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ (ယင်းမှာ ဆိုးယုတ်သော လူ့သဘာဝ၏ ပြဿနာ ဖြစ်ပါသည်။) ဤသည်မှာ ဆိုးယုတ်သော လူ့သဘာဝ၏ ပြဿနာ ဖြစ်သည်။ သို့ဆိုလျှင် ဤနေရာတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပါဝင်ပတ်သက်နေသလော။ (ပါဝင်ပါသည်။) မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ (ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ဖြစ်ပါသည်။) ၎င်းတို့တွင် မာနထောင်လွှားပြီး ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ရှိသည်။ အချို့လူများသည် အလွန်အမင်း ယုတ်ညံ့သော စိတ်သဘောထား ရှိသောကြောင့်သာ ကြွားဝါခြင်းကို နှစ်သက်ကြသည်။ ဤသည်မှာ ၎င်းတို့၏ နေထိုင်မှုအလေ့အထများနှင့် နေထိုင်မှုပတ်ဝန်းကျင်ကြောင့် ဖြစ်ရသည်။ ၎င်းတို့သည် အမှန်အတိုင်းပြောဆိုခြင်း၊ စိတ်ရင်းအတိုင်းပြောဆိုခြင်း၊ တကယ့်အခြေအနေများကို ဆွေးနွေးခြင်း သို့မဟုတ် ဘဝနှင့် သင့်တော်သော ကိစ္စရပ်များအကြောင်း ပြောဆိုခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို နားမလည်ကြရုံသာ ဖြစ်သည်။ ၎င်းတို့တွင် ဤအသိတရား ကင်းမဲ့နေသည်။ ထိုသို့သော ပညာပေးမှုသည် ၎င်းတို့၏ မိသားစုနှင့် ကျောင်းပတ်ဝန်းကျင်များတွင် မရှိသည့်အပြင် လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် ပို၍ပင် မရှိတော့ချေ။ ရလဒ်အနေဖြင့် ၎င်းတို့၏ မွေးရာပါ ယုတ်ညံ့သော စိတ်သဘောထား ရှိခြင်းသည် အလွန် ဆိုးရွားလေသည်။ ၎င်းတို့သည် ပေါ့ပျက်ပျက်နိုင်ပြီး လျောက်ပတ်သော အမူအကျင့်မရှိဘဲ မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးရန်နှင့် အခြားသူများက ၎င်းတို့ကို အထင်ကြီးစေရန်အလို့ငှာ စကားကြီးစကားကျယ် ပြောခြင်းနှင့် ကြွားဝါခြင်းကို နှစ်သက်ကြရုံသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အခြားသော ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ သို့မဟုတ် လိုအပ်ချက်များ မရှိပေ။ ၎င်းတို့သည် ဤသရုပ်သကန်များကိုသာ ပြသလျှင် ဤသည်မှာ ယုတ်ညံ့သော စိတ်သဘောထားရှိခြင်းမျှသာ ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းတို့၏ ကြွားဝါခြင်းတွင် ရည်ရွယ်ချက်တစ်ခုရှိပြီး ကြွားဝါခြင်းမှတစ်ဆင့် အလွန်အရည်အချင်းရှိပြီး ထူးကဲစွာ တတ်စွမ်းနိုင်သူများ အဖြစ်သာမက သာမန်လူများထက် သာလွန်သော၊ ကွဲပြားသော၊ အထက်တွင်ရှိသော သူများအဖြစ် မိမိတို့ကိုယ်ကို ဂုဏ်တင်လျှင် ဤသည်မှာ ယုတ်ညံ့သော စိတ်သဘောထား ရှိသူဖြစ်ခြင်း၏ ပြဿနာ မဟုတ်တော့ပေ။ ၎င်းတို့ ကြွားဝါခြင်းကို နှစ်သက်ခြင်းသည် တိကျသော အတွေးအခေါ်၏ လမ်းညွှန်မှုကို ခံရပြီး အဆင့်အတန်းကို တောင့်တခြင်း၊ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့၏ တွန်းအားပေးခြင်းကို ခံရသည်။ ၎င်းတို့သည် အခြားသူများကို ဖိနှိပ်ပြီး အထင်ကြီးစေရန်၊ အခြားသူများကို မိမိတို့ထက် နိမ့်ကျပြီး မသာကြောင်း ခံစားစေရန်နှင့် မိမိတို့ကို ရိုသေလေးစားပြီး နာခံစေရန် နည်းလမ်းတစ်ခုအဖြစ် ကြွားဝါခြင်းကို အသုံးပြုကြသည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၏ ဆိုးယုတ်မှု ဖြစ်သည်။ ၎င်းတို့ ကြွားဝါခြင်းကို နှစ်သက်ခြင်းမှာ အသာစီးရရန် ရည်ရွယ်သည်။ “သင်၌ ရှိသမျှကို ငါ၌လည်း ရှိသည်။ သင်လုပ်နိုင်သမျှကို ငါလည်း လုပ်နိုင်သည်။ သင်သိသမျှကို ငါလည်း သိသည်။ သင်မြင်ဖူးသမျှကို ငါလည်း မြင်ဖူးသည်။ ငါသည် သင့်ထက် မနိမ့်ကျပေ” ဟူ၍ဖြစ်လေသည်။ သင်သည် အစားအစာတစ်ခုခုကို စားဖူးလျှင်ပင် ၎င်းတို့ မစားဖူးသည်မှာ သိသာထင်ရှားသော်လည်း စားဖူးသည်ဟု အခိုင်အမာ ပြောဆိုကြမည်ဖြစ်ပြီး ထိုမျှသာမက ယင်းကို ပို၍ စားဖူးကြောင်းနှင့် ၎င်းတို့စားခဲ့သော အစာသည် သင်စားခဲ့သော အစာထက် ပိုကောင်းကြောင်း ပြောဆိုကြလိမ့်မည်။ ၎င်းတို့သည် မဖြစ်ပျက်ခဲ့သော အရာများအကြောင်းကိုပင် ကြွားဝါကြလိမ့်မည်။ ၎င်းတို့၏ ကြွားဝါခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ သင့်ကို အနိုင်ယူရန်၊ သင်နှင့် ယှဉ်ပြိုင်ရန်နှင့် ၎င်းတို့သည် သင့်ထက် ပိုတော်ကြောင်း၊ သင့်လောက် တော်ကြောင်းကို သင့်အား ခံစားစေရန် ဖြစ်သည်။ ၎င်းတို့သည် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတစ်ခု၏ တွန်းအားပေးခြင်းကို ခံနေရသည်။ သို့ဖြစ်လျှင် ထိုသို့သော ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ၏ တွန်းအားပေးခြင်းကို ခံရသော လူ့သဘာဝ၏ သရုပ်သကန်သည် ယုတ်ညံ့သော စိတ်သဘောထား ရှိခြင်းမျှသာလော၊ သို့မဟုတ် ဆိုးယုတ်သော လူ့သဘာဝလော။ (ယင်းမှာ ဆိုးယုတ်သော လူ့သဘာဝ ဖြစ်ပါသည်။) ဤနေရာတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပါဝင်ပတ်သက်နေသလော။ (ဟုတ်ပါသည်။) ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ၏ တွန်းအားပေးခြင်းကို ခံရခြင်း၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ (မာနထောင်လွှားမှုနှင့် ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်ပါသည်။) မှန်ပေသည်။ ဤနေရာတွင် မာနထောင်လွှားမှုနှင့် ရက်စက်ကြမ်းကြုတ်ခြင်းဟူသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အမျိုးအစားနှစ်ခု ရှိသည်။ ထို့အပြင် ကောက်ကျစ်ဆိုးယုတ်မှု အနည်းငယ်လည်း ရှိသေးသည်။ ဆိုလိုသည်မှာ သင်ပြောဆိုသည့် မည်သည့်အရာကိုမဆို ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အစဉ်သဖြင့် အချိန်ယူ စဉ်းစားသည်၊ ယင်းမှ တစ်စုံတစ်ခုကို လုပ်ကြံဖန်တီးရန် အစဉ်သဖြင့် ကြိုးစားပြီး ကောက်ကျစ်ဆိုးယုတ်သော အတွေးများနှင့် အစွန်းရောက်သော စိတ်ကူးများဖြင့် အစဉ်သဖြင့် ချဉ်းကပ်လေသည်။ ဥပမာအားဖြင့် သင်က “ကျွန်ုပ်မိသားစု၏ ကားသည် တိုယိုတာဖြစ်သည်၊ ယင်းမှာ ဂျပန်ကားဖြစ်သည်” ဟု ပြောလျှင် ၎င်းတို့က “ဂျပန်ကားများက မကောင်းပါ၊ ဂျာမန်ကားများက ပိုကောင်းပါသည်။ ကျွန်ုပ် ယခင်က မောင်းခဲ့သော ဂျာမန်ကားသည် စွမ်းဆောင်ရည် ကောင်းရုံမျှသာမက ဆယ်နှစ်ကျော်ကြာ မပျက်စီးပဲ မောင်း၍ရသည်။ ယင်းမှာ သင်၏ ကားထက် များစွာ သာလေသည်” ဟု ပြောသည်။ ၎င်းတို့သည် သင့်ကို လုံးဝ အနိုင်ယူကို ယူရမည်။ သင်က “ကျွန်ုပ် အထက်တန်းကျောင်းပင် မအောင်ခဲ့ပါ” ဟု ပြောလျှင် ၎င်းတို့က “ကျွန်ုပ်က အထက်တန်းကျောင်း အောင်ခဲ့သည်။ သင်သည် ကျွန်ုပ်ကို မနာလိုဖြစ်နေသည် မဟုတ်လော” ဟု ပြောသည်။ လက်တွေ့တွင် ၎င်းတို့သည် အလယ်တန်းကျောင်းပင် မအောင်ခဲ့သော်လည်း သင့်ကို အနိုင်ယူလိုနေဆဲ ဖြစ်သည်။ ၎င်းတို့သည် အခြားသူများက မိမိတို့ကို မနာလိုဖြစ်ခြင်း၊ အထင်ကြီးခြင်းနှင့် အားကျခြင်းဟူသော ခံစားချက်ကို နှစ်သက်ကြသည်။ သင်မြင်သလော၊ မည်သူ့ထံမှမဆို ၎င်းတို့ရရှိသော သတင်းအချက်အလက်အပေါ် ၎င်းတို့၏ တုံ့ပြန်မှုသည် အစဉ်သဖြင့် ကောက်ကျစ်ဆိုးယုတ်ပြီး အစွန်းရောက်လေသည်။ ၎င်းတို့တွင် ပုံမှန် လူ့သဘာဝ၏ တွေးခေါ်မှု ကင်းမဲ့နေသည်။ ပုံမှန်လူတစ်ဦးသည် အခြားတစ်စုံတစ်ဦးတွင် ကောင်းသောအရာ တစ်ခုခုရှိကြောင်း ကြားသိရသောအခါ “သင့်ထံတွင် ထိုအရာ ရှိသည်ဟု ကောင်းပါသည်။ သင့်အနေဖြင့် သူ၏ တိကျသော အသွင်အပြင်များနှင့် အားသာချက်များကို ကျွန်ုပ်အား ပြောပြနိုင်မည်လော။ ယင်းတို့နှင့် ပတ်သက်၍ ကျွန်ုပ် ပို၍ သိလိုသည်” ဟု ပြောကောင်းပြောပေမည်။ ပုံမှန် လူ့သဘာဝရှိသူတစ်ဦးသည် ဤနည်းလမ်းဖြင့် တုံ့ပြန်ပေလိမ့်မည်။ သို့သော် ကြွားဝါခြင်းကို နှစ်သက်သောလူများတွင် ပုံမှန် လူ့သဘာဝမရှိပေ။ ၎င်းတို့က “အဘယ်ကြောင့်များ သင်က ယင်းကို ပိုင်ဆိုင်ရပြီး ကျွန်ုပ်က မပိုင်ဆိုင်ရသနည်း။ ကျွန်ုပ်ထံတွင် မရှိလျှင်ပင် ကျွန်ုပ်တွင် ရှိသည်ဟု ပြောရန် လိုအပ်ဆဲဖြစ်သည်၊ ထို့အပြင် ကျွန်ုပ်ပိုင်သည့်အရာသည် သင်ပိုင်သည့်အရာထက် ပို၍ကောင်းသည်ဟု ကျွန်ုပ်ပြောရန် လိုအပ်သည်” ဟု တွေးကြသည်။ သင်က ၎င်းတို့အား ထုတ်ပြရန် တောင်းဆိုလျှင် ၎င်းတို့က “သင့်ကို ကြည့်ခွင့်ပြုမည်မဟုတ်” ဟု ပြောလိမ့်မည်၊ စင်စစ်အားဖြင့် ၎င်းတို့တွင် လုံးဝမရှိပေ။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင်ဖြစ်စေ၊ ၎င်းတို့သည် သတင်းအချက်အလက်တစ်ခုခုကို မြင်တွေ့သည့်အခါတွင်ဖြစ်စေ၊ လက်ခံရရှိသည့်အခါတွင်ဖြစ်စေ ၎င်းတို့၏ တုံ့ပြန်မှုသည် အစဉ်သဖြင့် အစွန်းရောက်ပြီး လူ့သဘာဝနှင့် မကိုက်ညီသည့်အပြင် ကောက်ကျစ်ဆိုးယုတ်သောကြောင့် ၎င်းတို့၏ စိတ်သဘောထားတွင် ကောက်ကျစ်ဆိုးယုတ်မှု အချို့လည်း ရှိနေသည်။ တစ်မျိုးပြောရလျှင် သင်သည် ၎င်းတို့နှင့် ပုံမှန်အတိုင်း စကားစမြည်ပြောဆိုခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်း ပြုလုပ်သည့်အခါ မမျှော်လင့်သော စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခုကို ဖြစ်စေနိုင်သည့် မည်သည့်အရာကိုမျှ သင်မပြောခဲ့ဟု ခံစားရသော်လည်း ၎င်းတို့၏ စိတ်ထဲတွင် အတွေးများစွာဖြင့် ပြည့်နှက်နေပြီးဖြစ်သည်။ ၎င်းတို့သည် သင့်အပေါ် မနာလိုဖြစ်နေပြီး ပြောင်ပြောင်တင်းတင်း ရန်လိုကာ မုန်းတီးနေသည့်အပြင် သင့်ကို ဖိနှိပ်လိုနေပြီးသားဖြစ်သည်။ ၎င်းတို့၏ စိတ်သည် ဤအရာများဖြင့် လွှမ်းမိုးနေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည်ဟု သင်မပြောမည်လော။ (ပြောပါမည်။) ကောက်ကျစ်ဆိုးယုတ်သော လူများသည် မစင်ကြယ်ပေ။ ၎င်းတို့ ထုတ်ဖော်ပြသည့် အမူအရာ၊ စကားလုံးများနှင့် လုပ်ဆောင်ချက် အများစုသည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့် မကိုက်ညီပေ။ ၎င်းတို့၏ စကားများတွင် ရန်လိုမှုအချို့ ပါဝင်နိုင်သည်၊ ရန်လိုမှု ပါဝင်သည့်အပြင် ၎င်းတို့၏ စကားအချို့သည် မမှန်မကန်ဖြစ်နိုင်ပြီး အချို့သည် ကြွားဝါမှုများ ဖြစ်နိုင်သည်။ အကြောင်းမှာ ၎င်းတို့အတွင်း၌ ကောက်ကျစ်ဆိုးယုတ်သော အတွေးများရှိပြီး ဤကောက်ကျစ်ဆိုးယုတ်သော အတွေးများ၏ တွန်းအားပေးမှုကြောင့် ၎င်းတို့ပြောဆိုသော စကားများသည် လိမ်ညာမှုများသာ ဖြစ်ကာ စာတန်နှင့် နတ်ဆိုးများထံမှ အရင်းခံသောကြောင့် ဖြစ်သည်။ ထိုသို့သော လူများတွင် လူ့သဘာဝမရှိပေ၊ ၎င်းတို့သည် လူသားမဟုတ်ကြပေ။ ကြွားဝါခြင်းနှင့် စကားကြီးစကားကျယ်ပြောခြင်းကို နှစ်သက်သောလူများကို အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့ကို ၎င်းတို့၏ လူ့သဘာဝ၏ အနှစ်သာရကို အခြေခံ၍ သတ်မှတ်သင့်သည်။ ဆိုလိုသည်မှာ ၎င်းတို့တွင် မည်သို့သော ပြဿနာရှိသည်ကို အကဲဖြတ်ရန် ၎င်းတို့သည် ယုတ်ညံ့သော စိတ်သဘောထား ရှိသူ ဟုတ်မဟုတ်နှင့် ၎င်းတို့၏ လူ့သဘာဝသည် ဆိုးယုတ်ခြင်း ရှိမရှိကို ကြည့်ရမည်ဖြစ်သည်။ ၎င်းတို့တွင် ဆိုးယုတ်သော လူ့သဘာဝရှိပြီး အလွန်အမင်း ယုတ်ညံ့သော စိတ်သဘောထား ရှိသူဖြစ်ကာ ဒုစရိုက်အမှုများစွာကို ကျူးလွန်နိုင်စွမ်းရှိလျှင် ၎င်းတို့သည် လူကောင်းများ မဟုတ်ဘဲ ဆိုးယုတ်သောလူများအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်သင့်သည်။ သို့ရာတွင် ၎င်းတို့သည် စကားကြီးစကားကျယ် အနည်းငယ်ပြောဆိုခြင်းနှင့် ယုတ်ညံ့သော စိတ်သဘောထား အနည်းငယ် ရှိရုံမျှသာ ဖြစ်သော်လည်း မည်သည့်မကောင်းမှုကိုမျှ မလုပ်ဆောင်နိုင်ဘဲ အသိစိတ်နှင့် ဆင်ခြင်တုံတရား အချို့ရှိနေဆဲဖြစ်ကာ ကောင်းမှုအချို့ကိုလည်း လုပ်ဆောင်နိုင်လျှင် ၎င်းတို့ကို ကောင်းသော လူ့သဘာဝရှိသူများအဖြစ် မှတ်ယူနိုင်သေးသည်။ ဤသည်မှာ ကြီးမားသော ပြဿနာမဟုတ်ဘဲ ၎င်းတို့၏ အစွမ်းအစ ကောင်းမွန်လျှင် ၎င်းတို့ကို ကြီးကြပ်ရေးမှူးများ သို့မဟုတ် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် ရွေးကောက်တင်မြှောက်နိုင်ကောင်း တင်မြှောက်နိုင်သည်။ ဤလူအမျိုးအစားနှစ်မျိုးလုံးသည် စကားကြီးစကားကျယ် ပြောပြီး ကြွားဝါခြင်းကို နှစ်သက်ကြသော်လည်း အဓိကမှာ ၎င်းတို့၏ လူ့သဘာဝက ကောင်းခြင်း သို့မဟုတ် ဆိုးယုတ်ခြင်း ရှိမရှိအပေါ် မူတည်သည်။ ၎င်းတို့သည် ယုတ်ညံ့သော စိတ်သဘောထား ရှိရုံမျှသာဖြစ်လျှင် ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် မပတ်သက်ပေ။ သို့ရာတွင် ၎င်းတို့၏ ကြွားဝါခြင်းနောက်ကွယ်၌ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ရှိလျှင် ယင်းက ဆိုးယုတ်သော လူ့သဘာဝကို ညွှန်ပြပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အမှန်တကယ် ပတ်သက်လေသည်။ ၎င်းတို့၏ လူ့သဘာဝအရ၊ ယင်းသည် ဆိုးယုတ်သည်၊ ယင်းနှင့် ပတ်သက်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ မာနထောင်လွှားမှု၊ ကောက်ကျစ်ဆိုးယုတ်မှု သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းတို့ ဖြစ်သည်။ ယင်းသည် ညံ့ဖျင်းသော ကိုယ်ကျင့်စရိုက်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ နှစ်မျိုးလုံးနှင့် ပတ်သက်နေသည် မဟုတ်လော။ (ဟုတ်ပါသည်။)

