၁၅။ အရောင်းမန်နေဂျာတစ်ဦး၏ ရွေးချယ်မှု
ကျွန်မကို တရုတ်ပြည်တောင်ပိုင်းက မြို့ငယ်လေးတစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်မအဖေက ဒေသမှာ နာမည်ကြီးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကျွန်မတို့မိသားစုက အတော်လေး ချောင်လည်ပါတယ်။ ငယ်ငယ်ကတည်းက ရွယ်တူတွေထက် ပိုကောင်းတဲ့ လူနေမှုအဆင့်အတန်းကို ခံစားခဲ့ရတော့ ကျွန်မမှာ သူများထက် သာတယ်ဆိုတဲ့စိတ် ရှိခဲ့တယ်။ မှတ်မိတဲ့အရွယ်ကစပြီး အဖေက ကျွန်မကို “ဒုက္ခပင်လယ်ကို ဖြတ်ကျော်နိုင်မှ လူတွေထက်သာတဲ့သူ ဖြစ်နိုင်မယ်” လို့ ခဏခဏ သင်ပေးခဲ့တယ်။ ကျေးလက်တောရွာကနေ မြို့ပေါ်တက်ပြီး အခြေချခဲ့ရတဲ့ အဖေ့ရဲ့ဘဝအတွေ့အကြုံတွေကို ကျွန်မ နားထောင်ခဲ့ရတယ်၊ အဖေ့ဆီကို မျက်နှာလိုမျက်နှာရလုပ်ဖို့ အိမ်ကို အမြဲလာနေကြတဲ့လူတွေကိုလည်း တွေ့ခဲ့ရတယ်၊ အဖေ ဘယ်နေရာကိုပဲသွားသွား လူတွေက သူ့ကို အထင်ကြီးလေးစားပြီး နွေးနွေးထွေးထွေး ကြိုဆိုကြတာကိုလည်း မြင်ခဲ့ရပါတယ်။ ကျွန်မရဲ့ နုနယ်ပြီး မသိနားမလည်တဲ့ ကလေးဘဝမှာ တခြားသူတွေထက် သာလွန်ခြင်းရဲ့ တန်ဖိုးကို ကျွန်မ တဖြည်းဖြည်း နားလည်လာခဲ့ပြီး တခြားသူတွေက အားကျလေးစားပြီး အထင်ကြီးရတဲ့ အဆင့်အတန်းရှိတဲ့သူတစ်ယောက် ဖြစ်လာဖို့ သန္နိဋ္ဌာန်ချခဲ့တယ်။ ဒါပေမဲ့ ကျွန်မအသက် ၁၂ နှစ်အရွယ်မှာ အဖေက တရားမဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ကျသွားခဲ့တယ်။ အရင်က လူစည်ကားခဲ့တဲ့ ကျွန်မတို့အိမ်ဟာ ရုတ်တရက်ဆိုသလို ခြောက်ကပ်သွားခဲ့ပြီး အမေရယ်၊ အစ်မရယ်၊ ကျွန်မရယ်ပဲ တစ်ယောက်ကိုတစ်ယောက် အားကိုးရင်း ကျန်ခဲ့တယ်။ အရင်က ကျွန်မတို့ကို နွေးနွေးထွေးထွေး ဆက်ဆံခဲ့တဲ့လူတွေလည်း အရိပ်အယောင်တောင် မမြင်ရတော့ဘူး။ အထူးသဖြင့် အမေက ပိုက်ဆံတွေလျှောက်ချေးရင်း ဒုက္ခခံနေရတာကို မြင်ပြီးနောက်မှာ အထီးကျန်ခြောက်ကပ်မှုလှိုင်းလုံးတွေကို ကျွန်မခံစားခဲ့ရပြီး စာကြိုးစားဖို့နဲ့ ထင်ပေါ်ကျော်ကြားဖို့ ကျွန်မ သန္နိဋ္ဌာန်ချခဲ့တယ်၊ ဒါမှ ကျွန်မက တခြားသူတွေအထက် သာလွန်တဲ့သူတစ်ယောက်အနေနဲ့ အားကျစရာကောင်းပြီး အထင်ကြီးလေးစားခံရတဲ့ဘဝမျိုးနဲ့ နေနိုင်မှာဖြစ်ပြီး ကျွန်မတို့လည်း ပြန်ပြီး သိက္ခာဆယ်နိုင်မှာပေါ့။ ကြိုးစားမှုက အရာထင်ခဲ့ပြီး နောက်ဆုံးတော့ ကျွန်မ တက္ကသိုလ်ဝင်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ စိတ်ကို လျှော့မချလိုက်ရဲဘူး။ အဖေ့စကားဖြစ်တဲ့ “ဒုက္ခပင်လယ်ကို ဖြတ်ကျော်နိုင်မှ လူတွေထက်သာတဲ့သူ ဖြစ်နိုင်မယ်” ဆိုတာက ကျွန်မကို အမြဲတမ်းအားပေးနေခဲ့တယ်။ ကျွန်မသာ ဆက်ကြိုးစားသွားမယ်ဆိုရင် တစ်နေ့နေ့မှာ အောင်မြင်မှုတွေရပြီး ကျော်ကြားမှုနဲ့အကျိုးအမြတ်ပါ ရမှာပဲလို့ ယုံကြည်ခဲ့တယ်။
၂၀၀၆ ခုနှစ်မှာ တက္ကသိုလ်ကဘွဲ့ရပြီးတဲ့နောက် ရှန်ဟိုင်းမြို့ကို တစ်ယောက်တည်းလာပြီး ကုမ္ပဏီတစ်ခုမှာ အရောင်းဝန်ထမ်းအဖြစ် အလုပ်စလုပ်ခဲ့တယ်။ အော်ဒါတွေ ပိုရဖို့အတွက် တခြားမြို့တွေကို ပုံမှန်ခရီးထွက်ပြီး ဖောက်သည်တွေနဲ့ တွေ့ခဲ့ရတယ်။ ကားမူးတတ်တဲ့အတွက်ကြောင့် မြို့အစုံကို ခရီးသွားရတာက ကျွန်မကို မောပန်းနွမ်းနယ်စေခဲ့ပြီး ကားပေါ်ကဆင်းပြီးတာနဲ့ ဖောက်သည်တွေနဲ့တွေ့ဖို့ ကျွန်မရဲ့ရှိသမျှအားအင်ကို စုစည်းခဲ့ရတယ်။ ခန္ဓာကိုယ်ပင်ပန်းရုံသာမကဘူး၊ အတောမသတ်တဲ့ လုပ်ငန်း ဧည့်ခံပွဲတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဖောက်သည်တွေနဲ့ ဆက်ဆံရတာတွေက ကျွန်မကို ပိုပြီးတော့တောင် မောပန်းစေခဲ့တယ်။ ဖောက်သည်တွေဆီက အော်ဒါရဖို့အတွက် “အရေထူပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ အယူအဆ” နဲ့ “ဝံပုလွေရဲ့ လမ်းစဉ်” ဆိုတဲ့ စာအုပ်တွေကို ဝယ်ခဲ့တယ်။ ဒီစာအုပ်တွေကနေ မမြင်နိုင်တဲ့ လုပ်ငန်းခွင်စည်းမျဉ်းတွေနဲ့ လောကီဆိုင်ရာ ဆက်ဆံရေး နည်းလမ်းတွေကို အများကြီး သင်ယူခဲ့ရတယ်။ နောက်ပိုင်း အလုပ်ထဲမှာဆိုရင်၊ စိတ်ထဲမှာ ကျွန်မဟာ လုပ်ဖော်ကိုင်ဖက်တွေထက် သာလွန်ဖို့ သူတို့နဲ့ ပေါ်ပေါ်တင်တင်ရော၊ နောက်ကွယ်မှာပါ ယှဉ်ပြိုင်ခဲ့တယ်။ အပြင်ပန်းမှာ ဖောက်သည်တွေကို မြှောက်ပင့်ပြောဆိုရုံသာမကဘဲ သူတို့ကို လာဘ်ငွေတွေပေးပြီး မသမာတဲ့ အရောင်းအဝယ်တွေမှာလည်း ပါဝင်ပတ်သက်ခဲ့တယ်။ အစပိုင်းမှာတော့ ဒီအရာတွေနဲ့ပတ်သက်ပြီး ကျွန်မ စိတ်မသန့်ခဲ့ဘူး၊ တကယ်လို့သာ ကိစ္စတွေ ပေါ်သွားရင် ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ရုံသာမကဘူး၊ ကိုယ်တိုင်လည်း ထောင်ကျသွားစေနိုင်တယ်လေ။ ဒါကြောင့် နေ့တိုင်း ရင်တမမနဲ့ နေခဲ့ရတယ်။ ဖိအားတွေ အရမ်းများလာတဲ့အခါ ညလယ်ခေါင်မှာ အိပ်မက်ဆိုးတွေမက်ပြီး ခဏခဏ လန့်နိုးခဲ့တယ်။ ကျွန်မမှာ နေ့တိုင်း အတောမသတ်တဲ့ ကြောက်ရွံ့စိုးရိမ်စိတ်နဲ့ နေခဲ့ရတယ်။ တစ်ခါတလေ ညဉ့်နက်သန်းခေါင် အရာအားလုံးတိတ်ဆိတ်နေတဲ့အချိန်မှာ ကျွန်မတွေးမိတယ်၊ “အရောင်းအလုပ်က ဖိအားများလွန်းတယ်၊ အလုပ်ပြောင်းလိုက်ရင် ကောင်းမလား” ပေါ့။ ဒါပေမဲ့ နောက်တော့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒုက္ခပင်လယ်ကို ဖြတ်ကျော်နိုင်မှ လူတွေထက်သာတဲ့သူ ဖြစ်နိုင်မယ်” လို့ပေါ့။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်တယ်၊ “ငါသာ အောင်မြင်ချင်ရင် ဒီနာကျင်မှုတွေကို ခံနိုင်ရည်ရှိရမယ်၊ မဟုတ်ရင် အရည်အချင်းရှိတဲ့သူတွေနဲ့ ပြည့်နေတဲ့ ဒီမြို့ကြီးမှာ ဘယ်တော့မှ အောင်မြင်ပြီး နာမည်ကြီးနိုင်မှာလဲ” ပေါ့။ ဒါနဲ့ ကျွန်မ ဇွဲရှိရှိနဲ့ ဆက်လုပ်ခဲ့တယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ကျွန်မဟာ လုပ်ငန်းခွင်ထဲက လူသစ်ဘဝကနေ အဖွဲ့ရဲ့ အရောင်းချန်ပီယံ ဖြစ်လာခဲ့တယ်။ ကျွန်မကို ခေါင်းဆောင်တွေက တန်ဖိုးထားပြီး လုပ်ဖော်ကိုင်ဖက်တွေက အားကျရုံသာမက ကျွန်မရဲ့လစာကလည်း တဖြည်းဖြည်းနဲ့ ပိုများလာပြီး ကျွန်မတောင့်တခဲ့တဲ့အတိုင်း ရုံးဝန်ထမ်းဘဝမျိုးနဲ့ နောက်ဆုံးမှာ နေထိုင်ခဲ့ရပါတယ်။ အမေက ဝမ်းသာအားရနဲ့ ကျွန်မကို ပြောတယ်၊ “သမီးရယ်၊ အမေတို့ရဲ့ ခက်ခဲတဲ့နေ့ရက်တွေ ကုန်ဆုံးသွားပြီ။ အခု သမီးက ကိုယ့်အရည်အချင်းကို သက်သေပြနိုင်ပြီဆိုတော့ အမေတို့ အနိုင်ကျင့်ခံရမှာကို ကြောက်စရာမလိုတော့ဘူး။ အမေ ဂုဏ်ယူဝင့်ကြွားနိုင်ပြီလို့ ခံစားရတယ်။ သမီးလေး ဆက်ပြီးကြိုးစားထား” တဲ့။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ကျိတ်ပြီး ပြောလိုက်တယ်၊ “ငါ ရှန်ဟိုင်းမှာ အိမ်နဲ့ကား ဝယ်ရုံတင်မကဘူး၊ ရေရှည်မှာ လေးစားစရာကောင်းတဲ့ဘဝနဲ့ နေနိုင်ဖို့အတွက် လုပ်ငန်းခေါင်းဆောင်တစ်ယောက် ဖြစ်လာရမယ်” လို့ပေါ့။
၂၀၀၈ ခုနှစ်၊ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ယောက္ခမတွေက ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိ တရားဟောခဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့အခါ၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်တဲ့ အဆင့်သုံးဆင့် အမှုတော်ကြောင့် ကျွန်မ အရမ်းတို့ထိခံစားခဲ့ရတယ်။ အထူးသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်ပြီး ပြီးတော့ လူသားမျိုးနွယ် မသိခဲ့တဲ့ နက်နဲမှု အများကြီးကို ထုတ်ဖော်ခဲ့ကြောင်း ကျွန်မမြင်ပြီးနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ ပြင်းပြင်းထန်ထန် ဆွဲဆောင်တာကို ကျွန်မခံခဲ့ရပြီး ခင်ပွန်းနဲ့အတူ ဧဝံဂေလိတရားကို လက်ခံခဲ့ကြတယ်။ ဘုရားသခင်ကို ရှာတွေ့ပြီးနောက်မှာ ကျွန်မတို့ အတူတူစုဝေးကြတယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ကြတယ်၊ ဘုရားသခင်ကို ချီးမွမ်းဖို့ ဓမ္မတေးတွေ သီဆိုကြတယ်။ ညီအစ်ကိုမောင်နှမတွေကလည်း သူတို့ရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုတွေကို ကျွန်မတို့ကို မျှဝေပေးကြတယ်။ သူတို့တစ်ယောက်ချင်းစီက ကျွန်မ အလုပ်မှာ ဆက်ဆံရတဲ့လူတွေနဲ့ လုံးဝမတူဘဲ ဘယ်လို အရမ်းကို ဖြူစင်ရိုးသားကြလဲဆိုတာ တွေ့လိုက်ရတယ်။ သူတို့ကြားမှာ မြှောက်ပင့်ဖားယားတာတွေ၊ နောက်ကျောကိုဓားနဲ့ထိုးတာတွေ မရှိဘူး၊ သူတို့စိတ်ထဲရှိတဲ့အတိုင်း ပြောကြတယ်။ သူတို့နဲ့ ပေါင်းသင်းရတာ ကျွန်မ ပျော်တယ်၊ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့ရတာကိုလည်း သဘောကျတယ်။
၂၀၀၈ ခုနှစ်၊ ဇွန်လမှာ ကျွန်မခင်ပွန်းနဲ့ကျွန်မ အိမ်ဝယ်ဖို့ ချေးငွေယူခဲ့ကြတော့၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကျောင်းနေဘက်တွေနဲ့ မိသားစုဝင်တွေအားလုံးက ကျွန်မတို့ကို အားကျစိတ်တွေနဲ့ ကြည့်ကြတယ်။ အထူးသဖြင့် အိမ်နီးနားချင်းတွေက ကျွန်မတို့ဟာ တခြားအရပ်ကလာပြီး နှစ်နှစ်အတွင်း အိမ်ဝယ်နိုင်ခဲ့တာကို သိသွားတဲ့အခါ၊ သူတို့က ကျွန်မတို့ကို ပိုပြီးတော့တောင် အထင်ကြီးပြီး ချီးကျူးကြတယ်။ ကျွန်မ စိတ်ထဲမှာ အရမ်းကို ကျေနပ်ပီတိဖြစ်မိတယ်၊ ကျွန်မ အမြဲတမ်းအိပ်မက်မက်ခဲ့တဲ့ သာလွန်မြင့်မြတ်တဲ့ဘဝနဲ့ ပိုပြီးနီးစပ်လာပြီလို့ တွေးမိရင်းနဲ့ပေါ့။ နောက်ပိုင်းမှာ ကျွန်မ ရာထူးတိုးသွားပြီး ကျွန်မရဲ့ လိပ်စာကတ်ပေါ်က ရာထူးက အရောင်းမန်နေဂျာအဖြစ် ပြောင်းသွားတယ်၊ ကျွန်မရဲ့ရုံးခန်းကလည်း ကျဉ်းကျဉ်းလေးကနေ ပိုပြီးထင်ရှားတဲ့၊ သီးသန့်နေရာတစ်ခုကို ပြောင်းသွားတယ်။ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို လေးလေးစားစားနဲ့ ခေါင်းညိတ်နှုတ်ဆက်ကြပြီး ဖောက်သည်တွေကလည်း ကျွန်မကို မန်နေဂျာရယ်လို့ ခေါ်ကြတယ်။ ကျွန်မ ခါးကိုမတ်မတ်ထားပြီး လျှောက်လှမ်းခဲ့တယ်၊ ရုတ်တရက်ဆိုသလို ကျွန်မက တခြားလူတွေနဲ့ မတူတော့ဘူးလို့ ခံစားလိုက်ရပြီး ဒီလို အထက်တန်းကျပြီး ကြီးကျယ်တဲ့ ခံစားချက်ကို ကျွန်မ တကယ်ကို နှစ်သက်ခဲ့တယ်။ အဲဒီအချိန်တုန်းက စုဝေးပွဲတက်တဲ့အချိန်တွေကလွဲရင် ကျွန်မရဲ့အချိန်အားလုံးနီးပါးကို အလုပ်လုပ်ရင်း ကုန်ဆုံးခဲ့တယ်။ ချေးငွေတွေ အမြန်ဆပ်နိုင်အောင် ပိုက်ဆံရှာဖို့ပဲ စဉ်းစားနေခဲ့တယ်၊ ဒါမှ ပိုကြီးတဲ့ အိမ်တစ်လုံးဝယ်ပြီး အမေ့ကို ကျွန်မတို့နဲ့လာနေဖို့ ခေါ်ထားနိုင်မှာလေ၊ အဲဒီလိုနဲ့ သူ့ကို ဒီသာလွန်မြင့်မြတ်တဲ့ဘဝကို ကျွန်မတို့နဲ့အတူတူ ခံစားခွင့်ပေးနိုင်မှာပေါ့။ ကုမ္ပဏီက ပိုကြီးလာတာနဲ့အမျှ စည်းမျဉ်းစည်းကမ်းတွေကလည်း ပိုပြီး တင်းကျပ်ရှုပ်ထွေးလာတယ်။ အရောင်းမန်နေဂျာတစ်ယောက်အနေနဲ့ ကုမ္ပဏီရဲ့ အကဲဖြတ်လှုပ်ရှားမှုအမျိုးမျိုးမှာ ပါဝင်ပြီး အကောင်အထည်ဖော်ရတယ်။ ဒီအခြေအနေမှာ ကျွန်မဟာ ကျဉ်းထဲကျပ်ထဲ ရောက်သွားတယ်၊ ကျွန်မသာ ကုမ္ပဏီမှာ ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်ရင် အသင်းတော်အသက်တာကို အဟန့်အတားဖြစ်စေမယ်၊ ဒါပေမဲ့ ကျွန်မသာ အသင်းတော်အသက်တာနဲ့ နေထိုင်ရင် ကျွန်မအလုပ်က ထိခိုက်မယ်၊ ပြီးတော့ ကျွန်မသာ ကိုယ့်အလုပ်ကို ကောင်းကောင်းမလုပ်ရင် ကျွန်မအခုရထားတဲ့ သာလွန်မြင့်မြတ်တဲ့ဘဝက သေချာပေါက် ပျောက်ကွယ်သွားမှာပဲ။ အစပိုင်းမှာတော့ ကျွန်မ စုဝေးပွဲတွေကို ဆက်တက်နိုင်ခဲ့တယ်။ ဒါပေမဲ့ တစ်နေ့မှာ ကျွန်မရဲ့လက်အောက်ဝန်ထမ်းတွေက ကျွန်မဟာ ခေါင်းဆောင်တစ်ယောက်ရဲ့ အရှိန်အဝါမရှိဘဲ နေ့တိုင်း အလုပ်ကနေ အချိန်မှန်မှန် ပြန်တယ်လို့ တိတ်တဆိတ် ဆွေးနွေးနေကြတဲ့အကြောင်း လုပ်ဖော်ကိုင်ဖက်တွေဆီက ကြားခဲ့ရတယ်။ ကျွန်မက အထက်လူကြီးတွေကို မျက်နှာချိုသွေးဖို့ ပရိယာယ်တစ်ခုခုသုံးပြီး