၈၄။ နာမကျန်းမှုနှင့်ပတ်သက်သော စိုးရိမ်ပူပန်ခြင်းမှ ကျွန်မ ရုန်းထွက်လာခဲ့ပြီ
၂၀၂၂ ခုနှစ်၊ ဇွန်လမှာ အနီးအနားက အသင်းတော်တော်တော်များများ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဝင်ရောက်စီးနင်းတာကို ခံခဲ့ရတယ်။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ စာပေအလုပ်လုပ်တဲ့သူတွေအားလုံးနီးပါး အဖမ်းခံခဲ့ရပြီး၊ စာပေအလုပ်အတွက် သင့်တော်တဲ့ဝန်ထမ်း မရှိတာကြောင့် ကျွန်မကို အဲဒီကို ပြောင်းရွှေ့ခဲ့တယ်။ တစ်လမပြည့်ခင်မှာပဲ၊ ကျွန်မ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်။ ကျွန်မ အဖျားက တက်လိုက်ကျလိုက်ဖြစ်တယ်၊ ရင်ဘတ်ထဲမှာ ခဏခဏ တင်းကျပ်ပြီး အသက်ရှူမဝတာတွေလည်း ဖြစ်တယ်။ ဆေးသောက်၊ ဆေးထိုးတာတွေကြောင့် ဒီရောဂါလက္ခဏာတွေ တော်တော်လေး သက်သာသွားပေမဲ့၊ ကျွန်မရဲ့ ချိုင်းအောက်နဲ့ လက်မောင်းအတွင်းပိုင်းတွေမှာ နာကျင်တဲ့အဖုတွေ ထွက်လာတယ်၊ ပေါင်တွေမှာ အရည်တွေစုလာပြီး၊ ခြေထောက်နဲ့ တင်ပါးတွေကလည်း အရမ်းကိုက်ခဲနေခဲ့တယ်။ ကျွန်မရဲ့ခြေထောက်တွေမှာလည်း ပြည်တည်နာသေးသေးလေးတွေ ပေါက်ပြီး အရည်တွေထွက်နေခဲ့တယ်။ ကျွန်မ အရင်က သားအိမ်ခေါင်းကင်ဆာ ဖြစ်ဖူးတယ်၊ ဒီရောဂါလက္ခဏာတွေ ပေါ်လာတော့ ကျွန်မ အရမ်းစိုးရိမ်သွားတယ်၊ အထူးသဖြင့် ကျွန်မအမေကလည်း ကင်ဆာနဲ့ ဆုံးပါးခဲ့တဲ့အပြင် သူ မသေဆုံးခင် ခြောက်လမှာ သူ့ခြေထောက်တွေကလည်း ပြည်တည်နာဖြစ်ပြီး အရည်တွေထွက်ခဲ့လို့လေ။ အဲဒီအပြင် ကင်ဆာဖြစ်တဲ့နေရာကလည်း တစ်ခါတလေ နာလာတော့ ကျွန်မ ပိုလို့တောင် စိုးရိမ်လာပြီး တွေးမိတယ်၊ “အဲဒီတုန်းက ငါ့ကင်ဆာက အလယ်အဆင့်နဲ့ နောက်ဆုံးအဆင့်တွေကို ရောက်သွားခဲ့တာလေ။ ဒီရောဂါလက္ခဏာတွေက ကင်ဆာဆဲလ်တွေ ပျံ့နှံ့သွားတဲ့ လက္ခဏာလား။ ဒီလိုသာဆိုရင် ငါ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူး...။ ငါ ဘုရားသခင်ကို ယုံကြည်လာတာ ဒီလောက်နှစ်တွေကြာနေပြီ၊ ဒါပေမဲ့ ငါ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက သိပ်မပြောင်းလဲသေးဘူး။ ငါသာသေသွားရင် ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာ မဟုတ်လား” လို့ပေါ့။ ကင်ဆာဝေဒနာရှင်တချို့ မသေဆုံးခင်မှာ ခံစားရတဲ့ ပြင်းထန်တဲ့ဝေဒနာတွေကိုလည်း ကျွန်မ တွေးမိပြီး စိတ်ထဲမှာ အရမ်းစိုးရိမ်လာတယ်။ သူတို့လိုမျိုး ဒုက္ခခံရမှာကို ကြောက်ပြီး သေရမှာကို ပိုလို့တောင် ကြောက်လာခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ ဆေးရုံကို စစ်ဆေးဖို့ သွားခဲ့တယ်။ ဆရာဝန်က ကျွန်မရဲ့ရောဂါလက္ခဏာတွေက ကိုဗစ်-၁၉ ကူးစက်မှုနဲ့ ဆက်စပ်နေပြီး၊ ကျောက်ကပ်တွေလည်း အားနည်းနေတယ်လို့ ပြောတယ်။ သူတို့က ကျွန်မကို ပိုပြီးအနားယူဖို့နဲ့ ညဉ့်နက်တဲ့အထိ မနေဖို့ အကြံပေးခဲ့တယ်။ ကျွန်မ တွေးမိတယ်၊ “ငါက မနက်ကနေ ညအထိ ကွန်ပျူတာရှေ့မှာ တာဝန်ထမ်းဆောင်နေတာ။ ငါ့အခြေအနေသာ ပိုဆိုးလာပြီး လဲကျသွားရင် ငါ့တာဝန်ကို ထမ်းဆောင်နိုင်မှာ မဟုတ်တော့ဘူး မဟုတ်လား။ အဲဒါက ငါ့အသက်တာတိုးတက်မှုကို နှောင့်နှေးစေမှာမဟုတ်ဘူးလား။ ငါ ကယ်တင်ခြင်းကို ရရှိနိုင်ဦးမှာလား” လို့ပေါ့။ အဲဒီနောက်မှာတော့ ကျွန်မ နည်းနည်းလေး နေလို့မကောင်းဘူးလို့ ခံစားရတာနဲ့ ချက်ချင်း လှဲအိပ်ပြီး အနားယူတော့တယ်။ ကျွန်မက ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ပဲ အာရုံစိုက်ပြီး ကိုယ့်တာဝန်အပေါ် စိတ်မဝင်စားခဲ့တာကြောင့်၊ အလုပ်တွေကို နှောင့်နှေးစေခဲ့တယ်။ နောက်ပိုင်းမှာ ကုသမှုနဲ့အတူ ကျွန်မအခြေအနေက တိုးတက်လာပေမဲ့၊ ကျွန်မ စိုးရိမ်နေတုန်းပဲ၊ “စာပေအလုပ်က စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုလိုတယ်၊ နေ့တိုင်း ကွန်ပျူတာရှေ့မှာ ထိုင်နေတာက အားအင်တွေကို ကုန်ဆုံးစေတယ်။ ဒါက ရေရှည်မှာ ငါ နာလန်ထူဖို့အတွက်ကို ထိခိုက်မှာ မဟုတ်ဘူးလား။ ခေါင်းဆောင်ကို ပိုပေါ့ပါးတဲ့ တာဝန်တစ်ခုလောက် ချပေးဖို့ ငါ တောင်းဆိုကြည့်ရင်ကောင်းမယ်၊ ဒါဆိုရင် ငါ့ခန္ဓာကိုယ်ကိုလည်း ထိန်းသိမ်းနိုင်မယ်၊ ငါ့တာဝန်ကိုလည်း တတ်နိုင်သလောက် ထမ်းဆောင်နိုင်ဦးမှာပဲ” လို့ တွေးမိတယ်။ အဲဒီအချိန်တုန်းက ဒီအတွေးတွေက ကျွန်မခေါင်းထဲမှာ အဆက်မပြတ် ပေါ်လာပေမဲ့၊ နောက်တော့ ကျွန်မ တွေးမိတယ်၊ “စာပေအလုပ်အတွက် သင့်တော်တဲ့လူ မရှိလို့ ငါ့ကို ဒီကို ပြောင်းရွှေ့ခဲ့တာ၊ ငါသာ နုတ်ထွက်လိုက်ရင် စာပေအလုပ် ထိခိုက်သွားမှာပေါ့။ ငါက ကိုယ့်ကိုယ်ကိုယ်ပဲ စဉ်းစားပြီး အသင်းတော်အလုပ်ကို လုံးဝမထည့်စဉ်းစားရင် ဒါက အရမ်းကို အသိစိတ်ကင်းမဲ့ရာ ရောက်မှာမဟုတ်ဘူးလား” လို့ပေါ့။ ဒါကြောင့် နုတ်ထွက်ဖို့အတွေးကို ကျွန်မ ဖယ်ရှားလိုက်တယ်။ အဲဒီနောက်မှာတော့ ကျွန်မ အပေါ်ယံမှာ တာဝန်ကို ဆက်ပြီးထမ်းဆောင်နေပုံရပေမဲ့၊ စိတ်ထဲမှာတော့ အမြဲတမ်း စိုးရိမ်ပူပန်နေတုန်းပဲ၊ ကျွန်မအခြေအနေသာ ပိုဆိုးလာပြီး ရုတ်တရက် သေဆုံးသွားခဲ့ရင် ဘုရားသခင်ရဲ့အလုပ်ကို နောက်ထပ် ကြုံတွေ့ရတော့မှာမဟုတ်ဘူး၊ ကယ်တင်ခြင်းရရှိဖို့ အခွင့်အရေးလည်း ဆုံးရှုံးသွားမှာကို ကြောက်နေခဲ့တယ်။ ဒီအတွေးတွေနဲ့ဆိုတော့ ကျွန်မ ကိုယ့်တာဝန်အပေါ် အာရုံစိုက်လို့မရခဲ့ဘူး။ တစ်ခါတလေ ကျွန်မ စိတ်ထဲမှာတောင် မျှော်လင့်မိတယ်၊ “ဘုရားသခင်ကသာ ဒီရောဂါကို ဖယ်ရှားပေးလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ” လို့ပေါ့။
