ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇)
အချက် ၇- တစ်ဦးစီတိုင်းက အကောင်းဆုံး အသုံးပြုခြင်းခံရရန်အလို့ငှာ လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုလော့ (အပိုင်း ၂)
ပြီးခဲ့သည့် မိတ်သဟာယတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ သတ္တမမြောက် တာဝန်ဖြစ်သည့် “တစ်ဦးစီတိုင်းက အကောင်းဆုံး အသုံးပြုခြင်းခံရရန်အလို့ငှာ လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုလော့” ဟူသည်ကို ဆွေးနွေးခဲ့သည်။ ငါတို့သည် ဤတာဝန်၏ ကဏ္ဍသုံးခုကို အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤကဏ္ဍသုံးခုမှာ အဘယ်အရာများ ဖြစ်သနည်း။ (တစ်ခုမှာ လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုခြင်းဖြစ်သည်၊ နောက်တစ်ခုမှာ လူအမျိုးမျိုးကို ၎င်းတို့၏ အားသာချက်များအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုခြင်းဖြစ်ပြီး နောက်တစ်ခုမှာ အထူးလူစားမျိုး အနည်းငယ်ကို မည်သို့ဆက်ဆံပြီး အသုံးပြုရမည်ဟူ၍ ဖြစ်သည်။) ကဏ္ဍသုံးခုမှာ အခြေခံအားဖြင့် ဤအရာများ ဖြစ်သည်။ ဤကဏ္ဍသုံးခုကို ကြည့်သည့်အခါ၊ ဘုရားအိမ်တော်၏ လူကိုအသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းသည် လူတစ်ဦးစီတိုင်းကို အကောင်းဆုံး အသုံးပြုခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) ဤစည်းမျဉ်းသည် တိကျမှန်ကန်သလော။ လူတို့အပေါ် မျှတသလော။ (မျှတပါသည်။) ဉာဏ်ရည်ချို့တဲ့သော ငတုံးများအတွက်မူ ၎င်းတို့သည် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင်၊ တာဝန်အနည်းငယ်ကိုပင် မထမ်းဆောင်နိုင်ပေ။ သင်က ၎င်းတို့အား အလုပ်တစ်ခု တာဝန်ပေးလျှင် ယင်းမှာ အတတ်ပညာပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍများတွင်ဖြစ်စေ၊ လုပ်အားစိုက်ထုတ်ရခြင်းအရဖြစ်စေ ၎င်းတို့ မပြီးမြောက်နိုင်ပေ။ ထိုသို့သောလူများကို အစေခံခြင်းအတွက်ပင် လုံးဝ အသုံးမပြု၍မရပေ။ ဤသည်မှာ အသိဉာဏ်အရ ဖြစ်သည်။ လူ့သဘာဝအရ၊ လူ့သဘာဝ မကောင်းသည့်သူများနှင့် ဆိုးယုတ်သောလူများအတွက် ၎င်းတို့သည် အလုပ်အချို့ကို လုပ်ဆောင်နိုင်ပြီး တာဝန်အချို့ကို ထမ်းဆောင်နိုင်သော်လည်း ၎င်းတို့၏ လူ့သဘာဝသည် အလွန်ဆိုးယုတ်သောကြောင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အနှောင့်အယှက်ပေးခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေမည်ဖြစ်ပြီး အကျိုးတရားထက် ဆုံးရှုံးမှု ပိုများလျက် မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်ဘဲ ဖြစ်လိမ့်မည်။ ထိုသို့သောလူများသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်သည့်အပြင် လုံးဝ အသုံးမပြု၍မရပေ။ အချို့သော အားသာချက်များကို ပိုင်ဆိုင်သည့်လူများ ရှိပါက ၎င်းတို့သည် စံနှုန်းပြည့်မီသော လူ့သဘာဝရှိခြင်းအရ၊ ဘုရားအိမ်တော်၏ အလုပ်အတွက် လိုအပ်သော သတ်မှတ်ချက်အားလုံးကို ၎င်းတို့ ပြည့်မီသရွေ့၊ ၎င်းတို့ကို သင့်တင့်လျောက်ပတ်စွာ စီစဉ်ပြီး အသုံးပြု၍ရပေသည်။ ပြီးခဲ့သည့်အကြိမ်က ငါတို့သည် အထူးလူအမျိုးအစား အနည်းငယ်ကို မည်သို့ဆက်ဆံပြီး အသုံးပြုရမည်ကိုလည်း မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ပထမအမျိုးအစားမှာ အထူးသဖြင့် သတ္တိနည်းသည့် ယုဒကဲ့သို့သော လူများဖြစ်သည်။ ၎င်းတို့၏ အထူးတလည် သတ္တိနည်းခြင်းမှ အကဲဖြတ်ရလျှင် ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ယုဒတစ်ဦး ဖြစ်လာလိမ့်မည်မှာ ရာနှုန်းပြည့် သေချာသည်။ အရေးကြီးသော အလုပ်ကို ၎င်းတို့အား တာဝန်ပေးပါက တစ်စုံတစ်ခု ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် အရာရာကို ၎င်းတို့ သစ္စာဖောက်လိမ့်မည် ဖြစ်သည်။ ဤသူတို့သည် အန္တရာယ်ရှိသော လူစားများ မဟုတ်လော။ အသင်းတော်၏ မိတ်ဆွေများဟု ငါတို့ ခေါ်ကြသည့် မယုံကြည်သူများနှင့် ဆင်တူသော လူစားတစ်မျိုးလည်း ရှိသေးသည်။ ဤလူတို့သည် ကောင်းကင်၌ အဘိုးအိုတစ်ဦး ရှိသည်ဟု ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယုံကြည်ပုံရသော်လည်း ဘုရားသခင်၏ တည်ရှိမှုကို မကြာခဏ သံသယဝင်လျက် ဘုရားသခင် အမှန်တကယ် တည်ရှိခြင်း ရှိမရှိ၊ ဘုရားသခင် အဘယ်မှာရှိသည်၊ သို့မဟုတ် ဘုရားသခင်က သူ၏ အမှုသစ်ကို အမှန်တကယ် လုပ်ဆောင်ပြီးခြင်း ရှိမရှိဟူသည်တို့ကို မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြသည့်အပြင် ဘုရားသခင် နောက်လည်းမလိုက်ကြပေ။ ထို့ကြောင့် ထိုသို့သောလူများကို အသုံးပြု၍မရပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ခြင်းအတွက် မသင့်တော်ကြပေ။ မယုံကြည်သူတစ်ဦး၊ အသင်းတော်၏ မိတ်ဆွေတစ်ဦး မဆိုထားနှင့်၊ အမှန်တကယ် ယုံကြည်သောသူများပင်လျှင် မိမိတို့၏ တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းဖြင့် သေချာပေါက် မထမ်းဆောင်နိုင်ပေ။ နောက်ထပ် လူစားတစ်မျိုးမှာ ဖြုတ်ချခြင်းခံရပြီးသောသူများ ဖြစ်သည်၊ ဤအုပ်စုကိုလည်း အခြေအနေအချို့ဖြင့် ခွဲခြားထားသည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ သတ္တမမြောက် တာဝန်နှင့်စပ်လျဉ်းသည့် ပြီးခဲ့သည့် မိတ်သဟာယ၏ အကြောင်းအရာသည် အခြေခံအားဖြင့် ဤအဓိကအချက်သုံးချက်ကို ခြုံငုံခဲ့သည်- တစ်ချက်မှာ လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုခြင်းဖြစ်သည်၊ နောက်တစ်ချက်မှာ လူအမျိုးမျိုးကို ၎င်းတို့၏ အားသာချက်များအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုခြင်းဖြစ်ပြီး နောက်တစ်ချက်မှာ အထူးလူစားမျိုး အနည်းငယ်ကို မည်သို့ဆက်ဆံပြီး အသုံးပြုရမည်ဟူ၍ ဖြစ်သည်။ ဤအဓိကအချက်သုံးချက်ကို သတ္တမမြောက် တာဝန်တွင် ဖော်ပြခဲ့သည့် ကဏ္ဍများစွာအပေါ် အခြေခံ၍ မိတ်သဟာယဖွဲ့ခဲ့ပြီး စည်းမျဉ်းများအားလုံးကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူအချို့က၊ “စည်းမျဉ်းများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သော်လည်း အချို့သော တိကျသည့်ကိစ္စရပ်များ၊ အထူးအခြေအနေများနှင့် ပတ်သက်လာသည့်အခါ ဤစည်းမျဉ်းများကို မည်သို့ကျင့်သုံးရမည်၊ လူတို့အား မည်သို့ဆက်ဆံရမည်၊ သို့မဟုတ် လူတစ်ဦးချင်းစီကို မည်သို့ရာထူးတိုးပေးပြီး အသုံးပြုရမည်ဟူသည်တို့ကို ကျွန်ုပ်တို့ မသိကြသေးပါ။ အချိန်အများစုတွင် ကျွန်ုပ်တို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြဆဲ ဖြစ်သည်”ဟု ပြောကြသည်။ ထိုသို့သော ပြဿနာ တည်ရှိသလော။ (ရှိပါသည်။) ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ လူတို့ကို ရာထူးတိုးပေးခြင်းနှင့် အသုံးပြုခြင်းတွင် ပထမဆုံး ထည့်သွင်းစဉ်းစားရမည့်အရာမှာ ဘုရားအိမ်တော်၏ အလုပ်နှင့်ဆိုင်သော လိုအပ်ချက်များ ဖြစ်သည်။ ဒုတိယ ထည့်သွင်းစဉ်းစားရမည့်အရာမှာ လူတစ်ဦးကို အသုံးပြုခြင်း၏ သက်ရောက်မှုသည် ဘုရားအိမ်တော်၏ အလုပ်အပေါ် အကျိုးရှိသည်ထက် ထိခိုက်နစ်နာစေခြင်း ရှိမရှိ သို့မဟုတ် အပြန်အလှန်အားဖြင့် သက်ရောက်မှုရှိမရှိဟူသည့်အရာ ဖြစ်သည်။ အကယ်၍ လူတစ်ဦး၏ လူ့သဘာဝသည် အပြစ်အနာအဆာရှိသော်လည်း ၎င်းကိုအသုံးပြုခြင်းသည် ဘုရားအိမ်တော်၏ အလုပ်အတွက် ထိခိုက်နစ်နာသည်ထက် အကျိုးရှိပါက ထိုသို့သောလူကို ပိုကောင်းသောသူတစ်ဦးအား မတွေ့မချင်း ယာယီ အသုံးပြုနိုင်သည်။ ဤလူကိုအသုံးပြုခြင်းသည် အကျိုးရှိသည်ထက် ထိခိုက်နစ်နာမှုက ပိုများပြီး အကျိုးကျေးဇူးထက် ဆုံးရှုံးမှုက ပိုများကာ အသင်းတော်အလုပ်ကို ပျက်စီးစေပြီး ကမောက်ကမသာ ဖြစ်စေပါက၊ ထိုသို့သောလူကို လုံးဝ အသုံးပြု၍မရပေ။ ဤသည်မှာ သင့်တော်သောသူ မရှိသည့် အခြေအနေများတွင် ဦးစွာ သဘောပေါက်ရမည့် ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆခြင်းဆိုင်ရာ စည်းမျဉ်းဖြစ်ပြီး လူတို့ကို ယာယီအသုံးပြုခြင်းအတွက် စည်းမျဉ်းလည်း ဖြစ်သည်။ သင့်တော်သူတစ်ဦးကို ရှာမတွေ့နိုင်သည့်အပြင် မည်သူက အတော်အတန် ပိုကောင်းနိုင်သည်ကို မရှင်းလင်းသည့်အခါ၊ မည်သူက အလုပ်တာဝန်တစ်ခုအတွက် လုံးဝသင့်တော်သည်ဟူသည်မှာ သိသာထင်ရှားခြင်းမရှိသည့်အပြင် လူတိုင်းက သာမန်သာဖြစ်နေသည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ တစ်ခုတည်းသော ရွေးချယ်စရာမှာ အလုပ်ကို အတူတကွ ပူးပေါင်းလုပ်ဆောင်စေဖို့အတွက် အတော်အတန် ဝိညာဉ်ရေးရာ သိနားလည်မှုရှိသော လူနှစ်ဦး၊ ဆိုလိုသည်မှာ သမ္မာတရားကို သက်သက် သဘောပေါက်သူများကို ရှာဖွေဖို့ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် သမ္မာတရားကို ၎င်းတို့အား ပို၍ မိတ်သဟာယဖွဲ့သင့်ပြီး ၎င်းတို့၏ အခြေအနေများကို စောင့်ကြည့်လေ့လာကာ နားလည်သင့်သည်။ ဤအရာက မည်သူသည် အတော်အတန် ပိုကောင်းသော အစွမ်းအစရှိသည်ဟူသည်ကို ဆုံးဖြတ်နိုင်စေပြီး ယင်းက မှန်ကန်သော လူကို ရှာဖွေခြင်းအား ပိုမိုလွယ်ကူစေသည်။ တာဝန်ထမ်းဆောင်ရန် မည်သူကို စီစဉ်ထားသည်ဖြစ်စေ ၎င်းတို့၏ အစွမ်းအစ၊ အားသာချက်များနှင့် ကိုယ်ကျင့်စရိုက်တို့အပေါ် အခြေခံရမည်ဖြစ်သည်။ ဤသည်မှာ မရှိမဖြစ်လိုအပ်သည်။ အကယ်၍ လူ ဤကဏ္ဍများကို ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ ထိုလူတွင် မည်သည့်အားသာချက်များ ရှိသည်ကို နားမလည်ပါက ၎င်းတို့ကို ရိုးရှင်းသော တာဝန်တစ်ခု၊ သို့မဟုတ် ကာယအလုပ်တစ်ခုခုကို ဦးစွာ တာဝန်ပေးသင့်သည်၊ သို့မဟုတ် ဧဝံဂေလိ ဟောပြောခြင်းအတွက် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများကို လိုက်ရှားခြင်းအား လုပ်ဆောင်ရန် စီစဉ်ပေးသင့်သည်။ စမ်းသပ်ကာလတစ်ခုပြီးသည့်နောက် နောက်ဆက်တွဲလုပ်ပေးခြင်းနှင့် နောက်ထပ်စောင့်ကြည့်လေ့လာခြင်းတို့က ၎င်းတို့၏ အခြေအနေကို တိကျစွာ အကဲဖြတ်နိုင်စေပြီး ၎င်းတို့အတွက် အသင့်တော်ဆုံးသော တာဝန်ကို ဆုံးဖြတ်ရန် ပိုမိုလွယ်ကူစေသည်။ အကယ်၍ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းပြီး အားသာချက်များ ကင်းမဲ့ပါက ၎င်းတို့အား ကာယအလုပ်အချို့ကို တာဝန်ပေးလျှင် လုံလောက်လိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အရင်းအမြစ်အမျိုးမျိုးမှ အရေးကြီးသော အလုပ်နှင့်ပတ်သက်သော ကြီးကြပ်ရေးမှူးများအပေါ်၊ ဧဝံဂေလိ ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်များ၊ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ ဒါရိုက်တာများ စသည်တို့အပေါ် သိနားလည်မှုတစ်ခု ရှိရမည်ဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်၍ သေချာစေရန်အတွက် ဤလူများအား ပြင်းပြင်းထန်ထန် စောင့်ကြည့်လေ့လာပြီး ဆန်းစစ်ရမည်ဖြစ်သည်။လူတို့ကို ဤနည်းဖြင့် တာဝန်များကို ဂရုတစိုက်ချပေးခြင်းအားဖြင့်သာ အစီအစဉ်များက သင့်လျော်မှုရှိရန်ကိုလည်းကောင်း၊ လူတို့ကို ၎င်းတို့၏တာဝန်များတွင် ထိရောက်မှုရှိစေမည်ကိုလည်းကောင်း သေချာနိုင်သည်။ လူအချို့က “ဘာသာတရားမရှိသူတွေကတောင် ‘ကိုယ်အလုပ်ခန့်တဲ့သူတွေကို သံသယမရှိနဲ့။ ကိုယ်သံသယရှိတဲ့လူတွေကို အလုပ်မခန့်နဲ့’ လို့ပြောကြတယ်။ ဘုရားအိမ်တော်က ဘယ်လိုလုပ်ပြီး အရမ်းကို မယုံကြည်နိုင်ရတာလဲ။ သူတို့အကုန်လုံးက ယုံကြည်သူတွေပဲလေ။ ဘယ်လောက်ဆိုးနိုင်မှာလဲ။ သူတို့အားလုံးက လူကောင်းတွေ မဟုတ်ဘူးလား။ အသင်းတော်က ဘာလို့ သူတို့အကြောင်း နားလည်အောင်လုပ်တာ၊ သူတို့ကို စောင့်ကြည့်လေ့လာတာတွေ လုပ်ရမှာလဲ” ဟူ၍ ပြောကြသည်။ ဤစကားများက ကျိုးကြောင်းညီညွတ်သလော။ ပြဿနာရှိသလော။ (ရှိပါသည်။) တစ်စုံတစ်ယောက်အကြောင်းကို အတွင်းကျကျ သိအောင်လုပ်ခြင်း၊ စေ့စေ့စပ်စပ် လေ့လာကြည့်ရှုခြင်း၊ အနီးကပ် အပြန်အလှန်ထိတွေ့ဆက်ဆံခြင်းတို့သည် စည်းမျဉ်းများကို စောင့်ထိန်းသလော။ ဤသည်မှာ စည်းမျဉ်းများကို အပြည့်အဝ စောင့်ထိန်းသည်။ မည်သည့်စည်းမျဉ်းများကို စောင့်ထိန်းသနည်း။ (ခေါင်းဆောင်များ၊ အမှုဆောင်များ၏ တာဝန်များ၏ အချက် ၄ဖြစ်သည်။ “မသင့်တော်သောလူများကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ကာကွယ်ရန် သို့မဟုတ် လျော့ပါးစေရန်နှင့် အလုပ်၏ ထိရောက်မှုရှိခြင်းနှင့် ချောမွေ့စွာ တိုးတက်မှုကို အာမခံရန်အလို့ငှာ အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး လိုအပ်သလို ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ချက်ချင်း ပြုပြင်ခြင်း သို့မဟုတ် ဖြုတ်ချခြင်း ပြုလုပ်လော့။”) ဤသည်မှာ ကောင်းသော ကိုးကားချက်တစ်ခုဖြစ်သည်။ သို့သော် ဤသို့လုပ်ဆောင်ခြင်းအတွက် တကယ့်အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသောကြောင့်ဖြစ်သည်။ ယခုခေတ်တွင် လူများစွာက တာဝန်တစ်ခုကို ထမ်းဆောင်သော်လည်း သမ္မာတရားကို လိုက်စားသောသူ အနည်းငယ်သာရှိသည်။ အလွန်နည်းပါးသော လူတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ကြသည်။ လူအများစုမှာမူ အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့်ပုံစံတွင် စည်းမျဉ်းများမရှိသေးပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသောသူများ မဟုတ်သေးပေ။ ၎င်းတို့သည် သမ္မာတရားကိုချစ်သည်၊ သမ္မာတရားကို လိုက်စားလိုစိတ်ရှိသည်၊ သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိသည်ဟု ၎င်းတို့ အခိုင်အမာပြောရုံသာ ရှိသည့်တိုင်အောင် ၎င်းတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုသည် မည်မျှတည်တံ့မည်ကို မသိရသေးပေ။ သမ္မာတရားကို မလိုက်စားသောသူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အချိန်မရွေး၊ နေရာမရွေး ထုတ်ဖော်တတ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်အပေါ် တာဝန်သိတတ်စိတ် တစ်စက်မျှ မရှိပေ။ ၎င်းတို့သည် မကြာခဏ ဝတ်ကျေတမ်းကျေပြုသည်။ ၎င်းတို့ဆန္ဒရှိသလို လုပ်ဆောင်ကြသည်။ ပြုပြင်ခြင်းကို လက်ခံနိုင်စွမ်းပင် မရှိကြပေ။ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ တာဝန်ကို စွန့်ပစ်တတ်ကြသည်။ ဤသို့ မကြာခဏ ဖြစ်ပျက်သည်။ ဤထက်ပို၍ အဖြစ်များသောအရာမရှိပေ။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသောသူအားလုံး ပြုမူဆောင်ရွက်သည့်ပုံစံ ဖြစ်သည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို မရရှိသေးသည့်အခါတွင် စိတ်မချရဘဲ မယုံကြည်ထိုက်ပေ။ ၎င်းတို့သည် မယုံကြည်ထိုက်သည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့သည် အခက်အခဲများ၊ သို့မဟုတ် ဆုတ်ဆိုင်းမှုများ ကြုံတွေ့ရသောအခါတွင် ကျရှုံးနိုင်ခြေများပြီး အပျက်သဘောဆောင်ကာ အားနည်းလာနိုင်ခြေများသည်ကို ဆိုလိုသည်။ မကြာခဏ အပျက်သဘောဆောင်ပြီး အားနည်းသူသည် ယုံကြည်ထိုက်သောသူတစ်ယောက် ဖြစ်သလော။ သေချာပေါက်မဟုတ်ပေ။ သို့သော် သမ္မာတရားကို နားလည်သောသူတို့သည် ကွဲပြားခြားနားသည်။ သမ္မာတရားကို အမှန်တကယ် နားလည်သောသူတို့သည် အသေအချာပင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသောစိတ်နှလုံးရှိကြသည်။ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောလူတို့သည်သာ ယုံကြည်ထိုက်သောလူများ ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသောသူတို့သည် မယုံကြည်ထိုက်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသောသူတို့ကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ချစ်ခင်သော ကူညီမှုနှင့် ပံ့ပိုးမှုကို ၎င်းတို့အား ပေးသင့်သည်မှာ မှန်ပေသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ၎င်းတို့ကို ပို၍ နောက်ဆက်တွဲ လိုက်လုပ်ဆောင်သင့်သည်။ ပြီးလျှင် ကူညီမှုနှင့် ညွှန်ကြားမှု ပို၍ ပေးသင့်သည်။ ထိုအခါမှသာ ၎င်းတို့တာဝန်ကို ထိရောက်စွာ ထမ်းဆောင်ရန် စိတ်ချရနိုင်သည်။ ဤသို့လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ အဓိက ရည်ရွယ်ချက်မှာ ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းရန်ဖြစ်သည်။ ဒုတိယအနေဖြင့် ပြဿနာများကို ချက်ချင်း ခွဲခြားဖော်ထုတ်ရန်၊ ၎င်းတို့ကို ချက်ချင်းပံ့ပိုးရန်၊ ၎င်းတို့ကို ထောက်ပံ့ရန်၊ သို့မဟုတ် ၎င်းတို့ကို ပြုပြင်ရန်၊ ၎င်းတို့၏ လမ်းလွဲမှုများကို တည့်မတ်ရန်နှင့် ၎င်းတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များအတွက် ထေမိအောင် လုပ်ဆောင်ရန်ဖြစ်သည်။ ဤသည်မှာ လူတို့အတွက် အကျိုးဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ မလိုမုန်းထားခြင်းတစ်ခုမျှမရှိပေ။ လူတို့ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ၎င်းတို့ကို နားလည်အောင် ကြိုးစားခြင်းတို့ အားလုံးသည် ဘုရားသခင်အား ယုံကြည်မှုတွင် မှန်ကန်သောလမ်းကြောင်းကို ၎င်းတို့ဝင်ရောက်စေဖို့ ကူညီပေးရန်၊ ၎င်းတို့တာဝန်ကို ဘုရားသခင်တောင်းဆိုသည့်အတိုင်းနှင့် စည်းမျဉ်းနှင့်အညီ ထမ်းဆောင်နိုင်အောင် ထောက်ကူပေးရန်၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ တစ်ခုခုကို ဖြစ်စေခြင်းမှ ၎င်းတို့အား တားဆီးရန်နှင့် အချည်းနှီးဖြစ်သော အလုပ်ကို လုပ်ဆောင်ခြင်းမှ ၎င်းတို့ကို တားဆီးရန် ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်သည် ၎င်းတို့အပေါ်တွင်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင်လည်းကောင်း တာဝန်ယူခြင်း လုံးလုံးဖြစ်သည်။ ဤတွင် မလိုမုန်းထားခြင်းမရှိပေ။ အကယ်၍ တစ်စုံတစ်ဦးက “သို့ဆိုလျှင် ဤသည်တို့မှာ ဘုရားအိမ်တော်က လူတို့အား ဆက်ဆံသည့် စည်းမျဉ်းများဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့ အသုံးပြုသည့် နည်းလမ်းများ ဖြစ်သည်။ ကျွန်ုပ်သည် ယခုမှစ၍ သတိထားရန် လိုအပ်သည်။ ဘုရားအိမ်တော်၌ လုံခြုံစိတ်ချရသည့် ခံစားချက် မရှိပါ။ သင့်ကို အမြဲတမ်း စောင့်ကြည့်နေသူတစ်ဦး ရှိသည်။ မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် ခက်ခဲလှသည်”ဟု ပြောသည် ဆိုပါစို့။ ဤပြောဆိုချက်သည် မှန်ကန်သလော။ ထိုသို့သော ပြောဆိုချက်ကို မည်သူက လူစားမျိုးက ပြောမည်နည်း။ (မယုံကြည်သူများ ဖြစ်ပါသည်။) မယုံကြည်သူများ၊ အဓိပ္ပာယ်မရှိသောလူများနှင့် ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သောသူများဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဘဲ နားဝေတိမ်တောင်ဖြစ်သော စကားများကို ပြောလေ့ရှိကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဤသည်တို့မှာ အသင်းတော်၏ အလုပ်ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချသော စကားများ မဟုတ်လော။ ယင်းသည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းလည်း ဖြစ်သည်။ ထိုသို့သောစကားများကို ပြောဆိုနိုင်စွမ်းရှိသောသူတို့သည် ဧကန်မုချ သမ္မာတရားကို နားမလည်သော နားဝေတိမ်တောင်ဖြစ်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မချစ်သော မယုံကြည်သူများချည်းသာ ဖြစ်ကြသည်။
ဘုရားအိမ်တော်သည် တာဝန်တစ်ခုကို ထမ်းဆောင်ကြသူများကို ကြီးကြပ်သည်၊ စောင့်ကြည့်လေ့လာသည်၊ နားလည်ရန် ကြိုးစားသည်။ ဘုရားအိမ်တော်၏ ဤစည်းမျဉ်းကို သင်တို့ လက်ခံနိုင်ကြသလော။ (လက်ခံနိုင်ပါသည်။) သင်သည် ဘုရားအိမ်တော်က သင့်ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ နားလည်ရန် ကြိုးစားခြင်းတို့ကို လက်ခံနိုင်လျှင် ယင်းမှာ အလွန်ကောင်းမွန်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းမှာ သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရာတွင်လည်းကောင်း၊ သင်၏ တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ရာတွင်လည်းကောင်း သင့်အတွက် အကူအညီဖြစ်၏။ ယင်းသည် သင့်ကို အကျိုးပြုပြီး ကူညီသည်၊ မည်သည့်ဆိုးကျိုးမျှ လုံးဝမရှိပေ။ သင်သည် ဤစည်းမျဉ်းကို နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုကို အတိုက်အခံလုပ်သည့် သို့မဟုတ် သတိထားရှောင်သည့် ခံစားချက်တစ်ခုမျှ သင့်ထံတွင် နောက်ထပ် မရှိသင့်တော့သည် မဟုတ်လော။ တစ်ခါတစ်ရံ တစ်စုံတစ်ဦးက သင့်ကို နားလည်ရန်၊ သင့်ကို စောင့်ကြည့်ရန်၊ သင်၏အလုပ်ကို ကြီးကြပ်ရန် ကြိုးစားလျှင်ပင် ဤသည်မှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့်အရာတစ်ခု မဟုတ်ချေ။ ငါသည် အဘယ်ကြောင့် ဤသို့ ပြောရသနည်း။ အကြောင်းမှာ ယခု သင်၏ လက်ထဲတွင်ရှိသော တာဝန်များ၊ သင်ထမ်းဆောင်သည့် တာဝန်နှင့် သင်လုပ်ဆောင်သည့် မည်သည့်အလုပ်မဆိုသည် မည်သည့်လူတစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စများ သို့မဟုတ် ပုဂ္ဂိုလ်ရေးအလုပ် မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဆက်စပ်သကဲ့သို့ ဘုရားသခင်၏ အလုပ်၏ အစိတ်အပိုင်းတစ်ခုနှင့် သက်ဆိုင်သည်။ ထို့ကြောင့် မည်သူမဆို သင့်ကို ကြီးကြပ်ရန် သို့မဟုတ် စောင့်ကြည့်လေ့လာရန် အချိန်အနည်းငယ်ပေးသည့်အခါ၊ သို့မဟုတ် သင့်ကို နက်နက်နဲနဲ နားလည်ရန် ကြိုးစားလာသည့်အခါ၊ သင်နှင့် ရင်းရင်းနှီးနှီး ပြောဆိုရန်နှင့် ဤအချိန်အတွင်း သင်၏ အခြေအနေ မည်သို့ရှိသည်ကို သိရှိရန် ကြိုးစားသည့်အခါ၊ တစ်ခါတစ်ရံ ၎င်းတို့၏ သဘောထား အနည်းငယ် ပို၍ ပြင်းထန်ပြီး ၎င်းတို့က သင့်ကို အနည်းငယ် ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့ ပြုသည့်အခါတွင်ပင် ဤအရာအားလုံးမှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင် အသိစိတ်ရှိပြီး တာဝန်သိသော သဘောထားတစ်ခု ရှိသောကြောင့် ဖြစ်သည်။ သင်သည် ဤအရာအပေါ် မည်သည့်အပျက်သဘောဆောင်သော အတွေးအခေါ်များ သို့မဟုတ် စိတ်ခံစားချက်များ မရှိသင့်ချေ။ အခြားသူများက သင့်ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် နားလည်ရန် ကြိုးစားခြင်းတို့ကို သင်လက်ခံနိုင်လျှင် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို သင်လက်ခံသည်ဟု ဆိုလိုသည်။ သင်သည် လူတို့၏ ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် သင့်ကို နားလည်ရန် ကြိုးပမ်းခြင်းတို့ကို လက်မခံလျှင်၊ ဤအရာအားလုံးကို သင်ပြန်လည်တွန်းလှန်လျှင် သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်စွမ်း ရှိမည်လော။ ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းသည် လူတို့က သင့်ကို နားလည်ရန် ကြိုးစားသည့်အချိန်ထက် ပို၍ အသေးစိတ်ကျသည်၊ နက်နဲသည်၊ တိကျမှန်ကန်သည်။ ဘုရားသခင်၏ တောင်းဆိုချက်များသည် ပို၍ သတ်သတ်မှတ်မှတ်ဖြစ်သည်၊ တင်းကျပ်သည်၊ နက်နဲသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်ခြင်းကို သင်လက်မခံနိုင်လျှင် သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်သည်ဟူသော သင်၏ အခိုင်အမာဆိုချက်များသည် အနှစ်သာရမရှိသော စကားများ မဟုတ်လော။ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းနှင့် စစ်ဆေးမှုကို လက်ခံနိုင်ရန်အလို့ငှာ သင်သည် ဘုရားအိမ်တော်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ ကြီးကြပ်ခြင်းကို ဦးစွာ လက်ခံရမည် ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်တွင် လူ့အခွင့်အရေးရှိသည်၊ ကျွန်ုပ်တွင် ကျွန်ုပ်၏ လွတ်လပ်ခွင့်ရှိသည်၊ ကျွန်ုပ်တွင် ကိုယ်ပိုင်အလုပ်လုပ်သည့်နည်းလမ်း