ဘုရားသခင်၏ လူ့ဇာတိခံခြင်းကို သိခြင်းနှင့်သက်ဆိုင်သော နှုတ်ကပတ်တော်များ
ကောက်နုတ်ချက် (၂၈)
ဘုရားသခင်ကို သိကျွမ်းခြင်းသည် ဘုရားနှုတ်ကပတ်တော်ကိုဖတ်ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားခြင်းမှတစ်ဆင့်ဖြစ်ရမည်ဖြစ်ပြီး စမ်းသပ်မှုများစွာ၊ စစ်ဆေးမှု၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းများကို တွေ့ကြုံခြင်းမှတစ်ဆင့်လည်း ဖြစ်ရမည်။ ထိုအခါမှသာ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် ဘုရားသခင်၏ စိတ်သဘောထားကို အမှန်တကယ် သိမြင်မှုတစ်ခုရှိရန် ဖြစ်နိုင်ခြေရှိသည်။ လူအချို့က- “လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ငါမမြင်ဖူးဘူး။ ဒါကြောင့် ဘုရားသခင်ကို ငါဘယ်လို သိနိုင်မလဲ။” ဟု ဆိုကြသည်။ အမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ သူ၏စိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ၊ လူသားများအတွက် သူ၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းအပြင် ၎င်းတို့ကို ကယ်တင်ခြင်းအတွက် သူ၏ နည်းလမ်း တို့ကို သင် မြင်နိုင်သည်။...ဤသည်မှာ သူ၏ နှုတ်ကပတ်တော်များကို လူသားများက ရေးသားခဲ့ခြင်းမဟုတ်ဘဲ၊ ဘုရားသခင် ကိုယ်တော်တိုင်က ဖော်ပြခဲ့ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဖော်ပြထားခြင်း ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်က သူ၏ ကိုယ်ပိုင်စကားများနှင့် သူ့စိတ်နှလုံး၏အသံကို ဖော်ပြနေခြင်း ဖြစ်သည်။ ဤအရာတို့ကို သူ၏စိတ်နှလုံးမှလာသော စကားများဟူ၍လည်း ခေါ်ဆိုနိုင်သည်။ အဘယ်ကြောင့် သူ၏စိတ်နှလုံးမှလာသော စကားများဟု ခေါ်ဆိုသနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ထိုနှုတ်ကပတ်တော်များသည် စိတ်ထဲက ထုတ်ပြန်ထားခြင်းဖြစ်ပြီး သူ၏စိတ်သဘောထား၊ သူ၏အလိုတော်၊ သူ၏ စိတ်ကူးများနှင့်အတွေးများ၊ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်ကို သူ၏ကယ်တင်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် သူ၏ မျှော်မှန်းချက်များကို ဖော်ပြသောကြောင့် ဖြစ်သည်။...ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် ကြမ်းတမ်းသော စကားလုံးများ၊ နူးညံ့သိမ်မွေ့ပြီး အရေးထားသော စကားလုံးများအပြင် လူသား၏ ဆန္ဒများနှင့် တစ်ထပ်တည်းမကျသည့် အမြင်သစ်ပေးသော စကားလုံးအချို့ ပါဝင်သည်။ အကယ်၍ သင်သည် အမြင်သစ်ပေးသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက၊ ဘုရားသခင်သည် အတော် ခက်ထန်သည်ဟု သင်ခံစားကောင်းခံစားရလိမ့်မည်။ အကယ်၍ သင်သည် နူးညံ့သိမ်မွေ့သော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက၊ ဘုရားသခင်သည် သိပ်ဩဇာအာဏာမရှိဟု သင်ခံစားကောင်း ခံစားရလိမ့်မည်။ ထို့ကြောင့် သင်သည် ထိုအရာများကို ရှေ့နောက်စကားအဆက်အစပ် မရှိဘဲ မယူရပေ။ ယင်းထက်၊ ရှုထောင့်မျိုးစုံမှ ကြည့်မြင်ရမည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် ကရုဏာကြီးမားသော ရှုထောင့်မှ စကားပြောပြီး၊ ထိုအခါ လူတို့သည် လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာကို မြင်ကြသည်။ တစ်ခါတစ်ရံ သူသည် အလွန် တင်းကျပ်သော ရှုထောင့်မှ စကားပြောပြီး၊ ထိုအခါ လူတို့သည် သူ၏ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းခံမည်မဟုတ်သည်ကို လည်းကောင်း၊ လူသားသည် မနှစ်မြို့ဖွယ်ကောင်းအောင် ညစ်ညမ်းပြီး ဘုရားသခင်၏ မျက်နှာတော်ကို မြင်တွေ့ရန်၊ သို့မဟုတ် သူ၏ ရှေ့မှောက်သို့လာရန် မထိုက်တနသည်ကို လည်းကောင်း၊ လူတို့သည် ယခု ဘုရားသခင်၏ရှေ့မှောက်သို့ လာခွင့်ရသည်မှာ သူ၏ ကျေးဇူးတော်သက်သက်ကြောင့်သာ ဖြစ်သည်ကိုလည်းကောင်း မြင်ကြသည်။ ဘုရားသခင်၏ အမှုပြုပုံပြုနည်းမှ၊ ပြီးလျှင် သူ့အမှု၏ အရေးပါမှုတွင် သူ၏ဉာဏ်ပညာကို မြင်နိုင်သည်။ လူတို့သည် သူနှင့် မည်သည့် တိုက်ရိုက် အဆက်အသွယ်မျှမရှိဘဲနှင့်ပင် ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ မြင်နိုင်ကြဆဲဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ သိရှိသူတစ်ဦးသည် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံမှုရှိလာသည့်အခါ၊ ခရစ်တော်နှင့် သူ၏ ကြုံဆုံရခြင်းသည် ဘုရားသခင်နှင့်သက်ဆိုင်သော သူ၏တည်ဆဲ အသိပညာနှင့် ကိုက်ညီနိုင်ပေသည်။ သို့သော် သဘောတရားအရသာ နားလည်မှုရှိသူတစ်ဦးသည် ခရစ်တော်နှင့် တွေ့ဆုံသည့်အခါ၊ သူသည် အပြန်အလှန်ဆက်စပ်နေမှုကို မမြင်နိုင်ပေ။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း သမ္မာတရားသည် နက်နဲမှုများထဲမှ အနက်နဲဆုံးသောအရာ ဖြစ်သည်၊ ယင်းကို လူတို့က နားလည်သဘောပေါက်ရန် ခက်ခဲ၏။ လူ့ဇာတိခံယူခြင်း၏ နက်နဲမှုနှင့်ပတ်သက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အတူတကွ ဆွဲယူကြည့်လော့၊ ယင်းတို့ကို ရှုထောင့်မျိုးစုံမှ ကြည့်ပြီးနောက် အတူတကွ ဆုတောင်းကာ ဆင်ခြင်တွေးတောပြီး သမ္မာတရား၏ ဤရှုထောင့်နှင်ပတ်သက်၍ နောက်ထပ် မိတ်သဟာယပြုလော့။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိနိုင်လိမ့်မည်ဖြစ်ပြီး၊ နားလည်လာနိုင်လိမ့်မည်။ လူသားများသည် ဘုရားသခင်နှင့် တိုက်ရိုက် ထိတွေ့မှုကို ရရှိခြင်းငှာ အခွင့်အရေးမရှိသောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော အသိပညာကို အဆုံးတွင် ရရှိရမည်ဆိုလျှင် စမ်းတဝါးဝါးရှေ့ဆက်ကာ ဖြည်းဖြည်းချင်းစီ ဝင်ရောက်ရန် ဤကဲ့သို့သော အတွေ့အကြုံမျိုးကို အားထားကြရမည် ဖြစ်သည်။
