၆၉။ အန္တရာယ်ထဲတွင် ကျွန်မ တာဝန်ကို မစွန့်ပစ်တော့ပါ
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ကျွန်မဟာ အရုဏ်ဦး အသင်းတော်မှာ ခေါင်းဆောင်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ညနေခင်းမှာ ကျွန်မစာတစ်စောင်ရခဲ့ပါတယ်။ စာထဲမှာ ဧဝံဂေလိဆရာ ရန်ဟွေနဲ့ သူ့မိသားစုဟာ ၈ ရက် မွန်းလွဲပိုင်းမှာ ရဲဖမ်းဆီးခံရတယ်လို့ ဆိုထားပါတယ်။ အဲဒီမှာ ရုတ်တရက်ကျွန်မသတိရလိုက်တာက ကျွန်မရဲ့တွဲဖက် အစ်ကို လိကျိနဲ့ ယန်ဟွေတို့က နောက်တစ်နေ့နံနက်မှာ တွေ့ဆုံဖို့စီစဉ်ထားတယ်ဆိုတာကိုပါ။ ဒီအကြောင်းကို နောက်ထပ်တွဲဖက်အစ်မ ကျန်းရှင်နဲ့အတူ ကျွန်မဆွေးနွေးခဲ့ပြီး ယန်ဟွေ ဖမ်းဆီးခံရတဲ့အကြောင်းကို မနက်ဖြန်နံနက်မှာ လိကျိကို အမြန်ဆုံးအသိပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျန်းရှင်က နောက်တစ်နေ့ သွားခဲ့ပေမဲ့ ၁၂ ရက် မွန်းလွဲပိုင်းရောက်တဲ့အထိ ပြန်မလာခဲ့ပါဘူး။ ကျွန်မ စိတ်သောကဖြစ်ပြီးကြောက်လာတယ်၊ ကျန်းရှင်လည်း အဖမ်းခံရင်အဖမ်းခံရလောက်ပြီဆိုပြီး စိတ်ပူလာခဲ့ပါတယ်။ တကယ်လို့ သူတို့အားလုံး အဖမ်းခံလိုက်ရရင် ညီအစ်ကိုမောင်နှမတွေ အများကြီး အမှုပတ်ကြမှာ၊ အသင်းတော်ရဲ့ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေလည်း အန္တရာယ်ရှိလာပြီလေ။ ရဲတွေရှာဖွေရေးမလုပ်ခင်မှာ စာအုပ်တွေကိုရွှေ့ပြောင်းဖို့ ကျွန်မတို့ သွက်သွက်မလုပ်ကြရင် ဆုံးရှုံးမှု ကြီးမားမယ့်အပြင် ကျွန်မရဲ့ပြစ်မှားမှုဟာလည်း ကြီးလေးမှာပါပဲ။ ဒီအကြောင်းတွေကိုတွေးပြီး ကျွန်မ ပိုပြီးတောင် ကြောက်လန့်လာခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို ရင်ထဲကနေ မပြတ်ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်။ သမီးရဲ့ ဝိညာဉ်ရင့်ကျက်မှုဟာ သေးငယ်လွန်းပြီး ဒီအခြေအနေကို ဘယ်လိုကျော်ဖြတ်ရမလဲ မသိပါဘူး။ သမီးကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြတော်မူပါ။ ဒီနောက်ဆက်တွဲကို ကျကျနနကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ယုံကြည်မှုနဲ့ သတ္တိပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ စာအုပ်တွေ ရွှေ့ပြောင်းရေးကို ဆွေးနွေးဖို့ ညီအစ်မနှစ်ယောက်နဲ့ အစည်းအဝေးတစ်ခု စီစဉ်ဖို့အတွက် ကျွန်မ စာတစ်စောင် ချက်ချင်းရေးလိုက်ပါတယ်။ ကျွန်မ ထွက်တော့မဲ့အချိန်မှာ ကျွန်မကိုဧည့်ခံတဲ့ညီအစ်မက စိုးရိမ်တကြီး ပြောလာပါတယ်။ “အစ်မ သွားလို့မရဘူး။ တကယ်လို့ အစ်မအပြင်ထွက်သွားပြီး ပြန်မလာခဲ့ရင်၊ အသင်းတော်ရဲ့အလုပ်က ဘယ်လိုဖြစ်သွားမလဲ”တဲ့။ သူ့ရဲ့ကြောက်နေတဲ့ မျက်နှာထားကိုမြင်ပြီး ကျွန်မ ပိုပြီးတောင် စိတ်ပူသွားပါတယ်။ “သူတို့ အခုထိပြန်မလာကြသေးဘူးဆိုတော့၊ အဖမ်းခံလိုက်ရတာပဲဖြစ်မယ်။ ငါ အပြင်ထွက်ရင်ရော၊ ငါ့နောက်ကနေ တစ်ယောက်ယောက်လိုက်လာမှာလား။ တကယ်လို့ ငါ တကယ်ပဲပြန်မလာခဲ့ရင်ရော”ပေါ့။ ကျွန်မနှလုံးသားထဲမှာ ဘုရားသခင်ကို တောက်လျှောက်ဆုတောင်းခဲ့ပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို စဉ်းစားခဲ့ပါတယ်။ “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်။ အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း မိမိတို့၏ အသက်ကို ပေးရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို အလင်းပေးပြီး ဉာဏ်အလင်းဖွင့်ပြဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်နှင့် မည်သို့နီးကပ်လာရမည်ဆိုသည်ကို ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) အခုဆိုရင် အသင်းတော်က ဖမ်းဆီးမှုတွေ ရင်ဆိုင်နေရပြီမို့၊ ညီအစ်ကိုမောင်နှမတွေနဲ့ ဘုရားသခင်နှုတ်ကပတ်တော် စာအုပ်တွေကို ကာကွယ်ဖို့က ကျွန်မရဲ့ဝတ္တရားနဲ့ အရေးတကြီးတာဝန်ဖြစ်ခဲ့ပါတယ်။ အဖမ်းခံရမှာကို ကြောက်ရွံ့တာက စာတန်ပေးပို့တဲ့ အတွေးတစ်ခုပါပဲ။ စာတန်ရဲ့ထောင်ချောက်ထဲမကျမိအောင် ကျွန်မရှောင်ရပါမယ်။ ကျွန်မသာ အဖမ်းခံရမှာကိုကြောက်ရွံ့ပြီး ပုန်းနေခဲ့မယ်၊ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ စာအုပ်တွေကို အချိန်မီမပြောင်းရွှေ့ခဲ့တဲ့အပြင်၊ စာအုပ်တွေကို ရဲတွေသိမ်းဆည်းသွားမယ်ဆိုရင် ကျွန်မ ပြစ်မှားခဲ့မှာပါပဲ။ ဒီလိုအရေးအကြီးဆုံးအချိန်မှာ အသင်းတော်ရဲ့ အကျိုးစီးပွားကို မကာကွယ်နိုင်ဘူးဆိုတာ ရှက်စရာဖြစ်မှာပါ။ ရွှေ့ပြောင်းရေးကိစ္စက အန္တရာယ်များတယ်ဆိုပေမဲ့ ဘုရားသခင်ဟာ အနန္တတန်ခိုးရှိပြီး အရာရာတိုင်းဟာ ဘုရားသခင်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်လို့ ကျွန်မယုံကြည်ခဲ့တယ်။ ကျွန်မအဖမ်းခံရမလား၊ အဖမ်းမခံရဘူးလားဆိုတာကို ဘုရားသခင်ကဆုံးဖြတ်ပြီးသားပါ။ ဘုရားသခင်ခွင့်မပြုခဲ့ရင် ရဲတွေဟာ ကျွန်မခေါင်းပေါ်က ဆံချည်တစ်မျှင်ကိုတောင် ထိမှာ မဟုတ်ပါဘူး။ ဘုရားသခင်နှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ပြီး ကျွန်မ ကြောက်တာလျော့လာတယ်။ ညီအစ်မနှစ်ယောက်နဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ၊ သီးခြားစီ အလုပ်လုပ်ဖို့ အမြန်လူခွဲခဲ့ပါတယ်။ တစ်ယောက်က ညီအစ်ကိုမောင်နှမတွေကိုသတိပေးဖို့ ထွက်သွားပြီး၊ ကျွန်မနဲ့အတူ နောက်ညီအစ်မတစ်ယောက်က ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ စာအုပ်တွေရွှေ့ပြောင်းရေးကို ကြီးကြပ်ခဲ့ပါတယ်။ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ စာအုပ်တွေ အားလုံးကို လုံလုံခြုံခြုံ ပြောင်းရွှေ့ပြီးပြီဆိုမှ နောက်ဆုံးမှာ ကျွန်မ စိတ်သက်သာရာရခဲ့ပါတယ်။
နောက်ပိုင်းမှာ ယုဒတစ်ယောက်သစ္စာဖောက်တာကြောင့် အသင်းတော်ထဲက နောက်ထပ်လူတွေအများကြီးအဖမ်းခံခဲ့ရပြီး၊ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ စာအုပ်တွေလည်း ရဲတွေ ဆက်တိုက်သိမ်းတာခံခဲ့ရပါတယ်။ ဇန်နဝါရီလ ၄ ရက် ၂၀၂၂ ခုနှစ်မှာ ကျွန်မကိုဧည့်ခံနေခဲ့တဲ့ ရန်ဟောင် ပါ ရဲဖမ်းခံလိုက်ရပါတယ်။ နေထိုင်ဖို့သင့်တော်တဲ့နေရာတစ်ခုမရှိတာမို့ ကမန်းကတန်း ထွက်ပြေးဖို့စဉ်းစားခဲ့တယ်၊ တွေးမိတာပေါ့။ “တကယ်လို့ ငါသာရဲဖမ်းခံလိုက်ရရင် အပြင်းအထန်နှိပ်စက်တာကိုခံရမှာပဲ။ အဲဒါကို ငါမခံနိုင်ဘဲ ယုဒလို ဘုရားသခင်ကိုသစ္စာဖောက်လိုက်ရင် အကျိုးဆက်တွေက မတွေးတတ်အောင်ဖြစ်တော့မှာပဲ”ပေါ့။ နောက်ဆုံးမှာ နည်းနည်းလုံခြုံတဲ့နေရာတစ်ခုတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာလိုက်ခင်မှာ ဒီနေရာကလည်း ယုဒတစ်ယောက်သတင်းပေးတာခံလိုက်ရတဲ့အတွက် ကျွန်မ ထပ်ရွှေ့ခဲ့ရတယ်။ နေဖို့ သင့်လျော်တဲ့နေရာတစ်ခုမရှိဘဲ၊ ဘယ်နေရာကမှ ကျွန်မတို့အတွက် စိတ်မချရဘူးလို့ခံစားခဲ့ရတယ်။ ကျွန်မ အရမ်းကို ကူကယ်ရာမဲ့ပြီး စိတ်ထိခိုက်ခဲ့ရတယ်။ မညည်းညူဘဲကို မနေနိုင်ခဲ့ဘူး။ “အမြဲတမ်း ကြောက်စိတ်၊ သောကစိတ်နဲ့ နေထိုင်ရတဲ့ ဒီလိုနေ့တွေ ဘယ်တော့များမှ အဆုံးသတ်မှာလဲ။ ရဲတွေက ကျွန်မကိုဖမ်းပြီး ရိုက်သတ်လိုက်တာကမှ ပိုကောင်းဦးမယ်”ပေါ့။ ကျွန်မရဲ့ ကမ်းကုန်တဲ့နာကျင်မှုထဲမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို သတိရခဲ့ပါတယ်။ “ငါ့အတွက် အရာအားလုံးကို စွန့်လွှတ်ရန်နှင့် သင့်ခွန်အား ရှိသမျှဖြင့် ငါ့နောက် လိုက်ရန် သင်သည် အဆင်သင့်ဖြစ်နေရမည် ဖြစ်ပြီး မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် အဆင်သင့်ဖြစ်နေရမည်။ ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ သတိရလော့။ အရာခပ်သိမ်းတွင် ငါ၏ ရည်ရွယ်ချက်ကောင်းများ ပါဝင်ပြီး အရာခပ်သိမ်းသည် ငါ၏ စိစစ်မှုအောက်တွင် ရှိသည်။ မမေ့လျော့နှင့်။ ဖြစ်သမျှအားလုံးသည် ငါ၏ကောင်းမွန်သော စိတ်သဘောအားဖြင့် ဖြစ်ပြီး၊ အရာရာသည် ငါ၏ စောင့်ကြည့်ခြင်းအောက်တွင် ရှိ၏။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ၊ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကိုနားလည်စေခဲ့တာဟာ၊ အသင်းတော် ရင်ဆိုင်နေခဲ့ရတဲ့ ဒီနှိပ်စက်မှုနဲ့ဖမ်းဆီးမှု တစ်သုတ်ပြီးတစ်သုတ်မှာ ယုဒတချို့ ထုတ်ဖော်ခံရပြီး တာဝန်တွေထမ်းဆောင်ဖို့ လုံခြုံတဲ့နေရာတွေမရှိတာက ကျွန်မတို့ကို အခက်အခဲအများကြီးရောက်ရှိစေပေမဲ့လည်း ဒီအခက်အခဲတွေက ကျွန်မရဲ့ယုံကြည်မှုကို စုံလင်အောင်လုပ်ပေးနိုင်ခဲ့ပြီး ကျွန်မရဲ့ဖောက်ပြန်ပျကစီးမှုတွေကို ထုတ်ဖော်ပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံးသော ကာလအတွင်း ဘုရားသခင်ရဲ့အလုပ်ဟာ အသွင်မျိုးစုံတဲ့ နှိပ်စက်မှု၊ ဆင်းရဲဒုက္ခ၊ စမ်းသပ်မှုနဲ့ စစ်ဆေးမှုတွေကနေတစ်ဆင့် လူတွေရဲ့ယုံကြည်မှုကို စမ်းသပ်ပြီး ဘယ်သူက အမှန်တကယ်ယုံကြည်သလဲ၊ ဘယ်သူက မယုံကြည်ဘူးလဲဆိုတာကို ထုတ်ဖော်ဖို့ရည်ရွယ်ပါတယ်။ အန္တရာယ်နဲ့ဒုက္ခထဲမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဆက်ဖတ်ပြီး သူတို့ရဲ့တာဝန်တွေမှာ ဆက်ပြီး သစ္စာစောင့်သိသူတွေ၊ အဖမ်းရတဲ့အခါမှာတောင် အဆင်းနီတဲ့ နဂါးကြီးနဲ့ ရင်ဆိုင်တော့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်သူဟာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ ယုံကြည်သူနဲ့နောက်လိုက်တွေပါပဲ။ တခြားတစ်ဖက်မှာတော့၊ တွန့်ဆုတ်ကြသူတွေ၊ သူတို့တာဝန်တွေကိုစွန့်ပစ်ကြသူတွေ ဖမ်းဆီးမှုနဲ့ ဆင်းရဲဒုက္ခဖြစ်ချိန်မှာ သူတို့ကိုယ်သူတို့ကာကွယ်ဖို့ ဘုရားသခင်ကိုသစ္စာဖောက်ကြသူတွေဟာ ဘုရားသခင်ရဲ့အလုပ်ကတစ်ဆင့် ထုတ်ဖော်ခံရတဲ့ တောပင်တွေနဲ့မယုံကြည်သူတွေဖြစ်ပြီး သူတို့ဟာ နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခံရမှာပါပဲ။ ဒါဟာ ဘုရားသခင်အလုပ်ရဲ့ ဉာဏ်ပညာပါပဲ။ အရင်ကတော့၊ ကျွန်မကိုယ်ကျွန်မ ခိုင်မာတဲ့ယုံကြည်မှုရှိပြီး ဘုရားသခင်ကိုယုံကြည်ခဲ့တယ်လို့ထင်ခဲ့တာပါ။ ဒါပေမဲ့ ဖြစ်ရပ်မှန်တွေက ကျွန်မဟာ စစ်မှန်တဲ့ သစ္စာစောင့်သိမှုနဲ့ ကျိုးနွံနာခံမှုမရှိတာကို ပြသခဲ့ပါတယ်။ ဒီလိုအခြေအနေတစ်ခုမှာ၊ ကျွန်မဟာ ပုန်းရင်း၊ နေရာရွှေ့ရင်း ညည်းညူရင်းနဲ့ ကိုယ်ခန္ဓာ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရတော့ ကျိုးနွံနာခံဖို့ ဆက်ငြင်းဆန်နေခဲ့ပါတယ်။ ပြီးတော့ အတောမသတ်တဲ့ကြောက်ရွံ့မှုထဲနေရတာကို ရှောင်ရှားဖို့ ရဲအဖမ်းခံပြီး ရိုက်သတ်ခံဖို့တောင် စဉ်းစားခဲ့ပါသေးတယ်။ ကျွန်မ ဘယ်လောက်ပုန်ကန်ခဲ့သလဲ အခုမြင်လိုက်ရပါတယ်။ အရေးကြီးတဲ့အခိုက်အတန့်တွေမှာ ဘုရားသခင်အတွက် သက်သေခံဖို့ ပျက်ကွက်နေခဲ့ပြီး အဲဒီအစား စာတန်နဲ့သာ အပေးအယူလုပ်နေခဲ့တာပါ။ ဘုရားသခင်ကို ကျွန်မ တကယ်ပဲစိတ်ပျက်စေခဲ့မိပြီ။ ကျွန်မသိသွားတာတစ်ခုလည်း ရှိပါတယ်။ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဒုက္ခကို ရင်ဆိုင်ရတော့ ကျွန်မဟာ ဘုရားသခင်အပေါ် သစ္စာစောင့်သိခဲ့သင့်ပြီး အဆုံးသတ်အထိ အခက်အခဲမှန်သမျှကို ကြံ့ကြံ့ခံခဲ့သင့်တာပါ။ ဒါဟာ စစ်မှန်တဲ့ယုံကြည်သူတွေလုပ်သင့်တဲ့ အရာပဲလေ။ ဒီလိုနားလည်သဘောပေါက်မှုနဲ့ ကျွန်မ အားအင်ရှိလာတယ်။
မတ်လ ၂၀၂၂ ခုနှစ်မှာ ပြန်လွတ်လာခဲ့တဲ့ ညီအစ်မတစ်ယောက်က ကျွန်မကို သတင်းပေးလာပါတယ်။ ကျွန်မက အသင်းတော်ခေါင်းဆောင်ဆိုတာ ရဲတွေသိတယ်ဆိုတာရယ်၊ ကျွန်မကို နောက်ယောင်ခံဖို့ စကိုင်းနက် စောင့်ကြည့်ရေးစနစ်ကို သူတို့သုံးနေပြီး ကျွန်မ အိမ်ကထွက်တာနဲ့ သူတို့ဖမ်းမိမှာပဲဆိုပြီး လေလုံးထွားနေကြတယ်ဆိုတာရယ်ပါ။ ဒီသတင်းအချက်အလက်ကြောင့် ကျွန်မ အတော့်ကိုစိတ်လှုပ်ရှားပြီး ကြောက်သွားတယ်။ အဖမ်းခံရမဲ့ အန္တရာယ်ထဲ အမြဲရောက်နေသလို ခံစားခဲ့ရတယ်။ ကျွန်မ တွေးမိတယ်။ “ရဲတွေက ငါ့ကိုဖမ်းမိရင် လွယ်လွယ်နဲ့လွှတ်ပေးမှာမဟုတ်ဘူး။ သူတို့က ခေါင်းဆောင်တွေကို အဓိကပစ်မှတ်ထားနေတာမို့ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ဖို့ သေချာပေါက် ဇွတ်ခိုင်းမှာပဲ။ သူတို့ကို ငါသစ္စာမဖောက်ရင်၊ ငါ့ကို တကယ့်ကိုအပြင်းအထန်နှိပ်စက်ကြမှာ၊ ရိုက်သတ်တာ ဒါမှမဟုတ် သေရာပါဒဏ်ရာရတဲ့အထိတောင် ဖြစ်နိုင်တယ်။ တကယ်လို့ ငါရိုက်သတ်ခံလိုက်ရရင်၊ ငါ့ရဲ့ ဘုရားသခင်ကိုယုံကြည်တဲ့ခရီးက အဆုံးသတ်သွားတော့မှာမဟုတ်ဘူးလား။ ကယ်တင်ခံရဖို့အခွင့်အရေး ငါဆုံးရှုံးမှာမဟုတ်ဘူးလား”ပေါ့။ ဒီအကြောင်းကို ကျွန်မထပ်ပြီးစဉ်းစားဖို့ မတတ်သာတော့ပါဘူး။ ၃ ၄ ရက်ကြာပြီးတဲ့နောက် အထက်ပိုင်းခေါင်းဆောင်တစ်ယောက်ဆီက စာတစ်စောင်လက်ခံရရှိခဲ့ပါတယ်။ ကျွန်မနဲ့ ညီအစ်မ ချန်းလီကို မိုးသောက်ကြယ်အသင်းတော်ကို ရွှေ့ပြောင်းဖို့ ညွှန်ကြားတဲ့စာပါ။ ကျွန်မ ကျိတ်ပြီးကျေနပ်သွားတယ်။ တွေးမိတယ်။ “နောက်ဆုံးတော့ ဒီနေရာကနေ ငါထွက်နိုင်ပြီ။ ဒီက အခြေအနေက အရမ်းကြောက်ဖို့ကောင်းတယ်၊ ရဲတွေက လူအယောက် ၉၀ ကျော်ကို ဖမ်းထားပြီးပြီ။ ဒီမှာ နေနေတာက အရမ်းအန္တရာယ်များတယ်”ပေါ့။ ပြောင်းရွှေ့ဖို့ စောင့်နေတုန်းမှာ၊ မိုးသောက်ကြယ်အသင်းတော်ကနေ နောက်ထပ်စာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။ သူတို့ ပြောထားတာက၊ အသင်းတော်ခေါင်းဆောင်နှစ်ယောက်နဲ့ ညီအစ်ကိုမောင်နှမ ဆယ့်နှစ်ယောက်လောက် အဖမ်းခံလိုက်ရတယ်ဆိုတာရယ်၊ တချို့ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ စာအုပ်တွေလည်း