ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

အနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာ သည်လည်း ရှောလမုန်မင်းကြီး၏ သားအားလုံး၏ ဉာဏ်ပညာထက် သာ၍ကြီးမားသည်။ သို့သော် လူသားများသည် ငါ့ကို အရေးသိပ် မပါသည့် သမားတော်အဖြစ်နှင့် လူသား၏ လူမသိသူမသိဆရာ အဖြစ်မျှသာ ငါ့ကိုထင်မှတ်ကြသည်။ သူတို့၏အနာရောဂါကို ငါငြိမ်းစေရေးအတွက်သာ ငါ့ကို လူများစွာတို့က ယုံကြည်ကြသည်။ သူတို့၏ခန္ဓာအတွင်းမှ မသန့်ရှင်းသည့်ဝိညာဉ်များကို ငါမောင်းထုတ်ရေးအတွက် ငါ၏တန်ခိုးများကို အသုံးပြုရန် အတွက်သာ ငါ့ကို လူများစွာတို့က ယုံကြည်ကြသည်။ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရရေးအတွက်သာ ငါ့ကို လူများစွာတို့က ယုံကြည်ကြသည်။ သာ၍များသော ရုပ်ပိုင်းဆိုင်ရာ ဓနဥစ္စာကို ငါ့ထံမှ တောင်းခံရန်အတွက်သာ ငါ့ကို လူများစွာတို့က ယုံကြည်ကြသည်။ ဤဘဝတွင် အေးအေးချမ်းချမ်း နေထိုင်နိုင်ပြီး နောင်လာမည့်ဘဝတွင် ဘေးကင်းလုံခြုံရေးအတွက်သာ ငါ့ကို လူများစွာတို့က ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရေးအတွက်သာ ငါ့ကို လူများစွာတို့က ယုံကြည်ကြသည်။ လူများစွာတို့က ယာယီ နှစ်သိမ့်မှုအတွက်သာ ငါ့ကိုယုံကြည်ပြီး နောင်လာမည့်ဘဝအတွက် မည်သည့်အရာမျှ ရရန်မကြိုးစားကြပေ။ လူသားအပေါ် ငါ့ဒေါသ ကျရောက်စေပြီး သူနဂိုက ပိုင်ဆိုင်ခဲ့သော ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါသိမ်းပိုက်လိုက်သောအခါ လူသားသည် သံသယရှိလာ၏။ ငါသည် လူသားကို ငရဲ၏ဒုက္ခပေး၍ ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည်သိမ်းယူသည့်အခါ လူသား၏အရှက်သည် ဒေါသအသွင်သို့ ပြောင်းသွား၏။ လူသားသည် ငါ့ကို သူ့အား ရောဂါငြိမ်းစေရန် တောင်းဆိုသည့်အခါ ငါသည် သူ့ကို အရေးမစိုက်ဘဲ သူ့ကိုရွံရှာခြင်းရှိ၏၊ လူသားသည် ဆိုးယုတ်သော ပယောဂအတတ်နှင့် မှော်အတတ်တို့၏ နည်းလမ်းကိုရှာရန်သာ ငါ့ထံမှ ထွက်ခွာသွားခဲ့ကြသည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီး သမျှအားလုံးကို ငါယူပစ်လိုက်သောအခါ လူသားသည် အစအနရှာ၍ မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါပေးသည့်ကျေးဇူးတော် များလွန်းပြီး ရရန်အကျိုးအမြတ် များလွန်းသဖြင့် လူသားသည် ငါ့ကို ယုံကြည်သည်ဟု ငါဆို၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း”) ဟိုတုန်းက ဒါကို ဖတ်မိပြီဆိုရင်၊ ဘုရားသခင် ဒီလိုပြောဆိုတာတွေက မှန်တယ်ဆိုတာလောက်ပဲ ပြောဖြစ်ခဲ့တယ်။ အမှန်တကယ်တမ်း နားမလည်ခဲ့ဘူး။ ကျွန်မက ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာတယ်၊ အလုပ်အကိုင်နဲ့ မိသားစုကို စွန့်လွှတ်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံတယ်၊ ကိုယ့်တာဝန်အတွက် အများကြီး ဆင်းရဲဒုက္ခခံထားတယ်ဆိုတော့၊ စမ်းသပ်မှုတွေ လာပြီဆိုရင် ကျွန်မက ဘုရားသခင်ကို အပြစ်တင်မိမှာမဟုတ်ဘူး၊ သစ္စာဖောက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ ကျန်းမာရေးမကောင်းဘူးဆိုတဲ့ စမ်းသပ်မှုနဲ့လည်း ကြုံရော၊ ကျွန်မက ဘုရားကို အထင်မှားပြီး၊ အပြစ်တင်မိတော့တာပဲ။ ကောင်းချီးပေးခံရဖို့၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ဆိုတဲ့ စိတ်အရင်းခံက ထင်းထင်းကြီး ပေါ်သွားတယ်။ အဲဒီတော့မှ လူတွေကို ဖော်ထုတ်ပြတဲ့ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို အပြည့်အဝ နားလည်လက်ခံမိတာပါ။ ကိုယ့်ယုံကြည်ခြင်းအတွက် အားထုတ်တာတွေမှာလည်း အမြင်တွေ ပြောင်းလဲသွားတယ်။

