ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏

ဘုရားသခင်၏နောက်ကို လိုက်နေစဉ်တွင် သင့်အနေဖြင့် ဘုရားသခင်ကို အမှန်တကယ် နားလည်ထားခြင်း ရှိမရှိ၊ အမှန်တကယ် သဘောပေါက်ထားခြင်း ရှိမရှိ၊ အမှန်တကယ် သိကျွမ်းလာခြင်း ရှိမရှိတို့ကို မြင်နိုင်ရန်၊ လူအမျိုးမျိုးအထွေထွေအပေါ်တွင် ဘုရားသခင်ထားရှိသော သဘောထားကို သင်အမှန်တကယ် သိမသိကို မြင်နိုင်ရန်၊ ထို့အပြင် သင့်အပေါ်တွင် ဘုရားသခင်ပြုနေသော အမှုနှင့် သင်၏လုပ်ဆောင်မှုတိုင်းအား ဘုရားသခင်က မည်ကဲ့သို့အနက်ဖွင့်သည်ကို သင်အမှန်တကယ် နားလည်ခြင်းရှိမရှိကို မြင်နိုင်ရန် အယောက်စီတိုင်းသည် မိမိတို့၏ အသက်တာတစ်လျှောက်၌ ဘုရားသခင်အား မည်ကဲ့သို့ယုံကြည်နေခဲ့သည်ကို အသစ်တစ်ဖန် ပြန်လည်ဆန်းစစ်သင့်ပေသည်။ သင့်တိုးတက်မှု၏ ဦးတည်ရာကို လမ်းညွှန်ပေးပြီး သင့်ကံကြမ္မာကို စီမံကာ သင့်လိုအပ်ချက်များကို ပံ့ပိုးပေးလျက် သင့်အပါး၌ရှိနေသော ဤဘုရားသခင်ကို သင့်အနေဖြင့် နောက်ဆုံးခြုံငုံ၍ ကြည့်လိုက်လျှင် မည်မျှနားလည်သနည်း။ ဤဘုရားသခင်အကြောင်းကို သင်မည်မျှအမှန်တကယ်သိသနည်း။ နေ့စဉ်နေ့တိုင်း သင့်အပေါ်တွင် သူမည်သည့်အမှုပြုသည်ကို သင်သိသလော။ သူ၏လုပ်ဆောင်မှုတိုင်းအား မည်သည့်နိယာမများနှင့် ရည်ရွယ်ချက်များအပေါ် အခြေပြုထားသည်ကို သင်သိသလော။ သင့်အား သူမည်ကဲ့သို့လမ်းပြသည်ကို သင်သိသလော။ သင့်အား မည်သည့်နည်းလမ်းများဖြင့် သူထောက်ပံ့နေသည်ကို သင်သိသလော။ သင့်အား သူဦးဆောင်သော နည်းလမ်းများကို သင်သိသလော။ သင့်ထံမှ မည်သည့်အရာကို သူရယူလိုသည်၊ သင့်ထံတွင် မည်သည့်အရာကို သူပြီးမြောက်အောင်မြင်လိုသည်ကို သင်သိသလော။ သင်ပြုမူသော နည်းလမ်းအမျိုးမျိုးတို့အပေါ် သူမည်သို့သဘောထားသည်ကို သင်သိသလော။ သင်သည် သူ၏ချစ်မြတ်နိုးခြင်းကို ခံရသောလူတစ်ယောက် ဟုတ်မဟုတ်ကို သင်သိသလော။ သူ၏ဝမ်းမြောက်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုတို့၏ မူလရင်းမြစ်၊ ယင်းတို့၏နောက်ကွယ်ရှိ စိတ်ကူးများနှင့် အကြံအစည်များအပြင် သူ၏အနှစ်သာရတို့ကို သင်သိသလော။ နောက်ဆုံးအနေဖြင့် သင်ယုံကြည်သော ဤဘုရားသခင်မှာ မည်ကဲ့သို့သော ဘုရားသခင်ဖြစ်ကြောင်းကို သင်သိသလော။ ဤမေးခွန်းများနှင့် အလားတူ အခြားမေးခွန်းများသည် သင့်အနေဖြင့် မည်သည့်အခါကမျှ နားမလည်ခဲ့သည့်၊ သို့မဟုတ် မစဉ်းစားခဲ့သည့်အရာများ ဖြစ်နေသလော။ ဘုရားသခင်ကို ယုံကြည်ခြင်းအား သင်လိုက်စားရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် နားလည်သဘောပေါက်ခြင်းနှင့် တွေ့ကြုံခံစားခြင်းအားဖြင့် သူနှင့်ပတ်သက်သည့် သင်၏နားလည်မှုလွဲနေခြင်းများကို ရှင်းလင်းပြီးပြီလော။ ဘုရားသခင်၏ ပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့ကို ခံယူပြီးနောက်တွင် စစ်မှန်သော နာခံခြင်းနှင့် အရေးစိုက်ခြင်းတို့ကို သင်ရရှိပြီးပြီလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အလယ်တွင် သင်သည် လူသား၏ ပုန်ကန်လိုစိတ်နှင့် စာတန်နှင့်ဆိုင်သည့် သဘာဝတို့ကို သိမြင်လာပြီး၊ ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်းကို အနည်းငယ်မျှလောက် နားလည်ပြီးပြီလော။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုနှင့် ဉာဏ်ပွင့်စေခြင်းတို့အောက်တွင် အသက်တာအပေါ် ရှုမြင်ပုံအသစ်ကို သင်စတင်ရရှိပြီလော။ ဘုရားသခင်စေလွှတ်သော စမ်းသပ်ခြင်းများအလယ်တွင် လူသားတို့၏ ပြစ်မှုများအပေါ် ဘုရားသခင်၏ သည်းမခံမှုအပြင် သင့်ထံမှ သူတောင်းဆိုသောအရာနှင့် သင့်အား သူမည်သို့ကယ်တင်နေပုံတို့ကို သင်ခံစားရပြီးပြီလော။ ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင်မသိပါက၊ သို့မဟုတ် ဤနားလည်မှုလွဲခြင်းကို မည်သို့ရှင်းလင်းရမှန်း သင်မသိပါက သင်၌ ဘုရားသခင်နှင့် စစ်မှန်သည့် ဆက်ဆံရေး မည်သည့်အခါမျှ မရှိခဲ့သည့်အပြင် ဘုရားသခင်ကို မည်သည့်အခါမျှ သင်နားမလည်ခဲ့ဟု ပြောနိုင်သည်၊ သို့မဟုတ် ယုတ်စွအဆုံး သင်၌ ဘုရားသခင်ကို နားလည်လိုစိတ် မည်သည့်အခါကမျှ မရှိခဲ့ဟု ပြောနိုင်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့က မည်သည့်အရာဖြစ်သည်ကို မသိပါမူ နာခံခြင်းနှင့် အရေးစိုက်ခြင်းတို့မှာ မည်သည့်အရာတို့ဖြစ်သည်ကိုလည်း သင်ဧကန်မုချမသိပေ၊ သို့တည်းမဟုတ် ယုတ်စွအဆုံး သင်သည် ဘုရားသခင်ကို အမှန်တကယ် နာခံခဲ့ခြင်း၊ သို့မဟုတ် အရေးစိုက်ခဲ့ခြင်းတို့ မည်သည့်အခါကမျှ မရှိခဲ့ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို မည်သည့်အခါကမျှ မတွေ့ကြုံခဲ့ရပါက သူ၏သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည်ကို ဧကန်မုချ သိလိမ့်မည်မဟုတ်သကဲ့သို့ လူသား၏ ပုန်ကန်ခြင်းမှာ မည်သည့်အရာဖြစ်သည်ကိုလည်း သာ၍ပင် ရှင်းလင်းလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင့်ထံ၌ အသက်တာအပေါ် မှန်ကန်သည့် ရှုမြင်ပုံ၊ သို့မဟုတ် အသက်တာ၌ မှန်ကန်သည့် ရည်မှန်းချက်တို့ မည်သည့်အခါကမျှ အမှန်တကယ် မရှိခဲ့ဘဲ၊ အသက်တာ၌ ရှေ့သို့ဆက်လျှောက်ရန် ချီတုံချတုံဖြစ်သည်အထိပင် သင့်အနာဂတ်လမ်းနှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးပြီး စိတ်မပိုင်းဖြတ်နိုင်သည့် အခြေအနေတွင် ရှိနေသေးပါလျှင် ဘုရားသခင်၏ ဉာဏ်အလင်းပွင့်စေခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို မည်သည့်အခါကမျှ သင်မရရှိခဲ့ကြောင်း သေချာပေသည်၊ ထို့ပြင် သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ ထောက်ပံ့ပေးခြင်း၊ သို့မဟုတ် ဖြည့်တင်းပေးခြင်းတို့ကို မည်သည့်အခါကမျှ အမှန်တကယ် ခံခဲ့ရခြင်း မရှိဟူ၍လည်း