သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)

ငါတို့သည် ယခင်အခေါက်က “လက်လွှတ်ခြင်း” အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သည်။ ယင်းသည် သမ္မာတရားအား လိုက်စားရန် နည်းလမ်းအတွက် လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းများထဲမှ တစ်ခုဖြစ်သည်။ “လက်လွှတ်ခြင်း”၏ ပထမအပိုင်းမှာ အပျက်သဘောဆောင်သော စိတ်ခံစားချက်များအားလုံးကို လက်လွှတ်ခြင်းကို ဆိုလိုသည်။ ဤအကြောင်းအရာကို ငါတို့ အကြိမ်အတန်ငယ် မိတ်သဟာယဖွဲ့ပြီး ဖြစ်သည်။ ယခင်အခေါက်က ဖိနှိပ်ချုပ်ချယ်ခံရခြင်းဟူသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သလော။ (ဖွဲ့ခဲ့သည်။) ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကို ငါတို့ မိတ်သဟာယ ဖွဲ့ခဲ့သနည်း။ လူတို့အား မည်သည့်အရာက ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံစားရစေသနည်း။ (ဘုရားသခင် မိတ်သဟာယဖွဲ့သည်မှာ လူတို့သည် ၎င်းတို့၏ တာဝန်များတွင် မိမိတို့ ကျေနပ်သလို လုပ်ဆောင်ကြပြီး အသင်းတော်၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာလိုစိတ်မရှိပေ၊ သို့မဟုတ် ကန့်သတ်ချက်များကို ခံယူလိုစိတ်မရှိပေ။ စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ရန် ၎င်းတို့၏ ခေါင်းမာမှုနှင့် ပျက်ကွက်မှုကြောင့် ၎င်းတို့သည် ၎င်းတို့တာဝန်ကို ကောင်းစွာ မလုပ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့သည် မကြာခဏ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသည်။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ၎င်းတို့၏ ပြုမူဆောင်ရွက်မှုများကို ဆင်ခြင်သုံးသပ်ခြင်း မရှိဘဲ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန် ပျက်ကွက်လျှင် ၎င်းတို့သည် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံစားရမည်။) ယခင်တစ်ခေါက်က ဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်ကို လူတို့ ခံစားရသည့် အခြေအနေတစ်မျိုးကို ငါတို့ မိတ်သဟာယပြုခဲ့သည်။ ယင်းမှာ အဓိကအနေဖြင့် ၎င်းတို့ စိတ်ကျေနပ်သလို မလုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည်။ ထိုမိတ်သဟာယမှာ အဓိကအားဖြင့် လူတို့သည် ၎င်းတို့ စိတ်ကျေနပ်သလို မလုပ်ဆောင်နိုင်သည့် အခြေအနေများ၊ လူတို့သည် စိတ်ကျေနပ်သလို လုပ်ဆောင်လိုသည့် အရာများ၊ ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်တွင် သာယာနေသည့် လူများတွင်တွေ့ရလေ့ရှိသော အပြုအမူများမှာ မည်သည့်အရာများ ဖြစ်သည်ဆိုသည်တို့နှင့် သက်ဆိုင်သည်။ ထို့နောက်တွင် ငါတို့သည် ဤစိတ်ခံစားချက်ကို ဖြေရှင်းရန် လျှောက်လှမ်းရမည့် လမ်းကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လက်လွှတ်ခြင်းဖြစ်သည့် ဤမိတ်သဟာယများကို ကြားပြီးနောက်တွင် သင်တို့သည် ကောက်ချက်တစ်ခုခု ချခဲ့သလော။ ယင်းတို့သည် လူ၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုများပြသခြင်းကို ဖွင့်ပြနေသလော၊ သို့မဟုတ် ယင်းတို့ကို လက်လွှတ်ရန် လမ်းကြောင်းကို လူတို့အား ပြောပြနေခြင်းဖြစ်သလော။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လက်လွှတ်သည့် ဤကျင့်ကြံမှုသည် မည်သည့်အရာသို့ ဦးတည်သနည်း။ ဤမိတ်သဟာယများကို နားထောင်ပြီးနောက်တွင် ဤအရာကို သင်တို့ တွေးတောခဲ့သလော။ (ဘုရားသခင်၊ ကျွန်ုပ်၏ နားလည်မှုမှာ ဤကျင့်ကြံမှုသည် အမှုအရာများအပေါ် လူတို့၏ အမြင်များဆီသို့ ဦးတည်သည်။) မှန်သည်။ ဤသည်မှာ ကဏ္ဍတစ်ခုဖြစ်သည်။ ယင်းသည် အမှုအရာများအပေါ် လူတို့၏ အမြင်များနှင့် သက်ဆိုင်သည်။ ဤအမြင်များသည် အဓိကအားဖြင့် အမျိုးမျိုးသော လူများ၊ အကြောင်းအရာများ၊ အမှုကိစ္စများအား ရင်ဆိုင်ရာတွင် လူတစ်ယောက်က ဖက်တွယ်သော အယူအဆ၊ အမြင်အမျိုးမျိုးတို့နှင့် သက်ဆိုင်သည့်အပြင် မိမိတို့၏ ပုံမှန်လူ့အသက်တာနှင့် တည်ရှိမှုတို့တွင် ကြုံတွေ့ရသည့် ပြဿနာအမျိုးမျိုးကို အဓိကအားဖြင့် ဦးတည်ထားသည်။ ဥပမာအနေဖြင့် သူတစ်ပါးတို့နှင့် မည်သို့ အပြန်အလှန်ဆက်ဆံရမည်၊ မလိုမုန်းထားမှုကို မည်သို့ ထိန်းသိမ်းရမည်ဆိုသည်တို့ ပါဝင်ပြီး ဘဝတွင် အိမ်ထောင်၊ မိသားစု၊ အလုပ်၊ ရှေ့ရေး၊ ဖျားနာမှု၊ အိုမင်းရင့်ရော်မှု၊ သေခြင်းနှင့် အသေးအဖွဲကိစ္စများအပေါ် လူတစ်ယောက် ရှိသင့်သော သဘောထား ပါဝင်သည်။ အခြားသောပြဿနာများထဲတွင် မိမိ၏ ပတ်ဝန်းကျင်ကို မည်သို့ ရင်ဆိုင်သင့်သည်၊ မိမိ ထမ်းဆောင်သင့်သည့် တာဝန်ကို မည်သို့ ရင်ဆိုင်သင့်သည်ဆိုသည်တို့လည်း ပါဝင်သည်။ ဤအရာများ ပါဝင်သလော။ (ပါဝင်သည်။) လူတစ်ဦးသည် သာမန်လူသားဘဝ၊ ဖြစ်တည်မှုတို့နှင့် သက်ဆိုင်သော စည်းမျဉ်းနှင့်ပတ်သက်သည့် အကြီးစားပြဿနာများနှင့် အမှုကိစ္စများအတွက်မူ မှန်ကန်သော အယူအဆ၊ အမြင်နှင့် သဘောထားရှိလျှင် သူ၏ လူ့သဘာဝသည် အတော်အတန်ပင် ပုံမှန်ဖြစ်လိမ့်မည်။ ငါဆိုလိုသည့် “ပုံမှန်” ဆိုသည်မှာ အမှုအရာများအပေါ် ပုံမှန်အသိစိတ်၊ ပုံမှန် အမြင်ရှုထောင့်နှင့် ရပ်တည်ချက်တို့ ရှိခြင်းဖြစ်သည်။ မှန်ကန်သော အယူအဆနှင့် အမြင်များကို ပိုင်ဆိုင်သောသူတို့သာလျှင် သမ္မာတရားကို လိုက်စားသောအခါ သမ္မာတရားအား နားလည်ပြီး ဝင်ရောက်ရန် လွယ်ကူလိမ့်မည်။ ဤသည်မှာ လူများ၊ အမှုအရာများအပေါ် ပုံမှန်အယူအဆ၊ ပုံမှန်အမြင်ရှုထောင့်၊ ရပ်တည်ချက်ရှိသူတို့သာလျှင် သမ္မာတရားအား ၎င်းတို့ လိုက်စားရာ၌ သေချာသော ရလဒ်များကို ရရှိနိုင်မည်ဟု ဆိုလိုသည်။ လူများ၊ အမှုအရာများအပေါ် လူတစ်ယောက်၏ အမြင်ရှုထောင့်နှင့် ရပ်တည်ချက်၊ သူ၏ အယူအဆများ၊ အမြင်များနှင့် သဘောထားတို့ အားလုံးသည် အပျက်သဘောဆောင်ကာ ပုံမှန်လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် မကိုက်ညီဘဲ အစွန်းရောက်ပြီး ခေါင်းမာလျှင်၊ မသန့်စင်လျှင်၊ အတိုချုပ်အားဖြင့် ယင်းတို့အားလုံးသည် အပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုလျှင်၊ စိတ်ဓာတ်ကျစေလျှင်၊ ဤသို့သော အပျက်သဘောဆောင်သော အယူအဆနှင့် အမြင်များကို ပိုင်ဆိုင်သောသူတစ်ယောက်သည် သမ္မာတရားကို လိုက်စားလျှင် သူသည် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသည်ဟု မြင်လိမ့်မည်လော။ (မြင်မည်မဟုတ်ပါ။) သဘောတရားဆိုင်ရာ အမြင်ရှုထောင့်မှ ပြောရန် သင်တို့အတွက် အလွန်ရိုးရှင်းသည်။ သို့သော် လက်တွေ့တွင် သင်တို့သည် အမှန်တကယ် နားမလည်ပေ။ ရိုးရှင်းစွာ ဆိုရလျှင် ငါတို့ မိတ်သဟာယဖွဲ့နေသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးနှင့် ပတ်သက်လျှင် လူတစ်ယောက်သည် သူ၏ ဘဝနှင့် သူ၏ ဘဝလမ်းကြောင်းတွင် သူကြုံတွေ့ရသော အမျိုးမျိုးသောလူများ၊ အကြောင်းအရာများ၊ အမှုကိစ္စများအပေါ် အပျက်သဘောဆောင်သော၊ မတိကျသော အမြင်ရှုထောင့်နှင့် ရပ်တည်ချက်ရှိလျှင် သူသည် သမ္မာတရားအား နားလည်ခြင်းကို ရရှိနိုင်မည်လော။ (မရရှိနိုင်ပါ။) သူသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် အစဉ်သဖြင့် သာယာနေလျှင် ဘုရားနှုတ်ကပတ်တော်အပေါ် သန့်စင်သော နားလည်မှုရှိနိုင်သလော။ (မရှိနိုင်ပါ။) ထိုသူသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့်သက်ဆိုင်သော အတွေးများနှင့် အမြင်များ၏ ကြီးစိုးခြင်း၊ ထိန်းချုပ်ခြင်း၊ လွှမ်းမိုးခြင်းကို အစဉ်ခံရလျှင် အမှုအရာများ အားလုံးအပေါ် သူ၏ အမြင်ရှုထောင့်နှင့် ရပ်တည်ချက်သည်၊ သူ့အပေါ် ဖြစ်ပျက်သောအရာများအပေါ် သူ၏ အမြင်များသည် အပျက်သဘောဆောင်မည် မဟုတ်လော။ (အပျက်သဘောဆောင်မည် ဖြစ်သည်။) ဤတွင် “အပျက်သဘောဆောင်သော” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ရှေးဦးစွာ ယင်းသည် အမှန်တရားနှင့် အရှိအတိုင်းဖြစ်သော နိယာမတို့ကို ဆန့်ကျင်သည်ဟု ငါတို့ ဆိုနိုင်သလော။ ယင်းသည် လူသားက လိုက်နာသင့်သည့် သဘာဝနိယာမများနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ အမှန်တရားကိုပါ ချိုးဖောက်သလော။ (ချိုးဖောက်သည်။) လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး ဖတ်ရှုစဉ်တွင် ဤအပျက်သဘောဆောင်သော အယူအဆများ၊ အမြင်များရှိနေလျှင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို အမှန်တကယ် လက်ခံပြီး နာခံနိုင်သလော။ ဘုရားသခင်အား နာခံခြင်း၊ ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ဤအရာကို ပုံဖော်ပြသည့် ဥပမာတစ်ခုပေးလော့။ ဤသို့အားဖြင့် သင်တို့ နားလည်ခြင်းရှိမရှိကို ငါမြင်နိုင်သည်။ လူတစ်ယောက်သည် အိမ်ထောင်၊ မိသားစု၊ သားသမီး၊ သို့မဟုတ် ဖျားနာမှု၊ အနာဂတ်၊ ကံကြမ္မာ၊ သူ၏ ဘဝက ချောမွေ့ခြင်းရှိမရှိ၊ သူ၏ တန်ဖိုး၊ လူမှုအဆင့်အတန်း၊ တစ်ကိုယ်ရေ အကျိုးစီးပွားများ၊ စသည်တို့ကဲ့သို့သော ပြဿနာများဖြစ်သည့် သူ၏ဘဝနှင့် ရှင်သန်ရေးနှင့်သက်ဆိုင်သည့် အကြီးစားပြဿနာများကို သူ ကိုင်တွယ်ဖြေရှင်းသည့် ဥပမာတစ်ခုကို ရှာလော့။ (လူတို့သည် ဖျားနာမှုနှင့် ရင်ဆိုင်ရသောအခါ စိတ်သောက၊ စိုးရိမ်မှု၊ ပူပင်မှုတို့ကဲ့သို့သော အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် သာယာနေပြီး သေရမည်ကို အလွန်အမင်း ကြောက်ရွံ့ကြကြောင်း ပြီးခဲ့သည့်အခေါက်က ဘုရားသခင် မိတ်သဟာယပြုခဲ့သည်ကို ကျွန်ုပ် အမှတ်ရမိသည်။ ဤသည်မှာ ၎င်းတို့တာဝန်ကို ထမ်းဆောင်ပြီး သာမန်ဘဝကို နေထိုင်ရန် ၎င်းတို့၏ အရည်အချင်းကို ထိခိုက်သည်။ အရှိအတိုင်းဖြစ်သော နိယာမများကို မလိုက်နာနိုင်အောင် ဖြစ်စေသည်။ လက်တွေ့တွင် လူတို့၏ သေခြင်း၊ ရှင်ခြင်း၊ မည်သည့်အချိန်တွင် ဖျားနာသည်၊ မည်မျှ ဒုက္ခခံရသည်ဆိုသည်တို့အားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်သည်။ လူတို့သည် ဤအခြေအနေများကို သင့်လျော်သော၊ အပြုသဘောဆောင်သော သဘောထားဖြင့် ရင်ဆိုင်တွေ့ကြုံသင့်သည်။ ၎င်းတို့ လိုအပ်သည့် ကုသမှုကို ခံယူသင့်သည်။ ၎င်းတို့ လုပ်ဆောင်သင့်သည့် တာဝန်ကို လုပ်ဆောင်သင့်သည်။ ဖြစ်တည်မှု၏ အပြုသဘောဆောင်သော အခြေအနေကို ထိန်းသိမ်းပြီး ၎င်းတို့၏ ဖျားနာမှုထဲတွင် ပိတ်မိမနေသင့်ပေ။ သို့သော် လူတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် သာယာနေသောအခါ ဘုရားသခင်၏ အချုပ်အခြာအာဏာကို မယုံကြည်ကြပေ။ ဘုရားသခင်က ၎င်းတို့၏ ရှင်ခြင်း၊ သေခြင်းကို ကြိုတင်ပြဋ္ဌာန်းပြီးဖြစ်သည်ကို ၎င်းတို့ မယုံကြည်ကြပေ။ ၎င်းတို့၏ ဖျားနာမှုအတွက်သာ စိုးရိမ်ကြသည်။ ကြောက်ရွံ့ကြသည်။ စိတ်သောကရောက်ကြသည်။ ၎င်းတို့သည် ပို၍ စိုးရိမ်ပြီး ကြောက်ရွံ့လာကြသည်။ ၎င်းတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ သမ္မာတရားအားဖြင့် အုပ်စိုးခြင်းမခံရဘဲ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင် မတည်ရှိပေ။) ဤသည်မှာ အလွန်ကောင်းသော ဥပမာဖြစ်သည်။ ဤသည်မှာ သေခြင်း၊ ရှင်ခြင်း၏ အရေးပါသော ကိစ္စအပေါ်တွင် လူတို့၌ မည်သည့်အမြင်ရှိသင့်သည်ဆိုသည့် မေးခွန်းနှင့် သက်ဆိုင်သလော။ (သက်ဆိုင်သည်။) သင်တို့အားလုံးသည် ဤအကြောင်းအရာနှင့်ပတ်သက်ပြီး တစ်ခုခု သိကြသလော။ ဤသည်မှာ မိမိကိုယ်တိုင်၏ ရှင်ခြင်း၊ သေခြင်းကို ရင်ဆိုင်ရသည့် မေးခွန်းဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝ၏ နယ်ပယ်အတွင်းတွင်ရှိသော ပြဿနာများနှင့် သက်ဆိုင်သလော။ (သက်ဆိုင်သည်။) ဤသည်မှာ လူတိုင်းရင်ဆိုင်ရမည့် အကြီးစား ပြဿနာတစ်ခုဖြစ်သည်။ သင်သည် အသက်ငယ်ရွယ်လျှင်ပင်၊ သို့မဟုတ် ကျန်းမာရေးကောင်းပြီး သေရေး၊ ရှင်ရေးကိစ္စများကို ရင်မဆိုင်ရသေးလျှင်၊ သို့မဟုတ် မတွေ့ကြုံသေးလျှင်ပင် သင်ရင်ဆိုင်တွေ့ကြုံရမည့် နေ့ရက်သည် မလွှဲမရှောင်သာ ရောက်လာမည်ဖြစ်သည်။ ဤသည်မှာ လူတိုင်း ရင်ဆိုင်ရမည့်အရာတစ်ခုဖြစ်သည်။ သင်သည် သာမန်လူတစ်ယောက်အနေဖြင့် ထိုအရာ၏ သက်ရောက်မှုကို သင်ကိုယ်တိုင် ခံရသည်ဖြစ်စေ၊ သို့မဟုတ် ထိုအရာနှင့် အလှမ်းဝေးသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ယင်းသည် ဘဝတွင် သင်ရင်ဆိုင်ရမည့် အရေးပါဆုံးသော အမှုကိစ္စဖြစ်သည်။ ထို့ကြောင့် လူတို့သည် သေခြင်းနှင့် သက်ဆိုင်သော အရေးပါသောကိစ္စကို ရင်ဆိုင်ရသောအခါ ဤပြဿနာအား မည်သို့ ကိုင်တွယ်သင့်သည်ဆိုသည်ကို လူတို့ မတွေးတောသင့်သလော။ ယင်းကို ကို်ငတွယ်ဖြေရှင်းရန် လူသား၏ နည်းလမ်းအချို့ကို ၎င်းတို့ ခံယူမည်မဟုတ်လော။ လူတို့သည် မည်သည့်အမြင်ကို စွဲကိုင်သင့်သနည်း။ ဤသည်မှာ လက်တွေ့ပြဿနာတစ်ခု မဟုတ်သလော။ (ဟုတ်သည်။) လူတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၌ သာယာနေလျှင် မည်သည့်အရာကို ၎င်းတို့ စဉ်းစားမည်နည်း။ ဤအရာကို ယခင်က ငါတို့ မိတ်သဟာယပြုခဲ့သည်။ လူတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ အတွေး၊ အမြင်များဖြင့် နေထိုင်လျှင် ၎င်းတို့၏ လုပ်ရပ်များနှင့် ဖော်ပြချက်များသည် သမ္မာတရားနှင့် ကိုက်ညီသလော၊ မကိုက်ညီသလော။ ၎င်းတို့သည် သာမန်လူ့သဘာဝ၏ စဉ်းစားပုံနှင့် ကိုက်ညီသလော၊ မကိုက်ညီသလော။ (မကိုက်ညီပါ။) ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီဖို့ မဆိုထားနှင့်။ သာမန်လူ့သဘာဝ၏ စဉ်းစားပုံနှင့်ပင် ကိုက်ညီမှုမရှိပေ။ ၎င်းတို့သည် အရှိအတိုင်း ဖြစ်သော အချက်အလက်များ၊ သို့မဟုတ် အရှိအတိုင်း ဖြစ်သော နိယာမများနှင့် မကိုက်ညီပေ။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သေချာပေါက် မကိုက်ညီပေ။

အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို လက်လွှတ်ခြင်းနှင့်ပတ်သက်သည့် ငါတို့ မိတ်သဟာယ၏ အဆုံးစွန်ရလဒ်မှာ အဘယ်နည်း။ သာမန်လူ့သဘာဝ၏ စဉ်းစားပုံနှင့် အသိစိတ်ကို ပိုင်ဆိုင်ရန်၊ တစ်နည်းအားဖြင့် သာမန်လူ့သဘာဝနှင့် အသိစိတ်ရှိသူတစ်ယောက် ပိုင်ဆိုင်သင့်သည့် အတွေး၊ အမြင်၊ ရှုထောင့်တို့ကို ပိုင်ဆိုင်ရန်အတွက် “လက်လွှတ်ခြင်း” ကို မည်သို့ အတိအကျ ဆောင်ရွက်ပြီး ကျင့်သုံးနိုင်သနည်း။ ဤ “လက်လွှတ်ခြင်း” တွင် ပါဝင်သော အသေးစိတ် အဆင့်များ၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများမှာ အဘယ်နည်း။ ပထမအဆင့်မှာ သင် ရင်ဆိုင်ရသည့် အကြောင်းအရာများအပေါ် သင်၏ အမြင်တို့ မှန်ကန်ခြင်းရှိမရှိနှင့် သင်၏ အမြင်များတွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်တစ်ခုခု ရှိမရှိမဟုတ်လော။ ဤသည်မှာ ပထမအဆင့်ဖြစ်သည်။ ဥပမာ ဖျားနာခြင်း၊ သေခြင်းအား ကိုင်တွယ်ဖြေရှင်းခြင်းအကြောင်းဖြစ်သော ငါတို့ အစောပိုင်းက ထုတ်ပြောခဲ့သော ဥပမာနှင့် ပတ်သက်ပြီး သင်၏အမြင်ရှုထောင့်များတွင် ဤကိစ္စရပ်များနှင့်ပတ်သက်၍ စိတ်သောက၊ ပူပင်ခြင်း၊ စိုးရိမ်ခြင်းကဲ့သို့ အပျက်သဘောဆောင်သော စိတ်ခံစားချက် တစ်ခုတလေ ရှိမရှိကိုလည်းကောင်း၊ သင်၏ စိတ်သောက၊ ပူပင်ခြင်း၊ စိုးရိမ်ခြင်းတို့ ထွက်ပေါ်လာသည့်ပုံစံတို့ကိုလည်းကောင်း ထိုသို့သော ကိစ္စရပ်များအပေါ် သင်၏ အမြင်ရှုထောင့်များကို ဦးစွာ ပိုင်းခြား စိစစ်သင့်သည်။ ပြီးလျှင် ဤပြဿနာများ၏ အရင်းအမြစ်ကို အသေးစိတ် ရှာဖွေသင့်သည်။ ထို့နောက် ဆက်လက်၍ ပိုင်းခြားစိစစ်လော့။ ဤကိစ္စများကို သင် အပြည့်အဝနားမလည်သည်ကို သင် ရှာဖွေတွေ့ရှိလိမ့်မည်။ လူသားမျိုးနွယ်၏ အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင်ရှိပြီး သူ၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည်ကို သင် ရှင်းလင်းစွာ မသိမြင်သေးပေ။ လူတို့သည် နာမကျန်းဖြစ်သောအခါ၊ သို့မဟုတ် သေခြင်းနှင့် ရင်ဆိုင်ရသောအခါ ဤအရာများအတွင်းတွင် ပိတ်မိမနေသင့်ပေ။ ထိုအစား ၎င်းတို့သည် ဖျားနာခြင်း၊ သို့မဟုတ် သေခြင်းတရား၏ ခြိမ်းခြောက်ခြင်း၊ သို့မဟုတ် လွှမ်းမိုးခြင်းကို မခံရဘဲ ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို နာခံသင့်သည်။ ဤအရာများကို မကြောက်သင့်သကဲ့သို့ ၎င်းတို့ ကိုယ်တိုင်၏သာမန်ဘဝများနှင့် တာဝန်ထမ်းဆောင်မှုကိုလည်း လွှမ်းမိုးခွင့်မပြုသင့်ပေ။ တစ်ဖက်တွင် ၎င်းတို့သည် ဖျားနာခြင်းကို ဖြတ်သန်းနေစဉ်တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တက်ကြွစွာ တွေ့ကြုံခံစားပြီး တန်ဖိုးထားသင့်ကာ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံသင့်သည်။ လိုအပ်သောအခါတွင် ၎င်းတို့သည် ကုသမှု ခံယူနိုင်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဤဖြစ်စဉ်ကို တက်ကြွစွာဖြင့် ရင်ဆိုင်၊ တွေ့ကြုံပြီး တန်ဖိုးထားသင့်သည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် ဤကိစ္စများနှင့်ပတ်သက်ပြီး ၎င်းတို့စိတ်နှလုံးတွင် မှန်ကန်သော နားလည်မှုကို ထားသင့်ပြီး အရာရာတိုင်းက ဘုရားလက်ထဲ၌ ရှိသည်ကို ယုံကြည်သင့်သည်။ လူသားများသည် ၎င်းတို့အပိုင်းကိုသာ လုပ်ဆောင်နိုင်သည်။ ကျန်သည့် ကိစ္စများအတွက် ကောင်းကင်ဘုံ၏ အလိုကို နာခံသင့်သည်။ အကြောင်းမှာ အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင်ရှိပြီး လူတို့၏ သေရေးနှင့် ရှင်ရေးတို့အားလုံးကို ဘုရားသခင်က ကြိုတင် ပြဋ္ဌာန်းထားသောကြောင့်ဖြစ်သည်။ လူတို့သည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်လျှင်ပင် ဤအရာအားလုံး၏ အဆုံးစွန်သော ရလဒ်သည် ၎င်းတို့၏ အလိုဆန္ဒအတိုင်း ပြောင်းလဲမသွားပေ။ လူတို့က သတ်မှတ်ဆုံးဖြတ်ခြင်း မဟုတ်ပေ။ မှန်သလော။ (မှန်သည်။) သင်သည် ဖျားနာခြင်းနှင့် ရင်ဆိုင်ရသောအခါ သင်၏ ကိုယ်ပိုင်စိတ်နှလုံးကို ဦးစွာ ဆန်းစစ်ပြီး အပျက်သဘောဆောင်သော စိတ်ခံစားချက်တိုင်းကို ခွဲခြားဖော်ထုတ်သင့်သည်။ အမှုကိစ္စအပေါ် သင်၏ နားလည်မှုနှင့် သင့်စိတ်နှလုံးတွင် ကိုင်စွဲသော အမြင်တို့ကို အကဲဖြတ်ပြီး သင်သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ထိန်းချုပ်မှု၊ ချည်နှောင်မှုအောက်တွင်ရှိမရှိနှင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များက မည်သို့ ဖြစ်ပေါ်လာသည်တို့ကို အကဲဖြတ်သင့်သည်။ သင်သည် အောက်ပါတို့ကို ပိုင်းခြားစိစစ်သင့်သည်။ မည်သည့်အရာကို သင်စိတ်ပူသည်၊ မည်သည့်အရာကို သင်ကြောက်ရွံ့သည်၊ မည်သည့်နေရာတွင် ယုံကြည်စိတ်ချမှုမရှိသည်၊ သင်၏ ဖျားနာမှုကြောင့် မည်သည့်အရာကို သင်လက်မလွှတ်နိုင်သည်တို့ကဲ့သို့သောအရာများဖြစ်သည်။ ပြီးလျှင် သင့်အား စိုးရိမ်စေသော၊ ထိတ်လန့်စေသော၊ သို့မဟုတ် ကြောက်ရွံ့စေသော ဤအရာများ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းကို ဆန်းစစ်ပြီး တဖြည်းဖြည်းချင်းဖြင့် တစ်ခုချင်းစီ ဖြေရှင်းသင့်သည်။ သင်သည် ရှေးဦးစွာ သင့်အတွင်းတွင် ဤအပျက်သဘောဆောင်သော အရိပ်လက္ခဏာများ ရှိမရှိကို ပိုင်းခြားစိစစ်ပြီး စူးစမ်းရှာဖွေသင့်သည်။ ရှိနေလျှင် ယင်းတို့သည် မှန်ကန်ခြင်းရှိမရှိ၊ သမ္မာတရားနှင့် မကိုက်ညီသည့် အရိပ်လက္ခဏာရှိမရှိကို ပိုင်းခြားစိစစ်ပြီး သေချာအောင် လုပ်ဆောင်လော့။ သမ္မာတရားနှင့် မကိုက်ညီသည့် အရိပ်လက္ခဏာများ တွေ့လျှင် ယင်းတို့ကို ဖြေရှင်းရန်အတွက် ဘုရားနှုတ်ကပတ်တော်တွင် အဖြေရှာပြီး သမ္မာတရားအား တဖြည်းဖြည်းချင်း ရှာဖွေသင့်သည်။ သင်သည် ဤအပျက်သဘောဆောင်သော အရိပ်လက္ခဏာများ၏ ဒုက္ခပေးခြင်း၊ ထိခိုက်ခြင်း၊ ချည်နှောင်ခြင်းကို မခံရသည့် အခြေအနေသို့ ရောက်အောင် ကြိုးပမ်းပြီး သင်၏ သာမန်ဘဝ၊ သို့မဟုတ် အလုပ်၊ သို့မဟုတ် တာဝန်ထမ်းဆောင်ခြင်းကို မထိခိုက်စေရန်၊ သို့မဟုတ် သင်၏ ဘဝအစီအစဉ်ကို မနှောင့်ယှက်စေရန် လုပ်ဆောင်သင့်သည်။ ပြီးလျှင် ယင်းတို့သည် ဘုရားသခင်အား သင်ယုံကြည်ခြင်း၊ ဘုရားသခင်နောက်သို့ လိုက်ခြင်းကို အသေအချာပင် မထိခိုက်သင့်သည်မှာ ပြောစရာမလိုပေ။ အနှစ်ချုပ်လျှင် ပန်းတိုင်မှာ သင် ကြုံရသည့်၊ သို့မဟုတ် ကြုံရမည့် ဤသို့သော ပြဿနာမျိုးကို အသိစိတ်၊ မှန်ကန်ခြင်း၊ အရှိအတိုင်းဖြစ်ခြင်း၊ တိကျခြင်းတို့ဖြင့် နောက်ဆုံးတွင် သင် ရင်ဆိုင်နိုင်ရန်ဖြစ်သည်။ ဤသည်မှာ လက်လွှတ်ခြင်း၏ လုပ်ငန်းစဉ်မဟုတ်လော။ (ဟုတ်သည်။) ဤသည်မှာ အတိအကျဖြစ်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းဖြစ်သည်။ အတိအကျဖြစ်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမှာ မည်သည့်အရာဖြစ်သည်ကို သင်တို့ အနှစ်ချုပ်ပြနိုင်သလော။ (ရှေးဦးစွာ မိမိရင်ဆိုင်ရသည့် အမှုကိစ္စကို နားလည်ရန်၊ ဤဖြစ်စဉ်တွင် မိမိ၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်တစ်ခုခုရှိမရှိ ပိုင်းခြားစိစစ်ရန် လိုအပ်သည်။ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်၌ အဖြေရှာရန်၊ ယင်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရန်၊ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များအားဖြင့် မိမိတို့ကိုယ်ကို ဒုက္ခမပေးမိစေရန်၊ မိမိ၏ ဘဝနှင့် တာဝန်ထမ်းဆောင်ခြင်းကိုလည်း မထိခိုက်စေရန် လိုအပ်သည်။ ပြီးလျှင် မိမိ တွေ့ကြုံရသည့် အမှုကိစ္စများသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ကိုလည်း ယုံကြည်သင့်သည်။ လူတို့သည် ဤသို့သော နားလည်မှုမျိုးဖြင့် နောက်ဆုံးတွင် နာခံခြင်းရှိနိုင်ပြီး အပြုသဘောဆောင်သော၊ တက်ကြွမှုရှိသော လက်တွေ့လုပ်ဆောင်မှုကို လုပ်ဆောင်နိုင်သည်။) ပြောလော့။ လူတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များထဲ၌ နေထိုင်လျှင် ဖျားနာမှုကို ရင်ဆိုင်ရသည့်အခါတိုင်းတွင် ၎င်းတို့ ဖြစ်လေ့ရှိသည့် အပြုအမူမှာ အဘယ်နည်း။ သင့်တွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များရှိသောအခါ အဘယ်သို့ သင် သတိထားမိသနည်း။ (ရှေးဦးစွာ ကြောက်ရွံ့မှုများစွာရှိသည်။ ပြီးလျှင် “ဤသည်မှာ မည်သည့်ရောဂါမျိုးဖြစ်သနည်း၊ မကုသနိုင်လျှင် အလွန် ဒုက္ခခံရမည်လော၊ အဆုံးတွင် သေဆုံးမည်လော၊ နောက်ပိုင်းတွင် ငါ၏ တာဝန်ကို ထမ်းဆောင်နိုင်ဦးမည်လော” ဟူသည့် ရောက်တတ်ရာရာ အတွေးများ ရှိလာသည်။ ဤအရာများကို ကျွန်ုပ်တို့ စဉ်းစားကြမည်။ စိုးရိမ်ကြပြီး ကြောက်ရွံ့ကြမည်။ လူအချို့သည် ၎င်းတို့၏ ကျန်းမာရေးကို ပို၍ အာရုံစိုက်လာကြပြီး တာဝန်ထမ်းဆောင်ခြင်း အဖိုးအခကို မပေးဆပ်လိုကြပေ။ ၎င်းတို့က လျှော့၍ အဖိုးအခ ပေးဆပ်လျှင် ၎င်းတို့၏ ရောဂါသည် သက်သာကောင်း သက်သာနိုင်သည်ဟု ထင်ကြသည်။ ဤအရာများအားလုံးသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်သည်။) အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ရှုထောင့်နှစ်ခုမှနေ၍ စူးစမ်းစစ်ဆေးနိုင်သည်။ ရှုထောင့်တစ်ခုတွင် သင်သည် သင်ကိုယ်တိုင်၏ စိတ်ထဲတွင် မည်သည့်အရာကို စဉ်းစားနေသည်ကို သိသင့်သည်။ သင်နာမကျန်းဖြစ်သောအခါ သင်က “အို ဤရောဂါကို ငါအဘယ်သို့ရသနည်း၊ တစ်ယောက်ယောက်က ငါ့အားလက်ဆင့်ကမ်းပေးလိုက်သလော၊ ငါ ပင်ပန်းနေသောကြောင့်ဖြစ်သလော၊ ငါသည် မိမိကိုယ်ကိုဆက်၍ ပင်ပန်းအောင်လုပ်လျှင် ဤရောဂါက ဆိုးလာမည်လော၊ ပို၍ နာကျင်မည်လော” ဟူ၍ စဉ်းစားနိုင်သည်။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ သင်၏ အတွေးထဲတွင် အမှုအရာများကို သိမြင်နိုင်သည်။ အခြားရှုထောင့်တစ်ခုမှ ကြည့်လျှင် သင့်၌ ဤအတွေးများရှိသောအခါ ယင်းတို့သည် သင်၏ အပြုအမူ၌ မည်သို့ ဖော်ပြသနည်း။ လူတို့တွင် အတွေးများရှိသောအခါ ယင်းကြောင့် ၎င်းတို့၏ လုပ်ဆောင်မှုများကို လွှမ်းမိုးခြင်းခံရသည်။ လူတို့၏ လုပ်ဆောင်မှုများ၊ အပြုအမူနှင့် နည်းလမ်းများအားလုံးသည် အမျိုးမျိုးသော အတွေးများ၏ အုပ်စိုးခြင်းကို ခံရသည်။ လူတို့တွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များရှိသောအခါ အမျိုးမျိုးသော အတွေးများ ဖြစ်ပေါ်လာသည်။ ဤအတွေးများ၏ အုပ်စိုးခြင်းကို ခံရသောကြောင့် တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့၏ သဘောထား၊ သို့မဟုတ် နည်းလမ်းများသည် ပြောင်းလဲမှုတစ်ခုကို ကြုံရသည်။ ဥပမာ ယခင်က တစ်ခါတစ်ရံတွင် ၎င်းတို့သည် အိပ်ရာမှ နိုးသည်နှင့် တစ်ပြိုင်နက် ၎င်းတို့တာဝန်ကို စတင်ထမ်းဆောင်ကြသည်။ သို့သော် ယခုတွင် အိပ်ရာမှ ထဖို့ အချိန်ရောက်သောအခါ “ဤရောဂါသည် မောပန်းနွမ်းနယ်ခြင်းကြောင့် ဖြစ်နိုင်သလော၊ အနည်းငယ်ပို၍ အိပ်စက်သင့်ခြင်း ဖြစ်နိုင်သည်၊ ငါသည် အလွန် ဒုက္ခခံပြီး မောပန်းနွမ်းနယ်လေ့ရှိသည်၊ ယခုတွင် ရောဂါ ပိုဆိုးမသွားစေရန် ငါ၏ ကိုယ်ခန္ဓာကို ဂရုစိုက်ဖို့အတွက် အာရုံစိုက်ဖို့ လိုအပ်သည်” ဟူ၍ စတင် တွေးတောလာကြသည်။ ဤထပ်တလဲလဲအတွေးများ၏ ထိန်းချုပ်ခြင်းကို ခံရပြီး ၎င်းတို့သည် ပုံမှန်ထက်ပို၍ နောက်ကျပြီးမှ ထကြတော့သည်။ အစာစားခြင်းနှင့် ပတ်သက်လျှင် ၎င်းတို့က “ငါ၏ ရောဂါသည် အာဟာရနည်းပါးခြင်းနှင့် ဆက်စပ်နိုင်သည်၊ ယခင်က မည်သည့်အရာကိုမဆို ငါစားနိုင်သည်၊ ယခု ရွေးချယ်ရတော့မည်၊ ငါ၏ အာဟာရ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ပြီး ကိုယ်ခန္ဓာ သန်စွမ်းရန်အတွက် ဥနှင့် အသားများကို ပို၍ စားသင့်သည်၊ ဤသို့ဆိုလျှင် ငါ၏ ရောဂါကြောင့် ဒုက္ခခံရတော့မည် မဟုတ်ပေ” ဟူ၍ တွေးတောကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်လျှင် ၎င်းတို့၏ ကိုယ်ခန္ဓာကို မည်သို့ စောင့်ရှောက်ရမည်ကိုလည်း စဉ်ဆက်မပြတ် စဉ်းစားကြသည်။ ယခင်က တစ်နာရီ၊ နှစ်နာရီ ဆက်တိုက် အလုပ်လုပ်ပြီးနောက်တွင် ၎င်းတို့သည် အများဆုံးအနေဖြင့် အကြောဆန့်သည်၊ သို့မဟုတ် ထရပ်ပြီး ဟိုဟိုသည်သည် လမ်းလျှောက်သည်။ သို့သော် ယခုတွင် မိမိတို့ကိုယ်ကို မပင်ပန်းစေရန် နာရီဝက်ကြာပြီးတိုင်းတွင် ဟိုဟိုသည်သည် လမ်းလျှောက်ရန် မိမိတို့ကိုယ်ကို စည်းကမ်းသတ်မှတ်ထားကြသည်။ စုဝေးပွဲများ၌ မိတ်သဟာယ ဖွဲ့သည့်အချိန်တိုင်းတွင် တတ်နိုင်သမျှ အနည်းဆုံးပြောဖို့ရန် ကြိုးစားပြီး “ငါ၏ ကိုယ်ခန္ဓာကို ဂရုစိုက်တတ်ရန် သင်ယူဖို့လိုသည်” ဟူ၍ စဉ်းစားကြသည်။ ယခင်က လူတစ်ယောက်က မည်သည့်မေးခွန်းကို မေးသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အချိန်တွင်ဖြစ်စေ ၎င်းတို့က တွန့်ဆုတ်ခြင်းမရှိဘဲ ဖြေပေးသည်။ သို့သော် ယခုတွင် ၎င်းတို့၏ အားအင်ကို ချွေတာရန်အတွက် လျှော့၍ စကားပြောဆိုလိုကြသည်။ တစ်ယောက်ယောက်က မေးခွန်းများစွာ မေးလျှင် “ငါ အနားယူဖို့ လိုသည်” ဟူ၍ ပြောသည်။ ကြည့်လော့။ ၎င်းတို့သည် ၎င်းတို့၏ ရုပ်ခန္ဓာကို အထူးအရေးစိုက်ကြလာကြသည်။ ဤသည်မှာ ယခင်ကနှင့် ကွာခြားသည်။ မကြာခဏပင် ၎င်းတို့သည် အစားအစာဆိုင်ရာ ဖြည့်စွက်စာများကို စားရန်၊ သစ်သီးများစားပြီး ပုံမှန် လေ့ကျင့်ခန်းလုပ်ရန်လည်း စဉ်ဆက်မပြတ် အာရုံစိုက်ကြသည်။ ၎င်းတို့သည် “ယခင်က ငါသည် အလွန်နုံအပြီး မသိနားမလည်ဖြစ်ကာ ငါ၏ ခန္ဓာကိုယ်အား မည်သို့ ဂရုစိုက်ရမည်ကို မသိပေ၊ ငါ၏ စားချင်စိတ်နောက်သို့လိုက်ပြီး အစားကြူးလျက် မွေ့လျော်နေခဲ့သည်၊ ယခု ငါ၏ ခန္ဓာကိုယ်က ပြဿနာရှိလာသောကြောင့် ငါ၏ ကျန်းမာရေးကို အာရုံမစိုက်လျှင်၊ ငါ၏ ရောဂါက ပြင်းထန်လာပြီး တာဝန်မထမ်းဆောင်နိုင်လျှင် ကောင်းချီးများကို ငါ ရရှိဦးမည်လော၊ နောင်တွင် ငါ၏ ခန္ဓာကိုယ်ကို ဂရုစိုက်ရန် အာရုံစိုက်ပြီး မည်သည့် ဖျားနာမှုမျှ ထွက်ပေါ်လာခွင့်ပြု၍ မဖြစ်ပေ” ဟူ၍ စဉ်းစားကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို၏ ကျန်းမာရေးကို အာရုံစိုက်လာပြီး ၎င်းတို့၏ တာဝန်များကို အပြည့်အဝ ဆက်ကပ်အပ်နှံလျက် မထမ်းဆောင်တော့ပေ။ ၎င်းတို့သည် ယခင်က တာဝန်ထမ်းဆောင်စဉ်တွင် ၎င်းတို့ ခံယူခဲ့သော ဒုက္ခနှင့် ပေးဆပ်ခဲ့သော အဖိုးအခတို့နှင့်ပတ်သက်ပြီး နောင်တရကာ မကျေမနပ်ပင် ဖြစ်ကြသည်။ ဤအတွေးများနှင့် အပြုအမူများသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ခံရပြီး အပျက်သဘောဆောင်သော စိတ်ခံစားချက်များမှ ထွက်ပေါ်လာခြင်းမဟုတ်လော။ ဤအတွေးများ၊ အပြုအမူများသည် အမှန်ပင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့်အတူ ဤအတွေးများ၊ အပြုအမူများသည် ၎င်းတို့ကို ဘုရားသခင်အား ပို၍ ယုံကြည်စေရန်၊ တာဝန်ထမ်းဆောင်ခြင်း၌ ပို၍ ဆက်ကပ်အပ်နှံရန် ကူညီပေးနိုင်သလော။ သေချာပေါက် ကူညီမပေးနိုင်ပေ။ အဆုံးစွန်ရလဒ်က အဘယ်သို့ ဖြစ်မည်နည်း။ ၎င်းတို့သည် ဆက်ကပ်အပ်နှံခြင်းမရှိဘဲ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်လိမ့်မည်။ အမှုအရာများကို ၎င်းတို့လုပ်ဆောင်သောအခါ သမ္မာတရားကို ရှာဖွေပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ထိန်းချုပ်ခြင်းကို ခံရလျက် ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဖြစ်ပြီး သမ္မာတရားကို ဘေးဖယ်ထားကာ သမ္မာတရားကို တန်ဖိုးထားမည်မဟုတ်၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မည်မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သမျှသည်၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သမျှသည် ၎င်းတို့၏ ကိုယ်ပိုင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များက ဖြစ်ပေါ်စေသော အတွေးများကို ဗဟိုပြုလိမ့်မည်။ ဤသို့သောသူတစ်ယောက်သည် သမ္မာတရားအား လိုက်စားခြင်း ရှိနိုင်သလော။ (မရှိနိုင်ပါ။) ဤသို့ဆိုလျှင် ဤသို့သော အတွေးများသည် သာမန်လူ့သဘာဝရှိသောသူများ ရှိသင့်သော အတွေးဟုတ်သလော။ (မဟုတ်ပါ။) ဤသို့သော အတွေးများသည် သာမန်လူ့သဘာဝရှိသောသူများ ရှိသင့်သည့် အတွေးများ မဟုတ်သောကြောင့် ၎င်းတို့သည် မည်သည့်နေရာတွင် လွဲနေသည်ဟု သင်တို့ ထင်မြင်သနည်း။ (လူတို့တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နားလည်မှု လုံးဝမရှိပါ။ လက်တွေ့တွင် ဤဖျားနာမှုများအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ လူတစ်ယောက် ခံယူသင့်သည့် ဒုက္ခပမာဏသည်လည်း ဘုရားသခင်က သတ်မှတ်ပြီး စီစဉ်သည်။ သို့ရာတွင် လူတစ်ယောက်သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် နေထိုင်သောအခါ လျှို့ဝှက်ကြံစည်မှုကို ကျင့်သုံးတတ်ကြပြီး မှားယွင်းသော အတွေးအမြင်များ၏ ထိန်းချုပ်ခြင်းကို ခံရသည်။ ၎င်းတို့သည် လူသား၏ နည်းလမ်းများကို အမှီပြုပြီး ၎င်းတို့၏ ကိုယ်ပိုင်ရုပ်ခန္ဓာကို မြတ်နိုးသည်။) လူတစ်ယောက်သည် သူ၏ ရုပ်ခန္ဓာကို ဤသို့ မြတ်နိုးခြင်းသည် မှန်ကန်သလော။ လူတစ်ယောက်သည် သူ၏ ရုပ်ခန္ဓာကို အလွန်အမင်း အရေးစိုက်ပြီး ကောင်းစွာ စားသောက်လျှင်၊ ကျန်းမာသန်မြန်စေလျှင် ယင်းသည် သူ့အတွက် အဘယ်သို့ တန်ဖိုးရှိသနည်း။ ဤသို့ အသက်ရှင်ရာတွင် မည်သည့် အဓိပ္ပာယ်ရှိသနည်း။ လူတစ်ယောက်ဘဝ၏ တန်ဖိုးမှာ အဘယ်နည်း။ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းကဲ့သို့သော ဇာတိပကတိ သာယာမှုများ၌ မွေ့လျော်ဖို့အတွက်သာ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ကျေးဇူးပြုပြီး သင်တို့၏ အတွေးများကို ဝေမျှလော့။ (ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် လူတစ်ယောက်က သူ၏ ဘဝတွင် စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။) ဤသည်မှာ မှန်သည်။ ပြောလော့။ လူတစ်ယောက်၏ ဘဝတစ်လျှောက်လုံးတွင် သူ၏ နေ့စဉ်ပြုမူဆောင်ရွက်မှုများ၊ အတွေးများသည် ဖျားနာခြင်း၊ သေခြင်းတို့အား ရှောင်ကြဉ်ခြင်း၊ သူ၏ ကိုယ်ခန္ဓာကို ကျန်းမာစေပြီး ရောဂါဘယကင်းဝေးစေခြင်း၊ အသက်ရှည်ဖို့အတွက် ကြိုးပမ်းခြင်းတို့ကိုသာ အာရုံစိုက်လျှင် ဤသည်မှာ လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးဖြစ်သလော။ (မဟုတ်ပါ။) ယင်းသည် လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးမဟုတ်ပေ။ ဤသို့ဆိုလျှင် လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးမှာ အဘယ်နည်း။ ယခုပင် တစ်ယောက်က ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား ထမ်းဆောင်ခြင်းကို ပြောခဲ့သည်။ ယင်းသည် အသေးစိတ်အချက်တစ်ခုဖြစ်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ ဆုတောင်းစဉ်တွင်၊ သို့မဟုတ် သန္နိဋ္ဌာန်ချစဉ်တွင် သင်တို့၌ ထားလေ့ရှိသော ရည်မှန်းချက်များကို ပြောလော့။ (ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို နာခံရန်ဖြစ်သည်။) (ဘုရားသခင်က ကျွန်ုပ်တို့အတွက် တာဝန်ချပေးသည့် ကဏ္ဍကို ကောင်းစွာ လုပ်ဆောင်ရန်၊ ကျွန်ုပ်တို့၏ စေခိုင်းချက်နှင့် တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သည်။) အခြား မည်သည့်အရာရှိသေးသနည်း။ တစ်ချက်တွင် ယင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ အခြားတစ်ချက်တွင် သင်၏ အရည်အချင်းနှင့် လုပ်ဆောင်နိုင်စွမ်းအတွင်း ရှိသော အရာမှန်သမျှကို သင်တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ခြင်း၊ အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သော၊ သင်၏ ကိုယ်ပိုင်အသိတရားဖြင့် ငြိမ်းချမ်းစွာနေနိုင်ပြီး သူတစ်ပါးတို့၏ အမြင်တွင် လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု သက်သေပြသောနေရာသို့ ရောက်ရှိခြင်းဖြစ်သည်။ နောက်တစ်ဆင့် တက်လျှင် သင်၏ ဘဝတစ်လျှောက်တွင် သင်မွေးဖွားသည့် မိသားစု၊ သင်၏ ပညာရေးနောက်ခံ၊ သို့မဟုတ် တစ်ကိုယ်ရေ အရည်အသွေးများက မည်သို့ရှိသည်ဖြစ်စေ ဘဝတွင် လူတို့ နားလည်သဘောပေါက်သင့်သည့် စည်းမျဉ်းများကို သင် နားလည်မှုအချို့ ရှိရမည်။ ဥပမာ မည်သို့သော လမ်းကြောင်းမျိုးကို လူတို့ လျှောက်သင့်သည်၊ မည်သို့ အသက်ရှင်သင့်သည်၊ အဓိပ္ပာယ်ရှိသောဘဝကို မည်သို့ အသက်ရှင်သင့်သည်ဆိုသည်တို့ဖြစ်သည်။ သင်သည် အနည်းဆုံးအနေဖြင့် ဘဝ၏ စစ်မှန်သော တန်ဖိုးအနည်းငယ်ကို စူးစမ်းလေ့လာသင့်သည်။ ဤဘဝကို အချည်းနှီး အသက်ရှင်၍ မရပေ။ ပြီးလျှင် ဤကမ္ဘာမြေပေါ်သို့ အချည်းနှီးရောက်ရှိလာ၍ မရပေ။ အခြားအချက်တွင် သင်သည် သင်၏ဘဝသက်တမ်းအချိန်အတွင်းတွင် သင်၏ တာဝန်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်သည်။ ကြီးမားသော တာဝန်၊ အလုပ် သို့မဟုတ် ဝတ္တရားတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းကို ငါတို့ ပြောဆိုနေခြင်းမဟုတ်ပေ။ သို့သော် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင်ဖြစ်မြောက်သင့်သည်။ ဥပမာ အသင်းတော်တွင် လူအချို့သည် ဧဝံဂေလိ ဖြန့်ဝေခြင်းအမှုကို အားကုန်စိုက်ထုတ်၍ လုပ်ဆောင်ကြပြီး ၎င်းတို့ တစ်ဘဝလုံး၏ အားအင်ကို ဆက်ကပ်အပ်နှံကြသည်။ အဖိုးအခ ကြီးစွာပေးဆပ်ပြီး လူများစွာကို ရရှိကြသည်။ ဤအတွက်ကြောင့် ၎င်းတို့၏ ဘဝများသည် အချည်းနှီးအသက်ရှင်ခဲ့ခြင်းမရှိ၊ ၎င်းတို့သည် တန်ဖိုးရှိပြီး ကိုယ်စိတ်ချမ်းသာမှု ရှိသည်ဟူ၍ ၎င်းတို့က ခံစားရသည်။ ဖျားနာခြင်း၊ သို့မဟုတ် သေခြင်းကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ တစ်ဘဝလုံးကို အနှစ်ချုပ်ပြီး ၎င်းတို့ အစဉ်လုပ်ဆောင်ခဲ့သမျှတိုင်းကို၊ ၎င်းတို့ လျှောက်ခဲ့သောလမ်းကို ပြန်လည်စဉ်းစားသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် စိတ်သက်သာမှုကို တွေ့ရှိကြသည်။ အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ၎င်းတို့ မခံစားရပေ။ လူအချို့သည် အသင်းတော်ကို ဦးဆောင်စဉ်တွင်၊ သို့မဟုတ် အလုပ်ကဏ္ဍတစ်ခုအတွက် တာဝန်ခံရစဉ်တွင် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စွမ်းရည် အပြည့်အဝကို ထုတ်လွှတ်ကြပြီး အားကုန် ထုတ်သုံးကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အလုပ်အတွက် အားအင်အလုံးစုံကို အသုံးပြုပြီး အဖိုးအခပေးဆပ်ကြသည်။ ၎င်းတို့သည် အားကြီးပြီး ခိုင်မာစွာ ရပ်တည်ရန်၊ နောက်မဆုတ်ရန်၊ ထိုအစား ဘုရားသခင်၏ မျက်မှောက်တော်သို့ ပြန်လာပြီး နောက်ဆုံး၌ ဘုရားသခင်အတွက်ပင် သက်သေခံရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်းတို့အလယ်တွင် ၎င်းတို့၏ ရေလောင်းခြင်း၊ ခေါင်းဆောင်ခြင်း၊ ကူညီပံ့ပိုးခြင်းမှတစ်ဆင့် လူများစွာကို ကူညီကြသည်။ ထို့အပြင် ၎င်းတို့ ခေါင်းဆောင်သည့် အချိန်ကာလအတွင်းတွင် အရေးပါသော အလုပ်များစွာကို ပြီးမြောက်ကြပြီး ဆိုးယုတ်သောသူ တော်တော်များများကို ရှင်းလင်းပစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပေးသည်။ ကြီးမားသော ဆုံးရှုံးမှုအချို့ကို ပြန်လည် ရယူပေးသည်။ ဤအောင်မြင်မှုအားလုံးသည် ၎င်းတို့ ခေါင်းဆောင်သည့်အချိန်အတွင်းတွင် ဖြစ်ပေါ်သည်။ ၎င်းတို့လျှောက်ခဲ့သည့်လမ်းကြောင်းကို ပြန်ကြည့်လျှင်၊ ဤနှစ်များတစ်လျှောက်တွင် ၎င်းတို့လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ပေးဆပ်ခဲ့သည့် အဖိုးအခကို ပြန်ပြောင်းတွေးကြည့်လျှင် ၎င်းတို့သည် နောင်တရခြင်း၊ သို့မဟုတ် အပြစ်တင်ခြင်းကို မခံစားရပေ။ ၎င်းတို့သည် နောင်တနှင့် ထိုက်တန်ရန်အတွက် မည်သည့်အရာကိုမျှ မလုပ်ခဲ့ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် တန်ဖိုးကို သိသည့်စိတ်၊ ၎င်းတို့၏ စိတ်နှလုံးတွင် တည်ငြိမ်မှု၊ သက်သာမှုတို့နှင့် အသက်ရှင်ကြသည်။ ဤသည်မှာ အဘယ်မျှ ကောင်းလှသနည်း။ ဤသည်မှာ အကျိုးရလဒ် မဟုတ်လော။ (ဟုတ်သည်။) ဤတည်ငြိမ်ပြီး သက်သာသည့် ခံစားချက်သည်၊ ဤနောင်တများမရှိခြင်းသည် အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို လိုက်စားခြင်း၏ ရလဒ်နှင့် ဆုလာဘ်ဖြစ်သည်။ လူတို့အတွက် မြင့်မားသောစံနှုန်းများကို မသတ်မှတ်ဘဲ နေကြစို့။ လူတစ်ယောက်က သူ၏ ဘဝတစ်လျှောက်တွင် သူလုပ်ဆောင်သင့်သည့်၊ သို့မဟုတ် လုပ်ဆောင်လိုသည့် အလုပ်တစ်ခုနှင့် ရင်ဆိုင်ရသည့် အခြေအနေတစ်ခုကို စဉ်းစားကြည့်ကြစို့။ သူ၏ နေရာကို ရှာတွေ့ပြီးနောက်တွင် သူသည် သူ၏နေရာတွင် ခိုင်မာစွာရပ်တည်သည်။ သူ၏ နေရာကို စွဲကိုင်ထားသည်။ ကြီးမားသော ဝေဒနာများကို ခံယူပြီး အဖိုးအခပေးဆပ်သည်။ သူ လုပ်ဆောင်သင့်ပြီး ပြီးမြောက်သင့်သည့်အရာကို အောင်မြင်ပြီး ပြီးမြောက်ရန် သူ၏ အားအင်အလုံးစုံကို ဆက်ကပ်အပ်နှံသည်။ ၎င်းတို့သည် နောက်ဆုံးတွင် ရှင်းလင်းပြောဆိုရန်အတွက် ဘုရားရှေ့၌ ရပ်သောအခါ အတော်အတန်ပင် ကျေနပ်မှုရှိကြပြီး ၎င်းတို့၏ စိတ်နှလုံးတွင် အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်း မရှိပေ။ ၎င်းတို့တွင် စိတ်သက်သာပြီး ဆုလာဘ် ရရှိသည်ဆိုသည့်၊ တန်ဖိုးရှိသော ဘဝကို နေထိုင်ခဲ့သည်ဆိုသည့် ခံစားချက်ရှိသည်။ ဤသည်မှာ အရေးပါသော ပန်းတိုင်မဟုတ်လော။ ယင်း၏ အတိုင်းအတာက မည်သို့ရှိသည်ဖြစ်စေ ယင်းသည် လက်တွေ့ကျသလောဆိုသည်ကို ငါ့အားပြောလော့။ (လက်တွေ့ကျသည်။) ယင်းသည် အသေးစိတ်ကျသလော။ လုံလောက်စွာပင် အသေးစိတ်ကျပြီး လုံလောက်စွာပင် လက်တွေ့ကျသည်။ ပြီးလျှင် လုံလောက်စွာပင် အရှိအတိုင်းဖြစ်သည်။ ဤသို့ဆိုလျှင် တန်ဖိုးရှိသောဘဝကို နေထိုင်ပြီး အဆုံးတွင် ဤဆုလာဘ်မျိုးကို ရရှိရန်အတွက် လူတစ်ယောက်သည် ပင်ပန်းနွမ်းနယ်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖျားနာခြင်းကို တွေ့ကြုံရလျှင်ပင် သူ၏ ရုပ်ခန္ဓာက အနည်းငယ်ဒုက္ခခံပြီး အနည်းငယ် အဖိုးအခ ပေးရသည်မှာ ထိုက်တန်သည်ဟု သင် ထင်သလော။ (ထိုက်တန်သည်။) လူတစ်ယောက်သည် ဤလောကသို့ ရောက်လာသောအခါ ဇာတိပကတိ ပျော်မွေ့မှုအတွက်သာ မဟုတ်သကဲ့သို့ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းသက်သက်အတွက်လည်း မဟုတ်ပေ။ ထိုအရာများအတွက်သာ အသက်မရှင်သင့်ပေ။ ဤသည်မှာ လူသားဘဝ၏ တန်ဖိုးမဟုတ်သကဲ့သို့ မှန်ကန်သော လမ်းကြောင်းလည်းမဟုတ်ပေ။ လူသားဘဝ၏ တန်ဖိုးနှင့် လိုက်လျှောက်ရန် လမ်းမှန်တွင် တန်ဖိုးရှိသောအရာတစ်ခုကို ဖြစ်မြောက်ခြင်းနှင့် တန်ဖိုးရှိသော အလုပ်တစ်ခု၊ သို့မဟုတ် များစွာကို ပြီးမြောက်ခြင်းတို့ ပါဝင်သည်။ ဤသည်မှာ အသက်မွေးအလုပ်ဟု မခေါ်ပေ။ လမ်းမှန်ဟု ခေါ်သည်။ သင့်လျော်သော အလုပ်တာဝန်ဟုလည်း ခေါ်သည်။ ပြောလော့။ လူတစ်ယောက်သည် တန်ဖိုးရှိသောအလုပ်အချို့ကို ပြီးမြောက်ရန်၊ အဓိပ္ပာယ်ရှိသော၊ တန်ဖိုးရှိသော ဘဝကို အသက်ရှင်ရန်၊ သမ္မာတရားကို လိုက်စားပြီး ရယူရန်အတွက် အဖိုးအခပေးဆပ်ဖို့ ထိုက်တန်သလော။ သင်သည် အမှန်တကယ်ပင် သမ္မာတရားကို လိုက်စားပြီး နားလည်ရန်၊ ဘဝတွင် လမ်းမှန်ပေါ်သို့ စတင်လျှောက်လှမ်းရန်၊ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ရန် ဆန္ဒရှိလျှင် သင်၏ အားအင်အလုံးစုံကို ပေးဆပ်ရန်၊ အဖိုးအခပေးဆပ်ရန်၊ သင်၏အချိန်နှင့် ဘဝသက်တမ်း တစ်ခုလုံးကို ပေးဆပ်ရန် မတွန့်ဆုတ်သင့်ပေ။ ဤအချိန်ကာလအတွင်းတွင် ဖျားနာခြင်းအနည်းငယ်ကို သင်ကြုံတွေ့ရလျှင် ယင်းသည် အရေးကြီးမည်မဟုတ်၊ သင့်အား ဒုက္ခပေးမည်မဟုတ်ပေ။ ဤသည်မှာ ဘဝတစ်လျှောက်လုံး အေးဆေးပြီး အလဟဿနေထိုင်ခြင်း၊ ကောင်းစွာစားသောက်ရပြီး ကျန်းမာသည်အထိ ရုပ်ခန္ဓာကို ပျိုးထောင်၍ အဆုံး၌ အသက်ရှည်ခြင်းတို့ထက် အလွန်ပင်ပို၍ သာလွန်သည် မဟုတ်လော။ (ဟုတ်သည်။) ဤရွေးချယ်စရာနှစ်ခုထဲမှ မည်သည့်တစ်ခုက တန်ဖိုးရှိသောဘဝကို ဖြစ်စေသနည်း။ လူတို့သည် အဆုံးတွင် သေခြင်းကို ရင်ဆိုင်ရသောအခါ မည်သည့်တစ်ခုက ၎င်းတို့ကို သက်သာခြင်း၊ နောင်တမရှိခြင်းကို ယူဆောင်လာနိုင်သနည်း။ (အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ခြင်း ဖြစ်သည်။) အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ခြင်းဆိုသည်မှာ သင်၏ စိတ်နှလုံးတွင် အကျိုးရလဒ်များနှင့် ကိုယ်စိတ်ချမ်းသာမှုကို ခံစားရခြင်းဖြစ်သည်။ ကောင်းစွာစားသောက်ပြီး သေသည်အထိ ပန်းသွေးရောင် အသားအရည်ကို ထိန်းသိမ်းထားသူများကမူ အဘယ်သို့ ရှိသနည်း။ ၎င်းတို့သည် အဓိပ္ပာယ်ရှိသောဘဝကို မလိုက်စားပေ။ ထို့ကြောင့် သေဆုံးသောအခါ ၎င်းတို့သည် မည်သို့ ခံစားရသနည်း။ (အချည်းနှီး အသက်ရှင်ခဲ့သကဲ့သို့ ခံစားရသည်။) “အချည်းနှီး အသက်ရှင်ခြင်း” ဟူသည့် ဤစကားနှစ်လုံးသည် ပြတ်သားသည်။ “အချည်းနှီး အသက်ရှင်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ဘဝကို ဖြုန်းတီးခြင်းကို ဆိုလိုသည်။) အချည်းနှီး အသက်ရှင်ခြင်း၊ ဘဝကို ဖြုန်းတီးခြင်းဆိုသည့် ဤစကားနှစ်ခုအတွက် အခြေပြုချက်မှာ အဘယ်နည်း။ (၎င်းတို့ဘဝ၏ အဆုံးတွင် မည်သည့်အရာကိုမျှ ၎င်းတို့ မရရှိခဲ့သည်ကို တွေ့ရှိရသည်။) ဤသို့ဆိုလျှင် လူတစ်ယောက်သည် မည်သည့်အရာကို ရရှိသင့်သနည်း။ (သူသည် သမ္မာတရားကို ရရှိသင့်သည်၊ သို့မဟုတ် ဤဘဝတွင် တန်ဖိုးရှိသော၊ အဓိပ္ပာယ် ရှိသောအရာများ ဖြစ်မြောက်သင့်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏ တာဝန်ကို ထမ်းဆောင်သင့်သည်။ သူသည် ဤအရာများအားလုံးကို လုပ်ဆောင်ရန် ပျက်ကွက်ပြီး သူ၏ ရုပ်ခန္ဓာအတွက်သာ အသက်ရှင်လျှင် သူ၏ဘဝကို အချည်းနှီးအသက်ရှင်ခဲ့ပြီး ဖြုန်းတီးခဲ့သည်ဟု ခံစားရမည်။) သူသည် သေခြင်းကို ရင်ဆိုင်ရသောအခါ သူ၏ ဘဝတစ်လျှောက်တွင် လုပ်ဆောင်ခဲ့သည့်အရာများကို တွေးတောလိမ့်မည်။ “အို ငါသည် နေ့စဉ် စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းကိုသာ စဉ်းစားခဲ့သည်၊ ငါ၏ ကျန်းမာရေးက ကောင်းပြီး မည်သည့်ဖျားနာမှုကိုမျှ မကြုံခဲ့ရပေ၊ ငါ၏ တစ်ဘဝလုံးက ငြိမ်းချမ်းသည်၊ သို့သော် ယခုတွင် ငါအသက်ကြီးပြီး သေတော့မည်ဖြစ်သဖြင့် သေပြီးနောက်တွင် အဘယ်သို့ သွားမည်နည်း၊ ငရဲသို့သွားမည်လော၊ ကောင်းကင်ဘုံသို့ သွားမည်လော၊ ဘုရားသခင်က ငါ၏ အဆုံးသတ်ကို မည်သို့ စီစဉ်မည်နည်း၊ ငါ၏ ခရီးပန်းတိုင်အတွက် မည်သည့်နေရာသို့ သွားရမည်နည်း” ဟူ၍ ဆိုလိမ့်မည်။ သူသည် စိတ်မအေးနိုင်ဖြစ်လိမ့်မည်။ သူသည် သူ၏ဘဝတစ်လျှောက်တွင် ရုပ်ခန္ဓာ သက်သာမှုကို မွေ့လျော်လျက်ဖြင့် ယခင်က သတိပြုမိခြင်း လုံးဝမရှိခဲ့ပေ။ သို့သော် ယခုတွင် သေခြင်းက နီးကပ်လာသောအခါ စိတ်မအေးနိုင်ဖြစ်ကြသည်။ သူသည် စိတ်မအေးနိုင်ဖြစ်သောကြောင့် ပြင်ဆင်မှုများ ပြုလုပ်ဖို့ စတင်စဉ်းစားမည်မဟုတ်လော။ ဤအခြေအနေတွင် ပြုပြင်ရန် အချိန်ရှိသေးသလော။ (မရှိတော့ပါ။) သူသည် ပြေးလွှားရန် အင်အားမရှိတော့သကဲ့သို့ စကားပြောဆိုရန်လည်း အားမရှိတော့ပေ။ သူသည် အနည်းငယ် အဖိုးအခ ပေးဆပ်လိုလျှင်ပင်၊ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ် ခံလိုလျှင်ပင် သူ၏ ကိုယ်ကာယအင်အားသည် မလုံလောက်ပေ။ အပြင်ထွက်ပြီး ဧဝံဂေလိ ဟောလိုလျှင်ပင် ဤသို့ လုပ်ဆောင်ရန်အတွက် ကိုယ်လက်ကြံ့ခိုင်မှုမရှိပေ။ ထို့အပြင် သူသည် မည်သည့်သမ္မာတရားကိုမျှ နားမလည်ဘဲ အနည်းငယ်မျှပင် မိတ်သဟာယမဖွဲ့နိုင်ပေ။ ထိုသူအတွက် ပြုပြင်မှုများ ပြုလုပ်ရန် အချိန်မရှိတော့ပေ။ သူသည် ဓမ္မသီချင်းအချို့ကို နားထောင်လိုသည် ဆိုပါစို့။ နားထောင်လျက်ဖြင့် အိပ်ပျော်သွားသည်။ တရားဒေသနာတစ်ခုကို နားထောင်လိုသည်ဆိုပါစို့။ နားထောင်လျက်ဖြင့် ငိုက်မျဉ်းလာသည်။ သူ့တွင် အားအင်မရှိတော့ပေ။ အာရုံမစိုက်နိုင်ပေ။ ဤနှစ်များတစ်လျှောက်တွင် သူလုပ်ဆောင်ခဲ့သည့်အရာ၊ သူ၏ အားအင်တို့ကို မည်သည့်နေရာ၌ အသုံးချခဲ့သည်ဆိုသည်တို့ကို စဉ်းစားသည်။ ယခုတွင် သူသည် နှစ်လွန်နေပြီဖြစ်သည်။ သူ၏ သင့်လျော်သောအလုပ်ကို လုပ်ဆောင်လိုသော်လည်း သူ၏ ယိုယွင်းနေသော ကိုယ်ခန္ဓာက ခွင့်မပြုတော့ပေ။ သူ့တွင် အားအင်မရှိတော့ခြင်းပင်ဖြစ်သည်။ ဆန္ဒရှိလျှင်ပင် မည်သည့်အရာကိုမျှ မသင်ယူနိုင်ပေ။ သူ၏ တုံ့ပြန်မှုများသည်လည်း နှေးကွေးသည်။ သမ္မာတရားများစွာကို နားမလည်နိုင်ပေ။ သူသည် သူတစ်ပါးတို့နှင့် မိတ်သဟာယဖွဲ့ရန် ကြိုးစားသောအခါ လူတိုင်းက အလုပ်ရှုပ်ပြီး သူနှင့် မိတ်သဟာယဖွဲ့ရန် အချိန်မရှိပေ။ သူလုပ်ဆောင်သမျှတွင် စည်းမျဉ်း၊ သို့မဟုတ် လမ်းကြောင်းမရှိပေ။ အဆုံးတွင် မည်သို့ ဖြစ်ပျက်သနည်း။ သူသည် တွေးတောလေလေ၊ စိတ်မအေးနိုင်လေလေဖြစ်သည်။ တွေးတောလေလေ၊ နောင်တရလေလေဖြစ်သည်။ တွေးတောလေလေ၊ နောင်တများက စုပုံလာလေလေဖြစ်သည်။ အဆုံး၌ သေခြင်းကို စောင့်ဆိုင်းရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ သူ၏ ဘဝသည် ပြီးဆုံးသွားပြီး ပြုပြင်မှုများလုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ သူသည် နောင်တရသလော။ (ရသည်။) အလွန်နောက်ကျသွားပြီ ဖြစ်သည်။ အချိန်မရှိတော့ပေ။ သူသည် သေခြင်းကို ရင်ဆိုင်ရသောအခါ ရုပ်ခန္ဓာ သက်သာသည့်ဘဝကို ပျော်မွေ့ခြင်းသည် လုံးဝပင် အနှစ်မရှိဆိုသည်ကို သဘောပေါက်သွားသည်။ သူသည် အရာရာကို သိမြင်သွားပြီး သမ္မာတရားကို လိုက်စားပြီး တာဝန်ထမ်းဆောင်ရန်၊ တစ်စုံတစ်ခုကို ကောင်းစွာ လုပ်ဆောင်ရန် နောက်ပြန်လှည့်ချင်သော်လည်း မည်သည့်နေရာတွင်မဆို မည်သည့်အရာကိုမျှ မဖြစ်မြောက်နိုင်၊ သို့မဟုတ် မကြိုးပမ်းနိုင်ပေ။ ဤဘဝသည် ပြီးဆုံးလုနီးပြီဖြစ်သည်။ နောင်တများနှင့် အဆုံးသတ်ပြီး ကြီးစွာသော နောင်တနှင့် စိတ်ပူပင်မှုတို့ကို သယ်ဆောင်သွားသည်။ သေခြင်းကို ရင်ဆိုင်ရသောအခါ ဤသို့လူမျိုးတို့၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် နောင်တ၊ သံဝေဂရလျက်၊ စိုးရိမ်ပူပင်လျက်ဖြင့်သာ သေဆုံးနိုင်သည်။ ၎င်းတို့၏ ဘဝသည် အချည်းနှီးအသက်ရှင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ရုပ်ခန္ဓာသည် မည်သည့် ဆင်းရဲဒုက္ခကိုမျှ မခံခဲ့ရပေ။ လေမထိဘဲ၊ နေရောင်မကျရောက်ဘဲ၊ မည်သည့်စွန့်စားမှုကိုမျှ မလုပ်ဆောင်ဘဲ သက်သာခြင်းကိုသာ ၎င်းတို့ ခံစားခဲ့သည်။ မည်သည့် အဖိုးအခကိုမျှ မပေးဆပ်ခဲ့ပေ။ ကျန်းမာရေးကောင်းစွာ အသက်ရှင်ခဲ့ပြီး မည်သည့်ရောဂါကိုမျှ တွေ့ကြုံမှု မရှိသလောက်ဖြစ်သည်။ အအေးမိခြင်းပင် မရှိလုနီးပါးဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ရုပ်ခန္ဓာကို ကောင်းစွာ ဂရုစိုက်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် မည်သည့်တာဝန်ကိုမျှ ၎င်းတို့ မထမ်းဆောင်ခဲ့ပေ၊ သို့မဟုတ် မည်သည့်သမ္မာတရားကိုမျှ မရရှိခဲ့ပေ။ သေခါနီး အခိုက်အတန့်တွင်သာ နောင်တရကြသည်။ ၎င်းတို့သည် အမှန်တကယ် နောင်တရလျှင် အဘယ်သို့နည်း။ ဤသည်မှာ ၎င်းတို့ကိုယ်တိုင်၏ လုပ်ရပ်များ၏ ရလဒ်အဖြစ် ဒုက္ခခံရခြင်းဟု ခေါ်သည်။