နောက်ထပ် သရုပ်သကန်တစ်ခုဖြစ်သည့် ပေါ့ဆခြင်းအကြောင်းကို ဆွေးနွေးကြစို့။ လူတစ်ဦးလုပ်ဆောင်သမျှ အရာတိုင်းတွင် ပေါ့ဆခြင်း၊ ဤသည်မှာ မည်သည့်ကဏ္ဍအောက်တွင် ကျရောက်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ထိုသို့သော လူများသည် အရာခပ်သိမ်းကို အကြမ်းဖျင်းနှင့် ယေဘုယျနည်းလမ်းဖြင့် ရှုမြင်ကြပြီး အဓိကအချက်များကို နားလည်နိုင်စွမ်းမရှိကြပေ။ ၎င်းတို့လုပ်ဆောင်သမျှသည် ပေါ့ပေါ့ဆဆဖြစ်သည်။ ၎င်းတို့သည် စာနှင့်ပတ်သက်သောအလုပ် သို့မဟုတ် စာရွက်စာတမ်း စီမံခန့်ခွဲခြင်းကဲ့သို့သော အသေးစိတ် ကျသည့်အလုပ်ကို မလုပ်နိုင်ကြပေ။ ၎င်းတို့သည် တိကျမှုကို လိုအပ်သော တာဝန်များကိုလည်း မကိုင်တွယ်နိုင်ကြပေ။ အဝတ်အစားများချုပ်သည့်အခါ ၎င်းတို့သည် တစ်ခါတစ်ရံ ဘောင်းဘီခြေထောက်ကို အင်္ကျီလက်နေရာတွင် ချုပ်မိသည်၊ တစ်ခါတစ်ရံ လက်ရှည်ကို လက်တိုဖြစ်အောင် လုပ်သည်၊ သို့မဟုတ် ၂၆ လက်မ ခါးကို ၂၄ လက်မ ခါးဖြစ်အောင် လုပ်သည်။ ၎င်းတို့သည် အဝတ်အစားကို အလွန်ကြီးအောင် သို့မဟုတ် အလွန်သေးအောင် လုပ်သည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် အလွန်ပေါ့ဆသည်၊ အလွန်မဆင်မခြင်နိုင်သည်၊ အလွန် ကိုးယိုးကားယား ဖြစ်သောကြောင့် မည်သည့်အရာကိုမျှ ကောင်းစွာ မပြီးမြောက်နိုင်ကြပေ။ ၎င်းတို့သည် မည်မျှအထိပင် ပေါ့ဆနိုင်သနည်း။ တစ်စုံတစ်ခုကို ဆောင်ရွက်ရန် အပြင်ထွက်သည့်အခါ ယူသွားသင့်သည့် အရာများကိုပင် မေ့လျော့နိုင်သည်။ ဥပမာအားဖြင့် တရားစွဲဆိုမှုအတွက် ရှေ့နေတစ်ဦးနှင့် တွေ့ဆုံသည့်အခါ ၎င်းတို့သည် မိမိတို့၏ မှတ်ပုံတင်ကတ်အပြင် ရှေ့နေတောင်းဆိုသည့် သက်သေအထောက်အထားကိုပါ ယူဆောင်ရန် မေ့လျော့ကြသည်။ ၎င်းတို့သည် အရာများစွာကို ထားခဲ့ကြသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် မိမိတို့၏ အရေးကြီးသော ပစ္စည်းများကို မည်သည့်နေရာတွင် ထားခဲ့သည်ကိုပင် မသိကြသကဲ့သို့ မှတ်မိရန်လည်း အားမထုတ်ကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် မကြာခဏ ပစ္စည်းများ ပျောက်ဆုံးပြီး မေ့လျော့တတ်ကာ ၎င်းတို့လုပ်ဆောင်သည့်အရာများနှင့် ၎င်းတို့၏ နေ့စဉ်ဘဝသည် လုံးဝ ကမောက်ကမဖြစ်နေသည်။ ထိုသို့သော လူများသည် မိမိတို့၏ အလုပ် သို့မဟုတ် တာဝန်ကို ဆက်ဆံရာတွင် မည်သည့်အခါမျှ အလေးအနက်မထားကြပေ။ ၎င်းတို့လုပ်ဆောင်သမျှသည် အစဉ်သဖြင့် ဖြစ်ကတတ်ဆန်းနှင့် ပေါ့ပေါ့ဆဆဖြစ်သည်၊ ၎င်းတို့သည် မိမိတို့စောင့်ကြည့်လေ့လာသည့် ကိစ္စရပ်များ၏ အကြမ်းဖျင်း သဘောတရားကိုသာ ရရှိသည်၊ မိမိတို့ကြားရသည့် စကားလုံးများ၏ အကြမ်းဖျင်း နားလည်မှုကိုသာ ရရှိသည်၊ အမှုအရာများကို အကြမ်းဖျင်းနှင့် ယေဘုယျ အသုံးအနှုန်းများဖြင့်သာ ပြောဆိုပြီး အမှုအရာများ၏ အကြမ်းဖျင်း စိတ်ကူးကိုသာ မှတ်ဉာဏ်ထဲတွင် ထိန်းသိမ်းထားသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အရေးကြီးသော သို့မဟုတ် လျှို့ဝှက်သော အလုပ်ကို မကိုင်တွယ်နိုင်ကြပေ၊ ၎င်းတို့သည် ထိုသို့သော တာဝန်များအတွက် မသင့်တော်ပေ။ ၎င်းတို့၏ ပေါ့ဆခြင်းသည် အခြားလူများ သို့မဟုတ် မည်သည့်အရေးကြီးသော ကိစ္စရပ်များကိုမျှ မထိခိုက်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်ဘဝ သို့မဟုတ် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့်သာ သက်ဆိုင်လျှင် ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သည်၊ မည်သို့သော ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ ၎င်းတို့ကိုယ်တိုင် တာဝန်ယူလိုက်ရုံဖြင့် ပြီးဆုံးသွားမည်ဖြစ်သည်။ သို့သော်လည်း ယင်းသည် တာဝန်၊ အရေးကြီးသောအလုပ်၊ တစ်စုံတစ်ဦး၏ ကံကြမ္မာနှင့် ရှေ့ရေး၊ တစ်စုံတစ်ဦး နေမည် သို့မဟုတ် ထွက်ခွာမည် စသည်တို့နှင့် ပတ်သက်နေလျှင် ထိုသို့သော လူများသည် ဤကိစ္စရပ်များကို ကိုင်တွယ်ရန် မသင့်တော်ပေ၊ အကြောင်းမှာ ၎င်းတို့သည် အလွန်ပေါ့ဆသောကြောင့် ဖြစ်သည်။ တစ်ချက်အနေဖြင့် ၎င်းတို့သည် ဤကိစ္စရပ်များတွင် အသေးစိတ်မကျပေ၊ ၎င်းတို့သည် အကြမ်းဖျင်းသာ ကြည့်ပြီး ၎င်းတို့ကို ကိုင်တွယ်ဖို့ မိမိတို့၏ ဦးနှောက်ကို အသုံးပြုရန် သို့မဟုတ် အတွေးနှင့် စွမ်းအင်ကို အသုံးချရန် အလွန်ပျင်းရိကြသည်။ နောက်တစ်ချက်အနေဖြင့် ၎င်းတို့၏ အမှုအရာများကို လုပ်ဆောင်သည့် ပုံစံနှင့် လုပ်နည်းကိုင်နည်းတို့သည် တစ်သမတ်တည်း ဖြစ်ကတတ်ဆန်းနှင့် ပေါ့ပေါ့ဆဆဖြစ်ပြီး ၎င်းတို့သည် မကြာခဏ ပစ္စည်းများ ပျောက်ဆုံးပြီး မေ့လျော့တတ်သည်။ ဤသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်ဘဝနှင့်သာ သက်ဆိုင်လျှင် ကြီးမားသော ပြဿနာမဟုတ်ပေ။ သို့သော်လည်း ယင်းသည် အရေးကြီးသောအလုပ် သို့မဟုတ် လျှို့ဝှက်သော ကိစ္စရပ်များနှင့် ပတ်သက်နေလျှင် ၎င်းတို့သည် အမှုအရာများကို ဖျက်ဆီးနိုင်သည် သို့မဟုတ် ကြီးမားသော ဘေးအန္တရာယ်တစ်ခုကိုပင် ဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် ပါရီမြို့သို့ အရေးတကြီး သွားရန်လိုအပ်သော်လည်း ၎င်း၏ ပေါ့ဆမှုကြောင့် ရောမမြို့သို့ လေယာဉ်လက်မှတ်ကို ဝယ်လိုက်သည်။ သူက “ယနေ့ ကျွန်ုပ် ဝယ်လိုက်သည့် လက်မှတ်က အလွန်ပင် ဈေးပေါပေသည်” ဟု ပြောဆိုလျက် အတော်ပင် ကျေနပ်နေသေးသည်။ အခြားသူများက ကြည့်ပြီး “ဈေးပေါပေသည်၊ သင်က ပါရီမြို့ကို သွားရမည့်အရေးကို အဘယ်ကြောင့် ရောမမြို့သို့သွားမည့် လက်မှတ်ကို ဝယ်လိုက်သနည်း” ဟု ပြောလေသည်။ ဤသည်မှာ အလွန်အမင်း ပေါ့ဆခြင်း ဖြစ်သည်။ ထိုသို့သော လူများသည် အရာခပ်သိမ်းကို အထင်သေးပြီး ဝတ်ကျေတမ်းကျေလုပ်သော သဘောထားဖြင့် ရှုမြင်ကြသည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို အကြမ်းဖျင်းသိရှိရန် တစ်ချက်သာ ကြည့်ပြီး ထိုမျှနှင့်ပင် ပြီးဆုံးသွားသည်။ ဤသည်မှာ ၎င်းတို့တွင်ရှိသော တာဝန်မဲ့သော သဘောထား အမျိုးအစား အတိအကျပင် ဖြစ်သည်။ ဤသဘောထားသည် မည်သည့်အရာတွင်မျှ စိတ်မဝင်စားခြင်းနှင့် ပျင်းရိခြင်းတို့ကိုလည်း ဖော်ပြနေသည်မှာ အမှန်ပင်ဖြစ်၏၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ စိတ်နှလုံးထဲထည့်ရန်၊ မိမိတို့၏ ဦးနှောက်ကို အသုံးပြုရန် သို့မဟုတ် မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ရာတွင် အတွေးကို အသုံးချရန် အလွန်ပျင်းရိကြသည်။ ဤကဲ့သို့ ပေါ့ဆသောလူများသည် အရေးကြီးသောအလုပ်၊ အထူးသဖြင့် စာနှင့်ပတ်သက်သော အလုပ်၊ စာရွက်စာတမ်း စီမံခန့်ခွဲခြင်း သို့မဟုတ် လျှို့ဝှက်သော လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ပတ်သက်သော အလုပ်များအတွက် မသင့်တော်ပေ။ သို့ဆိုလျှင် ထိုသို့သော လူများ ခေါင်းဆောင်များဖြစ်လာလျှင် ၎င်းတို့သည် တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိမည်လော။ (မရှိပါ။ ၎င်းတို့၏ အလုပ်သည် မည်သည့်အခါမျှ ကောင်းစွာမပြီးမြောက်ပေ၊ ယင်းသည် အစဉ်သဖြင့် အကြမ်းဖျင်းနှင့် ယေဘုယျအားဖြင့်သာ လုပ်ဆောင်ပြီး အစဉ်သဖြင့် မပြည့်မစုံ ကျန်ရစ်သည်။ ၎င်းတို့သည် တကယ့်အလုပ်ကို မလုပ်နိုင်ကြပေ။) ထိုသို့သော လူများသည် မိမိတို့၏ အလုပ်တွင် အသေးစိတ်မရှိပေ၊ ၎င်းတို့သည် အစဉ်သဖြင့် ဖြစ်ကတတ်ဆန်းနှင့် ပေါ့ပေါ့ဆဆဖြစ်ပြီး အရာများကို အပေါ်ယံ၊ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ကိုင်တွယ်ကြသည်။ ၎င်းတို့၏ စကားများသည်လည်း အစဉ်သဖြင့် မရေရာဘဲ “အကြမ်းဖျင်း”၊ “ဖြစ်နိုင်သည်”၊ “ဖြစ်တန်ရာသည်” သို့မဟုတ် “ဖြစ်ကောင်းဖြစ်နိုင်သည်” ဟူသကဲ့သို့သော အသုံးအနှုန်းများကို သုံးလေ့ရှိသည်။ ထိုသို့သော လူများသည် မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ကြပေ။ ဘုရားသခင်၏ အိမ်တော်ရှိ အလုပ်အစီအစဉ်များစွာဖြစ်သည့် စီမံအုပ်ချုပ်ရေးအလုပ်၊ ဝန်ထမ်းရေးရာအလုပ်၊ အသင်းတော်အသက်တာနှင့် သက်ဆိုင်သောအလုပ်၊ ဧဝံဂေလိအလုပ်တို့တွင် တိကျသော အသေးစိတ်အချက်များ ပါဝင်သည်။ အသေးစိတ်ကျသောအလုပ်နှင့် ရင်ဆိုင်ရသည့်အခါ ထိုသို့သော ပေါ့ဆသည့်လူများသည် ခေါင်းကိုက်ပြီး စိတ်ရှုပ်ထွေးကာ စိတ်ကျဉ်းကျပ်သည်ဟု ခံစားရသည်၊ ၎င်းတို့သည် ထိုသို့သော အသေးစိတ်ကျသည့်အလုပ်တွင် ပါဝင်ရန် မလိုလားကြပေ။ ၎င်းတို့တွင် ဤပျင်းရိသော သဘောထားရှိသောကြောင့် အလုပ်လုပ်ရသည့်အခါ ၎င်းတို့သည် “အကြမ်းဖျင်လုပ်ဆောင်လိုက်လည်း အဆင်ပြေပါသည်၊ မည်သို့ပင်ဖြစ်စေ ဤသည်မှာ အလုပ်အစီအစဉ်များတွင် ပြောထားသည့်အရာနှင့် အတော်ပင် နီးစပ်နေပြီဖြစ်သည်” ဟု အစဉ်သဖြင့် တွေးကြသည်။ ၎င်းတို့သည် ဤ “နီးစပ်လျှင် အဆင်ပြေပါသည်” ဟူသော သဘောထားကို အစဉ်သဖြင့် ထိန်းသိမ်းထားသည်၊ ဤသို့ဖြင့် အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်လော။ (မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် လူများကို အကဲဖြတ်သည့်အခါတွင်လည်း အကြမ်းဖျင်းသာ လုပ်ဆောင်သည်၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို အကြမ်းဖျင်း အကဲဖြတ်ပြီး အဖွဲ့တစ်ခုချင်းစီ၏ ကြီးကြပ်ရေးမှူးများကိုလည်း အကြမ်းဖျင်းသာ အကဲဖြတ်သည်။ တစ်စုံတစ်ဦးက “ထိုကြီးကြပ်ရေးမှူးက ဘုရားသခင်ကို ယုံကြည်သည်မှာ အချိန်မည်မျှ ကြာပြီနည်း” ဟု မေးသည့်အခါ ၎င်းတို့က “သုံးနှစ်ကျော်ပြီဟု ထင်သည်” ဟု ပြန်ဖြေသည်။ သို့သော် ဘုရားသခင်ကို သုံးနှစ်ကြာ ယုံကြည်ခဲ့သူတစ်ဦးသည် အခြေခံအုတ်မြစ်ကိုပင် မချရသေးသည်လည်း ဖြစ်နိုင်သည်၊ ထိုသို့သော လူတစ်ဦးသည် ကြီးကြပ်ရေးမှူးအဖြစ် ယုံကြည်စိတ်ချရနိုင်မည်လော။ ပေါ့ဆသောလူများသည် ဤအရာကို ထိုးထွင်းမမြင်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့၏ စကားသည် “အကြမ်းဖျင်း”၊ “ဖြစ်တန်ရာသည်”၊ “ဖြစ်နိုင်သည်”၊ “ဖြစ်ကောင်းဖြစ်နိုင်သည်” နှင့် “ထင်သည်” ကဲ့သို့သော အသုံးအနှုန်းများဖြင့် အစဉ်သဖြင့် ပြည့်နှက်နေသည်၊ ၎င်းတို့သည် တိကျသော စကားအသုံးအနှုန်းကို ဘယ်တော့မျှ မသုံးကြပေ။ တစ်စုံတစ်ဦးက “သူ ဘုရားသခင်ကို ယုံကြည်နေစဉ်အတွင်း ခေါင်းဆောင်အဖြစ် အမှုထမ်းခဲ့ဖူးသလား” ဟု မေးသည့်အခါ ၎င်းတို့က “သူ အမှုမထမ်းခဲ့ဖူးပုံရသည်၊ အကြောင်းမှာ သူပြောသည်ကို ကျွန်ုပ် မကြားဖူးသောကြောင့် ဖြစ်သည်” ဟု တုံ့ပြန်သည်။ သင်မြင်သလော၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ အလေးအနက်မထားကြပေ။ သင်က ၎င်းတို့ကို အသေးစိတ်မေးမြန်းလျှင် ၎င်းတို့သည် ခံစားချက်များနှင့် စိတ်ထင်မြင်ချက်များကိုသာ အားကိုးသည်။ ၎င်းတို့က “ကျွန်ုပ် ချက်ချင်းသွားမေးပြီး အတည်ပြုလိုက်ပါ့မည်” ဟု မပြောပေ။ ၎င်းတို့သည် ယင်းကို အလေးအနက် မထားကြပေ။ အရာရာတိုင်းတွင် ၎င်းတို့သည် “အကြမ်းဖျင်းမှန်သည်” သို့မဟုတ် “နီးစပ်ပါသည်” ဆိုလျှင် ကိစ္စမရှိဟု မှတ်ယူကြသည်။ အချို့လူများက “လူတစ်ယောက်က အဘယ်ကြောင့် ဤမျှ အသေးစိတ်ကျကျ နေထိုင်ရန် လိုအပ်ရမည်နည်း” ဟု ပြောကြသည်။ ဤစကားတွင် မှန်ကန်သည့် တစ်ဖက်တစ်ချက် ရှိသော်လည်း ဇာတိပကတိဆိုင်ရာ ဘဝနှင့်ပတ်သက်သည့် ကိစ္စရပ်များအတွက် သင်အနည်းငယ် အကြမ်းဖျင်းလုပ်နိုင်သော်လည်း အသင်းတော်အလုပ်နှင့် ပတ်သက်လာလျှင် သင်အကြမ်းဖျင်းလုပ်၍ မရပေ။ အလုပ်တွင် အကြမ်းဖျင်းလုပ်ခြင်းသည် ယင်း၏ရလဒ်များကို ထိခိုက်စေသည်။ မည်သည့်အလုပ်အစီအစဉ်တွင်မဆို ကောင်းမွန်သောရလဒ်များကို တိကျသော စီမံကိန်းချမှတ်ခြင်း၊ စီစဉ်မှုများ၊ နောက်ဆက်တွဲ လုပ်ဆောင်ခြင်းများ၊ ကြီးကြပ်ခြင်းနှင့် တိုက်တွန်းခြင်းတို့ကြောင့်သာ အစဉ်အမြဲ ရရှိခြင်းဖြစ်သည်။ တာဝန်များကို အကြမ်းဖျင်း၊ ဖြစ်ကတတ်ဆန်း ပုံစံဖြင့် လုပ်ဆောင်လျှင် မည်သည့်အလုပ်ကမျှ ရလဒ်များ ဖြစ်ထွန်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ပေါ့ဆခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုဖြစ်ပြီး ထိုသို့သော ပေါ့ဆသည့်လူများသည် အရေးကြီးသောအလုပ်ကို မစွမ်းဆောင်နိုင်ကြပေ၊ အထူးသဖြင့် ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို မစွမ်းဆောင်နိုင်ကြပေ။ မည်သည့်ကိစ္စပင်ဖြစ်စေ ထိုသို့သော လူများသည် အကြမ်းဖျင်း ပုံကြမ်းကိုသာ ကြားပြီးနောက် ၎င်းတို့နားလည်ပြီဟု ယူဆကြသည်။ ဥပမာအားဖြင့် အသင်းတော်များ တည်ထောင်ခြင်း အလုပ်တွင်၊ အသင်းတော်တစ်ခုကို မည်သို့တည်ထောင်ရမည်၊ အသင်းတော်တစ်ခု တည်ထောင်ရန် လူမည်မျှလိုအပ်သည်၊ အသင်းတော်မည်မျှက ခရိုင်တစ်ခုဖွဲ့စည်းသည်၊ ခရိုင်မည်မျှက တိုင်းတစ်ခုဖွဲ့စည်းသည်၊ ဤအရာအားလုံးအတွက် ဘုရားသခင်၏ အိမ်တော်၏ အလုပ်အစီအစဉ်များတွင် တိကျသော စည်းမျဉ်းများရှိပြီး အထူးအခြေအနေများအတွက်လည်း ထပ်လောင်းတိကျသော စည်းမျဉ်းများ ရှိသည်။ သို့သော်လည်း ပေါ့ဆသောလူများသည် ဤစည်းမျဉ်းများကို မရှာဖွေသကဲ့သို့ လေ့လာရန်လည်း မကြိုးစားဘဲ မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို သိသည်ဟု အခိုင်အမာ ပြောဆိုနေဆဲဖြစ်သည်။ အသေးစိတ်ကို ပြောပြရန် တောင်းဆိုသည့်အခါ ၎င်းတို့က “ဤသည်မှာ အသင်းတော်များ တည်ထောင်ခြင်းဖြစ်သည်။ လူအရေအတွက် တစ်ခုရလျှင် အသင်းတော်တစ်ခု တည်ထောင်လိုက်သည်” ဟု တုံ့ပြန်သည်။ သို့သော် “တိတိကျကျ မည်သို့တည်ထောင်ရမည်နည်း” ဟု မေးသည့်အခါ ၎င်းတို့မသိဘဲ အသေးစိတ်ကို မပြောပြနိုင်ပေ။ ၎င်းတို့သည် ခေါင်းဆောင်အသစ်ဖြစ်ပြီး အသင်းတော်တစ်ခုကို မည်သို့တည်ထောင်ရမည်ကို မသိသေးလျှင် နားလည်ပေးနိုင်သေးသည်။ ပြဿနာမှာ ၎င်းတို့မသိသော်လည်း ၎င်းနှင့်ပတ်သက်၍ အလေးအနက် မထားသကဲ့သို့ မလေ့လာ၊ မရှာဖွေခြင်းပင် ဖြစ်သည်။ ထိုသို့သော လူများသည် အသင်းတော်အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်လော။ (မလုပ်ဆောင်နိုင်ပါ။) ထိုသို့သော လူများအတွက် ငါတို့တွင် စကားနှစ်လုံးသာ ရှိသည်၊ “နုတ်ထွက်သွားလော့” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် ခေါင်းဆောင်ပိုင်းအလုပ်ကို မစွမ်းဆောင်နိုင်ကြပေ။ မည်သည့်အလုပ်မျှ လူများနှင့်ပတ်သက်သောအလုပ်ထက် ပို၍ မရှုပ်ထွေးပေ။ သင်သည် သတိရှိပြီး တာဝန်ယူတတ်သော စိတ်နှလုံး ကင်းမဲ့ကာ သင်၏အလုပ်သည် အကြမ်းဖျင်းဖြစ်ပြီး အသေးစိတ်ကျကျ မလုပ်ဆောင်လျှင် သင်၏ အစွမ်းအစ မည်မျှပင် ကောင်းမွန်စေကာမူ သင်သည် ထိုအခန်းကဏ္ဍအတွက် စွမ်းဆောင်နိုင်မည် မဟုတ်သေးပေ။ အလွန်ပေါ့ဆခြင်း၊ အရာရာကို အကြမ်းဖျင်းသာ လုပ်ဆောင်ခြင်း၊ ပုံကြမ်းကိုသာ အာရုံစိုက်ခြင်း၊ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်ခြင်းကိုသာ အာရုံစိုက်ခြင်း၊ အသေးစိတ်ကို အာရုံမစိုက်ခြင်း၊ အရာများကို အလေးအနက်ထားရန် မသိခြင်း၊ ဤအရာအားလုံးက သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို လုံးဝမစွမ်းဆောင်နိုင်ကြောင်း ဆိုလိုသည်။ နားလည်သဘောပေါက်ပြီလော။ (နားလည်သဘောပေါက်ပါပြီ။)

