ကျေးဇူးတုံ့ပြန်ခြင်း ဝန်ထုပ်ဝန်ပိုးမှ လွတ်ငြိမ်းခြင်း

29.04.2024

ကျွန်မ အသက်ကိုးနှစ်မှာ ကျွန်မအဖေ ဆုံးပါတယ်၊ ကျွန်မနဲ့ ကျန်တဲ့မောင်နှမလေးယောက်ကို အမေပဲ ကျပ်ကျပ်တည်းတည်းနဲ့ ကျွေးမွေးပြုစုခဲ့ရတယ်။ ကျွန်မရဲ့အဒေါ်က ကျွန်မတို့အတွက် စိတ်မကောင်းဖြစ်ပြီး၊ စားစရာနဲ့ တခြားလိုအပ်တာတွေကို မကြာမကြာ ယူလာပေးတယ်။ သူက တစ်ခုခု ယူလာပေးပြီဆိုတာနဲ့၊ အမေက ကျွန်မတို့အားလုံး သူ့ကို အများကြီး ကျေးဇူးတင်တဲ့အကြောင်းတွေ ပြောခိုင်းတယ်၊ ပြီးတော့ သူများတွေရဲ့ကောင်းမှုတွေကို ဘယ်တော့မှ မမေ့ဖို့၊ လူတွေ ကိုယ့်အပေါ် ကောင်းရင် သိတတ်စွာနဲ့ကျေးဇူးဆပ်ပြီး ကျေးဇူးသိဖို့ ဆုံးမတယ်။ ဒါမှ ကျွန်မတို့ကို နောက်ကွယ်မှာ ရှုတ်ချတာမျိုး၊ ကျေးဇူးမသိတတ်ဘူးလို့ ပြောတာမျိုး မလုပ်မှာတဲ့။ ကျပ်တည်းတဲ့ အချိန်တွေနဲ့ ကြုံနေရလည်း၊ အမေက ကျွန်မအဒေါ်ကို ကျေးဇူးဆပ်ဖို့ဆိုပြီး မရှိရှိတာလေးတွေကို အမြဲတမ်း ဝေမျှပေးတတ်တယ်။ ကျွန်မ အသက်ကြီးလာတော့ လူတွေ ပြောကြတာကို မကြာမကြာ ကြားရပြန်ရော၊ “ဟိုလူက သူ ဒုက္ခရောက်နေတဲ့အချိန် ကူညီပေးခဲ့တာကို နောက်တစ်နှစ်၊ နှစ်နှစ်ကြာတော့ ကျေးဇူးပြန်ဆပ်တာ မြင်ကြတယ် မဟုတ်လား။ ဟိုလူကတော့ သူ့အပေါ် ကူညီခဲ့တာကိုတောင် အသိတရား မရှိဘူး၊ ကျေးဇူးတောင် ပြန်မဆပ်ဘူး။ ကျေးဇူးမသိတတ်တဲ့ ကောင်ပဲ” ဆိုတာမျိုးပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်မလည်း ဒီအမြင်နဲ့ နေထိုင်လာမိတယ်၊ ကိုယ့်အပေါ်ကောင်းခဲ့တာတွေကို ကျေးဇူးဆပ်ရင်း နေထိုင်ရမယ်။ မဟုတ်ရင် ကျေးဇူးမသိတတ်ရာရောက်မယ်၊ သူများတွေကလည်း မလေးမစားနဲ့ အထင်သေးကြလိမ့်မယ်လို့ တွေးခဲ့မိတယ်။ ယုံကြည်သူတစ်ယောက် ဖြစ်လာပြီးတော့လည်း လူတွေနဲ့ အမှုကိစ္စတွေကို ဘုရားနှုတ်ကပတ်တော်တွေမှာ အခြေခံပြီး ကိုင်တွယ်သင့်မှန်း သိခဲ့တယ်။ ဒါပေမဲ့ မျိုးဆက်နဲ့ချီပြီး လက်ဆင့်ကမ်းလာတဲ့ အစဉ်အလာ အယူအဆတွေက ကျွန်မရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတော့၊ ကျွန်မက ဒီအမြင်တွေနဲ့ နေထိုင်မိတဲ့အဆင့်ထိ ရောက်ပြီး ကိုယ့်တာဝန်မှာ စည်းမျဉ်းတွေကို ချိုးဖောက်မိတယ်။ အဲဒီမှာ အသင်းတော်ရဲ့အလုပ်ကို နှောင့်ယှက်မိပြီး၊ ပြစ်မှားခြင်းတစ်ခုအနေနဲ့ သတ်မှတ်ခံခဲ့ရတာပါ။