လူတစ်ယောက်သည် တန်ဖိုးရှိသော၊ အဓိပ္ပာယ်ရှိသော ဘဝကို နေထိုင်လိုလျှင် သမ္မာတရားကို လိုက်စားရမည်။ ရှေးဦးစွာ သူသည် ဘဝအပေါ်တွင် မှန်ကန်သော သဘောထားရှိရမည်ဖြစ်ပြီး ဘဝတွင်၊ သူ၏ ဘဝလမ်းကြောင်းတွင် သူရင်ဆိုင်ရသော ကိစ္စကြီးငယ်အမျိုးမျိုးအပေါ်တွင်လည်း မှန်ကန်သော အတွေးအမြင်များရှိရမည်။ သူ၏ ဘဝလမ်းကြောင်း တစ်လျှောက်တွင်၊ သို့မဟုတ် သူ၏ နေ့စဉ်အသက်တာတစ်လျှောက်တွင် သူကြုံတွေ့ရသော ပြဿနာအမျိုးမျိုးကို အစွန်းရောက်သော၊ သို့မဟုတ် တစ်ယူသန်သော အတွေးအမြင်များ အသုံးပြုလျက် ချဉ်းကပ်မည့်အစား ဤအမှုကိစ္စများအားလုံးကို မှန်ကန်သော ရှုထောင့်၊ ရပ်တည်ချက်မှနေ၍လည်း ကြည့်ရှုသင့်သည်။ ဤအမှုကိစ္စများကို လောကီနှင့်ဆိုင်သော အမြင်ရှုထောင့်မှနေ၍လည်း မရှုမြင်ရသည်မှာ ပြောစရာမလိုပေ။ ထိုအစား ဤသို့သော အပျက်သဘောဆောင်သည့်၊ မမှန်ကန်သည့် အတွေးအမြင်များကို လက်လွှတ်သင့်သည်။ သင်သည် ဤအရာကို ရရှိလိုလျှင် ရှေးဦးစွာ လူတို့၏ စိတ်တွင်ထားရှိသည့် အပျက်သဘောဆောင်သော အတွေးအမျိုးမျိုးကို ပိုင်းခြားစိစစ်ခြင်း၊ ဖော်ထုတ်ခြင်း၊ သိမြင်ခြင်းတို့ကို လုပ်ဆောင်သင့်သည်။ ထို့နောက်တွင် သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို ပြောင်းလဲပြီး ပြုပြင်ခြင်း၊ ယင်းတို့ကို လက်လွှတ်ခြင်း၊ မှန်ကန်သော၊ အပြုသဘောဆောင်သော အတွေးအမြင်များကို ရရှိခြင်း၊ ထို့အပြင် လူများ၊ အမှုအရာများကို ရှုမြင်ရန် မှန်ကန်သော အမြင်ရှုထောင့်နှင့် ရပ်တည်ချက်ကို ရရှိခြင်းတို့အား လုပ်ဆောင်နိုင်စွမ်းရှိလာသင့်သည်။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သမ္မာတရားကို လိုက်စားရန် လိုအပ်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လိမ့်မည်။ လူတစ်ယောက်သည် လူများ၊ အမှုအရာများကို ရှုမြင်ခြင်းအတွက် မှန်ကန်သောအမြင်၊ ရှုထောင့်၊ ရပ်တည်ချက်တို့ကို ပိုင်ဆိုင်သောအခါတွင် ဤသည်မှာ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းဟု ဆိုလိုသည်ဟု အတိအကျဆိုနိုင်သည်မှာ ပြောစရာမလိုပေ။ လူတို့သည် ဤသာမန်လူ့သဘာဝမျိုးနှင့် ဤမှန်ကန်သောအတွေးအမြင်များကို ပိုင်ဆိုင်လျှင် ၎င်းတို့အနေဖြင့် သမ္မာတရားကို လိုက်စားရန် အလွန်ပင်ပို၍ အခက်အခဲ မရှိဖြစ်လာပြီး အလွန်ပို၍ လွယ်ကူလာသည်။ ဤသည်မှာ လူတစ်ယောက်သည် ခရီးပန်းတိုင်တစ်ခုသို့ ရောက်ရှိလိုသောအခါကဲ့သို့ဖြစ်သည်။ သူသည် လမ်းမှန်ပေါ်တွင်ရှိပြီး မှန်သော ဦးတည်ချက်သို့ ဦးတည်သွားနေလျှင် သူ၏ အရှိန်က မည်သို့ဖြစ်စေ နောက်ဆုံးတွင် ထိုခရီးပန်းတိုင်သို့ ရောက်လိမ့်မည်။ သို့ရာတွင် လူတစ်ယောက်သည် သူရည်ရွယ်သော ခရီးပန်းတိုင်၏ ဆန့်ကျင်ဘက်သို့ ဦးတည်သွားလျှင် သူသွားသည်မှာ မည်မျှမြန်သည်ဖြစ်စေ၊ နှေးသည်ဖြစ်စေ သူ၏ ပန်းတိုင်၏ အဝေးသို့သာ ရောက်လိမ့်မည်။ ထိုဓလေ့သုံးစကားမှာ အဘယ်သို့ရှိသနည်း။ “ခုတ်ရာတခြား၊ ရှရာတစ်လွဲ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူအချို့က ဘုရားကို ယုံကြည်ပြီး ကယ်တင်ခြင်းကို ရရှိလိုသော်လည်း ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်သို့ လိုက်ခြင်းကဲ့သို့ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် ကယ်တင်ခြင်းရရှိဖို့ မဖြစ်နိုင်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ၎င်းတို့၏ အဆုံးစွန်ရလဒ်က မည်သို့ ဖြစ်မည်နည်း။ အသေချာပင် အပြစ်ဒဏ်ပေးခြင်း ဖြစ်လိမ့်မည်။ ဥပမာပေးရလျှင် လူတစ်ယောက်သည် ကင်ဆာဖြစ်ပြီး သေဖို့ ကြောက်ရွံ့သည်ဆိုပါစို့။ သူသည် သေခြင်းကို လက်ခံဖို့ ငြင်းဆန်ပြီး သူ့အား သေခြင်းမှ ကာကွယ်ရန်၊ သူ၏ အသက်ကို နှစ်အနည်းငယ်ပို၍ တိုးစေရန်အတွက် ဘုရားသခင်ထံသို့ အစဉ်မပြတ်ဆုတောင်းသည်။ သူသည် နှစ်အနည်းငယ်ပို၍ အသက်ရှင်ဖို့ လုပ်ဆောင်နိုင်ပြီး သူ၏ ပန်းတိုင်ကို ရရှိကာ သေခြင်းကို ရှောင်ကြဉ်ခြင်းမှ ရရှိလာသည့် ပျော်ရွှင်မှုကို တွေ့ကြုံခံစားရသော်လည်း သူသည် တစ်ရက်ပြီး တစ်ရက် ဖြတ်သန်းရာတွင် စိတ်ဖိစီးမှု၊ ပူပင်မှု၊ စိတ်သောကတို့ဖြစ်သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ရှိနေသည်။ သူသည် ကံကောင်းသည်ဟု ခံစားရသည်။ ဘုရားသခင်က အလွန်ကောင်းသည်၊ အမှန်ပင် ကြီးကျယ်ခမ်းနားသည်ဟူ၍ သူ ခံစားရသည်။ သူကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ထပ်ခါထပ်ခါ အသနားခံမှု၊ မိမိကိုယ်ကို ချစ်မှု၊ မိမိကိုယ်ကို ဂရုစိုက်မှုတို့မှတစ်ဆင့် သေခြင်းကို ရှောင်ကြဉ်ပြီး အဆုံးတွင် သူ ဆန္ဒရှိသည့်အတိုင်း ဆက်လက်၍ အသက်ရှင်သည်။ သူသည် ဘုရားသခင်၏ ထိန်းသိမ်းခြင်း၊ ကျေးဇူးတော်၊ ချစ်ခြင်း၊ ညှာတာခြင်းတို့အတွက် ကျေးဇူးတော် ချီးမွမ်းသည်။ နေ့စဉ် ဘုရားအား ကျေးဇူးတင်ပြီး ဤအရာအတွက် ကျေးဇူးတော်ချီးမွမ်းရန် ဘုရားရှေ့သို့ လာရောက်သည်။ သူသည် ဓမ္မသီချင်း သီဆိုစဉ်နှင့် ဘုရားနှုတ်ကပတ်တော်အား ဆင်ခြင်စဉ်တွင် မကြာခဏ မျက်ရည်ကျသည်။ ဘုရားသခင်က မည်မျှ အံ့ဩဖွယ်ဖြစ်သည်ကို စဉ်းစားသည်။ “ဘုရားသခင်က အမှန်ပင် သေခြင်းနှင့် ရှင်ခြင်းကို ထိန်းချုပ်သည်၊ သူသည် ငါ့အား အသက်ရှင်ခွင့်ပေးခဲ့သည်” ဟူ၍ ဖြစ်သည်။ သူသည် တာဝန်ကို နေ့စဉ် ထမ်းဆောင်နေစဉ်တွင် ဒုက္ခကို မည်သို့ ဦးစားပေးပြီး သာယာမှုကို နောက်တွင် ထားရမည်၊ အရာရာ၌ သူတစ်ပါးတို့ထက် မည်သို့ ပို၍ကောင်းအောင် လုပ်ဆောင်ရမည်ဆိုသည်တို့ကို မကြာခဏ စဉ်းစားကြသည်။ ဤသို့အားဖြင့် သူကိုယ်တိုင်၏ အသက်ကို ထိန်းသိမ်းပြီး သေခြင်းကို ရှောင်ကြဉ်နိုင်ရန်အတွက် ဖြစ်သည်။ သူသည် နောက်ဆုံးတွင် နှစ်အနည်းငယ်ပို၍ အသက်ရှင်ရပြီး အလွန်ပင် ကျေနပ်ပျော်ရွှင်သည်။ သို့သော် တစ်နေ့တွင် သူ၏ ရောဂါက အခြေအနေပိုဆိုးလာပြီး ဆရာဝန်က နောက်ဆုံးသတိပေးချက်ပြုကာ နောက်ဆုံးအချိန်အတွက် ပြင်ဆင်ရန် ပြောသည်။ ယခုတွင် သူသည် သေခြင်းကို ရင်ဆိုင်ရသည်။ သူသည် အမှန်ပင် သေလုဆဲဆဲဖြစ်သည်။ သူသည် မည်သို့ တုံ့ပြန်မည်နည်း။ သူ အကြောက်ရွံ့ဆုံးသောအရာက သူ့အပေါ်သို့ ကျရောက်လာပြီ၊ သူ အစိုးရိမ်ဆုံးသောအရာက နောက်ဆုံး၌ ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ ထိုသူက ရှုမြင်ပြီး တွေ့ကြုံခံစားဖို့အတွက် အတွန့်ဆုတ်ဆုံးသော နေ့ရက်သည် ရောက်ရှိလာပြီဖြစ်သည်။ ရုတ်ချည်းပင် သူ၏ စိတ်နှလုံးက စို့နင့်သွားပြီး သူ၏ စိတ်အခြေအနေက အောက်ဆုံးသို့ရောက်သွားသည်။ သူသည် တာဝန်ထမ်းဆောင်ရန် စိတ်မပါတော့ဘဲ ဘုရားကို ဆုတောင်းရန် စကားလုံးမရှိတော့ပေ။ ဘုရားသခင်အား မချီးမွမ်းလိုတော့ပေ၊ သို့မဟုတ် ဘုရားသခင်က မည်သည့်စကားကိုမဆို ပြောခြင်း၊ မည်သည့်သမ္မာတရားကိုမဆို ပံ့ပိုးပေးခြင်းတို့ကို မကြားလိုတော့ပေ။ ဘုရားသခင်က ချစ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ညှာတာခြင်း၊ ကြင်နာခြင်းဖြစ်သည်ဆိုသည်ကို မယုံကြည်တော့ပေ။ တစ်ချိန်တည်းတွင် သူသည် “ဤနှစ်များတစ်လျှောက်တွင် ငါသည် အစားကောင်းအသောက်ကောင်းများကို ပို၍စားရန်၊ အားလပ်သောအချိန်တွင် အပြင်သွား၍ ပျော်ပါးရန် မေ့လျော့နေခဲ့သည်၊ ယခုတွင် ဤအရာများကို လုပ်ဆောင်ရန် ငါ့၌ အခွင့်အရေးမရှိတော့” ဟူ၍ နောင်တရသည်။ သူ၏ စိတ်သည် နာကြည်းခြင်း၊ ကြေကွဲဝမ်းနည်းခြင်းများနှင့် ပြည့်နေသည်။ သူ၏ စိတ်နှလုံးသည် နာကျင်မှုနှင့် ဘုရားသခင်အပေါ် ညည်းညူမှု၊ မကျေနပ်မှု၊ ငြင်းဆန်မှုတို့နှင့်ပါ ပြည့်နေသည်။ ထို့နောက်တွင် သူသည် နောင်တရလျက် ဤကမ္ဘာမှ စွန့်ခွာသည်။ သူ မထွက်ခွာမီတွင် ဘုရားသခင်က သူ၏ စိတ်နှလုံး၌ ရှိဆဲဖြစ်သလော။ ဘုရားသခင် တည်ရှိခြင်းကို သူ ယုံကြည်ဆဲဖြစ်သလော။ (မယုံကြည်တော့ပါ။) ဤရလဒ်က အဘယ်သို့ ဖြစ်လာသနည်း။ ဤသည်မှာ အစကတည်းက သေခြင်း၊ ရှင်ခြင်းအပေါ် သူ ကိုင်စွဲသည့် မှားယွင်းသော အမြင်ရှုထောင့်များမှ စတင်သည်မဟုတ်လော။ (ဟုတ်သည်။) သူသည် အစကတည်းက မမှန်ကန်သော အတွေးအမြင်များကို ကိုင်စွဲရုံသာမကဘဲ ပို၍ပင် ဆိုးသည်မှာ ထို့နောက်တွင် သူသည် ရှေ့သို့ဆက်၍ လိုက်စားရာ၌ သူ၏ ကိုယ်ပိုင်အတွေးအမြင်များနောက်လိုက်ပြီး ယင်းတို့နှင့်အညီ လုပ်ဆောင်သည်။ မည်သည့်အခါမျှ လက်မလျှော့ပေ။ သူသည် နောက်ပြန်လှည့်မကြည့်ဘဲ ရှေ့သို့ ချီတက်ကာ လမ်းမှားသို့ အမြန်ပြေးသွားခဲ့သည်။ ရလဒ်အနေဖြင့် အဆုံး၌ သူသည် ဘုရားသခင်အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားသည်။ သူ၏ ယုံကြည်ခြင်းခရီးသည် ဤသို့ဖြင့် အဆုံးသတ်သွားသည်။ ဤနည်းအားဖြင့် သူ၏ ဘဝက ပြီးဆုံးသည်။ သမ္မာတရားကို သူ ရရှိခဲ့သလော။ ဘုရားသခင်က သူ့အား ရရှိခဲ့သလော။ (မရရှိပါ။) နောက်ဆုံး၌ သူ သေသောအခါ သေခြင်းနှင့်ပတ်သက်၍ သူဖက်တွယ်ထားသည့် အမြင်နှင့် သဘောထားက ပြောင်းလဲခဲ့သလော။ (မပြောင်းလဲပါ။) သူသည် သက်သာခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းတို့နှင့် သေသလော၊ သို့မဟုတ် နောင်တ၊ တွန့်ဆုတ်ခြင်း၊ ခါးသီးခြင်းတို့နှင့် သေသလော။ (သူသည် တွန့်ဆုတ်ခြင်း၊ ခါးသီးခြင်းနှင့် သေသည်။) သူသည် မည်သည့်အရာကိုမျှ လုံးဝ မရရှိခဲ့ပေ။ သမ္မာတရားကို မရရှိပေ။ ဘုရားသခင်ကလည်း သူ့ကို မရရှိခဲ့ပေ။ ဤသို့ဆိုလျှင် ဤသို့သောသူမျိုးသည် ကယ်တင်ခြင်းကို ရရှိခဲ့သည်ဟု သင်တို့ ဆိုမည်လော။ (မဆိုပါ။) သူသည် ကယ်တင်ခြင်းမခံရပေ။ သူ မသေမီတွင် သူသည် များစွာ ပြေးလွှားသွားလာခဲ့ပြီး ကြီးစွာ အသုံးခံခဲ့သည်မဟုတ်လော။ (ဟုတ်သည်။) အခြားလူများကဲ့သို့ပင် သူသည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ တာဝန်ကို ထမ်းဆောင်သည်။ အပြင်ပန်းတွင် သူနှင့် အခြားလူတိုင်းကြားတွင် ကွာခြားမှု လုံးဝ မရှိသည့်ပုံစံရှိသည်။ ဖျားနာခြင်းနှင့် သေခြင်းကို သူ ကြုံတွေ့သောအခါ သူသည် ဘုရားကို ဆုတောင်းပြီး သူ၏ တာဝန်ကိုလည်း မစွန့်လွှတ်သေးပေ။ ဆက်လက်၍ အလုပ်လုပ်သည်။ သူ ယခင်ကလုပ်သည့် ပမာဏအတိုင်းပင် လုပ်ဆောင်သည်။ သို့ရာတွင် လူတို့နားလည်ပြီး သိမြင်သင့်သည့် အရာတစ်ခုရှိသည်။ ဤလူ၏ စိတ်တွင်ထားရှိသော အတွေးအမြင်များသည် အစဉ်သဖြင့် အပျက်သဘောဆောင်ပြီး မှားယွင်းမှုရှိသည်။ သူ၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် သူဒုက္ခခံသည့် ပမာဏ၊ သို့မဟုတ် သူ ပေးဆပ်သည့် အဖိုးအခက မည်သို့ရှိသည်ဖြစ်စေ သူ၏ လိုက်စားမှုတွင် ဤမှားယွင်းသော အတွေးအမြင်များ ထားရှိသည်။ သူသည် ဤအတွေးအမြင်များ၏ ထိန်းချုပ်ခြင်းကို စဉ်ဆက်မပြတ် ခံရပြီး သူ၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို သူ့တာဝန်ဆီသို့ ယူဆောင်လာသည်။ သူ၏ ကိုယ်ပိုင်ရှင်သန်ရေးအတွက် အလဲအလှယ်လုပ်ရန် သူ၏ တာဝန်ထမ်းဆောင်ခြင်းကို ဘုရားသခင်အား ပူဇော်ဆက်ကပ်ဖို့၊ သူ၏ ရည်ရွယ်ချက်ကို ရရှိဖို့ ကြိုးပမ်းအားထုတ်သည်။ သူ၏ လိုက်စားမှု၏ ပန်းတိုင်မှာ သမ္မာတရားကို လိုက်စားရန်၊ သို့မဟုတ် ရရှိရန်၊ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များအားလုံးကို နာခံရန် မဟုတ်ပေ။ သူ၏ လိုက်စားမှု ပန်းတိုင်မှာ ဤအရာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနှင့် သတ်မှတ်ချက်များဖြင့် နေထိုင်လိုပြီး သူလိုက်စားလိုသည့်အရာကို ရရှိလိုသည်။ သူ၏ ကိုယ်ပိုင်ကံကြမ္မာကို စီစဉ်ညွှန်ကြားလိုပြီး သူကိုယ်တိုင်၏ ရှင်ခြင်း၊ သေခြင်းကိုပင် စီစဉ်ညွှန်ကြားလိုသည်။ ထို့ကြောင့် လမ်းဆုံးတွင် သူ၏ အဆုံးသတ်မှာ မည်သည့်အရာကိုမျှ လုံးဝ မရရှိခြင်းဖြစ်သည်။ သူသည် သမ္မာတရားကို မရရှိဘဲ အဆုံးတွင် ဘုရားသခင်ကို ငြင်းဆန်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း မရှိတော့ပေ။ သေခြင်းက ချဉ်းကပ်လာသည့်အခါတွင်ပင် သူသည် လူတို့က မည်သို့ အသက်ရှင်သင့်သည်၊ ဖန်ဆင်းခံတစ်ယောက်က ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို မည်သို့ သဘောထားသင့်သည်ဆိုသည်တို့ကို နားလည်ရန် မတတ်နိုင်ဆဲဖြစ်သည်။ ဤသည်မှာ သူနှင့်ပတ်သက်ပြီး သနားစရာအကောင်းဆုံး၊ ဝမ်းနည်းစရာ အကောင်းဆုံးသောအရာဖြစ်သည်။ သေအံ့ဆဲဆဲတွင်ပင် လူတစ်ယောက်၏ ဘဝတစ်လျှောက်တွင် အရာရာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အောက်၌ ရှိသည်ကို နားလည်ရန် မတတ်နိုင်ခဲ့ပေ။ ဖန်ဆင်းရှင်က သင့်အား အသက်ရှင်စေလိုလျှင် သင်သည် သေစေနိုင်သော ရောဂါ၏ ဒုက္ခပေးခြင်းကို ခံရလျှင်ပင် သေမည်မဟုတ်ပေ။ ဖန်ဆင်းရှင်က သင့်အား သေစေလိုလျှင် သင်က ငယ်ရွယ်သည်၊ ကျန်းမာသည်၊ သန်မာသည်ဆိုလျှင်ပင် အချိန်ကျသောအခါ သေရမည်ဖြစ်သည်။ အရာရာတိုင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အောက်တွင်ရှိသည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာဖြစ်သည်။ မည်သည်ကမျှ ယင်းကို မကျော်လွန်နိုင်ပေ။ ဤသို့သော ရိုးရှင်းသော အချက်တစ်ခုကို နားလည်သဘောပေါက်ရန် မတတ်နိုင်ခဲ့ပေ။ ဤသည်မှာ သနားစဖွယ် မဟုတ်သလော။ (ဟုတ်သည်။) သူသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ စုဝေးပွဲများတက်ပြီး တရားဒေသနာများ နားထောင်သော်လည်း၊ သူ၏ တာဝန်ကို ထမ်းဆောင်သော်လည်း၊ ဘုရားသခင် တည်ရှိခြင်းကို သူ ယုံကြည်သော်လည်း သေခြင်း၊ ရှင်ခြင်းအပါအဝင် လူသား၏ ကံကြမ္မာသည် လူသား၏ အလိုဆန္ဒနှင့် မသက်ဆိုင်ဘဲ ဘုရားသခင်၏ လက်ထဲ၌ရှိသည်ကို အသိအမှတ်ပြုရန် ထပ်ခါထပ်ခါ ငြင်းဆန်သည်။ မည်သူကမျှ သူ ဆန္ဒရှိရုံဖြင့် မသေပေ။ မည်သူကမျှ အသက်ရှင်လိုပြီး သေခြင်းကို ကြောက်ရွံ့ရုံဖြင့် အသက်မရှင်ပေ။ ဤသို့ ရိုးရှင်းသည့်အချက်ကို သဘောမပေါက်နိုင်ပေ။ သေခြင်းနှင့် ရင်ဆိုင်ရတော့မည့်အချိန်တွင်ပင် ဤအရာကို သိမြင်ဖို့ မတတ်နိုင်ခဲ့ပေ။ လူတစ်ယောက်၏ ရှင်ခြင်း၊ သေခြင်းကို သူကိုယ်တိုင် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဖန်ဆင်းရှင်၏ ကြိုတင်စီမံချက်အပေါ်တွင် မူတည်သည်ကို သူ မသိသေးပေ။ ဤသည်မှာ ဝမ်းနည်းဖွယ်ရာမဟုတ်သလော။ (ဟုတ်သည်။) ထို့ကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးသည် လူတို့အတွက် အရေးမပါသည့် ပုံစံရှိနိုင်သော်လည်း ယင်းတို့အားလုံးသည် လူတစ်ယောက်က သာမန်လူ့သဘာဝ၏ နယ်ပယ်အတွင်းတွင် လူများ၊ အမှုအရာများကို ရှုမြင်သည့် သဘောထားဖြင့် ပါဝင်ပတ်သက်နေသည်။ လူတစ်ယောက်သည် သာမန်လူသားဘဝနှင့် ဖြစ်တည်မှု၌ ဖြစ်ပေါ်သော အရာအမျိုးအစားတိုင်းကို အပြုသဘောဆောင်စွာ ချဉ်းကပ်နိုင်လျှင် သူ့၌ အတော်အတန်နည်းပါးသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များသာ ရှိလိမ့်မည်။ သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အတော်အတန်ပင် ပုံမှန်ဖြစ်ပြီး ဤသို့အားဖြင့် သမ္မာတရားကို သူ လိုက်စားပြီး လက်တွေ့အရှိတရားအတွင်းသို့ ဝင်ရောက်ရန် ပို၍ လွယ်ကူမည်၊ သူ ရင်ဆိုင်ရမည့် အခက်အခဲနှင့် အတားအဆီးများ လျော့ကျသွားမည်ဟူ၍လည်း ဆိုနိုင်သည်။ လူတစ်ယောက်၏ စိတ်နှလုံးတွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်မျိုးစုံဖြင့် ပြည့်နေလျှင် ဤသည်မှာ သူသည် ဘဝနှင့် ဖြစ်တည်မှု၏ အခက်အခဲများအား ချဉ်းကပ်ရာတွင် အပျက်သဘောဆောင်သော အတွေးအမျိုးမျိုးဖြင့် ပြည့်လျှံနေသည်ဟု အဓိပ္ပာယ်ရပြီး ဤသို့ဆိုလျှင် သမ္မာတရားကို သူ လိုက်စားရာ၌ အတားအဆီးများ၊ အခက်အခဲများကို ပို၍ တွေ့ကြုံရလိမ့်မည်။ သမ္မာတရားကို လိုက်စားရန် သူ၏ စိတ်ဆန္ဒက မပြင်းပြလျှင်၊ စိတ်အားထက်သန်မှု များစွာမရှိလျှင်၊ သို့မဟုတ် ဘုရားသခင်အတွက် အလွန်ကြီးမားသောစိတ်ဆန္ဒမရှိလျှင် သမ္မာတရားကို သူလိုက်စားရာတွင် ရင်ဆိုင်ရသော အခက်အခဲများ၊ အတားအဆီးများသည် ကြီးမားလိမ့်မည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ သူသည် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန် ရုန်းကန်ရလိမ့်မည်ဟု ဆိုလိုသည်။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြင်းထန်မှုကို ဘေးဖယ်ထားပြီး ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသက်သက်က သူ့အား ချည်နှောင်ပြီး ခြေလှမ်းတိုင်းကို ခက်ခဲစေလိမ့်မည်။ လူအချို့သည် မုန်းတီးမှု၊ ဒေါသ၊ ဝေဒနာ အမျိုးမျိုး၊ သို့မဟုတ် အခြားသော ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့တွင် ပေါ်ထွက်လာသော အတွေးအမျိုးမျိုးက အပျက်သဘောဆောင်သည်။ ဆိုလိုသည်မှာ အမှုကိစ္စအားလုံးနီးပါးတွင် သူ၏ အခြေအနေသည် အခြေခံအားဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ အုပ်စိုးခြင်းကို အစဉ်ခံရသည်။ သင်သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ဖြေရှင်းရန်၊ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက် အခြေအနေမှ လွတ်မြောက်ရန်အတွက် လိုအပ်သော စိတ်ခိုင်မာမှုနှင့် ဇွဲလုံ့လမရှိလျှင် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ သင် ဝင်ရောက်ရန် အလွန်အမင်း ခက်ခဲလိမ့်မည်။ လွယ်ကူမည်မဟုတ်ပေ။ ဤသည်မှာ လူတို့သည် သမ္မာတရားအား လိုက်စားခြင်း၏ လက်တွေ့အရှိတရားအတွင်းသို့ မဝင်ရောက်မီတွင် သာမန်လူ့သဘာဝနှင့် သက်ဆိုင်သည့် ပြဿနာတိုင်းနှင့် ပတ်သက်ပြီး အခြေခံအကျဆုံးသော မှန်ကန်သည့် အတွေးအမြင်၊ ရပ်တည်ချက်တို့ကို ဦးစွာ ပိုင်ဆိုင်ရမည်ဟု ဆိုလိုသည်။ ထိုမှသာ လူတို့သည် သမ္မာတရားကို နားလည်သဘောပေါက်ပြီး လက်ခံနိုင်သည်။ တဖြည်းဖြည်းချင်းဖြင့် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်သည်။ သမ္မာတရားအား တရားဝင် မလိုက်စားမီတွင် သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို ဦးစွာ ဖြေရှင်းပြီး ဤအဆင့်ကို ကျော်ဖြတ်ရမည်။ လူတို့သည် ဤအဆင့်ကို ကျော်ဖြတ်သွားပြီး အမျိုးမျိုးသော အမှုကိစ္စများနှင့် ပတ်သက်ပြီး ၎င်းတို့၏ အတွေး၊ အမြင်များ၊ ပြီးလျှင် လူများ၊ အမှုအရာများအပေါ် ၎င်းတို့ ရှုမြင်သည့် အမြင်ရှုထောင့်နှင့် ရပ်တည်ချက်တို့အားလုံး မှန်ကန်သွားသည်နှင့် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်ခြင်းသည် ၎င်းတို့အတွက် ပို၍ လွယ်ကူလိမ့်မည်။

ယခင်အခေါက်က လူတို့တွင် ဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက် အဘယ်ကြောင့် ထွက်ပေါ်လာရသည်ဆိုသည့် အကြောင်းရင်းတစ်ခုအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် မိမိတို့ နှစ်သက်သလို မလုပ်ဆောင်နိုင်သောကြောင့် ထိုစိတ်ခံစားချက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယနေ့တွင် ဤဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက် ထွက်ပေါ်လာခြင်း၏ အခြားအကြောင်းရင်းတစ်ခုအကြောင်းကို ငါတို့ ဆက်၍ မိတ်သဟာယဖွဲ့မည်။ အတိအကျဆိုရသော် လူတို့သည် ၎င်းတို့၏ ကျွမ်းကျင်မှုကို အသုံးမချနိုင်သောကြောင့် ဤဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်ဖြင့် မကြာခဏ အသက်ရှင်ကြခြင်းဖြစ်သည်။ ဤသည်မှာ အခြားအကြောင်းရင်းတစ်ခုမဟုတ်သလော။ (ဟုတ်သည်။) ယခင်အခေါက်က လူအချို့သည် အသင်းတော်တွင်၊ သို့မဟုတ် နေ့စဉ်အသက်တာတွင် မကြာခဏပင် ၎င်းတို့ နှစ်သက်သလို လုပ်ဆောင်လိုကြပြီး အလဟဿ နေထိုင်ကာ သင့်လျော်သော အလုပ်ကို အာရုံစိုက်ရန် ပျက်ကွက်ကြသောကြောင့် ၎င်းတို့၏ ဆန္ဒများ မပြည့်သောအခါ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားပုံကို ငါတို့ ပြောဆိုခဲ့သည်။ ဤတစ်ခါတွင် နောက်ထပ်လူတစ်စု၏ ဖော်ပြမှုများကို ငါတို့ မိတ်သဟာယဖွဲ့မည်။ ဤလူတို့သည် အချို့သော ပါရမီ၊ အားသာချက်၊ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အရည်အချင်းများကို ပိုင်ဆိုင်ကြသည်၊ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ပညာရပ် အမျိုးအစားတစ်ခုကို ကျွမ်းကျင်တတ်မြောက်ထားကြသည်ဟူ၍ စသည်တို့ ဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့သည် အသင်းတော်အတွင်းတွင် ၎င်းတို့၏ ပါရမီ၊ အားသာချက်၊ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးမချနိုင်ပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် မကြာခဏ စိတ်ဓာတ်ကျကြသည်။ ဤပတ်ဝန်းကျင်တွင် နေထိုင်ရသည့် ဘဝသည် သက်သောင့်သက်သာမရှိ၊ မပျော်ရွှင်သလို ဝမ်းမြောက်မှု ကင်းမဲ့နေသည်ဟူ၍ ခံစားရသည်။ အတိုချုပ်အားဖြင့်ဆိုလျှင် ဤခံစားချက်ကို ဖော်ပြသောစကားသည် ဖိနှိပ်ချုပ်ချယ်ခံရခြင်းဖြစ်သည်။ လောကီလူမှုအဖွဲ့အစည်းတွင် ဤသို့သောလူများကို မည်သို့ခေါ်သနည်း။ ပညာရှင်များ၊ နည်းပညာ ကျွမ်းကျင်သူများ၊ အထူးပြုကျွမ်းကျင်သူများဟု ခေါ်သည်။ အတိုချုပ်အားဖြင့် ဆိုလျှင် ၎င်းတို့ကို ကျွမ်းကျင်ပညာရှင်များအဖြစ် ညွှန်းဆိုကြသည်။ ကျွမ်းကျင်ပညာရှင်များက မည်သို့သော စရိုက်လက္ခဏာများကို ပိုင်ဆိုင်သနည်း။ ၎င်းတို့တွင် ကျယ်သောနဖူးရှိပြီး တောက်ပသော မျက်လုံးရှိသည်။ မျက်မှန်တပ်ပြီး ခေါင်းမော့ထားကြသည်။ လျင်မြန်သော ခြေလှမ်းဖြင့် လမ်းလျှောက်ပြီး အမှုကိစ္စများကို ပြတ်သားစွာ၊ ထိရောက်စွာ ကိုင်တွယ်သည်။ ၎င်းတို့၏ အထင်ရှားဆုံး လက္ခဏာမှာ မည်သည့်နေရာကို ၎င်းတို့ သွားသည်ဖြစ်စေ လက်ဆွဲကွန်ပြူတာများကို သယ်ဆောင်ကြခြင်းဖြစ်သည်။ ၎င်းတို့ကို ပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများအဖြစ် ချက်ချင်း လက်ခံအသိအမှတ်ပြုကြသည်။ အတိုချုပ်အားဖြင့် ဆိုလျှင် ဤသို့သောလူတို့သည် နည်းပညာအမျိုးအစား တစ်ခုခုတွင် အတတ်ပညာရပ်ဆိုင်ရာ အရည်အချင်း၊ သို့မဟုတ် အတော်အတန် ကျွမ်းကျင်မှုရှိကြသည်။ ၎င်းတို့သည် အတတ်ပညာရပ်ဆိုင်ရာ သင်ကြားပြသပေးမှုနှင့် နည်းပြပေးခြင်းတို့ကို ရရှိထားပြီး အတတ်ပညာရပ်ဆိုင်ရာ ညွှန်ကြားမှုနှင့် သင်တန်းတို့ကို တက်ခဲ့ပြီးဖြစ်သည်၊ သို့မဟုတ် ၎င်းတို့ထဲမှ အချို့က အတတ်ပညာရပ်ပိုင်းဆိုင်ရာ နည်းပြခြင်း၊ သင်တန်းပေးခြင်းတို့ကို မရရှိနိုင်သော်လည်း မွေးကတည်းက အချို့သော ပါရမီများ၊ အရည်အသွေးများကို ပိုင်ဆိုင်ကြသည်။ ဤသို့သောလူများကို ပညာရှင်များ၊ နည်းပညာ ကျွမ်းကျင်သူများအဖြစ် လူသိများကြသည်။ ဤလူများသည် အသင်းတော်သို့ ပါဝင်သောအခါ လူ့အဖွဲ့အစည်း၌ နေသောအခါကဲ့သို့ပင် ၎င်းတို့၏ လက်ဆွဲကွန်ပြူတာများကို မကြာခဏ သယ်ဆောင်ကြသည်။ မည်သည့်နေရာတွင် ၎င်းတို့ အလုပ်လုပ်သည်ဖြစ်စေ ပညာရှင်များ၊ နည်းပညာ ကျွမ်းကျင်သူများအဖြစ် အသိအမှတ်ပြုခံလိုကြသည်။ ၎င်းတို့သည် ကျွမ်းကျင်ပညာရှင်များဟု အခေါ်ခံရခြင်းကို မွေ့လျော်ပြီး ၎င်းတို့၏ မျိုးရိုးနာမည်ရှေ့တွင် “ပရော်ဖက်ဆာ” ဟု ထည့်ရခြင်းကို ပို၍ပင် နှစ်သက်ကြသည်ဟူ၍ စသည်တို့ ဖြစ်သည်။ ၎င်းတို့သည် ဤသို့ ခေါ်ဝေါ်ဆက်ဆံခြင်းကို ခံယူလိုသည်။ သို့ရာတွင် အသင်းတော်သည် အထူးနေရာတစ်ခုဖြစ်သည်။ အထူးအလုပ်ကို လုပ်ရသော နေရာဖြစ်သည်။ လောကီလူ့အဖွဲ့အစည်းတွင်ရှိသော မည်သည့်အုပ်စု၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းနှင့်မဆို ကွဲပြားသည်။ ဤနေရာတွင် မည်သည့်အရာကို ဆွေးနွေးလေ့ရှိသနည်း။ သမ္မာတရား၊ စည်းမျဉ်း၊ စည်းကမ်း၊ အလုပ်အစီအစဉ်များ၊ ထို့အပြင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းနှင့် ဘုရားသခင်အပေါ် သက်သေခံချက်တို့ကို ဆွေးနွေးသည်။ ပို၍ အခိုင်အမာဆိုရလျှင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများကို နာခံရန်၊ ဘုရားအိမ်တော်၏ အစီအစဉ်များနှင့် ဘုရားအိမ်တော်က ပြောဆိုသည့် စည်းမျဉ်းများကို နာခံရန် စသည်တို့ကိုလည်း လိုအပ်သည်မှာ ပြောစရာမလိုပေ။ ဤတိကျပြတ်သားသော စည်းကမ်းများကို အားပေးမြှင့်တင်ပြီး ထိုအရာများကို လူတို့ လက်တွေ့လုပ်ဆောင်ပြီး လိုက်နာရန် သတ်မှတ်လိုက်သည်နှင့် တစ်ပြိုင်နက် အသင်းတော်သို့ဝင်ခဲ့သော ဤကျွမ်းကျင်ပညာရှင်များသည် အတော်အတန် မတရားခံရသလို ခံစားရသည်။ ၎င်းတို့ သင်ယူခဲ့သည့် ကျွမ်းကျင်မှုများ၊ သို့မဟုတ် အချို့သော နယ်ပယ်များတွင် ၎င်းတို့ ကိုင်စွဲသော အသိပညာများသည် အသင်းတော်၌ မကြာခဏပင် အသုံးပြုခံရခြင်းမရှိပေ။ ၎င်းတို့ကို အရေးကြီးသောနေရာများသို့ ထားလေ့မရှိ၊ သို့မဟုတ် အထင်ကြီးလေးစားလေ့မရှိပေ။ ၎င်းတို့သည် မကြာခဏ ဘေးပို့ထားခြင်း ခံရသည်။ အလိုလိုအားဖြင့် ဤပုဂ္ဂိုလ်များသည် မကြာခဏ အလဟဿနေနေကြကာ ၎င်းတို့ အရည်အချင်းများသည် အသုံးချခြင်း မခံရသကဲ့သို့ ခံစားရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သို့ စဉ်းစားသနည်း။ “အို ဤသည်မှာ 'ကျားသည် လွင်ပြင်သို့ဆင်းလာလျှင် ခွေးများ၏ စော်ကားခြင်းကို ခံရမည်' ဟူသည့် ဆိုရိုးစကားကဲ့သို့ပင်ဖြစ်သည်၊ ယခင်က ဤနိုင်ငံတော်ပိုင်၊ သို့မဟုတ် နိုင်ငံခြားကုမ္ပဏီတစ်ခု၌ ငါ အလုပ်လုပ်ခဲ့စဉ်က မည်မျှ ဂုဏ်သရေရှိလိုက်သနည်း၊ ငါ၏ ကိုယ်ပိုင်အိတ်ကိုပင် သယ်ဖို့မလိုပေ၊ ပြီးလျှင် သူတစ်ပါးတို့က ငါ၏ နေ့စဉ်ဘဝ၏ ကဏ္ဍတိုင်းကို စီစဉ်ပေးပြီး ငါ့အတွက် အလုပ်လုပ်ပေးကြသည်၊ တစ်ခုတလေကိုမျှ စိုးရိမ်ဖို့ မလိုပေ၊ ငါသည် အဆင့်မြင့် ကျွမ်းကျင်ပညာရှင်၊ နည်းပညာရှင်ဆရာတစ်ဆူဖြစ်သည်၊ ထို့ကြောင့် ငါသည် ကုမ္ပဏီတွင် အရေးပါသူဖြစ်သည်၊ အရေးပါသူဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း၊ ယင်းသည် ငါမရှိလျှင် ကုမ္ပဏီက မလည်ပတ်နိုင်၊ မည်သည့်အစီအစဉ်ကိုမျှ ချမှတ်နိုင်မည်မဟုတ်၊ ကုမ္ပဏီဝန်ထမ်းအားလုံး အနားယူရမည်၊ ကုမ္ပဏီသည် ရုတ်သိမ်းရမည့် အန္တရာယ်ရှိမည်၊ ငါမပါ၍ မဖြစ်ပေဟု အဓိပ္ပာယ်ရသည်၊ ထိုနေ့ရက်များသည် ဂုဏ်သရေရှိသော နေ့ရက်များဖြစ်သည်၊ ငါသည် အမှန်ပင် အာရုံစိုက်ခံခဲ့ရသည့် အချိန်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ယခုအခါ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါ တူညီသော ဂုဏ်သရေအဆင့်ကို ခံစားလိုဆဲဖြစ်သည်။ ၎င်းတို့က “ငါ၏ အရည်အချင်းများဖြင့်ဆိုလျှင် ဘုရားအိမ်တော်တွင် ငါ့အတွက် ထင်ပေါ်ရန် နေရာ ပို၍ပင် ရှိသင့်သည်၊ ဤသို့ဆိုလျှင် ငါသည် အဘယ်ကြောင့် အသုံးချခြင်းမခံရသနည်း၊ အသင်းတော်တွင် ခေါင်းဆောင်များ၊ ညီအစ်ကိုမောင်နှမများက အဘယ်ကြောင့် အစဉ်သဖြင့် ငါ့ကို လျစ်လျူရှုထား်ကြသနည်း၊ အခြားလူများနှင့် ယှဉ်လျှင် ငါက မည်သည့်အရာ ချို့တဲ့နေသနည်း၊ ရုပ်ရည်နှင့်ပတ်သက်လျှင် ငါသည် ကြည့်ကောင်းသည်၊ ပင်ကိုစရိုက်နှင့်ပတ်သက်လျှင် ငါသည် အခြားလူတိုင်းထက် ပို၍ဆိုးခြင်းမရှိ၊ ဂုဏ်သိက္ခာနှင့် ပတ်သက်လျှင် ငါ့တွင် ပြဿနာလုံးဝမရှိ၊ နည်းပညာ ကျွမ်းကျင်မှုနှင့် ပတ်သက်လျှင် ငါသည် ထိပ်ဆုံးကဖြစ်သည်၊ ဤသို့ဆိုလျှင် အဘယ်ကြောင့် မည်သူကမျှ ငါ့အား အာရုံမစိုက်သနည်း၊ ငါ၏ စကားများ၊ အကြံပြုချက်များကို အဘယ်ကြောင့် မည်သူမျှ နားမထောင်သနည်း၊ ငါ့အား ဘုရားအိမ်တော်တွင် အဘယ်ကြောင့် ကောင်းစွာ လက်မခံသနည်း၊ ဘုရားအိမ်တော်က ငါကဲ့သို့သော ကျွမ်းကျင်ပညာရှင်ကို မလိုအပ်ခြင်း ဖြစ်နိုင်သလော၊ ဤနေရာကို ရောက်ကတည်းက ငါ၏ ကျွမ်းကျင်မှုများကို အသုံးပြုရန် မည်သည့်နေရာမျှ မရှိသည်မှာ အဘယ်သို့ ဖြစ်ရသနည်း၊ ဘုရားအိမ်တော်၏ အလုပ် ကဏ္ဍတစ်ခုတွင် ငါ သင်ယူခဲ့သော နည်းပညာကျွမ်းကျင်မှုများကို လိုအပ်ကို လိုအပ်ရမည်၊ ငါ၏ ကျွမ်းကျင်မှုသည် ဤနေရာတွင် တန်ဖိုးအထားခံရသင့်သည်၊ ငါသည် ပညာရှင်တစ်ယောက်ဖြစ်သည်၊ ငါသည် အဖွဲ့ခေါင်းဆောင်၊ ကြီးကြပ်သူ၊ ခေါင်းဆောင်တစ်ယောက် ဖြစ်သင့်သည်၊ အခြားလူများကို ဦးဆောင်သင့်သည်၊ ငါသည် အဘယ်ကြောင့် အစဉ်သဖြင့် အောက်ကလူဖြစ်နေသနည်း၊ မည်သူကမျှ ငါ့ကို အရေးမစိုက်၊ မည်သူကမျှ ငါ့အား မလေးစားပေ၊ မည်သို့ ဖြစ်နေသနည်း၊ ဤသည်မှာ အမှန်ပင် သမ္မာတရားကို ငါ နားမလည်လျှင် ငါ ရရှိသင့်သည့် ဆက်ဆံရေး ဖြစ်သလော” ဟူ၍ စဉ်းစားကြသည်။ ၎င်းတို့သည် ဤမေးခွန်းများကို မိမိတို့ကိုယ်ကို ထပ်ခါထပ်ခါ မေးမြန်းသော်လည်း အဖြေကို လုံးဝ ရှာမရပေ၊ ထို့ကြောင့် ၎င်းတို့သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားကြရသည်။

သံစုံကျူးအဖွဲ့က သီချင်းသီဆိုရန် စင်ပေါ်သို့ လာသောအခါတွင် ၎င်းတို့၏ ဆံပင်ပုံစံနှင့်ပတ်သက်၍ ငါ့အား တစ်ကြိမ်မေးဖူးသည်။ ငါက “ညီအစ်မများသည် ဆံပင်ကို အနောက်တွင် စု၍ စည်းထားနိုင်သည်၊ သို့မဟုတ်ပါက နားရွက်အထိ သို့မဟုတ် ပခုံးအထိ အရှည်ထား၍ ညှပ်နိုင်သည်၊ နောက်စေ့တွင် ဆံထုံးထုံးခြင်း သို့မဟုတ် ခေါင်းပေါ်တွင် ဆံထုံးထုံးခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်မှာ ပြောစရာမလိုပေ၊ ညီအစ်ကိုများက ခေါင်းတုံးဆံတောက်၊ သို့မဟုတ် အလယ်ခွဲ ပြုလုပ်နိုင်သည်၊ အဆင်တန်ဆာများ၊ သို့မဟုတ် ပုံသွင်းခြင်းတို့ မလိုအပ်ပေ၊ သပ်ရပ်သော၊ သန့်ရှင်းသော၊ သားနားသော၊ သဘာဝကျသော ပုံစံရှိရန်သာ သေချာစေလော့၊ အတိုချုပ်အားဖြင့် တည်ကြည်ပြီး သိက္ခာရှိကာ ခရစ်ယာန်တစ်ယောက်၏ ပုံစံပေါ်သရွေ့ ပြဿနာမရှိပေ၊ အဓိကကျသည့်အရာမှာ ကောင်းစွာသီဆိုပြီး အစီအစဉ်ကို တင်ဆက်ရန်ဖြစ်သည်” ဟု ဆိုခဲ့သည်။ ငါ၏ စကားများကို ရှင်းလင်းစွာ ပြောဆိုခြင်း ဖြစ်သလော။ နားလည်ရန် လွယ်ကူသလော။ (လွယ်ကူသည်။) ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးအတွက် ဆံပင်ပုံစံများကို ရှင်းလင်းစွာ ပြောခဲ့သည်။ ဆံပင်ပုံစံများကို ရွေးချယ်ခြင်းအတွက် စည်းမျဉ်းများမှာ အဘယ်နည်း။ ညီအစ်ကိုများသည် ဆံပင်ကို အလယ်ခွဲထားနိုင်သည်၊ သို့မဟုတ် ကတုံးဆံတောက်ထားနိုင်ပြီး ညီအစ်မများက ဆံပင်အတို သို့မဟုတ် အရှည်ထားနိုင်သည်။ ရှည်လျှင် နောက်တွင်စု၍ စည်းထားနိုင်ပြီး တိုလျှင် အလွန်မတိုစေရန်သာ သေချာစေလော့။ ယင်းမှာ စည်းမျဉ်းတစ်ခုဖြစ်သည်။ အခြားစည်းမျဉ်းမှာ သန့်ရှင်းခြင်းနှင့် သေသပ်ခြင်း ဖြစ်သည်။ အပြုသဘောဆောင်ပြီး သိက္ခာရှိသော အသွင်အပြင်ဖြစ်ကာ အပြုသဘောဆောင်သော စရိုက်လက္ခဏာ ဖြစ်သည်။ ငါတို့သည် လူ့အဖွဲ့အစည်းတွင် နာမည်ကြီးသူများဖြစ်ရန် သို့မဟုတ် ထင်ပေါ်ကျော်ကြားသူများဖြစ်ရန် ရည်ရွယ်ခြင်းမရှိပေ။ စွဲမက်ဖွယ်ကောင်းသော ပုံရိပ်ဖြစ်ရန် အားမထုတ်ပေ။ တည်ကြည်ပြီး သိက္ခာရှိသော အသွင်အပြင်သာ ဖြစ်သည်။ အတိုချုပ်အားဖြင့် မိမိသည် သန့်ရှင်းသော၊ သပ်ရပ်သော၊ တည်ကြည်ပြီး သိက္ခာရှိသော ပုံစံရှိသင့်သည်။ ငါ ပြောသည်မှာ ရှင်းလင်းသလော။ ဤစည်းမျဉ်းနှစ်ခုသည် နားလည်ပြီး လုပ်ဆောင်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) လူတို့သည် ဤစည်းမျဉ်းတို့ကို ကြားသည်နှင့် ၎င်းတို့၏ စိတ်နှလုံး၌ ရှင်းလင်းစွာ နားလည်ကြပြီး ထပ်၍ပြောဆိုရန် မလိုပေ။ ဤအရာအားလုံးကို ရရှိရန် အလွန်လွယ်ကူသည်။ ဆယ်ရက်ကျော် ရက်အနည်းငယ်ကြာပြီးနောက် ၎င်းတို့က ငါ့အား ဗီဒီယိုတစ်ခုပေးပို့သည်။ ထိုဗီဒီယိုကို ကြည့်သောအခါ ညီအစ်မများကို အတန်းလိုက် သုံးတန်း သို့မဟုတ် လေးတန်းဖြင့် မြင်တွေ့ရသည်။ ပထမအတန်းတွင် အားလုံး၌ ပုံသွင်းထားသော ဆံပင်ပုံစံရှိပြီး လူတစ်ယောက်ချင်းစီ၌ မတူညီသော ဆံပင်ပုံစံနှင့် အပြင်အဆင် ရှိကြသည်။ လူတိုင်းက ပုံစံတစ်မျိုးစီဖြစ်ပြီး ပုံစံတိုင်းက အမြင်ဆန်းနေသည်။ အသက်နှစ်ဆယ်အရွယ်ရှိသည့် ညီအစ်မအချို့က အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ်ကဲ့သို့ထင်ရပြီး အချို့မှာ အသက်ကြီးသော အမျိုးသမီးများနှင့် တူသည်။ အတိုချုပ်အားဖြင့် ဆိုရလျှင် လူတစ်ဦးချင်းစီတွင် မတူညီသော ဆံပင်ပုံစံရှိသည်။ ဗီဒီယိုကို ပို့လိုက်သည့်သူက “ကိုယ်တော်ရွေးချယ်ဖို့အတွက် များစွာသော ဆံပင်ပုံစံအမျိုးမျိုးကို ကျွန်ုပ်တို့ စီစဉ်ခဲ့သည်၊ ယင်းတို့ထဲမှ တစ်မျိုးမျိုးကို ရွေးချယ်နိုင်ပြီး ကျွန်ုပ်တို့က ထိုအတိုင်း ဖြစ်အောင် လုပ်ဆောင်နိုင်သည်၊ ကျွန်ုပ်တို့အတွက် ခက်ခဲမည်မဟုတ်၊ ကိုယ်တော်ရွေးချယ်ပြီးနောက်တွင် ကျွန်ုပ်တို့ကိုသာ ပြောလိုက်လျှင် ကျွန်ုပ်တို့ ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်သည်၊ ပြဿနာမရှိပါ” ဟု ဆိုသည်။ ဤဗီဒီယိုကိုကြည့်ပြီးနောက် ငါ မည်သို့ခံစားရသည်ဟု သင်တို့ထင်သနည်း။ ငါ အနည်းငယ် စက်ဆုပ်ရွံရှာမိသည်။ ထို့နောက် အနီးကပ် စစ်ဆေးကြည့်သောအခါတွင် စိတ်ရှုပ်လာသည်။ ၎င်းတို့အား ငါရှင်းပြခဲ့သော စည်းမျဉ်းများကို ငါ အမှတ်ရသောအခါ အဆုံးတွင် ငါသည် မှင်တက်သွားမိသည်။ ဘာပြောရမည်ပင် မသိတော့ပေ။ “အို၊ ဤလူတို့သည် လူ့ဘာသာစကားကို နားမလည်” ဟု ငါတွေးမိသည်။ ၎င်းတို့အား ငါပြောခဲ့သည့် စကားများ၊ ငါအသိပေးခဲ့သည့် စည်းမျဉ်းများနှင့် ယင်းတို့အားလုံးသည် မည်သူမဆို နားလည်သဘောပေါက်နိုင်သည့် အရာများဖြစ်ကြောင်းကို ငါတွေးတောခဲ့သည်။ ထိုမျှရိုးရှင်းသောအရာများသည် လူတို့အတွက် မခက်ခဲသည့်အပြင် ထိုအရာများကို ၎င်းတို့ လုပ်ဆောင်နိုင်သည်။ သို့သော် ၎င်းတို့သည် ဤသို့သော ဗီဒီယိုကို အဘယ်ကြောင့် ငါ့ထံသို့ ပို့ရသနည်း။ စုံစမ်းစစ်ဆေးပြီးနောက်တွင် ငါ၏ ဆိုလိုရင်းကို ငါ ရှင်းလင်းစွာ ရှင်းမပြခဲ့ခြင်းကြောင့်မဟုတ်ကြောင်း၊ အထူးသဖြင့် ငါသည် ၎င်းတို့အား မတူညီသော ဆံပင်ပုံစံအမျိုးမျိုးကို ပြုလုပ်ရန် ပြောခဲ့ခြင်း မဟုတ်ကြောင်း ငါသဘောပေါက်ခဲ့သည်။ ဤအပြုအမူအတွက် အကြောင်းရင်းနှစ်ခုရှိသည်- တစ်ခုမှာ ၎င်းတို့သည် ငါ၏ စကားများကို နားမလည်နိုင်ခဲ့ကြပေ။ အခြားအကြောင်းရင်းမှာ လူတို့သည် တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်သည်နှင့် တစ်ပြိုင်နက်၊ တစ်စုံတစ်ခုကို နားလည်ပြီး စွမ်းရည်နှင့် နည်းပညာအချို့ကို ကျွမ်းကျင်တတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် ကျယ်ပြောလှသော စကြဝဠာရှိ မိမိတို့၏ နေရာကို မေ့လျော့သွားကြသည်။ ၎င်းတို့သည် မည်သူ့ကိုမျှ မလေးစားဘဲ အစဉ်သဖြင့် ကြွားဝါလိုကြသည်။ အဆုံးစွန်အထိ မာနထောင်လွှားလာကြသည်။ ၎င်းတို့သည် ငါ၏စကားများကို နားလည်လျှင်ပင် လက်မခံပေ၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ပေ။ ငါ၏ စကားများကို အလေးအနက်မထား၊ အရေးကြီးသည်ဟု မသတ်မှတ်ဘဲ ငါပြောသည့်အရာကို လျစ်လျူရှု၍သာ နေကြသည်။ ၎င်းတို့သည် ၎င်းတို့အား ငါခိုင်းစေသည့်အရာကို၊ သို့မဟုတ် ငါလိုအပ်သည့်အရာကို စိတ်မဝင်စားခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းများကို ငါ့အား မေးသောအခါ အမှန်တွင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်မည်၊ မည်သို့ လုပ်ဆောင်မည်ဆိုသည်ကို ဆုံးဖြတ်ပြီးဖြစ်သည်။ ငါ့အား ၎င်းတို့မေးသည့်အချက်မှာ ၎င်းတို့လုပ်ငန်းစဉ်၏ အဆင့်တစ်ခုသာဖြစ်သည်။ ၎င်းတို့အနေဖြင့် ထိုသို့မေးသည်မှာ လှောင်ပြောင်သည့် ပုံစံမျိုးမဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် လှောင်ပြောင်ပြီးနောက်တွင် မည်သည့်အရာကို ငါပြောသည်ဖြစ်စေ ငါ့စကားကို လုံးဝ မနာခံဘဲ နောက်ဆုံး၌ ၎င်းတို့အလိုရှိသည့်အရာကို လုပ်ဆောင်သည်။ ၎င်းတို့သည် အလွန်ပင် ထင်ရာစိုင်းတတ်ကြသည်။ ၎င်းတို့သည် မည်သည့်အရာကို စဉ်းစားနေသနည်း။ “ကိုယ်တော်သည် ကျွန်ုပ်တို့ကို လျှော့တွက်သည်၊ ကျွန်ုပ်တို့သည် ကျွမ်းကျင်သော နည်းပညာရှင်များ ဖြစ်သည်၊ ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းတွင် ဩဇာညောင်းသော သူများနှင့် ဆက်ဆံသည်၊ ကျွန်ုပ်တို့၌ ဤစွမ်းရည်များနှင့် ကျွမ်းကျင်မှုရှိပြီး၊ မည်သည့်နေရာကို ကျွန်ုပ်တို့ သွားသည်ဖြစ်စေ ကောင်းမွန်သည့်ဘဝကို နေထိုင်နိုင်ပြီး လူတို့၏ လေးစားမှုကို ရရှိနိုင်သည်၊ ဘုရားအိမ်တော်သို့ ကျွန်ုပ်တို့ ရောက်လာသည့်အခါမှသာ အစေခံသူများဖြစ်လာကြသည်၊ပြီးလျှင် ကျွန်ုပ်တို့သည် အစဉ်သဖြင့် အထင်သေးခြင်းခံရသည်၊ ကျွန်ုပ်တို့၌ စွမ်းရည်များရှိသည်၊ ကျွန်ုပ်တို့သည် ကျွမ်းကျင်ပညာရှင်များ ဖြစ်သည်၊ သာမန်လူများမဟုတ်၊ ကျွန်ုပ်တို့သည် ဘုရားအိမ်တော်တွင် လေးစားခြင်းခံရသင့်သည်၊ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ပါရမီများကို ဤသို့ မဖိနှိပ်သင့်ပါ၊ ဘုရားအိမ်တော်တွင် ကျွန်ုပ်၏ ကျွမ်းကျင်မှုကို ကျွန်ုပ်တို့ အသုံးချသဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ပံ့ပိုးပြီး ထောက်ခံသင့်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရိုင်းစိုင်းပြီး မလျော်ကန်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤတွင် သာမန်လူ့သဘာဝတစ်ခုခု ရှိသလော။ (မရှိပါ။) ဤအရာကို ငါမြင်သောအခါ “အို၊ ဤလူတို့သည် ကျိုးကြောင်းပြပြောဆို၍ မရနိုင်ပေ” ဟူ၍ တွေးမိသည်။ ငါသည် ၎င်းတို့အား စည်းမျဉ်းများကို ပြောဆိုသောအခါ ၎င်းတို့အား “သင်တို့ နားလည်သလော၊ သတိရမည်လော”ဟူ၍ ထပ်ခါထပ်ခါပင် မေးခဲ့သည်။ ၎င်းတို့သည် ငါ့အား အသေအချာပင် ငါ့ရှေ့၌ ကတိပေးခဲ့သော်လည်း ၎င်းတို့သည် လှည့်ပြန်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ကတိပျက်ကြသည်။ ၎င်းတို့က “ငါသည် ငါ၏တာဝန်ကို ထမ်းဆောင်ရန် လာခြင်းဖြစ်သည်၊ ဘုရားသခင်ကို ကျေနပ်စေရန် လာခြင်းဖြစ်သည်” ဟူ၍ အလွန်ပင် ကြားကောင်းသည့် အရာများကို ပြောဆိုသည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းဟု သင်ခေါ်ဆိုသည့်အရာ ဖြစ်သလော။ သင်သည် အမှန်ပင် ဘုရားသခင်အား ကျေနပ်စေသလော။ သင်သည် သင်၏ ကိုယ်ပိုင်ဇာတိပကတိကို၊ သင်၏ ဂုဏ်သတင်းကို ကျေနပ်စေခြင်း ဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင် အသက်မွေးအလုပ်နောက်သို့ လိုက်ရန်အတွက် ရောက်လာခြင်းဖြစ်ပြီး သင့်တာဝန်ကို ထမ်းဆောင်ရန်မဟုတ်ပေ။ တစ်နည်းအားဖြင့် သင်သည် အကြီးအကျယ် ဖရိုဖရဲဖြစ်အောင် ပြုလုပ်ရန်အတွက် ဘုရားအိမ်တော်သို့ လာခြင်းဖြစ်သည်။ ပြောလော့။ ဘုရားအိမ်တော်အလုပ်၏ ကဏ္ဍအားလုံး၌ လူတို့ ထိန်းသိမ်းသင့်သည့် စည်းမျဉ်းများနှင့် ပတ်သက်ပြီး မည်သူက ဆုံးဖြတ်ပိုင်ခွင့်ရှိသနည်း။ သင်လော၊ ဘုရားသခင်လော။ (ဘုရားသခင်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။) သင်၏စကားများက သမ္မာတရားလော၊ ဘုရားသခင်၏ စကားများက သမ္မာတရားလော။ (ဘုရားသခင်၏ စကားများက သမ္မာတရား ဖြစ်သည်။) သင်တို့ပြောသည့် အရာတိုင်းသည် အယူဝါဒမျိုးသာ ဖြစ်သည်။ ထိုအယူဝါဒသည် သမ္မာတရားနှင့် မကိုက်လျှင် အတွေးမှားတစ်ခုဖြစ်လာသည်။ ငါပြောသည့်အရာက သမ္မာတရားဖြစ်သည်ဟု သင်တို့ ဝန်ခံသည်ဆိုလျှင် အဘယ်ကြောင့် လက်မခံနိုင်သနည်း။ သင်တို့ကို ငါစကားပြောသောအခါ သက်ရောက်မှုမရှိသည်မှာ အဘယ်ကြောင့်နည်း။ သင်တို့သည် ငါ့ရှေ့တွင် ကောင်းသောအရာများကို ပြောဆိုကြသော်လည်း ငါ၏နောက်ကွယ်တွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပေ။ မည်သည့်အရာ ဖြစ်နေသနည်း။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ပါရမီ၊ ကျွမ်းကျင်မှု၊ သို့မဟုတ် အယူအဆအနည်းငယ်မျှ ပိုင်ဆိုင်သောအခါတွင် ၎င်းတို့သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်လာကာ မည်သူ့ကိုမဆို နာခံရန် ငြင်းဆန်ကြသည်။ မည်သူမဆိုက ၎င်းတို့ကို ပြောသည့်အရာကို ၎င်းတို့ နားမထောင်ကြပေ။ ဤသည်မှာ အလွန်ပင် ဆင်ခြင်တုံတရား မရှိခြင်း မဟုတ်သလော။ သင်တို့သည် မှန်သည့်အရာကို လုပ်ဆောင်နေသည်ဟု ထင်လျှင် အဘယ်ကြောင့် ငါ့အား စစ်ဆေးခိုင်းသနည်း။ သင်တို့၏ အားနည်းချက်များကို ငါထောက်ပြပြီး သင်တို့၏ အမှားများကို ဖော်ထုတ်သောအခါ အဘယ်ကြောင့် သင်တို့ လက်မခံနိုင်သနည်း။ သင်တို့သည် သမ္မာတရားကို နားမလည်သော်လည်း ငါသည် သမ္မာတရားအကြောင်းကို သင်တို့အား မိတ်သဟာယဖွဲ့ပေးနိုင်သည်။ သမ္မာတရားနှင့်အညီ၊ စည်းမျဉ်းများနှင့်အညီ၊ သန့်ရှင်းသူများ၏ တည်ကြည်သော ကျင့်ဝတ်ဖြင့် မည်သို့ ပြုမူဆောင်ရွက်ရမည်ကို ငါသိသည်။ သူတစ်ပါးတို့အား တည်ဆောက်စရာ ဖြစ်စေသည့် ပုံစံဖြင့် မည်သို့လုပ်ဆောင်ရမည်ကို ငါသိသည်။ သင်တို့ သိသလော။ သင်တို့သည် ဤအရာများကိုပင် မသိလျှင် သမ္မာတရားကို အဘယ်ကြောင့် လက်မခံနိုင်သေးသနည်း။ ငါပြောသည့်အတိုင်း အဘယ်ကြောင့် မလုပ်ဆောင်သနည်း။

လူအချို့သည် စာအရေးအသားတွင် ထူးချွန်ကြသည်။ ဘာသာစကားအား စီစဉ်ခြင်း၊ အယူအဆများကို သိစေခြင်းတို့တွင် ၎င်းတို့သည် ပင်ကိုအားဖြင် ပါရမီရှိသည်။ ၎င်းတို့သည် စာပေကျွမ်းကျင်မှု အဆင့်တစ်ခုကိုလည်း ပိုင်ဆိုင်ပြီး အကြောင်းအရာများကို ဖော်ပြရာ၌ နည်းပညာနှင့် ပုံစံအချို့ကို အသုံးချနိုင်သည်။ သို့သော် ဤအရည်အသွေးများရှိခြင်းက ၎င်းတို့သည် သမ္မာတရားကို နားလည်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) ဤသည်မှာ အသိပညာ ကဏ္ဍတစ်ခု၊ လူတစ်ယောက်၏ ဆုကျေးဇူး၊ ပါရမီတို့နှင့်သက်ဆိုင်သော ရှုထောင့်တစ်ခုမျှသာ ဖြစ်သည်။ ဤသည်မှာ သင်သည် ပင်ကိုစွမ်းရည်တစ်ခုကို ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ သင်သည် စာအရေးအသားကောင်းပြီး ဘာသာစကားဖြင့် အယူအဆများအား သိနားလည်အောင်လုပ်ခြင်း၌ တော်သည်ဟုလည်းကောင်း၊ သင်သည် စကားလုံးများကို အသုံးပြုရာ၌ ကောင်းစွာ အခြေခိုင်သည်ဟုလည်းကောင်း ဆိုလိုသည်။ အချို့လူတို့သည် ဤသို့သော အရာများ၌ ကျွမ်းကျင်သောကြောင့် “ငါသည် ဘုရားအိမ်တော်တွင် စာကို ထိရောက်ကျွမ်းကျင်စွာ ရေးသားနိုင်သည်။ စာပေအရေးအသားဆိုင်ရာအလုပ်ကို ငါလုပ်ကိုင်ဆောင်ရွက်သင့်သည်” ဟူ၍ စဉ်းစားကြသည်။ စာပေအရေးအသားဆိုင်ရာအလုပ်ကို ပို၍များသော လူတို့ ပါဝင်ဆောင်ရွက်စေသည်မှာ ကောင်းပေသည်။ ဘုရားအိမ်တော်က လိုအပ်သည်။ သို့ရာတွင် ဘုရားအိမ်တော်က လိုအပ်သည့်အရာမှာ သင်ထူးချွန်သည့်အရာမျှသာ မဟုတ်သကဲ့သို့ သင်၏ အတတ်ပညာပိုင်းဆိုင်ရာ လုပ်ကိုင်နိုင်စွမ်းသက်သက်လည်း မဟုတ်ပေ။ သင်၏ အတတ်ပညာပိုင်းဆိုင်ရာ စွမ်းရည်များနှင့် ကျွမ်းကျင်မှုတို့သည် သင်လုပ်ကိုင်ဆောင်ရွက်သည့် အလုပ်အတွက် တန်ဆာပလာများသာ ဖြစ်သည်။ သင်၏ အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်းနှင့် စွမ်းရည်အဆင့်က မည်သို့ရှိသည်ဖြစ်စေ သင်သည် သင့်ကိုယ်သင် စည်းမျဉ်းများနှင့် ညီစေပြီး ဘုရားအိမ်တော်က သတ်မှတ်သည့် အလိုရှိသော ရလဒ်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို ရရှိသင့်သည်။ ဘုရားအိမ်တော်သည် ဤရလဒ်များနှင့် ရည်မှန်းချက်ပန်းတိုင်များအတွက် သတ်မှတ်ထားသော စံနှုန်းများနှင့် ဆက်စပ်မှုရှိသော စည်းမျဉ်းများရှိသည်။ သင်ကိုယ်တိုင်၏ အကြိုက် သို့မဟုတ် နှစ်သက်မှုတို့အပေါ် အခြေခံပြီး လုပ်ဆောင်ခွင့်မပြုပေ။ ဥပမာ၊ လူအချို့သည် စာအရေးအသားကောင်းသော စွမ်းရည်များရှိပြီး အသေးစိတ် ရှင်းလင်းဖော်ပြထားသော ဘာသာစကားနှင့်၊ ထင်ထင်ရှားရှား စီစဉ်ထားသော ဇာတ်ကွက်င့် ဇာတ်ညွှန်းများကို ရေးသည်။ သို့သော် ယင်းက အလိုရှိသောရလဒ်ကို ရစေသလော။ ဘုရားသခင်အား သက်သေခံခြင်းဆိုင်ရာ ခံစားမှုရသကို ရရှိဖို့ ဝေးစွ၊ ထိုသို့သော ဇာတ်ညွှန်းများသည် တကယ်ကို အခြေခိုင်ခြင်း မရှိချေ။ သို့ရာတွင် ဤဇာတ်ညွှန်းရေးသူများသည် ထူးခြားဆန်းပြားသော ဘာသာစကားဖြင့် ၎င်းတို့ရေးနိုင်သည့် စွမ်းရည်အပေါ် ကျေနပ်ပြီး ယုံကြည်မှုရှိကြကာ မိမိတို့ကိုယ်ကို အထင်ကြီးကြသည်။ ဇာတ်ညွှန်းတစ်ပုဒ်သည် ဘုရားသခင်အား သက်သေခံခြင်း၊ ဘုရားနှုတ်ကပတ်တော် ဖြန့်ဝေခြင်းနှင့် သက်ဆိုင်သော ခံစားမှုရသကို ပေးစွမ်းရမည်ဖြစ်ကြောင်းကို ၎င်းတို့နားမလည်ပေ။ ဤသည်မှာ ရည်ရွယ်ချက်ဖြစ်သည်။ ဘုရားအိမ်တော်က ဇာတ်ညွှန်းတစ်ပုဒ်ကို ရေးစေသောအခါ ထိုဇာတ်ညွှန်းသည် ဇာတ်ကောင်က သရုပ်ဖော်ပြသည့် ဘုရားနှုတ်ကပတ်တော်ကို ပုံဖော်ရမည်ဖြစ်ပြီး ဘုရားအမှုတော်၏ လမ်းပြခြင်းအောက်တွင် ဘုရားနှုတ်ကပတ်တော်ကို တွေ့ကြုံခံစားရခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် ဇာတ်ကောင်က ရရှိသည်ဟူသည့် စစ်မှန်သော နားလည်မှုကို ပုံဖော်ရမည်။ တစ်ဖက်တွင် ယင်းသည် ဘုရားသခင်အပေါ် သက်သေခံချက်အဖြစ် အသုံးတော်ခံရမည်ဖြစ်ပြီး အခြားတစ်ဖက်တွင် ဘုရားနှုတ်ကပတ်တော်ကို ဖြန့်ဝေရမည်။ ထိုမှသာ ဇာတ်ညွှန်းသည် အလိုရှိသောရလဒ်ကို ရရှိသည်။ ဘုရားအိမ်တော်တွင် ဤသတ်မှတ်ချက်များ ရှိသည်။ ယင်းတို့သည် လူတို့အတွက် ခက်ခဲသည်ဟု သင်တို့ထင်သလော။ (မထင်ပါ။ မခက်ခဲပါ။) မခက်ခဲပေ။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်ဖြစ်သည်။ သို့ရာတွင် ဤဇာတ်ညွှန်းရေးသူများသည် ဤပုံစံဖြင့် လုပ်ဆောင်လိုစိတ်မရှိကြပေ။ ၎င်းတို့၏ သဘောထားမှာ “ငါရေးထားသောအရာသည် ပြည့်စုံကောင်းမွန်ပြီး တိကျသေချာလှပြီဖြစ်သည်၊ သင်သည် ငါ့အား ထိုအချက်အလက်ကို ဖြည့်စွက်ခိုင်းလျှင် ငါ၏ ရည်ရွယ်ချက်နှင့် ကွဲလွဲလိမ့်မည်၊ ဤအရာကို ငါကျေနပ်ခြင်းမရှိ၊ ဤသို့ မရေးလို” ဟူ၍ ဖြစ်သည်။ ဤအချက်အလက်ကို နောက်ပိုင်းတွင် ဝန်လေးစွာဖြင့် ဖြည့်စွက်ခဲ့သော်လည်း ထိုအချိန်၌ ၎င်းတို့၏ စိတ်ခံစားချက်များက သိသိသာသာပင် ပြောင်းလဲသွားပြီဖြစ်သည်။ လူအချို့က “ဘုရားအိမ်တော်တွင် ငါတို့၏တာဝန်ကို ထမ်းဆောင်ရသည်မှာ အလွန်ပင် ဖိနှိပ်ချုပ်ချယ်ခံရသလို ခံစားရသည်၊ ငါတို့ကို ကိုင်တွယ်ဖြေရှင်းပြီး အမှားရှာဖွေနေသည့် လူများ အမြဲရှိသည်၊ ငါသည် အမှန်ပင် ချောင်ပိတ်ခံရသလို ခံစားရသည်။ သူတောင်းစားများသည် ရွေးချယ်နေ၍မရဟု လူတို့ ဆိုသကဲ့သို့ဖြစ်သည်။ ငါသာ ဆုံးဖြတ်ခွင့်ရှိပြီး ငါ ကျေနပ်သည့်အရာကို ရေးနိုင်လျှင် မည်မျှကောင်းလိမ့်မည်နည်း၊ ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်နေစဉ်တွင် ငါတို့သည် အစဉ်သဖြင့် အခြားလူများပြောသည်ကို နားထောင်ရပြီး ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံရသည်၊ အလွန်ပင် ဖိနှိပ်ချုပ်ချယ်လွန်းသည်” ဟူ၍ ပြောကြသည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သလော။ ယင်းသည် မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းမှာ မာနထောင်လွှားလွန်းပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းပင်။ သံစုံကျူးအဖွဲ့၌ မိတ်ကပ်လိမ်းရာတွင် တာဝန်ထမ်းဆောင်သော