မိမိကိုယ်ကို သိခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

ကောက်နုတ်ချက် (၄၂)

စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိခြင်းတွင် အဓိကသော့ချက်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိရှိရန်ဖြစ်ပြီး၊ ဤအရာသည် ဘုရားသခင်ထံမှ ထုတ်ဖော်ခြင်းနှင့်အညီ ဖြစ်ပျက်ရမည်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ တစ်ဦးတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အကျည်းတန်သော သဘာဝကို သိရှိနိုင်သည်၊ မိမိ၏ ကိုယ်ပိုင်သဘာဝထဲက စာတန်၏ အမျိုးမျိုးသော အဆိပ်များကို သတိပြုနိုင်သည်၊ မိမိ မိုက်မဲပြီး မသိနားမလည်သည်ကို နားလည်နိုင်ပြီး မိမိ၏ သဘာဝထဲက အားနည်းပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို သတိပြုမိနိုင်သည်။ ဤအရာများကို အပြည့်အဝ သိရှိပြီးသည့်နောက်တွင် သင်သည် မိမိကိုယ်ကို စစ်မှန်စွာ မုန်းတီးနိုင်ပြီး ဇာတိပကတိကို အမှန်တကယ် စွန့်လွှတ်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်သမတ်တည်း ဆောင်ရွက်နိုင်သည်၊ သင်၏တာဝန်များကို ထမ်းဆောင်နေစဉ်တွင် သမ္မာတရားကို မလျှော့တမ်းလိုက်စားနိုင်သည်၊ သင်၏စိတ်သဘောထား ပြောင်းလဲမှုရှိအောင် စွမ်းဆောင်နိုင်သည်၊ ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူတစ်ယောက် ဖြစ်လာနိုင်သည်။ ထို့နောက်တွင် ပေတရု၏ လမ်းကြောင်းကို သင်စတင်လျှောက်မိနှင့်ပြီး ဖြစ်နေပေလိမ့်မည်။ ဘုရားသခင်၏ ကျေးဇူးတော်မပါဘဲနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ မပါဘဲ၊ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြသကဲ့သို့၊ မိမိတို့ကိုယ်ကိုယ် သစ္စာမဖောက်နိုင်ကြသောကြောင့် ဤလမ်းကြောင်းကို လျှောက်လှမ်းဖို့ ခက်ခဲပေလိမ့်မည်။ ပေတရု၏ စုံလင်ခြင်းလမ်းကြောင်းကို လိုက်လျှောက်ခြင်းသည် အဓိကအားဖြင့် စိတ်ဆုံးဖြတ်ထားခြင်း၊ ယုံကြည်ချက် ရှိခြင်းနှင့် ဘုရားသခင်ကို ကိုးစားခြင်းတို့အပေါ် တည်မှီပေသည်။ ထို့အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကျိုးနွံနာခံရမည်။ အရာခပ်သိမ်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမပါဘဲ လုပ်ဆောင်၍ မရပေ။ ဤအရာများသည် အဓိက ရှုထောင့်များဖြစ်သည်၊ ယင်းထဲမှ မည်သည့်အရာကိုမျှ ချိုးဖောက်၍ မရပေ။ အတွေ့အကြုံမှတစ်ဆင့် မိမိကိုယ်ကိုယ် သိရှိခြင်းသည် အလွန် ခက်ခဲ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မရှိလျှင် အချည်းနှီးသာဖြစ်သည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်ရန်၊ မိမိကိုယ်ကိုယ် သိရှိခြင်းနှင့် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း အပေါ် အာရုံစူးစိုက်ရမည်။ ပေါလု၏ လမ်းကြောင်းသည် အသက်ကို ရှာဖွေခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သိရှိခြင်းအပေါ် အာရုံစိုက်ခြင်း လမ်းကြောင်းတစ်ခုမဟုတ်ပေ။ သူသည် အထူးသဖြင့် အမှုကို လုပ်ဆောင်ခြင်း၊ ယင်း၏လွှမ်းမိုးမှုနှင့် အရှိန်အဟုန်အပေါ် အာရုံစိုက်ခဲ့၏။ သူ၏ အရင်းခံအကြောင်းရင်းမှာ သူ၏ အလုပ်နှင့် ဆင်းရဲဒုက္ခခံစားခြင်း အတွက် အလဲအလှယ်အနေဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိဖို့နှင့် ဘုရားသခင်ထံမှ ဆုလာဘ်များရရှိဖို့ ဖြစ်သည်။ ဤအရင်းခံ အကြောင်းရင်းသည် မှားယွင်း၏။ ပေါလုသည် အသက်အပေါ် အာရုံမစိုက်ခဲ့သကဲ့သို့၊ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိခြင်းအပေါ် အရေးထားမှုတစ်ခုတစ်လေမျှ မရှိခဲ့ပေ။ သူသည် ဆုလာဘ်များအပေါ်သာ အာရုံစိုက်ခဲ့သည်။ သူသည် မှားယွင်းသည့် ရည်မှန်းချက်ပန်းတိုင်များ ရှိခဲ့သောကြောင့်၊ သူ လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းသည်လည်း အမှန်ပင် မှားယွင်းခဲ့လေသည်။ ဤအရာကို သူ၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော သဘာဝအားဖြင့် ဖြစ်ပေါ်စေခဲ့ပေသည်။ သိသိသာသာပင်၊ ပေါလုသည် မည်သည့် သမ္မာတရားကိုမှ မပိုင်ဆိုင်ခဲ့သကဲ့သို့၊ သူသည် မည်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိခဲ့ပေ။ လူတို့ကို ကယ်တင်ခြင်းနှင့် ပြောင်းလဲခြင်းတွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲ၏။ သူ၏ နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ လူတို့အထဲ၌ အသွင်ပြောင်းလဲသော စိတ်သဘောထားများနှင့် ဘုရားသခင်ကို သိရှိနိုင်စွမ်း၊ သူ့ကို ကျိုးနွံနာခံနိုင်စွမ်းနှင့် ပုံမှန်နည်းလမ်းဖြင့် သူ့ကို ကိုးကွယ်နိုင်စွမ်း တို့ကို ပိုင်ဆိုင်ခြင်း၏ ရလဒ်ကို ရရှိဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ အမှုတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ ပေါလု၏ ရှာဖွေခြင်း နည်းလမ်းသည် ဘုရားသခင်၏ အလိုကို တိုက်ရိုက် ချိုးဖောက်ပြီး ဘုရားသခင်၏ အလိုနှင့် ဆန့်ကျင်ပေသည်။ ယင်းသည် ဘုရားသခင်၏အလိုကို လုံးဝ ဆန့်ကျင်ပေသည်။ သို့သော်၊ ပေတရု၏ ရှာဖွေခြင်း နည်းလမ်းသည် ဘုရားသခင်၏ အလိုနှင့် လုံးဝ ကိုက်ညီခဲ့သည်၊ သူသည် အသက်အပေါ်၊ စိတ်သဘောထား ပြောင်းလဲမှုများအပေါ် အာရုံစိုက်ခဲ့သည်။ ယင်းသည် သူ၏ လုပ်ဆောင်မှုနှင့် လူသားများထဲ၌ ရရှိဖို့ ဘုရားသခင် ဆန္ဒရှိသည့် ရလဒ် အတိအကျ ဖြစ်ပေသည်။ ထို့ကြောင့် ပေတရု၏ လမ်းကြောင်းသည် ကောင်းချီးခံစားရပြီး ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိလေသည်။ ပေါလု၏ လမ်းကြောင်းသည် ဘုရားသခင်၏ အလိုကို ချိုးဖောက်မှုတွင် ရှိသောကြောင့်၊ ဘုရားသခင်သည် ယင်းကို စက်ဆုပ်ကာ ကျိန်ဆဲလေသည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်ရန်၊ ဘုရားသခင်၏ အလိုကို သိရှိရမည်ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏ အလိုကို အမှန်တကယ် အပြည့်အဝ နားလည်နိုင်ပါက- ဆိုလိုသည်မှာ လူသားထံမှ မည့်သည့်အရာကို ဘုရားသခင် ဖန်တီးလိုသည်ဆိုသည်နှင့် နောက်ဆုံးတွင် မည်သည့်ရလဒ်ကို ရရှိဖို့ သူ ဆန္ဒရှိသည်ဆိုသည်တို့ကို နားလည်ခြင်းဖြစ်သည်- ထိုအခါမှသာ မည်သည့်လမ်းကြောင်း လိုက်လျှောက်ရမည်ကို တိကျသည့် သိနားလည်မှုတစ်ခု ရှိနိုင်ပေသည်။ သင်သည် ပေတရု၏ လမ်းကြောင်းကို အပြည့်အဝ နားမလည်သကဲ့သို့၊ ယင်းကို လိုက်လျှောက်ဖို့ စိတ်ဆန္ဒတစ်ခု ရှိရုံမျှရှိပါက၊ သင်သည် ယင်းအပေါ် စတင်နိုင်လိမ့်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့်၊ သင်သည် အယူဝါဒများစွာ သိကောင်းသိလိမ့်မည်ဖြစ်သော်လည်း၊ နောက်ဆုံးတွင် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ပေ။ သင်သည် အပေါ်ယံ ဝင်ရောက်မှုတစ်ခုကို ပြုလုပ်ကောင်း ပြုလုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း၊ စစ်မှန်သည့် မည်သည့် ရလဒ်ကိုမျှ သင် ရရှိနိုင်လိမ့်မည်မဟုတ်။

မျက်မှောက်ခေတ်တွင် လူအများစုက မိမိကိုယ်ကိုယ်မိမိအပေါ် အလွန်ပင် အပေါ်ယံဆန်သော သိနားလည်ခြင်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့သဘာဝ၏ အစိတ်အပိုင်းဖြစ်သော အမှုအရာများကို ရှင်းလင်းစွာ သိမြင်လာခြင်း လုံးဝမရှိခဲ့ကြပေ။ ၎င်းတို့သည် ၎င်းတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော အခြေအန အနည်းငယ်၊ သူတို့ပြုလုပ်တတ်သည့် အမှုအရာများ၊ သို့မဟုတ် သူတို့၏ အားနည်းချက်များ အနည်းငယ်ကိုသာ သိကြပြီး၊ ဤအရာက ၎င်းတို့အား မိမိကိုယ်ကိုယ်သိသည်ဟု ယုံကြည်စေသည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် စည်းကမ်းအနည်းငယ်ကို လိုက်နာကာ အချို့သော ကဏ္ဍများတွင် အမှားမလုပ်မိရန် သေချာစေပြီး၊ ထိုထိုသော ကျူးလွန်ပြစ်မှားခြင်းများ မလုပ်မိအောင် ရှောင်ကြဉ်နိုင်လျှင် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်း၌ စစ်မှန်မှုပိုင်ဆိုင်သည်ဟု မိမိကိုယ်ကိုယ် သဘောထားပြီး ကယ်တင်ခံရလိမ့်မည်ဟု ယူဆတတ်ကြသည်။ ဤသည်မှာ လုံးလုံးလျားလျားပင် လူသား၏ စိတ်အထင်ဖြစ်သည်။ ထိုအရာများကို သင်လိုက်နာလျှင် မည်သည့် ကျူးလွန်ပြစ်မှားခြင်းကိုမျှ မလုပ်မိစေဖို့ သင် အမှန်တကယ် ရှောင်ကြဉ်လာနိုင်လိမ့်မည်လော။ စိတ်သဘောထား၌ စစ်မှန်သောပြောင်းလဲမှုကို သင်ရရှိပြီးဖြစ်လိမ့်မည်လော။ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို သင် အမှန်တကယ် အသက်ရှင်နေလိမ့်မည်လော။ သင်သည် ဘုရားသခင်ကို ထိုနည်းအတိုင်း အမှန်ပင် ကျေနပ်စေနိုင်သလော။ လုံးဝကျေနပ်စေနိုင်မည် မဟုတ်၊ ဤသည်မှာ သေချာ၏။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် လူတစ်ဦးက မြင့်မားသော စံနှုန်းများရှိပြီး သမ္မာတရားနှင့် သူ၏ အသက်တာစိတ်သဘောထား၌ အသွင်ပြောင်းလဲမှု အတော်အတန် ရရှိထားသောအခါမှသာ အလုပ်ဖြစ်လေသည်။ ဤသည်မှာ ရှေးဦးစွာ မိမိကိုယ်ကို သိရန် စိတ်နှစ်မြုပ်လုပ်ဆောင်ခြင်းလိုအပ်သည်။ လူတို့၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်- ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကိုယ်၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာလိမ့်မည်။ မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းကို အားသွန်ခွန်စိုက်လုပ်ရသည်ဟု ယုံကြည်ခြင်းမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ “ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရာတွင် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကို အမှန်တကယ် စက်ဆုပ်ခြင်းသည် ရိုးရှင်းသောကိစ္စတစ်ခု မဟုတ်ပေ။ ဤတွင် တွေ့ရှိရမည့် အရာအချို့ရှိသည်။ ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား။” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ထုတ်ပယ်ခံရပြီး ဖျက်ဆီးခံရသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ထို့ကြောင့် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စောဒကတက်လိမ့်မည်မဟုတ်၊ သို့မဟုတ် အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့ မိမိကိုယ်ကိုယ် အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်် သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတစ်လေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏- သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ အားလုံးကအလွန် နောက်ကျခဲ့ပေသည်။

ကောက်နုတ်ချက် (၄၄)

အကယ်၍ လူတို့သည် ၎င်းတို့ကိုယ်ကိုယ် နားလည်ရမည်ဆိုပါက သူတို့သည် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နားလည်ရမည်ဖြစ်ပြီး မိမိတို့၏ စစ်မှန်သော အခြေအနေများကို နားလည်သဘောပေါက်ခြင်း ရှိရမည်။ မိမိ၏ ကိုယ်ပိုင်အခြေအနေကို နားလည်ခြင်းနှင့်ဆိုင်သော အရေးကြီးဆုံးကဏ္ဍမှာ မိမိ၏ ကိုယ်ပိုင်အတွေးများနှင့် စိတ်ကူးများကို နားလည်သဘောပေါက်မှု ရှိရန်ပင် ဖြစ်သည်။ အချိန်ကာလတိုင်းတွင် လူတို့၏ အတွေးများနှင့် စိတ်ကူးများသည် အဓိကကျသော အရာတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံထားရပြီးဖြစ်သည်။ အကယ်၍ သင်သည် သင်၏အတွေးများနှင့် စိတ်ကူးများအပေါ် ထိန်းချုပ်မှုကို ရရှိနိုင်ပါက သင်သည် ၎င်းတို့ နောက်ကွယ်၌ရှိသော အရာများအပေါ် နားလည်သဘောပေါက် နိုင်မည်ဖြစ်သည်။ လူတို့သည် မိမိတို့၏ အတွေးများနှင့် စိတ်ကူးများကို မထိန်းချုပ်နိုင်ကြချေ။ သို့ရာတွင် ဤအတွေးများနှင့် စိတ်ကူးများ မည်သည့်အရပ်မှ လာသည်၊ ၎င်းတို့ နောက်ကွယ်တွင် မည်သည့်အကြောင်းရင်းများ ရှိသည်၊ ဤအတွေးများနှင့် စိတ်ကူးများ မည်သို့ ထွက်ပေါ်သည်၊ မည်သည့်အရာက ၎င်းတို့ကို ထိန်းချုပ်သည်ဆိုသည်နှင့် ၎င်းတို့၏ သဘာဝက မည်သည့်အရာဖြစ်သည်တို့ကို ၎င်းတို့ သိဖို့လိုအပ်သည်။ လူတစ်ယောက်၏ စိတ်သဘောထား ပြောင်းလဲသွားသည့်နောက်တွင် ပြောင်းလဲသွားသော အပိုင်းက ဖန်တီးပေးသည့် အရာများဆီသို့ ထိုသူ ကြိုးပမ်းအားထုတ်သော ပန်းတိုင်များ၊ အမြင်များ၊ စိတ်ကူးများနှင့် အတွေးများမှာ ယခင်ကထက် များစွာ ခြားနားသွားပေလိမ့်မည်။ အခြေခံအားဖြင့် ၎င်းအရာများသည် သမ္မာတရားနှင့် နီးစပ်လာမည် ဖြစ်ပြီး သမ္မာတရားနှင့်အညီ ဖြစ်လာကြလိမ့်မည်။ လူတို့၏အတွင်း၌ မပြောင်းလဲသေးသော အရာများ၊ တစ်နည်းဆိုရသော် ၎င်းတို့ နှစ်သက် လိုက်စားကြသော အရာများအပါအဝင် ၎င်းတို့၏ အတွေးဟောင်းများ၊ စိတ်ကူးဟောင်းများ၊ အမြင်ဟောင်းများမှာ လုံးလုံး ညစ်ညူးကာ ညစ်ညမ်းပြီး အကျည်းတန်သော အရာများသာ ဖြစ်ကြ၏။ လူတစ်ယောက်သည် သမ္မာတရားကို နားလည်သွားသည့်နောက်တွင် ဤအရာများကို ခွဲခြားသိနိုင်သလို ၎င်းအရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ ထို့ကြောင့် ၎င်းတို့သည် ဤအရာများကို စွန့်လွှတ်နိုင်ကာ ကျောခိုင်းနိုင်ကြ၏။ ဤသို့သော လူများသည် တစ်နည်းနည်းဖြင့် အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ကြ၏၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြ၏၊ အချို့သော သမ္မာတရား စစ်မှန်မှုများထဲသို့လည်း ဝင်ရောက်နိုင်ကြ၏။ သမ္မာတရားကို နားမလည်သော လူတို့သည်ကား ဤဖောက်ပြန်ပျက်စီးသော၊ သို့မဟုတ် အပျက်သဘောဆောင်သော အရာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြသလို ပိုင်းခြားသိမြင်နိုင်ခြင်းလည်း မရှိကြချေ။ ထို့ကြောင့် ၎င်းတို့သည် ဤအရာများကို ကျောခိုင်းနိုင်စွမ်း ရှိဖို့ မဆိုထားနှင့် စွန့်လည်းမစွန့်လွှတ်နိုင်ပေ။ မည်သည့်အရာက ဤခြားနားချက်ကို ဖြစ်စေသနည်း။ ၎င်းတို့သည် ယုံကြည်သူများချည်းသာ ဖြစ်သော်လည်း အချို့က အပျက်သဘောဆောင်သော၊ မသန့်ရှင်းသော အရာများကို ပိုင်းခြားသိမြင်နိုင်ကာ စွန့်လွှတ်နိုင်သော်ငြားလည်း အခြားသောသူများက ဤအရာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သကဲ့သို့ ကိုယ့်ကိုယ်ကိုယ် လွတ်အောင် မရုန်းနိုင်ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယင်းသည် လူတစ်ယောက်အနေဖြင့် သမ္မာတရားကို ချစ်ကာ အားထုတ်လိုက်စားသလားဆိုသည်နှင့် တိုက်ရိုက် ဆက်စပ်လေသည်။ သမ္မာတရားကို လိုက်စားသော သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အချိန်ကာလတစ်ခုမျှ စားသောက်ပြီး တရားဒေသနာတို့ကို အချိန်ကာလ တစ်ခုမျှ ကြားနာသည့်အခါ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်၍ အချို့သော အကြောင်းအရာများကို ရှင်းလင်းစွာ မြင်နိုင်ကြ၏။ ၎င်းတို့၏အသက်တွင် တိုးတက်မှု ရှိသွားပြီဖြစ်သည်။ ခြားနားချက်မှာ သမ္မာတရားကို မချစ်သောသူတို့မှာ စည်းဝေးပွဲများ တက်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး တရားဒေသနာများကို ကြားနာသည့် အချိန်ပမာဏတူသော်လည်း ၎င်းတို့သည် သမ္မာတရားကို နားမလည်နိုင်ကြချေ။ နှစ်ပေါင်း မည်မျှ ကြာအောင် ယုံကြည်လာခဲ့ကြသည်ဖြစ်စေ ၎င်းတို့တွင် အသက်ဝင်ရောက်မှု မရှိကြ။ ဤလူတို့သည် သမ္မာတရားကို မလိုက်စားသောကြောင့် ကျရှုံးခဲ့ကြ၏။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို နှစ်ပေါင်း မည်မျှ ကြာအောင် ယုံကြည်လာခဲ့ကြသည်ဖြစ်စေ သမ္မာတရားကို မလိုက်စားသောသူတို့သည် သမ္မာတရားကို နားမလည်နိုင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် အခြေအနေတစ်ခုကို ကြုံရသည့်အခါ ဘာသာရေးသမား တစ်ယောက်အလား ဖြစ်လုနီးပါး ရှိသည်မှာ ထိုအခြေအနေကို ရှင်းလင်းစွာ မမြင်တတ်ကြပေ။ ၎င်းတို့သည် မိမိတို့၏ နှစ်ပေါင်းများစွာ ယုံကြည်ခြင်းမှ မည်သည့်အရာကိုမျှ မရရှိခဲ့ကြချေ။ သင်တို့သည် ယခု သမ္မာတရား မည်မျှကို နားလည်ကြသနည်း။ မည်သည့်အရာများကို ရှင်းလင်းစွာ မြင်နိုင်ကြသနည်း။ အပျက်သဘောဆောင်သော အရာများနှင့် လူများကို ပိုင်းခြားသိမြင်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ သင် အမှန်တကယ် ယုံကြည်သည်မှာ မည်သူ ဖြစ်သည်ကိုလည်းကောင်း သင်သည် မရှင်းလင်းချေ။ သင်သည် နေ့စဉ်ဘဝ၌ သင့်ထံတွင် ရှိသော စိတ်ကူးများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အဖြစ် မည်သည့်လမ်းအား လိုက်လျှောက်သင့်သည်ကို လုံးလုံး သတိမမူမိပေ၊ သင်သည် အမှုအရာများ ပြုလုပ်သည့်အခါဖြစ်စေ၊ မိမိတာဝန်ကို ထမ်းဆောင်သည့်အခါဖြစ်စေ သမ္မာတရားအား မည်သို့ လက်တွေ့ လုပ်ဆောင်သင့်သည်ကိုလည်း ရှင်းရှင်းလင်းလင်း မရှိပေ။ ဤသည်တို့မှာ မည်သည့် အသက် ဝင်ရောက်မှုမျှ မရှိကြသော လူများ ဖြစ်ကြ၏။ သမ္မာတရားကို အစစ်အမှန် နားလည်ပြီး သမ္မာတရားအား မည်သို့ လက်တွေ့ လုပ်ဆောင်ပုံကို သိခြင်းအားဖြင့်သာ သင်သည် မတူညီသော လူအမျိုးအစားများကို ပိုင်းခြားသိမြင်နိုင်၏၊ မတူညီသော အခြေအနေများကို ရှင်းလင်းစွာ မြင်နိုင်၏၊ အမှုအရာများကို သမ္မာတရားနှင့်အညီ လုပ်ဆောင်နိုင်၏၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီနိုင်စွမ်း ရှိသည့်အပြင် ဘုရားသခင်၏ အလိုတော်နှင့်လည်း တိုး၍ နီးစပ်နိုင်လေ၏။ ဤသို့သော နည်းလမ်းဖြင့် အားထုတ်လိုက်စားခြင်းကသာ သင့်အနေဖြင့် အကျိုးရလဒ်များ ရရှိပေလိမ့်မည်။

ကောက်နုတ်ချက် (၄၅)

လူသား၏အတွင်း၌ အချို့သော အပျက်သဘောဆောင်သည့် အခြေအနေများသည် မကြာခဏ ဖြစ်နေကြ၏။ ၎င်းတို့ထဲတွင် အချို့အခြေအနေများမှာ လူတို့ကို လွှမ်းမိုးနိုင်ကြ၏၊ သို့မဟုတ် ဘောင်ခတ်နိုင်ကြ၏။ လူတစ်ဦး တစ်ယောက်အား မှန်သောလမ်းခရီးမှ သွေဖည်စေ၍ လမ်းကြောင်းမှားဆီသို့ပင် ဦးတည်စေနိုင်သော အချို့အခြေအနေများ ရှိ၏။ လူတို့ လိုက်စားသောအရာ၊ ၎င်းတို့ အာရုံစိုက်သော အရာ၊ ၎င်းတို့ လျှောက်လှမ်းရန် ရွေးချယ်သောလမ်းတို့သည် ၎င်းတို့၏ စိတ်အတွင်းပိုင်း အခြေအနေများနှင့် ဆက်နွှယ်နေကြသည်။ လူတို့သည် ပျော့ညံ့သလော၊ သို့မဟုတ် ကြံ့ခိုင်သလောဆိုသည်မှာ ၎င်းတို့၏စိတ်အတွင်းပိုင်း အခြေအနေများနှင့် ပို၍ပင် တိုက်ရိုက် ဆက်စပ်နေလေသည်။ ဥပမာအားဖြင့် လူအများအပြားသည် ယခုအခါ ဘုရားသခင်၏ နေ့ရက်အကြောင်းကို အထူး အလေးထားကြ၏။ ၎င်းတို့အားလုံးတွင် ဤသို့သော