လူ့ဇာတိခံယူခြင်း ရည်ရွယ်ချက်၏ ဒုတိယ ရှုထောင့်
လူ့ဇာတိခံဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် သာမန်ဖြစ်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ၎င်းတို့သည် သူအလုပ်လုပ်နိုင်ရန်အတွက် ဖြစ်တည်နေသောအရာများသာဖြစ်သလော။ သူသည် ခရစ်တော်ဖြစ်သည်ဟု သက်သေပြရန် ဖြစ်သလော။ လူအချို့က “လူ့ဇာတိခံဘုရားသခင်သည် အသေအချာပင် ပုံမှန်၊ သာမန် ဇာတိပကတိဖြစ်ရမည်” ဟု ဆိုကြသည်။ ဤသို့သာ အဓိပ္ပာယ်ရသလော။ “သူသည် ခရစ်တော်ဖြစ်လျှင် အသေအချာပင် ပုံမှန်၊ သာမန်ဇာတိပကတိဖြစ်ရမည်” ဟု ဆိုလျှင် ဘုရားသခင်ကို ဘောင်ခတ်ခြင်းမဖြစ်သလော။ “အသေအချာ” ဆိုသည်မှာ မည်သို့ အဓိပ္ပာယ်ရသနည်း။ လူအချို့က “ဤသည်မှာ ဘုရားနှုတ်ကပတ်တော်ကို ဖော်ပြရန်ဖြစ်သည်။ ထိုမှသာ လူသားက ဘုရားနှင့် အလွယ်တကူ ဆက်သွယ်နိုင်သည်” ဟူ၍ ပြောကြသည်။ ဤသည်မှာ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်သလော။ ခရစ်တော်၏ အနှစ်သာရနှင့်ပတ်သက်၍ ကြည့်လျှင် ခရစ်တော်၏ အနှစ်သာရသည် လုံးလုံးလျားလျား၊ အပြည့်အဝပင် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သမျှသော အရာရာတိုင်းသည် အဓိပ္ပာယ်ရှိသည်။ အထူးသတ်မှတ်ထားသော အသွင်အပြင်ရှိသည့် အထူးသတ်မှတ်ထားသော ဇာတိပကတိခန္ဓာ၊ အထူးသတ်မှတ်ထားသော မိသားစု၊ အထူးသတ်မှတ်ထားသော ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တို့ဖြစ်သော ဘုရားသခင်လုပ်ဆောင်သည့် ဤအရာများအားလုံးတွင် အဓိပ္ပာယ်ရှိသည်။ လူအချို့က “ဘုရားသခင်က ပုံမှန်၊ သာမန်ဖြစ်သော ခန္ဓာကို လွှမ်းခြုံထားခြင်းနောက်ကွယ်ရှိ ကြီးမြတ်သော အရေးပါမှုကို ငါမမြင်နိုင်သည်မှာ အဘယ်သို့ဖြစ်သနည်း။ သူ၏ ခန္ဓာသည် အပေါ်ယံအခွံသက်သက်မဟုတ်သလော။ ဘုရားသခင်က သူ၏ အမှုတော် ပြီးဆုံးသွားသည်နှင့် ဤအပေါ်ယံအခွံသည် အသုံးမဝင်ဖြစ်သွားမည်မဟုတ်လော” ဟု မေးကြသည်။ လူတို့၏ စိတ်ကူးထင်မြင်မှုများနှင့် သိမှုတွင် ဤပုံမှန်၊ သာမန်ဖြစ်သောခန္ဓာ၏ အပေါ်ယံအခွံသည် ကြီးမားသော အသုံးတည့်မှုမရှိ၊ ဘုရားသခင်၏ အမှုတော်တွင်၊ သို့မဟုတ် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် ကြီးမားသော ရည်ရွယ်ချက်မရှိ၊ ဤအမှုတော်အဆင့်ကို ပြီးမြောက်ရန်အတွက်သာ တည်ရှိသည်ဟူ၍ ထင်မြင်ကြသည်။ ဘုရားသခင်နှင့် အလွယ်တကူ ဆက်သွယ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားနိုင်ရန်အတွက်၊ ဘုရားသခင်ကို မြင်နိုင်၊ ခံစားနိုင်ရန်အတွက် တည်ရှိခြင်းဖြစ်ပြီး အခြားအသုံးတည့်ခြင်းမရှိဟူ၍ လူတို့က ယုံကြည်ကြသည်။ ယခင်က ဤသည်မှာ လူ့ဇာတိခံခြင်း၏ အရေးပါမှုဖြစ်သည်ဟု လူတို့နားလည်သည့်အရာဖြစ်သည်။ သို့သော် စင်စစ်အားဖြင့် ပုံမှန်၊ သာမန်လူ့ဇာတိ၏ လုပ်ဆောင်မှု အချိန်ကာလအတွင်းနှင့် လူ့ဇာတိခံခြင်း အချိန်ကာလအတွင်းတွင် သူကိုယ်တိုင်၏ အလုပ်ကို ထမ်းရွက်ခြင်းအပြင် သူသည် မည်သူကမျှ စဉ်းစားခြင်းမရှိသေးသည့် အလုပ်ကိုလည်း တာဝန်ယူဆောင်ရွက်သည်။ ဤသည်မှာ မည်သို့သော အလုပ်မျိုးဖြစ်သနည်း။ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုတော်ကို ဆောင်ရွက်ခြင်းအပြင် သူသည် လူသား၏ ဒုက္ခကိုလည်း တွေ့ကြုံခံစားဖို့ လာသည်။ ယခင်က လူတို့သည် ဤအရာကို သတိမမူမိပေ။
ယခင်က လူတို့သည် လူ့ဇာတိခံဘုရားသခင်က အဘယ်ကြောင့် အစဉ်သဖြင့် ဖျားနာခြင်းဒုက္ခကို ခံရသည်၊ သို့မဟုတ် ဤဒုက္ခက မည်သည့်အတွက်ဖြစ်သည်ဆိုသည်ကို လုံးဝ နားမလည်ခဲ့ပေ။ လူအချို့က “ဘုရားသခင်သည် နှိမ့်ချပြီး ကွယ်ဝှက်နေသည်။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန်အတွက် ဤဒုက္ခကို ခံရသည်။ ဘုရားသခင်က လူသားကိုချစ်သည်” ဟု ပြောကြသည်။ ဤသည်မှာ ၎င်းတို့ပေးသော နားဝေတိမ်တောင်ဖြစ်သော ရှင်းလင်းချက်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် ဤအရာများကို သူ ဒုက္ခခံသည်မှာ လုံးဝ လိုအပ်သလော။ လူ့ဇာတိခံဘုရားသခင်က ဤဒုက္ခကို မခံလျှင် ဘုရားသခင်ကိုယ်တော်တိုင်က ဤအရာကို အောင်မြင်နိုင်သလော။ အောင်မြင်နိုင်သည်။ လူအချို့က “ကျေးဇူးတော်ခေတ်တွင် ငါတို့သည် ဘုရားကို ဆုတောင်းဖို့သာ လိုအပ်သည်။ ထို့နောက်တွင် မည်သည့်ဖျားနာမှုမဆို ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပျောက်ကင်းနိုင်သည်။ ငါတို့သည် လုံးဝ ဆေးမသောက်ခဲ့ပေ။ လူအချို့က ဆုတောင်းပြီး ကင်ဆာပင် ပျောက်ကင်းသွားသည်။ ဤသို့ဆိုလျှင် လူ့ဇာတိခံဘုရားသခင်က အဘယ်ကြောင့် ဖျားနာခြင်း၏ ညှဉ်းပန်းမှုကို အစဉ် ခံရသနည်း။ အဘယ်ကြောင့် တစ်ကြိမ်တစ်ခါမျှ ကောင်းသောကျန်းမာရေး မခံစားရသနည်း။ လူ့ဇာတိခံဘုရားသခင်က အဘယ်ကြောင့် လူသားကဲ့သို့ များပြားသော ကျေးဇူးတော်ကို မရရှိသနည်း” ဟူ၍ ပြောကြသည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် အစဉ်ပင် နက်နဲမှုတစ်ခုဖြစ်ခဲ့သည်။ ဤသည်မှာ လူ၏ စိတ်နှလုံးတွင်ရှိသော အစိုင်အခဲတစ်ခုဖြစ်သည်။ သို့တိုင်အောင် လူတို့သည် ဤအကြောင်းအရာကို အလွန်လေးနက်စွာ မှတ်ယူခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် မရေရာသော ရှင်းပြချက်များကို ပေးကာ ဘုရားသခင်က လူသားကိုချစ်သည်၊ ဘုရားသခင်က လူသားမျိုးနွယ်အတွက် ဒုက္ခခံသည်ဟု ဆိုကြသည်။ ယခုအချိန်တွင်ပင် လူတို့သည် ဤအရာကို မှန်ကန်စွာ နားမလည်ကြသေးပေ။ ကမ္ဘာလောက၏ ဒုက္ခကို တွေ့ကြုံရန်မှာ လူ့ဇာတိခံဘုရားသခင်၏ တာဝန်ဖြစ်သည်။ ကမ္ဘာလောက၏ ဒုက္ခကို တွေ့ကြုံခံစားရာတွင် မည်သည့်ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးသနည်း။ ဤသည်မှာ အခြားအရေးကိစ္စတစ်ခုလည်းဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာလောက၏ ဒုက္ခကို ကြုံတွေ့ရန် လာသည်။ ဤသည်မှာ ဝိညာဉ်တော်က လုံးဝ စွမ်းဆောင်ရရှိနိုင်ခြင်း မရှိသည့်အရာဖြစ်သည်။ ပုံမှန်၊ သာမန်ဖြစ်သော၊ လုံးလုံးလျားလျား လူ့ဇာတိဖြစ်သော၊ အလုံးစုံ လူသားဖြစ်လာသော လူ့ဇာတိခံဘုရားသခင်သည်သာ ကမ္ဘာလောက၏ ဒုက္ခကို အပြည့်အဝ ကြုံတွေ့နိုင်သည်။ ဝိညာဉ်တော်က ဤအမှုကို ပြုရမည်ဆိုလျှင် မည်သည့်ဒုက္ခကိုမဆို လုံးဝ တွေ့ကြုံခံစားနိုင်မည်မဟုတ်ပေ။ သူသည် တွေ့မြင်ပြီး နားလည်သဘောပေါက်ခြင်းသာ ရှိနိုင်သည်။ တွေ့မြင်ခြင်း၊ နားလည်သဘောပေါက်ခြင်း၊ ကြုံတွေ့ခံစားခြင်းတို့အားလုံးသည် တူညီသလော။ မတူညီပေ။ ယခင်က ဘုရားသခင်က “ကမ္ဘာလောက၏ အနှစ်မဲ့ခြင်းကို ငါသိသည်။ လူသား၏ အသက်တာတွင် တည်ရှိသော ဆင်းရဲဒုက္ခများကို ငါသိသည်။ ငါသည် ကမ္ဘာလောကတွင် ဟိုဟိုသည်သည် လျှောက်သွားခဲ့ပြီး လုံးလုံး စိတ်ဆင်းရဲဖွယ်ရာများကို မြင်တွေ့ခဲ့သည်။ လူသား၏ အသက်တာများတွင် အခက်အခဲများ၊ စိတ်ဆင်းရဲခြင်းများနှင့် အနှစ်မဲ့ခြင်းများကို မြင်တွေ့ခဲ့သည်” ဟူ၍ ဆိုခဲ့သည်။ သို့သော် သူသည် ယင်းကို တွေ့ကြုံခံစားပြီးခြင်းရှိမရှိဆိုသော မေးခွန်းအတွက်မူ လုံးဝ အခြားအကြောင်းအရာတစ်ခု ဖြစ်သွားသည်။ ဥပမာ ရပ်တည်ရန်အတွက် ရုန်းကန်နေရသော မိသားစုတစ်စုကို စဉ်းစားကြည့်လော့။ သင်သည် ဤအရာကို မြင်ပြီး နားလည်ခြင်းအချို့ရှိသည်။ သို့သော် ၎င်းတို့၏ အခြေအနေကို သင်ကိုယ်တိုင် ကြုံတွေ့ပြီးပြီလော။ ၎င်းတို့၏ အခက်အခဲများ၊ ၎င်းတို့၏ ဒုက္ခများကို ခံစားပြီးသလော။ ဤခံစားချက်များ၊ သို့မဟုတ် ဤအတွေ့အကြုံများ ရရှိပြီးသလော။ မရရှိသေးပေ။ ဆိုလိုသည်မှာ မြင်တွေ့ခြင်းနှင့် တွေ့ကြုံခံစားခြင်းသည် မတူညီသောအရာနှစ်ခုဖြစ်သည်။ ဤအကြောင်းအရာ၊ ဤအမှုကို လူ့ဇာတိခံဘုရားသခင်က မလွဲမသွေလုပ်ဆောင်ရမည်ဟု ဆိုနိုင်သည်။ ဤသို့သော အမှုအရာများတွင် ဝိညာဉ်တော်က လုံးဝ မစွမ်းဆောင်နိုင်ပေ။ ဤသည်မှာ လူ့ဇာတိခံခြင်း၏ အရေးပါမှု၏ အခြားရှုထောင့်တစ်ခုဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာလောက၏ ဒုက္ခနှင့် လူသားက ခံယူရသည့် ဒုက္ခကို တွေ့ကြုံခံစားရန် ကြွလာသည်။ မည်သည့် ဒုက္ခကို သူ တွေ့ကြုံရသနည်း။ သူသည် လူသား၏ ဘဝတွင် တည်ရှိသော အခက်အခဲများ၊ မိသားစုများ၏ ကံမကောင်းခြင်းများ၊ လူသား၏ လှည့်စားမှု၊ စွန့်ပစ်မှုနှင့် ဖိနှိပ်မှုတို့အပြင် ခန္ဓာ၏ နာမကျန်းဖြစ်ခြင်းကိုပါ တွေ့ကြုံခံစားသည်။ ဤအရာအားလုံးသည် ကမ္ဘာလောက၏ ဒုက္ခနှင့် ညီမျှသည်။ နာမကျန်းဖြစ်ခြင်း၏ ဝေဒနာများ၊ ပတ်ဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ တိုက်ခိုက်မှုများ၊ မိသားစုတွင်ရှိသော ကံဆိုးမှုများ၊ လူတို့၏ စွန့်ပစ်ခြင်း၊ လူတို့၏ ပုတ်ခတ်ခြင်း၊ အသရေဖျက်ခြင်း၊ အာခံခြင်း၊ ပုန်ကန်ခြင်း၊ စော်ကားခြင်းနှင့် အထင်လွဲခြင်း စသည်ဖြင့် လူ့ဇာတိခံဘုရားသခင်သည် ဤအရာအားလုံးကို တိုက်ခိုက်မှုတစ်ခုအဖြစ် တွေ့ကြုံခံစားရသည်။ ဤအရာအားလုံးကို ဒုက္ခခံရသောသူတို့အတွက် ဤသည်မှာလည်း တိုက်ခိုက်မှုတစ်ခုဖြစ်သည်။ ၎င်းတို့သည် ကြီးမြတ်သောသူဖြစ်စေ၊ ထူးခြားသော သူဖြစ်စေ၊ သို့မဟုတ် စိတ်သဘောထားကြီးသူဖြစ်စေ ဤဒုက္ခ၊ ဤအရာများသည် ၎င်းအတွက် တိုက်ခိုက်မှုတစ်ခုဖြစ်သည်။ ဘုရားသခင်သည် ခေါင်းချရန်နေရာမရှိဘဲ၊ နေထိုင်ရန် နေရာမရှိဘဲ၊ လူယုံမရှိဘဲ ကမ္ဘာလောက၏ ဖိနှိပ်မှုကို ခံရသည်။ ဤအရာအားလုံးသည် နာကျင်ဖွယ်ဖြစ်သည်။ ဤအရာများသည် ဒုက္ခ၏ အထွတ်အထိပ်သို့ မရောက်ကောင်း မရောက်နိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ထိုအရာအားလုံးကို သူ တွေ့ကြုံခံစားသည်။ လူအချို့က “လူ့ဇာတိခံဘုရားသခင်၏ အမှုတော်တွင် ဘုရားသခင်က ဤနာမကျန်းဖြစ်ခြင်းကို မဖယ်ရှားနိုင်သလော။ သူ၏ အလုပ်ကို အခက်အခဲမရှိ လုပ်ဆောင်၍ ရစေခြင်း၊ လူများအား သူ့ကို ပုန်ကန်ခွင့်၊ အာခံခွင့်မပြုခြင်းဖြစ်သော ဤအရာများကို သူ မလုပ်နိုင်သလော။ သူသည် လူတို့ကို