ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း
ယနေ့ခေတ်၌ ဘုရားသခင်၏အမှုကို သိရန်မှာ၊ အများအားဖြင့် နောက်ဆုံးသောကာလ၌ လူ့ဇာတိခံ ဘုရားသခင်၏ အဓိကအမှုတော်နှင့် ဘုရားသခင်သည် မည်သည့်အမှုကိုပြုဖို့ ကမ္ဘာမြေသို့ ကြွလာသည်ကို သိရန် ဖြစ်သည်။ ဘုရားသခင်သည် မထွက်ခွာမီ စံနမူနာတစ်ခုပြရန် (နောက်ဆုံးသော ကာလအတွင်းတွင်) ကမ္ဘာမြေသို့ ကြွလာပြီးဖြစ်သည်ကို ယခင်က ငါ၏ နှုတ်ကပတ်တော်များထဲ၌ ငါဖော်ပြပြီးဖြစ်သည်။ ဘုရားသခင်သည် ဤစံနမူနာကို မည်သို့ ချမှတ်သနည်း။ သူသည် နှုတ်ကပတ်တော်များ ပြောဆိုခြင်း၊ အမှုပြုခြင်းနှင့် နယ်မြေအနှံ့ ပြောဆိုခြင်းတို့အားဖြင့် ထိုသို့ လုပ်ဆောင်ပေသည်။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ အမှုဖြစ်သည်။ လူတိုင်းသည် သူ၏ နှုတ်ကပတ်တော်အားဖြင့် ထောက်ပံ့ခံရကာ အသိဉာဏ်ပွင့်လင်းစေခြင်း ခံရဖို့နှင့် လူ၏ ဝိညာဉ်သည် နိုးထပြီး ရူပါရုံများနှင့် ပတ်သက်၍ ရှင်းလင်းမှု ရရှိဖို့အလို့ငှာ၊ ဤကမ္ဘာမြေကို နှုတ်ကပတ်တော်များ၏ လောကဖြစ်စေရန် သူသည် စကားပြောရုံသာ ပြောလေသည်။ နောက်ဆုံးသောကာလအတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် အဓိကအားဖြင့် နှုတ်ကပတ်တော်များ ပြောဆိုဖို့ ကမ္ဘာမြေသို့ ကြွလာပြီဖြစ်သည်။ ယေရှု ကြွလာခဲ့ချိန်တွင်၊ သူသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခဲ့ပြီး၊ ကားစင်တင်ခံရခြင်းနှင့်ဆိုင်သည့် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်ခဲ့သည်။ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး အိုဟောင်းသော အရာအားလုံးကို ဖျက်သိမ်းခဲ့သည်။ ယေရှု၏ ကြွရောက်ခြင်းသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင်၏ ရောက်ရှိခြင်းသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေပြီး ဖြစ်သည်။ သူသည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသားကို စုံလင်စေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ လူသားကို အလင်းပေးရန်နှင့် အသိဉာဏ်ပွင့်လင်းစေရန်၊ ပြီးလျှင် လူသား၏ နှလုံးသားအတွင်းရှိ မရေရာသော ဘုရားသခင်၏ နေရာကို ဖယ်ရှားရန် ကြွလာပြီးဖြစ်သည်။ ဤသည်မှာ ယေရှုက သူ ကြွလာခဲ့ချိန်တွင် လုပ်ဆောင်ခဲ့သည့် အမှု၏ အဆင့် မဟုတ်ပေ။ ယေရှုကြွလာခဲ့ချိန်တွင် သူသည် နိမိတ်လက္ခဏာများစွာကို ပြသခဲ့သည်၊ မကျန်းမာသောသူများကို အနာရောဂါငြိမ်းစေခဲ့ပြီး၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့ကာ၊ ကားစင်တင်ခံရခြင်း နှင့်ဆိုင်သည့် ရွေးနုတ်ခြင်း အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ လူတို့၏ အယူအဆများတွင် ဤသည်မှာ ဘုရားသခင် ဖြစ်သင့်သည့်ပုံဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အကြောင်းမှာ ယေရှု ကြွလာခဲ့ချိန်တွင်၊ သူသည် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ ပုံရိပ်အား ဖယ်ရှားခြင်းအမှုကို မလုပ်ဆောင်ခဲ့ပေ။ သူကြွလာခဲ့ချိန်တွင် သူသည် ကားစင်တင်ခံခဲ့ရသည်၊ မကျန်းမာသောသူများကို အနာငြိမ်းစေခဲ့ပြီး၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့ကာ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိ တရားတော်ကို ဖြန့်ဝေခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏ စိတ်နှလုံးထဲတွင် မရေရာသော ဘုရားသခင်၏ ပုံရိပ်မရှိတော့ရန်အလို့ငှာ၊ လူသား၏ အယူအဆများထဲက မရေရာသည့် ဘုရားသခင်က ထိန်းသိမ်းထားသည့် နေရာကို ဖယ်ရှားလေသည်။ သူ၏ တကယ့် နှုတ်ကပတ်တော်များနှင့် တကယ့်အမှု၊ နယ်မြေအနှံ့ သူ၏သွားလာလှုပ်ရှားမှုနှင့် လူသားအလယ် သူလုပ်ဆောင်ခဲ့သည့် အထူးစစ်မှန်ပြီး ပုံမှန်ဖြစ်သော အမှုမှတစ်ဆင့်၊ လူသားကို ဘုရားသခင်၏ လက်တွေ့အရှိတရားအား သူသိစေပြီး လူသား၏နှလုံးသားထဲက မရေရာသည့် ဘုရားသခင်၏ နေရာကို ဖယ်ရှားလေသည်။ အခြားတစ်ဖက်တွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာခပ်သိမ်းကို ပြီးမြောက်စေရန် သူ၏ လူ့ဇာတိက ပြောဆိုသော နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်က ပြီးမြောက်စေမည့် အမှုဖြစ်သည်။
သင်တို့သိရမည်မှာ-
၁။ ဘုရားသခင်၏ အမှုသည် သဘာဝလွန်ဖြစ်ရပ် မဟုတ်သကဲ့သို့၊ ယင်းနှင့်ပတ်သက်၍ အယူအဆများ သင်တို့ မသိုထားသင့်ပေ။
၂။ လူ့ဇာတိခံ ဘုရားသခင်က ဤအကြိမ်တွင် လုပ်ဆောင်ရန် ကြွဆင်းလာပြီးဖြစ်သည့် အဓိကအမှုကို သင်တို့နားလည်ရမည်။
ဘုရားသခင်သည် မကျန်းမာသူများကို အနာရောဂါငြိမ်းစေဖို့၊ သို့မဟုတ် နတ်ဆိုးများကို နှင်ထုတ်ဖို့၊ သို့မဟုတ် နိမိတ်လက္ခဏာများကို ပြသဖို့၊ ကြွလာခြင်းမဟုတ်သကဲ့သို့၊ နောင်တတရားနှင့်ဆိုင်သော ဧဝံဂေလိတရားကို ဖြန့်ဝေဖို့၊ သို့မဟုတ် လူသားကို ရွေးနုတ်ခြင်းပေးဖို့ ကြွလာခြင်းမဟုတ်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ယေရှုသည် ဤအမှုကို လုပ်ဆောင်နှင့်ပြီး ဖြစ်သကဲ့သို့၊ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မပြုသောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ဖို့နှင့် ကျေးဇူးတော်ခေတ်၏ အလေ့အထများအားလုံးကို စွန့်ပစ်ဖို့ ကြွလာပြီးဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်သည် အဓိကအားဖြင့် သူသည် စစ်မှန်သည်ကို ပြသဖို့ ကြွလာပြီဖြစ်သည်။ ယေရှုကြွလာခဲ့ချိန်တွင်၊ နှုတ်ကပတ်တော် အနည်းငယ် ပြောဆိုခဲ့သည်။ သူသည် အဓိကအားဖြင့် နိမိတ်လက္ခဏာများ ပြသခဲ့သည်၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုခဲ့ပြီး၊ မကျန်းမာသူများကို အနာငြိမ်းစေကာ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည် သို့မဟုတ်ပါက သူသည် အမှန်တကယ် ဘုရားသခင်ဖြစ်ပြီး၊ သူသည် ဘက်မလိုက်သော ဘုရားသခင်ဖြစ်သည်ကို လူတို့အား ယုံကြည်လက်ခံစေရန်နှင့် မြင်စေရန်အလို့ငှာ ပရောဖက်ပြုချက်များကို ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် ကားစင်တင်ခံရခြင်း အမှုကို သူ ပြီးစီးခဲ့သည်။ ယနေ့၏ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသကဲ့သို့၊ မကျန်းမာသူများကိုလည်း အနာမငြိမ်းစေဘဲ၊ နတ်ဆိုးများကိုလည်း မနှင်ထုတ်ပေ။ ယေရှုကြွလာခဲ့ချိန်တွင်၊ သူ လုပ်ဆောင်ခဲ့သောအမှုသည် ဘုရားသခင်၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုခဲ့သော်လည်း၊ ဘုရားသခင်သည် တူညီသည့်အမှုကို ထပ်မလုပ်သည့်အတွက် ဤအကြိမ်တွင် ဘုရားသခင်သည် လုပ်ဆောင်ရန် အချိန်ကျပြီဖြစ်သော အမှု၏ အဆင့်ကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်။ သူသည် အမြဲသစ်လွင်ပြီး မည်သည့်အခါမျှ မအိုဟောင်းသော ဘုရားသခင် ဖြစ်သည်၊ ထို့ကြောင့် ယနေ့ သင် မြင်သမျှအားလုံးသည် လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ ဖြစ်သည်။
