လောကီဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အဓိပ္ပာယ်
လူ့ဇာတိခံဘုရားသခင်သည် နောင်ကာလတွင်ရှိသော လူ၏ လှပသော ပန်းတိုင်အတွက် အလဲအလှယ်အနေဖြင့် လူသားကိုယ်စား ဒုက္ခခံသည်။ သခင်ယေရှုပြုခဲ့သော အမှုတော်အဆင့်သည် အပြစ်ရှိသော လူ့ဇာတိ၏ ပုံသဏ္ဌာန်အဖြစ် ကားစင်တင်ခံရခြင်း၊ အပြစ်ဖြေရာယဇ် ဖြစ်ခြင်း၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်း၊ လှပသော ပန်းတိုင်ဆီသို့ လူ၏ ဝင်ရောက်မှုအတွက် အခြေခံအုတ်မြစ်ချခြင်းတို့ဖြစ်သည်။ သူသည် ကားစင်တင်ခံခဲ့ပြီး လူ၏ အပြစ်ကို ခံယူကာ လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် လူ၏ အပြစ်များ ခွင့်လွှတ်ခံရပြီး ဘုရားရှေ့မှောက်သို့ လာရောက်နိုင်သည့် လူ၏ သက်သေအဖြစ် အသုံးခံခဲ့သည်။ သူသည် စာတန်နှင့် တိုက်ပွဲတွင် အလဲအလှယ် ပြုလုပ်သည့်အရာတစ်ခုဖြစ်ခဲ့သည်။ ယခုအခါ နောက်ဆုံးသောကာလ ရောက်ရှိလာပြီဖြစ်သည့်အတွက် ဘုရားသခင်သည် သူ၏ အမှုတော်ကို အဆုံးသတ်လိုသည်။ ဤခေတ်ကို ပြီးဆုံးစေလိုသည်။ ပြီးလျှင် ကျန်ရှိသောသူများကို လှပသော ပန်းတိုင်သို့ ခေါ်ဆောင်လိုသည်။ ဘုရားသခင်သည် နောက်တစ်ဖန် လူ့ဇာတိခံယူခဲ့ပြီး တစ်ချိန်တည်းတွင်ပင် လူကို သိမ်းပိုက်စိုးမိုးလျက်၊ တရားစီရင်လျက်၊ သန့်စင်လျက်ဖြင့် သူသည် လူ၏ ကိုယ်စား ဒုက္ခခံသည်။ ပြီးလျှင် ဤအရာကို ဝေဒနာအားလုံးမှ လူ၏ လွတ်ငြိမ်းခွင့်အတွက် သက်သေအဖြစ်၊ အမှန်တရားအဖြစ် ပေးအပ်လေသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကိုယ့်သက်သေကိုယ် ခံတော်မူသည်။ ပြီးလျှင် သူသည် ဤအထောက်အထား၊ ဤသက်သေခံချက်ကို စာတန်အား အနိုင်ယူရန်လည်းကောင်း၊ နတ်ဆိုးများကို အရှက်ရစေရန်လည်းကောင်း၊ လူ၏ လှပသော ပန်းတိုင်အတွက် အလဲအလှယ်တစ်ခုအဖြစ်လည်းကောင်း အသုံးပြုလေသည်။
လူအချို့က “လူ့ဇာတိခံ ခန္ဓာက အလုပ်လုပ်ခြင်းသည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်က အလုပ်လုပ်ခြင်းပင်ဖြစ်သည်။ ဇာတိပကတိ ခန္ဓာက အလုပ်လုပ်ခြင်းမဟုတ်။ ဘုရားသခင်၏ ဝိညာဉ်တော်က အတွင်းမှနေ၍ သူ့ကို ထိန်းချုပ်သည်” ဟု ဆိုသည်။ ဤသည်မှာ မှန်ကန်သလော။ မမှန်ပေ။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းသည် သိမ်းပိုက်ခြင်းအလုပ် အဆင့်တစ်ခုကို သာမန်လူ့သဘာဝထဲတွင် လုပ်ဆောင်ကြောင်း၊ သင်မြင်ရသည့်အရာသည် သာမန်လူ့သဘာဝဖြစ်သော်လည်း ဤသည်မှာ အမှန်တကယ်တွင် ဘုရားသခင်ကိုယ်တော်တိုင် အလုပ်လုပ်နေခြင်းဖြစ်ကြောင်း၊ ဤဇာတိပကတိခန္ဓာက အလုပ်လုပ်သောအခါ အမှန်တကယ်တွင် ဘုရားသခင် ကိုယ်တော်တိုင် အလုပ်လုပ်နေခြင်းဖြစ်ကြောင်း ယခင်က ဆိုခဲ့သည်။ ဤသို့ ရှင်းပြပြီး မိတ်သဟာယဖွဲ့သောအခါတွင် လူတို့က ဤဇာတိပကတိခန္ဓာသည် အသုံးချပစ္စည်းတစ်ခုသာ ဖြစ်ကြောင်း၊ အပေါ်ယံ အခွံဖြစ်ကြောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်က စကားပြောပြီး အတွင်းမှနေ၍ သူ့ကို ထိန်းချုပ်သောအခါမှသာ သူက ပြုမူဆောင်ရွက်ကြောင်း၊ ထိန်းချုပ်မှုမရှိဘဲ ပြုမူဆောင်ရွက်ခြင်း မရှိကြောင်း၊ ဇာတိပကတိ ခန္ဓာက ဝိညာဉ်တော်က ညွှန်ကြားသည့်အရာတိုင်းကို ပြောကြောင်း၊ ဤသို့ ညွှန်ကြားခြင်း မခံရလျှင် မည်သည့်အရာကိုမျှ မပြောဟု ယုံကြည်လေ့ရှိကြသည်။ ဤသည်မှာ မှန်ကန်သလော။ မဟုတ်ပေ။ ဝိညာဉ်တော်က လူ့ဇာတိတွင် ပါဝင်ပေါင်းစည်းလိုက်သောအခါတွင် ဝိညာဉ်တော်နှင့် လူ့ဇာတိက တစ်သားတည်း ဖြစ်သွားသည်။ လူ့ဇာတိက လုပ်ဆောင်ခြင်းသည် ဝိညာဉ်တော်က လုပ်ဆောင်ခြင်း ဖြစ်သည်။ ဝိညာဉ်တော်က လုပ်ဆောင်ခြင်းသည် လူ့ဇာတိက လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအရာကိုသာ လူ့ဇာတိခံယူခြင်းဟု ခေါ်ဆိုနိုင်သည်။ ယနေ့တွင် အစွမ်းထက်ဆုံး ရှင်းပြချက်များမှာ ဤသို့ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိ ခံယူသောအခါ တစ်ဖက်တွင် သူသည် သိမ်းပိုက်ခြင်းအမှုကို ပြုရန် လာရောက်ပြီး ဤခေတ်ကို အဆုံးသတ်ခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင် လူ၏ ဝေဒနာကို ကြုံတွေ့ခံစားရန်လာသည့် ဇာတိပကတိ ခန္ဓာသည် လူ၏ ဝေဒနာကို ကြုံတွေ့ခံစားရန်လာသည့် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိနှင့် ဘုရားသခင်ကိုယ်တော်တိုင်က တစ်ခုတည်း ဖြစ်သည်။ ဇာတိပကတိ ခန္ဓာသည် လူတို့က သူ့ကို ယုံကြည်ထားသကဲ့သို့ အသုံးချခံပစ္စည်းပေ၊ အခွံတစ်ခုမျှသာလည်း မဟုတ်ပေ။ လူတို့ ယုံကြည်သကဲ့သို့ ထိန်းချုပ်၍ရသော ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုတစ်မျိုးမျိုးလည်း မဟုတ်ပေ။ ဤလူ့ဇာတိသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ပြယုဂ်ဖြစ်သည်။ လူတို့၏ ယခင်က နားလည်မှုသည် အလွန် အပေါ်ယံဆန်လွန်းသည်။ မိတ်သဟာယများသည် လူ၏ အယူအဆများနောက်သို့ လိုက်လျှင် လူတို့သည် လူ့ဇာတိကို လူ့ဇာတိအဖြစ်၊ ဝိညာဉ်တော်ကို ဝိညာဉ်တော်အဖြစ် လူ့ဇာတိနှင့် ဝိညာဉ်တော်ကို ခွဲခြားနိုင်ခြေရှိမည်။ ဤသည်မှာ ဖောက်ပြန်မှုဖြစ်သည်။ ထို့ကြောင့် လူတို့အတွက် အယူအဆများရှိရန်မှာလည်း လွယ်ကူလိမ့်မည်။
