စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ဘုရားသခင်ကို နာခံရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏တာဝန်အားလုံးကို ကျေပွန်အောင် ထမ်းဆောင်ရမည်။ ထိုမျှမက သင်တွေ့ကြုံသင့်သော အမှုအရာများကို သင်နားလည်ရမည်။ အကယ်၍ သင်သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံ ခံစားခြင်းသာ ရှိသော်လည်း၊ ဘုရားသခင်အား မွေ့လျော်နိုင်စွမ်းသာ ရှိသော်လည်း၊ သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်နေသည့်အခါ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းနေသည့်အခါ သတိပြုမိနိုင်စွမ်းမရှိဘဲ ဖြစ်နေသေးပါက၊ ဤသည်မှာ လက်ခံနိုင်ဖွယ် မဟုတ်ပေ။ ဤစစ်ဆေးခြင်းဖြစ်ရပ်တွင် သင်သည် ကြံ့ကြံ့ခံကောင်း ခံနိုင်မည်ဖြစ်သော်လည်း၊ ဤသည်မှာ မလုံလောက်သေးပေ၊ သင်ရှေ့သို့ ဆက်လက်ချီတက်ရဦးမည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သော သင်ခန်းစာမှာ မည်သည့်အခါမျှ မရပ်တန့်ဘဲ အဆုံးမရှိပါ။ လူတို့က ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အလွန်တရာ ရိုးရှင်းသည့်အရာဟု မြင်ကြသော်လည်း၊ လက်တွေ့ကျသော အတွေ့အကြုံအနည်းငယ်ကို ၎င်းတို့ရကြသည့်အခါတွင်မူ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ လူတို့ ထင်မှတ်သကဲ့သို့ မရိုးရှင်းကြောင်း ၎င်းတို့ သဘောပေါက်လာကြသည်။ လူသားကိုစစ်ဆေးရန် ဘုရားသခင်အမှုပြုသည့်အခါ၊ လူသားက ဒုက္ခခံရသည်။ လူတစ်ဦး၏ စစ်ဆေးခံရခြင်း ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း ကြီးမားလေလေဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော် ခံရလေလေ ဖြစ်မည်။ ဆန့်ကျင်ဘက်အနေဖြင့် လူတစ်ဦးက စစ်ဆေးခံရမှု ရရှိခြင်း နည်းလေလေ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း ကြီးထွားလာမှု နည်းလေလေဖြစ်ပြီး၊ သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော်ခံရမှု နည်းလေလေ ဖြစ်မည်။ ထိုကဲ့သို့သောသူတစ်ဦး၏ စစ်ဆေးခံရခြင်းနှင့် ဝေဒနာ ကြီးမားပြီး ညှဉ်းဆဲခြင်းကို သူတို့တွေ့ကြုံရလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း နက်ရှိုင်းလေလေဖြစ်ကာ၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းက စစ်မှန်လေလေ ဖြစ်လာပြီး ဘုရားသခင်အပေါ် သူ၏ သိကျွမ်းခြင်းက နက်ရှိုင်းလေလေ ဖြစ်မည်။ သင်၏အတွေ့အကြုံများတွင် သူတို့ စစ်ဆေးခြင်းခံရစဉ် ကြီးမားစွာ ဒုက္ခခံရသူများ၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို များစွာခံရသောလူတို့ကို သင်တွေ့ရမည်ဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်အပေါ် နက်နဲသော ချစ်ခြင်းမေတ္တာရှိကာ ဘုရားသခင်အပေါ် ပို၍လေးနက်ပြီး ထိုးထွင်းသိမြင်နိုင်သည့် သိကျွမ်းခြင်းရှိသောသူများ ဖြစ်ကြောင်းကို သင်တွေ့ရလိမ့်မည်။ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးသော သူများ၌ အပေါ်ယံအသိသာ ရှိကြပြီး၊ ၎င်းတို့က- “ဘုရားသခင်သည် အလွန်ကောင်းမြတ်၏၊ လူတို့က သူ့ကို မွေ့လျော်နိုင်ဖို့အတွက် သူတို့အပေါ် ကျေးဇူးတော်ကို နှင်းအပ်ပေး၏” ဟူ၍သာ ပြောနိုင်ကြသည်။ အကယ်၍ လူတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို တွေ့ကြုံဖူးပါက၊ ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော သိကျွမ်းခြင်းအကြောင်းကို ပြောနိုင်ကြသည်။ ထို့ကြောင့် လူသား၏အထဲ၌ ဘုရားသခင်၏အမှုက အံ့သြဖွယ်ကောင်းလေလေ၊ ယင်းက တန်ဖိုးရှိလေလေနှင့် အဓိပ္ပာယ်ရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏အမှုက သင့်အတွက် ပို၍ခဲကတ်ပြီး ယင်းက သင်၏အယူအဆများနှင့် သဟဇာတမဖြစ်လေလေ၊ ယင်းက သင့်ကို သိမ်းပိုက်ရန်၊ သင့်ကိုရယူရန်နှင့် သင့်ကိုစုံလင်စေရန် တတ်နိုင်လေလေ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဓိပ္ပာယ်မှာ အဘယ်မျှလောက် ကြီးမားလေ သနည်း။ အကယ်၍ ဘုရားသခင်သည် လူသားကို ဤနည်းဖြင့် မစစ်ဆေးခဲ့ပါက၊ အကယ်၍ သူသည် ဤနည်းလမ်းအတိုင်း အမှုမပြုခဲ့ပါက၊ သူ၏အမှုသည် မထိရောက်ဘဲ အဓိပ္ပာယ်ကင်းမဲ့နေခဲ့မည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ဤလူစုကို ရွေးချယ်ရယူပြီး ၎င်းတို့ကို စုံလင်စေမည်ဟု အတိတ်က ပြောခဲ့၏။ ဤအရာ၌ သာမန်ထက်ထူးခြားသော အဓိပ္ပာယ် ရှိသည်။ သင်တို့အထဲတွင် သူလုပ်ဆောင်သောအမှုသည် ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာသည် နက်ရှိုင်းလေလေနှင့် စင်ကြယ်လေလေ ဖြစ်သည်။ ဘုရားသခင်၏အမှု ကြီးမားလေလေ၊ လူသားသည် သူ၏ဉာဏ်ပညာကို အတော်ပင် သဘောပေါက်နိုင်လေလေဖြစ်ပြီး သူ့အပေါ် လူသား၏ သိကျွမ်းခြင်းသည်လည်း နက်ရှိုင်းလေလေ ဖြစ်သည်။ နောက်ဆုံးသောကာလအတောအတွင်း ဘုရားသခင်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်သည် အဆုံးသတ်လိမ့်မည်။ ယင်းသည် အမှန်တကယ် လွယ်ကူစွာ အဆုံးသတ်နိုင်မည်လော။ သူသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏အမှုက ပြီးဆုံးသွားမည်လော။ ယင်းက အလွန်ရိုးရှင်းနိုင်မည်လော။ လူတို့က ယင်းမှာ ဤမျှရိုးရှင်းသည်ဟု အမှန်ပင် ထင်မှတ်ကြသော်လည်း၊ ဘုရားသခင် ပြုသောအရာမှာ အလွန်ရိုးရှင်းသည် မဟုတ်ပေ။ ဘုရားသခင့်အမှု၏ မည်သည့်အပိုင်းကို သင်ပြောလိုသည်ဖြစ်စေ၊ ထိုအရာအလုံးစုံမှာ လူသားအတွက် ဉာဏ်မီနိုင်ဖွယ် မဟုတ်ပေ။ သင်သည် ယင်းကို နားလည်သဘောပေါက်နိုင်ခဲ့ပါက၊ ဘုရားသခင်၏အမှုမှာ အဓိပ္ပာယ် သို့မဟုတ် တန်ဖိုး ကင်းမဲ့နေပေမည်။ ဘုရားသခင်ပြုခဲ့သော အမှုမှာ ဉာဏ်မီနိုင်ဖွယ် မဟုတ်ပေ။ ယင်းက သင်၏အယူအဆများနှင့် လုံးလုံးဆန့်ကျင်လျက်ရှိပြီး၊ သင်၏အယူအဆများနှင့် ညှိ၍မရလေလေ၊ ယင်းက ဘုရားသခင်၏အမှုမှာ အဓိပ္ပာယ်ရှိကြောင်း ပြလေလေ ဖြစ်သည်။ သင်၏အယူအဆများနှင့် သဟဇာတဖြစ်ခဲ့ပါက၊ ယင်းမှာ အဓိပ္ပာယ်ရှိမည် မဟုတ်တော့ပေ။ ဘုရားသခင်၏အမှုမှာ အလွန်အံ့သြဖွယ်ဖြစ်ကြောင်း သင်ယနေ့ခံစားရကာ၊ ယင်းက အံ့သြဖွယ်ကောင်းသည်ဟု သင်ခံစားရလေလေ၊ ဘုရားသခင်သည် ဉာဏ်မီနိုင်ဖွယ်ရာ မဟုတ်ကြောင်း သင်ခံစားရလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အဘယ်မျှကြီးမြတ်ကြောင်း သင်မြင်ရလေလေ ဖြစ်သည်။ အကယ်၍ သူသည် လူသားကို သိမ်းပိုက်ရန် အပေါ်ယံ၊ ဝတ်ကျေတမ်းကျေ အမှုအနည်းငယ်ကိုသာ ပြုပြီးနောက် အခြားမည်သည့်အရာကိုမျှ မပြုခဲ့ပါက၊ လူသားသည် ဘုရားသခင့်အမှု၏ အဓိပ္ပာယ်ကို ရှုမြင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သင်သည် ယခု အနည်းငယ်သော စစ်ဆေးခြင်းကို ခံယူနေရသော်လည်း၊ ယင်းမှာ အသက်တာ၌ သင်၏ ကြီးထွားမှုအတွက် ကြီးမားသော အကျိုးကျေးဇူး ရှိပေသည်။ ထို့ကြောင့် သင်တို့အနေဖြင့် ထိုကဲ့သို့သော ဆင်းရဲဒုက္ခကို ခံရရန်မှာ အဆုံးစွန်လိုအပ်ချက်ပင် ဖြစ်သည်။ ယနေ့ သင်သည် အနည်းငယ်သော စစ်ဆေးခြင်းကို ခံယူနေရသော်လည်း၊ နောင်တွင် သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အမှန်တကယ် ရှုမြင်နိုင်လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် “ဘုရားသခင်၏ လုပ်ဆောင်ချက်များက အံ့သြဖွယ်ကောင်းလှပါတကား” ဟု သင်ဆိုလိမ့်မည်။ ဤသည်တို့မှာ သင်၏ စိတ်နှလုံးထဲမှ စကားလုံးများ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ စစ်ဆေးခြင်း (အစေခံသူတို့၏ စစ်ဆေးခံရခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကာလ) ကို အတန်ကြာ တွေ့ကြုံရပြီးသည့်အခါ လူအချို့က