၂၀၁၈ ဇူလိုင်မှာ ကြုံခဲ့တာပါ။ ကျွန်မရဲ့ ဘယ်ဘက်ရင်သားမှာ အကျိတ်လေးတစ်ခု တွေ့တယ်ပေါ့။ အများကြီးလည်း မစဉ်းစားမိဘူး။ အရောင်ကျဆေး နည်းနည်းပါးပါးနဲ့ ပျောက်သွားလိမ့်မယ်လို့ပဲ ထင်လိုက်တာ။ ဒါပေမဲ့ နောက်နှစ်လကျော်ကျော်မှာ ပိုပြီးတော့ ဆိုးလာတယ်။ ညဘက်ဆို ချွေးတွေထွက်ပြီး၊ အားမရှိတော့ဘူး။ အကျိတ်နားတစ်ဝိုက်က တကယ်ကို နာတာ။ ဆိုးဆိုးဝါးဝါးတစ်ခုခုတော့ ဖြစ်နေပြီလားဆိုပြီး တွေးလာတာပေါ့။ ဒါပေမဲ့ သိပ်တော့ အရေးမကြီးဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး နှစ်သိမ့်လိုက်သေးတယ်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်တယ်။ အသင်းတော်မှာလည်း ကိုယ့်တာဝန်နဲ့ နေ့တိုင်း အလုပ်များနေတာလေ။ ဘုရားက ကျွန်မကို ကာကွယ်ပေးလိမ့်မယ်လို့ပဲ တွက်လိုက်တယ်။ တစ်ညတော့ ကျွန်မ တော်တော်ကို နာနာကျင်ကျင်နဲ့ နိုးလာတယ်။ ရင်သားကနေ အဝါရည်လေးတွေ စိမ့်ထွက်နေတာ။ တစ်ခုခု ဖြစ်နေပြီဆိုတာ ကျွန်မ သိလိုက်ပြီ။ ကျွန်မယောက်ျားနဲ့ ကျွန်မ ဆေးရုံကို ကမန်းကတန်း သွားပြတယ်။ ဆေးစစ်ချက်တွေ ထွက်လာတော့၊ ကျွန်မမှာ ရင်သားကင်ဆာ ဖြစ်နေတာတဲ့။ ဆရာဝန် ပြောတာကို ကြားတဲ့အချိန်မှာ၊ ကျွန်မနှလုံးခုန်သံ မမှန်ချင်သလိုတောင် ဖြစ်သွားတယ်။ စိတ်ထဲမှာလည်း “ရင်သားကင်ဆာတဲ့လား၊ ငါ့အသက် ၃၀ ကျော်ရုံပဲရှိသေးတယ်။ ဖြစ်နိုင်ပါ့မလား” ပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း ပြောနေမိသေးတာ၊ “မဖြစ်နိုင်ဘူး။ ငါ ဒီလို ကြုံရမှာမဟုတ်ဘူး။ ငါက ယုံကြည်သူတစ်ယောက်လေ။ အသင်းတော်မှာ ငါ့တာဝန်ကို နှစ်တွေအကြာကြီး လုပ်လာခဲ့တာ။ ဘုရားက ငါ့ကို ကာကွယ်စောင့်ရှောက်ပေးမှာပဲ။ ဆရာဝန် မှားနေတာပဲဖြစ်ရမယ်” ပေါ့။ ဒါနဲ့ အဲဒါကို အမှန်မဟုတ်ဘူးလို့ပဲ ထင်လိုက်ရော။ အဲဒီနေ့ကဆို ဆေးရုံကနေ အိမ်ကို ဘယ်လိုပြန်ရောက်မှန်းတောင် မမှတ်မိဘူး။ ကျွန်မယောက်ျားကလည်း ကျွန်မ တွေဝေနေတာ မြင်တော့၊ နှစ်သိမ့်ပေးပါတယ်၊ “ဒါက ဆေးရုံအသေးလေးဆိုတော့၊ ဆရာဝန်တွေက သိပ်မကျွမ်းကျင်ဘူး။ သူတို့မှားနိုင်တယ်။ ဆေးရုံကြီးတစ်ခုမှာ ထပ်စစ်ကြည့်မယ်” ပေါ့လေ။ သူ အဲဒီလိုပြောတော့၊ ကျွန်မလည်း မျှော်လင့်ချက်ရေးရေးလေး ဖြစ်မိတယ်။ ကံက ဆိုးချင်တော့၊ ဆေးရုံကြီးက ဆရာဝန်ကလည်း ရောဂါကို အတည်ပြုပေးတယ်။ ရင်သားကင်ဆာပဲတဲ့။ နောက်ဆုံးအဆင့်နား ကပ်နေပြီလို့လည်း ပြောတယ်။ ဓာတုကုထုံးနဲ့ ခွဲစိတ်မှု ခံရမယ်။ မဟုတ်ရင် ရောဂါ ကျွမ်းသွားနိုင်တယ်ပေါ့။ ကျွန်မခေါင်းထဲမှာ ဘာမှကို စဉ်းစားလို့မရတော့ဘူး။ ရင်ထဲမှာ ပြိုဆင်းသွားတယ်။ “ဒါတွေအားလုံးက ဘယ်လောက်အထိ ငွေတွေကုန်မှာလဲ။ ဓာတုကုထုံး ခံနေရင်းနဲ့ ငါ သေသွားရင် ဘယ်လိုလုပ်မလဲ။ ဒီအကြွေးတွေအားလုံးကို ငါ့မိသားစုက ဘယ်လိုရှင်းမှာလဲ” ဆိုပြီး လျှောက်စဉ်းစားတယ်။ စိတ်ပျက်ပျက်နဲ့၊ လုံးဝ ကူရာမဲ့သလိုပဲ ခံစားရတယ်။

ပထမတစ်ကြိမ် ဓာတုကုထုံး ခံပြီးသွားတော့၊ ကျွန်မတစ်ကိုယ်လုံး နာကျင်နေတာ။ ဘာမှကို မလုပ်ချင်ဘူး၊ အမြဲတမ်း မူးနောက်နောက်ဖြစ်နေတယ်။ နောက်တစ်ရက်နှစ်ရက်လောက်မှာ ဆေးအာနိသင်တွေ ပြယ်သွားတော့မှ စပြီး နာလန်ထူတာ။ ကျွန်မက ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့တာပါ။ ကိုယ့်တာဝန်အတွက် အသုံးခံတာတွေ၊ ပေးဆပ်တာတွေ လုပ်ခဲ့တယ်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကိုယ့်တာဝန်ကိုပဲ အမြဲလုပ်ခဲ့တယ်။ စည်းဝေးပွဲဆို တစ်ခုမှ မလွတ်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေကိုလည်း သူတို့ပြဿနာတွေမှာ အမြဲ ကူညီပေးတယ်။ ကျွန်မက ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့တာပါ။ အဲဒါတွေက ဘာအတွက်တဲ့လဲ။ ဘုရားက ကျွန်မကို ဘာဖြစ်လို့ မကာကွယ်ပေးခဲ့တာလဲ။ အခုတော့ ကျွန်မက ဘာတာဝန်မှ မလုပ်နိုင်တော့ဘူး။ သေမင်းတံခါးဝကို ရောက်နေပြီ။ ဘုရားက ကျွန်မကို ဖယ်ရှားချင်တာလား။ ဓာတုကုထုံးက နောက်ထပ် ငါးကြိမ်ကျန်သေးတယ်။ ပြီးရင် ခွဲစိတ်မှုတစ်ခု လုပ်ရမယ်။ ကျွန်မ ဘယ်လိုများ ကြံ့ကြံ့ခံမလဲ။ နာကျင်တာတွေ၊ ဝေဒနာတွေကို ထားလိုက်ဦး၊ ကျွန်မ သေသွားတယ်ဆိုရင်၊ နှစ်ပေါင်းများစွာ ကျွန်မ ယုံကြည်လာတာတွေက အလကားမဖြစ်သွားဘူးလား။ အဲဒီအတွေးနဲ့ ကျွန်မ မျက်ရည်ကျမိတယ်။ အဲဒီရက်တွေတစ်လျှောက်လုံး တော်တော်ကို စိတ်ဆင်းရဲခဲ့တာပါ။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ကြည့်လည်း နားထဲမဝင်ဘူး။ ဆုတောင်းတာကိုလည်း ကျွန်မ ရပ်လိုက်တယ်။ ကျွန်မစိတ်က တော်တော် အမှောင်ဖုံးသွားတာပါ။ ဘုရားသခင်ဆီကနေ ပိုပိုပြီး ဝေးလာတယ်။

တစ်ရက်တော့ အသင်းတော်က အစ်မလီက လာတွေ့တယ်။ ကျွန်မအခြေအနေကို သူက ကြင်ကြင်နာနာနဲ့ပဲ မေးတယ်။ ကျွန်မ နာကျင်နေတာတွေ၊ စိတ်ဓာတ်ကျနေတာတွေ မြင်တော့၊ သူက ကျွန်မကို မိတ်သဟာယပြုပေးတယ်။ “ဘုရားသခင်က တို့တွေအပေါ် မကျန်းမာခြင်းဆိုတာကို ကျရောက်စေတယ်။ အဲဒါက စမ်းသပ်မှုပဲ။ တို့တွေက ပိုပြီးတော့ ဆုတောင်း ရှာဖွေရမယ်။ ဘုရားသခင်က တို့တတွေ သူ့အလိုတော်ကို နားလည်အောင် သေချာပေါက် လမ်းပြမှာပါ” ဆိုပြီး သူက ပြောတယ်။ သူ ပြောတဲ့ “စမ်းသပ်မှု” ဆိုတာကို ကြားလိုက်တော့၊ ကျွန်မရင်ထဲမှာ လှုပ်ရှားသွားတယ်။ ဘုရားသခင်က ကျွန်မကို ဖယ်ရှားချင်တာ မဖြစ်နိုင်ဘူး။ ကျွန်မကို ဒီစမ်းသပ်မှုနဲ့ ကြုံစေချင်တာပဲဖြစ်မယ်ပေါ့။ အစ်မလီ ပြန်သွားတော့၊ ကျွန်မလည်း ဘုရားရှေ့မှောက် ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကျွန်မ ရောဂါဖြစ်ကတည်းက ကိုယ်တော့်ကို အထင်မှား အပြစ်တင်ရင်း၊ နာကျင်တဲ့ဝေဒနာနဲ့ အသက်ရှင်နေတာပါ။ ဒီနေ့တော့၊ ကျွန်မရဲ့အစ်မက ဒါကို ကိုယ်တော့်စမ်းသပ်မှု ဖြစ်တယ်လို့ သတိပေးပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာ ကျွန်မ မသိသေးပါဘူး။ ကိုယ်တော့်အလိုကို သိအောင် ကျွန်မကို လမ်းပြပေးတော်မူပါ” ပေါ့။

