အခန်း ၄
လူအပေါင်းတို့ကို အာရုံမစိုက်ခြင်းနှင့်၊ အပျက်သဘောဆောင်ခြင်းမှ အပြုသဘောဆောင်ခြင်းဆီသို့ ကူးပြောင်းမှုပြီးနောက် စိတ်ထိန်းမနိုင်သိမ်းမရ ဖြစ်ခြင်းတို့မှ တားဆီးရန်၊ ဘုရားသခင်၏မိန့်မြွက်ချက် နောက်ဆုံးအခန်းတွင်၊ ဘုရားသခင်သည် သူ၏လူတို့အပေါ် သူ၏အမြင့်ဆုံး သတ်မှတ်ချက်များကို ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက်- သူ၏စီမံခန့်ခွဲမှုအစီအစဉ်၏ ဤအဆင့်၌ သူ၏အလိုကို လူတို့အား ဘုရားသခင် ပြောပြီးသည်နှင့်တစ်ပြိုင်နက်- သူသည် သူ၏နှုတ်ကပတ်တော်များကို ချင့်ချိန်တွေးဆရန်၊ အဆုံးတွင် ဘုရားသခင်၏အလိုကို ဖြည့်ဆည်းဖို့ ၎င်းတို့ စိတ်ပိုင်းဖြတ်ရာတွင် ကူညီပေးရန် ၎င်းတို့ကို အခွင့်အရေးပေးလေသည်။ လူတို့၏အခြေအနေများသည် အပြုသဘောဆောင်သည့်အခါ ဘုရားသခင်သည် ၎င်းတို့အား ပြဿနာ၏ အခြားတစ်ဖက်နှင့်ပတ်သက်၍ မေးခွန်းများကို ချက်ချင်း စတင်မေးသည်။ သူသည် လူတို့ သဘောပေါက်ရန် ခက်ခဲသော မေးခွန်းများကို တသီတတန်း မေးသည်- “ငါ့ကို သင်တို့၏ ချစ်ခြင်းသည် မစင်ကြယ်ခြင်းနှင့် စွန်းထင်းခဲ့သလော။ ငါ့ကို သင်တို့၏ သစ္စာ စောင့်သိခြင်းသည် စင်ကြယ်၍ စိတ်နှလုံးအကြွင်းမဲ့ ရှိခဲ့သလော။ ငါ့ကို သင်တို့သိကျွမ်းခြင်းသည် မှန်ကန်ပါ၏လော။ သင်တို့၏ နှလုံးသားများထဲတွင် ငါသည် နေရာမည်မျှ ယူထားသနည်း။” အစရှိသည့်တို့ ဖြစ်သည်။ ဤစာပုဒ်၏ ပထမပိုင်းတွင် အပြစ်ဖော်ဆုံးမချက် နှစ်ချက်မှလွဲ၍၊ ကျန်သည့်အရာမှာ မေးခွန်းများတစ်ခုလုံး ပါရှိပေသည်။ အထူးသဖြင့်- “ငါ၏ မိန့်မြွက်ချက်များသည် သင်တို့ကို နာကျင်စွာ ထိုးနှက်ခဲ့သလော။” ဟူသည့် မေးခွန်းမှာ အလွန်သင့်တင့်လျောက်ပတ်ပေသည်။ ယင်းသည် လူတို့အား “ငါသည် ဘုရားသခင်ကို ငါ၏ချစ်ခြင်း၌ အမှန်တကယ် သစ္စာစောင့်သိသလော” ဟူ၍ မိမိတို့ကိုယ်ကိုယ် ၎င်းတို့ကိုယ်ကိုယ် မရည်ရွယ်ဘဲ မေးစေရင်း၊ လူတို့၏စိတ်နှလုံးအတွင်းနက်နက်နေရာများက အလျှို့ဝှက်ဆုံးသော အရာများကို အမှန်တကယ် ထိမှန်လေသည်။ ၎င်းတို့၏စိတ်နှလုံးများထဲ၌ လူတို့သည် ၎င်းတို့၏အတိတ် အစေခံခြင်းထဲက အတွေ့အကြုံများကို မရည်ရွယ်ဘဲ မှတ်မိကြသည်- ၎င်းတို့သည် မိမိကိုယ်ကိုယ်ခွင့်လွတ်ခြင်း၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း၊ ကိုယ့်ဘာသာ ကြီးကျယ်ခြင်း၊ မိမိကိုယ်ကိုယ်ကျေနပ်ခြင်း၊ မိမိဘာသာ ကျေနပ်အားရခြင်းနှင့် မာနတို့၏ ဝါးမျိုခြင်းကို ခံခဲ့ရသည်။ ၎င်းတို့သည် ပိုက်ကွန်တစ်ခုထဲ၌ အမိခံရသော ငါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်ခဲ့ကြသည်- ဤပိုက်ကွန်ထဲသို့ ကျရောက်သွားပြီးနောက် မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေရန် ၎င်းတို့အတွက် မလွယ်ကူခဲ့ပေ။ ထို့အပြင် ၎င်းတို့သည် မကြာခဏ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏သာမန်လူ့သဘာဝကို မကြာခဏ လှည့်ဖြားခဲ့ကြပြီး ၎င်းတို့ပြုခဲ့သမျှအားလုံး၌ မိမိတို့ကိုယ်ကိုယ် ရှေ့တန်းတင်ခဲ့ကြသည်။ “အစေခံသူများ”ဟု အခေါ်မခံရမီတွင်၊ ၎င်းတို့သည် အားအင်နှင့်ပြည့်လျက်ရှိသော အသစ်ဖွားမြင်သည့် ကျားပေါက်တစ်ကောင်ကဲ့သို့ ဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် ၎င်းတို့၏အာရုံစိုက်မှုကို အသက်တာအပေါ် အတော်အတန် စူးစိုက်ခဲ့သော်လည်း၊ တစ်ခါတစ်ရံ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြခဲ့ကြခြင်း ဖြစ်သည်။ ကျွန်များကဲ့သို့ ၎င်းတို့သည် ဘုရားသခင်အပေါ် ဝတ်ကျေတမ်းကျေ ပြုမူခဲ့ကြသည်။ အစေခံသူများအဖြစ် ဖော်ထုတ်ခြင်းကို ခံရသောအချိန်အတောအတွင်းတွင်၊ ၎င်းတို့ အပျက်သဘောဆောင်ခဲ့ကြသည်၊ နောက်ကျကျန်ခဲ့ကြသည်၊ ဝမ်းနည်းမှုဖြင့် ပြည့်ခဲ့ကြသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်ခဲ့ကြသည်၊ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းဖြင့် ၎င်းတို့၏ခေါင်းကို ငုံ့ထားခဲ့ကြသည်၊ အစရှိသည်တို့ ဖြစ်ခဲ့ကြ၏။ ၎င်းတို့ ကိုယ်တိုင်၏ အံ့သြဖွယ်ကောင်းသည့်၊ စိတ်ထိခိုက်ဖွယ်ရာ အဖြစ်အပျက်များ၏ အဆင့်အသီးသီးသည် ၎င်းတို့၏စိတ်များထဲ၌ စွဲကျန်လေ၏။ ၎င်းတို့အတွက် အိပ်စက်ရန်ပင် ခက်ခဲလာပြီး ၎င်းတို့သည် နေ့အချိန်တွင် မိန်းမောခြင်းဖြင့် အချိန်ကုန်ဆုံးကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် ပယ်ထုတ်ခြင်းကို ခံကြရပြီးဖြစ်ပုံရကြသည်၊ လွတ်မြောက်နိုင်စွမ်းမရှိဘဲ မရဏနိုင်ငံထဲသို့ ကျရောက်ပြီးဖြစ်ပုံရကြသည်။ ဘုရားသခင်သည် ပထမစာပိုဒ်တွင် ခက်ခဲသော မေးခွန်းအနည်းငယ်ကို ထုတ်သည်ထက် မည်သည့်အရာမျှ မလုပ်ဆောင်ခဲ့သော်လည်း၊ သေချာစွာဖတ်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ ရည်မှန်းချက်မှာ မေးမြန်းခြင်းအတွက် ဤမေးခွန်းများကို မေးခြင်းထက် ပိုသည်ကို ပြသ၏။ ယင်းတို့ထဲတွင် အဓိပ္ပာယ်နှင့် ပို၍နက်ရှိုင်းသော အဆင့်တစ်ခု၊ ပို၍အသေးစိတ် ရှင်းပြရမည့် အရာတစ်ခု ပါဝင်ပေသည်။
ဘုရားသခင်က အဆုံးတွင်တော့ ယနေ့သည် ယနေ့ဖြစ်ပြီး၊ ယမန်နေ့သည် ကျော်လွန်နှင့်ပြီဖြစ်သည့်အတွက်၊ အတိတ်ကို လွမ်းဆွတ်ခြင်းမှာ ဆင်ခြေမရှိဟု ဆိုခဲ့သော်လည်း၊ ဤနေရာတွင် ပထမဝါကျ၌ သူသည် လူတို့ကို မေးခွန်းများမေးပြီး ၎င်းတို့အား အတိတ်ကို အဘယ်ကြောင့် ပြန်တွေးစေသနည်း။ ယင်းနှင့်ပတ်သက်၍ စဉ်းစားကြည့်လော့- ဘုရားသခင်က လူတို့အား အတိတ်ကို မလွမ်းဆွတ်ကြရန် တောင်းဆိုသော်လည်း အတိတ်ကို ပြန်တွေးရန်လည်း အဘယ်ကြောင့် တောင်းဆိုသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များ၌ အမှားတစ်ခု ရှိနိုင်မည်လော။ ဤနှုတ်ကပတ်တော်များ၏ အရင်းအမြစ်သည် မှားနိုင်မည်လော။ ပင်ကိုအားဖြင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အာရုံမစိုက်သောသူများသည် ထိုသို့သော နက်နဲသည့် မေးခွန်းများကို မေးကြမည်မဟုတ်ပေ။ သို့သော် အချိန်အခိုက်အတန့်တစ်ခုအတွက်၊ ဤအရာကို ပြောဆိုရန် မလိုပေ။ ပထမဦးစွာ၊ အထက်က- “အဘယ်ကြောင့်” ဟူသည့်- ပထမဆုံး မေးခွန်းကို ငါ ရှင်းပြပါရစေ။ ဟုတ်ပေ၏၊ ဘုရားသခင်သည် အနှစ်မဲ့သော စကားများ မပြောဆိုသည်ကို အယောက်တိုင်း သိကြသည်။ အကယ်၍ စကားများသည် ဘုရားသခင်၏နှုတ်မှ မြွက်ဆိုထားခြင်းဖြစ်ပါက၊ ယင်းတို့အဖို့ ရည်မှန်းချက်တစ်ခုနှင့် အရေးပါမှုတစ်ခုရှိပေသည်- ဤအရာက မေးခွန်း၏ အချက်အချာကို ထည့်သွင်းစဉ်းစားသည်။ လူတို့၏ အကြီးမားဆုံး အားနည်းချက်မှာ ၎င်းတို့၏ ဆိုးယုတ်သော နည်းလမ်းများကို ပြောင်းလဲရန် ၎င်းတို့၏ မတတ်စွမ်းနိုင်မှုနှင့် ၎င်းတို့ သဘာဝဟောင်း၏ တင်းမာခြင်းတို့ ဖြစ်သည်။ လူအပေါင်းအား မိမိတို့ကိုယ်ကိုယ် ပို၍စေ့စေ့စပ်စပ်နှင့် လက်တွေ့ကျကျ သိခွင့်ပေးရန်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် ပတ်သက်၍ သာ၍ နက်ရှိုင်းစွာ သုံးသပ်နိုင်ကြဖို့အလို့ငှာ ဘုရားသခင်သည် ၎င်းတို့အား ပထမဦးစွာ အတိတ်ကို ပြန်တွေးစေပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်လုံးမျှ အနှစ်သာရမမဲ့သကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးသည် မတူကွဲပြားသော လူများ၌ မတူကွဲပြားသော အတိုင်းအတာများအထိ ပြည့်စုံသည်ကို သိလာစေသည်။ အတိတ်တွင်၊ လူတို့ကို ဘုရားသခင် ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းသည် ၎င်းတို့အား ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာ အနည်းငယ် ပေးခဲ့ပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ စစ်မှန်ရိုးသားမှုကို အနည်းငယ်ပို၍ အူလှိုက်သည်းလှိုက်ဖြစ်စေခဲ့သည်။ “ဘုရားသခင်” ဟူသော စကားလုံးသည် လူတို့နှင့် ၎င်းတို့၏စိတ်နှလုံးများ၏ ၀.၁ ရာခိုင်နှုန်းသာ နေရာယူသည်။ ဤမျှ စွမ်းဆောင်ရရှိခြင်းက ဘုရားသခင်သည် ကြီးမားသော ကယ်တင်ခြင်း အတိုင်းအတာတစ်ခုအား ဆောင်ရွက်ပြီးဖြစ်သည်ကို ပြသသည်။ ဤလူစု၌- အဆင်းနီသောနဂါကြီး၏ အမြတ်ထုတ်ခြင်းကို ခံရပြီး စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံရသော အုပ်စုတစ်စု၌- ဤမျှ ဘုရားသခင်၏ အောင်မြင်မှုမှာ ၎င်းတို့သည် ၎င်းတို့ သဘောရှိ မလုပ်ဆောင်ဝံ့ကြခြင်း ဖြစ်သည်ဟု ဆိုပါက တရားနည်းလမ်းကျပေသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံရပြီးဖြစ်သော သူတို့ စိတ်နှလုံးများ၏ တစ်ရာရာခိုင်နှုန်းကို နေရာယူရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ နောက်ထပ်အဆင့်အတွင်းတွင် ဘုရားသခင်နှင့်သက်ဆိုင်သည့် လူတို့၏အသိပညာကို တိုးပွားစေရန် ဘုရားသခင်သည် အတိတ်က အစေခံသူများ၏ အခြေအနေများကို ယနေ့ ဘုရားသခင်၏လူတို့၏ အခြေအနေများနှင် နှိုင်းယှဉ်သည်၊ ထိုသို့ဖြင့် လူတို့အား သာ၍ အရှက်ရစေသည့် သိသာထင်ရှားသော ခြားနားချက်တစ်ခုကို ဖန်တီးလေသည်။ ဘုရားသခင်က၊ “သင်တို့၏ အရှက်တရားကို ဝှက်ထားရန် နေရာမရှိ” ဟု ပြောခဲ့သကဲ့သို့သာ ဖြစ်သည်။