ရှိသည်။ ကျွန်ုပ်လုပ်ဆောင်သမျှ အရာတိုင်းတွင် ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းကို ခံရခြင်းသည် အလွန် ချုပ်ချယ်သော နေထိုင်မှုပုံစံတစ်ခု မဟုတ်လော။ ကျွန်ုပ်၏ လူ့အခွင့်အရေးများ အဘယ်မှာနည်း။ ကျွန်ုပ်၏ လွတ်လပ်ခွင့် အဘယ်မှာနည်း”ဟု ပြောကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်သည် သမ္မာတရားဖြစ်သလော။ သမ္မာတရား မဟုတ်ပေ။ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်သည် လူ့အဖွဲ့အစည်းတွင် လူတို့ကို ဆက်ဆံသည့် အတော်အတန် ယဉ်ကျေးပြီး တိုးတက်သော နည်းလမ်းများမျှသာ ဖြစ်သော်လည်း ဘုရားအိမ်တော်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားက အရာအားလုံး၏ အထက်တွင်ရှိသည်။ “လူ့အခွင့်အရေး”နှင့် “လွတ်လပ်ခွင့်” တို့နှင့် တစ်တန်းတည်းထား၍ ပြောဆို၍မရနိုင်ပေ။ ထို့ကြောင့် ဘုရားအိမ်တော်၌ လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် ဘာသာတရားမရှိသူများ၏ လောကမှ မြင့်မားသော သီအိုရီများ သို့မဟုတ် အသိပညာကို အခြေမခံဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားကို အခြေခံသည်။ သို့ဖြစ်၍ အချို့လူများက လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ၎င်းတို့ လိုချင်သည်ဟု ပြောသည့်အခါ ဤသည်မှာ စည်းမျဉ်းများနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤအရာက တာဝန်ထမ်းဆောင်ခြင်း၏ စည်းမျဉ်းနှင့် ကိုက်ညီခြင်းမရှိသည်မှာ အလွန်သိသာထင်ရှားသည်။ သင်သည် ငွေရှာရန် လူ့အဖွဲ့အစည်းတွင် အလုပ်လုပ်နေခြင်းမဟုတ်ဘဲ ဘုရားအိမ်တော်၌ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ သို့ဖြစ်၍ သင်၏ လူ့အခွင့်အရေးများကို ကာကွယ်ပေးရန် သင့်အတွက် မည်သူကမျှ ရပ်တည်ပေးဖို့ မလိုအပ်ပေ။ ထိုသို့သောအရာများသည် မလိုအပ်ချေ။ လူအများစုသည် လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်တို့နှင့်စပ်လျဉ်း၍ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကြသလော။ ဤအရာများသည် လူ့အတွေးအခေါ်များ၊ ရှုထောင့်အမြင်များနှင့် သက်ဆိုင်ပြီး သမ္မာတရားကဲ့သို့ တစ်တန်းတည်းထား၍ ပြောဆို၍မရနိုင်ပေ။ ထိုသို့သော စိတ်ကူးများသည် ဘုရားအိမ်တော်၌ အရာမဝင်ပေ။ ခေါင်းဆောင်တစ်ဦးက သင်၏အလုပ်ကို ကြီးကြပ်ခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယင်းက ၎င်းတို့သည် အသင်းတော်၏ အလုပ်အတွက် တာဝန်ယူနေသည်ဟု ဆိုလိုသောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်၊ ၎င်းတို့၏ တာဝန်ယူမှု ဖြစ်သည်။ ဤတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်းက ၎င်းတို့သည် အရည်အချင်းရှိသော ခေါင်းဆောင်တစ်ဦး၊ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ကြောင်း သက်သေပြသည်။ သင့်ကို လုံးဝလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများ ပေးထားပြီး သင်သည် သင်အလိုရှိသမျှကို လုပ်ဆောင်နိုင်လျှင်၊ သင်၏ အလိုဆန္ဒများကို လိုက်နာနိုင်လျှင်၊ လွတ်လပ်မှုအပြည့်နှင့် ဒီမိုကရေစီကို ခံစားနိုင်လျှင်၊ သင်လုပ်ဆောင်သည့်အရာ သို့မဟုတ် သင်လုပ်ဆောင်ပုံ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်က ဂရုမစိုက်ဘဲ သို့မဟုတ် ကြီးကြပ်ခြင်းမရှိလျှင်၊ သင့်ကို မည်သည့်အခါမျှ မေးခွန်းမထုတ်လျှင်၊ သင်၏အလုပ်ကို မစစ်ဆေးလျှင်၊ ပြဿနာများ တွေ့ရှိသည့်အခါ ထုတ်မပြောလျှင်၊ သင့်ကို ချော့မော့ခြင်း သို့မဟုတ် ညှိနှိုင်းခြင်းတို့သာ ပြုလျှင် ၎င်းတို့သည် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်မည်လော။ မဟုတ်သည်မှာ ရှင်းနေပါသည်။ ထိုသို့သော ခေါင်းဆောင်သည် သင့်ကို အန္တရာယ်ပြုနေခြင်း ဖြစ်သည်။ ၎င်းတို့သည် သင်၏ မကောင်းမှုပြုခြင်းကို လိုက်လျောသည်၊ သင်သည် စည်းမျဉ်းများကို ဆန့်ကျင်ပြီး သင်အလိုရှိသကဲ့သို့ လုပ်ဆောင်သည်ကို ခွင့်ပြုသည်။ ၎င်းတို့သည် သင့်ကို မီးကျင်းထဲသို့ တွန်းချနေခြင်း ဖြစ်သည်။ ဤသည်မှာ တာဝန်သိပြီး စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး မဟုတ်ချေ။ တစ်ဖက်တွင်မူ ခေါင်းဆောင်တစ်ဦးက သင့်ကို ပုံမှန် ကြီးကြပ်နိုင်လျှင်၊ သင်၏အလုပ်ထဲမှ ပြဿနာများကို ရှာဖွေဖော်ထုတ်ပြီး သင့်ကို ချက်ချင်း သတိပေးခြင်း သို့မဟုတ် ပြစ်တင်ကြိမ်းမောင်းပြီး ဖော်ထုတ်ခြင်း၊ သင်၏ မှားယွင်းသော လိုက်စားမှုများနှင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် လမ်းလွဲမှုများကို အချိန်မီ ပြုပြင်ပေးပြီး ကူညီပေးလျှင်၊ ၎င်းတို့၏ ကြီးကြပ်မှု၊ ပြစ်တင်ကြိမ်းမောင်းမှု၊ ထောက်ပံ့မှု၊ အကူအညီတို့အောက်တွင် သင်၏ တာဝန်အပေါ် မှားယွင်းသော သဘောထား ပြောင်းလဲသွားလျှင်၊ သင်သည် အဓိပ္ပာယ်မရှိသော အမြင်အချို့ကို စွန့်ပယ်နိုင်လျှင်၊ သင်၏ ကိုယ်ပိုင်စိတ်ကူးများနှင့် စိတ်လိုက်မာန်ပါ ဖြစ်ခြင်းမှ ဖြစ်ပေါ်လာသော အရာများ တဖြည်းဖြည်း လျော့နည်းသွားလျှင်၊ သင်သည် မှန်ကန်ပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဖြစ်သော ပြောဆိုချက်များနှင့် အမြင်များကို အေးဆေးတည်ငြိမ်စွာ လက်ခံနိုင်လျှင် ဤသည်မှာ သင့်အတွက် အကျိုးရှိသည် မဟုတ်လော။ အကျိုးကျေးဇူးများမှာ အမှန်ပင် ကြီးမားလှပေသည်။
ဘုရားအိမ်တော်သည် ၎င်း၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် နားလည်ခြင်းတို့ကို ကျင့်သုံးခြင်းဖြင့် ဆက်ဆံသည်။ လူတို့ကို ဤနည်းလမ်းဖြင့် ဆက်ဆံခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ လူတို့ကို ဤပုံစံဖြင့် အဘယ်ကြောင့် ဆက်ဆံရသနည်း။ ယင်းသည် လူတစ်ဦး၏ တာဝန်အပေါ် သစ္စာစောင့်သိခြင်း၊ အလေးအနက်ထားခြင်းနှင့် တာဝန်သိခြင်းဆိုင်ရာ စည်းမျဉ်းများမှ ဖြစ်ပေါ်လာသော နည်းလမ်းနှင့် လုပ်နည်းကိုင်နည်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ ခေါင်းဆောင်တစ်ဦးသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့ တာဝန်ယူရသောလူများကို မည်သည့်အခါမျှ ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ သို့မဟုတ် နက်ရှိုင်းစွာ နားလည်ခြင်း မရှိပါက ၎င်းတို့၏ တာဝန်အပေါ် သစ္စာစောင့်သိသော ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်းတို့ကို မှတ်ယူ၍ရနိုင်သလော။ သိသာထင်ရှားစွာပင် မှတ်ယူ၍မရပေ။ သင်တို့၏ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ကြီးကြပ်ရေးမှူးများသည် သင်၏အလုပ်ကို စစ်ဆေးဖူးသလော။ ၎င်းတို့သည် သင့်အလုပ်၏ တိုးတက်မှုအကြောင်း စုံစမ်းမေးမြန်းဖူးသလော။ ၎င်းတို့သည် သင်၏အလုပ်တွင် ပေါ်ပေါက်ခဲ့သော ပြဿနာများကို ဖြေရှင်းပေးဖူးသလော။ ၎င်းတို့သည် သင်၏အလုပ်တွင်ရှိသည့် သိသာထင်ရှားသော အပြစ်အနာအဆာများ သို့မဟုတ် လမ်းလွဲမှုများကို ပြုပြင်ပေးဖူးသလော။ ၎င်းတို့သည် သင်၏ လူ့သဘာဝနှင့်ဆိုင်သည့် အမျိုးမျိုးသော သရုပ်သကန်များနှင့် ထုတ်ဖော်ပြသမှုများ၊ အသက်ဝင်ရောက်မှုအပေါ် သင်၏ လိုက်စားခြင်းတို့နှင့်ပတ်သက်၍ အကူအညီ၊ ထောက်ပံ့မှု၊ ပံ့ပိုးမှု၊ သို့မဟုတ် ပြုပြင်ခြင်းတို့ကို ပေးဖူးသလော။ အကယ်၍ ခေါင်းဆောင်တစ်ဦးသည် သာမန်တာဝန်များကို ထမ်းဆောင်နေသူများအတွက် လမ်းညွှန်မှုကို မည်သည့်အခါမျှ မပေးရုံသာမက အရေးပါသောအလုပ်တွင် ပါဝင်နေသူများအတွက် မိတ်သဟာယ၊ အကူအညီ၊ သို့မဟုတ် ပံ့ပိုးမှုကိုလည်း မည်သည့်အခါမျှ မပေးပါက၊ ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ သို့မဟုတ် နက်ရှိုင်းစွာ နားလည်ခြင်းတို့ကို မဆိုထားနှင့်၊ဤသရုပ်သကန်များနှင့် လုပ်ဆောင်ချက်များမရှိပါက၊ ဤခေါင်းဆောင်ကို လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် မှတ်ယူ၍ရလော။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီသလော။ (မပြည့်မီပါ။) အချို့လူများက “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် တစ်ပတ်လျှင် နှစ်ကြိမ် ကျွန်ုပ်တို့အတွက် စုဝေးပွဲများ ကျင်းပပေးသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ် မိတ်သဟာယဖွဲ့ပြီး ထို့နောက်တွင် အထက်မှ မိတ်သဟာယအချို့ကို ဖတ်ပြကာ တစ်ခါတစ်ရံ ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံဆိုင်ရာ သိနားလည်မှုအကြောင်း မိတ်သဟာယဖွဲ့သည်။ သို့သော် ၎င်းတို့သည် ကျွန်ုပ်တို့၏ အမျိုးမျိုးသော အခြေအနေများအပြင် ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင်ဖြစ်စေ၊ အသက်ဝင်ရောက်မှုတွင်ဖြစ်စေ ကြုံတွေ့ရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ မည်သည့်အကြံဉာဏ်မျှ၊ ထောက်ပံ့မှုများမျှ၊ သို့မဟုတ် အကူအညီကိုမျှ လုံးဝ မပေးခဲ့ပါ”ဟု ပြောကြသည်။ ဤခေါင်းဆောင်နှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်မြင်သနည်း။ (၎င်းတို့ စံနှုန်းမပြည့်မီပါ၊ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။) အကယ်၍ ခေါင်းဆောင်တစ်ဦးသည် ၎င်းတို့၏ ကိုယ်ပိုင်အလုပ် သို့မဟုတ် ၎င်းတို့ လက်အောက်ရှိလူများ၏ အမျိုးမျိုးသော အခြေအနေများကို ဂရုမစိုက်သည့်အပြင်၊ ၎င်းတို့၏ တာဝန်ဝတ္တရားများကိုလည်း မဖြည့်ဆည်းပါက ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီခြင်းမရှိပေ။ ၎င်းတို့သည် မည်သူ့ကိုမျှ ကြီးကြပ်ခြင်းမရှိ၊ စောင့်ကြည့်လေ့လာခြင်းမရှိ၊ သို့မဟုတ် နားလည်ရန် မကြိုးစားကြပေ။ အကြိမ်တိုင်းတွင်၊ ၎င်းတို့နှင့် သင်၏ စကားစမြည်ပြောဆိုမှုများက ဤသို့ဖြစ်သည်- “ဤလူသည် ယခု မည်သို့နေသနည်း။” “ကျွန်ုပ်သည် ၎င်းတို့ကို လက်ရှိ စောင့်ကြည့်လေ့လာနေပါသည်။” “သင် စောင့်ကြည့်လေ့လာနေသည်မှာ မည်မျှကြာပြီနည်း။ ၎င်းတို့နှင့် သင်ရင်းနှီးပါသလော။” “ကျွန်ုပ် ၎င်းတို့ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာ စောင့်ကြည့်လေ့လာနေပြီးဖြစ်ပါသည်။ ကျွန်ုပ် ၎င်းတို့နှင့် သိပ်ရင်းနှီးခြင်း မရှိသေးပါ။” “ထိုလူကော မည်သို့နည်း။” “၎င်းတို့နှင့်ပတ်သက်၍ ကျွန်ုပ် သိပ်မရှင်းလင်းသေးပါ၊ သို့သော် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဒုက္ခခံနိုင်ပြီး စိတ်ပိုင်းဖြတ်မှုရှိကာ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် လိုလားပါသည်။” “ထိုအရာအားလုံးမှာ အပေါ်ယံသာ ဖြစ်သည်။ ၎င်းတို့၏ သမ္မာတရားကို လိုက်စားခြင်းနှင့်ပတ်သက်၍ကော မည်သို့နည်း။” “ထိုအကြောင်းကိုလည်း ကျွန်ုပ် လေ့လာရမည်လော။ ကောင်းပြီ၊ ကျွန်ုပ် ယင်းကို စစ်ဆေးကြည့်ပါမည်။” ၎င်းတို့က စစ်ဆေးကြည့်မည်ဟု ပြောပြီးနောက် ရလဒ်များအတွက် သင် မည်မျှကြာအောင် စောင့်ဆိုင်းရန် လိုအပ်မည်မှာ မသိရပေ။ ယင်းမှာ မသေချာမရေရာသည့်အရာ ဖြစ်သည်။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်သည် ၎င်းတို့၏ အလုပ်တွင် ယုံကြည်ထိုက်ခြင်း မရှိပေ။
သင်တို့၏ အသင်းတော်ခေါင်းဆောင်များနှင့် သင်တို့၏ ကြီးကြပ်ရေးမှူးများသည် သင်တို့၏ အလုပ်အပေါ် တာဝန်ယူသော သဘောထား ရှိကြသလော။ ၎င်းတို့သည် အလုပ်နှင့်စပ်လျဉ်း၍ သင်တို့၏ အခြေအနေများကို အမှန်တကယ် သဘောပေါက်နားလည်ကြသလော။ အလုပ်၏ ဤကဏ္ဍကို ကောင်းမွန်စွာ ဖြေရှင်းပြီးပြီလော။ (မဖြေရှင်းရသေးပါ။) ၎င်းတို့ထဲမှ မည်သူကမျှ ဤကဏ္ဍကို ကောင်းမွန်စွာ မဖြေရှင်းသေးပေ။ မည်သူကမျှ မိမိတို့၏ တာဝန်အပေါ် သစ္စာစောင့်သိပြီး အလုပ်အတွက် အလေးအနက်ထားကာ တာဝန်သိသည့်အဆင့်သို့ မရောက်ရှိကြပေ။ သို့ဆိုလျှင် ဤအရာကို စွမ်းဆောင်ရရှိခြင်းက လွယ်ကူသလော။ ခက်ခဲသလော။ မခက်ခဲပေ။ သင်သည် အတိုင်းအတာတစ်ခုအထိ အစွမ်းအစကို အမှန်တကယ် ပိုင်ဆိုင်လျှင်၊ သင်တာဝန်ရှိသည့် နယ်ပယ်အတွင်းတွင် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို အမှန်တကယ် နားလည်သဘောပေါက်လျှင် သင်၏အလုပ်အကိုင်နှင့်ပတ်သက်ပြီး အကျွမ်းတဝင်ရှိလျှင် သင်သည် စကားတစ်ရပ်ကို လိုက်နာရန်သာလိုပြီး သင်၏တာဝန်တွင် သစ္စာရှိနိုင်လိမ့်မည်။ ယင်းက မည်သည့်စကားဖြစ်သနည်း။ “စိတ်နှစ်လုပ်ကိုင်လော့။” သင်သည် အမှုအရာများအပေါ် စိတ်နှစ်လျှင်၊ လူတို့အပေါ် စိတ်နှစ်လျှင် သင်၏တာဝန်တွင် သစ္စာရှိပြီး တာဝန်သိတတ်နိုင်လိမ့်မည်။ ဤစကားက လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသလော။ ဤအရာကို မည်သို့လက်တွေ့လုပ်ဆောင်သနည်း။ ယင်းမှာ ကြားရန် သင်၏နားကို အသုံးပြုဖို့ မဆိုလိုသကဲ့သို့ တွေးရန် သင်၏ စိတ်ကို အသုံးပြုရန်လည်း မဆိုလိုပေ။ ယင်းမှာ သင်၏ စိတ်နှလုံးကို အသုံးပြုခြင်းအား ဆိုလိုသည်။ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို အမှန်တကယ် အသုံးပြုနိုင်ပါက တစ်စုံတစ်ယောက်က တစ်ခုခုလုပ်သည်ကို၊ တစ်နည်းနည်းဖြင့် ပြုမူသည်ကို သို့မဟုတ် တစ်စုံတစ်ခုအပေါ် တုံ့ပြန်မှုတစ်မျိုးမျိုးရှိသည်ကို သူ၏ မျက်လုံးများက မြင်သောအခါ၊ သို့မဟုတ် လူအချို့၏ ထင်မြင်ချက်များ သို့မဟုတ် ငြင်းခုံမှုများကို သူ၏ နားများက ကြားသောအခါ ဤအရာများကို တွေးတောချိန်ဆရန် သူ၏ စိတ်နှလုံးကို အသုံးပြုခြင်းအားဖြင့် သူ၏ စိတ်တွင် စိတ်ကူး၊ အမြင်နှင့် သဘောထားအချို့ ဖြစ်ပေါ်လာလိမ့်မည်။ ဤစိတ်ကူး၊ အမြင်နှင့် သဘောထားများသည် ထိုလူ၊ သို့မဟုတ် အမှုအရာအပေါ် လေးနက်သော၊ ထူးခြားသော၊ မှန်ကန်သော နားလည်မှုရှိစေလိမ့်မည်။ တစ်ချိန်တည်းတွင် သင့်တော်သော၊ မှန်ကန်သော အကဲဖြတ်မှုနှင့် စည်းမျဉ်းများဖြစ်ပေါ်လိမ့်မည်။ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို အသုံးပြုသည့် ဤသရုပ်သကန်များရှိသည့်အခါမှသာ သူသည် မိမိ၏တာဝန်ကို သစ္စာစောင့်သိသညဟု ဆိုလိုသည်။ သို့သော် သင်သည် အမှုအရာများအပေါ် စိတ်မနှစ်လျှင်၊ ဤအရာအတွက် စိတ်မပါလျှင် သင်၏မျက်လုံးများသည် သင်မြင်သည့် မည်သည့်အရာကိုမဆို တုံ့ပြန်ခြင်း မရှိသည့်အပြင် သင်၏နားများသည်လည်း သင်ကြားသည့် မည်သည့်အရာကိုမဆို တုံ့ပြန်ခြင်း မရှိပေ။ သင်၏မျက်လုံးများသည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မည်သည့်အခါမျှ စောင့်ကြည့်လေ့လာခြင်း မရှိ။ သင် အမှတ်တမဲ့ ကြုံတွေ့ရသည့် အကြောင်းအရာများကို ယင်းတို့က မလေ့လာပေ။ သင်၏စိတ်နှလုံးထဲတွင် သင်ကြားရသည့် အမျိုးမျိုးသော အသံများနှင့် အကြောင်းပြချက်များကို ပိုင်းခြားသိမြင်မည်မဟုတ်၊ သင်ကြားရသည့် သတင်းအချက်အလက်များကို သင်ပိုင်းခြားသိမြင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ မျက်စိဖွင့်ထားသော်လည်း မျက်မမြင်ဖြစ်ခြင်းနှင့် တူသည်။ လူတစ်ဦး၏ စိတ်နှလုံးသည် ကန်းနေသည့်အခါ ၎င်းတို့၏ မျက်လုံးများသည်လည်း ကန်းနေပေသည်။ သို့ဆိုလျှင် မျက်လုံးများဖြင့် အမှုအရာများကို စောင့်ကြည့်လေ့လာခြင်းနှင့် နားများဖြင့် အချက်အလက်များကို လက်ခံခြင်းမှ စိတ်ကူးများ၊ အမြင်များနှင့် သဘောထားများ ဖြစ်ပေါ်လာစေသည့်အရာမှာ အဘယ်နည်း။ ထိုအရာက အမှုအရာများအပေါ် သင် စိတ်နှစ်ခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတို့အပေါ်တွင် မူတည်သည်ချည်းသာ ဖြစ်သည်။ သင်သည် အမှုအရာများအပေါ် စိတ်နှစ်ထားလျှင် အချက်အလက်များကို သင် လက်ခံရရှိသည့်အခါတိုင်း၊ မြင်သည်ဖြစ်စေ ကြားသည်ဖြစ်စေ အမြင်များကို သင် ဖြစ်ပေါ်စေနိုင်လိမ့်မည်ဖြစ်ပြီး လူတစ်ဦး သို့မဟုတ် အမှုအရာတစ်ခုအပေါ် နက်ရှိုင်းသော သိနားလည်မှုတစ်ခု ရရှိနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် သင်သည် အမှုအရာများအပေါ် စိတ်မနှစ်လျှင် လက်ခံရရှိထားသည့် မည်သည့် သတင်းအချက်အလက် ပမာဏကမျှ အသုံးဝင်မည်မဟုတ်ပေ။ သင်သည် ယင်းကို ပိုင်းခြားသိမြင်ရန် သို့မဟုတ် ထိုးထွင်းသိမြင်ရန် စိတ်မနှစ်ထားလျှင် သင်သည် အသုံးမကျ၊ အသုံးမဝင်သည့်သူ ဖြစ်လာလျက် မည်သည့်အရာကိုမျှ ရရှိလိမ့်မည်မဟုတ်ပေ။ အသုံးမကျသောသူတစ်ဦးဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းက မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် စိတ်မနှစ်သောသူတစ်ဦးကို ရည်ညွှန်းသည်။ ၎င်းတို့တွင် မျက်စိများနှင့် နားများ ရှိသော်လည်း ဤအရာများက အသုံးမဝင်ပေ။ စိတ်နှလုံးမရှိသောသူတစ်ဦးသည် မိမိ၏ တာဝန်အပေါ် သစ္စာစောင့်သိမည်မဟုတ်သည့်အပြင်၊ မိမိ၏ အလုပ်အပေါ် အလေးအနက်ထားပြီး တာဝန်သိသော သဘောထားတစ်ခုကိုလည်း စွမ်းဆောင်ရရှိမည်မဟုတ်ပေ။
ဘုရားအိမ်တော်သည် အသင်းတော်အလုပ်ကို တိုးတက်စေရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့ တတ်နိုင်သမျှ အမြန်ဆုံး လမ်းညွှန်ရန် ရည်ရွယ်ချက်ဖြင့် အဆင့်အားလုံးတွင်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို နက်ရှိုင်းသော အဆင့်ဖြင့် စောင့်ကြည့်လေ့လာကာ သိနားလည်လျက် ၎င်းတို့အပေါ် ကြီးကြပ်မှုကို ကျင့်သုံးလေသည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကြီးကြပ်ခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းသည် မရှိမဖြစ်လိုအပ်ပြီး ဤနည်းလမ်းဖြင့် ကျင့်သုံးရမည်ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့ကျသောအလုပ်တွင် မပါဝင်ကြောင်း တွေ့ရှိရကာ ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းပါက ဤသည်မှာ အသင်းတော်အလုပ်၏ တိုးတက်မှုအတွက် အကျိုးရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကြီးကြပ်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တာဝန်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အပြည့်အဝ ကိုက်ညီသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်သည့်အတွက်၊ ၎င်းတို့ကို ကြီးကြပ်ခြင်းမရှိပါက ယင်းသည် ၎င်းတို့ကို ထိခိုက်နစ်နာစေသည်သာမက၊ အသင်းတော်အလုပ်ကိုလည်း တိုက်ရိုက် သက်ရောက်မှုရှိပေမည်။ မည်သို့သောအခြေအနေများအောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုကို မလိုအပ်တော့သနည်း။ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းနှင့် အသုံးပြုခြင်းကို ခံရသောသူများဖြစ်လာလျက်၊ သမ္မာတရားကို အပြည့်အဝ နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ကာ စည်းမျဉ်းများဖြင့် ပြုမူဆောင်ရွက်သည့်အချိန်တွင် ဖြစ်သည်။ ထိုသို့သောအခြေအနေများတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုသည် မလိုအပ်သောအရာဖြစ်လာသည့်အပြင်၊ ဘုရားအိမ်တော်သည် ဤကိစ္စကို အလေးပေးတော့မည်မဟုတ်ပေ။ သို့သော် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရသောသူတစ်ဦးသည် အမှားများ၊ လမ်းလွဲမှုများနှင့် လုံးဝ ကင်းရှင်းသွားပြီးဖြစ်သည်ဟု အာမခံနိုင်သလော။ သေချာပေါက် မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရားကို နားလည်သောသူများ၏ ကြီးကြပ်မှုကဲ့သို့ပင်၊ ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းက လိုအပ်နေဆဲဖြစ်သည်။ ဤကျင့်သုံးခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အပြည့်အဝ ကိုက်ညီပေသည်။ လူသားအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ကြီးကြပ်မှုမှတစ်ဆင့်သာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ၎င်းတို့၏ အလုပ်အတွက် တာဝန်ယူရန်နှင့် ၎င်းတို့၏ တာဝန်များအပေါ် သစ္စာစောင့်သိရန် တိုက်တွန်း၍ရနိုင်ပေသည်။ ကြီးကြပ်မှုမရှိဘဲ ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် မိမိတို့၏ တမင် မဆင်မခြင် ပြုမူဆောင်ရွက်ကြမည်ဖြစ်ပြီး ဝတ်ကျေတမ်းကျေဖြစ်သော ပုံစံကို ခံယူကျင့်သုံးကြမည်ဖြစ်သည်—ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားတစ်ခု ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ပြီး သင်၏အနီးဝန်းကျင်ရှိ ညီအစ်ကိုမောင်နှမများက သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဟုတ်မဟုတ်ဟူသည်ကို နားလည်ရန် ကြိုးစားလျက် သင့်ကို မကြာခဏ ကြီးကြပ်ပြီး စောင့်ကြည့်လေ့လာပါက ဤသည်မှာ သင့်အတွက် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် သင်နှင့်ပတ်သက်၍ ပြဿနာတစ်ခုကို တွေ့ရှိပြီး သင်သည် ယင်းကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းနိုင်ပါက ဤသည်မှာ သင်၏ သမ္မာတရားကို လိုက်စားခြင်းနှင့် သင်၏ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိပေသည်။ သင် မကောင်းမှုကျူးလွန်နေကြောင်းနှင့် များပြားသော ဆိုးယုတ်သည့်အပြုအမူများကို သင် သီးသန့် ထုတ်ဖော်ပြသကာ သမ္မာတရားကို လိုက်စားသောသူတစ်ဦး မုချ မဟုတ်ကြောင်းကို ၎င်းတို့ ရှာဖွေတွေ့ရှိပါက၊ ၎င်းတို့သည် သင့်ကို ဖော်ထုတ်ပြီး သင်၏ ရာထူးမှ ထုတ်ပယ်မည်ဖြစ်သည်။ ယင်းက ဘုရားသခင် ရွေးချယ်ထားသောသူများအတွက် ဘေးဥပဒ်တစ်ခုကို ဖယ်ရှားပေးမည်ဖြစ်ပြီး သင့်ကို ပိုမိုပြင်းထန်သော အပြစ်ဒဏ်ကို ရှောင်ရှားခွင့်ပေးမည်ဖြစ်သည်။ ထိုသို့သော ကြီးကြပ်မှုသည် မည်သူ့အတွက်မဆို အကျိုးရှိသည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ ကြီးကြပ်မှုအပေါ် မှန်ကန်သော တုံ့ပြန်မှု ရှိသင့်သည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူတစ်ဦးဖြစ်ပါက ဘုရားသခင် ရွေးချယ်ထားသောသူများ၏ ကြီးကြပ်မှုကို လိုအပ်သည်ဟု သင် ခံစားရလိမ့်မည်ဖြစ်ပြီး ထို့ထက်မက ၎င်းတို့၏ အကူအညီကို လိုအပ်သည်ဟု ခံစားရလိမ့်မည်ဖြစ်သည်။ သင်သည် ဆိုးယုတ်သောသူတစ်ဦးဖြစ်ပြီး လိပ်ပြာမလုံပါက သင်သည် ကြီးကြပ်ခြင်းကို ခံရမည်ကို ကြောက်ရွံ့လိမ့်မည်ဖြစ်ပြီး ယင်းကို ရှောင်ရှားရန် ကြိုးစားလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ရှောင်လွှဲ၍မရပေ။ ထို့ကြောင့် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ ကြီးကြပ်မှုကို အတိုက်အခံလုပ်ပြီး အလွန်အမင်း မနှစ်မြို့သောသူအားလုံးသည် ဖုံးကွယ်ရမည့် တစ်စုံတစ်ခု ရှိကြပြီး ရိုးသားသောသူများ သေချာပေါက် မဟုတ်ကြသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ လှည့်ဖြားတတ်သောသူများထက် ကြီးကြပ်မှုကို ပို၍ ကြောက်ရွံ့သောသူ မည်သူမျှမရှိပေ။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ ကြီးကြပ်မှုအပေါ် မည်သည့် သဘောထားကို ခံယူသင့်သနည်း။ ယင်းသည် အပျက်သဘောဆောင်ခြင်း၊ သတိထားရှောင်ခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် မကျေမချမ်းဖြစ်ခြင်း ဖြစ်သင့်သလော သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များအပေါ် နာခံခြင်းနှင့် နှိမ့်ချသော လက်ခံခြင်း ဖြစ်သင့်သလော။ (နှိမ့်ချသော လက်ခံခြင်း ဖြစ်သင့်ပါသည်။) နှိမ့်ချသော လက်ခံခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ အရာရာကို ဘုရားသခင်ထံမှ လက်ခံခြင်း၊ သမ္မာတရားကို ရှာဖွေခြင်း၊ မှန်ကန်သော သဘောထားကို ခံယူခြင်းနှင့် စိတ်လိုက်မာန်ပါ မဖြစ်ခြင်းတို့ကို ဆိုလိုသည်။ အကယ်၍ တစ်စုံတစ်ဦးက သင်နှင့်ပတ်သက်၍ ပြဿနာတစ်ခုကို အမှန်တကယ် ရှာဖွေတွေ့ရှိပြီး သင့်ကို ထောက်ပြကာ ယင်းကို ပိုင်းခြားသိမြင်ပြီး နားလည်ရန် သင့်ကို ကူညီလျက် ဤကိစ္စကို ဖြေရှင်းရာတွင် သင့်ကို ကူညီပါက ၎င်းတို့သည် သင့်အပေါ် တာဝန်ယူနေခြင်းဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ အသက်ဝင်ရောက်မှုအပေါ် တာဝန်ယူနေခြင်း ဖြစ်သည်။ ဤသည်မှာ လုပ်ဆောင်ရန် မှန်ကန်သောအရာဖြစ်ပြီး လုံးဝ သဘာဝကျကာ ကျိုးကြောင်းခိုင်လုံသည်။ အကယ်၍ အသင်းတော်၏ ကြီးကြပ်မှုကို စာတန်ထံမှလည်းကောင်း၊ မလိုမုန်းထားသော ရည်ရွယ်ချက်များမှလည်းကောင်း အစပြုသည်ဟု မှတ်ယူသောသူများ ရှိပါက ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်။ ထိုသို့သော နတ်ဆိုးဆန်သည့် သဘာဝဖြင့် ၎င်းတို့သည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို သေချာပေါက် လက်ခံမည်မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးပါက ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ ကြီးကြပ်မှုအပေါ် မှန်ကန်သော နားလည်မှု ရှိကြလိမ့်မည်။ ယင်းကို မေတ္တာဖြင့် လုပ်ဆောင်ခြင်းအဖြစ်၊ ဘုရားသခင်ထံမှ လာခြင်းအဖြစ် မှတ်ယူနိုင်ကြလိမ့်မည်ဖြစ်ကာ ဘုရားသခင်ထံမှ ထိုအရာကို လက်ခံနိုင်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အတိုက်အခံလုပ်ခြင်း၊ သတိထားရှောင်ခြင်း၊ သို့မဟုတ် သံသယဖြစ်ခြင်းတို့ ဖြစ်ပေါ်ရန် မဆိုထားနှင့်၊ ဧကန်မုချ စိတ်မြန်လက်မြန်ဖြစ်လိမ့်မည် မဟုတ် သို့မဟုတ် စိတ်လိုက်မာန်ပါ ပြုမူလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် ရွေးချယ်ထားသောသူများ၏ ကြီးကြပ်မှုကို ချဉ်းကပ်ရန် အမှန်ကန်ဆုံးသော သဘောထားမှာ ဤသို့ဖြစ်သည်။ သင့်အတွက် အထောက်အကူဖြစ်သော မည်သည့်စကားများ၊ လုပ်ရပ်များ၊ ကြီးကြပ်မှု၊ စောင့်ကြည့်လေ့လာမှု၊ သို့မဟုတ် ပြုပြင်ပေးခြင်း၊ ပြုပြင်ခြင်းပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်ထံမှ လက်ခံသင့်သည်။ စိတ်မြန်လက်မြန် မလုပ်နှင့်။ စိတ်မြန်လက်မြန်လုပ်ခြင်းသည် ဆိုးယုတ်သောသူတစ်ဦးထံမှ၊ စာတန်ထံမှ လာသည်။ ယင်းသည် ဘုရားသခင်ထံမှ မလာသည့်အပြင် လူတို့က သမ္မာတရားအပေါ် ထားရှိသင့်သော သဘောထားလည်း မဟုတ်ပေ။
