သက်သာမှုကို တောင့်တခြင်းမှ ရရှိသည့် နာကျင်ရသော သင်ခန်းစာ

29.03.2025

၂၀၁၇ နှောင်းပိုင်းမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရပါတယ်။ ဒီတာဝန်ကို အရင်က တစ်ခါမှ မလုပ်ဖူးတော့ ကျွန်မ နည်းနည်း စိတ်ဖိစီးနေခဲ့တယ်။ ဒါပေမဲ့ ဒီတာဝန်ကို ကျွန်မ ယူနိုင်တာက ဘုရားသခင်က ကျွန်မကို ချီးမြှောက်ပြီး ကျေးဇူးပြုတာမှန်း သိခဲ့ပါတယ်။ ဒါကြောင့် ဒီတာဝန်ကို ကျွန်မ ယူချင်စိတ်ရှိခဲ့တယ်။ အစပိုင်းမှာ ညီအစ်ကိုမောင်နှမတွေက ပြဿနာတွေကို ကြုံရတဲ့အခါ ကျွန်မက အဲဒါတွေကို ဖြေရှင်းဖို့အတွက် ဘုရားကို အားကိုးပြီး သမ္မာတရားစည်းမျဉ်းတွေကို ရှာခဲ့တယ်။ တစ်ခါတလေမှာ ကျွန်မက ညဉ့်နက်တဲ့အထိ အလုပ်လုပ်ပြီး ခက်ခဲတယ်၊ ပင်ပန်းတယ်လို့ မခံစားရသေးဘူး။ အချိန်နည်းနည်းကြာတော့ အသင်းတော်အလုပ်ရဲ့ ကဏ္ဍအမျိုးမျိုးမှာ တိုးတက်မှုတစ်ခုခုကို မြင်ရပြီး ဒီတာဝန်နဲ့သက်ဆိုင်တဲ့ စည်းမျဉ်းတချို့ကို ကျွန်မ သဘောပေါက်လာခဲ့တယ်။ ဒါကြောင့် ကျွန်မ ခံစားနေရတဲ့ ဖိအားတချို့က သက်သာသွားခဲ့တယ်။

နှစ်တွေကုန်သွားပြီး ၂၀၂၁ခုနှစ်၊ မတ်လကျတော့ အသင်းတော်မှာ အသင်းသားအရေအတွက် တိုးလာလို့ အလုပ်ပမာဏက များလာတယ်။ ပြီးတော့ ကျွန်မက စိတ်ဖိစီးမှုတွေ ခံစားလာရပြန်ရော။ အဲဒီအချိန်တုန်းက ကျွန်မနဲ့ အလုပ်အတူလုပ်ပေးနေတဲ့ အစ်မကျင်းယွမ်က လူသစ်တစ်ယောက်ပါ။ သူက အလုပ်မှာ မကျွမ်းကျင်သေးဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အပျက်သဘောဆောင်တတ်တယ်။ ဒီတော့ အသင်းတော်အလုပ်အများစုက ကျွန်မအပေါ် ကျလာတာပေါ့။ အစတော့ ကျွန်မက ကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်တယ်။ ကျင်းယွမ်က ယုံကြည်သူဖြစ်တာ သိပ်မကြာသေးတဲ့အပြင် အလုပ်ကို မကိုင်နိုင်တွယ်နိုင်တော့ ကျွန်မက ပိုလုပ်ရတာ ကိစ္စမရှိပါဘူးဆိုပြီး တွေးတာပေါ့။ နေ့ပိုင်းမှာ ကျွန်မက အလုပ်ကို အကောင်အထည်ဖော်ဖို့ စုဝေးတာတွေ၊ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းတာတွေနဲ့ အလုပ်ရှုပ်နေတယ်။ ည အိမ်ပြန်ရောက်တော့ အလုပ်မှာရှိတဲ့ လမ်းလွဲတာတွေ၊ ပြဿနာတွေကိုလည်း အနှစ်ချုပ်ရတယ်။ ဒီလို အချိန်ကြာကြာလုပ်ပြီးတဲ့နောက်မှာ ခေါင်းဆောင်ဖြစ်ရတာက ခက်ခဲပင်ပန်းလွန်းတယ်၊ ဘာအားလပ်ချိန်မှ မရှိဘူးလို့ ခံစားမိလာတယ်။ ကျွန်မက ကျန်းမာရေးမကောင်းဘူး။ အရင်က ကင်ဆာဖြစ်ဖူးပြီး သက်သာတာ သုံးလေးနှစ်ပဲရှိသေးတယ်။ ဆရာဝန်က ကျွန်မကို ကောင်းကောင်းအနားယူဖို့ ပြောတယ်။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားတယ်။ “ငါက နေ့တိုင်း အရမ်းအလုပ်ရှုပ်တယ်။ ငါက ကိုယ့်ကိုယ်ကိုယ် ဒီလို ပင်ပန်းအောင်လုပ်နေရင် ငါ့ရောဂါက ပြန်ဖြစ်လာမှာ မဟုတ်ဘူးလား။ ဒီလိုဖြစ်ရင် ငါ့ကိုယ်ခန္ဓာက ဒုက္ခခံရရုံတင်မကဘူး။ သေလည်းသေနိုင်တယ်” ပေါ့။ ဒီလိုတွေးပြီး တော်တော်စိတ်ပူသွားတယ်။ ခေါင်းဆောင်အနေနဲ့ ကျွန်မတာဝန်ကို မထမ်းဆောင်ချင်တော့ဘူး။ အနားယူဖို့အတွက် အချိန်နည်းနည်းပိုရအောင် ပိုလွယ်တဲ့တာဝန်တစ်ခုကို ကျွန်မ ပြောင်းချင်ခဲ့တယ်။ ကျွန်မမှာ နှုတ်ထွက်စာ ရေးလိုက်ချင်တဲ့ အချိန်ပေါင်းလည်း မနည်းခဲ့ပါဘူး။ ကျွန်မ ဒီလိုတွေးမိတိုင်း နည်းနည်းအပြစ်ရှိသလို ခံစားရတယ်။ အသင်းတော်မှာက ခေါင်းဆောင်ဖြစ်ဖို့ သင့်တော်တဲ့သူတစ်ယောက်မှ မရှိခဲ့ဘူး။ ဒီတော့ ကျွန်မ နုတ်ထွက်ရင် အသင်းတော်အလုပ်က ဘယ်လိုဖြစ်မလဲ။ နောက်ပိုင်းမှာ ကျွန်မ ဧဝံဂေလိအလုပ်ကို အကောင်အထည်ဖော်ဖို့ သွားခဲ့တယ်။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေမှာ သူတို့ကို ဟန့်တားနှောင့်ယှက်နေတဲ့ အမြင်မှားတွေ အများကြီးရှိတာကို တွေ့လိုက်ရတယ်။ အစတော့ ကျွန်မက မိတ်သဟာယပြုပြီး ဖြေရှင်းပေးဖို့ အားစိုက်နိုင်တယ်။ ဒါပေမဲ့ အချိန်နည်းနည်းကြာတော့ ဧဝံဂေလိအလုပ်ရဲ့ ရလဒ်တွေက ရှော်နေတုန်းပဲ။ လမ်းလွဲတာတွေကို အနှစ်ချုပ်ပြီး ပြဿနာတွေဖြေရှင်းဖို့ ကျွန်မ စိုက်ထုတ်ရတဲ့ အချိန်အင်အား၊ လူအင်အားတွေ၊ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေမှာရှိတဲ့ပြဿနာတစ်ခုခုကို နောက်ဆက်တွဲလိုက်လုပ်ပြီး ဖြေရှင်းဖို့ ဆက်လုပ်ရပုံတွေ၊ လုပ်စရာအလုပ် ဘယ်လောက်များတယ်ဆိုတာတွေကို ကျွန်မ တွေးမိတိုင်း ကျွန်မ ပင်ပန်းတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါ့မှာက လုပ်စရာအလုပ်တွေ အများကြီးရှိနေပြီးသား။ အဲဒါတွေအကုန်လုံးကို ငါက ဘယ်လိုလုပ်ပြီးတော့များ စီမံရမှာလဲ။ ငါ့ကိုယ်ခန္ဓာက ချုံးချုံးကျသွားရင် ဘယ်လိုလုပ်မလဲ။ ငါ့ကိုယ်ခန္ဓာကို ငါပိုင်တယ်။ ငါ အပင်ပန်းမခံမှရမယ်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ခြေကုန်လက်ပန်းကျအောင်လုပ်လို့ မဖြစ်ဘူး” ပေါ့။ အဲဒါနဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ တွေ့တဲ့ အချိန်တိုင်းမှာ တရားဟောပေးစရာ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတစ်ယောက်ယောက် ရှိမရှိဆိုတာလောက်ပဲ အကျဉ်းချုံးမေးလိုက်တယ်။ နောက်တော့ အယူဝါဒစကားနည်းနည်းကို ကျွန်မပြောပြီး ထွက်သွားလိုက်တယ်။ အဲဒီနောက် မကြာဘူး။ အထက်ခေါင်းဆောင်ပိုင်းက စာတစ်စောင်ပို့တယ်။ ဧဝံဂေလိအလုပ်က ရလဒ်တွေမရတဲ့ အကြောင်းရင်းက ခေါင်းဆောင်က တကယ့်အလုပ်ကို မလုပ်တာကြောင့်ဖြစ်ရမယ်ဆိုပြီး ပြောထားတယ်။ ကျွန်မ နည်းနည်းစိတ်မကောင်းဖြစ်သွားတယ်။ “ဧဝံဂေလိအလုပ်က ငါ့တာဝန်ပဲ။ ရလဒ်မရှိတာက ငါနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်” ဆိုပြီး တွေးမိတယ်။ ကျွန်မ နည်းနည်းဖိနှိပ်ခံရသလိုလည်း ခံစားမိတယ်။ ကဏ္ဍတစ်မျိုးတည်းပါတဲ့အလုပ်ကို လုပ်ရတာ ပိုကောင်းမယ်လို့ တွေးမိတယ်။ အသင်းတော်ရဲ့ လူသစ်တွေကို ရေလောင်းတာလိုမျိုးပေါ့။ ဒီလိုဆိုရင် ကျွန်မက နည်းနည်းသက်သောင့်သက်သာနေနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် အရမ်းပင်ပန်းအောင်မလုပ်မိတော့ဘူးပေါ့။ ခေါင်းဆောင်လုပ်ရတာက တော်တော်ခက်တဲ့အလုပ်ပဲ။ အလုပ်က ကောင်းကောင်းမပြီးရင် ကျွန်မက တာဝန်ယူရတယ်။ ကျွန်မက တာဝန်ရှိကြောင်း ဝန်ခံပြီး နုတ်ထွက်လိုက်သင့်တယ်လို့ ခံစားမိတယ်။ အဲဒါနဲ့ အထက်ခေါင်းဆောင်နဲ့ ကျွန်မ တွေ့တော့ ကျွန်မအခက်အခဲတွေနဲ့ ဆင်းရဲဒုက္ခတွေကို တိုင်တန်းလိုက်တယ်။ ကျွန်မက ဒီတာဝန်ကို လုပ်ဖို့ လိုတဲ့ အစွမ်းအစမရှိဘူး၊ ခေါင်းဆောင်နေရာကို ကျွန်မ ယူထားတာက ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ဟန့်တားနှောင့်ယှက်နေပြီး အသင်းတော်အလုပ်ကို ထိခိုက်နေတယ်၊ ဒါဟာ မကောင်းမှုကျူးလွန်နေတာပဲဆိုပြီး ပြောလိုက်တယ်။ ခေါင်းဆောင်က ကျွန်မ နုတ်ထွက်တာကို လက်မခံဘူး။ ဒီအစား ကျွန်မကို မိတ်သဟာယဖွဲ့ပြီး ကူညီပေးတယ်။ ကျွန်မက အစွမ်းအစမရှိတာမဟုတ်ဘဲ ကျွန်မရဲ့ ကိုယ်ပိုင် ဇာတိပကတိကို အရမ်းအလေးထားနေတယ်ဆိုတာကို သဘောပေါက်လိုက်တယ်။ ပြီးတော့ ကျွန်မက ကိုယ်ခန္ဓာဒုက္ခခံရဖို့ တွေးမိတိုင်း ကျွန်မ ကိုယ်ခန္ဓာက ဗုန်းဗုန်းလဲသွားမှာကို ကြောက်နေတုန်းပဲ။ ပြီးတော့ ကျွန်မရဲ့ ရောဂါဟောင်းက ပြန်ထလာပြီး ကျွန်မ သေသွားရင် ဘာဖြစ်မှာလဲ တွေးမိတယ်။ ကျွန်မက တာဝန်ထမ်းဆောင်နေပုံ ပေါ်ပေမဲ့ စိတ်ဆင်းရဲနေပြီး ဖိနှိပ်ခံရသလို ခံစားမိတယ်။ နောက်ပိုင်းမှာ ဧဝံဂေလိအလုပ်ကို ကြီးကြပ်တဲ့အစ်မက ကျွန်မကို ပြောတယ်။ “ညီမအသင်းတော်က ဧဝံဂေလိအလုပ်ရဲ့ အားရစရာမရှိတဲ့ရလဒ်တွေက ညီမနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်” တဲ့။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ခဲ့ဘူး။ ဒီအစား ဆင်ခြေတွေ၊ ကျိုးကြောင်းပြချက်တွေကို အကြံထုတ်ခဲ့တယ်။ ကျွန်မက အစွမ်းအစမရှိတဲ့အပြင် အလုပ်ကို မကိုင်တွယ်နိုင်ဘူးလို့ ပြောတယ်။ အဲဒီနောက်မှာ ကျွန်မက ကိုယ့်တာဝန်မှာ ဆက်ပြီး ဘာသိဘာသာပဲနေခဲ့တယ်။

၂၀၂၁ခုနှစ်၊ ဇွန်လရဲ့ နေ့တစ်နေ့မှာ စုဝေးပွဲတစ်ခုလုပ်နေတုန်း ရဲဖမ်းတာကို ကျွန်မ ခံလိုက်ရတယ်။ အဲဒီအချိန်ခဏမှာ ဒါဟာ ဘုရားက ကျွန်မကို ရိုက်နှက်ဆုံးမနေတာပဲဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ အမြဲတမ်း ဘာသိဘာသာနေတယ်။ ကျွန်မရဲ့ ဇာတိပကတိကို အမြဲတမ်းအလေးထားပြီး နုတ်ထွက်ချင်တယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို မထမ်းဆောင်ချင်ဘူး။ အခုတော့ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးကို ဘုရားသခင်က ပြန်ရုပ်သိမ်းဖို့အတွက် ဒီအခြေအနေကို အသုံးပြုခဲ့တယ်လို့ခံစားမိတယ်။ ကျွန်မ စိတ်နှလုံးကလည်း စိတ်ဆင်းရဲမှုနဲ့ ပြည့်နေခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားရဲ့ ကွယ်ကာမှုကြောင့် ကျွန်မ မြန်မြန်လွတ်လာခဲ့တယ်။ ရဲကစောင့်ကြည့်ပြီး ဖမ်းဆီးတာကို ရှောင်ဖို့အတွက် ကျွန်မ အချိန်ခဏလောက် သွားပုန်းနေရပြီး တာဝန်ထမ်းဆောင်ဖို့ အပြင်မထွက်နိုင်ခဲ့ဘူး။ တော်တော်စိတ်ဆင်းရဲနေရပြီး အရမ်း အပျက်သဘောဆောင်တယ်။ ဒီအခြေအနေဟာ ဘုရားသခင်က ကျွန်မကို ထုတ်ဖော်နေပြီး ကျွန်မကို အလိုမရှိတော့တဲ့သဘောလားလို့ တွေးနေမိတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်ကို ထုတ်ဖော်ပြဖို့၊ သို့မဟုတ် ဆုံးမပဲ့ပြင်ဖို့ အရေးကိစ္စအချို့ကို အသုံးပြုသည်။ သို့ဆိုလျှင် ဤသည်မှာ သင်သည် ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီးဖြစ်သည်ဟု ဆိုလိုသလော။ သင်၏အဆုံးသတ်သည် ရောက်လာပြီး ဖြစ်သည်ဟု ဆိုလိုသလော။ မဟုတ်ပေ။...အမှန်တွင်၊ အခြေအနေများစွာ၌၊ လူတို့၏ ပူပန်မှုများသည် ၎င်းတို့ကိုယ်ပိုင် ကိုယ်ကျိုးစီးပွားမှ လာပေသည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ ၎င်းတို့တွင် ရလဒ်မရှိမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ ၎င်းတို့က၊ ‘ဘုရားသခင်သည် ကျွန်ုပ်ကို ထုတ်ဖော်ပြလျှင်၊ ဖယ်ရှားရှင်းလင်းပြီး ငြင်းပယ်လျှင်၊ အဘယ်သို့ဖြစ်မည်နည်း’ဟု အမြဲ တွေးနေကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် သင်၏ အဓိပ္ပာယ်ကောက်လွဲခြင်းဖြစ်သည်။ ဤသည်တို့မှာ သင်၏ တစ်ဖက်သတ် မှန်းဆချက်များဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို သင် အဖြေရှာရမည်။ သူက လူတို့ကို ထုတ်ဖော်ပြသည့်အခါ၊ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခြင်းအတွက် မဟုတ်။ လူတို့သည် ၎င်းတို့၏ အားနည်းချက်များ၊ အမှားများနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရတို့ကို ဖော်ထုတ်ရန်၊ ၎င်းတို့အား မိမိတို့ကိုယ်ကို သိရှိစေပြီး၊ စစ်မှန်သည့် နောင်တရလာနိုင်စွမ်းရှိစေရန်အလို့ငှာ ထုတ်ဖော်ပြခံရခြင်းဖြစ်သည်။ ဤအကြောင်းရင်းကြောင့် လူတို့ကို ထုတ်ဖော်ပြခြင်းသည် ၎င်းတို့၏ အသက်တာများ ကြီးထွားစေရန်ဖြစ်သည်။ သိနားလည်မှုစစ်စစ် မရှိဘဲနှင့်၊ လူတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲကာ အပျက်သဘောဆောင်ပြီး အားနည်းလာတတ်သည်။ ၎င်းတို့သည် စိတ်ပျက်လက်ပျက်ပင် ဖြစ်သွားနိုင်သည်။ အမှန်တွင်၊ ဘုရားသခင်၏ ထုတ်ဖော်ပြခံရခြင်းသည် သင် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်ဟု မလွှဲမသွေဆိုလိုခြင်း မဟုတ်ပေ။ ထိုအရာမှာ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သင့်အား သိရှိအောင် ကူညီရန်နှင့် သင့်ကို နောင်တရစေရန် ဖြစ်သည်။ မကြာခဏ၊ လူတို့သည် ပုန်ကန်တတ်ကြသကဲ့သို့ ဖောက်ပြန်ပျက်စီးခြင်းကို ၎င်းတို့ ထုတ်ဖော်ပြသည့်အခါ သမ္မာတရားတွင်ရှိသည့် ဖြေရှင်းချက်ကို ရှာရန် မကြိုးစားကြသောကြောင့် ဘုရားသခင်က ဆုံးမပဲ့ပြင်ခြင်းကို ကျင့်သုံးရမည်ဖြစ်သည်။ ထို့ကြောင့်၊ တစ်ခါတစ်ရံ၊ သူသည် လူတို့၏ အကျည်းတန်ခြင်းနှင့် သနားဖွယ်ဖြစ်ခြင်းတို့ကို ဖော်ထုတ်လျက်၊ ၎င်းတို့အား မိမိတို့ကိုယ်ကို သိရှိစေလျက်၊ လူတို့ကို ထုတ်ဖော်ပြသည်။ ယင်းက ၎င်းတို့၏အသက်တာကို ကြီးထွားရန် ကူညီပေးသည်။ လူတို့ကို ထုတ်ဖော်ပြခြင်းတွင် မတူကွဲပြားသည့် သွယ်ဝိုက်ညွှန်းဆိုချက်နှစ်ခု ရှိ၏။ ဆိုးယုတ်သောလူတို့အတွက်၊ ထုတ်ဖော်ပြခံရခြင်းသည် ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရသည်ဟု ဆိုလိုသည်။ သမ္မာတရားကို လက်ခံနိုင်သူတို့အတွက်၊ ထိုအရာမှာ အသိပေးချက်နှင့် သတိပေးချက်တစ်ခု ဖြစ်သည်။ ၎င်းတို့ကိုယ်၎င်းတို့ သုံးသပ်ရန်၊ မိမိတို့၏ စစ်မှန်သည့် အခြေအနေကို မြင်စေရန်၊ ထိန်းကျောင်းရခက်ပြီး မဆင်မခြင်ပြုမူခြင်းကို ရပ်တန့်စေရန် ယင်းကို ပြုလုပ်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ဆက်လုပ်ဆောင်ခြင်းက အန္တရာယ်ရှိမည်ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့ကို