ကျွန်ုပ်၏တာဝန်များ မည်မျှများပါစေ အသက်ဝင်ရောက်မှုကို ကျွန်ုပ်အာရုံစိုက်ရမည်

17.09.2025

၂၀၂၃ ခုနှစ်၊ မတ်လတုန်းက ကျွန်မဟာ ခရိုင်ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်နေခဲ့ပါတယ်။ ကျွန်မမှာ ဝတ္တရားတွေအများကြီးရှိလို့ အမြန်ထွက်ဖို့ ခဏခဏ စောစောထရပြီး၊ တစ်ခါတလေဆို မှောင်မှ အိမ်ပြန်ရောက်တာရှိတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာလည်း ကိုင်တွယ်ဖြေရှင်းစရာ စာတွေရှိသေးတော့၊ အလုပ်က ဘယ်တော့မှမပြီးသလို ထင်ခဲ့ရတယ်။ တစ်ခါတလေ ကျွန်မတာဝန်တွေ ထမ်းဆောင်ရင်းနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတချို့ကို ထုတ်ဖော်မိပြီး၊ အဲဒါကိုဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ချင်ပေမဲ့၊ ဝတ်ပြုခြင်းတွေက အချိန်အရမ်းကုန်တယ်လို့ ကျွန်မ အမြဲခံစားခဲ့ရတယ်။ ဒီလိုမျိုး ကိုယ့်ဘာသာ အလုပ်များနေခဲ့ပြီး အချိန်နည်းနည်းကြာတော့ ကျွန်မဟာ အသက်ဝင်ရောက်မှုမှာ တိုးတက်မှုသိပ်မရှိဘူးလို့ ခံစားခဲ့ရပြီး၊ ကျွန်မစိတ်နှလုံးထဲမှာ အမြဲတမ်း ဟာတာတာကြီး ဖြစ်နေခဲ့တယ်။ ကျွန်မဟာ အသက်ဝင်ရောက်မှုကို အာရုံမစိုက်ဘဲ၊ အလုပ်ကိုပဲ အာရုံရောက်နေခဲ့လို့၊ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ ဝိညာဉ်က ထုံထိုင်းလာပြီး ပြဿနာတွေကြုံတဲ့အခါ သမ္မာတရားကို ဘယ်လိုရှာရမှန်းမသိဘူး၊ စုဝေးပွဲတွေမှာလည်း ဘာသိနားလည်မှုမှ မဝေမျှနိုင်တော့ဘူး။ ဘုရားသခင်နဲ့ ကျွန်မရဲ့ဆက်ဆံရေးက ပုံမှန်မဟုတ်ဘူးဆိုတာကို သိလို့ ကျွန်မ နည်းနည်းကြောက်လာပြီး၊ ကျွန်မ အကျပ်အတည်းတစ်ခုထဲ ရောက်နေပြီလို့ ခံစားခဲ့ရတယ်။ ကျွန်မမှာ အသက်စိတ်သဘောထား ပြောင်းလဲမှုသာမရှိရင်၊ အပြင်ပန်းမှာ ဘယ်လောက်ပဲ ပြေးလွှားပြီး ဒုက္ခခံနေပုံပေါက်ပါစေ၊ ကျွန်မဟာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရဉီးမှာမဟုတ်ဘူးလေ။ ဒါနဲ့ ကျွန်မ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေကို ဆက်မထမ်းဆောင်ချင်တော့ဘူး၊ ဒီတာဝန်က အရမ်းအလုပ်များလွန်းတယ်၊ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားလိုက်စားချိန်မရှိဘူးလို့ ထင်မိတယ်။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မ ကိုယ့်တာဝန်တွေကို မစွန့်လွှတ်ခဲ့ပေမဲ့ စိတ်တက်ကြွမှုပျောက်ဆုံးသွားပြီး၊ ကိုယ့်တာဝန်တွေအပေါ်မှာ သိပ်ပြီး ဝန်တာထားစိတ် မရှိတော့ဘူး။ နောက်ပိုင်းမှာ၊ စာနဲ့ပတ်သက်တဲ့ တာဝန်တွေထမ်းဆောင်တဲ့ ညီအစ်ကိုမောင်နှမတွေက ဘုရားနှုတ်ကပတ်တော်တွေ၊ တခြားညီအစ်ကိုမောင်နှမတွေရေးတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကို ခဏခဏ ဖတ်ကြတာကို ကျွန်မ သတိပြုမိတယ်။ စာနဲ့ပတ်သက်တဲ့ တာဝန်တွေထမ်းဆောင်ရတာက တော်တော်ကောင်းမှာပဲ၊ တခြားတာဝန်တွေထက် ဒီတာဝန်ကနေ ပိုပြီးအကျိုးကျေးဇူးရနိုင်တယ်လို့ ကျွန်မ တွေးမိတယ်။ ဒါကြောင့် တစ်နေ့နေ့မှာ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ ကျွန်မ မျှော်လင့်ခဲ့တယ်၊ အဲဒါက ကျွန်မရဲ့ အသက်ဝင်ရောက်မှုကို ကူညီပေးပြီး ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်ကို ပိုတိုးစေမှာဖြစ်လို့ပေါ့။

နိုဝင်ဘာလရဲ့ တစ်နေ့မှာ၊ အထက်ပိုင်းခေါင်းဆောင်က စာနဲ့ပတ်သက်တဲ့ အလုပ်အတွက် လူအရေးတကြီးလိုနေပြီး စာနဲ့ပတ်သက်တဲ့အလုပ်ကို ကြီးကြပ်ရာမှာ ကျွန်မက ထိရောက်မှုတချို့ရှိလို့ သူတို့က ကျွန်မကို အဲဒီတာဝန်ခန့်အပ်ချင်တယ်လို့ ပြောခဲ့တယ်။ ဒီသတင်းကိုကြားရတော့ ကျွန်မအရမ်းပျော်သွားတယ်၊ ဒီတာဝန်ကို ထမ်းဆောင်ရတာက ကျွန်မရဲ့ အသက်ဝင်ရောက်မှုကို သေချာပေါက် ကူညီပေးမှာလို့ ကျွန်မ ထင်ပြီး၊ ဒီအခွင့်အရေးကို လက်မလွှတ်တမ်း အသုံးချရမယ်လို့ ကျွန်မ ခံစားခဲ့ရလို့ပေါ့။ ဒါပေမဲ့ ဆောင်းပါးတွေ စိစစ်ရွေးချယ်ရတဲ့အပြင် လူတွေကိုလည်း ပျိုးထောင်ပေးရပြီးတော့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုဆိုင်ရာ ပြဿနာတွေကိုပါ ဖြေရှင်းပေးရတာကို တကယ် စပြီး ပူးပေါင်းဆောင်ရွက်တဲ့နောက်မှာမှ သဘောပေါက်မိပြီး ဒီတာဝန်ရဲ့အလုပ်ပမာဏက ခေါင်းဆောင်တစ်ယောက်ရဲ့ အလုပ်ပမာဏထက် မနည်းဘူးဆိုတာကို တွေ့လိုက်ရတော့ ကျွန်မ အံ့အားသင့်ခဲ့ရတယ်။ ဒါ့အပြင် ကျွန်မက လေ့ကျင့်ခါစပဲရှိသေးပြီး စည်းမျဉ်းတွေနဲ့ရော အလုပ်နဲ့ပါ မရင်းနှီးသေးတော့၊ ကျွန်မမှာ လက်စသတ်ဖို့ မပြီးဆုံးနိုင်တဲ့ အလုပ်တွေ အမြဲတမ်း ရှိနေခဲ့တယ်။ အလုပ်ကို ကောင်းကောင်းလုပ်ဖို့ ဦးစားပေးနေတာနဲ့ပဲ မနက်ခင်း ဝတ်ပြုခြင်းတွေက အချိန်ဖြုန်းရာကျတယ်လို့ ကျွန်မ ခံစားခဲ့ရပြီး ညဘက်တွေမှာလည်း ဆောင်းပါးတွေ စိစစ်ရွေးချယ်ဖို့ အချိန်ပိုလုပ်ရပြန်တယ်။ ကျွန်မဟာ အလုပ်ထဲမှာပဲ နေ့တိုင်း သံသရာလည်နေတာကို ကျွန်မတွေ့ခဲ့ရတယ်။ ပြီးတော့ ကျွန်မထုတ်ဖော်မိတဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဆန်းစစ်ဖို့ အာရုံမစိုက်တော့ဘူး။ တစ်ခါတလေ ကိုယ့်အခြေအနေမကောင်းဘူးဆိုတာ သဘောပေါက်မိတဲ့အခါ အဲဒါကိုဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ချင်ပေမဲ့၊ လက်စသတ်ဖို့ ဆိုင်းငံ့ထားတဲ့အလုပ်တွေအကြောင်း တွေးမိတိုင်း အသက်ဝင်ရောက်မှုကိစ္စကို ကျွန်မ နောက်ပို့လိုက်တာပဲ။ စာနဲ့ပတ်သက်တဲ့ တာဝန်တွေထမ်းဆောင်ရတာက ကျွန်မရဲ့ အသက်ဝင်ရောက်မှုကို ကူညီပေးမှာပဲလို့ နဂိုက ကျွန်မထင်ခဲ့တယ်၊ ဒါပေမဲ့ အခုတော့ ဝတ်ပြုခြင်းတွေအတွက်တောင် ကျွန်မ အချိန်မရှာနိုင်တော့ဘူး။ ကျွန်မ နေ့တိုင်း ဒီလိုသာ ဆက်ပြီးအလုပ်များနေရင်၊ သမ္မာတရားကို ရှာပြီး ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ ဘယ်လိုအချိန်ရှိမှာလဲ။ ကျွန်မရဲ့ အသက်စိတ်သဘောထားမှာ ပြောင်းလဲမှုမရှိဘဲ ဘယ်လိုလုပ် ကယ်တင်ခြင်းခံရနိုင်မှာလဲ။ ဒီအကြောင်းကို စဉ်းစားလေလေ ပိုပြီးဝမ်းနည်းလာလေပဲ၊ ဒီတာဝန်ကို ယူခဲ့တာကိုတောင် ကျွန်မ နောင်တရမိတယ်။ အထူးသဖြင့် ညီအစ်ကိုမောင်နှမတချို့ရဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေက ဗီဒီယိုအဖြစ်ရိုက်ကူးသွားပြီး အွန်လိုင်းပေါ်တင်တာကို တွေ့လိုက်ရတဲ့အခါ၊ ကျွန်မရဲ့စိတ်က တော်တော်ကြီး ဂနာမငြိမ်ဖြစ်လာတယ်။ ကျွန်မဟာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် တစ်ပုဒ်မှမရေးဘဲ ဘုရားသခင်ကို ယုံကြည်ခဲ့တာ နှစ်ချီပြီဖြစ်တဲ့အပြင် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ဘယ်ကဏ္ဏကိုမှလည်း မဖြေရှင်းရသေးဘူးလေ။ နေ့တိုင်း ကျွန်မ အလုပ်များနေတာက ဘာအဓိပ္ပာယ်ရှိမှာလဲ။ ကျွန်မ မညည်းညူဘဲမနေနိုင်ခဲ့ဘူး၊ ခေါင်းဆောင်တွေက ကျွန်မအတွက် မသင့်တော်တဲ့ တာဝန်တစ်ခုကို ခန့်အပ်ခဲ့တယ်လို့ တွေးမိပြီး ဒါက ကျွန်မရဲ့ သမ္မာတရားလိုက်စားမှုနဲ့ ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို ဟန့်တားနေတယ်လို့လည်း တွေးမိတယ်။ ဒီလိုတွေးတာမှားမှန်း ကျွန်မသိလို့ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးက ကိုယ့်တာဝန်တွေနဲ့ အရမ်းအလုပ်များနေလို့ သမ္မာတရားကို မလိုက်စားနိုင်ဘူးလို့ အမြဲခံစားမိတယ်။ ဒီလိုတွေးတာမှားမှန်း သိပေမဲ့ သမီးဟာ ကိုယ့်ကိုယ်ကိုယ် သိပ်နားမလည်သေးဘူး။ သမီးရဲ့ပြဿနာတွေကို နားလည်အောင် ဉာဏ်ပွင့်စေပြီး လမ်းပြလို့ ကူညီတော်မူပါ” လို့ပေါ့။

စုဝေးပွဲတစ်ခုမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “လူတချို့သည် ၎င်းတို့၏ တာဝန်များဖြင့် အလွန်အလုပ်ရှုပ်နေသဖြင့် သမ္မာတရားအား လိုက်စားရန်အချိန်မရှိဟု အစဉ်သဖြင့် ပြောဆိုကြသည်။ ဤသည်မှာ မခိုင်လုံပေ။ သမ္မာတရားအား လိုက်စားသူဆိုလျှင် မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိသည်နှင့် တစ်ပြိုင်နက် ယင်းကို ဖြေရှင်းရန် သမ္မာတရားအား ရှာဖွေလိမ့်မည်။ သမ္မာတရားအား နားလည်ပြီး ရရှိလိမ့်မည်။ ဤသည်မှာ သေချာ၏။ နေ့စဉ် စုဝေးခြင်းအားဖြင့်သာ သမ္မာတရားကို နားလည်နိုင်သည်ဟု ထင်သောသူများစွာရှိသည်။ ဤသည်မှာ အလွန်ပင် မှားယွင်း၏။ သမ္မာတရားသည် စုဝေးရုံ၊ တရားဒေသနာများကို နားထောင်ရုံမျှဖြင့် နားလည်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံဖို့လည်း လိုအပ်သည်။ ပြီးလျှင် ပြဿနာများကို ရှာဖွေတွေ့ရှိပြီး ဖြေရှင်းသည့် ဖြစ်စဉ်လည်း လိုအပ်သည်။ အရေးပါသောအရာမှာ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေတတ်ရန် သင်ယူရမည်။ သမ္မာတရားကို မချစ်သူတို့သည် ၎င်းတို့အပေါ်သို့ မည်သည့်ပြဿနာများ ကျရောက်ပါစေ သမ္မာတရားအား မရှာဖွေပေ။ သမ္မာတရားအား ချစ်သူများမူကား ပြဿနာများကို ၎င်းတို့ ကြုံတွေ့ရသည့်အခါတွင် ၎င်းတို့၏ တာဝန်များနှင့် မည်မျှအလုပ်ရှုပ်နေပါစေ သမ္မာတရားကို ရှာဖွေကြသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်များနှင့် အလွန်အလုပ်ရှုပ်နေ၍ စုဝေးရန်အချိန်မရှိသောကြောင့် အကျိုးဆက်အနေဖြင့် သမ္မာတရားအား လိုက်စားခြင်းကို ရွှေ့ဆိုင်းထားရသည်ဟု အစဉ်သဖြင့် ညည်းညူနေကြသော ထိုလူများသည် သမ္မာတရားကို ချစ်သူများမဟုတ်ဟု ငါတို့ သေချာပေါက် ဆိုနိုင်သည်။ ၎င်းတို့သည် လွဲချော်နေသော သဘောပေါက်နားလည်မှုကို ကိုင်စွဲထားသည့် ဝိညာဉ်ရေးရာ နားလည်ခြင်း မရှိသောသူများ ဖြစ်သည်။...