၂၀၂၁ ဩဂုတ်လမှာ အသင်းတော်ရဲ့ ဖယ်ရှားခြင်းအလုပ် အစီအမံတွေကို ထုတ်ပြန်ပြီးတော့၊ လူတွေကို ခွဲခြားသိမြင်ခြင်း သမ္မာတရားကို အသင်းတော်က စပြီး မိတ်သဟာယပေးတယ်၊ ကျွန်မရဲ့ယောက်မအကြီး ဖန့်လင်က မယုံကြည်သူအဖြစ် သတ်မှတ်ခံရတယ်ပေါ့။ ကျွန်မကတော့ ဒါကို ဘယ်လိုမှ မအံ့ဩခဲ့ဘူး။ သူက နှစ်ပေါင်းများစွာ ယုံကြည်သူ ဖြစ်လာတာတောင် သမ္မာတရားကို မလိုက်စားဘူး။ အသင်းတော် အသက်တာကိုလည်း မကြာမကြာ နှောင့်ယှက်တယ်။ စည်းဝေးပွဲတွေမှာဆို သူများတွေအကြောင်း အမြဲတမ်း အတင်းအဖျင်းပြောတတ်တယ်၊ ကျွန်မတို့ ဘုရားနှုတ်ကပတ်တော်တွေ စဖတ်တာနဲ့ သူအိပ်ပျော်သွားရော။ ဖတ်လို့လည်း ပြီးရော သူ့မှာ မိတ်သဟာယပြုဖို့ ဘာမှ မရှိတော့ဘူးလေ။ သူ့အယူအဆတွေနဲ့ မကိုက်ညီတဲ့ ကိစ္စတွေကို ကြုံရရင်လည်း သမ္မာတရားကို လုံးဝ မရှာဖွေဘူး၊ ဘုရားဆီက လာတဲ့ အကြောင်းအရာတွေကိုလည်း ဘယ်တော့မှ လက်မခံခဲ့ဘူး။ လူတွေနဲ့ အကြောင်းကိစ္စတွေကို အမြဲ စစ်ကြောနေတတ်တယ်၊ သူ့ကိုယ်သူတော့ ကာကွယ်ပြီး ပြောတယ်။ သူက စည်းဝေးပွဲဧည့်ခံသူ လုပ်ရတဲ့အချိန်မှာ၊ ခေါင်းဆောင်က တချို့လူတွေရဲ့ ဖျက်လိုဖျက်ဆီး လုပ်တတ်တဲ့ အပြုအမူအကြောင်း မိတ်သဟာယပေးတာကို ကြားလိုက်ရရင်၊ သူက ခေါင်းဆောင် ပြောသမျှကို အဲဒီလူတွေကို ပြောပြရော။ အဲဒီမှာ ဟိုလူတွေက ခေါင်းဆောင်ကို အမြင်စောင်းလာပြီး သူတို့ကို မကျေမနပ်ဖြစ်နေတယ်လို့ ထင်ကုန်တာပေါ့။ ခေါင်းဆောင်ကလည်း သူက အချင်းချင်း ဘယ်လိုရန်တိုက်ပေးတယ်၊ အသင်းတော်အသက်တာကို ဘယ်လို နှောင့်ယှက်ဖျက်ဆီးနေတယ်ဆိုတာကို စိစစ်ဆွေးနွေးပြတယ်။ ဒါပေမဲ့ သူက အပြစ်ရှိတယ်လို့ လုံးဝ မထင်တဲ့အပြင်၊ သူ့ကိုယ်သူ ကာကွယ်ဖို့တောင် အမျိုးစုံငြင်းခုံသေးတာ။ သူက အမှန်အတိုင်းပဲ ပြောတာပါ၊ အဲဒါက အသင်းတော်အသက်တာကို ဘယ်လို အနှောင့်အယှက် ဖြစ်ခဲ့မှန်း မမြင်ခဲ့ဘူးတဲ့။ စုဝေးပွဲမှာ ကျွန်မယောက်မလျူဟွေအပေါ်ခွဲခြားသိမြင်ပုံကို မိတ်သဟာယပြုတယ်။ သူကလည်း ဆိုးယုတ်တဲ့ လူ့သဘာဝရှိတဲ့ မယုံကြည်သူအဖြစ် ဖော်ထုတ်ခံရတယ်၊ သူ့ကို အသင်းတော်ကနေ ချက်ချင်း ဖယ်ရှားသင့်တယ်ပေါ့။ စုဝေးပွဲ ပြီးသွားတော့၊ ကျွန်မတို့က လျုဟွေကို