နောက်ဆုံးတွင် “ဘုရားသခင်အား ယုံကြည်ခြင်းသည် အမှန်တကယ် ခက်ခဲပါတကား” ဟု ဆိုကြလိမ့်မည်။ သူတို့အနေဖြင့် “အမှန်တကယ် ခက်ခဲသည်” ဟူသော စကားလုံးများ သုံးစွဲခဲ့သည့်အချက်က ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ ဉာဏ်မီနိုင်ဖွယ် မဟုတ်ကြောင်း၊ ဘုရားသခင်၏ အမှုတွင် ကြီးမားသော အဓိပ္ပာယ်နှင့် တန်ဖိုးဟူသော စရိုက်လက္ခဏာ ရှိကြောင်းနှင့်၊ သူ၏အမှုမှာ လူသား၏ တန်ဖိုးထားခြင်းခံရရန် လွန်စွာ ထိုက်တန်ကြောင်းကို ပြသသည်။ အကယ်၍ ငါသည် များလှစွာသော အမှုကို ပြုခဲ့ပြီးနောက်တွင် သင်၌ သိကျွမ်းခြင်း စိုးစဉ်းမျှမရှိခဲ့ပါက၊ ငါ၏အမှုသည် တန်ဖိုးရှိနိုင်ဦးမည်လော။ ၎င်းက သင့်အား- “ဘုရားသခင်ထံ အစေခံခြင်းက အမှန်တကယ် ခက်ခဲသည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အံ့သြဖွယ်ကောင်းလှပြီး ဘုရားသခင်သည် အမှန်ပင် ဉာဏ်ပညာရှိ၏။ ဘုရားသခင်သည် ချစ်ဖွယ်ကောင်းလှ၏” ဟု ဆိုစေလိမ့်မည်။ အကယ်၍ အတွေ့အကြုံကာလတစ်ခုကို ခံစားရပြီးနောက်တွင် သင်သည် ထိုကဲ့သို့သော စကားလုံးများကို ပြောနိုင်ပါက၊ ဤအရာက သင်သည် သင့်အထဲ၌ ဘုရားသခင်၏အမှုကို ရရှိထားကြောင်း သက်သေပြပေသည်။ တစ်နေ့တွင် သင်သည် နိုင်ငံရပ်ခြား၌ ဧဝံဂလိတရားကို ဖြန့်ဝေနေပြီး တစ်စုံတစ်ဦးက သင့်အား- “ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက ဘယ်လို အခြေအနေရှိလဲ။” ဟု မေးသည့်အခါ သင်သည်- “ဘုရားသခင်၏ လုပ်ဆောင်ချက်များက အံ့သြချီးမွမ်းဖွယ်ကောင်းလှ၏” ဟု ပြောနိုင်လိမ့်မည်။ သူတို့က သင်၏စကားများသည် စစ်မှန်သော အတွေ့အကြုံများအကြောင်းကို ပြောပြနေသည်ဟု ခံစားရလိမ့်မည်။ ဤအရာက အမှန်တကယ် သက်သေခံနေပေသည်။ ဘုရားသခင်၏အမှုသည် ဉာဏ်ပညာနှင့် ပြည့်ဝလျက် ရှိကြောင်း၊ ထို့ပြင် သင့်အထဲ၌ သူပြုသောအမှုက သင့်ကို အမှန်တကယ် လက်ခံယုံကြည်စေခဲ့ပြီးကြောင်းနှင့် သင်၏စိတ်နှလုံးကို သိမ်းပိုက်ခဲ့ပြီးကြောင်း သင်ဆိုလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ချစ်ခြင်းနှင့် ထိုက်တန်သည်ထက်ပင် သာလွန်သောကြောင့် သင်သည် သူ့ကို အစဉ်အမြဲ ချစ်ပေလိမ့်မည်။ အကယ်၍ ဤအရာများကို သင်ပြောနိုင်ပါက လူတို့၏ စိတ်နှလုံးကို သင်လှုပ်ရှားစေနိုင်မည်။ ဤအရာအားလုံးက သက်သေခံခြင်း ဖြစ်ပေသည်။ အကယ်၍ သင်သည် ထူးကဲသောသက်သေကို ခံနိုင်ပါက၊ လူတို့ကို မျက်ရည်ကျအောင် စွမ်းဆောင်နိုင်လျှင် ယင်းက သင်သည် ဘုရားသခင်ကို ချစ်သောသူ အမှန်ဖြစ်ကြောင်း ပြသသည်၊ အကြောင်းမှာ သင်သည် ဘုရားသခင်အား ချစ်ခြင်းကို ထင်ရှားစေနိုင်ပြီး၊ သင့်အားဖြင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် သက်သေခံချက်အဖြစ် အတည်ပြုနိုင်သောကြောင့် ဖြစ်သည်။ သင်၏ သက်သေခံချက်အားဖြင့် အခြားလူများအား ဘုရားသခင်၏အမှုကို ရှာဖွေစေသည်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံစေသည်၊ ထို့ပြင် သူတို့တွေ့ကြုံသည့် မည်သည့် ပတ်ဝန်းကျင်၌မဆို သူတို့သည် မြဲမြံစွာ ရပ်တည်နိုင်ကြလိမ့်မည်။ ဤသည်မှာ သက်သေခံခြင်း၏ တစ်ခုတည်းသော စစ်မှန်သည့် နည်းလမ်းဖြစ်ပြီး ဤသည်မှာ ယခု သင့်ကိုတောင်းဆိုသောအရာ အတိအကျပင်ဖြစ်သည်။ ဘုရားသခင်၏အမှုမှာ လွန်စွာတန်ဖိုးရှိပြီး လူတို့၏ တန်ဖိုးထားခြင်းခံရရန် ထိုက်တန်ကြောင်း၊ ဘုရားသခင်သည် အလွန် မြတ်နိုးဖွယ်ဖြစ်ပြီး အလွန်ကြွယ်ဝကြောင်း သင်တွေ့မြင်သင့်သည်။ သူသည် စကားပြောနိုင်သည်သာမက၊ လူတို့ကိုလည်း တရားစီရင်နိုင်သည်၊ ၎င်းတို့၏ စိတ်နှလုံးများကို စစ်ဆေးနိုင်သည်၊ သူတို့အား ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးနိုင်သည်၊ သူတို့အား ရယူနိုင်သည်၊ သိမ်းပိုက်နိုင်သည့်အပြင် စုံလင်စေနိုင်သည်။ သင်၏ အတွေ့အကြုံမှနေ၍ ဘုရားသခင်သည် အလွန်ချစ်မြတ်နိုးဖွယ်ကောင်းသည်ကို သင်မြင်လိမ့်မည်။ ထို့ကြောင့် ယခု ဘုရားသခင်ကို သင် အဘယ်မျှလောက် ချစ်သနည်း။ သင်သည် ဤအရာများကို သင်၏စိတ်နှလုံးထဲမှ အမှန်တကယ်ပြောနိုင်သလော။ သင်သည် ဤစကားလုံးများကို သင်၏စိတ်နှလုံး၏နက်ရှိုင်းသောနေရာမှ ဖော်ပြနိုင်ပါက၊ သင် သက်သေခံနိုင်လိမ့်မည်။ သင်၏အတွေ့အကြုံသည် ဤအဆင့်သို့ ရောက်ရှိပြီးသည့်အခါ၊ သင်သည် ဘုရားသခင်အတွက် သက်သေခံတစ်ဦး ဖြစ်နိုင်စွမ်းရှိပြီး အရည်အချင်း ပြည့်မီလိမ့်မည်။ အကယ်၍ သင်သည် သင်၏အတွေ့အကြုံထဲ၌ ဤအဆင့်ကို မရောက်ရှိပါက၊ သင်သည် လွန်စွာ အလှမ်းကွာနေဆဲဖြစ်လိမ့်မည်။ စစ်ဆေးခြင်းဖြစ်စဉ်တွင် လူတို့အနေဖြင့် အားနည်းချက်များ ပြသသည်မှာ ပုံမှန်ဖြစ်သော်လည်း၊ စစ်ဆေးခြင်းနောက်၌ သင်သည်- “ဘုရားသခင်သည် သူ၏အမှု၌ အလွန် ဉာဏ်ပညာရှိသည်တကား။” ဟု ပြောနိုင်သင့်သည်။ အကယ်၍ သင်သည် ဤစကားလုံးများအား လက်တွေ့ကျသောနားလည်မှု အမှန်တကယ် ရရှိနိုင်ပါက၊ ယင်းမှာ သင်မြတ်နိုးသည့်အရာ ဖြစ်လာပြီး သင်၏အတွေ့အကြုံသည် တန်ဖိုး ရှိလိမ့်သည်။

သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့် သရုပ်ဖော်ချက်တစ်ခု ဖြစ်လာနိုင်ခြင်းရှိမရှိနှင့် သင်သည် သူ၏အသုံးပြုခြင်းကိုခံရရန် သင့်တော်ခြင်းရှိမရှိ ဟူသည်တို့မှာ သင် ရှာဖွေသင့်သော အရာများပင်ဖြစ်သည်။ ဘုရားသခင်သည် သင့်အထဲတွင် အမှန်တကယ် အမှုမည်မျှပြုခဲ့ပြီးပြီနည်း။ သင် အဘယ်မျှ မြင်ခဲ့ပြီးပြီနည်း၊ သင် အဘယ်မျှ ထိတွေ့ခဲ့ပြီးပြီနည်း။ သင် အဘယ်မျှ တွေ့ကြုံပြီး မြည်းစမ်း ခဲ့ပြီးပြီနည်း။ ဘုရားသခင်သည် သင့်ကို စမ်းသပ်ခဲ့ပြီးပါစေ၊ ကိုင်တွယ်ဖြေရှင်း ခဲ့ပြီးပါစေ၊ သို့မဟုတ် ဆုံးမပဲ့ပြင်ခဲ့ပြီးပါစေ သူ၏လုပ်ရပ်များနှင့် သူ၏အမှုတို့ကို သင့်အပေါ်တွင် လုပ်ဆောင်ခဲ့ပြီးပြီဖြစ်သည်။ သို့သော် ဘုရားသခင်အား ယုံကြည်သူတစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်အောင်အပြုခံရဖို့ ကြိုးစားအားထုတ်လိုသူ တစ်ဦးအနေဖြင့် သင်သည် သင်၏ လက်တွေ့ကျသော အတွေ့အကြုံပေါ် အခြေခံ၍ ဘုရားသခင်၏ အမှုအတွက် သက်သေခံနိုင် သလော။ သင်သည် သင်၏ လက်တွေ့ကျသော အတွေ့အကြုံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်နိုင်သလော။ သင်သည် သင်ကိုယ်တိုင်၏ လက်တွေ့ကျသော အတွေ့အကြုံအားဖြင့် အခြားသူများကို ထောက်ပံ့ပေးပြီး ဘုရားသခင်၏အမှုအတွက် သက်သေခံဖို့ သင့်အသက်တာတစ်ခုလုံးကို အသုံးခံနိုင်သလော။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံရန်အတွက် သင်၏ အတွေ့အကြုံ၊ သိကျွမ်းခြင်းနှင့် သင်ပေးဆပ်ခဲ့ပြီးသော အဖိုးအခအပေါ် အမှီပြုရမည်။ ထိုမှသာလျှင် သင်သည် သူ၏အလိုတော်ကို ဖြည့်ဆည်းနိုင်မည်။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံသောသူတစ်ဦး ဖြစ်သလော။ သင်၌ ဤပြင်းပြသောဆန္ဒ ရှိသလော။ အကယ်၍ သင်သည် သူ၏နာမတော်ကိုသာမက သူ၏အမှုကိုပင်လျှင် သက်သေခံနိုင်ပါက၊ ထို့ပြင် သင်သည် သူ၏လူတို့ကို သူတောင်းဆိုသော ပုံစံအတိုင်း အသက်ရှင်နေထိုင်နိုင်ပါက၊ သင်သည် ဘုရားသခင်အတွက် သက်သေခံတစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် မည်သို့သက်သေခံသနည်း။ သင်သည် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း အသက်ရှင်နေထိုင်ရန် ကြိုးစားခြင်းနှင့် တောင့်တခြင်း၊ သင်၏ စကားလုံးများဖြင့် သက်သေခံခြင်း၊ လူတို့အား သူ၏အမှုကို သိစေခြင်းနှင့် သူ၏လုပ်ဆောင်မှုများကို မြင်စေခြင်းတို့အားဖြင့် ပြုလုပ်ရသည်။ အကယ်၍ သင်သည် ဤအရာအားလုံးကို အမှန်တကယ် ကြိုးစားပါက၊ ဘုရားသခင်သည် သင့်ကို စုံလင်အောင်ပြုပေးလိမ့်မည်။ အကယ်၍ သင်ကြိုးစာသမျှမှာ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းခံရရန်နှင့် နောက်ပိတ်ဆုံးတွင် ကောင်းချီးမင်္ဂလာခံစားရရန်သာ ဖြစ်ပါက၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းရှုထောင့်မှာ မဖြူစင်ပေ။ သင်သည် လက်တွေ့အသက်တာထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့မြင်သည့် နည်းလမ်း၊ သူ၏အလိုတော်ကို သင့်အား သူဖွင့်ပြသောအခါ သူ့အား ကျေနပ်စေသည့် နည်းလမ်းတို့ကိုဆောင်ရွက်နိုင်အောင် အားထုတ်သင့်ပြီး သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်ပညာကို သင် သက်သေခံသင့်သည့် နည်းလမ်းနှင့် သင့်အား သူ၏ဆုံးမပဲ့ပြင်ပုံနှင့် ကိုင်တွယ်ဖြေရှင်းပုံတို့အား သက်သေခံမည့်နည်းလမ်းတို့ကို သင်ရှာဖွေနေသင့်သည်။ ဤအရာအားလုံးမှာ ယခု သင်တွေးဆနေသင့်သော အရာများဖြစ်သည်။ အကယ်၍ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းသည် သင့်ကိုစုံလင်အောင် သူပြုပြီးနောက် ဘုရားသခင်၏ဘုန်းတော်၌ သင်ပါဝင်နိုင်ရန်အတွက်သာဖြစ်ပါက ယင်းမှာ မလုံလောက်သေးသည့်အပြင် ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီနိုင်သေးပေ။ သင်သည် ဘုရားသခင်၏အမှုကို သက်သေခံနိုင်ရန်၊ သူ၏တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် လူတို့အပေါ် သူပြုခဲ့ပြီးသောအမှုကို လက်တွေ့ကျသည့် နည်းလမ်းဖြင့် တွေ့ကြုံနိုင်ရန် လိုအပ်သည်။ နာကျင်မှုဖြစ်စေ၊ မျက်ရည်များဖြစ်စေ၊ သို့မဟုတ် ဝမ်းနည်းခြင်းဖြစ်စေ သင်သည် ဤအရာအားလုံးကို သင်၏ လက်တွေ့ကျင့်သုံးမှုတွင် တွေ့ကြုံရမည်။ ယင်းတို့မှာ ဘုရားသခင်အတွက် သက်သေခံတစ်ဦးအဖြစ် သင့်ကို စုံလင်စေရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ယခု သင့်ကိုဒုက္ခခံရန်နှင့် စုံလင်ခြင်းကို ရှာဖွေရန် လှုံ့ဆော်သည့် အရာမှာ အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း။ သင်၏ လက်ရှိဒုက္ခခံရခြင်းမှာ အမှန်တကယ် ဘုရားသခင်ကိုချစ်ရန်နှင့် သူ့အတွက် သက်သေခံရန် အလို့ငှာ ဖြစ်သလော။ သို့မဟုတ် ယင်းမှာ ဇာတိပကတိနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများ အတွက်၊ သင်၏ အနာဂတ်တက်လမ်းများနှင့် ကံကြမ္မာအတွက် ဖြစ်သလော။ သင်၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များနှင့် သင် ရရှိအောင် အားထုတ်သည့် ပန်းတိုင်များအားလုံးကို ပြုပြင်ရမည်ဖြစ်ပြီး သင်၏ကိုယ်ပိုင်ဆန္ဒအားဖြင့် ဦးဆောင်၍မရနိုင်ပေ။ အကယ်၍ လူတစ်ဦးသည် ကောင်းချီးမင်္ဂလာများကို လက်ခံရရှိရန်နှင့် တန်ခိုးဖြင့် စိုးစံရန်အတွက် စုံလင်ခြင်းကို ရှာဖွေပြီးသကာလ အခြားသူတစ်ဦးက ဘုရားသခင်ကို ကျေနပ်စေရန်၊ ဘုရားသခင်၏အမှုကို လက်တွေ့ကျကျ သက်သေခံရန်အတွက် စုံလင်ခြင်းကို အားထုတ်ပါက ဤအားထုတ်နည်းနှစ်မျိုးထဲမှ မည်သည့်အရာကို သင်ရွေးချယ်မည်နည်း။ အကယ်၍ သင်သည် ပထမအရာကို ရွေးချယ်ပါက သင်သည် ဘုရားသခင်၏ စံနှုန်းများနှင့် အလွန်ဝေးကွာနေဆဲဖြစ်မည်။ ငါ၏လုပ်ရပ်များကို စကြဝဠာတစ်ဝှမ်းလုံးတွင် ရှင်းလင်းစွာ သိရမည်ဖြစ်ပြီး ငါသည် စကြဝဠာထဲတွင် ရှင်ဘုရင်အဖြစ် အုပ်စိုးမည်ဟု ငါယခင်က ပြောခဲ့ပေသည်။ သို့သော်ငြားလည်း သင်တို့အား တာဝန်ပေးစေခိုင်းထားသည့်အရာမှာ ဘုရားသခင်၏အမှုကို သွား၍ သက်သေခံရန်ဖြစ်ကာ၊ ရှင်ဘုရင်များဖြစ်လာပြီး စကြဝဠာတစ်ခွင်လုံး၌ ပေါ်ထွန်းလာရန် မဟုတ်ပါ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို စကြာဝဠာနှင့် မိုးကောင်းကင်အား ပြည့်စေလော့။ လူတိုင်းအား ယင်းတို့ကို မြင်စေပြီး ယင်းတို့ကို လက်ခံစေလော့။ ဤစကားလုံးများကို ဘုရားသခင် ကိုယ်တော်တိုင်နှင့်ပတ်သက်၍ ဆိုခဲ့ခြင်း ဖြစ်ပြီး လူသားများ ပြုလုပ်သင့်သည့်အရာမှာ ဘုရားသခင်အတွက် သက်သေခံရန်ဖြစ်သည်။ ယခု သင်သည် ဘုရားသခင်အကြောင်းကို မည်မျှသိသနည်း။ ဘုရားသခင်အကြောင်းကို သင်သည် မည်မျှ သက်သေခံနိုင်သနည်း။ လူကို စုံလင်အောင်ပြုလုပ်ပေးသည့် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်၏အလိုတော်ကို သင်နားလည်သည့်အခါ သူ၏အလိုတော်အပေါ် အရေးထားခြင်းကို သင်မည်သို့ပြသင့်သနည်း။ အကယ်၍ သင်သည် စုံလင်အောင်ပြုခြင်းခံလိုပြီး သင်အသက်ရှင်နေထိုင်သည့် အရာမှတစ်ဆင့် ဘုရားသခင်၏အမှုကို သက်သေခံလိုပါက၊ အကယ်၍ သင်၌ ဤလှုံ့ဆော်ပေးသော စွမ်းအားရှိပါက၊ မည်သည့်အရာမျှ မခက်ခဲလွန်းပေ။ လူတို့ ယခုလိုအပ်သည်မှာ ယုံကြည်မှုပင်ဖြစ်သည်။ အကယ်၍ သင်၌ ဤလှုံ့ဆော်ပေးသော စွမ်းအားရှိပါက အပျက်သဘော၊ မတုန်မလှုပ်ဖြစ်ခြင်း၊ ပျင်းရိခြင်းနှင့် ဇာတိအယူအဆများ၊ အသက်ရှင်သန်ရေးဆိုင်ရာ အတွေးအခေါ်များ၊ ဆန့်ကျင်ပုန်ကန်တတ်သော စိတ်သဘောထား၊ စိတ်ခံစားချက်များ အစရှိသည့် မည်သည့်အရာကိုမဆို စွန့်လွှတ်ရန် လွယ်ကူပါသည်။

စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူ့ထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ပါ။ ဘုရားသခင်သည် သင်ရယူရန်မျှော်လင့်သည့် မည်သည့်အရာကိုမဆို သင့်အပေါ် အပ်နှင်းလိမ့်မည်။ အကယ်၍ သင်၌ ယုံကြည်ခြင်းမရှိပါက သင်သည် စုံလင်အောင်ပြုခြင်း မခံရနိုင်သည့်အပြင် ဘုရားသခင်၏အနန္တတန်ခိုးကို မဆိုထားဘိ၊ သူ၏လုပ်ရပ်များကို သင်မြင်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ သင်၌ ယုံကြည်ခြင်းရှိသဖြင့် သူ၏လုပ်ရပ်များကို သင်၏ လက်တွေ့အတွေ့အကြုံထဲတွင် သင်မြင်တွေ့ရမည်ဖြစ်သည့်အခါ၊ ဘုရားသခင်သည် သင့်ထံပေါ်လာကာ သင့်ကို ဉာဏ်အလင်းရစေပြီး အတွင်းမှနေ၍ လမ်းပြပေးမည်။ ထိုယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်သည် ထိုအရာကို ပြုနိုင်မည်မဟုတ်ပါ။ အကယ်၍ သင်သည် ဘုရားသခင်၌ မျှော်လင့်ချက်ပျောက်ဆုံးသွားပါက သူ၏အမှုကို သင် မည်ကဲ့သို့ တွေ့ကြုံနိုင်မည်နည်း။ ထို့ကြောင့် သင်၌ ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် သံသယများ မသိုထားသည့်အခါမှသာ၊ သူမည်သည့်အရာပြုသည်ဖြစ်စေ သူ့အပေါ် သင် စစ်မှန်သော ယုံကြည်ခြင်း ရှိသည့်အခါမှသာ သူသည် သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင့်ကို ဉာဏ်အလင်းပေးပြီး ဖွင့်ပြမည်ဖြစ်ပြီး၊ ထိုမှသာ သင်သည် သူ၏လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သည်။ ထိုအရာများ အားလုံးကို ယုံကြည်ခြင်းအားဖြင့်သာ ရရှိတတ်သည်။ ယုံကြည်ခြင်းသည် စစ်ဆေးခြင်းအားဖြင့်သာ လာပြီး၊ စစ်ဆေးခြင်းမရှိဘဲနှင့် ယုံကြည်ခြင်း မတိုးပွားနိုင်ပေ။ “ယုံကြည်ခြင်း” ဟူသည့် ဤစကားလုံးက မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ရှိသင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားမှန်ကန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။ လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခံရသည့် အချိန်များအတွင်းတွင် ယုံကြည်ခြင်းလိုအပ်လျက်ရှိပြီး၊ ယုံကြည်ခြင်းဟူသည် စစ်ဆေးခြင်းနှင့် ယှဉ်တွဲ၍လာသည့် အရာဖြစ်သည်။ စစ်ဆေးခြင်းနှင့် ယုံကြည်ခြင်းတို့မှာ ခွဲခြား၍မရပေ။ ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် အားထုတ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို ရှာဖွေနိုင်ပြီး၊ သူ၏လုပ်ရပ်များအား နားလည်ခြင်းကို ရရှိနိုင်သည်၊ ထို့ပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လေသည်။ ထိုသို့ပြုခြင်းမှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်းသဘောဖြစ်ပြီး၊ ထိုသို့ပြုခြင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသပါသည်။ သင်သည် စစ်ဆေးခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိအောင် မလျှော့တမ်း အားထုတ်နိုင်မှသာ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာချစ်နိုင်ပြီး သူ့အပေါ် သံသယများ ဖြစ်မလာမှသာ၊ မည်သည့်အရာကို သူပြုသည်ဖြစ်စေ သင်သည် သူ့ကို ကျေနပ်စေရန် သမ္မာတရားကို ဆက်လက်၍ လက်တွေ့ကျင့်သုံးမှသာ၊ ထို့ပြင် သင်သည် သူ၏အလိုတော်ကို သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်မှသာ၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်လေသည်။ အတိတ်က သင်သည် ရှင်ဘုရင်တစ်ပါးအဖြစ် အုပ်စိုးရမည်ဟု ဘုရားသခင် ပြောခဲ့စဉ်အခါက သင်သည် သူ့ကို ချစ်ခဲ့ပြီး သူသည် သူ့ကိုယ်သူ သင့်ထံ ထင်ထင်ရှားရှား ပြသသည့်အခါ သူ့ကို သင်မီအောင်လိုက်ခဲ့သည်။ သို့သော် ယခုအခါ ဘုရားသခင်သည် ပုန်းကွယ်နေပြီး သူ့ကို သင်မမြင်နိုင်ဘဲ ဒုက္ခပြဿနာများက သင့်အပေါ် ကျရောက်လေပြီ၊ ယခုအချိန်တွင် ဘုရားသခင်အပေါ် သင် မျှော်လင့်ခြင်း ပျောက်ဆုံးပြီလော။ ထို့ကြောင့် သင်သည် အချိန်တိုင်းတွင် အသက်ကို ရရှိအောင် အားထုတ်၍ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဤအရာကို စစ်မှန်သောယုံကြည်ခြင်းဟု ခေါ်ပြီး ဤသည်မှာ အစစ်မှန်ဆုံးနှင့် အလှပဆုံးသော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သည်။

ယခင်က လူတို့အားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်၌ ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ချမှတ်ရန်လာပြီး “ဘုရားသခင်ကို အခြားမည်သူမျှ မချစ်လျှင်ပင် သူ့ကို ကျွန်ုပ်ချစ်ရမည်။” ဟု ပြောကြမည်ဖြစ်သည်။ သို့သော် ယခုတွင် စစ်ဆေးခြင်းက သင့်အပေါ် ကျရောက်ပြီး ဤအရာက သင်၏အယူအဆများနှင့် တစ်ထပ်တည်းမကျသဖြင့် သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးလေသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သလော။ ယောဘ၏ လုပ်ဆောင်ချက်များ အကြောင်းကို သင် အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ပြီးပြီ၊ ယင်းတို့ကို သင်မေ့သွားပြီလော။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ယုံကြည်ခြင်းအထဲမှသာ ရုပ်လုံးပေါ်လာနိုင်သည်။ သင်ကြုံရသော စစ်ဆေးခြင်းများအားဖြင့် သင်သည် ဘုရားသခင် အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လာပြီး၊ သင်၏ လက်တွေ့ အတွေ့အကြုံများထဲတွင် ဘုရားသခင်၏အလိုတော်ကို သင် အရေးထားနိုင်သည်မှာ သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်၊ ထို့ပြင် သင်ကိုယ်တိုင်၏ ဇာတိပကတိကို စွန့်လွှတ်ပြီး အသက်ကို ရရှိအောင် အားထုတ်သည်မှာလည်း သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ ဤသည်မှာ လူတို့ ပြုသင့်သောအရာဖြစ်သည်။ အကယ်၍ ဤအရာကိုပြုပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သော်လည်း၊ သင်၌ ယုံကြည်ခြင်းကင်းမဲ့ပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်မဟုတ် သို့မဟုတ် သူ၏အမှုကို တွေ့ကြုံနိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စုံလင်အောင်ပြုပေးခြင်း ခံရလိုပါက- သင်၌ ဒုက္ခခံလိုစိတ်၊ ယုံကြည်ခြင်း၊ သည်းခံခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်၏အမှုကို တွေ့ကြုံနိုင်စွမ်း၊ သူ၏အလိုတော်ကို နားလည် သဘောပေါက်နိုင်စွမ်း၊ သူ၏ဝမ်းနည်းပူဆွေးခြင်းကို အရေးထားနိုင်စွမ်း အစရှိသည့် အရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း ရှိရမည်။ လူတစ်ဦးကို စုံလင်စေခြင်းမှာ မလွယ်ကူဘဲ သင်တွေ့ကြုံရသော စစ်ဆေးခြင်း တစ်ခုစီတိုင်းတွင် သင်၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း လိုအပ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရလိုပါက၊ ထိုလမ်းကြောင်းပေါ်သို့ အလောတကြီးထွက်သွားရုံမျှနှင့် မလုံလောက်သည် သာမက၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရုံမျှနှင့်လည်း မလုံလောက်ပါ။ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းကို ခံရသောသူတစ်ဦး ဖြစ်လာနိုင်ရန် သင်၌ အရာများစွာကို ပိုင်ဆိုင်ရမည်။ ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်- အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။

ဘုရားသခင်ကို အစေခံသောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်အဖို့ မည်သို့ဒုက္ခခံရမည်ကို သိသင့်ရုံသာမက၊ ထို့ထက်ပင် ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်အားချစ်ခြင်းကို အားထုတ်ရန် ဖြစ်ကြောင်းကို ၎င်းတို့ နားလည်သင့်သည်။ သင့်ကို ဘုရားသခင်အသုံးချခြင်းမှာ သင့်ကို စစ်ဆေးရုံ သို့မဟုတ် သင့်ကို ဒုက္ခခံစေရုံသာ မဟုတ်ဘဲ၊ သူ၏လုပ်ရပ်များကို သင်သိနိုင်ရန်၊ လူ့ဘဝ၏ အဓိပ္ပာယ်အမှန်ကို သိနိုင်ရန်နှင့် အထူးသဖြင့် ဘုရားသခင်ကို အစေခံခြင်းမှာ လွယ်ကူသောအလုပ် မဟုတ်ကြောင်း သင်သိနိုင်ရန်အတွက် သင့်ကို သူအသုံးချခြင်းဖြစ်သည်။ ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်းဆိုသည်မှာ ကျေးဇူးတော်ကို ခံစားရခြင်းအကြောင်း မဟုတ်ဘဲ၊ သူ့အပေါ် သင်၏ချစ်ခြင်းအတွက်ကြောင့် ဒုက္ခခံရခြင်းအကြောင်းပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရသဖြင့်၊ သူ၏ပြစ်တင်ဆုံးမခြင်းကိုလည်း ခံစားရမည်၊ ဤအရာအလုံးစုံကို သင်တွေ့ကြုံရမည်။ သင်သည် သင့်အထဲတွင် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို တွေ့ကြုံနိုင်ပြီး၊ သူ သင့်အား ကိုင်တွယ်ဖြေရှင်းပုံနှင့် သင့်အား တရားစီရင်ပုံကိုလည်း တွေ့ကြုံနိုင်သည်။ ဤနည်းအားဖြင့် သင်၏အတွေ့အကြုံမှာ ပြည့်စုံကျယ်ပြန့်လိမ့်မည်။ ဘုရားသခင်သည် သင့်အပေါ်၌ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတို့ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီ၊ ထိုမျှသာမဟုတ်၊ ယင်းကလည်း သင့်ကို ဉာဏ်ပွင့်စေပြီး ဖွင့်ပြခဲ့ပြီဖြစ်သည်။ သင် အပျက်သဘောဆောင်၍ အားနည်းသည့်အခါ ဘုရားသခင်သည် သင့်အတွက် စိုးရိမ်၏။ ဤအမှုတစ်ခုလုံးမှာ လူသားနှင့်ပတ်သက်သော အရာတိုင်းသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု ထဲ၌ရှိကြောင်း သင့်အားသိစေရန်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း ဟူသည် ဒုက္ခခံရခြင်း၊ သို့မဟုတ် သူ့အတွက် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ပေးခြင်းအကြောင်း ဖြစ်သည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ဇာတိပကတိ ငြိမ်သက်ခြင်းရှိရန်၊ သို့မဟုတ် သင့်ဘဝထဲရှိ အရာရာတိုင်း အဆင်ပြေချောမွေ့စွာ သွားနေရန်၊ သို့မဟုတ် အရာခပ်သိမ်း၌ သင်သက်သောင့်သက်သာရှိပြီး ငြိမ်သက်ခြင်းရှိရန် ဖြစ်သည်ဟု သင် ထင်ကောင်း ထင်လောက်ပေသည်။ သို့သော်လည်း ဤအရာများတစ်ခုကမျှ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှု၌ လူတို့ အလေးထားသင့်သော ရည်ရွယ်ချက်များ မဟုတ်ချေ။ အကယ်၍ သင်သည် ဤရည်ရွယ်ချက်များအတွက် ယုံကြည်မိပါက၊ သင်၏အမြင်မှာ မမှန်ကန်သည့်အပြင်၊ သင့်အနေဖြင့် စုံလင်အောင်ပြုခြင်းခံရရန် တကယ်ပင် မဖြစ်နိုင်ချေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထား၊ သူ၏ဉာဏ်ပညာ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်ခြင်း