လူတစ်ယောက်က သမ္မာတရားအား လိုက်စားခြင်းရှိမရှိသည် ထိုသူက သူ၏တာဝန်နှင့် မည်မျှအလုပ်ရှုပ်နေသည်၊ သို့မဟုတ် ထိုသူတွင် အချိန်မည်မျှရှိသည်တို့နှင့် မသက်ဆိုင်ပေ။ သူ့အနေဖြင့် စိတ်နှလုံး၌ သမ္မာတရားအား ချစ်ခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ အမှန်မှာ လူတိုင်းတွင် တူညီသော အလျှံပယ် အချိန်ပမာဏရှိသည်။ ထိုအချိန်ကို လူတစ်ဦးချင်းစီ အသုံးချသည့်နေရာတွင်သာ ကွာခြားသွားခြင်းဖြစ်၏။ သမ္မာတရားအား လိုက်စားရန် အချိန်မရှိဟု ပြောသောသူ မည်သူမဆိုသည် ဇာတိပကတိ သာယာမှုများ၌ ၎င်းတို့၏ အချိန်ကို အသုံးချနေခြင်း၊ သို့မဟုတ် အပြင်ပန်း ကိစ္စတစ်ခုခုဖြင့် အလုပ်ရှုပ်နေခြင်းဖြစ်နိုင်သည်။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား ရှာဖွေခြင်းတွင် အချိန်ကို အသုံးမချပေ။ ဤသည်မှာ ၎င်းတို့၏ လိုက်စားမှုတွင် ပေါ့ဆသောသူတို့၏ ပုံစံဖြစ်သည်။ ဤအဖြစ်က ၎င်းတို့၏ အသက်ဝင်ရောက်မှုဟူသော ကြီးမားသည့် အမှုကိစ္စကို နှောင့်နှေးစေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃)) ဘုရားနှုတ်ကပတ်တော်ကနေ ကိုယ့်တာဝန်တွေနဲ့ အရမ်းအလုပ်များနေလို့ အသက်ဝင်ရောက်မှုကို အာရုံမစိုက်နိုင်ဘူးလို့ အမြဲခံစားနေရတာက ကျွန်မ သမ္မာတရားကို မချစ်တဲ့ အရင်းခံပြဿနာကနေ အစပြုတယ်ဆိုတာကို တွေ့လိုက်ရတယ်။ အရင်က ခေါင်းဆောင်တစ်ယောက်အနေနဲ့ အလုပ်တွေအများကြီးလုပ်ရတော့၊ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ချိန်မရှိဘူးလို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် တစ်ခုတည်းလုပ်ရတဲ့တာဝန်ကို လုပ်ချင်ခဲ့တာ။ ဒါပေမဲ့ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ပြောင်းလိုက်ပြီးတဲ့နောက်မှာ ဒီတာဝန်က အရမ်းအလုပ်များတယ်၊ ဒါက ကျွန်မရဲ့ အသက်ဝင်ရောက်မှုကို ထိခိုက်ပြီး ကျွန်မရဲ့ ကယ်တင်ခြင်းရမယ့်အခွင့်အရေးကို ဟန့်တားနေတယ်လို့ ခံစားနေရတုန်းပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ ဆင်ခြေတွေက လုံးဝ မခိုင်လုံဘူးဆိုတာကို သဘောပေါက်သွားတယ်။ သမ္မာတရားကို ချစ်ပြီး လိုက်စားတဲ့သူတွေကတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်တယ်၊ ပြီးတော့ အဲဒီကနေ သင်ခန်းစာတွေယူနိုင်တယ်။ ဒါပေမဲ့ သမ္မာတရားကို မချစ်တဲ့သူတွေကတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို သမ္မာတရားရှာဖွေဖို့ အာရုံမစိုက်ဘူး၊ ပြီးတော့ သမ္မာတရားမလိုက်စားဖို့အတွက် ဆင်ခြေအမျိုးမျိုးကို အမြဲရှာကြတယ်။ ခေါင်းဆောင်တွေနဲ့ ကြီးကြပ်ရေးမှူးတွေဖြစ်တဲ့ ညီအစ်ကိုမောင်နှမအများကြီးအကြောင်းကို ကျွန်မ တွေးမိတယ်။ သူတို့လည်း နေ့တိုင်း အလုပ်များကြတာတောင် သမ္မာတရားကို ရှာဖွေပြီး သူတို့ရဲ့ အသက်ဝင်ရောက်မှုကို အာရုံစိုက်ဖို့ အချိန်ရှိကြတုန်းပဲ။ အလုပ်ကို နောက်ဆက်တွဲလုပ်ဆောင်ဖို့ ခေါင်းဆောင်တစ်ယောက် ကျွန်မတို့အဖွဲ့ကို လာတုန်းကလိုပေါ့၊ ကျွန်မတွေ့ခဲ့တာက သူက ကျွန်မတို့အလုပ်အတွက် တာဝန်ယူရတဲ့အပြင် တခြားအလုပ်တွေကိုလည်း စီမံခန့်ခွဲရတယ်။ သူက ကျွန်မထက် နေ့တိုင်း ပိုပြီးအလုပ်များတာတောင် သူက ဝတ်ပြုခြင်းတွေအတွက်၊ ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားဖို့အတွက် အချိန်ရှာနိုင်ခဲ့တုန်းပဲ။ ဒါ့အပြင် သူ ပြုပြင်ခံရတာကနေရတဲ့ သူ့ရဲ့အတွေ့အကြုံဆိုင်ရာ ရရှိမှုတွေကို သူ ဝေမျှတာ နားထောင်ရတာက၊ ကျွန်မတို့အတွက်လည်း အကျိုးရှိခဲ့တယ်။ တခြားသူတွေက သူတို့ကြုံတွေ့ရတဲ့ အခြေအနေတွေမှာ သမ္မာတရားကို ရှာဖွေပြီး သင်ခန်းစာတွေယူနိုင်တဲ့အပြင် ဘဝမှာ တိုးတက်မှုကို ဆောင်ယူပေးတယ်ဆိုတာ ကျွန်မတွေ့ခဲ့ရတယ်။ အရင်က ကျွန်မကြုံတွေ့ခဲ့ဖူးတဲ့ အလုပ်တစ်ခုတည်းကိုပဲလုပ်ရတဲ့ တာဝန်ကို ထမ်းဆောင်တဲ့ လူတချို့ကိုလည်း ကျွန်မ သတိရမိတယ်။ သူတို့က နေ့တိုင်း လက်ထဲမှာရှိတဲ့ အလုပ်တွေကို ပြီးအောင်လုပ်ရုံနဲ့ ကျေနပ်နေကြပြီး၊ ကျန်တဲ့အချိန်တွေကိုတော့ ဇာတိပကတိဆိုင်ရာ ကိစ္စတွေနဲ့ပဲ ကုန်ဆုံးကြတယ်။ သူတို့မှာ ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆဖို့နဲ့ သမ္မာတရားကို ရှာဖွေဖို့ အချိန်အများကြီးရှိတာတောင် သူတို့ရဲ့ အသက်ဝင်ရောက်မှုအတွက် ဝန်တာထားစိတ်မရှိကြဘူး။ တခြားသူတွေ သတိပေးတာကိုလည်း အာရုံမစိုက်တဲ့အပြင် အတိုက်အခံလုပ်ကြသေးတယ်။ ဒီအချက်အလက်တွေကြောင့်၊ တာဝန်တွေနဲ့ အလုပ်များနေလို့ သမ္မာတရားလိုက်စားဖို့ အချိန်မရှိဘူးဆိုတဲ့ ကျွန်မရဲ့ယုံကြည်ချက်က၊ လုံးဝ သမ္မာတရားနဲ့မကိုက်ညီဘဲ လုံးဝကို အဓိပ္ပာယ်မရှိဘူးဆိုတာကို တွေ့လိုက်ရတယ်။ အခု ကျွန်မ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ထမ်းဆောင်ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကို စိစစ်ရွေးချယ်နေတဲ့အချိန်မှာလိုပဲ၊ ကျွန်မပြန်သုံးသပ်တဲ့ ဆောင်းပါးတိုင်းမှာ သမ္မာတရား ပါဝင်နေပေမဲ့၊ ဘာကြောင့် အသက်ဝင်ရောက်မှုကို အာရုံစိုက်ဖို့ အချိန်မရှိဘူးလို့ ကျွန်မ ခံစားနေရသေးတာလဲ။ အရင်းခံအကြောင်းရင်းက ကျွန်မ သမ္မာတရားကို မချစ်လို့ပဲ။ ဒါတောင်မှ ကျွန်မအတွက် မသင့်တော်တဲ့ တာဝန်တစ်ခုကို ခန့်အပ်လို့ဆိုပြီး ခေါင်းဆောင်တွေကို ကျွန်မ အပြစ်တင်ခဲ့သေးတယ်၊ ဒါက တကယ်ကို လွဲချော်ပြီး ဆင်ခြင်တုံတရားမရှိတာပဲ။ ကျွန်မက ဘုရားသခင်ဖော်ထုတ်တဲ့ အဓိပ္ပာယ်မရှိတဲ့ နားလည်သဘောပေါက်မှုရှိပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့တဲ့သူတစ်ယောက် အစစ်အမှန်ပါပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်လိုက်တော့၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ အသက်ဝင်ရောက်မှုကို ဘယ်လိုရနိုင်မလဲဆိုတာ နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သမ္မာတရားကို လိုက်စားသူများသည် ၎င်းတို့၏ တာဝန်ဖြင့် မည်မျှအလုပ်ရှုပ်နေပါစေ ၎င်းတို့အပေါ်သို့ ကျရောက်သော ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေနိုင်ဆဲဖြစ်သည်။ ၎င်းတို့ကြားနာခဲ့သည့် တရားဒေသနာများတွင် မရှင်းလင်းသော အရာများနှင့်ပတ်သက်သည့် မိတ်သဟာယကို ရှာဖွေနိုင်ဆဲဖြစ်သည်။ ပြီးလျှင် ၎င်းတို့ထမ်းဆောင်ခဲ့သည့်ပုံစံကို ဆင်ခြင်သုံးသပ်ရန်အတွက် ၎င်းတို့၏ စိတ်နှလုံးကို နေ့စဉ် ငြိမ်သက်စေပြီး ဘုရားနှုတ်ကပတ်တော်များကို ဆင်ခြင်ကာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများကို ကြည့်နိုင်ဆဲဖြစ်သည်။ ဤအရာများမှတစ်ဆင့် ၎င်းတို့သည် အကျိုးအမြတ်များ ရရှိကြ၏။ ၎င်းတို့၏ တာဝန်များဖြင့် မည်မျှအလုပ်ရှုပ်နေပါစေ ၎င်းတို့၏ အသက် ကြီးထွားတိုးတက်ခြင်းက လုံးဝ အနှောင့်အယှက်မဖြစ်သကဲ့သို့ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို နှောင့်နှေးခြင်းလည်းမရှိပေ။ သမ္မာတရားကို ချစ်သောသူများသည် ဤသို့ လက်တွေ့လုပ်ဆောင်သည်မှာ ဖြစ်ရိုးဖြစ်စဉ်ပင်ဖြစ်သည်။ သမ္မာတရားကို မချစ်သောသူများမူကား ၎င်းတို့၏ တာဝန်ဖြင့် အလုပ်ရှုပ်သည်ဖြစ်စေ၊ မရှုပ်သည်ဖြစ်စေ၊ ၎င်းတို့အပေါ်သို့ မည်သည့်ပြဿနာများ ကျရောက်သည်ဖြစ်စေ သမ္မာတရားကို မရှာဖွေသကဲ့သို့ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိမြင်ရန်အတွက် ဘုရားသခင်ရှေ့တွင် မိမိတို့ကိုယ်ကို ငြိမ်သက်စေလိုစိတ်လည်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ တာဝန်တွင် အလုပ်ရှုပ်နေသည်ဖြစ်စေ၊ အားလပ်နေသည်ဖြစ်စေ သမ္မာတရားကို မလိုက်စားကြ။ အမှန်မှာ လူတစ်ယောက်သည် သမ္မာတရားကို လိုက်စားရန် စိတ်ပါဝင်စားမှုရှိလျှင်၊ သမ္မာတရားကို တောင့်တလျှင်၊ အသက်ဝင်ရောက်ခြင်းနှင့် မိမိ၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းတို့၏ ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်လျှင် မိမိ၏တာဝန်ဖြင့် မည်သို့အလုပ်ရှုပ်နေပါစေ စိတ်နှလုံးတွင် ဘုရားသခင်နှင့် ပိုမိုနီးကပ်ပြီး ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်ဖြစ်သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုတချို့ကို ရရှိဖို့ သေချာသည်။ သူ၏ အသက်တာသည်လည်း ရပ်တန့်မှုမရှိဘဲ ကြီးထွားတိုးတက်လိမ့်မည်။ လူတစ်ယောက်သည် သမ္မာတရားကို မချစ်သကဲ့သို့ အသက်ဝင်ရောက်ခြင်း၊ သို့မဟုတ် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၏ ဝန်ထုပ်ဝန်ပိုးတစ်ခုကိုမျှလည်း