၉။ ကျွန်မတာဝန်မှာ ပြန်လည်ခန့်အပ်ခံရပြီးနောက် သင်ယူခဲ့ရတဲ့ သင်ခန်းစာများ
၂၀၁၈ ခုနှစ်အကုန်ပိုင်းမှာ အသင်းတော်က ကျွန်မကို ဂရပ်ဖစ်ဒီဇိုင်းအလုပ်အတွက် တာဝန်ခံအနေနဲ့ စီစဉ်ပေးခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေ ပြုလုပ်တဲ့ပုံတွေကို ကျွန်မ ပြန်စစ်ဆေးပြီး ပြင်ဆင်ဖို့ အကြံပြုချက်တွေ ပေးတဲ့အခါတိုင်း သူတို့က စိတ်ရှည်ရှည်နဲ့ နားထောင်ကြတယ်။ တချို့က ရံဖန်ရံခါ ပြောတတ်ကြတယ်၊ “ကျွန်မရဲ့ အလှရသခံစားမှုက တကယ်ကို ဆိုးပါတယ်။ ဒီပြဿနာတွေကိုတောင် ကိုယ်တောင် သတိမထားမိဘူး။ အစ်မပြောပြမှပဲ သဘောပေါက်တော့တယ်” လို့ပေါ့။ တစ်ခါတလေမှာ မတူညီတဲ့အမြင်တွေကြောင့် မဆုတ်သာမတိုးသာတွေ ဖြစ်ခဲ့ပေမဲ့ ကျွန်မက ကိုယ့်အမြင်ကို ပြောလိုက်တာနဲ့ သူတို့အားလုံးက သဘောတူကြတာပေါ့။ ဒီအခြေအနေတွေကို မြင်ရတော့ စိတ်ထဲမှာ သိပ်ကိုကြည်နူးမိပြီး “ငါ့ရဲ့အစွမ်းအစက အတော်လေးကောင်းတဲ့ပုံပဲ၊ မဟုတ်ရင် ဒီလောက်အရေးကြီးတဲ့ တာဝန်ကို ငါဘယ်လိုလုပ် ထမ်းဆောင်နိုင်မှာလဲ၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက ငါနဲ့ ဘယ်လိုဖြစ်လို့ ဒီလိုမျိုး သဘောတူနိုင်မှာလဲ” လို့ပေါ့။ တစ်ခါတလေ အကြောင်းကြောင်းကြောင့် အလုပ်ဆွေးနွေးပွဲတွေကို ကျွန်မ မတက်နိုင်တဲ့အခါ အဖွဲ့ခေါင်းဆောင်က ကျွန်မ တက်နိုင်အောင် အချိန်ကိုတောင် တကူးတက ပြောင်းပေးတတ်တယ်။ သူတို့က ကျွန်မကို ဘယ်လောက်တောင် တန်ဖိုးထားသလဲဆိုတာကို မြင်ရတော့ ကိုယ့်ကိုယ်ကိုယ် ပိုလို့တောင် ကျေနပ်သွားပြီး တွေးမိတယ်၊ “ဒီတာဝန်က တကယ်ပဲ ငါ့ကို မျက်နှာပွင့်စေတာပဲ။ ငါသာ ပိုပြီးလေ့လာဖို့နဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကို တိုးတက်အောင်လုပ်ဖို့ ပိုပြီးကြိုးစားရင် ပိုများတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးမှုကိုတောင် ရနိုင်မှာ မဟုတ်ဘူးလား” ပေါ့။ အဲဒီနောက်မှာတော့ ကျွန်မဟာ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ပိုပြီးတော့တောင် စိတ်အားထက်သန်လာခဲ့တယ်။ တာဝန်က ဖိအားများပေမဲ့ ဘယ်လောက်ပဲ ဒုက္ခခံရခံရ၊ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ကျွန်မ နောက်မဆုတ်ခဲ့ပါဘူး။
၂၀၂၂ ခုနှစ်မှာတော့ ဖိလစ်ပိုင်နိုင်ငံမှာ မှန်သောလမ်းခရီးကို လက်ခံတဲ့ လူသစ်တွေ အရမ်းများလာတဲ့အတွက် ရေလောင်းသူတွေကို ပိုပြီး အရေးပေါ်လိုအပ်လာခဲ့တယ်။ အနုပညာအဖွဲ့ရဲ့ အလုပ်တာဝန်ကလည်း နည်းသွားပြီဖြစ်လို့ ကြီးကြပ်ရေးမှူးနှစ်ယောက် မလိုအပ်တော့ဘူးလို့ ခေါင်းဆောင်တွေက ဆုံးဖြတ်ပြီး ကျွန်မကို အွန်လိုင်းကနေ လူသစ်တွေကို ရေလောင်းပေးဖို့ စီစဉ်ခဲ့တယ်။ ဒီစီစဉ်မှုက ကျိုးကြောင်းဆီလျော်မှန်း ကျွန်မသိပေမဲ့ စိတ်ထဲမှာတော့ စိုးရိမ်စိတ်တချို့ ရှိနေခဲ့တယ်၊ “ငါ လူသစ်တွေကို ရေမလောင်းပေးဖြစ်ခဲ့တာ နှစ်နဲ့ချီနေပြီ။ ရေလောင်းခြင်းက ရလဒ်ကောင်းတွေ မရခဲ့ရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို အထင်ကြီးနေဦးမှာလား” လို့ တွေးမိတာပေါ့။ ဒီအတွေးတွေကြောင့် ကျွန်မ နည်းနည်း စိတ်ဓာတ်ကျသွားတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ့ရဲ့အစွမ်းအစက အဲဒီလောက် မဆိုးပါဘူး။ ငါသာ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ ကြိုးစားအားထုတ်မယ်ဆိုရင် ငါ ဒီတာဝန်မှာလည်း ထင်ပေါ်ကျော်ကြားနိုင်မှာ သေချာတယ်” လို့ပေါ့။ ဒီလိုစဉ်းစားပြီးနောက်မှာ ကျွန်မ နည်းနည်း နေလို့ကောင်းသွားခဲ့တယ်။ ရေလောင်းခြင်းတာဝန်ကို စထမ်းဆောင်ပြီး မကြာခင်မှာပဲ ရေလောင်းခြင်းအလုပ်ရဲ့ ကြီးကြပ်ရေးမှူးက ကျွန်မနဲ့ အလုပ်အကြောင်း လာပြောတယ်။ လူသစ်တွေရဲ့ ပြဿနာတွေကို ကျွန်မ အချိန်မီ မဖော်ထုတ်၊ မဖြေရှင်းပေးနိုင်တာတွေ၊ လူသစ်တွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ ဆက်သွယ်ပြောဆိုရာမှာ လိုအပ်ချက်တွေရှိနေတာမျိုး ပြောပြတာပေါ့။ ပြီးတော့ ကြီးကြပ်ရေးမှူးက သက်ဆိုင်ရာ သမ္မာတရား စည်းမျဉ်းတချို့ကို ကျွန်မကို ဖတ်ပြခဲ့တယ်။ ကြီးကြပ်ရေးမှူး ထောက်ပြတဲ့ ပြဿနာတွေက တကယ်ပဲ ကျွန်မမှာ ရှိနေမှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ အစပိုင်းမှာတော့ ကျွန်မ လက်ခံနိုင်ခဲ့ပေမဲ့ ထောက်ပြခံရတဲ့ ပြဿနာတွေ တစ်ခုပြီးတစ်ခု များလာတဲ့အခါမှာတော့ စိတ်ထဲမှာ နည်းနည်း နာကျင်လာသလို ခံစားရတယ်။ ကြီးကြပ်ရေးမှူးရဲ့ မိတ်သဟာယဖွဲ့မှုနဲ့ ထောက်ပြမှုတွေကို နားထောင်နေရင်းနဲ့ ကျွန်မ အနုပညာကြီးကြပ်ရေးမှူးအနေနဲ့ ကိုယ့်ရဲ့အတိတ်ကို ဆက်ပြီးစဉ်းစားနေမိတယ်။ အရင်က ကျွန်မက အမြဲတမ်း တခြားသူတွေရဲ့အလုပ်ကို လမ်းညွှန်ပြီး သူတို့ရဲ့တာဝန်တွေထဲက ပြဿနာတွေကို ထောက်ပြတဲ့သူဖြစ်ခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မကို အမြဲ အထင်ကြီးပြီး ထောက်ခံခဲ့ကြတယ်။ အခုတော့ ကိုယ့်တာဝန်မှာ ကိုယ့်ပြဿနာတွေ အများကြီး ဖော်ထုတ်ခံနေရပြီး မိတ်သဟာယဖွဲ့ဖို့နဲ့ လမ်းညွှန်ဖို့ တခြားသူတွေကိုတောင် လိုအပ်ခဲ့တယ်။ ကျွန်မ အရမ်းကို ရှက်မိတယ်။ ကိုယ့်တာဝန်မှာ ပြဿနာတွေ ဒီလောက်များမှန်း သိသွားရင် ကြီးကြပ်ရေးမှူးက ငါ့ကို ဘယ်လိုထင်မလဲ။ ညီအစ်ကိုမောင်နှမတွေကရော ငါ့ကို ဘယ်လိုများ ထင်ကြမလဲ။ သူတို့က ကျွန်မကို အစွမ်းအစညံ့ဖျင်းပြီး ကိုယ့်တာဝန်တွေမှာ စိတ်မနှစ်ဘူးလို့ ထင်ကြမလားပေါ့။ ကျွန်မ ကွာခြားမှုကို အရမ်းကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်မဟာ ကိုယ့်အခြေအနေကို ကိုယ်မဆန်းစစ်ခဲ့ပါဘူး။ အဲဒီအစား “ဒါက ယာယီရှုံးနိမ့်မှုတစ်ခုပါပဲ။ ငါသာ ကြိုးစားဖို့ စိတ်ရှိရင် ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ” လို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေခဲ့တယ်။
သုံးလေးရက်ကြာပြီးနောက်မှာ ကျွန်မတို့ အတူတူ စုဝေးပွဲတစ်ခု လုပ်ခဲ့ကြပြီး အဲဒီမှာ ကြီးကြပ်ရေးမှူးက လူသစ်တွေ အလုပ်များလို့ စုဝေးပွဲမတက်နိုင်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကျွန်မကို ဝေမျှခိုင်းခဲ့တယ်။ ကျွန်မ ပြောပြီးသွားတဲ့အခါမှာ ညီအစ်ကိုမောင်နှမတချို့က ကျွန်မဟာ လူသစ်တွေကို သူတို့ဘဝမှာ တကယ့်အခက်အခဲတွေ ရှိမရှိ၊ ဒါမှမဟုတ် မှားယွင်းတဲ့အမြင်တွေ ရှိမရှိဆိုတာကို ကြည့်ဖို့ သူတို့ရဲ့အခက်အခဲတွေအကြောင်းကို အလေးအနက် မမေးခဲ့ဘူးလို့ ပြောခဲ့တယ်။ တချို့ကလည်း ကျွန်မဟာ သေချာမစုံစမ်းဘဲ တန်းပြီး မိတ်သဟာယဖွဲ့လိုက်တာက၊ လူသစ်တွေရဲ့ ပြဿနာကို တကယ် မဖြေရှင်းနိုင်ဘူးလို့ ပြောကြတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ထောက်ပြမှုတွေကို ကြားလိုက်ရတဲ့အခါ ကျွန်မ မျက်နှာကြီး ပူထူပြီး အရှက်ရသွားတယ်၊ ရှက်လို့ မြေကြီးထဲသာ အပေါက်ရှာပြီးတိုးဝင်သွားချင်တော့တယ်။ ဒီတာဝန်ကို ထမ်းဆောင်ရတာ တကယ်ပဲ အရှက်ရစရာကောင်းလိုက်တာလို့ ခံစားလိုက်ရတယ်။ အရင်တုန်းက အနုပညာအဖွဲ့ရဲ့အလုပ်ကို တာဝန်ယူတုန်းကဆို ညီအစ်ကိုမောင်နှမတွေက ကျွန်မအနား ဝိုင်းဝိုင်းလည်ပြီး ခဏခဏ ချီးကျူးတတ်ကြတယ်။ အခု လူသစ်တွေကို ရေလောင်းတဲ့အခါကျတော့ အမြဲတမ်း အပြုပြင်ခံရ၊ ဝေဖန်ခံနေရတယ်။ ဒါဟာ တကယ်ကို မခံချိမခံသာ ဖြစ်စရာပဲ။ ကျွန်မ ခေါင်းဆောင်နဲ့ စကားပြောပြီး ဂရပ်ဖစ်ဒီဇိုင်းမှာ ကိုယ့်ရဲ့အရင်တာဝန်ကို ဆက်ပြီးထမ်းဆောင်ရအောင် တောင်းဆိုဖို့ စဉ်းစားမိတယ်။ လူသစ်တွေကို ရေလောင်းပေးတာက ကျွန်မရဲ့အားသာချက် မဟုတ်ဘူး၊ ပြီးတော့ ကျွန်မသာ ဒီတာဝန်ကို ဆက်ပြီးထမ်းဆောင်နေရင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်သလိုပဲ ဖြစ်နေမှာပဲလို့ ခံစားခဲ့ရတယ်။ အရင်တာဝန်ကိုသာ ပြန်ထမ်းဆောင်ရရင် ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးမှုနဲ့ ထောက်ခံမှုကို ဆက်ပြီး ခံစားနေရမှာ။ ဒါပေမဲ့ ကျွန်မသာ တာဝန်ပြောင်းပေးဖို့ တောင်းဆိုလိုက်ရင် ညီအစ်ကိုမောင်နှမတွေက ကျွန်မကို သိပ်ပျော့ညံ့တယ်၊ ပြဿနာနည်းနည်း ထောက်ပြခံရတာနဲ့ တာဝန်ပြောင်းချင်တယ်၊ ဝိညာဉ်ရင့်ကျက်မှု နည်းတာပဲလို့ ထင်သွားမှာကိုလည်း စိုးရိမ်မိတယ်။ ဒါနဲ့ ကျွန်မ ကြိတ်မှိတ်ပြီး သည်းခံနေလိုက်တယ်။ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်တယ်၊ “ငါသာ ပိုကြိုးစားပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်လိုက်ရင် ခဏနေရင် အခြေအနေတွေ တိုးတက်ရင်တိုးတက်လာမှာပါ” လို့ပေါ့။
နောက်ပိုင်းမှာ ကျွန်မဟာ ကိုယ့်တာဝန်ကို ပိုလို့တောင် ကြိုးစားပမ်းစား ထမ်းဆောင်ခဲ့တယ်။ နေ့တိုင်း လူသစ်တွေရဲ့ ပြဿနာတွေအပေါ် အခြေခံပြီး သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခဲ့တယ်၊ တစ်ခါတလေဆို မနက် ၃ နာရီအထိတောင် မအိပ်ဘဲ နေခဲ့တယ်။ ဒီအခြေအနေကို အမြန်ဆုံး ပြောင်းပြန်လှန်နိုင်ဖို့ပဲ စဉ်းစားနေခဲ့မိတယ်။ ဒါပေမဲ့ တစ်လကြာပြီးနောက်မှာ ကျွန်မရဲ့တာဝန်ရဲ့ ရလဒ်တွေက အဖွဲ့ထဲမှာ အဆိုးဆုံးဖြစ်နေတုန်းပဲ။ အဲဒီညမှာ ကျွန်မ အိပ်ယာထဲမှာ ဟိုလှိမ့်ဒီလှိမ့်နဲ့ ဘယ်လိုမှ အိပ်လို့မပျော်ခဲ့ဘူး။ စိတ်ထဲမှာ အနုပညာအဖွဲ့ ကြီးကြပ်ရေးမှူးလုပ်ခဲ့တုန်းက အချိန်တွေကိုပဲ ပြန်ပြန်ရောက်သွားတယ်၊ အဲဒီတုန်းက ဘယ်လောက် ဂုဏ်ရှိခဲ့လဲလို့ တွေးမိတယ်။ ဒါပေမဲ့ အခု လူသစ်တွေကို ရေလောင်းပေးတာမှာ ကျွန်မက အဖွဲ့ရဲ့အောက်ဆုံးကို ရောက်သွားပြီ။ ကျွန်မ ဒီတာဝန်ကို ထမ်းဆောင်ရတာ တကယ်ကို ရှက်စရာကောင်းတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မ ပိုစဉ်းစားလေလေ၊ ပိုပြီးတော့တောင် ဝမ်းနည်းလာလေပဲ၊ မငိုမိအောင် မထိန်းထားနိုင်တော့ဘူး။ ကျွန်မ နောက်တစ်နေ့မှာ ကျွန်မတာဝန်တွေ ပြောင်းပေးဖို့ ခေါင်းဆောင်နဲ့ စကားပြောဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ တာဝန်ပြောင်းဖို့ စဉ်းစားလိုက်တဲ့အခါ စိတ်နှလုံးထဲမှာ ဖော်မပြတတ်တဲ့ အပြစ်ရှိသလို ခံစားချက်မျိုးနဲ့ ပူပန်မှုကို ခံစားရတယ်။ “အရင်တုန်းက ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ့်တာဝန်ကို စွဲစွဲမြဲမြဲ ထမ်းဆောင်ပါ့မယ်လို့ ကတိပေးခဲ့ဖူးတယ်။ အခု တာဝန်ပြောင်းလိုက်ရင် ဒါက ကိုယ့်နေရာကို စွန့်ခွာသွားတာ မဟုတ်ဘူးလား။ တကယ်ပဲ ဒီအတိုင်း လက်လျှော့လိုက်တော့မှာလား။” ဒါပေမဲ့ ကျွန်မသာ ဒီတာဝန်ကို ဆက်ပြီးထမ်းဆောင်နေရင် ဒါကို ဘယ်လိုရင်ဆိုင်နိုင်မလဲဆိုတာ ကျွန်မမသိခဲ့ဘူး။ နာကျင်ခံစားနေရရင်းနဲ့ ဘုရားသခင်ဆီကို ကျွန်မ အကြိမ်ကြိမ် အော်ဟစ်ခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး အရမ်းအားနည်းနေပါတယ်၊ ရှေ့ဆက်သွားဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို သမီးမသိတော့ဘူး။ ကျေးဇူးပြုပြီး သမီးကို လမ်းပြပေးတော်မူပါ” လို့ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရသွားပြီး ဖတ်ဖို့ ရှာဖွေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အကယ်၍ သင် ထမ်းဆောင်ရသည့် တာဝန်သည် သင်ကျွမ်းကျင်ပြီး နှစ်သက်သည့်အရာတစ်ခု ဖြစ်ပါက ယင်းမှာ သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်ကြောင်းနှင့် ယင်းကို လုပ်ဆောင်ခြင်းသည် လုံးလုံးလျားလျား သဘာဝကျပြီး တရားမျှတသည့် အရာတစ်ခုဖြစ်သည်ဟု ခံစားရသည်။ သင်သည် ဝမ်းသာရွှင်ပျခြင်း၊ ပျော်ရွှင်ခြင်းနှင့် အေးဆေးသက်သာ ဖြစ်ခြင်းတို့ကို ခံစားရသည်။ ယင်းသည် သင်လုပ်ဆောင်ဖို့ ဆန္ဒရှိသောအရာတစ်ခုဖြစ်ပြီး ယင်းအတွက် သင်သည် သင်၏သစ္စာစောင့်သိမှုအလုံးစုံကို ပေးနိုင်သည်၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးနေသည်ဟု ခံစားရသည်။ သို့သော် တစ်နေ့တွင် သင်သည် သင်မနှစ်သက်သော သို့မဟုတ် ယခင်က မည်သည့်အခါကမျှ မထမ်းဆောင်ဖူးသော တာဝန်တစ်ခုကို ရင်ဆိုင်ကြုံတွေ့ရသောအခါ ၎င်းကို သင်၏ သစ္စာစောင့်သိမှုအလုံးစုံကို ပေးနိုင်လိမ့်မည်လော။ ဤသည်က သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေခြင်း ရှိမရှိကို စမ်းသပ်လိမ့်မည်။ ဥပမာအနေဖြင့် သင်၏တာဝန်သည် ဓမ္မသီချင်းသီဆိုသည့်အဖွဲ့တွင် ဖြစ်ပြီး သင်သည် သီချင်းဆိုနိုင်သည့်အပြင် သီချင်းဆိုခြင်းသည် မွေ့လျော်စရာ လုပ်ဆောင်မှုတစ်ခုဖြစ်လျှင် ဤတာဝန်ကို ထမ်းဆောင်ရန် သင်သည် ဆန္ဒရှိသည်။ အကယ်၍ ဧဝံဂေလိတရားဖြန့်ဝေရန် ပြောထားသည့် အခြားတာဝန်တစ်ခုကို သင့်အား ပေးခဲ့ပြီး အလုပ်သည် အတော်အတန် ခက်ခဲခဲ့ပါက သင်နာခံနိုင်မည်လော။ ယင်းကို သင်ချင့်ချိန်စဉ်းစားပြီး ‘ငါက သီချင်းဆိုရသည်ကို ကြိုက်နှစ်သက်သည်’ ဟု ပြောသည်။ ဤသည်က မည်သည်ကို ဆိုလိုသနည်း။ ယင်းက ဧဝံဂေလိတရားကို သင်မဖြန့်လိုဟု ဆိုလိုသည်။ ဤသည်မှာ ဆိုလိုသည့်အရာဖြစ်သည်မှာ သိသာထင်ရှား၏။ ‘ငါက သီချင်းဆိုရသည်ကို ကြိုက်သည်’ ဟုသာ သင်က တွင်တွင်ပြောနေသည်။ အကယ်၍ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးက သင့်ကို ‘ဧဝံဂေလိတရားဖြန့်ဖို့အတွက် လေ့ကျင့်ပြီး သင့်ကိုယ်သင် ပို၍များသော သမ္မာတရားများဖြင့် အဘယ်ကြောင့် မပြင်ဆင်သနည်း။ ယင်းမှာ သင့်ဘဝတိုးတက်ဖို့အတွက် ပို၍ အကျိုးရှိလိမ့်မည်’ ဟု ကျိုးကြောင်းပြပြောဆိုလျှင် သင်က ‘ကျွန်ုပ်က သီချင်းဆိုရသည်ကို ကြိုက်ပြီး ကခုန်ရသည်ကို ကြိုက်သည်’ ဟု မလျှော့တမ်း ပြောနေသေးသည်။ သူတို့ မည်သည့်အရာကို ပြောပါစေ သင်သည် ဧဝံဂေလိတရားဖြန့်ဝေဖို့ မသွားလိုပေ။ သင်အဘယ်ကြောင့် မသွားချင်သနည်း။ (စိတ်ဝင်စားမှု မရှိသောကြောင့် ဖြစ်သည်။) သင်စိတ်ဝင်စားမှု မရှိသောကြောင့် သင်မသွားချင်ပေ၊ ဤနေရာတွင် ပြဿနာက မည်သည်နည်း။ ယင်းမှာ သင်၏ ပိုနှစ်သက်မှုများနှင့် ပုဂ္ဂိုလ်ရေးအကြိုက်များအတိုင်း သင့်တာဝန်ကို သင်ရွေးချယ်ခြင်းဖြစ်သည်၊ ပြီးလျှင် သင်သည် ကျိုးနွံနာခံခြင်း မရှိပေ။ သင့်တွင် ကျိုးနွံနာခံမှု မရှိပေ၊ ယင်းသည် ပြဿနာဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို သင်မရှာဖွေပါက သင်သည် စစ်မှန်သော ကျိုးနွံနာခံခြင်းကို ထိုမျှ အမှန်တကယ် ပြနေခြင်း မဟုတ်ချေ။ စစ်မှန်သော ကျိုးနွံနာခံခြင်းကို ပြရန် ဤအခြေအနေတွင် သင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ သင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ဤသည်မှာ သင်သည် ဤသမ္မာတရား၏ ရှုထောင့်နှင့်ပတ်သက်ပြီး ချင့်ချိန်စဉ်းစား၍ မိတ်သဟာယဖွဲ့ဖို့ လိုအပ်သည့်အချိန် ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ အရာခပ်သိမ်း၌ သင်၏သစ္စာစောင့်သိမှုအလုံးစုံကို သင်ပေးလိုပါက တာဝန်ဝတ္တရားတစ်ခုကို ထမ်းဆောင်ရုံမျှဖြင့် ယင်းကို သင်မလုပ်နိုင်ပေ၊ သင့်အပေါ် ဘုရားသခင်က အပ်နှင်းထားသည့် မည်သည့် တာဝန်ပေးစေခိုင်းချက်ကိုမဆို သင်လက်ခံရမည်။ ယင်းက သင့်အကြိုက်များအတိုင်းဖြစ်ပြီး သင့်စိတ်ဝင်စားမှုများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ သင်မမွေ့လျော်သည့်အရာတစ်ခုဖြစ်သည်ဖြစ်စေ၊ ယခင်က မည်သည့်အခါကမျှ မလုပ်ဖူးသည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ယင်းကို သင်လက်ခံသင့်ပြီး ကျိုးနွံနာခံသင့်သေးသည်။ ယင်းကို သင်လက်ခံရမည်သာမက တွေ့ကြုံနေစဉ်နှင့် ဝင်ရောက်နေစဉ်အတောအတွင်း သင်သည် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းအကြောင်းကို လေ့လာရမည်။ သင်ဆင်းရဲဒုက္ခကို ခံစားနေရလျှင်ပင်၊ ပင်ပန်းနေလျှင်ပင်၊ အရှက်ခွဲခံရလျှင်ပင် သို့မဟုတ် ဝိုင်းကြဉ်ခြင်းကို ခံရလျှင်ပင် ယင်းကို သင်၏ သစ္စာစောင့်သိခြင်းအလုံးစုံကို ပေးနေရဦးမည်ဖြစ်သည်။ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ အရာခပ်သိမ်း၌ သင်၏ သစ္စာစောင့်သိခြင်းအလုံးစုံကို သင်သည် ပေးနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်။ ယင်းကို ကိုယ်ရေးကိုယ်တာ စီးပွားရေးအဖြစ် မဟုတ်ဘဲ ထမ်းဆောင်ရမည့် သင်၏ တာဝန်အဖြစ် သင်သတ်မှတ်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ အသင်းတော်က ကျွန်မကို ဘယ်လိုတာဝန်ပဲ ထမ်းဆောင်ဖို့ စီစဉ်ပေးပါစေ၊ အဲဒါက ကျွန်မ ထင်ပေါ်ကျော်ကြားနိုင်တဲ့ ကျွန်မကျွမ်းကျင်တဲ့အရာတစ်ခုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျွန်မ မကျွမ်းကျင်တဲ့၊ ကျွန်မ မတောက်ပြောင်နိုင်တဲ့အရာတစ်ခုပဲဖြစ်ဖြစ် အားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီရင်ထုံးဖွဲ့ချက်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ကျွန်မဟာ အဲဒီတာဝန်ကို အစွမ်းကုန် ကြိုးစားပြီး အမြဲတမ်း ထမ်းဆောင်သင့်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါကမှ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ကျိုးနွံနာခံခြင်း ဖြစ်လို့ပါပဲ။ အနုပညာအဖွဲ့ရဲ့ အလုပ်ကို ကျွန်မ တာဝန်ယူတုန်းက ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အထင်ကြီးလေးစားခဲ့ကြတော့ ကိုယ့်တာဝန်အတွက် မကုန်ခမ်းနိုင်တဲ့ စိတ်အားထက်သန်မှုတွေ ရှိခဲ့တယ်၊ ဘယ်လောက်ပဲ ဒုက္ခခံရခံရ၊ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ဘယ်တော့မှ လက်မလျှော့ခဲ့ဘူး။ အခု ရေလောင်းခြင်းတာဝန်ကို ထမ်းဆောင်ရတဲ့အခါမှာတော့ ကိုယ့်တာဝန်မှာ ပြဿနာတွေ အများကြီးရှိနေပြီး ကိုယ့်ရဲ့ အားနည်းချက်တွေ၊ မလုံလောက်မှုတွေ အများကြီး ထုတ်ဖော်ခံလိုက်ရတယ်၊ ဒါကြောင့် ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မကို အထင်မကြီးကြတော့ဘူး။ ကျွန်မ ဒါကြောင့် ခဏခဏ စိတ်ဆင်းရဲခဲ့ရတယ်၊ ဒါဟာ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်ဖြစ်နေတာတောင်မှ ရေလောင်းတဲ့အလုပ်ကို စွန့်ပစ်ပြီး ကိုယ့်ရဲ့ မူလတာဝန်ဆီကိုပဲ အကြိမ်ကြိမ် ပြန်သွားဖို့ စဉ်းစားခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်ကို ဘယ်လိုနည်းနဲ့များ စစ်မှန်တဲ့ကျိုးနွံနာခံမှု ရှိခဲ့လို့လဲ။
ကျွန်မ ဝတ်ပြုရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “မည်သူတစ်ယောက်ကိုမျှ မိမိတို့ကိုယ်ကို စုံလင်သည် ခံ့ညားသည်၊ မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် ကွဲပြားခြားနားသည်ဟု မတွေးထင်စေနှင့်။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို အထူးသီးသန့်ဖြစ်သည်ဟု အမြဲတမ်း တွေးထင်ခြင်းဟူသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ မိမိတို့၏ အားနည်းချက်များကို မည်သည့်အခါမျှ လက်ခံနိုင်ခြင်းမရှိဘဲ မိမိတို့၏ အမှားများနှင့် ရှုံးနိမ့်မှုများကို မည်သည့်အခါမျှ ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိခြင်းဖြစ်သည့် ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက်ပို၍ သာလွန်သွားဖို့ဖြစ်စေ၊ ပိုကောင်းသွားဖို့ဖြစ်စေ မည်သည့်အခါမျှ ခွင့်မပြုပေ။ ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ အခြားသူများ၏ အားသာချက်များကို မိမိတို့ထက်ပို၍ မကျော်စေခြင်း သို့မဟုတ် မသာလွန်စေခြင်း ဖြစ်သည့် ဤအရာကို မာန ထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက် ပို၍ကောင်းသော အတွေးအခေါ်များ၊ အကြံပြုချက်များနှင့် အမြင်ရှုထောင့်များ မည်သည့်အခါမျှ ရှိခွင့်မပြု၊ ပြီးလျှင် ၎င်းတို့က အခြားသူများသည် မိမိတို့ထက် ပိုကောင်းသည်ကို တွေ့ရှိလာသည့်အခါတွင်လည်း အပျက်သဘောဆောင်လာကာ စကားပြောဖို့ ဆန္ဒမရှိဘဲ၊ စိတ်သောကရောက်ပြီး စိတ်ပျက် အားလျော့ကာ စိတ်ညစ်လာကြသည်။ ဤအရာများ အားလုံးသည် မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် သင့်ကို အခြားသူများ၏ အမှားပြုပြင်မှုကို လက်ခံနိုင်စွမ်း မရှိစေဘဲ သင်၏ အားနည်းချက်များကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိဖြစ်စေကာ သင်ကိုယ်တိုင်၏ ရှုံးနိမ့်ခြင်းများနှင့် အမှားများကို လက်ခံနိုင်စွမ်း မရှိစေဘဲ သင်၏ ဂုဏ်သတင်းကို ကာကွယ်စေနိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်ထက် ပိုသာသည့်အခါ ယင်းက သင်၏ စိတ်နှလုံးတွင် အမုန်းတရားနှင့် မနာလိုစိတ်များ ပေါ်ပေါက်စေနိုင်ပြီး သင်သည် ဘောင်ခတ်ခံရနိုင်သည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ဘဲ ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်အထိပင် ဖြစ်တော့သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ဤအပြုအမူများနှင့် အလေ့အကျင့်များကို သင်၌ ပေါ်ပေါက်စေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးတောရင်း တကယ်ကို ရှက်မိတယ်။ ဒီနှစ်တွေကို ပြန်ကြည့်လိုက်တော့ ကျွန်မ အနုပညာအလုပ်အတွက် တာဝန်ယူခဲ့တယ်၊ အတွေ့အကြုံတချို့ စုဆောင်းခဲ့တယ်၊ ကိုယ့်တာဝန်တွေမှာ ရလဒ်တချို့လည်း မြင်ခဲ့ရတယ်၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့နေရာမှာ စတင်ထားလိုက်ပြီး စိတ်နှလုံးထဲမှာ သာမန်လူတွေနဲ့ မတူတော့ဘူးလို့ ခံစားခဲ့ရတယ်။ ကိုယ့်အစွမ်းအစက တခြားသူတွေထက် ပိုကောင်းတယ်လို့ ထင်ခဲ့တယ်၊ ဒါကြောင့် ဘယ်နေရာကိုပဲသွားသွား ထိပ်ဆုံးမှာပဲ နေချင်တယ်၊ တခြားသူတွေက ကိုယ့်ကို ဝန်းရံပြီး အထင်ကြီးတာကို ခံချင်တယ်၊ ပြီးတော့ တခြားသူတွေရဲ့ အထင်ကြီးမှုကို ခံစားရတာဟာ ကိုယ်ခံစားထိုက်တဲ့ အခွင့်အရေးလို့ ထင်ခဲ့တယ်။ လူသစ်တွေကို ကျွန်မ စပြီး ရေလောင်းတဲ့အခါ ရလဒ်တွေက တခြားသူတွေလောက် မကောင်းခဲ့ဘူး၊ ပြီးတော့ ကြီးကြပ်ရေးမှူးကလည်း ကျွန်မရဲ့ ပြဿနာတွေကို ခဏခဏ ထောက်ပြခဲ့တယ်။ ဒါက လုံးဝ သာမန်အရာတစ်ခုပဲ၊ တကယ် ဆင်ခြင်တုံတရားရှိတဲ့သူဆိုရင် ဒါကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်မှာပဲ။ သူတို့ဟာ ဒါကို တည်တည်ငြိမ်ငြိမ် လက်ခံရုံသာမကဘဲ သူတို့တာဝန်ရဲ့ ရလဒ်တွေကို တိုးတက်အောင်လုပ်ဖို့နဲ့ သူတို့ရဲ့ချို့တဲ့မှုတွေကို လက်တွေ့ကျကျနည်းလမ်းနဲ့ ဖြည့်ဆည်းဖို့ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခဲ့မှာပဲ။ ဒါပေမဲ့ ကျွန်မကတော့ တခြားသူတွေရဲ့ထောက်ပြမှုတွေကို ရင်ဆိုင်ဖို့ ဆန္ဒမရှိခဲ့ဘူး၊ ကိုယ့်ရဲ့ချို့တဲ့မှုတွေကို အကျဉ်းချုပ်ဖို့ဆိုတာ ဝေးရောပေါ့၊ အဲဒီအစား စိတ်ထဲမှာ တိတ်တိတ်ကလေး ပြိုင်ဆိုင်နေခဲ့ပြီး ကိုယ့်ကြိုးပမ်းမှုတွေကနေ ရလဒ်တွေမြန်မြန် ရချင်ခဲ့တယ်၊ ဒါမှ ညီအစ်ကိုမောင်နှမတွေက ကျွန်မမှာ အစွမ်းအစကောင်းတွေ ရှိမှန်း မြင်ကြမှာလေ။ ကျွန်မရဲ့ လိုက်စားမှုနောက်ကွယ်က လမ်းကြောင်းနဲ့ အမြင်ရှုထောင့်တွေက မှားယွင်းနေခဲ့လို့ ဘုရားသခင်က ကျွန်မကို မျက်နှာလွှဲခဲ့တယ်။ ကျွန်မဟာ ကိုယ့်တာဝန်မှာ အချိန်အကြာကြီး တိုးတက်မှုမရှိခဲ့သလို ရလဒ်တွေကလည်း တိုးတက်မလာခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်မသုံးသပ်ရုံသာမက အပျက်သဘောဆောင်လာတယ်၊ ခိုကပ်လာတယ်၊ ပြီးတော့ လူသစ်တွေကို ရေလောင်းပေးချင်စိတ် မရှိတော့ဘဲ တာဝန်တွေ ပြောင်းချင်ခဲ့တယ်။ ကျွန်မဟာ တကယ်ကို မာနထောင်လွှားပြီး စိတ်ကြီးဝင်နေခဲ့တာ၊ တကယ်ကို ဆင်ခြင်တုံတရား ကင်းမဲ့လိုက်တာ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “သာမန်လူများ၌ ထိုသို့သော အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိချင်မှရှိမည် ဖြစ်သော်လည်း ၎င်းတို့သည်လည်း အခြားသူများအား ၎င်းတို့ကို အလေးပေးသောအမြင် စွဲကိုင်စေဖို့အပြင် လူများက သူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့အား မြင့်မားသော ထင်မြင်ယူဆချက်ရှိဖို့နှင့် ၎င်းတို့အား မြင့်မားသော ဂုဏ်အဆင့်အတန်းဆီသို့ မြှင့်တင်ပေးဖို့ကို ဆန္ဒရှိကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ဖြစ်ပေသည်။ သမ္မာတရားကို လူတို့က နားမလည်လျှင် ဤအရာကို သတိပြုမိနိုင်စွမ်းမရှိပေ။...လူများအား ၎င်းတို့ကို အထင်ကြီးစေခြင်းနှင့်ပတ်သက်သည့် ၎င်းတို့၏ အကြောင်းရင်းမှာ အဘယ်နည်း။ (ထိုသို့သောလူများ၏ စိတ်များထဲတွင် ဂုဏ်အဆင့်အတန်း ပေးအပ်ခံရဖို့ဖြစ်သည်။) အခြားလူတစ်ဦး၏ စိတ်ထဲတွင် သင့်ကို ဂုဏ်အဆင့်အတန်း ပေးအပ်သည့်အခါ၊ ထို့နောက်တွင် ၎င်းတို့သည် သင်နှင့် အပေါင်းအဖော်ပြုသည့်အခါ၊ ၎င်းတို့သည် သင့်အပေါ် ရိုသေကြပြီး သင့်ကို ၎င်းတို့ စကားပြောသည့်အခါ အထူးသဖြင့် ယဉ်ကျေးကြသည်။ ၎င်းတို့သည် သင့်အပေါ် အစဉ် ကြည်ညိုလေးစားကြသည်၊ အရာအားလုံး၌ သင့်အား အစဉ် ဦးစားပေးကြသည်၊ ၎င်းတို့က သင့်အား အလျှော့ပေးကြပြီး သင့်အား မြှောက်ပင့်ကာ နာခံကြသည်။ အရာရာတွင် ၎င်းတို့က သင့်အား ရှာဖွေပြီး သင့်အား ဆုံးဖြတ်ချက်များ ချခွင့်ပြုကြသည်။ ပြီးလျှင် ဤအရာမှ သင်သည် သာယာကြည်နူးစိတ်ကို ရရှိသည်။ သင်သည် ပို၍ ဩဇာကြီးမားပြီး အခြားလူတိုင်းထက် ပိုသာသည်ဟု ခံစားရသည်။ လူတိုင်းက ဤခံစားချက်ကို နှစ်သက်ကြသည်။ ဤသည်မှာ လူတစ်ဦး၏စိတ်နှလုံးထဲတွင် အဆင့်အတန်းရှိခြင်း ခံစားချက်ဖြစ်သည်။ လူများက ဤအရာတွင် မွေ့လျော်ခံစားလိုကြသည်။ ဤသည်မှာ လူများက အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည့် အကြောင်းအရင်းဖြစ်ပြီး အားလုံးသည် အခြားလူများ၏ စိတ်နှလုံးထဲတွင် အဆင့်အတန်း ပေးအပ်ခံလိုကြသည်။ အခြားသူများ၏ အထင်ကြီးခြင်းနှင့် ကိုးကွယ်ခြင်းတို့ကို ခံလိုကြသည်။ ၎င်းတို့သည် ယင်းမှ ထိုမျှပျော်ရွှင်မှုကို မရရှိနိုင်လျှင် အဆင့်အတန်းကို လိုက်စားကြမည် မဟုတ်ချေ။ ဥပမာအားဖြင့် သင်သည် လူတစ်ဦး၏ စိတ်ထဲတွင် အဆင့်အတန်း မရှိလျှင် ၎င်းတို့သည် သင့်ကို အဆင့်အတန်းတစ်ပြေးညီ ထိတွေ့ရင်ဆိုင်ကာ သင့်ကို တန်းတူကဲ့သို့ ဆက်ဆံကြမည်။ သူတို့သည် လိုအပ်သည့်အခါတွင် သင့်ကို ဆန့်ကျင်ကြလိမ့်မည်။ ၎င်းတို့သည် သင့်အပေါ် ယဉ်ကျေးမှုရှိမည်မဟုတ်၊ သို့မဟုတ် လေးစားမည်မဟုတ်။ သင်သည် စကားပြော၍ မပြီးဆုံးသေးခင်၌ပင် ထွက်ခွာသွားကောင်း သွားနိုင်သည်။ သင် စိတ်အနှောင့်အယှက်ဖြစ်မည်လော။ လူတို့က သင့်ကို ဤသို့ဆက်ဆံသောအခါ သင်မကြိုက်ပေ။ သူတို့ သင့်ကို မြှောက်ပင့်သောအခါ၊ သင့်ကို လေးစားပြီး သင့်ကို အချိန်တိုင်း ကိုးကွယ်သောအခါ သင်သဘောကျသည်။ သင်သည် အရာအားလုံး၏ အချက်အချာဖြစ်သောအခါ၊ အရာအားလုံးက သင့်ကို ဝန်းရံပြုသောအခါ၊ ထို့ပြင် လူတိုင်းက သင့်ကို နားထောင်သောအခါ၊ သင့်ကို လေးစားပြီး သင်၏ လမ်းညွှန်မှုကို ကျိုးနွံနာခံသောအခါ ယင်းကို သင်နှစ်သက်သည်။ ဤသည်မှာ ရှင်ဘုရင်အဖြစ် စိုးစံ၍ အာဏာရလိုသော ဆန္ဒမဟုတ်လော။ သင်၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များသည် အဆင့်အတန်းကို လိုက်စားခြင်းနှင့် ရယူခြင်းက တွန်းအားပေးခြင်းခံရပြီး ယင်းအတွက် အခြားသူများနှင့် ယှဉ်ပြီး လုယူကာ ပြိုင်ဆိုင်လေသည်။ သင်၏ပန်းတိုင်က ရာထူးနေရာတစ်ခုကို အရယူပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သင်၏စကားကို နားထောင်စေရန်၊ သင့်ကို ထောက်ခံစေရန်နှင့် ကြည်ညိုကိုးကွယ်စေရန် ဖြစ်သည်။ ထိုရာထူးကို သင်အရယူပြီးသည်နှင့် သင်သည် သြဇာအာဏာရရှိပြီး အဆင့်အတန်း၏ အကျိုးအမြတ်များ၊ အခြားသူများထံမှ အထင်ကြီးလေးစားမှုသာမက ထိုရာထူးနှင့် အတူပါလာသည့် အခြားသော အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့အခြေအနေကို ဖော်ပြနေခဲ့တယ်။ ကျွန်မ အမြဲတမ်း ရေလောင်းခြင်း တာဝန်ကို အတိုက်အခံလုပ်ခဲ့ပြီး ကျွန်မရဲ့အရင်တာဝန်ကို တောင့်တခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မဟာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို အရမ်းတန်ဖိုးထားပြီး အဆင့်အတန်းရဲ့ အကျိုးအမြတ်တွေကို တပ်မက်ခဲ့လို့ပါပဲ။ ကျွန်မ ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်ခဲ့တုန်းက အကြောင်းကို ခဏခဏ ပြန်တွေးမိတယ်။ အဲဒီတုန်းက ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အထင်ကြီးကြတယ်၊ အခက်အခဲကြုံရင်လည်း ကျွန်မဆီက မကြာမကြာ အကြံဉာဏ်တောင်းကြတယ်၊ ပြီးတော့ ကျွန်မက တခြားသူတွေကို လမ်းညွှန်ပေးနိုင်ခဲ့တယ်။ ကျွန်မ ဒီခံစားချက်ကို တကယ် နှစ်သက်ခဲ့တယ်။ ဒါပေမဲ့ ရေလောင်းခြင်းတာဝန်ကို ပြောင်းပြီးတဲ့နောက်မှာတော့ တခြားသူတွေနဲ့ ယှဉ်လိုက်ရင် ကျွန်မဟာ အရာရာမှာ လိုအပ်ချက်ရှိနေမှန်း တွေ့ရှိခဲ့ရတယ်။ ဘယ်သူမှ ကျွန်မရဲ့အမြင်ကို မမေးကြတော့ဘူး၊ တခြားသူတွေက ကျွန်မရဲ့ပြဿနာတွေကို ခဏခဏ ထောက်ပြကြတယ်။ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ကျတယ်၊ အရှက်ရတယ်လို့ ခံစားခဲ့ရတယ်။ ကိုယ့်ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကယ်တင်ဖို့ ကျွန်မ ညဉ့်နက်တဲ့အထိ မီးကုန်ယမ်းကုန် အလုပ်လုပ်ခဲ့တယ်၊ တိတ်တဆိတ် ကြိုးစားအားထုတ်ခဲ့တယ်၊ တစ်နေ့နေ့ ကျွန်မ အဖွဲ့ထဲမှာ ထင်ပေါ်ကျော်ကြားနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုထိ ကြိုးစားပြီးတဲ့နောက်မှာ ကျွန်မရဲ့ တာဝန်ရလဒ်တွေက အညံ့ဆုံးပဲ ဖြစ်နေတုန်းပဲဆိုတာ တွေ့လိုက်ရတယ်၊ ကျွန်မ ဒီတာဝန်မှာ ထင်ပေါ်ကျော်ကြားဖို့ ခက်ခဲတယ်လို့ ခံစားခဲ့ရတယ်။ စိတ်နှလုံးထဲမှာ မသက်မသာဖြစ်ပြီး အတိုက်အခံဖြစ်လာတယ်၊ ခေါင်းဆောင်ဆီမှာ တာဝန်ပြောင်းပေးအောင် အကြိမ်ကြိမ် တောင်းဆိုဖို့ စဉ်းစားခဲ့တယ်၊ အရင်တာဝန်ကို ပြန်သွားပြီး အဆင့်အတန်းရဲ့ အကျိုးအမြတ်တွေကို ဆက်ပြီး ခံစားချင်ခဲ့တာလေ။ အဲဒီအခါမှာမှ ကိုယ့်တာဝန်မှာ ကိုယ့်ရဲ့ရည်ရွယ်ချက်တွေက ဘုရားသခင်ကို ကျေနပ်စေဖို့ မဟုတ်ဘဲ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက်ပဲ ဖြစ်နေမှန်း ကျွန်မ သဘောပေါက်သွားခဲ့တယ်။ ဒါဟာ တခြားသူတွေရဲ့ အထင်ကြီးမှုကို ရယူဖို့၊ ဒါမှ သူတို့ရဲ့စိတ်နှလုံးထဲမှာ ကိုယ့်အတွက် နေရာတစ်ခုရနိုင်ပြီး သူတို့အားလုံး ကိုယ့်ကို ဗဟိုပြုနေနိုင်အောင်ပေါ့။ ကျွန်မလျှောက်နေတဲ့လမ်းကြောင်းက အန္တိခရစ်တစ်ယောက်ရဲ့လမ်းကြောင်း အတိအကျ ဖြစ်မနေဘူးလား။ အရင်တုန်းက ကျွန်မဟာ ရေလောင်းခြင်းတာဝန်ကို မထမ်းဆောင်ခဲ့ဖူးဘူး၊ ရူပါရုံဆိုင်ရာ သမ္မာတရားတွေကိုလည်း သိပ်နားမလည်ခဲ့ဘူး၊ ဒါပေမဲ့ အခု အသင်းတော်က ကျွန်မကို ဒီတာဝန်ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်၊ ဒါဟာ ကျွန်မကို သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ပြီး ကိုယ့်ရဲ့အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ အခွင့်အရေးပေးတာပဲ။ ဒါဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာပဲ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ဖို့ မစဉ်းစားခဲ့ဘူး၊ လူသစ်တွေကို ရေလောင်းပေးဖို့ လိုအပ်မှန်း သိသိကြီးနဲ့ ကိုယ့်တာဝန်ကို စွန့်လွှတ်ချင်နေခဲ့တုန်းပဲ။ ကိုယ့်ဂုဏ်သိက္ခာနဲ့ အဆင့်အတန်း ထိခိုက်မှာထက် အလုပ်ထိခိုက်တာကိုတောင် ပိုပြီးရွေးချယ်ခဲ့တယ်။ ကျွန်မဟာ တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့နေခဲ့ပြီး ဘုရားသခင်ရှေ့မှာ အသက်ရှင်ဖို့ မထိုက်တန်ခဲ့ပါဘူး။ အဲဒီနေ့တွေတုန်းက ကျွန်မ ဘုရားသခင်ဆီကို ခဏခဏ ဆုတောင်းခဲ့တယ်၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို လိုက်စားခြင်းရဲ့ အရင်းအမြစ်ကို နားလည်နိုင်ဖို့ ဉာဏ်အလင်းပေးပါလို့ တောင်းလျှောက်ခဲ့တယ်။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသည့် လူသားသည် လူ့အဖွဲ့အစည်း၏ ကူးစက်စေခြင်းကို ပြင်းထန်သော အတိုင်းအတာအထိ ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ပဒေသရာဇ်ဆန်သော လူ့ကျင့်ဝတ်များ၏ ပုံသွင်းခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ ၏ သွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရရှိခဲ့ပြီးဖြစ်၏။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော ကိုယ်ကျင့်တရား၊ ယုတ်ညံ့သော ဘဝ အမြင်ရှုထောင့်၊ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် စက်ဆုပ်ဖွယ်အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှုနှင့် ယုတ်ညံ့သော ထုံးတမ်းအစဉ်အလာများနှင့် တစ်ရက်ပြီးတစ်ရက် ဘဝ ဟူသည့် ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်နေခဲ့ပြီးဖြစ်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးနေစေခဲ့သည့်အပြင် တိုက်ခိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် တိုး၍ ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) “လူသားအား သူ၏ထိန်းချုပ်မှု အတွင်းတွင် အခိုင်အမာ ထားရှိရန် စာတန်သည် မည်သည့်အရာကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) ထို့ကြောင့် လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်တွေကနေ စာတန်ရဲ့အဆိပ်အတောက်ရဲ့ ထိန်းချုပ်မှုကို ခံနေရလို့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အဆက်မပြတ် လိုက်စားနေခဲ့တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ငယ်ငယ်ကတည်းက ကျွန်မရဲ့မိဘတွေနဲ့ ဆရာတွေက ကျွန်မကို “လူတွေထဲမှာ အကြီးမြတ်ဆုံးလူ ဖြစ်လာဖို့ဆိုရင် အခက်ခဲဆုံး ဒုက္ခတွေကို ခံနိုင်ရည်ရှိရမယ်၊” “ရေကန်ငယ်ထဲက ငါးကြီးတစ်ကောင်ဖြစ်တာက ပိုကောင်းတယ်၊” ပြီးတော့ “လူတို့သည် ၎င်းတို့နှင့်တစ်ခေတ်တည်း မွေးသူများထက် ပိုမိုသာလွန်ရန် အစဉ်ကြိုးစားသင့်သည်” ဆိုပြီး သင်ပေးခဲ့ကြတယ်။ ဒီစာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ ဥပဒေသတွေကို ကျွန်မဟာ ကိုယ်ကျင့်ကြံပြုမူဖို့ စံနှုန်းတွေအဖြစ် မှတ်ယူခဲ့တယ်။ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ရရှိပြီး တခြားသူတွေရဲ့ အထင်ကြီးလေးစားမှု၊ ကိုးကွယ်မှုကို ခံရမှသာ ဂုဏ်သိက္ခာရှိရှိ၊ တန်ဖိုးရှိရှိ အသက်ရှင်နိုင်မယ်၊ တကယ်လို့ ကိုယ်သာ သာမန်လူတစ်ယောက်ဖြစ်ပြီး ဘယ်သူ့ရဲ့ အထင်ကြီးလေးစားမှုကိုမှ မခံရဘူးဆိုရင် အဲဒီအခါကျရင် ဘဝက ဂုဏ်သိက္ခာမရှိ၊ သနားစရာကောင်းပြီး အဓိပ္ပာယ်မဲ့မှာပဲလို့ ယုံကြည်ခဲ့တယ်။ ကျွန်မ ကျောင်းသားဘဝကို ပြန်စဉ်းစားမိတယ်။ ကျွန်မ ထူးချွန်ပြီး အဆင့်ကောင်းရတဲ့ ဘာသာရပ်တွေ၊ ဆရာ၊ ဆရာမတွေနဲ့ အတန်းဖော်တွေရဲ့ အထင်ကြီးမှုကို ရစေနိုင်တဲ့ဘာသာရပ်တွေကို လေ့လာရာမှာ ကြိုးစားအားထုတ်ဖို့ ဆန္ဒရှိခဲ့တယ်။ ကိုယ်မတော်တဲ့၊ ဘယ်သူမှ ကိုယ့်ကို အထင်မကြီးတဲ့ ဘာသာရပ်တွေဆိုရင်တော့ လေ့လာဖို့အတွက် ကြိုးစားအားထုတ်ဖို့ ဆန္ဒမရှိခဲ့ဘူး။ ကျွန်မလုပ်ခဲ့သမျှအားလုံးက ကျွန်မရဲ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို အကျိုးပြုမပြုဆိုတာအပေါ်မှာ အခြေခံခဲ့တယ်။ ဘုရားသခင်ကို တွေ့ပြီးနောက်မှာတောင် ကျွန်မ ဒီအမြင်ကိုပဲ ကိုင်စွဲထားခဲ့တယ်။ အနုပညာအဖွဲ့ရဲ့ ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်တုန်းက ကျွန်မမှာ ဂရပ်ဖစ်ဒီဇိုင်းဆိုင်ရာ အခြေခံကျွမ်းကျင်မှုတချို့ ရှိပြီး ညီအစ်ကိုမောင်နှမတွေကို သူတို့ရဲ့တာဝန်တွေမှာ လမ်းညွှန်နိုင်ခဲ့လို့ သူတို့အားလုံးက ကျွန်မကို အထင်ကြီးခဲ့ကြတယ်၊ ကျွန်မ ဒီခံစားချက်ကို တကယ်ကို နှစ်သက်ခဲ့တယ်။ ကိုယ့်တာဝန်မှာ စိတ်အားထက်သန်မှုတွေ ပြည့်နေခဲ့ပြီး ဘယ်လောက်ပဲ ဒုက္ခခံရခံရ၊ အမှုအရာတွေ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး။ ဒါပေမဲ့ လူသစ်တွေကို ရေလောင်းတဲ့တာဝန်ကို စလုပ်ပြီးတဲ့နောက်မှာတော့ ကျွန်မရဲ့ ပြဿနာတွေ၊ အားနည်းချက်တွေ အများကြီး ဖော်ထုတ်ခံလိုက်ရတယ်၊ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မကို မချီးကျူးကြတော့ဘဲ ကိုယ့်ပြဿနာတွေကိုပဲ အဆက်မပြတ် ထောက်ပြလာကြတယ်။ ကျွန်မရဲ့တာဝန်ရဲ့ ရလဒ်တွေက အဖွဲ့ထဲမှာ အဆိုးဆုံးဖြစ်လာပြီး ဒီလို ကြီးမားတဲ့ ကျဆင်းမှုက ကျွန်မကို အရှက်ရစေခဲ့ပြီး စိတ်နှလုံးကို နာကျင်မှု၊ သောကတွေနဲ့ ပြည့်စေခဲ့တယ်။ ကျွန်မ တာဝန်ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးသွားပြီး အဲဒီတာဝန်ကို စွန့်လွှတ်ဖို့အထိတောင် စဉ်းစားခဲ့တယ်။ ကျွန်မဟာ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို အသက်လောက် အရေးကြီးတယ်လို့ သတ်မှတ်ခဲ့ပြီး အဲဒါတွေကို ဆုံးရှုံးရမှာကို အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့တယ်၊ အထင်ကြီးမခံရဘဲ အသက်ရှင်ရတာဟာ အဓိပ္ပာယ်မဲ့သလိုပါပဲ။ ကျွန်မဟာ တကယ်ပဲ စာတန်ရဲ့ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ဖျက်ဆီးတာကို ခံခဲ့ရတာပါပဲ။ ဘုရားသခင်က ကျွန်မကို ကျေးဇူးပြုပြီး တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးပေးခဲ့တယ်၊ ဒါဟာ ကျွန်မကို ကိုယ့်တာဝန်မှာ စိတ်သဘောထား ပြောင်းလဲမှုကို လိုက်စားပြီး သမ္မာတရား လက်တွေ့ကျမှုထဲကို ဝင်ရောက်စေချင်လို့၊ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်ပြီး စည်းမျဉ်းတွေနဲ့အညီ ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်စေချင်လို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မကတော့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိုပဲ မဆုတ်မနစ် လိုက်စားနေခဲ့တယ်၊ လူသစ်တွေကို အချိန်အကြာကြီး ရေလောင်းပေးပြီးတဲ့နောက်မှာတောင် သူတို့ရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ သမ္မာတရားကို ဘယ်လို မိတ်သဟာယဖွဲ့ရမလဲဆိုတာ မသိခဲ့ဘူး၊ ရူပါရုံဆိုင်ရာ သမ္မာတရားတွေကိုတောင် ရှင်းရှင်းလင်းလင်း မိတ်သဟာယ မဖွဲ့နိုင်ခဲ့ဘူး။ ကျွန်မသာ ကိုယ့်ရဲ့မှားယွင်းမှုမှာ ခေါင်းမာပြီး ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိုပဲ မဆုတ်မနစ် ဆက်လိုက်စားနေဦးမယ်ဆိုရင် ကိုယ့်တာဝန်ကို ကောင်းကောင်း မဖြည့်ဆည်းနိုင်ရုံသာမက ဘာသမ္မာတရားကိုမှလည်း ရရှိမှာမဟုတ်ဘဲ နောက်ဆုံးမှာ ကိုယ့်ရဲ့ ကယ်တင်ခြင်းခံရမယ့် အခွင့်အရေးကို ဖျက်ဆီးမိမှာပဲ။ ကျွန်မ တစ်ချိန်က သိခဲ့တဲ့ လော်စတာဆိုတဲ့သူကို သတိရမိတယ်။ သူဟာ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိုပဲ တစ်စိုက်မတ်မတ် လိုက်စားခဲ့တယ်။ သူဟာ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင် မဖြစ်နိုင်ခဲ့တဲ့အတွက် မကျေမနပ်ဖြစ်ပြီး အတိုက်အခံလုပ်ခဲ့တယ်၊ ပြီးတော့ သူ့တာဝန်ကိုလည်း ကောင်းကောင်းမွန်မွန် မထမ်းဆောင်ခဲ့ဘူး။ သူဟာ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို မကြာမကြာ တရားစီရင်ခဲ့ပြီး ပြီးတော့ အသင်းတော်ထဲမှာ ဂိုဏ်းဂဏတွေ ဖွဲ့ဖို့ ကြိုးစားခဲ့တယ်၊ အသင်းတော်အသက်တာမှာ ပြင်းထန်တဲ့ အဖျက်အမှောင့်တွေနဲ့ အနှောင့်အယှက်တွေ ဖြစ်စေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ပြီး ကူညီခဲ့ပေမဲ့ သူဟာ ဘယ်တော့မှ ပြုပြင်ပြောင်းလဲခဲ့ခြင်းမရှိဘဲ နောက်ဆုံးမှာတော့ အသင်းတော်က ရှင်းလင်းပစ်တာခံခဲ့ရတယ်။ ကျွန်မဟာ သူလုပ်ခဲ့သလိုမျိုး ဆိုးညစ်တဲ့အမှုတွေကို မကျူးလွန်ခဲ့ပေမဲ့ သူ့လိုပဲ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို တစ်စိုက်မတ်မတ် လိုက်စားနေခဲ့တုန်းပဲ။ ကျွန်မသာ ဆက်ပြီး နောင်တမရဘူးဆိုရင် နောက်ဆုံးမှာ သူ့လိုပဲ ဘုရားသခင်ရဲ့ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းတာ ခံရမှာပဲ။ အရင်တုန်းက တခြားသူတွေရဲ့ အထင်ကြီးမှုကို လိုက်စားတာဟာ ပြင်းပြတဲ့ဆန္ဒနဲ့ ရည်မှန်းချက် ရှိတာကို ပြတယ်၊ အဲဒါက လူတစ်ယောက်ဟာ ရှေ့တက်လှမ်းဖို့ စိတ်အားထက်သန်တယ်ဆိုတာကို ဆိုလိုတယ်၊ အဲဒီလို လိုက်စားမှုမျိုးက အပြုသဘောဆောင်တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို လိုက်စားခြင်းဟာ လမ်းကြောင်းမှန်မဟုတ်ဘူးဆိုတာ ကျွန်မ သဘောပေါက်သွားပြီ။ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို လိုက်စားခြင်းက ကျွန်မကို အရမ်းပျော့ညံ့စေခဲ့ပြီး အသေးအဖွဲရှုံးနိမ့်မှု၊ ဒါမှမဟုတ် ဆုတ်ယုတ်မှုကိုတောင် မခံနိုင်အောင် လုပ်ခဲ့တယ်။ အဲဒါက ကျွန်မကို ဘုရားသခင်နဲ့ ပိုပြီးဝေးကွာစေတယ်၊ ဘုရားသခင်ကို သစ္စာဖောက်စေတယ်၊ ပြီးတော့ ကျွန်မရဲ့အသိတရားနဲ့ ဆင်ခြင်တုံတရားကို ဆုံးရှုံးစေတယ်၊ နောက်ဆုံးမှာတော့ ဘုရားသခင်ရဲ့ ပစ်ပယ်ခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာပဲ။ ကျေးဇူးတင်စရာက ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နိုးထစေခဲ့တယ်၊ အဲဒီအချိန်ကစပြီး ကျွန်မဟာ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက် အသက်မရှင်နိုင်တော့ဘူး၊ ကိုယ်အသက်ရှင်တဲ့နည်းလမ်းကို ပြောင်းလဲရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။
