အခန်း (၁၇)
အမှန်တွင်၊ ဘုရားသခင်၏ နှုတ်မှ ထုတ်ပြန်သည့် မိန့်မြွက်ချက်များအားလုံးကို လူသားတို့ မသိကြချေ။ ယင်းတို့သည် လူတို့မကြားဖူးသော ဘာသာစကားသာ ဖြစ်၏၊ ထိုသို့ဖြင့် ထိုသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကိုယ်၌က နက်နဲမှုတစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ လူအများစုက နက်နဲမှုများသည် အမြင်သဘောအရ လူတို့ စွမ်းဆောင်မရရှိနိုင်သည့်အရာများ၊ ယခုတွင် လူတို့ကို ဘုရားသခင်က သိခွင့်ပေးသော ကောင်းကင်ဘုံ၏ ကိစ္စရပ်များ၊ သို့မဟုတ် ဝိညာဉ်ရေးရာနယ်ပယ်၌ ဘုရားသခင် လုပ်ဆောင်သည့် အရာနှင့်ဆိုင်သည့် အမှန်တရားတို့သာ ပါဝင်သည်ဟု လွဲမှားစွာ ယုံကြည်ကြသည်။ ဤအရာမှ၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးကို တန်းတူညီမျှစွာ သဘောထားခြင်း မရှိသကဲ့သို့၊ ယင်းတို့ကို တန်ဖိုးထားခြင်းလည်း မရှိသည်မှာ သိသာထင်ရှားပေသည်။ ထို့ထက် ၎င်းတို့သည် ၎င်းတို့ကိုယ်၌က “နက်နဲမှုများ” ဖြစ်မည်ဟု ယုံကြည်သည့် အရာများအပေါ် အာရုံစိုက်ကြလေသည်။ ဤအရာက ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ အဘယ်အရာ ဖြစ်သည်၊ သို့မဟုတ် နက်နဲမှုများက အဘယ်အရာများ ဖြစ်သည်ကို လူတို့မသိရှိကြမှန်း သက်သေပြပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ ကိုယ်ပိုင်အယူအဆများ၏ နယ်ပယ်အတွင်းတွင် ဖတ်ရှုရုံမျှ ဖတ်ရှုကြသည်။ လက်တွေ့အရှိတရားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် ချစ်သောလူ တစ်ဦးတစ်လေမျှ မရှိသကဲ့သို့၊ ဤသည်မှာ “လူတို့သည် ငါ့ကို လှည့်စားရာ၌ ကျွမ်းကျင်ကြ၏။” ဟု ပြောရခြင်း၏ အရင်းအမြစ် အတိအကျ ဖြစ်ပေသည်။ လူတို့သည် မည်သည့် ကောင်းမြတ်ခြင်းမျှ မရှိ၊ သို့မဟုတ် လုံးဝ အရှုပ်အထွေးများ ဖြစ်ကြသည်ဟု ဘုရားသခင်က ပြောဆိုခြင်း မဟုတ်ပေ။ ဤအရာက လူသားမျိုးနွယ်၏ တကယ့် အခြေအနေကို ဖော်ပြသည်။ လူတို့ကိုယ်တိုင်က မိမိတို့၏ နှလုံးသားများထဲ၌ ဘုရားသခင်သည် အမှန်တကယ် နေရာမည်မျှ ယူထားသည်နှင့်ပတ်သက်၍ သိပ်ရှင်းလင်းခြင်း မရှိကြပေ။ ဘုရားသခင် ကိုယ်တော်တိုင်သာ ဤအရာကို အပြည့်အဝ သိပေသည်။ ထို့ကြောင့် အခိုက်အတန့်တွင် လူတို့သည် နို့စို့သူငယ်များကဲ့သို့ ဖြစ်ကြသည်။ ၎င်းတို့ အဘယ်ကြောင့် နို့ရည်ကို သောက်သုံးရသည်ဆိုသည်နှင့် အဘယ်ကြောင့် ရှင်သန်သင့်သည်ဆိုသည်တို့နှင့် ပတ်သက်၍မူ၊ ၎င်းတို့ လုံးဝ မသိကြချေ။ မိခင်ကသာ ကလေးတစ်ဦး၏ လိုအပ်ချက်များကို နားလည်သည်။ သူမသည် ကလေးကို အစာငတ်စေမည် မဟုတ်သကဲ့သို့၊ စားပိုးနင့်သေသည်အထိ မိမိဘာသာ စားစေမည်လည်း မဟုတ်ချေ။ ဘုရားသခင်သည် လူတို့၏ လိုအပ်ချက်များကို အသိဆုံး ဖြစ်သည်၊ ထို့ကြောင့် တစ်ခါတစ်ရံ သူ၏ချစ်ခြင်းမေတ္တာသည် သူ၏နှုတ်ကပတ်တော်များထဲတွင် သရုပ်ထင်သည်၊ တစ်ခါတစ်ရံ သူ၏တရားစီရင်ခြင်းကို ထိုနှုတ်ကပတ်တော်များထဲ၌ ထုတ်ဖော်ပြထားသည်၊ တစ်ခါတစ်ရံ ယင်းတို့သည် လူတို့၏ စိတ်နှလုံးသား၏ နက်ရှိုင်းသော နေရာများကို အနာတရ ဖြစ်စေပြီး၊ တစ်ခါတစ်ရံတွင် ယင်းတို့သည် စစ်မှန်ကာ လေးနက်လေသည်။ ဤအရာက လူတို့ကို ဘုရားသခင်၏ သနားကြင်နာခြင်းနှင့် နားလည်ရန် လွယ်ကူခြင်းတို့ကို ခံစားခွင့်ပေးပြီး၊ သူသည် အချို့က စိတ်ကူးကြသည့်၊ ထိတွေ့၍မရသည့် ခံ့ညားထည်ဝါသော ပုဂ္ဂိုလ် မဟုတ်သည်ကို ခံစားခွင့်ပေးသည်။ သူသည် လူတို့ စိတ်ကူးသကဲ့သို့၊ အပြစ်မဲ့သောသူများကို သတ်ဖြတ်သော ပါးကွက်သားတစ်ဦး ဖြစ်ဖို့ မဆိုထားနှင့်၊ မျက်နှာကို တိုက်ရိုက် ကြည့်၍မရသည့် လူတို့၏စိတ်ထဲက ကောင်းကင်ဘုံ သားတော် မဟုတ်ပေ။ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးကို သူ၏အမှုတော်တွင် ထုတ်ဖော်ပြ ထားပေသည်။ ယနေ့ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏အမှုတော်မှ တစ်ဆင့် သရုပ်ထင်ဆဲ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုတော်သည် နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အမှုတော်ဖြစ်သည်၊ သူလုပ်ဆောင်သော အရာ သို့မဟုတ် အပြင်ပန်းတွင် သူ ဖြစ်ပေါ်သည့်ပုံ မဟုတ်ပေ။ နောက်ဆုံးတွင် အယောက်တိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ တည်ဆောက်ခြင်းကို ရရှိကြလိမ့်မည် ဖြစ်ပြီး ယင်းတို့ကြောင့် စုံလင်စေခြင်း ခံရကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့၏ အတွေ့အကြုံ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် လမ်းပြခံရလျက်၊ လူတို့သည် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ၎င်းတို့သည် သူ၏စိတ်သဘောထား တစ်ရပ်လုံးကို သိလာကြလိမ့်မည်။ သူ၏နှုတ်ကပတ်တော်များကြောင့် ဘုရားသခင်၏ အမှုတော် အားလုံးသည် ပြည့်စုံလိမ့်မည်၊ လူတို့သည် အသက်ရှင် လာကြလိမ့်မည်ဖြစ်ပြီး၊ ရန်သူများ အားလုံး အနိုင်ယူခြင်း ခံရကြလိမ့်မည်။ ဤသည်မှာ မည်သူမျှ လျစ်လျူရှု၍ မရနိုင်သည့် အဓိကအမှုတော်ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို ကြည့်ကြပါစို့- “ငါ၏မိန့်မြွက်ချက်များသည် မိုးချုန်းသံကဲ့သို့ ဦးတည်ရာ အားလုံးနှင့် ကမ္ဘာမြေတစ်ခွင်လုံးပေါ် ထွန်းလင်းစေလျက် မြည်ဟီးကာ၊ မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းအလယ်တွင် လူသားမျိုးနွယ်သည် ဒဏ်ခတ်ခြင်းခံရ၏။ မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းအလယ်တွင် မည်သည့်လူသားကမျှ ခိုင်မာစွာ ရပ်တည်နိုင်ခြင်း မရှိဖူးပေ။ လူသားအများစုသည် ငါ့အလင်း၏ ရောက်လာခြင်း၌ ၎င်းတို့၏ အသိစိတ်များ လွတ်သွားသည်အထိ ကြောက်လန့်တကြား ဖြစ်ကြပြီး အဘယ်အရာ လုပ်ဆောင်ရမည်ကို မသိကြ။” ဘုရားသခင်သည် သူ၏နှုတ်ကို ဖွင့်လျှင်ဖွင့်ချင်း၊ နှုတ်ကပတ်တော်များသည် ထွက်လာ၏။ သူသည် အရာရာကို နှုတ်ကပတ်တော်များမှတစ်ဆင့် ပြီးမြောက်စေသည်၊ အရာအားလုံးသည် ယင်းတို့အားဖြင့် အသွင်ပြောင်းလဲ သွားကြပြီး၊ အယောက်တိုင်းသည် ယင်းတို့မှတစ်ဆင့် အသစ်ပြုပြင်ခြင်းခံရ၏။ “မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်း” သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ပြီးလျှင် “အလင်း” သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ အမှုအရာ တစ်ခုတစ်လေမျှသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မလွတ်မြောက်နိုင်ပေ။ လူတို့၏စိတ်များကို ဖွင့်ချရန်နှင့် ၎င်းတို့၏အကျည်းတန်မှုကို သရုပ်ဖော်ပြရန် သူသည် ယင်းတို့ကို အသုံးပြု၏။ သူသည် ၎င်းတို့၏ သဘာဝအဟောင်းများကို ပြုပြင်ရန်နှင့် သူ၏လူအားလုံးကို စုံလင်စေရန် နှုတ်ကပတ်တော်များကို အသုံးပြု၏။ ဤသည်မှာ ဘုရားသခင် နှုတ်ကပတ်တော်များ၏ အရေးပါမှု အတိအကျ ဖြစ်သည် မဟုတ်လော။ စကြဝဠာ တစ်ခွင်လုံးတွင် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ထောက်မခြင်းနှင့် ခိုင်ခံ့စေခြင်း မရှိဘဲနှင့်၊ လူသားမျိုးနွယ် အပေါင်းတို့သည် မတည်ရှိတော့သည့် အတိုင်းအတာထိ အချိန်ကြာမြင့်စွာက ဖျက်ဆီးခြင်းခံရပြီးဖြစ်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သောအရာ၏ အခြေခံသဘောတရား ဖြစ်ပြီး သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အတွင်း သူ အမှုပြုသည့် နည်းစနစ် ဖြစ်သည်။ ဤအရာက သူ၏နှုတ်ကပတ်တော်များ၏ အရေးပါမှုကို ပြသသည်။ ယင်းတို့သည် လူတို့၏ ဝိညာဉ်များ၏ နက်ရှိုင်းရာများထဲသို့ တိုက်ရိုက် ထိခိုက်နာကျင်စေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ အံ့သြမှင်တက်ကြပြီး၊ ကြောက်လန့်တကြား ဖြစ်ကာ အလောတကြီး ထွက်ပြေးကြသည်။ ၎င်းတို့သည် သူ့နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားမှ လွတ်မြောက်လိုကြသည်။ ယင်းမှာ ဤ “ဒုက္ခသည်များ” ကို နေရာအနှံ့ တွေ့ရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ထုတ်ပြန်လိုက်သည်နှင့်တစ်ပြိုင်နက်၊ လူတို့ ထွက်ပြေးသွားကြသည်။ ဤသည်မှာ ဘုရားသခင်က သရုပ်ဖော်ပြသော လူသားမျိုးနွယ်၏ အကျည်းတန်မှု ပုံရိပ်၏ လက္ခဏာသွင်ပြင် တစ်ခုဖြစ်သည်။ ယခု လူအားလုံးသည် ၎င်းတို့၏ မိန်းမောခြင်းမှ တဖြည်းဖြည်း နိုးထလာနေကြသည်။ ယင်းမှာ ၎င်းတို့အားလုံးသည် ယခင်က စိတ်ဖောက်ပြန်မှုရောဂါများ ဖြစ်ခဲ့ကြသည့်အလားဖြစ်သည်- ပြီးလျှင် ယခုတွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ကြသောကြောင့်၊ ၎င်းတို့သည် ထိုအနာရောဂါ၏ ကြွင်းကျန်သော သက်ရောက်မှုများကို ခံစားနေကြရပုံ ရပြီး၊ ၎င်းတို့၏ ယခင်အခြေအနေကို ပြန်လည် မရယူနိုင်ကြချေ။ ဤသည်မှာ လူအားလုံး အမှန်တကယ် ဖြစ်နေပုံဖြစ်ပြီး ယင်းမှာ ဤနှုတ်ကပတ်တော်များ၏ စစ်မှန်သော သရုပ်ဖော်ချက်လည်း ဖြစ်သည်- “များစွာသော လူတို့သည် ဤမှိန်သော တောက်ပမှုအားဖြင့် တို့ထိခံရလျက်၊ တစ်ပြိုင်နက် ၎င်းတို့၏ အတွေးမှားများမှ နိုးထသွားကြသည်။ သို့သော်လည်း ငါ၏အလင်းသည် ကမ္ဘာမြေကြီးပေါ်သို့ သက်ဆင်းသည့် နေ့ရက် ရောက်ရှိလာပြီဖြစ်သည်ကို မည်သူမျှ သဘောမပေါက်ဖူးကြချေ။” ဤသည်မှာ ဘုရားသခင်က၊ “လူသားအများစုသည် အလင်း၏ ရုတ်ခြည်းပေါ်ထွန်းမှုကြောင့် ကြက်သေသေ သွားကြသည်။” ဟု ပြောဆိုရသည့် အကြောင်းရင်း ဖြစ်သည်။ ယင်းတို့ ဤသို့ပြောဆိုခြင်းသည် လုံးဝ သင့်တော်ပေသည်။ လူသားမျိုးနွယ်နှင့် ဆိုင်သည့် ဘုရားသခင်၏ သရုပ်ဖော်ချက်သည် အပ်ထိပ်အတွက် ဝင်ဖို့မရှိသည်အထိပင် ဟာကွက် မရှိသကဲ့သို့၊ သူသည် ယင်းကို အမှန်တကယ် တိကျမှန်ကန်စွာနှင့် အမှားအယွင်းမရှိဘဲ စီကုံးပြီးဖြစ်သည်၊ ယင်းမှာ လူအားလုံးတို့သည် လုံးလုံးလျားလျား လက်ခံယုံကြည်ကြရသည့် အကြောင်းရင်း ဖြစ်သည်။ ထို့အပြင် မသိလိုက်ပါဘဲနှင့်၊ ဘုရားသခင်အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ၎င်းတို့၏ နှလုံးသားများအတွင်းရှိ နက်ရှိုင်းရာမှ စတင် ကြီးထွားလာလေသည်။ ထိုသို့ဖြင့်သာ ထိုနေရာက ဘုရားသခင်၏ အနေအထားသည် ယခင်ထက် သာ၍ပင် စစ်မှန်လာပြီး၊ ဤသည်မှာ ဘုရားသခင်အမှုပြုသော နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။
“လူသားအများစုတို့သည် စိတ်ရှုပ်ထွေးရုံမျှသာ ရှိကြသည်။ ၎င်းတို့သည် အလင်းကြောင့် မျက်လုံးများ ထိခိုက်အနာတရဖြစ်ကြပြီး ရွှံ့ထဲသို့ ပစ်ချခြင်းကို ခံရကြသည်။” ထိုသို့သော လူတို့သည် ဘုရားသခင် အလိုတော်ကို ဆန့်ကျင်ကြသောကြောင့်၊ (ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ခုခံသည်) သူ၏ နှုတ်ကပတ်တော် ရောက်လာသည့်အခါတွင်၊ ၎င်းတို့သည် ၎င်းတို့၏ ပုန်ကန်မှုကြောင့် ပြစ်တင်ဆုံးမခြင်းကို ခံစားရသည်။ ဤသည်မှာ ၎င်းတို့သည် အလင်းကြောင့် မျက်လုံးများ ထိခိုက်အနာတရ ဖြစ်သည်ဟု ဆိုရသည့် အကြောင်းရင်း ဖြစ်သည်။ ထိုသို့သော လူမျိုးသည် စာတန်ထံ ပေးအပ်ခံရနှင့်ပြီးဖြစ်သည်။ ထို့ကြောင့် အသစ်သော အမှုထဲသို့ ဝင်ရောက်သည့်အခါတွင်၊ ၎င်းတို့သည် အသိဉာဏ်ပွင့်လင်းခြင်းကိုသာမက အလင်းပေးခြင်းကိုလည်း မပိုင်ဆိုင်ကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မရှိသော သူအားလုံးတို့သည် စာတန်၏ သိမ်းပိုက်ခြင်း ခံကြရပြီးဖြစ်ကာ၊ ၎င်းတို့စိတ်နှလုံးများ၏ နက်ရှိုင်းရာတွင် ဘုရားသခင်အတွက် နေရာ မရှိကြပေ။ ထို့ကြောင့် ဤလူတို့ကို “ရွှံ့ထဲသို့ ပစ်ချခြင်းကို ခံရကြသည်။” ဟု ပြောထားခြင်း ဖြစ်သည်။ ဤအခြေအနေထဲ၌ ရှိသော သူအားလုံးတို့သည် ကစဥ့်ကလျား အခြေအနေ တစ်ခုတွင် ရှိကြသည်။ ၎င်းတို့သည် မှန်သော လမ်းကြောင်းပေါ်သို့ မဝင်ရောက်နိုင်ကြသကဲ့သို့၊ ပုံမှန်အခြေအနေကို ပြန်လည် မရရှိနိုင်ကြပေ။ ၎င်းတို့၏ အတွေးများ အားလုံးသည် ဆန့်ကျင်ဘက် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ အယောက်တိုင်းသည် စာတန်အားဖြင့် လွန်လွန်ကဲကဲ ဖောက်ပြန်ပျက်စီးစေခြင်း ခံကြရပြီး ဖြစ်သည်။ လူတို့သည် အသက်ပါခြင်း