ပေါ့ဆခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင် အမှုအရာများကို လုပ်ဆောင်ရာတွင် သေသပ်ပြီး စေ့စပ်သေချာခြင်း၊ အဓိကကျသောအချက်များ၊ အချက်အချာကျသော အချက်များကိုလည်း သဘောပေါက်နိုင်ခြင်း၊ ပြဿနာများ မည်သည့်နေရာတွင် ရှိသည်ကို ခွဲခြားသိမြင်နိုင်ခြင်းနှင့် ပြဿနာများ၏ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ခြင်း ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) အမှုအရာများကို လုပ်ဆောင်ရာတွင် သေသပ်သောလူများ၏ သဘောထားသည် တော်တော်လေး မှန်ကန်သည်။ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ရာတွင် အတော်လေး သေသပ်ပြီး အလေးအနက်ထားသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ငြိမ်သက်စေနိုင်ပြီး စိတ်မလောတတ်၊ ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သည်။ လူ့သဘာဝ၏ ဤကောင်းကွက်ကို ပိုင်ဆိုင်သော လူတစ်ဦးသည် အချိန်ပြည့်အလုပ်ကို တာဝန်ယူနိုင်သော်လည်း ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ရာတွင် အလွန်နှေးကွေးပြီး ၎င်းတို့အလုပ်၏ လုပ်ငန်းစွမ်းဆောင်ရည်က မမြင့်မားပါက အကျိုးရလဒ်များမှာ သိပ်ပြီးကောင်းမည် မဟုတ်ပေ။ ဤသည်မှာ အဘယ်အရာနှင့် သက်ဆိုင်သနည်း။ ယင်းသည် ပင်ကိုအခြေအနေများထဲမှ တစ်ခုဖြစ်သည့် အစွမ်းအစနှင့် သက်ဆိုင်သည်။ သေသပ်သော မည်သူမဆို ကောင်းသောအလုပ်ကို မလွဲမသွေ လုပ်နိုင်သည်ဟု သင် ထင်သလော။ ဤအမြင်သည် မမှန်ကန်ပေ။ အချို့လူများသည် အမှုအရာများကို လုပ်ဆောင်ရာတွင် အနည်းငယ် အာရုံကြောအားနည်းသည့်အဆင့်အထိ အလွန်အမင်း သေသပ်ကြသည်။ ဥပမာအားဖြင့် ဟင်းသီးဟင်းရွက်များ ဆေးကြောသည့်အခါ အရွက်များ၏ အရှေ့ဘက်ခြမ်းကို ဆေးကြောပြီးနောက် အနောက်ဘက်ခြမ်းကို ဆေးကြောသည်၊ အဝါရောင်အရွက်တိုင်းကို ဖယ်ရှားသည်၊ ပိုးပေါက်တိုင်းကို ထွင်းထုတ်သည်၊ ဟင်းသီးဟင်းရွက်များကို လုံးဝ သန့်စင်သွားအောင် ဆေးကြောသည်ကို သေချာစေသည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် အလွန်သေသပ်ခြင်းသည် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သော်လည်း လူတစ်ဦးသည် စည်းမျဉ်းနှင့်မညီသည့်အဆင့်အထိ အလွန်အကျွံ သေသပ်ပြီး အလွန်အမင်း အသေးအဖွဲ ဖြစ်သောအရာများကို လုပ်ဆောင်ပါက ယင်းမှာ မလိုအပ်တော့ဘဲ လုပ်ငန်းစွမ်းဆောင်ရည် မရှိတော့ပေ။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစကို ညွှန်ပြပြီး အမှုအရာများကို မပြီးမြောက်နိုင်ခြင်းနှင့် အလုပ်ကို တာဝန်မခံနိုင်ခြင်း ဖြစ်သည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် သေသပ်သော အချို့လူများသည် စည်းမျဉ်းများကို သဘောပေါက်သည်၊ အဓိကကျသော အချက်များ၊ အချက်အချာကျသော အချက်များကို သဘောပေါက်သည်၊ လျင်မြန်ပြီး သွက်လက်ချက်ချာစွာ လှုပ်ရှားသည်၊ လျင်မြန်သော ဆုံးဖြတ်ချက်ချနိုင်ပြီး ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းနိုင်သည်၊ ဤသည်မှာ ကောင်းသော အစွမ်းအစရှိခြင်း ဖြစ်သည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် သေသပ်ခြင်းသည် အမှုအရာများကို လုပ်ဆောင်ရာတွင် ကျင်လည်မှု ရှိခြင်းနှင့် မညီမျှသကဲ့သို့ အမှုအရာများကို လုပ်ဆောင်ရာတွင် ကောင်းသော အကျိုးရလဒ်များ ရရှိခြင်းနှင့်လည်း မညီမျှပေ။ ယင်းမှာ စိတ်ရှည်စွာ အာရုံစိုက်နိုင်ခြင်း၊ တိတ်ဆိတ်ခြင်း၊ စိတ်မလောတတ်ခြင်း၊ မကြွားဝါခြင်းနှင့် မဆင်မခြင် မပြုမူခြင်းတို့ကိုသာ ဆိုလိုသည်။ အများဆုံးအားဖြင့် ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခုသာဖြစ်ပြီး ကောင်းသော အစွမ်းအစအဆင့်သို့ မရောက်ရှိပေ။ အချို့လူများသည် အမှုအရာများကို လုပ်ဆောင်ရာတွင် အတော်လေး သေသပ်ပြီး အတော်လေး တာဝန်သိပုံရကာ အလျင်လိုခြင်း သို့မဟုတ် ပျာယာခတ်ခြင်း မရှိဘဲ အတော်လေး တိတ်ဆိတ်ငြိမ်သက်ကြသည်။ သို့သော်လည်း ၎င်းတို့သည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ကျင်လည်ခြင်း မရှိဘဲ အရေးကြီးမှုနှင့် အရေးပေါ်လိုအပ်မှုအပေါ် အခြေခံ၍ အမှုအရာများကို ဦးစားမပေးနိုင်ကြပေ။ ၎င်းတို့သည် အရေးမပါသော အလုပ်အချို့ကို ဆွဲကိုင်ထားပြီး အဆုံးမရှိ လုပ်ဆောင်ကြရာ အခြားသူများကို စိုးရိမ်ပူပန်ပြီး ဒေါသထွက်စေကာ ၎င်းတို့ကို ကောင်းကောင်း ကန်ကျောက်ချင်စိတ် ပြင်းပြစွာ ဖြစ်ပေါ်စေသည်။ ၎င်းတို့သည် အလွန်နှေးကွေးစွာ အလုပ်လုပ်ကြပြီး ကျင်လည်မှု လုံးဝမရှိပေ၊ ၎င်းတို့သည် အသုံးမကျသူများသာ ဖြစ်သည်။ ပုံမှန် ရှင်သန်နိုင်စွမ်းရှိသော လူတစ်ဦးသည် ၎င်းတို့ထက် ဆယ်ဆ သို့မဟုတ် အဆနှစ်ဆယ် ပိုမြန်အောင် အလုပ်လုပ်သည်။ ၎င်းတို့သည် အမှုအရာများကို အလွန်နှေးကွေးစွာ လုပ်ဆောင်ကြပြီး မည်မျှပင် လုပ်ဆောင်ပါစေ နည်းလမ်းတစ်ခုကို မရှာတွေ့နိုင်၊ စည်းမျဉ်းများကို မရှာတွေ့နိုင်၊ ကျွမ်းကျင်မှုမရှိ၊ ကျင်လည်မှု ကင်းမဲ့ကြသည်။ တစ်နာရီကြာသင့်သော အလုပ်တစ်ခုသည် ၎င်းတို့အတွက် တစ်နေ့လုံး ကြာနိုင်သည်၊ တစ်နေ့ကြာသင့်သော အလုပ်တစ်ခုသည် ၎င်းတို့အတွက် ငါးရက် ကြာနိုင်ပြီး ငါးရက်ကြာသင့်သော အလုပ်တစ်ခုသည် ၎င်းတို့အတွက် ဆယ်ရက် ကြာနိုင်ရာ ၎င်းတို့ကို ကြည့်နေရင်း သင့်ကို ဒေါသထွက်ပြီး စိတ်တိုလာစေသည်။ အချို့သော အမျိုးသမီးများသည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် နှောင့်နှေးကြန့်ကြာကြသည်။ မကြာမီ တစ်စုံတစ်ခုကို ဆောင်ရွက်ရန် အပြင်ထွက်ရမည်ကို ကောင်းစွာသိလျက်နှင့် ၎င်းတို့သည် မရမက ခေါင်းလျှော်နေကြသေးသည်။ ခေါင်းလျှော်ရာတွင် ၎င်းတို့သည် နည်းလမ်းတစ်ခုကို မရှာတွေ့နိုင်ပေ။ ဆံပင်အားလုံးကို တစ်ကြိမ်တည်း လျှော်မည့်အစား တစ်ပင်ချင်းစီ လျှော်ကြပြီး နာရီဝက်ကြာသည့်တိုင် မပြီးသေးပေ။ ၎င်းတို့သည် ရူးနေကြသည် မဟုတ်လော။ ခေါင်းလျှော်ခြင်းကြောင့် ၎င်းတို့သည် လုပ်သင့်လုပ်ထိုက်သော ကိစ္စရပ်များကို နှောင့်နှေးစေတော့သည်။ ကိစ္စရပ်များက ပို၍ အရေးကြီးလေ ၎င်းတို့က အရေးတကြီး လုပ်ဆောင်ရမည်ဟု ခံစားရမှု နည်းလေဖြစ်ပြီး အရေးကြီးသောကိစ္စများကို စိုးရိမ်ပူပန်ခြင်း သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်ခြင်းမရှိဘဲ နှောင့်နှေးစေကာ ထိုအရေးမပါသော ကိစ္စရပ်များကို ကိုင်တွယ်ရန်ပင် အာရုံစိုက်ကြသည်။ သင်က ၎င်းတို့ကို တိုက်တွန်းပါက ၎င်းတို့တွင် ဆင်ခြေများ တစ်ပုံတစ်ပင်ပင် ရှိသေးသည်။ “ဤလုပ်သင့်လုပ်ထိုက်သော အရာများကို မပြီးမပြတ်ဘဲ ကျွန်ုပ် မည်သို့ဖြစ်၍များ ထားသွားနိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူများကို သင် မြင်သောအခါ သင့်စိတ်ထဲတွင် မည်သို့ထင်သနည်း။ သင်သည် ၎င်းတို့ကို အလွန် ကန်ကျောက်ချင်ပေလိမ့်မည်။ ထိုသို့သောလူများသည် ကန်ကျောက်ခြင်းကို ခံထိုက်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော လူများအတွက်မူ လုပ်စရာအလုပ်ရှိလျှင်ပင် ၎င်းတို့ကို လုပ်ခိုင်းရန် မလိုအပ်ပေ။ ၎င်းတို့သည် အလွန်နှေးကွေးစွာ အလုပ်လုပ်ပြီး အရည်အချင်း မဲ့လွန်းလှသည်။ သင်တို့သည် ခရုသွားနှုန်းဖြင့် အမှုအရာများကို လုပ်ဆောင်သော ထိုသို့သောလူများကို မြင်သောအခါ စိုးရိမ်ပူပန်မှု ခံစားရသလော။ (ခံစားရပါသည်။) ၎င်းတို့က “ကျွန်ုပ်သည် မိမိအလုပ်တွင် သေသပ်ပါသည်” ဟု ပြောကြသည်။ ငါက “သင်၏ သေသပ်ခြင်းက အဘယ်အသုံးဝင်သနည်း။ အခြားသူများသည် သင့်ထက် သေသပ်မှု များစွာမလျော့နည်းသော်လည်း ၎င်းတို့သည် သင့်ထက် အလုပ်ပိုလုပ်ပြီး ပိုကောင်းအောင် လုပ်ဆောင်ကြသည်။ သင်၏ သေသပ်ခြင်းသည် အကျိုးရလဒ်များကို ရရှိနိုင်သလော။ ဤသည်မှာ အဓိကအချက် ဖြစ်သည်။ သင်သည် အမှုအရာများကို လုပ်ဆောင်ရာတွင် သေသပ်ပြီး ကျင်လည်မှုနှင့် ကောင်းသော အကျိုးရလဒ်များကိုလည်း ရရှိပါက ထိုသေသပ်ခြင်းသည် တန်ဖိုးရှိသည်။ သို့သော် သင်သည် အမှုအရာများကို လုပ်ဆောင်ရာတွင် သေသပ်ရုံသာဖြစ်ပြီး အဆုံးတွင် အကျိုးရလဒ်များရော ကျင်လည်မှုပါ မရရှိပါက ယင်းမှာ အသုံးဝင်သလော။ အသုံးမဝင်ပေ” ဟု ပြောသည်။ အချို့လူများသည် အဝတ်အထည်များ ချုပ်လုပ်ရာတွင် အလွန်အမင်း သေသပ်ကြသော်လည်း အရွယ်အစားများကို မည်သည့်အခါမျှ မှန်အောင် မလုပ်နိုင်ကြပေ။ အဝတ်အစားများသည် ရည်ရွယ်ထားသော ဝတ်ဆင်သူနှင့် လိုက်ဖက်မှုရှိမရှိကို ၎င်းတို့ တိကျစွာ မဆုံးဖြတ်နိုင်၊ လက်များက အလွန်ရှည်သည် သို့မဟုတ် တိုသည်ကို ၎င်းတို့ မပြောနိုင်၊ သို့မဟုတ် အဝတ်အထည်များက အလွန်ကျပ်သည် သို့မဟုတ် ချောင်သည်ကို မပြောနိုင်၊ စံသတ်မှတ်ထားသော လက်အနားကွပ် အကျယ်ကို မသိ၊ ကော်လံက သင့်တော်မှုရှိမရှိကို မသိကြပေ။ ထိုသို့သောလူများ ချုပ်လုပ်သော အဝတ်အထည်များသည် စံမမီမည်မှာ သေချာသည်။ လူတစ်ဦးသည် သေသပ်ပြီး စည်းမျဉ်းနှင့်ညီပါက ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု အမှန်ပင် ဖြစ်သည်။ သို့သော် လူတစ်ဦးသည် သေသပ်ရုံသာဖြစ်ပြီး စည်းမျဉ်းများနှင့် မညီပါက အဓိကအချက်များကို သဘောမပေါက်နိုင်ဘဲ အသေးအဖွဲကိစ္စရပ်များအပေါ် အစဉ်သဖြင့် အကျယ်ချဲ့ကာ အကြောင်းမဲ့ တနုံ့နုံ့တွေးတောနေပါက ဤသည်မှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ ဖြစ်သည်။ “သေသပ်သော” ဟူသော စကားလုံးကို လူအများစုက ယေဘုယျအားဖြင့် အပြုသဘောဆောင်သော ဝေါဟာရတစ်ခုအဖြစ် မှတ်ယူကြသော်လည်း သေသပ်ခြင်း၏ ဖြစ်ရပ်အားလုံးသည် ကောင်းကွက်များ မဟုတ်ကြပေ။ ယင်းမှာ အခြေအနေအပေါ် မူတည်သည်။ အချို့လူများသည် မည်သည့်စည်းမျဉ်းမျှမရှိဘဲ ကြောင်းကျိုးမမြင်ဘဲ သေသပ်ကြသည်။ ဤသည်မှာ သေသပ်ခြင်းမဟုတ်ဘဲ အာရုံကြောအားနည်းပြီး အဓိကအချက်များကို သဘောမပေါက်နိုင်ခြင်း ဖြစ်သည်၊ ၎င်းသည် ညံ့ဖျင်းသော အစွမ်းအစကို ညွှန်ပြပြီး အမှုအရာများကို လုပ်ဆောင်ရန် ကျွမ်းကျင်မှု မရှာတွေ့နိုင်ခြင်းနှင့် စည်းမျဉ်းများကို သဘောမပေါက်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ငါ၏ အမြင်တွင်၊ သေသပ်ခြင်းသည် သရုပ်သကန်တစ်ခု သို့မဟုတ် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခုအနေဖြင့် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သော်လည်း သင်သည် ထိုလူ၏ အစွမ်းအစကိုလည်း ကြည့်ရှုရန် လိုအပ်သည်။ အစွမ်းအစကို ထည့်မစဉ်းစားပါက အမှုအရာများကို လုပ်ဆောင်ရာတွင် သေသပ်သော သဘောထား ရှိခြင်းသည် မည်သို့ပင်ဖြစ်စေ ကောင်းမွန်သည်။ လူတစ်ဦးသည် အစွမ်းအစနှင့် အမှုအရာများကို လုပ်ဆောင်ရာတွင် ကျင်လည်မှု နှစ်မျိုးလုံးရှိပြီး စည်းမျဉ်းများကို လိုက်နာနိုင်သည့်အပြင် သေသပ်ပါက ဤသေသပ်ခြင်းသည် ကောင်းသည်ထက် ပို၍ ကောင်းခြင်း အမှန်ဖြစ်ပြီး လူ့သဘာဝ၏ ကောင်းကွက်တစ်ခု အမှန်တကယ် ဖြစ်ပေသည်။

ကြွားဝါခြင်းကို နှစ်သက်ခြင်းဟူသည့် နောက်ထပ် သရုပ်သကန်တစ်ခုအကြောင်းကို ငါတို့ ပြောကြစို့။ ဤသည်မှာ မည်သည့် ပြဿနာအမျိုးအစားအောက်တွင် ကျရောက်သနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ပါသည်။) ဥပမာအားဖြင့် အချို့လူများသည် စာရိုက်ရာတွင် အလွန်မြန်သည်။ ၎င်းတို့တွင် ဤအားသာချက်ရှိကြောင်း အခြားသူများကို သိစေရန်အလို့ငှာ “ငါ စာရိုက်သည့် စည်းချက်ကို နားထောင်လိုက်ပါ၊ ပြီးလျှင် ငါ စာရိုက်သည်မှာ မည်မျှ မြန်သည်ကို သင်သိရလိမ့်မည်” ဟု ပြောဘိသကဲ့သို့ ကီးဘုတ်ကို အလွန်ကျယ်လောင်စွာ တမင်တကာ ရိုက်ကြသည်။ အချို့လူများသည် တက္ကသိုလ်ဘွဲ့ရများ ဖြစ်ကြသဖြင့် ၎င်းတို့သည် “ကျွန်ုပ်တို့ တက္ကသိုလ်တက်စဉ်က”၊ “ကျွန်ုပ်တို့၏ တက္ကသိုလ်ပါမောက္ခများ”၊ “ကျွန်ုပ်တို့၏ တက္ကသိုလ်နယ်မြေ” စသည်ဖြင့် ပြောလေ့ရှိကြသည်။ ဤသည်မှာ မည်သည့် သရုပ်သကန်အမျိုးအစား ဖြစ်သနည်း။ (ကြွားဝါခြင်း ဖြစ်ပါသည်။) ဤသည်ကို ကြွားဝါခြင်းဟု ခေါ်သည်။ အချို့လူများသည် ကားအသစ်တစ်စီး ဝယ်ကြပြီး ယင်းမှာ အဆင့်မြင့် နာမည်ကြီးအမှတ်တံဆိပ်ဖြစ်ကြောင်း အခြားသူများ မသိမည်ကို စိုးရိမ်ကြသည်။ ကားထဲမှ ထွက်ပြီးနောက် ၎င်းတို့သည် ထွက်သွားရမည့်အစား တစ်ခဏတွင် ပြတင်းပေါက်များ၌ လက်ဗွေရာများ ရှိမရှိ ကြည့်လိုက်၊ နောက်တစ်ခဏတွင် ဆေးသားပေါ်၌ ခြစ်ရာများ ရှိမရှိ စစ်ဆေးလိုက်နှင့် ရှိနေကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ကားနားတွင် ဆက်၍ နေနေကြသနည်း။ ကားသည် ၎င်းတို့၏ကားဖြစ်ကြောင်း အခြားသူများကို သိစေရန်အတွက်သာ ဖြစ်သည်။ ဤသည်မှာ မည်သည့် သရုပ်သကန်အမျိုးအစား ဖြစ်သနည်း။ (ကြွားဝါခြင်း ဖြစ်ပါသည်။) အချို့လူများတွင် အဆင့်မြင့်ဖုန်းတစ်လုံး ရှိသည်။ အခြားသူများကို မြင်စေရန် ဖုန်းမှာ ဘက်ထရီကုန်နေသည့်တိုင် ဖုန်းပြောနေသယောင် ဟန်ဆောင်ကြသေးသည်။ ဤသည်ကို အဘယ်အရာဟု ခေါ်သနည်း။ (ကြွားဝါခြင်း ဖြစ်ပါသည်။) အဘယ်ကြောင့် ၎င်းတို့ ကြွားဝါကြသနည်း။ ဤနေရာတွင် အချည်းနှီးသောဝင့်ဝါမှုက ပါဝင်နေသည် မဟုတ်လော။ အချို့လူများသည် မြွေပါသားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ကြပြီး အလွန်နွေးထွေးသော အခန်းထဲသို့ ဝင်ပြီးသည့်တိုင် ယင်းကို မချွတ်ကြပေ။ တစ်စုံတစ်ယောက်က ၎င်းတို့ကို “သင် မပူဘူးလား” ဟု မေးသောအခါ ၎င်းတို့က “မပူပါဘူး။ ကျွန်ုပ်က မြွေပါသားမွေး ဝတ်ထားခြင်းဖြစ်သည်၊ ယင်းက အလွန်ပင် နွေးသည်” ဟု ပြန်ဖြေကြသည်။ အခြားသူများသည် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မသိဟု ၎င်းတို့က ယူဆကြသည်။ ယင်းကို ချွတ်သည့်အခါ လူအများရှေ့တွင် ပွဲထုတ်ပြလျက် အမှတ်တံဆိပ်ကို ပြောင်ပြောင်တင်းတင်း ပြသရန် သေချာအောင် လုပ်ကြသည်။ “ဤကုတ်အင်္ကျီသည် မြွေပါအမွေးဖြစ်သည်သာမက နာမည်ကြီး အဆင့်မြင့် ဒီဇိုင်နာတံဆိပ်ဖြစ်သည့် တံဆိပ်လည်း ဖြစ်ပေသည်။ သင်သည် ဤအရာကိုပင် မသိပါတကား” ဟူ၍ ဖြစ်သည်။ အခြားသူများက မသိလျှင် သင်သည် အဘယ်အရာကိုပင် ကြွားဝါနေသေးသနည်း။ ယင်းမှာ အလကားသက်သက် ကြွားဝါနေခြင်း မဟုတ်လော။ အချို့လူများသည် ငါ့ထံတွင်ပင် မိမိတို့ကိုယ်ကို ပွဲထုတ်ပြကြကာ “သင်က ဘဲမွေးဂျာကင် ဝတ်ထားသလား။ မြွေပါမွေးကုတ်အင်္ကျီ သင် ဝတ်သင့်သည်၊ ယင်းက အလွန်ပင် နွေးသည်” ဟု ပြောကြသည်။ ငါက “နွေးပါသည်၊ သို့သော် ထိုကုတ်အင်္ကျီက အလွန်လေးသည်” ဟု ပြောသည်။ ၎င်းတို့သည် မြွေပါသားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ပြီး ငါ့ရှေ့တွင်ပင် မိမိတို့ကိုယ်ကို ပွဲထုတ်ပြကြသည်။ ငါ့ကို ပြောလော့၊ ကြွားဝါခြင်းကို နှစ်သက်သော ထိုသို့သောလူများသည် အပေါ်ယံဆန်ကြသည် မဟုတ်လော။ ၎င်းတို့၏ လူ့သဘာဝအရ ၎င်းတို့တွင် ပြဿနာနှစ်ခု ရှိသည်။ တစ်ခုမှာ ၎င်းတို့သည် အထူးသဖြင့် အပေါ်ယံဆန်ကြခြင်း ဖြစ်သည်။ ၎င်းတို့ စားသောအစားအစာ၊ ဝတ်သော အဝတ်အထည်နှင့် သုံးသော ပစ္စည်းများကဲ့သို့သော အပြင်ပန်း ဥစ္စာပိုင်ဆိုင်မှုများ၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် ထိုအရာအားလုံးကို ပွဲထုတ်ပြလိုကြသည်။ ၎င်းတို့သည် ကြွားဝါလိုသော ဆန္ဒကို မချုပ်တည်းနိုင်ဘဲ ဤအရာများကို အခြားသူများအား အစဉ်သဖြင့် ပြသလိုကြကာ ၎င်းတို့ ဝတ်ဆင်သောအဝတ်အစားများနှင့် သုံးစွဲသော အရာများအားလုံးသည် အဆင့်မြင့်ပြီး ထူးခြားကြောင်း အခြားသူများကို သိစေသည်။ အခြားသူများ သိလျှင်ကော