၅၄။ ကျွန်မရဲ့လိမ်ညာမှုတွေ နောက်ကွယ်
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ ကျွန်မ တရားဟောဆရာမအဖြစ် တင်မြှောက်ခံခဲ့ရတယ်။ သုံးလလောက်ကြာတော့ အလုပ်လုပ်နိုင်စွမ်း ညံ့ဖျင်းလို့ အလုပ်ကို နိုင်နိုင်နင်းနင်း မလုပ်နိုင်ခဲ့ဘဲ အသင်းတော်ခေါင်းဆောင်အဖြစ် ပြောင်းပြီး တာဝန်ပေးခံခဲ့ရတယ်။ အဲဒီအချိန်တုန်းက အရမ်း ဝမ်းနည်းခဲ့တယ်၊ “ငါ တာဝန် ပြောင်းခံလိုက်ရပြီ။ ညီအစ်ကိုမောင်နှမတွေသာ သိသွားရင် ငါ့ကို ဘယ်လို မြင်ကြမလဲ။ ငါက သမ္မာတရား မလိုက်စားဘူး၊ အလုပ်လုပ်နိုင်စွမ်း တစ်စက်မှ မရှိဘူးလို့ သူတို့ ထင်ကြမလား။ ငါ့ကို အထင်သေးကြမလား။ အသင်းတော်ခေါင်းဆောင် အလုပ်ကို ကောင်းကောင်းမလုပ်နိုင်လို့ ဖြုတ်ချခံရရင်တော့ သူတို့စိတ်ထဲမှာ ငါ့ကို အကောင်းမြင်နေတာ လုံးဝ ပျက်စီးသွားတော့မှာပဲ” လို့ တွေးမိတယ်။ ဒီလိုတွေးပြီးတဲ့နောက် ဘယ်လိုမှ ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးနိုင်တော့ဘူး။ အဲဒီနောက် တာဝန်ထမ်းဆောင်တဲ့အခါ သူများတွေရဲ့ စိတ်ထဲက ကိုယ့်ပုံရိပ်ကို ကာကွယ်ဖို့ လိမ်ညာပြီး ဟန်ဆောင်ခဲ့တယ်။
မေလမှာ အထက်ခေါင်းဆောင်တွေက အသင်းတော်ထဲက အလုပ်အမျိုးမျိုးကို လာပြီး နောက်ဆက်တွဲ စစ်ဆေးကြတယ်။ သူတို့က တကယ့် အလုပ်မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်တွေကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ရှာပြီး အဲဒါတွေနဲ့ပတ်သက်လို့ ကျွန်မတို့နဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်။ စိတ်ထဲတွေးမိတယ်၊ “ဘာလို့ ခေါင်းဆောင်တွေက ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ပြနေတာလဲ။ ဒီကာလအတွင်း ငါ တကယ့်အလုပ် မလုပ်တာကို သူတို့ သိနေလို့လား။ ပြီးတော့ ငါ ဆက်ပြီး ကောင်းကောင်းမလုပ်ဘဲနေရင် ဖြုတ်ချခံရမယ်လို့ ငါ့ကို သတိပေးနေတာလား။ မကြာသေးခင်ကမှ ငါ့ရဲ့ အလုပ်လုပ်နိုင်စွမ်း ညံ့ဖျင်းလို့ ရာထူးချခံထားရတာ။ နောက်တစ်ခါ ထပ်ဖြုတ်ချခံရရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို တကယ် အသုံးမကျဘူးလို့ ပြောကြမှာ သေချာတယ်။ အဲဒါဆို တော်တော် ရှက်စရာကောင်းမှာပဲ။ ဒီလိုတော့ အဖြစ်ခံလို့ မရဘူး။ ညီအစ်ကိုမောင်နှမတွေ ငါ့ကို အထင်သေးတာ အဖြစ်မခံနိုင်ဘူး။ ငါ ကြိုးကြိုးစားစား လုပ်ပြီး ရလဒ်တချို့ ရအောင် ယူရမယ်” ပေါ့။ အဲဒီအတောအတွင်း ကိုယ့်အဖွဲ့တွေနဲ့စုဝေးပွဲတွေကို ခဏခဏ တက်ပြီး သူတို့နဲ့ မိတ်သဟာယဖွဲ့တယ်။ ဧဝံဂေလိတရားဟောရာမှာ ညီအစ်ကိုမောင်နှမတွေ အခက်အခဲဖြစ်နေတာကို မြင်တဲ့အခါ ချက်ချင်း ဖြေရှင်းပေးဖို့ ကြိုးစားခဲ့ပေမဲ့ အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာလည်း ထင်ရှားတဲ့ ရလဒ်တွေ မရှိခဲ့ဘူး။ ခေါင်းဆောင်တွေက ဧဝံဂေလိအလုပ်အခြေအနေကို သိရအောင် စာတစ်စောင် ပို့လိုက်တယ်။ ဒီပြဿနာတွေကို ခေါင်းဆောင်တွေဆီ တင်ပြချင်ခဲ့ပေမဲ့ အဲဒါတွေက အခုထိ မပြေလည်သေးတဲ့ ပြဿနာဟောင်းတွေချည်းပဲ ဖြစ်နေတာကို တွေးမိတယ်။ ငါသာ တင်ပြလိုက်ရင် ခေါင်းဆောင်တွေက ငါ့ကို အလုပ်လုပ်နိုင်စွမ်း မရှိဘူး၊ တကယ့် ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ပြောပြီး ဖြုတ်ချလိုက်မလား။ ငါ လုံးဝ အရှက်ကွဲသွားမှာ မဟုတ်ဘူးလားပေါ့။ ဒါကြောင့် ကိုယ်တွေးနေတာနဲ့ ဆန့်ကျင်ဘက်ဖြစ်အောင် “လောလောဆယ် ဘာပြဿနာ၊ ဘာလမ်းလွဲမှုမှ မတွေ့သေးပါဘူး။ နောက်မှ တွေ့ရင် တင်ပြပါ့မယ်” လို့ ပြောလိုက်တယ်။ အကြောင်းပြန်ပြီးတဲ့နောက် စိတ်ထဲမှာ အရမ်း မအီမသာဖြစ်သွားတယ်၊ “ငါ လိမ်ညာပြီး လှည့်စားနေတာ မဟုတ်ဘူးလား။ ဒါပေမဲ့ အမှန်တိုင်း ပြောလိုက်ရင် ပြဿနာတွေ မဖြေရှင်းနိုင်ဘူး၊ တကယ့် အလုပ်မလုပ်နိုင်ဘူးဆိုတာ ခေါင်းဆောင်တွေ သိသွားလိမ့်မယ်။ သူတို့ ငါ့ကို သေချာပေါက် ဖြုတ်ချလိမ့်မယ်” ပေါ့။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာ မလုပ်ခဲ့ဘူး။
