၃။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ တန်ခိုးအောက်တွင် အသက်ရှင်ကာ မိမိဘာသာ စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေနိုင်သည့် လူ တစ်ဦးမျှမရှိပေ။ အားလုံးသည် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှ မရှိဘဲ၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် အနှစ်မဲ့ခြင်းထဲတွင်၊ ညစ်ညူးသော လောကတစ်ခု၌ အသက်ရှင်ကြသည်။ ၎င်းတို့သည် ဇာတိပကတိအတွက်၊ တပ်မက်ခြင်းအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သည့် ဘဝများကို အသက်ရှင်ကြသည်။ ၎င်းတို့၏ တည်ရှိမှုတွင် တန်ဖိုးအနည်းငယ်မျှ မရှိ။ လူသည် သူ့ကို စာတန်၏ စွမ်းအားမှ လွတ်မြောက်စေမည့် သမ္မာတရားကို ရှာတွေ့နိုင်စွမ်း မရှိပေ။ လူသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဖတ်ရှုသော်လည်း၊ စာတန်၏ စွမ်းအား ထိန်းချုပ်မှုမှ မိမိကိုယ်ကိုယ် မည်သို့ လွတ်မြောက်စေရမည်ကို သူ နားမလည်ပေ။ ခေတ်ကာလများတစ်လျှောက်တွင်၊ အလွန်နည်းပါးသော လူတို့သာ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိကြပြီးဖြစ်သည်၊ အလွန်နည်းပါးသော သူတို့က ယင်းကို သဘောပေါက်ကြပြီး ဖြစ်သည်။ ထိုသို့ဖြင့် လူက စာတန်ကို မုန်းတီးစက်ဆုပ်ပြီး ဇာတိပကတိကို စက်ဆုပ်သော်လည်း၊ စာတန်၏ စွမ်းအား၏ ထိခိုက်ခြင်းမှ မိမိကိုယ်ကို မည်သို့ဖယ်ရှားရမည်ကို မသိပေ။ ယနေ့တွင် သင်တို့သည် စာတန်၏ တန်ခိုးအောက်တွင် ရှိနေသေးသည် မဟုတ်လော။ သင်သည် ဆိုးညစ်ပြီး ပုန်ကန်သည်ကို ခံစားသိရှိရန် မဆိုထားနှင့် သင်၏ ပုန်ကန်တတ်သော အပြုအမူများကိုပင် နောင်တမရကြပေ။ ဘုရားသခင်အား ဆန့်ကျင်ပြီးနောက် သင်သည် စိတ်ငြိမ်သက်မှုပင် ရှိကြပြီး ကြီးမားသော တည်ငြိမ်အေးချမ်းမှုကို ခံစားကြရသည်။ သင်၏ တည်ငြိမ်အေးချမ်းမှုသည် သင် ဖောက်ပြန်ပျက်စီးသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤစိတ်ငြိမ်သက်ခြင်းသည် သင်၏ ပုန်ကန်ခြင်းမှလာခြင်း မဟုတ်လော။ လူသည် လူ့ငရဲတွင် အသက်ရှင်သည်၊ စာတန်၏ မှောင်မိုက်သော စွမ်းအောက်တွင် သူ အသက်ရှင်သည်။ တစ္ဆေများသည် လူ၏ အသွေးအသားအပေါ် နယ်မြေအနှံ့ ကျူးကျော်ရင်း လူသားများနှင့် အတူနေထိုင်ကြလေသည်။ ကမ္ဘာမြေပေါ်တွင် သင်သည် လှပသော သုခဘုံတစ်ခုတွင် အသက်မရှင်ပေ။ သင်ရှိနေသည့်နေရာသည် နတ်ဆိုးတို့၏နယ်ပယ်၊ လူ့ငရဲတစ်ခု၊ မြေအောက်ကမ္ဘာတစ်ခု ဖြစ်ပေသည်။ လူသည် သန့်ရှင်းစေခြင်းမခံရပါက၊ သူသည် ညစ်ညူးခြင်း ရှိပေသည်။ သူသည် ဘုရားသခင်အားဖြင့် ကွယ်ကာခံရကာ စောင့်ရှောက်ခံရခြင်း မရှိပါက၊ သူသည် စာတန်၏အကျဉ်းသားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ အကယ်၍ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မခံရပါက စာတန်၏ မှောင်မိုက်စွမ်းအား၏ ဖိနှိပ်မှုကို လွတ်မြောက်ခြင်းငှာ နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ သင်ထုတ်ပြသသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် သင် အသက်ရှင်နေထိုင်သည့် ပုန်ကန်သော အပြုအမူတို့သည် စာတန်၏ တန်ခိုးအောက်တွင် သင် အသက်ရှင်နေဆဲ ဖြစ်သည်ကို သက်သေပြရန် လုံလောက်ပေသည်။ သင့်စိတ်နှင့် အတွေးများသည် သန့်ရှင်းစေခြင်းမခံရသေးသကဲ့သို့၊ သင်၏ စိတ်သဘောထားသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မခံရသေးပါက၊ သင်၏ ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ တန်ခိုးဖြင့် ထိန်းချုပ်ခံရဆဲ ဖြစ်သည်၊ သင့်စိတ်သည် စာတန်၏ ထိန်းချုပ်ခြင်းခံရသည်၊ သင့်အတွေးများသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းခံရပြီး၊ သင့်ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ လက်များဖြင့် ထိန်းချုပ်ခံရပေသည်။...သင်သည် စုံလင်စေခြင်းခံရရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏အမှုကို သင် နားလည်ရမည်။ အထူးသဖြင့် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ အရေးပါမှုနှင့် ဤအမှုကို လူသားအပေါ် အဘယ်ကြောင့် လုပ်ဆောင်ရသည်ကို နားလည်ရမည်။ သင်သည် ဤအမှုကို လက်ခံနိုင်ပါသလော။ ဤပြစ်တင်ဆုံးမခြင်းမျိုးအတောအတွင်းတွင်၊ သင်သည် ပေတရုကဲ့သို့ တူညီသည့်အတွေ့အကြုံနှင့် အသိပညာတို့ကို စွမ်းဆောင် ရရှိနိုင်သလော။ အကယ်၍ သင်သည် ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် အသိပညာကို လိုက်စားပါက၊ ပြီးလျှင် သင့်စိတ်သဘောထား၌ ပြောင်းလဲမှုများကို သင် လိုက်စားပါက၊ သင်သည် စုံလင်စေခြင်းခံရဖို့ အခွင့်အရေး ရှိပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သူ၏ရှုတ်ချ၊ ပြစ်တင်၊ တရားစီရင်၊ ဆုံးမခြင်းများသည်သင့်ကိုယ်သင်သိနိုင်ဖို့၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။ အကယ်၍ သင်သည် နိမ့်ကျသော အဆင့်အတန်း ရှိကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးကာ ပုန်ကန်တတ်ကြောင်းကိုသာလျှင် သင် သိသော်လည်း၊ ယနေ့ သင့်အထဲတွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားစေရန် ဆန္ဒရှိသည်ကို သင် မသိပါက၊ သင်သည် ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ အမှုအရာများကို တွေ့ကြုံရန် မဖြစ်နိုင်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင် ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်၊ လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန် သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် အရှုံးပေးအပ်နှံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး၊ အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အလို့ငှာ လူသားက ဆောင်ရွက်ရမည့် အရာတစ်ခု ဖြစ်သည်။ လူ၏အမြင်တွင်၊ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ မဖြစ်နိုင်ပေ။ ကယ်တင်ခြင်းသည် သနားကရုဏာ၊ မေတ္တာကျေးဇူးတော်၊ ထို့အပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များအပြင် ဘုရားသခင် အပ်နှင်းသည့် အကန့်အသတ်မဲ့ ကောင်းချီးမင်္ဂလာများ ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်က လူကို ကယ်တင်သည့်အခါတွင် ၎င်းတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ဖြင့် တို့ထိခြင်းအားဖြင့် ထိုသို့လုပ်ဆောင်သည်ဟု လူတို့က ယုံကြည်ကြသည်။ ယင်းမှာ လူအား သူ၏တို့ထိခြင်းသည် ၎င်းတို့အား သူ၏ ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ဤကယ်တင်ခြင်းမျိုးကို အပေးအယူ ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသည် ဘုရားသခင်၏ နာမရှေ့မှောက်သို့ အရှုံးပေးအပ်နှံလာလိမ့်မည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရည်ရွယ်သည့်အရာ မဟုတ်ပေ။ ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်ကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ သနားကရုဏာ သို့မဟုတ် မေတ္တာကျေးဇူးတော် မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့။ ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ အပြစ်တင်ဝေဖန်သည့် နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ ခံစားချက်မဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ခေတ်တွင် အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားမည်ဖြစ်စေ၊ လူအမျိုးစုံသည် ထုတ်ဖော်ခြင်းခံရမည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များနှင့် အလုပ်အားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ်ချစ်သောသူတို့ကို ကယ်တင်ရန်ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သင့်၏
ဖောက်ပြန်ပျက်စီးခြင်းမှ သန့်စင်သွားရန်နှင့် သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုကို ကြုံရဖို့ သင် ဆန္ဒရှိပါက၊ သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိခြင်းတို့ ရှိရမည်။ သမ္မာတရားကို လက်ခံခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာတရားကို လက်ခံခြင်း ဆိုသည်မှာ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး မဆိုရှိပါစေ၊ သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ မည်သည့် အဆိပ်များ၊ စာတန်၏ အဆိပ်များက သင်၏ သဘာဝဗီဇထဲတွင် ရှိသည်ဖြစ်စေ၊ ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်သည့်အခါ သင် ဝန်ခံပြီး နာခံသင့်သည်၊ ကွဲပြားသည့် ရွေးချယ်မှုတစ်ခုကို သင် ပြု၍မရသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း မိမိကိုယ်ကို သိရှိသင့်သည်ဟု ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်းဟု ဆိုလိုပေသည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ မိန့်မြွက်ချက်များက မည်မျှပြင်းထန်သည် ဖြစ်စေ၊ ပြီးလျှင် မည်သည့်စကားများကို အသုံးပြုသည် ဖြစ်စေ၊ သူပြောသည့်အရာသည် သမ္မာတရား ဖြစ်သရွေ့ ယင်းကို သင် လက်ခံနိုင်ပြီး၊ လက်တွေ့အရှိတရားနှင့် ကိုက်ညီသရွေ့ ယင်းတို့ကို သင် အသိအမှတ်ပြုနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်မျှ နက်နက်ရှိုင်းရှိုင်း နားလည်သည်ကို ပဓာနမထားဘဲ ၎င်းတို့ကို သင် နာခံနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က ထုတ်ဖော်ပြပြီး ညီအစ်ကို မောင်နှမများက မိတ်သဟာယဖွဲ့ကြသည့် အလင်းကို သင် နာခံလေသည်။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အဆင့်တစ်ခုထိ ရှာဖွေလိုက်စားပြီးသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သမ္မာတရားကို မချစ်သော လူတို့သည် လူသားသဘာဝ အနည်းငယ်မျှ ရှိကြလျှင်ပင်၊ ကောင်းမှုအချို့ လုပ်ဆောင်နိုင်ကြပြီး၊ ဘုရားသခင်အတွက် စွန့်လွှတ်ကာ အသုံးခံနိုင်လျှင်ပင်၊ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်ကာ သမ္မာတရားကို လေးလေးနက်နက် သဘောမထားကြချေ။ ထို့ကြောင့် ၎င်းတို့၏ အသက်စိတ်သဘောထားသည် မည်သည့်အခါမျှ မပြောင်းလဲပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း
သင်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံသည်နှင့်အမျှ လူ၏ သဘာဝ အနှစ်သာရကို ဖော်ထုတ်သည့် သူ၏ နှုတ်ကပတ်တော်များကို ပထမဦးစွာ သင် လက်ခံရမည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို သင် ရှင်းလင်းစွာ မြင်နိုင်ပါက၊ ပြီးလျှင် သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိလာပါက ဤသည်မှာ ကယ်တင်ခြင်း ရရှိရန် သင့်အတွက် ရှေ့ဆက်ခရီးလမ်း မဟုတ်လော။ လူကို တရားစီရင်ပြီး ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို သင် ချဉ်းကပ်သည့်ပုံစံသည် အရေးပါလှ၏။ ဦးစွာပထမ လူ၏ သဘာဝကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် တွေးဆကာ နားလည်ရမည်။ ဘုရားနှုတ်ကပတ်တော်များ ဖော်ထုတ်သည့် အရာသည် သင်၏ တကယ့် အခြေအနေနှင့် လုံးဝ ကိုက်ညီသည်ဟု သင် ရှင်းလင်းစွာ မြင်နိုင်ပါက သင်သည် အကျိုးကျေးဇူး ခံစားရလိမ့်မည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း ပြီးစီးသည့်အခါ ထိုနှုတ်ကပတ်တော်များကို အခြားသူများနှင့် နှိုင်းယှဉ်လေ့ရှိကြ၏။ ထိုနှုတ်ကပတ်တော်များက အခြားသူများကို ရည်ရွယ်ကြောင်းနှင့် ဘုရားပြောဆိုထားသည့် နှုတ်ကပတ်တော်များသည် မည်မျှ ပြင်းထန်နိုင်သည်ဖြစ်စေ ၎င်းတို့နှင့် ဘာမျှပတ်သက်ခြင်းမရှိဟု အမြဲ တွေးထင်ကြသည်။ ဤသည်မှာ ဒုက္ခပေးတတ်၏။ ဤလူစားမျိုးသည် သမ္မာတရားကို လက်မခံချေ။ သို့ဆိုလျှင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များ တစ်ခုတလေကို သင် ဖတ်ရှုသည့်အခါတိုင်းတွင် ထိုနှုတ်ကပတ်တော်များကို သင်ကိုယ်တိုင်နှင့် အမြဲ နှိုင်းယှဉ်ကြည့်သင့်သည်၊ ထိုနှုတ်ကပတ်တော်များအား သင်၏ ကိုယ်ပိုင်အခြေအနေ၊ သင်၏ ကိုယ်ပိုင် အတွေး၊ ရှုထောင့်အမြင်များနှင့် ပြန်လှန်ညွှန်းသင့်ပြီး သင်၏ ကိုယ်ပိုင် အပြုအမူများနှင့် ပြန်လှန်ညွှန်းသင့်သည်။ သင်သည် ထိုနှုတ်ကပတ်တော်များနှင့် အမှန်တကယ် နှိုင်းယှဉ်နိုင်ပြီး သင်၏ ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ပါက ဤသို့ဖြင့် သင်သည် အကျိုးကျေးဇူး ခံစားရလိမ့်မည်။ ထို့နောက် သင်နားလည်သည့် သမ္မာတရား၏ စစ်မှန်မှုကို အခြားသူများအား သွားကူညီရန် အသုံးပြုသင့်သည်။ ၎င်းတို့ သမ္မာတရားကို နားလည်ပြီး ပြဿနာများကို ဖြေရှင်းရန် ကူညီလော့၊ ၎င်းတို့ ဘုရားသခင် ရှေ့မှောက်သို့ လာပြီး သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်ခံရန် ကူညီလော့။ ဤအရာက အခြားသူများအတွက် ချစ်ခြင်းမေတ္တာကို ပြသပြီး ထိုအရာမှ အကျိုးကျေးဇူး သင် ခံစားနိုင်သည်။ ယင်းသည် သင့်ကိုရော အခြားသူများကိုပါ အကျိုးပြုသည်၊ နှစ်ဖက်အကျိုးပြုသည့်အရာတစ်ခု ဖြစ်၏။ ဤသို့ပြုမူဆောင်ရွက်ခြင်းသည် ဘုရားသခင်၏ အိမ်တော်၌ သင့်ကို အသုံးဝင်သောလူတစ်ဦး ဖြစ်စေသည်။ ထိုသို့သော သမ္မာတရား စစ်မှန်မှုကို သင် ပိုင်ဆိုင်ပါက သင်သည် ဘုရားသခင်အတွက် သက်သေခံနိုင်ပေသည်။ ထိုအခါ သင်သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိသည် မဟုတ်လော။ လူတို့ကို ဘုရားသခင်ဖော်ထုတ်သည့် နှုတ်ကပတ်တော်များ၏ သတိပေးချက်ကို လက်ခံကာ ကျိုးနွံနာခံရန် အလားတူ နည်းလမ်းကို သင် အသုံးပြုသင့်ပြီး ထို့နောက်တွင် သင့်ကိုယ်သင် စိစစ်ကာ သိရှိလာသင့်သည်။ သင်တို့ကိုယ်သင်တို့ ဤနည်းအားဖြင့် မည်သို့နှိုင်းယှဉ်ရမည်ကို သင်တို့ သိကြသလော။ (အနည်းငယ်သိပါသည်။) သင်သည် စာတန်ဖြစ်ကြောင်း၊ နတ်ဆိုးဖြစ်ကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြောင်းနှင့် သူ့ကို သင် အတိုက်အခံ လုပ်ကြောင်း ဘုရားသခင် ပြောဆိုပါက သင်သည် ဤသာ၍ ကြီးမားသည့် ကိစ္စများနှင့် သင့်ကိုယ်သင် နှိုင်းယှဉ်နိုင်ပေသည်။ သို့ရာတွင် သင် မည်သည့်လူစားမျိုးဖြစ်သည်ဆိုသည်ကို သေချာအောင် လေ့လာစိစစ်ရန် သူ၏ နှုတ်ကပတ်တော်များက အခြားအခြေအနေတစ်ခုခုနှင့် ပွင့်အံထွက်မှုများကို ကိုင်တွယ်သည့်အခါ ထိုနှုတ်ကပတ်တော်များနှင့် သင့်ကိုယ်သင် မနှိုင်းယှဉ်နိုင်သကဲ့သို့ ထိုနှုတ်ကပတ်တော်များကို သင် လက်မခံနိုင်ပေ။ ဤသည်မှာ အလွန် ဒုက္ခပေးတတ်၏။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိရှိခြင်းမရှိဟု ဆိုလိုပါသည်။) သင်သည် မိမိကိုယ်ကို အမှန်တကယ် မသိသကဲ့သို့ သမ္မာတရားကို လက်မခံပေ၊ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် “လောက်”၊ “ညစ်ညူးသည့် မကောင်းဆိုးဝါးများ”၊ “တစ်ပြားမှမတန်”၊ “အမှိုက်”နှင့် “အသုံးမကျသူ” ကဲ့သို့သော လူတို့ကို ဖော်ထုတ်ရန် ဘုရားသခင် အသုံးပြုသည့် စကားလုံးများကို တဖြည်းဖြည်း နားလည်လာကြရန် လိုအပ်သည်။ လူတို့ကို ဖော်ထုတ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ ၎င်းတို့ကို ရှုတ်ချရန် ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာ ဖြစ်သနည်း။ (လူတို့အား မိမိတို့ကိုယ်ကို သိရှိစေရန်နှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားရန် ဖြစ်သည်။) မှန်ပေ၏။ ဤအရာများကို ဖော်ထုတ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ သင့်အား သင့်ကိုယ်သင် သိခွင့်ပေးရန်၊ ထိုသို့ဖြစ်နေစဉ်တွင် သမ္မာတရားကို ရရှိပြီး သူ၏ ရည်ရွယ်ချက်များကို သိနားလည်ခွင့်ပေးရန် ဖြစ်သည်။ ဘုရားသခင်က သင့်ကို လောက်တစ်ကောင်အဖြစ်၊ နိမ့်ကျသည့် လူတစ်ဦးအဖြစ်၊ အသုံးမကျသူအဖြစ် ဖော်ထုတ်ပါက သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သင်က “ဘုရားသခင်သည် ကျွန်ုပ်ကို လောက်တစ်ကောင်ဟု ပြောသောကြောင့် ကျွန်ုပ် လောက်တစ်ကောင်ဖြစ်လိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်ကို အသုံးမကျသူဟု ပြောသောကြောင့် ကျွန်ုပ် အသုံးကျလိမ့်မည် မဟုတ်။ ကျွန်ုပ် တစ်ပြားမှမတန်ဟု ဘုရားသခင် ပြောသောကြောင့် ကျွန်ုပ်သည် တန်ဖိုးမဲ့သည့် အမှိုက်တစ်စ ဖြစ်လိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်ကို ညစ်ညူးသော မကောင်းဆိုးဝါးဖြစ်သည်၊ စာတန်ဖြစ်သည်ဟု ပြောသောကြောင့် ကျွန်ုပ်သည် ညစ်ညူးသော မကောင်းဆိုးဝါး ဖြစ်လိမ့်မည်၊ စာတန် ဖြစ်လိမ့်မည်”ဟု ဆိုကောင်းဆိုမည်။ ဤသည်မှာ သမ္မာတရားကို ရရှိရန် နည်းလမ်းဖြစ်သလော။ (မဟုတ်ပါ။) ဤစကားများကို ပြောဆိုရာတွင် ဘုရားသခင်၏ ရည်မှန်းချက်၊ သူ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဖော်ထုတ်ခြင်းအားလုံးတွင် သူ၏ နောက်ဆုံး ရည်မှန်းချက်မှာ လူတို့အား သူ၏ ရည်ရွယ်ချက်များကို နားလည်ခွင့်ပေးရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် သူ့ကို ကျိုးနွံနာခံခြင်း လမ်းကြောင်းပေါ် ခြေလှမ်းခွင့်ပေးရန် ဖြစ်သည်။ ဤလမ်းကြောင်းကို လူတို့ လျှောက်လှမ်းသည့်အခါတွင် ဘုရားသခင်ကို ၎င်းတို့ အမြဲ အထင်လွဲပါက၊ သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ၎င်းတို့ မကြာခဏဆိုသလို အပြည့်အဝ လက်မခံနိုင်ပါက၊ ပြီးလျှင် ၎င်းတို့၏ ပုန်ကန်တတ်ခြင်းသည် အလွန်ကြီးမားပါက မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်သနည်း။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာရမည်၊ သူ၏ စိစစ်ခြင်းကို လက်ခံရမည်၊ သူ့အား ထပ်တလဲလဲဖြစ်သော စမ်းသပ်မှုနှင့် စစ်ဆေးမှုတစ်လျှောက် သင့်ကို ဦးဆောင်ခွင့်ပေးရမည်ဖြစ်ပြီး သင့်ကို သန့်စင်စေရန် အခြေအနေများကို စီစဉ်ခွင့်ပေးရမည်။ လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းသည် အလွန်နက်ရှိုင်း၏၊ ၎င်းတို့သည် မိမိတို့ကို သန့်စင်စေရန် ဘုရားသခင်ကို လိုအပ်သည်။ လူတို့သည် ဤအရာကို လုပ်ဆောင်လိုစိတ်မရှိပါက၊ သက်သောင့်သက်သာဖြစ်ခြင်းများ၌ အမြဲ မွေ့လျော်ပါက၊ ၎င်းတို့သည် အမြဲ နားဝေတိမ်တောင်ဖြစ်ပါက၊ ပြီးလျှင် သမ္မာတရားကို လုံးဝ မရှာဖွေပါက ၎င်းတို့၏ သမ္မာတရားကို ရရှိခြင်း မျှော်လင့်ချက်သည် အလွန်နည်းပါးပေသည်။ လူတို့၏ စိတ်နှလုံး အတွင်းကျကျနေရာများကို ဘုရားသခင်၏ စိစစ်ခြင်းနှင့်ဆိုင်သည့် လက်တွေ့ကျသော သရုပ်သကန်များစွာ ရှိ၏။ ယင်းတို့ကို ဘုရားသခင် ဖော်ထုတ်သည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲရှိ အမှုအရာများစွာမှ မြင်နိုင်ပေသည်။ လူ၏ သဘာဝ အနှစ်သာရအတွင်းရှိ အမှုအရာများကို ဘုရားသခင်သာ မြင်နိုင်၏။ ထို့ကြောင့် သင်သည် ဘုရားနှုတ်ကပတ်တော်များကို နားမထောင်ပါက သင့်ကို ဘုရားသခင်ပြောသည့် နည်းလမ်းအတိုင်း အသက်မရှင်သကဲ့သို့ သူ့ကို မယုံကြည်ပါက သို့မဟုတ် သင့်ကို သူ ပြောသည့်နည်းလမ်းဖြင့် မိမိတာဝန်ကို မလုပ်ဆောင်ပါက သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်သည့် လမ်းကြောင်းပေါ် အစပြုရန် ဖြစ်နိုင်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် အစပြုနိုင်မည်မဟုတ်သကဲ့သို့ သင့်အတွက် ကယ်တင်ခြင်းရရှိရန် အလွန်ခက်ခဲပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု
ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံသောအခါ ဒုက္ခ၊ သို့မဟုတ် နာကျင်မှုကို မကြောက်နှင့်။ ထို့အပြင် ဘုရားနှုတ်ကပတ်တော်များက သင်တို့၏ စိတ်နှလုံးကို ထိုးဖောက်ပြီး သင်တို့၏ အကျည်းတန်သော အခြေအနေများအား ဖော်ထုတ်မည်ကို မကြောက်နှင့်။ ဤအရာများကို ဒုက္ခခံရသည်မှာ အကျိုးရှိသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် လူများကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဘုရားနှုတ်ကပတ်တော်များ၊ အထူးသဖြင့် လူသားမျိုးနွယ် ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်သင့်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင်၏ လက်တွေ့အခြေအနေနှင့် ပို၍ နှိုင်းယှဉ်ကြည့်သင့်ပြီး သင့်ကိုယ်သင်အပေါ်တွင် ပို၍ ဆက်စပ်သင့်ကာ အခြားလူများအပေါ်တွင် အသုံးချခြင်းကို လျှော့သင့်၏။ ဘုရားသခင် ဖော်ထုတ်သည့် အခြေအနေအမျိုးအစားများသည် လူတိုင်းတွင် တည်ရှိသည်။ အားလုံးကို သင့်ထံတွင် တွေ့ရှိနိုင်သည်။ ဤအရာကို သင်မယုံကြည်လျှင် တွေ့ကြုံခံစားဖို့ ကြိုးစားကြည့်လော့။ သင်တွေ့ကြုံခံစားလေလေ၊ သင့်ကိုယ်သင် သိလေလေဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များက အလွန်တိကျသည်ဟု ခံစားရလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ လူအချို့သည် ထိုနှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ကိုအဖို့ ဆက်စပ်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့က ဤနှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းများသည် ၎င်းတို့နှင့် မပတ်သက်ဘဲ၊ ယင်းအစား အခြားလူများနှင့် ပတ်သက်သည်ဟု ထင်ကြ၏။ ဥပမာအားဖြင့်၊ ဘုရားသခင်က လူတို့ကို ယေဇဗေလများနှင့် ပြည့်တန်ဆာများအဖြစ် ဖော်ထုတ်သည့်အခါတွင် ညီအစ်မအချို့က ၎င်းတို့သည် ၎င်းတို့၏ လင်ယောက်ျားများကို မလွဲမသွေ သစ္စာရှိကြပြီးဖြစ်သောကြောင့် ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ရည်ညွှန်းခြင်း ဖြစ်ရမည်မဟုတ်ဟု ခံစားရသည်။ ညီအစ်မ အချို့က ၎င်းတို့အနေဖြင့် အိမ်ထောင်မပြုကြသကဲ့သို့ မည်သည့်အခါတွင်မျှ လိင်ဆက်ဆံခြင်းမရှိဖူးသည့်အတွက် ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့နှင့်လည်း ပတ်သက်မည်မဟုတ်ဟု ခံစားကြလေသည်။ ညီအစ်ကို အချို့က ဤနှုတ်ကပတ်တော်များသည် အမျိုးသမီးများကိုသာ ရည်ရွယ်ထားပြီး ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိဟု ထင်ကြသည်။ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော် ဖော်ထုတ်ချက်များသည် အလွန်ပြင်းထန်သည်၊ လက်တွေ့အရှိတရားနှင့် မကိုက်ညီဟုယုံကြည်ကြသောကြောင့် ထိုနှုတ်ကပတ်တော်များကို လက်ခံဖို့ ငြင်းဆန်ကြသည်။ အချို့ဖြစ်ရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တိကျမှန်ကန်ခြင်းမရှိဟု ပြောဆိုသော လူများပင် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ရှိသင့်သော မှန်ကန်သည့် သဘောထား ဖြစ်ပါသလော။ ဤသည်မှာ သိသိသာသာပင် မှားယွင်းသည်။ လူအားလုံးသည် ၎င်းတို့၏ ပြင်ပအပြုအမူများပေါ် အခြေခံပြီး မိမိတို့ကိုယ်ကို ရှုမြင်ကြ၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအတွင်းမှ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ဖို့၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိမြင်လာဖို့ မတတ်နိုင်ကြပေ။ ဤတွင် “ယေဇဗေလ” နှင့် “ပြည့်တန်ဆာများ” သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၊ ညစ်ညမ်းခြင်း၊ လူတကာနှင့်လိင်ဆက်ဆံခြင်း အနှစ်သာရကို ရည်ညွှန်းသည်။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ အိမ်ထောင်ရှိသူဖြစ်စေ အိမ်ထောင်မရှိသူ ဖြစ်စေ၊ အယောက်တိုင်းသည် လိင်မှုထွေပြားခြင်းနှင့်သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော အတွေးများရှိကြ၏။ သို့ဆိုလျှင် ယင်းသည် သင်နှင့် မည်သို့မျှ မပတ်သက်ဘဲ ရှိနိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်၏။ အမျိုးသား ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်ဦးတစ်ယောက်၏ ဖောက်ပြန်ပျက်စီးခြင်း အဆင့်သည် တူညီပေသည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ ဘုရားသခင်ပြောဆိုသမျှသည် သမ္မာတရားဖြစ်သည်၊ အမှန်တရားများနှင့် ကိုက်ညီသည်၊ လူတို့ကို တရားစီရင်ပြီး ဖော်ထုတ်သည့် သူ၏ နှုတ်ကပတ်တော်များသည် မည်မျှ ပြင်းထန်ပါစေ၊ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယပြုသည့်၊ လူတို့ကို တိုက်တွန်းသည့် သူ၏ နှုတ်ကပတ်တော်များသည် မည်မျှသိမ်မွေ့ပါစေ၊ သူ၏နှုတ်ကပတ်တော်များသည် တရားစီရင်ခြင်းဖြစ်စေ၊ ကောင်းချီးများဖြစ်စေ၊ ရှုတ်ချခြင်းဖြစ်စေ၊ ကျိန်ဆဲခြင်းဖြစ်စေ ပြီးလျှင် ၎င်းတို့က လူများကို ခါးသီးသော ခံစားမှုကို ပေးသည်ဖြစ်စေ၊ ချိုမြိန်သော ခံစားမှုတစ်ခုကို ပေးသည်ဖြစ်စေ လူတို့က ထိုနှုတ်ကပတ်တော်များကို လက်ခံရမည်ကို ငါတို့ ဦးစွာပထမ သဘောပေါက်ထားရမည်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ငါတို့ ရှိသင့်သည့် သဘောထား ဖြစ်သည်။ ဤသည်မှာ မည်သို့သောသဘောထားမျိုး ဖြစ်သနည်း။ ယင်းသည် ဆက်ကပ်မှုရှိသော သဘောထား၊ ရိုသေကိုင်းရှိုင်းသော သဘောထား၊ သည်းခံမှုရှိသော သဘောထား သို့မဟုတ် ဆင်းရဲဒုက္ခကို ပွေ့ဖက်သည့် သဘောထား တစ်ခုလော။ သင်သည် အတော်အတန် စိတ်ရှုပ်ထွေးနေသည်။ သင့်ကိုငါပြောသည်၊ ဤအရာများထဲမှ တစ်ခုမျှမဟုတ်ပေ။ လူတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း အတည်ပြုရမည်။ ၎င်းတို့သည် သမ္မာတရား ဖြစ်သောကြောင့် လူတို့သည် ၎င်းတို့ကို အသိစိတ်ဖြင့် လက်ခံသင့်သည်။ လူတို့သည် ၎င်းကို လက်ခံနိုင်ခြင်း သို့မဟုတ် အသိအမှတ်ပြုနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတို့၏ ပထမ သဘောထားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခြွင်းချက်မရှိ လက်ခံခြင်း ဖြစ်သင့်သည်။ ဘုရားနှုတ်ကပတ်တော်က သင်တို့ထဲမှ တစ်ယောက်ကို ဖြစ်စေ၊ အားလုံးကိုဖြစ်စေ မဖော်ထုတ်လျှင် မည်သူကို ဖော်ထုတ်သနည်း။ သင့်ကို ဖော်ထုတ်ရန်မဟုတ်လျှင် ထိုနှုတ်ကပတ်တော်ကို လက်ခံရန် အဘယ်ကြောင့် သင့်ကို တောင်းဆိုသနည်း။ ဤသည်မှာ ဆန့်ကျင်ကွဲလွဲနေခြင်း မဟုတ်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ခုလုံးကို စကားပြောသည်။ ဘုရားသခင်က မိန့်မြွက်သော စာကြောင်းတိုင်းသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ဖော်ထုတ်သည်။ မည်သူကမျှ လွတ်ငြိမ်းခွင့်မရပေ။ ဤအတွက်ကြောင့် သင်လည်း အလိုအလျောက်ပါဝင်သည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ စာကြောင်းတစ်ကြောင်းကမျှ ပြင်ပစည်းမျဉ်းစည်းကမ်းတစ်ခုအကြောင်း၊ သို့မဟုတ် လူတို့တွင်ရှိသည့် ရိုးရှင်းသော အပြုအမူပုံစံတစ်ခုအကြောင်းဖြစ်ဖို့ မဆိုထားနှင့်၊ ပြင်ပအသွင်အပြင်များ၊ သို့မဟုတ် အခြေအနေအမျိုးအစားတစ်ခု အကြောင်းပင် မဟုတ်ပေ။ ၎င်းတို့သည် ထိုကဲ့သို့ မဟုတ်ပေ။ ဘုရားသခင် မိန့်မြွက်သော စာကြောင်းတိုင်းကို လူသား၏ ရိုးရှင်းသော အပြုအမူအမျိုးအစားတစ်ခုကိုသာ ဖော်ထုတ်ချက်အဖြစ် သို့မဟုတ် အပြင်ပန်း သွင်ပြင်တစ်ခုအဖြစ် သင် ထင်မြင်လျှင်၊ သင်သည် ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသကဲ့သို့ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင် မသိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လေးနက်မှုကို လူတို့ခံစား၍ ရနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များက မည်သို့လေးနက်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ပြီး သူတို့၏ အသက်တာများအတွင်း ပဓာနကျပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သော အကြောင်းအရာတို့ကို ဖော်ထုတ်သည်။ ၎င်းတို့သည် ပဓာနကျသောအရာများဖြစ်ပြီး အပြင်ပန်း သွင်ပြင်များ မဟုတ်သကဲ့သို့ အထူးသဖြင့် အပြင်ပန်း အပြုအမူများ မဟုတ်ပေ။ လူတို့ကို ၎င်းတို့၏ အပြင်ပန်း သွင်ပြင်များမှ ရှုမြင်သည့်အခါ၊ ၎င်းတို့အားလုံး သည် လူကောင်းများဖြစ်သည်ဟု ထင်ရသည်။ သို့ဆိုလျှင် လူအချို့သည် ဆိုးညစ်သော ဝိညာဉ်ဆိုးများဖြစ်ပြီး အချို့မှာ ညစ်ညူးသော ဝိညာဉ်များဖြစ်သည်ဟု ဘုရားသခင်က အဘယ်ကြောင့် ပြောပါသနည်း။ ဤသည်မှာ သင်အဖို့ မြင်သာသော ကိစ္စရပ်တစ်ခုမဟုတ်ပေ။ ထို့ကြောင့် လူသား အယူအဆများ၊ စိတ်ကူးများအရ သို့မဟုတ် လူသား တစ်ဆင့်စကားအရ၊ ဧကန်မုချ အာဏာရ ပါတီ၏ ထုတ်ပြန်ချက်များအရ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောမထားရပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ခုတည်းသာ သမ္မာတရားဖြစ်သည်။ လူသား၏ စကားများသည် အတွေးမှားခြင်းသာ ဖြစ်သည်။ ထိုသို့ မိတ်သဟာယပြုခံရပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်တို့၏ သဘောထား၌ ပြောင်းလဲမှုတစ်ခုကို သင်တို့ တွေ့ကြုံပြီးပြီလော။ အပြောင်းအလဲက မည်မျှ ကြီးမားသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ၊ လူတို့ကို တရားစီရင်ပြီး ဖော်ထုတ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နောက်တစ်ကြိမ် သင်တို့ ဖတ်ရှုသည့်အခါတွင် သင်သည် အနည်းဆုံး ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် ပြောဆိုဖို့ မကြိုးစားသင့်ပေ။ သင်က၊ “လူများအပေါ် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖော်ထုတ်ချက်များသည် တကယ်ကိုပြင်းထန်သည်။ ဤကျမ်းပိုဒ်ကို ငါ ဖတ်မည်မဟုတ်။ ယင်းကို ကျော်သာကျော်လိုက်မည်။ ကိုယ်စိတ်ချမ်းသာမှုအချို့ တွေ့ရှိဖို့ ဖတ်ရှုရန် ကောင်းချီးမင်္ဂလာများနှင့် ကတိတော်များနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို ရှာပါရစေ” ဟုပြောဆိုပြီး ဘုရားသခင်အကြောင်း ညည်းညူခြင်းကို ရပ်တန့်သင့်သည်။ ဘုရားနှုတ်ကပတ်တော်ကို သင်၏ ကိုယ်ပိုင်လိုအင်ဆန္ဒများအတိုင်း စိတ်ကြိုက်ရွေး၍ မဖတ်သင့်တော့ပေ။ ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့ကို သင်လက်ခံရမည်။ ထိုအခါမှသာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်ခြင်းကို ခံရနိုင်သည်။ ပြီးလျှင် ထိုအခါမှသာ ကယ်တင်ခြင်းကို သင်ရရှိနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို အားထုတ်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်း၏ အရေးပါပုံ
ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော သူတို့သည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်း၌ ကြိုးစား အားထုတ်ကြလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထွက်ပေါ်ချိန်တွင် မိမိကိုယ်ကို ဆင်ခြင်၍ မိမိကိုယ်ကို သိရန် ကြိုးစားကြလိမ့်မည်။ ထို့ပြင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကိုလည်း ရှာဖွေကြလိမ့်မည်။ သမ္မာတရားကိုချစ်သော သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌ မိမိကိုယ်ကို ဆင်ခြင်ခြင်းနှင့် မိမိကိုယ်ကို သိရန် ကြိုးစားခြင်းကို အာရုံစိုက်ကြ၏။ သူ၏နှုတ်ကပတ်တော်များသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် အကျည်းတန်မှုကို ထုတ်ဖော်သည့် မှန်တစ်ချပ်ကဲ့သို့ ဖြစ်ကြောင်း ခံစားမိကြ၏။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ တစ်ဆင့် သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံလာကြပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုလည်း တဖြည်းဖြည်း ဖြေရှင်းကြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခံရခြင်း နည်းပါးလာသည်ကို ၎င်းတို့ မြင်ရသည့်အချိန်တွင်၊ ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ကျိုးနွံနာခံကြသည့်အချိန်တွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှာ များစွာ ပို၍ လွယ်ကူကြောင်းကိုလည်းကောင်း၊ အခက်အခဲများလည်း မရှိတော့ကြောင်းကိုလည်းကောင်း ခံစားရကြလိမ့်မည်။ ဤအချိန်တွင် ၎င်းတို့အတွင်း၌ စစ်မှန်သော ပြောင်းလဲမှုတစ်ခုကို မြင်ကြရလိမ့်မည်။ ပြီးလျှင် “အနန္တတန်ခိုးရှင် ဘုရားသခင်သည် ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ကျေးကျွန်ဘဝနှင့် အချုပ်အနှောင်များမှ ကယ်တင်ခဲ့ပြီး ငါ့အား စာတန်၏စွမ်းအားမှ ကယ်တင်ခဲ့လေပြီ” ဟူသော ဘုရားသခင်အား စစ်မှန်သည့် ချီးမွမ်းခြင်းသည် ၎င်းတို့၏ စိတ်နှလုံး၌ ဖြစ်ပေါ်လာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံရခြင်းမှ ရရှိသည့် အကျိုးရလဒ် ဖြစ်၏။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို မတွေ့ကြုံနိုင်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ မသန့်စင်နိုင်သကဲ့သို့ စာတန်၏စွမ်းအားမှလည်း မလွတ်မြောက်နိုင်ကြပေ။ သမ္မာတရားကို မချစ်ခင်ကြသော လူအများအပြား ရှိကြ၏၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှု၍ တရားဒေသနာများကို ကြားနာကြသည့်တိုင် ထိုနောက်တွင် စကားများနှင့် အယူဝါဒများကိုသာ ပြောဆိုကြ၏။ အကျိုးဆက်အဖြစ် ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာကြသော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကိုမျှ မဖြေရှင်းကြပေ။ ဤလူများသည် ၎င်းတို့ အစဉ်ဖြစ်ခဲ့သည့်ပုံစံအတိုင်း ထူးမခြားနားသော စာတန်များနှင့် နတ်ဆိုးများ ဖြစ်နေကြဆဲဖြစ်၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖြန့်ဝေသရွေ့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်လိမ့်မည်ဟုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်အနည်းငယ်ကို ၎င်းတို့ ရွတ်ဖတ်ပြီး သူ၏နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အခြားသူများနှင့် မိတ်သဟာယပြုသရွေ့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်လိမ့်မည်ဟုလည်းကောင်း၊ များစွာသော စကားများနှင့် အယူဝါဒများကို ၎င်းတို့ ပြောနိုင်သရွေ့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်လိမ့်မည်ဟုလည်းကောင်း၊ ပြီးလျှင် ၎င်းတို့အနေဖြင့် အယူဝါဒများကို နားလည်နိုင်ကာ မိမိကိုယ်ကို ထိန်းချုပ်မှုကို သင်ယူနိုင်သရွေ့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သွားလိမ့်မည်ဟုလည်းကောင်း ၎င်းတို့က ထင်ခဲ့ကြ၏။ အကျိုးဆက်အဖြစ် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက် စိတ်သဘောထားများတွင် မည်သည့် ပြောင်းလဲခြင်းမျှ မရှိကြသေးချေ။ ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မပြောဆိုနိုင်သဖြင့် အံ့အားသင့်ကြ၏။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီးသည့်နောက်တွင် ၎င်းတို့သည် လက်ချည်းဗလာဖြစ်ပြီး မည်သည့်သမ္မာတရားကိုမျှ မရရှိခဲ့သေးဘဲ အချည်းနှီး အသက်ရှင်၍ ဤနှစ်များအားလုံးတွင် အချိန်ဖြုန်းခဲ့ကြခြင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ သဘာဝအနှစ်သာရနှင့် တကယ့် ချို့ယွင်းချက်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုနည်းအားဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ ဘုရားသခင်၏ တောင်းဆိုချက်များကို အလွယ်တကူ ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင် စေလွှတ်သော ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့် ဖော်ထုတ်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကျပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို တိကျစွာ နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူ သိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ ပြီးလျှင် လူသား၏ မျိုးစုံသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေများနှင့် အားနည်းချက်များကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရနှင့် သဘာဝတို့ကိုလည်း သူ သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ အမှုအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်း သူမြင်တွေ့ခဲ့သည်။ သူသည် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို အမှန်တကယ် သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည် လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။ ပေတရုသည် ရာချီသောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့သော်လည်း၊ သူသည် အချည်းနှီး ခံစားခဲ့ရခြင်း မဟုတ်ပါ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့မှ သူ့ကိုယ်သူ နားလည် လာခဲ့ရုံမျှမက ဘုရားသခင်ကိုလည်း သိကျွမ်းလာခဲ့သည်။ ထို့အပြင် သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များအပေါ် အထူးတလည် ဂရုပြုခြင်းဖြင့် သူအာရုံစိုက်ခဲ့သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီရန် လူသားသည် ဘုရားသခင်ကို မည်သည့်ကဏ္ဍများတွင်မဆို ကျေနပ်အားရစေသင့်သည့် အရာ၌ ပေတရုသည် ဤကဏ္ဍများတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်နိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားမှု အပြည့်အဝ ရရှိလေသည်၊ ဤသည်မှာ သူ၏အသက်ဝင်ရောက်မှုနှင့် ပတ်သက်၍ အလွန့်အလွန် အကျိုးပြုခဲ့လေသည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောဆိုခဲ့ပါစေ၊ ထိုနှုတ်ကပတ်တော်များသည် သူ့အသက် ဖြစ်လာနိုင်ပြီး ၎င်းတို့သည် သမ္မာတရားဖြစ်သရွေ့ ပေတရုသည် ယင်းတို့ကို မကြာခဏ ဆင်ခြင်အောက်မေ့ပြီး အရသာခံစားနိုင်ရန် သူ၏နှလုံးသားထက်တွင် ထွင်းထုမှတ်သားထားနိုင်ခဲ့သည်။ ယေရှု၏ နှုတ်ကပတ်တော်များကို ကြားနာပြီးသည့်နောက်တွင် သူသည် ယင်းတို့ကို နှလုံးသွင်းနိုင်ခဲ့သည်၊ ဤအရာက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် အထူးတလည် အာရုံစိုက်ပြီး နောက်ဆုံး၌ သူသည် အကျိုးကျေးဇူးများ အမှန်တကယ် ရရှိခဲ့ကြောင်း ပြသပါသည်။ တစ်နည်းအားဖြင့် ဆိုသော် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုလိုလားလား လက်တွေ့ကျင့်သုံးနိုင်ခဲ့ခြင်း၊ သမ္မာတရားကို တစ်သဝေမတိမ်း ကျင့်ဆောင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဆီလျော်ညီညွတ်စွာ နေနိုင်ခဲ့ခြင်း၊ ဘုရားသခင်၏ အလိုဆန္ဒများနှင့်အညီ လုံးလုံးလျားလျား ကျင့်ကြံနိုင်ခဲ့ခြင်းနှင့် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို စွန့်ပယ်နိုင်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ ဤနည်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခဲ့သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း
ဘုရားသခင်၏ အမှုကို ကြုံတွေ့ရန် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ ပြုပြင်ခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို သင် တွေ့ကြုံရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်အားလုံးကို လက်တွေ့လုပ်ဆောင်ရမည်၊ ဝင်ရောက်ကာ ရရှိရမည်ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ အမှုတော်အား တွေ့ကြုံခြင်းဟု ခေါ်သည်။ ထိုအရာကို တွေ့ကြုံရန် သူနှင့်အတူ ပုံမှန် ဆက်ဆံရေးတစ်ခု ထူထောင်ရမည်၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးဖြင့် အမြဲ ဆုတောင်းကာ သူ့ထံမှ ရှာဖွေရမည်ဖြစ်သည်။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ မည်သည့် အခက်အခဲများကို သင် ရင်ဆိုင်ရသည်ဖြစ်စေ ဘုရားသခင်ကို သင် မှီခိုပြီး အားကိုးရမည်ဖြစ်သည်၊ သင်သည် သူ၏ နှုတ်ကပတ်တော်များ၌ အဖြေများနှင့် လမ်းကြောင်းတို့ကို ရှာဖွေပြီး အမြဲ ဆုတောင်းကာ သူနှင့်အတူ မိတ်သဟာယပြုရမည်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းသည် သူနှင့်အတူ အဆက်အသွယ်ရှိကာ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို ကျိုးနွံနာခံရန်၊ သင့်ထံတွင် ပြဿနာများ သို့မဟုတ် အခက်အခဲများ ရှိသည့်အခါ သူ့ထံ ဆုတောင်းပြီး သူ့ထံမှ ရှာဖွေရန် ဖြစ်သည်။ ဤနည်းဖြင့် အတွေ့အကြုံများစွာ ရှိကာ သမ္မာတရားကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် ဖြစ်ပျက်သည့်အရာများအတွက် ဘုရားနှုတ်ကပတ်တော်များအား မည်သို့ အသုံးပြုရမည်ကို သင် သင်ယူပြီးဖြစ်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုရန် နည်းလမ်းများစွာရှိသည်။ ဥပမာအားဖြင့် အမှုအရာများ ဖြစ်ပျက်သည့်အခါ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းအားဖြင့် ဖြစ်သည်။ ထိုသို့ဖြင့် လူတို့ မည်သို့ ပြုမူဆောင်ရွက်သင့်ပုံ၊ စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် လူတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များက မည်သည့်အရာများ ဖြစ်သည်ဆိုသည်တို့ကို ဘုရားနှုတ်ကပတ်တော်များက မည်သို့ ရှင်းလင်းစွာ ဖော်ပြသည်ကို မြင်လေသည်။ ဤအရာအားလုံးကို သင် သိပြီး ဘုရားသခင်၏ လိုအင်ဆန္ဒများကို နားလည်သည့်အခါ သင်သည် ဘုရားသခင်နှင့်ဆိုင်သည့် အသိနှင့် နားလည်မှုအချို့ ရှိလိမ့်မည်ဖြစ်သည်။ စမ်းသပ်မှုများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် “ထိုသို့သော ကြီးမားသည့် စမ်းသပ်မှုများနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်က မည်သည့်အရာ ပြောသနည်း။ လူတို့ကို ဘုရားသခင် စစ်ကြောခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ အဘယ်ကြောင့် လူတို့ကို သူ စစ်ကြောချင်သနည်း”ဟူသည်တို့ကို ရှာဖွေသင့်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသည်၊ အမြဲ ပုန်ကန်တတ်ပြီး နာခံခြင်းမရှိကြောင်းနှင့် သူ့ကို သင် ကျိုးနွံနာခံခြင်း မရှိဘဲ စဉ်ဆက်မပြတ် စိတ်ကူးများနှင့် အယူအဆများ ရှိကြောင်း၊ ပြီးလျှင် ဘုရားသခင်က စမ်းသပ်မှုများမှတစ်ဆင့် သင့်ကို သန့်စင်စေလိုကြောင်းကို ဘုရားနှုတ်ကပတ်တော်များက ပြောသည်။ မည်သည့်အရာကို သင် တွေ့ကြုံသည်ဖြစ်စေ၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် စမ်းသပ်မှုများဖြစ်စေ၊ ပြုပြင်ခံရခြင်း၊ ဆုံးမပဲ့ပြင်ခံရခြင်းနှင့် အပြစ်ဒဏ်ပေးခံရခြင်းဖြစ်စေ၊ ဘုရားသခင်က သင့်အတွက် မည်သည့် ပတ်ဝန်းကျင်ကို စီစဉ်ပေးသည်ဖြစ်စေ၊ မည်သည့် နည်းလမ်းကို သူ အသုံးပြုသည်ဖြစ်စေ သင်သည် ဘုရားနှုတ်ကပတ်တော်များတွင် အဖြေများနှင့် အခြေခံအကြောင်းရင်းကို အမြဲရှာရမည်ဖြစ်ပြီး သူ၏ ရည်ရွယ်ချက်များနှင့် သင်နှင့်ဆိုင်သည့် တောင်းဆိုချက်များကို ရှာဖွေရမည် ဖြစ်သည်။ ဆိုလိုသည်မှာ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ မည်သည့်အရာ ဘုရားသခင် ပြောဆိုထားပြီးဖြစ်သည်၊ လူတို့အား မည်သို့ လက်တွေ့လုပ်ဆောင်ရန် သူ အလိုရှိသည်၊ လူတို့အပေါ် သူ၏ သတ်မှတ်ချက်များက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် သူ၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို ပထမဆုံး သင် စဉ်းစားရမည်ဖြစ်သည်။ ဤအရာများကို နားလည်လော့။ ပြီးလျှင် ဘုရားသခင်၏ အမှုတော်အား မည်သို့ တွေ့ကြုံရမည်ကို သင် သိရှိလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိရန်နည်းလမ်း
ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားခြင်းတစ်လျှောက်တွင် သင်မည်မျှ ကျရှုံးပြီးဖြစ်ပါစေ၊ လဲကျပြီးဖြစ်ပါစေ၊ ပြုပြင်ခြင်း၊ သို့မဟုတ် ထုတ်ဖော်ခြင်းကို ခံရပြီးဖြစ်ပါစေ ယင်းတို့မှာ မကောင်းသောအရာများ မဟုတ်ပေ။ သင်သည် မည်သို့ ပြုပြင်ခံရသည်ဖြစ်စေ၊ သို့မဟုတ် ယင်းသည် ခေါင်းဆောင်များ၊ အမှုဆောင်များ၊ ညီအစ်ကိုမောင်နှမများအားဖြင့် ဖြစ်စေ ဤအရာအားလုံးသည် ကောင်းသောအရာများဖြစ်သည်။ ဤအရာကို သင် သတိရရမည်။ သင်သည် မည်မျှ ဒုက္ခခံရပါစေ သင်သည် အမှန်တကယ် အကျိုးအမြတ်ရရှိနေခြင်းဖြစ်သည်။ အတွေ့အကြုံရှိသော မည်သူမဆို ဤအရာကို မှန်ကန်ကြောင်း ထောက်ခံနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ပြုပြင်ခံရခြင်း၊ သို့မဟုတ် ထုတ်ဖော်ခံရခြင်းတို့သည် အစဉ်အမြဲ ကောင်းသောအရာတစ်ခုဖြစ်သည်။ ယင်းမှာ ပြစ်တင်ရှုတ်ချခြင်း မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်ပြီး မိမိကိုယ်ကို သိရှိရန် သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်လျှင်၊ သင်၏ စိတ်နှလုံးအတွင်းထဲတွင် ပုန်းကွယ်နေသော ဖောက်ပြန်ပျက်စီးသော အရာများကို ရှာဖွေတွေ့ရှိနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်လျှင် ဤသည်မှာ ကောင်းသည်။ အသက်ဝင်ရောက်မှု၏ အကြီးစားပြဿနာတစ်ခုကို ဤအရာက ဖြေရှင်းပြီးဖြစ်ကာ စိတ်သဘောထား ပြောင်းလဲမှုများအတွက် အလွန်ပင် အကျိုးဖြစ်စေသည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက် သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင်တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး အလွန်စိတ်ထက်သန်စွာ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကို စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင် သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက် ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။
သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်လျှင် နေ့စဉ်ဖြစ်ပျက်မှုများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အလျဉ်းသင့်သလို မဖြစ်သည်ကို သင်ယုံရပါမည်။ ယင်းမှာ တစ်စုံတစ်ဦးက တမင်တကာ သင့်အပေါ် မညှာမတာပြုနေခြင်း၊ သို့မဟုတ် သင့်ကို ပစ်မှတ်ထားနေခြင်း မဟုတ်ပေ၊ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ပြီး စီစဉ်ညွှန်ကြားထားခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာများအားလုံးကို စီစဉ်ညွှန်ကြားသနည်း။ ယင်းမှာ သင် မည်သူဖြစ်သည်ကို ဖော်ထုတ်ပြရန်၊ သို့မဟုတ် သင့်ကို ထုတ်ဖော်ဖို့ရန်နှင့် ဖယ်ရှားရှင်းလင်းဖို့ရန် မဟုတ်ပေ။ သင့်ကို ထုတ်ဖော်ခြင်းမှာ အဆုံးသတ် ရည်မှန်းချက် မဟုတ်ပေ။ ရည်မှန်းချက်မှာ သင့်ကို စုံလင်စေရန်နှင့် ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်သို့စုံလင်စေသနည်း။ ပြီးလျှင် ဘုရားသခင်က သင့်ကို မည်သို့ ကယ်တင်သနည်း။ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုသတိပြုမိစေခြင်း၊ သင်၏သဘာဝအနှစ်သာရ၊ သင်၏ အားနည်းချက်များနှင့် သင်ချို့တဲ့သောအရာတို့ကို သင့်အား သိစေခြင်းအားဖြင့် သူ စတင်သည်။ ဤအရာများကို သိခြင်းနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခုရှိခြင်းအားဖြင့်သာ သမ္မာတရားကို သင်လေ့လာလိုက်စားနိုင်ပြီး သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း စွန့်ပစ်နိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးနေခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာဖြစ်သည်။ ဤအခွင့်အရေးကို မည်သို့အမိအရယူရမည်ကို သင်သိရန် လိုအပ်သည်။ သင်သည် ဘုရားသခင်ကို မဆန့်ကျင်သင့်ပေ။ ဘုရားသခင်နှင့် မလျှော့တမ်းငြင်းခုံခြင်း မပြုသင့်ပေ။ သို့မဟုတ် ဘုရားသခင်ကို နားလည်မှုမလွဲသင့်ပေ။ အထူးသဖြင့် သင်သည် သင့်ပတ်ဝန်းကျင်ရှိ ဘုရားသခင်စီစဉ်ပေးသည့် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများတို့နှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ၊ အမှုအရာများသည် မိမိဖြစ်စေလိုသည့်အတိုင်း မဟုတ်ပါဟု စဉ်ဆက်မပြတ် မခံစားနှင့်။ ယင်းတို့ကို ရှောင်လွှဲဖို့ သို့မဟုတ် ဘုရားသခင်ကို အမြဲ စောဒကတက်ကာ နားလည်မှုလွဲဖို့ စဉ်ဆက်မပြတ် ဆန္ဒမရှိနှင့်။ ထိုအရာများကို သင် စဉ်ဆက်မပြတ် လုပ်ဆောင်နေပါက၊ သင်သည် ဘုရားသခင်၏အမှုကို ကြုံနေရခြင်းမဟုတ်သကဲ့သို့၊ ယင်းက သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ဖို့ရန်အတွက် အလွန်ခက်ခဲစေလိမ့်မည်။ သင်အပြည့်အဝ နားမလည်နိုင်သည့် သင် ကြုံရသော မည်သည့်အရာကိုမဆို၊ အခက်အခဲ ဖြစ်ပေါ်သည့်အခါ၊ ကျိုးနွံနာခံတတ်ရန် သင်ယူရမည်။ သင်သည် ဘုရားသခင်ရှေ့သို့ လာခြင်းနှင့် သာ၍ ဆုတောင်းခြင်းဖြင့် စတင်သင့်သည်။ ထိုနည်းဖြင့် သင်မသိလိုက်မီ သင်၏အတွင်းစိတ် အခြေအနေတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ သင်သည် သင်၏ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခံစားနိုင်လိမ့်မည်။ ဤအရာ ဖြစ်ပျက်သည်နှင့်အမျှ၊ သင့်အထဲ၌ သမ္မာတရားစစ်မှန်မှု ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ သင်တိုးတက် လာမည့်ပုံနှင့် သင့်ဘဝအခြေအနေ၏ အသွင်ပြောင်းလဲမှုကို ကြုံရမည့်ပုံ ဖြစ်သည်။ ဤအပြောင်းအလဲကို သင်ကြုံရပြီး ဤသမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ရင့်ကျက်မှုကိုလည်း သင်ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်ရာတွင် အသက်ကိုလည်း ပင်ကိုအားဖြင့် ပိုင်ဆိုင်ပြီးဖြစ်ပေမည်။ အကယ်၍ လူတစ်ဦးသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားအပေါ် အခြေခံလျက် အမြဲအသက်ရှင်လျှင် သူတို့၌ စိတ်အားထက်သန်မှု၊ သို့မဟုတ် အားထုတ်မှု မည်မျှပင်ရှိပါစေ သူတို့ကို ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် အသက်ကို ပိုင်ဆိုင်သည်ဟု သတ်မှတ်၍ မရနိုင်သေးပေ။ ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းတွင် အမှုပြုပြီး၊ သူ၏နည်းလမ်းမှာ မည်သို့ပင်ဖြစ်စေ၊ မည်ကဲ့သို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သူ၏ အစေခံခြင်းတွင် သူအသုံးချသည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ၏နှုတ်ကပတ်တော်များက မည်သို့သော အသံနေအသံထားမျိုး ရှိပါစေ သူ၌ အဆုံးသတ်ရည်မှန်းချက် တစ်ခုသာလျှင် ရှိသည်။ သင့်ကို ကယ်တင်ရန်ပင်တည်း။ သူသည် သင့်ကို မည်သို့ကယ်တင်သနည်း။ သူသည် သင့်ကို ပြောင်းလဲသည်။ ထို့ကြောင့် သင့်အနေဖြင့် အနည်းငယ်မျှ ဒုက္ခမခံရဘဲ ရှိနိုင်မည်လော။ သင်ဒုက္ခခံရဖို့ လိုလိမ့်မည်သာ ဖြစ်သည်။ ဤဒုက္ခခံခြင်းတွင် အခြေအနေများစွာ ပါဝင်နိုင်သည်။ ရှေးဦးစွာ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံသည့်အခါတွင် ဆင်းရဲဒုက္ခခံရမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်သည် အလွန်ပြင်းထန်ပြီး တိကျပြတ်သားကာ လူတို့သည် ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲသောအခါတွင်၊ အယူအဆများပင်ရှိကြသောအခါတွင် ဤသည်မှာလည်း နာကျင်ဖွယ်ရာဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ရန်၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိစေရန်အတွက် လူတို့အနီးတွင် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထို့နောက်တွင် ၎င်းတို့သည်လည်း အနည်းငယ် ဒုက္ခခံရလိမ့်မည်။ တစ်ခါတစ်ရံတွင် လူတို့သည့် ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို တိုက်ရိုက်ခံရသောအခါ ဒုက္ခခံရမည်ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ခွဲစိတ်ခြင်းခံရသကဲ့သို့ဖြစ်သည်။ ဒုက္ခမရှိလျှင် အကျိုးသက်ရောက်မှုမရှိပေ။ သင်သည် ပြုပြင်ခြင်းကို ခံရသည့်အချိန်တိုင်းနှင့် သင်သည် ပတ်ဝန်းကျင်တစ်ခုကြောင့် ထုတ်ဖော်ခြင်းခံရသည့်အချိန်တိုင်းတွင် ယင်းက သင့်ခံစားမှုများကို နှိုးဆော်ပြီး သင့်ကို မြှင့်တင်မှုတစ်ခုပေးပါက ဤဖြစ်စဉ်မှတစ်ဆင့် သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး သင်၌ ဝိညာဉ်ရင့်ကျက်မှု ရှိလာလိမ့်မည် ဖြစ်သည်။ သင်သည် ပြုပြင်ခြင်းကို ခံရသည့်အချိန်တိုင်းနှင့် ပတ်ဝန်းကျင်တစ်ခု၏ ထုတ်ဖော်ခြင်းကို ခံရသည့် အချိန်တိုင်းတွင် အကယ်၍ သင်သည် နာကျင်မှု၊ သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းတို့ကို မည်သို့မျှမခံစားရဘဲ လုံးလုံး ဘာမျှမခံစားရလျှင်၊ ထို့ပြင် သင်သည် ဆုတောင်းခြင်း သို့မဟုတ် သမ္မာတရားအား ရှာဖွေခြင်းတို့ကို မပြုဘဲ ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေရန် သူ့ရှေ့မှောက်သို့ မတိုးဝင်လျှင် သင်သည် အမှန်တကယ် လွန်စွာ ထုံအနေချေပြီတကား။ သင်၏ ဝိညာဉ်သည် မည်သည့်အရာကိုမျှ မခံစားရသောအခါ၊ တုံ့ပြန်မှုမရှိသောအခါ ဘုရားသခင်သည် သင့်၌ အလုပ်မလုပ်ပေ။ “ဤပုဂ္ဂိုလ်သည် အလွန်တရာထုံအပြီး အလွန်အမင်းပင် ဖောက်ပြန်ပျက်စီးပြီ။ ငါသည် သူ့ကို မည်မျှ ပဲ့ပြင်ဆုံးမပါစေ၊ သူ့ကို မည်မျှ ပြုပြင်ပါစေ၊ သို့မဟုတ် စောင့်ကြည့်ဖို့ ကြိုးစားပါစေ သူ၏ စိတ်နှလုံးကို ငါ မတို့ထိနိုင်သေးပေ၊ သို့မဟုတ် သူ၏ ဝိညာဉ်ကို မနိုးထစေနိုင်သေးပေ။ ဤလူသည် ဒုက္ခရောက်လိမ့်မည်။ သူသည် ကယ်တင်ဖို့ မလွယ်ကူပေ” ဟု သူဆိုလိမ့်မည်။ ဘုရားသခင်သည် သင့်အတွက် ထိုထိုသော ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စီစဉ်လျှင်၊ သူသည် သင့်ကို ပြုပြင်ပြီး သင်သည် ဤအရာမှ သင်ခန်းစာများ သင်ယူရရှိလျှင်၊ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ တိုးဝင်တတ်ကာ၊ သမ္မာတရားကို ရှာဖွေတတ်ပြီးနောက် မသိလိုက်ဘဲ ဉာဏ်အလင်းပေးခြင်းနှင့် ဖွင့်ပြခြင်းကို ခံရလျက် သမ္မာတရားကို ရရှိလျှင်၊ သင်သည် ဤပတ်ဝန်းကျင်များထဲတွင် အပြောင်းအလဲကို တွေ့ကြုံရပြီး ဆုလာဘ်များကို ရိတ်သိမ်းရကာ တိုးတက်မှုရရှိလျှင်၊ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အနည်းငယ် စတင်နားလည်သဘောပေါက်လာပြီး ညည်းတွားခြင်းကို ရပ်နားလျှင် ဤအရာအားလုံးက သင်သည် ဤပတ်ဝန်းကျင်များ၏ စမ်းသပ်မှုများအလယ်တွင် အခိုင်အမာရပ်တည်ခဲ့ပြီဖြစ်ပြီး စစ်ဆေးမှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီဟု ဆိုလိုခြင်းဖြစ်လိမ့်မည်။ ဤကဲ့သို့ပင် သင်သည် ဤတုန်လှုပ်ဖွယ်အတွေ့အကြုံကို ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်သူများအား ဘုရားသခင်က မည်သို့ သဘောထားလိမ့်မည်နည်း။ ၎င်းတို့သည် စစ်မှန်သော စိတ်နှလုံးရှိကြောင်း၊ ဤဆင်းရဲဒုက္ခမျိုးကို ခံနိုင်ကြကြောင်းနှင့် စိတ်ထဲတွင် ၎င်းတို့သည် စိတ်ထဲတွင် သမ္မာတရားကို ချစ်မြတ်နိုးပြီး ရယူလိုကြောင်း ဘုရားသခင်က ပြောလိမ့်မည်။ သင်နှင့်ပတ်သက်၍ ဘုရားသခင်၌ ဤသို့ အကဲဖြတ်မှုမျိုးရှိပါက၊ သင်သည် ဝိညာဉ်ရင့်ကျက်မှုဖြင့် တစ်စုံတစ်ယောက် မဖြစ်သလော။ သို့ဆိုလျှင် သင်၌ အသက်မရှိသလော။ ပြီးလျှင် ဤအသက်ကို မည်သို့ ကြိုးပမ်းရရှိသနည်း။ ယင်းကို ဘုရားသခင်က ပေးအပ်နှင်းခြင်းလော။ ဘုရားသခင်က သင့်အား နည်းလမ်းမျိုးစုံဖြင့် ထောက်ပံ့ပြီး သင့်အား လေ့ကျင့်ပေးဖို့ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာမျိုးစုံကို အသုံးပြုပေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို အစားအသောက်များကို သူကိုယ်တိုင် ပေးနေသကဲ့သို့၊ သင်ဝလင်စွာ စားပြီး နှစ်သက်ခံစားနိုင်ဖို့အတွက် သင်၏ရှေ့သို့ အမျိုးမျိုးသော စားစရာများကို သူကိုယ်တိုင် ပေးပို့နေသကဲ့သို့ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကြီးထွားတိုးတက်ပြီး ခိုင်မာစွာ ရပ်တည်နိုင်သည်။ ဤသည်မှာ ဤအရာများကို သင်တွေ့ကြုံပြီး နားလည်သဘောပေါက်ရမည့် ပုံစံဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ထံမှ လာသည့်အရာမှန်သမျှကို ကျိုးနွံနာခံရမည့် ပုံစံဖြစ်သည်။ ဤသည်မှာ သင်ပိုင်ဆိုင်ရမည့် စိတ်အခြေအနေနှင့် သဘောထားမျိုး ဖြစ်ပြီး သင်သည် သမ္မာတရားကို ရှာဖွေဖို့ သင်ယူရမည်။ သင်သည် ပြင်ပအကြောင်းရင်းများ အစဉ် ရှာဖွေမနေသင့်သကဲ့သို့၊ သင်၏ပြဿနာများအတွက် အခြားသူများကို အပြစ်မတင်သင့်သည့်အပြင်၊ လူများကို အပြစ်ရှာမနေသင့်ပေ။ သင်၌ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် သက်ဆိုင်သည့် ရှင်းလင်းသည့် နားလည်သဘောပေါက်မှု ရှိရမည်။ အပြင်ပန်း၌ လူအချို့သည် သင်နှင့် သက်ဆိုင်သည့် ထင်မြင်ယူဆချက်များ သို့မဟုတ် သင့်အပေါ် အာဃာတအစွဲအလမ်းများ ရှိကောင်း ရှိနိုင်သည်၊ သို့ရာတွင် သင်သည် အမှုအရာများအား ထိုနည်းဖြင့် မမြင်သင့်ပေ။ သင်သည် ဤရှုထောင့်မျိုးမှနေ၍ အမှုအရာများကို ကြည့်ရှုပါက၊ သင်လုပ်မည့် တစ်ခုတည်းသောအရာမှာ ဆင်ခြေများ ပေးခြင်း ဖြစ်ပြီး သင်သည် မည်သည့်အရာကိုမျှ ကြိုးပမ်းရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အမှုအရာများကို အရှိအတိုင်း မြင်ပြီး ဘုရားသခင်ထံမှ အရာရာကို လက်ခံသင့်သည်။ ဤနည်းဖြင့် အမှုအရာများကို ရှုမြင်သောအခါ ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်လိမ့်မည်။ သင်၏ သဘောထားနှင့် စိတ်အခြေအနေတို့ကို ပြုပြင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ သင်သည် သမ္မာတရားကို ကြိုးပမ်း ရရှိနိုင်လိမ့်မည်။ ထို့ကြောင့် သင်သည် ယင်းကိုသာ အဘယ့်ကြောင့် မလုပ်ဆောင်သနည်း။ သင်သည် အဘယ့်ကြောင့် ခုခံသနည်း။ သင်ခုခံနေသည်ကို ရပ်ခဲ့ပါက၊ သင်သည် သမ္မာတရားကို ရရှိလိမ့်မည်။ သင်ခုခံလျှင် သင်သည် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်ဘဲ ဘုရားသခင်ကို သင်ဝမ်းနည်းစေပြီး သူ့ကို စိတ်ပျက်စေလိမ့်မည်။ ဘုရားသခင်က အဘယ်ကြောင့် စိတ်ပျက်မည်နည်း။ အကြောင်းမှာ သင်သည် သမ္မာတရားကို လက်မခံသဖြင့် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိဘဲ ဘုရားသခင်က သင့်ကို မရရှိနိုင်၍ဖြစ်သည်။ ထို့ကြောင့် သူသည် အဘယ်သို့ စိတ်မပျက်ဘဲနေနိုင်မည်နည်း။ သင်သည် သမ္မာတရားကို လက်မခံသောအခါ ဤသည်မှာ သင့်အား ဘုရားသခင်က သူကိုယ်တိုင်ချပေးသော အစားအစာကို တွန်းဖယ်ပစ်သည့်သဘော သက်ရောက်သည်။ သင်သည် မဆာလောင်နေကြောင်းနှင့်၊ ယင်းကို သင်မလိုကြောင်း ပြောသည်။ ဘုရားသခင်က သင် စားဖို့ တိုက်တွန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်၊ သို့ရာတွင် သင်သည် ယင်းကို မလိုချင်သေးပေ။ သင်သည် အဆာသာခံလိုက်မည်။ အမှန်တွင် သင်၌ မည်သည့်အရာမျှ လုံးဝ မရှိသည့်အချိန်တွင်၊ သင်သည် အာသာဆန္ဒပြေနေသည်ဟု သင်ထင်သည်။ ဤသို့သောလူများသည် အလွန်ပင် အသိစိတ်ကင်းမဲ့သည်။ ထို့ကြောင့် မိမိကိုယ်ကို အမှန်ထင်သည်။ အမှန်တကယ်ပင် ၎င်းတို့သည် ကောင်းသောအရာတစ်ခုကို မြင်သောအခါ မသိကြပေ။ ၎င်းတို့သည် အဆင်းရဲဆုံးနှင့် သနားဖွယ်အကောင်းဆုံးလူများဖြစ်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရမည်
လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ၎င်းတို့ စကားနှင့် လုပ်ရပ်နောက်ကွယ်ရှိ ရည်ရွယ်ချက်များတွင်၊ အမှုအရာများအပေါ် ၎င်းတို့၏ သဘောထားအမြင်တွင်၊ ၎င်းတို့၏ အတွေးနှင့် စိတ်ကူးတိုင်းအပြင် သမ္မာတရား၊ ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုတော်နှင့် စပ်လျဉ်းသည့် ၎င်းတို့၏ အမြင်များ၊ သိနားလည်မှု၊ အယူအဆများ၊ သဘောထား၊ အလိုဆန္ဒများနှင့် တောင်းဆိုချက်များတွင် ကွယ်ဝှက်နေ၏။ ထိုအရာသည် လူတို့၏ စကားများနှင့် လုပ်ရပ်များမှ ၎င်းတို့ မသိလိုက်ဘဲနှင့် ထုတ်ဖော်ပေသည်။ သို့ဆိုလျှင် ဘုရားသခင်သည် လူများ၏ အတွင်းထဲမှ ဤအရာများကို မည်သို့ သဘောထားသနည်း။ သင့်ကို ဖော်ထုတ်ရန် အခြေအနေအမျိုးမျိုးကို သူ စီစဉ်၏။ သင့်ကို ထုတ်ဖော်ပြရုံသာမက သင့်ကို တရားလည်း သူ စီရင်မည်ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ထုတ်ဖော်သည့်အခါ၊ ဘုရားသခင်ကို အာခံသည့် အတွေးများနှင့် စိတ်ကူးများ သင်ရှိသည့်အခါ၊ ဘုရားသခင်နှင့် ပြိုင်ဆိုင်သည့် အခြေအနေများနှင့် ရှုထောင့်အမြင်များ သင် ရှိသည့်အခါ၊ ဘုရားသခင်ကို သင်နားလည်မှုလွဲသည့်၊ သို့မဟုတ် သူ့ကို အာခံပြီး ဆန့်ကျင်သည့် အခြေအနေများ သင်ရှိသည့်အခါ ဘုရားသခင်သည် သင့်ကို ပြစ်တင်မောင်းမဲမည်၊ သင့်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမမည်၊ ပြီးလျှင် တစ်ခါတစ်ရံ သင့်ကို သူ ဆုံးမပဲ့ပြင်ပြီး အပြစ်ဒဏ်ပင် ပေးလိမ့်မည်။ သင့်ကို ဆုံးမပဲ့ပြင်ခြင်းနှင့် ပြစ်တင်မောင်းမဲခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ကျွန်ုပ်တို့ကို နောင်တရစေကာ ပြောင်းလဲစေရန် ဖြစ်သည်။) ဟုတ်ပေ၏၊ သင့်ကို နောင်တရစေရန် ရည်ရွယ်ပေသည်။ သင့်ကို ဆုံးမပဲ့ပြင်ခြင်းနှင့် ပြစ်တင်မောင်းမဲခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့်အရာမှာ ထိုအရာက သင်၏ လမ်းကြောင်းကို ပြောင်းလဲခွင့်ပေးခြင်း ဖြစ်သည်။ ယင်းမှာ သင်၏ အတွေးများသည် လူ၏ အယူအဆများဖြစ်ကြောင်းနှင့် ယင်းတို့သည် မှားယွင်းကြောင်း သင့်ကို နားလည်စေရန်ဖြစ်သည်။ သင်၏ အရင်းခံအကြောင်းများသည် စာတန်ထံမှ ပေါက်ဖွားလာခြင်းဖြစ်ကြောင်း၊ ယင်းတို့သည် လူ၏ ဆန္ဒမှ အရင်းခံကြောင်း၊ ယင်းတို့သည် သမ္မာတရားနှင့် အညီမဟုတ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် မလုပ်ဆောင်နိုင်ကြောင်း၊ ဘုရားသခင်အတွက် စက်ဆုပ်ဖွယ်နှင့် မုန်းတီးဖွယ်ဖြစ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်၏ အမျက်ဒေါသကို နှိုးဆွပေးသည့်အပြင် သူ၏ ကျိန်ခြင်းကိုပင် နိုးကြွစေကြောင်း သင့်ကို နားလည်စေရန် ဖြစ်သည်။ ဤအရာကို သဘောပေါက်ပြီးနောက်တွင် သင်၏ အရင်းခံအကြောင်းများနှင့် သဘောထားတို့ကို ပြောင်းလဲရမည်ဖြစ်သည်။ ယင်းကို သင် မည်သို့ ပြောင်းလဲနိုင်သနည်း။ ပထမဦးစွာ သင့်ကို ဘုရားသခင် ဆက်ဆံသည့် နည်းလမ်းနှင့် သင့်အတွက် သူ စီစဉ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင် ကျိုးနွံနာခံရမည်။ အပြစ်အနာအဆာ မရှာဖွေသင့်၊ ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများကို မပေးနှင့်၊ ပြီးလျှင် သင်၏ တာဝန်များကို ခေါင်းမရှောင်နှင့်။ ဒုတိယအနေဖြင့် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင် လုပ်ဆောင်သည့်အရာကို လုပ်ဆောင်သည့်အချိန်တွင် ဝင်ရောက်လော့။ ဘုရားသခင်သည် သင့်အား ဤအရာများကို နားလည်ဖို့ တောင်းဆိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ပေးသည့် အခြေအနေများအပေါ် သင် ကျိုးနွံနာခံမှုရှိနိုင်ဖို့ရန်နှင့် နောက်ဆုံးတွင် သင့်အတွက် သူ၏ ရည်ရွယ်ချက်များ၊ သူ၏ သတ်မှတ်ချက်များနှင့်အညီ သင် လက်တွေ့လုပ်ဆောင်နိုင်ရန်အတွက် သူသည် သင့်ကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်ဆန်သည့် အနှစ်သာရတို့အား သတိပြုမိစေချင်သည်။ ဤသို့ဆိုလျှင် စမ်းသပ်မှုကို သင် ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ စစ်မှန်စွာနာခံခြင်းဖြင့်သာလျှင် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်သည်
သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ပေတရုသည် အရာရာ၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို ကျိုးနွံနာခံရန် ကြိုးစားခဲ့သည်။ စိုးစဉ်းမျှ စောဒကတက်ခြင်း မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအပြင်၊ စစ်ဆေးခြင်း၊ အတိဒုက္ခနှင့် သူ့အသက်တာတွင် ချို့တဲ့မှုများဖြင့် အသက်ရှင်ခြင်းတို့ကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးအား မပြောင်းလဲနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း မဟုတ်လော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ ဖြစ်စေ၊ သို့မဟုတ် အတိဒုက္ခ၌ ဖြစ်စေ၊ သင်သည် သေသည်အထိ ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိနိုင်စွမ်း ရှိပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးက စွမ်းဆောင်ရရှိသင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ စင်ကြယ်မှု ဖြစ်သည်။ အကယ်၍ လူသည် ဤမျှ စွမ်းဆောင် ရရှိနိုင်ပါက၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များကို ဤအရာထက် သာ၍ အထမြောက်အောင် လုပ်ဆောင်ပေးသည့်အရာ မည်သည့်အရာမျှမရှိချေ။ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိသကဲ့သို့ ဘုရားသခင်အား အမှန်တကယ် ချစ်နိုင်စွမ်းမရှိဟု စိတ်ကူးကြည့်လော့။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းမည် သာမက၊ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သူ၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း မရှိသကဲ့သို့၊ ဘုရားသခင်ကို ပုန်ကန်သောသူတစ်ဦး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကိုလည်း သင် ခံရမည် ဖြစ်သည်။ ဘုရားသခင်အတွက် အလုပ်လုပ်ရန်သာ သင် အရေးစိုက်ပြီး၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သိရှိခြင်းကို အရေးမစိုက်ပေ။ သင်သည် ဖန်ဆင်းရှင်ကို နားမလည် သို့မဟုတ် မသိသကဲ့သို့၊ ဖန်ဆင်းရှင်ကို ကျိုးနွံနာခံခြင်းဖြစ်စေ၊ ချစ်ခြင်းဖြစ်စေ မရှိချေ။ သင်သည် ဘုရားသခင်အား မွေးရာပါ ပုန်ကန်သူတစ်ဦး ဖြစ်သည်၊ ထို့ကြောင့် ထိုသို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်
ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံနေရချိန်၌ သူဆုတောင်းခဲ့သည်၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ ဇာတိပကတိသည် ပုန်ကန်ပါသည်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပြီး တရားစီရင် ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၌ ကျွန်ုပ်ဝမ်းမြောက်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကိုအလိုမရှိလျှင်ပင်၊ ကိုယ်တော်၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းပြီး ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်ုပ်မြင်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကို တရားစီရင်သည့်အခါ ဤသို့ဖြင့် အခြားလူများက ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကိုယ်တော်၏ တရားစီရင်ခြင်းတွင် ရှုမြင်ကောင်းရှုမြင်နိုင်ရသဖြင့် ကျွန်ုပ်အား ရကျေနပ်မိပါသည်။ ထိုအရာက ကိုယ်တော်၏ စိတ်သဘောထားကို ဖော်ပြနိုင်ပြီး ကိုယ်တော်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အဖန်ဆင်းခံများအားလုံးအား ရှုမြင်ခွင့်ပြုပါက၊ ပြီးလျှင် ယင်းက ကိုယ်တော့်ကို ကျွန်ုပ်၏ ချစ်ခြင်းအား ပိုမိုဖြူစင်စေနိုင်ပြီး၊ ဖြောင့်မတ်သောသူတစ်ဦး၏ ပုံသဏ္ဌာန်ကို ရနိုင်စေပါက၊ ယင်းမှာ ကိုယ်တော်၏ စေတနာဖြစ်သည့်အတွက် ကိုယ်တော်၏ တရားစီရင်ခြင်းသည် ကောင်းမြတ်ပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုသောစိတ် များစွာရှိသေးကြောင်းနှင့် ကိုယ်တော်၏ ရှေ့မှောက်သို့ဝင်ရန် မသင့်လျော်သေးကြောင်းကို ကျွန်ုပ်သိပါသည်။ ရန်လိုသော ပတ်ဝန်းကျင် သို့မဟုတ် ကြီးစွာသော ဆင်းရဲဒုက္ခများအားဖြင့်ဖြစ်စေ ကိုယ်တော် ကျွန်ုပ်အား ပို၍ပင် တရားစီရင်ရန် ကျွန်ုပ်လိုလားပါသည်။ မည်သည့်အရာကို ကိုယ်တော်ပြုသည်ဖြစ်စေ ထိုအရာမှာ ကျွန်ုပ်အဖို့ အဖိုးထိုက်တန် လှပါ၏။ ကိုယ်တော်၏ချစ်ခြင်းသည် အလွန်နက်နဲသိမ်မွေ့ပြီး စိုးစဉ်းမျှပင် စောဒကမတက်ဘဲ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် လုံးလုံးရှိနေရန် ကျွန်ုပ်လိုလားပါသည်။” ယင်းမှာ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးနောက် ပေတရု၏ အသိအမြင် ဖြစ်ပြီး ဘုရားသခင်အပေါ်ထားရှိသော သူ၏ချစ်ခြင်းအတွက် သက်သေခံချက်တစ်ခုလည်းဖြစ်သည်။ ယနေ့၊ သင်တို့အား သိမ်းပိုက်ထားပြီးဖြစ်သည်၊ သို့သော် ဤသိမ်းပိုက်ခံရမှုကို သင်တို့အထဲတွင် မည်သို့ဖော်ပြပါသနည်း။ လူအချို့တို့က- “ကျွန်ုပ်၏ သိမ်းပိုက်ခံရခြင်းမှာ ဘုရားသခင်၏ အမြင့်ဆုံးသော ကျေးဇူးတော်နှင့် ချီးမြှောက်ခြင်းဖြစ်သည်။ ယခုမှပင် ကျွန်ုပ် သတိပြုမိသည်မှာ လူ့အသက်သည် ဗလာသက်သက်ဖြစ်ပြီး ထူးခြားမှုမရှိပါ။ လူသည် ရင်သွေးများ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် မွေးဖွားပျိုးထောင်ပြီး သူ့အသက်တာတွင် အလောသုံးဆယ် နေထိုင်ခဲ့ကာ နောက်ဆုံးတွင် ဘာမျှမကျန်ရှိပါ။ ယနေ့၊ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရပြီးနောက်မှသာလျှင် ဤသို့အသက်ရှင်ခြင်းမှာ အဖိုးမတန်ကြောင်း ကျွန်ုပ်သိမြင်ခဲ့ရသည်၊ ယင်းမှာ စင်စစ် အဓိပ္ပာယ်ကင်းမဲ့သော အသက်တာပင်ဖြစ်သည်။ ကျွန်ုပ်သည်လည်း သေပြီး ပြီးပြတ်သွားနိုင်သည်တကား။” ဟု ပြောကြသည်။ ထိုသို့သော သိမ်းပိုက်ခံရပြီးသူများကို ဘုရားသခင် ရယူနိုင်မည်လော။ သူတို့သည် နမူနာများနှင့် စံပုံစံများ ဖြစ်လာနိုင်မည်လော။ ထိုသူများသည် အပျက်သဘောဆောင်ခြင်း၌ ပြယုဂ်တစ်ခုဖြစ်သည်၊ သူတို့တွင် ရည်မှန်းချက်များမရှိဘဲ သူတို့ကိုယ်ကို တိုးတက်လာအောင်လည်း မကြိုးပမ်းကြချေ။ သူတို့သည် သိမ်းပိုက်ခံပြီးသူများဟု ယူဆကြသော်လည်း ထိုသို့သော အပျက်သဘောဆောင်သည့် လူများသည် စုံလင်အောင်ပြုခြင်း မခံရနိုင်ကြ။ သူ့အသက်ဆုံးခါနီး၊ စုံလင်စေခြင်းကို ခံရပြီးနောက် ပေတရုက- “အို ဘုရားသခင်၊ နှစ်အနည်းငယ် ကျွန်ုပ် အသက်ဆက်ရှင်ရမည်ဆိုလျှင် ကျွန်ုပ်သည် ကိုယ်တော်အား ပိုမိုဖြူစင်စွာနှင့် ပိုမိုလေးနက်စွာ ချစ်ခြင်းကို ရရှိလိုပါသည်” ဟု ဆိုခဲ့သည်။ ကားတိုင်ပေါ်၌ အတင်ခံရဆဲဆဲအချိန်တွင် စိတ်နှလုံးထဲမှ သူဆုတောင်းသည်မှာ- “အို ဘုရားသခင်၊ ကိုယ်တော်၏အချိန် ယခု ကျရောက်ပါပြီ၊ ကျွန်ုပ်အတွက် ကိုယ်တော်ပြင်ဆင်ထားသောအချိန် ကျရောက်ပါပြီ။ ကျွန်ုပ်သည် ကိုယ်တော်အတွက် အသေခံရမည်၊ ကိုယ်တော့်ထံ ဤသက်သေခံချက်ကို ကျွန်ုပ်ပြုရမည်၊ ပြီးလျှင် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ ချစ်ခြင်းသည်လည်း ပိုမိုဖြူစင်လာ နိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ယနေ့၊ ကိုယ်တော်အတွက် အသေခံနိုင်ခြင်းနှင့် ကိုယ်တော်အတွက် ကားစင်တင်ခံရခြင်း တို့သည် ကျွန်ုပ်အား နှစ်သိမ့်စိတ်ချမှုကို ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်အတွက် ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ကိုယ်တော်၏အလိုတော်တို့ကို ဖြည့်ဆည်းနိုင်ခြင်း အပြင် ကျွန်ုပ်ကိုယ်ကို ကိုယ်တော့်လက်သို့ အပ်နိုင်ခြင်းနှင့် ကျွန်ုပ်၏အသက်ကို ကိုယ်တော့်ကို ဆက်ကပ်နိုင်ခြင်းတို့ထက် မည်သည့်အရာကမျှ ကျွန်ုပ်အား ပို၍ကျေနပ်အားရစေမည် မဟုတ်ပါ။ အို ဘုရားသခင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် ကောင်းလှတကား။ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ရှင်ခွင့် ပေးခဲ့ပါက ကိုယ်တော့်ကို ပို၍ပင်ချစ်ရန် ကျွန်ုပ်လိုလားပါလိမ့်မည်။ ကျွန်ုပ် အသက်ရှင်နေသရွေ့ ကိုယ်တော့်ကို ချစ်ပါမည်။ ကိုယ်တော့်ကို ပိုမိုလေးနက်စွာ ချစ်လိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ စမ်းသပ်သည်၊ အကြောင်းမှာ ကျွန်ုပ်သည် မဖြောင့်မတ်ဘဲ အပြစ်ကျူးလွန် ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုမို၍ သိသာထင်ရှားစွာ ကျွန်ုပ်မြင်လာပါသည်။ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုနက်ရှိုင်းစွာ ချစ်လာနိုင်စေသည့်အတွက် ဤသည်မှာ ကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို မချစ်လျှင်ပင် ဤနည်းအတိုင်း ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်လိုပါသည်။ ယင်းက ကျွန်ုပ်အား အဓိပ္ပာယ်ရှိသော အသက်တာကို သာ၍ အသက်ရှင်နိုင် စေသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကားတိုင်တင်ခံရပြီး ကိုယ်တော့်အတွက် အသေခံခြင်းသည် အဓိပ္ပာယ်ပြည့်ဝသောကြောင့် ကျွန်ုပ်၏ လက်ရှိအသက်တာသည် ပိုမိုလေးနက်လာသည်ဟု ကျွန်ုပ်ခံစားရပါသည်။ သို့သော် ကိုယ်တော့်အကြောင်းကို အနည်းငယ်သာ ကျွန်ုပ်သိသည့်အတွက်၊ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်တို့ကို ပြည့်စုံစွာ မဖြည့်ဆည်းနိုင်ကြောင်းနှင့် ကိုယ်တော့်ကို အနည်းငယ်သာ ပြန်လည်ပေးဆပ်ပြီးကြောင်းတို့ကို သိသည့်အတွက် ကျွန်ုပ် ကျေနပ်အားရခြင်း မရှိသေးပါ။ ကျွန်ုပ်၏အသက်တာတွင် ကိုယ်တော့်ကို မိမိအလုံးစုံကို ပြန်လည်ပေးဆပ်ရန် မတတ်စွမ်းနိုင်ခဲ့ပါ၊ ဝေးလှပါသေးသည်။ ဤအခိုက်အတန့်တွင် နောက်ကြောင်း ပြန်လှည့်ကြည့်သည့်အခါ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် အလွန်ပင် ကျေးဇူးတင်ကြောင်း ခံစားရပါသည်။ ကျွန်ုပ်၏ အမှားများအားလုံးနှင့် ကိုယ်တော့်ကို ပြန်လည် မပေးဆပ်ခဲ့ရသည့် ချစ်ခြင်းမေတ္တာများအားလုံးကို ပြန်လည် ထေမိစေရန် ယခုတဒင်္ဂအချိန်သာ ရှိပါ၏” ဟူ၍ ဖြစ်သည်။
............
