၂၂။ ကျွန်တော့်မိဘတွေရဲ့ ကြင်နာမှုကို ဘယ်လိုသဘောထားရမယ်ဆိုတာ ကျွန်တော် သိလာခဲ့ပါပြီ
ကျွန်တော်အသက် သုံးနှစ်အရွယ်မှာ ကျွန်တော့် မိဘတွေက စိတ်သဘောထားမတိုက်ဆိုင်ကြလို့ ကွာရှင်းခဲ့ကြပြီး လေးနှစ်အရွယ်ရောက်တော့ မိထွေးတစ်ယောက်ရခဲ့တယ်။ ကျွန်တော့်ရဲ့ ကြာခဲ့ပြီဖြစ်တဲ့ မှုန်ဝါးဝါးအမှတ်တရတွေထဲမှာ ရပ်ကွက်ထဲက အဘွားအိုတချို့က ကျွန်တော့်ကို ခဏခဏ ပြောပြလေ့ရှိတာ သတိရမိတယ်။ “သနားစရာကလေးရေ၊ နောက်ပိုင်းမှာ နင် ဒုက္ခရောက်လိမ့်မယ်၊ မိထွေးတွေက သူတို့ရဲ့ကလေးတွေကို ဘယ်တော့မှ ဂရုမစိုက်ဘူး။ နင့်မိထွေးကို စိတ်ဆိုးအောင်မလုပ်နဲ့နော်၊ ကလေး။ နင် အရိုက်မခံရဘဲ ထမင်းစားလို့ရအောင် နာခံပြီး အလုပ်ကြိုးစားဖို့လိုတယ်”တဲ့။ အဲဒီအချိန်တုန်းက သူတို့ပြောတဲ့အဓိပ္ပာယ်ကို ကျွန်တော် တစ်ဝက်တစ်ပျက်ပဲ နားလည်ပြီး နည်းနည်း ကြောက်မိတယ်။ ဒါကြောင့် ကျွန်တော့် မိထွေးကို ကျွန်တော် ဘယ်တော့မှ ဒေါသထွက်အောင် မလုပ်ရဲခဲ့ဘူး။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက ကျွန်တော့်မိထွေးက ကျွန်တော့်ကို သူ့သားရင်းလိုပဲ အရမ်းကို ကောင်းကောင်း ဆက်ဆံခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော် ညီတစ်ယောက်ရလာခဲ့ပြီး ကျွန်တော့်မိထွေးက ကျွန်တော့်ကို အရင်လိုပဲ ဆက်ပြီး ဂရုစိုက်၊ ချစ်ပေးခဲ့တယ်။ တကယ်တော့ သူဟာ ကျွန်တော့်မွေးမိခင်ထက်တောင် ပိုပြီး ချစ်ပေးခဲ့တာပါ။ ကျွန်တော့်မိထွေးက ကျွန်တော့်ညီနဲ့ ကျွန်တော့်ကို ခဏခဏ ပြောလေ့ရှိတယ်။ “သားတို့အဖေနဲ့ အမေက ပိုက်ဆံရဖို့ ကြိုးစားပြီး ဆင်းရဲဒုက္ခခံရတယ်၊ ပြီးတော့ အမေတို့လုပ်နေတဲ့အရာတိုင်းက သားတို့နှစ်ယောက်လုံးအတွက် အိမ်အသစ်တွေဆောက်ပေးပြီး သားတို့ နှစ်ယောက်လုံး အိမ်ထောင်ပြုမဲ့အချိန်အတွက် ပြင်ဆင်ပေးတာပါ။ သားတို့ကြီးလာပြီး ကိုယ်ပိုင်မိသားစုတွေ ရှိလာတဲ့အခါ အမေတို့ကို ကျေးဇူးသိတတ်ရမယ်နော် တဲ့။ အမေတို့ အခက်အခဲဘယ်လောက် ခါးစည်းခံရပါစေ၊ အားလုံး ခံရကျိုးနပ်မှာပဲ”တဲ့။ အကြိမ်တိုင်းမှာ ကျွန်တော် လေးလေးနက်နက် ကတိပြုခဲ့တယ်။ “မေမေ၊ ကျွန်တော်ကြီးလာရင် မေမေတို့နှစ်ယောက်လုံးကိုကျွန်တော် သေချာပေါက် စောင့်ရှောက်ပါ့မယ်”လို့ပေါ့။ ကျွန်တော့်မိထွေးက ဒီစကားကို ကြားတဲ့အခါတိုင်း စိတ်သက်သာရာရသွားသလို ပြုံးပြီး အဆက်မပြတ် ခေါင်းညိတ်တယ်။ ကျွန်တော့်မိထွေးက ကျွန်တော့်ကို ပြုစုပျိုးထောင်ဖို့ ကြီးမားတဲ့ အခက်အခဲကို ဖြတ်သန်းခဲ့ရတဲ့အပြင် ကျွန်တော် အိမ်ထောင်ပြုပြီး ကိုယ်ပိုင်မိသားစုနဲ့ အလုပ်အကိုင် ရလာအောင် ကူညီပေးခဲ့တယ်။ ကျွန်တော့်အဘွားရဲ့ စကားတွေကို ကျွန်တော် အမြဲသတိရမိတယ်။ “ကလေးမွေးတာက ပြုစုပျိုးထောင်တာလောက် အရေးမကြီးဘူး”ဆိုတာနဲ့ “လူတွေကို ပေးသလောက် ပြန်ရတယ်၊ အပြန်အလှန်ရှိရမယ်လို့ ပြောကြသလိုပဲပေါ့။” ဒါက လူ့အပြုအမူနဲ့ဆိုင်တဲ့ စည်းမျဉ်းဖြစ်ပြီး လူတစ်ယောက်က အသိစိတ်မရှိတဲ့အပြင် ကျေးဇူးကန်းရင်၊ လူလို့ မခေါ်ထိုက်ဘူးလို့ ကျွန်တော် တွေးခဲ့တယ်။
၁၉၉၄ ခုနှစ်မှာ၊ ကျွန်တော်တို့ တစ်မိသားစုလုံးက သခင်ယေရှုကို ယုံကြည်လာခဲ့ကြတယ်။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က အသင်းတော်ကို မကြာမကြာ သွားဂရုစိုက်ပေးရတယ်။ ကျွန်တော်တို့ရဲ့ နှစ်နှစ်ရွယ်ကလေးနဲ့ စိုက်ခင်းထဲက အလုပ်ကို ကျွန်တော်တို့ အချိန်ပေးပြီး အာရုံစိုက်ဖို့လိုတဲ့အချိန်မှာတောင် တစ်ခါတလေ တစ်ရက် ဒါမှမဟုတ် နှစ်ရက် အိမ်မပြန်ဘဲနေတတ်တယ်။ ကျွန်တော်တို့က သခင့်ကို ကောင်းကောင်း အစေခံနိုင်အောင်လို့ ကျွန်တော့်အမေက အဲဒီအိမ်မှုကိစ္စတွေကို စပြီး တာဝန်ယူခဲ့တယ်။ ၂၀၀၂ခုနှစ်မှာ ကျွန်တော်တို့ တစ်မိသားစုလုံးက နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံခဲ့တယ်။ ကျွန်တော့်မိဘတွေက ကျွန်တော့်ရဲ့ တာဝန်တွေမှာ အပြည့်အဝ ပံ့ပိုးပေးခဲ့ကြတယ်။ သခင့်အပေါ် ကျွန်တော့်ရဲ့ယုံကြည်ခြင်းကြောင့် ကျွန်တော့်ဒေသမှာ ကျွန်တော် လူသိများလာလို့ ဒီအမှုတော်အဆင့်ကို လက်ခံပြီးတဲ့နောက်မှာ၊ ဒေသတွင်းမှာ ကျွန်တော့်ရဲ့ ဧဝံဂေလိအလုပ်က ရဲတွေရဲ့ အာရုံကို ဆွဲဆောင်ခဲ့တယ်။ ရဲတွေဖမ်းတာကို ရှောင်ဖို့၊ ကျွန်တော် အိမ်ကထွက်ခဲ့ပြီး တခြားနေရာမှာ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ အချိန်ကုန်ခဲ့တယ်။ ဒီအားလပ်ရက်တွေမှာ တခြားလူတွေက သူတို့မိသားစုတွေနဲ့ ပြန်ပေါင်းစည်းရတဲ့ မြင်ကွင်းကြောင့် ကျွန်တော့်ကိုယ်ပိုင် မိသားစုကို ကျွန်တော် တကယ် စိတ်ပူပြီး ကျွန်တော့်မိဘတွေကို လွမ်းမိတယ်။ အထူးသဖြင့် အလုပ်များတဲ့ လယ်လုပ်တဲ့ကာလမှာ ကျွန်တော့်အမေက ခါးနဲ့ခြေထောက်ပြဿနာတွေ၊ အဆစ်အမြစ်ကိုက်ခဲတာတွေ ဘယ်လို ခံစားခဲ့ရတယ်ဆိုတာနဲ့ သူ့ရဲ့ ဝေဒနာက တော်တော်လေး ဆိုးလာတဲ့ မိုးရာသီမှာဆိုရင် အိမ်မှာ စိုက်ပျိုးရေးအလုပ်ကြမ်းမလုပ်အောင် သူတို့ကို ကျွန်တော် တားဖို့ ကြိုးစားနေကျပေါ့။ ဒါပေမဲ့ အခုတော့ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က တာဝန်တွေကို ထွက်လုပ်နေကြရပြီး ကျွန်တော့်မိဘတွေက ကျွန်တော်တို့ရဲ့ ကလေးကို စောင့်ရှောက်ပေးရုံတင်မက စိုက်ခင်းတွေထဲမှာလည်း အလုပ်လုပ်ရတယ်။ သူတို့က အရမ်းအလုပ်ကြိုးစားကြတယ်။ ပြီးတော့ သူတို့ အလုပ်ကြမ်းလုပ်ဖို့ မလိုတော့အောင် လယ်အလုပ်ကို ကျွန်တော်ကူလုပ်ပေးဖို့အတွက် စွန့်စားပြီး အိမ်ပြန်ဖို့ တွေးမိတယ်။ ဒါပေမဲ့ ကျွန်တော် ပြန်သွားရင်၊ ရဲတွေဖမ်းတာခံရဖို့ အလားအလာ များမှာပဲ။ ပြီးတော့ကျွန်တော့်မိဘတွေကို ကျွန်တော် သိပ်ကူညီနိုင်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ ကျွန်တော်က ကိုယ့်တာဝန်တွေနဲ့ အလုပ်များပြီး အိမ်ပြန်ဖို့အတွက် အသင်းတော်အလုပ်ကို မစွန့်နိုင်ခဲ့ဘူး။ ကျွန်တော် လမ်းပေါ်မှာလျှောက်နေရင်းနဲ့ လယ်ကွင်းထဲမှာ လယ်သမားတွေ ဂျုံစပါးရိတ်သိမ်းနေတာကို မြင်လိုက်ရပြီး ကျွန်တော့်အမေက လယ်ကွင်းထဲမှာ သူ့နဖူးကချွေးကို သုတ်ဖို့ ခေါင်းမော့နေတာကို ကျွန်တာ် ကြည့်နေရသလိုမျိုးပဲ။ ကျွန်တော့် မျက်နှာမှာ မျက်ရည်တွေ စီးကျလာပြီး၊ ကျွန်တော် မညည်းဘဲ မနေနိုင်ခဲ့ဘူး။ “ငါ့ရဲ့ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ ဧဝံဂေလိအလုပ်ကြောင့် အဖမ်းခံရနိုင်တဲ့အန္တရာယ်မရှိခဲ့ရင်၊ ဒီလိုအလုပ်များတဲ့ရာသီမှာ ငါ့မိဘတွေကို ကူညီဖို့ အိမ်ပြန်နိုင်ခဲ့မှာပဲ”လို့ပေါ့။ အဲဒီအကြောင်းကိုတွေးလေ၊ ကျွန်တော့်မိဘတွေကို အကြွေးတင်တယ်လို့ ခံစားရလေပဲ။ အဲဒီညနေမှာ ကျွန်တော့်မိဘတွေ လယ်ကွင်းထဲမှာ တုန်တုန်ရီရီနဲ့ အလုပ်လုပ်နေတဲ့ပုံရိပ်က စိတ်ထဲပေါ်လာပြီး မျက်ရည်တွေ တိတ်တိတ်လေး မကျဘဲမနေနိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော့်မိဘတွေကို ဘုရားလက်ထဲအပ်ရင်းနဲ့ ဘုရားဆီ မကြာမကြာ ဆုတောင်းမိတယ်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ ကျွန်တော် ဧဝံဂေလိ ဟောနေတုန်း ရဲတွေဖမ်းတာကို ခံလိုက်ရတယ်။ စစ်ဆေးမေးမြန်းတဲ့အချိန်မှာ၊ ရဲတွေက ကျွန်တော့်ကို ညှဉ်းဆဲဖို့ ရက်စက်တဲ့ နည်းလမ်းတွေ သုံးခဲ့ကြတယ်။ မူးဝေနေတုန်းမှာ ရဲအရာရှိချုပ်က ကျွန်တော့်ကို သူ့ဖုန်းနဲ့ ဗီဒီယိုတစ်ခုကို ကြည့်ခိုင်းတယ်။ မျက်တွင်းချိုင့်ပြီး ငေးငိုင်တဲ့အကြည့်နဲ့ ကြည့်နေတဲ့ အသက်ကိုးဆယ်အရွယ် ကျွန်တော့်အဖွားကို မြင်လိုက်ရတယ်။ ကြည့်ရတာ သူက အချိန်မရွေး သေသွားနိုင်သလိုမျိုးပဲ။ မီးခိုးရောင်ဆံပင်တွေရှိပြီး မျက်နှာပေါ်မှာ မျက်ရည်တွေနဲ့ စိုနေတဲ့ ကျွန်တော့်အမေကိုလည်း မြင်ရတယ်။ သူရဲ့ နှုတ်ခမ်းတွေက တစ်ခုခုနဲ့ ပတ်သက်ပြီး ငြင်းခုန်နေသလိုမျိုး တုန်ယင်နေပြီး၊ သူ အရမ်းတုန်လှုပ်နေတဲ့ပုံရတယ်။ ဗီဒီယိုဖိုင်ကို ကြည့်ရင်း ကျွန်တော့်မျက်နှာမှာ မျက်ရည်တွေ စီးကျလာတယ်။ အဲဒီအခိုက်အတန့်ကို အမျိုးသား လုံခြုံရေး အဖွဲ့ခေါင်းဆောင်က လက်မလွှတ်တမ်း အသုံးချပြီး ပြောလိုက်တယ်။ “မင်းတို့ရွာက လူတွေကိုလည်း ငါတို့ စစ်ဆေးပြီးပြီ။ လူတိုင်းက မင်းကို အကောင်းပြောကြတယ်။ မင်းက တာဝန်သိတတ်တဲ့ သားဖြစ်တယ်။ မင်းအဖွားက အသက်တစ်ရာပြည့်တော့မယ်။ ပြီးတော့ မင်းရဲ့ မိဘနှစ်ယောက်လုံးကလည်း ခုနှစ်ဆယ်အရွယ်ရောက်နေကြပြီ။ သူတို့အားလုံးက မိသားစုပြန်ပေါင်းစည်းဖို့အတွက် မင်းပြန်လာဖို့ကို မျှော်လင့်နေကြတယ်။ မင်းရဲ့ အဖွားက သေခါနီးနေပြီ။ နောက်ဆုံးတစ်ကြိမ် မင်းသူ့ကို မမြင်ချင်ဘူးလား။ ‘ဘဝမှာ သားသမီးဝတ်ကျေပွန်ဖို့က ဦးစားပေးဖြစ်တယ်’ဆိုတဲ့ ဆိုရိုးလိုပေါ့။ မင်းရဲ့မိဘတွေက မင်းကို အားကိုးပြီး သူတို့ရဲ့အိုမင်းတဲ့အချိန်မှာ ပျော်ရွှင်နိုင်ဖို့အတွက် မင်းကို ပြုစုပျိုးထောင်ပေးခဲ့ကြတာ မဟုတ်လား။ မင်းက သူတို့ကို အသက်ကြီးလာတဲ့အချိန်မှာ ဒီလို အထီးကျန်စွာနဲ့ အချိန်ကုန်ဆုံးခွင့်ပေးရက်နိုင်တယ်ပေါ့။ သူတို့နှစ်ယောက်လုံးက အသက်ကြီးနေပါပြီ။ ဘယ်အချိန်မှာ သူတို့ကို နောက်ဆုံးအကြိမ် မင်း မြင်ရမလဲဆိုတာ လုံးဝ မသိရဘူးလေ။ မင်းရဲ့ ယုံကြည်ခြင်းကြောင့် ရှစ်နှစ်ကနေ ဆယ်နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံရရင်၊ သူတို့ကို မင်း လုံးဝ ထပ်မတွေ့ရတော့တာမျိုး ဖြစ်နိုင်တယ်။ အဲဒါကို ကျန်တဲ့ဘဝတစ်လျှောက်လုံး မင်း နောင်တရသွားလိမ့်မယ်။ မင်းသိထားတာကို ငါတို့ကို ပြောပြရင် မိသားစုနဲ့ပြန်ဆုံဖို့အတွက် ချက်ချင်း အိမ်ကိုပို့ပေးမယ်။ သေချာစဉ်းစားပါ”တဲ့။ ဒါကို ကြားတော့ အဖွားနဲ့ အမေတို့က ကျွန်တော့ကို ဂရုစိုက်၊ ချစ်ခင်ပေးခဲ့တဲ့ အမှတ်တရတွေက ကျွန်တော့ စိတ်မှာ ပြည့်လျှံလာပြီး မျက်ရည်တွေကို မထိန်းနိုင်အောင် ဖြစ်ခဲ့ရတယ်။ ကျွန်တော့်အမေက သူတို့ အသက်ကြီးတဲ့အခါ ကျွန်တော်က သူတို့ကို စောင့်ရှောက်မယ်လို့ မျှော်လင့်ခဲ့တာလေ။ ခုတော့ သူတို့နှစ်ယောက်လုံး အသက်ကြီးပြီး ကျန်းမာရေးချူချာနေကြတယ်။ ကျွန်တော့်ကို သူတို့ အလိုအပ်ဆုံးအချိန်မှာ ကျွန်တော်က သားတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းဖို့ ရှိမနေခဲ့ဘူး။ အဲဒီအစား၊ ကျွန်တော် အဖမ်းခံရလို့ သူတို့ကို အကြောက်တရားနဲ့ အသက်ရှင်စေခဲ့မိတယ်။ ကျွန်တော် ထောင်ထဲမှာနေဖို့ ရှစ်နှစ်ကနေ ဆယ်နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရရင်၊ သူတို့ကို လုံးဝ ထပ်မတွေ့ရတော့တာမျိုး ဖြစ်သွားနိုင်တယ်။ အဲဒီအကြောင်းကိုတွေးလေ၊ ကျွန်တော်အပျက်သဘောဆောင်လာလေဖြစ်ပြီး “ဧဝံဂေလိဟောဖို့ ဒီနေရာကို ငါလာပြီး အဖမ်းမခံခဲ့ရရင် သူတို့ကို ငါ ဂရုစိုက်ပေးနိုင်ခဲ့မှာ မဟုတ်လား။ အခု ငါ ဘာလုပ်သင့်လဲ။ ထောင်ချခံရဖို့အတွက် ပြင်ဆင်သင့်လား ဒါမှမဟုတ် ငါ့မိဘတွေရဲ့ ကြင်နာမှုကို ပြန်ဆပ်ဖို့အတွက် စာတန်နဲ့၊ နတ်ဆိုးတွေနဲ့ အပေးအယူ လုပ်သင့်လား။ ညီအစ်ကို မောင်နှမတွေ ဒါမှမဟုတ် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ငါ သစ္စာဖောက်လိုက်ရင်၊ ရှက်စရာကောင်းတဲ့ ယုဒတစ်ယောက် ဖြစ်သွားမှာဖြစ်ပြီး ငါ့အသိစိတ်က ဘယ်တော့မှ ငြိမ်သက်ခြင်း ရှာတွေ့မှာ မဟုတ်ဘူး။ ပြီးတော့ ဘုရားရဲ့ ကျိန်ခြင်းခံရပြီး ငရဲကိုသွားရမှာပဲ”လို့ တွေးရင်းနဲ့ မကျေနပ်ချက်ကို စထားလာမိတယ်။ ကျွန်တော့်စိတ်နှလုံးက ဝရုန်းသုန်းကားဖြစ်နေခဲ့တယ်။ ပြီးတော့ ကျွန်တော့်ခေါင်းက ပေါက်ကွဲတော့မလိုခံစားရပြီး ကျွန်တော် စိတ်ပျက်ပြားလုမတတ်ဖြစ်နေခဲ့တယ်။ ဆုတောင်းခြင်းနဲ့ ဘုရားဆီ ကျွန်တော် ဟစ်အော်မိတယ်။ “ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်တင်ပါ။ ကျွန်တော် ဘာလုပ်သင့်လဲ”လို့ပေါ့။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ခန်းက စိတ်ထဲရောက်လာတယ်။ “အချိန်တိုင်းတွင်၊ ငါ၏လူတို့သည် ငါ့အိမ်၏တံခါးကို ငါ့အတွက် စောင့်ကြပ်ရင်း၊ စာတန်၏ စဉ်းလဲသည့် အကြံအစည်များကို သတိထားသင့်ပေသည်။ ၎င်းတို့အနေဖြင့် စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းခြင်းကို ရှောင်လွှဲဖို့ရန်အလို့ငှာ၊ အချင်းချင်း အားပေးကာ အချင်းချင်းအတွက် ထောက်ပံ့ ပေးနိုင်သင့်ကြ၏၊ စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းချိန်တွင် နောင်တရဖို့ရန် အလွန် နောက်ကျသွားလိမ့်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃)) ဘုရားနှုတ်ကပတ်တော်တွေက မငြိမ်မသက်ဖြစ်နေတဲ့ ကျွန်တော့်စိတ်နှလုံးကို တည်ငြိမ်စေခဲ့တယ်။ စာတန်က ကျွန်တော့်ကို နင်းချေပြီး ဘုရားအပေါ် သစ္စာဖောက်အောင် ကျွန်တော့်ရဲ့ ချစ်ခင်တဲ့စိတ်ကို အသုံးပြုဖို့ ကြံစည်နေခဲ့တာပဲ။ သူ့ရဲ့ လှည့်စားမှုတွေကို ကျွန်တော်ခံလို့မရဘူး။ ကျွန်တော့်ရဲ့ သက်သေခံချက်မှာ ကျွန်တော် ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ပြီးတော့ ကျွန်တော် ပြောလိုက်တယ်။ “ကျွန်တော် ဘာတစ်ခုမှ မသိဘူး။ ကျွန်တော်ကို လုပ်ချင်သလိုလုပ်ပါ”လို့ပေါ့။ ရဲတွေက အပြည့်အဝ အားထုတ်ကြိုးပမ်းတာတွေ လုပ်ခဲ့ပေမဲ့ အသုံးဝင်တဲ့ ဘာသတင်းအချက်အလက်မှ မရခဲ့ကြဘူး။ နောက်ဆုံးမှာ တရားရုံးက ကျွန်တော့်ကို ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်ခဲ့တယ်။
၂၀၁၆ ခုနှစ် ဇူလိုင်မှာ ကမ္ဘာ့ငရဲကြီးထဲမှာရှိနေရတဲ့ ကျွန်တော့်ရဲ့ ပြစ်ဒဏ် ပြည့်သွားခဲ့တယ်။ ကျွန်တော် အိမ်ရောက်တော့ ကျွန်တော့်အမေက ကျွန်တော့်ခေါင်းကို သူလက်တွေနဲ့ ပွေ့ပိုက်ပြီး အသည်းအသန် စငိုတယ်။ သူ့မျက်နှာက မျက်ရည်တွေကို သုတ်ပေးရင်းနဲ့ ကျွန်တော် သူ့ကို နှစ်သိမ့်ခဲ့တယ်။ ကျွန်တော့်ဘာသာတွေးမိတယ်။ “စီစီပီရဲ့ ဖမ်းဆီး၊ နှိပ်စက်မှုတွေကြောင့် ဆယ်စုနှစ်ကျော် ငါ အိမ်မပြန်ခဲ့ရဘူး။ ငါ့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် ငါ့မိဘတွေက အမြဲ ပူပန်နေခဲ့ရတယ်။ အထူးသဖြင့် ငါ ထောင်ကျနေတဲ့အချိန်အတွင်းမှာ သူတို့ ငါ့ကို ပိုလို့တောင် စိတ်ပူခဲ့ရတယ်။ အခု သူတို့နှစ်ယောက်လုံးက ခုနှစ်ဆယ်အရွယ်ရှိနေကြပြီ။ ငါ သူတို့ကို ငါ့အတွက် တကယ် စိတ်မပူစေချင်တော့ဘူး။ အခု ငါ ပြန်လာပြီဆိုတော့ သူတို့နဲ့ အချိန်ပိုကုန်ဆုံးချင်တယ်။ ပြီးတော့ သားတစ်ယောက်အနေနဲ့ ငါ့တာဝန်တွေကို ဖြည့်ဆည်းချင်တယ်”လို့ပေါ့။ နှစ်ရက်သုံးရက်အကြာမှာ ကျွန်တော့်ဦးလေး ကျွန်တော့်ဆီလာပြီး ကျွန်တော့်ကို မကျေမနပ်ပြောလာတယ်။ “ဒီနှစ်တွေတစ်လျှောက်လုံးမှာ မင်း ပြန်မလာဖြစ်ခဲ့ဘူး။ မင်းအမေက အကြိမ်ကြိမ် ဆေးရုံတက်ခဲ့ရပြီး၊ မင်းကို အရိပ်အယောင် မတွေ့ခဲ့ရဘူး။ လူတိုင်းက မင်းကို အသုံးမကျတဲ့ သားတစ်ယောက်လို့ ပြောကြတယ်။ အခု မင်းရဲ့ မိဘနှစ်ပါးလုံးက အရမ်းအသက်ကြီးနေကြပြီ။ သူတို့က မင်းရဲ့ကလေးကို စောင့်ရှောက်ပြီး စိုက်ခင်းတွေမှာ မင်းအတွက် အလုပ်လုပ်ပေးနေခဲ့ကြတယ်။ အခု သူတို့ နှစ်ယောက်လုံး နေမကောင်းဖြစ်နေကြပြီ။ ဒါ သူတို့အတွက် လွယ်တယ်များ မင်းထင်နေလား။ အခု မင်းပြန်လာပြီဆိုတော့ အိမ်မှာ ကောင်းကောင်းမွန်မွန် နေပြီး အချိန်ကုန်ဖို့လိုတယ်။ ပြီးတော့ လူတွေ မင်းကို အတင်းအဖျင်းမပြောတော့အောင် သူတို့ကို သေချာစောင့်ရှောက်ပေးဖို့လိုတယ်”တဲ့။ ကျွန်တော့်ရဲ့ ဦးလေး ထွက်သွားတာကို ကြည့်ရင်းနဲ့ မသက်မသာဖြစ်တဲ့ ဝေဒနာတစ်ခုကို ကျွန်တော် ခံစားမိတယ်။ သူတို့အမြင်မှာ ကျွန်တော်က ကျေးဇူးကန်းတဲ့ ကလေးတစ်ယောက် တကယ်ဖြစ်လာခဲ့တာပဲ။ နယ်ခံ အသင်းတော်မှာ ကျွန်တော့်တာဝန်တွေကို ကျွန်တော်လုပ်နိုင်မယ်လို့ပဲ ထင်ခဲ့မိတာ။ အဲဒီလိုနဲ့ ကျွန်တော့်မိဘတွေကို ဂရုစိုက်လို့ရမှာပဲပေါ့။ ဒါပေမဲ့ ဒီလိုတွေးနေရင်းနဲ့ ကိုယ်ကိုယ်တိုင်က မကောင်းတဲ့ စိတ်နေစိတ်ထားထဲကို အမှုမဲ့အမှတ်မဲ့ ကျဆင်းသွားခဲ့တာ တွေ့ရတယ်။ ဒါကြောင့် ကျွန်တော် ဘုရားရဲ့ ရည်ရွယ်ချက်တွေကို ရှာရင်းနဲ့ ဘုရားကို သတိရှိရှိ ဆုတောင်းခဲ့တယ်။ လက်ရှိ ကျွန်တော့် အခြေအနေမှာ ကျွန်တော့်တာဝန်ကို အိမ်မှာ လုပ်လို့မရဘူး၊ ကျွန်တော် အချိန်မရွေး အဖမ်းခံရနိုင်ပြီး သားသမီးဝတ်ကျေပွန်ဖို့အတွက် ကိုယ့်တာဝန်တွေထမ်းဆောင်တာကို ရပ်လို့မရဘူးဆိုတာ ကျွန်တော် သဘောပေါက်ခဲ့ပါတယ်။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ဘုရားဆီက အရမ်းများတဲ့ ကျေးဇူးတော်နဲ့ ရေလောင်းပေးတာ၊ သမ္မာတရား ထောက်ပံ့ပေးတာတွေကို မွေ့လျော်ခံစားခဲ့ရတယ်။ ဒါကြောင့် အခု ကျွန်တော် အသိစိတ်ပျောက်လို့မဖြစ်ဘူး။ ဘုရားမေတ္တာကို ပြန်ဆပ်ဖို့ ကျွန်တော့်တာဝန်တွေကို ကျွန်တော် လုပ်ရမယ်။ ဒါကြောင့် ကျွန်တော် ထပ်ပြီး ဧဝံဂေလိ ထွက်ဟောခဲ့တယ်။
ဒါပေမဲ့ စိတ်ထဲမှာတော့ ကျွန်တော့်အမေအပေါ် စိတ်ခံစားမှုဆိုင်ရာ သံယောဇဉ်က စွဲကျန်နေပြီး တချို့ အခြေအနေတွေမှာ ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ဖြစ်ရတာကို တွေ့ရတယ်။ ကျွန်တော့်ရဲ့ အိမ်ရှင် အစ်မကြီးက မကြာမကြာ ခေါင်းမူးတတ်တယ်။ တစ်ခါမှာ သူ နေမကောင်းဖြစ်ပြီး ဆယ်ရက်ကျော် ဆေးရုံမှာနေခဲ့ရတယ်။ ကျွန်တော့်အမေကို တွေးမိတယ်။ “အခုဆို သူက အသက်ရှစ်ဆယ်နီးပါးရှိနေပြီ။ သူ့မှာ သွေးတိုးနဲ့ နှလုံးရောဂါရှိပြီး မကြာမကြာ ခေါင်းမူးတတ်တယ်။ သူနေမကောင်းဖြစ်ပြီး ဆေးရုံတက်ဖို့လိုရင် ဘယ်လိုလုပ်မလဲ။ ‘ကလေးမွေးတာက ပြုစုပျိုးထောင်တာလောက် အရေးမကြီးဘူး’ဆိုတာနဲ့ ‘ဘဝမှာ သားသမီးဝတ် ကျေပွန်ဖို့က ဦးစားပေးဖြစ်တယ်’ဆိုတဲ့ ဆိုရိုးစကားတွေလိုပေါ့။ သူတို့ရဲ့ သားအနေနဲ့ ငါက ငါ့မိဘတွေအတွက် ရှိတောင်မရှိပေးနိုင်တဲ့အပြင် သူတို့ကို အလုပ်အကျွးမပြုနိုင်ဘူး။ ငါ့အမျိုးတွေနဲ့ အိမ်နီးချင်းတွေက ငါဟာ သားသမီးဝတ်မကျေဘူး၊ ကျေးဇူးကန်းပြီး အသိစိတ်မဲ့တယ်လို့ ပြောကြမှာ မဟုတ်လား”လို့ပေါ့။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်တော့် အမေကို ဘယ်လောက်လွမ်းပြီး စိတ်ပူတယ်ဆိုတာကို ဘယ်လိုမှ ဖယ်ရှားလို့မရခဲ့ဘူး။ ကျွန်တော့်အမေရဲ့ မျှော်လင့်ချက်နဲ့ ပြည့်နေတဲ့ အကြည့်ပုံရိပ်က ကျွန်တော့်စိတ်ထဲမှာ စွဲကျန်နေခဲ့တယ်။ ကျွန်တော့် ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေရဲ့ လှောင်ပြောင်သံတွေက ကျွန်တော့်နားထဲမှာ မြည်နေခဲ့တယ်။ ကျွန်တော့်နှလုံးသားက ဖိနှိပ်ခံနေရသလို ခံစားရတယ်။ ကျွန်တော့်တာဝန်တွေမှာ ဘာရလဒ်မှမရဘဲ ဟန်ပြလုပ်ရင်းနဲ့ အချိန်ကုန်ခဲ့တယ်။ ကျွန်တော့် အခြေအနေက ကျွန်တော့်ရဲ့ တာဝန်လုပ်နိုင်စွမ်းကို ထိခိုက်နေမှန်း ကျွန်တော် သဘောပေါက်လိုက်တယ်။ ဒါကြောင့် အကူအညီရှာဖို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတယ်။ “သင့်မိဘများသည် ကမ္ဘာတွင် သင်နှင့်အရင်းနှီးဆုံးလူများ ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် သင်၏အထက်လူကြီးများ၊ ခေါင်းဆောင်များ ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် သင့်အားမွေးဖွားပေးပြီး ပျိုးထောင်ပေးသော၊ သင့်အား အစားအစာ၊ အဝတ်အစား၊ နေအိမ်၊ သယ်ယူပို့ဆောင်မှုတို့ကို ထောက်ပံ့ပေးသော၊ သင့်အား လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခဲ့သောသူများ ဖြစ်သည်ဟုလည်းကောင်း၊ သင့်ကို ဖြည့်ဆည်းပံ့ပိုးပေးသူများ ဖြစ်သည်ဟုလည်းကောင်း သင်ယုံကြည်လျှင် ၎င်းတို့၏ မျှော်မှန်းချက်များကို လက်လွှတ်ရန် သင့်အတွက် လွယ်ကူမည်လော။ (လွယ်ကူမည်မဟုတ်ပါ။) ဤအရာများကို သင်ယုံကြည်လျှင် သင်သည် သင့်မိဘ၏ မျှော်မှန်းချက်များကို ဇာတိပကတိ အမြင်ရှုထောင့်မှနေ၍ ချဉ်းကပ်နိုင်ခြေ အလွန်များလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ မသင့်လျော်သော၊ ကျိုးကြောင်းမညီညွတ်သော မျှော်မှန်းချက်တစ်ခုခုအား လက်လွှတ်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ သင်သည် ၎င်းတို့မျှော်မှန်းချက်များ၏ ချည်နှောင်ခြင်းနှင့် ဖိနှိပ်ခြင်းကို ခံရမည်။ သင်သည် စိတ်နှလုံးတွင် ကျေနပ်မှု၊ လိုလားမှု မရှိလျှင်ပင် ဤမျှော်မှန်းချက်များအား ချိုးဖျက်လွတ်မြောက်ရန် အစွမ်းရှိမည်မဟုတ်ပေ။ ပြီးလျှင် ယင်းတို့ကို ဤအတိုင်း ဖြစ်သမျှအကြောင်းအကောင်းဟု ဖြစ်ခွင့်ပြုခြင်းမှလွဲ၍ သင့်၌ ရွေးချယ်စရာ ရှိမည်မဟုတ်ပေ။ သင်သည် အဘယ်ကြောင့် ယင်းတို့ကို ဤအတိုင်း ဖြစ်သမျှအကြောင်းအကောင်းဟု ဖြစ်ခွင့်ပြုရမည်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် သင့်မိဘများ၏ မျှော်မှန်းချက်များအား လက်လွှတ်ပြီး ၎င်းတို့၏ မည်သည့်မျှော်မှန်းချက်ကိုမဆို လျစ်လျူရှုရမည်၊ သို့မဟုတ် ငြင်းပယ်ရမည်ဆိုလျှင် သင်သည် သားသမီးဝတ်မကျေပွန်သော သားသမီးဟုလည်းကောင်း၊ သင်သည် ကျေးဇူးမသိတတ်ဟုလည်းကောင်း၊ သင့်မိဘများအား သင် တာဝန်ပျက်ကွက်သည်ဟုလည်းကောင်း၊ ပြီးလျှင် သင်သည် လူကောင်းတစ်ယောက် မဟုတ်ဟုလည်းကောင်း ခံစားရမည်ဖြစ်သောကြောင့် ဖြစ်သည်။ သင်က ဇာတိပကတိ အမြင်ရှုထောင့်ကို ခံယူလျှင် သင့်မိဘများ၏ ကြင်နာမှုကို ပြန်ပေးဆပ်ရန်အတွက် သင်၏ အသိတရားကို အသုံးချဖို့၊ သင့်အတွက် သင့်မိဘများက ခံယူခဲ့သော ဒုက္ခသည် အလဟဿ မဖြစ်အောင်သေချာစေဖို့ သင်တတ်နိုင်သမျှ အရာရာတိုင်းကို လုပ်ဆောင်မည်ဖြစ်ပြီး ၎င်းတို့၏ မျှော်မှန်းချက်များကိုလည်း အကောင်အထည် ဖော်လိုလိမ့်မည်။ သင်သည် ၎င်းတို့က သင့်အား လုပ်ဆောင်ရန် ခိုင်းစေသည့်အရာရာတိုင်းကို ဖြစ်မြောက်ရန်၊ ၎င်းတို့အား စိတ်ပျက်အောင် လုပ်မိခြင်းမှ ရှောင်ကြဉ်ရန်၊ ၎င်းတို့အား ကျင့်ဝတ်နှင့်အညီ ကောင်းမွန်စွာ ဆက်ဆံရန် ပြင်းပြင်းထန်ထန် ကြိုးစားလိမ့်မည်ဖြစ်ပြီး ၎င်းတို့ အသက်ကြီးသည့်အခါ၌ ၎င်းတို့အား စောင့်ရှောက်ရန်၊ ၎င်းတို့၏ နောက်ဆုံးနှစ်ကာလများ၌ ပျော်ရွှင်ရဖို့အတွက် သေချာစေရန် သင် ဆုံးဖြတ်ချက်ချလိမ့်မည်။ ပြီးလျှင် သင်သည် ၎င်းတို့၏ အသုဘကို ကိုင်တွယ်ရန်၊ သားသမီးဝတ်ကျေပွန်သော သားသမီးတစ်ယောက်ဖြစ်လိုသည့် သင်၏ကိုယ်ပိုင် ဆန္ဒကို ဖြည့်ဆည်းရင်း တစ်ချိန်တည်းတွင်ပင် ၎င်းတို့အား စိတ်ဖြည့်ဆည်းပေးရန် အနည်းငယ်ပို၍ပင် စဉ်းစားလိမ့်မည်။ လူတို့သည် ဤကမ္ဘာလောက၌ အသက်ရှင်စဉ်တွင် လူထုအမြင်နှင့် လူမှုရေးအခြေအနေအမျိုးမျိုးတို့အပြင် လူ့အဖွဲ့အစည်း၌ လူသိများသော မတူညီသောအတွေးအမြင်များ၏ လွှမ်းမိုးခြင်းကို ခံရသည်။ လူတို့သည် သမ္မာတရားကို နားမလည်လျှင် ဤအရာများကို ဇာတိပကတိခံစားချက်များ၏ ရှုထောင့်များမှနေ၍သာ ရှုမြင်နိုင်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် ထိုအမြင့်ရှုထောင့်မှသာ ဤအရာများကို ကိုင်တွယ်နိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေ ဖော်ထုတ်တာက ကျွန်တော့်အခြေအနေ အတိအကျပါပဲ။ ကျွန်တော်က အမှုအရာတွေကို အသွေးအသား သံယောဇဉ်နဲ့ဆိုင်တဲ့ ရှုထောင့်အမြင်ကနေ ကြည့်နေခဲ့တာပဲ။ ကျွန်တော့်မှာရှိသမျှတိုင်းက ကျွန်တော့်မိဘတွေဆီက လာတာဖြစ်ပြီး လူတစ်ယောက်အနေနဲ့ ကျွန်တော့်ကို ပြုစုပျိုးထောင်ပေးတဲ့အတွက် ကျွန်တော့်မိဘတွေကို ကျွန်တော် ကျေးဇူးတင်ပြီး ပြန်ဆပ်သင့်တယ် ကျွန်တော့်မိဘတွေရဲ့ တောင်းဆိုချက်နဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးစားသင့်တဲ့အပြင် ဒါက အသိစိတ်ရှိတဲ့ လူတစ်ယောက် လုပ်သင့်တဲ့အရာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ခဲ့မိတယ်။ ကျွန်တော် ငယ်ရွယ်တုန်းမှာ ကျွန်တော့်မိဘတွေက ကွာရှင်းခဲ့ကြပြီး ကျွန်တော်က မိထွေး နှိပ်စက်တာခံရမဲ့ သနားစရာ ကလေးတစ်ယောက်ပဲလို့ လူအတော်များများက ပြောခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော့်မိထွေးက ကျွန်တော့်ကို သူ့သားအရင်းလို ဆက်ဆံခဲ့တယ်။ ကျွန်တော့်ရဲ့ နုနယ်တဲ့ နှလုံးသားမှာ၊ သူက ကျွန်တော့်ရဲ့ မွေးသမိခင်ထက်တောင် ကျွန်တော်နဲ့ ပိုနီးစပ်ခဲ့တယ်။ သူက ကျွန်တော့်ညီနဲ့ ကျွန်တော့်ကို ပျိုးထောင်ဖို့ ကြိုးစားပမ်းစား အလုပ်လုပ်၊ ကုတ်ကုတ်ကျစ်ကျစ်နေပြီး စုဆောင်းခဲ့တယ် ကျွန်တော့်ပညာရေးကို ပံ့ပိုးပြီး ကျွန်တော့်ကိုယ်ပိုင် မိသားစုနဲ့ အလုပ်အကိုင်အစပြုဖို့ ကူညီခဲ့တဲ့အပြင် သူဟာ ကျွန်တော့်ဘဝမှာ အလေးစားရဆုံးနဲ့ တန်ဖိုးအထားရဆုံးလူဖြစ်တယ်လို့ ကျွန်တော် ခံစားရတယ်။ ဒါကြောင့် သူ အသက်ကြီးလာတဲ့အခါ သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ဂရုစိုက်မယ်လို့ ကျွန်တော့်စိတ်ထဲမှာ လျှို့ဝှက်ကတိသစ္စာပြုခဲ့တယ်။ ကျွန်တော့်အမေက သူနဲ့ ကျွန်တော့်အဖေ အိုလာတဲ့အခါ သူတို့ကို ကျွန်တော် ဂရုစိုက်ပြီး သူတို့ အားကိုးလို့ရတဲ့ လူတစ်ယောက် သေချာပေါက်ရှိဖို့ကိုပဲ မျှော်လင့်ပြီးတော့ ကျွန်တော့်အပေါ် နည်းနည်းတောင်းဆိုခဲ့တယ်။ ဒါက ကျွန်တော့်အပေါ် ကျွန်တော့်အမေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါ။ ကျွန်တော့်ဘာသာတွေးမိတယ်။ “အသိစိတ်ရှိတဲ့ လူတစ်ယောက်အနေနဲ့ ငါ့မိဘတွေရဲ့ ဆန္ဒတွေကို ငါ အကောင်းဆုံး ဖြည့်ဆည်းပေးပြီး ငါ့မိဘတွေကို သားသမီးဝတ်ကျေပွန်သင့်တယ်။ မဟုတ်ရင် ငါက သားသမီးဝတ်မကျေပွန်တဲ့အပြင် အသိစိတ်မရှိတဲ့ ကျေးဇူးကန်းတဲ့ လူတစ်ယောက်ဖြစ်ပြီး လူ့အဖွဲ့အစည်းရဲ့ ရှုတ်ချတာကို ခံထိုက်မှာပဲ”လို့ပေါ့။ ကျွန်တော်က တခြားနေရာမှာ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေရလို့ အားလပ်ရက်နဲ့ အလုပ်များတဲ့ စိုက်ပျိုးမွေးမြူရေး ကာလတွေမှာ ကျွန်တော် တကယ်ကို ခဏခဏ စိတ်ပူမိတယ်။ ကျွန်တော့်မိဘတွေက အလုပ်အရမ်းကြိုးစားပြီး နေမကောင်းဖြစ်မှာကို စိုးပြီးတော့ပေါ့။ ဒါကြောင့် သူတို့ကို ကူညီဖို့ ကျွန်တော် အိမ်ပြန်ချင်ခဲ့တယ်။ ကျွန်တော့်တာဝန်တွေကို ကျွန်တော် လုပ်နေပုံပေါ်ပေမဲ့ ကျွန်တော့် စိတ်နှလုံးက ငြိမ်သက်ခြင်း ရှာမတွေနိုင်ခဲ့ဘူး။ ပြီးတော့ ကျွန်တော့် တာဝန်တွေမှာ ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေမိခဲ့တယ်။ ကျွန်တော် အဖမ်းခံရပြီးတဲ့နောက်မှာ ညီအစ်ကို မောင်နှမတွေကို သစ္စာဖောက်အောင် ရဲတွေက ကျွန်တော့်မိဘတွေပေါ်ထားတဲ့ ကျွန်တော့်ရဲ့ သံယောဇဉ်ကို အသုံးချခဲ့ကြတယ်။ ကျွန်တော့်ကို ဉာဏ်အလင်းပေး၊ လမ်းပြတဲ့ ဘုရားနှုတ်ကပတ်တော်တွေကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော့်ရဲ့ သံယောဇဉ်ကြောင့် ဘုရားကို သစ္စာဖောက်ခဲ့ပြီးဖြစ်နိုင်တယ်။ ကျွန်တော့်ကို ဧည့်ခံတဲ့အိမ်က အစ်မကြီး နေမကောင်းဖြစ်လာပြီး ဆေးရုံတက်ရတာကိုမြင်တော့ ကျွန်တော့်အမေကို သတိရမိတယ်။ သူ ဘယ်လို အားနည်းပြီး နေမကောင်းဖြစ်တတ်တယ်ဆိုတာနဲ့ သူ့ကို ဂရုစိုက်ဖို့ ကျွန်တော် အိမ်မပြန်နိုင်ခဲ့ပုံတွေကို တွေးမိတယ်။ ကျွန်တော် အပြစ်ရှိသလို ခံစားရပြီး စိတ်ဓာတ်ကျတယ်။ ပြီးတော့ အပျက်သဘောဆောင်ပြီး အားနည်းလာတယ်။ ကျွန်တော့် စိတ်နှလုံးမှာ ဘုရားအပေါ် မကျေနပ်ချက်တွေ တိတ်တိတ်လေး ထားမိခဲ့တယ်။ ကျွန်တော့်မိဘတွေရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော် မဖြည့်ဆည်းနိုင်ခဲ့ဘူး၊ သားသမီးဝတ် မကျေပွန်နိုင်ခဲ့ဘူးဆိုတာနဲ့ ဒါတွေအားလုံးက ဘုရားအပေါ် ကျွန်တော့်ရဲ့ ယုံကြည်ခြင်းနဲ့ ကျွန်တော့်တာဝန်တွေကြောင့်ပဲဖြစ်တယ်လို့ ယုံကြည်နေမိခဲ့တယ်။ ဘုရားကို နှစ်အတော်များများ ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်တော်က ဘာသမ္မာတရားမှ မရခဲ့တဲ့အပြင် ကိစ္စတွေကို ဘုရားနှုတ်ကပတ်တော်အတိုင်း မမြင်နိုင်သေးတာ ကျွန်တော် တွေ့ခဲ့ရတယ်။ ကျွန်တော့် မိသားစု ပါဝင်ပတ်သက်တဲ့ ကိစ္စရပ်တိုင်းမှာ၊ ကျွန်တော့်ရဲ့ သွေးသား သံယောဇဉ် စိုးမိုးတာကို ကျွန်တော် ခံရတယ်ဆိုတာ အမြဲ တွေ့ရတယ်။ အဲဒါက ဘာသာတရားမရှိသူရဲ့ အမြင်တွေကို ကျွန်တော် စွဲကိုင်နေသေးတဲ့ သဘောပဲ။ ဒါကြောင့် ကျွန်တော့် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို နားလည်အောင် ဉာဏ်အလင်းပေး လမ်းပြဖို့ ဘုရားကို ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတယ်။ “တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းခြင်းကြောင့် တရုတ်လူမျိုးများ၏ ရိုးရာအယူအဆများတွင် ၎င်းတို့က မိမိ၏မိဘများအပေါ်တွင် သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းရမည်၊ သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းခြင်း မရှိသူမည်သူမဆိုသည် သားသမီးဝတ် မကျေပွန်သောသားသမီးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် ကလေးဘဝကတည်းက ဤအယူအဆများဖြင့် သွတ်သွင်းခြင်းခံခဲ့ရသည်။ အိမ်ထောင်စုတိုင်းနီးပါးတွင် သွန်သင်ပေးကြပြီး ကျောင်းတိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ပါ သွန်သင်ပေးကြ၏။ လူတစ်ယောက်၏ ခေါင်းထဲတွင် ဤသို့သောအရာများ ပြည့်နေသောအခါ သူသည် ‘သားသမီးဝတ်က ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ငါက မလိုက်နာဘူးဆိုရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ သားသမီးဝတ် မကျေပွန်တဲ့ကလေးဖြစ်ပြီး လူ့အဖွဲ့အစည်းက လူသိရှင်ကြား စွပ်စွဲရှုတ်ချတာကို ခံရမှာပဲ။ ငါက အသိတရားမရှိတဲ့သူဖြစ်မှာပဲ’ ဟု ထင်မြင်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတို့သည် ဘုရားသခင်က ဖော်ပြသော အလွန်များသည့် သမ္မာတရားများကို မြင်ကြပြီးဖြစ်သည်။ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟု ဘုရားသခင်က တောင်းဆိုခဲ့သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်ရမည်ဖြစ်သော သမ္မာတရားများထဲမှ တစ်ခုဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အချို့သော စည်းမျဉ်းများကိုသာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားသခင်က တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။...စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသည်၊ သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် အလျှော့ပေးမိလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤလူများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ တန်ပြန်စွပ်စွဲချက်ကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော၊ ငါ့ကို ပြောလော့။ ၎င်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်ရတာက ကလေးဘဝကတည်းက ရိုးရာယဉ်ကျေးမှုရဲ့ လွှမ်းမိုးတာ ခံခဲ့တာကြောင့်နဲ့ ကျွန်တော့် ကြီးပြင်းလာရခြင်းရဲ့ လွှမ်းမိုးမှုကြောင့်လည်း ကျွန်တော်က “တစ်လုတ်စားဖူး သူ့ကျေးဇူး”၊ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏။”ဆိုတာနဲ့ “သင်၏မိဘများ အသက်ရှင်နေစဉ် အဝေးသို့ ခရီးမသွားနှင့်”ဆိုသလိုမျိုး ရိုးရာအယူအဆတွေကို ကျင့်ကြံပြုမူရမဲ့ စည်းမျဉ်းတွေအနေနဲ့ သဘောထားမိခဲ့တယ်ဆိုတာပဲ။ ကျွန်တော့်မိဘတွေကို ကျွန်တော့်ရဲ့ ကျေးဇူးရှင်တွေနဲ့ ရာသက်ပန် အကြွေးရှင်တွေလို မြင်ခဲ့တယ်။ ပြီးတော့ ကျွန်တော် သားသမီးဝတ်မကျေပွန်နိုင်ဘဲ ကျွန်တော့်မိဘတွေကို သူတို့ရဲ့ အိုမင်းတဲ့အရွယ်မှာ ပျော်ခွင့်မပေးနိုင်ရင် အသိစိတ်မရှိတဲ့ သားသမီးဝတ်မကျေပွန်တဲ့ ကလေးတစ်ယောက်ဖြစ်မယ်၊ လူ့အဖွဲ့အစည်းရဲ့ အထင်သေး၊ ရှုတ်ချတာနဲ့ ထိုက်တန်မယ်လို့ ယုံကြည်ခဲ့တယ်။ ရိုးရာယဉ်ကျေးမှုဆိုင်ရာ စံတန်ဖိုးတွေရဲ့ လွှမ်းမိုးမှုအောက်မှာ အားလပ်ရက်တွေ အလုပ်များရတဲ့ စိုက်ပျိုးမွေးမြူရေး ကာလတွေမှာ ဒါမှမဟုတ် အသက်ကြီးတဲ့ ညီအစ်ကို မောင်နှမတွေ နေမကောင်းဖြစ်ပြီး ဆေးရုံတက်ရတာကို မြင်ရတဲ့အချိန်မှာ ကျွန်တော့်မိဘတွေနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ကျွန်တော် ပြန်သတိရပြီး ကျွန်တော့်မိဘတွေအတွက် အိမ်မပြန်နိုင်ခဲ့လို့ ကျွန်တော် ရက်တော်တော်ကြာ စိတ်ဓာတ်ကျသွားပြီး တာဝန်ထမ်းဆောင်တာတွေကို ထိခိုက်သွားတယ်။ ကျွန်တော့်အပေါ် အမေ့ရဲ့ မျှော်လင့်ချက်တွေက ကျွန်တော့်စိတ်နှလုံးမှာ ကျွန်တော် လုံးဝ ပြန်မဆပ်နိုင်မဲ့ စိတ်ခံစားမှုဆိုင်ရာ အကြွေးတစ်ခုဖြစ်လာတယ်။ ရဲတွေရဲ့ ဖမ်းဆီး၊ စစ်ဆေးတာ ကျွန်တော် ခံရတဲ့အချိန်မှာ ကျွန်တော့်ကို အထင်အမြင်မှားအောင် “ဘဝမှာ သားသမီးဝတ်ကျေပွန်ခြင်းက ဦးစားပေးဖြစ်တယ်”ဆိုသလိုမျိုး ဆိုရိုးတွေကို သူတို့ သုံးကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဉာဏ်အလင်းပေး၊ လမ်းပြမှုကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော့်ရဲ့ သွေးသား သံယောဇဉ်ကို မလွန်ဆန်နိုင်ဖြစ်ပြီး ဘုရားကို သစ္စာဖောက်ခဲ့မိမှာပဲ။ အဖမ်းခံရပြီးတဲ့နောက်မှာ သူတို့ရဲ့ သွေးသား သံယောဇဉ်ကြောင့် ဘုရားကို သစ္စာဖောက်ခဲ့တဲ့သူတွေအပေါ် သုံးသပ်တဲ့အခါ သူတို့က သူတို့မိသားစုတွေနဲ့ သူတို့ရဲ့ သွေးသား အလိုဆန္ဒတွေကို ဖြည့်ဆည်းခဲ့ကြပေမဲ့ ဘုရားရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးခဲ့ကြတယ်ဆိုတာ သဘောပေါက်ရတယ်။ သံယောဇဉ် ပြဿနာတွေကို မဖြေရှင်းဘဲနေရင် ဘုရားကို အချိန်မရွေး သစ္စာဖောက်နိုင်တယ်ဆိုတာ မြင်ရတယ်။ ဘုရားအပေါ် ကျွန်တော့်ရဲ့ ယုံကြည်ခြင်းနဲ့ ကျွန်တော့်တာဝန်တွေကို ထမ်းဆောင်ခြင်းကတစ်ဆင့် သမ္မာတရားတချို့ကို ကျွန်တော် နားလည်လာခဲ့တယ်။ ဘဝရဲ့ အရေးပါမှုကို ကျွန်တော် နားလည်လာပြီး ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက နည်းနည်း ပြောင်းလဲသွားတယ်။ ဘဝရဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ကျွန်တော် လျှောက်နိုင်တာက ဘုရားရဲ့ ကျေးဇူးတော်ပါ။ ဒါပေမဲ့ ကျေးဇူးတင်မဲ့အစား ကျွန်တော်က ဘုရားအပေါ် မကျေနပ်ချက်တွေ ထားခဲ့တယ်။ ဘုရားကို ယုံကြည်တဲ့ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းနဲ့ စီစီပီက ကျွန်တော့်ကို လိုက်လံဖမ်းဆီးတာကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော့် အိမ်ကို ကျွန်တော် ကျောခိုင်းခဲ့မှာမဟုတ်တဲ့အပြင် ကျွန်တော့်မိဘတွေကို သားသမီးဝတ် ကျေပွန်နိုင်ဦးမှာပဲလို့ တွေးပြီးတော့ပေါ့။ ကျွန်တော့်မိဘတွေအပေါ် ကျွန်တော် သားသမီးဝတ် မကျေပွန်နိုင်တဲ့အချက်က စီစီပီရဲ့အဖမ်းအဆီးတွေနဲ့ နှိပ်စက်ညဉ်းပန်းမှုတွေကြောင့်ဆိုတာ သိသာနေပေမဲ့ ဘုရားကို ကျွန်တော် အပြစ်တင်ခဲ့တယ်။ စာတန်က အထင်အမြင်မှားအောင်လုပ်တာကြောင့် ကျွန်တော်က စိတ်ရှုပ်ထွေးပြီး အမှန်နဲ့အမှားကို မပိုင်းခြားနိုင်ခဲ့တဲ့အပြင် သိတောင်မသိလိုက်ဘဲ ဘုရားကို ပုန်ကန်ပြီး ဆန့်ကျင်နေခဲ့မိမှန်းကို ကျွန်တော် မြင်ရတယ်။ ဒါကို သဘောပေါက်တဲ့အခါ ကျွန်တော့်စိတ်နှလုံးထဲမှာ နက်ရှိုင်းတဲ့ နောင်တကို ခံစားရပြီး ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ဒီအခြေအနေမှာ အသက်ရှင်တာက ကိုယ်တော်ကို ပုန်ကန်တာဖြစ်မှန်း ကျွန်တော် သိပါတယ်။ ပြီးတော့ ကျွန်တော့်အထဲကို စာတန် သွတ်သွင်းပေးထားတဲ့ ဒီစိတ်ကူးတွေအတိုင်း ကျွန်တော် အသက်မရှင်ချင်ပါဘူး။ ကျေးဇူးပြုပြီး သမ္မာတရားကို နားလည်ဖို့နဲ့ ချင့်ချိန်နိုင်စွမ်းရဖို့အတွက် ကျွန်တော့်ကို ဉာဏ်အလင်းပေး လမ်းပြပါ”လို့ပေါ့။