ရဲတွေသိမ်းယူတာခံလိုက်ရတယ်ဆိုတာရယ်ပါ။ အဲဒီကအခြေအနေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ချန်လီက ညတွင်းချင်းမှာ နောက်ဆက်တွဲကို ကိုင်တွယ်ဖို့ ထွက်သွားရပြီး ကျွန်မရဲ့အရွှေ့အပြောင်း နှောင့်နှေးသွားခဲ့ပါတယ်။ ချန်လီ ပြောခဲ့တာက “ပတ်ဝန်းကျင်က အရမ်းဆိုးနေပြီ နောက်ပြီး နောက်ဆက်တွဲကို ကိုင်တွယ်ဖို့ မိုးသောက်ကြယ်အသင်းတော်ကို ကျွန်မတို့သွားရမယ်။ အစ်မ အခုထွက်သွားရင် ကျွန်မတို့ရဲ့ဒီအသင်းတော်ရဲ့အလုပ်က ဘယ်လိုဖြစ်သွားမလဲ”တဲ့။ သူ့စကားလုံးတွေကြောင့် ကျွန်မ အရမ်းလိပ်ပြာမသန့်ဖြစ်သွားတယ်။ ကျွန်မက စောစောထွက်ရဖို့စဉ်းစားနေချိန်မှာ ညီအစ်မတွေက နောက်ဆက်တွဲကိုကိုင်တွယ်ဖို့ သူတို့ရဲ့အသက်တွေကိုစွန့်နေကြတာပါ။ ကျွန်မဟာ အသင်းတော်ခေါင်းဆောင်တစ်ဦးအနေနဲ့ အရေးကြီးတဲ့အချိန်မှာ အသင်းတော်အလုပ်ကို မကာကွယ်ခဲ့သလို ညီအစ်မတွေရဲ့အခက်အခဲတွေကို မစဉ်းစားခဲ့ဘဲ ထွက်ပဲ ထွက်သွားချင်ခဲ့ပါတယ်။ ကျွန်မ ဘယ်လိုကြောင့် တအား တစ်ကိုယ်ကောင်းဆန်နိုင်ရတာလဲ။ ဒါကို သဘောပေါက်သွားပြီးတဲ့နောက်မှာ အထက်ခေါင်းဆောင်ကို အခြေအနေရှင်းပြခဲ့ပါတယ်။ ဆက်နေပြီး အသင်းတော်ရဲ့အလုပ်တွေကို ကိုင်တွယ်လိုတဲ့ဆန္ဒကို ဖော်ပြခဲ့တာပေါ့။ အဲဒီအချိန်မှာ၊ ဘုရားသခင်ရှေ့ကို ကျွန်မသွားပြီးဆုတောင်းပြီးရှာဖွေခဲ့တယ်။ “ဒီလိုပတ်ဝန်းကျင်မျိုးကို ခွင့်ပြုရတဲ့ ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ဘာပါလဲ။ ကျွန်မကိုယ်ကျွန်မ ဘယ်လိုဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသိသင့်သလဲ”ပေါ့။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ပါတယ်။ “ဘုရားသခင်ကို သစ္စာစောင့်သိသည့်သူများက ပတ်ဝန်းကျင်တစ်ခုသည် အန္တရာယ် ရှိသည်ကို ရှင်းလင်းစွာ သိသည့်အခါတွင် ၎င်းတို့ကိုယ်တိုင် မဆုတ်ခွာမီ နောက်ဆက်တွဲ အခြေအနေကို ကိုင်တွယ်သည့် အလုပ်ကို လုပ်ဖို့ လိုလားဆဲဖြစ်ကာ ဘုရားအိမ်တော်ကို ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဦးစားမပေးကြပေ။ ငါ့ကိုပြောလော့၊ အဆင်းနီသောနဂါးကြီး၏ ဤကောက်ကျစ်ဆိုးယုတ်သောနိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းတွင် အန္တရာယ်လုံးဝ မရှိဟု မည်သူက သေချာစေနိုင်သနည်း။ မည်သည့်တာဝန်ကို တာဝန်ယူဆောင်ရွက်ပါစေ ယင်းက အန္တရာယ်အချို့ ပါဝင်သည်။ သို့တိုင် တာဝန်ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းထားခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်စဉ်တွင် မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အန္တရာယ်ကို ခံယူရမည် ဖြစ်သည်။ အကြင်သူသည် ဉာဏ်ပညာကို အသုံးပြုသင့်ပြီး မိမိ၏ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ ချိန်ဆရန် လိုအပ်သော်လည်း မိမိ၏ ကိုယ်ရေးကိုယ်တာ ဘေးကင်းလုံခြုံရေးကို ဦးစားမပေးသင့်ပေ။ ထိုသူသည် ဘုရားအိမ်တော်၏အလုပ်နှင့် ဧဝံဂေလိဖြန့်ဝေခြင်းကို ဦးစားပေးလျက် ဘုရားရည်ရွယ်ချက်များကို အလေးထားသင့်သည်။ မိမိအတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ခြင်းသည် အရေးအကြီးဆုံး အရာဖြစ်ပြီး ဦးစားပေးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ရှုရင်း ကျွန်မနားလည်လိုက်တာက၊ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ပြီး သူ့အပေါ်သစ္စာစောင့်သိသူတွေဟာ ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေကို အဆင်းနီတဲ့နဂါးကြီးက အရူးအမူးဖမ်းဆီးနေတာကို မြင်ရတဲ့အခါမှာ ဇာတိပကတိကို ပုန်ကန်၊ သူတို့ရဲ့လုံခြုံရေးကို ဥပေက္ခာပြုနိုင်ကြပြီး ဘုရားသခင်အိမ်တော်ရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းနိုင်ကြတယ်ဆိုတာပါပဲ။ ဒါဟာ ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကို သုံးသပ်ဆင်ခြင်တဲ့သူ၊ လူ့သဘာဝနဲ့အသိစိတ်ရှိတဲ့သူပါပဲ။ ဒါပေမဲ့ အသင်းတော်အလုပ်ကို ဆောင်ရွက်ဖို့ လူတွေလိုအပ်ခဲ့တာကို ကျွန်မမြင်ခဲ့တုန်းက ကျွန်မရဲ့လုံခြုံရေးနဲ့ဒီနေရာကနေ အမြန်ဆုံးဘယ်လိုထွက်ရမလဲကိုပဲ စဉ်းစားခဲ့တယ်။ ဒါဆိုရင် အတောမသတ်တဲ့ ကြောက်ရွံ့မှုတွေ၊ သောကစိတ်တွေနဲ့ ကိုယ့်နေ့ရက်တွေကို ကုန်ဆုံးရတော့မှာ မဟုတ်ဘူးပေါ့။ ကျွန်မဟာ အသင်းတော်အလုပ်ကို မစဉ်းစားခဲ့သလို ညီအစ်မတွေရဲ့အခက်အခဲတွေကိုလည်း