ယနေ့တွင် လူတို့နောက်ထပ် နားလည်ရမည့် အရာတစ်ခုမှာ ဤအရာဖြစ်သည်။ ဘုရားသခင်သည် လူ၏ ဝေဒနာကို တွေ့ကြုံခံစားရန် လူ့ဇာတိခံခဲ့သည်။ သို့သော် လူ့ဇာတိခံယူခြင်းအားဖြင့် ခံစားရသော ဝေဒနာနှင့် နာမကျန်းမှုများသည် သူ ခံစားသင့်သည့်အရာများ မဟုတ်ပေ။ လူအချို့က သူသည် သာမန်၊ ပုံမှန်လူ့ဇာတိရှိပြီး သဘာဝလွန် ပုဂ္ဂိုလ်တစ်ယောက်ယောက်မဟုတ်ဘဲ သာမန်လူတစ်ယောက် ဖြစ်သည့်အတွက် ဤဝေဒနာကို ရှောင်၍မရနိုင်ဟု ယုံကြည်ကြသည်။ သူသည် လူ၏ ခေါင်းကိုက်မှုများနှင့် ဆင်းရဲဒုက္ခများကို ခံစားရသင့်သည်၊ လူတို့က ပူခြင်းကို ခံစားရသောအခါ သူသည် ပူခြင်းကို ခံစားရသင့်သည်၊ ပြီးလျှင် ရာသီဥတုက ပူနွေးခြင်းမရှိသောအခါ လူတိုင်းနှင့်အတူ အေးစက်ခြင်းကို ခံစားရသင့်သည်ဟု ၎င်းတို့က ထင်ကြသည်။ ဤသည်မှာ သင်ထင်မြင်သည့် ပုံစံဖြစ်လျှင် သင်သည် ဤသာမန်နှင့် ပုံမှန်ဇာတိပကတိခန္ဓာသည် မည်သည့်ကွာခြားမှုမျှ မရှိဘဲ အခြားမည်သူမဆိုနှင့် အတိအကျပင် တူညီသည်ဟု မြင်သည်။ သို့သော် အမှန်မှာ ဤခန္ဓာက ခံစားရသော ဆင်းရဲဒုက္ခတွင် အဓိပ္ပာယ်ရှိသည်။ သာမန်လူသားဖျားနာမှုများ၊ သို့မဟုတ် အခြားဆင်းရဲဒုက္ခများသည် လူတို့ ဒုက္ခခံသင့်သည့်အရာများ ဖြစ်သည်။ ဤအရာတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ခံစားသင့်သည့် ဆင်းရဲဒုက္ခများ ဖြစ်သည်။ ဤသည်မှာ သာမန်ဥပဒေသဖြစ်သည်။ သို့သော် လူ့ဇာတိခံဘုရားသခင်က ဤဆင်းရဲဒုက္ခများကို ခံစားသည်မှာ မည်သည့်ရည်ရွယ်ချက် ဖြစ်သနည်း။ ယေရှု ကားတိုင်တွင် သံမှိုစွဲခံရခြင်းသည် သူ့တွင် ဖြစ်ပျက်သင့်သည့်အရာတစ်ခု ဖြစ်သလော။ ယေရှုသည် လူ့ဇာတိခံယူခြင်းဖြစ်သည်။ သူသည် အပြစ်မရှိပေ။ ပြီးလျှင် ထိုအချိန်ကာလရှိ ဥပဒေသများနှင့် ထိုအချိန်ကာလတွင် သူလုပ်ဆောင်ခဲ့သည့် အရာတို့ကိုကြည့်လျှင် သူသည် ကားစင်တင်ခြင်း မခံရသင့်ပေ။ ဤသို့ဆိုလျှင် သူသည် အဘယ်ကြောင့် ကားတိုင်ပေါ်သို့ အတင်ခံရသနည်း။ ယင်းမှာ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ရန်ဖြစ်သည်။ လက်ရှိ လူ့ဇာတိခံယူခြင်းအားဖြင့် ခံစားရသော ဆင်းရဲဒုက္ခအားလုံးသည်၊ သူ့အပေါ်သို့ ကျရောက်သော ဖိနှိပ်မှုအားလုံးသည် မတော်တဆ ဖြစ်ပျက်ခဲ့ခြင်းလော။ သို့မဟုတ် ဘုရားသခင်က တမင်သက်သက် စီစဉ်ခဲ့ခြင်းဖြစ်သလော။ ယင်းတို့ကို တမင်သက်သက် စီစဉ်ခဲ့ခြင်း မဟုတ်သကဲ့သို့ မတော်တဆ ဖြစ်ခြင်းလည်းမဟုတ်ပေ။ ထိုအစား ပုံမှန် ဥပဒေသများအတိုင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့် ငါ ဤသို့ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားကြားတွင် သူ့ကိုယ်သူ ထားရှိခဲ့သောကြောင့်လည်းကောင်း၊ ဤသို့ ပြုမူဆောင်ရွက်ရန် သူ့ကိုယ်သူ လွတ်လပ်ခွင့် ပေးခဲ့သောကြောင့်လည်းကောင်း၊ ဤအမှုတော် အချိန်ကာလအတွင်းတွင် လူသားကဲ့သို့ တူညီသောဝေဒနာကို ခံစားခဲ့သောကြောင့်လည်းကောင်း ဖြစ်သည်။ ဘုရားသခင်သည် ဝေဒနာကို တမင်သက်သက် စီစဉ်ခဲ့လျှင် ဝေဒနာကို ရက်အနည်းငယ်သာ ခံစားရမည်။ အချိန်အများစုတွင် သူသည် ဒုက္ခခံစားရမည် မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင် အလုပ်လုပ်သောအခါတွင် လူသားကြား၌ ဘုရားသခင် တွေ့ကြုံရသော ဒုက္ခသည် တမင်သက်သက် စီစဉ်ခဲ့ခြင်း မဟုတ်သကဲ့သို့ ဆင်းရဲဒုက္ခအနည်းငယ်ကို မရည်ရွယ်ဘဲ ခံစားခဲ့ခြင်းလည်း မဟုတ်ပေ။ ထိုအစား သူသည် လူသားကြားတွင် တည်ရှိသော ဒုက္ခကို ကြုံတွေ့ရန် ကြွလာခြင်းဖြစ်သည်။ သူသည် လူသားတို့ကြားတွင် သူ့ကိုယ်သူ ထားရှိခဲ့သည်။ လူသားကဲ့သို့ ဒုက္ခခံသည်။ ပြီးလျှင် ခြွင်းချက်မရှိဘဲ လူသားကဲ့သို့ ဆက်ဆံခံခဲ့သည်။ သင်တို့ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသကဲ့သို့ ခရစ်တော်သည်လည်း ညှဉ်းပန်းနှိပ်စက်ခြင်းမခံရသလော။ သင်တို့ လိုက်လံဖမ်းဆီးခြင်းခံရသည်။ ခရစ်တော်သည်လည်း လိုက်လံဖမ်းဆီးခြင်း မခံရသလော။ လူတို့သည် နာမကျန်း ဖြစ်ခြင်း၏ ညှဉ်းပန်းမှုဒဏ်ကိုခံရသည်။ ခရစ်တော်သည် တစ်စုံတစ်ရာ လျှော့ပေါ့၍ ခံစားရသလော။ သူသည် ကင်းလွတ်ခွင့်မရပေ။ ဤသည်မှာ နားလည်ရန် မလွယ်ကူသလော။ အဆင်းနီသောနဂါးကြီး၏ နိုင်ငံတွင် လာရောက် အလုပ်လုပ်ပြီးနောက် ဘုရားသခင်သည် ဒုက္ခခံသင့်သည်ဟု ယုံကြည်သောသူများလည်းရှိသည်။ ဤသည်မှာလည်း မမှားယွင်းသလော။ ဘုရားသခင်အတွက်မှာမူ ဤအရာသည် သူ ဒုက္ခခံသင့်သည်၊ မခံသင့်သည်ဆိုသည့် ကိစ္စမဟုတ်ပေ။ ဘုရားသခင်သည် လူတို့ ထပ်၍ ဒုက္ခမခံရရန်အတွက် လူသားတို့ကြားတွင် ဒုက္ခခံရသည့် အဖိုးအခကို ကိုယ်တိုင်ကိုယ်ကျ ပေးဆပ်ပြီးနောက် လူသားတို့အား လှပသော ပန်းတိုင်သို့ ခေါ်ဆောင်သဖြင့် စာတန်သည် လုံးလုံး လက်ခံယုံကြည်သွားလေသည်။ ဘုရားသခင်အတွက် ဤဝေဒနာများကို ခံစားရန် လိုအပ်သည်။ ဘုရားသခင်သည် ဤအမှုတော်အဆင့် အချိန်ကာလအတွင်းတွင် ဤဝေဒနာကို မခံစားလိုဘဲ လူသား၏ ဝေဒနာကို သဘောပေါက်နားလည်လိုခြင်းသာ ဖြစ်ပြီး ဤထက်မပိုလျှင်လည်းကောင်း၊ သူ့ကိုယ်စား သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုသော အနည်းငယ်သော တမန်တော်များကိုဖြစ်စေ၊ လူများကိုဖြစ်စေ အသုံးပြုခဲ့လျှင်လည်းကောင်း ထို့နောက်တွင် ၎င်းတို့ ခံစားရသော ဝေဒနာများကို ၎င်းတို့က ဘုရားသခင်ထံ တင်ပြလျှင်လည်းကောင်း၊ သို့မဟုတ် ဘုရားသခင်သည် သက်သေခံရန်အတွက် အထူးပုဂ္ဂိုလ်အနည်းငယ်ကို အသုံးပြုပြီး ၎င်းတို့ကို လူသားကြားတွင် အနာကျင်ဆုံးသောအရာများကို ခံစားစေလျှင်လည်းကောင်း၊ ထို့နောက် ၎င်းတို့သည် ဤဝေဒနာကို ခံနိုင်ပြီး ဤသက်သေကို ခံလျှင်လည်းကောင်း စာတန်ကိုယ်နှိုက်သည်ပင် လုံးလုံး လက်ခံယုံကြည်ဦးမည် ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သည့်အရာအတွက် အပြန်အလှန်အားဖြင့် လူသားတို့သည် နောင်ကာလတွင် ဒုက္ခခံရမည် မဟုတ်ချေ။ ဘုရားသခင်က ဤသို့ လုပ်ဆောင်နိုင်သလော။ လုပ်ဆောင်နိုင်သည်။ သို့သော် ဘုရားသခင်ကိုယ်တော်တိုင်သာ ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကို လုပ်ဆောင်သည်။ လူတို့၏ သက်သေခံချက်သည် မည်မျှမြင့်မြတ်ပါစေ စာတန်က ကြားမည်မဟုတ်ပေ။ စာတန်က “ကိုယ်တော်က လူ့ဇာတိခံပြီး ဖြစ်သောကြောင့် လူ၏ ဝေဒနာကို အဘယ်ကြောင့် ကိုယ်တိုင် မကြုံတွေ့ကြည့်သနည်း” ဟု ဆိုလိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်က