နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

ယနေ့ ဘုရားသခင်ကို သင်မည်မျှချစ်သနည်း။ ထို့ပြင် သင့်အထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော အရာအားလုံးကို သင်မည်မျှသိသနည်း။ ဤအရာများမှာ သင့်အနေဖြင့် သင်ယူသင့်သည့် အရာများဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ရောက်ရှိလာသည့်အချိန်တွင် လူသားအထဲ၌ သူလုပ်ဆောင်ထားပြီး လူသားကို တွေ့မြင် ခွင့်ပေးထားသော အရာအားလုံးမှာ လူသားအနေဖြင့် သူ့ကိုချစ်လာပြီး အမှန်တကယ်သိကျွမ်းရန်အလို့ငှာ ဖြစ်သည်။ လူသားသည် ဘုရားသခင်အတွက် ဝေဒနာခံစားနိုင်ပြီး ဤအချိန်အထိ ရောက်ရှိ လာနိုင်သည်မှာ တစ်ဖက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် ဖြစ်သည်၊ ထိုမျှမက လူသားအထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့တွင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဘုရားသခင်၏ စမ်းသပ်ခြင်းတို့ မရှိပါက၊ ထို့ပြင် ဘုရားသခင်သည် သင်တို့ကို ဝေဒနာမခံစားစေပါက ပွင့်ပွင့်လင်းလင်းပြောရသော် သင်တို့သည် ဘုရားသခင်ကို အမှန်တကယ်မချစ်ပေ။ လူသားအထဲ၌ ဘုရားသခင်၏ အမှုက ပိုကြီးပြီး လူသား၏ ဒုက္ခဝေဒနာက ပိုကြီးမားလေ၊ ဘုရားသခင်၏အမှုမှာ မည်မျှအဓိပ္ပာယ်ပြည့်ဝကြောင်း ပိုထင်ရှားလေ ဖြစ်ပြီး လူသား၏စိတ်နှလုံးမှာ ဘုရားသခင်ကို အမှန်တကယ် ပိုချစ်နိုင်လေဖြစ်သည်။ ဘုရားသခင်ကို မည်သို့ချစ်ရမည့်အကြောင်းကို သင်မည်ကဲ့သို့သင်ယူမည်နည်း။ ညှဉ်းဆဲခြင်းနှင့် စစ်ဆေးခြင်းတို့ မရှိပါက၊ နာကျင်သည့် စမ်းသပ်မှုများ မရှိပါက၊ ထို့ပြင် လူသားကို ဘုရားသခင်ပေးခဲ့သည်တို့မှာ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သာဖြစ်ပါက၊ ဘုရားသခင်အပေါ် စစ်မှန်စွာ ချစ်ခြင်း အဆင့်တစ်ခုအထိ သင်ရောက်နိုင်မည်လော။ တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ နိမ့်ကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှု ကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် မတူညီသော ပတ်ဝန်းကျင်များကို လူသား အတွက် ဖန်တီးပေး၏။ နာကျင်မှုသည် ကြီးမားပြီး တစ်ခါတစ်ရံ ပြင်းထန်သော ပူဆွေးမှုအဆင့်ကို ရောက်သည်အထိပင် မကျော်လွှားနိုင် ဖြစ်ရသော်လည်း၊ ၎င်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှနှစ်လိုဖွယ်ကောင်းကြောင်း မြင်လေ၏၊ ထို့ပြင် ဤအုတ်မြစ် အပေါ်၌သာ လူသားအတွင်းတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။ ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းအုတ်မြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ အေးချမ်းသည့် မိသားစုဘဝ၊ သို့မဟုတ် ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများရှိကာ၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ သင်ခံစားမွေ့လျော်ပါက၊ သင်သည် ဘုရားသခင်ကို မရရှိသေးသည့်အပြင်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို အောင်မြင်သည်ဟု မယူဆနိုင်ပေ။ ဘုရားသခင်သည် လူ့ဇာတိ၌ ကျေးဇူးတော်အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့နှင့်ပြီးဖြစ်၍ လူသားကိုလည်း ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများ ပေးအပ်ခဲ့နှင့်ပြီးဖြစ်သည်။ သို့သော် လူသားကို ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသက်သက်ဖြင့် စုံလင်အောင် မပြုလုပ်နိုင်ပေ။ လူသားသည် သူ၏အတွေ့အကြုံများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအချို့ကို