သူများလည်းရှိသည်။ ၎င်းတို့သည် မယုံကြည်သူများ၏ ဆံပင်ပုံစံတို့ကို နှစ်သက်ကြသည်။ သို့သော် ထိုဆံပင်ပုံစံများနှင့်ပတ်သက်၍ အဆုံးသတ်ရလဒ်မှာမူ ငြင်းပယ်ခြင်းခံရသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားအိမ်တော်သည် မကောင်ဆိုးဝါးဆန်သော ဆံပင်ပုံစံများကို အလိုမရှိပေ။ သာမန်ဖြစ်သော၊ သိက္ခာရှိသော၊ တည်ကြည်သော ဆံပင်ပုံစံများကို အလိုရှိသည်။ သင်သည် မည်သည့်ဆံပင်ပုံစံကို ပြုလုပ်နိုင်သည်ဖြစ်စေ မယုံကြည်သူများ၏ လောကသို့သွား၍ ပြသနိုင်သည်။ ဤသို့သော ကျွမ်းကျင်ပညာရှင်များကို ၎င်းတို့က လိုအပ်သော်လည်း ဘုရားအိမ်တော်က မလိုအပ်ပေ။ လူအချို့က ၎င်းတို့သည် ဘုရားအိမ်တော်တွင် အခမဲ့ အလုပ်လုပ်လိုသည်ဟု ဆိုသော်လည်း ၎င်းတို့အလုပ်ကို လိုအပ်သည်၊ သို့မဟုတ် တန်ဖိုးရှိသည်ဟု သတ်မှတ်ခြင်းမခံရပေ။ ယင်းကို မြင်တွေ့ရသည်မှာ စက်ဆုပ်ဖွယ် ဖြစ်သည်။ ဘုရားအိမ်တော်က လိုအပ်သည့်အရာမှာ သင့်အနေဖြင့် သင့်တင့်လျောက်ပတ်မှုရှိသောသူ တစ်ယောက်ကဲ့သို့ သိက္ခာရှိပြီး တည်ကြည်သည့်အသွင်ရှိရန် ဖြစ်သည်။ သင်သည် လှပကျော့ရှင်းနေဖို့၊ နန်းတွင်း မင်းမျိုးမင်းနွယ်တို့၏ အသွင်အပြင်ရှိဖို့ မလိုအပ်သည့်အပြင် မင်းသမီးတစ်ယောက်၊ ဂုဏ်သရေရှိ အမျိုးသမီး၊ ချမ်းသာကြွယ်ဝ၍ ငယ်ရွယ်သော အရှင်သခင်၊ သို့မဟုတ် သခင်တစ်ယောက်ဖြစ်ရန် မလိုအပ်သည်မှာ အသေအချာပင်။ ငါတို့သည် မည်သည့်အဆင့်အတန်း၊ ရာထူး၊ သို့မဟုတ် တန်ဖိုးမျှ မရှိသော သာမန်လူများ၊ သာမန်အဖြစ်ဆုံး၊ ထူးခြားမှုမရှိဆုံးသော လူများသာဖြစ်သည်။ သာမန်လူတစ်ယောက်ခြင်းသည်လည်းကောင်း၊ မြင့်မြတ်သော၊ ယဉ်ကျေးသိမ်မွေ့သောသူ မဖြစ်ခြင်းသည်လည်းကောင်း၊ သာမန်အဝတ်များကို ဝတ်ပြီး သာမန်လူတစ်ယောက်၏ အသွင်အပြင် ရှိခြင်းသည်လည်းကောင်း၊ ဟန်မဆောင်ခြင်းသည်လည်းကောင်း၊ ရည်မှန်းချက် သို့မဟုတ် လိုအင်ဆန္ဒမရှိဘဲ သင်လုပ်ဆောင်နိုင်သည့်အရာကို မွေ့လျော်ပြီး သာမန်လူတစ်ယောက်၏ ဘဝကို နေထိုင်ခြင်းဖြင့် ကျေနပ်ရောင့်ရဲခြင်းသည်လည်းကောင်း အကောင်းဆုံးဖြစ်သည်။ ဤသည်မှာ အကောင်းဆုံးဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝရှိသော သူတစ်ယောက်၏ ဘဝဖြစ်သည်။ သင်သည် သာမန်လူတစ်ယောက်သာဖြစ်သည်။ သို့တိုင်အောင် သင်သည် မြင့်မြတ်သူတစ်ယောက်ကဲ့သို့ ပြုမူလုပ်ဆောင်ရန် အစဉ် ကြိုးစားနေသည်။ ဤသည်မှာ စက်ဆုပ်ရွံ့ရှာဖွယ် မဟုတ်သလော။ (စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။) သင်သည် ဘုရားအိမ်တော်တွင် သင်၏ ကျွမ်းကျင်မှုကို ပြသပြီး ကြွားဝါရန် အစဉ် ကြိုးစားနေသည်။ ငါ သင့်အား ပြောမည်။ သင်၏ ကျွမ်းကျင်မှုကို ကြွားဝါခြင်းသည် တန်ဖိုးရှိသလော။ ယင်းသည် အမှန်ပင် တန်ဖိုးရှိလျှင် လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့သော် ဘာမျှတန်ဖိုးမရှိဘဲ ထိုအစား အနှောင့်အယှက်၊ အဖျက်အဆီးဖြစ်စေလျှင် သင်သည် သင်၏ ရွံရှာဖွယ် သဘာဝနှင့် မလိုလားအပ်သော အရည်အသွေးများကို ပြသနေခြင်းသာဖြစ်သည်။ ဤသို့သောအရာများကို ထုတ်ဖော်ပြခြင်း၏ အကျိုးဆက်များကို သင်သိသလော။ မသိလျှင် ကျေးဇူးပြု၍ ယင်းတို့ကို ထုတ်ဖော်မပြနှင့်။ မည်သည့်အရာကို သင်လုပ်ဆောင်နိုင်သည်၊ မည်သည့်နည်းပညာ ကျွမ်းကျင်မှုကို သင်ပိုင်ဆိုင်သည်၊ သင်သည် မည်သည့်အထူးစွမ်းရည်များ၌ အလိုအလျောက် ထူးချွန်သည်၊ သို့မဟုတ် ပိုင်ဆိုင်သည်ဆိုသည်တို့အားလုံးကို မြင့်မြတ်သည်ဟု မသတ်မှတ်ပေ။ သင်သည် သာမန်လူတစ်ယောက်မျှသာ ဖြစ်သည်။ လူအချို့က “ငါသည် ဘာသာစကားအချို့ကို ကျွမ်းကျင်သည်” ဟု ဆိုသည်။ ဤသို့ဆိုလျှင် ဘာသာပြန်အဖြစ် အလုပ်သွားလုပ်ပြီး သင်၏ ဘာသာပြန်အလုပ်ကို ကောင်းစွာ လုပ်ဆောင်လော့။ ဤသို့ဆိုလျှင် သင့်အား လူကောင်းတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ လူအချို့က “ငါသည် ရှင်ဟွာအဘိဓာန်တစ်ခုလုံးကို အလွတ်ရွတ်ဆိုနိုင်သည်” ဟု ဆိုကြသည်။ သင်သည် ရှင်ဟွာအဘိဓာန်တစ်ခုလုံးကို မှတ်သားပြီးပြီဆိုလျှင်ကော။ ယင်းက သင့်အား ဧဝံဂေလိဖြန့်ဝေခြင်းကို လုပ်ဆောင်နိုင်စေသလော။ ဘုရားသခင်အပေါ် သက်သေခံခြင်းကို လုပ်ဆောင်နိုင်စေသလော။ လူအချို့က “ငါသည် တစ်ချက်ကြည့်ရုံမျှဖြင့် စာကြောင်းဆယ်ကြောင်းကို ဖတ်နိုင်သည်၊ ငါသည် ဘုရားနှုတ်ကပတ်တော်ကို တစ်ရက်တွင် စာမျက်နှာ ၁၀၀ ဖတ်နိုင်သည်၊ ဤအရည်အချင်းကို ကြည့်လော့၊ အထင်ကြီးစရာ မဟုတ်သလော” ဟူ၍ ဆိုကြသည်။ သင်သည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ စာအုပ်မှ စာမျက်နှာ ၁၀၀ ကို တစ်ရက်အတွင်း ဖတ်နိုင်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယင်းမှ မည်သည့်အရာကို သင်နားလည်သနည်း။ သမ္မာတရား၏ မည်သည့်ကဏ္ဍကို နားလည်သနည်း။ ယင်းကို လက်တွေ့လုပ်ဆောင်နိုင်သလော။ လူအချို့က “ငါသည် ငယ်ရွယ်စဉ်ကတည်းက ပါရမီရှင်တစ်ယောက်ဖြစ်သည်၊ အသက် ငါးနှစ်ဖြင့် သီချင်းဆိုပြီး ကဗျာများရေးနိုင်သည်” ဟူ၍ ဆိုကြသည်။ ဤသည်မှာ အသုံးဝင်သလော။ မယုံကြည်သူများက သင့်အား လေးစားနိုင်သည်။ သို့သော် ဘုရားအိမ်တော်တွင် သင်သည် အသုံးမဝင်ပေ။ ဘုရားသခင်အား ချီးမွမ်းသည့် သီချင်းတစ်ပုဒ်ကို ယခုချက်ချင်း ရေးစပ်ရန် သင့်အား ငါခိုင်းစေသည် ဆိုပါစို့။ သင်လုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်လျှင် ဤသည်မှာ သမ္မာတရား၏ မည်သည့်ကဏ္ဍကိုမျှ သင်နားမလည်ဟု အဓိပ္ပာယ်ရသည်။ ပါရမီရှိခြင်းသက်သက်သည် အရေးမပါပေ။ သမ္မာတရားအား သင်နားမလည်လျှင် မည်သည့်အရာကိုမျှ သင်ဖြစ်မြောက်မည်မဟုတ်ပေ။ လူတစ်ယောက် ပိုင်ဆိုင်သည့် ဆုကျေးဇူး၊ စွမ်းရည် သို့မဟုတ် ပါရမီတို့က မည်သို့ရှိသည်ဖြစ်စေ လက်တွေ့တွင် ယင်းတို့သည် တန်ဆာပလာများသာ ဖြစ်သည်။ အပြုသဘောဆောင်သော အရာများအတွက် ၎င်းတို့ကို အသုံးပြုနိုင်ပြီး အပြုသဘောဆောင်သော သက်ရောက်မှုရှိလျှင် ယင်းတို့သည် တန်ဖိုးအတန်အသင့်ရှိသည်ဟု ဆိုနိုင်သည်။ အပြုသဘောဆောင်သော အရာများအတွက် ယင်းတို့ကို အသုံးမပြုနိုင်လျှင်၊ သို့မဟုတ် အပြုသဘောဆောင်သော သက်ရောက်မှု မရှိလျှင် ယင်းတို့သည် တန်ဖိုးမရှိသည့်အပြင် ယင်းတို့ကို သင်ယူခြင်းသည် သင့်အတွက် အသုံးမဝင်ဘဲ ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။ သင်သည် ဘုရားအိမ်တော်တွင် သင်၏ တာဝန်ထမ်းဆောင်ခြင်း၌ သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်၏ အတတ်ပညာပိုင်းဆိုင်ရာ စွမ်းရည်များ သို့မဟုတ် ပါရမီများကို အသုံးချပြီး အလုပ်တာဝန်တစ်ခုကို ဖြည့်ဆည်းနိုင်လျှင် သင်၏ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ပါရမီများကို သင့်လျော်သောနေရာ၌ အသုံးတည့်သည်၊ ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းပေးသည်ဟု ပြောဆိုကောင်း ပြောဆိုနိုင်သည်။ ဤသည်မှာ ယင်းတို့ ပိုင်ဆိုင်သော တန်ဖိုးဖြစ်သည်။ အခြားတစ်ဖက်တွင် ယင်းတို့ကို သင်၏ တာဝန်ထမ်းဆောင်ခြင်း၌ လုံးဝ အသုံးမချနိုင်လျှင် သင်၏ အတတ်ပညာပိုင်းဆိုင်ရာ စွမ်းရည်များနှင့် ပါရမီများသည် ငါ့အတွက် တန်ဖိုးမရှိဘဲ တစ်စက်မျှ အသုံးမတည့်ပေ။ ဥပမာ၊ လူအချို့သည် ပင်ကိုအားဖြင့် စကားပြောကောင်းပြီး ရှင်းလင်းစွာ ပြောဆိုနိုင်သည့်အပြင် ကျွမ်းကျင်မှုရှိသော ဘာသာဗေဒပညာရှင်နှင့် တက်ကြွဖျတ်လတ်သော အတွေးအခေါ်သမားများ ဖြစ်ကြသည်။ ဤအရာကို ပါရမီဟု သတ်မှတ်နိုင်သည်။ ကမ္ဘာလောကတွင် ဤသို့သောလူတို့သည် အများပြည်သူရှေ့၌ စကားပြောခြင်း၊ ကြော်ငြာခြင်း သို့မဟုတ် ဆွေးနွေးညှိနှိုင်းခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်လျှင် သို့မဟုတ် တရားသူကြီး၊ ရှေ့နေ သို့မဟုတ် အလားတူ အလုပ်အကိုင်များ၌ အလုပ်လုပ်လျှင် ၎င်းတို့၏ ပါရမီများအတွက် နေရာတစ်ခုရှိသည်။ သို့ရာတွင် ဘုရားအိမ်တော်၌ သင်သည် ဤသို့သောပါရမီကို ပိုင်ဆိုင်သော်လည်း သမ္မာတရား၏ မည်သည့်ကဏ္ဍကိုမျှ နားမလည်လျှင်၊ ရူပါရုံများနှင့်ပတ်သက်သော သမ္မာတရားအား အခြေခံနားလည်မှုပင် မရှိလျှင်၊ ထို့ပြင် ဧဝံဂေလိကို မကြေညာနိုင်လျှင်၊ သို့မဟုတ် ဘုရားသခင်အား သက်သေမခံနိုင်လျှင် သင်၏ ဆုကျေးဇူး သို့မဟုတ် ပါရမီသည် တန်ဖိုးနည်းပါးသည်။ သင်သည် သင်၏ ဆုကျေးဇူးအပေါ်တွင် အစဉ်သဖြင့် မှီခိုနေထိုင်ပြီး သင်သွားသည့် နေရာတိုင်း၌ သင်၏ပါရမီကို ထုတ်ပြနေလျှင်၊ အယူဝါဒစကားများကို ကြွားဝါဟောပြောနေလျှင် သင့်အား လူတို့က ရွံရှာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်ပြောဆိုသည့် စကားတိုင်းသည် စက်ဆုပ်ဖွယ် ဖြစ်လာမည်ဖြစ်သောကြောင့်၊ သင်ဖော်ပြသည့် အတွေးအမြင်တိုင်းသည် ငြီးငွေ့ဖွယ်ရာ ဖြစ်လာမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ဆိတ်ဆိတ်နေသည်က သင့်အတွက် ပို၍ကောင်းလိမ့်မည်။ သင့်ကိုယ်သင် ထုတ်ဖော်ပြသပြီး တင်ဆက်ရန် ကြိုးစားလေလေ၊ သင်သည် မနှစ်မြို့စရာကောင်းလေလေ ဖြစ်လိမ့်မည်။ လူတို့က “သင်၏ နံဟောင်သော ပါးစပ်ကို ပိတ်လော့၊ သင်ပြောဆိုသည့်အရာ အားလုံးသည် အယူဝါဒဖြစ်သည်၊ မည်သူက နားမလည်ဘဲ ရှိသေးသနည်း၊ သင် တရားဟောနေသည်မှာ နှစ်မည်မျှကြာပြီနည်း၊ သင်၏ စကားများသည် ဖာရိရှဲများ၏စကားနှင့် မကွာခြား၊ အသင်းတော်ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် အနှစ်မဲ့သော သဘောတရားများဖြင့် ပြည့်နေသည်၊ မည်သူကမျှ နားမထောင်လိုပေ” ဟူ၍ ဆိုကြလိမ့်မည်။ မြင်သလော။ ယင်းသည် ဒေါသကို နှိုးဆွပြီး လူတို့အား ရွံရှာစေသည်။ ထို့ကြောင့် သင့်အနေဖြင့် သမ္မာတရားကို ပို၍အာရုံစိုက်ခြင်း၊ သမ္မာတရားအား ပို၍နားလည်ရန် အားထုတ်ခြင်းက ပို၍ကောင်းပြီး ဤသည်မှာ စစ်မှန်သော အရည်အချင်းဖြစ်သည်။ ဤအရာကို ငါပြောလေလေ ဤ “လုပ်ရည်ကိုင်ရည်ရှိသော”၊ “ကျွမ်းကျင်သော” လူတို့က ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရလေလေဖြစ်ပြီး “ယခု ပြီးဆုံးသွားပြီ၊ လွတ်လမ်းမရှိပေ၊ ကျွန်ုပ်သည် မိမိကိုယ်ကို ပါရမီရှိသည်၊ ထူးချွန်သည်ဖြစ်၍ မည်သည့်နေရာသို့ သွားပါစေ အဓိကကျသော နေရာများ၌ ချထားခြင်းခံရသည်ဟု အစဉ်သတ်မှတ်ခဲ့သည်။ 'ပတ္တမြားမှန်လျှင် နွံမနစ်' ဆိုသည့် ဆိုရိုးစကား ရှိသည်မဟုတ်လော။ သို့သော် ကျွန်ုပ်သည် မမျှော်လင့်ဘဲ ဘုရားအိမ်တော်တွင် တိုးတက်ရန် လမ်းမရှိတော့ပေ၊ ဖိနှိပ်ချုပ်ချယ်မှုကို အလွန်တရာပင် ခံစားရသည်၊ ကျွန်ုပ်သည် အဘယ်သို့များ ဤသို့ ဖြစ်လာရသနည်း” ဟူ၍ စဉ်းစားကြသည်။ ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းသောအရာတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ဤသို့သော ထူးခြားစွာပင် ပါရမီရှိပြီး အဆင့်မြင့်သော ကျွမ်းကျင်ပညာရှင်များသည် ဘုရားအိမ်တော်သို့ ရောက်လာသောအခါ အဘယ်ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသနည်း။ ၎င်းတို့သည် ဖိနှိပ်ချုပ်ချယ်မှုကို နှစ်များစွာ ခံစားခဲ့ရပြီး ယခုတွင် စိတ်ဓာတ်ကျခြင်းကို ခံစားရသည်။ မည်သို့ စကားပြောရမည်၊ ပြုမူဆောင်ရွက်ရမည်ကိုပင် ၎င်းတို့ မသိတော့ပေ။ အဆုံး၌ အချို့က “ကိုင်တွယ်ဖြေရှင်းခြင်းကို စဉ်ဆက်မပြတ် ခံရခြင်းက အလွန်ပင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်၊ ယခုတွင် ငါသည် အလွန်ပင်ပို၍ ကောင်းစွာပြုမူလာသည်၊ အသင်းတော်ခေါင်းဆောင်များ၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်များက ပြောသည့်အရာတိုင်းကို ငါ သဘောတူပြီး 'ဟုတ်သည်'၊ သို့မဟုတ် 'ရသည်' ဟူ၍ အစဉ် တုံ့ပြန်သည်” ဟု ဆိုကြသည်။ ၎င်းတို့သည် ကျိုးနွံနာခံပြီး လိုက်နာတတ်သွားသည့် ပုံစံရှိသည်။ သို့သော် ၎င်းတို့သည် စည်းမျဉ်းများကို နားမလည်သေးပေ၊ သို့မဟုတ် ၎င်းတို့တာဝန်များအား မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်ရမည်ကို နားမလည်သေးပေ။ ၎င်းတို့သည် ၎င်းတို့နှင့်အတူ ဤဖိနှိပ်ချုပ်ချယ်ခံရသည့် ခံစားမှုကို သယ်ဆောင်ပြီး မခံမရပ်နိုင်ဖြစ်ကာ တန်ဖိုးမထားခြင်းခံရသည်ဟု ခံစားကြရသည်။ ၎င်းတို့၏ ပညာရေးအဆင့်ကို မေးသောအခါ အချို့က “ရိုးရိုးဘွဲ့ကို ရရှိခဲ့သည်” ဟု ဆိုပြီး အခြားလူများက “မဟာဘွဲ့ ရရှိသည်”၊ အခြားလူများက “ပါရဂူဘွဲ့ ရှိသည်”၊ သို့မဟုတ် “ဆေးကျောင်းတွင် ဘွဲ့ရခဲ့သည်”၊ “စာရင်းအင်းပညာ သင်ကြားခဲ့သည်”၊ သို့မဟုတ် “စီးပွားစီမံကို သင်ကြားခဲ့သည်” ဟု ဆိုကြပြီး အခြားသောလူများက ကွန်ပြူတာ ပရိုဂရမ်ရေးဆွဲသူ၊ သို့မဟုတ် အင်ဂျင်နီယာများဖြစ်ကြသည်။ ၎င်းတို့၏ နာမည်ရှေ့၌ “ဒေါက်တာ” ရှိမနေလျှင် အခြားသော တရားဝင် ဂုဏ်ပုဒ်အချို့ရှိကြသည်။ ဤလူများကို ဘုရားအိမ်တော်၌ ဤသို့ ခေါ်ဝေါ်ဆက်ဆံခြင်း မပြုသကဲ့သို့ အထင်ကြီးလေးစားမှုတစ်ခုခုဖြင့် ဆက်ဆံခြင်းလည်း မခံရပေ။ ၎င်းတို့သည် မကြာခဏပင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး ပင်ကိုလက္ခဏာ အသိစိတ် ပျောက်ဆုံးကြသည်။ အသင်းတော်တွင် ဂီတပညာရှင်များ၊ အကသမားများ၊ ရုပ်ရှင်ဖန်တီးရေးသမားများ၊ နည်းပညာရှင်များ၊ စီးပွားရေး အတတ်ပညာရှင်များ၊ စီးပွားရေးပါရဂူများနှင့် နိုင်ငံရေးသမားများပင် အပါအဝင် ကျွမ်းကျင်ပညာရှင်မျိုးစုံရှိသည်။ ဤလူတို့သည် ညီအစ်ကိုမောင်နှမများကြား၌ ရှိနေစဉ်တွင် “ငါသည် နိုင်ငံတော်ပိုင် လုပ်ငန်းတစ်ခုတွင် လေးစားခြင်းခံရသော အလုပ်အမှုဆောင်တစ်ယောက်ဖြစ်သည်၊ ငါသည် နိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်းတစ်ခု၏ အကြီးတန်း အလုပ်အမှုဆောင်ဖြစ်သည်၊ ငါသည် စီအီးအိုဖြစ်သည်၊ မည်သူ့ကို ငါ ကြောက်ခဲ့ဖူးသနည်း၊ မည်သူ့ကို ငါ ကျိုးနွံနာခံခဲ့ဖူးသနည်း၊ ငါသည် မွေးကတည်းက စီမံခန့်ခွဲမှု အရည်အချင်းများကို ပိုင်ဆိုင်သည်၊ မည်သည့်နေရာသို့ ငါသွားသည်ဖြစ်စေ အာဏာရှိသည့်နေရာတွင် ရှိနေသင့်သည်၊ ဦးဆောင်သည်မှာ ငါဖြစ်သင့်သည်၊ အခြားလူများကို စီမံနေသောသူ အစဉ်ဖြစ်သင့်သည်၊ မည်သူကမျှ ငါ့ကို စီမံ၍မရပေ၊ ထို့ကြောင့် ဘုရားအိမ်တော်တွင် ငါသည် အနည်းဆုံးအနေဖြင့် အဖွဲ့ခေါင်းဆောင်၊ သို့မဟုတ် ဦးဆောင်ရသူဖြစ်သင့်သည်” ဟု မကြာခဏ ပြောကြသည်။ မကြာမီတွင်ပင် ဤလူတို့သည် သမ္မာတရား၏ စစ်မှန်မှု မရှိသည်ကိုလည်းကောင်း၊ မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်နိုင်စွမ်း မရှိသည်ကိုလည်းကောင်း၊ အထူးပင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သည်ကိုလည်းကောင်း လူတိုင်းက ရှင်းလင်းစွာ သိလာကြသည်။ ၎င်းတို့သည် မည်သည့်တာဝန်ကိုမဆို ကောင်းမွန်စွာ ထမ်းဆောင်ရန် ပျက်ကွက်ကြပြီး အဆုံး၌ ၎င်းတို့ထဲမှ အချို့ကို လက်မှုဆိုင်ရာအလုပ်နှင့် သက်ဆိုင်သော တာဝန်များကိုသာ ချပေးနိုင်သည်။ အခြားလူများကမူ အစဉ်သဖြင့် နာခံလိုစိတ်မရှိကြဘဲ ၎င်းတို့၏ အရည်အချင်းများကို ကြွားဝါရန် အစဉ်သဖြင့် ကြိုးစားကာ အထိန်းအကွပ်မဲ့ ပြုမူလုပ်ဆောင်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ပြဿနာများစွာကို ဖြစ်စေပြီး အဖွဲ့သားများကို စိတ်ဆိုးစေကာ နောက်ဆုံးတွင် ရှင်းလင်းပစ်ခြင်းခံရသည်။ ဤလူတို့သည် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံစားရမည်မဟုတ်လော။ အဆုံးတွင် ၎င်းတို့သည် ၎င်းတို့၏ အတွေ့အကြုံကို ဖော်ပြချက်တစ်ခုဖြင့် အနှစ်ချုပ်သည်။ “ဘုရားအိမ်တော်သည် ငါတို့ကဲ့သို့ ပါရမီရှိသောသူများအတွက် နေရာတစ်ခုမဟုတ်ပေ၊ ငါတို့သည် မျိုးရိုးစစ်သော မြင်းများကဲ့သို့ဖြစ်သည်၊ သို့သော် ဘုရားအိမ်တော်တွင် ပိုင်းခြားသိမြင်သော တရားသူကြီးမရှိ၊ ဘုရားကို ယုံကြည်သူတို့သည် မသိနားမလည်ဘဲ များစွာ သိမြင်ခြင်းမရှိပေ၊ အထူးသဖြင့် အဆင့်အမျိုးမျိုးတွင်ရှိသော ခေါင်းဆောင်ဖြစ်သောသူများမှာ ထိုကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်သော်လည်း ငါတို့သည် မျိုးရိုးစစ်သော မြင်းများဖြစ်သည်ကို ၎င်းတို့ မသိမြင်နိုင်ကြပေ၊ ငါတို့၏ ပါရမီများကို သိမြင်နိုင်သည့်သူကို သွား၍ ရှာရမည်” ဟူ၍ ဖြစ်သည်။ အဆုံးတွင် ၎င်းတို့သည် ဤသို့ ကောက်ချက်ချသည်။ “ဘုရားအိမ်တော်တွင် ငါတို့အား နေရာပေးရန်အတွက် နေရာနည်းပါးလွန်းသည်၊ ငါတို့အားလုံးသည် အရေးကြီးပုဂ္ဂိုလ်များဖြစ်သည်၊ ဘုရားကို ယုံကြည်သူများမှာမူ လူ့အဖွဲ့အစည်း၏ နိမ့်ကျသောအဆင့်တွင်ရှိသော နှိမ့်ချသောလူများ ဖြစ်သည်။ လယ်သမားများ၊ လမ်းဘေးဈေးသည်များ၊ အသေးစား စီးပွားရေးသမားများဖြစ်သည်၊ ၎င်းတို့ထဲတွင် ထိပ်ဆုံးအဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင်များမရှိပေ၊ အသင်းတော်က သေးငယ်သော်လည်း ကမ္ဘာလောကက ကျယ်ပြန့်သည်၊ ဤသို့အလွန်ကြီးမားသော ကမ္ဘာလောက၌ ငါတို့အတွက် နေရာတစ်ခုရှိရမည်၊ ပါရမီရှိသော ငါတို့သည် နောက်ဆုံးတွင် ငါတို့အတွက် အကဲဖြတ်သူတစ်ဦးဦးကို ရှာတွေ့လိမ့်မည်” ဟူ၍ ပြောသော အခြားလူများရှိသည်။ ၎င်းတို့အတွက် အကဲဖြတ်သူကို ရှာရာတွင် ကံကောင်းစေဖို့ ဤလူတို့အား ဆုမွန်ကောင်းတောင်းပေးကြစို့” (ကောင်းပါပြီ။) ၎င်းတို့အတွက် အကဲဖြတ်သူကို ရှာပြီးနောက်တွင် ၎င်းတို့က ငါတို့အား နှုတ်ဆက်သည့်နေ့တွင် ၎င်းတို့အား နှုတ်ဆက်ညစာ စားပွဲပြုလုပ်ပေးပြီး ၎င်းတို့၏ သင့်တော်သောနေရာကို ရှာတွေ့ဖို့၊ ဖိနှိပ်ချုပ်ချယ်ခံရသည့် မည်သည့်စိတ်ခံစားချက်မဆိုမှ ကင်းလွတ်ဖို့ မျှော်လင့်ကြစို့။ ၎င်းတို့သည် ငါတို့ထက်ပို၍ ကောင်းစွာ နေထိုင်နိုင်ပါစေ။ ငြိမ်သက်ခြင်းရှိသော အသက်တာရှိပါစေ။ ငါတို့သည် ဤသို့ ပြောဆိုခြင်းအားဖြင့် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များရှိသည့် ဤလူတို့သည် အနည်းငယ် စိတ်သက်သာရာရသလော။ ရင်ထဲတွင် တင်းကျပ်နေခြင်း၊ ခေါင်းတွင် ထူပူနေခြင်း၊ စိတ်နှလုံးတွင် လေးလံနေခြင်း၊ ရုပ်ခန္ဓာ မသက်သာခြင်း၊ စိတ်မအေးခြင်းတို့ဖြစ်သော ၎င်းတို့၏ ဤခံစားချက်များသည် ပျောက်သွားသလော။ ၎င်းတို့၏ ဆန္ဒများ အမှန်တကယ် ဖြစ်ပေါ်ရန်၊ ဖိနှိပ်ချုပ်ချယ်မှုကို ၎င်းတို့ မခံစားရတော့ရန်၊ ပျော်ရွှင်စွာ၊ လွတ်လပ်စွာ အသက်ရှင်နိုင်ရန် ငါ မျှော်လင့်သည်။

ပြောလော့။ ဘုရားအိမ်တော်သည် ဤပါရမီရှိသော ပုဂ္ဂိုလ်များအတွက် အခက်အခဲဖြစ်စေရန် တမင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) လုံးဝ မဟုတ်ပေ။ ဤသို့ဆိုလျှင် ဘုရားအိမ်တော်တွင်ရှိသော စည်းမျဉ်းအမျိုးမျိုး၊ အလုပ်အစီအစဉ်များ၊ အလုပ်ကိစ္စတစ်ခုစီအတွက် သတ်မှတ်ချက်များသည် ၎င်းတို့တွင် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များကို အဘယ်ကြောင့် ဖြစ်ပေါ်စေသနည်း။ ဤပါရမီရှိသော ပုဂ္ဂိုလ်များသည် ဘုရားအိမ်တော်တွင် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များအတွင်း၌ အဘယ်ကြောင့် ပိတ်မိနေသနည်း။ ဘုရားအိမ်တော်က အမှားတစ်ခု လုပ်ခဲ့သလော။ သို့မဟုတ် ဘုရားအိမ်တော်က ဤလူများအတွက် အခက်အခဲဖြစ်အောင် တမင်တကာ လုပ်ဆောင်ခြင်းဖြစ်သလော။ (နှစ်ခုလုံး မဟုတ်ပါ။) အယူဝါဒနှင့်ပတ်သက်လျှင် ဤရှင်းပြချက်နှစ်ခုလုံးသည် လုံးဝ မမှန်ကန်သည်ကို သင်တို့အားလုံး နားလည်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ဤသို့ ဖြစ်ပျက်သနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် တာဝန်ထမ်းဆောင်ခြင်းတစ်လျှောက်တွင် လောကီတွင် ၎င်းတို့ ရယူခဲ့သော အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ သို့မဟုတ် တစ်ကိုယ်ရေ နှစ်သက်မှုများကို ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ သတ်မှတ်ချက်များထဲတွင် ရောနှောကျင့်သုံးလိုက်သောကြောင့် ဖြစ်သည်။) သို့သော် ဘုရားအိမ်တော်သည် ၎င်းတို့အား ဤအရာများကို ဘုရားအိမ်တော်၏ သတ်မှတ်ချက်များ၊ စည်းမျဉ်းများထဲတွင် ရောနှောကျင့်သုံးရန် ခွင့်ပြုသလော။ လုံးဝ ခွင့်မပြုပေ။ လူအချို့သည် ဘုရားအိမ်တော်က ဤအရာကို ခွင့်မပြုသောကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သင့်သည်ဟု သင်တို့ ထင်သနည်း။ (၎င်းတို့သည် တာဝန်တစ်ခုစီကို မထမ်းဆောင်မီတွင် ထိုတာဝန်အတွက် ဘုရားအိမ်တော်၌ ရှိသော သတ်မှတ်ချက်များ၊ စည်းမျဉ်းများကို ၎င်းတို့ ဦးစွာ နားလည်ရမည်။ ဤစည်းမျဉ်းများကို တိကျစွာ သဘောပေါက်ပြီးနောက်တွင် ၎င်းတို့ ကျွမ်းကျင်တတ်မြောက်ခဲ့သော အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို ကျိုးကြောင်းသင့်သော ပုံစံဖြင့် အသုံးချနိုင်သည်။) ဤစည်းမျဉ်းသည် မှန်ကန်သည်။ ယခု ပြောလော့။ ဘုရားအိမ်တော်တွင် အစဉ်သဖြင့် မိမိ၏ ကျွမ်းကျင်မှုကို ပြသပြီး မိမိ၏ အရည်အချင်းများကို ကြွားဝါလိုခြင်းသည် မှန်ကန်သော စမှတ်ဖြစ်သလော။ (မဟုတ်ပါ။) မည်သို့ မမှန်ကန်ခြင်း ဖြစ်သနည်း။ ကျေးဇူးပြု၍ အကြောင်းရင်းကို ရှင်းပြလော့။ (၎င်းတို့၏ ရည်ရွယ်ချက်သည် ကြွားဝါပြီး မိမိတို့ကိုယ်ကို အသိအမှတ်ပြုခံရစေရန်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အသက်မွေးအလုပ်နောက်သို့ လိုက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်၊ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးဖြစ်စေမည့် ပုံစံဖြင့် မည်သို့ ပြုမူဆောင်ရွက်ရမည်ဆိုသည်ကို မစဉ်းစားပေ။ ထိုအစား ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးခြင်း၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းမရှိဘဲ ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့်အညီ ပြုမူဆောင်ရွက်လိုကြသည်။) အခြားလူများက ဤအမှုကိစ္စကို မည်သို့ရှုမြင်သနည်း။ (တစ်စုံတစ်ခု ဖြစ်သည့်အခါတိုင်းတွင် အစဉ်သဖြင့် ကြွားဝါခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို မည်သို့ထမ်းဆောင်ပြီး ဘုရားသခင်အပေါ် မည်သို့သက်သေခံရမည်ကို မစဉ်းစားပေ။ ၎င်းတို့သည် အစဉ်သဖြင့် မိမိတို့ကိုယ်ကို သက်သေခံလိုကြသည်။ ဤလမ်းကြောင်းသည် ပင်ကိုအားဖြင့် မှားယွင်းသည်။) ဤစမှတ်သည် ပင်ကိုအားဖြင့် မမှန်ကန်ပေ။ ဤသည်မှာ သေချာသည်။ ဤသို့ဆိုလျှင် မည်သို့ မမှန်ကန်ခြင်းဖြစ်သနည်း။ ဤသည်မှာ သင်တို့အားလုံး မချေပနိုင်သည့် ပြဿနာတစ်ခုဖြစ်သည်။ သင်တို့အားလုံးသည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားနေရသည့် ပုံစံရှိသည်။ သင်တို့အားလုံးသည် သင်တို့၏ အရည်အချင်းများကို ထုတ်ဖော်ပြသရန်အတွက် သင်တို့၏ ကျွမ်းကျင်မှုကို ပြသလိုသည့် ပုံစံရှိသည်။ ဤသို့ မဟုတ်သလော။ မယုံကြည်သူများကြားတွင် ဆိုရိုးစကားတစ်ခုရှိသည်။ မည်သည့်ဆိုရိုးစကား ဖြစ်သနည်း။ “အဘွားအိုသည် နှုတ်ခမ်းနီဆိုးခြင်းမှာ သင် ကြည့်စရာတစ်ခုခုရှိစေရန်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ “သင်၏ အရည်အချင်းများကို ထုတ်ဖော်ပြသခြင်း” ဆိုသည့် အဓိပ္ပာယ်မဟုတ်လော။ (ဟုတ်သည်။) သင်၏ အရည်အချင်းများကို ထုတ်ဖော်ပြသခြင်းဆိုသည်မှာ သင်၏ လုပ်ဆောင်နိုင်စွမ်းကို ပြသပြီး ကြွားဝါလိုခြင်း၊ သူတစ်ပါးတို့ကြားတွင် သိက္ခာနှင့် အဆင့်အတန်းရလိုခြင်း၊ အထင်ကြီးလေးစားခံရလိုခြင်းကို ဆိုလိုသည်။ အနည်းဆုံးအနေဖြင့် ယင်းသည် “ငါ့တွင် စစ်မှန်သော ကျွမ်းကျင်မှုအချို့ရှိသည်။ ငါသည် သာမန်လူမဟုတ်ပေ။ ငါ့အား အထင်မသေးနှင့်။ ငါသည် ပါရမီရှိသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်” ဟူ၍ သူတစ်ပါးတို့အား အသိပေးအကြောင်းကြားရန် မိမိ၏ အရည်အချင်းများကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးကို အသုံးပြုလိုခြင်း ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ဤသည်မှာ ယင်းနောက်ကွယ်ရှိ အဓိပ္ပာယ်ဖြစ်သည်။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်က ဤသို့သော ရည်ရွယ်ချက်များရှိပြီး သူ၏ အရည်အချင်းများကို အစဉ်သဖြင့် ထုတ်ဖော်ပြသလိုလျှင် ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အသက်မွေးအလုပ်နောက်သို့ လိုက်လိုသည်။ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းကို စီမံလိုသည်။ အခြားလူများကြားတွင် ခြေကုပ်ရရှိပြီး သိက္ခာရှိလိုသည်။ ဤမျှ ရိုးရှင်းသည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ သို့မဟုတ် ဘုရားအိမ်တော်အတွက် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခြင်း မဟုတ်သကဲ့သို့ ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ သတ်မှတ်ချက်များနှင့်အညီ ပြုမူဆောင်ရွက်ခြင်းလည်း မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ မိမိတို့ကိုယ်ကို ပို၍ များပြားသော လူများ၏ အသိအမှတ်ပြုခံရရန်၊ မိမိတို့၏ တန်ဖိုးနှင့် ဂုဏ်သတင်းကို မြှင့်တင်ရန် ဖြစ်သည်။ လူတို့က ၎င်းတို့အား ကြီးကြပ်ရေးမှူး၊ သို့မဟုတ် ခေါင်းဆောင်အဖြစ် တင်မြှောက်ရန် ၎င်းတို့က လုပ်ဆောင်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်အဖြစ် တင်မြှောက်ခံရသည်နှင့် ၎င်းတို့တွင် အဆင့်အတန်းရှိမည် မဟုတ်လော။ ဤသို့ဆိုလျှင် ၎င်းတို့သည် ထင်ပေါ်မည်မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ လိုက်စားမှုဖြစ်သည်။ ၎င်းတို့၏ စမှတ်မှာ ဤမျှ ရိုးရှင်းသည်။ ယင်းသည် အဆင့်အတန်းနောက်လိုက်ခြင်းထက် မပိုပေ။ ၎င်းတို့သည် အဆင့်အတန်းနောက်သို့ ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို၊ သို့မဟုတ် အကျိုးစီးပွားကို ကာကွယ်နေခြင်းမဟုတ်ပေ။