အားလုံးတို့မှာ လူတို့နားလည်သင့်သော အရာများပင်ဖြစ်သည်။ သင်သည် ဤနားလည်မှုရှိလျက် ယင်းကို သင်၏စိတ်နှလုံးထဲမှ ပုဂ္ဂိုလ်ရေးရာ တောင်းဆိုချက်များ၊ မျှော်လင့်ချက်များနှင့် အယူအဆများ ဟူသမျှကို ဖယ်ရှားရန် အသုံးပြုသင့်သည်။ ဤအရာများကို ဖယ်ရှားခြင်းဖြင့်သာလျှင် သင်သည် ဘုရားသခင်တောင်းဆိုထားသော သတ်မှတ်ချက်များနှင့် ပြည့်မီနိုင်ပေမည်။ ထို့ပြင် ဤအရာ လုပ်ဆောင်ခြင်းဖြင့်သာလျှင် သင်သည် အသက်ကိုရရှိကာ ဘုရားသခင်ကို ကျေနပ်စေနိုင်မည်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် သူ့ကိုကျေနပ်စေရန်နှင့် သူတောင်းဆိုသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ရန် ဖြစ်ပြီး၊ ထိုမှသာ သူ၏လုပ်ရပ်များနှင့် ဘုန်းတော်သည် မထိုက်တန်သော ဤလူအုပ်စုအားဖြင့် ထင်ရှားစေနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအတွက် မှန်ကန်သောအမြင်ဖြစ်ပြီး၊ သင်ရှာဖွေသင့်သော ပန်းတိုင်လည်းဖြစ်သည်။ သင်၌ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သောသဘောထား ရှိသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိရန် သင်ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့လိုအပ်ပြီး၊ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ရမည်၊ အထူးသဖြင့် သင်သည် သူ၏ လက်တွေ့လုပ်ဆောင်ချက်များ၊ စကြဝဠာတစ်ဝှမ်းလုံးရှိ သူ၏ အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များသာမက လူ့ဇာတိအားဖြင့် သူပြုသည့် လက်တွေ့ကျသောအမှုတို့ကို မြင်နိုင်ရမည်။ လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အတွေ့အကြုံများအားဖြင့် ဘုရားသခင် ၎င်းတို့အပေါ် သူ၏အမှုကို မည်သို့ပြုကြောင်းနှင့် ၎င်းတို့အတွက် သူ၏အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်းကိုပင် သတိပြုမိနိုင်သည်။ ဤအရာအားလုံးတို့၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားရန် ဖြစ်သည်။ သင့်အထဲ၌ရှိသော မသန့်ရှင်းခြင်းနှင့် မဖြောင့်မတ်ခြင်း အလုံးစုံကို ဖယ်ရှားပြီး၊ သင်၏ မှားယွင်းသော ရည်ရွယ်ချက်များကို စွန့်ပစ်ကာ၊ ထို့ပြင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ဖြစ်ပေါ်လာပြီးနောက်- စစ်မှန်သော ယုံကြည်ခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်မည်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း အုတ်မြစ်အပေါ်မှာသာ သင်သည် သူ့ကို စစ်မှန်စွာ ချစ်နိုင်လေသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်ဘဲ သူ့အားချစ်ခြင်းကို ရရှိနိုင်မည်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် ယင်းနှင့်ပတ်သက်၍ သင်ယောင်ချာချာ မဖြစ်နိုင်ပေ။ လူအချို့တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းက သူတို့အား ကောင်းချီးမင်္ဂလာများ ယူဆောင်လာမည်ကို မြင်လျှင်မြင်ချင်း အားမာန်ဖြင့် ပြည့်ဝလာကြသော်လည်း၊ စစ်ဆေးခြင်းများကို သူတို့ခံဖို့လိုအပ်ကြောင်း ၎င်းတို့ မြင်လျှင်မြင်ချင်း အားအင်အလုံးစုံ ပျောက်ဆုံးသွားကြသည်။ ထိုအရာမှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ နောက်ဆုံးတွင် သင်သည် သင်၏ယုံကြည်ခြင်း၌ ဘုရားသခင်၏ ရှေ့မှောက်တွင် လုံးလုံးလျားလျားနှင့် အကြွင်းမဲ့ နာခံခြင်းကို ရရှိရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူ့အပေါ် တောင်းဆိုချက်များ ရှိနေသေးသည်၊ သင်မစွန့်ပယ်နိုင်သော ဘာသာရေးအယူအဆများစွာ၊ သင်လက်မလွှတ်နိုင်သော ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ်များ ရှိနေသေးပြီး၊ ဇာတိပကတိ ကောင်းချီးမင်္ဂလာများကို ရှာဖွေနေသေးကာ ဘုရားသခင်ကို သင်၏ဇာတိခန္ဓာအား ကယ်မစေရန်၊ သင်၏စိတ်ဝိညာဉ်အား ကယ်တင်စေရန် အလိုရှိနေသေးသည်၊ ဤအရာများအားလုံးမှာ မှားယွင်းသောအမြင်ရှိသည့် လူတို့၏ အပြုအမူများပင် ဖြစ်သည်။ ဘာသာရေးယုံကြည်ချက်များနှင့် လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း ရှိကြသော်လည်း၊ ၎င်းတို့သည် မိမိစိတ်သဘောထားများ ပြောင်းလဲရန်အတွက် မကြိုးပမ်းကြသည့်အပြင်၊ ဘုရားသခင်အား သိကျွမ်းခြင်းကို ရရှိအောင် အားမထုတ် ကြဘဲ ၎င်းတို့၏ဇာတိပကတိ အကျိုးအမြတ်များကိုသာ ရှာဖွေကြသည်။ သင်တို့အထဲမှ လူများစွာတို့၌ ဘာသာရေးခံယူချက် အမျိုးအစားနှင့် သက်ဆိုင်သည့် ယုံကြည်မှုများ ရှိကြသည်။ ဤသည်မှာ ဘုရားသခင်အား စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ရန်အတွက် လူတို့သည် သူ့အတွက် ဒုက္ခခံရန် အသင့်ရှိသော စိတ်နှလုံးနှင့် မိမိတို့ကိုယ်ကိုယ် ဆက်ကပ်အပ်နှံလိုစိတ်ကို ပိုင်ဆိုင်ရမည်။ လူတို့သည် ဤသတ်မှတ်ချက် နှစ်ချက်နှင့် မပြည့်မီပါက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းမှာ မခိုင်လုံပေ၊ ထို့ပြင် ၎င်းတို့သည် မိမိတို့၏စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ် အားထုတ်သော၊ ဘုရားသခင်အား သိကျွမ်းဖို့ ကြိုးစားပြီး အသက်ကို ရရှိအောင် အားထုတ်သော လူတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်ကြသည်။

သင့်အပေါ် စမ်းသပ်မှုများ ရောက်လာသည့်အခါ ၎င်းစမ်းသပ်မှုများကို ရင်ဆိုင်ဖြေရှင်းရာ၌ ဘုရားသခင်၏အမှုကို သင် မည်ကဲ့သို့ ကျင့်သုံးမည်နည်း။ သင်သည် အပျက်သဘောဆောင်မည်လော သို့မဟုတ် လူသားအပေါ် ဘုရားသခင်၏ စမ်းသပ်မှုနှင့် စစ်ဆေးခြင်းကို အပြုသဘောဆောင်သည့် ရှုထောင့်မှနေ၍ သင်နားလည်မည်လော။ ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများမှတစ်ဆင့် သင် မည်သည့်အရာကို ရရှိလိမ့်မည်နည်း။ ဘုရားသခင်အတွက် သင်၏ချစ်ခြင်းသည် ကြီးထွားလိမ့်မည်လော။ စစ်ဆေးခြင်းကို သင်ခံရသည့်အခါ သင်သည် ယောဘ၏ စမ်းသပ်မှုများကို ကျင့်သုံးကာ သင့်အထဲ၌ ဘုရားသခင်ပြုသောအမှုကို အလေးအနက် အာရုံစိုက်နိုင်မည်လော။ သင်သည် ယောဘ၏ စမ်းသပ်မှုများမှတစ်ဆင့် ဘုရားသခင်က လူသားအား မည်ကဲ့သို့စမ်းသပ်ကြောင်းကို မြင်နိုင်သလော။ ယောဘ၏ စမ်းသပ်မှုများက သင့်အား မည်သည့်လှုံ့ဆော်အားပေးမှုမျိုးကို ယူဆောင်လာနိုင်သနည်း။ သင်၏ စစ်ဆေးခြင်းများအလယ်တွင် ဘုရားသခင်အတွက် သက်သေရပ်တည်ရန် သင်ဆန္ဒရှိမည်လော၊ သို့မဟုတ် သင်သည် သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင် ဇာတိပကတိကို ဖြည့်ဆည်းလိုမည်လော။ ဘုရားသခင်အား ယုံကြည်ခြင်းအပေါ် သင်၏အမြင်မှာ အမှန်တကယ် မည်သည့်အရာဖြစ်သနည်း။ ယင်းမှာ အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်ပြီး ဇာတိပကတိအတွက် မဟုတ်သလော။ သင်၏ရှာဖွေခြင်းတွင် သင် ရရှိအောင် အားထုတ်သော ပစ်မှတ်တစ်ခု သင်၌ အမှန်တကယ် ရှိသလော။ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်း ခံရနိုင်ရန်အတွက် စစ်ဆေးခြင်းများကို ကြုံရလိုသလော၊ သို့မဟုတ် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းကိုသာ သင်ခံလိုက်မည်လော။ ဘုရားသခင်အတွက် သက်သေခံခြင်းကိစ္စအပေါ် သင်၏အမြင်က အမှန်တကယ် မည်သည့်အရာနည်း။ လူတို့သည် အချို့သောပတ်ဝန်းကျင်များထဲ၌ ဘုရားသခင်အတွက် စစ်မှန်သောသက်သေခံဖို့ရန် မည်သည့်အရာကို ပြုသင့်သနည်း။ လက်တွေ့ကျသော ဘုရားသခင်သည် သင့်အထဲ၌ သူ၏ တကယ့်အမှုကို မြောက်မြားစွာ ထုတ်ဖော်ခဲ့ပြီ ဖြစ်သောကြောင့် သင်သည် အဘယ့်ကြောင့် စွန့်ခွာသွားမည့်အတွေးများ အမြဲရှိရသနည်း။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းမှာ ဘုရားသခင်အဖို့ ဟုတ်၏လော။ သင်တို့အများစုအတွက်မူ သင်၏ယုံကြည်ခြင်းမှာ သင်ကိုယ်၌၏ကိုယ်စား သင်ပြုသော အကျိုးမျှော်ခြင်း၏ အစိတ်အပိုင်း၊ သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေ အကျိုးအမြတ်အား ရှာဖွေရန်အတွက်ပင် ဖြစ်သည်။ လူအနည်းငယ်ကသာ ဘုရားသခင်ကို ဘုရားသခင်အဖို့ ယုံကြည်ကြသည်၊ ဤသည်မှာ ဆန့်ကျင်ပုန်ကန်မှု မဟုတ်သလော။