ကြုံတွေ့ရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို မြင်တွေ့ရသော်လည်း၊ သူသည် ထိုအရာများကို အချိန်ကာလ တစ်ခုကြာအောင် တွေ့ကြုံခံစား သွားပြီးချိန်တွင် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သည် လူသားကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း၊ လူသားအတွင်း၌ ဖောက်ပြန်ပျက်စီးနေသည့် အရာများကို မထုတ်ဖော်နိုင်ကြောင်းနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားနိုင်ကြောင်း၊ သို့မဟုတ် သူ၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း တွေ့မြင်လေ၏။ ဘုရားသခင်၏ ကျေးဇူးတော်အမှုသည် ကာလတစ်ခု၏ အမှုဖြစ်ပြီး၊ လူသားသည် ဘုရားသခင်ကို သိရှိရန်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းအပေါ်၌ အမှီပြု၍ မရပေ။

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းအားဖြင့်သာ လူသားကို စုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ၎င်းတို့က “အကယ်၍ ဘုရားသခင်သည် လူသားကို ကျိန်ဆဲမည်ဆိုလျှင်၊ လူသားသည် သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကို တရားစီရင်မည်ဆိုလျှင် လူသားသည် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း” ဟု ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများက ပြောသော စကားများ ဖြစ်သည်။ ဘုရားသခင်ကျိန်ဆဲသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူတရားစီရင်သည့်အရာမှာ လူသား၏ အပြစ်များကို ဖြစ်သည်။ ဘုရားသခင်သည် မညှာမတာ၊ ပြင်းပြင်းထန်ထန် ပြောဆိုသော်လည်း သူသည် ဤခက်ထန်သော နှုတ်ကပတ်တော်များအားဖြင့် လူ၏နာမ်နှင့်ဆိုင်သောအရာကို ဖော်ထုတ်လျက် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်လေ၏၊ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့် သူသည် လူသားအား လူ့ဇာတိဆိုင်ရာ အနှစ်သာရ၏ နက်နဲသိမ်မွေ့သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် နာခံမှုမရှိ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံရသည့်အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်ရမည်ဖြစ်ကာ စစ်ဆေးခြင်း အမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။

ဘုရားသခင်သည် လူသား၏ဇာတိပကတိကို ပြစ်ဒဏ်ချမှတ်နှင့်ပြီး ဖြစ်ကြောင်း ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များမှ သိနိုင်သည်။ ထိုသို့ဆိုသော် ဤနှုတ်ကပတ်တော်များမှာ ကျိန်ဆဲသည့် နှုတ်ကပတ်တော်များ ဖြစ်နေသလော။ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များသည် လူသား၏ စရိုက်အမှန်ကို ထုတ်ဖော်ပြီး၊ ယင်းကဲ့သို့ ထုတ်ဖော်ခြင်းအားဖြင့် သူသည် တရားစီရင်ခြင်းခံရ၏။ ထို့ပြင် သူသည် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ကြောင်း မြင်သည့်အခါ သူ၏အတွင်း၌ သောကနှင့် နောင်တကို ခံစားရ၏။ သူသည် ဘုရားသခင်အပေါ် အလွန်အကြွေးတင်နေပြီး ဘုရားသခင်၏အလိုတော်ကို ဖြည့်စွမ်းနိုင်ခြင်းမရှိဟု ခံစားရ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အတွင်းမှ ဆုံးမပဲ့ပြင်သော အချိန်များရှိပြီး ဤဆုံးမပဲ့ပြင်ခြင်းသည် ဘုရားသခင်၏တရားစီရင်ခြင်းမှ လာခြင်းဖြစ်သည်။ ဘုရားသခင်သည် သင့်ကို အပြစ်တင်ဝေဖန်ပြီး သင့်ထံမှ သူ၏မျက်နှာတော်ကို ဝှက်ထားသောအချိန်များ၊ သင့်ကို သူဂရုမပြုဘဲ သင့်အထဲ၌ သူအလုပ်မလုပ်သည့်အချိန်များ၊ သင့်ကို စစ်ဆေးရန်အတွက် အသံမထွက်ဘဲ ပြစ်တင်ဆုံးမနေသောအချိန်များ ရှိသည်။ လူသားအတွင်း၌ ဘုရားသခင်၏အမှုမှာ အဓိကအားဖြင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထင်ရှားပေါ်လွင်စေရန် ဖြစ်သည်။ လူသားသည် အဆုံး၌ ဘုရားသခင်အတွက် မည်သည့်သက်သေကိုခံသနည်း။ ဘုရားသခင်သည် ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်ကြောင်း၊ သူ၏ စိတ်သဘောထားသည် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ဖြစ်ကြောင်း လူသားက သက်သေခံ၏။ လူသားသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သက်သေခံသည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် သူ၏တရားစီရင်ခြင်းကို အသုံးပြုသည်၊ သူသည် လူသားကို ချစ်ခဲ့ပြီး ကယ်တင်ခဲ့သည်၊ သို့သော် သူ၏ချစ်ခြင်းမေတ္တာထဲတွင် မည်မျှပါဝင်သနည်း။ တရားစီရင်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသနှင့် ကျိန်ဆဲမှုတို့ ပါဝင်သည်။ ဘုရားသခင်သည် လူသားကို ယခင်က ကျိန်ဆဲခဲ့သော်လည်း၊ သူသည် လူသားကို အနက်ဆုံးသောတွင်းထဲသို့ လုံးလုံးလျားလျား မပစ်ချခဲ့ဘဲ၊ ယင်းနည်းလမ်းကို အသုံးပြု၍ လူသား၏ ယုံကြည်ခြင်းကို သူစစ်ဆေးခဲ့သည်။ သူသည် လူသားကို မကွပ်မျက် ခဲ့သော်လည်း၊ လူသားကို စုံလင်အောင်ပြုရန် လုပ်ဆောင်ခဲ့သည်။ လူ့ဇာတိ၏အနှစ်သာရမှာ စာတန်၏အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်က ထိုသို့ပင် အတိအကျပြောခဲ့သည်- သို့သော် ဘုရားသခင် လုပ်ဆောင်ခဲ့သော ဖြစ်ရပ်များသည် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ ပြီးမြောက်ခဲ့ခြင်း မဟုတ်ပေ။ သင်သူ့ကို ချစ်လာကောင်း ချစ်လာစေရန်နှင့် ဇာတိပကတိ၏ အနှစ်သာရကို သင်သိကောင်း သိနိုင်စေရန် သူသည် သင့်ကို ကျိန်ဆဲခြင်းဖြစ်သည်။ သင်နိုးကြားကောင်း နိုးကြားလာစေရန်၊ သင့်အထဲမှ အားနည်းချက်များကို သင်သိစေရန်နှင့် လူသား၏ အကြွင်းမဲ့ မထိုက်တန်မှုကို သင်သိစေရန် သင့်ကို သူပြစ်တင်ဆုံးမခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရားသခင်၏ ကျိန်ဆိုခြင်းများ၊ တရားစီရင်ခြင်းများ အပြင်၊ သူ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ အားလုံးတို့သည် လူသားကို စုံလင်စေရန်အတွက်ဖြစ်သည်။ ယနေ့ ဘုရားသခင် လုပ်ဆောင်သည့် အရာများ အားလုံးနှင့် သင်တို့အတွင်း၌ သူထင်ရှားပေါ်လွင်စေသည့် ဖြောင့်မတ်သော စိတ်သဘောထား အားလုံးသည် လူသားကို စုံလင်စေရန် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ထိုကဲ့သို့ပင်ဖြစ်သည်။

လူသား၏ ရှေးရိုးစွဲအယူအဆများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သူ၏ကျေးဇူးတော်၊ သနားကရုဏာနှင့် လူသား၏ အားနည်းချက်ကို ညှာတာမှုဖြစ်သည်ဟု လူသားက ယုံကြည်သည်။ ဤအရာများသည် ဘုရားသခင်၏ ချစ်မေတ္တာဖြစ်သော်လည်း၊ ၎င်းတို့သည် တစ်ဖက်သတ်ဖြစ်လွန်း၍ လူသားကို ဘုရားသခင် စုံလင်အောင် ပြုလုပ်သည့် အဓိကနည်းလမ်းများ မဟုတ်ပေ။ အချို့သော လူတို့သည် နာမကျန်းဖြစ်ခြင်းကြောင့် ဘုရားသခင်ကို စတင်ယုံကြည် လာကြသည်။ ဤနာမကျန်းဖြစ်ခြင်းမှာ သင့်အတွက် ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်သည်။ ထိုအရာမရှိဘဲ သင်သည် ဘုရားသခင်ကို ယုံကြည်လာမည် မဟုတ်ပေ၊ ထို့ပြင် သင်သည် ဘုရားသခင်ကို မယုံကြည်ခဲ့ပါက၊ ဤအထိ ရောက်လာခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဤကျေးဇူးတော်ပင်လျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်။ ယေရှုကို ယုံကြည်သည့် အချိန်တွင် လူတို့သည် သမ္မာတရားကို နားမလည်ခဲ့သောကြောင့် ဘုရားသခင်မချစ်မနှစ်သက်သည့် အရာများစွာကို ပြုလုပ်ခဲ့ကြသည်၊ သို့သော် ဘုရားသခင်၌ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာရှိပြီး သူသည် လူသားကို ယခုအချိန်အထိ ခေါ်ဆောင်လာခဲ့သည်၊ ထို့အပြင် လူသားသည် မည်သည့်အရာကိုမျှ နားမလည်သော်လည်း၊ ဘုရားသခင်သည် လူသားကို သူ့နောက်သို့လိုက်ရန် ခွင့်ပြုဆဲဖြစ်သည်၊ ထိုမျှမက လူသားကို ယနေ့တိုင်အောင် ဦးဆောင်လမ်းပြနေခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မဟုတ်သလော။ ဘုရားသခင်၏ စိတ်သဘောထားထဲ၌ ပေါ်လွင်သည့်အရာသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ ဤသည်မှာ အပြည့်အဝမှန်ကန်၏။ အသင်းတော်ကို တည်ဆောက်ခြင်းက အထွတ်အထိပ်သို့ ရောက်သောအခါ၊ ဘုရားသခင်သည် အစေခံသူများနှင့် ဆိုင်သည့် အမှု၏အဆင့်ကို လုပ်ဆောင်ပြီး လူသားကို အနက်ဆုံးသော တွင်းထဲသို့ ပစ်ချလေ၏။ အစေခံသူများ၏ ခေတ်ကာလမှ နှုတ်ကပတ်တော်များသည် ကျိန်ဆဲချက်များသာဖြစ်ခဲ့သည်။ သင်၏ လူ့ဇာတိကို ကျိန်ဆဲခြင်းများ၊ သင်၏ ဖောက်ပြန်ပျက်စီး၍ စာတန်နှင့်ဆိုင်သည့် စိတ်သဘောထားကို ကျိန်ဆဲခြင်းများနှင့် ဘုရားသခင်၏အလိုတော်ကို မဖြည့်ဆည်းနိုင်သည့် သင်နှင့် ပတ်သက်သော အရာများကို ကျိန်ဆဲခြင်းများ ဖြစ်ကြသည်။ ထိုအဆင့်တွင် ဘုရားသခင်ပြုလုပ်ခဲ့သည့် အမှုသည် ဘုန်းအာနုဘော်အဖြစ် ပေါ်လွင်ခဲ့ပြီးနောက် များမကြာမီ ဘုရားသခင်သည် ပြစ်တင်ဆုံးမခြင်း အမှု၏ အဆင့်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊ ထို့နောက်တွင် သေခြင်းတရား၏ စမ်းသပ်မှု ရောက်ရှိလာခဲ့သည်။ ယင်းကဲ့သို့အမှုထဲတွင် လူသားသည် ဘုရားသခင်၏ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မြင်တွေ့ခဲ့သည့်အပြင် ဘုရားသခင်၏ ကျေးဇူးတော်၊ သူ၏ချစ်ခြင်းမေတ္တာနှင့် သူ၏ သနားကရုဏာတို့ကိုလည်း မြင်တွေ့ခဲ့သည်။ ဘုရားသခင်ပြုခဲ့သမျှနှင့် သူ၏စိတ်သဘောထားအဖြစ် ပေါ်လွင်စေသမျှမှာ လူသားအပေါ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပင်ဖြစ်ပြီး ဘုရားသခင်ပြုခဲ့သမျှမှာ လူသား၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်သာ ဖြစ်ခဲ့သည်။ လူသားကို စုံလင်စေရန်အလို့ငှာ ထိုသို့ သူလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူသား၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ သူထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ဤအရာကို ဘုရားသခင်မလုပ်ဆောင်ခဲ့ပါက၊ လူသားသည် ဘုရားသခင် ရှေ့မှောက်သို့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ဘုရားသခင်၏ စစ်မှန်သည့် သဘောသဘာဝကိုလည်း လုံးဝသိလိမ့်မည်မဟုတ်ပေ။ လူသားအနေဖြင့် အတွင်း၌ ဘုရားသခင်ကို တဖြည်းဖြည်း သိလာစေရန်အလို့ငှာ ဘုရားသခင်ကို ကနဦး သူစတင်ယုံကြည်သည့် အချိန်မှစပြီး ယနေ့ထိတိုင် ဘုရားသခင်သည် လူသား၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ သူ့ကို တဖြည်းဖြည်း ထောက်ပံ့ ပေးခဲ့လေသည်။ မျက်မှောက်ကာလသို့ ရောက်ရှိလာမှသာလျှင် လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းမှာ မည်မျှ အံ့သြဖွယ်ကောင်းသည်ကို နားလည်သဘောပေါက်ခြင်းဖြစ်သည်။ အစေခံသူများနှင့်ဆိုင်သည့် အမှု၏ အဆင့်မှာ ဖန်ဆင်းခြင်း အချိန်မှ ယနေ့ထိတိုင် ကျိန်ဆဲခြင်းအမှု၏ ပထမဦးဆုံး ဖြစ်ရပ်ဖြစ်ခဲ့သည်။ လူသားသည် အနက်ဆုံးသောတွင်းထဲသို့ ကျိန်ဆဲခြင်းကို ခံခဲ့ရသည်။ အကယ်၍ ဘုရားသခင်အနေဖြင့် ထိုသို့မပြုလုပ်ခဲ့ပါက၊ ယနေ့တွင် လူသား၌ ဘုရားသခင်နှင့်ပတ်သက်၍ မှန်ကန်သော အသိပညာရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ကျိန်ဆဲခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏ စိတ်သဘောထားကို