ဆုကျေးဇူးများ၊ ပါရမီများရှိသောသူတို့သည် ဖိနှိပ်ချုပ်ချယ်ခံရသည့် ခံစားချက်ကို ရှောင်ကြဉ်ရန်အတွက် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤသည်မှာ ဖြစ်မြောက်ရန် လွယ်ကူသလော။ (လွယ်ကူသည်။) ဤသို့ဆိုလျှင် သင်၏ ကျွမ်းကျင်မှုကို အသုံးမချနိုင်ခြင်းကြောင့် ဖြစ်ပေါ်သော ဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို မည်သို့ ဖြေရှင်းနိုင်သနည်း။ ရှေးဦးစွာ လူတို့လေ့လာပြီး ကျွမ်းကျင်တတ်မြောက်သည့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများသည် မည်သည့်အရာများဖြစ်သည်ကို၊ သို့မဟုတ် မည်သည့် ပါရမီနှင့် ကျွမ်းကျင်မှုအမျိုးအစားကိုမဆို သင် နားလည်ဖို့ လိုသည်။ ယင်းတို့ကိုယ်၌က ဘဝဖြစ်သလော။ (မဟုတ်ပါ။) ယင်းတို့ကို အပြုသဘောဆောင်သောအရာများအဖြစ် အမျိုးအစားသတ်မှတ်နိုင်သလော။ (မသတ်မှတ်နိုင်ပါ။) ယင်းတို့ကို အပြုသဘောဆောင်သောအရာများအဖြစ် အမျိုးအစား မသတ်မှတ်နိုင်ပေ။ အများဆုံးအနေဖြင့် ယင်းတို့သည် အသုံးချခံပစ္စည်း အမျိုးအစားတစ်ခုဖြစ်သည်။ လူ့အဖွဲ့အစည်းတွင်၊ လောကီကမ္ဘာတွင် ယင်းတို့သည် အများဆုံးအနေဖြင့် လူတို့အား မိမိတို့ကိုယ်ကို လုံလောက်စွာ ပံ့ပိုးပေးပြီး ၎င်းတို့၏ ရှင်သန်ရေးကို ထိန်းသိမ်းရန် လုပ်ဆောင်စေနိုင်သော အရည်အချင်းများဖြစ်သည်။ သို့သော် ဘုရားအိမ်တော်၏ အမြင်တွင် သင်သည် နည်းပညာ ကျွမ်းကျင်မှု အမျိုးအစားတစ်ခုကို ရယူခဲ့ခြင်းသာဖြစ်သည်။ ယင်းသည် အသိပညာ တစ်မျိုးသာဖြစ်သည်။ ရိုးရှင်းသော အသိပညာစစ်စစ်တစ်မျိုးဖြစ်သည်။ ယင်းသည် လူတစ်ယောက်၏ မြင့်မြတ်ခြင်း၊ သို့မဟုတ် နိမ့်ကျခြင်းကို ဧကန်မုချ မညွှန်ပြပေ။ လူတစ်ယောက်သည် ကျွမ်းကျင်မှု၊ သို့မဟုတ် အရည်အချင်းတစ်ခုခုကို ပိုင်ဆိုင်ရုံဖြင့် သူတစ်ပါးတို့ထက်ပို၍ မြင့်မြတ်သည်ဟု မဆိုနိုင်ပေ။ ဤသို့ဆိုလျှင် လူတစ်ယောက်၏ မြင့်မြတ်ခြင်း၊ သို့မဟုတ် နိမ့်ကျခြင်းကို မည်သို့ တွေ့မြင်နိုင်သနည်း။ သူ၏ လူ့သဘာဝ၊ သူ၏ လိုက်စားမှုနှင့် သူ လိုက်လျှောက်သည့် လမ်းကြောင်းကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ နည်းပညာ အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုသည် မည်သည့်အသေးစိတ် အရည်အချင်း၊ သို့မဟုတ် အသိပညာကို သင်ရယူခဲ့သည်၊ ယင်းအပေါ် သင်၏ နားလည်မှုက မည်မျှ နက်နဲသည်၊ သို့မဟုတ် မည်မျှပေါ့တန်သည်၊ ယင်းတွင် မည်သည့်ကျွမ်းကျင်မှုအဆင့်ကို သင်ရရှိခဲ့သည် ဆိုသည်တို့ကိုသာ ကိုယ်စားပြုနိုင်သည်။ ဤနည်းပညာ အရည်အချင်းများနှင့် ကျွမ်းကျင်မှုသည် ကျွမ်းကျင်လိမ္မာမှု၊ အရေအတွက်၊ အတိမ်အနက်နှင့် ထိုနယ်ပယ်တွင် အတွေ့အကြုံများစွာရှိသလော၊ သို့မဟုတ် အပေါ်ယံ အသိပညာသာ ရှိသလောဆိုသည်တို့နှင့် ပတ်သက်၍သာ ဆွေးနွေးနိုင်သည်။ ယင်းတို့ကို လူတစ်ယောက်၏ လူ့သဘာဝ၏ အရည်အသွေး၊ လိုက်စားမှု၊ သူ လျှောက်သည့်လမ်းကြောင်းတို့ကို အကဲဖြတ်ရန် အသုံးမပြုနိုင်ပေ။ ယင်းတို့သည် အသိပညာ၊ သို့မဟုတ် အသုံးချခံပစ္စည်းတစ်မျိုးသာ ဖြစ်သည်။ ဤအသိပညာ၊ သို့မဟုတ် အသုံးချခံပစ္စည်းသည် သင့်အား ဆက်စပ်မှုရှိသော အလုပ်အချို့ကို လုပ်ဆောင်ကောင်း လုပ်ဆောင်စေနိုင်သည်၊ သို့မဟုတ် အလုပ်တစ်မျိုးမျိုးတွင် ပို၍ အရည်အချင်းရှိအောင် လုပ်ဆောင်ကောင်း လုပ်ဆောင်ပေးနိုင်သည်။ သို့သော် ဤသည်မှာ သင့်အား အလုပ်နှင့်ပတ်သက်ပြီး စိတ်ချရမှုနှင့် အာမခံချက်ပေးသည့် အသက်မွေးမှုကိုသာ ပံ့ပိုးပေးသည်။ ဤမျှသာ ဖြစ်သည်။ လူ့အဖွဲ့အစည်းက သင်၏ နည်းပညာ အရည်အချင်းနှင့် ကျွမ်းကျင်မှုကို မည်သို့ရှုမြင်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဘုရားအိမ်တော်က ယင်းတို့ကို ရှုမြင်သည့် ပုံစံဖြစ်သည်။ လူတစ်ဦးသည် အထူးအရည်အချင်းတစ်မျိုးမျိုးကို ပိုင်ဆိုင်ရုံဖြင့် ဘုရားအိမ်တော်သည် ထိုသူအား မည်သည့်အခါမျှ တစ်မူထူးခြားစွာ မှတ်ယူမည်မဟုတ်။ ထိုသူအား ရာထူးတိုးပေးရန် ခြွင်းချက်ပြုလုပ်မည်မဟုတ်၊ သို့မဟုတ် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း ပုံစံတစ်ခုခု၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း ပုံစံတစ်ခုခုမှ ကင်းလွတ်ခွင့်ပင် ပြုမည်မဟုတ်။ လူတစ်ယောက်သည် မည်သည့် နည်းပညာအရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုကို ပိုင်ဆိုင်နိုင်ပါစေ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တည်ရှိဆဲဖြစ်သည်။ သူသည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်ဆဲဖြစ်သည်။ လူတစ်ယောက်၏ ဆုကျေးဇူး၊ ပါရမီ၊ နည်းပညာဆိုင်ရာ အရည်အချင်းများသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ကွဲပြားပြီး ဆက်စပ်ခြင်းမရှိပေ။ ယင်းတို့သည် သူ၏ လူ့သဘာဝ၊ သို့မဟုတ် စရိုက်လက္ခဏာနှင့်လည်း လုံးဝ မသက်ဆိုင်ပေ။ အချို့သောလူတို့သည် အနည်းငယ်ပို၍ အစွမ်းအစရှိသည်။ အနည်းငယ်ပို၍ အသိဉာဏ်ရှိသည်၊ သို့မဟုတ် ဖြတ်ထိုးဉာဏ်နှင့် သိမြင်နားလည်မှု အနည်းငယ်ပို၍ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် နည်းပညာ အရည်အချင်းအချို့ကို သင်ယူသောအခါ အတော်အတန်ပို၍ နက်နဲသော အသိပညာကို ရရှလေသည်။ ၎င်းတို့သည် အောင်မြင်မှုနှင့် ရလဒ်များကို အနည်းငယ်ပို၍ ရရှိသည်။ ဤပညာရပ်ပါဝင်သော အလုပ်ကို လုပ်ဆောင်သောအခါတွင် ပို၍ အောင်မြင်မှုရှိသည်။ လူ့အဖွဲ့အစည်းတွင် ဤအရာက ၎င်းတို့အား အတော်အတန် ပို၍ ကြီးမားပြီး များပြားသော ငွေကြေးအမြတ်အစွန်းများ၊ ၎င်းတို့၏ နယ်ပယ်တွင် အနည်းငယ်ပို၍ မြင့်သော အဆင့်အတန်း၊ ဝါရင့်မှု၊ သို့မဟုတ် ဂုဏ်သိက္ခာတို့ကို ရရှိစေနိုင်သည်။ ဤမျှသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤအရာထဲမှ မည်သည့်အရာကမျှ ၎င်းတို့လျှောက်သည့်လမ်းကြောင်း၊ ၎င်းတို့၏ လိုက်စားမှု၊ သို့မဟုတ် ဘဝနှင့် ဖြစ်တည်မှုအပေါ် ၎င်းတို့၏ သဘောထားတို့ကို မညွှန်ပြပေ။ နည်းပညာ အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့သည် အသိပညာနယ်ပယ်သက်သက်၏ အကြောင်းအရာများ ဖြစ်သည်။ လူတစ်ယောက်၏ အတွေးအမြင်၊ သို့မဟုတ် အရာရာတိုင်းအပေါ် ၎င်းတို့ ခံယူသည့် အမြင်ရှုထောင့်၊ ရပ်တည်ချက်တို့နှင့် လုံးဝ မသက်ဆိုင်ပေ။ ၎င်းတို့သည် ဤအရာများဖြင့် မည်သည့်ပုံစံနှင့်မျှ မဆက်စပ်ပေ။ အချို့သော အသိပညာနယ်ပယ်တွင် အားပေးမြှင့်တင်သော အယူအဆများသည် သမ္မာတရားအား နားလည်ခြင်း၊ အပြုသဘောဆောင်သောအရာများအား သိမြင်ခြင်းနှင့်ပတ်သက်ပြီး လူတို့အား အမြင်မှားစေသော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများဖြစ်သည်မှာ ပြောစရာမလိုပေ။ ထိုအရာအားလုံးမှာ မတူညီသော အကြောင်းအရာတစ်ခု ဖြစ်သည်။ ဤနေရာတွင် ငါတို့သည် အသိပညာသက်သက်နှင့် နည်းပညာဆိုင်ရာ အရည်အချင်းများကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ယင်းတို့သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သို့မဟုတ် သာမန်လူ့သဘာဝအတွက် အပြုသဘောဆောင်သော၊ သို့မဟုတ် တက်ကြွမှုရှိသော ပံ့ပိုးမှု၊ ပြုပြင်မှုတို့ကို မပေးပေ။ ယင်းတို့သည် လူတစ်ယောက်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကန့်သတ်နိုင်စွမ်း၊ သို့မဟုတ် ချုပ်တည်းနိုင်စွမ်းလည်း မရှိပေ။ ဤသည်မှာ ယင်းတို့၏ သဘာဝဖြစ်သည်။ လူတစ်ယောက်သည် စာပေ၊ ဂီတ၊ သို့မဟုတ် အနုပညာနှင့်သက်ဆိုင်သော မည်သည့်ကဏ္ဍမဆို၊ သိပံ္ပ၊ ဇီဝဗေဒ၊ သို့မဟုတ် ဓါတုဗေဒ၊ သို့မဟုတ် ဒီဇိုင်း၊ ဗိသုကာ၊ ကုန်သွယ်ရေး၊ သို့မဟုတ် လက်မှုပညာ၌ပင် ပါဝင်လုပ်ကိုင်သည်ဖြစ်စေ၊ မည်သည့်နယ်ပယ်ဖြစ်စေ သူ၏ နည်းပညာဆိုင်ရာ အသိပညာ၏ သဘောသဘာဝသည် ဤသို့ဖြစ်သည်။ ဤသည်မှာ ယင်း၏ အနှစ်သာရဖြစ်သည်။ ငါသည် တိကျစွာ ပြောဆိုခဲ့သည်ဟု သင်တို့ ထင်မြင်သလော။ (ထင်မြင်သည်။) မည်သည့်နယ်ပယ်တွင် သင်ပါဝင်လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုကို သင် လေ့လာသည်ဖြစ်စေ၊ သို့မဟုတ် မွေးရာပါ ကျွမ်းကျင်မှုအချို့ကို သင်ပိုင်ဆိုင်သည်ဖြစ်စေ ယင်းသည် သင်၏ မြင့်မြတ်ခြင်း၊ သို့မဟုတ် နိမ့်ကျခြင်းကို မညွှန်ပြပေ။ ဥပမာ လူ့အဖွဲ့အစည်းတွင် ကုန်သွယ်ရေးနှင့် စီးပွားရေး၌ ပါဝင်လုပ်ဆောင်သောသူများ၊ အထူးသဖြင့်၊ လက်ရွေးစင်လူစုများသည် မြင့်မြတ်သော စရိုက်လက္ခဏာရှိသည်ဟု လူအချို့က ယုံကြည်ကြသည်။ ၎င်းတို့ လေ့လာသင်ယူခဲ့သည့် အသက်မွေးပညာရပ်နှင့် အသိပညာကို လူတို့က အထင်ကြီးလေးစားသောကြောင့်၊ ပြီးလျှင် ၎င်းတို့သည် အထူးပင် မြင့်မားသော ဝင်ငွေရှိသောကြောင့် ၎င်းတို့တွင် မြင့်မားသော လူမှုအဆင့်အတန်းရှိသည်။ သို့ရာတွင် ဤသို့သော ထင်မြင်ချက်သည် ဘုရားအိမ်တော်တွင် မတည်ရှိပေ။ ဘုရားအိမ်တော်သည် ၎င်းတို့အား ဤပုံစံဖြင့် အကဲဖြတ်မည်မဟုတ်ပေ။ ဤကိစ္စကို တန်ဖိုးဖြတ်ရန်အတွက် ဤလူတို့ အသုံးပြုသော စည်းမျဉ်းများ၊ စံနှုန်းများသည် သမ္မာတရားမဟုတ်ဘဲ လူသား၏ နားလည်မှုဖြစ်ပြီး လူသား၏ အသိပညာနှင့် သက်ဆိုင်သောကြောင့် ဤသို့သော အမြင်များသည် ဘုရားအိမ်တော်တွင် ယုတ္တိမတန်ပေ။ အခြားဥပမာပေးရလျှင် လူ့အဖွဲ့အစည်း၌ လူအချို့သည် တံငါသည်၊ လမ်းဘေးဈေးသည်၊ သို့မဟုတ် လက်မှုပညာသည်များဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်းနိမ့်သည်ဟု သတ်မှတ်ပြီး မည်သူကမျှ ၎င်းတို့ကို အထင်ကြီးလေးစားခြင်းမရှိပေ။ သို့ရာတွင် ဘုရားအိမ်တော်၌ ဘုရားသခင်ရွေးချယ်ထားသောလူအားလုံးမှာ တန်းတူညီသည်။ သမ္မာတရား၏ ရှေ့တွင် လူတိုင်းက ညီမျှသည်။ မြင့်မြတ်သော၊ နိမ့်ကျသောလူများကြား ကွာခြားမှုမရှိပေ။ သင်သည် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းမြင့်သောကြောင့်၊ သို့မဟုတ် မြင့်မြတ်သော အလုပ်အကိုင်ကို လုပ်သောကြောင့် ဂုဏ်ရှိသည်ဟု သတ်မှတ်ခံရမည် မဟုတ်သကဲ့သို့ သင်သည် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းနိမ့်သော အလုပ်အကိုင်ကို လုပ်ဆောင်သောကြောင့် နိမ့်ကျသည်ဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားအိမ်တော်တွင်၊ ဘုရားသခင်၏ အမြင်တွင် သင်၏ ပင်ကိုလက္ခဏာ၊ တန်ဖိုး၊ အဆင့်အတန်းတို့ မြင့်သည်၊ သို့မဟုတ် နိမ့်သည်ဟု သတ်မှတ်ခံရခြင်းသည် သင်၏ အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်း၊ နည်းပညာ ကျွမ်းကျင်မှု၊ သို့မဟုတ် သင်ပိုင်ဆိုင်သော ကျွမ်းကျင်မှုတို့ဖြင့် လုံးဝ မသက်ဆိုင်ပေ။ လူအချို့က “ငါသည် စစ်ထဲတွင် အုပ်ချုပ်သူအရာရှိ၊ ဗိုလ်ချုပ်ကြီး၊ ထိပ်တန်းအရာရှိတစ်ဦး ဖြစ်ခဲ့သည်” ဟု ဆိုသည်။ ငါက ၎င်းတို့အား “သင်သည် ဘေးသို့သွား၍ မတ်တတ်ရပ်လော့” ဟု ဆိုသည်။ အဘယ်ကြောင့် ဘေးတွင် မတ်တတ်ရပ်သင့်သနည်း။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားက ဆိုးရွားလွန်းသောကြောင့်ဖြစ်သည်။ သင့်ကို ကြည့်ရသည်မှာ ငါစက်ဆုပ်ရွံရှာသည်။ ရှေးဦးစွာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်လျက် အချိန်အချို့ကို ကုန်ဆုံးလော့။ သမ္မာတရားအချို့ကို နားလည်ခြင်းရှိလော့။ လူသားပုံသဏ္ဌာန်အတိုင်း အနည်းငယ် အသက်ရှင်နေထိုင်လော့။ ဤသို့ဆိုလျှင် သင် ပြန်လာသောအခါ လူတိုင်းက သင့်အား လက်ခံနိုင်လိမ့်မည်။ ဘုရားအိမ်တော်တွင် သင်သည် လူ့အဖွဲ့အစည်းတွင် လူတို့က မြင့်မြတ်သည်ဟု သတ်မှတ်သော အလုပ်တစ်မျိုးကို လုပ်ကိုင်ခဲ့ရုံဖြင့် အထင်ကြီးလေးစား ခံရမည်မဟုတ်သကဲ့သို့ သင်သည် လူ့အဖွဲ့အစည်းတွင် တစ်ခါက အဆင့်အတန်းနိမ့်ရုံဖြင့် အထင်သေးခြင်း ခံရမည်မဟုတ်ပေ။ လူတို့ကို အကဲဖြတ်ခြင်းအတွက် ဘုရားအိမ်တော်၏ စံနှုန်းများ၊ စည်းမျဉ်းများမှာ သမ္မာတရား၏ စံသတ်မှတ်ချက်အပေါ်တွင်သာ အခြေခံသည်။ ဤသို့ဆိုလျှင် သမ္မာတရား၏ စံသတ်မှတ်ချက်များမှာ အဘယ်နည်း။ ဤစံသတ်မှတ်ချက်များတွင် အသေးစိတ်ကဏ္ဍများရှိသည်။ ပထမအနေဖြင့် လူတို့ကို ၎င်းတို့၏ လူ့သဘာဝ၏ အရည်အသွေးအပေါ် အခြေခံပြီး အကဲဖြတ်သည်။ ၎င်းတို့တွင် အသိစိတ်၊ ဆင်ခြင်တုံတရား၊ ကောင်းမွန်သော စိတ်နှလုံး၊ တရားမျှတမှုအသိစိတ်ရှိမရှိအပေါ် အခြေခံပြီး အကဲဖြတ်သည်။ ဒုတိယအနေဖြင့် လူတို့သည် သမ္မာတရားကို ချစ်ခြင်းရှိမရှိ၊ မည်သည့်လမ်းကြောင်းကို ၎င်းတို့လျှောက်သည်၊ သမ္မာတရားကို ၎င်းတို့ လိုက်စားသလော၊ အပြုသဘောဆောင်သောအရာများကို ချစ်သလော၊ ဘုရားသခင်၏ မျှတမှုနှင့် ဖြောင့်မတ်ခြင်းကို ချစ်သလော၊ သို့မဟုတ် သမ္မာတရားကို မလိုက်စားသလော၊ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို စိတ်ကုန်သလော၊ အစဉ်သဖြင့် တစ်ကိုယ်ရေ ကြိုးပမ်းအားထုတ်မှုများကို လုပ်ဆောင်သလော စသည်တို့အပေါ်တွင်အခြေခံပြီး အကဲဖြတ်သည်။ ထို့ကြောင့် နည်းပညာဆိုင်ရာ အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုတစ်မျိုးမျိုးကို သင်ပိုင်ဆိုင်သည်ဖြစ်စေ၊ မည်သည့်အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုမျှ မရှိသည်ဖြစ်စေ ဘုရားအိမ်တော်တွင် သင်သည် မျှတစွာ ဆက်ဆံခြင်းခံရမည်။ ဘုရားအိမ်တော်သည် အစဉ်သဖြင့် ဤသို့ လည်ပတ်သည်။ ယခုတွင် ဤသို့ ဆက်လက်ပြုလုပ်ပြီး နောင်တွင်လည်း ဤသို့ လုပ်ဆောင်မည်ဖြစ်သည်။ ဤစည်းမျဉ်းများ၊ စံနှုန်းများသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ ထို့ကြောင့် ပြောင်းလဲဖို့ လိုသည့်အရာမှာ ၎င်းတို့၏ ကျွမ်းကျင်မှုကို အသုံးမချနိုင်သောကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသောသူများဖြစ်သည်။ သင်သည် ဘုရားသခင်က ဖြောင့်မတ်သည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်ကို ကြီးစိုးသည်မှာ သမ္မာတရား ဖြစ်သည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်တွင် မျှတခြင်း၊ ဖြောင့်မတ်ခြင်းရှိသည်ကိုလည်းကောင်း အမှန်တကယ် ယုံကြည်လျှင် နည်းပညာ အရည်အချင်းနှင့် ကျွမ်းကျင်မှုနှင့်ပတ်သက်ပြီး သင်၏ မမှန်ကန်သော အမြင်များ၊ ထင်မြင်ချက်များကို အလျင်အမြန် လက်လွှတ်ရန် သင့်အား ငါခိုင်းစေသည်။ ဆုကျေးဇူးအနည်းငယ်၊ သို့မဟုတ် ကျွမ်းကျင်မှုအနည်းငယ်ကို ပိုင်ဆိုင်ခြင်းသည် သင့်အား သာလွန်စေသည်ဟု မထင်နှင့်။ သင်သည် အခြားသူများ၌ မရှိသော နည်းပညာဆိုင်ရာ အရည်အချင်းများ၊ သို့မဟုတ် ကျွမ်းကျင်မှုကို ပိုင်ဆိုင်နိုင်သော်လည်း သင်၏ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အခြားလူများ၏ လူ့သဘာဝ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့နှင့် မကွာခြားပေ။ ဘုရားသခင်၏ အမြင်တွင် သင်သည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သင်နှင့်ပတ်သက်ပြီး ထူးခြားသည့်အရာ လုံးဝ မရှိပေ။ သင်က “ကျွန်ုပ်သည် ရာထူးကြီးသော အရာရှိ ဖြစ်ခဲ့ဖူးသည်” ဟု ဆိုနိုင်သည်။ ဤသို့ဆိုလျှင်လည်း သင်သည် သာမန်လူတစ်ယောက်သာ ဖြစ်နေဆဲဖြစ်သည်။ သင်က “ကျွန်ုပ်သည် ကြီးမြတ်သောအရာများကို အောင်မြင်ခဲ့ဖူးသည်” ဟု ဆိုနိုင်သည်။ ဤသို့ဆိုလျှင်လည်း သင်သည် သာမန်လူတစ်ယောက်သာ ဖြစ်နေဆဲဖြစ်သည်။ သင်က “ကျွန်ုပ်သည် သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ဖူးသည်” ဟု ဆိုနိုင်သည်။ သို့သော် သင်သည် မည်သို့သော သူရဲကောင်း၊ သို့မဟုတ် လူသိများသူဖြစ်ပါစေ အသုံးမဝင်ပေ။ ဘုရားသခင်၏ အမြင်တွင် သင်သည် သာမန်လူတစ်ယောက်သာ ဖြစ်နေဆဲဖြစ်သည်။ ဤသည်မှာ နည်းပညာဆိုင်ရာ အရည်အချင်းများနှင့် ကျွမ်းကျင်မှု အမျိုးအစားအချို့နှင့်ပတ်သက်ပြီး လူတို့ နားလည်သင့်သည့် သမ္မာတရားနှင့် စည်းမျဉ်း၏ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားကဏ္ဍတစ်ခုဖြစ်သော ဤအတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်းနှင့် ကျွမ်းကျင်မှုကို မည်သို့ ချဉ်းကပ်ရမည်ဆိုသည်မှာ လူတို့ နားလည်သင့်သည့် အသေးစိတ် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုဖြစ်သည်။ ရှေးဦးစွာ သင်သည် မည်သည့်အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်း၊ သို့မဟုတ် မည်သည့်ကျွမ်းကျင်မှုကို ပိုင်ဆိုင်သည်ဖြစ်စေ သင်သည် အလုပ်တစ်ခုကို လုပ်ရန်၊ သင်၏ တန်ဖိုးကို ထုတ်ဖော်ပြသရန်၊ လစာရရှိရန်၊ သို့မဟုတ် ပိုက်ဆံရှာရန် ဘုရားအိမ်တော်သို့ ရောက်လာခြင်းမဟုတ်ဆိုသည်ကို သင်၏ အတွေးနှင့် အသိစိတ်ထဲတွင် ရှင်းလင်းစွာ သိဖို့ လိုသည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရန် ရောက်လာခြင်းဖြစ်သည်။ ဘုရားအိမ်တော်တွင် သင်၏ တစ်ခုတည်းသော ပင်ကိုလက္ခဏာမှာ ညီအစ်ကို၊ သို့မဟုတ် မောင်နှမတစ်ယောက်အနေဖြင့်သာ ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရား၏အမြင်တွင် ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်။ သင့်တွင် ဒုတိယ ပင်ကိုလက္ခဏာမရှိပေ။ ဘုရားသခင်၏ အမြင်တွင် ဖန်ဆင်းခံသည် တိရစ္ဆာန်တစ်ကောင်၊ ဟင်းသီးဟင်းရွက်တစ်ခု၊ သို့မဟုတ် မကောင်းဆိုးဝါးတစ်ကောင်မဟုတ်ပေ။ လူသားတစ်ဦးဖြစ်သည်။ သင်သည် လူသားတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်သင့်သည်။ လူသားတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားအိမ်တော်သို့ လာခြင်းအတွက် သင်ရှိသင့်သော အခြေခံအကျဆုံး ပန်းတိုင်ဖြစ်ပြီး သင်ပိုင်ဆိုင်သင့်သော အ‌ခြေခံအကျဆုံး အမြင်ရှုထောင့် ဖြစ်သည်။ သင်က “ငါသည် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သာမန်လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူဖြစ်သည်။ ငါသည် ငါ၏တာဝန်ကို ထမ်းဆောင်သင့်သည်” ဟု ဆိုသင့်သည်။ ဤသည်မှာ သဘောတရားအရဆိုလျှင် လူတို့ ဦးစွာ ပိုင်ဆိုင်သင့်သည့် အတွေးအမြင်ဖြစ်သည်။ နောက်တစ်ခုမှာ သင်၏ တာဝန်ကို မည်သို့ ထမ်းဆောင်သင့်သည်ဆိုသည့်အရာ ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် နားထောင်သင့်သလော၊ သို့မဟုတ် ဘုရားသခင်ကို နားထောင်သင့်သလော။ (ဘုရားသခင်ကို နားထောင်သင့်သည်။) မှန်သည်။ အဘယ်ကြောင့် ဘုရားသခင်ကို နားထောင်သင့်သနည်း။ စည်းမျဉ်းအရ၊ သဘောတရားအရ လူတို့သည် ဘုရားသခင်အား ၎င်းတို့ နားထောင်ရမည်ကိုလည်းကောင်း၊ ဘုရားသခင်က သမ္မာတရား ဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်က ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ကိုလည်းကောင်း သိကြသည်။ ဤသည်မှာ သဘောတရားနှင့်ပတ်သက်လျှင် မိမိ၌ ရှိသင့်သည့် အမြင်ဖြစ်သည်။ လက်တွေ့တွင် သင်သည် ဤတာဝန်ကို ထမ်းဆောင်သည်မှာ သင့်ကိုယ်သင်အတွက် မဟုတ်။ သင်၏ မိသားစုအတွက် မဟုတ်။ သင်၏ နေ့စဉ် ဖြစ်တည်မှုအတွက် မဟုတ်။ သင်၏ တစ်ကိုယ်ရေ အသက်မွေးအလုပ်၊ သို့မဟုတ် အားထုတ်ကြိုးပမ်းမှုအတွက် မဟုတ်ပေ။ ဘုရားသခင်၏ အမှုတော်အတွက်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ သင်၏ တစ်ကိုယ်ရေ အရေးကိစ္စများနှင့် လုံးဝ မသက်ဆိုင်ပေ။ သင်သည် ဤအမြင်ကို နားလည်ပြီး ပိုင်ဆိုင်ဖို့ လိုသည်။ ဤအမြင်ကို ပိုင်ဆိုင်ပြီးနောက်တွင် သင်နောက်ထပ် နားလည်ရမည့်အရာမှာ တာဝန်ထမ်းဆောင်ခြင်းသည် သင်ကိုယ်တိုင်အတွက် မဟုတ်ဘဲ ဘုရားသခင်၏ အမှုတော်အတွက် ဖြစ်သောကြောင့် ဤတာဝန်ကို မည်သို့ ထမ်းဆောင်သင့်သည်၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ သတ်မှတ်ချက်များက အဘယ်သို့ဖြစ်သည်ဆိုသည်တို့နှင့်ပတ်သက်ပြီး ဘုရားသခင်ထံ ဆုတောင်းကာ ရှာဖွေဖို့ လိုသည်။ ဘုရားသခင်က သင့်အား မည်သို့လုပ်ဆောင်ရန် ပြောသည်ဖြစ်စေ သင့်တာဝန်ကို ထမ်းဆောင်လော့။ ဘုရားသခင်က သင့်အား လုပ်ဆောင်ရန် ခိုင်းစေသမျှကို လုပ်ဆောင်လော့။ ယင်းနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ မပြောနှင့်။ တွန့်ဆုတ်ခြင်း၊ ငြင်းဆန်ခြင်း မရှိနှင့်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ဤသည်မှာ ဘုရားအိမ်တော်ဖြစ်သောကြောင့် ဤနေရာတွင် လူတို့ ထမ်းဆောင်သင့်သည့် တာဝန်များကို ထမ်းဆောင်ခြင်းကသာ ၎င်းတို့အတွက် မှန်ကန်ပြီး သင့်လျော်သည်။ သို့သော် လူတို့သည် ဤအရာများကို မိမိတို့ကိုယ်ကိုအတွက် လုပ်ဆောင်ခြင်းမဟုတ်ပေ။ မိမိတို့၏ နေ့စဉ် ဖြစ်တည်မှု၊ ဘဝ၊ မိသားစု၊ သို့မဟုတ် အသက်မွေးအလုပ်အတွက် လုပ်ဆောင်ခြင်းမဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သည့်အရာအတွက် လုပ်ဆောင်သနည်း။ ဘုရားသခင်၏ အမှုတော်အတွက်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ဖြစ်သည်။ ဤအရာတွင် ပါဝင်သည်မှာ မည်သည့်အသေးစိတ် ပညာရပ်၊ သို့မဟုတ် အလုပ်မျိုးဖြစ်စေ၊ ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတ၊ သို့မဟုတ် ပုံစံချမှတ်ခြင်းတမျှ သေးငယ်သည်ဖြစ်စေ၊ အလုပ်၏ အသေးစိတ်ကိစ္စတစ်ခုတမျှ အရေးပါသည်ဖြစ်စေ အားလုံးက ဘုရားအမှုတော်၏ နယ်ပယ်အတွင်းတွင် ပါဝင်သည်။ ထို့ကြောင့် သင့်၌ အသိစိတ်ရှိလျှင် သင်သည် “ဤအလုပ်ကို ငါ အဘယ်သို့ လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များက အဘယ်နည်း။ ဘုရားအိမ်တော်က မည်သည့် စည်းမျဉ်းများကို ချမှတ်ထားသနည်း” ဟူ၍ သင့်ကိုယ်သင် ဦးစွာ မေးသင့်သည်။ ထို့နောက်တွင် ဆက်စပ်မှုရှိသော စည်းမျဉ်းများကို တစ်ခုချင်း စာရင်းပြုလုပ်ပြီး စည်းကမ်းစည်းမျဉ်းတစ်ခုစီနှင့်အညီ တင်းကျပ်စွာ ပြုမူဆောင်ရွက်လော့။ စည်းမျဉ်းများနှင့်ညီပြီး ထိုစည်းမျဉ်းများ၏ နယ်ပယ်ကို မကျော်သရွေ့ သင်လုပ်ဆောင်သမျှတိုင်းက သင့်တင့်လျောက်ပတ်လိမ့်မည်။ သင်သည် သင့်တာဝန်ကို ထမ်းဆောင်နေသည်ဟု ဘုရားသခင်က မှတ်ယူပြီး သတ်မှတ်လိမ့်မည်။ ဤသည်မှာ လူတို့ နားလည်သင့်သည့်အရာတစ်ခု မဟုတ်သလော။ (ဟုတ်သည်။) သင်သည် ဤအရာကို နားလည်လျှင် သင်သည် အမှုအရာများကို မည်သို့ လုပ်ဆောင်လိုသည်၊ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်လိုသည်ဆိုသည်ကို အစဉ်သဖြင့် တွေးတောမနေသင့်ပေ။ ဤသို့စဉ်းစားခြင်း၊ ပြုမူဆောင်ရွက်ခြင်းသည် အသိစိတ်ကင်းမဲ့သည်။ အသိစိတ်ကင်းမဲ့သောအရာများကို လုပ်ဆောင်သင့်သလော။ မလုပ်ဆောင်သင့်ပေ။ သင်သည် ထိုအရာများကို လုပ်ဆောင်လိုလျှင် မည်သို့ ပြုလုပ်သင့်သနည်း။ (မိမိကိုယ်ကို စွန့်ပစ်သင့်သည်။) သင်သည် သင့်ကိုယ်သင် စွန့်ပစ်ပြီး လက်လွှတ်သင့်သည်။ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များ၊ စည်းမျဉ်းများကို ဦးစားပေးသင့်သည်။ သင်သည် နေမထိထိုင်မသာဖြစ်လျှင်၊ သင်၏ အားလပ်ချိန်၌ သင် စိတ်ဝင်စားသောအရာများ၊ ဝါသနာများကို ဖြည့်ဆည်းလျှင် ဘုရားအိမ်တော်က ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ ဤသည်မှာ သင်နားလည်သင့်သည့်အရာ၏ ကဏ္ဍတစ်ခုဖြစ်သည်။ သင်၏ တာဝန်က မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် မည်သို့ ထမ်းဆောင်သင့်သည်ဆိုသည့်အရာဖြစ်သည်။ အခြားကဏ္ဍတစ်ခုမှာ လူတို့၏ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အရည်အချင်း၏ ပြဿနာနှင့် သက်ဆိုင်သည်။ အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်း၊ ကျွမ်းကျင်မှုတို့နှင့်သက်ဆိုင်သော အမှုကိစ္စကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ဘုရားအိမ်တော်က သင် ထူးချွန်သော၊ သို့မဟုတ် ကျွမ်းကျင်တတ်မြောက်ပြီး ဖြစ်သော အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အရည်အချင်းများကို ပံ့ပိုးပေးရန် သင့်အား လိုအပ်လျှင် သင်၏ သဘောထားမှာ အဘယ်သို့ ဖြစ်သင့်သနည်း။ သင်သည် သံသယမရှိဘဲ ပံ့ပိုးပေးသင့်သည်။ သင်၏တာဝန်တွင် ဖြစ်နိုင်သမျှ အကြီးဆုံး အတိုင်းအတာအထိ ထိုကျွမ်းကျင်မှုများ၏ အသုံးဝင်မှုကို လုပ်ဆောင်ပြီး ယင်းတို့၏ တန်ဖိုးကို ထုတ်ဖော်ပြသသင့်သည်။ ယင်းတို့ကို အချည်းနှီး မဖြစ်စေသင့်ပေ။ သင်သည် ထိုကျွမ်းကျင်မှုများကို အသုံးချနိုင်သောကြောင့်၊ နားလည်သောကြောင့်၊ ကျွမ်းကျင်တတ်မြောက်ပြီးသောကြောင့် ယင်းတို့ကို အကျိုးရှိရှိ အသုံးချခွင့်ပြုသင့်သည်။ ယင်းတို့ကို အသုံးချခြင်း၏ စည်းမျဉ်းမှာ အဘယ်နည်း။ ထိုစည်းမျဉ်းမှာ ဘုရားအိမ်တော်က မည်သည့်အရာကို လိုအပ်သည်ဖြစ်စေ၊ မည်မျှ လိုအပ်သည်ဖြစ်စေ၊ မည်သည့်အတိုင်းအတာအထိ လိုအပ်သည်ဖြစ်စေ သင်သည် ဤအရည်အချင်းများကို ထိန်းချုပ်သော၊ ချင့်ချိန်သောနည်းဖြင့် အသုံးချခြင်းဖြစ်သည်။ သင့်တာဝန်တွင် သင်၏ နည်းပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုကို အသုံးချပြီး ယင်းတို့၏ အသုံးဝင်မှုကို ဖြည့်ဆည်းပေးကာ သင့်တာဝန်တွင် ပို၍ ကောင်းသော ရလဒ်များအား ရရှိစေလော့။ ဤသို့အားဖြင့် သင်၏ အတတ်ပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုသည် အကြောင်းရင်းတစ်ခုအတွက် လေ့လာသင်ယူခဲ့ခြင်း ဖြစ်မည် မဟုတ်သလော။ ယင်းတို့သည် တန်ဖိုးရှိမည်မဟုတ်လော။ သင်သည် ကူညီပံ့ပိုးပေးခဲ့ခြင်း ဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် ဤနည်းဖြင့် ကူညီပံ့ပိုးလိုစိတ် ရှိသလော။ (ရှိပါသည်။) ဤသည်မှာ ကောင်းသောအရာဖြစ်သည်။ ဘုရားအိမ်တော်တွင် လုံးဝ အသုံးမဝင်သည့် အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့အတွက်မူ ဘုရားအိမ်တော်သည် ယင်းတို့ကို လိုအပ်ခြင်း၊ အားပေးခြင်းမရှိခြင်းသာဖြစ်သည်။ ဤသို့သော အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုကို ပိုင်ဆိုင်သူတို့သည် ယင်းတို့ကို ထင်ရာမြင်ရာ အသုံးမချသင့်ပေ။ သင်သည် ဤအမှုကိစ္စကို မည်သို့ ခံယူသင့်သနည်း။ (ဤအရည်အချင်းများကို စွန့်ပစ်ခြင်းအားဖြင့် ဖြစ်သည်။) လုံးဝ မှန်သည်။ အရိုးရှင်းဆုံးသော နည်းမှာ ယင်းတို့ကို စွန့်ပစ်ခြင်း၊ ယင်းတို့ကို လုံးဝ မသင်ယူခဲ့သည့် ပုံစံဖြင့် နေခြင်းဖြစ်သည်။ ပြောလော့။ သင်သည် ယင်းတို့ကို လိုလိုလားလားဖြင့် လက်လွှတ်လျှင် သင့်တာဝန်ကို ထမ်းဆောင်နေစဉ်၌ ယင်းတို့သည် ထွက်ပေါ်လာပြီး သင့်အား နှောင့်ယှက်ဆဲဖြစ်မည်လော။ ဤသို့ ဖြစ်မည်မဟုတ်ပေ။ ဆုံးဖြတ်ရန်မှာ သင့်အပေါ်တွင် မူတည်သည်မဟုတ်လော။ ယင်းတို့သည် အသိပညာ အနည်းငယ်သာဖြစ်သည်။ ယင်းတို့သည် ပြဿနာ မည်မျှ၊ သက်ရောက်မှု မည်မျှ ဖြစ်စေနိုင်သနည်း။ ယင်းတို့ကို သင် လုံးဝ မသင်ယူခဲ့သကဲ့သို့၊ ယင်းတို့ကို သင် မပိုင်ဆိုင်သကဲ့သို့သာ မှတ်ယူလော့။ ဤသို့ဆိုလျှင် ဤအမှုကိစ္စက ပြီးဆုံးသွားမည်မဟုတ်လော။ သင်သည် ဤအမှုကိစ္စကို မှန်ကန်စွာ ကိုင်တွယ်သင့်သည်။ ဘုရားအိမ်တော်က သင့်အား လုပ်ဆောင်ရန် မလိုအပ်သော အရာတစ်ခုဖြစ်လျှင် ကြွားဝါရန်၊ သင်၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများကို ဖြည့်ဆည်းပေးရန်၊ သို့မဟုတ် သင်သည် လှည့်ကွက်အနည်းငယ်အား သိသည်ဆိုသည်ကို လူတိုင်းအား ပြသရန် သင်၏ အရည်အချင်းများကို ဆက်တိုက် အတင်း ထုတ်ဖော်ပြသခြင်း မပြုလုပ်နှင့်။ ဤသည်မှာ မှားသည်။ ဤသည်မှာ သင့်တာဝန်ကို ထမ်းဆောင်ခြင်းမဟုတ်ဘဲ အမှတ်ရခြင်း ခံရမည်မဟုတ်ပေ။ ငါ သင့်အား ပြောပြမည်။ ယင်းသည် အမှတ်ရခြင်း ခံရမည်မဟုတ်ရုံသာမကဘဲ ရှုတ်ချခြင်းပါ ခံရမည်။ အဘယ်ကြောင့်ဆိုသော် သင်သည် သင့်တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်သောကြောင့်၊ တစ်ကိုယ်ရေ အားထုတ်ကြိုးပမ်းမှုများကို လုပ်ဆောင်နေသောကြောင့်ဖြစ်ပြီး ယင်းသည် အလွန်ဆိုးဝါးသည်။ အဘယ်ကြောင့် ဆိုးဝါးသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်း၏ သဘောသဘာဝမှာ နှောင့်ယှက်ခြင်းနှင့် ဆူပူမှုဖြစ်စေခြင်း ဖြစ်သည်။ ဘုရားအိမ်တော်က သင့်အား အမှုအရာများကို ဤသို့ မလုပ်ဆောင်ရ၊ သို့မဟုတ် ထိုအရာများကို မလုပ်ဆောင်ရ၊ သို့မဟုတ် ထိုနည်းလမ်းမျိုးကို အသုံးမပြုရဟု ထပ်ခါထပ်ခါ ပြောပြီးဖြစ်သော်လည်း သင်က နားမထောင်ပေ။ သင်က ယင်းတို့ကို ဆက်လက်၍ လုပ်ဆောင်သည်။ လက်လွှတ်ရန် ဆက်လက်၍ ငြင်းဆန်ပြီး မလျှော့တမ်းလုပ်ဆောင်သည်။ ဤသည်မှာ အနှောင့်အယှက်တစ်ခုမဟုတ်လော။ တမင်ရည်ရွယ်ခြင်းမဟုတ်လော။ ဘုရားအိမ်တော်က ဤအရာများအား မလိုအပ်သည်ကို သင်ကောင်းစွာ သိသည်။ သို့တိုင်အောင် သင်သည် ယင်းတို့ကို တမင်တကာ ဆက်လက် လုပ်ဆောင်သည်။ ကြွားဝါခြင်းကို သင်နှစ်သက်ခြင်းသာ မဟုတ်လော။ သင်ပြုလုပ်သော ဗီဒီယိုများ၊ အစီအစဉ်များသည် ဘုရားသခင်အား အရှက်ရစေလျှင် အကျိုးဆက်က မတွေးဝံ့စရာဖြစ်မည်။ သင်၏ ပြစ်မှားမှုက ကြီးမားလိမ့်မည်။ ဤအရာကို သင်နားလည်သည်မဟုတ်လော။ (နားလည်သည်။) ထို့ကြောင့် သင်တစ်ကိုယ်ရေနှစ်သက်သောအရာများနှင့် သင်ပိုင်ဆိုင်သော အတတ်ပညာပိုင်း အရည်အချင်းများအတွက် ယင်းတို့ကို သင် နှစ်သက်လျှင်၊ စိတ်ဝင်စားလျှင်၊ မြတ်နိုးလျှင် အိမ်တွင် သီးသန့်လုပ်ဆောင်လော့။ ဤသို့ လုပ်ဆောင်၍ရသည်။ သို့သော် အများရှေ့တွင် မပြသနှင့်။ သင်သည် တစ်စုံတစ်ခုကို အများရှေ့၌ ပြသလိုလျှင် မြင့်မားသော စံနှုန်းတစ်ခုဖြင့် လုပ်ဆောင်နိုင်ရမည်။ ဘုရားသခင်ကို အရှက်မရစေရပေ၊ သို့မဟုတ် ဘုရားအိမ်တော်ကို နာမည်မဖျက်ရပေ။ ဤသည်မှာ သင်သည် အသိအမြင်ရှိမရှိ၊ သို့မဟုတ် အတတ်ပညာပိုင်း အရည်အချင်းအချို့၌ သင် မည်မျှ ကျွမ်းကျင်သည်ဆိုသည်နှင့် သက်ဆိုင်ခြင်းသက်သက် မဟုတ်ပေ။ ထိုမျှ မရိုးရှင်းပေ။ သင်တို့ လုပ်ဆောင်သည့် အလုပ်တာဝန်အပိုင်းတစ်ခုစီအတွက်၊ ထို့အပြင် အဆင့်တစ်ခုစီတွင် သင်တို့၏ အလုပ်အား လမ်းပြပေးသည့် ဦးတည်ချက်နှင့် ရည်ရွယ်ချက်များအတွက် ဘုရားအိမ်တော်က တောင်းဆိုသော စည်းမျဉ်းများနှင့် စံနှုန်းအတွက် အခြေပြုချက်တစ်ခုရှိသည်။ ယင်းတို့အားလုံးသည် ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးရန် ရည်ရွယ်သည်။ ထိုအရာများကို ဖျက်လိုဖျက်ဆီးလုပ်ရန်၊ နှောင့်ယှက်ရန်၊ နာမည်ဖျက်ရန်၊ ဖျက်ဆီးရန် မဟုတ်ပေ။ သင်၏ ကိုယ်ပိုင်အစွမ်းအစ၊ အသိအမြင်၊ အတွေ့အကြုံနှင့် နှစ်သက်မှုတို့သည် ဤအရာများကို အမီမလိုက်နိုင်လျှင်၊ သို့မဟုတ် စံမမီလျှင် သီးသန့် မိတ်သဟာယဖွဲ့လော့။ ဤအရာများကို နားလည်ပြီး အမီလိုက်နိုင်သည့် သူများထံမှ လမ်းပြမှု၊ ကူညီမှုကို တောင်းခံလော့။ အာမခံနှင့်။ သင်တို့အား အချို့သောအရာများကို လုပ်ဆောင်ခွင့် မပြုရုံဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အစဉ် မထားရှိနှင့်။ သင်တို့၏ အနည်းငယ်သော လှည့်ကွက်များသည် ကောင်းမွန်မှု မရှိခြင်းသာဖြစ်သည်။ သင်တို့သည် ကောင်းမွန်ခြင်း ရှိကိုမရှိဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ သင်တို့၏ အတွေးအမြင်များသည် မူမမှန်လွန်းသောကြောင့်ဖြစ်သည်။ သင်တို့၏ နှစ်သက်မှု၊ အသိအမြင်၊ အကဲဖြတ်မှုနှင့် အတွေ့အကြုံတို့သည် မလုံလောက်ခြင်း၊ ကျေနပ်ဖွယ်မရှိခြင်းဖြစ်ရုံသာမက ဘာသာရေးအယူအဆဟောင်းများစွာကိုလည်း စိတ်ထဲတွင် ထားရှိသည်။ သင်တို့၏ ဘာသာရေးအယူအဆများသည် များပြားလွန်းပြီး အလွန်ပင် အမြစ်တွယ်နေသည်။ အသက်နှစ်ဆယ်ဝန်းကျင်အရွယ်ရှိသော လူငယ်အချို့သည်ပင် အလွန်ပင် ခေတ်နောက်ကျသော အတွေးများ၊ အယူအဆများရှိကြသည်။ သင်တို့သည် ခေတ်ပေါ် နည်းပညာပိုင်း အရည်အချင်းများကို သင်ယူလေ့လာပြီး အတတ်ပညာပိုင်း အသိပညာအချို့ကို ပိုင်ဆိုင်သော ခေတ်ပေါ်အချိန်ကာလ၏ လူများဖြစ်ကြသော်လည်း သမ္မာတရားကို နားမလည်သောကြောင့် အမျိုးမျိုးသော အမှုကိစ္စများနှင့် သင်တို့ပိုင်ဆိုင်သည့် အတွေးများနှင့်ပတ်သက်သည့် သင်တို့၏ အမြင်၊ ရှုထောင့်၊ ရပ်တည်ချက်တို့အားလုံးသည် ခေတ်နောက်ကျနေသည်။ ထို့ကြောင့် အတတ်ပညာပိုင်း အရည်အချင်း မည်မျှကို သင်တို့ သင်ယူခဲ့သည်ဖြစ်စေ သင်တို့၏ အတွေးများက ခေတ်နောက်ကျလျက် ကျန်ရှိနေသည်။ ဤပြဿနာနှင့် ဤတကယ့်အခြေအနေကို သင်နားလည်ဖို့ လိုသည်။ ထို့ကြောင့် ဘုရားအိမ်တော်က သင့်အားဖယ်ရှားရန်၊ ပိတ်ပင်ရန် တောင်းဆိုသော၊ သို့မဟုတ် သင့်အား အသုံးပြုခွင့်မပေးသော ဤအရာများကို လက်လွှတ်ရမည်။ သင်သည် နာခံရန် သင်ယူဖို့ လိုအပ်သည်။ ဤအရာအတွက် ဖုံးကွယ်နေသော အကြောင်းရင်းများကို သင် နားမလည်လျှင် အနည်းဆုံးအနေဖြင့် သင်သည် နာခံတတ်ဖို့ သင်ယူရန် လုံလောက်သော အကြောင်းပြချက်ကို ပိုင်ဆိုင်ရမည်။ ရှေးဦးစွာ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များအပေါ် အခြေခံပြီး ပြုမူဆောင်ရွက်ရမည်။ အာမခံနှင့်။ ရှေးဦးစွာ နာခံရန် သင်ယူလော့။

လူတို့အနေဖြင့် ၎င်းတို့ ပိုင်ဆိုင်သည့် အတတ်ပညာပိုင်း အရည်အချင်းများအပေါ် ထားရှိသင့်သည့် မှန်ကန်သော သဘောထားကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် အခြားမည်သည့်အရာကို သင်နားလည်သင့်သနည်း။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်တွင် သင်သည် နည်းပညာပိုင်း အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုကို ကောင်းစွာ အသုံးမချသောကြောင့် မအောင်မြင်ဖြစ်ပြီး ရလဒ်အနေဖြင့် အသင်းတော်အလုပ်၌ အနှောင့်အယှက်နှင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်လျှင်၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို သင် ရင်ဆိုင်ရလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ ဤသည်မှာ စီမံရန် လွယ်ကူသည်။ အလျင်အမြန် ပြောင်းလဲပြီး နောင်တရလော့။ သင်၏ အမှားများကို ပြုပြင်ရန် ဘုရားအိမ်တော်က သင့်ကို အခွင့်အရေးပေးလိမ့်မည်။ မည်သူကမျှ ပြည့်စုံခြင်း မရှိသောကြောင့် လူတိုင်းက အမှားလုပ်ပြီး စိတ်ရှုပ်ထွေးသည့် အချိန်အခိုက်အတန့်များရှိကြသည်။ အမှားများက ဒုက္ခမပေးပေ။ စိုးရိမ်ရသည့်အရာမှာ သင်သည် ဤအမှားကိုပင် ဆက်လက်၍ ထပ်ခါထပ်ခါ ပြုလုပ်ပြီး လမ်းဆုံးသို့ မရောက်ခင်အထိ အလားတူအမှားများကို ဆက်တိုက်ကျူးလွန်ကာ မပြောင်းလဲခြင်းဖြစ်သည်။ သင်၏ အမှားများကို သဘောပေါက်လျှင် ပြုပြင်လော့။ ဤသည်မှာ အလွန်ခက်ခဲခြင်းမရှိသည် မဟုတ်လော။ လူတိုင်းက အမှားများကို ပြုလုပ်ကြသောကြောင့် မည်သူကမျှ အခြားလူကို မလှောင်ပြောင်သင့်ပေ။ သင်သည် အမှားများကို ပြုလုပ်ပြီးသည့်နောက်တွင် သင်၏ အမှားများကို အသိအမှတ်ပြုနိုင်လျှင်၊ သင်ခန်းစာ ယူနိုင်လျှင်၊ ပြောင်းလဲနိုင်လျှင် သင်သည် တိုးတက်မှုရှိလိမ့်မည်။ ထို့အပြင် ပြဿနာက သင်၏ အလုပ်၌ ကျွမ်းကျင်မှုမရှိခြင်းကြောင့်ဖြစ်လျှင် သင်သည် ဆက်လက်သင်ယူနိုင်ပြီး လိုအပ်သော အရည်အချင်းများကို ကျွမ်းကျင်တတ်မြောက်နိုင်ကာ ပြဿနာကို ဖြေရှင်းနိုင်သည်။ သင်သည် ထိုအမှားကို နောင်တွင် လုပ်ဆောင်မည်မဟုတ်သည်ကို သေချာနိုင်လျှင် ဤသည်မှာ ပြီးဆုံးမည်မဟုတ်လော။ ဤသည်မှာ အလွန် ရိုးရှင်းသော ကိစ္စဖြစ်သည်။ သင်၏ အတတ်ပညာပိုင်း အရည်အချင်းများကို လွဲမှားစွာ အသုံးချသောကြောင့် သင်သည် အမှားများကို ဆက်တိုက်ပြုလုပ်ပြီး ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို သင် ရင်ဆိုင်ရရုံဖြင့် ဖိနှိပ်ချုပ်ချယ်မှုကို သင် ခံစားရရန် မလိုပေ။ အဘယ်ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသနည်း။ သင်သည် အဘယ်ကြောင့် အလွန်ပင် ထိလွယ်ရှလွယ်ဖြစ်သနည်း။ အခြေအနေ၊ သို့မဟုတ် အလုပ်ပတ်ဝန်းကျင်က မည်သို့ရှိသည်ဖြစ်စေ လူတို့သည် တစ်ခါတစ်ရံတွင် အမှားများ ပြုလုပ်ကြသည်။ ပြီးလျှင် ၎င်းတို့၏ အရည်အသွေး၊ အသိအမြင်၊ အမြင်ရှုထောင့်တို့က စံမမီသော နေရာများရှိသည်။ ဤသည်မှာ သာမန်ဖြစ်သည်။ ဤအရာကို မည်သို့ ကိုင်တွယ်ရမည်ကို သင်ယူလေ့လာဖို့ လိုသည်။ မည်သို့ပင်ဖြစ်စေ၊ သင်၏ လက်တွေ့လုပ်ဆောင်မှုက မည်သည့်အရာပင်ဖြစ်စေ သင်သည် ဤအရာကို မှန်ကန်စွာ၊ တက်ကြွစွာ ရင်ဆိုင်ပြီး ကိုင်တွယ်သင့်သည်။ အခက်အခဲ အနည်းငယ်နှင့် ရင်ဆိုင်ရသောအခါ စိတ်ဓာတ်မကျနှင့်၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း၊ ဖိနှိပ်ချုပ်ချယ်မှု ခံစားရခြင်း မဖြစ်နှင့်။ ပြီးလျှင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များအတွင်းသို့ မကျရောက်နှင့်။ ဤအရာများအားလုံး ဖြစ်ရန် မလိုအပ်ပေ။ ယင်းကို အကျယ်မချဲ့နှင့်။ သင်လုပ်ဆောင်သင့်သည့်အရာမှာ သင့်ကိုယ်သင် ချက်ချင်း ဆင်ခြင်သုံးသပ်ခြင်း၊ သင်၏ အတတ်ပညာပိုင်း အရည်အချင်းတွင် ပြဿနာရှိမရှိ၊ သို့မဟုတ် သင်၏ ရည်ရွယ်ချက်များ၌ ပြဿနာရှိမရှိအား ဆုံးဖြတ်ခြင်းဖြစ်သည်။ သင်၏ လုပ်ဆောင်မှုများတွင် မသန့်စင်မှုတစ်ခုတလေ ရှိမရှိ၊ သို့မဟုတ် အချို့သော အယူအဆများကို အပြစ်တင်ရမည် ဟုတ်မဟုတ်တို့ကို ဆန်းစစ်လော့။ ကဏ္ဍအားလုံးကို ဆင်ခြင်သုံးသပ်လော့။ ယင်းမှာ ကျွမ်းကျင်မှု နည်းပါးခြင်း ပြဿနာဖြစ်လျှင် သင်သည် ဆက်လက်၍ သင်ယူလေ့လာနိုင်သည်။ ဖြေရှင်းချက်များကို စူးစမ်းရှာဖွေရန်အတွက် သင့်အား ကူညီပေးရန် တစ်စုံတစ်ယောက်ကို ရှာနိုင်သည်။ သို့မဟုတ် တူညီသော နယ်ပယ်တွင်ရှိသော လူတို့နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။ မှားယွင်းသော ရည်ရွယ်ချက်အချို့ ကွယ်ဝှက်လျက် ရှိနေလျှင်၊ သမ္မာတရားကို အသုံးပြုပြီး ဖြေရှင်းနိုင်သော ပြဿနာတစ်ခု ပါဝင်လျှင် ဆွေးနွေးတိုင်ပင်ပြီး မိတ်သဟာယဖွဲ့ရန် သမ္မာတရားကို နားလည်သော အသင်းတော်ခေါင်းဆောင်များ၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို သင် ရှာဖွေနိုင်သည်။ သင်ရောက်ရှိနေသော အခြေအနေအကြောင်းကို ၎င်းတို့နှင့် ပြောဆိုပြီး ၎င်းတို့အား သင့်ကို ကူညီဖြေရှင်းခိုင်းလော့။ အယူအဆများ ပါဝင်သော ပြဿနာဖြစ်လျှင် သင်သည် ယင်းတို့ကို ဆန်းစစ်ပြီး သဘောပေါက်ပြီးသည်နှင့် သင်သည် ယင်းတို့ကို ပိုင်းခြားစိစစ်ပြီး နားလည်နိုင်သည်။ ထို့နောက်တွင် ယင်းတို့ကို ငြင်းပယ်ပြီး စွန့်ပစ်နိုင်သည်။ ဤအရာနှင့်ပတ်သက်လျှင် ဤမျှသာ ဖြစ်သည်မဟုတ်လော။ ရှေ့တွင်ရှိသော နေ့ရက်များက သင့်အား စောင့်နေဆဲဖြစ်သည်။ မနက်ဖြန်တွင် နေက ထပ်မံ၍ ထွက်လာဦးမည်။ သင်သည် ဆက်လက်၍ အသက်ရှင်ရမည်။ သင်သည် အသက်ရှင်သောကြောင့်၊ လူသားဖြစ်သောကြောင့် သင့်တာဝန်ကို ဆက်လက်ထမ်းဆောင်သင့်သည်။ သင် အသက်ရှင်ပြီး အတွေးများရှိသရွေ့ သင့်တာဝန်ကို ထမ်းဆောင်ပြီး ပြီးမြောက်အောင် ကြိုးပမ်းသင့်သည်။ ဤသည်မှာ လူတစ်ယောက်၏ ဘဝတစ်လျှောက်တွင် မည်သည့်အခါမျှ မပြောင်းလဲသင့်သော ပန်းတိုင်တစ်ခုဖြစ်သည်။ မည်သည့်အချိန်တွင် ဖြစ်စေ၊ မည်သည့် အခက်အခဲများကို သင် ကြုံတွေ့သည်ဖြစ်စေ၊ မည်သည့်အရာကို သင်ရင်ဆိုင်ရသည်ဖြစ်စေ ဖိနှိပ်ချုပ်ချယ်မှုကို မခံစားရသင့်ပေ။ သင်သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရလျှင် တိုးတက်မှုမရှိဖြစ်ပြီး ကျရှုံးလိမ့်မည်။ မည်သို့သောလူများက ဖိနှိပ်ချုပ်ချယ်မှုကို အစဉ်ခံစားရသနည်း။ ပျော့ညံ့သူများနှင့် လူနုံလူအများက ဖိနှိပ်ချုပ်ချယ်မှုကို မကြာခဏ ခံစားရသည်။ သို့သော် သင်သည် နှလုံးသားမရှိသူ၊ သို့မဟုတ် အတွေးမရှိသူ မဟုတ်ပေ။ ထို့ကြောင့် သင်သည် မည်သည့်အရာနှင့်ပတ်သက်ပြီး ဖိနှိပ်ချုပ်ချယ်မှုကို ခံစားနေရသနည်း။ လက်ရှိအချိန်ခဏတွင် သင်၏ နည်းပညာပိုင်း အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုသည် ပုံမှန် အသုံးချခံရမှုမရှိခြင်းသာ ဖြစ်သည်။ ပုံမှန် အသုံးချခံရခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ဘုရားအိမ်တော်၏ သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီရန် သင့်အပေါ် ဘုရားအိမ်တော်က တောင်းဆိုသည့်အရာကို လုပ်ဆောင်ခြင်း၊ သင်ယူတတ်မြောက်ထားသော နည်းပညာပိုင်း အရည်အချင်းများကို သင်အသုံးချခြင်းကို ဆိုလိုသည်။ ဤသည်မှာ မလုံလောက်သလော။ ဤသည်မှာ ပုံမှန်အသုံးချခြင်းဟု ငါတို့ ခေါ်ဆိုသည့်အရာမဟုတ်သလော။ ဘုရားအိမ်တော်သည် သင်၏ အရည်အချင်းများအား အသုံးချခြင်းကို သင့်အား မတားမြစ်ပေ။ သင့်အနေဖြင့် ယင်းတို့ကို မဆင်မခြင် အသုံးမပြုဘဲ ရည်ရွယ်ချက်ရှိရှိဖြင့်၊ ချင့်ချိန်စွာဖြင့်၊ စံနှုန်းများ၊ စည်းမျဉ်းများဖြင့် အသုံးချစေလိုခြင်းသာဖြစ်သည်။ ဤအရာမှလွဲ၍ ဘုရားအိမ်တော်သည် သင်၏တာဝန်ထမ်းဆောင်ခြင်း မပါဝင်သော ကိစ္စများတွင်၊ သို့မဟုတ် သင်၏ တစ်ကိုယ်ရေဘဝတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော ကိစ္စများတွင်သာ ဘုရားအိမ်တော်၌ တင်းကျပ်သော စည်းကမ်းများ၊ သတ်မှတ်ထားသော စံနှုန်းများရှိသည်။ ထို့ကြောင့် သင်၏ အတတ်ပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့ကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်လျှင် သင်၏ လက်နှင့် ခြေတို့ကို ချည်နှောင်ထားခြင်း မရှိပေ။ သင်၏ အတွေးများကိုလည်း မထိန်းချုပ်ပေ။ သင်၏ အတွေးများသည် လွတ်လပ်သည်။ သင်၏ လက်နှင့် ခြေသည် လွတ်လပ်သည်။ သင်၏ စိတ်နှလုံးသည်လည်း လွတ်လပ်သည်။ သင့်၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်များဖြစ်ပေါ်သောအခါ သင်သည် နောက်ဆုတ်ရန်၊ စိတ်ဓာတ်ကျရန်၊ ငြင်းဆန်ရန်၊ အာခံရန် ရွေးချယ်ခြင်းသာဖြစ်သည်။ သို့သော် သင်သည် အမှုအရာများကို အပြုသဘောဆောင်စွာ ရင်ဆိုင်ရန်၊ ဂရုတစိုက် နားထောင်ရန်၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ စည်းကမ်းများ၊ သတ်မှတ်ချက်များကို လိုက်နာရန် ရွေးချယ်လျှင် သင်သည် လိုက်လျှောက်ရန် လမ်းကြောင်းမရှိခြင်း၊ သို့မဟုတ် လုပ်ဆောင်ရန် အမှုအရာများမရှိခြင်း ဖြစ်မည်မဟုတ်ပေ။ သင်သည် အသုံးမကျသောသူ၊ ပျော့ညံ့သူ၊ သို့မဟုတ် လူနုံလူအတစ်ယောက်မဟုတ်ပေ။ ဘုရားသခင်က သင့်အား လွတ်လပ်သောစိတ်၊ ပုံမှန် အတွေးအခေါ်နှင့် သာမန်လူ့သဘာဝတို့ကို ပေးခဲ့သည်။ ထို့ကြောင့် သင့်တွင် ထမ်းဆောင်ရန် တာဝန်တစ်ခုရှိပြီး သင်၏ ကိုယ်ပိုင်တာဝန်ကို ထမ်းဆောင်သင့်သည်။ ထို့အပြင် သင်သည် အတတ်ပညာပိုင်း အရည်အချင်းများနှင့် ကျွမ်းကျင်မှုတို့ကို ပိုင်ဆိုင်သောကြောင့် ဘုရားအိမ်တော်တွင် သင်သည် အသုံးဝင်သောသူဖြစ်သည်။ သင်သည် အတတ်ပညာပိုင်း အရည်အချင်းများနှင့် ကျွမ်းကျင်မှုများပါဝင်သော ဘုရားအိမ်တော် အလုပ်၏ အချို့သော ကဏ္ဍများတွင် သင် အသုံးချသင့်သည့် သင်၏ ကျွမ်းကျင်မှုကို အသုံးချနိုင်လျှင် သင်၏ နေရာကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်လိမ့်မည်။ သင်သည် သင်၏နေရာတွင် ခိုင်မာစွာရပ်တည်ပြီး သင့်တာဝန်ကို ထမ်းဆောင်သရွေ့၊ သင်၏အလုပ်ကို ကောင်းစွာ လုပ်ဆောင်သရွေ့ သင်သည် တန်ဖိုးမဲ့သောသူမဟုတ်ဘဲ အသုံးဝင်သောသူတစ်ယောက်ဖြစ်သည်။ သင်သည် သင့်တာဝန်ကို ထမ်းဆောင်နိုင်လျှင်၊ အတွေးများရှိလျှင်၊ အရည်အချင်းရှိစွာ အလုပ်လုပ်နိုင်လျှင် မည်သည့်အခက်အခဲများကို သင်ရင်ဆိုင်ရသည်ဖြစ်စေ ဖိနှိပ်ချုပ်ချယ်မှုကို မခံစားရသင့်ပေ။ နောက်မဆုတ်သင့်သကဲ့သို့ ငြင်းဆန်ခြင်း၊ ရှောင်ခြင်းလည်း မပြုလုပ်သင့်ပေ။ ယခု ဤအချိန်အခိုက်အတန့်တွင် သင်လုပ်ဆောင်သင့်သည့်အရာမှာ သင့်ကိုယ်သင် မကယ်တင်နိုင်လောက်အောင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် သင့်ကိုယ်သင် နှစ်မြှုပ်မနေရန် ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်က တရားမမျှတခြင်းအကြောင်းကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများက သင့်အား အထင်သေးခြင်းကိုလည်းကောင်း၊ သို့မဟုတ် ဘုရားအိမ်တော်က သင့်အား တန်ဖိုးမထားခြင်း၊ သို့မဟုတ် သင့်အား အခွင့်အရေးများ မပေးခြင်းကိုလည်းကောင်း မကျေမနပ်ဖြစ်နေသော မိန်းမတစ်ယောက်ကဲ့သို့ မညည်းညူသင့်ပေ။ အမှန်တကယ်တွင် ဘုရားအိမ်တော်က သင့်အား အခွင့်အရေးများပေးခဲ့ပြီး သင်ထမ်းဆောင်သင့်သည့်တာဝန်ကို သင့်အား အပ်နှံခဲ့ပြီးဖြစ်သည်။ သို့သော် သင်က ကောင်းစွာ မကိုင်တွယ်ခဲ့ပေ။ သင်၏ ကိုယ်ပိုင်ရွေးချယ်မှုနှင့် လိုအပ်ချက်များကိုသာ စွဲကိုင်ထားသည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို ဂရုတစိုက် နားမထောင်ပေ၊ သို့မဟုတ် သင့်အလုပ်နှင့်ပတ်သက်ပြီး ဘုရားအိမ်တော်က သင့်အားပြောသည့် စည်းမျဉ်းများကို အရေးမစိုက်ပေ။ သင်သည် ထင်ရာစိုင်းလွန်းသည်။ ထို့ကြောင့် သင်သည် ဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်ထဲတွင် ပိတ်မိနေလျှင် ယင်းသည် မည်သူ့၏တာဝန်မျှမဟုတ်ပေ။ သင်သည် ဤနေရာတွင် သည်းမခံနိုင်ခြင်း ဖြစ်ဖို့ မဆိုထားနှင့်။ ဘုရားအိမ်တော်က သင့်အား စိတ်ပျက်စေခြင်းပင် မဟုတ်ပေ။ ဤသည်မှာ သင့်တာဝန်အား ထမ်းဆောင်ရာတွင် သင်၏ အရည်အချင်းများကို အပြည့်အဝ အသုံးမချသောကြောင့်ဖြစ်သည်။ သင်သည် သင်၏ နည်းပညာဆိုင်ရာ ပညာရပ်နှင့် ကျွမ်းကျင်မှုကို မှန်ကန်စွာ ကိုင်တွယ်ခြင်း၊ သို့မဟုတ် အသုံးချခြင်းမရှိပေ။ သင်သည် ဤအမှုကိစ္စကို ဆင်ခြင်တုံတရားရှိစွာဖြင့် မချဉ်းကပ်ဘဲ စိတ်လိုက်မာန်ပါ အပျက်သဘောဆောင်သော စိတ်ခံစားချက်များဖြင့် ဆန့်ကျင်သည်။ ဤသည်မှာ သင်၏ အမှားဖြစ်သည်။ သင်သည် သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လက်လွှတ်ပြီး ဤဖိနှိပ်ချုပ်ချယ်ခံရသည့် အခြေအနေမှ ထွက်လာလျှင် သင်လုပ်ဆောင်နိုင်သည့် အလုပ်များစွာရှိပြီး သင်လုပ်ဆောင်ဖို့ လိုသည့် အလုပ်များစွာရှိသည်ကို သဘောပေါက်လိမ့်မည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များထဲမှ ထွက်လာပြီး သင်၏ တာဝန်ကို အပြုသဘောဆောင်သော သဘောထားဖြင့် ရင်ဆိုင်နိုင်လျှင် ရှေ့တွင်ရှိသော လမ်းသည် တောက်ပပြီး