ဇူလိုင်လမှာ အသင်းတော်က ဖယ်ရှားခြင်း စာရွက်စာတမ်း သုံးစောင် ပို့လိုက်တယ်။ ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ ညီအစ်မက အဲဒါတွေကို အမြန်ဖတ်ဖို့ သတိပေးပေမဲ့ ကျွန်မ အလေးအနက် မထားခဲ့ဘူး။ တစ်လကြာတော့ ညီအစ်မ ကျန်းယွီက အဲဒီ ဖယ်ရှားခြင်း စာရွက်စာတမ်းတွေကို လာစစ်ဆေးဖို့ ကျွန်မတို့ အသင်းတော်ကို ရောက်လာတယ်။ ကျွန်မ အချိန်မီ မစစ်ဆေးခဲ့လို့ ဒီစာရွက်စာတမ်းတွေ ဒီလောက် ကြန့်ကြာသွားတာကို ကျန်းယွီ သိသွားရင် ဖယ်ရှားခြင်းအလုပ်ကို ကျွန်မ နှောင့်နှေးအောင်လုပ်တယ်၊ ကျွန်မက အယောင်ဆောင်ခေါင်းဆောင်ပဲလို့ သူပြောမှာကို စိုးရိမ်ခဲ့တယ်။ ခဏနေတော့ ဒီစာရွက်စာတမ်းတွေကို တင်ပြပြီးပြီလားလို့ ကျန်းယွီက မေးတယ်။ ကျွန်မ တော်တော် အပြစ်ရှိသလို ခံစားရတယ်၊ “ငါ ကြန့်ကြာအောင် လုပ်မိတယ်လို့ အမှန်တိုင်း ပြောလိုက်ရင် ငါ ဖယ်ရှားခြင်းအလုပ်ကို နှောင့်နှေးအောင်လုပ်တယ်လို့ ကျန်းယွီ သေချာပေါက် ပြောမှာပဲ။ ဒါကို အထက်ခေါင်းဆောင်တွေဆီ တင်ပြပြီး ငါ ဖြုတ်ချခံရရင် အရမ်း ရှက်စရာကောင်းမှာပဲ” ပေါ့။ ကျွန်မက ဟန်ဆောင်ပြီး “ခေါင်းဆောင်နဲ့ သင်းထောက်တချို့က ဖယ်ရှားခြင်းအပေါ် လက်မှတ်မထိုးရသေးလို့ပါ” လို့ ပြောလိုက်တယ်။ ကျန်းယွီက “ဖယ်ရှားခြင်းအလုပ်က အရမ်းကို အရေးကြီးတယ်။ နှောင့်နှေးမနေဘဲ သူတို့ကို အမြန်လက်မှတ်ထိုးခိုင်းရမယ်” လို့ ပြောတယ်။ ကျွန်မ မျက်နှာပူထူသွားပြီး အနေရခက်ခက်နဲ့ “ဟုတ်ကဲ့” လို့ ပြောလိုက်တယ်။ ကျန်းယွီက တခြားဘာမှ မပြောပေမဲ့ ကျွန်မ စိတ်နှလုံးက အချိန်အကြာကြီး ဂဏာမငြိမ်ဖြစ်နေပြီး စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်၊ “ဖယ်ရှားခြင်း စာရွက်စာတမ်းတွေကို အမြန်မစစ်ဆေးတာ ရှင်းရှင်းကြီး ငါ့အမှားပဲ။ ဒါပေမဲ့ တာဝန်ကို သူများတွေအပေါ် ငါပုံချလိုက်တယ်။ ငါ အဖြစ်မှန်ကို လိုရာဆွဲပြီး လိမ်ညာနေတာ မဟုတ်ဘူးလား” ပေါ့။ ကျွန်မအလိမ်အညာတွေ ပေါ်သွားမှာကို စိုးရိမ်ပြီး စိတ်မအေးနိုင်ဖြစ်ပြီး စိုးရိမ်ထိတ်လန့်နေခဲ့တယ်။ ပြီးတော့ တော်တော်လည်း စိတ်ဆင်းရဲခဲ့တယ်၊ အမှန်အတိုင်း ပြောဖို့က ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ။
အဲဒီနောက်မှာ ကျွန်မပုံမှန်အတိုင်း အလုပ်ရှုပ်နေပေမဲ့ တာဝန်ထမ်းဆောင်တာနဲ့ ပတ်သက်ရင် ခေါင်းမရှိတဲ့ ကြက်လို ဟိုပြေးဒီပြေးနဲ့ ဖြစ်နေတယ်။ ပြဿနာတွေကိုလည်း ရှာမတွေ့နိုင်သလို အလုပ်တွေထဲက ဘယ်တစ်ခုကမှလည်း ရလဒ်တွေ မထွက်လာခဲ့ဘူး။ နောက်ပိုင်းမှာ အထက်ခေါင်းဆောင်တစ်ယောက်က အလုပ်အခြေအနေ သိရအောင်လို့ စုဝေးပွဲတစ်ခုကို ရောက်လာတယ်။ သူ မေးသမျှကို အင်မတန် သတိထားပြီး ဖြေခဲ့တယ်။ ပြီးတော့ ကိုယ့်ဘေးမှာထိုင်နေတဲ့ တွဲဘက်လုပ်တဲ့သူနဲ့ အဖြေတွေကို တိုက်ဆိုင်စစ်ဆေးခဲ့တယ်၊ အလုပ်တချို့ရဲ့ အသေးစိတ်ကို သေသေချာချာ မသိထားလို့ မေးခွန်းတချို့ကို မဖြေနိုင်တဲ့အတွက်လေ။ ကျွန်မရဲ့ အခြေအနေ ဘယ်လိုရှိလဲလို့ ခေါင်းဆောင်က မေးတော့ ကျွန်မ ဟန်ဆောင်ခဲ့တယ်၊ အဲဒီမှာ ခေါင်းဆောင်က ကျွန်မကို တိုက်ရိုက်ပဲ ပြုပြင်ခဲ့တယ်၊ “အစ်မ လက်တွေ့ကျတဲ့ အလုပ်မလုပ်တာ ကျွန်မ တွေ့ထားတယ်။ အလုပ်အကြောင်း တင်ပြတဲ့အခါ အလုပ်မှာ တကယ်တမ်း ဘယ်လိုအခြေအနေရှိလဲဆိုတာကို တခြားသူတွေ နားမလည်နိုင်အောင် သတင်းကောင်းတွေကိုပဲ အမြဲတင်ပြပြီး သတင်းဆိုးတွေကို ဖုံးကွယ်ထားတယ်။ အစ်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်အောင် တာဝန်ထမ်းဆောင်တာကို ရပ်နားထားဖို့ အသင်းတော်က စီစဉ်ထားပါတယ်” တဲ့။ ခေါင်းဆောင်က ကျွန်မပြဿနာတွေကို ထောက်ပြတာ ကျွန်မ ကြားတော့၊ ကျွန်မ လုံးဝရှက်လွန်းလို့ မျက်နှာကို ဘယ်မှာထားရမှန်းမသိဘူး။
ဖြုတ်ချခံရပြီးတဲ့နောက်မှာ ခွန်အားတွေ အကုန်လုံး ဆုံးရှုံးသွားပြီး ကိုယ့်အခြေအနေ တော်တော် ဆိုးနေမှန်း သဘောပေါက်လိုက်တယ်။ ဒါနဲ့ ဘုရားသခင်ရှေ့မှောက်ကိုလာပြီး ဆုတောင်းခဲ့တယ်၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အနှစ်သာရကို နားလည်ဖို့ ဉာဏ်အလင်းပေးပြီး လမ်းပြပေးပါပေါ့။ တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ် “အန္တိခရစ်များသည် အထက်၏ ပြုပြင်ခြင်းကို ရှောင်ရှားရန်အတွက် အထက်ကို လိမ်ညာပြီး ၎င်းတို့လက်အောက်တွင် ရှိသူများထံမှ အမှုအရာများကို ဖုံးကွယ်သည့် နည်းလမ်းကို မကြာခဏ အသုံးပြုကြသည်။...အသင်းတော်အလုပ်တွင် ပြဿနာအချို့ ဖြစ်ပေါ်လျှင် အထက်က ထိုပြဿနာများအကြောင်းကို သိသွားသည့်အခါ ၎င်းတို့ မုချ ပြုပြင်ခံရမည် သို့မဟုတ် ထုတ်ပင်အထုတ်ခံရမည်ကို အန္တိခရစ်များက သိကြသည်။ ထို့ကြောင့် ပြဿနာများကို ၎င်းတို့က ထိမ်ချန်ထားပြီး အထက်ဆီသို့ သတင်းမပို့ကြပေ။ ထိုပြဿနာများ ပြေလည်သွားခြင်း မရှိလျှင် ဘုရားအိမ်တော်၏ အလုပ်အပေါ် ထိုပြဿနာများက မည်သည့်သက်ရောက်မှုဖြစ်စေ၊ မည်သည့်ထိခိုက်နစ်နာမှုဖြစ်စေ ဖြစ်စေမည်ဆိုသည်နှင့်ပတ်သက်၍ ၎င်းတို့ လုံးဝ ဂရုမစိုက်ကြပေ။ ဘုရားအိမ်တော်က ခံစားရမည့် မည်သည့် ဆုံးရှုံးမှုများကိုမဆို ၎င်းတို့ စိတ်မဝင်စားကြပေ။ မည်သည့်ဆောင်ရွက်ပုံနည်းလမ်းက ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးပြုမည် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ကို ၎င်းတို့ မစဉ်းစားကြချေ။ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်း၊ အထက်က ၎င်းတို့ကို မည်သို့ ရှုမြင်ပြီး သဘောထားမည်ဆိုသည်နှင့် ၎င်းတို့ မထိခိုက်စေဖို့အလို့ငှာ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မည်သို့ စောင့်ရှောက်ကာကွယ်ရမည်ဆိုသည်တို့ကိုသာ ၎င်းတို့ စဉ်းစားကြသည်။ ဤသည်မှာ အမှုအရာများကို အန္တိခရစ်များက ရှုမြင်ပြီး ပြဿနာများနှင့်ပတ်သက်၍ စဉ်းစားပုံဖြစ်ကာ ထိုအရာသည် ၎င်းတို့၏ စိတ်သဘောထားကို လုံးဝ ကိုယ်စားပြုလေသည်။ ထို့ကြောင့် အန္တိခရစ်များသည် အသင်းတော်အတွင်းတွင် တည်ရှိသည့် ပြဿနာများ သို့မဟုတ် ၎င်းတို့ အလုပ်တွင် ဖြစ်ပေါ်သည့် ပြဿနာများကို လုံးဝ မှန်မှန်ကန်ကန် သတင်းပို့ကြလိမ့်မည် မဟုတ်။ မည်သည့်အလုပ်ကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့် အခက်အခဲများကို ၎င်းတို့ ရင်ဆိုင်ရသည်ဖြစ်စေ၊ ထိုအလုပ်ကို ဆောင်ရွက်နေစဉ် မည်သို့ ကိုင်တွယ်ရမှန်း ၎င်းတို့ မသိသည့် အခြေအနေများ သို့မဟုတ် မည်သည့် ရွေးချယ်မှုများ ပြုလုပ်ရမှန်း မသိသည့် အခြေအနေများကို ကြုံရလျှင် အထက်က ၎င်းတို့၏ အစွမ်းအစ အလွန် ညံ့ဖျင်းသည်ဟု ပြောမည်ကိုဖြစ်စေ၊ ၎င်းတို့၏ စစ်မှန်သော အခြေအနေကို သိသွားမည်ကိုဖြစ်စေ၊ ထိုအခက်အခဲများ သို့မဟုတ် အခြေအနေများကို ချက်ချင်း မကိုင်တွယ်၊ မဖြေရှင်းသောကြောင့် အထက်က ၎င်းတို့အား ပြုပြင်မည်ကိုဖြစ်စေ စိုးရွံ့သဖြင့် ထိုအရာကို ဖုံးဖိကာ ကွယ်ဝှက်ကြလိမ့်မည်။ အန္တိခရစ်များသည် အထက်၏ ပြုပြင်ခြင်းကို ရှောင်ရှားရန်အလို့ငှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အလုပ်ကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းနှင့် အသက်မွေးမှုကို ထိန်းသိမ်းရန်လည်းကောင်း၊ ၎င်းတို့အပေါ် အထက်က အကောင်းမြင်သည်ကို သေချာစေရန်လည်းကောင်း အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများကို စတေးရန် ဝန်မလေးကြပေ။ ၎င်းတို့သည် အသင်းတော်အလုပ်၏ တိုးတက်မှု နှောင့်နှေးခြင်း သို့မဟုတ် ထိခိုက်ခြင်းကို ဂရုမစိုက်ကြသကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို သာ၍ပင် ဂရုမစိုက်ကြပေ။ ညီအစ်ကို မောင်နှမများက မည်သည့်အခက်အခဲများကို ကြုံရသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ အသက်ဝင်ရောက်မှုအရ မည်သည့်ပြဿနာများ တည်ရှိသည်ဖြစ်စေ၊ အန္တိခရစ်များက ယင်းတို့ကို မဖြေရှင်းနိုင်သကဲ့သို့ အထက်ထံမှ အကူအညီ ရှာကြမည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေက လူတွေရဲ့ ရင်ထဲမှာ ပြီးပြည့်စုံတဲ့ ပုံရိပ်တစ်ခု ဖန်တီးချင်ကြပြီး သူတို့ရဲ့ အားနည်းချက်တွေနဲ့ ချို့ယွင်းချက်တွေကို သူများတွေ သိသွားမှာကို အရမ်း