တရားဝင် ကြုံခဲ့ရခြင်း ဖြစ်သည်။ လူသားသည် အစေခံသူများ၏ စမ်းသပ်ခံရခြင်းအားဖြင့် ထုတ်ဖော်ခြင်းကို ခံခဲ့ရသည်။ လူသားအနေဖြင့် သူ၏သစ္စာရှိမှုသည် လက်ခံနိုင်ဖွယ် မရှိကြောင်း၊ သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ နုနယ်လွန်းကြောင်း၊ ဘုရားသခင်၏ အလိုတော်ကို သူမဖြည့်ဆည်းပေးနိုင်ကြောင်းနှင့် ဘုရားသခင်ကို သူကျေနပ်အားရစေသည်ဟူ၍ တစ်ချိန်လုံး ပြောဆိုနေခြင်းမှာ စကားလုံးများသာဖြစ်ကြောင်း သူတွေ့မြင်ခဲ့သည်။ အစေခံသူများနှင့်ဆိုင်သည့် အမှု၏အဆင့်တွင် ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သော်လည်း၊ ယခုပြန်ပြောင်းကြည့်သောအခါ ဘုရားသခင့်အမှု၏ ထိုအဆင့်သည် အံ့သြဖွယ်ကောင်းခဲ့ပေသည်။ ယင်းသည် လူသားအတွက် ကြီးမားသည့် အလှည့်အပြောင်းကို ယူဆောင်လာပေးခဲ့ပြီး သူ၏အသက်တာ စိတ်သဘောထား၌ ကြီးမားသည့် ပြောင်းလဲမှုကို ဖြစ်စေခဲ့သည်။ အစေခံသူများ၏ အချိန်ကာလမတိုင်မီတွင် လူသားသည် အသက်ကို လိုက်စားခြင်းအကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုကြောင်း၊ သို့မဟုတ် ဘုရားသခင့်အမှု၏ ဉာဏ်ပညာအကြောင်းတို့ကို နားလည်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်၏အမှုသည် လူသားကို စစ်ဆေးနိုင်ကြောင်းကိုလည်း သူနားမလည်ခဲ့ပေ။ အစေခံသူများ၏ အချိန်ကာလမှစ၍ ယနေ့ထိတိုင် လူသားသည် ဘုရားသခင်၏အမှုမှာ မည်မျှအံ့သြဖွယ်ကောင်းကြောင်း မြင်တွေ့ရသည်- ထိုအမှုသည် လူသားအတွက် ဉာဏ်မမီနိုင်အောင် နက်နဲ၏။ လူသားသည် ဘုရားသခင် အမှုပြုပုံကို သူ၏ဉာဏ်ကို အသုံးပြု၍ မစဉ်းစားနိုင်ပေ၊ ထို့ပြင် သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ မည်မျှနုနယ်ကြောင်းနှင့် သူ့ထံ၌ မနာခံမှု အလွန်များပြားနေကြောင်းကိုလည်း သူမြင်တွေ့ရသည်။ ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သောအခါ ယင်းသည် အကျိုးသက်ရောက်မှု တစ်ခုရရှိရန် ဖြစ်ပြီး လူသားကို သူ မကွပ်မျက်ခဲ့ပေ။ ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သော်လည်း၊ သူသည် နှုတ်ကပတ်တော်အားဖြင့်သာ ကျိန်ဆဲခဲ့ခြင်းဖြစ်ပြီး သူ၏ကျိန်ဆဲခြင်းများသည် လူသားအပေါ် အမှန်တကယ် မကျရောက်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကျိန်ဆဲခဲ့သည်မှာ လူသား၏ မနာခံခြင်းကို ဖြစ်သောကြောင့်ဖြစ်၏၊ ထို့ကြောင့် သူ၏ကျိန်ဆဲခြင်း နှုတ်ကပတ်တော်များမှာလည်း လူသားကို စုံလင်အောင်ပြုရန်ဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူသားကို တရားစီရင်သည်ဖြစ်စေ၊ ကျိန်ဆဲသည်ဖြစ်စေ နှစ်ခုစလုံးသည် လူသားကိုစုံလင်စေ၏။ လူသားအတွင်း၌ မသန့်ရှင်းသောအရာကို စုံလင်စေရန် ထိုနှစ်ခုစလုံးကို ပြုခဲ့ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် လူသားသည် စစ်ဆေးခြင်းခံခဲ့ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့် အမှုအားဖြင့် လူသားအတွင်း၌ ချို့တဲ့နေသောအရာသည် စုံလင်စေခြင်းကို ခံခဲ့ရသည်။ ပြင်းထန်သော နှုတ်ကပတ်တော်များဖြစ်စေ၊ တရားစီရင်မှုဖြစ်စေ၊ ပြစ်တင်ဆုံးမမှုဖြစ်စေ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားကို စုံလင်စေရန်ဖြစ်ပြီး လုံးဝသင့်လျော်မှုရှိသည်။ ဘုရားသခင်သည် ဤကဲ့သို့သော အမှုကို ခေတ်ကာလအဆက်ဆက်တွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးပေ။ သူ၏ဉာဏ်ပညာကို သင်တို့ အသိအမှတ်ပြုစေရန် ယနေ့ သူသည် သင်တို့အတွင်း၌ အမှုပြုခြင်း ဖြစ်သည်။ သင်တို့သည် မိမိတို့၏အတွင်း၌ နာကျင်မှုအချို့ကို ခံစားခဲ့ပြီး သော်လည်း၊ သင်တို့၏စိတ်နှလုံးသည် တည်ကြည်မှုကို ခံစားရပြီး ငြိမ်သက်ခြင်း ရှိနေသည်။ သင်တို့အနေဖြင့် ဘုရားသခင့်အမှု၏ ဤအဆင့်ကို မွေ့လျော်ခံစားနိုင်ခြင်းမှာ သင်တို့၏ ကောင်းချီးမင်္ဂလာပင်ဖြစ်သည်။ အနာဂတ်တွင် သင်တို့အနေဖြင့် မည်သည့်အရာကို ရရှိနိုင်မည်ဖြစ်စေ ယနေ့တွင် သင်တို့အတွင်း၌ ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ သင်တို့မြင်ရသမျှမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို မကြုံတွေ့ရပါက၊ သူ၏လုပ်ဆောင်မှုများနှင့် စိတ်အားထက်သန်မှုသည် အပေါ်ယံအဆင့်တွင် အမြဲရှိနေမည်ဖြစ်ပြီး သူ၏စိတ်သဘောထားသည်လည်း အမြဲမပြောင်းမလဲ တည်ရှိနေမည် ဖြစ်သည်။ ဤအရာအား ဘုရားသခင်၏သိမ်းပိုက်ခြင်းကို ခံထားရခြင်း အဖြစ် မှတ်ယူ၍ ရသလော။ ယနေ့တွင် လူသားအတွင်း၌ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့ များစွာရှိနေသေးသော်လည်း၊ လူသား၏ စိတ်သဘောထားကမူ ယခင်ကထက် များစွာတည်ငြိမ်၏။ ဘုရားသခင်က သင့်အား ရိုက်နှက်ဆုံးမခြင်းမှာ သင့်ကို ကယ်တင်ရန် ဖြစ်၏၊ ထို့ပြင် သင့်အနေဖြင့် ထိုအချိန်တွင် နာကျင်မှုအနည်းငယ် ခံစားရနိုင်သော်လည်း၊ သင့်စိတ်သဘောထားထဲ၌ ပြောင်းလဲမှု ဖြစ်ပေါ်လာသည့် နေ့ရက် ရောက်ရှိလာလိမ့်မည်။ ထိုအချိန်တွင် သင်သည် ပြန်ပြောင်းတွေးကြည့်ပြီး ဘုရားသခင်၏အမှုသည် မည်မျှအမြော်အမြင် ရှိကြောင်းကို မြင်လိမ့်မည်ဖြစ်ကာ၊ ထိုအချိန်၌ ဘုရားသခင်၏ အလိုတော်ကို သင်အမှန်တကယ်နားလည်လိမ့်မည်။ ယနေ့တွင် ဘုရားသခင်၏အလိုတော်ကို နားလည်သည်ဟု ပြောဆိုကြသော လူအချို့ရှိသည်၊ သို့သော် ယင်းမှာ သိပ်လက်တွေ့မကျလှပေ။ စင်စစ်အားဖြင့် ၎င်းတို့သည် မုသားများကို ပြောနေကြခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အလိုတော်မှာ လူသားကို ကယ်တင်ရန်လော၊ သို့မဟုတ် ကျိန်ဆဲရန်လောဆိုသည်ကို လက်ရှိတွင် ၎င်းတို့နားမလည်ကြသေးခြင်းကြောင့် ဖြစ်သည်။ ယခုအချိန်တွင် သင်သည် ထိုအရာကို သင်ရှင်းလင်းစွာ မမြင်ကောင်း မမြင်နိုင်သေးသော်လည်း၊ လူ့ဘဝကို သင်သိလာပြီး သင့်ဇာတိခန္ဓာသည် ချစ်ခင်ကြင်နာသော ဘုရားသခင်၏ကမ္ဘာထဲ၌ နေထိုင်ရစေရန်၊ သင့်ဝိညာဉ်သည် လွတ်မြောက်မှုကို ရရှိပြီး သင့်အသက်တာသည် ပျော်ရွှင်ခြင်းနှင့် ပြည့်စုံကာ ဘုရားသခင်နှင့် သင်အမြဲနီးကပ်ကာ ဘုရားသခင်ကို သင်အစဉ်မျှော်ကြည့်စေရန် ဘုရားသခင် ဘုန်းတန်ခိုး ရရှိသည့်နေ့ရက် ရောက်လာသည်ကို သင်မြင်ရသောနေ့ရက် ရောက်လာမည်ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်ခြင်းမှာ မည်မျှ အဓိပ္ပာယ်ရှိကြောင်း သင်တွေ့မြင်ရလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်၏ ယနေ့ကာလအမှုသည် မည်မျှတန်ဖိုးရှိကြောင်းကို သင်အမှန်တကယ် သိရှိလာလိမ့်မည်။

ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို မခံကြရဘဲ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြတော့သည်။ ဘုရားသခင်သည် သူ့ကို လူသားတို့ ချစ်ကြရန် စိတ်ထက်သန်သော်လည်း၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ ဒုက္ခဝေဒနာက ပိုကြီးလေဖြစ်ပြီး၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ စမ်းသပ်မှုများက ပိုကြီးလေဖြစ်သည်။ သူ့ကို သင်ချစ်လျှင် သင့်အပေါ်သို့ ဒုက္ခဝေဒနာမျိုးစုံ ကျရောက်လိမ့်မည်ဖြစ်ပြီး သူ့ကို သင်မချစ်လျှင် သင့်အတွက် အရာရာ အဆင်ပြေချောမွေ့နေ၍ သင့်ပတ်ပတ်လည်၌ အရာခပ်သိမ်း ငြိမ်းချမ်းကောင်း ငြိမ်းချမ်း နေလိမ့်မည်။ ဘုရားသခင်ကို သင်ချစ်သည့်အခါ၊ သင့်ပတ်ပတ်လည်၌ ရှိနေသည့်အရာများစွာကို ကျော်လွှားနိုင်မည် မဟုတ်ဟု သင်ခံစားရလိမ့်မည်၊ သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည့်အတွက် သင်သည် စစ်ဆေးခြင်းကို ခံရလိမ့်မည်။ ထိုမျှမက သင်သည် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ခြင်း မရှိဘဲ ဘုရားသခင်၏ အလိုတော်မှာ အလွန်မြင့်မားပြီး လူသားအနေဖြင့် လက်လှမ်းမမီနိုင်ဟု သင်အမြဲ ထင်မြင်ယူဆလိမ့်မည်။ ဤအရာအားလုံးကြောင့် သင်သည် စစ်ဆေးခြင်းခံရမည်၊ သင့်အတွင်း၌ အားနည်းချက် များစွာရှိပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောအရာများစွာ ရှိသည့်အတွက်၊ သင်သည် အတွင်း၌ စစ်ဆေးခြင်းကို ခံရလိမ့်မည်။ သို့သော် စစ်ဆေးခြင်းဖြင့်သာ သန့်စင်ခြင်းသို့ ရောက်နိုင်ကြောင်းကို သင်တို့ ရှင်းလင်းစွာ တွေ့မြင်ကြရမည်။ ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။ သင်သည် စာတန်၏စုံစမ်းနှောင့်ယှက်ခြင်း ခံရသည့်အချိန်တွင် “ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့်သက်ဆိုင်ပြီး၊ ဘုရားသခင်သည် ကျွန်ုပ်ကို ရရှိပြီးဖြစ်သည်။ သင်ကျေနပ်အောင် ကျွန်ုပ်မလုပ်ပေးနိုင်၊ ကျွန်ုပ်၏ အရာအားလုံးကို ဘုရားသခင် ကျေနပ်အားရစေရန် ဆက်ကပ်ရမည်” ဟု သင်ပြောသင့်သည်။ သင်သည် ဘုရားသခင်ကို ကျေနပ်မှုပေးလေ၊ ဘုရားသခင်သည် သင့်ကို ပို၍ကောင်းချီး ပေးလေဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်သည့် သင်၏ပြင်းအားလည်း ပိုကြီးမားလာလေဖြစ်သည်။ ထို့နည်းတူ သင်၌ ယုံကြည်ခြင်းနှင့် စိတ်ဆုံးဖြတ်ချက်တို့ ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်ခြင်းဖြင့် အသက်တာကို ကုန်ဆုံးစေခြင်းထက် မည်သည့်အရာကမျှ ပို၍မထိုက်တန်၊ သို့မဟုတ် ပို၍အရေးမပါဟု သင်ခံစားလာရလိမ့်မည်။ လူသားသည် ဘုရားသခင်ကို ချစ်နေလျှင် သောကကင်းမည်ဟု ဆိုနိုင်သည်။ သင်၏ဇာတိပကတိက အားနည်းပြီး သင်သည် များစွာသော ဒုက္ခပြဿနာစစ်စစ်တို့၏ ဝန်းရံခြင်းကို ခံရသည့်အချိန်များ ရှိသော်လည်း၊ ယင်းအချိန်ကာလများတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ် အားကိုးလိမ့်မည်၊ ထို့ပြင် သင့်ဝိညာဉ် အတွင်း၌ သင်သည် နှစ်သိမ့်ခြင်းကို ခံရ၍ စိတ်ချသေချာမှုကို ခံစားရလိမ့်မည်၊ သင်၌ အားကိုးမှီခိုစရာ ရှိသည်ဟုလည်း ခံစားရလိမ့်မည်။ ဤနည်းလမ်းဖြင့် သင်သည် ပတ်ဝန်းကျင်အခြေအနေများစွာကို အောင်မြင်ကျော်လွှားနိုင်လိမ့်မည် ဖြစ်သောကြောင့် သင်ခံစားရသည့် ပြင်းထန်သောဝေဒနာအတွက် ဘုရားသခင်ကို သင် ညည်းညူတော့မည် မဟုတ်ပေ။ ထိုအစား သင်သည် သီဆိုကခုန်ပြီး ဆုတောင်းပတ္ထနာပြုရန်၊ စုဝေးပြီး ပြောဆိုဆွေးနွေးရန်၊ ဘုရားသခင်အကြောင်း ဆင်ခြင်ရန် ဆန္ဒရှိလာ၍ သင့်ပတ်လည်၌ ဘုရားသခင် စီစဉ်ပေးထားသည့် လူများ၊ ကိစ္စများနှင့် အမှုအရာများ အားလုံးသည် အံကိုက်ဖြစ်နေကြောင်းကို သင်ခံစားရလိမ့်မည်။ ဘုရားသခင်ကို သင်မချစ်လျှင်၊ သင်ကြည့်သမျှ အရာအားလုံးမှာ သင့်အတွက် ဒေါသထွက်စရာ ဖြစ်နေမည်ဖြစ်ပြီး သင့်အမြင်တွင် မည်သည့်အရာကမျှ နှစ်လိုဖွယ်ရာမရှိ ဖြစ်နေလိမ့်မည်။ သင့်ဝိညာဉ်အတွင်း၌ သင်သည် လွတ်လပ်မှုမရှိဘဲ ဖိနှိပ်ခံနေရလိမ့်မည်၊ သင့်စိတ်နှလုံးသည် ဘုရားသခင်နှင့်ပတ်သက်၍ အမြဲ ညည်းညူလိမ့်မည်ဖြစ်ကာ သင်သည် ညှဉ်းပန်းနှိပ်စက်မှုများစွာကို ခံနေရပြီး ၎င်းမှာ အလွန်တရားမမျှတဟု သင်အမြဲခံစားရလိမ့်မည်။ သင်သည် ပျော်ရွှင်မှုအတွက် မလိုက်စားဘဲ၊ ဘုရားသခင်ကို ကျေနပ်မှုပေးရန်နှင့် စာတန်၏ စွပ်စွဲမှုကို မခံရရန် လိုက်စားသည်ဆိုပါက ထိုကဲ့သို့သော လိုက်စားမှုသည် သင့်ကို ဘုရားသခင်အား ချစ်ရန်အတွက် ကြီးမားသည့်ခွန်အားပေးလိမ့်မည်။ လူသားသည် ဘုရားသခင် မြွက်ကြားခဲ့သမျှကို လုပ်ဆောင်နိုင်စွမ်းရှိပြီး သူလုပ်ဆောင်သမျှသည် ဘုရားသခင်ကို ကျေနပ်မှုပေးနိုင်သည်- စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းဟူသည်မှာ ဤအရာကို ဆိုလိုသည်။ ဘုရားသခင်၏ ကျေနပ်မှုကို လိုက်စားခြင်းသည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်ကြံရန် ဘုရားသခင် အပေါ်ထားသည့် ချစ်ခြင်းကို အသုံးပြုခြင်းဖြစ်သည်။ မည်သည့် အချိန်၌ပင်ဖြစ်စေ၊ အခြားသူများ အင်အားမရှိသည့် အချိန်တွင်ပင် သင့်အတွင်း၌ ဘုရားသခင်ကို ချစ်နေသည့် နှလုံးသား၊ ဘုရားသခင်ကို လေးလေးနက်နက် တောင့်တနေပြီး၊ ဘုရားသခင်ကို လွမ်းဆွတ်နေသည့် နှလုံးသားတစ်ခု ရှိနေသေးသည်။ ဤသည်ကား စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှုဖြစ်၏။ သင်၏ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမားခြင်းက ဘုရားသခင်အပေါ် သင်၏ချစ်ခြင်း မည်မျှကြီးမားခြင်းအပေါ် မူတည်သည်၊ ထို့ပြင် စစ်ဆေးခြင်း ခံရသည့်အချိန်တွင် သင်သည် မြဲမြံစွာရပ်တည်နိုင်ခြင်း ရှိမရှိ၊ အခြေအနေတစ်ခု သင့်ထံရောက်လာသည့်အချိန်တွင် သင်အားနည်းခြင်း ရှိမရှိ၊ သင်၏ညီအစ်ကိုမောင်နှမများက သင့်ကို ငြင်းပယ်သည့်အချိန်တွင် သင်သည် မားမားရပ်နေနိုင်ခြင်း ရှိမရှိ စသည်တို့အပေါ် မူတည်သည်။ ဤဖြစ်ရပ်များ ရောက်ရှိလာခြင်းဖြင့် ဘုရားသခင်အပေါ်ထားသည့် သင်၏ချစ်ခြင်းမေတ္တာက မည်သည့် ပုံစံရှိကြောင်း ထင်ရှားလာလိမ့်မည်။ ဘုရားသခင်သည် လူသားကို အမှန်တကယ်ချစ်ကြောင်း ဘုရားသခင်၏အမှုများစွာထဲ၌ မြင်တွေ့နိုင်လင့်ကစား လူသား၏ ဝိညာဉ်မျက်လုံးများသည် လုံးလုံးလျားလျား မပွင့်သေး၍ သူသည် ဘုရားသခင်၏အမှုများစွာနှင့် အလိုတော်များစွာတို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သကဲ့သို့၊ ဘုရားသခင်နှင့်ပတ်သက်၍ နှစ်လိုဖွယ်ကောင်းသောအရာ များစွာကိုလည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ လူသား၌ ဘုရားသခင်ကို အမှန်တကယ် ချစ်သည့်မေတ္တာ အလွန်နည်းပါးသည်။ သင်သည် ဘုရားသခင်ကို ဤကာလတစ်လျှောက်လုံး ယုံကြည်လာခဲ့၏၊ ထို့ပြင် ယနေ့ ဘုရားသခင်သည် လွတ်မြောက်မှု နည်းလမ်းများအားလုံးကို ဖြတ်တောက်ခဲ့ပြီဖြစ်သည်။ လက်တွေ့ကျကျပြောရလျှင် ပြင်းထန်သည့် တရားစီရင်ခြင်းနှင့် ဘုရားသခင်၏ အမြင့်မြတ်ဆုံးသော ကယ်တင်ခြင်းတို့၏ ဦးဆောင်လမ်းပြခြင်းကို ခံရသဖြင့် သင်ရောက်လာသည့် လမ်းကြောင်းမှန်ကို လျှောက်လှမ်းရန်မှအပ သင်၌ ရွေးစရာမရှိပေ။ လူသားသည် အခက်အခဲနှင့် စစ်ဆေးခြင်းတို့ကို ကြုံတွေ့ပြီးမှသာလျှင် ဘုရားသခင်သည် ချစ်ခင်နှစ်လိုဖွယ် ကောင်းကြောင်းကို သိရှိလာသည်။ ယနေ့ထိတိုင် ကြုံတွေ့ခဲ့ပြီးမှ လူသားသည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း တစ်စိတ်တစ်ပိုင်းကို သိရှိလာသည်ဟု ပြောနိုင်သည်၊ သို့သော် လူသားသည် ချို့တဲ့လွန်းသောကြောင့် ဤအရာမှာ မလုံလောက်သေးပေ။ လူသားသည် ဘုရားသခင်၏ နောက်ထပ်အံ့သြဖွယ်အမှုကို တွေ့ကြုံရဦးမည်ဖြစ်ပြီး ဘုရားသခင်ပြင်ဆင်ပေးသည့် ဆင်းရဲဒုက္ခခံစားခြင်းနှင့်ဆိုင်သော နောက်ထပ်စစ်ဆေးခြင်း အားလုံးကို တွေ့ကြုံရပေဦးမည်။ သို့မှသာလျှင် လူသား၏ အသက်စိတ်သဘောထားက ပြောင်းလဲနိုင်မည် ဖြစ်ပေသည်။

အရှေ့သို့- စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

နောက်တစ်ခုသို့- ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။