ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၃)
ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်တစ်ချက်မြောက် တာဝန်ကို မိတ်သဟာယဖွဲ့ခဲ့သည်။ ငါတို့သည် ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်နှင့် ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သနည်း။ (ပထမအလုပ်တာဝန်မှာ ယင်းတို့ကို စောင့်ရှောက်ထိန်းသိမ်းရန် ဖြစ်ပါသည်။ ဒုတိယမှာ စာရင်းများကို စစ်ဆေးရန် ဖြစ်ပါသည်။ တတိယမှာ အမျိုးမျိုးသော အသုံးစရိတ်များသည် စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်ကို ဆက်လက်စောင့်ကြည့်ရန်၊ စုံစမ်းရန်နှင့် စစ်ဆေးရန် ဖြစ်ပါသည်။ တင်းကျပ်သော စိစစ်မှုကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ကျိုးကြောင်းမညီညွတ်သော အသုံးစရိတ်များကို တင်းကျပ်စွာ ကန့်သတ်ရမည် ဖြစ်သည်။ ဖြုန်းတီးမှုနှင့် အလဟဿဖြစ်စေခြင်းတို့ကို မဖြစ်ပေါ်မီကပင် တားဆီးခြင်းသည် အကောင်းဆုံး ဖြစ်သည်။ အကယ်၍ ယင်းတို့ ဖြစ်ပေါ်ပြီးဖြစ်ပါက၊ တာဝန်ရှိသူများကို တာဝန်ခံစေရမည် ဖြစ်သည်။ သတိပေးချက်များ ထုတ်ပြန်သင့်သည်သာမက လျော်ကြေးကိုလည်း တောင်းဆိုရမည် ဖြစ်သည်။) အခြေခံအားဖြင့် ထိုအချက်များပင် ဖြစ်သည်။ အဓိကအချက်မှာ ယင်းတို့ကို စောင့်ရှောက်ထိန်းသိမ်းရန်၊ ထို့နောက် စာရင်းများကို စစ်ဆေးရန်၊ ပြီးနောက် အသုံးစရိတ်များကို ဆက်လက်စောင့်ကြည့်၍ စစ်ဆေးရန်နှင့် ယင်းတို့ကို မှန်ကန်စွာ သုံးစွဲရန်တို့ ဖြစ်သည်။ ဆယ့်တစ်ချက်မြောက် တာဝန်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယ ပြီးဆုံးသည့်နောက်တွင် လူတို့သည် ယခုအခါ ပူဇော်သက္ကာများနှင့်ပတ်သက်၍ တိကျသော သိနားလည်မှုနှင့် အသိပညာ ရှိလာကြပြီး ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့်အလုပ်အပြင် အယောင်ဆောင် ခေါင်းဆောင်များက ဤအလုပ်အား မည်သို့လုပ်ဆောင်သည်ဟူသည်ကိုလည်းကောင်း၊ ယင်းကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ တိကျသော သရုပ်သကန်များကိုလည်းကောင်း ယခုအခါ သိရှိလာကြသည်။ ငါတို့၏ မိတ်သဟာယသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့် ပတ်သက်သည်ဖြစ်စေ၊ အယောင်ဆောင် ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ပတ်သက်သည် ဖြစ်စေ၊ အပြုသဘောဆောင်သော အရာများအကြောင်းကို မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သော အရာများကို ဖော်ထုတ်ခြင်း ဖြစ်သည်ဖြစ်စေ၊ ယင်း၏ အဓိက ရည်ရွယ်ချက်မှာ ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းခြင်းအလုပ်ကို ကောင်းမွန်စွာ မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် ခွဲဝေခြင်းတို့တွင် ကျိုးကြောင်းမညီညွတ်သော လုပ်ရပ်များအား မည်သို့ ဖယ်ရှားရှင်းလင်းရမည်ကိုလည်းကောင်း လူတို့အား နားလည်စေရန် ဖြစ်သည်။ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ဘုရားသခင် ရွေးချယ်ထားသောလူအားလုံးသည် ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းရာတွင် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ သို့ဆိုလျှင် ဤတာဝန်မှာ အဘယ်နည်း။ ယင်းမှာ ကြီးကြပ်ရန်နှင့် တွေ့ရှိသည့် မည်သည့်ပြဿနာကိုမဆို ချက်ချင်း သတင်းပို့ရန် ဖြစ်သည်။ ဆိုလိုသည်မှာ ကြီးကြပ်ခြင်းနှင့် သတင်းပို့ခြင်း လုပ်ငန်းဆောင်တာများကို ထမ်းဆောင်ရန် ဖြစ်သည်။ “ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်ပြီး ငါတို့ သာမန်ယုံကြည်သူများနှင့် မည်သို့မျှမဆိုင်ပါ”ဟု မထင်မှတ်နှင့်။ ဤအမြင်သည် မမှန်ကန်ပေ။ လူတို့သည် ဤသမ္မာတရားများကို နားလည်ပြီးဖြစ်သည့်အတွက် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက မဖော်ထုတ်နိုင်သည့် ကိစ္စရပ်များအတွက် သို့မဟုတ် အလွယ်တကူ ပိုင်းခြား၍မရနိုင်သော မသိမကျွမ်းသည့် အကြောင်းရပ်များ၊ နေရာများအတွက် တစ်စုံတစ်ဦးသည် ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းခြင်း၊ ခွဲဝေခြင်းနှင့် အသုံးပြုခြင်းတို့တွင် ကျိုးကြောင်းမညီညွတ်ခြင်းနှင့်ဆိုင်သည့် ပြဿနာတစ်ခုခုကိုဖြစ်စေ၊ စည်းမျဉ်းများ ချိုးဖောက်ခံရခြင်းနှင့်ဆိုင်သည့်ပြဿနာတစ်ခုခုကိုဖြစ်စေ တွေ့ရှိပါက၊ ပူဇော်သက္ကာများကို ကျိုးကြောင်းညီညွတ်စွာ စောင့်ရှောက်ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းနှင့် ခွဲဝေခြင်းတို့ ဖြစ်မြောက်စေရန် ဤအရာများကို ခေါင်းဆောင်များနှင့် အမှုဆောင်များထံ ချက်ချင်း သတင်းပို့သင့်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတစ်ဦးစီတိုင်း၏ တာဝန်ဖြစ်သည်။
အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်းဆိုသလို တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၁)
ဆယ့်တစ်ခုမြောက် တာဝန်ဝတ္တရားအပေါ် မိတ်သဟာယဖွဲ့ခြင်း ပြီးဆုံးသွားပြီ ဖြစ်သောကြောင့်၊ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်ဝတ္တရားဖြစ်သည့် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်းဆိုသလို တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့” ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ဤတာဝန်ဝတ္တရား၏ အဓိက အကြောင်းအရာမှာ အဘယ်နည်း။ ၎င်းမှာ အဓိကအားဖြင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ပြီး ပျက်စီးစေသော အသင်းတော်တွင်းရှိ လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုး၊ နှင့် အမှုအရာအမျိုးမျိုးအပြင် ပြဿနာအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် ခေါင်းဆောင်များနှင့် အမှုဆောင်များကို တောင်းဆိုခြင်းနှင့် သက်ဆိုင်သည်။ ဤပြဿနာများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန်၊ သူတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ နှင့် ဤအမှုတော်ကို ကောင်းစွာ ဆောင်ရွက်ရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဦးစွာ အဘယ်အရာကို နားလည်ရမည်နည်း။ ဤတာဝန်ဝတ္တရားမှာ “ဘုရားသခင်၏ အမှုတော်နှင့် အသင်းတော်၏ ပုံမှန် အစီအစဉ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သော လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုး၊ နှင့် အမှုအရာအမျိုးမျိုးကို ချက်ချင်း တိကျမှန်ကန်စွာ ခွဲခြားသိမြင်ရန်” ဖြစ်သည်၊ ဤသည်မှာ ဤအမှုတော်၏ အတိုင်းအတာ ဖြစ်သည်။ ပန်းတိုင်တစ်ခုနှင့် အတိုင်းအတာတစ်ခု ရှိလျှင်၊ မည်သည့်ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည်၊ နှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို မည်သည့်အမှုတော်နှင့် တာဝန်ဝတ္တရားများကို တာဝန်ယူရန် မျှော်လင့်သည်တို့မှာ ရှင်းလင်းလာသည်။ ဆယ့်နှစ်ခုမြောက် တာဝန်ဝတ္တရားအတွင်း၌၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အဓိက တောင်းဆိုချက်မှာ အဘယ်နည်း။ ၎င်းမှာ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်ပေါ်စေသော လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုး၊ နှင့် အမှုအရာအမျိုးမျိုးကို တားဆီးပြီး ကန့်သတ်ကာ၊ အခြေအနေကို ပြောင်းလဲပစ်ရန် ဖြစ်ပြီး၊ တစ်ချိန်တည်းတွင် ဘုရားသခင် ရွေးချယ်ထားသောသူများ ထိုသို့သော အမှုအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်မှုကို ဖြစ်ပေါ်စေပြီး ၎င်းတို့ထံမှ သင်ခန်းစာယူနိုင်ရန်အလို့ငှာ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန်လည်း ဖြစ်သည်။ ဤသည်ကို လုပ်ဆောင်ရန်အလို့ငှာ မည်သည့် ကြိုတင်သတ်မှတ်ချက်များကို ပြည့်မီရမည်နည်း။ အကယ်၍ သင်သည် အသင်းတော်၏ ပုံမှန် အစီအစဉ်ကို နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ပြီး ပျက်စီးစေသော လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုး၊ နှင့် အမှုအရာအမျိုးမျိုးကို မြင်တွေ့သော်လည်း ဤသည်တို့မှာ ပြဿနာများ မဟုတ်ဟု ထင်မှတ်ပါက၊ ထိုအခါ ဒုက္ခရှိနေပြီဖြစ်သည်။ ဤသည်မှာ သင်သည် ပြဿနာ၏ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်ခြင်း မရှိကြောင်း၊ ဆိုလိုသည်မှာ၊ အသင်းတော် အသက်တာကို နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းသည် အသင်းတော်၏ အမှုတော်ထံသို့ ဆောင်ကြဉ်းပေးနိုင်သော အန္တရာယ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ အသက်ဝင်ရောက်မှုအပေါ် ၎င်း ရှိနိုင်သော အကျိုးဆက်များနှင့် သက်ရောက်မှုများကို နားလည်ခြင်း မရှိကြောင်းကို ဖော်ပြသည်။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော် အမှုတော်ကို ကောင်းစွာ ဆက်လက် လုပ်ဆောင်နိုင်ပါဦးမည်လော။ သူတို့သည် ပြဿနာများကို ဖြေရှင်းပြီး အခြေအနေကို ပြောင်းလဲပစ်နိုင်ပါမည်လော။ (မလုပ်နိုင်ပါ)။ သို့ဆိုလျှင် ဤနေရာ၌ မိတ်သဟာယဖွဲ့ရမည့် အဓိကအချက်မှာ အဘယ်နည်း။ ၎င်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရား စည်းမျဉ်းများကို ဦးစွာ နားလည်ခြင်းအားဖြင့်သာ အမျိုးမျိုးသော ပြဿနာရပ်များ၏ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်ပြီး အမျိုးမျိုးသော လက်တွေ့ ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်သည်ဟူ၍ ဖြစ်သည်။ အသင်းတော် အမှုတော်ကို ကောင်းစွာ လုပ်ဆောင်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဦးစွာ အသင်းတော် အမှုတော်၌ မည်သည့် ပြဿနာများ မကြာခဏ ပေါ်ပေါက်တတ်သည်ကို သိရှိရန် လိုအပ်သည်။ ထို့နောက်၊ သူတို့သည် ပေါ်ပေါက်လာသော ပြဿနာများ၏ သဘာဝ၊ ၎င်းတို့သည် အသင်းတော် အမှုတော်နှင့် အသင်းတော် အသက်တာ၏ ပုံမှန် အစီအစဉ်ကို သက်ရောက်မှု ရှိမရှိ၊ နှင့် ၎င်းတို့သည် အသင်းတော် အမှုတော်ကို နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း သဘာဝ ရှိမရှိတို့ကို တိကျမှန်ကန်စွာ နားလည်ရန်၊ ပိုင်းခြားသိမြင်ရန်၊ နှင့် အကဲဖြတရန် လိုအပ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဦးစွာ နားလည်သင့်သော အလွန် အရေးကြီးသော ပြဿနာတစ်ရပ် ဖြစ်သည်။ ဤသည်ကို နားလည်ပြီးမှသာလျှင် ဤပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းရန် ဖြစ်နိုင်ပြီး၊ ဆယ့်နှစ်ကြိမ်မြောက် တာဝန်ဝတ္တရား၌ ဖော်ပြထားသည့်အတိုင်း “၎င်းတို့ကို တားဆီးပြီး ကန့်သတ်ကာ၊ အခြေအနေကို ပြောင်းလဲပစ်ရန်” ကို လုပ်ဆောင်နိုင်ပေမည်။ အတိုချုပ်အားဖြင့်၊ ပြဿနာတစ်ခုကို မဖြေရှင်းမီတွင်၊ သင်သည် ဦးစွာ ပြဿနာ အဘယ်မှာ တည်ရှိသည်၊ ပါဝင်သော အခြေအနေများနှင့် အဖြစ်အပျက်များမှာ မည်သည့်အရာများဖြစ်သည်၊ ပြဿနာ၏ သဘာဝ၊ ပြဿနာက မည်မျှ ပြင်းထန်သည်၊ ၎င်းကို မည်သို့ စိစစ်ပြီး ပိုင်းခြားသိမြင်ရမည်၊ နှင့် မည်သို့ တိကျမှန်ကန်စွာ လက်တွေ့လုပ်ဆောင်ရမည်တို့ကို နားလည်ရန် လိုအပ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဦးစွာ နားလည်ရန် လိုအပ်သောအရာ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအမှုအရာများကို နားလည်ရန် လိုအပ်သောကြောင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ နှင့် ဘုရားသခင် ရွေးချယ်ထားသောသူများ နှစ်ဦးစလုံးသည် ဤပြဿနာများ ပေါ်ပေါက်လာသောအခါ ၎င်းတို့ကို မည်သို့ ရင်ဆိုင်ရမည်၊ ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မည်သို့ ကိုက်ညီစစ်ဆေးရမည်၊ နှင့် ၎င်းတို့ကို ဖြေရှင်းရန် သမ္မာတရား စည်းမျဉ်းများကို မည်သို့ အသုံးပြုရမည်တို့ကို နားလည်နိုင်ရန်အလို့ငှာ၊ ၎င်းတို့အကြောင်း ရှုထောင့်များစွာမှ တိတိကျကျ မိတ်သဟာယဖွဲ့ကြပါစို့။ ဤနည်းလမ်းအားဖြင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သူတို့ မဖြေရှင်းနိုင်သော အခက်အခဲများနှင့် ကြုံတွေ့ရသောအခါ၊ ဘုရားသခင် ရွေးချယ်ထားသောသူများအားလုံးသည် ၎င်းတို့ကို အတူတကွ ရင်ဆိုင်နိုင်ပြီး ဖြေရှင်းနည်းများအတွက် သမ္မာတရားကို ရှာဖွေနိုင်ကြမည်၊ ထို့ပြင် အသင်းတော် အမှုတော်၌ အနှောင့်အယှက်နှင့် အဖျက်အမှောင့်လုပ်ခြင်း ပြဿနာများနှင့် ကြုံတွေ့ရသောအခါ၊ လူတိုင်းသည် ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရန် ရပ်တည်နိုင်ကြမည်။ တစ်ချိန်တည်းတွင်၊ အပျက်သဘောဆောင်သော လူများနှင့် ကိစ္စရပ်များအတွက်၊ သူတို့သည် လူထုရှေ့၌ စိစစ်ခြင်း၊ ပိုင်းခြားသိမြင်ခြင်း၊ နှင့် စရိုက်လက္ခဏာကို သရုပ်ဖော်ခြင်းတို့ကို လုပ်ဆောင်နိုင်ကြပြီး၊ ဤသို့ဖြင့် ဤပြဿနာရပ်များကို တားဆီးစေသည်၊ ကန့်သတ်စေသည်၊ အရင်းအမြစ်မှ ဖယ်ရှားပစ်စေသည်။ သို့ဆိုလျှင် အတိကျဆုံးသော ပြဿနာရပ်များဖြင့် စတင်၍ မိတ်သဟာယဖွဲ့ကြပါစို့။
အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ
ဘုရားသခင်၏ အမှုတော်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သော ကိစ္စရပ်များကို ဖော်ထုန်ရန်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက အစပြုသင့်သည့် နယ်ပယ်များမှာ အဘယ်နည်း။ ၎င်းတို့သည် ဤပြဿနာများကို ရှာဖွေတွေ့ရှိရန် အသင်းတော်အသက်တာကို စစ်ဆေးခြင်းဖြင့် စတင်သင့်သည်။ အသင်းတော်အသက်တာတွင် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းသဘောသဘာဝရှိသည့် မည်သည့်ပြဿနာများက ပုံမှန်အားဖြင့် ပေါ်ပေါက်လာတတ်သည်ကို သင်တို့အားလုံး အနည်းငယ် သိကြသလော။ အသင်းတော်တစ်ခုတွင် လူမည်မျှပင်ရှိသည်ဖြစ်စေ၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်မည့်သူ အနည်းငယ်ထက်ပိုမည်မှာ သေချာသည်။ သင်တို့ သိရှိပြီးသည့် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း လုပ်ရပ်များမှာ အဘယ်နည်း။ (စုဝေးပွဲများတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အဓိကအကြောင်းအရာများကို ဗဟိုမပြုဘဲ အကြောင်းအရာမှ အစဉ်သဖြင့် သွေဖည်သွားခြင်း ဖြစ်ပါသည်။) (စကားလုံးများနှင့် အယူဝါဒများကို အလေ့အကျင့်အနေဖြင့် ပြောဆိုခြင်းလည်း ဖြစ်ပါသည်။) သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်း။ ဥပမာအားဖြင့်၊ အခြားသူများက မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် မည်သို့ သစ္စာစောင့်သိရမည်ကို မိတ်သဟာယဖွဲ့နေသည့်အခါ၊ ၎င်းတို့က မိမိတို့၏ ခင်ပွန်း (သို့မဟုတ် ဇနီး) နှင့် သားသမီးများအား မည်သို့ ကောင်းစွာ လုပ်ကျွေးပြုစုရမည်ကို ပြောဆိုကြလိမ့်မည်။ အခြားသူများက မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိခြင်းသည် ဘုရားသခင်ကို ကျေနပ်စေရန်နှင့် သူ့ကို ကျိုးနွံနာခံရန်ဖြစ်သည်ကို ဆိုလိုကြောင်း မိတ်သဟာယဖွဲ့နေချိန်တွင်၊ ၎င်းတို့က မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိခြင်းသည် မိမိ၏မိသားစုနှင့် ချစ်ခင်ရသူများအတွက် ကောင်းချီးများရရှိရန်ဖြစ်ကြောင်း ပြောဆိုကြလိမ့်မည်။ ဤသည်မှာ အကြောင်းအရာမှ သွေဖည်သွားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ သင်က ၎င်းတို့ကို ကြားဖြတ်မပြောလျှင်၊ ၎င်းတို့သည် မဆုံးနိုင်အောင် ဆက်ပြောနေလိမ့်မည်။ အကယ်၍ သင်က ၎င်းတို့ကို ကန့်သတ်ပါက၊ ၎င်းတို့သည် ဒေါသထွက်လာပြီး အရှက်ရမှုကြောင့် ဒေါသထွက်ကာ၊ ထိုသို့ဖြင့် ၎င်းတို့၏ မကောင်းသော အပြုအမူကို တစ်ဆင့်တိုး၍ လုပ်ဆောင်ကြလိမ့်မည်။ သို့ဆိုလျှင် ဤကိစ္စရပ်သည် သဘောသဘာဝအားဖြင့် အလွန်ပြင်းထန်သည့် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း အဆင့်တွင် ရှိနေသည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းသည် အဖြစ်များသော ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း၊ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင်၊ ယင်းသည် အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နိုင်ပေသည်။ ဤသည်မှာ ပထမဆုံး ပြဿနာဖြစ်သည်။ ဒုတိယအချက်ဖြစ်သည့် “စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း” နှင့်စပ်လျဉ်း၍၊ ဤအရာက အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းအဖြစ် သတ်မှတ်ခြင်းခံရခြင်း ရှိမရှိဟူသည်မှာ ကိစ္စရပ်၏ ပြင်းထန်မှုအပေါ် မူတည်သည်။ အချို့လူများသည် သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့သောကြောင့် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုကြသည်။ ၎င်းတို့ ပါးစပ်ဟလိုက်သည်နှင့်၊ စကားလုံးများနှင့် အယူဝါဒများချည်းသာ၊ အနှစ်မဲ့သော သီအိုရီများသာ ဖြစ်သည်။ သို့သော်လည်း၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အခြားသူများကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် မဟုတ်ပေ။ ကန့်သတ်ခြင်းနှင့် မလုပ်ရန် ဖျောင်းဖျခြင်းတို့ဖြင့် ၎င်းတို့သည် မိမိကိုယ်ကို သတိပြုမိလာကြမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် စကားလုံးများနှင့် အယူဝါဒများကို ၎င်းတို့ ပြောဆိုခြင်းက ပိုနည်းပါးလာလိမ့်မည်ဖြစ်ပြီး၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကိုလည်း နောက်ထပ် ဟန့်တားတော့မည် မဟုတ်ပေ။ ဤအရာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းအဖြစ် သတ်မှတ်ထားခြင်း မရှိပေ။ သို့သော်၊ အခြားသူများကို အထင်အမြင်မှားစေရန် ရည်ရွယ်ချက်ဖြင့် တမင်တကာ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသောသူများသည် ၎င်းတို့ပြောဆိုသည့်အရာမှာ စကားလုံးများနှင့် အယူဝါဒများဖြစ်ကြောင်း ကောင်းစွာသိချိန်တွင်ပင် ထိုသို့ လုပ်ဆောင်ကြသည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အခြားသူများ၏ လေးစားမှုကို ရယူရန်ဖြစ်သည်၊ ၎င်းတို့သည် လူတို့ကို မိမိတို့ဘက်သို့ ဆွဲဆောင်ပြီး အထင်အမြင်မှားစေလိုကာ၊ အဆင့်အတန်းကို ဖမ်းဆုပ်လိုကြသည်။ ဤသည်မှာ သဘောသဘာဝအားဖြင့် အတော်အတန် ပြင်းထန်သည်။ ယင်းသည် သမ္မာတရားကို နားမလည်သောကြောင့် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ခြင်းနှင့် သဘောသဘာဝအားဖြင့် ကွဲပြားသည်။ ထိုသို့သော အပြုအမူသည် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို ဖြစ်စေသည်။ အသင်းတော်အသက်တာတွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများသည် နေရာအနှံ့တွင် ရှိသည်။ ယင်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း သို့မဟုတ် အကြောင်းအရာမှ သွေဖည်သွားခြင်းကဲ့သို့သော ကိစ္စရပ်များသာ မဟုတ်ပေ။ အခြားအရာအချို့မှာ အဘယ်နည်း။ (အုပ်စုဖွဲ့ခြင်း၊ သဘောထားကွဲလွဲအောင် ပြုလုပ်ခြင်းနှင့် အခြားသူများ၏ အပြုသဘောဆောင်ခြင်းကို လျော့စေခြင်းတို့ဖြစ်ပါသည်။) (အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းနှင့် ပြဿနာရှာခြင်းအပြင်၊ လူတို့ကို တစ်စိုက်မတ်မတ် စိတ်အနှောင့်အယှက်ပေးခြင်းတို့လည်း ရှိပါသည်။) (အချို့လူများသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့်ပတ်သက်၍ အယူအဆများရှိသည့်အခါ၊ အခြားသူများတွင်လည်း အလုပ်အစီအစဉ်များနှင့်ပတ်သက်၍ အယူအဆများ ပေါ်ပေါက်လာစေလျက် ၎င်းတို့သည် ဤအယူအဆများကို ဖြန့်ဝေပြီး ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ကြပါသည်။) ထိုအရာများသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများအဖြစ် သတ်မှတ်ခြင်းခံရသည်။ လူတို့ကို ဒုက္ခပေးခြင်းနှင့် တိုက်ခိုက်ခြင်း၊ အယူအဆများကို ဖြန့်ဝေခြင်း၊ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်း၊ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်း၊ နှင့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းတို့နှင့်အတူ အုပ်စုဖွဲ့ခြင်းက တစ်ခုဖြစ်သည်၊ သဘောထားကွဲလွဲအောင် ပြုလုပ်ခြင်းသည် နောက်တစ်ခုဖြစ်သည်။ ဤအရာအားလုံးသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်ကြသည်။ ဤပြဿနာများသည် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းထက် သဘောသဘာဝအားဖြင့် များစွာ ပို၍ ပြင်းထန်သည်။ ရွေးကောက်ပွဲများနှင့် ဆက်စပ်သည့် ပြဿနာတစ်ခုလည်း ရှိသေးသည်။ ရွေးကောက်ပွဲများအတွင်း ပေါ်ပေါက်သည့် မည်သည့်ပြဿနာအမျိုးအစားသည် အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းတို့နှင့် သက်ဆိုင်သနည်း။ ဥပမာအားဖြင့် မဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်း—မိမိအတွက် မဲများကို သေချာစေရန် အကျိုးအမြတ်များ ကတိပေးခြင်း ဖြစ်သည်။ ဤသည်မှာ ရွေးကောက်ပွဲတစ်ခုကို ပျက်ပြားစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ပြီးလျှင် ခိုးကြောင်ခိုးဝှက် လှုပ်ရှားမှုများဖြစ်သည့် လူတို့ကို မိမိ၏ဘက်သို့ ဆွဲဆောင်ရန်၊ အထင်အမြင်မှားစေရန်နှင့် မိမိအတွက် မဲပေးစေရန် နောက်ကွယ်မှ လူတို့ စိတ်များကို လှည့်စားခြင်း ဖြစ်သည်။ ဤအရာအားလုံးသည် ရွေးကောက်ပွဲများအတွင်း ပေါ်ပေါက်သည့် ကိစ္စရပ်များ ဖြစ်ကြသည်။ ဤအရာများက အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသလော။ (ဖြစ်စေပါသည်။) ဤပြဿနာများကို စုပေါင်း၍ ရွေးကောက်ပွဲ စည်းမျဉ်းများကို ချိုးဖောက်ခြင်းအဖြစ် သတ်မှတ်ထားသည်။ နောက်ပြဿနာတစ်ခုမှာ အိမ်တွင်းရေးရာများကို တတွတ်တွတ်ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များကို တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းတို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဤအရာများအတွက် စုဝေးပွဲများသို့ လာကောင်းလာနိုင်သည်—သမ္မာတရားကို နားလည်ရန် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ရန် မဟုတ်ဘဲ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် ဖြစ်သည်။ ထိုသို့သော ပြဿနာသည် ပြင်းထန်သော အမျိုးအစားတစ်ခုလော။ (ဟုတ်ပါသည်။) ယင်းသည်လည်း အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို ဖြစ်စေခြင်းနှင့် ညီမျှပေသည်။