ဤသို့ထုတ်ဖော်ပြခြင်းသည် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့အနေဖြင့် နားဝေတိမ်တောင်ဖြစ်ကာ အမှုမဲ့အမှတ်မဲ့ဖြစ်လာခြင်းမရှိစေရန်၊ အမှုအရာများကို အလေးအနက် သဘောထားရန် ပျက်ကွက်ခြင်းမဖြစ်စေရန်၊ ရလဒ်အနည်းငယ်ဖြင့်သာ ကျေနပ်လာကာ လက်ခံနိုင်သည့် စံနှုန်းတစ်ခုအထိ မိမိတို့တာဝန်ကို ထမ်းဆောင်ပြီးဖြစ်သည်ဟု တွေးထင်ပြီး အမှန်တွင်မူ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် အကဲဖြတ်သည့်အခါ ၎င်းတို့ အလွန်စံမမီဖြစ်ကာ ထိုသို့ဖြစ်သည့်တိုင်၊ မိမိတို့ဘာသာ ကျေနပ်အားရကြဆဲဖြစ်၍ အဆင်ပြေနေသည်ဟု မိမိတို့ကိုယ်ကို ယုံကြည်ခြင်း မဖြစ်စေရန် ၎င်းတို့ကို အသိပေးခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေများတွင်၊ ဘုရားသခင်သည် လူတို့ကို ဆုံးမပဲ့ပြင်လိမ့်မည်၊ သတိပေးကာ အသိပေးလိမ့်မည်။ တစ်ခါတစ်ရံ၊ ၎င်းတို့၏ အကျည်းတန်ခြင်းကို ဘုရားသခင်က ထုတ်ဖော်ပြသည်။ ယင်းမှာ အသိပေးချက်တစ်ခုအဖြစ် သိသိသာသာ အသုံးချရန်ဖြစ်သည်။ ထိုသို့သော အချိန်များတွင်၊ သင့်ကိုယ်သင် သုံးသပ်သင့်၏။ သင်၏တာဝန်ကို ဤသို့ထမ်းဆောင်ခြင်းသည် မလုံလောက်ပေ။ သင့်အတွင်းတွင် ပုန်ကန်မှုရှိ၏။ အပျက်သဘောဆောင်သော အရိပ်လက္ခဏာများစွာ ရှိ၏။ သင် လုပ်ဆောင်သည့် အရာရာတိုင်းသည် ဝတ်ကျေတမ်းကျေဖြစ်ပြီး၊ သင် နောင်တမရသေးလျှင်၊ တရားသဖြင့်ဆိုရလျှင် သင် အပြစ်ပေးခံရသင့်ပေသည်။ မကြာခဏ၊ ဘုရားသခင်က သင့်ကို ပဲ့ပြင်ဆုံးမသည့်အခါ၊ သို့မဟုတ် သင့်ကို ထုတ်ဖော်ပြသည့်အခါ၊ ဤသည်မှာ သင် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်ဟု မလွှဲမသွေဆိုလိုခြင်း မဟုတ်ပေ။ ဤကိစ္စရပ်ကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ သင် ဖယ်ရှားရှင်းလင်းခံရလျှင်ပင်၊ ထိုအရာကို သင် လက်ခံကာ ကျိုးနွံနာခံသင့်ပြီး၊ အမြန် သုံးသပ်ကာ နောင်တရသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို နာခံခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှု ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ဘုရားအပေါ် ကျွန်မ နားလည်မှုလွဲတာတွေကို ပပျောက်စေခဲ့တယ်။ အဖမ်းခံရပြီး ကျွန်မတာဝန်ကို ဆုံးရှုံးရတာက ဘုရားသခင်က ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းဖို့ ဒီအခြေအနေကို အသုံးပြုနေတာလို့ ကျွန်မ ထင်ခဲ့တယ်။ တကယ်တော့ ဒီအခြေအနေက ဘုရားသခင်က ကျွန်မကို နှိုးဆော်သတိပေးနေခဲ့တာပါ။ ဒါက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။ ကျွန်မ ကိုယ့်တာဝန်မှာ တကယ့်အလုပ်ကို လုပ်ရမဲ့အစား အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေကို အမြဲတမ်း ညည်းညူပြီး ကိုယ်စိတ်ချမ်းသာတာကို တောင့်တခဲ့တယ်။ ဒါက အလုပ်ကိုပဲ နှောင့်နှေးစေခဲ့တယ်။ ကျွန်မမှာ ဒီလိုအခြေအနေ ဖြစ်မလာခဲ့ရင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ခဲ့မှာမဟုတ်ဘဲ ကိုယ့်တာဝန်ကို ဆက်ပြီး ပေါ့ပေါ့တန်တန် သဘောထားနေဦးမှာပဲ။ ဒါဆိုရင် အလုပ်အပေါ်မှာ ပြန်ပြင်လို့မရနိုင်တဲ့ ဆုံးရှုံးမှုတွေဖြစ်စေပြီး ဘုရားသခင်ကို အမျက်ထွက်စေမှာပဲ။ ဒီလိုဆိုရင် ရလဒ်အနေနဲ့ ကျွန်မက သေချာပေါက် ဖယ်ရှားရှင်းလင်းတာခံရမှာပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စေ့စေ့စပ်စပ် ပြန်သုံးသပ်ပြီး တကယ်နောင်တရသင့်တယ်ဆိုတာကို သိခဲ့ပါတယ်။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတာကြောင့်ပေါ့။ ဘုရားကို ကျွန်မဆက်ပြီး နားလည်မှုလွဲလို့မရတော့ဘူး။ အဲဒါနဲ့ ကျွန်မ စပြီး ပြန်သုံးသပ်တယ်။ ဒီကိစ္စကနေ သင်ခန်းစာယူဖို့အတွက် ကျွန်မကို လမ်းပြပေးပါလို့ တောင်းလျှောက်ရင်း ဘုရားဆီကို ကျွန်မ ဆုတောင်းခဲ့တယ်။

ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “တာဝန်တစ်ခုထမ်းဆောင်သောအခါတွင် လူတို့သည် ပေါ့ပါးသောအလုပ်၊ ပင်ပန်းခြင်း မရှိသောအလုပ်နှင့် အပြင်တွင် ရာသီဥတုဒဏ်ခံရခြင်း မပါဝင်သောအလုပ်ကို အစဉ် ရွေးချယ်ကြသည်။ ဤသည်မှာ လွယ်ကူသော အလုပ်များကို ရွေးခြင်းနှင့် ခက်ခဲသော အလုပ်များကို ခေါင်းရှောင်ခြင်း ဖြစ်ပြီး ဇာတိပကတိ သက်သာမှုများကို တပ်မက်ခြင်း၏ သရုပ်သကန် ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သူတို့၏ တာဝန်က အနည်းငယ် ခက်ခဲသောအခါ၊ အနည်းငယ် ပင်ပန်းသောအခါ၊ အဖိုးအခပေးဆပ်ခြင်း ပါဝင်သောအခါ အစဉ်သဖြင့် ညည်းညူခြင်း ဖြစ်ပါသည်။) (အစားအစာနှင့် အဝတ်အစားအပြင် ဇာတိပကတိ၏ သာယာမှုများကို စိတ်ရောက်နေခြင်း ဖြစ်ပါသည်။) ဤအရာအားလုံးသည် ဇာတိပကတိ သက်သာမှုကို တပ်မက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အလုပ်တာဝန်တစ်ခုက ပင်ပန်းခက်ခဲလွန်းသည်၊ သို့မဟုတ် အန္တရာယ်များသည်ဟု မြင်သည့်အခါ အခြားလူတစ်ဦးအပေါ် လွှဲပေးလိုက်သည်။ ၎င်းတို့ကိုယ်တိုင်ကမူ အေးအေးဆေးဆေး အလုပ်ကိုသာ လုပ်ပြီး ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းကြောင်း၊ အလုပ် လုပ်နိုင်စွမ်း ကင်းမဲ့ကြောင်းနှင့် ဤအလုပ်တာဝန်ကို တာဝန်မယူနိုင်ကြောင်း ပြောဆိုလျက် ဆင်ခြင်များပေးကြသည်။ အမှန်မှာမူ ၎င်းတို့သည် ဇာတိပကတိ၏ သက်သာမှုများကို မက်မောသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့် တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဆင်းရဲဒုက္ခခံလိုစိတ် မရှိကြပေ။...မိမိတို့၏တာဝန်ကို ထမ်းဆောင်စဉ်တွင် လူတို့သည် အခက်အခဲများအကြောင်း အစဉ် ညည်းညူသောအချိန်၊ ၎င်းတို့ မည်သည့်ကြိုးစားအားထုတ်မှုမျှ မပြုလိုသည့်အချိန်၊ ၎င်းတို့၌ အလုပ်အားလပ်သည့်အချိန် အနည်းငယ် ရှိသည်နှင့်တစ်ပြိုင်နက် အနားယူကာ အလဟဿ ရောက်တတ်ရာရာပြောခြင်း၊ သို့မဟုတ် အေးဆေးစွာ အနားယူခြင်း၊ ဖြေဖျော်မှုများ ခံစားခြင်းတို့ကို လုပ်ဆောင်သည့်အချိန်များလည်း ရှိသည်။ ပြီးလျှင် အလုပ်များလာပြီး ၎င်းတို့ဘဝများ၏ ပုံမှန်လှုပ်ရှားမှုနှင့် လုပ်ရိုးလုပ်စဉ်တို့ ပျက်သည့်အခါ ၎င်းတို့က ယင်းနှင့်ပတ်သက်၍ မပျော်မရွှင်ဖြစ်ပြီး ကျေနပ်မှုမရှိကြပေ။ ၎င်းတို့က ညည်းညူပြီး စောဒကတက်ကြကာ မိမိတို့၏တာဝန် ထမ်းဆောင်ခြင်းတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်။ ဤသည်မှာ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်ခြင်းကို အငမ်းမရဖြစ်ခြင်း မဟုတ်သလော။...