အပြစ်ဒဏ်ခတ်လျှင် လူတို့က သူ့ကို အာခံရဲမည်မဟုတ်။ ဘုရားသခင်တွင် ဩဇာအာဏာရှိသည်။ ဤသို့ဆိုလျှင် သူသည် အဘယ်ကြောင့် သူ့ကိုယ်သူ နာမကျန်းဖြစ်ခွင့်ပြုမည်နည်း။ တစ်စုံတစ်ယောက်က နာမကျန်းဖြစ်လျှင် သူသည် ဆုတောင်းဖို့သာလိုပြီး ပျောက်ကင်းသွားလိမ့်မည်။ ဤသို့ဆိုလျှင် ဘုရားသခင်ကိုယ်တော်တိုင်က အဘယ်ကြောင့် နာမကျန်းဖြစ်ခြင်းကို ခံစားသနည်း” ဟု တွေးတောကြသည်။ သူသည် ကမ္ဘာလောက၏ ဒုက္ခကို တွေ့ကြုံခံစားနိုင်ရန်အတွက် ဤသို့လုပ်ဆောင်သည်။ လူ့ဇာတိခံခြင်းအဖြစ် သူယူဆောင်သော ခန္ဓာမှ ဘေးဒုက္ခ၊ သို့မဟုတ် နာမကျန်းဖြစ်ခြင်း ဝေဒနာတို့ကို မဖယ်ရှားသကဲ့သို့ လူသားကြောင့် ခံစားရသော စွန့်ပစ်မှုများကိုလည်း မဖယ်ရှားပေ။ သူသည် သဘာဝအလျောက်သာ ကြီးထွားပြီး ဤခက်ခဲသော ပတ်ဝန်းကျင်အတွင်းတွင် အလုပ်လုပ်သည်။ ဤနည်းအားဖြင့် သူသည် ကမ္ဘာလောက၏ ဒုက္ခကို တွေ့ကြုံခံစားနိုင်သည်။ ဤအရာများထဲမှ မည်သည့်အရာမျှ မရှိခဲ့လျှင် ဤဒုက္ခကို သူ မြည်းစမ်းရမည်မဟုတ်ပေ။ နာမကျန်းဖြစ်ခြင်းက သူ့အပေါ်သို့ မကျရောက်လျှင်၊ သို့မဟုတ် သာမန်လူတို့အပေါ် ဖိစီးသော မည်သည့်ရောဂါကိုမျှ မခံစားရလျှင် သူ၏ ဒုက္ခသည် နည်းပါးသွားမည်မဟုတ်လော။ အခြားလူများက ခံစားရသော်လည်း သူက သူ၏ ဦးနှောက်ကို အသုံးပြုပြီးနောက်တွင် ခေါင်းကိုက်ခြင်း၊ သို့မဟုတ် ပင်ပန်းခြင်းလုံးဝ မခံစားရရန် စီစဉ်နိုင်သလော။ စီစဉ်နိုင်သည်။ သို့သော် ဤတစ်ကြိမ်တွင် အမှုအရာများကို မတူကွဲပြားစွာ လုပ်ဆောင်သည်။ ယေရှု အလုပ်လုပ်သော ခေတ်ကာလအတွင်းတွင် သူသည် ရက် ၄၀ ကြာ မစားမသောက်ဘဲ နေနိုင်ပြီး ဗိုက်မဆာဘဲ နေနိုင်သည်။ သို့သော် လက်ရှိခေတ်ကာလတွင် လူ့ဇာတိခံဘုရားသခင်သည် တစ်နပ်စာ လွတ်သွားလျှင်ပင် ဆာလောင်ခြင်းရှိသည်။ လူအချို့က “ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်မဟုတ်လော။ ငါ၏ အမြင်အရ သူသည် အနန္တတန်ခိုးမရှိပေ။ ဤကဲ့သို့သော သေးငယ်သောအရာတို့ကိုပင် မလုပ်ဆောင်နိုင်ပေ။ သူသည် ဘုရားဖြစ်သည်ကို သူစကားပြောသည့် ပုံစံကနေ ငါတို့ သိသည်။ ဤသို့ဆိုလျှင် ဤအရာများကို သူ အဘယ်ကြောင့် မရရှိနိုင်သနည်း” ဟူ၍ ပြောကြသည်။ ဘုရားသခင်က ဤအရာများကို မရရှိနိုင်ခြင်းမဟုတ်ဘဲ ထိုနည်းလမ်းဖြင့် မလုပ်ဆောင်ခြင်းဖြစ်သည်။ သူ၏ လူ့ဇာတိခံခြင်း ရည်ရွယ်ချက်သည် ဘုရားသခင်က လုပ်နိုင်သည်ဟု လူတို့ထင်သောအရာများကို လုပ်ဆောင်ရန် မဟုတ်ပေ။ သူသည် ကမ္ဘာလောက၏ ဒုက္ခကို တွေ့ကြုံခံစားပြီး ဤသို့လုပ်ဆောင်ရာတွင် ရည်ရွယ်ချက်ရှိသည်။ ထို့နောက်တွင် “ဘုရားသခင်၊ ကမ္ဘာလောက၏ ဒုက္ခကို ကိုယ်တော် တွေ့ကြုံခံစားခြင်းက မည်သို့ အသုံးဝင်သနည်း။ လူသား၏နေရာတွင် ကိုယ်တော် ဒုက္ခခံနိုင်သလော။ လူတို့သည် ယခုတွင် ဒုက္ခခံနေရဆဲမဟုတ်လော” ဟု မေးသောသူများရှိသည်။ ဘုရားသခင်သည် မည်သည့်အရာကိုမျှ ကြုံသလို လုပ်ဆောင်ခြင်းမရှိပေ။ သူသည် ကမ္ဘာလောက၏ ဒုက္ခကို ခံစားပြီးသည်နှင့် ကမ္ဘာလောကသည် မည်သို့ရှိသည်ကို ကြည့်ကာ တွေ့မြင်ပြီးသည်နှင့် ထွက်ခွာမသွားပေ။ ထိုအစား သူသည် သူ၏ လူ့ဇာတိခံခြင်းအတွက် လိုအပ်သော အမှုအားလုံးကို လုံးလုံးလျားလျားပြီးမြောက်ရန်အတွက် ကြွလာသည်။ လူအချို့က ဘုရားသခင်သည် ငြိမ်းအေးပြီး သက်သာသည့်ဘဝကို ပျော်မွေ့ရသည်ကို အလွန်အသားကျနေနိုင်သည်၊ သူသည် အနည်းငယ် ဒုက္ခခံလိုခြင်းသာဖြစ်သည်၊ သူသည် အတိသုခရှိလျက် နေထိုင်ပြီး ဒုက္ခ၏ အရသာကို မသိ၊ ထို့ကြောင့် ဒုက္ခ၏ အရသာကို သိလိုခြင်းသာဖြစ်သည်ဟု ထင်ကြသည်။ ဤအရာအားလုံးမှာ လူတို့၏ စိတ်ကူးထင်မြင်မှုများမှဖြစ်လာသောအရာများသာဖြစ်သည်။ ယခုအခါတွင် ကမ္ဘာလောက၏ ဒုက္ခကို တွေ့ကြုံခံစားခြင်းသည် လူ့ဇာတိခံခြင်းအချိန်ကာလအတွင်းတွင်သာ လုပ်ဆောင်၍ရသော အရာတစ်ခုဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်၏ အမှုတော်သည် လုံးလုံးလျားလျားပြီးမြောက်ပြီး ဖြစ်ကာ အမှုတော်၏ နောက်တစ်ဆင့်သည် စတင်နေပြီဖြစ်လျှင် “ကမ္ဘာလောက၏ ဒုက္ခကို တွေ့ကြုံခံစားခြင်း” မရှိသင့်တော့ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က ကမ္ဘာလောက၏ ဒုက္ခကို တွေ့ကြုံခံစားသည်မှာ မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်သနည်း။ တစ်ဦးတလေများ သိလေသလော။ လူသားသည် မျက်ရည်များ၊ ငိုကြွေးခြင်းများ၊ ဒုက္ခများရှိမည်မဟုတ်၊ ကမ္ဘာလောကတွင် နာမကျန်းခြင်းရှိမည်မဟုတ်ဟု ပရောက်ဖက်ပြုထားသည်။ လူ့ဇာတိခံဘုရားသခင်သည် ယခုအခါတွင် ဤဒုက္ခကို တွေ့ကြုံခံစားလျက်ရှိပြီး ပြီးဆုံးသောအခါတွင် သူသည် လူသားမျိုးနွယ်ကို လှပသော ခရီးပန်းတိုင်တစ်ခုဆီသို့ ပို့ဆောင်ပေးမည်။ ယခင်က ဒုက္ခအားလုံး ရှိမည်မဟုတ်တော့ပေ။ အဘယ်ကြောင့် ရှိမည်မဟုတ်တော့သနည်း။ လူ့ဇာတိခံဘုရားသခင်ကိုယ်တော်တိုင်က ဤဒုက္ခအားလုံးကို ကြုံတွေ့ပြီးဖြစ်ကာ ဤဒုက္ခကို လူသားမျိုးနွယ်ထံမှ ဖယ်ရှားမည်ဖြစ်သောကြောင့် ရှိမည်မဟုတ်တော့ခြင်းဖြစ်သည်။ ဤရည်ရွယ်ချက်ကြောင့် ဘုရားသခင်က လူသား၏ ဒုက္ခကို တွေ့ကြုံခံစားခြင်းဖြစ်သည်။