ထို့ကြောင့်၊ ဘုရားသခင်သည် ၎င်းတို့ကို မေးမြန်းခြင်းအတွက် မေးခွန်းများကို မေးရုံမျှမေးခြင်း မဟုတ်ဟု အဘယ်ကြောင့် ငါပြောခဲ့သနည်း။ အစမှ အဆုံးထိ သေချာ ဖတ်ရှုခြင်းက ဘုရားသခင် ထုတ်ခဲ့သော မေးခွန်းများကို စေ့စေ့စပ်စပ် ရှင်းပြမထားသော်လည်း၊ ထိုမေးခွန်းအားလုံးသည် ဘုရားသခင်အပေါ် လူတို့၏ သစ္စာစောင့်သိမှုနှင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာ အတိုင်းအတာကို ရည်ညွှန်းသည်ကို ပြသပေသည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် လူတို့၏ သနားဖွယ်ဖြစ်ပြီး၊ ၎င်းတို့အတွက် ဖွင့်ဟပြောဆိုရန် ခက်ခဲသော အခြေအနေမှန်များကို ရည်ညွှန်းခြင်းဖြစ်ပေသည်။ ဤအရာမှ လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်နုံချာကြောင်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာမှာ အလွန်အပေါ်ယံဆန်ပြီး၊ သူ့အပေါ် ၎င်းတို့၏သစ္စာစောင့်သိခြင်းသည် အလွန် စွန်းထင်းကာ မစင်ကြယ်ကြောင်းကို မြင်နိုင်သည်။ ဘုရားသခင်ပြောခဲ့သည့်အတိုင်း၊ လူအားလုံးနီးပါးသည် ညစ်ပတ်သောရေထဲတွင် ငါးမျှားကြပြီး၊ ထိုနေရာ၌ အရေအတွက် ဖြည့်ရန်သာ ရှိနေကြပေသည်။ ဘုရားသခင်က၊ “သင်တို့သည် ငါ၏ လူများဖြစ်ရန် အရည်အချင်းမပြည့်မီဟု အမှန်တကယ် ခံစားရသလော” ဟု ဆိုသောအခါ၊ ဤနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်အစစ်အမှန်မှာ လူအားလုံးထဲတွင် မည်သူမျှ ဘုရားသခင်၏လူများဖြစ်ရန် မသင့်တော်ခြင်း ဖြစ်သည်။ သို့သော် ပို၍ ကြီးမားသော အကျိုးတရားတစ်ခုကို စွမ်းဆောင်ရရှိရန်အလို့ငှာ၊ ဘုရားသခင်သည် မေးခွန်းများ မေးမြန်းခြင်း နည်းစနစ်ကို အသုံးပြု၏။ ဤနည်းစနစ်သည် ၎င်းတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည့် အဆင့်ထိတိုင် လူတို့အား ရက်စက်စွာ တိုက်ခိုက်သော၊ ခုတ်ထစ်ပြီး သတ်ဖြတ်သော အတိတ်က နှုတ်ကပတ်တော်များထက် များစွာ ပို၍ ထိရောက်မှုရှိလေသည်။ ဘုရားသခင်က၊ “သင်တို့သည် ငါ့အပေါ် သစ္စာမစောင့်သိခြင်း မရှိသကဲ့သို့၊ သင်တို့၏ သစ္စာစောင့်သိခြင်းသည် စွန်းထင်းသည်၊ ငါသည် သင်တို့စိတ်နှလုံးများတွင် အကြွင်းမဲ့သော နေရာတစ်ခု မရှိ...သင်တို့ထဲမှ မည်သူမျှသည် ငါ၏လူများ ဖြစ်ရန် မပြည့်စုံသည့်အတွက်၊ ငါသည် သင်တို့အား မိမိတို့ကိုယ်ကိုယ်မှ ပုန်းကွယ်စရာ နေရာမရှိ ဖြစ်စေရစ်မည်” ဟူသကဲ့သို့သော ငြီးငွေ့ဖွယ်ဖြစ်ပြီး၊ ပေါ့ပြက်သောအရာ တစ်စုံတစ်ခုကို တိုက်ရိုက်ပြောခဲ့ပြီးဖြစ်သည် ဆိုပါစို့။ သင်တို့သည် ဤအရာနှစ်ခုကို နှိုင်းယှဉ်ကောင်း နှိုင်းယှဉ်မည်ဖြစ်ပြီး၊ ၎င်းတို့၏ ပါဝင်သည့် အကြောင်းအရာမှာ တူညီသော်လည်း အသီးသီး၏ သဘောသွားမှာ ကွဲပြားသည်။ မေးခွန်းများကို အသုံးပြုခြင်းသည် များစွာပို၍ ထိရောက်သည်။ ထို့ကြောင့်၊ ဉာဏ်ပညာရှိသော ဘုရားသခင်သည် ပထမ သဘောသွားကို အသုံးပြုသည်၊ ယင်းက သူ စကားပြောသည့် ပညာသားပါမှုကို ပြသပေသည်။ ဤအရာကို လူသားက စွမ်းဆောင်မရရှိနိုင်သောကြောင့်၊ ဘုရားသခင်က၊ “လူတို့သည် ငါအသုံးပြုသည့် အသုံးအဆောင်များသာဖြစ်သည်။ ယင်းတို့ကြားက တစ်ခုတည်းသော ကွာခြားချက်မှာ အချို့သည် အောက်တန်းကျပြီး အချို့သည် အဖိုးတန်ခြင်း ဖြစ်သည်” ဟု ဆိုခဲ့သည်မှာ အံ့သြစရာမရှိပေ။