အဲဒီနောက်ပိုင်း ကျွန်မလည်း ဘုရားရှေ့မှောက်မှာ ဒီပုံစံအတိုင်း နေ့တိုင်း ဆုတောင်းတယ်။ တစ်ရက်တော့ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်မိတယ်၊ “စမ်းသပ်မှုများအတွင်းသို့ ဝင်ရောက်ခြင်းသည် သင့်အား ချစ်ခြင်းနှင့်ယုံကြည်ခြင်း ကင်းမဲ့စေကာ၊ ဆုတောင်းခြင်းလည်း မရှိ၊ ဓမ္မသီချင်းများလည်း သီဆိုနိုင်စွမ်းမရှိ ဖြစ်စေမည်၊ ထို့ပြင် ထိုကဲ့သို့သောအချိန်မျိုးတွင် သင်သည် သတိမထားမိဘဲနှင့် မိမိကိုယ်မိမိ သိကျွမ်းလာမည်ဖြစ်သည်။ ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော ‘နက်နဲရာများ’ ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ကိုယ်တွယ်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်တော့မှ၊ ကျွန်မလည်း ကိုယ်တော့်အလိုကို နောက်ဆုံး နားလည်လာတယ်။ ဘုရားသခင်က လူတွေကို စုံလင်စေဖို့၊ နောက်ဆုံးသောကာလမှာ အမှုတော်ပြုတာပါ။ အမှုတော်ပြုတယ်ဆိုတာ ကျွန်မတို့ရဲ့ အကျင့်ပျက်စိတ်သဘောထားတွေကို အခြေအနေမျိုးစုံကတစ်ဆင့် ဖော်ထုတ်ပြတာတွေ၊ ကိုယ့်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို နားလည်ကြဖို့၊ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ကြဖို့၊ နောက်ဆုံးမှာ အကျင့်ပျက်စိတ်သဘောထားတွေ သန့်စင်ပြီး ပြောင်းလဲစေဖို့အတွက်၊ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ခြင်းတွေကို အသုံးပြုတာတွေပါ။ ဘုရားက ကျွန်မကို ရောဂါဖြစ်စေတယ်ဆိုတာ၊ ကျွန်မကို ဖယ်ရှားချင်လို့၊ တမင်သက်သက် နာကျင်စေချင်လို့ မဟုတ်ဘူး၊ ကျွန်မကို သန့်စင်ပြောင်းလဲပေးချင်လို့ဆိုတာကို ကျွန်မ နားလည်သွားတယ်။ ကျွန်မက ဘုရားကို အထင်မှားလို့ မဖြစ်ဘူး။ ဝမ်းနည်းပြနေလို့ မရတော့ဘူး။ ကျွန်မအနေနဲ့ နာခံရမယ်။ ကိုယ့်ရောဂါဝေဒနာထဲမှာ သမ္မာတရားကို ရှာရမယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သိအောင်လုပ်ရမယ်။ ဘုရားရဲ့အလိုတော်ကို နားလည်သွားတဲ့အချိန်မှာ၊ အရမ်း စိတ်ဓာတ်ကျတာတွေ၊ နာကျင်တာတွေ ကျွန်မ မခံစားမိတော့ဘူး။ ဘုရားကို နာခံတဲ့ ဆုတောင်းခြင်းလည်း လုပ်မိတယ်။