အသင်းတော်ကနေ ဖယ်ရှားတော့မယ်ဆိုပြီး ဖန့်လင်က အစ်မတစ်ယောက်ကို သွားပြောတဲ့အပြင်၊ အပျက်သဘော ထင်မြင်ချက်တွေပါ လျှောက်ပြောတယ်။ အဲဒီအစ်မလည်း စိတ်အနှောင့်အယှက်ဖြစ်၊ ကျွန်မလည်း ဖန့်လင်ကို မိတ်သဟာယပေးဖို့ ကမန်းကတန်း လိုက်ရှာရတယ်၊ အသင်းတော်က လူတွေကို သူတို့ရဲ့အလုံးစုံ အပြုအမူပေါ် အခြေခံပြီး ဖယ်ရှား၊ နှင်ထုတ်တဲ့အကြောင်း၊ ဘုရားရဲ့အိမ်တော်မှာ သမ္မာတရားက အုပ်စိုးတယ်၊ ဘယ်သူမှ ဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့အကြောင်း ပြောပြတယ်။ လျုဟွေက ဖယ်ရှားခံရတယ်ဆိုတာ၊ သူကဆိုးယုတ်တဲ့ လူ့သဘာဝ ရှိတယ်၊ အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်တယ်၊ ညီအစ်ကိုမောင်နှမတွေက မိတ်သဟာယတွေ အမျိုးမျိုး ပေးပြီးတာတောင် နောင်တမရခဲ့လို့ပါ ပေါ့။ ဖန့်လင်ရဲ့အပြုအမူက အပျက်သဘောဆောင်ခြင်းနဲ့ ပျက်စီးခြင်းကို ဖြန့်နေတဲ့အပြင်၊ အသင်းတော်မှာ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းကသာ ဩဇာအာဏာ ရှိကြောင်းကို ငြင်းပယ်တာလည်း ဖော်ထုတ်ပြတယ်။ သူက “အသင်းတော်မှာ နင်ပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်၊ ဘယ်သူ့ကို နှင်ထုတ်ဖို့ နင်ပဲ ဆုံးဖြတ်မှန်း ငါ သိတယ်” ဆိုပြီး၊ မျက်ရည်အရွှဲသားနဲ့ ပြန်ပြောတော့ ကျွန်မ အံ့ဩမိရော။ သူ မဆင်မခြင်နဲ့ ပြဿနာရှာနေတာကို ကြုံရတော့ ကျွန်မလည်း နည်းနည်းတော့ ဘာလုပ်ရမှန်း မသိဘူး။ ဖန့်လင်က သမ္မာတရားကို လက်မခံဘူး၊ မယုံကြည်သူပဲဆိုတာ ကျွန်မရင်ထဲက သိတယ်။ ဒါပေမဲ့ သူ့ကို ဖယ်ရှားဖို့ အချက်အလက်တွေ ပြင်ဆင်ရင်းနဲ့ ကျွန်မ ချီတုံချတုံ ဖြစ်သွားတယ်။ သူနဲ့ ကျွန်မက ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို အတူတူ လက်ခံခဲ့ကြတာ၊ ကျွန်မတို့နှစ်ယောက် နှစ်ပေါင်းများစွာ အတူတူ စည်းဝေးခဲ့တယ်၊ ဧဝံဂေလိ ဖြန့်ဝေခဲ့ကြတယ်။ ဖန့်လင်က အရမ်း စိတ်သဘောကောင်းတယ်၊ ကျွန်မမှာ လိုအပ်ပြီဆို ကူညီဖို့အတွက် သူ တတ်နိုင်တာ အားလုံးကို လုပ်ပေးတတ်တယ်။ အထူးသဖြင့် ၂၀၁၃ မှာ ကျွန်မရဲ့အမျိုးသား မကျန်းမမာဖြစ်တော့၊ ကျွန်မအနေနဲ့ ကိုယ့်တာဝန်ကို ဆက်လုပ်နိုင်အောင် သူကပဲ အမျိုးသားကို ပြုစုပေးတာပါ။ သူက ကျွန်မကို