မစာနာခဲ့ပါဘူး။ ကျွန်မရဲ့ဝတ္တရားတွေကို ခေါင်းရှောင်ပြီး လိပ်ခွံထဲကလိပ်တစ်ကောင်လိုသာ ပုန်းနေချင်ခဲ့တာပါ။ ကျွန်မဟာ သူရဲဘောကြောင်တဲ့သူတစ်ယောက်ဖြစ်ခဲ့တာပါ၊ လူ့သဘာဝ လုံးဝမရှိတဲ့သူပေါ့။ ဒုက္ခဆင်းရဲ ရင်ဆိုင်ရချိန်မှာ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခဲ့ပြီး အသင်းတော်အလုပ်ကို ဥပေက္ခာပြုခဲ့တယ်၊ ကျွန်မရဲ့တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်သဘာဝကို ပြခဲ့ပါတယ်။ ကျွန်မ အမှားပြင်ဆင်ချက်မလုပ်ခဲ့ရင်၊ ဘုရားသခင်ရဲ့အမုန်းတရားနဲ့ပစ်ပယ်ခြင်းကို သေချာပေါက်ခံရမှာပါ။ ကျွန်မဟာ ဇာတိပကတိကို လိုက်နာလို့မရတော့ဘူး၊ သူရဲဘောကြောင်နေလို့ မရတော့ဘူး။ ပတ်ဝန်းကျင်ဟာ ဘယ်လောက်ပဲအန္တရာယ်များလာခဲ့ပါစေ၊ အခက်အခဲတွေက ဘယ်လောက်ကြီးပါလာခဲ့ပါစေ၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့ ကျွန်မကိုယ်ကျွန်မ အပြည့်အဝကျင့်သုံးရခဲ့မှာပါ။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ရှိသင့်တဲ့ သစ္စာစောင့်သိမှုနဲ့ကျိုးနွံနာခံမှုဆိုတာ ဒါပါပဲ။ ဒါဟာ စာတန်အပေါ် အောင်နိုင်ခြင်းရဲ့သက်သေခံချက်လည်း ဖြစ်တယ်လေ။ ကျွန်မဟာ နောက်ဆက်တွဲကိုင်တွယ်ဖို့ နေပြီးညီအစ်မတွေနဲ့ အလုပ်လုပ်ဖို့ ဆန္ဒရှိခဲ့ပါတယ်။
နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်မအခြေအနေနဲ့ပတ်သက်ပြီး ဘုရားသခင်နှုတ်ကပတ်တော်တစ်ပိုဒ်ကိုဖတ်ပြခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်များသည် ၎င်းတို့၏ ဘေးကင်းမှုကို ကာကွယ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကို ထင်မြင်သည်မှာ ‘ငါ၏ လုံခြုံမှုကို အပြည့်အဝ သေချာအောင်လုပ်ဆောင်ရမည်။ မည်သူက အဖမ်းခံရသည်ဖြစ်စေ ငါမဖြစ်ရ’ ဟူ၍ ဖြစ်သည်။...နေရာတစ်ခုက လုံခြုံလျှင် အန္တိခရစ်များသည် အလုပ်လုပ်ရန် ထိုနေရာကို ရွေးချယ်လိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ ကြီးမားသော ‘တာဝန်သိစိတ်’နှင့် ‘သစ္စာစောင့်သိခြင်း’ တို့ကို ပြစားလျက် အမှန်ပင် အလွန်တက်ကြွပြီး အပြုသဘောဆောင်သည့်် ပုံစံရှိလိမ့်မည်။ အချို့သောအလုပ်သည် စွန့်စားရခြင်း ပါဝင်ပြီးထိခိုက်မှုဖြစ်ဖွယ်ရှိပါက၊ လုပ်ဆောင်သူသည် အဆင်းနီသော နဂါးကြီး၏ တွေ့ရှိခံရဖွယ်ရှိပါက ၎င်းတို့သည် ဆင်ခြေများပေးပြီး ငြင်းဆန်ကာ ယင်းမှ ထွက်ပြေးဖို့ အခွင့်အရေးရှာကြသည်။ အန္တရာယ်ရှိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် အန္တရာယ်၏ အရိပ်အယောင်ရှိသည်နှင့်တစ်ပြိုင်နက် ညီအစ်ကို မောင်နှမများကို ဂရုစိုက်ခြင်းမရှိဘဲ ကိုယ်လွတ်ရုန်းပြီး မိမိတို့တာဝန်ကို စွန့်ပစ်မည့်နည်းလမ်းများ တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အန္တရာယ်မှ လွတ်စေဖို့သာ ဂရုစိုက်ကြသည်။ စိတ်နှလုံးတွင် ၎င်းတို့ ပြင်ဆင်ထားနှင့်ပြီး ဖြစ်နိုင်သည်။ အန္တရာယ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အသင်းတော်အလုပ် မည်သို့ဖြစ်နေသည်၊ သို့မဟုတ် ယင်းက ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား မည်သည့် ဆုံးရှုံးမှုရောက်စေမည်၊ သို့မဟုတ် ညီအစ်ကို မောင်နှမများ၏ ဘေးကင်းလုံခြုံမှုကို ဂရုမစိုက်ဘဲ ၎င်းတို့ လုပ်နေသည့် အလုပ်ကို ချက်ချင်း ရပ်ဆိုင်းလိုက်ကြသည်။ ၎င်းတို့အဖို့ အရေးကြီးသည်မှာ ထွက်ပြေးဖို့ ဖြစ်သည်။...ဤလူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် နှိပ်စက်ခံရရန်လိုလားခြင်း မရှိကြချေ။ အဖမ်းခံရမည်ကိုလည်းကောင်း၊ ညှဉ်းဆဲခံရပြီး စီရင်ချက်ချခံရမည်ကိုလည်းကောင်း ၎င်းတို့ စိုးရွံ့ကြသည်။ အမှန်မှာ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံး၌ စာတန်ကို မလွန်ဆန်နိုင်ဖြစ်ကြသည်မှာ ကြာပြီဖြစ်သည်။ ဆိုးယုတ်သော အစိုးရ၏ တန်ခိုးအာဏာကို ၎င်းတို့ ကြောက်လန့်ကြပြီး ၎င်းတို့အပေါ် ကျရောက်မည့် ညှဉ်းဆဲမှုနှင့် ပြင်းထန်သော စစ်ကြောမေးမြန်းမှုကဲ့သို့သော အရာများကို သာ၍ပင် ကြောက်ကြသေးသည်။ ထို့ကြောင့် အန္တိခရစ်တို့နှင့် ပတ်သက်၍ အားလုံး အဆင်ပြေချောမွေ့နေပြီး ၎င်းတို့၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်ခြင်းမရှိ၊ သို့မဟုတ် ယင်းနှင့် ပတ်သက်၍ ပြဿနာမရှိသကဲ့သို့ မည်သည့်ဘေးမျှ ဖြစ်နိုင်ခြေ မရှိပါက ၎င်းတို့သည် မိမိတို့၏ စိတ်ထက်သန်မှု၊ ‘သစ္စာစောင့်သိခြင်း’နှင့် မိမိတို့၏ ပိုင်ဆိုင်မှုများကိုပင် ပေးကောင်းပေးနိုင်ကြပေမည်။ သို့သော် အခြေအနေများက ဆိုးရွားပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်လုပ်ဆောင်ခြင်းအတွက် ၎င်းတို့အချိန်မရွေး အဖမ်းခံရနိုင်ပါက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုက မိမိတို့၏ အရာရှိရာထူးမှ ဖြုတ်ခြင်းခံရနိုင်ပါက၊ သို့မဟုတ် ၎င်းတို့နှင့် ရင်းနှီးသူများ၏ စွန့်ပစ်ခြင်းခံရကောင်း ခံရနိုင်စေမည်ဆိုပါက ၎င်းတို့သည် ဧဝံဂေလိ ဟောကာ ဘုရားသခင်ကို သက်သေခံခြင်းမရှိသကဲ့သို့ မိမိတို့တာဝန်ကို လုပ်ဆောင်ခြင်းမရှိဘဲ အထူးသတိထားကြလိမ့်မည် ဖြစ်သည်။ ဆင်းရဲဒုက္ခ အရိပ်လက္ခဏာ အနည်းငယ်မျှရှိသည့်အခါ ဝေးဝေးကို ရှောင်ကြလေတော့သည်။ ဆင်းရဲဒုက္ခ အရိပ်လက္ခဏာ အနည်းငယ်မျှရှိသည့်အခါ မိမိတို့ ဆက်လုံခြုံပြီး ဘေးကင်းစေရန်အလို့ငှာ ၎င်းတို့၏ ဘုရားနှုတ်ကပတ်တော် စာအုပ်များနှင့် ဘုရားသခင်၌ ယုံကြည်မှုနှင့် ဆက်နွှယ်သည့် မည်သည့်အရာကိုမဆို အသင်းတော်ထံ ချက်ချင်း ပြန်ပို့လိုကြသည်။ ၎င်းတို့သည် အန္တရာယ်များသည် မဟုတ်လော။ အဖမ်းခံရပါက ၎င်းတို့သည် ယုဒဖြစ်လာကြမည် မဟုတ်လော။ အန္တိခရစ်တို့သည် အလွန်အန္တရာယ်မျာပြီး အချိန်မရွေး ယုဒဖြစ်လာနိုင်ပေသည်။ ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖြစ်နိုင်ခြေ အမြဲရှိသည်။ ထို့အပြင် ၎င်းတို့သည် အဆုံးစွန် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။ ဤအရာကို အန္တိခရစ်၏ သဘာဝအနှစ်သာရအားဖြင့် ဆုံးဖြတ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တိခရစ်တွေဟာ အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ သူတို့ကိုယ်သူတို့ကာကွယ်ဖို့အတွက် သူတို့ရဲ့တာဝန်တွေကို စွန့်ပယ်ချင်ကြတယ်လို့ ဘုရားသခင်က ထုတ်ဖော်ပါတယ်။ သူတို့ဟာ အသင်းတော်အလုပ်ကို ဥပေက္ခာပြုပြီး အသက်ရှင်လျက်ထွက်နိုင်ဖို့ကိုပဲ စဉ်းစားကြပါတယ်။ အဲဒီလိုလူတွေဟာ တစ်ကိုယ်ကောင်းဆန်ပြီးစက်ဆုပ်စရာကောင်းပါတယ်။ ကျွန်မရဲ့အပြုအမူဟာ အန္တိခရစ်တစ်ယောက်ရဲ့အပြုအမူထင်ဟပ်နေတာကို ကျွန်မသဘောပေါက်လိုက်တယ်။ အန္တရာယ်မရှိခဲ့တဲ့အချိန်မှာ ကျွန်မဟာ ကျွန်မတာဝန်တွေကို တက်တက်ကြွကြွလုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်နဲ့အလုပ်သမားတွေအများကြီး အဖမ်းခံရတဲ့အခါမှာ၊ တချို့တွေက ယုဒတွေဖြစ်သွားကြသလို ကျွန်မဟာလည်း သစ္စာဖောက်ခံလိုက်ရတယ်။ ကျွန်မ တွန့်ဆုတ်ပြီးစိုးရိမ်လာခဲ့တယ်။ အန္တရာယ်ရှိတဲ့ဒီနေရာက စောနိုင်သမျှအစောဆုံး ထွက်ရဖို့ တောင့်တခဲ့တယ်။ ကျွန်မဟာ တကယ်ပဲ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖို့ကောင်းတာကို ကျွန်မမြင်လိုက်ရတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို အမြဲစဉ်းစားခဲ့ပြီး နောက်ဆက်တွဲ ကိုင်တွယ်ဖို့နဲ့ ဆုံးရှုံးမှုတွေလျှော့ချဖို့ ညီအစ်မတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းအလုပ်လုပ်ဖို့ မစဉ်းစားခဲ့တာကိုလည်း ကျွန်မမြင်လိုက်တယ်။ ကျွန်မရဲ့တာဝန်တွေမှာ၊ သစ္စာစောင့်သိမှု လုံးလုံးမရှိခဲ့သလို အန္တိခရစ်တစ်ယောက်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီးစက်ဆုပ်ဖွယ်ကောင်းတဲ့ စိတ်သဘောထားကို ထုတ်ဖော်ခဲ့မိတယ်။ ဘုရားသခင်နှုတ်ကပတ်တော်တွေက မဖော်ထုတ်ခဲ့ရင် ဒါဟာ အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားဆိုတာကို ကျွန်မ သိခဲ့မှာမဟုတ်ပါဘူး။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုဖတ်ခဲ့ပြီး ဒါက ကျွန်မနှလုံးသားကို ရှင်းလင်းမှုတချို့ ပေးခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဤကဲ့သို့သော လူများသည် ကြောက်သာကြောက်တတ်ကြပြီး ဤသရုပ်သကန်တစ်ခုတည်းအပေါ် အခြေခံ၍ အန္တိခရစ်များအဖြစ် ၎င်းတို့ကို ငါတို့ သေချာပေါက် သရုပ်ဖော်၍မရနိုင်သော်လည်း ဤသရုပ်သကန်၏ သဘာဝမှာ အဘယ်နည်း။ ဤသရုပ်သကန်၏ အနှစ်သာရမှာ မယုံကြည်သူတစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်က လူတို့၏ ဘေးကင်းရေးကို ကာကွယ်ပေးနိုင်ကြောင်း ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်အတွက် အသုံးခံရန် မိမိကိုယ်ကို ရည်စူအပ်နှံခြင်းသည် သမ္မာတရားအတွက် မိမိကိုယ်ကို