အသင်းတော်အလုပ်က မည်မျှရှုပ်နေပါစေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များက မည်မျှအလုပ်ရှုပ်ပါစေ ၎င်းတို့ဘဝများ၏ လုပ်ရိုးလုပ်စဉ်များနှင့် သာမန်အခြေအနေတို့က မည်သည့်အခါမျှ အနှောင့်အယှက်မဖြစ်ပေ။ ၎င်းတို့သည် ဇာတိပကတိ အသက်တာ၏ မည်သည့်အသေးစိတ်အချက်ကိုမဆို လုံးဝ ပေါ့ဆခြင်းမရှိဘဲ အပြည့်အဝ ထိန်းချုပ်ထားကာ အလွန်ပင် တိကျပြီး အလေးအနက်ထားသည်။ သို့သော် ဘုရားအိမ်တော်၏ အလုပ်ကို ကိုင်တွယ်ဖြေရှင်းသောအခါတွင် ကိစ္စသည် မည်မျှ ကြီးပါစေ ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းရေး ပါဝင်ကောင်း ပါဝင်နိုင်လျှင်ပင် ၎င်းတို့က ပေါ့ဆစွာ ကိုင်တွယ်ဖြေရှင်းသည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ပါဝင်သော ထိုအရာများကိုပင်၊ သို့မဟုတ် ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်ကိုပင် ဂရုမစိုက်ပေ။ ၎င်းတို့သည် တာဝန်ယူခြင်းမရှိပေ။ ဤသည်မှာ ဇာတိပကတိ သက်သာမှုများကို ပျော်မွေ့ခံစားခြင်း မဟုတ်လော။ ဇာတိပကတိ သက်သာမှုကို ပျော်မွေ့ခံစားသော လူများသည် တာဝန်တစ်ခု ထမ်းဆောင်ဖို့အတွက် သင့်တော်သည့် လူများ ဖြစ်သလော။ လူတစ်ဦးက မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာကို ထုတ်ပြောလျှင်ပြောချင်း သို့မဟုတ် အဖိုးအခပေးခြင်းနှင့် ဒုက္ခခံခြင်းအကြောင်း ပြောလျှင်ပြောချင်း ၎င်းတို့သည် မိမိတို့၏ခေါင်းများကို မပြတ်ခါကြပေသည်။ ၎င်းတို့၌ အခက်အခဲများစွာ ရှိသည်၊ ၎င်းတို့သည် စောဒကအပြည့်ရှိကြပြီး အပျက်သဘောဆောင်ခြင်းနှင့် ပြည့်နေကြသည်။ ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီသဖြင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂))အကြောင်းမှာ သင့်အား ဘုရားသခင်နှင့် ဆက်သွယ်ပေးသည့် ရင်းနှီးမှုကို သိသိသာသာ အထင်ဟပ်ဆုံးသော အရာသည် သင့်အပေါ် ဘုရားသခင်မှ အပ်နှံသည့် အကြောင်းအရာများနှင့် သင့်ကို ဘုရားသခင် ချပေးသည့် တာဝန်အပေါ် သင် ခံယူသည့် ပုံစံနှင့် သင့်တွင်ရှိသော သဘောထားဖြစ်သည်။ တိုက်ရိုက်အကျဆုံးနှင့် ကြည့်ရှုလေ့လာနိုင်ဆုံးသောအရာမှာ ဤပြဿနာ ဖြစ်သည်။ ဘုရားသခင်သည် စောင့်ဆိုင်းနေသည်။ သင်၏သဘောထားကို သူမြင်လိုသည်။ ဤအရေးကြီးသည့်အဆင့်တွင် သင်သည် မိမိ၏ အနေအထားကို ဘုရားသခင်သိစေရန်၊ သူ၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် အဆောတလျင်ဖြင့် လုပ်ဆောင်သင့်သည်။ ဤအရေးပါသော အချက်ကို သင် နားလည်သဘောပေါက်ပြီး ဘုရားသခင်မှ သင့်ကို ပေးအပ်သော စေခိုင်းချက်ကို ဖြည့်ဆည်းသည့်အခါတွင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား အလုပ်တာဝန်တစ်ခုကို အပ်နှံသောအခါ၊ သို့မဟုတ် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ပြောသောအခါ သင်၏ သဘောထားသည် ပြီးစလွယ်ဖြင့် စိတ်မပါဖြစ်နေလျှင်၊ ယင်းကို လေးလေးနက်နက် မခံယူလျှင် ဤသည်မှာ သင်၏ စိတ်နှလုံးနှင့် ခွန်အားအလုံးစုံကို ပေးခြင်းနှင့် ဆန့်ကျင်ဘက် အတိအကျပင် မဟုတ်သလော။ သင်၏တာဝန်ကို ဤနည်းအားဖြင့် သင်ထမ်းဆောင်နိုင်သလော။ သေချာပေါက် မထမ်းဆောင်နိုင်ပေ။ သင်သည် မိမိ၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်မည်မဟုတ်။ သို့ဖြစ်၍ သင်၏တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် သင်၏ သဘောထားအပြင် သင်ရွေးချယ်သည့် နည်းစနစ်နှင့် လမ်းကြောင်းတို့က အတိမ်းအစောင်းမခံနိုင်အောင် အရေးကြီးလှသည်။ မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် ပျက်ကွက်သူများသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ပြန်သုံးသပ်လိုက်တော့ ကျွန်မ နှလုံးသားကို ထိုးဖောက်လိုက်သလို ခံစားရတယ်။ ဘုရားက ကျွန်မရှေ့မှာရပ်နေပြီး ကျွန်မကို တရားစီရင်နေသလိုပါပဲ။ ဘုရားသခင်က လူတွေကို တာဝန်ပေးစေခိုင်ချက်တွေ အပ်နှံပြီး သူတို့တွေဟာ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနဲ့ ပြီးအောင်လုပ်နိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်တာဝန်အပေါ်ကို အရမ်း အထင်အမြင်သေးတဲ့ သဘောထားရှိခဲ့ပြီး ကျွန်မတာဝန်ကို လုံးဝ ကောင်းကောင်း မဖြည့်ဆည်းခဲ့ဘူး။ ကိုယ့်တာဝန်တွေက တော်တော်လေး ကသီလင်တဖြစ်လာတဲ့အခါ၊ သေချာ စဉ်းစားပေးဖို့၊ အဖိုးအခပေးဖို့ လိုတဲ့ အခက်အခဲတွေ ရှိတဲ့အခါမှာ ကျွန်မက သက်သာတာကို တောင့်တပြီး ညည်းညူတယ်။ ဆင်းရဲဒုက္ခခံချင်စိတ်၊ အဖိုးအခပေးချင်စိတ် မရှိခဲ့ဘူး။ နုတ်ထွက်ပြီး ကျွန်မတာဝန်ကိုတောင် ခေါင်းရှောင်ချင်ခဲ့တယ်။ အသင်းတော်ခေါင်းဆောင်တာဝန်ကို ကျွန်မ စယူခဲ့တဲ့အချိန်ကို ပြန်စဉ်းစားကြည့်တယ်။ လုပ်စရာအလုပ်တွေ အများကြီးရှိပေမဲ့ ဘုရားကို ကျွန်မ အားကိုးပြီး တကယ် အဖိုးအခပေးခဲ့တယ်။ ဘုရားက ကျွန်မကို လမ်းပြခဲ့တယ်။ အလုပ်ကလည်း နည်းနည်းတိုးတက်ခဲ့တယ်။ နောက်ပိုင်းမှာ အသင်းသားအရေအတွက်က တိုးလာပြီး အလုပ်စရာအလုပ်တွေ ပိုရှိလာတဲ့အပြင် ကျွန်မနဲ့အတူလုပ်တဲ့ ညီအစ်မကလည်း လူသစ်ပဲရှိသေးတော့ အသင်းတော်အလုပ်အများစုက ကျွန်မကိုယ်တိုင်ဝင်ပါဖို့ လိုခဲ့တယ်။ ကျွန်မက နေ့ရော၊ ညပါအလုပ်ရှုပ်ခဲ့တယ်။ ကျွန်မက ကိုယ်ခန္ဓာပိုင်းမှာ ဒုက္ခခံနေရတယ်လို့ ခံစားမိတယ်။ အထူးသဖြင့် ကျွန်မရဲ့ ကင်ဆာက ပြန်လာနိုင်တာကို စိတ်ပူခဲ့တယ်။ အဲဒါနဲ့ ကျွန်မတာဝန်တွေကို စိတ်ထည့်ပြီးမလုပ်ချင်တော့ဘူး။ ကျွန်မက ဧဝံဂေလိအလုပ်မှာ တိုးတက်မှုမရှိတာကို မြင်ပြီး အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေကို ညည်းညူခဲ့တယ်။ ကျွန်မက အစွမ်းအစမရှိတာကြောင့် အလုပ်ကို မကိုင်တွယ်နိုင်ဘူးဆိုပြီး ဆင်ခြေတွေ ပေးခဲ့တယ်။ ပိုလွယ်တဲ့တာဝန်ရဖို့ ကျွန်မတာဝန်တွေကို အမြဲတမ်း ခေါင်းရှောင်ချင်ခဲ့တယ်။ အမှန်တကယ်ကတော့ ကျွန်မက ပေးဆပ်လိုစိတ်ရှိရင် အလုပ်ကို ကောင်းကောင်းလုပ်ခဲ့နိုင်တာပဲ။ ဒါပေမဲ့ ကျွန်မက ဒုက္ခရောက်မှာ ကြောက်တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ဘုရားနှုတ်ကပတ်တော်ကို ရှာဖို့ အားမထုတ်ချင်ခဲ့ဘူး။ ကျွန်မ ကိုယ်ခန္ဓာက ချုံးချုံးကျသွားမှာကို ကြောက်ခဲ့တယ်။ အဲဒါနဲ့ အလုပ်တိုးတက်မှုနှေးနေတာကို ဂရုမစိုက်ဘဲ ကျွန်မ ဒီအတိုင်းရပ်ကြည့်နေခဲ့တယ်။ ရလဒ်အနေနဲ့ ဧဝံဂေလိအလုပ် ထိရောက်မှုမရှိတာ လနဲ့ချီသွားတယ်။ ဒါတွေအားလုံးက သက်သာတာကို ကျွန်မ အလွန်အကျွံရချင်တဲ့ ဆန္ဒကြောင့် ဖြစ်ရတာပါ။ ဒီလိုဖြစ်တာတောင်မှ အဲဒီညီအစ်မက ကျွန်မကို ပြုပြင်တော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမဲ့အစား ကိုယ်မှန်ကြောင်း ရှင်းချက်ထုတ်ဖို့ ကြိုးစားခဲ့တယ်။ ကိုယ့်တာဝန်တွေအပေါ် ကျွန်မသဘောထားကို ဘုရားသခင်က မုန်းတီး စက်ဆုပ်ခဲ့တယ်။ ဘုရားသခင်က ကျွန်မတာဝန်တွေကို ရပ်တန့်ဖို့အတွက် ဒီအခြေအနေကို အသုံးပြုခဲ့ပြီး ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို အပြည့်အဝ ထုတ်ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ခဲ့ဘူး။ ဘုရားသခင်က ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းဖို့အတွက် ဒီအခြေအနေကို အသုံးပြုနေခဲ့တာလို့ တွေးပြီး နားလည်မှုလွဲရင်းနဲ့ အသက်ရှင်ခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကောင်းတွေကို ကျွန်မ လုံးဝ နားမလည်ခဲ့ဘူး။ ဒါကို သဘောပေါက်တော့ ကျွန်မ ဘုရားသခင်ကို အရမ်းအကြွေးတင်သလို ခံစားရတယ်။ ဒါကြောင့် ဘုရားကို ကျွန်မ ဆုတောင်းခဲ့ပါတယ် “အို ဘုရားသခင် သမီးရဲ့ တာဝန်တွေကို ကောင်းကောင်း မဖြည့်ဆည်းခဲ့ပါဘူး။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ညည်းညူခဲ့ပါတယ်။ သမီးရဲ့ ဇာတိပကတိကိုပဲ ဂရုစိုက်ပြီး ပင်ပန်းမှာကို ကြောက်ခဲ့ပါတယ်။ ကိုယ်တော့်ရည်ရွယ်ချက်ကို လုံးဝ အလေးမထားခဲ့ပါဘူး။ အခု သမီးရဲ့ ပုန်ကန်မှုကို သိမြင်ပြီး နောင်တရလိုစိတ်ရှိပါတယ်။ နောင်မှာ တာဝန်တွေကို ထမ်းဆောင်ဖို့ အခွင့်အလမ်းရမယ်၊ မရဘူးဆိုတာကို သမီးမသိပါဘူး။ ဒါပေမဲ့ ရရင်တော့ ကိုယ်တော့်ရည်ရွယ်ချက်ကို သမီးအလေးထားလိုစိတ်ရှိပါတယ်။ ကိုယ်ခန္ဓာသက်သာဖို့ကို ရှာလိုစိတ်မရှိတော့ပါဘူး” ဆိုပြီးတော့။

အဲဒီနောက်တော့ ကျွန်မ စိတ်ငြိမ်အောင်ထားလိုက်ပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်။ ဘုရားသခင်ကို ဆုတောင်းတယ်။ ကျွန်မက ကိုယ့်တာဝန်တွေမှာ ဘာကြောင့် ဒုက္ခခံလိုစိတ်၊ အဖိုးအခပေးလိုစိတ်မရှိတာလဲဆိုတာကို ပြန်သုံးသပ်တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် တန်ဖိုးမရှိသော ထိုအရာများကို အမြဲလိုက်စားပြီး၊ အသက်ကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန်တန်ဖိုးမရှိပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏။ သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။...သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦးဖြစ်သည့် သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) လူတွေက သူတို့တာဝန်တွေမှာ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ ညည်းညူပြီး လုပ်ချင်စိတ်မရှိဘူး၊ သက်သာတာကိုရှာတဲ့ ဒီလိုလူတွေက ဝက်တွေလိုပဲ၊ အများကြီး စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်လုပ်ဖို့ပဲ သိပြီး အပြုသဘောဆောင်တဲ့ လိုက်စားမှုတစ်ခုမှမရှိဘူးဆိုပြီး ဘုရားသခင်က ဖော်ထုတ်ပါတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီးတော့ ကျွန်မက ဒီလိုမျိုးပဲဆိုတာကို မြင်ခဲ့ပါတယ်။ ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ရတာက ကျွန်မအတွက် လက်တွေ့လုပ်ဖို့ အခွင့်အလမ်းတစ်ခုပါ။ အခက်အခဲတွေ ဖြစ်ပေါ်တဲ့အခါ သမ္မာတရားရှာဖွေပြီး အလုပ်ကို တာဝန်ယူဖို့ ကျွန်မကို ထောက်ကူပေးတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်ရတာက အရေးကိစ္စတွေအများကြီးကို တာဝန်ယူပြီး အလုပ်ကြိုးစားရတဲ့သဘောဖြစ်တယ်ဆိုတာကို ကျွန်မမြင်တော့ အတိုက်အခံ ဖြစ်တယ်။ ဧဝံဂေလိအလုပ်က ထိရောက်မှုမရှိဘဲ ကျွန်မက ဒုက္ခခံပြီး အဖိုးအခပေးဖို့လိုတော့ ကျွန်မကိုယ်ခန္ဓာကိုပဲ ဂရုစိုက်ခဲ့ပြီး ကျွန်မ ပင်ပန်းလို့ ကင်ဆာ ပြန်ဖြစ်လာမှာကို ကြောက်တယ်။ အဲဒါနဲ့ ကျွန်မက ဆင်ခြေတွေ ဆက်တိုက်ပေးပြီး နုတ်ထွက်ချင်ခဲ့တယ်။ ကျွန်မမှာ အသိစိတ်၊ ဒါမှမဟုတ် တာဝန်သိစိတ်မရှိဘူးဆိုတာကို မြင်ခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်တွေကို မသိတတ်ဘဲ ပေါ့ပေါ့တန်တန် သဘောထားခဲ့တယ်။ ရလဒ်အနေနဲ့ ဧဝံဂေလိအလုပ်က တိုးတက်မှုမရှိဘူး။ ညီအစ်ကိုမောင်နှမတွေကိုလည်း ဘာအကူအညီမှ မပေးခဲ့ဘူး။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင် မလုပ်ခဲ့ပေမဲ့ အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်ပြီး မယုံကြည်ထိုက်တဲ့သူဖြစ်ခဲ့ပါတယ်။ ဘုရားသခင်က ကျွန်မကို ဘယ်လိုလုပ် မမုန်းတီးဘဲ၊ မစက်ဆုပ်ဘဲ နေနိုင်မလဲ။ အသင်းတော်က အသင်းသားနည်းနည်းပဲရှိတဲ့ အချိန်ကို ပြန်တွေးကြည့်တော့ အလုပ်မှာ လုပ်ငန်းဆောင်တာတွေအများကြီးနဲ့ အခက်အခဲနည်းနည်းရှိပေမဲ့ အဖိုးအခပေးဆပ်တော့ အလုပ်က အချိန်နည်းနည်းကြာတဲ့အခါ တိုးတက်တဲ့ လက္ခဏာတွေပြလာတယ်။ ပြီးတော့ သမ္မာတရားစည်းမျဉ်းတချို့ကို ကျွန်မ နားလည်လာတယ်။ အသင်းသားအရေအတွက်က တိုးလာပြီး အလုပ်မှာ ပြဿနာတချို့ ပေါ်လာတော့ ကျွန်မက အဲဒါတွေကို ဖြေရှင်းဖို့အတွက် အဖိုးအခပေးချင်စိတ်၊ သမ္မာတရားရှာဖွေချင်စိတ်မရှိခဲ့ဘူး။ ကျွန်မ ကိုယ်ခန္ဓာ ချုံးချုံးကျသွားမှာကို ကြောက်လို့ပဲ။ ရလဒ်အနေနဲ့ အလုပ်က မထိရောက်ရုံတင်မကဘဲ ဘာသမ္မာတရားကိုမှလည်း မရခဲ့ဘူး။ ဘုရားသခင်က ကျွန်မအတွက် အရမ်းကြီးတဲ့ အဖိုးအခကို ပေးဆပ်ခဲ့တယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်ပြီး ပြောင်းလဲဖို့အတွက် အခြေအနေတော်တော်များများကို စီစဉ်ခဲ့တယ်။ ကျွန်မတာဝန်တွေကတစ်ဆင့် သမ္မာတရားကို ရဖို့ ကျွန်မကို အခွင့်အရေးပေးခဲ့တယ်။ ဒါပေမဲ့ ကိုယ်ခန္ဓာဒုက္ခခံရတာပါတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါမှာ ကျွန်မက နောက်တွန့်ခဲ့တယ်။ ဒါဟာ ကျွန်မက ဘုရားသခင်ရဲ့ အပင်ပန်းခံတဲ့ ရည်ရွယ်ချက်ကို ချိုးဖျက်လိုက်ရုံမကဘဲ အသင်းတော်အလုပ်ကိုလည်း ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပြီး အကျိုးဆက်အနေနဲ့ ပြစ်မှားမှုတွေ ဖြစ်သွားတဲ့ သဘောပဲ။ ကျွန်မ အရမ်းကို အပြစ်ရှိသလို ခံစားရပြီး ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ နောင်တရဖို့ ဆန္ဒရှိခဲ့တယ်။

ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အမှတ်ရတယ်။ “ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန့်အလွန် အရေးကြီးသည်။ ဤအရာသည် အလွန်လေးနက်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ လူတို့အပေါ် ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့ အပြစ်ဒဏ်ပေးခံရသင့်ပေသည်။ လူသားများသည် ၎င်းတို့အား ဘုရားသခင်အပ်နှံသည့် မည်သည့် တာဝန်ပေးစေခိုင်းချက်များကိုမဆို ပြီးမြောက်အောင် လုပ်သင့်သည်မှာ လုံးဝ သဘာဝကျပြီး ခိုင်လုံသည်။ ဤသည်မှာ လူ၏ အထွတ်အထိပ် တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်။ ဤတွင် သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) မှန်ပါတယ်။ ကျွန်မက ကိုယ့်တာဝန်တွေအပေါ် အထင်အမြင်သေးခဲ့တယ်။ အတိုက်အခံဖြစ်ခဲ့တယ်။ ဝန်ထုပ်ဝန်ပိုးထမ်းချင်စိတ်မရှိခဲ့ဘူး။ ဒါဟာ ဘုရားသခင်အပေါ် တော်တော်လေး သစ္စာမဲ့လိုက်တာပဲ။ ကျွန်မက ယုဒထက်ပိုပြီး စိတ်ပျက်စရာကောင်းခဲ့တယ်။ ယုဒက သူ့ရဲ့ ကိုယ်ကျိုးအတွက် သခင်ယေရှုကို သစ္စာဖောက်ခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားသခင်က သူ့ကို သိပ်တရားမဟောခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့ ဘုရားနှုတ်ကပတ်တော်တွေ အများကြီးကို ကျွန်မ ဖတ်ခဲ့တယ်။ သမ္မာတရားတချို့နဲ့ လူတွေကို ကယ်တင်ဖို့ ဘုရားရည်ရွယ်ချက်တွေကို ကျွန်မ နားလည်ခဲ့တယ်။ ဒါတောင်မှ ဘုရားရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့အတွက် ကျွန်မတာဝန်တွေကို အကောင်းဆုံးလုပ်ဖို့ ကြိုးစားရမဲ့အစား ကျွန်မရဲ့ ဇာတိပကတိကို အရေးစိုက်ပြီး အသင်းတော်အလုပ်အပေါ် တာဝန်မသိတတ်ခဲ့ဘူး။ ကျွန်မ လုပ်ရပ်တွေက ယုဒထက်ပိုပြီး ရွံရှာစရာမကောင်းဘူးလား။ ကျွန်မတာဝန်တွေမှာ ကျွန်မရဲ့ ဇာတိပကတိကိုပဲ အလေးထားခဲ့တယ်။ လွယ်တဲ့ရွေးချယ်မှုကိုပဲ လုပ်ခဲ့တယ်။ အသင်းတော်အလုပ်ကို လုံးဝ လျစ်လျူရှုခဲ့တယ်။ ကျွန်မ အပြုအမူက ဘုရားသခင်အပေါ် သစ္စာမဲ့ခြင်းကို ကိုယ်စားပြုပါတယ်။ ဘုရားက ကျိန်ဆဲပြီး အပြစ်ပေးခံရဖို့ အကြောင်းခိုင်လုံခဲ့တယ်။ တကယ်ကတော့ ကျွန်မသာ ကိုယ့်တာဝန်တွေမှာ ပိုဝီရိယရှိပြီး နည်းနည်းအားထုတ်လို့ အဖိုးအခပေးလိုစိတ်ရှိရင် ဧဝံဂေလိအလုပ် မထိရောက်တာက လနဲ့ချီသွားခဲ့မှာ မဟုတ်ဘူး။ ကျွန်မက ကိုယ့်တာဝန်တွေကို ပေါ့ပေါ့တန်တန်သဘောထားခဲ့ပြီး ဧဝံဂေလိအလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ဒါဟာ ကြီးလေးတဲ့ ပြစ်မှားမှုတစ်ခုပဲ။ ဒါကို သဘောပေါက်သွားတော့ ကျွန်မ ကြောက်မိတယ်။ ကျွန်မ တာဝန်တွေအပေါ် ကျွန်မရဲ့ သဘောထားကို ဘုရားသခင်က တကယ်ကို ရွံရှာပြီး မုန်းတီးတယ်၊ ကျွန်မဟာ ကျိန်ဆဲခံရသင့်တယ်ဆိုတဲ့ အချက်ကို ပြန်သုံးသပ်ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မရဲ့ လုပ်ရပ်တွေနဲ့အညီ ကျွန်မကို မဆက်ဆံခဲ့ပါဘူး။ ဒီအစား သူက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျွန်မ ပြန်သုံးသပ်ပြီး သိမြင်ဖို့ သူ့ရှေ့ကို မဖြစ်မနေလာခိုင်းရအောင် စီစီပီရဲ့ ဖမ်းဆီးမှုကို သူအသုံးပြုခဲ့တယ်။ ကျွန်မရဲ့ ဇာတိပကတိကို စွန့်လွှတ်ပြီး သူ့ဆီကို ဦးလှည့်နိုင်မယ်လို့ မျှော်လင့်ရင်းနဲ့ပေါ့။ ဘုရားသခင်ရဲ့ တရားစီရင်မှုကို ကျွန်မ လက်ခံပြီး ဘုရားထံမှာ နောင်တရချင်စိတ်ရှိနေခဲ့ပါတယ်။ နောင်မှာ ကျွန်မတာဝန်တွေက ဘယ်လောက်ပင်ပန်းပါစေ၊ ခက်ခဲပါစေ ကျွန်မ ခေါင်းရှောင်မှာ မဟုတ်ဘူး။ ကျွန်မမှာ တာဝန်တွေကို အစွမ်းကုန် ထမ်းဆောင်ချင်တာပဲ ရှိတော့တယ်။

ကျွန်မ ချုံးချုံးကျသွားမှာကို ကြောက်ပြီးရင်းကြောက်နေတာရယ်၊ သေရမှာကြောက်တဲ့ အခြေအနေရယ်ကို ကိုင်တွယ်ဖို့အတွက် ကျွန်မ ပူပန်မှုတွေကို ဖြေရှင်းပေးခဲ့တဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ပါတယ်။ ဘုရားသခင်က ပြောသည် “အမှန်အားဖြင့် တစ်ဦးတစ်ယောက်သည် ၎င်း၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်မှုရှိပါက လူတစ်ဦး၏ သက်တမ်းမှာ ဘုရားသခင်၏ လက်ထဲတွင်ရှိကြောင်း ဦးစွာ သိရှိရမည်။ တစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အချိန်ကာလကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး)အချို့လူများသည် ၎င်းတို့၏ နာမကျန်းမှုများကို ကုသရန် နည်းလမ်းမျိုးစုံကို အသုံးပြု၍ လုပ်ဆောင်နိုင်သည့် အရာမှန်သမျှကို လုပ်ဆောင်ကြသည်။ သို့သော် မည်သည့်ကုသမှုကို အသုံးပြုသည်ဖြစ်စေ ယင်းတို့ကို ပျောက်ကင်းအောင် မဆောင်ရွက်နိုင်ကြ။ ၎င်းတို့ကို ကုသလေ နာမကျန်းမှုမှာ ပိုမိုပြင်းထန်လာလေဖြစ်သည်။ နာမကျန်းမှုနှင့် ပတ်သက်၍ မည်သို့ဖြစ်နေသည်ကို အတိအကျ သိရှိရန် ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် ရင်းမြစ် အကြောင်းတရားကို ရှာဖွေခြင်း ပြုမည့်အစား ၎င်းတို့သည် ကိစ္စရပ်များကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းကြသည်။ ၎င်းတို့သည် နည်းစနစ် အများအပြားကို အသုံးပြုခြင်း၊ ငွေကြေးအများအပြား သုံးစွဲခြင်းတို့တွင် လမ်းဆုံးကြရသော်လည်း ၎င်းတို့၏ ရောဂါမှာမူ မပျောက်ကင်းသေးဘဲ ရှိနေ၏။ ထို့နောက် ကုသမှုကို ၎င်းတို့လက်လျှော့လိုက်သည့်အခါ နာမကျန်းမှုသည် အချိန်အတန်ကြာပြီးနောက် မမျှော်လင့်ဘဲ သူ့အလိုလို ပျောက်ကင်းသွားတော့သည်။ မည်သို့ပျောက်သွားကြောင်းကိုကား ၎င်းတို့မသိကြ။ အချို့လူများတွင် ထူးထူးခြားခြားမဟုတ်သည့် ရောဂါတစ်ခု ပေါ်ပေါက်လာပြီး ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ သိပ်စိုးရိမ်ခြင်း မရှိကြ။ သို့သော် တစ်နေ့တွင် ၎င်းတို့၏ အခြေအနေသည် ပိုမိုဆိုးရွားလာပြီး ၎င်းတို့ ရုတ်တရက် သေဆုံးသွားကြသည်။ ယင်းမှာ မည်သို့ဖြစ်ရသနည်း။ လူများသည် ယင်းကို နားလည်သဘောပေါက်နိုင်ခြင်း မရှိကြ။ အမှန်အားဖြင့် ဘုရားသခင်၏ ရှုထောင့်မှဆိုလျှင် အကြောင်းရင်းမှာ ဤကမ္ဘာတွင် ထိုပုဂ္ဂိုလ်၏ တာဝန်ပေးစေခိုင်းချက်က ပြီးစီးသွားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းကို ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ‘လူများသည် နာမကျန်းမဖြစ်ပါက သေဆုံးခြင်းမရှိကြ’ ဟု လူတို့ မကြာခဏ ပြောဆိုကြသည်။ ယင်းအတိုင်း အမှန်တကယ် ဖြစ်သလော။ ဆေးရုံတွင် စမ်းသပ်မှုခံယူပြီးနောက် နာမကျန်းမှု မရှိကြောင်း တွေ့ရှိရသည့် လူများရှိသည်။ ၎င်းတို့သည် အလွန်အမင်း ကျန်းမာနေသော်လည်း ရက်အနည်းငယ်အတွင်း သေဆုံးသွားကြသည်။ ဤအရာကို နာမကျန်းမှုမဖြစ်ဘဲ သေဆုံးခြင်းဟု ခေါ်သည်။ ယင်းကဲ့သို့သော လူများ အများအပြား ရှိကြသည်။ ဤသည်မှာ လူတစ်ဦး၏ ဘဝသည် ဆုံးခန်းတိုင်သွားပြီ ဖြစ်ကြောင်း၊ ထိုသူသည် ဝိညာဉ်ရေးရာနယ်ပယ်ဆီသို့ ပြန်လည်ခေါ်ဆောင်သွားခြင်း ခံလိုက်ရကြောင်း အဓိပ္ပာယ်ရသည်။ အချို့လူများသည် ကင်ဆာနှင့် တီဘီရောဂါများမှ ပြန်လည်ကောင်းမွန်လာပြီး အသက်ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ်ကျော်အထိ နေထိုင်သွားကြသည်။ ယင်းကဲ့သို့သော လူများ အများအပြားရှိ၏။ ဤအရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ဆုံးဖြတ်ချက်များအပေါ်၌ တည်မှီနေသည်။ ဤသိနားလည်မှု ရှိခြင်းသည် ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်ခြင်းပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ ကျွန်မရောဂါက ပြန်ထလာမလား၊ ကျွန်မ သေမလားဆိုတာတွေက ဘုရားလက်ထဲမှာပါ။ ပြီးတော့ ဒါတွေက ကျွန်မ ထိန်းချုပ်နိုင်တဲ့ အရာတွေ မဟုတ်ပါဘူး။ ကျွန်မ ကင်ဆာက ကျွန်မရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒကြောင့် ဖြစ်တဲ့အရာ မဟုတ်သလိုပဲပေါ့။ ပြီးတော့ ကျွန်မ နေမကောင်းဖြစ်တဲ့အချိန်၊ သက်သာတဲ့အချိန်တွေအားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားခဲ့တာပါ။ ကျွန်မလုပ်သင့်တာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ပဲ။ အလကားနေရင်း သေရေးရှင်ရေးကို စိတ်ပူမနေသင့်ပါဘူး။ ကျွန်မတာဝန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင်လုပ်ရင် ကျွန်မရောဂါ ပြန်ထလာပြီး ကျွန်မ သေမယ်လို့ အမြဲတမ်း စိတ်ပူခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်တွေမှာ ဝန်တာထားတဲ့စိတ်မရှိဘဲ အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့ပါတယ်။ ဒီအချိန်မှာ ကျွန်မ နားလည်သွားတာက လူတစ်ယောက်ရဲ့ သေရေးရှင်ရေးက ဘုရားလက်ထဲမှာရှိတယ်၊ ကျွန်မရဲ့ ကင်ဆာက ပြန်ထလာသည်ဖြစ်စေ၊ မထလာသည်ဖြစ်စေ ကိုယ့်တာဝန်တွေကို ကောင်းကောင်းလုပ်ရမယ်၊ သေခြင်းတရား ကျွန်မအပေါ် ကျရောက်ဖို့ ဘုရားသခင်က ခွင့်ပြုရင် ကျွန်မဟာ လက်ခံပြီး ကျိုးနွံနာခံတဲ့ သဘောထားရှိသင့်တယ်၊ ဒါဟာ ဘုရားရဲ့ ရည်ရွယ်ချက်နဲ့ ညီတယ်ဆိုတာပဲ။

နောဧက ဘုရားရဲ့ တာဝန်ပေးစေခိုင်းချက်ကို ဘယ်လိုသဘောထားခဲ့တယ်ဆိုတာကိုလည်း ကျွန်မ တွေးမိတယ်။ ဘုရားသခင်က ပြောသည် “အမျိုးစုံသော ပြဿနာများ၊ ခက်ခဲသော အခြေအနေများနှင့် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရသော်လည်း နောဧသည် နောက်မတွန့်ခဲ့ပေ။ သူ၏ ပို၍ခက်ခဲသော ဆောက်လုပ်ရေးလုပ်ငန်းအချို့ မကြာခဏ မအောင်မမြင်ဖြစ်ပြီး ထိခိုက်ပျက်စီးမှု ကြုံခဲ့ချိန်တွင်၊ နောဧသည် သူ၏စိတ်နှလုံးထဲတွင် စိတ်ညစ်ပြီး စိုးရိမ်ကြောင့်ကြသော်လည်း ဘုရားသခင်၏ စကားများကို စဉ်းစားမိသောအခါ၊ သူ့အား ဘုရားသခင် မိန့်မှာခဲ့သော စကားလုံးတိုင်းနှင့် သူ့အပေါ် ဘုရားသခင်၏ မြှင့်တင်ပေးခြင်းကို သတိရသောအခါ သူသည် မကြာခဏ အလွန်အမင်း စိတ်ဓာတ်တက်ကြွခဲ့ရ၏။ ‘ငါသည် အရှုံးပေး၍မဖြစ်၊ ဘုရားသခင်က ငါလုပ်ဆောင်ရန် မိန့်မှာပြီး တာဝန်ပေးခဲ့သည့် အရာကို စွန့်ပစ်၍မရပေ။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး ယင်းကို ငါ လက်ခံခဲ့သည့်အတွက်၊ ဘုရားသခင်ပြောဆိုခဲ့သော စကားများနှင့် ဘုရားသခင်၏အသံကို ငါကြားခဲ့သည့်အတွက်၊ ပြီးလျှင် ဤအရာကို ဘုရားသခင်ထံမှ ငါလက်ခံခဲ့ရသည့်အတွက် ငါသည် လုံးလုံးလျားလျား ကျိုးနွံနာခံသင့်သည်။ ယင်းက လူသားတစ်ဦး ကြိုးပမ်းရရှိသင့်သည့်အရာပင် ဖြစ်၏။’ ထို့ကြောင့် သူသည် မည်သည့်အခက်အခဲမျိုးများကို ရင်ဆိုင်ခဲ့သည်ဖြစ်စေ၊ သူသည် မည်သည့်လှောင်ပြောင်သရော်မှုမျိုးကို သို့မဟုတ် အသရေဖျက်ခြင်းမျိုးကို ကြုံတွေ့ခဲ့ရသည်ဖြစ်စေ၊ သူ၏ ခန္ဓာကိုယ်က မည်မျှခြေကုန်လက်ပန်းကျလာခဲ့သည်ဖြစ်စေ၊ မည်မျှပင်ပန်းလာခဲ့သည်ဖြစ်စေ၊ သူသည် ဘုရားသခင် သူ့အား တာဝန်ပေးထားခဲ့သည့် အရာကို မကျောခိုင်းခဲ့သကဲ့သို့၊ ဘုရားသခင်က ပြောဆိုမိန့်မှာထားခဲ့သည့်အရာ၏ စကားတစ်ခွန်းစီတိုင်းကို စိတ်ထဲ၌ အမြဲတစေ မှတ်သားခဲ့ပေသည်။ သူ၏ပတ်ဝန်းကျင်က အဘယ်သို့ ပြောင်းလဲသွားသည်ဖြစ်စေ၊ သူရင်ဆိုင်ခဲ့ရသော အခက်အခဲက အဘယ်မျှကြီးမားသည်ဖြစ်စေ၊ သူသည် ဤအရာတစ်ခုမျှ ထာဝစဉ် တည်တံ့မည်မဟုတ်ကြောင်း၊ ဘုရားသခင်၏ စကားများသာလျှင် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်က ပြုလုပ်ရန် မိန့်မှာခဲ့သောအရာသည်သာ သေချာပေါက် ပြီးမြောက်မည် ဖြစ်ကြောင်းကို ယုံကြည်စိတ်ချခဲ့သည်။ နောဧသည် သူ၏စိတ်ထဲတွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ရှိသင့်သော ကျိုးနွံနာခံမှုတို့ရှိခဲ့ပြီး ဘုရားသခင်က သူ့အား ဆောက်လုပ်ခိုင်းသော သင်္ဘောကို ဆက်၍ ဆောက်လုပ်ခဲ့ပေသည်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်၊ နောဧမှာ ပို၍အိုမင်းလာခဲ့သော်လည်း သူ၏ယုံကြည်ချက်ကမူ ဆုတ်ယုတ်မသွားခဲ့သည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြီးမြောက်ရန်အတွက် သူ၏ သဘောထားနှင့် စိတ်ပိုင်းဖြတ်ခြင်း၌လည်း ပြောင်းလဲမှုမရှိခဲ့ပေ။ သူ၏ခန္ဓာကိုယ် မောပန်း၍ ခြေကုန်လက်ပန်းကျကာ ချိနဲ့ကာ ဖျားနာပြီး သူ၏စိတ်နှလုံးထဲတွင် အားနည်းသည့် အချိန်များရှိခဲ့သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြည့်စုံစေခြင်းနှင့် ဘုရားသခင်၏ စကားများကို ကျိုးနွံနာခံခြင်းတို့အပေါ်ထားရှိသော သူ၏ စိတ်ပိုင်းဖြတ်ခြင်းနှင့် ဇွဲလုံ့လမှာ လျော့မသွားခဲ့ပေ။ သင်္ဘောဆောက်လုပ်ခဲ့သည့် နှစ်များအတောအတွင်း၌၊ နောဧသည် ဘုရားသခင်ပြောခဲ့သည့် စကားများအား နားထောင်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်နေခဲ့ပြီး ဖန်ဆင်းခံတစ်ဦးနှင့် သာမန်လူတစ်ဦးက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား ပြီးမြောက်ရန် လိုအပ်ခြင်းနှင့် ဆိုင်သော အရေးကြီးသည့် သမ္မာတရာ တစ်ခုကိုလည်း