၅၈။ အစိုးရအရာရှိ၏ ရွေးချယ်မှု
ကျွန်တော် မမွေးမီ ကျွန်တော့်အဖေက ဥပဒေကို ချိုးဖောက်မိပြီး အဖမ်းခံခဲ့ရသည်။ ၁၉၇၀ ဝန်းကျင်တွင် ထိုသို့သော အရာမျိုးသည် တရုတ်ကျေးလက်ဒေသ၌ တကယ်အရှက်ရစရာ ဖြစ်ခဲ့သည်၊ ထို့ကြောင့် ကျွန်တော်တို့ မိသားစုကို လူတိုင်းက အထင်သေးခဲ့ကြသည်။ ကျွန်တော့် ဝန်းကျင်က လူတိုင်း၏ လှောင်ရယ်သံများကြား ကျွန်တော် ကြီးပြင်းခဲ့ရသည်။ ကျွန်တော့်အမေက၊ “ထူးချွန်တဲ့အထိ သား အလုပ်ကြိုးစားရမယ်။ အမေတို့မိသားစုအပေါ် တခြားလူတွေ အထင်သေးမခံနိုင်ဘူး” ဟု ကျွန်တော့်ကို အမြဲပြောခဲ့သည်။ ထိုစကားများက ကျွန်တော့်အထဲတွင် နက်နက်သွတ်သွင်းခြင်းခံခဲ့ရသည်။ အနာဂတ်တွင်၊ ထင်ပေါ်ရမည်ဖြစ်ပြီး ကျွန်တော်တို့အပေါ် လူတိုင်း၏ သဘောထားကို ပြောင်းလဲရမည်ဟု ကျွန်တော် ကျိန်ဆိုခဲ့သည်။ ကျွန်တော့် ပညာရေးလေ့လာမှုကို တကယ်ကို ခေါင်းမဖော်တမ်း လုပ်ခဲ့ပြီး ကောလိပ်မှ ဘွဲ့ရပြီးသည့်နောက် ကျောင်းဆရာတစ်ယောက် ဖြစ်လာခဲ့သည်။ ယင်းမှာ အာမခံချက်ရှိသည့် အသက်မွေးမှုဖြစ်သော်လည်း၊ အမှန်တကယ် ထူးချွန်ခြင်းဖြစ်သည့် ကျွန်တော့် ရည်မှန်းချက်နှင့် အလွန်အလှမ်းဝေးနေဆဲ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော့် အဆက်အသွယ်များအပေါ် မှီခိုကာ အစိုးရ ရာထူးတစ်ခုဆီ ပြောင်းရွှေ့ခံရဖို့ မျှော်လင့်လျက် မြို့နယ်အဆင့် ခေါင်းဆောင်များထံ လက်ဆောင်များ ပို့ပေးခဲ့သည်။
ကျွန်တော် မျှော်လင့်ခဲ့သည့်အတိုင်းပင်၊ မြို့အစိုးရရုံးတွင် အတွင်းရေးမှူးတစ်ဦးအဖြစ် ရာထူးတစ်ခုကို ကျွန်တော် ရရှိခဲ့သည်၊ အခမ်းအနားအမျိုးမျိုးအတွက် ခေါင်းဆောင်များနှင့် ကျွန်တော် လိုက်ပါခဲ့ရသည်။ ကြည့်ရသည်မှာ အလွန်ဂုဏ်ရှိသော အလုပ်ဖြစ်သည်။ အထူးသဖြင့် ကိုယ့်ဇာတိမြို့ကို ပြန်သွားသည့်အခါ၊ ရွာသူကြီးနှင့် ထိုနေရာရှိ လူအားလုံးက ကျွန်တော့်အပေါ် တကယ် နွေးထွေးကြပြီး လူအတော်များများက ကျွန်တော့်ကို မျက်နှာလိုမျက်နှာရ လုပ်ကြသည်- ထိုအရာမှ ကျွန်တော်တို့ မိသားစုလည်း အကျိုးကျေးဇူး ခံစားနေခဲ့ပြီး၊ ဒေသတစ်ခုလုံးမှ လူများက တကယ်အားကျခဲ့ကြသည်။ ကျွန်တော့်အမေက ဝမ်းသာအားရစွာဖြင့်၊ “သားက အစိုးရအလုပ်ရကတည်းက၊ သားညီက သွားတဲ့နေရာတိုင်းမှာ သူ့အစ်ကိုက ဘယ်သူဘယ်ဝါပါ၊ ဘယ်မှာအလုပ်လုပ်ပါတယ်ဆိုတာ လူတိုင်းကို ပြောပြတယ်။ ဒီနှစ်တွေအားလုံး ပြီးသွားတဲ့နောက်မှာ၊ နောက်ဆုံးတော့ အမေတို့ ခေါင်းမော့ပြီး ဂုဏ်ယူလို့ရပြီ” ဟု ကျွန်တော့်ကို ပြောလေသည်။ သူဤသို့ပြောသည်ကို ကြားရတော့ ကျွန်တော် အလွန် စိတ်လှုပ်ရှားခဲ့ရသည်။ နှစ်ပေါင်းများစွာကြာ အခြေအနေများက ကျွန်တော်တို့ မိသားစုအတွက် ခက်ခဲခဲ့သည်။ ဤသည်မှာ ကျွန်တော်တို့ စောင့်ဆိုင်းနေခဲ့ရသည့် နေ့ရက် ဖြစ်သည် မဟုတ်ပါလား။ ထို့နောက်တွင် ပို၍ပင် ကျွန်တော် စတင် အလုပ်ကြိုးစားလာခဲ့သည်၊ တစ်ချိန်လုံး ညနက်သည်အထိ အချိန်ပိုအလုပ်လုပ်နေခဲ့ပြီး စနေ၊ တနင်္ဂနွေနေ့များတွင်ပင် အနားမယူခဲ့ပါ။ ကျွန်တော့် ဇနီး၊ ကလေးနင့်အတူ ကုန်ဆုံးဖို့ပင် အချိန်နည်းပါးခဲ့သည်။ ထို့နောက် ၂၀၀၈ တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့သည်၊ သို့သော် ကျွန်တော့် အချိန်အများစုကို အလုပ်တွင် ကုန်ဆုံးနေဆဲ ဖြစ်သည်။ စုဝေးပွဲများကို ရံဖန်ရံခါသာ ကျွန်တော် တက်ရောက်ခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိပ်မဖတ်ဖြစ်ခဲ့ပါ။ ကျွန်တော့် အလုပ်အကိုင်က တကယ် အဆင်ပြေနေခဲ့သည်- ခေါင်းဆောင်များ၏ အသိအမှတ်ပြုခြင်းနှင့် လုပ်ဖော်ကိုင်ဖက်များ၏ လေးစားမှုကို ကျွန်တော် ရခဲ့ပြီး၊ ရာထူးတိုးဖို့အတွက် ရာထူးတစ်ခု ရှိလာသည်နှင့်တစ်ပြိုင်နက်၊ ကျွန်တော့်ရာထူးဖြစ်ဖို့ သေချာသည်ဟု လူတိုင်းက ပြောနေခဲ့ကြသည်။ ဘဝတွင် ကျွန်တော်လိုချင်သည့်အရာ အတိအကျ ရရှိဖို့၊ အမှန်တကယ် ထင်ပေါ်ဖို့၊ ယင်းမှာ ကျွန်တော့်အခွင့်အရေးဖြစ်မည်ကဲ့သို့ ခံစားခဲ့ရသည်၊ ထို့ကြောင့် ပို၍ပင် ကျွန်တော် အလုပ်ကြိုးစားနေခဲ့ပြီး ခေါင်းဆောင်များကို မျက်နှာလိုမျက်နှာရ လုပ်နေခဲ့သည်။ သို့သော် ခေါင်းဆောင်၏ သား အနိုင်ပိုင်းခြင်းကို ကျွန်တော် ခံရဆဲဖြစ်ကာ ထို့နောက်တွင် တကယ့်ကို ခြောက်ကပ်ကပ် ဌာနတစ်ခုသို့ ကျွန်တော် ရွှေ့ပြောင်းခံခဲ့ရသည်။
ယင်းမှာ ကျွန်တော့်အတွက် တကယ် စိတ်ပျက်စရာဖြစ်ခဲ့ပြီး၊ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်များက ကျွန်တော့်အကြောင်း ပြောကာ ကျွန်တော့်ကို အထင်သေးကြမည်မှာ သေချာသည်ဟု တွေးမိခဲ့သည်။ ကျွန်တော် တကယ်ကို စိတ်မရွှင်လန်းနိုင် ဖြစ်ခဲ့ပြီး မည်သူကိုမျှ မတွေ့ချင်ခဲ့ပါ။ ထိုစိတ်မချမ်းသာစရာ အချိန်အတောအတွင်းတွင်ပင်၊ အသင်းတော်ထဲက ညီအစ်ကို တစ်ယောက်က ကျွန်တော့်ကို၊ “ဒီရာထူးတိုးတာ အစ်ကို မရခဲ့ဘဲ၊ ငြီးငွေ့စရာဌာနတစ်ခုကို ရွှေ့ပြောင်းခံခဲ့ရတယ်။ အဲဒါက မကောင်းတဲ့အရာလို့ ထင်ရပေမဲ့ တကယ်တော့ ကောင်းတဲ့ အရာပါ။ အစ်ကို လိုချင်သလို ရာထူးတိုးခဲ့ပြီး ပိုမြင့်တဲ့ ရာထူးတစ်ခု ရခဲ့ရင်၊ ပိုပြီးတောင် လိုချင်ခဲ့မိမှာ။ တစ်နေဝင် တစ်နေထွက် နာမည်၊ အဆင့်အတန်းနဲ့ ပတ်သက်ပြီး ရုန်းကန်နေရင်းနဲ့ ပိုများတဲ့ စုံစမ်းသွေးဆောင်ခြင်းတွေ အစ်ကို ရင်ဆိုင်နေရမှာ။ သမ္မာတရား လိုက်စားဖို့ အချိန်နဲ့ ဆန္ဒ အစ်ကို ဘယ်လိုလုပ် ရှိမှာလဲ။ ဒါက လူသားမျိုးနွယ်ကို ကယ်တင်ပြီး စုံလင်စေဖို့ ဘုရားအမှုတော်ရဲ့အရေးကြီးတဲ့ အချိန်တစ်ခုပဲ။ ဒီအဖိုးတန်နေ့ရက်တွေကို အစ်ကို ဖြုန်းတီးပစ်ရင်၊ အစ်ကို ဘယ်လိုလုပ် ကယ်တင်ခံရမှာလဲ။ ဒီရာထူးတိုးမခံရခြင်းထဲမှာ ဘုရားရဲ့ ကောင်းမွန်တဲ့ အလိုတော်ရှိတယ်- နာမည်နဲ့ အကျိုးအမြတ်အတွက် ရုန်းကန်မမှာ ရှင်သန်ရင်း၊ ကြိုးစားရင်းနဲ့ ကြံစည်ရင်း၊ ကျွန်မတို့ စာတန်ရဲ့ ကစားတာခံရပြီး နာကျင်စေတာ ခံရပြီးတဲ့နောက် ဘုရားရဲ့ ကယ်တင်ခြင်းရဖို့ ကျွန်တော်တို့ရဲ့ အခွင့်အရေး ဆုံးရှုံးတာကို ဘုရားက မကြည့်ရက်နိုင်ဘူးလေ” ဟု ပြောလေသည်။ သူ၏ စကားများက ကျွန်တော့်အတွက် သတိပေးချက်တစ်ခု ဖြစ်ခဲ့သည်။ သူ မှန်သည်ဟု ကျွန်တော် တွက်ဆမိသည်။ ယခင်က