အိမ်အလုပ်တွေရော၊ စိုက်ခင်းတွေ ထိန်းသိမ်းတာကိုရော ကူညီပေးခဲ့တယ်။ ကျွန်မရဲ့အမျိုးသား ဆုံးသွားတော့ အခက်အခဲမျိုးစုံကို ကျွန်မ ဖြေရှင်းခဲ့ရတယ်၊ အပျက်သဘောဆောင်တဲ့ အခြေအနေတစ်ခုထဲ ရောက်ခဲ့တယ်။ ဖန့်လင်ကပဲ ကျွန်မကို ညတိုင်း လာတွေ့ပြီး၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေ ဖတ်ပြတယ်၊ ယောဘရဲ့အတွေ့အကြုံတွေကို မိတ်သဟာယ ပြုပေးခဲ့တယ်။ သူ့အကူအညီတွေ၊ အဖော်ပြုတာတွေကြောင့် ကျွန်မရဲ့အခြေအနေက တဖြည်းဖြည်း တိုးတက်ခဲ့တာပါ။ အဲဒီ စိတ်ဆင်းရဲရဆုံး အချိန်တွေမှာ၊ သူက နေ့စဉ် အလုပ်တွေမှာ ကူညီရုံမကဘူး၊ ကျွန်မကို အားပေးဖို့ ဘုရားနှုတ်ကပတ်တော်တွေပါ ဖတ်ပြပေးတယ်။ ဖန့်လင်က ကျွန်မကို ဘယ်လို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်ဆိုတာ ကျွန်မ အမြဲ အမှတ်ရခဲ့တာပါ။ ကျွန်မက သူ့ကျေးဇူးကို မဆပ်ဘဲ၊ သူ့ကို ဖယ်ရှားဖို့ အချက်အလက်တွေတောင် ပြင်ဆင်တယ်ဆိုရင်၊ သူ သိသွားတဲ့အခါ ကျွန်မကို ဘယ်လို ထင်မှာလဲ။ ကျွန်မက ကျေးဇူးမသိတတ်ဘူး၊ အသိတရား မရှိဘူးလို့ ပြောမှာလား။ ကျွန်မအစ်ကိုရော၊ သူ့အမျိုးသမီးနဲ့ ကျွန်မရဲ့အစ်မတွေကရော၊ ဒီနှစ်တွေတစ်လျှောက်လုံး သူ ကျွန်မအတွက် လုပ်ပေးခဲ့တာ အားလုံးကို မြင်ခဲ့ကြတာချည်းပါပဲ။ အိမ်နီးချင်းတွေကတောင် ဖန့်လင်က ကျွန်မအပေါ် အစ်မအရင်းတွေထက် ပိုပြီး ဂရုစိုက်တယ်လို့ ပြောကြတာ။ “သိုးငယ်တွေက အမေဆီက နို့စို့ရဖို့ ဒူးထောက်ကြတယ်။ ကျီးကန်းတွေက အမေကို အစာရှာကျွေးပြီး ကျေးဇူးဆပ်တယ်” ဆိုတဲ့ ဆိုရိုးလိုပေါ့။ တိရစ္ဆာန်တွေတောင် ကျေးဇူးဆပ်ရမှန်း သိကြတယ်၊ ကျွန်မကျတော့ ကိုယ့်ကို ကူညီခဲ့တဲ့ လူတစ်ယောက်ကို ညှာတာမှုလေးတောင် မပြနိုင်ဘူး။ သူတို့တွေက ကျွန်မကို ကျေးဇူးမသိတတ်ဘူးလို့ ထင်ပြီး၊ အဆက်အသွယ်ဖြတ်ကြ၊ ပစ်ထားကြမှာလား။ အဲဒါဆို ကျွန်မရဲ့မိသားစုကပါ ကျွန်မကို ပစ်ပယ်ကြမှာ မဟုတ်ဘူးလား။ ဒါတွေအားလုံးကို သဘောပေါက်လာရင်းနဲ့ ကျွန်မ အရမ်းကို သောကဖြစ်လာတယ်၊ မပြတ်သားတော့ဘူး။ အသင်းတော်ရဲ့ဖယ်ရှားခြင်း အလုပ်နဲ့၊ ကျေးဇူးတွေ အကြွေးတင်နေတဲ့ ဖန့်လင်ကြားမှာ ကျွန်မ မဆုံးဖြတ်နိုင်ခဲ့ဘူး၊ ပူပန်သောကတွေ၊ စိတ်ဆင်းရဲမှုတွေနဲ့ နေခဲ့ရတယ်။ ကျွန်မလည်း မပြတ်မသား ဖြစ်နေရင်းနဲ့၊ အထက်က အစ်ကိုတစ်ယောက်ရဲ့ တရားဟောချက်တစ်ခုမှာ ဒါလေးကို မြင်လိုက်မိတယ်၊ “ဘယ်လိုလူမျိုးတွေဟာ အသင်းတော်မှာ အစေခံဖို့ ဆက်ပြီး နေနိုင်ကြသလဲ။ သူတို့တွေမှာ မကောင်းတဲ့ လူ့သဘာဝ မရှိသေးသရွေ့၊ ဧဝံဂေလိ ဖြန့်ဝေရာမှာ ကျွမ်းကျင်ပြီး၊ အဲဒီလို ဖြန့်ဝေချင်စိတ်လည်း ရှိနေသရွေ့၊ သူတို့ကို အသင်းတော်မှာ ဆက်ရှိနေခွင့် ပေးသင့်တယ်” တဲ့။ ကျွန်မလည်း ရုတ်တရက် သဘောပေါက်သွားတယ်၊ “ဟုတ်တာပေါ့၊ ဖန့်လင်က သမ္မာတရားကို ချစ်လည်း မချစ်ဘူး၊ မလိုက်စားဘူး၊ ဒါပေမဲ့ သူက ဧဝံဂေလိ ဖြန့်ဝေရတာကို သဘောကျတယ်၊ အကျိုးရလဒ်နည်းနည်းလည်း ရနိုင်တယ်။ အခုအချိန်က ဧဝံဂေလိ ပျံ့နှံ့ဖို့အတွက် အရေးကြီးတဲ့ ကာလပဲ၊ ငါက ဖန့်လင်ကို အသင်းတော်မှာ ဆက်နေခွင့်ပေးဖို့ သူ့ရဲ့ဧဝံဂေလိဖြန့်နိုင်စွမ်းကို အကြောင်းပြပြီး ချီးကျူးရင် သူလည်း ဖယ်ရှားခံရခြင်းကို ရှောင်လို့ရမှာ မဟုတ်ဘူးလား။ အဲဒီလိုဆို ငါလည်း ဖန့်လင် စိတ်မဆိုးအောင် ရှောင်နိုင်မယ်။ ငါ့အစ်ကို၊ သူ့မိန်းမနဲ့ ငါ့အစ်မတွေကလည်း ကျေးဇူးမသိတတ်ဘူးလို့ ပြောတော့မှာ မဟုတ်ဘူး။ ကျေးဇူးမသိတတ်တဲ့ ညီမတစ်ယောက်ဆိုပြီး နာမည်ဆိုးတွင်တော့မှာလည်း မဟုတ်ဘူး” ပေါ့။ ဒါကို သဘောပေါက်မိတော့ ကျွန်မလည်း သူ့ကို ဖယ်ရှားမယ့် အချက်အလက်တွေ ပြင်ဆင်တဲ့အလုပ်ကို ဖယ်ထားလိုက်တယ်။

ဒါပေမဲ့ သိပ်မကြာလိုက်ဘူး၊ ညီအစ်မတချို့က ကျွန်မကို ပြောပြကြတယ်၊ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူ နှစ်ယောက် ရှိတယ်၊ အစွမ်းအစလည်း ကောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေကိုလည်း နားလည်တယ်တဲ့၊ ဒါပေမဲ့ ဖန့်လင်က တော်တော် နိမ့်ကျတဲ့ လူ့သဘာဝနဲ့ နေထိုင်တာဆိုတော့၊ အဲဒီအလားအလာရှိသူနှစ်ယောက်က လက်လန်ပြီး ဒေသနာတွေ နားမထောင်တော့ဘူးတဲ့။ တခြားညီအစ်မတစ်ယောက်ကလည်း ပြောပြတယ်၊ ဖန့်လင်က အသင်းတော်အသက်တာကို နှောင့်ယှက်နေတယ်၊ တချို့လူတွေက သူနဲ့အတူ ဧဝံဂေလိ မဖြန့်ဝေချင်ကြဘူးတဲ့။ ဒါတွေအားလုံးကို ကြားရတဲ့အချိန်မှာ ကျွန်မ တုန်လှုပ်သွားရော။ ဧဝံဂေလိအလုပ်ကို ဖန့်လင် နှောင့်ယှက်တာတွေက ကျွန်မရဲ့ ဆုံးဖြတ်ချက်ချတဲ့အလုပ်နဲ့ တိုက်ရိုက် ပတ်သက်နေတယ်လေ။ ကျွန်မလည်း ကိုယ့်အပြစ်တွေကို နောင်တရ၊ ဝန်ခံရင်းနဲ့ ဘုရားဆီ ချက်ချင်း ဆုတောင်းလိုက်ရတယ်။ နောက်တော့မှ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကို အမှတ်မထင် တွေ့မိတယ်၊ “အထက်၏ အလုပ်အစီအစဉ်များအပေါ် လူတချို့၏ သဘောထားများသည် အလွန်အမင်း ပေါ့ပေါ့တန်တန် ရှိကြ၏။ သူတို့ ယုံကြည်သည်မှာ ‘အထက်က အလုပ်အစီအစဉ်များကို ဆွဲပြီး ကျွန်ုပ်တို့ကမူ အသင်းတော်တွင် ထိုအလုပ်ကို လုပ်ရသည်။ အချို့စကားများနှင့် ပြုဖွယ်ကိစ္စများကို လိုက်လျောညီထွေစွာ အကောင်အထည်ဖော်၍ ရသည်။ ၎င်းတို့ကို ပြီးစီးအောင် အတိအကျ မည်သို့လုပ်ရမည်မှာ ကျွန်ုပ်တို့အပေါ်တွင် မူတည်သည်။ အထက်က ပြောရုံပြောပြီး အလုပ်အစီအစဉ်များကို ရေးဆွဲပေးရုံသာ ရှိသည်။ တကယ်တမ်း လက်တွေ့လုပ်ရသူများက ကျွန်ုပ်တို့သာ ဖြစ်၏။ ထို့ကြောင့် အထက်က ကျွန်ုပ်တို့လက်ထဲ အလုပ်ကို လွှဲအပ်ပြီးနောက်တွင် ကြိုက်သလို ကျွန်ုပ်တို့ လုပ်နိုင်သည်။ အလုပ်ကို ပြီးအောင် မည်သို့ပင် လုပ်သည်ဖြစ်စေ အဆင်ပြေသည်။ မည်သူကမျှ ဝင်စွက်ဖက်ခွင့် မရှိ’ ဟု ဖြစ်သည်။ သူတို့ကျင့်ကြံဆောင်ရွက်သည့် အခြေခံနိယာမများမှာ အောက်ပါအတိုင်းဖြစ်သည်။ မှန်သည်ဟု သူတို့ယုံကြည်သော အရာကို သူတို့နားထောင်ပြီး မှားသည်ဟု သူတို့ယုံကြည်သော အရာကိုကား လျစ်လျူရှုကြသည်။ သူတို့၏ ယုံကြည်ချက်များသည် သမ္မာတရားနှင့် အခြေခံနိယာမများ ဖြစ်သည်ဟု မှတ်ယူကြသည်။ သူတို့၏ဆန္ဒနှင့် မကိုက်ညီသော မည်သည့်အရာကိုမဆို သူတို့ ဆန့်ကျင်ကြပြီး ထိုအရာများနှင့် ပတ်သက်လျှင် သင့်အား သူတို့ အလွန်အမင်း ရန်မူလိုကြသည်။ အထက်၏ စကားများက သူတို့၏ဆန္ဒနှင့် မကိုက်ညီသောအခါ သူတို့သည် ထိုစကားများကို စတင်၍ ပြောင်းလဲပစ်ကြပြီး သူတို့၏ သဘောတူညီချက်အတိုင်း ဖြစ်သွားမှသာ ထိုစကားတို့ကို လက်ဆင့်ကမ်းလွှဲပေးကြသည်။ သူတို့၏ သဘောတူညီချက်မရှိဘဲ ထိုစကားတို့ကို လက်ဆင့်ကမ်းလွှဲပေးရန် သူတို့ ခွင့်မပြုကြချေ။ အခြားဒေသများတွင် အထက်၏ အလုပ်အစီအစဉ်များကို အရှိအတိုင်း လက်ဆင့်ကမ်းလွှဲပေးကြသော်လည်း ဤလူများကမူ သူတို့တာဝန်ယူထားသော အသင်းတော်များထံ သူတို့၏ ပြောင်းလဲထားသော အလုပ်အစီအစဉ်မူကွဲများကို