ဤသို့ အလုပ်မလုပ်လျှင် ဤသို့သော သက်သေခံချက်သည် အလွန်အစွမ်းထက်မည်မဟုတ်ပေ။ ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကို ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်ရမည်။ ထိုအခါမှသာ လက်တွေ့ကျမည် ဖြစ်သောကြောင့်တည်း။ ပြီးလျှင် ဘုရားသခင်က လုပ်ဆောင်သည့် ဤအမှုတော်အဆင့်မှနေ၍ ဘုရားသခင်လုပ်ဆောင်သမျှတွင် အဓိပ္ပာယ်ရှိကြောင်း၊ လူ့ဇာတိခံယူခြင်းအားဖြင့် ခံစားသော ဝေဒနာအားလုံးသည် အဓိပ္ပာယ်ရှိကြောင်း၊ ဘုရားသခင်သည် မည်သည့်အရာကိုမျှ ကြုံသလိုမလုပ်ဆောင်သကဲ့သို့ အသုံးမဝင်သောအရာကိုလည်း မလုပ်ဆောင်ကြောင်းတို့ကို မြင်နိုင်သည်။ အလုပ်လုပ်ပြီး လူသား၏ ဝေဒနာကို ကြုံတွေ့ဖို့ရန် လူ့ဇာတိခံယူခြင်း၏ ရောက်ရှိလာခြင်းသည် မလုပ်ဆောင်ရန် ရွေးချယ်၍ရသော အရာမဟုတ်ဘဲ အလိုအပ်ဆုံးသောအရာ ဖြစ်သည်။ ဤအရာသည် လူသားမျိုးနွယ်နှင့် လူသားမျိုးနွယ်၏ အနာဂတ်ခရီးပန်းတိုင်အတွက် အလိုအပ်ဆုံးသောအရာ ဖြစ်သည်။ ဤအရာကို လူသားကို ကယ်တင်ရန်၊ လူသားကို ရယူရန်၊ လူသားကို လှပသော ပန်းတိုင်ဆီသို့ ပို့ဆောင်ပေးရန်အတွက် ဆောင်ရွက်ပြီး အသုံးပြုခြင်းဖြစ်သည်။
လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားများကို ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးသင့်သည်။
၁။ သာမန်၊ ပုံမှန်ဖြစ်သော လူ့ဇာတိကို လိုအပ်ခြင်း။
၂။ ဤသာမန်၊ ပုံမှန်ဖြစ်သော လူ့ဇာတိ၏ လုပ်ဆောင်မှု၏ လက်တွေ့ကျသော လက္ခဏာသွင်ပြင်။
၃။ လူသား၏ ဝေဒနာကို ကြုံတွေ့ခံစားရန် လူသားတို့ကြားသို့ ဘုရားသခင် ကြွလာခြင်း၏ အဓိပ္ပာယ်၊ သို့မဟုတ် လိုအပ်မှု။
ဘုရားသခင်သည် လူ၏ ဝေဒနာကို အဘယ်ကြောင့် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမည်နည်း။ ဘုရားသခင်အတွက် ဤသို့မလုပ်ဆောင်လျှင် မရသလော။ ဤတွင် အခြားအဓိပ္ပာယ် ရှုထောင့်တစ်ခုလည်းရှိသည်။ ဤသာမန်၊ ပုံမှန်ဖြစ်သော လူ့ဇာတိ၏ လုပ်ဆောင်မှုသည် လူတို့ကို သိမ်းပိုက်နိုင်ပြီး စုံလင်စေနိုင်သည်။ သို့သော် လူတို့၏ အနှစ်သာရနှင့် လူသား၏ ဖြစ်တည်မှု ဥပဒေသများက ၎င်းတို့သည် အနှစ်မရှိခြင်း၊ ဝေဒနာ၊ ပူပင်သောကဒဏ်၊ သက်ပြင်းချခြင်းများဖြင့် ရှင်သန်နေဦးမည် ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့၏ နာမကျန်းမှုများမှ လွတ်မြောက်နိုင်စွမ်း ရှိဦးမည် မဟုတ်ဟုလည်းကောင်း ဆိုလိုသည်။ ဥပမာ ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားသည်။ သင်သည် ဘုရားသခင်အား နားလည်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံအချို့ ရှိသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သွားပြီးဖြစ်သည်။ ပြီးလျှင် သင်သည် စုံလင်စေခြင်း ခံရပြီးဖြစ်သည်၊ သင်သည် ဘုရားသခင်ကို ချစ်သောသူတစ်ယောက် ဖြစ်သည်ဟု ဘုရားသခင်က ပြောသည်။ ဘုရားသခင်က လူတို့ကို ဤအဆင့်အထိ ကယ်တင်ပြီးနောက် ထွက်ခွာသွားလျှင်၊ ဤနည်းအားဖြင့် လူ့ဇာတိခံယူခြင်းအမှုက ပြီးဆုံးလျှင် လူတို့၏ နာမကျန်းမှုများ၊ အနှစ်မရှိမှု၊ လူ့ဇာတိ၏ ဝမ်းနည်းမှုနှင့် ပြဿနာများက ရှိနေဆဲဖြစ်မည်။ ဤသည်မှာ ဘုရားသခင်၏ လူတို့ကို ကယ်တင်ခြင်းအမှုသည် ပြီးဆုံးမည်မဟုတ်ဟု ဆိုလိုသည်။ လူတစ်ယောက်သည် စုံလင်စေခြင်းခံရကောင်း ခံရနိုင်သည်။ ဘုရားသခင်ကို သိမြင်နိုင်ပြီး ချစ်နိုင်သည်။ ကိုးကွယ်နိုင်သည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၏ ဖျားနာမှုများနှင့် ပြဿနာများကို ဖြေရှင်းနိုင်သလော။ သမ္မာတရားရှိခြင်းသည် ဤအရာကို မဖြေရှင်းနိုင်ပေ။ ၎င်းတို့သည် ယခုအခါတွင် သမ္မာတရား ရှိပြီဖြစ်သဖြင့် လူ့ဇာတိ နာမကျန်းဖြစ်ခြင်းက ၎င်းတို့ကို ဝေဒနာခံစားရအောင် မလုပ်တော့၊ သို့မဟုတ် ဒုက္ခခံစားရအောင် မလုပ်တော့ဟု မည်သူကမျှ မပြောခဲ့ဖူးပေ။ ထိုဝေဒနာမျိုးကို မည်သူကမျှ မပြုပြင်နိုင်ပေ။ သင်က “ယခုတွင် ရှင်သန်ခြင်းက ကျွန်ုပ်အတွက် အလွန်ပင် အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။ သို့သော် ဖျားနာသောအခါတွင် နာကျင်ဆဲဖြစ်သည်” ဟူ၍သာ ဆိုနိုင်သည်။ ဤသည်မှာ မှန်ကန်သလော။ ဤခံစားချက်သည် စစ်မှန်သလော။ ဤအတွက်ကြောင့် လူ့ဇာတိခံခြင်းသည် လူကို သိမ်းပိုက်ခြင်းနှင့် စုံလင်ခြင်းအမှုကိုသာ လုပ်ဆောင်ခဲ့လျှင်၊ လူ့ဇာတိခံယူခြင်းသည် လူတို့ကို စုံလင်စေခြင်းသာ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့၏ လူ့ဇာတိက ခံစားရသော ဝေဒနာကို မဖြေရှင်းခဲ့လျှင် ကမ္ဘာတွင်ရှိသော လူများရင်ဆိုင်ရသည့် ဝေဒနာအားလုံး၊ လူတို့၏ နာမကျန်းမှုများ၊ လူတို့၏ ဝမ်းမြောက်မှုနှင့် ဝမ်းနည်းမှုများ၊ လူတို့ တစ်ဦးချင်းစီ၏ စိုးရိမ်ပူပန်မှုများအားလုံးသည် ဖြေရှင်း၍ မရနိုင်ဖြစ်လိမ့်မည်။ ပြီးလျှင် လူတို့အား ကမ္ဘာမြေပေါ်တွင် နှစ်တစ်ထောင်၊ တစ်သောင်း အသက်ရှင်ခွင့်ပေးလျှင်ပင် မွေးဖွားခြင်း၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့နှင့် သက်ဆိုင်သော ဤပြဿနာများနှင့် အရေးကိစ္စများသည် ပြေလည်မည်မဟုတ်ပေ။ ဘုရားသခင်သည် လူသား၏ ဤဝေဒနာကို တွေ့ကြုံခံစားရန် ကြွလာခဲ့သည်။ တွေ့ကြုံခံစားပြီးနောက်တွင် သူသည် တကယ့်အရင်းအမြစ်မှစ၍ ဖြေရှင်းသည်။ ထို့နောက်တွင် လူသားသည် မွေးဖွားခြင်း၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သို့မဟုတ် သေဆုံးခြင်းတို့နှင့် သက်ဆိုင်သော အရေးကိစ္စများကြောင့် ဒုက္ခမရောက်တော့ပေ။ ယေရှုသည် သေခြင်းတရားကို တွေ့ကြုံခံစားခဲ့သည်။ ဤလူ့ဇာတိခံယူခြင်းသည် ဘဝနှင့် နာမကျန်းဖြစ်ခြင်း၏ ဝေဒနာကိုသာ တွေ့ကြုံခံစားရသည်။ (အသက်ကြီးခြင်းကို ကြုံတွေ့ဖို့မလိုပေ။ နောင်ကာလတွင် လူတို့သည် အသက်အရွယ် ကြီးရင့်လာမည်မဟုတ်ပေ။) ဘုရားသခင်သည် ဤဝေဒနာအားလုံးကို ကြုံတွေ့ပြီးနောက်တွင် လူသား၏ ဝေဒနာသည် အဆုံးတွင် ဖယ်ရှားခြင်းခံရမည်။ ဘုရားသခင်သည် လူသားကိုယ်စား ဝေဒနာအားလုံးကို ခံစားပြီးနောက်တွင် သူသည် အဆုံးတွင် လူသားမျိုးနွယ်၏ လှပသော ပန်းတိုင်အတွက် အလဲအလှယ်ပြုလုပ်ပေးသော အစွမ်းထက်သော သက်သေရှိမည်ဖြစ်ပြီး ဤသို့ဖြင့် လူသား၏ မွေးဖွားခြင်း၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်းကို ဖယ်ရှားလိမ့်မည်။ ဤအရာတွင် အဓိပ္ပာယ်မရှိသလော။ ထို့ကြောင့် အသက်ဖြစ်စေ၊ နာမကျန်းဖြစ်ခြင်းဖြစ်စေ၊ ဆင်းရဲဒုက္ခဖြစ်စေ၊ မချိတင်ကဲ ဝေဒနာဖြစ်စေ လူ့ဇာတိခံယူခြင်းသည် လူသား၏ ဝေဒနာကို တွေ့ကြုံခံစားသည်။ ပြီးလျှင် ဤသို့သောဝေဒနာသည် မည်သည့်လက္ခဏာသွင်ပြင် ရှိသည်ဖြစ်စေ လူ့ဇာတိခံယူခြင်းက လူသား၏ ကိုယ်စား ဤသို့ခံယူခြင်းဖြစ်ကာ သင်္ကေတတစ်ခုအဖြစ်၊ ပရောဖက်ပြုချက်ဆိုင်ရာ နိမိတ်လက္ခဏာတစ်ခုအဖြစ် ဖြည့်ဆည်းပေးသည်။ လူသားမျိုးနွယ်က ဒုက္ခခံဖို့ မလိုအပ်တော့ရန်အတွက် သူသည် ဤဝေဒနာအားလုံးကို တွေ့ကြုံခံစားခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ ခံယူသည်။ ဤသည်မှာ အရေးပါမှုရှိသည့် နေရာဖြစ်သည်။ လူတို့သည် စုံလင်စေခြင်း ခံရပြီးသည်နှင့် ဘုရားသခင်ကို ကိုးကွယ်နိုင်သည်။ ဘုရားသခင်ကို ချစ်နိုင်သည်။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ပြုမူလုပ်ဆောင်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပြုမူလုပ်ဆောင်နိုင်သည်။ ပြီးလျှင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူလုပ်ဆောင်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့၏ ဒုက္ခများနှင့် ဝေဒနာများသည် ပြေလည်သွားသည်။ ဤသည်မှာ လူသားကိုယ်စား ဘုရားသခင် ဒုက္ခခံခြင်း၏ အရေးပါမှုဖြစ်သည်။ ယင်းသည် လူတို့အား ကမ္ဘာပေါ်တွင် ဘုရားသခင်ကို ကိုးကွယ်ရသည့် အခွင့်ကို ပေးရုံမကဘဲ ဤနာမကျန်းဖြစ်ခြင်းများ၏ အလွန်ပြင်းထန်သည့် ဝေဒနာနှင့် ဝန်ထုပ်ဝန်ပိုးမှ လွတ်မြောက်ခွင့်၊ မွေးဖွားခြင်း၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့နှင့် သက်ဆိုင်သော အရေးကိစ္စများမှ လွတ်မြောက်ခွင့်၊ ဘဝသံသရာများမှ လွတ်မြောက်ခွင့်ကိုလည်း ပေးသည်။ လက်ရှိ လူ့ဇာတိခံယူခြင်း အချိန်ကာလအတွင်းတွင် ဤဝေဒနာကို ခံစားခြင်းနှင့် သိမြင်ခြင်းတွင် ဘုရားသခင်သည် လူသား၏ ကိုယ်စား ဤအရာများကို ခံယူသည်။ ပြီးလျှင် ထိုအရာများကို ဘုရားသခင် ခံယူပြီးသည်နှင့် ကျန်ရှိသောသူများသည် ဤဝေဒနာကို ခံစားဖို့ မလိုအပ်ပေ။ ဤသည်မှာ ပရောဖက်ပြုချက်ဆိုင်ရာ နိမိတ်လက္ခဏာ ဖြစ်သည်။ အဓိပ္ပာယ်မရှိသောလူအချို့က “ဤသို့ဆိုလျှင် ဘုရားသခင်သည် ဤအရာကို လူသား၏ ကိုယ်စား သူတစ်ဦးတည်း လုပ်ဆောင်သလော” ဟူ၍ မေးသည်။ ဘုရားသခင်သည် လူ့ဇာတိခံယူပြီး လူသားတို့ကိုယ်စား ဒုက္ခခံခြင်းက လုံလောက်သည်။ အခြားမည်သူက ဤသို့လုပ်ဆောင်ဖို့ လိုအပ်သနည်း။ ဤသည်မှာ ဘုရားသခင်က အရာအားလုံးကို သူ့ဘာသာ လုပ်ဆောင်နိုင်ပြီး မည်သည့်အရာကိုမဆို ဝင်ရောက် နေရာယူနိုင်သောကြောင့်ဖြစ်သည်။ သူသည် အရာအားလုံးကို ကိုယ်စားပြုနိုင်သည်။ ပြီးလျှင် အရာအားလုံး၏၊ လှပသော၊ ကောင်းမွန်သော၊ အပြုသဘောဆောင်သောအရာအားလုံး၏ သင်္ကေတ ဖြစ်နိုင်သည်။ ထို့အပြင် ယခုအခါ သူသည် လူသား၏ ဝေဒနာကို လက်တွေ့ကျစွာ တွေ့ကြုံခံစားပြီးသည့်အခါ သူသည် လူသားတို့၏ နောင်ကာလဝေဒနာများအားလုံးကို ဖယ်ရှားရန်အတွက် ပို၍ပင် အစွမ်းထက်သော သက်သေခံချက်နှင့် အထောက်အထားတို့ကို အသုံးပြုရန် ပို၍ပင် သတ်မှတ်ချက်နှင့် ပြည့်စုံပြီဖြစ်သည်။
ဤသို့ ဆောင်ရွက်ခြင်းအားဖြင့် လူ့ဇာတိခံယူခြင်း အဆင့်နှစ်ဆင့်၏ အမှုသည် ပြီးဆုံးပြီး ရှင်းလင်းသော စည်းတစ်ခုဖြစ်လာသည်။ ပထမအဆင့် လူ့ဇာတိခံယူခြင်းမှ ဤလူ့ဇာတိခံယူခြင်းအထိ ဤအဆင့်နှစ်ဆင့်၏ လုပ်ဆောင်မှုသည် လူသားဖြစ်တည်မှု၏ ဝေဒနာအလုံးစုံနှင့် လူတို့၏ ကိုယ်ပိုင်တစ်ဦးချင်း ဒုက္ခကို ဖြေရှင်းခဲ့သည်။ အဘယ်ကြောင့် ဘုရားသခင်က လူ့ဇာတိ၌ ဤအရာကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်ဖြစ်သနည်း။ ရှေးဦးစွာ လူတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် မွေးဖွားခြင်းဝေဒနာ၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းသည် အဘယ်က လာသည်ဆိုသည်နှင့် လူသားက အဘယ်ကြောင့် ဤအရာများကို ခံစားရသည်ဆိုသည်ကို နားလည်ရမည်။ ဤအရာတို့သည် လူသားကို ပထမဆုံး ဖန်ဆင်းသောအချိန်က မတည်ရှိခဲ့ဘူး မဟုတ်လော။ ဤဝေဒနာများသည် အဘယ်ကလာသနည်း။ ဤဝေဒနာများသည် လူသားက စာတန်၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်တွင်၊ ကိုယ်ကျင့်တရား ပျက်လာပြီးသည့်နောက်တွင် ဖြစ်ပေါ်လာသည်။ လူ့ဇာတိပကတိ၏ ဝေဒနာ၊ ဒုက္ခများ၊ အနှစ်မဲ့ခြင်းနှင့် လူ့ကမ္ဘာတွင်ရှိသော စိတ်မချမ်းသာဖွယ်ရာများအားလုံးသည် စာတန်က လူသားကို ဖျက်ဆီးပြီးနောက်တွင် ပေါ်ပေါက်လာသည်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် စာတန်သည် လူသားအား စတင်ညှဉ်းပန်းသည်။ ထို့ကြောင့် လူသားသည် ပို၍ပင် ပြိုလဲသွားသည်။ သူ၏ နာမကျန်းဖြစ်ခြင်းသည် အစဉ်ပို၍ ဆိုးဝါးလာသည်။ သူ၏ ဝေဒနာသည် အစဉ်ပို၍ ကြီးမားလာသည်။ ပြီးလျှင် ကမ္ဘာလောကသည် အနှစ်မရှိသကဲ့သို့ စိတ်ဆင်းရဲဖွယ် ဖြစ်ကြောင်း၊ ဤကမ္ဘာတွင် ရှင်သန်ရန် မဖြစ်နိုင်ကြောင်း၊ ဤကမ္ဘာတွင် အသက်ရှင်ရသည်မှာ ပို၍ မျှော်လင့်ချက် မဲ့လာကြောင်းတို့ကို လူသားက ပို၍ ခံစားရသည်။ ထို့ကြောင့် ဤဝေဒနာအားလုံးကို စာတန်က