သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)

ဤအချိန်ကာလအတွင်းတွင် သမ္မာတရားအား လိုက်စားပုံ၏ ပထမလက္ခဏာဖြစ်သော စွန့်လွှတ်ခြင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ဤအကြောင်းအရာ၏ ပထမအပိုင်းဖြစ်သော အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးအား စွန့်လွှတ်ခြင်းအကြောင်းကို ငါတို့ အဓိကအားဖြင့် ပြောခဲ့ကြသည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးအား စွန့်လွှတ်ခြင်းအကြောင်းကို ငါတို့ အကြိမ်မည်မျှ ဆွေးနွေးခဲ့သနည်း။ (လေးကြိမ်ဖြစ်ပါသည်။) သင်တို့၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို စွန့်လွှတ်ခြင်းအတွက် လမ်းကြောင်းတစ်ခုခုရှိသလော။ ငါတို့ မိတ်သဟာယဖွဲ့ပြီး စိစစ်ခဲ့ကြသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးသည် အပေါ်ယံတွင် စိတ်ခံစားချက်၊ သို့မဟုတ် အတွေးအမျိုးအစားများ ဖြစ်သည့်ပုံစံရှိသော်လည်း အမှန်တွင် အရင်းအမြစ်မှာ ယင်းတို့သည် လူတို့၏ ဘဝအပေါ် မှားယွင်းသော ရှုမြင်သုံးသပ်ချက်များနှင့် စံနည်းစနစ်များ၊ လူတို့၏ ချို့ယွင်းချက်ရှိသော အတွေးများနှင့် အမြင်ရှုထောင့်များမှတစ်ဆင့် အရင်းခံသည်။ လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကြောင့် မှားယွင်းသော အတွေးအမျိုးမျိုးနှင့် အမြင်ရှုထောင့်အမျိုးမျိုး ပေါ်ထွက်လာပြီး ရလဒ်အနေဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုး ထွက်ပေါ်လာသည်မှာ မှန်သည်။ ထို့ကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုး ထွက်ပေါ်ခြင်းတွင် နဂိုမူလအရင်းအမြစ်နှင့် အကြောင်းရင်းရှိသည်။ ငါတို့ဆွေးနွေးခဲ့ပြီးသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် ခဏတာဖြစ်သော၊ သို့မဟုတ် စိတ်လိုက်မာန်ပါ ပြုလုပ်တတ်သော အတွေးများမဟုတ်သကဲ့သို့ ဤစကားများ၏ ရိုးရှင်းသော အဓိပ္ပာယ်တွင်ရှိသော အတွေးအမြင်များ၊ သို့မဟုတ် ခဏတာဖြစ်သော စိတ်ခံစားချက်များလည်း မဟုတ်ပေ။ ဤစိတ်ခံစားချက်များသည် လူတို့၏ ဘဝနေမှုပုံစံ၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာ၊ ၎င်းတို့၏ အတွေးအမြင်များ၊ ထို့အပြင် လူများနှင့် အမှုအရာများကို ၎င်းတို့ရှုမြင်သည့် အမြင်ရှုထောင့်များနှင့် သဘောထားများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လူတို့၏ နှလုံးသားထဲနှင့် စိတ်တွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသည်။ ထိုစိတ်ခံစားချက်များသည် လူတို့၏ နေ့စဉ်အသက်တာများတွင် အစဉ်မပြတ် လိုက်ပါနေပြီး အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ကြည့်သောအခါတွင် ၎င်းတို့ထားရှိသည့် အမြင်ရှုထောင့်များနှင့် ရပ်တည်ချက်များအပေါ် သက်ရောက်မှုရှိသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ နေ့စဉ်အသက်တာများ၊ ကျင့်ကြံပြုမူခြင်းနှင့် အသက်တာ၌ ၎င်းတို့ရွေးချယ်သည့် လမ်းကြောင်းများအပေါ် သိသာသော ဆိုးကျိုးများရှိလေသည်။ ယင်းတို့သည် လူတို့အတွက် ကောင်းကျိုးမပြုသော အကျိုးဆက်အမျိုးမျိုးကို သတိမပြုမိဘဲ ရရှိစေသည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားအား လိုက်စားခြင်းမှတစ်ဆင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို တဖြည်းဖြည်းချင်း နားလည်ပြီး ဖြေရှင်းကာ ယင်းတို့ကို တဖြည်းဖြည်းချင်း စွန့်လွှတ်ရမည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို စွန့်လွှတ်ခြင်းသည် သင်မစဉ်းစားတော့သော၊ ပြီးနောက်တွင် သင့်အပေါ် ကြီးစိုးခြင်းမရှိတော့သော ရုပ်ဝတ္ထုပစ္စည်းများကို စွန့်ပစ်ခြင်းကဲ့သို့မဟုတ်ပေ။ ယင်းမှာ ထိုစကားလုံး၏ ရိုးရှင်းသော အဓိပ္ပာယ်အတိုင်း တစ်စုံတစ်ခုကို ကောက်ယူပြီး စွန့်လွှတ်ခြင်းမျိုးမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤအကြောင်းအရာတွင် “စွန့်လွှတ်ခြင်း” ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ရသနည်း။ ယင်းမှာ သင်သည် သမ္မာတရားကို နားလည်သည်အထိ လူများ၊ အမှုအရာများကို သင်ရှုမြင်သည့် သင်၏ မမှန်ကန်သော အတွေးအမြင်များ၊ မမှန်ကန်သော အမြင်ရှုထောင့်များနှင့် သဘောထားများကို အဓိကအားဖြင့် ဖော်ထုတ်ပြီး စိစစ်ရမည်ဟု ဆိုလိုသည်။ ထို့နောက်တွင် သင်သည် သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အမှန်တကယ် စွန့်ပစ်နိုင်လိမ့်မည်။ သင်၌ မည်သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များ ဖြစ်ပေါ်ပါစေ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများနှင့် လမ်းကြောင်းများကို သင်ပိုင်ဆိုင်သည်အထိ ဆီလျော်မှုရှိသော သမ္မာတရားများကို ရှာဖွေခြင်းအားဖြင့် ယင်းတို့ကို ဖြေရှင်းရမည်။ ထိုအခါမှသာ သင်သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ညှဉ်းပန်းမှု၊ ချည်နှောင်မှုနှင့် လွှမ်းမိုးမှုတို့မှ လုံးလုံးလျားလျား လွတ်မြောက်နိုင်ကာ နောက်ဆုံးတွင် သမ္မာတရားအပေါ်နှင့် ဘုရားသခင်စီစဉ်ထားသည့် ပတ်ဝန်းကျင်များအပေါ် နာခံနိုင်စွမ်းကို ရရှိနိုင်သဖြင့် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သည်။ သင်သည် သမ္မာတရားအား သင်၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများကို ရှုမြင်ကာ သင်ကိုယ်တိုင် ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ရမည်။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့်သာ သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့်အတူ မမှန်ကန်သော အတွေးများနှင့် အမြင်ရှုထောင့်များကို လုံးလုံးလျားလျား လက်လွှတ်နိုင်မည်။ ယင်းတို့ကို လုံးလုံးလျားလျား လက်လွှတ်နိုင်ရန်အတွက် အဘယ့်ကြောင့် ဤသို့သော ရှုပ်ထွေးသည့်ဖြစ်စဉ် လိုအပ်သနည်း။ အကြောင်းရင်းမှာ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လက်ဆုပ်လက်ကိုင် ပြနိုင်သောအရာများ မဟုတ်ပေ။ ယင်းတို့သည် လူတစ်ယောက်၏စိတ်ကို ခဏတာ ပိုင်ဆိုင်သော သို့မဟုတ် ဖိစီးနှိပ်စက်သော စိတ်ခံစားချက်များမဟုတ်ပေ။ ယင်းတို့သည် လူတို့အထဲတွင် ဖြစ်ပေါ်လာပြီး အခြေကျနေသော၊ ယခင်ကတည်းက တည်ရှိသော သို့မဟုတ် နက်နဲစွာ အရိုးပင်စွဲနေသော အတွေးများနှင့် အမြင်ရှုထောင့်များပင်ဖြစ်ကာ လူတို့အပေါ် ယင်းတို့၏ လွှမ်းမိုးမှုသည် အထူးပင် ပြင်းထန်သည်။ ထို့ကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို စွန့်လွှတ်ရန်အတွက် အမျိုးမျိုးသော နည်းလမ်းများနှင့် အဆင့်များ လိုအပ်သည်။ ဤစွန့်လွှတ်ခြင်းဖြစ်စဉ်သည် သမ္မာတရားအား လိုက်စားခြင်းဖြစ်စဉ်လည်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို စွန့်လွှတ်ခြင်းဖြစ်စဉ်သည် အမှန်ပင် သမ္မာတရားအား လိုက်စားခြင်းဖြစ်စဉ် ဖြစ်သည်။ ထို့ကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ရင်ဆိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ သမ္မာတရားအား ရှာဖွေပြီး ယင်းတို့ကို ဖြေရှင်းခြင်းဖြစ်သည်။ ဤမိန့်ဆိုချက်၏ အဓိပ္ပာယ်ကို သင်တို့နားလည်သလော။ (နားလည်ပါသည်။)

အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ငါတို့ ရှေးဦးစွာ စတင် မိတ်သဟာယဖွဲ့သောအခါ ငါတို့ ယခင်က ဆွေးနွေးပြောဆိုခဲ့သည့် သမ္မာတရားအမျိုးမျိုးသည် အကြမ်းဖျဉ်းအနေဖြင့် ဤအကြောင်းအရာနှင့် မသက်ဆိုင်သေးပေ၊ ထို့ကြောင့် ယင်းသည် သင်တို့အားလုံးအတွက် သိပ်မရင်းနှီးသော အကြောင်းအရာတစ်ခုဖြစ်သည်။ လူတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များရှိခြင်းက သာမန်ဖြစ်သည်ဟု ထင်ကြပြီး ထိုစိတ်ခံစားချက်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ကွာခြားသည်ဟု ထင်ကြသည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမဟုတ်၊ တစ်ခုနှင့်တစ်ခု လုံးဝမသက်ဆိုင်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ မမှန်ကန်ပေ။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့အပေါ် သက်ရောက်မှုမရှိသည့် ခဏတာဖြစ်သော အတွေးများ၊ သို့မဟုတ် အယူအဆများသာဖြစ်သည်ဟု လူအချို့က ယုံကြည်ကြသည်။ ထို့ကြောင့် ထိုစိတ်ခံစားချက်များကို စွန့်လွှတ်သည်ဖြစ်စေ၊ မစွန့်လွှတ်သည်ဖြစ်စေ အရေးမပါဟု ယုံကြည်ကြသည်။ ယခုတွင် မိတ်သဟာယဖွဲ့ခြင်းနှင့် စိစစ်ခြင် ကဏ္ဍအဆင့်ဆင့်အားဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့အပေါ် သက်ရောက်မှု အမှန်တကယ်ပင် ရှိသည်ကို သက်သေပြပြီးဖြစ်သည်။ ယခင်က ငါတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်ခြင်းနှင့် ပိုင်းခြားစိစစ်ခြင်းအား အစဉ် မိတ်သဟာယဖွဲ့ခဲ့ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်စဉ်ရင်း အပျက်သဘောဆောင်သော စိတ်ခံစားချက်များအကြောင်း အနည်းငယ်သာ ပြောဆိုခဲ့သော်လည်း များစွာ အသေးစိတ်ကျကျ မိတ်သဟာယမပြုခဲ့ပေ။ ယခု ခိုင်လုံသော ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက်တွင် သင်တို့၏ နေ့စဉ်အသက်တာ၌ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို စိစစ်ပြီး နားလည်ရန် ဤအကြောင်းအရာကို သင်တို့ အာရုံစိုက်ပြီး စတင်သင်ယူနိုင်ဖို့ ငါမျှော်လင့်သည်။ ဤစိတ်ခံစားချက်များ၏ အနှစ်သာရကို သင် နားလည်သောအခါ ယင်းတို့ကို သင်ငြင်းပယ်ပြီး ကျောခိုင်းကာ တဖြည်းဖြည်းချင်း စွန့်လွှတ်နိုင်သည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို စွန့်လွှတ်ပြီးသည့်အခါမှသာ သမ္မာတရားအား လိုက်စားရာ၌ လမ်းကြောင်းမှန်ပေါ်သို့ ရောက်နိုင်ပြီး သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းနိုင်သည်။ ဤသည်တို့မှာ သင်လျှောက်ရမည့် ခြေလှမ်းများဖြစ်သည်။ ရှင်းလင်းသလော။ (ရှင်းပါသည်။) အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ ဘဝများ၊ ဖြစ်တည်မှု၊ လူတို့လျှောက်သည့် လမ်းကြောင်းတို့နှင့် ပတ်သက်လာသည့်အခါတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကဲ့သို့သော အတိုင်းအတာမျိုးဖြင့် လူတို့အား ဖိစီးပြီး ထိန်းချုပ်ခြင်း မရှိကောင်းမရှိနိုင်သော်လည်း ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကိုလည်း ရှောင်လွှဲ၍မရပေ။ လူများ၏ အတွေးများကို ချည်နှောင်ခြင်း၊ သမ္မာတရားကို ၎င်းတို့ လက်ခံရာတွင် လွှမ်းမိုးခြင်းတို့နှင့် ပတ်သက်သည့်အခါတွင်လည်းကောင်း၊ ၎င်းတို့သည် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းခြင်း ရှိမရှိနှင့် ပတ်သက်သည့်အခါတွင်လည်းကောင်း အခြေအနေတစ်ခုနှင့် အတိုင်းအတာတစ်ခုအထိ သူတို့၌ရှိသော အပျက်သဘောဆောင်သည့် သက်ရောက်မှုများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သက်ရောက်မှုများထက် အရေးပါမှု လျော့နည်းခြင်း မရှိပေ။ သင်တို့သည် သင်တို့၏ နောင်ကာလ လိုက်စားမှု၊ အတွေ့အကြုံနှင့် ကျင့်ထုံးတို့တွင် ဤအရာကို တဖြည်းဖြည်းချင်း စတင် တန်ဖိုးထားလာမည်ဖြစ်သည်။ ယခုအချိန်တွင် သင်တို့သည် ဤအကြောင်းအရာကို တွေ့ကြုံခါစပင်ရှိသောကြောင့် သင်တို့ထဲမှ အချို့သည် ဤအရာကို တန်ဖိုးထားဖို့မဆိုနှင့်၊ သတိပြုမိခြင်း၊ သို့မဟုတ် သိမြင်ခြင်း လုံးဝရှိမည် မဟုတ်ပေ။ သင်သည် ဤအကြောင်းအရာကို နောင်ကာလတွင် တွေ့ကြုံသောအခါ အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် မြင်ရသလောက် ရိုးရှင်းခြင်းမရှိသည်ကို ခံစားရလိမ့်မည်။ ယင်းတို့သည် လူတို့၏ အတွေးများထဲတွင်၊ စိတ်နှလုံးထဲတွင်၊ ထို့အပြင် လူတို့၏ မသိစိတ်ထဲတွင်ပင် အရေးပါသော နေရာနှင့် ကွက်လပ်ကို ဝင်ယူကြသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတစ်ဦးချင်းစီအား ကြီးမားသော အတိုင်းအတာအထိ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ရန် အားဖြည့်ပေးပြီး တွန်းအားပေးသည်၊ ထို့အပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လူတို့အပေါ်တွင်ရှိသော ထိန်းချုပ်မှုနှင့် ချည်နှောင်မှုကို အားဖြည့်ပြီး တွန်းအားပေးသည်ဟု ဆိုနိုင်သည်။ ယင်းတို့သည် လူများနှင့် အမှုအရာများကို လူတို့ ရှုမြင်သည့်၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်သည့်ပုံစံနှင့် ပတ်သက်လျှင် လူတို့အား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်အညီ ခေါင်းမာစွာဖြင့် အသက်ရှင်စေသည်၊ ထို့ကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို သင်တို့ လျှော့မတွက်သင့်ပေ။ အမှန်တွင် တစ်ဖက်တွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များအတွင်း၌ ဖုံးကွယ်ထားသည့် အပျက်သဘောဆောင်သော အတွေးများနှင့် အမြင်ရှုထောင့်များ များစွာရှိပြီး အခြားတစ်ဖက်တွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း၌ အတိုင်းအတာအမျိုးမျိုးဖြင့် ဖုံးကွယ်နေကြသည်။ အတိုချုပ်အားဖြင့်ဆိုလျှင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ စိတ်နှလုံးတွင် နေရာယူပြီး လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တူညီသော အနှစ်သာရရှိသည်။ ၎င်းတို့နှစ်ခုလုံးသည် အပျက်သဘောဆောင်ခြင်း၏ ရှုထောင့်များဖြစ်ပြီး အပျက်သဘောဆောင်သော အရာများဖြစ်သည်။ ဤနေရာတွင် “အပျက်သဘောဆောင်သောအရာများ” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ရှုထောင့်တစ်ခုမှာ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ အသက်ဝင်ရောက်မှုတွင် အပြုသဘောဆောင်သော နေရာ၌ မရှိပေ။ ၎င်းတို့သည် သင့်အား ဘုရားသခင်ရှေ့သို့ လာရန်၊ ဘုရားအလိုတော်ကို တက်ကြွစွာ ရှာဖွေရန်၊ ထို့နောက်တွင် ဘုရားသခင်အား နာခံခြင်းရှိရန် လမ်းပြမပေးနိုင်ပေ၊ သို့မဟုတ် မကူညီနိုင်ပေ။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ စိတ်နှလုံးအတွင်း၌ ဖုံးကွယ်နေသောအခါ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးကွာသည်။ ၎င်းတို့သည် ဘုရားသခင်အား တားဆီးကာကွယ်ပြီး ရှောင်ကြဉ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အား လျှို့ဝှက်စွာ၊ မသိမသာနှင့် မသိစိတ်မှနေ၍ သံသယရှိခြင်း၊ ငြင်းဆန်ခြင်း၊ ဝေဖန်အပြစ်တင်ခြင်းတို့ ပြုလုပ်ကောင်း ပြုလုပ်နိုင်သည်။ ဤအမြင်ရှုထောင့်မှကြည့်လျှင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် အပြုသဘောဆောင်သောအရာများ ဟုတ်သလော။ (မဟုတ်ပါ။) ယင်းမှာ ရှုထောင့်တစ်ခုဖြစ်သည်။ အခြားရှုထောင့်တွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့အား သမ္မာတရားကို နာခံရန် ဘုရားရှေ့သို့ မခေါ်ဆောင်ပေ။ ၎င်းတို့သည် လူတို့အား သမ္မာတရားနှင့် ကွဲလွဲပြီး ဆန့်ကျင်သည့် လမ်းကြောင်းများ၊ ပန်းတိုင်များ၊ ဦးတည်ချက်များဆီသို့ ခေါ်ဆောင်သည်။ ဤသည်မှာ သံသယရှိစရာမလိုပေ။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များက လူတစ်ယောက်အတွင်း၌ လုပ်ဆောင်သည့်အရာမှာ သူ့အား မိမိကိုယ်ကို ကာကွယ်စေရန်၊ သူ၏ လူ့ဇာတိ အကျိုးစီးပွားများကို ကာကွယ်ပေးရန်နှင့် သူ၏ ဘဝင်မြင့်မှု၊ မာနနှင့် အဆင့်အတန်းကို ထိန်းသိမ်းစေရန်ဖြစ်သည်။ ယင်းတို့သည် သင့်အား စဉ်ဆက်မပြတ် ထိန်းချုပ်ပြီး ချည်နှောင်သည်။ ဘုရားနှုတ်ကပတ်တော်အား နားမထောင်ရန်၊ ရိုးသားသူတစ်ယောက် မဖြစ်ရန်၊ သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ရန် တားဆီးသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် ဆုံးရှုံးမှုဖြစ်မည်၊ သိက္ခာနှင့် အဆင့်အတန်းကို ဆုံးရှုံးရမည်၊ သူတစ်ပါးတို့၏ လှောင်ပြောင်ခြင်းကို ခံရမည်၊ သင်၏ သရုပ်မှန်ကို လောကထဲတွင် ဖော်ထုတ်ခြင်းခံရမည်ဟူ၍ ယင်းတို့က သင့်အား ယုံကြည်စေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့ကို ထိန်းချုပ်ပြီး ၎င်းတို့၏ အတွေးများကို ကြီးစိုးကာ ၎င်းတို့အား ဤအပျက်သဘောဆောင်သော အရာများကိုသာ စဉ်းစားစေသည်။ ယခုတွင် ဤအပျက်သဘောဆောင်သောအရာများ၏ အနှစ်သာရသည် သမ္မာတရားနှင့် ဆန့်ကျင်သလော။ (ဆန့်ကျင်ပါသည်။) ဤသို့ဆိုလျှင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် သင့်အား ဤအရာများကို စဉ်ဆက်မပြတ် သတိပေးလျက်ရှိနေစဉ် တစ်ချိန်တည်းတွင် သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်စားခြင်းမရှိရန်လည်း အစဉ်မပြတ် ဟန့်တားနေသည်။ ယင်းတို့သည် သမ္မာတရားအား သင်၏လိုက်စားခြင်းအပေါ် တံတိုင်းများအဖြစ်လည်းကောင်း၊ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်သည့် သင်၏ လမ်းကြောင်းအပေါ် အတားအဆီးအဖြစ်လည်းကောင်း ရှိနေ၏။ သမ္မာတရားအား သင်လက်တွေ့လုပ်ဆောင်လိုသောအချိန်တိုင်း၊ ရိုးသားစွာ ပြောဆိုလိုသောအချိန်တိုင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံလိုသောအချိန်တိုင်း၊ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်လိုသောအချိန်တိုင်း၊ သို့မဟုတ် ဘုရားသခင်အတွက် သင့်ကိုယ်သင် ရိုးသားစစ်မှန်စွာ အသုံးခံလိုသောအချိန်တိုင်း၊ အဖိုးအခ ပေးဆပ်လိုသောအချိန်တိုင်းနှင့် ဘုရားသခင်အပေါ် သင်၏ သစ္စာရှိမှုကို ပြသလိုသောအချိန်တိုင်းတွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များက ရုတ်တရက် ပွင့်ထွက်လာကာ သမ္မာတရားအား သင်လက်တွေ့လုပ်ဆောင်ခြင်းကို တားဆီးလေသည်။ ၎င်းတို့သည် သင်၏ အတွေးများတွင် အဆက်မပြတ် ထွက်ပေါ်လာပြီး သင်၏ စိတ်တွင် လျှပ်တစ်ပြက် ပေါ်ထွက်လာကာ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် မည်သည့်အရာကို သင်ဆုံးရှုံးရမည်၊ သင်၏ အဆုံးသတ်က မည်သည့်အရာဖြစ်မည်၊ အကျိုးဆက်များက မည်သည်အရာဖြစ်မည်နှင့် မည်သည့်အရာကို သင်ရရှိနိုင်မည်ဆိုသည်တို့ကို သင့်အား ပြောပြသည်။ ၎င်းတို့သည် သင့်အား ထပ်ခါထပ်ခါ အသိပေးကာ သတိပေးပြီး သမ္မာတရားအား သင်လက်ခံခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်အား နာခံခြင်းမရှိစေရန် တားဆီးသည်။ ထိုအစား ယင်းတို့သည် သင့်အား မိမိအတွက်ကို စဉ်းစားစေသည်။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို စဉ်းစားစေသည်။ ရလဒ်အနေဖြင့် သင်သည် သမ္မာတရားအား လက်တွေ့မလုပ်ဆောင်နိုင်ပေ၊ သို့မဟုတ် ဘုရားသခင်အား တကယ်ကို မနာခံနိုင်ပေ။ ရုတ်ခြည်းပင် သင်၏ အတွေးများသည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ချည်နှောင်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်။ သင်သည် အစ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော်လည်း၊ ဘုရားသခင်အား ကျိုးနွံနာခံလိုစိတ်ရှိပြီး ဘုရားသခင်အား ကျေနပ်စေလိုသော်လည်း သင့်အတွင်း၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်လာသောအခါ သင်သည် မရည်ရွယ်ဘဲ ယင်းတို့နောက်သို့လိုက်ပြီး ယင်းတို့၏ ထိန်းချုပ်ခြင်းကို ခံရသည်။ ယင်းတို့သည် သင်၏ နှုတ်ကို ပိတ်ပြီး သင်၏ လက်နှင့်ခြေများကို ချည်နှောင်ကာ သင်လုပ်သင့်သည့်အရာကို မလုပ်ရန်နှင့် သင်ပြောသင့်သည့်စကားများကို မပြောဆိုရန် တားဆီးသည်။ ထိုထက် သင်သည် နောက်ဆုံး၌ မှားယွင်းသော၊ လှည့်စားသော၊ ဝေဖန်အပြစ်တင်သော စကားများကို ပြောခြင်း၊ သမ္မာတရားနှင့် ဆန့်ကျင်သော လုပ်ရပ်များအား လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်မိသည်။ သင်၏ စိတ်နှလုံးသည် ရုတ်ခြည်း မှောင်မိုက်လာပြီး စိတ်ဆင်းရဲသည့် အခြေအနေတွင် ပိတ်မိတတ်သည်။ သင်၏ နဂိုမူလစိတ်ကူးများနှင့် အစီအစဉ်များက ကောင်းသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသည်၊ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ဆက်ကပ်အပ်နှံလိုသည်၊ ထို့အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် တွန်းအား၊ ဆန္ဒနှင့် စိတ်ဓာတ်အားအင်ရှိသည်။ သို့သော် အရေးပါသော အချိန်အခိုက်အတန့်များတွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များက သင့်အား ထိန်းချုပ်သွားသည်။ သင်သည် ယင်းတို့ကို ကျောခိုင်းရန် သို့မဟုတ် ငြင်းပယ်ရန် အစွမ်းမရှိဘဲ အဆုံးတွင် သင်သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အရှုံးပေးခြင်းသာ လုပ်ဆောင်နိုင်သည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များက လူတို့ကို ခြောက်လှန့်ပြီး နှောင့်ယှက်သောအခါ၊ လူတို့၏ အတွေးများကို ထိန်းချုပ်ပြီး သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ရန် တားဆီးသောအခါ လူတို့သည် အလွန်ပင် အစွမ်းမဲ့သည့်၊ အကူအညီမဲ့သည့်၊ သနားစဖွယ်ဖြစ်သည့်ပုံပေါက်သည်။ အကြီးစား ပြဿနာများ မဖြစ်သောအခါ၊ စည်းမျဉ်းများ မပါဝင်သောအခါတွင် လူတို့က ၎င်းတို့သည် အကန့်အသတ်မဲ့သော အားအင်ရှိသည် ဟူ၍လည်းကောင်း၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ယုံကြည်မှုတွင် အားကြီးသည် ဟူ၍လည်းကောင်းထင်ကြပြီး ၎င်းတို့သည် စိတ်ဓာတ်လှုံ့ဆော်မှုအပြည့် ရှိသည်ဟု ခံစားရသည်။ ၎င်းတို့က ဘုရားသခင်အား ချစ်၍မဝဟု ထင်မှတ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်ဟူ၍လည်းကောင်း၊ မည်သည့်အမှားကိုမျှ မလုပ်ဆောင်နိုင်ဟူ၍လည်းကောင်း၊ အနှောင့်အယှက်၊ သို့မဟုတ် အဖျက်အဆီးများကို ဖန်တီးနိုင်စွမ်း မရှိဟူ၍လည်းကောင်း၊ မကောင်းမှုကို တမင်လုပ်နိုင်စွမ်း သေချာပေါက် မရှိဟူ၍လည်းကောင်း ထင်ကြသည်။ သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ၎င်းတို့သည် ၎င်းတို့ တုံ့ပြန်သည့်ပုံစံကို အဘယ်ကြောင့် မထိန်းနိုင်ကြသနည်း။ ၎င်းတို့၏ ဤမရည်ရွယ်ဘဲလုပ်ဆောင်သော လုပ်ရပ်များသည် စီစဉ်၍လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဆန္ဒအလျောက်လုပ်ဆောင်ခြင်း မဟုတ်သော်လည်း ဖြစ်ပျက်နေသေးပြီး လက်တွေ့အရှိတရားဖြစ်လာကာ ယင်းတို့မှာ ထိုလူများက ပြုမူဆောင်ရွက်လိုသည့်ပုံစံနှင့် လုံးဝမတူပေ။ ဤအရာများ ဖြစ်ပျက်ခြင်းနှင့် ဤသို့သော ဖြစ်ရပ်များ ထပ်ခါထပ်ခါ ပေါ်ပေါက်ခြင်းသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။ လူတို့အပေါ် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ သက်ရောက်မှုနှင့် လူတို့အပေါ် ယင်းတို့၏ ထိန်းချုပ်မှုသည် လူတို့ ထင်မြင်သည့်အတိုင်း မရိုးရှင်းသကဲ့သို့ အလွယ်တကူ ဖြေရှင်း၍မရ၊ လက်လွှတ်ရန် သို့မဟုတ် စွန့်ပစ်ရန် လုံးဝလွယ်ကူခြင်းမရှိဆိုသည်မှာ ရှင်းသည်။ လူတို့က ၎င်းတို့၏ ဆောင်ပုဒ်များကို မည်မျှကျယ်လောင်စွာ အော်ဟစ်ပါစေ၊ ၎င်းတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုက မည်မျှအားကြီးပါစေ၊ သို့မဟုတ် ၎င်းတို့၏ ရည်မှန်းချက်က မည်မျှမြင့်ပါစေ၊ သို့မဟုတ် ဘုရားသခင်အပေါ် ၎င်းတို့၏ ချစ်ခြင်းနှင့် ယုံကြည်ခြင်းက မည်မျှ ကြီးမားပါစေ လက်တွေ့အရှိတရားနှင့် ရင်ဆိုင်ရသောအခါ ထိုစိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ယုံကြည်ခြင်း၊ ထိုရည်မှန်းချက်များနှင့် စံများသည် အဘယ်ကြောင့် မည်သည့်သက်ရောက်မှုမျှ မရှိရသနည်း။ ၎င်းတို့သည် ခဏတာဖြစ်သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များဖြင့် အဘယ်သို့ လွှမ်းမိုးပြီး ဖိနှိပ်ခြင်းခံရသနည်း။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ အသက်တာများတွင် အမြစ်တွယ်နေသည်မှာ ရှင်းသည်။ ယင်းင်းတို့သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ယှဉ်တွဲတည်ရှိပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကဲ့သို့ပင် လူတို့၏ အတွေးများ၊ အမြင်ရှုထောင့်များကို လွှမ်းမိုးပြီး ထိန်းချုပ်နိုင်စွမ်းရှိသည်။ တစ်ချိန်တည်းတွင် ပို၍ဆိုးစွာပင် လူတို့၏ စကားလုံးများနှင့် လုပ်ရပ်များကို ထိန်းချုပ်သည်။ ဤအရာသာမက လူတို့၏ အတွေးနှင့် စိတ်ကူးတိုင်း၊ အခြေအနေမျိုးစုံကို ရင်ဆိုင်ရာတွင် လူတို့၏ လုပ်ဆောင်မှုနှင့် အပြုအမူတိုင်းကို ထိန်းချုပ်သည်။ ထို့ကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ဖြေရှင်းရန် အလွန်အရေးကြီးသည်မဟုတ်လော။ (အလွန်အရေးကြီးပါသည်။) အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် အပြုသဘောဆောင်သောအရာများ မဟုတ်၊ ဤသည်ကို နည်းလမ်းနှစ်ခုဖြင့် ပုံဖော်နိုင်သည်။ ပထမအနေဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတစ်ယောက်အား ဘုရားသခင်ရှေ့သို့ တက်ကြွစွာ ရောက်လာရန် မခေါ်ဆောင်နိုင်ပေ။ ဒုတိယအနေဖြင့် ယင်းတို့သည် လူတစ်ယောက်အား လက်တွေ့အရှိတရားကို ရင်ဆိုင်ရာတွင် သူဆန္ဒရှိသည့်အတိုင်း သမ္မာတရားအား အောင်မြင်စွာ လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားအတွင်းသို့ ဝင်ရောက်ရန် အခွင့်ကိုမပေးပေ။ ၎င်းတို့သည် သမ္မာတရားအား လူတို့ လိုက်စားခြင်းအတွက် အတားအဆီးများ ဖြစ်သည်။ လူတို့အား သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်းမပြုရန် တားဆီးသည်။ ထို့ကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ဖြေရှင်းရမည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ သက်ရောက်မှုနှင့် အနှစ်သာရကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများ မဟုတ်သည်ကို မြင်နိုင်သည်။ ထို့အပြင် ၎င်းတို့၏ အနှစ်သာရတွင် လူတို့အား ချုပ်ချယ်ပြီး ထိန်းချုပ်နိုင်စွမ်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထက် အတိုင်းအတာတစ်ခုအထိ ပို၍ကြီးမားသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ဖြစ်တည်မှုသည် ဆိုးရွားသော ပြဿနာတစ်ခုဖြစ်သည်ဟု သင်တို့ဆိုမည်လော။ (ဆိုမည်ဖြစ်သည်။) ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို မဖြေရှင်းလျှင် မည်သည့်အကျိုးဆက်များကို မျှော်လင့်နိုင်သနည်း။ ဤစိတ်ခံစားချက်များသည် လူတစ်ယောက်အား အပျက်သဘောဆောင်ခြင်း၌ ကြာရှည်စွာ အသက်ရှင်စေလိမ့်မည်ဖြစ်ကာ၊ ယင်းတို့သည် လူများအား ချုပ်ချယ်ပြီး ချည်နှောင်ကာ သမ္မာတရားအား လိုက်စားခြင်းကို တားဆီးရန် ပို၍ပင် အားကြီးသော အစွမ်းရှိသည်။ ထိုသို့သော ဆိုးရွားသည့် ပြဿနာကို ဖြေရှင်းသင့်သလော။ ဖြေရှင်းသင့်သည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကိုင်တွယ်သည့် တစ်ချိန်တည်းတွင် ၎င်းတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကိုလည်း ဖြေရှင်းသင့်သည်။ လူတို့သည် ၎င်းတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းလျှင် သမ္မာတရားအား ၎င်းတို့ လိုက်စားခြင်းသည် အလွန်ပို၍ ချောမွေ့မည်ဖြစ်ပြီး သိသာထင်ရှားသော မည်သည့်အတားအဆီးမျှ ရှိမည်မဟုတ်ပေ။

ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူများ၏ အပေါ်ယံအဆင့် ဖွင့်ပြခြင်းများ၏နောက်ကွယ်တွင်လည်းကောင်း၊ လုပ်နည်းကိုင်နည်းအချို့၏ နောက်ကွယ်တွင်လည်းကောင်း၊ အချို့သော အခြေအနေများ၏ နောက်ကွယ်တွင်လည်းကောင်း တည်ရှိနေကြသည်။ ထို့ကြောင့် ၎င်းတို့ကို သင်မည်သို့ ပိုင်းခြားသိမြင်သနည်း။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြား သင်မည်သို့ ခွဲခြားသိမြင်သနည်း။ ဤအရာကို သင်တို့ ယခင်က တွေးတောခဲ့ဖူးသလော။ (မတွေးတောခဲ့ဖူးပါ။) စိတ်သဘောထားများနှင့် စိတ်ခံစားချက်များသည် မတူညီသော အမျိုးအစားနှစ်ခုဖြစ်သည်။ ငါတို့သည် စိတ်သဘောထားများနှင့် စိတ်ခံစားချက်များအကြောင်းကိုသာ ပြောလျှင် ၎င်းတို့၏ တိုက်ရိုက်အဓိပ္ပာယ်ကြား ခွဲခြားသိမြင်ရန် လွယ်ကူသလော။ စိတ်သဘောထားသည် လူတစ်ယောက်၏ သဘာဝနှင့် အနှစ်သာရမှ ပွင့်ထွက်လာသော အရာများကို ရည်ညွှန်းသော်လည်း စိတ်ခံစားချက်များသည် တစ်စုံတစ်ခုကို လုပ်ဆောင်နေစဉ်တွင် အခြေခံအားဖြင့် လူတို့၌ ရှိသည့် စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်မျိုးဖြစ်သည်။ ဤဝေါဟာရများကို မည်သို့တိုက်ရိုက် အနက်ဖွင့်ပါစေ၊ မည်သို့ပင်ဖြစ်စေ လူတို့၏ စိတ်ခံစားချက်များတွင်၊ အထူးသဖြင့် လူတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် အပျက်သဘောဆောင်သော အတွေးများစွာ ပါဝင်သည်။ လူတစ်ယောက်သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ထားရှိသောအခါ ဤသို့လုပ်ဆောင်ခြင်းကြောင့် သူသည် အပျက်သဘောဆောင်သော အခြေအနေတစ်ခုတွင် အသက်ရှင်ပြီး အမျိုးမျိုးသော မမှန်ကန်သော အတွေးများ၊ အမြင်ရှုထောင့်များ၏ ကြီးစိုးမှုအောက်တွင် အသက်ရှင်စေနိုင်သည်မဟုတ်လော။ (ဟုတ်သည်။) ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ စိတ်နှလုံးထဲတွင် ကြာရှည်စွာ ကွယ်ဝှက်နေနိုင်ပြီး လူတို့သည် သမ္မာတရားကို နားမလည်လျှင် ၎င်းတို့သည် ဤစိတ်ခံစားချက်များကို မည်သည့်အခါမျှ သတိပြုမိမည်မဟုတ်၊ သို့မဟုတ် ဤစိတ်ခံစားချက်များ တည်ရှိနေမှုကို မည်သည့်အခါမျှ ခံစားရမည်မဟုတ်။ ဤစိတ်ခံစားချက်များသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကဲ့သို့ပင် ၎င်းတို့နှင့် အချိန်ပြည့် အတူရှိနေသည်။ အချိန်များစွာတွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ အမျိုးမျိုးသော မမှန်ကန်သည့် အတွေးများ၊ အမြင်ရှုထောင့်များအတွင်းတွင် ကွယ်ဝှက်နေပြီး ဤမမှန်ကန်သော အတွေးများနှင့် အမြင်ရှုထောင့်များသည် လူတို့အား ဘုရားသခင်ကို သံသယဖြစ်စေသည်။ ၎င်းတို့၏ စစ်မှန်သော ယုံကြည်ခြင်းကို ဆုံးရှုံးစေသည်။ ဘုရားသခင်အပေါ် ကျိုးကြောင်းမသင့်သော တောင်းဆိုမှုမျိုးစုံကိုပင် ပြုလုပ်စေပြီး ၎င်းတို့၏ သာမန်အသိစိတ်ကို ဆုံးရှုံးစေသည်။ မတူညီသော အကြောင်းပြချက်များ၊ အတွေးများ၊ အမြင်ရှုထောင့်များ၏ ဖော်ပြမှုအောက်၌ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတစ်ယောက်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်းတွင် ကွယ်ဝှက်နေပြီး သူ၏ အမျိုးမျိုးသော မမှန်ကန်သော အတွေးများနှင့် အမြင်ရှုထောင့်များအတွင်းတွင် ကွယ်ဝှက်နေကာ ထိုလူ၏ သဘာဝ၏ အနှစ်သာရကို အပြည့်အဝ ကိုယ်စားပြုနေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူတို့၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုများမှတစ်ဆင့် ဖွင့်ပြသော အမျိုးမျိုးသော အခြေအနေများ၌ ၎င်းတို့ဘာသာ ပေါ်လွင်လေသည်။ ဤမတူညီသော အခြေအနေများအတွင်းတွင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တစ်ခုနှင့်တစ်ခု ကွဲပြားသော်လည်း အချို့သော နေရာများတွင် ၎င်းတို့ကြား၌ လိုအပ်သော ဆက်စပ်မှုရှိသည်။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ရောယှက်ပြီး ခွဲ၍မရနိုင်ခြင်းပင် ဖြစ်နိုင်သည်။ အချို့နေရာများတွင် ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပံ့ပိုးပေးနိုင်ပြီး အားဖြည့်ပေးနိုင်သည်။ တစ်ခုအပေါ်တစ်ခု မှီခိုနိုင်ပြီး ယှဉ်တွဲလျက်တည်ရှိနိုင်သည်။ ဥပမာ ယခင်အခေါက်က ငါတို့ မိတ်သဟာယပြုခဲ့သော စိတ်ဖိစီးမှု၊ စိုးရိမ်မှု၊ စိတ်သောကတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားမှုတစ်မျိုးဖြစ်သည်။ လူတို့အား စိတ်ဖိစီးမှု၊ စိုးရိမ်မှု၊ စိတ်သောကရောက်မှုတွင် အသက်ရှင်စေသည်မှာ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုမျိုးဖြစ်သည်။ လူတို့သည် ဤစိတ်ခံစားချက်များအတွင်းတွင် ပိတ်မိနေသောအခါ ၎င်းတို့သည် အချို့သော အတွေးများ၊ အမြင်ရှုထောင့်များ အလိုအလျောက် ဖြစ်ပေါ်ကာ ဘုရားသခင်အား သံသယဝင်ခြင်း၊ မှန်းဆခြင်း၊ သတိထားကာကွယ်ခြင်း၊ နားလည်မှုလွဲခြင်း၊ ပြီးလျှင် ဝေဖန်အပြစ်တင်ခြင်းနှင့် တိုက်ခိုက်ခြင်းပင် ဖြစ်စေလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် ကျိုးကြောင်းမသင့်သော၊ အပေးအယူဆန်သော တောင်းဆိုမှုများကိုလည်း ပြုလုပ်နိုင်သည်။ ဤအချိန်တွင် ဤ အပျက်သဘောဆောင်သော စိတ်ခံစားချက်များက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအဖြစ် အရှိန်မြှင့်သွားပြီဖြစ်သည်။ ဤသို့ဆိုလျှင် ဤဥပမာမှတစ်ဆင့် မည်သည့်အရာကို သင်တို့ နားလည်သနည်း။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြားတွင် သင် ပိုင်းခြားသိမြင်နိုင်သလော။ ငါ့အား ပြောလော့။ (အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် မမှန်ကန်သော အတွေးနှင့် အမြင်ရှုထောင့်အချို့ကို ဖြစ်ပေါ်စေပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကမူ ပို၍ နက်နဲကာ လူတို့အား ဘုရားသခင်ကို နားလည်မှုလွဲစေပြီး သတိထားကာကွယ်စေသည်။) ငါ ဥပမာတစ်ခု ပေးမည်။ စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောက၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ကြည့်လော့။ လူတစ်ယောက်က နာမကျန်းဖြစ်ပြီး သူ၏ အနာရောဂါကို တွေးကာ ရလဒ်အနေဖြင့် စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောကကို တွေ့ကြုံခံစားရသည် ဆိုပါစို့။ ဤအရာများက သူ၏ စိတ်နှလုံးကို ထိန်းချုပ်ပြီး သူ၏ အနာရောဂါက ဆိုးရွားလာမည်ကို ကြောက်ရွံ့စေကာ သေခြင်းနှင့်အတူပါလာသော အကျိုးဆက်အမျိုးမျိုးကို ကြောက်ရွံ့စေသည်။ ထို့နောက်တွင် သူသည် သေခြင်းကို စတင်ကြောက်ရွံ့လာသည်။ သေခြင်းကို ငြင်းပယ်လာသည်။ သေခြင်းမှ လွတ်မြောက်လိုသည်။ ဤအတွေးနှင့် စိတ်ကူးတသီတသန်းသည် သူ၏ အနာရောဂါကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤအနာရောဂါ အခြေအနေတွင် ဤလူသည် တက်ကြွသော အတွေးများစွာ ဖြစ်ပေါ်သည်။ ဤတက်ကြွသော အတွေးများ၏ အရင်းအမြစ်သည် သူ၏ ဇာတိပကတိ၏ အကျိုးစီးပွားများကို အခြေခံပြီး ဘုရားသခင်က အရာအားလုံးကို အုပ်စိုးသည်ဆိုသည့်အချက်အပေါ်တွင်၊ သို့မဟုတ် သမ္မာတရားအပေါ်တွင် အခြေမခံသည်မှာ ရှင်းသည်။ ထို့ကြောင့် ဤအရာများကို အပျက်သဘောဆောင်သော စိတ်ခံစားချက်များအဖြစ် ငါတို့ အမျိုးအစားခွဲခြင်းဖြစ်သည်။ ထိုသူသည် သူ၏ အနာရောဂါကြောင့် စိတ်ညစ်သည်။ သို့သော် အနာရောဂါက သူ့အပေါ်တွင် ရောက်ရှိနေပြီဖြစ်သည်။ သူသည် ယင်းကို ရင်ဆိုင်ရမည်။ မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် သူသည် “ဒုက္ခပါပဲ။ ဤအနာရောဂါကို ငါ မည်သို့ ရင်ဆိုင်သင့်သနည်း။ ကုသသင့်သလော။ မကုသသင့်သလော။ မကုသလျှင် မည်သို့ ဖြစ်မည်နည်း။ ကုသလျှင် မည်သို့ ဖြစ်မည်နည်း” ဟူ၍ တွေးသည်။ သူသည် တွေးရင်းဖြင့် စိတ်ဖိစိးလာသည်။ သူ၏ အနာရောဂါနှင့်ပတ်သက်ပြီး သူ့၌ရှိသော အမျိုးမျိုးသော အတွေးအမြင်များက သူ့အား စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောကတို့ထဲတွင် ပိတ်မိနေစေသည်။ ဤသို့ဆိုလျှင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်က သက်ရောက်မှုရှိနေပြီမဟုတ်လော။ (ဟုတ်သည်။) သူသည် သူ၏ အနာရောဂါကို စတင်တွေ့ကြုံခံစားရသောအခါ ကုသရန် ကြိုးစားဖို့ ရည်ရွယ်သည်။ သို့သော် ထို့နောက်တွင် ဤသို့ လုပ်ဆောင်ခြင်းက မသင့်လျော်ဟု ခံစားရပြီး သူ၏ တာဝန်ကို သာမန် ထမ်းဆောင်ရင်း သူ၏ ယုံကြည်ခြင်းဖြင့် အသက်ရှင်ရန်စီစဉ်သည့်တိုင် ထိုအနာရောဂါက ပိုဆိုးလာမည်ကိုလည်း စိတ်ပူလျက်ရှိသည်။ ဤအရာကို ကိုင်တွယ်ရန် သင့်လျော်သည့်နည်းလမ်းက အဘယ်နည်း။ သူ့တွင် လမ်းကြောင်းမရှိပေ။ သူ၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ကြီးစိုးမှုအောက်တွင် သူသည် ဤကိစ္စနှင့်ပတ်သက်ပြီး အစဉ်သဖြင့် စိတ်ဖိစီးသည်၊ စိုးရိမ်သည်၊ စိတ်သောကရောက်သည်။ ထိုသူ၏ အတွင်း၌ စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောကတို့ ဖြစ်ပေါ်လာသည်နှင့် သူသည် ၎င်းတို့ကို လက်မလွှတ်နိုင်ပေ။ သူ၏ အနာရောဂါကြောင့် ဒုက္ခခံရသည်။ သူသည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သူသည် “ကိစ္စမရှိပေ၊ ငါသည် ဘုရားသခင်ကို ယုံကြည်သည်၊ ဘုရားသခင်က ငါ့အား ကုသပေးမည်၊ ငါ့တွင် ယုံကြည်ခြင်းရှိသည်” ဟူ၍ စတင်စဉ်းစားသည်။ သို့ရာတွင် အချိန်ကာလတစ်ခု ကြာပြီးနောက်တွင် အနာရောဂါက သက်သာမလာပေ။ ဘုရားသခင်ကလည်း သူ့အား ကုသမပေးပေ။ ထိုသူသည် ဤကိစ္စနှင့်ပတ်သက်ပြီး ဆက်လက်၍ စိတ်ဖိစီးခြင်း၊ စိုးရိမ်ခြင်း၊ စိတ်သောကရောက်ခြင်းတို့ ဖြစ်ကာ “ဘုရားသခင်က ငါ့အား ကုသမည်လော၊ မကုသမည်လော၊ ငါစောင့်ဆိုင်းဖို့သာလိုသည်။ ဘုရားသခင်က ငါ့အား ကုသပေးလိမ့်မည်။ ငါ့တွင် ယုံကြည်ခြင်းရှိသည်” ဟူ၍ ဆိုသည်။ သူက ယုံကြည်ခြင်းရှိသည်ဟု ပြောသော်လည်း စိတ်ထဲတွင်မူ သူသည် အမှန်တကယ်တွင် သူ၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များထဲ၌ နေထိုင်နေပြီး “ဘုရားသခင်က ငါ့အား ကုသမပေးလျှင် ငါသည် အလွန်ဖျားနာပြီး သေလျှင် အဘယ်သို့ ဖြစ်မည်နည်း။ ငါ၏ တာဝန်ကို ထမ်းဆောင်ခြင်းက အချည်းနှီးဖြစ်မည်လော။ မည်သည့်ကောင်းချီးများကိုမျှ မရရှိနိုင်ဖြစ်မည်လော။ ငါ့အား ကုသပေးရန် ဘုရားသခင်အား တောင်းဆိုသင့်သည်” ဟူ၍ တွေးသည်။ ဤသို့ဖြင့် သူသည် ဘုရားသခင်ထံ ဆုတောင်းကာ “ဘုရားသခင် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခဲ့သည့် နှစ်များစွာကို အခြေခံပြီး ကျွန်ုပ်၏ အနာရောဂါကို ကိုယ်တော် ယူဆောင်ပေးနိုင်သလော” ဟူ၍ ဆိုသည်။ သူသည် ဆက်လက်၍ တွေးတောသောအခါ “ဘုရားသခင်အား ဤသို့ တောင်းဆိုခြင်းသည် မမှန်ပေ။ ငါသည် ဘုရားသခင်အပေါ် ဤသို့သော အလွန်အကျူးတောင်းဆိုမှုများကို မပြုလုပ်သင့်ပေ။ ငါ့တွင် ယုံကြည်ခြင်းရှိသင့်သည်” ဟူ၍ သဘောပေါက်သွားသည်။ သူသည် ယုံကြည်ခြင်းရှိသောအခါ သူ၏ အနာရောဂါက အနည်းငယ်သက်သာသကဲ့သို့ ခံစားရသည်။ သို့သောအချိန်အတန်ကြာပြီးနောက်တွင် သူသည် “ငါ၏ အနာရောဂါက အမှန်တကယ် သက်သာသကဲ့သို့ မခံစားရပေ။ အမှန်တွင် ပို၍ ဆိုးလာသည့် ပုံစံရှိသည်၊ မည်သည့်အရာကို ငါလုပ်ဆောင်သင့်သနည်း။ ငါ၏ တာဝန်တွင် ပို၍ ကြိုးစားပြီး ပို၍ အားစိုက်ထုတ်မည်။ ပို၍ ဒုက္ခခံမည်။ ပို၍ အဖိုးအခပေးဆပ်မည်။ ဘုရားသခင်က ငါ့အား ကုသစေရန် ငါ ကြိုးပမ်းမည်။ ငါ၏ သစ္စာရှိခြင်းနှင့် ယုံကြည်ခြင်းကို ဘုရားသခင်အား ပြမည်။ ဤစမ်းသပ်မှုအား ငါလက်ခံနိုင်သည်ကို ပြမည်” ဟူ၍ တွေးသည်။ အချိန်အနည်းငယ်ကြာပြီးနောက်တွင် သူ၏ အနာရောဂါက သက်သာလာရုံမကဘဲ ပိုဆိုးလာပြီး သူသည် ပိုပို၍ ဝမ်းနည်းလာကာ “ဘုရားသခင်က ငါ့ကို မကုသသေးပေ။ မည်သည့်အရာကို ငါလုပ်ဆောင်သင့်သနည်း။ ဘုရားသခင်က ငါ့အား ကုသပေးမည်လော။ မကုသမည်လော” ဟူ၍ စဉ်းစားသည်။ သူ၏ စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောကတို့သည် ပို၍ ပြင်းထန်လာသည်။ ဤအခြေအနေတွင် သူသည် သူ၏ အနာရောဂါကြောင့် စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောကတို့ကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များထဲတွင် အဆက်မပြတ် အသက်ရှင်သည်။ ရံဖန်ရံခါဖြင့် သူသည် ဘုရားသခင်အပေါ် “ယုံကြည်ခြင်း” အချို့ ဖြစ်ပေါ်ပြီး သူ၏ သစ္စာရှိမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုအနည်းငယ်ကို ရံဖန်ရံခါ ပေးအပ်သည်။ သူသည် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ မည်သည့်နည်းလမ်းကို သုံးပါစေ၊ မည်သို့ပင်ဖြစ်စေ သူသည် စိတ်ဖိစီးမှု၊ စိုးရိမ်မှု၊ စိတ်သောက ခံစားချက်များဖြင့် အစဉ်သဖြင့် ပိတ်မိနေသည်။ သူသည် သူ၏ အနာရောဂါ၏ အလေးအနက် ချည်နှောင်ခြင်းကို ခံရသည်။ သူလုပ်ဆောင်သမျှသည် သူ၏ အနာရောဂါကို သက်သာစေဖို့၊ ကုသဖို့၊ ထိုအနာရောဂါမှ လွတ်မြောက်မှုကို ရှာဖွေဖို့ ဖြစ်သည်။ လူတစ်ယောက်သည် ဤသို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကြားတွင် အသက်ရှင်သောအခါ သူသည် သူ၏ အနာရောဂါကို အကျဉ်းချုံး စဉ်းစားခြင်းသာမဟုတ်ဘဲ ထိုအပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ကြီးစိုးမှုအောက်တွင် သူ၏ စဉ်းစားခြင်းက မကြာခဏပင် အလွန်နိုးကြားမှုရှိသည်။ ဤနိုးကြားသော အတွေးများသည် မပြီးဆုံးစေနိုင်သောအခါ၊ သို့မဟုတ် လက်တွေ့အရှိတရားက သူ အလိုရှိသည့်အရာနှင့် မကိုက်ညီသောအခါ ရံဖန်ရံခါတွင် သူ၏ စိတ်ဆန္ဒကို ဆန့်ကျင်ပြီး သူ၏ စိတ်ထဲမှ များပြားသော အယူအဆများ၊ သို့မဟုတ် ချဉ်းကပ်မှုများပင် ထွက်ပေါ်လာသည်။ သူက “ဘုရားသခင်က ငါ့အား မကုသပေးလျှင် ငါ၏ တာဝန်ကို ထမ်းဆောင်ဆဲဖြစ်မည်၊ သို့သော် ဘုရားသခင်က ငါ့အား အမှန်တကယ်ပင် ကုသမည်မဟုတ်လျှင် သူ့အပေါ် ငါ၏ ယုံကြည်ခြင်းက အသုံးမဝင်ပေ၊ အနာရောဂါကို ငါကိုယ်တိုင် ကုသရလိမ့်မည်” ဟူ၍ ဆိုသည်။ သင် တွေ့သလော။ သူသည် “ဘုရားသခင်က ငါ့အား မကုသလျှင် ငါ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဆဲဖြစ်မည်၊ ဤသည်မှာ ဘုရားသခင်က ငါ့အား စမ်းသပ်နေခြင်းဖြစ်သည်” ဟု တွေးသော်လည်း တစ်ချိန်တည်းတွင်ပင် သူသည် “ဘုရားသခင်က ငါ့အား အမှန်တကယ် ကုသမည်မဟုတ်လျှင် အနာရောဂါကို ငါကိုယ်တိုင် ကုသရမည်၊ ငါကိုယ်တိုင် ကုသရမည်ဆိုလျှင် ငါ၏ တာဝန်ကို ထမ်းဆောင်မည်မဟုတ်၊ ဘုရားသခင်အပေါ် ငါ၏ ယုံကြည်ခြင်းက ငါ၏ အနာရောဂါကိုပင် မပျောက်ကင်းစေနိုင်လျှင် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်သင့်သနည်း၊ ဘုရားသခင်က အဘယ်ကြောင့် အခြားလူများကို ကုသပြီး ငါ့ကို မကုသသနည်း” ဟူ၍လည်း တွေးသည်။ သူသည် သူ၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များက အဆက်မပြတ် ရစ်ပတ်ခြင်းကို ခံရသည်။ သူသည် သူ၏ မမှန်ကန်သော အတွေးအမြင်များကို ပြောင်းပြန်လှန်ခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်းကို မလုပ်ဆောင်နိုင်ရုံသာမက ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် သူ့အား တဖြည်းဖြည်းချင်းဖြင့် ဘုရားသခင်ကို နားလည်မှုလွဲစေသည်။ ဘုရားသခင်အား စောဒကတက်စေသည်။ သူ၏ အနာရောဂါကို တွေ့ကြုံခံစားခြင်းဖြစ်စဉ်အချိန်အတွင်းတွင် ဘုရားသခင်အား သံသယဖြစ်စေသည်။ ဤဖြစ်စဉ်သည် သူ၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ တဖြည်းဖြည်းချင်း ပြောင်းလဲခြင်းနှင့် သက်ဆိုင်သည်။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ပြုမူဆောင်ရွက်ခြင်းအတွင်းသို့ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုက လူတစ်ယောက်၏ ပြုမူဆောင်ရွက်မှုများကို ဦးဆောင်လိုက်သည်နှင့် ထိုသူသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကိုသာ ပိုင်ဆိုင်ခြင်းမဟုတ်တော့ဘဲ သူ၏ အတွင်းတွင် အချို့သော အတွေးအမြင်များ၊ ဝေဖန်အကဲဖြတ်ခြင်းများ၊ စိတ်ပိုင်းဖြတ်ချက်များလည်း ဖြစ်ပေါ်လာမည်။ ပြီးလျှင် အချို့သော ပြုမူဆောင်ရွက်မှုများကို လုပ်ဆောင်လိမ့်မည်။ စိတ်ခံစားချက်တစ်မျိုးက အခြေအနေတစ်မျိုးအဖြစ် ပြောင်းလဲသွားသောအခါ ယင်းသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၊ တစ်စုံတစ်ခုကို စဉ်းစားခြင်း၊ သို့မဟုတ် အခြေအနေတစ်ခုတွင် အသက်ရှင်နေထိုင်ခြင်းတို့နှင့် သက်ဆိုင်သည့်ကိစ္စမျှသာ မဟုတ်တော့ဘဲ ဤအခြေအနေမှ အတွေးအမြင်များ၊ စိတ်ပိုင်းဖြတ်ချက်များကို ဖြစ်စေခြင်း၊ လှုပ်ရှားမှုနှင့် ပြုမူဆောင်ရွက်မှုများကို ဖြစ်စေခြင်းနှင့် သက်ဆိုင်သည်။ ဤသို့ဆိုလျှင် ဤအတွေးအမြင်များ၊ လှုပ်ရှားမှုများနှင့် ပြုမူဆောင်ရွက်မှုများကို မည်သည့်အရာက ကြီးစိုးသနည်း။ ၎င်းတို့ကို ကြီးစိုးသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ယခုတွင် ဤပြောင်းလဲခြင်း ဖြစ်စဉ်က ချောမွေ့သွားပြီမဟုတ်လော။ (ဟုတ်သည်။) အစတွင် လူတို့သည် အခြေအနေတစ်ခုအတွင်းတွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်သည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် ရိုးရှင်းသော အတွေးအမြင်များ၊ အယူအဆများ အနည်းငယ်သာဖြစ်သည်။ သို့သော် ဤအယူအဆအားလုံးသည် အပျက်သဘောဆောင်သည်။ ဤအပျက်သဘောဆောင်သော အယူအဆများသည် လူတို့၏ စိတ်ခံစားချက်အတွင်းတွင် မပြောင်းမလဲ တည်ရှိမြဲ တည်ရှိနေပြီး ဆက်လက်၍ မမှန်ကန်သော အခြေအနေအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။ လူတို့သည် မမှန်ကန်သော အခြေအနေများ၌ အသက်ရှင်နေသောအခါ၊ မည်သည့်အရာလုပ်ဆောင်ရမည်၊ မည်သို့လုပ်ဆောင်ရမည်၊ မည်သည့်နည်းလမ်းများကို ခံယူရမည်ဆိုသည်ကို ဆုံးဖြတ်သောအခါ ၎င်းတို့အတွင်းတွင် မှားယွင်းသော အမြင်ရှုထောင့်များနှင့် သီအိုရီများ ဖြစ်ပေါ်လာပြီး ထို့နောက်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပါဝင်ပတ်သက်လာသည်။ ဤမျှ ရိုးရှင်းသည်။ ယခု ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) ဤသို့ဆိုလျှင် ငါ့အား ပြောလော့။ (အချို့သော အခြေအနေများတွင် လူတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်အချို့ကို ဖြစ်ပေါ်စေသည်။ အစတွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် အပျက်သဘောဆောင်သော အယူအဆ အနည်းငယ်ထက်မပိုပေ။ ဤအပျက်သဘောဆောင်သော အယူအဆများက ဆက်လက်၍ အမျိုးမျိုးသော မမှန်ကန်သော အခြေအနေများ ဖြစ်ပေါ်စေပြီး လူတို့က မည်သည့်အရာလုပ်ဆောင်ရမည်ကို စတင် ဆုံးဖြတ်ကာ အချို့သောနည်းလမ်းများကို ခံယူကျင့်သုံးလာသောအခါ ၎င်းတို့သည် အချို့သော အတွေးများ၊ သီအိုရီများ၏ ကြီးစိုးခြင်းကို ခံလာရသည်။ ဤသို့ဆိုလျှင် ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပါဝင်ပတ်သက်လေသည်။) ဤအရာကို တွေးတောပြီး သင်တို့ နားလည်သလောဆိုသည်ကို ကြည့်လော့။ ဤသည်မှာ မရိုးရှင်းသလော။ (ရိုးရှင်းသည်။) ရိုးရှင်းသည့် ပုံစံရှိသည်။ သို့သော် အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ခွဲခြားသိမြင်နိုင်သလော။ ၎င်းတို့သည် သီအိုရီအရ ခွဲခြားသိမြင်ရန် လွယ်ကူသည်ဖြစ်စေ၊ မလွယ်ကူသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ သင်တို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြား ကွာခြားမှုကို နားလည်ကြပြီလော။ (နားလည်ပါပြီ။)

ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များက သင်တို့ကိုယ်တိုင်၏ စိတ်နှလုံးထဲတွင် တည်ရှိလျှင် သင်တို့သည် ယင်းတို့ကို ပိုင်းခြားသိမြင်ပြီး စိစစ်နိုင်သလော။ (၎င်းတို့ကို အတန်ငယ် ပိုင်းခြားသိမြင်နိုင်သည်။) သင်တို့သည် ယင်းတို့ကို ပိုင်ဆိုင်လျှင် ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်သင့်သည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ပိုင်းခြားသိမြင်ခြင်း ရည်ရွယ်ချက်သည် ယင်းတို့ကို အကြမ်းဖျဉ်း သဘောတရားအရ နားလည်မှုရှိရုံမျှသာ မဟုတ်ပေ၊ သို့မဟုတ် ၎င်းတို့၏ အဓိပ္ပာယ်ကို နားလည်ရုံမျှသာ မဟုတ်ပေ။ ယင်းတို့ကို လက်တွေ့ ပိုင်းခြားသိမြင်ပြီးနောက်တွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ညှဉ်းပန်းမှုမှ လွတ်မြောက်ရန်၊ လူတို့အတွင်းတွင် မတည်ရှိသင့်သော ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို စွန့်လွှတ်ရန်ဖြစ်သည်။ ငါတို့ အစောပိုင်းက မိတ်သဟာယပြုခဲ့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကဲ့သို့ ဖြစ်သည်။ ယခုတွင် ငါတို့ ယခု မိတ်သဟာယပြုခဲ့သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြား ကွာခြားမှုကို အခြေခံပြီး အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့အား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖွင့်ပြစေသည့် အကြောင်းရင်း၊ သို့မဟုတ် အခြေအနေတစ်ခုဖြစ်သည်ဟု ငါတို့ ဆိုနိုင်သလော။ ဥပမာ အနာရောဂါဖြစ်ရပ်တွင် သင်သည် အနာရောဂါကြောင့် စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောကတို့ကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များ မဖြစ်လျှင် သင်သည် ဤကိစ္စနှင့်ပတ်သက်ပြီး အသိပညာနှင့် အတွေ့အကြုံရှိသည်ကိုလည်းကောင်း၊ သင်သည် မှန်ကန်သော အတွေးအမြင်များနှင့် စစ်မှန်သော နာခံခြင်းကို ပိုင်ဆိုင်သည်ကိုလည်းကောင်း သက်သေပြသည်။ အကျိုးဆက်အနေဖြင့် ထိုအကြောင်းအရာတွင် သင်၏ အတွေးများနှင့် လုပ်ရပ်များသည် သမ္မာတရားနှင့် ကိုက်ညီသင့်သည်။ အပြန်အလှန်အနေဖြင့် သင်သည် အကြောင်းကိစ္စတစ်ခုခုနှင့် ပတ်သက်ပြီး အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အဆက်မပြတ် ကြုံတွေ့ကာ ယင်းကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် အဆက်မပြတ် ပိတ်မိနေလျှင် ဤ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကြောင့် သင့်တွင် အပျက်သဘောဆောင်သော အခြေအနေအမျိုးမျိုး ဖြစ်ပေါ်လာမည်မှာ သဘာဝပင်ဖြစ်သည်။ ဤအပျက်သဘောဆောင်သော အခြေအနေများသည် ဤမမှန်ကန်သော အခြေအနေများ၌ သင်ရှိနေစဉ်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင့်အား အလိုအလျောက် ဖွင့်ပြစေလိမ့်မည်။ ထို့နောက်တွင် သင်သည် ဆိုးယုတ်သော အတွေးအခေါ်များကို အခြေခံပြီး လုပ်ဆောင်လိမ့်မည်။ အဘက်ဘက်တွင် သမ္မာတရားအား ချိုးဖောက်လိမ့်မည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်လိမ့်မည်။ ထို့ကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ငါတို့ မည်သို့ ခွဲခြားသိမြင်ပါစေ အနှစ်ချုပ်လျှင် ဤအရာနှစ်ခုသည် ဆက်စပ်နေပြီး ခွဲ၍မရပေ။ အထူးသဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ နှစ်ခုလုံးသည် အပျက်သဘောဆောင်သော အရာများဖြစ်သည်ဆိုသည့် တူညီသည့် အနှစ်သာရရှိသည်။ ယင်းတို့သည် တူညီသော အနှစ်သာရနှင့် အခြေခံအတွေးအမြင်များရှိသည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များဖြစ်ပေါ်စေသည့် အတွေးအမြင်များအားလုံးက အပျက်သဘောဆောင်သည်။ ယင်းတို့အားလုံးသည် ဆိုးယုတ်သော အတွေးအခေါ်များဖြစ်သည်။ ပြီးလျှင် ဤအပျက်သဘောဆောင်သောအရာများသည် လူတို့အား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖွင့်ပြစေပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံကာ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်စေသည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။)

ယခင်တစ်ခေါက်က စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောကတို့ကဲ့သို့သော အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ယခုတွင် ငါတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ အခြားရှုထောင့်တစ်ခုကို မိတ်သဟာယဖွဲ့မည်။ ယင်းသည် စိတ်ဖိစီးခြင်း၊ စိုးရိမ်ခြင်း၊ စိတ်သောကတို့နှင့် အနှစ်သာရတွင် တူညီလုနီးပါးဖြစ်သော်လည်း သဘောသဘာဝတွင် ပို၍ပင် အပျက်သဘောဆောင်သည်။ ဤစိတ်ခံစားချက်သည် အဘယ်နည်း။ ယင်းသည် လူတို့၏ နေ့စဉ်အသက်တာ၌ မကြာခဏ အကြုံတွေ့ရဆုံးသော ဖိနှိပ်ချုပ်ချယ်ခြင်း ဟူသော စိတ်အခြေအနေဖြစ်သည်။ “ဖိနှိပ်ချုပ်ချယ်ခြင်း” ဆိုသည့် ဝေါဟာရကို သင်တို့အားလုံး ကြားဖူးသလော။ (ကြားဖူးသည်။) ဤသို့ဆိုလျှင် “ဖိနှိပ်ချုပ်ချယ်ခြင်း” ဆိုသည့် စကားကို အသုံးပြုပြီး ဝါကျတစ်ကြောင်း၊ သို့မဟုတ် ဥပမာတစ်ခု ပေးလော့။ ငါ အရင်စ၍ ပေးမည်။ လူအချို့က “အို ငါသည် တာဝန်ထမ်းဆောင်စဉ်တွင် မကြာခဏ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး လွတ်မြောက်အောင် မလုပ်နိုင်ပေ” ဟု ဆိုကြသည်။ ဤစာကြောင်းသည် မှန်ကန်စွာ တည်ဆောက်ထားခြင်းဖြစ်သလော။ (ဖြစ်သည်။) ယခုတွင် သင်တို့၏ အလှည့်ဖြစ်သည်။ (ကျွန်ုပ်သည် ကျွန်ုပ်အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ ဖောက်ပြန်ပျက်စီးခြင်းကို အစဉ် ဖွင့်ပြသည်။ အစဉ်သဖြင့် ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် သိရန် ကြိုးစားရသည်။ ထို့ကြောင့် ကျွန်ုပ်သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။) သင်တို့သည် မိမိကိုယ်ကို အလွန်အကျွံသိမြင်ရန် ကြိုးစားသောကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရခြင်းဖြစ်သည်။ ဤ ဖိနှိပ်ချုပ်ချယ်မှုနှင့် ဆက်စပ်သည့် အခြေအနေမှာ အဘယ်နည်း။ မည်သည့်အရာကြောင့် ဖြစ်သနည်း။ သင်သည် မည်သည့်အရာကိုမျှ မသိဆိုသည်ကို သိပြီး သင့်တွင် မျှော်လင့်ချက်မရှိ၊ သို့မဟုတ် သင့်အတွက် စောင့်ဆိုင်းနေသည့် ခရီးပန်းတိုင် မရှိသည့်ပုံစံရှိသည်၊ သင်သည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိ၊ ထို့ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရခြင်းဖြစ်သည်။ အခြားမည်သူက ဝေမျှပြောပြလိုသနည်း။ (အဆင်းနီသောနဂါးကြီး၏ နိုင်ငံတွင် ဘုရားသခင်အား ယုံကြည်ခြင်းသည် လူတို့အား ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရစေသည်။) ဤသည်မှာ မိမိပတ်ဝန်းကျင်ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရခြင်းဖြစ်သည်။ (ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ခေါင်းဆောင်၏ စဉ်ဆက်မပြတ် ကြီးကြပ်မှုကို ခံရခြင်းကြောင့် ကျွန်ုပ်သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။) ဤသို့ဆိုခြင်းမှာ မှန်သည်။ ယင်းသည် ဖိနှိပ်ချုပ်ချယ်မှု၏ စိတ်ခံစားချက်ကို ခိုင်လုံစွာ ဖော်ပြသည်။ (ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ကျရှုံးမှုများနှင့် အနှောင့်အယှက်များကို အစဉ်သဖြင့် ကြုံတွေ့ရသည်။ ဤအတွက်ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။) အနှောင့်အယှက်များနှင့် ကျရှုံးမှုများက သင်တို့အား ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရစေသည်။ ရှေ့ဆက်ရန် လမ်းမရှိသကဲ့သို့ ဖြစ်သည်။ သင်တို့၏ အလုပ်က ဖြည်းညှင်းစွာ ရှေ့ဆက်သောအခါ ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံစားရသလော။ (ခံစားရသည်။) ယင်းတွင် အတော်အတန် အပြုသဘောဆောင်သော အနက်အဓိပ္ပာယ်တစ်ခုရှိသည်။ ဆက်၍ ပြောလော့။ (ကျွန်ုပ်သည် တာဝန်ထမ်းဆောင်စဉ်တွင် အစဉ်သဖြင့် ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခြင်းခံရသောအခါတွင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။) ဤသည်မှာ လက်တွေ့အရှိတရား ဖြစ်သည်မဟုတ်လော။ (ကျွန်ုပ်သည် တာဝန်တွင် ရလဒ်ကောင်းများ မရသောအခါ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။) ဤဖိနှိပ်ချုပ်ချယ်မှု၏ အကြောင်းရင်းမှာ အဘယ်နည်း။ အမှန်တကယ်ပင် ရလဒ်ကောင်းများကို မရရှိသောကြောင့်ဖြစ်သလော။ သင်၏ တာဝန်သည် ပြောင်းလဲခြင်းခံရမည်ကို၊ သို့မဟုတ် သင်သည် ဖယ်ရှားခြင်းခံရမည်ကို မကြောက်သလော။ (ကြောက်သည်။) သင်၏ ဖိနှိပ်ချုပ်ချယ်ခံရမှုအတွက် ခိုင်လုံသော အကြောင်းပြချက်များရှိသည်။ အခြား ဖိနှိပ်ချုပ်ချယ်ခံရသည့် ခံစားချက်တစ်ခုခုရှိသလော။ ငါ့အား ပြောလော့။ (ကျွန်ုပ်၏ တွဲဖက်အားလုံးသည် ကျွန်ုပ်ထက် တော်သည်။ ထို့ကြောင့် ကျွန်ုပ်သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။) ဤသည်မှာ မနာလိုခြင်း၊ ဖိနှိပ်ချုပ်ချယ်ခံရခြင်းကြောင့်ဖြစ်သော ပြဿနာဖြစ်သည်။ အခြား ဖိနှိပ်ချုပ်ချယ်ခံရခြင်း ပြဿနာတစ်ခုခုရှိသလော။ (ကျွန်ုပ်၏ အလုပ်နယ်ပယ်တွင် ကြာရှည်စွာ တိုးတက်မှုမရှိသောကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။) ဤသည်မှာ ဖိအားဖြစ်သလော၊ ဖိနှိပ်ချုပ်ချယ်မှုဖြစ်သလော။ ဖိအားအနည်းငယ်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤဖိအားရှိခြင်းသည် ကောင်းသောအရာဖြစ်သည်။ ဤဖိအားကို တွန်းအားအဖြစ် ပြောင်းဖို့သာ လိုသည်မဟုတ်လော။ အဖွဲ့တစ်ခုစီ၏ အဖွဲ့ဝင်များ၏ တာဝန်များက အစဉ်သဖြင့် ပြုပြင်ပြောင်းလဲခြင်းခံရသောအခါ သင်တို့သည် ဖိနှိပ်ချုပ်ချယ်ခြင်းကို မခံစားရသလော။ (ခံစားရသည်။) ဤသို့ဆိုလျှင် သင်တို့သည်လည်း ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ သင်တို့ဖော်ပြသော စာကြောင်းများကိုကြည့်လျှင် သင်တို့အားလုံးသည် ဖိနှိပ်ချုပ်ချယ်ခြင်းခံရသော စိတ်ခံစားချက်ကို တွေ့ကြုံခံစားရသည့် ပုံစံရှိသည်။ လူတို့၏ အတွင်းစိတ်သည် အလွန်ပင် နေသားမကျသည့်၊ အစဉ်သဖြင့် အနားရခြင်းမရှိသည့်၊ မမြင်နိုင်သော ဖိအားတစ်မျိုး၏ အောက်တွင်ရှိသည့် ပုံစံရှိသည်။ ထို့ကြောင့် ၎င်းတို့အတွင်းတွင် ဖိနှိပ်ချုပ်ချယ်ခံရမှု စိတ်ခံစားချက် ဖြစ်ပေါ်ခြင်းဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဤအပျက်သဘောဆောင်သော ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်ထဲတွင် အသက်ရှင်ကြသည်။ ဤသည်မှာ ကောင်းသောအရာဟုတ်သလော။ (မဟုတ်ပါ။) ကောင်းသောအရာမဟုတ်ပေ။ ဤသို့ဆိုလျှင် ယင်းကို မဖြေရှင်းသင့်သလော။ ကောင်းသောအရာမဟုတ်သောကြောင့် ဖြေရှင်းသင့်သည်။ လူတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်အတွင်းတွင် စဉ်ဆက်မပြတ် အသက်ရှင်သောအခါ ယင်းစိတ်ခံစားချက်က မည်သည့်အရာဖြစ်စေ ယင်းသည် သေးငယ်သော အဆင့်တွင် ၎င်းတို့၏ ကိုယ်နှင့် စိတ်တွင် ကောင်းကျိုးမပြုသော သက်ရောက်မှုများကို ဖြစ်စေနိုင်သည်။ ၎င်းတို့ ကျန်းမာစွာ အသက်ရှင်ပြီး သန်မာစွာ ကြီးထွားခြင်းကို တားဆီးနိုင်သည်။ ကြီးမားသော အဆင့်တွင် လူတို့အပေါ် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုး၏ သက်ရောက်မှုက အစားအစာ၊ အဝတ်အစား၊ နေရာထိုင်ခင်း၊ သယ်ယူပို့ဆောင်ရေးတို့ကဲ့သို့သော လူတို့၏ နေ့စဉ်အသက်တာများတွင်ရှိသည့် အခြေခံလိုအပ်ချက်များအပြင် အခြားအရာများအပေါ်ပါ သက်ရောက်မှုရှိသည်။ ပို၍ အရေးကြီးသည်မှာ ယင်းသည် လူများ၊ အမှုအရာများအပေါ် ၎င်းတို့ ရှုမြင့်သည့်ပုံစံအပြင် ၎င်းတို့၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုကိုပါ သက်ရောက်သည်။ ပို၍ အသေးစိတ်ဆိုရလျှင် လူတို့၏ တာဝန်တွင် ၎င်းတို့၏ ထိရောက်မှု၊ တိုးတက်မှု၊ အကျိုးသက်ရောက်မှုတို့အပေါ် လွှမ်းမိုးသည်။ ပို၍ အရေးကြီးသည်မှာ လူတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ၎င်းတို့ ရရှိသည့်အရာနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းမှ ၎င်းတို့ ရိတ်သိမ်းသင့်သည့် အကျိုးအမြတ်များအပေါ် သက်ရောက်သည်မှာ ပြောစရာမလိုပေ။ လူတို့၏ စိတ်သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ဒုက္ခပေးခြင်း၊ ချည်နှောင်ခြင်းကို ခံရသည်။ ၎င်းတို့၏ စိတ်နှလုံးသည် မကြာခဏ နှောင့်ယှက်ခြင်းခံရသည်။ ၎င်းတို့သည် ဂနာမငြိမ်ဖြစ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်လိုက်မာန်ပါဖြစ်ခြင်းတို့ကဲ့သို့သော ခံစားချက်များအတွင်းတွင် တည်ရှိသည်။ လူတို့သည် ဤခံစားချက်များတွင် ပိတ်မိနေသောအခါ ၎င်းတို့၏ သာမန် အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ ထို့အပြင် ၎င်းတို့၏ သာမန်ဘဝနှင့် တာဝန်ကို ပုံမှန်ထမ်းဆောင်ခြင်းတို့ကို အနှောင့်အယှက်ဖြစ်စေသည်၊ ထိခိုက်စေသည်၊ ပျက်စီးစေသည်။ ထို့ကြောင့် သင်တို့သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ချက်ချင်း ဖြေရှင်းပြီး သင်၏ သာမန်ဘဝနှင့် အလုပ်ကို ဆက်၍ ထိခိုက်ခြင်းအား တားဆီးသင့်သည်။ ယနေ့ ငါတို့ ဆွေးနွေးခဲ့သည့် ဖိနှိပ်ချုပ်ချယ်ခံရမှု အယူအဆသည် ငါတို့ အစောပိုင်းက ပြောခဲ့သော အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးဖြင့် အနှစ်သာရတွင် တူညီသည်။ လူတို့သည် မကြာခဏ စိတ်ပူပြီး များစွာသောအရာများအား သံသယရှိကြသည်၊ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် စိုးရိမ်ပူပန်မှုများစွာကို ထားရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ဤဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်ကို မဖြေရှင်းဘဲ ကြာရှည်စွာရှိနေလျှင် လူတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ပို၍ပင် စိတ်ပူပြီး စိတ်အနှောင့်အယှက်ဖြစ်လိမ့်မည်။ အချို့သော ပတ်ဝန်းကျင်များနှင့် အခြေအနေများတွင် လူတို့သည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ထိန်းချုပ်မှုအောက်မှပင် လွတ်သွားနိုင်ပြီး ၎င်းတို့၏ အခြေအနေများကို ကျော်လွှားရန်အတွက် အစွန်းရောက်နည်းလမ်းအချို့ကို လုပ်ဆောင်နိုင်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူသား၏ ကိုယ်ခန္ဓာ၏ ပင်ကိုစွမ်းရည်သည် အချို့သော အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို တောင့်ခံခြင်းတွင် အကန့်အသတ် ရှိသောကြောင့်ဖြစ်သည်။ ထိုအကန့်အသတ်နှင့် အထွတ်အထိပ်သို့ ရောက်သောအခါ လူတို့သည် ၎င်းတို့၏ စိတ်ခံစားချက်များကို ထွက်ပေါက်ရှာရန်အတွက် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် တည်ရှိသော ယုတ္တိမရှိသည့် အယူအဆများအားလုံးကို ရင်ဖွင့်ရန်အတွက် လူ့သဘာဝ၏ အသိစိတ်၏ ကန့်သတ်မှုများကို ချိုးဖောက်ပြီး အစွန်းရောက်နည်းလမ်းအချို့ကို ခံယူကျင့်သုံးလိမ့်မည်။

