ကြီးကြပ်လမ်းညွှန်မှုကို လက်ခံရန် သင်ယူခြင်း

17.09.2025

လင်ယုချန်၊ တရုတ်ပြည်

၂၀၂၂ ခုနှစ်၊ ဇွန်လမှာ ကျွန်မဟာ ဗီဒီယိုအလုပ်ကို တာဝန်ယူရတဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ အချိန်တစ်ခုကြာတော့ အလုပ်နဲ့အသားကျလာပြီး အဖွဲ့ဝင်တွေရဲ့ အခြေအနေနဲ့ အလုပ်ရဲ့တိုးတက်မှုကို မျက်ခြေမပြတ်ရှိပြီး သဘောပေါက်နိုင်ခဲ့တယ်။ ကျွန်မရဲ့ အရည်အချင်းပိုင်းမှာ အားနည်းသေးပေမဲ့ အလုပ်ကို ကိုင်တွယ်နိုင်တယ်လို့ ခံစားခဲ့ရတယ်။

တစ်နေ့မှာ ခေါင်းဆောင်က အဖွဲ့ရဲ့အလုပ်အခြေအနေကို သဘောပေါက်သွားခဲ့တယ်။ ကျွန်မက တိုက်တိုက်ဆိုင်ဆိုင်ပဲ အလုပ်တိုးတက်မှု နှေးကွေးရတဲ့ အကြောင်းအရင်းတွေကို မကြာသေးခင်ကမှ နားလည်ထားခဲ့တာပေါ့။ ဥပမာ၊ အဖွဲ့ဝင်တွေကြားမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှု မရှိတာ၊ ဆွေေးနွေးပြောဆိုဖို့လိုတဲ့ သဘောထားကွဲလွဲမှုတွေနဲ့ အဲဒီသဘောထားကွဲလွဲမှုတွေမှာ အများသဘောတူညီမှုမရရှိတာ၊ ဒါကြောင့် နောက်ပိုင်းမှာ အလုပ်တွေပြန်လုပ်ရလို့ တိုးတက်မှုကို နှောင့်နှေးစေတာ၊ ပြီးတော့ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တချို့ကြောင့် တိုးတက်မှု နှောင့်နှေးတာတွေပေါ့။ ဒီအခြေအနေတွေကို နားလည်ပြီးတဲ့နောက် သူတို့နဲ့ ကျွန်မ မိတ်သဟာယဖွဲ့ပြီး ပြုပြင်ပေးခဲ့တယ်၊ ပြီးတော့ ဒီအခြေအနေတွေကို ခေါင်းဆောင်ကို တင်ပြခဲ့တယ်။ ကျွန်မက တကယ့်အလုပ်တချို့ လုပ်ထားတော့ ခေါင်းဆောင်က ကျွန်မကို လုပ်တာကောင်းတယ်လို့ ပြောမှာပဲလို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ အံ့ဩစရာကောင်းတာကတော့ ကျွန်မစကားပြောပြီးပြီးချင်းမှာပဲ ခေါင်းဆောင်က ကျွန်မကို မေးလာတယ်၊ “အဖွဲ့ဝင်တွေက ဘာလို့ သဟဇာတရှိရှိ မပူးပေါင်းနိုင်တာလဲ။ သူတို့ရဲ့ အဓိကပြဿနာတွေက ဘာတွေလဲ”တဲ့။ ဒီမေးခွန်းနဲ့ ရင်ဆိုင်လိုက်ရတော့ ကျွန်မ ဘယ်လိုဖြေရမှန်း မသိတော့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မ တကယ်ကို အကြောင်းရင်းကို နားမလည်လို့ပါ။ သူတို့ ဘယ်နေရာမှာ တစ်နေမှန်း ကျွန်မ မသေချာဘူးလေ။ သူတို့တွေ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်တာမျိုး မရှိတာကို အပြင်ပန်းကနေပဲ မြင်ရတယ်။ ဆက်ပြီးတော့ ခေါင်းဆောင်က နောက်ထပ်မေးခွန်းတချို့ မေးလာပေမဲ့ ကျွန်မ မဖြေနိုင်သေးဘူး။ အဲဒီအခါ ခေါင်းဆောင်က ကျွန်မကို ပြောတယ်၊ “ညီအစ်ကိုမောင်နှတွေ တင်ပြတဲ့အထဲက အရင်းခံပြဿနာတွေကို မရှာဘဲနဲ့ သူတို့ပြောသမျှကိုပဲ နားထောင်နေတာလား။ ဒီလိုနဲ့ ပြဿနာတွေကို အမှန်တကယ် ဖြေရှင်းနိုင်ပါ့မလား” တဲ့။ ခေါင်းဆောင်က ဒီလိုပြောတာကိုကြားတော့ မျက်နှာပူသွားတယ်။ စိတ်ထဲမှာလည်း မတွေးဘဲ မနေနိုင်ခဲ့ဘူး၊ “နင်ဒီလိုပြောတာက ငါ့ကို ပြဿနာမဖြေရှင်းတတ်ဘူးလို့ ဆိုလိုနေတာပဲ မဟုတ်ဘူးလား။ ငါက အလုပ်မကိုင်တွယ်တတ်ဘူးလို့ ပြောနေသလိုပဲ” လို့ပေါ့။ ပြီးတော့ ခေါင်းဆောင်က ကျွန်မဟာ ပြဿနာတွေကို အပေါ်ယံပဲ ကိုင်တွယ်ဖြေရှင်းပြီး၊ အရင်းခံကနေ မဖြေရှင်းနိုင်ဘူးလို့ ထောက်ပြခဲ့တယ်။ ပြီးတော့ အလုပ်လုပ်တဲ့အခါ အဓိကနဲ့ အရေးကြီးတဲ့ ပြဿနာတွေကို နားလည်သဘောပေါက်ဖို့ သင်ယူရမယ်ဆိုတာကို နားလည်အောင်ကူညီပြီး စည်းမျဉ်းတွေနဲ့ပေါင်းစပ်ပြီး ကျွန်မကို မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ကျွန်မ နည်းနည်းတော့ လက်မခံနိုင်ဘူး။ ကျွန်မလည်း ပြဿနာတွေကို ရှာဖွေပြီး အဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ပြောဆိုဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပဲလေ၊ အလုပ်မကိုင်တွယ်တတ်တာမှ မဟုတ်တာ။ ကျွန်မ ကွန်ပျူတာကို ရှုသိုးသိုးမျက်နှာနဲ့ စိုက်ကြည့်ပြီး ခေါင်းဆောင်ကို စကားပြန်မပြောချင်ဘူး။ စာရိုက်တဲ့အခါ တမင်တကာပဲ ကီးဘုတ်ကို အားနဲ့ ရိုက်တယ်၊ စိတ်ထဲက မကျေနပ်တာကို ဖွင့်ထုတ်တဲ့အနေနဲ့ပေါ့၊ “ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ရှေ့မှာ ခေါင်းဆောင်က ငါ့ကိုဒီလိုပြောတာ၊ တခြားသူတွေက ငါ့ကို ဘယ်လိုမြင်မလဲ။ ဘာလို့ ငါ့ပြဿနာတွေကိုပဲ ထောက်ပြရတာလဲ။ တခြားလုပ်ဖော်ကိုင်ဖက်တွေကရော သူတို့အလုပ်တွေကို အပြစ်အနာအဆာမရှိ လုပ်နေကြလို့လား”ပေါ့။ ခေါင်းဆောင်ရဲ့စကားတွေက ကျွန်မရဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံးကို အလဟဿဖြစ်အောင် လုပ်လိုက်သလိုပဲလို့ ခံစားခဲ့ရတယ်။ ကျွန်မ စဉ်းစားလေလေ ဒေါသထွက်လေပဲ။ ခေါင်းဆောင်က ကျွန်မအပေါ် အရမ်းကြမ်းလွန်းတယ်လို့ ခံစားခဲ့ရတယ်။