ယခုတွင်၊ အသင်းတော်အသက်တာအတွင်း ပေါ်ပေါက်သည့် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းဆိုင်ရာ အမျိုးမျိုးသော ပြဿနာများကို အကျဉ်းချုပ်ဖော်ပြကြစို့။ ပထမအချက်အနေဖြင့်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ မကြာခဏ သွေဖည်သွားခြင်း၊ ဒုတိယအချက်မှာ လူတို့ကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၊ တတိယအချက်မှာ အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းတို့ဖြစ်သည်။ စတုတ္ထအချက်၊ အုပ်စုဖွဲ့ခြင်း၊ ပဉ္စမအချက်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၊ ဆဋ္ဌမအချက်၊ သဘောထားကွဲလွဲအောင် ပြုလုပ်ခြင်း၊ သတ္တမအချက်၊ လူတို့ကို တိုက်ခိုက်ခြင်းနှင့် ညှဉ်းဆဲခြင်း၊ အဋ္ဌမအချက်၊ အယူအဆများကို ဖြန့်ဝေခြင်း၊ နဝမအချက်၊ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်း၊ ဒသမအချက်၊ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်းနှင့် ဆယ့်တစ်ချက်မြောက် ရွေးကောက်ပွဲ စည်းမျဉ်းများကို ချိုးဖောက်ခြင်းတို့ ဖြစ်သည်။ စုစုပေါင်း တစ်ဆယ့်တစ်ချက် ဖြစ်သည်။ ဤသရုပ်သကန် ဆယ့်တစ်မျိုးသည် အသင်းတော် အသက်တာအတွင်း၌ မကြာခဏ ပေါ်ပေါက်သည့် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းဆိုင်ရာ ပြဿနာများ ဖြစ်ကြသည်။ အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်သည့်အခါ၊ ဤကိစ္စရပ်များ ပေါ်ပေါက်လာပါက၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ထရပ်ပြီး ၎င်းတို့ကို တားဆီးရန်၊ ကန့်သတ်ရန် လိုအပ်သည့်အပြင် ၎င်းတို့ကို အဆီးအတားမရှိ ဆက်ဖြစ်ပွားခွင့် မပြုသင့်ပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို မကန့်သတ်နိုင်ပါက၊ ညီအစ်ကိုမောင်နှမများအားလုံးသည် ၎င်းတို့ကို အတူစုပေါင်း၍ ကန့်သတ်သင့်သည်။ အကယ်၍ ပါဝင်ပတ်သက်သူသည် ဆိုးယုတ်သော လူ့သဘာဝမရှိသည့်အပြင်၊ တမင်တကာ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေခြင်းမရှိဘဲ သမ္မာတရားကို နားလည်မှု ကင်းမဲ့ရုံသာဖြစ်ပါက၊ ၎င်းတို့ကို သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ကူညီကာ အားပေး၍ရသည်။ အကယ်၍ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသူသည် ဆိုးယုတ်သောသူတစ်ဦးဖြစ်ပြီး၊ အမှုမှာ သေးငယ်ပါက၊ ၎င်းတို့၏ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို မိတ်သဟာယဖွဲ့ခြင်းနှင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် တားဆီးပြီး ကန့်သတ်သင့်သည်။ အကယ်၍ ၎င်းတို့သည် နောင်တရလိုစိတ်ရှိပြီး၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် နည်းလမ်းများဖြင့် နောက်ထပ် ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်း မရှိတော့ဘဲ၊ ညီအစ်ကိုမောင်နှမများက သတ်မှတ်သည့် ကန့်သတ်ချက်များကို လက်ခံလျက် အသင်းတော်တွင် အရေးမပါဆုံးသော အသင်းသားဖြစ်ဖို့ လိုလားနေကာ တာဝန်ကျေရုံ နားထောင်ပြီး နာခံနိုင်သည့်အပြင်၊ အသင်းတော်က စီစဉ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပါက၊ ၎င်းတို့အနေဖြင့် အသင်းတော်တွင် ယာယီနေထိုင်၍ရသည်။ သို့သော် ၎င်းတို့သည် လက်မခံဘဲ ထိုအစား ဆန့်ကျင်ကာ လူများစုအပေါ် ရန်လိုလာပါက၊ ဒုတိယအဆင့်ဖြစ်သည့် ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းအား ဆောင်ရွက်သင့်ပေသည်။ ဤလုပ်နည်းကိုင်နည်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။)
၁။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ မကြာခဏ သွေဖည်သွားခြင်း
ယခု ငါတို့သည် သဘာဝအားဖြင့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်ပေါ်စေသည့်အရာများဖြစ်သော အသင်းတော် အသက်တာတွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအကြောင်းကို မိတ်သဟာယဖွဲ့ကြမည်။ ထိုအရာများထဲမှ ပထမတစ်ခုမှာ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ မကြာခဏ သွေဖည်သွားခြင်း ဖြစ်သည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းကို မည်သို့ သတ်မှတ်ရမည်နည်း။ အကြောင်းအရာမှ သွေဖည်သွားသည့် မိတ်သဟာယစကားများကို ငါတို့ မည်သို့ ရှင်းလင်းစွာ သိမြင်နိုင်မည်နည်း။ သင်တို့သည် သင်တို့၏ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းတွင် အကြောင်းအရာမှ မကြာခဏ သွေဖည်သွားတတ်ကြသလော။ (သွေဖည်သွားတတ်ကြပါသည်။) ဤပြဿနာ၏ သဘောသဘာဝကို နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၏ သဘောသဘာဝအဖြစ် သတ်မှတ်ခံရရန် မည်မျှအထိ ဖြစ်ရမည်နည်း။ အကယ်၍ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားသည့် ဖြစ်ရပ်တိုင်းကို နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းအဖြစ် သတ်မှတ်ခဲ့မည်ဆိုလျှင် နောင်အနာဂတ်တွင် အသင်းတော်အသက်တာ၌ လူတို့သည် စကားပြောရန် သို့မဟုတ် မိတ်သဟာယဖွဲ့ရန် စိုးရွံ့ကြမည် မဟုတ်လော။ ပြီးလျှင် လူတို့သည် မိတ်သဟာယဖွဲ့ရန် စိုးရွံ့ကြမည်ဆိုလျှင် ၎င်းတို့က ထိုပြဿနာကို ရှင်းလင်းစွာ မသိမြင်သေးကြောင်း ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ သမ္မာတရားကို မိတ်သဟာယဖွဲ့စဉ် အကြောင်းအရာမှ သွေဖည်သွားခြင်းနှင့်ဆိုင်သည့် မည်သည့် အမျိုးအစားက နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့အား ဖြစ်စေသည်ကို တိကျစွာ သတ်မှတ်လိုက်သည့်အခါ လူအများစုသည် ၎င်းတို့၏ ချုပ်ချယ်ကန့်သတ်မှုများမှ လွတ်မြောက်ကြလိမ့်မည်။ သင်တို့သည် ပုံမှန်စကားပြောဆိုမှုတွင်ပင် အကြောင်းအရာမှ သွေဖည်သွားသည်ကို ထောက်သော်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ ထိုသို့ပြုလုပ်ခြင်းသည် သာ၍ပင် အဖြစ်များလေသည်။ ထို့ကြောင့် သင်တို့ကို ချုပ်ချယ်ကန့်သတ်ခြင်းမှ ကင်းဝေးစေရန် ဤအကြောင်းကို အလွန်ရှင်းလင်းမှုဖြင့် မိတ်သဟာယဖွဲ့ရန် လိုအပ်သည်။ သင့်အနေဖြင့် အသိပညာရှိသော်လည်း၊ အကြောင်းအရာမှ သွေဖည်သွားပြီး နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းအား ဖြစ်စေမည်ကို ကြောက်ရွံ့ခြင်းက သင့်အား စကားပြောခြင်းမှ မတားဆီးပါစေနှင့်၊ ပြီးလျှင် မိတ်သဟာယမဖွဲ့ဝံ့အောင် မပြုလုပ်ပါစေနှင့်။ သို့မဟုတ် သင် မိတ်သဟာယဖွဲ့လိုသည့်အခါတွင် သင့်အား ဦးစွာ စဉ်းစားရန် မလှုံ့ဆော်စေနှင့်။ “ကျွန်ုပ်ပြောဆိုလိုသည့်အရာသည် အဓိကအကြောင်းအရာနှင့် ဆက်စပ်သလော။ အကြောင်းအရာမှ သွေဖည်သွားခြင်းလော။ မည်သို့ပင်ဖြစ်စေ အကြောင်းအရာမှ မလွဲစေရန်အလို့ငှာ ကျွန်ုပ်အနေဖြင့် စကားမပြောမီ ကျွန်ုပ်၏ အတွေးများကို မူကြမ်းရေးပြီး အကြမ်းဖျင်းရေးဆွဲသင့်သည်။ကျွန်ုပ်သာ အကြောင်းအရာမှ သွေဖည်သွားလျှင် မည်သူ့ကိုမျှ အကျိုးပြုမည်မဟုတ်ဘဲ စုဝေးပွဲ၏ အဖိုးတန်သည့်အချိန်ကို ဖြုန်းတီးရာရောက်မည်၊ ညီအစ်ကိုမောင်နှမများ၏ သမ္မာတရားနားလည်မှုကို ထိခိုက်စေလိမ့်မည်ဖြစ်ပြီး၊ ဆိုးရွားလျှင် အသင်းတော်အသက်တာကိုပင် နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နိုင်သည်”ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် အကြောင်းအရာမှ သွေဖည်သွားခြင်းကိစ္စကို ငါတို့ မည်သို့ ရှုမြင်သင့်သနည်း။ ပထမဦးစွာ အကြောင်းအရာမှ သွေဖည်သွားခြင်းက ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိမရှိဟူသည်ကို ငါတို့ စဉ်းစားရန် လိုအပ်ပြီး ထို့နောက်တွင် အကြောင်းအရာမှ သွေဖည်သွားခြင်းက အသင်းတော်အသက်တာအတွက် မည်သည့်အကျိုးဆက်များ ရှိသည်ကို ငါတို့ ရှင်းလင်းစွာ မြင်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့် အကြောင်းအရာမှ သွေဖည်သွားခြင်းသည် သေးငယ်သော ပြဿနာတစ်ခု မဟုတ်ကြောင်း ငါတို့ ရှင်းလင်းစွာ မြင်နိုင်သည်။ ဆိုးရွားသော ကိစ္စများတွင် ထိုအရာသည် အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်အား နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ကိုပင် ဖြစ်စေနိုင်သည်။ အကြောင်းအရာတစ်ခုခုနှင့်ပတ်သက်၍ သင်၏ သိနားလည်မှုနှင့် နားလည်သဘောပေါက်နိုင်စွမ်းကို မိတ်သဟာယဖွဲ့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်တစ်ပိုဒ်ကို သင်ရှာသည်ဟု ဆိုကြပါစို့၊ သို့မဟုတ် အကြောင်းအရာတစ်ခုခုနှင့်ပတ်သက်၍ သင်တွေ့ကြုံခဲ့သည့် တစ်စုံတစ်ရာမှ သင်ရရှိခဲ့သော အသိပညာ၊ သင်နားလည်ခဲ့သော သမ္မာတရားများနှင့် သင်နားလည်ခဲ့သော ဘုရားသခင်၏ ရည်ရွယ်ချက်များအကြောင်းကို သင်မိတ်သဟာယဖွဲ့သည်ဟု ဆိုကြပါစို့၊ သို့မဟုတ် အကြောင်းအရာတစ်ခုခုနှင့်ပတ်သက်၍ သင်၏ မိတ်သဟာယဖွဲ့ခြင်းသည် အနည်းငယ် လေရှည်ပြီး ယင်းနှင့်ပတ်သက်၍ သင့်ကိုယ်သင် အလွန်ရှင်းလင်းစွာ ဖော်ပြခြင်းမရှိဘဲ မိမိကိုယ်ကို အကြိမ်များစွာ ထပ်ခါတလဲလဲ ပြောဆိုသည်ဟု ဆိုကြပါစို့။ ဤအခြေအနေများတွင် သင်သည် အကြောင်းအရာမှ သွေဖည်သွားသလော။ ဤအရာများထဲမှ တစ်ခုကိုမျှ အကြောင်းအရာမှ သွေဖည်သွားခြင်းအဖြစ် သတ်မှတ်ထားခြင်းမရှိပေ။ သို့ဆိုလျှင် အကြောင်းအရာမှ သွေဖည်သွားခြင်းဆိုသည်မှာ အဘယ်နည်း။ အကြောင်းအရာမှ သွေဖည်သွားခြင်းဆိုသည်မှာ သင်ပြောဆိုသည့်အရာသည် မိတ်သဟာယဖွဲ့သည့် အကြောင်းအရာနှင့် အနည်းငယ်မျှ သို့မဟုတ် လုံးဝမသက်ဆိုင်သည့်အခါ၊ ယင်းသည် အပြင်ပန်းရေးရာ ကိစ္စများအကြောင်း အဆက်အစပ်မရှိ ပြောနေခြင်းသာဖြစ်ပြီး လူတို့အတွက် လုံးဝ တည်ဆောက်စရာမရှိသည့်အခါတွင် ဖြစ်သည်။ ယင်းမှာ အကြောင်းအရာမှ လုံးဝ သွေဖည်သွားခြင်း ဖြစ်သည်။ ယခုတွင် နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ကို ဖြစ်စေခြင်းဟူသည်မှာ မည်သည့်အရာဖြစ်သည်ကို ဆွေးနွေးကြစို့။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းကိစ္စတွင် မည်သည့်စကားအမျိုးအစားများနှင့် အပြုအမူများက နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသနည်း။ ဤနေရာတွင် ပြဿနာ၏ အနှစ်သာရမှာ အဘယ်နည်း။ အကြောင်းအရာမှ သွေဖည်သွားခြင်းသည် သဘာဝအားဖြင့် နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းကို မည်သို့ ဖြစ်စေသနည်း။ ဤသည်မှာ မိတ်သဟာယဖွဲ့ထိုက်သလော။ ထိုအကြောင်းကို မိတ်သဟာယဖွဲ့ပြီးသည်နှင့်တစ်ပြိုင်နက် အကြောင်းအရာမှ သွေဖည်သွားခြင်းက မည်သည့်အရာ ဆိုလိုသည်ကို သင်နားလည်လိမ့်မည်လော။ (နားလည်လိမ့်မည်ဖြစ်သည်။) သို့ဆိုလျှင် ထိုမေးခွန်းအတွက် သင်တို့၏ အဖြေများကို ပေးကြလော့။ (တစ်စုံတစ်ဦး၏ မိတ်သဟာယဖွဲ့ခြင်းသည် သမ္မာတရားနှင့် မည်သည့်ပတ်သက်မှုမျှမရှိသော အကြောင်းအရာများ၊ ဥပမာအားဖြင့် အချည်းနှီးသော စကားနှင့် အိမ်တွင်းရေးရာများအကြောင်း ပြောဆိုခြင်း၊ လူတို့ကို ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို ဆင်ခြင်သုံးသပ်ခြင်းတို့မှ တားဆီးလျက် ၎င်းတို့၏ စိတ်နှလုံးကို နှောင့်ယှက်သည့် လူမှုရေးရေစီးကြောင်းများ ပါဝင်သည့်အရာများကို ဆွေးနွေးခြင်းတို့အကြောင်း ဖြစ်သည့်အခါ၊ ထိုမိတ်သဟာယဖွဲ့ခြင်းသည် အကြောင်းအရာမှ သွေဖည်သွားခြင်း ဖြစ်ပါသည်။) ယင်းက အဓိကအချက် မည်မျှကို ပြောဆိုသနည်း။ (တစ်ခုမှာ အကြောင်းအရာများက သမ္မာတရားနှင့် ဆက်စပ်မှုမရှိခြင်း ဖြစ်ပါသည်။) ဤသည်မှာ အလွန်အရေးကြီးသော အချက်ဖြစ်သည်၊ သမ္မာတရားနှင့် ဆက်စပ်မှုမရှိခြင်း ဖြစ်သည်။ အချက်တစ်ခုမှာ အချည်းနှီးသော စကားနှင့် အိမ်တွင်းရေးရာများအကြောင်း တတွတ်တွတ်ပြောခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ ရိုးရာယဉ်ကျေးမှု၊ လူ့ကိုယ်ကျင့်တရားဆိုင်ရာ အတွေးအခေါ်နှင့် လူတို့ မြင့်မြတ်သည်ဟု ယူဆသည့်အရာများကို သမ္မာတရားဖြစ်သည့်အလား ပြောဆိုခြင်းဖြစ်သည်။ ဤသည်မှာ နားလည်သဘောပေါက်မှု လွဲချော်ခြင်း ပြဿနာဖြစ်သည်၊ ဤအရာအားလုံးသည် သမ္မာတရားနှင့် ဆက်စပ်မှုမရှိပေ။ ဥပမာအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက “လူငယ်များသည် ရည်သန်မျှော်မှန်းချက်များ မရှိဘဲ မနေသင့်ပေ”ဟု ဆိုသည်။ တစ်စုံတစ်ဦးက “ရှေးအခါမှစ၍ သူရဲကောင်းတို့သည် လူငယ်ဘဝတွင် ပေါ်ထွန်းခဲ့ကြသည်” သို့မဟုတ် “ရည်မှန်းချက်သည် အသက်အရွယ်ဖြင့် ကန့်သတ်မထားပါ”ဟု မိတ်သဟာယဖွဲ့သည်။ သို့မဟုတ် သင်က ဘုရားသခင်ကို မည်သို့ကြောက်ရွံ့ရမည်အကြောင်း ပြောဆိုသည့်အခါ ၎င်းတို့က “သင့်အထက် သုံးပေအကွာတွင် ဘုရားတစ်ဆူ ရှိသည်”၊ “လူက ပြုမူဆောင်ရွက်သည့်အခါ ကောင်းကင်ဘုံက စောင့်ကြည့်နေသည်”၊ “ကိုယ့်လိပ်ပြာလုံလျှင် တံခါးခေါက်သည့်သရဲတစ္ဆေများကို ကြောက်ဖို့မလို” သို့မဟုတ် “လူတစ်ဦး၏ စိတ်နှလုံးသည် ကောင်းမြတ်ခြင်းဘက်သို့ ယိမ်းယိုင်ရမည်” ဟူ၍ မိတ်သဟာယဖွဲ့သည်။ ဤသည်မှာ အကြောင်းအရာမှ သွေဖည်သွားခြင်း မဟုတ်လော။ ဤစကားများသည် သမ္မာတရားနှင့် ဆက်စပ်ခြင်းမရှိဖြစ်သည် မဟုတ်လော။ ဤစကားများသည် အဘယ်အရာများဖြစ်သနည်း။ (စာတန်ဆန်သော အတွေးအခေါ်များ ဖြစ်ပါသည်။) ထိုအရာများသည်စာတန်ဆန်သော အတွေးအခေါ်များဖြစ်ပြီး လူမျိုးတစ်မျိုးမျိုး၏ ရိုးရာယဉ်ကျေးမှုလည်း ဖြစ်သည်။ အကြောင်းအရာမှ သွေဖည်သွားခြင်း၏ ပထမ သရုပ်သကန်မှာ ပြောဆိုသည့် အကြောင်းအရာက သမ္မာတရားနှင့် မဆက်စပ်သည့်အခါ ဖြစ်သည်။ ယင်းမှာ လူတစ်ဦးက ဘာသာတရား မရှိသူများက မှန်ကန်ပြီး မြင့်မြတ်သောအရာအဖြစ် စွဲကိုင်သော အတွေးအခေါ်များနှင့် သီအိုရီများကို ပြောဆိုပြီး ယင်းတို့ကို သမ္မာတရားနှင့် အတင်းအကျပ် ဆက်စပ်စေခြင်း ဖြစ်သည်။ ယင်းမှာ အကြောင်းအရာမှ သွေဖည်သွားခြင်း ဖြစ်သည်။ အကြောင်းအရာက သမ္မာတရားနှင့် ဆက်စပ်မှုမရှိခြင်းဟူသည့် ဤသရုပ်သကန်ကို နားလည်ရန် လွယ်ကူသင့်သည်။ ဒုတိယ သရုပ်သကန်မှာ ဆွေးနွေးသည့် အကြောင်းအရာများက လူတို့၏ စိတ်ကို နှောင့်ယှက်သည့်အခါ ဖြစ်သည်။ စုဝေးပွဲတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမရှိသည့်အပြင်၊ မိတ်သဟာယဖွဲ့သည့်အရာက အသိပညာ၊ ပညာအရည်အသွေး၊ အတွေးအခေါ်နှင့် ဥပဒေ သို့မဟုတ် လူမှုရေးဖြစ်စဉ်များနှင့် အမျိုးမျိုးသော ရှုပ်ထွေးသည့် လူအချင်းချင်း ဆက်ဆံရေးများ ဖြစ်သည့်အခါ ယင်းသည် လူတို့၏ စိတ်ကို နှောင့်ယှက်လေသည်။ ဤသည်မှာ တစ်စုံတစ်ဦးက အခြေခံအားဖြင့် သမ္မာတရားမပါဝင်သည့်အပြင် ယင်းနှင့် လုံးဝ ပတ်သက်ခြင်းမရှိသည့် ကိစ္စရပ်များကို သမ္မာတရားဖြစ်သည့်အလားမိတ်သဟာယဖွဲ့သည့်အခါတွင် ဖြစ်သည်။ ဤအရာက အခြားသူများ၏ စိတ်ထဲတွင် ရှုပ်ထွေးမှုကို ဖြစ်စေပြီး ၎င်းတို့ နားထောင်သည်နှင့်အမျှ ၎င်းတို့၏ တွေးခေါ်မှုသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှ ပြင်ပရေးရာကိစ္စများဆီသို့ ရောက်သွားသည်။ ထိုအခါ ဤလူတို့သည် မည်သို့ ပြုမူကြသနည်း။ ၎င်းတို့သည် အသိပညာနှင့် ပညာအရည်အသွေးအပေါ် စတင်အာရုံစိုက်လာကြသည်။ လူတို့၏ စိတ်ကို နှောင့်ယှက်ခြင်းသည် ယင်း၏ သဘောသဘာဝအရ ဆိုးရွားသော အရာတစ်ခု ဖြစ်သည်။ တတိယ သရုပ်သကန်မှာ ဆွေးနွေးသည့် အကြောင်းအရာများသည် ရူပါရုံများနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိခြင်းကို ဖြစ်ပေါ်စေလျက် လူတို့ကို ဘုရားသခင်အား အထင်အမြင်လွဲမှားစေသည့်အခါတွင် ဖြစ်သည်။ အချို့လူများသည် သမ္မာတရားနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင် သိပ်မရှင်းလင်းဘဲ ၎င်းတို့၌ ရှင်းလင်းမှုနှင့် နားလည်မှုရှိသည်ဟု ဟန်ဆောင်လိုကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ မိမိတို့ပြောဆိုသည့်အရာတွင် နက်နဲသော အယူဝါဒအချို့ကို ထည့်သွင်းကြပြီး ၎င်းတို့ကြားဖူးကာ နားလည်ထားသည့် ဘာသာရေးအယူဝါဒများကို ရောသမမွှေလျက် အခြေအမြစ်မရှိဘဲ လွန်ကဲစွာ ပြောဆိုကြသည်။ ၎င်းတို့ကို နားထောင်ပြီးနောက်တွင် လူတို့သည် ရူပါရုံများနှင့်ပတ်သက်၍ ရှင်းလင်းမှု ပျောက်ဆုံးသွားကြသည်၊ ထိုလူ ဆွေးနွေးရန် ရည်ရွယ်သည့် သမ္မာတရားမှာ အတိအကျ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ မသိကြတော့ပေ။ ၎င်းတို့ နားထောင်လေ၊ ပို၍ ရှုပ်ထွေးလာလေဖြစ်ပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းမှာ ပို၍ အားနည်းလာလေဖြစ်ကာ ဘုရားသခင်နှင့်ပတ်သက်၍ အထင်အမြင်လွဲမှားမှုများပင် ဖြစ်ပေါ်လာနိုင်သည်။ လူတို့သည် ဤပြောဆိုဆွေးနွေးမှုကြောင့် သမ္မာတရားကို နားလည်ခြင်းမရှိဘဲ ထွက်သွားရုံသာမက ၎င်းတို့၏ စိတ်များကလည်း ရှုပ်ထွေးသွားကြသည်။ ထိုအရာကအပျက်သဘောဆောင်သော သက်ရောက်မှုတစ်ခု ရှိသည်။ ဤသည်မှာ အကြောင်းအရာမှ သွေဖည်သွားခြင်းမှ ဖြစ်ပေါ်လာသည့်အရာ ဖြစ်သည်။
သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းသည် နည်းလမ်းများစွာဖြင့် ပေါ်လွင်ထင်ရှားပြီး ယင်းတို့တစ်ခုစီတိုင်းသည် ၎င်း၏သဘောသဘာဝအရ လူတို့၏ အသက်ဝင်ရောက်မှုကို အဖျက်အမှောင့်တစ်ခုကိုဖြစ်ပေါ်စေသည်။ လူတို့သည် ထိုသို့သော မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ပြီးသည့်အခါ ၎င်းတို့သည် သမ္မာတရားအပါ် ရှင်းလင်းသော သိနားလည်မှုနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ကင်းမဲ့ရုံသာကင်းမဲ့ကြသည် မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ စိတ်များက ရှုပ်ထွေးလာကြသည်၊ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ ပိုမို မရှင်းမလင်းဖြစ်လာကြပြီး အချို့သော အဓိပ္ပာယ်ကောက်လွဲမှားခြင်းများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် နားလည်မှုများလည်း ဖြစ်ပေါ်လာကြသည်။ ဤသည်မှာ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းက လူတို့အပေါ် သက်ရောက်မှုနှင့် ဆိုးကျိုး ဖြစ်သည်။ ဤသရုပ်သကန်သုံးခုမှ တစ်ခုစီတိုင်းသည် သဘောသဘာဝအရ အတော်အတန် ပြင်းထန်သည်။ ဥပမာအားဖြင့် ပထမတစ်ခုမှာ “ပြောဆိုသည့် အကြောင်းအရာသည် သမ္မာတရားနှင့် ဆက်စပ်မှုမရှိခြင်း” ဖြစ်သည်။ မှန်ကန်ပုံရသော်လည်း မမှန်ကန်သည့်အရာများကို ပြောဆိုခြင်းနှင့် ဟောပြောကာ စိစစ်ရန် လူ့အသိပညာ၊ အတွေးအခေါ်၊ သီအိုရီများ၊ ရိုးရာယဉ်ကျေးမှုနှင့် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၏ ကျော်ကြားသော ဆိုရိုးစကားများကဲ့သို့သော စာတန်ဆန်သည့်အရာများကို အသင်းတော်ထဲသို့ ယူဆောင်လာခြင်း၊ လူတို့ကို အထင်အမြင်မှားစေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် အခွင့်အရေးကို အသုံးပြုခြင်းတို့သည် ၎င်းတို့အတွက် အဖျက်အမှောင့်တစ်ခု ဖြစ်ပေါ်စေသည်။ ဤသည်မှာ သဘောသဘာဝအရ အလွန်ဆိုးရွားသည်။ အကယ်၍ ပိုင်းခြားသိမြင်တတ်သူတစ်ဦးက ထိုသို့သော မိတ်သဟာယဖွဲ့ခြင်းကို နားထောင်မည်ဆိုလျှင် ၎င်းတို့က “သင်ပြောနေသည့်အရာသည် မမှန်ပါ။ သမ္မာတရား မဟုတ်ပါ။ သင်ပြောနေသည့်အရာသည် ဘာသာတရား မရှိသူများက ကောင်းသည်ဟု တွေးထင်သော ကိုယ်ကျင့်တရားဆိုင်ရာ အပြုအမူနှင့် ဆိုရိုးစကားများဖြစ်သည်။ ယင်းတို့သည်ကျင့်ကြံပြုမူကာ လောကနှင့် ဆက်ဆံပုံအတွက် ဘာသာတရား မရှိသူများ၏ သက်ဝင်ယုံကြည်မှုများသာ ဖြစ်သည်။ ယင်းတို့သည် အခြေခံအားဖြင့် သမ္မာတရားနှင့်ဆက်စပ်ခြင်းမရှိပါ” ဟု ပြောဆိုပေမည်။ သို့ရာတွင် အချို့လူများသည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး ဤမှားယွင်းသော အယူအဆများကို ကြားသည့်အခါ ၎င်းတို့နှင့်အတူ လိုက်လုပ်ကြသည့်အပြင် ယင်းတို့ကို သမ္မာတရားအဖြစ် လိုက်နာစောင့်ထိန်းကြသည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောအချိန်များတွင် ဤအရာကို မတားဆီးသည့်အပြင် မကန့်သတ်ပါက၊ ၎င်းတို့သည် လူတို့ ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိစေရန်အလို့ငှာ ယင်းနှင့်ပတ်သက်၍ မိတ်သဟာယမဖွဲ့ဘဲ စိတ်ဖြာလေ့လာဆွေးနွေးခြင်း မပြုပါက ဘုရားသခင် ရွေးချယ်ထားသောလူအချို့က အထင်အမြင်မှားစေခြင်း ခံရနိုင်ပေသည်။ အထင်အမြင်မှားစေခြင်း ခံရခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့သည် လူတို့က မှန်ကန်သည်၊ ကောင်းသည်၊ နက်နဲသည်ဟု ထင်မြင်သော၊ ရိုးရာစကားပုံများ၊ ကျော်ကြားသော ပုဂ္ဂိုလ်များ၏ ဆိုရိုးနီတိများနှင့် မိမိကိုယ်ကို ကျင့်ကြံပြုမူခြင်းဆိုင်ရာ သီအိုရီများကဲ့သို့သော ဘာသာတရား မရှိသည့် လောကမှ ကျော်ကြားသော ပုဂ္ဂိုလ်များက ဟောပြောသည့်အရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကဲ့သို့ပင် အားလုံးမှန်ကန်ပြီး သမ္မာတရားဖြစ်သည်ဟု ယုံကြည်ကြလိမ့်မည်။ ၎င်းတို့သည် အထင်အမြင်မှားစေခြင်း ခံရပြီမဟုတ်လော။ အပေါ်ယံအားဖြင့် ၎င်းတို့သည် သမ္မာတရားအကြောင်းကို မိတ်သဟာယဖွဲ့နေကြပုံရသော်လည်း လက်တွေ့တွင်မူ ယင်းသည် လူ့စိတ်ကူးအချို့နှင့်လည်းကောင်း၊ စာတန်၏ အထင်အမြင်မှားစေသော အတွေးအခေါ်အချို့နှင့်လည်းကောင်း ရောနှောနေပြီး ဤသည်မှာ လူတို့အတွက် အဖျက်အမှောင့်တစ်ခုကို ဖြစ်စေသည်မှာ သိသာထင်ရှားသည်။ အကယ်၍ တစ်စုံတစ်ဦးက စာတန်၏ အတွေးအခေါ်နှင့် လူ့အသိပညာကို သမ္မာတရားအဖြစ် ပြုလုပ်သုံစွဲခြင်းဖြင့် လူတို့ကို အထင်အမြင်မှားစေလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများကို ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာစေပြီး သမ္မာတရားဆိုသည်မှာ အမှန်တကယ် အဘယ်အရာဖြစ်သည်ကို နားလည်စေရန် ထိုကိစ္စကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်ပေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်။ ဒုတိယ သရုပ်သကန်မှာ “လူတို့၏ စိတ်ကို နှောင့်ယှက်ခြင်း” ဖြစ်သည်။ အချို့လူများသည် လူ့အသိပညာ၊ ပညာအရည်အသွေး၊ ဆုကျေးဇူးများနှင့် ပါရမီများကို ချီးမြှောက်လျက် မှန်ကန်ပုံရသော်လည်း မမှန်ကန်သည့်အရာများအကြောင်းကို ပြောဆိုရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ရမည့် အခွင့်အရေးများအား အမြဲတစေ အမိအရ အသုံးချကြသည်။ ၎င်းတို့သည် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများ၊ ရိုးရာယဉ်ကျေးမှု စသည်တို့အကြောင်းကိုလည်း ပြောဆိုကြသည်။ ၎င်းတို့သည် စာတန်ထံမှလာသော ဤအရာများကို အပြုသဘောဆောင်သည့်အရာများအဖြစ်၊ သမ္မာတရားအဖြစ် ပြုလုပ်သုံးစွဲကြသည်။ ယင်းက လူတို့ကို ဤအရာများသည် အားပေးထောက်ခံရမည့်အရာများ၊ အသင်းတော်တွင် ဖြန့်ဝေပြီး ချီးကျူးထောမနာပြုရမည့်အရာများ၊ လူတိုင်းက စွဲကိုင်ရမည့်အရာများဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်စေသည်။ လူတို့၏ စိတ်ထဲတွင် မှန်ကန်ပုံရသော်လည်း မမှန်ကန်သည့် မှားယွင်းသော အယူအဆများနှင့် မိစ္ဆာဒိဋ္ဌိအယူဝါဒများကို တိုးပွားလာစေသည်။ ပြီးလျှင် လူတို့၏ စိတ်ကို ရှုပ်ထွေးစေပြီး ၎င်းတို့ကို ချွတ်ချော်စေကာ သမ္မာတရားဆိုသည်မှာ အမှန်တကယ် အဘယ်အရာဖြစ်သည်၊ သို့မဟုတ် ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ မည်သို့ မှန်ကန်စွာ လက်တွေ့လုပ်ဆောင်ရမည်၊ မည်သည့်လမ်းကြောင်းက မှန်ကန်သောလမ်းကြောင်းဖြစ်သည်ဟူသည်တို့ကို မသိရှိစေတော့ပေ။ ဤအရာက ၎င်းတို့၏ စိတ်နှလုံးများကို အမှောင်ထုထဲသို့ ထိုးကျသွားစေသည်။ ဤသည်မှာ လူတို့ကို အထင်အမြင်မှားစေရန် မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းသော အယူအဆများကို ဖြန့်ဝေခြင်း၏ အကျိုးဆက်ဖြစ်သည်။ တတိယ သရုပ်သကန်ကိုမူမူ ငါတို့ အသေးစိတ် မိတ်သဟာယဖွဲ့မည် မဟုတ်။ အချုပ်အားဖြင့် အခြားအရာများထဲတွင် အကြောင်းအရာမှ သွေဖည်သွားသော ဆွေးနွေးမှုအချို့သည် အသိပညာနှင့် သက်ဆိုင်သည်၊ အချို့သည် လူ့အယူအဆများနှင့် သက်ဆိုင်သည်၊ အချို့သည် ကိုယ်ကျင့်တရားအရ ကောင်းမွန်သော အပြုအမူများနှင့် သက်ဆိုင်သည်။ သို့သော် ဤအရာများထဲမှ တစ်ခုမျှ သမ္မာတရားနှင့် မဆက်စပ်ပေ၊ ထိုအရာအားလုံးသည် ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့ကြောင့် ဤပြဿနာများ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို တားဆီးသင့်ပြီး ကန့်သတ်သင့်သည်။ တစ်စုံတစ်ဦး၏ မိတ်သဟာယဖွဲ့ခြင်းကို ကြားပြီးနောက် လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားအပေါ် ရှင်းလင်းမှုမရှိသည့်အပြင် နှောင့်ယှက်ခြင်းပါ ခံရကာ၊ တစ်ချိန်က ရှင်းလင်းခဲ့သော စိတ်များမှာ ရှုပ်ထွေးသွားပြီး မည်သို့ မှန်ကန်စွာ လက်တွေ့လုပ်ဆောင်ရမည်ကို မသိတော့ပါက၊ ထိုသို့သောလူတစ်ဦး၏ မိတ်သဟာယဖွဲ့ခြင်းကို တားဆီးကာ ကန့်သတ်သင့်ပေသည်။ ဥပမာအားဖြင့် ပုံမှန်လူ့သဘာဝနှင့်စပ်လျဉ်းသည့် သမ္မာတရားများကို ၎င်းတို့၏ မိတ်သဟာယဖွဲ့ခြင်းတွင် အချို့လူများက၊ “ပုံမှန်လူ့သဘာဝတွင် ဘုရားသခင် အနှစ်သက်ဆုံးအရာမှာ ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိခြင်း၊ ဇာတိပကတိဆိုင်ရာ သာယာမှု သို့မဟုတ် သက်သောင့်သက်သာရှိမှုကို မတပ်မက်ခြင်း၊ အရသာရှိသော အစားအစာကိုပင် မစားသုံးခြင်း၊ လူတစ်ဦး ခံစားသင့်သည့်အရာ သို့မဟုတ် ဘုရားသခင် ပြင်ဆင်ပေးထားသည့်အရာကို မမွေ့လျော်မခံစားခြင်း၊ ဤဇာတိပကတိဆိုင်ရာ အလိုဆန္ဒများကို ဆန့်ကျင်ပုန်ကန်ခြင်း၊ ဇာတိပကတိ၏ အလိုဆန္ဒအားလုံးကို ချုပ်တည်းခြင်း၊ မိမိ၏ ကိုယ်ခန္ဓာကို ချိုးနှိမ်ခြင်းနှင့် ဇာတိပကတိကို ၎င်း၏အလိုအတိုင်း မဖြစ်စေခြင်းတို့ ဖြစ်သည်။ သို့ဖြစ်၍ သင်သည် ညဘက်တွင် အိပ်ချင်သည့်အခါ ဇာတိပကတိကို ဆန့်ကျင်ပုန်ကန်ရန် လိုအပ်သည်။ သင်မလုပ်နိုင်ပါက ယင်းကို ချုပ်တည်းရန် နည်းလမ်းများ ရှာဖွေဖို့ လိုအပ်သည်။ ဇာတိပကတိကို ပုန်ကန်ရန် သင်၏စိတ်ပိုင်းဖြတ်မှု ကြီးမားလေလေ၊ ဇာတိပကတိကို သင် ဆန့်ကျင်ပုန်ကန်လေ၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ သရုပ်သကန်များ ပိုမိုပိုင်ဆိုင်ကြောင်းနှင့် ဘုရားသခင်အပေါ် သစ္စာစောင့်သိမှု ပိုမိုပိုင်ဆိုင်ကြောင်း သက်သေပြလေလေ ဖြစ်သည်။ ပုံမှန်လူ့သဘာဝ၏ အထင်ရှားဆုံးသော သရုပ်သကန်နှင့် အများဆုံး အားပေးထောက်ခံသင့်သည့်အရာမှာ မိမိကိုယ်ခန္ဓာကို ချိုးနှိမ်ခြင်း၊ ဇာတိပကတိ၏ အလိုဆန္ဒများကို ဆန့်ကျင်ပုန်ကန်ခြင်း၊ ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာရှိမှုကို မတပ်မက်ခြင်းနှင့် ရုပ်ဝတ္ထုဆိုင်ရာ သာယာမှုတွင် ခြိုးခြံခြင်းတို့ ဖြစ်သည်ဟု ကျွန်ုပ် ထင်သည်။ သင် ပို၍ ခြိုးခြံချွေတာလေ၊ ကောင်းကင်နိုင်ငံတော်တွင် သင်စုဆောင်းမည့် ကောင်းချီးများ ပို၍ ကြီးမားလေ ဖြစ်လိမ့်မည်”ဟု ပြောဆိုကြသည်။ ဤစကားများသည် အတော်အတန် အပြုသဘောဆောင်သည်ဟု ထင်ရသည် မဟုတ်လော။ ယင်းတို့တွင် အမှားတစ်ခုခု ရှိသလော။ လူသား ဆင်ခြင်တွေးခေါ်မှုစနစ်၊ သက်ဝင်ယုံကြည်မှုများနှင့် အယူအဆများဖြင့် တိုင်းတာလျှင် ဤစကားများသည် မည်သည့်ဘာသာရေး သို့မဟုတ် လူမှုရေးအုပ်စုတွင်မဆို အောင်မြင်မည်ဖြစ်သည်။ လူတိုင်းက ၎င်းတို့၏ သဘောတူညီမှုကို ဖော်ပြရန် လက်မထောင်ပြကြမည်ဖြစ်ပြီး ၎င်းတို့ပြောဆိုသည့်အရာ မှန်ကန်ကြောင်း၊ ၎င်းတို့၏ ယုံကြည်ခြင်း ကောင်းမွန်ပြီး ဖြူစင်ကြောင်း ပြောဆိုကြမည်။ ဤအရာကို ယုံကြည်မည့် အချို့လူများ အသင်းတော်ထဲတွင်လည်း ရှိသည် မဟုတ်လော။ လူ့အယူအဆများဖြင့် အကဲဖြတ်သည့်အခါ၊ ဤစကားများအားလုံးက မှန်ကန်သည်။ ယင်းတို့နှင့်ပတ်သက်၍ မည်သည့်အရာက မှန်ကန်သနည်း။ အချို့က “ဘုရားသခင်သည် ထိုသို့သောလူများကို အမှန်ပင် နှစ်သက်သည်။ ယင်းမှာ သူအသက်ရှင်သည့် ခြိုးခြံချွေတာသော နည်းလမ်းလည်းဖြစ်သည်”ဟု ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ လူ့အယူအဆတစ်ခု မဟုတ်လော။ လူတို့သည် ဤအယူအဆမျိုးကို ထားရှိကြသည်။ သို့ဖြစ်၍ အကယ်၍ လူတစ်ဦးဦးက ဤသို့သော မိတ်သဟာယဖွဲ့ခြင်းကို အမှန်တကယ် ပြုလုပ်ခဲ့မည်ဆိုလျှင် ယင်းသည် လူအများစု၏ အယူအဆများကို လိုက်လျောညီထွေဖြစ်စေခြင်းသာ ဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ဤသို့သော အယူအဆကို လက်ခံသည့်အခါ ထိုလူ၏ သဘောထားအမြင်ကို သဘောတူနေကြခြင်းဖြစ်သည် မဟုတ်လော။ သင်သည် ထိုလူ၏ သဘောထားအမြင်ကို သဘောတူပြီး လက်ခံပြီးသည့်အခါ သင်သည် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ထောက်ခံသည် မဟုတ်လော။ ထို့နောက် သင်သည် ၎င်းတို့ကို အတုယူရန် ကြိုးစားမည် မဟုတ်လော။ ပြီးလျှင် သင်လုပ်ဆောင်နိုင်သည့်အခါ သင်လိုက်လျှောက်သည့် လမ်းကြောင်း၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် ထိုအခါ ပုံသေဖြစ်သွားမည် မဟုတ်လော။ ပုံသေဖြစ်သွားခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင့်အနေဖြင့် ထိုသို့သောပုံစံဖြင့် ပြုမူပြီး လက်တွေ့လုပ်ဆောင်မည်ဟု စိတ်ပိုင်းဖြတ်ထားကြောင်းကို ဆိုလိုသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို ချစ်ပြီး သင်သည် ဤနည်းအတိုင်း ပြုမူသည့်အခါ သူနှစ်သက်သည်ဟု သင်၏စိတ်နှလုံးထဲ၌ ယုံကြည်သည်နှင့်အမျှ၊ ထိုသို့ပြုလုပ်ခြင်းဖြင့်သာ သင်သည် ဘုရားသခင် လက်ခံသောသူတစ်ဦး၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပြီး ကောင်းကင်ဘုံ၌ ကောင်းချီးခံစားရနိုင်သူ၊ ကောင်းသော ပန်းတိုင်ရှိသူတစ်ဦး ဖြစ်နိုင်သည်ဟု ယုံကြည်သည်နှင့်အမျှ၊ သင်သည် ဤနည်းအတိုင်း ပြုမူရန် ဆုံးဖြတ်လိုက်လေသည်။ သင်သည် ဤဆုံးဖြတ်ချက်ကို ချလိုက်သည့်အခါ သင်၏စိတ်သည် ဤသို့သော အတွေးနှင့် သဘောထားအမြင်တို့၏ နှောင့်ယှက်ခြင်းနှင့် အထင်အမြင်မှားစေခြင်းကို ခံရပြီးဖြစ်သည် မဟုတ်လော။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဤသည်မှာ အကျိုးဆက်ဖြစ်သည်။ သင်၏စိတ်သည် နှောင့်ယှက်ခြင်းခံနေရပြီး သင်သည် ထိုအရာကို သဘောပင်မပေါက်ပေ။ ဤနေရာတွင် နောက်ထပ် ပြဿနာတစ်ခုလည်း ရှိသည်။ သင်၏စိတ်သည် ထိုသို့သော အတွေးများနှင့် အမြင်ရှုထောင့်များအားဖြင့် တုံ့ဆိုင်းရပ်တန့်သွားပြီး နှောင့်ယှက်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုများအပေါ် ရှင်းလင်းမှု ပျောက်ဆုံးသွားသည် မဟုတ်လော။ ထို့နောက် သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာပြီး သူနှင့် အလှမ်းဝေးလာသည် မဟုတ်လော။ ဤအရာက သင်သည် ရူပါရုံများနှင့်ပတ်သက်၍ မရှင်းလင်းကြောင်း ညွှန်ပြသည် မဟုတ်လော။ ထိုအကြောင်းကိုသေချာစဉ်းစားကြည့်လော့။ သင်သည် လူတို့ မှန်ကန်သည်ဟု မြင်သော်လည်း မှားယွင်းသော အတွေး သို့မဟုတ် သဘောထားအမြင်တစ်ခုခု၏ အထင်အမြင်မှားစေခြင်းကို ခံရသည့်အခါ သင်၏စိတ်သည် ထိုအခါ နှောင့်ယှက်ခြင်းခံရသည် မဟုတ်လော။ သင်၏စိတ်နှလုံးထဲရှိ ရူပါရုံများသည် ထိုအခါ ရှင်းလင်းနေနိုင်သေးသလော။ (မနေနိုင်ပါ)။ သို့ဆိုလျှင် ဘုရားသခင်အပေါ်သိသည့် သင်၏ အသိသည် တိကျမှန်ကန်သလော သို့မဟုတ် အထင်အမြင်လွဲမှားခြင်းတစ်ခုဖြစ်သလော။ သိသာထင်ရှားစွာပင်အထင်အမြင်လွဲမှားခြင်းတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် သင်နားလည်သည့်အရာနှင့် သင်မှန်ကန်သည်ဟု ယုံကြည်သည့်အရာသည် အမှန်တကယ် သမ္မာတရား ဟုတ်သလော။ မဟုတ်ပေ။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်လျက် ဆန့်ကျင်နေသည်။ ထို့ကြောင့် ဤသို့သော သမ္မာတရားကို မိတ်သဟာယဖွဲ့ရာတွင် အကြောင်းအရာမှ သွေဖည်သွားခြင်းသည် လူတို့၏ စိတ်ကို အဖျက်အမှောင့်တစ်ခု အမှန်ပင် ဖြစ်ပေါ်စေသည်။ ဤအကြောင်းအရာမှ သွေဖည်သွားခြင်းက လူတို့၏ စိတ်ကို ထိုသို့သောကြီးမားသည့် အဖျက်အမှောင့်တစ်ခု ဖြစ်ပေါ်စေသည်ကို ထောက်လျှင် ဘုရားသခင်၏အမှုတော်အား အနှောင့်အယှက်တစ်ခု ဖြစ်ပေါ်စေသည်ဟု ဆိုနိုင်သလော။ ထိုအရာက လူတို့ကို အယူအဆများအပြင်၊ စာတန်၏ အတွေးအခေါ်နှင့် ကျိုးကြောင်းဆင်ခြင်မှုထဲသို့ ပို့ဆောင်သည်။ သို့ဖြစ်၍ ယင်းသည် လူတို့ကို ဘုရားသခင်၏ မျက်မှောက်တော်မှ ဆွဲထုတ်သွားသည် မဟုတ်လော။ လူတို့သည် ဘုရားသခင်ကို အထင်အမြင်လွဲမှားသည့်အခါ၊ သူ၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားမလည်သည့်အပြင်၊ သူ၏ ရည်ရွယ်ချက်များနှင့် လိုအပ်ချက်များအတိုင်း လက်တွေ့မလုပ်ဆောင်နိုင်ဘဲ ထိုအစား စာတန်၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် လူ့အယူအဆများအတိုင်း လက်တွေ့လုပ်ဆောင်သည့်အခါ ၎င်းတို့သည် ဘုရားသခင်နှင့် ပို၍ နီးစပ်သလော သို့မဟုတ် သူနှင့် ပို၍ အလှမ်းဝေးသွားသလော။ (သူနှင့် ပို၍ အလှမ်းဝေးပါသည်။) ၎င်းတို့သည် သူနှင့် ပို၍ အလှမ်းဝေးကြပေသည်။ သို့ဆိုလျှင် ဤ အကြောင်းအရာမျိုးကို မိတ်သဟာယဖွဲ့ခြင်းသည် စုဝေးပွဲများအတွင်း ကန့်သတ်ခြင်းခံသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့သော အကြောင်းအရာမှ သွေဖည်သွားခြင်းမျိုး၏ သဘောသဘာဝမှာ လူတို့ကို အဖျက်အမှောင့်ဖြစ်စေခြင်းဖြစ်သည်။ သို့ဖြစ်၍ ယင်းကို အမှန်ပင် ကန့်သတ်ရမည်။ အကယ်၍ ယင်းကို တားဆီးပြီး ကန့်သတ်ခြင်းမပြုပါက၊ အစွမ်းအစ ညံ့ဖျင်းပြီး ထုံထိုင်းသော နားဝေတိမ်တောင်ဖြစ်သောလူများ၊ အထူးသဖြင့် ဝိညာဉ်ရေးရာ သိနားလည်မှု မရှိသောသူများ၊ အကြောင်းအရာမှ သွေဖည်သွားသောလူကို အတုယူပြီး လိုက်လျှောက်ကြသည့်လူများစွာ ရှိလိမ့်မည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ချက်ချင်းထပြီး တားဆီးသင့်သည့်အချိန် ဖြစ်သည်။ ၎င်းတို့သည် ထိုလူကို အကြောင်းအရာမှ ဆက်လက်သွေဖည်သွားခွင့် မပြုရပေ။ ထိုသူ၏ မိတ်သဟာယဖွဲ့ခြင်း အကြောင်းအရာက ပိုများသောလူတို့ကို အထင်အမြင်မှားစေပြီး ပိုများသောလူတို့၏ စိတ်ကို နှောင့်ယှက်ရန် ၎င်းတို့ ခွင့်မပြုရပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားတစ်ခု၊ ၎င်းတို့ ဆောင်ရွက်သင့်သည့် လုပ်ငန်းဆောင်တာတစ်ခု ဖြစ်သည်။
သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းမှာ ဤမျှသာဖြစ်သည်။ ဆက်လက်၍ ငါတို့သည် လူတစ်ဦးက သမ္မာတရားကို မိတ်သဟာယဖွဲ့ရာတွင် မည်မျှအထိ အကြောင်းအရာမှ သွေဖည်သွားရမည်ကိုလည်းကောင်း၊ ဤအရာ၏ သဘောသဘာဝက အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများအဖြစ် သတ်မှတ်ခံရရန် မည်သည့်အကြောင်းအရာများအား မိတ်သဟာယဖွဲ့ရမည်ကိုလည်းကောင်း အနှစ်ချုပ်ကြမည်။ အကြောင်းအရာမှ သွေဖည်သွားခြင်း အမျိုးအစားအချို့မှာ သိသာထင်ရှားသည်။ တစ်စုံတစ်ဦးသည် အကြောင်းအရာမှ လုံးဝ သွေဖည်သွားသည့်အခါ၊ ၎င်းတို့သည် အချည်းနှီးသော ရောက်တတ်ရာရာ စကားပြောခြင်း သို့မဟုတ် အိမ်တွင်းရေးရာများအကြောင်း ဆွေးနွေးခြင်းကို စတင်သည့်အခါ၊ ယင်းကို ပိုင်းခြားသိမြင်ရန် လွယ်ကူသည်။ ဥပမာအားဖြင့် လူတိုင်းက မိမိတို့၏ တာဝန်အား မည်သို့ထမ်းဆောင်ရမည်အကြောင်းကို မိတ်သဟာယဖွဲ့နေသည့်အချိန်တွင် တစ်စုံတစ်ဦးက ၎င်းတို့လုပ်ဆောင်ခဲ့သော ကောင်းမှုများ သို့မဟုတ် ညီအစ်ကိုမောင်နှမများအား ၎င်းတို့က မည်သို့ကူညီခဲ့သည် စသည်တို့ကို ပြောဆိုလျက် ၎င်းတို့၏ “ဂုဏ်ကျက်သရေရှိသော” အတိတ်အကြောင်းကို မိတ်သဟာယဖွဲ့ကောင်းဖွဲ့နိုင်သည်။ မည်သူမျှ ဤအရာကို နားထောင်လိုခြင်းမရှိသည့်အပြင်၊ ၎င်းတို့ နားထောင်လေလေ၊ ယင်းကို ပို၍ စက်ဆုပ်ရွံရှာလာလေလေဖြစ်ပြီး နောက်ဆုံးတွင် ထိုလူကို လျစ်လျူရှုကြသည်အထိ ဖြစ်သည်။ ထိုအခါ ထိုလူသည် အရှက်ရလိမ့်မည်။ လူအများစုက ဤလူကို ပိုင်းခြားသိမြင်နိုင်သရွေ့ ၎င်းတို့သည် ဆက်လက်လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဤအကြောင်းအရာမှ သွေဖည်သွားခြင်း အမျိုးအစားမျိုးစုံကို ပိုင်းခြားသိမြင်နိုင်ရန် သမ္မာတရားကို များစွာနားလည်ဖို့ မလိုအပ်ပေ။ ရောက်တတ်ရာရာ စကားပြောခြင်း၊ အိမ်တွင်းရေးရာများအကြောင်း တတွတ်တွတ်ပြောခြင်း၊ မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ မိမိကိုယ်ကို ပေါ်လွင်အောင်ပြခြင်းနှင့် မိမိကိုယ်ပိုင် “ဂုဏ်ကျက်သရေရှိသော” အတိတ်အကြောင်း ပြောဆိုရန် မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာကို အခွင့်ကောင်းယူခြင်း၊ ဤသို့သော အကြောင်းအရာမှ သွေဖည်သွားခြင်းမျိုးသည် ပိုင်းခြားသိမြင်ရန် လွယ်ကူသည်။ ယင်းသည် အခြေခံအားဖြင့် အဖျက်အမှောင့်များစွာ မဖြစ်ပေါ်စေပေ။ အကြောင်းမှာ လူအများစုသည် ထိုသို့သောအရာများကို စက်ဆုပ်ရွံရှာပြီး ယင်းတို့ကို နားထောင်ရန် မလိုလားကြသည့်အပြင်၊ ၎င်းတို့သည် မိမိကိုယ်ကို ပေါ်လွင်အောင်ပြနေခြင်းဖြစ်ကာ သမ္မာတရားကို မိတ်သဟာယဖွဲ့နေခြင်းမဟုတ်ကြောင်း၊ ၎င်းတို့သည် အကြောင်းအရာမှ သွေဖည်သွားပြီဖြစ်ကြောင်း သိရှိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ စတင်စကားပြောဆိုသည့်အခါတွင် အဖွဲ့က ၎င်းတို့ကို အရှက်မရစေဖို့ ကြိုးစားကောင်းကြိုးစားမည်ဖြစ်သော်လည်း၊ ၎င်းတို့ ကြာရှည်စွာ ဆက်လက်ပြောဆိုသည်နှင့်အမျှ လူတို့သည် စက်ဆုပ်ရွံရှာလာပြီး ဆက်လက်နားထောင်ရန် မလိုလားတော့ဘဲ မိမိတို့ဘာသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းက ပိုကောင်းမည်ဟု ခံစားရသည်။ အကယ်၍ ထိုလူက ဆက်လက်ပြောဆိုမည်ဆိုလျှင် ၎င်းတို့သည် ထပြီး ထွက်ခွာသွားကြလိမ့်မည်။ ထိုလူသည် အမှုအရာများက ပြောင်းလဲသွားကြောင်းနှင့် မိမိတို့ကိုယ်ကို အရှက်ရစေမိကြောင်း မြင်သောအခါ၊ ဆက်လက်ပြောဆိုတော့မည် မဟုတ်ပေ။ အကြောင်းအရာမှ မည်သည့် သွေဖည်သွားခြင်းမျိုးသည် လူတို့အပေါ် ဆိုးကျိုးသက်ရောက်မှုတစ်ခု ရှိနှင့်ပြီးဖြစ်သော်လည်း လူတို့က ယင်းကို အပျက်သဘောဆောင်သည့်အရာတစ်ခုအဖြစ် မရိပ်စားမိနိုင်သေးဘဲ၊ ထိုအစား အကြောင်းအရာမှ သွေဖည်သွားသော အကြောင်းအရာကို သမ္မာတရားအဖြစ် မှတ်ယူပြီး စိတ်ဝင်တစား နားထောင်နေကြသနည်း။ ဤသို့သော အကြောင်းအရာမှ သွေဖည်သွားခြင်းမျိုးသည် လူတို့အတွက် အဖျက်အမှောင့်တစ်ခု ဖြစ်ပေါ်စေနိုင်ပြီး ထိုသို့သောကိစ္စများကို လူတစ်ဦးက ပိုင်းခြားသိမြင်သင့်ပေသည်။ ဤသို့သော အကြောင်းအရာမှ သွေဖည်သွားခြင်းမျိုးနှင့်ဆိုင်သည့် ဥပမာတစ်ခုကို ပေးလော့။ (တစ်စုံတစ်ဦးသည် ပြုပြင်ခြင်းခံရပြီးနောက် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ ထိုပြဿနာ၏ မှန်ကန်ခြင်းနှင့် မှားယွင်းခြင်းအပေါ်တွင်သာ အာရုံစိုက်ပြောဆိုသည့်အခါ ယင်းသည် လူတိုင်း၏ စိတ်ကို ရှုပ်ထွေးစေသည်။ ဤအရာက လူတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်စေနိုင်ရုံသာမဟုတ်။ ထိုအစား ဤလူပြောဆိုသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီပြီး သူမှန်ကန်သည်ဟုပင် ခံစားရစေသည်။ ဤအရာက လူတိုင်းကို ၎င်းတို့ဘက်၌ ရပ်တည်စေပါသည်။) ပြုပြင်ခြင်းကို မည်သို့လက်ခံရမည်အကြောင်း မိတ်သဟာယဖွဲ့ခြင်းဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့သည် မိမိတို့က မှားယွင်းစွာ ပြုပြင်ခြင်းခံခဲ့ရသည်ဟု လူတို့အား ထင်မြင်စေလျက်၊ လူတို့ကို ၎င်းတို့ဘက်၌ ရပ်တည်စေပြီး ၎င်းတို့ကို စာနာစေသည့်အပြင် ထပ်လောင်း၍ လူတို့အား ထိုသို့သောအခြေအနေများအောက်တွင် ကျိုးနွံနာခံပြီး ပြုပြင်ခြင်းကို လက်ခံနိုင်သည့် ၎င်းတို့၏ စွမ်းရည်ကို လေးစားစေလျေက် မိမိတို့ကိုယ်ကို ခုခံကာကွယ်ပြီး အပြစ်ကင်းစင်ကြောင်း သက်သေပြကြသည်။ ဤအရာက လူတို့ကို အထင်အမြင်မှားစေသည်။ ယင်းသည် ရည်ရွယ်ချက်ရှိရှိ၊ တမင်တကာ ပြုလုပ်သော အကြောင်းအရာမှ သွေဖည်သွားခြင်း ဖြစ်ရပ်တစ်ခုဖြစ်သည်။ ယင်းက နားထောင်သူများကို ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ကျိုးနွံနာခံခြင်းမရှိနိုင်စေရုံသာမက ပြုပြင်ခြင်းကို လက်ခံပြီး မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကာ သိရှိနိုင်ခြင်းလည်း မရှိစေဘဲ ထိုအစား ၎င်းတို့ကို ပြုပြင်ခြင်းအား သတိထားစေကာ အတိုက်အခံလုပ်စေသည်။ ထိုသို့သော မိတ်သဟာယဖွဲ့ခြင်းသည် ပြုပြင်ခြင်းခံရခြင်း၏ အရေးပါမှုကို လူတို့နားလည်ရန်၊ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ လူတို့အနေဖြင့် မှန်ကန်သော သဘောထားကို မည်သို့ ခံယူသင့်သည်၊ ယင်းကို မည်သို့လက်ခံသင့်သည်၊ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဟူသည်တို့ကို နားလည်ရန် မကူညီနိုင်ပေ။ ထိုအစား ယင်းသည် လူတို့အား ပြုပြင်ခြင်းကို ကိုင်တွယ်ရန် အခြားနည်းလမ်းတစ်ခုကို ရွေးချယ်စေသည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်သည့်အပြင်သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူခြင်းလည်းမဟုတ်ဘဲ လူတို့အား ပို၍ မရိုးသားစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုသို့သော မိတ်သဟာယဖွဲ့ခြင်းသည် လူတို့ကို အထင်အမြင်မှားစေရန် ဆောင်ရွက်သည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းသည် အသင်းတော်အသက်တာတွင် ပေါ်ပေါက်သည့် ပြဿနာအမျိုးအစားတစ်ခု ဖြစ်သည်။ အကယ်၍ ဤပြဿနာအမျိုးအစားသည် နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း အဆင့်သို့ ရောက်ရှိပါက လူအများစုက ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး အတွေ့အကြုံမှ သင်ယူကာ သင်ခန်းစာတစ်ခု ရရှိရန်အလို့ငှာ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ထိုအရာကို မိတ်သဟာယဖွဲ့ပြီး စိစစ်လျက် တားဆီးကာ ကန့်သတ်ဖို့အတွက် ထွက်လာသင့်ကြပေသည်။
၂။ လူတို့ကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း