ထင်ပေါ်သည့်သူတစ်ဦး မည်သို့ ဖြစ်ရမည်ဆိုသည့်အပေါ် ကျွန်တော် လုံးဝ အာရုံစိုက်ခဲ့သည်၊ ထို့ကြောင့် ကျွန်တော့် စိတ်နှလုံးကို လုံးဝ မငြိမ်သက်စေနိုင်ခဲ့သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို တကယ် မဖတ်နိုင်ခဲ့ပါ၊ သို့မဟုတ် သမ္မာတရားကို မလိုက်စားနိုင်ခဲ့ပါ။ ထိုဆုတ်ဆိုင်းမှုက ကျွန်တော့် ယုံကြည်ခြင်း လမ်းကြောင်းအပေါ် အပြောင်းအလဲတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်များထဲ၌ ဤအရာကို ကျွန်တော် ဖတ်ခဲ့ရသည်။ “ပုံမှန်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ဖို့ အားထုတ်သည့် သူတစ်ဦးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာဖို့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်ပြီး၊ အဆုံးစွန်သော တန်ဖိုးနှင့် အရေးပါမှုရှိသည့် အသက်တာ တစ်ခု ဖြစ်သည်။ မည်သူမျှ သင်တို့ထက် သာ၍ကောင်းချီးမခံစားရပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုကို လုပ်ဆောင်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အရေးပါမှု ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသော ဤလူအုပ်စုသည်သာ အဆုံးစွန် အရေးပါမှုရှိသည့် အသက်တာဖြင့် အသက်ရှင်နိုင်ကြသည်။ ကမ္ဘာမြေပေါ်ရှိ အခြားမည်သူမျှ ထိုသို့သော တန်ဖိုးနှင့် အဓိပ္ပာယ် ရှိသည့် အသက်တာတစ်ခုကို အသက်မရှင်နိုင်ကြပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့”) မည်သည့်အရာက အဓိပ္ပာယ်ရှိသည့်ဘဝကို ဖန်တီးသည်ဆိုသည့်အရာအပေါ် ဘုရားနှုတ်ကပတ်တော်များက အလွန်ရှင်းလင်းသည်။ နာမည်နှင့် အကျိုးအမြတ်အတွက် ကြိုးစားနေခဲ့သည့် ကျွန်တော့် နှစ်ကာလများကို ပြန်တွေးမိသည်- ယခုတွင်ပင် အဆင့်အတန်းနှင့် သိက္ခာအနည်းငယ်မျှဖြင့်၊ တကယ်ကို အနှစ်မဲ့သကဲ့သို့ ကျွန်တော် ခံစားရဆဲ ဖြစ်သည်။ အရာရှိ အသိုင်းအဝိုင်းများအတွင်းတွင် ဟန်ဆောင်မျက်နှာဖုံး အမြဲ တပ်နေခဲ့ရသည်။ အဆင့်အတန်းအတွက်၊ ခေါင်းဆောင်များကို ဖော်လံဖားရရုံမျှမက၊ အခြားသူများကို ပြိုင်ဆိုင်ပြီး ဆန်ကျင်ဖို့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များကို ကိုင်တွယ်ခဲ့ရသည်၊ တစ်ချိန်လုံး အခြားလူများက ကျွန်တော့်အပေါ် ကျိတ်ကြံစည်နေကြမည်ကို စိုးရွံ့နေခဲ့ရသည်။ ထိုလောက၏ စိတ်ဆင်းရဲခြင်းနှင့် စိတ်ဖိစီးမှုတို့ကို ကျွန်တော် တကယ် နားလည်ခဲ့သည်။ မိမိကိုယ်ကိုယ် ကျွန်တော် မေးမိသည်- အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက် ကျွန်တော့် တစ်ဘဝလုံး အလုပ်ကြိုးစားနေခြင်းနောက်ကွယ်က အဓိပ္ပာယ်၊ တန်ဖိုးမှာ အဘယ်နည်း။ ကျွန်တော့်ဘဝ၏ ဦးတည်ချက်တစ်ခုလုံးက ကျော်ကြားဖို့၊ ကျွန်တော့်မိသားစုကို ဂုဏ်ကျက်သရေ ယူဆောင်ပေးဖို့သာ ဖြစ်ပါသလား။ ထောင်စုနှစ်များစွာကြာ၊ ကြီးမြတ်သည့် အဆင့်အတန်းနှင့် ခမ်းနားသော လူများစွာတို့သည် လက်ချည်းသက်သက်ဖြင့် သေဆုံးခဲ့ကြဆဲ ဖြစ်သည် မဟုတ်ပါလား။ ဘုရားသခင်က လူသားကို ဖန်ဆင်းခဲ့သည်မှာ၊ ကျွန်တော်တို့၏ အမည်နာမများ ခေတ်ကာလများတစ်လျှောက် ရှင်သန်နိုင်ဖို့၊ သို့မဟုတ် နာမည်နှင့် အဆင့်အတန်းအတွက် တိုက်ခိုက်ကြဖို့ မဟုတ်ဘဲ၊ သမ္မာတရားကို သင်ယူကြစေဖို့နှင့် ဘုရားသခင်ကို သိလာကြစေဖို့၊ အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ပြီး စစ်မှန်သည့် လူသားပုံသဏ္ဌာန်တစ်ခု အသက်ရှင်နေထိုင်ကြစေဖို့ ဖြစ်သည်။ ယင်းမှာ အဓိပ္ပာယ်နှင့် တန်ဖိုးရှိသည့် တစ်ခုတည်းသော ဘဝမျိုးဖြစ်ပြီး ယင်းသည်သာ ဘုရားသခင်၏ လက်ခံခြင်းနှင့် ကောင်းချီးများ ရရှိမည် ဖြစ်သည်။ ဤအရာကို သဘောပေါက်ချိန်တွင် ကျွန်တော် ဆုတောင်းချက်တစ်ခုဆိုခဲ့သည်၊ နာမည်နှင့် အဆင့်အတန်း လိုက်စားခြင်းကို လက်လွှတ်ဖို့နှင့် ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းပေါ် ခြေလှမ်းဖို့ အသင့်ဖြစ်ခဲ့သည်။
ကျွန်တော် ပြောင်းရွေ့ခံခဲ့ရသည့် ဌာနတွင်၊ တစ်နှစ်လုံးလုံး အလုပ်များသည့် ကာလတစ်ခုပင် မရှိခဲ့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပိုမိုဖတ်ရှုရန်နှင့် မိမိကိုယ်ကိုယ် သမ္မာတရားနှင့် ပြင်ဆင်ဖို့ ထိုအခွင့်အရေးကို ကျွန်တော် ယူခဲ့ပြီး၊ စနေ၊ တနင်္ဂနွေရောက်လာသည့်အခါ၊ စုဝေးပွဲများကို တက်ကာ ညီအစ်ကို မောင်နှမများနှင့်အတူ ဧဝံဂေလိတရား ဟောပြောခဲ့သည်။ ကျွန်တော် တကယ် အေးချမ်းမှုခံစားခဲ့ရပြီး လုပ်ဖော်ကိုင်ဖက်များနှင့် တွဲသွားတွဲလာလုပ်ခြင်းအားလုံးကို နောက်ထပ် မလုပ်တော့ပါ။ ဆက်ဆံရေးများ ပျိုးထောင်ခြင်းနှင့် တရားမဝင် ချန်နယ်များကို အသုံးချခြင်းကဲ့သို့သော ရှုပ်ထွေးသည့် အရေးကိစ္စများကို ကျွန်တော် စိတ်မဝင်စားတော့ပါ။ သာ၍များစွာ လွတ်လပ်သွားပြီး သာ၍ စိုးရိမ်သောကကင်းသွားသည်။ သို့သော် နောက်ဆုံးတွင် အစိုးရအမိန့်ရ ဖြိုခွင်းရေးဌာနသို့ တစ်ဖန် ရွှေ့ပြောင်းခံခဲ့ရသည်၊ ထိုနေရာတွင် သာမန်လူများအပေါ် ကွန်မြူနစ်ပါတီ အနိုင်ကျင့်ကာ ထိခိုက်နစ်နာစေသည့် ဆိုးယုတ်သော နည်းလမ်းအားလုံးကို ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကြုံခဲ့ရပါသည်။ ထိုအရာက ကျွန်တော် ရှိနေခဲ့သည့် အလုပ်အကိုင်လမ်းကြောင်းအပေါ် သာ၍ပင် စိတ်မပါ့တပါ ဖြစ်စေခဲ့သည်။