အစည်းအဝေးပြီးတော့ ခေါင်းဆောင်ရဲ့ဝေဖန်မှုတွေကို ပြန်စဉ်းစားမိတော့ အရမ်းအရှက်ရသွားတယ်။ ကျွန်မဟာ ကျွန်မအလုပ်မှာ မတော်ဘူးလို့ ကျွန်မလုပ်ဖော်ကိုင်ဖက်တွေ သေချာပေါက်ထင်ကြမှာပဲ၊ ကျွန်မ အတော်ကလေးစိတ်တိုပြီး၊ တွေးလိုက်တယ်။ “နောက်ဆိုရင် ငါ့တာဝန်ကို ဒီလောက်ကြိုးစားမနေတော့ဘူး၊ ဘယ်သူမှ ဒါကိုမြင်တာမှ မဟုတ်တာ။ နောက်တစ်ခါ ခေါင်းဆောင်က မေးခွန်းတွေမေးရင်လည်း ဖြေဖို့ကို အရမ်းစိတ်အားထက်သန်နေမှာ မဟုတ်ဘူး”လို့ပေါ့။ ကျွန်မ စိတ်ဓာတ်တွေ အရမ်းကျသွားပြီး ဒေါသနဲ့ နာကျည်းစိတ်တွေနဲ့ ပြည့်နေရင်း ငိုချင်စိတ်ပေါက်လာခဲ့တယ်။ ညနေဘက်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရေးတဲ့ စာတစ်စောင်ထဲက စာတစ်ကြောင်းကို ဖတ်လိုက်ရတယ်၊ “တကယ်လို့ ညီအစ်ကိုမောင်နှမတွေက ကိုယ့်တာဝန်ကို စိတ်ရင်းအမှန်နဲ့ ကောင်းကောင်းထမ်းဆောင်ချင်ရင် ခေါင်းဆောင်တွေက အလုပ်ကို ကြီးကြပ်ဖို့ လိုက်ကြည့်ပြီး သူတို့ရဲ့ ပြဿနာတွေနဲ့ လမ်းလွဲမှုတွေကို အချိန်မီ ထောက်ပြတဲ့အခါ သူတို့က လက်ခံလိုစိတ် ရှိသင့်တယ်” တဲ့။ ဒီစာကိုဖတ်လိုက်ရတော့ အရမ်းရှက်သွားတယ်။ ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုနဲ့ နည်းပေးလမ်းပြမှုတွေကို ရင်ဆိုင်ရတဲ့အခါ ကျွန်မက ကိုယ့်တာဝန် ကောင်းကောင်း မထမ်းဆောင်တာကို ဝမ်းနည်းမနေဘဲ ခေါင်းဆောင်က ကိုယ့်သိက္ခာကို ထည့်မစဉ်းစားဘဲ ပြောလိုက်လို့ စိတ်ဆိုးနေခဲ့တယ်။ ကျွန်မက ဘယ်လိုနည်းနဲ့များ ကိုယ့်တာဝန်ကို စိတ်ရင်းအမှန်နဲ့ ထမ်းဆောင်တဲ့သူ ဖြစ်မှာလဲ။ ကျွန်မ ဘုရားသခင်ရှေ့မှောက်ကို လာပြီး ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ဒီနေ့ ခေါင်းဆောင်က သမီးရဲ့ပြဿနာတွေကို ထောက်ပြတော့ သမီး အတိုက်အခံဖြစ်မိပါတယ်။ ဒီလိုသဘောထားက ကိုယ်တော့်ရည်ရွယ်ချက်နဲ့ မညီမှန်း သမီးသိပါတယ်။ ဒါပေမဲ့ သမီး ဘယ်သင်ခန်းစာတွေကို သင်ယူသင့်ပါသလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဆင်ခြင်သုံးသပ်ပြီး သိကျွမ်းသင့်ပါသလဲ။ ကိုယ်တော် ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” လို့ပေါ့။