ဘုရားသခင်သည် သူ၏ အမှုက လိုအပ်သောကြောင့်အပြင် လူသားက လိုအပ်သောကြောင့် လူကို ပြစ်တင်ဆုံးမပြီး တရားစီရင်သည်။ လူသည် ပြစ်တင်ဆုံးမခံရဖို့နှင့် တရားစီရင်ခံရဖို့ လိုအပ်ပြီး ထိုအခါမှသာ ဘုရားသခင်ကို ချစ်ခြင်းအား စွမ်းဆောင် ရရှိနိုင်ပေသည်။ ယနေ့တွင် သင်တို့ လုံးဝ လက်ခံယုံကြည်သွားပြီ ဖြစ်သော်လည်း သင်တို့သည် အနည်းငယ်မျှသော ဆုတ်ဆိုင်းမှုကို ကြုံရသည့်အခါ ဒုက္ခ ရောက်တော့သည်။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ဆဲဖြစ်ပြီး သင်သည် ပိုမိုနက်ရှိုင်းသော အသိကို ရရှိရန်အလို့ငှာ ထိုသို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ပိုမိုကြုံတွေ့ရန် လိုအပ်ဆဲဖြစ်သည်။ ယနေ့တွင် သင်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အနည်းနှင့်အများဆိုသလို ရှိကြပြီး ဘုရားသခင်ကို ကြောက်ရွံ့သည်၊ ပြီးလျှင် သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်သည်ကို သင်တို့သိသော်လည်း ဖြူစင်သော ချစ်ခြင်းကို သင်တို့ရရှိရန် မဆိုထားနှင့် သူ့ကို ကြီးမားသောချစ်ခြင်း မရှိပေ။ သင်တို့၏ အသိပညာသည် အလွန်အပေါ်ယံဖြစ်ကာ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် မလုံလောက်သေးပေ။ သင်တို့သည် ပတ်ဝန်းကျင်တစ်ခုကို အမှန်တကယ် ကြုံရချိန်တွင် သင်တို့သည် သက်သေခံခြင်း မရှိသေးသကဲ့သို့ သင်တို့၏ အလွန်နည်းပါးသော ဝင်ရောက်မှုကသာ အခြေအနေဖန်တီးလုပ်ဆောင်ပြီး မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်တို့မသိပေ။ လူအများစုသည် မတုန်မလှုပ်နှင့် တက်ကြွမှု မရှိကြ။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏ နှလုံးသားများ၌သာ တိတ်တဆိတ် ချစ်ကြသော်လည်း လက်တွေ့လုပ်ဆောင်မှု နည်းလမ်း မရှိကြသကဲ့သို့၊ ၎င်းတို့၏ ရည်မှန်းချက်များက မည်သည့်အရာများဖြစ်သည် ဆိုသည်နှင့် ပတ်သက်၍ မရှင်းလင်းကြချေ။ စုံလင်စေခြင်းခံရပြီးသောသူများသည် သာမန်လူ့သဘာဝကို ပိုင်ဆိုင်သည်သာမက အသိစိတ်၏ စံနှုန်းများထက် မြင့်မားသည့် အသိစိတ် အတိုင်းအတာများကို ကျော်လွန်သည့် သမ္မာတရားများကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် ၎င်းတို့၏ အသိစိတ်ကို အသုံးပြုရုံသာမက၊ ထို့ထက်ပို၍ ၎င်းတို့သည် ဘုရားသခင်ကို သိရှိကြပြီးဖြစ်ကာ၊ ဘုရားသခင်သည် ချစ်ခင်ဖွယ် ဖြစ်၍ လူသား၏ ချစ်ခြင်းနှင့် ထိုက်တန်ပြီး ဘုရားသခင်၏ အထဲတွင် ချစ်ဖို့ အရာများလှစွာ ရှိသည်ကို တွေ့မြင်ပြီးဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မချစ်ဘဲ မနေနိုင်ပေ။ စုံလင်စေခြင်း ခံရပြီးသောသူတို့၏ ဘုရားသခင်ကို ချစ်ခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ပြင်းပြသော စိတ်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ဖြစ်သည်။ ၎င်းတို့၏ ချစ်ခြင်းသည် အလိုအလျောက်ဖြစ်သော ချစ်ခြင်း၊ အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုသကဲ့သို့၊ အပေးအယူမဟုတ်သည့် ချစ်ခြင်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာကြောင့်သာ ဘုရားသခင်ကို ချစ်ကြပေသည်။ ထိုသို့သော လူများသည် ၎င်းတို့အပေါ် ဘုရားသခင်က ကျေးဇူးတော်များ အပ်နှင်းသည်၊ မအပ်နှင်းသည်ကို ဂရုမစိုက်ကြသကဲ့သို့ ဘုရားသခင်အား ကျေနပ်စေခြင်းဖြင့်သာ ကျေနပ်ရောင့်ရဲကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူ မလုပ်ကြသကဲ့သို့ ဘုရားသခင်နှင့် ဆိုင်သည့် ၎င်းတို့၏ ချစ်ခြင်းကို အသိစိတ်ဖြင့် မတိုင်းတာကြပေ။ “ကိုယ်တော် ကျွန်ုပ်ကို ပေးပြီးဖြစ်သည်၊ ထို့ကြောင့် အပြန်အလှန်အားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်သည်။ ကျွန်ုပ်အား ကိုယ်တော်မပေးလျှင် အပြန်အလှန်အားဖြင့် ကိုယ်တော့်အတွက် မည်သည့်အရာမျှ ကျွန်ုပ်တွင် မရှိပါ။” စုံလင်စေခြင်း ခံရပြီးသောသူများက “ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး သူသည် ကျွန်ုပ်တို့အပေါ်၌ သူ့အမှုကို ဆောင်ရွက်သည်။ ကျွန်ုပ်သည် စုံလင်စေခြင်းခံရဖို့ ဤအခွင့်အရေး၊ အခြေအနေနှင့် အရည်အချင်းများ ရှိသည့်အတွက်၊ ကျွန်ုပ်၏ လိုက်စားမှုသည် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ရန်ဖြစ်ပြီး ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်စေသင့်သည်” ဟု အမြဲ ယုံကြည်ကြလေသည်။ ယင်းမှာ ပေတရု တွေ့ကြုံခဲ့သည့် အရာကဲ့သို့သာ ဖြစ်သည်။ သူ၏ အားအနည်းဆုံး ဖြစ်ခဲ့ချိန်တွင်၊ သူသည် ဘုရားသခင်ထံ ဆုတောင်းခဲ့ပြီး “အို ဘုရားသခင်။ မည်သည့်အချိန်၊ မည်သည့်နေရာ ဖြစ်ပါစေ ကိုယ်တော့်ကို ကျွန်ုပ် အစဉ်သဖြင့် လွမ်းဆွတ်သည်ကိုလည်းကောင်း၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုသည်ကိုလည်းကောင်း ကိုယ်တော်သိပါ၏၊ သို့သော် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်ပါ၏၊ ကျွန်ုပ်သည် အလွန်အားနည်းပြီး အစွမ်းမဲ့လှပါ၏။ ကျွန်ုပ်၏ ချစ်ခြင်းသည် အလွန်နည်းပါးပြီး၊ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ရိုးသားစစ်မှန်မှုမှာ အလွန် နည်းပါးလှပါ၏။ ကိုယ်တော်၏ မေတ္တာနှင့် နှိုင်းစာလျှင် ကျွန်ုပ်သည် အသက်ရှင်ရန်ပင် မသင့်တော်ပါ။ ကျွန်ုပ်၏အသက်တာ အချည်းနှီးမဖြစ်ရန်နှင့် ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ် ပြန်လည်ပေးနိုင်ရုံသာမက ထို့အပြင် ကျွန်ုပ်တွင် ရှိသမျှအားလုံးကို ကိုယ်တော့်ထံ အပ်နှံနိုင်ရန်သာ ကျွန်ုပ် ဆန္ဒရှိပါသည်။ ကိုယ်တော့်ကို ကျွန်ုပ် စိတ်ကျေနပ်စေနိုင်ပါက ဖန်ဆင်းခံတစ်ဦးအနေဖြင့် ကျွန်ုပ် စိတ်ငြိမ်သက်မှု ရှိလိမ့်မည်ဖြစ်ပြီး မည်သည့်အရာကိုမျှ ကျွန်ုပ် ထပ်တောင်းဆိုမည် မဟုတ်ပါ။ ကျွန်ုပ်သည် ယခု အားနည်းပြီး အစွမ်းမဲ့သော်လည်း ကိုယ်တော်၏ အားပေးတိုက်တွန်းမှုများကို ကျွန်ုပ်မေ့မည်မဟုတ်သကဲ့သို့ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကိုလည်း ကျွန်ုပ်မေ့မည်မဟုတ်ပါ။ ယခု ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်ပါ။ အို ဘုရားသခင်၊ ကျွန်ုပ် စိတ်မသက်သာပါ။ ကျွန်ုပ်၏ နှလုံးသားထဲက ချစ်ခြင်းမေတ္တာကို ကိုယ်တော့်ထံ ကျွန်ုပ် မည်သို့ပေးနိုင်မည်နည်း၊ ကျွန်ုပ် လုပ်ဆောင်နိုင်သမျှ အားလုံးကို မည်သို့ လုပ်ဆောင်ပြီး ကိုယ်တော်၏ စိတ်ဆန္ဒများကို မည်သို့ ဖြည့်ဆည်းကာ ကျွန်ုပ်ရှိသမျှ အားလုံးကို ကိုယ်တော့်ထံ မည်သို့ ဆက်ကပ်အပ်နှံနိုင်မည်နည်း။ လူ၏အားနည်းချက်ကို ကိုယ်တော် သိပါ၏၊ ကိုယ်တော်၏ မေတ္တာနှင့် ကျွန်ုပ် မည်သို့ထိုက်တန်နိုင်မည်နည်း။ အို ဘုရားသခင်။ ကျွန်ုပ်သည် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှု ရှိသူဖြစ်ပြီး ကျွန်ုပ်၏ချစ်ခြင်းက အလွန်နည်းပါးလှသည်ကို ကိုယ်တော် သိပါ၏။ ဤသို့သော ပတ်ဝန်းကျင်တွင် ကျွန်ုပ် လုပ်နိုင်သမျှ အစွမ်းကုန် မည်သို့ လုပ်ဆောင်နိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကို ပြန်ပေးဆပ်သင့်သည်ကို ကျွန်ုပ်သိပါ၏၊ ကျွန်ုပ် ရှိသမျှအရာ အားလုံးကို ကိုယ်တော့်ထံ ပေးအပ်သင့်သည်ကို ကျွန်ုပ်သိပါ၏၊ သို့သော် ယနေ့တွင် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်နေပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံရန် ဖြူစင်သောမေတ္တာကို ပိုမိုပိုင်ဆိုင်နိုင်ပြီး ကျွန်ုပ်ရှိသမျှအရာအားလုံးကို ကိုယ်တော့်ထံ သာ၍ ဆက်ကပ်အပ်နှံနိုင်ဖို့အလို့ငှာ ကျွန်ုပ်အား ခွန်အားနှင့် မိမိကိုယ်ကို ယုံကြည်မှုကို ပေးဖို့ ကိုယ်တော့်ထံ တောင်းလျှောက်ပါ၏။ ကိုယ်တော်၏ မေတ္တာကို ပေးဆပ်နိုင်မည်သာမက ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်၊ စမ်းသပ်မှုများ၊ ပြီးလျှင် သာ၍ ပြင်းထန်သော ကျိန်ခြင်းတို့ကိုပင် တွေ့ကြုံနိုင်ပါမည်။ ကိုယ်တော်၏ မေတ္တာကို ရှုမြင်ရန် ကျွန်ုပ်အား ကိုယ်တော် အခွင့်ပေးပြီးဖြစ်သကဲ့သို့ ကျွန်ုပ်သည် ကိုယ်တော်ကို ချစ်နိုင်စွမ်းမရှိပါ၊ ပြီးလျှင် ယနေ့တွင် ကျွန်ုပ်သည် အားနည်းပြီး အစွမ်းမဲ့သော်လည်း ကိုယ်တော့်ကို ကျွန်ုပ် မည်သို့မေ့နိုင်ပါမည်နည်း။ ကိုယ်တော်၏မေတ္တာ၊ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းအားလုံးသည် ကျွန်ုပ်အား ကိုယ်တော့်ကို သိရှိစေပြီးဖြစ်သည်၊ သို့သော် ကိုယ်တော်သည် အလွန် ကြီးမြတ်တော်မူ သည့်အတွက် ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ကျေနပ်အားရနိုင်စွမ်း မရှိဟုလည်း ကျွန်ုပ်ခံစားရသည်။ ကျွန်ုပ် ရှိသမျှအရာအားလုံးကို ဖန်ဆင်းရှင်ထံ မည်သို့ ဆက်အပ်နှံနိုင်မည်နည်း” ဟု ဆိုခဲ့သည်။ ယင်းသည် ပေတရု၏ တောင်းဆိုချက်ဖြစ်သည်၊ သို့သော် သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ ချို့ငဲ့လွန်းလှသည်။ ဤအခိုက်အတန့်တွင် သူ့နှလုံးသားထဲကို ဓားဖြင့် အမွှေခံခဲ့ရသည့်အလား ခံစားရသည်။ သူ မချိမဆံ့ဝေဒနာ ခံစားနေရသည်။ ထိုသို့သော အခြေအနေများအောက်တွင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို သူ မသိခဲ့ပေ။ သို့တိုင် သူက “အို ဘုရားသခင်။ လူသည် ကလေးဆန်သော ဝိညာဉ်ရင့်ကျက်မှု ရှိပါ၏၊ သူ၏အသိစိတ်မှာ ချည့်နဲ့ပြီး ကျွန်ုပ် စွမ်းဆောင်ရရှိနိုင်သည့် တစ်ခုတည်းသောအရာမှာ ကိုယ်တော်၏ မေတ္တာကို ပြန်ပေးဆပ်ရန်ပင် ဖြစ်သည်။ ယနေ့တွင် ကိုယ်တော်၏ ရည်ရွယ်ချက်များကို မည်ကဲ့သို့ဖြည့်ဆည်းရမည်ကို ကျွန်ုပ်မသိသကဲ့သို့ ကျွန်ုပ်တတ်နိုင်သမျှ လုပ်ဆောင်ရန်၊ ကျွန်ုပ်တွင် ရှိသမျှကို ပေးအပ်ရန်နှင့် ကျွန်ုပ်တွင် ရှိသမျှကို ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံရန်သာ ကျွန်ုပ်ဆန္ဒရှိပါ၏။ ကိုယ်တော်၏ တရားစီရင်မှု မည်သို့ဖြစ်ပါစေ၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှု မည်သို့ဖြစ်ပါစေ၊ အရာဝတ္ထုများကို ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသည်ဖြစ်စေ၊ ကျွန်ုပ်ထံမှ ယူဆောင်သွားသည်ဖြစစေ ကိုယ်တော့်အပေါ် အနည်းငယ်မျှ စောဒကတက်ခြင်းမှ ကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ ကိုယ်တော် ကျွန်ုပ်ကို ကြိမ်ဖန်များစွာ ပြစ်တင်ဆုံးမပြီး တရားစီရင်သည့်အခါ ကျွန်ုပ်၏ စိတ်အတွင်းတွင် အစဉ်ညည်းညူမှုများရှိပြီး ဖြူစင်မှုကို စွမ်းဆောင်ရရှိနိုင်စွမ်း မရှိခဲ့ပါ သို့မဟုတ် ကိုယ်တော်၏ စိတ်ဆန္ဒများကို ကျေနပ်စေနိုင်စွမ်း မရှိခဲ့ပါ။ ကိုယ်တော်၏ မေတ္တာနှင့်ဆိုင်သည့် ကျွန်ုပ်၏ ပြန်လည်ပေးဆပ်မှုသည် မလုပ်မနေ လုပ်ရခြင်းမှ ပေါက်ဖွားပြီး ဤအခိုက်အတန့်တွင် ကျွန်ုပ်ကိုယ်ကျွန်ုပ် ပို၍ပင် မုန်းမိပါသည်” ဟု ဆက်လက် ဆုတောင်းဆဲ ဖြစ်သည်။ ဤနည်းဖြင့် ပေတရုဆုတောင်းခဲ့သည်မှာ ဘုရားသခင်ကို ပိုမိုဖြူစင်သည့်မေတ္တာဖြင့် ချစ်ခြင်းကို သူ ရှာဖွေခဲ့သောကြောင့် ဖြစ်သည်။ သူသည် ရှာဖွေနေခဲ့ပြီး တောင်းပန်တိုးလျှိုးနေခဲ့သည်၊ ထို့အပြင် သူ့ကိုယ်သူ တန်ပြန် စွပ်စွဲနေခဲ့ပြီး သူ၏အပြစ်များကို ဘုရားသခင်ထံ ဝန်ခံနေခဲ့သည်။ သူသည် ဘုရားသခင်ထံ အကြွေးတင်သကဲ့သို့ ခံစားခဲ့ရပြီး သူ့ကိုယ်သူ မုန်းတီးခဲ့သည်၊ သို့သော် သူသည် အတော်အတန် ဝမ်းနည်းခဲ့ပြီး အပျက်သဘောဆောင်နေခဲ့သည်။ သူသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မဖြည့်ဆည်းနိုင်သည့်အလား ထိုသို့ သူ အမြဲခံစားခဲ့ရပြီး သူသည် အစွမ်းကုန် မလုပ်ဆောင်နိုင်ပေ။ ထိုသို့သော အခြေအနေများအောက်တွင် ပေတရုသည် ယောဘ၏ ယုံကြည်မှုကို လိုက်စားဆဲဖြစ်သည်။ ယောဘက သူရှိခဲ့သည့် အရာရာတိုင်းကို ဘုရားသခင်က အပ်နှင်းထားခဲ့ခြင်း ဖြစ်ကာ၊ သူ့ထံမှ အရာရာတိုင်းကို ယူဆောင်ရန်သည် ဘုရားသခင်အတွက် ဖြစ်ရိုးဖြစ်စဉ် ဖြစ်ကြောင်း၊ ဘုရားသခင်သည် သူ ဆန္ဒရှိသည့်သူ မည်သူမဆိုကို ပေးမည်ဖြစ်ကြောင်းတို့ကို သိရှိခဲ့သည့်အတွက်၊ ယောဘ၏ ယုံကြည်ခြင်း မည်မျှကြီးမားခဲ့ပြီး ဖြစ်သည်ကို သူမြင်ခဲ့သည်။ ယင်းမှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်သည်။ ယောဘသည် စောဒကတက်ခြင်းများ မရှိခဲ့သကဲ့သို့ ဘုရားသခင်ကို ချီးမွမ်းနိုင်ဆဲ ဖြစ်ခဲ့သည်။ ပေတရုသည်လည်း မိမိကိုယ်ကို သိခဲ့ပြီး သူ၏စိတ်နှလုံးထဲတွင် “ကျွန်ုပ်၏အတွေးများသည် အလွန် ဖောက်ပြန်ပျက်စီးသောကြောင့်၊ ပြီးလျှင် ကိုယ်တော့်ကို ဖန်ဆင်းရှင်အဖြစ် ကျွန်ုပ် မြင်နိုင်စွမ်း မရှိသောကြောင့် ယနေ့တွင် ကျွန်ုပ်၏အသိစိတ်ကို အသုံးပြုလျက် ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းနှင့် ကိုယ်တော့်ထံသို့ ကျွန်ုပ်ပြန်ပေးခဲ့သည့် ချစ်ခြင်းမေတ္တာ မည်ရွေ့မည်မျှဖြင့် ကျွန်ုပ် မကျေနပ်မရောင့်ရဲသင့်ပါ။ ကျွန်ုပ်သည် ကိုယ်တော့်ကို ချစ်ရန် မသင့်တော်သေးသောကြာင့် ကျွန်ုပ်တွင်ရှိသမျှ အရာများအားလုံးကို ကိုယ်တော့်ထံသို့ ဆက်ကပ်အပ်နလာရမည်ဖြစ်ပြီး ဤအရာကို လိုလိုလားလား လုပ်ဆောင်ရမည်။ ကိုယ်တော် လုပ်ဆောင်ပြီးသည့် အရာအားလုံးကို ကျွန်ုပ်သိရမည်ဖြစ်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ရပါ။ ပြီးလျှင် ကိုယ်တော်၏မေတ္တာကို ကျွန်ုပ် ရှုမြင်ရမည်ဖြစ်ပြီး ကိုယ်တော်သည် ကျွန်ုပ်မှတစ်ဆင့် ကြီးမြတ်သော ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာ ကိုယ်တော်၏ ချီးမွမ်းခြင်းများကို ကျွန်ုပ် ပြောနိုင်ရမည်ဖြစ်ပြီး ကိုယ်တော်၏ သန့်ရှင်းသော နာမတော်ကို ချီးမြှောက်နိုင်ရပါမည်။ ကိုယ်တော့်အဖို့ ဤသက်သေခံချက်တွင် ကျွန်ုပ်ခိုင်မာစွာ ရပ်တည်ရန် လိုလားနေပါသည်။ အို ဘုရားသခင်။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် အလွန် အဖိုးတန်ပြီး လှပလွန်းလှပါ၏။ ဆိုးယုတ်သောသူတစ်ဦး၏ လက်ထဲတွင် ကျွန်ုပ် မည်သို့ အသက်ရှင်ရန် ဆန္ဒရှိနိုင်ပါမည်နည်း။ ကျွန်ုပ်ကို ကိုယ်တော် ဖန်ဆင်းခဲ့ခြင်း မဟုတ်ပါသလော။ စာတန်၏ အာဏာအောက်တွင် ကျွန်ုပ် မည်သို့များ အသက်ရှင်နိုင်ပါမည်နည်း။ ကျွန်ုပ်သည် ဆိုးယုတ်သောသူ၏ အာဏာအောက်တွင် အသက်ရှင်မည့်အစား ကျွန်ုပ်၏ ဖြစ်တည်မှု တစ်ခုလုံး ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုအလယ် အသက်ရှင်နေထိုင်ရန် ကျွန်ုပ်သာ၍ နှစ်သက်ပါသည်။ ကျွန်ုပ်သည် စာတန်ကို စက်ဆုပ်ပြီး ၎င်း၏ အာဏာအောက်တွင် အသက်မရှင်လိုသည့်အတွက် ကျွန်ုပ် သန့်စင်စေခြင်း ခံရနိုင်ကာ ကျွန်ုပ်၏အလုံးစုံကို ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံနိုင်သရွေ့ ကျွန်ုပ်၏ ခန္ဓာနှင့် စိတ်နှလုံးကို ကိုယ်တော်၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့အတွက် ပူဇော်ဆက်ကပ်ဖို့ ကျွန်ုပ် လိုလားနေပါ၏။ ကျွန်ုပ်ကို ကိုယ်တော်၏ တရားစီရင်ခြင်းမှတစ်ဆင့် ကိုယ်တော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပြသပါသည်။ ကျွန်ုပ်သည် အပြည့်အဝ လိုလားမှုရှိနေပြီး စောဒကတက်ခြင်း စိုးစဉ်းမျှ မရှိပါ။ ကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိလာပြီး ဆိုးယုတ်သောသူ၏ စွမ်းအားကို ဖယ်ရှားရန် အားထုတ်ဖို့အတွက် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်ုပ် ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သရွေ့ ကျွန်ုပ်၏ ဘဝတစ်ခုလုံးတွင် ကိုယ်တော်၏ တရားစီရင်မှု ရှိနေသည်ကို လိုလားနေပါသည်” ဟု ဆုတောင်းခဲ့သည်။ ပေတရုသည် ထိုသို့ အမြဲဆုတောင်းခဲ့သည်၊ ထိုသို့ အမြဲရှာဖွေခဲ့သည်၊ ပြီးလျှင် နှိုင်းယှဉ်ချက်အားဖြင့် ပြောရမည်ဆိုပါက မြင့်မားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိခဲ့သည်။ ဘုရားသခင်၏မေတ္တာကို သူ ပြန်လည် ပေးဆပ်နိုင်ခဲ့သည်သာမက၊ သာ၍အရေးကြီးသည်မှာ ဖန်ဆင်းခံတစ်ဦးအဖြစ် သူ၏ တာဝန်ကိုလည်း သူ ဖြည့်ဆည်းခဲ့သည်။ သူသည် သူ၏ အသိစိတ်အားဖြင့် စွပ်စွဲမခံရရုံသာမက အသိစိတ်၏ စံနှုန်းများကို ကျော်လွန်နိုင်ခဲ့သည်။ သူ၏ ဆုတောင်းချက်များသည် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆက်လက်တက်သွားခဲ့သည်မှာ သူ၏ ပြင်းပြသော ဆန္ဒများသည် ယခင်ထက် ပိုမိုမြင့်မားပြီး သူသည် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးကို ပို၍ပို၍ ပိုင်ဆိုင်ခဲ့သည်။ သူသည် မချိမဆံ့ နာကျင်မှုကို ခံစားခဲ့ရသော်လည်း ဘုရားသခင်အား ချစ်ရန် သူ မမေ့ခဲ့သေးသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်စွမ်းအား ရရှိရန် သူ ကြိုးစားဆဲ ဖြစ်ခဲ့သည်။ သူ၏ ဆုတောင်းချက်များတွင် သူသည် အောက်ပါစကားများကို မြွက်ဆိုခဲ့သည်။ “ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းထက် မည်သည့်အရာကိုမျှ မပြီးမြောက်လေပြီ။ စာတန်၏ရှေ့တွင် ကိုယ်တော့်အတွက် ကျွန်ုပ် သက်သေခံခြင်း မရှိသေးပါ၊ စာတန်၏ စွမ်းအားမှ ကျွန်ုပ် မိမိကိုယ်ကို မလွတ်မြောက်စေသေးသကဲ့သို့ ဇာတိပကတိအလယ်၌ အသက်ရှင်ဆဲ ဖြစ်သည်။ စာတန်ကို အနိုင်ယူရန်၊ ၎င်းကို အရှက်ရစေရန် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာကို အသုံးပြုရန်နှင့် ထိုသို့ဖြင့် ကိုယ်တော်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ကျွန်ုပ်ဆန္ဒရှိပါသည်။ စာတန်သည် ကိုယ်တော်၏ ရန်သူ ဖြစ်သည့်အတွက်၊ စာတန်ထံ မိမိကိုယ်ကို အနည်းငယ်မျှ မပေးဖို့၊ ကိုယ်တော့်ထံ ကျွန်ုပ်၏ အလုံးစုံကို ပေးအပ်ရန် ကျွန်ုပ်ဆန္ဒရှိပါသည်။” ဤလမ်းကြောင်းတွင် သူပိုမိုရှာဖွေခဲ့လေလေ၊ သူပိုမို တို့ထိခံခဲ့ရလေဖြစ်ပြီး ဤကိစ္စများနှင့်ဆိုင်သည့် သူ၏ အသိပညာ သာ၍ မြင့်မားလေလေ ဖြစ်သည်။ ယင်းကို နားမလည်လိုက်ဘဲနှင့် သူသည် မိမိကိုယ်ကို စာတန်၏စွမ်းအားမှ လွတ်မြောက်စေသင့်ပြီး ဘုရားသခင်ထံ မိမိကိုယ်ကို လုံးဝ ပြန်သွားသင့်သည်ကို သူသိလာခဲ့သည်။ ယင်းမှာ သူ ကြိုးပမ်းရရှိခဲ့သော နယ်ပယ်ဖြစ်သည်။ သူသည် စာတန်၏စွမ်းအားကို ကျော်လွန်ခဲ့ပြီး၊ ဇာတိပကတိ၏ သာယာမှုများနှင့် ပျော်ရွှင်မှုများမှ မိမိကိုယ်ကို ဖယ်ရှားခဲ့ကာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း နှစ်ခုလုံးကို သာ၍ နက်နဲစွာ တွေ့ကြုံရန် လိုလားနေခဲ့သည်။ သူက “ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုထဲတွင်လည်းကောင်း၊ ကိုယ်တော်၏ တရားစီရင်မှုထဲတွင်လည်းကောင်း အသက်ရှင်ရသော်လည်း ယင်းမှာ မည်မျှနာကျင်ခံစားကောင်း ခံစားရပါစေ ဖြစ်ပေါ်စေသော အခက်အခဲများကို ပဓာနမထားဘဲ စာတန်၏ အာဏာအောက်တွင် ကျွန်ုပ် အသက်ရှင်ရန် လိုလားခြင်း မရှိသေး၊ စာတန်၏လှည့်စားမှုအောက်တွင် အသက်ရှင်ရန် ကျွန်ုပ် လိုလားခြင်းမရှိသေးပါ။ ကိုယ်တော်၏ ကျိန်ခြင်းများအလယ် အသက်ရှင်ခြင်းမှ ဝမ်းမြောက်မှုကို ကျွန်ုပ် ခံစားရပြီး စာတန်၏ ကောင်းချီးများ အကြားတွင် အသက်ရှင်ခြင်းက ကျွန်ုပ်ကို နာကျင်စေပါသည်။ ကိုယ်တော်၏ တရားစီရင်ခြင်း အလယ်၌ အသက်ရှင်နေစဉ် ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး ဤအရာက ကျွန်ုပ်၏ စိတ်နှလုံးကို ကြီးမားသော ဝမ်းမြောက်ခြင်းဖြင့် ပြည့်နှက်စေပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ဖြောင့်မတ်ခြင်းတရားနှင့် သန့်ရှင်းခြင်း ဖြစ်သည်။ ယင်းသည် ကျွန်ုပ်ကို သန့်စင်ပေးဖို့ဖြစ်ပြီး ထို့ထက်ပို၍ပင် ကျွန်ုပ်ကို ကယ်တင်ရန်အလို့ငှာ ဖြစ်သည်။ စာတန်၏ အာဏာအောက်တွင် တစ်ခဏလေး ရှင်သန်နေထိုင်ရခြင်းထက် ကိုယ်တော်၏ တရားစီရင်မှုအလယ်တွင် ကျွန်ုပ်၏ တစ်ဘဝလုံး အသက်ရှင်နေထိုင်ပြီး ကိုယ်တော်၏ စောင့်ရှောက်မှုကို လက်ခံလိုပါသည်။ ကိုယ်တော်၏ သန့်စင်စေခြင်းကို ကျွန်ုပ်ခံရန် ဆန္ဒရှိပါ၏။ အခက်အခဲကို ခံစားရလျှင်ပင် စာတန်၏ အသုံးချမှုနှင့် လှည့်စားမှုကို ခံရန် ကျွန်ုပ် လိုလားခြင်းမရှိပါ။ ဤဖန်ဆင်းခံဖြစ်သော ကျွန်ုပ်အား ကိုယ်တော် အသုံးပြုသင့်ပါသည်၊ ကိုယ်တော် ပိုင်ဆိုင်သင့်ပါသည်၊ ကိုယ်တော် တရားစီရင်ခြင်း၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းအပြင် ကိုယ်တော်၏ ကျိန်ခြင်းကိုလည်း ကျွန်ုပ် ခံယူသင့်ပါသည်။ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်မြင်ရပြီးဖြစ်သည့်အတွက် ကျွန်ုပ်အား ကိုယ်တော် ကောင်းချီး ပေးရန် လိုလားသည့်အခါ ကျွန်ုပ်၏ စိတ်နှလုံးသည် ဝမ်းမြောက်ပါ၏။ ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ ကျွန်ုပ်သည် ကိုယ်တော်ကို သစ္စာဖောက်ပြီး စာတန်၏ အာဏာအောက်တွင် အသက်မရှင်သင့်သကဲ့သို့ စာတန်၏ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကို မခံသင့်ပါ။ ကျွန်ုပ်သည် စာတန်အတွက် အသက်ရှင်မည့်အစား ကိုယ်တော်၏မြင်း၊ သို့မဟုတ် နွားဖြစ်သင့်ပါသည်။ ကျွန်ုပ်သည် ဇာတိပကတိဆိုင်ရာသုခများ မရှိဘဲ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှု အလယ်၌သာ အသက်ရှင်လိုမည်ဖြစ်ကာ ကျွန်ုပ်သည် ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ်ဆုံးရှုံးရလျှင်ပင် ဤအရာက ကျွန်ုပ်အား ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးပါလိမ့်မည်။ ကိုယ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်နှင့်အတူမရှိသော်လည်း ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ဝမ်းမြောက်ခြင်းကို ကျွန်ုပ် ရရှိဦးမည် ဖြစ်သည်။ ဤသည်မှာ ကိုယ်တော်၏ အကောင်းဆုံးသော ကောင်းချီးမင်္ဂလာ၊ ကိုယ်တော်၏ အကြီးမားဆုံးသော ကျေးဇူးတော်ဖြစ်သည်။ ကိုယ်တော်သည် အမြဲ ဘုန်းအာနုဘော်ရှိပြီး ကျွန်ုပ်အပေါ် အမျက်ဒေါသ ရှိသော်လည်း ကျွန်ုပ်သည် ကိုယ်တော့်ကို စွန့်ခွာနိုင်စွမ်း မရှိသေးသကဲ့သို့ ကိုယ်တော်ကို လုံလောက်စွာ မချစ်နိုင်သေးပါ။ ကိုယ်တော်၏ အိမ်တော်တွင် ကျွန်ုပ်အသက်ရှင်ရန် သာ၍ နှစ်သက်ပါမည်၊ ကိုယ်တော်အားဖြင့် ကျိန်ခြင်းခံရဖို့၊ ပြစ်တင်ဆုံးမခြင်းခံရကာ ရိုက်နှက်ခြင်းခံရဖို့ ကျွန်ုပ်သာ၍ နှစ်သက်ပြီး စာတန်၏ တန်ခိုးအောက်တွင် အသက်ရှင်ရန် လိုလားခြင်း မရှိသကဲ့သို့ ဇာတိပကတိအတွက် အသက်ရှင်ဖို့ မဆိုထားနှင့် ဇာတိပကတိအတွက်သာ ပြေးလွှားကာ မိမိကိုယ်ကိုယ် အလုပ်များစေရန် ကျွန်ုပ် လိုလားခြင်း မရှိပါ” ဟု ပြောခဲ့သည်။ ပေတရု၏ မေတ္တာသည် စင်ကြယ်သော မေတ္တာတစ်ခု ဖြစ်သည်။ ဤသည်မှာ စုံလင်စေခြင်းခံရခြင်းနှင့်ဆိုင်သော အတွေ့အကြု ံဖြစ်ပြီး စုံလင်စေခြင်းခံရခြင်း၏ အမြင့်မားဆုံး နယ်ပယ်ဖြစ်သည်။ သာ၍ အဓိပ္ပာယ်ရှိသော အသက်တာ မရှိပေ။ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံခဲ့သည်၊ သူသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို တန်ဖိုးထားခဲ့ပြီး ပေတရုနှင့်ပတ်သက်၍ မည်သည့်အရာကမျှ သာ၍ အဖိုးထိုက်တန်ခြင်း မရှိခဲ့ပေ။ သူက “စာတန်သည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပျော်ရွှင်မှုများကို ကျွန်ုပ်အား ပေးသော်လည်း ယင်းတို့ကို ကျွန်ုပ် တန်ဖိုးမထားပါ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ကျွန်ုပ်ပေါ်သို့ ကျရောက်လာသည်။ ဤတွင် ကျွန်ုပ်သည် ကျေးဇူးပြုခြင်းခံရသည်၊ ဤတွင် ကျွန်ုပ်သည် ပျော်ရွှင်မှုကို ရှာတွေ့ရှိသကဲ့သို့ ဤတွင် ကျွန်ုပ်သည် ကောင်းချီးခံစားရပေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက ကျွန်ုပ်သည် ဘုရားသခင်အား မည်သည့်အခါမျှ ချစ်မည် မဟုတ်၊ ကျွန်ုပ်သည် စာတန်၏ တန်ခိုးအောက်တွင် အသက်ရှင်ဆဲ ဖြစ်ပေမည်၊ ၎င်း၏ထိန်းချုပ်ခြင်းနှင့် ကွပ်ကဲခြင်းကို ခံရဆဲ ဖြစ်ပေမည်။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်ုပ်သည် ဘုရားသခင်အား စိတ်ကျေနပ်စေနိုင်စွမ်း ရှိမည် မဟုတ်သည့်အတွက် မည်သည့်အခါတွင်မျှ စစ်မှန်သည့် လူသားတစ်ဦး ဖြစ်လာမည် မဟုတ်သကဲ့သို့ ကျွန်ုပ်၏ အလုံးစုံကို ဘုရားသခင်ထံ ဆက်ကပ်ပြီးလေမည် မဟုတ်ပေ။ ကျွန်ုပ်၏အထဲတွင် မီးလောင်ကျွမ်းနေသည့်အလား အထဲ၌ နှစ်သိမ့်မှုမရှိဘဲနှင့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့မရှိဘဲ ကျွန်ုပ်ကို ချန်ရစ်ရင်း ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးမပေးသော်လည်း ပြီးလျှင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့က ကျွန်ုပ်ထံမှ လုံးဝ မခွဲခွာသော်လည်း ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတွင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်ရှုမြင်နိုင်ပါသည်။ ဤအရာတွင် ကျွန်ုပ် ပျော်ရွှင်ဝမ်းမြောက်ပါသည်။ အသက်တာတွင် ထို့ထက် ပို၍ တန်ဖိုးရှိသောအရာ သို့မဟုတ် ပို၍ အဓိပ္ပာယ်ရှိသောအရာ မရှိပါ။ ကိုယ်တော်၏ ကွယ်ကာမှုနှင့် စောင့်ရှောက်မှုတို့သည် ရက်စက်သော