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ သတ္တမမြောက် တာဝန်နှင့်ပတ်သက်၍ ငါတို့ ထပ်ဖြည့်စွက်ပြီး မိတ်သဟာယဖွဲ့ရမည့်အရာမှာ ထိုမျှလောက်သာ ဖြစ်သည်။ သို့ဆိုလျှင် ဤသည်မှာ ထပ်ဖြည့်စွက်ရမည့် ပို၍ တိကျသောအကြောင်းအရာ တစ်ခုမျှမရှိဘဲ တာဝန်ကို အပြည့်အဝ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်ဟု ဆိုလိုသလော။ မဟုတ်ပေ၊ တာဝန်တိုင်းတွင် များစွာပို၍ တိကျပြီး အသေးစိတ်ကျသော အကြောင်းအရာ ပါရှိနေဆဲဖြစ်သည်။ ငါမိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ ဆက်စပ်လွှမ်းခြုံနေသော စည်းမျဉ်းများဖြစ်သည်။ ကျန်သည့်အရာများဖြစ်သော တိကျသည့် အသေးစိတ်အချက်များကို မည်သို့အကောင်အထည်ဖော်မည်၊ ဤစည်းမျဉ်းများကို မည်သို့လက်တွေ့လုပ်ဆောင်ပြီး ကျင့်သုံးရမည်ဟူသည်တို့မှာ အတွေ့အကြုံမှတစ်ဆင့် သင်တို့၏ ကိုယ်ပိုင် ပါဝင်လုပ်ဆောင်ခြင်းအပေါ် မူတည်သည်။ အကယ်၍ သင်တို့သည် ဤစည်းမျဉ်းများကို ထိုးထွင်းမမြင်နိုင်သေးပါက သို့မဟုတ် ယင်းတို့အား မည်သို့ကျင့်သုံးရမည်ကို မသိသေးပါက အတူတကွ ရှာဖွေပြီး မိတ်သဟာယဖွဲ့လော့။ အတူတကွ မိတ်သဟာယဖွဲ့ခြင်းက ရလဒ်များ မရရှိစေသေးပါက သင်တို့ထက် အဆင့်မြင့်သောသူများထံ စုံစမ်းမေးမြန်းလော့။ တိုတိုပြောရလျှင် မည်သည့်လူအမျိုးအစားကိုမဆို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သို့မဟုတ် မည်သူ့ကို ရာထူးတိုးပေးပြီး အသုံးပြုမည်ကို ဆုံးဖြတ်သည်ဖြစ်စေ အားလုံးသည် စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။ အချို့သော ပါရမီရှိသူများအတွက်မူ၊ ၎င်းတို့ကို မည်သူကမျှ အပြည့်အဝ ထိုးထွင်းမမြင်နိုင် သို့မဟုတ် နားမလည်နိုင်သည့် အခြေအနေများတွင် ၎င်းတို့ကို အသင်းတော်အလုပ်၏ လိုအပ်ချက်များအတိုင်း ကနဦးအနေဖြင့် ရာထူးတိုးပေးပြီး အသုံးပြုနိုင်သည်။ အလုပ်ကို မနှောင့်နှေးစေနှင့်၊ ပြီးလျှင် လူတို့ကို ပျိုးထောင်ခြင်းကိုလည်း မနှောင့်နှေးစေနှင့်။ ဤသည်မှာ အဓိကသော့ချက်ဖြစ်သည်။ အချို့လူများက “အသုံးပြုပြီးနောက် ၎င်းတို့က အလုပ်ကို ရှုပ်ထွေးစေလျှင် မည်သို့လုပ်မည်နည်း။ မည်သူက တာဝန်ယူမည်နည်း”ဟု မေးကြသည်။ သင်သည် တစ်စုံတစ်ဦးကို အသုံးပြုသည့်အခါ ယင်းမှာ မည်သူမျှ ၎င်းတို့ကို ဆက်သွယ်ရမည့် နည်းလမ်းမရှိဘဲ လူသူမဲ့ကျွန်းတစ်ကျွန်းပေါ်တွင် ၎င်းတို့ကို ထားသည့်အလား ဖြစ်သလော။ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် တိကျသောတာဝန်များကို ပါဝင်လုပ်ဆောင်နေသော အခြားသူများစွာ အမှန်တကယ် မရှိလေသလော။ ဤကိစ္စအားလုံးကို ဖြေရှင်းရန် နည်းလမ်းများ ရှိသည်။ တိတိကျကျ ဆိုရလျှင်၊ ၎င်းတို့ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ သိနားလည်ခြင်းနှင့် အခြေအနေများက အခွင့်ပေးပါက အနီးကပ် ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့် ဖြစ်သည်။ အနီးကပ် ထိတွေ့ဆက်ဆံခြင်းတွင် အတိအကျ မည်သည့်အရာ ပါဝင်သနည်း။ ယင်းတွင် ၎င်းတို့နှင့်အတူ အလုပ်လုပ်ခြင်း ပါဝင်သည်။ အလုပ်လုပ်ခြင်း၏ ဖြစ်စဉ်သည် ၎င်းတို့ကို နားလည်ခြင်း၏ ဖြစ်စဉ်ဖြစ်သည်။ ဤသို့သော ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် သင်သည် ၎င်းတို့ကို တဖြည်းဖြည်း နားလည်လာမည် မဟုတ်လော။ သင်သည် ထိတွေ့ဆက်ဆံရန် အခွင့်အရေးရှိသော်လည်း ထိတွေ့ဆက်ဆံခြင်းမရှိသည့်အပြင်၊ မေးခွန်းအနည်းငယ်မေးရန် ဖုန်းခေါ်ဆိုရုံမျှသာပြုလုပ်ပြီး ထိုမျှဖြင့် ထားလိုက်ပါက ၎င်းတို့ကို သိနားလည်ရန် မဖြစ်နိုင်ပေ။ ပြဿနာများကို ဖြေရှင်းရန်အလို့ငှာ သင် ထိတွေ့ဆက်ဆံနိုင်သောသူများနှင့် သင် ထိတွေ့ဆက်ဆံရမည်ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်တွင် ပျင်းရိခြင်း မရှိရပေ။ သို့ဆိုလျှင် သင်သည် တစ်စုံတစ်ဦးကို စောင့်ကြည့်လေ့လာပြီး နားလည်လိုပါက မည်သို့လုပ်ဆောင်သင့်သနည်း။ (၎င်းတို့နှင့် ထိတွေ့ဆက်ဆံခြင်းအားဖြင့် ဖြစ်ပါသည်။) မှန်သလော။ အဓိကသော့ချက်မှာ သင်၏စိတ်ကိုနှစ်ထားရန် ဖြစ်သည်။ သင်တို့၏ စိတ်ထဲတွင် သင်တို့ ထိန်းသိမ်းထားနိုင်သော အချက်အလက်များကို ပြောင်းဖူးဆွတ်သော မျောက်တစ်ကောင်နှင့် ခိုင်းနှိုင်း၍ရသည်။ သွားရင်းဆွတ်၊ ဆွတ်ရင်းလွှတ်ပစ်၊ နောက်ဆုံးတွင် ကြိုးစားအားထုတ်မှုတစ်ခုလုံးကို အချည်းနှီးဖြစ်စေလျက်၊ ပြောင်းဖူးတစ်ဖူးသာ ကျန်တော့သည်။ တရားဒေသနာတစ်ခုကို နားထောင်သည့်အဆုံးတွင် သင်တို့သည် အစောပိုင်းက မိတ်သဟာယဖွဲ့ခဲ့သည့် အကြောင်းအရာကို သင် မမှတ်မိနိုင်ပေ။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ (ကျွန်ုပ်တို့ စိတ်မနှစ်ကြခြင်း ဖြစ်ပါသည်။) သင်တို့သည် ထုံးစံအတိုင်း သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံမစိုက်ကြပေ။ ထို့ကြောင့် သင်တို့၏ စိတ်နှလုံးများသည် ဤကိစ္စများအပေါ် အာရုံမစိုက်ပေ။ သမ္မာတရားကို နားလည်ပြီး လက်တွေ့ကျမှုထဲသို့ မည်သို့ ဝင်ရောက်ရမည်၊ မိမိတို့ကိုယ်ကို မည်သို့သိရှိရမည်ဟူသည်နှင့်အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အနှစ်သာရကို သမ္မာတရားဖြင့် မည်သို့ထိုးထွင်းသိမြင်ရမည်ဟူသည်တို့နှင့်စပ်လျဉ်း၍ သင်တို့တွင် ဝင်ရောက်မှုမျှ ဘာဆိုဘာမျှ မရှိပေ။ သို့ဖြစ်၍ ဤကိစ္စများသည် သင်တို့၏ စိတ်နှလုံးထဲတွင် အခြေခံအုတ်မြစ် မရှိပေ။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်သော ထိုအရာများအတွက်မူ သင်တို့သည် အမြဲ စိတ်ရှုပ်ထွေးနေသည်။ ယခု သင်တို့သည် တရားဒေသနာများကို နားထောင်ရန် အပတ်တိုင်း စုဝေးပွဲများကို တက်ရောက်နေဆဲဖြစ်သည်။ တရားဒေသနာများကို သင်တို့ နားမထောင်ပါက သင်တို့၏ စိတ်နှလုံးအတွင်းရှိ ဘုရားသခင်ကို ယုံကြည်ခြင်းအနည်းငယ်သည် တဖြည်းဖြည်း ပျောက်ကွယ်ရင်း မှေးမှိန်လျက်ရှိသည် မဟုတ်လော။ ဤသည်မှာ အန္တရာယ်ရှိသော အရိပ်လက္ခဏာတစ်ရပ်ပင်တည်း။ သင်တို့သည် စိတ်နှစ်နိုင်ခြင်း ရှိသလော၊ မရှိသလော။ ငါသည် သင်တို့ကို အသေးစိတ်အားလုံး ပြောပြပြီးဖြစ်သည်။ သင်သည် အမှန်တကယ် စိတ်ရှိလျှင် ထိုသို့ပြုလုပ်နိုင်မည်ဖြစ်သည်။ သင် စိတ်မရှိလျှင် မည်သို့ပင် ငါပြောစေကာမူ သင်နားလည်မည်မဟုတ်ပေ။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယမှာ ဤမျှသာ ဖြစ်သည်။
အချက် ၈- အလုပ်၌ ကြုံတွေ့ရသော အရှုပ်အထွေးများနှင့် အခက်အခဲများကို ချက်ချင်းသတင်းပို့ပြီး ဖြေရှင်းရမည့်နည်းလမ်းကို ရှာဖွေလော့ (အပိုင်း ၁)
ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အခက်အခဲများကို ချက်ချင်း သိရှိဖော်ထုတ်ပြီး ဖြေရှင်းရမည်
ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဋ္ဌမမြောက် တာဝန်ဖြစ်သည့် “အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ချက်ချင်းသတင်းပို့ပြီး ဖြေရှင်းရမည့်နည်းလမ်းကို ရှာဖွေခြင်း”ဟူသည့်အချက်ကို မိတ်သဟာယဖွဲ့ကြမည်။ ငါတို့သည် ဤတာဝန်နှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ဖော်ထုတ်သွားမည်။ အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ချက်ချင်းသတင်းပို့ပြီး ဖြေရှင်းရမည့်နည်းလမ်းကို ရှာဖွေခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်နှင့် တာဝန်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်တွင် ဖြေရှင်းရန်ခက်ခဲသော ပြဿနာအချို့ကို မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သည်၊ သို့မဟုတ် အသင်းတော်အလုပ်၏ နယ်ပယ်ကို ကျော်လွန်သော အခက်အခဲများကို ကြုံတွေ့ရမည်ဖြစ်သည်၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့် မသက်ဆိုင်သော အထူးအခြေအနေများကို ကြုံတွေ့ရပြီး မည်သို့ကိုင်တွယ်ရမည်ကို မသိရှိဘဲ ဖြစ်တတ်သည်။ သို့မဟုတ် ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိသဖြင့် စည်းမျဉ်းများကို တိကျမှန်ကန်စွာ သဘောမပေါက်နိုင်သောကြောင့် ဖြေရှင်းရန်ခက်ခဲသော ရှုပ်ထွေးမှုများနှင့် အခက်အခဲအချို့ကို မလွဲမသွေ ကြုံတွေ့ရသည်။ ဤရှုပ်ထွေးမှုများနှင့် အခက်အခဲများသည် ဝန်ထမ်းကိုအသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်နှင့်ဆက်စပ်သော ကိစ္စရပ်များ၊ ပြင်ပပတ်ဝန်းကျင်မှ ဖြစ်ပေါ်လာသော ပြဿနာများ၊ လူတို့၏ အသက်ဝင်ရောက်မှုနှင့် စပ်လျဉ်းသော ကိစ္စရပ်များ၊ ဆိုးယုတ်သောလူများကြောင့် ဖြစ်ပေါ်လာသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများအပြင် လူတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ အစရှိသည်တို့နှင့် သက်ဆိုင်ကောင်းသက်ဆိုင်နိုင်သည်။ ဤကိစ္စရပ်အားလုံးအတွက် ဘုရားအိမ်တော်၌ တိကျသော သတ်မှတ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများ ရှိသည်၊ သို့မဟုတ် နှုတ်ဖြင့်ပြောသော ညွှန်ကြားချက်အချို့ ရှိသည်။ ဤတိကျသော စည်းမျဉ်းစည်းကမ်းများအပြင် ဖော်ပြမထားသော အထူးအခြေအနေအချို့လည်း မလွဲမသွေ ရှိနေသည်။ ဤအထူးအခြေအနေများနှင့်စပ်လျဉ်း၍ အချို့သော ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်း၊ ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံမှုကို သေချာစေခြင်းနှင့် အသင်းတော်အလုပ်၏ ချောမွေ့သော လည်ပတ်မှုကို ထိန်းသိမ်းခြင်းကဲ့သို့သော ဘုရားအိမ်တော်က သတ်မှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာခြင်းဖြင့် ယင်းတို့ကို ကိုင်တွယ်နိုင်ကြသည်။ ထို့အပြင် အချို့သော ခေါင်းဆောင်များကို ထိုသို့မလုပ်ဆောင်နိုင်ကြစဉ်တွင်၊ ၎င်းတို့က ထိုသို့ အလွန်ကောင်းမွန်စွာ လုပ်ဆောင်ကြသည်။ မကိုင်တွယ်နိုင်သော ပြဿနာများနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်သင့်သနည်း။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို မဖော်ထုတ်နိုင်ဘဲ နားဝေတိမ်တောင်ဖြစ်သည့်ပုံစံဖြင့် အလုပ်လုပ်ကြပြီး၊၎င်းတို့ ဖော်ထုတ်နိုင်လျှင်ပင် မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် အထက်ထံမှ ဖြေရှင်းနည်းများကို မရှာဖွေဘဲ၊ ညီအစ်ကိုမောင်နှမများကို “သင်တို့ဘာသာ ဖြေရှင်းကြလော့၊ ဘုရားသခင်ကို အားကိုးပြီး ဖြေရှင်းချက်များအတွက် ဘုရားသခင်ကို မျှော်ကြည့်ကြလော့” ဟု ပြောရုံသာပြောလျက် အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားပြီး၊ ထို့နောက်တွင် အားလုံးပြီးပြတ်သွားပြီဟု မှတ်ယူကြသည်။ ကိစ္စရပ်များ မည်မျှပင် စုပုံနေပါစေ ၎င်းတို့ကိုယ်တိုင် မဖြေရှင်းနိုင်သည့်တိုင် အထက်သို့ သတင်းမပို့ကြ သို့မဟုတ် ဖြေရှင်းရန်နည်းလမ်းကိုလည်း မရှာဖွေကြပေ၊ အထက်က ၎င်းတို့ကို ထိုးထွင်းသိမြင်ပြီး မျက်နှာပျက်ရမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်နိုင်သည်။ အထက်သို့ ပြဿနာများကို မည်သည့်အခါမျှ သတင်းမပို့သော ခေါင်းဆောင်များနှင့် အမှုဆောင်အချို့လည်း ရှိပြီး အဘယ်ကြောင့် ထိုသို့ဖြစ်သည်ကို ငါမသိပေ။ အထက်သို့ သတင်းပို့ခြင်းသည် အထက်သို့ တိုက်ရိုက်သတင်းပို့ရမည်ဟု သေချာပေါက် ဆိုလိုခြင်းမဟုတ်ပေ။ ရပ်ကွက် သို့မဟုတ် တိုင်းဒေသခေါင်းဆောင်များထံ ဦးစွာ ဧကန်မုချ သတင်းပို့၍ရသည်။ ပြီးလျှင် ၎င်းတို့ မဖြေရှင်းနိုင်ပါက ခေါင်းဆောင်များနှင့် အမှုဆောင်များကို အထက်သို့ တိုက်ရိုက်သတင်းပို့ရန် သင်တောင်းဆိုနိုင်သည်။ သင်သည် အခြေအနေကို ရှင်းလင်းပြောပြလျက် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးကို အထက်သို့ ကိစ္စတစ်ခုအား သတင်းပို့ရန် တောင်းဆိုလျှင် ၎င်းတို့က ယင်းကို ဖုံးဖိထားပြီး လျစ်လျူရှုနိုင်သလော။ ထိုသို့သောလူများသည် ရှားပါးသည်။ ထိုသို့သောခေါင်းဆောင်များ အမှန်တကယ် ရှိလျှင်ပင် သင်သည် ကိစ္စရပ်ကို အခြားသောခေါင်းဆောင်များနှင့် အမှုဆောင်များအား ရှင်းလင်းပြောပြပြီး ပြဿနာကို ဖုံးဖိထားကာ သတင်းမပို့သောသူကို ဖော်ထုတ်နိုင်သေးသည်။ အကယ်၍ ဤအခြားသောခေါင်းဆောင်များနှင့် အမှုဆောင်များက ထိုကိစ္စကို သတင်းမပို့သေးပါက နောက်ဆုံးနည်းလမ်းတစ်ခု ရှိသေးသည်၊ သင်သည် ဘုရားအိမ်တော်၏ ဝက်ဘ်ဆိုဒ်သို့ တိုက်ရိုက်စာရေးပြီး အထက်သို့ ပေးပို့စေနိုင်သည်၊ ထိုသို့ဖြင့် ထိုကိစ္စရပ်သည် အထက်သို့ သတင်းပို့ပြီးဖြစ်ကြောင်း သေချာစေနိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အထက်က ထိုသို့သောစာများကို ယခင်က အကြိမ်များစွာ ကိုင်တွယ်ဖြေရှင်းပြီးဖြစ်သောကြောင့် ဖြစ်ပြီး နောက်ပိုင်းတွင် ၎င်းတို့က ထိုကိစ္စကို ကိုင်တွယ်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များအား တိုက်ရိုက် တာဝန်ပေးအပ်ခဲ့သောကြောင့် ဖြစ်သည်။ အမှန်တွင် ကိစ္စရပ်တစ်ခုကို အထက်သို့ သတင်းပို့ရန် နည်းလမ်းများစွာ ရှိသည်၊ လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသည်၊ ယင်းမှာ လူက ပြဿနာကို အမှန်တကယ် ဖြေရှင်းလိုခြင်း ရှိမရှိဟူသည့်အပေါ်တွင်သာ မူတည်သည်။ သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဦးကို မယုံကြည်လျှင်ပင် ဘုရားသခင်သည် ဖြောင့်မတ်ကြောင်းနှင့် အထက်က သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ကြောင်းကို သင် ယုံကြည်သင့်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်လျှင်၊ ဘုရားအိမ်တော်၌ သမ္မာတရားက အုပ်စိုးသည်ဟု မယုံကြည်လျှင် မည်သည့်အရာကိုမျှ ပြီးမြောက်အောင်မြင်နိုင်မည် မဟုတ်ပေ။ လူများစွာသည် သမ္မာတရားကို နားမလည်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၌ သမ္မာတရားက အုပ်စိုးသည်ဟု မယုံကြည်ကြသည့်အပြင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးလည်း မရှိကြပေ။ ၎င်းတို့သည် လောကီအရာရှိများအားလုံးက တစ်ဦး၏အကျိုးစီးပွားကို တစ်ဦးက ကာကွယ်ပေးကြသကဲ့သို့ ဘုရားအိမ်တော်သည်လည်း ထိုအတိုင်းပင်ဖြစ်ရမည်ဟု အစဉ်သဖြင့် တွေးထင်နေကြသည်။ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းဖြစ်သည်ဟု ၎င်းတို့က မယုံကြည်သည်မှာ သေချာသည်။ ထို့ကြောင့် ဤသို့သောလူကို မယုံကြည်သူဟု ခေါ်နိုင်သည်။ သို့ရာတွင် လူနည်းစုမှာ လက်တွေ့ကျသော ပြဿနာများကို သတင်းပို့နိုင်ကြသည်။ ဤသို့သောလူများကို ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်သောသူများ၊ တာဝန်သိတတ်သောသူများဟု ခေါ်ဆိုနိုင်သည်။ သင်သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိသကဲ့သို့ သမ္မာတရားက ဘုရားသခင်၏ အိမ်တော်တွင် အုပ်စိုးသည်ကို မယုံကြည်ပါက၊ မည်သည့်အရာကိုမျှ မပြီးမြောက်နိုင်ပေ။ လူများစွာသည် သမ္မာတရားကို နားမလည်ကြပေ။ ဘုရားသခင်၏ အိမ်တော်တွင် သမ္မာတရား အုပ်စိုးသည်ကို ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု မရှိကြချေ။ ၎င်းတို့က လောက၌ အရာရှိများအားလုံးသည် အချင်းချင်းအတွက် ကာပေးကြပြီး ဘုရားသခင်၏ အိမ်တော်သည်လည်း အလားတူ ဖြစ်ရမည်ဟု အမြဲ တွေးနေကြသည်။ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းဖြစ်သည်ကို ၎င်းတို့ မယုံကြည်ကြချေ။ ထို့ကြောင့် ဤသို့သောလူတစ်ဦးကို မယုံကြည်သူတစ်ဦးဟု ခေါ်ဆိုနိုင်သည်။ သို့သော် လူအနည်းစုသည် အမှန်တကယ်ဖြစ်သော ပြဿနာများကို တိုင်ကြားနိုင်ကြသည်။ ဤကဲ့သို့သော လူတို့ကို ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်သောလူများဟု ခေါ်ဆို၍ ရနိုင်သည်။ ၎င်းတို့သည် တာဝန်ယူတတ်သော လူများ ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဆိုးရွားသော ပြဿနာများကို တွေ့ရှိသည့်အခါတွင် ဖြေရှင်းရန် ပျက်ကွက်ရုံသာမက အထက်သို့လည်း မတင်ပြကြချေ။ အထက်က ထိုအရာကို စုံစမ်းစစ်ဆေးသည့်အခါမှသာ ၎င်းတို့သည် ပြဿနာ၏ ဆိုးရွားမှုကို စတင်၍ အာရုံပြုမိကြသည်။ ဤအရာများက အမှုအရာများကို နှောင့်နှေးစေသည်။ ထို့ကြောင့် သင်သည် သာမန် ညီအစ်ကို၊ သို့မဟုတ် ညီအစ်မတစ်ဦး ဖြစ်သည်ဖြစ်စေ၊ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်သည်ဖြစ်စေ သင် မဖြေရှင်းနိုင်သကဲ့သို့ အလုပ်၏ ပိုကြီးမားသော စည်းမျဉ်းများနှင့် ဆက်စပ်သည့် ပြဿနာတစ်ခုကို ကြုံရသည့်အခါတိုင်း ယင်းကို အထက်သို့ သင် အကြောင်းကြားသင့်ပြီး အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းချက်ကို ရှာဖွေသင့်သည်။ စိတ်ရှုပ်စေသော ပြဿနာများ၊ သို့မဟုတ် အခက်အခဲများကို သင် ကြုံရသော်လည်း မဖြေရှင်းပါက အချို့သော အလုပ်သည် တိုးတက်နိုင်လိမ့်မည် မဟုတ်ချေ။ ယင်းကို ဘေးဖယ်ပြီး ရပ်ဆိုင်းထားရမည်ဖြစ်သည်။ ဤအရာက အသင်းတော်၏ အလုပ် တိုးတက်မှုကို ထိခိုက်သည်။ ထို့ကြောင့် အလုပ်၏ တိုးတက်မှုကို တိုက်ရိုက် ထိခိုက်နိုင်သည့် ထိုသို့သော ပြဿနာများ ပေါ်ပေါက်သည့်အခါ ယင်းတို့ကို အချိန်မီ ဖော်ထုတ်ပြီး ဖြေရှင်းရမည်ဖြစ်သည်။ ပြဿနာတစ်ခုသည် ဖြေရှင်းရန် မလွယ်ကူပါက သမ္မာတရားကို နားလည်ပြီး ယင်းနယ်ပယ်တွင် ကျွမ်းကျင်မှုရှိသည့် လူတို့ကို သင် ရှာရမည်ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့နှင့်အတူ ထိုင်ပြီး ပြဿနာကို စုံစမ်းစစ်ဆေးကာ ဖြေရှင်းရမည်။ ဤပြဿနာမျိုးကို အချိန်ဆွဲ၍ မရပေ။ ယင်းတို့ကို ဖြေရှင်းရာတွင် သင် တစ်ရက် နှောင့်နှေးတိုင်း အလုပ်၏ တိုးတက်မှု တစ်ရက်စာ နှောင့်နှေးပေသည်။ ယင်းမှာ လူတစ်ဦးတစ်ယောက်၏ အရေးကိစ္စများကို ကြန့်ကြာစေခြင်း မဟုတ်ပေ။ အသင်းတော် အလုပ်အပြင် ဘုရားရွေးချယ်ထားသူများက မိမိတို့တာဝန်များ ထမ်းဆောင်ပုံကိုလည်း ထိခိုက်သည်။ ထို့ကြောင့် ဤကဲ့သို့ စိတ်ရှုပ်ထွေးမှု သို့မဟုတ် ခက်ခဲမှုကို သင် ကြုံရသည့်အခါ ချက်ချင်း ဖြေရှင်းရမည်၊ ယင်းကို အချိန်ဆွဲ၍မရပေ။ ယင်းကို သင် အမှန်တကယ် မဖြေရှင်းနိုင်ပါက အထက်သို့ အမြန် အကြောင်းကြားလော့။ ၎င်းတို့သည် ယင်းကို တိုက်ရိုက်လာရောက် ဖြေရှင်းလိမ့်မည် သို့မဟုတ် သင့်အား လမ်းကြောင်း ပြောပြလိမ့်မည် ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးသည် ဤပြဿနာမျိုးများကို မကိုင်တွယ်နိုင်သကဲ့သို့ အထက်သို့ အကြောင်းကြားပြီး ၎င်းတို့ထံမှ ဖြေရှင်းချက် ရှာဖွေခြင်းထက် ထိုပြဿနာကို ဖုံးဖိထားပါက ထိုသို့သောခေါင်းဆောင်များသည် ကျိုးကြောင်းမမြင်ပေ။ ၎င်းတို့သည် ခေါင်းမကောင်းသူများဖြစ်ပြီး အသုံးမကျပေ။ ၎င်းတို့၏ ရာထူးမှ ဖြုတ်ချကာ ဖယ်ရှားခံရသင့်သည်။ ၎င်းတို့သည် မိမိတို့၏ ရာထူးမှ ဖယ်ရှားမခံရပါက အသင်းတော်၏ အလုပ်သည် တိုးတက်နိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့လက်ထဲတွင် ပျက်စီးရလိမ့်မည် ဖြစ်သည်။ ဤအကြောင်းကြောင့် ဤအရာကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းရမည်။
ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်သည်လည်း ဘုရားအိမ်တော်အတွက် အရေးကြီးသော အလုပ်တစ်ခုဖြစ်သည်။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့များသည် ဇာတ်ညွှန်းနှင့်ပတ်သက်၍ လူတိုင်း အငြင်းပွားကြသည့် ပြဿနာတစ်ခုကို မကြာခဏ ကြုံတွေ့ရသည်။ ဥပမာအားဖြင့် ဒါရိုက်တာက ဇာတ်ညွှန်းသည် လက်တွေ့ဘဝနှင့် ကွဲလွဲပြီး သို့မဟုတ် သွေဖည်နေပြီး ရိုက်ကူးသည့်အခါ လက်တွေ့မကျဟု ခံစားရမည်ဖြစ်ကြောင်း ယုံကြည်သောကြောင့်၊ အပြောင်းအလဲများ ပြုလုပ်လိုသည်။သို့ရာတွင် ဇာတ်ညွှန်းရေးသူက ဇာတ်ညွှန်းကို ကျိုးကြောင်းဆီလျော်စွာ ရေးသားထားသည်ဟု ယုံကြည်ပြီး ဒါရိုက်တာကို ဇာတ်ညွှန်းအတိုင်း ရိုက်ကူးရန် တောင်းဆိုလျက် လုံးဝ သဘောမတူပေ။ သရုပ်ဆောင်များသည်လည်း ဇာတ်ညွှန်းရေးသူနှင့် ဒါရိုက်တာနှစ်ဦးလုံးကို သဘောမတူဘဲ ၎င်းတို့၏ ကိုယ်ပိုင်ကန့်ကွက်မှုများ ရှိကြသည်။ သရုပ်ဆောင်တစ်ဦးက “ဒါရိုက်တာက ထိုသို့ မရမက ရိုက်ကူးနေလျှင်၊ ကျွန်ုပ် သရုပ်ဆောင်မည်မဟုတ်ပါ” ဟု ဆိုသည်။ ဇာတ်ညွှန်းရေးသူက “ဒါရိုက်တာက ဇာတ်ညွှန်းကို ပြောင်းလျှင် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာသည့်အခါ သင်တို့အားလုံး တာဝန်ရှိမည်ဖြစ်သည်”ဟု ဆိုသည်။ ဒါရိုက်တာက “ဇာတ်ညွှန်းတွင် ညွှန်ကြားထားသည့်အတိုင်း ကျွန်ုပ်ကို ရိုက်ကူးစေပြီး အမှားများ ဖြစ်ပေါ်ပါက ဘုရားအိမ်တော်က ကျွန်ုပ်ကို တာဝန်ခံခိုင်းလိမ့်မည်။ သင်က ကျွန်ုပ်ကို ရိုက်ကူးစေလိုလျှင် ကျွန်ုပ်၏ ကိုယ်ပိုင်အတွေးအပေါ် အခြေခံ၍ လုပ်ဆောင်ရမည်ဖြစ်သည်၊ ထိုသို့မဟုတ်ပါက ကျွန်ုပ် ရိုက်ကူးမည်မဟုတ်ပါ”ဟု ဆိုသည်။ ယခု အဖွဲ့သုံးဖွဲ့လုံး ချောင်ပိတ်မိသည့်အခြေအနေသို့ ရောက်နေသည် မဟုတ်လော။ အလုပ်က ရှေ့ဆက်၍မရနိုင်သည်မှာ ရှင်းနေသည်။ ဤသည်မှာ ပေါ်ပေါက်လာသော ရှုပ်ထွေးမှုတစ်ခု မဟုတ်လော။ သို့ဆိုလျှင် အမှန်တကယ် မည်သူက မှန်ကန်သနည်း။ လူတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်သီအိုရီများ၊ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိကြပြီး မည်သူမျှ အလျှော့ပေးလိုစိတ် မရှိကြပေ။ အဖွဲ့သုံးဖွဲ့က ဤသို့ ချောင်ပိတ်မိနေခြင်းဖြင့်၊ မည်သည့်အရာက ထိခိုက်နစ်နာသနည်း။ (ဘုရားအိမ်တော်၏ အလုပ်ဖြစ်ပါသည်။) ဘုရားအိမ်တော်၏ အလုပ်သည် တားဆီးခြင်းခံရပြီး ထိခိုက်နစ်နာရသည်။ ထိုသို့သောအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သင်တို့ ကြောင့်ကြကာ စိုးရိမ်ပူပန်ခြင်း ခံစားခဲ့ရဖူးသလော။ မခံစားရဖူးပါက ယင်းက သင်တို့သည် အမှန်တကယ် စိတ်နှစ်ထားခြင်းမရှိကြောင်း သက်သေပြသည်။ ထိုသို့သော ရှုပ်ထွေးမှုများနှင့် မဆုတ်သာမတိုးသာသော အခြေအနေများ ပေါ်ပေါက်လာသည့်အခါ အချို့သောလူများက “မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤကဲ့သို့ ငြင်းခုံပြီး အလျှော့ပေးရန် ငြင်းဆန်ခြင်းသည် မည်သည့်နေရာသို့မျှ ရောက်စေမည်မဟုတ်ပါ။ ဤသည်မှာ ရိုက်ကူးရေးတိုးတက်မှုကို ထိခိုက်နေသည် မဟုတ်လော။ ယင်းက ရက်အတော်ကြာ နှောင့်နှေးနေစေနှင့်ပြီးဖြစ်ကာ နောက်ထပ် ရွှေ့ဆိုင်း၍မဖြစ်တော့ပါ။ ရိုက်ကူးရေးက ချောချောမွေ့မွေ့ဖြစ်ပြီး အလုပ် နှောင့်နှေးခြင်း မရှိသည်ကို သေချာစေဖို့ ဤပြဿနာကို မည်သို့ ဖြေရှင်း၍ရသနည်း။ ဤကိစ္စကို ဖြေရှင်းဖို့ ဘယ်သူ့ကို အကူအညီတောင်းသင့်သနည်း”ဟု တွေးတောလျက် အလွန် စိုးရိမ်ပူပန်လာကြရာ မစားနိုင် မအိပ်နိုင် ဖြစ်ကြသည်။ သင်၌ စိတ်နှလုံးရှိပါက ခေါင်းဆောင်များထံမှ ဖြေရှင်းနည်းများကို ရှာဖွေသင့်ပြီး ခေါင်းဆောင်များက မဖြေရှင်းနိုင်ပါက အထက်သို့ အမြန်သတင်းပို့သင့်သည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် အလေးထားပါက ပြဿနာကို တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းရန် သင်တတ်နိုင်သမျှကို လုပ်ဆောင်သင့်သည်။ ဤသည်မှာ အရေးကြီးဆုံးသောအရာ ဖြစ်သည်။ သင် စိုးရိမ်ပူပန်ခြင်း မရှိလျှင်ကော။ သင်က “သူတို့ မှားနေသည်။ ငါ့ သဘောထားအမြင်ကိုပဲ ငါစွဲကိုင်ထားမည်။ သူတို့ ငါ့ကို မည်သည့်အရာမျှ လုပ်နိုင်မည် မထင်ပါ။ ငါထမင်းစားပြီး ခဏအိပ်လိုက်ဦးမည်၊ မည်သို့ပင်ဖြစ်စေ နေ့လယ်တွင် ဘာမျှလုပ်စရာမရှိပါ” ဟု တွေးလျက်၊ ထိုအရာကို တွေးဆကောင်းတွေးဆနိုင်သည်။ သင်၏ ခြေထောက်များက လေးလံလာသည်၊ သင်၏ ဦးခေါင်းက မူးဝေလာသည်၊ သင်၏ စိတ်နှလုံးက အားမာန်ပျောက်ဆုံးသွားပြီး သင်သည် ထိုင်းမှိုင်းလာသည်။ အခက်အခဲများ စုပုံနေသော်လည်း သင်သည် အာရုံမစိုက်သည့်အပြင် ထိုင်းမှိုင်းနေသောကြောင့် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းမရှိပေ။ အဘယ်ကြောင့် မရှိသနည်း။ အကြောင်းမှာ ယင်းကို ဖြေရှင်းရန် စိတ်အားထက်သန်မှုနှင့် ဆန္ဒ ကင်းမဲ့သောကြောင့် သင်သည် ဖြေရှင်းနည်းတစ်ခုကို မစဉ်းစားနိုင်ခြင်း ဖြစ်သည်။ သင်က၊ “အခက်အခဲများပေါ်လာပြီး အလုပ်ရပ်သွားခြင်းသည် မကြာခဏဖြစ်သည် မဟုတ်ပါ။ နှစ်ရက်ကြာ အနားယူပြီး အပန်းဖြေဖို့အတွက် ဤအခွင့်အရေးကို ငါ ယူလိုက်မည်။ အဘယ်ကြောင့် တစ်ချိန်လုံး ပင်ပန်းနေရမည်နည်း။ ယခု အနားယူလိုက်လျှင်၊ မည်သူမျှ မည်သည့်အရာမျှ ပြောနိုင်မည် မဟုတ်ပါ။ အမှန်တွင်တော့ငါသည် အချောင်ခိုနေခြင်းမရှိ သို့မဟုတ် ငါ့အလုပ်အပေါ် တာဝန်မဲ့နေခြင်းလည်း မရှိပါ။ ငါ တာဝန်ယူချင်သော်လည်း၊ ဤအခက်အခဲက တားဆီးနေသည်။ မည်သူက ဖြေရှင်းပေးမည်နည်း။ မဖြေရှင်းဘဲ မည်သို့ ရိုက်ကူးနိုင်မည်နည်း။ ရိုက်ကူးခြင်းကို တားဆီးသည့် အခက်အခဲတွေရှိနေလျှင် ငါတို့ အနားယူသင့်သည် မဟုတ်လော”ဟု သင့်ဘာသာတွေးသည်။ ဤမျှကြီးမားသော ပြဿနာတစ်ခု သင်၏ရှေ့မှောက်၌ ရှိနေလျက် ယင်းကို ချက်ချင်းမဖြေရှင်းပါက မည်သည့် အကျိုးဆက်များ ရှိလိမ့်မည်နည်း။ ပြဿနာများ ပေါ်ပေါက်မြဲပေါ်ပေါက်လာပြီး တစ်ခုကိုမျှ မဖြေရှင်းနိုင်ပါက အလုပ်သည် ဆက်လက်တိုးတက်နိုင်သလော။ ဤသည်က ပြောမပြနိုင်လောက်အောင် နှောင့်နှေးမှုများကို ဖြစ်စေလိမ့်မည်။ အလုပ်တိုးတက်မှုသည် နောက်ပြန်သွား၍မဖြစ်ဘဲ ရှေ့သို့သာ ရွေ့၍ရသည်။ ထို့ကြောင့် ဤပြဿနာသည် အခက်အခဲများ ဖြစ်စေကြောင်း သိရှိလျက်၊ သင်သည် ဆက်လက်၍ အချိန်မဆွဲသင့်တော့ပေ၊ ယင်းကို အမြန်ဖြေရှင်းရန် လိုအပ်သည်။ ဤပြဿနာကို ဖြေရှင်းပြီးသည်နှင့်တစ်ပြိုင်နက်၊နောက်တစ်ခု ပေါ်ပေါက်သည့်အခါ အလုပ်သည် ချောမွေ့စွာ ရှေ့ဆက်နိုင်ပြီး စီစဉ်ထားသည့်အတိုင်း ပြီးစီးနိုင်ရန်အလို့ငှာ အချိန်မဖြုန်းမိစေရန် ကြိုးပမ်းလျက် အမြန်ဖြေရှင်းလော့။ ယင်းမှာ မည်သို့ထင်ရသနည်း။ (ကောင်းပါသည်။) စိတ်နှလုံးရှိသောသူများသည် ဤသဘောထားဖြင့် ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ရင်ဆိုင်ရသည်။ ၎င်းတို့သည် အချိန်မဖြုန်းကြပေ၊ မိမိတို့ကိုယ်ကို ဆင်ခြေမပေးကြသည့်အပြင်၊ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုများကို မတပ်မက်ကြပေ။ အခြားတစ်ဖက်တွင်မူ စိတ်နှလုံးမရှိသောသူများသည် ဟာကွက်များကို အမြတ်ထုတ်လိမ့်မည်၊ ၎င်းတို့သည် အရာအားလုံးကို အေးအေးဆေးဆေးလုပ်ဆောင်ပြီး အရေးတကြီးဖြစ်ခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်း စိတ်မရှိဘဲ ဆင်းရဲဒုက္ခခံရန် သို့မဟုတ် အဖိုးအခပေးဆပ်ရန် စိတ်ပိုင်းဖြတ်မှု တစ်ခုတလေ ကင်းမဲ့လျက်၊ ဆင်ခြေများပေးပြီး အနားယူရန် အခွင့်အလမ်းများကို ရှာဖွေလိမ့်မည်။ ထို့နောက် အဆုံးတွင် မည်သည့်အရာဖြစ်သနည်း။ ရှုပ်ထွေးမှုတစ်ခု သို့မဟုတ် အခက်အခဲတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ လူတိုင်းသည် ရက်ပေါင်းများစွာ ချောင်ပိတ်မိသွားကြသည်။ ဒါရိုက်တာများ၊ သရုပ်ဆောင်များ၊ ဇာတ်ညွှန်းရေးသူများ တစ်ဦးတစ်ယောက်မျှ ထိုကိစ္စကို သတင်းမပို့ကြပေ။ ထိုအချိန်တွင် ခေါင်းဆောင်များသည် ကြောင်းကျိုးမမြင်ကြသည့်အပြင်၊ ယင်းကို ပြဿနာတစ်ခုအဖြစ် သတိမပြုမိနိုင်ကြပေ။ ၎င်းတို့က ယင်းကို ပြဿနာတစ်ခုအဖြစ် သတိပြုမိသော်လည်း မိမိတို့ဘာသာ မဖြေရှင်းနိုင်လျှင်ပင်၊ အထက်သို့ သတင်းမပို့ကြပေ။ ယင်းကို အဆင့်ဆင့် အထက်သို့ သတင်းပို့သည့်အချိန်တွင် ဆယ်ရက် သို့မဟုတ် တစ်လခွဲ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ ဤဆယ်ရက်မှ တစ်လခွဲအတွင်းတွင် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ တစ်ဦးတလေက မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခဲ့သလော။ မထမ်းဆောင်ခဲ့ပေ၊ ၎င်းတို့သည် စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပွဲရွှင်ပွဲတို့၌ အချိန်ဖြုန်းနေခဲ့ကြသည်။ ၎င်းတို့သည် ကပ်ရပ်စားနေကြခြင်းသာ မဟုတ်လော။ မိမိတို့၏ အလုပ်တွင် ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများအတွက် ဖြေရှင်းနည်းများကို ချက်ချင်းမရှာဖွေနိုင်သော ကြီးကြပ်ရေးမှူးအားလုံးသည် ကပ်ရပ်စားနေကြခြင်း၊ ရည်ရွယ်ချက်မရှိဘဲ နေ့ရက်များကို ကုန်လွန်စေခြင်းသာ ဖြစ်သည်။ ထိုသို့သောလူများကို အတိုချုပ်အားဖြင့် “အလေနတောများ”ဟု သိကြသည်။ အဘယ်ကြောင့် “လူပျင်းများ”ဟု ခေါ်သနည်း။ အကြောင်းမှာ ဤလူများသည် မိမိတို့၏ တာဝန်များကို လေးနက်မှု၊ တာဝန်ယူမှု၊ တိကျမှု သို့မဟုတ် အပြုသဘောဆောင်သော သဘောထားဖြင့် မချဉ်းကပ်ဘဲ၊ ထို့ထက် ၎င်းတို့အနေဖြင့် ဆိုင်ပိတ်ပြီး အလုပ်ရပ်ရန် ဆင်ခြေတစ်ခုရှိစေဖို့အလို့ငှာ အခက်အခဲ သို့မဟုတ် အကျပ်အတည်းအချို့ ပေါ်ပေါက်လာမည်ကို မျှော်လင့်လျက် ဝတ်ကျေတမ်းကျေလုပ်ကြသောကြောင့်၊ အပျက်သဘောဆောင်ပြီး အလုပ်ခိုကပ်ကြသောကြောင့် ဖြစ်သည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ချက်ချင်းဖြေရှင်းသင့်သည်သာမက ဤကိစ္စရပ်များကို ချက်ချင်းစစ်ဆေးပြီး သိရှိဖော်ထုတ်သင့်သည်။ ဤအရာကိုအဘယ်ကြောင့် လုပ်ဆောင်သင့်သနည်း။ ထိုသို့လုပ်ဆောင်ရာတွင် ရည်မှန်းချက်တစ်ခုတည်းသာ ရှိသည်။ အလုပ်တစ်ခုစီတိုင်းသည် ချောမွေ့စွာ တိုးတက်ပြီး ပုံမှန်အလုပ်အချိန်ဇယားအတွင်း အောင်မြင်စွာ ပြီးစီးကြောင်း သေချာစေလျက်၊ ဘုရားသခင်၏ အလုပ်နှင့် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ အလုပ်က ချောမွေ့စွာ တိုးတက်ကြောင်း သေချာစေရန် မည်သည့်ကိစ္စရပ်များကို ဖြေရှင်းရန် လိုအပ်သနည်း။ ပထမဦးစွာ အသင်းတော်၏အလုပ်ကို နှောင့်ယှက်သော မည်သည့်အတားအဆီး သို့မဟုတ် အနှောင့်အယှက်ကိုမဆို လုံးလုံးလျားလျား ရှင်းလင်းဖယ်ရှားရန်၊ မယုံကြည်သူများနှင့် ဆိုးယုတ်သောလူများက ပြဿနာမဖြစ်စေဖို့ ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ရန် အရေးကြီးသည်။ ထို့အပြင် အလုပ်တစ်ခုစီ၏ ကြီးကြပ်ရေးမှူးများနှင့် ညီအစ်ကိုမောင်နှမများကို သမ္မာတရားအား နားလည်ပြီး လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာတွေ့ရန်၊ သဘောညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် အချင်းချင်း ကြီးကြပ်ဖို့ သင်ယူရန် လမ်းညွှန်ပေးရမည်ဖြစ်သည်။ ဤနည်းအားဖြင့်သာလျှင် အလုပ်ပြီးမြောက်မှုကို အာမခံနိုင်ပေသည်။ ရင်ဆိုင်ရသော အခက်အခဲများ သို့မဟုတ် ရှုပ်ထွေးမှုများ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများက ယင်းတို့ကို မဖြေရှင်းနိုင်ပါက အထက်သို့ ကိစ္စရပ်များကို အမြန်သတင်းပို့ပြီး ဖြေရှင်းနည်းများကို ရှာဖွေသင့်သည်။ ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများသည် ၎င်းတို့လုပ်ဆောင်သည့်အလုပ် မည်သို့ပင်ဖြစ်စေ ပြဿနာများကို ဖြေရှင်းခြင်းအား ဦးစားပေးသင့်သည်၊ အလုပ်နှင့်ဆက်စပ်သော နည်းပညာပိုင်းဆိုင်ရာ ပြဿနာများနှင့် စည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များအပြင် လူတို့၏ အသက်ဝင်ရောက်မှုအရ ကြုံတွေ့ရသည့် အမျိုးမျိုးသော အခက်အခဲများကိုပါ ကိုင်တွယ်ဖြေရှင်းသင့်သည်။ သင်သည် ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို မဖြေရှင်းနိုင်ပါက သင်၏အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သင်မဖြေရှင်းနိုင်သော တစ်မူထူးခြားသည့် အခက်အခဲများ သို့မဟုတ် ရှုပ်ထွေးမှုများကို သင်ကြုံတွေ့ရသည့်အခါ အထက်သို့ ချက်ချင်းသတင်းပို့သင့်သည်။ အချိန်မဖြုန်းနှင့်၊ သုံးရက်မှ ငါးရက်အထိ နှောင့်နှေးခြင်းသည် အလုပ်အတွက် ဆုံးရှုံးမှုများကို ဖြစ်စေနိုင်ပြီး တစ်လခွဲ သို့မဟုတ် တစ်လကြာ နှောင့်နှေးပါက ဆုံးရှုံးမှုများက အလွန်ကြီးမားသွားလိမ့်မည်။ ထို့အပြင် ကိစ္စရပ် မည်သို့ပင်ဖြစ်စေ ယင်းကို သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံ၍ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပြဿနာများကို ဖြေရှင်းရန် လူ၏ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက်ဖြစ်သော အတွေးအခေါ်များကို မည်သည့်အခါမျှ အသုံးမပြုနှင့်။ ဆိုးရွားသည့် ပြဿနာကို အရေးမပါသည့် ပြဿနာ မဖြစ်စေနှင့်။ ထို့နောက် အရေးမပါသည့် ပြဿနာကိုလည်း ဘာမျှမဟုတ်အောင် မလုပ်နှင့်၊ သို့မဟုတ် ကိစ္စရပ်များတွင် ပါဝင်ပတ်သက်သည့် အဖွဲ့နှစ်ဖွဲ့လုံးကို ကြိမ်းမောင်းပြီးနောက် ချိုချိုသာသာဖြင့် နှစ်သိမ့်ခြင်း၊ ကိစ္စရပ်များ ပိုမိုဆိုးရွားလာမည်ကို ကြောက်ရွံ့လျက် ၎င်းတို့ကို ညှိနှိုင်းခြင်းနှင့် ဖျောင်းဖျခြင်းတို့အား အသုံးမပြုနှင့်။ ဤသည်က ပြဿနာများကို အခြေခံအဆင့်မှ ပြေလည်ဘဲဖြစ်စေသည်။ ယင်းက စွဲကျန်နေသော ပြဿနာများကို ကျန်ရစ်စေသည်။ ဤသည်မှာ ရင်ကြားစေ့ပေးရန်သာ ကြိုးပမ်းသည့် နည်းလမ်းတစ်ခု မဟုတ်လော။ သင်သည် ပြဿနာတစ်ခုအတွက် လူ့ဖြေရှင်းချက်အားလုံး ကုန်ခမ်းသွားပြီဖြစ်ပြီး ယင်းကို အမှန်တကယ် ဖြေရှင်း၍မရနိုင်ဟု ခံစားရကာ၊ အလုပ်အတွင်းရှိ နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် စည်းမျဉ်းများကို လုံးဝမရှာဖွေနိုင်ပါက ဤကိစ္စရပ်များကို စောင့်ဆိုင်းခြင်း၊ အချိန်ဆွဲခြင်း မရှိဘဲ အထက်သို့ အမြန်သတင်းပို့ပြီး ဖြေရှင်းနည်းများကို ရှာဖွေသင့်သည်။ မဖြေရှင်းနိုင်သော မည်သည့်ပြဿနာကိုမဆို ဖြေရှင်းချက်တစ်ခု ရှာဖွေရန် အထက်သို့ ချက်ချင်းသတင်းပို့သင့်သည်။ သင်တို့အဖို့ ဤစည်းမျဉ်းသည် မည်သို့ထင်ရသနည်း။ (ကောင်းပါသည်။)
ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့နှင့် ဇာတ်ညွှန်းရေးသည့်အဖွဲ့တို့သည် ရိုက်ကူးရေးကိစ္စရပ်များအပေါ် မကြာခဏ ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်လာကြသလော။ တစ်ဦးစီတွင် ၎င်းတို့၏ ကိုယ်ပိုင်ကျိုးကြောင်းဆင်ခြင်မှု ရှိပြီး အများသဘောတူညီချက်တစ်ခုသို့ မရောက်ရှိနိုင်ဘဲ အမြဲ စကားအခြေအတင် ဖြစ်နေကြသည်။ ဤကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များက ဖြေရှင်းပေးနိုင်သလော။ (တစ်ခါတစ်ရံ ဖြေရှင်းပေးနိုင်ပါသည်။) ခေါင်းဆောင်တစ်ဦးက ပြဿနာအချို့ကို မိတ်သဟာယမှတစ်ဆင့် ဖြေရှင်းပေးခဲ့ပြီး ယင်းသည် လုံးဝကျိုးကြောင်းဆီလျော်ကာ သဘောတရားအရ ခိုင်မာသည်ဟု ထင်ရသော်လည်း ဘုရားအိမ်တော်၏ သတ်မှတ်ချက်များ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်ကို သင်တို့ မသေချာသည့်အခြေအနေမျိုးအား ကြုံတွေ့ခဲ့ဖူးသလော။ (ကြုံဖူးပါသည်။) ထိုသို့သောအခြေအနေများကို သင်တို့ မည်သို့ကိုင်တွယ်ခဲ့ကြသနည်း။ (တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် အထက်ထံမှ ရှာဖွေခဲ့ကြပါသည်။) ယင်းမှာ မှန်ကန်သော လုပ်နည်းကိုင်နည်းဖြစ်သည်။ အထက်လူကြီး ညီအစ်ကိုသည် အလွန်အလုပ်များနေသည်ကို သင်တို့တွေ့သောကြောင့် ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ မမေးမြန်းရန် ဆုံးဖြတ်ခဲ့ပြီး ထိုကိစ္စသည် သီအိုရီအရ မှန်ကန်နေသရွေ့ အဆင်ပြေသည်ဟု သင်တို့ထင်ကာ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ဦးစွာ ဆက်လက်ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့သည့် အခြေအနေမျိုး သင်တို့ ရှိခဲ့ဖူးသလော။ (ယခင်က ကျွန်ုပ်တို့တွင် ဤအရာနှင့်ပတ်သက်၍ ဆိုးရွားသော ပြဿနာများ ရှိခဲ့ပါသည်။ ယင်းက ကျွန်ုပ်တို့ကို အလုပ်များ ပြန်လည်လုပ်ဆောင်ရစေခဲ့ပြီး အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေခဲ့ပါသည်။) ထိုအခြေအနေသည် ဆိုးရွားလှသည်တကား။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့များ ကြုံတွေ့ရသော ပြဿနာများစွာသည် နောက်ဆုံး၌ အမှန်တကယ်တွင် ဇာတ်ညွှန်းရေးသည့်အဖွဲ့၏ တာဝန်သာဖြစ်သည်။ ဥပမာအားဖြင့် ရုပ်ရှင်တစ်ကားသည် နှစ်နာရီခွဲကြာ ရေလိုက်လွဲသော ဇာတ်ကြောင်းဖြစ်နေပါက ဇာတ်ညွှန်းရေးသူများတွင် အဓိက တာဝန်ရှိသည်။ သို့သော် ဒါရိုက်တာများ၏ တာဝန်နှင့်ပတ်သက်၍ကော အဘယ်သို့နည်း။ ဇာတ်ညွှန်းက အကြောင်းအရာ အစီအစဉ်မကျပါက ဒါရိုက်တာများက ဤအရာကို မြင်နိုင်သင့်သလော။ သဘောတရားအရ ၎င်းတို့ မြင်နိုင်သင့်သည်။ သို့ရာတွင် ဒါရိုက်တာများသည် ထိုသို့သောအခြေအနေများအောက်တွင် ရိုက်ကူးရေးကို အပြီးသတ်ရန် လပေါင်းများစွာ အချိန်ယူနိုင်သေးပြီး များပြားသော လူအင်အား၊ ပစ္စည်းအရင်းအမြစ်နှင့် ဘဏ္ဍာငွေများကို သုံးစွဲနိုင်သေးသည်။ ဤသည်မှာ မည်သည့် ပြဿနာမျိုးဖြစ်သနည်း။ ဒါရိုက်တာများအနေဖြင့် သင်တို့၏ တာဝန်မှာ အဘယ်နည်း။ ဇာတ်ညွှန်းတစ်ခုကို လက်ခံရရှိသည့်အခါ သင်တို့က၊ “ဤဇာတ်ညွှန်းသည် ရှည်လျားပြီး အကြောင်းအရာ ဆန်းစုံများပြားသည်။ သို့သော် အဓိကအချက်၊ ဆိုလိုရင်းမရှိပါ။ ဖွဲ့စည်းပုံတစ်ခုလုံးက သက်ဝင်မှုမရှိပါ။ ဤဇာတ်ညွှန်းကို ရိုက်ကူး၍မဖြစ်ပါ။ ပြန်လည်ပြင်ဆင်ဖို့ ဇာတ်ညွှန်းရေးသူများထံ ပြန်ပို့ရမည်”ဟု တွေးသင့်သည်။ သင်တို့ ဤသို့လုပ်ဆောင်နိုင်စွမ်း ရှိသလော။ ဇာတ်ညွှန်းတစ်ခုကို သင်တို့ ပြန်ပို့ခဲ့ဖူးသလော။ (ပြန်မပို့ဖူးပါ။) ယင်းမှာ သင်တို့က ပြဿနာများကို မမြင်နိုင်သောကြောင့်လော၊ သို့မဟုတ် ပြန်ပို့ရန် ကြောက်ရွံ့သောကြောင့်လော။ သို့မဟုတ် “သူတို့က သင့်ကို ဤပြီးစီးပြီးသား ဇာတ်ညွှန်းကို ပေးခဲ့ပြီး သင်က စကားတစ်ခွန်းတည်းဖြင့် ငြင်းပယ်ကာ ပြန်ပို့လိုက်သည်။သင် အလွန်မာနထောင်လွှားသည် မဟုတ်လော”ဟု တစ်စုံတစ်ဦးက သင်တို့အား ဝေဖန်မည်ကို သင်တို့ ကြောက်ရွံ့သောကြောင့်လော။ အတိအကျအားဖြင့် သင်တို့ မည်သည့်အရာကို ကြောက်ရွံ့နေကြသနည်း။ ပြဿနာကို မြင်ပါလျက် အဘယ်ကြောင့် ဇာတ်ညွှန်းကို ရေးသူများထံ သင်တို့ ပြန်မပို့သနည်း။ (ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်အတွက် တာဝန်မယူကြပါ။) ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့များအတွက် အသင်းတော်ခေါင်းဆောင်များအပြင် ဒါရိုက်တာများသည် ဆုံးဖြတ်ချက်များချပြီး နောက်ဆုံးစကားပြောဆိုခွင့်ရှိသူများဖြစ်သည့် ကြီးကြပ်ရေးမှူးများအဖြစ် ဆောင်ရွက်သင့်သည်။ သင်သည် ဒါရိုက်တာဖြစ်သောကြောင့် ဤကိစ္စအတွက် အပြည့်အဝ တာဝန်ယူသင့်ပြီး ဇာတ်ညွှန်းကို လက်ခံရရှိသည့်အချိန်မှစ၍ သင့်လျော်သော စိစစ်မှုကို ဆောင်ရွက်သင့်သည်။ သင်ဇာတ်ညွှန်းတစ်ခုကို လက်ခံရရှိပြီး အစအဆုံး ပြန်လည်သုံးသပ်ကာ အကြောင်းအရာက အတော်ကောင်းသည်ကို တွေ့ရှိသည်ဟု ဆိုကြပါစို့။ ယင်းတွင် အဓိကအချက်နှင့် ဆိုလိုရင်းရှိသည်၊ ဇာတ်လမ်းဇာတ်ကွက်သည် အဓိကဇာတ်ကြောင်းတစ်ခုကို ဗဟိုပြုပြီး ခြုံငုံကြည့်လျှင် ဇာတ်ညွှန်းတွင် ကြီးမားသော ပြဿနာများမရှိဟု ထင်ရသည်၊ ကြည့်ကောင်းသည်၊ ရိုက်ကူးထိုက်သည်၊ ထို့ကြောင့် ဇာတ်ညွှန်းကို လက်ခံ၍ရသည်ဟု ထင်ရသည်။ သို့ရာတွင် ဇာတ်ညွှန်းသည် ရှည်လျားလျှင်၊ ဇာတ်လမ်း၏ အချက်အချာ သို့မဟုတ် ထင်ရှားသော ဆိုလိုရင်းမရှိဘဲ အစမှအဆုံး လူတစ်ဦး၏ ဇာတ်လမ်းကို ပြောပြလျက်၊ ဇာတ်ညွှန်းက မည်သည့်အရာကို ဖော်ပြရန် ရည်ရွယ်သည်၊ ကြည့်ရှုသူများအား မည်သည့်အရာကို ရရှိစေရန် ရည်ရွယ်သည်၊ သို့မဟုတ် ယင်း၏ အဓိကစိတ်ကူးနှင့် ဝိညာဉ်ရေးရာ အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်သည်ဟူသည်တို့ကို မရှင်းမလင်းဖြစ်စေလျက်၊ ယင်းသည် အခြေခံအားဖြင့် အကြောင်းအရာ အစီအစဉ်မကျသော ဇာတ်ကြောင်းတစ်ခု၊ ရှုပ်ထွေးသော ဇာတ်ညွှန်းတစ်ခုသာဖြစ်ပါက ဤဇာတ်ညွှန်းကို လက်ခံ၍ရသလော။ ထိုသို့သောအခြေအနေတွင် ဒါရိုက်တာများက မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ဇာတ်ညွှန်းကို ပြန်ပို့ပြီး ဇာတ်ညွှန်းရေးသူများ၏ ပြန်လည်ပြင်ဆင်ခြင်းအတွက် အကြံပြုချက်များ ပေးရမည်။ ဇာတ်ညွှန်းရေးသည့်အဖွဲ့မှ လူများက “ဤသည်မှာ မမျှတပါ။ ကျွန်ုပ်တို့ရေးသည့် ဇာတ်ညွှန်းကို စစ်ဆေးဖို့မှာ သူတို့က မည်သူများဖြစ်ကြသနည်း။ အဘယ်ကြောင့် သူတို့က ဆုံးဖြတ်ပိုင်ခွင့်ရှိသနည်း။ ဘုရားအိမ်တော်က လူတို့ကို မျှမျှတတနှင့် ကျိုးကြောင်းဆီလျော်စွာ ဆက်ဆံသင့်သည်”ဟု ဆိုလျက်၊ ကန့်ကွက်ကောင်း ကန့်ကွက်နိုင်သည်။ ထိုအခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဒါရိုက်တာများက ဇာတ်ညွှန်းထဲရှိ ပြဿနာများကို သိရှိဖော်ထုတ်နိုင်ပါက ဆုံးဖြတ်ချက်ချရန် မလောသင့်ဘဲ ထိုကိစ္စကို အသင်းတော်ခေါင်းဆောင်များ၊ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ဝင်များနှင့် ဦးစွာ မိတ်သဟာယဖွဲ့သင့်သည်။ အကယ်၍ လူတိုင်းသည် ၎င်းတို့၏ လွန်ခဲ့သော ရိုက်ကူးရေးအတွေ့အကြုံ နှစ်ကာလများနှင့် ဇာတ်ညွှန်းများအပေါ် နားလည်မှုတို့ကို အခြေခံ၍ ဇာတ်ညွှန်းတစ်ခုက စံနှုန်းမပြည့်မီကြောင်းကို တစ်ညီတစ်ညွတ်တည်း မှတ်ယူပြီး ယင်းကို ရိုက်ကူးခြင်းသည် ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို နှောင့်နှေးစေမည်သာမက ပါဝင်ပတ်သက်သည့် လူအင်အား၊ ပစ္စည်းအရင်းအမြစ်နှင့် ဘဏ္ဍာငွေ အရင်းအမြစ်အားလုံးကိုပါ ဖြုန်းတီးရာရောက်မည်ဖြစ်ပြီး ထိုသို့သောတာဝန်ကို မည်သူမျှ မထမ်းနိုင်ဟု ယုံကြည်ပါက ဤဇာတ်ညွှန်းကို ပြန်ပို့သင့်သည်။ အကြောင်းအရာ အစီအစဉ်မကျသော ဇာတ်ညွှန်းကို လုံးဝ ရိုက်ကူးခြင်းမပြုရ။ ဤသည်မှာ စည်းမျဉ်းတစ်ခုဖြစ်သည်။ အကယ်၍ လူတိုင်းသည် ဇာတ်ညွှန်းနှင့်ပတ်သက်၍ ထိုသို့ပင် ခံစားရပါက ဇာတ်ညွှန်းရေးသူများသည် ယင်းကို ခြွင်းချက်မရှိ လက်ခံသင့်ပြီး ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့၏ အကြံပြုချက်များအတိုင်း ဇာတ်ညွှန်းကို ပြန်လည်ပြင်ဆင်သင့်သည်။ သဘောထားကွဲလွဲမှုများရှိနေသေးပါက အဖွဲ့နှစ်ဖွဲ့လုံးမှ အဖွဲ့ဝင်များနှင့် ခေါင်းဆောင်များသည် မည်သူ၏ အကြောင်းပြချက်များက သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည်ကို တွေ့မြင်ရန် အတူတကွ စကားအခြေအတင် ပြောဆိုနိုင်သည်။ အကယ်၍ မတိုးသာမဆုတ်သာ အခြေအနေက ကောက်ချက်ချခြင်း တစ်ခုမျှမရှိဘဲ ဆက်လက်ဖြစ်ပေါ်နေပါက ယနေ့မိတ်သဟာယဖွဲ့ခဲ့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဋ္ဌမမြောက် တာဝန်ဖြစ်သည့် “အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ချက်ချင်းသတင်းပို့ပြီး ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေခြင်း” ဟူသည့် နောက်ဆုံးနည်းလမ်းကို အသုံးပြုသင့်သည်။ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်ပြီး မဖြေရှင်းနိုင်သော ကိစ္စရပ်များကို ရှုပ်ထွေးမှုများနှင့် အခက်အခဲများဟု သိကြသည်။ တစ်ဖက်စီက မိမိတို့၏ ကျိုးကြောင်းဆင်ခြင်မှု မှန်ကန်သည်ဟု ထင်ကြပြီး မည်သူမျှ ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်ပေ။ ဤသို့ အပြန်ပြန်အလှန်လှန် ပြောဆိုနေခြင်းသည် ကိစ္စရပ်၏ အကြောင်းစုံနှင့် လားရာလမ်းကြောင်းအပေါ် လူတိုင်း၏ နားလည်မှုကို မှုန်ဝါးစေလျက် ကိစ္စရပ်ကို ရှုပ်ထွေးစေသည်။ ဤအချိန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၏ တိုးတက်မှုအား ဟန့်တားခြင်းကို တားဆီးရန်နှင့် ထို့ထက်ပင်ပို၍ နောက်ထပ် စုပုံခြင်းမှ တားဆီးရန် ချက်ချင်းဖြေရှင်းဖို့ ကြိုးစားလျက် အလုပ်တွင် ပေါ်ပေါက်လာသော ဤကိစ္စရပ်များနှင့် ရှုပ်ထွေးမှုများအတွက် ဖြေရှင်းနည်းများကို ချက်ချင်းသတင်းပို့ပြီး ရှာဖွေရန် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သင့်သည်။ ဤကိစ္စရပ်များကို ချက်ချင်းသတင်းပို့ပြီး ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေခြင်းသည် အလုပ်လုပ်နေခြင်း မဟုတ်လော။ ဤသည်မှာ အလုပ်အပေါ် အလေးအနက်ထားပြီး တာဝန်ယူသော သဘောထားကို ပြသနေခြင်း မဟုတ်လော။ ဤသည်မှာ မိမိ၏ တာဝန်ကို လုပ်ဆောင်ခြင်းအား စိတ်နှစ်ထားခြင်း မဟုတ်လော။ ဤသည်မှာ သစ္စာစောင့်သိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မိမိ၏ တာဝန်အပေါ် သစ္စာစောင့်သိမှု ရှိခြင်းပင်ဖြစ်သည်။