နောက်တစ်နေ့မနက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “သင်သည် ဘုရားအိမ်တော်က သင့်ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ နားလည်ရန် ကြိုးစားခြင်းတို့ကို လက်ခံနိုင်လျှင် ယင်းမှာ အလွန်ကောင်းမွန်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းမှာ သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရာတွင်လည်းကောင်း၊ သင်၏ တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ရာတွင်လည်းကောင်း သင့်အတွက် အကူအညီဖြစ်၏။ ယင်းသည် သင့်ကို အကျိုးပြုပြီး ကူညီသည်၊ မည်သည့်ဆိုးကျိုးမျှ လုံးဝမရှိပေ။ သင်သည် ဤစည်းမျဉ်းကို နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုကို အတိုက်အခံလုပ်သည့် သို့မဟုတ် သတိထားရှောင်သည့် ခံစားချက်တစ်ခုမျှ သင့်ထံတွင် နောက်ထပ် မရှိသင့်တော့သည် မဟုတ်လော။ တစ်ခါတစ်ရံ တစ်စုံတစ်ဦးက သင့်ကို နားလည်ရန်၊ သင့်ကို စောင့်ကြည့်ရန်၊ သင်၏အလုပ်ကို ကြီးကြပ်ရန် ကြိုးစားလျှင်ပင် ဤသည်မှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့်အရာတစ်ခု မဟုတ်ချေ။ ငါသည် အဘယ်ကြောင့် ဤသို့ ပြောရသနည်း။ အကြောင်းမှာ ယခု သင်၏ လက်ထဲတွင်ရှိသော တာဝန်များ၊ သင်ထမ်းဆောင်သည့် တာဝန်နှင့် သင်လုပ်ဆောင်သည့် မည်သည့်အလုပ်မဆိုသည် မည်သည့်လူတစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စများ သို့မဟုတ် ပုဂ္ဂိုလ်ရေးအလုပ် မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဆက်စပ်သကဲ့သို့ ဘုရားသခင်၏ အလုပ်၏ အစိတ်အပိုင်းတစ်ခုနှင့် သက်ဆိုင်သည်။ ထို့ကြောင့် မည်သူမဆို သင့်ကို ကြီးကြပ်ရန် သို့မဟုတ် စောင့်ကြည့်လေ့လာရန် အချိန်အနည်းငယ်ပေးသည့်အခါ၊ သို့မဟုတ် သင့်ကို နက်နက်နဲနဲ နားလည်ရန် ကြိုးစားလာသည့်အခါ၊ သင်နှင့် ရင်းရင်းနှီးနှီး ပြောဆိုရန်နှင့် ဤအချိန်အတွင်း သင်၏ အခြေအနေ မည်သို့ရှိသည်ကို သိရှိရန် ကြိုးစားသည့်အခါ၊ တစ်ခါတစ်ရံ ၎င်းတို့၏ သဘောထား အနည်းငယ် ပို၍ ပြင်းထန်ပြီး ၎င်းတို့က သင့်ကို အနည်းငယ် ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့ ပြုသည့်အခါတွင်ပင် ဤအရာအားလုံးမှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင် အသိစိတ်ရှိပြီး တာဝန်သိသော သဘောထားတစ်ခု ရှိသောကြောင့် ဖြစ်သည်။ သင်သည် ဤအရာအပေါ် မည်သည့်အပျက်သဘောဆောင်သော အတွေးအခေါ်များ သို့မဟုတ် စိတ်ခံစားချက်များ မရှိသင့်ချေ။ အခြားသူများက သင့်ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် နားလည်ရန် ကြိုးစားခြင်းတို့ကို သင်လက်ခံနိုင်လျှင် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို သင်လက်ခံသည်ဟု ဆိုလိုသည်။ သင်သည် လူတို့၏ ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် သင့်ကို နားလည်ရန် ကြိုးပမ်းခြင်းတို့ကို လက်မခံလျှင်၊ ဤအရာအားလုံးကို သင်ပြန်လည်တွန်းလှန်လျှင် သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်စွမ်း ရှိမည်လော။ ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းသည် လူတို့က သင့်ကို နားလည်ရန် ကြိုးစားသည့်အချိန်ထက် ပို၍ အသေးစိတ်ကျသည်၊ နက်နဲသည်၊ တိကျမှန်ကန်သည်။ ဘုရားသခင်၏ တောင်းဆိုချက်များသည် ပို၍ သတ်သတ်မှတ်မှတ်ဖြစ်သည်၊ တင်းကျပ်သည်၊ နက်နဲသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်ခြင်းကို သင်လက်မခံနိုင်လျှင် သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်သည်ဟူသော သင်၏ အခိုင်အမာဆိုချက်များသည် အနှစ်သာရမရှိသော စကားများ မဟုတ်လော။ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းနှင့် စစ်ဆေးမှုကို လက်ခံနိုင်ရန်အလို့ငှာ သင်သည် ဘုရားအိမ်တော်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ ကြီးကြပ်ခြင်းကို ဦးစွာ လက်ခံရမည် ဖြစ်သည်။...ခေါင်းဆောင်တစ်ဦးက သင်၏အလုပ်ကို ကြီးကြပ်ခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယင်းက ၎င်းတို့သည် အသင်းတော်၏ အလုပ်အတွက် တာဝန်ယူနေသည်ဟု ဆိုလိုသောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်၊ ၎င်းတို့၏ တာဝန်ယူမှု ဖြစ်သည်။ ဤတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်းက ၎င်းတို့သည် အရည်အချင်းရှိသော ခေါင်းဆောင်တစ်ဦး၊ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ကြောင်း သက်သေပြသည်။ သင့်ကို လုံးဝလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများ ပေးထားပြီး သင်သည် သင်အလိုရှိသမျှကို လုပ်ဆောင်နိုင်လျှင်၊ သင်၏ အလိုဆန္ဒများကို လိုက်နာနိုင်လျှင်၊ လွတ်လပ်မှုအပြည့်နှင့် ဒီမိုကရေစီကို ခံစားနိုင်လျှင်၊ သင်လုပ်ဆောင်သည့်အရာ သို့မဟုတ် သင်လုပ်ဆောင်ပုံ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်က ဂရုမစိုက်ဘဲ သို့မဟုတ် ကြီးကြပ်ခြင်းမရှိလျှင်၊ သင့်ကို မည်သည့်အခါမျှ မေးခွန်းမထုတ်လျှင်၊ သင်၏အလုပ်ကို မစစ်ဆေးလျှင်၊ ပြဿနာများ တွေ့ရှိသည့်အခါ ထုတ်မပြောလျှင်၊ သင့်ကို ချော့မော့ခြင်း သို့မဟုတ် ညှိနှိုင်းခြင်းတို့သာ ပြုလျှင် ၎င်းတို့သည် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်မည်လော။ မဟုတ်သည်မှာ ရှင်းနေပါသည်။ ထိုသို့သော ခေါင်းဆောင်သည် သင့်ကို အန္တရာယ်ပြုနေခြင်း ဖြစ်သည်။ ၎င်းတို့သည် သင်၏ မကောင်းမှုပြုခြင်းကို လိုက်လျောသည်၊ သင်သည် စည်းမျဉ်းများကို ဆန့်ကျင်ပြီး သင်အလိုရှိသကဲ့သို့ လုပ်ဆောင်သည်ကို ခွင့်ပြုသည်။ ၎င်းတို့သည် သင့်ကို မီးကျင်းထဲသို့ တွန်းချနေခြင်း ဖြစ်သည်။ ဤသည်မှာ တာဝန်သိပြီး စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး မဟုတ်ချေ။ တစ်ဖက်တွင်မူ ခေါင်းဆောင်တစ်ဦးက သင့်ကို ပုံမှန် ကြီးကြပ်နိုင်လျှင်၊ သင်၏အလုပ်ထဲမှ ပြဿနာများကို ရှာဖွေဖော်ထုတ်ပြီး သင့်ကို ချက်ချင်း သတိပေးခြင်း သို့မဟုတ် ပြစ်တင်ကြိမ်းမောင်းပြီး ဖော်ထုတ်ခြင်း၊ သင်၏ မှားယွင်းသော လိုက်စားမှုများနှင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် လမ်းလွဲမှုများကို အချိန်မီ ပြုပြင်ပေးပြီး ကူညီပေးလျှင်၊ ၎င်းတို့၏ ကြီးကြပ်မှု၊ ပြစ်တင်ကြိမ်းမောင်းမှု၊ ထောက်ပံ့မှု၊ အကူအညီတို့အောက်တွင် သင်၏ တာဝန်အပေါ် မှားယွင်းသော သဘောထား ပြောင်းလဲသွားလျှင်၊ သင်သည် အဓိပ္ပာယ်မရှိသော အမြင်အချို့ကို စွန့်ပယ်နိုင်လျှင်၊ သင်၏ ကိုယ်ပိုင်စိတ်ကူးများနှင့် စိတ်လိုက်မာန်ပါ ဖြစ်ခြင်းမှ ဖြစ်ပေါ်လာသော အရာများ တဖြည်းဖြည်း လျော့နည်းသွားလျှင်၊ သင်သည် မှန်ကန်ပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဖြစ်သော ပြောဆိုချက်များနှင့် အမြင်များကို အေးဆေးတည်ငြိမ်စွာ လက်ခံနိုင်လျှင် ဤသည်မှာ သင့်အတွက် အကျိုးရှိသည် မဟုတ်လော။ အကျိုးကျေးဇူးများမှာ အမှန်ပင် ကြီးမားလှပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့စိတ်နှလုံးကို တည်ငြိမ်သွားစေခဲ့တယ်။ ဘုရားသခင်က ကျွန်မ ဒီလောက် ခံပြင်းစိတ်တွေထားနေတာကို မြင်ရတာ မကြိုက်ဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ အဲဒီအစား ကိုယ်တော်က ကျွန်မကိုယ့်ကိုယ်ကိုယ် ငြိမ်သက်စေပြီး ကိုယ့်အလုပ်ထဲက လမ်းလွဲမှုတွေ၊ ပြဿနာတွေကို အရင်ဆုံး ဆင်ခြင်သုံးသပ်ပြီး ခေါင်းဆောင်ရဲ့ ကြီးကြပ်လမ်းညွှန်မှုကို လက်ခံဖို့ မျှော်လင့်တာပါ။ တာဝန်သိတဲ့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဟာ လူတစ်ယောက်ချင်းစီရဲ့အလုပ်ကို လိုက်ကြည့်ပြီး နားလည်မယ်၊ ပြဿနာတွေ၊ လမ်းလွဲမှုတွေကို ရွေးထုတ်ပြီး အချိန်မီ လမ်းညွှန်ပြုပြင်မှု ပံ့ပိုးတယ်လို့ ဘုရားသခင် ပြောခဲ့တာကို ကျွန်မ ဖတ်ဖူးတယ်။ တစ်ခါတလေ သူတို့ရဲ့ သဘောထားက နည်းနည်းတိကျပြီး ဝေဖန်တာ၊ ပြုပြင်တာတွေတောင် ပါနိုင်တယ်။ တကယ်တော့ ဒါဟာ အလုပ်အတွက် သူတို့ တာဝန်ယူနေတာဖြစ်ပြီး အလုပ်ကို ကောင်းကောင်းပြီးမြောက်ဖို့ သေချာအောင် ဖြစ်ပါတယ်။ ဒါဟာ စံနှုန်းပြည့်မီတဲ့ ခေါင်းဆောင်တစ်ယောက် လုပ်သင့်တဲ့အရာပဲ။ ခေါင်းဆောင်ရဲ့ ကြီးကြပ်လမ်းညွှန်မှုကို ရင်ဆိုင်ရတဲ့အခါ ဆင်ခြင်တုံတရားရှိတဲ့သူဆိုရင် တက်တက်ကြွကြွနဲ့ လက်ခံသင့်တယ်။ ဒါပေမဲ့ ဒါတွေကို ကိုယ့်ရဲ့ ပထမဆုံးတုံ့ပြန်မှုကတော့ အတိုက်အခံလုပ်ချင်စိတ်ဖြစ်ပြီး၊ ကျွန်မစိတ်နှလုံးထဲမှာ သိက္ခာဆည်ဖို့အတွက် ကိုယ့်အတွက်ကိုယ် ရှင်းချက်ထုတ်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်မမှာ လက်ခံတဲ့ သဘောထားစစ်စစ် တစ်ခုတလေ ဘယ်နည်းနဲ့များ ရှိခဲ့လဲ။ ကျွန်မက အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတာ မကြာသေးတော့ အားနည်းချက်တွေ အများကြီးရှိပုံကို ဆင်ခြင်သုံးသပ်ကြည့်တော့ ခေါင်းဆောင်ရဲ့ ကြီးကြပ်တာ၊ မေးမြန်းတာ၊ လမ်းညွှန်တာတွေက အလုပ်အပေါ် သူတာဝန်ယူတာပဲဆိုတာကို နားလည်သွားတယ်။ ဥပမာ၊ ခေါင်းဆောင်က ကျွန်မကို ပြဿနာတွေကို အပေါ်ယံပဲ ကိုင်တွယ်ဖြေရှင်းတယ်၊ အဖွဲ့ဝင်တွေကြားမှာ သဟဇာတရှိရှိ မပူးပေါင်းတဲ့ အရင်းခံပြဿနာကို နားမလည်လို့ မပြည့်စုံတဲ့ ပြဿနာဖြေရှင်းမှု ဖြစ်စေတယ်ဆိုပြီး ထောက်ပြခဲ့တုန်းကလိုမျိုးပေါ့။ သေချာဆင်ခြင်သုံးသပ်ကြည့်တော့ တကယ်ပဲ ဒီအတိုင်းဖြစ်ခဲ့မှန်း ကျွန်မသဘောပေါက်သွားတယ်လေ။ ကျွန်မက အလုပ်ကို အပေါ်ယံပဲ ကိုင်တွယ်ခဲ့ပြီး ပြဿနာတွေကို အရင်းခံကနေ မဖြေရှင်းခဲ့တော့၊ ရလဒ်တွေက ညံ့ဖျင်းခဲ့တာ သဘာဝကျပါတယ်။ ခေါင်းဆောင်ရဲ့ လမ်းညွှန်မှုကို ကျွန်မက ဆင်ခြင်တုံတရားနဲ့ လက်ခံခဲ့သင့်ပြီး အတိုက်အခံမလုပ်ခဲ့သင့်ဘူး၊ ကိုယ့်အတွက်ကိုယ် ရှင်းချက်မထုတ်ခဲ့သင့်ဘူးလေ။ ဒါကိုတွေးမိတော့ ခေါင်းဆောင်အပေါ် ကျွန်မ ထပ်ပြီး အတိုက်အခံလုပ်တဲ့စိတ် တစ်စက်မှ မရှိတော့ဘူး။ နောက်ပိုင်းမှာ၊ ကြုံတွေ့ရတဲ့ အခြေအနေတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိကျွမ်းသင့်တယ်၊ ဒီလိုမှ တိုးတက်ပြောင်းလဲနိုင်မယ်လို့ ဘုရားသခင်ပြောခဲ့တာကို ကျွန်မ ပြန်သတိရမိတယ်။ ဒါကြောင့် ကျွန်မက ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရှိရှိနဲ့ ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် တွေးဆပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းဖို့ ဉာဏ်အလင်းပေးပြီး လမ်းပြပေးပါလို့ ဘုရားသခင်ဆီမှာ တိတ်တဆိတ် ဆုလည်း တောင်းခဲ့ရင်းပေါ့။