တစ်နေ့မှာ ကျွန်မရဲ့ဝတ်ပြုခြင်းအချိန်အတွင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “နာမကျန်းမှု သင်တို့အပေါ် ကျရောက်ပြီး အယူဝါဒ မည်မျှ သင်နားလည်သည်ဖြစ်စေ ထိုအရာကို သင်မအောင်မြင်နိုင်သေးပါက သင်၏ စိတ်နှလုံးသည် စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်မိလာဆဲဖြစ်လိမ့်မည် ဖြစ်ကာ ထိုကိစ္စရပ်ကို တည်ငြိမ်စွာ သင် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်သည်သာမက သင်၏ စိတ်နှလုံးသည်လည်း မကျေနပ်ချက်များဖြင့် ပြည့်လိမ့်မည်ဖြစ်သည်။ သင်က ‘အဘယ်ကြောင့် အခြားတစ်ဦးတလေသည် ဤရောဂါဖြင့် နာမကျန်းမဖြစ်သနည်း။ အဘယ်ကြောင့် ငါ့ကို ဤရောဂါရစေသနည်း။ ဤအရာ အဘယ်သို့ ငါ့ထံ ဖြစ်ပျက်ရသနည်း။ ငါ ကံခေပြီး မကောင်းသည့် ကံကြမ္မာ ရှိသောကြောင့် ဖြစ်သည်။ မည်သူကိုမျှ ငါ လုံးဝ ပုန်ကန်ပြစ်မှားခြင်းမရှိဖူးသကဲ့သို့ မည်သည့် အပြစ်ကိုမျှ ငါမကျူးလွန်လေပြီ။ ထို့ကြောင့် အဘယ်ကြောင့် ဤအရာ ငါ့ထံ ဖြစ်ပျက်ရသနည်း။ ဘုရားသခင်သည် ငါ့ကို အလွန် မမျှမတ ဆက်ဆံနေသည်’ဟု စဉ်ဆက်မပြတ် တွေးနေလိမ့်မည်။ သင် မြင်သလော။ စိတ်ဖိစီးမှု၊ သောကနှင့် စိုးရိမ်မှုတို့အပြင် သင်သည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ တစ်ခုပြီးတစ်ခုလိုက်လာရင်း သင် မည်မျှ အလိုရှိနိုင်သည်ဖြစ်စေ ထိုအရာများကို လွတ်မြောက်ရန် မည်သည့်နည်းလမ်းမှမရှိဘဲ စိတ်ဓာတ်ကျခြင်းထဲသို့လည်း ကျဆင်းသွားပေသည်။ ထိုအရာသည် တကယ့် နာမကျန်းမှုတစ်ခု ဖြစ်သောကြောင့် ထိုအရာကို သင့်ထံမှ အလွယ်တကူ ယူဆောင်မခံရ၊ သို့မဟုတ် ကုသပျောက်ကင်းစေခြင်း မခံရပေ။ သို့ဆိုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်သည် ကျိုးနွံနာခံလိုသော်လည်း မနာခံနိုင်သကဲ့သို့ တစ်နေ့တွင် သင်ကျိုးနွံနာခံပါက နောက်တစ်နေ့တွင် သင်၏ အခြေအနေ သာ၍ ဆိုးပြီး ထိုအရာ အလွန်နာကျင်ထိခိုက်ရကာ ထို့နောက်တွင် သင် ကျိုးနွံနာခံလိုခြင်း မရှိတော့သကဲ့သို့ တစ်ဖန် စတင် ညည်းညူလာလေသည်။ သင်သည် တစ်ချိန်လုံး ဤသို့ တုံ့ပြန်လူးလာ ဖြစ်နေသောကြောင့် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်ကို သင့်အား ငါ ပြောမည်။ သင့်အနေဖြင့် အကြီးစား နာမကျန်းမှု ကြုံရသည်ဖြစ်စေ၊ အသေးစား နာမကျန်းမှုတစ်ခု ကြုံရသည်ဖြစ်စေ သင်၏ နာမကျန်းမှု ဆိုးရွားသွားသည့် အခိုက်၊ သို့မဟုတ် သေခြင်းကို သင် ရင်ဆိုင်နေရသည့်အခိုက်တွင် အကြောင်းအရာ တစ်ခုကိုသာ သတိရလော့။ သေခြင်းကို မကြောက်နှင့်။ ကင်ဆာနောက်ဆုံးအဆင့်တွင် သင် ရှိနေလျှင်ပင် သင်၏ နာမကျန်းမှုတစ်ခု၏ သေနှုန်းက အလွန်မြင့်လျှင်ပင် သေခြင်းကို မကြောက်နှင့်။ သင်၏ ဆင်းရဲဒုက္ခမည်မျှ ကြီးမားလင့်ကစား သေခြင်းကို ကြောက်ရွံ့ပါက သင်သည် ကျိုးနွံနာခံလိမ့်မည် မဟုတ်။...သေခြင်းကို မကြောက်ရန် သင် ခံယူသင့်သည့် မှန်ကန်သော သဘောထားမှာ အဘယ်နည်း။ သင်သေဆုံးသွားနိုင်လောက်အောင် သင်၏ နာမကျန်းမှု အလွန်ဆိုးရွားပြီး ထိုအတွက် နာမကျန်းမှု ကူးစက်ခံရသည့်လူသည် အသက်အရွယ် မည်မျှရှိသည်ဖြစ်စေ သေနှုန်းက မြင့်မားကာ နာမကျန်းမှု ကူးစက်ခံရသည့်အချိန်မှသည် သေဆုံးသည့်အချိန်က အလွန်တိုတောင်းပါက သင်၏ စိတ်နှလုံးတွင် မည်သည့်အရာကို သင် စဉ်းစားသင့်သနည်း။ “သေခြင်းကို ငါမကြောက်ရ။ အဆုံးတွင် လူတိုင်း သေရသည်။ သို့သော် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် လူအများစု မလုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား လက်တွေ့လုပ်ဆောင်ရန် ဤနာမကျန်းမှုကို ငါ အသုံးပြု၍ရသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသည့် အတွေးနှင့် သဘောထားတို့ကို ငါ ရှိသင့်ပြီး သေခြင်းကို ငါမကြောက်ရ”ဟူ၍ ဖြစ်သည်။ သေခြင်းသည် လွယ်၏၊ အသက်ရှင်ခြင်းထက် များစွာ သာ၍ လွယ်ကူ၏။ သင့်အနေဖြင့် ပြင်းထန်သော ဝေဒနာဖြင့် ရှိနိုင်ပြီး ထိုအရာကို သင် သတိမပြုမိဘဲရှိမည်ဖြစ်ကာ သင်၏ မျက်လုံးများကို ပိတ်သည်နှင့် သင်၏ ထွက်သက်ရပ်သွားသည်၊ သင့်ဝိညာဉ်က ကိုယ်ခန္ဓာကို စွန့်ပြီး သင့်ဘဝ အဆုံးသတ်လေသည်။ ဤသည်မှာ သေခြင်းဖြစ်သည့်ပုံ ဖြစ်သည်။ ဤမျှ ရိုးရှင်းပေသည်။ သေခြင်းကို မကြောက်ရွံ့ခြင်းသည် ခံယူရမည့် သဘောထားတစ်ခု ဖြစ်သည်။ ဤအရာအပြင် သင်၏ နာမကျန်းမှု ဆိုးရွားသွားမည်၊ မဆိုးရွားသွားမည်၊ သို့မဟုတ် သင် ကုသပျောက်ကင်းမရနိုင်ပါက သေဆုံးမည်လော၊ သို့မဟုတ် သင် မသေမချင်း အချိန်မည်မျှကြာလိမ့်မည်၊ သို့မဟုတ် သေမည့်အချိန်ရောက်လာသည့်အခါ မည်သည့်ဝေဒနာ ခံစားရမည်ဆိုသည်တို့ကို သင် မစိုးရိမ်ရ။ ဤအရာများကို သင် မစိုးရိမ်ရပေ။ ဤသည်တို့မှာ သင်စိုးရိမ်သင့်သည့်အရာများ မဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် နေ့ရက်ရောက်လာရမည်ဖြစ်ပြီး ထိုနေ့ရက်သည် တစ်နှစ်နှစ်၊ တစ်လလနှင့် ရက်တစ်ရက်ရက်တွင် ရောက်လာရမည် ဖြစ်သည်။ ထိုအရာမှ သင် ပုန်းကွယ်၍ မရနိုင်သကဲ့သို့ မရှောင်ရှားနိုင်ပေ။ ထိုအရာမှာ သင်၏ ကံကြမ္မာ ဖြစ်သည်။ သင်၏ ကံကြမ္မာဟု ခေါ်သောအရာကို ဘုရားသခင်က ကြိုတင်စီမံထားပြီးဖြစ်ကာ သူက စီစဉ်နှင့်ပြီး