ဆုတောင်းပြီးပြီးချင်း၊ ဘုရားနှုတ်ကပတ်တော်တွေထဲက စာတစ်ကြောင်းက ခေါင်းထဲ ရောက်လာရော၊ “သင်လိုက်လျှောက်သည်မှာ သက်သောင့်သက်သာ နေထိုင်ရန်သာ ဖြစ်သည်၊ သင့်မိသားစုထံသို့ မတော်တဆမှုများ မကျရောက်ရန်၊ သင့်အနား လေပြေဖြတ်သွားရန်၊ သင့်မျက်နှာကို မြေမှုန်မထိစေရန်၊...” ဘုရားနှုတ်ကပတ်တော်စာအုပ်ထဲမှာ ကမန်းကတန်း လိုက်ရှာကြည့်တော့၊ ဒီကျမ်းပိုဒ်ကို သွားတွေ့တယ်၊ “သင်၏ ဘုရားသခင်ကို ယုံကြည်မှုသည် မည်သည့်စိန်ခေါ်မှုများ၊ သို့မဟုတ် ကြီးစွာသောဘေးဒုက္ခများ၊ သို့မဟုတ် ဆင်းရဲဒုက္ခ စိုးစဉ်းကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ အသုံးမကျသော အရာများနောက်သို့ သင်အမြဲလိုက်သည်၊ ဘဝကို တန်ဖိုးရှိအောင် သင်မလုပ်၊ ထိုအစား သင့်အတွေးမြောက်မြားစွာကို သမ္မာတရားရှေ့မှောက်၌ ချထားသည်။ သင်သည် အလွန်ပင် အသုံးမကျပေ။...သင်ရှာမှီးသည်မှာ ဘုရားသခင်ကို သင်ယုံကြည်ပြီးနောက် ငြိမ်းသက်ခြင်း ရနိုင်ရန်ဖြစ်သည်၊ သင့်သားသမီးများ နေထိုင်မကောင်း မဖြစ်စေရန်၊ သင့်ခင်ပွန်း အလုပ်ကောင်းကောင်းရရန်၊ သင့်သား ဇနီးကောင်းတစ်ဦးကိုရရန်၊ သင့်သမီး ရည်မွန်သော ခင်ပွန်းတစ်ဦးကိုရရန်၊ သင့်မြင်းများ၊ နွားများ မြေကိုကောင်းစွာထွန်ယက်ရန်၊ သင့်ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတုကောင်းမွန်ရန်၊ သင်ရှာဖွေသည်မှာ ယင်းတို့ဖြစ်သည်။ သင်လိုက်လျှောက်သည်မှာ သက်သောင့်သက်သာ နေထိုင်ရန်သာ ဖြစ်သည်၊ သင့်မိသားစုထံသို့ မတော်တဆမှုများ မကျရောက်ရန်၊ သင့်အနား လေပြေဖြတ်သွားရန်၊ သင့်မျက်နှာကို မြေမှုန်မထိစေရန်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်၊ မည်သည့် သဘာဝဘေးအန္တရာယ်မှ သင့်အပေါ်သို့ မကျရောက်စေရန်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် နေထိုင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန်တို့အတွက်သာ သင်ရှာမှီးနေသည်။ ဇာတိပကတိနောက်သို့ အမြဲလိုက်နေသည့် သင်ကဲ့သို့သော သတ္တိကြောင်သူတစ်ဦး၌ စိတ်နှလုံးရှိပါသလော၊ သင့်မှာ ဝိညာဉ်ရှိပါသလော။...ဤနည်းအတိုင်း သင်ဆက်တွေ့ကြုံနေပါက သင်ဘာကိုမျှ မရဘဲဖြစ်မည် မဟုတ်လော။ မှန်ကန်သောလမ်းကို သင့်အား ပေးပြီးသော်လည်း နောက်ဆုံးတွင် သင်ရ၊ မရဆိုသည်မှာ သင်၏ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်မှုပေါ် မူတည်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း”) ကိုယ့်ယုံကြည်ခြင်းမှာ ကောင်းချီးရချင်တဲ့ ကျွန်မရဲ့ဆန္ဒကို ဘုရားနှုတ်ကပတ်တော်တွေက အတိအကျ ဖော်ထုတ်ပြလိုက်တာပဲ။ ကျွန်မ ယုံကြည်လာခဲ့တဲ့ နှစ်တွေကို ပြန်စဉ်းစားကြည့်တယ်။ အရင်တုန်းကတော့ အိမ်မှာ အားလုံး အဆင်ပြေတယ်။ ကျွန်မလည်း ကျန်းကျန်းမာမာပဲ။ ကိုယ့်တာဝန်မှာ တက်တက်ကြွကြွ လုပ်တယ်။ ခွန်အားတွေဆိုတာ မကုန်တော့သလိုပဲ။ ဒါပေမဲ့ ကင်ဆာ ဖြစ်ပြီလည်းဆိုရော၊ ကျွန်မက အပျက်သဘောဆောင်ပြီး၊ အထင်တွေ လွဲလာတယ်။ ကျွန်မကို မကာကွယ်တဲ့အတွက် ဘုရားကို အပြစ်တင်ခဲ့တယ်။ ကိုယ် လုပ်ခဲ့တဲ့ အလုပ်တွေကို ရှေ့တန်းတင်ပြီး၊ ဘုရားကို ကန့်ကွက်မိတယ်။ နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့တာတွေကိုတောင် နောင်တရမိသေးတာ။ ကျွန်မက ဘုရားသခင်ကို ရှောင်ဖယ် သစ္စာဖောက်တဲ့ အခြေအနေထဲမှာ ရှင်သန်ခဲ့တာပါ။ မကျန်းမာခြင်းဆိုတာကြီးနဲ့၊ စစ်ဆေး ဖော်ထုတ်ပြတာကို ခံရတော့မှ ကျွန်မ မြင်ခဲ့တာလေ။ ကျွန်မက ကိုယ့်တာဝန်ကို လုပ်ခဲ့တယ်၊ ပေးဆပ်တာတွေ လုပ်ခဲ့တယ်ဆိုတာ သမ္မာတရားကို အားထုတ်ဖို့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုပ်ဆောင်ဖို့အတွက် မဟုတ်ဘူး။ ကျွန်မက ငြိမ်းချမ်းမှုနဲ့ ကောင်းချီးတွေ ရဖို့ အဲဒါတွေကို လုပ်နေခဲ့တာပဲ။ ကျွန်မ လုပ်ခဲ့တဲ့ ပေးဆပ်မှုတွေအတွက် အပြန်အလှန်သဘော ကောင်းချီးပေးခံရအောင်၊ ဘုရားနဲ့ အပေးအယူလုပ်နေခဲ့တာပဲ။ ကျွန်မက ဒီဘဝမှာရော၊ နောင်လာမယ့် ထာဝရအသက်မှာရော ရှိသမျှအရာအားလုံးကို လိုချင်ခဲ့တာပါ။ အခုတော့ ကျွန်မမှာ ကင်ဆာဖြစ်ပြီ။ သေရတော့မယ်၊ ကောင်းချီးတွေ မရတော့ဘူးဆိုတဲ့ အခြေအနေမျိုးလည်း ရောက်ရော၊ ဘုရားကို မတရားဘူးဆိုပြီး အပြစ်တင်တယ်။ ကျွန်မမှာ လူ့သဘာဝဆိုတာ လုံးဝ မရှိခဲ့တာပါ။ ကိုယ် ယုံကြည်လာတဲ့ နှစ်တွေကိုလည်း စဉ်းစားကြည့်တယ်။ ကျွန်မက ဘုရားသခင်ဆီကနေ ကျေးဇူးတော်တွေ ကောင်းချီးတွေ အများကြီး ရခဲ့တယ်။ သမ္မာတရားနဲ့ ရေလောင်းခံရပြီး၊ ခွန်အားတွေ အများကြီး ရခဲ့တယ်။ ဘုရားက ကျွန်မကို အများကြီး ပေးခဲ့တာပါ။ ဒါပေမဲ့ ကျွန်မက ကိုယ်တော့်ချစ်ခြင်းအတွက် ပြန်ဆပ်ဖို့ လုံးဝ မတွေးခဲ့ဘူး။ မကျန်းမမာ ဖြစ်လာတော့လည်း၊ ဘုရားကို လုံးဝ မနာခံဘူး။ ကိုယ်တော့်ကို အထင်မှားပြီး အပြစ်တင်တယ်။ ကျွန်မမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား လုံးဝ မရှိခဲ့တာပါ။ နောက်ဆုံး ကျွန်မ နားလည်သွားတာက၊ ဘုရားသခင်က ကျွန်မကို ရောဂါဖြစ်စေတယ်ဆိုတာ၊ ကိုယ့်ယုံကြည်ခြင်းမှာ ကောင်းချီးရချင်တဲ့ ကျွန်မရဲ့စိတ်အရင်းခံနဲ့ ရှာဖွေအားထုတ်မှုအပေါ် ထားတဲ့ အမြင်မှားတွေကို ဖော်ထုတ် သန့်စင်ပေးဖို့ပဲ။ ပြီးတော့ သမ္မာတရားကို အားထုတ်တာတွေ၊ ကိုယ့်စိတ်သဘောထားမှာ အပြောင်းအလဲဖြစ်အောင် ကြိုးစားတာတွေကို အာရုံစိုက်အောင်လို့ပါပဲ။ ဘုရားရဲ့ ကောင်းတဲ့ရည်ရွယ်ချက်တွေကို နားလည်သွားတော့မှ၊ ကျွန်မ နောင်တရတယ်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဆုံးဖြတ်ချက်လည်း တိတ်တိတ်လေး ချလိုက်တယ်၊ “ငါ ကျန်းမာရေးကောင်းကောင်း မကောင်းကောင်း၊ ဘုရားကို အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုတာတွေ မလုပ်တော့ဘူး။ ငါ့ရှင်ခြင်း သေခြင်းဆိုတာကို ဘုရားရဲ့လက်ထဲကိုပဲ အပ်ချင်တယ်။ ကိုယ်တော့်အစီအစဉ်တွေကိုပဲ နာခံချင်ပါတယ်” ပေါ့။ အဲဒီနောက်ပိုင်းမှာ ကျွန်မ ပိုပြီးတော့ အများကြီးတည်ငြိမ်သွားတယ်။ စိုးရိမ်တာတွေ ဝမ်းနည်းတာတွေ မဖြစ်တော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့၊ ဆုတောင်းပြီး ရှာဖွေဖို့၊ ကိုယ့်ကိုယ်ကိုယ် ငြိမ်အောင်လုပ်နိုင်သွားတယ်။

ကျွန်မက နာခံလိုက်ပြီဆိုတော့၊ ဓာတုကုထုံး ယူရပြီဆိုလည်း အရင်ကလောက် မနာကျင်တော့ဘူး။ နည်းနည်း မအီမသာ ဖြစ်နေသေးတယ်ဆိုပေမဲ့၊ အားလုံး အဆင်ပြေသွားတယ်။ တခြားလူနာတွေက အံ့သြပြီး အားကျကြတာပေါ့။ ဒါက တကယ်ကို ဘုရားရဲ့သနားကရုဏာနဲ့ ကာကွယ်ခြင်းပဲဆိုတာ၊ ကျွန်မစိတ်နှလုံးထဲကနေ သိခဲ့ပါတယ်။ ဘုရားသခင်ကို သိပ်ပြီး ကျေးဇူးတင်ခဲ့မိတယ်။ ဓာတုကုထုံးကို လေးငါးကြိမ်လောက် ခံပြီးသွားတော့၊ ကြက်ဥအရွယ်လောက်ရှိတဲ့ အကျိတ်က ပိုပြီးသေးသွားတယ်။ သိပ်ပြီး မနာကျင်တော့ဘူး။ အရည်စိမ့်ထွက်တာလည်း မရှိတော့ဘူး။ ကျွန်မရဲ့အခြေအနေ ကောင်းတယ်လို့ ဆရာဝန်က ပြောတယ်။ ဒီအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင်၊ ဓာတုကုထုံး ခြောက်ကြိမ်မြောက်အပြီးမှာ ခွဲစိတ်မှုလုပ်ဖို့ လိုချင်မှလိုတော့မယ်ပေါ့။ ဒါကို ကြားရတော့ ကျွန်မ တော်တော် ဝမ်းသာတယ်။ ဘုရားကိုလည်း ဆက်ပြီး ကျေးဇူးတင်မိတယ်။ ဘုရားကို ယုံကြည်ခြင်းကလည်း ပိုပိုပြီး ကြီးလာတယ်။ ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ် သိအောင် ထက်ထက်သန်သန်နဲ့ ဆင်ခြင်ပြီး ကြိုးစားမယ်ဆိုရင်၊ ခွဲစိတ်စရာ မလိုဘဲ ကောင်းချင်ကောင်းသွားနိုင်တယ်ဆိုပြီး စဉ်းစားမိတယ်။