ခရစ်တော်ကိုသိခြင်းနှင့် လက်တွေ့ကျသောဘုရားသခင်ကိုသိခြင်းတို့သည် သမ္မာတရား၏ အနက်နဲဆုံးသော သွင်ပြင်လက္ခဏာဖြစ်သည်။ သမ္မာတရား၏ဤသွင်ပြင်လက္ခဏာကို ရှာဖွေရာတွင် အလေးထားသူများအားလုံးသည် သူတို့၏စိတ်နှလုံးများထဲတွင် အေးငြိမ်းသက်သာခြင်းကို တိုး၍ ခံစားရလိမ့်မည်ဖြစ်ပြီး လိုက်လျှောက်ရမည့်လမ်းကြောင်းတခု ရှိလိမ့်မည်။ ဤသမ္မာတရား၏သွင်ပြင်လက္ခဏာကို လူသား၏စိတ်နှလုံးနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ လူတစ်ဦး၏စိတ်နှလုံးသည် ကျန်းမာနေသောအခါ သူသည် လှုပ်ရှားတက်ကြွနေသည်ဟု ခံစားရသော်လည်း လူတဦး၏စိတ်နှလုံးက ရောဂါ၏ဖိစီးနှိပ်စက်မှုဒဏ်ကို ခံနေရသောအခါ သူသည် ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရသည်။ ထိုနည်းတူပင် တစ်စုံတစ်ယောက်က ဘုရားသခင်၏လူ့ဇာတိခံယူခြင်း သမ္မာတရားကို ပို၍ စေ့စေ့စပ်စပ် နားလည်လေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် စိတ်အားထက်သန်မှုနှင့် လှုံ့ဆော်မှုတို့ ပို၍ ရှိလာလေဖြစ်သည်။ ယုံကြည်ခြင်းနှင့် စိမ်းနေသေးသော လူအချို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ပြီး ဘုရားသခင်၏အသံတော်ဖြစ်သည်ဟု ခံစားမိကြသော်လည်း၊ "ဤနှုတ်ကပတ်တော်များကို သူပြောသည်ဟူသည့်အချက်က သူသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်သည်ကို အမှန်တကယ် သက်သေပြသလော။ ဤသမ္မာတရားများကို သဖော်ပြနိုင်စွမ်းရှိခြင်းသည် သူက ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်းကို အမှန်တကယ် သက်သေပြသလော" စသည့် သံသယများ သူတို့တွင် ရှိနေကြသေးသည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်သည့် ဤကဲ့သို့သောသံသယများသည် သမ္မာတရားကို နားမလည်သောသူတို့တွင် မကြာခဏ ထွက်ပေါ်လာတတ်သည်။ အမှန်တွင်တော့ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသဘောသဘာဝ အနှစ်သာရကို ပိုင်ဆိုင်ပြီး နှုတ်ကပတ်တော်မည်မျှ သူဖော်ပြသည်ဖြစ်စေ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ သူ မည်မျှ စကားများစွာ ပြောသည်ဖြစ်စေ သို့မဟုတ် မည်မျှ စကားနည်းပါးစွာ ပြောသည်ဖြစ်စေ သူ၏ဘုရားအနှစ်သာရသည် မပြောင်းလဲတော့ပါ။ သခင်ယေရှုကြွလာခဲ့စဉ်တုန်းက သူသည် စကားများစွာမပြောခဲ့ဘဲ ရွေးနုတ်ခြင်း အမှုတော်ကိုသာ လုပ်ဆောင်ခဲ့သည်။ သူသည်လည်းပဲ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည် မဟုတ်လော။။ သူသည် ဘုရားသခင်ဖြစ်သည်ဟု ဆိုသောအခါ ယင်းကို မည်သို့ အတိအကျ ဆုံးဖြတ်သနည်း။ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများအပေါ် အခြေခံ၍သာ ဆုံးဖြတ်သလော။ ဤသည်မှာ အဓိကမေးခွန်းတခုဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို သန့်ရှင်းသောဝိညာဉ်တော်က လမ်းညွှန်ပေးသည်၊ သန့်ရှင်းသောဝိညာဉ်တော်က သူ၏လမ်းညွှန်ချက် ပြီးဆုံးသည်နှင့်တပြိုင်နက် သူသည် ထွက်ခွာသွားပြီး အမှုပြုခြင်းမရှိတော့ဟုပင် လူအချို့ကမှားယွင်းစွာ ယုံကြည်ကြသည်။ ဤလူ့ဇာတိသည် သာမန်၊ ပုံမှန်လူ့ဇာတိဖြစ်ပြီး၊ ထိုသို့ဖြင့် သူ့ကို ဘုရားသခင်ဟု ခေါ်ဆို၍မရနိုင်ပါ၊ သူ့ကို "လူသား"ဟု ခေါ်ဆိုနိုင်သော်လည်း ဘုရားသခင်ဟု ခေါ်ဆို၍ မရပါ။ လူအချို့သည် ဤကဲ့သို့ နားလည်မှုလွဲခြင်းမျိုးကို ထားရှိကြသည်။ ၎င်းတို့၌ဤကဲ့သို့သောနားလည်မှုလွဲခြင်းမျိုး ဖြစ်ပေါ်နေခြင်း၏ အရင်းခံအကြောင်းရင်းသည် အဘယ်နည်း။ ထိုအရာမှာ လူများသည် လူ့ဇာတိခံယူခြင်း၏ရည်ရွယ်ချက်ကို အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိကြသောကြောင့်ဖြစ်သည်။ လူတို့သည် ထိုအရာကို နက်ရှိုင်းစွာ မလေ့လာကြသေးသကဲ့သို့ ထိုအရာအပေါ် ၎င်းတို့၏ သိနားလည်မှုက အပေါ်ယံဆန်လွန်းသည်။ ၎င်းတို့သည် ထိုအရာ၏အပေါ်ယံမျှလောက်ကိုသာ သိကြသည်။ ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြသောကြောင့် သူသည် မုချဧကန် ဘုရားသခင်ဖြစ်ကြောင်းကို ယုံကြည်သောသူများလည်း ရှိကြသည်။ အကယ်၍ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာ မပြောခဲ့ပါက၊ အကယ်၍ သူသည် စကားအနည်းငယ်ကိုသာ ပြောခဲ့ပါက သူသည် ဘုရားသခင်ဖြစ်ဦးမည်လော။ အမှန်မှာ နှုတ်ကပတ်တော် အနည်းငယ်မျှလောက်ကိုပင် သူပြောပါက ယင်းတို့သည် ဘုရားသဘောသဘာဝ၏ဖော်ပြချက် ဖြစ်နေသေးပြီး သူသည် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်က မည်မျှပြောသည်ဖြစ်စေ အဆုံးတွင်တော့ သူသည် ဘုရားသခင်ဖြစ်နေဆဲဖြစ်သည်။ ဘုရားသခင်က လုံးဝ စကားမပြောခဲ့လျှင်ပင် သူသည် ဘုရားသခင်ဖြစ်နေဆဲဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်ပြီး မည်သူကမှ မငြင်းနိုင်ပေ။ ယနေ့ခေတ်တွင် ဘုရားသခင်နောက်လိုက်သောလူအများစုသည် စိုးမိုးခြင်းခံကြရပြီး အားလုံးက သူ့နောက်ကို ပြတ်ပြတ်သားသား လိုက်နိုင်ကြကာ ၎င်းတို့၏တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်နိုင်ကြသည်။ ဘုရားသခင်သည် တရုတ်ပြည်ရှိ လူတစ်စုကို ရရှိပြီးဖြစ်သည်။ လူများတွင် ဘုရားသခင်၏လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သည့် အသိပညာရှိကြပြီး၊ လူ့ဇာတိကို ခံယူထားသည့် ခန္ဓာသည် လက်တွေ့ကျသော ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်ကို ၎င်းတို့ မြင်ကြရပြီးဖြစ်သည်။သို့သော် အကယ်၍ ဤအမှုတော်၏ အဆင့်သည် မပြီးပြည့်စုံသေးပါက လူ့ဇာတိကို ခံယူထားသည့် ခန္ဓာသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်ကို လူတို့က မှတ်မိနိုင်မည်လော။ ယခင်က ဘုရားသခင်သည် နှုတ်ကပတ်တော်များကို မြွက်ဆိုကာ ဖော်ပြခြင်းအားဖြင့် အမြဲ အမှုပြုကြောင်းကို လူအချို့က ဂရုပြုမိသောအခါ "သူက ဘုရားသခင်ဟုတ်သလော၊ မဟုတ်ဘူးလော။ ဤသည်က လူ့ဇာတိခံဘုရားသခင်နှင့် တူသလော။ ဘုရားသခင်ပြောသမျှအားလုိုသည် အမှန်တကယ် ပြည့်စုံနိုင်သလော" ဟု ၎င်းတို့ ဆက်သိချင်ခဲ့ကြသည်။ ဘုရားသခင့်အမှုတော်၏ ဤအဆင့်နှင့်ပတ်သက်၍ သံသယဖြစ်ဖွယ် သဘောထားတခုကို ၎င်းတို့ အမြဲတမ်း စွဲကိုင်ထားခဲ့ကြသည်။ အကယ်၍ ဘုရားသခင်က လူ့ဇာတိအဖြစ်ခံယူထားသော ခန္ဓာကို သင်သံသယထားနိုင်ပါက သင်သည် လူ့ဇာတိခံထားသော ခန္ဓာကို မယုံကြည်ကြောင်း သို့မဟုတ် သူသည် ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်၏အနှစ်သာရကို သူပိုင်ဆိုင်သည်၊ သူပြောသော နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ ဖော်ပြချက်များဖြစ်ကြသည်ဟု သင် မယုံကြည်ကြောင်း ဤအရာက သက်သေပြပေသည်။ ထို့ပြင် သူ၏နှုတ်ကပတ်တော်များသည် ဘုရားသခင်၏စိတ်သဘောထားကို ထုတ်ဖော်ခြင်းများနှင့် ဘုရားသခင်၏အနှစ်သာရ ဖော်ပြချက်များဖြစ်ကြကြောင်းကို သင် သာ၍ မယုံကြည်ပေ။ လူအချို့သည် ၎င်းတို့၏ စိတ်နှလုံး၌ "အစတွင် သန့်ရှင်းသောဝိညာဉ်တော်က မိန့်မြွက်ချက်တွေကို တိုက်ရိုက် အတည်တကျပြောခဲ့ပြီး အခုမှာတော့ မြွက်ဆိုသည်မှာ လူ့ဇာတိခံဘုရားသခင်ဖြစ်သည်။ ဘုရားသခင်က သူ၏အမှုတော်ကို လုပ်ဆောင်ရန် အနာဂတ်တွင် မည်သည့်ပုံသဏ္ဍာန်ကို ယူလိမ့်မည်နည်း" ဟု တွေးကြသည်။ ယခုတွင်မူ ဤလူများသည် လက်ပိုက်ကြည့်နေကြဆဲပင်။ သူတို့သည် မည်သည့်အရာက အမှန်တကယ်ဖြစ်သည်ကို သိရန် မြင်ရန် နည်းလမ်းရှာဖွေနေကြဆဲ ဖြစ်သည်။ ။ ဤနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များဖြစ်ကြကြောင်းတို့ကို စစ်မှန်သောလမ်းခရီးကို စူးစမ်းလေ့လာနေသည့် လူများစွာတို့က အသိအမှတ်ပြုကြသော်လည်း ထိုအရာများကို လက်မခံမီ သေချာစွာ စောင့်ကြည့်လေ့လာပြီး ကိစ္စ၏အကြောင်းရင်းအမှန်ကို စူးစမ်းဖော်ထုတ်လိုကြသေးသည်။ ဤလူများအားလုံးသည် ဘုရားသခင်ကို သုတေသနလုပ်နေကြခြင်းဖြစ်သည်။ ၎င်းတို့သည် အခွင့်အရေးသမားများဖြစ်ကြသည်။ ဘုရားသခင်က နောက်ထပ်သမ္မာတရားမည်မျှ ဖော်ပြလိမ့်မည်ဆိုသည်နှင့် တတိယကောင်းကင်ဘုံနှင့်ဆိုင်သော ဘာသာစကားဖြင့် သူပြောမပြောဆိုသည်တို့ကို လူအချို့က သိမြင်ချင်ကြရုံသာဖြစ်သည်။ အကယ်၍ သူတို့တွင် ဓာတ်မှန်ရိုက်စက်တခုရှိခဲ့ပါက ဘုရားသခင်အပေါ် ၎င်းတို့ အသုံးပြုချင်ကြမည်ဖြစ်သည်။ "သူ့စိတ်နှလုံးထဲ တွင် သမ္မာတရားတစ်စုံတစ်ရာများ ရှိနေသေးသလော၊ ဘုရားသခင်၏ဝိညာဉ်တော်က သူ့အထဲမှာ အလုပ်လုပ်နေသလော၊ ပြီးလျှင် ဘုရားသခင်၏ဝိညာဉ်တော်က သူ့ကို ကူညီနေသလော၊ သူပြောသည့်အရာကို လမ်းညွှန်ပြသနေသလောဆိုသည်များကို ကျွန်ုပ် ကြည့်ဦးမည်။ အကယ်၍ သူ့မှာ သမ္မာတရားကင်းမဲ့ပြီး သူသည် သာမန်လူတယောက်သာဖြစ်လျှင် သူ့ကို ကျွန်ုပ် ယုံကြည်လိမ့်မည်မဟုတ်ပါ" ဟူ၍တည်း။ လူအချို့သည် ဤကဲ့သို့သောသံသယများကို ထားရှိကြပြီး၊ ဤအကြောင်းကို ၎င်းတို့က အမြဲ တွေးနေကြသည်။ လူများသည် အဘယ်ကြောင့် ဤအခြေအနေမျိုးတွင် မိမိတို့ရောက်ရှိနေသည်ကို တွေ့ရကြသနည်း။ အကြောင်းမှာ ၎င်းတို့တွင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအကြောင်းကို စေ့စေ့စပ်စပ် နားလည်သဘောပေါက်ခြင်း မရှိသောကြောင့်ဖြစ်သည်။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအကြောင်းကို ၎င်းတို့ စေ့စေ့စပ်စပ် နားလည်သဘောပေါက်ခြင်း ကင်းမဲ့ပြီး ထိုအကြောင်းကို ၎င်းတို့ အမှန်တကယ် နားမလည်ကြပေ။ ယနေ့ခေတ်တွင် ဤလူသည် သူ့အတွင်း၌ ဘုရားသခင်၏ဝိညာဉ်တော်ရှိသည်ဟူသည့်အချက်ကိုသာ လူများက အသိအမှတ်ပြုကြသည်။ သို့သော် သူ့တွင် ဘုရားသခင်၏အနှစ်သာရ၊ ဘုရားသခင်၏စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းအပြင် သူ့အတွင်းရှိ ဘုရားသခင်၏ ဖြစ်တည်မှုအလုံးစုံ၊ သူ ဘုရားသခင်ဖြစ်ကြောင်းဟူသည့် အချက်များနှင့် ပတ်သက်လာသောအခါတွင် လူအချို့သည် ဤအရာကို သဘောမပေါက်ရုံသာမကဘဲ အချို့ကိစ္စများနှင့်စပ်လျဉ်း၍လည်း ဆက်စပ်မှုမလုပ်နိုင်ကြပေ။ လူက ဘုရားသခင်၌ မြင်သည့်အရာနှင့် ဘုရားသခင်နှင့်ပတ်သက်၍ ယုံကြည်သည့်အရာသည် ဘုရားသခင်၏ အနှစ်သာရမဟုတ်ပေ။ ဆိုလိုသည်မှာ လူသားက ဘုရားသခင် ဖော်ပြသည့်နှုတ်ကပတ်တော်များနှင့် သူပြုသည့် လက်တွေ့ကျသောအမှုတော်တို့ကိုသာ မြင်သည်။ ဘုရားသခင်သည် အမှုတော်၏တစ်စိတ်တစ်ပိုင်းကို လုပ်ခဲ့ကြောင်း၊ ဤသည်မှာ လူ့ဇာတိခံဘုရားသခင် လုပ်နိုင်စွမ်းရှိသည့် တခုတည်းသောအမှုတော်ဖြစ်ကြောင်းကိုသာ ၎င်းတို့ ယုံကြည်ကြသည်။ လူ့ဇာတိခံဘုရားသခင်သည် ဤအထူးအမှုတော်ကို ယခု လုပ်ဆောင်ရုံမျှသာဖြစ်သော်လည်း သူသည် ဘုရားသဘောသဘာဝ၏အနှစ်သာရတခုလုံးကို ပိုင်ဆိုင်ကြောင်းကို လူတစ်ဦးကမျှ မယုံကြည်ပေ။ ဤသည်ကို မည်သူကမျှ မယုံကြည်ပေ။