ပြောနိုင်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စမ်းသပ်ခြင်းကို မခံရသေးပါက လူသား၏ ပြစ်မှုများအပေါ် ဘုရားသခင်၏ သည်းမခံမှုကိုလည်း သင်လုံးဝမသိကြောင်းကို ပြောစရာပင်မလိုသကဲ့သို့ အဆုံးတွင် သင့်ထံမှ ဘုရားသခင်တောင်းဆိုသည့်အရာကိုလည်း သင်နားလည်မည်မဟုတ်၊ ထို့အပြင် လူသားကို စီမံခန့်ခွဲပြီး ကယ်တင်သည့် ဘုရားသခင်၏အလုပ်ကိုလည်း သင့်အနေဖြင့် သာ၍ပင် နားလည်မည်မဟုတ်။ လူတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်လာခဲ့သည်မှာ နှစ်ပေါင်းမည်မျှပင် ကြာနေစေကာမူ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် တစ်စုံတစ်ရာကို တွေ့ကြုံခံစားဖူးခြင်း၊ သို့မဟုတ် သိမြင်နားလည်ဖူးခြင်းတို့ လုံးဝမရှိခဲ့ပါလျှင် ထိုသူသည် ကယ်တင်ခြင်းသို့ သွားသောလမ်းကို လျှောက်လှမ်းနေခြင်း မဟုတ်ကြောင်း၊ ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းသည် အမှန်တကယ် အနှစ်မပါကြောင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ သူ၏အသိပညာမှာလည်း သုညဖြစ်နေကြောင်း သေချာလှသည်၊ ထို့ပြင် ဘုရားသခင်အား ရိုသေလေးမြတ်ခြင်းက မည်သည့်အရာဖြစ်သည်ကို သူမသိကြောင်းကိုမူ ပြောနေရန်ပင် မလိုချေ။

ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထား စသည်တို့အားလုံးကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားမျိုးနွယ်အား သိရှိစေပြီး ဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရသည့်အခါ၊ ၎င်းတို့ကို လက်တွေ့ကျင့်သုံးစဉ်တွင် ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်လာလိမ့်မည်၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အရင်းအမြစ်နှင့် နောက်ခံအကြောင်းတို့ကို နားလည်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ရည်ရွယ်ထားသည့် ရလဒ်တို့ကို နားလည်လာကာ သဘောပေါက်လာလိမ့်မည်။ လူသားမျိုးနွယ်အတွက်၊ သမ္မာတရားနှင့် အသက်ကို ရရှိဖို့ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်ရန်၊ မိမိ၏စိတ်သဘောထားထဲတွင် ပုံသဏ္ဌာန်ပြောင်းလဲလာရန်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ခြင်းများကို နာခံလာနိုင်ရန်အလို့ငှာ ဤအရာများအားလုံးသည် လူသား တွေ့ကြုံရမည့်၊ နားလည်သဘောပေါက်ရမည့်၊ ရယူရမည့်အရာများ ဖြစ်သည်။ ဤအရာများကို လူသားက တွေ့ကြုံကာ နားလည်သဘောပေါက်ပြီး ရယူသည်နှင့် တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ဆိုင်သော သိနားလည်မှုကို သူတဖြည်းဖြည်း ရရှိလာပြီးဖြစ်လိမ့်မည်၊ ထို့ပြင် ဤအချိန်တွင် ဘုရားသခင်နှင့်ဆိုင်သည့် အမျိုးမျိုးသော အသိပညာအဆင့်များကိုလည်း သူရရှိပြီးဖြစ်လိမ့်မည်။ ဤနားလည်ခြင်းနှင့် အသိပညာတို့သည် လူသား စိတ်ကူးထားသည့်အရာ၊ သို့မဟုတ် ရေးစပ်ထားသည့်အရာမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ သူ၏အတွင်းစိတ်ထဲ၌ သူသဘောပေါက်ကာ တွေ့ကြုံ၍ ခံစားရပြီး အတည်ပြုသည့်အရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤအရာတို့ကို သဘောပေါက်ကာ တွေ့ကြုံ၍ ခံစားလျက် အတည်ပြုပြီးသည့်နောက်တွင်သာ ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိပညာသည် အနှစ်သာရ ရှိလာလေသည်။ ဤအချိန်၌ လူသားရရှိသည့် အသိပညာသည်သာလျှင် လက်တွေ့ကျကာ စစ်မှန်ပြီး တိကျမှန်ကန်မှု ရှိလေသည်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်ခြင်း၊ တွေ့ကြုံခြင်း၊ ခံစားခြင်းနှင့် အတည်ပြုခြင်းတို့မှတစ်ဆင့် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုနှင့် အသိပညာတို့ကို ရယူခြင်းတည်းဟူသော ဤဖြစ်စဉ်သည် လူသားနှင့် ဘုရားသခင်၏ စစ်မှန်သည့် ဆက်ဆံရေးပင် ဖြစ်ပေသည်။ ဤသို့သော ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် နားလည်ကာ သဘောပေါက်လာသည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အမှန်တကယ် နားလည်ကာ သိရှိလာသည်၊ ဘုရားသခင်၏အနှစ်သာရကို အမှန်တကယ် နားလည်ကာ သိရှိလာသည်၊ ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်း နားလည်ကာ သိရှိလာသည်၊ ဖန်ဆင်းရာအပေါင်းတို့အပေါ် ဘုရားသခင်၏ အုပ်စိုးမှုဟူသော အမှန်တရားနှင့် ပတ်သက်၍ မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် စစ်မှန်သော စိတ်ချသေချာမှုတို့ကို ရလာသည်၊ ထို့ပြင် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ ဂုဏ်အဆင့်အတန်းနှင့်ပတ်သက်၍ ပဓာနကျသော ဆက်စပ်မှုနှင့် အသိပညာတို့ကို ရရှိလာသည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် ဘုရားသခင်အကြောင်း မရှိကိုအရှိလုပ်၍ စိတ်ကူးကြည့်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်သည့် မိမိ၏ကိုယ်ပိုင်သံသယများကို ဇက်ကုန်လွှတ်လိုက်ခြင်း၊ ဘုရားသခင်ကို နားလည်မှုလွဲခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်း၊ သို့မဟုတ် သံသယဝင်ခြင်းတို့ မလုပ်တော့ဘဲ လူသားသည် ဘုရားသခင်နှင့်ပတ်သက်သည့် သူ၏အမြင်များကို တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလေသည်။ ဤကဲ့သို့ဖြင့် လူသားသည် ဘုရားသခင်နှင့် ငြင်းခုံခြင်း သာ၍နည်းလာမည်ဖြစ်ပြီး ဘုရားသခင်နှင့် ပဋိပက္ခဖြစ်မှု သာ၍နည်းလာမည်ဖြစ်ကာ ဘုရားသခင်ကို ပုန်ကန်သည့် ဖြစ်ရပ်များ သာ၍နည်းလာပေမည်။ အပြန်အလှန်အားဖြင့် ဘုရားသခင်အပေါ် လူသား၏ အရေးစိုက်ခြင်းနှင့် နာခံခြင်းတို့မှာ တိုး၍ကြီးထွားလာမည်ဖြစ်ပြီး ဘုရားသခင်ကို သူ၏ရိုသေလေးမြတ်မှုမှာ ပို၍စစ်မှန်လာမည်ဖြစ်သည့်အပြင် ပို၍လည်း