ပြစ်တင်ဆုံးမမှု၊ တရားစီရင်မှု၊ ကျိန်ခြင်းများနှင့် ရိုက်နှက်ခြင်းတို့ ဖြစ်လာပြီးဖြစ်သော်လည်း ယင်းတို့သည် ကျွန်ုပ်အား သာ၍သန့်ရှင်းစေကာ ကျွန်ုပ်ကို ပြောင်းလဲပေးနိုင်သည့်အတွက်၊ ကျွန်ုပ်ကို ဘုရားသခင်နှင့် ပိုမို နီးစေနိုင်သည့်အတွက် ကျွန်ုပ်ကို ဘုရားသခင်အား ပိုမိုချစ်စေနိုင်ပြီး ကျွန်ုပ်၏ ဘုရားသခင်ကိုချစ်ခြင်းအား ပိုမိုဖြူစင်စေနိုင်သည့်အတွက် ဤအရာများတွင် ကျွန်ုပ် မွေ့လျော်ဆဲဖြစ်သည်။ ဤအရာက ဖန်ဆင်းခံတစ်ဦးအဖြစ် ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်အား ဖြည့်ဆည်းစေနိုင်ပြီး ကျွန်ုပ်အနေဖြင့် စာတန်ကို အစေမခံတော့ဖို့အလို့ငှာ ဘုရားသခင်၏ ရှေ့မှောက်သို့ ကျွန်ုပ်အား ဆောင်ယူကာ စာတန်၏ စွမ်းအားမှ ကင်းဝေးစေသည်။ စာတန်၏ တန်ခိုးအောက်တွင် ကျွန်ုပ် အသက်မရှင်သကဲ့သို့ မည်သည့်အရာကိုမျှ ချုပ်တည်းထားခြင်းမရှိဘဲ ကျွန်ုပ်၌ရှိသမျှ အရာရာတိုင်းနှင့် ကျွန်ုပ်လုပ်နိုင်သမျှ အရာအားလုံးတို့ကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်သည့် အချိန်၊ ယင်းသည် ကျွန်ုပ် အပြည့်အဝ စိတ်ကျေနပ်သည့် အချိန် ဖြစ်လိမ့်မည်။ ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်သည်မှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြစ်ပြီး ကျွန်ုပ်၏ အသက်တာသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ခွဲခြား၍ မရနိုင်ပါ။ ကျွန်ုပ်အတွက်မူ ကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ရခြင်းသည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေထိုင်ရသကဲ့သို့ တစ်ပုံစံတည်း ဖြစ်ပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုတို့ကြောင့်သာ မဟုတ်ခဲ့ပါက ကျွန်ုပ်သည် စာတန်၏ တန်ခိုးအောက်တွင် အမြဲ အသက်ရှင်သွားရမည်ဖြစ်သည့်အပြင်၊ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ဖို့ အခွင့်အရေး သို့မဟုတ် နည်းလမ်းများ ရှိပြီးဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့က ကျွန်ုပ်ကို မည်သည့်အခါတွင်မျှ မစွန့်ခွာမှသာ၊ ကျွန်ုပ်သည် ဘုရားသခင်အားဖြင့်၊ ဘုရားသခင်၏ ကြမ်းတမ်းသော နှုတ်ကပတ်တော်များနှင့် ဖြောင့်မတ်သောစိတ်သဘောထားအားဖြင့် သန့်ရှင်းစေခြင်းကို စဉ်ဆက်မပြတ် ခံရနိုင်စေရန် ထောက်ကူပေးမှသာ၊ ပြီးလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်ရှိသော တရားစီရင်ခြင်းတသည် ကျွန်ုပ်နှင့်အတူရှိမှသာ ကျွန်ုပ်သည် အထွတ်အထိပ် ကွယ်ကာမှု ရရှိပြီးဖြစ်ကာ အလင်းတွင် အသက်ရှင်လာရပြီး ဖြစ်သကဲ့သို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိပြီးဖြစ်သည်။ သန့်ရှင်းစေခြင်းခံရဖို့နှင့် ကျွန်ုပ်ကိုယ်ကျွန်ုပ် စာတန်ထံမှ လွတ်မြောက်စေကာ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ဖို့ဟူသည့် ဤသည်မှာ ယနေ့တွင် ကျွန်ုပ်၏အသက်တာ၌ အကြီးမားဆုံးသော ကောင်းချီး မင်္ဂလာဖြစ်ပါသည်” ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ ပေတရု တွေ့ကြုံခဲ့သည့် အမြင့်ဆုံးသော နယ်ပယ်ဖြစ်သည်။
ယင်းမှာ စုံလင်စေခြင်းခံရပြီးသည့်နောက် လူသားက ကြိုးပမ်းရရှိရမည့် အခြေအနေ အတိအကျဖြစ်သည်။ သင်သည် ဤမျှ စွမ်းဆောင်မရရှိနိုင်ပါက၊ အဓိပ္ပာယ်ရှိသော အသက်တာကို သင် အသက်မရှင်နိုင်ပေ။ လူသားသည် ဇာတိပကတိအလယ်တွင် အသက်ရှင်သည်၊ ယင်းမှာ သူသည် လူ့ငရဲတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိဘဲ၊ လူသားသည် စာတန်လောက် ညစ်ညူးပေသည်။ လူသားသည် မည်သို့သန့်ရှင်းနိုင်မည်နည်း။ ပေတရုက ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူသား၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကျေးဇူးတော် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်သာ၊ လူသားသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော ဆုံးမပဲ့ပြင်ခြင်းသည် စာတန်၏ စွမ်းအားမှ လူသားကို လွတ်မြောက်စေသည်၊ သူ၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲမှ သူ့ကို လွတ်မြောက်စေပြီး၊ ဘုရားသခင်၏ မျက်မှောက် အလင်းတွင် သူ့ကို အသက်ရှင်ခွင့်ပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်း မရှိပေ။ ပေတရုက၊ “အို ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမကာ တရားစီရင်သရွေ့၊ ကိုယ်တော်သည် ကျွန်ုပ်ကို ပစ်ခွာမသွားသေးသည်ကို ကျွန်ုပ်သိပါလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်သက်ခြင်းကို မပေးသကဲ့သို့၊ ဒုက္ခဆင်းရဲထဲတွင် ကျွန်ုပ်ကို အသက်ရှင်စေကာ ကျွန်ုပ်အပေါ် မရေမတွက်နိုင်သည့် ဆုံးမခြင်းများ ပေးလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မစွန့်ခွာသမျှကာလပတ်လုံး၊ ကျွန်ုပ်၏ စိတ်နှလုံး ငြိမ်းအေးနေပါလိမ့်မည်။ ယနေ့တွင်၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာပေပြီ။ ကျွန်ုပ်အား ကိုယ်တော်ပေးသော ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပါသည်။ ယနေ့ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်မှုတစ်ခုဖြစ်ပြီး၊ ထိုထက်ပို၍ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခု ဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ဇာတိပကတိ၏ သာယာမှုများကို ဘေးဖယ်ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော ကွယ်ကာမှုကို ရှာဖွေနိုင်ခဲ့သည်။ သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။ လူသားသည် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ပြီး ဇာတိပကတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းမခံရသကဲ့သို့၊ ဘုရားသခင်၏ ကွယ်ကာမှုကို မရရှိပါက၊ လူသားသည် ယခင်ထက် ပို၍ အကျင့်ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို ချစ်ရန် သူ ဆန္ဒရှိပါက၊ သူသည် သန့်ရှင်းစေခြင်းခံရမည်ဖြစ်ပြီး ကယ်တင်ခြင်းကို ခံရမည်။ ပေတရုက၊ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာ ဆက်ဆံသည့်အခါ၊ ကျွန်ုပ် ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမသည့်အခါ၊ ကျွန်ုပ်သည် ပို၍ပင် ကြီးမားသော နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရပါသည်။ ကျွန်ုပ်သည် အားနည်းပြီး ဖော်မပြနိုင်လောက်အောင်များသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ ပုန်ကန်ခြင်းကြောင့်ဖြစ်ကာ၊ ကျွန်ုပ်၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် အထမမြောက်စေနိုင်သောကြောင့် ကျွန်ုပ်ငိုကြွေးပါ၏။ ကိုယ်တော်၏ သတ်မှတ်ချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံ မလုံလောက်သောကြောင့်၊ ကျွန်ုပ်ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏၊ သို့သော် ဤနယ်ပယ်ကို ကျွန်ုပ် ကြိုးပမ်းရရှိရန် လိုလားနေပါသည်၊ ကိုယ်တော်ကို စိတ်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှ အားလုံးကို လုပ်ဆောင်ရန် ကျွန်ုပ် လိုလားနေပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းသည် ကျွန်ုပ်အား ကွယ်ကာမှုကို ဆောင်ကြဉ်းပေးပြီးဖြစ်သကဲ့သို့၊ အကောင်းဆုံးသော ကယ်တင်ခြင်းကို ကျွန်ုပ်အား ပေးလေပြီ။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ကျော်လွန်သွားသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ၊ ကိုယ်တော်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ကျွန်ုပ် မွေ့လျော်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့တွင်၊ ကိုယ်တော်၏ ချစ်ခြင်းသည် ကောင်းကင်တို့ကို ကျော်လွန်ပြီး အခြားအရာအားလုံးအထက်တွင် သာလွန်ထူးကဲ သည်ကို ကျွန်ုပ် သာ၍ပင် မြင်ရပါသည်။ ကိုယ်တော်၏ ချစ်ခြင်းသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်သာ မဟုတ်ပါ။ ထို့ထက်ပို၍ပင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထံမှ များစွာရရှိပြီးဖြစ်သည်။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲနှင့်၊ လူတစ်ဦးတစ်ယောက်မျှ သန့်စင်ခံရမည် မဟုတ်သကဲ့သို့၊ လူတစ်ဦးတစ်ယောက်မျှ ဖန်ဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် ရာနှင့်ချီသော စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကြံ့ကြံ့ခံရပြီးဖြစ်ကာ သေလုနီးနီးပင်ဖြစ်ပြီးသော်လည်း၊ ယင်းတို့က ကျွန်ုပ်အား ကိုယ်တော်ကို အမှန်တကယ် သိရှိဖို့နှင့် အထွတ်အထိပ် ကယ်တင်ခြင်းကို ရရှိရန် ကျွန်ုပ်အား အခွင့်ပေးလေပြီ။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့သည် ကျွန်ုပ်ထံမှ ဖယ်ခွာသွားခဲ့မည်ဆိုလျှင်၊ ကျွန်ုပ်သည် အမှောင်တွင် စာတန်၏ တန်ခိုးအောက်၌ အသက်ရှင်ရပါမည်။ လူသား၏ ဇာတိပကတိသည် မည်သည့်အကျိုးကျေးဇူးများ ရှိသနည်း။ အကယ်၍ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို စွန့်ခွာခဲ့မည်ဆိုပါက၊ ယင်းမှာ ကိုယ်တော်၏ ဝိညာဉ်တော်က ကျွန်ုပ်အား စွန့်ခွာခဲ့ပြီး ဖြစ်သည့်အလား၊ ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူ မရှိတော့သည့်အလား ဖြစ်ပါမည်။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်ုပ် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ကိုယ်တော်သည် ကျွန်ုပ်အား နာမကျန်းမှုကို ပေးခဲ့ပြီး ကျွန်ုပ်၏ လွတ်လပ်မှုကို ယူဆောင်ခဲ့သည်၊ ကျွန်ုပ်သည် ဆက်လက် ရှင်သန်နိုင်ခဲ့ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် တစ်ချိန်ချိန်၌ ကျွန်ုပ်ကို စွန့်ခွာခဲ့ပါက၊ ကျွန်ုပ် ဆက်လက် အသက်ရှင်နိုင်မည်မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိခဲ့ပါက၊ ကျွန်ုပ်သည် ကိုယ်တော်၏ မေတ္တာကို ဆုံးရှုံးရပြီး ဖြစ်ပါမည်။ ကိုယ်တော်၏ မေတ္တာသည် ကျွန်ုပ်အတွက် စကားလုံးတို့ဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် နက်ရှိုင်းလွန်းလှပါသည်။ ကိုယ်တော်၏ မေတ္တာမရှိဘဲနှင့်၊ စာတန်၏ တန်ခိုးအောက်တွင် ကျွန်ုပ် အသက်ရှင်မည် ဖြစ်ပြီး၊ ကိုယ်တော်၏ ဘုန်းအသရေရှိသော မျက်နှာတော်ကို မြင်တွေ့နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ထိုသို့သောအမှောင်တွင် ထိုသို့သောဘဝတွင် ကျွန်ုပ်သည် ရှေ့မဆက်နိုင်လုနီးပါးဖြစ်ခဲ့သည်။ ကိုယ်တော် ကျွန်ုပ်နှင့်အတူ ရှိခြင်းသည် ကိုယ်တော်ကို မြင်နေရသကဲ့သို့ ဖြစ်သည်၊ ထို့ကြောင့် ကိုယ်တော်ကို ကျွန်ုပ် မည်သို့ စွန့်ခွာနိုင်မည်နည်း။ ကိုယ်တော်၏ နှစ်သိမ့်သောစကား ဟိုတစ်စ၊ ဒီတစ်စကိုသာ ဖြစ်လျှင်ပင် ကျွန်ုပ်၏ အကြီးမားဆုံးသော နှစ်သိမ့်မှုကို ကျွန်ုပ်ထံမှ ယူဆောင်မသွားရန် ကိုယ်တော်ကို ကျွန်ုပ် လုံးဝ ရိုးသားစစ်မှန်စွာ အနူးအညွတ် ပန်ကြားပါ၏။ ကိုယ်တော်ကို တောင်းပန်ပါ၏။ ကျွန်ုပ်သည် ကိုယ်တော်၏ မေတ္တာကို မွေ့လျော်ပြီးဖြစ်ကာ၊ ယနေ့တွင် ကိုယ်တော့်ထံပါးမှ ကျွန်ုပ် ဝေးကွာ၍ မရနိုင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့မချစ်ဘဲ နေနိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကြောင့်၊ ကျွန်ုပ်သည် ဝမ်းနည်းမျက်ရည်များစွာ ကျရပြီးဖြစ်သော်လည်း၊ ဤသို့သော အသက်တာသည် ပို၍ အဓိပ္ပာယ်ရှိသည်၊ ကျွန်ုပ်ကို သာ၍ ကြွယ်ဝစေနိုင်သည်၊ ကျွန်ုပ်ကို သာ၍ ပြောင်းလဲစေနိုင်ပြီး၊ ဖန်ဆင်းခံများက ပိုင်ဆိုင်သင့်သည့် သမ္မာတရားကို ရယူဖို့ ကျွန်ုပ်ကို သာ၍ အခွင့်ပေးနိုင်သည်ဟု ကျွန်ုပ်အမြဲခံစားရပါ၏” ဟူ၍ ဆုတောင်းခဲ့သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
တရားစီရင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်
ဘုရားသခင်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို ကယ်တင်ခဲ့သည်
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
တရားစီရင်ခြင်းနှင့်ပြစ်တင်ဆုံးမခြင်းတို့က ဘုရားသခင်၏ ကယ်တင်ခြင်းကို ထုတ်ဖော်ပြ
ဆုံးမခြင်းနှင့် အပြစ်စီရင်ခြင်း၌ ဘုရား၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မြင်တွေ့ခဲ့သည်