၄၉။ နာမည်နှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းသည့် နေ့ရက်များ
ပြီးခဲ့တဲ့ ဇွန်လတုန်းက အသင်းတော် ရေလောင်းတဲ့အလုပ်ကို ကျွန်မ တာဝန်ယူခဲ့ပြီး၊ ရေလောင်းပေးတဲ့သူ မရှိလို့ ကျွန်မတို့ရဲ့ အလုပ် ထိခိုက်ခဲ့ရတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ တကယ်စိုးရိမ်မိတယ်။ ကျွန်မ တွေးမိတယ်။ လူလိုနေတာကို မဖြည့်ရင်၊ လက်တွေ့အလုပ်မလုပ်ဘူးလို့ ခေါင်းဆောင်တွေ ထင်ကြမှာပဲလို့ပေါ့။ အဲဒါကို ကျွန်မ စိုးရိမ်ပူပန်နေတုန်းမှာပဲ၊ ခေါင်းဆောင်က သင့်တော်တဲ့သူတစ်ယောက်ကို ပေးတယ်။ ခုတင် ပြောင်းရွှေ့ခံထားရတဲ့ အစ်မ ရှောက်ဒန်က ရေလောင်းပေးတာ လုပ်နိုင်တယ်လို့ သူပြောတယ်။ အဲဒါကို မြင်တော့ ကျွန်မ ပျော်သွားသလို၊ တကယ်ကို စိတ်အေးလက်အေး ဖြစ်သွားတယ်။ အစ်မ ရှောက်ဒန်နဲ့ အစည်းအဝေးတစ်ခု ချက်ချင်းပြင်ဆင်လိုက်တယ်။ သူ့ကို လေ့ကျင့်ပေးပြီး ကျွန်မတို့ရဲ့ ရေလောင်းတဲ့အလုပ်ကို မြန်မြန် တိုးတက်အောင်လို့ စည်းမျဉ်းတွေနဲ့ပတ်သက်လို့ သူ့ကို အကျွမ်းဝင်အောင် လုပ်ပေးမဲ့ လူတချို့ကို ကျွန်မ ရှာခဲ့ပြီး၊ သူ့ရဲ့ တိုးတက်မှုကို နိုင်နိုင်နင်းနင်း ဆက်ကိုင်တွယ်ခဲ့တယ်။ မကြာခင်မှာ၊ ခေါင်းဆောင်က အစ်မ ကျောက်ဟာ အစ်မရှောက်ဒန်ကို ဗီဒီယိုတွေ သွားကူညီလုပ်ပေးဖို့ လိုတယ်ဆိုတဲ့အကြောင်း စာတိုတစ်ခု ပို့ခဲ့ပြီး အစ်မရှောက်ဒန်က လက်သင့်ခံခဲ့တယ်။ အဲဒါကို မြင်တော့ ကျွန်မ ကြက်သေသေသွားတယ်။ ကျွန်မက သူ့ကို ဆက်သွယ်တာကနေ သူ့တာဝန်တွေကို စီစဉ်ပေးတာအဆုံး၊ အရာရာကို ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူခဲ့ပြီး၊ ကျွန်မတို့အလုပ်ကို ပိုတိုးတက်အောင်လို့ ချက်ခြင်းပဲ သူ့ကို အရှိန်မြှင့်လိုက်ချင်ခဲ့တာလေ၊ ဒါပေမဲ့ အစ်မကျောက်က ဝင်နှောက်ယှက်သွားတယ်။ အကူအညီရဖို့ တခြားလူတစ်ယောက်ကို ကျွန်မ ရှာဖို့လိုသလို၊ တစ်ယောက်မှ ရှာမတွေ့ရင် လူသစ်တွေက ရေလောင်းခံရမှာ မဟုတ်ဘူး။ ခေါင်းဆောင်တွေက ကျွန်မကို ဘာများထင်ကြမလဲ။ ဒါ့အပြင်၊ အစ်မရှောက်ဒန်က လေ့ကျင့်ခံရရင်၊ အစ်မကျောက်က လုပ်နိုင်စွမ်းရှိတယ်လို့ လူတိုင်း ထင်ကြမှာဖြစ်ပြီး၊ ကျွန်မရဲ့ အားထုတ်မှုတွေက အချည်းနှီး ဖြစ်မှာ။ သူ့ကို ထိန်းထားဖို့ နည်းလမ်းရှာချင်မိခဲ့တယ်။ ဒီတော့ ရေလောင်းပေးသူတွေကို ကျွန်မတို့ အသေအလဲ လိုအပ်နေပြီး လူတွေရဲ့ စွမ်းရည်တွေကို အကဲဖြတ်သင့်တယ်လို့ ပြောရင်းနဲ့ ခေါင်းဆောင်ကို ကျွန်မ ပြန်ဖြေလိုက်တယ်။ အစ်မရှောက်ဒန်က ရေလောင်းတဲ့အလုပ်ကို လုပ်ခဲ့တော့၊ အဲဒီတာဝန်မှာ သူ့ကို ဆက်ထားဖို့နဲ့ ပတ်သက်လို့ သူတို့ကို အစ်မကျောက်နဲ့ ဆွေးနွေးစေချင်မိတယ်။ နှစ်ရက်အကြာမှာ တုန့်ပြန်ချက်တစ်ခု ရခဲ့တယ်၊ အစ်မရှောက်ဒန်က ကောလိပ်မှာတုန်းက ဓာတ်ပုံတည်းဖြတ်တဲ့ အတွေ့အကြုံရှိခဲ့လို့ ဗီဒီယို ထုတ်လုပ်ရေးအတွက် အခြေခံအုတ်မြစ် သူ့မှာရှိတယ်။ သူလည်း အဲဒါကို စိတ်ဝင်စားတယ်၊ ဒီတော့ ခြုံပြောရရင်၊ သူက ဗီဒီယို ထုတ်လုပ်ရေးအတွက် ပိုသင့်တော်တယ်တဲ့။ ကျွန်မ တကယ် စိတ်ပျက်သွားပြီး၊ အစ်မကျောက်သာ မတောင်းဆိုခဲ့ရင် အစ်မရှောက်ဒန်က အဲဒါလုပ်တာကို လုံးဝ တွေးခဲ့မိမှာ မဟုတ်ဘူးလို့ တွေးမိတယ်။ ဒါပေမဲ့ အဲဒါက ပြီးသွားတဲ့ ကိစ္စဆိုတော့၊ တခြား တစ်ယောက်ယောက်ကို ကျွန်မ မြန်မြန် ရှာမှဖြစ်မယ်၊ မဟုတ်ရင် ကျွန်မတို့အလုပ်က ထိခိုက်ပြီး၊ လက်တွေ့အလုပ် ကျွန်မ မလုပ်ဘူးလို့ ခေါင်းဆောင်က သေချာပေါက် ပြောမှာပဲ။ တခြား အသင်းသားတွေကို ကျွန်မ ဆန်းစစ်ကြည့်ပြီး၊ ရှာဖွေတာတော်ပြီး အံကိုက်လည်းဖြစ်မယ့် အစွမ်းအစကောင်းရှိတဲ့ ညီအစ်မနှစ်ယောက် သုံးယောက်ကို ရှာတွေ့ခဲ့တယ်။ သူတို့ထဲမှာ၊ ညီမယန်က နွေးထွေးပြီး စကားပြောရတာ လွယ်သလို၊ လူသစ်တွေက သူနဲ့ စုဝေးရတာ ကြိုက်တယ်။ ရာထူးအတွက် သူက ကောင်းကောင်း သင့်တော်တယ်။ ကျွန်မ တကယ် ပျော်မိပြီး၊ ညီမယန်ကို အထူးအာရုံစိုက်ပြီး အဲဒီညီအစ်မတွေကို စလေ့ကျင့်ပေးတယ်။ လူတိုင်းက ကျွန်မကို လုပ်နိုင်စွမ်းရှိတယ်လို့ မြင်အောင် ဒါကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ပြီး သူ့ကို အမြန်ဆုံး ပျိုးထောင်ပေးရမယ်လို့ ကျွန်မ တွေးမိတယ်။