ကြောက်ကြတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့ရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ တခြားသူတွေ သူတို့အကြောင်း အကဲမခတ်မိအောင် တားဆီးဖို့အတွက် လူတွေကို လှည့်ဖြားပြီး တစ်ပတ်ရိုက်ဖို့ သူတို့ကိုယ်သူတို့ ဖုံးကွယ်ကြတယ်၊ ဟန်ဆောင်ကြတယ်၊ ပြီးတော့ အချိန်တိုင်းမှာ လိမ်ညာကြတယ်၊ ဘုရားသခင်ရဲ့ အိမ်တော်အလုပ် ထိခိုက်မလားဆိုတာကို တစ်စက်လေးမှ ဂရုမစိုက်ဘူး။ သူတို့က အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်၊ ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်ကြတယ်။ ကိုယ့်အပြုအမူကို အန္တိခရစ်တွေ ပြုမူတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ မြင်ကွင်းတွေ တစ်ခုပြီးတစ်ခု ခေါင်းထဲ ပေါ်လာတယ်။ အလုပ်မှာ ကျွန်မတွေ့ခဲ့ရတဲ့ ပြဿနာတွေနဲ့ တကယ့်အခက်အခဲတွေကို ခေါင်းဆောင်တွေကို ပြောပြလိုက်ရင် ကျွန်မမှာ အစွမ်းအစ ညံ့တယ်၊ အလုပ်မနိုင်ဘူးလို့ ပြောပြီး ကျွန်မကို အထင်သေးတာ၊ ဒါမှမဟုတ် ကျွန်မကို ဖြုတ်ချတာတောင် လုပ်မလားလို့ စိုးရိမ်ခဲ့တယ်။ အဲဒီအခါကျ ကျွန်မ လုံးဝ အရှက်ကွဲသွားမှာပဲလေ။ ဒါကြောင့် ကျွန်မကိုယ်ကျွန်မ ဖုံးကွယ်ခဲ့ပြီး အလုပ်ထဲက လမ်းလွဲမှုတွေနဲ့ ပြဿနာတွေအကြောင်း တစ်ခွန်းမှ မပြောခဲ့ဘူး။ ဒီလိုလုပ်ရင် ခေါင်းဆောင်တွေက ကျွန်မပြဿနာတွေကို ရှာတွေ့မှာ မဟုတ်ဘူးလို့ တွေးခဲ့တာ။ ဧဝံဂေလိအလုပ်ထဲက လမ်းလွဲမှုတွေနဲ့ ပြဿနာတွေအကြောင်း ခေါင်းဆောင်တွေ မေးတဲ့အခါ ကျွန်မက ရိုးရိုးသားသား ဖြေသင့်ပေမဲ့ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် အဲဒီ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေကို တမင်သက်သက် ဖုံးကွယ်ခဲ့တယ်။ ဖယ်ရှားခြင်း စာရွက်စာတမ်းတွေ တင်ပြပြီးပြီလားလို့ ကျန်းယွီ မေးတဲ့အခါ ကျွန်မက ကြန့်ကြာအောင် လုပ်မိတယ်လို့ ရိုးရိုးသားသား ပြောလိုက်ရင် အထက်ခေါင်းဆောင်တွေ သိသွားတဲ့အခါ ဖြုတ်ချခံရဖို့ အန္တရာယ်ရှိပြီး သူများတွေရဲ့ စိတ်ထဲက ကျွန်မကို အကောင်းမြင်နေတာ လုံးဝ ပျက်စီးသွားမှာပဲလို့ တွေးမိတယ်။ ဒါကြောင့် အဖြစ်မှန်ကို လိုရာဆွဲပြီး အပြစ်ကို သူများအပေါ် ပုံချခဲ့တယ်။ ကိုယ် ဘယ်လောက် လှည့်ဖြားတတ်တယ်ဆိုတာကို သဘောပေါက်သွားတယ်။ ကျွန်မက လိမ်ညာလှည့်စားခဲ့ပြီး လူတွေကို တစ်ပတ်ရိုက်ပြီး အထင်အမြင်မှားအောင်လုပ်ဖို့ အယောင်ပြတာတွေကို သုံးခဲ့တယ်၊ သူတို့ရဲ့ ယုံကြည်မှုနဲ့ စေတနာကို ရဖို့ လှည့်ဖြားခဲ့တယ်။ ကျွန်မလုပ်ရပ်တွေက အန္တိခရစ်တွေရဲ့ လုပ်ရပ်တွေနဲ့ ဘာမှမကွာဘူး၊ ကျွန်မ တကယ်ကို ကောက်ကျစ်ဆိုးယုတ်ပြီး စက်ဆုပ်စရာကောင်းလွန်းတယ်။ ကျွန်မက ပါးနပ်တယ်၊ ဒီလိုလိမ်ညာလှည့်စားပြီး ပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်တယ်လို့ ယုံကြည်ခဲ့တာ။ ဒါပေမဲ့ ဘုရားသခင်က အရာရာကို စိစစ်တယ်၊ ကျွန်မရဲ့ လှည့်ဖြားတတ်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်မလုပ်ခဲ့တဲ့ လှည့်ကွက်တွေကို လုံးဝ ရှင်းရှင်းလင်းလင်း မြင်တော်မူပြီး အဲဒါတွေအားလုံးကို ပြစ်တင်ရှုတ်ချခဲ့တယ်။ နောင်တမရဘဲ ဒီလောက် ကလိမ်ကကျစ်ကျပြီး လှည့်ဖြားနေဦးမယ်ဆိုရင်၊ အဆုံးမှာ ကျွန်မ ဖယ်ရှားရှင်းလင်းခံရပြီး အပြစ်ဒဏ်ပေးခံရမှာပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “လူတို့သည် လိမ်လည်လှည့်ဖြားမှုတွင် ပါဝင်သောအခါ ဤအရာမှ မည်သည့်ရည်ရွယ်ချက်များ လာသနည်း။ ပြီးလျှင် မည်သည့်ရည်မှန်းချက်ကို ၎င်းတို့ စွမ်းဆောင်ရရှိရန် ကြိုးစားနေသနည်း။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရဖို့အတွက် ဖြစ်သည်မှာ ခြွင်းချက်မရှိပေ။ လိုရင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ဖြစ်သည်။ ပြီးလျှင် ကိုယ်ပိုင်အကျိုးစီးပွားများကို လိုက်စားခြင်း၏ အရင်းအမြစ်တွင် မည်သည့်အရာ တည်ရှိသနည်း။ ယင်းမှာ လူတို့က သူတို့ကိုယ်တိုင်၏ အကျိုးအမြတ်များသည် အခြားအရာအားလုံးထက် ပို၍အရေးကြီးသည်ဟု ရှုမြင်ခြင်းပင်ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်ကို