သင်တို့သည် သင်တို့ဖော်ပြခဲ့သော စာကြောင်းများမှတစ်ဆင့် လူတို့က ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည့် မတူညီသော အကြောင်းပြချက်အချို့ကို ယခု ဖော်ပြခဲ့သည်။ ယနေ့တွင် ဤအပျက်သဘောဆောင်သော ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်က လူတို့တွင် ထွက်ပေါ်လာရသည့် အကြောင်းရင်းနှင့် အကြောင်းပြချက်သုံးခုကို ငါတို့ အဓိက မိတ်သဟာယဖွဲ့မည်။ ပထမတစ်ခုမှာ လူများစွာတို့သည် ၎င်းတို့၏ နေ့စဉ်အသက်တာများတွင်ဖြစ်စေ၊ တာဝန်များကို ထမ်းဆောင်နေစဉ်တွင်ဖြစ်စေ ၎င်းတို့ နှစ်သက်သလို မလုပ်ဆောင်နိုင်ဟု ခံစားကြရသည်။ ဤသည်မှာ ပထမအကြောင်းပြချက်ဖြစ်သည်။ မိမိနှစ်သက်သလို လုပ်ဆောင်နိုင်စွမ်းမရှိခြင်းဖြစ်သည်။ မိမိနှစ်သက်သလို မလုပ်ဆောင်နိုင်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မိမိ၏ စိတ်တွင် ဖြစ်ပေါ်သော လိုအင်ဆန္ဒတိုင်းကို မလုပ်ဆောင်နိုင်ခြင်းကို ဆိုလိုသည်။ မိမိတို့ အလိုရှိသည့်အရာကို အလိုရှိသည့်အချိန်တွင် အလိုရှိသည့်ပုံစံအတိုင်း လုပ်ဆောင်နိုင်ခြင်းသည် ဤလူတို့၏ အလုပ်နှင့် ဘဝနှစ်ခုလုံးတွင်ရှိသော လိုအပ်ချက်ဖြစ်သည်။ သို့ရာတွင် ဥပဒေများ၊ ရှင်သန်ရာပတ်ဝန်းကျင်များ၊ သို့မဟုတ် အုပ်စုတစ်ခု၏ စည်းကမ်းများ၊ စနစ်များ၊ ပြဋ္ဌာန်းမှုများနှင့် စည်းကမ်းဆိုင်ရာ စီမံချက်များ စသည်ဖြင့်တို့အပါအဝင် အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် လူတို့သည် ၎င်းတို့၏ ဆန္ဒများ၊ စိတ်ကူးများနှင့်အညီ မလုပ်ဆောင်နိုင်ကြပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ တဲ့တိုးပြောရလျှင် လူတို့သည် နစ်နာသည်ဟု ခံစားရသောကြောင့် ဤဖိနှိပ်ချုပ်ချယ်ခံရစိတ် ဖြစ်ပေါ်ခြင်းဖြစ်သည်။ လူအချို့မှာ မတရားခံရသည်ဟုပင် ခံစားရသည်။ မိမိနှစ်သက်သလို မလုပ်ဆောင်နိုင်ခြင်းသည် ပွင့်လင်းစွာ ပြောရလျှင် မိမိ၏ စိတ်ဆန္ဒအတိုင်း မလုပ်ဆောင်နိုင်ခြင်းကို ဆိုလိုသည်။ အမျိုးမျိုးသော အရှိအတိုင်းဖြစ်သော ပတ်ဝန်းကျင်များနှင့် အခြေအနေများ၏ အကြောင်းပြချက်နှင့် ကန့်သတ်ချက်အမျိုးမျိုးကြောင့် တစ်ဇွတ်ထိုး မလုပ်နိုင်ခြင်း၊ သို့မဟုတ် လွတ်လပ်စွာ ပျော်မွေ့၍ မရခြင်းကို ဆိုလိုသည်။ ဥပမာ လူအချို့သည် တာဝန်ထမ်းဆောင်စဉ်တွင် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဆန်ပြီး အချောင်ခိုရန် နည်းလမ်းများရှာကြသည်။ တစ်ခါတစ်ရံတွင် အသင်းတော်အလုပ်သည် အလျင်အမြန်လုပ်ဖို့ လိုသည်။ သို့သော် ၎င်းတို့က ၎င်းတို့နှစ်သက်သလိုသာ လုပ်ဆောင်လိုသည်။ ၎င်းတို့သည် ကျန်းမာရေး အလွန်ကောင်းသည်ဟု မခံစားရလျှင်၊ သို့မဟုတ် သုံးလေးရက်ကြာ စိတ်ညစ်ညူးနေပြီး စိတ်ဓာတ်ကျနေလျှင် ၎င်းတို့သည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် ဆင်းရဲဒုက္ခကို ခံပြီး အဖိုးအခ ပေးဆပ်လိုစိတ်မရှိပေ။ ၎င်းတို့သည် အထူးပင် ပျင်းရိပြီး သက်သာခြင်းကို တပ်မက်သည်။ ၎င်းတို့သည် စိတ်ဓာတ်တွန်းအားမရှိသောအခါ ၎င်းတို့၏ ကိုယ်ခန္ဓာက နှေးကွေးလာသည်။ လှုပ်ရှားချင်စိတ် ရှိမည်မဟုတ်။ သို့သော် ၎င်းတို့သည် ခေါင်းဆောင်များက ကိုင်တွယ်ဖြေရှင်းမှုကို ခံရခြင်း၊ ညီအစ်ကိုမောင်နှမများက ပျင်းရိသည်ဟု အပြောအဆိုခံရခြင်းတို့ကို ကြောက်ရွံ့သောကြောင့် အခြားလူတိုင်းနှင့် အလုပ်ကို တွန့်ဆုတ်စွာ ထမ်းဆောင်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ သို့ရာတွင် ၎င်းတို့သည် ဤအရာနှင့်ပတ်သက်ပြီး အလွန်ပင် စိတ်မပါခြင်း၊ မပျော်ရွှင်ခြင်း၊ တွန့်ဆုတ်ခြင်းတို့ ဖြစ်လိမ့်မည်။ ၎င်းတို့သည် မတရားခံရသည်၊ နစ်နာသည်ဟု ခံစားရပြီး စိတ်ရှုပ်ကာ မောပန်းနွမ်းနယ်လိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း လုပ်ဆောင်လိုသော်လည်း ဘုရားအိမ်တော်၏ သတ်မှတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို မချိုးဖောက်ရဲပေ၊ သို့မဟုတ် မဆန့်ကျင်ရဲပေ။ ရလဒ်အနေဖြင့် အချိန်ကြာလာသောအခါ ဖိနှိပ်ချုပ်ချယ်ခြင်းဆိုသည့် စိတ်ခံစားချက်တစ်ခုသည် ၎င်းတို့တွင် စတင်ထွက်ပေါ်လာသည်။ ဤဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်က ၎င်းတို့တွင် အမြစ်တွယ်လာသည်နှင့် ၎င်းတို့သည် တဖြည်းဖြည်းချင်းဖြင့် ပင်ပန်းနွမ်းနယ်ကာ အားနည်းသည့် ပုံစံ ပေါ်လာလိမ့်မည်။ စက်တစ်ခုကဲ့သို့ပင် ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို ရှင်းလင်းစွာ နားလည်ခြင်းမရှိတော့ပေ။ သို့သော် ၎င်းတို့သည် ၎င်းတို့အား ခိုင်းသည့်အရာမှန်သမျှကို ၎င်းတို့အား ခိုင်းထားသည့် နည်းလမ်းအတိုင်း နေ့စဉ် လုပ်ဆောင်ဆဲဖြစ်လိမ့်မည်။ ၎င်းတို့သည် ရပ်နားခြင်းမရှိဘဲ၊ ခဏနားခြင်းမရှိဘဲ၊ တာဝန်ထမ်းဆောင်သည့် ပတ်ဝန်းကျင်များမှ ထွက်ခွာခြင်းမရှိဘဲ ၎င်းတို့၏ အလုပ်တာဝန်များကို အပေါ်ယံတွင် ဆက်လက် ဆောင်ရွက်လိမ့်မည်။ သို့တိုင်အောင် ၎င်းတို့၏ စိတ်နှလုံးတွင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရမည်ဖြစ်ပြီး ၎င်းတို့၏ ဘဝသည် ခြေကုန်လက်ပန်းကျဖွယ်ဖြစ်ပြီး နစ်နာမှုများဖြင့် ပြည့်နေသည်ဟု ထင်မြင်လိမ့်မည်။ ၎င်းတို့၏ လက်ရှိ အကြီးမားဆုံးသော ဆန္ဒသည် တစ်နေ့တွင် သူတစ်ပါးတို့၏ ထိန်းချုပ်ခြင်းကို မခံရရန်၊ ဘုရားအိမ်တော်၏ ပြဋ္ဌာန်းမှုများ၏ ကန့်သတ်ခြင်းကို မခံရရန်၊ ဘုရားအိမ်တော်၏ အစီအစဉ်များမှ လွတ်မြောက်ရန်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ အလိုရှိသည့်အရာမှန်သမျှကို ၎င်းတို့ အလိုရှိသည့် အချိန်တွင် လုပ်ဆောင်လိုပြီး စိတ်ပါလျှင် အလုပ်အနည်းငယ်လုပ်ဆောင်ကာ စိတ်မပါလျှင် မလုပ်ဆောင်လိုကြပေ။ ၎င်းတို့သည် မည်သည့် အပြစ်တင်ခြင်းမဆိုမှလည်းကောင်း၊ ပြုပြင်ခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းမှု ခံရခြင်းတို့မှလည်းကောင်း၊ ၎င်းတို့အား ကြီးကြပ်သည့်၊ စောင့်ကြည်သည့်၊ ဦးဆောင်သည့် မည်သူမဆိုထံမှလည်းကောင်း လွတ်မြောက်ရန် တောင့်တကြသည်။ ထိုနေ့ရောက်လာသောအခါ အလွန်ပင်ကောင်းသော နေ့ဖြစ်လိမ့်မည်၊ အလွန်လွတ်လပ်ပြီး လွတ်မြောက်လိမ့်မည်ဟု ၎င်းတို့ ထင်ကြသည်။ သို့ရာတွင် ၎င်းတို့သည် ထွက်ခွာရန်၊ သို့မဟုတ် လက်လျှော့ရန် မလိုလားကြသေးပေ။ ၎င်းတို့က ၎င်းတို့တာဝန်များကို မထမ်းဆောင်လျှင်၊ ၎င်းတို့က တစ်နေ့တွင် အမှန်ပင် မိမိတို့နှစ်သက်သည့်အတိုင်း လုပ်ဆောင်ပြီး လွတ်လပ်ကာ လွတ်မြောက်လျှင် ဘုရားသခင်ထံမှ အလိုအလျောက် သွေဖည်သွားမည်ကို ကြောက်ရွံ့ကြသည်။ ဘုရားသခင်က ၎င်းတို့ကို အလိုမရှိတော့လျှင် မည်သည့်ကောင်းချီးကိုမျှ မရရှိနိုင်မည်ကို ကြောက်ရွံ့ကြသည်။ လူအချို့က မိမိတို့သည် အကျပ်အတည်းတစ်ခုတွင် ရောက်ရှိနေသည်ကို တွေ့ရှိကြရသည်။ ၎င်းတို့က ညီအစ်ကိုမောင်နှမများအား ညည်းတွားပြရန် ကြိုးစားလျှင် ထုတ်ပြောရန် ခက်ခဲနေသည်ကို တွေ့ရှိရမည်။ ဘုရားသခင်ဘက်လှည့်ပြီး ဆုတောင်းလျှင် ၎င်းတို့၏ နှုတ်အား မဖွင့်ဟနိုင်သည်ကို ခံစားရမည်။ ၎င်းတို့က စောဒကတက်လျှင် ၎င်းတို့ကိုယ်တိုင်က မှားယွင်းနေသည်ဟု ခံစားရမည်။ စောဒကမတက်လျှင် ၎င်းတို့သည် သက်သောင့်သက်သာရှိမည်မဟုတ်ပေ။ ၎င်းတို့၏ ဘဝများက အဘယ်ကြောင့် နစ်နာမှုများဖြင့် အလွန်ပြည့်နေသည်ကိုလည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒနှင့် အလွန်ဆန့်ကျင်နေသည်ကိုလည်းကောင်း၊ အလွန် မောပန်းဖွယ်ဖြစ်နေသည်ကိုလည်းကောင်း စဉ်းစားတွေးတောကြသည်။ ၎င်းတို့သည် ဤသို့ အသက်မရှင်လိုပေ။ လူတိုင်းနှင့်တူညီလျက် မရှိလိုပေ။ ၎င်းတို့ အလိုရှိသည့်အရာမှန်သမျှကို ၎င်းတို့ အလိုရှိသည့်ပုံစံအတိုင်း လုပ်ဆောင်လိုကြပြီး အဘယ်ကြောင့် ဤအရာကို မဖြစ်မြောက်နိုင်သည်ကို ၎င်းတို့ တွေးတောကြသည်။ ၎င်းတို့သည် ကိုယ်ခန္ဓာက မောပန်းနွမ်းနယ်သည်ဟုသာ ခံစားရခဲ့သော်လည်း ယခုတွင် ၎င်းတို့၏ စိတ်နှလုံးကလည်း ပင်ပန်းသည်။ ၎င်းတို့တွင် မည်သည့်အရာဖြစ်ပျက်နေသည်ကို နားမလည်ကြပေ။ ပြောလော့။ ဤသည်မှာ ဖိနှိပ်ချုပ်ချယ်မှုခံရသော စိတ်ခံစားချက်များကြောင့် ဖြစ်ခြင်း မဟုတ်လော။ (ဟုတ်သည်။)

လူအချို့က “ယုံကြည်သူများက လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းသည်၊ ယုံကြည်သူများသည် အထူးပင် ပျော်ရွှင်၊ ငြိမ်းချမ်းပြီး ဝမ်းမြောက်ဖွယ်ဘဝများကို နေထိုင်ကြသည်ဟု လူတိုင်းက ဆိုသည်။ ကျွန်ုပ်သည် အဘယ်ကြောင့် အခြားလူများကဲ့သို့ ပျော်ရွှင်စွာ၊ ငြိမ်းချမ်းစွာ အသက်မရှင်နိုင်သနည်း။ အဘယ်ကြောင့် မည်သည့် ဝမ်းမြောက်မှုကိုမျှ မခံစားရသနည်း။ အဘယ်ကြောင့် အလွန် ဖိနှိပ်ချုပ်ချယ်မှုနှင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားရသနည်း။ အခြားလူများက အလွန်ပျော်ရွှင်သော ဘဝများကို နေထိုင်ရသည်မှာ အဘယ်သို့နည်း။ ကျွန်ုပ်၏ ဘဝသည် အဘယ်ကြောင့် အလွန် စိတ်မချမ်းမြေ့ဖွယ်ဖြစ်သနည်း” ဟူ၍ ဆိုကြသည်။ ငါ့အားပြောလော့။ ဤအရာ၏ အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်ခံရမှုသည် မည်သည့်အရာကြောင့်ဖြစ်သနည်း။ (၎င်းတို့၏ ရုပ်ခန္ဓာတို့သည် ကျေနပ်ခြင်းမရှိဘဲ ၎င်းတို့၏ အသွေးအသားက ဒုက္ခခံရသည်။) လူတစ်ယောက်သည် မိမိ၏ ရုပ်ခန္ဓာက ဒုက္ခခံရပြီး မိမိမှာလည်း မတရားခံရသည်ဟု ခံစားရသောအခါ သူ၏ နှလုံးသားနှင့် စိတ်တွင် ယင်းကို လက်ခံနိုင်လျှင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခက အလွန်ကြီးမားခြင်းမရှိတော့ဟု ခံစားရမည်မဟုတ်လော။ သူသည် သူ၏ နှလုံးသားနှင့် စိတ်တွင် သက်သာခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းကို ရှာတွေ့လျှင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရဦးမည်လော။ (မခံစားရပါ။) ထို့ကြောင့် ဖိနှိပ်ချုပ်ချယ်မှုသည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခကြောင့်ဖြစ်သည်ဟု ဆိုခြင်းသည် မခိုင်လုံပေ။ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခကို အလွန်အကျွံ ခံစားရခြင်းကြောင့် ဖိနှိပ်ချုပ်ချယ်ခံရမှု ဖြစ်ပေါ်လာလျှင် သင်တို့သည် ဒုက္ခခံနေရခြင်းမဟုတ်လော။ သင်တို့နှစ်သက်သလို မလုပ်ဆောင်နိုင်ခြင်းကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသလော။ သင်တို့ နှစ်သက်သလို မလုပ်ဆောင်နိုင်သောကြောင့် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များတွင် ပိတ်မိနေသလော။ (မဟုတ်ပါ။) သင်တို့၏ နေ့စဉ်အလုပ်များတွင် အလုပ်ရှုပ်သလော။ (အတော်အတန် အလုပ်ရှုပ်သည်။) သင်တို့အားလုံးသည် မနက်မှ ညအထိ အလုပ်လုပ်လျက်ဖြင့် အတော်လေး အလုပ်ရှုပ်ကြသည်။ အိပ်ခြင်းနှင့် စားခြင်းမှလွဲ၍ သင်တို့သည် ကွန်ပြူတာရှေ့တွင် တစ်နေကုန်နီးပါး ကုန်ဆုံးပြီး သင်တို့၏ မျက်လုံးနှင့် ဦးနှောက်ကို ပင်ပန်းစေသည်။ သင်တို့၏ ကိုယ်ခန္ဓာကို ပင်ပန်းနွမ်းနယ်စေသည်။ သို့သော် ဖိနှိပ်ချုပ်ချယ်မှုကို သင်တို့ ခံစားရသလော။ ဤပင်ပန်းခြင်းက သင့်တွင် ဖိနှိပ်ချုပ်ချယ်မှုကို ဖြစ်ပေါ်စေသလော။ (မဖြစ်ပေါ်စေပါ။) လူတို့၏ ဖိနှိပ်ချုပ်ချယ်ခံရခြင်းကို မည်သည့်အရာက ဖြစ်စေသနည်း။ ရုပ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်မှုကြောင့် မဟုတ်သည်မှာ သေချာသည်။ ဤသို့ဆိုလျှင် မည်သည့်အရာက ဖြစ်စေသနည်း။ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုနှင့် ပျော်ရွှင်မှုကို စဉ်ဆက်မပြတ် ရှာဖွေလျှင်၊ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနှင့် သက်သာမှုကို စဉ်ဆက်မပြတ် လိုက်စားလျှင်၊ ဒုက္ခမခံလိုလျှင် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအနည်းငယ်၊ သူတစ်ပါးတို့ထက် အနည်းငယ်ပို၍ ဒုက္ခခံခြင်း၊ သို့မဟုတ် ပုံမှန်ထက် အနည်းငယ်ပို၍ အလုပ်ပိသည်ဟု ခံစားရခြင်းသည်ပင် ၎င်းတို့အား ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရစေလိမ့်မည်။ ဤသည်မှာ ဖိနှိပ်ချုပ်ချယ်မှုကို ဖြစ်စေသည့်အရာတစ်ခုဖြစ်သည်။ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအနည်းငယ်ကို အလွန်ဆိုးရွားသည်ဟု မသတ်မှတ်လျှင်၊ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို မလိုက်စားဘဲ ဘုရားသခင်အား ကျေနပ်စေရန်အတွက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် သမ္မာတရားအား လိုက်စားပြီး ရှာဖွေလျှင် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခကို မကြာခဏ ခံစားရမည်မဟုတ်ပေ။ ၎င်းတို့သည် အနည်းငယ်အလုပ်ရှုပ်ခြင်း၊ ပင်ပန်းခြင်း၊ သို့မဟုတ် အားကုန်ခြင်းကို ရံဖန်ရံခါ ခံစားရလျှင်ပင် အိပ်ပျော်ပြီးနောက်တွင် နိုးထသောအခါ သက်သာလိမ့်မည်။ ထို့နောက် ၎င်းတို့၏ အလုပ်ကို ဆက်လက် လုပ်ဆောင်လိမ့်မည်။ ၎င်းတို့၏ အာရုံစိုက်မှုသည် ၎င်းတို့၏တာဝန်နှင့် အလုပ်အပေါ်တွင် ရှိလိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု အနည်းငယ်ကို သိသာထင်ရှားသော ပြဿနာတစ်ခုအဖြစ် သတ်မှတ်မည်မဟုတ်ပေ။ သို့ရာတွင် လူတို့၏ အတွေးထဲတွင် ပြဿနာတစ်ခုပေါ်လာပြီး ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို စဉ်ဆက်မပြတ် လိုက်စားသောအခါ ၎င်းတို့၏ ရုပ်ခန္ဓာက အနည်းငယ် ပင်ပန်းနွမ်းနယ်ခြင်း၊ သို့မဟုတ် စိတ်ကျေနပ်မှုကို ရှာမတွေ့နိုင်ခြင်းဖြစ်သည့် မည်သည့်အချိန်မဆိုတွင် ၎င်းတို့အတွင်း၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်အချို့ ဖြစ်ပေါ်လိမ့်မည်။ ဤသို့ဆိုလျှင် မိမိနှစ်သက်သလို အစဉ် လုပ်ဆောင်လိုပြီး မိမိ၏ အသွေးအသားကို အလိုလိုက်ကာ ဘဝကို ပျော်မွေ့လိုသော ဤသို့သောသူမျိုးသည် ကျေနပ်ခြင်း မရှိသည့်အခါတိုင်းတွင် ဤအပျက်သဘောဆောင်သော ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်အတွင်းတွင် အဘယ်ကြောင့် မကြာခဏ ပိတ်မိနေမည်နည်း။ (သက်သာခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပျော်မွေ့မှုကို လိုက်စားသောကြောင့်ဖြစ်သည်။) ဤသည်မှာ လူအချို့အတွက် မှန်သည်။ ရုပ်ပိုင်းဆိုင်ရာ သက်သာခြင်းကို မလိုက်စားသော အခြားလူအုပ်စုတစ်ခုရှိသည်။ ၎င်းတို့သည် ၎င်းတို့စိတ်ကူးပေါက်သလို လုပ်ဆောင်ပြီး ၎င်းတို့၏ ကိုယ်ပိုင် စိတ်အခြေအနေနောက်သို့ လိုက်ရန် အားထုတ်ကြသည်။ ၎င်းတို့သည် ပျော်ရွှင်သောအခါ ဒုက္ခကို ပို၍ ခံနိုင်သည်။ တစ်နေ့လုံး အဆက်မပြတ် အလုပ်လုပ်နိုင်သည်။ ၎င်းတို့အား ပင်ပန်းသလောဟု သင်မေးလျှင် ၎င်းတို့က “ငါ မပင်ပန်းပါ၊ ငါ၏ တာဝန်ကိုထမ်းဆောင်ခြင်းက ငါ့အား အဘယ်သို့ ပင်ပန်းစေနိုင်မည်နည်း” ဟူ၍ ဆိုလိမ့်မည်။ သို့သော် တစ်နေ့တွင် ၎င်းတို့က မပျော်ရွှင်လျှင် သင်က ၎င်းတို့အား တစ်စုံတစ်ခုကို အချိန်အနည်းငယ်ပို၍ လုပ်ဆောင်ရန် တောင်းဆိုလျှင်ပင် ၎င်းတို့က စိတ်အနှောင့်အယှက် ဖြစ်လိမ့်မည်။ သင်က ၎င်းတို့ကို အနည်းငယ် အပြစ်ဖော်ဆုံးမလျှင် ၎င်းတို့က “ဆက်၍ မပြောတော့နှင့်၊ ငါသည် ဖိနှိပ်ချုပ်ချယ်ခြင်းခံရသည်၊ သင်ဆက်၍ ပြောနေလျှင် ငါ၏ တာဝန်ကို ထမ်းဆောင်မည်မဟုတ်၊ ဤသည်မှာ သင်၏ အမှားဖြစ်လိမ့်မည်၊ နောင်အချိန်တွင် ငါက ကောင်းချီးများ မရရှိလျှင် သင့်တာဝန်ဖြစ်လိမ့်မည်၊ သင်သည် ဤအတွက် အားလုံး တာဝန်ခံရလိမ့်မည်” ဟူ၍ ဆိုလိမ့်မည်။ လူတို့သည် မူမမှန်သော အခြေအနေတွင်ရှိနေသောအခါ၌ စိတ်အပြောင်းအလဲ မြန်တတ်ကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်စွမ်းရှိလိမ့်မည်။ သို့သော် အခြားအချိန်များတွင် အနည်းငယ်ဒုက္ခခံရခြင်းကို ညည်းညူလိမ့်မည်။ အသေးစား ပြဿနာတစ်ခုကပင် ၎င်းတို့ကို စိတ်မချမ်းမသာ ဖြစ်စေလိမ့်မည်။ ၎င်းတို့သည် မကောင်းသော စိတ်အခြေအနေတွင် ရှိသောအခါ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ ဓမ္မတေးများ သီဆိုခြင်း၊ သို့မဟုတ် စုဝေးပွဲများတက်ပြီး တရားဒေသနာများနားထောင်ခြင်းတို့ကို လုပ်ဆောင်လိုမည် မဟုတ်တော့ပေ။ ၎င်းတို့သည် အချိန်အတန်ကြာအထိ တစ်ယောက်တည်းသာ နေလိုကြလိမ့်မည်။ ပြီးလျှင် မည်သူမဆို ၎င်းတို့ကို ကူညီရန်၊ သို့မဟုတ် ပံ့ပိုးရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ရက်အနည်းငယ် ကြာပြီးနောက်တွင် ၎င်းတို့သည် အခြေအနေပြန်ကောင်းလာပြီး စိတ်ကြည်လာနိုင်သည်။ ၎င်းတို့အား ကျေနပ်ခြင်းမရှိစေနိုင်သည့် မည်သည့်အရာမဆို ၎င်းတို့ကို ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံစားရစေလိမ့်မည်။ ဤသို့သောသူမျိုးသည် အထူးပင် တစ်ဇွတ်ထိုး လုပ်ဆောင်သည်မဟုတ်လော။ (ဟုတ်သည်။) ၎င်းတို့သည် အထူးပင် တစ်ဇွတ်ထိုး လုပ်ဆောင်သည်။ ဥပမာ ၎င်းတို့သည် ချက်ချင်း အိပ်လိုလျှင် ထိုသို့ မရမက လုပ်ဆောင်လိမ့်မည်။ ၎င်းတို့က “ငါသည် ပင်ပန်းသည်၊ ယခုချက်ချင်း အိပ်လိုသည်၊ အားအင်မရှိလျှင် အိပ်မှဖြစ်မည်” ဟူ၍ ဆိုလိမ့်မည်။ လူတစ်ယောက်က “ဆယ်မိနစ်ပို၍ ထိန်းမထားနိုင်သလော၊ ဤအလုပ်က မကြာခင်တွင်ပင် ပြီးလိမ့်မည်၊ ထို့နောက်တွင် ငါတို့အားလုံး အနားယူနိုင်သည်၊ အဘယ်သို့နည်း” ဟု ပြောလျှင် ၎င်းတို့က “မဖြစ်ပေ၊ ငါ ချက်ချင်းအိပ်မှဖြစ်မည်” ဟု ပြန်ပြောလိမ့်မည်။ တစ်စုံတစ်ယောက်က ၎င်းတို့ကို ဖျောင်းဖျလျှင် ၎င်းတို့က တွန့်ဆုတ်စွာဖြင့် အချိန်ခဏကြာ ထိန်းထားလိမ့်မည်။ သို့သော် ၎င်းတို့သည် ဖိနှိပ်ချုပ်ချယ်သည်ဟု ခံစားရပြီး စိတ်ရှုပ်လိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဤအမှုအရာများနှင့်ပတ်သက်ပြီး မကြာခဏ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး ညီအစ်ကိုမောင်နှမများ၏ အကူအညီကို လက်ခံလိုစိတ်မရှိပေ၊ သို့မဟုတ် ခေါင်းဆောင်များ၏ ကြီးကြပ်မှုကို ခံယူလိုစိတ်မရှိပေ။ ၎င်းတို့က အမှားတစ်ခုပြုလုပ်လျှင် အခြားလူများကို ၎င်းတို့အား ကိုင်တွယ်ဖြေရှင်းခွင့်၊ သို့မဟုတ် ပြုပြင်ခွင့် ပေးမည်မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်နည်းဖြင့်မျှ ကန့်သတ်ခံရဖို့ ဆန္ဒမရှိပေ။ ၎င်းတို့က “ငါသည် ပျော်ရွှင်မှုကို ရှာတွေ့နိုင်ရန်အတွက် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်သည်၊ သို့ဖြစ်၍ အဘယ်ကြောင့် မိမိကိုယ်ကို အခက်အခဲဖြစ်အောင် လုပ်ဆောင်ရမည်နည်း၊ ငါ၏ ဘဝက အဘယ်ကြောင့် အလွန် ပင်ပန်းနွမ်းနယ်ဖွယ် ဖြစ်သင့်သနည်း၊ လူတို့သည် ပျော်ရွှင်စွာ နေထိုင်သင့်သည်၊ ဤစည်းမျဉ်းများ၊ ထိုစနစ်များကို အလွန် အရေးမစိုက်သင့်ပေ။ ၎င်းတို့ကို အစဉ်လိုက်နာခြင်းက မည်သို့ အသုံးဝင်သနည်း။ ယခုအချိန်၊ ယခုအခိုက်အတန့်တွင် ငါအလိုရှိသည့်အရာ မှန်သမျှကို လုပ်ဆောင်မည်၊ သင်တို့ထဲမှ မည်သူကမျှ ဤအရာနှင့်ပတ်သက်ပြီး ပြောစရာတစ်ခုခုမရှိသင့်ပေ” ဟူ၍ တွေးကြသည်။ ဤသို့သောသူမျိုးသည် အထူးပင် တစ်ဇွတ်ထိုးလုပ်ပြီး အပျော်အပါး၌ မွေ့လျော်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်ချုပ်ချယ်မှုကိုမျှ မခံစားစေသကဲ့သို့ မည်သည့်အလုပ်ပတ်ဝန်းကျင်တွင်မှ ချုပ်ချယ်မှုကို မခံစားလိုပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာလိုကြပေ။ ၎င်းတို့သည် လူတို့၏ ကျင့်ကြံနေထိုင်မှုတွင် ကိုင်စွဲသင့်သည့် စည်းမျဉ်းများကို လက်ခံလိုစိတ်မရှိကြပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားက ၎င်းတို့လုပ်ဆောင်သင့်သည်ဟု ပြောသောအရာကိုပင် မလိုက်နာလိုကြပေ။ ၎င်းတို့ နှစ်သက်သလို လုပ်ဆောင်လိုသည်။ ၎င်းတို့အား ပျော်ရွှင်စေသည့်အရာမှန်သမျှကို လုပ်ဆောင်လိုသည်။ ၎င်းတို့အား အကျိုးရှိစေပြီး သက်သောင့်သက်သာ ဖြစ်စေသည့်အရာမှန်သမျှကို လုပ်ဆောင်လိုသည်။ ဤကန့်သတ်ချက်များ၏ အောက်တွင် နေထိုင်ခြင်းသည် ၎င်းတို့၏ စိတ်ဆန္ဒကို ချိုးဖောက်လိမ့်မည် ဟူ၍လည်းကောင်း၊ မိမိကိုယ်ကို နှိပ်စက်သည့်ပုံစံမျိုး ဖြစ်မည်ဟူ၍လည်းကောင်း၊ ၎င်းတို့အတွက် ကိုယ်ရောစိတ်ပါ ဖိစီးခြင်း ဖြစ်မည်ဟူ၍လည်းကောင်း၊ လူတို့သည် ဤသို့ အသက်မရှင်သင့်ဟူ၍လည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ လူတို့သည် လွတ်လပ်စွာ၊ ချုပ်ချယ်မှုကင်းစွာ နေထိုင်သင့်သည်၊ ၎င်းတို့၏ အသွေးအသားနှင့် တပ်မက်မှုများ၊ ထို့အပြင် ၎င်းတို့ အနှစ်သက်ဆုံးသောအရာများနှင့် ဆန္ဒများကို စိတ်လွတ်လက်လွတ် မွေ့လျော်သင့်သည်ဟု ၎င်းတို့က ထင်ကြသည်။ ၎င်းတို့သည် အကျိုးဆက်များ၊ သို့မဟုတ် အခြားလူများ၏ ခံစားချက်များကို စဉ်းစားဖို့မလိုဘဲ၊ အထူးသဖြင့် ၎င်းတို့၏ ကိုယ်ပိုင်တာဝန်နှင့် ဝတ္တရားများကို စဉ်းစားစရာမလိုဘဲ၊ သို့မဟုတ် ယုံကြည်သူများ ထမ်းဆောင်သင့်သည့် တာဝန်များ၊ သို့မဟုတ် ၎င်းတို့ ကိုင်စွဲပြီး အသက်ရှင်နေထိုင်သင့်သည့် သမ္မာတရား၏ စစ်မှန်မှုများ၊ သို့မဟုတ် ၎င်းတို့ လိုက်လျှောက်သင့်သည့် အသက်လမ်းကြောင်းတို့ကို စဉ်းစားဖို့မလိုဘဲ ၎င်းတို့၏ အယူအဆအားလုံးကို အလိုလိုက်သင့်သည်ဟူ၍လည်းကောင်း၊ ဆန္ဒရှိသည့်အရာ မှန်သမျှကို ပြောသင့်သည်ဟူ၍လည်းကောင်း၊ လုပ်ဆောင်လိုသည့်အရာမှန်သမျှကို လုပ်ဆောင်သင့်သည်ဟူ၍လည်းကောင်း၊ သွားလိုသည့်နေရာမှန်သမျှကို သွားသင့်သည်ဟူ၍လည်းကောင်း ထင်မြင်ကြသည်။ ဤလူအုပ်စုသည် လူ့အဖွဲ့အစည်းနှင့် အခြားလူများကြားတွင် အစဉ်သဖြင့် ၎င်းတို့ နှစ်သက်သလို လုပ်ဆောင်လိုကြသည်။ သို့သော် မည်သည့်နေရာကို ၎င်းတို့ သွားသည်ဖြစ်စေ ထိုအရာကို လုံးဝ မရရှိနိုင်ပေ။ ဘုရားအိမ်တော်က လူအခွင့်အရေးကို အလေးပေးသည်ဟူ၍လည်းကောင်း၊ လူတို့အား လွတ်လပ်မှု အပြည့်အဝပေးအပ်သည်ဟူ၍လည်းကောင်း၊ လူ့သဘာဝကို ဂရုစိုက်သည်ဟူ၍လည်းကောင်း၊ လူတို့အား သည်းခံစိတ်ရှည်ခြင်းကို အရေးစိုက်သည်ဟူ၍လည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က ဘုရားအိမ်တော်ကို လာပြီးနောက်တွင် ၎င်းတို့၏ အသွေးအသားနှင့် ဆန္ဒများတွင် လွတ်လပ်စွာ ပျော်မွေ့နိုင်သင့်သည်ဟု ထင်ကြသည်။ သို့သော် ဘုရားအိမ်တော်က စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ စည်းမျဉ်းများရှိသောကြောင့် ၎င်းတို့ နှစ်သက်သလို မလုပ်ဆောင်နိုင်သေးပေ။ ထို့ကြောင့် ၎င်းတို့၏ ဤအပျက်သဘောဆောင်သော ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်သည် ဘုရားအိမ်တော်ကို ၎င်းတို့ ဝင်ရောက်ပြီးသည့်နောက်တွင်ပင် ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် တာဝန်တစ်မျိုးမျိုးကို ထမ်းဆောင်ရန်၊ သို့မဟုတ် မည်သည့်တာဝန်ကိုမဆို ပြီးမြောက်ရန်၊ သို့မဟုတ် စစ်မှန်သောသူဖြစ်ရန် အသက်မရှင်ပေ။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းသည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်၊ ၎င်းတို့၏ တာဝန်ကို ပြီးမြောက်ရန်၊ ကယ်တင်ခြင်းရရှိရန် မဟုတ်ပေ။ ၎င်းတို့နှင့်အတူရှိသောလူများ၊ ၎င်းတို့ ရောက်ရှိနေသော ပတ်ဝန်းကျင်၊ သို့မဟုတ် ၎င်းတို့ ပါဝင်လုပ်ဆောင်နေသော အလုပ်အကိုင်တို့က မည်သို့ရှိသည်ဖြစ်စေ ၎င်းတို့၏ အဆုံးစွန်ပန်းတိုင်က မိမိတို့ကိုယ်ကို ရှာဖွေပြီး အလိုဖြည့်ရန်ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သမျှ၏ ရည်ရွယ်ချက်သည် ဤအရာကို ဗဟိုပြုသည်။ မိမိကိုယ်ကို အလိုဖြည့်ခြင်းသည် ၎င်းတို့၏ တစ်သက်တာ လိုအင်ဆန္ဒနှင့် ၎င်းတို့လိုက်စားမှု၏ ပန်းတိုင်ဖြစ်သည်။

သင်တို့ထဲမှ အချို့သည် ညီအစ်ကိုမောင်နှမများကို ဧည့်ခံပြီး ၎င်းတို့အတွက် အစားအစာချက်ပြုတ်ရန် တာဝန်ရှိသည်။ ဤသို့ဆိုလျှင် ညီအစ်ကိုမောင်နှမများအား မည်သည့်အစားအစာကို စားလိုသည်ကို သင်မေးဖို့လိုသည်။ ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် လိုအပ်ချက်များက မည်သည်တို့ဖြစ်သည်ကို သင့်ကိုယ်သင် မေးလော့။ ထို့နောက်တွင် ဤစည်းမျဉ်းနှစ်မျိုးပေါ်တွင် အခြေခံပြီး ၎င်းတို့ကို ဧည့်ခံလော့။ သင်သည် တရုတ်မြောက်ပိုင်းမှ လူများကို ဧည့်ခံလျှင် ပေါက်စီ၊ မန်ထိုနှင့် အစာသွတ်ပေါက်စီတို့ကဲ့သို့သော ဂျုံကို အခြေခံပြုလုပ်သော အစားအစာများကို ပို၍ပြုလုပ်လော့။ ရံဖန်ရံခါတွင် တရုတ်တောင်ပိုင်းမှ လူများစားသည့် ထမင်း၊ သို့မဟုတ် ဆန်ခေါက်ဆွဲများကိုလည်း ပြုလုပ်နိုင်သည်။ ဤအရာအားလုံးက လက်ခံနိုင်ဖွယ်ဖြစ်သည်။ သင် ဧည့်ခံသည့်သူအများစုက တရုတ်တောင်ပိုင်းက ဖြစ်သည်ဆိုပါစို့။ ၎င်းတို့က ဂျုံကို အခြေခံသော အစားအစာများကို မနှစ်သက်ပေ။ ထမင်းကို ပို၍ နှစ်သက်သည်။ ၎င်းတို့က ထမင်းလုံးဝ မစားရလျှင် အစားအစာတစ်နပ် မစားရသေးသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် သင်သည် ၎င်းတို့ကို ဧည့်ခံလျှင် ထမင်းကို မကြာခဏ ပိုချက်ပြီး သင်၏ ဟင်းများက တရုတ်တောင်ပိုင်းရှိလူများ၏ အကြိုက်နှင့် ကိုက်ညီအောင် သေချာလုပ်ဆောင်လော့။ သင်သည် တရုတ်တောင်ပိုင်းနှင့် မြောက်ပိုင်းနှစ်ခုလုံးရှိလူများကို ဧည့်ခံလျှင် အစားအစာနှစ်မျိုးကို ပြုလုပ်ပြီး လူတို့အား ၎င်းတို့ နှစ်သက်သည့်အရာကို ရွေးစေကာ လွတ်လပ်စွာ ရွေးချယ်ခွင့်ပြုလော့။ ညီအစ်ကိုမောင်နှမများအား ဤသို့ ဧည့်ခံခြင်းသည် စည်းမျဉ်းများနှင့်ညီသည်။ အလွန်ပင် ရိုးရှင်းသော ကိစ္စဖြစ်သည်။ လူအများစုက ကျေနပ်သရွေ့ လုံလောက်သည်။ ကျေနပ်မှုမရှိသော သူများနှင့်မတူသောသူအနည်းငယ်အတွက် စိတ်ပူဖို့မလိုပေ။ သို့ရာတွင် ဧည့်ခံရန်တာဝန်ရှိသည့်သူသည် သမ္မာတရားကို နားမလည်ဘဲ အမှုကိစ္စများကို စည်းမျဉ်းနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကို မသိလျှင်၊ မိမိ၏ ကိုယ်ပိုင်နှစ်သက်မှုကို အခြေခံပြီး အစဉ်လုပ်ဆောင်လျှင် လူတို့က နှစ်သက်စွာ သုံးဆောင်လိမ့်မည်ဟုတ်မဟုတ်ကို မစဉ်းစားဘဲ မိမိပြုလုပ်လိုသည့် အစားအစာမှန်သမျှကို ပြုလုပ်နေလျှင် ဤသည်မှာ မည်သည်ပြဿနာမျိုးဖြစ်သနည်း။ အလွန်အကျွံ တစ်ဇွတ်ထိုးလုပ်ခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတစ်မျိုးဖြစ်သည်။ လူအချို့သည် တရုတ်တောင်ပိုင်းမှဖြစ်ပြီး ၎င်းတို့ ဧည့်ခံသည့်လူအများစုမှာ မြောက်ပိုင်းမှ ဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများက အလေ့အကျင့် ရှိသည်မရှိသည်ကို မစဉ်းစားဘဲ နေ့စဉ် ထမင်းချက်သည်။ သင်က ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး အကြံအချို့ပေးရန် ကြိုးစားသောအခါ ၎င်းတို့အတွင်းတွင် စိတ်ခံစားချက်တစ်မျိုး ထွက်ပေါ်လာသည်။ ၎င်းတို့၏ စိတ်နှလုံးက အတိုက်အခံဖြစ်လာပြီး မနာခံခြင်းဖြစ်လာသည်။ မကျေမနပ်မှုများ ပြည့်လာသည်။ ၎င်းတို့က “ဘုရားအိမ်တော်တွင် ချက်ပြုတ်ခြင်းသည် မလွယ်ကူပေ။ ဤလူများကို ကျွေးမွေးရခြင်းသည် အလွန်ခက်ခဲသည်။ သင်တို့အတွက် ချက်ပြုတ်ဖို့ရန် မနက်မှ ညအထိ ကြိုးစားလုပ်ရသည်။ သို့သော် သင်တို့က ကြေးများနေဆဲဖြစ်သည်။ ထမင်းစားခြင်းက အဘယ်ပြဿနာရှိသနည်း။ ငါတို့ တောင်ပိုင်းသားများက တစ်ရက်တွင် ထမင်းသုံးနပ်မစားသလော။ ဤသည်မှာ အလွန်ကောင်းသော အသက်ရှင်သည့် နည်းလမ်းမဟုတ်သလော။ ငါတို့သည် သင်တို့ထက် ပို၍သန်မာပြီး ပို၍ အားအင်ရှိသည်။ ခေါက်ဆွဲများ၊ ပေါက်စီများကို အစဉ်စားခြင်းက မည်သို့များ အလွန်ကောင်းနေရသနည်း။ ထိုအရာများမှ ဗိုက်ပြည့်နိုင်သလော။ ငါ့အတွက် ခေါက်ဆွဲများက အဘယ်ကြောင့် စား၍ မကောင်းသနည်း။ ခေါက်ဆွဲများကို စား၍ အဘယ်ကြောင့် ငါမတင်းတိမ်ရသနည်း။ မည်သို့ပင်ဖြစ်စေ ငါလုပ်နိုင်သည့်အရာ မရှိ၊ ဘုရားအိမ်တော်တွင် ငါ၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် ငါသည် သည်းခံပြီး ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းရမည် ထင်သည်။ ကိုယ့်ကိုယ်ကိုယ် မချုပ်တည်းလျှင် လူစားထိုးခံရနိုင်သည်၊ သို့မဟုတ် ဖယ်ရှားခံရနိုင်သည်၊ ဤသို့ဆိုလျှင် ခေါက်ဆွဲများ၊ ပေါက်စီများကို ငါ ပြုလုပ်ရမည်သာဖြစ်သည်” ဟူ၍ ဆိုသည်။ ၎င်းတို့သည် မကျေမနပ်ဖြင့် နေစဉ် ဤသို့ ဆက်လက်လုပ်ဆောင်ကာ “ငါသည် ထမင်းတစ်နပ်ပင် မစားရပေ။ ငါသည် အစားစားတိုင်းတွင် ထမင်းကို စားလိုခြင်းသာဖြစ်သည်၊ ထမင်းမစားရလျှင် အသက်မရှင်နိုင်ပေ၊ ထမင်းစားချင်သည်” ဟူ၍ တွေးကြသည်။ ၎င်းတို့သည် စိတ်မပါစွာဖြင့် ခေါက်ဆွဲများ၊ ပေါက်စီများကို နေ့စဉ် ပြုလုပ်သော်လည်း ၎င်းတို့၏ စိတ်အခြေအနေက အလွန်အမင်း နိမ့်ကျသည်။ အဘယ်ကြောင့် အလွန်အမင်း နိမ့်ကျနေသနည်း။ ဖိနှိပ်ချုပ်ချယ်ခံရသည်ဟု ၎င်းတို့က ခံစားရသောကြောင့်ဖြစ်သည်။ ၎င်းတို့က “ငါသည် သင်တို့အား ကျွေးမွေးပြီး သင်တို့စားလိုသည့်အစားအစာကို ချက်ပြုတ်ရသည်၊ ငါစားလိုသည့် အစားအစာကို မချက်ပြုတ်ရပေ၊ သင်တို့ကိုတော့ အစဉ်ကျေနပ်အောင် လုပ်ဆောင်ရပြီး ငါ့စိတ်ကျေနပ်မှုအတွက် အဘယ်ကြောင့် မလုပ်ဆောင်ရသနည်း” ဟူ၍ တွေးကြသည်။ ၎င်းတို့သည် စိတ်ထိခိုက်ပြီး ဖိနှိပ်ချုပ်ချယ်သည်ဟု ခံစားရသည်။ ၎င်းတို့၏ ဘဝက ပင်ပန်းနွမ်းနယ်သည်ဟု ခံစားရသည်။ ၎င်းတို့သည် အပိုအလုပ်ဖြစ်သော မည်သည့်အလုပ်ကိုမဆို လုပ်ဖို့ ငြင်းဆန်ပြီး အလုပ်အနည်းငယ် လုပ်သောအခါတွင် ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်သည်။ ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ မလုပ်လျှင် လူစားထိုးခံရမည်၊ သို့မဟုတ် ရှင်းလင်းပစ်ခံရမည်ကို ကြောက်ကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ တွန့်ဆုတ်စွာ၊ စိတ်မပါစွာဖြင့် ပြုမူဆောင်ရွက်ပြီး ၎င်းတို့၏ တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းသာဖြစ်သည်။ ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း၊ သို့မဟုတ် ချုပ်ချယ်မှုကင်းခြင်းတို့ဖြစ်သော မည်သည့်အချိန်အခိုက်အတန့်ကိုမျှ မကြုံတွေ့ရပေ။ လူတို့က ၎င်းတို့ကို “ညီအစ်ကိုမောင်နှမများကို ဧည့်ခံခြင်းနှင့် အစားအစာများ ချက်ပြုတ်ခြင်းကို သင် မည်သို့ခံစားရသနည်း” ဟု မေးသည်။ ၎င်းတို့က “အမှန်တကယ်တွင် ထိုမျှ ပင်ပန်းခြင်းမဟုတ်ပေ။ သို့သော် ဖိနှိပ်ချုပ်ချယ်ခံရသလို ခံစားမိသည်” ဟု ပြန်ဖြေသည်။ လူတို့က “အဘယ်ကြောင့် ဖိနှိပ်ချုပ်ချယ်ခံရသလို ခံစားရသနည်း။ သင့်တွင် ဆန်၊ ဂျုံ၊ ဟင်းသီးဟင်းရွက်ရှိသည်၊ သင့်တွင် အရာအားလုံးရှိသည်။ ဤအရာများကို ဝယ်ရန် သင်၏ ကိုယ်ပိုင်ပိုက်ဆံကို သုံးရန်ပင် မလိုပေ၊ သင်သည် ရံဖန်ရံခါတွင် အလွန်ပင်ပန်းစွာလုပ်ပြီး အခြားလူများထက် အနည်းငယ်ပို၍ လုပ်ဖို့သာလိုသည်။ ဤသည်မှာ သင်လုပ်ဆောင်သင့်သည့် အရာမဟုတ်လော။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းသည် ဝမ်းမြောက်ဖွယ်ရာများ ဖြစ်သည်။ မိမိဆန္ဒအလျောက် လုပ်ဆောင်ရခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသနည်း” ဟူ၍ ပြောသည်။ ၎င်းတို့က “ငါသည် ဤအရာများကို မိမိဆန္ဒအလျောက် လုပ်ဆောင်သော်လည်း ထမင်းကို မကြာခဏ မစားရဘဲ ငါ နှစ်သက်သလို မလုပ်ဆောင်နိုင်ပေ။ ငါနှစ်သက်သည့်အရာကို စားရခြင်း၊ အရသာရှိသည်ဟု ငါမြင်သည့်အရာကို စားရခြင်းမရှိပေ။ ငါသည် ကိုယ့်ကိုယ်ကိုယ်အတွက် အရသာရှိသော တစ်ခုခုသော ချက်ဖို့ ကြိုးစားသည်ကို တွေ့သွားလျှင် ဝေဖန်ခြင်းခံရမည်ကို စိုးရိမ်သည်။ ထို့ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး မည်သည့်အခါမျှ မပျော်ရွှင်ပေ” ဟူ၍ ပြန်ပြောသည်။ ဤသို့သောလူများသည် အစားအစာအတွက် ၎င်းတို့၏ ဆန္ဒကို မဖြည့်ဆည်းနိုင်သောကြောင့် ဖိနှိပ်ချုပ်ချယ်မှုခံရသော စိတ်ခံစားချက်များထဲတွင် အသက်ရှင်ကြသည်။

လူအချို့သည် အသင်းတော်၏ လယ်ကွင်းများတွင် ဟင်းသီးဟင်းရွက်များစိုက်ကြသည်။ ၎င်းတို့သည် ဤအရာကို မည်သို့ လုပ်ဆောင်သင့်သနည်း။ ရာသီအချိန်ကာလ၊ ရာသီဥတု၊ အပူချိန်နှင့် ကျွေးဖို့ လိုအပ်သည့် လူအရေအတွက်ကို အခြေခံပြီး သင့်တော်သော ဟင်းသီးဟင်းရွက်သီးနှံကို စိုက်ပျိုးသင့်သည်။ ဟင်းသီးဟင်းရွက်အမျိုးမျိုးကို ပျိုးထောင်ခြင်းနှင့်ပတ်သက်ပြီး ဘုရားအိမ်တော်တွင် စည်းမျဉ်းများရှိပြီး လူများစွာအတွက် အခက်အခဲဖြစ်နိုင်သည်။ လူတို့နေ့စဉ် စားသုံးလိုသော ဟင်းသီးဟင်းရွက်အချို့ရှိပြီး လူတို့က စားသုံးရန် မနှစ်သက်သော ဟင်းသီးဟင်းရွက်အချို့ရှိသည်။ အချို့ ဟင်းသီးဟင်းရွက် အရေအတွက်ကို စည်းကမ်းဖြင့် ထိန်းသိမ်းထားပြီး အခြားဟင်းသီးဟင်းရွက်များကို ရာသီအလိုက် စားသုံးသည်။ ဤသို့ဖြင့် လူတို့စားနိုင်သည့်ပမာဏကို ကန့်သတ်ထားသည်။ လူအချို့က “အို ဤဟင်းသီးဟင်းရွက်များကို ငါတို့ မည်သည့်အခါမျှ အပြည့်အဝ နှစ်သက်စွာ စားသုံးနိုင်မည်မဟုတ်ပေ၊ အနည်းငယ်စားပြီးနောက်တွင် ကုန်သွားသည်၊ လူတိုင်းအတွက် လုံလောက်စွာမရှိပေ၊ ချယ်ရီခရမ်းချဉ်သီးများကဲ့သို့ဖြစ်သည်၊ အကြိမ်တိုင်းတွင် အနည်းငယ် လက်တစ်ဆုပ်စာမျှသာ ရရှိသည်၊ အရသာကို မသိရသေးခင်တွင်ပင် ကုန်သွားသည်၊ တစ်ဇလုံရှိသော အသီးများကို စားရလျှင် အလွန်ကောင်းမည်” ဟူ၍ တွေးကြသည်။ ဤသို့ဖြင့် လူဆယ်ယောက်ခန့်နေထိုင်သောနေရာတွင် ချယ်ရီခရမ်းချဉ်သီးပင် နှစ်ရာကို စိုက်ပျိုးကြသည်။ ၎င်းတို့သည် မနက်တွင် နိုးထသည်နှင့် တစ်ပြိုင်နက် တစ်ဇလုံအပြည့် စတင်စားကြပြီး ညမအိပ်ခင်အထိ ဆက်လက်၍ စားကြသည်။ ချယ်ရီခရမ်းချဉ်သီးများနှင့် ရိုးရိုးခရမ်းချဉ်သီးများကို တစ်ဇလုံအပြည့်စားခြင်း၊ ခြင်းထဲတွင်ရှိသော သခွားသီးများကို စားခြင်းသည် ၎င်းတို့အတွက် အလွန်စိတ်လှုပ်ရှားဖွယ်ရာဖြစ်သည်။ ထိုနေ့ရက်များသည် အလွန်ကောင်းသော နေ့ရက်များဖြစ်သည်၊ ဝမ်းမြောက်ဖွယ်အတိဖြစ်သည်ဟု ၎င်းတို့ ခံစားသည်။ ဤသို့သောသူများသည် ၎င်းတို့၏ ပြုမူဆောင်ရွက်မှုများတွင် ဘုရားအိမ်တော်၏ ပြဋ္ဌာန်းချက်များကို မလိုက်လျှောက်နိုင်ပေ။ ပြီးလျှင် သိပ္ပံစည်းမျဉ်းများကို ၎င်းတို့ မလိုက်နာနိုင်ပေ။ ၎င်းတို့သည် မည်သူမဆို၏ စကားကို နားထောင်ရန် ငြင်းဆန်သည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဦးစားပေးသည်။ အရာရာ၌ ကိုယ့်ကိုယ်ကိုယ်အတွက်သာ ထည့်စဉ်းစားသည်။ မိမိနှစ်သက်သလို လုပ်ဆောင်သည်။ ရလဒ်အနေဖြင့် ဘုရားအိမ်တော်၏ ထိန်းချုပ်မှု၊ ကြီးကြပ်မှု၊ စီမံမှုအောက်တွင် သစ်သီးများကို ပလုတ်ပလောင်းစားချင်သောသူများသည် ကန့်သတ်ခြင်းခံရသည်။ အချို့မှာ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း ခံရသည်။ ပြောလော့။ ၎င်းတို့သည် ယခုတွင် မည်သို့ခံစားရမည်ဟု သင်တို့ ထင်သနည်း။ ၎င်းတို့သည် အလွန့်အလွန် စိတ်ပျက်ခြင်းကို မခံစားရသလော။ ကမ္ဘာလောကသည် မှောင်မိုက်အတိဖုံးပြီး ဘုရားအိမ်တော်တွင် ချစ်ခြင်း၊ သို့မဟုတ် နွေးထွေးခြင်းမရှိဟု ၎င်းတို့ မခံစားရသလော။ ၎င်းတို့သည် အလွန့်အလွန် ဖိနှိပ်ချုပ်ချယ်မှုကို မခံစားရသလော။ (ခံစားရသည်။) ၎င်းတို့က “ငါနှစ်သက်သလို လုပ်ဆောင်ခြင်းက မည်သို့ မှားယွင်းနေသနည်း၊ ဟင်းသီးဟင်းရွက်အချို့ကို နှစ်သက်စွာ စားရမရသလော၊ ချယ်ရီခရမ်းချဉ်သီးများကို တစ်ဇလုံအပြည့်စားခွင့်ပင် မပေးပေ၊ မည်မျှ တွန့်တိုသနည်း၊ ဘုရားအိမ်တော်က လူတို့ကို လွတ်လပ်ခွင့်မပေးပေ၊ ချယ်ရီခရမ်းချဉ်သီးများကို ငါတို့ စားလိုလျှင် ကျွေးဖို့လိုအပ်သည့် လူအရေအတွက်ကို အခြေခံပြီး စိုက်ခိုင်းသည်၊ အပင်နှစ်ရာ၊ သုံးရာကို ငါစိုက်ခြင်းက မည်သည့်ပြဿနာရှိသနည်း၊ စား၍မကုန်လျှင် တိရစာဆန်များကိုသာ ကျွေးလိုက်မည်” ဟူ၍ စဉ်ဆက်မပြတ် စဉ်းစားကြသည်။ သင့်အနေဖြင့် တစ်ဇလုံအပြည့်စားရန် သင့်လျော်သလော။ သင်စားသောက်သည့်အရာကို အတန်အသင့်ဖြစ်စေခြင်း၊ အကန့်အသတ်ပြုလုပ်ခြင်း မရှိသင့်သလော။ ဘုရားသခင်က ဖန်ဆင်းသော အစားအစာအမျိုးမျိုးကို လူတို့စားသည့် အချိုးအစားသည် အစားအစာ ထွက်ရှိသည့်ပမာဏနှင့် ရာသီအလိုက် စားသုံးနိုင်မှုအပေါ်တွင် အခြေခံသင့်သည်။ အဓိကအစားအစာများသည် အထွက်နှုန်းများသည့် အစားအစာများဖြစ်သင့်ပြီး အထွက်နှုန်းနည်းသော၊ ရာသီတိုတောင်းသော၊ ကြီးထွားမှု အချိန်ကာလ တိုတောင်းသော၊ သို့မဟုတ် အထွက်နှုန်းကန့်သတ်ထားသော အစားအစာများကို ပို၍ နည်းပါးသော အရေအတွက်ဖြင့် စားသုံးသင့်သည်။ အချို့သော နေရာများတွင် လူတို့သည် ထိုအစားအစာများကို လုံးဝပင် မစားပေ။ ပြီးလျှင် ၎င်းတို့က မည်သည့်အခွင့်အရေးကိုမျှ ဆုံးရှုံးခြင်းမရှိပေ။ ဤသည်မှာ ကျိုးကြောင်း သင့်လျော်မှုရှိသည်။ လူတို့သည် အစဉ်သဖြင့် လိုအင်ဆန္ဒများရှိပြီး ၎င်းတို့၏ အစာစားချင်စိတ်ကို အစဉ်သဖြင့် အလိုလိုက်လိုကြသည်။ ဤသည်မှာ သင့်လျော်သလော။ အစဉ်သဖြင့် ဆန္ဒများ၊ အစာစားချင်စိတ်များထားရှိခြင်းသည် မသင့်လျော်ပေ။ ဘုရားအိမ်တော်တွင် စည်းကမ်းများရှိသည်။ ဘုရားအိမ်တော်ရှိ အလုပ်၏ ကဏ္ဍအားလုံးတွင် စည်းကမ်းသတ်မှတ်ချက်များ၊ စီမံမှု၊ သင့်လျော်သော စနစ်များရှိသည်။ သင်သည် ဘုရားအိမ်တော်၏ အဖွဲ့ဝင် ဖြစ်လိုလျှင် ဘုရားအိမ်တော်၏ စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာသင့်သည်။ မထီမဲ့မြင် မပြုလုပ်သင့်ဘဲ လူတိုင်းက ကျေနပ်ဖွယ်ဖြစ်သည်ဟု မြင်သည့် ပုံစံဖြင့် နာခံပြီး ပြုမူဆောင်ရွက်တတ်အောင် သင်ယူသင့်သည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံနှုန်းများနှင့် ကိုက်ညီသည်။ ဘုရားအိမ်တော်၏ မည်သည့်စည်းမျဉ်းများကမျှ လူတစ်ယောက်တည်း၏ အကျိုးအမြတ်အတွက် တည်ဆောက်ထားခြင်းမဟုတ်ပေ။ ဘုရားအိမ်တော်ရှိ လူတိုင်းအတွက် တည်ဆောက်ထားခြင်းဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ရည်ရွယ်သည်။ ဤစည်းမျဉ်းများနှင့် စနစ်များသည် ကျိုးကြောင်းသင့်လျော်မှုရှိပြီး လူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လျှင် ၎င်းတို့ကို လိုက်နာသင့်သည်။ ထို့ကြောင့် သင်သည် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ တစ်ချက်က ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် စနည်များနှင့်အညီ လုပ်ဆောင်ရမည်။ အခြားတစ်ချက်မှာ သင်သည် သင်၏ တစ်ကိုယ်ရေ အကျိုးစီးပွားများနှင့် အမြင်ရှုထောင့်ကို အခြေခံပြီး စဉ်ဆက်မပြတ် ပြုမူဆောင်ရွက်ခြင်းထက် ဤအရာအားလုံးကို ထိန်းသိမ်းရန်လည်း သင့်တွင် တာဝန်နှင့် ဝတ္တရားရှိသည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) သင်သည် ဘုရားအိမ်တော်တွင် နေထိုင်ပြီး အလုပ်လုပ်နေစဉ်တွင် အထူးပင် ဖိနှိပ်ချုင်ပချယ်ခံရသည်ဟု ခံစားရလျှင် ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ စနစ်များ၊ သို့မဟုတ် စီမံမှုဆိုင်ရာ နည်းလမ်းများ၏ ပြဿနာတစ်ခုခုကြောင့်မဟုတ်ဘဲ သင်၏ တစ်ကိုယ်ရေပြဿနာသာဖြစ်သည်။ သင်သည် ဘုရားအိမ်တော်တွင် အစဉ်သဖြင့် မိမိကိုယ်ကို ကျေနပ်စေလိုပြီး မိမိကိုယ်တိုင်၏ ဆန္ဒများကို ဖြည့်ဆည်းလိုသည်၊ အစဉ်သဖြင့် အလွန်အမင်း ဖိနှိပ်ချုပ်ချယ်မှု၊ မလွတ်လပ်မှု၊ ချုပ်ချယ်ခံမှုကို ခံစားရပြီး ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း လုံးဝ မရှိဟု ဆိုပါစို့။ သင်သည် အစဉ်သဖြင့် သက်သောင့်သက်သာမရှိဖြစ်ပြီး မတရားခံရသည်၊ မည်သည့်ကိစ္စတွင်မဆို သင်နှစ်သက်သလို မလုပ်ဆောင်နိုင်၊ သင်နှစ်သက်သလို မစားနိုင်၊ မဝတ်နိုင်၊ ခေတ်ဆန်စွာ သို့မဟုတ် ဆွဲဆောင်မှုရှိစွာ ဝတ်စားခွင့်မရှိ၊ ဤအရာများကြောင့် သင်သည် နေ့စဉ် စိတ်မချမ်းမြေ့ဘဲ သက်သောင့်သက်သာမရှိဖြစ်သည် ဆိုပါစို့။ သင်သည် ညီအစ်ကိုမောင်နှမများနှင့် ဆက်ဆံခြင်းက သက်သောင့်သက်သာမရှိဟု အစဉ်မြင်ပြီး “ဤလူများသည် အစဉ်သဖြင့် ငါနှင့်အတူ သမ္မာတရားအကြောင်းကို မိတ်သဟာယဖွဲ့သည်၊ အလွန်ပင် စိတ်အနှောင့်အယှက်ပေးသည်၊ ငါသည် ကိုယ့်ကိုယ်ကိုယ် ဤသို့ ကျင့်ကြံနေထိုင်ခြင်းမပြုလိုပေ၊ ငါသည် ပျော်ရွှင်စွာ၊ ရောင့်ရဲစွာ၊ လွတ်လပ်စွာ အသက်ရှင်လိုခြင်းသာဖြစ်သည်၊ ငါသည် ဘုရားသခင်ကို ယုံကြည်ရာတွင် ငါစိတ်ကူးသလောက် ပျော်ရွှင်သည်၊ လွတ်လပ်သည်ဟု မခံစားရပေ၊ ငါသည် မည်သူ၏ ချုပ်ချယ်ခြင်းကိုမျှ မခံလိုပေ၊ ငါ့အား စီမံပြီး ချုပ်ချယ်နေသည့်သူများက အစဉ်သဖြင့် ရှိနေသည်၊ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်” ဟူ၍ စဉ်းစားသည်ဆိုပါစို့။ ဤသို့သောသူများသည် ဤနေထိုင်ရာ ပတ်ဝန်းကျင်မျိုးကို မနှစ်သက်ဘဲ မနှစ်မြို့ခြင်းကို ခံစားရသည်။ သို့ရာတွင် ကောင်းချီးရရှိရန်အတွက် ၎င်းတို့သည် ဆက်ကပ်အပ်နှံဖို့ကလွဲ၍ ရွေးချယ်စရာမရှိပေ။ ၎င်းတို့၏ အားမလိုအားမရဖြစ်ခြင်းကို ထွက်ပေါက်ရှာရန် မည်သည့်နေရာမျှ မရှိပေ။ ၎င်းတို့သည် မအော်ဟစ်ရဲပေ။ မကြာခဏ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ဤသို့သောလူများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် တစ်ခုတည်းသောဖြေရှင်းချက်မှာ၊ အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့အား “သင်သည် ထွက်ခွာနိုင်သည်၊ သင်အလိုရှိသလို သွားပြီး စားလော့၊ သင် ဆန္ဒရှိသည့် အဝတ်ကို ဝတ်လော့၊ သင် အလိုရှိသည့် ဘဝကို ရှင်သန်လော့၊ သင် လုပ်ဆောင်လိုသည့်အရာများကို လုပ်ဆောင်လော့၊ သင် အလိုရှိသည့် အသက်မွေးအလုပ်ကို လုပ်ဆောင်လော့၊ သင် လိုက်စားလိုသည့် ပန်းတိုင်နှင့် ဦးတည်ချက်ကို လိုက်စားလော့၊ ဘုရားအိမ်တော်က သင့်အား ဆွဲမထားပေ၊ သင်၏ လက်နှင့် ခြေသည် ချုပ်ချယ်မှုကင်းပြီး လွတ်မြောက်သည်၊ သင်၏ စိတ်နှလုံးသည်လည်း ထို့အတူဖြစ်သည်၊ သင်သည် မည်သူ၏ ချည်နှောင်ခြင်းကိုမျှ မခံရပေ၊ ပန်းတိုင်တစ်ခုခုကိုရရှိရန်အတွက် ဘုရားအိမ်တော်တွင် သင့်ကိုယ်သင် ဆက်ကပ်အပ်နှံခြင်းမှလွဲ၍ မည်သူကမျှ သင့်အပေါ်သို့ ဤစည်းမျဉ်းများ မချမှတ်ပေ၊ သင်သည် ဘုရားအိမ်တော်တွင် နေမှဖြစ်မည်၊ နေဖို့ လိုအပ်သည်၊ နေရမည်၊ ဤသို့မဟုတ်လျှင် ဘုရားအိမ်တော်က သင့်အား တစ်စုံတစ်ခု ပြုလုပ်မည်ဟု မည်သူမျှ မပြောပေ” ဟူ၍ ပြောခြင်းဖြစ်သည်။ ငါသည် သင့်အား အမှန်အတိုင်း ပြောခြင်းဖြစ်သည်။ ဘုရားအိမ်တော်က သင့်အား မည်သည့်အရာကိုမျှ လုပ်ဆောင်မည်မဟုတ်။ သင် ထွက်ခွာလိုလျှင် အချိန်မရွေး ထွက်ခွာနိုင်သည်။ ဘုရားအိမ်တော်၏ စာအုပ်များကို အသင်းတော်ထံသို့ ပြန်ပေးအပ်ပြီး သင့်၌ရှိသော မည်သည့်အလုပ်ကိုမဆိုသာ လွှဲပြောင်းပေးလော့။ သင် နှစ်သက်သည့်အချိန်တွင် ထွက်ခွာနိုင်သည်။ ဘုရားအိမ်တော်က သင့်အား မကန့်သတ်ပေ။ ဘုရားအိမ်တော်သည် သင်၏ အကျဉ်းစခန်း၊ သို့မဟုတ် ထောင်မဟုတ်ပေ။ ဘုရားအိမ်တော်သည် လွတ်လပ်သောနေရာဖြစ်သည်။ တံခါးများကို ကျယ်ပြန့်စွာ ဖွင့်ထားသည်။ သင်သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရလျှင် သင်နှစ်သက်သလို မလုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည်။ ဤသည်မှာ ဤနေရာသည် သင်နှင့် မသင့်တော်ဆိုသည့် သဘောဖြစ်သည်။ ဤသည်မှာ သင်တွေ့ရှိလိုသည့် ပျော်ရွှင်သော အိမ်မဟုတ်သကဲ့သို့ သင်နေသင့်သည့်နေရာလည်း မဟုတ်ပေ။ နားလည်သလော။ သင်သည် သင်၏ စိတ်ဆန္ဒကို အလွန်ဆန့်ကျင်နေသည့် ပုံစံဖြင့် အသက်ရှင်နေလျှင် ထွက်ခွာသင့်သည်။ နားလည်သလော။ ဘုရားအိမ်တော်သည် မည်သည့်အခါမျှ မယုံကြည်သူများကို၊ သို့မဟုတ် သမ္မာတရားအား မလိုက်စားသူများကို အတင်းအဓမ္မမလုပ်ဆောင်ပေ။ သင်သည် စီးပွားရေးလုပ်လိုလျှင်၊ ချမ်းသာလိုလျှင်၊ အသက်မွေးအလုပ်ရှိလိုလျှင်၊ သို့မဟုတ် ကမ္ဘာလောကထဲသို့ သွားရောက်စွန့်စားပြီး နာမည်တစ်ခုရရှိလိုလျှင် ဤသည်မှာ သင်၏ တစ်ကိုယ်ရေ လိုက်စားမှုဖြစ်ပြီး လောကီကမ္ဘာထဲသို့ ပြန်သွားသင့်သည်။ ဘုရားအိမ်တော်သည် လူတို့၏ လွတ်လပ်ခွင့်ကို မည်သည့်အခါမျှ မကန့်သတ်ပေ။ ဘုရားအိမ်တော်၏ တံခါးများသည် ကျယ်ပြန့်စွာ ဖွင့်ထားသည်။ မယုံကြည်သူများ၊ သမ္မာတရားအား မလိုက်စားသူများသည် အချိန်မရွေး ထွက်သွားပြီး ဘုရားအိမ်တော်မှ ထွက်ခွာနိုင်သည်။

လူအချို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန်၊ သမ္မာတရားအား မိတ်သဟာယဖွဲ့ရန် စိတ်မပါကြပေ။ ၎င်းတို့သည် အသင်းတော်အသက်တာကို နေသားမကျပေ။ နေသားကျအောင် မနေနိုင်ပေ။ အစဉ်သဖြင့် အထူးပင် စိတ်ဒုက္ခရောက်ပြီး အကူအညီမဲ့သလို ခံစားရသည်။ ဤသို့ဆိုလျှင် ထိုလူများကို ငါပြောမည်။ သင်သည် လျင်မြန်စွာ ထွက်ခွာသင့်သည်။ သင်၏ ကိုယ်ပိုင်ပန်းတိုင်နှင့် ဦးတည်ချက်ကို ရှာဖွေရန်အတွက် လောကီကမ္ဘာထဲသို့ သွားလော့။ သင် အသက်ရှင်သင့်သည့် ဘဝကို အသက်ရှင်လော့။ ဘုရားအိမ်တော်က မည်သူ့ကိုမျှ လုံးဝ အတင်းအဓမ္မမခိုင်းစေပေ။ အသင်းတော်၏ စည်းမျဉ်းများ၊ စနစ်များ၊ သို့မဟုတ် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် သင် တစ်ဦးတည်းကို ပစ်မှတ်ထားခြင်း လုံးဝ မရှိပေ။ ၎င်းတို့သည် ခက်ခဲသည်ဟု သင်မြင်လျှင်၊ မလိုက်နာနိုင်လျှင်၊ အထူးပင် စိတ်မချမ်းမြေ့ဘဲ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရလျှင် သင် ထွက်ခွာဖို့ ရွေးချယ်နိုင်သည်။ သမ္မာတရားကို လက်ခံပြီး စည်းမျဉ်းများကို ထိန်းသိမ်းနိုင်သူများသည် အသင်းတော်တွင် ကျန်ရှိနေရန် သင့်တော်သူများဖြစ်သည်။ သင်သည် ဘုရားအိမ်တော်တွင် ကျန်ရှိနေရန် မသင့်တော်ဟု ခံစားရလျှင် သင့်အတွက် အခြားသင့်တော်သည့်နေရာတစ်ခုရှိမည်လော။ ရှိသည်။ ကမ္ဘာလောကသည် ကျယ်ပြန့်သည်။ သင့်အတွက် သင့်တော်သည့်နေရာ ရှိလိမ့်မည်။ အချုပ်အားဖြင့် သင်သည် ဤနေရာတွင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရလျှင်၊ လွတ်မြောက်မှုကို ရှာမတွေ့လျှင်၊ သင်သည် မကြာခဏ ထွက်ပေါက်ရှာလိုပြီး သင်၏ သဘာဝက အစဉ်သဖြင့် ပွင့်ထွက်နိုင်ခြေရှိလျှင် သင်သည် အန္တရာယ်ရှိပြီး ဘုရားအိမ်တော်တွင် နေဖို့ မသင့်တော်ပေ။ ကမ္ဘာလောကသည် ကျယ်ပြန့်သည်။ အစဉ်သဖြင့် သင့်အတွက် သင့်တော်သည့်နေရာတစ်ခု ရှိလိမ့်မည်။ သင့်ဘာသာ ရှာဖွေဖို့အတွက် အချိန်ယူလော့။ ဤသည်မှာ ဤကိစ္စကို ကိုင်တွယ်ရန် သင့်လျော်သည့်နည်းလမ်းတစ်ခုမဟုတ်သလော။ ဆင်ခြင်တုံတရားမရှိသလော။ (ရှိသည်။) ဤလူတို့သည် အလွန်သက်သောင့်သက်သာမရှိဖြစ်ပြီး သင်က ၎င်းတို့ကို ဤနေရာတွင် ထားရှိလိုဆဲဖြစ်လျှင် သင်က မိုက်မဲခြင်းမဟုတ်လော။ ၎င်းတို့အား ထွက်ခွာခွင့်ပေးပြီး ၎င်းတို့၏ အိပ်မက်ကို အကောင်အထည်ဖော်ရာတွင် အောင်မြင်စေဖို့ ဆန္ဒပြုကြစို့။ ၎င်းတို့၏ အိပ်မက်များက အဘယ်သို့ဖြစ်သနည်း။ (ချယ်ရီခရမ်းချဉ်သီးများကို တစ်ဇလုံအပြည့်စားရန်ဖြစ်သည်။) တစ်နှစ်ပတ်လုံး အနပ်တိုင်းတွင် ထမင်းနှင့် ငါးကိုလည်း ၎င်းတို့ စားလိုသည်။ အခြားမည်သည့်အိပ်မက်များရှိသနည်း။ နေ့စဉ် သဘာဝအလျောက်နိုးထရန်၊ ၎င်းတို့အလိုရှိသည့် မည်သည့်အချိန်တွင်မဆို အလုပ်လုပ်ရန်၊ အလုပ်မလုပ်လိုသည့်အခါ ၎င်းတို့ကို စီမံရန်၊ သို့မဟုတ် ကြီးကြပ်ရန် မည်သူမျှ မရှိရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အိပ်မက်မဟုတ်လော။ (ဟုတ်သည်။) မည်မျှပင် ကြီးကျယ်ခမ်းနားသည့် အိပ်မက်ဖြစ်သနည်း။ မည်မျှပင် အဆင့်မြင့်သနည်း။ ဤသို့သောသူများသည် ကောင်းမွန်သော အလားအလာများရှိသလော။ ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံစိုက်သလော။ (မစိုက်ပါ။) အနှစ်ချုပ်လျှင် ဤသို့သောသူများသည် အစဉ်သဖြင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ရိုးရှင်းစွာ ဆိုရလျှင် ၎င်းတို့၏ ဆန္ဒသည် ၎င်းတို့၏ ဇာတိပကတိကို အလိုလိုက်ပြီး ၎င်းတို့၏ ဆန္ဒကို ဖြည့်ဆည်းဖို့ဖြစ်သည်။ ၎င်းတို့သည် အလွန်တစ်ကိုယ်ကောင်းဆန်လွန်းသည်။ ၎င်းတို့သည် အရာရာကို ၎င်းတို့ စိတ်ကူးပေါက်သလို၊ ကျေနပ်သလို လုပ်ဆောင်လိုသည်။ စည်းကမ်းများကို လျစ်လျူရှုပြီး အမှုကိစ္စများကို စည်းမျဉ်းနှင့်အညီ မကိုင်တွယ်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်ခံစားချက်များ၊ နှစ်သက်မှုများနှင့် ဆန္ဒများကို အခြေခံ၍သာ အမှုအရာများကို လုပ်ဆောင်သည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အခြေခံပြီး ပြုမူဆောင်ရွက်သည်။ ၎င်းတို့သည် သာမန်လူ့သဘာဝကင်းမဲ့ပြီး ဤသို့သောသူများသည် ၎င်းတို့၏ ကောင်းမွန်သော အလုပ်ကို အာရုံမစိုက်ပေ။ ၎င်းတို့၏ ကောင်းမွန်သော အလုပ်ကို အာရုံမစိုက်သောသူတို့သည် ၎င်းတို့ လုပ်ဆောင်သမျှတွင်၊ ၎င်းတို့ သွားသည့်နေရာတိုင်းတွင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ၎င်းတို့က တစ်ဦးတည်းနေထိုင်နေလျှင်ပင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရမည်ဖြစ်သည်။ ချိုသာစွာ ပြောဆိုရလျှင် ဤလူတို့သည် အလားအလာကောင်းသောပုဂ္ဂိုလ်များမဟုတ်ဘဲ ၎င်းတို့၏ ကောင်းမွန်သော အလုပ်ကို အရေးမစိုက်ပေ။ ပို၍ အတိအကျဆိုရလျှင် ၎င်းတို့၏ လူ့သဘာဝသည် မူမမှန်ပေ။ ၎င်းတို့သည် အနည်းငယ် ဉာဏ်နည်းသောသူများဖြစ်သည်။ ၎င်းတို့၏ ကောင်းမွန်သော အလုပ်ကို အာရုံစိုက်သောသူများသည် မည်သည့်ပုံစံရှိသနည်း။ ၎င်းတို့သည် အစားအစာ၊ အဝတ်အစား၊ အရိပ်အာဝါသ၊ သယ်ယူပို့ဆောင်ရေးတို့ကဲ့သို့သော ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ရိုးရှင်းသောနည်းလမ်းဖြင့် မှတ်ယူသောသူများဖြစ်သည်။ ဤအရာများသည် သာမန်စံနှုန်းကို ပြည့်မီသရွေ့ ၎င်းတို့အတွက် လုံလောက်သည်။ ၎င်းတို့သည် ဘဝတွင်ရှိသော ၎င်းတို့၏ လမ်းကြောင်း၊ လူသားများအဖြစ် ၎င်းတို့၏ တာဝန်၊ ၎င်းတို့၏ ဘဝအပေါ် ရှုမြင်သုံးသပ်ချက်နှင့် တန်ဖိုးများကို ပို၍ ဂရုစိုက်ကြသည်။ အလားအလာမရှိသောသူများသည် မည်သည့်အရာကို တစ်နေကုန် တွေးတောကြသနည်း။ ၎င်းတို့သည် မည်သို့ အချောင်ခိုရမည်၊ တာဝန်ကို ရှောင်နိုင်ရန်အတွက် မည်သို့ လှည့်စားရမည်၊ မည်သို့ ကောင်းစွာစားသောက်ပြီး ပျော်အောင်နေရမည်၊ ရုပ်ပိုင်းဆိုင်ရာ သက်သာပြီး သက်သောင့်သက်သာရှိရန် မည်သို့ အသက်ရှင်ရမည်ဆိုသည်တို့ကို အစဉ်သဖြင့် တွေးတောနေပြီး ကောင်းမွန်သော အရာများကို ထည့်မစဉ်းစားပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်တွင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရသည့် နေရာနှင့် ပတ်ဝန်းကျင်တွင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ဘုရားအိမ်တော်က လူတို့အား ၎င်းတို့၏ တာဝန်များနှင့် ဆက်နွှယ်သည့် အတွေ့ရများပြီး အတတ်ပညာပိုင်းဖြစ်သော အသိပညာအချို့ကို သင်ယူဖို့ တောင်းဆိုသည်။ ဤသို့ဖြင့် တာဝန်များကို ပို၍ ကောင်းစွာ ထမ်းဆောင်နိုင်ရန်ဖြစ်သည်။ သမ္မာတရားအား လူတို့ ပို၍ နားလည်မှုရှိရန်၊ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်၊ ပြုမူဆောင်ရွက်မှုတိုင်းအတွက် စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်ကို သိရန်အတွက် ဘုရားအိမ်တော်သည် လူတို့အား ဘုရားနှုတ်ကပတ်တော်ကို ကြိမ်ဖန်များစွာ စားသောက်ဖို့ တောင်းဆိုသည်။ ဘုရားအိမ်တော်က မိတ်သဟာယပြုပြီး ပြောဆိုသည့် ဤအရာများအားလုံးသည် လူတို့၏ ဘဝများနှင့် ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်း နယ်ပယ်အတွင်းတွင် ကျရောက်သော အကြောင်းအရာများ၊ လက်တွေ့အမှုကိစ္စများ စသဖြင့်တို့နှင့် ဆက်နွှယ်ပြီး လူတို့အား ၎င်းတို့၏ ကောင်းမွန်သောအလုပ်ကို အာရုံစိုက်ရန်၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်ရန် ကူညီပေးဖို့ ရည်ရွယ်သည်။ ၎င်းတို့၏ ကောင်းမွန်သော အလုပ်ကို အာရုံမစိုက်သော၊ မိမိတို့ နှစ်သက်သလို လုပ်ဆောင်သော ဤလူများသည် ဤ ကောင်းမွန်သောအရာများကို မလုပ်ဆောင်လိုပေ။ ၎င်းတို့ အလိုရှိသည့်အရာမှန်သမျှကို လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့ ရရှိလိုသည့် အဆုံးစွန်ပန်းတိုင်မှာ ရုပ်ပိုင်းဆိုင်ရာ သက်သာမှု၊ သာယာမှု၊ အခက်အခဲမရှိမှုတို့ဖြစ်ပြီး မည်သည့်နည်းဖြင့်မဆို ကန့်သတ်ခြင်း၊ မတရားခံရခြင်း မရှိရန်ဖြစ်သည်။ ၎င်းတို့ စားလိုသည့်အရာမှန်သမျှကို လုံလောက်စွာ စားနိုင်ပြီး ၎င်းတို့ နှစ်သက်သလို လုပ်ဆောင်ရန်ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝနှင့် စိတ်အတွင်းတွင်ရှိသော လိုက်စားမှု၏ အရည်အသွေးကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ၎င်းတို့ မကြာခဏ ခံစားရခြင်းဖြစ်သည်။ သင်သည် ၎င်းတို့နှင့် သမ္မာတရားအကြောင်းကို မည်သို့ မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့က ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်ခံရမှုက ပြေလည်မည်မဟုတ်ပေ။ ၎င်းတို့သည် ဤသို့သောသူမျိုးများသာဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကောင်းမွန်သောအလုပ်ကို အာရုံမစိုက်သောသူများသာဖြစ်သည်။ အပေါ်ယံတွင် မည်သည့် ကြီးမားသော မကောင်းမှုကိုမျှ လုပ်ဆောင်ခဲ့သည့် ပုံစံမရှိသော်လည်း၊ သို့မဟုတ် မကောင်းသောသူများ ဖြစ်သည့် ပုံစံမရှိသော်လည်း၊ စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းရန် ပျက်ကွက်သည့် ပုံစံသာရှိသော်လည်း လက်တွေ့တွင် ၎င်းတို့သဘာဝ၏ အနှစ်သာရသည် ၎င်းတို့၏ ကောင်းမွန်သော အလုပ်ကို အရေးမစိုက်ခြင်း၊ သို့မဟုတ် လမ်းမှန်ကို မလိုက်လျှောက်ခြင်းသာ ဖြစ်သည်။ ဤသို့သောသူများသည် သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့သည်။ သာမန်လူ့သဘာဝ၏ အသိဉာဏ်ကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် သာမန်လူ့သဘာဝရှိသောသူများက လိုက်စားသင့်သည့် ပန်းတိုင်များ၊ သို့မဟုတ် သာမန်လူ့သဘာဝရှိသောသူများ ခံယူသင့်သည့် ဘဝသဘောထားများနှင့် ဖြစ်တည်မှု နည်းလမ်းများကို စဉ်းစားခြင်း၊ တွေးတောခြင်း၊ သို့မဟုတ် လိုက်စားခြင်းမရှိပေ။ ၎င်းတို့ စိတ်များသည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုနှင့် သာယာမှုကို မည်သို့ရှာဖွေရမည်ဆိုသည့် အတွေးများနှင့် နေ့စဉ် ပြည့်နေသည်။ သို့ရာတွင် အသင်းတော်၏ နေထိုင်ရာ ပတ်ဝန်းကျင်တွင် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ နှစ်သက်မှုများကို မဖြည့်ဆည်းနိုင်သောကြောင့် သက်သောင့်သက်သာမဖြစ်ဘဲ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်ခံစားချက်များ ဖြစ်ပေါ်လာသည့် ပုံစံဖြစ်သည်။ ပြောလော့။ ဤသို့သောသူများတွင် ပင်ပန်းနွမ်းနယ်သောဘဝများမရှိသလော။ (ရှိသည်။) ၎င်းတို့၏ ဘဝများက သနားစဖွယ်ဖြစ်သလော။ (သနားစဖွယ် မဖြစ်ပါ။) မှန်သည်။ ၎င်းတို့သည် သနားစဖွယ်မဟုတ်ပေ။ ပေါ့ပါးစွာ ဆိုရလျှင် ဤလူတို့သည် ၎င်းတို့၏ ကောင်းမွန်သော အလုပ်ကို အာရုံမစိုက်သောသူများဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ ကောင်းမွန်သော အလုပ်ကို အာရုံမစိုက်သူများမှာ မည်သူတို့ဖြစ်သနည်း။ အလဟဿနေသူများ၊ ငတုံးငအများ၊ အချောင်ခိုသူများ၊ လူရမ်းကားများ၊ လူဆိုးလူမိုက်များ၊ အချည်းနှီးနေထိုင်သူများ ဖြစ်သည်။ ဤသို့သော သူများဖြစ်သည်။ ၎င်းတို့သည် မည်သည့်ကျွမ်းကျင်မှု၊ သို့မဟုတ် အရည်အချင်းအသစ်ကိုမျှ မသင်ယူလိုပေ။ ၎င်းတို့သည် ရပ်တည်နိုင်ရန်အတွက် အရေးကြီးသော အသက်မွေးအလုပ်များနောက်သို့ မလိုက်လိုပေ၊ သို့မဟုတ် အလုပ်တစ်ခုကို မရှာဖွေလိုပေ။ ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ အလဟဿနေသူများ၊ အချည်းနှီးနေထိုင်သူများဖြစသည်။ ၎င်းတို့သည် အသင်းတော်သို့ ထိုးဖောက်ဝင်ရောက်လာပြီး တစ်စုံတစ်ခုကို အလကားရရှိလိုသည်။ ၎င်းတို့၏ ကောင်းချီးဝေစုကို ရရှိလိုသည်။ ၎င်းတို့သည် အခွင့်အရေးသမားများဖြစ်သည်။ ဤအခွင့်အရေးသမားများသည် ၎င်းတို့၏ တာဝန်များကို မည်သည့်အခါမျှ ထမ်းဆောင်လိုစိတ်မရှိပေ။ အမှုကိစ္စများက ၎င်းတို့၏ ပုံစံအတိုင်း အနည်းငယ်မျှပင် မဖြစ်လျှင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ၎င်းတို့သည် အစဉ်သဖြင့် လွတ်လပ်စွာ နေလိုကြသည်။ မည်သည့်အလုပ်မျိုးကိုမျှ မထမ်းဆောင်လိုပေ။ သို့တိုင်အောင် ကောင်းသောအစားအစာကို စားပြီး ကောင်းသော အဝတ်ကို ဝတ်လိုကြသေးသည်။ ၎င်းတို့ စားလိုသည့် မည်သည့်အရာကိုမဆို စားပြီး အိပ်လိုသည့် မည်သည့်အချိန်တွင်မဆို အိပ်ချင်ကြသေးသည်။ ဤသို့သောနေ့ရက် ရောက်ရှိလာလျှင် သေချာစွာပင် အလွန်ကောင်းလိမ့်မည်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခအနည်းငယ်မျှကိုပင် မခံလိုဘဲ ပျော်မွေ့သော ဘဝကို ဆန္ဒရှိကြသည်။ ဤလူတို့သည် အသက်ရှင်ရခြင်းကိုပင် ပင်ပန်းနွမ်းနယ်သည်ဟု မြင်ကြသည်။ ၎င်းတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ချည်နှောင်ခြင်းကို ခံရသည်။ ၎င်းတို့သည် မိမိတို့ နှစ်သက်သလို မလုပ်ဆောင်နိုင်သောကြောင့် မကြာခဏ ပင်ပန်းပြီး စိတ်ရှုပ်ထွေးကြသည်။ ၎င်းတို့သည် ၎င်းတို့၏ တကယ့်အလုပ်ကို အာရုံမစိုက်လိုပေ၊ သို့မဟုတ် ၎င်းတို့၏ တကယ့်အရေးကိစ္စများကို မကိုင်တွယ်လိုပေ။ ၎င်းတို့သည် အလုပ်တစ်ခုကို ဖက်တွယ်ထားပြီး အစမှအဆုံးမထိ စဉ်ဆက်မပြတ် မလုပ်ဆောင်လိုပေ။ ၎င်းတို့၏ ကိုယ်ပိုင်အလုပ်အကိုင်နှင့် တာဝန်အဖြစ်၊ တာဝန်၊ ဝတ္တရားအဖြစ် မဆက်ဆံလိုပေ။ ၎င်းတို့သည် ပြီးမြောက်အောင် မလုပ်ဆောင်လိုဘဲ ရလဒ်များကိုလည်း မရရှိလိုပေ၊ သို့မဟုတ် ဖြစ်နိုင်သမျှ အကောင်းဆုံး စံနှုန်းဖြစ်အောင် မလုပ်ဆောင်လိုပေ။ ၎င်းတို့သည် မည်သည့်အခါမျှ ဤသို့ မစဉ်းစားပေ။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့်သာ လုပ်ဆောင်လိုပြီး ၎င်းတို့၏တာဝန်ကို စားဝတ်နေရေးအတွက် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုလိုကြသည်။ ၎င်းတို့သည် ဖိအားအနည်းငယ်၊ သို့မဟုတ် ထိန်းချုပ်မှုပုံစံတစ်ခုခုကို ရင်ဆိုင်ရသောအခါ၊ သို့မဟုတ် အနည်းငယ်ပို၍ မြင့်သော စံနှုန်းဖြင့် ၎င်းတို့ကို သတ်မှတ်သောအခါ၊ သို့မဟုတ် တာဝန်အနည်းငယ်ထမ်းရွက်ခိုင်းသောအခါ ၎င်းတို့သည် သက်သောင့်သက်သာမရှိဘဲ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် ၎င်းတို့အတွင်းတွင် ဖြစ်ပေါ်လာပြီး ရှင်သန်ရခြင်းက ၎င်းတို့အတွက် ပင်ပန်းနွမ်းနယ်ဖွယ်ဖြစ်ကာ စိတ်ဆင်းရဲကြသည်။ အသက်ရှင်ရခြင်းက ၎င်းတို့အတွက် ပင်ပန်းနွမ်းနယ်ဖွယ်ဖြစ်ရသည့် အကြောင်းရင်းတစ်ခုမှာ ဤသို့သောသူများသည် အသိစိတ်ကင်းမဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ အသိစိတ်သည် ချို့တဲ့သည်။ ၎င်းတို့သည် စိတ်ကူးယဉ်လျက်၊ အိပ်မက်ထဲတွင်၊ မိုးတိမ်ထဲတွင် နေထိုင်လျက် တစ်နေကုန် ကုန်ဆုံးကြပြီး အဆိုးဆုံးသောအရာများကို အစဉ် စိတ်ကူးကြသည်။ ထို့ကြောင့် ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်ခံရမှုကို ဖြေရှင်းဖို့ အလွန်ခက်ခဲခြင်းဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားဘဲ မယုံကြည်သူများဖြစ်သည်။ ငါတို့ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့အား ဘုရားအိမ်တော်မှ ထွက်ခွာရန်၊ ကမ္ဘာလောကဆီသို့ ပြန်သွားပြီး ၎င်းတို့၏ ကိုယ်ပိုင်ငြိမ်းအေးသက်သာသည့်နေရာကိုရှာရန် ပြောခြင်းဖြစ်သည်။