အသင်းတော်အသက်တာ၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ဒုတိယသရုပ်သကန်မှာ လူတို့က အခြားသူများကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့်အခါ ဖြစ်သည်။ ပုံမှန်အားဖြင့် လူအများစုသည် စကားလုံးအချို့နှင့် အယူဝါဒအချို့ကို ပြောကောင်းပြောနိုင်သည်။။ လူအများစုသည် ဤသို့လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ လူတစ်ဦးက စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းဟူသည့် ပုံမှန်ဖြစ်စဉ်ကို ထိုသူ၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သမ္မာတရားကို နားလည်မှုမရှိခြင်း ရလဒ်တစ်ခုအဖြစ် ငါတို့ သဘောထားသင့်သည်။ ၎င်းတို့သည် အချိန်များစွာ မယူသရွေ့၊ တမင်တကာ လုပ်ဆောင်နေခြင်း မဟုတ်သရွေ့၊ စကားစမြည်ပြောခြင်းကို လက်ဝါးကြီးအုပ်ခြင်း မရှိသရွေ့၊ မိမိတို့အလိုရှိသလို ပြောဆိုရန် လူတိုင်းထံမှ အလိုလိုက်မှုကို မတောင်းဆိုသရွေ့၊ လူတိုင်းက ၎င်းတို့ကို နားထောင်ရန် မတောင်းဆိုသရွေ့၊ အခြားသူများကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် မကြိုးစားသရွေ့၊ ယင်းသည် အနှောင့်အယှက်ပေးခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းတစ်ခုအဖြစ် သတ်မှတ်၍မရနိုင်ပေ။ အကြောင်းမှာ လူအများစုသည် သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့သောကြောင့် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းသည် အလွန်တရာ တွေ့နေကျ ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အတော်အတန် မသင့်လျော်စွာ ပြောဆိုခြင်းသည် ခွင့်လွှတ်နိုင်လောက်သောအရာဖြစ်သည်။ ယင်းကို ခွင့်လွှတ်၍မရနိုင်ပြီး အလွန်အလေးအနက် သဘောထားရန်မလိုပေ။ သို့သော် ခြွင်းချက်တစ်ခုရှိသည်၊ ယင်းမှာ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့်သူသည် တမင်တကာ လုပ်ဆောင်သည့်အခါတွင် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကို တမင်တကာ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုလည်း ကင်းမဲ့သောကြောင့် ၎င်းတို့ တမင်တကာ လုပ်ဆောင်သည်မှာ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း မဟုတ်ပေ။ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၊ ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်းနှင့် သီအိုရီများအကြောင်း ပြောဆိုခြင်းကဲ့သို့သော ၎င်းတို့၏ လုပ်ဆောင်ချက်များသည် အခြားလူတိုင်းနှင့် အတူတူပင်ဖြစ်သည်။ သို့သော် ခြားနားချက်တစ်ခု ရှိသည်၊ စကားလုံးများနှင့် အယူဝါဒများကို ၎င်းတို့ ပြောဆိုသည့်အခါ အခြားသူများ၏ လေးစားမှုကို အစဉ်လိုလားပြီး ခေါင်းဆောင်များ၊ အမှုဆောင်များ၊ သမ္မာတရားကို လိုက်စားသောသူများနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်လိုကြလေသည်။ သာ၍ပင် ကျိုးကြောင်းမဆီလျော်သည်မှာ ၎င်းတို့ မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ထိုအရာကို မည်သို့ပြောဆိုသည်ဖြစ်စေ ၎င်းတို့၏ပန်းတိုင်မှာ လူတို့ကို ၎င်းတို့ဘက်သို့ ဆွဲဆောင်ရန်၊ လူတို့၏စိတ်နှလုံးကို အထင်အမြင်မှားစေရန်ဖြစ်ပြီး အားလုံးမှာ လေးစားခံရခြင်းအလို့ငှာ ဖြစ်သည်။ လေးစားမှုကို ရှာဖွေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် လူတို့၏စိတ်နှလုံးထဲတွင် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာရှိရန်၊ လူအုပ်ထဲတွင် ထင်ပေါ်သောသူတစ်ဦး သို့မဟုတ် ခေါင်းဆောင်တစ်ဦးဖြစ်ရန်၊ သာမန်ထက်ထူးကဲသော သို့မဟုတ် ထူးခြားသောသူတစ်ဦးဖြစ်ရန်၊ မိမိ၏စကားများက ဩဇာအာဏာရှိသည့် အထူးပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် လိုလားကြသည်။ ဤအခြေအနေသည် လူတို့က စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့် ပုံမှန်ဖြစ်စဉ်များနှင့် ကွဲပြားပြီး အနှောင့်အယှက်ပေးခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတစ်ခု ဖြစ်လာသည်။ ပို၍ မြင်ရလေ့ရှိသည့် ပုံစံတွင် ဤလူများကို မည်သည့်အရာက စကားလုံးများ၊ အယူဝါဒများကို ပြောဆိုသောသူများနှင့် ကွဲပြားစေသနည်း။ ယင်းမှာ စကားပြောဆိုရန် ၎င်းတို့၏ အဆက်မပြတ်ဖြစ်သော ဆန္ဒပင်ဖြစ်သည်။ မည်သည့်အခွင့်အရေးကိုမဆို ရရှိပါက ၎င်းတို့ စကားပြောဆိုကြလိမ့်မည်။ စုဝေးပွဲတစ်ခု သို့မဟုတ် လူတစ်စု စုဝေးနေသမျှကာလပတ်လုံး၊ နားထောင်သူ ပရိသတ်ရှိနေသမျှကာလပတ်လုံး၊ ၎င်းတို့သည် အထူးသဖြင့် စကားပြောလိုသည့် ပြင်းပြသောဆန္ဒကို ပိုင်ဆိုင်လျက် စကားပြောဆိုကြလိမ့်မည်။ ၎င်းတို့ ပြောဆိုရခြင်း၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို နားလည်မှုတစ်ခု သို့မဟုတ် ယင်းကို လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုကို ပျိုးထောင်ပေးရန်အလို့ငှာ ညီအစ်ကိုမောင်နှမများအား ၎င်းတို့၏ အတွင်းစိတ်အတွေးများ၊ ၎င်းတို့၏ အကျိုးအမြတ်များ၊ အတွေ့အကြုံများ၊ သိနားလည်မှုများ သို့မဟုတ် ထိုးထွင်းအမြင်များကို ဝေမျှရန်မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ရည်ရွယ်ချက်မှာ မိမိကိုယ်ကို ထုတ်ဖော်ပြသရန်၊ ၎င်းတို့ မည်မျှ ဗဟုသုတကြွယ်ဝကြောင်း အခြားသူများကို သိစေရန်၊ ၎င်းတို့တွင် ဉာဏ်၊ အသိပညာနှင့် သင်ယူတတ်မြောက်မှုတို့ရှိကြောင်း၊ သာမန်လူတစ်ဦးအထက်တွင် ရပ်တည်ကြောင်း ပြသရန် အယူဝါဒများကို ပြောဆိုသည့်အခွင့်အရေးကို အသုံးပြုရန်ဖြစ်သည်။ ၎င်းတို့သည် သာမန်ဖြစ်သူများသာမကဘဲ အရည်အချင်းရှိသော ပုဂ္ဂိုလ်များအဖြစ် လူသိများလိုကြသည်။ မည်သည့်ကိစ္စအတွက်မဆို လူတိုင်းက ၎င်းတို့ဘက် လှည့်ပြီး ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးစေရန် ၎င်းတို့အလိုရှိကြသည်။ အသင်းတော်ရှိ မည်သည့်ပြဿနာအတွက်မဆို သို့မဟုတ် ညီအစ်ကိုမောင်နှမများ ရင်ဆိုင်ရသည့် မည်သည့်အခက်အခဲအတွက်မဆို အခြားသူများ ပထမဆုံး စဉ်းစားမိသည့်သူမှာ ၎င်းတို့ဖြစ်စေလိုသည်။ ၎င်းတို့မရှိဘဲ အခြားသူများ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်စေရန်၊ ၎င်းတို့မရှိဘဲ မည်သည့်ကိစ္စကိုမျှ မကိုင်တွယ်ဝံ့စေရန်၊ လူတိုင်းက ၎င်းတို့၏အမိန့်ကို စောင့်ဆိုင်းနေစေရန် ၎င်းတို့အလိုရှိသည်။ ဤသည်မှာ ၎င်းတို့လိုလားသည့် အကျိုးသက်ရောက်မှုဖြစ်သည်။ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုရာတွင် ၎င်းတို့၏ရည်ရွယ်ချက်မှာ လူတို့ကို ထောင်ချောက်ဆင်ပြီး ထိန်းချုပ်ရန်ဖြစ်သည်။ ၎င်းတို့အတွက် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းသည် နည်းလမ်းတစ်ခု၊ လုပ်နည်းကိုင်နည်းတစ်ခုမျှသာဖြစ်သည်။ ၎င်းတို့က စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းမှာ သမ္မာတရားကို နားမလည်သောကြောင့်မဟုတ်ဘဲ ထို့ထက်၊ ထိုသို့ပြုလုပ်ခြင်းမှတစ်ဆင့် လူတို့အား ၎င်းတို့၏ ဘောင်ခတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရစေလျက်၊ ၎င်းတို့ကို စိတ်နှလုံးထဲမှ လေးစားကြည်ညိုစေရန်၊ အားကိုးစေရန်၊ ကြောက်ရွံ့စေရန်ပင် ရည်မှန်းထားကြသည်။ ဤသို့သော စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းမျိုးသည် ထို့သို့ဖြင့် အနှောင့်အယှက်ပေးခြင်းနှင့် အဖျက်အမှောင့်တစ်ခု ဖြစ်လာသည်။ အသင်းတော်အသက်တာတွင် ထိုသို့သော ပုဂ္ဂိုလ်များကို ကန့်သတ်သင့်ပြီး စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းဖြစ်သည့် ဤအပြုအမူကိုလည်း တားဆီးသင့်သည်၊ အထိန်းအချုပ်မဲ့ ဆက်လက်ဖြစ်ပွားခွင့် မပြုသင့်ပေ။ အချို့က “ထိုသို့သောလူများကို ကန့်သတ်သင့်သည်။ သို့ဆိုလျှင် ၎င်းတို့ကို စကားပြောဆိုရန် အခွင့်အရေးတစ်ခု ပေးသင့်သေးသလော”ဟု ပြောကောင်းပြောပေမည်။ မျှတမှုအရဆိုလျှင်၊ ၎င်းတို့ကို စကားပြောခွင့်ပေး၍ရနိုင်သည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၏ရည်မှန်းချက်က နောက်တစ်ကြိမ် ပေါက်ကွဲထွက်တော့မတတ်ဖြစ်လျက် မိမိကိုယ်ကို ကြွားဝါခြင်းတည်းဟူသော ၎င်းတို့၏အကျင့်ဟောင်းများသို့ ပြန်လည်ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ကို သမ္မာသတိရှိပြီး တည်ငြိမ်စေရန် ချက်ချင်းပင် အဆက်ဖြတ်သင့်သည်။ အကယ်၍ ၎င်းတို့သည် ဤနည်းဖြင့် မကြာခဏ ကြွားဝါပြီး ၎င်းတို့၏ရည်မှန်းချက်သည်လည်း မကြာခဏ ထုတ်ဖော်နေဆဲဖြစ်ကာ၊ ၎င်းတို့၏ လိုအင်ဆန္ဒများကို ချုပ်တည်းရန် ခက်ခဲလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့ကို လုံးဝကန့်သတ်ပြီး စကားမပြောဆိုစေဘဲ ထားသင့်သည်။ ၎င်းတို့ စကားပြောဆိုသည့်အခါ မည်သူမျှ နားမထောင်လိုလျှင်၊ ၎င်းတို့၏လေသံနှင့် အမူအရာ၊ ၎င်းတို့၏မျက်လုံးအကြည့်နှင့် လက်ဟန်ခြေဟန်များသည် လူတိုင်းကြားရန်နှင့် မြင်ရန်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်နေလျှင် ယင်းမှာ ဆိုးရွားသော ပြဿနာအမျိုးအစားတစ်ခုဖြစ်သည်။ ယင်းသည် လူတိုင်းက အလွန်အမင်း မနှစ်မြို့သည့်အဆင့်သို့ ရောက်ရှိသွားသည်။ အသင်းတော်၌ အဖြည့်ခံ၏အခန်းကဏ္ဍတွင် ပါဝင်သည့် ထိုသို့သောလူများသည် ထို့နောက်တွင် စင်မြင့်ပေါ်မှ ထွက်သွားသင့်သည် မဟုတ်လော။ ၎င်းတို့၏အခန်းကဏ္ဍ ထွက်ခွာရန် အချိန်တန်ပြီဖြစ်သည်။ ယင်းက ၎င်းတို့သည် မိမိတို့၏အစေခံခြင်းကို ပြီးစီးသွားပြီဟု ဆိုလိုသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ နောက်ဆုံး အစေခံမှု ပြီးဆုံးသည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့ကို သန့်စင်သင့်သည်။ ၎င်းတို့ စကားစပြောသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ကန့်သတ်မှုကပင် မတားဆီးနိုင်သည့် ၎င်းတို့၏ ပြောနေကျ စကားဟောင်းသာဖြစ်သည်။ လူတိုင်းသည် ယင်းကို နားထောင်ရသည်မှာ ငြီးငွေ့နေပေပြီ။ စာတန်၊ နတ်ဆိုးတစ်ကောင်၏ မျက်နှာဖြစ်သည့် သူ၏ အရုပ်ဆိုး အကျည်းတန်သော မျက်နှာက သိသာထင်ရှားလာသည်။ ဤလူတို့သည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့ကို အလွန်စောစီးစွာ ရှင်းလင်းပစ်လိုက်ပါက လူအများစုသည် အယူအဆများ ထားရှိမည်ဖြစ်ပြီး စိတ်နှလုံးထဲတွင် လက်ခံယုံကြည်မည်မဟုတ်သည့်အပြင်၊ “ဘုရားအိမ်တော်သည် မေတ္တာတရား ကင်းမဲ့သည်၊ လူတစ်ဦးကို စောင့်ကြည့်လေ့လာသည့်ကာလတစ်ခုပင် မပေးဘဲ ရှင်းလင်းဖယ်ထုတ်သည်၊ နောင်တရရန် မည်သည့်အခွင့်အရေးမျှ မရှိဘဲ ထားရစ်သည်။ ၎င်းတို့သည် အပြင်လူအချို့၏စကားများကို ပြောဆိုရုံသာဖြစ်သည်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအနည်းငယ်ကို ထုတ်ဖော်ရုံသာဖြစ်သည်၊ အနည်းငယ် မာနထောင်လွှားရုံသာဖြစ်သည်။ သို့သော် ၎င်းတို့၏ရည်ရွယ်ချက်များမှာ မဆိုးပါ။ ၎င်းတို့ကို ဤသို့ဆက်ဆံခြင်းသည် တရားမမျှတပါ”ဟု ပြောဆိုကြလိမ့်မည်။ သို့သော် အများစုက ပိုင်းခြားသိမြင်နိုင်ပြီး ဆိုးယုတ်သော လူများ၏အနှစ်သာရကို ရိပ်စားမိနိုင်သည့်အခါတွင် ထိုသို့သော ဆိုးယုတ်သောလူများအား အသင်းတော်၌ ၎င်းတို့၏ မဆင်မခြင် မှားယွင်းသည့်အကျင့်၊ အနှောင့်အယှက်ပေးခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်လျော်သေးသလော။ (မသင့်လျော်ပါ။) ယင်းသည် ညီအစ်ကိုမောင်နှမအားလုံးအတွက် မမျှတပေ။ထိုသို့သောအခြေအနေများတွင် ၎င်းတို့ကို ရှင်းလင်းဖယ်ထုတ်ခြင်းက ပြဿနာကို ဖြေရှင်းပေးသည်။ ၎င်းတို့က မိမိတို့၏နောက်ဆုံး အစေခံမှုကို ပေးပြီးဖြစ်သည့်အပြင် အများစုက ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်သည်နှင့်တစ်ပြိုင်နက်၊ သင်က ၎င်းတို့ကို ရှင်းလင်းပစ်လိုက်လျှင် လူအများစုတွင် ကန့်ကွက်ချက်များ ရှိတော့မည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို စောဒကတက်မည်မဟုတ် သို့မဟုတ် နားလည်မှုလွဲမှားမည်မဟုတ်ပေ။ အကယ်၍ ၎င်းတို့ကို ကာကွယ်ပေးသည့်လူများ ရှိနေသေးလျှင် သင်က “ထိုသူသည် အသင်းတော်၌ မကောင်းမှုများစွာကို ကျူးလွန်ခဲ့သည်။ ၎င်းတို့သည် အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ရှင်းလင်းဖယ်ထုတ်ခြင်း ခံခဲ့ရသည်။ သို့တိုင် သင်သည် ၎င်းတို့နှင့်ပတ်သက်၍ အလွန်အမင်း စာနာနေသေးသည်၊ သင်တို့အပေါ် ၎င်းတို့ပြသခဲ့သည့် ကြင်နာမှုကို သင်စဉ်းစားနေသေးပြီး ၎င်းတို့ဘက်မှ ခုခံကာကွယ်ပေးနေသေးသည်။ သင်သည် အလွန်တွယ်တာလွန်းပြီး စည်းမျဉ်းများ လုံးဝကင်းမဲ့နေသည်။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့ထံမှ အကူအညီအနည်းငယ်ရရုံနှင့် သင်သည် ယင်းကို မမေ့နိုင်ပါ။ ၎င်းတို့ မည်သည့်အရာကိုပင် ပြောဆိုသည်ဖြစ်စေ သင်သည် ၎င်းတို့ကို အစဉ်ပြန်လည်ပေးဆပ်လိုလျက် စိတ်ရင်းမှန်ဖြင့် နာခံသည်။ ၎င်းတို့သည် ယခုအခါ ရှင်းလင်းဖယ်ထုတ်ခြင်း ခံခဲ့ရပြီ။ သင်သည် ၎င်းတို့နှင့်အတူ လိုက်ပါလိုသလော။ အကယ်၍ သင်သည်လည်း ရှင်းလင်းဖယ်ထုတ်ခြင်း ခံလိုလျှင် ထိုအတိုင်းပင် ဖြစ်ပါစေ”ဟု ပြောဆိုနိုင်သည်။ ဤသည်မှာ အခြေအနေကို ကိုင်တွယ်ရန် သင့်လျော်သောနည်းလမ်းတစ်ခု ဟုတ်သလော။ ဤအဆင့်တွင်မူ သင့်လျော်ပေသည်။ အကယ်၍ ထိုသို့သောလူများသည် အခြားသူများကို အထင်အမြင်မှားစေရန် စကားလုံးများနှင့် အယူဝါဒများအား တစ်သမတ်တည်း ပြောဆိုပြီး လူတို့ကို အလွန်အမင်း သည်းမခံနိုင်လောက်အောင် နှောင့်ယှက်သဖြင့် ၎င်းတို့သည် စုဝေးပွဲများသို့ပင် မလာချင်တော့ပါက ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး ဤလူတို့ကို အချိန်မီ မကိုင်တွယ်နိုင်ဘဲ ထုံထိုင်းပြီး ဉာဏ်ထိုင်းသောကြောင့် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိခြင်း၊ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း ဖြစ်သည်။
ယခုတွင် လူအများစုသည် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့် ထိုအန္တိခရစ်များအပေါ် အတိုင်းအတာတစ်ခုအထိ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့ ဆက်လက် ခေါင်းငုံ့မထားလျှင်၊ နည်းလမ်းအမျိုးမျိုးဖြင့် လုံလောက်အောင် တိတိကျကျ ဆောင်ရွက်လျက်၊ ၎င်းတို့ ခေါင်းထောင်လာပြီး ၎င်းတို့အား အန္တိခရစ်များအဖြစ် လူတို့ သတ်မှတ်ရန် ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များက လုံလောက်လျှင်၊ နောက်ထပ်နှောင့်နှေးခြင်း သို့မဟုတ် တုံ့ဆိုင်းခြင်း မရှိသင့်တော့ပေ။ ၎င်းတို့ကို ချက်ချင်းပင် ကန့်သတ်ပြီး သီးခြားခွဲထားသင့်သည်။ အကယ်၍ ၎င်းတို့၏ အစေခံခြင်းသည် တန်ဖိုးမရှိတော့ပါက ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်သင့်သည်။ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့် ထိုသို့သော သူတော်ကောင်းယောင်ဆောင်သည့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ရန် လွယ်ကူသည်၊ အကြောင်းမှာ ထိုသို့သောလူများသည် သိသာထင်ရှားစွာပင် အန္တိခရစ်များ ဖြစ်သောကြောင့်ဖြစ်သည်။ ဤ အန္တိခရစ် အမျိုးအစားသည် အာဏာကိုင်စွဲခြင်းတည်းဟူသော ၎င်းတို့၏ပန်းတိုင်ကို စွမ်းဆောင်ရရှိရန်၊ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းအခွင့်အရေးကို အသုံးပြုခြင်းဖြင့် လူတို့ကို အမြဲ အထင်အမြင်မှားစေလိုသည်။ ဤသည်မှာ အန္တိခရစ်များ ပေါ်လွင်ထင်ရှားသည့် နည်းလမ်းတစ်ခုဖြစ်ပြီး ပိုင်းခြားသိမြင်ရန် လွယ်ကူသည်။ ဤအကြောင်းအရာကို ယခင်က လုံလောက်စွာ ဆွေးနွေးပြီးဖြစ်သောကြောင့် ဤနေရာတွင် အကျယ်တဝင့် ပြောဆိုတော့မည်မဟုတ်။ အချုပ်အားဖြင့်ဆိုသော် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောလူများကို သေချာအာရုံစိုက်သင့်ပြီး ၎င်းတို့၏ လှုပ်ရှားမှုများ၊ အတွေးအခေါ်များနှင့် သဘောထားအမြင်များအပြင် ၎င်းတို့၏ အစီအစဉ်များနှင့် လုပ်ဆောင်ချက်များ၊ ၎င်းတို့ ဖြန့်ဝေသည့် မှားယွင်းသော မှတ်ချက်များအား ချက်ချင်းတိကျစွာ သိရှိနားလည်ပြီး၊ သဘောပေါက်သင့်ကာ လျော်ညီစွာ ကိုင်တွယ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဝတ္တရားတစ်ခုဖြစ်သည်။ သို့ဖြစ်၍ အနည်းဆုံးအားဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်၌ ထုံထိုင်းပြီး ထိုင်းမှိုင်းခြင်းမရှိဘဲ ဝိညာဉ်ရေးရာ၌ ထက်မြက်ပြီး စိတ်ပိုင်းဆိုင်ရာ၌ စေ့စပ်သေချာသင့်သည်။ အကယ်၍ အန္တိခရစ်တစ်ဦးသည် စုဝေးပွဲများအတွင်း စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းဖြင့် လူများစွာကို အထင်အမြင်မှားစေပြီး၊ အသင်းတော်ခေါင်းဆောင်များက ၎င်းကို အန္တိခရစ်တစ်ဦးအဖြစ် အသိအမှတ်မပြုသေးသည့်အပြင် ချက်ချင်း ဖော်ထုတ်ပြီး မကိုင်တွယ်နိုင်ပါက၊ ဤသည်မှာ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း ဖြစ်သည်။ အကယ်၍ လူများစွာသည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရပြီးဖြစ်ကာ ၎င်းတို့အနေဖြင့် အန္တိခရစ်များက စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းအား မကြားရသည့်အခါ စုဝေးပွဲများကို အဓိပ္ပာယ်မဲ့သည်ဟု မြင်သောကြောင့် စုဝေးပွဲများ တက်ရောက်ရန် မလိုလားတော့လျှင်၊ သို့မဟုတ် အန္တိခရစ်များ ဟောပြောသည်ကို နားထောင်ရန် ပိုမိုနှစ်သက်လျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် တရားဒေသနာများကို နားထောင်ရန်ပင် မလိုလားတော့လျှင်၊ လူတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ဤအတိုင်းအတာအထိ ခံရသည့်အခါမှသာ အသင်းတော်ခေါင်းဆောင်များက အခြေအနေ၏ ဆိုးရွားမှုကို သိရှိပြီး အရေးယူကာ အခြေအနေကို ပြန်လည်ကောင်းမွန်အောင် စတင်လုပ်ဆောင်ပါက၊ ဤအရာက သိသာထင်ရှားသော နှောင့်နှေးမှုများကို ဖြစ်စေလိမ့်မည်။ ဘုရားသခင် ရွေးချယ်ထားသောလူများစွာ၏ အသက်ဝင်ရောက်မှုသည် ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များ၏ ထုံထိုင်းခြင်းနှင့် ထိုင်းမှိုင်းခြင်းတို့ကြောင့် ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။ အန္တိခရစ်များကို စိတ်ဖြာလေ့လာဆွေးနွေးပြီး၊ ပိုင်းခြားသိမြင်ကာ ရှင်းလင်းပစ်သည့်အခါတွင် အချို့လူများသည် အထင်အမြင်မှားစေခြင်းခံရပြီး ၎င်းတို့နောက် လိုက်ကောင်းလိုက်သွားနိုင်သည်။ အချို့က “သင်တို့က ၎င်းတို့ကို ရှင်းလင်းပစ်လျှင်၊ ကျွန်ုပ်တို့ ဘုရားသခင်ကို ယုံကြည်တော့မည်မဟုတ်။ သင်တို့က ၎င်းတို့ကို ထွက်သွားခိုင်းလျှင် ကျွန်ုပ်တို့အားလုံး ထွက်သွားမည်”ဟုပင် ဆိုကောင်းဆိုနိုင်သည်။ ဤအဆင့်တွင် အသင်းတော်ခေါင်းဆောင်များသည် မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ လုံးဝလုပ်ဆောင်နေခြင်း မရှိကြောင်း လုံးလုံးလျားလျား သိသာထင်ရှားလေသည်။ ယင်းမှာ မိမိတို့တာဝန်များကို ဖြည့်ဆည်းရန် ကြီးလေးသည့် ပျက်ကွက်မှု ဖြစ်သည်။
အသင်းတော်အသက်တာ၌ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် ပထမဆုံးအရာမှာ လူအမျိုးမျိုး၏ အခြေအနေကို သဘောပေါက်နားလည်ရန် ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ အသင်းသားတစ်ဦးစီက မည်သည့်လမ်းကြောင်း လျှောက်ကြပြီးဖြစ်သည်ဟူသည်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့် သေချာစွာ စောင့်ကြည့်လေ့လာပြီး နားလည်ရမည်ဖြစ်ကာ၊ မည်သူက အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်လှမ်းနေသည်၊ မည်သူက အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်သည်ဟူသည်တို့ကို ချက်ချင်းတိကျစွာ သိရှိပြီး ဖော်ထုတ်သတ်မှတ်ရမည်။ ထို့နောက် ၎င်းတို့သည် ဤပုဂ္ဂိုလ်များကို အာရုံစိုက်သင့်သည်၊ ၎င်းတို့ကို သေချာအာရုံစိုက်သင့်ပြီး ၎င်းတို့ ဖြန့်ဝေသည့် သဘောထားအမြင်များနှင့် ပြောဆိုချက်များ၊ ဆောင်ရွက်ရန် မည်သည့်လုပ်ဆောင်ချက်များကို ၎င်းတို့ ပြင်ဆင်နေသည်ဟူသည်တို့ကို ချက်ချင်း နားလည်ပြီး သဘောပေါက်နားလည်သင့်သည်။ ၎င်းတို့က လူတို့ကို အထင်အမြင်မှားစေပြီး ထောင်ချောက်ဆင်ကာ ထိန်းချုပ်လိုသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလိုက်သင့် စောင့်ဆိုင်းခြင်းထက် ၎င်းတို့ကို တားဆီးရန် လျင်မြန်စွာ ထရပ်သင့်သည်။ သင်က အန္တိခရစ်များကို ဖော်ထုတ်ခြင်းမပြုမီ ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်သည်အထိ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ အထင်အမြင်မှားစေခြင်း ခံရသည်အထိ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများက ၎င်းတို့အပေါ် နားလည်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိလာသည်အထိ စောင့်ဆိုင်းနေပါက ယင်းသည် ကိစ္စရပ်များကို နှောင့်နှေးစေပြီး ဖြစ်ပေမည်။ ထို့ကြောင့် အန္တိခရစ်များကို ကာကွယ်ရာ၌ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်ဦးမှုရယူလုပ်ဆောင်ကာ ကြိုတင်ပြင်ဆင်သင့်သည်။ ပထမအဆင့်မှာ အတော်အတန် ဖြောင့်မတ်ပြီး သမ္မာတရားကို လိုက်စားနိုင်သောသူတို့ကို မြှင့်တင်ပြီး ပျိုးထောင်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ အလုပ်အမျိုးမျိုး၌ ဦးဆောင်သည့်ကဏ္ဍမှ ပါဝင်သောသူတို့ကို ကောင်းစွာ ရေလောင်းပြီး ထောက်ပံ့ရန်နှင့် ၎င်းတို့ကို အသင်းတော်ရှိ တိုင်များအဖြစ် ပျိုးထောင်ရန် ဖြစ်သည်။ ဤနည်းလမ်းဖြင့်သာ အသင်းတော်၏ အလုပ်အမျိုးမျိုးသည် ချောမွေ့စွာနှင့် အဟန့်အတားမဲ့ ရှေ့ဆက်နိုင်မည်ဖြစ်ပြီး ဧဝံဂေလိအလုပ်က ဆက်လက်ပျံ့နှံ့နိုင်မည်ဖြစ်သည်။ မည်သည့်အရာပင်ဖြစ်စေ၊ အလုပ်တစ်ခုတလေက ကောင်းသောခေါင်းဆောင်တစ်ဦး ကင်းမဲ့ပါက ယင်းကို ဆောင်ရွက်ရန် အလွန်ခက်ခဲသွားသည်။ ဘုရားသခင်အပေါ် အန္တိခရစ်များ၏ အာခံခြင်းနှင့်ဆိုင်သည့် အဓိကသရုပ်သကန်မှာ ဘုရားအိမ်တော်ရှိ အလုပ်တိုင်းကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရန်အလို့ငှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို ၎င်းတို့နောက်သို့ လိုက်စေဖို့ အထင်အမြင်မှားစေခြင်း ဖြစ်သည်။ အသင်းတော်တစ်ခု၌ အန္တိခရစ်များ လုပ်ဆောင်ရန် ရည်ရွယ်သည့် ပထမဆုံးအရာမှာ တရားမျှတစိတ်ရှိသောသူများနှင့် အလုပ်အမျိုးမျိုး၌ ဦးဆောင်သည့်ကဏ္ဍမှ ပါဝင်သောသူတို့ကို ထိခိုက်နစ်နာစေခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ အထင်အမြင်မှားစေပြီး ထိန်းချုပ်နိုင်သောသူတို့ကို မိမိတို့ဘက်သို့ ဆွဲဆောင်သည်၊ ၎င်းတို့ အထင်အမြင်မှားစေခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း