နောက်ဆုံးသောကာ၏ လူ့ဇာတိခံ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသား၏ အသက်တာအတွက် လိုအပ်သမျှ အားလုံးကို ရှင်းပြရန်၊ မည်သည့်အရာထဲသို့ လူသား ဝင်ရောက်သင့်သည်ကို ညွှန်ပြရန်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို လူသားအားပြသရန်နှင့် ဘုရားသခင်၏ ဉာဏ်ပညာ၊ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် အံ့ဖွယ်ဖြစ်ခြင်းတို့ကို လူသားအား ပြသရန် ကြွလာပြီ ဖြစ်သည်။ ဘုရားသခင်ပြောဆိုသည့် နည်းလမ်းများစွာမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ သာလွန်မှု၊ ဘုရားသခင်၏ ကြီးမြတ်မှုတို့အပြင်၊ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်မှုတို့ကို ရှုမြင်ရသည်။ ဘုရားသခင်သည် အထွတ်အထိပ် ဖြစ်သော်လည်း၊ သူသည် နှိမ့်ချပြီး၊ ကွယ်ဝှက်သကဲ့သို့၊ အားလုံးထဲမှ အရေးမပါဆုံးသူ ဖြစ်လာနိုင်သည်ကို လူသားက မြင်ရသည်။ သူ၏နှုတ်ကပတ်တော်ထဲမှ အချို့ကို ဝိညာဉ်တော်၏ ရှုထောင့်မှ တိုက်ရိုက် ပြောဆိုခဲ့သည်၊ အချို့ကို လူသား၏ရှုထောင့်မှ တိုက်ရိုက်ပြောဆိုပြီး၊ အချို့ကို ဘေးလူတစ်ဦး၏ရှုထောင့်မှ ပြောဆိုလေသည်။ ဤအရာတွင်၊ ဘုရားသခင်၏ အမှု နည်းဟန်များသည် အလွန် ကွဲပြားပြီး၊ ယင်းကို လူသားအား သူ မြင်တွေ့စေသည်မှာ နှုတ်ကပတ်တော်များမှတစ်ဆင့် ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏အမှုသည် ပုံမှန်ဖြစ်သကဲ့သို့ စစ်လည်း စစ်မှန်သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလထဲက လူစုသည် အားလုံးထဲမှ အကြီးမားဆုံးသော စမ်းသပ်မှုကို ခံရလေသည်။ ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် စစ်မှန်မှုကြောင့်၊ လူအားလုံးသည် ထိုသို့သော စမ်းသပ်မှုများအလယ် ဝင်ရောက်ကြပြီးဖြစ်သည်။ လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုများထဲသို့ သက်ဆင်းရပြီးဖြစ်သည်မှာ ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် စစ်မှန်မှုကြောင့် ဖြစ်သည်။ ယေရှု၏ခေတ်အတွင်းတွင်၊ အယူအဆများနှင့် စမ်းသပ်မှုများ မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယေရှုပြုခဲ့သည့် အမှုအများစုသည် လူသား၏ အယူအဆများနှင့် ကိုက်ညီခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ လူများက သူ့နောက်လိုက်ခဲ့ကြကာ၊ သူနှင့်ပတ်သက်ပြီး အယူအဆများ မရှိခဲ့ကြချေ။ ယနေ့၏ စမ်းသပ်မှုများသည် လူသားက ရင်ဆိုင်ဖူးသည့် အကြီးမားဆုံးသော စမ်းသပ်မှုဖြစ်ပြီး၊ ဤလူတို့သည် ကြီးမားသော ဆင်းရဲဒုက္ခမှ ထွက်ပေါ်လာကြပြီးဖြစ်သည်ဟု ဆိုသည့်အခါတွင် ဤသည်မှာ ရည်ညွှန်းထားသည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ဆင်းရဲဒုက္ခကို လက်ခံခြင်းနှင့် နာခံခြင်းတို့ကို လူတို့အထဲတွင် ပေါက်ဖွားစေရန် စကားပြောဆိုလေသည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များသည် လူသား၏ သဘာဝနှင့် အနှစ်သာရ၊ လူသား၏ အပြုအမူနှင့် ယနေ့ လူသား ဝင်ရောက်သင့်သည့်အရာနှင့်အညီ ပြောဆိုထားခြင်း ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များသည် စစ်မှန်သကဲ့သို့ ပုံမှန်လည်း ဖြစ်သည်။ သူသည် မနက်ဖြန်နှင့်သက်ဆိုင်၍ မပြောဆိုသကဲ့သို့၊ ယမန်နေ့ကိုလည်း ပြန်မလှည့်ကြည့်ပေ။ ယနေ့ ဝင်ရောက်သင့် သည့်အရာ၊ လက်တွေ့လုပ်ဆောင်သင့်သည့်အရာနှင့် နားလည်သင့်သည့် အရာများကိုသာ သူ ပြောဆိုသည်။ မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် ညှိ၍မရနိုင်ပေ။ ဥပမာအားဖြင့် မေရှိယတစ်ဦး၏ ကြွလာခြင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်း ထုတ်ထားပြီး၊ ဤပရောဖက်ပြုချက်၏ အကျိုးဆက်မှာ ယေရှု၏ ကြွလာခြင်းဖြစ်ခဲ့သည်။ ဤအရာဖြစ်ပျက်နှင့်ပြီးဖြစ်လျက်၊ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားယွင်းပေမည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီး ဖြစ်ကာ ဤအကြိမ်၌ ယေရှုနောက်တစ်ဖန် ကြွလာရန်မှာ မှားယွင်းပေမည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမအသီးသီးတွင် ထိုခေတ်၏ ဂုဏ်အင်္ဂါကို သရုပ်ဖော်ချက် ပါဝင်လေသည်။ လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အဓိပ္ပာယ် သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။ ယနေ့ ဘုရားသခင်၏ အမှုသည် အဘယ်ကြောင့် ယေရှု၏ အမှုနှင့် မတူ ကွဲပြားရသနည်း။ ယနေ့ ဘုရားသခင်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသနည်း၊ နတ်ဆိုးများကို မနှင်ထုတ်သနည်း၊ ပြီးလျှင် အဘယ်ကြောင့် မကျန်းမာသောသူများကို အနာမငြိမ်းစေသနည်း။ ယေရှု၏ အမှုသည် ပညတ်တော်ခေတ်အတွင်း လုပ်ဆောင်ခဲ့သော အမှုနှင့် တူညီခဲ့မည်ဆိုပါက၊ သူသည် ကျေးဇူးတော်ခေတ်၏ ဘုရားသခင်ကို ကိုယ်စားပြုပြီး ဖြစ်နိုင်မည်လော။ သူသည် ကားစင်တင်ခံရခြင်း အမှုကို ပြီးစီးပြီး ဖြစ်နိုင်မည်လော။ ပညတ်တော်ခေတ်ထဲကကဲ့သို့ ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်ပြီး ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ပါက၊ သူသည် မည်သူမျှ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရမည် မဟုတ်သကဲ့သို့၊ အားလုံးက ကြိုဆိုလက်ခံခဲ့ကြမည် ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့မည်ဆိုပါက၊ သူသည် ကားစင်တင်ခံရပြီး ဖြစ်နိုင်မည်လော။ ရွေးနုတ်ခြင်းအမှုကို သူ ပြီးစီးပြီးဖြစ်နိုင်မည်လော။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံ ဘုရားသခင်သည် ယေရှုပြုခဲ့သကဲ့သို့ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသမည်ဆိုပါက၊ အဘယ် အဓိပ္ပာယ် ရှိမည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်သည် သူ့အမှု၏ နောက်တစ်ပိုင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းကို ကိုယ်စားပြုသည့် အရာတစ်ခုကို လုပ်မှသာ၊ လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် သာ၍ နက်ရှိုင်းသော အသိပညာကို ရရှိနိုင်ပြီး ထိုအခါမှသာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ပြီးစီးနိုင်ပေသည်။
နောက်ဆုံးသောကာလအတွင်းတွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကိုပြောရန် ကြွလာပြီး ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ရှုထောင့်မှ၊ လူသား၏ရှုထောင့်နှင့် ဘေးလူတစ်ဦး၏ရှုထောင့်မှ စကားပြောသည်။ သူသည် အချိန်ကာလ တစ်ခုအတွက် နည်းလမ်းတစ်ခုကို အသုံးပြုရင်း၊ မတူကွဲပြားသော နည်းလမ်းများဖြင့် စကားပြောဆိုကာ၊ လူသား၏အယူအဆများကို ပြောင်းလဲရန်နှင့် လူသား၏နှလုံးသားထဲက မရေရာသော ဘုရားသခင်၏ ပုံရိပ်ကို ဖယ်ရှားရန် စကားပြောခြင်း နည်းစနစ်ကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သည့် အဓိကအမှုဖြစ်သည်။ ဘုရားသခင်သည် မကျန်းမာသူများကို အနာငြိမ်းစေဖို့၊ နတ်ဆိုးများကို နှင်ထုတ်ဖို့၊ နိမိတ်လက္ခဏာများပြသဖို့နှင့် လူသားအပေါ် ရုပ်ဝတ္ထု ကောင်းချီးမင်္ဂလာများကို အပ်နှင်းရန် ကြွလာပြီးဖြစ်သည်ဟု လူသားက ယုံကြည်သောကြောင့်၊ လူသားက ဘုရားသခင်၏ စစ်မှန်မှုနှင့် ပုံမှန်ဖြစ်ခြင်းနှင့် လူသားက သိနိုင်ဖို့အလို့ငှာနှင့် သူ၏ နှလုံးသားမှ ယေရှု၏ပုံရိပ်ကို ဖယ်ရှားပြီး ဘုရားသခင်၏ ပုံရိပ်အသစ်ဖြင့် အစားထိုးနိုင်ရန်အလို့ငှာ၊ ထိုအမှုအရာများကို လူသား၏ အယူအဆများမှ ဖယ်ရှားဖို့၊ ဘုရားသခင်သည် အမှု၏ဤအဆင့်ကို- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုကို- ဆောင်ရွက်လေသည်။ လူသား၏အတွင်းရှိ ဘုရားသခင်၏ ပုံရိပ်သည် ဟောင်းလာသည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် ရုပ်တုဆင်းတုတစ်ခု