ဒီရာထူးကို ရခဲ့တာဖြစ်မယ်လို့လည်း သူတို့က ပြောကြတယ်။ ဒီမှတ်ချက်တွေကို ကြားရတော့ ကျွန်မ အရမ်းကို စိတ်ဆင်းရဲပြီး ဘဝင်မကျဖြစ်မိတယ်၊ “အခု ဈေးကွက်ပြိုင်ဆိုင်မှုက အရမ်းကြမ်းတာ။ ငါသာ ဒီရာထူးကို ထိန်းသိမ်းဖို့ ပိုပြီးကြိုးကြိုးစားစားမလုပ်ရင် တစ်နေ့နေ့မှာ တစ်ယောက်ယောက်က ငါ့နေရာကို အစားထိုးသွားနိုင်တယ်။ ငါ အရမ်းကြိုးစားပြီးမှ ရလာတဲ့ ဒီလို ဂုဏ်သိက္ခာရှိ၊ အလေးစားခံရပြီး လူတွေအားကျရတဲ့ အလုပ်နဲ့ဘဝအားလုံး ဆုံးရှုံးသွားမှာပဲ။ ဒီလိုတော့ မဖြစ်ဘူး။ ငါ မည်မည်ရရဖြစ်တဲ့ဟာ တစ်ခုခုကို ရအောင်လုပ်ဖို့လိုမယ်” လို့ တွေးမိတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်မ မနက်ခင်း ဝတ်ပြုခြင်းအချိန်ကို စလျှော့လိုက်တယ်၊ တစ်ခါတလေဆိုရင် ဝတ်ပြုခြင်းအတွက် အချိန်တောင်မရဘဲ အလုပ်ကို အလျင်စလို တန်းသွားခဲ့ရတယ်။ အလုပ်ပြီးလို့ စုဝေးပွဲမရှိဘူးဆိုရင် ကျွန်မ ကုမ္ပဏီမှာနေပြီး အချိန်ပိုဆင်းဖို့ ကြိုးစားခဲ့တယ်။ ဒါ့အပြင် အထက်လူကြီးတွေ၊ ဖောက်သည်တွေနဲ့ စားပွဲသောက်ပွဲတိုင်းကို တက်ဖို့ကြိုးစားပြီး သူတို့နဲ့ရှိနေတဲ့အချိန်မှာ ဟန်လုပ်ပြုံးပြခဲ့ရတယ်။ တကယ်တော့ ကျွန်မလုပ်နေတာတွေက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီမှန်း ကျွန်မသိပါတယ်၊ ဒီလို သူများကို မြှောက်ပင့်ဖားယားနေရတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း စက်ဆုပ်ရွံရှာတယ်။ ဒါပေမဲ့ ဒါက ကိုယ့်ရာထူးကို ခိုင်မာအောင်လုပ်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲလို့ တွေးမိတဲ့အခါ ကျွန်မ ဆက်ပြီးပဲ လုပ်နေခဲ့ရတယ်။
အဲဒီအချိန်တုန်းက စုဝေးတွေကို အချိန်ကပ်ပြီးမှ ရောက်တာများတယ်၊ ရက်တွေအများကြီး အလုပ်ကိစ္စ ခရီးတွေထွက်ရလို့ စုဝေးပွဲမတက်နိုင်ခဲ့တဲ့ အချိန်တွေတောင် ရှိခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့အခြေအနေကို မေးမြန်းတဲ့အခါတိုင်း ကျွန်မ အပြစ်ရှိစိတ်ကို ခံစားရပေမဲ့ ဒါပေမဲ့ ဘာမှမတတ်နိုင်ခဲ့ဘူး။ ရေရှည်မှာ ပုံမှန်မဟုတ်တဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြောင့် ကျွန်မရဲ့ကျန်းမာရေးက ဆိုးရွားလာခဲ့တယ်။ အစပိုင်းမှာ ဆံပင်ကျွတ်ရုံပဲ၊ နောက်ပိုင်းတော့ ကိုယ်အလေးချိန်တွေ တောက်လျှောက်တက်လာပြီး ခြေသလုံးတွေမှာ ခရမ်းရောင်အစက်အပြောက်တွေနဲ့ ပြည့်လာတယ်။ ဆေးရုံသွားစစ်ကြည့်တော့ ကျွန်မမှာ သွေးတွင်းအဆီဓာတ်များတဲ့ရောဂါနဲ့ ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ သွေးခြည်ဥရောဂါလို့ ရှာဖွေတွေ့ရှိခဲ့တယ်။ ဆရာဝန်က ကျွန်မရောဂါဟာ ကျွန်မအလုပ်အကိုင်နဲ့ တော်တော့်ကို သက်ဆိုင်တယ်၊ ပြီးတော့ ကြီးမားတဲ့အလုပ်ဖိအားနဲ့ ပုံမှန်မဟုတ်တဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေက ကျွန်မရဲ့ကိုယ်ခံအားစနစ်ကို ပျက်စီးစေတယ်၊ အထူးသဖြင့် ခဏခဏဖြစ်တဲ့ လုပ်ငန်းဧည့်ခံပွဲတွေနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေက ဇီဝကမ္မဖြစ်စဉ်ကို ပျက်ယွင်းစေခဲ့တယ်လို့ ပြောတယ်။ သူတို့က ကျွန်မသာ ဒီလူနေမှုပုံစံအတိုင်း ဆက်နေပြီး ဒီစိတ်ပိုင်းဆိုင်ရာအခြေအနေမှာပဲ ဆက်ရှိနေရင် ရောဂါကို ပိုဆိုးစေပြီး နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်တယ်၊ အသက်အန္တရာယ်တောင် စိုးရိမ်ရတယ်လို့ ပြောတယ်။ ကျွန်မလည်း ကိုယ့်ကျန်းမာရေးအတွက် စိုးရိမ်ပေမဲ့ ကူကယ်ရာမဲ့သလို ခံစားခဲ့ရပြီး “ဒီနေ့ခေတ်လူ့အဖွဲ့အစည်းမှာ သူများတွေထက် သာလွန်ဖို့ဆိုရင် အဖိုးအခတစ်ခု ပေးရတာပဲ၊ ရတာရှိသလို ဆုံးရှုံးတာလည်း ရှိတာပေါ့။ တစ်နေ့နေ့မှာ ငါဟာ ဖိအားမရှိတော့ဘူး၊ လုပ်ငန်းဧည့်ခံပွဲတွေ တက်စရာမလိုတော့ဘူးဆိုရင် အဲဒီအခါကျရင် ငါက သာလွန်တဲ့သူတစ်ယောက် မဟုတ်တော့တာ သေချာတယ်။ အခု ငါက ငယ်သေးတယ်၊ ခန္ဓာကိုယ်က ခံနိုင်တယ်၊ ဒီအဆင့်ကို အရင်ကျော်ဖြတ်လိုက်ဦးမယ်” ဆိုပြီး တွေးလိုက်တယ်။
၂၀၀၉ ခုနှစ် ဧပြီလ တစ်နေ့မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်က ကျွန်မကို “လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိလား” လို့ မေးခဲ့တယ်။ တာဝန်ထမ်းဆောင်ခြင်းဟာ ဖန်ဆင်းခံတိုင်းရဲ့ တာဝန်ဝတ္တရားဖြစ်ပြီး၊ တာဝန်တွေကနေတစ်ဆင့် သမ္မာတရားတွေကို ပိုပြီးနားလည်နိုင်မယ်လို့ ကျွန်မတွေးမိပြီး ဝမ်းသာအားရနဲ့ သဘောတူလိုက်တယ်။ ဒါပေမဲ့ ညတိုင်းနီးပါး စုဝေးပွဲရှိမယ်ဆိုတာ သိလိုက်ရတော့ ကျွန်မ တွေဝေသွားတယ်၊ “ကုမ္ပဏီက ဖောက်သည်တွေဆီ သွားတွေ့တဲ့အကြိမ်အရေအတွက်ကို အမြဲတမ်း အကဲဖြတ်နေတာ၊ ပြီးတော့ ငါက ဌာနရဲ့ အရောင်းလုပ်ငန်းတွေကို လမ်းညွှန်ပေးရတဲ့ တာဝန်လည်းရှိတယ်။ နေ့တိုင်း စုဝေးပွဲတက်ရရင် ငါ့အလုပ်ကို ဘယ်လိုလုပ်မလဲ။ အဖွဲ့ကို ကောင်းကောင်းမစီမံနိုင်ဘဲ အရောင်းပစ်မှတ်တွေ မပြည့်မီခဲ့ရင် ငါ အရောင်းမန်နေဂျာအနေနဲ့ ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအခါကျရင် ငါ အရမ်းကြိုးစားပြီးမှ ရလာတဲ့ မန်နေဂျာရာထူးနဲ့ တည်ငြိမ်ပြီး သက်သောင့်သက်သာရှိတဲ့ဘဝ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလား။ နောင်တစ်ချိန်မှာ ရှေ့ဆက်တက်လှမ်းဖို့ ပိုပြီးခက်ခဲသွားမှာ မဟုတ်ဘူးလား” ပေါ့။ ဒီလိုတွေးမိတော့ ညီအစ်မကို ကျွန်မပြောလိုက်တယ်၊ “ကျွန်မ ဒီကိစ္စကို နည်းနည်း ပိုစဉ်းစားဖို့လိုတယ်” လို့ပေါ့။ နောက်သုံးလေးရက်မှာ ဒီကိစ္စကိုပဲ ကျွန်မ ဆက်ပြီး စဉ်းစားနေမိတယ်။ ညဘက်တွေမှာ ကောင်းကောင်းအိပ်လို့မပျော်ဘဲ စိတ်ထဲမှာ ရှုပ်ထွေးပြီး သောကရောက်ခဲ့တယ်။
စုဝေးပွဲတစ်ခုမှာ ကျွန်မရဲ့စိတ်ဆင်းရဲမှုကို ညီအစ်ကိုမောင်နှမတွေကို မျှဝေခဲ့ပြီး ကျွန်မတို့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ကြတယ်။ “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသည့် လူသားသည် လူ့အဖွဲ့အစည်း၏ ကူးစက်စေခြင်းကို ပြင်းထန်သော အတိုင်းအတာအထိ ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ပဒေသရာဇ်ဆန်သော လူ့ကျင့်ဝတ်များ၏ ပုံသွင်းခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ ၏ သွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရရှိခဲ့ပြီးဖြစ်၏။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော ကိုယ်ကျင့်တရား၊ ယုတ်ညံ့သော ဘဝ အမြင်ရှုထောင့်၊ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် စက်ဆုပ်ဖွယ်အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှုနှင့် ယုတ်ညံ့သော ထုံးတမ်းအစဉ်အလာများနှင့် တစ်ရက်ပြီးတစ်ရက် ဘဝ ဟူသည့် ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်နေခဲ့ပြီးဖြစ်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးနေစေခဲ့သည့်အပြင် တိုက်ခိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် တိုး၍ ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ရက်စက်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား ကျိုးနွံနာခံလိုစိတ်ရှိသူ တစ်ဦးတလေမျှ မရှိဘဲ ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတလေမျှ ပို၍ပင် မရှိပေ။ ထိုအစား လူသည် စာတန်၏ အာဏာအောက်တွင် အပျော်အပါးကို အားရပါးရ လိုက်စားကာ နွံထဲတွင် ပေါက်လွှတ်ပဲစား နေခြင်းအားဖြင့် သူ၏ ဇာတိပကတိကို ဖောက်ပြန်ပျက်စီးစေသည်။ ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အချိန်တွင်ပင် အမှောင်ထဲတွင် ရှင်သန်နေထိုင်သည့်လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအင်ဆန္ဒတစ်စက်မျှ မရှိဘဲ ဘုရားသခင် ပေါ်ထွန်းပြီးဖြစ်သည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင် ၎င်းတို့သည် ရှာဖွေရန် ဆန္ဒမရှိကြချေ။ ဤကဲ့သို့ အကျင့်ပျက်သော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းအတွက် ဖြစ်နိုင်ချေတစ်စက်တလေမျှ မည်သို့ရှိနိုင်မည်နည်း။ ဤကဲ့သို့ အကျင့်စာရိတ္တယိုယွင်းသော လူသားမျိုးနွယ်သည် အလင်းတွင် မည်သို့များ အသက်ရှင်နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) “ဆယ်စုနှစ်၊ ထောင်စုနှစ်၊ သောင်းစုနှစ်ချီသည့် နှစ်ကာလများစွာကြာ ယခုထိတိုင်၊ လူတို့သည် စုံလင်သော အသက်တာတစ်ခုကို ဖန်တီးခြင်းမရှိဘဲနှင့်၊ ၎င်းတို့၏ အချိန်ကို ဤနည်းဖြင့် အချည်းနှီး ကုန်လွန်နေခဲ့ကြသည်၊ ကျော်ကြားမှုနှင့် အခွင့်အလမ်းများအတွက် ပြိုင်ဆိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ကြံစည်ကြခြင်းဖြင့် အားလုံးသည် ဤအမှောင်ကမ္ဘာလောက၌ အချင်းချင်း အပြန်အလှန် သတ်ဖြတ်ဖို့သာ စိတ်ပိုင်းဖြတ်ထားကြလေသည်။ မည်သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေဖူးသနည်း။ ဘုရားသခင်၏အမှုကို တစ်ဦးတစ်လေက အရေးစိုက်ဖူး သလော။ အမှောင်စွမ်းအား၏ နေရာယူခြင်းခံထားရသော လူသားမျိုးနွယ်၏ အစိတ်အပိုင်းအားလုံးသည် အချိန်ကြာမြင့်စွာကတည်းက လူ့သဘာဝဗီဇ ဖြစ်လာပြီးဖြစ်ကာ၊ ထို့ကြောင့် ဘုရားသခင်၏ အမှုကို ဆောင်ရွက်ရန် အတော်အတန် ခက်ခဲပြီး၊ ယနေ့တွင် ၎င်းတို့ကို ဘုရားသခင်က အပ်နှံပြီးဖြစ်သည့်အရာကို လူတို့သည် သာ၍ပင် အာရုံစိုက်ချင်စိတ်မရှိကြချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်မ အတွေးနက်နက်ထဲကို ရောက်သွားခဲ့တယ်။ ပြန်ကြည့်လိုက်တော့ ငယ်ငယ်ကတည်းက “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သင်၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်”၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ ပြီးတော့ “ဒုက္ခပင်လယ်ကို ဖြတ်ကျော်နိုင်မှ လူတွေထက်သာတဲ့သူ ဖြစ်နိုင်မယ်” ဆိုတဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတယ်။ ကျွန်မဟာ ထင်ပေါ်ကျော်ကြားဖို့၊ နာမည်ရဖို့၊ ကြီးပြင်းလာတဲ့အခါမှာ သာလွန်မြင့်မြတ်တဲ့ဘဝနဲ့ နေထိုင်ဖို့ သန္နိဋ္ဌာန်ချခဲ့တယ်။ ဒါကို ဖြစ်မြောက်ဖို့ ကျောင်းသားဘဝမှာ ညဉ့်နက်တဲ့အထိ စာတွေကြိုးစားခဲ့တယ်၊ လုပ်ငန်းခွင်ထဲရောက်ပြီးနောက်မှာ ခြေကုပ်ရဖို့ ကိုယ့်ရဲ့ကိုယ်ပိုင်မူတွေကို အလျှော့ပေးခဲ့တယ်၊ အော်ဒါတွေရဖို့ ဖောက်သည်တွေနဲ့ မသမာတဲ့ အပေးအယူတွေ လုပ်တဲ့အထိဖြစ်ခဲ့တယ်။ ကျွန်မရဲ့လုပ်ရပ်တွေ ပေါ်သွားပြီး သိက္ခာကျမှာကို အမြဲတမ်း စိုးရိမ်ခဲ့ရတယ်၊ ကြီးမားတဲ့ဖိအားတွေက ကျွန်မရဲ့ စိတ်ရောကိုယ်ပါ ထိခိုက်စေခဲ့တယ်။ အမြဲတမ်းအိပ်မက်မက်ခဲ့ရတဲ့ လစာကောင်းကောင်းနဲ့ ရာထူးကို ရလာတဲ့အခါ၊ ပတ်ဝန်းကျင်ကလူတွေရဲ့ လေးစားအားကျမှုကို ခံရတဲ့အခါ၊ ကိုယ့်နေရာကို ခိုင်မြဲအောင်လုပ်ဖို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ပြီး အကွက်ချကြံစည်၊ အပြိုင်အဆိုင်လုပ်ခဲ့တယ်၊ ဖောက်သည်တွေနဲ့ အထက်လူကြီးတွေကို မြှောက်ပင့်ဖားယားခဲ့တယ်၊ နေ့တိုင်း လုပ်ငန်းဧည့်ခံပွဲအမျိုးမျိုးမှာပဲ နစ်မြုပ်နေခဲ့တယ်။ အချိန်အကြာကြီး ပုံမှန်မဟုတ်တဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေမှုပုံစံကြောင့် ကျွန်မရဲ့ခန္ဓာကိုယ်က သတိပေးလက္ခဏာတွေ ပြသလာခဲ့တယ်။ ဒါပေမဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက်ကြောင့် ကျွန်မ မရပ်ရဲခဲ့ဘူး။ သူများတွေရဲ့ လေးစားမှုနဲ့ မြှောက်ပင့်မှုတွေက