ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်
လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။ သူ၏ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝ ဖြစ်စေ နှစ်ခုလုံးသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို ကျိုးနွံနာခံလေသည်။ ခရစ်တော်၏အနှစ်သာရမှာ ဝိညာဉ်တော် ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏အနှစ်သာရသည် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သက်ဆိုင်ပေသည်။ ဤအနှစ်သာရသည် သူကိုယ်တိုင်၏ အမှုကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ ပြီးလျှင် သူကိုယ်တိုင်၏ အမှုကို ဖျက်ဆီးမည့် မည်သည့်အရာကိုမဆို သူ လုပ်ဆောင်ဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ သူကိုယ်တိုင်၏ အလိုနှင့် ဆန့်ကျင်သည့် မည်သည့် စကားကိုမျှ တစ်ကြိမ်တစ်ခါမျှ သူ မိန့်မြွက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို နှောင့်ယှက်သည့် မည်သည့်အမှုကိုမျှ မည်သည့်အခါတွင်မျှ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ လူအားလုံး နားလည်သင့်သည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အနှစ်သာရသည် လူသားကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်စီမံခန့်ခွဲမှုအတွက် ဖြစ်သည်။ ထိုနည်းတူစွာ ခရစ်တော်၏ အမှုသည်လည်း လူသားကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ အလိုအတွက် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည်ကို ထောက်ဆလျှင်၊ သူသည် သူ၏ဇာတိခန္ဓာအတွင်းရှိ သူ၏အနှစ်သာရကို ရုပ်အကောင်အထည် ပေါ်စေသဖြင့် သူ၏ဇာတိခန္ဓာသည် သူ၏အမှုကို ဆောင်ရွက်ရန် လုံလောက်၏။ ထို့ကြောင့် လူ့ဇာတိခံခြင်း အချိန်ကာလအတွင်းတွင် ဘုရားဝိညာဉ်တော်၏ အလုပ်အားလုံးကို ခရစ်တော်၏ အမှုအားဖြင့် အစားထိုးလိုက်ပြီး၊ လူ့ဇာတိခံယူခြင်းအချိန် တစ်လျှောက်လုံးတွင် အမှုအားလုံး၏ အဓိက အချက်အချာတွင် ခရစ်တော်၏အမှု ရှိပေသည်။ ယင်းသည် အခြားမည်သည့်ခေတ်မဆိုမှ အမှုဖြင့် ရောယှက်၍ မရပေ။ ပြီးလျှင် ဘုရားသခင်သည် လူ့ဇာတိခံလာသည့်အတွက်၊ သူသည် သူ၏ဇာတိခန္ဓာ၏ ပင်ကိုလက္ခဏာဖြင့် အမှုပြုသည်။ လူ့ဇာတိ ခံလာသည့်အတွက် သူသည် သူလုပ်သင့်သောအမှုကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီးစီးသည်။ ဘုရားသခင်၏ ဝိညာဉ်ဖြစ်စေ သို့မဟုတ် ခရစ်တော်ဖြစ်စေ၊ နှစ်ခုလုံးသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး သူလုပ်သင့်သော အမှုကို သူလုပ်ဆောင်ပြီး သူဆောင်ရွက်သင့်သော အမှုတော်ကို သူ ဆောင်ရွက်လေသည်။
ဘုရားသခင်၏ တကယ့် အနှစ်သာရ ကိုယ်၌က သြဇာအာဏာကို ကိုင်စွဲသော်လည်း၊ သူသည် မိမိထံမှလာသော သြဇာအာဏာကို အပြည့်အဝ ကျိုးနွံနာခံနိုင်ပေသည်။ ဝိညာဉ်၏ အလုပ်ဖြစ်စေ သို့မဟုတ် ဇာတိခန္ဓာ၏ အလုပ်ဖြစ်စေ၊ တစ်ခုနှင့်တစ်ခု ကွဲလွဲဆန့်ကျင်ခြင်း မရှိပေ။ ဘုရားသခင်၏ ဝိညာဉ်သည် ဖန်ဆင်းခြင်းအားလုံးအပေါ် သြဇာအာဏာ ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရဖြင့် ဇာတိခန္ဓာသည်လည်း သြဇာအာဏာကို ပိုင်ဆိုင်သည်၊ သို့သော် လူ့ဇာတိ၌ ရှိသော ဘုရားသခင်သည် ကောင်းကင်ဘုံရှိ ခမည်းတော်၏အလိုကို လိုက်နာသည့် အမှုအားလုံးကို လုပ်ဆောင်နိုင်သည်။ ဤအရာကို မည်သည့်လူတစ်ဦးတစ်ယောက်မျှ မရရှိနိုင် သို့မဟုတ် စိတ်ကူးမပေါက်နိုင်ကြပေ။ ဘုရားသခင် ကိုယ်တော်တိုင်သည် သြဇာအာဏာ ဖြစ်သည်၊ သို့သော် သူ၏ဇာတိခန္ဓာက သူ၏ သြဇာအာဏာကို ကျိုးနွံနာခံနိုင်သည်။ ဤသည်မှာ “ခရစ်တော်သည် ခမည်းတော် ဘုရားသခင်၏ အလိုကို နာခံသည်။” ဟု ပြောသည့်အခါ သွယ်ဝိုက်ညွှန်းဆိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် လူသား ဖြစ်လာနိုင်သကဲ့သို့၊ ဘုရားသခင်သည် ဝိညာဉ်တော် ဖြစ်ပြီး ကယ်တင်ခြင်း အမှုကို လုပ်ဆောင်နိုင်သည်။ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင် ကိုယ်တော်တိုင်သည် သူ၏အမှုကို လုပ်ဆောင်သည်။ ဝိညာဉ်တော်နှင့် လူ့ဇာတိတို့ လုပ်ဆောင်သည့် အမှု၏ အနှစ်သာရသည် တူညီသည့်အတွက်၊ သူသည် သက်သက် ကွဲလွဲသည့် အမှုကို ဆောင်ရွက်ဖို့ မဆိုထားနှင့်၊ သူသည် အနှောင့်အယှက် မပြုသကဲ့သို့ ဝင်ရောက်လည်းမစွက်ဖက်ပေ။ ဝိညာဉ်တော် ဖြစ်စေ သို့မဟုတ် လူ့ဇာတိဖြစ်စေ နှစ်ခုလုံးသည် တစ်ခုသော အလိုတော်ကို ဖြည့်ဆည်းရန်နှင့် တူညီသော