မတ်လထဲမှာ နောက်ဆုံးအကြိမ် ဓာတုကုထုံး ယူခဲ့ရတယ်။ ကျွန်မလည်း ကြောက်တာရော မျှော်လင့်မိတာရောပေါ့။ ကုထုံး ပြီးသွားတော့၊ ဆရာဝန်က ခွဲစိတ်မှုလုပ်ဖို့ လိုသေးတယ်လို့ ပြောရော။ အဲဒါပြီးတော့မှ ဓာတုကုထုံး နှစ်ကြိမ် ထပ်ယူရမယ်။ ပြီးရင် ဓာတ်ရောင်ခြည်ကုထုံး ယူရမယ်တဲ့။ ကျွန်မ တော်တော် တုန်လှုပ်သွားတာ။ စိတ်ထဲမှာ ချာချာလည်နေတယ်။ “ဒါ ဖြစ်နိုင်ပါ့မလား။ ငါ လုပ်သင့်တဲ့အတိုင်း ဆင်ခြင်ပြီးပြီ၊ နားလည်သင့်တာကို နားလည်နေပြီ။ အခု ငါ ဘာလို့ မသက်သာသေးတာလဲ။ ခွဲစိတ်တာကလည်း အကြီးစား ခွဲစိတ်မှာ။ ဒဏ်ရာဒဏ်ချက်တွေ ရမယ့်အပြင်၊ ငါ လုပ်ရမယ့် ဓာတုနဲ့ ဓာတ်ရောင်ခြည်ကုထုံးဆိုတာလည်း တော်တော် အနာခံရမှာ။ ငါ သေချင်သေသွားနိုင်သေးတယ်” ဆိုတာမျိုးတွေ လျှောက်တွေးတယ်။ ကျွန်မ ပိုပြီးတော့ ဝမ်းနည်းလာတယ်။ တစ်ကိုယ်လုံး ပျော့ခွေသွားတာ။ ဒီအဖြစ်တွေအားလုံးက မတရားဘူးဆိုပြီး ငိုမိတော့တာပဲ။ ကျွန်မ ခွဲစိတ်မှုခံပြီးတဲ့ည ရောက်တော့၊ ထုံဆေးတွေ ပြယ်ပြီလည်းဆိုရော၊ ခွဲကြောင်းနေရာကနေ နာလွန်းလို့ ငိုရပြန်ရော။ အသက်တောင် ပြင်းပြင်း မရှူနိုင်ဘူး။ ကူရာမဲ့ပြီး၊ မတရားသဖြင့် ခံရသလိုမျိုးပဲ။ ကျွန်မ မခံနိုင်လွန်းတော့ဘူး။ နာကျင်တာတွေက ဘယ်တော့မှ ဆုံးမှာလဲပေါ့။ ဝေဒနာတွေကြားကနေ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကိုတော့ ကျွန်မ ဖတ်လိုက်မိတယ်၊ “၁ လူများအားလုံးအတွက် စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်၊ သို့သော်လည်း ဘုရားသခင်သည် လူသားအတွက် သူ၏ဖြောင့်မတ်ခြင်း စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြားလုပ်ကာ၊ ပို၍ဉာဏ်အလင်းပွင့်ခြင်း၊ ပို၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဆုံးမခြင်းကို ထောက်ပံ့ပေးသည်မှာ စစ်ဆေးစဉ်အတွင်းဖြစ်ပေသည်။ ဖြစ်ရပ်မှန်အချက်များနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းအားဖြင့် သူသည် လူသားကို သူကိုယ်တိုင် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ လူသားကို ဘုရားသခင်၏ အလိုတော်နှင့်ပတ်သက်၍ ပို၍ကြီးမားသော နားလည်ခြင်းကို ပေးသည်၊ ဤသို့ဖြင့် ဘုရားသခင်အပေါ် ပို၍စစ်မှန်ပြီး ပို၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် ခွင့်ပြုသည်။ ထိုအရာတို့မှာ စစ်ဆေးခြင်းကို ဆောက်ရွက်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များဖြစ်သည်။ ၂ လူသားအပေါ် ဘုရားသခင်ဆောင်ရွက်သည့် အမှုအားလုံးတွင် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မဆာင်ရွက်သကဲ့သို့၊ လူသားအပေါ် အကျိုးမရှိသည့်အမှုကိုလည်း မဆောင်ရွက်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင်ရှေ့မှောက်မှ လူများအား ရှင်းထုတ်ခြင်းကို မဆိုလိုသကဲ့သို့၊ သူတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ဤအရာသည် စစ်ဆေးစဉ်အတွင်း လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ စိတ်ဓာတ်လှုံ့ဆော်မှုများ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲပေးခြင်း၊ ဘုရားသခင်အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအပေါ် စစ်မှန်သော စမ်းသပ်မှုနှင့် စစ်မှန်သော လေ့ကျင့်မှုပုံစံဖြစ်ပြီး၊ စစ်ဆေးစဉ်အတွင်း၌သာ သူ၏ချစ်ခြင်းသည် ၎င်း၏ ပင်ကိုတာဝန်ဝတ္တရားကို ထမ်းဆောင်နိုင်ပေသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “စစ်ဆေးခြင်းဆိုင်ရာ ဘုရားအမှု၏ ရည်ရွယ်ချက်ကျူး”) ဘုရားနှုတ်ကပတ်တော် စကားလုံးတိုင်းက ရင်ထဲကို တန်းပြီးဝင်တယ်။ ကျွန်မ တော်တော် စိတ်လှုပ်ရှားသွားတယ်။ ကျွန်မကို ဒီနည်းနဲ့ စစ်ဆေးတဲ့ ဘုရားရဲ့အလိုတော်က၊ ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ် စစ်မှန်တဲ့ သိနားလည်ခြင်းတချို့ ရလာအောင်၊ သမ္မာတရားကို ရှာဖွေမိအောင်၊ ကျွန်မရဲ့ အကျင့်ပျက်စိတ်သဘောထားတွေ သန့်စင်ပြောင်းလဲအောင် လုပ်တာပဲဆိုတာကို ကျွန်မ သိသွားတယ်။ ဟိုအရင်ကတော့ ကိုယ့်ယုံကြည်ခြင်းမှာ ကောင်းချီးတွေနောက် မလိုက်သင့်မှန်း နားလည်ပေမဲ့၊ ကောင်းချီးရချင်တဲ့ ကိုယ့်စိတ်အရင်းခံကို လုံးလုံး မစွန့်လွှတ်မိသေးဘူးလေ။ ဘုရားသခင်ကို အလွန်အကျွံတောင်းဆိုချင်တာတွေကို ကိုယ့်ရင်ထဲမှာ တေးထားနေတုန်းပဲ။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး၊ ကိုယ့်အကြောင်းကိုယ် နည်းနည်း သိလာခဲ့ပြီဆိုတော့ ဘုရားက ကျွန်မရဲ့ရောဂါကို ဖယ်ရှားပေးသင့်ပြီဆိုပြီး ထင်ခဲ့တာ။ ကျွန်မကိုယ်ကျွန်မ ဆင်ခြင်တာတွေ၊ ကိုယ့်ကိုယ်ကိုယ် သိတာတွေက ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ပါနေတာပါ။ အဲဒါတွေက ဘုရားနဲ့ အပေးအယူလုပ်ချင်တဲ့ ဆန္ဒကို ဖုံးဖိထားတာတွေပဲ။ ကျွန်မက တကယ်တော့ လုံးဝ နောင်တမရသေးတာပါ။ ဘုရားက ကျွန်မရဲ့အတွေးတွေကို စိစစ်ပြီးတော့၊ ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဆင်ခြင်မိအောင်၊ အမှန်တကယ် နောင်တရအောင်၊ ကျွန်မကို ထုတ်ဖော်ပြဖို့အတွက် ဒီရောဂါကို အသုံးပြုခဲ့တာပဲ။ ဒါက ကျွန်မအတွက် ဘုရားရဲ့ချစ်ခြင်းမေတ္တာပဲ။ အဲဒီနောက်မှာ ကျွန်မလည်း ဘုရားသခင်ဆီ ဆုတောင်းမိတယ်၊ “ဘုရားသခင်၊ ကျွန်မ အခု ကိုယ်တော့်အလိုကို နားလည်ပါပြီ။ ကိုယ်ပိုင်ရွေးချယ်မှုတွေ၊ တောင်းဆိုတာတွေအားလုံးကို ကျွန်မ စွန့်လွှတ်ချင်ပါတယ်။ ကိုယ်တော် စီစဉ်ပေးထားတဲ့ အခြေအနေထဲမှာပဲ သမ္မာတရားကို ရှာဖွေချင်ပါတယ်။ ကျွန်မကို လမ်းပြတော်မူပါ” ပေါ့။