မပြုနိုင်သောသူတို့ကိုမူ လုပ်ကြံစွပ်စွဲပြီး၊ ထောင်ချောက်ဆင်ကာ ဖြုတ်ချသည့်အပြင် နောက်ဆုံးတွင် ရှင်းလင်းပစ်သည်။ အန္တိခရစ်များအနေဖြင့် အသင်းတော်ကို ထိန်းချုပ်ရန်အတွက် ဤအရာက လမ်းခင်းပေးလေသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်သည့် အဓိကကျသော ပုဂ္ဂိုလ်အနည်းငယ်ကို ဦးစွာ ဖြိုသည်၊ ကျန်အများစုမှာ လေယူရာတိမ်းသည့်သူများ ဖြစ်ကြသည်။ ထို့နောက်တွင် ၎င်းတို့အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များကို အထူးတလည် ကိုင်တွယ်ရန်မှာ များစွာ ပို၍လွယ်ကူသွားသည်။ သမ္မာတရားကို လိုက်စားသောသူတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီမရှိဘဲ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အခြေခံအားဖြင့် အကူအညီမပါဘဲ တစ်ဦးတည်း တိုက်ပွဲဝင်နေရခြင်း ဖြစ်သည်။ သင်သည် အလင်းထဲ၌ ရှိနေစဉ် အန္တိခရစ်များမှာမူ အမှောင်ထဲ၌ ပုန်းခိုနေကြသည်။ သင် မထနိုင်ရန်အလို့ငှာ သင့်ကို မြေပေါ်သို့ လဲကျသွားအောင် လုပ်ဆောင်လျက် မည်သည့်အချိန်တွင်မဆို သင့်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန်၊ အမှုဆင်ရန်၊ ထောင်ချောက်ဆင်ရန်နှင့် အသရေဖျက်ရန် အသင့်ရှိနေကြသည်။ ထို့နောက် အန္တိခရစ်များသည် သင် လဲကျနေစဉ်တွင် သင့်ကို လုံးဝ စိတ်ပျက်အားငယ်ကာ မျှော်လင့်ချက်မဲ့သွားစေလျက် သင့်ကို ကန်ရန် လူများကို ရှာဖွေကြသည်။ ထို့ကြောင့် အကယ်၍ သမ္မာတရားကို လိုက်စားသောသူတို့သည် ၎င်းတို့ကို ဆန့်ကျင်၍ အင်အားစုများ မပူးပေါင်းပါက အန္တိခရစ်များ၏ပြဿနာကို လုံးလုံးလျားလျား ဖြေရှင်းရန် အလွန်ခက်ခဲသည်။ အသင်းတော်အသက်တာ၌ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် ပထမဆုံးအရာမှာ အသင်းတော်၏ ပုံမှန်အစီအစဉ်ကို ထိန်းသိမ်းရန် ဖြစ်သည်။ အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်လှမ်းသည့် ဤဆိုးယုတ်သောလူများ ရှိနေသဖြင့်၊ အသင်းတော်အသက်တာမှ ကောင်းသောရလဒ်များ ဖြစ်လာလိမ့်မည်မဟုတ်။ ယင်းသည် လမ်းကြောင်းမှန်ပေါ်သို့ အလွယ်တကူ ရောက်ရှိလိမ့်မည်မဟုတ်သည့်အပြင်၊ လူအများစုသည် မကြာခဏ နှောင့်ယှက်ခြင်းခံရကာ လွှမ်းမိုးခြင်း ခံရလိမ့်မည်။ ထို့ကြောင့် ဆိုးယုတ်သောလူများ၊ အန္တိခရစ်များနှင့် အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်လှမ်းသောသူတို့အား ရှာဖွေတွေ့ရှိခြင်း၊ နားလည်ခြင်း၊ သဘောပေါက်ခြင်းနှင့် တိတိကျကျ ဖော်ထုတ်သတ်မှတ်ခြင်းသည် အသင်းတော်အသက်တာနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် ပထမဆုံးနှင့် အရေးအကြီးဆုံးသော လုပ်ငန်းတာဝန် ဖြစ်သည်။ ဤလူတို့ကို ကန့်သတ်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်းဖြင့်သာ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို ထိန်းသိမ်းထားနိုင်သည်။ အကယ်၍ ၎င်းတို့ကို မကန့်သတ်ဘဲ မိမိတို့သဘောအတိုင်း မဆင်မခြင် ပြုမူခွင့်ပေးကာ အနှောင့်အယှက်များ ဖြစ်စေခွင့်ပြုပါက အသင်းတော်၏ အလုပ်အမျိုးမျိုးက ရပ်တန့်သွားလိမ့်မည်။ လူအများစုသည် ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး ၎င်းတို့၏အနှစ်သာရကို ရိပ်စားနိုင်ခြင်းမရှိသည့်အပြင် ၎င်းတို့၏ အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များနှင့် သဘောထားအမြင်များ၏ အဖျက်အမှောင့်လုပ်ခြင်းနှင့် အထင်အမြင်မှားစေခြင်းကိုပင် ခံရသောကြောင့် ဘုရားသခင် ရွေးချယ်ထားသောလူများက အသင်းတော်အသက်တာ၌ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်မှာ ခက်ခဲသောအရာတစ်ခု ဖြစ်သည်။ အကယ်၍ ဤကာလအတောအတွင်းတွင် အသင်းတော်အသက်တာသည် အလွန်ပုံမှန်ဖြစ်နေပြီး၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းတို့၌ အကျိုးအမြတ်များနှင့် တိုးတက်မှုများ ရရှိကာ၊ နောက်ဆုံး၌ အသက်ဝင်ရောက်မှုအချို့နှင့် သမ္မာတရား လက်တွေ့ကျမှုအနည်းငယ် ၎င်းတို့ရှိလာသော်လည်း၊ ထို့နောက်တွင် ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ကို ခံရပါက၊ ၎င်းတို့ ယခုလေးတင် ရရှိခဲ့သည့် ထိုစင်ကြယ်သော သဘောပေါက်နားလည်မှုနှင့် စစ်မှန်သောနားလည်မှုအနည်းငယ်ကို ဆုံးရှုံးသွားရုံသာမက၊ အပေါ်ယံကောင်းပုံရသော မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းသော အယူအဆများစွာကိုလည်း ထပ်မံခံယူကြလေသည်—၎င်းတို့သည် ရေဆန်ကို လှော်ခတ်မှုအား ရပ်လိုက်သည့်အခိုက် ရေလှိုင်းကြောင့် လှော်ခတ်သူတို့ နောက်သို့ဆုတ်သွားရသည့်အလား လျင်မြန်စွာပင် နောက်တစ်ကြိမ် ထပ်မံ၍ နားဝေတိမ်တောင်ဖြစ်သွားကြပြန်သည်။ ယင်းမှာ အလွန်ဒုက္ခများသော ကိစ္စရပ်တစ်ခုဖြစ်သည်။ လူတို့အတွက် အသက်တာ တိုးတက်မှုကို သိရှိနားလည်ရန် မလွယ်ကူပေ၊ တိုးတက်မှုအနည်းငယ်ကို မြင်တွေ့ရန် နှစ်ပေါင်းများစွာ ကြာနိုင်ပြီး၊ ယင်းမှာ အလွန်တရာ နှေးကွေးသည်။ လူတို့သည် ၎င်းတို့ပိုင်ဆိုင်သည့် ဝိညာဉ်ရင့်ကျက်မှုအနည်းငယ်ကို ရရှိရန် ခက်ခဲသည်။ ယင်းကို လွယ်လွယ်ကူကူ ရရှိနိုင်ခြင်း မဟုတ်ပေ။ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့မှတစ်ဆင့် လူတို့ပိုင်ဆိုင်သည့် စင်ကြယ်သော သဘောပေါက်နားလည်မှုအနည်းငယ်က ဆုံးရှုံးသွားသည်။ သာ၍ပင် ဆိုးရွားသည်မှာ စာတန်နှင့် အန္တိခရစ်များ၏ အဖျက်အမှောင့်လုပ်ခြင်းခံရပြီးနောက် လူတို့သည် စာတန်၏ အတွေးအခေါ်များစွာ၊ စာတန်၏ အကြံအစည်များနှင့် အလိမ်အညာများ၊ စာတန်က ၎င်းတို့အတွင်း၌ စိုက်ပျိုးထားသည့် အဆိပ်အတောက်တို့ဖြင့် ပြည့်နှက်သွားခြင်း ဖြစ်သည်။ ဤအရာများသည် လူတို့အား ဘုရားသခင်ကို သိရှိပြီး ကျိုးနွံနာခံခွင့်မပေးနိုင်သည်သာမက၊ ဆန့်ကျင်ဘက်အားဖြင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သာ၍ပင် ဆိုးရွားစေလျက်၊ ဘုရားသခင်အပေါ် ၎င်းတို့၏သစ္စာဖောက်ခြင်းအား ပိုမိုဖြစ်နိုင်စေလျက်၊ လူတို့အား ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေပြီး သူ့ထံမှ သွေဖည်သွားစေသည်။ ဤအရာ၏ အကျိုးဆက်များက အလွန်ဆိုးရွားလှသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော ဆိုးရွားသည့် အကျိုးဆက်များကို ရင်ဆိုင်ရာတွင် လူတို့အား စကားလုံးများနှင့် အယူဝါဒများဖြင့် အထင်အမြင်မှားစေသောသူတို့ကို တားဆီးပြီး ကန့်သတ်ရန် လိုအပ်သလော။ ဤသည်မှာ အသင်းတော်ခေါင်းဆောင်များ လုပ်ဆောင်သင့်သည့် အရေးကြီးသော လုပ်ငန်းတာဝန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို ကန့်သတ်ခြင်းသည် အသင်းတော်အတွက် အရေးကြီးသော လုပ်ငန်းတာဝန်တစ်ခု ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်တွင် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိပါ။ ထိုအရာအားမည်သို့လုပ်ဆောင်ရမည်ကို ကျွန်ုပ်မသိပါ”ဟု ပြောဆိုကြသည်။ အမှန်တွင် သင်၌ အလိုဆန္ဒရှိနေသမျှကာလပတ်လုံး၊ ဂရုတစိုက် စောင့်ကြည့်လေ့လာပြီး လူတို့၏ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများကို အစဉ်အမြဲ ဆန်းစစ်နေသမျှကာလပတ်လုံး သင်သည် တဖြည်းဖြည်း ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်လိမ့်မည်။ ဤမယုံကြည်သူများနှင့် ဆိုးယုတ်သောလူများသည် မိမိတို့ကိုယ်ကို ပြသသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများ ရှိကြသည်။ အားလုံးမှာ လူတို့က ၎င်းတို့ကို အားကိုးပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်စေရန်နှင့် ၎င်းတို့ပြောဆိုသည့်အရာကို နားထောင်စေရန် ရည်ရွယ်သည်။ အကယ်၍ သင်သည် ၎င်းတို့၏ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများကို သိမြင်နိုင်ပါက ဤသည်မှာ ပိုင်းခြားသိမြင်နိုင်စွမ်းတစ်ခုခု ရှိနှင့်နေခြင်းပင် ဖြစ်သည်။ အကယ်၍ သင် မသေချာပါက ဤကိစ္စနှင့်ပတ်သက်၍ သမ္မာတရားကို အတော်အတန် နားလည်သောလူအချို့နှင့် မိတ်သဟာယဖွဲ့နိုင်သည်။ မိတ်သဟာယဖွဲ့စဉ်အတောအတွင်းတွင် တစ်ချက်အနေဖြင့် သင်သည် လူတိုင်းနားလည်သည့် သမ္မာတရားနှင့် ရရှိထားသည့် အမျိုးမျိုးသော အချက်အလက်ဆိုင်ရာ သက်သေအထောက်အထားများမှတစ်ဆင့် ဆုံးဖြတ်ချက်တစ်ခု ချနိုင်သည်။ နောက်တစ်ချက်အနေဖြင့်၊ သင်သည် မိတ်သဟာယဖွဲ့စဉ်အတွင်း ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်မှု၊ ဘုရားသခင် ပေးသနားသည့် အလင်းတို့မှတစ်ဆင့်၊ ဤကိစ္စနှင့်ပတ်သက်၍ အတည်ပြုချက်ကို ရယူနိုင်ပြီး၊ မေးခွန်းထုတ်ခံရသည့်သူသည် အမှန်တကယ် အန္တိခရစ်တစ်ဦး ဟုတ်မဟုတ်ဟူသည်ကိုလည်းကောင်း၊ ၎င်းတို့သည် အမှန်တကယ် ကန့်သတ်ခံရသင့်သည့်သူတစ်ဦး ဟုတ်မဟုတ်ဟူသည်ကိုလည်းကောင်း အတည်ပြုနိုင်သည်။ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် အကယ်၍ လူတိုင်းက အတည်ပြုချက်ရရှိပြီး ဤသူသည် အမှန်တကယ် ကန့်သတ်ခံရသင့်သည့် အန္တိခရစ်တစ်ဦးဖြစ်သည်ဟု ဆိုလျက် တစ်ညီတစ်ညွတ်တည်း သဘောတူညီကြပါက၊ညီအစ်ကိုမောင်နှမများနှင့် သဘောတူညီချက်တစ်ခု ရရှိပြီး လူတိုင်းက တူညီသောရှုထောင့်အမြင်တစ်ခုသို့ ရောက်ရှိပြီးနောက်၊ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် နောက်တစ်ဆင့်မှာ ဤသူကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ လျင်မြန်စွာ ကိုင်တွယ်ပြီး ရှင်းလင်းပစ်ရန် ဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။ လူတို့သည် ဤစည်းမျဉ်းကို နားလည်သည်နှင့်တစ်ပြိုင်နက် တကယ့်အလုပ်ကို လုပ်ဆောင်သင့်သည်။ ယင်းမှာ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို ဆိုလိုသည်။ စည်းမျဉ်းများကို နားလည်ခြင်းသည် ဟောပြောရန်အတွက် သို့မဟုတ် သင်၏ဦးခေါင်းကို ဖြည့်ရန်အတွက် မဟုတ်ဘဲ၊ သင့်တာဝန်၏ တကယ့်အလုပ်အဖို့ အသုံးချရန်အတွက် ဖြစ်သည်။ တကယ့်အလုပ်၌ စည်းမျဉ်းများကို နားလည်ခြင်းက သင်၏ တာဝန်ဝတ္တရားများကို ပိုမိုကောင်းမွန်စွာနှင့် ပိုမိုနှံ့စပ်စွာ ဖြည့်ဆည်းနိုင်ခွင့်ပေးသည်။ ထို့ကြောင့် ဤသည်မှာလည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို ထိန်းသိမ်းရန်နှင့် ညီအစ်ကိုမောင်နှမများအား အသင်းတော်အသက်တာကို ပုံမှန်အသက်ရှင်ခွင့်ပေးကာဘုရားသခင် တောင်းဆိုသည့် သမ္မာတရားအားလုံးထဲသို့ ဝင်ရောက်နိုင်ခွင့်ပေးရန်အလို့ငှာ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့် အန္တိခရစ်များ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရန် ပထမဆုံး ထရပ်သင့်သည်။ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့် ထိုအန္တိခရစ်များအတွက်မူ ၎င်းတို့က မှားယွင်းသောအရာ အနည်းငယ် ပြောဆိုရုံသက်သက်ကြောင့် ၎င်းတို့ကို ကန့်သတ်ခြင်း မဟုတ်ပေ။ အကယ်၍ ရေရှည်စောင့်ကြည့်လေ့လာမှု သို့မဟုတ် အများစု၏ တုံ့ပြန်ချက်နှင့် ၎င်းတို့၏ တိကျသော သရုပ်သကန်များသည် ၎င်းတို့သည် အမှန်တကယ် အန္တိခရစ်အမျိုးအစားဖြစ်ကြောင်း ဆုံးဖြတ်ရန် လုံလောက်ပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရန် ထွက်လာသင့်ပြီး ၎င်းတို့ကို အထိန်းအချုပ်မဲ့ ဆက်လက်လုပ်ဆောင်ခွင့်မပြုသင့်ပေ။ ၎င်းတို့ကို အထိန်းအချုပ်မဲ့ လွှတ်ထားခြင်း၊ နတ်ဆိုးများ၊ စာတန်များ၊ ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများကို အသင်းတော်၌ သောင်းကျန်းခွင့်ပြုခြင်းနှင့် ညီမျှသည်။ ယင်းမှာ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့တာဝန်များကို လျစ်လျူရှုနေခြင်း၊ အခြေခံအားဖြင့် စာတန်အတွက် အလုပ်လုပ်နေခြင်းကို ဆိုလိုသည်။ အသင်းတော်အသက်တာ၌ အနှောင့်အယှက်ပေးခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများဆိုင်ရာ ဒုတိယအမျိုးအစား ကိစ္စရပ်အပေါ် မိတ်သဟာယဖွဲ့ခြင်းသည် ယခု အဆုံးသတ်ပြီဖြစ်သည်။
၃။ အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်း
ဆက်လက်၍ တတိယအချက်ဖြစ်သည့် အိမ်တွင်းရေးရာများကို တတွတ်တွတ်ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းတို့နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ ငါတို့၏ မိတ်သဟာယတွင် ကိုင်တွယ်ဖြေရှင်းမည့် တတိယအချက်ပါ ဤပြဿနာများသည် အသင်းတော်အသက်တာ၌ သိသာထင်ရှားစွာပင် မဖြစ်ပေါ်သင့်ပေ။ အသင်းတော်အသက်တာကို အသက်ရှင်သည့်အခါ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မျှဝေရန်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန်နှင့် မိမိတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မိတ်သဟာယဖွဲ့ရန် လာကြခြင်းဖြစ်စဉ်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်နှင့် သမ္မာတရားကို နားလည်သဘောပေါက်ရန် ရှာဖွေခြင်းလည်း ဖြစ်သည်။ သို့ဖြစ်၍ အသင်းတော်အသက်တာ၌ အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းကဲ့သို့သော ပြဿနာများကို တားဆီးပြီး ကန့်သတ်သင့်သလော။ (ကန့်သတ်သင့်ပါသည်။) အချို့လူများက “တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ခြင်းက အဆင်မပြေသလော။ လူနှစ်ဦးသည် အတော်အတန် ရင်းနှီးပြီး အရင်ကတည်းက သိကျွမ်းနေပါက၊ အသင်းတော်အသက်တာအတောအတွင်း တွေ့ဆုံ၍ စကားစမြည် အနည်းငယ် ပြောဆိုခြင်းသည် အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုခြင်း ဖြစ်သလော။ ဤအရာကိုလည်း ကန့်သတ်သင့်ပါသလော”ဟု ဆိုကြသည်။ တတိယအချက်သည် ဤသို့သော ပြဿနာမျိုးများကို ရည်ညွှန်းနေခြင်းလော။ (မဟုတ်ပါ။) သိသာထင်ရှားစွာပင်၊ မဟုတ်ပေ။ အကယ်၍ ရိုးရှင်းပြီး ယဉ်ကျေးသော နှုတ်ဆက်ခြင်းများကိုပင် ကန့်သတ်မည်ဆိုလျှင်၊ နောင်တွင် လူတို့သည် တွေ့ဆုံသည့်အခါ စကားပြောရန် စိုးရွံ့နေကြလိမ့်မည်။ တတိယအချက်ဖြစ်သည့် အိမ်တွင်းရေးရာများကို တတွတ်တွတ်ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များတည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းဟူသည်မှာ ဤအသုံးအနှုန်းသုံးခုသာ ပါဝင်ကောင်း ပါဝင်နိုင်သော်လည်း၊ ဤအသုံးအနှုန်းများက ကိုယ်စားပြုသည့် ပြဿနာများမှာ ရိုးရှင်းပြီး ယဉ်ကျေးသော နှုတ်ဆက်ခြင်းများ သို့မဟုတ် စကားစမြည်ပြောဆိုခြင်းများ မဟုတ်ပေ။ ယင်းတို့သည် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်နိုင်ပြီး နှောင့်ယှက်နိုင်ကာ၊ ပျက်စီးစေနိုင်သည့် ဒုစရိုက်အမှုများ ဖြစ်ကြသည်။ ယင်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများဖြစ်သောကြောင့် မိတ်သဟာယဖွဲ့ထိုက်ပေသည်။ အဘယ်အရာကို မိတ်သဟာယဖွဲ့သင့်သနည်း။ မည်သည့်ပြဿနာများ၊ လူတို့ပြောဆိုသည့် မည်သည့်စကားများ၊ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာများသည်လည်းကောင်း၊ လူတို့၏ မည်သည့်စကား၊ အပြုအမူနှင့် အမူအရာတို့သည်လည်းကောင်း အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းအဆင့်သို့ ရောက်ရှိနိုင်သည်ကိုသာ မိတ်သဟာယဖွဲ့သင့်သည်။ ဤပြဿနာများက ဆိုးရွားခြင်းရှိမရှိ၊ ယင်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများဖြစ်ခြင်း ရှိမရှိ၊ ယင်းတို့ကို တားဆီးပြီး ကန့်သတ်သင့်ခြင်း ရှိမရှိဟူသည်တို့ကို သိမြင်ရန် တိကျသော ဥပမာအချို့ကို ငါတို့ ဆွေးနွေးကြစို့။
အသင်းတော်အသက်တာ၌ အချို့လူတို့သည် အရေးမပါသော မိသားစုကိစ္စရပ်များနှင့် မိမိတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများကို ဆွေးနွေးရန် အဓိက အကြောင်းအရာများဖြစ်သည့်အလား မကြာခဏ ပြောဆိုကြသည်။ သူမက “ယခုတွင် လူ့အဖွဲ့အစည်းက အလွန်မှောင်မိုက်နေသည်။ဘာသာတရားမရှိသူများနှင့် ဆက်ဆံပြီး အတူတကွ နေထိုင်ရခြင်းက အလွန်ပင်ပန်းဖွယ်ဖြစ်သည်။ ဘာသာတရားမရှိသူများသည် မည်သည့်အရာမဆို တတ်စွမ်းနိုင်ကြသည်။ ထိုအရာက တကယ်ကို မခံရပ်နိုင်စရာဖြစ်သည်”ဟု ဆိုသည်။ ထို့နောက် အချို့ညီအစ်ကိုမောင်နှမများက “ကျွန်ုပ်တို့က ဘုရားသခင်ကို ယုံကြည်ကြသည်။ မည်သည့်အခြေအနေကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ပိုင်းခြားသိမြင်နိုင်စွမ်းကို ငါတို့ ကျင့်သုံးပြီး သမ္မာတရားနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတို့ကို ရှာဖွေရမည်။ ဤကဲ့သို့ သင်အသက်ရှင်လျှင် ပင်ပန်းမည် မဟုတ်ပါ” ဟု ဆိုကြသည်။ သို့သော် သူမက “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သော်လည်း၊ ယင်းသည် အရာခပ်သိမ်းကို ဖြေရှင်းနိုင်သောအရာတော့ မဟုတ်ပါ။ ကျွန်မယောက်ျား ဖောက်ပြန်နေမည်ကို ကျွန်မ စိုးရိမ်ခဲ့ပြီး အမှန်ပင် ထိုသို့ဖြစ်နေခဲ့သည်။ သူသည် ကျွန်မထက် ပိုငယ်ပြီး ပိုလှသည့်တစ်ယောက်ကို ရှာသွားခဲ့သည်။ ကျွန်မ၏နေ့ရက်များကို ကျွန်မ မည်သို့ အသက်ရှင်ရမည်နည်း”ဟု ဆိုသည်။ ဤသို့ တတွတ်တွတ်ပြောဆိုရင်း သူမသည် ဝမ်းနည်းစွာ ငိုကြွေးလေတော့သည်။ သူမ ဤသို့ပြောဆိုခြင်းက အခြားသူအချို့၏ ဝမ်းနည်းပူဆွေးမှုများကို နှိုးဆွလိုက်သည်။ သူမနှင့် ကံကြမ္မာတူသူအချို့သည် သူမနှင့် ချက်ချင်းပင် သဘောထားတိုက်ဆိုင်သွားပြီး ထိုနေရာ၌ပင် စတင်စကားစမြည်ပြောကြတော့သည်။ နှစ်နာရီကြာ စုဝေးပွဲတစ်ခုအတောအတွင်းတွင်၊ သူမ၏ယောက်ျား ဖောက်ပြန်ပြီးနောက် ၎င်းတို့နှစ်ဦး မည်သို့ငြင်းခုံခဲ့ကြပုံ၊ ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းများအား လွှဲပြောင်းရန် နည်းလမ်းများကို သူမ မည်သို့ကြိုးစားစဉ်းစားခဲ့ပုံ၊ ကွာရှင်းပြီးနောက် ဆုံးရှုံးမှုများ မခံစားရစေရန် ရှေ့နေနှင့် မည်သို့တိုင်ပင်ခဲ့ပုံ စသည်တို့ကို သူမက အကုန်အစင် ဆွေးနွေးလေသည်။ ဤသည်မှာ အသင်းတော်အသက်တာ၌ ဆွေးနွေးသင့်သည့် အကြောင်းအရာမျိုးလော။ (မဟုတ်ပါ။) အကယ်၍ သင်၏မိသားစုရေးရာများ မပြီးပြတ်သေးဘဲ စုဝေးပွဲများတက်ရောက်ရန် စိတ်မပါလျှင်၊ သင်မလာခြင်းက အကောင်းဆုံးဖြစ်သည်။ အသင်းတော်၏ စုဝေးသည့်နေရာသည် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်ချက်များကို ပွင့်အံထုတ်ဖော်ရန် နေရာမဟုတ်သကဲ့သို့၊ အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုရန်အတွက်လည်း မဟုတ်ပေ။ အကယ်၍ သင်သည် အိမ်၌ အခက်အခဲများ ကြုံတွေ့နေရပြီး ဤကိစ္စရပ်များ၏ နှောင်ဖွဲ့ခြင်း၊ ဘောင်ခတ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းတို့ကို မခံလိုပါက၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ရန် သမ္မာတရားကို ရှာဖွေလိုပြီး၊ ဤအရာအားလုံးကို လက်လွှတ်လိုပါက၊ ညီအစ်ကိုမောင်နှမများက သင့်ကိုကူညီဖို့ သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်စေရန်အလို့ငှာ စုဝေးပွဲအတောအတွင်းတွင် သင်၏ပြဿနာများကို အကျဉ်းချုံး မိတ်သဟာယဖွဲ့နိုင်သည်။ ဤသည်က သင့်အား ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်စေပြီး သန်မာလာစေရန်၊ ဤကိစ္စရပ်များ၏ ဘောင်ခတ်ခြင်းကို မခံရစေရန်၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းမှ လွတ်မြောက်ကာ၊ သင့်အတွက် မှန်ကန်ပြီး အသင့်တော်ဆုံးသော လမ်းကြောင်းကို ရွေးချယ်နိုင်ရန် ကူညီနိုင်သည်။ ဤသည်မှာ သင်မိတ်သဟာယဖွဲ့သင့်သည့်အရာ ဖြစ်သည်။ သို့ရာတွင်၊ အကယ်၍ သင်သည် ဖွင့်ထုတ်ပြီး ဟောပြောရန် သင်၏အိမ်မှ ဤဒေါသထွက်စရာ အရေးမပါသည့်ကိစ္စများကို အသင်းတော်အသက်တာထဲသို့ ယူဆောင်လာပြီး လူအများစုသည် ရှက်ရွံ့သောကြောင့် သင့်ကို တားဆီးခြင်း မရှိ သို့မဟုတ် အနှောင့်အယှက်မပေးဘဲ၊ စိတ်ရှည်သည်းခံကာ ဤဒေါသထွက်စရာ အရေးမပါသည့်ကိစ္စများအား သင် ပြောဆိုသည်ကို မိမိတို့ကိုယ်ကို အတင်းအကျပ် နားထောင်စေပါက၊ ဤသည်မှာ သင့်တော်သလော။ ဤသည်မှာ မေတ္တာပြခြင်းလော။ ဤသည်မှာ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းလော။ သင်၏ ဤအပြုအမူသည် အသင်းတော်အသက်တာကို အဖျက်အမှောင့်များဖြစ်စေပြီးဖြစ်သည်။ ဤအရာကြောင့် မည်သူ ဆင်းရဲဒုက္ခခံစားရသနည်း။ ဘုရားသခင် ရွေးချယ်ထားသော လူများသာ ဖြစ်သည်။ အထူးသဖြင့် တရုတ်ပြည်မကြီး၏ ပတ်ဝန်းကျင်တွင် စုဝေးပွဲတစ်ခု ပြုလုပ်ရန် မလွယ်ကူသည့်အပြင်၊ ယုံကြည်သူများသည် အရာရာကို ကြိုတင်၍ပင် စီစဉ်ထားရလျက် နေရာအနှံ့ ပုန်းရှောင်နေရသည်။ အကယ်၍ တစ်စုံတစ်ဦးက ဤဒေါသဖြစ်စရာ အရေးမပါသည့် မိသားစုကိစ္စများအားလုံးကို စုဝေးသည့်နေရာ၌ လူတိုင်းကြားပြီး ဝေဖန်ပိုင်းခြားပေးရန် ထုတ်ဖော်ပြောဆိုပါက၊ ဤသည်မှာ သင့်တော်သလော။ လူအများစုသည် သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် စုဝေးပွဲများသို့ လာကြခြင်းဖြစ်သည်။ ဤဒေါသထွက်စရာ အရေးမပါသည့်ကိစ္စများကို ကြားရန်မဟုတ်၊ သင်၏အိမ်တွင်းရေးရာများကို တတွတ်တွတ်ပြောဆိုခြင်းအား နားထောင်ရန် မဟုတ်ပေ။ အချို့လူများက “ကျွန်ုပ်မှာ ရင်းနှီးသည့် အခြားမည်သူမျှ မရှိပါ။ထို့ကြောင့် ညီအစ်ကို မောင်နှမများအား ဤအကြောင်းများ ပြောပြသည်မှာ မည်သည့်အရာ မှားသနည်း” ဟု ဆိုကြသည်။ သင်ပြောဆိုနိုင်သည်၊ သို့သော် အချိန်အခါက အရေးကြီးသည်။ စုဝေးချိန်များပြင်ပတွင်၊ အခြားသူက နားထောင်လိုစိတ်ရှိသရွေ့၊ သင်သည် ထိုအကြောင်းများကို ပြောဆိုနိုင်သည်။ ယင်းမှာ သင်၏လွတ်လပ်ခွင့်ဖြစ်ပြီး၊ ဘုရားအိမ်တော်က သင့်ကို ကန့်သတ်မည်မဟုတ်ပေ။ သို့ရာတွင်၊ ထိုသို့သောကိစ္စရပ်များကို ပြောဆိုရန် ယခု သင်ရွေးချယ်သည့် နေရာနှင့် အချိန်သည် မမှန်ကန်ပေ။ ဤသည်မှာ အသင်းတော်အသက်တာ၌၊ စုဝေးချိန်အတောအတွင်းဖြစ်ပြီး၊ သင်၏ မိသားစုကိစ္စရပ်များအကြောင်း အဆုံးမရှိသော စကားများက ညီအစ်ကိုမောင်နှမများကို စဉ်ဆက်မပြတ် စိတ်အနှောင့်အယှက်ပေးပြီး ကန့်သတ်ခြင်းခံသင့်ပေသည်။ ဤသည်မှာ စည်းမျဉ်းတစ်ခု မဟုတ်လော။ ဤသည်မှာ အမှန်ပင် စည်းမျဉ်းတစ်ခု ဖြစ်သည်။ စည်းမျဉ်းများကို နားမလည်ခြင်းသည် ဆင်ခြင်တုံတရားမရှိဘဲ ပြုမူခြင်းနှင့် အခြားသူများကို အဖျက်အမှောင့်လုပ်ခြင်းအဖြစ်သို့ ဦးတည်စေနိုင်သည်နှင့်အမျှ လက်ခံနိုင်ဖွယ်မရှိပေ။ အဖျက်အမှောင့်များ ဖြစ်စေသည့် အပြုအမူများ၊ စကားနှင့် အမူအရာများကို ကန့်သတ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သကဲ့သို့၊ ညီအစ်ကိုမောင်နှမအားလုံး၏ တာဝန်လည်း ဖြစ်သည်။ အချို့လူတို့သည် စုဝေးပွဲများ၌ မိတ်သဟာယဖွဲ့ရန် အနည်းငယ်သာ ရှိလေ့ရှိသော်လည်း၊ ၎င်းတို့၏ မိသားစုအသက်တာ၌ ပြဿနာများ ပေါ်ပေါက်လာသည့်အခါတိုင်းတွင်၊ ဤဒေါသထွက်စရာ အရေးမပါသည့်ကိစ္စများကို အခြားသူများ နားထောင်ရန်အတွက် ပုံချပြောဆိုကြသည်။ အခြားသူများက နားထောင်ရန် တာဝန်ရှိသလော။ ၎င်းတို့သည် သင့်အတွက် အမှားအမှန်ကို ဆုံးဖြတ်ပေးရန် တာဝန်ရှိသလော။ ၎င်းတို့တွင် ထိုသို့သော တာဝန်များမရှိပေ။ ထိုအရာများသည် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များဖြစ်ပြီး သင်ကိုယ်တိုင် ကိုင်တွယ်သင့်သည်။ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို စုဝေးချိန်အတောအတွင်းတွင် မပြောဆိုသင့်ပေ။ ဤသည်မှာ စည်းမျဉ်းကို ဆန့်ကျင်ပြီး ဆင်ခြင်တုံတရားကင်းမဲ့ကာ ထိုသို့သောအပြုအမူကို ကန့်သတ်သင့်ပေသည်။
အချို့လူတို့၏ သားသမီးများသည် တက္ကသိုလ်တက်ကြပြီး၊ ၎င်းတို့သည် မိမိတို့သားသမီးများ၏ တက်လမ်းအတွက် စတင်စိုးရိမ်ကာ၊ ၎င်းတို့အတွက် အဆက်အသွယ်များ ရှာဖွေလျက်၊ “ငါတို့မိသားစုထဲတွင် အစိုးရအရာရှိ တစ်ယောက်မျှမရှိပါ။ ငါ့သားက တက္ကသိုလ်ပြီးလျှင် မည်သည့်အလုပ်မျိုး ရှာနိုင်မည်နည်း။ သူ့အနာဂတ်ကရော အဘယ်သို့နည်း။ ငါ အသက်ကြီးလာသည့်အခါ သူထောက်ပံ့နိုင်လိမ့်မည်လော။ ဘွဲ့ရပြီးနောက် သူအလုပ်ကောင်းတစ်ခုရသည်ကို သေချာစေဖို့ ငါ နည်းလမ်းရှာရန် လိုအပ်သည်”ဟု အဆက်မပြတ် စဉ်းစားနေကြသည်။ စုဝေးပွဲများ တက်ရောက်သည့်အခါ၊ ၎င်းတို့က “ကျွန်ုပ်၏သားက သိပ်ကိုနာခံတတ်သည်။ သူက ဘုရားသခင်အပေါ် ကျွန်ုပ်ယုံကြည်ခြင်းကို ထောက်ခံရုံသာမက၊ တက္ကသိုလ်ပြီးသည့်နောက်တွင် သူကိုယ်တိုင်လည်း ယုံကြည်ချင်နေသည်။ သို့သော် တစ်ခုရှိသည်မှာ ကျွန်ုပ်တို့ ဘုရားသခင်ကို ယုံကြည်လျှင်ပင်၊အသက်မွေးဝမ်းကျောင်းတစ်ခု လုပ်ရဦးမည်ဖြစ်သည်၊ မှန်သလော။ ဘွဲ့ရပြီးလျှင် မည်သည့်အလုပ်မျိုး သူရှာနိုင်လိမ့်မည်ဟူသည်ကို ကျွန်ုပ်မသိပါ။ ယခုတွင် မည်သည့်အလုပ်များက လစာကောင်းသနည်း။ ညီအစ်မ မည်သူမည်ဝါ၊ သင်၏ခင်ပွန်းက မန်နေဂျာတစ်ယောက်ဟု ကျွန်ုပ်ကြားသည်။ သူကူညီပေးနိုင်မည့် နည်းလမ်းတစ်ခုခုများ ရှိပါသလော။ ကျွန်ုပ်သားက ပညာတတ်သည်၊ ဗဟုသုတလည်းရှိသည်၊ ကျွန်ုပ်ထက် အစွမ်းအစလည်း ပိုကောင်းသည်၊ ကွန်ပျူတာလည်း ကျွမ်းကျင်သည်၊ နောင်တွင် ဘုရားအိမ်တော်၌ တာဝန်များကို သူ ထမ်းဆောင်နိုင်သည်။ သို့သော် ယခုတွင်၊ အလုပ်ရှာသည့်ကိစ္စကို ပထမဆုံးဖြေရှင်းရန် လိုအပ်သည်။ အလုပ်မရှာနိုင်လျှင် သူ့အတွက် ခက်ခဲမည်ဖြစ်သည်”ဟု ဆိုကြသည်။ စုဝေးပွဲသို့ လာသည့်အခါတိုင်း၊ ၎င်းတို့သည် ဤကိစ္စရပ်များကို အမြဲထုတ်ပြောပြီး၊ စကားက အဆုံးမရှိ ဆက်သွားလေသည်။ ၎င်းတို့သည် မည်သူက မိမိတို့ကို စာနာပေးနိုင်မည်ဟူသည်ကို ကြည့်ရှုပြီးနောက် ထိုလူများနှင့် အဆက်အသွယ်များ တည်ဆောက်ရန် ကြိုးပမ်းကြသည်။ စုဝေးပွဲများအတောအတွင်းတွင်၊ ၎င်းတို့သည် ထိုသူများနှင့် ရင်းနှီးအောင်ကြိုးစားသည်၊ ၎င်းတို့၏ အကြိုက်များကို ဖြည့်ဆည်းပေးသည်၊ တစ်ခါတစ်ရံ အရသာရှိသော အစားအစာများ ယူဆောင်လာပေးခြင်း သို့မဟုတ် ၎င်းတို့အတွက် ပစ္စည်းငယ်လေးများ ဝယ်ပေးခြင်းဖြင့် လက်ဆောင်များပင် ပေးကြသည်။ ဤသည်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် လမ်းကြောင်းဖော်ခြင်း မဟုတ်လော။ လမ်းကြောင်းဖော်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် အခြားသူများကို အသုံးချခြင်း၊ မိမိ၏ကိုယ်ပိုင်ပန်းတိုင်များကို အောင်မြင်စေရန် ဖြစ်သည်။ စုဝေးပွဲများအတွင်း၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများက မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေသည်ကို နားထောင်လိုစိတ်မရှိကြ။ ဘုရားအိမ်တော်က ၎င်းတို့အတွက် စီစဉ်ပေးသည့် မည်သည့်အလုပ်ကိုမဆို အရေးမလုပ်ကြဘဲ၊ ၎င်းတို့၏အခြေအနေနှင့်ပတ်သက်၍ ကူညီရန်နှင့် အကြံပေးရန် ကြိုးစားသည့် ညီအစ်ကိုမောင်နှမများ၏ စကားကိုလည်း နားထောင်လိုစိတ်မရှိကြပေ။ ၎င်းတို့သည် မိမိတို့၏သားက အလုပ်ရှာတွေ့ရေးကိစ္စနှင့်ပတ်သက်၍သာ အဆုံးမရှိ ပြောဆိုဆွေးနွေးလျက် အထူးစိတ်အားထက်သန်ကြလေသည်။ ၎င်းတို့သည် တွေ့သည့်လူတိုင်းကို ပြောဆိုရုံသာမက စုဝေးပွဲများအတွင်း၌လည်း ပြောဆိုကြသည်။ အတိုချုပ်ဆိုရလျှင်၊ ၎င်းတို့သည် ဤကိစ္စရပ်အပေါ် အထူးဂရုပြုပြီး ယင်းအတွက် များစွာ အားထုတ်ကြသည်။ စုဝေးပွဲတိုင်းတွင်၊ ဤကိစ္စကိုပြောဆိုရန် ညီအစ်ကိုမောင်နှမများထံမှ အချိန်အချို့ကို ယူရမည်သာဖြစ်သည်။ မိမိတို့၏ကိုယ်ပိုင်အတွေ့အကြုံများကို မိတ်သဟာယဖွဲ့သည့်အခါ၌ပင်၊ လူတိုင်း စိတ်မရှည်တော့ဘဲ စက်ဆုပ်ရွံရှာလာသည်အထိ ပြောဆိုလျက်၊ ထိုကိစ္စကို ထည့်သွင်းပြောဆိုရန် မမေ့ကြပေ။ လူအများစုမှာလည်း ၎င်းတို့ကိုတားဆီးရန် အလွန် ကသိကအောက်ဖြစ်နေရသည်။ ဤအချိန်တွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက၊ “သင်၏အခြေအနေကို လူတိုင်းသိနေပြီဖြစ်သည်။ အကယ်၍ ညီအစ်ကိုမောင်နှမတစ်ဦးဦးက ကူညီလိုစိတ်ရှိပါက၊ ယင်းမှာ သင်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးဖြစ်သည်။ အခြားသူများက ကူညီလိုစိတ်မရှိပါက၊ သင်သည် ၎င်းတို့ကို အတင်းအကျပ် မပြုသင့်ပေ။ သင်၏သားကို အလုပ်ရှာပေးခြင်းသည် ညီအစ်ကိုမောင်နှမများ၏ ဝတ္တရား သို့မဟုတ် တာဝန် မဟုတ်ပါ။ ယင်းမှာ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စဖြစ်ပြီး ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့သည့် အဖိုးတန်သောအချိန်ကို မယူသင့်ပါ။ သင်၏ကိုယ်ပိုင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များအကြောင်း မိတ်သဟာယဖွဲ့ခြင်းဖြင့် အခြားသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်သည်ကို မထိခိုက်စေပါနှင့်။ စုဝေးပွဲပြီးနောက်၊ သင်အလိုရှိသည့် မည်သူနှင့်မဆို စကားပြောနိုင်သည်၊ သင်အလိုရှိသည့် မည်သူ့ထံမှမဆို အကူအညီတောင်းနိုင်သည်။ သို့သော် ထိုအကြောင်းပြောဆိုရန် စုဝေးချိန်ကို အသုံးမပြုပါနှင့်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် စုဝေးချိန်ကို အသုံးချခြင်းသည် ဆင်ခြင်တုံတရားကင်းမဲ့ပြီး ရှက်ဖွယ်ဖြစ်သည်။ ယင်းမှာ အသင်းတော်အသက်တာကို အနှောင့်အယှက်ပေးခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤကိစ္စသည် ဤနေရာတွင် ရပ်တန့်ရမည်”ဟု ဆိုလျက် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းပြီး ၎င်းတို့ကို ကန့်သတ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။
စုဝေးပွဲများအတောအတွင်းတွင်၊ အချို့သော သက်ကြီးရွယ်အို အမျိုးသမီးများသည် ဧည့်ခံသည့်မိသားစုများမှ ညီအမငယ်လေးများက ရုပ်ရည်ချောမောပြီး၊ ရိုးသားကာ၊ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားအား လိုက်စားကြသည်ကို တွေ့ရှိသောအခါ၊ ၎င်းတို့ကို သဘောကျသွားပြီး ဤညီအမငယ်လေးများကို မိမိတို့၏ချွေးမများ ဖြစ်စေလိုကြသည်။ ၎င်းတို့သည် ဤအကြောင်းကို စုဝေးပွဲများအတောအတွင်းတွင် အမြဲတစေ ထုတ်ဖော်ပြောဆိုရုံသာမက၊ စုဝေးပွဲများသို့ လာသည့်အခါတိုင်း ထိုညီအမငယ်လေးများကို အနည်းငယ် မျက်နှာသာပေးမှုများနှင့် အပိုဂရုစိုက်မှုများကိုလည်း ပေးကြသည်။ ညီအမငယ်လေးများက သဘောမတူသည့်အခါ၌ပင်၊ ၎င်းတို့သည် လက်လွတ်ခြင်းမရှိဘဲ ဆက်တိုက် နားပူနားဆာလုပ်ပြီး နှောင့်ယှက်ကြလေသည်။ ၎င်းတို့သည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် တည်ကြည်မှု နိမ့်ပါးသောသူများ မဟုတ်လော။ ၎င်းတို့အားလုံးသည် ယုံကြည်ခြင်း၌ ညီအမများဖြစ်သည်ကို မြင်သည့်အခါ၊လူအများစုသည် ဤကိစ္စရပ်များကို ဖြေရှင်းရန် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူ၏နှုတ်ကပတ်တော်များကိုသာ မိတ်သဟာယဖွဲ့နိုင်ကြသည်။ သို့ရာတွင်၊ အချို့လူတို့သည် အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် မိမိကိုယ်ကို သိရှိခြင်းတို့ ကင်းမဲ့ကြသည်။ ကြီးမားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုအင်ဆန္ဒများရှိကာ၊ မိမိတို့၌ရှိသော မည်သည့်တစ်ကိုယ်ကောင်းဆန်သည့် လိုအင်ဆန္ဒကိုမဆို အရှက်တရားတစ်ခုမျှမရှိဘဲ ဖြစ်မြောက်အောင် ဆောင်ရွက်လိုကြသည်။ ထိုသို့ဖြင့်၊ အချို့လူတို့သည် ဒဏ်ခံရသောများဖြစ်လာကြပြီး စုဝေးပွဲများအတွင်း၌ မသက်မသာ ခံစားကြရသည်။ ဤသည်မှာ အခြားသူများကို အနှောင့်အယှက်များ ဖြစ်စေခြင်း မဟုတ်လော။ ထိုသို့သောအခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အသင်းတော်ခေါင်းဆောင်များသည် အသင်းတော်အသက်တာနှင့် ညီအစ်ကိုမောင်နှမများအကြားမှ ဤကိစ္စရပ်မျိုးများကို ကန့်သတ်ရန်နှင့် ဖယ်ရှားပစ်ရန် ရှေ့ထွက်ရပ်တည်ရမည်။ ထို့အပြင်၊ အချို့လူတို့သည် စုဝေးပွဲများသို့ စိတ်အခြေအနေအမျိုးမျိုးကို ယူဆောင်လာကြသည်။ ၎င်းတို့၏သားက သားသမီးဝတ်မကျေပွန်ခြင်း၊ ၎င်းတို့၏ချွေးမက သူ၏မိဘအိမ်သို့ ပစ္စည်းများကို အမြဲယူသွားခြင်း၊ ယောက္ခမနှင့် ချွေးမကြား ပဋိပက္ခများဟူသည်တို့ဖြစ်သည်။ ၎င်းတို့သည် စုဝေးပွဲတိုင်းတွင် ဤဒေါသထွက်စရာ အရေးမပါသည့်ကိစ္စများကို ပြောဆိုကြပြီး၊ “ဘုရားသခင်ပြောသမျှ အရာအားလုံးက မှန်ကန်သည်။ ယခုလူသားမျိုးနွယ်က သိပ်ကိုဖောက်ပြန်ပျက်စီးနေသည်။ ငါ့သားနှင့် ချွေးမကိုသာကြည့်ပါ။ အသိစိတ်ကင်းမဲ့နေသည်၊ ဆင်ခြင်တုံတရားကင်းမဲ့နေသည်။ ဤသည်မှာ ဘုရားသခင်ပြောသည့် လူ့သဘာဝကင်းမဲ့ခြင်းဖြစ်သည်။ သူတို့သည် တိရစ္ဆာန်များထက်ပင် ဆိုးသေးသည်။ သိုးသငယ်များပင် နို့စို့သည့်အခါ ဒူးထောက်ရမည်ကို သိကြသော်လည်း၊ ငါ့သားကမူ ဇနီးရသည်နှင့် မိခင်ကို မေ့သွားလေသည်တကား” ဟူ၍ အစပျိုးပြောဆိုကြသည်။ စုဝေးပွဲများ တက်ရောက်သည့်အခါတိုင်း၊ ၎င်းတို့သည် ဤမကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုကြသည်။ စုဝေးပွဲများသို့ တက်ရောက်သည့်အခါ၊ မိမိတို့၏ကုမ္ပဏီများမှ ကိစ္စရပ်များကို ပြောဆိုကြသည့် လူများလည်း ရှိသေးသည်။ မည်သူက အလုပ်တွင် စွမ်းဆောင်ရည်မြင့်ပြီး အပိုဆုကြေးများ ပိုရသည်၊ မည်သူက နောက်လတွင် ရာထူးတိုးမည်ဖြစ်စဉ်တွင် မိမိတို့မှာမူ မျှော်လင့်ချက်မရှိကြောင်း၊ မည်သူက အကောင်းဆုံး ဝတ်စားဆင်ယင်ပြီး တံဆိပ်တပ်ကုန်ပစ္စည်းများကို အများဆုံး ဝယ်နိုင်သည်၊ မည်သူက ချမ်းသာသော ခင်ပွန်းတစ်ဦးနှင့် လက်ထပ်ခဲ့သည်ဟူသည်တို့ ဖြစ်သည်။ ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ခဲ့ပြီး အခြေခံအုတ်မြစ်အချို့ရှိသော သူများအတွက်မူ၊ ၎င်းတို့သည် ထိုသို့သောစကားကို ကြားလိုစိတ်မရှိကြဘဲ ယင်းကို စက်ဆုပ်ရွံရှာကြသည်။ သို့ရာတွင်၊ အခြေခံအုတ်မြစ် မချရသေးသော သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စိတ်ဝင်စားမှု မဖြစ်သေးသော ယုံကြည်သူအသစ်အချို့သည် ထိုသို့သောအကြောင်းအရာများကို ကြားသည့်အခါ စိတ်ပါဝင်စားလာကြပြီး၊ စကားစမြည်ပြောဆိုရန်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ရန် နေရာတစ်ခု တွေ့ရှိပြီဟု ယုံကြည်ကြသည်။ စုဝေးပွဲများအတောအတွင်းတွင်၊ ၎င်းတို့သည် အပြန်အလှန် စကားပြောဆိုကြပြီး၊ တဖြည်းဖြည်းနှင့်၊ ထိုလူနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် သဘောတူညီကြောင်း တွေ့ရှိသွားပြီး ဆက်သွယ်မှုတစ်ခု ပြုလုပ်ကာ၊ ထိုသို့ဖြင့် သီးသန့် ဆက်ဆံရေးတစ်ခု ဖြစ်ပေါ်လာစေကြသည်။ စုဝေးသည့်နေရာသည် အပေးအယူများပြုလုပ်ရန် နေရာတစ်ခု၊ လူတို့အတွက် အရေးမပါသော စကားများပြောဆိုရန်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ရန်၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန်နှင့် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်ရန် နေရာတစ်ခု ဖြစ်လာသည်။ ဤကိစ္စရပ်များသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ချက်ချင်း ဖော်ထုတ်ပြီး တားဆီးသင့်သည့်အရာများ ဖြစ်ကြသည်။
အချို့လူတို့သည် မိမိတို့ကိုယ်တိုင်အတွက် အလုပ်ကောင်းတစ်ခု ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် စုဝေးပွဲများ တက်ရောက်ကြသည်။ အချို့က မိမိတို့၏ခင်ပွန်းများ ရာထူးတိုးရန် ကူညီပေးဖို့၊ အချို့က မိမိတို့၏သားသမီးများအတွက် အလုပ်ကောင်းများ ရှာဖွေပေးရန်၊ အချို့က လျှော့ဈေးဖြင့် ကုန်ပစ္စည်းများ ဝယ်ယူရန် ဖြစ်သည်။ အခြားသူများမှာမူ မိမိတို့မိသားစုရှိ နာမကျန်းသူအတွက် လက်ဆောင်များစွာ ပေးစရာမလိုသည့် တော်သော သမားတော်ချုပ်ကြီးတစ်ဦးကို ရှာဖွေရန် လာကြသည်။ အတိုချုပ်ဆိုရလျှင်၊ သမ္မာတရားကို မလိုက်စားဘဲ မသမာသော ကြံရွယ်ချက်များရှိသည့် ဤမယုံကြည်သူများသည် အသင်းတော်စုဝေးပွဲများ၏ အချိန်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ရန်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် အကောင်းဆုံးအချိန်အဖြစ် မြင်ကြသည်။ မကြာခဏဆိုသလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် ဤဆိုးယုတ်သောလောကနှင့် ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို သိရှိခြင်းဟူသော ဟန်ဆောင်မှုအောက်တွင်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အခက်အခဲများနှင့် ဆွေးနွေးလိုသည့် ကိစ္စရပ်များကို ထုတ်ဖော်ပြောဆိုကြပြီး၊ နောက်ဆုံးတွင် မိမိတို့၏ ကွယ်ဝှက်ထားသော တစ်ကိုယ်ကောင်းဆန်သည့် ကြံရွယ်ချက်များနှင့် ပြီးမြောက်အောင်မြင်စေရန် ရည်ရွယ်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို တဖြည်းဖြည်းချင်း ဖော်ထုတ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ရည်ရွယ်ချက်များကို ဖော်ထုတ်ပြီး၊ မိမိတို့က အခက်အခဲများ ကြုံတွေ့နေရသည်ဟု အခြားသူများကို လွဲမှားစွာ ယုံကြည်စေကာ လူတိုင်းက မေတ္တာပြသင့်ပြီး၊ အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ မမျှော်လင့်ဘဲ အကြွင်းမဲ့ ကူညီသင့်သည်ဟု အကြံပြုကြသည်။ ၎င်းတို့သည် စုဝေးသည့်နေရာများ၌ မိမိတို့ မိတ်ဖွဲ့လိုသည့် သူငယ်ချင်းများနှင့် မိမိတို့အတွက် အလုပ်များ ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်သူများကို ရှာဖွေလျက် ဟာကွက်အမျိုးမျိုးကို အမြတ်ထုတ်ရန် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် အောင်လံအား လွှင့်ထူကြသည်။ အချို့မှာ၊ အတွင်းလူဈေးနှုန်းဖြင့် ကားတစ်စီး ဝယ်ယူရန် ကြည့်ရှုလျက်၊ ညီအစ်ကိုမောင်နှမများထဲက ကားအရောင်းပြခန်းတစ်ခုတွင် အလုပ်လုပ်နေသူ သို့မဟုတ် ကားအရောင်းပြခန်းပိုင်ရှင်နှင့် အဆက်အသွယ်ရှိသူကို စူးစမ်းရှာဖွေကြသည်။ ၎င်းတို့၏ ပစ်မှတ်ကို သတ်မှတ်ပြီးသည်နှင့်၊ ၎င်းတို့သည် ရင်းနှီးအောင်လုပ်ကာ ဆက်သွယ်မှုများ တည်ဆောက်လျက် အနားကပ်ကြသည်။ အကယ်၍ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား နှစ်သက်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတူတကွ ဖတ်ရှုရန် သူ၏အိမ်သို့ မကြာခဏ သွားရောက်ကြပြီး၊ စုဝေးပွဲများ၌လည်း ထိုသူ၏ဘေးတွင်ထိုင်ကာ ဆက်သွယ်ရန် အချက်အလက်များကို အပြန်အလှန် ဖလှယ်ကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်အား စွမ်းဆောင်ရရှိသည်အထိ လက်မလျှော့ရန် စိတ်ပိုင်းဖြတ်လျက် ၎င်းတို့၏ ထိုးစစ်ကို စတင်ကြသည်။ ဤအရာအားလုံးသည် အသင်းတော်အတွင်းနှင့် လူတို့အကြား မကြာခဏ ပေါ်ပေါက်လေ့ရှိသော ကိစ္စရပ်များ ဖြစ်ကြသည်။ အကယ်၍ ဤကိစ္စရပ်များသည် စုဝေးသည့်နေရာများနှင့် စုဝေးချိန်အတောအတွင်းတွင် ပေါ်ပေါက်လာပါက၊ အသင်းတော်အသက်တာကို အမှန်တကယ်ပင် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်များ ဖြစ်စေလိမ့်မည်ဖြစ်ပြီး၊ အသင်းတော်အသက်တာကို ထိခိုက်စေလိမ့်မည်။ အကယ်၍ အသင်းတော်တစ်ခု၌ အချိန်ကြာမြင့်စွာ အသင်းတော်အသက်တာ မရှိပါက၊ ထိုအသင်းတော်သည် လူမှုရေးအဖွဲ့အစည်းတစ်ခု၊ အပေးအယူများ ပြုလုပ်ရန် နေရာတစ်ခု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ရန်၊ မမြင်ကွယ်ရာတွင် အခွင့်အရေးရှာရန်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် နေရာတစ်ခု ဖြစ်လာသည်။ ဤနေရာ၏ သဘောသဘာဝသည် ပြောင်းလဲသွားပြီး၊ ဤအရာ၏အကျိုးဆက်များမှာ အဘယ်နည်း။ အနည်းဆုံးအနေဖြင့်၊ ယင်းသည် အသင်းတော်အသက်တာကို ဆုံးရှုံးခြင်းသို့ ဦးတည်သည်။ ဆိုလိုသည်မှာ ညီအစ်ကိုမောင်နှမများနှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်းနှင့် သမ္မာတရားကို နားလည်သဘောပေါက်ခြင်းဟူသည့် အဖိုးတန်သောအချိန်ကို ဆုံးရှုံးခြင်း ဖြစ်သည်။ ထို့အပြင်၊ အရေးအကြီးဆုံးမှာ၊ ယင်းသည် သမ္မာတရားကို နားလည်ရန် လူတို့အား ဉာဏ်ပွင့်စေဖို့၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ရန် အဖိုးတန်သောအခွင့်အရေးကို ဆုံးရှုံးခြင်းသို့ ဆိုက်ရောက်စေသည်။ ဤအရာအားလုံးသည် လူတို့၏ အသက်ဝင်ရောက်မှုကို ထိခိုက်စေသည်။ သို့ဖြစ်၍၊ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အကျိုးနှင့် အသက်ဝင်ရောက်မှုအတွက်လည်းကောင်း၊ လူတိုင်း၏အသက်အတွက် တာဝန်ယူရန်လည်းကောင်း၊ ထိုသို့သောသူများကို တားဆီးပြီး ကန့်သတ်ရန် လိုအပ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အလုပ် ဖြစ်သည်။ အကယ်၍ သာမန်ညီအစ်ကိုမောင်နှမများသည် ဤလူများနှင့် ၎င်းတို့၏လုပ်ရပ်များကို ရိပ်စားမိနိုင်ပါက၊ ၎င်းတို့သည်လည်း ငြင်းပယ်ရန်နှင့် ၎င်းတို့ကို “မဟုတ်ပါ”ဟု ပြောဆိုရန် ရှေ့ထွက်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် လူတို့အတွက် အရေးအကြီးဆုံးအချိန်ဖြစ်သည့် အသင်းတော်အသက်တာကို အသက်ရှင်နေစဉ်တွင်၊ တစ်စုံတစ်ဦးက ဤကိစ္စရပ်များကို ပြောဆိုရန်နှင့် ကိုင်တွယ်ရန် စုဝေးချိန်များကို သိမ်းပိုက်ပါက၊ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို လျစ်လျူရှုပိုင်ခွင့်ရှိပြီး၊ ထို့ထက်မက၊ ထိုသို့သောအရာများကို တားဆီးကာ ငြင်းပယ်ပိုင်ခွင့်ရှိသည်။ ဤအရာကို လုပ်ဆောင်ခြင်းက မှန်ကန်သလော။ (မှန်ကန်ပါသည်။) အချို့လူတို့က ဘုရားအိမ်တော်အနေဖြင့် ဤသို့ပြုလုပ်ခြင်းသည် နွေးထွေးမှု ကင်းမဲ့ခြင်းကို ပြသည်ဟု ထင်ကြသည်။ လူသား နွေးထွေးမှုသည် ပုံမှန်လူ့သဘာဝလော။ လူသား နွေးထွေးမှုသည် သမ္မာတရားနှင့် ကိုက်ညီသလော။ အကယ်၍ ၊ လူအများစုကို သင့်အား အဖော်ပြုပြီး ထောက်ခံစေလျက်၊ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိကာ ဘုရားသခင် ရွေးချယ်ထားသော လူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားအား မိတ်သဟာယဖွဲ့သည့် ပုံမှန်အစီအစဉ်ကို နှောင့်ယှက်လျက်၊ ပြီးလျှင် ၎င်းတို့ကို ဤအဖိုးတန်သောအချိန်အား ဆုံးရှုံးစေလျက် သင်သည် လူသား နွေးထွေးမှုရှိပြီး သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် စုဝေးချိန်ကို သိမ်းပိုက်ပါက ဤသည်မှာ ၎င်းတို့အပေါ် မျှတသလော။ ဤသည်မှာ လူ့နွေးထွးမှုခြင်းနှင့် ကိုက်ညီသလော။ ဤသည်မှာ လူမဆန်ဆုံးနှင့် ကိုယ်ကျင့်တရားအမဲ့ဆုံးသော လုပ်နည်းကိုင်နည်းဖြစ်ပြီး၊ လူတို့သည် ရှေ့ထွက်၍ ယင်းကို ရှုတ်ချသင့်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တကယ့် အလုပ်ကို မလုပ်ဆောင်ဘဲ ညံ့ဖျင်းသော လူနုံလူအများ၊ အသုံးမကျသူများဖြစ်ပြီး၊ ထိုသို့သောအပြုအမူများကို ချက်ချင်း တားဆီးပြီး ကန့်သတ်နိုင်စွမ်းမရှိပါက၊တရားမျှတစိတ်ရှိသော ညီအစ်ကိုမောင်နှမများသည် ထိုသို့သောအပြုအမူနှင့် ဤအခြေအနေကို အသင်းတော်၌ ပျံ့နှံ့ခြင်းမရှိအောင် ကာကွယ်တားဆီးရန် ပူးပေါင်းသင့်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့သည့် အဖိုးတန်သောအချိန်ကို မဆုံးရှုံးလိုပါက၊ သင်၏ ကယ်တင်ခြင်း အခွင့်အရေးကို ပျက်စီးစေလျက် သင်၏အသက်ဝင်ရောက်မှု နှောင့်ယှက်ခြင်းခံရပြီး ဆုံးရှုံးမှုများ မခံစားရလိုပါက၊ ဤဖြစ်စဉ်များကို ငြင်းပယ်ရန်၊ တားဆီးရန်နှင့် ကန့်သတ်ရန် ရှေ့ထွက်သင့်သည်။ ဤသို့ပြုလုပ်ခြင်းသည် သင့်တော်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်။ သင်တို့ထဲမှ အချို့သည် ထိုသို့ပြုလုပ်ရန် ရှက်ရွံ့နေကြသည်၊ သင်သည် ရှက်ရွံ့ကောင်း ရှက်ရွံ့နိုင်သော်လည်း၊ ဆိုးယုတ်သောသူများမှာမူ မရှက်ကြပေ။ ၎င်းတို့သည် သင်၏အဖိုးတန်သော စုဝေးချိန်ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ရန်နှင့် ဘုရားသခင်က သင့်ကို ဉာဏ်ပွင့်စေမည့်အချိန်ကို သိမ်းပိုက်ရန် သတ္တိရှိကြလေသည်။ အကယ်၍ သင်သည် ၎င်းတို့ကို ငြင်းပယ်ရန် ရှက်ရွံ့နေပါက၊ သင်၏အသက်တာ ဆုံးရှုံးထိုက်ပေသည်တကား။ အကယ်၍ သင်သည် အခြားသူများအတွက် မိမိကိုယ်ကို စတေးပြီး စည်းမျဉ်းများကို အလေးမထားဘဲ စာတန်များ၊ နတ်ဆိုးများနှင့် မယုံကြည်သူများကို မေတ္တာပြလိုစိတ်ရှိပြီး၊ ၎င်းတို့ကို အကူအညီပေးပါက၊ သင်၏အသက်တာ ဆုံးရှုံးမှုအတွက် မည်သူ့ကို အပြစ်တင်နိုင်မည်နည်း။ ထို့ကြောင့်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များတည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်း ဖြစ်စဉ်အားလုံးကို အသင်းတော်အသက်တာမှ လုံးဝ ဖယ်ရှားရမည်။ အကယ်၍ တစ်စုံတစ်ဦးသည် မိမိသဘောအတိုင်း တစ်စိုက်မတ်မတ်လုပ်ဆောင်ပြီး စုဝေးချိန်များအတွင်း မိမိ၏အိမ်တွင်းရေးရာများကို တတွတ်တွတ်ပြောဆိုရန်၊ စကားဖောင်ဖွဲ့ရန်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန်၊ သို့မဟုတ် အခြားသူများအတွက် အလုပ်များနှင့် အိမ်ထောင်ဖက်များ ရှာဖွေပေးရန် မလျှော့တမ်း လုပ်ဆောင်ကာ ဤနည်းဖြင့် ဤအချိန်ကို ကုန်လွန်စေဖို့ ဆင်ခြေအမျိုးမျိုးကို ရှာဖွေပါက၊ ထိုသို့သောသူကို မည်သို့ကိုင်တွယ်သင့်သနည်း။ ပထမဦးစွာ၊ ၎င်းကို တားဆီးသင့်သည်။ အကယ်၍ ၎င်းက နားမထောင်သေးပါက၊ သီးခြားခွဲထုတ်ခြင်းနှင့် ကန့်သတ်ခြင်းများကို အကောင်အထည်ဖော်သင့်သည်။ အကယ်၍ ၎င်းတို့သည် နောက်ကွယ်တွင် အနှောင့်အယှက်များ ဆက်လက်ဖြစ်စေပြီး၊ မည်သူကိုမဆို တတ်နိုင်သမျှ ပေါင်းဖော်ကာ၊ ညီအစ်ကိုမောင်နှမများ၏ ပုံမှန်အသက်တာများကို နေရာအနှံ့ နှောင့်ယှက်နေပါက၊ ၎င်းတို့ကို ရှင်းလင်းဖယ်ထုတ်သင့်ပြီး ညီအစ်ကိုမောင်နှမများအဖြစ် မမှတ်ယူသင့်ပေ။ ၎င်းတို့သည် အသင်းတော်အသက်တာကို အသက်ရှင်ရန် အရည်အချင်းမပြည့်မီသည့်အပြင် စုဝေးပွဲများတွင် ပါဝင်ရန် မထိုက်တန်ပေ။ ထိုသို့သောလူများကို ကန့်သတ်ပြီး ငြင်းပယ်သင့်သည်။ ဤအလုပ်သည် အဆင့်အားလုံးတွင်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အရေးကြီးသော အလုပ်တာဝန်တစ်ခုလည်း ဖြစ်သည်မှာ အမှန်ဖြစ်၏။ ထိုသို့သောကိစ္စရပ်များနှင့် အခြေအနေများ ပေါ်ပေါက်လာသည့်အခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို တားဆီးရန် ပထမဆုံး ရှေ့ထွက်သင့်သည်။ သင်သည် ၎င်းတို့ကို မည်သို့တားဆီးသင့်သနည်း။ သင်သည် ၎င်းတို့ကို၊ “သင်၏ ဤအပြုအမူသည် အသင်းတော်အသက်တာကို နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်များဖြစ်စေပြီးဖြစ်သည်ကို သင်သိသလော။ ဤသည်မှာ ညီအစ်ကိုမောင်နှမအားလုံးက စက်ဆုပ်ရွံရှာပြီး မုန်းတီးသည့်အရာဖြစ်ကာ၊ ဘုရားသခင်ကလည်း ရှုတ်ချသည်။ ဤအပြုအမူကို သင် ရပ်တန့်သင့်သည်။ အကယ်၍ သင်သည် ဖျောင်းဖျခြင်းကို နားမထောင်ဘဲ မိမိသဘောအတိုင်း တစ်စိုက်မတ်မတ် လုပ်ဆောင်လျှင်၊ သင်၏အသင်းတော်အသက်တာက တားဆီးခြင်းခံရလိမ့်မည်။ သင်၏ဘုရား နှုတ်ကပတ်တော် စာအုပ်များ သိမ်းယူခြင်းခံရလိမ့်မည်ဖြစ်ပြီး၊ အသင်းတော်သည် သင့်ကို နောက်ထပ် အသိအမှတ်ပြုတော့မည် မဟုတ်ပါ”ဟု ပြောသင့်သည်။ မိမိတို့၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သမ္မာတရား နားလည်မှုကင်းမဲ့ခြင်းတို့ကြောင့်၊ ရံဖန်ရံခါ အိမ်တွင်းရေးရာများကို စကားစမြည်ပြောဆိုခြင်း၊ တစ်စုံတစ်ဦးနှင့် အဆက်အသွယ် ပြုလုပ်ခြင်း၊ သို့မဟုတ် သေးငယ်သောကိစ္စတစ်ခုကို ကိုင်တွယ်ခြင်းတို့အား ပြုလုပ်နိုင်သည့် အချို့လူများရှိသည်မှာ အမှန်ဖြစ်ပြီး၊ အခြေအနေက သိပ်မဆိုးရွားပေ။ ဤသည်မှာ အဆင်ပြေသလော။ (အဆင်ပြေပါသည်။) လူတိုင်းကို မည်သည့်အဖျက်အမှောင့်မျှ မဖြစ်စေသည့် အခြေအနေများအောက်တွင်၊ ညီအစ်ကိုမောင်နှမများ အချင်းချင်း ကူညီပြီး မေတ္တာအနည်းငယ်ပြခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့သော် ငါတို့မိတ်သဟာယဖွဲ့နေသည့်အရာမှာ အဘယ်နည်း။ ယင်းမှာ ထိုသို့သောအပြုအမူများနှင့် လုပ်ရပ်များက ပုံမှန်အသင်းတော်အသက်တာကို နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်များ ဖြစ်စေပြီးဖြစ်သည့်အခါ ဖြစ်သည်။ ထိုသို့သောအခြေအနေများတွင်၊ ပါဝင်သူများကို တားဆီးပြီး ကန့်သတ်သင့်သည်။ ငါတို့သည် ၎င်းတို့ကို အသင်းတော်အသက်တာအား ဆက်လက် နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ခွင့်မပြုသင့်ပေ။ ဤလုပ်ရပ်များကို လုပ်ဆောင်ခြင်းသည် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိသည်။ အချို့လူတို့သည် အလားတူအပြုအမူများကို ပြသကြသော်လည်း၊ အခြေအနေသည် မဆိုးရွားသည့်အပြင် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်များ မဖြစ်စေပေ။ ယင်းမှာ ညီအစ်ကိုမောင်နှမများအကြား ပုံမှန် အပြန်အလှန်ဆက်ဆံခြင်း၊ အချင်းချင်း ကူညီခြင်းနှင့် သတင်းအချက်အလက်များကို ပုံမှန် တိုင်ပင်ဆွေးနွေးခြင်း၊ သို့မဟုတ် မိမိနားမလည်သည့် သာမန် အသိပညာဗဟုသုတကို မေးမြန်းခြင်းမျှသာ ဖြစ်သည်။ ယင်းသည် စုဝေးချိန်များကို မယူသရွေ့နှင့် နှစ်ဦးနှစ်ဖက် သဘောတူညီပြီး တစ်ယောက်အပေါ်တစ်ယောက် အတင်းအကျပ်မပြုဘဲ ဆန္ဒရှိသရွေ့၊ ပြီးလျှင် ယင်းသည် ပုံမှန်လူ့သဘာဝ၏ နယ်ပယ်အတွင်း ကျရောက်သည့် အပြန်အလှန်ဆက်ဆံရေးဖြစ်သရွေ့၊ ခွင့်ပြု၍ရနိုင်သောအရာဖြစ်ပြီး အသင်းတော်က ကန့်သတ်မည်မဟုတ်ပေ။ သို့သော် တစ်ခုတော့ရှိသည်။ အကယ်၍ အသင်းတော်အသက်တာ၌ တစ်စုံတစ်ဦး၏ သတိလက်လွတ် ပြောဆိုပြုမူခြင်းနှင့် လုပ်ရပ်က ညီအစ်ကိုမောင်နှမများအား စိတ်အနှောင့်အယှက်ဖြစ်စေပြီး သို့မဟုတ် အဖျက်အမှာင့်များကို ဖြစ်စေပြီး၊ အချို့လူတို့က ဤအပေါ် စက်ဆုပ်ရွံရှာကာ မိမိတို့၏ကန့်ကွက်မှုများကို ထုတ်ဖော်ပြောဆိုပါက၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စကို ဖြေရှင်းရန် ရှေ့ထွက်လာသင့်သည်။ သို့မဟုတ်၊ အကယ်၍ အခြားသူများက တစ်စုံတစ်ဦးသည် အခြားသူများထံမှ မျက်နှာသာပေးမှုများ တောင်းခံကာ ၎င်းက အသုံးချနိုင်သူတိုင်းကို အမြတ်ထုတ်လျက်၊ စုဝေးချိန်များအတောအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယမဖွဲ့ဘဲ၊ ယင်းအစား သူ၏အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ကာ၊ စုဝေးသည့်နေရာကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ရန်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် နေရာတစ်ခုအဖြစ် သဘောထားကြောင်း ဖော်ပြသည့်အပြင် ဤလူသည် မိမိ၏ကိုယ်ပိုင်အကျိုးအတွက် အခွင့်အလမ်းအမျိုးမျိုးကို ရှာဖွေလျက် သမ္မာတရားကို မလိုက်စားဘဲ နေရာတိုင်းတွင် အခွင့်အရေးများ ရှာဖွေကြောင်း ဖော်ပြရင်း တိုင်ကြားနှင့်ပြီးဖြစ်ပါက၊ ထိုသို့သောသူကို သီးခြားခွဲထုတ်သင့်သည်။
အချို့သောသူများသည် မိမိတို့အတွက် အလုပ်များ ပြီးမြောက်အောင် လုပ်ဆောင်စေရန် ချမ်းသာကြွယ်ဝပြီး သြဇာအာဏာရှိသော ညီအစ်ကိုမောင်နှမအချို့ကို အသုံးချသည့်အပြင် အကယ်၍ ၎င်းတို့၏တောင်းဆိုမှုများက ဖြည့်ဆည်းပေးခြင်း မခံရပါက၊ ဤလူများသည် မေတ္တာကင်းမဲ့ပြီး စစ်မှန်သော ယုံကြည်သူများမဟုတ်ဟု အခိုင်အမာဆိုလျက်၊ ၎င်းတို့၏ နောက်ကွယ်တွင် မကြာခဏ ဝေဖန်ကြကာ၊ ၎င်းတို့ကို တိုင်ကြားလိုသည်အထိပင် ဖြစ်ကြသည်။ သင်တို့သည် ထိုသို့သောသူများကို ကြုံတွေ့ဖူးသလော။ ထိုသို့သောလူများကို ကိုင်တွယ်ဖြေရှင်းသင့်သည် မဟုတ်လော။ ထိုသို့သောအခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ၊ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများ အနှောင့်အယှက်မခံရကြောင်း သေချာစေရန်၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်လျက်၊ ဤကိစ္စကို ဖြေရှင်းရန် ဝင်ရောက်ဆောင်ရွက်သင့်သည်။ တစ်စုံတစ်ဦးက ၎င်းတို့အတွက် တစ်စုံတစ်ခုကို လုပ်ဆောင်ပေးရန် ငြင်းပယ်ခြင်းသည် မှားသလော။ ၎င်းတို့ကို ကူညီရန် ငြင်းပယ်ခြင်းသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာမရှိခြင်းနှင့် ညီမျှသလော။ (မညီမျှပါ။) တစ်စုံတစ်ဦးကို ကူညီခြင်း ရှိမရှိဟူသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်သာ ဖြစ်သည်။ ၎င်းတို့တွင် ရွေးချယ်ပိုင်ခွင့်ရှိသည်။ ဘုရားအိမ်တော်သည် ညီအစ်ကိုမောင်နှမများအနေဖြင့် အသင်းတော်အသက်တာအတွင်း မိသားစုအခက်အခဲများကို အချင်းချင်း ကူညီဖြေရှင်းပေးရမည်ဟု ပြဋ္ဌာန်းထားခြင်းမရှိပေ။ အသင်းတော်အသက်တာသည် မိသားစုပြဿနာများကို ဖြေရှင်းရန် နေရာမဟုတ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး အသက်တာ၌ ကြီးထွားရန် စုဝေးသည့်နေရာ ဖြစ်သည်။ အချို့လူတို့သည် မိမိတို့၏ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရန် အသင်းတော်အသက်တာကို အသုံးပြုကြသည်။ ဤအရာက မည်သည့် အကျိုးဆက်များကို ဖြစ်စေနိုင်သနည်း။ ယင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းနှင့် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ခြင်းအား ထိခိုက်စေသည် မဟုတ်လော။ လူတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အသက်တာပြဿနာများကို ညီအစ်ကိုမောင်နှမများနှင့် သီးသန့် ဖြေရှင်းနိုင်သည်။ ဖြေရှင်းခြင်းအတွက် ၎င်းတို့ကို အသင်းတော်အသက်တာထဲသို့ ယူဆောင်လာရန် မလိုအပ်ပေ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းက အသင်းတော်အသက်တာကို ဘုရားသခင် ရွေးချယ်ထားသော လူများ အသက်ရှင်ခြင်းအား အနှောင့်အယှက်ပေးသည့်အခါ မည်သည့်အကျိုးဆက်များ ပေါ်ပေါက်လာသည်ကို လူတိုင်းသိသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောကိစ္စရပ်များကို သိရှိသည်နှင့်၊ ဝင်ရောက်ဖြေရှင်းသင့်သည်။ ၎င်းတို့သည် အသင်းတော်၌ မိမိတို့၏တာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်သူများအား ကာကွယ်သင့်သည်။ သမ္မာတရားကို အမှန်တကယ် လိုက်စားသူများအား ကာကွယ်သင့်သည်၊ ဆိုးယုတ်သောလူများကို ကန့်သတ်သင့်ပြီး၊ ၎င်းတို့၏ ရည်ရွယ်ချက်များ မအောင်မြင်အောင်တားဆီးသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ တတိယ ပြဿနာ၏ ပုံမှန်အခြေအနေများအား မည်သို့ကိုင်တွယ်ရမည်၊ မည်သည့်သရုပ်သကန်များက ပြင်းထန်သော သဘောသဘာဝ သို့မဟုတ် အခြေအနေဖြစ်သည်၊ မည်သည့်အမျိုးအစားများနှင့် သရုပ်သကန်များက အဖျက်အမှောင့်များနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေခြင်းဖြစ်သည်ဟူသည်တို့ကို ရှင်းလင်းစွာ ခွဲခြားသတ်မှတ်သင့်သည်။ အခြေအနေတစ်ခု၏ ပြင်းထန်မှုကို ရှင်းလင်းစွာ ခွဲခြားသတ်မှတ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို ၎င်း၏သဘောသဘာဝအတိုင်း ကိုင်တွယ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ နားလည်ရန် လိုအပ်သည့်အရာတစ်ခုဖြစ်ပြီး၊ လူတိုင်း သဘောပေါက်သင့်သည့်အရာတစ်ခုလည်း ဖြစ်သည်။
၄။ ဂိုဏ်းဂဏဖွဲ့ခြင်း
အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း၏ စတုတ္ထမြောက် သရုပ်သကန်မှာ ဂိုဏ်းဂဏဖွဲ့ခြင်းဖြစ်ပြီး၊ ယင်း၏သဘာဝမှာ အလွန်ပြင်းထန်သည်။ မည်သည့်အပြုအမူများက ဂိုဏ်းဂဏဖွဲ့ခြင်းတွင် ပါဝင်သနည်း။ အကယ်၍ ဘုရားသခင်ကို ယုံကြည်သော လူနှစ်ဦးသည် အလားတူ အချိန်ကာလတစ်ခုကြာ ယုံကြည်သူများ ဖြစ်ခဲ့ကြလျှင်၊ အလားတူသော အသက်အရွယ်များ၊ မိသားစုအခြေအနေများ၊ စိတ်ဝင်စားမှုများ၊ ပင်ကိုစရိုက်များ အစရှိသည်တို့ ရှိကြပြီး ၎င်းတို့သည် အတူတကွ သင့်မြတ်စွာ ပေါင်းသင်းကာ၊ စုဝေးပွဲများအတွင်း မကြာခဏ အတူထိုင်ကြပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်ကြလျှင် ဤသည်မှာ ဂိုဏ်းဂဏဖွဲ့ခြင်းဟု သတ်မှတ်နိုင်သလော။ (မသတ်မှတ်နိုင်ပါ။) ဤသည်မှာ အခြားသူများကို မည်သည့်အနှောင့်အယှက်မျှ မဖြစ်စေသည့် ပုံမှန်လူ့ဆက်ဆံရေး၏ သာမန်ဖြစ်စဉ်တစ်ခု ဖြစ်သည်၊ ထို့ကြောင့် ယင်းကို ဂိုဏ်းဂဏဖွဲ့ခြင်းဟု မမှတ်ယူပေ။ သို့ဆိုလျှင် ဤနေရာတွင် ဖော်ပြထားသည့် ဂိုဏ်းဂဏဖွဲ့ခြင်းက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဥပမာအားဖြင့် အတူတကွ စုဝေးနေကြသော ညီအစ်ကိုမောင်နှမငါးဦးအနက် သုံးဦးမှာ မြို့ပြအလုပ်သမားများဖြစ်ပြီး နှစ်ဦးမှာ ကျေးလက်တောင်သူများ ဖြစ်ကြသည်။ ထိုမြို့ပြအလုပ်သမားသုံးဦးသည် လူတို့တွင် ပညာရေး၊ ကျယ်ပြန့်သော အမြင်နှင့် အမူအကျင့်များ ကင်းမဲ့သည့် ကျေးလက်ဒေသတွင် ပိုဆိုးပြီး မြို့ပြတွင် ဘဝက ပိုကောင်းပုံအကြောင်း ပြောဆိုလျက် မကြာခဏ အတူတကွ ရှိနေတတ်ကြသည်။ ၎င်းတို့သည် ကျေးလက်မှလူများကို မထီမဲ့မြင်ပြုကြပြီး၊ ထိုကျေးလက်မှ လူနှစ်ဦးကို အစဉ်သဖြင့် နှိမ့်ချစွာ ပြောဆိုကြရာ ထိုသူတို့က စိတ်ထိခိုက်သည်ဟု ခံစားရပြီး ၎င်းတို့ကို ဆန့်ကျင်လိုကြကာ၊ မြို့ပြလူများမှာ သဘောထားသေးသိမ်ပြီး အသေးစိတ်တိုင်းကို တွက်ချက်ကြသော်လည်း ကျေးလက်လူများမှာမူ သဘောထားကြီးကြသည်ဟု ပြောဆိုကြသည်။ စုဝေးပွဲများအတွင်းတွင် ၎င်းတို့သည် မည်သည့်အခါမျှ သဘောတူညီပုံမရဘဲ မလိုအပ်သော အငြင်းပွားမှုများနှင့် စကားစစ်ထိုးမှုများကို မကြာခဏ ဖြစ်ပေါ်စေသည်။ ဤငါးဦးသည် သင့်မြတ်စွာ ပေါင်းသင်းကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်ကြပါသလော။ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး သဟဇာတဖြစ်ကြပါသလော။ (မဖြစ်ကြပါ။) မြို့ပြလူများက “ငါတို့ မြို့ပြကလူတွေ” ဟု အစဉ်သဖြင့် ပြောပြီး ကျေးလက်လူများက “ငါတို့ တောသားတွေ” ဟု အစဉ်သဖြင့် ပြောသောအခါ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်နေကြခြင်း ဖြစ်သနည်း။ (ဂိုဏ်းဂဏဖွဲ့ခြင်း ဖြစ်ပါသည်။) ဤသည်မှာ ငါတို့ မိတ်သဟာယဖွဲ့တော့မည့် စတုတ္ထမြောက်ကိစ္စဖြစ်သည့် ဂိုဏ်းဂဏဖွဲ့ခြင်း ဖြစ်သည်။ ဤသို့ ဂိုဏ်းဂဏဖွဲ့သည့် အပြုအမူမှာ အုပ်စုများနှင့် ဂိုဏ်းဂဏများ ဖွဲ့စည်းခြင်းကို ဆိုလိုသည်။ ဒေသ၊ စီးပွားရေးအခြေအနေများနှင့် လူမှုအဆင့်အတန်းအပြင် ကွဲပြားသော အမြင်ရှုထောင့်များကို အခြေခံ၍ အမျိုးမျိုးသော ဂိုဏ်းများ၊ ဂိုဏ်းဂဏများ နှင့် အခြား အတွင်းလူအုပ်စုများကို ဖွဲ့စည်းခြင်းသည် ဂိုဏ်းဂဏဖွဲ့ခြင်းတွင် ပါဝင်သည်။ ဤအုပ်စုများ၏ ခေါင်းဆောင်သည် မည်သူပင်ဖြစ်စေ၊ အသင်းတော်အတွင်း၌ မတူညီသော ဂိုဏ်းဂဏများနှင့် အုပ်စုများ ဖွဲ့စည်းခြင်း၊ သဟဇာတမဖြစ်သော အုပ်စုများ ဖွဲ့စည်းခြင်းတို့သည် ဂိုဏ်းဂဏဖွဲ့ခြင်း၏ သရုပ်သကန်များပင် ဖြစ်သည်။ အချို့နေရာများတွင် ကြီးမားသော အဆွေအမျိုးတစ်စုလုံးက ဘုရားသခင်ကို ယုံကြည်ကြပြီး စုဝေးသည့်နေရာတစ်ခု၌ မတူညီသော မျိုးရိုးအမည်များရှိသည့် လူနှစ်ဦးမှလွဲ၍ ကျန်သူများမှာ မိမိတို့၏ အဆွေအမျိုးများသာ ဖြစ်ကြသည်။ ထိုအခါ ဤအဆွေအမျိုးသည် ဂိုဏ်းတစ်ခု သို့မဟုတ် ဂိုဏ်းတစ်ခုကို ဖွဲ့စည်းလိုက်ရာ မတူညီသော မျိုးရိုးအမည်များရှိသည့် လူနှစ်ဦးမှာ အပြင်လူများ ဖြစ်သွားကြသည်။ ဤအဆွေအမျိုးထဲမှ မည်သူက မည်သည့်ကိစ္စကို ရင်ဆိုင်ရသည်ဖြစ်စေ သို့မဟုတ် ပြုပြင်ခြင်းခံရသည်ဖြစ်စေ လူတစ်ဦးက မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုလျှင် ကျန်သူများက ထိုသဘောထားကို ပဲ့တင်ထပ်ရန် ပူးပေါင်းကြသည်။ မည်သူမဆိုက စည်းမျဉ်းများကို ဆန့်ကျင်၍ ပြုမူလျှင် အခြားသူများက ၎င်းတို့အတွက် ဖုံးကွယ်ပေးပြီး ၎င်းတို့၏ လုပ်ရပ်များကို ဖုံးကွယ်ကြကာ မည်သူ့ကိုမျှ ၎င်းတို့ကို ဖော်ထုတ်ခွင့်မပြုပေ၊ ဤကိစ္စကို ပြုပြင်ခြင်း မဆိုထားနှင့် ယင်းနှင့်ပတ်သက်၍ အနည်းငယ်မျှပင် ဖော်ပြခြင်းကို လက်မခံနိုင်ပေ။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ သင် ပိုင်းခြားသိမြင်နိုင်သလော။ ဤအဆွေအမျိုးဝင်များ စုဝေးကြသည့်အခါ ၎င်းတို့အားလုံးသည် တစ်လေသံတည်းထွက်ကြပြီး အခြေအနေကို စောင့်ကြည့်ကာ ပေါင်းလိမ်ကြသည်။အကယ်၍ ၎င်းတို့၏ ဂိုဏ်းချုပ်က တိကျသော ရပ်တည်ချက်တစ်ခုကို ယူလျှင် အခြားလူတိုင်းက ထိုနည်းတူ လိုက်ပါလုပ်ဆောင်ကြပြီး အခြားသူများက ၎င်းတို့ကို ရန်စရန် သို့မဟုတ် ကန့်ကွက်ချက်များကို ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲကြပေ။ အသင်းတော်အသက်တာတွင် ဤဖြစ်စဉ် ဖြစ်ပွားခြင်းသည် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို နှောင့်ယှက်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေသည် မဟုတ်လော။ ဤဂိုဏ်းမှလူများက စုဝေးပွဲများအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မည်သည့်ကျမ်းပိုဒ်များကို စားသောက်ရမည်ကို ချမှတ်ပြီး လူတိုင်းက နားထောင်ရမည် ဖြစ်သည်၊ အသင်းတော်ခေါင်းဆောင်များပင်လျှင် ၎င်းတို့ကို အလျှော့ပေးရပြီး ကန့်ကွက်၍ မရနိုင်ပေ။ မည်သူ့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ရွေးကောက်တင်မြှောက်သင့်သည်ကို ၎င်းတို့က ကြေညာပြီး အသင်းတော်ခေါင်းဆောင်များက ၎င်းတို့၏ ထင်မြင်ချက်ကို အရေးအကြီးဆုံးအဖြစ် မှတ်ယူရမည်ဖြစ်ပြီး ပေါ့ပေါ့တန်တန် သဘောမထားရပေ။ တစ်ချိန်တည်းတွင် ၎င်းတို့သည် မိမိတို့၏ဩဇာကို အဆက်မပြတ် ချဲ့ထွင်လျက် ၎င်းတို့စကားကို နားထောင်မည့်သူများ၊ ၎င်းတို့ ယုံကြည်နိုင်သည့်သူများနှင့် ၎င်းတို့အတွက် အသုံးဝင်မည့်သူများကို ၎င်းတို့၏ အုပ်စုရည်ရွယ်ချက်များအတွက် အသုံးပြုရန် ၎င်းတို့၏အုပ်စုထဲသို့ ဆွဲသွင်းကာ အသုံးဝင်သော “အရည်အချင်းရှိသူများ” ကို အဆက်မပြတ် စုဆောင်းကြသည်။ ဤဂိုဏ်းဂဏသည် အသင်းတော်အသက်တာကို ထိန်းချုပ်ရန် ရည်ရွယ်ပြီး၊ ၎င်းတို့၏ ဂိုဏ်းချုပ်မှာမူ အသင်းတော်တစ်ခုလုံးကို ထိန်းချုပ်လိုသည်။ ဤအုပ်စုတွင် သိသာထင်ရှားသော အာဏာရှိသည်၊ ၎င်းတို့သည် အသင်းတော်အတွင်း၌ ပြုမူဆောင်ရွက်ရန် အတူတကွ ပူးပေါင်းကြသည်။ အသင်းတော်၌ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ၎င်းတို့ ပါဝင်လိုကြသည်။ အခြားသူများက စကားပြောဆိုခြင်း သို့မဟုတ် တစ်စုံတစ်ရာကို စီမံခန့်ခွဲခြင်းမပြုမီ ၎င်းတို့၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရသည်၊ စားသောက်ခြင်းအတွက် စုဝေးပွဲတစ်ခုစီ၏ အကြောင်းအရာသည် ၎င်းတို့၏ အစီအစဉ်များနှင့် ဆန္ဒများကို လိုက်နာရသည်အထိပင် ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်များက တစ်စုံတစ်ခုကို လုပ်ဆောင်လိုလျှင်ပင် ၎င်းတို့သည် ဦးစွာ ၎င်းတို့၏ ထင်မြင်ချက်များကို တိုင်ပင်ပြီး ၎င်းတို့၏ စိတ်ကူးများကို နားထောင်ရသည်။ ညီအစ်ကိုမောင်နှမအများစုသည် ၎င်းတို့၏ ထိန်းချုပ်မှုကို ခံကြရပြီး အသင်းတော်အလုပ်၏ ကိစ္စရပ်များစွာတို့သည်လည်း ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ အုပ်စုဖွဲ့သော ဤလူများသည် အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်ကို အကြီးအကျယ် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကြသည်။ ဤကိစ္စသည် ပြင်းထန်ပါသလော။ ဤလုပ်ရပ်များကို ကန့်သတ်သင့်ပါသလော။ ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းသင့်ပါသလော။ ဤဂိုဏ်းဂဏများ၏ ဂိုဏ်းချုပ်များကို ကန့်သတ်ပြီး ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုသင့်သည်၊ တစ်ချိန်တည်းတွင် အသိဉာဏ်မဲ့စွာ လိုက်ပါလုပ်ဆောင်သောသူများကိုမူ ဦးစွာ မိတ်သဟာယဖွဲ့ခြင်းနှင့် အကူအညီ ပေးသင့်သည်။ အကယ်၍ ၎င်းတို့သည် နောင်တမရလျှင် သို့မဟုတ် လမ်းကြောင်းမပြောင်းလျှင် ၎င်းတို့ကို ကန့်သတ်ရမည် ဖြစ်သည်။ ၎င်းတို့ကို လုံးဝ သက်ညှာမှုမပြသင့်။
ဂိုဏ်းဂဏဖွဲ့ခြင်းဆိုတာ ဘာကိုဆိုလိုသလဲ၊ ဤသည်မှာ နားလည်ရန် လွယ်ကူပါသလော။ အကယ်၍ လူတစ်ဦးက ကိစ္စရပ်တစ်ခုကို ထုတ်ဖော်ပြောဆိုပြီး အခြားသူအများအပြားက ၎င်းတို့၏ ထင်မြင်ချက်ကို ပဲ့တင်ထပ်လျှင် ယင်းမှာ ဂိုဏ်းဂဏဖွဲ့ခြင်းဟု သတ်မှတ်နိုင်သလော။ (မသတ်မှတ်နိုင်ပါ။) အကယ်၍ အတော်အတန် ကြီးမားသော ဝန်တာနှင့် တရားမျှတစိတ်ရှိသော ညီအစ်ကိုမောင်နှမအချို့က အရေးကြီးသော အလုပ်တစ်ခုကို ပြီးမြောက်အောင်မြင်စေရန် ၎င်းတို့နှင့်အတူ ပူးပေါင်းရန် အခြားသူများကို တောင်းဆိုလျှင် သို့မဟုတ် စုဝေးပွဲတစ်ခုတွင် ရလဒ်များ စွမ်းဆောင်ရရှိရန်နှင့် အရေးပါသော အကြောင်းအရာတစ်ခုအပေါ် သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့က လူတိုင်းကို မိတ်သဟာယဖွဲ့ရန် ဦးဆောင်ပြီး လူတိုင်းက မိတ်သဟာယဖွဲ့ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်းတို့၌ ၎င်းတို့၏ တွေးခေါ်ပုံအတိုင်း လိုက်နာလျှင် ဤသည်မှာ ဂိုဏ်းဂဏဖွဲ့ခြင်းဟု သတ်မှတ်နိုင်သလော။ (မသတ်မှတ်နိုင်ပါ။) အသင်းတော်၌ မည်သည့်လူများက ဂိုဏ်းဂဏဖွဲ့ရန် အလားအလာရှိသနည်း။ မည်သို့သော အပြုအမူမျိုးက ဂိုဏ်းဂဏဖွဲ့ခြင်းတွင် ပါဝင်သနည်း။ (လူအများအပြားက တစ်ဦးကိုတစ်ဦး အကာအကွယ်ပေးပြီး အလိုလိုက်ခြင်း သို့မဟုတ် မနာလိုဝန်တိုမှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့တွင် ပါဝင်ခြင်း၊ ဤအရာအားလုံးသည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်၊ ဤသည်မှာ ဂိုဏ်းဂဏဖွဲ့ခြင်း ဖြစ်ပါသည်။) ဤသည်မှာ ကဏ္ဍတစ်ခုဖြစ်သည်။ ဤနေရာတွင် အဓိကအချက်မှာ အဘယ်နည်း။ အပြန်အလှန် အကာအကွယ်ပေးခြင်းနှင့် အလိုလိုက်ခြင်းသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များကို ဖြစ်ပေါ်စေသည်၊ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် မှားယွင်းပြီး သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီကြောင်း သိလျက်နှင့် ယင်းကို တမင်တကာ ဖုံးကွယ်ခြင်း၊ ရှုပ်ထွေးသော အကြောင်းပြချက်များကို ဖန်တီးခြင်းနှင့် အမှန်တရားကို မပြောခြင်း၊ လူတစ်ဦး၏ မျက်နှာနှင့် အဆင့်အတန်းကို ကာကွယ်ရန်အတွက် အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်ပျက်စီးမှုကိုပင် ပဓာနမထားဘဲ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်းကို အရင်းတည်ကာ မကောင်းမှုကိုပြုပြီး နှောင့်ယှက်ခြင်းများနှင့် အနှောင့်အယှက်များကို ဖြစ်စေသောသူများအတွက် အကာအကွယ်ပေးခြင်း၊ ဤသည်မှာ ဂိုဏ်းဂဏဖွဲ့ခြင်း ဖြစ်သည်။ နောက်ထပ်အခြေအနေတစ်ခုမှာ ဘုရားအိမ်တော်၏ စီစဉ်မှုများကို စုပေါင်း၍ ဆန့်ကျင်ရန် လူတို့ကို သွေးထိုးလှုံ့ဆော်ခြင်းနှင့် ဖြားယောင်းသွေးဆောင်ခြင်းတို့ ပါဝင်သည်။ ဤသည်မှာ သဘာဝအားဖြင့် ပြင်းထန်ပြီး ဘုရားသခင်၏အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း ပုံစံတစ်ခုလည်း ဖြစ်သည်။ ဂိုဏ်းဂဏဖွဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ အသင်းတော်ကို ထိန်းချုပ်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိန်းချုပ်ရန် ဖြစ်သည်။