မှောင်မဲခြင်းမရှိသည်ကို သင်မြင်လိမ့်မည်။ မည်သူကမျှ သင်၏ မြင်ကွင်းကို ပိတ်မထားပေ။ မည်သူကမျှ သင်၏ ခြေလှမ်းများကိုလည်း မတားဆီးပေ။ သင်က ရှေ့ဆက်ရန် ဆန္ဒမရှိခြင်းသာ ဖြစ်သည်။ သင်၏ နှစ်သက်မှု၊ လိုအင်ဆန္ဒ၊ တစ်ကိုယ်ရေအစီအစဉ်များသည် သင်၏ ခြေလှမ်းများကို နှောင့်နှေးစေသည်။ ဤအရာများကို ဘေးသို့ ဖယ်လော့။ လက်လွှတ်လော့။ ဘုရားအိမ်တော်တွင်ရှိသော အလုပ်ပတ်ဝန်းကျင်၊ ညီအစ်ကိုမောင်နှမများက သင့်အားပေးသည့် ကူညီပံ့ပိုးမှု၊ သင့်တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားအိမ်တော်၌ အလုပ်လုပ်ခြင်းနည်းလမ်းတို့နှင့် အသားကျစေရန် သင်ယူလော့။ တဖြည်းဖြည်းချင်းဖြင့် သင်၏ နှစ်သက်မှုများ၊ လိုအင်ဆန္ဒများ၊ လက်တွေ့မကျသော၊ စိတ်ကူးယဉ်သော အယူအဆများကို လက်လွှတ်လော့။ တဖြည်းဖြည်းချင်းဖြင့် သင်သည် ဤဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များထဲမှ အလိုအလျောက် ထွက်လာလိမ့်မည်။ သင်နားလည်ရမည့် နောက်ထပ်တစ်ခုမှာ သင်၏ အတတ်ပညာပိုင်းအရည်အချင်းနှင့် ကျွမ်းကျင်မှုက မည်မျှ အဆင့်မြင့်ပါစေ ယင်းတို့သည် သင်၏ ဘဝကို ကိုယ်စားမပြုဆိုသည့်အရာဖြစ်သည်။ ယင်းတို့သည် ဘဝတွင် သင်၏ ရင့်ကျက်မှု၊ သို့မဟုတ် ကယ်တင်ခြင်းအား သင်ရရှိပြီးသည်ဆိုသည်ကို ကိုယ်စားမပြုပေ။ သင်သည် သင်၏ အတတ်ပညာပိုင်း အရည်အချင်းများနှင့် ကျွမ်းကျင်မှုကို အသုံးပြုလျက် သမ္မာတရား စည်းမျဉ်းများနှင့်အညီ သာမန်ဖြစ်သော၊ နာခံသောပုံစံဖြင့် ဘုရားအိမ်တော်၌ သင့်တာဝန်ကို ထမ်းဆောင်လျှင် သင်သည် ဤနေရာတွင် အဆင်ပြေလျက်ရှိပြီး အမှန်ပင် ဘုရားအိမ်တော်သားတစ်ယောက်ဖြစ်သည်။ သို့ရာတွင် သင်သည် တာဝန်ထမ်းဆောင်သည့်သူအဖြစ် အစဉ် ပုံဖမ်းသည်။ သင်၏တာဝန်ထမ်းဆောင်ရသည့် အခွင့်အရေးကို အခွင့်ကောင်းယူသည်။ ဘုရားအိမ်တော်မှ ပေးသည့် အခွင့်အရေးများကို အခွင့်ကောင်းယူသည်။ သင်၏ ကိုယ်ပိုင်ကျွမ်းကျင်မှုကို အပြည့်အဝ အသုံးချရန် သင်၏ နှစ်သက်မှု၊ ရည်မှန်းချက်နှင့် ဆန္ဒများကို ကိုင်စွဲထားကာ သင်၏ ကိုယ်ပိုင်အသက်မွေးအလုပ်နှင့် တစ်ကိုယ်ရေ ကြိုးပမ်းအားထုတ်မှုများ နောက်လိုက်ရန် ဤအရာကို အသုံးပြုသည်။ ရလဒ်အနေဖြင့် သင်သည် လမ်းဆုံးသို့ရောက်ရှိပြီး ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ဤဖိနှိပ်ချုပ်ချယ်မှုကို မည်သူက ဖြစ်စေသနည်း။ သင့်ဘာသာ ဖြစ်စေခြင်းဖြစ်သည်။ သင်သည် ဘုရားအိမ်တော်၌ သင့်တာဝန်ကို ထမ်းဆောင်စဉ်တွင် တစ်ကိုယ်ရေ ကြိုးပမ်းအားထုတ်မှုများနောက်သို့ ဆက်၍ လိုက်လျှင် ဤနေရာ၌ အလုပ်ဖြစ်မည်မဟုတ်ပေ။ သင်သည် နေရာမှား၍ ရောက်လာသောကြောင့် ဖြစ်သည်။ အစမှ အဆုံးအထိ ဘုရားအိမ်တော်၌ ဆွေးနွေးသောအရာမှာ သမ္မာတရားဖြစ်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သူ၏ နှုတ်ကပတ်တော်ဖြစ်သည်။ ဤအရာများမှ လွဲ၍ အခြားပြောစရာမရှိပေ။ ထို့ကြောင့် လူတို့၏ အလုပ်၊ သို့မဟုတ် အသက်မွေးပညာရပ်၏ မည်သည်ကဏ္ဍတွင်မဆို၊ သို့မဟုတ် မည်သည့် အထူးအလုပ်အစီအစဉ်များတွင်မဆို ဘုရားအိမ်တော်က လူတို့အပေါ် ချမှတ်သော သတ်မှတ်ချက်များက မည်သို့ရှိသည်ဖြစ်စေ ထိုသတ်မှတ်ချက်များသည် သီးသန့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်ခြင်း မရှိသကဲ့သို့ တစ်စုံတစ်ယောက်ကို ဖိနှိပ်ရန်၊ သို့မဟုတ် တစ်စုံတစ်ယောက်၏ စိတ်ထက်သန်မှု၊ သို့မဟုတ် မာနကို ကွယ်ပျောက်စေရန်လည်း မရည်ရွယ်ပေ။ ယင်းတို့သည် ဘုရားသခင်၏ အမှုတော်အတွက်သာဖြစ်သည်။ ဘုရားသခင်အား သက်သေခံရန်၊ သူ၏ နှုတ်ကပတ်တော်ကို ဖြန့်ဝေရန်၊ လူများကို သူ၏ရှေ့မှောက်သို့ ပို၍ ခေါ်ဆောင်ရန်ဖြစ်သည်။ ဤနေရာတွင်ရှိသော သင်တို့တစ်ဦးချင်းစီတိုင်းအတွက် သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ အမြန်ဆုံး စတင်လျှောက်လှမ်းရန်၊ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်အတွက်လည်း ရည်ရွယ်သည်မှာ ပြောစရာမလိုပေ။ သင်တို့ နားလည်သလော။ ယနေ့ပြောသော ဥပမာများသည် အချို့သောပုဂ္ဂိုလ်များအပေါ် သက်ရောက်မှုရှိလျှင် စိတ်ဓာတ်မကျနှင့်။ သင်သည် ငါပြောသည့်အရာကို သဘောတူလျှင် လက်ခံလော့။ သင်က သဘောမတူဘဲ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရဆဲဖြစ်လျှင် သင်၏ ဖိနှိပ်ချုပ်ချယ်ခံရမှုကို ဆက်လက်ခံစားလော့။ ဤသို့သောလူတို့သည် ဖိနှိပ်ချုပ်ချယ်မှုကို မည်သည့်အတိုင်းအတာအထိ ခံစားနိုင်သည်ကို ကြည့်ကြစို့။ သမ္မာတရားကို မလိုက်စားဘဲ၊ သို့မဟုတ် မပြောင်းလဲဘဲ ဤသို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကို သယ်ဆောင်လျက်ဖြင့် ဘုရားအိမ်တော်၌ မည်မျှ တောင့်ခံနိုင်သည်ဆိုသည်ကို ကြည့်ကြစို့။

ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်တွင် နေထိုင်သူတို့သည် ဖိနှိပ်ချုပ်ချယ်ခံရခြင်းကို လက်မလွှတ်လျှင် အခြားသော ဆိုးကျိုးတစ်ခုကို ရင်ဆိုင်ရသည်။ ၎င်းတို့သည် အခွင့်အရေးတစ်ခု ပေါ်ပေါက်လာရှိသည်နှင့် တစ်ပြိုင်နက် ထခုန်ပြီး အလုပ်လုပ်ကြသည်။ မိမိကိုယ်ကို ဦးဆောင်ပြီး ဘုရားအိမ်တော်၏ သတ်မှတ်ချက်များ၊ စည်းမျဉ်းစည်းကမ်းများအားလုံးကို လျစ်လျူရှုသည်။ မဆင်မခြင် ပြုမူလုပ်ဆောင်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို အပြည့်အဝ အလိုလိုက်သည်။ ၎င်းတို့က စတင်လုပ်ဆောင်သည်နှင့် အကျိုးဆက်များက မတွေးဝံ့စရာ ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်အပေါ် ဘဏ္ဍာရေး ဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်၊ သို့မဟုတ် အများဆုံးအနေဖြင့် အသင်းတော်၏ အလုပ်ကို အနှောင့်အယှက်ပေးနိုင်သည်။ ထိုခေါင်းဆောင်များ၊ ကြီးကြပ်ရေးမှူးများသည် ပြဿနာများကို ဖြေရှင်းရန်အတွက် ၎င်းတို့၏ တာဝန်ကို ခေါင်းရှောင်ပြီး ပျက်ကွက်လျှင် ဘုရားအိမ်တော်၏ ဧဝံဂေလိ ဖြန့်ဝေခြင်းအမှုကိုလည်း ထိခိုက်မည်။ ဤသည်မှာ ဘုရားကို အာခံခြင်း ပါဝင်သည်။ ဤလူများ၌ ဤသို့သော ဖြစ်ရပ်များ၊ အကျိုးဆက်များ ဖြစ်ပေါ်လျှင် ၎င်းတို့၏ အဆုံးသတ်က ရောက်ရှိလာမည်ဖြစ်သည်။ ၎င်းတို့၏ အနာဂတ်ကို ကြိုမြင်ခြင်းထက် ဖိနှိပ်ချုပ်ချယ်ခံရမှုကို စောစီးစွာ လက်လွှတ်ပြီး နည်းပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုအပေါ် အထင်ကြီးလွန်းခြင်း၊ အလေးထားခြင်းတို့နှင့်ပတ်သက်ပြီး အဆက်မပြတ် ကိုင်စွဲထားသော သဘောထားများ၊ ထင်မြင်ချက်များကို ပြောင်းလဲလျှင် ၎င်းတို့အတွက် ပို၍ကောင်းသည်။ ၎င်းတို့၏ အမြင်များကို ပြောင်းပြန်လှန်ပြီး ယင်းတို့ကို စွဲလမ်းခြင်းမရှိဖို့ ၎င်းတို့အတွက် အရေးကြီးသည်။ ယင်းတို့အား စွဲလမ်းခြင်းမရှိရသည့် အကြောင်းရင်းမှာ ယင်းတို့သည် ဘုရားအိမ်တော်တွင် အခြေခံအားဖြင့် အရေးမပါသောကြောင့်မဟုတ်၊ သို့မဟုတ် ဤအရာများအပေါ် ငါ၏ အကဲဖြတ်မှု၊ သို့မဟုတ် အပျက်သဘောဆောင်သော ထင်မြင်ချက်ကြောင့်မဟုတ်ပေ။ နည်းပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့သည် အခြေခံအားဖြင့် အသုံးချခံပစ္စည်းတစ်မျိုး ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် သမ္မာတရား၊ သို့မဟုတ် အသက်ကို ကိုယ်စားမပြုပေ။ ကောင်းကင်နှင့် မြေကြီးမရှိတော့သောအခါ နည်းပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုတိုင်းသည်လည်း ပျက်စီးလိမ့်မည်။ လူသားများက ရယူသည့် အပြုသဘောဆောင်သောအရာများနှင့် သမ္မာတရားများကမူ မပျက်စီးရုံသာမကဘဲ မည်သည့်အခါမျှ ပျောက်ပျက်မည်မဟုတ်ပေ။ သင်ပိုင်ဆိုင်သည့် နည်းပညာ အရည်အချင်း၊ သို့မဟုတ် အထူးကျွမ်းကျင်မှုတို့သည် မည်မျှများပြားပါစေ၊ ကြီးမားပါစေ၊ သို့မဟုတ် အစားထိုး၍ မရနိုင်ပါစေ ယင်းတို့သည် လူ့သဘာဝ၊ သို့မဟုတ် ကမ္ဘာလောကကို မပြောင်းလဲနိုင်သကဲ့သို့ လူတို့တွင်ရှိသော သေးငယ်သော အတွေး၊ သို့မဟုတ် အမြင်တစ်ခုကိုပင် မပြောင်းလဲနိုင်ပေ။ ဤအရာတို့သည် သေးငယ်သော အတွေး၊ သို့မဟုတ် အမြင်တစ်ခုကိုပင် မပြောင်းလဲနိုင်ပေ။ လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဆိုလျှင် ဆိုဖွယ်ရာမရှိပေ။ ယင်းကို ပို၍ပင် မပြောင်းလဲနိုင်ပေ။ ယင်းတို့သည် လူ့သဘာဝကို မပြောင်းလဲနိုင်သကဲ့သို့ ကမ္ဘာလောကကိုလည်း မပြောင်းလဲနိုင်ပေ။ လူသားမျိုးနွယ်၏ လက်ရှိအချိန်၊ လာမည့်နေ့ရက်များ၊ သို့မဟုတ် လူသားမျိုးနွယ်၏ အနာဂတ်ကို အဆုံးအဖြတ်မပေးနိုင်ပေ။ လူသားမျိုးနွယ်၏ ကံကြမ္မာကို အသေအချာပင် အဆုံးအဖြတ်မပေးနိုင်ပေ။ ဤသည်မှာ အမှန်တရားသာဖြစ်သည်။ ငါပြောသည်ကို သင်မယုံလျှင် စောင့်၍သာ ကြည့်လော့။ ငါ၏ စကားများကို မယုံလျှင် အသိပညာ၊ နည်းပညာ အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့ကဲ့သို့သော အရာများကို ဆက်လက်၍ မြတ်နိုးလော့။ သင်သည် ယင်းတို့ကို အဆုံးထိ မြတ်နိုးသောအခါ မည်သူက နှောင့်နှေးမည်ဖြစ်ပြီး ယင်းတို့ထံမှ မည်သည့်အရာကို ရရှိမည်ကို ကြည့်လော့။ လူအချို့သည် ကွန်ပြူတာနည်းပညာတွင် အလွန်ပင် ကျွမ်းကျင်ပြီး ကောင်းစွာ တတ်သိနားလည်ကာ ဤနယ်ပယ်တွင် သာမန်လူတို့ကို ကျော်လွန်ပြီး ထူးချွန်သည်။ ၎င်းတို့သည် အကြီးတန်း နည်းပညာရှင်များဖြစ်ပြီး ၎င်းတို့သွားသမျှနေရာတိုင်းတွင် သာလွန်မှုရှိသည့် ဟန်ကို ပြုမူပြီး “ငါသည် ကွန်ပြူတာတွင် အလွန်ကျွမ်းကျင်မှုရှိသည်၊ ငါသည် ကွန်ပြူတာ အင်ဂျင်နီယာတစ်ယောက်ဖြစ်သည်” ဟု ထုတ်ဖော်ပြောကြသည်။ သင်သည် ဤသို့ ဆက်လက်၍ ပြုမူလုပ်ဆောင်လျှင် သင်သည် မည်သည့်အတိုင်းအတာအထိ အမှန်တကယ် ရောက်ရှိပြီး မည်သည့်နေရာ၌ အဆုံးသတ်မည်ကို ကြည့်ကြစို့။ သင်သည် ဤရာထူးကို စွန့်ပစ်ပြီး သင့်ကိုယ်သင် ပြန်လည်ပြုပြင်သတ်မှတ်သင့်သည်။ သင်သည် သာမန်လူတစ်ယောက်ဖြစ်သည်။ နည်းပညာ အရည်အချင်းနှင့် ကျွမ်းကျင်မှုသည် လူသားများထံမှလာသည်ကို နားလည်လော့။ ယင်းတို့သည် လူတို့၏ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်စွမ်းနှင့် အတွေးတို့ဖြင့် ကန့်သတ်ထားသည်။ အများဆုံးအနေဖြင့် လူတို့၏ ဦးနှောက်တွင် နူရွန်များကို ပြည့်လျှံစေပြီး လူတို့၏ စိတ်တွင် ခတ်နှိပ်ရာများ၊ လမ်းကြောင်းများကို ကျန်ရစ်စေသည်။ သို့ရာတွင် ယင်းတို့သည် လူတစ်ယောက်၏ အသက်စိတ်သဘောထားအပေါ်၊ သို့မဟုတ် သူ၏ အနာဂတ်လမ်းကြောင်းအပေါ် အပြုသဘောဆောင်သော သက်ရောက်မှုမရှိပေ။ လက်တွေ့အကျိုးအမြတ်ကို မပေးပေ။ သင်သည် သင်ရယူထားသော နည်းပညာ အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုတို့ကို ဆက်လက်၍ ဖက်တွယ်ထားလျှင်လည်းကောင်း၊ ယင်းတို့ကို လက်လွှတ်လိုစိတ်မရှိဘဲ ယင်းတို့သည် တန်ဖိုးရှိပြီး မြတ်နိုးဖွယ်ဖြစ်သည်ဟု အစဉ် ထင်မြင်လျှင်လည်းကောင်း၊ ယင်းတို့ကို ပိုင်ဆိုင်ခြင်းအားဖြင့် သင်သည် သာလွန်သည်၊ လူအများထက် သာသည်၊ ဂုဏ်သိက္ခာနှင့် ထိုက်တန်သည်ဟု ယုံကြည်လျှင်လည်းကောင်း သင်သည် မိုက်မဲသည်ဟု ငါဆိုသည်။ ထိုအရာများသည် လုံးဝ တန်ဖိုးမရှိပေ။ သင်သည် ထိုအရာများကို လက်လွှတ်ရန်၊ နည်းပညာရှင်၊ သို့မဟုတ် ပညာရှင်ဟူသော ရာထူးမှ ဖယ်ရှားရန်၊ နည်းပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ နယ်ပယ်မှ အပြင်သို့ ထွက်ရန်၊ အရာရာကို ပြောဆိုလုပ်ဆောင်တတ်ဖို့ သင်ယူရန်၊ လူတိုင်း၊ အရာရာတိုင်းအား တည်ကြည်ခိုင်မာစွာ ဆက်ဆံရန် ကြိုးစားနိုင်ဖို့ ငါမျှော်လင့်သည်။ စိတ်ကူးယဉ်ဆန်သော အယူအဆများ၌ မပျော်မွေ့နှင့်၊ သို့မဟုတ် လေထဲတွင် တိုက်အိမ်မဆောက်နှင့်။ ထိုအစား သင်သည် အသိတရားရှိရှိ လက်တွေ့ကျသော စိတ်သဘောထားရှိသင့်သည်။ အမှုအရာများကို လက်တွေ့ကျသည့် ပုံစံဖြင့် လုပ်ဆောင်သင့်သည်။ လက်တွေ့ကျသည့် ကျင့်ကြံနေထိုင်မှုကို ထိန်းသိမ်းသင့်သည်။ ရိုးသားစွာ၊ စစ်မှန်စွာ၊ လက်တွေ့ကျစွာ စကားပြောတတ်ဖို့ သင်ယူသင့်ပြီး လူများ၊ အမှုအရာများအပေါ် မှန်ကန်သော အတွေးအမြင်များ၊ ရှုထောင့်များ၊ ရပ်တည်ချက်များကို ထားရှိသင့်သည်။ ဤသည်မှာ အဓိကကျသည်။ ဤသည်မှာ သင်သည် သင်၏ စိတ်နှလုံးတွင် နှစ်များစွာ ကိုင်စွဲခဲ့သော၊ သင်၏ စိတ်နှလုံးနှင့် အတွေးတို့တွင် နေရာယူထားသော နည်းပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုကို လက်လွှတ်ပြီး ဖယ်ရှားသည်ဟုလည်းကောင်း၊ သင် မည်သို့ ကျင့်ကြံနေထိုင်ရမည်၊ မည်သို့ ပြောဆိုရမည်၊ လူများ၊ အမှုအရာများကို မည်သို့ ရှုမြင်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သတ်မှတ်ချက်များနှင့်အညီ သင့်တာဝန်ကို မည်သို့ ထမ်းဆောင်ရမည်ဆိုသကဲ့သို့သော အခြေခံကျသောအရာများကို သင်ယူနိုင်သည်ဟုလည်းကောင်း ဆိုလိုသည်။ ဤသည်မှာ လူတို့လျှောက်သည့်လမ်းကြောင်း၊ လူတို့၏ ဖြစ်တည်မှု၊ အနာဂတ်တို့နှင့် အားလုံးသက်ဆိုင်သည်။ လူတို့လျှောက်သည့်လမ်းကြောင်းများနှင့် လူတို့၏ အနာဂတ်နှင့် သက်ဆိုင်သော ဤအရာများသည် သင်၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည်။ သင်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ သင့်ကို ကယ်တင်နိုင်သည်။ အခြားတစ်ဖက်တွင် နည်းပညာ အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့သည် သင်၏ ကံကြမ္မာ၊ သို့မဟုတ် သင့်အနာဂတ်ကို ပြောင်းလဲမပေးနိုင်ပေ။ မည်သည့်အရာကိုမျှ အဆုံးအဖြတ်မပေးနိုင်ပေ။ သင်သည် လူ့အဖွဲ့အစည်းတွင် အလုပ်တစ်ခုလုပ်ရန် ဤအရည်အချင်းနှင့် ကျွမ်းကျင်မှုများကို အသုံးပြုလျှင် သင် ပိုက်ဆံရှာခြင်း၊ သို့မဟုတ် သင့်ဘဝကို အတိုင်းအတာတစ်ခုအထိ တိုးတက်ခြင်းကိုသာ ကူညီပေးနိုင်သည်။ သို့သော် ငါ သင့်အား ပြောမည်။ ဘုရားအိမ်တော်သို့ သင်လာသောအခါ ယင်းတို့သည် မည်သည့်အရာကိုမျှ အဆုံးအဖြတ်မပေးပေ။ ထိုအစား ယင်းတို့သည် သင့်တာဝန်အား ထမ်းဆောင်ခြင်း၌ အတားအဆီးဖြစ်လာနိုင်ပြီး သင့်အား ပုံမှန်၊ သာမန်လူတစ်ယောက်မဖြစ်ရန် တားဆီးလိမ့်မည်။ ထို့ကြောင့် မည်သို့ဖြစ်စေ သင်သည် ရှေးဦးစွာ ယင်းတို့နှင့်ပတ်သက်ပြီး မှန်ကန်သော နားလည်မှုနှင့် အမြင်ရှုထောင့်ရှိရမည်။ သင့်ကိုယ်သင် အထူးပါရမီရှိသူဟု မထင်မြင်နှင့်၊ သို့မဟုတ် ဘုရားအိမ်တော်တွင် သင်သည် သာမန်ထက် ထူးခြားသည်၊ သူတစ်ပါးတို့ထက် သာသည်၊ သို့မဟုတ် သူတစ်ပါးတို့ထက် ပို၍ထူးသည်ဟု မယုံကြည်နှင့်။ သင်သည် လုံးဝ မထူးခြားပေ။ အနည်းဆုံးအနေဖြင့် ငါ၏ အမြင်တွင် ထူးခြားမှုမရှိပေ။ အခြားလူများ၌ မရှိသည့် အချို့သော အထူးအရည်အချင်းများ၊ သို့မဟုတ် အသိပညာနှင့် ကျွမ်းကျင်မှုများကို ပိုင်ဆိုင်ခြင်းကလွဲပြီး သင်သည် အခြားမည်သူမဆိုနှင့် ကွာခြားခြင်းမရှိပေ။ သင်၏ စကားများ၊ လုပ်ရပ်များ၊ ပြုမူဆောင်ရွက်မှုများ၊ သင်၏ အတွေးအမြင်များတို့သည် စာတန်၏ အဆိပ်များဖြင့် ပြည့်နေသည်။ မှားယွင်းသော၊ အပျက်သဘောဆောင်သော အတွေးအမြင်များဖြင့် ပြည့်နေသည်။ သင်ပြောင်းလဲဖို့ လိုအပ်သည့်အရာများစွာရှိသည်။ သင် ပြုပြင်ဖို့ လိုအပ်သောအရာများစွာရှိသည်။ သင်သည် မိမိဘာသာ အားရကျေနပ်သော၊ ကိုယ့်ကိုယ်ကိုယ် ရောင့်ရဲသော၊ မိမိကိုယ်ကို အထင်ကြီးသော အခြေအနေ၌ ပိတ်မိနေဆဲဖြစ်လျှင် သင်သည် အလွန်မိုက်မဲပြီး သင့်ကိုယ်သင် လိုသည်ထက်ပို၍ အထင်ကြီးသည်။ သင်၏ အတတ်ပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုကြောင့် သင်သည် ဘုရားအိမ်တော်အပေါ် ကူညီပံ့ပိုးပေးခြင်းအချို့ကို တစ်ခါက လုပ်ဆောင်ခဲ့လျှင်ပင် ဤအရာများကို ဆက်လက်၍ မြတ်နိုးရန် သင့်အတွက် မထိုက်တန်ပေ။ မည်သည့် အတတ်ပညာပိုင်း အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုမဆိုသည် သင်၏ တစ်ဘဝလုံးအား မြုပ်နှံရန်၊ ယင်းတို့အား မြတ်နိုးဖို့၊ ထိန်းသိမ်းဖို့၊ ကာကွယ်ဖို့၊ ကိုင်စွဲဖို့အတွက် သင်၏အနာဂတ်နှင့် အလွန်ကောင်းသော ခရီးပန်းတိုင်ကိုပင် ထိခိုက်ရန်၊ ယင်းတို့အတွက် အသက်ရှင်ပြီး သေသည်အထိပင် လုပ်ဆောင်ရန် မထိုက်တန်ပေ။ မည်သည့်ကဏ္ဍတွင်မဆို ယင်းတို့၏ ဖြစ်တည်မှုက သင်၏ အတွေးများ၊ စိတ်ခံစားချက်များအား ထိခိုက်ခွင့်ကိုလည်း သင်မပေးသင့်သည်မှာ မှန်ပေ၏။ ယင်းတို့ကြောင့်၊ ယင်းတို့ကို ဆုံးရှုံးသောကြောင့်၊ သို့မဟုတ် ယင်းတို့ကို မည်သူကမျှ အသိအမှတ်မပြုသောကြောင့် ဖိနှိပ်ချုပ်ချယ်မှုအား ခံစားရခြင်းသည် ပို၍ပင် မဖြစ်သင့်ပေ။ ဤသည်မှာ မိုက်မဲပြီး ဆင်ခြင်တုံတရားမရှိသော ချဉ်းကပ်မှုဖြစ်လိမ့်မည်။ ရှင်းရှင်းပြောရလျှင် ယင်းတို့သည် အဝတ်အစားများကဲ့သို့ ဖြစ်သည်။ အချိန်မရွေး စွန့်ပစ်နိုင်သည်၊ သို့မဟုတ် ကောက်ယူ၍ ဝတ်ဆင်နိုင်သည်။ ယင်းတို့နှင့်ပတ်သက်ပြီး ထူးခြားမှု လုံးဝမရှိပေ။ ယင်းတို့ကို လိုအပ်သောအခါ သင် ဝတ်ဆင်သည်။ မလိုအပ်သည့်အခါတိုင်းတွင် ချွတ်ပြီး စွန့်ပစ်နိုင်သည်။ ယင်းတို့နှင့်ပတ်သက်ပြီး စိတ်ဝင်စားမှုမရှိသင့်ပေ။ ဤသည်မှာ မည်သည့် အသိပညာ၊ အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မဆိုတွင် သင်ထားရှိသင့်သည့် သဘောထားနှင့် အမြင်ဖြစ်သည်။ ယင်းတို့ကို သင်၏ ကိုယ်ပိုင်အသက်ကဲ့သို့ မြတ်နိုးခြင်း၊ မှတ်ယူခြင်း၊ ယင်းတို့ကြောင့် ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းကို တွေ့ရှိခြင်း၊ သို့မဟုတ် ယင်းတို့အတွက် အသက်ရှင်ခြင်း၊ သေခြင်းတို့ မဖြစ်သင့်ပေ။ ဤမျှ မလိုအပ်ပေ။ သင်သည် ယင်းတို့ကို ဆင်ခြင်တုံတရားရှိရှိဖြင့် ချဉ်းကပ်သင့်သည်။ သင်သည် ယင်းတို့ကြောင့် ဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် ပိတ်မိပြီး သင်၏ တာဝန်ထမ်းဆောင်ခြင်းနှင့် သမ္မာတရားအား လိုက်စားခြင်းဖြစ်သော သင်၏ ဘဝ၌ အရေးကြီးဆုံးသော ကိစ္စကို ထိခိုက်လျှင် ဤသည်မှာ ပို၍ပင် လက်မခံနိုင်ဖွယ်ဖြစ်သည်ဆိုသည်မှာ ပြောစရာမလိုပေ။ ယင်းတို့သည် သင်အချိန်မရွေး အသုံးပြုနိုင်သော၊ သို့မဟုတ် စွန့်ပစ်နိုင်သော အသုံးချခံပစ္စည်းမျှသာ ဖြစ်သောကြောင့် သင့်၌ တွယ်တာမှု၊ သို့မဟုတ် ခံစားချက်တစ်ခုခုမဖြစ်ပေါ်သင့်ပေ။ ထို့ကြောင့် သင်ရယူခဲ့သော အတတ်ပညာပိုင်း အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုကို ဘုရားအိမ်တော်က မည်သို့ဆက်ဆံသည်ဖြစ်စေ၊ ဘုရားအိမ်တော်က ယင်းတို့ကို လက်ခံသည်ဖြစ်စေ၊ သင့်အား ယင်းတို့ကို စွန့်ပစ်ခိုင်းသည်ဖြစ်စေ၊ သို့မဟုတ် ယင်းတို့ကို ရှုတ်ချပြီး ဝေဖန်ခြင်းပင် ပြုလုပ်သည်ဖြစ်စေ သင့်၌ သင်၏ ကိုယ်ပိုင်အယူအဆတစ်ခုခ မရှိသင့်ပေ။ သင်သည် ဘုရားသခင်ထံမှ အမှုကိစ္စကို လက်ခံသင့်သည်။ မှန်ကန်သော ရပ်တည်ချက်နှင့် အမြင်ရှုထောင့်တို့ဖြင့် ဆင်ခြင်တုံတရားရှိစွာဖြင့် ရင်ဆိုင်ပြီး ဆက်ဆံသင့်သည်။ ဘုရားအိမ်တော်က သင်၏ အရည်အချင်းများကို အသုံးပြုသော်လည်း အားနည်းမှုရှိသည်ဟု မြင်လျှင် သင်သည် ယင်းတို့ကို လေ့လာပြီး တိုးတက်အောင် လုပ်ဆောင်နိုင်သည်။ ဘုရားအိမ်တော်က ယင်းတို့ကို အသုံးမချလျှင် သင်သည် တွန့်ဆုတ်ခြင်းမရှိဘဲ၊ အရေးစိုက်ခြင်း လုံးဝမရှိဘဲ၊ အခက်အခဲ လုံးဝ မရှိဘဲ ယင်းတို့ကို လက်လွှတ်သင့်သည်။ ဤမျှ ရိုးရှင်းသည်။ ဘုရားအိမ်တော်က သင်၏ အတတ်ပညာပိုင်း အရည်အချင်းနှင့် ကျွမ်းကျင်မှုကို အသုံးမပြုသည့်အချက်က သင့်အား ပုဂ္ဂိုလ်ရေးအရ ဦးတည်ခြင်း မဟုတ်သကဲ့သို့ သင့်တာဝန်အား ထမ်းဆောင်ခွင့်ကို ပိတ်ပင်ခြင်းလည်း မဟုတ်ပေ။ သင်သည် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်လျှင် သင်ကိုယ်တိုင်၏ မနာခံခြင်းကြောင့်ဖြစ်သည်။ သင်က “ဘုရားအိမ်တော်က ကျွန်ုပ်နှင့် ကျွန်ုပ်၏ ပင်ကိုစွမ်းရည်များကို အထင်သေးသည်၊ ကျွန်ုပ်ရယူခဲ့သော အသိပညာကို အထင်သေးသည်၊ ပါရမီရှိသောသူတစ်ဦးကဲ့သို့ မဆက်ဆံပေ၊ ထို့ကြောင့် ကျွန်ုပ်၏ တာဝန်ကို မထမ်းဆောင်တော့ပါ” ဟု ဆိုလျှင် တာဝန်မထမ်းဆောင်ခြင်းမှာ သင်ကိုယ်တိုင်ရွေးချယ်ခြင်းဖြစ်သည်။ ဘုရားအိမ်တော်က သင့်အား အခွင့်အလမ်း ပိတ်ပင်ခြင်းမဟုတ်ပေ၊ သို့မဟုတ် သင်၏ လုပ်ဆောင်ပိုင်ခွင့်ကို ယူဆောင်ခြင်းမဟုတ်ပေ။ သင်သည် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်လျှင် ယင်းသည် ကယ်တင်ခြင်း ရရှိရန် သင်၏ အခွင့်အလမ်းကို စွန့်လွှတ်ခြင်းနှင့် ညီမျှသည်။ သင်သည် သင်၏ အတတ်ပညာပိုင်းအရည်အချင်း၊ ကျွမ်းကျင်မှု၊ တစ်ကိုယ်ရေ ဂုဏ်သိက္ခာတို့အား ထိန်းသိမ်းရန် ဦးစားပေးသောကြောင့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်ကို စွန့်လွှတ်သည်။ ပြောလော့။ ဤသည်မှာ ဆင်ခြင်တုံတရားရှိခြင်းလော၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိခြင်းလော။ (ဆင်ခြင်တုံတရား မရှိခြင်းဖြစ်သည်။) ဤသည်မှာ မိုက်မဲခြင်းလော၊ အမြော်အမြင်ရှိခြင်းလော။ (မိုက်မဲခြင်းဖြစ်သည်။) ဤသို့ဆိုလျှင် သင် ရွေးချယ်သင့်သည့် လမ်းကြောင်းတစ်ခုရှိသလော။ (ရှိသည်။) လမ်းကြောင်းတစ်ခုရှိသည်။ ဤသို့ဆိုလျှင် သင်သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရဆဲဖြစ်သလော။ (မခံစားရတော့ပါ။) ဖိနှိပ်ချုပ်ချယ်မှုကို သင်မခံစားရတော့သည်မဟုတ်လော။ ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက် ရှိသူများနှင့် ထိုစိတ်ခံစားချက်မရှိသူများတွင် ၎င်းတို့၏ တာဝန်များအား ထမ်းဆောင်ခြင်းအပေါ် လုံးဝ မတူညီသော သဘောထားများရှိကြသည်။ အမှုအရာများကို လုပ်ဆောင်ရာ၌ လုံးဝ မတူညီသော နည်းလမ်းများရှိကြသည်။ ဖိနှိပ်ချုပ်ချယ်မှုခံစားရသောသူများသည် မည်သည့်အခါမျှ မပျော်ရွှင်နိုင်ပေ။ ငြိမ်သက်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းကို လုံးဝ ခံစားရမည်မဟုတ်ပေ။ တာဝန်ထမ်းဆောင်ခြင်းမှရရှိသည့် ဝမ်းမြောက်မှုနှင့် နှစ်သိမ့်မှုကို တွေ့ကြုံခံစားရမည် မဟုတ်ပေ။ ဤဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်ကို ချိုးဖျက်လွတ်မြောက်ပြီးနောက်တွင် လူတို့သည် ဘုရားအိမ်တော်အတွင်း၌ တာဝန်ထမ်းဆောင်ခြင်းတွင် ပျော်ရွှင်ခြင်း၊ သက်သာခြင်း၊ ဝမ်းမြောက်ခြင်းကို ခံစားရမည်မှာ ပြောစရာမလိုပေ။ ထို့နောက်တွင် လူအချို့သည် သမ္မာတရားအား ၎င်းတို့ လိုက်စားမှုကို အားစိုက်ထုတ်သင့်သည်။ ဤသို့သောလူများအတွက် အနာဂတ်သည် တောက်ပနေလိမ့်မည်။ သို့ရာတွင် သင်သည် စဉ်ဆက်မပြတ် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး သင့်ကိုယ်သင် လွတ်မြောက်စေရန် သမ္မာတရားကို မရှာဖွေလျှင် ဤအတိုင်း ဆက်လက်ပြုမူပြီး သင်၏ ဖိနှိပ်ချုပ်ချယ်မှု ခံစားရခြင်းကို ဆက်လက်ခံစားကာ သင် မည်မျှတောင့်ခံနိုင်သည်ကို ကြည့်လော့။ သင်သည် ဤဖိနှိပ်ချုပ်ချယ်မှုခံစားရသည့် အခြေအနေ၌ ဆက်လက်၍ရှိနေလျှင် သင်၏ အနာဂတ်က မုံမှိုင်းပြီး ကတ္တရာကဲ့သို့ နက်မှောင်နေလိမ့်မည်။ ဤသို့ဖြင့် မည်သည့်အရာကိုမျှ သင်မမြင်နိုင်ပေ။ ရှေ့တွင် လမ်းကြောင်းရှိမည်မဟုတ်ပေ။ သင်သည် နေ့စဉ် တွေဝေလျက် အသက်ရှင်လိမ့်မည်။ သင်သည် မည်မျှ မသိနားမလည်ဖြစ်လိုက်မည်နည်း။ လက်တွေ့တွင် ဤသည်မှာ အသေးအဖွဲကိစ္စတစ်ခုဖြစ်သည်။ သေးငယ်သော အရာတစ်ခုသာဖြစ်သည်။ သို့သော် လူတို့က ဤအရာမှ မလွတ်မြောက်နိုင်ပေ။ ဤအရာကို လက်မလွှတ်နိုင်ပေ၊ သို့မဟုတ် မပြောင်းလဲနိုင်ပေ။ ၎င်းတို့က ပြောင်းလဲနိုင်လျှင် ၎င်းတို့၏ စိတ်ဓာတ်နှင့် ၎င်းတို့စိတ်နှလုံး၏ ရည်မှန်းချက်များအပြင် ၎င်းတို့၏ လိုက်စားမှုတို့သည်လည်း ကွဲပြားလိမ့်မည်။ ကောင်းပြီ။ ယနေ့ ငါတို့၏ မိတ်သဟာယကို ဤတွင် အဆုံးသတ်မည်။ ဖိနှိပ်ချုပ်ချယ်ခံရသော အပျက်သဘောဆောင်သော စိတ်ခံစားချက်များမှ မကြာမီတွင် သင်တို့ လွတ်မြောက်ဖို့ ငါမျှော်လင့်သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။