မသယ်ဆောင်လျှင်ဖြစ်စေ၊ ဤအရာများကို စိတ်မဝင်စားလျှင်ဖြစ်စေ မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ လူတစ်ယောက်သည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ပတ်သက်ပြီး မိမိတွင် မည်သည့်ထုတ်ဖော်မှုများ ရှိသည်ကို ဆင်ခြင်သုံးသပ်ခြင်းသည် အချိန်မရွေး၊ နေရာမရွေး လုပ်ဆောင်ရမည့် အရာတစ်ခုဖြစ်သည်။ ဥပမာ မိမိ၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ခဲ့လျှင် မိမိ၏ စိတ်နှလုံး၌ ဘုရားသခင်ထံ ဆုတောင်းရမည်။ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရမည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိမြင်ရမည်။ ယင်းကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ ဤသည်မှာ စိတ်နှလုံးနှင့် သက်ဆိုင်သော ကိစ္စဖြစ်သည်။ လက်ထဲရှိအလုပ်အပေါ် သက်ရောက်မှုမရှိပေ။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသလော။ ဤသည်မှာ သင်က သမ္မာတရားကို လိုက်စားသူတစ်ယောက်ဟုတ်မဟုတ်အပေါ်တွင် မူတည်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် အသက်တာ၌ ကြီးထွားတိုးတက်မှုနှင့်သက်ဆိုင်သော ကိစ္စများကို စိတ်မဝင်စားကြပေ။ ဤသို့သောအရာများကို ၎င်းတို့ထည့်မတွက်ကြ။ ဘဝတွင် မိမိတို့ကိုယ်ကို ကြီးထွားတိုးတက်ရန် ကြိုးစားလိုစိတ်ရှိသောသူတို့သည် သမ္မာတရားကို လိုက်စားသောသူများသာဖြစ်သည်။ အမှန်တကယ် တည်ရှိသော ပြဿနာများနှင့် ထိုပြဿနာများဖြေရှင်းရန် သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို မကြာခဏ တွေးတောသူများသည် ၎င်းတို့သာဖြစ်သည်။ အမှန်တွင် ပြဿနာများကို ဖြေရှင်းခြင်း ဖြစ်စဉ်နှင့် သမ္မာတရားကို လိုက်စားခြင်းဖြစ်စဉ်သည် တူညီ၏။ မိမိ၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား ရှာဖွေခြင်းကို စဉ်ဆက်မပြတ် အာရုံစိုက်ပြီး ဤသို့ လက်တွေ့လုပ်ဆောင်သည့် နှစ်တချို့တွင် ပြဿနာအတော်များများကို ဖြေရှင်းခဲ့လျှင် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် သေချာပေါက် စံနှုန်းနှင့် ကိုက်ညီသည်။ ဤသို့သောသူတို့တွင် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ခြင်းများ ပို၍ နည်းပါးပြီး ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင်လည်း စစ်မှန်သော အတွေ့အကြုံများစွာကို ၎င်းတို့ရရှိကြသည်။ ဤသို့အားဖြင့် ၎င်းတို့သည် ဘုရားသခင်အတွက် သက်သေခံနိုင်ကြသည်။ ဤသို့သောသူများသည် ၎င်းတို့၏ တာဝန်ကို ပထမဆုံးယူသောအချိန်တွင် စတင်ဖြစ်ပေါ်သည့် တွေ့ကြုံခံစားမှုကို ဘုရားသခင်အတွက် သက်သေခံနိုင်သည်အထိ မည်သို့ဖြတ်သန်းကြသနည်း။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် ထိုသို့လုပ်ဆောင်ကြခြင်းဖြစ်သည်။ ထို့ကြောင့် သမ္မာတရားအား လိုက်စားသူများသည် ၎င်းတို့၏ တာဝန်များဖြင့် မည်မျှအလုပ်ရှုပ်နေပါစေ စည်းမျဉ်းများနှင့်အညီ ပြဿနာများကို ဖြေရှင်းပြီး တာဝန်ထမ်းဆောင်ခြင်းတွင် အောင်မြင်ရန်အတွက် သမ္မာတရားကို ရှာဖွေလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အား နာခံနိုင်လိမ့်မည်။ ဤသည်မှာ အသက်ဝင်ရောက်ခြင်း၏ ဖြစ်စဉ်ဖြစ်သည်။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်သည့် ဖြစ်စဉ်လည်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃)) အရင်က ဝတ်ပြုခြင်းတွေက ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့နဲ့ ကိုယ့်ပြဿနာတွေကို ဆင်ခြင်သုံးသပ်ပြီး နားလည်ဖို့အတွက် အချိန်အလုံအလောက်လိုအပ်ပြီး ဒါဟာ အသက်ဝင်ရောက်မှုကို အာရုံစိုက်ဖို့နည်းလမ်းတစ်ခုပဲလို့ ကျွန်မ အမြဲထင်ခဲ့တယ်။ ဒါကြောင့် ကိုယ့်တာဝန်တွေနဲ့ အလုပ်များနေတဲ့အခါတိုင်း အလုပ်ကိုပဲ အာရုံစိုက်ခဲ့တယ်။ အသက်ဝင်ရောက်မှုကိစ္စကို ဘေးဖယ်ထားပြီး၊ ကျွန်မက အသက်ဝင်ရောက်မှုနဲ့ ကိုယ့်တာဝန်တွေကို သီးခြားခွဲထားခဲ့တယ်။ အမှန်တော့ ဝတ်ပြုခြင်းတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့ မချည်နှောင်ထားသင့်ပါဘူး။ ကိုယ့်ရဲ့အသက်ဝင်ရောက်မှုအတွက် ဝန်တာထားစိတ်ရှိပြီး သမ္မာတရားကို ချစ်တဲ့သူတွေက ဘယ်လောက်ပဲအလုပ်များနေပါစေ သင်ခန်းစာတွေယူနိုင်ကြတယ်။ လူတစ်ယောက်က ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေရဲ့ တာဝန်ကို ထမ်းဆောင်တဲ့အခါလိုပေါ့၊ သူတို့ နေ့တိုင်း