မည်သည့်အရာ ဖြစ်သနည်း။ အခြားသူများက မြင်ပြီး ၎င်းတို့ကို အထင်မကြီးလျှင်ပင် ၎င်းတို့သည် ယင်းကို ပွဲထုတ်ပြနေဆဲ ဖြစ်သည်။ ဤသည်မှာ အပေါ်ယံဆန်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အပေါ်ယံဆန်ပြီး ကလေးဆန်ကြသည်၊ ဤသည်မှာ ကြွားဝါခြင်းကို နှစ်သက်သောလူများနှင့်ဆိုင်သော နောက်ထပ် ပြဿနာတစ်ရပ် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ထိုသို့ ကြွားဝါခြင်းမှ ၎င်းတို့ အဘယ်အရာ ရနိုင်သနည်း။ ၎င်းတို့၏ တည်ရှိမှုကို ခံစားရစေရန်အတွက်မျှသာလော။ ဤသည်မှာ လိုအပ်သလော။ ယင်းမှာ မလိုလားအပ်သော အရာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၁၉၈၀ ဝန်းကျင်နှင့် ၁၉၉၀ ဝန်းကျင်တွင် တစ်စုံတစ်ယောက်၏ သားရေဖိနပ်အောက်ခံများသည် မညီမညာ ပွန်းသွားပါက ၎င်းတို့သည် သံပြားများကို ရိုက်ကပ်ကြရာ လမ်းလျှောက်သည့်အခါ ကျယ်လောင်သောအသံ ထွက်ပေါ်စေသည်။ အချို့လူများသည် သားရေဖိနပ်တစ်ရန် ပိုင်ဆိုင်ကြောင်း အခြားသူများကို သိစေရန်အလို့ငှာ အသစ်စက်စက် သားရေဖိနပ်များပေါ်တွင်ပင် မစီးမီ သံပြားများကို ရိုက်ကပ်ခဲ့ကြရသည်။ ဤသည်က ၎င်းတို့ကို ယုံကြည်မှုပေးပြီး ပျော်ရွှင်မှု ခံစားချက်ကို ဖြစ်စေခဲ့သည်။ ၎င်းတို့က “အခြားသူများ၏ အလေးထားခြင်းကို ခံရခြင်းသည် ကောင်းသောအရာ ဖြစ်၏။ ယင်းက ကျွန်ုပ်၌ စန်းရှိကြောင်းနှင့် ကျွန်ုပ်၏ တည်ရှိမှုသည် အသိအမှတ်ပြုခံရကြောင်းကို သက်သေပြ၏။ ထို့ကြောင့် ကျွန်ုပ်သည် မိမိ၏ ကျွမ်းကျင်မှုများ၊ အားသာချက်များနှင့် မိမိပိုင်ဆိုင်သော ကောင်းသောအရာများကို လူအများအား အသိပေးရပေမည်” ဟု ယုံကြည်ခဲ့ကြသည်။ ဤသည်မှာ အမှန်တကယ် အသိပေးခြင်းလော။ ဤသည်ကို ကြွားဝါခြင်းဟု ခေါ်သည်။ ဤလောကတွင် ကြွားဝါခြင်းကို နှစ်သက်သော လူအတော်များများ ရှိသည်မဟုတ်လော။ (ရှိပါသည်။) လူအားလုံးက ဤသည်မှာ အတော်လေး ပုံမှန်ဖြစ်သည်ဟု ထင်ကြသည် မဟုတ်လော။ မည်သူမျှ ထိုသို့သောလူများကို မထီမဲ့မြင်မပြုသကဲ့သို့ မည်သူမျှ ၎င်းတို့ကို ထူးဆန်းသောအကြည့်ဖြင့် မကြည့်ကြပေ။ အဘယ်ကြောင့်ဆိုသော် လောကသည် ရုပ်ဝတ္ထုနှင့် ငွေကြေးဆိုင်ရာ သာယာမှုအမျိုးမျိုးနှင့် အဆင့်အတန်း၏ သာယာမှုများတွင် စွဲလမ်းနေသော ထိုသို့သောလူများဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤလောကသည် ဤအရာများကို ဂုဏ်တင်ချီးမြှောက်သည်။ ဘုရားသခင်၏ အိမ်တော်တွင်မူ ထိုသို့သောလူများသည် အခြားသူများကို စက်ဆုပ်ရွံရှာပြီး မထီမဲ့မြင်ပြုခြင်းကို ခံစားရစေသည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် အခြေခံအုတ်မြစ်ချသည့် အစမှစ၍ သမ္မာတရားနှင့် လူဖြစ်ခြင်း၏ တန်ဖိုးနှင့် အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာသည်အထိ ရုပ်ဝတ္ထုဆိုင်ရာ သာယာမှုများနှင့် လောက၏ အပေါ်ယံအရာအချို့ကို အလေးထားမှု နည်းလာကြသည်။ အပြင်ပန်း ဥစ္စာပိုင်ဆိုင်မှုများကို လိုက်စားရန် ၎င်းတို့၏ အတွင်းစိတ်တွန်းအားသည် လျော့နည်းလာသည်၊ ၎င်းတို့၏ လိုက်စားမှု၏ ပန်းတိုင်များနှင့် ဦးတည်ရာသည် ပြောင်းလဲသွားပြီး ၎င်းတို့၏ အတွင်းစိတ်လောက၏ လိုအပ်ချက်များသည် ကွဲပြားသွားသည်။ ၎င်းတို့သည် ရုပ်ဝတ္ထုဆိုင်ရာ လိုအပ်ချက်များအပေါ် ကွဲပြားသော ရှုထောင့်တစ်ခုကို ဖြစ်ပေါ်လာပြီး ထိုသို့သောအရာများ အားလုံးသည် အချည်းနှီးဖြစ်ကာ ၎င်းတို့၏ စိတ်နှလုံး၏ လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ကြောင်း ခံစားရသည်။ ထို့ကြောင့် အရာအမျိုးမျိုးကို ကြွားဝါပြီး ဂုဏ်ဖော်လိုသော ၎င်းတို့၏ သဘောထားသည် လျော့ပါးသွားသည်။ ဘုရားသခင်ကို ယုံကြည်သူများ အများဆုံး ကြွားဝါ သို့မဟုတ် ဂုဏ်ဖော်နိုင်သည့် အရာအချို့မှာ အဘယ်အရာများနည်း။ ၎င်းတို့သည် မိမိတို့၏ ကျွမ်းကျင်မှုများ သို့မဟုတ် အားသာချက်များကဲ့သို့သော အရာများကို ဂုဏ်ဖော်ကောင်း ဖော်နိုင်ပေမည်။ ဥပမာအားဖြင့် သီချင်းဆိုခြင်းကို နှစ်သက်သော အချို့လူများသည် အခြားသူများ မိမိတို့၏ အသံကို ကြားစေလိုကြသည်။ ၎င်းတို့က “ကျွန်ုပ်၏ အသံ မည်မျှကောင်းသည်ကို နားထောင်ကြည့်ပါ” ဟု ပြောကြသည်။ အခြားသူများက ၎င်းတို့ သီချင်း ကောင်းကောင်းဆိုတတ်ကြောင်း မသိမည်ကို ၎င်းတို့ စိုးရိမ်ကြပြီး ဤကိစ္စနှင့်ပတ်သက်၍ မိမိတို့ကိုယ်ကို အဆက်မပြတ် ကြွားဝါလိုကြသည်။ အနှစ်ချုပ်အားဖြင့် ကြွားဝါခြင်းကို နှစ်သက်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ယင်းသည် လူ့သဘာဝတွင် မရင့်ကျက်ခြင်း၊ ကလေးဆန်ခြင်းနှင့် အပေါ်ယံဆန်ခြင်းတို့၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ လူတို့သည် အချို့သော စကားလုံးများနှင့် အယူဝါဒများကိုသာ နားလည်ပြီး သမ္မာတရားကို အမှန်တကယ် မရရှိသေးသည့်အခါ သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်သေးသည့်အခါ ၎င်းတို့သည် ကြွားဝါခြင်းကို နှစ်သက်သည့် အပြစ်အနာအဆာကို ပြသရန် အလွန်အလားအလာရှိပြီး လူ့သဘာဝ၏ ဤချို့ယွင်းချက်ကို ကျော်လွှားရန် မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် သမ္မာတရားကို မရရှိမီတွင် ၎င်းတို့ ကြွားဝါပြီး ဂုဏ်ဖော်နိုင်သည့် အရာများသည် အသက်ရှင်နေထိုင်ရန်အတွက် ၎င်းတို့၏ အရင်းအနှီးနှင့် အားအင် ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး အမှုအရာများကို လုပ်ဆောင်ရာတွင် စေ့ဆော်မှုရှိခြင်းမှာ အသက်ရှင်နေထိုင်ရန် ရုပ်ရည်၊ အမူအရာ၊ အားသာချက်များ၊ ပညာအရည်အချင်းအဆင့်၊ အရည်အချင်းများ သို့မဟုတ် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကဲ့သို့သော အရာများအပေါ် မှီခိုနေသောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် အတိုင်းအတာအမျိုးမျိုးဖြင့် ကြွားဝါခြင်းကို နှစ်သက်သည့် အပြစ်အနာအဆာကို ပြသကြပြီး ယင်းကို ကျော်လွှားရန် မလွယ်ကူ၊ စွန့်လွှတ်ရန် မလွယ်ကူပေ။ လူတို့သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်သည့်အခါ အတိုင်းအတာတစ်ခုအထိ ဝိညာဉ်ရင့်ကျက်မှုရှိပြီး သမ္မာတရားနှင့် မသက်ဆိုင်သောအရာများကို အလေးထားမှု နည်းလာသည့်အခါ ၎င်းတို့သည် ကြွားဝါရန် သို့မဟုတ် ဂုဏ်ဖော်ရန် မလိုအပ်ကြောင်းနှင့် ဤအရာများသည် လူတစ်ဦးတွင် လူ့သဘာဝရှိကြောင်း ကိုယ်စားမပြုသကဲ့သို့ လူတစ်ဦးတွင် ဝိညာဉ်ရင့်ကျက်မှု ရှိကြောင်းလည်း ကိုယ်စားမပြုကြောင်းကို သိမြင်လာကြသည်၊ ပြီးလျှင် ထို့ထက်မက ၎င်းတို့သည် လူတစ်ဦး ကယ်တင်ခြင်းခံရပြီးဖြစ်ကြောင်း သို့မဟုတ် သမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြောင်းကို ကိုယ်စားမပြုသည်မှာ သေချာသည်။ ထို့ကြောင့် ယခင်က ကြွားဝါခြင်းကို နှစ်သက်ခဲ့သော အချို့လူများအတွက်မူ ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ဤဆန္ဒသည် တဖြည်းဖြည်း လျော့ပါးသွားပြီး လူ့သဘာဝ၏ ဤချို့ယွင်းချက်သည် မသိလိုက်ဘဲ အောင်မြင်ကျော်လွှားခံရကာ ပျောက်ကွယ်သွားသည်။ ဥပမာအားဖြင့် အနည်းငယ် ဈေးကြီးသော တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားသူတစ်ဦးကို ကြည့်ပါ။ မတော်တဆ အနည်းငယ် ညစ်ပတ်သွားသောအခါ ၎င်းတို့သည် အလွန် စိုးရိမ်ပူပန်သွားကြသည်။ အခြားတစ်စုံတစ်ယောက်က ၎င်းတို့ကို “အဘယ်ကြောင့် ထိုမျှ စိုးရိမ်ကြောင့်ကြနေရသနည်း။ လျှော်လိုက်လျှင် အဆင်ပြေသွားမည် မဟုတ်လား” ဟု ပြောသည်။ ၎င်းတို့က “ဤအင်္ကျီ ယွမ် ၂၀၀ တန်သည်ကို သင်သိသလား” ဟု ပြန်ဖြေသည်။ ၎င်းတို့သည် အခြားသူများကို သိစေရန် ဈေးနှုန်းကို မရမက ထုတ်ပြောကြသည်၊ ထိုအခါမှသာ ၎င်းတို့ ကျေနပ်မှု ခံစားရသည်။ ထိုလူသည် သမ္မာတရားကို နားလည်ပါက ထပ်မံကြုံတွေ့ရသည့်အခါ ထိုသို့သောကိစ္စရပ်များကို မှန်ကန်စွာ ချဉ်းကပ်နိုင်သည်။ ၎င်းတို့သည် ဈေးနှုန်းကို ဖော်ပြမည်မဟုတ်ဘဲ ဤအချိန်တွင် ၎င်းတို့၏ အချည်းနှီးသောဝင့်ဝါမှုသည် အတိုင်းအတာတစ်ခုအထိ ချုပ်တည်းခြင်းခံရလိမ့်မည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝသည် နှိုင်းယှဉ်လျှင် ရင့်ကျက်လာပြီး ယခင်ကဲ့သို့ အပေါ်ယံဆန်ခြင်း သို့မဟုတ် ကလေးဆန်ခြင်း မရှိတော့ကြောင်းကို ပြသသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ကြွားဝါခြင်းကို နှစ်သက်မှု၊ ၎င်းတို့ လူ့သဘာဝ၏ ဤချို့ယွင်းချက်သည် ဤသို့ဖြင့် အောင်မြင်ကျော်လွှားခြင်းခံရလိမ့်မည်။

နောက်ထပ် သရုပ်သကန်တစ်ခုမှာ ဆင်းရဲသူကို မထီမဲ့မြင်ပြု၍ ချမ်းသာသူကို မျက်နှာသာပေးခြင်း ဖြစ်သည်။ အချို့လူများသည် ချမ်းသာသောသူတစ်ဦးကို မြင်သောအခါ ချက်ချင်း မျက်နှာချိုသွေးကြပြီး “သင်၏ အသားအရေက ကောင်းလှပေသည်။ သင်သည် ကြည့်ကောင်းသည်။ သင်သည် အလွန် မြင့်မြတ်သည်။ သင်၏ တံတွေးသည်ပင် ကျွန်ုပ်တို့ ဆင်းရဲသားများထက် ပို၍ တန်ဖိုးရှိလေသည်” ကဲ့သို့သော အရာများကို ပြောကြသည်။ ချမ်းသာသောလူများနှင့် ရာထူးအဆင့်အတန်းရှိသူများကို စကားပြောသည့်အခါ ၎င်းတို့သည် အထူးသဖြင့် နူးညံ့ကြသည်။ သို့သော် လယ်သမားတစ်ဦးကို မြင်သောအခါ ၎င်းတို့သည် အစဉ်သဖြင့် နောက်ပြောင်ချင်ကြပြီး ၎င်းတို့၏ စကားများသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိုသူတို့ကို နှိမ့်ချသည်။ ၎င်းတို့သည် ဆင်းရဲသားများနှင့် ချမ်းသာသူများအပေါ် လုံးဝ ကွဲပြားသော သဘောထားများ ရှိကြသည်။ ၎င်းတို့သည် ချမ်းသာသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလိုကြပြီး ၎င်းတို့၏ ကျွန်များ ဖြစ်လိုသည့်အဆင့်အထိပင် ဆန္ဒရှိကြသည်။ သို့သော် ဆင်းရဲသားများနှင့်မူ တစ်မျိုးတစ်ဖုံ ဖြစ်သည်၊ ဆင်းရဲသားများ အခက်အခဲများနှင့် ရင်ဆိုင်ရပြီး အကူအညီတောင်းသောအခါ ၎င်းတို့သည် လျစ်လျူရှုကြသည်။ ရာထူးနိမ့်ကျပြီး လူမှုအဆင့်အတန်း နိမ့်ကျသော လူများကို ၎င်းတို့၏ ဆက်ဆံပုံသည် လူမှုအဆင့်အတန်းမြင့်မားသူများကို ဆက်ဆံပုံနှင့် လုံးဝ ကွဲပြားသည်။ ဤသည်မှာ ဆင်းရဲသားကို မထီမဲ့မြင်ပြု၍ ချမ်းသာသူကို မျက်နှာသာပေးခြင်း ဖြစ်သည်။ ဤသည်မှာ မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ၎င်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုလော။ ဤသည်မှာ လူ့သဘာဝအတွင်းရှိ မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ (အကျင့်စာရိတ္တ နိမ့်ကျခြင်း ဖြစ်ပါသည်။) ၎င်းသည် လူ့သဘာဝအတွင်းရှိ အကျင့်စာရိတ္တဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည့် စရိုက်နိမ့်ကျခြင်း ဖြစ်သည်။ ၎င်းတို့သည် ချမ်းသာသောလူများကို မြင်သောအခါ အလွန်အကျွံ ကျွန်ဆန်သောပုံစံဖြင့် ပြုမူလျက် လက်အောက်ငယ်သားများ ဖြစ်သွားကြသည်။ ဆင်းရဲသောလူများကို မြင်သောအခါ ၎င်းတို့သည် သခင်ကဲ့သို့ ပြုမူချင်ကြသည်။ ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ လူများကို ဤနည်းဖြင့် ဆက်ဆံခြင်းသည် ၎င်းတို့တွင် စည်းမျဉ်းများမရှိကြောင်း ပြသသည်။ ဆင်းရဲသောလူများသည် ငွေအနည်းငယ် နည်းပါးပြီး အနည်းငယ် ပိုဆိုးသော နေထိုင်မှုအခြေအနေများ ရှိရုံသာဖြစ်သည်။ ၎င်းတို့သည် သင့်ကို မည်သို့ ပြစ်မှားခဲ့သနည်း။ ဆင်းရဲသောလူများသည် မလွဲမသွေ ဆိုးယုတ်သော လူ့သဘာဝ ရှိကြသလော။ ချမ်းသာသောလူများသည် မလွဲမသွေ ကောင်းသော လူ့သဘာဝ ရှိကြသလော။ ဆင်းရဲသားကို မထီမဲ့မြင်ပြု၍ ချမ်းသာသူကို မျက်နှာသာပေးသော လူများသည် အခြားသူများကို သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံ၍ တိုင်းတာပြီး ရှုမြင်ကြသလော။ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ ငွေရှိသော မည်သူမဆိုသည် မြင့်မြတ်ပြီး ကြီးမြတ်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး ဆင်းရဲသော မည်သူမဆိုသည် နိမ့်ကျပြီး ယုတ်ညံ့သည်ဟု ယုံကြည်ကြသည်။ လူများကို တိုင်းတာရန် ၎င်းတို့၏ စံနှုန်းမှာ ငွေ ဖြစ်သည်။ ထိုသို့သောလူများသည် လူကောင်းများလော။ ၎င်းတို့၏ လူ့သဘာဝသည် မည်သို့ရှိသနည်း။ (၎င်းတို့၏ လူ့သဘာဝသည် မကောင်းပါ။) ချမ်းသာသောသူတစ်ဦးကို မြင်သောအခါ ၎င်းတို့သည် ဖားယားသော အပြုံးကို ပြုံးကြသည်၊ ဆင်းရဲသောသူတစ်ဦးကို မြင်သောအခါ ၎င်းတို့၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်၊ ၎င်းတို့၏ မျက်နှာသည် အပြောင်းအလဲမြန်လိုက်သည်ဖြစ်ခြင်း။ ၎င်းတို့သည် ချမ်းသာသောသူတစ်ဦးအတွက် ဆီးခွက်ကိုပင် သယ်ပေးလိုကြသော်လည်း ဆင်းရဲသောသူတစ်ဦးအတွက် ရေတစ်ခွက်ပင် ငှဲ့ပေးလိုခြင်း မရှိကြပေ။ ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ ၎င်းတို့သည် အကျင့်စာရိတ္တ နိမ့်ကျကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောလူများ ခေါင်းဆောင်ဖြစ်ရန် ကောင်းပါသလော။ (မကောင်းပါ။) အဘယ်ကြောင့် မကောင်းသနည်း။ မည်သည့်နည်းလမ်းများဖြင့် ၎င်းတို့သည် ခေါင်းဆောင်များ၏ အခန်းကဏ္ဍအတွက် မသင့်တော်ကြသနည်း။ (၎င်းတို့သည် လူများကို ဆက်ဆံပုံ၌ စည်းမျဉ်းများမရှိဘဲ ၎င်းတို့၏ လူရွေးချယ်ခြင်းနှင့် အသုံးပြုခြင်းသည် သမ္မာတရား စည်းမျဉ်းများအပေါ် အခြေမခံဘဲ တစ်စုံတစ်ဦးတွင် လူမှုအဆင့်အတန်းနှင့် ငွေကြေးရှိမရှိအပေါ်၌သာ အခြေခံပါသည်။ ၎င်းတို့ ခေါင်းဆောင်များ ဖြစ်လာပါက ရာထူးအဆင့်အတန်းနှင့် ငွေကြေးရှိသူများကို ရာထူးတိုးပေးမည် ဖြစ်သည်။ ရာထူးတိုးမြှင့်ခံရသော ဤလူများသည် ဆိုးယုတ်သောလူများ ဖြစ်ပါက အသင်းတော်တွင် ဆိုးယုတ်သောလူများက အာဏာရရှိမည်ဖြစ်ပြီး ယင်းမှာ ဘေးအန္တရာယ်တစ်ခု ဖြစ်လိမ့်မည်။) ထိုသို့သောလူများသည် ခေါင်းဆောင်များဖြစ်ရန် မသင့်တော်ပေ။ တစ်ချက်အနေနှင့် ၎င်းတို့သည် အကျင့်စာရိတ္တ နိမ့်ကျကြပြီး ၎င်းတို့လုပ်ဆောင်သည့်အရာတွင် အသိစိတ်၏ စံနှုန်း မရှိကြပေ။ နောက်တစ်ချက်အနေနှင့် ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် ခန့်အပ်ပါက ၎င်းတို့သည် အသင်းတော်ကို လူ့အဖွဲ့အစည်းကဲ့သို့ အရာတစ်ခုအဖြစ် ပြောင်းလဲပစ်မည်။ ၎င်းတို့ ဦးဆောင်သော အသင်းတော်သည် လူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်လာပေမည်။ ၎င်းတို့သည် ချမ်းသာပြီး သြဇာလွှမ်းမိုးမှုရှိသော၊ ရာထူးအဆင့်အတန်းနှင့် အဆက်အသွယ်များရှိသော၊ လူ့အဖွဲ့အစည်းတွင် ကြီးပွားတိုးတက်သောသူများကို