လူတို့ ဆက်လက် ဖတ်ရှုသည်နှင့်အမျှ၊ ဘုရားသခင်သည် လူတို့အပေါ် လုံးဝ အလျှော့မပေးသည့်အတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အား တစ်ချက်မျှ အသက်ရှူခွင့် ပေးရုံသာပေးလျက်၊ တရစပ်စုပြုံလာလေသည်။ လူတို့သည် အဆုံးစွန် နောင်တရကြသည့်အခါ၊ ဘုရားသခင်က ၎င်းတို့အား နေက်ထပ်တစ်ဖန် သတိပေးသည်- “အကယ်၍ သင်တို့သည် အထက်က မေးခွန်းများကို လုံးလုံးပင် သတိမမူမိဘဲ ရှိနေမည်ဆိုပါက၊ ယင်းမှာ သင်သည် နောက်ကျိသော ရေတွင် ငါးမျှားနေခြင်းဖြစ်ကြောင်း၊ သင်သည် အဖြည့်ခံ လူတစ်ဦး အနေနှင့်သာ ထိုနေရာ၌ ရောက်ရှိနေရခြင်းဖြစ်ကြောင်း ညွှန်ပြနေကာ၊ ငါကြိုတင်ပြဋ္ဌာန်းထားသော အချိန်တွင် သင်သည် ဧကန်မုချပင် ပယ်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး အနက်ဆုံးသောတွင်းထဲသို့ ဒုတိယ အကြိမ်အဖြစ် ထိုးချခြင်း ခံရလိမ့်မည် ဖြစ်သည်။ ဤအရာများမှာ ငါ၏ သတိပေး နှုတ်ကပတ်တော်များဖြစ်ပြီး ၎င်းတို့ကို ပေါ့တန်စွာ ခံယူသော မည်သူမဆို ငါ့တရားစီရင်ခြင်း၏ ထိုးနှက်ခြင်းကို ခံရလိမ့်မည်ဖြစ်ကာ၊ ချိန်းဆိုထားသော အချိန်တွင် ဘေးဒုက္ခနှင့် ကြုံရလိမ့်မည်” ဟူ၍ ဖြစ်သည်။ ထိုသို့သော နှုတ်ကပတ်တော်များကို ဖတ်ခြင်းဖြင့် လူတို့သည် အနက်ဆုံးသောတွင်းထဲသို့ ၎င်းတို့ ပစ်ချခံခဲ့ရသည့်အချိန်ကို မတွေးဘဲမနေနိုင်ကြချေ- ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးအားဖြင့် ခြိမ်းခြောက်ခံရလျက်၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ အုပ်စိုးခြင်းကို ခံရလျက်၊ ၎င်းတို့၏ အဆုံးသတ်သည် ၎င်းတို့ကို စောင့်ဆိုင်းနေရင်း၊ အချိန်ကြာမြင့်စွာ စိတ်သောကခံစားရလျက်၊ ဝမ်းနည်းညိုးငယ်လျက်၊ နေမထိထိုင်မသာ ဖြစ်လျက်၊ ၎င်းတို့၏ စိတ်နှလုံးများအတွင်းက ညိုးငယ်ခြင်းကို မည်သူ့ကိုမျှ ပြောမပြနိုင်ဘဲဖြစ်လျက်- ဤအရာနှင့် နှိုင်းယှဉ်ပါက၊ ၎င်းတို့သည် ၎င်းတို့၏ ဇာတိပကတိကို နုတ်ပယ်ခံရခြင်းသည် ပို၍ပင်ကောင်းသည်ဟု ခံစားရသည်...၎င်းတို့၏ အတွေးက ဤအဆင့်ထိ ရောက်ရှိသည်နှင့်အမျှ၊ ၎င်းတို့သည် စိတ်သောက မခံစားရဘဲ မနေနိုင်ကြပေ။ အတိတ်တွင် ၎င်းတို့ မည်ကဲ့သို့ ဖြစ်ခဲ့သည်၊ ယနေ့ မည်ကဲ့သို့ဖြစ်ပြီး မနက်ဖြန် မည်ကဲ့သို့ ဖြစ်လိမ့်မည်ကို စဉ်းစားခြင်းဖြင့်၊ ၎င်းတို့၏ စိတ်နှလုံးများထဲက ဝမ်းနည်းခြင်း ကြီးထွားလာသည်၊ ၎င်းတို့သည် မရည်ရွယ်ဘဲ စတင်တုန်ယင်လာကြပြီး၊ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပို၍ ကြောက်ရွံ့လာကြသည်။ “ဘုရားသခင်၏ လူများ” ဟူသော ဝေါဟာရသည် စကားပြောသည့် နည်းလမ်းတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ၎င်းတို့ တွေးမိလာကြသည်နှင့်အမျှ ၎င်းတို့၏စိတ်နှလုံးထဲက ပျော်ရွှင်ခြင်းသည် သောကဖိစီးမှုအဖြစ် ချက်ချင်းပြောင်းလဲသွား၏။ ဘုရားသခင်သည် ၎င်းတို့ကို ထိုးနှက်ရန် ၎င်းတို့၏ သေလောက်သော အားနည်ချက်ကို အသုံးပြုပြီး ဤအခြေအနေ၌ သူသည် လူတို့၏ ထိတ်လန့်တုန်လှုပ်ခြင်းကို စဉ်ဆက်မပြတ် ဆွပေးရင်းနှင့်၊ ဘုရားသခင်၏လုပ်ဆောင်ချက်များမှာ နားလည်၍မရနိုင်ကြောင်း၊ ဘုရားသခင်သည် လက်လှမ်းမီ၍မရနိုင်ကြောင်း၊ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြူစင်ကာ ၎င်းတို့သည် ဘုရားသခင်၏လူများဖြစ်ရန် မသင့်တော်ကြောင်း ၎င်းတို့၏အသိကို တိုးပွားစေရင်း၊ သူ့အမှု၏ နောက်အဆင့်ကို စတင်နေပေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် နောက်ကျမကျန်ရစ်ဝံ့ဘဲလျက်၊ မိမိတို့ကိုယ်ကိုယ် တိုးတက်စေရန် ၎င်းတို့၏ အားထုတ်မှုများကို ဆတက်ထမ်းပိုး ပြုလုပ်ကြလေသည်။
ဆက်လက်၍၊ လူတို့ကို သင်ခန်းစာတစ်ခု သွန်သင်ပေးရန်နှင့် ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိရှိစေရန်၊ ဘုရားသခင်ကို ကြည်ညိုစေရန်နှင့် ကြောက်ရွံ့စေရန်၊ ဘုရားသခင်သည် သူ၏အစီအစဉ်အသစ်ကို စတင်လေ၏၊ “ဖန်ဆင်းခြင်း၏ အချိန်မှစ၍ ယနေ့ထိတိုင် များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို မနာခံခဲ့ကြသောကြောင့်၊ ငါ၏ နာလန်ထူခြင်း ရေစီးကြောင်းထဲမှ သုတ်သင်ပယ်ရှင်းခြင်းနှင့် နှင်ထုတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်၊ အဆုံးတွင် ထိုလူတို့၏ ခန္ဓာကိုယ်များသည် ပျက်စီးသွားကာ ၎င်းတို့၏ ဝိညာဉ်များမှာလည်း မရဏာနိုင်ငံထဲသို့ ပစ်ချခြင်းခံရပြီး ယနေ့တွင်ပင် ၎င်းတို့သည် ကြီးလေးသော အပြစ်ဒဏ်ကို ခံစားနေရဆဲ ဖြစ်သည်။ များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို လိုက်နာခဲ့ကြသော်လည်း၊ ၎င်းတို့သည် ငါ၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းတို့အား လွန်ဆန်ခဲ့ကြလေပြီ၊...