နက်နဲလာလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် သမ္မာတရား၏ အထောက်အပံ့၊ အသက်နှင့်ဆိုင်သော ဗတ္တိဇံတို့ကို ရလိမ့်မည်သာမကဘဲ တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ဆိုင်သည့် မှန်ကန်သည့် အသိပညာကိုလည်း ရရှိလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် သူ၏စိတ်သဘောထားထဲ၌ ပုံသဏ္ဌာန်ပြောင်းလဲပြီး ကယ်တင်ခြင်းကို ရရှိမည်သာမကဘဲ တစ်ချိန်တည်းတွင် ဘုရားသခင်အပေါ်ထားသည့် ဖန်ဆင်းခံတစ်ဦး၏ စစ်မှန်သော ရိုသေလေးမြတ်ခြင်းနှင့် ကိုးကွယ်ခြင်းတို့ကိုလည်း ရှာမှီးလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးကို ရရှိပြီးနောက် ဘုရားသခင်ကို လူသား၏ ယုံကြည်ခြင်းသည် စာရွက်အလွတ်တစ်ရွက်၊ သို့မဟုတ် အပြောသက်သက်ဖြစ်သည့် နှုတ်ကတိတစ်ခု၊ သို့မဟုတ် မျက်စိစုံမှိတ် လိုက်စားခြင်းနှင့် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်းပုံစံမျိုး ဖြစ်တော့မည် မဟုတ်ချေ။ ဤကဲ့သို့ ဆက်ဆံရေးမျိုးဖြင့်သာ လူသား၏အသက်သည် တစ်ရက်ပြီးတစ်ရက် ရင့်ကျက်ခြင်းဆီသို့ ကြီးထွားလာမည်ဖြစ်ပြီး၊ ထိုအချိန်မှသာ သူ၏စိတ်သဘောထားက တဖြည်းဖြည်းချင်း ပုံသဏ္ဌာန်ပြောင်းလဲလာမည်ဖြစ်ကာ ဘုရားသခင်ကို သူ၏ယုံကြည်ခြင်းသည် မရေရာ၊ မသေချာသော ယုံကြည်ခြင်းမှ စစ်မှန်သည့် နာခံခြင်းနှင့် အရေးစိုက်ခြင်း၊ စစ်မှန်သည့် ရိုသေလေးမြတ်ခြင်းအဖြစ်သို့ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲသွားမည်ဖြစ်သည်၊ ထို့ပြင် လူသားသည် ဘုရားသခင်၏နောက်ကို လိုက်နေစဉ်တွင် တုံဏှိဘာဝေနေနေသည့်အဖြစ်မှ နိုးကြားထကြွသည့်အဖြစ်သို့၊ အပျက်သဘောမှ အပြုသဘောသို့လည်း တဖြည်းဖြည်းချင်း တိုးတက်သွားပေလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးဖြင့်သာ လူသားသည် ဘုရားသခင်ကို မှန်မှန်ကန်ကန် သိနားလည်ပြီး သဘောပေါက်ကာ ဘုရားသခင်နှင့်ဆိုင်သည့် မှန်ကန်သော အသိပညာကို ရရှိလိမ့်မည်။ လူအများစုသည် ဘုရားသခင်နှင့် စစ်မှန်သည့် ဆက်ဆံရေးမရှိသောကြောင့်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏အသိပညာမှာ သဘောတရားအဆင့်၊ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများအဆင့်၌သာ ရပ်တန့်နေသည်။ ဆိုလိုသည်မှာ လူအများစုသည် ဘုရားသခင်ကို ယုံကြည်လာခဲ့သည်မှာ နှစ်ပေါင်းမည်မျှပင် ကြာနေပြီဖြစ်စေ ဘုရားသခင်ကို သိရှိခြင်းအပိုင်းတွင်မူ ၎င်းတို့သည် မိမိတို့နှင့် နှီးနွှယ်နေသည့် ခေတ်နောက်ကျနေသော အယူသီးမှုများနှင့် စိတ်ကူးယဉ်ဆန်သော အသွေးအရောင်တို့ဖြင့် ရိုးရာဓလေ့ဆိုင်ရာ ဂါရဝပြုခြင်းပုံစံများ၏ အခြေခံတွင် သောင်တင်နေလျက် ၎င်းတို့စတင်ခဲ့သည့် တစ်နေရာတည်းမှာပင် ချောင်ပိတ်မိနေကြဆဲဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိပညာသည် စတင်ခဲ့သည့်နေရာတွင်ပင် ရပ်တန့်နေခြင်းမှာ ထိုအသိပညာသည် မရှိသလောက်နီးပါးပင် ဖြစ်သည်ဟု ဆိုလိုသည်။ ဘုရားသခင်၏ ဂုဏ်အဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာတို့အပေါ် လူသား၏ခံယူချက်မှလွဲ၍၊ ဘုရားသခင်ကို လူသား၏ယုံကြည်မှုသည် မရေရာ မသေချာသည့် အဆင့်မှာသာ ရှိနေသေး၏။ သို့ဆိုလျှင် လူသား၌ ဘုရားသခင်အပေါ် စစ်မှန်သော ရိုသေလေးမြတ်ခြင်း မည်မျှရှိနိုင်သနည်း။

ဘုရားသခင်၏တည်ရှိခြင်းကို သင်မည်မျှခိုင်ခိုင်မာမာ ယုံကြည်စေကာမူ ဤအရာက ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏အသိပညာကိုလည်းကောင်း၊ ဘုရားသခင်အပေါ် သင်၏ရိုသေလေးမြတ်ခြင်းကိုလည်းကောင်း အစားမထိုးနိုင်ပေ။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် သူ၏ကျေးဇူးတော်ကို သင်မည်မျှမွေ့လျော်ပြီးဖြစ်ပါစေ ဤအရာက ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏အသိပညာကို အစားမထိုးနိုင်ပေ။ ဘုရားသခင်အဖို့အလို့ငှာ သင်၏အရာအားလုံးကို ဆက်ကပ်၍ အသုံးတော်ခံရန် သင်မည်မျှလိုလားနေသည်ဖြစ်စေ ဤအရာက ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏အသိပညာကို အစားမထိုးနိုင်ပေ။ သင့်အနေဖြင့် ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်လာခြင်း ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် ထိုနှုတ်ကပတ်တော်များကို သင်အလွတ်ပင်ရကာ သွက်လက်စွာပင် ရွတ်ပြနိုင်ခြင်း ဖြစ်ကောင်းဖြစ်မည်၊ သို့တိုင်အောင် ဤအရာက ဘုရားသခင်နှင့်ဆိုင်သည့် သင်၏အသိပညာကို အစားမထိုးနိုင်ပေ။ ဘုရားသခင်နောက်ကို လိုက်ခြင်းအပေါ် လူသားအနေဖြင့် မည်မျှပင် ယတိပြတ် ဆုံးဖြတ်ထားသည်ဖြစ်စေ၊ အကယ်၍ သူ၌ ဘုရားသခင်နှင့် စစ်မှန်သော ဆက်ဆံရေး လုံးဝမရှိခဲ့ပါက၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံ လုံးဝမရှိခဲ့ပါက၊ ဘုရားသခင်နှင့်ဆိုင်သည့် သူ၏အသိပညာမှာ ဗလာအကွက်တစ်ခုသာ သို့မဟုတ် အဆုံးအစမဲ့သော အတွေးနယ်ချဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်နှင့် အလျဉ်းသင့်၍ ပခုံးချင်းတိုက် ခဲ့ဖူးကောင်း တိုက်ခဲ့ဖူးမည်၊ သို့မဟုတ် သူနှင့် မျက်နှာချင်းဆိုင် တွေ့ခဲ့ဖူးကောင်း တွေ့ခဲ့ဖူးမည်ဖြစ်သော်လည်း ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏အသိပညာမှာ နတ္ထိသုညသာလျှင် ဖြစ်နေဆဲဖြစ်လိမ့်မည်၊ ထို့အပြင် ဘုရားသခင်အပေါ် သင်၏ရိုသေလေးမြတ်ခြင်းမှာလည်း အနှစ်မဲ့သော ကြွေးကြော်သံ၊ သို့မဟုတ် စိတ်ကူးယဉ် အယူအဆတစ်ခုထက် ပိုမည်မဟုတ်ပေ။

လူများစွာတို့က ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့ရန် တစ်နေ့တခြား စွဲကိုင်ကြသည်မှာ ထိုနှုတ်ကပတ်တော်များထဲမှ ဂန္တဝင်မြောက် ကျမ်းပိုဒ်များအားလုံးကို ၎င်းတို့၏ တန်ဖိုးအထားရဆုံး ပိုင်ဆိုင်မှုတစ်ခုအလား မှတ်ဉာဏ်ထဲ သေချာစွာ မှတ်သားထားကြသည်အထိ၊ ထို့ပြင် အခြားသူများအား ဘုရားသခင်၏နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပြီး ပံ့ပိုးလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေရာအနှံ့ ဟောကြသည်အထိပင် ဖြစ်၏။ ထိုသို့ပြုခြင်းသည် ဘုရားသခင်ကို သက်သေခံခြင်းဖြစ်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များကို သက်သေခံခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ လမ်းခရီးနောက်ကို လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က တွေးကြသည်။ ထိုသို့ပြုခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ တကယ့်အသက်တာများထဲသို့ ယူဆောင်လာခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလျှင် ဘုရားသခင်၏ ချီးကျူးခြင်းကို ၎င်းတို့လက်ခံရရှိမည်ဖြစ်ပြီး ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းကို ခံရမည်ဖြစ်ကြောင်း ၎င်းတို့တွေးထင်ကြသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဟောကြားနေစဉ်တွင်ပင် ၎င်းတို့သည် လက်တွေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မလိုက်နာသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ထုတ်ဖော်ပြထားသည့်အရာနှင့် တိုက်ဆိုင် နှိုင်းယှဉ်စစ်ဆေးဖို့ မကြိုးစားနိုင်ကြပေ။ ထိုအစား ၎င်းတို့သည် လိမ်လည်လှည့်စားမှုအားဖြင့် အခြားသူများ၏ ကြည်ညိုမှုနှင့် ယုံကြည်မှုတို့ကို ရရှိရန်၊ မိမိတို့ဘာသာ စီမံခန့်ခွဲရန်နှင့် ဘုရားသခင်၏ ဘုန်းအသရေကို အလွဲသုံးစားလုပ်ပြီး ခိုးယူရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးချကြလေသည်။ ဘုရားသခင်၏ အမှုပြုခြင်းနှင့် သူ၏ချီးကျူးခြင်းတို့ကို ရရှိရန်အလို့ငှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေခြင်းအားဖြင့် ရလာသည့် အခွင့်အလမ်းကို အမြတ်ထုတ်ဖို့ အချည်းနှီးမျှော်လင့်ကြ၏။ နှစ်ပေါင်းမြောက်မြားစွာ ကုန်ဆုံးသွားခဲ့သော်လည်း ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားစဉ်တွင် ဘုရားသခင်၏ ချီးကျူးခြင်းကို ရရှိနိုင်စွမ်း မရှိရုံသာမက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံစဉ်တွင် ၎င်းတို့လိုက်လျှောက်သင့်သည့် လမ်းခရီးကို ရှာဖွေနိုင်စွမ်း မရှိရုံသာမက၊ အခြားသူများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပြီး ပံ့ပိုးစဉ်တွင် မိမိတို့ကိုယ်ကို ထောက်ပံ့နိုင်စွမ်းသော်လည်းကောင်း၊ ပံ့ပိုးနိုင်စွမ်းသော်လည်းကောင်း မရှိရုံသာမက၊ ဤအရာအားလုံးကို လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်ကို သိကျွမ်းနိုင်စွမ်းသော်လည်းကောင်း၊ မိမိတို့အတွင်း၌ ဘုရားသခင်အတွက် စစ်မှန်သော ရိုသေလေးမြတ်မှု နိုးကြားလာအောင် လုပ်နိုင်စွမ်းသော်လည်းကောင်း မရှိသည်သာမကသေးဘဲ၊ ဆန့်ကျင်ဖက်အားဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ အထင်လွဲမှုများသည်လည်း တိုး၍တိုး၍ နက်ရှိုင်းလာသည်၊ သူ့အပေါ် ၎င်းတို့၏ အယုံအကြည် ကင်းမဲ့မှုများသည်လည်း ပို၍ပို၍ ဆိုးရွားလာသည်၊ ထို့ပြင် သူနှင့်ပတ်သက်သည့် ၎င်းတို့၏စိတ်ကူးများသည်လည်း ပို၍ပို၍ ချဲ့ကားလာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများအားဖြင့် ထောက်ပံ့ပြီး လမ်းညွှန်ခံရလျက်၊ ၎င်းတို့သည် ၎င်းတို့နှင့် လုံးဝအံကိုက်ဖြစ်သည့် အနေအထား၌ ရောက်နေသည့်အလား ထင်ရသည်၊ ၎င်းတို့၏ကျွမ်းကျင်မှုများကို အားမစိုက်ရဘဲ သက်သောင့်သက်သာ အသုံးပြုနေကြသည့်အလား၊ အသက်တာ၌ ၎င်းတို့၏ရည်ရွယ်ချက်၊ ဘဝပေးတာဝန်ကို ရှာတွေ့ထားပြီဖြစ်သည့်အလား ထင်ရသည်၊ ထို့ပြင် ၎င်းတို့သည် အသက်တာအသစ်တစ်ခုကို ကြိုးပမ်းရရှိပြီး ကယ်တင်ခံထားရပြီးသည့်အလား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ရွတ်ဆိုရာတွင် ထိုနှုတ်ကပတ်တော်များက ၎င်းတို့၏နှုတ်လျှာမှ ကျစ်လျစ်ပြည့်စုံစွာ လှိမ့်ဆင်းလာ၍ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိပြီးဖြစ်သည့်အလား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ပြီးဖြစ်သည့်အလား၊ ထို့ပြင် ဘုရားသခင်ကို သိကျွမ်းခြင်း လမ်းကြောင်းကို ရှာဖွေတွေ့ရှိပြီးဖြစ်သည့်အလား ထင်ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားစဉ်တွင် ၎င်းတို့သည် ဘုရားသခင်နှင့် မကြာခဏ မျက်နှာချင်းဆိုင်တွေ့ရပြီးဖြစ်သည့်အလား ထင်ရသည်။ ထို့အပြင် ၎င်းတို့သည် မကြာခဏ ငိုပွဲများဆင်နွှဲကြသည်ထိ “တို့ထိ” ခံကြရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် “ဘုရားသခင်” ၏ မကြာခဏ ဦးဆောင်လမ်းပြခြင်းကို ခံကြရသဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အလွန်စိတ်ထက်သန်သော ဂရုဓမ္မပြုမှုနှင့် ကြင်နာသော ရည်ရွယ်ချက်တို့ကို မရပ်မနား နားလည်သဘောပေါက်နေသည်ဟု ထင်ရပြီး၊ တစ်ချိန်တည်းမှာပင် လူသားကို ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏စီမံခန့်ခွဲမှုတို့ကို နားလည်သဘောပေါက်ထားပြီး သူ၏အနှစ်သာရကို သိကျွမ်းထားသည့်အပြင် သူ၏ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ထားသည်ဟု ထင်ရသည်။ ဤအခြေခံအုတ်မြစ်ပေါ် အခြေပြု၍ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ပို၍ပင် ခိုင်မာစွာ ယုံကြည်နေကြပုံရကာ၊ သူ၏ချီးမြှောက်ခံရသည့် အခြေအနေကို ပို၍သတိပြုမိကြပြီး၊ သူ၏ကြီးကျယ်ခမ်းနားခြင်းနှင့် ထူးကဲသာလွန်ခြင်းတို့ကို ပို၍ပင် နက်နက်ရှိုင်းရှိုင်း ခံစားနေကြပုံရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အပေါ်ယံမျှသာ သိသည့်အသိတွင် စုံးစုံးမြုပ်နေ၍ ၎င်းတို့၏ ယုံကြည်မှုသည် ကြီးထွားလာသည့်ပုံ၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံမည့် ၎င်းတို့၏ သန္နိဌာန်က အားကောင်းလာသည့်ပုံ ထင်ရသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏သိခြင်းက ပို၍နက်ရှိုင်းလာသည့်ပုံ ထင်ရပေလိမ့်မည်။ ၎င်းတို့လုံးဝ မသိသည်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အမှန်တကယ် တွေ့ကြုံခံစားခြင်း မရှိသေးခင်အထိ ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အသိပညာများနှင့် ထင်မြင်ချက်များအားလုံးသည် ၎င်းတို့ဖြစ်စေချင်သော စိတ်ကူးများနှင့် မှန်းဆချက်များမှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်မှုသည် ဘုရားသခင်ထံမှလာသည့် မည်သည့်စမ်းသပ်မှုမျိုးကိုမျှ ခံနိုင်မည် မဟုတ်ပေ၊ ၎င်းတို့၏ ဝိညာဉ်ရေးနှင့် ဝိညာဉ်ရင့်ကျက်မှုဟု ဆိုသောအရာတို့သည် ဘုရားသခင်၏ စမ်းသပ်မှုကိုဖြစ်စေ၊ စစ်ဆေးမှုကိုဖြစ်စေ အကယ်ပင် ခံနိုင်မည် မဟုတ်ချေ၊ ၎င်းတို့၏ သန္နိဌာန်သည် သဲပေါ်တွင်ဆောက်ထားသည့် ရဲတိုက်တစ်ခုမျှသာ ဖြစ်၏၊ ထို့ပြင် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာဟုဆိုသောအရာမှာလည်း ၎င်းတို့၏ စိတ်ကူးအထင်သက်သက်သာ ဖြစ်တော့သည်။ စင်စစ်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်ပြီး လုံ့လများစွာ စိုက်ထည့်ထားသည့် ဤလူများသည် စစ်မှန်သော ယုံကြည်မှု၊ စစ်မှန်သော နာခံခြင်း၊ စစ်မှန်သော အရေးစိုက်မှု၊ သို့မဟုတ် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာတို့သည် မည်သည့်အရာ ဖြစ်သည်ကို လုံးဝနားမလည်ကြဘိသည့်အလားပင် ဖြစ်ပေသည်။ ၎င်းတို့သည် အယူအဆ၊ စိတ်ကူးစိတ်သန်း၊ အသိပညာ၊ ဆုကျေးဇူး၊ ရိုးရာဓလေ့၊ အယူသီးကြီးခြင်းတို့အပြင် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကိုပင် ယူကြကာ ထိုအရာတို့ကို ဘုရားသခင်အား ယုံကြည်ခြင်းနှင့် သူ့နောက်လိုက်ခြင်းတို့အတွက် “အရင်းအနှီး” နှင့် “လက်နက်အမျိုးမျိုး” အဖြစ် ပြုလုပ်ကြသည်သာမကဘဲ ဘုရားသခင်အား ၎င်းတို့ယုံကြည်ခြင်းနှင့် သူ့နောက် ၎င်းတို့လိုက်ခြင်းတို့အတွက် အခြေခံအုတ်မြစ်များအဖြစ်ပင် ပြုလုပ်ကြလေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်၏ စစ်ဆေးခြင်းများ၊ စမ်းသပ်ခြင်းများ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ခြင်းနှင့် ဖြေရှင်းခြင်းတို့အတွက် ဤအရင်းအနှီးနှင့် လက်နက်အမျိုးမျိုးတို့ကို ယူကာ ဘုရားသခင်ကို သိကျွမ်းဖို့ အသုံးပြုသည့် မှော်အဆောင်လက်ဖွဲ့များအဖြစ် ပြုလုပ်ကြသည်။ အဆုံး၌ ၎င်းတို့ရှာမှီးသည့်အရာတွင် ဘုရားသခင်အကြောင်း ကောက်ချက်များဖြစ်သည့် ဘာသာရေးဂယက်အနက်တွင်လည်းကောင်း၊ ခေတ်နောက်ကျနေသည့် အယူသီးမှုတွင်လည်းကောင်း၊ စိတ်ကူးယဉ်ဆန်ကာ သဘာဝမကျသကဲ့သို့ ပဟေဠိဆန်သောအရာအားလုံးထဲတွင်လည်းကောင်း စုံးစုံးမြုပ်နေသည့် ကောက်ချက်များသာ ပါဝင်နေသည်။ ဘုရားသခင်ကို ၎င်းတို့သိကျွမ်းပြီး အဓိပ္ပာယ်ဖွင့်သည့်ပုံမှာ အထက်ကောင်းကင်ဘုံကိုသာ ယုံကြည်သော၊ သို့မဟုတ် မိုးကောင်းကင်ရှိ အဘိုးအိုကိုသာ ယုံကြည်ကြသော လူများနှင့် တစ်ထေရာတည်းပင်ဖြစ်သည်၊ သို့သော်လည်း စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်နှင့် ဆက်နွှယ်လျက်ရှိသော အရာအားလုံးဖြစ်သည့် ဘုရားသခင်၏ စစ်မှန်မှု၊ သူ၏အနှစ်သာရ၊ သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းစသည်တို့မှာမူ ၎င်းတို့၏ အသိပညာက နားလည်နိုင်ခြင်းမရှိသည့် အရာများဖြစ်နေသည်၊ ထိုအရာများသည် ၎င်းတို့၏ အသိပညာနှင့် လုံးလုံးကင်းကွာပြီး၊ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတမျှပင် ဝေးကွာလေသည်။ ဤနည်းအားဖြင့် ဤလူများသည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုနှင့် အာဟာရဖြည့်ပေးခြင်းကို ခံယူလျက် အသက်ရှင်ကြသော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း လမ်းကြောင်းကို အမှန်တကယ် လျှောက်လှမ်းနိုင်ခြင်းမရှိကြပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းမှန်မှာ ၎င်းတို့သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သိကျွမ်းခဲ့ဖူးခြင်းမရှိသကဲ့သို့၊ သူနှင့် စစ်မှန်သော ဆက်သွယ်မှု၊ သို့မဟုတ် စစ်မှန်သော ဆက်ဆံရေးလည်း မရှိသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် အပြန်အလှန် နားလည်သဘောပေါက်မှု ရရှိဖို့ မဖြစ်နိုင်သကဲ့သို့၊ ၎င်းတို့အတွင်း၌ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း၊ ဘုရားသခင်နောက်ကို လိုက်ခြင်း၊ သို့မဟုတ် ဘုရားသခင်ကို ကိုးကွယ်ခြင်းတို့ နိုးကြားလာအောင် လုပ်ရန်လည်း မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ကို ဤနည်းဖြင့် သဘောထားကြသည်- ဤအမြင်ရှုထောင့်နှင့် သဘောထားတို့က ၎င်းတို့ကို ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုများမှ လက်ချည်းသက်သက်လှည့်ပြန်ရကိန်း ဆိုက်စေခဲ့ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း လမ်းကြောင်းကို ထာဝရလျှောက်လှမ်းနိုင်စွမ်း မရှိသည့်ကိန်း ဆိုက်စေသည်။ ၎င်းတို့ရည်မှန်းနေသည့် ပန်းတိုင်နှင့် ၎င်းတို့သွားနေသည့် ဦးတည်ချက်တို့က ၎င်းတို့သည် ထာဝရကာလတိုင် ဘုရားသခင်၏ရန်သူများ ဖြစ်လာမည် ဖြစ်ကြောင်းနှင့် ကယ်တင်ခြင်းကို ထာဝရကာလတိုင် လုံးဝရရှိနိုင်မည် မဟုတ်ကြောင်း ညွှန်ပြနေပေသည်။