အကျိုးရှိရန်အလို့ငှာ လိမ်လည်လှည့်ဖြားခြင်း၌ ပါဝင်ကြပြီး ဤနည်းဖြင့် သူတို့၏ လိမ်လည်လှည့်ဖြားသော စိတ်သဘောထားက ထုတ်ဖော်ခံကြရသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ရှေးဦးစွာ အကျိုးစီးပွားများသည် မည်သည့်အရာဖြစ်သည်၊ လူတို့အတွက် မည်သည့်အရာများ အတိအကျ ရရှိစေသည်၊ ထိုအရာများကို လိုက်စားခြင်းအတွက် အကျိုးဆက်များက မည်သည့်အရာဖြစ်သည်တို့ကို သင် ပိုင်းခြားသိမြင်ပြီး သိရမည်။ ဤအရာကို သင် အဖြေမရှာနိုင်လျှင် ထိုအရာများကို စွန့်ပစ်ခြင်းသည် ပြောဖို့လွယ်ပြီး လုပ်ဖို့ခက်သည်။ လူတို့သည် သမ္မာတရားကို နားမလည်လျှင် ၎င်းတို့အတွက် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခြင်းထက် ပို၍ ခက်သည့်အရာမရှိပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အသက်တာ အတွေးအခေါ်များသည် ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော၊’ နှင့် ‘လူဆိုသည်မှာ ကြံရင်းသေကြသလို ငှက်ဆိုသည်မှာ ပျံရင်းသေကြသည်’ ဆိုသည်တို့ ဖြစ်သောကြောင့်တည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက်သာ ရှင်သန်သည်မှာ ရှင်းသည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမရှိဘဲ ၎င်းတို့၏ အကျိုးစီးပွားများကို ဆုံးရှုံးခဲ့ရလျှင် ရှင်သန်နိုင်မည်မဟုတ်ဟု ထင်ကြသည်။ ယင်းမှာ ၎င်းတို့ ရှင်သန်ရေးသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ခွဲခြား၍မရသည့်အလား ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရာအားလုံးထက် မြင့်သည်ဟု မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် အသက်ရှင်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခိုင်းခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို စွန့်လွှတ်ရန် တောင်းဆိုသကဲ့သို့ဖြစ်သည်။ ဤသို့ဆိုလျှင် ဤသို့သော အခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူတို့သည် သမ္မာတရားကို လက်ခံရမည်။ သမ္မာတရားကို ၎င်းတို့ နားလည်သောအခါမှသာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၏ အနှစ်သာရကို ရိပ်စားမိနိုင်သည်။ ထိုအခါမှသာ ၎င်းတို့သည် ထိုအကျိုးစီးပွားများကို စွန့်လွှတ်ရန်နှင့် ပုန်ကန်ရန် စတင်နိုင်မည်ဖြစ်ပြီး ၎င်းတို့အလွန်ချစ်သည့် အရာကို လက်လွှတ်ခြင်း၏ နာကျင်မှုကို တောင့်ခံနိုင်မည်ဖြစ်သည်။ ဤအရာကို ပြုလုပ်နိုင်ပြီး သင်ကိုယ်တိုင်၏ အကျိုးစီးပွားများကို စွန့်ပစ်နိုင်သည့်အခါတွင် သင်သည် စိတ်နှလုံးထဲတွင် ပို၍ စိတ်သက်သာပြီး ပို၍ ငြိမ်းချမ်းလိမ့်မည်။ ပြီးလျှင် ဤသို့လုပ်ဆောင်ခြင်းတွင် သင်သည် ဇာတိပကတိကို အောင်မြင်ကျော်လွှားပြီး ဖြစ်လိမ့်မည်။ သင်၏ အကျိုးစီးပွားများကို ဖက်တွယ်ပြီး ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်လျှင်၊ ပြီးလျှင် သမ္မာတရားကို အနည်းငယ်မျှ လက်မခံလျှင် သင်၏ စိတ်နှလုံးတွင် သင်က ‘မိမိအတွက် အကျိုးရှိရန် ကြိုးစားခြင်းနှင့် ဆုံးရှုံးမှုကို မခံစားရန် ငြင်းပယ်ခြင်းတို့တွင် မည်သည့်အရာမှားနေသနည်း။ ဘုရားသခင်က ငါ့ကို အပြစ်ဒဏ်မခတ်သေးပေ။ ပြီးလျှင် လူတို့ကရော ငါ့ကို ဘာလုပ်နိုင်မည်နည်း’ ဟု ပြောကောင်းပြောနိုင်သည်။ မည်သူကမျှ သင့်အား မည်သည့်အရာမျှ မလုပ်နိုင်ပေ၊ သို့ရာတွင် ဘုရားသခင်အပေါ် ဤယုံကြည်ခြင်းဖြင့် သင်သည် နောက်ဆုံးတွင် သမ္မာတရားနှင့် အသက်ကို ရရှိရန် ပျက်ကွက်လိမ့်မည်။ ဤသည်မှာ သင့်အတွက် ကြီးမားသော ဆုံးရှုံးမှုပင်ဖြစ်သည်။ သင် ကယ်တင်ခြင်းကို ရရှိမည်မဟုတ်ချေ။ ပို၍ ကြီးမားသော နောင်တတစ်ခုတလေ ရှိသလော။ ဤသည်မှာ အဆုံးတွင် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားကို လိုက်စားခြင်းမှ လာသောအရာ ဖြစ်သည်။ လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ လိုက်စားလျှင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ လိုက်စားလျှင် သမ္မာတရားနှင့် အသက်ကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ ပြီးလျှင် အဆုံး၌ ဆုံးရှုံးမှုကို ခံစားရသည်မှာ ၎င်းတို့ပင် ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏) ကိုယ်က အချိန်တိုင်းမှာ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ထည့်စဉ်းစားနေလို့ အမြဲ လှည့်ဖြားပြီး ပြုမူနေတာဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်သွားတယ်။ ငယ်ငယ်ကတည်းက စာတန်ဆန်တဲ့ အဆိပ်တွေရဲ့ ပုံသွင်းတာကို ကျွန်မခံခဲ့ရတယ်၊ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” နဲ့ “အကြိမ်တစ်သောင်း ပြောတဲ့ အလိမ်အညာက အမှန်တရား ဖြစ်လာတယ်” လို့ဆိုတဲ့ အဆိပ်တွေပေါ့။ ဒီစာတန်ဆန်တဲ့ ဥပဒေသတွေက ကျွန်မရဲ့ ကျင့်ကြံပြုမူမှုကို ထိန်းချုပ်တဲ့ စည်းမျဉ်းတွေ ဖြစ်လာခဲ့ပြီး၊ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းအတွက် အကြိမ်ကြိမ် လိမ်ညာလှည့်စားအောင် တွန်းအားပေးခဲ့တယ်။ အလုပ်ထဲက လမ်းလွဲမှုတွေနဲ့ ပြဿနာတွေကို ကျွန်မ ရှင်းရှင်းလင်းလင်း တွေ့ထားပြီး ဘယ်လိုဖြေရှင်းရမှန်း မသိတဲ့အခါ ဘာပြဿနာမှ မတွေ့သေးဘူးလို့ပြောပြီး ခေါင်းဆောင်တွေကို လိမ်ညာခဲ့တယ်။ ဖယ်ရှားခြင်းအလုပ်ကို ကြန့်ကြာစေခဲ့တာက ရှင်းရှင်းကြီး ကျွန်မဖြစ်နေပေမဲ့ အဖြစ်မှန်ကို လိုရာဆွဲပြီး အပြစ်ကို သူများတွေအပေါ် ပုံချခဲ့တယ်။ ကိုယ့်မျက်နှာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ကိုယ့်အသိစိတ်ကို ဆန့်ကျင်ပြီး လိမ်ညာလှည့်စားနေခဲ့တာကို မြင်လိုက်ရတယ်။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလွန်းတယ်လေ။ ကျမ်းစာမှာ ပြောထားတာကို တွေးမိတယ်။ “သင်တို့သည် သင်တို့၏ ဖခင်ဖြစ်သော နတ်ဆိုးထံမှ လာကြသည်။ ပြီးလျှင် သင်တို့ဖခင်၏ လိုအင်ဆန္ဒများကို သင်တို့ လုပ်ဆောင်လိုကြ၏။...သူသည် မုသားစကားကို ပြောသည့်အခါ မိမိ၏ ပင်ကိုအတိုင်း ပြောဆိုခြင်းဖြစ်သည်၊ အကြောင်းမှာ သူသည် မုသားပြောသူဖြစ်ပြီး မုသား၏ ဖခင်လည်း ဖြစ်သောကြောင့်တည်း။” (ရှင်ယောဟန်ခရစ်ဝင် ၈:၄၄) နတ်ဆိုးကသာ အမြဲလိမ်ညာပြီး အမှန်တရား တစ်ခွန်းမှ မပြောတာလေ။ နတ်ဆိုးရဲ့ အနှစ်သာရက လိမ်ညာတာပဲ။ ဘုရားသခင်က ကျွန်မတို့ကို ရိုးသားတဲ့သူတွေ ဖြစ်ဖို့နဲ့ အရှိကိုအရှိတိုင်း ပြောဖို့ တောင်းဆိုထားပေမဲ့၊ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကျွန်မက အကြိမ်ကြိမ် လိမ်ညာလှည့်စားခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ပေမဲ့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ဘဲ စာတန်ဆန်တဲ့ ရှင်သန်ရေး ဥပဒေသတွေနဲ့ အသက်ရှင်ခဲ့ပြီး ဘုရားသခင်ကို လှည့်ဖြားဖို့ ကြိုးစားပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ခဲ့တယ်။ နောင်တမရရင် အဆုံးမှာ ဘုရားသခင်က အပြစ်ဒဏ်ပေးတာကိုပဲ ခံရမှာ။ ဘုရားသခင်ရှေ့မှာ ကျွန်မ ဝပ်တွားပြီး ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးရဲ့ သဘာဝက အရမ်း လှည့်ဖြားတတ်တယ်၊ ပြီးတော့ တည်ကြည်မှု ဒါမှမဟုတ် ဂုဏ်သိက္ခာ တစ်စက်လေးမှ မရှိတဲ့ အသက်ရှင်နေတဲ့ စာတန်တစ်ကောင် ဖြစ်နေတယ်ဆိုတာ သမီး မြင်ခဲ့ရပါပြီ။ သမီးက တကယ်ကို ကိုယ်တော်ရဲ့ ရွံရှာမှုကို ခံရမယ့်သူပါ။ ကိုယ်တော့်ကို ထပ်ပြီး အတိုက်အခံမလုပ်ချင်တော့ပါဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားတဲ့သူ ဖြစ်ဖို့၊ စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်နဲ့ အသက်ရှင်နေထိုင်ဖို့ သမီး လိုလားပါတယ်” ဆိုပြီးတော့။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်။ “သင်သည် မည်သည့်ပြဿနာများကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်၊ သင်သည် မိမိကိုယ်ကို လုံးဝ ဟန်မဆောင်ရ သို့မဟုတ် အခြားသူများကို ပုံရိပ်အတုအယောင် မပြရပေ။ သင်၏ ချို့ယွင်းချက်များ၊ မလုံလောက်မှုများ၊ အပြစ်အနာအဆာများ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်စေ သင်သည် ဤအရာအားလုံးအကြောင်းကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ရမည်။ ယင်းတို့ကို ဖုံးကွယ်မထားနှင့်။ မိမိကိုယ်ကို ဖွင့်ဟတတ်ရန် သင်ယူခြင်းသည် အသက်ဝင်ရောက်မှုဆီသို့ ပထမဆုံးခြေလှမ်းဖြစ်ပြီး ယင်းမှာ ကျော်လွှားရန် အခက်ခဲဆုံးဖြစ်သော ပထမဆုံး အတားအဆီး ဖြစ်သည်။ သင်သည် ဤအတားအဆီးကို ကျော်လွှားပြီးသည်နှင့်တစ်ပြိုင်နက် သမ္မာတရားထဲသို့ ဝင်ရောက်ရန် လွယ်ကူသွားလိမ့်မည်။ သင်သည် ဤခြေလှမ်းကို လှမ်းသောအခါ ယင်းက အဘယ်အရာကို ဆိုလိုမည်နည်း။ ယင်းက သင်သည် သင်၏ စိတ်နှလုံးကို ဖွင့်ပြပြီး ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၏ အစိတ်အပိုင်းတိုင်းကို ဖော်ထုတ်ကာ ဖွင့်ဟလျက် အခြားလူများ မြင်ရန်နှင့် ဘုရားသခင် မြင်ရန်အတွက် ယင်းကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပြခြင်းကို ဆိုလိုသည်။ ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိထားခြင်း မရှိခြင်း၊ ဘုရားသခင်အပေါ် မည်သည့် ရုပ်ဖျက်မှု၊ လှည့်ဖြားမှု သို့မဟုတ် လိမ်လည်မှုကိုမျှ အသုံးမပြုခြင်း၊ ထိုနည်းတူ အခြားလူများနှင့်လည်း ပွင့်လင်းရိုးသားခြင်းကို ဆိုလိုသည်။ ဤနည်းအားဖြင့် သင်သည် အလင်းထဲတွင် အသက်ရှင်လိမ့်မည်။ ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက အခြားလူများကလည်း သင်၏ လုပ်ဆောင်ချက်များတွင် စည်းမျဉ်းများနှင့် ပွင့်လင်းမြင်သာမှု ရှိသည်ကို မြင်တွေ့ကြလိမ့်မည်။ သင်သည် သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် မည်သည့်နည်းလမ်းကိုမျှ အသုံးပြုရန် မလိုအပ်သကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိခြင်း တစ်ခုတလေကိုမျှ လုပ်ဆောင်ရန် မလိုအပ်ပေ။ သင်သည် ဤအသုံးမဝင်သော ကြိုးပမ်းမှုများတွင် ပါဝင်ရန် မလိုအပ်ပေ။ သင်သည် ဤအရာများကို စွန့်လွှတ်နိုင်ပါက သင်၏အသက်တာသည် အလွန် သက်သောင့်သက်သာ ရှိလာမည်ဖြစ်ပြီး ဘောင်ခတ်ချုပ်ချယ်မှုများနှင့် နာကျင်မှုတို့မှ ကင်းလွတ်ကာ သင်သည် အလင်းထဲတွင် လုံးလုံးလျားလျား အသက်ရှင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို တွေ့ခဲ့တယ်။ လိမ်ညာတဲ့ ပြဿနာကို ဖြေရှင်းဖို့၊ ရိုးသားတဲ့သူတစ်ယောက် ဖြစ်ရမယ်၊ ဖောက်ပြန်ပျက်စီးမှု ဒါမှမဟုတ် ချို့ယွင်းချက် တစ်ခုခုကို ဖုံးကွယ်ထားမယ့်အစား ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ဖွင့်ဟပြနိုင်ရမယ်၊ ပြီးတော့ အခက်အခဲတွေ ရှိရင် ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့ဖို့ ကြိုးစားရမယ်၊ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ တစ်ယောက်ရဲ့ အားသာချက်တွေကနေ တစ်ယောက် သင်ယူရမယ်။ ဒီလိုနည်းနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်တာက ကောင်းတဲ့ ရလဒ်တွေ ရရှိနိုင်တယ်၊ ကိုယ့်ရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိသလို အသင်းတော်အလုပ်အတွက်လည်း အကျိုးရှိတယ်။ နောက်ပြီးတော့ ဘုရားသခင်ရဲ့ အိမ်တော်က လူတွေကို စည်းမျဉ်းတွေအရ ဖြုတ်ချတယ်ဆိုတာကိုလည်း နားလည်သွားတယ်။ ဘယ်သူမှ သူတို့ရဲ့ ချို့ယွင်းချက်တွေ ဒါမှမဟုတ် သူတို့ရဲ့ လမ်းလွဲမှုတွေကြောင့် ထင်သလို ဖြုတ်ချမခံရပါဘူး၊ အဲဒီအစား သမ္မာတရားကို လိုက်စားသလား၊ တကယ့်အလုပ်လုပ်သလား ဆိုတဲ့အပေါ် အခြေခံပြီး ဖြုတ်ချဖို့ ချိန်ဆပါတယ်။ သမ္မာတရားကို မလိုက်စားဘဲ တကယ့်အလုပ်မလုပ်မှသာ ဖြုတ်ချခံရမှာပါ။ သူတို့ရဲ့ ဝိညာဉ်ရင့်ကျက်မှုက နုနယ်ပြီး သူတို့ရဲ့ အစွမ်းအစက ညံ့ဖျင်းနေတယ်၊ ပြီးတော့ တာဝန်ကို တကယ် မနိုင်ဘူးဆိုရင် သူတို့ရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ အစွမ်းအစအပေါ် အခြေခံပြီး တခြားတာဝန်တွေကို ပြောင်းပေးပါတယ်။ တရားဟောဆရာမကနေ အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မ ပြောင်းခံရသလိုပေါ့။ အလုပ်လုပ်နိုင်စွမ်း ညံ့ဖျင်းပြီး အလုပ်ကို တာဝန်မယူနိုင်လို့သာ ပြောင်းခံခဲ့ရတာပါ။ ဒီစီစဉ်မှုတွေက အသင်းတော်အလုပ်ကို ထည့်သွင်းစဉ်းစားပြီး ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက်လည်း အကျိုးရှိစေတယ်။ ဒါပေမဲ့ ကျွန်မက ကိစ္စတွေကို ထိုးထွင်းမသိမြင်နိုင်ဘဲ ထင်ကြေးပေးပြီး အထင်လွဲခဲ့တယ်။ ကျွန်မမှာ အသိစိတ် တကယ်ကို ကင်းမဲ့ခဲ့တာပဲ။ သိက္ခာနဲ့ အဆင့်အတန်းအတွက် အသက်ရှင်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေကို လိမ်ညာလှည့်စားနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပါးနပ်တယ်လို့ ထင်ခဲ့တာကို ပြန်တွေးမိတယ်။ အဖြစ်မှန်ကို လိမ်ညာမှုတွေနဲ့ ဖုံးကွယ်ခြင်းအားဖြင့် ကျွန်မ့ရဲ့ အဆင့်အတန်းကို ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်ခဲ့တာ။ ဘုရားသခင်က လူတွေရဲ့ အနက်ရှိုင်းဆုံး စိတ်နှလုံးတွေကို စိစစ်တယ်ဆိုတာ သဘောမပေါက်ခဲ့ဘူး။ ကျွန်မရဲ့ လှည့်ဖြားမှုနဲ့ လှည့်ကွက်တွေကြောင့် အလုပ်ကြန့်ကြာခဲ့ရသလို ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ချည်နှောင်ခံရမှုအောက်မှာ အသက်ရှင်နေရလို့ စိတ်ဆင်းရဲခဲ့ရတယ်၊ တည်ကြည်မှုနဲ့ ဂုဏ်သိက္ခာ ဆုံးရှုံးပြီး ပင်ပန်းတဲ့ဘဝကို ဖြတ်သန်းခဲ့ရတယ်။ အနာဂတ်မှာ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း အသက်ရှင်ရမယ်၊ ပြီးတော့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သတိရှိရှိ ဖော်ထုတ်ရမယ်၊ ကိုယ့်မျက်နှာနဲ့ အဆင့်အတန်းကို ဆက်မကာကွယ်တော့ဘူး။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ အသင်းတော်မှာ ခေါင်းဆောင်အဖြစ် ကျွန်မ ထပ်ပြီး ရွေးချယ်ခံရတယ်။ တစ်ခါတော့ အထက်ခေါင်းဆောင်တွေက စာတစ်စောင် ရေးပြီး ဖယ်ရှားခြင်းအလုပ်ရဲ့ တိုးတက်မှုက ဘာလို့ ဒီလောက်နှေးနေတာလဲလို့ မေးလာတယ်။ စိတ်ထဲတွေးမိတယ်၊ “လူတွေကို ပိုင်းခြားသိမြင်တဲ့ စည်းမျဉ်းတွေကို ကောင်းကောင်း နားမလည်လို့ တိုးတက်မှု ကြန့်ကြာနေတယ်လို့ ပြောလိုက်ရင် ခေါင်းဆောင်တွေက ကျွန်မ့ကို အထင်သေးမလား” ပေါ့။ အဲဒီအချိန်မှာ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ကျွန်မ့ရဲ့ လှည့်ဖြားမှုကနေတစ်ဆင့် အလုပ်ကို ထိခိုက်နစ်နာစေခဲ့တာကို တွေးမိပြီး ခေါင်းဆောင်တွေကို အမှန်အတိုင်း ပြောပြလိုက်တယ်။ ခေါင်းဆောင်တွေက ကျွန်မရဲ့ အခက်အခဲတွေနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းတချို့ကို ရှာပေးပြီး ဖယ်ရှားခြင်းအလုပ်ကို လုပ်တဲ့အခါ လိုက်နာရမယ့် လမ်းကြောင်းတချို့ ရသွားအောင် ကျွန်မကို ကူညီဖို့ ညီအစ်မတစ်ယောက်ကို ပြောင်းပေးခဲ့တယ်။ ဒီအတွေ့အကြုံပြီးနောက် ရိုးရိုးသားသား ပြောဆိုပြီး လှည့်ဖြားတတ်တဲ့ စိတ်သဘောထားအတိုင်း အသက်မရှင်တဲ့အခါ ဘဝက သိပ်မပင်ပန်းတော့ဘူးဆိုတာကို နားလည်သွားပြီး စိတ်နှလုံးက အများကြီး ပိုလွတ်မြောက်သွားတယ်။ ဘုရားသခင် ပြောသလိုပါပဲ။ “သင်စကားပြောသောအခါ များစွာ လှည့်ပတ်ပြောဆိုသည်။ များစွာတွေးတောသည်။ ပြီးလျှင် အလွန်ပင်ပန်းသောပုံစံဖြင့် အသက်ရှင်သည်။ ဤအရာအားလုံးက သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် သိက္ခာကို ကာကွယ်ရန်ဖြစ်သည်။ သင် ဤသို့ ကျင့်ကြံပြုမူခြင်းအားဖြင့် ဘုရားသခင်က ကျေနပ်သလော။ ဘုရားသခင်က လှည့်ဖြားတတ်သောသူများကို အရာအားလုံးထက်ပို၍ မုန်းတီးသည်။ သင်သည် စာတန်၏ စွမ်းအားမှ ရုန်းထွက်လွတ်မြောက်ပြီး ကယ်တင်ခြင်း ရရှိလိုလျှင် သမ္မာတရားကို လက်ခံရမည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် စတင်ရမည်။ ပွင့်လင်းလော့။ အမှန်အတိုင်းပြောလော့။ သင်၏ ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို မခံနှင့်။ သင်၏ ဟန်လုပ်ခြင်းနှင့် လှည့်စားခြင်းကို ဖယ်ရှားလော့။ စည်းမျဉ်းနှင့်အညီ ပြောဆိုပြုမူလော့။ ဤအရာသည် သင့်အတွက် အသက်ရှင်ရလွယ်ကူစေမည်ဖြစ်ပြီး ပျော်ရွှင်စေမည်ဖြစ်ကာ သင်သည် ဘုရားသခင်ရှေ့တွင် နေထိုင်နိုင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်)