အလုပ်ကို ကြီးကြပ်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်တွင် ပေါ်ပေါက်သော မည်သည့်ပြဿနာကိုမဆို ချက်ချင်းသတိပြုမိပြီး ဖြေရှင်းရမည်။ အကြောင်းမှာ ဤသို့လုပ်ဆောင်ခြင်းကသာ အလုပ်၏ ချောမွေ့သော တိုးတက်မှုကို သေချာစေနိုင်သောကြောင့် ဖြစ်သည်။ ပြဿနာများကို မဖြေရှင်းနိုင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့ပြီး အယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ကြသည်။ ပြဿနာများကို ရှာဖွေတွေ့ရှိသော်လည်း ဖြေရှင်းရန် ပျက်ကွက်ကာ ယင်းအစား ရှောင်ရှားသောသူ သို့မဟုတ် ဖုံးကွယ်သောသူ မည်သူမဆိုသည် အလုပ်ကိုသာ ပျက်စီးစေတတ်သည့် အသုံးမကျသော ပျင်းရိသူတစ်ဦး ဖြစ်သည်။ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များကို မိတ်သဟာယနှင့် စကားအခြေအတင်ပြောဆိုခြင်းမှတစ်ဆင့် ဖြေရှင်းရမည်။ အကယ်၍ ဤအရာများက မှန်ကန်သောရလဒ်များကို မဖြစ်ပေါ်စေဘဲ ထိုအစား အခြေအနေကို ပိုရှုပ်ထွေးစေပါက၊ အဓိကခေါင်းဆောင်သည် အခြေအနေ၏ ရလဒ် မည်သို့ဖြစ်မည်ကို မြင်ရန် ချက်ချင်းလေ့လာခြင်း၊ နားလည်ခြင်းနှင့် အကဲဖြတ်ခြင်းတို့ကို ပြုလုပ်သည့်တစ်ချိန်တည်းတွင် ဖြေရှင်းနည်းများနှင့် နည်းလမ်းများကို ချက်ချင်း အဆိုပြုလျက်၊ ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းခြင်းအား ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်သင့်သည်။ ပြဿနာတစ်ခုအပေါ် အငြင်းပွားမှုများ ဆက်လက်ရှိနေပြီး မည်သည့်ဆုံးဖြတ်ချက်မျှ မချနိုင်သည့်အခါ ထိုကိစ္စကို ရင်ကြားစေ့ပေးရန်သာ ကြိုးစားခြင်း၊ စောင့်ဆိုင်းခြင်း သို့မဟုတ် အချိန်ဆွဲခြင်းတို့ထက်၊ အထူးသဖြင့် ထိုကိစ္စကို လျစ်လျူရှုခြင်းထက် ဖြေရှင်းနည်းရှာဖွေရန် အထက်သို့ အမြန်သတင်းပို့ရမည်။ ဤသည်မှာ သင်တို့၏ လက်ရှိခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်လုပ်သည့်ပုံစံဖြစ်သလော။ ၎င်းတို့သည် အလုပ်၏ တိုးတက်မှုကို ချက်ချင်းနောက်ဆက်တွဲလိုက်ပြီး တွန်းအားပေးသင့်သည်။ တစ်ချိန်တည်းတွင် အလုပ်၌ ပေါ်ပေါက်လာသော အမျိုးမျိုးသော ပဋိပက္ခများကို သိရှိဖော်ထုတ်စဉ်တွင် အမျိုးမျိုးသော သေးငယ်သည့်ကိစ္စရပ်များကိုလည်း သတိမမူခြင်း မဖြစ်သင့်ပေ။ သိသာထင်ရှားသော ပြဿနာများကို သိရှိဖော်ထုတ်သည့်အခါ အဓိကခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို ဖြေရှင်းရာတွင် ပါဝင်ရန် ရှိနေသင့်သည်၊ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို တိကျစွာ သဘောပေါက်ရန်အလို့ငှာ အကြောင်းစုံ၊ ပြဿနာပေါ်ပေါက်လာရသည့် အကြောင်းရင်းနှင့် ပါဝင်ပတ်သက်သူများ၏ ရှုထောင့်အမြင်များကို တိကျစွာ နားလည်မှု ရယူသင့်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဤကိစ္စရပ်များကို မိတ်သဟာယဖွဲ့ခြင်း၊ စကားအခြေအတင်ပြောဆိုခြင်းနှင့် အငြင်းပွားခြင်းတို့တွင်ပင် ပါဝင်သင့်သည်။ ဤသည်မှာ လိုအပ်မှုတစ်ခု ဖြစ်သည်။ ပါဝင်ခြင်းသည် သင်တို့ကို အလုပ်တွင် ပေါ်ပေါက်လာသော ပြဿနာများအပေါ် အကဲဖြတ်ချက်များချရန်နှင့် ဖြေရှင်းရန် ကူညီသည်နှင့်အမျှ အရေးကြီးပေသည်။ အကယ်၍ သင်သည် အမြဲတမ်း လက်ပိုက်လျက် ဘေးတွင်ရပ်နေကာ စာသင်ခန်းထဲတွင် ထိုင်နေသူတစ်ဦးကဲ့သို့ ပြုမူလျက်၊ အလုပ်တွင် ပေါ်ပေါက်သော မည်သည့်ပြဿနာမဆို သင်နှင့်မသက်ဆိုင်ဟု တွေးထင်ပြီး ထိုကိစ္စအပေါ် မည်သည့်အမြင် သို့မဟုတ် သဘောထားမျှ မရှိဘဲလျက် ပါဝင်ပတ်သက်ခြင်းမရှိပါက၊ နားထောင်ရုံသာနားထောင်ပြီး သိသာထင်ရှားစွာပင် သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်၏။ သင်ပါဝင်ပတ်သက်သည့်အခါ အလုပ်တွင် အတိအကျ မည်သည့် ပြဿနာများ ပေါ်ပေါက်ခဲ့သည်၊ မည်သည့်အရာက ယင်းတို့ကို ဖြစ်စေခဲ့သည်၊ မည်သူတွင် တာဝန်ရှိသည်၊ အဓိကပြဿနာက အဘယ်မှာဖြစ်သည်၊ ယင်းမှာ လူတို့၏ အယူအဆများနှင့် စိတ်ကူးများကြောင့်လော သို့မဟုတ် နည်းပညာပိုင်းနှင့် အတတ်ပညာပိုင်းဆိုင်ရာ မလုံလောက်ခြင်းကြောင့်လောဟူသည့် အရာများကို အသေးစိတ် သိရှိလိမ့်မည်။ ပြဿနာများကို မျှတစွာ ကိုင်တွယ်ပြီး ဖြေရှင်းရန်အလို့ငှာ ထိုအရာအားလုံးကို ရှင်းလင်းစွာ သိရှိရမည်။ သင်သည် ဤအလုပ်တွင် ပါဝင်ပြီး ပြဿနာများက လူဖန်တီးသည့်အရာ မဟုတ် သို့မဟုတ် မည်သူကမျှ တမင်တကာ ဖြစ်စေခဲ့ခြင်းမဟုတ်ကြောင်း တွေ့ရှိရသည့်တိုင် နှစ်ဖက်စလုံးက အချိန်ကြာမြင့်စွာ အငြင်းပွားလျက် ကိစ္စရပ်၏ အနှစ်သာရကို တိတိကျကျ ထောက်ပြရန် သင် အခက်တွေ့ပြီးမည်သို့ဖြေရှင်းရမည်ကို မသိသည့်အခါ၊ သို့မဟုတ် လူတိုင်းက ပြဿနာတစ်ခုအပေါ် စိတ်ရောကိုယ်ပါ မြှုပ်နှံအားထုတ်ခဲ့သော်လည်း ယင်းကို မဖြေရှင်းနိုင်သေးသည့်အပြင်၊ အလုပ်ကို ရပ်တန့်သွားစေလျက် စည်းမျဉ်းများကို ရှာမတွေ့ သို့မဟုတ် ဦးတည်ချက်ကို ရှာမတွေ့နိုင်သေးသည့်အခါ၊ ပြီးလျှင်ဆက်လက်လုပ်ဆောင်ခြင်းက နောက်ထပ်အမှားများ၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် အပျက်သဘောဆောင်သော အကျိုးဆက်များကို ဖြစ်စေမည်ကိုလည်း ကြောက်ရွံ့သည့်အခါ သင်မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်ဆောင်သင့်ဆုံးသောအရာမှာ တန်ပြန်ရေး အစီအမံများ သို့မဟုတ် ဖြေရှင်းချက်များကို လူတိုင်းနှင့် ဆွေးနွေးခြင်းမဟုတ်ဘဲ ထို့ထက် ထိုကိစ္စကို အထက်သို့ တတ်နိုင်သမျှ အမြန်ဆုံး သတင်းပို့ရန်သာ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်ထဲရှိ ပြဿနာများကို အကျဉ်းချုပ်ပြီး မှတ်တမ်းတင်သင့်ကာ အချိန်ဆွဲခြင်း၊ စောင့်ဆိုင်းခြင်း၊ သို့မဟုတ် ဖြစ်နိုင်ဖွယ်မရှိသည့် ဖြစ်တောင့်ဖြစ်ခဲအရာဖြစ်သော တစ်ညအိပ်ခြင်းက စိတ်ကူးစိတ်သန်းရလာစေနိုင်သည် သို့မဟုတ် ရုတ်တရက် ရှင်းလင်းသွားနိုင်သည်ဟု တွေးထင်လျက် ကံအပေါ် အားကိုးသည့် စိတ်ထားကို မွေးမြူခြင်းမရှိဘဲ အထက်သို့ ချက်ချင်းသတင်းပို့သင့်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အကောင်းဆုံးဖြေရှင်းချက်မှာ ကိစ္စရပ်ကို ချက်ချင်းနှင့် တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းပြီးကြောင်း သေချာစေလျက် အထက်သို့ သတင်းပို့ပြီး ဖြေရှင်းနည်းကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖွေရန် ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် အလုပ်လုပ်ခြင်း ဖြစ်သည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်တွင် မကြာခဏ ကြုံတွေ့ရသော နားလည်ရခက်သည့်အရာများနှင့် အခက်အခဲများ
၁။ ရှုပ်ထွေးမှုများ
ငါတို့ ယခုလေးတင် ဆွေးနွေးခဲ့သော အကြောင်းအရာကို အခြေခံ၍ “ရှုပ်ထွေးမှုများ” နှင့် “အခက်အခဲများ” က အတိအကျ မည်သည့်အရာအား ဆိုလိုသည်ကို အကျဉ်းချုပ်ကြစို့။ ဤနှစ်ခုသည် တူညီသောအရာ မဟုတ်ပေ။ ပထမဦးစွာ “ရှုပ်ထွေးမှု” ဟူသော ဝေါဟာရကို ငါရှင်းပြမည်။ ရှုပ်ထွေးမှုတစ်ခုဆိုသည်မှာ သင်က ကိစ္စရပ်တစ်ခုကို ထွင်းဖောက်မမြင်နိုင်သည့်အခါ ဖြစ်သည်။ သင်သည် စည်းမျဉ်းများနှင့် ကိုက်ညီသော သို့မဟုတ် တိကျသော နည်းလမ်းဖြင့် မည်သို့အကဲဖြတ်ရမည် သို့မဟုတ် ပိုင်းခြားသိမြင်ရမည်ကို မသိပေ။ သင်က ယင်းကို အတော်အတန် ထွင်းဖောက်မြင်နိုင်လျှင်ပင်၊ သင်၏အမြင် မှန်ကန်ခြင်း ရှိမရှိဟူသည်ကို သင်မသေချာပေ။ ထိုကိစ္စအား မည်သို့ကိုင်တွယ်ရမည် သို့မဟုတ် ဖြေရှင်းရမည်ကို သင်မသိသည့်အပြင်၊ ယင်းနှင့်ပတ်သက်၍ ကောက်ချက်တစ်ခုချရန် သင့်အတွက် ခက်ခဲသည်။ တိုတိုပြောရလျှင် သင်သည် ယင်းနှင့်ပတ်သက်၍ မသေမချာဖြစ်ပြီး ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်ခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို အနည်းငယ်မျှပင် နားမလည်သည့်အပြင်၊ အခြားမည်သူကမျှ ထိုပြဿနာကို မဖြေရှင်းပေးပါက ယင်းသည် ဖြေရှင်း၍မရနိုင်သော ပြဿနာတစ်ခု ဖြစ်လာသည်။ ဤသည်မှာ ခက်ခဲသော စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်နေရခြင်း မဟုတ်လော။ ထိုသို့သော ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို အထက်သို့ သတင်းပို့သင့်ပြီး ကိစ္စရပ်များကို ပိုမိုမြန်ဆန်စွာ ဖြေရှင်းရန်အလို့ငှာ အထက်ထံမှ ရှာဖွေသင့်သည်။ သင်တို့သည် ရှုပ်ထွေးမှုများကို မကြာခဏ ရင်ဆိုင်ရသလော။ (ရင်ဆိုင်ရပါသည်။) ရှုပ်ထွေးမှုများကို ပုံမှန်ရင်ဆိုင်နေရခြင်းကိုယ်၌က ပြဿနာတစ်ခုပင် ဖြစ်သည်။ သင်သည် ကိစ္စရပ်တစ်ခုနှင့် ရင်ဆိုင်နေရပြီး ယင်းကို ကိုင်တွယ်ရန် သင့်လျော်သောနည်းလမ်းကို သင်မသိဟု ဆိုကြပါစို့။ တစ်စုံတစ်ဦးက ကျိုးကြောင်းဆီလျော်သည်ဟု သင်ထင်သော ဖြေရှင်းနည်းတစ်ခုကို အဆိုပြုပြီး အခြားတစ်ဦးက ကျိုးကြောင်းဆီလျော်သည်ဟုပင် သင်ထင်သော မတူညီသည့် ဖြေရှင်းနည်းတစ်ခုကို အဆိုပြုသည်၊ ပြီးလျှင် လူတိုင်း၏ ထင်မြင်ချက်များ ကွဲပြားနေပြီး ပြဿနာ၏ အရင်းခံအကြောင်းရင်း သို့မဟုတ် အနှစ်သာရကို မည်သူမျှ သဘောမပေါက်ဘဲလျက် မည်သည့်ဖြေရှင်းနည်းက ပို၍သင့်လျော်သည်ကို သင်ရှင်းလင်းစွာ မမြင်နိုင်ပါက ထိုပြဿနာကို ဖြေရှင်းရာတွင် နမော်နမဲ့အမှားများ ဖြစ်ပေါ်လာရန် သေချာသည်။ ထို့ကြောင့် ပြဿနာတစ်ခုကို ဖြေရှင်းရန် ယင်း၏ အရင်းခံအကြောင်းရင်းနှင့် အနှစ်သာရကို ဆုံးဖြတ်ရန်မှာ အလွန်အရေးကြီးပြီး အရေးပါပေသည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပိုင်းခြားသိမြင်ခြင်းမရှိပါက၊ ပြဿနာ၏ အနှစ်သာရကို သဘောပေါက်ရန် ပျက်ကွက်ပြီး မှန်ကန်သော ကောက်ချက်ကို မချနိုင်ပါက၊ ၎င်းတို့သည် ထိုကိစ္စကို အထက်သို့ ချက်ချင်းသတင်းပို့ပြီး ၎င်းတို့ထံမှ ဖြေရှင်းနည်းတစ်ခုကို ရှာဖွေရမည်။ ဤသည်မှာ လိုအပ်ပြီး အကဲပိုလွန်းခြင်း မဟုတ်ပေ။ မပြေလည်သော ပြဿနာများသည် ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်ပြီး အသင်းတော်၏အလုပ်ကို ထိခိုက်စေနိုင်သည်။ ဤအရာကို လုံးလုံးလျားလျား နားလည်ထားရမည်။ သင်သည် အထက်က သင်၏ စစ်မှန်သည့် အတိုင်းအတာကို ထိုးထွင်းမြင်သွားမည် သို့မဟုတ် လက်တွေ့ကျသောအလုပ်ကို သင် မလုပ်ဆောင်နိုင်ကြောင်း ၎င်းတို့ ထိုးထွင်းမြင်သည့်အခါ သင်၏ တာဝန်ခန့်အပ်မှုကို ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် သင့်ကို ဖြုတ်ချခြင်းတို့ ပြုလုပ်မည်ကို အမြဲကြောက်ရွံ့နေသောကြောင့် ထိုကိစ္စကို အထက်သို့ သတင်းမပို့ဝံ့ဘဲ သင်သည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပါက၊ ဤအရာက ကိစ္စရပ်များကို အလွယ်တကူနှောင့်နှေးစေနိုင်ပေသည်။ သင့်ဘာသာ မဖြေရှင်းနိုင်သော ရှုပ်ထွေးမှုများကို သင် ကြုံတွေ့ရသည့်တိုင် ယင်းတို့ကို အထက်သို့ သတင်းမပို့ပါက ဤအရာက ဆိုးရွားသော အကျိုးဆက်များကို ဖြစ်စေပြီး အထက်က သင့်ကို တာဝန်ခံခိုင်းသည့်အခါတွင် သင်သည် အကြီးအကျယ် ဒုက္ခရောက်လိမ့်မည်။ ဤသည်မှာ မိမိပြုသောကံ မိမိထံပြန်လာခြင်း မဟုတ်လော။ ထိုသို့သော ရှုပ်ထွေးမှုများနှင့် ရင်ဆိုင်ရသည့်အခါ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်မယူသည့်အပြင်၊အယူဝါဒအချို့ကို ပြောရုံမျှပြောဆိုပြီး ကိစ္စကို ဝတ်ကျေတမ်းကျေ ပြီးပြတ်စေရန် စည်းမျဉ်းစည်းကမ်းအချို့ကို ကျင့်သုံးရုံမျှကျင့်သုံးပြုပါက၊ ထိုကိစ္စသည် ပြေလည်ခြင်းမရှိဘဲရှိနေမည်ဖြစ်ပြီး အလုပ်က ရှေ့ဆက်မတိုးနိုင်ဘဲ အမှုအရာများက ရှိရင်းစွဲအတိုင်းသာ ရှိနေပေသည်။ ဤသည်မှာ ရှုပ်ထွေးမှုများက ပြေလည်မသွားဘဲ ရှိသည့်အခါ အတိအကျ ဖြစ်ပျက်သည့်အရာပင် ဖြစ်သည်။ ယင်းက နှောင့်နှေးမှုများကို အတော်ပင် အလွယ်တကူ ဖြစ်စေသည်။
ရှုပ်ထွေးမှုများ ပေါ်ပေါက်လာသည့်အခါ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက ပြဿနာတစ်ခု ဖြစ်ပွားခဲ့ကြောင်းကို ခံစားသိရှိနိုင်ကြစဉ်တွင် အခြားခေါင်းဆောင်များနှင့် အမှုဆောင်များကမူ ပြဿနာကို သတိပြုမိနိုင်ခြင်း မရှိကြပေ။ ဒုတိယအုပ်စုတွင်ပါသည့်သူများသည် အလွန့်အလွန် ညံ့ဖျင်းသော အစွမ်းအစရှိကြပြီး ထုံထိုင်းကာ ဉာဏ်ထိုင်းကြသည်။ ၎င်းတို့သည် မည်သည့်ပြဿနာကိုမဆို အာရုံခံနိုင်စွမ်း ကင်းမဲ့ကြသည်။ သူ့ဘာသာဖြစ်သည့် ရှုပ်ထွေးမှုက မည်မျှပင် ကြီးမားစေကာမူ၊ ၎င်းတို့ ပြသသည့်အရာမှာ ထုံထိုင်းခြင်းနှင့် ဉာဏ်ထိုင်းခြင်းသာ ဖြစ်သည်၊ ၎င်းတို့သည် ပြဿနာကို လျစ်လျူရှုပြီး ရှောင်လွှဲရန် ကြိုးစားကြသည်။ ဤသည်မှာ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သည့် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်သည်။ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်း ပမာဏတစ်ခုအထိ ပိုင်ဆိုင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောအခြေအနေများ ပေါ်ပေါက်လာသည့်အခါ သဘောပေါက်နိုင်ကြသည်။ “ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။ ကျွန်ုပ် မှတ်သားထားရမည်။ အထက်က ဤသို့သောကိစ္စမျိုးကို ယခင်က မည်သည့်အခါမျှ မပြောခဲ့ဖူးသည့်အပြင် ကျွန်ုပ်တို့ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်၊ ထို့ကြောင့် ဤအခြေအနေမျိုးကို ကိုင်တွယ်ရန် စည်းမျဉ်းများမှာ အတိအကျ အဘယ်အရာများ ဖြစ်သနည်း။ ဤတိကျသော ပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ကျွန်ုပ်၌ အလိုအလျောက်သိသော အတွေးအချို့ ရှိပုံရသော်လည်း သူတို့က မရှင်းလင်းသည့်ပုံရသည့်အပြင်၊ ထိုသို့သောကိစ္စရပ်များအပေါ် သဘောထားအနည်းငယ် ရှိသော်လည်း သဘောထားရှိရုံမျှဖြင့် မလုံလောက်ပါ။ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းက အရေးကြီးသည်။ ကျွန်ုပ်တို့အနေဖြင့် ဤကိစ္စကို လူတိုင်းက အတူတကွ မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးရန်အတွက် ထုတ်ဖော်ပြောဆိုဖို့ လိုအပ်သည်”ဟူ၍ ဖြစ်သည်။ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆွေးနွေးခြင်းတစ်လှည့် ပြုလုပ်ပြီးနောက်တွင်၊ ၎င်းတို့အနေဖြင့် ပြဿနာကို ဖြေရှင်းရန် တိကျသော လက်တွေ့လုပ်ဆောင်မှု အစီအစဉ်မရှိဘဲ မည်သို့ရှေ့ဆက်လုပ်ဆောင်ရမည်ကို မသိသေးသည့်အပြင်၊ ရှုပ်ထွေးမှုက ဆက်လက်တည်ရှိနေပါက အထက်ထံမှ ဖြေရှင်းနည်းကို ၎င်းတို့ ရှာဖွေရမည်။ ဤအချိန်တွင် ပြဿနာနှင့်ပတ်သက်၍ ရှုပ်ထွေးခြင်းနှင့်ဆိုင်သည့် အချက်များကို မှတ်သားထားရန်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ သို့မှသာ အချိန်ကျလာသောအခါ ရှုပ်ထွေးမှု ပြဿနာမှာ အတိအကျ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်အရာကို အတိအကျ ရှာဖွေလျက်ရှိသည်ကိုလည်းကောင်း ၎င်းတို့ ရှင်းလင်းစွာ ရှင်းပြနိုင်မည် ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။
၂။ အခက်အခဲများ
က။ အခက်အခဲများဖြစ်သည့်အရာများ
ဆက်လက်၍ “အခက်အခဲများ” ဟူသော ဝေါဟာရကို ကြည့်ကြစို့။ စာသားအတိုင်း ရှုမြင်ရလျှင် အခက်အခဲများသည် ရှုပ်ထွေးမှုများထက် ပို၍ ပြင်းထန်သည်။ သို့ဆိုလျှင် အခက်အခဲများဟူသည်မှာ အတိအကျ မည်သည့်အရာကို ရည်ညွှန်းသနည်း။ တစ်စုံတစ်ဦး ရှင်းပြလော့။ (ဘုရားသခင်၊ ကျွန်ုပ်တို့၏ နားလည်မှုမှာ အခက်အခဲများဟူသည် ကြုံတွေ့ရသည့် တကယ့် ပြဿနာများဖြစ်ပြီး ဖြေရှင်းရန် ကြိုးစားပြီးဖြစ်သော်လည်း မဖြေရှင်းနိုင်သေးသည့်အရာ ဖြစ်သည်၊ ဤသည်တို့ကို အခက်အခဲများဟု မှတ်ယူရပါသည်။) (အချက်တစ်ချက် ထပ်ဖြည့်ရလျှင် တစ်ခါတစ်ရံတွင် ယခင်က မည်သည့်အခါမျှ မကြုံတွေ့ခဲ့ဖူးသော အလွန်ကိုင်တွယ်ရခက်သည့် ပြဿနာအချို့ကို ကြုံတွေ့ရကောင်းကြုံတွေ့ရနိုင်သည်။ ထိုအခြေအနေတွင် လူတိုင်းက အတွေ့အကြုံကင်းမဲ့ကြသည်၊ လုံးဝ ဇဝေဇဝါဖြစ်ပြီး မည်သည့်အမြင် သို့မဟုတ် အတွေးအခေါ်မျှ မရှိကြပေ။ ဤသည်တို့မှာ အလွန်စိန်ခေါ်မှုများသော ပြဿနာအမျိုးအစား ဖြစ်ပါသည်။) အလွန်စိန်ခေါ်မှုများသော ပြဿနာများကို အခက်အခဲများဟု ခေါ်သည်၊ မှန်သလော။ အခက်အခဲများနှင့်ဆိုင်သည့် အရိုးရှင်းဆုံး၊ အတိုက်ရိုက်အဖြစ်ဆုံးသော ရှင်းလင်းချက်မှာ ၎င်းတို့သည် အမှန်တကယ် တည်ရှိနေသော ပြဿနာများ ဖြစ်သည်ဟူ၍ ဖြစ်သည်။ ဥပမာအားဖြင့် လူတစ်ဦး၏ အစွမ်းအစ၊ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုများအပြင် ပတ်ဝန်းကျင်နှင့် ယာယီအရေးကိစ္စများ အစရှိသည်ဖြင့် အမှန်တကယ် တည်ရှိနေသော ဤပြဿနာများကို အခက်အခဲများဟု ခေါ်သည်။ သို့သော်လည်း ငါတို့ ယခု မိတ်သဟာယဖွဲ့နေသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ရှစ်ခုမြောက် တာဝန်ဝတ္တရားမှာ ၎င်းတို့အနေဖြင့် အလုပ်တွင် ကြုံတွေ့ရသည့် ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ဖြေရှင်းရန် ချက်ချင်း သတင်းပို့ပြီး ရှာဖွေရမည်ဟူ၍ ဖြစ်သည်။ ဤနေရာတွင် ရည်ညွှန်းထားသည့် အခက်အခဲများမှာ ယေဘုယျ သတ်မှတ်ထားသော၊ အမှန်တကယ် တည်ရှိနေသည့် ပြဿနာများ မဟုတ်ဘဲ အလုပ်တွင် ကြုံတွေ့ရသည့် ကိုင်တွယ်၍မရနိုင်သော ခဲကပ်သည့်ကိစ္စရပ်များ ဖြစ်သည်။ ဤသည်တို့မှာ မည်သည့် ပြဿနာအမျိုးအစားများ ဖြစ်သနည်း။ ယင်းတို့သည် သမ္မာတရား စည်းမျဉ်းများနှင့် အထူးသဖြင့် သက်ဆိုင်ခြင်းမရှိသော ပြင်ပရေးရာကိစ္စများ ဖြစ်ကြသည်။ ဤကိစ္စရပ်များသည် သမ္မာတရား စည်းမျဉ်းများနှင့် မသက်ဆိုင်သော်လည်း သာမန်ပြဿနာများထက် ပို၍ ကိုင်တွယ်ရခက်သည်။ ၎င်းတို့သည် မည်သို့ ပို၍ ကိုင်တွယ်ရခက်သနည်း။ ဥပမာအားဖြင့် ယင်းတို့တွင် ဥပဒေရေးရာနှင့် အစိုးရဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပါဝင်သည်၊ သို့မဟုတ် အသင်းတော်အတွင်းမှ လူအချို့၏ ဘေးကင်းလုံခြုံရေးနှင့် သက်ဆိုင်သည်အစရှိသည်ဖြင့် ဖြစ်သည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ အလုပ်တွင် ကြုံတွေ့ရသည့် အခက်အခဲများချည်းသာ ဖြစ်ကြသည်။ ဥပမာအားဖြင့် နိုင်ငံရပ်ခြား၌ ဘုရားသခင်ကို ယုံကြည်ရာတွင်၊ မည်သည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ အသင်းတော်အလုပ်အားလုံးနှင့် ညီအစ်ကိုမောင်နှမများ၏ နေထိုင်မှု ပတ်ဝန်းကျင်များသည် ဒေသန္တရ အစိုးရစည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး ဒေသန္တရ ဥပဒေများနှင့် မူဝါဒများကို သိနားလည်ရန် လိုအပ်သည်။ ဤကိစ္စရပ်များတွင် ပြင်ပလောကနှင့် ဆက်ဆံခြင်းအပြင်၊ ပြင်ပရေးရာများကို ကိုင်တွယ်ခြင်းတို့ ပါဝင်သည်။ ယင်းတို့သည် အသင်းတော်၏ အတွင်းရေးရာ ဝန်ထမ်းကိစ္စများနှင့် နှိုင်းယှဉ်လျှင် အတော်အတန် ပို၍ ရှုပ်ထွေးသည်။ ရှုပ်ထွေးမှုသည် အဘယ်မှာ တည်ရှိသနည်း။ ယင်းမှာ အသင်းတော်ရှိ လူတို့အား ဘုရားသခင်ကို ကျိုးနွံနာခံရန်၊ နာခံမှုရှိရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ရန်နှင့် သမ္မာတရားကို နားလည်ပြီး ကိစ္စရပ်များကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ရန် ပြောရုံမျှလောက် မရိုးရှင်းပေ။ ဤအရာများကိုသာ ပြောရုံမျှပြောခြင်းသည် ပြဿနာများကို ဖြေရှင်းပေးလိမ့်မည် မဟုတ်။ ထိုအစား အခြားအရာများထဲမှ နိုင်ငံ၏ ဥပဒေများ၊ မူဝါဒများနှင့် စည်းမျဉ်းများ၏ ကဏ္ဍတိုင်းကိုလည်းကောင်း၊ ဒေသန္တရ ဓလေ့ထုံးတမ်းများနှင့် အလေ့အကျင့်များကိုလည်းကောင်း နားလည်ရန် လိုအပ်သည်။ ဤပြင်ပရေးရာများတွင် ပါဝင်သည့် အကြောင်းအချက်များစွာ ရှိပြီး မမျှော်လင့်ထားသည့် ကိစ္စရပ်များ သို့မဟုတ် အသင်းတော်၏ စည်းမျဉ်းများကို အသုံးပြု၍ ဖြေရှင်းရန် ခက်ခဲသော ပြဿနာများ ပေါ်ပေါက်လာလေ့ရှိကာ ဤပြဿနာများ ပေါ်ပေါက်လာခြင်းက အခက်အခဲများကို ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် အသင်းတော်အတွင်း၌ အချို့သောလူများက မိမိတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ပါက ဤပြဿနာများကို သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းဖြင့်၊ ပြုပြင်ခြင်းဖြင့် သို့မဟုတ် အကူအညီနှင့် ထောက်ပံ့မှုပေးခြင်းဖြင့် ဖြေရှင်း၍ရနိုင်သည်။ သို့သော် ပြင်ပတွင်မူ သင်သည် ကိစ္စရပ်များကို ကိုင်တွယ်ရန် ဤစည်းမျဉ်းများနှင့် နည်းလမ်းများကို အသုံးပြု၍ရသလော။ ဤလုပ်နည်းကိုင်နည်းက ထိုသို့သော ပြဿနာများကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော ကိစ္စရပ်များကို ကိုင်တွယ်ကာ တုံ့ပြန်ရန် အမြော်အမြင်ရှိသော နည်းလမ်းအချို့ကို အသုံးပြုရမည်။ ဤပြင်ပရေးရာများကို ကိုင်တွယ်ခြင်းဖြစ်စဉ်တွင် ဘုရားအိမ်တော်သည်လည်း စည်းမျဉ်းအချို့ကို ချမှတ်ထားပြီးဖြစ်သော်လည်း ဤအရာများကို မည်သို့ပင် ရှင်းပြပါစေ အခက်အခဲမျိုးစုံက မကြာခဏ ပေါ်ပေါက်နေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလောက၊ ဤလူ့အဖွဲ့အစည်းနှင့် ဤလူသားမျိုးနွယ်သည် အလွန်မှောင်မိုက်ပြီး အလွန်ရှုပ်ထွေးသောကြောင့်လည်းကောင်း၊ အဆင်းနီသော နဂါးကြီး၏ ဆိုးယုတ်သော စွမ်းအားများ၏ အနှောင့်အယှက်ပေးခြင်းကြောင့်လည်းကောင်း ဤပြင်ပရေးရာများကို ကိုင်တွယ်သည့်အခါ မမျှော်လင့်ထားသည့်အပြင် နောက်ထပ်ဖြစ်သော အခက်အခဲအချို့ ရှိလာလိမ့်မည်။ ဤအခက်အခဲများ ပေါ်ပေါက်လာသည့်အခါ သင်တို့ကို “ဘုရားသခင်၏ စီစဉ်မှုများကိုသာ ကျိုးနွံနာခံလော့၊ အရာရာကို ဘုရားသခင်က စီစဉ်ညွှန်ကြားသည်၊ ပြဿနာကို လျစ်လျူသာရှုလိုက်ပါ”ဟု ပြောလျက်၊ ရိုးရှင်းသော စည်းမျဉ်းတစ်ခုကိုသာ ပေးထားပါက ဤသည်က ပြဿနာကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) ပြဿနာကို မဖြေရှင်းနိုင်ပါက ဖြစ်ပေါ်လာသည့်အရာမှာ ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့် ပတ်ဝန်းကျင်နှင့် ၎င်းတို့၏ နေထိုင်မှုပတ်ဝန်းကျင်တို့သည် အနှောင့်အယှက်ပေးခံရသည်၊ အမြဲဒုက္ခပေးနှောင့်ယှက်ခံရပြီး ပျက်စီးစေခြင်းခံရလေသည်။ ဤသည်က အခက်အခဲများအား ပေါ်ပေါက်လာစေသည် မဟုတ်လော။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ယင်းကို စိတ်မြန်လက်မြန်ဖြစ်ခြင်းဖြင့် ဖြေရှင်းနိုင်သလော။ မဖြေရှင်းနိုင်သည်မှာ သိသာထင်ရှားသည်။ အချို့က “သို့ဆိုလျှင် ယင်းကို ဥပဒေနည်းလမ်းများဖြင့် ကျွန်ုပ်တို့ ဖြေရှင်းနိုင်သလော”ဟု ပြောကြသည်။ အမှုအရာများစွာကို ဥပဒေဖြင့် မဖြေရှင်းနိုင်ပေ။ ဥပမာအားဖြင့် အဆင်းနီသော နဂါးကြီးက ဝင်ရောက်စွက်ဖက်ပြီး နှောင့်ယှက်သည့် နေရာများတွင် ဥပဒေက ပြဿနာများကို ဖြေရှင်းပေးနိုင်သလော။ ဥပဒေသည် ထိုနေရာတွင် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပေ။ နေရာများစွာတွင် လူ၏အာဏာသည် ဥပဒေထက် မကြာခဏ သာလွန်နေတတ်သည်။ ထို့ကြောင့် ပြဿနာများအား ဥပဒေကို အားကိုးခြင်းဖြင့် ဖြေရှင်းရန် မမျှော်လင့်နှင့်။ ယင်းတို့ကို ဖြေရှင်းရန် လူ့နည်းလမ်းများ သို့မဟုတ် စိတ်မြန်လက်မြန်ဖြစ်ခြင်းကို အသုံးပြုခြင်းသည်လည်း မသင့်လျော်ပေ။ ထိုသို့သောအခြေအနေများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုတတ်သူတို့သည် ဤပြဿနာများ ပေါ်ပေါက်လာသည့်အခါ ဖြေရှင်းနိုင်သလော။ ဤသည်တို့မှာ အထူးသဖြင့် ကိုင်တွယ်ရန် ခက်ခဲသော ကိစ္စရပ်များ မဟုတ်လော။ ယင်းတို့ကို ဖြေရှင်းရန် ရှေ့နေတစ်ဦး ငှားရမ်းပြီး တရားရုံးသို့ သွားခြင်းဖြင့်က အလုပ်ဖြစ်မည်ဟု သင်ထင်သလော။ ထိုလူတို့သည် သမ္မာတရားကို နားလည်ကြသလော။ တွေးခေါ်မြော်မြင်မှုအတွက် ဤလောကတွင် နေရာမရှိပေ။ ဥပဒေစိုးမိုးသော နိုင်ငံတစ်ခုတွင်ရှိသည့် တရားသူကြီးများပင်လျှင် ဥပဒေအတိုင်း အမြဲတမ်း မလုပ်ဆောင်ဘဲ တရားမျှတမှုကင်းမဲ့လျက် ပါဝင်ပတ်သက်သူက မည်သူဖြစ်သည်ဟူသည့်အပေါ် အခြေခံ၍ မိမိတို့၏ အကဲဖြတ်မှုများကို ချိန်ညှိတတ်ကြလေသည်။ ဤလောကတွင် မည်သည့်နေရာ၌မဆို လူတို့သည် မိမိတို့၏ စကားကို အထောက်အပံ့ပြုပေးရန် အင်အားစုအပေါ်၊ အာဏာအပေါ် အားကိုးကြသည်။ သို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်သော ငါတို့သည် မည်သည့်အရာကို အားကိုးသင့်သနည်း။ ငါတို့သည် လူတို့ကို ဆက်ဆံပြီး ကိစ္စရပ်များကို ကိုင်တွယ်ရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း၊ သမ္မာတရားအတိုင်း ပြုမူသင့်သည်။ သို့သော် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အားကိုးပါက လောကတွင် အရာအားလုံးက ငါတို့အတွက် ချောမွေ့စွာ ရှေ့ဆက်၍ရနိုင်သလော။ မရနိုင်ပေ။ ဤသည်မှာ ဉာဏ်ပညာ လိုအပ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သော ကိစ္စရပ်များကို ရင်ဆိုင်ရသည့်အခါ ကိစ္စရပ်က အလွန့်အလွန် အရေးကြီးသည်ဟု ခံစားရပြီး ၎င်းတို့အနေဖြင့် မသင့်လျော်စွာ ကိုင်တွယ်မိကာ ထိုသို့ဖြင့် မလိုလားအပ်သော သက်ရောက်မှုများ သို့မဟုတ် အကျိုးဆက်များကို ဖြစ်ပေါ်စေလျက် ဘုရားအိမ်တော်အား ဒုက္ခရောက်စေမိမည်ကို စိုးရိမ်ပါက ထိုသို့သော ကိစ္စရပ်များသည် ၎င်းတို့အတွက် အခက်အခဲများ ဖြစ်ကြသည်။ ၎င်းတို့ မဖြေရှင်းနိုင်သော အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ အထက်သို့ ချက်ချင်း သတင်းပို့ပြီး ပြဿနာများကို ဖြေရှင်းရန် သင့်လျော်သော နည်းလမ်းများကို ရှာဖွေရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။
ခ။ အခက်အခဲများ ကြုံတွေ့ရသည့်အခါ ပိုင်ဆိုင်သင့်သော မှန်ကန်သည့် ရှုထောင့်များနှင့် သဘောထားများ
ဤနေရာတွင် သင်တို့ကို ငါ ရှင်းပြရန် လိုအပ်သည့်အရာမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကိုသာမက ရှိနေသူအားလုံးကိုလည်း ရည်ညွှန်းခြင်း ဖြစ်သည်။ ယင်းသည် အရေးအကြီးဆုံးသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ သင်တို့သည် မည်သည့်နေရာတွင် အသင်းတော်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ၊ သင်တို့၏ တာဝန်များကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် ဧဝံဂေလိတရားကို ဟောပြောနေသည်ဖြစ်စေ အခက်အခဲအတားအဆီးများ အမြဲရှိနေမည် ဖြစ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်ပင်လျှင် အခက်အခဲများနှင့် ပြည့်နှက်နေသည်၊ ဤအချက်ကို သင်တို့အားလုံး သတိပြုမိကြပြီးပြီလော။ သင်တို့သည် တိကျသောအချက်များကို မသိနိုင် သို့မဟုတ် ရှင်းလင်းစွာ နားမလည်နိုင်သော်လည်း ယေဘုယျအခြေအနေများကို သင်တို့အားလုံး သတိပြုမိကြသည်။ ဘုရားသခင်၏ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေခြင်းသည် အဆင်ပြေချောမွေ့ခြင်းမရှိသည့်အပြင်၊ သင်တို့အားလုံးသည် ဤအရာအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်ပြီး အသိအမှတ်ပြုသင့်သည်။ ဤအခိုင်အမာသက်သေထူထားသောအချက်ကို ဤနေရာတွင် ချပြထားသည်၊ သို့ဖြစ်၍ အသင့်တော်ဆုံး၊ အကျိုးကြောင်းအဆီလျော်ဆုံးနှင့် အမှန်ကန်ဆုံးဖြစ်ရန် ဤကိစ္စရပ်များအပေါ် ငါတို့ မည်သည့် သဘောထားကို ခံယူသင့်သနည်း။ စိတ်ထဲတွင် တွန့်ဆုတ်ကာ ကြောက်ရွံ့ခြင်းသည် မှန်ကန်သလော။ (မမှန်ပါ။) တွန့်ဆုတ်ကာ ကြောက်ရွံ့ခြင်းသည် မမှန်ကန်သည့်အတွက် ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ မကြောက်ရွံ့ဘဲ၊ တစ်လောကလုံးနှင့် ရန်သူဖြစ်ကာ၊ တစ်လောကလုံးကို အဆုံးတိုင် အတိုက်အခံလုပ်ပြီး ရေစီးကြောင်းကို ဆန်တက်သည့် သဘောထားနှင့် ရှုထောင့်ရှိခြင်းသည် မှန်ကန်သလော။ (မမှန်ပါ။) ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားလော သို့မဟုတ် စိတ်မြန်လက်မြန်ဖြစ်ခြင်းလော။ ဤမမှန်ကန်သော ရှုထောင့်များအားလုံးသည် စစ်မှန်သော ယုံကြည်ခြင်းမဟုတ်ဘဲ စိတ်မြန်လက်မြန်ဖြစ်ခြင်း၏ ထင်ဟပ်မှုတစ်ခုသာ ဖြစ်သည်။ သို့ဆိုလျှင် မည်သည့် ရှုထောင့်များနှင့် သဘောထားများက မှန်ကန်သနည်း။ သင်တို့အတွက် အနည်းငယ်ကို ငါ စာရင်းပြုစုပေးမည်။ ဤသည်မှာ လူတို့ ရှိသင့်သည့် ပထမဆုံးသော ရှုထောင့် ဖြစ်သည်- နိုင်ငံရပ်ခြားတွင်ဖြစ်စေ၊ တရုတ်ပြည်တွင်ဖြစ်စေ ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ မိမိတို့ကိုယ်ကို အသုံးခံပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းသည် ရှေးကာလများမှသည် မျက်မှောက်ခေတ်အထိ လူသားမျိုးနွယ်အားလုံးထဲတွင် တရားအမျှတဆုံးသော အကြောင်းတရား ဖြစ်သည်။ ယခု ငါတို့ လုပ်ဆောင်နေသည့်အရာသည် လူသားမျိုးနွယ်ထဲတွင် တရားအမျှတဆုံးသော အကြောင်းတရားဖြစ်သောကြောင့် ငါတို့၏ တာဝန်ထမ်းဆောင်ခြင်းသည် ဖုံးကွယ်ထားခြင်းမရှိ၊ ပွင့်လင်းသည်၊ လျှို့ဝှက်ခြင်းမရှိပေ။ ဤ “တရားမျှတခြင်း”သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် သမ္မာတရား၊ ဘုရားသခင်၏ အလိုတော်၊ ဖန်ဆင်းရှင်၏ စီစဉ်မှုများနှင့် တာဝန်ပေးစေခိုင်းချက်များကို ရည်ညွှန်းသည်။ ယင်းသည် လူ့ကိုယ်ကျင့်တရားများ၊ ကျင့်ဝတ်များနှင့် ဥပဒေများကို လုံးဝ ကျော်လွန်ပြီး ဖန်ဆင်းရှင်၏ ဦးဆောင်မှုနှင့် ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် ဆောင်ရွက်ထားသည့် အကြောင်းတရားတစ်ခု ဖြစ်သည်။ ဤသည်မှာ အမှန်ကန်ဆုံးသော ရှုထောင့် မဟုတ်လော။ တစ်နည်းအားဖြင့်၊ ဤရှုထောင့်သည် အမှန်တကယ် တည်ရှိနေသော အချက်တစ်ခုဖြစ်ပြီး နောက်တစ်နည်းအားဖြင့်၊ ယင်းသည် လူတစ်ဦး ထမ်းဆောင်သည့် တာဝန်အပေါ် အမှန်ကန်ဆုံးသော အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။ ဤသည်မှာ လူတို့ ရှိသင့်သည့် ဒုတိယရှုထောင့် ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးအပေါ် အချုပ်အခြာအာဏာရှိ သည်။ လောက၏ အုပ်စိုးသူများနှင့် လောကရှိ မည်သည့်အာဏာ၊ ဘာသာတရား၊ အဖွဲ့အစည်းနှင့် လူမျိုးမဆို အပါအဝင် အရာအားလုံးသည် ဘုရားသခင်၏ လက်ဖြင့် အုပ်စိုးခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်။ မည်သူကမျှ မိမိ၏ ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ခြင်း မရှိပေ။ ငါတို့သည် ခြွင်းချက်မဟုတ်ပေ။ ငါတို့၏ ကံကြမ္မာများကို ဘုရားသခင်၏ လက်က အုပ်စိုးကာ ထိန်းချုပ်ထားပြီး၊ ငါတို့ သွားသည့်နေရာနှင့် နေထိုင်သည့်နေရာ၏ လားရာကို မည်သူမျှ မပြောင်းလဲနိုင်သည့်အပြင်၊ ငါတို့၏ အနာဂတ်နှင့် ပန်းတိုင်ကိုလည်း မည်သူမျှ မပြောင်းလဲနိုင်ပေ။ သမ္မာကျမ်းစာက “ရှင်ဘုရင်၏ နှလုံးသားသည် မြစ်ရေကဲ့သို့ ယေဟောဝါ၏ လက်တော်တွင် ရှိ၏။ ယင်းကို သူ အလိုရှိသည့်နေရာတိုင်းသို့ လှည့်တော်မူသည်။” (သုတ္တံကျမ်း ၂၁:၁) ဟု ဆိုထားသည့်အတိုင်းပင် ဖြစ်သည်။ ငါတို့ကဲ့သို့ မပြောပလောက်သော လူသားများ၏ ကံကြမ္မာများအတွက်မူ သာ၍ပင် ဆိုဖွယ်မရှိပေ။ ငါတို့ နေထိုင်သည့် နိုင်ငံ အုပ်စိုးသူ၏ အုပ်ချုပ်မှုနှင့် စနစ်အပြင် ဤနိုင်ငံ၏ နေထိုင်မှုပတ်ဝန်းကျင်သည် ငါတို့ကို ခြိမ်းခြောက်သည်ဖြစ်စေ၊ ရန်လိုသည်ဖြစ်စေ သို့မဟုတ် ဖော်ရွေသည်ဖြစ်စေ၊ ဤအရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိပြီး ငါတို့ စိုးရိမ်ပူပန်စရာ သို့မဟုတ် ပူပင်ကြောင့်ကြစရာ တစ်ခုမျှ မရှိပေ။ ဤသည်မှာ လူတို့ စွဲကိုင်ထားသင့်သည့် ရှုထောင့်နှင့် ရှိသင့်သည့် သိနားလည်မှုဖြစ်သည့်အပြင် ၎င်းတို့ ပိုင်ဆိုင်ပြီး နားလည်သင့်သည့် သမ္မာတရားလည်း ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ တတိယရှုထောင့်ဖြစ်ပြီး အရေးအကြီးဆုံးဖြစ်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ ငါတို့ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ၊ မည်သည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ၊ ငါတို့၏ လုပ်နိုင်စွမ်းများ သို့မဟုတ် အစွမ်းအစ မည်သို့ပင်ဖြစ်စေ ငါတို့သည် မပြောပလောက်သော ဖန်ဆင်းခံများစွာထဲမှ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ ငါတို့ ဖြည့်ဆည်းသင့်သည့် တစ်ခုတည်းသော တာဝန်နှင့် ဝတ္တရားမှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၊ စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားခြင်းများကို ကျိုးနွံနာခံရန် ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မရှိ၊ ထိုမျှ ရိုးရှင်းသည်။ ငါတို့သည် လက်တလောတွင် လွတ်လပ်သော နိုင်ငံတစ်ခုနှင့် လွတ်လပ်သော ပတ်ဝန်းကျင်တစ်ခုတွင် ရှိနေသော်လည်း တစ်နေ့တွင် ဘုရားသခင်က ငါတို့ကို ညှဉ်းပန်းနှိပ်စက်ရန်နှင့် အန္တရာယ်ပေးရန် ရန်လိုသော အင်အားစုတစ်ခုကို ပေါ်ပေါက်စေပါက ငါတို့တွင် စောဒကတက်မှုခြင်း ဘာမဆိုဘာမျှ မရှိသင့်ပေ။ ငါတို့သည် အဘယ်ကြောင့် စောဒကတက်မှုများ မရှိသင့်သနည်း။ အကြောင်းမှာ ငါတို့သည် အချိန်ကြာမြင့်စွာကတည်းက ပြင်ဆင်ထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ ငါတို့၏ တာဝန်၊ ဝတ္တရားနှင့် အလုပ်မှာ ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံး၊ ဘုရားသခင် စီစဉ်ညွှန်ကြားသမျှ အရာရာတိုင်းကို ကျိုးနွံနာခံရန် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ကျိုးနွံနာခံခြင်း ဟုတ်သလော။ ယင်းသည် လူတို့ ရှိသင့်သည့် သဘောထား ဟုတ်သလော။ (ဟုတ်ပါသည်။) တစ်နေ့တွင် လူသားမျိုးနွယ်အားလုံးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးက ငါတို့ကို ဆန့်ကျင်လာပြီး သေခြင်းနှင့် ငါတို့ ရင်ဆိုင်ရပါက စောဒကတက်မှုများ ရှိသင့်သလော။ (မရှိသင့်ပါ။) အချို့က “ငါတို့အနေဖြင့် စာတန်၏ ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုကို နောက်ထပ် မခံစားရစေရန်အလို့ငှာ ဘုရားသခင်က ငါတို့ကို နိုင်ငံရပ်ခြားသို့ ပို့ဆောင်ခဲ့ခြင်း မဟုတ်လော။ ငါတို့၏ တာဝန်များကို လွတ်လပ်စွာ ထမ်းဆောင်ပြီး လွတ်လပ်ခြင်း၏ လေကို ရှူရှိုက်နိုင်ရန် မဟုတ်လော။ သို့ဆိုလျှင် ဘုရားသခင်က ငါတို့ကို သေခြင်းနှင့် ရင်ဆိုင်စေရန် အဘယ်ကြောင့် ကြံရွယ်နေသေးသနည်း”ဟု ပြောကြသည်။ ဤစကားများသည် မမှန်ကန်ပေ။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံခြင်းသည် သဘောထားတစ်ခု၊ ဘုရားသခင်အပေါ်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် လူတို့ ရှိသင့်သည့် သဘောထား ဖြစ်သည်။ ယင်းသည် ဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်သင့်သည့် သဘောထား ဖြစ်သည်။
လူတို့ နားလည်သဘောပေါက်သင့်သည့် နောက်ထပ် အရေးအကြီးဆုံးသော အချက်တစ်ချက် ရှိသည်။ နိုင်ငံရပ်ခြားတွင် အတော်အတန် တည်ငြိမ်ပြီး လွတ်လပ်သော်လည်း အဆင်းနီသော နဂါးကြီး၏ မကြာခဏ ဒုက္ခပေးနှောင့်ယှက်ခြင်းကို ရှောင်ရှားရန် ခက်ခဲနေဆဲ ဖြစ်သည်။ အဆင်းနီသော နဂါးကြီး၏ ဒုက္ခပေးနှောင့်ယှက်ခြင်းကို ရင်ဆိုင်ရသည့်အခါ အချို့သောလူတို့က စိုးရိမ်ကြသည်။ “အဆင်းနီသော နဂါးကြီး၏ အာဏာစက်က အလွန်ကြီးမားသည်။ ၎င်းသည် သူ့အတွက် အလုပ်လုပ်ပေးရန်၊ သူ့ကိုယ်စား အလုပ်လုပ်ပေးရန် ကမ္ဘာတစ်ဝှမ်းမှ အရေးပါသော ပုဂ္ဂိုလ်များကို လာဘ်ထိုးနိုင်သည်။ သို့ဖြစ်၍ နိုင်ငံရပ်ခြားသို့ ကျွန်ုပ်တို့ ထွက်ပြေးလျှင်ပင် အန္တရာယ်ရှိနေဆဲ၊ အန္တရာယ်ဖြစ်လုနီးပါး ဖြစ်နေဆဲ ဖြစ်သည်။ ကျွန်ုပ်တို့ ဘာလုပ်နိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ ဤသတင်းများကို ကြားရသည့်အခါတိုင်းတွင် အချို့သောလူတို့သည် အလျှော့ပေးလိုလျက်၊ ထွက်ပြေးလိုကြလျက်၊ မည်သည့်နေရာတွင် ပုန်းအောင်းရမည်ကို မသိကြတော့ဘဲ၊ စိုးရိမ်ပြီး ကြောက်လန့်လာကြလေသည်။ ဤသို့ဖြစ်သည့်အခါတိုင်းတွင် အချို့က၊ “လောကကြီးသည် အလွန်ကျယ်ပြောလှသော်လည်း ငါ့အတွက် နေရာမရှိပါတကား။ အဆင်းနီသော နဂါးကြီး၏ အာဏာစက်အောက်တွင် ငါသည် သူ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံရပြီး သူ၏ အာဏာစက် နယ်ပယ်ပြင်ပတွင်ပင် အဘယ်ကြောင့် သူ၏ နှောင့်ယှက်ခြင်းကို ခံနေရသေးသနည်း။ အဆင်းနီသော နဂါးကြီး၏ အာဏာစက်က အလွန်ကြီးမားသည်၊ ငါ ကမ္ဘာ့အစွန်အဖျားသို့ ထွက်ပြေးလျှင်ပင် သူသည် ငါ့ကို အဘယ်ကြောင့် ရှာတွေ့နိုင်သေးသနည်း”ဟူ၍ တွေးမိကြသည်။ လူတို့သည် မကြောက်လန့်ဘဲမနေနိုင်ဖြစ်ကြပြီး ဘာလုပ်ရမည်ကို မသေမချာဖြစ်လာကြသည်။ ဤသည်မှာ ယုံကြည်ခြင်းရှိခြင်း၏ သရုပ်သကန်တစ်ခုလော။ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာနည်း။ (ဘုရားသခင်အပေါ် ယုံကြည်ခြင်း ကင်းမဲ့ခြင်း ဖြစ်ပါသည်။) ယင်းမှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ကင်းမဲ့ခြင်းမျှသာဖြစ်သလော။ သင်တို့သည် အခြားသူများထက် နိမ့်ကျသည်ဟု စိတ်ထဲတွင် ခံစားရသလော။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် အသင်းတော်၌ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သူခိုးတစ်ယောက်ကဲ့သို့ အနည်းငယ် သိုဝှက်ရသည်ဟု သင်ခံစားရသလော။ ဘာသာရေးလောကတွင်ရှိသည့် သူတို့ထက် အနည်းငယ် နိမ့်ကျသည်ဟု သင်ခံစားရသလော။ “သူတို့၏ အာဏာကို ကြည့်ပါ။ သူတို့တွင် တရားဝင် သင်းအုပ်ဆရာများနှင့် နိုင်ငံတော်က အသိအမှတ်ပြုထားသော ခမ်းနားသည့် ဘုရားရှိခိုးကျောင်းကြီးများ ရှိသည်။ ဇိမ်ခံပစ္စည်များနှင့် အလွန် ပြည့်စုံလှပါသည်တကား။ သူတို့တွင် နိုင်ငံအမျိုးမျိုး၌ သံစုံတီးဝိုင်းများနှင့် စီးပွားရေးလုပ်ငန်းများ ရှိသည်။ သို့သော် ငါတို့ကို ကြည့်ပါ၊ အမြဲတမ်း အနိုင်ကျင့်ခံနေရသည်။ သွားလေရာတွင် ဖယ်ကြဉ်ခြင်းကို ရင်ဆိုင်နေရသည်။ ငါတို့သည် အဘယ်ကြောင့် သူတို့နှင့် ကွဲပြားနေရသနည်း။ ငါတို့ သွားလေရာရာ၌ ထိုအကြောင်းကို အဘယ်ကြောင့် ပွင့်ပွင့်လင်းလင်း မပြောနိုင်ရသနည်း။ ငါတို့သည် အဘယ်ကြောင့် အလွန်စိတ်မချမ်းမြေ့စွာ အသက်ရှင်ရမည်နည်း။ အထူးသဖြင့် အွန်လိုင်းတွင် ထိုအပျက်သဘောဆောင်သော ဝါဒဖြန့်မှုများချည်းသာ ရှိနေသည်။ အခြားအသင်းတော်များက ဤအရာကို အဘယ်ကြောင့် ခါးစည်းမခံရဘဲ၊ ငါတို့က ဤအရာများကို အဘယ်ကြောင့် အမြဲတမ်း ခံစားနေရသနည်း။ ဘုရားသခင်ကို ယုံကြည်သော အခြားယုံကြည်သူများသည် သွားလေရာရာ၌ ခရစ်ယာန်ဘာသာကို ယုံကြည်ကြောင်း ပွင့်လင်းစွာ ထုတ်ဖော်ပြောကြသော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သော ငါတို့ကမူ လူဆိုးများက ငါတို့ကို တိုင်ကြားပြီးနောက် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြရလျက် ပွင့်လင်းစွာ မပြောဝံ့ကြပါ”ဟု စဉ်းစားကြလေည်။မကြာသေးမီက အစိုးရအရာရှိတစ်ဦးဟု ဆိုသူတစ်ဦးက ညီအစ်ကိုမောင်နှမအချို့ကို မေးခွန်းအနည်းငယ် မေးခဲ့ကြောင်း ငါကြားခဲ့သည်။ အရာရှိတစ်ဦးက ၎င်းတို့အား မေးမြန်းနေသည်ကို မြင်သောအခါ ၎င်းတို့သည် ကြောက်လန့်လာပြီး မေးသမျှကို ဖြေကြားလျက်၊ မိမိတို့ သိသမျှအားလုံးကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ဤသို့ပြုမူရာတွင် ပြဿနာမှာ အဘယ်အရာနည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်သည်၊ အရာရှိများကို အဘယ်ကြောင့် ကြောက်ရွံ့ရမည်နည်း။ သင်သည် တရားမဝင်သော အရာတစ်ခုတလေကိုမျှ မလုပ်ဆောင်ခဲ့ပါက ကြောက်ရွံ့ရန် မလိုအပ်ပေ။ သင့်တွင် သမ္မာတရားရှိပါက နတ်ဆိုးများနှင့် စာတန်ကို အဘယ်ကြောင့် ကြောက်ရွံ့သနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မှန်ကန်သော လမ်းခရီးမဟုတ်ဟု သင်ထင်သလော။ တရားမဝင်သော အရာတစ်ခုခုကို သင် လုပ်ဆောင်ခဲ့သည်ဟု ခံစားရသလော။ သို့ဆိုလျှင် သင်သည် အရာရှိတစ်ဦးကို အဘယ်ကြောင့် ကြောက်ရွံ့ရသနည်း။ ထိုသို့သောလူများသည် မိုက်မဲပြီး မသိနားမလည်သောသူများ မဟုတ်လော။ အချို့သောလူများသည် တရုတ်ပြည်မကြီးတွင် လိုက်လံဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ကြီးမားသော အတိုင်းအတာထိ ခံစားခဲ့ရသည်။ နိုင်ငံရပ်ခြားသို့ ရောက်လာပြီးနောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အပြစ်ရှိသည်ဟု ခံစားရသလော။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည့်အတွက် မျက်နှာငယ်ရသည်ဟု ခံစားရသလော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်ရန် နိုင်ငံရပ်ခြားသို့ အတင်းထွက်ပြေးစေခြင်းခံရသည့်အတွက် မိမိတို့၏ ဘိုးဘေးများကို မျက်နှာပြရန် ရှက်မိပြီး ဂုဏ်ငယ်သည်ဟု ခံစားရသလော။ စာတန်ဆန်သော အစိုးရနှင့် ဘာသာရေးလောကက ဘုရားသခင်နှင့် အသင်းတော်ကို ရန်လိုစွာ ဆက်ဆံနေသည်ကို ၎င်းတို့ မြင်တွေ့ပြီး မိမိတို့ကိုယ်ကို သူများထက် နိမ့်ကျသည်၊ ရာဇဝတ်မှုတစ်ခု ကျူးလွန်ခြင်းထက်ပင် ပို၍ ရှက်ဖွယ်ကောင်းသည်ဟု ခံစားရသလော။ သင်တို့တွင် ဤခံစားချက်များ ရှိသလော။ (မရှိပါ။) သင်တို့သည် ဤအတွေးများနှင့် ခံစားချက်များကို လက်သင့်မခံလိုဘဲ အပေါ်ယံတွင် ခေါင်းခါကောင်း ခါနိုင်သော်လည်း တကယ့် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ လူတစ်ဦး၏ စိတ်နေစိတ်ထား၊ ၎င်းတို့၏ အပြုအမူများနှင့် ၎င်းတို့ မသိစိတ်ဖြင့် လုပ်ဆောင်သည့် လုပ်ရပ်များသည် ၎င်းတို့၏ စိတ်နှလုံးထဲမှ အနက်ရှိုင်းဆုံး၊ အဖုံးကွယ်ဆုံးသော ကဏ္ဍများကို မလွဲမသွေ ဖော်ထုတ်လေသည်။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ သင့်တွင် ဤအရာများ မရှိပါက သင်သည် အဘယ်ကြောင့် ကြောက်ရွံ့ရသနည်း။ ဥပဒေမချိုးဖောက်သော လူတစ်ဦးသည် ရဲကို ကြောက်သလော။ သူသည် တရားသူကြီးကို ကြောက်သလော။ မကြောက်ပေ။ ဥပဒေချိုးဖောက်သော သူတို့သာလျှင် ရဲကို အကြောက်ဆုံးဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ရဲများသည် ဥပဒေမဲ့ပြီး မိမိတို့အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသောကြောင့် ရဲ၏ ဖိနှိပ်မှုကို ကျင့်သားရနေသော တရုတ်လူမျိုးများသာလျှင် ရဲကို အကြောက်ဆုံးဖြစ်သည်။ ထို့ကြောင့် တရုတ်လူမျိုးများက နိုင်ငံရပ်ခြားသို့ ပထမဆုံး ရောက်ရှိသည့်အခါ ရဲကို မြင်ရုံမျှက ၎င်းတို့ကို ကြောက်လန့်သွားစေသည်။ ဤသည်မှာ အဆင်းနီသော နဂါးကြီး၏ အုပ်ချုပ်မှုကြောင့် ကြောက်လန့်နေရခြင်း၏ ရလဒ်တစ်ခုဖြစ်သည်၊ ယင်းမှာ ၎င်းတို့၏ မသိစိတ်ထဲတွင် ထုတ်ဖော်ပြသသည့်အရာတစ်ခု ဖြစ်သည်။ အနောက်နိုင်ငံများတွင် သင်၏ အဆင့်အတန်းသည် တရားဝင်ဖြစ်သည်၊ သင့်တွင် နေထိုင်ခွင့်ရှိသည်၊ သင်သည် မည်သည့်ဥပဒေကိုမျှ မချိုးဖောက်ခဲ့သည့်အပြင်၊ အစိုးရကိုလည်း မတိုက်ခိုက်ခဲ့ဘဲ မည်သည့်ရာဇဝတ်မှုကိုမျှ မကျူးလွန်ခဲ့ပေ။ သင်၏ ယုံကြည်ခြင်းက ဘာသာရေးလောကတွင် မည်မျှ အငြင်းပွားမှုကို လှုံ့ဆော်စေကာမူ အချက်တစ်ချက်မှာ သေချာနေဆဲဖြစ်သည်။ သင်၏ ယုံကြည်ခြင်းသည် ဥပဒေအရ အကာအကွယ်ပေးခံထားရပြီးဖြစ်သည်၊ ယင်းသည် တရားဝင်ပြီး လွတ်လပ်သည်၊ ပြီးလျှင် ဤသည်မှာ သင်၏ တရားသော လူ့အခွင့်အရေး ဖြစ်သည်။ သင်သည် မည်သည့်ဥပဒေကိုမျှ မချိုးဖောက်ခဲ့ပေ၊ သို့ဖြစ်၍ တစ်စုံတစ်ဦးက ရဲအရာရှိတစ်ဦးဖြစ်သည်ဟု ဆိုကာ သင့်ကို “သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သလော။ သင်၏ သက်သေခံကတ်ပြားကို ပြပါ။ သင်သည် မည်သည့်နေရာမှ လာသနည်း။ သင် အသက်မည်မျှရှိသနည်း။ သင် ယုံကြည်သူတစ်ဦးဖြစ်သည်မှာ နှစ်ပေါင်းမည်မျှရှိပြီနည်း။ မည်သည့်နေရာတွင် သင် နေထိုင်သနည်း။ သင်၏ လိပ်စာကို ပြောပါ”ဟု မေးခွန်းထုတ်ပါက သင်သည် မည်သို့ တုံ့ပြန်မည်နည်း။ ပထမမေးခွန်းဖြစ်သည့် “သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သလော”ဟူသည်ကို သင်သည် မည်သို့ ဖြေမည်နည်း။ (ယုံကြည်ပါသည်။) သင်တို့သည် အဘယ်ကြောင့် “ယုံကြည်ပါသည်”ဟု ပြောမည်နည်း။ ဤသည်မှာ အဖြစ်မှန်ကို အခြေခံသလော။ သို့မဟုတ် မေးလာပါက “ယုံကြည်ပါသည်” ဟု ပြောရခြင်းသည် ဤသည်မှာ နိုင်ငံသားတစ်ဦးအနေဖြင့် သင်၏ တာဝန်ဖြစ်၍လော။ သို့တည်းမဟုတ် ဘုရားသခင်က သင့်ကို “ယုံကြည်ပါသည်” ဟု ပြောရန် ညွှန်ကြားခဲ့၍လော။ သင်တို့၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့ မေးခဲ့သည့် ဒုတိယအရာဖြစ်သော “သင်၏ သက်သေခံကတ်ပြားကို ပြပါ” ဟူသည်အတွက်မူ သင်တို့ ပြမည်လော။ (ပြမည်မဟုတ်ပါ။) တတိယမေးခွန်းဖြစ်သော “သင် ဘယ်မှာနေသနည်း။ သင်၏ လိပ်စာကို ချရေးပါ” ဟူသည်ကို သင်တို့ ချရေးမည်လော။ (ချရေးမည်မဟုတ်ပါ။) စတုတ္ထမေးခွန်းဖြစ်သော “သင် ဘုရားသခင်ကို ယုံကြည်သည်မှာ နှစ်ပေါင်း မည်မျှရှိပြီနည်း။ သင့်ကို ဤယုံကြည်ခြင်းနှင့် မည်သူက မိတ်ဆက်ပေးခဲ့သနည်း။ သင် အဘယ်ကြောင့် ယုံကြည်သနည်း။ သင် နိုင်ငံရပ်ခြားတွင် နေသည်မှာ နှစ်ပေါင်းမည်မျှရှိပြီနည်း” ဟူသည်တို့ကို သင်တို့ ဖြေမည်လော။ (ဖြေမည် မဟုတ်ပါ။) ပဉ္စမမေးခွန်းဖြစ်သော “သင် ဤနေရာတွင် မည်သည့်တာဝန်ကို ထမ်းဆောင်နေသနည်း။ သင်၏ ခေါင်းဆောင်မှာ မည်သူနည်း”ဟူသည်ကို သင်တို့ တုံ့ပြန်မည်လော။ (တုံ့ပြန်မည် မဟုတ်ပါ။) အဘယ်ကြောင့် မတုံ့ပြန်မည်နည်း။ (ကျွန်ုပ်သည် ၎င်းတို့ကို ပြောပြရမည့် တာဝန်မရှိပါ။) သို့ဆိုလျှင် ပထမမေးခွန်းသို့ ပြန်သွားရလျှင်၊ သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သလောဟု မေးလာပါက သင်တို့အားလုံး တညီတညွတ်တည်း “ယုံကြည်ပါသည်”ဟု ဖြေမည်ဟု ဆိုခဲ့ကြသည်။ ဤသို့ဖြေဆိုခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ (အကြောင်းမှာ ယုံကြည်ခြင်းသည် ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်သောကြောင့် ဖြစ်သည်။ ရဲတွင် ဝင်ရောက်စွက်ဖက်ရန် အခွင့်အာဏာမရှိပါ။ ထို့ကြောင့် ကျွန်ုပ်တွင် သူတို့ကို မပြောဘဲ နေပိုင်ခွင့် ရှိပါသည်။) သို့ဆိုလျှင် သင်သည် ၎င်းတို့ကို အဘယ်ကြောင့် မပြောပြမည်နည်း။ (အကြောင်းမှာ သူတို့က ကျွန်ုပ်ကို အဘယ်ကြောင့် မေးမြန်းနေသည်ကိုလည်းကောင်း၊ မည်သည့်အနေအထားဖြင့် မေးမြန်းနေသည်ကိုလည်းကောင်း၊ ၎င်းတို့၏ မေးမြန်းခြင်းသည် တရားဝင်ခြင်း ဟုတ်မဟုတ်ဟူသည်ကိုလည်းကောင်း ကျွန်ုပ် ဦးစွာ ရှင်းလင်းရန် လိုအပ်သောကြောင့် ဖြစ်သည်။ အကယ်၍ သူတို့၏ ရည်ရွယ်ချက်နှင့် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား မရှင်းလင်းပါက ကျွန်ုပ်တွင် သူတို့တို့၏ မေးခွန်းများကို ဖြေဆိုရန် တာဝန်မရှိပါ။) ဤပြောဆိုချက် မှန်ကန်ပေသည်။ အစတွင် သင်တို့အားလုံးက “ယုံကြည်ပါသည်”ဟု ဖြေဆိုမည်ဟု ပြောခဲ့ကြသော်လည်း ငါ ဆက်လက်မေးမြန်းလာသည်နှင့်အမျှ သင်တို့၏ တုံ့ပြန်မှုက မမှန်ကန်ကြောင်း ခံစားရလျက် တစ်စုံတစ်ခု လွဲချော်နေသည်ဟု သင်တို့ စတင်ခံစားလာကြသည်။ ပြဿနာ မည်သည့်နေရာတွင် ရှိသည်ကို သင်တို့ ဖော်ထုတ်နိုင်ခဲ့ကြသလော။ ဤကိစ္စတွင် သင်တို့ ရှိသင့်သည့် နားလည်မှုမှာ ဤသို့ဖြစ်သည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် မည်သည့်ဥပဒေကိုမျှ မချိုးဖောက်ခဲ့ပေ။ ငါတို့သည် ရာဇဝတ်သားများ မဟုတ်၊ ငါတို့တွင် ငါတို့၏ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့် ရှိသည်။ မည်သူကမျှ ငါတို့ကို သဘောရှိ စစ်ဆေးမေးမြန်းခြင်း သို့မဟုတ် မေးခွန်းထုတ်ခြင်း ပြု၍မရပေ။ မည်သူက ငါတို့ကို မေးခွန်းများ မေးသည်ဖြစ်စေ ငါတို့ အမှန်အတိုင်း ဖြေဆိုရမည်ဟု မဆိုလိုပေ။ ငါတို့တွင် ဤသို့ပြုလုပ်ရန် တာဝန်မရှိပေ။ ဤစကားများသည် မှန်ကန်သလော။ (မှန်ပါသည်။) မည်သူပင်ဖြစ်စေ ငါတို့ကို ထင်ရာမြင်ရာ စစ်ဆေးမေးမြန်းခြင်းသည် တရားမဝင်ပေ။ ငါတို့သည် ဥပဒေကို နားလည်ရမည်ဖြစ်ပြီး မိမိတို့ကိုယ်ကို ကာကွယ်ရန် ယင်းအား မည်သို့အသုံးပြုရမည်ကို သင်ယူရမည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ ပိုင်ဆိုင်သင့်သည့် ဉာဏ်ပညာ ဖြစ်သည်။ သို့ဆိုလျှင် အနာဂတ်တွင် သင်သည် ထိုသို့သောအခြေအနေတစ်ခုကို ကြုံတွေ့ရပါက မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ တစ်စုံတစ်ဦးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို သင် ယုံကြည်သလောဟု မေးလာပါက သင်သည် မည်သို့ တုံ့ပြန်မည်နည်း၊ မည်သို့ ကိုင်တွယ်မည်နည်း။ သင် ပထမဆုံး ပြောသည့်အရာမှာ “သင်သည် မည်သူနည်း။ မည်သည့် လုပ်ပိုင်ခွင့်ဖြင့် ကျွန်ုပ်ကို ဤသို့ မေးရသနည်း။ ကျွန်ုပ်သည် သင့်ကို သိပါသလော” ဟူ၍ ဖြစ်သည်။ အကယ်၍ ၎င်းတို့က အစိုးရအေဂျင်စီတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်သည်ဟု ပြောပါက သင့်အနေဖြင့် ၎င်းတို့အား အထောက်အထားပြခိုင်းသင့်သည်။ အကယ်၍ ၎င်းတို့၏ အထောက်အထားကို မပြပါက သင်က “သင်သည် ကျွန်ုပ်နှင့် စကားပြောရန် အရည်အချင်းမပြည့်မီပါ။ ကျွန်ုပ်တွင်လည်း သင့်ကို ဖြေဆိုရန် မည်သည့်တာဝန်မျှ မရှိပေ။ အစိုးရဝန်ထမ်းများစွာ ရှိသည်၊ ၎င်းတို့အားလုံးကို ကျွန်ုပ် ဖြေကြားနေရမည်လော။ အစိုးရတွင် အချို့သောအလုပ်များကို ကိုင်တွယ်ရန် သတ်မှတ်ထားသော လူများ ရှိသည်၊ သင်သည် ဤကိစ္စကို အမှန်တကယ် ကြီးကြပ်ရသည့်သူဖြစ်သလော။ သင် ကြီးကြပ်ရသည့်သူဖြစ်လျှင်ပင် ကျွန်ုပ်သည် ဥပဒေမချိုးဖောက်ခဲ့ပါ။ သို့ဖြစ်၍ ကျွန်ုပ်သည် သင့်ကို အဘယ်ကြောင့် ဖြေကြားရမည်နည်း။ သင့်ကို အဘယ်ကြောင့် အရာအားလုံး ပြောပြရမည်နည်း။ အကယ်၍ ကျွန်ုပ်သည် တစ်စုံတစ်ခု မှားယွင်းစွာလုပ်ဆောင်ခဲ့ပြီး ဥပဒေချိုးဖောက်ခဲ့သည်ဟု သင် ထင်ပါက သက်သေအထောက်အထားကို တင်ပြနိုင်သည်။ သို့သော် သင်သည် ကျွန်ုပ်ကို သင်၏ မေးခွန်းတစ်ခုတလေကို ဖြေကြားစေလိုပါက ကျွန်ုပ်၏ ရှေ့နေနှင့် သွားပြောလော့။ သင့်ကို ဖြေဆိုရန် ကျွန်ုပ်တွင် တာဝန်မရှိသည့်အပြင်၊ သင့်တွင်လည်း မေးခွန်းမေးပိုင်ခွင့် မရှိပါ”ဟု ပြောဆိုလော့။ ဤတုံ့ပြန်နည်းသည် မည်သို့ရှိသနည်း။ ယင်းက ဂုဏ်သိက္ခာကို ဖော်ပြသလော။ (ဖော်ပြပါသည်။) သို့ဆိုလျှင် သင်တို့၏ တုံ့ပြန်မှုက မည်သည့်အရာကို ပြသခဲ့သနည်း။ ယင်းက ဂုဏ်သိက္ခာကို ဖော်ပြခဲ့သလော။ (မဖော်ပြပါ။) သင်တို့၏ နည်းလမ်းအတိုင်း တုံ့ပြန်ခြင်းသည် ဥပဒေကို မသိနားမလည်ခြင်းအား ပြသသည်။ သင်တို့သည် အခြားသူများ မေးသမျှကို ဖြေကြားရုံဖြေကြားကြပြီး အဆုံးတွင် မည်သည့်အရာ ဖြစ်သွားသနည်း။ သင်သည် ယုဒတစ်ဦး ဖြစ်လာပေသည်။ သင်တို့သည် မဆင်မခြင် ဖြေဆိုနိုင်ပြီး ယင်းအတွက် အကြောင်းရင်းတစ်ခု ရှိသည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင်ရှိသည့် လူတို့သည် ဘုရားသခင်ကို ယုံကြည်သူများက မသိနားမလည်သူများ၊ အဆင့်အတန်း နိမ့်ကျသူများဖြစ်ပြီး နိုင်ငံတော်၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသူများဖြစ်သည်ဟုလည်းကောင်း၊ ဤနိုင်ငံတွင် ၎င်းတို့သည် လူ့အခွင့်အရေး သို့မဟုတ် ဂုဏ်သိက္ခာမရှိဘဲ နေထိုင်သင့်သည်ဟုလည်းကောင်း အယူဝါဒသွတ်သွင်းခြင်းနှင့် ဦးနှောက်ဆေးကြောခြင်းတို့ကို ခံထားရပေသည်။ သို့ဖြစ်၍ ယုံကြည်သူများသည် မိမိတို့ကိုယ်ကို အဆင့်အတန်းနိမ့်ကျသူများအဖြစ် သတ်မှတ်လိုက်မိကြသည်။ အနောက်နိုင်ငံများသို့ ရောက်ရှိလားပြီးနောက်တွင် ၎င်းတို့သည် လူ့အခွင့်အရေးဟူသည်မှာ အဘယ်အရာဖြစ်သည်၊ ဂုဏ်သိက္ခာဟူသည်မှာ အဘယ်အရာဖြစ်သည် သို့မဟုတ် နိုင်ငံသားတစ်ဦး၏ တာဝန်ဝတ္တရားများဟူသည်မှာ အဘယ်အရာဖြစ်သည် စသည့်အရာများကို နားမလည်ကြပေ။ သို့ဖြစ်၍ တစ်စုံတစ်ဦးက ဘုရားသခင်ကို သင် ယုံကြည်သလားဟု မေးလာသည့်အခါ သင်သည် သင်သိသမျှအားလုံးကို ပြောပြကာ မည်သည့်ဝိညာဉ်ရင့်ကျက်မှုကိုမျှ လုံးဝမပြဘဲ ကြောက်ရွံ့မှုကြောင့် အလျင်အမြန် ဝန်ခံလိုက်မိလေသည်။ ဤအရာအားလုံးကို မည်သူက ဖြစ်စေခဲ့သနည်း။ ယင်းကို ဖြစ်စေခဲ့သည်မှာ အဆင်းနီသော နဂါးကြီး၏ အယူဝါဒသွတ်သွင်းခြင်းနှင့် အုပ်ချုပ်မှုဖြစ်သည်။ တရုတ်ပြည်မကြီးတွင်ရှိသည့် လူတိုင်း၏ နက်ရှိုင်းသော မသိစိတ်ထဲတွင် ဘုရားသခင်ကို သင် ယုံကြည်သည်နှင့်တစ်ပြိုင်နက် သင်သည် ဤလူ့အဖွဲ့အစည်းတွင်၊ လူသားမျိုးနွယ်အကြားတွင် အနိမ့်ကျဆုံးသော အဆင့်အတန်းကို ရရှိသွားသည်၊ သင်သည် လူ့အဖွဲ့အစည်းနှင့်လည်းကောင်း၊ လူသားမျိုးနွယ်တို့နှင့်လည်းကောင်း အဆက်ပြတ်သွားသည်ဟူသော အယူအဆတစ်ခု ရှိနေသည်။ သို့ဖြစ်၍ ဤလူတို့သည် ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် မိမိတို့ကိုယ်ကို ကာကွယ်ရမည့် အသိ ကင်းမဲ့ကြသည်၊ ၎င်းတို့ မိုက်မဲသည်၊ မသိနားမလည်ဖြစ်ကြသည့်အပြင် အခြားသူများကို မိမိတို့အလိုရှိသလို အနိုင်ကျင့်ခွင့်နှင့် ကြိုးကိုင်ခွင့်ပေးလျက် ထိုးထွင်းသိမြင်မှု ကင်းမဲ့ကြသည်ဟူသည့် အယူအဆရှိလေသည်။ ဤသည်မှာ သင်တို့၏ စိတ်နေသဘောထား ဖြစ်သည်။ ဘုရားသခင်အတွက် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ ဝေးစွ၊ သင်သည် အချိန်မရွေး သူ့ကို သစ္စာဖောက်ပြီး အချိန်မရွေး ယုဒတစ်ဦး ဖြစ်လာနိုင်သည်။ သို့ဆိုလျှင် သင်သည် ဂုဏ်သိက္ခာဖြင့် မည်သို့ ပြုမူနိုင်မည်နည်း။ သင့်ကို မေးခွန်းများ မေးလာသည့် သူစိမ်းတစ်ဦးကို သင် မည်သို့ ရင်ဆိုင်သင့်သနည်း။ ပထမဦးစွာ ၎င်းတို့ မည်သူဖြစ်သည်ကို မေးလော့၊ ထို့နောက် ၎င်းတို့ကို အထောက်အထားပြခိုင်းလော့။ ဤသည်မှာ သင့်လျော်သော ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း ဖြစ်သည်။ အနောက်နိုင်ငံများတွင် ရဲ သို့မဟုတ် အခြားမည်သည့် အစိုးရဝန်ထမ်းမဆို အစိုးရကိုယ်စား အလုပ်လုပ်သည့် ကိုယ်စားလှယ်များအဖြစ် အများပြည်သူနှင့် ဆက်ဆံသည့်အခါ ၎င်းတို့သည် ဦးစွာ မိမိတို့၏ အထောက်အထားများကို အမြဲတမ်း ပြသကြသည်။ ၎င်းတို့၏ အထောက်အထားများကို အခြေခံ၍ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို အတည်ပြုပြီးနောက် သင်သည် ၎င်းတို့၏ မေးခွန်းများကို မည်သို့တုံ့ပြန်ရမည် သို့မဟုတ် သင့်အပေါ် ၎င်းတို့၏ တောင်းဆိုချက်များအား မည်သို့ကိုင်တွယ်ရမည်ကို ဆုံးဖြတ်လော့။ ဤကိစ္စတွင် သင်သည် မုချ ရွေးချယ်မှုများ ပြုလုပ်ခွင့်ရှိသည်မှာ အမှန်ပင် ဖြစ်သည်။ သင့်တွင် လုပ်ပိုင်ခွင့် လုံးဝရှိသည်၊ သင်သည် ရုပ်သေးတစ်ရုပ် မဟုတ်ပေ။ သင်သည် တရုတ်လူမျိုးတစ်ဦး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အသင်းသားတစ်ဦး ဖြစ်သော်လည်း သင်နေထိုင်သည့် နိုင်ငံ၏ တရားဝင်ပြီး အသိအမှတ်ပြုခံရသော နိုင်ငံသားတစ်ဦးလည်း ဖြစ်သည်။ သင်၌ လုပ်ပိုင်ခွင့် ရှိသည်ကို မမေ့နှင့်။ သင်သည် နိုင်ငံတစ်ခုတလေ၏ ကျွန် သို့မဟုတ် အကျဉ်းသားတစ်ဦး မဟုတ်ပေ။ သင်သည် ဤနိုင်ငံ၏ ဥပဒေများ၊ လူ့အခွင့်အရေးများနှင့် စနစ်များကို မွေ့လျော်ခံစား၍ရသောသူတစ်ဦး ဖြစ်သည်။
ငါမိတ်သဟာယဖွဲ့ပြီးသည့် အကြောင်းအရာကို အခြေခံ၍ သင်တို့သည် ရုတ်တရက်ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်များနှင့် မမျှော်လင့်ထားသော ဖြစ်ရပ်များကို မည်သို့ ရင်ဆိုင်သင့်သနည်း။ ဤသည်မှာ ငါတို့ မိတ်သဟာယဖွဲ့ရမည့် စတုတ္ထအချက်ဖြစ်သည်၊ မကြောက်ရွံ့နှင့် ဖြစ်သည်။ အချို့လူများက “မကြောက်ရွံ့ခြင်းဆိုသည်မှာ မိုက်မိုက်မဲမဲ ရဲတင်းသည့်နည်းလမ်းဖြင့် ပြုမူခြင်းကို ဆိုလိုသလော”ဟု မေးကြသည်။ မဟုတ်ပေ၊ မကြောက်ရွံ့ခြင်းဆိုသည်မှာ ငါတို့သည် ရာဇဝတ်သားများ မဟုတ်သောကြောင့်၊ ကျွန်များ မဟုတ်သောကြောင့် မည်သည့်အာဏာကိုမျှ မကြောက်ရွံ့ခြင်းကို ဆိုလိုပေသည်။ ငါတို့သည် ဘုရားသခင် ရွေးချယ်ထားသော ဂုဏ်သိက္ခာရှိသည့်လူများ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင်ရှိသော ဂုဏ်သိက္ခာရှိသည့် ဖန်ဆင်းခံ လူသားများ ဖြစ်ကြသည်။ ပထမဦးစွာ ဤကိစ္စရပ်အပေါ် သင်တို့၏ချဉ်းကပ်ပုံတွင် မကြောက်ရွံ့နှင့်။ ထို့အပြင် သင်၏တာဝန်နှင့် သင်၏တာဝန်ကို ထမ်းဆောင်သည့် ပတ်ဝန်းကျင်ကို တက်ကြွစွာ ထိန်းသိမ်းဆောင်ရွက်လော့။ အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် ငါတို့ကို ပစ်မှတ်ထားသည့် အမျိုးမျိုးသော အာဏာများ၏ ပြောဆိုချက်များ၊ လုပ်ဆောင်ချက်များနှင့် အခြားအရာများကိုလည်း တက်ကြွသော သဘောထားဖြင့် ရင်ဆိုင်လော့။ ယင်းတို့ကို တက်ကြွစွာနှင့် ကြောက်ရွံ့ခြင်းမရှိဘဲ ရင်ဆိုင်ခြင်းဟူသည့် ဤသဘောထားကို သင်မည်သို့ထင်သနည်း။ (ကောင်းပါသည်။) ဤသို့ အသက်ရှင်နေထိုင်ခြင်းသည် လူတစ်ဦးကဲ့သို့ ဂုဏ်သိက္ခာရှိသည်။ ယင်းမှာ နေလို့ဖြစ်ရုံမျှဖြင့် ယုတ်ညံ့စွာ အသက်ရှင်ခြင်း မဟုတ်ပေ။ ငါတို့သည် ငါတို့၏ တာဝန်ကို ထမ်းဆောင်ရန် နိုင်ငံရပ်ခြားသို့ ရောက်လာကြခြင်းဖြစ်သည်။ ငါတို့၏ ဝမ်းဗိုက်များကို ဖြည့်တင်းရန် သို့မဟုတ် ဘဝကို ရပ်တည်နိုင်ရုံ ရုန်းကန်နေထိုင်ရန် မဟုတ်ပေ။ ငါတို့သည် မည်သည့်ဥပဒေကိုမျှ မချိုးဖောက်ခဲ့ပေ။ မည်သည့်နိုင်ငံအတွက်ကိုမျှ ဒုက္ခမပေးခဲ့သည့်အပြင် မည်သည့်နိုင်ငံအတွက်မျှ သေချာပေါက် ကျွန်များ မဟုတ်ခဲ့ကြပေ။ ငါတို့သည် ဘုရားအိမ်တော်အတွင်း၌ ဖန်ဆင်းခံများ၏ တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ ငါတို့သည် အခြားသူများအပေါ် မှီခိုခြင်းမရှိဘဲ မိမိတို့ကိုယ်ကို ထောက်ပံ့ကြသည်။ ဤသည်မှာ လုံးဝ တရားဝင်သည်။
ငါတို့ ယခုတင် ဆွေးနွေးခဲ့သည့် အချက်လေးချက်အနက် အချက်တစ်ခုချင်းစီသည် အရေးကြီးသည်။ ပထမအချက်မှာ အဘယ်နည်း။ (နိုင်ငံရပ်ခြားတွင်ဖြစ်စေ၊ တရုတ်ပြည်တွင်ဖြစ်စေ ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ မိမိကိုယ်ကို အသုံးခံပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းသည် ရှေးကာလများမှသည် မျက်မှောက်ခေတ်အထိ လူသားမျိုးနွယ်အားလုံးထဲတွင် တရားအမျှတဆုံးသော အကြောင်းတရား ဖြစ်သည်။ ယခု ငါတို့ လုပ်ဆောင်နေသည့်အရာသည် လူသားမျိုးနွယ်ထဲတွင် တရားအမျှတဆုံးသော အကြောင်းတရားဖြစ်သောကြောင့် ငါတို့၏ တာဝန်ထမ်းဆောင်ခြင်းသည် ဖုံးကွယ်ထားခြင်းမရှိ၊ ပွင့်လင်းသည်၊ လျှို့ဝှက်ခြင်းမရှိပေ။) ဒုတိယအချက်ကရော အဘယ်နည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးအပေါ် အချုပ်အခြာအာဏာရှိ သည်။ လောက၏ အုပ်စိုးသူများနှင့် လောကရှိ မည်သည့်အာဏာမဆို အပါအဝင် အရာအားလုံးသည် ဘုရားသခင်၏ လက်ဖြင့် အုပ်စိုးခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်။ မည်သူကမျှ မိမိ၏ ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ခြင်း မရှိပေ။ ငါတို့သည် ခြွင်းချက်မဟုတ်ပေ။ ငါတို့၏ ကံကြမ္မာများကို ဘုရားသခင်၏ လက်က အုပ်စိုးကာ ထိန်းချုပ်ထားပြီး ငါတို့ သွားသည့်နေရာနှင့် နေထိုင်သည့်နေရာ၏ လားရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ ငါတို့ နေထိုင်သည့် နိုင်ငံ အုပ်စိုးသူ၏ အုပ်ချုပ်မှုနှင့် စနစ်တို့က မည်သို့ရှိသည်၊ ဤနိုင်ငံ၏ နေထိုင်မှုပတ်ဝန်းကျင်သည် မည်သို့ရှိသည်နှင့် ယင်းတို့က ငါတို့အပေါ် ခြိမ်းခြောက်သည်ဖြစ်စေ၊ ရန်လိုသည်ဖြစ်စေ သို့မဟုတ် ဖော်ရွေသည်ဖြစ်စေ ဤအရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိပြီး ငါတို့ စိုးရိမ်ပူပန်စရာ သို့မဟုတ် ပူပင်ကြောင့်ကြစရာ တစ်ခုမျှ မရှိပေ။) တတိယအချက်ကကော အဘယ်နည်း။ (ငါတို့ မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ၊ ငါတို့၏ လုပ်နိုင်စွမ်းများ သို့မဟုတ် အစွမ်းအစ မည်သို့ပင်ဖြစ်စေ ငါတို့သည် မပြောပလောက်သော ဖန်ဆင်းခံများစွာထဲမှ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ ငါတို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တစ်ခုတည်းသော တာဝန်နှင့် ဝတ္တရားမှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၊ စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားခြင်းများကို ကျိုးနွံနာခံရန် ဖြစ်သည်၊ ငါတို့သည် လက်တလောတွင် လွတ်လပ်သော နိုင်ငံတစ်ခုတွင် ရှိနေသော်လည်း တစ်နေ့တွင် ဘုရားသခင်က ငါတို့ကို ညှဉ်းပန်းနှိပ်စက်ရန်နှင့် အန္တရာယ်ပေးရန် ရန်လိုသော အင်အားစုတစ်ခုကို ပေါ်ပေါက်စေပါက ငါတို့တွင် စောဒကတက်မှုခြင်း တစ်ခုမျှ မရှိသင့်ပေ။ ဤသည်မှာ ငါတို့၏ တာဝန်၊ ဝတ္တရားနှင့် အလုပ်တို့သည် ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံး၊ ဘုရားသခင် စီစဉ်ညွှန်ကြားသမျှ အရာရာတိုင်းကို ကျိုးနွံနာခံရန် ဖြစ်သောကြောင့်ဖြစ်သည်။) စတုတ္ထအချက်မှာ ပြင်ပရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးကို ကြောက်ရွံ့ခြင်းမရှိဘဲ တက်ကြွစွာ ရင်ဆိုင်ရန် ဖြစ်သည်။ ဤအချက်လေးချက်သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူတိုင်း ရှိသင့်သည့် သဘောထားများနှင့် သိနားလည်မှုများ ဖြစ်ကြပြီး ယင်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူတိုင်း နားလည်သင့်သည့် သမ္မာတရားများလည်း ဖြစ်ကြသည်။ ဤအချက်လေးချက်သည် ယနေ့ မိတ်သဟာယဖွဲ့ခဲ့သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဋ္ဌမမြောက် တာဝန်ဝတ္တရားနှင့် သိပ်ဆက်စပ်မှုမရှိသော်လည်း ငါတို့သည် အလုပ်ထဲမှ အခက်အခဲများအကြောင်း ပြောနေသောကြောင့် ဤကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ဆဲဖြစ်သည်၊ ယင်းမှာ အချည်းနှီးမဟုတ်ပေ။
ဂ။ အခက်အခဲများ ကြုံတွေ့ရသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများ
အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြင်ပရေးရာများတွင် ကိုင်တွယ်ရန် ပိုမိုခက်ခဲသော ကိစ္စရပ်များကို ကြုံတွေ့ရပြီး ပြဿနာ၏ အရင်းအမြစ်ကို ထိုးထွင်းမမြင်နိုင်သည့်အပြင် မည်သို့ချဉ်းကပ်ရမည်ကိုလည်း မသိဘဲ အဘယ်အရာကို လုပ်ဆောင်ရမည်မသိ ဖြစ်သွားကြသည်။ ၎င်းတို့သည် ယင်းကို လျစ်လျူရှုလိုက်ရုံသာ ပြုကြရာ အမှုကိစ္စကို ကြန့်ကြာသွားစေသည်။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ ယင်းမှာ အယောင်ဆောင်ခေါင်းဆောင်များက အလုပ်မလုပ်ဆောင်နိုင်သည့်အပြင် ကြန့်ကြာမှုများကိုသာ ဖြစ်စေခြင်း ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ပုံမှန်လူတစ်ဦး၏ ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ၎င်းတို့သည် ပြဿနာများကို မကိုင်တွယ်နိုင်သည့်အတွက် အဘယ်ကြောင့် အထက်သို့ သတင်းမပို့ကြသနည်း။ သင်သည် ပြဿနာတစ်ခုကို အထက်သို့ သတင်းပို့ပါက ငါတို့ ယင်းကို အတူတကွ ရင်ဆိုင်၍ရပြီး ပြဿနာသည် နောက်ဆုံးတွင် ပြေလည်သွားလိမ့်မည်။ သင်တို့ ထိုးထွင်းမမြင်နိုင်သော အချို့အရာများ ရှိသည်။ ယင်းတို့အား ဆန်းစစ်ရာတွင် သင်တို့ကို ငါ ကူညီပေးမည်။ ငါတို့သည် ဥပဒေ သို့မဟုတ် အစိုးရစည်းမျဉ်းများကို မချိုးဖောက်သရွေ့ ကျော်လွှားရန် ကြီးမားလွန်းသော ပြဿနာဟူ၍ မရှိပေ။ သမ္မာတရား စည်းမျဉ်းများ ပါဝင်သည့် ကိစ္စရပ်များအတွက် ငါတို့သည် မိမိတို့ဘာသာ ဖြေရှင်းကြသည်။ ဥပဒေပါဝင်သည့် ကိစ္စရပ်များအတွက် ငါတို့သည် အကူအညီအတွက် ဥပဒေရေးရာ အကြံဉာဏ်ကို ရှာဖွေနိုင်ပြီး ဥပဒေနည်းလမ်းများဖြင့် ဖြေရှင်းနိုင်သည်။ မည်သည့်ဆိုးယုတ်သော အင်အားစုများက ဘုရားအိမ်တော်၏ အလုပ်ကို တမင်တကာ နှောင့်ယှက်ပြီး တမင်ဖျက်ဆီးသည်ဖြစ်စေ အချက်တစ်ချက်ကို သတိရလော့။ ဥပဒေကို ငါတို့ မချိုးဖောက်သရွေ့ သို့မဟုတ် အစိုးရစည်းမျဉ်းများကို မချိုးဖောက်သရွေ့ မည်သူမျှ ငါတို့ကို မည်သည့်အရာမျှ မလုပ်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ပင်လယ်ရပ်ခြားနိုင်ငံအများစုသည် ဒီမိုကရေစီနိုင်ငံများဖြစ်ပြီး ဥပဒေဖြင့် အုပ်ချုပ်သောကြောင့် ဖြစ်သည်။ ဆိုးယုတ်သော အင်အားစုများက ဥပဒေကို ဆန့်ကျင်၍ ပြုမူလျှင်ပင် ၎င်းတို့သည်လည်း ဖော်ထုတ်ခံရခြင်းနှင့် ဥပဒေအရ အရေးယူခြင်းများကို ကြောက်ရွံ့ကြသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ အဆင်းနီသော နဂါးကြီး၏ မည်းညစ်သော လက်များက ဘုရားအိမ်တော်၏ အလုပ်ကို မည်သို့ပင် နှောင့်ယှက်ပြီး တမင်ဖျက်ဆီးသည်ဖြစ်စေ၊ ငါတို့၏ ပုံမှန်အသက်တာများကို မည်သို့ပင် နှောင့်ယှက်သည်ဖြစ်စေ၊ မကောင်းမှုများလုပ်ရန် တစ်စုံတစ်ဦးကို လာဘ်ထိုးသည်ဖြစ်စေ ငါတို့သည် ဓာတ်ပုံများရိုက်ယူပြီး စစ်မှန်သော ဗီဒီယိုများ ဖန်တီးရမည်၊ မှန်ကန်တိကျသော မှတ်တမ်းများကို အလေးအနက်ထား၍ ထိန်းသိမ်းရမည်ဖြစ်ပြီး အချိန်၊ နေရာနှင့် ပါဝင်သည့်လူများကို ရှင်းလင်းစွာ ရေးမှတ်ထားရမည်။ အချိန်အခါကျသည့်အခါ ငါတို့သည် ယင်းကို ဥပဒေနည်းလမ်းများဖြင့် ဖြေရှင်းမည်ဖြစ်ပြီး ငါတို့သည် ယင်းကို ကြောက်ရွံ့ရန် မလိုအပ်ပေ။ အဆင်းနီသော နဂါးကြီး၏ ဖိနှိပ်မှုသည် မည်မျှပင် ရူးသွပ်နေပါစေ ဘုရားသခင်သည် ငါတို့၏ အထောက်အပံ့ဖြစ်သောကြောင့် ငါတို့သည် ယင်းကို မကြောက်ရွံ့ပေ။ တစ်နေ့တွင် ဘုရားသခင်သည် ယင်းကို ဖျက်ဆီးရန် ဘေးအန္တရာယ်များကို စေလွှတ်လိမ့်မည်၊ ဘုရားသခင်သည် ယင်းကို တိုက်ရိုက် ဒဏ်ခတ်လိမ့်မည်ဖြစ်ပြီး ငါတို့သည် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မလိုအပ်ပေ။ တစ်ခါတစ်ရံတွင် သင်တို့သည် အချို့သောကိစ္စရပ်များကို ထိုးထွင်းမမြင်နိုင်ပေ။ ထိုအခြေအနေတွင် သင်သည် ယင်းကို အထက်သို့ အမြန်သတင်းပို့သင့်ပြီး အထက်က ကြီးမားသောကိစ္စများကို သေးငယ်သွားစေပြီး သေးငယ်သောကိစ္စများကို ပြေလည်သွားစေလျက် သင့်ကို လမ်းကြောင်းတစ်ခု ပြလိမ့်မည်ဖြစ်သည်။ အမှန်တကယ်တွင် ကိစ္စရပ်များစွာအတွက် သင်တို့သည် မည်သို့ဆန်းစစ်ရမည်ကို မသိကြဘဲ ယင်းတို့၏ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်ကြသည့်အပြင် အခြေအနေတစ်ခုသည် အရေးပါပြီး ဆိုးရွားသည်ဟု ထင်မှတ်ကြသော်လည်း အထက်မှ ဆန်းစစ်ပြီးသည့်နောက်တွင် ယင်းမှာ အခြေခံအားဖြင့် မည်သည့်အရာမျှ မဟုတ်ကြောင်း သင်တို့ သဘောပေါက်သွားလိမ့်မည်။ ယင်းမှာ ကြောက်စရာ တစ်စက်မျှ မရှိသည့်အပြင် အရေးပါသည့်အရာ တစ်ခုမျှမဟုတ်ပေ၊ လက်ရှောင်သည့် လုပ်နည်းကိုင်နည်းကိုကျင့်သုံးလော့။ ပြီးလျှင် အချိန်အတန်ကြာပြီးနောက် ယင်းက ယင်းဘာသာ ဖြေရှင်းပြီး ဖြစ်သွားလိမ့်မည်။ ဆိုးယုတ်သော အင်အားစုများ၏ နှောင့်ယှက်မှုများသည် ကြီးမားသော လှုံ့ဆော်မှုများကို မဖြစ်ပေါ်စေနိုင်ပေ။ ၎င်းတို့သည် လူသိရှင်ကြား ဖော်ထုတ်ခံရခြင်းကို အကြောက်ဆုံးဖြစ်သောကြောင့် နယ်နိမိတ်များကို ကျော်လွန်ရန် မဝံ့ရဲကြပေ။ လူပြက်လက်တစ်ဆုပ်စာက နယ်နိမိတ်များကို ကျော်ဝံ့ပါက ငါတို့သည် ဥပဒေရေးရာ စီမံချက်များ ဆောင်ရွက်လျက် ယင်းကို ဥပဒေအရ ဖြေရှင်းနိုင်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံး ထိုးထွင်းသိမြင်သင့်သည့်အရာ ဖြစ်သည်။ မည်သည့်အခြေအနေကို သင် ကြုံတွေ့ရသည်ဖြစ်စေ သင်သည် လုံးဝ နားဝေတိမ်တောင်ဖြစ်စွာ မပြုမူရ သို့မဟုတ် မိုက်မဲစွာ မပြုမူရပေ။ သင်သည် အခြေအနေတစ်ခုကို ထိုးထွင်းမမြင်နိုင်လျှင် သို့မဟုတ် မကိုင်တွယ်နိုင်လျှင် အထက်သို့ ချက်ချင်း သတင်းပို့ပြီး အထက်အား သင့်ကို အကြံဉာဏ်နှင့် နည်းဗျူဟာများ ပေးစေသင့်သည်။ တစ်ခုတည်းသော စစ်မှန်သည့် ကြောက်ရွံ့စရာမှာ အယောင်ဆောင်ခေါင်းဆောင်များက ကိစ္စရပ်များကို ထိုးထွင်းမမြင်နိုင် သို့မဟုတ် မကိုင်တွယ်နိုင်သည့်တိုင် အထက်သို့ သတင်းမပို့ခြင်း သို့မဟုတ် အထက်ကို အကြောင်းမကြားခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြေအနေ ပိုမိုဆိုးရွားလာပြီး အလုပ်ကို ကြန့်ကြာစေသည့်အချိန်အထိ စောင့်ဆိုင်းပြီးမှ အထက်သို့ သတင်းပို့ကြရာ ပြဿနာကို ကိုင်တွယ်ရန် အကောင်းဆုံးသော အခွင့်အရေးကို ဆုံးရှုံးသွားဖွယ်ရှိသည်။ ယင်းမှာ ကင်ဆာရောဂါရှိသော်လည်း အချိန်မီ စစ်ဆေးခြင်း သို့မဟုတ် ကုသခြင်းမရှိဘဲ ကင်ဆာနောက်ဆုံးအဆင့်ရောက်မှသာ ဆေးရုံသို့ ကုသမှုအတွက် သွားသည့် လူတစ်ဦးနှင့် တူသည်။ သို့သော် ထိုအချိန်အရောက်တွင် အလွန်နောက်ကျသွားပြီဖြစ်ပြီး သေခြင်းကိုသာ ၎င်းတို့ စောင့်ဆိုင်းနိုင်တော့သည်။ ထို့ကြောင့် အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ အလုပ်တွင် အမှုကိစ္စများကို ကြန့်ကြာစေရန် ဖြစ်နိုင်ဖွယ်အရှိဆုံး ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဉာဏ်ရည်မမီသူများ ဖြစ်ကြသည််။ ၎င်းတို့သည် လူယုတ်မာများဖြစ်ကြပြီး တာဝန်ယူစိတ်မရှိသည့်အပြင် ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်း မရှိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် လူဖျင်း၊ ကံဆိုးမိုးမှောင်ကျစေသူများ၊ ဆင်ခြင်တုံတရား အကင်းမဲ့ဆုံးဖြစ်သည့် လူနုံလူအများဖြစ်သည်ဟု အဘယ်ကြောင့် ဆိုရသနည်း။ ယင်းမှာ ထိုအကြောင်းရင်းကြောင့် ဖြစ်သည်။ ပြင်ပရေးရာများကိုပင် မကိုင်တွယ်နိုင်လောက်အောင် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသည့် မည်သည့်အယောင်ဆောင်ခေါင်းဆောင်ကိုမဆို ချက်ချင်း ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းသင့်သည်။ ဘုရားအိမ်တော်၏ အလုပ်ကို နောက်ထပ်ကြန့်ကြာစေခြင်းအား တားဆီးရန်အတွက် တစ်ဖန် လုံးဝ အသုံးမပြုသင့်ပေ။ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်သည် ဟန့်တားမှု အဖြစ်စေဆုံး ဖြစ်သည်။ မကြာခဏဆိုသလို ပြဿနာတစ်ခု ပေါ်ပေါက်လာသည့်အခါ လူတိုင်းနှင့် အချိန်မီ တိုင်ပင်ဆွေးနွေးခြင်းဖြင့် ယင်းကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ တစ်ခုတည်းသော စိုးရိမ်စရာမှာ ကြီးကြပ်သည့် အယောင်ဆောင်ခေါင်းဆောင်သည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိခြင်း၊ ပြဿနာကို မိမိတို့ဘာသာ မဖြေရှင်းနိုင်သည့်တိုင် ဆုံးဖြတ်ချက်ချသည့်အဖွဲ့နှင့်လည်း ဆွေးနွေးခြင်းမရှိ သို့မဟုတ် အထက်သို့လည်း သတင်းမပို့သည့်အပြင် ပြဿနာကို ဖုံးကွယ်ပြီး ဖုံးဖိလျက် ပေါ့ဆသော သဘောထားကို ကျင့်သုံးခြင်း ဖြစ်သည်။ ဤသည်မှာ အမှုကိစ္စများကို အကြန့်ကြာစေဆုံးသောအရာ ဖြစ်သည်။ ကိစ္စရပ်သည် ကြန့်ကြာပြီး အခြေအနေများ ပြောင်းလဲသွားပါက မလှုပ်မယက်ဖြစ်သွားသည့် အခြေအနေတစ်ခုသို့ ဆိုက်ရောက်စေလျက် ပြဿနာကို ကိုင်တွယ်ရာတွင် ကိုယ်စွမ်းကိုယ်စ ဆုံးရှုံးသွားစေနိုင်သည်။ ဤအရာက အဘယ်အရာကို သက်သေပြသနည်း။ အချို့အရာများသည် ကြန့်ကြာ၍မရသည့်အပြင် အခွင့်အရေးရသည်နှင့် ချက်ချင်း ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို သတိမပြုမိကြပေ။ ထို့ကြောင့် အလွန်တရာ ညံ့ဖျင်းသော အစွမ်းအစရှိသည့် ပုဂ္ဂိုလ်များက လုံးဝ မဦးဆောင်သင့်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် စကားလုံးများနှင့် အယူဝါဒအချို့ကို လေရှည်ရန်သာ သိကြပြီး တကယ့် ပြဿနာ တစ်ခုတလေကိုမျှ မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် လူတို့ကို ထိခိုက်နစ်နာစေခြင်း သို့မဟုတ် ကြန့်ကြာမှုများကိုသာ ဖြစ်စေကြသည်။ ဤအယောင်ဆောင်ခေါင်းဆောင်များကို ဖြုတ်ချပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် ဝန်တာစိတ်နှင့် တာဝန်ယူစိတ်ရှိသော ပုဂ္ဂိုလ်များကို ရွေးချယ်ခြင်းဖြင့်သာ အသင်းတော်၏အလုပ်က ပုံမှန် တိုးတက်နိုင်သည်။ ရင်ဆိုင်ရသည့် ပြဿနာများ မည်သို့ပင်ဖြစ်စေ သမ္မာတရားကို သင် ရှာဖွေနိုင်သရွေ့ ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှိသည်။ ပြင်ပရေးရာ ကိစ္စများနှင့် အဆင်းနီသော နဂါးကြီးက ဖြစ်စေသည့် နှောင့်ယှက်မှုများကို လိုအပ်သည့်အခါ ဥပဒေနည်းလမ်းများဖြင့် ဖြေရှင်းနိုင်သည်။ ယင်းတို့မှာ ကြီးမားသောအရာ မဟုတ်ပေ။ ငါတို့သည် ဥပဒေကို မချိုးဖောက်သရွေ့ သို့မဟုတ် အစိုးရစည်းမျဉ်းများကို မချိုးဖောက်သရွေ့ မည်သူမျှ ငါတို့ကို မည်သည့်အရာမျှ မလုပ်နိုင်သည့်အပြင်၊ ဤယုံကြည်စိတ်ချမှုဖြင့် ငါတို့သည် စာတန် သို့မဟုတ် နတ်ဆိုးများထံမှ မည်သည့်နှောင့်ယှက်မှုကိုမျှ ကြောက်ရွံ့ရန် မလိုအပ်ပေ။