စစ်ဆေးခြင်းအမှု၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် လူတို့၏ယုံကြည်ခြင်းကို စုံလင်စေရန်ဖြစ်သည်။ အဆုံးတွင်၊ ရရှိသည့်အရာမှာ သင်စွန့်ခွာလိုသော်လည်း၊ တစ်ချိန်တည်းတွင် စွန့်ခွာ၍မရပေ။ အချို့လူတို့သည် အသေးငယ်ဆုံးသော မျှော်လင့်ချက် တစ်စက်ကလေးမျှ မရှိသည့်အချိန်တွင်ပင် ယုံကြည်ခြင်း ရှိနိုင်ဆဲဖြစ်ပြီး၊ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် အနာဂတ်တက်လမ်းများနှင့် စပ်လျဉ်း၍ မျှော်လင့်ချက် လုံးဝ မရှိကြတော့ချေ။ ဤအချိန်မှသာ ဘုရားသခင်၏စစ်ဆေးခြင်းမှာ ပြီးဆုံးမည်ဖြစ်သည်။ လူသားသည် သေခြင်းနှင့် ရှင်ခြင်းအကြားတွင် တဝဲလည်လည်ဖြစ်နေသည့် အဆင့်ကို မရောက်ကြသေးပေ၊ ထို့ပြင် ၎င်းတို့သည် သေခြင်းကို မမြည်းစမ်းရသေးသောကြောင့် စစ်ဆေးခြင်း၏ လုပ်ငန်းစဉ်မှာ မပြီးဆုံးသေးပါ။ အစေခံသူများ၏အဆင့်၌ ရှိခဲ့သောသူတို့ပင်လျှင် အဆုံးစွန် စစ်ဆေးခြင်းကို မခံခဲ့ကြရပေ။ ယောဘသည် ပြင်းထန်သော စစ်ဆေးခြင်းကို ကြုံခဲ့ရပြီး သူ၌ အားထားစရာ မည်သည့်အရာမျှ မရှိခဲ့ပေ။ လူတို့သည် ၎င်းတို့၌ မျှော်လင့်ချက် မရှိသည့်အပြင် အားထားစရာ မည်သည့်အရာမျှမရှိသည့် အတိုင်းအတာအထိ စစ်ဆေးခြင်းများကို ခံကြရမည်၊ ဤသည်သာလျှင် စစ်မှန်သောစစ်ဆေးခြင်း ဖြစ်သည်။ အစေခံသူများ၏ ခေတ်ကာလအတွင်း၌ အကယ်၍ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့မှောက်၌ အမြဲဆိတ်ငြိမ်နေခဲ့ပြီး မည်သည့်အရာကို သူပြုခဲ့ပါစေ၊ သင့်အတွက် သူ၏အလိုတော်မှာ မည်သည့်အရာ ဖြစ်ခဲ့ပါစေ သင်သည် သူ၏ကြိုတင်ပြင်ဆင်ချက်များကို အမြဲတမ်းနာခံခဲ့ပါက၊ လမ်းဆုံးရောက်သည့်အခါ ဘုရားသခင်ပြုခဲ့ပြီးသော အရာတိုင်းကို သင်နားလည်ပေမည်။ သင်သည် ယောဘ၏ စမ်းသပ်မှုများကို ခံရပြီး တစ်ချိန်တည်းမှာပင် ပေတရု၏ စမ်းသပ်မှုများကိုလည်း ခံရခြင်းဖြစ်သည်။ ယောဘ အစမ်းသပ်ခံခဲ့ရသောအခါ သူသည် သက်သေရပ်တည်ခဲ့ပြီး အဆုံးတွင် ယေဟောဝါမှာ သူ့အား ကိုယ်ထင်ပြခဲ့သည်။ သူသက်သေရပ်တည်ခဲ့သည့် နောက်မှသာ သူသည် ဘုရားသခင်၏ မျက်နှာကိုမြင်ဖို့ ထိုက်တန်ခဲ့သည်။ “ငါသည် ညစ်ညမ်းသောပြည်မှ ပုန်းရှောင်သော်လည်း၊ သန့်ရှင်းသောနိုင်ငံတော်အား ငါ့ကိုယ်ငါ ကိုယ်ထင်ပြမည်။” ဟု အဘယ်ကြောင့် ပြောထားသနည်း။ ယင်းမှာ သင်သည် သန့်ရှင်းပြီး သက်သေရပ်တည်သည့်အခါမှသာ ဘုရားသခင်၏မျက်နှာကို မြင်ရဖို့အတွက် ဂုဏ်အသရေကို သင်ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အတွက် သက်သေမရပ်တည်နိုင်ပါက သူ၏မျက်နှာကိုမြင်ရဖို့ သင်၌ ဂုဏ်အသရေမရှိပေ။ အကယ်၍ သင်သည် စစ်ဆေးခြင်းများကို ကြုံနေရစဉ် နောက်ကြောင်းပြန်လှည့်သောကြောင့်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်အပေါ် ညည်းတွားချက်များ ပြုလုပ်သောကြောင့်ဖြစ်စေ သူ့အတွက် သက်သေရပ်တည်ရန် ပျက်ကွက်ပြီး စာတန်၏ လှောင်ပြောင်စရာ ဖြစ်လာပါက၊ သင်သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ရရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် စမ်းသပ်မှုများကြား၌ မိမိ၏ကိုယ်ပိုင် ဇာတိခန္ဓာကို ကျိန်ဆဲခဲ့ပြီး ဘုရားသခင်အား မညည်းတွားခဲ့သည့်အပြင်၊ စကားလုံးများ အားဖြင့် ညည်းညူခြင်း သို့မဟုတ် အပြစ်ကျူးလွန်ခြင်းမရှိဘဲ မိမိ၏ ဇာတိပကတိကို စက်ဆုပ်နိုင်ခဲ့သည့် ယောဘကဲ့သို့သောသူ ဖြစ်ပါက၊ သင်သည် သက်သေရပ်တည်နေလိမ့်မည်။ သင်သည် စစ်ဆေးခြင်းများကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခံရပြီး ယောဘကဲ့သို့ ဖြစ်နိုင်သေးကာ၊ ဘုရားသခင်၏ရှေ့တွင် လုံးလုံးလျားလျား နာခံမှုရှိပြီး သူ့အပေါ် အခြားတောင်းဆိုချက်များ၊ သို့မဟုတ် သင်၏ကိုယ်ပိုင်အယူအဆများ မရှိပါက ဘုရားသခင်သည် သင့်ထံ ပေါ်ထွန်းလိမ့်မည်။ ယခုမူ သင့်ထံ ဘုရားသခင်မပေါ်လာရသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၌ သင်၏ကိုယ်ပိုင် များစွာသော အယူအဆများ၊ အခြေအမြစ်မရှိသော တစ်ကိုယ်ရေ အစွဲအလမ်းများ၊ တစ်ကိုယ်ကောင်းဆန်သော အတွေးအခေါ်များ၊ ပုဂ္ဂိုလ်ရေး လိုအပ်ချက်များနှင့် ဇာတိဆန်သော စိတ်ဝင်စားမှုများ ရှိသောကြောင့် ဖြစ်ပြီး သင်သည် သူ၏မျက်နှာကိုမြင်ရဖို့ မထိုက်တန်ပေ။ အကယ်၍ ဘုရားသခင်ကို သင်မြင်ခဲ့ရသည်ဆိုပါက သင်သည် သူ့ကို သင်၏ကိုယ်ပိုင် အယူအဆများ အားဖြင့် တိုင်းထွာလိမ့်မည်ဖြစ်ပြီး၊ ဤသို့ပြုခြင်းဖြင့် သူသည် သင့်အားဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် သံနှင့် အရိုက်ခံရခြင်းပင် ဖြစ်မည်။ အကယ်၍ သင်၏ အယူအဆများနှင့် တစ်ပြေးညီမဟုတ်သော အရာများစွာ သင့်အပေါ် ကျရောက်လာသည့်တိုင် သင်သည် ၎င်းတို့ကို ဘေးဖယ်ထားနိုင်ပြီး ဤအရာများမှ ဘုရားသခင်၏ လုပ်ရပ်များအား သိကျွမ်းခြင်းကို ရရှိနိုင်ပါက၊ ထို့ပြင် သင်သည် စစ်ဆေးခြင်းများအလယ်တွင် ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြသပါက၊ ဤသည်မှာ သက်သေရပ်တည်ခြင်းပင် ဖြစ်သည်။ အကယ်၍ သင်၏ နေအိမ်သည် ငြိမ်းချမ်းနေပြီး၊ သင်သည် ဇာတိပကတိဆိုင်ရာ ဇိမ်ခံစရာများကို မွေ့လျော်ကာ၊ သင့်ကို မည်သူမျှ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဘဲ၊ အသင်းတော်ထဲရှိ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကိုနာခံပါက၊ ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ပြသနိုင်မည်လော။ ဤအခြေအနေက သင့်ကို စစ်ဆေးနိုင်သလော။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းကို ပြသနိုင်သည်မှာ စစ်ဆေးခြင်းအားဖြင့်သာလျှင် ဖြစ်ပြီး သင် စုံလင်စေခြင်းခံရနိုင်သည်မှာ သင်၏အယူအဆများနှင့် မကိုက်ညီသောအမှုအရာများ ဖြစ်ပျက်ခြင်းအားဖြင့်သာလျှင် ဖြစ်သည်။ ဆန့်ကျင်ဘက်ပြုပြီး အပျက်သဘောဆောင်သော အရာများစွာ၏ အကူအညီနှင့်၊ စာတန်၏ အမျိုးမျိုးသော သရုပ်သကန်ဖော်ပြချက်များ တည်းဟူသော ၎င်း၏လုပ်ရပ်များ၊ ၎င်း၏စွပ်စွဲချက်များ၊ ၎င်း၏ အနှောင့်အယှက်များနှင့် လှည့်ဖြားမှုများကို အသုံးချခြင်းအားဖြင့် ဘုရားသခင်သည် သင့်အား စာတန်၏ အကျည်းတန်သော မျက်နှာကို ရှင်းရှင်းလင်းလင်း ပြသကာ၊ ထိုသို့ဖြင့် သင်သည် စာတန်ကို မုန်းတီးပြီး ပစ်ပယ်နိုင်ဖို့အလို့ငှာ သင်၏ စာတန်အား ခွဲခြားသိမြင်နိုင်စွမ်းကို စုံလင်စေသည်။