အစိုးရက မြို့ပြဆောက်လုပ်ရေးအတွက် နေရာလိုသည်ဟု ဆိုလျက်၊ လူများကို နေအိမ်များမှ အမြဲအတင်းအကျပ် ရွှေ့ခိုင်းပြီး၊ လျော်ကြေးငွေက ယေဘုယျအားဖြင့် အလွန်နည်းပါးလေသည်။ ယင်းနှင့်ပတ်သက်၍ ပြည်သူများက မကျေမနပ်ဖြစ်ကာ ကန့်ကွက်ခဲ့ကြသည်။ အစိုးရသည် ကုမ္ပဏီများနှင့် လျှို့ဝှက်ပူးပေါင်း၍ အပေးအယူများမှ အမြတ်အစွန်းများစွာရကာ သာမန်လူများကို ညှစ်ထုတ်နေသည်မှာ ထင်ရှားပါသည်။ သို့သော် လူများက ရွှေ့ဖို့ ငြင်းဆန်ပြီး မြို့ပြတည်ဆောက်ရေးကို တားဆီးနေကြသည်ဟု ဆိုလျက်၊ အမှန်တရားများကို ၎င်းတို့က အမြဲ မလိမ့်တစ်ပတ်လုပ်နေခဲ့ကြသည်။ နေ့အချိန်တွင် လူများကို သိမ်းသွင်းစည်းရုံးဖို့ အတွေးအမြင်သဘောတရားဆိုင်ရာ အလုပ်ကို ကျွန်တော်တို့ကို သွားလုပ်စေခဲ့ပြီးနောက်၊ ညအချိန်တွင် ထိုလူများကို နှောင့်ယှက်ပြီး ရွှေ့ပြောင်းဖို့ သဘောတူစာချုပ်အား အတင်းလက်မှတ်ထိုးခိုင်းရန် လူများကို စေလွှတ်လေသည်။ ဒေသခံများတစ်ဦးမျှ အေးချမ်းမှု တစ်ခုတလေ မရနိုင်ခဲ့ကြပါ။ အကယ်၍ တစ်ယောက်ယောက်က ရွှေ့ပြောင်းရန် တစိုက်မတ်မတ် ငြင်းဆန်ပါက မြို့ပြ ပြန်လည်တည်ဆောက်ရေးကို အဟန့်အတား ဖြစ်စေသော စွဲချက်များဖြင့် အတင်းအကျပ် ဖမ်းဆီး၊ ရိုက်နှက်ခြင်း ခံရမည်ဖြစ်သည်။ ထိုလူက လက်မှတ်မထိုးမချင်း ခေါင်းဆောင်များက မရပ်ကြပေ။ အချို့သောသူများသည် အထက်အာဏာပိုင်များထံ အယူခံဝင်ခဲ့ကြသော်လည်း အဖမ်းခံရပြီး ရိုက်နှက်ခံခဲ့ရသည်။ မသန်မစွမ်းဖြစ်သည်အထိ အရိုက်ခံရပြီး သေဆုံးသွားသည့် လူတစ်ယောက်ရှိခဲ့သည်။ တစ်ချိန်က ခေါင်းဆောင်တစ်ဦးသည် ဌာနတွင်း အစည်းအဝေးတစ်ခုတွင် လူတိုင်းရှေ့၌ ပြုံးလျက်၊ “အခု ဒီလူသေသွားပြီ၊ အဲဒါက စိတ်ပူစရာ အယူခံဝင်တာတစ်ခု လျော့သွားတာပဲ၊ စည်းကမ်းထိန်းသိမ်းရေးက ငါတို့ကို ပေးမယ့်အပြစ်ဒဏ် လျော့သွားတာပေါ့” ဟု ပြောခဲ့သည်။ ထိုနေရာက လူတိုင်းလည်း ပြုံးနေခဲ့ကြသည်။ လူ့အသက်အတွက် လုံးဝ အလေးမထားဘဲ သာမန်လူများကို အစိုးရ အရာရှိများ အနိုင်ကျင့်ကာ ခေါင်းပုံဖြတ်နေကြသည်ကို မြင်ရသည့်အခါ၊ ကွန်မြူနစ်ပါတီ စနစ်အတွင်း နေခြင်းနှင့် ထိုလူများနှင့် ဆက်လက်ပေါင်းသင်းခြင်းက မည်သည့်ကောင်းကျိုးမျှ လုံးဝ ရှိမလာနိုင်သည်ကို ကျွန်တော် သိလိုက်သည်။ ၎င်းတို့အားလုံးကို ရှောင်ရှားဖို့၊ ၎င်းတို့နှင့် မရောဖို့ ကျွန်တော် အတတ်နိုင်ဆုံး အစွမ်းကုန် စတင်လုပ်ဆောင်နေခဲ့သည်။ ရွှေ့ပြောင်းရမည့် တစ်စုံတစ်ဦးကို သွားညှိနှိုင်းဖို့၊ သွားရိုက်နှက်ဖို့ ကျွန်တော် စေခိုင်းခံရပါက၊ ခေါင်းရှောင်ဖို့၊ သို့မဟုတ် စည်းကမ်းထိန်းသိမ်းရန် သွားကူဖို့ ကျွန်တော် လုံးဝ အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့သည်။ အရိုက်ခံရစဉ် အော်ဟစ်ငိုကြွေးနေသည့် လူတစ်ယောက်ကို အနီးကပ် မြင်လိုက်ရသည့်အခါ သူတို့၏ မျက်လုံးများထဲက အကူအညီမဲ့နေသည့် အကြည့်များက ကျွန်တော့်အား အပြစ်ရှိသကဲ့သို့ အလွန်ခံစားရစေသည်။ တစ်ခါတစ်ရံတွင် ညလယ်ခေါင် အိပ်မက်ဆိုးများမှပင် ကျွန်တော် နိုးထလာတတ်သည်။ နေ့စဉ် ထိုပတ်ဝန်းကျင်တွင် အသက်ရှင်နေရခြင်းက မချိတင်ကဲ ဝေဒနာတစ်မျိုး ဖြစ်သည်။ ထိုသို့အသိစိတ် နှိုးဆော်ရာနောက် မလိုက်သည့် အလုပ်မျိုးကို ကျွန်တော် ဆက်လုပ်နေမိပါက၊ အနှေးနှင့်အမြန် ကျွန်တော် အပြစ်ပေးခံရမည်ဟု ခံစားခဲ့ရပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး ထိုနေရာကို စွန့်ခွာချင်ခဲ့သည်။ ကျွန်တော့်၏ အလုပ်အကိုင်ကို လေ့လာလိုက်စားဖို့ ခေါင်းဆောင်များက ကျွန်တော့်ကို အားပေးသည့် စောင်းပါးရိပ်ခြည် မှတ်ချက်များ ပြုကြသော်လည်း၊ ကျွန်တော် မတက်ကြွနိုင်ဖြစ်မြဲဖြစ်ခဲ့ပြီး ရာထူးတိုးဖို့ သူတို့ကို မျက်နှာလို မျက်နှာရ လုပ်ရန် ကြိုးစားမနေတော့ပါ။ သို့သော် ကျွန်တော်များစွာ အံ့အားသင့်ရသည်မှာ၊ ထိုအချိန်မှာပင် မြို့စည်းကမ်းထိန်းသိမ်းရေး ရုံး၏ ဥက္ကဌအနေဖြင့် သွားရောက်ဆောင်ရွက်ရန် ကျွန်တော် ရာထူးတိုးသွားခဲ့သည်။
ထိုရာထူးအသစ် ပေးအပ်ခံရပြီးသည့်နောက်တွင်၊ အရေးပါသည့် မြို့အစိုးရ အရာရှိများနှင့်အတူ အမျိုးမျိုးသော အစည်းအဝေးများအားလုံးကို ကျွန်တော် မကြာခဏ ပါဝင်တက်ရောက်ခဲ့ရသည်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များနှင့် ရောင်းရင်း ရွာသားများသည် ကျွန်တော့်ကို အလွန်ရင်းနှီးဖော်ရွေခဲ့ကြပြီး ကျွန်တော့် မျက်နှာသာရအောင် လုပ်နေခဲ့ကြသည်။ ထိုသို့ ခံစားရသည်ကို ကျွန်တော် တကယ်နှစ်သက်ခဲ့သည်။ မသိလိုက်မီတွင်၊ ကျွန်တော် ဂနာမငြိမ်ဖြစ်လာခဲ့ပြီး ခေါင်းဆောင်များ၏ တန်ဖိုးထားပြီး အသိအမှတ်ပြုသည်ကို လိုချင်ခဲ့သည်။ သို့သော် အလုပ်ကိစ္စ ခရီးစဉ်များ သွားဖို့လိုအပ်သည့်အခါ၊ သို့မဟုတ် ခေါင်းဆောင်ကိုယ်စား အစည်းအဝေးတစ်ခု သွားတက်ရောက်ဖို့ လိုအပ်သည့်အခါ၊ စုဝေးပွဲများတက်ပြီး ကျွန်တော့်တာဝန်ကို လုပ်ဆောင်ဖို့ ကျွန်တော့် စွမ်းဆောင်ရည်ကို ထိခိုက်ခဲ့သည်။ ကျွန်တော့်တာဝန်မှာ ကျွန်တော့်အတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး ကျွန်တော် ခေါင်းရှောင်၍မရသည့် တာဝန်တစ်ခုဖြစ်သည်ကို သိသောကြောင့်၊ ကျွန်တော် တကယ် ဒွိဟဖြစ်ခဲ့ရသည်။ ကိုယ်ရေးကိုယ်တာ အရေးကိစ္စများကြောင့် ကျွန်တော့်တာဝန်ကို မစွန့်နိုင်သော်လည်း၊ ထိုသို့သော အရာတစ်ခုကို တာဝန်ယူဖို့ ခေါင်းဆောင်က စီစဉ်သည့်အခါ၊ ယင်းမှာ ကျွန်တော့်ကို သူတို့ အထင်ကြီးသည့် သဘောဖြစ်သည်။ ကျွန်တော်၏ တာဝန်ကြောင့် ထိုအရာကို မလုပ်ဖို့ ဆင်ခြေတစ်ခု ကျွန်တော် ပေးမည်ဆိုပါက၊ အရေးကြီးသည့်အချိန်တွင် တာဝန်မယူသည့်အတွက် အမှားလုပ်သည်ဟု သူတို့ ပြောကြပြီး ကျွန်တော့်ကို အရေးကြီးသည့်အလုပ်တာဝန်များ ပေးအပ်ခြင်းကို ရပ်တန့်လိုက်မည်လား။ ထိုအခိုက်အတန့်တွင် ဆုံးဖြတ်ချက်ချဖို့ ကျွန်တော့်အတွက် တကယ်ခက်ခဲခဲ့သည်၊ ထို့ကြောင့် ဘုရားသခင်၏ အလိုတော်ကို နားလည်အောင် လမ်းပြပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရှာတွေ့အောင် ကူညီဖို့ တောင်းလျှောက်ရင်း ဘုရားသခင်ရှေ့သို့ ဆုတောင်းခြင်းဖြင့် ထိုအရာကို ကျွန်တော် ယူဆောင်သွားခဲ့သည်။ ထို့နောက်တွင် သူ၏ နှုတ်ကပတ်တော်များ၌ ဤစာပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရသည်- “ထို့ကြောင့် ဖြစ်ပျက်နေသည့် အရာအားလုံး၏ နောက်မှာ တိုက်ပွဲတစ်ခုရှိသည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် အချိန်တိုင်း၌၊ သို့မဟုတ် ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့ကျင့်သုံးသည့်အချိန်တိုင်း၌ ကြီးမားသည့် တိုက်ပွဲတစ်ခုရှိသည်။ သူတို့၏ဇာတိပကတိမှာ အားလုံးက အဆင်ပြေနေပုံပေါက်နေနိုင်သော်လည်း စင်စစ်အားဖြင့် သူတို့၏နှလုံးသားအတွင်းပိုင်း၌မူ သေရေးရှင်ရေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။ ဤပြင်းထန်သောတိုက်ပွဲ ပြီးဆုံးသည့်အခါမှသာ၊ ကြီးမားစွာ နှိုင်းဆဆင်ခြင်ပြီးသည့်အခါမှသာ အောင်မြင်မှုနှင့် ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်သည်။ ငိုရမည်လော၊ ရယ်ရမည်လောဆိုသည်ကို မသိပေ။ လူတို့၏အတွင်း၌ရှိသော ကြံရွယ်ချက် အများအပြားသည် မှားယွင်းနေသောကြောင့်၊ သို့မဟုတ်ပါက ဘုရားသခင်၏ အမှုအများစုသည် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေသောကြောင့် လူများသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အချိန်တွင် နောက်ကွယ်၌ ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေရသည်။ ဤသမ္မာတရားကို လက်တွေ့ကျင့်ကြံပြီးသည့်အခါ လူတို့အနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ဟု နောက်ဆုံး၌ ဆုံးဖြတ်ချက်မချမီတွင် နောက်ကွယ်၌ မရေတွက်နိုင်သည့် ဝမ်းနည်းခြင်း မျက်ရည်များ ကျခဲ့ကြပြီးဖြစ်လိမ့်မည်။ ဤတိုက်ပွဲကြောင့်ပင် လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို တောင့်ခံရခြင်းဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ဒုက္ခခံစားရခြင်းပင် ဖြစ်သည်။ တိုက်ပွဲသည် သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ဘုရားသခင်ဘက်မှ အမှန်တကယ် ရပ်တည်နိုင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်”) ဤအရာကို သေချာတွေးကြည့်သည့်အခါ၊ ဤသည်မှာ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း၊ သို့မဟုတ် စာတန်ကို စိတ်ကျေနပ်စေခြင်းကြား ကျွန်တော် မည်သည့်အရာ ရွေးချယ်မည်ကို တွေ့မြင်ရဖို့ တိုက်ပွဲတစ်ခုဖြစ်မှန်း တွေ့လိုက်ရသည်။ ကိစ္စများကို ကျွန်တော် ကြုံရချိန်တွင်၊ ကျွန်တော်၏ ပထမဆုံး စဉ်းစားဆင်ခြင်မှုမှာ ခေါင်းဆောင်များ၏ သဘောထားနှင့် ကျွန်တော့်အလုပ်အကိုင် ဖြစ်သည်- နာမည်နှင့် အဆင့်အတန်းများကလည်း ကျွန်တော့်အဖို့ အရေးပါဆဲ ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့၊ ဘုရားသခင်သည် ကျွန်တော်တို့ကို ကယ်တင်ဖို့အလို့ငှာ သမ္မာတရားကို ဖော်ပြဖို့ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် လူ့ဇာတိခံယူရန် အင်မတန် ကြီးမားစွာ စွန့်စားခဲ့ပုံကို ကျွန်တော် တွေးမိခဲ့သည်။ ဘုရားသခင်သည် မကျေနပ်ချက်များ၊ နောင်တများ မရှိဘဲ ကျွန်တော်တို့အတွက် အရာရာကို ပေးအပ်ပြီးဖြစ်သော်လည်း၊ ကျွန်တော်က မိမိ၏ တာဝန်အတွက် ထိုသေးငယ်သော စတေးမှုကို မလုပ်နိုင်ခဲ့ပါ။ ကျွန်တော့် အသိစိတ်မှာ အဘယ်မှာနည်း။ ဤအသိတရားရခြင်းက ကျွန်တော့်ကို အလွန်ရှက်သွားစေခဲ့သည်။ ကျွန်တော့် ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများကို လက်လွှတ်ကာ မိမိတာဝန်ကို ထမ်းဆောင်လိုလျက်၊ ကျွန်တော် ဆုတောင်းချက်တစ်ခု ဆိုလိုက်သည်။ ထို့နောက်တွင် နောက်ထပ် အကြိမ်တော်တော်များများ ကျွန်တော့်တာဝန်နှင့် အလုပ်ကြား ရွေးချယ်မှုများ ရင်ဆိုင်ခဲ့ရကာ တစ်ခါတစ်ရံ ကျွန်တော် အားနည်းပြီး ထိုအရာနှင့်ပတ်သက်၍ ရုန်းကန်ခဲ့ရသည်။ သို့သော် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကျွန်တော် အသင့်ဖြစ်ချိန်တွင်၊ သူသည် ကျွန်တော့်အတွက် လမ်းကြောင်းတစ်ခု အမြဲဖွင့်ပေးခဲ့သည်ကို မြင်ရပြီး တစ်ခါမျှ အသိမခံရဘဲ ခေါင်းဆောင်များ၏ မျက်စိအောက်တွင်ပင် ဧဝံဂေလိတရားကို ကျွန်တော် မျှဝေကာ ကျွန်တော့်တာဝန်ကို လုပ်ဆောင်နေခဲ့သည်။ ဘုရားသခင်၏ လမ်းပြမှုအောက်တွင်၊ ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့် ဘုရားသခင်အဖို့ သက်သေခံခြင်းက ကျွန်တော်၏ စစ်မှန်သော ဘဝပေးတာဝန် ဖြစ်သည်မှာ ရှင်းသည်ထက်ရှင်းလာခဲ့ပြီး မိမိတာဝန်ကို လုပ်ဆောင်လိုသည့် စိတ်ပြင်းပြမှုလည်း ဆက်ကြီးထွားနေခဲ့သည်။ သိပ်မကြာမီ ကျွန်တော် ယုံကြည်သူတစ်ဦးဖြစ်ပြီး ဧဝံဂေလိဖြန့်ဝေနေသည်ကို ကျွန်တော့် တစ်မိသားစုလုံးက သိသွားခဲ့သည်။ သူတို့အားလုံးက ကျွန်တော့် ယုံကြည်ချက်ကို စတင်ဆန့်ကျင်လာခဲ့ကြသည်။
ကျွန်တော့် မိန်းမမှာလည်း ကျောင်းဆရာမဖြစ်သောကြောင့် သူမ၏ လစာကိုလည်း အစိုးရက ပေးထားခြင်း ဖြစ်သည်။ သူမက၊ “ဒီနှစ်တွေတစ်လျှောက်လုံး ရှင်က ပါတီရဲ့ စနစ်ထဲမှာရှိခဲ့တာ၊ ဒီတော့ ဘာသာတရားအပေါ် သူတို့ရဲ့ သဘောထား ဘာလဲဆိုတာ ရှင်မသိတာလည်း မဟုတ်ဘူး။ ယုံကြည်သူတွေကို သူတို့ နေရာတကာ ဖမ်းနေကြတာ။ ယုံကြည်ခြင်းရှိပြီး ဧဝံဂေလိလုပ်ခြင်းအားဖြင့်၊ သေနတ်ပြောင်းဝကို ရှင်ငုံ့ကြည့်နေတာ မဟုတ်လား။ ဒီလိုနဲ့ ရှင်ဆက်သွားရင်၊ ကျွန်မတို့ ရှင်သန်မှုရဲ့ အဆုံးသတ်၊ တစ်မိသားစုလုံးရဲ့ အဆုံးသတ်ဖြစ်မှာပဲ”ဟု ကျွန်တော့်ကို ပြောသည်။ ဘုရားသခင်အကြောင်း သူ့ကို ကျွန်တော် ဝေမျှဝေခဲ့ပြီး ယုံကြည်ခြင်း ရှိခြင်း၏ အရေးပါမှုအကြောင်း ပြောပြခဲ့သည်။ ကျွန်တော်က၊ “ကယ်တင်ရှင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားတွေ ဖော်ပြရင်းနဲ့ အခု ဆင်းကြွလာပြီ။ ဒါက ကယ်တင်ခံရဖို့ တစ်သက်မှာ တစ်ခါရတဲ့ အခွင့်အရေးပဲ။ ငါတို့ မျက်စိရှေ့တည့်တည့်မှာ မြင်ရတဲ့ အကျိုးကျေးဇူးတွေနဲ့ အဆင့်အတန်းက အားလုံး ခဏတာပဲ။ အမြဲ ချမ်းသာချင်ပြီး ကွန်မြူနစ်ပါတီနောက်ပဲ ငါတို့လိုက်ရင်၊ အဲဒါက ကပ်ဘေးတွေကနေ ငါတို့ကို ကယ်တင်နိုင်လား။ အဲဒီကပ်ဘေးထဲကို ငါတို့ ကျရောက်သွားရင် ဘယ်ငွေပမာဏကမှ ငါတို့ကို ကောင်းကျိုးပြုမှာ မဟုတ်ဘူး။ သခင်ယေရှုရဲ့ တမန်တော် မဿဲကိုသာ ကြည့်လိုက်- သူက အခွန်ခံတစ်ယောက်၊ အင်မတန်ကောင်းတဲ့ အလုပ်အကိုင် တစ်ခုပဲလေ။ ဒါပေမဲ့ ကယ်တင်ရှင်ကို သူ တွေ့တော့၊ သခင်ယေရှု ကြွလာခဲ့ချိန်မှာ၊ သူ့နောက်လိုက်ဖို့ သူ အပြေးအလွှားသွားခဲ့တယ်။ ဒါ့အပြင်၊ မကောင်းမှု ပြုရာမှာ ပါတီနောက်ကို ငါတို့ အမြဲလိုက်နေရင်၊ ဒဏ်ခတ်တာခံရဖို့၊ အပြစ်ပေးခံရဖို့ သေချာတယ်။ နောက်ဆုံးသော ကာလရဲ့ ခရစ်တော်နောက်လိုက်တာက ကယ်တင်ခံရဖို့ တစ်ခုတည်းသော နည်းလမ်းပဲ”ဟု ပြောလိုက်သည်။ ကျွန်တော့် ဇနီးက ဘုရားသခင်အကြောင်း တစ်ခုတလေကို နားထောင်ဖို့ စိတ်မဝင်စားသကဲ့သို့ ထိုအကြောင်း ကျွန်တော်ပြောသည့် မည်သည့်အရာကိုမျှ နားမထောင်ခဲ့ပါ။ သို့သော် ထို့နောက်တွင်၊ ကျွန်တော် ယုံကြည်ပြီးကတည်းက လုပ်ဖော်ကိုင်ဖက်များနှင့် မသောက်စားသကဲ့သို့ အိမ်မှုရေး ကိစ္စများကို လျစ်လျူရှုမနေခဲ့ဘဲ ကျွန်တော့် ဘဝတွင် သေဝပ်သည်ထက် သေဝပ်လာခဲ့ကာ သူမနှင့် ကျွန်တော်တို့၏ ကလေးအတွက် အချိန်ပေးခဲ့သည်ကို သူမ သတိထားမိခဲ့သည်။ တစ်ခါတစ်ရံ ယေဘုယျအားဖြင့် ဘဝနှင့်ပတ်သက်သည့် ကိစ္စများအကြောင်း ကျွန်တော် စပြောလာခဲ့သည်။ တဖြည်းဖြည်းနှင့် ကျွန်တော့်ကို သူမ တားဆီးဖို့ မကြိုးစားတော့ပါ။ သို့သော် သူမ၏မိသားစုဘက်တွင် အယောက်တိုင်းက ကျွန်တော့် ယုံကြည်ချက်ကို ဆန့်ကျင်ခဲ့သည်။ သူတို့ထဲက အစိုးရအလုပ်လုပ်သည့် တစ်ယောက်က၊ “မင်း ငယ်ရွယ်နေတုန်းမှာ၊ ဘယ်လိုအဆင့်တက်ပြီး ငွေရှာရမယ်ဆိုတာကို တွေးနေသင့်တယ်။ အဲဒီနောက်မှာ မင်းမိဘတွေနဲ့ ကလေးက မင်းနဲ့အတူ ပျော်လို့ရတယ်လေ- အဲဒါ လုပ်ဖို့ တစ်ခုတည်းသော လက်တွေ့အကျဆုံးအရာပဲ။ မင်းရဲ့ ဘာသာတရားအတွက် မင်းလိုက်နေတဲ့ အရာတွေအားလုံးက မရေရာသလို လက်တွေ့မကျဘူး”ဟု အကြံပေးခဲ့သည်။ ကျွန်တော် သူ့ကို ပြောလိုက်သည်၊ “ခင်ဗျားက ယုံကြည်သူမှ မဟုတ်တာ၊ ဒီတော့ ယုံကြည်ခြင်း ရှိပြီး သမ္မာတရား လိုက်စားခြင်းရဲ့ အဓိပ္ပာယ်နဲ့ တန်ဖိုးကို နားမလည်ဘူးလေ။ သမ္မာတရားက အရမ်းတန်ဖိုးရှိပြီး၊ ကျွန်တော်တို့အတွက် ဘဝလမ်းကြောင်းကို ထောက်ပြပေးနိုင်တယ်၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ပေးနိုင်ပြီး ကျွန်တော်တို့ကို ကယ်တင်နိုင်တယ်။ ဒီအရာတွေကို ငွေနဲ့တိုင်းတာလို့ မရဘူး။ ခင်ဗျားက ပါတီအတွင်းလူလည်း ဟုတ်တယ်၊ ဒီတော့ ကျွန်တော့်ကို ပြောပါဦး၊ ဒီနှစ်တွေတစ်လျှောက်က အဆင့်အတန်းနဲ့ ရုပ်ဝတ္တု ပျော်မွေ့စရာတွေ ခင်ဗျားရခဲ့တယ်၊ တကယ်ခင်ဗျား ပျော်ရွှင်ရဲ့လား။ ခင်ဗျား စိတ်နှလုံးထဲမှာ စစ်မှန်တဲ့ ငြိမ်သက်ခြင်း ရှိလား” ဟူ၍ ဖြစ်သည်။ ထိုအရာကို သူ ပြောစရာ ဘာမျှမရှိခဲ့ပါ။ ကျွန်တော့် ယောက်ဖက ကျွန်တော့်ကို ပြောင်းလဲအောင် မလုပ်နိုင်သည့်အခါ၊ သူက၊ “ငါတို့ အကြံကို မင်းမယူဘူးဆိုရင်၊ ခေါင်းဆောင်ပိုင်းက မင်းရဲ့ ဘာသာရေးကိစ္စအကြောင်း သိတဲ့အခါ၊ တည်ငြိမ်နေတဲ့ မင်းရဲ့ အသက်မွေးမှု ဆုံးရှုံးတာက စိတ်ပူစရာ မဟုတ်သေးဘူး။ မင်း အဖမ်းခံရနိုင်တယ်၊ အဲဒီနောက် မင်းဘဝနဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးပြီး မင်းရဲ့ တစ်မိသားစုလုံး အမှုပတ်ကုန်မှာ” ဟူ၍ ဒေါသတကြီး ပြောလေသည်။ အခြားသူများကလည်း ကျွန်တော့်ယုံကြည်ချက်ကို အတင်းစွန့်လွှတ်စေဖို့ ကြိုးစားခဲ့ကြသည်။
ဘုရားသခင်နောက် ဆက်လိုက်ဖို့ ကျွန်တော် ဆုံးဖြတ်ထားသည်ကို သူတို့အား ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောခဲ့သည်၊ သို့သော် အိမ်ရောက်ပြီးသည့်နောက်တွင် ကျွန်တော် စတင် ကြောက်ရွံ့လာခဲ့သည်။ ကျွန်တော့်ခေါင်းဆောင်များက သိရှိသွားပါက၊ ပြစ်ဒဏ်ပေးခံရရုံ၊ ကျွန်တော့်အလုပ် ဆုံးရှုံးရရုံ ဖြစ်မည်မဟုတ်ဘဲ၊ အဖမ်းခံရနိုင်ပြီး ထောင်ထဲသွားရနိုင်သည်၊ ထို့နောက် ကျွန်တော့်မှာ ဘာမျှ ကျန်ရှိမည်မဟုတ်သကဲ့သို့ ကျွန်တော့်အနီးအနားက လူတိုင်း ကျွန်တော့်ကို သေချာပေါက် ငြင်းပယ်ပြီး ကျွန်တော်နှင့် ကင်းကင်း နေကြမည် ဖြစ်သည်။ ယင်းမှာ လုံးလုံး သိက္ခာကျရခြင်းတစ်ခု ဖြစ်ပေမည်။ ကျွန်တော် လက်ချည်းသက်သက် ကျန်မည်မဟုတ်ပါလား။ ထိုအတွေးဖြင့် ကျွန်တော်အတွင်းပိုင်း ရုန်းကန်မှုတချို့ ခံစားခဲ့ရပြီး အလွန် စိတ်ဖိစီးသည်မှာ မအိပ်နိုင်ဖြစ်ခဲ့ရသည်။ အနှေးနှင့်အမြန် ကျွန်တော့်၏ သက်သောင့်သက်သာရှိသည့် ဘဝနှင့် အားကျစရာ ရာထူးကို ဆုံးရှုံးဖို့ သေချာသည်ကို တွေးရင်းဖြင့်၊ စိတ်ထဲတွင် ကျွန်တော် တကယ်အနှစ်မဲ့သလို၊ တကယ် ဝမ်းနည်းသလို ခံစားခဲ့ရသည်။ ကျွန်တော့် နာကျင်မှုနှင့် စိတ်ဆင်းရဲမှုထဲတွင်၊ ဘုရားသခင်၏ အလိုတော်ကို နားလည်အောင် လမ်းပြဖို့ တောင်းလျှောက်ရင်း ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းခဲ့သည်။ ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဤအရာကို ကျွန်တော် ဖတ်ခဲ့ရသည်- “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ အသက်ရှင်သန်ခြင်းအတွက် စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။ အမှောင်ထုတွင် နေထိုင်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါ၌ပင်၊ လက်တွေ့လုပ်ဆောင်ရန် မတွေးတောကြသကဲ့သို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုခြင်း မရှိကြပေ။ ထိုမျှလောက် စာရိတ္တပျက်ပြားသော လူသားမျိုးနွယ်တစ်ရပ်သည် ကယ်တင်ခြင်းရရှိရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ ထိုမျှ ယိုယွင်းသော လူသားမျိုးနွယ်တစ်ရပ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်”) ကျွန်တော့် နာကျင်မှု အရင်းအမြစ်ကို ဘုရားနှုတ်ကပတ်တော်များက ထုတ်ဖော်ပြခဲ့သည်။ ရွေးချယ်မှုကို ရင်ဆိုင်ရာတွင် ကျွန်တော် အဘယ်ကြောင့် အလွန်စိတ်မချမ်းမြေ့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် စာတန်ကြောင့် အလွန်နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးခဲ့ပြီး ငယ်စဉ်ကတည်းက “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” ကဲ့သို့သော ဆိုးယုတ်သည့် အတွေးအခေါ်များကို ယုံကြည်ခဲ့ကာ ယင်းတို့ကို ဘဝအတွက် ရည်မှန်းချက်များအဖြစ် ခံယူခဲ့သောကြောင့် ဖြစ်သည်။ အခြားသူများ၏ အထင်ကြီးခြင်းနှင့် လေးစားမှုရရှိဖို့ ကျွန်တော် လိုက်ခဲ့သည်၊ ယင်းမှာ ပြင်းပြသော ရည်မှန်းချက်ရှိခြင်းဖြစ်သကဲ့သို့ ခံစားနေခဲ့သည်။ ဤအရာကို စွမ်းဆောင်ရရှိဖို့ ကျွန်တော့်၏ ပြင်းပြသောဆန္ဒဖြင့်၊ ကျွန်တော်သည် ဝီရိယရှိသော ကျောင်းသားဖြစ်ခဲ့ပြီးနောက်၊ ဌာနကို ပူးပေါင်းပြီးသည့်နောက်တွင်၊ ခေါင်းဆောင်များ၏ မျက်နှာသာရပြီးနောက် ရာထူးတိုးဖို့အလို့ငှာ အရိပ်အခြေကြည့်ဖို့၊ အလွန်အမင်းခယနေခဲ့ပြီး၊ မျက်နှာလိုမျက်နှာရလုပ်ဖို့ အမြဲကြိုးစားနေခဲ့သည်။ ကွန်မြူနစ်ပါတီနှင့်အတူ လုပ်သမျှသည် လက်မခံနိုင်ဖွယ်ရာ ရက်စက်ယုတ်မာမှုတစ်ခု