အလိမ်အညာတွေနဲ့ ပြည့်နေမှန်း သိသိကြီးနဲ့၊ ကျွန်မရဲ့ လှည့်ဖြားတတ်တဲ့ လုပ်ရပ်တွေနဲ့ လိမ်ညာမှုတွေကို ဘုရားသခင် မနှစ်သက်မှန်း သိသိကြီးနဲ့၊ ကျွန်မ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတာကို မစွန့်လွှတ်နိုင်ခဲ့ဘူး။ ကျန်းမာရေးကို စတေးရတာ၊ စုဝေးပွဲတွေ လွတ်တာ၊ အသက်တာ တိုးတက်မှုကို အဟန့်အတားဖြစ်တာတွေ ရှိရင်တောင်မှ ကျွန်မရဲ့အလုပ်ကို ဂရုတစိုက် ထိန်းသိမ်းဖို့ကိုပဲ ပိုဆန္ဒရှိခဲ့လို့ နေ့တိုင်း နာကျင်ခြင်းနဲ့ ညှဉ်းပန်းမှုကို ခံစားရင်း ရှင်သန်ခဲ့ရတယ်။ အဲဒီနောက် ကျွန်မ တွေးဆမိတယ်၊ “ရာထူးမြင့်တာ၊ ဒါမှမဟုတ် ပိုင်ဆိုင်မှုတွေ ပိုများတာက ဘာအကျိုးရှိလို့လဲ” ပေါ့။ နာမည်ကြီးတွေ၊ သူဌေးတွေ၊ ကျွန်မအသိတွေအကြောင်းကို ကျွန်မစဉ်းစားမိတယ်၊ သူတို့တွေ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေ ရရှိပြီးနောက်မှာ အတွင်းစိတ် ဟာတာတာဖြစ်လို့ စိတ်လှုပ်ရှားမှုတွေကို ရှာဖွေခဲ့ကြတယ်။ တချို့က ဥပဒေကို သိလျက်နဲ့ချိုးဖောက်ပြီး ထောင်ကျခဲ့ကြတယ်၊ တချို့က ကိုယ်ကျင့်တရားဖောက်ဖျက်လို့ မိသားစုပြိုကွဲပြီး နာမည်ပျက်ခဲ့ကြတယ်၊ တချို့ကဆိုရင် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့တောင် ရွေးချယ်ပြီး နောက်ဆုံးမှာ လမ်းမရှိတော့တဲ့အခြေအနေနဲ့ ကြုံခဲ့ကြရတယ်။ ကျွန်မရဲ့အဖေက ဒါအတွက် သက်ရှိဥပမာတစ်ခုပဲ။ သူ တစ်ချိန်က အတိုင်းအဆမဲ့တဲ့ ဂုဏ်ကျက်သရေတွေ ရှိခဲ့ပြီး လူတွေရဲ့ ချီးကျူးလေးစားမှုကို အများကြီး ခံခဲ့ရတယ်၊ ဒါပေမဲ့ သူ့ရဲ့လောဘက သူ့ကို မကောင်းတဲ့ရေစီးကြောင်းတွေနောက် လိုက်စေခဲ့ပြီး နောက်ဆုံးမှာတော့ သူဟာ စီးပွားရေးလုပ်ငန်းတွေမှာ ဥပဒေချိုးဖောက်ပြီး ထောင်ကျခဲ့တယ်။ ကျွန်မတွေ့လိုက်ရတာကတော့ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေဟာ လူတွေကို ဖျက်ဆီးဖို့ စာတန်အသုံးပြုတဲ့ နည်းလမ်းတွေဆိုတာပဲ။ အဲဒီအချိန်မှာ ကျွန်မ သဘောပေါက်သွားတယ်၊ ကျွန်မက အပေါ်ယံမှာ ဘုရားသခင်ကို ယုံကြည်နေပုံပေါ်ပေမဲ့ တကယ်တမ်းမှာတော့ စာတန်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတုန်းပဲဆိုတာကိုပေါ့။ စာတန်က ကျွန်မကို ဖြားယောင်းပြီး ညှဉ်းပန်းဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုနေခဲ့တယ်၊ အဲဒါက ကျွန်မကို တည်ကြည်မှုနဲ့ ဂုဏ်သိက္ခာမရှိဘဲ၊ အခြေခံအကျဆုံး အသိတရားတောင်မရှိဘဲ နေထိုင်စေခဲ့တယ်။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေကို လိုက်စားခြင်းက ကျွန်မကို လမ်းမှားရောက်စေပြီး၊ ယုတ်ညံ့တဲ့အဖြစ်ကို ရောက်စေခဲ့တယ်၊ နောက်ဆုံးမှာ ဘုရားသခင်ကို စွန့်ခွာ၊ သစ္စာဖောက်ပြီး ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးသွားစေလိမ့်မယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်။ “ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် အကျိုးအမြတ်၌ မွေ့လျော်ပြီး အခြားအရာများအပြင် ပုဂ္ဂိုလ်ရေး အဆင့်အတန်းနောက် လိုက်သည့် ထိုအမျိုးသားများနှင့် အမျိုးသမီးများ၊ အပြစ်၌ ပိတ်မိနေသည့် နောင်တမရသော လူများ၊ ၎င်းတို့ အားလုံးသည် ကယ်တင်မရသောသူများ ဖြစ်ကြသည်မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)) “သင်တို့သည် ငါကဲ့သို့ အလားတူ အခြေအနေများတွင် ရှိကြသည့်၊ သို့သော် သင်တို့သည် ညစ်ညမ်းမှုနှင့် ဖုံးလွှမ်းလျက်ရှိကြ၏။ သင်တို့သည် အစအဦး၌ ဖန်ဆင်းခံခဲ့ရသည့် လူသားများ၏ မူလသဏ္ဌာန် အနည်းငယ်မျှပင် မရှိ။ ထို့အပြင် သင်တို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို လုပ်ဆောင်ရင်းနှင့် ၎င်းတို့ ပြောသည့်အရာကို ပြောဆိုရင်း၊ ညစ်ညူးသော ဝိညာဉ်များ၏ သဏ္ဌာန်ကို နေ့စဉ် အတုခိုးကြသောကြောင့် သင်တို့၏ အစိတ်အပိုင်းအားလုံး၊ သင်တို့၏ လျှာနှင့် နှုတ်ခမ်းများသည်ပင် ၎င်းတို့၏ မိလ္လာရေထဲတွင် စိမ်ခြင်းခံရကြသည်မှာ သင်တို့သည် ထိုအစွန်းအထင်းများဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းခံရပြီး သင်တို့၏ အစိတ်အပိုင်းတစ်ခုမျှ ငါ၏ အမှုအတွက် အသုံးပြု၍ မရသည်အထိ ဖြစ်သည်။ ယင်းသည် အလွန် စိတ်နှလုံးကြေကွဲစရာ ဖြစ်ပေတကား။ သင်တို့သည် မြင်းများ နှင့် ကျွဲနွား တိရစ္ဆာန်များ၏ ထိုသို့သောလောကထဲတွင် အသက်ရှင်ကြသည်၊ သို့သော် စင်စစ်တွင် သင်တို့သည် သောကမရောက်ကြပေ။ သင်တို့သည် ဝမ်းမြောက်မှုနှင့် ပြည့်ကြပြီး လွတ်လပ်စွာနှင့် လွယ်ကူစွာ အသက်ရှင်ကြသည်။ သင်သည် ထိုမိလ္လာရေထဲတွင် ဟိုဟိုသည်သည် ကူးခတ်နေ သော်လည်း ထိုသို့သော အကျပ်အတည်းထဲသို့ သင် ကျရောက်ကြသည်ကို အမှန်တကယ် နားမလည်ချေ။ နေ့စဉ်၊ သင်သည် ညစ်ညူးသော ဝိညာဉ်များနှင့် ပေါင်းကာ ‘မစင်’ နှင့် ဆက်ဆံလျက်ရှိသည်။ သင်တို့၏ ဘဝများသည် အတော်အတန် အောက်တန်းကျသော်လည်း သင်တို့သည် လူ့လောကကြီးထဲ၌ လုံးဝ မတည်ရှိကြသကဲ့သို့၊ သင်တို့ကိုယ်သင်တို့ ထိန်းချုပ်ခြင်းမရှိသည်ကို အကယ်စင်စစ် မသိကြချေ။ သင်၏ အသက်တာသည် လွန်ခဲ့သည့် ကာလများစွာကတည်းက ညစ်ညူးသော ဝိညာဉ်များ၏ နင်းခြေခြင်းကို ခံခဲ့ရသည် သို့မဟုတ် သင်၏ အကျင့်စရိုက်သည် လွန်ခဲ့သည့် အချိန်ကာလများစွာကတည်းက မိလ္လာရေဖြင့် ညစ်ပေခဲ့ကြောင်းကို သင်မသိသလော။ သင်သည် လောကီ ပရဒိသုဘုံထဲတွင် အသက်ရှင်နေထိုင်ကြပြီး၊ ပျော်ရွှင်မှု အလယ်တွင် ရှိသည်ဟု ထင်သလော။ သင်သည် ညစ်ညူးသော ဝိညာဉ်များ နှင့်အတူ ဘဝတစ်ခုကို အသက်ရှင်ပြီးဖြစ်ကာ၊ သင့်အတွက် ပြင်ဆင်ထားသည့် အရာတိုင်းနှင့် သင်အတူတကွ ယှဉ်တွဲနေထိုင်ပြီး ဖြစ်သည်ကို သင်မသိသလော။ သင် အသက်ရှင်သည့် နည်းလမ်းသည် အဓိပ္ပါယ် တစ်စုံတစ်ရာ မည်သို့ ရှိနိုင်မည်နည်း။ သင်၏ အသက်တာသည် တန်ဖိုး တစ်စုံတစ်ရာ မည်သို့ ရှိနိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေကို လိုက်စားဖို့ ဘယ်နည်းလမ်းကိုမဆို အသုံးပြုတဲ့သူတွေဟာ ဘုရားသခင်ရဲ့အမြင်မှာ ဆိုးညစ်ပြီး ညစ်ညမ်းတယ်၊ ပြီးတော့ သူတို့ဟာ ရွေးနုတ်လို့မရနိုင်ဘူးဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မ ကမ္ဘာပေါ်က နာမည်ကြီးတွေ၊ နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအကြောင်းကို စဉ်းစားမိတယ်။ သူတို့အများစုမှာ သာလွန်ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးစွမ်းရည်နဲ့ ကျင့်ကြံပြုမူဖို့ နည်းပရိယာယ်တွေ ရှိကြတယ်။ သူတို့ဟာ အရှိန်အဝါကောင်းပြီး အားကျစရာကောင်းတယ်လို့ ထင်ရပေမဲ့ သူတို့လုပ်တဲ့အရာတွေက ဖောက်ပြန်ပျက်စီးပြီး ကိုယ်ကျင့်တရားပျက်တယ်၊ ဒုက္ခပေးပြီး ကောက်ကျစ်ဆိုးယုတ်တယ်။ သူတို့ဟာ ဘုရားသခင်က ညစ်ညူးတဲ့နတ်ဆိုးတွေအဖြစ် ဖော်ထုတ်ထားတဲ့ လူစားမျိုးတွေပဲ။ နှစ်တွေတစ်လျှောက်မှာ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေကို ရဖို့အတွက် လုပ်ငန်းခွင်ထဲမှာ လူမှုဆက်ဆံရေးနည်းလမ်းအမျိုးမျိုးကို ကျွန်မ သင်ယူခဲ့ပုံကို စဉ်းစားမိတယ်၊ မသမာတဲ့ အပေးအယူတွေနဲ့ ဖောက်သည်တွေကို လာဘ်ထိုးတာတွေပဲဖြစ်ဖြစ်၊ ခေါင်းဆောင်တွေနဲ့ ဖောက်သည်တွေကို မြှောက်ပင့်ဖားယားပြီး မျက်နှာချိုသွေးတာပဲဖြစ်ဖြစ်၊ ဒါတွေအားလုံးဟာ လှည့်ဖြားတတ်တဲ့ နည်းလမ်းတွေ၊ လူတွေကို လှည့်စားပြီး ကြိုးကိုင်ညွှန်ကြားတဲ့ အကွက်တွေပဲ။ ကျွန်မက အဲဒီညစ်ညူးတဲ့နတ်ဆိုးတွေလိုပဲ မဖြောင့်မတ်တဲ့အရာတွေကို လုပ်ဖို့ သင်ယူနေခဲ့တာ မဟုတ်ဘူးလား။ ကျွန်မလုပ်ရပ်တွေနဲ့ ဒီညစ်ညူးတဲ့နတ်ဆိုးတွေရဲ့ လုပ်ရပ်တွေက ဘာများကွာခြားလို့လဲ။ ဒီလိုသဘောပေါက်လိုက်တော့ ကျွန်မ ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ ပြည့်သွားတယ်။ ဘုရားသခင်ဟာ မကောင်းမှုကို ရွံမုန်းတဲ့ ဘုရားဖြစ်ပြီး ကိုယ်တော်ရဲ့နိုင်ငံတော်က မသန့်ရှင်းမှုကို ခွင့်မပြုဘူး။ ကျွန်မသာ နောင်တမရဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေရဲ့ ဝဲဂယက်ထဲမှာ ပိတ်မိနေခဲ့ရင် အဲဒီအခါမှာ ရာထူးဘယ်လောက်မြင့်မြင့်၊ ရုပ်ဝတ္ထုဆိုင်ရာ ပျော်ရွှင်မှုတွေ ဘယ်လောက်ပဲရရ၊ ကျွန်မ ဘုရားသခင်ရဲ့ ကျိန်ခြင်းကို ခံရဦးမှာပဲ၊ ပြီးတော့ နောက်ဆုံးမှာ ကယ်တင်ခြင်းအခွင့်အရေးကို လုံးဝဆုံးရှုံးသွားလိမ့်မယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “ငါ့ကိုချစ်ပြီး မိမိကိုယ်ကို လက်လွှတ်သူများအား ငါ၏သနားကရုဏာကို ဖော်ပြ၏။ သို့သော်လည်း ဆိုးယုတ်သောသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအတိအကျဖြစ်ပြီး ငါ့အမျက်ဒေါသအား သက်သေခံချက် သာ၍ပင် ဖြစ်၏။ ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ဒုစရိုက်အမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ အကြွင်းမဲ့ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသား၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း ငါ၏စိတ်တော်နှင့် တညီတညွတ်တည်း မရှိသောသူတို့ကိုမူ ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်း မရှိပေ။ ၎င်းတို့၏ ဒုစရိုက်အမှုများအတွက် ပြန်ကြားခိုင်းရသည်မှာ ငါသဘောတွေ့သောအရာတစ်ခုဖြစ်သဖြင့် ထိုအခွင့်အရေးကို စောင့်ဆိုင်းလျက် ငါ့နှလုံးသားထဲတွင် သူတို့ကို ငါအမြဲတစေ စက်ဆုပ်ရွံရှာ၏။ ယခု ငါ၏နေ့ရက်သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက် စောင့်ဆိုင်းရန် မလိုတော့ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ကောင်းချီးတွေကို ရနိုင်တဲ့သူတွေဟာ သမ္မာတရားကို ရရှိပြီး ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တညီတညွတ်တည်းဖြစ်တဲ့သူတွေပဲ။ ဒီနေ့ ဘုရားသခင်က ကျွန်မကို တာဝန်ထမ်းဆောင်ဖို့ ပေးတဲ့အခွင့်အရေးဟာ ကျွန်မကို သမ္မာတရားရရှိစေဖို့၊ ဘုရားသခင်ကို သိကျွမ်းဖို့ ကြိုးစားစေဖို့နဲ့ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိစေဖို့ပဲ။ ကျွန်မသာ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားဖို့ပဲ အာရုံစိုက်ပြီး သမ္မာတရားကို လိုက်စားဖို့နဲ့ ကောင်းမှုတွေကို ပြင်ဆင်ဖို့ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ အာရုံမစိုက်ခဲ့ရင် ကျွန်မ ကယ်တင်ခြင်းအခွင့်အရေးကို လွဲချော်သွားမှာပဲ။ အဲဒီအချိန်မှာမှ ကျွန်မ ဘုရားရဲ့ ရည်ရွယ်ချက်ကို နောက်ဆုံးတော့ နားလည်သွားတယ်၊ ဒီလို တာဝန်ထမ်းဆောင်ခွင့်ရတဲ့ အခွင့်အရေးဟာ ဘုရားသခင်က ကျွန်မကို ကယ်တင်နေတာ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေရဲ့ ရွှံ့နွံထဲကနေ လွတ်မြောက်အောင် ကူညီပေးနေတာပဲဆိုတာကို သဘောပေါက်ခဲ့တယ်။ ကိုယ်တော်ရဲ့ ဉာဏ်ပွင့်စေခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ ကျွန်မရဲ့စိတ်နှလုံးက အများကြီး ပေါ့ပါးသွားတယ်။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ ဉာဏ်ပွင့်စေခြင်းအတွက် ကျေးဇူးတင်ပါတယ်။ သမီး အလုပ်ရဲ့အခက်အခဲတွေ၊ အဆင့်အတန်းရဲ့ အမြတ်အစွန်းတွေ၊ ဆုံးရှုံးမှုတွေကို ထပ်ပြီးမစဉ်းစားတော့ပါဘူး။ သမီး ကိုယ်တော့်ရဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်” လို့ပေါ့။ နောက်ပိုင်းမှာတော့ လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန်ကို ကျွန်မ လက်ခံခဲ့တယ်။ နေ့ဘက်မှာ ကုမ္ပဏီမှာ အလုပ်လုပ်တယ်၊ အလုပ်ဆင်းရင်တော့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့တယ်၊ ကုမ္ပဏီရဲ့ လူမှုရေးပွဲလမ်းသဘင်တွေကို လုံးဝနီးပါး မတက်တော့ဘူး။ ကျွန်မရဲ့တာဝန်က နည်းနည်းခက်ခဲပြီး ပင်ပန်းပေမဲ့ ကျွန်မရဲ့စိတ်နှလုံးက တည်ငြိမ်ပြီး ပျော်ရွှင်ခဲ့တယ်။ ကျွန်မ မမျှော်လင့်ထားခဲ့တာကတော့ လနဲ့ချီပြီးဆက်တိုက် ကျွန်မတို့အဖွဲ့ရဲ့ စွမ်းဆောင်ရည်က ပစ်မှတ်တွေကို ပြည့်မီရုံသာမက ဖုန်းနဲ့ပဲ ဆက်သွယ်ပြောဆိုပြီး ထိန်းသိမ်းထားတဲ့ ဖောက်သည်တွေက အော်ဒါတော်တော်များများ လက်မှတ်ထိုးခဲ့ကြတယ်၊ အထက်လူကြီးကတောင် ကုမ္ပဏီအစည်းအဝေးမှာ ကျွန်မကို နာမည်တပ်ပြီး ချီးကျူးခဲ့တယ်။ ကျွန်မ အရမ်းကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်ခဲ့တယ်၊ ဘုရားသခင်ရဲ့ လက်တော်က ဒီအရာအားလုံးကို စီစဉ်ညွှန်ကြားပြီး အချုပ်အခြာအာဏာ ကိုင်စွဲထားတာကို ကျွန်မ တွေ့မြင်ခဲ့ရတယ်။
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကျွန်မကို အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြတယ်။ ဒါဟာ သမ္မာတရား လက်တွေ့ကျမှုတွေကို နားလည်ပြီး ဝင်ရောက်ဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်မှန်း ကျွန်မသိတယ်၊ ပြီးတော့ ဘုရားသခင်ကို စိတ်ပျက်အောင်လုပ်လို့မဖြစ်ဘူးဆိုတာကိုလည်း သိတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်က အရမ်းအလုပ်များတဲ့ကြားက တစ်ဖက်မှာလည်း အပြင်အလုပ်လုပ်နေရင် အဲဒီတာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အလုပ်ကနေ နုတ်ထွက်ရမယ့်အချိန် ရောက်ပြီဆိုတာ ကျွန်မသိလိုက်တယ်။ ကျွန်မ အလုပ်ကထွက်ဖို့ သတ္တိမွေးလိုက်တဲ့အချိန်မှာပဲ ကုမ္ပဏီက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တယ်၊ သူတို့က ကျွန်မတို့လို ရာထူးကြီးဝန်ထမ်းတွေအတွက် ဒေသ နေထိုင်ခွင့်လက်မှတ်တွေကို လုပ်ပေးနိုင်တယ်၊ ကျွန်မရဲ့အခြေအနေအရဆိုရင် ဒေသခံ အိမ်ထောင်စုစာရင်းကို တိုက်ရိုက်လျှောက်ထားနိုင်မှာပေါ့။ ဒီအကျိုးအမြတ်ကို မြင်လိုက်တော့ ကျွန်မ နည်းနည်း တုန်လှုပ်သွားတယ်။ ကျွန်မတွေးမိတယ်၊ “ဒီဒေသရဲ့ အိမ်ထောင်စုစာရင်းဝင်ဖြစ်ခွင့်ဆိုတာ တခြားအရပ်ကလာတဲ့လူတွေ အများကြီး အိပ်မက်မက်ရတဲ့အရာပဲ။ ပိုကောင်းတဲ့ ဘဝနဲ့ လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေ ရနိုင်ရုံသာမက၊ ငါ့ရဲ့လူမှုအဆင့်အတန်းကလည်း တိုးတက်လာပြီး လူအများကြီးဆီက လေးစားမှုကို ပိုပြီးရရှိမှာပဲ။ ဒါက တကယ်ကို ရှားပါးပြီး ရဖို့မလွယ်တဲ့ အခွင့်အရေးပဲ။ ငါသာ အလုပ်ထွက်လိုက်ရင် ဒီလိုအခွင့်အရေးကောင်းမျိုး တစ်သက်လုံး ဘယ်တော့မှ ရတော့မှာမဟုတ်ဘူး။ ငါ့ရဲ့အိမ်ထောင်စုစာရင်း လုပ်ပြီးတဲ့အထိ စောင့်ပြီးမှ အလုပ်ထွက်ရမလားမသိဘူး” လို့ပေါ့။ ဒါပေမဲ့ လူတွေကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အရေးတကြီး ရည်ရွယ်ချက်ကို စဉ်းစားမိတဲ့အခါ၊ ကျွန်မသာ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေအတွက် ဆက်ပြီးစီစဉ်နေရင် ဘုရားသခင်ကို စိတ်ပျက်စေမှာပဲဆိုတာကို သဘောပေါက်ခဲ့တယ်။ အိမ်ပြန်ရောက်ပြီးနောက်မှာ ဘုရားသခင်ဆီ ဆုတောင်းတယ်၊ ကိုယ်တော်ရဲ့ရည်ရွယ်ချက်ကို နားလည်ပြီး ရွေးချယ်မှုမှန်ကန်အောင်လုပ်ဖို့ လမ်းပြပေးပါလို့ တောင်းလျှောက်ခဲ့တယ်။
အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် ဆက်ကပ်ထားခြင်း မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ တရားမျှတသော အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများ၏ ရှေ့မှောက်တွင် အရှက်ရလိမ့်မည် ဖြစ်ပြီး၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ မထိုက်တန်ဟု ခံစားရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) “သင်သည် သင်၏ စိတ်နှလုံး၊ ခန္ဓာနှင့် သင်၏စစ်မှန်သော ချစ်ခြင်းမေတ္တာ အားလုံးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ယင်းတို့ကို ဘုရားသခင်ရှေ့တွင် ထားရှိနိုင်ပါက၊ သူ့အပေါ် လုံးဝ ကျိုးနွံနာခံနိုင်ပြီး သူ၏ရည်ရွယ်ချက်များကို လုံးဝ အလေးထားနိုင်ပါက ဇာတိပကတိအတွက် မဟုတ်၊ မိသားစုအတွက် မဟုတ်၊ သင်၏ ကိုယ်ရေးကိုယ်တာ ဆန္ဒများအတွက် မဟုတ်ဘဲ၊ ဘုရားသခင့်အိမ်တော်၏ အကျိုးများအတွက်၊ အရာရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အခြေခံသဘောတရားနှင့် အခြေခံအုတ်မြစ် အဖြစ်ခံယူလျက် ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်၏ ရည်ရွယ်ချက်များနှင့် သင်၏ ရှုထောင့်အမြင်များအားလုံးသည် နေရာမှန်တွင် ရှိကြလိမ့်မည်ဖြစ်ပြီး၊ ထိုအခါ သင်သည် ဘုရားသခင့်ရှေ့တွင် သူ၏ချီးမွမ်းမှုကို ရရှိသော လူတစ်ဦး ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်) “ငါသင်တို့ဆီမှ တောင်းဆိုနေသည်မှာ ငါ၏အလုပ်အားလုံးအတွက် သင်၏ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဆက်ကပ်ရန် ဖြစ်ပြီး ထို့ထက်မက သင်တို့၌ ငါပြုခဲ့ပြီးသောအမှုအားလုံးကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီး တိကျမှန်ကန်မှုဖြင့် ရှုမြင်ကာ ယင်းက သာ၍ကြီးမြတ်သော ရလဒ်များ ရရှိနိုင်စေရန် ငါ၏အမှုအပေါ်၌ သင်တို့၏ အားစိုက်ထုတ်မှုအလုံးစုံကို အသုံးခံရန်ပင် ဖြစ်သည်။ သင်နားလည်ရမည်ကား ဤအချက် ဖြစ်သည်။ ငါ၏အလုပ်နှင့် သင်တို့၏ ကောင်းမွန်သော အနာဂတ်ကို နှောင့်နှေးစေခြင်းမှ ရှောင်ကြဉ်ရန်အလို့ငှာ သင်တို့အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းကိုဖြစ်စေ၊ ထွက်ပေါက်ရှာဖွေခြင်းကိုဖြစ်စေ၊ သင်တို့၏ ဇာတိပကတိအတွက် သာယာမှုကို ရှာဖွေခြင်းကိုဖြစ်စေ ရပ်တန့်ကြလော့။ ထိုသို့ပြုခြင်းသည် သင်တို့ကို ကာကွယ်ပေးရန် ဝေးစွ၊ သင်တို့အပေါ်သို့ ပျက်စီးခြင်းကိုသာ ဆောင်ကြဉ်းလာနိုင်ပေမည်။ ယင်းသည် သင်မိုက်မဲခြင်းပင် ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ဘုရားသခင်ရဲ့ခေါ်သံကို ကြားလိုက်ရသလိုပဲ။ ဘုရားသခင်က ကျွန်မတို့ရဲ့စွမ်းအင်အားလုံးကို သမ္မာတရားကို လိုက်စားဖို့နဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် မြှုပ်နှံတာကို မျှော်လင့်တယ်၊ ကျွန်မတို့တွေ အဓိပ္ပာယ်ရှိတဲ့ဘဝကို အသက်ရှင်နေထိုင်တာကို သူမျှော်လင့်တာ။ ကျွန်မသာ အလုပ်ထွက်လိုက်ရင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေအနေတွေ အရင်ကလောက် မကောင်းတော့တာ၊ လူမှုအဆင့်အတန်း မမြင့်တော့တာတွေ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ကျွန်မ ဘုရားအိမ်တော်မှာ နေနိုင်တယ်၊ နေ့တိုင်း ကိုယ်တော်ရဲ့နှုတ်ကပတ်တော်တွေရဲ့ ရေလောင်းခြင်းနဲ့ အာဟာရကျွေးမွေးတာကို ခံစားနိုင်တယ်၊ ညီအစ်ကိုမောင်နှမတွေနဲ့အတူ တာဝန်ထမ်းဆောင်ရင်း၊ သမ္မာတရားကို လိုက်စားရင်း ပူးပေါင်းဆောင်ရွက်နိုင်မယ်။ ကိုယ့်တာဝန်တွေကနေတစ်ဆင့် သမ္မာတရားကို နားလည်နိုင်တယ်၊ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားနိုင်တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို လက်ခံရရှိနိုင်တယ်။ ဒါဟာ ဘဝရဲ့ မှန်ကန်တဲ့လမ်းကြောင်းပဲ၊ အဓိပ္ပာယ်အရှိဆုံး ဘဝပဲ။ အဲဒီအချိန်မှာ ဘုရားသခင်က ကျွန်မရဲ့ရွေးချယ်မှု၊ ကျွန်မရဲ့အဖြေကို စောင့်နေသလိုမျိုး ခံစားလိုက်ရတယ်။ ကျွန်မရဲ့စိတ်နှလုံးက ဘုရားနှုတ်ကပတ်တော်တွေကြောင့် အကြီးအကျယ် တို့ထိခံခဲ့ရပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ အရာအားလုံးကို လိုလိုလားလား စွန့်လွှတ်အနစ်နာခံဖို့ သန္နိဋ္ဌာန်ချတစ်ခုကို ခံစားလိုက်ရတယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ သမီးမှာ သမ္မာတရားမရှိဘူး၊ သမီးစိတ်ထဲမှာ ကိုယ်တော့်အတွက် နေရာမရှိဘူးဆိုတာ သမီးတွေ့မြင်ရပါတယ်။ ဒေသခံ အိမ်ထောင်စုစာရင်းရဖို့အတွက် သမီး ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေရဲ့ ထောင်ချောက်ထဲကို ထပ်ပြီးကျလုနီးပါး ဖြစ်ခဲ့ပါတယ်။ သမီးကို စောင့်ရှောက်ခဲ့တဲ့ ကိုယ်တော့်နှုတ်ကပတ်တော်တွေအတွက် ကျေးဇူးတင်ပါတယ်။ သမီးကို အပ်နှံထားတဲ့တာဝန်ဟာ သမီးအပေါ်ထားတဲ့ ကိုယ်တော်ရဲ့မေတ္တာဖြစ်ကြောင်း နားလည်စေခဲ့တယ်၊ ပြီးတော့ သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းတာဟာ အဓိပ္ပာယ်အရှိဆုံးဖြစ်မှန်း သဘောပေါက်စေခဲ့တယ်။ သမီး ကိုယ်တော့်ကို စိတ်ကျေနပ်စေမယ့် အဖြေတစ်ခု ပေးချင်ပါတယ်” လို့ပေါ့။ ဒီလိုနဲ့ ကျွန်မ ကုမ္ပဏီကို နုတ်ထွက်စာ တင်လိုက်တယ်။ ကုမ္ပဏီခေါင်းဆောင်တွေက ကျွန်မကို ဆက်နေဖို့ အကြိမ်ကြိမ် ဖျောင်းဖျပေမဲ့ ကျွန်မစိတ်တွေ လုံးဝ မယိမ်းယိုင်တော့ဘူး။ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုကြောင့် စုံစမ်းသွေးဆောင်မှုကို အောင်မြင်ကျော်လွှားနိုင်ခဲ့တယ်။
ကုမ္ပဏီကနေ ထွက်လာတဲ့အချိန်မှာ ကျွန်မ ကောင်းကင်ပြာနဲ့ စိမ်းစိုနေတဲ့ သစ်ပင်တွေကို ကြည့်လိုက်ပြီး ပြောမပြတတ်တဲ့ ဝမ်းမြောက်ခြင်းကို ခံစားလိုက်ရတယ်။ ကျွန်မဟာ လှောင်အိမ်ထဲကနေ လွတ်မြောက်လာတဲ့ ငှက်ငယ်လေးတစ်ကောင်လိုပဲ၊ ကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနေရသလို ခံစားလိုက်ရတယ်၊ ပြီးတော့ ကျွန်မချစ်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို စဉ်းစားမိတယ်။ “လူများ၌ မှန်ကန်သည့် ဘဝရည်မှန်းချက်များ ရှိသည့်အခါ၊ သမ္မာတရားကို လိုက်စားနိုင်ပြီး သမ္မာတရားအတိုင်း ကျင့်ကြံပြုမူကြသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို အကြွင်းမဲ့ ကျိုးနွံနာခံပြီး သူ့နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်သည့်အခါ၊ မိမိတို့ စိတ်နှလုံး၏ နက်ရှိုင်းရာအထိ တည်ငြိမ်ခြင်းကို ခံစားရပြီး လင်းလက်သည့်အပြင် ၎င်းတို့၏ စိတ်နှလုံးများသည် မှောင်မိုက်ခြင်း ကင်းသည့်အခါ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ လုံးလုံးလျားလျား အချုပ်အချယ်ကင်းပြီး လွတ်မြောက်စွာ အသက်ရှင်နိုင်သည့်အခါ ထိုအခါမှသာ ၎င်းတို့သည် စစ်မှန်သော လူ့အသက်တာကို ရရှိနိုင်ပြီး ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားနှင့် လူ့သဘာဝတို့ကို ပိုင်ဆိုင်သည့်သူများ ဖြစ်လာကြပြီးဖြစ်သည်။ ထို့အပြင် သင်နားလည်ပြီး ရရှိခဲ့သည့် သမ္မာတရားအားလုံးသည် ဘုရားနှုတ်ကပတ်တော်နှင့် ဘုရားသခင်ကိုယ်တော်တိုင်ထံမှ လာသည်။ ဖန်ဆင်းရှင်ဖြစ်လေသူ အမြင့်ဆုံးသော ဘုရား၏ အသိအမှတ်ပြုခြင်းကို သင်ရရှိသောအခါမှသာ၊ ထို့ပြင် သင်သည်စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နေသည်ဟု သူပြောသောအခါမှသာ သင်၏ ဘဝသည် အဓိပ္ပာယ်အရှိဆုံး ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်တာမျိုး၊ သမ္မာတရားကို လိုက်စားတာမျိုး၊ စာတန်ရဲ့ အမှောင်စွမ်းအားကနေ လွတ်မြောက်တာမျိုးနဲ့ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း အသက်ရှင်တာမျိုးတွေနဲ့သာ ကျွန်မတို့ဟာ တန်ဖိုးအရှိဆုံးဘဝကို အသက်ရှင်နိုင်မှာဖြစ်ပြီး၊ အဲဒီအခါမှသာ ကျွန်မတို့ရဲ့စိတ်နှလုံးဟာ စစ်မှန်တဲ့ ငြိမ်သက်ခြင်းနဲ့ အေးချမ်းမှုကို ရှာတွေ့နိုင်မှာပါ။ ကျွန်မကို မှန်ကန်တဲ့ရွေးချယ်မှုလုပ်ဖို့ လမ်းပြပေးခဲ့တာ ဘုရားနှုတ်ကပတ်တော်တွေပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။