သုံးလေးရက်နေတော့ ကြီးကြပ်ရေးမှူးက ဖိလစ်ပိုင်နိုင်ငံက လူသစ်တွေ တရုတ်ညီအစ်ကိုမောင်နှမတွေကို နှုတ်ဆက်နေတဲ့ ဗီဒီယိုတစ်ခုကို ကျွန်မတို့ကို ပြခဲ့တယ်။ လူသစ်အများအပြားက တရုတ်နိုင်ငံက ညီအစ်ကိုမောင်နှမတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြကြတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားကို ဖိလစ်ပိုင်နိုင်ငံအထိ ဟောကြားပေးခဲ့တဲ့အတွက် ညီအစ်ကိုမောင်နှမတွေကို ကျေးဇူးတင်ကြတယ်။ လူသစ်တော်တော်များများက ဧဝံဂလိတရားကို ကြိုးစားပြီး ဟောကြားဖို့နဲ့ ကိုယ့်တာဝန်တွေကို သစ္စာရှိရှိ ထမ်းဆောင်ဖို့ သန္နိဋ္ဌာန်ချထားကြတယ်။ အထူးသဖြင့် လူသစ်တစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သူ့အသက်တာအတွက် အလင်းဖြစ်တယ်လို့ ပြောတာကို ကြားလိုက်ရတဲ့အခါ ကျွန်မ မျက်ရည်တွေ ကျလာတဲ့အထိ တို့ထိခံခဲ့ရတယ်။ ကယ်တင်ရှင် ပြန်ကြွလာတာကို တောင့်တနေကြတဲ့၊ အလင်းကို ရှာချင်ကြတဲ့၊ ဘုရားသခင်ကို ရှာချင်ကြတဲ့ လူတွေ အများကြီး ရှိနေသေးပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူတို့ဟာ ဘုရားသခင်ရှေ့မှောက်ကို မရောက်လာကြသေးဘူးဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ ကျွန်မ လူသစ်တွေကို ရေလောင်းတဲ့တာဝန်ကို ထမ်းဆောင်နိုင်ခဲ့တာ၊ ပြီးတော့ သူတို့ကို မှန်သောလမ်းခရီးပေါ်မှာ အခြေခံအုတ်မြစ်တစ်ခု တည်ထောင်အောင် ကူညီပေးနိုင်ခဲ့တာက တကယ့်ကို ဂုဏ်ယူစရာပဲ။ ဒါပေမဲ့ ဒီတာဝန်က ကျွန်မရဲ့အားသန်ရာမဟုတ်လို့၊ ပြီးတော့ ဒါက ကျွန်မကို ထင်ပေါ်ကျော်ကြားအောင် မလုပ်နိုင်လို့ ကျွန်မ ဒီတာဝန်ကို ရှောင်တိမ်းချင်ခဲ့တယ်။ ကျွန်မမှာ ဘယ်လိုနည်းနဲ့များ လူ့သဘာဝ ရှိခဲ့လို့လဲ။ ကျွန်မ ဘုရားသခင်ရဲ့မေတ္တာကို ခံစားဖို့ လုံးဝမထိုက်တန်ဘူး။ ဒီလူသစ်တွေထဲက တချို့က ဘုရားသခင်ကို ယုံကြည်တာ တစ်နှစ်ပဲရှိသေးပြီး တချို့ဆိုရင် သုံးလေးလပဲရှိသေးတာကို စဉ်းစားမိတယ်။ သူတို့ဟာ ဧဝံဂေလိတရားကို ဟောကြားရာမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရပေမဲ့ သူတို့မှာ ဖြူစင်တဲ့ စိတ်နှလုံးတွေရှိပြီး ဘာပဲဖြစ်ဖြစ် ကိုယ့်တာဝန်တွေကို လက်မလျှော့ခဲ့ကြဘူး။ ကျွန်မကတော့ ဘုရားသခင်ကို ယုံကြည်တာ ဆယ်နှစ်ရှိပြီ၊ ဘုရားသခင်ဆီကနေ အများကြီး ရရှိခဲ့ပေမဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ထည့်စဉ်းစားပေးနိုင်စွမ်း မရှိခဲ့ဘူး။ ကျွန်မဟာ တကယ်ပဲ လူလို့ခေါ်ဖို့ မထိုက်တန်ပါဘူး။ အဲဒီအခိုက်အတန့်မှာ နောင်တနဲ့ အပြစ်ရှိတဲ့စိတ်တွေက ကျွန်မအပေါ်ကို လွှမ်းမိုးသွားတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ပြောခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး အရမ်း ပုန်ကန်တတ်ခဲ့ပါတယ်။ ဒီနေ့ကစပြီး သမီးဟာ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်၊ တခြားသူတွေက သမီးကို ဘယ်လိုပဲမြင်မြင်၊ သမီးရဲ့ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နဲ့ ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်” လို့ပေါ့။ အဲဒီအချိန်ကစပြီး ကြီးကြပ်ရေးမှူးနဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ ပြဿနာတွေကို ထပ်ပြီး ထောက်ပြတဲ့အခါ ကျွန်မ အရင်ကလို အရမ်းစိတ်ဆင်းရဲတာ မဖြစ်တော့ဘူး၊ ထွက်ပြေးချင်စိတ်လည်း မရှိတော့ဘူး။ အဲဒီအစား ဒီအရာတွေကို စိတ်နှလုံးထဲကနေ လက်ခံပြီး အသိအမှတ်ပြုနိုင်ခဲ့တယ်၊ ပြီးတဲ့နောက်မှာတော့ ကိုယ့်ရဲ့အားနည်းချက်တွေကို ဖြေရှင်းဖို့ သမ္မာတရား စည်းမျဉ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်နိုင်ခဲ့တယ်။ ခဏကြာတော့ ကျွန်မ ရေလောင်းပေးခဲ့တဲ့အထဲက များသထက်များလာတဲ့ လူသစ်တွေဟာ စုဝေးပွဲတွေကို မှန်မှန်တက်လာကြတယ်၊ တချို့ဆို ဧဝံဂေလိတရားကိုတောင် တက်တက်ကြွကြွ ဟောကြားလာကြတယ်။ ကြီးကြပ်ရေးမှူးကလည်း ကျွန်မ တိုးတက်မှု အများကြီးရှိတယ်လို့ ပြောခဲ့တယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုအတွက် ကျွန်မ စိတ်ရင်းနဲ့ ကျေးဇူးတင်မိပါတယ်။
၂၀၂၄ ခုနှစ်မှာ အလုပ်ရဲ့လိုအပ်ချက်အရ အသင်းတော်က ကျွန်မကို အနုပညာအဖွဲ့ဆီကို ပြန်သွားဖို့ တောင်းဆိုခဲ့တယ်။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ပုံတွေဖန်တီးရင်းနဲ့ ဗီဒီယိုလုပ်နည်းကိုပါ သင်ဖို့ ပြောခဲ့တယ်။ အရင်က ကျွန်မ ဗီဒီယို မလုပ်ဖူးဘူးတဲ့အတွက် ဗီဒီယိုလုပ်တဲ့မြန်နှုန်းက သိပ်ကိုနှေးကွေးခဲ့တယ်။ တခြားသူတွေ ဗီဒီယိုသုံးခုလုပ်တဲ့အချိန်မှာ ကျွန်မက တစ်ခုပဲ လုပ်နိုင်ခဲ့တယ်။ ဒါကိုလုပ်တတ်ဖို့ တစ်လကျော်လောက် ကြိုးစားသင်ယူခဲ့ပေမဲ့ ကျွန်မရဲ့အမြန်နှုန်းက တခြားညီအစ်ကိုမောင်နှမတွေကို မမီနိုင်သေးဘူး၊ ပြီးတော့ နောက်ဆုံးတည်းဖြတ်မှုတွေက အလှရသ ဆွဲဆောင်မှု ကင်းမဲ့ပြီး လိုအပ်တဲ့စံနှုန်းတွေကို မပြည့်မီခဲ့ဘူး။ အဖွဲ့ခေါင်းဆောင်က တခြားညီအစ်ကိုမောင်နှမတွေ လုပ်ထားတဲ့ ဗီဒီယိုတွေကို ကျွန်မကိုပြပြီး သူတို့ဆီကနေ သင်ယူဖို့ တိုက်တွန်းခဲ့တယ်။ ကျွန်မ တကယ်ပဲ စိတ်သောကရောက်ခဲ့ရတယ်။ “ကျွန်မ ဒီလောက် ကြိုးစားခဲ့ပေမဲ့ ဒီတာဝန်မှာ အောက်ဆုံးမှာပဲ ရှိနေတုန်းပဲ။ ဒါအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် အရှက်ရနေမယ့်အစား ခေါင်းဆောင်နဲ့ စကားပြောပြီး ရေလောင်းခြင်းတာဝန်ကိုပဲ ပြန်သွားလုပ်ဖို့ တောင်းဆိုတာက ပိုကောင်းမယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ ရေလောင်းတဲ့အဖွဲ့မှာ တစ်နှစ်ကျော် နေခဲ့ပြီး တဖြည်းဖြည်းနဲ့လည်း ကျွမ်းဝင်လာခဲ့ပြီလေ။ လူသစ်တွေကို ရေလောင်းတဲ့ဆီ ပြန်သွားရင် ဒီလောက် အရှက်ရစရာဖြစ်မှာ မဟုတ်ဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။” အဲဒီအချိန်မှာပဲ ကျွန်မရဲ့အခြေအနေ မှားနေမှန်း ရုတ်တရက် သဘောပေါက်လိုက်တယ်။ “ငါ ဘယ်လိုလုပ် ဒီလိုတွေးနိုင်ရတာလဲ။ ငါ့မှာ ဂရပ်ဖစ်ဒီဇိုင်း အခြေခံကျွမ်းကျင်မှုတချို့ ရှိနေတာပဲ၊ လက်တွေ့ကျကျနည်းလမ်းနဲ့ လေ့လာနေသရွေ့ တဖြည်းဖြည်းနဲ့ ကျွမ်းကျင်သွားနိုင်တာပဲ။ ဒီအချိန်မှာ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက်နဲ့သာ အနုပညာအဖွဲ့ကနေ ထွက်သွားလိုက်ရင် ကိုယ့်တာဝန်ကို စွန့်ပစ်လိုက်တာ မဟုတ်ဘူးလား။ ဒီလိုလုပ်တာက ဘုရားသခင်ကို စစ်မှန်တဲ့ ကျိုးနွံနာခံခြင်း မဟုတ်ဘူးလေ” ပေါ့။
နောက်ပိုင်းမှာ ကိုယ့်ရဲ့အခြေအနေကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ ရှာဖွေခဲ့တယ်။ ကျွန်မ ဝတ်ပြုရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့ရတယ်။ “သင်သည် ဘုရားအိမ်တော်သားတစ်ဦးအဖြစ် ငြိမ်းချမ်းစွာ ဆက်လက်ကျန်ရှိနေလိုသောကြောင့် ရှေးဦးစွာ သင်၏နေရာနှင့်အညီ ဖန်ဆင်းခံကောင်းတစ်ယောက်ဖြစ်ပြီး သင့်တာဝန်များကို ထမ်းဆောင်ရန် နည်းလမ်းကို သင်ယူသင့်သည်။ ဤသို့ဆိုလျှင် သင်သည် ဘုရားအိမ်တော်တွင် မိမိ၏နာမည်နှင့်လိုက်အောင် လုပ်ဆောင်နိုင်သော ဖန်ဆင်းခံတစ်ယောက်ဖြစ်လာလိမ့်မည်။ ဖန်ဆင်းခံဆိုသည်မှာ သင်၏ အပြင်ပန်း ကိုယ်ပိုင်လက္ခဏာနှင့် ဂုဏ်ပုဒ်ဖြစ်သည်။ အသေးစိတ် ဖော်ပြမှုများနှင့် အနှစ်သာရတို့ ရှိသင့်သည်။ ဤသည်မှာ ဂုဏ်ပုဒ်ရှိခြင်းသက်သက်သာ မဟုတ်ဘဲ သင်သည် ဖန်ဆင်းခံ ဖြစ်သောကြောင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်များကို ထမ်းဆောင်သင့်သည်။ သင်သည် ဖန်ဆင်းခံဖြစ်သောကြောင့် ဖန်ဆင်းခံ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းသင့်သည်။ ဤသို့ဆိုလျှင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်၊ ဝတ္တရားများမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်သည် ဖန်ဆင်းခံများ၏ တာဝန်၊ ဝတ္တရားနှင့် တာဝန်ရှိသောအရာများကို ရှင်းလင်းစွာ ချပြသည်မဟုတ်လော။ ယနေ့မှစ၍ သင်သည် ဘုရားအိမ်တော်၏ စစ်မှန်သော အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးအဖြစ် သင့်ကိုယ်သင် အသိအမှတ်ပြုသည်။ အကျိုးဆက်အနေဖြင့် ယနေ့မှစ၍ သင်၏ ဘဝအစီအစဉ်များကို ပြန်လည်ဖန်တီးသင့်သည်။ သင့်ဘဝအတွက် ယခင်က သင်ချမှတ်ခဲ့သော ရည်သန်မျှော်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ ပန်းတိုင်များကို မလိုက်စားတော့ဘဲ လက်လွှတ်သင့်သည်။ ထိုအစား သင်သည် ဖန်ဆင်းခံတစ်ယောက် ရှိသင့်သည့် ဘဝပန်းတိုင်များနှင့် ဦးတည်ချက်ကို စီစဉ်ရန် သင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အမြင်ရှုထောင့်ကို ပြောင်းလဲသင့်သည်။ ရှေးဦးစွာ သင်၏ ပန်းတိုင်နှင့် ဦးတည်ချက်သည် ခေါင်းဆောင်ဖြစ်ရန်၊ သို့မဟုတ် လုပ်ငန်းတစ်ခုခုတွင် ဦးဆောင်ရန်၊ ထူးချွန်ရန်၊ သို့မဟုတ် အလုပ်တစ်ခုခုကို လုပ်ဆောင်သော နာမည်ကြီးသည့် ပုဂ္ဂိုလ်ဖြစ်ရန်၊ သို့မဟုတ် ပညာရပ်တစ်ခုခုကို ကျွမ်းကျင်တတ်မြောက်ရန် မဖြစ်သင့်ပေ။ သင်၏ ပန်းတိုင်မှာ ဘုရားသခင်ထံမှ သင်၏တာဝန်ကို ခံယူရန် ဖြစ်သင့်သည်။ ဆိုလိုသည်မှာ ယခုအချိန်တွင် မည်သည့်အလုပ်ကို သင်လုပ်ဆောင်သင့်သည်ကို သိရှိရန်၊ မည်သည့်တာဝန်ကို သင် ထမ်းဆောင်ဖို့လိုသည်ကို သိရှိရန်ဖြစ်သည်။ ဘုရားအိမ်တော်တွင် ဘုရားသခင်က သင့်အပေါ် မည်သည့်အရာကို တောင်းဆိုသည်၊ သင့်အတွက် မည်သည့်တာဝန်ကို စီစဉ်ပြီးဖြစ်သည်ဆိုသည်ကို မေးမြန်းဖို့ လိုသည်။ ထိုတာဝန်နှင့်ပတ်သက်ပြီး နားလည်သင့်သည့်၊ သဘောပေါက်သင့်သည့်၊ လိုက်နာသင့်သည့် စည်းမျဉ်းများနှင့်ပတ်သက်ပြီး နားလည်ကာ ရှင်းလင်းမှုရှိသင့်သည်။ ယင်းတို့ကို သင် မမှတ်မိနိုင်လျှင် စာရွက်ပေါ်တွင် ချရေးနိုင်သည်၊ သို့မဟုတ် သင်၏ ကွန်ပျူတာပေါ်တွင် မှတ်သားနိုင်သည်။ ယင်းတို့ကို စစ်ဆေးပြီး တွေးတောရန် အချိန်ယူလော့။ ဖန်ဆင်းခံများ၏ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သင်၏ အဓိကဘဝ ပန်းတိုင်သည် ဖန်ဆင်းခံတစ်ယောက်ဖြစ်သည့် သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ရန် ဖြစ်သင့်သည်။ ဤသည်မှာ သင့်တွင်ရှိသင့်သော အခြေခံအကျဆုံးသော ဘဝပန်းတိုင်ဖြစ်သည်။ ဒုတိယအနေဖြင့် ပို၍ အသေးစိတ်ကျသောအရာမှာ ဖန်ဆင်းခံတစ်ယောက်အဖြစ် သင့်တာဝန်များကို မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းပြီး အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ယောက် မည်သို့ ဖြစ်ရမည်ဆိုသည့်အရာ ဖြစ်သည်။ သင်၏ ဂုဏ်၊ အဆင့်အတန်း၊ မာန်မာန၊ အနာဂတ် စသဖြင့်တို့နှင့် သက်ဆိုင်သော မည်သည့်ပန်းတိုင်၊ သို့မဟုတ် ဦးတည်ချက်မဆို စွန့်လွှတ်သင့်သည်မှာ ပြောစရာမလိုပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့ကျင့်ကြံရမယ့် လမ်းကြောင်းကို ပေးခဲ့ပြီး လိုက်စားရတဲ့ မှန်ကန်တဲ့ပန်းတိုင်ကို ရှာတွေ့အောင် ကူညီပေးခဲ့တယ်။ အတိတ်တုန်းက ကျွန်မ ရေလောင်းခြင်းတာဝန်ကို ထမ်းဆောင်ခဲ့တာဟာ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိခဲ့တယ်၊ အခု အနုပညာအဖွဲ့ကို ပြန်လာပြီး ဒီတာဝန်ကို ထမ်းဆောင်ရတာကလည်း ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ စီစဉ်မှုပဲဖြစ်ပြီး ဘုရားသခင်အိမ်တော်ရဲ့ အလုပ်လိုအပ်ချက်ကြောင့်ပဲ။ ဘုရားသခင် တန်ဖိုးထားတာက ကျွန်မရဲ့အောင်မြင်မှုတွေ ဘယ်လောက်ကြီးမားသလဲ၊ ဒါမှမဟုတ် လူဘယ်လောက်များများက ကျွန်မကို အထင်ကြီးလေးစားပြီး ကြည်ညိုကြသလဲဆိုတာ မဟုတ်ဘူး။ အဲဒီအစား ဘုရားသခင် တန်ဖိုးထားတာက ကျွန်မရဲ့စိတ်နှလုံး၊ ကိုယ့်တာဝန်အပေါ်ထားတဲ့ ကိုယ့်ရဲ့သဘောထား၊ ကိုယ်တကယ်ပဲ ဇွဲလုံ့လနဲ့ တာဝန်သိတတ်မှု ရှိရဲ့လား၊ ကိုယ့်တာဝန်ကို သစ္စာရှိရှိနဲ့ အမှန်တကယ် ထမ်းဆောင်ရဲ့လား၊ ပြီးတော့ ကိုယ်တော်ကို ကျိုးနွံနာခံမှု ရှိရဲ့လား ဆိုတာပါပဲ။ ကျွန်မဟာ ကိုယ်တော်တဲ့အရာကိုပဲ လုပ်ဖို့ ရှာလို့မရဘူး။ တခြားသူတွေရဲ့ အထင်ကြီးမှုကို ရှာဖို့အတွက်လည်း အသက်ရှင်လို့မရဘူး။ ကျွန်မဟာ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းဖို့၊ ဘုရားသခင်ကို ကျေနပ်စေပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ဖို့အတွက် အသက်ရှင်သင့်တယ်။ ကိုယ့်တာဝန်အပေါ်ထားတဲ့ ကိုယ့်ရဲ့သဘောထားကို ပြုပြင်ခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ ဗီဒီယိုထုတ်လုပ်မှု အရည်အသွေးနဲ့ ကျင်လည်မှုက တခြားသူတွေလောက် မကောင်းသေးဘူး၊ ဒါကြောင့် ကျွန်မ ကိုယ့်ရဲ့လမ်းလွဲမှုတွေနဲ့ ပြဿနာတွေအပေါ်မှာ ပိုပြီးအကျဉ်းချုပ်ရမယ်၊ ကိုယ့်ရဲ့ချို့တဲ့မှုတွေကို ဖြည့်ဆည်းဖို့ သင်ယူမှုအပေါ် အာရုံစိုက်ပြီး ကိုယ့်ရဲ့လက်ရှိတာဝန်ကို လက်တွေ့ကျကျ ကောင်းကောင်း ဖြည့်ဆည်းရမယ်။ ဒါကမှ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီမှာ။ ဒီအရာတွေကို သဘောပေါက်လိုက်တော့ ကိုယ့်ရဲ့လက်ရှိတာဝန်ကနေ ဘယ်လိုလွတ်မြောက်ရမလဲဆိုတာကို ကျွန်မ မစဉ်းစားတော့ဘူး။ အဲဒီအစား ကျွန်မ နည်းစနစ်တွေကို လက်တွေ့ကျတဲ့နည်းလမ်းနဲ့ သင်ယူခြင်းအပေါ် အာရုံစိုက်ခဲ့တယ်၊ နားမလည်တာတွေ ကြုံလာရင် ညီအစ်ကိုမောင်နှမတွေကို တက်တက်ကြွကြွ အကူအညီတောင်းပြီး မေးမြန်းခဲ့တယ်။ မသိလိုက်ခင်မှာပဲ ခြောက်လ ကုန်လွန်သွားခဲ့တယ်၊ ကျွန်မဟာ ကိုယ့်တာဝန်အတွက် လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို တဖြည်းဖြည်းနဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့ပြီး ကိုယ့်တာဝန်ရဲ့ ရလဒ်တွေကလည်း အရင်ကထက် ပိုကောင်းလာခဲ့တယ်။
ဒီခရီးလမ်းကို ပြန်ကြည့်လိုက်တော့ မတူညီတဲ့တာဝန်တွေကို ပြန်ခန့်အပ်ခံရတဲ့ကိစ္စမှာ ဖောက်ပြန်ပျက်စီးမှု အများကြီး ထုတ်ဖော်ခဲ့ပေမဲ့ ကျွန်မ မတူညီတဲ့တာဝန်တွေကို ထမ်းဆောင်ပြီး ကိုယ့်ရဲ့ချို့တဲ့မှုတွေ အများကြီးကို ဖြည့်ဆည်းခဲ့တယ်။ အရေးကြီးဆုံးအရာကတော့ လိုက်စားမှုနောက်ကွယ်က ကိုယ့်ရဲ့ မှားယွင်းတဲ့ အမြင်တွေကို ရှင်းရှင်းလင်းလင်း မြင်လာခဲ့တာပါပဲ။ တကယ်လို့သာ ဘုရားသခင်က ဖောက်ပြန်ပျက်စီးတဲ့ ကိုယ့်ရဲ့ စိတ်သဘောထားကို ဖော်ထုတ်ဖို့ အခြေအနေတွေကို မစီစဉ်ပေးခဲ့ဘူးဆိုရင် ကျွန်မဟာ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိုပဲ ဆက်ပြီး လိုက်စားနေဦးမှာဖြစ်ပြီး ကိုယ့်တာဝန်ကို ဘယ်လိုမှန်မှန်ကန်ကန် ဆက်ဆံရမလဲဆိုတာကိုလည်း သိနေဦးမှာ မဟုတ်ဘူး။ အခုတော့ ဘာကိုလိုက်စားတာက အဖိုးတန်ဆုံးလဲ၊ ဘုရားသခင်ကို ဘယ်လို ကျိုးနွံနာခံပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းရမလဲဆိုတာကို ကျွန်မ နားလည်သွားပြီ၊ ပြီးတော့ ဘုရားသခင် စီစဉ်ပေးတဲ့အခြေအနေတွေအားလုံးက ကျွန်မကို ကယ်တင်ဖို့ပဲဆိုတာကိုလည်း ခံစားရတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။