တစ်နေ့ စုဝေးပွဲတစ်ခုမှာ၊ တခြားခေါင်းဆောင်တစ်ယောက်က အစ်မ ရှောက်ဒန်အကြောင်းမေးတော့ ကျွန်မ တိတ်တိတ်လေး စိတ်ထိခိုက်မိတယ်။ သူ့အနေနဲ့ အစ်မကျောက်ကို ကိုင်တွယ်ဖြေရှင်းပြီး အစ်မရှောက်ဒန်ကို ပြန်ကူခေါ်ပေးအောင်လို့ အစ်မကျောက်က အစ်မရှောက်ဒန်ကို ဗီဒီယို ထုတ်လုပ်ရေးအတွက် ခေါ်သွားတဲ့အကြောင်း သူ့ကို ကျွန်မ ပြောပြချင်ခဲ့တယ်။ နောက်တော့ ရေလောင်းဖို့အတွက် ကျွန်မမှာ နောက်ထပ် အကူနှစ်ယောက်ရှိသလို ကျွန်မတို့ ပိုပြီး အဆင်ပြေလာမှာပါပေါ့။ ဒီတော့ အစ်မကျောက် အစ်မရှောက်ဒန်ကို ဗီဒီယိုထုတ်လုပ်ရေးကို သင်ယူစေဖို့ ခေါ်ထားတဲ့အကြောင်း အားလုံး ဒီခေါင်းဆောင်ကို ကျွန်မ ပြောပြလိုက်ပြီး၊ အစ်မရှောက်ဒန်ကို ကျွန်မ အရင်ဆုံး လေ့ကျင့်ပေးခဲ့တာ ဖြစ်ပေမဲ့ အစ်မကျောက်က ကျွန်မဆီကနေ သူ့ကို လုယူသွားတယ်ဆိုတာ ပိုပိုသာသာလေးပြောလိုက်တယ်။ သူက၊ “ဘုရားအိမ်တော်က ဌာနတစ်ခုတည်းပဲ။ ခွဲခြားလို့မရဘူး။ သူ့ကို ဘယ်နေရာပဲ ပို့ပို့၊ အဲဒါက ကျွန်မတို့အလုပ်အတွက်ဖြစ်ပြီး၊ ဗီဒီယိုထုတ်လုပ်ရေးက လူပိုလိုအပ်တယ်၊ ဒီတော့ ကျွန်မတို့ ရန်ဖြစ်မနေသင့်ဘူး။ အစ်မရှောက်ဒန်ကို အဲဒီ တာဝန်ပေးထားတဲ့အတွက်၊ ကျွန်မတို့ ကျိုးနွံနာခံဖို့လိုတယ်”တဲ့။ အဲဒါ မှန်မှန်း ကျွန်မသိပါတယ်၊ ဒါပေမဲ့ ခေါင်းဆောင်က ကျွန်မဘက်မပါတာကို မြင်ရတာ ကျွန်မ စိတ်ပျက်မိတယ်။ ကျွန်မတို့ ပျိုးထောင်ပေးခဲ့တဲ့ ညီအစ်မနှစ်ယောက်က နောက်ဆုံးမှာ ရေလောင်းတဲ့အလုပ်ကို တာဝန်ယူခဲ့ကြတယ်၊ ဒီတော့ ကျွန်မရဲ့ အားထုတ်မှုက အချည်းနှီးမဖြစ်သလို၊ ခေါင်းဆောင်တွေရဲ့ အမြင်မှာ ကျွန်မ ကြည့်ကောင်းတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ အံ့ဩစရာက၊ တစ်နေ့ ရေလောင်းတဲ့ အဖွဲ့ခေါင်းဆောင် အစ်မလီက ညီမယန်ကို အစ်မကျောက်က ဗီဒီယိုထုတ်လုပ်ရေးအတွက် လိုချင်တယ်လို့ ပြောတယ်။ ကျွန်မစိတ်ထဲမှာ မခံမရပ်နိုင်မှုက တလိပ်လိပ်တက်လာတယ်။ ညီမယန်ကို ကျွန်မ လေ့ကျင့်ပေးပြီးသားလေ၊ ဒီတော့ ဘာလို့ အစ်မကျောက်က သူ့ကို ခေါ်နေရတာလဲ။ ပထမဆုံး အစ်မရှောက်ဒန်ကို သူ ခေါ်ပြီးပြီဖြစ်သလို၊ အခု ညီမယန်တဲ့။ ကျွန်မ လုပ်ခဲ့သမျှကို သူ ယူနေပြီး ကျွန်မကို ဘာမှမကျန်အောင် လုပ်နေတာ။ ကျွန်မရဲ့ အားထုတ်မှုက အချည်းနှီးပဲ ဖြစ်မသွားဘူးလား။ ကျွန်မ လုံးဝ စိတ်ရှုပ်သွားပြီး၊ အစ်မလီကို မာဆတ်ဆတ် ပြန်ပြောလိုက်တယ်၊ “အစ်မကျောက်နဲ့ မိတ်သဟာယပြုပေးလို့ မရဘူးလား။ ညီမယန်က ရေလောင်း နေနှင့်ပြီးသားလေ၊ ဒီတော့ တခြားတစ်ယောက်ယောက်ကို သူရှာပါစေ”ပေါ့။ ဘာလုပ်ရမှန်း သူ မသိဘူး၊ သူက ပြောတယ်၊ “ရေလောင်းတာနဲ့ ဗီဒီယိုထုတ်လုပ်ရေး နှစ်ခုလုံးက တကယ် အရေးကြီးတယ်။ ဘယ်ဟာက ဘုရားအိမ်တော်ရဲ့ အလုပ်ကို အကျိုးအရှိဆုံးဖြစ်မလဲဆိုတာကို ဆက်ဆွေးနွေးသင့်တယ်”တဲ့။ ကျွန်မတွေးမိတယ်၊ “ဆက်ဆွေးနွေးမယ် ဟုတ်လား။ အစ်မကျောက်က ကျွန်မလိုချင်တဲ့လူတွေကို ယူနေတာလေ၊ ကျွန်မ လေ့ကျင့်ပေးနေသူတွေကို ကျွန်မ မထိန်းထားနိုင်ဘူး၊ ဒီတော့ လူတိုင်း ကျွန်မကို ဘာများ ထင်ကြမလဲ။ ဘာပဲဖြစ်ဖြစ်၊ ဒီတစ်ခါ အဲဒါနဲ့ပတ်သက်လို့ ခေါင်းဆောင်တွေဆီ ငါ ပြောရမယ်၊ သူတို့ကို ဝင်ပြောခိုင်းရမယ်၊ မဟုတ်ရင် တကယ်ရှက်စရာ ဖြစ်မှာ” ဆိုပြီးပေါ့။