လူအမျိုးမျိုးကို မိမိဘက်ပါအောင် သိမ်းသွင်းရန်အလို့ငှာ ချိုသာသောစကားပြောဆိုခြင်းတွင် ပါဝင်သည့် ဂိုဏ်းဂဏဖွဲ့ခြင်းတစ်မျိုးလည်း ရှိသေးသည်။ အပေါ်ယံအားဖြင့်၊ ဤသို့သောဂိုဏ်းများတွင် လူတိုင်းသည် လွတ်လပ်စွာ စကားပြောနိုင်ပြီး မိမိတို့၏ကိုယ်ပိုင်ထင်မြင်ချက်များကို ဖော်ပြနိုင်ပုံရသည်။ သို့ရာတွင် အဆုံးစွန်သောရလဒ်များကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် အမှန်တကယ်တွင် လူတစ်ဦးပြောသည့်အရာ၏ ဦးဆောင်မှုကို လိုက်နာနေကြသည်ကို သင်မြင်နိုင်သည်၊ ထိုလူသည် ၎င်းတို့၏ လေညွှန်တံဖြစ်သည်။ သို့ဆိုလျှင် ထိုလူသည် အခြားသူများကို မိမိဘက်သို့ မည်သို့ ဆွဲဆောင်သနည်း။ ၎င်းတို့သည် မည်သူ့ကို ဆွဲဆောင်နိုင်သည်၊ မည်သူက ဆွဲဆောင်ရန် လွယ်ကူသည်ကို ကြည့်ပြီး ၎င်းတို့အား မေတ္တာပါသော အကူအညီအနည်းငယ်ကို ပေးကမ်းလျက် အသေးအဖွဲ အခွင့်အရေးများ ပေးကြသည်။ ထို့နောက် ၎င်းတို့သည် မည်သည့်အရာကို ကြိုက်နှစ်သက်သည်၊ မည်သို့စကားပြောဆိုလိုသည်၊ ၎င်းတို့၏ ပင်ကိုစရိုက်များနှင့် ဝါသနာများမှာ အဘယ်အရာဖြစ်သည်ကို သိရှိရန် ၎င်းတို့အကြောင်း သတင်းအချက်အလက်များကို စုံစမ်းကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် ၎င်းတို့၏စိတ်နှလုံးကို သိမ်းသွင်းရန် စကားပြောဆိုရာတွင် ၎င်းတို့နှင့် မကြာခဏ သဘောတူညီကြပြီး အဆုံးတွင် ၎င်းတို့ကို မိမိတို့၏ဂိုဏ်းထဲသို့ မသိလိုက်မသိဘာသာ ဝင်ရောက်စေပြီး မိမိတို့၏အဖွဲ့ဝင်များ ဖြစ်လာစေလျက် ၎င်းတို့ကို တဖြည်းဖြည်းချင်း “ဖျောင်းဖျ” ယူသည်။ ယေဘုယျအားဖြင့် ပြောရလျှင် လူတို့ကို မိမိဘက်ပါအောင် သိမ်းသွင်းရန် ချိုသာသောစကားပြောဆိုခြင်းသည် အလွန်နူးညံ့သော နည်းလမ်းတစ်ခုဖြစ်ပြီး “လူ့သံယောဇဉ်” ဖြင့် ပြည့်နှက်ကာ အလွန်ထိရောက်သည်။ ဥပမာအားဖြင့် အကယ်၍ တစ်စုံတစ်ဦးက အခြားလူတစ်ဦးကို ပုံမှန်မေတ္တာပြလျှင်၊ စကားပြောဆိုရာတွင် ၎င်းတို့နှင့် သဘောတူညီလျှင်၊ ၎င်းတို့အပေါ် နားလည်မှုနှင့် သည်းခံမှုကို ပြလျှင် ထိုလူသည် ၎င်းတို့အပေါ် မျက်နှာသာပေးသည့် အထင်အမြင်တစ်ခုကို မသိစိတ်ဖြင့် တိုးပွားလာပြီး ၎င်းတို့ထံ ပိုမိုနီးကပ်လာကာ ထို့နောက် ၎င်းတို့၏အင်အားစုများထဲသို့ ပေါင်းစည်းခြင်းခံရလိမ့်မည်။ ထိုသို့သော ဂိုဏ်းများနှင့် ဂိုဏ်းဂဏများ သည် မည်သည့်အခြေအနေများတွင် အကျိုးသက်ရောက်မှုရှိသနည်း။ ၎င်းတို့၏ အရင်းအနှီးဆုံးအဖွဲ့သားများထဲမှ တစ်ဦးဦး ဖော်ထုတ်ခြင်းခံရသည်နှင့်တစ်ပြိုင်နက်၊ နစ်နာသည်ဟု ခံစားရသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားများ၊ အဆင့်အတန်း သို့မဟုတ် ဂုဏ်သတင်းသည် ၎င်းတို့၏ဂိုဏ်းအပြင်ဘက်မှ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦး၏ နှောင့်ယှက်ခြင်း သို့မဟုတ် ပျက်စီးစေခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ဤလူစားမျိုးသည် ၎င်းတို့၏ အကျိုးစီးပွားများနှင့် အခွင့်အရေးများအတွက် တိုက်ပွဲဝင်လျက် ၎င်းတို့အတွက် စကားပြောဆိုရန် ထကြွလာလိမ့်မည်၊ ဤသည်မှာ ၎င်းတို့ ဂိုဏ်းဂဏဖွဲ့ခြင်း ဖြစ်သည်။ သိသာထင်ရှားသော ဂိုဏ်းဂဏဖွဲ့ခြင်း အမျိုးအစားနှစ်ခုမှာ လူများအတွက် အကာအကွယ်ပေးပြီး ၎င်းတို့ကို အလိုလိုက်ခြင်းနှင့် စုပေါင်းဆန့်ကျင်ခြင်းတို့ ဖြစ်ကြသည်။ သို့ရာတွင် ချိုသာသောစကားပြောဆိုခြင်းမှတစ်ဆင့် ဂိုဏ်းဂဏဖွဲ့ခြင်းသည် ယခုတင်ဖော်ပြခဲ့သော အမျိုးအစားနှစ်ခုကဲ့သို့ အင်အားပြင်းပုံမရဘဲ ထိုသို့သောဂိုဏ်းများ၏ အဖွဲ့ဝင်များသည် အများအားဖြင့် အသင်းတော်အတွင်း၌ သတိပြုမိခြင်းမခံရဘဲ နေတတ်ကြသည်။ သို့သော် လူတို့အနေဖြင့် ရွေးချယ်မှုတစ်ခု ပြုလုပ်ရန်၊ ရှင်းလင်းသော ရပ်တည်ချက်တစ်ခု ထားရှိရန် အချိန်ကျရောက်သောအခါ ထိုသို့သောဂိုဏ်းဂဏများ သည် ထင်ရှားစွာ ပေါ်လွင်လာသည်။ ဥပမာအားဖြင့် အကယ်၍ ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်က အသင်းတော်ခေါင်းဆောင်တစ်ဦးတွင် အစွမ်းအစရှိသည်ဟု ပြောလျှင် ၎င်း၏နောက်လိုက်များသည် ထိုခေါင်းဆောင်က ဤအစွမ်းအစကို မည်သို့ပြသကြောင်း ဥပမာများစွာကို ချက်ချင်းပေးလိမ့်မည်။ အကယ်၍ ဂိုဏ်း၏ ဂိုဏ်းချုပ်က အသင်းတော်ခေါင်းဆောင်သည် အလုပ်လုပ်နိုင်စွမ်းမရှိ၊ အစွမ်းအစညံ့ဖျင်းပြီး လူ့သဘာဝဆိုးရှိသည်ဟု ပြောလျှင် အခြားအဖွဲ့ဝင်များသည် ထိုနည်းတူ လိုက်ပါလုပ်ဆောင်ကာ ထိုအသင်းတော်ခေါင်းဆောင်သည် မည်သို့ အရည်အချင်းမရှိကြောင်း၊ သမ္မာတရားကို မည်သို့ မိတ်သဟာယမဖွဲ့နိုင်ကြောင်း၊ စကားလုံးများနှင့် အယူဝါဒများကို မည်သို့ပြောဆိုကြောင်း ပြောဆိုကြပြီး လူတိုင်းသည် မှန်ကန်သောလူကိုသာ ရွေးချယ်သင့်သည်ဟု ပြောဆိုကြလိမ့်မည်။ ဤသည်မှာ မမြင်နိုင်သော ဂိုဏ်းဂဏတစ်မျိုးဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၌ အာဏာသိမ်းပိုက်ရန်နှင့် လူတို့ကို ထိန်းချုပ်ရန် လူသိရှင်ကြား ထွက်ပေါ်လာခြင်းမရှိသော်လည်း ထိုသို့သောဂိုဏ်းဂဏများ နှင့် ဂိုဏ်းများအတွင်း၌ အသင်းတော်အသက်တာကို ထိန်းချုပ်သော၊ အသင်းတော်၏အစီအစဉ်ကို ထိန်းချုပ်သော မမြင်နိုင်သည့် အင်အားတစ်ခု ရှိနေသည်။ ဤသည်မှာ ပို၍ကြောက်မက်ဖွယ်ကောင်းသော၊ မမြင်နိုင်သော ဂိုဏ်းဂဏဖွဲ့ခြင်း ပုံစံတစ်ခုဖြစ်သည်။ ယခင်က ဖော်ပြခဲ့သည့်၊ အသင်းတော်ခေါင်းဆောင်များ ဖြေရှင်းသင့်သည့် ပြဿနာများဖြစ်သော လွယ်ကူစွာ ပိုင်းခြားသိမြင်နိုင်သည့် ဂိုဏ်းဂဏဖွဲ့ခြင်း အခြေအနေနှစ်ခုအပြင်၊ ဤကွယ်ဝှက်ထားသော ဂိုဏ်းဂဏဖွဲ့ခြင်းမျိုးကိုမူ အသင်းတော်ခေါင်းဆောင်များက ပို၍ပင် ဖြေရှင်းကိုင်တွယ်သင့်သည်။ ဤအရာကို ၎င်းတို့ မည်သို့လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ဤသို့သောဂိုဏ်း၏ ဂိုဏ်းချုပ်ကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် တိုက်ရိုက်ကိုင်တွယ်ရမည်။ အဘယ်ကြောင့် ဤဂိုဏ်းချုပ်နှင့် ဦးစွာ မိတ်သဟာယဖွဲ့ရန် အာရုံစိုက်ရသနည်း။ အပေါ်ယံအားဖြင့်၊ ထိုသို့သောဂိုဏ်း၏ အဖွဲ့ဝင်များသည် မည်သူ့၏ ထိန်းချုပ်မှုကိုမျှ မခံရဟု ထင်ရသော်လည်း အမှန်တကယ်တွင် ၎င်းတို့အားလုံးသည် မည်သူ့စကားကို နာခံသည်ကို စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း သိကြပြီး ထိုလူကို နာခံလိုကြသည်။ ထို့ကြောင့် ၎င်းတို့ ကိုးကွယ်ပြီး ၎င်းတို့ကို ထိန်းချုပ်သောသူကို ကိုင်တွယ်ဖြေရှင်းသင့်ပြီး ၎င်းတို့၏လုပ်ရပ်များ၏ သဘာဝမှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ နားလည်စေရန် သမ္မာတရားကို ၎င်းတို့အား မိတ်သဟာယဖွဲ့ပေးသင့်သည်။ ထိုဂိုဏ်းချုပ်သည် ဘုရားအိမ်တော်ကို လူသိရှင်ကြား ဆန့်ကျင်ခြင်း သို့မဟုတ် ခေါင်းဆောင်များကို ပွက်လောရိုက်ခြင်း မပြုခဲ့သော်လည်း ၎င်းသည် ဤလူတို့၏ စကားပြောဆိုပိုင်ခွင့်၊ ၎င်းတို့၏ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များနှင့် ၎င်းတို့လိုက်လျှောက်သော လမ်းကြောင်းကို ထိန်းချုပ်ထားသည်။ ဤသည်မှာ ပုန်းကွယ်၍ လှုပ်ရှားသော အန္တိခရစ်တစ်မျိုးပင် ဖြစ်သည်။ ထိုသို့သော လူပုဂ္ဂိုလ်များကို ဖော်ထုတ်ပြီးနောက် ပိုင်းခြားသိမြင်ကာ စိတ်ဖြာလေ့လာဆွေးနွေးရမည်။ အကယ်၍ ၎င်းတို့ နောင်တမရလျှင် ၎င်းတို့ကို ကန့်သတ်ပြီး သီးခြားခွဲထားသင့်သည်။ ထို့နောက် ၎င်းတို့၏အဖွဲ့ဝင်များထဲမှ မည်သူသည် ၎င်းတို့နှင့် တစ်သဘောတည်းဖြစ်သည်ကို သိရှိရန် အဖွဲ့ဝင်တစ်ဦးစီကို စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်သင့်သည်။ ဦးစွာ ဤလူပုဂ္ဂိုလ်များကို သီးခြားခွဲထုတ်ပြီးနောက် ကြောက်ရွံ့သော၊ သူရဲဘောကြောင်သော၊ အထင်အမြင်မှားစေခြင်းခံရသော အသိဉာဏ်ထိုင်းမှိုင်းသူများကို မိတ်သဟာယဖွဲ့ပါ။ အကယ်၍ ၎င်းတို့ နောင်တရနိုင်ပြီး အန္တိခရစ်နောက်လိုက်ခြင်းကို စွန့်လွှတ်နိုင်လျှင် ၎င်းတို့သည် အသင်းတော်၌ နေနိုင်သည်၊ မဟုတ်ပါက ၎င်းတို့ကို အသင်းတော်မှ ခွဲထုတ်ထားသင့်သည်။ ဤသည်မှာ သင့်တော်သော ချဉ်းကပ်မှုတစ်ခုလော။ (ဟုတ်ပါသည်။) ဤဖြစ်စဉ်သည် အသင်းတော်အတွင်း၌ တည်ရှိပါသလော။ ဤသို့သောကိစ္စရပ်ကို ဖြေရှင်းသင့်ပါသလော။ (ဖြေရှင်းသင့်ပါသည်။) အဘယ်ကြောင့် ဖြေရှင်းသင့်သနည်း။ ဘုရားအိမ်တော်က ဧဝံဂေလိတရားကို စတင်ဖြန့်ဝေသည့်အချိန်မှစ၍ အန္တိခရစ်တို့၏ အင်အားစုများသည် အသင်းတော်အသက်တာအတွင်း၌ နေရာတိုင်းတွင် ရှိနေခဲ့ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများစွာတို့သည် ဤအင်အားစုများ၏ ထိခိုက်စေခြင်း၊ ဘောင်ခတ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းတို့ကို အတိုင်းအတာအမျိုးမျိုးဖြင့် ခံခဲ့ကြရသည်။ ဤလူများ စကားပြောဆိုသည့်အခါ သို့မဟုတ် ပြုမူသည့်အခါတိုင်းတွင် ၎င်းတို့သည် လွတ်လပ်၍ ချည်နှောင်ခြင်းကင်းသော အခြေအနေတစ်ခု၌ ရှိမနေကြတော့ဘဲ အချို့သော လူပုဂ္ဂိုလ်များ၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၏ လွှမ်းမိုးခြင်း၊ သက်ရောက်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် အကျဉ်းချခြင်းတို့ကို ခံကြရသည်။ ဤလူများသည် အချို့သောနည်းလမ်းများဖြင့် စကားပြောဆိုရန်နှင့် ပြုမူရန် ဖိအားပေးခံရသည်ဟု ခံစားကြရသည်၊ အကယ်၍ ၎င်းတို့ မလုပ်ဆောင်ပါက စိုးရိမ်ပူပန်ပြီး ဖြစ်ပေါ်လာသော အကျိုးဆက်များကို ခံရမည်ကို ကြောက်ရွံ့ကြသည်။ ဤသည်မှာ အသင်းတော်အသက်တာကို ထိခိုက်စေပြီး နှောင့်ယှက်ခဲ့သည် မဟုတ်လော။ ဤသည်မှာ ပုံမှန်အသင်းတော်အသက်တာ၏ သရုပ်သကန်တစ်ခုလော။ (မဟုတ်ပါ။) ဤသို့သော အသင်းတော်အသက်တာသည် ပုံမှန်အစီအစဉ်အတိုင်း မဟုတ်ဘဲ ဆိုးယုတ်သောလူများ၏ ထိန်းချုပ်မှုကို ခံနေရသည်။ ဆိုးယုတ်သောလူများက အသင်းတော်၌ အာဏာကိုင်စွဲထားသရွေ့ ထိုနေရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားက အုပ်စိုးခြင်းမရှိတော့ပေ။ သမ္မာတရားကို နားလည်သော ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ညီအစ်ကိုမောင်နှမများသည် ဖိနှိပ်ခြင်းခံရမည်။ ထိုသို့သော အသင်းတော်သည် အန္တိခရစ်တို့၏ အင်အားစုများက ထိန်းချုပ်ထားသော အသင်းတော်တစ်ခုဖြစ်သည်။ ဤသည်မှာလည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ ကိုင်တွယ်ဖြေရှင်းသင့်သည့်၊ ဘုရားသခင်၏အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် ကိစ္စရပ်တစ်ခုနှင့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ ဂိုဏ်းတွင်ရှိသော အချို့လူများသည် ၎င်းတို့၏ဂိုဏ်း၏ ယုံကြည်မှုကို ဆုံးရှုံးရမည်ကို၊ ၎င်းတို့၏ ကျောထောက်နောက်ခံများကို ဆုံးရှုံးရမည်ကို၊ သူငယ်ချင်းများကို ဆုံးရှုံးရမည်ကို၊ လိုအပ်ချိန်များတွင် အထောက်အပံ့မရှိမည်ကို အစရှိသည်ဖြင့် ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုဂိုဏ်းတွင် ဆက်လက်ရှိနေရန် အစွမ်းကုန် ကြိုးစားကြသည်။ ဤအခြေအနေသည် ပြင်းထန်သည် မဟုတ်လော။ ယင်းကို ဖြေရှင်းသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့သော အခြေအနေမျိုး အသင်းတော်အတွင်း၌ ပေါ်ပေါက်လာသောအခါ လူအများစုက ယင်းကို ခံစားမိကြပါသလော။ လူအများစုက ယင်းကို ပိုင်းခြားသိမြင်ကြပါသလော။ အချို့လူများသည် မိမိတို့ မသိလိုက်မသိဘာသာဖြင့် တစ်စုံတစ်ဦး၏ ထိန်းချုပ်မှုကို ခံနေရပြီး ၎င်းတို့သည် ထိုလူ၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၊ ၎င်း၏ ပြောဆိုချက်များနှင့် လုပ်ရပ်များ၊ ၎င်း၏ သွန်သင်ချက်များကို အစဉ်သဖြင့် လိုက်နာရကာ “မဟုတ်ဘူး” ဟု ပြောရန် ကြောက်ရွံ့ကြသည်၊ ထိုသူကို ဆန့်ကျင်ရန် မဝံ့ရဲကြဘဲ ထိုလူ စကားပြောသည့်အခါတွင်ပင် ၎င်းကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်ရွံ့သဖြင့် ရိုးသားမှုမရှိဘဲ ခေါင်းညိတ်သဘောတူကာ ပြုံးပြရသည်။ ဤသို့သော အခြေအနေများ တည်ရှိပါသလော။ ဤနေရာတွင် ဖြေရှင်းသင့်သည့် ပြဿနာမှာ အဘယ်နည်း။ အသင်းတော်ခေါင်းဆောင်များသည် အခြားသူများကို အထင်အမြင်မှားစေပြီး ထိန်းချုပ်နိုင်စွမ်းရှိသော ထိုအန္တိခရစ် ဂိုဏ်းချုပ်ကို ကိုင်တွယ်ဖြေရှင်းသင့်သည်။ ပထမဦးစွာ ၎င်းတို့သည် လူအများစုကို ဤအန္တိခရစ်အား ပိုင်းခြားသိမြင်နိုင်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်ပြီးနောက် အန္တိခရစ်ကိုယ်တိုင်ကို ကန့်သတ်သင့်သည်။ အကယ်၍ အန္တိခရစ်သည် နောင်တမရလျှင် ၎င်းတို့သည် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို ဆက်လက်နှောင့်ယှက်ခြင်းမှ တားဆီးရန် ၎င်းကို ချက်ချင်း ရှင်းလင်းပစ်သင့်သည်။
အချုပ်အားဖြင့်ဆိုသော် ပုံမှန်အသင်းတော်အသက်တာတွင် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ ကိုယ်ပိုင်ထိုးထွင်းအမြင်များ၊ နားလည်မှုများ၊ အတွေ့အကြုံများနှင့် အခက်အခဲများအပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လွတ်လပ်စွာနှင့် ချည်နှောင်မှုမရှိဘဲ မိတ်သဟာယဖွဲ့နိုင်သင့်သည်။ အမှန်ပင် ၎င်းတို့သည် အကူအညီနှင့် အကြံဉာဏ်ပေးပိုင်ခွင့်ရှိသည့်တစ်ချိန်တည်းတွင် စည်းမျဉ်းများကို ချိုးဖောက်သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ မည်သည့်လုပ်ရပ်ကိုမဆို အကြံပြုချက်များပေးခြင်း၊ ဝေဖန်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို ပြုလုပ်ပိုင်ခွင့်လည်း ရှိသင့်သည်။ ဤအရာအားလုံးသည် လွတ်လပ်သင့်ပြီး ဤကဏ္ဍအားလုံးသည် ပုံမှန်ဖြစ်သင့်သည်၊ ၎င်းတို့သည် မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ထိန်းချုပ်မှုကိုမျှ မခံသင့်ဘဲ ဘုရားသခင်ရွေးချယ်ထားသောလူများကို ဘောင်ခတ်ခြင်းသို့ ဦးတည်စေခြင်း မဖြစ်သင့်ပါ၊ ယင်းမှာ ပုံမှန်အသင်းတော်အသက်တာ မဟုတ်ပေ။ ညီအစ်ကိုမောင်နှမများသည် အသင်းတော်အသက်တာ၌ မည်သို့စကားပြောဆိုသင့်သည်၊ ပြုမူသင့်သည်၊ ကျင့်ကြံပြုမူသင့်သည်၊ ပုံမှန်လူ့ဆက်ဆံရေးကို မည်သို့တည်ဆောက်သင့်သည် အစရှိသည်တို့အတွက် ဘုရားအိမ်တော်တွင် သတ်မှတ်ချက်များ၊ စည်းကမ်းများနှင့် စည်းမျဉ်းများရှိပြီး ဤအရာများကို မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကမျှ အဆုံးအဖြတ်မပေးပေ။ ညီအစ်ကိုမောင်နှမများ တစ်စုံတစ်ခုကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရန်မလိုအပ်၊ မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အမိန့်များကို လိုက်နာရန်မလိုအပ် သို့မဟုတ် မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘောင်ခတ်ခြင်းကိုမျှ ခံရန်မလိုအပ်ပေ။ မည်သူမျှ လေညွှန်တံ သို့မဟုတ် ပဲ့ကိုင်ရှင် မဖြစ်သင့်ပေ၊ လားရာကို ပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်၏နှုတ်ကပတ်တော်၊ သမ္မာတရားဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ရွေးချယ်ထားသောလူများ လိုက်နာရမည့်အရာမှာ ဘုရားသခင်၏နှုတ်ကပတ်တော်၊ သမ္မာတရားနှင့် စုဝေးပွဲများတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၏ စည်းမျဉ်းများ ဖြစ်ကြသည်။ အကယ်၍ သင်သည် အခြားလူတစ်ဦး၏ ဘောင်ခတ်ခြင်းကို အစဉ်သဖြင့်ခံရလျှင်၊ ၎င်းတို့၏ အချက်ပြမှုအတိုင်း အစဉ်သဖြင့် လိုက်ပါလုပ်ဆောင်လျှင်၊ ၎င်းတို့၏ မကျေနပ်သော အကြည့် သို့မဟုတ် မျက်မှောင်ကြုတ်သော မျက်နှာကို မြင်သည့်အခါ ဆက်လက်စကားပြောဆိုရန် မဝံ့ရဲတော့လျှင်၊ အကယ်၍ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သင်၏ကိုယ်ပိုင်အတွေ့အကြုံဆိုင်ရာ နားလည်မှုများကို မိတ်သဟာယဖွဲ့နေစဉ် ထိုလူ၏ ကန့်သတ်ခြင်းကို အစဉ်သဖြင့်ခံရလျှင်၊ အစဉ်သဖြင့် ဘောင်ခတ်ခံရသည်ဟု ခံစားရပြီး သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူနိုင်ခြင်းမရှိလျှင်၊ အကယ်၍ ထိုလူ၏ စကားများ၊ အကြည့်များ၊ မျက်နှာအမူအရာများ၊ အသံနေအသံထားနှင့် ၎င်း၏စကားထဲမှ စောင်းပါးရိပ်ခြည်ပြောသော ခြိမ်းခြောက်စကားများက သင့်ကို အဆက်မပြတ် ချည်နှောင်ထားလျှင် သင်သည် ဤလူကဦးဆောင်သော ဂိုဏ်းဂဏတစ်ခုအတွင်း၌ ထိန်းချုပ်ခြင်းခံနေရခြင်း ဖြစ်သည်။ ဤသည်မှာ ပြဿနာရှိသည်၊ ဤသည်မှာ အသင်းတော်အသက်တာမဟုတ်ဘဲ အန္တိခရစ်တစ်ဦးက အုပ်စိုးသော ဂိုဏ်းဂဏတစ်ခု၏ အသက်တာဖြစ်သည်။ ဤသို့သောကိစ္စရပ်မျိုးနှင့်ပတ်သက်လာလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကိုဖြေရှင်းရန် ရှေ့ထွက်လာသင့်ပြီး ညီအစ်ကိုမောင်နှမများသည်လည်း အသင်းတော်၏ ပုံမှန်အစီအစဉ်ကို ကာကွယ်ရန် တာဝန်နှင့် အခွင့်အရေးရှိသည်။ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူများ၊ အထူးသဖြင့် ဂိုဏ်းဂဏဖွဲ့ပြီး အသင်းတော်ကို ထိန်းချုပ်လိုသောသူများကို ရပ်တန့်စေခြင်း၊ ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့ ပြုလုပ်သင့်ပြီး လူတိုင်းကို ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိစေကာ ပြဿနာ၏အနှစ်သာရမှာ ကိုယ်ပိုင်နိုင်ငံတော် ထူထောင်ရန် ကြံစည်ခြင်းဖြစ်သည်ကို ထိုးထွင်းသိမြင်စေသင့်သည်။ အသင်းတော်သည် မည်သည့်အကြောင်းပြချက်အတွက်မဆို ဂိုဏ်းဂဏဖွဲ့ခြင်းနှင့် အသင်းတော်ကို ပိုင်းခြားခြင်းတို့ကို ခွင့်မပြုပေ။ ဥပမာအားဖြင့် လူမှုရေးဆိုင်ရာ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း၊ ရပ်ကွက်များ၊ ဒေသများ သို့မဟုတ် ဘာသာရေးဂိုဏ်းဂဏများကို အခြေခံ၍ ဂိုဏ်းများအဖြစ် ပိုင်းခြားခြင်း သို့မဟုတ် ပညာရေးအဆင့်၊ ကြွယ်ဝမှု၊ လူမျိုးနှင့် အသားအရောင် အစရှိသည်တို့ကို အခြေခံ၍ ဂိုဏ်းများအဖြစ် ပိုင်းခြားခြင်း၊ ဤအရာအားလုံးသည် သမ္မာတရားစည်းမျဉ်းများကို ဆန့်ကျင်ပြီး အသင်းတော်၌ မဖြစ်ပေါ်သင့်ပေ။ လူတို့ကို ဤအဆင့်အတန်းများ၊ အဆင့်များ၊ ဂိုဏ်းဂဏများနှင့် ဂိုဏ်းဂဏများအဖြစ် ပိုင်းခြားရန် မည်သို့သောဆင်ခြေကို အသုံးပြုသည်ဖြစ်စေ ယင်းသည် အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်မည်ဖြစ်ကာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ချက်ချင်းဖြေရှင်းသင့်သည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ အတိုချုပ်ဆိုရလျှင် လူတို့ ဂိုဏ်းဂဏများ၊ ဂိုဏ်းဂဏများ သို့မဟုတ် ဂိုဏ်းများအဖြစ် ပိုင်းခြားရသည့် အကြောင်းရင်းများ မည်သို့ပင်ဖြစ်စေ၊ အကယ်၍ ၎င်းတို့သည် တိကျသော အင်အားစုတစ်ခုကို စုစည်းပြီးဖြစ်လျှင်၊ ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ အစီအစဉ်ကို နှောင့်ယှက်မှုတစ်ခု ဖြစ်စေလျှင် ၎င်းတို့ကို ရပ်တန့်စေပြီး ကန့်သတ်သင့်သည်။ အကယ်၍ ထိုသို့သောဂိုဏ်းများ၏ အဖွဲ့ဝင်များကို တားမြစ်သော်လည်း နားမထောင်လျှင်၊ ဤမကောင်းမှုကိုပြုသူများကို သီးခြားခွဲထုတ်ပြီး ရှင်းလင်းပစ်နိုင်သည်။ ဤကိစ္စရပ်များကို ကိုင်တွယ်ခြင်းသည်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်နှင့် တာဝန်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သို့ဆိုလျှင် ဤနေရာတွင် နားလည်ရန်လိုအပ်သည်မှာ အဘယ်နည်း။ ယင်းမှာ အချို့လူများက အသင်းတော်၌ အင်အားစုများ ဖွဲ့စည်းပြီးဖြစ်သည့်အခါ၊ အသင်းတော်ခေါင်းဆောင်များ၊ အသင်းတော်၏အလုပ်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ယှဉ်ပြိုင်ပြီး ဆန့်ကျင်နိုင်စွမ်းရှိသည့်အခါ၊ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို နှောင့်ယှက်ပြီး ပျက်စီးစေနိုင်စွမ်းရှိသည့်အခါ ထိုသို့သော အပြုအမူများ၊ သရုပ်သကန်များနှင့် အခြေအနေများကို ကန့်သတ်ပြီး ချက်ချင်းကိုင်တွယ်သင့်သည်ဟူ၍ ဖြစ်သည်။ ဂိုဏ်းဂဏဖွဲ့ခြင်းနှင့်ပတ်သက်လာလျှင် ပါဝင်သောလူအရေအတွက်ကို အခြေခံ၍ ခွဲခြားမှုများ မပြုလုပ်ပေ။ အကယ်၍ လူနှစ်ဦးက ကောင်းမွန်စွာ ပေါင်းသင်းပြီး အသင်းတော်ကို မည်သည့်အနှောင့်အယှက်မျှ မဖြစ်စေလျှင် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။ သို့ရာတွင် ၎င်းတို့သည် အနှောင့်အယှက်များ စတင်ဖြစ်စေပြီး အသင်းတော်ကို ထိန်းချုပ်ရန်အလို့ငှာ အင်အားစုတစ်ခု ဖွဲ့စည်းသည်နှင့်တစ်ပြိုင်နက် ဤလူပုဂ္ဂိုလ်များကို ရပ်တန့်စေပြီး ကန့်သတ်သင့်သည်။ အကယ်၍ ၎င်းတို့ နောင်တမရလျှင် ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုသင့်သည်။ ဤသည်မှာ မူပင်ဖြစ်၏။
၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်