မရှိကြသကဲ့သို့၊ အလောင်းကောင်များ၏ အနံ့အသက်ဖြင့် နံဟောင်လေသည်။ ကမ္ဘာမြေကြီး၏ လူအားလုံးသည် မည်သူမျှ မလွတ်မြောက်နိုင်သည့် ရောဂါပိုး ကပ်ဆိုးတစ်ခု အလယ်တွင် ရှင်သန်ကြရလေသည်။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရှင်ကျန်ရစ်ရန် လိုလားမနေကြသော်လည်း၊ လူတို့အတွက် ၎င်းတို့၏ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်ဖို့ သာ၍ ကြီးမြတ်သောအရာ ဖြစ်ပျက်လိမ့်မည်ဟု ၎င်းတို့ အမြဲ ထင်ကြလေသည်။ ထိုသို့ဖြင့် လူအားလုံးသည် ဆက်လက် အသက်ရှင်ဖို့ မိမိတို့ကိုယ်ကိုယ် အတင်းအကျပ် ပြုကြလေသည်။ ၎င်းတို့သည် အချိန်ကြာမြင့်စွာ ၎င်းတို့၏ နှလုံးသားများထဲ၌ ခွန်အားမရှိကြလေပြီ။ ၎င်းတို့သည် ဝိညာဉ်ရေးရာ ဒေါက်တိုင်များအဖြစ် ၎င်းတို့၏ မြင်၍မရသည့် မျှော်လင့်ချက်များကိုသာ အသုံးပြုကြပြီး၊ ထိုသို့ဖြင့် လူသားများဖြစ်ခြင်းကို ဟန်ဆောင်ခြင်းဖြင့် ၎င်းတို့၏ ဦးခေါင်းများကို ထောက်ကန်ထားပြီး ကမ္ဘာမြေပေါ်ရှိ ၎င်းတို့၏နေ့ရက်များကို အိုးနင်းခွက်နင်းဖြင့် ကုန်လွန် စေကြလေသည်။ ယင်းမှာ လူအားလုံးသည် လူ့ဇာတိခံ နတ်ဆိုး၏ သားများဖြစ်ခဲ့ကြသည့်အလား ဖြစ်ကြသည်။ ဤသည်မှာ ဘုရားသခင်က၊ “စေ့စေ့စပ်စပ် စစ်ဆေးပါက ကမ္ဘာမြေကြီးကို ကစဥ့်ကလျားဖြစ်ခြင်းက လွှမ်းခြုံပြီး၊ အလွန့်အလွန် ညှိုးငယ်ခြင်းဖြင့် တစ်ဦးတစ်ယောက်ကို ထိုးနှက်သည့် မခံမရပ်နိုင်လောက်အောင် ဆိုးရွားသော မြင်ကွင်းတစ်ခု ဖြစ်သည်ဟု ပြောနိုင်ပေသည်။” ဟု ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ ဤအခြေအနေ ထွက်ပေါ်ပြီးဖြစ်သောကြောင့်၊ ဘုရားသခင်သည် စကြဝဠာ တစ်ခွင်လုံးအနှံ့ “ငါ့ဝိညာဉ်၏ မျိုးစေ့များကို ကြဲခြင်း” အား စတင်ခဲ့ပြီး၊ ကမ္ဘာမြေကြီးတစ်ခွင်လုံးအပေါ် သူ၏ကယ်တင်ခြင်းအမှုကို စတင် ဆောင်ရွက်ခဲ့သည်။ ဘုရားသခင်သည် ကပ်ဘေးမျိုးစုံကို အများအပြား စတင် ကျရောက်လာစေသည်မှာ ဤအမှုတော်၏ နောက်ထပ် လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်၊ ထိုသို့ဖြင့် အကြင်နာကင်းသော လူသားများကို ကယ်တင်လေသည်။ ဘုရားသခင့်အမှုတော်၏ အဆင့်များတွင် ကယ်တင်ခြင်းသည် အမျိုးမျိုးသော ဘေးအန္တရာယ်၏ ပုံသဏ္ဌာန်ကို ဆောင်ဆဲဖြစ်ပြီး၊ ပျက်စီးကိန်းကြုံရသူ မည်သူမျှ ယင်းတို့ကို မလွတ်မြောက်နိုင်ကြပေ။ အဆုံးတွင်သာ “တတိယ ကောင်းကင်ဘုံလောက် တည်ငြိမ်အေးချမ်းသောကြောင့် ဖြစ်သည်- ဤတွင် သက်ရှိသတ္တဝါ ကြီးငယ်တို့သည် သဟဇာတ ဖြစ်လျက် အတူယှဉ်တွဲ နေထိုင်ကြပြီး ‘နှုတ်နှင့်လျှာ ပဋိပက္ခဖြစ်ခြင်းများ’ ၌ တစ်ကြိမ်တစ်ခါမျှ ပါဝင်ပတ်သက်ခြင်း မရှိပေ။” ဟူသည့် ကမ္ဘာမြေကြီးပေါ်က အခြေအနေတစ်ခုကို စွမ်းဆောင်ရရှိဖို့ ဖြစ်နိုင်လိမ့်မည်ဖြစ်သည်။ ဘုရားသခင့် အမှုတော်၏ ကဏ္ဍတစ်ရပ်မှာ လူသားမျိုးနွယ်အပေါင်းတို့ကို သိမ်းပိုက်ရန်နှင့် ရွေးချယ်ခံရသူများကို သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ရယူရန်ဖြစ်သည်။ နောက်ထပ်တစ်ခုမှာ ပုန်ကန်ခြင်း၏သားများအားလုံးကို ကပ်ဘေးအမျိုးမျိုး၏ နည်းလမ်းဖြင့် သိမ်းပိုက်ရန်ဖြစ်သည်။ ဤသည်မှာ ကျယ်ပြန့်များပြားသော ဘုရားသခင့် အမှုတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤနည်းဖြင့်သာ ဘုရားသခင် အလိုရှိသည့် ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံတော်ကို အပြည့်အဝ စွမ်းဆောင်ရရှိနိုင်ပြီး၊ ဤသည်မှာ ရွှေစစ်စစ်ဖြစ်သည့် ဘုရားသခင့်အမှု၏ အစိတ်အပိုင်းဖြစ်သည်။