အိမ်ရောက်ရောက်ချင်း၊ သူတို့ဆီ စာတစ်စောင်ရေးတော့မလို့ပဲ၊ ဒါပေမဲ့ ဘာရေးရမှန်း မသိခဲ့ဘူး။ မေ့သွားတာလို့ တွက်မိလိုက်တယ်။ ညီမယန်ကို ဆက်ထိန်းထားနိုင်အောင်လို့ သူ့ကို ကျွန်မ တိုက်ရိုက် စကားပြောပြီး ရေလောင်းရာမှာ ဆက်အလုပ်လုပ်ခိုင်းဖို့ အချိန်တစ်ခု သတ်မှတ်သင့်တယ်။ ညီမယန်ဆီ စာရေးတော့မလိုမှာပဲ၊ လုံးဝ မရေမရာဖြစ်ပြီး ဘာပြောရမှန်း မသိခဲ့ဘူး။ တကယ်ကို မသက်မသာခံစားရပြီး၊ ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးကြည့်မိတယ်။ ကျွန်မရဲ့ သင်တန်းသားတွေ အစ်မကျောက်ဆီ ပြောင်းရွေ့ခံရတော့ ကျွန်မ ဘာလို့ စိတ်ဆိုးပြီး ခေါင်းဆောင်တွေဆီ စောဒကတောင် တက်ချင်ခဲ့တာလဲ။ ညီမယန်ကို ပြန်ရဖို့ ဘာလို့ ကျွန်မ အရမ်း စိတ်ပိုင်းဖြတ်ထားရတာလဲပေါ့။ ဒါကြောင့် ဘုရားဆီဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် စတည်ငြိမ်စေသလို၊ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒါကို ဖတ်ခဲ့တယ်- “ဘုရားသခင်၏အိမ်တော်၌ လူများ သမ္မာတရားကို လိုက်စားသရွေ့၊ ၎င်းတို့သည် ဘုရားသခင် ရှေ့မှောက်တွင် စည်းလုံးကြပြီး ခွဲခြားခြင်းမရှိပေ၊ ပြီးလျှင် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းခြင်း၊ မိမိတို့၏အလုပ်ကို လုပ်ဆောင်ခြင်း၊ သမ္မာတရား၏ အခြေခံသဘောတရားများအတိုင်း ပြုမူခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခြင်းဟူသည့် တူညီသောပန်းတိုင် ရှိကြသည်။ သင်၏ရည်မှန်းချက်များသည် ဤရည်ရွယ်ချက်အတွက် မဟုတ်ဘဲ သင်ကိုယ်တိုင်အတွက်၊ သင်၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းခြင်းအတွက်သာ ဖြစ်ပါက၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဘုရားသခင်၏အိမ်တော်၌ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် သမ္မာတရား၏ အခြေခံသဘောတရားအတိုင်း ဖြစ်သည်။ မယုံကြည်သူများ၏ လုပ်ရပ်များကို ၎င်းတို့၏ဆိုးယုတ်သော စိတ်သဘောထားများက အုပ်စိုးထားသည်။ ဤသည်တို့မှာ အလွန်ကွဲပြားခြားနားသည့် လမ်းကြောင်းနှစ်ခုဖြစ်၏။ မယုံကြည်သူများကြားတွင် လူတစ်ဦးချင်းစီသည် မိမိတို့၏ကိုယ်ပိုင် အကြံဉာဏ်ကို ထိန်းသိမ်းထားသည်၊ အသီးသီး၌ မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် အစီအစဉ်များရှိသည်၊ အသီးသီးသည် မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ရှင်သန်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် မည်သည့်အကျိုးအမြတ်အတွက်မဆို ၎င်းတို့တတ်နိုင်သမျှ ကြိုးပမ်းဖို့ လှုံ့ဆော်ခြင်းခံရသည်။ ၎င်းတို့သည် တူညီသော ပန်းတိုင်တစ်ခု မရှိသောကြောင့် ခြားနားကာ သဘောကွဲလွဲပြီး မစည်းလုံးပေ။ သို့တိုင် ၎င်းတို့ရည်မှန်းချက်များ၏ သဘာဝက တူညီပေသည်— ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက်ကိုသာ ဆောင်ရွက်ကြ၏။ ဤအရာတွင် သမ္မာတရားက မစိုးမိုးပေ၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အကြွင်းမဲ့ အာဏာနှင့် ထိန်းချုပ်နိုင်ခြင်းတို့ကို ကိုင်စွဲထားသည်၊ မိမိတို့ကိုယ်ကိုယ် ထိန်းချုပ်မှုကို ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ၎င်းတို့ထံမှ ဆွဲလုလိုက်ပြီးဖြစ်သည်— အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အပြစ်ထဲသို့ သာ၍ နက်ရှိုင်းစွာ ထိုးကျသွားကြသည်။ ဘုရားသခင်၏အိမ်တော်၌ သင်တို့ လုပ်ရပ်များ၏ အခြေခံသဘောတရား၊ နည်းစနစ်၊ အရင်းခံအကြောင်းနှင့် အစမှတ်တို့က မယုံကြည်သူတို့၏ အခြေခံသဘောတရား၊ နည်းစနစ်၊ အရင်းခံအကြောင်း၊ အစမှတ်တို့နှင့် ကွဲပြားခြားနားခြင်း မရှိပါက၊ သင်၏ လုပ်ရပ်များသည်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် အကွက်ဆင်မှုများကို ခံရပြီး၊ သင်၏ကိုယ်ပိုင် အကျိုးစီးပွား၊ မာန၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့သည် အစမှတ်ဖြစ်ပါက၊ သင်တို့၏တာဝန် ထမ်းဆောင်ခြင်းသည် မယုံကြည်သူများ၏ လုပ်ရပ်များနှင့် ကွဲပြားခြားနားလိမ့်မည် မဟုတ်ချေ။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူတစ်ဦး၏တာဝန်များထဲ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ခံစားနည်း”) “ရက်စက်သော လူသားမျိုးနွယ်ပါတကား။ မသိကျိုးကျွန်ပြုခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် အခွင့်အလမ်းအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။ လူတို့သည် သူတို့၏မိသားစု၊ သူတို့၏ သားသမီးများ၊ သူတို့၏အလုပ်အကိုင်၊ အနာဂတ်တက်လမ်း၊ ရာထူးနေရာ၊ အပေါ်ယံ ဂုဏ်ပကာသနနှင့် ငွေကြေးတို့အလို့ငှာ၊ အစားအစာ၊ အဝတ်အစားနှင့် အသွေးအသားအလို့ငှာသာ လုပ်ဆောင်ကြလေသည်။ သို့သော် မိမိ၏လုပ်ဆောင်ချက်များက အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ဘုရားသခင်အတွက် လုပ်ဆောင်သောသူများကြားမှာပင် ဘုရားသခင်ကို သိကျွမ်းသောသူ အနည်းငယ်သာရှိ၏။ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်”) နောက်တော့ ခုတလော ပြုမူခဲ့ပုံနဲ့ပတ်သက်လို့ ကျွန်မ သုံးသပ်ဆင်ခြင်ခဲ့တယ်။ ကိုယ့်ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းအတွက် တခြားလူတွေနဲ့ တိုက်ခိုက်နေတဲ့ အခြေအနေတစ်ခုမှာ ရှိခဲ့တာ မဟုတ်လား။ အစ်မရှောက်ဒန်ကို ပျိုးထောင်ဖို့ ခေါင်းဆောင်တစ်ယောက်က ပြောခဲ့ပြီး၊ ကျွန်မ ပထမဆုံးတွေးမိခဲ့တာက၊ အဲဒါက ခေါင်းဆောင်တွေရဲ့ လက်ခံမှုကို ရရှိပြီး ကျွန်မတို့ ရေလောင်းအဖွဲ့ ရလဒ်တွေ တိုးတက်နိုင်ပြီး ကျွန်မရဲ့ ကျွမ်းကျင်မှုတွေကို ကြွားဝါနိုင်တယ်ဆိုတာပဲ။ ဒီတော့ သူ့ကို လေ့ကျင့်ပေးရာမှာ အစွမ်းကုန် အားထုတ်ခဲ့တယ်။ သူ့ကို ဗီဒီယို ထုတ်လုပ်ရေးဆီ ပြောင်းရွှေ့ခဲ့မှန်း သိလိုက်တဲ့အခါ၊ တခြား သင့်တော်သူကောင်းကောင်း မတွေ့နိုင်ခဲ့ရင် ကျွန်မတို့ရဲ့ အလုပ်ထိခိုက်မှာ၊ ပြီးတော့ ခေါင်းဆောင်တွေရှေ့မှာ မကောင်းမြင်ခံရပြီး ကျွန်မရာထူး ဆုံးရှုံးသွားမှာ စိုးခဲ့တယ်။ အစ်မကျောက်အပေါ် မလိုမုန်းထားစိတ် ဖြစ်လာခဲ့ပြီး၊ ကိုယ့်ဘက်မှာ ခေါင်းဆောင်တွေ ရပ်တည်ပြီး သူ့ကို ကိုင်တွယ်ဖြေရှင်းစေဖို့ ကြိုးစားခဲ့တယ်။ နောက်တော့ ညီမယန်က ပြောင်းရွေ့ခံရတော့မယ်မှန်း ကြားတော့ ညီမယန်ကို ထိန်းသိမ်းဖို့ အစ်မကျောက်ဆီ မပြောပေးတဲ့အတွက် အစ်မလီကို အပြစ်တင်ရင်းနဲ့ မာဆတ်ဆတ် ပြောခဲ့တယ်။ ပြီးတော့ ခေါင်းဆောင်တွေဆီ စောဒကတက်ပြီး ညီမယန်ကို ပြန်ရချင်ခဲ့တယ်၊ အားလုံးက ညီအစ်ကို မောင်နှမတွေနဲ့ ပတ်သက်တဲ့ ကိုယ့်အဆင့်အတန်းနဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ပဲ။ ကျွန်မက မယုံကြည်သူလိုပဲ ပြုမူနေခဲ့မိတာ၊ ကိုယ့် နာမည်နဲ့ အဆင့်အတန်းအတွက် တိုက်ခိုက်နေခဲ့တယ်၊ ဆိုးယုတ်တဲ့ သဏ္ဌာန်ကို အသက်ရှင်နေထိုင်ခဲ့မိတယ်။ ညီအစ်ကို မောင်နှမတွေက သူတို့ရဲ့ စွမ်းရည်တွေကို အသုံးပြုပြီး ဧဝံဂေလိ ဖြန့်ဝေရာမှာ ကိုယ့်အပိုင်းကို လုပ်နိုင်အောင် ဘုရားအိမ်တော်က လူတွေကို ပျိုးထောင်ပေးတယ်။ ဒါပေမဲ့ လူတွေကို ပျိုးထောင်ဖို့ ကိုယ့်တာဝန်ကိုလုပ်တာကို ကျွန်မရဲ့ အကျိုးတွေအတွက် ထွက်ပေါက်အနေနဲ့ သဘောထားနေခဲ့မိတယ်။ ကိုယ့်ရဲ့ ဂုဏ်နဲ့အဆင့်အတန်းကို ကာကွယ်ဖို့ တခြားလူတွေနဲ့ ပြိုင်ဆိုင်နေခဲ့မိတယ်။ အဲဒါ ပုံမှန် လူ့သဘာဝ မဟုတ်ဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးခဲ့ရတယ်၊ တခြားလူတွေနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းအတွက် ဘာလို့ အမြဲ တိုက်ခိုက်နေခဲ့တာလဲလို့ပေါ။
ကျွန်မရဲ့ ရှာဖွေမှုမှာ၊ ဒါကို ဘုရားနှုတ်ကပတ်တော်ထဲမှာ ဖတ်ခဲ့ရတယ်။ “အန္တိခရစ်များသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကြားတွင် အသင်းတော် ခေါင်းဆောင်မှုရာထူးနှင့် ကျော်ကြားမှုအတွက် ယှဉ်ပြိုင်သောအခါ ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင်ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို ၎င်းတို့ မည်မျှ ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်သည်ကို မစဉ်းစားကြပေ။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် ဆန္ဒများ ပြည့်နိုင်ခြင်းရှိမရှိ၊ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းအပေါ် အန္တရာယ်တစ်ခုခု ရှိမရှိကိုသာ စဉ်းစားကြသည်။ နေရာတိုင်းနှင့် ဘုရားရွေးချယ်ထားသော သူတို့ကြား အသင်းတော်များ၌ ၎င်းတို့၏ ကဏ္ဍသည် စာတန်၏ လက်ပါးစေကလွဲ၍ အခြားမဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကိုချစ်ပြီး လက်ခံသော သူများဖြစ်ဖို့ မဆိုထားနှင့်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများပင် မဟုတ်သကဲ့သို့ ဘုရားသခင်၏ နောက်လိုက်များလည်း မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်တို့ကို မရရှိသောအခါ ၎င်းတို့၏ အဦးဆုံးသော ကိုင်တွယ်ဖြေရှင်းနည်းမှာ သမ္မာတရားကို မရှာဖွေရန်၊ သို့မဟုတ် နာခံခြင်းနှင့် မဆက်ဆံရန်ဖြစ်သည်။ ယင်းအစား အဆင့်တိုင်းရှိ အသင်းတော်ခေါင်းဆောင်များနှင့် မည်သို့ တိုက်ခိုက်ရမည်၊ ဘုရားသခင် ရွေးချယ်ထားသော လူများကိုရရန် ဘုရားအိမ်တော်နှင့် ခရစ်တော်ကို မည်သို့ တိုက်ခိုက်ရမည်၊ အသင်းတော်တွင် မြဲမြံသော ခြေကုပ်၎င်းတို့ ရှိသည်ကို မည်သို့ သေချာစေရမည်၊ ဂုဏ်အဆင့်အတန်းကို မည်သို့ရရှိရမည်တို့ကို စဉ်းစားဖို့အတွက် ဦးနှောက်ခြောက်ခံ စဉ်းစားရန်ဖြစ်သည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်း ရရှိရန် တိုက်ပွဲဝင်ရာတွင် မိမိတို့ကိုယ်ကိုယ် ကျရှုံးခွင့်ပေးမည်မဟုတ်ပေ။ ၎င်းတို့၏ ပန်းတိုင်သည် ဘုရားသခင်ရွေးချယ်ထားသော သူတို့အပေါ် ထိန်းချုပ်မှုကို ရရှိရန်ဖြစ်သည်။ ဤအရာတို့သည် ၎င်းတို့ နေ့ရောညပါ အရေးစိုက်သည့် အရာများဖြစ်သည်။” “အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများ၊ ဘုရားသခင်၏ စေခိုင်းချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့ရင်ဆိုင်ရသည့်အရာတစ်ခုကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို အလေးအနက် စဉ်းစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို မည်သို့ဖြည့်ဆည်းရမည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းမှ မည်သို့ထိန်းသိမ်းကာကွယ်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမတို့အား မည်သို့ အကျိုးဖြစ်စေရမည်တို့ကို မစဉ်းစားပေ။ ဤအရာတို့သည် ၎င်းတို့ ထည့်စဉ်းစားသည့် အရာများမဟုတ်ပေ။ အန္တိခရစ်များ ထည့်စဉ်းစားကြသည့်အရာမှာ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ ထိခိုက်ခြင်းရှိမရှိနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာ နိမ့်ကျနိုင်ခြင်းရှိမရှိတို့ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများအတိုင်း တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်ကို အကျိုးဖြစ်စေပြီး ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိစေသော်လည်း ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး လူများစွာတို့အား ၎င်းတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို နားလည်သဘောပေါက်မိစေပြီး ၎င်းတို့တွင် မည်သည့်သဘာဝနှင့် အနှစ်သာရမျိုး ၎င်းတို့ ရှိသည်ကိုသိစေလျှင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအရ သေချာပေါက် လုပ်ဆောင်မည်မဟုတ်ပေ။ တစ်စုံတစ်ခုကို တစ်နည်းနည်းဖြင့် လုပ်ဆောင်ခြင်းသည် ဘုရားအိမ်တော်အတွင်း၌ ၎င်းတို့ကို မြင့်မားသည့် ဂုဏ်သိက္ခာကိုရရှိစေကာ ပို၍များသောလူတို့အား၎င်းတို့အပေါ်အထင်ကြီးစေလျှင်၊ လေးစားစေလျှင်၊ အားကျစေလျှင်၊ ၎င်းတို့၏ စကားများအား သြဇာအာဏာကို သယ်ဆောင်စေပြီး ပိုများသော လူတို့အား ၎င်းတို့ကို နာခံကြစေလျှင် ထိုနည်းအတိုင်းလုပ်ဆောင်ရန် ရွေးချယ်ကြလိမ့်မည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားကို မည်သို့မျှ လုံးဝ ထည့်စဉ်းစားမည်မဟုတ်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်ပစ်ဖို့ ရွေးချယ်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်မဟုတ်လော။ ဖြစ်ပေါ်လာသည့် မည်သည့် အခြေအနေမျိုးတွင်မဆို အန္တိခရစ်များသည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အရေးကြီးဆုံးအရာအဖြစ် မြင်ကြသည်။ မည်သူကမျှ ၎င်းတို့နှင့် မယှဉ်နိုင်ပေ။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) ဘုရားက အန္တိခရစ်တွေကို သူတို့ရဲ့ အကျိုးစီးပွားတွေကို တခြားအရာအားလုံးထက် ဦးစားပေးနေတဲ့ အရမ်းကို