ဖြစ်သည်။ သင်၏ နှစ်ကာလသက်တမ်းနှင့် သင် သေဆုံးသည့် အသက်အရွယ်နှင့် အချိန်ကာလတို့ကို ဘုရားသခင်က သတ်မှတ်ပြီးသားဖြစ်ပေသည်။ ထို့ကြောင့် သင် မည်သည့်အရာကို စိုးရိမ်နေသနည်း။ ထိုအရာနှင့်ပတ်သက်၍ သင် စိုးရိမ်နိုင်သော်လည်း ယင်းက မည်သည့်အရာကိုမျှ ပြောင်းလဲစေမည် မဟုတ်။ ထိုအရာနှင့်ပတ်သက်၍ သင်စိုးရိမ်နိုင်သော်လည်း ထိုအရာ မဖြစ်အောင် သင်တား၍မရနိုင်ပေ။ ထိုအရာနှင့်ပတ်သက်၍ သင် စိုးရိမ်နိုင်သော်လည်း ထိုနေ့ကို ရောက်မလာအောင် သင်မတားနိုင်ပေ။ ထို့ကြောင့် သင်၏ စိုးရိမ်မှုသည် မလိုလားအပ်သကဲ့သို့ ထိုအရာလုပ်ဆောင်သမျှမှာ သင့်နာမကျန်းမှု၏ ဝန်ထုပ်ကို ယခင်ထက် သာ၍ လေးလံစေခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်ခဲ့တာက ဘယ်လိုရောဂါမျိုးပဲ ကျွန်မတို့အပေါ် ကျရောက်ပါစေ၊ ပိုဆိုးလာသည်ဖြစ်စေ၊ အသက်ကို ခြိမ်းခြောက်သည်ဖြစ်စေ၊ ကျွန်မတို့ သေခြင်းတရားကို မကြောက်သင့်ဘူး၊ သေဆုံးခြင်းနဲ့အတူ ပါလာနိုင်တဲ့ ဒုက္ခဝေဒနာကိုလည်း မကြောက်သင့်ဘူး။ ဒါတွေက ကျွန်မတို့ စိုးရိမ်သင့်တဲ့အရာတွေ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ရဲ့ သတ်မှတ်ပြဋ္ဌာန်းချက်အရ လူတိုင်းဟာ သေရမှာဖြစ်လို့ပဲ။ ဒါပေမဲ့ လူတစ်ယောက်ချင်းစီရဲ့ သေဆုံးချိန်နဲ့ သေဆုံးပုံကို ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီးသားဖြစ်တယ်။ ဘယ်သူမှ ဒါကို ရှောင်လွှဲလို့ ဒါမှမဟုတ် ထွက်ပြေးလို့မရဘူး။ ဒုက္ခဝေဒနာနဲ့ သေခြင်းတရားကို ရင်ဆိုင်ရာမှာ ကျွန်မတို့ ဝင်ရောက်သင့်တဲ့သမ္မာတရားက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ပဲ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို စစ်မှန်တဲ့နားလည်မှု မရှိခဲ့ဘဲ ဒီအခြေအနေကနေ အမြဲတမ်း ထွက်ပြေးချင်ခဲ့တယ်။ ကျွန်မကင်ဆာ ဖြစ်တုန်းက အလယ်အဆင့်နဲ့ နောက်ပိုင်းအဆင့်မှာ ရှိနေခဲ့တာ၊ ကျွန်မခန္ဓာကိုယ်ကလည်း မကောင်းတဲ့ရောဂါလက္ခဏာတချို့ ပြနေတာကြောင့်၊ ကျွန်မအခြေအနေ ပိုဆိုးလာပြီး ရုတ်တရက် သေဆုံးသွားမှာကို စိုးရိမ်ခဲ့တယ်၊ ဒါကြောင့် ပိုလွယ်ကူတဲ့တာဝန်တစ်ခုကို ပြောင်းဖို့ အမြဲတမ်း လိုချင်နေခဲ့တယ်။ တကယ်တော့၊ တာဝန်က ပင်ပန်းသည်ဖြစ်စေ၊ လွယ်ကူသည်ဖြစ်စေ၊ လူတစ်ယောက်ရဲ့ အားအင်ကို ကုန်ဆုံးစေသည်ဖြစ်စေ၊ မကုန်ဆုံးစေသည်ဖြစ်စေ၊ အဲဒါက လူတစ်ယောက်ရဲ့ သေရေးရှင်ရေးကို မဆုံးဖြတ်ပေးဘူး။ ဒါတွေအားလုံးကို ဘုရားသခင်ရဲ့ သတ်မှတ်ပြဋ္ဌာန်းချက်နဲ့ အစီအစဉ်တွေက ဆုံးဖြတ်တယ်။ ဥပမာ၊ ကျွန်မသိတဲ့လူတချို့က ဘာရောဂါမှမရှိဘဲ သန်မာပြီး ကျန်းမာပုံရတယ်၊ လွယ်ကူပြီး မပင်ပန်းတဲ့အလုပ်တွေမှာ လုပ်ကိုင်ကြပေမဲ့၊ သူတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့တယ်။ လူတချို့ကတော့ အားနည်းပြီး နာမကျန်းဖြစ်ပေမဲ့၊ ခက်ခဲတဲ့အခြေအနေတွေမှာ နေထိုင်ရင်းနဲ့ အသက် ရှစ်ဆယ်၊ ကိုးဆယ်အထိ အသက်ရှင်ကြတယ်။ ဒါက လူတစ်ယောက်ရဲ့ သေရေးရှင်ရေးဟာ ဒီအပြင်ပန်းအခြေအနေတွေနဲ့ မသက်ဆိုင်ဘူးဆိုတာကို ပြနေတယ်။ လူတစ်ယောက်က ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ သက်တမ်းကို ရောက်တဲ့အခါ၊ သူတို့ မလွဲမသွေ သေဆုံးရမှာပဲ။ လူသားရဲ့ ဘယ်လိုဂရုစိုက်မှုမျိုးကမှ လူတစ်ယောက်ရဲ့သက်တမ်းကို တစ်ခဏလေးတောင် တိုးစေနိုင်မှာမဟုတ်ဘူး။ အထူးသဖြင့် ဘုရားနှုတ်ကပတ်တော်တွေမှာ ဒီလိုပြောထားတာကို ကျွန်မတွေ့တဲ့အခါ “သေခြင်းသည် လွယ်၏၊ အသက်ရှင်ခြင်းထက် များစွာ သာ၍ လွယ်ကူ၏။ သင့်အနေဖြင့် ပြင်းထန်သော ဝေဒနာဖြင့် ရှိနိုင်ပြီး ထိုအရာကို သင် သတိမပြုမိဘဲရှိမည်ဖြစ်ကာ သင်၏ မျက်လုံးများကို ပိတ်သည်နှင့် သင်၏ ထွက်သက်ရပ်သွားသည်၊ သင့်ဝိညာဉ်က ကိုယ်ခန္ဓာကို စွန့်ပြီး သင့်ဘဝ အဆုံးသတ်လေသည်။ ဤသည်မှာ သေခြင်းဖြစ်သည့်ပုံ ဖြစ်သည်။ ဤမျှ ရိုးရှင်းပေသည်။ သေခြင်းကို မကြောက်ရွံ့ခြင်းသည် ခံယူရမည့် သဘောထားတစ်ခု ဖြစ်သည်။” ကျွန်မစိတ်က ရုတ်တရက် ကြည်လင်သွားခဲ့တယ်။ ကျွန်မ သေဆုံးချိန်မှာ ကျွန်မခန္ဓာကိုယ်က ခံနိုင်ရည်ရှိမရှိကို ကျွန်မ စိုးရိမ်စရာမလိုတော့ဘူး။ သေခြင်းတရားက ကျွန်မထင်သလောက် ကြောက်စရာမကောင်းဘူး။ ဘုရားသခင်က ကျွန်မကို ဒီလိုအခြေအနေမျိုးကို ဖြတ်သန်းဖို့ သတ်မှတ်ပြဋ္ဌာန်းထားမှတော့၊ ကျွန်မ နာမကျန်းမှုကြားထဲမှာ ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ဖို့ လိုအပ်တယ်။ တစ်နေ့မှာ ကျွန်မရောဂါ ပိုဆိုးလာပြီး သေခြင်းတရား တကယ်ရောက်လာခဲ့ရင်၊ ကျွန်မ အဲဒါကို တည်ငြိမ်စွာ ရင်ဆိုင်ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံမှာပဲ။
ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ဖတ်ခဲ့ပြီး ကိုယ်တော်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို နားလည်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် အဆင်မပြေမှုများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို အသိအမှတ်ပြုရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်ရမည်ကို မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သူ၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် သင်၏ အသက်ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်အသိအမှတ်ပြုနိုင်ပေသည်။ ထို့ကြောင့် နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ ထိုနာမကျန်းမှုအား မည်သို့ လွတ်မြောက်နိုင်မည်၊ သို့မဟုတ် ထိုအရာမှ မည်သို့ ထွက်ပြေးနိုင်သည်၊ သို့မဟုတ် ထိုအရာကို မည်သို့ ငြင်းပယ်နိုင်သည်ဆိုသည်ကို သင် အမြဲ တွေးမနေရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) “သင့်အပေါ်သို့ မည်သည့် စမ်းသပ်မှု ကျရောက်ပါစေ သင်က ယင်းကို ဘုရားသခင်က သင့်အား ပေးသည့် ဝန်တစ်ခုအဖြစ် သဘောထားရမည်။ လူအချို့က ကြီးစွာသော နာမကျန်းဖြစ်ခြင်းနှင့် မခံနိုင်သော ဒုက္ခတို့ဖြင့် ဝိုင်းရံဖိစီးခြင်းခံရကာ အချို့က သေခြင်းတရားကိုပင် ရင်ဆိုင်ရသည်ဟု ဆိုကြပါစို့။ ဤအခြေအနေမျိုးကို သင်သည် မည်သို့ ချဉ်းကပ်သင့်သနည်း။ လူတို့အား ဘုရားသခင်ပေးသည့် စမ်းသပ်မှုများမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်တတ်သည့် အချိန်များစွာ ရှိသည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်ထုပ်မှာ မည်မျှပင် လေးလံပါစေ ယင်းကို သင် ထမ်းပိုးသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကိုနားလည်ပြီး ယင်းကို သင်သယ်ဆောင်နိုင်ကြောင်း သိသောကြောင့် ဖြစ်သည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်တာသည် သင့်ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် သင့်ခံနိုင်ရည်၏ အကန့်အသတ်များကို ကျော်လွန်လိမ့်မည်မဟုတ်၊ သင် ဧကန်ပင် သယ်ဆောင်နိုင်လိမ့်မည်။ ဘုရားသခင် သင့်ကို မည်သို့သောဝန်ထုပ်မျိုး ပေးပါစေ သို့မဟုတ် သူသင့်ကို မည်သည့်စမ်းသပ်မှုမျိုး ပေးပါစေ၊ ဤအရာကို သတိရလော့။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဆုတောင်းပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းကို သင် ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ၊ ထို့ပြင် စမ်းသပ်မှုမှာ ဘုရားသခင် သင့်ကို ဆုံးမပဲ့ပြင်နေသည့်၊ သို့မဟုတ် ပေးနေသည့် သတိပေးချက်တစ်ခု ဖြစ်နေပါစေ ယင်းကို သင်နားမလည်လျှင်လည်း ကိစ္စမရှိပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် နှောင့်နှေးခြင်း မရှိဘဲ သင်၏တာဝန်ကို သစ္စာစောင့်သိစွာ စွဲစွဲမြဲမြဲ ထိန်းနိုင်သရွေ့ ဤနည်းအားဖြင့် ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး သင်သည်လည်း သက်သေရပ်တည်ပြီး ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်ခဲ့တာက ဘုရားသခင်ရဲ့ရည်ရွယ်ချက်ထဲမှာ နာမကျန်းမှုရဲ့ရည်ရွယ်ချက်က လူတွေကို သန့်စင်ပြီး ပြောင်းလဲစေဖို့ဖြစ်တယ်၊ အဲဒါက လူတစ်ယောက်ရဲ့အသက်တာအတွက် အကျိုးရှိတယ်။ ဘုရားသခင်က လူတွေ ကျိုးနွံနာခံနိုင်ဖို့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုနဲ့ ပုန်ကန်မှုကို ဆင်ခြင်သုံးသပ်ဖို့၊ အဲဒါကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေဖို့၊ ပြီးတော့ နာမကျန်းမှုကြားထဲမှာ သစ္စာစောင့်သိမှုနဲ့အတူ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ မျှော်လင့်တယ်။ ဒါက လူတွေ လုပ်သင့်တဲ့အရာပဲ။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မ နာမကျန်းတုန်းက ဘာကျိုးနွံနာခံမှုမှ မရှိခဲ့ဘူး၊ အဲဒီကနေ ဘာသင်ခန်းစာမှလည်း မယူခဲ့ဘူး၊ အဲဒီအစား အဲဒီအခြေအနေကို အမြဲတမ်း ရှောင်ရှားချင်ခဲ့တယ်၊ စာပေအလုပ်က အားအင်တွေ အရမ်းကုန်တယ်လို့ထင်ပြီး၊ ရောဂါပိုဆိုးလာပြီး သေသွားရင် ကယ်တင်ခြင်းအခွင့်အရေး ဆုံးရှုံးမှာကို စိုးရိမ်ပြီး၊ ဒါကြောင့် ပိုလွယ်ကူတဲ့တာဝန်တစ်ခုကို ပြောင်းဖို့ အမြဲတမ်း စဉ်းစားနေခဲ့တယ်။ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့လူတစ်ယောက်ဆိုရင် အထူးသဖြင့် အသင်းတော်အလုပ်က သူ့ကို အလိုအပ်ဆုံးအချိန်မှာ နေမကောင်းဖြစ်နေရင်တောင် ကိုယ့်တာဝန်မှာ သစ္စာစောင့်သိနေဦးမှာပဲ။ ဒါပေမဲ့၊ နာမကျန်းမှုကို ရင်ဆိုင်ရာမှာ ကျွန်မက အတိုက်အခံလုပ်တဲ့စိတ်နဲ့ ရှောင်ရှားတဲ့စိတ်ကိုပဲ ပြသခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုနဲ့ ကျိုးနွံနာခံမှု တစ်စက်မှမရှိခဲ့ဘဲ ကိုယ်ပိုင်အကျိုးစီးပွားတွေကိုပဲ ထည့်စဉ်းစားခဲ့တယ်။ ဒါကို ဆင်ခြင်သုံးသပ်ပြီးတော့ ကျွန်မ နောင်တရချင်ခဲ့တယ်။ နာမကျန်းမှု ဘယ်လိုပဲဖြစ်နေပါစေ၊ ဘယ်လောက်ပဲ ဆိုးရွားလာပါစေ၊ ကျွန်မ အသက်ရှူနေသရွေ့၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံမယ်၊ ဒီပတ်ဝန်းကျင်ကို အပြည့်အဝ ကြုံတွေ့ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံးလုပ်ဆောင်မယ်။ တခြားတာဝန်တစ်ခုကို ပြောင်းရွှေ့ဖို့အတွေးကို ကျွန်မ စိတ်ထဲကနေ ဖယ်ရှားလိုက်ပြီး၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ခြင်းအပေါ်မှာ စိတ်နှစ်ထားဖို့ စတင်ခဲ့တယ်။ တစ်ခါတလေ၊ ကျွန်မခန္ဓာကိုယ် နေလို့မကောင်းပြီး တကယ်ကို မခံနိုင်တော့တဲ့အခါ၊ ကျွန်မ လှဲအိပ်ပြီး ခဏအနားယူတယ်၊ နေသာထိုင်သာရှိလာတဲ့အခါ၊ ကိုယ့်တာဝန်ကို ဆက်ပြီးလုပ်ဆောင်ခဲ့တယ်။ ဒီကာလအတွင်းမှာ၊ ကုသမှုအတွက် တရုတ်တိုင်းရင်းဆေးသောက်တာအပြင်၊ နာကျင်မှုကို သက်သာစေဖို့ သင့်တော်တဲ့ ကိုယ်ကာယကုထုံးကိုလည်း လုပ်ခဲ့တယ်။ လေးလကုန်သွားတော့၊ ရောဂါဖြစ်တဲ့နေရာမှာ နာကျင်မှုတော့ ရှိနေသေးပေမဲ့၊ တခြားမအီမသာဖြစ်တဲ့လက္ခဏာတွေက သိသိသာသာ လျော့ကျသွားပြီး၊ ကျွန်မရဲ့စိတ်အခြေအနေလည်း တော်တော်လေး ကောင်းမွန်ခဲ့တယ်။