တစ်နေ့မနက် ဝတ်ပြုခြင်းတွေမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “လူအချို့သည် အထက်က ပရောဂျက်တစ်ခု တာဝန်ပေးသည်ကို ခံရသောအခါ တိုးတက်မှုလုံးဝမရှိဘဲ အချိန်အတန်ကြာသွားသည်။ ၎င်းတို့သည် ထိုအလုပ်ကို လုပ်ဆောင်နေခြင်း ရှိမရှိ၊ သို့မဟုတ် အခြေအနေမည်သို့ရှိသည်၊ သို့မဟုတ် ကြားဖြတ်ဝင်ရောက်သော အခက်အခဲဖြစ်စေ၊ ပြဿနာဖြစ်စေ တစ်ခုတလေရှိမရှိတို့ကို အထက်အား မပြောပေ။ ၎င်းတို့သည် တုံ့ပြန်မှုမရှိ။ အချို့အလုပ်သည် အရေးတကြီးဖြစ်ပြီး နှောင့်နှေး၍မရ။ သို့တိုင်အောင် အလုပ်ကိုမပြီးဘဲ အချိန်ကြာရှည်စွာလုပ်ဆောင်လျက် အချိန်ဆွဲသည်။ ဤသို့ဆိုလျှင် အထက်က စုံစမ်းမေးမြန်းမှုများ ပြုရမည်။ အထက်က ဤသို့လုပ်ဆောင်သောအခါ ဤလူတို့က စုံစမ်းမေးမြန်းမှုများကို မခံနိုင်အောင် ရှက်ဖွယ်ဖြစ်သည်ဟု မြင်ပြီး စိတ်နှလုံး၌ အတိုက်အခံဖြစ်ကြသည်။ ‘ကျွန်ုပ်သည် ဤအလုပ်ကို တာဝန်ပေးခြင်းခံရသည်မှာ ဆယ်ရက်ခန့်သာရှိသည်။ ရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ။ အထက်က စုံစမ်းမေးမြန်းမှုများ ပြုနေပြီဖြစ်သည်။ လူတို့အပေါ် ၎င်းတို့၏ သတ်မှတ်ချက်များသည် မြင့်လွန်းခြင်းပင်ဖြစ်သည်’ ဟူ၍ ဖြစ်သည်။ ၎င်းတို့ကို ကြည့်လော့၊ စုံစမ်းမေးမြန်းခြင်းတွင် အမှားများရှာနေကြခြင်းဖြစ်သည်။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ငါ့ကို ပြောလော့၊ အထက်က စုံစမ်းမေးမြန်းမှုများ ပြုခြင်းသည် အလွန်ပင် သာမန်ဖြစ်သည်မဟုတ်လော။ ယင်း၏ တစ်ပိုင်းမှာ အလုပ်တိုးတက်မှု၏ အခြေအနေအကြောင်းနှင့် ဖြေရှင်းရန် မည်သည့်အခက်အခဲများ ကျန်ရှိသည်ကိုပါ ပို၍သိလိုခြင်းဖြစ်သည်။ ထိုအရာအပြင် ဤအလုပ်ကို ၎င်းတို့ တာဝန်ပေးခဲ့သောလူများက မည်သည့်အစွမ်းအစမျိုး ရှိသည်ကိုလည်းကောင်း၊ ပြဿနာများကို ၎င်းတို့ အမှန်တကယ်ဖြေရှင်းနိုင်ပြီး အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်၊ မလုပ်ဆောင်နိုင်မည်ကိုလည်းကောင်း ပို၍သိလိုခြင်းဖြစ်သည်။ အထက်က အဖြစ်မှန်များကို အရှိအတိုင်း သိလိုသည်။ အချိန်အများစုတွင် ၎င်းတို့သည် ထိုသို့သောအခြေအနေများတွင် စုံစမ်းမေးမြန်းမှုများ ပြုသည်။ ယင်းသည် ၎င်းတို့ လုပ်ဆောင်သင့်သော အရာတစ်ခုမဟုတ်သလော။ ပြဿနာများအား မည်သို့ဖြေရှင်းရမည်ကို သင်မသိသကဲ့သို့ အလုပ်အား သင်မကိုင်တွယ်နိုင်မည်ကို အထက်က စိတ်ပူသည်။ ဤအတွက်ကြောင့် ၎င်းတို့က စုံစမ်းမေးမြန်းမှုများပြုရခြင်း ဖြစ်သည်။ အချို့သောလူတို့သည် ဤသို့သော စုံစမ်းမေးမြန်းခြင်းများကို အလွန်ပင် အတိုက်အခံဖြစ်ပြီး စက်ဆုပ်သည်။ ၎င်းတို့သည် လူတို့အား စုံစမ်းမေးမြန်းမှုများ ပြုခွင့်ပေးလိုစိတ်မရှိဘဲ လူတို့က ဤသို့ပြုသရွေ့ ၎င်းတို့သည် အတိုက်အခံဖြစ်ပြီး အစဉ်သဖြင့် သံသယများဖြစ်ကာ ‘၎င်းတို့သည် အဘယ်ကြောင့် အစဉ်သဖြင့် စုံစမ်းမေးမြန်းမှုများပြုပြီး ပို၍သိရှိရန် စူးစမ်းနေသနည်း။ ငါ့ကို မယုံကြည်ဘဲ အထင်သေးခြင်းလော။ ငါ့ကို မယုံကြည်လျှင် သူတို့သည် ငါ့ကို အသုံးမပြုသင့်’ ဟူ၍ အစဉ် အပြန်အလှန်စဉ်းစားသည်။ အထက်၏ စုံစမ်းမေးမြန်းခြင်းနှင့် ကြီးကြပ်ခြင်းကို ၎င်းတို့ လုံးဝ နားမလည်ဘဲ အတိုက်အခံပြုသည်။ ဤသို့သော လူများ၌ ဆင်ခြင်တုံတရားရှိသလော။ ၎င်းတို့သည် အဘယ်ကြောင့် အထက်ကို စုံစမ်းမေးမြန်းမှုများပြုခွင့်၊ ၎င်းတို့ကို ကြီးကြပ်ခွင့် မပြုသနည်း။ ထို့အပြင် ၎င်းတို့သည် အဘယ်ကြောင့် အတိုက်အခံဖြစ်ပြီး အာခံသနည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် ထိရောက်မှုရှိမရှိ၊ အလုပ်တိုးတက်မှုကို နှောင့်နှေးစေမည် ဟုတ်မဟုတ် ဆိုသည်ကို ၎င်းတို့ ဂရုမစိုက်။ ၎င်းတို့တာဝန်ကို ထမ်းဆောင်သောအခါ၌ သမ္မာတရားစည်းမျဉ်းများကို မရှာဖွေဘဲ ၎င်းတို့အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ရလဒ်များအကြောင်းကို၊ သို့မဟုတ် အလုပ်၏ ထိရောက်မှုကို မတွေးပေ။ ပြီးလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးဝ မတွေးပေ။ ဘုရားသခင် ရည်ရွယ်ပြီး တောင်းဆိုသည့်အရာများကိုဆိုလျှင် ပို၍ပင် မတွေးပေ။ ၎င်းတို့၏ အတွေးမှာ ‘ငါ၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ငါ့တွင် ကိုယ်ပိုင်နည်းလမ်းများ၊ လုပ်ရိုးလုပ်စဉ်များရှိသည်။ ငါ့ကို အလွန်အကျွံမတောင်းဆိုနှင့်၊ သို့မဟုတ် အလွန်အသေးစိတ် မတောင်းဆိုနှင့်။ ငါ၏တာဝန်ကို လုပ်ဆောင်နိုင်ခြင်းက လုံလောက်နေပြီ ဖြစ်သည်။ ငါသည် အလွန်မောပန်းနွမ်းနယ်၍၊ သို့မဟုတ် ဒုက္ခခံ၍ မရပါ’ ဟူ၍ ဖြစ်သည်။ ၎င်းတို့အလုပ်ကို ပိုသိရန် အထက်က စုံစမ်းမေးမြန်းခြင်းများ၊ ကြိုးပမ်းမှုများကို ၎င်းတို့ နားမလည်ပေ။ ၎င်းတို့၏ ဤနားလည်မှုကင်းမဲ့ခြင်းတွင် မည်သည့်အရာ လိုအပ်နေသနည်း။ ကျိုးနွံနာခံခြင်းကို လိုအပ်နေခြင်း မဟုတ်လော။ တာဝန်သိစိတ်ကို လိုအပ်နေခြင်းမဟုတ်လော။ သစ္စာစောင့်သိမှုလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် အမှန်တကယ်ပင် တာဝန်သိပြီး သစ္စာစောင့်သိလျှင် ၎င်းတို့အလုပ်အပေါ် အထက်၏ စုံစမ်းမေးမြန်းမှုများကို ငြင်းပယ်မည်လော။ (ငြင်းပယ်မည်မဟုတ်။) ၎င်းတို့ နားလည်နိုင်လိမ့်မည်။ ၎င်းတို့က အမှန်တကယ် နားမလည်နိုင်လျှင် ဖြစ်နိုင်ချေတစ်ခုသာရှိသည်။ ၎င်းတို့တာဝန်ကို ၎င်းတို့၏ အသက်မွေးမှု၊ စားဝတ်နေရေးအဖြစ်မြင်ပြီး ယင်းအပေါ်၌ အရင်းအနှီးပြုကာ ၎င်းတို့ထမ်းဆောင်သည့်တာဝန်ကို ဆုလာဘ်ရယူရန် အခြေအနေနှင့် အလဲအလှယ်တစ်ခုအဖြစ် အစဉ်မှတ်ယူသည်။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ၎င်းတို့၏တာဝန်၊ ၎င်းတို့၏ ဝတ္တရားအဖြစ် မှတ်ယူရန် ကြိုးပမ်းခြင်းလုံးဝမရှိဘဲ အထက်နှင့် အဆင်ပြေရန် သိက္ခာရှိသော အလုပ်အနည်းငယ်ကိုသာ လုပ်လိမ့်မည်။ ထို့ကြောင့် အထက်က ၎င်းတို့အလုပ်ကို စုံစမ်းမေးမြန်းမှုများ ပြုသောအခါ၊ သို့မဟုတ် ကြီးကြပ်သောအခါ ၎င်းတို့သည် စက်ဆုပ်သော၊ အတိုက်အခံဖြစ်သော စိတ်နေစိတ်ထားသို့ ရောက်ရှိသွားသည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) ဤပြဿနာသည် မည်သည့်နေရာမှ အရင်းခံသနည်း။ ယင်း၏ အနှစ်သာရမှာ အဘယ်နည်း။ အလုပ်စီမံကိန်းအပေါ် ၎င်းတို့၏ သဘောထားမှာ မှားယွင်းနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ထိရောက်မှုနှင့် အကျိုးစီးပွားများအကြောင်းကို တွေးရမည့်အစား ဇာတိပကတိဆိုင်ရာ အေးဆေးမှုနှင့် သက်သာမှုကိုသာ၊ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ကိုသာ တွေးသည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် လုံးဝ မကြိုးစားပေ။ ၎င်းတို့တွင် အမှန်ပင် အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ်ရှိခဲ့လျှင် အထက်၏ စုံစမ်းမေးမြန်းခြင်းများနှင့် ကြီးကြပ်ခြင်းကို နားလည်နိုင်လိမ့်မည်။ ၎င်းတို့သည် စိတ်နှလုံးမှနေ၍ ‘အထက်က စုံစမ်းမေးမြန်းမှုများပြုခြင်းသည် ကောင်းသောအရာ ဖြစ်သည်။ သို့မဟုတ်လျှင် ငါသည် ကိုယ့်အလိုဆန္ဒအတိုင်းလုပ်ဆောင်နေလိမ့်မည်။ ဤသို့ဆိုလျှင် အလုပ်၏ အကျိုးသက်ရောက်မှုကို ထိခိုက်စေမည်၊ သို့မဟုတ် ဖြစ်ကတတ်ဆန်းပင် လုပ်မိလိမ့်မည်။ အထက်က မိတ်သဟာယဖွဲ့ပြီး အမှုအရာများကို စစ်ဆေးသည်။ တကယ့်ပြဿနာများကို အမှန်တကယ် ဖြေရှင်းခဲ့သည်။ ယင်းမှာ ကောင်းလိုက်လေခြင်းပါတကား’ ဟူ၍ ပြောနိုင်လိမ့်မည်။ ဤသည်မှာ သူသည် တာဝန်သိသောသူတစ်ဦး ဖြစ်သည်ကို ပြလိမ့်မည်။ ၎င်းတို့က အလုပ်ကို ၎င်းတို့ဘာသာ တာဝန်ယူလုပ်ဆောင်လျှင်၊ အမှားတစ်ခု၊ သို့မဟုတ် ချို့ယွင်းချက်တစ်ခု ဖြစ်ပျက်ခဲ့ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဆုံးရှုံးမှုဖြစ်ကာ ဖာထေးရန် ဖြစ်နိုင်မည်မဟုတ်လျှင် ယင်းသည် ၎င်းတို့ မခံယူနိုင်သည့် တာဝန်ဖြစ်မည်ကို ၎င်းတို့ ကြောက်ရွံ့သည်။ ယင်းသည် တာဝန်သိစိတ်တစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) တာဝန်သိစိတ်တစ်ခုဖြစ်ပြီး ၎င်းတို့၏ သစ္စာစောင့်သိမှုကို ဖြည့်ဆည်းနေသည့် လက္ခဏာတစ်ခုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ သိမြင်လိုက်ရတာက ကိုယ့်တာဝန်မှာ တကယ်တာဝန်သိပြီး သစ္စာစောင့်သိတဲ့သူတွေဟာ တခြားသူတွေရဲ့ ကြီးကြပ်လမ်းညွှန်မှုကို ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံကြတယ်၊ ကိုယ့်အားနည်းချက်ကို ပြုပြင်ဖို့နဲ့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့အတွက်ပေါ့။ ဒါပေမဲ့ ကိုယ့်တာဝန်ကို သစ္စာမစောင့်သိတဲ့သူတွေကတော့ အခြေအနေတိုင်းမှာ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကိုပဲ စဉ်းစားကြတယ်။ တခြားသူတွေက သူတို့အလုပ်ကို ကြီးကြပ်မေးမြန်းတဲ့အခါ၊ တခြားသူတွေက သူတို့ကို အထင်မကြီးဘူး၊ ထောက်ထားစာနာမှုမပြဘူးလို့ ခံစားရပြီး၊ အတိုက်အခံလုပ်တဲ့စိတ်ဖြစ်ပြီး ရန်မူလာတယ်၊ သမ္မာတရားကို လက်ခံလိုတဲ့ သဘောထား လုံးဝမရှိကြဘူး။ ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုကို ကျွန်မတုံ့ပြန်ခဲ့ပုံကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ ဒါဟာ ကျွန်မ သစ္စာစောင့်သိမှု ကင်းမဲ့တဲ့ လက္ခဏာတစ်ခု မဟုတ်ဘူးလား။ ကျွန်မက ခေါင်းဆောင်ကို အလုပ်အခြေအနေတင်ပြတုန်းက၊ ကျွန်မက တကယ့်အလုပ်တချို့ကို လုပ်ခဲ့တာလို့ ထင်ခဲ့ပြီး၊ ခေါင်းဆောင်က ကျွန်မကို အထင်ကြီးလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ခေါင်းဆောင်က ကျွန်မလိုက်လံကြည့်ရှုခဲ့တဲ့ အလုပ်တွေမှာ ပြဿနာတွေအများကြီးတွေ့ပြီး၊ ကျွန်မက အပေါ်ယံပြဿနာတွေကိုပဲ မြင်တယ်၊ မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းရမယ့် အရင်းခံပြဿနာတွေကို နားလည်သဘောပေါက်တာမျိုး မရှိဘူးလို့ ထောက်ပြခဲ့တယ်။ ခေါင်းဆောင်က ကျွန်မလုပ်ခဲ့တဲ့အလုပ်ကို အလဟဿဖြစ်အောင် လုပ်နေခဲ့တာလို့ ကျွန်မထင်ပြီး အတိုက်အခံလုပ်ပြီး မကျေမနပ်ဖြစ်ခဲ့တယ်။ အထူးသဖြင့် ခေါင်းဆောင်က ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ ကျွန်မအလုပ်ကို အသေးစိတ်မေးမြန်းတာ၊ ကျွန်မရဲ့ပြဿနာတွေကို ထောက်ပြခဲ့တာနဲ့ ကျွန်မ အရှက်ရမိခဲ့တာတွေကို စဉ်းစားမိတဲ့အခါ ကျွန်မ အရမ်းဒေါသထွက်သွားခဲ့တယ်။ သိက္ခာဆည်ဖို့ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ရှင်းချက်ထုတ်၊ ဆက်ပြီး ခုခံကာကွယ်နေခဲ့ပြီး၊ မကျေမချမ်းနဲ့တောင် စိတ်ကောက်ခဲ့တယ်။ တကယ်တော့ ခေါင်းဆောင်ရဲ့ ကြီးကြပ်လမ်းညွှန်မှုက ကျွန်မကို ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်အောင် ကူညီဖို့ရည်ရွယ်တာဖြစ်ပြီး ဒါက အသင်းတော်အလုပ်အတွက် အကျိုးရှိစေခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်မမှာ လက်ခံလိုတဲ့ သဘောထား လုံးဝမရှိခဲ့ဘဲ ခေါင်းဆောင်က ကျွန်မကို တမင်သက်သက် အထင်သေးပြီး နှိမ့်ချတယ်လို့တောင် ခံစားခဲ့ရတယ်။ ကျွန်မဟာ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကိုပဲ ဂရုစိုက်ခဲ့ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို လုံးဝထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မက ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ရာမှာ သစ္စာစောင့်သိတဲ့သူတစ်ယောက် မဟုတ်ခဲ့ဘူး။ ဒါ့အပြင် ကျွန်မက အရမ်းကို မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်တယ်၊ ကျွန်မတာဝန်ယူထားတဲ့အလုပ်က တော်တော်ကောင်းနေပြီ၊ ခေါင်းဆောင်ပြောသလောက် မဆိုးပါဘူးလို့ အမြဲထင်နေခဲ့တယ်။ ဒါကြောင့် ခေါင်းဆောင်ရဲ့ စေတနာကောင်းနဲ့ လမ်းညွှန်ကူညီမှုကို ကျွန်မ အကြီးအကျယ် အတိုက်အခံလုပ်ပြီး ရွံမုန်းနေခဲ့တယ်၊ ရှာဖွေလက်ခံလိုတဲ့ သဘောထားမရှိဘဲနဲ့ပေါ့။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ အရမ်း ယူမှတ်လွန်းပြီး ခေါင်းမာခဲ့တယ်၊ သမ္မာတရားကို အင်မတန် မနှစ်မြို့တဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို ထုတ်ဖော်နေခဲ့တာပဲ။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်းနဲ့ တခြားသူတွေရဲ့ ပုံမှန်လမ်းညွှန်မှုကိုတောင် လက်မခံနိုင်ရင်၊ ကျွန်မ ဘယ်လိုလုပ် သမ္မာတရားကို လက်ခံပြီး ရရှိနိုင်မှာလဲ။ ဒီအရာတွေကို သိမြင်ပြီးတဲ့နောက်မှာ ခေါင်းဆောင်ထောက်ပြတဲ့ ပြဿနာတွေကို ကျွန်မ စိစစ်ခဲ့တယ်၊ ပြီးတော့ အဖွဲ့ဝင်တွေနဲ့ အလုပ်အကြောင်းဆွေးနွေးတဲ့အခါ ပေါ်ပေါက်လာတဲ့ ပြဿနာတွေရဲ့ သဘောသဘာဝနဲ့ အရင်းအမြစ်ကို သတိရှိရှိနဲ့ တွေးဆခဲ့တယ်။ ပြီးမှ ဒီ တကယ့်ပြဿနာတွေအတွက် ဖြေရှင်းနည်းတွေကို ထောက်ပြခဲ့တယ်။ သူတို့က ဒီလိုမိတ်သဟာယဖွဲ့တာက ထိရောက်ပြီး ပြဿနာတချို့ကို ဖြေရှင်းနိုင်တယ်လို့ ပြောကြတယ်။ ဒီရလဒ်ကိုမြင်တော့ ကျွန်မစိတ်ထဲမှာ ပျော်သွားတယ်။ တစ်ခါတလေ ကျွန်မအလုပ်မှာ စေ့စေ့စပ်စပ် မစဉ်းစားမိတဲ့ အပိုင်းတွေရှိနေတုန်းပဲ၊ အဲဒါတွေကို ခေါင်းဆောင်က ထောက်ပြပေးတတ်တယ်။ ကျွန်မလည်း သတိရှိရှိနဲ့ လက်ခံပြီး ပြုပြင်တဲ့အပြင် ဝင်ရောက်မှု တချို့ရှိတော့ တဖြည်းဖြည်းနဲ့ အကျိုးတစ်ခုခု ရရှိလာခဲ့တယ်လို့ ခံစားလာရတယ်။