နောက်တစ်ရက်နှစ်ရက်ကြာတော့၊ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒီစာပိုဒ်ကို ကျွန်မ ဖတ်မိတယ်၊ “လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါတွင်၊ ၎င်းတို့ထဲမှ မည်သူသည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ အရင်းခံအကြောင်းများနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ထိုအရင်းခံအကြောင်းများ ပါရှိနေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့ အလိုရှိသော အရာများကို ရရှိရန် ဖြစ်သည်။...အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ စိတ်ပါဝင်စားမှုများ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ မတုန်မလှုပ် ဖြစ်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရမှသည် သူ၏ ဓမ္မဓိဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ချေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)”) ဒါကို ဖတ်မိတော့၊ ကျွန်မ တော်တော် ရှက်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့အခြေအနေမှန်ကို အတိအကျ ထုတ်ဖော်ပြတာပဲ။ ကျွန်မက ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့တယ်၊ ဘုရားကို အမြဲတမ်း အပေးအယူသဘောလုပ်ပြီး၊ ကောင်းချီးတွေကိုပဲ အမြဲတမ်း လိုချင်ခဲ့တယ်။ ကျွန်မက ဘုရားကို ယုံကြည်တယ်၊ ကိုယ့်တာဝန်ကို အမြဲတမ်း လုပ်ပြီး၊ အသင်းတော်မှာလည်း ကိုယ့်ကိုယ်ကိုယ် အသုံးခံတယ်ဆိုတော့၊ ဘုရားက ကျွန်မကို ကာကွယ်စောင့်ရှောက်သင့်တယ်၊ ရောဂါတွေ အန္တရာယ်တွေကနေ ကာကွယ်ပေးသင့်တယ်ဆိုပြီး တွေးခဲ့တာ။ ဒါကို ဖြစ်သင့်တယ် မှန်တယ်လို့ပဲ ထင်ခဲ့တာ။ ကိုယ့်မှာ ကင်ဆာဖြစ်နေတာကိုလည်း သိရော၊ ဘုရားကို ချက်ချင်း အပြစ်တင်လာတယ်။ ကျွန်မ ဒုက္ခခံပြီး ပေးဆပ်ခဲ့တဲ့ နှစ်တွေအများကြီးကို အရင်းပြုပြီး၊ ကိုယ်တော့်ကို ကန့်ကွက်ချင်မိတယ်။ ကျွန်မရောဂါ သက်သာလာတုန်းက၊ 'ဘုရားကို ကျေးဇူးတင်ပါတယ်' ဆိုပြီး ပါးစပ်က ပြောခဲ့ပေမဲ့၊ ရင်ထဲမှာတော့ ပိုပြီး လိုချင်ခဲ့တာပါ။ ဘာဝေဒနာမှ မခံစားရတော့အောင်၊ ကျွန်မရဲ့ရောဂါကို လုံးဝ ဖယ်ရှားပေးလိုက်ဖို့ပဲ တောင့်တမိတယ်။ ကိုယ့်ရဲ့ တရားလွန်ဆန္ဒက မပြည့်ဘူးလည်းဆိုရော၊ ဆိုးယုတ်တဲ့ သဘာဝက ပြန်ခေါင်းထောင်လာတယ်။ ဘုရားကို ထပ်အပြစ်တင်ပြီး၊ ကန့်ကွက်ဖို့ ကြိုးစားမိတယ်။ ကျွန်မရဲ့အပြုအမူက နှုတ်ကပတ်တော်တွေထဲမှာ ဘုရားသခင် ထုတ်ဖော်ပြတဲ့အတိုင်း ဖြစ်နေတာပါ၊ “လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် မချစ်နိုင်ကြပေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် သူတို့ အကျိုးအမြတ် ရရှိနိုင်သည့်အခါတွင် သူတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြပါသော်လည်း၊ သူတို့လိုအင်သည် အပေးအယူရှိပြီး သို့မဟုတ် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ သူတို့ချက်ချင်းပင် ပုန်ကန်ကြသည်။ တစ်ညတာ အချိန်အတွင်းလေးတွင်ပင်၊ သူတို့သည် ပြုံးရွှင်နေသည့် ‘စိတ်နှလုံးကောင်း’ ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးသော ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမား အဖြစ်သို့ ပြောင်းလဲသွားပြီး၊ ယုတ္တိမရှိ သို့မဟုတ် အကြောင်းပြချက်မရှိဘဲ၊ မနေ့က သူတို့၏ ကျေးဇူးရှင်အဖြစ် ဆက်ဆံသူကို ရုတ်တရက်ပင် သူတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ဆက်ဆံသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှ”) ကျွန်မ တော်တော် စိတ်မချမ်းမသာဖြစ်သွားတယ်။ ဘုရားကို နှစ်တွေအများကြီး ယုံကြည်လာပေမဲ့၊ ကျွန်မက ကိုယ်တော့်အပေါ် ထားသင့်တဲ့ ကိုးကွယ်နာခံမှု ရှိခဲ့တာမဟုတ်ဘူး။ အဲဒီအစား၊ ကိုယ်တော့်ကို တန်ခိုးကြီးတဲ့ဆရာဝန်လိုလို၊ ခိုလှုံရာတစ်ခုလိုလို သဘောထားခဲ့တာ။ ကျွန်မက ဒီဘဝမှာ ငြိမ်းချမ်းခြင်း ရဖို့၊ ကိုယ်တော့်ဆီကနေ ကောင်းချီးတွေ ဆက်ပြီးရဖို့ ကြိုးစားရင်းနဲ့၊ ကိုယ့်ရည်ရွယ်ချက်တွေ အောင်မြင်အောင် ဘုရားကို အသုံးချခဲ့တာပဲ။ ကျွန်မရဲ့ယုံကြည်ခြင်းဆိုတာ မျက်နှာပြောင်တိုက်ပြီး အပေးအယူလုပ်နေတာမျိုးပဲ၊ ကျွန်မက ဘုရားသခင်ဆီက ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ရဖို့၊ သူ့ကို အသုံးချနေတာပဲဆိုတာတွေကို ကျွန်မ မြင်သွားတယ်။ ကျွန်မက ဘုရားကို လှည့်စားပြီး ခုခံနေခဲ့တာ မဟုတ်ဘူးလား။ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မြင်လိုက်ရတယ်။ လူ့သဘာဝဆိုတာ နည်းနည်းလေးမှ မရှိဘူး။ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ပဲ အသက်ရှင်နေထိုင်ခဲ့တာလေ။ ဘုရားသခင်က ကျွန်မကို ရွံရှာပြီး မုန်းတီးမိမှာပဲ။

အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒီစာပိုဒ်ကို ဖတ်မိတယ်၊ “ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။ ယောဘ၏ အတွေးများနှင့် လုပ်ရပ်အားလုံးသည် ဘုရားသခင်၏ နားသို့ရောက်ရှိခဲ့ပြီး ဘုရားသခင်ရှေ့သို့ ရောက်ရှိခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု မြင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ထိုသို့သော စိတ်နှလုံး တစ်ခုရှိခြင်းအတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံးနှင့် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ ယင်းသည် သူ့အပေါ် ကျရောက်သည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် နာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)”) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်တော့မှ၊ ရင်ထဲမှာ တော်တော်လေး လှုပ်ရှားသွားတယ်။ စဉ်းလည်း စဉ်းစားတယ်၊ “ဘုရားသခင်ဆိုတာ ဖန်ဆင်းရှင်ပဲ။ ဘုရားက ငါတို့ကို ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးအပ်နိုင်တယ်။ ငါတို့ကို တရားစီရင်တာ၊ ပြစ်တင်ဆုံးမတာ၊ စမ်းသပ် စစ်ဆေးတာတွေ လုပ်နိုင်တယ်။ ဘုရားက ငါတို့ကို ချစ်ခင်တာနဲ့ပဲ၊ စမ်းသပ်မှုတွေ မလုပ်ရတော့ဘူးလား” ယောဘအကြောင်းကိုလည်း စဉ်းစားမိတယ်။ ဘုရားက သူ့ကို စည်းစိမ်ဥစ္စာတွေ ပေးတယ်။ သူက ဘုရားကို ကျေးဇူးတင်ပြီး ချီးမွမ်းတယ်။ ဒါပေမဲ့ ပစ္စည်းဥစ္စာကြွယ်ဝတာကို သူ မတပ်မက်ခဲ့ဘူး။ ဘုရားက သူ့ဆီကနေ အရာအားလုံး ပြန်သိမ်းယူတော့လည်း၊ သူ့ကို စမ်းသပ်မှုတစ်လျှောက်လုံးမှာ ဘုရားရဲ့နာမကို ချီးကျူးနိုင်တုန်းပဲ။ သူ ပြောတာရှိတယ်လေ၊ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” (ယောဘဝတ္တု ၂:၁၀) သူ့မှာ ရှိတာမှန်သမျှက ဘုရားသခင်ဆီက လာတယ်၊ ဘုရားက သူ့ကို ပစ္စည်းဥစ္စာတွေ ပေးသည်ဖြစ်ဖြစ် ပြန်ယူသည်ဖြစ်ဖြစ်၊ ဘုရားက ဖြောင့်မတ်တယ်ဆိုတာကို ယောဘက သိခဲ့တာပါ။ ယောဘရဲ့ယုံကြည်ခြင်းက ကိုယ်ပိုင်ရည်ရွယ်ချက်တွေနဲ့ စွန်းထင်းမနေခဲ့ဘူး။ ကောင်းချီးပေးခံရမှာလား၊ ဘေးဒုက္ခနဲ့ ကြုံမှာလားဆိုတာတွေကို သူက လုံးဝ မစဉ်းစားဘူး။ ဘုရားက ဘာကိုပဲလုပ်လုပ်၊ သူက အပြစ်မတင်ခဲ့ဘူးလေ။ ဘုရားကို ကိုးကွယ်နာခံရမယ့် ဖန်ဆင်းခံတစ်ယောက်ဆိုတဲ့ သူ့နေရာမှန်မှာ နေနိုင်ခဲ့တာပါ။ ယောဘရဲ့လူ့သဘာဝနဲ့ အသိစိတ်ကို မြင်မိတော့၊ ကျွန်မ တကယ်ကို ရှက်မိတယ်။ ကျွန်မမှာ ရှိသမျှတွေကို ကြည့်လိုက်တော့၊ အားလုံးကို ဘုရားက ပေးထားတာလေ။ ကိုယ့်အသက်တောင် ပါတယ်။ ဒါပေမဲ့ ကျွန်မက လုံးဝ ကျေးဇူးမသိတတ်ခဲ့ဘူး။ ကိုယ် မကျန်းမမာဖြစ်တော့ ဘုရားကိုတောင် အပြစ်တင်မိတယ်။ ကျွန်မမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရားဆိုတာ လုံးဝ မရှိခဲ့တာပါ။ ကျွန်မက ယုံတော့ယုံကြည်တယ်၊ ဒါပေမဲ့ ဘုရားကို မသိခဲ့ဘူး။ ကိုယ်တော့်ရှေ့မှောက်က ကိုယ့်နေရာမှန်ကို မသိခဲ့ဘူး၊ ဖန်ဆင်းရှင်ကို ဘယ်လိုနာခံသင့်တယ်ဆိုတာလည်း မသိခဲ့ဘူး။ ကိုယ့်အယူအဆတွေနဲ့ စိတ်ကူးတွေ၊ အပေးအယူလုပ်ချင်တဲ့ ကိုယ့်ခံယူချက်တွေကို ယုံကြည်ရင်းနဲ့ ဘုရားကို အပြစ်တင်ခဲ့တယ်။ စမ်းသပ်တာတွေနဲ့ ကြုံတော့ ခုခံမိတယ်။ အဲဒါကိုတောင် ကျွန်မက ဘုရားဆီက ကောင်းချီးတွေနဲ့ ကျေးဇူးတော်ကို အမြဲတမ်း လိုချင်ခဲ့သေးတာ။ ဘုရားရဲ့နိုင်ငံတော်ထဲ ရောက်ချင်ခဲ့သေးတာ။ ကျွန်မက တကယ်ကို မရှက်တတ်ခဲ့တာပါ။ အဲဒီအချိန်မှာ ကျွန်မ သေခဲ့မယ်ဆိုရင်တောင်၊ အဲဒါက ကျွန်မရဲ့ ပုန်ကန်မှုနဲ့ ဖောက်ပြန်ပျက်စီးမှုအတွက် ဘုရားရဲ့ဖြောင့်မတ်ခြင်းပဲ ဖြစ်မှာပါဆိုပြီး မြင်သွားတယ်။ ယောဘရဲ့အတွေ့အကြုံတွေကနေ လက်တွေ့လုပ်ဆောင်ဖို့လမ်းကို ကျွန်မ တွေ့လိုက်တာ။ ကျွန်မ ရောဂါဖြစ်တာ ဘယ်လောက်ထိပဲကြာကြာ၊ ပြန်ကောင်းကောင်း မကောင်းကောင်း၊ ဘုရားရဲ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကိုပဲ နာခံချင်မိတော့တယ်။ ဒါက ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မမှာ ရှိသင့်တဲ့ အသိစိတ်ပဲလေ။ ဒီအတွေးနဲ့ ကျွန်မ အများကြီး ငြိမ်းချမ်းသွားတယ်။