လူသားအပေါ် သယ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး စာတန်က လူသားကို ဖျက်ဆီးကာ လူသားတို့ ကိုယ်ကျင့်တရား ပျက်လာပြီးသည့်နောက်တွင် ဖြစ်ပေါ်လာသည်။ လူတို့ကို စာတန်၏ လက်ထဲမှ ပြန်လည်ခေါ်ဆောင်ပြီး လူတို့ကို လှပသော ပန်းတိုင်ပေးဖို့ရန်အတွက် ဘုရားသခင်က ဤဝေဒနာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားဖို့ လိုအပ်သည်။ လူတို့သည် အပြစ်တရားမရှိလျှင်ပင် ၎င်းတို့အတွက် နာကျင်ဖွယ်ဖြစ်သော အရာများရှိနေဆဲ ဖြစ်သည်။ စာတန်က ၎င်းတို့ကို ထိန်းချုပ်နေဆဲဖြစ်သည်။ ၎င်းတို့ကို ခြယ်လှယ်နိုင်ဆဲဖြစ်သည်။ ၎င်းတို့ကို အဆုံးစွန်သော ဝေဒနာနှင့် အလွန်အမင်း စိတ်ဆင်းရဲခြင်းကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် လူ့ဇာတိခံယူခြင်းက ဤဝေဒနာများကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခြင်း၊ စာတန်၏ လက်ခုပ်အတွင်းမှ လူတို့ကို ပြန်လည်ခေါ်ယူခြင်းနှင့် မည်သည့်ဝေဒနာကိုမျှ လူတို့ ထပ်၍ မခံစားရစေရန် တားဆီးခြင်းတို့သည် အလွန်ပင် အဓိပ္ပာယ်မရှိသလော။ ယေရှုသည် ရွေးနုတ်ခြင်းအမှုကို ပြုရန် ကြွလာသောအခါ၌ အပေါ်ယံတွင် သူသည် ပညတ်တော်နှင့် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသည့်ပုံစံရှိသည်။ သို့သော် အမှန်မှာ ဤအရာသည် ပညတ်တော်ကို ပြည့်စုံစေသည်။ ပညတ်တော်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို အစပြုကာ လူသားအပေါ် သက်ညှာမှုနှင့် သနားကရုဏာကို ယူဆောင်ပေးသည်။ ထို့နောက် ယေရှု ကားစင်တင်ခံရသောအခါ လူသား၏ အပြစ်အားလုံးကို ဖြေလွှတ်ပေးခဲ့သည်။ ယေရှုသည် လူသားကို ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ ပြန်ရသည့်အခွင့်ကိုပေးရန် သူကိုယ်တိုင်၏ တန်ဖိုးရှိသော အသွေးတော်ကို အသုံးပြုခဲ့သည်။ သူသည် လူသားကို ရွေးနုတ်ရန်အတွက် ကားစင်တင်ခံခြင်းသက်သေနှင့် အမှန်တရားကို အသုံးပြုခဲ့သည်ဟု ဆိုနိုင်သည်။ လူသား၏ အပြစ်များကို ဘုရားသခင်က ခွင့်လွှတ်ခဲ့သော်လည်း လူသားသည် စာတန်က ဖျက်ဆီးခြင်းကို အလွန်အမင်း ခံထားရပြီးဖြစ်သည်။ လူသား၏ အပြစ်ပြုသော သဘာဝက ကျန်ရှိနေဆဲဖြစ်ကာ လူသားသည် ဆက်လက်၍ အပြစ်ပြုပြီး ဘုရားသခင်ကို အာခံသည်။ ဤသည်မှာ ငြင်းဆန်မရသော အချက်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က လူသား၏ အပြစ်ပြုသော သဘာဝအား သန့်စင်ခြင်းအမှု ပြုရန်အတွက် ဒုတိယအကြိမ် လူ့ဇာတိခံယူခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်ပေးရန်အတွက် လူသားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသည်။ ဘုရားသခင် လူ့ဇာတိခံသည့် ပထမအကြိမ်တွင် သူသည် လူသားမျိုးနွယ်၏ အပြစ်များအတွက် ကားစင်တင်ခံခဲ့သည်။ လူသားမျိုးနွယ်ကို ရွေးနုတ်ခဲ့သည်။ ပြီးလျှင် လူသားက ဘုရားသခင်ရှေ့မှောက်သို့ ပြန်လာခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံသည့် ဒုတိယအကြိမ်တွင် သူသည် လူသားကို သိမ်းပိုက်ရန်၊ လူသားကို သိမ်းပိုက်ခြင်းအားဖြင့် ကယ်တင်ရန် ကြွလာခဲ့သည်။ လူများစွာက ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးဖြစ်သော်လည်း၊ ဘုရားနှုတ်ကပတ်တော်ကို မကြာခဏ စားသောက်သော်လည်း ၎င်းတို့သည် ဘုရားသခင်ကို မသိနားမလည်လျက် ရှိကြသည်။ ဘုရားသခင်က မည်သည့်နေရာတွင် ရှိသည်ကို ၎င်းတို့ မသိ။ ဘုရားသခင်က ၎င်းတို့၏ ရှေ့တည့်တည့်တွင် ရှိနေလျှင်ပင် ၎င်းတို့သည် ဘုရားသခင်ကို သိမြင်မည်မဟုတ်ဘဲ ၎င်းတို့သည် ဘုရားသခင်နှင့် ပတ်သက်ပြီး အယူအဆများနှင့် နားလည်မှုလွဲခြင်းများလည်း ရှိတတ်သည်။ တစ်ခါတစ်ရံတွင် အမှုအရာများအပေါ် ၎င်းတို့ မြင်သည့်ပုံစံသည် ဘုရားသခင်အပေါ် ရန်လိုမှုရှိသည်။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ သမ္မာတရားကို ၎င်းတို့ နားမလည်သကဲ့သို့ ဘုရားသခင်ကို အမှန်တကယ် သိမြင်မှုမရှိသောကြောင့် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိမြင်မှုရှိသောအခါတွင် ဘုရားသခင်အတွက် ဒုက္ခခံပြီး အသက်ရှင်ရန် ဝမ်းမြောက်ကြသည်။ သို့သော် စာတန်က ၎င်းတို့အတွင်းတွင်ရှိသော အားနည်းချက်ကို ထိန်းချုပ်ဆဲ ဖြစ်သည်။ စာတန်က ၎င်းတို့ကို ဒုက္ခခံရရန် လုပ်ဆောင်နိုင်ဆဲ ဖြစ်သည်။ ဝိညာဉ်ဆိုးများသည် ၎င်းတို့အထဲတွင် အလုပ်လုပ်နိုင်ပြီး အနှောင့်အယှက် ဖြစ်စေနိုင်ဆဲ၊ ၎င်းတို့ဆီသို့ ဝင်ရောက်နိုင်ဆဲ၊ ၎င်းတို့အား စိတ်ဖောက်ပြန်ပြီး စိတ်ကသိကအောက်ဖြစ်စေရန်၊ လုံးလုံး စိတ်အနှောင့်အယှက် ဖြစ်စေရန် လုပ်ဆောင်နိုင်ဆဲဖြစ်သည်။ လူတို့၏ အတွေးများနှင့် အသိစိတ်ထဲတွင် စာတန်က ထိန်းချုပ်ပြီး ကြိုးကိုင်ညွှန်ကြားတတ်သော အရာများရှိသည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် သင်သည် ဖျားနာခြင်း၊ သို့မဟုတ် ဒုက္ခရောက်ခြင်းဖြစ်သည်။ ကမ္ဘာလောကသည် ခြောက်ကပ်သည်၊ သို့မဟုတ် အသက်ရှင်ရခြင်းသည် အဓိပ္ပာယ်မရှိဟု သင် ခံစားရသောအချိန်များရှိသည်။ ပြီးလျှင် သင်သည် သေခြင်းကို ရှာဖွေပြီး သင့်ကိုယ်သင် သတ်သေလိုသော အချိန်များပင် ရှိသည်။ ဆိုလိုသည်မှာ ဤဝေဒနာများကို စာတန်က ကိုင်စွဲပြီး ဤဝေဒနာများသည် လူသား၏ သေစေနိုင်လောက်သော အားနည်းချက်ဖြစ်သည်။ စာတန်က ဖျက်ဆီးခြင်းနှင့် နင်းချေခြင်းခံရပြီး ဖြစ်သောအရာတစ်ခုကို စာတန်က အသုံးပြုနိုင်ဆဲ ဖြစ်သည်။ ဤသည်မှာ စာတန်က ချုပ်ကိုင်သောအရာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို ပြုရန်အတွက် နောက်ဆုံးသောကာလအတွင်းတွင် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့သည်။ ပြီးလျှင် တစ်ချိန်တည်းတွင် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်သည်။ သူသည် လူသားကိုယ်စား ဒုက္ခခံပြီး လူ့ဇာတိဖြင့် ဒုက္ခ၏ အဖိုးအခကို ပေးဆပ်သည်။ လူသားတွင်ရှိသော ဝေဒနာနှင့် သေစေနိုင်လောက်သော အားနည်းချက်ကို ကိုင်တွယ်ပြီး ဖြေရှင်းရန် ဤအဖိုးအခကို ပေးဆပ်သည်။ ဘုရားသခင်သည် လူသားကြားတွင် ဒုက္ခခံသည့် အဖိုးအခကို ပေးဆပ်ခြင်းအားဖြင့် လူသားကို ပြန်လည်ခေါ်ယူပြီးသည်နှင့် စာတန်သည် လူသားအပေါ် ထိန်းချုပ်နိုင်မည် မဟုတ်တော့ပေ။ ပြီးလျှင် လူသားသည် ဘုရားသခင်ဆီသို့ လုံးဝ ပြန်လာလိမ့်မည်။ ထိုအခါမှသာ လူသားကို ဘုရားသခင်က အပြည့်အဝ ပိုင်ဆိုင်သည်။ သင်သည် အဘယ်ကြောင့် ဘုရားသခင်အတွက် အသက်ရှင်နိုင်ပြီး ဘုရားသခင်ကို ကိုးကွယ်နိုင်သော်လည်း ဘုရားသခင်က အပြည့်အဝ ပိုင်ဆိုင်ခြင်းကို သေချာပေါက် မခံရသနည်း။ ဝိညာဉ်ဆိုးများသည် သင်၏ အားနည်းသည့်နေရာများကို အသုံးချနိုင်ဆဲဖြစ်သည်။ ၎င်းတို့သည် သင့်အား ဆော့စကားနိုင်ဆဲဖြစ်သည်။ သင့်အား အသုံးပြုနိုင်ဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် မိုက်မဲလွန်းသောကြောင့် ဖြစ်သည်။ လူအချို့သည် သန့်ရှင်းသောဝိညာဉ်တော်က တို့ထိခံရခြင်းနှင့် ဝိညာဉ်ဆိုးတစ်ကောင်က ကြားဝင်စွက်ဖက်ခြင်းကို မခွဲခြားနိုင်ပေ။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဝိညာဉ်ဆိုးများ၏ လုပ်ဆောင်မှုကိုပင် မခွဲခြားနိုင်ပေ။ ဤသည်မှာ အလွန်ကြီးမားသော အားနည်းချက်မဟုတ်လော။ ဝိညာဉ်ဆိုးများက အလုပ်လုပ်သောအခါ ၎င်းတို့ အသုံးမချမည့် နေရာမရှိပေ။ ၎င်းတို့သည် သင့်အထဲတွင်၊ သို့မဟုတ် သင်၏နားသို့ စကားပြောဆိုနိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် သင်၏ စိတ်ကို အနှောင့်အယှက်ပေးနိုင်ပြီး သင်၏ အတွေးများကို နှောင့်ယှက်ကာ သန့်ရှင်းသောဝိညာဉ်တော် တို့ထိခြင်းနှင့်ပတ်သက်၍ သင် ခံစားချက်မရှိအောင် ပြုလုပ်နိုင်သည်။ ထိုတို့ထိခြင်းကို သင်ခံစား၍ မရအောင် တားဆီးသည်။ ထို့နောက် ဝိညာဉ်ဆိုးများသည် သင့်အား စတင် အနှောင့်အယှက်ပေးလိမ့်မည်။ သင်၏ အတွေးများကို ပရမ်းပတာဖြစ်စေပြီး သင်၏ အသိစိတ်ကို ပျောက်ဆုံးစေမည်။ သင်၏ ဝိညာဉ်ကိုပင် သင့်ခန္ဓာမှ ထွက်ခွာအောင် ပြုလုပ်မည်။ ဤသည်မှာ လူတို့တွင် ဝိညာဉ်ဆိုးများက ပြုသောအလုပ် ဖြစ်သည်။ ပြီးလျှင် လူတို့သည် ယင်းကို အရှိအတိုင်း မသိနိုင်လျှင် အလွန်အန္တရာယ်ရှိသည်။ ယခုအခါတွင် ဘုရားသခင်သည် လူသားအတွက် ဤဝေဒနာကို ခံယူသည်။ ပြီးလျှင် လူသားက လှပသော ပန်းတိုင်ရှိသည်နှင့် သူသည် ဘုရားသခင်အတွက် အသက်ရှင်ရုံမကဘဲ စာတန်က ပိုင်ဆိုင်မည်မဟုတ်တော့ပေ။ စာတန်က ချုပ်ကိုင်နိုင်သည့်အရာ တစ်ခုခုရှိတော့မည်မဟုတ်ပေ။ လူသား၏ အတွေးများ၊ စိတ်ဓာတ်၊ စိတ်ဝိညာဉ်နှင့် ခန္ဓာတို့အားလုံးကို ဘုရားသခင်က ပိုင်ဆိုင်လိမ့်မည်။ ယနေ့တွင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ဆီသို့ ဦးလှည့်နိုင်သည်။ သို့သော် သင်သည် မတတ်နိုင်သဖြင့် စာတန်က အသုံးပြုခြင်းကို ခံနေရသော အချိန်များရှိသည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို ရရှိသောအခါ ၎င်းတို့သည် ဘုရားသခင်ကို အပြည့်အဝ ကျိုးနွံနာခံခြင်းနှင့် ကိုးကွယ်ခြင်းကို လုပ်ဆောင်နိုင်စွမ်း ရှိသော်လည်း လူတို့၏ ခန္ဓာများနှင့် စိတ်ဝိညာဉ်များကို စာတန်က နင်းချေပြီးဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် စာတန်၏ နှောင့်ယှက်ခြင်းမှ လုံးလုံးလျားလျား လွတ်မြောက်ရန်မှာ ဖြစ်နိုင်မည် မဟုတ်ပေ။ နာမကျန်း ဖြစ်ခြင်းတစ်ခုမျှ မရှိရန်မှာ ၎င်းတို့အတွက် ပို၍ပင် ဖြစ်နိုင်မည် မဟုတ်ပေ။ လူတို့၏ ဝိညာဉ်သည် ညစ်ညူးသောနေရာ ဖြစ်သည်။ စာတန်နေထိုင်သော နေရာဖြစ်သည်။ ပြီးလျှင် စာတန်က အသုံးချသည့် နေရာဖြစ်သည်။ စာတန်သည် အနှောင့်အယှက်နှင့် ထိန်းချုပ်ခြင်း၊ သင်၏ စိတ်ကြည်လင်ခြင်းကို တားဆီးခြင်း၊ သမ္မာတရားကို သင် ခွဲခြားသိမြင်မှုမရှိစေရန် ပိတ်ပင်ခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်းရှိဆဲ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က လူသား၏ ဝေဒနာကို တွေ့ကြုံခံစားပြီး လူသား၏ ကိုယ်စား ဒုက္ခခံရန် လူ့ဇာတိခံယူခြင်းသည် မလုပ်ဆောင်ရန် ရွေးချယ်၍ ရသောအရာမဟုတ်ဘဲ အလိုအပ်ဆုံးသောအရာ ဖြစ်သည်။
ဘုရားသခင်သည် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ပြီးမြောက်စေရန်အတွက် နှစ်ကြိမ် လူ့ဇာတိခံယူခဲ့သည်ကို သင်တို့ နားလည်ရမည်။ ပထမအကြိမ် လူ့ဇာတိခံယူခြင်းသာရှိလျှင် လူသားမျိုးနွယ်အား အပြည့်အဝ ကယ်တင်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ပထမအကြိမ် လူ့ဇာတိခံယူခြင်းသည် လူသား၏ အပြစ်များအား ခွင့်လွှတ်ခြင်း ပြဿနာကို ဖြေရှင်းပြီး လူသားအား ဘုရားရှေ့မှောက်သို့လာဖို့ ထိုက်တန်အောင် ပြုလုပ်ဖို့အတွက် ရွေးနုတ်ခြင်းအမှုကိုပြုပြီး အဓိကအားဖြင့် ပေါ်ထွန်းခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ပြီး လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြုပြင်ရန်အတွက် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် လူသားကို ဘုရားသခင် အပြည့်အဝ ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သော ပြဿနာကို ဖြေရှင်းရန် ဖြစ်နိုင်ဦးမည် မဟုတ်ပေ။ ထို့အပြင် စာတန်၏ ဖျက်ဆီးထားခြင်းခံရသော လူသား၏ တစ်စိတ်တစ်ပိုင်းကို အပြည့်အဝ ကုစားပေးရန် ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းသည် လူသား၏ ဝေဒနာကို တွေ့ကြုံခံစားခြင်းလည်း ရှိရမည်။ ဤသို့ဖြင့် လူသား၏ ဒုက္ခနှင့် စိတ်ဆင်းရဲမှုပြဿနာကို အရင်းအမြစ်မှနေ၍ လုံးလုံး ဖြေရှင်းရမည်ဖြစ်သည်။ ဤအရာတို့သည် လူ့ဇာတိခံယူခြင်းနှစ်ခု၏ အမှုအဆင့်များဖြစ်သည်။ ထိုထဲမှ တစ်ခုကမျှ မရှိလျှင် မဖြစ်ပေ။ ထို့ကြောင့် သင်သည် လူ့ဇာတိခံယူခြင်းအားဖြင့် ခံစားရသော ဝေဒနာကို ပေါ့ပေါ့တန်တန် မရှုမြင်သင့်ပေ။ တစ်ခါတစ်ရံတွင် သူသည် ငိုကြွေးသည်။ တစ်ခါတစ်ရံတွင် သူသည် နာကျင်နေပြီး စိတ်မချမ်းမသာဖြစ်သည်။ တစ်ခါတစ်ရံတွင် သူသည် အားနည်းပြီး ဝမ်းနည်းပူဆွေးသည့်ပုံစံရှိသည်။ သင်သည် ဤအရာနှင့်ပတ်သက်ပြီး အယူအဆများရှိဖို့မဆိုထားနှင့်၊ ဤအရာတစ်ခုကိုမျှ ပေါ့ပေါ့တန်တန် မရှုမြင်သင့်ပေ။ သင်သည် ဤအရာနှင့်ပတ်သက်ပြီး အယူအဆများရှိလျှင်မူ သင်သည် အလွန်အမင်း မိုက်မဲပြီး ပုန်ကန်လေသည်။ ထို့အပြင် ဤသည်မှာ သာမန် လူ့ဇာတိက ခံစားသင့်သည့်အရာဖြစ်သည်ဟုလည်း သင် မယုံကြည်သင့်ပေ။ ဤသည်မှာ ပို၍ပင် မှားယွင်းသည်။ ပြီးလျှင် သင်က ဤသို့ပြောလျှင် သင်သည် ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ လူ့ဇာတိခံယူခြင်းနှစ်ခု၏ ခံစားရသော ဝေဒနာသည် လိုအပ်သည်ကို လူတို့ နားလည်ရမည်။ ဤသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်အတွက် အလိုအပ်ဆုံးသော အရာမဟုတ်ဘဲ လူသားမျိုးနွယ်အတွက် ဖြစ်သည်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းက အလွန်ကြီးမားသောကြောင့် ဤအရာကို မလုပ်ဆောင်၍ မရပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က အပြည့်အဝ ကယ်တင်ခြင်းခံရရန်အတွက် ယင်းကို လုပ်ဆောင်ရမည်။ ဘုရားသခင် လုပ်ဆောင်သည့် ပုံစံမှာ လူတို့အနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်ရန်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သမျှမှာ လူအများရှေ့တွင်ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိမ်ချန်မထားပေ။ လူတို့က မြင်ပြီး အယူအဆများရှိမည်ကို စိုးရွံ့ကာ သူသည် သူ့ဘာသာ တစ်ကိုယ်တည်း လျှို့ဝှက်ပြီး အောင့်ခံခြင်းမရှိပေ။ ဘုရားသခင်အပေါ် ယုံကြည်ခဲ့သည့်အချိန်က ကြာပြီဖြစ်စေ၊ တိုတောင်းသည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ သမ္မာတရားကို သဘောပေါက်နားလည်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူသည် မည်သူ့ထံကမျှ ပုန်းကွယ်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သက်သေဖြစ်သောကြောင့်၊ ဘုရားသခင်၏လူ့ဇာတိခံယူခြင်းက မြောက်မြားစွာသော ဝေဒနာကို ခံခဲ့သည်၊ သူသည် လူသားမျိုးနွယ်၏ ဝေဒနာကို အမှန်တကယ် ခံယူခဲ့သည်ဆိုသည်ကို မည်သူမဆို သက်သေပြနိုင်သောကြောင့် ဖြစ်သည်။ သူသည် မည်သူမျှမသိသည့်နေရာတွင် ဝေဒနာကို ရက်အနည်းငယ် ခံစားခဲ့ရခြင်းနှင့် အေးဆေးသက်သာမှုနှင့် သာယာမှု ရှိသော အခြေအနေတွင် သူ၏ အချိန်အများစုကို ကုန်ဆုံးခဲ့ခြင်းတို့သည် အမှန်တရားမဟုတ်။ ဤသည်မှာ မမှန်ပေ။ ခရစ်တော်၏ အမှုနှင့် ဒုက္ခအား မည်သူ့ကိုမျှ ထိမ်ချန်မထားပေ။ သင်သည် အားနည်းလိမ့်မည်၊ သို့မဟုတ် သင့်တွင် အယူအဆများ ရှိလိမ့်မည်၊ သို့မဟုတ် သင်သည် ယုံကြည်တော့မည်မဟုတ်ဟု သူက စိုးရွံ့ခြင်းမရှိပေ။ ဤအရာကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိမ်ချန်မထားခြင်းသည် မည်သည့်အရာကို ပြသနည်း။ အဆုံးစွန်သော အဓိပ္ပာယ် ရှိသည်ဆိုသည်ကို ပြသည်။ လူ့ဇာတိခံယူခြင်းသည် မည်သည့်အခါမျှ အလဟဿမဖြစ်ပေ။ သူစကားမပြောသည့်၊ သို့မဟုတ် အသံမပြုသည့်ချိန်များ ရှိသည်ကို သင်မြင်သည်။ သို့သော် သူသည် အလုပ်လုပ်နေဆဲဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဒုက္ခခံနေဆဲဖြစ်သည်။ လူသားက ဤအရာကို သဘောပေါက်သလော။ လူတို့က ဤအရာကို မြင်လျှင်ပင် နားမလည်ကြပေ။ ယနေ့တွင် ဘုရားသခင်သည် သာမန်၊ ပုံမှန်လူ့ဇာတိရှိသည်ကို လူအချို့က အမှန်တကယ် သိကြသည်။ သို့သော် ယနေ့တွင် ဤသာမန်၊ ပုံမှန်လူ့ဇာတိက မည်သည့်အမှုကို ပြုသည်ကို သင် သိသလော။ သင် မသိပေ။ သင်၏ မျက်လုံးများသည် အပြင်ပန်းကိုသာ မြင်သည်။ အတွင်း အနှစ်သာရကို မမြင်နိုင်ပေ။ ထို့ကြောင့် လူ့ဇာတိခံယူခြင်းက နှစ်မည်မျှကြာသည်အထိ တရားဝင် အလုပ်လုပ်ခဲ့ပုံပေါက်သည်ဖြစ်စေ ဘုရားသခင်သည် အမှန်တကယ်ပင် အနားယူသည့်အချိန် တစ်ခဏမျှ မရှိခဲ့ပေ။ သူစကားမပြောသည့်၊ သို့မဟုတ် အသံမပြုသည့်၊ ကျယ်ပြန့်စွာ အလုပ်မလုပ်သည့်အချိန်များရှိသော်လည်း သူ၏ အမှုတော်က ရပ်တန့်မသွားပေ။ ပြီးလျှင် သူသည် လူသားကိုယ်စား ဒုက္ခခံနေဆဲဖြစ်သည်။ လူအချို့သည် ဘုရားသခင်က လူ့ဇာတိခံခြင်း ရှိမရှိကိုလည်းကောင်း၊ သူသည် ခရစ်တော် ဟုတ်မဟုတ်ကိုလည်းကောင်း အကဲဖြတ်ရန် ကြိုးစားသောအခါတွင် ဘုရားသခင်က စကားပြောခြင်းရှိမရှိကို ကြည့်သည်။ ဘုရားသခင်က နှစ်နှစ်၊ သုံးနှစ်ကြာ စကားမပြောလျှင် သူသည် ဘုရားသခင် မဟုတ်ဟူ၍ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အလျင်အမြန် ထွက်သွားပြီး ဘုရားသခင်ကို မယုံကြည်တော့ပေ။ ဤသို့သောလူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင် “စောင့်ကြည့်” သည့် သဘောထားရှိသည်။ ပြီးလျှင် ဘုရားသခင်အကြောင်း သိမြင်မှုမရှိပေ။ ယနေ့တွင် “စောင့်၍ ကြည့်နေ” သောသူများရှိနိုင်သည်။ ဘုရားသခင်က အချိန်ကာလတစ်ခုအထိ စကားမပြောသည်ကို မြင်သောကြောင့် ၎င်းတို့၏ စိတ်နှလုံးတွင် “ဘုရားသခင်၏ ဝိညာဉ်က ထွက်ခွာသွားပြီး ကောင်းကင်ဘုံသို့ တက်သွားသလော” ဟု စဉ်းစားသောသူများ ရှိနိုင်သည်။ ဤသို့ စဉ်းစားသည်မှာ မှားယွင်းသလော။ မစဉ်းမစားဖြင့် ဝေဖန်အပြစ်တင်ခြင်းများမပြုလုပ်နှင့်။ သင့်တွင် အယူအဆများ၊ သို့မဟုတ် သံသယများရှိလျှင် ဘုရားသခင်ထံ ဆုတောင်းလော့။ သမ္မာတရားကို ရှာဖွေလော့။ ဘုရားနှုတ်ကပတ်တော်ကို ပို၍ ဖတ်လော့။ ပြီးလျှင် ဤပြဿနာအားလုံး ပြေလည်သွားလိမ့်မည်။ “ဤအရာ ဖြစ်နိုင်သည်။ ထိုအရာ ဖြစ်ကောင်းဖြစ်နိုင်သည်” ဟူ၍ အမှုကိစ္စများကို မဆင်မခြင်ဖြင့် အသေးစိတ်ချမပြနှင့်။ သင်၏ “ဖြစ်နိုင်သည်”နှင့်၊၏ “ဖြစ်ကောင်းဖြစ်နိုင်သည်” ဆိုသည့် ဤစကားများသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စကားများဖြစ်သည်။ ပြီးလျှင် ယင်းတို့သည် နတ်ဆိုးများနှင့် စာတန်တို့၏ ထင်မြင်ချက်များဖြစ်သည်။ ဘုရားသခင်၏ အမှုတော်သည် အချိန်ခဏမျှပင် မရပ်တန့်ပေ။ သူသည် အနားမယူပေ။ အစဉ်သဖြင့် အလုပ်လုပ်နေသည်။ ပြီးလျှင် လူသားမျိုးနွယ်ကို အစဉ် အစေခံနေသည်။