အမှုကို စီမံခန့်ခွဲရန် လုပ်ဆောင်သည်။ ဝိညာဉ်တော်နှင့် ဇာတိခန္ဓာတို့သည် ခြားနားလွန်၍ နှိုင်းယှဉ်မရသော အရည်အသွေး နှစ်မျိုး ရှိကြသော်လည်း၊ ၎င်းတို့၏ အနှစ်သာရမှာ တူညီလေသည်။ နှစ်ခုလုံးသည် ဘုရားသခင် ကိုယ်တိုင်၏ အနှစ်သာရရှိပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာ ရှိကြသည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် မနာခံခြင်း၏ အရိပ်လက္ခဏာ မပိုင်ဆိုင်ပေ။ သူ၏ အနှစ်သာရက ကောင်းမွန်သည်။ သူသည် လှပမှုနှင့် ကောင်းမွန်မှုအားလုံးအပြင် ချစ်ခြင်းမေတ္တာ အားလုံး၏ ဖော်ပြချက်ဖြစ်သည်။ ဇာတိခန္ဓာ၌ပင်လျှင် ဘုရားသခင်သည် ခမည်းတော် ဘုရားသခင်ကို မနာခံသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ မိမိအသက်ကို စတေးကာ ဆုံးရှုံးအနစ်နာခံလျက်ပင်၊ သူသည် စိတ်နှလုံးအကြွင်းမဲ့ ထိုသို့ လုပ်ဆောင်ရန် လိုလားနေမည် ဖြစ်ပြီး၊ အခြားရွေးချယ်မှုကို ပြုလုပ်မည်မဟုတ်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းနှင့် မိမိကိုယ်ကိုယ် ကြီးကျယ်ခြင်းတို့၏ အရိပ်လက္ခဏာများ မရှိပေ၊ သို့မဟုတ် စိတ်ကြီးဝင်ခြင်းနှင့် မာနထောင်လွှားမှုတို့၏ အရိပ်လက္ခဏာများ မရှိပေ။ သူသည် ကောက်ကျစ်မှု အရိပ်လက္ခဏာများ မပိုင်ဆိုင်ပေ။ ဘုရားသခင်ကို မနာခံသည့်အရာ မည်သည့်အရာမဆိုသည် စာတန်ထံမှ လာသည်။ စာတန်သည် အကျည်းတန်မှုနှင့် ဆိုးယုတ်မှု အားလုံး၏ အရင်းအမြစ်ဖြစ်သည်။ လူသားသည် စာတန်၏ အရည်အသွေးများနှင့် တူညီသည့် အရည်အသွေးများ ရှိရသည့်အကြောင်းရင်းမှာ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် စီမံပြုပြင်ခြင်းခံရပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ခရစ်တော်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရလေပြီ၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ ထူးခြားသော လက္ခဏာများကိုသာ ပိုင်ဆိုင်ပြီး၊ စာတန်၏ မည်သည့်လက္ခဏာမျှ မပိုင်ဆိုင်ပေ။ အမှုသည် မည်မျှခက်ခဲကြမ်းပါစေ သို့မဟုတ် လူ့ဇာတိသည် မည်မျှအားနည်းပါစေ၊ လူ့ဇာတိဖြင့် အသက်ရှင်စဉ်တွင် ဘုရားသခင်သည် ခမည်းတော် ဘုရားသခင်၏ အလိုကို မနာခံမှုဖြင့် စွန့်ပယ်ရန် မဆိုထားနှင့် ဘုရားသခင် ကိုယ်တိုင်၏အမှုကို နှောင့်ယှက်ဖြစ်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ သူသည် ခမည်းတော် ဘုရားသခင်၏ အလိုကို ဆန့်ကျင်ဖို့ထက် လူ့ဇာတိ၏ နာကျင်မှုများကိုသာ ခံစားချင်ခဲ့သည်။ ယင်းမှာ ယေရှုက သူ၏ဆုတောင်းချက်ထဲတွင်၊ “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော်။” ဟု ပြောသကဲ့သို့သာ ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှုများ ပြုလုပ်ကြသော်လည်း၊ ခရစ်တော်သည် မပြုလုပ်ပေ။ သူသည် ဘုရားသခင် ကိုယ်တိုင်၏ ပင်ကိုလက္ခဏာရှိသော်လည်း၊ ခမည်းတော် ဘုရားသခင်၏ အလိုကို ရှာဖွေဆဲဖြစ်ပြီး လူ့ဇာတိ၏ ရှုထောင့်မှ ခမည်းတော် ဘုရားသခင်က သူ့ကို တာဝန်ပေးစေခိုင်းထားသော အရာကို ဖြည့်ဆည်းလေသည်။ ဤသည်မှာ လူသားက ကြိုးပမ်း၍မရရှိနိုင်သည် အရာတစ်ခု ဖြစ်သည်။ စာတန်ထံမှ လာသောအရာသည် ဘုရားသခင်၏အနှစ်သာရ မရှိနိုင်ပေ။ ဘုရားသခင်ကို မနာခံသကဲ့သို့၊ ဆန့်ကျင်သည့် အရာတစ်ခုသာ ရှိနိုင်သည်။ ယင်းသည် ဘုရားသခင်၏ အလိုကို လိုလားစွာ နာခံရန်မဆိုထားနှင့်၊ ဘုရားသခင်ကို အပြည့်အဝပင် မနာခံနိုင်ပေ။ ခရစ်တော်မှလွဲ၍ လူအားလုံးတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာ လုပ်ကောင်းလုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင် အပ်နှင်းထားသည့် အမှုကို လူတစ်ဦးတစ်ယောက်ကမျှ တိုက်ရိုက် မဆောင်ရွက်နိုင်ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ၎င်းတို့ ထမ်းဆောင်ရမည့် ကိုယ်ပိုင် တာဝန်အဖြစ် မည်သူမျှ မမှတ်ယူနိုင်ပေ။ ခရစ်တော်၏ အနှစ်သာရသည် ခမည်းတော် ဘုရားသခင်၏ အလိုကို ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဘုရားသခင်ကို မနာခံခြင်းသည် စာတန်၏ ထူးခြားသော လက္ခဏာဖြစ်သည်။ ဤစရိုက်နှစ်ခုသည် သဟဇာတ မဖြစ်သကဲ့သို့၊ စာတန်၏ စရိုက်များရှိသည့် မည်သူကိုမဆို ခရစ်တော်ဟု ခေါ်၍မရနိုင်ပေ။ လူသားသည် ဘုရားသခင်၏ကိုယ်စား ဘုရားသခင်၏ အမှုကို မလုပ်နိုင်ရသည့် အကြောင်းရင်းမှာ လူသားသည် ဘုရားသခင်၏ မည်သည့် အနှစ်သာရမျှ မရှိသောကြောင့်ဖြစ်သည်။ လူသားသည် သူ၏ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများနှင့် အနာဂတ် အလားအလာများအတွက် ဘုရားအတွက် အလုပ်လုပ်သော်လည်း၊ ခရစ်တော်သည် ခမည်းတော် ဘုရားသခင်၏ အလိုကို လုပ်ဆောင်ရန် အမှုပြုပေသည်။
ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက အုပ်စိုးထားသည်။ သူသည် လူ့ဇာတိ၌ ရှိသော်လည်း၊ သူ၏ လူ့သဘာဝသည် ခန္ဓာရှိသည့် လူတစ်ဦး၏ လူ့သဘာဝနှင့် လုံးလုံးမတူညီပေ။ သူသည် သူ၏ ကိုယ်ပိုင် တစ်မူထူးခြားသော ဝိသေသလက္ခဏာရပ်ရှိပြီး ဤအရာကိုလည်း သူ၏ ဘုရားသဘောသဘာဝက အုပ်စိုးထားသည်။ သူ၏ဘုရားသဘာဝသည် အားနည်းမှု မရှိပေ။ ခရစ်တော်၏ အားနည်းချက်သည် သူ၏လူ့သဘာဝကို ရည်ညွှန်းပေသည်။ အတိုင်းအတာ တစ်ခုအထိ၊ ဤအားနည်းချက်က သူ၏ဘုရားသဘောသဘာဝကို ဘောင်ခတ်သော်လည်း၊ ထိုသို့သော အကန့်အသတ်များမှာ နယ်ပယ်နှင့် အချိန်ကာလအချို့ အတွင်း၌သာရှိပြီး အတိုင်းမသိ မဟုတ်ပေ။ သူ၏ ဘုရားသဘောသဘာဝနှင့်ဆိုင်သည့် အမှုကို ဆောင်ရွက်ဖို့ ရှိလာသည့်အခါတွင်၊ သူ၏ လူ့သဘာဝကို ပဓာနမထားဘဲ လုပ်ဆောင်လေသည်။ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက လုံးဝ ညွှန်ကြားလေသည်။ သူ၏ လူ့သဘာဝနှင့်ဆိုင်သည့် သာမန်ဘဝမှအပ သူ၏ လူ့သဘာဝနှင့်ဆိုင်သည့် အခြားလုပ်ဆောင်မှု အားလုံးတို့သည် သူ၏ဘုရားသဘောသဘာဝအားဖြင့် လွှမ်းမိုးခံရသည်၊ အကျိုးသက်ရောက်ခံရပြီး ညွှန်ကြားခံရလေသည်။ ခရစ်တော်သည် လူ့သဘာဝ ရှိလင့်ကစား၊ ယင်းသည် သူ၏ဘုရားသဘောသဘာဝ၏ အမှုကို မနှောင့်ယှက်သကဲ့သို့၊ ဤသည်မှာ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက တိုက်ရိုက် ညွှန်ကြားသောကြောင့် အတိအကျ ဖြစ်ပေသည်။ သူ၏လူ့သဘာဝသည် အခြားသူများနှင့် ပြုမူနေထိုင်ပုံတွင် မရင့်ကျက်သော်လည်း၊ သူ၏ ဘုရားသဘာဝ၏ ပုံမှန်အမှုကို မထိခိုက်ပေ။ သူ၏လူ့သဘာဝသည် ဖောက်ပြန်ပျက်စီးစေခြင်း မခံရသေးဟု ငါပြောရာတွင်၊ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက တိုက်ရိုက် ကွပ်ကဲနိုင်ပြီး၊ သူသည် သာမန်လူထက် သာ၍ မြင့်မားသည့် အသိစိတ် ပိုင်ဆိုင်သည်ကို ဆိုလိုပေသည်။ သူ၏ လူ့သဘာဝသည် သူ၏အမှုတွင် ဘုရားသဘောသဘာဝ၏ လမ်းညွှန်မှုကို ခံရဖို့ အသင့်လျော်ဆုံး ဖြစ်သည်၊ သူ၏လူ့သဘာဝသည် ဘုရားသဘာဝ၏အမှုကို အဖော်ပြနိုင်ဆုံး ဖြစ်ပြီး၊ ထိုသို့သော အမှုကို အကျိုးနွံအနာခံနိုင်ဆုံး ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိဖြင့် အမှုပြုသည်နှင့်အမျှ၊ လူ့ဇာတိ၌ရှိသည့် လူတစ်ဦးအနေဖြင့် ဖြည့်ဆည်းသင့်သည့် တာဝန်ကို ဘယ်သောအခါမျှ မျက်ခြည်မပြတ်ပေ။ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားဖြင့် ကိုးကွယ်နိုင်လေသည်။ သူသည် ဘုရားသခင်၏ အနှစ်သာရရှိပြီး၊ သူ၏ပင်ကိုလက္ခဏာသည် ဘုရားကိုယ်တိုင်၏ ပင်ကိုလက္ခဏာ ဖြစ်သည်။ ယင်းမှာ သူသည် ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်း အခွံဖြင့်၊ ကမ္ဘာမြေသို့ ကြွလာပြီး ဖန်ဆင်းခံတစ်ဦးဖြစ်လာခြင်းသာ ဖြစ်ပြီး၊ ယခုတွင် ယခင်က သူ့ထံတွင် မရှိခဲ့သည့် လူ့သဘာဝကို ပိုင်ဆိုင်ထားလေသည်။ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုးကွယ်နိုင်သည်။ ဤသည်မှာ ဘုရားသခင် ကိုယ်တိုင်၏ ဖြစ်တည်ခြင်း ဖြစ်ပြီး၊ လူသားအဖို့ တုပ၍ မရနိုင်ပေ။ သူ၏ ပင်ကိုလက္ခဏာသည် ဘုရားကိုယ်တိုင် ဖြစ်သည်။ ဘုရားသခင်ကို သူ ကိုးကွယ်သည်မှာ လူ့ဇာတိ၏ ရှုထောင့်မှ ဖြစ်သည်။ ထို့ကြောင့် “ခရစ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုးကွယ်သည်။” ဟူသည့် စကားများမှာ မမှားပေ။ လူသားကို သူတောင်းဆိုသည်မှာ သူ၏ကိုယ်ပိုင် ဖြစ်တည်ခြင်း အတိအကျ ဖြစ်သည်။ သူသည် လူသားကို ထိုသို့သောအရာများ မတောင်းဆိုမီတွင်၊ လူကို သူ တောင်းဆိုသည့် အရာအားလုံးကို စွမ်းဆောင်ရရှိနှင့်ပြီး ဖြစ်သည်။ ဤအရာအားလုံးသည် သူ၏ ဖြစ်တည်မှုတွင် ပါဝင်သည့်အတွက်၊ သူကိုယ်တိုင် ထိုအရာများမှ လွတ်ကင်းစဉ်တွင် အခြားသူများကို တောင်းဆိုချက်များ မည်သည့်အခါမျှ ပြုလုပ်မည် မဟုတ်ပေ။ သူသည် သူ၏အမှုကို မည်သို့ဆောင်ရွက်သည် ဖြစ်စေ၊ ဘုရားသခင်ကို မနာခံသည့် ပုံစံဖြင့် သူ ပြုမူလိမ့်မည် မဟုတ်ပေ။ လူသားကို မည်သည့်အရာ သူတောင်းဆိုသည်ဖြစ်စေ၊ မည်သည့် တောင်းဆိုချက်ကမျှ လူသားက ကြိုးပမ်းရရှိနိုင်သည်ကို မကျော်လွန်ပေ။ သူလုပ်ဆောင်သော အရာအားလုံးသည် ဘုရားသခင်၏ အလိုကို လုပ်ဆောင်သည့်အရာ ဖြစ်ပြီး၊ သူ၏စီမံခန့်ခွဲမှုအတွက် ဖြစ်သည်။ ခရစ်တော်၏ ဘုရားသဘောသဘာဝသည် လူအားလုံး အထက်၌ရှိသည်။ ထို့ကြောင့် သူသည် ဖန်ဆင်းခံ အရာအားလုံးထဲတွင် သြဇာအာဏာ အမြင့်ဆုံး ဖြစ်သည်။ ဤသြဇာအာဏာသည် သူ၏ဘုရားသဘာဝဖြစ်ပြီး၊ ယင်းမှာ သူ၏ပင်ကိုလက္ခဏာကို ဆုံးဖြတ်ပေးသည့် ဘုရားကိုယ်တိုင်၏ စိတ်သဘောထားနှင့် ဖြစ်တည်မှု ဖြစ်သည်။ ထို့ကြောင့် သူ၏ လူ့သဘာဝက မည်မျှ ပုံမှန်ဖြစ်ပါစေ၊ သူသည် ဘုရားသခင် ကိုယ်တိုင်၏ ပင်ကိုလက္ခဏာရှိသည်မှာ ငြင်း၍မရနိုင်ပေ။ မည်သည့်ရှုထောင့်မှ သူ စကားပြောသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်၏ အလိုကို မည်သို့မည်ပုံ သူနာခံသည်ဖြစ်စေ၊ သူသည် ဘုရားသခင် ကိုယ်တိုင် မဟုတ်ဟု မပြောနိုင်ပေ။ မိုက်မဲသူနှင့် မသိနားမလည်သောသူတို့သည် ခရစ်တော်၏ ပုံမှန်လူ့သဘာဝကို အပြစ်အနာအဆာ တစ်ခုကဲ့သို့ မကြာခဏ မှတ်ယူတတ်ကြသည်။ သူသည် သူ၏ဘုရားသဘာဝကို မည်သို့ဖော်ပြကာ ထုတ်ဖော်ပြစေကာမူ၊ သူသည် ခရစ်တော် ဖြစ်သည်ကို လူက အသိအမှတ် မပြုနိုင်ပေ။ ခရစ်တော်သည် သူ၏နာခံခြင်းနှင့် နှိမ့်ချခြင်းတို့ကို သာ၍ပြသလေလေ၊ မိုက်မဲသူတို့သည် ခရစ်တော်ကို ပေါ့ပေါ့တန်တန် သဘောထားလေ ဖြစ်သည်။ သူ့အပေါ် ထည့်မတွက်ခြင်းနှင့် အထင်သေးခြင်း သဘောထားတစ်ခုကို ခံယူကြသော်လည်း၊ မြင့်မြတ်သော ပုံရိပ်များရှိသည့် “ကြီးမြတ်သော လူများ” ကိုးကွယ်ရန် စားပွဲပေါ်တွင် ထားကြသူများပင် ရှိလေသည်။ လူသား၏ ဘုရားသခင်ကို ဆန့်ကျင်မှုနှင့် မနာခံမှုတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရသည် ဘုရားသခင်၏ အလိုကို ကျိုးနွံနာခံသည့် အချက်အပြင်၊ ခရစ်တော်၏ ပုံမှန် လူ့သဘာဝမှလည်း လာပေသည်။ ဤသည်မှာ ဘုရားသခင်ကို လူသား၏ ခုခံမှုနှင့် မနာခံမှုတို့၏ အရင်းအမြစ် ဖြစ်သည်။ အကယ်၍ ခရစ်တော်သည် သူ၏လူ့သဘာဝ တုပသောအသွင် မရှိသကဲ့သို့၊ ခမည်းတော် ဘုရားသခင်၏ အလိုကိုလည်း ဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်မှ မရှာဖွေဘဲ၊ ထိုအစား မဟာလူ့သဘာဝ ပိုင်ဆိုင်မည်ဆိုပါက၊ လူသားအလယ်တွင် မနာခံမှုရှိနိုင်မည် မဟုတ်ပေ။ လူသားသည် ကောင်းကင်ဘုံရှိ မျက်မြင်မတွေ့နိုင်သည့် ဘုရားသခင်ကို အမြဲ ယုံကြည်ရန် လိုလားနေသည့် အကြောင်းရင်းမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် လူ့သဘာဝ မရှိသကဲ့သို့၊ ဖန်ဆင်းခံတစ်ဦး၏ စရိုက်ပင် တစ်ခုမျှ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် သူ့ကို အကြီးမားဆုံးသော လေးစားသမှုဖြင့် အမြဲ အလေးထားကြသော်လည်း၊ ခရစ်တော်အပေါ်ကိုမူ အထင်အမြင်သေးသည့် သဘောထားတစ်ခု စွဲကိုင်ထားကြပေသည်။
ကမ္ဘာမြေပေါ်၌ ခရစ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်ကိုယ်စား အမှုပြုနိုင်သော်လည်း၊ လူ့ဇာတိ၌ သူ၏ပုံသဏ္ဌာန်အား လူအားလုံးကို ပြသခြင်းငှာ ရည်ရွယ်ချက်ဖြင့် ကြွလာသည်မဟုတ်ပေ။ လူသား အားလုံးက သူ့ကို မြင်ရန်အလို့ငှာ သူ ကြွလာသည်မဟုတ်။ လူသားတို့ကို သူ၏ လက်ဖြင့် ဦးဆောင်ခံရခွင့်ပေးဖို့ သူ ကြွလာခြင်း ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားသည် ခေတ်သစ်ထဲသို့ ဝင်ရောက်ပေသည်။ ခရစ်တော်၏ လူ့ဇာတိ အလုပ်တာဝန်မှာ ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုအတွက် ဖြစ်သည်၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုအတွက်ဖြစ်ပြီး သူ၏ လူ့ဇာတိနှင့်ဆိုင်သည့် အနှစ်သာရကို လူသားအား အပြည့်အဝ နားလည်နိုင်စေရန် မဟုတ်ပေ။ သူမည်သို့ အမှုပြုသည်ဖြစ်စေ၊ သူ လုပ်ဆောင်သည့် မည်သည့်အရာမျှလူ့ဇာတိက ကြိုးပမ်းရရှိနိုင်သည်ထက် မကျော်လွန်ပေ။ သူ မည်သို့ အမှုပြုသည်ဖြစ်စေ၊ ပုံမှန်လူ့သဘာဝနှင့်အတူ လူ့ဇာတိဖြင့် ထိုသို့ သူ လုပ်ဆောင်ပြီး၊ ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို လူသားထံ အပြည့်အဝ ထုတ်ဖော်မပြပေ။ ထို့အပြင် လူ့ဇာတိ၌ သူ၏ အမှုသည် လူသားက စိတ်ကူးကြံဆသကဲ့သို့ သဘာဝလွန် သို့မဟုတ် မခန့်မှန်းနိုင်လောက်သည့်အရာ လုံးဝ မဟုတ်ပေ။ ခရစ်တော်သည် လူ့ဇာတိ၌ ဘုရားသခင်ကိုယ်တိုင်ကို ကိုယ်စားပြုပြီး၊ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သင့်သော အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်သော်လည်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို သူ မငြင်းသကဲ့သို့ သူ၏လုပ်ဆောင်မှုများကိုလည်း အလွန် ပျာယာခတ်လျက် မကြွေးကြော်ပေ။ ယင်းထက် သူသည် သူ၏လူ့ဇာတိအတွင်း၌ နှိမ့်ချစွာ ကွယ်ဝှက်နေသည်။ ခရစ်တော်မှလွဲ၍ ခရစ်တော်အဖြစ် မှားယွင်းစွာ ကြွေးကြော်သူတို့သည် ခရစ်တော်၏ အရည်အသွေးများ မပိုင်ဆိုင်ကြချေ။ ထိုခရစ်တော်ယောင်ဆောင်သော သူများ၏ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကိုယ် ချီးမြှောက်မှု စိတ်သဘောထားကို ယှဉ်တွဲပြသည့်အခါ၊ မည်သည့် လူ့ဇာတိပုံစံသည် စစ်မှန်သော ခရစ်တော်ဖြစ်သည် ဆိုသည်မှာ သိသာထင်ရှားလာလေသည်။ ၎င်းတို့ အယောင်ဆောင်လေလေ၊ ထိုသို့သော ခရစ်တော် အယောင်ဆောင်များသည် မိမိတို့ကိုယ်ကိုယ် ကြွားဝါလေလေဖြစ်ပြီး၊ လူသားကို လိမ်လည်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပို၍ လုပ်နိုင်စွမ်းရှိလေလေ ဖြစ်သည်။ ခရစ်တော် အယောင်ဆောင်များသည် ဘုရားသခင်၏ အရည်အသွေးများ မရှိကြပေ။ ခရစ်တော်သည် ခရစ်တော် အယောင်အဆောင်များနှင့်ဆိုင်သည့် မည်သည့်လက္ခဏာမျှ မစွန်းထင်းပေ။ လူသားအား သူ့ကို မြင်တွေ့ခွင့်ပေးရုံမျှ မဟုတ်ဘဲ၊ လူ့ဇာတိ၏အလုပ်ကို ပြီးပြည့်စုံစေရန်သာ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ တကယ်တမ်းတွင် သူသည် သူ၏ အမှုအား သူ၏ပင်ကိုလက္ခဏာကို အတည်ပြုခွင့်ပေးပြီး သူ ထုတ်ဖော်ပြသောအရာအား သူ၏အနှစ်သာရကို မှန်ကန်ကြောင်း ထောက်ခံခွင့်ပြုလေသည်။ သူ၏အနှစ်သာရသည် အခြေအမြစ် မရှိသည်မဟုတ်။ သူ၏ပင်ကိုလက္ခဏာကို သူ၏လက်ဖြင့် ဖမ်းဆုပ်ထားသည် မဟုတ်ပေ။ ယင်းကို သူ၏အမှုနှင့် သူ၏အနှစ်သာရတို့က သတ်မှတ်ခြင်း ဖြစ်သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရရှိပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လုပ်ဆောင်နိုင်စွမ်း ရှိသော်လည်း၊ အဆုံးတွင် သူသည် ဝိညာဉ်တော်နှင့် မတူဘဲ လူ့ဇာတိ ဖြစ်နေဆဲဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ စရိုက်များရှိသော ဘုရားသခင် မဟုတ်ပေ။ သူသည် လူ့ဇာတိ၏အခွံရှိသည့် ဘုရားသခင် ဖြစ်သည်။ ထို့ကြောင့် သူသည် မည်မျှ ပုံမှန်ဖြစ်ပြီး မည်မျှ အားနည်းနေစေကာမူ၊ ပြီးလျှင် သူ့အနေဖြင့် ခမည်းတော် ဘုရားသခင်၏ အလိုကို မည်သို့မည်ပုံ ရှာဖွေစေကာမူ၊ သူ၏ဘုရားသဘောသဘာဝကို ငြင်းပယ်၍မရနိုင်ပေ။ လူ့ဇာတိခံ ဘုရားသခင် အတွင်းတွင် ပုံမှန်လူ့သဘာဝနှင့် ယင်း၏ အားနည်းချက်များ တည်ရှိလေသည်။ ဘုရားသဘာဝ၏ အံ့သြဖွယ်ရာဖြစ်ခြင်းနှင့် ဉာဏ်မမီနိုင်မှုအပြင်၊ လူ့ဇာတိ၌ သူ၏ လုပ်ဆောင်ချက်များလည်း တည်ရှိလေသည်။ ထို့ကြောင့် လူ့သဘာဝနှင့် ဘုရားသဘောသဘာဝ နှစ်ခုလုံးသည် ခရစ်တော်တွင်းတွင် အမှန်တကယ်ရော လက်တွေ့ကျကျပါ တည်ရှိလေသည်။ ဤသည်မှာ အနည်းဆုံး အနှစ်မဲ့သည့်အရာ သို့မဟုတ် သဘာဝလွန်သည့်အရာတစ်ခု မဟုတ်ပေ။ သူသည် အမှုကို ဆောင်ရွက်ခြင်းနှင့်ဆိုင်သည့် အဓိက ရည်မှန်းချက်ဖြင့် ကမ္ဘာမြေပေါ်သို့ ကြွလာပေသည်။ ကမ္ဘာမြေပေါ်၌ အမှုကို ဆောင်ရွက်ရန် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ထားရန် အလွန်အရေးကြီးသည်။ သို့မဟုတ်ပါက သူ၏ဘုရားသဘောသဘာဝ တန်ခိုးသည် မည်မျှပင်ကြီးမားသော်လည်း၊ ယင်း၏ မူလ လုပ်ငန်းဆောင်တာကို ကောင်းစွာ အသုံးမပြုနိုင်ပေ။ သူ၏လူ့သဘာဝသည် အလွန် အရေးကြီးသော်လည်း၊ ယင်းမှာ သူ၏အနှစ်သာရ မဟုတ်ပေ။ သူ၏ အနှစ်သာရသည် ဘုရားသဘောသဘာဝဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်၌ သူ၏အမှုတော်ကို စတင်ဆောင်ရွက်သည့် အခိုက်အတန့်သည် သူ၏ ဘုရားသဘောသဘာဝကို စတင်ဖော်ပြသည့် အခိုက်အတန့် ဖြစ်သည်။ သူ၏ ဘုရားသဘောသဘာဝက လူ့ဇာတိ၌ ပုံမှန်အနေဖြင့် အမှုကို ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သူ၏လူ့သဘာဝသည် သူ၏ လူ့ဇာတိနှင့်ဆိုင်သည့် ပုံမှန်အသက်တာကို အဓိက အားဖြည့်ပေးရန် တည်ရှိပေသည်။ သူ၏အမှုကို လုံးဝ ညွှန်ကြားသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ သူ၏အမှုကို သူ ပြီးစီးသည့်အချိန်တွင်၊ သူ၏သာသနာကို ပြည့်စုံစေပြီး ဖြစ်လိမ့်မည်။ လူသားက သိသင့်သည်မှာ သူ၏ အမှု အလုံးစုံဖြစ်ပြီး သူက လူသားအား သူ့ကို သိနိုင်စေသည်မှာ သူ၏အမှုမှတစ်ဆင့် ဖြစ်သည်။ သူ၏အမှု တစ်လျှောက်တွင်၊ လူ့သဘာဝဖြင့် မစွန်းထင်းသော စိတ်သဘောထား တစ်ခု သို့မဟုတ် လူသားအတွေးနှင့် အပြုအမူတို့ဖြင့် မစွန်းထင်းသော ဖြစ်တည်ခြင်း ဖြစ်သည့် သူ၏ ဘုရားသဘောသဘာဝကို အတော်အတန် ပြည့်ပြည့်ဝဝ ဖော်ပြသည်။ အချိန်တန်သောအခါ သူ၏အမှုတော်တစ်ခုလုံး အဆုံးသတ် တစ်ခုသို့ ရောက်လာပြီးသည့်အခါတွင်၊ သူဖော်ပြသင့်သော စိတ်သဘောထားကို ပြည့်စုံစွာနှင့် ပြည့်ဝစွာ ဖော်ပြနှင့်ပြီးဖြစ်လိမ့်မည်။ သူ၏ အမှုသည် မည်သည့်လူမျှ၏ ညွှန်ကြားမှုများဖြင့် လမ်းပြခြင်း မခံရပေ။ သူ၏ စိတ်သဘောထား ဖော်ပြချက်သည်လည်း အတော်အတန် လွတ်လပ်ပြီး စိတ်အားဖြင့် ထိန်းချုပ်မခံရ သို့မဟုတ် အတွေးအခေါ်အားဖြင့် စီမံပြုပြင်ခြင်းမခံရဘဲ၊ အလိုအလျောက် ထုတ်ဖော်ပြခံရပေသည်။ ဤသည်မှာ မည်သည့်လူကမျှ စွမ်းဆောင်မရရှိနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ပတ်ဝန်းကျင်သည် ကြမ်းတမ်းလျှင်ပင် သို့မဟုတ် အခြေအနေများက မျက်နှာသာမပေးလျှင်ပင်၊ သူသည် မိမိ၏စိတ်သဘောထားကို သင့်လျော်သည့်အချိန်၌ ဖော်ပြနိုင်သည်။ ခရစ်တော်ဖြစ်သူတစ်ဦးက ခရစ်တော်၏ ဖြစ်တည်မှုကို ဖော်ပြသော်လည်း၊ ခရစ်တော်မဟုတ်သော သူများသည် ခရစ်တော်၏ စိတ်သဘောထားကို မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် အားလုံးက သူ့ကို ခုခံလျှင်ပင် သို့မဟုတ် သူနှင့်ပတ်သက်သည့် အယူအဆများ ရှိလျှင်ပင်၊ ခရစ်တော်ဖော်ပြသော စိတ်သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားမဟုတ်ဟု လူသားတို့ အယူအဆအရ မည်သူမျှ ငြင်း၍မရနိုင်ပေ။ စစ်မှန်သော နှလုံးသားဖြင့် ခရစ်တော်နောက်ကို လိုက်သူ သို့မဟုတ် ဘုရားသခင်ကို ရည်ရွယ်ချက်ရှိရှိ ရှာဖွေသူ အားလုံးသည် သူ၏ ဘုရားသဘောသဘာဝနှင့်ဆိုင်သည့် ဖော်ပြချက်ပေါ် အခြေခံ၍ သူသည် ခရစ်တော် ဖြစ်သည်ကို ဝန်ခံကြလိမ့်မည်။ လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် သူ၏ သွင်ပြင်လက္ခဏာ တစ်ခုတစ်လေအရ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ခရစ်တော်ကို ငြင်းပယ်ကြမည် မဟုတ်ပေ။ လူသည် အလွန် မိုက်မဲလှသော်လည်း၊ မည်သည့်အရာက လူသား၏လိုအင် ဖြစ်ပြီး ဘုရားသခင်ထံမှ မည်သည့်အရာ ပေါ်ပေါက်သည်ကို အားလုံးက အတိအကျ သိကြသည်။ ယင်းမှာ လူအတော်များများသည် ၎င်းတို့၏ ရည်ရွယ်ချက်များ အကျိုးဆက်အနေဖြင့် ခရစ်တော်ကို တမင်တကာ ခုခံရုံမျှခုခံကြခြင်းသာ ဖြစ်သည်။ ဤအတွက်မဟုတ်ပါက ခရစ်တော် ဖော်ပြသည့် ဘုရားသဘာဝက ဧကန်အမှန် တည်ရှိပြီး၊ သူ၏ အမှုကို ပကတိမျက်စိဖြင့် မျက်မြင်တွေ့နိုင်သည့်အတွက်၊ ခရစ်တော်၏ တည်ရှိခြင်းကို လူတစ်ဦးကမျှ ငြင်းပယ်ဖို့ အကြောင်း ရှိမည်မဟုတ်ပေ။
ခရစ်တော်၏အမှုနှင့် ဖော်ပြချက်တို့က သူ၏အနှစ်သာရကို ဆုံးဖြတ်သည်။ သူသည် မိမိအား ပေးအပ်ထားပြီးဖြစ်သည့်အရာကို စစ်မှန်သော နှလုံးသားဖြင့် ပြီးပြည့်စုံစေနိုင်သည်။ သူသည် စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုးကွယ်နိုင်ပြီး၊ ခမည်းတော် ဘုရားသခင်၏ အလိုကိုလည်း စစ်မှန်သော နှလုံးသားဖြင့် ရှာဖွေနိုင်သည်။ ဤအရာအားလုံးကို သူ၏အနှစ်သာရက သတ်မှတ်သည်။ ထိုနည်းတူ သူ၏သဘာဝအလျောက် ထုတ်ဖော်ပြခြင်းကိုလည်း သူ၏ အနှစ်သာရက သတ်မှတ်သည်။ ဤအရာကို “သဘာဝအလျောက် ထုတ်ဖော်ပြခြင်း” ဟု ခေါ်ဆိုရသည့် အကြောင်းရင်းမှာ သူ၏ဖော်ပြချက်သည် တုပခြင်း သို့မဟုတ် လူသား ပညာရေး၏ ရလဒ် သို့မဟုတ် နှစ်ပေါင်းများစွာ လူသား၏ ပြုစုပျိုးထောင်ခြင်း ရလဒ် မဟုတ်သောကြောင့်ဖြစ်သည်။ သူသည် ယင်းကို မသင်ယူခဲ့ပေ သို့မဟုတ် ယင်းဖြင့် မိမိကိုယ်ကိုယ် မဆင်ယင်ခဲ့ပေ။ ယင်းထက် ထိုအရာသည် သူ၏အတွင်းတွင် မွေးရာပါဖြစ်သည်။ လူသားက သူ၏အမှု၊ သူ၏ ဖော်ပြချက်၊ သူ၏လူ့သဘာဝနှင့် သူ၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် အသက်တာ တစ်ခုလုံးကို ငြင်းဆန်ကောင်း ငြင်းဆန်နိုင်သော်လည်း၊ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားဖြင့် ကိုးကွယ်သည်ကို မည်သူမျှမငြင်းနိုင်ပေ။ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို ဖြည့်ဆည်းရန် သူကြွလာပြီးဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်သကဲ့သို့၊ စစ်မှန်ရိုးသားမှုဖြင့် ခမည်းတော် ဘုရားသခင်ကို သူ ရှာဖွေသည်ကို မည်သူမျှ မငြင်းနိုင်ပေ။ သူ၏ ပုံသဏ္ဌာန်သည် အာရုံခံစားမှုများအဖို့ နှစ်သက်ဖွယ် မဟုတ်သော်လည်း၊ သူ၏ အကျယ်တဝင့် ဟောပြောချက်သည် ထူးခြားသော ဟန်ပန်တစ်ခု မပိုင်ဆိုင်သကဲ့သို့၊ သူ၏အမှုသည် လူတို့တွေးထင်သလောက် ကမ္ဘာကို တုန်သွားစေလောက်သော သို့မဟုတ် ကောင်းကင်ဘုံကို လှုပ်ခါသွား စေလောက်သောအရာ မဟုတ်သော်ငြား၊ သူသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို စစ်မှန်သော