ယခုအခါတွင် အယောင်ဆောင်ခေါင်းဆောင်များ၏ ပြဿနာကို စိတ်ဖြာလေ့လာဆွေးနွေးပြီး နားလည်သဘောပေါက်ရမည်။ ဤသည်မှာ အသင်းတော်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက် အခရာကျသည်။ ယခုအခါတွင် ငါတို့သည် အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့ကိုယ်တိုင် မဖြေရှင်းနိုင်သော ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါတွင် အဘယ်ကြောင့် အထက်သို့ သတင်းမပို့ကြသည်ကို မိတ်သဟာယပြုကြမည်။ ဤအရာကို ငါတို့ မည်သို့ ရှုမြင်သင့်သနည်း။ သင်တို့အားလုံး ဤအရာကို ဆန်းစစ်သုံးသပ်နိုင်ပြီး ထိုသို့ပြုလုပ်ခြင်းမှ အကျိုးကျေးဇူးရရှိနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များ လက်တွေ့ကျသော အလုပ်မလုပ်သည့် ပြဿနာသည် အလွန်ပင် ဆိုးရွားနေပြီဖြစ်သော်လည်း ယင်းထက် ပို၍ပင် ပြင်းထန်သော ပြဿနာတစ်ခု ရှိနေသေးသည်။ အသင်းတော်သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များထံမှ နှောင့်ယှက်မှုများနှင့် ကြုံတွေ့ရသောအခါ အယောင်ဆောင်ခေါင်းဆောင်များသည် ယင်းကို မကိုင်တွယ်သည်သာမက ပို၍ပင်ဆိုးသည်မှာ ၎င်းတို့သည် အထက်သို့ သတင်းပို့ရန်လည်း ပျက်ကွက်ကြပြီး ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ အသင်းတော်အား နှောင့်ယှက်သည်ကို ခွင့်ပြုကြသည်၊ ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်မခုစေဘဲ ဘေးမှနေ၍ အန္တရာယ်ကင်းကင်းဖြင့် ကြည့်နေကြသည်။ အသင်းတော်၏ အလုပ်ကို မည်သည့်အတိုင်းအတာအထိ နှောင့်ယှက်သည်ဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်များက ဂရုမစိုက်ကြပေ။ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ကိုယ်ကျင့်တရား အလွန်ကင်းမဲ့နေသည် မဟုတ်လော။ ဤအချက်တစ်ခုတည်းကပင် ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များကို နှင်ထုတ်ရန် လုံလောက်ပေသည်။ အယောင်ဆောင်ခေါင်းဆောင်များက ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို အသင်းတော်အား လွတ်လပ်စွာ နှောင့်ယှက်ခွင့်ပြုခြင်းသည် အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်များထံ လွှဲပြောင်းပေးခြင်းနှင့် တူညီပြီး ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအတွက် အကာအကွယ်တစ်ခုအဖြစ် ပြုမူနေခြင်း ဖြစ်သည်။ ဤသည်မှာ အသင်းတော်၏ အလုပ်အတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေပါတကား။ ဤအချက်တစ်ခုတည်းကို ကြည့်လျှင် မေးခွန်းမှာ အယောင်ဆောင်ခေါင်းဆောင်များကို ဖြုတ်ချသင့်ခြင်း ရှိမရှိ မဟုတ်တော့ဘဲ ၎င်းတို့ကို ရှင်းလင်းပစ်သင့်ခြင်း ရှိမရှိ ဖြစ်လာသည်။ အယောင်ဆောင်ခေါင်းဆောင်များ လက်တွေ့ကျသော အလုပ်မလုပ်ခြင်းဖြစ်စေ၊ အယောင်ဆောင်ခေါင်းဆောင်များက ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို အသင်းတော်အား နှောင့်ယှက်ခွင့်ပြုခြင်းဖြစ်စေ မည်သည့်အရာက ပို၍ ဆိုးရွားသော သဘောသဘာဝရှိသနည်း။ လက်တွေ့ကျသော အလုပ်မလုပ်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက် ဝင်ရောက်မှုနှင့် အသင်းတော်အလုပ်၏ တိုးတက်မှုကို သက်ရောက်မှုရှိစေနိုင်သည်၊ ဤသည်မှာ အရေးကြီးသော ကိစ္စရပ်များကို နှောင့်နှေးကြန့်ကြာစေပြီး ဖြစ်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို အသင်းတော်အား မိမိတို့အလိုရှိသလို နှောင့်ယှက်ခွင့်ပြုပြီး ဖြေရှင်းချက်ကို မရှာဖွေဘဲ သို့မဟုတ် အထက်သို့ သတင်းမပို့ဘဲနေသည့်အခါ အကျိုးဆက်များမှာ စိတ်ကူး၍မရနိုင်အောင် ဖြစ်လာသည်။ အနည်းဆုံးအနေဖြင့် အသင်းတော်အသက်တာသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကြောင့် လုံးဝ ဖရိုဖရဲဖြစ်ပြီး ကမောက်ကမ ဖြစ်သွားသည့်အပြင် အသင်းတော်၏ အလုပ်မှာလည်း ပျက်စီးပြီး ရပ်တန့်သွားသည်။ ဤသည်မှာ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေခြင်းအပေါ် တိုက်ရိုက် သက်ရောက်မှုရှိသည် မဟုတ်လော။ အကျိုးဆက်များမှာ အမှန်ပင် ဆိုးရွားလှသည်။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များက ဤအမှားကို ကျူးလွန်ပါက ၎င်းတို့ကို နှင်ထုတ်ရမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့သည် အထက်သို့ ပြဿနာများ သတင်းပို့ခြင်းနှင့်ပတ်သက်၍ ကွဲလွဲသော အတွေးနှင့် အယူအဆတစ်ခု အမြဲရှိကြသည်။ အချို့က “အထက်သို့ ပြဿနာများ သတင်းပို့လျှင်ပင် ဖြေရှင်းနိုင်ချင်မှ ဖြေရှင်းနိုင်မည်ဖြစ်သည်” ဟု ပြောကြသည်။ ဤသည်မှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည်။ “ဖြေရှင်းနိုင်ချင်မှ ဖြေရှင်းနိုင်မည်ဖြစ်သည်” ဟု သင်ဆိုလိုသည်မှာ အဘယ်နည်း။ သင်က ယင်းကို မဖြေရှင်းနိုင်ရုံမျှဖြင့် အထက်က မဖြေရှင်းနိုင်ဟု မဆိုလိုပေ။ အထက်က သင့်အား လမ်းကြောင်းတစ်ခု ပေးခဲ့လျှင် ပြဿနာမှာ လက်တွေ့တွင် အနှစ်သာရအားဖြင့် ဖြေရှင်းပြီးသား ဖြစ်သည်၊ အထက်က လမ်းကြောင်းတစ်ခု မပေးခဲ့လျှင် သင်သည် လမ်းကြောင်းမရှိဘဲ ဖြစ်သွားပေမည်။ သင်သည် ဤသေးငယ်သော ပြဿနာကိုပင် ထိုးထွင်းမမြင်နိုင်ပေ၊ သင်သည် အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လွန်းသည်။ အချို့ကလည်း “ကျွန်ုပ်တို့သည် အခက်အခဲများ သို့မဟုတ် ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါ ဦးစွာ ရက်အနည်းငယ် တွေးတောကြံဆရန် လိုအပ်ပြီး အမှန်တကယ် ဖြေရှင်းချက် မရှာနိုင်မှသာ ယင်းကို တင်ပြသင့်သည်” ဟု ဆိုကြသည်။ ဤသို့ပြောသောသူတို့၌ အကြောင်းပြချက်အချို့ ရှိသည်ဟု ထင်ရနိုင်သော်လည်း ဤသို့ တွေးတောကြံဆနေသည့် ရက်များက ကြန့်ကြာမှုများကို ဖြစ်စေနိုင်ချေရှိသည် မဟုတ်လော။ ရက်အနည်းငယ် တွေးတောကြံဆခြင်းက ပြဿနာကို ဖြေရှင်းပေးလိမ့်မည်ဟု သင်သည် သေချာနိုင်သလော။ ယင်းက နောက်ထပ်ကြန့်ကြာမှုကို မဖြစ်စေဟု သင် အာမခံနိုင်သလော။ အခြားသူများက “ကျွန်ုပ်တို့က ပြဿနာတစ်ခုကို ချက်ချင်းတင်ပြလျှင် ဤသေးငယ်သော ပြဿနာကိုပင် ကျွန်ုပ်တို့ ထိုးထွင်းသိမြင်ခြင်း မရှိဟု အထက်က ထင်မည် မဟုတ်လော။ ၎င်းတို့က ကျွန်ုပ်တို့ကို မိုက်မဲပြီး အသိဉာဏ်မဲ့သည်ဟု ခေါ်ကာ ပြုပြင်မည် မဟုတ်လော” ဟု ဆိုကြသည်။ ၎င်းတို့ ဤသို့ပြောဆိုခြင်းမှာ မှားပေသည်။ သင်သည် ပြဿနာကို တင်ပြသည်ဖြစ်စေ၊ မတင်ပြသည်ဖြစ်စေ သင်၏ အစွမ်းအစမှာ ထင်ရှားပြီးသားဖြစ်သည်၊ အထက်က အားလုံးကို သိပေသည်။ သင်က ပြဿနာတစ်ခုခုကို မတင်ပြလျှင် အထက်က သင့်ကို အထင်ကြီးမည်ဟု သင်ထင်သလော။ သင်က ပြဿနာကို တင်ပြပြီး ယင်းက အရေးကြီးသောကိစ္စရပ်များကို ကြန့်ကြာမှုများ မဖြစ်စေခဲ့လျှင် ဘုရားအိမ်တော်က သင့်ကို တာဝန်ခံခိုင်းမည် မဟုတ်ပေ။ သို့သော်လည်း သင်က ယင်းကို မတင်ပြဘဲ ကြန့်ကြာမှုများ ဖြစ်သွားစေပါက သင့်ကို တိုက်ရိုက် တာဝန်ခံခိုင်းမည်ဖြစ်ပြီး သင့်ကို ချက်ချင်း ဖြုတ်ချကာ နောက်တစ်ကြိမ် မည်သည့်အခါမျှ အသုံးပြုတော့မည် မဟုတ်ပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများကလည်း သင့်ကို အသိဉာဏ်မဲ့သူ၊ မိုက်မဲသူ၊ ဉာဏ်ရည်မမီသူနှင့် စိတ်မမှန်သူအဖြစ် မြင်ကြမည်ဖြစ်ပြီး ၎င်းတို့က သင့်ကို မုန်းတီးကာ ထာဝရ စက်ဆုပ်ရွံရှာကြလိမ့်မည်။ ပြဿနာများကို တင်ပြသည့်အတွက် ပြုပြင်ခံရမည်ကို သို့မဟုတ် အထက်က အထင်သေးမည်ကို အစဉ်အမြဲ ကြောက်ရွံ့သောသူတို့သည် အစွမ်းအစ ညံ့ဖျင်းပြီး အမိုက်မဲဆုံးသောသူများ ဖြစ်ကြသည်၊ ၎င်းတို့ကို ဖြုတ်ချရမည်ဖြစ်ပြီး နောက်တစ်ကြိမ် မည်သည့်အခါမျှ အသုံးပြုတော့မည် မဟုတ်ပေ။ ဤသို့ အစွမ်းအစ ညံ့ဖျင်းလျက် ကိုယ့်သိက္ခာကိုယ် ဆယ်လိုသေးခြင်းသည် လုံးဝ အရှက်မဲ့ခြင်း မဟုတ်လော။ ငါ့ကို ပြောလော့၊ မိမိတို့၏အလုပ်ကို ကောင်းစွာမလုပ်ဆောင်သည်သာမက အရေးကြီးသောကိစ္စရပ်များကို ကြန့်ကြာမှုများ ဖြစ်စေသော အယောင်ဆောင် ခေါင်းဆောင်များသည် စက်ဆုပ်ရွံရှာဖွယ် မကောင်းသလော။ ၎င်းတို့ကို ဖြုတ်ချသင့်သလော။ (ဖြုတ်ချသင့်ပါသည်။) အကယ်၍ အရေးကြီးသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရပြီး ၎င်းတို့က ကြန့်ကြာမှုများ သို့မဟုတ် ဆိုးရွားသော အကျိုးဆက်များကို မဖြစ်စေဘဲ ချက်ချင်းတင်ပြနိုင်ပါက၊ ထိုသို့သော ခေါင်းဆောင်များကို မည်သို့ ရှုမြင်သင့်သနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဆင်ခြင်တုံတရားရှိပြီး အသင်းတော်၏အလုပ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည်ဟု မှတ်ယူခံရသည်။ ထိုသို့သော ခေါင်းဆောင်များကို ဆက်လက်အသုံးပြုသင့်သလော။ အသုံးပြုသင့်သည်။ ဉာဏ်ရည်အနိမ့်ကျဆုံးသော ခေါင်းဆောင်များသာလျှင် ပြုပြင်ခံရမည်ကို ကြောက်သည့်အတွက် ပြဿနာများကို တင်ပြခြင်းမှ ရှောင်ကြဉ်ကြပေမည်။ ထိုသို့သော ခေါင်းဆောင်များကို အနာဂတ်တွင် ဆက်လက်အသုံးပြုနိုင်သေးသလော။ ၎င်းတို့ကို အသုံးပြုခြင်းက အလွန်အမင်း ကြန့်ကြာမှုကို ဖြစ်စေသောကြောင့် နောက်ထပ် အသုံးပြု၍မရနိုင်တော့ဟု ငါထင်သည်။ ယခုအချိန်ဆိုလျှင် ဤသို့သော ပြဿနာမျိုးများကို သင်တို့အားလုံး ထိုးထွင်းသိမြင်နိုင်သင့်ပြီ မဟုတ်လော။ သင် မကိုင်တွယ်နိုင်သော ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါ ယင်းတို့ကို ဆုံးဖြတ်ချက်ချသည့်အဖွဲ့ထံ အမြန်တင်ပြပြီး ဖြေရှင်းနည်းများအတွက် မိတ်သဟာယဖွဲ့လော့။ အကယ်၍ ဆုံးဖြတ်ချက်ချသည့်အဖွဲ့က ယင်းတို့ကို မကိုင်တွယ်နိုင်ပါက ယင်းတို့ကို အထက်သို့ ချက်ချင်းတင်ပြလော့။ ဤအရာ၊ သို့မဟုတ် ထိုအရာအတွက် မစိုးရိမ်နှင့်၊ ပြဿနာကို ချက်ချင်းဖြေရှင်းနိုင်ခြင်းသည် အရေးအကြီးဆုံးသော အရာဖြစ်ပေသည်။ ယခုလေးတင် ဖော်ပြခဲ့သော ဥပမာသည် အသင်းတော်အားလုံးတွင် ဖြစ်ပွားသည်၊ ဤအခက်အခဲများနှင့် ပြဿနာများသည် ပေါ်ပေါက်လာလိမ့်မည်။ အသင်းတော်၏ အတွင်းပိုင်းအခက်အခဲအချို့နှင့် နှိုင်းယှဉ်လျှင် ဤပြင်ပပြဿနာများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များမှာ ပို၍ ဆိုးရွားသည်။ ထို့ကြောင့် ပြင်ပပြဿနာများ၏ အခက်အခဲသည် အသင်းတော်၏ အတွင်းပိုင်းပြဿနာများထက် အနည်းငယ် ပို၍ကြီးမားသည်။ သင်တို့သည် ပြင်ပပြဿနာများနှင့် ရင်ဆိုင်ရပါက ယင်းတို့ကို တိုင်ပင်ဆွေးနွေးခြင်းမှတစ်ဆင့် အမြန်ဖြေရှင်းသင့်သည် သို့မဟုတ် အထက်သို့ တင်ပြသင့်သည်၊ ဤသည်မှာ မရှိမဖြစ်လိုအပ်သည်။ ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းကသာ အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကို သေချာစေနိုင်ပြီး နိုင်ငံတော် ဧဝံဂေလိတရား၏ ပျံ့နှံ့ခြင်းကို အဟန့်အတားမဖြစ်စေရန် အာမခံနိုင်သည်။ အသင်းတော်၏ ပြင်ပပြဿနာများကို ကိုင်တွယ်ခြင်း၏ စည်းမျဉ်းများနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယမှာ ဤမျှသာဖြစ်သည်။
အသင်းတော်တစ်ခုစီတွင် အစွမ်းအစ ညံ့ဖျင်းသော လူအချို့ရှိကြပြီး ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အခက်အခဲများကို အမြဲ ကြုံတွေ့ရသည်။ ၎င်းတို့ထံ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ စစ်မှန်သော ထိရောက်မှုတစ်ခုမျှမရှိဘဲ စည်းမျဉ်းစည်းကမ်းများကိုသာ ကြောင်းကျိုးမမြင် ပုံသေစောင့်ထိန်းလျက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို ၎င်းတို့ မရှာဖွေနိုင်ကြပေ။ ထိုသို့သော အခြေအနေများတွင် ဤလူတို့၏ တာဝန်ခန့်အပ်မှုများကို ပြုပြင်ရန် လိုအပ်သည်။ ဤပြုပြင်ခြင်းသည် ဝန်ထမ်းနေရာ ပြန်လည်ချထားခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အရေးကြီးသော အလုပ်တစ်ခုကို တာဝန်ပေးအပ်ခံရသော လူတစ်ဦးရှိသည်၊ သို့သော် ၎င်းတို့၏ အလုပ်တွင် သင့်အနေဖြင့် ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ မဖြေရှင်းနိုင်သော ပြဿနာအချို့ ရှိနေသည်။ ပြဿနာ၏ အနှစ်သာရကို သို့မဟုတ် ဤလူကို အသုံးပြု၍ရနိုင်သေးခြင်း ရှိမရှိဟူသည်ကို သင် ထိုးထွင်းမမြင်နိုင်သည့်အပြင် စောင့်ကြည့်လေ့လာခြင်း သို့မဟုတ် နောက်ထပ်မိတ်သဟာယဖွဲ့ခြင်းကလည်း မည်သည့်ရလဒ်ကိုမျှ မဖြစ်ပေါ်စေပေ။ ဤလူသည် အလုပ်တွင် အလွန် ကြန့်ကြာမှုများစွာကို မဖြစ်စေသော်လည်း အရေးကြီးသော ကိစ္စရပ်များက မည်သည့်အခါတွင်မျှ ပြေလည်မသွားပေ။ ယင်းက သင်တို့ကို အမြဲ အတော်အတန် မသက်မသာဖြစ်စေသည်။ ဤအရာနှင့် ရင်ဆိုင်ရသည့်အခါ သင်တို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤသည်မှာ အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင်သည် ယင်းကို သင်ကိုယ်တိုင် မဖြေရှင်းနိုင်ပါက မိတ်သဟာယဖွဲ့ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် ဆန်းစစ်ခြင်းတို့အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စုဝေးပွဲတစ်ခုဆီသို့ ယူဆောင်လာသင့်သည်။ နောက်ဆုံးတွင် အများသဘောတူညီချက်တစ်ခုကို ရရှိနိုင်ပါက ပြဿနာက ပြေလည်သွားလိမ့်မည်။ ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းက ပြဿနာကို မဖြေရှင်းပေးပါက အချိန်ကြာလာသည်နှင့်အမျှ ယင်းက အရေးကြီးသောကိစ္စရပ်များကို ကြန့်ကြာမှုများ ဖြစ်စေနိုင်သလော။ ဖြစ်စေနိုင်ပါက သင်သည် အထက်သို့ သတင်းပို့ပြီး ဖြေရှင်းချက်တစ်ခုကို အမြန်ဆုံး ရှာဖွေသင့်သည်။ အတိုချုပ်ဆိုရလျှင် သင်၏အလုပ်တွင် မည်သို့သော ရှုပ်ထွေးမှုများ သို့မဟုတ် အခက်အခဲများနှင့် ကြုံတွေ့ရသည်ဖြစ်စေ ၎င်းတို့က ဘုရားသခင် ရွေးချယ်ထားသောလူများ တာဝန်ထမ်းဆောင်ခြင်းကို သက်ရောက်မှုရှိနိုင်သရွေ့ သို့မဟုတ် အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်သရွေ့၊ ပြဿနာများကို ချက်ချင်း ဖြေရှင်းသင့်သည်။ အကယ်၍ ပြဿနာတစ်ခုကို သင်ကိုယ်တိုင် မဖြေရှင်းနိုင်ပါက ယင်းကို အတူတကွ ဖြေရှင်းရန် သမ္မာတရားကို နားလည်သောသူအချို့ကိုရှာသင့်သည်။ ဤအရာက အလုပ်မဖြစ်သေးပါက သင်သည် ပြဿနာကို အထက်သို့ တင်ပြကာ အစီရင်ခံပြီး အဖြေရှာရမည်ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကြုံတွေ့ရသည့် မည်သည့်အခက်အခဲများကိုမဆို သို့မဟုတ် မည်သည့် တွေဝေမှုများကိုမဆို အလေးအနက်ထားရမည်ဖြစ်သည်။ ပြဿနာများ သို့မဟုတ် အခက်အခဲများကို ရှာဖွေတွေ့ရှိပြီးနောက် စကားလုံးများနှင့် အယူဝါဒအချို့ကို သာမန်ကာလျှံကာ ဟောပြောခြင်း၊ ညီအစ်ကိုမောင်နှမများကို စိတ်အားထက်သန်စေရန် ကြွေးကြော်သံများ ဟစ်ကြွေးခြင်း၊ သို့မဟုတ် ၎င်းတို့ကို ပြုပြင်ပြီးနောက် ပြီးပြီဟု မှတ်ယူခြင်းမျှသာ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းသည် အပေါ်ယံပြဿနာအချို့ကို ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ ယင်းက အရင်းခံပြဿနာများကို မဖြေရှင်းနိုင်ပေ။ အရင်းအမြစ်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူတို့၏ အယူအဆများ၊ စိတ်ကူးများ ပါဝင်သည့် ကိစ္စရပ်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား အခြေခံ၍ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ဖြေရှင်းရမည်ဖြစ်သည်။ လူတို့၏ တစ်ဦးချင်း အခက်အခဲများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့် တာဝန်များထမ်းဆောင်ခြင်းအတွက် လိုအပ်သော အတတ်ပညာဆိုင်ရာ အသိပညာနှင့် ဆက်စပ်သည့် ပြဿနာများလည်း ရှိသည်။ ဤလက်တွေ့ကျသော ကိစ္စရပ်များအားလုံးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဖြေရှင်းချက်များကို လိုအပ်သည်။ ဤကိစ္စရပ်များအနက် ခေါင်းဆောင်များနှင့် အမှုဆောင်များ မဖြေရှင်းနိုင်သည့် မည်သည့်ရှုပ်ထွေးမှုများနှင့် အခက်အခဲများကိုမဆို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ စိစစ်ခြင်းနှင့် ဖြေရှင်းခြင်းတို့အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စုဝေးပွဲတစ်ခုသို့ ယူဆောင်လာနိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် ဖြေရှင်းချက်အတွက် သမ္မာတရားကို ရှာဖွေရန် အထက်သို့ တိုက်ရိုက် သတင်းပို့နိုင်သည်။ ဤသည်ကို စစ်မှန်သောအလုပ်ကို လုပ်ဆောင်ခြင်းဟု ခေါ်ပြီး ဤနည်းလမ်းဖြင့် စစ်မှန်သော အလုပ်ကို လုပ်ဆောင်ရန် လေ့ကျင့်ခြင်းဖြင့်သာ လူတစ်ဦး၏ ဝိညာဉ်ရင့်ကျက်မှုသည် ကြီးထွားနိုင်ကာ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်ယူစိတ်ရှိသရွေ့ ပြဿနာများကို အချိန်မရွေး၊ နေရာမရွေး ဖော်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။ ၎င်းတို့ နေ့စဉ် ဖြေရှင်းသင့်သည့် ပြဿနာများ ရှိနေသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို သင်တို့ ယုံကြည်သလောဟု မေးမြန်းသည့် ဖြစ်ရပ်တစ်ခုကို ငါ ယခုတင် ဖော်ပြခဲ့ပြီး သင်တို့အားလုံ ဇဝေဇဝါဖြစ်သွားခဲ့ကြသည်။ အစပိုင်းတွင် လူတိုင်းက “ယုံကြည်ပါသည်”ဟု ဖြေမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသော်လည်း နောက်ပိုင်းတွင် အချို့က ထိုသို့တုံ့ပြန်ခြင်းသည် မမှန်ကန်ဟု ဆိုကြပြီး အခြားသူများကမူ မသိဟု ဆိုကြသည်။ တုံ့ပြန်ပုံ အမျိုးမျိုး ရှိခဲ့သည်။ အဆုံးတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များကလည်း “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းအား ‘မယုံကြည်ပါ’ ဟု ပြောဆိုခြင်းသည် အခြားသူများရှေ့တွင် ဘုရားသခင်ကို ငြင်းပယ်ခြင်းဖြစ်မည်ဖြစ်ပြီး ထိုအခါ ဘုရားသခင်က ငါတို့ကို အသိအမှတ်ပြုမည် မဟုတ်ပါ။ သို့သော် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းအား ‘ယုံကြည်ပါ’ ဟု ပြောဆိုခြင်း၏ အကျိုးဆက်များမှာ အဘယ်အရာများ ဖြစ်မည်နည်း။ ရွေးချယ်မှုနှစ်ခုစလုံးက မမှန်ကန်ဟု ထင်ရသည်”ဟု တွေးတောလျက် ခေါင်းခြောက်သွားကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာအား မည်သို့ဖြေရှင်းရမည်ကို မသိခဲ့ကြသည့်အပြင် ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်ခဲ့ကြပေ။ ထို့ကြောင့် ညီအစ်ကိုမောင်နှမများသည် ထိုသို့သော အခြေအနေများကို တစ်ဖန် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် မှန်ကန်သော ရှုထောင့်များနှင့် သဘောထားများ ကင်းမဲ့နေဆဲဖြစ်လိမ့်မည်ဖြစ်ပြီး ပြဿနာသည် မပြေလည်ဘဲရှိနေလိမ့်မည်။ ယင်းက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့ကြောင်း၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ကြောင်းကို ဆိုလိုသည်။ မိမိတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် ပျက်ကွက်ခြင်းသည် လုပ်နိုင်စွမ်းနှင့်လည်းကောင်း၊ အစွမ်းအစနှင့်လည်းကောင်း သက်ဆိုင်သည့် ပြဿနာတစ်ခုဖြစ်သည်။ သို့သော် ထိုသို့သော ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ ယင်းတို့ကို မဖြေရှင်းရသေးကြောင်း သင်သိပါက သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် လူတိုင်းကို လွတ်လပ်စွာ ပြုမူခွင့်ပေးပြီး ၎င်းတို့ ခံစားရသည့်အတိုင်း လုပ်ဆောင်ခွင့်ပေးလျက် ယင်းတို့ကို လျစ်လျူရှုခြင်း သို့မဟုတ် အမှုကိစ္စကို အေးသွားစေရန် ဖိနှိပ်ထားခြင်း မပြုသင့်ပေ။ ထိုအစား သင်သည် ထိုသို့သော အခြေအနေများတွင် လုပ်ဆောင်ရန် သင့်တော်သော လုပ်ဆောင်ချက်များနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတို့ကို ရှာဖွေလျက် အထက်သို့ သတင်းရမည်။ နောက်ဆုံးတွင် လူတိုင်းသည် ဤအခြေအနေများတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များက အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ လူတို့ ထိန်းသိမ်းသင့်သည့် စည်းမျဉ်းများက အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့် သဘောထားများနှင့် ရပ်တည်ချက်များကို ၎င်းတို့ ခံယူသည်ကိုလည်းကောင်း နားလည်စေရမည်။ ထို့နောက် အနာဂတ်တွင် ထိုသို့သော အခြေအနေများနှင့် နောက်တစ်ဖန် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်ကြလိမ့်မည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ရှိကြလိမ့်မည်ဖြစ်သည်။ ဤနည်းအားဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းကြသည်။ သို့ဆိုလျှင် သင်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သလောဟု မေးမြန်းခံရသည့်အခါ အစပိုင်းတွင် အဘယ်ကြောင့် “ယုံကြည်ပါသည်” ဟု ဖြေဆိုမည်ဖြစ်ကြောင်း သင်တို့အားလုံးက ပြောခဲ့ကြသနည်း။ ဤအတွက် အကြောင်းရင်းတစ်ခု ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သော ကိစ္စရပ်များအား မည်သို့ဖြေရှင်းရမည်ဟူသည်ကို သင်တို့နှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ဖူးပေ။ ၎င်းတို့သည် လူတိုင်းတွင် မိမိတို့၏ကိုယ်ပိုင် သဘောပေါက်နားလည်မှုရှိပြီး လူတိုင်းက မိမိတို့နှစ်သက်ပုံစံအတိုင်း သဘောပေါက်နားလည်နိုင်ကာ မိမိတို့ သင့်တော်သည်ဟု မြင်သည့်အတိုင်း လက်တွေ့လုပ်ဆောင်နိုင်သည့် သာမညကိစ္စများအဖြစ် ဤအရာများကို ယူဆကြလေသည်။ ထို့ကြောင့် သင်တို့သည် ဤမေးခွန်း မေးမြန်းခံရသည့်အခါ တုံ့ပြန်မှုမျိုးစုံ ရှိခဲ့သည်။ သို့ဆိုလျှင် သင်တို့သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ ယခုတွင် ကောက်ချက်တစ်ခု ချပြီးပြီလော။ တစ်စုံတစ်ဦးက သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်း ရှိမရှိ မေးမြန်းပါက မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ ပထမဦးဆုံးအနေဖြင့် ၎င်းတို့က မည်သူဖြစ်သည်ကို မေးလော့။ ဒုတိယအနေဖြင့် ၎င်းတို့ကို အထောက်အထား ပြခိုင်းလော့။ ၎င်းတို့က သင့်ကိုအခြားကိုယ်ရေးကိုယ်တာ အချက်အလက်များ မေးမြန်းပါက အဖြေမပေးနှင့်။ ၎င်းတို့ အထောက်အထားပြလျှင်ပင် မပြောပြနှင့်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်သည်၊ သင့်ကို မည်သူက ဧဝံဂေလိတရားဟောခဲ့သည်၊ သင်၏တာဝန်များကို မည်သည့်နေရာတွင် သင် ထမ်းဆောင်ခဲ့သည်၊ သင်၏ယုံကြည်ခြင်း မည်မျှ အားကောင်းသည်၊ သင်၏အနာဂတ်လမ်းကြောင်းကို သင်မည်သို့ရွေးချယ်သည်၊ သမ္မာတရားကို သင် မည်သို့လိုက်စားပြီး ရရှိသည်ဟူသည့် ဤကိစ္စရပ်များသည် ငါတို့အတွက် အလွန်တန်ဖိုးရှိသဖြင့် မည်သည့်သူစိမ်းကိုမျှ သာမန်ကာလျှံကာ ထုတ်ဖော်ပြောဆို၍ မရပေ။ ၎င်းတို့သည် ထိုသို့သော အရေးကြီးသည့် အချက်အလက်များကို စုံစမ်းမေးမြန်းပိုင်ခွင့် မရှိပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သော ကိစ္စရပ်များကို မဖြေရှင်းနိုင်ပါက ဖြေရှင်းချက်များကို ရှာဖွေရန်နှင့် သင့်တော်သော တုံ့ပြန်နည်းများကို မေးမြန်းရန် အထက်သို့ ချက်ချင်း သတင်းပို့သင့်သည်။ အထက်က သင်တို့ကို လှောင်ပြောင်မည်မဟုတ်၊ အလွန်ဆုံးအနေဖြင့် ၎င်းတို့က သင်သည် အလွန်မိုက်မဲသည်ဟု ပြောကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ပြဿနာကို ဖြေရှင်းနိုင်ခြင်းသည် အကောင်းဆုံးသော ရလဒ်ဖြစ်သည်။
ယနေ့ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဋ္ဌမမြောက် တာဝန်ဝတ္တရားဖြစ်သည့် အလုပ်တွင် ကြုံတွေ့ရသော ရှုပ်ထွေးမှုများ၊ အခက်အခဲများကို ချက်ချင်းသတင်းပို့ပြီး ဖြေရှင်းနည်း ရှာဖွေခြင်းနှင့်စပ်လျဉ်း၍ ငါတို့သည် ရှုပ်ထွေးမှုများနှင့် အခက်အခဲများက မည်သည့်အရာဖြစ်သည်ဟူသည့်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤကိစ္စရပ်များကို ရင်ဆိုင်ရသည့်အခါ မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သည်ကိုလည်းကောင်း၊ ဤကိစ္စရပ်များကို မည်သို့ချဉ်းကပ်ရမည်ဟူသည်ကိုလည်းကောင်း အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤကိစ္စရပ်များကို ကြုံတွေ့ရသည့်အခါ ၎င်းတို့၏ သရုပ်သကန်များက အဘယ်အရာများဖြစ်ကြသည်နှင့်ပတ်သက်၍မူ ထိုအပိုင်းကို နောက်မိတ်သဟာယတွင် ငါတို့ ဆွေးနွေးပြောဆိုမည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်