အကယ်၍ ဘုရားသခင်၏နောက်ကို နှစ်ပေါင်းများစွာ လိုက်လျှောက်ပြီး၊ ဘုရားနှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို နှစ်ပေါင်းများစွာ မွေ့လျော်ခံစားထားသည့် လူတစ်ယောက်အနေဖြင့် ဘုရားသခင်အပေါ် သူ၏အဓိပ္ပာယ်ဖွင့်ဆိုမှုက ရုပ်တုဆင်းတုများရှေ့တွင် ဝပ်စင်းလျက် ဂါရဝပြုသူတစ်ယောက်၏ အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် အခြေခံအားဖြင့် တစ်ထေရာတည်း ဖြစ်နေပါလျှင် ထိုလူသည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို မရရှိသေးသည့် လက္ခဏာပင်ဖြစ်ပေလိမ့်မည်။ ဤသို့ဖြစ်ရခြင်းမှာ ထိုသူအနေဖြင့် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ မဝင်ရောက်ရသေးခြင်းသက်သက်ကြောင့်သာ ဖြစ်၏၊ ထို့အပြင် ဤအကြောင်းရင်းကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှိရင်းစွဲဖြစ်သော လက်တွေ့အရှိတရား၊ သမ္မာတရား၊ ရည်ရွယ်ချက်များနှင့် လူသားမျိုးနွယ်အပေါ် တောင်းဆိုမှုများအားလုံးသည် ထိုလူနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ တစ်နည်းအားဖြင့်ဆိုလျှင် ထိုသို့သော လူတစ်ယောက်သည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အပေါ်ယံအဓိပ္ပာယ်အတွက် မည်မျှပင် ကြိုးစားပမ်းစား ဆောင်ရွက်နေပါစေ အားလုံးက အချည်းနှီးသာ ဖြစ်လေသည်။ အကြောင်းမှာ ထိုသူလိုက်စားသည့်အရာသည် စကားလုံးများသက်သက်သာ ဖြစ်ပြီး၊ ထိုသူရရှိသည့်အရာသည်လည်း မလွှဲမရှောင်သာပင် စကားလုံးများသက်သက် ဖြစ်နေလိမ့်မည်။ ဘုရားသခင်မိန့်ထားသည့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအသွင်အပြင်တွင် ရိုးရှင်းသည်ဖြစ်စေ၊ နက်နဲသိမ်မွေ့သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များအားလုံးတို့သည် လူတစ်ယောက်အနေဖြင့် အသက်ထဲသို့ ဝင်ရောက်သည့်အခါတွင် သူ့အတွက် မရှိမဖြစ်သော သမ္မာတရားများ အားလုံးဖြစ်လေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားကို ဝိညာဉ်နှင့် ဇာတိခန္ဓာနှစ်ခုလုံးတွင် ရှင်သန်စေသည့် အသက်ရေများ၏ ရေသောက်မြစ်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များက အသက်ရှင်သန်နေဖို့ လူသားလိုအပ်သည့်အရာကို ထောက်ပံ့ပေးသည်။ လူသား၏နေ့စဉ်အသက်တာကို စီမံခန့်ခွဲခြင်းအတွက် အခြေခံသဘောတရားများနှင့် အယူဝါဒတို့ကို ထောက်ပံ့ပေးသည်။ ကယ်တင်ခြင်း ရရှိဖို့အလို့ငှာ သူလျှောက်ရမည့် လမ်းကြောင်းအပြင်၊ ယင်း၏ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူပိုင်ဆိုင်သင့်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်ကို မည်သို့ကိုးကွယ်ပုံ၊ မည်သို့နာခံပုံတို့နှင့်ပတ်သက်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထိုနှုတ်ကပတ်တော်များသည် လူသား၏ရှင်သန်မှုကို သေချာစေသည့် အာမခံချက်ဖြစ်သည်၊ ထိုနှုတ်ကပတ်တော်များသည် လူသား၏ အသက်မွေးလောက်သော အစာဖြစ်သည်၊ ထို့ပြင် ထိုနှုတ်ကပတ်တော်များသည် လူသားကို သန်မာစေပြီး မတ်မတ်ရပ်နိုင်စေသည့် ကြံ့ကြံ့ခံသော ထောက်ပံ့မှုလည်း ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် ဖန်ဆင်းခံ လူသားမျိုးနွယ်တို့ သာမန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်သည့် သမ္မာတရား လက်တွေ့အရှိတရားဖြင့် ကြွယ်ဝလေသည်။ ဖောက်ပြန်ပျက်စီးမှုမှ ရုန်းထွက်လွတ်မြောက်ဖို့နှင့် စာတန်၏ကျော့ကွင်းများကို ရှောင်တိမ်းဖို့ လူသားမျိုးနွယ်တို့ အသုံးပြုသည့် သမ္မာတရားဖြင့် ကြွယ်ဝသည်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က ပေးသည့် မမောမပန်းသော အဆုံးအမ၊ တိုက်တွန်းမှု၊ အားပေးမှုနှင့် ဖြေသိမ့်မှုတို့ဖြင့် ကြွယ်ဝလေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားများအား အပြုသဘောဆောင်သည့် အရာအားလုံးကို နားလည်စေဖို့ လမ်းပြပြီး ဉာဏ်အလင်းပေးသည့် မီးရှူးတန်ဆောင် ဖြစ်သည်၊ ဖြောင့်မတ်ပြီး ကောင်းမြတ်သည့် အရာအားလုံးကို လူတို့က ကျင့်သုံးနေထိုင်ပြီး ပိုင်ဆိုင်ဖို့ သေချာစေသည့် အာမခံချက်ဖြစ်သည်၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများအားလုံးကို တိုင်းတာသည့် စံနှုန်းမှတ်ကျောက်လည်း ဖြစ်သည်၊ ထို့ပြင် လူတို့ကို ကယ်တင်ခြင်းနှင့် အလင်းလမ်းကြောင်းဆီသို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းပြ အမှတ်အသားလည်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျသော အတွေ့အကြုံထဲ၌သာလျှင် လူသားသည် သမ္မာတရားနှင့် အသက်တို့ဖြင့် ထောက်ပံ့ခြင်းကို ခံရနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် မည်သည့်အရာက သာမန်လူ့သဘာဝဖြစ်ကြောင်း၊ မည်သည့်အရာက အဓိပ္ပာယ်ရှိသော အသက်တာဖြစ်ကြောင်း၊ မည်သည့်အရာက စစ်မှန်သော ဖန်ဆင်းခံ သတ္တဝါဖြစ်ကြောင်း၊ မည်သည့်အရာက ဘုရားသခင်ကို စစ်မှန်သော နာခံခြင်းဖြစ်ကြောင်းတို့ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဘုရားသခင်ကို သူ့အနေဖြင့် မည်သို့အရေးစိုက်သင့်ကြောင်း၊ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို မည်သို့ထမ်းဆောင်ပြီး၊ စစ်မှန်သော လူသားတစ်ယောက်၏ ပုံသဏ္ဌာန်အား မည်သို့ပိုင်ဆိုင်ရမည်ဖြစ်ကြောင်းတို့ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် စစ်မှန်သော ယုံကြည်မှုနှင့် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းတို့မှာ မည်သည့်အရာအား ဆိုလိုသည်ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အုပ်စိုးရှင်မှာ မည်သူဖြစ်ကြောင်းကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဖန်ဆင်းရာအားလုံး၏ အရှင်သခင်ဖြစ်သူက ဖန်ဆင်းရာကို အုပ်စိုးကာ ဦးဆောင်လမ်းပြပြီး ထောက်ပံ့ပေးသော