ကြုံတွေ့ရတဲ့ လူတွေ၊ ဖြစ်ရပ်တွေ၊ အမှုအရာတွေ အများကြီးရှိတယ်။ တစ်ခါတလေ ညီအစ်ကိုမောင်နှမတွေက အခက်အခဲတွေထဲမှာ နေထိုင်နေတာ ဒါမှမဟုတ် သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက သူတို့တာဝန်တွေကို သက်ရောက်မှုရှိတဲ့အခါ၊ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက သူတို့အခြေအနေတွေကို တွေးဆပြီး အဲဒါတွေကို ကူညီဖြေရှင်းပေးမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေရတယ်။ တစ်ခါတလေ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ ဆိုးရွားတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်ပြပြီး အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေတာကို သူတို့တွေ့တဲ့အခါ အဲဒီလူတွေကို ဖော်ထုတ်ပြီး ပြုပြင်ဖို့လိုတယ်။ ပြီးတော့ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့အခါမှာ၊ စိစစ်ရွေးချယ်ရတဲ့ ဆောင်းပါးတိုင်းမှာ သမ္မာတရားကဏ္ဏတချို့ ပါဝင်နေတယ်။ ဒါက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ကဏ္ဏတစ်ခုကို ဖြေရှင်းပေးနိုင်ပြီး၊ လူတစ်ယောက်က ရှင်းရှင်းလင်းလင်း နားမလည်တဲ့အရာတွေရှိရင် စည်းမျဉ်းတွေနဲ့အညီ သင့်တော်တဲ့ ဆောင်းပါးတွေကို စိစစ်ရွေးချယ်နိုင်ဖို့ သမ္မာတရားကို တက်တက်ကြွကြွ ရှာဖွေရမယ်။ ဒီအရာတွေအားလုံးက အသက်ဝင်ရောက်မှုနဲ့ သက်ဆိုင်တယ်။ ဒါ့အပြင် ကျွန်မနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မတွေနဲ့ ဆက်ဆံတဲ့အခါမှာ၊ ကျွန်မက စည်းမျဉ်းတွေကို နားလည်သဘောပေါက်မှုကင်းမဲ့ပြီး ကိုယ့်တာဝန်တွေမှာ ထိရောက်မှုနည်းတဲ့အတွက် ကျွန်မဟာ ကိုယ့်ရဲ့ ကျော်ကြားမှုနဲ့ ဂုဏ်သတင်းကို စိုးရိမ်ပြီး ညီအစ်မတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မိတာကို တွေ့ခဲ့ပြီး၊ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ချက်ချင်းရှာဖွေခဲ့ရတယ်။ ကိုယ့်တာဝန်တွေမှာ မြန်မြန်ဆန်ဆန် စိတ်နှစ်နိုင်အောင်လို့ပေါ့။ ဒါတွေအပြင်၊ ဘုရားသခင်ရှေ့မှာ စိတ်ကို ငြိမ်သက်စေပြီး ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားဖို့ အားလပ်ချိန်တွေကို အသုံးချတာကလည်း အရမ်းအရေးကြီးတယ်။ ကိုယ်လက်ဆေးကြောလုပ်တာ၊ ထမင်းစားတာ၊ ဒါမှမဟုတ် စကားစမြည်ပြောရာမှာသုံးတဲ့ အချိန်လိုမျိုးတွေကိုတောင် ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆဖို့၊ ဒါမှမဟုတ် တစ်နေ့တာအတွင်းမှာ ကိုယ်ထုတ်ဖော်မိတဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဆင်ခြင်သုံးသပ်ဖို့ အသုံးပြုနိုင်တယ်။ လူတစ်ယောက်ရဲ့ တာဝန်တွေထဲမှာ သမ္မာတရားကို ရှာဖွေပြီး သင်ခန်းစာတွေယူဖို့ လိုအပ်တဲ့နေရာတွေက အများကြီး ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တဲ့အခါ ဘုရားနှုတ်ကပတ်တော်အတိုင်း ကျွန်မ လက်တွေ့လုပ်ဆောင်ခဲ့တယ်။ တစ်ခါတလေ အလုပ်များတဲ့အခါ နည်းနည်းစောစောထတာ၊ ဒါမှမဟုတ် နေ့လယ်စာစားချိန်ကို သုံးပြီး ဝတ်ပြုခြင်းဆိုင်ရာ မှတ်စုတွေ၊ ဆောင်းပါးတွေ ရေးခဲ့တယ်။ ဒီလိုလက်တွေ့လုပ်ဆောင်တော့ ဘုရားသခင်နဲ့ ကျွန်မရဲ့ဆက်ဆံရေးက ပိုပြီးရင်းနှီးလာတယ်လို့ ခံစားခဲ့ရတယ်။ ဆောင်းပါးတွေကို စိစစ်ရွေးချယ်တဲ့အခါ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်မှုတွေကို ဖတ်ပြီး၊ ကိုယ့်ပြဿနာတွေကို သူတို့ရဲ့ပြဿနာတွေနဲ့ယှဉ်ပြီး သတိရှိရှိနဲ့ ဆင်ခြင်သုံးသပ်မိတယ်။ တစ်ခါတလေ သူတို့ရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်မှုတွေကို ဖတ်တော့ ကိုယ့်ပြဿနာတွေကို ပိုပြီးရှင်းလင်းတဲ့ ထိုးထွင်းအမြင်တွေ ရလာခဲ့ပြီး၊ အကြိမ်တိုင်းမှာ တစ်ခုခုတော့ ရရှိနိုင်ခဲ့တာကို ကျွန်မ တွေ့ခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မဟာ ဝိညာဉ်ပိုင်းမှာ ပိုပြီး ထက်မြက်လာတယ်လို့ ခံစားခဲ့ရပြီး၊ လူတစ်ယောက်ရဲ့ အသက်ဝင်ရောက်မှုနဲ့ တာဝန်တွေက သက်ဆိုင်မှုမရှိတာ မဟုတ်ဘူးဆိုတာကို တကယ်ပဲ ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒီတာဝန်ကို ထမ်းဆောင်ရတာက အရမ်းကောင်းတယ်လို့ ပိုပိုပြီး ခံစားခဲ့ရတယ်၊ အလုပ်များမယ်ဆိုပေမဲ့လည်း ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်ခဲ့တယ်။ ဒီတာဝန်မှာ အသက်ဝင်ရောက်မှုကို ဆက်လက်တွေ့လုပ်ဆောင်ပြီး အာရုံစိုက်ဖို့ ကျွန်မ ဆန္ဒရှိလာခဲ့တယ်။