လူ့ဇာတိခံဘုရားသခင်သည် လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်ကို ပိုမိုကောင်းမွန်စွာ ပြင်ဆင်ရန်၊ ပို၍ လှပစေရန်၊ ပို၍ ပြည့်စုံစေရန် ကမ္ဘာလောက၏ ဒုက္ခကို တွေ့ကြုံခံစားခြင်းဖြစ်သည်။ ဤသည်မှာ လူ့ဇာတိခံခြင်း၏ အရေးကြီးဆုံးသော ကဏ္ဍဖြစ်ပြီး လူ့ဇာတိခံခြင်းအမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤတွင် အခြားအမှုကိစ္စတစ်ခုရှိသည်။ ဘုရားသခင်သည် လူ့ဇာတိခံပြီး ဤဒုက္ခကို တွေ့ကြုံခံစားရာတွင် နောက်ပိုင်းတွင် လူသားမျိုးနွယ်ထံမှ ဤဒုက္ခကို ဖယ်ရှားလိမ့်မည်။ သို့သော် လူ့ဇာတိခံခြင်း၊ တွေ့ကြုံခံစားခြင်းမရှိလျှင် ဤဒုက္ခကို ဖယ်ရှားနိုင်သလော။ ဖယ်ရှားနိုင်ဆဲဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် ယေရှုသည် ကားစင်တင်ခံရသောအခါ သူသည် အပြစ်ရှိသော ဇာတိပကတိ ပုံသဏ္ဌာန်ဖြစ်လာကာ သူ့ကိုယ်သူ အပြစ်ဖြေရာယဇ်အဖြစ် ပြုလုပ်ခဲ့ပြီး ဤသို့ဖြင့် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ကာ စာတန်၏ လက်ထဲမှ ကယ်တင်ခဲ့သော ဖြောင့်မတ်သူတစ်ယောက်ဖြစ်သည်။ ဤသည်မှာ ယေရှု ကားစင်တင်ခံရခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုဖြစ်သည်။ လူသားမျိုးနွယ်၏ အပြစ်များ ခွင့်လွှတ်ခြင်းခံရရန်အတွက် သူသည် လူသားမျိုးနွယ်ကို သူ၏ တန်ဖိုးရှိသော အသွေးဖြင့် ရွေးနုတ်ခဲ့သည်။ ယခုအခါတွင် ဘုရားသခင်က လူသား၏ ဒုက္ခကို တွေ့ကြုံခံစားသည်။ ဤသည်မှာ သူသည် လူသား၏နေရာတွင် အားလုံးကို တွေ့ကြုံခံစားသည်ဟု ဆိုလိုသည်။ ဤအရာပြီးနောက်တွင် လူသားသည် မည်သည့်အခါမျှ နောက်တစ်ဖန် ဒုက္ခခံဖို့မလိုပေ။ အောက်ပါစကားများကို သင်မေ့လျော့၍ မဖြစ်ပေ။ ဘုရားသခင်၏ အမှုတော်အဆင့်တိုင်းတွင် သူသည် စာတန်နှင့် စစ်ဖြစ်နေသည်။ သူ၏ အမှုတော်အဆင့်တိုင်းသည် စာတန်နှင့်ဖြစ်သော စစ်ပွဲအပေါ် တစ်နည်းနည်းဖြင့် ဆက်နွှယ်နေသည်။ ကျေးဇူးတော်ခေတ်ကာလအတွင်းတွင် ဆောင်ရွက်သော အမှုတော်အဆင့်တွင် လူသားမျိုးနွယ်အားလုံး၏ အပြစ်များ ခွင့်လွှတ်ခြင်းခံရသည်။ ၎င်းတို့သည် ကားစင်တင်ခြင်းမှတစ်ဆင့် ရွေးနုတ်ခြင်းခံရသည်။ ကားစင်တင်ခြင်း အမှန်တရားဖြစ်သော ဤအမှန်တရားမရှိခဲ့လျှင်၊ ထိုအစား လူသား၏ အပြစ်များ ခွင့်လွှတ်ခြင်းသည် စကားများအပေါ်သာ အမှီပြုခဲ့လျှင် စာတန်က လက်ခံယုံကြည်ခဲ့လိမ့်မည်မဟုတ်ပေ။ စာတန်က “ကိုယ်တော်သည် မည်သည့်အရာကိုမျှ ဒုက္ခမခံခဲ့ပေ။ လူသား၏ အပြစ်များကို မခံယူခဲ့ပေ။ စကားတစ်ခွန်းဖြင့် လူသားမျိုးနွယ်၏ အပြစ်များကို ခွင့်လွှတ်ခြင်းဖြစ်သလော။ ဤသည်မှာ လက်ခံနိုင်ဖွယ်မရှိပေ။ လူသားမျိုးနွယ်ကို ကိုယ်တော် ဖန်ဆင်းခဲ့သည်။ ကိုယ်တော်သည် လူသားမျိုးနွယ်၏နေရာတွင် အပြစ်များကို မခံယူလျှင် ၎င်းတို့၏ အပြစ်များကို ကိုယ်တော် ခွင့်လွှတ်၍ မရပေ” ဟူ၍ ပြောလိမ့်မည်။ ယခုအခါ လက်ရှိ အမှုတော်ခေတ်တွင် ကယ်တင်ခြင်းခံရသောလူတို့အားလုံးကို လှပသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်ရန်၊ နောက်ခေတ်တစ်ခေတ်သို့ ခေါ်ဆောင်ရန်ဖြစ်သည်။ လူသားမျိုးနွယ်သည် ဒုက္ခမခံရတော့ပေ။ နာမကျန်းခြင်း၏ ဝေဒနာကို မခံရတော့ပေ။ သို့သော် လူသားက နာမကျန်းခြင်း၏ ဝေဒနာကို မခံရတော့သည်မှာ မည်သည့်အရာကို အခြေခံသနည်း။ ကမ္ဘာလောကတွင် ဒုက္ခမရှိတော့သည်မှာ မည်သည့်အရာကို အခြေခံသနည်း။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး ဘုရားသခင်ကို အာခံနိုင်စွမ်းရှိသောကြောင့် ၎င်းတို့သည် ဤဒုက္ခကို ခံသင့်သည်ဟု ဆိုလျှင် ကျိုးကြောင်းသင့်ပေသည်။ ဤပြဿနာကို အဘယ်သို့ ဖြေရှင်းနိုင်သနည်း။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်းသည် အရေးပါဆုံးသောအရာကို လုပ်ဆောင်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏နေရာကို ယူပြီး ၎င်းတို့၏ နာကျင်မှုအားလုံးကို ခံရန်ဖြစ်သည်။ ဘုရားသခင် လူ့ဇာတိခံသည့် ဤ “အတွေ့အကြုံ”နှင့် လူသား၏ ဝေဒနာကို တွေ့ကြုံခံစားခြင်းသည် ဘုရားသခင်က လူသားမျိုးနွယ်၏ နေရာတွင် ဒုက္ခခံနေခြင်းဖြစ်သည်။ လူအချို့က “ယခုအခါ ဘုရားသခင်က လူသားမျိုးနွယ်၏ နေရာတွင် ဒုက္ခခံသောအခါ အဘယ်ကြောင့် ငါတို့က ဒုက္ခခံနေရသေးသနည်း။” ဟူ၍ ဆိုကြသည်။ သင်သည် လက်ရှိတွင် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားနေခြင်းဖြစ်သည်။ သင်သည် အလုံးစုံ စုံလင်စေခြင်း မခံရသေးပေ။ နောက်ခေတ်တစ်ခုသို့ အပြည့်အဝ မဝင်ရောက်သေးပေ။ သင်၏ စိတ်သဘောထားသည် ဖောက်ပြန်ပျက်စီးဆဲဖြစ်သည်။ ဘုရားသခင်၏ အမှုတော်သည် အထွတ်အထိပ်သို့ မရောက်သေးဘဲ ဆက်လက်ရှေ့ဆက်နေဆဲဖြစ်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့၏ ဒုက္ခကို မညည်းညူရပေ။ လူသားကို မဆိုထားနှင့်။ လူ့ဇာတိခံဘုရားသည်ပင် ဒုက္ခခံဆဲဖြစ်သည်။ ဘုရားသခင်သည် လူသား၏ ဒုက္ခကို တွေ့ကြုံခံစားသည်မှာ ကြီးမားသော အရေးပါမှုမဟုတ်လော။ လူ့ဇာတိခံဘုရားသခင်သည် အလုပ်အနည်းငယ်ကို လုပ်ဆောင်ပြီးနောက် ထွက်ခွာရန် လာခြင်းမဟုတ်ပေ။ လူတို့၏ နားလည်မှုသည် အလွန်ပေါ့တန်သည်။ လူ့ဇာတိခံဘုရားသခင်သည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုတော်ကို လုပ်ဆောင်ရန် ကြွလာသည်၊ ဤခန္ဓာသည် ဘုရားသခင်၏ ကိုယ်စား ဘုရားနှုတ်ကပတ်တော်ကို ဖော်ပြပြီး အလုပ်လုပ်ရန် ကြွလာခြင်းသာဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤခန္ဓာသည် အပေါ်ယံပုံစံတစ်ခုသာဖြစ်သည်ဟု ထင်သောသူများပင်ရှိသည်။ သို့သော် ဤသည်မှာ အလွန်ပင် မှားယွင်းသော အမြင်ဖြစ်ပြီး လူ့ဇာတိခံဘုရားသခင်ကို ပုတ်ခတ်စော်ကားခြင်း သက်သက်သာဖြစ်သည်။ ခန္ဓာ၏ အမှုဆိုသည်မှာ လူသား၏ ဒုက္ခကို တွေ့ကြုံခံစားရန်အတွက် ဘုရားသခင်ကိုယ်တော်တိုင် ကြွလာပြီး လူ့ဇာတိခံပြီးဖြစ်သည်ကို ဆိုလိုသည်။ ဘုရားသခင်သည် လူသား၏ ဒုက္ခကို တွေ့ကြုံခံစားရန်အတွက် လူသားဖြစ်လာခဲ့သည်ဟု ဆိုလိုသည်။ ဘုရားသခင်၏ လူ့ဇာတိ၏ အပြင်ပန်းပုံစံသည် ဤဒုက္ခကို တွေ့ကြုံခံစားရန် ကြွလာသည်၊ သူ၏ ဝိညာဉ်သည် အတွင်းထဲတွင် ဒုက္ခခံရခြင်းမရှိဟု လူတို့ ယုံကြည်သည်မှာ မှန်ကန်သလော။ ခန္ဓာက ဒုက္ခခံရသည်နှင့်အမျှ ဘုရားသခင်၏ ဝိညာဉ်တော်က ဒုက္ခခံရသည်။ ယေရှုသည် ကားစင်တင်ခံရခါနီးအချိန်တွင် “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော်။” (ရှင်မဿဲခရစ်ဝင် ၂၆:၃၉) ဟူ၍ ဆုတောင်းသည်။ သူ၏ ခန္ဓာက ဒုက္ခခံရသောအခါတွင် သူ၏ ဝိညာဉ်တော်သည်လည်း ခန္ဓာအတွင်းတွင် ဒုက္ခခံရသောကြောင့် ဤအရာကို ဆန္ဒရှိခြင်းဖြစ်သည်။ ဒုက္ခခံရသည်မှာ ခန္ဓာ၏ အပြင်ပန်းအခွံသာဖြစ်သည်၊ ဘုရားသဘောသဘာဝရှိ ဘုရားသခင်က လုံးဝ ဒုက္ခမခံရ၊ ညှဉ်းပန်းမှုကို မခံစားရဟု ဆိုလျှင် သင် မှားယွင်းသည်။ သင်သည် ဤပုံစံဖြင့် နားလည်လျှင် လူ့ဇာတိခံဘုရားသခင်၏ အနှစ်သာရ လက္ခဏာသွင်ပြင်ကို သင်မမြင်တွေ့ရသေးကြောင်းကို သက်သေပြသည်။ ယခုအခါတွင် ဘုရားသခင်သည် လူ့ဇာတိ ခန္ဓာအတွင်းတွင် အကောင်အထည်ဖြစ်ပေါ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ဘုရားသခင်သည် သူ အလိုရှိသည့်အချိန်တိုင်းတွင် လာနိုင်၊ သွားနိုင်သည်။ သို့သော် ဤသို့ မလုပ်ဆောင်ပေ။ သူသည် ဤဒုက္ခကို၊ အမှန်တကယ်ဖြစ်သော၊ လက်ဆုပ်လက်ကိုင် ပြနိုင်သော ဒုက္ခကို ခံရန်အတွက် လူသားဖြစ်လာသည်။ ဤသို့အားဖြင့် ဤအရာဖြစ်ပျက်သောအခါတွင် လူတို့က မြင်နိုင်၊ ခံစားနိုင်ရန်အတွက်ဖြစ်သည်။ သူခံရသည့် ဒုက္ခကို သူ ခံစားရနိုင်သည်။ သူကိုယ်တိုင် တွေ့ကြုံခံစားရသည်။ သူ၏ ဝိညာဉ်တော်က မခံစားရသည့် မည်သည့်ဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းမှုအပိုင်းကိုမျှ သူ၏ ခန္ဓာက လုံးဝ မခံစားရပေ။ သူ၏ ခန္ဓာနှင့် ဝိညာဉ်တော်သည် ခံစားမှုနှင့် ဒုက္ခကို ခံယူခြင်းတွင် တစ်စုတစ်စည်းတည်းဖြစ်သည်။ ဤသည်မှာ နားလည်ရန် လွယ်ကူသလော။ မလွယ်ကူပေ။ လူသားက မြင်နိုင်သမျှမှာ ခန္ဓာသာ ဖြစ်သောကြောင့်၊ ခန္ဓာက ဒုက္ခခံရလျှင်ပင် ဝိညာဉ်တော်က ဒုက္ခခံရသည်ကို မမြင်နိုင်သောကြောင့် မလွယ်ကူခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်က ဒုက္ခခံရသောအခါ သူ၏ ဝိညာဉ်သည်လည်း ဒုက္ခခံရသည်ကို ယုံကြည်သလော။ လူတို့က ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဤကဲ့သို့၊ ထိုကဲ့သို့ ခံစားရသည်ဟု အဘယ်ကြောင့်ဆိုကြသနည်း။ ဤသည်မှာ လူ၏ ခန္ဓာနှင့် ဝိညာဉ်သည် တစ်စုတစ်စည်းတည်းဖြစ်သောကြောင့်ဖြစ်သည်။ လူတိုင်း၏ ဝိညာဉ်နှင့် ခန္ဓာသည် တစ်စုတစ်စည်းတည်းဖြစ်ပြီး တူညီသည်။ ၎င်းတို့သည် ထပ်တူထပ်မျှ ဒုက္ခခံရပြီး ထပ်တူထပ်မျှ ဝမ်းမြောက်ခြင်းကို ခံစားရသည်။ အမှန်တကယ် နာကျင်မှုကို ခံစားရသောအခါ မိမိ၏ စိတ်နှလုံးက ဝမ်းမြောက်သည့်အချိန်တွင်ပင် မိမိ၏ ခန္ဓာကသာ ထိုနာကျင်မှုကို ခံစားရသောသူတစ်ယောက်မျှ မရှိသကဲ့သို့ မိမိ၏ စိတ်နှလုံးက ဒုက္ခခံနေရစဉ်တွင်ပင် မိမိ၏ ခန္ဓာက လုံးဝ ဒုက္ခမခံရဟု ပြောသည့်သူ တစ်ယောက်မျှမရှိပေ။ ခံစားချက်များ၊ သို့မဟုတ် နာကျင်မှုကို နှိုးဆွပေးသော စိတ်နှလုံးထဲတွင် ရှိသောအရာများကို၊ သို့မဟုတ် စိတ်နှလုံးထဲတွင် တွေ့ကြုံခံစားနိုင်သောအရာများကို ခန္ဓာကလည်း ခံစားနိုင်သည်။