ခရစ်တော်၏ အနှစ်သာရကို သွင်ပြင်လက္ခဏာ အားလုံးမှနေ၍ နားလည်ရမည်။ ခရစ်တော်၏ အနှစ်သာရကို မည်သို့ သိနိုင်သနည်း။ အဓိကအချက်မှာ ဤဇာတိပကတိ ခန္ဓာက လုပ်ဆောင်သော အလုပ်အားလုံးကို သင် သိရမည်။ ဝိညာဉ်တော်က ထိုသို့ လုပ်ဆောင်သည်၊ လူ့ဇာတိက လုပ်ဆောင်ခြင်းမဟုတ်၊ လူ့ဇာတိကို ဝိညာဉ်တော်က ထိန်းချုပ်ခြင်း ဖြစ်သည်ဟူ၍သာ သင်ယုံကြည်လျှင် ဤသည်မှာ မှားယွင်းသည်။ ဒုက္ခခံခြင်း၊ ကားစင်တင်ခံခြင်း၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ခြင်း၊ လူသား၏ ဒုက္ခကို တွေ့ကြုံခံစားခြင်းတို့သည် ခရစ်တော်က လုပ်ဆောင်သော အလုပ်ဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားဖြစ်လာပြီး လူသားတို့ကြားတွင် အလုပ်လုပ်သောကြောင့်ဖြစ်သည်။ ဝိညာဉ်တော်နှင့် လူ့ဇာတိသည် တစ်ပြိုင်နက် အလုပ်လုပ်သည်။ လူတို့ စိတ်ကူးသကဲ့သို့ လူ့ဇာတိက စကားမပြောဘဲ ဝိညာဉ်တော်က လူ့ဇာတိကို အတင်းအကျပ် စကားပြောစေသည်ဆိုသည်မှာ မဟုတ်ပေ။ ဤသည်မှာ မမှန်ကန်ပေ။ ထိုအစား ဤတွင် အလွန်ပင် လွတ်လပ်ခြင်း ရှိသည်။ ဝိညာဉ်တော်နှင့် လူ့ဇာတိသည် တူညီသောအရာကို လုပ်ဆောင်သည်။ လူ့ဇာတိက အမှုအရာတစ်ခုသည် ပြီးလုနီးပြီဟု မြင်သောအခါတွင် ဝိညာဉ်တော်ကလည်း ထိုအမှုအရာကို ထိုကဲ့သို့မြင်သည်။ ၎င်းတို့သည် တစ်ပြိုင်နက်တည်း အလုပ်လုပ်ကြသည်။ ထို့ကြောင့် ရုပ်ခန္ဓာက အနိုင်ယူသည်ဟု ပြောလျှင်လည်း မှားသည်။ “ရုပ်ခန္ဓာက အနိုင်ယူသည်” ဆိုသည်မှာ မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။ ဤတွင် ဆက်စပ်အကြောင်းအရာ ရှိသည်။ ဘုရားသခင်က လူသားဖြစ်လာသည်နှင့် လူသားက မြင်သောအရာတိုင်းသည် ခန္ဓာ၏ လုပ်ဆောင်မှုဖြစ်သည်။ ပြီးလျှင် လူ့ဇာတိခံယူခြင်း အချိန်ကာလတွင် ခန္ဓာက အနိုင်ယူသည်ဆိုသည့်အရာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဝိညာဉ်တော်နှင့် လူ့ဇာတိက တစ်ပြိုင်နက်တည်း အလုပ်လုပ်သည်။ ဝိညာဉ်တော်က လူ့ဇာတိကို စကားပြောရန် အတင်းအကျပ် စေခိုင်းသော်လည်း လူ့ဇာတိက မလိုလားခြင်း၊ သို့မဟုတ် လူ့ဇာတိက စကားပြောလိုသော်လည်း ဝိညာဉ်တော်က စကားများကို မပေးခြင်း လုံးဝ ဖြစ်မည်မဟုတ်ပေ။ ဤသို့ လုံးဝ ဖြစ်ပျက်မည်မဟုတ်။ လူတို့က ဤသို့ ယုံကြည်လျှင် ၎င်းတို့သည် မှားယွင်းသည်။ အဓိပ္ပာယ်မရှိပေ။ ဝိညာဉ်တော်နှင့် လူ့ဇာတိသည် တစ်လုံးတစ်ဝတည်းဖြစ်သည်။ ဝိညာဉ်တော်သည် လူ့ဇာတိတွင် ပါဝင်ပေါင်းစည်းသည်။ ထို့ကြောင့် ဝိညာဉ်တော်က စကားပြောလိုသော်လည်း လူ့ဇာတိက စကားမပြော၊ သို့မဟုတ် လူ့ဇာတိက စကားပြောလိုပြီး ဝိညာဉ်တော်က စကားများကို မပေးဆိုသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ ဤသို့သောအရာမျိုး မရှိနိုင်ပေ။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူ့ဇာတိတွင် ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်သည်။ လူ့ဇာတိက အလုပ်လုပ်သောအခါတွင် သူသည် အချိန်မရွေး၊ နေရာမရွေး စကားပြောဆိုနိုင်သည်။ ဤသည်မှာ လူတစ်ယောက်ဆီတွင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်သောအချိန်နှင့် လုံးဝ ကွဲပြားသည်။ လူ့ဇာတိတွင် ပါဝင်ပေါင်းစည်းသော သန့်ရှင်းသောဝိညာဉ်တော်ကသာ လူ့ဇာတိခံယူခြင်းဖြစ်သည်။ ပြီးလျှင် သန့်ရှင်းသောဝိညာဉ်တော်က ထွက်ခွာခြင်းမှာ မဖြစ်နိုင်ပေ။ လူတို့တွင် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သောအခါ ရွေးချယ်မှုနှင့် ဆက်စပ်အကြောင်းအရာတို့ ပါဝင်သည်။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင် ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း သွားလျှင် သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ထံမှ ထွက်ခွာသည်။ ၎င်းတို့က ဤအရာကို ခံစားမိလိမ့်မည်။ လူတို့၏ နားလည်မှုတွင် အစဉ်သဖြင့် လိုရာဆွဲတွေးခြင်းများ ရှိသည်။ ဘုရားအမှုတော်က ဤအဆင့်သို့ ရောက်ပြီးသည့်အခါတွင် ဘုရားသခင်၌ စကားများမရှိတော့ပေ၊ ဆန္ဒရှိလျှင်ပင် စကားမပြောဆိုနိုင်ပေဟု လူတို့က ထင်ကြသည်။ ဤသည်မှာ မှန်သလော။ ဘုရားသခင်သည် အချိန်မရွေး စကားပြောဆိုနိုင်သည်။ ဝိညာဉ်တော်နှင့် လူ့ဇာတိတို့ကြားတွင် မည်သည့်အခါမျှ ဆိုင်းငံ့မှုမရှိပေ။ မည်သည့်အမှုဖြစ်စေ၊ သမ္မာတရား၏ မည်သည့်ရှုထောင့်ကို ဖော်ပြသည်ဖြစ်စေ၊ ထိုအရာကို မည်သည့်ဘက်မှ သင်ကြည့်သည်ဖြစ်စေ ယင်းသည် လူ့ဇာတိတွင်ရှိသော ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်သည်။ ဘုရားသခင်က လူသားဖြစ်ခဲ့ပြီဖြစ်သည်။ ဆိုလိုသည်မှာ လူ့ဇာတိက ခံရသော ဝေဒနာအားလုံးသည် ဝိညာဉ်တော်က လူသား၏ ဝေဒနာကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့နေခြင်းလည်း ဖြစ်သည်။ လူ့ဇာတိနှင့် ဝိညာဉ်တော်ကို လုံးဝ ခွဲပြီး ပြော၍မရပေ။ လူ့ဇာတိခံယူခြင်း သမ္မာတရားသည် အားလုံးတွင် အလေးနက်ဆုံးဖြစ်သည်။ လူတို့သည် ဤအရာကို အမှန်တကယ် မသိခင်တွင် အတွေ့အကြုံ ဆယ်နှစ်၊ သို့မဟုတ် နှစ်နှစ်ဆယ်၊ သို့မဟုတ် တစ်သက်တာလုံးပင်လိုအပ်သည်။
နွေဦးရာသီ၊ ၁၉၉၇ ခုနှစ်