တစ်နေ့မှာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခုထဲက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတော့၊ ကိုယ့်အခြေအနေနဲ့ပတ်သက်ပြီး သိမြင်မှုတချို့ ထပ်ရဖို့ အထောက်အကူဖြစ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်သုံးသပ်ရင်း၊ ကျွန်မရဲ့ အတိုက်အခံလုပ်မှုနဲ့ အပျက်သဘောဆောင်မှုတွေရဲ့ နောက်ကွယ်မှာ ကောင်းချီးတွေရဖို့ လိုအင်ဆန္ဒတစ်ခု ရှိနေတယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ သမ္မာတရားကို လိုက်စားပြီး အသက်ဝင်ရောက်မှုကို အာရုံစိုက်ဖို့ ကျွန်မရဲ့လိုအင်ဆန္ဒမှာ ဘာအမှားမှမရှိဘူးလို့ အမြဲတမ်း ယုံကြည်ခဲ့ပေမဲ့ ကိုယ့်ရဲ့အပြင်ပန်းသွင်ပြင်ရဲ့ အထင်အမြင်မှားအောင် လုပ်တာကို ကျွန်မခံခဲ့ရတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေ သဘောပေါက်ခဲ့တယ်။ ဘုရားသခင်ကို စတင်ယုံကြည်ခဲ့တုန်းက အချိန်ကို ပြန်တွေးကြည့်တော့ အသင်းတော်က ကျွန်မကိုစီစဉ်ပေးတဲ့ ဘယ်လိုတာဝန်ကိုမဆို ကျိုးနွံနာခံခဲ့ပြီး ကျွန်မက တက်ကြွပြီး စိတ်အားထက်သန်သလိုထင်ရခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့မိသားစုနဲ့ ကလေးတွေကို လက်လွှတ်ခဲ့တယ်၊ ကျွန်မစိတ်နှလုံးက ညှဉ်းပန်းခံရပြီး နာကျင်ခဲ့ပေမဲ့ အနာဂတ်မှာ ကောင်းချီးမင်္ဂလာတွေ ရရှိဖို့ မျှော်လင့်တဲ့အတွက်၊ ကျွန်မရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုကို ပြတ်ပြတ်သားသား ဘေးဖယ်ထားပြီး ကိုယ့်တာဝန်တွေအတွက် ကိုယ့်အချိန်တွေအားလုံးကို မြှုပ်နှံထားခဲ့တယ်။ ပြန်ကြည့်လိုက်တော့၊ အဲဒီအချိန်က ကျွန်မရဲ့ စိတ်ဓာတ်လှုံ့ဆော်မှုက ကောင်းချီးတွေ ရဖို့ လိုအင်ဆန္ဒရဲ့ တွန်းအားကြောင့်ဖြစ်တယ်ဆိုတာကို တွေ့လိုက်ရတယ်။ တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေထွက်လာတာက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးတွေပိုပေးပြီး အနာဂတ်မှာ ကယ်တင်ခြင်းခံရဖို့ အခွင့်အလမ်းတွေ ပိုများစေမယ်လို့ ကျွန်မထင်ခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မတာဝန်တွေ ထမ်းဆောင်တုန်းက၊ ဒီတာဝန်ကြောင့် ကျွန်မဟာ နေ့တိုင်း အရမ်းအလုပ်များပြီး ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ချိန်မရှိဘူး၊ အပြင်ပန်းမှာ ဘယ်လောက်ပဲ ကြိုးစားလုပ်ဆောင်ပုံရပါစေ ကျွန်မရဲ့အသက်စိတ်သဘောထားမှာ ပြောင်းလဲမှုမရှိရင်၊ နောက်ဆုံးမှာ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲလို့ ကျွန်မ ခံစားခဲ့ရတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့တာဝန်တွေက ကျွန်မရဲ့ ကယ်တင်ခြင်းနဲ့ ကောင်းချီးမင်္ဂလာတွေအတွက် အကျိုးမရှိဘူးလို့ ခံစားခဲ့ရလို့၊ အလုပ်တစ်ခုတည်းကိုပဲလုပ်ရတဲ့ တာဝန်ကို ပြောင်းဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ယူပြီးတဲ့နောက်မှာတောင် ဘုရားနှုတ်ကပတ်တော်ကို ကောင်းကောင်းစားသောက်ဖို့ အချိန်မရှာနိုင်သေးတော့၊ ကျွန်မ နောင်တရမိတယ်၊ ဒီတာဝန်က သမ္မာတရားနဲ့ ကယ်တင်ခြင်းတို့ကို ကျွန်မ လိုက်စားရာမှာ ဟန့်တားနေတယ်လို့ တွေးပြီး စိတ်ထိခိုက်ပြီး နာကျင်ခဲ့ရတယ်။ ကျွန်မက ကောင်းချီးမင်္ဂလာတွေရဖို့ခွင့်ပြုမယ် ထင်တဲ့ ဘယ်တာဝန်ကိုမဆို ထမ်းဆောင်ဖို့ပဲ ဆန္ဒရှိခဲ့ပြီး၊ ကောင်းချီးမင်္ဂလာတွေ ရဖို့ခွင့်မပြုဘူးလို့ ကျွန်မထင်တဲ့ တာဝန်တွေကိုတော့ အတိုက်အခံလုပ်ပြီး အပျက်သဘောဆောင်လာခဲ့တယ်။ ကျွန်မအတွက် မသင့်တော်တဲ့ တာဝန်တွေကို စီစဉ်ပေးတဲ့အတွက် ခေါင်းဆောင်တွေကိုတောင် မကျေမနပ်ပြောခဲ့ပြီး၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံဖို့ ပျက်ကွက်ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို တာဝန်ထမ်းဆောင်ဖို့ ပေးခဲ့တဲ့ အခွင့်အရေးတွေကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ အဲဒါတွေက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားရှာဖွေရာမှာ အာရုံစိုက်အောင် အားပေးဖို့ဆိုတာ သဘောပေါက်ခဲ့တယ်၊ ဒါတောင်မှ ကျွန်မက ကိုယ့်အတွက် ဘာကောင်းမှန်းမသိခဲ့ဘဲ လက်တွေ့လုပ်ဆောင်ဖို့ ဒီလောက်တန်ဖိုးရှိတဲ့ အခွင့်အရေးကို တန်ဖိုးထားဖို့ ပျက်ကွက်ခဲ့ပြီး ကောင်းချီးမင်္ဂလာတွေ ရနိုင်၊ မရနိုင်ဆိုတာကိုပဲ အဆက်မပြတ် တွက်ချက်နေခဲ့တယ်။ ကျွန်မဟာ အရမ်းကို ရုပ်ဆိုးပြီး စက်ဆုပ်စရာကောင်းခဲ့တယ်။ ကျွန်မသာ မပြုပြင်ခဲ့ဘူးဆိုရင် မကြာခင်မှာ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခံရတော့မှာပဲ။ ဒါနဲ့ ဘုရားသခင်ကို ကျွန်မ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးရဲ့အားနည်းချက်တွေကို မြင်နိုင်အောင် ကူညီပေးပြီး သမီးကို ထုတ်ဖော်ဖို့ ဒီလိုအခြေအနေကို စီစဉ်ပေးတဲ့အတွက် ကိုယ်တော့်ကိုကျေးဇူးတင်ပါတယ်။ သမီးရဲ့မှားယွင်းတဲ့ လိုက်စားမှုအမြင်ကို ပြောင်းလဲပြီး ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။