တစ်ကိုယ်ကောင်းဆန်တဲ့ သူအနေနဲ့ ဖော်ထုတ်တယ်။ တစ်ယောက်ယောက်က သူတို့ရဲ့ နာမည်နဲ့ အဆင့်အတန်းကို ထိခိုက်ရင်၊ ဘုရားအိမ်တော်ကို ဘယ်အရာက အကျိုးရှိစေမယ်ဆိုတာကို ဘာမှမစဉ်းစားဘဲ၊ သူတို့ကို တိုက်ခိုက်ဖို့ ဦးနှောက်ခြောက်အောင် စဉ်းစားကြမှာပဲ။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ခဲ့ပြီး ကျွန်မက အန္တိခရစ်လိုပဲ ပြုမူနေခဲ့မှန်း သဘောပေါက်လိုက်တယ်။ အစ်မရှောက်ဒန်နဲ့ ညီမယန်ကို ကိုယ့်အတွက်သုံးဖို့၊ ကျွန်မရဲ့ အလုပ်စွမ်းဆောင်ရည်ကို တိုးတက်စေပြီး၊ ခေါင်းဆောင်တွေရဲ့ လက်ခံမှု ရအောင် သူတို့ကို လေ့ကျင့်ပေးဖို့ ပြန်လိုချင်ခဲ့တာပဲ။ အစ်မကျောက်က သူတို့ကို ပြောင်းရွှေ့လိုက်တော့၊ ကျွန်မရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်နေတဲ့အခါ၊ ကျွန်မရဲ့ အပြုအမူက ညီအစ်ကို မောင်နှမတွေနဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးကို ထိခိုက်မယ်၊ မထိခိုက်ဘူးဆိုတာကို မစဉ်းစားဘဲ သူနဲ့ ထိပ်တိုက် တွေ့ချင်ခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားတွေကိုပဲ တွေးနေခဲ့မိတာ။ ကျွန်မက လူ့သဘာဝနဲ့ အသိစိတ် လုံးဝ မရှိဘဲ၊ အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့တာ။ ညီအစ်ကို မောင်နှမတွေက ဘုရားနဲ့ဆိုင်တယ်— သူတို့က ဘယ်သူရဲ့ သီးသန့်ပိုင်ဆိုင်မှုမှ မဟုတ်ဘူး။ သူတို့ရဲ့ အစွမ်းအစနဲ့ အားသာချက်တွေ အားလုံးကို ဘုရားက သတ်မှတ်ထားတာ။ သူကိုယ်တိုင်ရဲ့ အလုပ်အတွက် ပေးထားတာပဲ။ “ဒီတစ်ခု ငါ့ဟာ၊ အဲဒါ မင်းဟာ” ဒါမှမဟုတ် “အရင်ရောက်တဲ့သူ၊ အရင်ရမယ်” ဆိုတာမျိုး မရှိဘူး။ ဘုရားအိမ်တော်ထဲမှာ လူတွေက သူတို့ကို လိုအပ်တဲ့ ဘယ်နေရာကိုမဆို သွားသင့်တယ်။ အဲဒါ သိသိသာသာကို မှန်နေတာ။ ညီအစ်မ ကျောက်က စည်းမျဉ်းတွေကို လိုက်နာပြီး၊ လူတွေကို သူတို့ရဲ့ စွမ်းရည်တွေကို အခြေခံပြီး ဘုရားအိမ်တော်အတွက် လေ့ကျင့်ပေးတာက ကျိုးကြောင့်ဆီလျော်ပြီး သင့်လျော်တယ်လေ။ ဒါပေမဲ့ အဲဒီအစ်မနှစ်ယောက်ကိုပဲ အရင်ဆုံး ကျွန်မ မျက်ခြေပြတ်မခံဘဲ မရမနေ အားထုတ်ခဲ့တယ်၊ ဒါကြောင့် သူတို့ကို ဘယ်သူမှမထိရဘူး၊ ဘုရားအိမ်တော်အတွက် လူတွေကို လေ့ကျင့်ပေးတာကိုတောင် ကိုယ်ထောက်ခံကြောင်း လူထင်သူထင် လုပ်မပြရဘူးလို့ တွေးခဲ့တယ်၊ သူတို့ရဲ့ ကျွန်မရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုလို၊ ကိုယ်ပိုင်အကူတွေလို သဘောထားနေခဲ့တာ။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေနဲ့ စိတ်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ အသုံးပြုနေခဲ့တာ။ အစ်မကျောက်ရဲ့ လုပ်ရပ်တွေက ကျွန်မရဲ့ နာမည်နဲ့ အဆင့်အတန်းကို ထိခိုက်တော့၊ သူ့ကို တားဖို့ နည်းလမ်းတွေ ကြိုးစားပြီး ကျွန်မရဲ့ စိတ်ပျက်မှုကို ဖွင့်ထုတ်ခဲ့တယ်။ အဲဒါက “ဒါတွေဟာ ငါ့သိုးတွေပဲ။ ဘယ်သူမှ ခိုးလို့မရဘူး”လို့ အခိုင်အမာပြောတဲ့ အသင်းတော် ဆရာတော်လိုပဲ မဟုတ်လား။ သင်းအုပ်နဲ့ အကြီးအကဲတွေက ယုံကြည်သူတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်မွေးမှုကို ထိန်းသိမ်းဖို့ ဘုရားအမှုကို ဝေဖန်ပြီး ရှုတ်ချကြတယ်။ အသင်းသားတွေကို သူတို့လက်ခုပ်ထဲမှာ တင်းတင်း ထိန်းချုပ်ထားရင်းနဲ့ မှန်တဲ့ လမ်းခရီးကို လေ့လာစုံစမ်းရာကနေ သူတို့ကို တားကြတယ်။ ကျွန်မက ကိုယ်လေ့ကျင့်ပေးခဲ့သူတွေကို ခေါင်းဆောင်တွေရဲ့ သဘောကျမှုနဲ့ အသင်းသားတွေရဲ့ လေးစားမှုအတွက် ကိုယ့်လက်ခုပ်ထဲမှာ ခိုင်ခိုင်မာမာ ထိန်းသိမ်းချင်ခဲ့တယ်၊ သူတို့ကို ပြောင်းရွှေ့ခွင့် ပေးမနေခဲ့ဘူး။ ကျွန်မက အဲဒီသူတော်ယောင်၊ ဉာဏ်များတဲ့ ဆရာတော်အဖွဲ့သားတွေနဲ့ ဘယ်လိုများ ကွာခြားလို့လဲ။ ကျွန်မက ဘုရားကို ဆန့်ကျင်တဲ့ အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ် ရှိခဲ့တာ မဟုတ်လား။ ဒါကို သဘောပေါက်လိုက်တဲ့အခါ ကျွန်မ ဇောချွေးတွေ ပြန်သွားတယ်။ ကျွန်မ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ခဲ့မှန်း၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို လုံးဝ မထိန်းသိမ်းဘဲ၊ ကိုယ့်ရဲ့ အကျိုးစီးပွားတွေကိုပဲ ထိန်းသိမ်းနေခဲ့မှန်း တွေ့ရတယ်။ နာမည်နဲ့ အဆင့်အတန်းအတွက် ကိုယ့်ဆန္ဒကြောင့် မျက်ကန်းဖြစ်ခဲ့တာပဲ— အန္တရာယ်များလိုက်တာ။ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အန္တိခရစ်တွေအကြောင်း တွေးမိတယ်။ သူတို့က နောင်တမရဘဲ နာမည်နဲ့ အဆင့်အတန်းနောက် လိုက်ခဲ့ကြပြီး၊ နောက်ဆုံးမှာ မကောင်းမှုအများကြီး လုပ်နေခဲ့ကြလို့ သူတို့ နှင်ထုတ်ခံခဲ့ရတာ။ အဲဒီလမ်းကြောင်းပေါ် ဆက်သွားခဲ့ရင်၊ ကျွန်မလည်း အဲဒီအတိုင်း အဆုံးသတ်မှာ သိခဲ့တယ်။
ဒီဘုရားနှုတ်ကပတ်တော် စာပိုဒ်ကို ဖတ်ခဲ့တယ်- “ယှဉ်ပြိုင်ဖို့ မပြတ် ပြင်းပြသောဆန္ဒရှိသည့်အခါ၊ သင် သတိပြုမိသင့်သည်။ မဖြေရှင်းလျှင်၊ ယှဉ်ပြိုင်ဖို့စိတ်ဆန္ဒက ဆိုးရွားသောအမှုကိစ္စများဆီသာ ဆိုက်ရောက်နိုင်သောကြောင့်၊ သမ္မာတရားကို ရှာဖွေခြင်း၌ အချိန်မဖြုန်းဘဲ၊ သင်၏ယှဉ်ပြိုင်လိုစိတ်အား ချိုးနှိမ်ပစ်ကာ၊ ဤယှဉ်ပြိုင်လိုသော အပြုအမူအား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အစားထိုးလော့။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ သင်၏ ယှဉ်ပြိုင်လိုခြင်း၊ အထိန်းအကွပ်မဲ့သော ပြင်းပြသည့်ဆန္ဒများနှင့် အလိုဆန္ဒများသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ပြီး ဘုရားသခင့်အိမ်တော်၏ လုပ်ငန်းကို အနှောင့်အယှက်ပေးတော့မည် မဟုတ်ချေ။ ဤသို့အားဖြင့် သင်၏လုပ်ဆောင်ချက်များမှာ ဘုရားသခင်၏ အောက်မေ့ခြင်းနှင့် ချီးမွမ်းခြင်းကိုခံရမည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) ဒါက လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေးခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေအတွက် တိုက်ခိုက်နေခဲ့တဲ့အချိန်မှာ၊ ကိုယ့်ရဲ့ ဆန္ဒတွေကို လက်လွှတ်ဖို့၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ရှာပြီး လိုက်နာဖို့၊ ဘုရားဆီ ချက်ချင်း ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ခဲ့ရတယ်။ အစ်မ ရှောက်ဒန်နဲ့ ညီမယန်တို့ကို ဘယ်နေရာမှာ တာဝန်ပေးပါစေ၊ လူတွေကို ပျိုးထောင်ဖို့က ဘုရားအိမ်တော်အတွက်ဖြစ်ပြီး၊ အဆုံးသတ် ရည်မှန်းချက်က ကျွန်မတို့တာဝန်ကို လုပ်ပြီး ဘုရားကို သက်သေခံဖို့ပဲ။ ကျွန်မ ပျော်သင့်တယ်၊ ကျွန်မရဲ့ နာမည်နဲ့ အဆင့်အတန်းအတွက် မတိုက်ခိုက်သင့်ဘူး။ ဘုရားအိမ်တော်ထဲမှာ ပျိုးထောင်ခြင်းက မူအရဖြစ်တယ်။ အဲဒါကို အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေအပေါ် အခြေခံပြီး လူတွေရဲ့ ကိုယ်ပိုင် စွမ်းရည်အတိုင်း လုပ်ဆောင်တာပါ။ တာဝန်တစ်ခုခုအတွက် လူတွေရဲ့ သင့်တော်မှုကို သူတို့ရဲ့ စွမ်းရည်တွေအပေါ် အခြေခံပြီး ချိန်ဆသင့်တယ်။ တစ်ယောက်ယောက်မှာ ပါရမီ တစ်သီတစ်တန်းရှိရင်၊ သူ့ကို အလိုအပ်ဆုံးနေရာကို သူသွားသင့်တယ်။ တာဝန်တစ်ခုက လူတွေ ပိုလိုအပ်ရင်၊ အဲဒီလူတွေကို ရဖို့ခက်ပြီး တာဝန်ထမ်းဆောင်ဖို့ လူမရှိရင်၊ ဒါ့အပြင် အဲဒီလူက အဆင်သင့်ဖြစ်ပြီး လိုလိုလားလားဖြစ်နေရင်၊ အဲဒီတာဝန်မှာ သူ့ကို ထားသင့်တယ်။ ဗီဒီယို ထုတ်လုပ်ရေးအတွက် အစွမ်းအစနဲ့ အားသာချက်တွေရှိတဲ့ လူတွေ မများဘူး။ ဒါပေမဲ့ ရေလောင်းခြင်းအတွက်တော့၊ ရှင်းလင်းတဲ့ သိနားလည်မှုရှိပြီး မိတ်သဟာယ ကောင်းကောင်းပြုတဲ့သူ၊ ချစ်ခင်၊ စိတ်ရှည်တတ်သူတွေက အဲဒီတာဝန်မှာ ကောင်းကောင်းလုပ်နိုင်တယ်။ ဗီဒီယို ထုတ်လုပ်ရေးထက် ရေလောင်းတာဝန်အတွက် သင့်တော်တဲ့သူက ပိုများတယ်။ အစ်မ ရှောက်ဒင်းက ကောလိပ်မှာ ဓာတ်ပုံတည်းဖြတ်လုပ်ခဲ့တာ၊ ဒီတော့ ဗီဒီယိုထုတ်လုပ်ရေးအတွက် သူ့မှာ ကျွမ်းကျင်မှုတချို့ရှိတယ်။ အဲဒါကို လေ့လာရာမှာလည်း စိတ်ဝင်စားမှုရှိတယ်၊ ဒီတော့ အစ်မကျောက်က သူ့ကို အဲဒီတာဝန်မှာ ထားတာ ကျိုးကြောင်းဆီလျော်တယ်။ သင်တန်းသားအနေနဲ့ အစ်မရှောက်ဒန်းကို ကျွန်မ ဆုံးရှုံးရပေမဲ့၊ ပျိုးထောင်ဖို့ တခြားညီအစ်ကို မောင်နှမတွေကို ရှာလို့ရသေးတယ်။ အချိန်နဲ့ အားထုတ်မှု နည်းနည်း ပိုလိုတာလေးပဲ။ အဲဒါတွေအားလုံး နားလည်ပြီးတဲ့နောက် ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ ကိုယ့်ကြံရွယ်ချက်တွေကို ပြုပြင်ပြီး တာဝန်မှာ စည်းမျဉ်းတွေ လိုက်နာဖို့ အဆင်သင့်ဖြစ်ခဲ့တယ်။ ညီမယန်က ဗီဒီယိုထုတ်လုပ်ရေးမှာ အားသာချက်တွေရှိခဲ့ရင်၊ ကျွန်မ ကျိုးနွံနာခံဖို့၊ ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းအတွက် အစ်မကျောက်နဲ့ ပြိုင်ဆိုင်တာကို ရပ်ဖို့ အဆင်သင့်ဖြစ်ခဲ့တယ်။
နှစ်ရက်အကြာမှာ အစ်ကျောက်က သူ့အတွက် တခြားအသင်းတော်က လူနှစ်ယောက် ရွှေ့ပြောင်းပေးလိုက်လို့၊ အစ်မ ရှောက်ဒန်နဲ့ ညီမယန်တို့ကို မလိုတော့တဲ့အကြောင်း ပြောထားတဲ့ စာတိုတစ်ခုကို ပေးပို့ခဲ့တယ်။ သူတို့ကို သင့်တော်သလို ပြန်တာဝန်ပေးလို့ရတယ်လို့ ပြောတယ်။ ဒါဟာ ဘုရား စီစဉ်ညွှန်ကြားခဲ့တဲ့အရာဖြစ်တာ ကျွန်မ သေချာသွားတယ်။ ကျွန်မရဲ့ ကိုယ်ပိုင် ရည်မှန်းချက်နဲ့ စိတ်ဆန္ဒတွေကို အစစ်အမှန် လက်လွှတ်လိုက်တဲ့အခါ၊ ကိစ္စတွေ ပြောင်းလဲသွားတယ်။ ကိစ္စတစ်ခုလုံးတစ်လျှောက်မှာ ကျွန်မက လူပြက်လို ပြုမူနေခဲ့မှန်း သဘောပေါက်သွားတယ်။ တကယ်ကို ရှက်စရာပါပဲ။ အဲဒီနောက်မှာ၊ ရေလောင်းတာဝန်ကို ပြန်လုပ်ဖို့ အဲဒီညီအစ်မနှစ်ယောက်အတွက် ကျွန်မ စီစဉ်ခဲ့တယ်။ သိပ်မကြာခင်မှာ၊ တခြားအသင်းတော် ခေါင်းဆောင်တစ်ယောက်က ညီမယန်ကို စာရေးတာဝန်ယူခိုင်းမယ်လို့ ကြားရတယ်။ ကျွန်မတွေးမိတယ်၊ ညီမယန်က ရေလောင်းရာမှာ အရမ်းတော်တာ၊ ဒီတော့ အဲဒီတာဝန်အတွက် သူ့ကို ဘာလို့လွှတ်ပေးရမှာလဲပေါ့။ သူ့နဲ့ ကျွန်မ စကားပြောပြီး ရေလောင်းရာမှာ ဆက်နေဖို့ တောင်းဆိုချင်ခဲ့တယ်။ စာရေးတာဝန်ကို သူယူလိုက်ရင် ကျွန်မရဲ့ အားထုတ်မှုအားလုံး အချည်းနှီးဖြစ်သွားမှာ မဟုတ်လား။ ဒီအတွေးတွေ ပေါ်လာတော့၊ ကျွန်မက နာမည်နဲ့ အဆင့်အတန်းအတွက် ထပ်ပြီး တိုက်ပွဲဝင်နေမှန်း သဘောပေါက်လိုက်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ဦးစားပေးအောင် ကျွန်မကို လမ်းပြဖို့ ဘုရားကို တောင်းလျှောက်ရင်းနဲ့ အမြန်ဆုတောင်းလိုက်တယ်။ ညီမယန်ကို ဘယ်နေရာပဲပို့ပို့၊ အသင်းတော်လိုအပ်တဲ့အရာအတွက် သေချာပေါက်ဖြစ်မှာ။ ကျွန်မအနေနဲ့ နာမည်နဲ့ အဆင့်အတန်းအတွက် အလုပ်လုပ်လို့ မဖြစ်ဘဲ၊ ကျိုးနွံနာခံရမှာပါ။ အဲဒီလိုတွေးလိုက်တဲ့အခါ ကျွန်မ အများကြီး ပိုပြီး စိတ်အေးလက်အေးဖြစ်သွားတယ်။ နောက်ပိုင်း အဲဒီခေါင်းဆောင်ကို ကျွန်မတွေ့ပြီး၊ သူက ပြောခဲ့တယ်။ ခုတလော ညီမယန်ရဲ့ သက်သေခံချက်တချို့ကို သူ ဖတ်ရတယ်၊ အဲဒါတွေက လက်တွေ့ကျပြီး အရေးအသားကောင်းတယ်တဲ့။ ညီမယန်ကလည်း စာရေးရတာ နှစ်သက်ပြီး၊ သူ့စာတမ်းတိုတွေက စနစ်တကျရေးထားပြီး ထိုးထွင်းအမြင်ရှိတယ်။ အဲဒီတာဝန်အတွက် တော်တော်လေး သင့်တော်ပုံရတယ်။ အဲဒါကို ကြားတော့ ကျွန်မ စိတ်မဆိုး၊ စိတ်မပျက်ဘဲ၊ ပြုံးပြီးပြောလိုက်တယ်၊ “ဘုရားကျေးဇူးတော်ပဲ။ အရင်ကဆိုရင် နာမည်နဲ့ အဆင့်အတန်းအတွက် ကျွန်မ တိုက်ခိုက်ခဲ့မိမှာ သိတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ထုတ်ဖော်ပြထားတဲ့အရာကတစ်ဆင့်၊ ကျွန်မ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်ခဲ့တယ်၊ ဘုရားကို စက်ဆုပ်စေခဲ့တယ်ဆိုတာ သဘောပေါက်ပြီး၊ ဘာအစီအစဉ်တွေပဲ လုပ်ထားပါစေ၊ စည်းမျဉ်းတွေအရ လုပ်တာဖြစ်မှန်း ကျွန်မ သိတယ်။ ညီမယန်က စာရေးတော်တဲ့သူတစ်ယောက်၊ ဒီတော့ သူ့ကို စာရေးတာဝန်မှာ ထားတာက ဘုရားအလိုတော်ပဲ၊ ကျွန်မ ကိစ္စမရှိဘူး”လို့ပေါ့။ ကျွန်မ အဲဒီလိုပြောတာကြားတော့ ခေါင်းဆောင်က ပြုံးတယ်။
ဒီအတွေ့အကြုံက ကိုယ့်နာမည်နဲ့ အဆင့်အတန်းအတွက် တိုက်ခိုက်နေမဲ့အစား ဘုရားအိမ်တော်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အကျိုးစီးပွားတွေကို စဉ်းစားတာဟာ ကျွန်မကို စိတ်သက်သာရာရစေပြီး စိတ်နှလုံး အေးချမ်းစေမှန်း တကယ်ကို ပြခဲ့တယ်။ ဘုရားကျေးဇူးတော်ပဲ။