၆။ “အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခြင်းသည် သခင်ယေရှုကို သစ္စာဖောက်ခြင်းဖြစ်ပြီး မိမိယုံကြည်မှုကို စွန့်ပယ်ခြင်းဖြစ်သည်” ဟူသည့် ဘာသာရေးလောက၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ယုံကြည်မှု
ဘာသာရေးသမားများစွာသည် ပေါလု၏ ဤစကားများကို ၎င်းတို့၏ အခြေပြုချက်အဖြစ် မှတ်ယူကြသည်။ “ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။ သို့သော်လည်း၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော်၎င်း၊ ဟောပြော သောသူသည် ကျိန်တော်မူခြင်းကိုခံစေ။” (ဂလာတိ သြဝါဒစာ ၁:၆-၈) ထို့ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်အား ယုံကြည်ခြင်းသည် သခင်ယေရှု၏ အမည်နာမနှင့် လမ်းခရီးမှ သွေဖည်ခြင်း၊ အခြားဧဝံဂေလိကို ယုံကြည်ခြင်းသွားဖြစ်သည်ဟု ဘာသာရေးသမားများက ဆိုကြသည်။ ၎င်းတို့အတွက်မူ ဤသည်မှာ မိမိယုံကြည်မှုကို စွန့်ပယ်ခြင်းဖြစ်သည်။ သခင့်ကို သစ္စာဖောက်ခြင်း ဖြစ်သည်။
ကျမ်းစာထဲမှ စကားများ
“အကြောင်းမူကား၊ ကိုယ်တော်သည် ကြွလာ တော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ လူများကို သစ္စာတော်နှင့်၎င်း စီရင်ဆုံးဖြတ်တော် မူလတံ့။’” (ဆာလံ ၉၆:၁၃)
“သူသည် တိုင်းနိုင်ငံများအလယ်တွင် တရားစီရင်လိမ့်မည်ဖြစ်ပြီး လူများစွာတို့ကို ပြစ်တင်ဆုံးမတော်မူလိမ့်မည်။” (ဟေရှာယအနာဂတ္တိကျမ်း ၂:၄)
“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)
“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)
“မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ...ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။” (ဗျာဒိတ်ကျမ်း ၁၄:၆-၇)
“ငါသည် သင်တို့ကို ပြောစရာများစွာရှိသေးသည်။ သို့သော် ယင်းတို့ကို သင်တို့ယခု မခံယူနိုင်ပေ။ သို့ရာတွင် သမ္မာတရားဖြင့် ပြည့်စုံသော ဝိညာဉ်တော် ကြွလာသောအခါ သူသည် သင်တို့အား သမ္မာတရားအားလုံးဆီသို့ လမ်းပြပေးလိမ့်မည်။ အကြောင်းမှာ သူသည် သူ၏အကြောင်း ပြောဆိုမည်မဟုတ်ဘဲ သူကြားမည့်အရာမှန်သမျှသည် သူပြောမည့်အရာဖြစ်သည်။ ပြီးလျှင် သူသည် နောင်လာမည့်အရာများကို သင်တို့အား ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)
“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇)
“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲခရစ်ဝင် ၂၅:၆)
“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)
“သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။” (ဗျာဒိတ်ကျမ်း ၁၄:၄)
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ယေရှုသည် လူသားအလယ်သို့ ရောက်လာပြီး အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်သောအလုပ်ကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ်အဖြစ် အသုံးခံခဲ့၏။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ စာတန်ဆန်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီးနောက် ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ခဲ့သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်စင်လာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်စင်စေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားနိုင်ပြီး သန့်စင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယခြင်းခံလာရသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ကိုယ်ရေမျှော်လင့်ချက်များ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ နှုတ်ကပတ်တော်အားဖြင့် စစ်ဆေးခြင်း၊ တရားစီရငခြင်းနှင့် ဖော်ထုတခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများနှင့်အညီ မဆက်ဆံခြင်းဟုသာ မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။...ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။...လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင်၊ ယေရှုသည် လူတို့အလယ် သူ၏အမှုကို လုပ်ဆောင်ရန် လူ့ဇာတိခံခဲ့သည်။ သူ၏အမှုကို သီးခြား မဆောင်ရွက်ခဲ့ဘဲ၊ ယေဟောဝါ၏ အမှုပေါ်တွင် အခြေခံ၍ ဆက်လက် အကောင် အထည်ဖော်သည်။ ယင်းမှာ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှု ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးသည် အမြဲ ရှေ့ဆက် တိုးတက်နေသောကြောင့်၊ ယေရှု၏အမှု အဆုံးသတ်ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ခေတ်ဟောင်း ကုန်လွန်သည့်အချိန်တွင်၊ ယင်းကို ခေတ်သစ်တစ်ခုဖြင့် အစားထိုးလိမ့်မည် ဖြစ်ပြီး၊ အမှုဟောင်း ပြည့်စုံသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်မည့် အမှုသစ် ရှိလိမ့်မည်။ ဤလူ့ဇာတိခံယူခြင်းသည် ယေရှု၏အမှုနောက်လိုက်လာသည့် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ဤလူ့ဇာတိခံယူခြင်းသည် သီးခြား မဖြစ်ပေါ်ပေ။ ယင်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု၏ တတိယအဆင့် ဖြစ်သည်။ အမှု၏ အဆင့်သစ်တစ်ခုကို ဘုရားသခင် အစပြုသည့် အချိန်တိုင်းတွင်၊ အသစ်သော အစပြုခြင်း ရှိရမည်ဖြစ်ပြီး ယင်းက ခေတ်သစ်တစ်ခုကို အမြဲ ဆောင်ကြဉ်းရမည် ဖြစ်သည်။ ထိုနည်းတူ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အလုပ်လုပ်ပုံ၊ သူ၏အမှု တည်နေရာနှင့် သူ၏ နာမတော်တို့တွင်လည်း လိုက်လျောညီထွေသော အပြောင်းအလဲများ ရှိပေသည်။ သို့ဆိုလျှင်၊ လူသားအနေဖြင့် ခေတ်သစ်ထဲတွင် ဘုရားသခင်၏အမှုကို လက်ခံရန် ခက်ခဲသည်မှာ အံ့ဩဖွယ်မရှိပေ။ သို့သော် ဘုရားသခင်သည် လူသား၏ ဆန့်ကျင်မှုကို မည်သို့ ခံရသည်ဖြစ်စေ၊ သူသည် မိမိ၏အမှုကို အမြဲ လုပ်ဆောင်နေပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြဲ ရှေ့သို့ ဦးဆောင်နေပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
ယနေ့ကာလ၏ အမှုသည် ကျေးဇူးတော်ခေတ်၏အမှုကို ရှေ့သို့တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ်လုံးအောက်၌ပြုသော အမှုသည် ရှေ့သို့တိုးလာခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသတ်သွားပြီဖြစ်သော်လည်း ဘုရားသခင်၏အမှု၌ တိုးတက်မှုရှိသည်။ အမှု၏ ဤအဆင့်သည် ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟု အဘယ့်ကြောင့် ငါသည် ထပ်တလဲလဲ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ယနေ့၏အမှုသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှု၏အဆက်ဖြစ်ပြီး ပညတ်တော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှုအပေါ် တိုးတက်လာမှုလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအဆင့်သုံးခုမှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်နွှယ်လျက်ရှိနေပြီး ကွင်းဆက်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေသည်။ အမှု၏ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံထားသည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ အကယ်၍သာ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေမခံထားလျှင် ဤအဆင့်တွင် နောက်ထပ်တစ်ကြိမ် ကားစင်တင်သတ်ခြင်း တစ်ခု ဖြစ်ပျက်ရန် လိုလိမ့်မည်ဖြစ်ကာ၊ ပြီးခဲ့သောအဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း နောက်ထပ်ပြန်၍ လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အမှုသည် လုံးဝပြီးဆုံးသွားခြင်း မဟုတ်ဘဲ ခေတ်သည် ရှေ့သို့တိုးလာခြင်းဖြစ်ပြီး အမှု၏အဆင့်အတန်းသည် ယခင်ကထက် သာ၍မြင့်မားလာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်၏ အုတ်မြစ်ပေါ်တွင်နှင့် ယေရှုအမှု၏ ကျောက်ပေါ်တွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အမှုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအဆင့်သည် အသစ်သော အစပြုခြင်းမဟုတ်ပေ။ အမှု၏ အဆင့်သုံးဆင့်စလုံး ပေါင်းစည်းခြင်းကိုသာလျှင် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။ ယခုအဆင့်၏ အမှုကို ကျေးဇူးတော်ခေတ်အမှု၏ အုတ်မြစ်ပေါ်တွင် အခြေခံလုပ်ဆောင်ထားခြင်း ဖြစ်သည်။ အကယ်၍ အမှု၏ ဤအဆင့်နှစ်ခုသည် ဆက်စပ်မှုမရှိလျှင် ကားတိုင်ပေါ်၌ အသေခံခြင်းသည် ယခုအဆင့်တွင် အဘယ်ကြောင့် ပြန်လည်၍ မဖြစ်လာသနည်း။ ငါသည် လူသား၏အပြစ်များကို သယ်ဆောင်ခြင်းမပြုဘဲ၊ ထိုအစား လူသားကို တိုက်ရိုက်တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် ငါကြွလာသည်မှာ အဘယ်ကြောင့်နည်း။ အကယ်၍ ယခု ငါ၏ ကြွလာခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေစွဲယူခြင်း မဟုတ်သည့်အတွက်၊ လူသားများကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်ဖြစ်သည့် ငါ၏အမှုသည် ကားတိုင်ပေါ်တွင် အသေခံခြင်းကို ခြေရာခံမလိုက်ပါက၊ ငါသည် လူသားကို ပြစ်တင်ဆုံးမရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။ ငါသည် ယေရှုနှင့် တစ်ကိုယ်တည်းဖြစ်သောကြောင့်သာလျှင် လူသားများကို ပြစ်တင်ဆုံးမဖို့ရန်နှင့် တရားစီရင်ရန်အလို့ငှာ ငါသည် တိုက်ရိုက်ကြွလာခြင်းဖြစ်သည်။ ဤအဆင့်၏အမှုကို ယခင်အဆင့်၏ အမှုအပေါ်တွင် လုံးလုံးလျားလျားတည်ဆောက်ထားသည်။ ထို့အတွက်ကြောင့် ဤအမှုမျိုးကသာလျှင် လူသားများကို ကယ်တင်ခြင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ပို့ဆောင်နိုင်ခြင်းဖြစ်သည်။ ယေရှုနှင့် ငါသည် ဝိညာဉ်တော် တစ်ပါးတည်းမှလာသည်။ ငါတို့နှစ်ဦးသည် ဇာတိခန္ဓာအားဖြင့် ဆက်စပ်မှုမရှိသော်လည်း ငါတို့၏ဝိညာဉ်များမှာမူ တစ်လုံးတစ်ဝတည်းပင်ဖြစ်သည်။ ငါတို့လုပ်ဆောင်သည့် အကြောင်းအရာနှင့် ငါတို့လုပ်ဆောင်သော အမှုသည် တူညီမှုမရှိသော်လည်း ငါတို့၏ အနှစ်သာရသည် အတူတူပင်ဖြစ်သည်။ ငါတို့၏ ဇာတိခန္ဓာတို့သည် ခြားနားသော ပုံသဏ္ဌာန်များကို ဆောင်သော်လည်း ထိုအရာသည် ခေတ်ကာလ၏ အပြောင်းအလဲနှင့် ငါတို့အမှု၏ တောင်းဆိုမှုတို့ မတူညီခြင်းကြောင့်ဖြစ်သည်။ ငါတို့၏ အမှုတော်များသည် တူညီမှုမရှိပေ၊ ထို့ကြောင့် ငါတို့ဖော်ဆောင်လာသော အမှုနှင့် လူသားကို ငါတို့ထုတ်ဖော်ပြသသော စိတ်သဘောထားသည်လည်း ခြားနားလေသည်။ ထိုအကြောင်းကြောင့် ယနေ့ လူသားများမြင်သောအရာနှင့် နားလည်သောအရာသည် အတိတ်ကကဲ့သို့ မဟုတ်တော့ချေ၊ ယင်းသို့ဖြစ်ရခြင်းမှာ ခေတ်ကာလ အပြောင်းအလဲကြောင့်ဖြစ်သည်။ သူတို့၏ လိင်အမျိုးအစားနှင့် သူတို့ဇာတိခန္ဓာများ၏ ပုံသဏ္ဌာန်သည် ကွဲပြားလျက်ရှိကာ သူတို့သည် မိသားစုတစ်ခုတည်းတွင် သာမက၊ အချိန်ကာလတစ်ခုတည်းတွင် မွေးဖွားလာခြင်း မဟုတ်လင့်ကစား သူတို့၏ဝိညာဉ်များသည် တစ်ပါးတည်းပင်ဖြစ်သည်။ သူတို့၏ဇာတိခန္ဓာများသည် မျိုးရိုး၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအရ မည်သည့်သွေးသားတော်စပ်မှုမျိုးမျှ မရှိလင့်ကစား သူတို့သည် မတူညီသော အချိန်ကာလနှစ်ခုအတွင်း ဘုရားသခင်ခံယူထားသော ဇာတိခန္ဓာများ ဖြစ်သည်ဆိုသည့် အချက်ကိုမူ ငြင်းပယ်၍မရပေ။ သူတို့သည် တူညီသောသွေးသားမျိုးရိုးမှ မဟုတ်သည့်အပြင် လူတို့၏ဘုံဘာသာစကား တစ်ခုတည်းကို အတူမပြောသော်လည်း (တစ်ဦးသည် ယုဒလူမျိုးတို့၏ ဘာသာစကားကိုပြောသည့် အမျိုးသားဖြစ်ပြီး၊ နောက်တစ်ဦးသည် တရုတ်ဘာသာစကားကိုသာ ပြောသည့် အမျိုးသမီးဖြစ်သည်) သူတို့သည် ဘုရားသခင် ခံယူထားသည့် ဇာတိခန္ဓာများဖြစ်သည် ဆိုသည့်အချက်မှာ ငြင်းမရနိုင်သည့် အမှန်တရားပင်ဖြစ်သည်။ ဤအကြောင်းရင်းများကြောင့် သူတို့သည် မတူညီသည့် နိုင်ငံများတွင်နေထိုင်ပြီး သူတို့တစ်ဦးစီ လုပ်သင့်လုပ်ထိုက်သည့် အမှုကို မတူကွဲပြားသည့် အချိန်အပိုင်းအခြားတို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူတို့၏ဝိညာဉ်သည် အတူတူပင်ဖြစ်ပြီး၊ သူတို့သည် တူညီသော အနှစ်သာရတို့ကို ပိုင်ဆိုင်ကြသော်ငြားလည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ပန်းသဏ္ဌာန်တို့အကြားတွင် တူညီမှုများဟူ၍ ဘာဆိုဘာမျှ မရှိပေ။ သူတို့၌ တူညီသော လူ့သဘာဝသာ ရှိကြသည်၊ သို့သော်လည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ရုပ်သဏ္ဌာန်ပိုင်းဆိုင်ရာနှင့် သူတို့မွေးဖွားလာသည့် အခြေအနေများအရဆိုပါက သူတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ထိုအရာများသည် သူတို့၏ သက်ဆိုင်ရာအမှု၊ သို့မဟုတ် သူတို့အပေါ်ထားရှိသော လူသား၏သိခြင်းအပေါ် အကျိုးသက်ရောက်မှုမရှိပေ၊ အကြောင်းမှာ နောက်ဆုံးပိတ်ခြုံငုံဆန်းစစ်သော် သူတို့သည် တူညီသော ဝိညာဉ်တော်ပင်ဖြစ်ပြီး မည်သည့်အရာကမျှ သူတို့ကို ခွဲခြား၍မရနိုင်သောကြောင့် ဖြစ်သည်။ သူတို့သည် သွေးသားအရ ဆက်စပ်မှုမရှိသော်လည်း သူတို့၏ဖြစ်တည်မှု တစ်ခုလုံးသည် သူတို့၏ဝိညာဉ်တော်များ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေပြီး၊ ထိုအရာသည် သူတို့ကို မတူညီသောအချိန်ကာလများတွင် မတူညီသောအမှုကို ခွဲခန့်ပေးပြီး၊ သူတို့၏ ဇာတိခန္ဓာများသည် မတူညီသော မျိုးရိုးများမှ ဖြစ်သည်။ ယေဟောဝါ၏ ဝိညာဉ်တော်သည် ယေရှုဝိညာဉ်တော်၏ ဖခင်မဟုတ်သကဲ့သို့၊ ယေရှု၏ ဝိညာဉ်တော်သည်လည်း ယေဟောဝါဝိညာဉ်တော်၏ သားမဟုတ်ပေ၊ သူတို့သည် တစ်လုံးတစ်ဝတည်းပင် ဖြစ်ကြပြီး တူညီသောဝိညာဉ်တော်ပင် ဖြစ်သည်။ ထိုနည်းတူစွာပင် ယနေ့ကာလ၏ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ယေရှုသည် သွေးသားအားဖြင့် ဆက်စပ်မှုမရှိသော်လည်း၊ သူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြသည်။ အကြောင်းမှာ သူတို့၏ ဝိညာဉ်များသည်လည်း တစ်ပါးတည်း ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခင်ကြင်နာခြင်းအမှုကို လုပ်ဆောင်နိုင်သကဲ့သို့ လူသားတို့အပေါ် ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုကိုလည်း လုပ်ဆောင်နိုင်ပြီးလျှင်၊ လူသားများအပေါ် ကျိန်ဆဲသောအမှုကိုလည်း ပြုနိုင်သည်၊ အဆုံးတွင် သူသည် ကမ္ဘာလောကကြီးကို ဖျက်ဆီးခြင်းနှင့် ဆိုးယုတ်သောသူများကို အပြစ်ဒဏ်ခတ်ခြင်း အမှုကို လုပ်ဆောင်နိုင်သည်။ ထိုအရာများအားလုံးကို သူကိုယ်တိုင်လုပ်ဆောင်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ အတိုင်းအဆမဲ့တန်ခိုးပင် မဟုတ်သလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်
ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော မတူကွဲပြားသည့် ခေတ်များကိုသာ ရည်ညွှန်းပြီး ငါ၏အလုံးစုံ၌ ငါ့ကို ကိုယ်စားမပြုပေ။ ကမ္ဘာမြေပေါ်ရှိ လူတို့က ငါ့အားခေါ်ဝေါ်သော အမည်နာမများသည် ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ငါ၏ဖြစ်ခြင်းအားလုံးကို ရှင်းလင်းစွာ မပြောဆိုနိုင်ပေ။ ၎င်းတို့သည် မတူကွဲပြားသော ခေတ်များအတွင်း ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများမျှသာ ဖြစ်ပေသည်။ ထို့ကြောင့် နောက်ဆုံးခေတ်ဖြစ်သည့် နောက်ဆုံးသော ကာလ၏ ခေတ်သို့ ရောက်ရှိသည့်အခါ ငါ၏အမည်နာမသည် တစ်ဖန် ပြောင်းလဲလိမ့်မည်။ ငါ့ကို မေရှိယဟု ခေါ်ဖို့ မဆိုထားနှင့်၊ ယေဟောဝါ သို့မဟုတ် ယေရှုဟုပင် အခေါ်ခံမည်မဟုတ်။ ငါ့ကို တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်ကြမည် ဖြစ်ပြီး ဤအမည်နာမအောက်တွင် ငါသည် ခေတ်ကာလ တစ်ခုလုံးကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည် ဖြစ်သည်။ ငါ့ကို တစ်ချိန်က ယေဟောဝါဟု ခေါ်ဆိုခဲ့ကြသည်။ လူတို့က ငါ့ကို မေရှိယဟုလည်း သိခဲ့ကြပြီး လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ ယနေ့တွင် ငါသည် လူများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းကျက်သရေတို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်မှသည် ယနေ့ထိတိုင် လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူတို့ထံ ပေါ်ထွန်းသော်လည်း လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက် လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံများ မြောက်မြားစွာသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးခံစားရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် တောက်လောင်နေသော နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင် ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်။ ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်သည် မဟုတ်၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ထိုအစား ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ ဖန်ဆင်းခံအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်
လူသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်ရမည်။ သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့ လိုက်” သင့်သည်။ ဤလူများသည်သာ မှန်သော လမ်းခရီးကို ရှာဖွေသည့် လူများဖြစ်သည်၊ ၎င်းတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများ ဖြစ်ကြလေသည်။ စကားများနှင့် အယူဝါဒများကို မျက်စိစုံမှိတ် လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလအသီးသီးတွင်၊ ဘုရားသခင်သည် အမှုသစ်ကို စတင်လိမ့်မည် ဖြစ်ပြီး၊ အချိန်ကာလ အသီးသီးတွင်၊ လူသားအလယ် အသစ်သော စတင်မှု တစ်ခု ရှိလိမ့်မည်။ ၎င်းတို့နှင့် သက်ဆိုင်ရာ ခေတ်များကိုသာ အကျိုးသက်ရောက်မှု ရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ အမှုပြုသည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်လေသည်။ ဤနည်းဖြင့် လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားရှင်းလင်းခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ကို