လူ့ဇာတိခံဘုရားသခင်သည် သူ၏ အမှုကို ပြုရန်၊ ကမ္ဘာလောက၏ ဒုက္ခကို တွေ့ကြုံခံစားရန်၊ လူသား၏ ဝေဒနာအားလုံးကို သူ့အပေါ်သို့ ယူဆောင်ရန် ကြွလာခဲ့သည်။ ဤဒုက္ခကို ပြီးဆုံးသည်အထိ ခံယူပြီးသည်နှင့် ဤအမှုမျိုးသည် အမှုတော်နောက်တစ်ဆင့်တွင် ထပ်၍ ပြုစရာမလိုပေ။ ထိုအစား လူသားမျိုးနွယ်သည် လှပသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်ခြင်းခံရနိုင်သည်။ သူသည် လူသား၏ နေရာတွင် ဤဝေဒနာကို ခံစားပြီးဖြစ်သောကြောင့် သူသည် လူသားကို လှပသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်ရန် အရည်အသွေးပြည့်မီပြီဖြစ်သည်။ ဤသည်မှာ သူ၏ အစီအစဉ်ဖြစ်သည်။ အဓိပ္ပာယ်မရှိသောလူအချို့က “လူ့ဇာတိခံဘုရားသခင်က ဤဒုက္ခအားလုံးကို ခံယူသည်ကို ငါ အဘယ်ကြောင့် မမြင်ရသနည်း။ အားလုံးကို အပြည့်အဝ ခံယူခြင်းမရှိပေ။ ဒုက္ခအမျိုးအစားအားလုံးကို ခံယူသင့်သည်။ အနည်းဆုံးအနေဖြင့် ကားစင်တင်ခြင်းကို ခံရသင့်သည်” ဟု ဆိုကြသည်။ ကားစင်တင်ခြင်း၏ ဝေဒနာကို ယခင်က ခံယူပြီးဖြစ်ကာ နောက်တစ်ဖန် ခံစားဖို့ မလိုအပ်တော့ပေ။ ထို့အပြင် လူတို့သည် ဤသို့သောအရာများကို မပြောရပေ။ လူ့ဇာတိခံဘုရားသခင်သည် ဤနှစ်ကာလများအတွင်းတွင် များစွာ ဒုက္ခခံခဲ့သည်မဟုတ်လော။ အဓိပ္ပာယ်မရှိသောသူများသာ ဤသို့ စဉ်းစားသည်။ လူ့ဇာတိခံဘုရားသခင်က ခံယူနိုင်သည့် ဒုက္ခနယ်ပယ်အတွင်းတွင် အခြေခံအားဖြင့် လူသားမျိုးနွယ်အပေါ် ဖိစီးသည့် ဒုက္ခအားလုံးက သူ့အပေါ်သို့ ကျရောက်နိုင်သည်။ အလွန်ကြီးမားသော ဒုက္ခ၊ လူတစ်ထောင်တွင် တစ်ယောက်သာ ခံနိုင်သော ဒုက္ခကိုမူ ဘုရားသခင်က ခံစားဖို့မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤဒုက္ခအားလုံးသည် သဘောထားကို ထင်ဟပ်စေပြီးဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ဤဒုက္ခမျိုးကို တွေ့ကြုံခံစားနိုင်သည်။ ဤသည်မှာ သူသည် သာမန်လူများနှင့် မကွာခြားကြောင်း၊ သူနှင့် လူများကြား ခြားနားချက် တစ်စုံတစ်ရာ မရှိကြောင်း၊ သူနှင့် လူများကြား ကွဲပြားမှုမရှိကြောင်း၊ သူသည် လူများကဲ့သို့ ဒုက္ခခံရကြောင်း သက်သေပြသည်။ လူတို့ ဒုက္ခခံရသောအခါ ဘုရားသခင်သည်လည်း ဒုက္ခခံရသည်။ လူတို့သည် ရံဖန်ရံခါ ဖျားနာပြီး ဝေဒနာခံစားရသည်။ ဘုရားသခင်က ဤအရာကို ကိုယ်တိုင် တွေ့ကြုံခံစားရသည်။ ဤဒုက္ခအားလုံးကို သူ မြည်းစမ်းခဲ့သည်။ ဤတစ်ကြိမ်တွင် လူ့ဇာတိခံဘုရားသခင်၏ ဒုက္ခသည် ကားတိုင်ပေါ်တွင် သေခြင်းကို မြည်းစမ်းခဲ့ရသည့်အချိန်ဖြစ်သော ယခင်ကကဲ့သို့မဟုတ်ပေ။ ဤသည်မှာ မလိုအပ်ပေ။ ယင်းကို တွေ့ကြုံခံစားပြီးဖြစ်သောကြောင့်ဖြစ်သည်။ ဤတစ်ကြိမ်မှာ လူသား၏ ဒုက္ခကို တွေ့ကြုံခြင်းနှင့် လူသား၏ ဒုက္ခကို သူကိုယ်တိုင်ခံယူခြင်းနှင့်သာ သက်ဆိုင်သည်။ ယခင်က ယေဟောဝါက ဝိညာဉ်တော်အဖြစ် အလုပ်လုပ်ခဲ့သည်။ ထိုအရာမှနေ၍ လူသားက အချို့သောအရာများကို ရရှိနိုင်ခဲ့သည်။ သို့ရာတွင် လူ့ဇာတိခံဘုရားသခင်၏ အမှုတော်ကို လူတို့က မြင်နိုင် ခံစားနိုင်သည်။ ထို့ကြောင့် လူတို့အတွက် ဝိညာဉ်တော်၏ လုပ်ဆောင်မှုထက်ပိုပြီး အဆင်ပြေစေကာ ထိတွေ့ရန် လွယ်ကူစေသည်။ ဤသည်မှာ တစ်ချက်ဖြစ်သည်။ အခြားတစ်ချက်မှာ လူ့ဇာတိခံဘုရားသခင်သည် ကမ္ဘာလောက၏ ဒုက္ခကို တွေ့ကြုံခံစားနိုင်သည်။ ဤအရာကို ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြင့် လုံးဝ မရရှိနိုင်ပေ။ မဖြစ်မနေ လူ့ဇာတိခံခြင်းအားဖြင့်သာ ရရှိနိုင်သည်။ ဝိညာဉ်တော်က အလုပ်လုပ်သည်ဆိုလျှင် ဝိညာဉ်တော်က သူပြောစရာရှိသည်တို့ကို ပြောပြီးနောက် ထွက်ခွာသွားမည်။ သူသည် လူတို့နှင့် အဆက်အသွယ်ရှိလျှင်ပင် ကမ္ဘာလောက၏ ဒုက္ခကို မတွေ့ကြုံနိုင်သေးပေ။ လူအချို့က “လူ့ဇာတိခံဘုရားသခင်က ဒုက္ခခံလျှင် ဝိညာဉ်တော်သည်လည်း ဒုက္ခမခံရသလော။ ဝိညာဉ်တော်သည်လည်း မကြုံတွေ့နိုင်သလော” ဟု မေးနိုင်သည်။ ဤအယူအဆမှာလည်း အဓိပ္ပာယ်မရှိ မဖြစ်သလော။ ဝိညာဉ်တော်သည် လူ့ဇာတိကို မိမိကိုယ်တိုင် ယူတင်ဝတ်ဆင်ပြီးနောက်မှသာ ဒုက္ခကို တွေ့ကြုံခံစားနိုင်သည်။ ဝိညာဉ်တော်နှင့် လူ့ဇာတိသည် ခွဲခြား၍မရပေ။ ဝိညာဉ်တော်သည်လည်း လူ့ဇာတိ၏ ဒုက္ခကို တွေ့ကြုံခံစားရသည်။ ဝိညာဉ်တော်က မိမိကိုယ်ကို လူ့ဇာတိကို ယူတင်ဝတ်ဆင်ခြင်း မရှိလျှင် ဤအရာကို တွေ့ကြုံခံစားနိုင်မည်မဟုတ်ပေ။ လူ့ဇာတိ၏ ဒုက္ခခံစားမှုများသည် ပို၍ အသေးစိတ်ကျသည်။ ပို၍ စစ်မှန်ပြီး ခိုင်မာသည်။ ဤအရာများသည် ဝိညာဉ်တော်က လက်လှမ်းမမီနိုင်သော အရာများဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ကမ္ဘာလောကတွင် ဝိညာဉ်တော်က အစားမထိုးနိုင်သည့် အရာအချို့ရှိသည်။ ဤသည်မှာ လူ့ဇာတိခံခြင်း၏ အပြည့်စုံဆုံးသော အရေးပါမှုဖြစ်သည်။