ဖြစ်မည်ကို ကောင်းကောင်း သိလျက်ဖြင့်ပင်၊ ကိုယ့်ကိုယ်ကိုယ် စိတ်တင်းကာ စာတန်အတွက် အစေခံပြီး ငြိမ်းချမ်းမှုမရှိဘဲ စိတ်ဆင်းရဲမှုဖြင့် အသက်ရှင်လျက်၊ ပြောဆိုလုပ်ကိုင်ခဲ့သည်။ ကျွန်တော်တို့ ဘဝများ၏ တန်ဖိုးနှင့် အဓိပ္ပာယ်ကို ပြခဲ့သည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်ပြီး၊ ဤသည်မှာ ကျွန်တော်ကို ပိုပိုပြီး စိတ်ကျေနပ်အားရစေခဲ့သည့်အရာ ဖြစ်ခဲ့သည်။ သို့သော် ကျွန်တော် ဆက်ယုံကြည်ပါက၊ ကျွန်တော့်အလုပ်နှင့် အနာဂတ် ဆုံးရှုံးသွားနိုင်သကဲ့သို့ အခြားသူများ၏ ငြင်းပယ်မှုခံရနိုင်သည့် ရွေးချယ်မှုနှင့် ရင်ဆိုင်ရသည့်အခါ၊ “ထင်ရှားကျော်ကြားမှု ရရှိခြင်းသည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” ဟူသည့် ဆိုးယုတ်သော အတွေးအခေါ်က ကျွန်တော့်စိတ်နက်နက်ထဲတွင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားဆဲ ဖြစ်သည်ကို ကျွန်တော် တွေ့ခဲ့ရသည်။ ထိုဆုံးဖြတ်ချက် ချရသည်မှာ နာမည်နှင့် အကျိုးအမြတ်နောက် မလိုက်ခြင်းက ကျွန်တော့်၏ တကယ့်တာဝန်များကို လျစ်လျူရှုခြင်း ဖြစ်သည့်အလား၊ ကြောက်ခမန်းလိလိ ရက်စက်ရမ်းကားမှု ဖြစ်သည့်အလား အလွန်ခက်ခဲသည်၊ အလွန် မချိမဆံ့ ခံစားရလေသည်။ ကျွန်တော့် နာမည်နှင့် အဆင့်အတန်းကို ဆုံးရှုံးခြင်းက ဘဝကိုယ်၌အား ဆုံးရှုံးခြင်း ဖြစ်သည့်အလား ကျွန်တော် ထိုအရာများကို ဆုံးရှုံးဖို့ လိုလားမနေခဲ့ပါ။ ဘုရားသခင်၏ ထုတ်ဖော်ပြချက် နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါမှသာ စာတန်က လူများကို ချည်နှောင်ဖို့၊ ကျွန်တော်တို့ကို နာကျင်စေပြီး ဘုရားသခင်နှင့် မိမိကိုယ်ကိုယ် ကင်းကွာစေကာ သူ့ကို သစ္စာဖောက်စေဖို့ ထိုအရာအား အသုံးပြုပုံကို ကျွန်တော် မြင်ခဲ့ရသည်။ ယင်းက ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပိုဒ်ကို သတိရစေခဲ့သည်- “လူတို့၏ ဘဝတစ်ခုလုံးသည် ဘုရားသခင်၏ လက်များထဲတွင် ရှိနေသည်ဖြစ်ပြီး၊ အကယ်၍ ဘုရားသခင်၏ရှေ့တော်ရှိ ၎င်းတို့၏ သန္နိဌာန်အတွက်သာ မဟုတ်ခဲ့လျှင် အနှစ်သာရမဲ့သော ဤလူ့လောကကြီးထဲတွင် မည်သူသည် အချည်းနှီးသက်သက် နေထိုင်ရန် လိုလိုလားလား ရှိလိမ့်မည်နည်း။ အဘယ်ကြောင့် စိတ်ရှုပ်ခံနေမည်နည်း။ လောကထဲတွင် ဝင်လိုက်ထွက်လိုက် အပြေးအလွှားသွားနေရင်း ဘုရားသခင်အတွက် မည်သည့်အရာတစ်ခုကိုမှ ၎င်းတို့မလုပ်ဆောင်ပါက၊ ၎င်းတို့၏ဘဝတစ်ခုလုံးကို ဖြုန်းတီးပစ်ရာ ရောက်လိမ့်မည်မဟုတ်လော။ အကယ်၍ သင်၏လုပ်ဆောင်မှုများကို ဖော်ပြရန်ထိုက်သည်ဟု ဘုရားသခင်က မယူဆလျှင်ပင်၊ သင်၏သေခြင်း အခိုက်အတန့်တွင် အားရကျေနပ်ခြင်း အပြုံးတစ်ခုကို သင်မပေးပြီလော။”(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “အပြုသဘောဘက်သို့ တိုးတက်အောင် သင်ကြိုးစားသင့်၏ကျူး”) ဤဓမ္မသီချင်းက ကျွန်တော့်အတွက် တကယ်စိတ်လှုံ့ဆော်ပေးသည်။ ဤဘဝတွင် ဆယ်စုနှစ် အနည်းငယ်သာ ကျွန်တော်တို့ ပိုင်ဆိုင်ကြသည်၊ ထို့ကြောင့် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံပြီး ကယ်တင်ခံရဖို့၊ အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ဖို့နှင့် သမ္မာတရားနှင့် အသက်ကို ရရှိဖို့ ဤအခွင့်အရေးကို ကျွန်တော်တို့ မလွတ်တမ်းအသုံးချရမည်။ မဟုတ်လျှင် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့် ဤအခွင့်အရေး ဆုံးရှုံးသွားမည် ဖြစ်သည်။ ထိုအခါ ကျွန်တော်တို့၏ ဘဝများက အချည်းနှီးသက်သက်အတွက်သာ ဖြစ်မည် မဟုတ်ပါလား။ ကျွန်တော့် ယုံကြည်ခြင်းကြောင့် ကွန်မြူနစ်ပါတီက ကျွန်တော့်ကို ဖမ်းဆီး၊ ထောင်ချပြီး ညှဉ်းဆဲပြီးနောက် အဆုံး၌ ကျွန်တော် သေပင်သေသွားရပါကလည်း၊ ကျွန်တော် မကျေနပ်ချက်များ ရှိမည်မဟုတ်သည်ကို သိခဲ့သည်။ ဘဝတွင် ဤအခွင့်အရေးကို ဘုရားက ပေးခဲ့သောကြောင့်၊ ထိုအခွင့်အရေးကို ဘုရားထံ ကျွန်တော် ဆက်ကပ်သင့်ပါသည်။ ဤအရာကို သဘောပေါက်လိုက်သည်နှင့် ကျွန်တော်က၊ “အို ဘုရားသခင်။ အဆင်းနီသော နဂါးကြီး၏ ကန့်သတ်ချက်များ၊ ချည်နှောင်မှုများမှ ကျွန်တော် လွတ်မြောက်ချင်ပြီး မိမိကိုယ်ကိုယ် အကြွင်းမဲ့ ကိုယ်တော့်ထံ ပေးအပ်ချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းပြပါ၊ ယုံကြည်ခြင်းပေးပြီး ဒီအကျပ်အတည်းကို ဖြတ်ကျော်ဖို့ ကူညီမစတော်မူပါ”ဟု ဆုတောင်းလိုက်သည်။
ထို့နောက်တွင် ကွန်မြူနစ်ပါတီ စနစ်မှ တတ်နိုင်သမျှ အမြန်ဆုံးထွက်ဖို့ ကျွန်တော့်ကို စေ့ဆော်ပေးသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ ခေါင်းဆောင်တစ်ဦးက ပါတီဝင်တစ်ဦးမှာ ဘာသာရေးသမားဖြစ်သည်ကို သတိရှိသွားသည်။ ဒေါသဖြင့် အံကြိတ်လျက် ထိုသူကို ကြမ်းကြမ်း ဆက်ဆံဖို့ ရဲစခန်းသို့ ပို့ရမည်ဟု သူ ပြောခဲ့သည်။ ဘာသာတရားအပေါ် ကွန်မြူနစ်ပါတီ၏ သဘောထားအကြောင်း ကျွန်တော် တွေးမိသည့်အခါတိုင်း ကြောက်မိခဲ့သည်။ ယင်းက ဘာသာရေး ယုံကြည်မှုများကို အလွန် ရန်လိုပြီး ခရစ်ယာန်များကို အလွန်မုန်းတီးသည်၊ ကျွန်တော့်အနေဖြင့် ဤအရာအတွက် အနှေးနှင့်အမြန် သူတို့၏ ပစ်မှတ်ဖြစ်လာဖို့ သေချာသည်ဟု တွေးနေမိခဲ့သည်။ အန္တရာယ်များသည့် နေရာတစ်ခုဖြစ်ပြီး တတ်နိုင်သမျှ အမြန်ဆုံး ကျွန်တော် စွန့်ခွာသင့်သည်။ ထို့အပြင်၊ ထိုနှစ်ကာလများ တစ်လျှောက်တွင် ကွန်မြူနစ်ပါတီကို ချီးမွမ်းနေခဲ့ရပြီး အလွန်များသည့် မကောင်းမှုတွင် သဘောတူလိုက်လျောခဲ့ရသည်။ ထိုစနစ်အတွင်း ကျွန်တော်နေပါက၊ ထိုအထဲတွင် ရုန်းမထွက်သာအောင် ပိုပိုပြီး မိနေမည်ဖြစ်ပြီး ကယ်တင်၍ရမည် မဟုတ်တော့ပေ။ ထိုဆိုးယုတ်သော အဖွဲ့အစည်းမှ ချက်ချင်း ကျွန်တော် ထွက်သွားရမည်ဖြစ်ပြီး မြန်မြန်အဆက်ဖြတ်ရမည် ဖြစ်သည်။