အဖွဲ့ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများအဖြစ် ရာထူးတိုးပေးမည်ဖြစ်ပြီး လူ့သဘာဝကောင်းရှိသော၊ အစွမ်းအစရှိသော၊ သမ္မာတရားကို လိုက်စားသော်လည်း လူမှုအဆင့်အတန်းနိမ့်ကျသော လယ်သမားများ၊ ဆင်းရဲသားများနှင့် ပညာအရည်အချင်းနိမ့်ကျပြီး နားဝင်ချိုဖွယ်စကားများ ပြောဆိုရာတွင် မတော်သောသူများကိုမူ ခြေထောက်အောက်တွင် နင်းခြေကြလိမ့်မည်။ ဤသည်မှာ အသင်းတော်ကို လူ့အဖွဲ့အစည်းနှင့် ထပ်တူကျသွားစေမည် မဟုတ်လော။ အဘယ် ကွာခြားချက် ရှိမည်နည်း။ လူ့အဖွဲ့အစည်းတွင် ချမ်းသာပြီး ရာထူးအဆင့်အတန်းရှိသူများက အာဏာရကြသည် မဟုတ်လော။ ရာထူး၊ အဆက်အသွယ်၊ အာဏာနှင့် သြဇာလွှမ်းမိုးမှုရှိသူများက လူ့အဖွဲ့အစည်းရှိ အလွှာပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံတွင် ရာထူးရယူပြီး ထင်ပေါ်ကျော်ကြားကြသည် မဟုတ်လော။ အကယ်၍ ဘုရားသခင်၏ အိမ်တော်သည် လူ့အဖွဲ့အစည်းကဲ့သို့ ဖြစ်ခဲ့ပါက ယင်းသည် ဘုရားသခင်၏ အိမ်တော် ဖြစ်နေဦးမည်လော။ ယင်းသည် ဘုရားသခင်၏ အိမ်တော် ဖြစ်တော့မည်မဟုတ်ဘဲ အသင်းတော်ဟု ခေါ်ဆိုနိုင်မည် မဟုတ်ပေ။ ယင်းသည် လူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပေမည်။ ဆင်းရဲသားကို မထီမဲ့မြင်ပြု၍ ချမ်းသာသူကို မျက်နှာသာပေးသောလူများ ခေါင်းဆောင်များ ဖြစ်လာခြင်း၏ အကျိုးဆက်မှာ ဤသည်ပင် ဖြစ်သည်။ ထိုသို့သောလူများသည် ရာထူးအဆင့်အတန်းရှိသော မည်သူ့ကိုမဆို၏ ခိုင်းဖတ်များ ဖြစ်လာကြသည်။ ငါ့ကို ပြောလော့၊ ခိုင်းဖတ်များအဖြစ် ပြုမူသောလူများတွင် စည်းမျဉ်းတစ်ခုခု ရှိသလော။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်း၌ အခြေခံစည်းမျဉ်းများ ရှိသလော။ (မရှိပါ။) ထိုသို့သောလူများသည် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်း၌ စည်းမျဉ်းများ သို့မဟုတ် အခြေခံစည်းမျဉ်းများ မရှိကြပေ။ အန္တရာယ်ရှိသော ပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် ယုဒဖြစ်သွားနိုင်သည်။ ၎င်းတို့၏ တိုင်းပြည် ကျဆုံးမည်ဆိုပါက ၎င်းတို့သည် သစ္စာဖောက်များ ဖြစ်လာမည်။ ၎င်းတို့ အစိုးရခေါင်းဆောင်များ ဖြစ်လာပါက ၎င်းတို့သည် တိုင်းပြည်ကို သစ္စာဖောက်သည့်သူများ ဖြစ်လာမည်။ ၎င်းတို့သည် ဤကဲ့သို့သော သတ္တဝါများပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ခေါင်းဆောင်များဖြစ်ရန် မသင့်တော်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စစ်မှန်သောအလုပ်ကို လုပ်ဆောင်မည်မဟုတ်ဘဲ ညီအစ်ကိုမောင်နှမများကို အန္တရာယ်ပြုမည်ဖြစ်ကာ သမ္မာတရားကို စစ်မှန်စွာ လိုက်စားသော၊ လူ့သဘာဝရှိသော သူအားလုံးကို ခြေအောက်တွင် နင်းခြေမည်ဖြစ်ပြီး ဆိုးယုတ်သော လူ့သဘာဝရှိသော၊ ရာထူးအဆင့်အတန်းရှိပြီး လူ့အဖွဲ့အစည်းတွင် ထင်ပေါ်ကျော်ကြားကာ သြဇာလွှမ်းမိုးမှုရှိသူများကိုမူ ရာထူးတိုးပေးမည်ဖြစ်သည်၊ ဤသည်မှာ လူများကို ရာထူးတိုးမြှင့်ခြင်းအတွက် ဘုရားသခင်၏ အိမ်တော်၏ စည်းမျဉ်းများနှင့် တိုက်ရိုက် ဆန့်ကျင်နေသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ အိမ်တော်တွင် စိုးစံပြီး အာဏာရရှိမည်ဆိုပါက အသင်းတော်၏ အလုပ်သည် ချောမွေ့စွာနှင့် အတားအဆီးမရှိဘဲ ဆက်နိုင်မည်လော။ (ဆက်နိုင်မည် မဟုတ်ပါ။) အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဤလူများ၏ လက်ထဲတွင် ပျက်စီးသွားပေလိမ့်မည်။ ဤလူများသည် အချင်းချင်း ပူးပေါင်းကြံစည်ကြမည်၊ အချင်းချင်း အသုံးချကြမည်၊ အချင်းချင်း ထောက်ခံကြမည် ဖြစ်သည်။ သမ္မာတရားကို လိုက်စားသော ညီအစ်ကိုမောင်နှမများသည် ဘေးဖယ်ထားခြင်းနှင့် ဖယ်ကျဉ်ခြင်း ခံရမည်။ ၎င်းတို့အားလုံးသည် ဘီအုပ်စုများသို့ သတ်မှတ်ခံရခြင်း သို့မဟုတ် ရှင်းလင်းဖယ်ရှားခြင်းပင် ခံရနိုင်ပြီး ၎င်းတို့အတွက် ထွက်ပေါက်မရှိဘဲ ကျန်ရစ်စေမည် ဖြစ်သည်။ ဤသည်မှာ ဖြစ်နိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူများကြားရှိ ဆက်ဆံရေးများသည် မည်သို့ရှိသနည်း။ ၎င်းတို့ အတူတကွ စုဝေးကြသောအခါ အချင်းချင်း သူငယ်ချင်းများဟု ခေါ်ဝေါ်ကြသည်၊ အချင်းချင်း ပခုံးဖက်ကြပြီး လူ့အဖွဲ့အစည်းရှိ ၎င်းတို့၏ ဂုဏ်ကျက်သရေရှိသော သမိုင်းကြောင်းများအကြောင်း ကြွားဝါကြကာ အချင်းချင်းအတွက် မည်သည့်အရာ လုပ်ပေးနိုင်သည်ကို ပြောဆိုပြီးနောက် အခြားသူက ၎င်းတို့အတွက် မည်သည့်အရာ လုပ်ပေးနိုင်သည်ကို မေးမြန်းကြလျက် အပြန်အလှန် အသုံးချကြသည်။ ဤလူများသည် လူ့အဖွဲ့အစည်းရှိ လူများနှင့် မည်သို့ ကွာခြားသနည်း။ ၎င်းတို့ အတူတကွ ရှိနေသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားသုံးကြ၊ သမ္မာတရားအကြောင်း မိတ်သဟာယမဖွဲ့ကြ၊ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံနားလည်မှုအကြောင်း မိတ်သဟာယမဖွဲ့ကြ၊ မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအကြောင်း မပြောဆိုကြ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မခွဲခြမ်းစိတ်ဖြာကြပေ။ ထိုအစား ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် ၎င်းတို့အတွက် အမှုအရာများ မည်မျှ အောင်မြင်ခဲ့သည်ကိုသာ ပြောဆိုကြသည်၊ ၎င်းတို့ကို ထင်ပေါ်ကျော်ကြားစေခဲ့သော ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာများ၊ ၎င်းတို့၏ ဂုဏ်ကျက်သရေရှိသော သမိုင်းကြောင်းများ၊ မည်သည့်အရာရှိများနှင့် အတူစားသောက်ခဲ့ကြသည်၊ မည်သည့်အရာရှိများကို မျက်နှာချိုသွေးခဲ့ကြသည်။ ၎င်းတို့ ပြောဆိုသမျှသည် ဤအရာများသာ ဖြစ်သည်။ ဤလူများသည် ဘုရားသခင်ကို ယုံကြည်သူများလော။ ၎င်းတို့သည် ရာထူး၊ နောက်ခံ၊ စွမ်းရည်များနှင့် နည်းလမ်းများအပေါ် အချင်းချင်း ယှဉ်ပြိုင်ကြပြီး တစ်ချိန်တည်းတွင် အချင်းချင်း ပူးပေါင်းကြံစည်ကာ အသုံးချကြသည်။ ဤသည်မှာ ၎င်းတို့၏ ဆက်ဆံရေးများ ဖြစ်သည်။ သင်သည် ၎င်းတို့အတွက် မည်သည့်အရာမျှ မလုပ်ပေးနိုင်သော သာမန်လူတစ်ဦး သို့မဟုတ် လယ်သမားတစ်ဦး ဖြစ်ပါက ၎င်းတို့သည် သင့်ကို တန်ဖိုးမရှိသူအဖြစ် ရှုမြင်ပြီး လုံးဝအဖက်မလုပ်ဘဲ သင်သည် ဘေးဖယ်ထားခြင်း ခံရသည်။ ၎င်းတို့ အတူတကွ ရှိနေသောအခါ မည်သည့်အရာများကို ပြောဆိုကြသနည်း။ မည်သည့်အဝတ်အထည် အမှတ်တံဆိပ်က ပစ္စည်းအသစ် ထုတ်ဝေခဲ့သည်၊ မည်သည့်ကားအသစ် ထွက်ရှိခဲ့သည်၊ မည်သူက ကာရက်များစွာရှိသော စိန်တစ်လုံး ဝယ်ခဲ့သည်၊ မည်သူ၏ ပိုင်ဆိုင်မှုကို လေလံတင်ခဲ့သည်၊ မည်သူ၏ စတော့များ ကျဆင်း သို့မဟုတ် မြင့်တက်ခဲ့သည်၊ မည်သူ၏ ကုမ္ပဏီက အများပိုင် ဖြစ်လာခဲ့သည်၊ မည်သူက အစိုးရအရာရှိများနှင့် ရင်းနှီးအောင် ပေါင်းသင်းခဲ့သည်၊ မည်သူက မည်သည့်ဂိုဏ်းနှင့် ပူးပေါင်းကြံစည်ခဲ့သည်၊ တစ်စုံတစ်ခု ပြီးမြောက်ရန် မည်သူက လက်ဆောင်မည်မျှ ပေးခဲ့ပြီး ငွေမည်မျှ သုံးစွဲခဲ့သည်ကို ၎င်းတို့ ဆွေးနွေးကြသည်။ ဤအရာအားလုံးသာ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်တွင် ဤအရာများအကြောင်း အစဉ်သဖြင့် ပြောဆိုနေပါက အသင်းတော်အသက်တာနှင့် အသင်းတော်၏ အလုပ်သည် ၎င်းတို့ကြောင့် နှောင့်ယှက်ခြင်းနှင့် ပျက်စီးခြင်း ခံရမည် မဟုတ်လော။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများကို ခေါင်းဆောင်များအဖြစ် ရွေးချယ်၍ရနိုင်သလော။ (ရွေးချယ်၍မရနိုင်ပါ။) ၎င်းတို့သည် အခွင့်အရေးသမားများ ဖြစ်ကြသည်။ သင်တို့သည် အသင်းတော်တွင် ထိုသို့သောလူများကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ဖော်ထုတ်ပြီး ရှင်းလင်းဖယ်ရှားသင့်သည်။ ဘုရားသခင်၏ အိမ်တော်သည် ထိုသို့သောလူများကို မထားရှိပေ။ ဘုရားသခင်၏ အိမ်တော်ရှိ အခွင့်အရေးသမားများသည် အချိန်ဖြုန်းပြီး ကောင်းချီးများကို လှည့်ဖြားရယူရန်အတွက်သာ ရှိနေကြသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့ မည်သည့် အပြုသဘောဆောင်သောအရာများကိုမျှ လက်မခံကြပေ။ ထို့အပြင် ဤလူများသည် ၎င်းတို့၏ တာဝန်ကို မည်သည့် ရိုးသားမှုမျှမရှိဘဲ ထမ်းဆောင်ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝ အသုံးမခံချင်ဘဲ အကျိုးအမြတ်များ ရရှိရန်သာ လိုလားကြသည်။ အကျိုးအမြတ်များ မရှိပါက ၎င်းတို့သည် မည်သည့်အရာကိုမျှ လုပ်ဆောင်မည် မဟုတ်ပေ။ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန်နှင့် လုံ့လဝီရိယဖြင့် အလုပ်လုပ်ရန် အာရုံစိုက်နေချိန်တွင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ဘေးဖယ်ထားပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေကြကာ စားသောက်ခြင်း၊ သောက်စားခြင်းနှင့် ပျော်ပါးခြင်းတို့တွင်ပင် မွေ့လျော်ကြသည်။ ၎င်းတို့သည် အွန်လိုင်းသို့ မကြာခဏ ဝင်ရောက်ပြီး ဖက်ရှင်၊ အလှအပနှင့် ဆံပင်ပုံစံ၊ အဆင့်မြင့် ကျန်းမာရေး ထုတ်ကုန်များကဲ့သို့သော ၎င်းတို့ အကြိုက်ဆုံး သို့မဟုတ် အလိုအပ်ဆုံးအရာများကို သုတေသနပြုလုပ်ရင်း အချိန်များစွာ ကုန်ဆုံးကြသည်။ ၎င်းတို့ သွားလေရာရာ၌ မော်ကြွားဝင့်ဝါစွာ လှည့်လည်ပြီး အခြားသူများကို လှည့်ဖြားကြသည်၊ ၎င်းတို့သည် ၎င်းတို့၏ အမျိုးအစားတူလူများကို ရှာဖွေကြပြီး အလားတူ တစ်စုံတစ်ဦးကို တွေ့သောအခါ ၎င်းတို့နှင့် ချက်ချင်း သဘောတူညီကြသည်။ ၎င်းတို့သည် စစ်မှန်သော ညီအစ်ကိုမောင်နှမများနှင့် အတူတကွ မနေနိုင်ကြဘဲ အသင်းတော်တွင် ၎င်းတို့သည် အံမဝင်ခွင်မကျသူများနှင့် လူမဟုတ်သူများ ဖြစ်ကြသည်။ ထိုသို့သောလူများကို သင်တို့ မြင်သောအခါ ၎င်းတို့ထံမှ ဝေးဝေးနေရမည်။ ထို့အပြင် လူအများစု သို့မဟုတ် သင်တို့၏ ခေါင်းဆောင်များသည် ပိုင်းခြားသိမြင်မှုမရှိဘဲ ၎င်းတို့ကို အမှန်တကယ် ယုံကြည်သော ညီအစ်ကို သို့မဟုတ် မောင်နှမများအဖြစ် မှတ်ယူနေဆဲဖြစ်ပါက သင်တို့သည် ရှေ့ထွက်၍ ၎င်းတို့ကို ဖော်ထုတ်ပြီး ရှင်းလင်းဖယ်ရှားရမည်။ ယခု သင် နားလည်ပြီလော။ အဘယ်ကြောင့် ထိုသို့သောလူများကို ရှင်းလင်းဖယ်ရှားရမည်နည်း။ (အဘယ်ကြောင့်ဆိုသော် ထိုသို့သောလူများသည် အသင်းတော်တွင် နှောင့်ယှက်မှုများကို အလွယ်တကူ ဖြစ်စေပြီး အပျက်သဘောဆောင်သော အငွေ့အသက်ကို ယူဆောင်လာကာ အခြားသူများကို ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်းတို့တွင် လွှမ်းမိုးနိုင်သောကြောင့် ဖြစ်ပါသည်။) တိကျပါပေသည်၊ ၎င်းတို့သည် အသင်းတော်၏ အငွေ့အသက်ကို ဖျက်ဆီးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် သမ္မာတရားကို မလိုက်စားဘဲ အခြားသူများကိုလည်း လွှမ်းမိုးကာ နောက်သို့ဆွဲကြသည်။ တစ်ဒေါ်လာတန်သော အလုပ်ကို လုပ်ဆောင်ရန်အတွက် ၎င်းတို့သည် လုပ်အားခ ဆယ်ဒေါ်လာ တောင်းဆိုကြသည်။ ထိုသို့သောလူများကို အသုံးပြုခြင်းသည် ခွေးတစ်ကောင် မွေးမြူခြင်းလောက်ပင် တန်ဖိုးမရှိပေ။ အနည်းဆုံးတော့ ခွေးတစ်ကောင်သည် အိမ်ကို စောင့်ရှောက်နိုင်ပြီး ၎င်း၏ သခင်အပေါ် သစ္စာစောင့်သိသည်။ ၎င်းသည် နောက်ကွယ်တွင် အကောက်မကြံတတ်ဘဲ သင်သည် ၎င်း နောက်ပိုင်းတွင် ပြဿနာရှာမည်ကို စိုးရိမ်စရာမလိုပေ။ အသင်းတော်သည် ဆင်းရဲသားကို မထီမဲ့မြင်ပြု၍ ချမ်းသာသူကို မျက်နှာသာပေးသော လူများကို ခွင့်ပြုပါက အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကူညီနိုင်မည်လော။ ၎င်းတို့သည် အခြားသူများအတွက် အကျိုးရှိနိုင်မည်လော။ (မရှိနိုင်ပါ။) ၎င်းတို့သည် ဖော်ထုတ်ခြင်းခံရပြီး အခြားသူများက ထိုးထွင်းသိမြင်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ရှင်းလင်းဖယ်ရှားသင့်သည်။ ၎င်းတို့ကို ဆက်လက်၍ နေခွင့်ပြုပါက ၎င်းတို့သည် နှောင့်ယှက်ဖျက်ဆီးရုံသာ၊ ပြဿနာရှာရုံသာ၊ အသင်းတော်သို့ ဘေးဒုက္ခ ယူဆောင်လာရုံသာ ရှိလိမ့်မည်။ သင်သည် ၎င်းတို့ ကြီးမားသော ဘေးအန္တရာယ်တစ်ခု ဖြစ်စေသည်အထိ စောင့်ဆိုင်းပြီးနောက်မှသာ ရှုပ်ထွေးမှုများကို ရှင်းလင်းမည်ဆိုပါက ယင်းမှာ အလွန် ဒုက္ခများပေလိမ့်မည်။ ငါတို့သည် ဒုက္ခကို မလိုလား၊ အပူမရှာချင်ပေ။ လူတို့ လုပ်ဆောင်သင့်သော တာဝန်များနှင့် ဝတ္တရားများ များစွာရှိသည်။ ဤပြဿနာများကို မဖိတ်ခေါ်နှင့်။

နောက်ထပ် လူအမျိုးအစားတစ်မျိုး ရှိသေးသည်၊ ၎င်းတို့မှာ အာဏာရှိသူများကို မျက်နှာလုပ်တတ်သူများ ဖြစ်သည်။ အာဏာရှိသူများကို မျက်နှာလုပ်တတ်သော လူများသည် ကောင်းသလော သို့မဟုတ် ဆိုးသလော။ (ဆိုးပါသည်။) ၎င်းတို့သည် မည်သည့်နည်းလမ်းများဖြင့် ဆိုးကြသနည်း။ ဤလူစားမျိုးသည် အလွန်အမင်း အဆင့်အတန်းခွဲခြားတတ်သည်။ ၎င်းတို့သည် အဆင့်အတန်း ရှိသူတစ်ဦးကို မြင်သောအခါ ထိုသူကို မျက်နှာလုပ်ရန် နည်းလမ်းပေါင်းစုံဖြင့် အဆက်မပြတ် ကြိုးစားအားထုတ်ကြသည်။ ၎င်းတို့သည် ထိုသူတို့အား အလျင်ဦးအောင် စကားပြောပြီး ရင်ဖွင့်သည်၊ ထိုလူတို့အား အစားအသောက်များ ကျွေးမွေးသည်၊ အဝတ်အထည်များ လျှော်ဖွပ်ပေးပြီး သန့်ရှင်းရေး လုပ်ပေးသည်။ ၎င်းတို့ မလုပ်လိုသည့်အရာ တစ်ခုမျှ မရှိပေ။ သင်၌ အဆင့်အတန်းမရှိလျှင် ၎င်းတို့သည် သင့်ကို မမြင်ဟန်ဆောင်ကြပြီး သင်က ၎င်းတို့ထံ အလျင်ဦးအောင် ချဉ်းကပ်လျှင်ပင် သင့်ကို မြင်သောအခါ ၎င်းတို့၏ မျက်နှာထားသည် ချက်ချင်း မည်းမှောင်သွားလေသည်။ ထိုသို့သော လူများသည် ကောင်းပါသလော။ ဤပြဿနာမျိုးသည် မည်သည့်ကဏ္ဍအောက်တွင် ကျရောက်သနည်း။ (ဤလူစားမျိုးသည် ကိုယ်ကျင့်တရား နိမ့်ကျပြီး လူ့သဘာဝ ညံ့ဖျင်းပါသည်။) ၎င်းတို့၏ လူ့သဘာဝသည် ဆိုးပြီး ၎င်းတို့၏ ကိုယ်ကျင့်တရားသည် နိမ့်ကျသည်။ ၎င်းတို့၏ လူ့သဘာဝသည် မည်သည့်အတိုင်းအတာအထိ ဆိုးသနည်း။ (၎င်းတို့၌ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ မရှိပါ။) အာဏာရှိသူများကို တက်ကြွစွာ မျက်နှာလုပ်တတ်သော လူများသည် လူကောင်းများ ဖြစ်ကြသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ အာဏာရှိသူများကို မျက်နှာလုပ်ရသည်ကို နှစ်သက်သော လူများ၏ ကိုယ်ကျင့်စရိုက်သည် မည်သို့ရှိသနည်း။ ၎င်းတို့သည် လူတစ်ဦးတည်းကို ဆက်ဆံရာတွင် မျက်နှာနှစ်မျိုး ရှိကြသည်။ ၎င်းတို့သည် အခြားသူများက အတွင်းသဘောကို သိမြင်သွားမည်ကို မကြောက်ကြသည့်အပြင် မိမိတို့ကိုယ်တိုင်၏ ဤဘက်ခြမ်းများကို လွတ်လပ်စွာပင် ထုတ်ဖော်ပြသကြသည်။ ဤလူတို့၌ တည်ကြည်မှု သို့မဟုတ် ရှက်စိတ် တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) တည်ကြည်မှု သို့မဟုတ် ရှက်စိတ် တစ်စုံတစ်ရာ မရှိသော