ခရစ်တော်သည် ကမ္ဘာလောက၏ မိသားစုပျော်ရွှင်မှုများတွင် ပါဝင်ခြင်းမရှိဟု ယခင်က ပြောခဲ့ဖူးသည်။ လူအချို့က “ခရစ်တော်ကို သူသွားသည့်နေရာတိုင်းက ကောင်းစွာကြိုဆိုကြသည်။ လူအချို့က သူ့အတွက် ကောင်းသောအရာများကိုပင် ဝယ်ပေးကြသည်။ သူသည် နေရာတိုင်းတွင် အလွန်အလေးပေးခြင်းခံရသည်။ အမှုအရာများက သူ့အတွက် အလွန်ပင်မွေ့လျော်ဖွယ်ဖြစ်ရမည်ဖြစ်ပြီး လုံးဝ ဒုက္ခခံရခြင်းမရှိပေ။ ထို့ကြောင့် သူက ယင်းတို့နှင့် ပတ်သက်ခြင်းမရှိဟု မည်သို့ဆိုနိုင်သနည်း” ဟု ပြောကြသည်။ ထိုစကားသည် မည်သို့ဖြစ်သနည်း။ သူက ယင်းတို့နှင့် ပတ်သက်ခြင်းမရှိဟု ဆိုခြင်းသည် ဤအရာများကို သူ ပျော်မွေ့ခြင်းမရှိဟု မဆိုလိုပေ။ ထိုထက် သူသည် ဤအရာများကြောင့် ဒုက္ခခံရသည်မှာ ပို၍နည်းပါးသွားခြင်း လုံးဝ မရှိကြောင်းကို ဆိုလိုပေသည်။ ဤသည်မှာ “သူက ယင်းတို့နှင့် ပတ်သက်ခြင်းမရှိ” ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ဥပမာ သင်သည် ရောဂါတစ်ခုခုဖြစ်ပြီး တစ်စုံတစ်ယောက်က သင့်ကို အဝတ်အစားကောင်းအချို့ ပေးသည်ဆိုပါစို့။ ဤအဝတ်အစားများကြောင့် သင်၏ ရောဂါဝေဒနာခံစားရမှုက သက်သာမည်လော။ မသက်သာပေ။ သင်၏ ဒုက္ခခံစားမှုက လုံးဝ သက်သာမည်မဟုတ်ပေ။ သင် ဒုက္ခခံရမည့်အရာကို ဒုက္ခခံရဦးမည်ဖြစ်သည်။ ဤသည်မှာ “ယင်းတို့နှင့် ပတ်သက်ခြင်းမရှိ” ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ ဥပမာအားဖြင့် ရောဂါတစ်ခုမှ ရရှိသော ဒုက္ခ၊ သို့မဟုတ် ပတ်ဝန်းကျင်၏ ချုပ်ချယ်မှုများသည် ကိုယ်ခန္ဓာသာယာမှုအားဖြင့် မသက်သာနိုင်ပေ။ ခရစ်တော်သည် ဤအရာများကို သူ၏ ပျော်မွေ့မှုအဖြစ် မမှတ်ယူပေ။ ထို့ကြောင့် “သူက ယင်းတို့နှင့် ပတ်သက်ခြင်းမရှိ” ဟု ဆိုခြင်းဖြစ်သည်။ အဓိပ္ပာယ်မရှိသောသူအချို့က “ဘုရားသခင်က ကမ္ဘာလောက၏ မိသားစုပျော်ရွှင်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိလျှင် ငါတို့က သူ့ကို မည်သို့ကြိုဆိုသည်က အရေးမပါပေ။ ငါတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်က ဒုက္ခခံရမည်ဖြစ်သောကြောင့်ဖြစ်သည်” ဟူ၍ ထင်ကြသည်။ ဤနားလည်မှုသည် အလွန်ပင် အဓိပ္ပာယ်မရှိပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် မလိုမုန်းထားစိတ်ရှိသည်ကို ပြသည်။ လူတို့၏ စိတ်နှလုံးများကို အကောင်းဆုံး အသုံးပြုရမည်။ လူတို့၏ တာဝန်များကို ၎င်းတို့၏ အရည်အချင်းရှိသမျှဖြင့် လုပ်ဆောင်ရမည်။ ထို့နောက်တွင် ဤသို့နားလည်သောသူများရှိသည်။ “ဘုရားသခင်သည် အတိသုခအလုံးစုံကို မွေ့လျော်လေ့ရှိခဲ့သည်။ ယခုတွင် ကမ္ဘာလောက၏ ဒုက္ခဖြစ်သော မတူညီသောအရာတစ်ခုကို စမ်းကြည့်ဖို့ ကြွလာသည်” ဟူ၍ ဖြစ်သည်။ ဤမျှ ရိုးရှင်းသလော။ ဘုရားသခင်က ကမ္ဘာလောက၏ ဒုက္ခကို တွေ့ကြုံခံစားဖို့ အဘယ်ကြောင့်ကြွလာသည်ကို သင်နားလည်ရမည်။ ဘုရားသခင်လုပ်ဆောင်သမျှ၏ အဓိပ္ပာယ်သည် အတော်အတန် နက်နဲ၏။ ဥပမာအနေဖြင့် ယေရှု ကားစင်တင်ခံရခြင်းကို စဉ်းစားလော့။ ယေရှုသည် အဘယ်ကြောင့် ကားစင်တင်ခံရသနည်း။ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ရန်ဖြစ်သည် မဟုတ်လော။ လက်ရှိအချိန်တွင် ဘုရားသခင်၏ ဤလူ့ဇာတိခံယူခြင်းနှင့် လောက၏ ဆင်းရဲဒုက္ခကို တွေ့ကြုံခံစားခြင်းတို့သည်လည်း ထိုနည်းတူပင် ကြီးမားသော အဓိပ္ပာယ်ရှိ၏။ ယင်းမှာ လူသားမျိုးနွယ်၏ လှပသော ခရီးပန်းတိုင်အတွက်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အမှုတော်တွင် လက်တွေ့အကျဆုံးဖြစ်သည့်အရာအတိုင်း အတိအကျ အစဉ်လုပ်ဆောင်၏။ ဘုရားသခင်သည် လူကို အပြစ်မရှိသောသူအဖြစ် မြင်ပြီး လူသည် ဘုရားသခင်ရှေ့ လာရန် ကံကောင်းသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ကားတိုင်တွင် သံနှင့်ရိုက်ခံခဲ့သောကြောင့်၊ လူ့အပြစ်များကို ခံယူပြီး လူသားမျိုးနွယ်ကို ရွေးနုတ်ခဲ့သောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်သည် အဘယ်ကြောင့် ဒုက္ခမခံရတော့ခြင်း၊ ပူဆွေးမှုမရှိတော့ခြင်း၊ မျက်ရည်များ မကျရခြင်း၊ သက်ပြင်းမချရခြင်း ဖြစ်လိမ့်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် လက်ရှိအချိန် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် ဒုက္ခအားလုံးကို သူ့အပေါ်သို့ ခံယူပြီးဖြစ်ကာ ဤဒုက္ခကို လူ့ကိုယ်စား ယခုခံယူပြီးပြီဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ မိမိကလေးသာ ရောဂါပျောက်ကင်းနိုင်မည်ဆိုလျှင် သူ့အသက်တိုဖို့ ဆန္ဒပြုလျက် မိမိကလေးနာမကျန်းဖြစ်နေသည်ကို ကြည့်ပြီး ကောင်းကင်ဘုံသို့ ဆုတောင်းသော မိခင်တစ်ယောက်ကဲ့သို့ ဖြစ်သည်။ ဘုရားသခင်သည်လည်း နောင်တွင် လူသားမျိုးနွယ်အတွက် ဖြစ်ပေါ်လာမည့် လှပသော ခရီးပန်းတိုင်အတွက် အလဲအလှယ်အနေဖြင့် သူ၏ နာကျင်မှုကို ပေးလျက် ဤနည်းဖြင့် အလုပ်လုပ်သည်။ ပူဆွေးရခြင်း၊ မျက်ရည်များကျရခြင်း၊ သက်ပြင်းချရခြင်း၊ ဒုက္ခခံရခြင်းများ ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်သည် နောင်တွင် လူသားမျိုးနွယ်ရလာမည့် လှပသော ခရီးပန်းတိုင်အတွက် အလဲအလှယ်အနေဖြင့် လောက၏ ဆင်းရဲဒုက္ခကို ကိုယ်တိုင်ကြုံတွေ့ခံစားရခြင်းဟူသည့် အဖိုးအခကို ပေးသည်။ လှပသော