ဖြစ်လာလေသည်။ ယေရှုသည် ကြွလာခဲ့ပြီး အမှု၏ အဆင့်ကို ဆောင်ရွက်ခဲ့ချိန်တွင်၊ သူသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားမပြုခဲ့ပေ။ သူသည် နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်ရာအချို့ကို ပြသခဲ့သည်၊ နှုတ်ကပတ်တော်အချို့ ပြောခဲ့ပြီး နောက်ဆုံးတွင် ကားစင်တင်ခံခဲ့ရသည်။ သူသည် ဘုရားသခင်၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်နှင့်ဆိုင်သော အရာအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့ဘဲ၊ ယင်းထက် ဘုရားသခင်၏ အမှု တစ်စိတ်တစ်ဒေသကို လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အလွန် ကြီးမြတ်ပြီး၊ အလွန် အံ့ဖွယ်ဖြစ်ကာ သူသည် သိနားလည်၍ မရနိုင်သောကြောင့် ဖြစ်ပြီး၊ ခေတ်တိုင်းတွင် ဘုရားသခင်သည် သူ၏ အမှု၏ တစ်စိတ်တစ်ပိုင်းကိုသာ လုပ်ဆောင်သောကြောင့် ဖြစ်သည်။ ဤခေတ်အတောအတွင်း ဘုရားသခင် လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသား၏အသက်တာအတွက် နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူသား၏ သဘာဝ အနှစ်သာရ၊ ပြီးလျှင် ၎င်း၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဖော်ထုတ်ခြင်းနှင့် ဘာသာရေးဆိုင်ရာ အယူအဆများ၊ မတော်မတရား ရှေးဆန်သော အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်၊ လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် သန့်စင်စေရမည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို အသုံးမပြုဘဲ၊ သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ဖြစ်ခြင်းတို့ကို မြင်လာစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှုမြင်ရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ဖော်ထုတ်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။ ပညတ်တော်ခေတ်အတွင်းတွင်၊ ယေဟောဝါသည် သူ၏နှုတ်ကပတ်တော်များဖြင့် မောရှေကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခဲ့ပြီး၊ ဣသရေလလူမျိုးများထံ နှုတ်ကပတ်တော်အချို့ ပြောဆိုခဲ့သည်။ ထိုအချိန်တွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ပိုင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သော်လည်း၊ လူသား၏အရည်အချင်းသည် နည်းပါးခဲ့ပြီး လူသား၏အသိပညာကို မည်သည့်အရာကမျှ မပြည့်စုံစေနိုင်ခဲ့သောကြောင့်၊ ဘုရားသခင်သည် ဆက်လက်စကားပြောဆိုကာ အမှုပြုခဲ့ရသည်။ ကျေးဇူးတော်ခေတ်တွင် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ပိုင်းကို နောက်တစ်ကြိမ် မြင်ခဲ့ရသည်။ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြနိုင်ခဲ့သည်၊ မကျန်းမာသူများကို အနာငြိမ်းစေနိုင်ခဲ့ပြီး နတ်ဆိုးများကို နှင်ထုတ်နိုင်ခဲ့ကာ ကားစင်တင်ခံနိုင်ခဲ့သည်၊ ယင်းနောက် သုံးရက်မြောက်နေ့တွင် ရှင်ပြန်ထမြောက်ပြီး လူရှေ့တွင် လူ့ဇာတိဖြင့် ပေါ်ထွန်းခဲ့သည်။ ဘုရားသခင်နှင့် ပတ်သက်၍၊ လူသားသည် ဤအရာထက် ပို၍ မသိပေ။ လူသားသည် ဘုရားသခင်က သူ့ကို ဖော်ပြသလောက် သိပြီး၊ အကယ်၍ ဘုရားသခင်သည် လူသားကို နောက်ထပ် မည်သည့်အရာမျှ မပြသခဲ့ပါက၊ ယင်းမှာ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူသား၏ ဘောင်ခတ်မှု အတိုင်းအတာ ဖြစ်ပေမည်။ ထို့ကြောင့် သူနှင့်ပတ်သက်သည့် လူသား၏အသိပညာ သာ၍ နက်ရှိုင်းလာနိုင်စေဖို့နှင့် ဘုရားသခင်၏ အနှစ်သာရကို လူသားက တဖြည်းဖြည်း သိလာနိုင်စေဖို့အလို့ငှာ ဘုရားသခင်သည် ဆက်လက် အမှုပြုလေသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြပြီး၊ သင်၏ ဘာသာရေး အယူအဆများကို ဘုရားသခင်၏ စစ်မှန်မှုက အစားထိုးလေသည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင်သည် အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိထဲ ကြွလာသည်နှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏။” ဟူသည့် နှုတ်ကပတ်တော်များကို ပြည့်စုံစေရန် ကြွလာပြီဖြစ်ကာ၊ ဤအရာနှင့်သက်ဆိုင်သည့် စေ့စပ်သေချာသော အသိပညာတစ်ခု သင့်ထံတွင် မရှိပါက၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။ နောက်ဆုံးသောကာလအတောအတွင်းတွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် နှုတ်ကပတ်တော်က လူ့ဇာတိ၌ ပေါ်လာသည့် အမှု၏အဆင့်တစ်ခုကို ပြီးမြောက်ရန် ရည်ရွယ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ထို့ကြောင့် သင်တို့၏အသိသည် ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။ ဘုရားသခင် မည်သို့အမှုပြုသည်ဖြစ်စေ၊ ဘုရားသခင်သည် သူ့ကို ဘောင်ခတ်ရန် လူသားကို အခွင့်မပေးပေ။ အကယ်၍ ဘုရားသခင်သည် ဤအမှုကို နောက်ဆုံးသောကာလအတောအတွင်းတွင် မလုပ်ဆောင်ခဲ့ပါက၊ ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိပညာသည် နောက်ထပ်ရှေ့ဆက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ကားစင်တင် ခံရနိုင်ပြီး သောဒုံမြို့ကို ဖျက်ဆီးနိုင်သည်၊ ပြီးလျှင် ယေရှုသည် သေရာမှ ရှင်ပြန်ထမြောက်၍ရနိုင်ပြီး ပေတရုထံ ကိုယ်ထင်ပြနိုင်သည်ကိုသာ သင်သိပေမည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာခပ်သိမ်းကို ပြီးမြောက်စေနိုင်သကဲ့သို့၊ လူသားအား သိမ်းပိုက်နိုင်သည်ဟု သင် လုံးဝ ပြောမည် မဟုတ်ချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခြင်းမှတစ်ဆင့်သာ၊ သင်သည် ထိုသို့သော အသိပညာကို ပြောဆိုနိုင်ပြီး၊ သင် တွေ့ကြုံသည့် ဘုရားသခင်၏ အမှု သာ၍များလေလေ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အသိပညာသည် သာ၍ နှံ့စပ်လေလေ ဖြစ်လာလိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်ကို သင်၏ အယူအဆများအတွင်း ဘောင်ခတ်လိမ့်မည် မဟုတ်တော့ပေ။ လူသားသည် ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်းအားဖြင့် ဘုရားသခင်ကို သိရှိလာသည်။ ဘုရားသခင်ကို သိရှိရန် မှန်ကန်သည့် အခြားနည်းလမ်း မရှိပေ။ ယနေ့တွင် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၊ ပြီးလျှင် ကြီးမားသည့် ကပ်ဘေးများ၏ အချိန်ကာလကိုသာ စောင့်ဆိုင်းကြသည့် လူများစွာရှိလေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည်လော သို့မဟုတ် ကြီးမားသည့် ကပ်ဘေးများကို ယုံကြည်သည်လော။ ကြီးမားသော ကပ်ဘေးများ ရောက်ရှိချိန်တွင်၊ အလွန် နောက်ကြသွားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ကြီးစွာသော ကပ်ဘေးကို မစေလွှတ်ပါက၊ သူသည် ဘုရားမဟုတ်ပါသလော။ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ယုံသည်လော သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်ကို သင်ယုံသည်လော။ ယေရှုသည် အခြားသူများက သူ့ကို ပြက်ရယ်ပြုခဲ့ချိန်တွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြခဲ့ပေ၊ သို့သော် သူသည် ဘုရားသခင် မဟုတ်ခဲ့ပါသလော။ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ယုံသည်လော၊ သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရကို ယုံသည်လော။ ဘုရားသခင်၌ ယုံကြည်မှုနှင့် ပတ်သက်သည့် လူသား၏အမြင်များသည် မှားယွင်း၏။ ယေဟောဝါသည် ပညတ်တော်ခေတ်အတောအတွင်းတွင် နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သည်၊ သို့သော် ထိုနှုတ်ကပတ်တော်များထဲမှ အချို့သည် ယနေ့ထက်ထိတိုင် မပြည့်စုံသေးပေ။ ယေဟောဝါသည် ဘုရားသခင်မဟုတ်ခဲ့ဟု သင်ပြောနိုင်ပါသလော။
ယနေ့တွင် နောက်ဆုံးသောကာလ၌ ဘုရားသခင် ပြီးမြောက်သည်မှာ အဓိကအားဖြင့် “နှုတ်ကပတ်တော် လူ့ဇာတိခံယူသည်” ဟူသည့် အချက်ဖြစ်သည်ကို သင်တို့အားလုံးအဖို့ ရှင်းရှင်းလင်းလင်း ဖြစ်သင့်ပေသည်။ ကမ္ဘာမြေပေါ်က သူ၏ တကယ့်အမှုမှတစ်ဆင့်၊ လူသားက သူ့ကို သိရန်နှင့် သူနှင့် ထိတွေ့ဆက်ဆံရန်၊ ပြီးလျှင် သူ၏ တကယ့် လုပ်ဆောင်ချက်များကို မြင်ရန် သူ လုပ်ဆောင်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်သကဲ့သို့၊ ထိုသို့ သူမလုပ်ဆောင်နိုင်သော အချိန်များလည်း ရှိသည်ကို ဘုရားသခင်သည် လူသားအား ရှင်းရှင်းလင်းလင်း တွေ့မြင်စေသည်။ ဤသည်မှာ ခေတ်အပေါ် မူတည်ပေသည်။ ဤအရာမှ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနိုင်စွမ်း မရှိဘဲ၊ ယင်းအစား လုပ်ဆောင်ရမည့် အမှုနှင့် အညီ၊ ပြီးလျှင် ခေတ်နှင့်အညီ သူ၏ အမှုပြုခြင်း နည်းလမ်းအား ပြောင်းလဲသည်ကို သင် မြင်နိုင်ပေသည်။ အမှု၏ လတ်တလောအဆင့်တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသပေ။ ယေရှုခေတ်၌ နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်ရာအချို့ကို သူပြသခဲ့သည်မှာ ထိုခေတ်၌ သူ၏အမှုသည် မတူကွဲပြားသောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ထိုအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူအချို့က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူ ပြသနိုင်စွမ်းမရှိဟု ယုံကြည်ကြသည် သို့မဟုတ်ပါက နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူမပြလျှင်၊ ဘုရားသခင် မဟုတ်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ယင်းမှာ အတွေးမှားတစ်ခု မဟုတ်လော။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနိုင်သော်လည်း၊ သူသည် မတူကွဲပြားသောခေတ်တွင် အမှုပြုနေခြင်းဖြစ်သောကြောင့်၊ ထိုကဲ့သို့သောအမှုကို သူ မလုပ်ဆောင်ပေ။ ဤသည်မှာ မတူကွဲပြားသော ခေတ်ဖြစ်သောကြောင့်၊ ဘုရားသခင်က ပေါ်လွင်စေသည့် လုပ်ဆောင်ချက်သည်လည်း မတူကွဲပြားလေသည်။ ဘုရားသခင်၌ လူသား၏ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၌ ယုံခြင်းမဟုတ်သကဲ့သို့၊ နိမိတ်လက္ခဏာများ၌လည်း ယုံခြင်းမဟုတ်ဘဲ၊ အသစ်သောခေတ်အတွင်း သူ၏ စစ်မှန်သော အမှုကို ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုသည့် နည်းဟန်မှတစ်ဆင့် လူသားသည် ဘုရားသခင်ကို သိလာပြီး ဤအသိပညာက လူ၏အထဲ၌ ယုံကြည်မှု၊ ဆိုလိုသည်မှာ ဘုရားသခင်၏အမှုနှင့် လုပ်ဆောင်ချက်များ၌ ယုံကြည်မှုကို ဖြစ်ပေါ်စေသည်။ အမှု၏ဤအဆင့်တွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် စကားပြောဆိုသည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ရဖို့ မစောင့်ဆိုင်းနှင့်။ တစ်ခုတစ်လေကိုမျှ သင်တွေ့ရလိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ကျေးဇူးတော်ခေတ်အတွင်းတွင် မွေးဖွားခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ သင် မွေးဖွားခဲ့ပါက၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့နိုင်ပြီး ဖြစ်ပေမည်၊ သို့သော် သင်သည် နောက်ဆုံးသောကာလအတွင်း မွေးဖွားခဲ့သောကြောင့်၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် ပုံမှန်ဖြစ်မှုတို့ကိုသာ သင် တွေ့နိုင်သည်။ နောက်ဆုံးသောကာလအတွင်းတွင် သဘာဝလွန်ယေရှုကို မြင်တွေ့ရဖို့ မမျှော်လင့်နှင့်။ သင်သည် မည်သည့် ပုံမှန် လူသားနှင့်မျှ မကွဲပြားသည့် လက်တွေ့ကျသော လူ့ဇာတိခံ ဘုရားသခင်ကိုသာ မြင်နိုင်ပေသည်။ ခေတ်အသီးသီးတွင်၊ ဘုရားသခင်သည် မတူကွဲပြားသော လုပ်ဆောင်ချက်များကို ပေါ်လွင်စေသည်။ ခေတ်အသီးသီးတွင်၊ သူသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ဒေသကို ပေါ်လွင်စေပြီး၊ ခေတ်အသီးသီး၏ အမှုသည် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်စိတ်တစ်ဒေသနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုလေသည်။ ဘုရားသခင် ပေါ်လွင်စေသည့် လုပ်ဆောင်ချက်သည် သူ အမှုပြုသည့် ခေတ်နှင့်အတူ ခြားနား၏၊ သို့သော် ယင်းတို့အားလုံးသည် လူသားအား သာ၍ နက်ရှိုင်းသည့် ဘုရားသခင်နှင့် ပတ်သက်သော အသိပညာ၊ သာ၍ စစ်မှန်ကာ လက်တွေ့ကျသော ဘုရားသခင်၌ ယုံကြည်မှုကို ပေးလေသည်။ လူက ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးကြောင့်၊ ဘုရားသခင်သည် အလွန်အံ့ဖွယ်၊ အလွန်ကြီးမြတ်သောကြောင့်၊ သူသည် အနန္တတန်ခိုးရှိပြီး နားလည်၍မရနိုင်သောကြောင့်၊ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ အကယ်၍ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေကာ နတ်ဆိုးများကို နှင်ထုတ်နိုင်သောကြောင့် ဘုရားသခင်ကို သင် ယုံကြည်ပါက၊ သင်၏အမြင်သည် မှားယွင်းပြီး၊ လူအချို့က “ဝိညာဉ်ဆိုးများသည်လည်း ထိုသို့သော အရာများကို လုပ်ဆောင်နိုင်သည် မဟုတ်လော။” ဟု သင့်ကို ပြောကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ပုံရိပ်ကို စာတန်၏ပုံရိပ်နှင့် ရောထွေးခြင်း ဖြစ်သည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၌ လူသား၏ ယုံကြည်မှုမှာ သူ၏ များစွာသော လုပ်ဆောင်ချက်များ၊ သူလုပ်ဆောင်သည့် အမှု၏ ကြီးမားသော ပမာဏနှင့် သူပြောဆိုသည့် နည်းလမ်းများစွာကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ရန်နှင့် စုံလင်စေရန် သူ၏မိန့်မြွက်ချက်များကို အသုံးပြုသည်။ လူသားက ဘုရားသခင်ကို သူ၏ လုပ်ဆောင်ချက်များစွာကြောင့် ယုံကြည်ခြင်းဖြစ်ပြီး၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်သောကြောင့် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်ကို သူ၏ လုပ်ဆောင်ချက်များအား မျက်မြင်တွေ့ခြင်းအားဖြင့်သာ သိရှိလေသည်။ ဘုရားသခင်၏ တကယ့် လုပ်ဆောင်ချက်များ၊ သူမည်သို့အမှုပြုသည်၊ မည်သည့် ဉာဏ်ပညာ ရှိသော နည်းစနစ်ကို သူ အသုံးပြုသည်၊ သူမည်သို့စကားပြောဆိုပြီး လူသားကို မည်သို့စုံလင်စေသည်တို့ကို သိရှိခြင်းအားဖြင့်သာ- ဤသွင်ပြင်လက္ခဏာများကို သိရှိခြင်းအားဖြင့်သာ- သင်သည် မည်သည့်အရာကို သူနှစ်သက်သည်၊ မည်သည့်အရာကို သူ စက်ဆုပ်ရွံရှာသည်ဆိုသည်နှင့် လူသားအပေါ် သူမည်သို့အမှုပြုသည် ဆိုသည်တို့ကို သိလျက်၊ ဘုရားသခင်၏ စစ်မှန်မှုကို သဘောပေါက်နိုင်ပြီး သူ၏ စိတ်သဘောထားကို နားလည်နိုင်ပေသည်။ ဘုရားသခင်၏ ကြိုက်သည့်အရာများနှင့် မကြိုက်နှစ်သက်သည့်အရာများကို သိနားလည်ခြင်းအားဖြင့်၊ သင်သည် အပြုသဘောဆောင်သောအရာနှင့် အပျက်သဘောဆောင်သော အရာတို့အကြား ခွဲခြားနိုင်ကာ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အသိပညာမှတစ်ဆင့် သင်၏ အသက်တာတွင် တိုးတက်မှုရှိပေသည်။ တိုတိုပြောရလျှင်၊ သင်သည် ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် အသိပညာကို ရရှိရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သည့် သင်၏အမြင်ကို မှန်မှန်ကန်ကန် ထားရှိရမည် ဖြစ်သည်။