ဤလူတို့ကို ဆိုးယုတ်သောလူများအဖြစ် အမျိုးအစား ခွဲခြားနိုင်သလော။ (ခွဲခြားနိုင်ပါသည်။) အဘယ်ကြောင့် ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် အမျိုးအစား ခွဲခြားနိုင်သနည်း။ ၎င်းတို့သည် အခြားသူများကို ဆက်ဆံပုံ၌ မျက်နှာနှစ်မျိုး ရှိကြသည်။ ဤမျက်နှာနှစ်မျိုး၏ ဇာစ်မြစ်ကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးကြစို့။ ဤလူတို့သည် အဆင့်အတန်းကို အထူး နှစ်သက်ကြပြီး ရာထူးနှင့် အာဏာရှိသော လူများကိုလည်း နှစ်သက်ကြသည်။ ၎င်းတို့သည် အဆင့်အတန်းရှိသော လူများကို မြင်သောအခါ အပြုံးများဖြင့် ပြည့်နေပြီး လုံးဝဥဿုံ နာခံကြကာ မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှမရှိဘဲ ထိုသူတို့ကို မြှောက်ပင့်ဖားယားပြီး မျက်နှာလုပ်ကြသည့်အပြင် အရှက်မရှိဘဲ မြှောက်ပင့်ပြောဆိုကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်သည် ထိုလူများထံ မျက်နှာချိုသွေးရန်ဖြစ်လျှင်ဖြစ်စေ၊ တန်ဖိုးထားခံရပြီး ရာထူးတိုးမြှင့်ခံရလိုသည့် မသမာသော ရည်ရွယ်ချက် တစ်ခုရှိလျှင်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ အခြားသူများအပေါ် ၎င်းတို့၏ သဘောထားသည် ပြဿနာရှိပြီး သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့သည် အဆင့်အတန်းရှိသော လူများအပေါ် ဤသို့သော သဘောထားမျိုး ရှိကြသနည်း။ (မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဖြစ်ပါသည်။) ဤသည်က ၎င်းတို့သည် အဆင့်အတန်းကို အထူးနှစ်သက်ကြောင်း သက်သေပြသည်။ ၎င်းတို့ကိုယ်တိုင်တွင် အရည်အချင်း မရှိပါ၊ သို့မဟုတ် အဆင့်အတန်းရရှိရန် အရည်အချင်းများ၊ အခြေအနေများ၊ သို့မဟုတ် အခွင့်အလမ်းများ မရှိကြပေ။ သို့ရာတွင် အဆင့်အတန်းရှိသူများကို မျက်နှာလုပ်ခြင်းနှင့် ချဉ်းကပ်ခြင်းအားဖြင့် ၎င်းတို့သည် အဆင့်အတန်းအတွက် မိမိတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မည်သည့် စိုးရိမ်ကြောင့်ကြမှု သို့မဟုတ် အရှက်တရားမျှမရှိဘဲ အခြားသူများကို မျက်နှာလုပ်ပြီး မြှောက်ပင့်ပြောဆိုနိုင်ကြသည်။ ၎င်းတို့၏ ကိုယ်ကျင့်တရားသည် အတော်အတန် နိမ့်ကျလှသည်။ ၎င်းတို့က အဆင့်အတန်းရှိသူသည် မည်သို့သော လူစားမျိုးဖြစ်သည်ကို ဂရုမစိုက်သကဲ့သို့ ဤလူ၏ လူ့သဘာဝသည် ကောင်းမကောင်း၊ သို့မဟုတ် ဤလူသည် ဆိုးယုတ်ခြင်း ရှိမရှိကိုလည်း မပိုင်းခြားကြပေ။ ဤလူ၌ အဆင့်အတန်း သို့မဟုတ် ငွေကြေးရှိနေသမျှကာလပတ်လုံး သူသည် ဆိုးယုတ်သောလူတစ်ဦး ဖြစ်နေလျှင်ပင် ၎င်းတို့သည် သူ့ကို မျက်နှာလုပ်ဖားယားနေဦးမည်သာ ဖြစ်သည်။ ၎င်းတို့သည် လုံးဝ စည်းမျဉ်းမဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့အတွက်မူ အဆင့်အတန်း ရှိသောလူများ ပြောဆိုသည့် မည်သည့်အရာမဆိုသည် မှန်ကန်ပြီး ကောင်းမွန်သကဲ့သို့ ထိုသူတို့ ပြောဆိုသည့် မည်သည့်နည်းလမ်းမဆိုသည်လည်း လက်ခံနိုင်ဖွယ် ဖြစ်သည်။ တစ်စုံတစ်ဦး၌ အဆင့်အတန်းရှိနေသမျှ ၎င်းတို့သည် ထိုသူအပေါ် ကောင်းကြသည်။ ၎င်းတို့သည် စည်းမျဉ်းများ လုံးဝကင်းမဲ့ပြီး ထိုသူအပေါ် ပုံမှန်မဟုတ်လောက်အောင် ကောင်းကြသည်။ ၎င်းတို့၌ ပြောစရာ တည်ကြည်မှု သို့မဟုတ် ရှက်စိတ် အမှန်တကယ်ပင် မရှိပေ။ ၎င်းတို့သည် အခြားသူများက ၎င်းတို့ကို မည်သို့ ရှုမြင်သည် သို့မဟုတ် အကဲဖြတ်သည်ကို ဂရုမစိုက်ကြပေ။ အခြားသူများက ၎င်းတို့အပေါ် မည်သို့ထင်သည်ကို ၎င်းတို့ အရေးမလုပ်ကြပေ။ ၎င်းတို့သည် “ငါက အဆင့်အတန်းရှိသည့် လူများကိုသာ နှစ်သက်သည်။ ထိုလူများအပေါ်သာ ငါကောင်းချင်သည်။ အဆင့်အတန်း ရှိခြင်းမှာ မည်သည့်အမှားရှိသနည်း။ အဆင့်အတန်း မရှိသည့် သင်တို့သည် ငါ၏ အကြင်နာတရားနှင့် မတန်ပါ” ဟု မိမိတို့ဘာသာ တွေးကြသည်။ ဤကဲ့သို့သော လူများ၌ စည်းမျဉ်းများ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့သည် အခြားသူများက ၎င်းတို့ကို မည်သို့မြင်သည်ကိုဖြစ်စေ၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့ အကဲဖြတ်သည်ကိုဖြစ်စေ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ကိုယ်ကျင့်တရား နိမ့်ကျသော လူများ ဖြစ်ကြသည်။ ဤသို့ ပြုမူရာတွင် ၎င်းတို့၏ အသိစိတ်သည် မည်သည့်အရာကိုမျှ မခံစားရသကဲ့သို့ ၎င်းတို့၏ ဆင်ခြင်တုံတရား၌လည်း အဆုံးအဖြတ်ပေးရန် စံနှုန်းမရှိပေ။ ၎င်းတို့၌ အနိမ့်ဆုံး စံနှုန်းများ မရှိသည့်အပြင် ကျင့်ကြံပြုမူပုံ၌လည်း အရှက်မရှိကြပေ။ အဆင့်အတန်းရှိသူတစ်ဦးနှင့် ကြုံတွေ့သောအခါ ၎င်းတို့သည် ချက်ချင်းပင် ကျုံ့ဝင်သွားပြီး မြေပေါ်ဝပ်တွားကာ ကျွန်တစ်ဦးကဲ့သို့ ဖြစ်သွားပြီး ကျိုးနွံနာခံတတ်သော လက်အောက်ငယ်သားများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။ အဆင့်အတန်းရှိသော မည်သူမဆိုသည် ၎င်းတို့၏ သခင်ဖြစ်လာသည်။ ထိုသို့သော လူများ၌ တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ ရှိပါသလော။ (မရှိပါ။) ၎င်းတို့သည် အဆင့်အတန်းရှိသော လူများအပေါ် အလွန် ရွံရှာဖွယ်ကောင်းသော မြှောက်ပင့်ပြောဆိုမှုများကို ပြုလုပ်နိုင်စွမ်းပင် ရှိကြသည့်အပြင် မည်မျှများပြားသော လူများ၏ ရှေ့တွင်မဆို ထိုသို့ပြုလုပ်ရဲကြသည်။ ၎င်းတို့သည် အခြားသူများ၏ အမြင်များကိုဖြစ်စေ၊ အခြားသူများက ၎င်းတို့ကို မည်သို့မြင်သည်ကိုဖြစ်စေ ဂရုမစိုက်ဘဲ မိမိတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်သာ ရည်ရွယ်ကြသည်။ ဤသည်မှာ ၎င်းတို့က အဆင့်အတန်းရှိသော လူများအပေါ် ပြုမူပုံ ဖြစ်သည်။ သို့သော် အဆင့်အတန်းရှိသူတစ်ဦးက ထိုအဆင့်အတန်းကို ဆုံးရှုံးသွားသောအခါ အဘယ်အရာ ဖြစ်ပျက်သနည်း။ ထိုအခါ ၎င်းတို့သည် မျက်နှာပြောင်းသွားကြသည်။ ထိုသူကို ၎င်းတို့ မည်သို့ ဆက်ဆံကြသနည်း။ (၎င်းတို့သည် သူ့ကို ချက်ချင်းပင် လျစ်လျူရှုလိုက်ကြပါသည်။) ၎င်းတို့၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားပြီး ၎င်းတို့၏ သဘောထားသည် လုံးဝ ကွဲပြားသွားသည်။ “သင်က အဆင့်အတန်းမဲ့သွားပြီ၊ သို့တိုင်အောင် ကျွန်ုပ်ကို သင့်အား ကောင်းစေချင်သေးသည်။ အိပ်မက်ပင် မမက်နှင့်” ဟူ၍ ဖြစ်လေသည်။ အဆင့်အတန်း မရှိတော့သူတစ်ဦးက ၎င်းတို့အား ရေတစ်ခွက်ငှဲ့ခိုင်းလျှင် ၎င်းတို့သည် လျစ်လျူရှုကြသည်။ အကူအညီတောင်းလျှင်လည်း ၎င်းတို့သည် လျစ်လျူရှုကြသည်။ ရင်ဖွင့်စကားပြောလိုလျှင်မူ ၎င်းတို့က “သင်က ထိုက်တန်သလား။ ငါနှင့် စကားပြောရန် သင့်ထံတွင် အရည်အချင်း ရှိသလား။ သင့်ကိုယ်သင် မည်သူများမှတ်နေသနည်း” ဟု ပြောကြသည်။ ၎င်းတို့၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်လိုက်ပါတကား။ အဆင့်အတန်း မရှိခြင်းသည် ရာဇဝတ်မှုတစ်ခုလော။ လူတစ်ဦးသည် သူ၏ ရာထူးမှ ဖယ်ရှားခံရသည်နှင့်တစ်ပြိုင်နက် ပြောင်းလဲသွားပါသလော။ သူသည် ထိုလူပင် မဟုတ်တော့ဘူးလော။ အဘယ်ကြောင့် သူသည် ယခုအခါ ထိုသို့သော လူများနှင့် စကားပြောရန် မထိုက်တန်တော့ရသနည်း။ အဘယ်ကြောင့် ထိုသို့သော လူများသည် သူ့ကို အကူအညီမပေးနိုင်ရသနည်း။ လူ၏အကူအညီ လိုအပ်နေသော ဒုက္ခရောက်နေသည့် တိရစ္ဆာန်တစ်ကောင်ပင်ဖြစ်ပါစေ လူတို့သည် အသိစိတ်အရ ယင်းကို ကူညီသင့်ဆဲဖြစ်သည်၊ ယင်းကို ညင်သာစွာ ကြည့်ရှုစောင့်ရှောက်ပြီး ဂရုစိုက်သင့်သည်။ သို့ဆိုလျှင် လူသားတစ်ဦးအတွက်ဆိုလျှင် မည်မျှပင် ထိုသို့ပြုသင့်သနည်း။ သို့တိုင်အောင် ၎င်းတို့၌ ဤလူသားဆန်သော ကြင်နာမှု အစအနမျှပင် ကင်းမဲ့နေသည်။ ဤသရုပ်သကန်များအပြင် အချို့လူများသည် သာ၍ပင် ဆိုးကြသည်။ ၎င်းတို့သည် “ယခင်က သင့်ထံတွင် အဆင့်အတန်း ရှိသဖြင့် သင့်ကို ငါ ကောင်းနေခြင်း ဖြစ်သည်။ ယခု သင်၏ အဆင့်အတန်း ပျောက်ဆုံးသွားပြီဖြစ်လင့်ကစား သင့်ကို လေးစားရန်နှင့် မျက်နှာထောက်ရန်နှင့် စကားပြောနေစဉ် သင့်အား အနေရခက်အောင် မလုပ်ရန်နှင့် သင်၏ အမိန့်များကို ယခင်ကကဲ့သို့ လိုက်နာရန် သင် မျှော်လင့်နေဆဲဖြစ်သည်။ အိပ်မက်ပင် မက်မနေနှင့်။ ငါ သင့်ကို မနင်းချေသည်ကိုပင် သင်က ကျေးဇူးတင်သင့်သည်” ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ တစ်စုံတစ်ဦး ဒုက္ခရောက်နေသောအခါ ၎င်းတို့သည် ထိုသူကို လျစ်လျူရှုသည်သာမက နောက်ကွယ်တွင် နင်းချေကြသည့်အပြင် အနိုင်ကျင့်ရန်နှင့် ဖိနှိပ်ရန် အခွင့်အရေးများကို ရှာဖွေကြသည်။ ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ (၎င်းတို့သည် ဆိုးယုတ်သောလူများ ဖြစ်ကြပါသည်။) ဆိုးယုတ်သောလူများအဖြစ် ၎င်းတို့၏ သရုပ်မှန်သည် ဤနည်းလမ်းဖြင့် ပေါ်ထွက်လာသည် မဟုတ်လော။ အဆင့်အတန်းရှိသော လူများအပေါ်တွင်မူ ၎င်းတို့သည် ကျိုးနွံနာခံတတ်သော လက်အောက်ငယ်သားများကဲ့သို့ ပြုမူကြပြီး အယဉ်ကျေးလွန်နေကာ အပြုံးများဖြင့် နှုတ်ဆက်ကြသည်။ ၎င်းတို့သည် အခြားသူများကို ဟန်လုပ်ထောက်ခံရာ၌ အလွန်တော်ကြသည်။ အရာရှိတစ်ဦးက အာလူးများကို လပေါ်တွင် စိုက်ပျိုးနိုင်သည်ဟု ပြောလျှင် ၎င်းတို့က “လပေါ်တွင် စိုက်သည့် အာလူးများသည် အလွန် အရသာရှိလှသည်” ဟု ဝင်ပြောကြလိမ့်မည်။ သို့သော် ထိုအရာရှိက သူ၏ အဆင့်အတန်းကို ဆုံးရှုံးသွားသောအခါ ၎င်းတို့၏ သဘောထားသည် လုံးဝ ပြောင်းလဲသွားသည်။ ယခုအခါ ထိုအရာရှိဟောင်းက မည်သည့်အရာကိုပင် ပြောပါစေ မှန်ကန်နေလျှင်ပင် ၎င်းတို့ နားထောင်မည် မဟုတ်ပေ။ ထိုအရာရှိဟောင်း၌ စစ်မှန်သော နားလည်မှု ရှိလျှင်ပင် ၎င်းတို့သည် လျစ်လျူရှုပြီး လက်ခံရန် ငြင်းပယ်ကာ သူ့ကို မနှစ်မြို့စရာအဖြစ်သာ ရှုမြင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “သင်ထံတွင် အဆင့်အတန်း မရှိတော့သဖြင့် သင်ပြောသမျှသည် အရာမရောက်တော့ပါ။ သင်ပြောသည့်အရာက မှန်ကန်လျှင်ပင် ယင်းမှာ အဘယ်အသုံးတည့်သနည်း။ သင့်ထံတွင် သမ္မာတရား လက်တွေ့ကျမှု ရှိလျှင်ပင် သင့်ကို ငါ မနှစ်သက်ဆဲသာ ဖြစ်သည်။ ငါသည် အဆင့်အတန်း မရှိသည့်လူများအပေါ် နင်းရသည်ကိုသာ နှစ်သက်သည်။ ထိုလူများအပေါ် ငါ မနင်းလျှင် ယင်းမှာ အခွင့်အရေးတစ်ခုကို ဖြုန်းတီးရာရောက်သည်” ဟု တွေးကြသည်။ ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ သင်၌ အဆင့်အတန်းမရှိလျှင် ၎င်းတို့သည် သင့်ကို မနှစ်မြို့စရာအဖြစ် ရှုမြင်ကြသည်။ သင်က ၎င်းတို့အပေါ် မည်မျှပင် ကောင်းနေပါစေ အသုံးမဝင်ပေ။ သင်က ၎င်းတို့ကို သင်နှင့် တန်းတူထားပြီး စည်းမျဉ်းများအတိုင်း ဆက်ဆံသည်ဖြစ်စေ၊ ၎င်းတို့၏ သင့်အပေါ်ထားသည့် သဘောထားကို ပြောင်းလဲစေနိုင်မည် မဟုတ်ပေ။ ထိုသို့သော လူများ၌ လူ့သဘာဝ ရှိပါသလော။ (မရှိပါ။) ၎င်းတို့၏ လူ့သဘာဝကင်းမဲ့ခြင်း၏ သရုပ်သကန်သည် အဘယ်အရာနည်း။ ရက်စက်ကြမ်းကြုတ်ခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) အာဏာရှိသူများကို မျက်နှာလုပ်ရန် နှစ်သက်သော လူများ၏ စိတ်သဘောထားသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပြီး ထိုသို့သော လူများကို ငါသည် အမှန်ပင် ရွံရှာစက်ဆုပ်မိသည်။ ထိုသို့သော လူများ၏ အမြင်တွင် သင်၌ အဆင့်အတန်းရှိသောအခါ သင်၏ အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များအားလုံးသည် ကောင်းကွက်များနှင့် အားသာချက်များအဖြစ် ရှုမြင်ခံရသည်။ သို့သော် သင်၌ အဆင့်အတန်း မရှိသောအခါ သင်၏ အားသာချက်များနှင့် ကောင်းကွက်များ အားလုံးသည် အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များအဖြစ် ရှုမြင်ခံရသည်။ သင်ပြောသည့် မည်သည့်စကားမျှ အရာမရောက်သကဲ့သို့ ၎င်းတို့သည် သင်နှင့်ပတ်သက်သည့် အရာအားလုံးကို မနှစ်မြို့စရာအဖြစ် ရှုမြင်ကြသည်။ ၎င်းတို့သည် သင့်ကို အနိုင်ကျင့်ရန်၊ နင်းချေရန်နှင့် ဖိနှိပ်ရန် အစဉ်သဖြင့် လိုလားကြသည်။ ၎င်းတို့၌ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အဆင့်အတန်းမရှိသူများကို မိမိတို့အလိုရှိသလို အနိုင်ကျင့်ကြသည်။ ၎င်းတို့သည် နူးညံ့သိမ်မွေ့သော လူများကို အနိုင်မကျင့်ခြင်းသည် အပြစ်တစ်ခုဖြစ်သည်ဟု ခံစားကြရသည်။ သင်က ၎င်းတို့ကို ရန်မစလျှင်ပင် ၎င်းတို့သည် တက်ကြွစွာ အပြစ်ရှာပြီး သင့်ကို အနိုင်ကျင့်ကာ နင်းချေမည်ဖြစ်ပြီး အလွန်အမင်း မထီမဲ့မြင်ပြုခြင်းဖြင့် သင့်ကို အထင်သေးမည်ဖြစ်သည်။ အဆင့်အတန်းမရှိခြင်းသည် အပြစ်တစ်ခုဖြစ်သည့်အလား သင့်အား အသက်ရှင်ရန် သို့မဟုတ် ၎င်းတို့၏ ရှေ့မှောက်တွင် ရှိနေရန် မထိုက်တန်စေသည့်အလား၊ သင်၌ အဆင့်အတန်းမရှိလျှင် သင့်ဒုက္ခသင်ရှာသကဲ့သို့ ဖြစ်ပြီး ကံဆိုးမိုးမှောင်ကျထိုက်သည့်အလား ဖြစ်နေသည်။ ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ ထိုသို့သော လူများကို အသင်းတော်ထဲတွင် ဆက်နေခွင့်ပြုသင့်သလော။ (မပြုသင့်ပါ။) အာဏာရှိသူများကို အထူးနှစ်သက်စွာ မျက်နှာလုပ်တတ်သော လူများကို ခေါင်းဆောင်များအဖြစ် ရွေးကောက်နိုင်သလော။ (မရွေးကောက်နိုင်ပါ။) အဘယ်ကြောင့် မရွေးကောက်နိုင်သနည်း။ ဤသည်မှာ ၎င်းတို့သည် အဆင့်အတန်းရှိသော လူများအပေါ် ပြုမူပုံမျှသာ ဖြစ်သည်၊ ၎င်းတို့ကိုယ်တိုင် အဆင့်အတန်း ရရှိသွားပါက ၎င်းတို့သည် အာဏာရှင်ဆန်လာပြီး မိမိတို့ကိုယ်ကို အကြီးမြတ်ဆုံးအဖြစ် သတ်မှတ်ကြမည် မဟုတ်လော။ ထိုသို့ဆိုလျှင် ဆိုးရွားလှပေမည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ၊ အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ညီအစ်ကိုမောင်နှမများ၏ အကြံပြုချက်များကို လျစ်လျူရှုကြမည်ဖြစ်ပြီး အဆင့်အတန်းမရှိသူများ မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ ၎င်းတို့၏ ဖိနှိပ်ခြင်းကိုပင် ခံကြရလိမ့်မည်။ အသင်းတော်သည် ၎င်းတို့၏ လက်ထဲတွင် ပျက်စီးသွားပေလိမ့်မည်။ ဤကဲ့သို့သော လူများ၌ အာဏာအတွက် အလွန်ပြင်းပြသော လိုအင်ဆန္ဒတစ်ခု ရှိပြီး ၎င်းတို့ လိုချင်သည့်အရာကို ရရှိသွားသည်နှင့်တစ်ပြိုင်နက် အကျိုးဆက်များသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်ပေမည်။ အာဏာရှိသူများကို မျက်နှာလုပ်ဖားယားတတ်သော လူများသည် အထူးသဖြင့် ရက်စက်ကြမ်းကြုတ်ပြီး ကိုယ်ကျင့်တရား အလွန်နိမ့်ကျကြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အဓိက လက္ခဏာများမှာ အဘယ်အရာများနည်း။ (ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်ပါသည်။) ကောက်ကျစ်ဆိုးယုတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းတို့ ဖြစ်သည်။ အထူးသဖြင့် ကောက်ကျစ်ဆိုးယုတ်သည့်အရာမှာ ၎င်းတို့သည် လူတစ်ဦးတည်းကို ဆက်ဆံရန် လုံးဝကွဲပြားသော မျက်နှာနှစ်မျိုးကို အသုံးပြုပုံဖြစ်ပြီး အလွန် လျင်မြန်စွာ ပြောင်းလဲခြင်းပင်ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အဆင့်အတန်းမရှိသော လူများက ၎င်းတို့ကို ရန်မစလျှင်ပင် ၎င်းတို့သည် အလျင်ဦးအောင် တိုက်ခိုက်ကာ အနိုင်ကျင့်ပြီး နင်းကြလိမ့်မည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အခြားသူ၌ အဆင့်အတန်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၎င်းတို့သည် စည်းမျဉ်းများအတိုင်း မလုပ်ဆောင်နိုင်သကဲ့သို့ ထိုသူတို့ကို တရားမျှတစွာ မဆက်ဆံနိုင်ပေ။ သင်က ၎င်းတို့ကို “ဘုရားအိမ်တော်၌ သမ္မာတရားက အာဏာကိုင်စွဲပြီး လူများကို တရားမျှတစွာ ဆက်ဆံသည်” ဟု ပြောသောအခါ ၎င်းတို့ လက်ခံပါသလော။ (မခံပါ။) ၎င်းတို့သည် ထိုစကားကို ဤနားမှထည့်၍ ထိုနားမှထုတ်ကာ “မည်သည့်တရားမျှတမှုနည်း။ လူများသည် ရိုးရှင်းစွာ အမြင့် သို့မဟုတ် အနိမ့်၊ မြင့်မြတ်ခြင်း သို့မဟုတ် နိမ့်ကျခြင်းသာ ရှိလေသည်။ အဆင့်အတန်း ရှိသူများသည် မြင့်မြတ်သည်၊ အဆင့်အတန်း မရှိသူများသည် တန်ဖိုးမရှိသော အမှိုက်များသာဖြစ်သည်” ဟု တွေးကြသည်။ ဤသည်မှာ လူများကို ရှုမြင်ခြင်းနှင့် ဆက်ဆံခြင်းတို့တွင် ၎င်းတို့၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် စည်းမျဉ်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို လက်မခံသည့်အပြင် မိမိတို့၏ ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှုကိုပင် ပြောဆိုကြသေးသည်။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် လူများကို မည်သို့ဆက်ဆံရမည်နှင့်ပတ်သက်၍ ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့် စည်းမျဉ်းများအစား လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် မိမိတို့၏ ကိုယ်ပိုင် ကျိုးကြောင်းဆင်ခြင်မှုနှင့် စည်းမျဉ်းများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအပေါ် မိမိတို့၏ ကိုယ်ပိုင် ရှုထောင့်အမြင်များကို အသုံးပြု၍ အဆင့်အတန်းနှင့် အာဏာကို ချဉ်းကပ်ကြပြီး ဤကိစ္စရပ်များကို ကိုင်တွယ်ရန် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် မိမိတို့၏ ကိုယ်ပိုင် စည်းမျဉ်းများနှင့် နည်းလမ်းများကို အသုံးပြုကြသည်။ ဤသည်မှာ သမ္မာတရားကို လက်မခံဘဲ သမ္မာတရားကို ဗြောင်ကျကျ ဆန့်ကျင်နေခြင်း မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “သင်၌ အဆင့်အတန်းရှိလျှင် သင်သည် ငါ့စိတ်နှလုံးထဲမှ သူဌေးပင်ဖြစ်သည်” ဟု တွေးကြသည်။ ဘုရားသခင်နှင့် သမ္မာတရားသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် နေရာမရှိပေ။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤမျှ ဗိုလ်ကျပြီး ဤမျှ မိုက်မဲစွာ ခေါင်းမာခြင်းသည် သမ္မာတရားကို လက်မခံခြင်း မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အတိအကျပင် ထိုသို့သော စိတ်သဘောထားမျိုး ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝတစ်ခုတည်းကို ကြည့်မည်ဆိုလျှင် ထိုသို့သော လူများသည် ကိုယ်ကျင့်စရိုက် နိမ့်ကျပြီး လုံးဝ ရွံရှာဖွယ်ကောင်းကာ ပေါင်းသင်းဆက်ဆံရန် မထိုက်တန်ပေ။ သို့သော် ၎င်းတို့၏ စိတ်သဘောထားကို ကြည့်မည်ဆိုလျှင်မူ ၎င်းတို့သည် ပေါင်းသင်းဆက်ဆံရန် ထိုက်တန်ခြင်း ရှိမရှိဟူသော ကိစ္စမျှသာ မဟုတ်တော့ပေ။ ဤလူတို့၌ ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြပြီး ၎င်းတို့သည် ကယ်တင်ခြင်းအတွက် ပစ်မှတ်များ မဟုတ်ကြပေ။ ၎င်းတို့အားလုံးသည် အပြစ်ဒဏ်ပေးခြင်းခံရပြီး သေဆုံးကြလိမ့်မည်၊ ၎င်းတို့၏ လုပ်ရပ်များသည် သေဒဏ်ထိုက်သော ပြစ်မှုတစ်ခုနှင့် ညီမျှသည်။ ဤလူတို့သည် အာဏာရှိသူများကို မျက်စိစုံမှိတ် မျက်နှာလုပ်ကြပြီး သခင်ခိုင်းသမျှလုပ်သော ရွံရှာဖွယ်ကောင်းသော ခွေးငယ်လေးများ၏ နာခံတတ်သော အမူအရာကို ပြသကြသည်။ အသင်းတော်ခေါင်းဆောင်များ၏ ရာထူး၌ ထိုသို့သော လူများသည် အန္တရာယ်တစ်ခု ဖြစ်သည်။ သင်တို့သည် ထိုသို့သော လူများကို အသင်းတော် ခေါင်းဆောင်များအဖြစ် ရွေးကောက်လျှင် သင်တို့သည် ဘေးဒုက္ခနှင့် ကြုံတွေ့ကြလိမ့်မည်။ အချို့သော ခရိုင်ခေါင်းဆောင်များသည် မိုက်မဲပြီး လူများကို ထိုးထွင်းမမြင်နိုင်ကြသဖြင့် ဤလူအမျိုးအစားကို အသင်းတော်ခေါင်းဆောင်လောင်းအဖြစ်ပင် သတ်မှတ်ကြရာ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများသည် လှည့်ဖြားခြင်း ခံကြရလေသည်။ အခြားသူများကို မြှောက်ပင့်ဖားယားရာ၌ တော်ပြီး အာဏာရှိသူများကို မျက်နှာလုပ်တတ်ကာ အပြင်ပန်းအားဖြင့် အလွန်စိတ်အားထက်သန်ပြီး ခေါင်းဆောင်များ၏ စကားတိုင်းကို နာခံပုံရသော ဤလူအမျိုးအစားသည် ခေါင်းဆောင်လောင်းများအဖြစ် အလွယ်တကူ ရွေးချယ်ခံကြရသည်။ အကြောင်းမှာ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို မြှောက်ပင့်ဖားယားပြီး မျက်နှာလိုမျက်နှာရ လုပ်တတ်သူများကို နှစ်သက်ကြပြီး ကြောင်သူတော်ဖြစ်သော ဤလူစားမျိုးသည် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အသင်းတော်သို့ ဆောင်ကြဉ်းလာမည့် အကျိုးဆက်များကို ၎င်းတို့ ထိုးထွင်းမမြင်နိုင်ကြသောကြောင့် ဖြစ်သည်။ ထိုသို့သော လူများသည် ရွေးချယ်ခံရပြီး အဆင့်အတန်း ရရှိသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မလိုမုန်းထားသော ဘက်ခြမ်းသည် ချက်ချင်း ပေါ်ထွက်လာပြီး အသင်းတော်ကို စတင် နှောင့်ယုက်လေ့ရှိသည်။ ၎င်းတို့ကို ရွေးကောက်ခဲ့သော ခေါင်းဆောင်များက မိမိတို့ရွေးချယ်ခဲ့သော လူများသည် ဆိုးယုတ်သောလူများဖြစ်ကြောင်း မြင်သောအခါ နောင်တရကြသော်လည်း မိမိတို့၏ လုပ်ရပ်များက အသင်းတော်သို့ ဆောင်ကြဉ်းခဲ့သော အကျိုးဆက်များကိုမူ ၎င်းတို့ ကုစားနိုင်ခြင်း မရှိပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိပြီး စည်းမျဉ်းမရှိဘဲ လုပ်ဆောင်ခြင်း၏ အကျိုးဆက် လုံးလုံးပင် ဖြစ်သည်။ အဆင့်အတန်းနှင့် အာဏာကို လေးစားကြည်ညိုသူများသည် သမ္မာတရားကို နှစ်သက်သော လူများ မဟုတ်ကြပေ။ ၎င်းတို့သည် အဆင့်အတန်းရှိသော မည်သူ့ကိုမဆို မျက်နှာလုပ်ကြပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များကို မြင်သည့်အခါတိုင်း မျက်နှာချိုသွေးသော အပြုံးကို ပြုံးပြကြသည်။ အချို့သော ခေါင်းဆောင်များသည် ဤစုံစမ်းသွေးဆောင်ခြင်းကို တောင့်မခံနိုင်ကြချေ။ မျက်နှာချိုသွေးသော အပြုံးဖြင့် လူများကို ၎င်းတို့ မြင်သည့်အခါတွင် အလွန့်အလွန် ဝမ်းမြောက်ကြပြီး မိမိတို့၏ လုပ်နိုင်စွမ်းကို ကိုယ်ရည်သွေးဖို့ ထိုလူများကို ရာထူးတိုးပေးလိုကြသည်။ အမှန်မှာ ထိုလူများက ၎င်းတို့ကို မြှောက်ပင့်ဖားယားပြီး မျက်နှာချိုသွေးသော အပြုံးကို ပြုံးပြသောအခါ ထိုလူများ၌ ဆိုးယုတ်သော ရည်ရွယ်ချက်များ ရှိကြသော်လည်း ဤခေါင်းဆောင်များကမူ ထိုလူများသည် အမှန်တကယ် ကောင်းသည်ဟု ထင်ကြသည်။ ထိုလူများသည် ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိတော့ဘဲ ၎င်းတို့ကို ရာထူးတိုးမြှင့်ပေးခဲ့သော ခေါင်းဆောင်များကိုပင် လျစ်လျူရှုကြသည်။ ထိုအခါမှသာ ထိုခေါင်းဆောင်များက ဤလူများသည် လူကောင်းများ မဟုတ်ကြောင်းနှင့် မိမိတို့သည် လူမှား၍ ရာထူးတိုးမြှင့်ပေးခဲ့ကြောင်း နားလည်သဘောပေါက်ကြသည်။ ထိုသို့သော အခြေအနေတွင် အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ ဤအခြေအနေကို ကုစားသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သို့ ကုစားသင့်သနည်း။ (ဤလူများကို ချက်ချင်း ဖော်ထုတ်ပြီးနောက် ဖြုတ်ချသင့်ပါသည်။) ဤလူများသည် စစ်မှန်သောအလုပ်ကို မလုပ်ဆောင်နိုင်ကြပေ၊ ၎င်းတို့သည် အာဏာရှိသူများကို မျက်နှာလုပ်ပြီး မြှောက်ပင့်တတ်ရုံသာ သိသော နားဝေတိမ်တောင် ဖြစ်သောလူများသာ ဖြစ်ကြသည်။ ခေါင်းဆောင်များသည် ၎င်းတို့ကို ချက်ချင်း ဖြုတ်ချသင့်ပြီး ထိုအချိန်က မိမိတို့သည် စိတ်နှလုံးရော မျက်စိပါ ကန်းနေခဲ့ပြီး လူများကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိဘဲ လူမှား၍ ရွေးချယ်ခဲ့မိသည့်အတွက် နောင်တရသင့်သည်။ ယခုအခါတွင် ချက်ချင်း ကုစားလျှင် အချိန်မီသေးသည်။ အာဏာရှိသူများကို မျက်နှာလုပ်တတ်သော ထိုသို့သော လူများကို သင်တို့ ယခု ထိုးထွင်းမြင်နိုင်ပြီလော။ (မြင်နိုင်ပါပြီ။) ထိုသို့သော လူများသည် လူကောင်းများ မဟုတ်ကြပေ။

ဆက်လက်၍ ပင်ကိုအခြေအနေများနှင့် သက်ဆိုင်သော သရုပ်သကန်များအကြောင်း ပြောကြစို့။ ထူးကဲသော မှတ်ဉာဏ်ရှိခြင်း၊ ဤသရုပ်သကန်သည် မည်သည့်ကဏ္ဍအောက်တွင် ကျရောက်သနည်း။ (ပင်ကိုအခြေအနေများ ဖြစ်ပါသည်။) အထူးကောင်းမွန်သော မှတ်ဉာဏ်ရှိခြင်း၊ အကြောင်းအရာများကို တိကျစွာ မှတ်မိခြင်း၊ ဆောင်းပါးများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အပိုဒ်များ၊ ဓမ္မသီချင်းများ သို့မဟုတ် အလုပ်အစီအစဉ်တစ်ခုကို အထူးရှင်းလင်းစွာနှင့် တိကျမှန်ကန်စွာ အလွတ်ကျက်မှတ်ခြင်း၊ ဤသည်မှာ မည်သည့်ကဏ္ဍအောက်တွင် ကျရောက်သင့်သနည်း။ (ကောင်းသော အစွမ်းအစ၊ ပင်ကိုအခြေအနေတစ်ခု ဖြစ်ပါသည်။) ဤသည်မှာ ပင်ကိုအခြေအနေတစ်ခု ဖြစ်သည်။ ၎င်းသည် ပင်ကိုအခြေအနေများ၏ မည်သည့် သီးခြားကဏ္ဍနှင့် သက်ဆိုင်သည်ဟူသည်မှာမူ ယင်းသည် အစွမ်းအစအောက်တွင် မကျရောက်သင့်ဟု ငါထင်သည်။ ယင်းသည် ကောင်းမွန်သော မှတ်ဉာဏ်ရှိခြင်း၊ အကြောင်းအရာများကို မှတ်မိနိုင်ခြင်း၊ များစွာမှတ်မိခြင်း၊ တိကျမှန်ကန်စွာ မှတ်မိခြင်းနှင့် အကြောင်းအရာများကို ခိုင်မြဲစွာ မှတ်မိခြင်းမျှသာ ဖြစ်ပါက ဤသည်မှာ အများဆုံးအားဖြင့် ပင်ကိုအားသာချက်များ၊ ပင်ကိုစွမ်းရည်နှင့် အရည်အချင်းများဟူသော အမျိုးအစားအောက်တွင် ကျရောက်သည်။ တစ်စုံတစ်ဦး၏ အစွမ်းအစသည် ကောင်းမကောင်းဆိုသည်မှာမူ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်း မည်သို့ရှိသည်အပေါ်တွင် မူတည်သည်။ တစ်စုံတစ်ဦးသည် ထူးကဲသော မှတ်ဉာဏ်ရှိပြီး သီချင်းစာသားတစ်ပိုဒ်၊ အသိပညာနှင့် အယူဝါဒတစ်ပိုင်း သို့မဟုတ် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို ကျကျနနဖြင့် အထူးကောင်းမွန်စွာ၊ အထူးလျင်မြန်စွာနှင့် အထူးခိုင်မြဲစွာ အလွတ်ကျက်မှတ်နိုင်သော်လည်း ၎င်းတို့ ကျက်မှတ်သည့်အရာသည် သမ္မာတရား စည်းမျဉ်းများနှင့် မသက်ဆိုင်ဘဲ လက်တွေ့ဘဝ သို့မဟုတ် အလုပ်တွင် အသုံးချခြင်းဖြစ်စေ၊ အကောင်အထည်ဖော်ခြင်းဖြစ်စေ မပြုနိုင်သော သတ်မှတ်ထားသည့်၊ မပြောင်းလွယ်သော အရာအချို့မျှသာ ဖြစ်ပါက၊ ၎င်းတို့သည် ကောင်းမွန်သော မှတ်ဉာဏ်ရှိရုံမျှသာ ဖြစ်ပါက ဤသည်မှာ ၎င်းတို့၏ ပင်ကိုအခြေအနေများအတွင်းရှိ အားသာချက်နှင့် အရည်အချင်းတစ်ခုသာ ဖြစ်ပြီး ၎င်းတို့၏ အစွမ်းအစနှင့် သက်ဆိုင်သည့် အဆင့်သို့ မရောက်ရှိပေ။ ငါတို့ အစောပိုင်းက ဆွေးနွေးခဲ့သည့်အတိုင်း အစွမ်းအစဟူသည် အဘယ်နည်း။ (အမှုအရာများကို လုပ်ဆောင်ရာတွင် စွမ်းဆောင်ရည်နှင့် ထိရောက်မှုရှိခြင်း ဖြစ်ပါသည်။) သင်သည် ကောင်းမွန်သော မှတ်ဉာဏ်ရှိပြီး ကောင်းမွန်သော အစွမ်းအစလည်း ရှိပါက သင်၌ မည်သို့သော သရုပ်သကန်များနှင့် လက္ခဏာများ ရှိသင့်သနည်း။ သင်ကြားရသော အကြောင်းအရာများနှင့်ပတ်သက်၍ တိကျမှန်ကန်စွာ မှတ်မိနိုင်ခြင်းကို အခြေခံလျက် အဓိကအချက်များကို သဘောပေါက်နိုင်ခြင်း၊ စည်းမျဉ်းများကို ရှာတွေ့နိုင်ခြင်း၊ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းနှင့် အကောင်အထည်ဖော်ရန် အစီအစဉ်ကို ရှာတွေ့နိုင်ခြင်း၊ ထို့နောက် လက်တွေ့ဘဝနှင့် အလုပ်တွင် ယင်းတို့ကို အမှန်တကယ် အသုံးချနိုင်ပြီး အမှုအရာများကို စွမ်းဆောင်ရည်ရှိရှိနှင့် ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ သင် အလွတ်ကျက်မှတ်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများသည် သီအိုရီအဆင့်တွင် ရပ်တန့်မနေဘဲ သင်၏ တာဝန်ထမ်းဆောင်မှုတွင် အကောင်အထည်ဖော်ခံရပြီး သင်၏ သမ္မာတရား လက်တွေ့ကျမှု ဖြစ်လာကာ လူများမြင်နိုင်သော အလုပ်ရလဒ်များကို ဖြစ်ပေါ်စေပြီး အလုပ်၏ စွမ်းဆောင်ရည်ကို တိုးတက်စေခြင်းပင် ဖြစ်သည်။ ဤသည်မှာ ကောင်းမွန်သော မှတ်ဉာဏ်ရှိရုံသာမက ကောင်းမွန်သော အစွမ်းအစလည်း ရှိခြင်း ဖြစ်သည်။ ကောင်းမွန်သော မှတ်ဉာဏ်ရှိခြင်းသည် ကောင်းမွန်သော အစွမ်းအစရှိခြင်းနှင့် မညီမျှပေ။ ထိုသို့မဟုတ်ဘဲ သဘောပေါက်နားလည်နိုင်စွမ်းရှိခြင်း၊ သင့်အပေါ် အမှုအရာများ ကျရောက်လာသောအခါ သမ္မာတရားကို ရှာဖွေနိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများကို ရှာတွေ့နိုင်ခြင်း၊ အလုပ်ကို လမ်းလွဲခြင်းမရှိဘဲ အကောင်အထည်ဖော်ပြီး တိကျမှန်ကန်စွာ၊ လျင်မြန်စွာနှင့် ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း၊ ဤသည်သာလျှင် ကောင်းမွန်သော အစွမ်းအစရှိခြင်း ဖြစ်သည်။ ကောင်းမွန်သော အစွမ်းအစဟူသည်မှာ အယူဝါဒအချို့ကို နားလည်ပြီးနောက် ယင်းတို့ထဲမှ များစွာကို ထုတ်ပြောနိုင်ခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ သမ္မာတရား စည်းမျဉ်းအချို့ကို နားလည်ပြီး သဘောပေါက်ပြီးနောက် သင်၏ အလုပ်နှင့် တာဝန်တွင် ယင်းတို့ကို အလိုက်သင့် အသုံးချနိုင်ခြင်း၊ ယင်းတို့ကို သင်၏ လက်တွေ့ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်စေခြင်း၊ ယင်းတို့ကို သဘောတရားမှ လက်တွေ့သို့ ပြောင်းလဲခြင်းဖြစ်ပြီး ယင်းက သမ္မာတရား စည်းမျဉ်းများကို လူများအပေါ် အကျိုးသက်ရောက်မှု ရှိစေပြီး ရလဒ်များ ရရှိစေကာ လူများကို အကျိုးကျေးဇူးများနှင့် အားသာချက်များ ဆောင်ကြဉ်းပေးခြင်း ဖြစ်သည်။ ဤသည်မှာ အစွမ်းအစရှိခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ သင်သည် စကားလုံးများနှင့် အယူဝါဒများကို နားလည်သည့်အဆင့်တွင် ပိတ်မိနေပြီး အလုပ်ကို အကောင်အထည်မဖော်နိုင်ဘဲ စည်းမျဉ်းများ သို့မဟုတ် နည်းလမ်းများကို မရှာတွေ့နိုင်ပါက၊ ဆိုလိုသည်မှာ ဤသမ္မာတရား စည်းမျဉ်း၏ ကဏ္ဍသည် သင့်အတွက် အစဉ်သဖြင့် သဘောတရားတစ်ခုအဖြစ်သာ ကျန်ရှိနေပြီး ယင်းကို