ကျွန်တော် တွေးနေသည့်အရာကို ကျွန်တော့်မိန်းမကို ပြောသည့်အခါ၊ သူမက ချက်ချင်း စိတ်ပူပန်သွားခဲ့သည်။ ကျွန်တော့်ယုံကြည်ခြင်းတွင် ကျွန်တော့်ကို အားပေးနိုင်သော်လည်း အလုပ်ကထွက်မည်ကို ခွင့်မပြုနိုင်ပါဟု သူမက ပြောသည်။ ကျွန်တော့်ကို တားဖို့ ကျွန်တော့် မောင်နှမများကိုပင် သူ ဖုန်းဆက်ခေါ်ခဲ့သည်။ သူတို့အားလုံးနီးပါးက အစိုးရပိုင် လုပ်ငန်းများတွင် အလုပ်လုပ်နေခဲ့ကြပြီး၊ ကျွန်တော် အဖမ်းခံရပါက သူတို့အလုပ်အကိုင် ထိခိုက်မည်ကို စိုးရိမ်နေခဲ့ကြသည်။ ကျွန်တော့်အစ်မအကြီးဆုံးက ငိုယိုကာ ကျွန်တော့်လက်များကို ဆောင့်ဆွဲထားရင်း၊ ကျွန်တော့်ရှေ့တွင် ဒူးပင်ထောက်ကာ၊ “ပါရဂူဘွဲ့ရ၊ မာစတာဘွဲ့ရတွေတောင် မတွေ့နိုင်တဲ့ လစာမြင့်ပြီး သိပ်ကောင်းတဲ့ အလုပ်ကို နင်ရထားတာ။ ဘုရားနောက်လိုက်ဖို့ ဒီလောက်ကောင်းတဲ့အလုပ်ကနေ နင်ဘာလို့ ထွက်သွားနိုင်ရက်တာလဲ” ဟု ပြောလေသည်။ ကျွန်တော့်ယုံကြည်ခြင်းကို မလျှော့တမ်းဆက်ပြီး ထိန်းသိမ်းနေသရွေ့ ထိုနေရာတွင် သူ ဒူးထောက်နေမည်ဟုလည်း ပြောသည်။ ကျွန်တော်၏ အခြားအစ်မကလည်း တကယ်ဒေါသထွက်နေပြီး ကျွန်တော့် ပညာရေးအတွက် ကူပေးချေဖို့ သူမ ဘယ်လို ဒုက္ခခံခဲ့ပြီး အသက် ၃၀ အထိ အိမ်ထောင်မပြုနိုင်ခဲ့ပုံအကြောင်းကို ပြောနေခဲ့သည်။ ယခု နောက်ဆုံးတွင် ထိုအလုပ်နှင့် တစ်မိသားစုလုံး အကျိုးကျေးဇူး ခံစားနေရပြီးနောက် ကျွန်တော်တို့ အဆင်ပြေနေခဲ့သည်။ ကျွန်တော် နုတ်ထွက်လိုက်ပါက၊ သူမအားထုတ်ခဲ့သည့် နှစ်ကာလများအားလုံး အဆုံးမှာတော့ သူမကို စိတ်ပျက်နေစေမိမည်ဖြစ်သည်။ ကျွန်တော့် အစ်မအကြီးဆုံးကလည်း ကျွန်တော် အလုပ်ထွက်ပါက၊ သူမ၏ကျောင်းမှာ အထူးဖျားနာခွင့်ကြေး နောက်ထပ် ရတော့မည်မဟုတ်သကဲ့သို့ သူမ၏ သားကလည်း ကျွန်တော် အလုပ်ကူရှာပေးနိုင်မည်ဟု မျှော်လင့်နေကြောင့် ညည်းနေခဲ့သည်။ ကျွန်တော့်ယုံကြည်ခြင်းတွင် မိမိအတွက်သာ စဉ်းစား၍ မဖြစ်ဘဲ၊ ကျွန်တော့် မိသားစုကိုလည်း စဉ်းစားရမည်ဟု သူမက ပြောသည်။ ထိုအခိုက်အတန့်တွင် ရွေးချယ်မှုတစ်ခုပြုဖို့ ကျွန်တော် အခက်ကြုံနေခဲ့ရသည်။ ကျွန်တော့် ညီအစ်ကို မောင်နှမများသည် ကျွန်တော် ငယ်စဉ်ကတည်းက ကျွန်တော်နှင့်ပတ်သက်၍ များစွာကျော်ဖြတ်ခဲ့ကြရပြီး၊ သူတို့အနေဖြင့် ကောင်းမွန်သော ဘဝများရှိကာ ဂုဏ်ယူဝင့်ကြွားနိုင်မည်ဟု မျှော်လင့်ချက်အားဖြင့် တစ်လျှောက်လုံး ကျွန်တော် စေ့ဆော်ခြင်းခံခဲ့ရသည်။ သူတို့ကို ကျွန်တော် သဘောတူပါက သေချာပေါက် ပျော်ရွှင်ကြမည် ဖြစ်သော်လည်း၊ ဘဝတွင် ကျွန်တော့်၏ စေခိုင်းချက်နှင့် အဖန်ဆင်းခံတစ်ဦးအနေဖြင့် ထမ်းဆောင်ဖို့ လိုအပ်သည့် တာဝန်အတွက်မူ- ကျွန်တော့်ကိုယ်စား မည်သူက လုပ်ဆောင်မည်နည်း။ ကျွန်တော့်မိသားစုက ပျော်ရွှင်မည်ဖြစ်ပြီး ကျွန်တော့်အဆင့်အတန်းနှင့် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ်များကို ကျွန်တော် ဆက်ရနေမည်ဖြစ်သော်လည်း၊ ကျွန်တော့်အတွက် ဘုရားသခင်၏ သွေး၊ ချွေးနှင့် မျက်ရည်များအားလုံးကို ကျွန်တော် အရေးမထားပါက၊ ပြန်ပေးဆပ်ဖို့ ကျွန်တော် မကြိုးစားပါက၊ သူ့ကို မည်သို့ ကျွန်တော် ရင်ဆိုင်နိုင်မည်နည်း။ နာကျင်မှုနှင့် အားနည်းချက်တချို့ ကျွန်တော် ခံစားနေခဲ့ရသော်လည်း၊ ထိုရွေးချယ်မှု ပြုလုပ်ရမည်ကို ကျွန်တော်သိခဲ့သည်။ ကျွန်တော် သူတို့ကို ပြောလိုက်သည်၊ “အစ်မတို့မှာ ငွေဘယ်လောက်များများ ရှိပါစေ၊ ဘယ်လိုအလုပ်ကောင်းရှိပါစေ၊ အဲဒါက အနှစ်မဲ့တဲ့ နာကျင်မှုကို ပြုပြင်ပေးနိုင်လား။ သူ့ကိုယ်၌က အသက်ကို ဝယ်ယူပေးနိုင်လား။ ချမ်းသာပြီး၊ အာဏာရှိတဲ့ လူအများကြီးက နာကျင်မှုနဲ့ ဆက်အသက်ရှင်နေကြဆဲပဲ မဟုတ်လား။ ယုံကြည်ခြင်းရှိပြီး သမ္မာတရားလိုက်စားတာက ဒီပြဿနာတွေကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ကယ်တင်ရှင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားတွေ ဖော်ပြရင်းနဲ့ ကြွဆင်းလာပြီးပြီ။ ဒါက လုံးဝ ပြန်မလာတော့မဲ့ အခွင့်အရေးတစ်ခု ဖြစ်ပြီး၊ အရမ်းကို မြန်ဆန်တယ်။ မျက်တောင်တစ်ချက်အခတ်မှာ ကပ်ဘေးကြီးတွေ ကျွန်တော်တို့အပေါ် ရောက်တော့မှာ။ အခု ကျွန်တော်တို့ ဘုရားနောက်လိုက်ပြီး နောင်တမရရင်၊ ကပ်ဘေးတွေ ရောက်လာတဲ့အချိန်မှာ နောင်တရဖို့ အရမ်းနောက်ကျသွားလိမ့်မယ်။ အရင်က အစ်မတို့အားလုံးကို ကျွန်တော် ဧဝံဂေလိ နည်းနည်းပါးပါး ကျွန်တော် ဝေမျှပြီးပြီ၊ ဒါပေမဲ့ အစ်မတို့က ပူးပေါင်းဖို့ ကြောက်ကြတယ်၊ ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးတာခံရမှာ ကြောက်ကြတယ်။ ပါတီနောက်ကို မလျှော့တမ်း အစ်မတို့ လိုက်နေခဲ့ကြတယ်၊ အဲဒါက ငရဲကိုတန်းနေတဲ့ လမ်းကြောင်းတစ်ခုပဲ။ အဲဒီနောက်ဆက်လိုက်ဖို့ ကျွန်တော့်ကို တိုက်တွန်းခြင်းအားဖြင့်၊ အစ်မတို့က ကျွန်တော့်ကို ထိခိုက်စေတာ မဟုတ်လား။ အဲဒီစနစ်ထဲမှာ ဘယ်လိုလူစားမျိုးတွေ ရှိလဲသိကြလား။ သူတို့အားလုံးက ဆိုးရွားတဲ့ အရာမျိုး ဘယ်အရာကိုမဆို လုပ်နိုင်စွမ်းရှိတဲ့ ဘုရားကို ဆန့်ကျင်တဲ့ မကောင်းဆိုးဝါးတွေပဲ။ သူတို့ ဖျက်ဆီးခံရဖို့၊ အပြစ်ပေးခံရဖို့ သေချာတယ်။ ကပ်ဘေးတွေက တစ်ချိန်လုံး ကြီးထွားနေတယ်။ ဘုရားကို အစ်မတို့ မယုံကြည်ကြသေးသလို သူ့ဆီ နောင်တမရသေးရင်၊ ကပ်ဘေးတွေထဲ ကျရောက်ပြီး အပြစ်ပေးခံရဖို့ သေချာတယ်။ ကျွန်တော် ယုံကြည်ခဲ့တဲ့ နှစ်တွေတစ်လျှောက်မှာ သမ္မာတရားတချို့ကို ကျွန်တော် သင်ယူပြီးပြီဖြစ်သလို၊ ယုံကြည်ခြင်းရှိတာက ဘဝမှာ တစ်ခုတည်းသော မှန်ကန်တဲ့ လမ်းကြောင်းဖြစ်မှန်း ရှင်းရှင်းလင်းလင်း မြင်ပြီးပြီ။ အစ်မတို့က ကျွန်တော့် မိသားစုပါ- ကျွန်တော့်အတွက် အကောင်းဆုံး ဖြစ်စေချင်ကြတယ် မဟုတ်လား။ ကွန်မြူနစ်ပါတီနဲ့အတူ ဒီမကောင်းတဲ့ လမ်းကြောင်းပေါ် ကျွန်တော့်ကို မရမက အတင်းတွန်းပို့နေကြတာလဲ။ အစ်မတို့ရဲ့ ကိုယ်ရေးကိုယ်တာ ရွေးချယ်မှုတွေမှာ ကျွန်တော် ကြားဝင်မနှောင့်ယှက်ချင်ပေမဲ့၊ ကျွန်တော့် ရွေးချယ်မှုကတော့ ယုံကြည်ခြင်းရှိပြီး ဘုရားနောက်လိုက်ဖို့ပဲ။ ကျွန်တော် အဖမ်းခံရပြီး နှိပ်စက်ခံရရင်တောင်၊ အဆုံးထိ ဒီလမ်းကြောင်းကို လျှောက်မယ်” ဟူ၍ ဖြစ်သည်။ ကျွန်တော့် ဇနီးက မှိုင်တွေပြီး ထွက်သွားကာ အခြားသူများက ကျွန်တော့်ကို နောက်ထပ်စကားတစ်ခွန်းမျှ မပြောကြတော့ပါ။ နောက်ပိုင်းတွင်၊ စုဝေးပွဲများ တက်ခြင်းနှင့် တာဝန်လုပ်ဆောင်ခြင်းမှ ကျွန်တော့်ကို တားဆီးဖို့၊ ကျွန်တော့် ဇနီးက ကျွန်တော့်ကို အိမ်ထဲတွင် ပိတ်လှောင်ထားခဲ့ပြီး ကျွန်တော့် ယောက်ဖကို