နောက်ပိုင်းမှာ၊ ကျွန်မ ဆက်ပြီး ရှာဖွေခဲ့တယ်၊ နာမကျန်းမှုအတွင်းမှာ ကျွန်မ ဘာကြောင့် ကျိုးနွံနာခံနိုင်ခြင်းမရှိခဲ့ရသလဲဆိုတဲ့ အကြောင်းရင်းတွေကိုပေါ့။ တစ်နေ့ ဝတ်ပြုချိန်မှာ၊ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မဖတ်လိုက်တယ်။ အဲဒါက ကျွန်မရဲ့ပြဿနာတွေအပေါ် နားလည်မှုတချို့ ရစေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အလားအလာများနှင့် ကံကြမ္မာများအပြင် အကျိုးစီးပွားများကိုသာ ထည့်စဉ်းစားကြသောအခါ ရလဒ်သည် အဘယ်နည်း။ ယင်းမှာ ၎င်းတို့အတွက် ဘုရားသခင်ကို ကျိုးနွံနာခံရန် မလွယ်ကူခြင်း ဖြစ်ပေသည်။ ၎င်းတို့သည် ဆန္ဒရှိလျှင်ပင် မလုပ်ဆောင်နိုင်ပေ။ မိမိတို့၏ရှေ့ရေး၊ ကံကြမ္မာများနှင့် ကိုယ်ပိုင် အကျိုးစီးပွားများကို အထူးသဖြင့် တန်ဖိုးထားသော လူတို့သည် ဘုရားသခင်၏ အမှုတော်အား ၎င်းတို့၏ရှေ့ရေးနှင့် ကံကြမ္မာများအတွက် အကျိုးပြုမပြုကိုလည်းကောင်း၊ ၎င်းတို့ကို ကောင်းချီးများ ရစေခြင်း ရှိမရှိကိုလည်းကောင်း အမြဲတမ်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြ၏။ အဆုံးသတ်၌ ၎င်းတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့လုပ်ဆောင်သမျှသည် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်ခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ဆက်လက် ထမ်းဆောင်သောအခါတွင်ပင် ဝတ်ကျေတမ်းကျေ ဖြစ်စွာဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက် အခြေအနေတစ်ခုဖြင့် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သို့ အခွင့်အရေးယူရမည်၊ ပြီးလျှင် ရှုံးနိမ့်သည့်ဘက်တွင်မရှိရန် မည်သို့နေရမည်တို့ကို အစဉ် စဉ်းစားနေကြသည်။ ဤအရာတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်သောအခါ ၎င်းတို့၏ ရည်ရွယ်ချက်များဖြစ်သည်။ ဤတွင် ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။...၎င်းတို့သည် အသင်းတော်၏ အလုပ်ကို လုံးဝ မစဉ်းစားသကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း မစဉ်းစားပေ။ ၎င်းတို့သည် အစဉ်သဖြင့် မိမိတို့၏ ကိုယ်ပိုင်အကျိုးအတွက် အစဉ် လျှို့ဝှက်ကြံစည်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ မာနနှင့် ဂုဏ်အဆင့်အတန်းအတွက် အစဉ် စီစဉ်ကြပြီး မိမိတို့၏တာဝန်များကို ညံ့ဖျင်းစွာထမ်းဆောင်ရုံတင်မကဘဲ အသင်းတော်၏ အလုပ်ကို ၎င်းတို့ နှောင့်နှေးပြီး ထိခိုက်စေသည်။ ဤသည်မှာ လမ်းလွဲခြင်းနှင့် မိမိတို့၏ တာဝန်များကို လျစ်လျူရှုခြင်း မဟုတ်လော။ တစ်စုံတစ်ယောက်သည် မိမိတာဝန်ကို ထမ်းဆောင်သောအခါတွင် အစဉ်သဖြင့် မိမိ၏ အကျိုးစီးပွားနှင့် မျှော်လင့်ချက်များအတွက် စီစဉ်နေလျှင်၊ အသင်းတော်အလုပ်အတွက်၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားအတွက် မစဉ်းစားလျှင် ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်း မဟုတ်ပေ။ ဤသည်မှာ အခွင့်အရေး ယူခြင်းဖြစ်သည်။ ယင်းမှာ မိမိ၏ အကျိုးအမြတ်အတွက် လုပ်ဆောင်ခြင်းနှင့် မိမိကောင်းချီးများရရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသို့ဖြင့် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းနောက်ကွယ်ရှိ သဘောသဘာဝက ပြောင်းလဲသွားသည်။ ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူ လုပ်ခြင်းသာ ဖြစ်သလို မိမိ၏ ကိုယ်ပိုင်ပန်းတိုင်များကို ရရှိရန်အတွက် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအား အသုံးပြုလိုခြင်းသာဖြစ်သည်။ ဤသို့လုပ်ဆောင်သည့်ပုံစံသည် ဘုရားအိမ်တော်၏ အလုပ်အား အနှောင့်အယှက်ဖြစ်စေဖို့ အလွန်ပင် ဖြစ်နိုင်ချေရှိသည်။ ယင်းသည် အသင်းတော်အလုပ်အား အသေးစား ဆုံးရှုံးမှုများသာ ဖြစ်စေလျှင် ထိုသူသည် ရှင်းလင်းပစ်ခြင်းမခံရဘဲ ဆုံးရှုံးမှုများကို ပြန်လည် အဖတ်ဆယ်ရန်အတွက် အခွင့်အလမ်းရှိဆဲဖြစ်ပြီး မိမိ၏တာဝန်ကို ထမ်းဆောင်ရန် အခွင့်အလမ်းပေးခြင်း ခံရနိုင်သေးသည်။ သို့သော် ယင်းက အသင်းတော်အလုပ်အပေါ် ကြီးစွာသော ဆုံးရှုံးမှုဖြစ်စေပြီး ဘုရားသခင်ကိုရော လူများကိုပါ ကြီးစွာသော အမျက်ဒေါသ ထွက်စေလျှင် သူသည် မိမိတာဝန်များကို ဆက်၍ ထမ်းဆောင်ရန် အခွင့်အရေးရှိတော့မည်မဟုတ်ဘဲ ထုတ်ဖော်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။ အချို့သောလူတို့မှာ ဤပုံစံဖြင့် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဖယ်ရှားရှင်းလင်းခြင်းခံရသနည်း။ အကြောင်းရင်းဇာစ်မြစ်ကို သင်ရှာတွေ့ပြီးလော။ အကြောင်းရင်းဇာစ်မြစ်မှာ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို အစဉ် စဉ်းစားကြခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၏ လွှမ်းမိုးမှုကို အလွန်အမင်းခံထားရခြင်း၊ ဇာတိပကတိကို မပုန်ကန်နိုင်ခြင်းနှင့် ဘုရားသခင်အပေါ် လုံးဝ နာခံသော သဘောထားမရှိခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မဆင်မခြင် ပြုမူတတ်ကြသည်။ ၎င်းတို့သည် အကျိုးအမြတ်၊ ကျေးဇူးတော်နှင့် ကောင်းချီးများကို ရရှိရန်အတွက်သာ ဘုရားသခင်အား ယုံကြည်ကြပြီး သမ္မာတရားကို လုံးဝမရရှိသောကြောင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းသည် အရေးနိမ့်ရလေ၏။ ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်သည်။ ၎င်းတို့သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသည်မှာ တရားမမျှတဟု သင်ထင်သလော။ ဤသည်မှာ တရားမမျှတခြင်း စိုးစဉ်းမျှ မရှိပေ။ ဤသည်မှာ ၎င်းတို့၏ သဘာဝအားဖြင့်သာ ဆုံးဖြတ်ခံရခြင်း ဖြစ်သည်။ သမ္မာတရားကို မချစ်သော၊ သို့မဟုတ် သမ္မာတရားကို မလိုက်စားသော မည်သူမဆိုသည် အဆုံးတွင် ထုတ်ဖော်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်) “အန္တိခရစ်များက မိမိတို့တာဝန် ထမ်းဆောင်နိုင်ကြသည်မှာ မတော်တဆ မဟုတ်ပေ။ ၎င်းတို့က မိမိတို့တာဝန်ကို ကောင်းချီးများ ရရှိဖို့ မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒတို့ဖြင့် လုံးဝ ထမ်းဆောင်ကြသည်။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ၊ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် သဘောထားတို့ကို ကောင်းချီးများ၊ ကောင်းမွန်သည့် ခရီးပန်းတိုင်နှင့် ၎င်းတို့ နေ့ရောညပါ စဉ်းစားပြီး ပူပန်ကြသည့် ကောင်းမွန်သော အလားအလာ၊ ကံကြမ္မာတို့ကို ရရှိခြင်းနှင့် ခွဲထုတ်မရသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် မိမိတို့၏ အလုပ်မှလွဲ၍ မည်သည့်အရာအကြောင်းကိုမျှ ဆွေးနွေးပြောဆိုခြင်းမရှိသည့် စီးပွားရေးသမားများကဲ့သို့ ဖြစ်သည်။ အန္တိခရစ်များလုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့နှင့် ဆက်စပ်သည်ချည်းသာ ဖြစ်သည်။ ထိုအရာသည် ကောင်းချီးများ၊ အလားအလာနှင့် ကံကြမ္မာတို့ကို ရရှိခြင်းနှင့် ဆက်စပ်သည်ချည်းသာ ဖြစ်သည်။ စိတ်ထဲတွင် ၎င်းတို့၏ စိတ်နှလုံးများက ထိုသို့သောအရာများဖြင့် ပြည့်နေသည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်က ဖယ်ရှားရှင်းလင်းခံရဖို့ဖြစ်သည်ကို အခြားသူတို့ ရှင်းလင်းစွာ မြင်နိုင်ရခြင်းမှာ ဤသဘာဝ အနှစ်သာရမျိုးကြောင့် အတိအကျ ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားသခင်က အန္တိခရစ်တွေဟာ သူတို့တာဝန်တွေကို ထမ်းဆောင်တာက ဘုရားသခင်ရဲ့အလုပ်ကို ကြုံတွေ့ပြီး သမ္မာတရားကို ရရှိဖို့မဟုတ်ဘဲ၊ ကိုယ်ပိုင်အကျိုးစီးပွားတွေကို လိုက်စားပြီး ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးတွေကို တောင်းဆိုဖို့ သူတို့တာဝန်တွေကို ထမ်းဆောင်တဲ့အခွင့်အရေးကို အသုံးပြုဖို့ဖြစ်တယ်လို့ ဖော်ထုတ်ထားတယ်။ အန္တိခရစ်တွေရဲ့ တာဝန်ထမ်းဆောင်ခြင်းမှာရှိတဲ့ ရည်ရွယ်ချက်တွေက မှားယွင်းနေတာကြောင့်၊ သူတို့ရဲ့အလားအလာတွေနဲ့ ပန်းတိုင်အတွက် အန္တရာယ်ရှိတယ်လို့ သူတို့ယုံကြည်တဲ့ ပတ်ဝန်းကျင်တွေကို ကြုံတွေ့ရတဲ့အခါ၊ သူတို့အတွက် ကျိုးနွံနာခံဖို့ ခက်ခဲတယ်။ သူတို့က တာဝန်တွေကို ထမ်းဆောင်ပုံရရင်တောင်၊ ဝတ်ကျေတမ်းကျေပဲ လုပ်ဆောင်နေကြတာ၊ အသင်းတော်အလုပ်ကို ဆုံးရှုံးမှုတွေဖြစ်စေပြီး၊ အတားအဆီးတွေနဲ့ အနှောင့်အယှက်တွေကို ဖန်တီးနေကြတာပဲ။ ဒါ့အပြင် သူတို့မှာ နောင်တရတဲ့စိတ်နှလုံး အမြဲတမ်း ကင်းမဲ့နေပြီး၊ နောက်ဆုံးမှာ ဘုရားသခင်က သူတို့ကို ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းခြင်းကို ခံရတယ်။ ကျွန်မရဲ့နာမကျန်းမှုမှာ၊ ကျွန်မလည်း ကိုယ်ပိုင်အလားအလာတွေနဲ့ ပန်းတိုင်ကိုပဲ ထည့်စဉ်းစားနေခဲ့ပြီး၊ အသင်းတော်အလုပ်အတွက် ဘာမှ ထည့်မစဉ်းစားခဲ့ဘူး။ ဒီအသင်းတော်တွေမှာ၊ ကျွန်မက စာပေအလုပ်လုပ်တဲ့ တစ်ဦးတည်းသောသူဖြစ်ပေမဲ့၊ ကျွန်မကျန်းမာရေးအတွက် အန္တရာယ်ရှိမှာကို စိုးရိမ်ခဲ့တယ်၊ ကျွန်မအခြေအနေ ပိုဆိုးလာပြီး သေသွားခဲ့ရင် ကယ်တင်ခြင်းအခွင့်အရေး ဆုံးရှုံးမှာကို ကြောက်ပြီး၊ ဒါကြောင့် ကျွန်မတာဝန်ကို ခေါင်းရှောင်ပြီး ပိုလွယ်ကူတဲ့တစ်ခုကို ပြောင်းချင်ခဲ့တယ်။ တကယ်တော့၊ ကျွန်မရဲ့နာမကျန်းမှုက အထူးတလည် ဆိုးရွားတာမဟုတ်ဘူး၊ ကိုဗစ်-၁၉ ကူးစက်ခံရပြီးတဲ့နောက်မှာ ကျွန်မခန္ဓာကိုယ်က နည်းနည်းအားနည်းပြီး မကောင်းတဲ့ရောဂါလက္ခဏာတချို့ ရှိခဲ့ပေမဲ့ နေလို့မကောင်းတဲ့အခါ ခဏအနားယူလိုက်တာက အထောက်အကူဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ခန္ဓာကိုယ်အကြောင်းပဲ ဆက်ပြီးစဉ်းစားနေခဲ့တယ်၊ အဲဒါက အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်၊ ဘာအသိစိတ်နဲ့ ဆင်ခြင်တုံတရားမှ မရှိခဲ့ဘူး။ ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းခံခဲ့ရတဲ့သူတွေအကြောင်း ကျွန်မ စဉ်းစားမိတယ်။ တချို့က အစပိုင်းမှာ စိတ်အားထက်သန်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့ကြပေမဲ့၊ သူတို့က သမ္မာတရားကို မလိုက်စားဘဲ ကောင်းချီးတွေကိုပဲ ရှာဖွေခဲ့ကြတယ်။ နာမကျန်းမှုနဲ့ သေခြင်းတရားကို ရင်ဆိုင်ရတဲ့အခါ၊ ကောင်းချီးတွေအတွက် သူတို့ရဲ့မျှော်လင့်ချက်တွေ ပျက်စီးသွားတာကို မြင်တော့၊ သူတို့က ညည်းညူမှုတွေနဲ့ ပြည့်နှက်လာတယ်၊ အပျက်သဘောဆောင်ပြီး ပေါ့ဆလာတယ်၊ သူတို့တာဝန်တွေကိုတောင် စွန့်လွှတ်ပြီး ဘုရားသခင်ကို စွန့်ခွာပြီး သစ္စာဖောက်ခဲ့ကြတယ်။ ကျွန်မရဲ့လိုက်စားမှုအပေါ်ထားတဲ့အမြင်တွေက သူတို့နဲ့ ဆင်တူခဲ့တယ်၊ ကျွန်မသာ နောင်တမရရင်၊ သူတို့လိုပဲ နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခံရမှာပဲ။
တစ်နေ့မှာ၊ ကင်ဆာဖြစ်တဲ့နေရာမှာ နာကျင်မှု ပိုဆိုးလာတာကို ကျွန်မ ခံစားခဲ့ရပြီး၊ ကျွန်မ စိတ်ထဲမှာ ထင်ရာမြင်ရာ အတွေးတွေ ထပ်ဝင်လာတယ်၊ “ကင်ဆာက ငါ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပြီလား” လို့ပေါ့။ ကျွန်မ တကယ်ကို ကြောက်ခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်၊ “ကင်ဆာက ပျံ့နှံ့သွားရင်တောင်၊ ငါ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနေဦးမှာပဲ” လို့ပေါ့။ ကျွန်မ ဆေးရုံကို ဆေးစစ်ဖို့ သွားခဲ့တယ်၊ ဆရာဝန်က အဲဒီနေရာမှာ ရောင်ရမ်းမှုအနည်းငယ်ပဲရှိပြီး ကင်ဆာဆဲလ်တွေမရှိဘူးလို့ ပြောတယ်၊ ကုသမှုအတွက် တရုတ်တိုင်းရင်းဆေးကိုပဲ ဆက်သောက်ဖို့ အကြံပေးခဲ့တယ်။ စစ်ဆေးချက်အဖြေတွေကို ကြည့်ပြီး၊ ဒါက ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ကရုဏာတော်ပဲဆိုတာ၊ ဘုရားသခင်က ကျွန်မကို နောင်တရပြီး ပြောင်းလဲနိုင်ဖို့ အသက်ရှင်ခွင့်ပေးနေတာပဲဆိုတာကို ကျွန်မ သိခဲ့တယ်။ ဝတ်ပြုချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့တယ်။ အဲဒါက ကျွန်မစိတ်နှလုံးကို တကယ်ကို တို့ထိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဤဘဝတွင် ဖန်ဆင်းရှင်အပေါ် စစ်မှန်သော နားလည်မှု၊ သိကျွမ်းမှုနှင့် ကြောက်ရွံ့မှုတို့ ရရှိလျက် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဟူသည့် လမ်းကြောင်းကို လျှောက်လှမ်းရန်အလို့ငှာ အမှုအရာများကို နားလည်ခြင်းမှသည် ဖန်ဆင်းရှင်နှင့် အပြန်အလှန်ဆွေးနွေးရာ၌ ပါဝင်ရန် ဤအခွင့်အရေးကို ရရှိခြင်း၊ ဤအစွမ်းအစကို ပိုင်ဆိုင်ခြင်း၊ သတ်မှတ်ချက်များ ပြည့်စုံခြင်းသို့ သွားဖို့အတွက် လူတို့တွင် အချိန်အကန့်အသတ်သာ ရှိလေသည်။ အကယ်၍ ယခုတွင် သင်သည် ဘုရားသခင်က သင့်အား အလျင်အမြန် ခေါ်ဆောင်သွားရန် အလိုရှိပါက သင်ကိုယ်တိုင်၏ အသက်တာအတွက် တာဝန်မသိတတ်ခြင်း ဖြစ်သည်။ တာဝန်သိတတ်ရန်အတွက် သင်သည် မိမိကိုယ်မိမိ သမ္မာတရားဖြင့် ပြင်ဆင်ထားရန် ပို၍ ကြိုးစားသင့်သည်။ သင်၌ အမှုအရာများ ဖြစ်ပျက်လာသောအခါ မိမိကိုယ်ကို ပို၍ ဆင်ခြင်သုံးသပ်သင့်ပြီး သင်၏ကိုယ်ပိုင် အားနည်းချက်များကို အလျင်အမြန် ပြန်ထေမိစေသင့်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ စည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်ခြင်း၊ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၊ ဘုရားသခင်အား ပို၍သိကျွမ်းခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအား သိကျွမ်းနားလည်နိုင်ခြင်းနှင့် ဘဝကို အလဟဿ မနေထိုင်ခြင်းတို့ ရှိလာသင့်သည်။ ဖန်ဆင်းရှင်သည် မည်သည့်နေရာ၌ တည်ရှိကြောင်း၊ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များသည် မည်သည့်အရာ ဖြစ်ကြောင်းနှင့် ဖန်ဆင်းရှင်သည် ဝမ်းမြောက်ခြင်း၊ အမျက်ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်မှုအား မည်ကဲ့သို့ ထုတ်ဖော်ကြောင်းကို သိနားလည်လာရမည်။ ပို၍နက်နဲသော သိမြင်နားလည်ခြင်း သို့မဟုတ် ပြည့်စုံသော သိကျွမ်းခြင်းကို မရရှိနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် ဘုရားသခင်အား အခြေခံသဘော သိနားလည်ခြင်းကိုကား ပိုင်ဆိုင်ရမည်ဖြစ်ပြီး ဘုရားသခင်အား မည်သည့်အခါမျှ သစ္စာမဖောက်ဘဲ အခြေခံအားဖြင့် ဘုရားသခင်နှင့် သဟဇာတဖြစ်ရမည်။ ဘုရားသခင်အား အရေးစိုက်မှု ပြသရမည်။ ဘုရားသခင်အား အခြေခံကျသော နှစ်သိမ့်မှု ပေးရမည်။ ဖန်ဆင်းခံတစ်ဦးအတွက် သင့်လျော်ပြီး အခြေခံအားဖြင့် ဖြစ်နိုင်ခြေရှိသော အရာများကို လုပ်ဆောင်ရမည်။ ဤအရာများမှာ လွယ်ကူသော အရာများကား မဟုတ်ချေ။ လူတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် သူတို့ကိုယ်သူတို့ တဖြည်းဖြည်း သိနားလည်လာနိုင်ပြီး ထိုသို့အားဖြင့် ဘုရားသခင်ကို သိနားလည်လာနိုင်သည်။ ဤဖြစ်စဉ်သည် အမှန်အားဖြင့် ဖန်ဆင်းရှင်နှင့် ဖန်ဆင်ခံများကြားရှိ အပြန်အလှန် အကျိုးပြုမှုဖြစ်ပြီး လူတစ်ဦး၏ အသက်တာတစ်လျှောက်၌ စားမြုံ့ပြန်ထိုက်သော ဖြစ်စဉ်တစ်ခု ဖြစ်သင့်သည်။ ဤဖြစ်စဉ်သည် နာကျင်ခက်ခဲသော ဖြစ်စဉ်တစ်ခုအစား လူတို့ ပျော်ရွှင်ခံစားသင့်သော အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် နေ့ညများ၊ နှစ်လများကို မြတ်နိုးသင့်ပေသည်။ ၎င်းတို့သည် အသက်တာ၏ ဤအဆင့်ကို မြတ်နိုးသင့်ပြီး ဝန်ထုပ်ဝန်ပိုး သို့မဟုတ် ဝန်လေးစရာအဖြစ် သဘောမထားသင့်ပေ။ ၎င်းတို့သည် ၎င်းတို့အသက်တာ၏ ဤအဆင့်အား အရသာခံသင့်ပြီး တွေ့ကြုံသင့်၏။ ထို့နောက် ၎င်းတို့သည် သမ္မာတရားအား နားလည်ခြင်းကို ရရှိပြီး လူသား၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်မည်ဖြစ်ကာ ဘုရားသခင်ကို ကြောက်ရွံ့သော နှလုံးသားကို ပိုင်ဆိုင်ပြီး မကောင်းမှုပြုလုပ်ခြင်း ပို၍ပို၍ နည်းလာမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ လက်တွေ့ကျင့်သုံးပြီး