နည်းလမ်းများကို နားလည်လာနိုင်သည်။ ထို့အပြင် ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဖန်ဆင်းရာအားလုံး၏ အရှင်သခင်ဖြစ်သူ တည်ရှိကာ အထင်အရှားပြလာပြီး အမှုပြုသည့် နည်းလမ်းများကို နားလည်လာပြီး သဘောပေါက်လာနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အတွေ့အကြုံနှင့် ကင်းကွာပါက လူသား၌ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို စစ်မှန်သော သိကျွမ်းမှု၊ သို့မဟုတ် ထိုးထွင်းအမြင်တို့ မရှိတော့ပေ။ ထိုကဲ့သို့သော လူတစ်ယောက်သည် ရှင်သန်နေသော အလောင်းကောင်တစ်ခုသက်သက်၊ လုံးလုံးအခွံတစ်ခုသက်သက်သာဖြစ်ပြီး၊ ဖန်ဆင်းရှင်နှင့်ဆိုင်သည့် အသိပညာအားလုံးသည် သူနှင့် မည်သို့မျှပတ်သက်ခြင်းမရှိပေ။ ဘုရားသခင်၏အမြင်တွင် ထိုကဲ့သို့သော လူတစ်ယောက်သည် သူ့ကို တစ်ခါမျှ မယုံကြည်သည့်လူဖြစ်သကဲ့သို့ သူ့နောက်ကိုလည်း တစ်ခါမျှ မလိုက်ခဲ့သည့်လူ ဖြစ်ပေသည်၊ ထို့ကြောင့် ဘုရားသခင်က ထိုသူကို စစ်မှန်သော ဖန်ဆင်းခံ သတ္တဝါတစ်ဦးအဖြစ် မဆိုထားနှင့်၊ သူ၏ယုံကြည်သူတစ်ယောက်ဟုပင် အသိအမှတ် မပြုသကဲ့သို့ သူ့နောက်လိုက်အဖြစ်လည်း အသိအမှတ်မပြုပေ။

ဖန်ဆင်းခံသတ္တဝါအစစ်အမှန်သည် ဖန်ဆင်းရှင်က မည်သူဖြစ်သည်ကို သိရမည်။ လူသားအား မည်သည့်အတွက် ဖန်ဆင်းထားသည်ကို သိရမည်။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဝတ္တရားများအား မည်သို့လုပ်ဆောင်ရမည်ကို သိရမည်။ ဖန်ဆင်းရာအားလုံး၏ အရှင်သခင်အား မည်သို့ကိုးကွယ်ရမည်ကို သိရမည်။ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များ၊ ဆန္ဒများနှင့် တောင်းဆိုချက်များကို နားလည်၍ သဘောပေါက်ကာ သိကျွမ်းပြီး အရေးစိုက်ရမည်။ ထို့အပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဖြစ်သည့် ဖန်ဆင်းရှင်၏ လမ်းစဉ်အတိုင်း လုပ်ဆောင်ရမည်။

ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်နည်း။ မကောင်းသောအကျင့်ကို မည်သို့ရှောင်နိုင်သနည်း။

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်း” ဆိုသည်မှာ ဖော်ပြမရနိုင်လောက်အောင် ဆိုးရွားသော ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ကို မဆိုလိုသကဲ့သို့၊ ရှောင်ဖယ်ခြင်းလည်း မဟုတ်သည့်အပြင်၊ ခပ်ဝေးဝေးနေခြင်းလည်းမဟုတ်ပေ၊ ထို့ပြင် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်း၊ သို့မဟုတ် အယူသီးခြင်းလည်း မဟုတ်ပေ။ ယင်းထက် ၎င်းသည် ကြည်ညိုခြင်း၊ မြတ်နိုးလေးစားခြင်း၊ ယုံကြည်ကိုးစားခြင်း၊ နားလည်သဘောပေါက်ခြင်း၊ အရေးစိုက်ခြင်း၊ နာခံခြင်း၊ အထွတ်အမြတ်ထားခြင်း၊ ချစ်ခြင်းတို့ဖြစ်သည်၊ ထို့အပြင် အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော ဝတ်ပြုကိုးကွယ်မှု၊ အတုံ့အလှယ်ပေးဆပ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့လည်းဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ကြည်ညိုခြင်း၊ စစ်မှန်သော ယုံကြည်ကိုးစားခြင်း၊ စစ်မှန်သော နားလည်သဘောပေါက်ခြင်း၊ စစ်မှန်သော အရေးစိုက်ခြင်း၊ သို့မဟုတ် စစ်မှန်သော နာခံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်း၊ မယုံသင်္ကာဖြစ်ခြင်း၊ အထင်မှားခြင်း၊ ရှောင်တိမ်းခြင်းနှင့် ရှောင်ရှားခြင်းတို့သာ ရှိနေလိမ့်မည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ မျက်စိစုံမှိတ် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်းနှင့် အယူသီးခြင်းတို့သာ ရှိလိမ့်မည်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်သည် ဘုရားသခင်၏ လမ်းစဉ်အတိုင်း မပြုမူနိုင်သကဲ့သို့၊ ဘုရားသခင်ကို မကြောက်နိုင်၊ သို့မဟုတ် မကောင်းသောအကျင့်ကိုလည်း မရှောင်နိုင်ပေ။ အပြန်အလှန်အားဖြင့် လူတို့လုပ်ဆောင်သမျှ အမှုကိစ္စတိုင်းနှင့် အပြုအမူတိုင်းသည် ပုန်ကန်မှုနှင့် အာခံမှု၊ ဘုရားသခင်ကို သွားပုပ်လေလွင့် အပြစ်တင်ယိုးစွပ်မှုများအပြင် ဘုရားသခင်ကို အပုပ်ချသည့် ဝေဖန်အကဲဖြတ်မှုများနှင့် ပြည့်နေလိမ့်မည်ဖြစ်ပြီး သမ္မာတရားအပြင် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်တို့နှင့် ဆန့်ကျင်သည့် ဆိုးယုတ်သော အပြုအမူနှင့် ပြည့်နေလိမ့်မည်။

လူသားမျိုးနွယ်၌ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားခြင်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏နောက်ကို လိုက်ခြင်းနှင့် သူ့အပေါ်မှီခိုရာတွင် စစ်မှန်လာလိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားပြီး မှီခိုခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော သိနားလည်ခြင်းနှင့် သဘောပေါက်ခြင်းတို့ ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် သဘောပေါက်ခြင်းနှင့်အတူ သူ့ကို အစစ်အမှန် အရေးစိုက်ခြင်း တွဲပါလာသည်။ ဘုရားသခင်ကို အစစ်အမှန် အရေးစိုက်ခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော နာခံခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် နာခံခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် အထွတ်အမြတ်ထားခြင်းဖြင့်သာ လူသားမျိုးနွယ်၌ အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော စစ်မှန်သည့် အတုံ့အလှယ်ပေးဆပ်ခြင်း ရှိနိုင်သည်။ စစ်မှန်သည့် ကိုးစားခြင်းနှင့် မှီခိုခြင်း၊ စစ်မှန်သည့် နားလည်မှုနှင့် အရေးစိုက်ခြင်း၊ စစ်မှန်သည့် နာခံခြင်း၊ စစ်မှန်သည့် အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ဖြင့်သာ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို အမှန်တကယ် သိကျွမ်းလာနိုင်ပြီး ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာကို အမှန်တကယ် သိကျွမ်းလာနိုင်သည်။ ဖန်ဆင်းရှင်အား ၎င်းတို့ အမှန်တကယ် သိကျွမ်းလာသည့်အခါမှသာ လူသားမျိုးနွယ်သည် ၎င်းတို့အထဲ၌ စစ်မှန်သည့် ကိုးကွယ်မှုနှင့် ကျိုးနွံနာခံခြင်းတို့ နိုးကြားလာအောင် လုပ်နိုင်မည် ဖြစ်သည်။ ၎င်းတို့၌ ဖန်ဆင်းရှင်ကို စစ်မှန်သည့် ကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ရှိသည့်အခါမှသာ လူသားမျိုးနွယ်သည် မိမိတို့၏ ဆိုးယုတ်သော လမ်းများကို အမှန်တကယ် ဘေးဖယ်ထားနိုင်ကြလိမ့်မည်၊ တစ်နည်းအားဖြင့်ဆိုလျှင် မကောင်းသောအကျင့်ကို ရှောင်နိုင်ကြလိမ့်မည်။