လက်တွေ့လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၂)) နောဧဟာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားနိုင်ခဲ့တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့တယ်။ သင်္ဘောကြီးကို တည်ဆောက်ရာမှာ ကြီးမားတဲ့ အခက်အခဲကို ရင်ဆိုင်ရင်း သူ့ခန္ဓာကိုယ်ဟာ ဆင်းရဲဒုက္ခတွေ အများကြီး ခါးစည်းခံဖို့ လိုအပ်ပေမဲ့လည်း သူ နောက်မတွန့်ခဲ့ဘူး။ ဒီအစား သူဟာ နှစ်ရာချီပြီး ကြာတဲ့အထိ တစ်နေ့ပြီးတစ်နေ့ ဘုရားသခင်က သူ့ကို ပေးခဲ့တဲ့ တာဝန်ပေးစေခိုင်းချက်ကို သူ ဇွဲရှိရှိနဲ့ဆက်လုပ်ခဲ့တယ်။ သင်္ဘောကြီးကို တည်ဆောက်ပြီးတဲ့အထိပေါ့။ နောဧရဲ့ လက်တွေ့လုပ်ဆောင်မှုကို ကျွန်မနဲ့ ယှဉ်ကြည့်တော့ ကျွန်မ အရမ်းရှက်ပြီး အရှက်ရမိတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ ဇွဲမရှိခဲ့ဘူး။ ဒီအစား အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေကို ညည်းညူခဲ့တယ်။ အချိန်တိုင်း ကျွန်မကိုယ်ခန္ဓာကိုပဲ တွေးခဲ့တယ်။ ကျွန်မက နောဧနဲ့ ယှဉ်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်မဟာ အသိစိတ်မရှိတဲ့သူတစ်ယောက် သက်သက်ပဲ။ ကျွန်မမှာ ကင်ဆာရှိခဲ့ပြီး ဘုရားသခင်ရဲ့ ကွယ်ကာမှုအောက်မှာ ပျောက်ကင်းခဲ့တယ်။ တာဝန်တွေထမ်းဆောင်တဲ့ ဒီနှစ်တွေမှာ ကျွန်မ ရောဂါက ပြန်ထမလာခဲ့ဘူး။ ဒါပေမဲ့ ဘုရားရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ ကြိုးစားရမဲ့အစား ကျွန်မက ကိုယ့်ဇာတိပကတိအကြောင်းပဲ အမြဲ တွေးနေပြီး ကင်ဆာပြန်ထလာမှာကို စိတ်ပူနေခဲ့တယ်။ ကိုယ်ခန္ဓာသက်သာဖို့ကိုပဲ အမြဲတမ်း ရှာနေခဲ့တယ်။ ကျွန်မတာဝန်ကိုတောင် ခေါင်းရှောင်ချင်ခဲ့တာ တစ်ကြိမ်မကဘူး။ ဘုရားအပေါ်မှာ သစ္စာစောင့်သိမှု မရှိခဲ့ဘူး။ ကျွန်မဟာ လူ့သဘာဝ၊ ဆင်ခြင်တုံတရားတစ်ခုမှ မရှိဘဲ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့ပါတယ်။ ကျွန်မ ဒါကို တွေးလေလေ၊ အပြစ်ရှိတယ်လို့ ခံစားရလေလေပဲ။ ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်း၊ ကယ်တင်ခြင်းတို့နဲ့ ကျွန်မ မထိုက်တန်ဘူးလို့ ခံစားမိတယ်။ နောဧရဲ့ ဥပမာနောက်လိုက်ပြီး ကျွန်မရဲ့ ဇာတိပကတိကို အရေးစိုက်တာကို ရပ်ရမယ်။ ကျွန်မတာဝန်တွေကို ထမ်းဆောင်ဖို့ တခြားအခွင့်အရေးပေးခံရရင် ကျွန်မ အဲဒါကို မြတ်နိုးတန်ဖိုးထားရမယ်။

နောက်ပိုင်းမှာ အထက်ခေါင်းဆောင်ပိုင်းက ကျွန်မကို လူသစ်တွေရဲ့ အသင်းတော်နဲ့ဆိုင်တဲ့ အလုပ်ကို ကြီးကြပ်ဖို့ တာဝန်ပေးတယ်။ ဒါဟာ ဘုရားသခင်က ကျွန်မကို နောင်တရဖို့ အခွင့်အရေးပေးတာကို သိပြီး ကျွန်မ တော်တော်ပျော်ခဲ့တယ်။ လူသစ်တွေရဲ့ အသင်းတော်ကို ကျွန်မ ရောက်တော့ အလုပ်ရလဒ်တွေက အားရစရာမရှိဘူး၊ အထူးသဖြင့် ဧဝံဂေလိအလုပ်က ဘာတိုးတက်မှုမှမရှိသေးဘဲ အဖွဲ့ကလည်း လူအင်အားနည်းနေတယ်ဆိုတာတွေကို တွေ့ရတယ်။ ဒီဟာကြောင့် အခက်အခဲတွေက တော်တော်ကြီးသလိုမျိုး ခံစားလိုက်ရတယ်။ ကျွန်မ တွေးတယ်။ “ဒီအလုပ်ကို ကောင်းကောင်းလုပ်ဖို့က အားထုတ်မှု အများကြီးလိုတယ်။ အလုပ်စည်းမျဉ်းအမျိုးမျိုးကို လေ့လာပြီး ကျွမ်းကျင်ဖို့လည်း လိုတယ်။ ငါ့ကျန်းမာရေးက မကောင်းဘူး။ ငါ့ ခန္ဓာကိုယ် ချုံးချုံးကျသွားရင် ဘယ်လိုလုပ်မလဲ” ပေါ့။ အဲဒါနဲ့ ကျွန်မ အဖိုးအခမပေးချင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ စဉ်းစားပုံက မှားနေတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင် အသင်းတော်က အခက်အခဲတွေကို ကြုံရတဲ့အခါမှာ သမီးရဲ့ ဇာတိပကတိကို အရေးမစိုက်ချင်တော့ပါဘူး။ သမီးမှာ ကိုယ်တော်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိရပါမယ်။ သမီးကို လမ်းပြတော်မူပါ။ အလုပ်ကို ကောင်းကောင်းလုပ်ဖို့အတွက် ညီအစ်ကိုမောင်နှမတွေနဲ့ လုံးဝ တစ်စိတ်တည်းတစ်ဝမ်းတည်း အလုပ်လုပ်ချင်စိတ် ရှိပါတယ်” လို့ပေါ့။ အဲဒီနောက်တော့ စုဝေးပွဲအတွက် နေရာတွေမရှိတာကို ကျွန်မမြင်တော့ သင့်တော်တဲ့ ဧည့်ခံအိမ်တွေကို ရှာဖို့ ကျွန်မ အားစိုက်ခဲ့တယ်။ အဲဒီလိုနဲ့ ညီအစ်ကိုမောင်နှမတွေ အသင်းတော်အသက်တာကို အသက်ရှင်နိုင်အောင်ပေါ့။ ဧဝံဂေလိဟောတဲ့ ညီအစ်ကိုမောင်နှမတွေက အခက်အခဲနဲ့ အသက်ရှင်နေထိုင်နေရတာကို ကျွန်မမြင်တော့လည်း စိတ်ညစ်ရတယ်။ ဒါပေမဲ့ ဧဝံဂေလိဟောခြင်းက ဘုရားရဲ့ ရည်ရွယ်ချက်ဖြစ်တာ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကျွန်မ နောက်တွန့်လို့မဖြစ်တာတွေကို တွေးမိတယ်။ အဲဒါနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို ဖြေရှင်းဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာခဲ့တယ်။ ပြီးတော့ နောဧက ဘုရားရဲ့ တာဝန်ပေးစေခိုင်းချက်ကို ဘယ်လိုသဘောထားခဲ့တယ်ဆိုတာကို ကျွန်မ မိတ်သဟာယဖွဲ့တယ်။ ဒီလိုနဲ့ ဧဝံဂေလိဟောကြားခြင်းရဲ့ အရေးပါမှုနဲ့ ဘုရားသခင်ရဲ့ အဆောတလျင် ရည်ရွယ်ချက်ကို ညီအစ်ကိုမောင်နှမတွေ နားလည်အောင် ထောက်ကူပေးခဲ့တယ်။ ကျွန်မ မိတ်သဟာယဖွဲ့ပြီးတော့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေက တိုးတက်ခဲ့ပါတယ်။ သူတို့တွေက ဧဝံဂေလိအလုပ်ကို ထမ်းဆောင်ချင်စိတ်ရှိခဲ့တယ်။ အချိန်နည်းနည်းကြာတော့ ဧဝံဂေလိအလုပ်က အရင်ကနဲ့ ယှဉ်ကြည့်ရင် တိုးတက်မှုတစ်ခုခု ပြခဲ့တယ်။ ဒါတွေအားလုံးက ဘုရားရဲ့ လမ်းပြမှုကြောင့်ပဲ။

ဒီအတွေ့အကြုံကတစ်ဆင့် သက်သာမှုကို တောင့်တတဲ့ အနှစ်သာရနဲ့ အကျိုးဆက်တွေကို ကျွန်မ နည်းနည်းနားလည်ခဲ့တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ်ကိုလည်း နားလည်မှုတချို့ ရခဲ့ပါတယ်။ ဒီနေ့ ကျွန်မဟာ ကျွန်မသဘောထားကို ပြုပြင်နိုင်ပြီး တာဝန်တွေအပေါ် တာဝန်သိစိတ်ကို ခံစားရနိုင်ပါတယ်။ ဒီရလဒ်ကို ဘုရားနှုတ်ကပတ်တော်တွေက ဖြစ်စေခဲ့တာပါ။ ဘုရားရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် လူတို့ကို ရှုမြင်ခြင်းသည်သာ မှန်ကန်တိကျသည်

ရှန့်ရှင်း တောင်ကိုရီးယားနိုင်ငံ ဒီနှစ် မတ်လ ရက်တစ်ရက်မှာ၊ အသင်းတော်က ကျွန်မအစ်မကို သုံးသပ်ခိုင်းဖို့ သီးခြားခွဲထားတယ်တဲ့။ ကျွန်မ...

ကျွန်ုပ်၏ မာနကြီးသောပုံစံများကို ပြောင်းလဲခဲ့ပုံ

ဘားနဒ် ကင်မာရွန်းနိုင်ငံ အရင်က ကိုယ့်ကိုယ်ကိုယ် အရမ်းတော်တဲ့ လူလို့ အမြဲတွေးခဲ့တယ်။ တခြားလူတွေရဲ့ အကူအညီမပါဘဲ ဘာမဆို အမြဲ လုပ်နိုင်တယ်လို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။