ခရီးပန်းတိုင်အတွက် “အလဲအလှယ်အနေဖြင့်” ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟုဆိုခြင်းက ဘုရားသခင်၌ လူသားမျိုးနွယ်ကို လှပသော ခရီးပန်းတိုင်ပေးအပ်ရန် အစွမ်းတန်ခိုး၊ သို့မဟုတ် အာဏာမရှိဟု မဆိုလိုဘဲ ဘုရားသခင်သည် လူတို့လုံးလုံး လက်ခံယုံကြည်စေရန်အတွက် ပို၍ လက်တွေ့ကျပြီး အစွမ်းထက်သော သက်သေကို ရှာလိုခြင်းဖြစ်သည်ဟုသာ ဆိုလို၏။ ဘုရားသခင်သည် ဤဒုက္ခကို ကြုံတွေ့ပြီးဖြစ်သည်။ ထို့ကြောင့် သူသည် လူသားမျိုးနွယ်ကို လှပသော ခရီးပန်းတိုင်ပေးအပ်ရန်၊ လူသားမျိုးနွယ်ကို ဤလှပသော ခရီးပန်းတိုင်နှင့် ကတိတော်ပေးသနားရန် အရည်အချင်း ပြည့်မီကာ အစွမ်းတန်ခိုးရှိသည့်အပြင် ဩဇာအာဏာလည်း ထိုမျှမက သာ၍ ရှိ၏။ စာတန်သည် လုံးလုံးလျားလျား ယုံကြည်လက်ခံမည်ဖြစ်သည်။ စကြဝဠာရှိ ဖန်ဆင်းခံအားလုံးသည်လည်း လုံးလုံးလျားလျား ယုံကြည်လက်ခံမည် ဖြစ်သည်။ အဆုံးတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို သူ၏ ကတိတော်နှင့် ချစ်ခြင်းကို လက်ခံရရှိခွင့် ပေးလိမ့်မည်။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် လက်တွေ့ကျသည်။ သူလုပ်ဆောင်သည့် မည်သည့်အရာမျှ အနှစ်မမဲ့သကဲ့သို့၊ အားလုံးကို မိမိဘာသာ တွေ့ကြုံ ခံစားလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ခရီးပန်းတိုင်တစ်ခုအတွက် ဖလှယ်ရာတွင် သူကိုယ်တိုင်၏ ဆင်းရဲဒုက္ခ အတွေ့အကြုံနှင့်ဆိုင်သည့် အဖိုးအခကို သူပေးလေသည်။ ဤသည်မှာ လက်တွေ့ကျသော အမှုဖြစ်သည် မဟုတ်သလော။ မိဘများသည် ၎င်းတို့ သားသမီးများအဖို့အလို့ငှာ လေးနက်သော အဖိုးအခတစ်ခုကို ပေးနိုင်ကြပြီး ဤအရာက ၎င်းတို့၏ သားသမီးများအတွက် ၎င်းတို့၏ ချစ်ခြင်းကို ကိုယ်စားပြုသည်။ ဟုတ်ပေ၏၊ ဤအရာလုပ်ဆောင်ခြင်းဖြင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် လူသားမျိုးနွယ်အဖို့ စိတ်ရင်းအမှန်ဆုံးနှင့် သစ္စာအရှိဆုံး ဖြစ်လေသည်။ ဘုရားသခင်၏ အနှစ်သာရမှာ သစ္စာနှင့်ပြည့်ဝသည်၊ သူပြောသည့်အတိုင်း သူပြုပြီး သူပြုသမျှ ဖြစ်မြောက်သည်။ လူသားများအတွက် သူ လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ စကားများ မိန့်မြွက်ခြင်း သက်သက်ကို သူ မပြုပေ၊ အဖိုးအခ သူပေးမည်ဟု ဆိုသည့်အခါ၊ စစ်မှန်သော အဖိုးအခကို သူပေးလေသည်။ လူသားမျိုးနွယ်၏ ဆင်းရဲဒုက္ခကို သူတာဝန်ယူပြီး သူတို့ကိုယ်စား ဆင်းရဲဒုက္ခခံမည်ဟု သူ ဆိုသည့်အခါ၊ ဤဆင်းရဲဒုက္ခကို ကိုယ်တိုင်ကိုယ်ကျ ခံစားကာ တွေ့ကြုံရင်း၊ သူတို့ကြားတွင် အသက်ရှင်ဖို့ သူ အမှန်တကယ် ကြွလာလေသည်။ ထို့နောက်တွင်၊ စကြဝဠာထဲရှိ အရာခပ်သိမ်းတို့သည် ဘုရားသခင် လုပ်သမျှတိုင်းက မှန်ကန်ကာ ဖြောင့်မတ်သည်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာအားလုံး လက်တွေ့ကျသည်တို့ကို အသိအမှတ်ပြုကြလိမ့်မည်။ ဤသည်မှာ အားကောင်းသော သက်သေ ဖြစ်သည်။ ထို့အပြင်၊ လူသားမျိုးနွယ်သည် အနာဂတ်တွင် လှပသော ခရီးပန်းတိုင်တစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ ကျန်ရှိသူအားလုံးက ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များအား လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာမှ အမှန်လုပ်ဆောင်သည်ကို သူတို့ ချီးမွမ်းကြလိမ့်မည်။ ဘုရားသခင်သည် သာမန် လူတစ်ဦးအဖြစ် လူသားအလယ် နှိမ့်ချစွာ ကြွလာသည်။ သူသည် အမှုအချို့ကို ဆောင်ရွက်ရုံ၊ နှုတ်ကပတ်တော်အချို့ကို ပြောရုံမျှပြုလျက် ထို့နောက်တွင် ထွက်ခွာသွားခြင်း မဟုတ်ပေ၊ ယင်းအစား သူသည် လောက၏ နာကျင်မှုဝေဒနာကို တွေ့ကြုံခံစားလျက် လက်တွေ့ကျစွာ စကားပြောဆိုပြီး အလုပ်လုပ်သည်။ ဤနာကျင်မှု ဝေဒနာကို သူ တွေ့ကြုံခံစားပြီးဖြစ်သည့်နောက်တွင်မှ သူထွက်ခွာမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှု စစ်မှန်ပုံနှင့် လက်တွေ့ကျပုံ ဖြစ်သည်။ ကျန်ရှိသူအားလုံးသည် ယင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်ဖြစ်ပြီး၊ လူသားအဖို့ ဘုရားသခင်၏ သစ္စာတရားနှင့် သူ၏ ကြင်နာသောစိတ်ရှိခြင်းတို့ကို ၎င်းတို့ မြင်ရကြလိမ့်မည်။ ဘုရားသခင်၏ အလှတရားနှင့် ကောင်းမြတ်မှု အနှစ်သာရကို သူ၏ဇာတိပကတိ၌ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုတွင် တွေ့မြင်နိုင်သည်။ သူလုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်၊ သူပြောသမျှတိုင်းသည် လေးနက်ပြီး သစ္စာရှိသည်။ သူ လုပ်ဆောင်ဖို့ ရည်ရွယ်သမျှအားလုံးကို သူ လက်တွေ့ကျစွာ လုပ်ဆောင်သည်။ အဖိုးအခပေးဖို့ ရှိသည့်အချိန်တွင် သူ အမှန်တကယ် ပေးလေသည်၊ စကားများ မိန့်မြွက်ခြင်း သက်သက်ကို သူ မပြုပေ။ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်သည် သစ္စာရှိသော ဘုရားသခင် ဖြစ်ပေသည်။
နွေဦးရာသီ၊ ၁၉၉၇ ခုနှစ်