အခုဆိုရင် ကိုယ့်တာဝန်တွေနဲ့ အလုပ်များနေတုန်းဆိုပေမဲ့ စိတ်ထိခိုက်တယ်လို့ မခံစားရတော့သလို စိတ်ဓာတ်လည်း မကျတော့ဘူး။ ကျွန်မက တာဝန်ထမ်းဆောင်ရင်းနဲ့ ရရှိတဲ့ သိမြင်နားလည်မှုတွေနဲ့ ရရှိမှုတွေ၊ ထုတ်ဖော်မိတဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို မှတ်ထားရာမှာ အာရုံစိုက်ဖို့ ကြိုးစားတယ်၊ ပြီးတော့ ဝန်တာထားတဲ့စိတ်နဲ့ ဘုရားသခင်ကို ဆုတောင်းတယ်၊ ကိုယ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုကို တောင်းခံတယ်၊ ပြီးတော့ နည်းနည်းချင်း ကိုယ့်ကိုယ်ကိုယ် သိလာပြီး ဆင်ခြင်သုံးသပ်တယ်။ ကျွန်မရဲ့ ဝတ်ပြုခြင်းတွေမှာ ကိုယ့်ပြဿနာတွေကို ဖြေရှင်းပေးတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေကို ကြည့်တယ်၊ ပြီးတော့ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သမ္မာတရားရှာဖွေဖို့ အချိန်နည်းနည်းယူဖို့ ကြိုးစားတယ်၊ လတိုင်းမှာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ပုဒ်ရေးဖို့ ကြိုးစားတယ်။ တစ်နေ့မှာ၊ ကျွန်မရေးတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်က ဗီဒီယိုအဖြစ်ရိုက်ကူးသွားပြီး ဝက်ဘ်ဆိုက်ပေါ် တင်ထားတာကို တွေ့လိုက်ရတယ်။ ကျွန်မ အရမ်း စိတ်လှုပ်ရှားသွားတယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့အတွေ့အကြုံကို ညီအစ်ကိုမောင်နှမအများကြီးက ဝေမျှကြပြီး အဲဒါက သူတို့ရဲ့ အသက်ဝင်ရောက်မှုမှာရှိတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေးခဲ့တာကို ကျွန်မ မြင်ခဲ့ရတယ်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေရေးတာက ပြဿနာတူရှိတဲ့ တခြားသူတွေကို အကျိုးရှိစေနိုင်တယ်၊ ဒါက တကယ်ကို တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်လို့ သဘောပေါက်ခဲ့တယ်။ ဒါက ကျွန်မရဲ့ သမ္မာတရားလိုက်စားဖို့ စိတ်ပိုင်းဖြတ်မှုကို ပိုပြီး ခိုင်မာစေခဲ့တယ်။

ဒီလိုတွေ့ကြုံပြီးတဲ့နောက်မှာ တာဝန်တွေ ထမ်းဆောင်ရင်း အသက်ဝင်ရောက်မှုကို လိုက်စားရတာက တကယ်တော့ ခက်ခဲတဲ့အရာမဟုတ်ဘူး၊ ကျွန်မတို့ရဲ့ သဘောထားတွေပြောင်းလဲပြီး ကျွန်မတို့ အမှန်တကယ် ပူးပေါင်းဆောင်ရွက်သရွေ့တော့ ဘုရားသခင်က ကျွန်မတို့ကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြမှာပဲဆိုတာကို ကျွန်မ တကယ်ပဲ သဘောပေါက်သွားတယ်။ ဒါက ကျွန်မတို့ရဲ့ သမ္မာတရားလိုက်စားမှုနဲ့ ကယ်တင်ခြင်းအတွက် အရမ်းကို အကျိုးရှိပါတယ်။ ဒီလိုရရှိမှုတွေလုပ်ဖို့ ခွင့်ပြုပေးတဲ့အတွက် ဘုရားသခင်ရဲ့ လမ်းပြမှုကို ကျွန်မ ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကြင်နာမှုအား ပြန်လည်ပေးဆပ်ခြင်းအပေါ် ဆင်ခြင်သုံးသပ်ခြင်း

လီဖန်း ကိုးရီးယားနိုင်ငံ အရင် သုံးလေးလတုန်းက ကျွန်တော်လည်း ဒီလိုမျိုး ကြုံတွေ့ခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ ဇာတိမြို့အသင်းတော်ကနေ...

သမ္မာတရားအပေါ် သစ္စာရှိပါ။ စိတ်ခံစားချက်အပေါ် သစ္စာမရှိပါနှင့်

ကျားဟောင် တရုတ်နိုင်ငံ ဇူလိုင်၊ ၂၀၁၇ခုနှစ်မှာ ခေါင်းဆောင်တစ်ယောက်ဆီကနေ ကျွန်မ စာစောင်ရတယ်။ အသင်းတော်က မယုံကြည်သူတွေကို...

ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအား ကိုင်တွယ်ရန် နည်းလမ်း

— ဝတ်ပြုခြင်းဆိုင်ရာ ဒိုင်ယာရီတစ်ပုဒ်ရှီးဖန် တောင်ကိုရီးယားနိုင်ငံ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့၊ မိုးတိမ်ကင်းစင်ဒီနေ့...

အန္တိခရစ်စိတ်သဘောထားများအပေါ် ကျွန်ုပ်၏ နည်းပါးသော အသိ

ဉယားဒီ ပြင်သစ်နိုင်ငံ ၂၀၂၁ ခုနှစ်မှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ ရေလောင်းတဲ့အလုပ်နဲ့ ပတ်သက်လို့ ကျွန်မ အတန်ကြာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။