လူအချို့က၊ "လူ့ဇာတိခံဘုရားသခင်ကို သိဖို့ဆိုသည်မှာ အလွန်ခက်သည်။ တိုက်ရိုက်အလုပ်လုပ်နေသည်က ဘုရားသခင်၏ဝိညာဉ်တော်သာဖြစ်ခဲ့ပြီး၊ ဘုရားသခင်၏တန်ခိုးနှင့် သြဇာအာဏာကို ကျွန်ုပ်တို့ တိုက်ရိုက် မြင်နိုင်ခဲ့ပါက ကျွန်ုပ်တို့အတွက် ဘုရားသခင်ကို သိဖို့ လွယ်ကူမည်ဖြစ်သည်" ဟု ဆိုကြသည်။ ဤသည်မှာ ယုတ္တိတန်သော အဆိုပြုချက်တခုလော။ သင်တို့အားလုံးကို ငါ မေးခွန်းတခု မေးပါရစေ။ "လူ့ဇာတိခံဘုရားသခင်ကို သိဖို့ ပိုလွယ်ကူသလော သို့မဟုတ် ဘုရားသခင်၏ဝိညာဉ်တော်ကို သိဖို့ ပိုလွယ်ကူသလော။ အကယ်၍ လူ့ဇာတိခံဘုရားသခင်နှင့် ယေဟောဝါဘုရားသခင်တို့သည် တူညီသည့် အမှုတော်ပမာဏကို ထမ်းဆောင်ခဲ့ပါက မည်သူကို ပိုပြီး သိဖို့ လွယ်ကူလိမ့်မည်နည်း"။ သူတို့နှစ်ယောက်လုံးကို သိဖို့ မလွယ်ကူဟု ဆိုကောင်းဆိုနိုင်သည်။ လူ့ဇာတိခံဘုရားသခင်က ပထမဆုံး အလုပ်စလုပ်ပြီး စကားပြောသောအခါတွင် သူ့ကို နားလည်ဖို့ လူများက ပျက်ကွက်ခဲ့သည်မဟုတ်လော။ ၎င်းတို့အားလုံးက သူ့ကို အထင်လွဲခဲ့ကြသည်မဟုတ်လော။ မည်သူကမျှ ဘုရားသခင် အဘယ်ကြောင့် သူ့အမှုတော်ကို လုပ်ဆောင်နေသည်ဆိုသည်ကို မသိကြပေ။ အကယ်၍ လူများတွင် ဝိညာဉ်ရေးရာ သိနားလည်မှုရှိပါက ဘုရားသခင်ကို သိလာဖို့ ၎င်းတို့အတွက် လွယ်ကူသော်လည်း ၎င်းတို့တွင် ဝိညာဉ်ရေးရာ သိနားလည်မှုမရှိဘဲ သူ့နှုတ်ကပတ်တော်များကို နားမလည်နိုင်ပါက သူ့ကို သိဖို့ ၎င်းတို့အတွက် ခက်ခဲလိမ့်မည်။ ဤသည်မှာ အမှန်တရားတခုဖြစ်သည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတဆင့် သမ္မာတရားကို ချစ်မြတ်နိုးသူတို့သည် သမ္မာတရားကို နောက်ဆုံးတွင် နားလည်လာသည်၊ စိတ်သဘောထားဆိုင်ရာ အပြောင်းအလဲကို ရရှိလာပြီး လူ့ဇာတိခံဘုရားသခင်၏ စစ်မှန်သော အသိပညာကို ရလာသည်။ ဤအရာက သမ္မာတရားများကို တိုက်ရိုက်ဖော်ပြနေသော လူ့ဇာတိခံဘုရားသခင်ကို သိဖို့ အတော်အတန် ပိုလွယ်ကြောင်းကို သက်သေပြသည်။ သို့သော် အချို့သောအတွေ့အကြုံများကို ဖြတ်သန်းဖို့ လိုအပ်သည်။ ဝိညာဉ်တော်က အလုပ်လုပ်သောအခါ သမ္မာတရားများစွာကို ဖော်ပြဖို့ မဖြစ်နိုင်ပေ။ သူသည် လူများကို တို့ထိရုံသာ တတ်နိုင်သည် သို့မဟုတ် အသိဉာဏ်ပွင့်လင်းစေရုံသာ တတ်နိုင်သည်။ ထိုသို့သော အခြေအနေတွင် လူများ သမ္မာတရားမည်မျှ နားလည်နိုင်ခြင်းတွင် ကန့်သတ်ချက်တခု ရှိလိမ့်မည်။ ဝိညာဉ်တော်၏အမှုတော်ကို လူများ နှစ်ပေါင်းမည်မျှကြာအောင် တွေ့ကြုံခဲ့ပါစေ၊ လူ့ဇာတိခံဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခြင်းလောက် ထိရောက်သောအကျိုးကျေးဇူးများကို ရလိမ့်ဦးမည်မဟုတ်။ ဤသည်မှာ လူ့ဇာတိခံဘုရားသခင်၏အမှုတော်သည် မြင်သာပြီး အားလုံးကို လက်ဆုပ်လက်ကိုင်ပြနိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် သူသည် အချိန်မရွေး၊ နေရာမရွေး သူ့ကိုယ်သူ ဖော်ပြနိုင်သည်။ သူ၏နှုတ်ကပတ်တော်များသည် အမှန်တကယ် များပြားပြီး ရှင်းလင်းသည့်အပြင် အားလုံးက ယင်းတို့ကို နားလည်သဘောပေါက်နိုင်သည်။ ဤသည်မှာ အလွန်ရှင်းလင်းသော အကျိုးကျေးဇူးတစ်ခုဖြစ်ပြီး ယင်းသည် လူတို့က မိမိတို့ကိုယ်တိုင်အတွက် တွေ့ကြုံခံစားနိုင်သော တစ်စုံတစ်ရာဖြစ်သည်။ ဝိညာဉ်တော်က အလုပ်လုပ်သောအခါ စကားလုံးအချို့ကို ပြောပြီးနောက် သူထွက်ခွာသွားသည်။ လူတို့ လုပ်ဆောင်သမျှမှာ ထိုစကားများကို နာခံကာ ဆောင်ရွက်ရန် ဖြစ်သည်။ သို့သော် အမှန်တကယ် မည်သည့်အရာဖြစ်နေသည်ကို လူတို့ သိကြသလော။ ယေဟောဝါဘုရားသခင်၏စိတ်သဘောထားကို ဤနှုတ်ကပတ်တော်များမှနေ၍ လူတို့ သိနိုင်ကြသလော။ "ဝိညာဉ်တော်ကို သိဖို့ လွယ်ကူသည်၊ ဘုရားသခင်၏ပုံသဏ္ဍာန်အစစ်အမှန်ကို သယ်ဆောင်ရင်း အမှုတော်ကို လုပ်ဆောင်ရန် ဝိညာဉ်တော်သည် လာသည်။ သူ့ကို သိရှိရန် အဘယ်သို့ လွယ်ကူခြင်းမရှိသနည်း" ဟု လူအချို့က ဆိုကြသည်။ သင်သည် သူ၏အပြင်ပန်းပုံသဏ္ဍာန်ကို ဧကန်အမှန် သိရှိသော်လည်း၊ ဘုရားသခင်၏အနှစ်သာရကို သင်သိနိုင်သလော။ ယခုတွင် လူ့ဇာတိခံဘုရားသခင်သည် လူတို့က ထိတွေ့ဆက်ဆံရန် လွယ်ကူသည်ဟု ခံစားကြရသည့် သာမန်နှင့် ပုံမှန်ဖြစ်သော လူတစ်ဦး ဖြစ်သည်။ သို့သော် သူ၏အနှစ်သာရနှင့် သူ၏စိတ်သဘောထားတို့ကို ဖော်ပြသောအခါ ထိုအရာများကို လူများက အလွယ်တကူ သိသလော။ သူ ပြောသည့် ၎င်းတို့၏အယူအဆများနှင့် မကိုက်ညီသည့် စကားများကို လူများက အလွယ်တကူ လက်ခံသလော။ "လူ့ဇာတိခံဘုရားသခင်ကို သိခြင်းသည် ခက်ခဲသည်။ အကယ်၍ နောက်ပိုင်းတွင် ဘုရားသခင်က ပုံပန်းသဏ္ဌာန်ပြောင်းလဲခဲ့ပါက ဘုရားသခင်ကို သိဖို့ အလွန်လွယ်ကူလိမ့်မည်" ဟု လူအချို့က ဆိုကြသည်။ ဤအရာကို ပြောသောလူများသည် လူ့ဇာတိခံဘုရားသခင်အပေါ်တွင် တာဝန်များအားလုံးကို ပုံချလိုက်ခြင်းဖြစ်သည်။ ယင်းက အမှန်တကယ် ဖြစ်သည့်ပုံစံဖြစ်သလော။ ။ ဘုရားသခင်၏ဝိညာဉ်တော် ရောက်လာခဲ့လျှင်တောင်မှ သင်သည် သူ့ကို နားလည်နိုင်လိမ့်ဦးမည် မဟုတ်။ ဝိညာဉ်တော်က အလုပ်လုပ်သောအခါ သူသည် လူများကို