လက်တွေ့ဖြစ်လာစေရန် သင့်၌ နည်းလမ်းမရှိ၊ နည်းစနစ်မရှိ၊ လမ်းကြောင်းမရှိပါက ဤသည်မှာ အစွမ်းအစမရှိခြင်း သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစရှိခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ သင်၏ မှတ်ဉာဏ်သည် မည်မျှပင် ကောင်းနေပါစေ၊ သာမန်လူများထက် သာလွန်ပြီး ထူးကဲသော စွမ်းရည်တစ်ခုနီးပါး ဖြစ်နေလျှင်ပင် ၎င်းသည် သင်၌ ကောင်းမွန်သော အစွမ်းအစရှိသည်ဟု မဆိုလိုပေ။ ကောင်းမွန်သော အစွမ်းအစသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ အစွမ်းအစကို မည်သို့ တိုင်းတာသနည်း။ (လူတစ်ဦးသည် အလုပ်၏ စည်းမျဉ်းများကို နားလည်နိုင်ခြင်း ရှိမရှိနှင့် ထိုစည်းမျဉ်းများကို ရလဒ်များရရှိရန် ကောင်းစွာ အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိဖြင့် အဆုံးအဖြတ်ပေးပါသည်။) ယင်းကို စွမ်းဆောင်ရည်နှင့် ထိရောက်မှုဖြင့် အဆုံးအဖြတ်ပေးသည် မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများသည် အလုပ်အစီအစဉ်များကို လျင်မြန်စွာနှင့် တိကျမှန်ကန်စွာ မှတ်မိနိုင်ပြီး ယင်းတို့ကို သဘောတရားအရလည်း နားလည်နိုင်သည်။ သို့ရာတွင် အကောင်အထည်ဖော်ရန် အချိန်ရောက်သောအခါ ၎င်းတို့ကို “ဤအလုပ်ကို မည်သို့ လုပ်သင့်သနည်း။ သင့်ထံတွင် စိတ်ကူးများ၊ အစီအစဉ်များ သို့မဟုတ် အဆင့်များ ရှိသလား” ဟု တစ်စုံတစ်ဦးက မေးလျှင် ၎င်းတို့က “မရှိပါ၊ မည်သို့လုပ်ဆောင်ရမည်ကို မသိပါ” ဟု ပြန်ဖြေကြသည်။ ဤသည်မှာ အစွမ်းအစရှိခြင်း မဟုတ်ပေ။ အလွန်ဆုံးအနေဖြင့် ဤသည်မှာ ကဏ္ဍတစ်ခုတွင် အားသာချက်တစ်ခုမျှသာ ဖြစ်သည်။ ငါတို့ ဤခေါင်းစဉ်အကြောင်း ပထမဆုံး မိတ်သဟာယဖွဲ့စဉ်က ဤပြဿနာကို ဆွေးနွေးခဲ့သည်ဟု ငါမှတ်မိသည်။ သင်တို့ မေ့သွားကြပေမည်၊ ပြီးလျှင် ဤတစ်ကြိမ်တွင် သင်တို့သည် ထူးကဲသော မှတ်ဉာဏ်ကို အစွမ်းအစအောက်တွင် ထပ်မံ အမျိုးအစား ခွဲခြားလိုက်ပြန်သည်။ လူတစ်ဦး၏ အားသာချက်များနှင့် ပင်ကိုစွမ်းရည်များကို အစဉ်သဖြင့် နားလည်မှုလွဲပြီး အချို့သော အားသာချက် သို့မဟုတ် ပင်ကိုစွမ်းရည်ကို ကောင်းမွန်သော အစွမ်းအစအောက်တွင် အစဉ်သဖြင့် အမျိုးအစားခွဲခြားခြင်းသည် ဆိုးရွားသော အမှားတစ်ခု ဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းပြီး သင်တို့သည် အားသာချက်ဟူသည် အဘယ်နည်း၊ ပင်ကိုစွမ်းရည် သို့မဟုတ် အရည်အချင်းဟူသည် အဘယ်နည်း၊ စစ်မှန်သော အစွမ်းအစဟူသည် အဘယ်နည်းတို့ကို နားလည်သွားပါက ၎င်းသည် လူများကို ပိုင်းခြားသိမြင်ရန်နှင့် သင်တို့၏ ကိုယ်ပိုင်အသက်တာ ကြီးထွားမှုအတွက် အကျိုးရှိလိမ့်မည်။ အနည်းဆုံးအနေဖြင့် ယင်းသည် သင်တို့ ကောင်းမွန်စွာ သီချင်းဆိုတတ်ခြင်း သို့မဟုတ် ကခုန်တတ်ခြင်းကြောင့်သာ သင်တို့၌ ထူးကဲသော အစွမ်းအစရှိသည်ဟု မှားယွင်းစွာ မယုံကြည်တော့ရန် သင်တို့၏ မာနထောင်လွှားသော စိတ်သဘောထားကို အနည်းငယ် ထိန်းချုပ်ဖို့ ကူညီနိုင်သည်။ သို့ဆိုလျှင် သင်တို့သည် ဤကိစ္စကို ဤနည်းလမ်းဖြင့် ယခု အကဲဖြတ်နိုင်သေးသလော။ (မဖြတ်နိုင်တော့ပါ။) သို့ဆိုလျှင် သီချင်းဆိုတတ်သော လူများ၌ ကောင်းမွန်သော အစွမ်းအစရှိရန် အမှန်တကယ် မည်သည့်အရာကို ပိုင်ဆိုင်ဖို့ လိုအပ်သနည်း။ (၎င်းတို့၌ သဘောပေါက်နားလည်နိုင်စွမ်းရှိရန်၊ မည်သည့်သီချင်းဆိုနည်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသည်ကို သိရန်နှင့် သိနားလည်နိုင်ရန်လည်း လိုအပ်ပါသည်။) ဉာဏ်အလင်းသည် အလွန်အရေးကြီးသည်။ သင်မြင်သည့်အတိုင်း ဤလူအားလုံးသည် တေးဂီတသီအိုရီအချို့ကို သိကြသော်လည်း ၎င်းတို့၏ သီချင်းဆိုခြင်း၏ အကျိုးသက်ရောက်မှုမှာ ကွဲပြားသည်။ အချို့လူများသည် သီချင်းဆိုရန်အတွက် လမ်းကြောင်းတစ်ခုကို စမ်းတဝါးဝါးရှာဖွေပြီး လေ့လာနိုင်သည်။ ၎င်းတို့သည် အမျိုးမျိုးသော သီချင်းများ၊ မတူညီသော သံစဉ်များနှင့် လူအမျိုးမျိုးထံမှ မတူညီသော သီချင်းဆိုဟန်များကို နားထောင်ပြီး မည်သည့်သီချင်းဆိုနည်းစနစ်များသည် စိတ်ထိမိစေပြီး နှစ်သက်ဖွယ်ဖြစ်သည်ကို နားစွင့်ကြသည်။ ၎င်းတို့သည် ဤဖြစ်စဉ်မှ အချို့သော ခံစားချက်တစ်ခုကို ရှာတွေ့ပြီးနောက် ထိုခံစားချက်ကို အခြေခံ၍ ဆက်လက်စူးစမ်းလေ့လာပြီး လေ့ကျင့်ကြသည်။ အချိန်အတန်ကြာပြီးနောက် ၎င်းတို့၏ သီချင်းဆိုခြင်းသည် တိုးတက်လာသည်ဟု ၎င်းတို့ ခံစားရပြီး အခြားသူများကလည်း နားထောင်လိုစိတ် ရှိလာကြသည်။ တဖြည်းဖြည်းနှင့် ၎င်းတို့သည် ဤအရာကို သဘောတရားများနှင့် နှိုင်းယှဉ်ပြီး ဤလက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် မှန်ကန်ကြောင်း အတည်ပြုကြသည်။ ၎င်းတို့သည် မိမိတို့၏ သီချင်းဆိုနည်းကို ပြောင်းလဲရန်နှင့် ယခင်မှားယွင်းသော သီချင်းဆိုနည်းများကို ပြင်ဆင်ရန် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာဖွေတွေ့ရှိနိုင်သည်။ ထို့နောက် ၎င်းတို့သည် မိမိတို့ ရှာဖွေတွေ့ရှိခဲ့သော ကောင်းမွန်သော၊ မှန်ကန်သော၊ အပြုသဘောဆောင်သော အချက်များကို မိမိတို့၏ ကိုယ်ပိုင်သီချင်းဆိုခြင်းထဲတွင် ထပ်မံ အကောင်အထည် ဖော်ပြီး အသုံးချနိုင်သည်။ မည်သည့်သီချင်းဆိုနည်းသည် မှန်ကန်ပြီး မည်သည့်နည်းသည် မှားယွင်းသည်ကိုလည်းကောင်း၊ မည်သည့်သီချင်းဆိုနည်းသည် ကောင်းမွန်သော ခံစားချက်ကို ဖြစ်ပေါ်စေပြီး မည်သည့်နည်းသည် မကောင်းသော ခံစားချက်ကို ဖြစ်ပေါ်စေသည်ကိုလည်းကောင်း ၎င်းတို့ သိမြင်နိုင်သည်။ ဤသည်မှာ ကောင်းမွန်သော အစွမ်းအစရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် သဘောတရားဆိုင်ရာ အသိပညာသာရှိပြီး သီအိုရီကို မိမိတို့၏ လက်တွေ့သီချင်းဆိုခြင်းနှင့် မပေါင်းစပ်နိုင်ဘဲ ၎င်းတို့၏ သဘောပေါက်နားလည်မှုသည် လွဲချော်နေပါက ၎င်းတို့၏ အစွမ်းအစသည် မကောင်းပေ။ သီချင်းဆိုသော အချို့လူများကို ကြည့်လော့၊ အခြားသူများက ၎င်းတို့သည် အသံတုကို အသုံးပြုနေကြောင်း ထောက်ပြသောအခါ ၎င်းတို့သည် လက်ခံနိုင်ပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ် လေ့ကျင့်ပြီးနောက် ပြင်ဆင်နိုင်သည်။ ၎င်းတို့သည် သီချင်းဆိုရာတွင် သိပ်မကျွမ်းကျင်သေးသည့်တိုင် ပင်ကိုအသံစစ်ဖြင့် ဆိုနေကြပြီဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အချို့လူများသည် အသံတုဖြင့် သီချင်းဆိုကြပြီး ၎င်းတို့ကို ကြားရသော မည်သူမဆိုအတွက် ရှင်းလင်းနေသော်လည်း ၎င်းတို့သည် မိမိတို့၏ အသံစစ်၊ ပင်ကိုအသံစစ်ဖြင့် ဆိုနေသည်ဟု ထင်နေကြဆဲဖြစ်ပြီး ခြားနားချက်ကို မပိုင်းခြားနိုင်ကြပေ။ ဤသည်မှာ အစွမ်းအစမရှိခြင်းနှင့် သိနားလည်မှုမရှိခြင်း၊ အမှုအရာများကို မသိမြင်နိုင်ခြင်းကို ပြသသည်။ ဤသည်မှာ အစွမ်းအစနှင့် အားသာချက်တို့ကြား ခြားနားချက် ဖြစ်သည်။ သင်သည် သီချင်းဆိုရာတွင် ပင်ကိုစွမ်းရည်ရှိပါက ယင်းသည် သင်၏ အားသာချက်ဖြစ်သည်၊ ၎င်းသည် ပင်ကိုအခြေအနေတစ်ခု ဖြစ်သည်။ သို့ရာတွင် သင်သည် ကောင်းစွာ သီချင်းဆိုနိုင်ခြင်း ရှိမရှိနှင့် ဤနယ်ပယ်၊ ဤလုပ်ငန်းတွင် အနှစ်သာရ၊ စည်းမျဉ်းများနှင့် အဓိကအချက်များကို သိမြင်နိုင်ခြင်း ရှိမရှိသည် အစွမ်းအစနှင့်ဆိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင်သည် အနှစ်သာရ၊ အဓိကအချက်များနှင့် စည်းမျဉ်းများကို သိမြင်နိုင်ပါက သင်သည် အဆိုတော်တစ်ဦး၊ ကျွမ်းကျင်သော အဆိုရှင်တစ်ဦး ဖြစ်လာနိုင်သည်။ သင်သည် သီချင်းဆိုခြင်းကို နှစ်သက်ပြီး လျင်မြန်စွာ သင်ယူနိုင်ကာ သံစဉ်၊ စည်းချက်နှင့် အသံအနိမ့်အမြင့်ကို တိကျမှန်ကန်စွာ ကျွမ်းကျင်ပိုင်နိုင်ပါက ဤသည်ကို ပင်ကိုအားသာချက်တစ်ခုနှင့် ဤသီးခြားအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွင် တော်ခြင်းဟုသာ ခေါ်ဆိုနိုင်သည်။ သို့ရာတွင် သင်၏ အလွန်သာမန်ဖြစ်ပြီး ကန့်သတ်ချက်ရှိသော အစွမ်းအစကြောင့် သင်သည် တော်ခြင်းဟူသော ဘောင်အတွင်း၌သာ အစဉ်သဖြင့် ရှိနေလိမ့်မည်။ သင်သည် အဓိကအချက်များကို ကျွမ်းကျင်သည့်အဆင့်သို့ ရောက်ရှိနိုင်မည်မဟုတ်သကဲ့သို့ စစ်မှန်သော အဆိုတော်နှင့် ကျွမ်းကျင်သော အဆိုရှင်တစ်ဦး ဖြစ်လာနိုင်မည် မဟုတ်ပေ။ ဤသည်မှာ သင်၏ အစွမ်းအစက ချမှတ်သော ကန့်သတ်ချက် ဖြစ်သည်။ ကောင်းမွန်သော အစွမ်းအစရှိသူများ၌ အလားအလာနှင့် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း ရှိကြပြီး သာမန် သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစရှိသူများ၌မူ အလားအလာ သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း မရှိပေ။ သို့ဖြစ်၍ သင်၏ အားသာချက်သည် မည်သည့်နယ်ပယ်တွင် ရှိနေပါစေ သင်၏ အစွမ်းအစ ညံ့ဖျင်းပါက သင်သည် သင်၏ အစွမ်းအစ၏ ကန့်သတ်ခြင်းကို မလွဲမသွေ ခံရလိမ့်မည်။ သင်သည် အချို့သော နယ်ပယ်တစ်ခုတွင် မည်မျှပင် ပင်ကိုစွမ်းရည်ရှိနေပါစေ၊ မည်မျှပင် ကြိုက်နှစ်သက်ပါစေ၊ သင်၏ စိတ်ဝင်စားမှု မည်မျှပင် ကြီးမားနေပါစေ သင်၏ ညံ့ဖျင်းသော အစွမ်းအစကြောင့် သင်၌ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ရှိမည်မဟုတ်ပေ၊ အကြောင်းမှာ သင်သည် သင်၏ အစွမ်းအစကို မကျော်လွှားနိုင်သောကြောင့် ဖြစ်သည်။ သင် နားလည်ပြီလော။ (နားလည်ပါပြီ။) ငါ ဤသို့ပြောပြီးဖြစ်သောကြောင့် သင်တို့သည် သီချင်းဆိုခြင်း၌ ယုံကြည်မှု ပျောက်ဆုံးသွားကြမည်လော။ ငါသည် အစွမ်းအစနှင့် အားသာချက်များကြား ခြားနားချက်အကြောင်း မိတ်သဟာယဖွဲ့ရန် သင်တို့၏ အားသာချက်များထဲမှ တစ်ခုကို ဥပမာအဖြစ် အသုံးပြုလျက် လက်ရှိကိစ္စရပ်ကိုသာ ပြောနေခြင်း ဖြစ်သည်။ သို့ရာတွင် ဘုရားအိမ်တော်သည် သင်တို့ကို စစ်မှန်သော ကျွမ်းကျင်သည့် အဆိုတော်များ ဖြစ်လာရန်၊ အချို့သော အလွန်မြင့်မားသော တိကျမှုဖြင့် သီချင်းဆိုရန်၊ သီးခြားသီချင်းဆိုဟန်တစ်ခုကို ဖွံ့ဖြိုးတိုးတက်စေရန် သို့မဟုတ် သီချင်းဆိုခြင်း၌ ကြီးမားသော အောင်မြင်မှု ရရှိရန် မတောင်းဆိုပေ။ ဤအရာများကို မတောင်းဆိုပေ။ သင်တို့၏ ရှိရင်းစွဲ အစွမ်းအစနှင့် အားသာချက်များကို ကောင်းစွာ အသုံးချရုံသာဖြစ်သည်၊ ယင်းမှာ အဆင်ပြေသည်။ စစ်မှန်သော ခံစားချက်များနှင့် ရိုးသားမှု၏ ဖော်ပြချက် ရှိနေသမျှကာလပတ်လုံး ၎င်းမှာ လုံလောက်သည်။ သို့ဖြစ်၍ သင်တို့ထဲမှ အချို့သည် ညံ့ဖျင်းသော အစွမ်းအစ သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း အနည်းငယ်သာရှိသော အလွန်သာမန် အစွမ်းအစရှိသည်ဟု ငါပြောခဲ့သောကြောင့်သာ စိတ်ဓာတ်မကျနှင့် သို့မဟုတ် အရှုံးမပေးနှင့်။ ယင်းမှာ မလိုအပ်ပေ။ သင်တို့ စိတ်ဓာတ်ကျကြမည်လော။ (မကျပါ။) သင်တို့သည် ဤကိစ္စရပ်ကို မှန်ကန်စွာ သဘောထားရမည်။ ငါသည် သင်တို့၏ အခြေအနေများကို ဥပမာအဖြစ် အသုံးမပြုခဲ့ပါက သင်တို့သည် သဘောပေါက်မည်မဟုတ်ဘဲ စေ့စေ့စပ်စပ် နားလည်မှု ရှိမည်မဟုတ်သည့်အပြင် ငါပြောခဲ့သည့် မည်သည့်အရာကိုမဆို သင်တို့ နှလုံးသွင်းမည် မဟုတ်ပေ။ သင်တို့ကို စေ့စေ့စပ်စပ် နားလည်စေရန် ကူညီဖို့ ငါသည် လူတိုင်း ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန် ဥပမာအနည်းငယ် ပေးခဲ့ရသည်။ ဤနည်းအားဖြင့် အစွမ်းအစနှင့် အားသာချက်များကြား ခြားနားချက်ကို သင်တို့၏ နားလည်မှုသည်လည်း ပိုမိုတိကျလာလိမ့်မည်။ ဤသို့ မိတ်သဟာယဖွဲ့ခြင်းနည်းလမ်းကို သင်တို့ စိတ်အနှောင့်အယှက်ဖြစ်ကြသလော။ (မဖြစ်ပါ။) သင်တို့ စိတ်အနှောင့်အယှက်မဖြစ်လျှင် ကောင်းပေသည်။ ဤအရာကို မှန်ကန်စွာ သဘောထားလော့။ သင်တို့ လေ့ကျင့်သင့်သည့်အတိုင်း လေ့ကျင့်လော့။ ယင်းကို သင်တို့ စိတ်နှစ်ထားပြီး ကောင်းမွန်သော ပန်းတိုင်နှင့် ဦးတည်ချက်ဆီသို့ လေ့ကျင့်ခြင်းသည် တိုးတက်မှုမရှိခြင်း သို့မဟုတ် သင်တို့၏ နည်းလမ်းဟောင်းများတွင် ပိတ်မိနေခြင်းထက် အစဉ်သဖြင့် ပိုကောင်းလိမ့်မည်။ သင်၏ အစွမ်းအစသည် ကန့်သတ်ချက်ရှိနေသော်လည်း သို့မဟုတ် ညံ့ဖျင်းနေသော်လည်း သင်သည် လေ့ကျင့်ရန် ကြိုးစားအားထုတ်ပြီး သင်၏ ကန့်သတ်ချက်ရှိသော အစွမ်းအစဘောင်အတွင်း သင်တတ်နိုင်သမျှ အများဆုံးကို ရရှိရန် ကြိုးပမ်းရန် လိုအပ်နေဆဲ ဖြစ်သည်။ ငါတို့သည် တာဝန်ယူမှုနှင့် သစ္စာစောင့်သိမှု သဘောထားဖြင့် ဤတာဝန်ကို ထမ်းဆောင်ပြီး ဤအလုပ်ကို လုပ်ဆောင်ရာ၌ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ရမည်။ ဤသည်မှာ သင်တို့ လိုက်နာသင့်သော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်း ဖြစ်သည်။ သင်၏ အားသာချက်၌ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာမရှိတော့ဘဲ အနာဂတ်တွင် သင် မျက်နှာရနိုင်တော့မည် မဟုတ်ရုံဖြင့် သင်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အရှုံးပေးခြင်း မပြုရ။ ယင်းမှာ လက်ခံနိုင်ဖွယ်မရှိသည့်အပြင် ဤကိစ္စရပ်ကို သဘောထားပြုမူရာတွင် သင်လိုက်နာသင့်သော သမ္မာတရား စည်းမျဉ်း မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ သင် နားလည်ပြီလော။ (နားလည်ပါပြီ။)

ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတည်းဟူသော ဤနယ်ပယ်သုံးခုစီတိုင်းတွင် နားလည်ရန်လိုအပ်သော တိကျသည့်အသေးစိတ်များစွာ ရှိသည်။ ဤကိစ္စရပ်များအပေါ် ငါတို့ မိတ်သဟာယဖွဲ့ရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ကဏ္ဍများစွာအတွက် လူတို့သည် အပေါ်ယံနားလည်မှုသာရှိပြီး ယင်းတို့ကို ရှင်းလင်းစွာ မရှင်းပြနိုင်ကြပေ။ ၎င်းတို့၌ အားသာချက်အချို့ ရှိကောင်းရှိနိုင်သဖြင့် မိမိတို့သည် ကောင်းမွန်သော လူ့သဘာဝနှင့် မြင့်မားသော အစွမ်းအစရှိလျက် မွန်မြတ်သော ကိုယ်ကျင့်တရားရှိသည်၊ ဂုဏ်သရေရှိပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ကင်းလွတ်သည်ဟု ယုံကြည်တတ်ကြသည်။ ဤအရာအားလုံးသည် ဤအမျိုးမျိုးသော ပြဿနာများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိခြင်းမှ အရင်းခံသည်။ ဤကိစ္စရပ်မျိုးများသည် အသေးစိတ်များ ပိုမိုပါဝင်လေလေ၊ မိတ်သဟာယဖွဲ့စရာ ပိုများလေလေ ဖြစ်သည်၊ ယင်းကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်တည်းဖြင့် ဆွေးနွေးပြောဆို၍မရနိုင်ဘဲ အကြိမ်များစွာသော မိတ်သဟာယဖွဲ့ခြင်းများကို လိုအပ်သည်။ ကောင်းပြီ၊ ယနေ့အတွက် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် ရပ်ကြမည်။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။