သမ္မာတရားထဲကို ဝင်ရောက်ဖို့ လမ်းကြောင်းတစ်ခုကို ကျွန်မ ရှာတွေ့ခဲ့တယ်။ ကယ်တင်ခြင်းခံရပြီး စုံလင်စေခြင်းခံရဖို့ဆိုရင်၊ လူတစ်ယောက်က သမ္မာတရားကို လိုက်စားရမယ်၊ ဘုရားသခင်စီစဉ်ပေးတဲ့ ပတ်ဝန်းကျင်အမျိုးမျိုးကို တန်ဖိုးထားရမယ်၊ အဲဒီကနေ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုနဲ့ ချို့ယွင်းချက်တွေကို နားလည်ရမယ်၊ အရာရာတိုင်းကို ဘုရားနှုတ်ကပတ်တော်တွေအပေါ် အခြေခံရမယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်ပြီး ဘုရားနှုတ်ကပတ်တော်တွေရဲ့ လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်ရမယ်၊ အဲဒီလိုမှသာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်မှာဖြစ်တယ်။ ကျွန်မရဲ့နာမကျန်းမှုကို ပြန်ကြည့်တဲ့အခါ၊ ကျွန်မ ကျရှုံးခဲ့တာက ဘုရားသခင်ရဲ့အလုပ်ကို ကြုံတွေ့ဖို့ဆိုပြီး အပြောသက်သက်ပဲ ကြွေးကြော်ခဲ့လို့၊ ဘုရားသခင်က စေ့စေ့စပ်စပ် စီစဉ်ပေးခဲ့တဲ့ ဒီပတ်ဝန်းကျင်ကို ကျွန်မ တန်ဖိုးမထားခဲ့လို့၊ ဒီရောဂါကနေတစ်ဆင့် ဘုရားသခင်က ကျွန်မရဲ့ ဘယ်လိုဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖော်ထုတ်နေသလဲ၊ ကျွန်မ ဘယ်လိုသမ္မာတရားကဏ္ဍတွေကို ဝင်ရောက်သင့်သလဲဆိုတာကို စဉ်းစားဆင်ခြင်ဖို့ဆိုရင် ပိုတောင်ဝေးသေးလို့ပဲ။ အဲဒီအစား ဒီရောဂါကို စိတ်အနှောင့်အယှက်တစ်ခု၊ ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် သဘောထားခဲ့လို့ပဲ။ ကျွန်မရဲ့ ဒီလိုတွေ့ကြုံမှုမျိုးနဲ့ဆိုရင်၊ ကျွန်မခန္ဓာကိုယ်က ကျန်းမာပြီး ရောဂါဘယကင်းစင်နေရင်တောင်၊ ကျွန်မ ကယ်တင်ခြင်းခံရနိုင်မှာမဟုတ်ဘူး။ ဘုရားသခင်က ကျွန်မအသက်ကို မနုတ်ယူသွားသေးဘဲ အသက်ရှင်ဖို့ အခွင့်အရေးပေးနေတုန်းပဲ။ ကျွန်မမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိရမယ်၊ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်ဖို့ အာရုံစိုက်ရမယ်။
နောက်ပိုင်းမှာ၊ ကျွန်မ ကိုဗစ်-၁၉ နှစ်ခါဆက်တိုက် ကူးစက်ခံခဲ့ရပြီး၊ ရင်ဘတ်ထဲက နာကျင်မှုက သိသိသာသာ ပိုဆိုးလာခဲ့တယ်။ ကျွန်မ ထိန်းမနိုင်သိမ်းမရဘဲ ထင်ရာမြင်ရာ အတွေးတွေ ထပ်ဝင်လာတယ်၊ “ငါ့အဆုတ်ထဲမှာလည်း ကင်ဆာဖြစ်နေပြီလား” လို့ပေါ့။ ဒီလိုတွေးမိတော့၊ ကျွန်မစိတ်ထဲမှာ ဖော်ပြလို့မရတဲ့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာကို ခံစားခဲ့ရတယ်။ စာပေအဖွဲ့နဲ့ အလုပ်အကျဉ်းချုပ်သုံးသပ်တဲ့နေ့မှာ၊ ကျွန်မ ထပ်ပြီး စိုးရိမ်လာတယ်၊ “ငါ ခုမှ နေပြန်ကောင်းခါစပဲ ရှိသေးတယ်၊ အပြင်ထွက်ရင် နောက်တစ်ခါ ကူးစက်ခံရရင် ဘယ်လိုလုပ်မလဲ။ ငါ့ခန္ဓာကိုယ်က နောက်ထပ်ဒုက္ခဝေဒနာကို မခံနိုင်တော့ဘူး” လို့ပေါ့။ ခေါင်းဆောင်ကို ကျွန်မအစား သွားခိုင်းဖို့ ကျွန်မ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ဒီအတွေးတွေ ပေါ်လာတဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်ထဲက ဒီအပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “လူတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် နေ့ညများ၊ နှစ်လများကို မြတ်နိုးသင့်ပေသည်။ ၎င်းတို့သည် အသက်တာ၏ ဤအဆင့်ကို မြတ်နိုးသင့်ပြီး ဝန်ထုပ်ဝန်ပိုး သို့မဟုတ် ဝန်လေးစရာအဖြစ် သဘောမထားသင့်ပေ။ ၎င်းတို့သည် ၎င်းတို့အသက်တာ၏ ဤအဆင့်အား အရသာခံသင့်ပြီး တွေ့ကြုံသင့်၏။ ထို့နောက် ၎င်းတို့သည် သမ္မာတရားအား နားလည်ခြင်းကို ရရှိပြီး လူသား၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်မည်ဖြစ်ကာ ဘုရားသခင်ကို ကြောက်ရွံ့သော နှလုံးသားကို ပိုင်ဆိုင်ပြီး မကောင်းမှုပြုလုပ်ခြင်း ပို၍ပို၍ နည်းလာမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်း၊ ကျွန်မစိတ်က တဖြည်းဖြည်း တည်ငြိမ်လာခဲ့တယ်၊ ကျွန်မရဲ့နာမကျန်းမှုက ကျွန်မအသက်ကို တကယ်တမ်း အန္တရာယ်မပြုသေးဘူးဆိုတာ၊ ရင်ဘတ်ထဲမှာပဲ နည်းနည်းနာနေတယ်ဆိုတာကို။ ခန္ဓာကိုယ်မအီမသာဖြစ်လို့ ကိုယ့်တာဝန်ကို ခေါင်းရှောင်ချင်တဲ့ ကိုယ့်လိုအင်ဆန္ဒကို ကျွန်မဆင်ခြင်သုံးသပ်မိတယ်။ ကျွန်မ ဘယ်လိုနည်းနဲ့များ ဘုရားသခင်အပေါ် သစ္စာစောင့်သိပြီး ကျိုးနွံနာခံခဲ့လို့လဲ။ ကျွန်မ အရမ်းကို တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ ကျွန်မက သမ္မာတရားကို ရှာဖွေဖို့ ဒါမှမဟုတ် ဘုရားသခင်ရဲ့အလုပ်ကို ကြုံတွေ့ဖို့ အာရုံမစိုက်ခဲ့ဘဲ၊ သမ္မာတရားကို ရရှိဖို့ အခွင့်အရေးတွေအများကြီးကို လွဲချော်ခဲ့တယ်။ အခုတော့ ဒီအခွင့်အရေးတွေကို နောက်ထပ် လွဲချော်လို့မဖြစ်တော့ဘူး။ ကျွန်မ လက်ခံပြီး ကျိုးနွံနာခံရမယ်၊ ဒီပတ်ဝန်းကျင်ကို တကယ်တမ်း ကြုံတွေ့ရမယ်။ ကိုဗစ်-၁၉ နောက်တစ်ခါ ကူးစက်ခံရရင်တောင်၊ အဲဒါက ကျွန်မ ခါးစည်းခံရမဲ့ ဒုက္ခဝေဒနာပဲ၊ ဘုရားသခင်ကို ကျေနပ်စေဖို့ ကျွန်မတာဝန်ကို ကျွန်မ ထမ်းဆောင်ရမယ်။ ဒီလို ကျွန်မ တွေးလိုက်တဲ့အခါ၊ ကျွန်မစိတ်နှလုံးက လွတ်မြောက်သွားသလို ခံစားခဲ့ရပြီး၊ အပျက်သဘောဆောင်တဲ့စိတ်ခံစားချက်တွေရဲ့ ချည်နှောင်မှု ဒါမှမဟုတ် ချုပ်ထိန်းမှုအောက်မှာ မရှိတော့ဘူး။ ကိုယ့်တာဝန် ထမ်းဆောင်တာကို စိတ်နှစ်ထားပြီးတဲ့နောက်မှာ ကျွန်မ တည်ငြိမ်ပြီး စိတ်အေးချမ်းတယ်လို့ ခံစားခဲ့ရတယ်။