ကောင်းကင်ဘုံ၏ အင်အားများကို လူတို့ သဘောပေါက်သည်ကို ဘုရားသခင်က စဉ်ဆက်မပြတ် တောင်းဆိုသည်။ ၎င်းတို့သည် ဤအရာကို အမှန်တကယ် စွမ်းဆောင်ရရှိနိုင်သလော။ လက်တွေ့အရှိတရားမှာ နှစ်ပေါင်း ၅၉၀၀ ကျော်ကြာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရလျက်ရှိသည့် လူတို့၏ လတ်တလော၊ တကယ့် အခြေအနေပေါ် အခြေခံ၍၊ ၎င်းတို့သည် ပေတရုနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ ထိုသို့ဖြင့် ၎င်းတို့သည် ဤအရာကို သက်သက် မစွမ်းဆောင်နိုင်ချေ။ ဤသည်မှာ ဘုရားသခင့်အမှု၏ နည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။ သူသည် လူတို့ကို မတုန်မလှုပ် စောင့်ဆိုင်းစေမည် မဟုတ်။ ယင်းအစား ၎င်းတို့ကို တက်ကြွစွာဖြင့် ရှာဖွေစေမည် ဖြစ်သည်။ ထိုသို့ဖြင့်သာ ဘုရားသခင်သည် လူတို့အထဲ၌ အမှုပြုရန် အခွင့်အရေး ရှိလိမ့်မည် ဖြစ်သည်။ ယင်းကို အနည်းငယ် ထပ်၍ ရှင်းပြမှုပေးသည်က ကောင်းပေမည်။ သို့မဟုတ်ပါက လူတို့သည် အပေါ်ယံ သိနားလည်ခြင်းမျှသာ ရှိပေလိမ့်မည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ၎င်းတို့ကို ဝိညာဉ်များ ပေးသနားခဲ့သည့်နောက်တွင်၊ သူသည် ၎င်းတို့ကို ဆုံးမဩဝါဒပေးခဲ့သည်မှာ၊ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို ဟစ်ခေါ်ခြင်းမပြုခဲ့ပါက၊ ၎င်းတို့သည် သူ၏ ဝိညာဉ်တော်နှင့် ဆက်သွယ်နိုင်ကြမည်မဟုတ်သကဲ့သို့၊ ထိုသို့ဖြင့် ကောင်းကင်ဘုံမှ “ဂြိုလ်တုရုပ်မြင်သံကြား” ကို ကမ္ဘာမြေကြီးပေါ်တွင် ရရှိဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ ဝိညာဉ်များထဲ၌ မရှိတော့သောအခါတွင်၊ အခြားသောအရာများအတွက် နေရာလွတ်တစ်ခု ရှိသွားပြီး ထိုသို့ဖြင့် စာတန်သည် ဝင်လာရန် အခွင့်အရေးကို မလွတ်တမ်း အသုံးချလေသည်။ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများဖြင့် ဘုရားသခင်ကို ဆက်သွယ်သောအခါ၊ စာတန်သည် ချက်ချင်း အထိတ်တလန့်ဖြစ်သွားပြီး လွတ်မြောက်ရန် တစ်ဟုန်ထိုးပြေးလေသည်။ လူသားမျိုးနွယ်၏ အော်ဟစ်သံများမှတစ်ဆင့် ဘုရားသခင်သည် ၎င်းတို့ လိုအပ်သည့် အရာများကို ၎င်းတို့အား ပေးသည်၊ သို့သော် ပထမဦးစွာ သူသည် ၎င်းတို့အတွင်းတွင် “နေထိုင်ခြင်း” မရှိချေ။ ၎င်းတို့၏ အော်ဟစ်သံများကြောင့်၊ သူသည် ၎င်းတို့ကို တကယ်ကို အစဉ်တစိုက် အကူအညီပေးခဲ့ပြီး စာတန်သည် ၎င်းသဘောရှိ “ကစား” ရန် ဝင်မလာဝံ့ဖို့အလို့ငှာ၊ လူတို့သည် ထိုအတွင်းခွန်အားမှ ခံနိုင်ရည်ကို ရရှိကြလေသည်။ ထို့ကြောင့် လူတို့သည် မရပ်မနား ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဆက်သွယ်ပါက၊ စာတန်သည် မလာဝံ့သကဲ့သို့ အနှောင့်အယှက်များ မဖြစ်စေဝံ့ပေ။ စာတန်၏ နှောင့်ယှက်ခြင်းများ မရှိဘဲနှင့်၊ လူအားလုံးတို့၏ အသက်တာများသည် ပုံမှန်ဖြစ်ကြပြီး၊ ထို့နောက် ဘုရားသခင်သည် အဆီးအတားမဲ့ ၎င်းတို့အထဲတွင် အမှုပြုရန် အခွင့်အရေးရှိလေသည်။ ထိုသို့ဖြင့် ဘုရားသခင် လုပ်ဆောင်လိုသော အရာကို လူသားများမှတစ်ဆင့် စွမ်းဆောင် ရရှိနိုင်ပေသည်။ ဤအရာမှ ဘုရားသခင်သည် လူတို့အား ၎င်းတို့၏ ယုံကြည်ခြင်းကို တိုးပွားစေရန် အဘယ်ကြောင့် အမြဲတောင်းဆိုကာ၊ “ကမ္ဘာမြေကြီးပေါ်ရှိ လူသား၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ ငါသည် သင့်တင့်လျောက်ပတ်သော တောင်းဆိုမှုများကို ပြုသည်။ ငါသည် မည်သည့်အခါမျှ လုံးဝ အခက်အခဲ မဖြစ်စေဖူးသကဲ့သို့၊ ငါ၏ ပျော်ရွှင်မှုအတွက်နှင့် ‘မိမိ၏သွေးကို ညှစ်ထုတ်ခြင်း’ ငှာ မည်သူကိုမျှ ငါမတောင်းဆိုဖူးပေ။” ဟူ၍လည်း ဆိုပြီးဖြစ်သည်ကို သိရှိနိုင်သည်။ လူအများစုသည် ဘုရားသခင်၏ တောင်းဆိုချက်များအားဖြင့် ခေါင်းခြောက် သွားကြသည်။ ၎င်းတို့က လူတို့သည် ထိုအစွမ်းအစ မပိုင်ဆိုင်သကဲ့သို့၊ စာတန်၏ အဖတ်ဆယ်၍ မရနိုင်အောင် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရပြီးဖြစ်သည်ကို ထည့်သွင်းစဉ်းစားပါက၊ ဘုရားသခင်သည် ၎င်းတို့နှင့်သက်ဆိုင်သည့် တောင်းဆိုချက်များကို အဘယ်ကြောင့် ဆက်လက် ပြုလုပ်သနည်းဟု တွေးကြလေသည်။ ဤသည်မှာ ဘုရားသခင်သည် လူတို့ကို အခက်တွေ့စေခြင်း မဟုတ်လော။ ၎င်းတို့၏ တည်ကြည်လေးနက်သော မျက်နှာများကို မြင်ပြီးနောက်၊ ၎င်းတို့၏ ကသိကအောက်ဖြစ်သော အသွင်များကို မြင်ရင်း၊ သင်သည် မရယ်မောဘဲ မနေနိုင်ပေ။ လူတို့၏ အကျည်းတန်သည့် သွင်ပြင်အမျိုးမျိုးသည် ရယ်ဖွယ်ရာအကောင်းဆုံး ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ကစားခြင်းကို ခုံမင်သော ကလေးငယ်များကဲ့သို့ ဖြစ်သော်လည်း၊ တစ်ခါတစ်ရံတွင် ၎င်းတို့သည် “အမေ” လုပ်တမ်း ကစားနေသည့် ကလေးမလေး တစ်ဦးကဲ့သို့ ဖြစ်သည်။ ရံဖန်ရံခါတွင် ၎င်းတို့သည် ကြွက်ကိုစားနေသည့် ခွေးတစ်ကောင်ကဲ့သို့ ဖြစ်သည်။ ၎င်းတို့၏ တစ်ဦးတစ်ယောက်သည် ဤအကျည်းတန်သော အခြေအနေများအားလုံးတွင် ရယ်ရမည်လော သို့မဟုတ် ငိုရမည်လော ဟူသည်ကို မသိသကဲ့သို့၊ မကြာခဏ လူတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို သာ၍ သဘောမပေါက်လေလေ၊ ၎င်းတို့သည် ဒုက္ခရောက်ရန် ဖြစ်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အောက်ပါ နှုတ်ကပတ်တော်များ “ငါသည် ဖန်ဆင်းခြင်းအပေါ် ဆိတ်ဆိတ်နေခြင်းကို ချမှတ်သော ဘုရားသခင်လော။” သည် လူတို့ အဘယ်မျှ မိုက်မဲသည်ကို ပြသဖို့ လုံလောက်ပြီး၊ ယင်းတို့က မည်သည့်လူသားကမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်နိုင်ကြောင်းကိုလည်း ပြသသည်။ ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များက အဘယ်အရာ ဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုလျှင်ပင် ၎င်းတို့သည် ယင်းတို့ကို အလေးမထားနိုင်ကြ။ ၎င်းတို့သည် လူသားရည်ရွယ်ချက်များအတိုင်းသာ ဘုရားသခင်၏ အမှုကို လုပ်ဆောင်ကြလေသည်။ ထိုသို့ဖြင့် ၎င်းတို့သည် သူ၏ရည်ရွယ်ချက်များကို အဘယ်သို့ သဘောပေါက်နိုင်မည်နည်း။ “ငါ၏ရနံ့ကို နေရာအနှံ့ ပျံ့နှံ့စေရင်း၊ ကမ္ဘာမြေပေါ် ငါ လျှောက်လှမ်းသွားပြီး၊ နေရာတိုင်းတွင် ငါ၏ပုံသဏ္ဌာန်ကို ငါ နောက်ချန်ထားရစ်သည်။ နေရာအသီးသီးသည် ငါ့အသံ၏ မြည်သံဖြင့် ပဲ့တင်ထပ်နေသည်။ လူသားမျိုးနွယ်အားလုံးသည် အတိတ်ကို အောက်မေ့ သတိရနေကြသည့်အတွက်၊ နေရာတကာရှိ လူတို့သည် ယမန်နေ့၏ လှပသောမြင်ကွင်းများအပေါ် မခွဲနိုင်မခွာရက် ဖြစ်ကြလေသည်။” ဤသည်မှာ နိုင်ငံတော် ပုံပေါ်သည့်အချိန် အခြေအနေ ဖြစ်လိမ့်မည်။ အမှန်တွင် နေရာအချို့၌ ဘုရားသခင်သည် နိုင်ငံတော်ဖြစ်ထွန်းမှု၏ အလှတရားကို ပရောဖက်ပြုနှင့်ပြီးဖြစ်ကာ၊ ဤအရာအားလုံးက စုပေါင်း၍ နိုင်ငံတော်၏ ပြီးပြည့်စုံသော ရုပ်ပုံတစ်ခုကို ပုံဖော်လေသည်။ သို့သော် လူတို့သည် ထိုအရာကို အာရုံမစိုက်ပေ။ ၎င်းတို့သည် ထိုအရာကို ကာတွန်းတစ်ခု ဖြစ်ခဲ့သည့်အလား ကြည့်ရှုရုံသာကြည့်ရှုကြလေသည်။
စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ထောင်စုနှစ်များကြောင့်၊ လူတို့သည် အမှောင်ထဲတွင် အမြဲ အသက်ရှင်ကြပြီးဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် ယင်းအားဖြင့် သောကမရောက်ကြသကဲ့သို့၊ အလင်းကိုလည်း တောင့်တခြင်း မရှိကြပေ။ ထို့ကြောင့် ယနေ့အလင်း ရောက်လာသောအခါ၊ ဤအရာက အောက်ပါအတိုင်း ဆိုက်ရောက်စေပြီးဖြစ်သည်၊ “၎င်းတို့အားလုံးသည် ငါ၏ကြွလာခြင်းကို မကြိုက်ကြသကဲ့သို့၊ ငါသည် ကောင်းကင်ဘုံရှိ လူသား၏ရန်သူ ဖြစ်ခဲ့လေသည့်အလား ၎င်းတို့အားလုံးသည် အလင်းရောက်ရှိခြင်းကို မောင်းထုတ်ကြသည်။ လူသားသည် သူ၏မျက်လုံးများထဲ၌ခုခံကာကွယ်သော အလင်းရောင်ဖြင့် ငါ့ကို ဆီးကြိုကြသည်။” လူအများစုသည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် ချစ်ဖို့ ကြိုးစားကြသော်ငြားလည်း၊ ဘုရားသခင်သည် စိတ်ကျေနပ်ခြင်း မရှိသေးသကဲ့သို့၊ လူသားမျိုးနွယ်ကို ရှုတ်ချဆဲ ဖြစ်သည်။ ဤအရာက လူတို့အတွက် ခေါင်းခြောက်စရာ ဖြစ်သည်။ ၎င်းတို့သည် အမှောင်ထဲတွင် အသက်ရှင်ကြသောကြောင့်၊ ဘုရားသခင်ကို အလင်း မရှိခိုက်တွင် အစေခံသကဲ့သို့ အစေခံကြဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ လူအားလုံးသည် ဘုရားသခင်ကို မိမိတို့၏ ကိုယ်ပိုင် အယူအဆများအား အသုံးပြုလျက် အစေခံကြပြီး ဘုရားသခင် ကြွလာသောအခါ၊ ယင်းမှာ ၎င်းတို့၏ အခြေအနေဖြစ်ပြီး၊ ၎င်းတို့သည် အသစ်သောအလင်းကို လက်ခံခြင်းအားဖြင့် ဘုရားသခင်ကို အစေမခံနိုင်ကြချေ။ ထို့ထက် ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ရှိကြဖူးသည့် အတွေ့အကြုံအားလုံးဖြင့် သူ့ကို အစေခံကြလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ “ဆည်းကပ်ခြင်း” မှ ပျော်ရွှင်မှုကို မရရှိပေ၊ ထို့ကြောင့် အမှောင်ထုထဲတွင် အလင်းကို လူသားများက မချီးမွမ်းနိုင်ကြ။ ဤသည်မှာ ဘုရားသခင်က အထက်က နှုတ်ကပတ်တော်များကို ပြောဆိုခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ လက်တွေ့အရှိတရားနှင့် လုံးဝ ဆန့်ကျင်ခြင်းမရှိပေ၊ ပြီးလျှင် ယင်းမှာ လူသားမျိုးနွယ်ကို ဘုရားသခင်၏ နှိပ်စက်ခြင်းလည်း မဟုတ်သကဲ့သို့၊ ၎င်းတို့ကို မတရားသဖြင့် ပြုခြင်းလည်း မဟုတ်ပေ။ ကမ္ဘာလောက၏ ဖန်ဆင်းခြင်းကတည်းက၊ လူတစ်ဦးတစ်လေကမျှ ဘုရားသခင်၏ နွေးထွေးမှုကို အမှန်တကယ် မမြည်းစမ်းဖူးပေ။ ဘုရားသခင်က ၎င်းတို့ကို ဒဏ်ခတ်ပြီး အမြစ်ဖြတ် ချေမှုန်းမည်ကို အလွန်အမင်း ကြောက်ရွံ့လျက် လူအားလုံးသည် ဘုရားသခင်အပေါ် ခုခံကာကွယ်နေကြလေသည်။ ထို့ကြောင့် ဤအနှစ်ခြောက်ထောင် တစ်လျှောက်တွင်၊ ဘုရားသခင်သည် လူတို့၏ ရိုးသားစစ်မှန်မှုအတွက် နွေးထွေးမှုကို အမြဲ အလဲအလှယ် ပြုပြီးဖြစ်ကာ ၎င်းတို့ကို အချိုးအကွေ့တိုင်းတွင် စိတ်ရှည်စွာဖြင့် ဆက်လက် လမ်းပြပြီးဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် အလွန် အားနည်းကြသောကြောင့်ဖြစ်ပြီး၊ ၎င်းတို့သည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကို မခံရဘဲမနေနိုင်အောင် ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို အပြည့်အဝ မသိနိုင်ကြပေ သို့မဟုတ် ၎င်းတို့သည် သူ့ကို စိတ်နှလုံးအကြွင်းမဲ့ မချစ်နိုင်ကြပေ။ သို့သော် ဘုရားသခင်သည် စိတ်ရှည်သည်းခံနေဆဲဖြစ်ပြီး၊ အလွန် စိတ်ရှည်ပြီးသည့်နောက် တစ်နေ့တွင် ဆိုလိုသည်မှာ သူသည် လောကကြီးကို အသစ်ပြုပြင်သောအခါ သူသည် လူတို့ကို မိခင်တစ်ဦးကဲ့သို့ ကြည့်ရှုစောင့်ရှောက်တော့မည် မဟုတ်ချေ။ ထိုအစား သူသည် လူသားများကို ၎င်းတို့နှင့် သင့်တော်သော ပြစ်ဒဏ်ခတ်မှုများကို ပေးလိမ့်မည် ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ ဤအရာ ဖြစ်ပျက်လိမ့်မည်။ “အလောင်းကောင်များသည် သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ်တွင် ဟိုဟိုသည်သည် မျောနေကြ” စဉ်တွင်၊ “ရေကင်းမဲ့သော အရပ်များတွင်၊ အခြားလူသားတို့သည် ရယ်မောခြင်းနှင့် သီဆိုခြင်းတို့အလယ်၌ ၎င်းတို့ကို ငါပေးသနားပြီးဖြစ်သည့် ကတိတော်များကို ပျော်မွေ့ကြဆဲဖြစ်သည်။” ဤသည်မှာ အပြစ်ဒဏ်ပေးခံရသောသူများနှင့် ဆုပေးခံရသောသူများ၏ ခရီးပန်းတိုင်များကြား နှိုင်းယှဉ်ချက်တစ်ခု ဖြစ်သည်။ “သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ်” ဆိုသည်မှာ ဘုရားသခင်ပြောဆိုခဲ့သော လူသားမျိုးနွယ်၏ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် အနက်ဆုံးသောတွင်းကို ရည်ညွှန်းသည်။ ဤသည်မှာ စာတန်၏ ခရီးပန်းတိုင်ဖြစ်ပြီး ယင်းသည် ဘုရားသခင်ကို ခုခံသူများ အားလုံးအတွက် ဘုရားသခင် ပြင်ဆင်ထားသည့် “အနားယူရာနေရာ” ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ စစ်မှန်သော ချစ်ခြင်းကို အမြဲ လိုချင်ပြီးဖြစ်သည်၊ သို့သော် လူတို့သည် ဤအရာကို မသိကြသကဲ့သို့၊ ယင်းကို အာရုံမခံစားတတ်ကြဘဲ၊ ၎င်းတို့၏ ကိုယ်ပိုင်အလုပ်ကို လုပ်ဆောင်ကြဆဲ ဖြစ်သည်။ ဤအရာကြောင့်၊ သူ၏နှုတ်ကပတ်တော်များအားလုံး၌ ဘုရားသခင်သည် လူတို့ထံမှ အမှုအရာများကို အမြဲ တောင်းဆိုပြီး၊ ၎င်းတို့၏ အားနည်းချက်များကို ထောက်ပြကာ၊ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့အတွက် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ထောက်ပြလေသည်။ သူသည် သူ၏ ကိုယ်ပိုင်သဘောထားကို လူတို့ထံ ပြသပြီးဖြစ်သည်။ “သို့သော် ငါသည် ကစားစရာ တစ်ခုအလား ကစားရန် လူသားတစ်ဦးတစ်ယောက်၏ အသက်ကို မည်သည့်အခါကမျှ သာမန်ကာလျှံကာ မရုပ်သိမ်းဖူးပေ။ ငါသည် လူသားခံယူပြီး ဖြစ်သည့် နာကျင်မှုများကို လေ့လာစောင့်ကြည့်ပြီး သူပေးဆပ်ပြီးဖြစ်သော အဖိုးအခကို နားလည်သည်။ သူသည် ငါ့ရှေ့၌ ရပ်သည်နှင့်အမျှ၊ ငါသည် လူသားကို ပြစ်တင်ဆုံးမရန်အလို့ငှာ သူ့ကို အံ့အားသင့်စေရန် ဆန္ဒမရှိသကဲ့သို့၊ သူ့အပေါ် မနှစ်မြို့ဖွယ်သော အရာများကို အပ်နှင်းရန်လည်း ဆန္ဒမရှိပေ။ ထိုအစား၊ ငါသည် ဤတစ်ချိန်လုံးတွင် လူသားကို ထောက်ပံ့ရုံ ထောက်ပံ့ပေးပြီးဖြစ်ကာ သူ့ကို ပေးထားပြီးဖြစ်သည်။” လူတို့သည် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ၊ ၎င်းတို့သည် သူ၏ နွေးထွေးမှုကို ချက်ခြင်း ခံစားရကာ တွေးလေသည်။ ဧကန်အမှန်၊ အတိတ်တွင် ငါသည် ဘုရားသခင်အတွက် အဖိုးအခကို ပေးဆပ်ပြီးဖြစ်သော်လည်း၊ ငါသည် သူ့ကို ဝတ်ကျေတမ်းကျေလည်း ဆက်ဆံမိပြီဖြစ်ကာ၊ တစ်ခါတစ်ရံ ငါသည် သူ့ကို စောဒကတက်မိလေပြီ။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များဖြင့် ငါ့ကို အမြဲ လမ်းပြပြီးဖြစ်ကာ သူသည် ငါ၏အသက်တာကို အလွန် အာရုံစိုက်လေသည်၊ သို့သော် တစ်ခါတစ်ရံ ငါသည် ထိုအရာသည် အရုပ်တစ်ရုပ် ဖြစ်ခဲ့သည့်အလား ထိုအရာဖြင့် ကစားသည်။ ဤအရာကို ငါ အမှန်တကယ် မလုပ်သင့်ပေ။ ဘုရားသခင်သည် ငါ့ကို အလွန် ချစ်သည်၊ ထို့ကြောင့် ငါသည် အဘယ်ကြောင့် လုံလုံလောက်လောက် မကြိုးပမ်းနိုင်ရသနည်း။ ထိုသို့သော အတွေးများ ၎င်းတို့ထံ ပေါ်လာသည့်အချိန်တွင်၊ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်မျက်နှာများကို တကယ်ကို ရိုက်လိုက်ချင်ကြပြီး၊ အချို့ လူများသည် နှာခေါင်းများပင် တွန့်ရှုံ့ကာ ကျယ်ကျယ်လောင်လောင် ငိုကြွေးကြသည်။ ဘုရားသခင်သည် ၎င်းတို့ တွေးသည့်အရာကို နားလည်ပြီး၊ သင့်တော်သလို ပြောဆိုကာ၊ မာလည်းမမာ ပျော့လည်းမပျော့သော ဤနှုတ်ကပတ်တော် အနည်းငယ်က ဘုရားသခင်အတွက် လူတို့၏ချစ်ခြင်းမေတ္တာကို လှုံ့ဆော်လေသည်။ နောက်ဆုံးတွင် ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်၌ နိုင်ငံတော် ဖြစ်ပေါ်သော အချိန်တွင် သူ၏အမှုတော်ထဲက ပြောင်းလဲမှုကို ပရောဖက်ပြုခဲ့သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်၌ ရှိသည့်အချိန်တွင်၊ လူတို့သည် ဘေးအန္တရာယ်များနှင့် ကပ်ဘေးများမှ လွတ်မြောက်နိုင်လိမ့်မည် ဖြစ်ပြီး ကျေးဇူးတော်၌ မွေ့လျော်ခံစားနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ကြီးစွာသောနေ့ရက်၏ တရားစီရင်ခြင်းကို သူစတင်သောအခါတွင်၊ သူသည် လူအားလုံးအလယ် ပေါ်ထွန်းသည့် အချိန်ဖြစ်လိမ့်မည် ဖြစ်ပြီး၊ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုတော်အားလုံး ပြီးစီးလိမ့်မည်။ ထိုအချိန်၌ နေ့ရက်အချိန် ကျရောက်လာပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်၊ ယင်းသည် သမ္မာကျမ်းစာထဲ၌ ရေးသားထားခဲ့သည့်အတိုင်းသာ ဖြစ်လိမ့်မည်။ “မတရားသောသူသည် မတရားသဖြင့် ပြုစေဦး၊ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။” မဖြောင့်မတ်သောသူသည် ပြစ်တင်ဆုံးမခြင်းဆီသို့ လာလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသောသူတို့သည် ပလ္လင်တော်ရှေ့သို့ လာကြလိမ့်မည် ဖြစ်သည်။ လူတစ်ဦးတစ်လေကမျှ ဘုရားသခင်၏ အလိုလိုက်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်။ နိုင်ငံတော်၏လူများနှင့် သားများပင်လျှင် ရရှိနိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသာ ဖြစ်ပြီး၊ သူ၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် ထုတ်ဖော်ပြခြင်းသာ ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ အားနည်းခြင်းအတွက် စာနာမှုကို ဒုတိယအကြိမ် ပြလိမ့်မည်မဟုတ်။