သင်၏ ကျရှုံးခြင်း၊ အားနည်းခြင်းနှင့်ဆိုင်သော အတွေ့အကြုံများစွာနှင့် သင်၏ အပျက်သဘောဆောင်သော အချိန်များအားလုံးကို ဘုရားသခင်၏ စမ်းသပ်မှုများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အရာရာတိုင်းသည် ဘုရားသခင်မှ လာပြီး၊ ခပ်သိမ်းသော အမှုအရာများနှင့် အဖြစ်အပျက်များမှာ သူ၏လက်ထဲတွင်ရှိသောကြောင့် ဖြစ်သည်။ သင်ကျရှုံးသည်ဖြစ်စေ သို့မဟုတ် သင်အားနည်းပြီး ခလုတ်တိုက်သည်ဖြစ်စေ ထိုအရာအားလုံးမှာ ဘုရားသခင်အပေါ် တည်မှီပြီး သူ၏လက်ထဲ၌ ရှိနေသည်။ ဘုရားသခင်၏အမြင်၌ ဤသည်မှာ သင့်အား စမ်းသပ်မှုတစ်ခုဖြစ်ပြီး ထိုအရာကို သင်သတိမပြုမိပါက ယင်းသည် စုံစမ်းသွေးဆောင်ခြင်း ဖြစ်လာလိမ့်မည်။ လူတို့ သတိပြုသင့်သော အခြေအနေနှစ်မျိုးရှိသည်- တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပြီး အခြားတစ်ခု၏ ဖြစ်နိုင်ခြေအရင်းအမြစ်က စာတန်ပင်ဖြစ်သည်။ တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေးပြီး သင့်ကိုယ်သင်သိရန်၊ သင့်ကိုယ်သင် ရွံမုန်းပြီး နောင်တရရန်နှင့် ဘုရားသခင်အပေါ် စစ်မှန်သောချစ်ခြင်းမေတ္တာ ရှိနိုင်ရန်၊ ဘုရားသခင်အား ကျေနပ်စေရာ၌ သင်၏စိတ်နှလုံးကို ပိုင်းဖြတ်ထားစေရန် အခွင့်ပေးသည့် အခြေအနေ တစ်ခုဖြစ်သည်။ အခြားတစ်ခုမှာ သင်သည် သင့်ကိုယ်သင်သိသော်လည်း၊ အပျက်သဘောဆောင်ကာ အားနည်းသည့် အခြေအနေတစ်ခု ဖြစ်သည်။ ဤအခြေအနေကို ဘုရားသခင်၏ စစ်ဆေးခြင်းဖြစ်သည်၊ ထို့ပြင် ယင်းကို စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ အကယ်၍ ဤသည်မှာ သင့်အား ဘုရားသခင်၏ ကယ်တင်ခြင်းဖြစ်သည်ဟု သင်အသိအမှတ်ပြုပြီး သင်သည် ယခု သူ့အပေါ် အလွန်တရာ အကြွေးတင်နေကြောင်း ခံစားရပါက၊ သင်သည် ယခုမှစ၍ သူ့ကို အကြွေးပြန်ဆပ်ရန်နှင့် ထိုသို့သော ဆိုးယုတ်ခြင်းထဲသို့ နောက်ထပ်မကျဆင်းတော့ရန် ကြိုးစားပါက၊ သူ၏ နှုတ်ကပတ်တော်များအား စားသောက်ရာ၌ သင်ကြိုးပမ်းအားထုတ်ပါက၊ ထို့ပြင် သင်သည် သင့်ကိုယ်သင် ချို့တဲ့လိုအပ်သည်ဟု အမြဲတမ်းယူဆပြီး တောင့်တသောစိတ်နှလုံးရှိပါက၊ ဤသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုပင်ဖြစ်သည်။ ဒုက္ခခံရခြင်း အဆုံးသတ်ပြီး သင် နောက်ထပ်တစ်ဖန် ရှေ့သို့ တက်လှမ်းနေသည့်နောက်တွင်၊ ဘုရားသခင်သည် သင့်ကို ဆက်လက်၍ ဦးဆောင်လမ်းပြမည်၊ အလင်းပေးမည်၊ ဉာဏ်အလင်းဖွင့်ပေးပြီး အားကောင်းစေမည်။ သို့သော် အကယ်၍ သင်သည် ယင်းကို အသိအမှတ်မပြုဘဲ အပျက်သဘောဆောင်လျက် မျှော်လင့်ချက် ပျက်သုဉ်းသည်အထိ သင့်ကိုယ်သင် တကယ်ကို ပစ်ပယ်ထားပါက၊ ဤနည်းအတိုင်း သင်တွေးထင်ပါက စာတန်၏ စုံစမ်းသွေးဆောင်ခြင်းမှာ သင့်အပေါ် ကျရောက်ပြီးဖြစ်လိမ့်မည်။ ယောဘသည် စမ်းသပ်မှုများကို ကြုံရသည့်အခါ ဘုရားသခင်နှင့် စာတန်တို့သည် တစ်ဦးနှင့်တစ်ဦး အလောင်းအစားလုပ်ခဲ့ကြပြီး ယောဘအား ဖိစီးနှိပ်စက်ရန် စာတန်ကို ဘုရားသခင် အခွင့်ပေးခဲ့သည်။ ယောဘကို စမ်းသပ်ခဲ့သည်မှာ ဘုရားသခင်ပင် ဖြစ်ခဲ့သော်လည်း၊ သူ့အပေါ်ကျရောက်လာသူမှာ အမှန်တွင် စာတန်ဖြစ်ခဲ့သည်။ စာတန်အတွက်မှာမူ ယင်းသည် ယောဘကို အစုံအစမ်းပြုခြင်း ဖြစ်ခဲ့သော်လည်း၊ ယောဘမှာ ဘုရားသခင်ဘက်တွင် ရှိခဲ့သည်။ အကယ်၍ ထိုသို့မဟုတ်ခဲ့ပါက ယောဘမှာ စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ခဲ့ပြီး ဖြစ်မည်။ လူတို့သည် စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် ဘေးအန္တရာယ်ထဲသို့ ကျရောက်သွားကြသည်။ စစ်ဆေးမှုခံရခြင်းကို ဘုရားသခင်ထံမှ စမ်းသပ်မှုဖြစ်သည်ဟု ဆိုနိုင်သော်လည်း၊ အကယ်၍ သင်သည် ကောင်းမွန်သောအခြေအနေ၌ ရှိမနေပါက၊ ယင်းကို စာတန်ထံမှ စုံစမ်းသွေးဆောင်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ အကယ်၍ သင်သည် ရူပါရုံအကြောင်း မရှင်းလင်းပါက၊ စာတန်သည် သင့်ကိုစွပ်စွဲကာ ရူပါရုံနှင့်ဆိုင်သော ကဏ္ဍတွင် သင့်ကို ကာဆီးထားလိမ့်မည်။ သင်မသိလိုက်မီ စုံစမ်းသွေးဆောင်ခြင်းထဲသို့ သင်ကျရောက်သွားမည်။

အကယ်၍ သင်သည် ဘုရားသခင်၏အမှုကို မတွေ့ကြုံရပါက မည်သည့်အခါမျှ စုံလင်အောင်ပြုခြင်း ခံရနိုင်မည် မဟုတ်ပေ။ သင်၏အတွေ့အကြုံထဲတွင် သင်သည် အသေးစိတ်အချက်အလက်များ ထဲသို့လည်း ဝင်ရောက်ရမည်။ ဥပမာအားဖြင့်၊ မည်သည့် အရာများက သင့်အား အယူအဆများနှင့် စေ့ဆော်မှုများ လွန်ကဲမှုကို ဖြစ်လာစေပြီး၊ ဤပြဿနာများကို ရင်ဆိုင်ရန်အတွက် သင်၌ မည်သို့သော သင့်လျော်သည့် လက်တွေ့လုပ်ဆောင်မှုမျိုးများ ရှိသနည်း။ အကယ်၍ ဘုရားသခင်၏အမှုကို သင်တွေ့ကြုံနိုင်ပါက၊ ဤသည်မှာ သင်၌ ဝိညာဉ်ရင့်ကျက်မှုရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင်၌ တက်ကြွမှုသာ ရှိပုံပေါ်ပါက၊ ဤသည်မှာ မှန်ကန်သော ဝိညာဉ်ရင့်ကျက်မှု မဟုတ်သည့်အပြင် သင်သည် မြဲမြံစွာ လုံးဝရပ်တည်နိုင်မည် မဟုတ်ပါ။ သင်သည် ဘုရားသခင်၏အမှုကို တွေ့ကြုံနိုင်ကာ ယင်းကို အချိန်မရွေး၊ နေရာမရွေး သင်တွေ့ကြုံပြီး ဆင်ခြင်တွေးဆနိုင်သည့်အခါမှသာ၊ သင်တို့သည် သိုးထိန်းများကို စွန့်ခွာပြီး ဘုရားသခင်အပေါ် ကိုးစားမှုအားဖြင့် တသီးတခြား အသက်ရှင်နိုင်ကာ၊ သင်သည် ဘုရားသခင်၏ တကယ့်လုပ်ရပ်များကို မြင်နိုင်သည့်အခါ ဘုရားသခင်၏အလိုတော်ကို အောင်မြင်စေမည်ဖြစ်သည်။ ယခုအချိန်တွင်မူ လူအများစုသည် မည်သို့တွေ့ကြုံရမည်ကို မသိကြဘဲ၊ ပြဿနာတစ်ခုကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါ ယင်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမှန်း မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တွေ့ကြုံနိုင်စွမ်း မရှိသည့်အပြင် ဝိညာဉ်ရေးပြည့်ဝသော အသက်တာဖြင့် အသက်မရှင်နိုင်ကြချေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို သင်၏ လက်တွေ့အသက်တာထဲ၌ ကျင့်သုံးရမည်။

ဘုရားသခင်သည် တစ်ခါတစ်ရံ တစ်စုံတစ်ခုသော ခံစားချက်မျိုး၊ သင်၏အတွင်းထဲက ဝမ်းမြောက်မှုကို ဆုံးရှုံးစေပြီး ဘုရားသခင်ရှိနေခြင်းကို ဆုံးရှုံးစေသည့် ခံစားချက်မျိုး၊ သင့်ကို မှောင်မိုက်ထဲသို့ ထိုးကျသွားစေသည့် ခံစားချက်မျိုးကို ပေးတတ်သည်။ ဤသည်မှာ စစ်ဆေးခြင်းတစ်မျိုး ဖြစ်သည်။ တစ်စုံတစ်ခုကို သင်လုပ်ဆောင်သည့်အခါတိုင်း၊ ယင်းက အမြဲတမ်း လွဲချော်တတ်သည် သို့မဟုတ် ရပ်တန့်သွားတတ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် ဘုရားသခင်အား နာခံမှုမရှိဘဲ ပုန်ကန်တတ်သော အရာတစ်ခုခုကို ပြုလုပ်သည့်အခါ၊ အခြားမည်သူမျှ မသိနိုင်သော်လည်း ဘုရားသခင်သိ၏။ သူသည် သင့်ကို အလွတ်မပေးဘဲ၊ သင့်ကို သူဆုံးမပဲ့ပြင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုမှာ အလွန်အသေးစိတ်ကျသည်။ သူသည် လူတို့၏ စကားလုံးနှင့် လုပ်ဆောင်ချက်တိုင်း၊ ၎င်းတို့၏ လုပ်ရပ်နှင့် လှုပ်ရှားမှုတိုင်းနှင့် ၎င်းတို့၏ အကြံအစည်နှင့် အတွေးအခေါ်တိုင်းကို အလွန်သေချာစွာ စောင့်ကြည့်သည်၊ သို့မှသာ လူတို့သည် ဤအရာများအပေါ် အတွင်းပိုင်း အမြင်ပွင့်ခြင်းကို ရရှိနိုင်မည်ဖြစ်သည်။ တစ်စုံတစ်ရာကို သင်တစ်ကြိမ်လုပ်ပြီး ယင်းက လွဲချော်သွားသည်၊ တစ်စုံတစ်ရာကို သင် ထပ်လုပ်ပြီး လွဲချော်နေသေးသည်၊ ထို့နောက် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို သင် တဖြည်းဖြည်း နားလည်လာမည်။ ကြိမ်ဖန်များစွာ ဆုံးမပဲ့ပြင်ခံရခြင်းအားဖြင့် သင်သည် ဘုရားသခင်၏အလိုအတော်နှင့်အညီ မည်သည့်အရာကို လုပ်ရမည်နှင့် မည်သည့်အရာက သူ၏အလိုတော်နှင့် မညီကြောင်းကို သိလိမ့်မည်။ အဆုံးတွင် သင်သည် သင့်အထဲမှနေ၍ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအတွက် မှန်ကန်တိကျသော တုံ့ပြန်မှုများ ရှိလိမ့်မည်။ တစ်ခါတစ်ရံ သင်သည် ဆန့်ကျင်ပုန်ကန်တတ်ပြီး အထဲမှနေ၍ ဘုရားသခင်၏ ပြစ်တင်ကြိမ်းမောင်းခြင်းကို သင်ခံရလိမ့်မည်။ ဤအရာအားလုံးမှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းမှ လာသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တန်ဖိုးမထားပါက၊ သူ၏အမှုကို သင် ပေါ့ပေါ့တန်တန် သဘောထားမိပါက၊ သူသည် သင့်ကို အရေးစိုက်တော့မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလေးအနက်ထားလေလေ၊ သင့်ကို သူ ဉာဏ်အလင်းပေးလေလေ ဖြစ်သည်။ ယခုအခါတွင်မူ အသင်းတော်ထဲတွင် ဇဝေဇဝါနှင့် ရှုပ်ထွေးနေသည့် ယုံကြည်ခြင်းရှိသော လူအချို့ရှိကြပြီး ၎င်းတို့သည် မသင့်လျော်သောအမှုအရာ မြောက်များစွာပြုပြီး စည်းကမ်းမရှိဘဲ ပြုမူကြသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ၎င်းတို့အထဲတွင် ရှင်းလင်းစွာ မမြင်ရနိုင်ပေ။ လူအချို့တို့သည် ငွေရှာရန်အလို့ငှာ မိမိ၏တာဝန်များကို နောက်ချန်ရစ်ကာ ဆုံးမပဲ့ပြင်ခံရခြင်းမရှိဘဲ စီးပွားရေး လုပ်ကိုင်ရန် ထွက်သွားကြသည်။ ထိုသို့သော လူစားမျိုး၌ ပို၍ပင် အန္တရာယ်ရှိသည်။ လတ်တလောတွင် ၎င်းတို့၌ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု မရှိသည်သာမက အနာဂတ်တွင် ၎င်းတို့ကို စုံလင်စေရန် ခက်ခဲလိမ့်မည်။ အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို မမြင်နိုင်သည့်အပြင် အတွင်း၌ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကိုလည်း မမြင်နိုင်သည့် လူများစွာရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်အပေါ် မရှင်းမလင်းဖြစ်ပြီး ဘုရားသခင်၏ အမှုကို မသိသောသူများ ဖြစ်သည်။ စစ်ဆေးခြင်းများအလယ်တွင် ခိုင်ခံ့စွာ ရပ်တည်နိုင်သောသူများ၊ ဘုရားသခင် မည်သည့်အရာကို ပြုပါစေ သူ့နောက်သို့ လိုက်သောသူများနှင့် အနည်းဆုံးအနေဖြင့် မစွန့်ခွာဘဲ နေနိုင်သောသူ၊ သို့မဟုတ် ပေတရု စွမ်းဆောင်ခဲ့သော အရာထဲမှ ၀.၁ ရာခိုင်နှုန်းကိုပင် စွမ်းဆောင်သောသူတို့မှာ အခြေအနေကောင်းသောသူများ ဖြစ်သည်၊ သို့သော်လည်း ၎င်းတို့သည် ၎င်းတို့အား ဘုရားသခင် အသုံးချခြင်းနှင့်ပတ်သက်၍ တန်ဖိုးမရှိကြပေ။ လူများစွာသည် အမှုအရာတို့ကို လျင်မြန်စွာ နားလည်ကြသည်၊ ဘုရားသခင်အပေါ် စစ်မှန်သောချစ်ခြင်း ရှိကြပြီး ပေတရု၏အဆင့်ကို ကျော်လွန်နိုင်ကြသည်ဖြစ်၍ ဘုရားသခင်သည် ၎င်းတို့အပေါ် စုံလင်စေခြင်း အမှုကို ပြုလေသည်။ ဆုံးမပဲ့ပြင်ခြင်းနှင့် ဉာဏ်အလင်းပေးခြင်းသည် ထိုသို့သောသူတို့ထံသို့ ရောက်လာပြီး၊ အကယ်၍ သူတို့အထဲ၌ ဘုရားသခင်၏ အလိုတော်နှင့်မညီသော အရာတစ်ခုရှိပါက၊ ယင်းကို သူတို့ ချက်ချင်း စွန့်ပစ်နိုင်ကြသည်။ ထိုသို့သောသူတို့မှာ ရွှေ၊ ငွေနှင့် အဖိုးတန် ကျောက်တုံးများပင် ဖြစ်ပြီး သူတို့၏တန်ဖိုးမှာ အမြင့်မားဆုံးပေတည်း။ အကယ်၍ ဘုရားသခင်သည် များစွာသော အမှုအမျိုးမျိုးကို ပြုခဲ့ပြီးသော်လည်း၊ သင်သည် သဲ သို့မဟုတ် ကျောက်တုံးနှင့် တူနေသေးပါက သင်သည် သုံးမရသောသူပါပေတည်း။

အဆင်းနီသောနဂါးကြီး၏ တိုင်းပြည်၌ ဘုရားသခင်၏အမှုမှာ အလွန် အံ့သြချီးမွမ်းဖွယ်ဖြစ်ပြီး ဉာဏ်မမီနိုင်ပါပေ။ အသင်းတော်ထဲတွင် သမ္မာတရားကို ချစ်သောသူများနှင့် မချစ်သောသူများ ရှိသည်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံသောသူများနှင့် မတွေ့ကြုံသောသူများ ရှိသည်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူများနှင့် မထမ်းဆောင်သူများ ရှိသည်၊ ဘုရားသခင်အတွက် သက်သေခံသောသူများနှင့် မခံသောသူများ ရှိကြသည်၊ ထိုသို့ လူအမျိုးအစား ပေါင်းစုံရှိသည့်အတွက် သူသည် လူအုပ်စုတစ်စုကို စုံလင်အောင်ပြုပေးပြီး အခြားလူအချို့ကို ပယ်ထုတ်လိမ့်မည်။ ထို့ပြင် ၎င်းတို့ အစိတ်အပိုင်းတစ်ခုမှာ မယုံကြည်သူများနှင့် ဆိုးယုတ်သောလူများ ဖြစ်ပြီး၊ ၎င်းတို့မှာ ပယ်ထုတ်ခြင်းကို အသေအချာ ခံရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏အမှုကို ရှင်းလင်းစွာ မသိပါက၊ သင်သည် အပျက်သဘောဆောင်နေမည်။ ဤသည်မှာ ဘုရားသခင်၏အမှုကို လူနည်းစုထဲတွင်သာ မြင်နိုင်ခြင်းကြောင့်ပင် ဖြစ်သည်။ ဤအချိန်တွင် မည်သူက ဘုရားသခင်ကို အမှန်တကယ် ချစ်ကြောင်းနှင့် မည်သူက မချစ်ကြောင်း သိသာထင်ရှားလာမည်။ ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူများ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုရှိသော်လည်း၊ သူ့ကို အမှန်တကယ် မချစ်သောသူများမှာ သူ့အမှု၏ တစ်ဆင့်ချင်း၌ ထုတ်ဖော်ခြင်းခံရမည်။ ၎င်းတို့သည် ပယ်ထုတ်ခြင်း ခံရသောအရာများ ဖြစ်လာလိမ့်မည်။ ဤလူများမှာ သိမ်းပိုက်ခြင်းအမှု ပြုစဉ်အတွင်း၌ ထုတ်ဖော်ခံရမည်ဖြစ်ပြီး ၎င်းတို့သည် စုံလင်အောင်ပြုခြင်းကို ခံရရန်အတွက် တန်ဖိုးမရှိသော လူတို့ဖြစ်ကြသည်။ စုံလင်စေခြင်း ခံခဲ့ရပြီးသောသူများသည် ဘုရားသခင်၏ ရယူခြင်းကို အလုံးစုံခံရသောသူများ ဖြစ်ပြီး ပေတရုကဲ့သို့ ဘုရားသခင်ကို ချစ်နိုင်စွမ်းရှိကြသည်။ သိမ်းပိုက်ခြင်းကို ခံရပြီးသောသူများ၌ ပင်ကိုချစ်ခြင်းမရှိဘဲ မတုန်မလှုပ်သော ချစ်ခြင်းသာရှိကြပြီး ၎င်းတို့သည် ဘုရားသခင်ကိုချစ်ရန် အတင်းအကျပ်ပြုခံရသည်။ ပင်ကိုချစ်ခြင်းသည် လက်တွေ့ဖြစ်သော အတွေ့အကြုံမှတစ်ဆင့်ရရှိသည့် နားလည်ခြင်းအားဖြင့် ဖြစ်ပေါ်လာသည်။ ဤချစ်ခြင်းက လူတစ်ဦး၏စိတ်နှလုံးကို နေရာယူကာ ၎င်းတို့အား ဘုရားသခင်ကို ဆန္ဒအလျောက် ဆက်ကပ်အပ်နှံစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ ၎င်းတို့၏ အခြေခံအုတ်မြစ် ဖြစ်လာကာ ၎င်းတို့သည် ဘုရားသခင်အတွက် ဒုက္ခခံနိုင်ကြသည်။ ဤအရာများမှာ ဘုရားသခင်၏ စုံလင်အောင်ပြုခြင်း ခံရပြီးသောသူတစ်ဦးက ပိုင်ဆိုင်သောအရာများ ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ သင်သည် သိမ်းပိုက်ခံရရန်သာ ကြိုးပမ်းပါက ဘုရားသခင်အတွက် သင် သက်သေခံနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် လူတို့ကို သိမ်းပိုက်ခြင်းအားဖြင့် သူ၏ ကယ်တင်ခြင်း ရည်မှန်းချက်ကိုသာ ပြည့်စုံစေပါက၊ အစေခံသူတို့၏အဆင့်သည် ထိုအလုပ်ကို အပြီးသတ်ခဲ့ပေမည်။ သို့သော်လည်း လူတို့ကိုသိမ်းပိုက်ခြင်းသည် လူတို့ကို စုံလင်အောင်ပြုပေးရန် ဖြစ်သည့် ဘုရားသခင်၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင် မဟုတ်ပေ။ ထို့ကြောင့် ဤအဆင့်ကို သိမ်းပိုက်ခြင်းအမှုဟု ဆိုခြင်းထက် ယင်းကို စုံလင်အောင် ပြုလုပ်ပေးခြင်းနှင့် ပယ်ထုတ်ခြင်းအမှုဟု ဆိုလော့။ လူအချို့တို့မှာ အပြည့်အဝ သိမ်းပိုက်ခြင်းကို မခံကြရသေးဘဲ၊ ၎င်းတို့ကို သိမ်းပိုက်နေစဉ် အတွင်း လူတစ်စုမှာ စုံလင်အောင်ပြုပေးခြင်းကို ခံကြရလိမ့်မည်။ ဤအမှုနှစ်ပိုင်းကို ပြိုင်တူပြုနေခြင်း ဖြစ်သည်။ လူတို့သည် ထိုကဲ့သို့ ကာလကြာမြင့်သော အမှု တစ်လျှောက်လုံးတွင်ပင် မထွက်ခွာကြသေးဘဲ၊ ဤအရာက သိမ်းပိုက်ခြင်း၏ ရည်မှန်းချက်ပန်းတိုင်ကို ရယူပြီးပြီဖြစ်ကြောင်း ပြသသည်၊ ဤသည်မှာ သိမ်းပိုက်ခံရခြင်း၏ အဖြစ်မှန်တစ်ခုဖြစ်သည်။ စစ်ဆေးခြင်းများမှာ သိမ်းပိုက်ခြင်းခံရရန်အတွက် မဟုတ်ဘဲ စုံလင်စေခြင်း ခံရရန်အတွက် ဖြစ်သည်။ လူတို့သည် စစ်ဆေးခြင်းများမပါရှိဘဲ၊ စုံလင်ခြင်း မခံရနိုင်ပေ။ ထို့ကြောင့် စစ်ဆေးခြင်းများမှာ အမှန်ပင် တန်ဖိုးရှိလေစွ။ ယနေ့ လူတစ်စုသည် စုံလင်စေခြင်းနှင့် ရယူခြင်းကို ခံနေကြရသည်။ ယခင်ဖော်ပြခဲ့သော ကောင်းချီးမင်္ဂလာ ဆယ်ပါးမှာ စုံလင်စေခြင်းခံရပြီးသောသူ အားလုံးအတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်တွင် ၎င်းတို့၏ပုံသဏ္ဌာန် ပြောင်းလဲခြင်းအကြောင်းနှင့် သက်ဆိုင်သော အရာတိုင်းကို စုံလင်ခြင်းခံရပြီးသော သူတို့အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ စုံလင်ခြင်း မခံရသေးသော သူတို့သည် ဘုရားသခင်၏ ကတိတော်များကို ရရှိရန် အရည်အချင်း မပြည့်မီကြချေ။

အရှေ့သို့- အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

နောက်တစ်ခုသို့- နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။