နောက်ပိုင်းမှာ ကျွန်မကို နောက်ထပ် အဖွဲ့တချို့ရဲ့ အလုပ်ကို တာဝန်ပေးခဲ့တယ်။ သုံးလေးလကြာတော့ တစ်ရက်မှာ ခေါင်းဆောင်က အလုပ်အခြေအနေကို မေးတယ်။ အသေးစိတ်အချက်တချို့ကို ကျွန်မ အသေအချာ မရှင်းပြနိုင်ခဲ့ဘူး။ အဲဒီအခါ ခေါင်းဆောင်က ကျွန်မကို မျက်နှာထားတင်းတင်းနဲ့ ပြောတယ်၊ “ဒီအဖွဲ့တွေကို မင်းတာဝန်ယူလာတာ နည်းနည်းကြာနေပြီ၊ ဒါပေမဲ့ ဒီအသေးစိတ်အချက်တွေကိုတောင် မင်းမသိဘူး။ ဒါဟာ တာဝန်မသိတာ၊ တကယ်အလုပ်မလုပ်တာ မဟုတ်ဘူးလား” တဲ့။ ခေါင်းဆောင်ရဲ့စကားကိုကြားတော့ ကျွန်မ အရမ်းရှက်သွားပြီး မျက်နှာတစ်ခုလုံး ပူထူသွားတယ်။ ခေါင်းဆောင်ပြောတာတွေက အမှန်တရားတွေမှန်း သိပေမဲ့ ကျွန်မအတွက် လက်ခံဖို့ ခက်နေတုန်းပဲ၊ ခေါင်းဆောင်က ကျွန်မကို အမြင်မကြည်တော့မှာနဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို ဘယ်လိုထင်မြင်မလဲဆိုတာကို စိုးရိမ်နေမိတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ အရင်တစ်ခါက ကျွန်မဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားမိလိုက်တယ်။ “၎င်းတို့တွင် အမှန်ပင် အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ်ရှိခဲ့လျှင် အထက်၏ စုံစမ်းမေးမြန်းခြင်းများနှင့် ကြီးကြပ်ခြင်းကို နားလည်နိုင်လိမ့်မည်။ ၎င်းတို့သည် စိတ်နှလုံးမှနေ၍ ‘အထက်က စုံစမ်းမေးမြန်းမှုများပြုခြင်းသည် ကောင်းသောအရာ ဖြစ်သည်။ သို့မဟုတ်လျှင် ငါသည် ကိုယ့်အလိုဆန္ဒအတိုင်းလုပ်ဆောင်နေလိမ့်မည်။ ဤသို့ဆိုလျှင် အလုပ်၏ အကျိုးသက်ရောက်မှုကို ထိခိုက်စေမည်၊ သို့မဟုတ် ဖြစ်ကတတ်ဆန်းပင် လုပ်မိလိမ့်မည်။ အထက်က မိတ်သဟာယဖွဲ့ပြီး အမှုအရာများကို စစ်ဆေးသည်။ တကယ့်ပြဿနာများကို အမှန်တကယ် ဖြေရှင်းခဲ့သည်။ ယင်းမှာ ကောင်းလိုက်လေခြင်းပါတကား’ ဟူ၍ ပြောနိုင်လိမ့်မည်။ ဤသည်မှာ သူသည် တာဝန်သိသောသူတစ်ဦး ဖြစ်သည်ကို ပြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်း ကျွန်မစိတ်နှလုံးဟာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့တယ်။ ခေါင်းဆောင်က ကျွန်မအလုပ်ကို မေးမြန်းတာက အလုပ်အပေါ် တာဝန်ယူစိတ်ရှိလို့ပဲ၊ တကယ်အလုပ်မလုပ်ခဲ့တာက ကျွန်မလေ။ ကျွန်မမှာ တခြားသူတွေရဲ့ ဝေဖန်မှုနဲ့ ပြုပြင်မှုကို အတိုက်အခံလုပ်ဖို့ ဘာအကြောင်းပြချက်ရှိလို့လဲ။ ကျွန်မက ကိုယ့်သိက္ခာအတွက်ပဲ အမြဲစိုးရိမ်နေခဲ့တယ်၊ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နေတာပဲ မဟုတ်ဘူးလား။ ဒါဟာ ဘုရားအိမ်တော်ရဲ့အလုပ်ကို ရှေ့မထားဘဲ၊ ကိုယ့်သိက္ခာကိုပဲ ရှေ့တန်းတင်နေသေးတာ မဟုတ်ဘူးလား။ စဉ်းစားကြည့်တော့၊ ဒီအဖွဲ့တွေရဲ့အလုပ်ကို ကျွန်မတာဝန်ယူထားမှတော့၊ အလုပ်ကို ထမ်းဆောင်ဖို့ တာဝန်ယူခဲ့သင့်တာပေါ့။ ဒါပေမဲ့ အခု ခေါင်းဆောင်က အလုပ်ကို အသေးစိတ်မေးမြန်းလိုက်တော့မှ ဒီအလုပ်တွေရဲ့ အသေးစိတ်အချက်အလက်တွေကို ကျွန်မ မသိဘူးဆိုတာနဲ့၊ တကယ့်အလုပ် ဘာမှမလုပ်ခဲ့ဘူးဆိုတာ ရှင်းသွားတယ်။ ဒါတောင်မှ ကျွန်မဟာ ကိုယ့်သိက္ခာကို ဆည်ချင်သေးပြီး တခြားသူတွေက ဖော်ထုတ်ဝေဖန်မှာကို မလိုချင်ခဲ့ဘူး။ ဒါဟာ သမ္မာတရားကို လက်မခံသေးတာပဲ မဟုတ်ဘူးလား။ ဒါကို သဘောပေါက်မိတော့၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြီး၊ ကိုယ့်ပြဿနာတွေကို ပြုပြင်ဖို့ ခေါင်းဆောင်ရဲ့ လမ်းညွှန်မှုကို လက်ခံလိုစိတ်ရှိလာတယ်။ အဲဒီနောက်မှာတော့ ကျွန်မက အဖွဲ့ရဲ့အလုပ်တွေမှာ တက်တက်ကြွကြွ ပါဝင်ပြီး ဒီကဏ္ဍတစ်ခုချင်းစီရဲ့ အသေးစိတ်အခြေအနေတွေကို အမှန်တကယ် နားလည်ဖို့ အလျင်ဦးအောင် စလုပ်ခဲ့တယ်။ ကျွန်မ ရှာဖွေေဖော်ထုတ်ထားတဲ့ ပြဿနာတွေကို အဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ပြောဆိုပြီး၊ သူတို့လည်း ဒီပြဿနာတွေကို အမြန်ဆုံးဖြေရှင်းလိုစိတ်ရှိကြောင်း ပြောပြခဲ့ကြတယ်။ အလုပ်မှာ အမှန်တကယ် ပါဝင်ပြီး ကျွန်မ အကျိုးအများကြီးရရှိခဲ့တယ်။ အလုပ်မှာရှိနေတဲ့ ပြဿနာတချို့ကို အသေအချာ တွေးဆခဲ့တော့ နောက်ပိုင်းမှာ အတွေးအမြင်တချို့ ရလာခဲ့တယ်။ ဒီလိုလက်တွေ့လုပ်ဆောင်တော့ စိတ်ထဲမှာလည်း ပိုပြီး တည်ငြိမ်သွားတယ်။

ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်မ သဘောပေါက်လာတာကတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ကြီးကြပ်လမ်းညွှန်မှုကို လက်ခံတာဟာ အသင်းတော်အလုပ်အပေါ် တာဝန်ယူတဲ့ သဘောထားတစ်ခုဖြစ်တယ် ဆိုတာပါပဲ။ ကျွန်မတာဝန်မှာ ခေါင်းဆောင်ရဲ့ ကြီးကြပ်လမ်းညွှန်မှု လိုအပ်နေတဲ့ လမ်းလွဲမှုတွေ၊ အားနည်းချက်တွေ အများကြီးရှိနေတုန်းပဲ။ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးနေရင် အလုပ်တော်တော်များများကို ကောင်းကောင်းမလုပ်နိုင်တဲ့အပြင်၊ အသင်းတော်အလုပ်ကိုတောင် နှောင့်နှေးစေနိုင်တယ်။ ခေါင်းဆောင်က ကျွန်မအလုပ်ကို ကြီးကြပ်လမ်းညွှန်တာဟာ ကျွန်မကို အခက်တွေ့အောင် လုပ်ဖို့ မရည်ရွယ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့၊ ဒါဟာ ကျွန်မကို ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ပြီးတော့ ကိုယ့်အားနည်းချက်တွေနဲ့ လိုအပ်ချက်တွေကို ဆင်ခြင်သုံးသပ်ပြီး သိကျွမ်းဖို့အတွက် အကျိုးရှိစေတယ်။ အခုဆိုရင်တော့ ညီအစ်ကိုမောင်နှမတွေရဲ့ ကြီးကြပ်လမ်းညွှန်မှုကို ကျွန်မ မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ပြီ၊ အဲဒါတွေကို လက်ခံ၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး ကိုယ့်လမ်းလွဲမှုတွေကိုလည်း ပြုပြင်လိုစိတ် ရှိနေပါပြီ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကိုင်တွယ်ဖြေရှင်းခံရခြင်းမှ ကျွန်မ ရရှိခဲ့တဲ့အရာ