လူသားက သေချာပြီး၊ မည်သည့်သံသယမျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင် ကြိုးစားသရွေ့၊ သူသည် အဘယ်သို့ အပြစ်ဒဏ်ပေး ခံရနိုင်မည်နည်း။ ဘုရားသခင်၏ အမှုသည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ၏ ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်း မရှိသကဲ့သို့၊ သူ၏ စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံခြင်း မတိုင်မီတွင်၊ သူသည် အမြဲ အလုပ်များကာ ဘယ်သောအခါမျှ မရပ်တန့်ချေ။ သို့သော် လူသားက ကွဲပြား၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အနည်းငယ်သော အလုပ်ကိုသာ ရရှိပြီးဖြစ်လျက်၊ သူသည် ယင်းကို ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်သည့်အလား သဘောထားလေသည်။ အသိပညာ အနည်းငယ် ရရှိပြီးဖြစ်လျက်၊ သူသည် ရှေ့ထွက်ကာ ဘုရားသခင်၏ သာ၍သစ်လွင်သော အမှု၏ ခြေလှမ်းများနောက် မလိုက်ပေ။ ဘုရားသခင်၏ အမှုအနည်းငယ်ကိုသာ မြင်ရပြီးဖြစ်လျက်၊ သူသည် ဘုရားသခင်ကို သီးသန့် သစ်သားရုပ်ပုံတစ်ခုအဖြစ် ချက်ချင်းသရုပ်ဖော်ပြီး၊ သူ့ရှေ့တွင် သူမြင်ရသည့် ဤပုံသဏ္ဌာန်ဖြင့် ဘုရားသခင်သည် အမြဲ ရှိနေလိမ့်မည်၊ အတိတ်က ဤကဲ့သို့ ဖြစ်ခဲ့ပြီး၊ အနာဂတ်တွင်လည်း ထိုသို့ အမြဲ ဖြစ်နေလိမ့်မည်ဟု သူ ယုံကြည်လေသည်။ အပေါ်ယံ အသိပညာ တစ်ခုကိုသာ ရရှိပြီးဖြစ်လျက်၊ လူသည် အလွန် မာနထောင်လွှားသည်မှာ သူ့ကိုယ်သူ မေ့လျော့ပြီး တကယ်ကို မတည်ရှိသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်တည်ခြင်းတို့ကို လက်လွတ်စပယ် စတင် ကြေညာလေသည်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်တစ်ခုနှင့်ပတ်သက်၍ သေချာလာလျက်၊ ဘုရားသခင်၏ အမှုသစ်ကို ကြေညာသည်မှာ မည်သည့်လူစားမျိုးဖြစ်စေ၊ လူသည် ယင်းကို လက်မခံပေ။ ဤသည်တို့မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို လက်မခံနိုင်သည့် လူများ ဖြစ်ကြသည်။ ၎င်းတို့သည် အလွန် ရှေးရိုးစွဲကြပြီး၊ အသစ်သော အရာများကို လက်ခံနိုင်စွမ်း မရှိကြချေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ငြင်းပယ်ကြသူများလည်း ဖြစ်သည်။ ဣသရေလလူမျိုးတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို မယုံကြည်ကြ” သည်မှာ မှားယွင်းခဲ့ကြသည်ဟု လူတို့က ယုံကြည်ကြသည်၊ သို့သော် လူအများစုသည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို ငြင်းပယ်” သကဲ့သို့၊ “မေရှိယ၏ ပြန်ကြွလာခြင်းကို တောင့်တသော်လည်း၊ ယေရှုဟုခေါ်သည့် မေရှိယကို ဆန့်ကျင်သည့်” အခန်းကဏ္ဍကို ဆောင်ရွက်နေကြလေသည်။ ထိုအခါ ထိုလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တစ်ဆင့်တစ်ခုကို လက်ခံပြီးသည့်နောက်၊ စာတန်၏ တန်ခိုးအောက်တွင် အသက်ရှင်ကြဆဲ ဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မရရှိကြသေးသည်မှာ မထူးဆန်းပေ။ ဤသည်ကား လူသား၏ ပုန်ကန်မှု ရလဒ် ဖြစ်သည် မဟုတ်ပေလော။...သိုးသငယ်၏ ခြေလှမ်းများကို အဆုံးတိုင် လိုက်လျှောက်သူများသာ နောက်ဆုံး ကောင်းချီးမင်္ဂလာကို ရရှိနိုင်သည်၊ အဆုံးထိ လိုက်မလျှောက်နိုင်သော်လည်း ၎င်းတို့ အလုံးစုံကို ရရှိပြီးဖြစ်သည်ဟု ယုံကြည်ကြသည့် ထို“လူတော်များ” များမှာမူ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သက်သေခံနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတော်ဆုံးလူများဖြစ်ကြသည်ဟု ၎င်းတို့ အသီးသီးက ယုံကြည်ကြပြီး၊ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ ဘုရားသခင် အမှု၏ ဆက်လက်တိုးတက်ဖွံ့ဖြိုးမှုကို ဖြတ်တောက်ကြကာ၊ “ဘုရားသခင်ကို အဆုံးစွန်သစ္စာရှိသူ၊ ဘုရားသခင်နောက်လိုက်သူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူ” များဖြစ်သည့် ၎င်းတို့ကို ဘုရားသခင်က ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားလိမ့်မည်ဟု မုချသေချာစွာဖြင့် ယုံကြည်ကြပုံရလေသည်။ ၎င်းတို့သည် ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များကို “အဆုံးစွန်သစ္စာစောင့်သိမှု” ရှိသော်လည်း၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆန့်ကျင်ပြီး၊ ဆိုးယုတ်မှုနှင့် လှည့်ဖြားမှုများကို ကျူးလွန်ကြသည့်အတွက်၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် အလွန် ရွံရှာစက်ဆုပ်ဖွယ် ဖြစ်နေဆဲ ဖြစ်သည်။ အဆုံးထိတိုင် မလိုက်လျှောက်သော သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီမလိုက်သောသူများနှင့်၊ ဟောင်းသော အမှုကိုသာ ဖက်တွယ်သူတို့သည် ဘုရားသခင်အား သစ္စာစောင့်သိခြင်း မရှိကြသည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်လာကြပြီးဖြစ်သည်၊ ခေတ်သစ်၏ ငြင်းပယ်ခြင်းကို ခံရသည့်သူများနှင့် အပြစ်ပေးခံရမည့်သူများ ဖြစ်လာကြပြီးဖြစ်သည်။ ၎င်းတို့ထက်သာ၍ သနားစဖွယ်ကောင်းသည့်အရာ တစ်ခုတစ်လေ ရှိသလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု
နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ ယေရှု၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ လျော်ကန်မည် မဟုတ်ပေ။ အကြောင်းမှာ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သောကြောင့်တည်း။ စည်းမျဉ်းစည်းကမ်းများ၊ စကားလုံးများနှင့် သမိုင်း၏ ချုပ်နှောင်မှုအားဖြင့် ထိန်းချုပ်ခြင်းခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ ရှိသည့်အရာမှာ ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများသာ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားသည်၊ တည်ငြိမ်စွာ ရပ်နေပြီး အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားသည့်အပြင် ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားသောကြောင့် သင်သည် ဘုရားသခင်ကို အမြဲရန်လိုနေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည် တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့ ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် စကားများသာဖြစ်သည်၊ သင့်ကို အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် ကျမ်းချက်များ၏ စကားလုံးများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင်ရှိသော နက်နဲမှုများ သင် သဘောပေါက်အောင် လုပ်ပေးသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့ ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်
ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ
ဘုရားသခင်ရဲ့အမည်နာမဟာ တကယ်ပဲမပြောင်းလဲနိုင်ဘူးလား
ဆက်စပ်မှုရှိသော တရားဒေသနာများ
အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သခင်ယေရှုကို သစ္စာဖောက်ခြင်းဖြစ်ပါသလား
အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အစဉ် တိုးတက်လျက်ရှိ၏
ယုံကြည်သူများသည် ဘုရား၏ခြေရာများကို ထက်ကြပ်မကွာ လိုက်ရသည်
ဘုရားသခင်သည် ဖန်ဆင်းခံအားလုံး၏ သခင်ဖြစ်တော်မူ၏