ဤတွင် “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” လုပ်ငန်းစဉ်တစ်ခုလုံး ပါဝင်၏၊ ထို့ပြင် ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း၏ အကြောင်းအရာ အလုံးစုံလည်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းသို့ ရောက်ရန်အတွက် ကျော်ဖြတ်ရမည့် လမ်းကြောင်းလည်း ဖြစ်ပေသည်။

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” နှင့် ဘုရားသခင်ကို သိခြင်းတို့သည် မြောက်မြားစွာသော ကြိုးမျှင်တို့ဖြင့် ခွဲ၍မရနိုင်အောင် ချိတ်ဆက်နေပြီး ၎င်းတို့အကြား ဆက်နွှယ်မှုမှာ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် မကောင်းသော အကျင့်ကို ရှောင်ခြင်းအား ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့မှု ရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့ခြင်း ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ ရရှိလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံရမည်၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်၊ ဘုရားသခင်၏ ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံရမည် ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံရမည်၊ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် ဆုံရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများပါဝင်သော ပတ်ဝန်းကျင်မျိုးစုံ ပုံစံဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းငှာ အခွင့်အရေးများပေးပါရန် ဘုရားသခင်အား တောင်းလျှောက်ရပေမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံချင်ပါက ဦးစွာပထမ ထိုသူသည် ရိုးစင်းကာ ရိုးသားသော နှလုံးသား၊ သမ္မာတရားကို လက်ခံရန် အဆင်သင့်ဖြစ်မှု၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံလိုသည့် စိတ်ဆန္ဒ၊ မကောင်းသောအကျင့်ကို ရှောင်ရန် ဆုံးဖြတ်ချက်နှင့် သတ္တိ၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန် ပြင်းပြသည့် ဆန္ဒတို့ကို ပိုင်ဆိုင်ထားရမည်။...ဤနည်းအားဖြင့် ရှေ့သို့ တစ်လှမ်းချင်း လှမ်းခြင်းဖြင့် သင်သည် ဘုရားသခင်ထံ သာ၍ တိုးဝင်ချဉ်းကပ်လာလိမ့်မည်၊ သင့်နှလုံးသားသည် ပို၍သန့်စင်လာလိမ့်မည်ဖြစ်ပြီး သင့်အသက်တာနှင့် ရှင်သန်ခြင်းတန်ဖိုးတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် သင်၏အသိ နောက်ပိုင်းတွင် တိုး၍ အဓိပ္ပာယ်ရှိမည်ဖြစ်ကာ ပို၍ပင် တောက်ပ အရောင်လက်လာလိမ့်မည်။ တစ်နေ့၊ ဖန်ဆင်းရှင်မှာ ပဟေဠိမဟုတ်တော့ကြောင်း၊ ဖန်ဆင်းရှင်သည် သင့်ထံမှ မည်သည့်အခါမျှ ပုန်းကွယ်မနေခဲ့ကြောင်း၊ ဖန်ဆင်းရှင်သည် သူ့မျက်နှာအား သင့်ထံမှ မည်သည့်အခါမျှ ဖုံးကွယ်မထားကြောင်း၊ ဖန်ဆင်းရှင်သည် သင်နှင့် လုံးဝ မဝေးကွာကြောင်း၊ ဖန်ဆင်းရှင်သည် သင့်အတွေးများထဲတွင် စဉ်ဆက်မပြတ် တမ်းတသော်လည်း သင့်ခံစားချက်များဖြင့် လက်လှမ်းမမီနိုင်သည့်သူ မဟုတ်တော့ကြောင်း၊ သင့်အသက်တာကို ပံ့ပိုးပေးရင်း၊ သင်၏ကံကြမ္မာကို ထိန်းချုပ်ပေးရင်း သူသည် သင်၏လက်ဝဲနှင့် လက်ျာနှစ်ဖက်ကို ဧကန်စင်စစ်စောင့်ရှောက်နေကြောင်း သင်ခံစားလာရလိမ့်မည်။ သူသည် ဝေးလံလှသော မိုးကုပ်စက်ဝိုင်းတွင် ရှိနေသည်မဟုတ်သကဲ့သို့ မိမိကိုယ်ကို တိမ်တောင်မြင့်မြင့်ကြားတွင် ဝှက်ထားသည်လည်း မဟုတ်ပေ။ သူသည် သင်၏အရာအားလုံးကို ဦးဆောင်လျက် သင့်နံဘေးတွင် ရှိနေသည်။ သူသည် သင်၌ရှိသမျှ အရာခပ်သိမ်းဖြစ်ပြီး သင်၌ရှိသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ထိုကဲ့သို့သော ဘုရားသခင်သည် သင့်စိတ်နှလုံးဖြင့် သူ့ကိုချစ်ခွင့်၊ သူ့ကို ဖက်တွယ်ခွင့်၊ သူ့ကို နီးကပ်စွာ ဆုပ်ကိုင်ခွင့်၊ သူ့ကို ကြည်ညိုခွင့်၊ သူ့ကို ဆုံးရှုံးရမည်အား ကြောက်ရွံ့ခွင့်တို့ကို ပေးပြီး သူ့ကို စွန့်ခွာရန်၊ သူ့ကို မနာခံရန်၊ သူ့ကို ရှောင်ဖယ်ရန်၊ သို့မဟုတ် သူ့ကို ခပ်ဝေးဝေးတွင်ထားရန် မလိုမလား ဖြစ်စေသည်။ သူ့ကို အရေးစိုက်ရန်၊ နာခံရန်၊ သင့်ကို သူပေးသမျှအား တုံ့ပြန်ရန်နှင့် သူ၏အုပ်စိုးမှုကို ကျိုးနွံနာခံရန်သာ သင်လိုချင်တော့သည်။ သင်သည် သူ၏လမ်းညွှန်မှု၊ ပံ့ပိုးမှု၊ စောင့်ကြည့်မှုနှင့် ကာကွယ်စောင့်ရှောက်မှုတို့ကို ခံယူရန် မငြင်းပယ်တော့သကဲ့သို့၊ သင့်အတွက် သူဆုံးဖြတ်ပေးပြီး ဘိသိက်ပေးသည့် အရာတို့ကိုလည်း သင်မငြင်းပယ်တော့ပေ။ သူ့နောက်လိုက်ရန်၊ သူ၏အဖော်ပြုခြင်း၌ သူ၏အနီးအနားတွင် နေရန်သာ သင်လိုချင်၏၊ သူ့ကို သင်၏ တစ်ခုတည်းသော အသက်အဖြစ် လက်ခံရန်၊ သင်၏ တစ်ဦးတည်းသော သခင်၊ တစ်ဦးတည်းသော ဘုရားသခင်အဖြစ် လက်ခံရန်သာ သင်လိုချင်လေတော့သည်။

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်

အရှေ့သို့- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

နောက်တစ်ခုသို့- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။