နောက်တော့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတယ်။ “သင့်မိဘများက သင့်အားမွေးဖွားပေးသည့်အကြောင်းကို ကြည့်ကြစို့။ သင့်အား မွေးဖွားပေးရန် ၎င်းတို့အတွက် ရွေးချယ်ခဲ့သောသူမှာ မည်သူနည်း။ သင်ဖြစ်သလော၊ သို့မဟုတ် သင့်မိဘများဖြစ်သလော။ မည်သူက မည်သူ့ကို ရွေးချယ်ခဲ့သနည်း။ ဤအရာကို ဘုရားသခင်၏ အမြင်ရှုထောင့်မှကြည့်လျှင် အဖြေမှာ မည်သူကမျှ မရွေးချယ်ခဲ့ပေ။ သင့်အား မွေးဖွားပေးရန် သင့်မိဘများအား ရွေးချယ်ခဲ့သည်မှာ သင်လည်းမဟုတ်၊ သင့်မိဘများလည်း မဟုတ်ပေ။ ဤအမှုကိစ္စ၏ အရင်းအမြစ်ကိုကြည့်လျှင် ဤအရာကို ဘုရားသခင်က ကြိုတင်စီမံခဲ့ခြင်းဖြစ်သည်။ ဤကိစ္စသည် လူတို့အတွက်နားလည်ရန် လွယ်ကူသောကြောင့် ယခုလောလောဆယ်အနေဖြင့် ဤအကြောင်းအရာကို ငါတို့ ဘေးဖယ်ထားမည်။ သင်၏ အမြင်ရှုထောင့်၌ သင်သည် သင့်မိဘများက မွေးဖွားပေးခြင်းကို ငြိမ်သက်စွာဖြင့် ခံရပြီး ဤအမှုတွင် မည်သည့်ရွေးချယ်စရာမျှ မရှိပေ။ သင့်မိဘများ၏ ရှုထောင့်၌ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အမှီအခိုကင်းသောစိတ်ဖြင့် သင့်အား မွေးဖွားပေးသည်။ ဟုတ်သလော။ တစ်နည်းအားဖြင့် ဘုရားသခင်၏ စီမံခြင်းကို ဘေးဖယ်ထားပြီး သင့်အား မွေးဖွားခြင်းကိစ္စနှင့်ပတ်သက်လျှင် အခွင့်အာဏာအားလုံးရှိသူမှာ သင့်မိဘများ ဖြစ်သည်။ ၎င်းတို့က သင့်အားမွေးဖွားရန် ရွေးချယ်ခဲ့သည်။ ၎င်းတို့က အားလုံးကို ဆုံးဖြတ်သည်။ သင့်အား မွေးဖွားပေးရန် ၎င်းတို့ကို သင်မရွေးချယ်ခဲ့ပေ။ သင်သည် ငြိမ်သက်စွာဖြင့် ၎င်းတို့ထံ၌ မွေးဖွားသည်။ ပြီးလျှင် ဤအမှုတွင် သင့်၌ မည်သည့်ရွေးချယ်စရာမျှ မရှိခဲ့ပေ။ ထို့ကြောင့် သင့်မိဘများ၌ အခွင့်အာဏာ အားလုံးရှိပြီး ၎င်းတို့က သင့်အားမွေးဖွားပေးရန် ရွေးချယ်ခဲ့သောကြောင့် ၎င်းတို့၌ သင့်အား လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ရန်၊ အရွယ်ရောက်သည်အထိ ပျိုးထောင်ရန်၊ သင့်အား ပညာရေး၊ အစားအသောက်၊ အဝတ်အထည်၊ ငွေကြေးတို့ ပံ့ပိုးပေးရန် တာဝန်နှင့် ဝတ္တရားရှိသည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားတို့ဖြစ်ပြီး ဤသည်မှာ ၎င်းတို့ လုပ်ဆောင်သင့်သောအရာဖြစ်သည်။ သင်ကမူ ၎င်းတို့က သင့်အားပျိုးထောင်ပေးနေသည့် အချိန်အတွင်း၌ အစဉ်သဖြင့် ပြုသမျှနုနေရသည်။ သင့်၌ ရွေးချယ်ပိုင်ခွင့်မရှိခဲ့ပေ။ သင့်အား ၎င်းတို့က ပျိုးထောင်ပေးရသည်။ သင်သည် ငယ်ရွယ်သောကြောင့် သင့်ကိုယ်သင့် ပျိုးထောင်နိုင်စွမ်း မရှိခဲ့ပေ။ သင့်၌ သင့်မိဘများက လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခြင်းကို ငြိမ်သက်စွာခံရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။ သင်သည် သင့်မိဘများက ရွေးချယ်သည့်ပုံစံဖြင့် ပျိုးထောင်ခြင်းခံရသည်။ ၎င်းတို့က သင့်အား အစားကောင်း၊ အသောက်ကောင်းပေးလျှင် သင်က အစားကောင်း၊ အသောက်ကောင်းများကို စားသောက်ရသည်။ သင့်မိဘများက ဖွဲကြမ်းများ၊ အရိုင်းပင်များကို အမှီပြုပြီး သင် အသက်ရှင်အောင် စားသောက်ရသည့် ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို သင့်အားပေးလျှင် သင်က ဖွဲကြမ်းနှင့် အရိုင်းပင်များကို အမှီပြုပြီး ရှင်သန်ရသည်။ မည်သို့ပင်ဖြစ်စေ သင်သည် ပျိုးထောင်ခြင်းခံရသောအချိန်တွင် ပြုသမျှနုနေရပြီး သင့်မိဘများက ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းသည်။ သင့်မိဘများက ပန်းတစ်ပွင့်ကို ဂရုစိုက်ခြင်းနှင့် တူညီသည်။ ၎င်းတို့သည် ပန်းတစ်ပွင့်ကို ဂရုစိုက်လိုသောကြောင့် ၎င်းတို့က ထိုပန်းကို မြေဩဇာကျွေးသင့်သည်။ ရေလောင်းသင့်သည်။ နေရောင်ကို အသေအချာရရှိစေရန် လုပ်ဆောင်သင့်သည်။ ထို့ကြောင့် လူတို့နှင့်ပတ်သက်လျှင် သင့်မိဘများက သင့်အား စေ့စပ်စွာ ကြည့်ရှုစောင့်ရှောက်သည်ဖြစ်စေ၊ သင့်အား အလွန်ပင် ဂရုစိုက်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။ ၎င်းတို့က သင့်အား ပျိုးထောင်ပေးသည့် အကြောင်းရင်းက မည်သို့ဖြစ်စေ ၎င်းတို့၏ တာဝန်သာဖြစ်သည်။ ၎င်းတို့က သင့်အားမွေးဖွားခဲ့သောကြောင့် သင့်အတွက် တာဝန်ယူသင့်သည်။...မည်သို့ပင်ဖြစ်စေ သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများသည် တာဝန်နှင့် ဝတ္တရားတစ်ခုကို ထမ်းဆောင်နေခြင်းဖြစ်သည်။ သင့်အား အရွယ်ရောက်စေရန် ပျိုးထောင်ခြင်းသည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ပြီးလျှင် ဤအရာကို ကြင်နာခြင်းဟု မခေါ်ဆိုနိုင်ပေ။ ကြင်နာခြင်းဟု မခေါ်ဆိုနိုင်လျှင် ဤသည်မှာ သင်ခံစားသင့်သော အရာတစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ သင်ခံစားသင့်သော အခွင့်အရေးတစ်မျိုးဖြစ်သည်။ သင်သည် သင့်မိဘများ၏ ပျိုးထောင်ခြင်းကို ခံရသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူကြီးဘဝသို့ သင်မရောက်ခင်တွင် သင်ပါဝင်သော အခန်းကဏ္ဍသည် လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခြင်းခံရသော သားသမီးတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်အပေါ် တာဝန်တစ်မျိုးကို ဖြည့်ဆည်းနေခြင်းသာဖြစ်ပြီး သင်က လက်ခံရရှိနေခြင်းသာ ဖြစ်သည်။ သို့သော် သင်သည် အသေအချာပင် ၎င်းတို့ထံမှ ကျေးဇူး၊ သို့မဟုတ် ကြင်နာမှုကို လက်ခံရရှိနေခြင်းမဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)) ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်ရတာက ကိုယ့်သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ဆိုတာ မိဘတွေအတွက် ဘုရားရဲ့ အချုပ်အခြာအာဏာရှိတဲ့ အမိန့်ဖြစ်တယ်ဆိုတာပဲ။ ကိုယ့်သားသမီးတွေကို ဂရုစိုက်တဲ့နေရာမှာ မိဘတွေက အခက်အခဲနဲ့ အားထုတ်မှု ဘယ်လောက် စိုက်ထုတ်ရပါစေ အဲဒါက တကယ်ကို သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်ပြီး ကြင်နာမှုလို့ ယူဆလို့မရဘူး။ အဲဒီလို မိသားစုတစ်စုမှာ ကြီးပြင်းရတာကလည်း ကျွန်တော့်အတွက် ဘုရားရဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး ကျွန်တော့်ကို ပြုစုပျိုးထောင်တဲ့နေရာမှာ ကျွန်တော့်မိဘတွေက ဆင်းရဲဒုက္ခဘယ်လောက် ခံစားရပါစေ ဘယ်လို အဖိုးအခမျိုးကို ပေးရပါစေ သူတို့တာဝန်နဲ့ ဝတ္တရားတွေကို သူတို့ ဖြည့်ဆည်းနေတာ သက်သက်ပါပဲ။ ဒါကို ဘုရားက သတ်မှတ်ပြီးသားဖြစ်သလို ကြင်နာမှုအနေနဲ့ သဘောမထားသင့်ဘူး။ ပြီးတော့ သူတို့ကို ကျွန်တော် ပြန်ဆပ်ဖို့ မလိုအပ်ဘူး။ ကျွန်တော့်ကို ဂရုစိုက်ပြီး ချစ်ပေးဖို့ ဘုရားက မိထွေးတစ်ယောက်ကို စီစဉ်ပေးခဲ့ပြီး ဒါက ဘုရားရဲ့ ကျေးဇူးတော်ပဲ။ ဒါကြောင့် ဘုရားကို ကျွန်တော် ကျေးဇူးတင်သင့်ပြီး ကျွန်တော့် မိဘတွေကို ဂုဏ်တွေအားလုံး မခွဲပေးသင့်ဘူး။ ဒါပေမဲ့ သမ္မာတရားကို ကျွန်တော် နားမလည်ခဲ့တဲ့အပြင် ကျွန်တော့် မိဘတွေမရှိရင် ကျွန်တော် ဘာမှရှိမှာမဟုတ်ဘူး၊ ကျွန်တော့်ရဲ့ ကံအကြောင်းမလှတဲ့ ဘဝကို ပြောင်းလဲပေးတာက ကျွန်တော့်မိခင်ရဲ့ ချစ်ခြင်းမေတ္တာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ သူက ကျွန်တော့် မွေးမိခင်မဟုတ်ပေမဲ့ ကျွန်တော့်မွေးမိခင်ထက်တောင် ကျွန်တော်နဲ့ နီးစပ်ခဲ့တယ်။ ဒါကြောင့် သူ့ကို ကျွန်တော့်ဘဝမှာ အရေးကြီးဆုံး လူအနေနဲ့ သဘောထားခဲ့ပြီး သူ့ရဲ့ ချစ်ခင်တဲ့ ဂရုစိုက်မှုအတွက် ကျွန်တော်သူ့ကို တင်တဲ့အကြွေးကို အမြဲ ပြန်ဆပ်ချင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားကို စိတ်ကျေနပ်စေဖို့ ကျွန်တော့်တာဝန်တွေကို ဘယ်လိုထမ်းဆောင်ရမယ်ဆိုတာ မစဉ်းစားခဲ့ဘူး။ ကျွန်တော်က အရမ်းကို လူ့သဘာဝ ကင်းမဲ့နေခဲ့တာ မဟုတ်လား။ အဲဒါဟာ မိဘတွေက ကလေးထိန်းတစ်ယောက် ငှားပြီး သူတို့ကလေးကို အချိန်ကာလတစ်ခုကြာ ဂရုစိုက်ပေးဖို့ အပ်ပြီးတော့ ကလေးထိန်းက ကလေး လိုအပ်သမျှတိုင်းကို ထောက်ပံ့ပေးသလိုမျိုးပေါ့။ ဒါပေမဲ့ ဒီကလေးက ကလေးထိန်းကိုပဲ သူ့မိခင်အနေနဲ့ အသိအမှတ်ပြုတဲ့အပြင် ကလေးထိန်းရဲ့ ဂရုစိုက်မှုကိုပဲမြင်ပြီးတော့ သူ့မိဘတွေက သူ့အတွက် လုပ်ပေးခဲ့သမျှအားလုံးကို အသိအမှတ်မပြုရင် ဒါက မိဘတွေရဲ့ နှလုံးသားကို ကြေကွဲစေမှာ မဟုတ်လား။ ဒါက တကယ် ကျေးဇူးကန်းပြီး အရေးကြီးတာနဲ့ အရေးမကြီးတာကို ပြောင်းပြန်လှန်လိုက်တာပဲဖြစ်မှာ မဟုတ်လား။ ကျွန်တော့်အသက်က ဘုရားဆီကလာတာဖြစ်ပြီး ဒီနေ့ထိ ရှင်သန်ခဲ့တာက ဘုရားရဲ့ ကွယ်ကာမှုနဲ့ ဂရုစိုက်မှုကြောင့်ဖြစ်ပါတယ်။ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ပြုစုပျိုးထောင်တာက သူတို့တာဝန်နဲ့ ဝတ္တရားတွေကို သူတို့ ဖြည့်တာသက်သက်ပါ။ ဒီကိစ္စမှာ ကြင်နာမှုနဲ့ဆိုင်တဲ့ အယူအဆ မရှိပါဘူး။ ကျွန်တော့်မိဘတွေကို အကြွေးရှင်တွေလို ကျွန်တော် မမြင်သင့်ဘူး။ အဲဒီအစား အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိတဲ့ ဘုရားကို ကျေးဇူးတင်ပြီး ကျေးဇူးဆပ်သင့်တယ်။ သားသမီးဝတ်ကျေပွန်မှုကြောင့် ကျွန်တော်က ဘုရားရှေ့မှာ ကိုယ့်တာဝန်တွေကို မထမ်းဆောင်ရင် အသိစိတ်မရှိ ကျေးဇူးကန်းတဲ့ အကောင်ယုတ်တစ်ယောက် တကယ် ဖြစ်မှာပဲ။ ဘုရားကို စိတ်ကျေနပ်စေဖို့ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ကြိုးစားတာက အရည်အချင်းပြည့်မီတဲ့ ဖန်ဆင်းခံနဲ့ အသိစိတ် ဆင်ခြင်တုံတရားရှိတဲ့ လူတစ်ယောက်အဖြစ် ထိုက်တန်စေတဲ့အရာပဲ။ ကျွန်တော့် မိဘတွေကို ဂရုစိုက်ဖို့ ကျွန်တော် အိမ်ပြန်သွားခဲ့ရင် သားသမီးဝတ်ကျေပွန်တဲ့ သားတစ်ယောက်အနေနဲ့ တခြားလူတွေရဲ့ ချီးမွမ်းတာကို ခံရရင်တောင် ဘုရားရဲ့ အသိအမှတ်ပြုတာ မရရင် ဒီအရာရဲ့ အရေးပါမှုက ဘာများဖြစ်မလဲ။
နောက်ပိုင်းမှာ ဆုတောင်းပြီး ဘုရားရဲ့ လမ်းပြမှုကို ရှာဖို့ ဘုရားရှေ့ကို ကျွန်တော်လာခဲ့ပြီးတော့ သမ္မာတရား စည်းမျဉ်းတွေအတိုင်း ကျွန်တော့် မိဘတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ မေးခဲ့တယ်။ နောက်တော့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတယ်။ “သင်၏ အသက်ရှင်မှု ပတ်ဝန်းကျင်နှင့် သင့်ကိုယ်သင် တွေ့ရှိရသည့် ဆက်စပ်အခြေအနေပေါ် အခြေခံ၍၊ သင်၏ မိဘများကို ရိုသေစွာပြုခြင်းသည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သင် ပြီးပြည့်စုံစေခြင်းအပြင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတို့နှင့် ဆန့်ကျင်ကွဲလွဲမှုမရှိပါက၊ သို့မဟုတ် တစ်နည်းအားဖြင့်၊ သင်၏ မိဘများကို ရိုသေစွာပြုခြင်းသည် သင်၏တာဝန်အပေါ် သင်၏ သစ္စာစောင့်သိသော ဆောင်ရွက်ချက်တို့ကို သက်ရောက်မှုမရှိပါက၊ နှစ်ခုလုံးကို တစ်ချိန်တည်း သင် လက်တွေ့လုပ်ဆောင်နိုင်သည်။ သင့်အနေဖြင့် သင်၏ မိဘများနှင့် အပြင်ပန်းအားဖြင့် ကွဲကွာနေရန် မလိုအပ်သကဲ့သို့၊ ၎င်းတို့ကို အပြင်ပန်းအားဖြင့် စွန့်လွှတ် သို့မဟုတ် ငြင်းပယ်ရန် မလိုအပ်ပေ။ မည်သည့်အခြေအနေတွင် ဤအရာကို ကျင့်သုံးရသနည်း။ (မိမိ၏ မိဘများကို ရိုသေစွာပြုခြင်းသည် မိမိတာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဆန့်ကျင်ကွဲလွဲမှု မရှိသည့်အချိန်တွင် ဖြစ်ပါသည်။) မှန်ပေ၏။ တစ်နည်းအားဖြင့်၊ သင်၏ မိဘများသည် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ဟန့်တားရန် မကြိုးစားသကဲ့သို့၊ ၎င်းတို့သည်လည်း ယုံကြည်သူများဖြစ်ပြီး၊ သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းရန် သင့်အား အမှန်တကယ် ထောက်ပံ့ပြီး အားပေးပါက၊ သင်၏ မိဘများနှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် စကားသဘောအရ ဆွေမျိုးများကြား ဇာတ ပကတိဆက်ဆံရေးတစ်ခုမဟုတ်သကဲ့သို့၊ အသင်းတော်၏ ညီအစ်ကို မောင်နှမများကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို အသင်းတော်၏ ညီအစ်ကို မောင်နှမများအဖြစ် ဆက်ဆံခြင်းအပြင်၊ ၎င်းတို့အတွက် သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်အနည်းငယ်ကိုလည်း ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ သင်သည် ၎င်းတို့ကို အပိုထပ်ဆောင်း အလေးထားမှုပြရမည်။ သင်၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်သရွေ့၊ ဆိုလိုသည်မှာ၊ သင်၏ စိတ်နှလုံးသည် ၎င်းတို့၏ ဘောင်ခတ်ခြင်းမခံရသရွေ့၊ ၎င်းတို့ နေကောင်းကျန်းမာခြင်းရှိသလားဆိုသည်ကို မေးရန်နှင့် ၎င်းတို့အတွက် အလေးထားမှု အနည်းငယ် ပြရန် သင်၏ မိဘများကို သင် ဖုန်းခေါ်ဆိုနိုင်သည်။ ၎င်းတို့ကို အနည်းငယ်သော အခက်အခဲများအား သင် ကူညီဖြေရှင်းပေးနိုင်ပြီး၊ ၎င်းတို့၏ ဘဝ ပြဿနာအချို့ကို ကူညီကိုင်တွယ်ပေးနိုင်ကာ ၎င်းတို့၏ အသက်ဝင်ရောက်မှုအရ ၎င်းတို့တွင်ရှိသည့် အခက်အခဲအချို့ကိုပင် သင် ကူညီဖြေရှင်းပေးနိုင်သည်။ ဤအရာအားလုံးကို သင် လုပ်ဆောင်နိုင်သည်။ တစ်နည်းအားဖြင့်၊ သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ပိတ်ဆို့ခြင်းမရှိပါက၊ ၎င်းတို့နှင့် ဤဆက်ဆံရေးကို သင် ထိန်းသိမ်းသင့်ပြီး၊ ၎င်းတို့အတွက် သင်၏ တာဝန်များကို ဖြည့်ဆည်းသင့်သည်။ သင်သည် ၎င်းတို့အတွက် အဘယ်ကြောင့် အလေးထားမှု ပြသင့်သနည်း၊ ၎င်းတို့ကို စောင့်ရှောက်ကာ နေကောင်းကျန်းမာခြင်းရှိသလားဆိုသည်ကို မေးမြန်းသင့်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ၎င်းတို့၏ ကလေးဖြစ်ပြီး ၎င်းတို့နှင့် ဤဆက်နွှယ်မှုရှိသောကြောင့်ဖြစ်သည်။ သင့်ထံတွင် အခြားသော တာဝန်အမျိုးအစား ရှိပြီး၊ ဤတာဝန်ကြောင့်၊ ၎င်းတို့ကို အနည်းငယ် သာ၍ သာကြောင်းမာကြောင်း သတင်းမေးရမည်ဖြစ်ပြီး၊ သာ၍ ထိရောက်သော အကူအညီကို ၎င်းတို့အား ပေးရမည်ဖြစ်သည်။ ထိုအရာက သင်၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်သရွေ့၊ ပြီးလျှင် သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုနှင့် သင်၏ တာဝန် ထမ်းဆောင်မှုတို့ကို မတားဆီး၊ မနှောင့်ယှက်သကဲ့သို့ သင့်ကို ဆွဲလည်းဆွဲမထားသရွေ့၊ ၎င်းတို့အတွက် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် သဘာဝကျပြီး သင့်တော်ကာ၊ ဤအရာကို သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သည့် အတိုင်းအတာထိ သင် လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ သင် ပြည့်မီရမည့် အနိမ့်ဆုံး စံနှုန်း ဖြစ်သည်။ သင့်အခြေအနေများ၏ သက်ရောက်မှုနှင့် အဟန့်အတားများကြောင့် အိမ်တွင်ရှိသော သင်၏ မိဘများကို သင် ရိုသေစွာမပြုနိုင်ပါက၊ ဤစည်းမျဉ်းကို သင် ထိန်းသိမ်းရန် မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ဝန်ခံပြီး၊ သူ၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်ကာ သင်၏ မိဘများကို ရိုသေစွာပြုခြင်းအား မရမကလုပ်ဆောင်ရန် မလိုအပ်ပေ။ ဘုရားသခင်က ဤအရာကို ရှုတ်ချပါသလော။ ဘုရားသခင်က ဤအရာကို မရှုတ်ချပေ။ သူသည် လူတို့အား ဤအရာကို အတင်အဓမ္မ မလုပ်ဆောင်စေပေ။ ယခု မည်သည့်အရာကို ငါတို့ မိတ်သဟာယပြုနေကြပါသနည်း။ လူတို့အနေဖြင့် မိမိတို့၏ မိဘများကို ရိုသေစွာပြုခြင်းသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ကွဲလွဲဆန့်ကျင်သည့်အခါ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယ ပြုနေကြခြင်း ဖြစ်သည်။ ငါတို့သည် လက်တွေ့လုပ်ဆောင်မှုနှင့် သမ္မာတရား၏ စည်းမျဉ်းများကို