ရှောင်မိ ဂျပန်နိုင်ငံ ၂၀၂၂ခုနှစ်၊ ဇွန်လမှာ ညီမက အသင်းတော်ခေါင်းဆောင်အနေနဲ့ အရွေးခံရတယ်။ ညီမ တာဝန်ယူရမဲ့ အလုပ်တွေ၊ ရမဲ့ အတော်များတဲ့...

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်မကို နာမကျန်းဖြစ်ခြင်း စမ်းသပ်မှုတစ်လျှောက် လမ်းပြတော်မူခဲ့သည်

ရီမင်း၊ ဟူးဘေးပြည်နယ် သခင်နှင့် ပြန်လည်ဆုံစည်းရသည်ကို ကျွန်မ ဝမ်းမြောက်သည် ယခုနှစ်တွင် ကျွန်မ ၇၈ နှစ်ရှိပြီ ဖြစ်သည်၊ ပြီးလျှင် ကျွန်မသည်...

တခြားလူတွေအပေါ် ကျွန်မရဲ့ ယုံကြည်မှုကို မဆင်မခြင်ထားရတဲ့ အကြောင်းအရင်း

၂၀၂၁ခုနှစ် မှာ အသင်းတော် ၃ ခုရဲ့ ရေလောင်းတဲ့အလုပ်ကို ကျွန်မ တာဝန်ယူရတယ်။ အသင်းတော်တစ်ခုက ရေလောင်းအဖွဲ့ခေါင်းဆောင် နှစ်ယောက်ဖြစ်တဲ့ လီကန်...

ကျွန်ုပ်၏ စိတ်နှလုံးကို ခံစားချက်က လွှမ်းမိုးထားသည်

၂၀၁၇ ခုနှစ် မေလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုဆော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။