ကျွန်တော့်အား မျက်ခြည်မပြတ် တစ်နေ့လုံး စောင့်ကြည့်စေခဲ့သည်။ သုံးရက်ဆက်တိုက် ကျွန်တော် မည်သည့်နေရာကိုမျှ လုံးဝ သွား၍မရခဲ့ပါ။ ယင်းက ကျွန်တော့်တာဝန်ထဲက ကိစ္စများနှင့် နှောင့်နှေးစေခဲ့ပြီး ကျွန်တော် တကယ် ပူပန်နေမိခဲ့သည်။ မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိဘဲ၊ ဘုရားသခင်ဆီ ထွက်ပေါက်တစ်ခု ပေးဖို့အတွက် ကျွန်တော် ဆုတောင်းပြီး သူ၏ လမ်းပြမှုကို တောင်းလျှောက်ခဲ့သည်။ ထို့နောက် တတိယနေ့ ညနေခင်းတွင်၊ ကျွန်တော့် အဖေက ဖုန်းဆက်ပြီး ကျွန်တော့် အမေ ပျောက်နေသည်ဟု ပြောဆိုခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးတွင် ကျွန်တော့် ယောက်ဖနှင့် သူမကို ထွက်ရှာဖို့ ကျွန်တော် အခွင့်အရေးရသွားခဲ့သည်။ လမ်းတွင်၊ သူက ကျွန်တော့်ကို၊ “မင်းအနေနဲ့ မင်းရဲ့ ယုံကြည်ခြင်းကို စွန့်လွတ်မှ ဖြစ်မယ်။ မင်းအစ်ကိုက ဒီကို မနက်ဖြန် ရောက်လိမ်မယ်၊ ပြီးတော့ မင်းရဲ့ ဘာသာတရားကို ထိန်းသိမ်းနေရင် မင်းခြေထောက်တွေကို သူ ချိုးပစ်မယ်တဲ့၊ ဘာပဲဖြစ်ဖြစ် မင်းကို စွန့်လွတ်ခိုင်းဖို့ နည်းလမ်းသူ ရှာမယ်တဲ့” ဟု သတိပေးလေသည်။ ဤအရာကို ကြားရသည်မှာ ကျွန်တော့်အတွက် တကယ်ကို စိတ်ဖိစီးစရာဖြစ်ခဲ့သည်။ သူတို့ထံမှ ကျွန်တော် ထိုအချိန်က ချက်ချင်းထွက်မသွားပါက၊ နောက်ထပ်အခွင့်အရေး ရမည်မဟုတ်တော့သည်ကို ကျွန်တော် သိခဲ့သည်။ သို့သော် ကျွန်တော် တကယ်သွားတော့မည့်အချိန်တွင်၊ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ကျော်လွှားဖို့ အလွန်ခက်ခဲသည်ကို ကျွန်တော် တွေ့ခဲ့ရသည်။ ကျွန်တော့်၏ ချစ်ရသူများနှင့် ထိုအကျွမ်းဝင်ခဲ့ရသည့် နေထိုင်ရာ ဒေသကို ကြည့်ရင်းဖြင့်၊ သက်သောင့်သက်သာရှိသည့် ဘဝနှင့် အားကျစရာ အလုပ်ကို တွေးရင်း- အခိုက်အတန့်တစ်ခုတွင် ထိုအရာအားလုံး ကျွန်တော် ဆုံးရှုံးရတော့မည်ကို သိလျက် ကျွန်တော့်စိတ်နှလုံးထဲတွင် ဝေဒနာများစွာ ခံစားခဲ့ရသည်။ ထို့နောက် စုဝေးပွဲများတွင် ကျွန်တော်တို့ များစွာ သီဆိုခဲ့ကြသည့် ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ် စိတ်ထဲ ရောက်လာသည်- “အာဗြဟံသည် ဣဇာက်ကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ ယောဘသည် အရာရာကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ လူများစွာတို့သည် မှန်သောလမ်းခရီးကို ရှာဖွေရန်အလို့ငှာ မိမိတို့၏ အသက်များကို ပေးကြပြီးဖြစ်သည်၊ လည်စင်းခံကြပြီးဖြစ်ကာ မိမိတို့အသွေးကို သွန်းကြပြီးဖြစ်သည်။ ထိုအဖိုးအခကို သင်တို့ ပေးကြပြီးပြီလော။”(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားအတွက် အဘယ်အရာကို သင်ရင်းနှီးမြှုပ်နှံပြီးပြီနည်းကျူး”) ဘုရားသခင်က ထိုနေရာတွင် ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ရှိနေပြီး ဤမေးခွန်းများ မေးနေသကဲ့သို့ ကျွန်တော် ခံစားခဲ့ရသည်။ အာဗြဟံသည် အသက် ၁၀၀ အထိ သားမရခဲ့သော်လည်း၊ သူသည် သူ၏ သားကို ဘုရားသခင်ထံ ပူဇော်နိုင်ဆဲ ဖြစ်ခဲ့သည်။ တမန်တော်များစွာတို့သည် ဘုရားသခင်၏ ဧဝံဂေလိတရားအတွက် မိမိတို့၏ ပျိုရွယ်မှုကို ပူဇော်ဆက်ကပ်ခဲ့ကြပြီး အသက်အသေခံခဲ့ကြသည်၊ သို့သော် ကျွန်တော် မည်သည့်အရာကို ပူဇော်ဆက်ကပ်ခဲ့ပြီးပြီနည်း။ နာမည်နှင့် အဆင့်အတန်း၊ ဤတန်ဖိုးမဲ့ အရာများနှင့် ပတ်သက်၍ ကျွန်တော် မချိတင်ကဲခံစားခဲ့သည်၊ ထို့ကြောင့် ထိုနှစ်များ တစ်လျှောက်လုံး ကျွန်တော့်ကို ဘုရားက ပျိုးထောင်ကာ အားဖြစ်စေခြင်းနှင့် ကျွန်တော် မည်သို့ထိုက်တန်ခဲ့ပါသနည်း။ ထို့အပြင် ကျွန်တော် ပြုလုပ်နေသည့် ထိုရွေးချယ်မှုက အဓိပ္ပာယ်ရှိသည်။ ယင်းမှာ ကျွန်တော့် ယုံကြည်ခြင်းအတွက်၊ အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ပြီး မိမိ၏ ဘဝပေးတာဝန်ကို ဖြည့်ဆည်းဖို့ ဖြစ်သည်။ ကျွန်တော့်တာဝန်ကို ကျွန်တော် မရွေးချယ်ပါက၊ ရာသက်ပန် နောင်တဖြစ်ပေမည်။ ထိုသို့ တွေးလိုက်မိခြင်းက ကျွန်တော့်ကို စိတ်ဆုံးဖြတ်ချက် ပေးခဲ့သည်။ ကျွန်တော့်ယောက်ဖ အပေါ်ထပ်သို့ သွားနေချိန်တွင်၊ လစ်ပြေးဖို့ ကျွန်တော် အခွင့်ကောင်းယူလိုက်သည်။ ထိုအချိန်ကတည်းက၊ အသင်းတော်ထဲတွင် ကျွန်တော့်တာဝန်ကို အချိန်ပြည့် ကျွန်တော် လုပ်ဆောင်နေခဲ့ပါသည်။
ထိုအချိန်ကတည်းက ကျွန်တော့်ဌာနတွင် အဆင့်အတန်းနှင့် ကြွယ်ဝမှုကို လိုက်စားရာတွင် လာဘ်ပေးလာဘ်ယူလုပ်နေခဲ့ကြသည့် ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်အချို့ ရှိခဲ့ပြီး၊ အမှုကိစ္စများ အသိခံလာရသည့်အခါ၊ သံတိုင်များနောက် အပို့ခံခဲ့ကြရသည်ကို ကျွန်တော် ကြားခဲ့ရသည်။ ဘုရားသခင်၏ ကွယ်ကာမှု ရရှိခြင်းအတွက် ကျွန်တော် တကယ် ဝမ်းမြောက်နေမိခဲ့သည်။ ယခင် ရှေ့ကိုတက်လှမ်းဖို့ ကြိုးစားနေခဲ့ချိန်က၊ အခြားသူများအားလုံး လုပ်သကဲ့သို့ လက်ဆောင်များ ကျွန်တော် ပေးပို့နေခဲ့ပြီး၊ အခြားသူများ၏ တံစိုးလက်ဆောင်များကိုလည်း ယူခဲ့သည်။ ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ကျွန်တော်ဆက်နေခဲ့ပါက၊ သူတို့ကဲ့သို့ ကျွန်တော် အဆုံးသတ်ခဲ့မည် ဖြစ်သည်။ ယခုတွင်၊ ထိုရာထူးအကျိုးခံစားခွင့်များ၊ အခြားသူများ၏ လေးစားခြင်းနှင့် အားကျမှုတို့ အားလုံး မရှိသော်လည်း၊ ဘုရားအိမ်တော်ထဲတွင် တာဝန်တစ်ခု ကျွန်တော် လုပ်နိုင်သည်၊ သမ္မာတရားကို လိုက်စားနိုင်ပြီး ရိုးသားသော လူတစ်ဦး ဖြစ်နိုင်သည်။ ကျွန်တော် အလွန် စိတ်ကျေနပ်ပြီး ပျော်ရွှင်သည်။ ဤသည်မှာ အမှန်တကယ် အဓိပ္ပာယ်အရှိဆုံး၊ တန်ဖိုးရှိသော ဘဝမျိုး ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်တွင် ပြောသည့်အတိုင်းသာ ဖြစ်သည်- “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။”(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “အဓိပ္ပာယ်ပြည့်ဝဆုံး အသက်တာ”) အနန္တတန်ခိုးရှင် ဘုရားသခင်သည် စာတန်၏ ဖျက်ဆီးမှုဒဏ်မှ ကျွန်တော့်ကို ရုန်းထွက်လွတ်မြောက်ခွင့်ပေးကာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိစေလျက်၊ ကျွန်တော့်ကို ကယ်တင်ခဲ့သူ ဖြစ်သည်။