စကားပြောပြီးသည်နှင့်တပြိုင်နက် ထွက်ခွာသွားပြီး ၎င်းတို့ထံ များစွာ ရှင်းမပြချေ။ ပြီးလျှင် ပုံမှန်နည်းလမ်းအတိုင်း ၎င်းတို့နှင့်အတူ ပေါင်းဖော်၍ နေထိုင်ခြင်းမရှိပေ။ ထို့ကြောင့် လူများသည် ဘုရားသခင်နှင့် တိုက်ရိုက်ထိတွေ့ဖို့ သို့မဟုတ် ဘုရားသခင်ကို သိလာဖို့ အခွင့်အလမ်းမရှိချေ။ လူတို့အတွက် လူ့ဇာတိခံဘုရားသခင့် အမှုတော်၏အကျိုးကျေးဇူးမှာ အလွန့်အလွန်ကြီးမားလှပါသည်။ ထိုအမှုတော်က လူတို့ထံ ယူဆောင်လာပေးသော သမ္မာတရားများသည် ပို၍လက်တွေ့ကျသည်။ ထိုအရာက လက်တွေ့ကျသောဘုရားသခင် ကိုယ်တော်တိုင်ကို လူတို့မြင်အောင် ကူညီပေးသည်။ သို့သော် လူ့ဇာတိခံယူခြင်း၏အနှစ်သာရကို သိခြင်းနှင့် ဝိညာဉ်တော်၏အနှစ်သာရကို သိခြင်းတို့သည် ညီတူညီမျှ ခက်ခဲ၏။ ဤအရာများကို သိရှိရန် အလားတူ ခက်ခဲပေသည်။
ဘုရားသခင်ကို သိခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူ၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို သိနိုင်ခြင်းဖြစ်ပြီး သို့ဖြစ်၍ ဘုရားသခင်၏ စိတ်သဘောထားကို သိခြင်းကို ဆိုလို၏- ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် သိခြင်းဟူသည့်အရာ ဖြစ်သည်။ သင်သည် သူ့ကို မြင်တွေ့ခဲ့ပြီဟု အခိုင်အမာဆိုသည့်တိုင် သူ၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို သင်နားမလည်သကဲ့သို့၊ သူ၏ စိတ်သဘောထားကို သင်နားမလည်ပေ။ သင်သည် သူ၏ဖြောင့်မတ်ခြင်းကို နားမလည်သကဲ့သို့၊ သူ၏ကရုဏာစိတ် ရှိခြင်းကို နားမလည်သည်သာမက၊ သူနှစ်သက်သည့် အရာ၊ သို့မဟုတ် သူမုန်းသည့်အရာကိုလည်း သင်မသိပေ။ ဤသည်မှာ ဘုရားသခင်ကိုသိခြင်း မဟုတ်ပေ။ လူအချို့သည် ဘုရားသခင်နောက်သို့ လိုက်နိုင်ကြ၏။ သို့သော် ဘုရားသခင်ကို အမှန်တကယ် မလွဲမသွေယုံကြည်သည်ကား မဟုတ်ပေ။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံခြင်းမရှိသောသူတို့သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ။ ကွာခြားချက်သည် ဤနေရာတွင် တည်ရှိသည်။ သင်သည် ဘုရားသခင်နောက်သို့ နှစ်အနည်းငယ်ကြာ လိုက်ပြီးသောအခါ၊ ဘုရားသခင်အပေါ် သိမြင်မှု၊ နားလည်မှုရှိသောအခါ၊ ဘုရားအလိုတော်ကို နားလည်မှုနှင့် သဘောပေါက်မှု အချို့ရှိသောအခါ၊ လူသားကို ကယ်တင်ရာတွင် ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်ကို သတိထားမိသောအခါ ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် သင်ယုံကြည်သည့်အချိန်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံပြီး အမှန်တကယ် ချစ်သည့်အချိန်၊ ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်သည့်အချိန် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်အား သိသောအသိကို မလိုက်စားလျှင်၊ ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အမှုတော်ကို နားမလည်လျှင် ဘုရားသခင်နောက်သို့ ပြေးလိုက်ပြီး လူအများစုလုပ်သည့်အရာမှန်သမျှကို လိုက်လုပ်သော နောက်လိုက်တစ်ယောက်သာ ဖြစ်သည်။ ယင်းကို စစ်မှန်သော ကိုးကွယ်ခြင်း မဆိုထားနှင့်။ စစ်မှန်သော ကျိုးနွံနာခံခြင်းဟုပင် မခေါ်ဆိုနိုင်ပေ။ စစ်မှန်သော ကိုးကွယ်ခြင်း မည်သို့ဖြစ်ပေါ်လာသနည်း။ ခြွင်းချက်မရှိ၊ ဘုရားသခင်ကို မြင်တွေ့ပြီး စစ်မှန်စွာသိသူအားလုံးသည် သူ့ကို ကိုးကွယ်ကာ ကြောက်ရွံ့ကြသည်။ ၎င်းတို့အားလုံးသည် သူ့ကို ဦးညွှတ်ကာ ကိုးကွယ်ဖို့ လှုံ့ဆော်ခံရကြ၏။ လတ်တလောတွင်၊ လူ့ဇာတိခံ ဘုရားသခင် အမှုပြုနေစဉ်တွင် သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူတို့ သာ၍နားလည်လေလေ၊ ၎င်းတို့သည် ဤအရာများကို သာ၍တန်ဖိုးထားလေလေ ဖြစ်ပြီး၊ သူ့ကို သာ၍ကြောက်ရွံ့လေလေ ဖြစ်လိမ့်မည်။ ယေဘုယျအားဖြင့် လူတို့သည် ဘုရားသခင်ကို သိနားလည်မှု သာ၍နည်းလေ၊ သာ၍ဂရုမပြုလေဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်ကို လူသားကဲ့သို့ ၎င်းတို့ ဆက်ဆံကြလေသည်။ လူတို့သည် ဘုရားသခင်ကို အမှန်တကယ်သိရှိကာ မြင်ခဲ့ကြပါက၊ ၎င်းတို့သည် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ကြမည်ဖြစ်ပြီး မြေပေါ်တွင် ဦးညွှတ်ကြမည်ဖြစ်သည်။ “ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။” (ရှင်မဿဲခရစ်ဝင် ၃:၁၁) ယောဟန်သည် ဤအရာကို အဘယ်ကြောင့်ဆိုခဲ့သနည်း။ စိတ်ထဲတွင် ဘုရားသခင်အပေါ် အလွန် နက်နဲသော သိနားလည်မှု သူ မရှိခဲ့သော်လည်း၊ ဘုရားသခင်သည် အံ့ဖွယ်ကောင်းသည်ကို သူသိခဲ့၏။ ယနေ့ခေတ် လူမည်မျှသည် ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း ရှိသနည်း။ သူ၏ စိတ်သဘောထားကို ၎င်းတို့ မသိပါက၊ သူ့ကို မည်သို့ ကြောက်ရွံ့နိုင်သနည်း။ လူတို့သည် ခရစ်တော်၏ အနှစ်သာရကို မသိသကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားကိုလည်း နားမလည်လျှင် လက်တွေ့ကျသည့်ဘုရားကို အမှန်တကယ် ကိုးကွယ်ရန် ပို၍ပင် တတ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ခရစ်တော်၏ သာမန်နှင့် ပုံမှန်အပြင်ပန်းသဏ္ဌာန်ကိုသာ မြင်သော်လည်း၊ သူ၏အနှစ်သာရကို မသိပါက၊ သူတို့သည် ခရစ်တော်အား သာမန်လူသားတစ်ဦးအဖြစ်သာ ဆက်ဆံရန် ၎င်းတို့အတွက် လွယ်ကူ၏။ ထိုသူတို့သည် သူ့အပေါ် မရိုသေသောသဘောထား ခံယူကောင်းခံယူနိုင်သည်၊ ပြီးလျှင်သူ့ကို လိမ်လည်လှည့်စားနိုင်သည်၊ သူ့ကို ခုခံနိုင်သည်၊ သူ့ကို ပုန်ကန်နိုင်ပြီး၊ သူ့အပေါ် တရားစီရင်ချက် ချမှတ်နိုင်သည်။ ၎င်းတို့အနေဖြင့် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူနိုင်ပြီး သူ၏နှုတ်ကပတ်တော်များကို အလေးအနက် ထားကောင်း ထားနိုင်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် အယူအဆများ၊ ရှုတ်ချမှုများနှင့် ပြစ်မှားစော်ကားမှုတို့ကိုပင် ဖြစ်ပေါ်စေနိုင်၏။ ဤပြဿနာများကို ဖြေရှင်းရန်၊ ခရစ်တော်၏ အနှစ်သာရနှင့် ဘုရားသဘောသဘာဝတို့ကို သိရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုသိခြင်း၏ အဓိကလက္ခဏာဖြစ်၏၊ ထိုအရာသည် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည့် အယောက်တိုင်းက ဝင်ရောက်၍ ရရှိရမည့်အရာဖြစ်၏။
ကောက်နုတ်ချက် (၂၉)
“ဘုရားသခင်သည် လူသားမျိုးနွယ်၏ အတွင်းကျကျ စိတ်နှလုံးကို စောင့်ကြည့်သည်၊ ပြီးလျှင် ဘုရားသခင်၏လူ့ဇာတိနှင့် ဝိညာဉ်တော်တို့သည် တစ်ဦးတည်းဖြစ်သည်။ ဘုရားသခင်သည် လူများ ပြောပြီး လုပ်ဆောင်သည့် အရာရာကို သိတော်မူသည်။ သို့ဆိုလျှင် ယခု သူ့ကို ကျွန်ုပ်ယုံကြည်သည်ကို ဘုရားသခင်က သိပါသလော” ဟူ၍ လူအချို့က မေးကြသည်။ ဤအရာများသည် လူ့ဇာတိခံဘုရားသခင်နှင့် သူ၏ဝိညာဉ်တော်နှင့် လူ့ဇာတိတို့အကြားဆက်နွယ်မှုကို မည်သို့နားလည်ရမည်နည်းဆိုသည့် မေးခွန်းတခုနှင့် ဆက်စပ်နေသည်။ ဘုရားသခင်သည် လက်တွေ့ကျသောကြောင့် ထိုအရာကို သူမသိနိုင်ဟု လူအချို့က ထင်ကြသော်လည်း ဘုရားသခင်၏လူ့ဇာတိနှင့် ဝိညာဉ်တော်တို့သည် တစ်ဦးတည်းဖြစ်သောကြောင့် ထိုအရာကို ဘုရားသခင်က သိသည်ဟု ထင်ကြသော အခြားသူများလည်း ရှိသည်။ ဘုရားသခင်ကို နားလည်ရန်မှာ အဓိကအားဖြင့် သူ၏အနှစ်သာရနှင့် သူ့ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများကို နားလည်ရန် ဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏လူ့ဇာတိသည် သတ်မှတ်ထားသည့် အရာတစ်ခုခုကို သိမသိ သို့မဟုတ် သူ၏ဝိညာဉ်တော်သည် သတ်မှတ်ထားသည့် အရာတစ်ခုခုကို သိမသိဆိုသည်တို့ကို ဆုံးဖြတ်ဖို့ လူသည် မကြိုးစားသင့်ပေ။ ဘုရားသခင်သည် ဉာဏ်ပညာရှိပြီး အံ့ဩဖွယ်ရာဖြစ်သည်၊ လူသားအတွက် နားမလည်နိုင်ဖွယ် ဖြစ်သည်။ လူ့ဇာတိနှင့် ဝိညာဉ်တော်၊ ထို့အပြင် လူ့သဘာဝနှင့် ဘုရား၏သဘောသဘာဝ၊ ဤအရာများသည် သင်တို့ ရှင်းလင်းစွာ နားမလည်သေးသည့် ကိစ္စရပ်များဖြစ်ကြသည်။ ဘုရားသခင် လူ့ဇာတိခံယူတော်မူပြီး ဝိညာဉ်တော်က လူ့ဇာတိတွင် တည်ရှိသောအခါ သူ၏အနှစ်သာရသည် ဘုရားသဘောသဘာဝဖြစ်ပြီး လူသားတစ်ဦး၏အနှစ်သာရနှင့် လုံးဝ မတူကွဲပြားသည်။ မည်သည့်ဝိညာဉ်မျိုးက လူသားကိုယ်ခန္ဓာအတွင်းတွင် နေထိုင်သနည်း။ ယင်းတို့မှာ လုံးဝ မတူကွဲပြားသော အရာနှစ်ခု ဖြစ်သည်။ လူသားတစ်ဦး၏အနှစ်သာရနှင့် သူ၏စိတ်ဝိညာဉ်သည် ထိုလူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီနှင့် ဆက်နေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏လူ့ဇာတိနှင့် ဆက်နေသော်လည်း သူသည် အနန္တတန်ခိုးရှင်ဖြစ်နေဆဲပင်ဖြစ်သည်။ လူ့ဇာတိအတွင်းမှနေ၍ သူ၏အမှုတော်ကို သူလုပ်ဆောင်နေသော်လည်း၊ သူ၏ဝိညာဉ်တော်သည် နေရာတိုင်းတွင်လည်း အလုပ်လုပ်သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုသည်မှာ အတိအကျ မည်သို့နည်း။ ကျွန်ုပ်ကို ပြပါ၊ ယင်းကို ရှင်းလင်းပြတ်သားစွာ ကျွန်ုပ် မြင်ပါရစေ” ဟူ၍ သင် မေး၍မရပေ။ ယင်းကို ရှင်းလင်းပြတ်သားစွာ မြင်ဖို့ နည်းလမ်းမရှိပေ။ လူ့ဇာတိက သူ၏အမှုတော်ကို လုပ်သောအခါ အသင်းတော်များအကြားတွင် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပုံကို မြင်ရခြင်းက သင့်အတွက် လုံလောက်ပေသည်။ ဘုရားသခင်၏ဝိညာဉ်တော်တွင် အနန္တတန်ခိုးရှင်ဖြစ်ခြင်း၏ ထူးခြားသောပင်ကိုလက္ခဏာရှိသည်။ သူသည် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်ပြီး သူရွေးချယ်ထားသောသူများကို ကယ်တင်သည်။ ပြီးလျှင် လူ့ဇာတိက သူ၏အမှုတော်ကို တချိန်တည်းတွင် အလုပ်လုပ်နေစဉ်အတွင်း လူများကို အသိဉာဏ်ပွင့်လင်းစေဖို့ အသင်းတော်များအကြားတွင်လည်း သူအလုပ်လုပ်သည်။ အသင်းတော်များအကြားတွင် ဝိညာဉ်တော်က အလုပ်လုပ်နေစဉ်အတွင်း လူ့ဇာတိတွင် ဝိညာဉ်တော်ကင်းမဲ့သည်ဟု သင်ပြော၍မရပေ။ အကယ်၍ သင် ထိုသို့ပြောပါက ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို သင်ငြင်းပယ်မည်မဟုတ်လော။ သို့ရာတွင် လူ့ဇာတိပကတိက မသိသော အရာအချို့ရှိသည်။ ဤမသိခြင်းသည် ခရစ်တော်၏ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော လက္ခဏာသွင်ပြင်ဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်က အကယ်စင်စစ် လူ့ဇာတိအတွင်းတွင် ခိုင်မာစွာ အမှန်တကယ် ဖြစ်ပေါ်လာခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်ကထိုလူ့ဇာတိ၏ အနှစ်သာရဖြစ်ကြောင်းကို သက်သေပြသည်။ သူ၏ဝိညာဉ်တော်သည် သူ၏လူ့ဇာတိက မသိသော သတ်မှတ်ထားသည့် မည်သည့်အရာကိုမဆို သိပြီးသားဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ထိုအရာကို သိပြီးသားဖြစ်သည်ဟု ဆိုနိုင်သည်။ အကယ်၍ သင်သည် လူ့ဇာတိ၏ လက်တွေ့ကျသော လက္ခဏာသွင်ပြင်ကြောင့် ဝိညာဉ်တော်၏ လက္ခဏာသွင်ပြင်ကို ငြင်းပယ်ပါက ဤလူ့ဇာတိက ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်းကို သင်ငြင်းပယ်ခြင်း ဖြစ်ကာ သင်သည် ဖာရိရှဲများကဲ့သို့ အလားတူ အမှားမျိုးကို ကျူးလွန်မိပြီးဖြစ်သည်။ အချို့က၊ “ဘုရားသခင်၏လူ့ဇာတိနှင့် ဝိညာဉ်တော်တို့သည် တစ်ဦးတည်းဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့က ဧဝံဂေလိတရားကို ဟောပြောသောအခါ ဤနေရာတွင် လူပေါင်းမည်မျှကို သူ့ထံသို့ ကျွန်ုပ်တို့ စည်းရုံးသိမ်းသွင်းပြီးဖြစ်သည်ကို တစ်ချက်တည်းနှင့် ဘုရားသခင် သိနိုင်သည်။ ဝိညာဉ်တော်က သိသည်၊ ထို့ကြောင့် လူ့ဇာတိကလည်း ထိုအကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တစ်ဦးတည်းဖြစ်သောကြောင့်ဖြစ်သည်” ဟု ဆိုကြသည်။ ဤကဲ့သို့ သင်ပြောဆိုခြင်းက လူ့ဇာတိ၏အနှစ်သာရကို ငြင်းပယ်သည်။ လူ့ဇာတိတွင် သူ၏လက်တွေ့ကျပြီး ပုံမှန်ဖြစ်သည့် လက္ခဏာသွင်ပြင်ရှိသည်။ လူ့ဇာတိက သိနိုင်သော အရာအချို့နှင့် လူ့ဇာတိက သိဖို့ မလိုအပ်သောအရာအချို့ ရှိသည်။ ယင်းမှာ သူ၏ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော လက္ခဏာသွင်ပြင်ဖြစ်သည်။ အချို့က၊ “ဝိညာဉ်တော်က သိသည့်ထိုအရာကို လူ့ဇာတိပကတိကလည်း သိရှိရန် သေချာသည်” ဟု ပြောကြသည်။ ဤသည်မှာ သဘာဝလွန်ဖြစ်ပြီး၊ ဤသို့ ပြောဆိုခြင်းသည် လူ့ဇာတိပကတိ၏အနှစ်သာရကို ငြင်းပယ်ခြင်း ဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်သည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်။ ကိစ္စအချို့တွင် သူသည် လူသားများ စိတ်ကူးသကဲ့သို့ နေရာကြောင့် သို့မဟုတ် ပထဝီဝင်အနေအထားကြောင့် ကန့်သတ်ခံရခြင်းမရှိဘဲ၊ ဤကိစ္စရပ်များကို မြင်ရခြင်း သို့မဟုတ် ထိတွေ့ရခြင်းမရှိဘဲ ထူးခြားဆန်းပြားစွာ သိနိုင်သည်ဟူ၍ မဟုတ်ပေ။ ယင်းမှာ လူ့ဇာတိ မဟုတ်ဘဲ ဝိညာဉ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြစ်သည်။ ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးသည့်နောက်တွင် သူသည် ပေါ်လာပြီး ပျောက်သွားနိုင်သည်။ နံရံများကို ကျော်ဖြတ်၍ အခန်းများအတွင်းသို့ ဝင်ရောက်နိုင်သည်။ သို့သော် ယင်းမှာ ရှင်ပြန်ထမြောက်သည့် ယေရှုဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်းမတိုင်မီတွင် ယေရှုသည် နံရံများကို ကျော်ဖြတ်၍ အခန်းများအတွင်းသို့ မဝင်ရောက်နိုင်ပေ။ သူသည် နေရာ၊ ပထဝီဝင်အနေအထားနှင့် အချိန်တို့၏ ဘောင်ခတ်ခြင်းကို ခံခဲ့ရသည်။ ယင်းမှာ လူ့ဇာတိပကတိ၏ ပုံမှန်အခြေအနေ ဖြစ်သည်။
ဘုရားသခင်၏လူ့ဇာတိခံခြင်းကို သိရှိလာခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်ပေ။ သင်သည် ထိုအရာကို ဘုရားသခင်၏နှုတ်ကပတ်တော်များအတိုင်း အမျိုးမျိုးသော ရှုထောင့်များမှ ကြည့်ရမည်၊ လုံးလုံးလျားလျား စဉ်းစားဆင်ခြင်ခြင်းများကို ပြုလုပ်ရမည်ဖြစ်ပြီး၊ သင်၏ အသိကို စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် သင်၏ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများပေါ် အခြေခံခြင်းအား လုံးဝ ရှောင်ကြဉ်ရမည်။ ဘုရားသခင်၏လူ့ဇာတိနှင့် ဝိညာဉ်တော်တို့သည် တစ်ဦးတည်းဖြစ်ကြပြီး လူ့ဇာတိသည် ဝိညာဉ်တော်သိသမျှအားလုံးကို သိသည်ဟု သင်ဆိုသော်လည်း လူ့ဇာတိတွင် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည့် လက္ခဏာသွင်ပြင်တစ်ခုလည်း ရှိသည်။ ထို့အပြင်၊ နောက်ထပ်လက္ခဏာသွင်ပြင်တစ်ခု ရှိသေးသည်။ ယင်းမှာ လူ့ဇာတိပကတိက အလုပ်လုပ်နေသောအချိန်အတောအတွင်းတွင် အလုပ်လုပ်နေသည်မှာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပေသည်။ ဝိညာဉ်တော် အလုပ်လုပ်နေပြီး၊ လူ့ဇာတိပကတိကလည်း အလုပ်လုပ်နေသည်။ သို့သော် အဓိကအားဖြင့် အလုပ်လုပ်နေသည်မှာ လူ့ဇာတိ ဖြစ်သည်။ ဝိညာဉ်တော်က လူများကို အသိဉာဏ်ပွင့်လင်းစေဖို့၊ လမ်းညွှန်ပြဖို့၊ ကူညီဖို့၊ ကာကွယ်ဖို့နှင့် စောင့်ကြည့်ဖို့ အလုပ်တစ်ခုခုကို လုပ်နေစဉ်တွင် လူ့ဇာတိပကတိသည် ဦးဆောင်သည့် ကဏ္ဍတစ်ခုကို ဆောင်ရွက်သည်။ လူ့ဇာတိပကတိ၏အလုပ်သည် ဦးဆောင်သည့် အခန်းကဏ္ဍတစ်ကို ဆောင်ရွက်သည်။ အကယ်၍ သူက လူတစ်ယောက်အကြောင်းကို သိလိုလျှင်၊ ထိုသို့သိရန်မှာ သူ့အတွက် အထူးလွယ်ကူပေသည်။ လူသားတစ်ဦးက တစ်စုံတစ်ယောက်အကြောင်းကို သိချင်သောအခါ ထိုလူ၏အပြုအမူကို ကြိမ်ဖန်များစွာ စောင့်ကြည့်လေ့လာခြင်းမရှိလျှင်၊ ၎င်းကို သူ ထိုးထွင်းသိမြင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားများသည် အခြားလူများ၏ သဘာဝအနှစ်သာရကို မရိပ်စားမိနိုင်သော်လည်း၊ လူ့ဇာတိခံဘုရားသခင်တွင် ယင်းနှင့်ဆိုင်သည့် အာရုံခံစားတတ်မှု အမြဲရှိပြီး၊ တစ်စုံတစ်ဦးက မည်သည့်လူစားမျိုးဖြစ်သည်ဆိုသည့်အရာအပြင်၊ ၎င်း၏အပြုအမူနှင့် အနှစ်သာရတို့ကို အမြဲ အကဲဖြတ်နိုင်သည်။ သူ့ထံတွင် ထိုကဲ့သို့သော သိမြင်နားလည်မှုမရှိခြင်းမှာ မဖြစ်နိုင်ပေ။ ဥပမာအနေဖြင့် သတ်မှတ်ထားသော လူတစ်ဦးက မည်သို့ပြုမူသည်၊ မည်သည့်အရာကို လုပ်ဆောင်နိုင်ပြီး၊ မည်သည့်မကောင်းမှုကို လုပ်နိုင်ပြီး မည်သည့်အတိုင်းအတာအထိလုပ်နိုင်သည်ကို သူသိပြီး နားလည်သဘောပေါက်သည်။ အချို့က၊ “အကယ်၍ ဘုရားသခင်က အားလုံးကို နားလည်သဘောပေါက်လျှင်၊ ယခု ကျွန်ုပ် ရှိသည့်နေရာကို သူသိသလော” ဟု ပြောသည်။ ဤသည်ကို သိဖို့ မလိုအပ်ပေ။ လူတစ်ဦးကို နားလည်သဘောပေါက်ဖို့ဆိုသည်မှာ ဘုရားသခင်အတွက် နေ့စဉ် ထိုလူရှိသည့်နေရာကို သိဖို့ မဟုတ်ပေ။ ယင်းကို သိဖို့ မလိုအပ်။ လူတစ်ဦးက သဘာဝအလျောက် မည်သည့်အရာ လုပ်လိမ့်မည်ကို နားလည်သဘောပေါက်ခြင်းက လုံလောက်ပြီး သူ၏အမှုကို လုပ်ဆောင်ရန် သူ့အတွက် လုံလောက်ပေသည်။ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ပုံတွင် လက်တွေ့ကျသည်။ လူတစ်ဦးကို ဘုရားသခင်က သိလိုသောအခါတွင်၊ ထိုလူရှိသည့်နေရာ၊ သူတွေးနေသည့်အရာ၊ သူပြောနေသည့်အရာ၊ နောက်ပိုင်းတွင် သူလုပ်မည့်အရာ၊ သူ ဝတ်စားပုံ၊ သူ မည်သည့်ပုံစံဖြစ်သည်၊ စသည်တို့ကို သိရှိရမည်ဟု လူတို့ စိတ်ကူးသကဲ့သို့ မဟုတ်ပေ။ အကယ်စင်စစ် ဘုရားသခင်လုပ်ဆောင်သည့် ကယ်တင်ခြင်းအမှုတော်သည် အခြေခံအားဖြင့် ထိုအရာများကို သိရှိရန် မလိုအပ်ပေ။ ဘုရားသခင်သည် လူတစ်ဦး၏အနှစ်သာရနှင့် ထိုလူ၏ ဘဝ တိုးတက်မှု ဖြစ်စဉ်တို့ကို သိခြင်းကိုသာ အာရုံစိုက်သည်။ ဘုရားသခင် လူ့ဇာတိခံယူသောအခါ လူ့ဇာတိ၏သရုပ်သကန်များအားလုံးသည် လက်တွေ့ကျပြီး ပုံမှန်ဖြစ်သည်။ ဤလက်တွေ့ကျမှုနှင့် ပုံမှန်အခြေအနေတို့ကို လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်းအမှုတော်ကို ပြီးမြောက်ဖို့အလို့ငှာ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ သို့သော် လူ့ဇာတိ၏လက်တွေ့ကျမှုနှင့် ပုံမှန်အခြေအနေတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်က သူ၏လူ့ဇာတိတွင် အသက်ရှင်ခြင်း၏ ပုံမှန်အဖြစ်ဆုံးသော သရုပ်သကန်ဖြစ်သည်ကို မည်သူမျှ မမေ့လျော့ရပေ။ သို့ဆိုလျှင် ဝိညာဉ်တော်က ထိုလူသားကိစ္စများကို သိသည်ဟု သင်ထင်သလော။ ဝိညာဉ်တော်က သိပါသည်၊ သို့သော် ထိုအရာများကို သူက အာရုံမစိုက်ပေ။ ထို့ကြောင့် လူ့ဇာတိကလည်း သင်၏ထိုကိစ္စများအကြောင်းကို ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်၏ဝိညာဉ်တော်နှင့် လူ့ဇာတိတို့သည် တစ်ဦးတည်းဖြစ်ပြီး၊ ဤသည်ကို မည်သူမျှ မငြင်းနိုင်ပေ။ တစ်ခါတစ်ရံတွင် သင်၌ အတွေးနှင့် စိတ်ကူးအချို့ ရှိသည်။ သင် မည်သည့်အရာ တွေးနေသည်ကို ဝိညာဉ်တော်က သိသလော။ ဝိညာဉ်တော်က သိသည်မှာ အမှန်ပင်ဖြစ်၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် လူတို့၏ အတွင်းကျကျ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး လူတို့ တွေးသည့်အရာကို သိသည်။ သို့သော် သူ၏အမှုတော်မှာ ၎င်းတို့၏ အတွေးများနှင့် စိတ်ကူးများအပြင် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ချက်များကို ထုတ်ဖော်ရန်မျှသာ မဟုတ်ချေ။ ထို့ထက်၊ သူသည် လူတို့၏အတွေးများနှင့် စိတ်ကူးများကို ပြောင်းလဲဖို့၊ လူတို့၏အတွေးနှင့် အမြင်များကို ပြောင်းလဲဖို့နှင့် နောက်ဆုံးတွင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲဖို့အလို့ငှာ လူ့ဇာတိအတွင်းမှနေ၍ သမ္မာတရားကို ဖော်ပြရန် ဖြစ်သည်။ အချို့သော အရာများနှင့်ပတ်သက်သည့် သင်တို့၏အတွေးများသည် အလွန်မရင့်ကျက်ပေ။ လူ့ဇာတိခံဘုရားသခင်သည် အရာခပ်သိမ်းကိုသိသင့်သည်ဟု သင်ထင်သည်။ လူ့ဇာတိခံ ဘုရားသခင်က သိသင့်သည်ဟု ၎င်းတို့ စိတ်ကူးသည့် တစ်စုံတစ်ရာကို သူ မသိလေသလောဟု လူအချို့က လူ့ဇာတိခံဘုရားသခင်ကို သံသယဝင်ကြသည်။ ဤသည်မှာ လူတို့အနေဖြင့် လူ့ဇာတိခံဘုရားသခင်၏အနှစ်သာရအပေါ် ပြည့်စုံလုံလောက်ခြင်းမရှိသည့် သိနားလည်မှုတစ်ခု ရှိသောကြောင့်သာ ဖြစ်သည်။ လူ့ဇာတိ၏အလုပ် နယ်ပယ် ပြင်ပတွင်ရှိသည့် အရာအချို့ရှိသည်။ ထို့ကြောင့် သူသည် ထိုအရာများနှင့် ပတ်သက်၍ ဒုက္ခခံနေလိမ့်မည်မဟုတ်။ သူလုပ်သင့်သည့်အမှုတော်ကိုသာလျှင် ဘုရားသခင်က လုပ်ဆောင်သည်။ ဤသည်မှာ ဘုရားသခင် အလုပ်လုပ်ပုံနှင့်ဆိုင်သော စည်းမျဉ်းတစ်ခုဖြစ်သည်။ ယခုတွင် ဤအရာများကို သင်နားလည်သလော။ ငါ့ကို ပြောလော့။ သင့်တွင် မည်သည့်ဝိညာဉ်မျိုးရှိသည်ကို သင်သိသလော။ သင်၏စိတ်ဝိညာဉ်ကို သင်ခံစားနိုင်သလော။ သင်၏စိတ်ဝိညာဉ်ကို သင်ထိတွေ့နိုင်သလော။ သင်၏စိတ်ဝိညာဉ်က မည်သည့်အရာ လုပ်ဆောင်နေသည်ကို သင်အာရုံခံနိုင်သလော။ သင်မသိပေ၊ ဟုတ်သည်မဟုတ်လော။ ထိုကဲ့သို့သောအရာတစ်ခုကို သင်ခံစားနိုင် သို့မဟုတ် ထိတွေ့နိုင်ပါက သင့်အတွင်းတွင် ရှိသည်မှာ တစ်စုံတစ်ရာကို အတင်းအဓမ္မလုပ်ဆောင်နေပြီး၊ သင့်အား အမှုအရာများကို လုပ်ဆောင်စေကာ ပြောဆိုစေသည့် အခြားသော ဝိညာဉ်တစ်ခု ဖြစ်သည်။ ယင်းမှာ သင်ကိုယ်တိုင်၏ ပြင်ပတွင် ရှိသောအရာတစ်ခု ဖြစ်သည်၊ သင်၏ရှိရင်းစွဲမဟုတ်ပေ။ ဝိညာဉ်ဆိုးများ၏ လုပ်ဆောင်ချက်ရှိသောသူများတွင် ဤအရာနှင့်ဆိုင်သည့် နက်ရှိုင်းသည့် သိနားလည်ခြင်းတစ်ခုရှိသည်။ ဘုရားသခင်၏လူ့ဇာတိသည် လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော လက္ခဏာသွင်ပြင်တခုရှိသော်လည်း၊ လူသားတစ်ဦးအနေဖြင့် လူတစ်ဦးသည် သူနှင့်ပတ်သက်၍ သာမန်ကာလျှံကာ အနက်ဖွင့်ခြင်း သို့မဟုတ် ကောက်ချက်ချခြင်းတို့ မပြုလုပ်နိုင်ပေ။ ဘုရားသခင်သည် လူသားတစ်ဦးကဲ့သို့ ဖြစ်လာရန် မိမိကိုယ်ကိုနှိမ့်ချပြီး ကွယ်ဝှက်သည်။ သူ၏လုပ်ရပ်များသည် ဉာဏ်မမီနိုင်အောင်ဖြစ်ပြီး လူသားများက နားလည်၍မရနိုင်ပေ။