အဲဒီလိုနဲ့ ဓာတ်ရောင်ခြည်ကုထုံး ယူရမယ့်အချိန် ရောက်လာရော။ ဓာတ်ရောင်ခြည်ကုထုံးက ခန္ဓာကိုယ်မှာ တော်တော် နာကျင်တယ်၊ အသားတွေ ကျက်သလိုဖြစ်သွားတာဆိုပြီး၊ တခြားကင်ဆာရောဂါသည်တွေက ပြောကြတယ်။ ကုထုံး ယူပြီးတဲ့အခါတိုင်း မူးနောက်နောက်နဲ့ မအီမသာဖြစ်လိမ့်မယ်။ ဘာမှ စားချင်စိတ်မရှိတော့ဘူးပေါ့။ ဒါတွေကို ကျွန်မ ကြားရတော့၊ ဒီအခြေအနေကနေ ထပ်ပြီး လွတ်မြောက်အောင် ကူညီပေးဖို့ ဘုရားသခင်ဆီ တောင်းလျှောက်မိပြန်ရော။ ဒါပေမဲ့ ကျွန်မအခြေအနေက မှားနေမှန်း ရုတ်တရက် အသိဝင်သွားတော့၊ ဘုရားဆီ ဆုတောင်းလိုက်တယ်။ အဲဒီအချိန်မှာတင် ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ထဲက စာသားတွေက ခေါင်းထဲ ရောက်လာတယ်၊ “သင်သည် ဖန်ဆင်းခြင်း ခံထားရသည့်အတွက်၊ သင့်အား ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်သည်၊ အကြောင်းမှာ သင်သည် ပင်ကိုအားဖြင့် မိမိအပေါ်မိမိ အုပ်စိုးခြင်း မရှိသောကြောင့် ဖြစ်ပြီး၊ မိမိ၏ ကံကြမ္မာကို ထိန်းချုပ်ရန် တတ်စွမ်းနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော သူတစ်ယောက် ဖြစ်သည့်အတွက်၊ သင်သည် သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားကို ယုံကြည်သူတစ်ဦး လိုက်စားရမည့်အရာကျူး”) ဒီအခြေအနေက ကျွန်မကို ဘုရားက စမ်းသပ်နေတာပဲ၊ ကျွန်မက အသိတရားမဲ့ပြီး ဘုရားကို တောင်းဆိုနေလို့မဖြစ်ဘူး၊ ကိုယ်တော့်ကို နာကျင်အောင် ထပ်လုပ်လို့မဖြစ်ဘူးဆိုတာ ကျွန်မ သိလိုက်တယ်။ ကိုယ်တော့်အစီအစဉ်တွေကို နာခံမှဖြစ်မယ်ဆိုတာ သိလိုက်တယ်။ အဲဒီလို နာခံမိပြီးတဲ့နောက်မှာ၊ ဓာတ်ရောင်ခြည်ကုထုံး နေ့တိုင်း ယူရလို့၊ ကျွန်မတစ်ကိုယ်လုံး နာကျင်တယ်ဆိုပေမဲ့၊ တခြားလူနာတွေ ပြောပြသလောက် မဆိုးရွားခဲ့ဘူး။ ဒါက ကျွန်မအပေါ် ဘုရားက သနားကရုဏာထားပြီး စောင့်ရှောက်နေတာပဲဆိုတာ သိလိုက်တယ်။ ဓာတ်ရောင်ခြည်ကုထုံး ယူတာတွေ ပြီးသွားတော့၊ ကျွန်မ တော်တော် မြန်မြန်ဆန်ဆန် ပြန်ကောင်းလာတယ်။ စိတ်ရော ကိုယ်ရော တကယ် နေလို့ကောင်းသွားတာ။ အသင်းတော်က ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မကို ကင်ဆာရောဂါသည်လို့ မထင်ရဘူးဆိုပြီး ပြောကြတာပေါ့။ နောက်တော့ ကျွန်မလည်း ကိုယ့်တာဝန်ကို ပြန်ပြီး လုပ်ကိုင်တယ်။ ဒီအတွေ့အကြုံကြောင့် ကျွန်မရဲ့ယုံကြည်ခြင်းက ကြီးသွားတယ်။ ကိုယ့်တာဝန်ကို ပြန်လုပ်ခွင့်ရတဲ့ အဖြစ်ကိုလည်း မြတ်နိုးလာမိတယ်။

အခုဆို ၂ နှစ်နီးပါး ရှိပြီပေါ့။ ဒါပေမဲ့ ကျွန်မ မကျန်းမမာဖြစ်ခဲ့တဲ့ အဲဒီဆယ်လစာအချိန်ကို ပြန်စဉ်းစားမိတိုင်း၊ မနေ့တနေ့ကမှ ဖြစ်ခဲ့သလိုပဲ ခံစားရတယ်။ ကိုယ့်ခန္ဓာကိုယ်မှာ နည်းနည်း နာကျင်ခဲ့ရတယ်ဆိုပေမဲ့၊ ကောင်းချီးတွေ လိုချင်တဲ့ ကိုယ့်စိတ်အရင်းခံကိုရော အားထုတ်မှုအပေါ် ထားတဲ့ ကိုယ့်အမြင်မှားတွေကိုရော နားလည်လာတယ်လေ။ သမ္မာတရားကို အားထုတ်ရမယ်၊ ကိုယ့်ယုံကြည်ခြင်းမှာ ဘုရားကို နာခံဖို့ ကြိုးစားရမယ်ဆိုတာကို ကျွန်မ အခု သိပြီ။ ကောင်းချီးပေးခံရတာဖြစ်ဖြစ်၊ ဘေးဒုက္ခနဲ့ ကြုံရတာဖြစ်ဖြစ်၊ ကျွန်မက ဘုရားရဲ့စီစဉ်ညွှန်ကြားမှုတွေ၊ သူ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို အမြဲတမ်း နာခံရမယ်လေ။ ဒါက ဖန်ဆင်းခံတစ်ယောက်မှာ ပိုင်ဆိုင်သင့်တဲ့ အသိစိတ်သဘောပါပဲ။ ဘဝမှာ အရာရာတိုင်း ချောချောမွေ့မွေ့ ဖြစ်ခဲ့မယ်ဆိုရင်၊ ဒါတွေအားလုံးကို ကျွန်မ လုံးဝ ရနိုင်ခဲ့မှာမဟုတ်ဘူး။ ဒါက ကျွန်မကို ဘုရားသခင် ပေးလိုက်တဲ့ အသက်ရဲ့ချမ်းသာမှုပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- မုသားတို့ သုံးမိပြီးသည့်နောက်...

နောက်တစ်ခုသို့- ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရှာဖွေခြင်း နေ့ရက်များ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူတွေကို ဘယ်လို မှန်ကန်စွာ ဆက်ဆံရမယ်ဆိုတာ ကျွန်မ သိခဲ့ရပြီ

လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်လုပ်နေတာ။ အဲဒီအသင်းတော်မှာ အစွမ်းအစကောင်းတဲ့ ချန်မျိုးရိုး...

ထိုနေ့တွင် ကောင်းကင်က အထူးသဖြင့် ကြည်လင်ပြီး နေသာသည်

ကျန်းယင်၊ တရုတ်နိုင်ငံ ကျွန်မ တရုတ်နိုင်ငံရှိ ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်တွင် ယုံကြည်သူတစ်ဦး ဖြစ်ခဲ့ပါသည်။ ဝတ်ပြုအစည်းအဝေးများ၌...

နာကျင်ခံစားခြင်းများနှင့် စမ်းသပ်မှုများ— မျက်နှာသာပေးခံရခြင်း၏ကောင်းချီးမင်္ဂလာများ

ဝမ်ဂန်၊ ရှန်တုံစီရင်စုကျွန်တော်သည် တောရွာတွင်နေထိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏မိသားစုသည် ဆင်းရဲသည်။ ကျွန်တော်သည် ရှာလို့ရသမျှ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသော ကာလ ခရစ်တော်— ကယ်တင်ရှင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်