နှလုံးသားဖြင့် ဖြည့်ဆည်းသည့်၊ ကောင်းကင်ဘုံရှိ ခမည်းတော်ကို လုံးဝ ကျိုးနွံနာခံသကဲ့သို့ သေသည်တိုင်အောင် နာခံသည့် ခရစ်တော် စင်စစ် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူ၏အနှစ်သာရသည် ခရစ်တော်၏ အနှစ်သာရ ဖြစ်သောကြောင့်ဖြစ်သည်။ ဤသမ္မာတရားသည် လူသားအတွက် ယုံကြည်ရန် ခက်ခဲသော်လည်း၊ အမှန်တရား တစ်ခု ဖြစ်သည်။ ခရစ်တော်၏ အမှုတော်သည် အကုန်အစင် ပြည့်စုံပြီးဖြစ်ချိန်တွင်၊ သူ၏ စိတ်သဘောထားနှင့် သူ၏ ဖြစ်တည်မှုတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်တည်မှုတို့ကို ကိုယ်စားပြုသည်ကို သူ၏ အမှုမှ လူသားက မြင်နိုင်လိမ့်မည်။ ထိုအချိန်တွင် သူ၏ အမှု စုစုပေါင်းက သူသည် နှုတ်ကပတ်တော် ဖြစ်လာသည့် လူ့ဇာတိ ဧကန်အမှန် ဖြစ်ပြီး၊ အသွေးအသားရှိသည့် လူသားကဲ့သို့ မဟုတ်သည်ကို အတည်ပြုနိုင်ပေသည်။ ကမ္ဘာပေါ်၌ ခရစ်တော်၏ အမှုအဆင့်တိုင်းသည် ယင်း၏ ကိုယ်စားပြုသော အရေးပါမှုရှိသော်လည်း၊ အဆင့်အသီးသီး၏ တကယ့်အမှုကို တွေ့ကြုံရသည့် လူသည် သူ၏ အမှု၏ အရေးပါမှုကို သဘောမပေါက်နိုင်ပေ။ ဤသည်မှာ အထူးသဖြင့် သူ၏ ဒုတိယကြိမ် လူ့ဇာတိခံယူခြင်း၌ ဘုရားသခင် ဆောင်ရွက်ခဲ့သော အမှု၏ အဆင့် အချို့အတွက် ဖြစ်သည်။ ခရစ်တော်၏ နှုတ်ကပတ်တော်များကို ကြားရရုံ သို့မဟုတ် မြင်ရရုံလောက်သာရှိပြီး သူ့ကို တစ်ခါမျှ မမြင်ဖူးသူ အများစုသည် သူ၏ အမှုနှင့်ဆိုင်သည့် အယူအဆများ မရှိကြပေ။ ခရစ်တော်ကို မြင်ဖူးပြီး သူ၏နှုတ်ကပတ်တော်များကို ကြားဖူးသည့်အပြင် သူ၏အမှုကိုလည်း တွေ့ကြုံဖူးသူတို့သည် သူ၏အမှုကို လက်ခံရန် ခက်ခဲသည်ကို တွေ့ကြရသည်။ ဤသည်မှာ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် ပုံမှန်လူ့သဘာဝတို့သည် လူသား အကြိုက်မဟုတ်သောကြောင့် ဖြစ်သည် မဟုတ်လော။ ခရစ်တော် ထွက်သွားပြီးနောက် သူ၏အမှုကို လက်ခံသူတို့သည် သူ၏ အမှုကို လက်ခံရုံမျှလက်ခံပြီး ခရစ်တော်၏ ပုံမှန် လူ့သဘာဝနှင့် ထိတွေ့ခြင်း မရှိသည့်အတွက်၊ ထိုသို့သော အခက်အခဲများ ရှိလိမ့်မည်မဟုတ်ပေ။ လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် သူ၏အယူအဆများကို မချန်ထားနိုင်သကဲ့သို့၊ ယင်းအစား ဘုရားသခင်ကို အလွန် ပြင်းထန်စွာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဤသည်မှာ လူသားသည် သူ၏ပုံပန်းသဏ္ဌာန် အပေါ်သာ အာရုံစိုက်ပြီး သူ၏အမှုနှင့် နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ သူ၏အနှစ်သာရကို သတိမပြုမိနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ လူသားသည် ခရစ်တော်၏ ပုံပန်းသဏ္ဌာန်ကို လျစ်လျူရှုထားမည် သို့မဟုတ် ခရစ်တော်၏ လူ့သဘာဝကို ဆွေးနွေးခြင်းအား ရှောင်ရှားပြီး မည်သည့်လူသားမျှ ကြိုးပမ်း မရရှိနိုင်သည့် သူ၏အမှုနှင့် နှုတ်ကပတ်တော်များ ရှိသည့် သူ၏ ဘုရားသဘာဝကိုသာ ပြောဆိုမည်ဆိုပါက၊ လူသား၏ အယူအဆများသည် လူသား၏ အခက်အခဲများအားလုံးကို ပြေလည်သွားမည့် အတိုင်းအတာအထိပင် ထက်ဝက် ကျဆင်း သွားလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင် အမှုအတောအတွင်းတွင်၊ လူသားသည် သူ့ကို သည်းမခံနိုင်သကဲ့သို့၊ သူနှင့်ပတ်သက်သော အယူအဆ အမြောက်အမြားဖြင့် ပြည့်နှက်ပြီး၊ ခုခံမှုနှင့် မနာခံမှုတို့ ဖြစ်စဉ်များမှာ ဖြစ်နေကျ ဖြစ်သည်။ လူသည် ဘုရားသခင်၏ တည်ရှိခြင်းကို သည်းမခံနိုင်ပေ၊ ခရစ်တော်၏ နှိမ့်ချမှုနှင့် သိုဝှက်မှုတို့အပေါ် သက်ညှာမှု မပြသနိုင် သို့မဟုတ် ကောင်းကင်ဘုံရှိ ခမည်းတော်ကို နာခံသည့် ခရစ်တော်၏ အနှစ်သာရကို ခွင့်မလွှတ်ပေးနိုင်ပေ။ ထို့ကြောင့် လူသားသည် သူ့ကို ၎င်းတို့နှင့်အတူ အသက်ရှင်ဖို့ အခွင့်ပေးရန် လိုလားနေခြင်း မရှိသည့်အတွက်၊ ခရစ်တော်သည် သူ၏အမှု ပြီးစီးသွားပြီးနောက်တွင် လူသားနှင့် ထာဝရ မနေနိုင်ပေ။ လူသားသည် ခရစ်တော်၏ အမှုအတောအတွင်းတွင်၊ သူ့အပေါ် သက်ညှာမှု မပြသနိုင်ပါက၊ ခရစ်တော်သည် သူ၏ အမှုတော်ကို ဖြည့်ဆည်းပြီးသည့်နောက်တွင် သူ၏ နှုတ်ကပတ်တော်များအား လူသားတို့ တဖြည်းဖြည်း တွေ့ကြုံကြသည်ကို စောင့်ကြည့်သည်နှင့်အမျှ၊ ၎င်းတို့နှင့်အတူ သူ အသက်ရှင်ခြင်းကို ၎င်းတို့ သည်းခံဖို့ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သို့ဆိုလျှင် သူ့ကြောင့် များစွာသောလူတို့သည် ပြိုလဲကြမည် မဟုတ်လော။ ကမ္ဘာပေါ်၌ အမှုပြုရန်သာ လူသားက သူ့ကို အခွင့်ပေးသည်။ ဤသည်မှာ လူတို့သက်ညှာမှု၏ အကြီးမားဆုံး အတိုင်းအတာ တစ်ခု ဖြစ်သည်။ သူ၏အမှုအတွက် မဟုတ်ခဲ့ပါက၊ လူသည် သူ့ကို အချိန်ကြာမြင့်စွာက ကမ္ဘာမြေမှ နှင်ထုတ်ပြီးဖြစ်ပေမည်၊ ထို့ကြောင့် သူ၏အမှု ပြီးစီးသည်နှင့်တစ်ပြိုင်နက် လူတို့သည် သက်ညှာမှုကို မည်မျှသာ၍ နည်းပါးစွာ ပြသကြမည်နည်း။ ထို့နောက် လူသည် ခရစ်တော်ကို သေခြင်းသို့ပို့ဆောင်ပြီး သေသည်အထိ သူ့ကို ညှဉ်းဆဲကြမည် မဟုတ်လော။ အကယ်၍ သူသည် ခရစ်တော်ဟု အခေါ်မခံခဲ့ရပါက၊ လူတို့အလယ် အလုပ်လုပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ အကယ်၍ သူသည် ဘုရားသခင် ကိုယ်တိုင်၏ ပင်ကိုလက္ခဏာဖြင့် အလုပ်မလုပ်သကဲ့သို့၊ ထိုအစား ပုံမှန် လူတစ်ဦးအဖြစ်သာ အလုပ်လုပ်ခဲ့ပါက၊ လူသည် သူ၏ အမှုကို စိုးစဉ်းမျှ သည်းခံရန်မဆိုထားနှင့်၊ ဝါကျတစ်ကြောင်းကို သူ၏ မိန့်မြွက်ခြင်းအား သည်းခံမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် သူ၏အမှုတွင် ဤပင်ကိုလက္ခဏာကို သူနှင့်အတူ သယ်ဆောင်ရုံသာ တတ်နိုင်သည်။ ဤနည်းဖြင့် လူအားလုံးသည် တည်မြဲပြီး ကြီးမားသော ပင်ကိုလက္ခဏာကို နာခံလိုက်လျှောက်ရန် လိုလားနေကြသည့်အတွက်၊ သူ၏အမှုသည် ထိုသို့ မလုပ်ဆောင်ခဲ့မည်ထက်ပင် ပို၍ အားကောင်းလေသည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်အဖြစ် အမှုပြုသည်နှင့်အမျှ သို့မဟုတ် ပေါ်ထွန်းသည်နှင့်အမျှ ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာကို သူ မသယ်ဆောင်ခဲ့ပါက၊ သူသည် အမှုပြုဖို့ အခွင့်အရေး လုံးဝ ရှိမည် မဟုတ်ပေ။ သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် ခရစ်တော်၏ ဖြစ်ခြင်းတို့ကို ရှိထားသော်ငြားလည်း၊ လူသားမျိုးနွယ်အလယ်တွင် သူ၏အမှုကို လွယ်လင့်တကူ ဆောင်ရွက်ဖို့ သူ့ကို လူသားက လျှော့ပေါ့ပြီး အခွင့်ပေးမည် မဟုတ်ပေ။ သူသည် သူ၏အမှုတွင် ဘုရားသခင် ကိုယ်တိုင်၏ ပင်ကိုလက္ခဏာကို သယ်ဆောင်လေသည်။ ထိုသို့သော အမှုသည် ထိုသို့သော ပင်ကိုလက္ခဏာမပါဘဲ၊ လုပ်ဆောင်ခဲ့သည်ထက် အကြိမ်ပေါင်း မြောက်မြားစွာ တန်ခိုးသာ၍ ကြီးမားသော်ငြားလည်း၊ လူသားသည် သူ၏ အနှစ်သာရကို မဟုတ်ဘဲ၊ သူ၏ အဆင့်အတန်းကိုသာ ကျိုးနွံနာခံသည့်အတွက်၊ လူသည် သူ့ကို အပြည့်အဝ မနာခံသေးပေ။ သို့ဆိုလျှင် တစ်နေ့ ခရစ်တော်သည် သူ၏ရာထူးမှ နုတ်ထွက်မည့်အချိန်တွင်၊ လူသည် သူ့ကို တစ်ရက်တာမျှပင် ဆက်အသက်ရှင်ရန် ခွင့်ပြုနိုင်မည်လော။ ဘုရားသခင်သည် နောက်လာမည့် နှစ်များတွင် သူ၏ လက်ဖြင့်ပြုသော အမှုက ဖြစ်ပေါ်စေမည့် အကျိုးတရားများကို မြင်တွေ့နိုင်ဖို့အလို့ငှာ လူသားနှင့်အတူ ကမ္ဘာပေါ်၌ အတူတကွ နေထိုင်လိုသည်။ သို့သော် လူသားသည် သူ၏ မျက်မှောက်ကို တစ်ရက်မျှပင် သည်းမခံနိုင်ပေ၊ ထို့ကြောင့် သူ့အနေနှင့် လက်လျှော့ရုံသာ တတ်နိုင်ခဲ့သည်။ ဘုရားသခင်အား လူသားအလယ်တွင် သူ လုပ်ဆောင်သင့်သည့် အမှုကို လုပ်ဆောင်ခွင့်ပေးပြီး သူ၏အမှုတော်ကို ဖြည့်ဆည်းခွင့်ပေးဖို့ ဆိုသည်မှာ လူသား၏ သက်ညှာမှုနှင့် ကျေးဇူးတော်တို့၏ အကြီးမားဆုံးသော အတိုင်းအတာ ဖြစ်နှင့်ပြီး ဖြစ်သည်။ သူ၏ ကိုယ်တိုင်ကိုယ်ကျ သိမ်းပိုက်ခြင်းခံခဲ့ရသော သူများသည် သူ့အား ထိုသို့သော ကျေးဇူးကို ပြကြသော်ငြားလည်း၊ ၎င်းတို့သည် သူ၏အမှု ပြီးစီးပြီးဖြစ်သည်အထိသာ သူ့ကို နေထိုင်ခွင့်ပြုဆဲ ဖြစ်ပြီး တစ်ဒင်္ဂမျှ နောက်ထပ် ခွင့်မပြုပေ။ ဤသို့ဆိုပါက သူ၏ သိမ်းပိုက်ခြင်း မခံရသူတို့အကြောင်းကား အဘယ်သို့နည်း။ လူသားသည် လူ့ဇာတိခံ ဘုရားသခင်ကို ဤသို့ဆက်ဆံသည့် အကြောင်းရင်းမှာ သူသည် ပုံမှန်လူသားတစ်ဦး၏ အခွံရှိသည့် ခရစ်တော် ဖြစ်သောကြောင့် မဟုတ်လော။ အကယ်၍ သူသည် ဘုရားသဘောသဘာဝသာရှိပြီး ပုံမှန်လူ့သဘာဝ မရှိပါက၊ လူသား၏ အခက်အခဲများကို အလွယ်ကူဆုံး ဖြေရှင်းလိုက်နိုင်မည် မဟုတ်လော။ သူ၏အနှစ်သာရသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို ကျိုးနွံနာခံသည့်ခရစ်တော်၏ အနှစ်သာရ အတိအကျဖြစ်သည် ဆိုသော်ငြားလည်း၊ လူသားသည် သူ၏ ဘုရားသဘောသဘာဝကို စိတ်မပါ့တစ်ပါ အသိအမှတ်ပြုပြီး သာမန်လူသား တစ်ဦးနှင့်ဆိုင်သည့် သူ၏ အကာကို စိတ်မဝင်စားပေ။ ထိုသို့ဖြင့် လူသည် သူ၏တည်ရှိခြင်းကို သည်းမခံနိုင်တော့သည့်အတွက် သူသည် ၎င်းတို့နှင့်အတူတကွ ပျော်ရွှင်မှုများနှင့် ဝမ်းနည်းမှုများကို မျှဝေနိုင်ရန် လူသားအလယ်တွင် ရှိခြင်းနှင့်ဆိုင်သည့် သူ၏ အမှုကို ပယ်ဖျက်ရုံသာ တတ်နိုင်လေသည်။