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများအားလုံးသည် ၎င်းတို့၏ သင့်တော်သောအလုပ်ကို အာရုံစိုက်သောသူများဖြစ်သည်။ ၎င်းတို့အားလုံးသည် တာဝန်များကို ထမ်းဆောင်လိုစိတ်ရှိကြသည်။ အလုပ်တစ်ခုကို ထမ်းရွက်နိုင်ပြီး ၎င်းတို့၏ အစွမ်းအစနှင့် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းရှိသည်။ အစပိုင်းတွင် ဤအသက်တာကို ခံယူရန် အခက်အခဲဖြစ်နိုင်သည်မှာ မှန်သည်။ သင်သည် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နိုင်သည်။ သို့ရာတွင် သင်သည် ပူးပေါင်းဆောင်ရွက်ရန် အမှန်တကယ် စိတ်ပြတ်သားမှုရှိပြီး သာမန်ဖြစ်ပြီး ကောင်းမွန်သောသူတစ်ယောက်လိုစိတ်ရှိလျှင်၊ ကယ်တင်ခြင်းကို ရရှိလိုစိတ်ရှိလျှင် သင်သည် အဖိုးအခအနည်းငယ်ပေးဆပ်ပြီး ဘုရားသခင်အား သင့်ကိုပဲ့ပြင်ဆုံးမခွင့်ပေးရမည်။ သင်သည် တစ်ဇွတ်ထိုးလုပ်ဆောင်လိုစိတ် ပြင်းပျသောအခါ ယင်းကို ကျောခိုင်းပြီး စွန့်လွှတ်ရမည်။ တဖြည်းဖြည်းချင်းဖြင့် သင်၏ တစ်ဇွတ်ထိုးလုပ်ဆောင်မှုနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို လျော့ချရမည်။ အရေးပါသော ကိစ္စများတွင်၊ အရေးပါသော အချိန်များတွင်၊ အရေးပါသောအလုပ်တာဝန်များတွင် ဘုရားသခင်၏ အကူအညီကို ရှာဖွေရမည်။ သင်သည် အမှန်ပင် စိတ်ခိုင်မာမှုရှိလျှင် ဘုရားသခင်အား သင့်ကို ရိုက်နှက်ဆုံးမပြီး ပဲ့ပြင်ဆုံးမရန်၊ သမ္မာတရားကို နားလည်နိုင်ရန်အတွက် သင့်အား ဉာဏ်အလင်းဖွင့်ပြရန် တောင်းဆိုသင့်သည်။ ဤနည်းအားဖြင့် သင်သည် ပို၍ကောင်းသောရလဒ်များကို ရရှိလိမ့်မည်။ သင်သည် အမှန်တကယ် စိတ်ခိုင်မာမှုရှိလျှင်၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် ဘုရားသခင်အား ဆုတောင်းပြီး အသနားခံလျှင် ဘုရားသခင်က အလုပ်လုပ်လိမ့်မည်။ သူသည် သင်၏ အခြေအနေနှင့် အတွေးများကို ပြောင်းလဲလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အနည်းငယ် အလုပ်လုပ်လျှင်၊ သင့်အား အနည်းငယ်တို့ထိပြီး အနည်းငယ် ဉာဏ်အလင်းဖွင့်ပြလျှင် သင်၏ စိတ်နှလုံးက ပြောင်းလဲလိမ့်မည်။ သင်၏ အခြေအနေလည်း ပြောင်းလဲလိမ့်မည်။ ဤပြောင်းလဲမှု ဖြစ်ပေါ်သောအခါ ဤသို့အသက်ရှင်ခြင်းသည် ဖိနှိပ်ချုပ်ချယ်မှုကို မခံရဆိုသည်ကို သင်ခံစားရလိမ့်မည်။ သင်၏ ဖိနှိပ်ချုပ်ချယ်ခံရသည့် အခြေအနေနှင့် စိတ်ခံစားချက်များသည် ပြောင်းလဲပြီး သက်သာသွားလိမ့်မည်။ ယခင်ကနှင့် တူမည်မဟုတ်တော့ပေ။ ဤသို့အသက်ရှင်ခြင်းသည် ပင်ပန်းခြင်းမရှိသည်ကို သင်ခံစားရလိမ့်မည်။ သင်သည် ဘုရားအိမ်တော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်လျက် ပျော်မွေ့မှုကို ရှာတွေ့လိမ့်မည်။ ဤနည်းလမ်းဖြင့် သင့်ကိုယ်သင် ကျင့်ကြံနေထိုင်ခြင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ ဆင်းရဲဒုက္ခကို ခံယူပြီး အဖိုးအခပေးဆပ်ခြင်း၊ စည်းကမ်းများကို လိုက်နာပြီး စည်းမျဉ်းများကို အခြေခံကာ အမှုအရာများကို လုပ်ဆောင်ခြင်းတို့သည် ကောင်းသောအသက်ရှင်နေထိုင်ခြင်းဖြစ်သည်ဟု သင်ခံစားရမည်။ ဤသည်မှာ သာမန်လူတို့ရှိသင့်သည့် ဘဝမျိုးဖြစ်သည်ဟု သင်ခံစားရမည်။ သင်သည် သမ္မာတရားဖြင့် အသက်ရှင်ပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်သောအခါ သင်၏ စိတ်နှလုံးက တည်ငြိမ်ပြီး ငြိမ်သက်ခြင်းရှိသည်ဟုလည်းကောင်း၊ သင်၏ ဘဝက အဓိပ္ပာယ်ရှိသည်ဟုလည်းကောင်း ခံစားရမည်။ သင်က “ဤအရာကို ယခင်က အဘယ်ကြောင့် ငါ မသိခဲ့သနည်း၊ အဘယ်ကြောင့် ငါ အလွန် တစ်ဇွတ်ထိုးလုပ်ဆောင်ခဲ့သနည်း၊ ယခင်က စာတန်၏ အတွေးအခေါ်များနှင့် စိတ်သဘောထားအတိုင်း ငါ အသက်ရှင်ခဲ့ပြီး လူလည်းမဟုတ်၊ တစ္ဆေသူရဲလည်းမဟုတ်ဘဲ အသက်ရှင်ခဲ့သည်၊ အသက်ရှင်လေလေ၊ ဝေဒနာခံစားရလေလေဖြစ်သည်၊ ယခု သမ္မာတရားကို ငါနားလည်သောအခါ ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အနည်းငယ် စွန့်ပစ်နိုင်သည်၊ ငါ၏တာဝန်ကို ထမ်းဆောင်လျက်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျက် အချိန်ကုန်ဆုံးသောဘဝ၏ စစ်မှန်သော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ငါ ခံစားရနိုင်သည်” ဟု တွေးလိမ့်မည်။ ဤသို့ဆိုလျှင် သင်၏ စိတ်အခြေအနေက ပြောင်းလဲသွားပြီမဟုတ်လော။ (ဟုတ်သည်။) သင်၏ ဘဝက ယခင်က အဘယ်ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး စိတ်မချမ်းမြေ့ရသည်ကို သဘောပေါက်သည်နှင့်၊ သင်၏ ဒုက္ခ၏ အရင်းအမြစ်ကို ရှာတွေ့ပြီး ပြဿနာကို ဖြေရှင်းလိုက်သည်နှင့် သင်သည် ပြောင်းလဲရန် မျှော်လင့်ချက်ရှိလိမ့်မည်။ သမ္မာတရားဆီသို့ ဦးတည်ပြီး သင် ကြိုးပမ်းသရွေ့၊ ဘုရားနှုတ်ကပတ်တော်တို့အပေါ် ပို၍ အားစိုက်ထုတ်သရွေ့၊ သမ္မာတရားကို ပို၍ မိတ်သဟာယပြုပြီး ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကိုလည်း နားထောင်သရွေ့ သင့်တွင် ပို၍ ရှင်းလင်းသော လမ်းကြောင်းရှိလိမ့်မည်။ ဤသို့ဆိုလျှင် သင်၏ အခြေအနေက တိုးတက်မည်မဟုတ်လော။ သင်၏ အခြေအနေက တိုးတက်လျှင် သင်၏ ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များက တဖြည်းဖြည်းချင်း သက်သာသွားလိမ့်မည်ဖြစ်ပြီး သင့်အား ရစ်ပတ်မည်မဟုတ်တော့ပေ။ အထူးအခြေအနေများ၊ သို့မဟုတ် အကြောင်းအရာများ၌ ဖိနှိပ်ချုပ်ချယ်မှု ခံစားချက်နှင့် ဝေဒနာတို့က ရံဖန်ရံခါ ဖြစ်ပေါ်နိုင်သည်မှာ မှန်သည်။ သို့သော် သင်သည် ထိုအရာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသရွေ့ ဤဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များက ပျောက်ကွယ်သွားလိမ့်မည်။ သင်သည် တာဝန်ထမ်းဆောင်နေစဉ်တွင် သင်၏ ရိုးသားစစ်မှန်မှု၊ အားအင်အပြည့်နှင့် ဆက်ကပ်အပ်နှံမှုတို့ကို ပေးအပ်နိုင်မည်ဖြစ်ပြီး ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိလိမ့်မည်။ သင်သည် ဤသို့သော ပြောင်းလဲမှုကို ဖြတ်သန်းနိုင်လျှင် ဘုရားအိမ်တော်မှ ထွက်ခွာဖို့မလိုပေ။ ဤပြောင်းလဲမှုကို ဖြတ်သန်းနိုင်သည့် သင်၏ အရည်အချင်းက သင့်တွင် မျှော်လင့်ချက်ရှိနေသေးသည်၊ ပြောင်းလဲရန် မျှော်လင့်ချက်၊ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိနေသေးသည်ဆိုသည်ကို သက်သေပြလိမ့်မည်။ သင်သည် ဘုရားအိမ်တော်၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေဆဲဖြစ်သော်လည်း အမျိုးမျိုးသော တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များနှင့် ကိုယ့်ကိုယ်ကိုယ်အတွက် စဉ်းစားမှုများ၊ သို့မဟုတ် အမျိုးမျိုးသော မကောင်းသော အလေ့အကျင့်များနှင့် အယူအဆများ၏ လွှမ်းမိုးခြင်းကို အလွန်ကြာရှည်စွာ၊ အလွန်နက်နဲစွာ ခံခဲ့ရပြီး သင်၏ အသိစိတ်က ထုံထိုင်းကာ ခံစားချက် ဆုံးရှုံးသွားစေသည်၊ သင်၏ ကျိုးကြောင်းဆက်စပ်မှုကို ထိခိုက်စေသည်၊ သင်၏ အရှက်စိတ်ကို တဖြည်းဖြည်းချင်း ဆုတ်ယုတ်စေသည်ဆိုသည်ကို သက်သေပြလိမ့်မည်။ ဤသို့ပြောင်းလဲမှုကို သင် ဖြတ်သန်းနိုင်လျှင် ဘုရားအိမ်တော်က သင့်အား နေထိုင်ရန်၊ သင်၏ တာဝန်ကို ထမ်းဆောင်ရန်၊ သင်၏ အထူးစေခိုင်းချက်ကို အောင်မြင်စေရန်၊ သင့်တွင်ရှိနေသော အလုပ်ကို နှံ့စပ်စွာ ပြီးဆုံးစေရန် ကြိုဆိုလိမ့်မည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်ရှိသူများအား ချစ်ခင်သော စိတ်နှလုံးဖြင့်သာ ကူညီနိုင်သည်မှာ ပြောစရာမလိုပေ။ လူတစ်ယောက်သည် သမ္မာတရားကို လက်ခံရန် စဉ်ဆက်မပြတ် ငြင်းဆန်ပြီး ထပ်ခါထပ်ခါ သတိပေးချက်များရှိသော်လည်း နောင်တမရဘဲ ရှိနေလျှင် ငါတို့သည် ထိုသူအား နှုတ်ဆက်သင့်သည်။ သို့သော် တစ်စုံတစ်ယောက်က ပြောင်းလဲရန်၊ မိမိကိုယ်ကို ခြေဦးလှည့်ရန်၊ သူ၏ လမ်းကြောင်းကို နောက်ပြန်လှည့်ရန် အမှန်တကယ် လိုလားလျှင် ငါတို့သည် ထိုသူအား နေထိုင်ရန် နွေးထွေးစွာ ကြိုဆိုသည်။ ထိုသူက အမှန်တကယ် နေထိုင်လိုစိတ်ရှိပြီး သူ၏ ယခင်က ချဉ်းကပ်မှုများနှင့် ရှင်သန်နေထိုင်သည့်နည်းလမ်းများကို ပြောင်းလဲလိုစိတ်ရှိသရွေ့၊ သူ၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ပြောင်းလဲခြင်းကို တဖြည်းဖြည်းချင်း ဖြတ်သန်းနိုင်သရွေ့၊ တာဝန်ကို ထမ်းဆောင်လေလေ ပို၍ ကျွမ်းကျင်လာလေလေဖြစ်သရွေ့ ဤသို့သောသူများကို နေထိုင်ရန် ကြိုဆိုပြီး ဆက်လက်၍ တိုးတက်မည်ဟု ငါတို့ မျှော်လင့်သည်။ ငါတို့သည် ထိုသူအတွက် အလွန်ကောင်းသော ဆန္ဒကိုလည်း ပြုသည်။ သူ၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များမှ လွတ်မြောက်နိုင်ရန်လည်းကောင်း၊ ထိုစိတ်ခံစားများ၏ ရစ်ပတ်မှုကို မခံရနိုင်ရန်လည်းကောင်း၊ သို့မဟုတ် ထိုအရာများ၏ အရိပ်၏ လွှမ်းခြုံခြင်းကို မခံရတော့ရန်လည်းကောင်း၊ ဤအစကား သူ၏ သင့်လျော်သောအလုပ်ကို အာရုံစိုက်ပြီး လမ်းမှန်ကို လျှောက်နိုင်ရန်လည်းကောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ သာမန်လူတို့ ပြုသင့်သည့် အရာကို ပြုမူဆောင်ရွက်ပြီး အသက်ရှင်နေထိုင်နိုင်ရန်လည်းကောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဘုရားအိမ်တော်တွင် သူ၏ တာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်ရန်လည်းကောင်း၊ ဘဝတွင် လွင့်မျောမနေတော့ရန်လည်းကောင်း ငါတို့ ဆန္ဒပြုသည်။ အလားအလာရှိသော အနာဂတ်များရှိရန်လည်းကောင်း၊ မိမိနှစ်သက်သည့်အရာမှန်သမျှကို မလုပ်ဆောင်တော့ရန်လည်းကောင်း၊ သို့မဟုတ် သာယာမှုကို ရှာဖွေခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပျော်မွေ့မှုကိုသာ အရေးမစိုက်ရန်လည်းကောင်း၊ ဤအစား တာဝန်များကို ထမ်းဆောင်ခြင်း၊ ဘဝတွင် မိမိလျှောက်သောလမ်းကြောင်း၊ သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းတို့နှင့် ဆက်နွှယ်သည့် အကြောင်းအရာများကို စဉ်းစားရန်လည်းကောင်း ငါတို့ ဆန္ဒပြုသည်။ သူသည် ဘုရားအိမ်တော်တွင် ပျော်ရွှင်စွာ၊ လွတ်လပ်စွာ၊ ချုပ်ချယ်မှုကင်းစွာ နေထိုင်နိုင်ရန်၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းကို နေ့စဉ် တွေ့ကြုံခံစားနိုင်ရန်၊ ဤနေရာတွင် သူ၏ ဘဝ၌ နွေးထွေးမှုနှင့် ပျော်မွေ့မှုကို ခံစားနိုင်ရန် ငါတို့ စိတ်နှလုံးအပြည့်အဝဖြင့် ဆန္ဒပြုသည်။ ဤသည်မှာ အကြီးမြတ်ဆုံး ဆန္ဒပြုခြင်းမဟုတ်လော။ (ဟုတ်သည်။) ငါ၏ ဆန္ဒပြုခြင်းက ပြီးဆုံးပြီဖြစ်သည်။ သင်တို့အားလုံးအား ထိုသူအတွက် သင်တို့၏ စိတ်နှလုံးထဲမှလာသော ဆန္ဒများကို ပြုရန် ငါ ဖိတ်ခေါ်သည်။ (ကျွန်ုပ်တို့၏ စိတ်နှလုံးထဲမှလာသော ဆန္ဒမှာ သူသည် ဘုရားအိမ်တော်တွင် ပျော်ရွှင်စွာ၊ လွတ်လပ်စွာ၊ ချုပ်ချယ်မှုကင်းစွာနေထိုင်နိုင်ရန်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို နေ့စဉ် တွေ့ကြုံခံစားနိုင်ရန်၊ ဤနေရာတွင် သူ၏ ဘဝ၌ နွေးထွေးခြင်း၊ ပျော်မွေ့ခြင်းကို ခံစားနိုင်ရန်ဖြစ်သည်။) အခြားမည်သည့်အရာရှိသေးသနည်း။ ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များ၏ ဆုပ်ကိုင်မှုတွင် အသက်မရှင်တော့ရန် စိတ်နှလုံးအပြည့်အဝဖြင့် ဆန္ဒပြုခြင်းဆိုလျှင် အဘယ်သို့နည်း။ (ဟုတ်သည်။) ဤသည်မှာ ငါ၏ ဆန္ဒဖြစ်သည်။ ထိုသူအတွက် အခြားဆန္ဒပြုချက်တစ်ခုခုရှိသေးသလော။ (ကျွန်ုပ်၏ စိတ်နှလုံးထဲမှလာသော ဆန္ဒသည် သူ၏ သင့်လျော်သောအလုပ်ကို အာရုံစိုက်နိုင်ရန်၊ တာဝန်ထမ်းဆောင်ခြင်းတွင် ဆက်လက်၍ တိုးတက်စေရန် ဖြစ်သည်။) ဤသည်မှာ ကောင်းသော ဆန္ဒတစ်ခုဟုတ်သလော။ (ဟုတ်သည်။) အခြားဆန္ဒတစ်ခုခုရှိသေးသလော။ (ကျွန်ုပ်၏ စိတ်နှလုံးထဲမှလာသော ဆန္ဒမှာ သူသည် မကြာခင်တွင် သာမန်လူ့သဘာဝဖြင့် စတင်၍ အသက်ရှင်နေထိုင်နိုင်ရန်ဖြစ်သည်။) ဤဆန္ဒပြုချက်သည် အလွန် အဆင့်မြင့်ခြင်းမရှိနိုင်သော်လည်း လက်တွေ့ကျသည်ဟု ငါထင်သည်။ လူသားများသည် သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်သင့်ပြီး ဖိနှိပ်ချုပ်ချယ်မှုကို မခံစားရသင့်ပေ။ သူတစ်ပါးတို့ ခံနိုင်သည့် ဆင်းရဲဒုက္ခများကို ငါတို့ အဘယ်ကြောင့် မခံနိုင်သနည်း။ လူတစ်ယောက်သည် သာမန်လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် အရှက်စိတ်အပြင် လိုက်စားမှုများ၊ ဖြစ်တည်မှုအတွက် နည်းလမ်းများ၊ သာမန်လူတို့တွင်ရှိသင့်သော သူ၏ လိုက်စားမှုတွင်ရှိသော သင့်လျော်သော ပန်းတိုင်များကို ပိုင်ဆိုင်လျှင် သူသည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရမည်မဟုတ်ပေ။ ဤသည်မှာ အလွန်ကောင်းသော ဆန္ဒပြုချက်တစ်ခုမဟုတ်လော။ (ဟုတ်သည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (ကျွန်ုပ်၏ စိတ်နှလုံးထဲမှလာသော ဆန္ဒပြုချက်မှာ သူသည် ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ ဘုရားအိမ်တော်တွင် ဘုရားသခင်၏ ချစ်ခြင်းကို ခံစားရန်၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် ဖြစ်သည်။) ဤသတ်မှတ်ချက်က အဆင့်မြင့်သလော။ (မမြင့်ပါ။) အဆင့်မမြင့်သောကြောင့် ယင်းသည် ဖြစ်မြောက်ရန် လွယ်ကူသလော။ ဘုရားအိမ်တော်၏ ချစ်ခြင်းကို ခံစားခြင်းသည် လက်တွေ့အရှိတရားနှင့် အတော်အတန် ကိုက်ညီသည်။ ယင်းသည် ဤလူများလိုအပ်သည့်အရာမဟုတ်လော။ (ဟုတ်သည်။) ရှေးဦးစွာ ဤသို့သော လူတို့အတွက် သတ်မှတ်ချက်များသည် မမြင့်မားပေ။ သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ၎င်းတို့ ပိုင်ဆိုင်ဖို့လိုသည်။ ၎င်းတို့သည် အလဟဿမနေသင့်ပေ၊ သို့မဟုတ် ဘဝတွင် လွင့်မျောမနေသင့်ပေ။ ၎င်းတို့သည် အသက်ရှင်နေထိုင်တတ်ရန်လည်းကောင်း၊ ၎င်းတို့၏ သင့်လျော်သောအလုပ်ကို အာရုံစိုက်တတ်ရန်လည်းကောင်း၊ ၎င်းတို့တာဝန်ရှိသောအရာများနှင့် ၎င်းတို့၏ တာဝန်များကို ထမ်းရွက်တတ်ရန်လည်းကောင်း သင်ယူသင့်သည်။ ထို့နောက်တွင် ၎င်းတို့သည် မည်သို့အသက်ရှင်ရမည်ကိုလည်းကောင်း၊ သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ရမည်ကိုလည်းကောင်း၊ ၎င်းတို့တာဝန်ရှိသောအရာများနှင့် တာဝန်များကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်ကိုလည်းကောင်း သင်ယူဖို့လိုအပ်သည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့သည် ဘုရားအိမ်တော်၌ သက်သာခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းကို ခံစားရနိုင်မည်။ ၎င်းတို့သည် ဤနေရာတွင် နေထိုင်ပြီး တာဝန်များကို ထမ်းဆောင်လိုစိတ်ရှိလိမ့်မည်။ ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်ခံရသော၊ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ချိုးဖျက်ပြီးနောက်တွင် အနည်းငယ်ချင်းစီဖြင့် ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်ပြီး သူတစ်ပါးတို့နှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည်။ ဤသည်တို့မှာ ဤသို့သော လူတို့အတွက် သတ်မှတ်ချက်များဖြစ်သည်။ ၎င်းတို့၏ အသက်အရွယ်က မည်သို့ဖြစ်စေ ငါတို့၌ ၎င်းတို့အတွက် ကြီးကျယ်ခမ်းနားသော ဆန္ဒပြုချက်များ၊ သို့မဟုတ် အဆင့်မြင့်သော သတ်မှတ်ချက်များမရှိပေ။ ငါတို့ ပြောဆိုခဲ့သည့် ဤအရာများသာရှိသည်။ ပထမအနေဖြင့် ၎င်းတို့သည် ၎င်းတို့၏ သင့်လျော်သောအလုပ်ကို အာရုံစိုက်တတ်အောင် သင်ယူရန်လည်းကောင်း၊ အရွယ်ရောက်ပြီးဖြစ်သော သာမန်လူတစ်ယောက်၏ တာဝန်၊ ဝတ္တရားများကို ထမ်းရွက်ရန်လည်းကောင်း၊ ထို့နောက်တွင် စည်းကမ်းများကို လိုက်နာရန်လည်းကောင်း၊ စီမံမှု၊ ကြီးကြပ်မှုနှင့် ဘုရားအိမ်တော်၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံရန်လည်းကောင်း၊ ၎င်းတို့၏ တာဝန်များကို ကောင်းစွာထမ်းဆောင်ရန်လည်းကောင်း သင်ယူဖို့ လိုအပ်သည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတစ်ယောက် ခံယူသင့်သည့် မှန်ကန်သော သဘောထားဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် တာဝန်၊ ဝတ္တရားများ၊ သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားပါဝင်သော အတွေးအမြင်များနှင့်ပတ်သက်ပြီး မှန်ကန်သော နားလည်မှုနှင့် အသိအမြင်ရှိသင့်သည်။ သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖိနှိပ်ချုပ်ချယ်ခံရမှုကို ဖယ်ရှားသင့်သည်။ သင်၏ ဘဝတွင် ဖြစ်ပေါ်လာသော အခက်အခဲအမျိုးမျိုးကို မှန်ကန်စွာ ရင်ဆိုင်သင့်သည်။ သင့်အတွက် ဤအရာများသည် အပိုအလုပ်များ၊ သို့မဟုတ် ဝန်ထုပ်ဝန်ပိုးများ၊ သို့မဟုတ် ချည်နှောင်မှုများမဟုတ်ဘဲ သာမန် အရွယ်ရောက်သူတစ်ယောက်အနေဖြင့် ခံယူသင်သည့်အရာများဖြစ်သည်။ ဤသည်မှာ အရွယ်ရောက်သူတိုင်းသည် လိင်က မည်သို့ရှိသည်ဖြစ်စေ၊ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ၊ မည်မျှ အရည်အချင်းရှိသည်ဖြစ်စေ၊ မည်သည့်ပင်ကိုစွမ်းရည်များကို ပိုင်ဆိုင်သည်ဖြစ်စေ အရွယ်ရောက်သူများ ခံယူသင့်သည့်အရာများအားလုံးကို ခံယူရမည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ အရွယ်ရောက်သူများ နေသားတကျဖြစ်ရမည့် နေထိုင်ရာပတ်ဝန်းကျင်များ၊ သင်တို့ တာဝန်ယူဆောင်ရွက်သင့်သည့် တာဝန်၊ ဝတ္တရားများနှင့် အထူးစေခိုင်းချက်များ၊ သင်တို့ ထမ်းရွက်သင့်သည့်အလုပ်တို့ပါဝင်သည်။ ရှေးဦးစွာ သူတစ်ပါးတို့ကို သင့်အား ဝတ်စားဆင်ယင်ပြီး ကျွေးမွေးဖို့ မျှော်လင့်မည့်အစား၊ သို့မဟုတ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် သူတစ်ပါးတို့၏ အလုပ်လုပ်ခြင်း၏ အသီးအပွင့်များကို အားကိုးမည့်အစား ဤအရာများကို အပြုသဘောဆောင်စွာ လက်ခံသင့်သည်။ ထို့အပြင် သင်သည် အမျိုးမျိုးသော စည်းကမ်းအမျိုးအစားများ၊ စည်းမျဉ်းသတ်မှတ်ချက်များနှင့် စီမံမှုတို့ကို ကျင့်သားရပြီး လက်ခံတတ်အောင် သင်ယူသင့်သည်။ ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို လက်ခံသင့်သည်။ အခြားလူတို့ကြားတွင် ဖြစ်တည်မှုနှင့် ဘဝတစ်ခုကို ကျင့်သားရအောင် သင်ယူသင့်သည်။ သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သင့်သည်။ သင့်အနီးတွင်ရှိသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ သင်တွေ့ဆုံရသည့် အမျိုးမျိုးသော ပြဿနာများကို မှန်ကန်စွာ ကိုင်တွယ်ပြီး ဖြေရှင်းသင့်သည်။ ဤအရာများအားလုံးသည် သာမန်လူ့သဘာဝရှိသောသူတစ်ယောက် ကိုင်တွယ်ဖြေရှင်းသင့်သည့် အရာများဖြစ်သည်။ ဤသည်မှာ အရွယ်ရောက်သူတစ်ယောက် ရင်ဆိုင်သင့်သည့် ဘဝနှင့် နေထိုင်ရာ ပတ်ဝန်းကျင်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ဥပမာ အရွယ်ရောက်သူတစ်ယောက်အနေဖြင့် သင်၏ ဘဝက မည်မျှခက်ခဲနိုင်သည်ဖြစ်စေ သင်၏ မိသားစုကို ထောက်ပံ့ကျွေးမွေးရန် သင်၏ ကိုယ်ပိုင်အရည်အချင်းကို အမှီပြုသင့်သည်။ ဤသည်မှာ သင်ခံယူသင့်သည့် ဆင်းရဲဒုက္ခဖြစ်သည်။ သင် ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ သင်ပြီးမြောက်သင့်သည့် ဝတ္တရားဖြစ်သည်။ အရွယ်ရောက်သူတစ်ယောက်က တာဝန်ယူဆောင်ရွက်သင့်သည့် တာဝန်များကို သင် ထမ်းရွက်သင့်သည်။ သင်သည် ဒုက္ခမည်မျှကို ခံရသည်ဖြစ်စေ၊ သို့မဟုတ် သင်ပေးဆပ်သည့် အဖိုးအခက မည်မျှကြီးသည်ဖြစ်စေ၊ မည်မျှ ဝမ်းနည်းမှုကို ခံစားရသည်ဖြစ်စေ သင်၏ နာကြည်းမှုများကို မြိုသိပ်ပြီး မည်သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်မျှ မဖြစ်သင့်ပေ၊ သို့မဟုတ် မည်သူ့ကိုမျှ စောဒကမတက်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အရွယ်ရောက်သူများ ခံယူသင့်သည့်အရာဖြစ်သည်။ အရွယ်ရောက်သူတစ်ယောက်အနေဖြင့် သင်သည် ဤအရာများကို ထမ်းရွက်ရမည်။ စောဒကတက်ခြင်း၊ သို့မဟုတ် အတိုက်အခံပြုခြင်းမရှိရပေ။ အထူးသဖြင့် ၎င်းတို့ကို ရှောင်ရှားခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်းမရှိရပေ။ ဘဝတွင် လွင့်မျောနေခြင်း၊ အလဟဿနေထိုင်ခြင်း၊ မိမိနှစ်သက်သလို လုပ်ဆောင်ခြင်း၊ တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်း၊ သို့မဟုတ် ပြောင်းလဲလွယ်ခြင်း၊ မိမိလုပ်ဆောင်လိုသည့်အရာကို လုပ်ဆောင်ပြီး မလုပ်ဆောင်လိုသည့်အရာကို မလုပ်ဆောင်ခြင်းတို့သည် ဘဝတွင် အရွယ်ရောက်သူတစ်ယောက် ရှိသင့်သော သဘောထားမဟုတ်ပေ။ အရွယ်ရောက်သူတိုင်းသည် ဆင်းရဲဒုက္ခများ၊ ဖျားနာမှုများနှင့် အမျိုးမျိုးသော အခက်အခဲများပင်ဖြစ်သော ဖိအားများကို မည်မျှ ရင်ဆိုင်ရပါစေ အရွယ်ရောက်သူတစ်ယောက်၏ တာဝန်များကို ထမ်းရွက်ရမည်။ ဤအရာများသည် လူတိုင်း ကြုံတွေ့ပြီး ခံယူသင့်သည့် အရာများဖြစ်သည်။ ဤအရာများသည် သာမန်လူတစ်ယောက်၏ ဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သင်သည် ဖိအားကို မခံနိုင်လျှင်၊ သို့မဟုတ် ဒုက္ခကို တောင့်မခံနိုင်လျှင် သင်သည် အလွန်ထိရှလွယ်ပြီး အသုံးမဝင်ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ အသက်ရှင်သူမည်သူမဆိုသည် ဤဒုက္ခကို ခံယူရမည်။ မည်သူမျှ မရှောင်နိုင်ပေ။ လူ့အဖွဲ့အစည်းတွင်ဖြစ်စေ၊ ဘုရားအိမ်တော်တွင်ဖြစ်စေ ဤသည်မှာ လူတိုင်းအတွက် တူညီသည်။ ဤသည်မှာ သင် ခံယူသင့်သည့် တာဝန်ဖြစ်သည်။ အရွယ်ရောက်သူတစ်ယောက် သယ်ဆောင်သင့်သည့် လေးလံသော ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ သူ ထမ်းရွက်သင့်သည့် အရာဖြစ်သည်။ ယင်းကို မရှောင်ရှားသင့်ပေ။ သင်သည် ဤအရာအားလုံးကို လွတ်မြောက်ရန်၊ သို့မဟုတ် ဖယ်ရှားရန် အစဉ် ကြိုးစားလျှင် သင်၏ ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များက ထွက်ပေါ်လာလိမ့်မည်။ ထိုခံစားချက်များ၏ ရစ်ပတ်ခြင်းကို သင် အစဉ် ခံရမည်။ သို့ရာတွင် သင်သည် ဤအရာအားလုံးကို သင့်လျော်စွာ နားလည်သဘောပေါက်ပြီး လက်ခံနိုင်လျှင်၊ သင်၏ ဘဝနှင့် ဖြစ်တည်မှု၏ လိုအပ်သော အပိုင်းတစ်ခုအဖြစ် ရှုမြင်နိုင်လျှင် ဤပြဿနာများသည် သင့်အတွက် အပျက်သဘောဆောင်သော စိတ်ခံစားချက်များဖြစ်ပေါ်ရန် အကြောင်းပြချက် မဖြစ်သင့်ပေ။ တစ်ဖက်တွင် သင်သည် အရွယ်ရောက်သူများတွင် ရှိသင့်ပြီး တာဝန်ယူဆောင်ရွက်သင့်သည့် တာဝန်၊ ဝတ္တရားများကို ထမ်းရွက်တတ်ဖို့ သင်ယူရမည်။ အခြားတစ်ဖက်တွင် သင်၏ နေထိုင်ရာ၊ အလုပ်လုပ်ရာပတ်ဝန်းကျင်တွင် သာမန်လူ့သဘာဝဖြင့် သူတစ်ပါးတို့နှင့် သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်ဖို့ သင်ယူသင့်သည်။ သင်နှစ်သက်သည့်အရာကိုသာ မလုပ်ဆောင်နှင့်။ သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤသည်မှာ သင်၏ အလုပ်တွင် သင်ရင်ဆိုင်ရသည့် ပြဿနာများကြောင့်ဖြစ်သော ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်စေရန်၊ သင့်အလုပ်၏ ရလဒ်များနှင့် ထိရောက်မှုကို အများဆုံးဖြစ်စေရန်အတွက် အရွယ်ရောက်သူတစ်ယောက်အနေဖြင့် သင် ပြီးမြောက်ပြီး ဖြည့်ဆည်းသင့်သည့် အလုပ်ကို ပို၍ကောင်းစွာ ပြီးမြောက်ရန်၊ တာဝန်၊ ဝတ္တရားများကို ပို၍ကောင်းစွာ ဖြည့်ဆည်းရန် ဖြစ်သည်။ ဤသည်မှာ သင်စွမ်းဆောင်ရရှိသင့်သည့် အရာဖြစ်သည်။ သာမန်လူ့သဘာဝကို သင်ပိုင်ဆိုင်လျှင် လူများကြားတွင် အလုပ်လုပ်ရာတွင် ဤအရာကို ဖြစ်မြောက်သင့်သည်။ အလုပ်ဖိအားနှင့်ပတ်သက်လျှင် အထက်မှလာသည်ဖြစ်စေ၊ ဘုရားအိမ်တော်မှ လာသည်ဖြစ်စေ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများက သင့်အပေါ် ထားရှိသည့် ဖိအားဖြစ်စေ သင်ခံယူသင့်သည့်အရာတစ်ခုဖြစ်သည်။ သင်က “ဤသည်မှာ ဖိအားများလွန်းသည်၊ ထို့ကြောင့် ငါ လုပ်မည်မဟုတ်၊ ငါသည် တာဝန်ထမ်းဆောင်ခြင်းနှင့် ဘုရားအိမ်တော်၌ အလုပ်လုပ်ခြင်းတွင် နားနေခြင်း၊ အခက်အခဲမရှိခြင်း၊ ပျော်ရွှင်ခြင်း၊ သက်သာခြင်းကိုသာ ရှာနေခြင်းဖြစ်သည်” ဟူ၍ မဆိုနိုင်ပေ။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ သာမန် အရွယ်ရောက်သူတစ်ယောက် ပိုင်ဆိုင်သင့်သည့် အတွေးမဟုတ်ပေ။ ပြီးလျှင် ဘုရားအိမ်တော်သည် သင့်အတွက် သက်သာခြင်းနှင့် ပျော်မွေ့ဖို့ နေရာတစ်ခုမဟုတ်ပေ။ လူတိုင်းက ၎င်းတို့၏ ဘဝနှင့် အလုပ်တွင် ဖိအားနှင့် စွန့်စားမှုတစ်ခုခုကို ယူသည်။ မည်သည့်အလုပ်တွင်မဆို၊ အထူးသဖြင့် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် အကောင်းဆုံးရလဒ်များအတွက် ကြိုးပမ်းသင့်သည်။ ကြီးမားသောအဆင့်တွင် ဤသည်မှာ ဘုရားသခင်၏ သွန်သင်မှု၊ တောင်းဆိုမှုဖြစ်သည်။ သေးငယ်သော အဆင့်တွင် ဤသည်မှာ လူတိုင်းက ၎င်းတို့၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုတွင် ခံယူသင့်သည့် သဘောထား၊ အမြင်ရှုထောင့်၊ စံနှုန်း၊ စည်းမျဉ်းတို့ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်သောအခါ ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် စနစ်များကို လိုက်နာတတ်ဖို့ သင်ယူရမည်။ သင်သည် လိုက်နာဆောင်ရွက်ဖို့ သင်ယူရမည်။ စည်းကမ်းများကို သင်ယူရမည်။ ကောင်းသော အပြုအမူနှင့် ကျင့်ကြံနေထိုင်ရမည်။ ဤသည်မှာ ကျင့်ကြံနေထိုင်မှုတွင် မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သင်သည် အလုပ်လုပ်ရမည့်အစား သင့်ကိုယ်သင် ပျော်မွေ့နေခြင်းအားဖြင့် မယုံကြည်သူများကဲ့သို့ မည်သည့်အရာကိုမျှ အလေးအနက်မထားဘဲ၊ သင်၏နေ့ရက်များကို အလဟဿနေထိုင်လျက်၊ သို့မဟုတ် တရားခြင်းမရှိသော ပြုမူဆောင်ရွက်မှုများကို လုပ်ဆောင်လျက်၊ သင်၏ ကိုယ်ပိုင်ရှင်သန်သည့်နည်းလမ်းနောက်သို့လိုက်လျက် သင်၏ အချိန်အားလုံးကို မကုန်ဆုံးသင့်ပေ။ သင့်ကို သူတစ်ပါးတို့က စက်ဆုပ်ရွံရှာစေရန် မလုပ်ဆောင်နှင့်။ မျက်စိစပါးမွေးဆူးစရာမဖြစ်စေနှင့်၊ သို့မဟုတ် သူတစ်ပါးတို့အား ဒုက္ခပေးသောသူမဖြစ်စေနှင့်။ သင့်အား လူတိုင်းက ရှောင်ရန်၊ သို့မဟုတ် ငြင်းပယ်ရန် မလုပ်ဆောင်နှင့်။ မည်သည့်အလုပ်အပိုင်းတွင်မဆို အတားအဆီး၊ သို့မဟုတ် ခလုတ်တံသင်း မဖြစ်စေနှင့်။ ဤသည်မှာ သာမန်အရွယ်ရောက်သူတစ်ယောက် ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြစ်သည်။ မည်သည့် သာမန်အရွယ်ရောက်သူမဆို ခံယူသင့်သည့် တာဝန်လည်းဖြစ်သည်။ ဤအရာတို့သည် ဤတာဝန်ကို ခံရန်အတွက် သင်လုပ်ဆောင်ရမည့်အရာများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ နားလည်သလော။ (နားလည်သည်။)

သင်သည် စိတ်ဓာတ်ကြံ့ခိုင်မှုရှိသူတစ်ယောက်ဖြစ်လျှင်၊ လူတို့ ခံယူသင့်သည့် တာဝန်၊ ဝတ္တရားများ၊ သာမန်လူ့သဘာဝရှိသောသူများ ရရှိရမည့်အရာများ၊ သင်၏ ဦးတည်ချက်နှင့် ပန်းတိုင်အဖြစ် အရွယ်ရောက်သူများ အောင်မြင်ရမည့်ထိုအရာများကို သင် ကိုင်တွယ်နိုင်လျှင်၊ သင်၏ တာဝန်များကို ထမ်းရွက်နိုင်လျှင် သင်သည် မည်သည့်အဖိုးအခကို ပေးဆပ်သည်ဖြစ်စေ၊ မည်သည့်နာကျင်မှုကို ခံရသည်ဖြစ်စေ ညည်းညူမည်မဟုတ်ပေ။ ထိုအရာများကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် အလိုတော်အဖြစ် သင် သိမြင်သရွေ့ မည်သည့် ဒုက္ခကိုမဆို ခံယူနိုင်ပြီး သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည်။ ထိုအချိန်တွင် သင်၏ စိတ်အခြေအနေက မည်သို့ရှိမည်နည်း။ ယခင်နှင့် တူညီမည်မဟုတ်ပေ။ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်း၊ တည်ငြိမ်ခြင်းကို ခံစားရမည်။ ပျော်မွေ့မှုကို တွေ့ကြုံခံစားရမည်။ ကြည့်လော့။ သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် အားထုတ်ခြင်း၊ သာမန်လူ့သဘာဝရှိသောသူများ ခံယူပြီး တာဝန်ယူဆောင်ရွက်သင့်သည့် တာဝန်၊ ဝတ္တရားများနှင့် အထူးစေခိုင်းချက်များကို လိုက်စားခြင်းတို့သက်သက်ဖြင့် လူတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းကို ခံစားရသည်။ ပျော်မွေ့ခြင်းကို တွေ့ကြုံခံစားရသည်။ ၎င်းတို့သည် အရေးကိစ္စများကို စည်းမျဉ်းနှင့်အညီ စီမံခန့်ခွဲပြီး သမ္မာတရားကို ရရှိသည့် အဆင့်သို့ပင် မရောက်သေးဘဲ ပြောင်းလဲမှုအနည်းငယ်ကို ကြုံရပြီးဖြစ်သည်။ ဤသို့သောသူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောသူများဖြစ်သည်။ ၎င်းတို့သည် မည်သည့် အခက်အခဲကိုမဆို ကျော်လွှားပြီး မည်သည့်အလုပ်ကိုမဆို တာဝန်ယူဆောင်ရွက်နိုင်သော ဖြောင့်မတ်သောသူများဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ စစ်သားကောင်းများဖြစ်သည်။ ၎င်းတို့သည် လေ့ကျင့်မှုများကို လုပ်ဆောင်ပြီးဖြစ်ကာ မည်သည့်အခက်အခဲကမှ ၎င်းတို့ကို အနိုင်မယူနိုင်ပေ။ ပြောလော့။ ဤသို့သော ကျင့်ကြံနေထိုင်မှုကို သင်တို့ မည်သို့ ထင်သနည်း။ ဤလူများသည် ခံနိုင်ရည်မရှိသလော။ (ရှိသည်။) ၎င်းတို့သည် အမှန်ပင် ခံနိုင်ရည်ရှိပြီး လူတို့က ၎င်းတို့ကို လေးစားသည်။ ဤသို့သောသူတို့သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရဦးမည်လော။ (မခံစားရပါ။) ဤသို့ဆိုလျှင် ဤ ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များကို မည်သို့ ပြောင်းလဲခဲ့သနည်း။ မည်သည့်အကြောင်းပြချက်ကြောင့် ဤ ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များက ၎င်းတို့ကို ဒုက္ခပေးခြင်း၊ ၎င်းတို့တွင် ဖြစ်ပေါ်ခြင်း မရှိသနည်း။ (၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို ချစ်ပြီး ၎င်းတို့တာဝန်တွင် ဝန်ထုပ်ဝန်ပိုး ထမ်းရွက်သောကြောင့်ဖြစ်သည်။) မှန်သည်။ ဤသည်မှာ မိမိ၏ သင့်လျော်သောအလုပ်ကို အာရုံစိုက်ခြင်းနှင့် သက်ဆိုင်သည်။ လူတို့သည် သင့်လျော်သော ကိစ္စများအပေါ်တွင် ၎င်းတို့၏ စိတ်ကို ထားရှိသောအခါ၊ သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက၊ ၎င်းတို့ ပိုင်ဆိုင်သည့် တာဝန်သိစိတ်နှင့် အထူးစေခိုင်းချက်ကို သိသည့်စိတ်က အလုပ်လုပ်သောအခါတွင် ၎င်းတို့အား မည်သည့်နေရာတွင် ထားရှိပါစေ ကောင်းစွာ လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့သည် ဖိနှိပ်ချုပ်ချယ်ခံရမှု၊ စိတ်ဖိစီးမှု၊ သို့မဟုတ် စိတ်ဓာတ်ကျမှု လုံးဝမရှိဘဲ မည်သည့်အလုပ်ကိုမဆို အောင်မြင်နိုင်သည်။ ဘုရားသခင်က ဤသို့သောလူများကို ကောင်းချီးပေးသည်ဟု သင် ထင်သလော။ အသိစိတ်၊ ဆင်ခြင်တုံတရား၊ သာမန်လူ့သဘာဝကို ပိုင်ဆိုင်သောသူတို့သည် သမ္မာတရားအား လိုက်စားရာတွင် အခက်အခဲများကို ရင်ဆိုင်ရမည်လော။ (ရင်မဆိုင်ရပါ။) သာမန်လူ့သဘာဝ၏ လိုက်စားမှုများ၊ အမြင်ရှုထောင့်များ၊ နည်းလမ်းများကို အခြေခံလျှင် သမ္မာတရားကို လိုက်စားခြင်းသည် ၎င်းတို့အတွက် အလွန်ခက်ခဲမည်မဟုတ်ပေ။ လူတို့သည် ဤအဆင့်သို့ ရောက်သောအခါ သမ္မာတရားအား နားလည်ခြင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ခြင်း၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းတို့နှင့် မဝေးတော့ပေ။ ဤတွင် “မဝေးခြင်း”က မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ၎င်းတို့၏ ကျင့်ကြံနေထိုင်မှုအပေါ် ၎င်းတို့၏ အမြင်ရှုထောင့်နှင့် ၎င်းတို့ ရွေးချယ်ခဲ့သော ဖြစ်တည်မှုနည်းလမ်းတို့သည် လုံးဝပင် အပြုသဘောဆောင်ပြီး တက်ကြွမှုရှိသည်၊ အခြေခံအားဖြင့် ဘုရားသခင်တောင်းဆိုသည့် သာမန်လူ့သဘာဝနှင့် ညီသည်ဟု ဆိုလိုသည်။ ဘုရားသခင်၏ ချမှတ်သည့် စံနှုန်းများသို့ ရောက်ရှိပြီးဖြစ်သည်ဟု ဆိုလိုသည်။ ဤစံနှုန်းများကို မီသည်နှင့် ဤသို့သော ပုဂ္ဂိုလ်များသည် သမ္မာတရားကို ကြားသောအခါတွင် နားလည်နိုင်ကြသည်။ ၎င်းတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အလွန်ပို၍ ခက်ခဲခြင်းမရှိတော့ပေ။ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်။ သာမန်လူ့သဘာဝရှိသောသူများ လုပ်ဆေင်သင့်သည့်အရာများတွင် စုစုပေါင်း ကဏ္ဍမည်မျှရှိသနည်း။ အကြမ်းဖျဉ်းအနေဖြင့် သုံးခုရှိသည်။ ၎င်းတို့သည် မည်သည့်အရာများဖြစ်သနည်း။ ပြောလော့။ (ပထမတစ်ခုမှာ အရွယ်ရောက်သူတစ်ယောက်တွင် ရှိသင့်ပြီး ခံယူသင့်သည့် တာဝန်၊ ဝတ္တရားများကို ခံယူတတ်ရန် သင်ယူခြင်းဖြစ်သည်။ ဒုတိယတစ်ခုမှာ မိမိနေထိုင်ရာ၊ အလုပ်လုပ်ရာ ပတ်ဝန်းကျင်တွင် သူတစ်ပါးတို့နှင့် သဟဇာတဖြစ်စွာ သာမန်လူ့သဘာဝနှင့် ယှဉ်တွဲနေထိုင်တတ်ရန်၊ မိမိနှစ်သက်သလို မလုပ်ဆောင်ရန် သင်ယူခြင်းဖြစ်သည်။ တတိယတစ်ခုမှာ သာမန်လူ့သဘာဝ၏ အသိစိတ်နယ်ပယ်အတွင်းတွင် ဘုရားသခင်၏ သွန်သင်မှုများကို လိုက်နာခြင်း၊ စည်းကမ်းများကို လိုက်နာခြင်းဟု အဓိပ္ပာယ်ရသော မိမိ၏ ကျင့်ကြံနေထိုင်မှုတွင် ရှိသင့်သည့် သဘောထား၊ အမြင်ရှုထောင့်၊ စံနှုန်း၊ စည်းမျဉ်းများကို လိုက်နာခြင်းဖြစ်သည်။) ဤကဏ္ဍသုံးခုသည် သာမန်လူ့သဘာဝရှိသောသူများ ပိုင်ဆိုင်သင့်သည့်အရာများဖြစ်သည်။ လူတို့သည် ဤကဏ္ဍများကို စတင်စဉ်းစားပြီး အာရုံစိုက်လျှင်၊ ၎င်းတို့ကို ဦးတည်ပြီး ကြိုးစားလျှင် ၎င်းတို့၏ သင့်လျော်သောအလုပ်ကို စတင် အာရုံစိုက်လာမည်ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို တွေ့ကြုံခံစားရဦးမည်လော။ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရဦးမည်လော။ သင်သည် သင်၏ သင့်လျော်သောအလုပ်ကို အာရုံစိုက်ပြီး သင်၏ သင့်လျော်သော အရေးကိစ္စများကို ကိုင်တွယ်သောအခါ၊ အရွယ်ရောက်သူများ ခံယူသင့်သည့် တာဝန်၊ ဝတ္တရားများကို ထမ်းရွက်သောအခါ သင်သည် အလွန့်အလွန် အလုပ်ရှုပ်နေမည်ဖြစ်သောကြောင့် သင့်တွင် လုပ်ဆောင်စရာ၊ စဉ်းစားစရာ များစွာရှိနေလိမ့်မည်။ အထူးသဖြင့် လက်ရှိတွင် ဘုရားအိမ်တော်၌ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေသောသူများအတွက် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရရန် အချိန်တစ်ခုခုရှိသလော။ အချိန်မရှိပေ။ ဤသို့ဆိုလျှင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသော၊ စိတ်မကြည်မလင်ဖြစ်သော၊ အနည်းငယ်မကောင်းသောအရာတစ်ခုကို ကြုံရသည့်အခါတိုင်းတွင် စိတ်ဓာတ်ကျသော၊ သို့မဟုတ် စိတ်ဖိစီးသောသူများက မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် မှန်ကန်သောအရာများနှင့် အချိန်ကုန်ဆုံးခြင်းမရှိဘဲ အလဟဿနေနေခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ သင့်လျော်သောအလုပ်ကို အာရုံမစိုက်ခြင်း၊ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာများကို မမြင်နိုင်ခြင်း၊ ဤသို့ဖြင့် ၎င်းတို့၏ စိတ်များက မလှုပ်မယှက်ရှိနေပြီး ၎င်းတို့၏အတွေးများက အထိန်းအကွပ်မဲ့နေခြင်းဖြစ်သည်။ ၎င်းတို့သည် လျှောက်လှမ်းရန် မည်သည့်လမ်းကြောင်းမျှမရှိဘဲ ထပ်ခါထပ်ခါ စဉ်းစားကြသောကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ၎င်းတို့သည် စဉ်းစားလေလေ၊ ထိခိုက်နစ်နာပြီး အကူအညီမဲ့သကဲ့သို့ ခံစားရလေလေဖြစ်သည်။ ၎င်းတို့တွင် လမ်းကြောင်းမရှိလေလေ၊ ၎င်းတို့၏ ဘဝများသည် မထိုက်တန်ပေ၊ ၎င်းတို့သည် စိတ်ဆင်းရဲရသည်ဟု ခံစားရသည်ဟု ထင်လေလေဖြစ်ပြီး ဝမ်းနည်းလေလေဖြစ်သည်။ ၎င်းတို့သည် လွတ်မြာက်ရန်အတွက် အစွမ်းမရှိပေ။ အဆုံးတွင် ဤ ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များတွင် ပိတ်မိလာသည်။ ဤသို့မဟုတ်လော။ (ဟုတ်သည်။) အမှန်တွင် သင်လုပ်ဆောင်သင့်သည့် အရာများစွာရှိသောကြောင့်၊ သင်စဉ်းစားတွေးတောသင့်သည့် သင့်လျော်သောအရာများစွာရှိပြီး ထိုအသုံးမဝင်သောအရာများ၊ ထို သာယာမှုကိုရှာဖွေသော လှုပ်ရှားမှုများကို စဉ်းစားရန် အချိန်ရှိမည်မဟုတ်သောကြောင့် ဤပြဿနာက ဖြေရှင်းရန် လွယ်ကူသည်။ ဤသို့သောအရာများကို စဉ်းစားရလောက်အောင် စိတ်များက အလဟဿဖြစ်နေသောသူတို့သည် အလုပ်လုပ်ခြင်းထက် သက်သောင့်သက်သာနေဖို့ကို ပို၍ နှစ်သက်ကြသည်။ ၎င်းတို့သည် အလွန်ပင် အချိန်ဖြုန်းလိုသောသူများဖြစ်သည်။ ၎င်းတို့၏ သင့်လျော်သောအလုပ်ကို အာရုံမစိုက်ကြပေ။ ၎င်းတို့၏ သင့်လျော်သောအလုပ်ကို အရေးမစိုက်သောသူများသည် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များတွင် ပိတ်မိနေသည်ကို မိမိတို့ကိုယ်ကို မကြာခဏ တွေ့ရှိကြရသည်။ အရေးစိုက်ရန်လိုအပ်သည့် အရေးကြီးသောအရာများစွာရှိနေစဉ်တွင် ဤလူတို့သည် မှန်ကန်သောအရာများနှင့် အချိန်ကုန်ဆုံးခြင်းမရှိပေ။ ၎င်းတို့သည် ထိုအရာများကို မစဉ်းစားကြပေ၊ သို့မဟုတ် မလုပ်ဆောင်ကြပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့၏ စိတ်ကို ရောက်တတ်ရာရာ တွေးတောရန်၊ ၎င်းတို့၏ ရုပ်ခန္ဓာအပေါ် စောဒကတက်ပြီး ညည်းတွားရန်၊ ၎င်းတို့၏ အနာဂတ်အတွက် စိတ်ပူရန်၊ ၎င်းတို့ခံယူခဲ့သည့် ဝေဒနာနှင့် ၎င်းတို့ ပေးဆပ်ခဲ့သည့် အဖိုးအခများအပေါ် စိုးရိမ်ပူပန်ရန် အချိန်ကို ရှာကြသည်။ ဤအရာအားလုံးကို ၎င်းတို့ မဖြေရှင်းနိုင်သောအခါ၊ မခံနိုင်သောအခါ၊ သို့မဟုတ် ဤစိတ်ပျက်ဖွယ်ရာများအတွက် ထွက်ပေါက်ရှာသောအခါ ၎င်းတို့သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ၎င်းတို့သည် ဘုရားအိမ်တော်မှ ထွက်ခွာရန် စဉ်းစားသောအခါ ကောင်းချီးများအား လက်လွတ်ဆုံးရှုံးရမည်ကို ကြောက်ကြသည်။ မကောင်းမှုလုပ်လျှင် ငရဲသို့ သွားရမည်ကို ကြောက်ရွံ့သည်။ ၎င်းတို့သည် သမ္မာတရားအား လိုက်စားရန်၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို သင့်လျော်စွာ ထမ်းဆောင်ရန်လည်း စိတ်မပါကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ဤသို့မဟုတ်လော။ (ဟုတ်သည်။) မှန်သည်။ လူတစ်ယောက်သည် သူ၏ သင့်လျော်သောအလုပ်ကို အရေးစိုက်ပြီး လမ်းမှန်ကို လျှောက်လျှင် ဤစိတ်ခံစားချက်များ ဖြစ်ပေါ်မည်မဟုတ်ပေ။ ခဏတာဖြစ်သော အထူး အခြေအနေများကြောင့် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များကို တွေ့ကြုံလျှင်ပင် ထိုအရာများသည် ယာယီဖြစ်သော စိတ်အခြေအနေများသာဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မှန်ကန်သော ဘဝနေနည်းနှင့် ဖြစ်တည်မှုအပေါ် မှန်ကန်သော အမြင်ရှုထောင့်ရှိသောသူတို့သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အလျင်အမြန် ကျော်လွန်သွားလိမ့်မည်။ ရလဒ်အနေဖြင့် သင်သည် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များတွင် ပိတ်မိနေသည်ဟု သင့်ကိုယ်သင် မကြာခဏ တွေ့ရှိရမည်မဟုတ်ပေ။ ဤသည်မှာ ဤသို့သော ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များက သင့်ကို နှောင့်ယှက်မည်မဟုတ်ဟု ဆိုလိုသည်။ သင်သည် ခဏတာဖြစ်သော မကောင်းသော စိတ်အခြေအနေများကို ကြုံတွေ့နိုင်သော်လည်း ထိုအရာများထဲတွင် ပိတ်မိနေမည်မဟုတ်ပေ။ ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်း၏ အရေးကြီးပုံကို မီးမောင်းထိုးပြသည်။ သင်သည် သင်၏ သင့်လျော်သောအလုပ်ကို အရေးစိုက်ရန် အားထုတ်လျှင်၊ အရွယ်ရောက်သူများ ခံယူသင့်သည့် တာဝန်များကို ခံယူလျှင်၊ သာမန်ဖြစ်သော၊ ကောင်းမွန်သော၊ အပြုသဘောဆောင်ပြီး တက်ကြွသော ဖြစ်တည်မှုပုံစံကို ရှာဖွေလျှင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်မည်မဟုတ်ပေ။ ဤ ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များသည် သင့်ထံသို့ ရောက်လာမည်မဟုတ်ပေ၊ သို့မဟုတ် သင့်ထံ၌ စွဲကပ်နေမည်မဟုတ်ပေ။

ဤသို့ဆိုလျှင် ဖိနှိပ်ချုပ်ချယ်မှုခံစားရခြင်းကို ဖြေရှင်းခြင်းနှင့်သက်ဆိုင်သည့် ပြဿနာနှင့် အခက်အခဲအကြောင်းကို ငါတို့ မိတ်သဟာယပြု၍ ပြီးဆုံးသွားပြီဖြစ်သည်။ ဤတွင် အစောပိုင်းက ပြောခဲ့သည့် ကဏ္ဍသုံးခု ပါဝင်သည်။ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသည့် စိတ်ခံစားချက်များ၏ ရစ်ပတ်ခြင်းကို ခံရသူများ၊ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသည့် စိတ်ခံစားချက်များတွင် ပိတ်မိနေပြီး လွတ်မြောက်လိုသည့် ဆန္ဒရှိသူများသည် ဤစိတ်ခံစားချက်များ၏ ထိန်းချုပ်ခြင်းကို မခံရတော့ရန် ငါတို့၏ စိတ်နှလုံးထဲမှ ဆန္ဒပြုသည်။ ဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များမှ မကြာခင်တွင် လွတ်မြောက်နိုင်ပြီး သာမန်လူတစ်ယောက်၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ကာ သာမန်ဖြစ်သော၊ သင့်လျော်သော ဖြစ်တည်မှုနည်းလမ်းကို ခံယူနိုင်ဖို့ ငါတို့ မျှော်လင့်သည်။ ဤသည်မှာ ကောင်းမွန်သော ဆန္ဒပြုချက်ဟုတ်သလော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် သင်တို့လည်း ဆန္ဒပြုသင့်သည်။ (ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များ၏ ရစ်ပတ်ခြင်းကို ခံရသူများ၊ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသော စိတ်ခံစားချက်များတွင် ပိတ်မိနေပြီး လွတ်မြောက်လိုသည့် ဆန္ဒရှိသူများသည် ဤစိတ်ခံစားချက်များ၏ ထိန်းချုပ်ခြင်းကို မခံရတော့ရန် ကျွန်ုပ်တို့ ဆန္ဒပြုသည်။ ဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များမှ မကြာခင်တွင် လွတ်မြောက်နိုင်ပြီး သာမန်လူတစ်ယောက်၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ကာ သာမန်ဖြစ်သော၊ သင့်လျော်သော ဖြစ်တည်မှုနည်းလမ်းကို ခံယူနိုင်ဖို့ ကျွန်ုပ်တို့ မျှော်လင့်သည်။) ဤဆန္ဒပြုချက်သည် လက်တွေ့ကျသည်။ ယခုအခါတွင် ငါတို့၏ ဆန္ဒများကို ဖော်ပြပြီးသောအခါ၌ အဆုံးတွင် ဤလူတို့သည် ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များမှ လွတ်မြောက်နိုင်ခြင်းရှိမရှိသည် ၎င်းတို့ကိုယ်တိုင်၏ ရွေးချယ်မှုများအပေါ်တွင် မူတည်သည်။ ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သင့်သည်။ အမှန်တကယ်တွင် ယင်းသည် သာမန်လူ့သဘာဝရှိသောသူတို့ ပိုင်ဆိုင်သင့်သော အရာတစ်ခုဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို လိုက်စားရန် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် လိုလားမှုကောင်းကောင်းရှိလျှင် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များမှ လွတ်မြောက်ရန် သူ့အတွက် လွယ်ကူလိမ့်မည်။ ခက်ခဲသော အလုပ်တစ်ခုဖြစ်မည်မဟုတ်ပေ။ လူတစ်ယောက်သည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများအား လိုက်စားခြင်းကို ပျော်မွေ့ခြင်းမရှိလျှင်၊ အပြုသဘောဆောင်သောအရာများကို မနှစ်သက်လျှင် ၎င်းတို့အား ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များထဲတွင် ဆက်လက်၍ ပိတ်မိနေစေလော့။ ၎င်းတို့အား လွှတ်ထားလော့။ ၎င်းတို့အတွက် ဆန္ဒပြုချက်များကို ဖော်ပြဖို့မလိုပေ။ ဤသို့ လုပ်ဆောင်၍ ဖြစ်သလော။ (ဖြစ်သည်။) ဤသည်မှာ အခြေအနေကို ကိုင်တွယ်သည့် အခြားနည်းလမ်းတစ်ခုဖြစ်သည်။ ပြဿနာတိုင်းတွင် ဖြေရှင်းချက်ရှိသည်။ သမ္မာတရားစည်းမျဉ်းများနှင့် လူတို့၏ တကယ့်အခြေအနေများကို အခြေခံ၍ အရာရာတိုင်းကို ကိုင်တွယ်ပြီး ဖြေရှင်းနိုင်သည်။ ယနေ့တွင် ငါတို့၏ ဆန္ဒပြုချက်များ ပြီးဆုံးပြီဖြစ်သည်။ မတူညီသော အခြေအနေအချို့ကို ငါတို့ နှံ့စပ်စွာ မိတ်သဟာယပြုပြီးဖြစ်သည်။ ဤသို့သောသူမျိုးနှင့်ပတ်သက်ပြီး ပြောရန် လိုအပ်သည့်အရာရာတိုင်းကို ငါတို့ ပြောပြီးဖြစ်သောကြောင့် ဤနေရာတွင် ဤဆွေးနွေးမှုကို အဆုံးသတ်ကြစို့။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။