ပြီးလျှင် အချို့...” ဤသည်တို့မှာ စစ်မှန်သော ဥပမာများ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များ၌၊ ဘုရားသခင်သည် သူ၏လူအပေါင်းတို့အား ခေတ်ကာလများတစ်လျှောက် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သိရှိစေဖို့ စစ်မှန်သော သတိပေးချက်တစ်ခုကို ၎င်းတို့အား ပေးသည်သာမက၊ ဝိညာဉ်လောက၌ ဖြစ်ပျက်နေသောအရာ၏ တစ်စိတ်တစ်ဒေသနှင့်သက်ဆိုင်သည့် သွယ်ဝှက်သော ဖော်ပြချက်တစ်ခုကိုလည်း ပေးလေသည်။ ဤအရာက လူတို့အား ဘုရားသခင်အပေါ် ၎င်းတို့၏ မနာခံခြင်းမှ ကောင်းသောအရာတစ်ခုမျှ မလာနိုင်သည်ကို သိရှိစေသည်။ ၎င်းတို့သည် ထာဝရ အရှက်တရား၏အမှတ်အသားတစ်ခု ဖြစ်လာကြလိမ့်မည် ဖြစ်ပြီး၊ စာတန်၏ ပြယုဂ်နှင့် စာတန်၏ မူပွားတစ်ခု ဖြစ်လာကြလိမ့်မည်။ ဤနှုတ်ကပတ်တော်များသည် လူတို့အား စိုးရိမ်ထိတ်လန့်စေရစ်ပြီး၊ ဘာလုပ်ရ၊ ဘာပြောရမှန်းမသိ ဖြစ်စေရစ်သည့်အတွက်၊ ဘုရားသခင်၏စိတ်နှလုံးထဲတွင်၊ ဤအဓိပ္ပာယ်၏ သွင်ပြင်လက္ခဏာမှာ သာမည အရေးပါခြင်းဖြစ်သည်။ ဤအရာ၏ အပြုသဘောဆောင်သောဘက်မှာ လူတို့သည် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ကြသည်နှင့်အမျှ၊ ၎င်းတို့သည် ဝိညာဉ်လောက၏ အသေးစိတ်အချက်အလက် အချို့တို့ကိုလည်း ရရှိကြ၏- သို့သော် အချို့တို့သာ ရရှိခဲ့ကြသည်၊ ထို့ကြောင့် ငါသည် ရှင်းပြချက် အနည်းငယ်ကို ငါပေးရမည်။ ဝိညာဉ်လောက၏ ဂိတ်တံခါးပေါက်မှ၊ ဝိညာဉ်မျိုးစုံ ရှိသည်ကို မြင်နိုင်သည်။ သို့သော်၊ အချို့တို့သည် မရဏနိုင်ငံတွင် ရှိကြသည်၊ အချို့သည် ငရဲ၌ ရှိကြသည်၊ အချို့သည် မီးအိုင်ထဲ၌ ရှိကြပြီး အချို့တို့သည် အနက်ဆုံးသောတွင်းထဲ၌ ရှိကြသည်။ ဤနေရာတွင် ငါ ဖြည့်စွက်ရန် တစ်စုံတစ်ခု ရှိ၏။ အပေါ်ယံအားဖြင့်၊ ဤဝိညာဉ်များကို နေရာအလိုက် ခွဲခြားနိုင်သည်။ သို့သော် အတိအကျ ပြောရမည်ဆိုပါက၊ အချို့တို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းဖြင့် တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းခြင်း ခံရပြီး၊ အချို့သည် ဘုရားသခင် အသုံးပြုသုည့် စာတန်၏ ကျေးကျွန်ဘဝတွင် ရှိကြသည်။ ပို၍ တိတိကျကျဆိုပါက၊ ၎င်းတို့၏ ပြစ်တင်ဆုံးမခြင်းသည် ၎င်းတို့၏ အခြေအနေများ၏ ဆိုးရွားမှုနှင့်အညီ ကွဲပြားလေ၏။ ဤနေရာတွင်၊ ငါ အနည်းငယ်ပို၍ ရှင်းပြပါရစေ။ ဘုရားသခင်၏ လက်ဖြင့် တိုက်ရိုက်ပြစ်တင်ဆုံးမခြင်း ခံရသောသူများသည် ကမ္ဘာမြေကြီးပေါ်၌ ဝိညာဉ်မရှိကြပေ၊ ယင်းမှာ ၎င်းတို့သည် အသစ်တစ်ဖန်မွေးဖွားခြင်းငှာ အခွင့်အရေး မရှိဟု ဆိုလိုပေသည်။ စာတန်၏ စိုးမိုးမှုအောက်၌ ရှိသော ဝိညာဉ်များသည်- ဘုရားသခင်က “ငါ၏ ရန်သူများဖြစ်လာကြ” သည်ဟု ပြောချိန်တွင် သူ ပြောဆိုသည့် ရန်သူများသည်- လောကီအရာများနှင့် စပ်ဆိုင်ကြသည်။ ကမ္ဘာမြေကြီးပေါ်က အမျိုးမျိုးသော နတ်ဆိုးများသည် ဘုရားသခင်၏ ရန်သူများ၊ စာတန်၏ အစေခံများသာ ဖြစ်ကြပြီး တည်ရှိခြင်းအတွက် ၎င်းတို့၏ အကြောင်းရင်းမှာ အစေခံမှုပေးရန်၊ ၎င်းတို့သည် ဘုရားသခင်၏လုပ်ဆောင်ချက်များအဖို့ အဖြည့်ခံများ ဖြစ်နိုင်ကြဖို့အလို့ငှာ အစေခံမှုပေးရန် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က၊ “ဤလူများသည် စာတန်၏ ဖမ်းမိခြင်းကို ခံရရုံသာမကဘဲ၊ ထာဝရ အပြစ်သားများ ဖြစ်လာကြပြီး ငါ၏ ရန်သူများ ဖြစ်လာကြကာ ၎င်းတို့သည် ငါ့ကို တိုက်ရိုက် ဆန့်ကျင်လေသည်” ဟု ဆိုခြင်းဖြစ်သည်။ ဆက်လက်၍ ဘုရားသခင်က လူတို့အား ဤကဲ့သို့ ဝိညာဉ်မျိုးအတွက် မည်သည့် အဆုံးသတ်မျိုးရှိသည်ကို ပြောပြသည်- “၎င်းတို့သည် ငါ့အမျက်ဒေါသ၏ အထွတ်အထိပ်၌ ငါ့တရားစီရင်ခြင်း၏ အပြုခံအရာများ ဖြစ်ကြသည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့၏ လက်ရှိအခြေအနေများကိုလည်း “ယနေ့တွင် ၎င်းတို့သည် မျက်စိကန်းလျက် ရှိကြသေးကာ မိုက်မှောင်သော အကျဉ်းတိုက်များထဲတွင် ရှိကြသေးသည်” ဟူ၍ ရှင်းပြလေ၏။
ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ မှန်ကန်မှုကို လူတို့အား ပြသရန်၊ သူ၏ သတိပေးချက်က လူတို့အပေါ် ပို၍နက်ရှိုင်းသော ထင်မြင်ချက်တစ်ခုကို ချန်ရစ်ဖို့အလို့ငှာ၊ ဘုရားသခင်သည် စစ်မှန်သော ဥပမာတစ်ခုကို သက်သေအဖြစ် (သူ ပြောသော ပေါလု၏ ကိစ္စရပ်) အသုံးပြု၏။ ပေါလုနှင့်ပတ်သက်၍ ပြောဆိုထားသည့်အရာကို ပုံပြင်တစ်ပုဒ်အဖြစ် သဘောထားခြင်းမှ လူတို့ကို တားဆီးဖို့နှင့် ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် ပွဲကြည့်ပရိသတ်များအဖြစ် တွေးထင်ခြင်းမှ တားဆီးရန်- ထို့အပြင် ဘုရားသခင်ထံမှ ၎င်းတို့ သင်ယူလေ့လာခဲ့သည့် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဖြစ်ပျက်ခဲ့သော အရာများနှင့်သက်ဆိုင်၍ ဝါကြွားခြင်းမှ ၎င်းတို့ကို တားဆီးရန်- ဘုရားသခင်သည် ပေါလု၏ဘဝတစ်လျှောက်လုံးက သူ၏အတွေ့အကြုံများအပေါ် အာရုံမစိုက်ပေ။ ထိုအစား၊ ဘုရားသခင်သည် ပေါလုအတွက် အကျိုးဆက်များနှင့် မည်သည့် အဆုံးသတ်မျိုး သူ တွေ့ကြုံခဲ့သည်၊ ဘုရားသခင်ကို ပေါလု ဆန့်ကျင်ခဲ့သည့် အကြောင်းရင်းနှင့် ပေါလုက သူ လုပ်ဆောင်ခဲ့သည့် နည်းလမ်းကို မည်သို့ အဆုံးသတ်ခဲ့သည်ဆိုသည်တို့အပေါ် အာရုံစိုက်လေသည်။ ဘုရားသခင် အာရုံစိုက်သောအရာမှာ ပေါလု၏ လိုချင်တောင့်တသော မျှော်လင့်ချက်များကို နောက်ဆုံးတွင် ဘုရားသခင် မည်သို့ ငြင်းပယ်ခဲ့သည်ဆိုသည်နှင့် ဝိညာဉ်ရေးရာ နယ်ပယ်ထဲက ပေါလု၏အခြေအနေကို တိုက်ရိုက် ဖွင့်ချခြင်းတို့အပေါ် အလေးပေးနေခြင်း ဖြစ်သည်- “ပေါလုသည် ဘုရားသခင်၏ တိုက်ရိုက် ပြစ်တင်ဆုံးမခြင်းကို ခံရသည်။” လူတို့သည် ထုံထိုင်းကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမျှ သဘောပေါက်နိုင်စွမ်း မရှိကြသောကြောင့်၊ ဘုရားသခင်သည် ရှင်းပြချက်တစ်ခု(မိန့်မြွက်ချက်၏ နောက်တစ်ပိုင်း)ကို ဖြည့်ကာ မတူကွဲပြားသော သွင်ပြင်လက္ခဏာတစ်ခုနှင့် ဆက်နွှယ်သည့် ကိစ္စရပ်တစ်ခုအကြောင်းကို စတင် ပြောဆိုလေသည်။ “(ငါ၏ လူ့ဇာတိကိုယ်ကို ဆန့်ကျင်ရုံတင်မကဘဲ၊ သာ၍ အရေးကြီးသည်မှာ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ ဘုရားသဘောသဘာဝဟု ဆိုနိုင်သည့် ငါ၏ ဝိညာဉ်တော်ကို ဆန့်ကျင်ခြင်းအားဖြင့်) ငါ့ကို ဆန့်ကျင်သော မည်သူမဆို ၎င်းတို့၏ ဇာတိပကတိတွင် ငါ၏ တရားစီရင်ခြင်းကို ရရှိသည်။” အပေါ်ယံအားဖြင့် ပြောရမည်ဆိုပါက၊ ဤနှုတ်ကပတ်တော်များသည် အထက်က နှုတ်ကပတ်တော်များနှင့် ဆက်နွှယ်ပုံမရသကဲ့သို့၊ နှစ်ခုကြားတွင် အပြန်အလှန်ဆက်နွှယ်မှု တစ်ခုတလေမျှ မရှိပုံရသော်လည်း အထိတ်တလန့် မဖြစ်နှင့်- ဘုရားသခင်သည် သူ၏ကိုယ်ပိုင် ရည်မှန်းချက်များ ရှိ၏။ “အထက်ပါ ဥပမာက သက်သေပြသည်မှာ” ဟူသည့် ရိုးရှင်းသောနှုတ်ကပတ်တော်များသည် ဆက်နွှယ်ပုံမရသော ကိစ္စရပ်များနှစ်ခုကို ကိုယ်အင်္ဂါဆိုင်ရာ ပေါင်းစပ်ထားခြင်းဖြစ်သည်- ဤသည်မှာ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အရိုးခံဖြစ်ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ လူတို့သည် ပေါလု၏ ဖြစ်စဉ်မှတစ်ဆင့် အသိဉာဏ်ပွင့်လင်းစေခြင်းခံရကြပြီး ယခင်နှင့် နောက်လာသည့် စာကြားက ဆက်နွှယ်မှုကြောင့် ပေါလုပေးသည့် သင်ခန်းစာမှတစ်ဆင့်၊ ၎င်းတို့သည် ဘုရားသခင်ကို သိရှိခြင်းအား သာ၍ပင် လေ့လာလိုက်စားကြသည်၊ ယင်းမှာ ဤနှုတ်ကပတ်တော်များကို ပြောဆိုရာတွင် ဘုရားသခင် စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့် အကျိုးတရား ဖြစ်သည်။ ဆက်လက်၍ ဘုရားသခင်သည် အသက်ထဲသို့ လူတို့၏ ဝင်ရောက်ခြင်းအတွက် အကူအညီနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းတို့ကို ပေးသည့် နှုတ်ကပတ်တော်အချို့ကို ပြောဆိုလေ၏။ ငါ့အတွက် ဤအရာကို ပြောဆိုရန် လိုအပ်ပေ- ဤအရာတို့သည် နားလည်ရန်လွယ်ကူသည်ဟု သင် ခံစားရလိမ့်မည်။ သို့သော်လည်း ငါ ရှင်းပြရမည့် အရာမှာ ဘုရားသခင်က၊ “ငါသည် သာမန် လူ့သဘောသဘာဝအတွင်း အလုပ်လုပ်ခဲ့သောအခါ၊ လူအများစုသည် မိမိတို့ကိုယ်မိမိ ငါ၏ အမျက်ဒေါသ၊ ဘုန်းအာနုဘော်တို့နှင့် တိုက်ဆိုင်စစ်ဆေးနှင့်ခဲ့ကြပြီး ငါ၏ ဉာဏ်ပညာနှင့် စိတ်သဘောထားတို့ကို အနည်းငယ်မျှ သိရှိခဲ့ကြပြီး ဖြစ်သည်။ ယနေ့တွင် ငါသည် ဘုရားသဘောသဘာဝထဲတွင် တိုက်ရိုက် ပြောဆိုလုပ်ဆောင်ပြီး ငါ၏ အမျက်ဒေါသနှင့် တရားစီရင်မှုကို မိမိတို့၏ ပကတိ မျက်လုံးများနှင့် တွေ့မြင်ကြရမည့် လူအချို့ရှိသေးသည်၊ ထို့အပြင် တရားစီရင်ခြင်း ခေတ်ကာလ၏ ဒုတိယအပိုင်း၏ အဓိကအလုပ်သည် ငါ၏ လူများအားလုံး ဇာတိပကတိထဲရှိ ငါ၏ လုပ်ဆောင်ချက်များကို တိုက်ရိုက်သိလာအောင် ပြုရန်နှင့် သင်တို့အားလုံးသည် ငါ၏ စိတ်သဘောထားကို တိုက်ရိုက် မြင်တွေ့အောင် ပြုရန် ဖြစ်သည်” ဟူ၍ ပြောသောအချိန် ဖြစ်သည်။ ဤနှုတ်ကပတ်တော် အနည်းငယ်သည် သာမန်လူ့သဘာဝ၌ ဘုရားသခင်၏အမှုကို နိဂုံးချုပ်ပြီး ဘုရားသဘာဝတွင် ဆောင်ရွက်သည် တရားစီရင်ခြင်းခေတ်နှင့်ဆိုင်သော ဘုရားသခင်၏အမှု ဒုတိယအပိုင်းကို တရားဝင် စတင်ကာ၊ လူတစ်စု၏ အဆုံးသတ်ကို ဟောကိန်းထုတ်လေသည်။ ဤအခြေအနေတွင်၊ လူတို့သည် ဘုရားသခင်၏ လူများ ဖြစ်လာခဲ့ကြချိန်တွင် ဤအရာမှာ တရားစီရင်ခြင်းခေတ်၏ ဒုတိယအပိုင်း ဖြစ်သည်ဟု ဘုရားသခင်က လူတို့ကို မပြောပြခဲ့သည်ကို ရှင်းပြအပ်ပေသည်။ ထိုအစား၊ သူက လူတို့အား ဘုရားသခင်၏ အလို၊ ဤကာလအတွင်း ဘုရားသခင် စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့် ရည်မှန်းချက်များနှင့် ကမ္ဘာမြေကြီးပေါ်က ဘုရားသခင့်အမှု၏နောက်ဆုံးအဆင့်ကို ပြောပြပြီးသည့်နောက်တွင်၊ ဤသည်မှာ တရားစီရင်ခြင်းခေတ်၏ ဒုတိယအပိုင်း ဖြစ်သည်ဟုသာ ရှင်းပြလေသည်။ ဤအရာ၌ ဘုရားသခင်၏ဉာဏ်ပညာလည်း ရှိသည်ကို ပြောရန်မလိုအပ်ပေ။ လူတို့သည် ၎င်းတို့၏ နေမကောင်းစဉ်အိပ်သည့် အိပ်ရာများမှ ယခုပင် နိုးထလာကြချိန်တွင်၊ ၎င်းတို့ အရေးစိုက်သည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့ သေမည် မသေမည်၊ သို့မဟုတ် ၎င်းတို့၏ နာမကျန်းဖြစ်ခြင်းအား ၎င်းတို့ ကိုယ်ခန္ဓာမှ ထုတ်ပစ်၍နိုင်ခြင်း ရှိမရှိ ဖြစ်သည်။ ၎င်းတို့သည် ကိုယ်အလေးချိန် တက်မည် မတက်မည်၊ သို့မဟုတ် သင့်လျော်သော အဝတ်အထည်များကို ဝတ်ဆင်မည် မဝတ်ဆင်မည်ကို အလေးဂရုမပြုကြပေ။ ထို့ကြောင့် ဘုရားသခင်က သူ၏သတ်မှတ်ချက်များကို တစ်ဆင့်ပြီးတစ်ဆင့် ပြောဆိုကာ၊ ယနေ့၏ လတ်တလော ခေတ်ကာလမှာ မည်သည့်အရာဖြစ်သည်ဆိုသည်ကို ပြောပြသည်မှာ လူတို့က ၎င်းတို့သည် ဘုရားသခင်၏လူများထဲမှ တစ်ဦးဖြစ်သည်ကို လုံးလုံးလျားလျား ယုံကြည့်သည့်အခါမှသာ ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ၎င်းတို့ နလန်ထပြီးနောက် ရက်အနည်းငယ်တွင်သာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အဆင့်များအပေါ် အာရုံစိုက်ရန် အားအင်ရှိကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ ၎င်းတို့အား ပြောပြရန် အသင့်တော်ဆုံးအချိန်ဖြစ်၏။ လူတို့ နားလည်ပြီးနောက်မှသာ ၎င်းတို့ စတင်စိစစ်ကြသည်- ဤသည်မှာ တရားစီရင်ခြင်း ခေတ်၏ ဒုတိယအပိုင်းဖြစ်သည်အတွက်၊ ဘုရားသခင်၏ သတ်မှတ်ချက်များသည် ပို၍တင်းကျပ်လာပြီးဖြစ်ကာ၊ ငါသည် ဘုရားသခင်၏ လူများထဲမှ တစ်ဦး ဖြစ်လာပြီး ဖြစ်သည်။ ထိုသို့ စိစစ်ခြင်းမှာ မှန်ကန်ပြီး၊ ဤစိစစ်ခြင်းနည်းလမ်းကို လူသားက ကြိုးပမ်းရရှိနိုင်ပေသည်။ ယင်းမှာ ဘုရားသခင်က ဤစကားပြောခြင်း နည်းလမ်းကို အသုံးပြုသည့် အကြောင်းရင်း ဖြစ်သည်။
လူတို့ အနည်းငယ် နားလည်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် စကားပြောရရန် ဝိညာဉ်လောကထဲသို့ နောက်ထပ်တစ်ကြိမ် ဝင်ရောက်သောကြောင့်၊ ၎င်းတို့သည် ချောင်းမြောင်းတိုက်ခိုက်ခြင်းထဲသို့ နောက်ထပ်တဖန် ကျရောက်ကြသည်။ ဤမေးခွန်းများ တသီတတန်းအတွင်းတွင်၊ အယောက်တိုင်းသည် ဘုရားသခင်၏အလိုက မည်သည့်နေရာ၌ တည်သည်ကို မသိကြဘဲ၊ ဘုရားသခင်၏ မေးခွန်းများထဲမှ မည်သည့်အရာကို ဖြေရမှန်း မသိကြသည့်အပြင် ဘုရားသခင်၏ မေးခွန်းများကို ဖြေကြားရန် မည်သည့် ဘာသာစကားကို အသုံးပြုရမှန်း မသိဘဲ၊ စိတ်ရှုပ်ထွေးလျက်၊ ပြင်းပြင်းထန်ထန် စဉ်းစားကြလေသည်။ ငိုရမှန်းမသိ ရယ်ရမှန်းမသိ ဟိုယောင်ယောင် သည်ယောင်ယောင် ဖြစ်လေသည်။ လူတို့အဖို့၊ ဤနှုတ်ကပတ်တော်များသည် အလွန် နက်နဲသိမ်မွေ့သော နက်နဲမှုများ ပါဝင်မည့်အလား ထင်ရသည်- သို့သော် အဖြစ်မှန်များမှာ အတိအကျ ဆန့်ကျင်ဘက်ဖြစ်သည်။ ဤနေရာတွင် သင့်အတွက် ရှင်းပြချက်အနည်းငယ်ကိုလည်း ငါ ဖြည့်ကောင်း ဖြည့်နိုင်သည်- ယင်းသည် သင်၏ဦးနှောက်ကို အနားပေးလိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ ရိုးရှင်းသောအရာတစ်ခု ဖြစ်ကာ ယင်းနှင့်ပတ်သက်၍ တွေးစရာမလိုဟု သင် ခံစားရလိမ့်မည်။ အမှန်တွင်၊ နှုတ်ကပတ်တော်များစွာ ရှိသော်လည်း ယင်းတို့သည် ဘုရားသခင် စွဲကိုင်သည့် ရည်မှန်းချက် တစ်ခုတည်းသာ ပါရှိကြသည်- ဤမေးခွန်းများမှတစ်ဆင့် လူတို့၏သစ္စာစောင့်သိမှုကို ရရှိခြင်း ဖြစ်သည်။ သို့သော် ဤအရာကို တိုက်ရိုက် ပြောရန် မသင့်လျော်ပေ၊ ထို့ကြောင့် ဘုရားသခင်သည် နောက်ထပ်တစ်ကြိမ် မေးခွန်းများကို အသုံးပြုလေသည်။ သို့သော်လည်း သူ ပြောဆိုသည့် လေသံမှာ အထူးသဖြင့် နူးညံ့ပြီး အစအဦးနှင့် များစွာ မတူပေ။ ၎င်းတို့သည် ဘုရားသခင်၏ မေးမြန်းခြင်းကို ခံရလျက်ရှိကြသော်လည်း၊ ဤခြားနားချက်မျိုးသည် လူတို့ထံ စိတ်သက်သာမှု အတိုင်းအတာတစ်ခုကို ဆောင်ကြဉ်းပေးလေသည်။ သင်သည် မေးခွန်းအသီးသီးကိုလည်း တစ်ခုပြီး တစ်ခု သင် အဓိပ္ပာယ်ကောက်ကောင်း ကောက်နိုင်သည်။ ဤအရာများကို အတိတ်တွင် မကြာခဏ ရည်ညွှန်းခဲ့သည် မဟုတ်လော။ ဤရိုးရှင်းသည့် မေးခွန်းအနည်းငယ်တွင်၊ ထူးကဲဆန်းစုံသော ပါဝင်သည့်အကြောင်းအရာ ရှိသေလည်။ အချို့မှာ လူတို့၏ စိတ်နေစိတ်ထားနှင့်ဆိုင်သော ဖော်ပြချက်တစ်ခု ဖြစ်သည်- “သင်တို့သည် ကမ္ဘာမြေကြီးပေါ်တွင် ကောင်းကင်ဘုံရှိ ကောင်းချီးမင်္ဂလာများနှင့် ဆင်တူသော ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားရန် လိုလားသလော။” အချို့မှာ ဘုရားသခင်ရှေ့ လူတို့၏ “စစ်သူရဲ သစ္စာ” ဖြစ်သည်- “သင်တို့သည် သိုးတစ်ကောင်ကဲ့သို့ ကွပ်မျက်ခြင်းကို ခံရန်နှင့် ငါ၏ ဦးဆောင်ခြင်းကို ခံရန် မိမိတို့ကိုယ်မိမိတို့ ဧကန်အမှန် ခွင့်ပြုနိုင်သလော။” ထို့အပြင် ယင်းတို့ထဲမှ အချို့မှာ လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များ ဖြစ်သည်- “အကယ်၍ ငါသည် တိုက်ရိုက် မပြောဆိုခဲ့ပါက၊ သင့်ပတ်လည်တွင် ရှိသည့် အရာခပ်သိမ်းတို့ကို ကျောခိုင်းကာ ငါ၏ အသုံးကိုခံရရန် မိမိကိုယ်မိမိ ခွင့်ပြု နိုင်မည်လော။ ဤအရာမှာ ငါတောင်းဆိုသော လက်တွေ့အရှိတရားပင် မဟုတ်သလော။...” ယင်းတို့သည် လူသားအတွက် ဘုရားသခင်၏ တိုက်တွန်းချက်များနှင့် စိတ်ချရန်အာမခံချက်များလည်း ပါဝင်သည်- “သို့သော် သင်တို့သည် ဒွိဟစိတ်များနှင့် ဝန်လေးပင်ပန်းမနေကြတော့ရန်၊ သင်တို့၏ ဝင်ရောက်မှုတွင် လက်ဦးမှု ရယူကြရန်နှင့် ငါ့နှုတ်ကပတ်တော်များ၏ အနှစ်သာရများကို နားလည်သဘောပေါက်ရန် ငါတောင်းဆိုသည်။ ဤအရာသည် ငါ၏ နှုတ်ကပတ်တော်များကို နားလည်မှုလွဲခြင်းမှနှင့် ငါ၏ ဆိုလိုရင်းကို မသဲကွဲခြင်းတို့ကြောင့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်မိခြင်းမှ တားဆီးပေးလိမ့်မည်။” နောက်ဆုံးတွင်၊ ဘုရားသခင်က လူသားအတွက် သူ၏ မျှော်လင့်ချက်များအကြောင်းကို ပြောပြ၏၊ “ငါ၏ နှုတ်ကပတ်တော်များထဲရှိ သင်တို့အတွက် ငါ၏ ရည်ရွယ်ချက်များကို သင်တို့ နားလည်သဘောပေါက်ရန် ငါမျှော်လင့်သည်။ သင်တို့၏ ကိုယ်ပိုင် တက်လမ်းများကို စဉ်းစားခြင်း မပြုတော့ဘဲ၊ အရာအားလုံး၌ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကိုနာခံရန်အလို့ငှာ ငါ၏ ရှေ့မှောက်တွင် သင်စိတ်ပိုင်းဖြတ်ခဲ့သည့်အတိုင်း လုပ်ဆောင်လော့။” နောက်ဆုံးမေးခွန်းသည် နက်နဲသော အဓိပ္ပာယ်ရှိသည်။ ယင်းမှာ အတွေးကို လှုံ့ဆော်ပေးသည်၊ လူတို့၏စိတ်နှလုံးတွင် စွဲမှတ်စေပြီး နားရွက်နှင့် နီးသည့် ခေါင်းလောင်တစ်လုံးကဲ့သို့၊ မရပ်မနား မြည်နေရင်း၊ မွေ့လျော့ရန် ခက်ခဲပေသည်...
အထက်ပါအရာများမှာ ကိုးကားချက်အဖြစ် သင် အသုံးပြုရန်အတွက် ရှင်းပြခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တော် အနည်းငယ်ဖြစ်သည်။