၆၉၅ စမ်းသပ်မှုများအပေါ် ပေတရု၏သဘောထားကျူး
၁ ငါသည် ပေတရုကို မရေမတွက်နိုင်သော စမ်းသပ်မှုများ- အလိုအလျောက်အားဖြင့် သူ့ကိုသေလုမျောပါး ဖြစ်စေခဲ့သည့် စမ်းသပ်မှုများ- ခံစားစေခဲ့သော်လည်း ရာနှင့်ချီသော ထိုစမ်းသပ်မှုများ၏ အလယ်တွင် သူသည် ငါ့အား ယုံကြည်ခြင်းကို တစ်ကြိမ်မျှပင် ပျောက်ဆုံးသွားခြင်း မရှိခဲ့၊ သို့မဟုတ် ငါ့အား စိတ်ပျက်ခဲ့ခြင်း မရှိခဲ့ချေ။ ငါသည် သူ့အား စွန့်ပစ်ခဲ့ပြီးဖြစ်သည်ဟု ပြောခဲ့သည့်အချိန်တွင်ပင်၊ သူသည် စိတ်ပျက်အားလျော့ခြင်း မရှိခဲ့ဘဲ၊ လက်တွေ့ကျသော နည်းလမ်းတစ်ခုနှင့် အတိတ်မှ လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားများနှင့်အညီ ငါ့ကို ဆက်ချစ်ခဲ့သည်။ သူသည် ငါ့ကို ချစ်ခဲ့သော်ငြားလည်း၊ ငါသည် သူ့ကို ချီးကျူးမည် မဟုတ်ကြောင်း၊ အဆုံးတွင် သူ့အား စာတန်၏ လက်ထဲသို့ ပစ်ချလိမ့်မည်ဖြစ်ကြောင်းတို့ကို ငါသူ့အား ပြောခဲ့သည်။ သို့သော် သူ၏ဇာတိခန္ဓာပေါ် ကျရောက်ခဲ့ခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ အားဖြင့် စမ်းသပ်မှုသာဖြစ်သည့် ထိုကဲ့သို့သော စမ်းသပ်မှုများ အလယ်တွင် သူသည် ငါ့ထံ ဆုတောင်းဆဲဖြစ်သည်။
၂ “အိုး ဘုရားသခင်၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့အလယ်တွင် အနန္တတန်ခိုးရှင် ဖြစ်သော ကိုယ်တော်၏ လက်တော်ထဲ၌ မရှိသော လူသားတစ်ယောက်တစ်လေ၊ ဖန်ဆင်းခံသတ္တဝါတစ်ကောင်တစ်လေ၊ သို့မဟုတ် အမှုအရာ တစ်ခုတစ်လေ ရှိလေသလော။ ကိုယ်တော်သည် အကျွန်ုပ်အား သနားကရုဏာ ရှိသောအခါ၊ အကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော်၏ သနားကရုဏာဖြင့် ကြီးစွာရွှင်လန်း ဝမ်းမြောက်ပါ၏၊ ကိုယ်တော်သည် အကျွန်ုပ်အား တရားစီရင်သောအခါ၊ အကျွန်ုပ်သည် မထိုက်တန်နိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သြဇာအာဏာ၊ ဉာဏ်ပညာတို့နှင့် ပြည့်ဝတော်မူသောကြောင့် ကိုယ်တော့် ဆောင်ရွက်ချက်များ၏ ဉာဏ်မမီနိုင်သောနက်နဲမှုကို သာ၍ကြီးမားသော ခံစားမှုတစ်ခု ရရှိပါ၏။ အကျွန်ုပ်၏ဇာတိခန္ဓာသည် ဆင်းရဲဒုက္ခ ခံစားရသော်ငြားလည်း၊ အကျွန်ုပ်၏ဝိညာဉ်သည် သက်သာရာရပါ၏။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်ချက်များကို အကျွန်ုပ်သည် မည်သို့လျှင် မချီးမွမ်းဘဲနှင့် နေနိုင်ပါမည်နည်း။ ကိုယ်တော့်ကို သိကျွမ်းလာပြီးနောက်တွင် သေရမည်ဆိုလျှင်ပင်၊ ကျွန်ုပ်သည် အဘယ်သို့များ အလွန်ဝမ်းမြောက်စွာနှင့် ပျော်ရွှင်စွာ မသေဘဲ နေနိုင်မည်နည်း။”
၃ ထိုကဲ့သို့သော စမ်းသပ်မှုများ အတောအတွင်းတွင် ပေတရုသည် ငါ၏အလိုကို တိကျမှန်ကန်စွာ နားမလည်နိုင်ခဲ့သော်လည်း၊ သူသည် ငါ့အားဖြင့် အသုံးပြုခြင်းခံရသည်ကို မြတ်နိုးပြီး ဂုဏ်ယူခဲ့ကြောင်းနှင့် သူသည် ဤစမ်းသပ်မှုများအားဖြင့် စိတ်သောကမရောက်ခဲ့ကြောင်းတို့မှာ သိသာထင်ရှားပေသည်။ ငါ၏ရှေ့မှောက်၌ သူ၏သစ္စာစောင့်သိမှုကြောင့်၊ ပြီးလျှင် သူ့အတွက် ငါ၏ ကောင်းချီးမင်္ဂလာများကြောင့် သူသည် လူသားတို့အတွက် နှစ်ထောင်ပေါင်းများစွာကြာအောင် စံနမူနာတစ်ဦးနှင့် စံပြတစ်ဦး ဖြစ်ခဲ့သည်။ ဤသည်မှာ သင်တို့အတုယူသင့်သောအရာ အတိအကျပင်ဖြစ်သည် မဟုတ်လော။ ယခုအချိန်၌ ငါသည် အဘယ်ကြောင့် ပေတရု၏အကြောင်းကို ထိုမျှရှည်လျားစွာ ပြောခဲ့သည်ကို သင်တို့သည် အချိန်ကြာ သေချာစွာ စဉ်းစားကြလော့။ ဤအရာများသည် သင်တို့ပြုမူသည့် အခြေခံသဘောတရားများ ဖြစ်သင့်သည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်