ဆက်ကပ်ခြင်း ဖြစ်ကြောင်းနှင့် ထိုအရာသည် ဘုရားသခင် အသိအမှတ်ပြုသည့် အရာတစ်ခုဖြစ်ကြောင်းတို့ကို ၎င်းတို့ သေချာပေါက် မယုံကြည်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ကို ၎င်းတို့ မကြောက်ကြပေ။ စာတန်နှင့် ဆိုးယုတ်သော နိုင်ငံရေး ပါတီများကိုသာ ကြောက်ကြသည်။ ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့ မယုံကြည်ကြ။ အရာရာက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို မယုံကြည်ကြသကဲ့သို့ သူ့အတွက်လည်းကောင်း၊ သူ၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် သူ၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးစေခြင်းအတွက်လည်းကောင်း အရာရာကို အသုံးခံသည့် လူတစ်ဦးအား ဘုရားသခင် အသိအမှတ်ပြုလိမ့်မည် ဖြစ်သည်ကို သေချာပေါက် မယုံကြည်ကြပေ။ ဤအရာတစ်ခုကိုမျှ ၎င်းတို့ မယုံကြည်ကြပေ။ မည်သည့်အရာကို ၎င်းတို့ ယုံကြည်ကြသနည်း။ ၎င်းတို့အနေဖြင့် အဆင်းနီသော နဂါးကြီး၏ လက်ထဲသို့ ကျရောက်သွားလျှင် မကောင်းသည့် အဆုံးသတ်တစ်ခု တွေ့ကြုံရမည် ဖြစ်ကြောင်း၊ ၎င်းတို့ ပြစ်ဒဏ်ချမှတ်ခံရနိုင်မည့် သို့မဟုတ် ၎င်းတို့၏ အသက်များပင် ဆုံးရှုံးမည့် အန္တရာယ်ရှိနိုင်ကြောင်းကို ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကိုသာ စဉ်းစားကြပြီး အသင်းတော်၏ အလုပ်ကို မစဉ်းစားကြချေ။ ဤလူများသည် မယုံကြည်သူများဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘုရားသခင်နှုတ်ကပတ်တော်တွေက ကျွန်မရဲ့အခြေအနေအစစ်အမှန်ကို ဖော်ထုတ်ခဲ့ပါတယ်။ ကျွန်မဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ်လို့ အမြဲအခိုင်အမာဆိုခဲ့ပါတယ်။ ဒါပေမဲ့ စီစီပီရဲ့ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အရာအားလုံးဟာ ဘုရားသခင်ရဲ့လက်ထဲမှာရှိတာကို ကျွန်မ အမှန်တကယ်မယုံကြည်ခဲ့ဘူး၊ ဘုရားသခင်ရဲ့ အတုမရှိတဲ့ သြဇာအာဏာကိုဆိုရင် ပိုလို့တောင် မယုံကြည်ခဲ့ဘူးလေ။ ကျွန်မဟာ ယုဒတစ်ယောက် သစ္စာဖောက်တာခံလိုက်ရပြီး ရဲတွေလိုက်တာခံနေရပြီလို့ ကြားသိလိုက်တာနဲ့၊ အဖမ်းခံရမှာ၊ အနှိပ်စက်ခံရမှာ၊ ဒါမှမဟုတ် ရိုက်သတ်ခံရမှာကို ကြောက်ရွံ့ခဲ့ပြီး ဘုရားသခင်ကိုသစ္စာဖောက်ဖို့ ဆန္ဒတစ်ခုပါ ခံစားခဲ့ရပါတယ်။ ဖြစ်ရပ်မှန်တွေရဲ့ ထုတ်ဖော်ခြင်းတွေကတစ်ဆင့် ကျွန်မဘယ်လောက် တကယ်တွန့်ဆုတ်ပြီး သူရဲဘောကြောင်ခဲ့သလဲ မြင်ခဲ့သလို ဘုရားသခင်ရဲ့ သြဇာအာဏာကို နားလည်သဘောပေါက်မှုလည်း ကျွန်မမှာ လုံးဝမရှိတာကို မြင်ခဲ့ပါတယ်။ ကျွန်မဘဝဟာ စာတန်ရဲ့လက်ထဲရောက်နေသလို ပြုမူခဲ့မိတယ်။ စီစီပီရဲ့ အကြီးအကျယ်ဖမ်းဆီးမှုတွေကို ကျွန်မ အရမ်းကြောက်ပြီး လုံးဝသတ္တိကြောင်ခဲ့ပါတယ်။ ကျွန်မ အရမ်းနုံချာခဲ့တာပါ။ တကယ့်လက်တွေ့မှာတော့၊ ကျွန်မကိုစောင့်ကြည့်ဖို့၊ ဖမ်းဆီးဖို့ စီစီပီ အနေနဲ့ ဘယ်လိုနည်းလမ်းဖြစ်ဖြစ်၊ ဘယ်လိုအဆင့်မြင့်နည်းပညာပဲဖြစ်ဖြစ်၊ သုံးပါစေ၊ ဘုရားသခင်ရဲ့ခွင့်ပြုချက်မရှိရင်၊ သူတို့ အကြံအစည်တွေ မအောင်မြင်နိုင်ပါဘူး။ ၂၀၂၁ ခုနှစ်က တစ်ရက်ကို ကျွန်မ မှတ်မိပါသေးတယ်။ တွေ့ဆုံပွဲတစ်ခုအတွက် ညီအစ်မတစ်ယောက်အိမ်ကို ကျွန်မသွားလည်တော့မယ့်အချိန်ပေါ့လေ။ အပေါ်ထပ်ကို တက်တော့မယ့်အချိန်မှာ၊ အသင်းတော်ထဲက အရေးကြီးကိစ္စတစ်ခုကို အမှတ်ရပြီး အပေါ်မတက်တော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တစ်ရက်မှာ၊ ကျွန်မသိလိုက်ရတာက အဲဒီအချိန်အတိအကျမှာပဲ သူ့အိမ်ကိုရဲဝင်စီးခဲ့တယ်ဆိုတာပါ။ ဘုရားသခင်ရဲ့စောင့်ရှောက်မှုမရှိရင်၊ ရဲလက်ထဲ ကျွန်မရောက်ခဲ့ရမှာပါပဲ။ အဲဒီလိုပဲ၊ ကျွန်မဟာ ယုဒတွေ သစ္စာဖောက်တာခံရပြီး စီစီပီက ကျွန်မကို အသင်းတော်ခေါင်းဆောင်မှန်းသိပြီး အဆင့်မြင့်စောင့်ကြည့်ရေးနည်းပညာတွေသုံးပြီး ကျွန်မကို နောက်ယောင်ခံနေပေမဲ့ ဘုရားသခင်ခွင့်ပြုချက်မရှိရင် အဆင်းနီတဲ့နဂါးကြီးဟာ ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ ကျွန်မကိုဖမ်းဖို့ ဘယ်လိုပဲ ကြိုးစားပါစေ သူ့အားထုတ်ကြိုးပမ်းမှုတွေဟာ သဲထဲရေသွန်ဖြစ်မှာပါပဲ။ ဘုရားသခင်ခွင့်ပြုခဲ့မယ်ဆိုရင်၊ ကျွန်မကြိုးစားခဲ့ရင်တောင် လွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။ ကျွန်မရဲ့ သေရေးရှင်ရေးဟာ သူ့လက်ထဲမှာရှိတာပါ၊ စာတန်လက်ထဲမှာမဟုတ်ပါဘူး။ အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရတဲ့အခါမှာ၊ ကျွန်မရဲ့ထွက်ပြေးလိုတဲ့ဆန္ဒဟာ၊ သေခြင်းကို လွန်လွန်ကဲကဲကြောက်ရွံ့တာနဲ့ အသက်အတွက် လောဘကြီးတာကနေ မြစ်ဖျားခံခဲ့ပါတယ်။ ကျွန်မအသက်ကို အရေးအကြီးဆုံးလို့ထင်မှတ်ခဲ့ပြီး၊ ကျွန်မအသက်ဆုံးရှုံးခဲ့ရင်၊ ကယ်တင်ခြင်းကို ဆက်ပြီးမလိုက်စားနိုင်တော့သလို အဆုံးသတ်နဲ့ပန်းတိုင်ကောင်းလည်း ရမှာမဟုတ်ဘူးလို့ စဉ်းစားခဲ့ပါတယ်။ အဲဒါကြောင့်၊ အန္တရာယ်ပေါ်လာတဲ့အခါ ကျွန်မဘဝကို အမြဲကာကွယ်ချင်ခဲ့တာပါ။ သခင်ယေရှု ပြောခဲ့သည်မှာ “မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၉) သမိုင်းတစ်လျှောက်မှာ၊ သခင့်ရဲ့ တပည့်တော်တွေနဲ့ တမန်တော်တွေဟာ ဧဝံဂေလိတရား ဖြန့်ဝေရင်း ကျောက်ခဲနဲ့ပေါက်သတ်တာတွေ၊ မြင်းတွေနဲ့ အပိုင်းပိုင်းဆုတ်ဖြဲတာတွေကို ခံခဲ့ကြရပါတယ်။ သူတို့ရဲ့ခန္တာကိုယ်တွေ သေဆုံးခဲ့ပေမဲ့လည်း စာတန်ရှေ့မှာ ဘုရားသခင်ကို သက်သေခံခဲ့ကြပါတယ်။ အဲဒါဟာ ဖြောင့်မတ်မှုအတွက် နှိပ်စက်ညှဉ်းပန်းခံခဲ့ပြီး၊ ဘုရားသခင်ရဲ့ အမှတ်ရမှုခံခဲ့တာပါပဲ။ တစ်ဖက်မှာတော့ ဘုရားသခင်ကို သစ္စာဖောက်တဲ့ သူတွေဟာ အန္တရာယ်ကြုံရချိန်မှာအသက်အတွက် အလိုကြီးပြီး သေခြင်းတရားကို ကြောက်လို့ ယုဒတွေ ဖြစ်လာကြတယ်၊ သူတို့ တာဝန်တွေကို စွန့်ပစ်ကြတယ်၊ အသွေးအသားနဲ့ အသက်ရှင်နေပုံရရင်တောင် ရနိုင်ပေမဲ့ ဘုရားသခင်ရှေ့မှာ သူတို့သက်သေခံချက်ကို ဆုံးရှုံးခဲ့ကြပြီး သူတို့ကို ဘုရားသခင်က မချီးကျူးပါဘူး။ ကျွန်မ ကံကောင်းလို့နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့အလုပ်ကိုလက်ခံရပါတယ်၊ ဒါဟာ ကြီးမြတ်တဲ့ ကျေးဇူးတော်ပါပဲ။ ဘုရားသခင်က ကျွန်မအဖမ်းခံရဖို့ ခွင့်ပြုရင် ကိုယ်ပိုင်ရွေးချယ်မှုတစ်ခုမှမပါဝင်ဘဲ စာတန်ရှေ့မှောက်မှာ ဘုရားကို ကျွန်မသက်သေခံသင့်ပါတယ်။ ကျွန်မ အဖမ်းခံလိုက်ရရင်တောင်၊ ဒါမှမဟုတ် သေရင်တောင်၊ ဒါဟာ အဓိပ္ပါယ်ရှိပြီး တန်ဖိုးရှိမယ်ဆိုတဲ့ အသိနဲ့ပေါ့။ နောက်ပိုင်းမှာ အသင်းတော်အဖွဲ့ဝင်အများကြီးဟာ ယုဒတွေရဲ့ သစ္စာဖောက်တာကို ခံခဲ့ကြရပါတယ်။ ပုံမှန်စုဝေးမှုတွေနဲ့ တာဝန်တွေဟာလည်း နှောင့်ယှက်ခံခဲ့ရတာပေါ့။ ညီအစ်ကိုမောင်နှမတွေဟာ အကြောက်တရားနဲ့နေထိုင်ခဲ့ကြရတယ်။ ဒီလိုအခြေအနေတစ်ခုကို ရင်ဆိုင်ရတော့၊ ကျွန်မလည်း ပျော့ညံ့ခဲ့ပြီး ဘုရားသခင်ကို မကြာမကြာဆုတောင်းခဲ့တယ်။ ယုံကြည်မှုနဲ့ခွန်အားကို တောင်းခံခဲ့တာပေါ့။ အခက်အခဲတွေ ဘယ်လိုရှိပါစေ၊ နောက်ဆက်တွဲကိုကိုင်တွယ်ဖို့ သူ့အပေါ်မှီခိုမယ်ဆိုပြီး ကျွန်မစိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ အသင်းတော်တစ်ခုက ခေါင်းဆောင်အသစ်တွေ အရေးတကြီးလိုအပ်နေခဲ့ပါတယ်။ ကျွန်မ အဲဒီကိုသွားရပြီး ရွေးကောက်ပွဲတစ်ခုစီစဉ်ပေးရပါတယ်။ အထူးသဖြင့် ရဲတွေရဲ့ စကိုင်းနက် စောင့်ကြည့်ရေးစနစ်နဲ့ နောက်ယောင်ခံလိုက်တာ ခံရမှာလိုမျိုး စိတ်ပူတာတွေရှိပြီး ကျွန်မ တွန့်ဆုတ်ပြီး ကြောက်ခဲ့ပေမဲ့ ဘုရားသခင်နှုတ်ကပတ်တော်တွေကို ကျွန်မအမှတ်ရလိုက်တယ်။ “ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မယုံကြည်မှုကို အားကောင်းလာစေခဲ့ပါတယ်။ စာတန်ဆိုတာ ဘုရားသခင်လက်ထဲက အသုံးခံအရာတစ်ခု၊ အဖြည့်ခံတစ်ခုသာဖြစ်ပြီး ကျွန်မမှာ အကြောက်တရားမရှိသင့်ပါဘူး။ ဘုရားသခင်ကိုမှီခိုပြီး ဆုတောင်းရမယ်၊ သူ့လက်ထဲမှာ ကျွန်မကိုယ်ကျွန်မထားရှိပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းရမယ်။ အဲဒီနောက် အသင်းတော်ခေါင်းဆောင်ရွေးကောက်ပွဲကို စီစဉ်တဲ့နေရာမှာ ဘုရားသခင်အပေါ် ကျွန်မ မှီခိုခဲ့ပါတယ်။ ဒီနည်းကို လက်တွေ့လုပ်ဆောင်ပြီး ကျွန်မနှလုံးသားထဲမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုခံစားခဲ့ရတယ်။
ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်မရဲ့တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်သဘောပေါက်မှုတချို့ ရလာခဲ့တဲ့အပြင် ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို ပိုမိုစစ်မှန်တဲ့ သဘောပေါက်မှုကို ရခဲ့ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ရာမှာ စီစီပီရဲ့အနှစ်သာရကို ပိုင်းခြားသိမြင်နိုင်စွမ်း ရခဲ့ပါတယ်။ ဒါတွေက အဆင်ပြေတဲ့ပတ်ဝန်းကျင်တစ်ခုမှာ မရရှိနိုင်ခဲ့တဲ့ ထိုးထွင်းအသိအမြင်တွေပါပဲ။