အလိုဆန္ဒ ရှိလေသည်၊ ၎င်းတို့အနေဖြင့် ဤသို့သော ဆင်းရဲဒုက္ခ၊ ဤသို့သော ရောဂါဘယများ၊ ဤသို့သော ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားဝေဒနာမျိုးစုံမှ ရုန်းထွက်လွတ်မြောက်နိုင်ရန်အတွက် ဘုရားသခင်၏ နေ့ရက် အလျင်အမြန် ရောက်ရှိလာဖို့ကို တမ်းတခြင်းဖြစ်၏။ လူတို့သည် ဘုရားသခင်၏နေ့ရက် ရောက်ရှိလာသည့်အခါ ၎င်းတို့ ယခု ခံစားရသော ဆင်းရဲဒုက္ခမှ သက်သာရာရလိမ့်မည်ဟုလည်းကောင်း၊ ကြမ်းတမ်းခက်ခဲမှုများကို မည်သည့်အခါမျှ ကြုံရတော့မည် မဟုတ်ဟုလည်းကောင်း၊ ကောင်းချီးများကို ခံစားကြရလိမ့်မည်ဟုလည်းကောင်း ထင်မှတ်ကြ၏။ လူတစ်ဦးတစ်ယောက်သည် ဤသို့သော အခြေအနေမျိုးမှနေ၍ ဘုရားသခင်အား နားလည်ရန်ဖြစ်စေ၊ သမ္မာတရားကို လိုက်စားရန်ဖြစ်စေ ကြိုးစားသည်ဆိုလျှင် ၎င်းတို့၏ အသက်တိုးတက်မှုမှာ များစွာ နည်းပါးပေလိမ့်မည်။ အဟန့်အတားတစ်ခုခု၊ သို့မဟုတ် မကောင်းသောအရာ တစ်ခုခုက ၎င်းတို့အပေါ် ကျရောက်သည့်အခါ ပျော့ညံ့မှု၊ အပျက်သဘောဆောင်မှုနှင့် ၎င်းတို့အတွင်းမှ ပုန်ကန်မှုများ အားလုံးမှာ ထွက်ပေါ်လာ၏။ ထို့ကြောင့် လူတစ်ဦးတစ်ယောက်၏ အခြေအနေမှာ ပုံမှန်မဟုတ်လျှင်၊ သို့မဟုတ် မှားနေလျှင် ၎င်းတို့လိုက်စားမှု၏ ပန်းတိုင်သည်လည်း မှားယွင်းမည်ဖြစ်ကာ မုချ သန့်စင်မှု ရှိလိမ့်မည်မဟုတ်။ အချို့သော လူများသည် မမှန်ကန်သော အခြေအနေများအတွင်းမှနေ၍ ဝင်ရောက်မှုအတွက် ကြိုးပမ်းကြသည့်တိုင် ၎င်းတို့၏လိုက်စားမှု၌ ၎င်းတို့အနေဖြင့် အဆင်ပြေသည်ဟုလည်းကောင်း၊ အမှုအရာများကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်နေသည်ဟုလည်းကောင်း၊ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နေသည် ဟုလည်းကောင်း ထင်မှတ်ကြ၏။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆန့်ကျင်သွားခဲ့ပြီဖြစ်ကြောင်း၊ သို့မဟုတ် သူ၏ အလိုတော်မှ သွေဖည်ခဲ့ပြီဖြစ်ကြောင်းကိုမူ မယုံကြည်ကြချေ။ သင်သည်လည်း ထိုနည်းအတိုင်း ခံစားမိနိုင်ကောင်း၏၊ သို့သော် မကောင်းသော ဖြစ်ရပ်တစ်ခု၊ သို့မဟုတ် ပတ်ဝန်းကျင်တစ်ခုက သင့်အား ဆင်းရဲဒုက္ခ ရောက်စေသည့်အခါ၊ သင်၏ပျော့ကွက်များ၊ သင်၏စိတ်နှလုံးအတွင်း၌ သင် သဘောကျ၍ လိုက်စားသော အရာများကို ထိခိုက်စေသောအခါတွင် သင်သည် အပျက်သဘောဆောင်လာလိမ့်မည်။ သင်၏ မျှော်လင့်ချက်များနှင့် အိပ်မက်များသည် အချည်းနှီး ဖြစ်လာလိမ့်မည်။ သင်သည်လည်း သဘာဝအလျောက် ပျော့ညံ့လာပေလိမ့်မည်။ သို့ဖြစ်ရာ ထိုအချိန်အခါမျိုးရှိ သင်၏အခြေအနေသည် သင့်အား ကြံ့ခိုင်သလော၊ သို့မဟုတ် ပျော့ညံ့သလောဟူသည်ကို ဆုံးဖြတ်ပေး၏။ ယခုအခါ၌ မိမိတို့သည် များစွာ ကြံ့ခိုင်သည်ဟုလည်းကောင်း၊ မိမိတို့တွင် ဝိညာဉ်ရင့်သန်မှု အနည်းငယ် ရှိသည် ဟုလည်းကောင်း၊ မိမိတို့တွင် ယခင်ကထက် ယုံကြည်ခြင်း ပို၍ ရှိသည်ဟုလည်းကောင်း ထင်မှတ်ကြသော လူအများအပြား ရှိကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် စတင်ခဲ့ကြပြီ ဖြစ်ကြောင်း၊ ထို့အပြင် အခြားလူများက ၎င်းတို့အား ထိုလမ်းတွင် ဆွဲခေါ်ရန်ဖြစ်စေ တွန်းပို့ရန်ဖြစ်စေ မလိုအပ်ကြောင်း ယူဆကြ၏။ ဤသို့ဆိုလျှင် အချို့သော ပတ်ဝန်းကျင် အခြေအနေများ၊ သို့မဟုတ် အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် အဘယ်ကြောင့် အပျက်သဘောဆောင်ခြင်း၊ သို့မဟုတ် ပျော့ညံ့ခြင်း ဖြစ်လာကြသနည်း။ အဘယ်ကြောင့် ထိုအချိန်တွင် မကျေမနပ်ဖြစ်ကြကာ ၎င်းတို့၏ ယုံကြည်ခြင်းကို စွန့်ပစ်ခြင်းဖြင့် အဆုံးသတ်ကြသနည်း။ ဤသည်မှာ လူအယောက်တိုင်း၏အတွင်း၌ အပျက်သဘောဆောင်၍ ပုံမှန်မဟုတ်သော အခြေအနေအချို့ ရှိနေသည်ကို ပြ၏။ လူသားအတွင်း၌ ရှိသော မစင်ကြယ်မှုများထဲမှ အချို့မှာ လက်လွှတ်ရန် မလွယ်ကူပေ။ သင်သည် သမ္မာတရားကို လိုက်စားသော လူတစ်ယောက် ဖြစ်လျှင်ပင် ၎င်းအရာများကို လုံးလုံး လက်မလွှတ်နိုင်ချေ။ ဤအမှုအား ဘုရားနှုတ်ကပတ်တော်၏ ထုတ်ဖော်ခြင်းကို အခြေခံကာ လုပ်ဆောင်ရမည်ဖြစ်သည်။ မိမိတို့၏ အခြေအနေများကို ဆင်ခြင်ကာ နားလည်ပြီးသည့်နောက်တွင် လူတို့သည် ၎င်းအခြေအနေများကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်ကြည့်ပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းကြရမည်။ ထိုအခါမှသာ ၎င်းတို့၏အခြေအနေများ တဖြည်းဖြည်း ပြောင်းလဲပေလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှု၍ ၎င်းတို့၏ အခြေအနေများကို သိလာသည့်အခါ ၎င်းတို့သည် ယင်းအခြေအနေများကို ချက်ချင်း ပြောင်းလဲနိုင်သည် ဆိုသည်မှာ မဟုတ်ပေ။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုခြင်း၊ မိမိတို့၏ အခြေအနေများကို ရှင်းလင်းစွာ မြင်ခြင်း၊ ဘုရားသခင်ဆီ ဆုတောင်းခြင်းနှင့် သမ္မာတရား ရရှိရန် ကြိုးပမ်းခြင်းများ ရှိနေသရွေ့ ၎င်းတို့ထံမှ ဖောက်ပြန်ပျက်စီးမှု ပွင့်အံထွက်လာသည့်အခါတွင်ဖြစ်စေ၊ အနာဂတ်၌ ပုံမှန်မဟုတ်သော အခြေအနေတစ်ခုတွင် ရှိနေသည့်အခါ ဖြစ်စေ ၎င်းတို့သည် ယင်းအခြေအနေကို အသိအမှတ်ပြုလာနိုင်မည် ဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းနိုင်လာမည် ဖြစ်ပြီး ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကိုလည်း အသုံးပြုနိုင်လာမည် ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ မှားယွင်းသော အခြေအနေကို ပြန်တည့်နိုင်ကြကာ ၎င်းတို့သည် တဖြည်းဖြည်း ပြောင်းလဲနိုင်ကြ၏။ ဤနည်းလမ်းဖြင့် ၎င်းတို့သည် မစင်ကြယ်မှုများကို လက်လွှတ်နိုင်လာကြလိမ့်မည်၊ ၎င်းတို့အတွင်း၌ သိုလှောင်ထားသော လက်လွှတ်သင့်သည့် အရာများကိုလည်း လက်လွှတ်နိုင်လာကြလိမ့်မည်။ လူတို့သည် အကျိုးရလဒ်များ မရရှိနိုင်သေးမီတွင် အတွေ့အကြုံ အတိုင်းအတာတစ်ခုမျှ ရှိကြရမည် ဖြစ်၏။

ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း စတင်ကတည်းကပင် လူအများအပြားသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အခြေခံကာ ကောင်းချီးများကို အားထုတ်လိုက်စားကြ၏။ ထို့ကြောင့် ၎င်းတို့၏အယူအဆများနှင့် မကိုက်ညီသော အရာများနှင့် ကြုံရသည့်အခါ အပျက်သဘောဆောင်လာ၍ ပျော့ညံ့လာကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို သံသယရှိလာကြပြီး ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများ၊ သို့မဟုတ် လွဲမှားသော စိတ်ကူးများကိုပင် ရရှိလာကြ၏။ ၎င်းတို့အား သမ္မာတရားဖြင့် မိတ်သဟာယ ပြုပေးမည့်သူ မရှိလျှင် ၎င်းတို့သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်သလို ဘုရားသခင်အား အချိန်မရွေး သစ္စာဖောက်နိုင်သေး၏။ သင်တို့အား ဥပမာတစ်ခု ပေးချင်သည်။ လူတစ်ဦးတစ်ယောက် ဘုရားသခင်ကို မိမိယုံကြည်ခြင်း၌ အယူအဆများနှင့် စိတ်ကူးများကို အစဉ်အမြဲ သိုထားခဲ့သည် ဆိုပါစို့။ သူသည် သူ့မိသားစုကို စွန့်လွှတ်ကာ သူ၏တာဝန်ကို ထမ်းဆောင်နေသရွေ့ ဘုရားသခင်က သူ့အား ကာကွယ်ကာ ကောင်းချီးပေးလိမ့်မည်၊ သူ့မိသားစု၏ ဘဝကို စောင့်ရှောက်လိမ့်မည်၊ ဤသည်မှာ ဘုရားသခင် ပြုသင့်သောအရာ ဖြစ်သည်ဟု ဤပုဂ္ဂိုလ်က ယုံကြည်လေ၏။ ထို့နောက် တစ်ရက်တွင် သူ မဖြစ်စေချင်ခဲ့သော အရာတစ်ခုက သူ့အပေါ် ကျရောက်လာ၏၊ သူ မနာမကျန်းဖြစ်ခြင်းပင်။ ဧည့်ခံသော မိသားစုနှင့် နေထိုင်ရခြင်းမှာ သူ၏အိမ်တွင် နေရခြင်းလောက် သက်သောင့်သက်သာ မရှိလှ၊ ၎င်းတို့က သူ့အား ကောင်းကောင်းမွန်မွန် ဂရုမစိုက်ခြင်းလည်း ဖြစ်နိုင်၏။ သူသည် ၎င်းအခြေအနေကို သည်းမခံနိုင်ပေ၊ အချိန်အတော်ကြာအောင် အပျက်သဘောဆောင်လာပြီး စိတ်ပျက်အားလျော့လာ၏။ သူသည် သမ္မာတရားကိုလည်း မလိုက်စားသည့်အပြင် သမ္မာတရားအား အသိအမှတ်ပင် မပြုချေ။ ဤသည်မှာ လူများသည် ၎င်းတို့၏အတွင်း၌ အချို့သော အခြေအနေများ ရှိသည်ဟူသော အဓိပ္ပာယ်ဖြစ်၏။ ၎င်းတို့သည် ဤအခြေအနေများ မှားယွင်းကြောင်းကို အသိအမှတ်မပြု၊ သဘောမပေါက်၊ သတိမထားမိကြလျှင် ၎င်းတို့ထံ၌ စိတ်ထက်သန်ပြင်းပြမှုနှင့် အားထုတ်မှုများစွာ ရှိနေနိုင်ဆဲဖြစ်သည့်တိုင် တစ်ချိန်ချိန်တွင် ၎င်းတို့၏ စိတ်တွင်းအခြေအနေမှန်ကို ထုတ်ဖော်ပြသော၊ ၎င်းတို့အား မှောက်မှားပြီး ကျရှုံးစေသော အခြေအနေတစ်ခုကို ကြုံရပေလိမ့်မည်။ ဤသည်မှာ မိမိကိုယ်ကို မဆင်ခြင်နိုင်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကို သိမလာခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ သမ္မာတရားကို နားမလည်ကြသူ အားလုံးတို့မှာ ဤအတိုင်းသာ ဖြစ်သည်။ မည်သည့်အချိန်၌ ၎င်းတို့ မှောက်မှားပြီး ကျရှုံးလိမ့်မည်၊ မည်သည့်အချိန်၌ ၎င်းတို့ အပျက်သဘောဆောင်ကာ ပျော့ညံ့လာလိမ့်မည်၊ မည်သည့်အချိန်၌ ဘုရားသခင်ကို သစ္စာဖောက်နိုင်စွမ်း ရှိတတ်သည် ဆိုသည်တို့ကို လုံးလုံး မသိရပေ။ သမ္မာတရားကို နားမလည်သောသူတို့ ရင်ဆိုင်ရမည့် အန္တရာယ် မည်မျှ များပြားသည်ကို ကြည့်လော့။ သို့သော် သမ္မာတရားကို နားလည်ခြင်းသည် ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်ချေ။ သင့်အနေဖြင့် ရိပ်ခနဲ အလင်းရောင်တစ်ခုကို နောက်ဆုံး၌ ရရှိနိုင်သည်အထိ၊ စစ်မှန်သောအသိ အနည်းငယ်ကို ရနိုင်သည်အထိ၊ သမ္မာတရား အနည်းငယ်ကို နားလည်နိုင်သည်အထိ အချိန်များစွာ ယူရ၏။ အကယ်၍ သင်၏အတွင်းမှ ရည်ရွယ်ချက်များမှာ အလွန်တရာ မသန့်စင်လှ၍ မပြေလည်နိုင်လျှင် ယင်းတို့သည် သင်၏ နားလည်မှု အလင်းရောင်ကလေးအား စဉ်ဆက်မပြတ် ငြှိမ်းသတ်ပစ်လိမ့်မည် ဖြစ်ပြီး သင့်ထံတွင် ရှိသော ယုံကြည်ခြင်း အနည်းငယ်ကလေးကိုပင် တိုက်စားပစ်လိမ့်မည်။ ဤသည်မှာ ဧကန်မုချ အန္တရာယ်များလွန်း၏။ ယခုအချိန်၌ အဓိကကျသော ပြဿနာမှာ လူများအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့် ပတ်သက်သည့် အချို့သော အယူအဆများနှင့် စိတ်ကူးများ ရှိနေကြခြင်း ဖြစ်သည်။ သို့သော် ၎င်းအရာများ ထွက်ပေါ်မလာမီ၌ လူများသည် ၎င်းအရာများကို အသိအမှတ်ပြု ဝန်ခံခြင်း မရှိကြ။ ၎င်းတို့သည် အတွင်း၌ ပုန်းကွယ်နေပြီး မည်သည့်အချိန်တွင်၊ သို့မဟုတ် မည်သည့် အခြေအနေများအောက်တွင် ပေါ်ထွက်လာကာ လူများအား မှောက်မှားစေလိမ့်မည် ဆိုသည်ကို လုံးလုံး မသိရပေ။ လူအားလုံးတို့သည် ကောင်းသော ရည်မှန်းချက်များ ရှိကြ၍ ယုံကြည်သူကောင်းများ ဖြစ်ချင်ကာ သမ္မာတရားကို ရရှိချင်ကြသော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်များမှာ အလွန်ပင် မသန့်စင်လှချေ။ ထို့ပြင် ၎င်းတို့အား သမ္မာတရား လိုက်စားခြင်းနှင့် အသက်အတွင်း ဝင်ရောက်ခြင်းတွင် ကြီးမားစွာ နှောင့်ယှက်နေသည့် အယူအဆများနှင့် စိတ်ကူးပေါင်း များစွာသည် ၎င်းတို့တွင် ရှိ၏။ ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ချင်သော်လည်း မလုပ်နိုင်ကြချေ။ ဥပမာအားဖြင့် လူတို့သည် ပြုပြင်ခံရ၊ ကိုင်တွယ်ဖြေရှင်း ခံရချိန်တွင် နာခံရန် ခက်ခဲ၏။ စမ်းသပ်ခြင်း၊ သို့မဟုတ် စစ်ဆေးခြင်း ခံရသည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို စောဒကတက်ချင်ကြ၏။ မကျန်းမာသည့်အခါတိုင်း၊ သို့မဟုတ် ကပ်ဘေးတစ်ခုခု ကြုံရသည့်အခါတိုင်းတွင် ၎င်းတို့ကို မကာကွယ်ခြင်းအတွက် ဘုရားသခင်ကို အပြစ်တင်ကြ၏။ ဤသို့သော လူများသည် ဘုရားသခင်၏ အမှုတော်ကို မည်သို့ တွေ့ကြုံနိုင်မည်နည်း။ ၎င်းတို့တွင် ဘုရားသခင်ကို နာခံခြင်းဟူသော အခြေခံ စိတ်နှလုံးတစ်ခုပင် မရှိသောကြောင့် ၎င်းတို့သည် သမ္မာတရားကို မည်သို့ ရနိုင်ကြမည်နည်း။ အချို့သော လူများမှာ သေးဖွဲလွန်းသော ကိစ္စတစ်ခု ၎င်းတို့ စိတ်တိုင်းကျ မဖြစ်သည့်အခါ အပျက်သဘောဆောင်လာကြ၏။ ၎င်းတို့သည် အခြားသော လူများ၏ အကဲဖြတ်ချက်များကြောင့် မှောက်မှားကြကာ ၎င်းတို့ ဖမ်းဆီးခံရချိန်တွင်လည်း ဘုရားသခင်ကို သစ္စာဖောက်၏။ လူတစ်ဦးတစ်ယောက်သည် အနာဂတ်၌ မည်သို့ ဖြစ်မည်၊ ပျော်ရွှင်ခြင်း ဖြစ်မည်လား၊ အတိဒုက္ခရောက်ခြင်း ဖြစ်မည်လား ဆိုသည်ကို ဘယ်သောအခါမျှ မသိ ဟူသည်မှာ အမှန်ပင် ဖြစ်၏။ လူတိုင်းတွင် ၎င်းတို့ လိုက်စားပြီး ရယူချင်သော အရာတစ်ခုခုသည် ၎င်းတို့၏အတွင်း၌ ရှိ၏။ ၎င်းတို့တွင် ၎င်းတို့နှစ်သက်သော အရာများ ရှိကြ၏။ ၎င်းတို့နှစ်သက်သော အရာများကို လိုက်စားခြင်းသည် ၎င်းတို့အပေါ် ကံဆိုးခြင်း ကျရောက်စေနိုင်၏၊ သို့သော် ၎င်းတို့သည် ဤအရာကို သတိမထားမိကြဘဲ ၎င်းတို့ နှစ်သက်၍ ကြိုးပမ်း အားထုတ်သော အရာများသည် မှန်ကန်သည်ဟု လည်းကောင်း၊ ဤအရာများနှင့်ပတ်သက်၍ အမှားတစ်စုံတစ်ရာ မရှိဟုလည်းကောင်း ယုံကြည်နေကြဆဲဖြစ်သည်။ သို့သော် ကံဆိုးခြင်း ကျရောက်သော နေ့တစ်နေ့ ရောက်ရှိလာပြီး ၎င်းတို့ လိုက်စားပြီး နှစ်သက်ကြသော အရာများ ၎င်းတို့ထံမှ ယူဆောင်သွားခြင်း ခံရသည်ဆိုလျှင် ၎င်းတို့သည် အပျက်သဘောဆောင်၍ ပျော့ညံ့လာကြကာ မားမားမတ်မတ် ရပ်တည်၍ မရနိုင်အောင် ဖြစ်လာကြလိမ့်မည်။ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ၎င်းတို့ သိကြလိမ့်မည်မဟုတ်၊ မမျှတခြင်းအတွက် ဘုရားသခင်ကို အပြစ်တင်ကြမည် ဖြစ်ကာ ဘုရားသခင်ကို သစ္စာဖောက်သော ၎င်းတို့၏ စိတ်နှလုံးသည် ထွက်ပေါ်လာလိမ့်မည်။ လူတို့သည် မိမိကိုယ်မိမိ မသိကြလျှင် မည်သည့်နေရာ၌ ၎င်းတို့၏ပျော့ကွက် ရှိနေသည်ကိုလည်းကောင်း၊ ၎င်းတို့အနေဖြင့် မည်သည့်နေရာ၌ ကျရှုံးလွယ်သည်၊ သို့မဟုတ် မှောက်မှားလွယ်သည်ကိုလည်းကောင်း သိကြလိမ့်မည် မဟုတ်။ အမှန်တကယ်ပင် သနားစရာကောင်း၏။ ထို့ကြောင့်ပင် လူတစ်ဦးတစ်ယောက်သည် မိမိကိုယ်ကို မသိလျှင် အချိန်မရွေး မှောက်မှားနိုင်ပြီး၊ သို့မဟုတ် ကျရှုံးနိုင်ပြီး မိမိ၏အဆုံးသတ်ကို မိမိကိုယ်တိုင်ကပင် ဖြစ်ပေါ်စေသည်ဟု ငါတို့ ဆိုကြခြင်းဖြစ်၏။

“ကျွန်ုပ်တို့သည် သမ္မာတရား၏ သွင်ပြင်လက္ခဏာတိုင်းကို နားလည်ပါသည်။ သို့သော် ၎င်းတို့ကို လက်တွေ့မလုပ်ဆောင်တတ်ဘဲ ဖြစ်နေသည်” ဟူ၍ လူအများအပြားက ပြောခဲ့ကြ၏။ ဤသည်မှာ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်သနည်းဟူသော ဇာစ်မြစ်ကို ဖော်ထုတ်ပြ၏။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သည်မှာ မည်သည့် လူအမျိုးအစားများ ဖြစ်သနည်း။ သေချာသည်မှာ သမ္မာတရားကို ငြီးငွေ့ကာ မုန်းတီးကြသည့် လူများကသာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏သဘာဝအတွင်းမှ ပြဿနာတစ်ခု ဖြစ်၏။ သမ္မာတရားကို နားမလည်သည့်တိုင် သမ္မာတရားကို ချစ်သော လူများမှာမူ ၎င်းတို့၏ အသိတရားကို အခြေခံကာ ပြုမူကြမည်ဖြစ်ပြီး မကောင်းမှုကိုလည်း ပြုလုပ်ကြလိမ့်မည် မဟုတ်ပေ။ လူတစ်ဦးတစ်ယောက်၏ သဘာဝမှာ သမ္မာတရားကို ငြီးငွေ့စိတ်ကုန်သည်ဆိုလျှင် ထိုသူသည် သမ္မာတရားကို ဘယ်သောအခါမျှ လက်တွေ့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်။ သမ္မာတရားကို ငြီးငွေ့သော လူများသည် ဘုရားသခင်ကို ကောင်းချီးများ ရရှိရန်အတွက် ယုံကြည်ခြင်းသာ ဖြစ်ပြီး သမ္မာတရားကို လိုက်စား၍ ကယ်တင်ခြင်း ရရှိရန်အတွက် မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ကြလျှင်ပင် ယင်းသည် သမ္မာတရားကို ရရှိရန်အတွက် မဟုတ်ဘဲ ကောင်းချီးများကိုသာ လုံးလုံးလျားလျား ရရှိရန်အတွက် ဖြစ်၏။ ဥပမာအားဖြင့် ညှဉ်းပန်းနှိပ်စက်ခံရကာ အိမ်မပြန်နိုင်ကြတော့သည့် လူအချို့က ၎င်းတို့၏ စိတ်နှလုံးများထဲတွင် “ငါသည် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက် ခံရပြီး အိမ်ပြန်၍ မရနိုင်ပေ။ တစ်နေ့နေ့တွင် ဘုရားသခင်က ငါ့ကို ပိုကောင်းသော အိမ်တစ်လုံး ပေးလိမ့်မည်။ ဘုရားသခင်သည် ငါ့ကို အချည်းနှီး ဒုက္ခရောက်စေလိမ့်မည် မဟုတ်” ဟူ၍လည်းကောင်း၊ “ငါသည် ဘယ်နေရာကို ရောက်ရောက်၊ ဘုရားသခင်က ငါ့ကို စားဖို့ အစားအစာ ပေးလိမ့်မည်။ ကိုယ်တော်သည် ငါ့အား တစ်ဖက်ပိတ် လမ်းတစ်ခုကို လျှောက်စေလိမ့်မည် မဟုတ်။ ကိုယ်တော်သည် ငါ့အား လမ်းဆုံးတစ်ခုကို လျှောက်စေသည်ဆိုလျှင် သူသည် စစ်မှန်သော ဘုရားသခင် ဖြစ်မည်မဟုတ်။ ဘုရားသခင်သည် ထိုသို့ လုပ်မည်မဟုတ်” ဟူ၍လည်းကောင်း စဉ်းစားကြ၏။ ဤသို့သော အခြင်းအရာများသည် လူသား၏အတွင်း၌ မရှိလေသလော။ “ငါသည် ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးခံရန် ငါ့မိသားစုကို စွန့်လွှတ်ပြီးပြီ။ ဘုရားသခင်က ငါ့ကို အာဏာရှိသူတို့လက်သို့ မလွှဲအပ်သင့်။ ငါသည် ကြီးမားသော စိတ်အားထက်သန်မှုဖြင့် လိုက်စားပြီးပြီ။ ဘုရားသခင်က ငါ့ကို ကာကွယ်ကာ ကောင်းချီး ပေးသင့်သည်။ ငါတို့သည် ဘုရားသခင်၏နေ့ရက် ရောက်ရှိဖို့ကို အလွန် တမ်းတကြသည်။ ထို့ကြောင့် ဘုရားသခင်၏နေ့ရက်သည် တတ်နိုင်သမျှ မြန်မြန် ရောက်လာသင့်သည်။ ဘုရားသခင်က လူသား၏ ဆန္ဒများကို ဖြည့်ဆည်းပေးသင့်သည်” ဟူ၍ တွေးကြသော လူအချို့လည်း ရှိ၏။ လူအများအပြားသည် ဤနည်းအတိုင်း ထင်တတ်ကြ၏၊ ဤသည်မှာ လူသား၏ တရားလွန် အလိုဆန္ဒ မဟုတ်လော။ လူတို့သည် ဘုရားသခင်အပေါ် လွန်ကဲသော တောင်းဆိုချက်များကို အမြဲတစေ ပြုလုပ်ခဲ့ကြပြီး “ငါတို့သည် ငါတို့တာဝန်များကို ထမ်းဆောင်ရန် ငါတို့မိသားစုများကို စွန့်လွှတ်ခဲ့ပြီးပြီ။ ထို့ကြောင့် ဘုရားသခင်က ငါတို့ကို ကောင်းချီးပေးသင့်သည်။ ငါတို့က ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ လုပ်ဆောင်ပြီးပြီဖြစ်၍ ဘုရားသခင်က ငါတို့ကို ဆုလာဘ်ပေးသင့်သည်” ဟူ၍ အမြဲပင် တွေးတောနေကြ၏။ လူအများအပြားသည် ဘုရားသခင်ကို ယုံကြည်လင့်ကစား ၎င်းတို့၏ စိတ်နှလုံးများ၌ ဤသို့သော အရာများကို သိုထားကြ၏။ ၎င်းတို့သည် အခြားသူများက ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် မိမိတို့၏မိသားစုများကို ပစ်ခွာ၍ အရာအားလုံးကိုလည်း အလွယ်ကလေးပင် စွန့်လွှတ်နေကြသည်ကို မြင်မိကြပြီး “သူတို့က ကိုယ့်မိသားစုများကို ထိုမျှလောက် အချိန်အကြာကြီး ထားရစ်ခဲ့ကြသည်၊ သူတို့သည် အိမ်ကို မလွမ်းဘဲ မည်သို့များ နေကြသနည်း။ သူတို့သည် ဤအဖြစ်ကို မည်သို့ ကျော်လွှားကြသနည်း။ ငါက ဤအဖြစ်ကို ဘယ်လိုကြောင့် မကျော်လွှားနိုင်ရသနည်း။ ငါသည် ငါ့မိသားစု၊ ခင်ပွန်းသည်(သို့မဟုတ် ဇနီးသည်)နှင့် သားသမီးများကို ဘယ်လိုကြောင့် လက်မလွှတ်နိုင် ဖြစ်ရသနည်း။ ဘုရားသခင်သည် သူတို့အပေါ် ကျေးဇူးပြုပြီး၊ ငါ့အပေါ် ဘယ်လိုကြောင့် ကျေးဇူးမပြုသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘာကြောင့် ငါ့အပေါ် ကျေးဇူးတော် မပေးအပ်သနည်း၊ သို့မဟုတ် ဘာကြောင့် ငါနှင့်အတူ ရှိမနေသနည်း” ဟု စဉ်းစားမိကြ၏။ ဤသည်မှာ မည်သို့သော အခြေအနေ ဖြစ်သနည်း။ လူတို့သည် အသိစိတ် ချို့တဲ့လွန်းလှ၏။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ကြဘဲ ဘုရားသခင်ကို မကျေမနပ် ပြောဆိုကာ ၎င်းတို့ ပြုလုပ်သင့်သော အရာများကို မပြုလုပ်ကြပေ။ လူတို့သည် သမ္မာတရားကို လိုက်စားသော လမ်းအား ရွေးချယ်သင့်၏၊ သို့ရာတွင် ၎င်းတို့မှာ သမ္မာတရားကို ငြီးငွေ့ကြသည်၊ သွေးသား သာယာမှုများကို မက်မောကြသည်၊ ကောင်းချီးများ ရရှိရန်နှင့် ကျေးဇူးတော်ကို ခံစားရန် အမြဲတစေ ကြိုးပမ်းကြသည်။ တစ်ချိန်တည်းမှာပင် လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ လွန်ကဲလွန်းသည် ဟူ၍ ညည်းညူနေကြလေသည်။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့အပေါ် ကျေးဇူးပြုရန်၊ ၎င်းတို့အပေါ် ပို၍ များပြားသော ကျေးဇူးတော်ကို ပေးအပ်ရန်နှင့် ၎င်းတို့အား သွေးသားသာယာမှုကို ခံစားခွင့်ပေးရန်တို့ကိုသာ တောင်းဆိုနေကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ကြသော လူများ ဟုတ်သလော။ “ငါသည် ငါ့တာဝန်ကို ထမ်းဆောင်ရန် ငါ့မိသားစုကို စွန့်လွှတ်ပြီးပြီ။ ငါသည် အများကြီး ဆင်းရဲဒုက္ခ ခံပြီးပြီ။ ငါ့အနေဖြင့် အိမ်ကို မလွမ်းမိစေရန်၊ စွန့်လွှတ်ဖို့လည်း စိတ်ပိုင်းဖြတ်မှု ရှိစေရန်အတွက် ဘုရားသခင်က ငါ့အပေါ် ကျေးဇူးပြုသင့်သည်။ ကိုယ်တော်က ငါ့ကို ခွန်အား ပေးသင့်သည်၊ သို့မှသာ ငါသည် အပျက်သဘောဆောင်မှု၊ ပျော့ညံ့မှုတို့ ဖြစ်လာမည်မဟုတ်။ အခြားလူတို့မှာ စိတ်ဓာတ် ကြံ့ခိုင်လွန်းလှသည်၊ ဘုရားသခင်က ငါ့ကိုလည်း စိတ်ဓာတ်ကြံ့ခိုင်အောင် ပြုလုပ်ပေးသင့်သည်” ဟူ၍ ၎င်းတို့က တွေးထင်ကြ၏။ လူအများ ပြောဆိုကြသော ဤစကားများမှာ အသိစိတ်နှင့် ယုံကြည်ခြင်း လုံးလုံး ကင်းမဲ့၏။ လူတို့၏ တရားလွန် တောင်းဆိုချက်များသည် မပြည့်စုံသေးသဖြင့် ၎င်းတို့သည် ဘုရားသခင်ကို မကျေမနပ် ဖြစ်ကြ၍ ထိုစကားများကို ပြောဆိုကြခြင်းသာ ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့၏ စိတ်နှလုံးများထဲမှ ပွင့်အံထွက်လာသော အရာများ ဖြစ်ပြီး ထိုအရာများသည် လူတို့၏သဘာဝကို လုံးလုံး ကိုယ်စားပြု၏။ ဤအရာများသည် လူတို့၏အတွင်း၌ ရှိနေ၏၊ ၎င်းအရာများကို မစွန့်ပစ်လျှင် ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို အချိန်မရွေး နေရာမရွေး အထင်လွဲမှားခြင်း၊ မကျေမနပ်ဖြစ်ခြင်းဆီသို့ ဦးတည်စေနိုင်၏။ လူတို့သည် ဘုရားသခင်ကို ပြစ်မှား စော်ကားမိလာနိုင်သလို မှန်သောလမ်းခရီးကိုလည်း အချိန်အခါမရွေး၊ နေရာမရွေး စွန့်ခွာမိနိုင်မည်ဖြစ်၏။ ဤသည်ကား ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။ သင်တို့သည် ဤပြဿနာကို ယခု ရှင်းရှင်းလင်းလင်း မြင်ကြသလော။ လူတို့သည် ၎င်းတို့၏သဘာဝမှ ပွင့်အံထွက်လာသော အရာများကို သိကြရမည်။ ဤသည်မှာ ဂရုတစိုက်ဖြင့် ချဉ်းကပ်ရန် လိုအပ်သည့် အလွန်လေးနက်သော အကြောင်းအရာတစ်ခု ဖြစ်၏၊ အဘယ်ကြောင့်ဆိုသော် လူတို့အနေဖြင့် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ခြင်း ရှိမရှိဟူသော အချက်ဖြင့်လည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ခြင်း၌ ကယ်တင်ခြင်း ရရှိနိုင် မရရှိနိုင်ဟူသော အချက်ဖြင့်လည်းကောင်း ဤအကြောင်းအရာက ဆက်နွှယ်နေခြင်းကြောင့် ဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှ နားလည်ကြသော လူများအတွက်မူ ၎င်းတို့ဆီမှ ဤအရာများ ပွင့်အံထွက်နေသည်ကို သဘောပေါက်လျှင်၊ ထို့ပြင် ဤပြဿနာကို တွေ့ရှိသည့်အချိန်၌ ဆန်းစစ်ပြီး နှံ့နှံ့စပ်စပ် ရှာဖွေလေ့လာနိုင်လျှင် ၎င်းတို့သည် ပြဿနာကို ဖြေရှင်းနိုင်ကြလိမ့်မည်။ အကယ်၍ ၎င်းတို့ဆီမှ ဤအရာများ ပွင့်အံထွက်နေသည်ကို သဘောမပေါက်ကြလျှင် ၎င်းတို့အနေဖြင့် ဤပြဿနာကို ဖြေရှင်းရန် ဘယ်လိုမျှ မဖြစ်နိုင်ဘဲ ဘုရားသခင်၏ ထုတ်ဖော်ခြင်းကို ဖြစ်စေ၊ အဖြစ်မှန်တို့ ထွက်ပေါ်ခြင်းကို ဖြစ်စေ စောင့်ကြရုံသာရှိ၏။ သမ္မာတရားကို မချစ်ကြသော လူများသည် မိမိကိုယ်ကို ဆင်ခြင်ခြင်းကို တန်ဖိုးမထားကြပေ။ ၎င်းတို့သည် ထိုအကြောင်းအရာကို အရေးမပါသော ကိစ္စတစ်ခု ဖြစ်သည်ဟု အမြဲတမ်း ယုံကြည်ကြပြီး “လူတိုင်းသည် ဤသို့ဖြစ်သည်။ အနည်းငယ် ညည်းညူခြင်းက ပြဿနာကြီး မဟုတ်ပါ။ ဘုရားသခင်က ခွင့်လွှတ်လိမ့်မည်၊ ဘုရားသခင်က အမှတ်ထားလိမ့်မည်မဟုတ်” ဟူ၍ စဉ်းစားကာ မိမိကိုယ်ကို အလိုလိုက်ကြလိမ့်မည်။ လူတို့သည် မိမိကိုယ်ကို မည်သို့ ဆင်ခြင်ရမည်၊ သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ ရှာဖွေရမည်ကို မသိကြ၊ ၎င်းတို့သည် ဤအရာများထဲမှ တစ်ခုတလေကိုပင် လက်တွေ့မလုပ်ဆောင်နိုင်ကြချေ။ ၎င်းတို့သည် ယောင်ချာချာများသာ ဖြစ်ပြီး အထူးသဖြင့် ပျင်းရိကြသည့်အပြင် မှီခိုတတ်သလို စိတ်ကူးယဉ်မှုများကို အရသာတွေ့တတ်သည်။ “တစ်နေ့နေ့တွင် ဘုရားသခင်က ငါတို့အတွင်း၌ အလုံးစုံ ပြောင်းလဲခြင်းတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။ ထိုအခါ ငါတို့သည် ယခုကဲ့သို့ ပျင်းရိကြတော့မည်မဟုတ်၊ ငါတို့သည် လုံးဝ သန့်ရှင်းလာကြလိမ့်မည်၊ ဘုရားသခင်၏ တန်ခိုးတော်ကိုလည်း ကြည်ညိုလေးစားကြလိမ့်မည်’’ ဟူ၍ ၎င်းတို့က တမ်းတကြ၏။ ဤသည်မှာ စိတ်ကူးယဉ်ဆန်ဆန် ထင်မှတ်ခြင်း ဖြစ်သလို တကယ်ပင် လက်တွေ့မကျပေ။ လူတစ်ဦး တစ်ယောက်သည် တရားဒေသနာ အများအပြားကို ကြားနာပြီးသည့်နောက် ဤသို့သော အယူအဆနှင့် စိတ်ကူးစိတ်သန်းမျိုးကို ပြောဆိုနိုင်လျှင် ထိုသူသည် ဘုရားသခင်၏ အမှုတော်ကို သိခြင်း မရှိပေ။ ဘုရားသခင်က လူများကို မည်သို့ ကယ်တင်သည်ကိုလည်း ၎င်းတို့သည် ယနေ့အချိန်ထိ ရှင်းလင်းစွာ မမြင်ကြသေးချေ။ ဤသို့သော လူများသည် အလွန့်အလွန် မသိနားမလည်ဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်သည် မိမိကိုယ်ကို သိရှိခြင်းနှင့် ဘုရားသခင်၏ စိတ်သဘောထားအား သိရှိခြင်း အကြောင်းတို့ကို အဘယ်ကြောင့် အမြဲတစေ မိတ်သဟာယပြုရသနည်း။ ဤသည်ကား လူအယောက်တိုင်းအတွက် အရေးပါလှ၏။ ဘုရားသခင်က လူတို့အား မည်သို့ ကယ်တင်သည်ကို သင့်အနေဖြင့် အမှန်တကယ် ရှင်းလင်းစွာ မြင်နိုင်သည်ဆိုလျှင် သင်သည် မိမိကိုယ်ကို သိရှိခြင်းကို အာရုံစိုက်သင့်သည့်အပြင် မိမိကိုယ်ကို ဆင်ခြင်ခြင်းကိုလည်း ပုံမှန် လုပ်ဆောင်သင့်၏။ သို့မှသာ အသက်အတွင်း အမှန်တကယ် ဝင်ရောက်မှုကို သင်ရရှိပေလိမ့်မည်။ သင့်အနေဖြင့် မိမိသည် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြနေသည်ဟု သဘောပေါက်မိသည့်အချိန်တွင် သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပါမည်လော။ ဘုရားသခင်ထံ ဆုတောင်းကာ ဇာတိပကတိကို စွန့်လွှတ်နိုင်မည်လော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်းအတွက် မရှိမဖြစ်သော လိုအပ်ချက်တစ်ခု ဖြစ်၏၊ အရေးပါသော အဆင့်တစ်ခုလည်း ဖြစ်၏။ အကယ်၍ သင့်ထံတွင် ဖြစ်ပျက်သော အရာအားလုံးနှင့် သင် ပြုလုပ်သော အရာအားလုံးတို့၌ သမ္မာတရားနှင့် ကိုက်ညီသော နည်းလမ်းမျိုးဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်က သိနားလည် နိုင်သည်ဆိုလျှင် သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လွယ်ကူပေလိမ့်မည်၊ အသက်အတွင်း ဝင်ရောက်မှုကိုလည်း ရရှိပေလိမ့်မည်။ သင်သည် မိမိကိုယ်ကို သိရှိနိုင်စွမ်း မရှိလျှင် သင်၏အသက်သည် မည်သို့ တိုးတက်နိုင်မည်နည်း။ သင်သည် မည်မျှ အပျက်သဘောဆောင်၍ ပျော့ညံ့နေသည်ဖြစ်စေ၊ မိမိကိုယ်ကို ဆင်ခြင်ခြင်း မပြု၊ မိမိကိုယ်ကို သိရှိလာခြင်း မရှိ၊ သို့မဟုတ် ဘုရားသခင်ကို ဆုတောင်းခြင်း မရှိလျှင် သင်သည် သမ္မာတရားကို မချစ်ကြောင်း၊ သင်သည် သမ္မာတရားကို အားထုတ်သော လူတစ်ယောက် မဟုတ်ကြောင်း၊ သမ္မာတရားကို မည်သည့်အခါမှ ရရှိနိုင်လိမ့်မည် မဟုတ်ကြောင်းတို့ကိုသာ ဤအရာက သက်သေပြ၏။

“ငါတို့သည် အဆင်းနီသောနဂါးကြီး၏ မြန်မြန် ကျရှုံးမှုကို တောင့်တကြသည်၊ ဘုရားသခင်၏နေ့ရက် အလျင်အမြန် ရောက်လာဖို့ကိုလည်း မျှော်လင့်ကြသည်။ ဤသည်တို့မှာ သဘာဝကျသော တောင်းဆိုချက်များ မဟုတ်လော။ ဘုရားသခင်၏နေ့ရက် မကြာမီ ရောက်ရှိလာရန် တမ်းတခြင်းသည် ဘုရားသခင်ထံသို့ ဂုဏ်အသရေအား တတ်နိုင်သမျှ အလျင်အမြန် ဆောင်ယူပေးရန် တမ်းတခြင်းနှင့် အတူတူပင် မဟုတ်လော” ဟူ၍ အချို့သောလူများသည် ယခင်က စဉ်းစားခဲ့ကြ၏။ ၎င်းတို့သည် ဤအကြောင်းကို ဖော်ပြရန် ကြားကောင်းသော နည်းလမ်းအချို့ကို ခိုးကြောင်ခိုးဝှက် ရှာဖွေကြ၏၊ အမှန်မှာမူ ၎င်းတို့သည် ဤအရာများကို ၎င်းတို့ကိုယ်တိုင်အတွက် မျှော်လင့်နေခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးအတွက် လုပ်ဆောင်နေခြင်း မဟုတ်လျှင် ၎င်းတို့သည် မည်သည့်အရာကို တမ်းတမည်နည်း။ လူတို့ တမ်းတသည့် အရာအားလုံးမှာ ၎င်းတို့၏ စိတ်မချမ်းမြေ့စရာ ပတ်ဝန်းကျင်နှင့် ဤစိတ်ဆင်းရဲစရာ လောကကြီးမှ အလျင်အမြန် လွတ်မြောက်ဖို့သာ ဖြစ်၏။ ဘုရားသခင်၏ သားဦးများကို ဟိုယခင်က ပေးအပ်ခဲ့သည့် ကတိတော်များအား မြင်မိကြသော ထူးထူးထွေထွေ လူအချို့သည် ရှိနေကြပြီး ၎င်းတို့သည် ဤအရာအတွက် အလွန် အာသာဆန္ဒ ရှိကြ၏။ ၎င်းတို့အနေဖြင့် ထိုစာသားများကို ဖတ်မိသည့် အခါတိုင်းသည် တံလျှပ်တစ်ခုကို ကြည့်ရင်း မိမိတို့၏ အာသာဆန္ဒကို ပြေပျောက်အောင် လုပ်နေသကဲ့သို့ပင် ဖြစ်၏။ လူသား၏အတွင်းမှ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများမှာ လုံးလုံးလျားလျား စွန့်လွှတ်ခံရခြင်း မရှိသေးချေ၊ ထို့ကြောင့် သင်သည် သမ္မာတရားကို မည်မျှ လိုက်စားသည်ဖြစ်စေ၊ စိတ်မပါ့တပါ အခြေအနေသာ အစဉ်အမြဲ ရှိနေလိမ့်မည်။ သမ္မာတရားကို မလိုက်စား လူအများအပြားသည် ၎င်းတို့၏ ဆင်းရဲဒုက္ခမှ သက်သာရာ ရနိုင်ရန်နှင့် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများကို ခံစားနိုင်ရန်အတွက် ဘုရားသခင်၏နေ့ရက် ရောက်ရှိလာဖို့ကို အမြဲတစေ တမ်းတကြ၏။ ရောက်ရှိ မလာသည့်အခါတွင် ၎င်းတို့သည် စိတ်ဆင်းရဲမှုဖြင့် လောင်မြိုက်ကာ အချို့သောလူများက “ဘုရားသခင်၏ နေ့ရက်သည် ဘယ်အချိန်တွင် ရောက်ရှိလာမည်နည်း။ ကျွန်ုပ်တို့သည် အိမ်ထောင် မပြုရသေးပါ။ ဆက်ပြီး မစောင့်နိုင်တော့ပါ။ မိဘများအတွက် သားသမီးတို့၏ ဝတ္တရားကို ပြရပါမည်။ ဆက်ပြီး သည်းမခံနိုင်တော့ပါ။ မိမိတို့ အသက်အရွယ် ကြီးသည့်အခါ မိမိတို့ကို စောင့်ရှောက်နိုင်ရန်အတွက် သားသမီးများ ရှိဖို့ လိုအပ်ပါသေးသည်။ ဘုရားသခင်၏ နေ့ရက်သည် မြန်မြန်ဆန်ဆန် ရောက်လာသင့်သည်။ ထိုအတွက် အားလုံးအတူတူ ဆုတောင်းကြပါစို့” ဟူ၍ ဟစ်အော်ကြ၏။ သမ္မာတရားကို လိုက်စားသော ထိုလူများသည် လမ်းခရီးတစ်လျှောက် ယခုအချိန်ထိ မကျေနပ်ချက် တစ်ခုမျှ မရှိဘဲ မည်သို့များ လျှောက်လှမ်းနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် လမ်းပြခြင်း မခံရလေသလော၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ပံ့ပိုးခြင်း မခံရလေသလော။ လူတို့၏အတွင်း၌ မစင်ကြယ်မှု မြောက်များစွာ ရှိ၏၊ ၎င်းတို့အနေဖြင့် စစ်ဆေးခြင်းကို လက်မခံလျှင် အဆင်ပြေနိုင်သလော။ ဆင်းရဲဒုက္ခ မရှိလျှင် ၎င်းတို့ မည်သို့များ ပြောင်းလဲနိုင်သနည်း။ လူတို့သည် အတိုင်းအတာတစ်ခုအထိ စစ်ဆေးခြင်း ခံကြရမည် ဖြစ်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို မကျေနပ်ချက် စိုးစဉ်းမျှ ရှိမလာတော့ဘဲ နာခံချင်စိတ် ရှိကြရမည်။ ၎င်းတို့အနေဖြင့် လုံးလုံး ပြောင်းလဲကြမည်မှာ ထိုအချိန်ပင် ဖြစ်သည်။

အရှေ့သို့- တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့- ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပုံနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။