မိတ်သဟာယပြုနေကြခြင်း ဖြစ်သည်။ သင့်အနေဖြင့် မိမိ၏ မိဘများကို ရိုသေစွာပြုရန် တာဝန်တစ်ခု ရှိပြီး၊ အခြေအနေများက အခွင့်ပေးပါက၊ ဤတာဝန်ကို ဖြည့်ဆည်းနိုင်သော်လည်း၊ သင်၏ ခံစားချက်များဖြင့် သင် ဘောင်ခတ်မခံသင့်ပေ။ ဥပမာအားဖြင့် သင်၏ မိဘများထဲမှ တစ်ဦးသည် နာမကျန်းဖြစ်ပြီး၊ ဆေးရုံသွားရမည်ဖြစ်ကာ သူတို့ကို စောင့်ရှောက်ရန် မည်သူမျှမရှိသကဲ့သို့ သင်သည် အိမ်ပြန်ဖို့ရန်မှာ မိမိတာဝန်နှင့် အလုပ်အလွန်များပါက၊ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဤကဲ့သို့သော အချိန်များတွင်၊ သင်၏ ခံစားချက်များဖြင့် သင် ဘောင်ခတ်ခံ၍ မရနိုင်ပေ။ ထိုကိစ္စနှင့်ပတ်သက်၍ သင် ဆုတောင်းသင့်သည်၊ ဘုရားသခင်ထံ အပ်နှံပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများအတိုင်း ဖြစ်စေသင့်သည်။ ဤသည်မှာ သင် ရှိသင့်သည့် သဘောထားမျိုး ဖြစ်သည်။ ဘုရားသခင်က သင့်မိဘများ၏ အသက်ကို ယူဆောင်လိုပြီး၊ သင့်ထံမှ ၎င်းတို့ကို သိမ်းယူသွားလိုပါက၊ သင် ကျိုးနွံနာခံသင့်ဆဲ ဖြစ်သည်။ လူအချို့က ‘ကျွန်ုပ် ကျိုးနွံနာခံပြီးဖြစ်သော်လည်း စိတ်မချမ်းမြေ့ဖြစ်နေဆဲဖြစ်ပြီး ထိုအကြောင်းကို ရက်ချီပြီး ကျွန်ုပ် ငိုကြွေးနေမိခဲ့သည်။ ဤသည်မှာ လူ့ဇာတိဆိုင်ရာ ခံစားချက် မဟုတ်လော’ဟု ဆိုကြသည်။ ဤသည်မှာ လူ့ဇာတိဆိုင်ရာ ခံစားချက် မဟုတ်၊ လူသား၏ ကြင်နာသနားခြင်း ဖြစ်သည်။ လူ့သဘာဝကို ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဘုရားသခင်က ထိုအရာကို မရှုတ်ချပေ။...သင့် ခံစားမှုများဖြင့် သင် ပိတ်မိနေပြီး၊ ဤအရာက သင့်တာဝန် ထမ်းဆောင်မှုကို ကြန့်ကြာစေပါက၊ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ဆန့်ကျင်ပေသည်။ သင် ထိုသို့လုပ်ဆောင်ဖို့ ဘုရားသခင်က မည်သည့်အခါတွင်မျှ မလိုအပ်ခဲ့ပေ။ သင့်မိဘများအတွက် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်သာ ဘုရားသခင် တောင်းဆိုသည်၊ ထိုမျှသာ ဖြစ်သည်။ ယင်းမှာ သားသမီးဝတ် ရှိခြင်းကို ဆိုလိုသောအရာ ဖြစ်သည်။ ဘုရားသခင်က ‘မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း’အပေါ် ပြောဆိုသည့်အခါ၊ ထိုအတွက် ဆက်စပ်အခြေအနေတစ်ခု ရှိ၏။ သင်သည် အခြေအနေမျိုးစုံအောက်တွင် စွမ်းဆောင်ရရှိနိုင်သည့် တာဝန်အနည်းငယ်ကိုသာ ဖြည့်ဆည်းရန် လိုအပ်၏၊ ထိုမျှသာ ဖြစ်သည်။ သင်၏ မိဘများ စိုးရိမ်ဖွယ် နာမကျန်းဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်း ရှိမရှိဆိုသည်အတွက်မူ၊ ဤအရာများကို ဆုံးဖြတ်ရန်မှာ သင့်သဘောအတိုင်း ဖြစ်ပါသလော။ ၎င်းတို့၏ ဘဝများ မည်သို့ဖြစ်သည်၊ မည်သည့်အချိန်တွင် ၎င်းတို့ သေသည်၊ မည်သည့် ရောဂါကြောင့် ၎င်းတိသေသည်၊ သို့မဟုတ် မည်သို့ သေကြသည်ဆိုသည့် ဤအရာများသည် သင်နှင့် ပတ်သက်မှု တစ်ခုတလေ ရှိပါသလော။ (မရှိပါ။) ထိုအရာများသည် သင်နှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၄)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ စည်းမျဉ်းတွေနဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုရခဲ့တယ်။ သင့်တော်တဲ့ အခြေအနေအောက်မှာ ကျွန်တော့်တာဝန်တွေကို ကျွန်တော် အိမ်မှာလုပ်နိုင်ရင် ကျွန်တော့်မိဘတွေကို သားသမီးဝတ်ကျေပွန်ပြီး စောင့်ရှောက်လို့ရပေမဲ့ သူတို့ကို ဂရုစိုက်ဖို့ အခြေအနေတွေက မပေးရင် ဒီအတွက် ဘုရားက ကျွန်တော့်ကို ရှုတ်ချမှာမဟုတ်ပါဘူး။ ဒီအကြောင်းကို တွေးတဲ့အခါ ဒါဟာ ကျွန်တော့်မိဘတွေကို ကျွန်တော် ဂရုမစိုက်ချင်တဲ့ကိစ္စမဟုတ်ဘဲ စီစီပီရဲ့ ဖမ်းဆီးတာကို ကျွန်တော်ခံရပြီး သူတို့ရဲ့ အနီးကပ်စောင့်ကြည့်မှုအောက်မှာ ကျွန်တော် ရှိနေခဲ့ရလို့ပါပဲ။ ကျွန်တော့်အနေနဲ့ အိမ်မှာ ဘုရားကို ယုံကြည်ပြီး ကိုယ့်တာဝန်တွေကို ဆက်လုပ်ခဲ့ရင် ထပ်အဖမ်းခံရပြီး ပိုတောင် လူမဆန်တဲ့ နှိပ်စက်မှုကို ခံရမှာပဲ။ အနာဂတ်မှာ သင့်တော်တဲ့ အခြေအနေတွေ သူ့ဘာသာရှိလာပြီး အိမ်ပြန်ဖို့ အခွင့်အရေးရှိရင် ကျွန်တော့်မိဘတွေအပေါ် ကျွန်တော် သားသမီးဝတ် ကျေပွန်ပြီး သူတို့နဲ့ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့မယ်။ ဒါပေမဲ့ အဲဒီအခြေအနေတွေ မရှိရင်လည်း ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်တော် ကျိုးနွံနာခံပြီး ကျွန်တော့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နေဦးမှာပါ။ ကျွန်တော့်မိဘတွေရဲ့ ကျန်းမာရေးနဲ့ သူတို့ အိုမင်းတဲ့အရွယ်မှာ သူတို့ရဲ့ ပူပန်မှုနဲ့စပ်လျဉ်းလို့ ဘုရားကို ကျွန်တော် ဆုတောင်းပြီး ဒီအရာတွေကို သူ့ဆီ အပ်နှံသင့်တယ်။ ဘုရားက လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး မွေးဖွာခြင်း၊ အိုနာသေခြင်း နိယာမတွေကို စီစဉ်ခဲ့တာပါ။ ပြီးတော့ သမိုင်းတစ်လျှောက်မှာ ဒီနိယာမကို ဘယ်သူကမှ အာခံလို့မရခဲ့တဲ့အပြင် ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေက ဘယ်သူကမှ မရှောင်ရှားနိုင်ခဲ့ဘူး။ မိဘတွေက အရွယ်ရလာတဲ့အခါ ရောဂါတစ်ခုခုဖြစ်တာက ပုံမှန်နိယာမတစ်ခုဖြစ်ပြီး ဒါကို ရှောင်လွဲလို့မရပါဘူး။ ဒါ့အပြင် သူတို့ဘေးမှာ ကျွန်တော် နေပေးရင်တောင် တကယ် ဘာကို လုပ်ပေးနိုင်မှာလဲ။ သူတို့ရဲ့ဆင်းရဲဒုက္ခထဲမှာ ကျွန်တော် သူတို့နေရာကို ယူပေးလို့ရမှာလား။ ဒါ့အပြင် သူတို့ကို ဂရုစိုက်ပေးဖို့ ကျွန်တော့်ညီ ရှိတယ်လေ။ လူတိုင်းက လျှောက်ရမဲ့ကိုယ်ပိုင် လမ်းကြောင်းနဲ့ ဘဝမှာ ဖြတ်သန်းရမဲ့ အတွေ့အကြုံတွေ ရှိပြီး ဒါတွေကို တခြားလူတွေက အစားထိုးလို့မရဘူး ပြောင်းလဲပေးလို့ မရပါဘူး။ ကျွန်တော့်မိဘတွေရဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာရှိတယ်။ ကျွန်တော် လုပ်နိုင်တာက သူတို့အတွက် ဆုတောင်းပေးပြီး ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ပါပဲ။ ဒါက ကျွန်တော် ပိုင်ဆိုင်သင့်တဲ့ ဆင်ခြင်တုံတရားပဲ။
ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်တော် နားလည်လာတာက လူတွေက ကောင်းမြတ်ပြီး မှန်ကန်တယ်လို့ မြင်တဲ့အပြင် လူ့ကျင့်ဝတ် သိက္ခာနဲ့ဆိုင်တဲ့ လူကြိုက်များတဲ့ အယူအဆတွေနဲ့ ကိုက်ညီတဲ့အရာအဖြစ် မြင်ကြတဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဘိုးဘပိုင် အမွေအနှစ်ဆိုင်ရာ အယူအဆတွေဟာ သမ္မာတရား မဟုတ်တဲ့အပြင် လူသားမျိုးနွယ်အတွက် ဘုရားရဲ့ သတ်မှတ်ချက်တွေ မဟုတ်သလို လူသား အပြုအမူအတွက် စံနှုန်းတွေလည်း မဟုတ်ဘူးဆိုတာပဲ။ ဘုရားနှုတ်ကပတ်တော်တွေပဲ သမ္မာတရားဖြစ်ပြီး လူတွေက လိုက်လျှောက်သင့်တယ်။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ သမ္မာတရားအတိုင်း အသက်ရှင်မှပဲ လူတစ်ယောက်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတယ်လို့ အမှန်တကယ် ယူဆလို့ရတယ်။ ကျွန်တော့်မိဘရဲ့ ကြင်နာမှုကို ဘယ်လို သဘောထားရမယ်ဆိုတာကို နားလည်ခွင့်ပေးပြီး ရိုးရာစိတ်ကူးအယူအဆတွေရဲ့ ချည်နှောင်တာ ဘောင်ခတ်တာကိုမခံရတော့အောင် အခွင့်ပေးတာက ဘုရားနှုတ်ကပတ်တော်တွေပဲ ဖြစ်ပါတယ်။ ဘုရားရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။