လက်ဆင့်ကမ်း လွှဲပေးကြသည်။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို ဘေးချိတ်ထားရန် အမြဲတမ်း ဆန္ဒရှိနေကြ၏။ လူတိုင်း သူတို့ကို ယုံကြည်လာပြီး သူတို့နောက်လိုက်ကာ သူတို့ကို နာခံလာအောင် လုပ်ဖို့ အလွန် စိတ်ထက်သန်နေကြသည်။ သူတို့စိတ်ထဲတွင် ဘုရားသခင်က သူတို့လောက် မတော်သည့် နယ်ပယ်တချို့ရှိသည်၊ သူတို့ကိုယ်တိုင် ဘုရားသခင် ဖြစ်သင့်ပြီး အခြားလူများက သူတို့ကို ယုံကြည်သင့်သည်ဟူသတတ်။ ယင်းမှာ ၎င်း၏သဘာဝဖြစ်သည်။...သူတို့သည် စာတန်၏ လက်ပါးစေများသက်သက်သာ ဖြစ်ကြပြီး သူတို့အလုပ်လုပ်သောအခါ စိုးစံနေသူမှာ နတ်ဆိုးပင် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ထိခိုက်ပျက်စီးစေပြီး ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ကြသည်။ သူတို့သည် အန္တိခရစ် အစစ်အမှန်များသာ ဖြစ်ကြလေတော့၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ကျွန်မက အလုပ်အစီအမံတွေကို ဖြစ်အောင် မလုပ်ဆောင်တဲ့အပြင်၊ ကိုယ့်အလိုဆန္ဒကို အခြေခံပြီး ပြုမူခဲ့တာတွေကို ဘုရားရဲ့နှုတ်ကပတ်တော်တွေက ထိထိမိမိ ဖော်ထုတ်ပြတာပါ။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဟာ မကောင်းမှုလုပ်သူ၊ မယုံကြည်သူ ဒါမှမဟုတ် အန္တိခရစ်အဖြစ် ဖော်ထုတ်ခံရတဲ့ ဘယ်သူကိုမဆို ချက်ချင်း ဖယ်ရှားသင့်တယ်လို့၊ အလုပ်အစီအမံတွေမှာ ရှင်းရှင်းလင်းလင်း ချမှတ်ထားတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေ လှည့်စားမခံရဖို့၊ နှောင့်ယှက်မခံရဖို့၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်လို့ရတဲ့ အေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ခံစားနိုင်စေဖို့၊ သမ္မာတရားကို လိုက်စားနိုင်စေဖို့နဲ့ သူတို့တာဝန်ကို ထမ်းဆောင်နိုင်စေဖို့အတွက်၊ ကျွန်မက အန္တိခရစ်တွေ၊ မကောင်းမှုပြုသူတွေနဲ့ မယုံကြည်သူတွေကို အသင်းတော်ထဲမှာ ဖယ်ရှားခြင်းကို၊ ခြွင်းချက်မရှိ နာခံလိုက်နာသင့်တယ်၊ ချက်ချင်း ပြတ်ပြတ်သားသား လုပ်ဆောင်သင့်တယ်။ ဒါပေမဲ့ ဖန့်လင်ကို မယုံကြည်သူတစ်ယောက် ဖြစ်မှန်း ရှင်းရှင်းလင်းလင်း သိနေတာတောင်၊ ကျွန်မက သူ့ကို ဖယ်ရှားဖို့ အချက်အလက်တွေ ပြင်ဆင်မိရင် သူ မကျေမနပ် ဖြစ်သွားမှာကို စိုးရိမ်ခဲ့တယ်၊ သူက ကျွန်မကို အရင်က ကူညီခဲ့ဖူးတော့ ကျေးဇူးမသိတတ်ဘူးလို့၊ တံဆိပ်အကပ် ခံရမှာကိုလည်း စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကျွန်မက အလုပ်အစီအမံတွေကို မလုပ်ဆောင်ခဲ့ဘူး၊ သူက ဧဝံဂေလိ ဖြန့်ဝေနိုင်တယ်ဆိုတာကို အခြေခံပြီး သူ့ကို ဟိတ်ကြီးဟန်ကြီးနဲ့ ခုခံကာကွယ်ပေးခဲ့တယ်၊ အလုပ်အစီအမံတွေကို ဆန့်ကျင်နေခဲ့မိတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ကြည့်တယ်၊ “ဖန့်လင်က မယုံကြည်သူအဖြစ် ဖော်ထုတ်ခံရပြီးတာကို ငါ ရှင်းရှင်းလင်းလင်း သိတယ်၊ ဒါဆို ဘာဖြစ်လို့ ငါက သူ့ကို ချစ်ခင်မှုကြောင့် ခုခံကာကွယ်ပေးပြီး၊ သူ့အပြစ်နဲ့ တာဝန်တွေအားလုံးကို လွတ်ငြိမ်းခွင့်ပေးဖို့ ကြိုးစားခဲ့သေးတာလဲ” ပေါ့။ ကျွန်မ နားလည်သွားတာက၊ ကျေးဇူးဆပ်ခြင်းဆိုတဲ့ ဒီအစဉ်အလာ အယူအဆက ကျွန်မကို ထိန်းချုပ်၊ ကန့်သတ်ခဲ့လို့ပါပဲ။ ကိုယ့်ပုံရိပ်ကို ထိန်းသိမ်းဖို့၊ ကျေးဇူးမသိတတ်သူ၊ ကျေးဇူးကန်းသူအဖြစ် အမြင်မခံရဖို့အတွက်၊ ကျွန်မက အသင်းတော်ရဲ့အကျိုးကို လုံးဝ မသိကျိုးကျွန်ပြုခဲ့တာပါ။ ဖန့်လင်ကို အသင်းတော်မှာဆက်ထားလို့ ဖြစ်လာမဲ့ အကျိုးဆက်ကို ဒုက္ခခံစဉ်းစားမနေဘဲ အလုပ်အစီအစဉ်တွေကို ပေါ်တင် ချိုးဖောက်ခဲ့တယ်။ ကျွန်မက ဖန့်လင်ကို ဖယ်ရှားခြင်းအတွက် တောင်းခံဖို့ အချက်အလက်တွေကို မပြင်ဆင်ခဲ့တဲ့အပြင်၊ သူ့ကိုတောင် ဧဝံဂေလိ ဖြန့်ဝေဖို့ တာဝန်ပေးခဲ့မိတယ်။ သူ နေထိုင်တဲ့ လူ့သဘာဝက နိမ့်ကျလွန်းတော့၊ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူ နှစ်ယောက်ကလည်း ဆက်ပြီး မစုံစမ်းချင်တော့ဘူးလေ။ ဒါက သူ့ကို ကျွန်မ ကာကွယ်ပေးမှုရဲ့ အကျိုးဆက်တွေချည်းပါပဲ။ ကျွန်မက အလုပ်အစီအမံတွေကို ချိုးဖောက်နေတယ်၊ ကိုယ့်သဘောနဲ့ကိုယ် လုပ်နေခဲ့တယ်၊ အသင်းတော်ရဲ့ ဖယ်ရှားခြင်းအလုပ်ကို နှောင့်ယှက်နေမိတယ်။ ကျွန်မက အသင်းတော်မှာ မကောင်းမှု လုပ်နေတဲ့ မယုံကြည်သူတစ်ယောက်ကို ခုခံကာကွယ်ဖို့ ကိုယ့်အာဏာကို သုံးခဲ့တယ်၊ မကောင်းမှုပြုသူတစ်ယောက် မကောင်းမှုလုပ်ဖို့အတွက် အခြေအနေတွေ ပံ့ပိုးပေးရင်း၊ စာတန်ရဲ့လက်ပါးစေအဖြစ် ပြုမူနေခဲ့တာပါ။ ကျွန်မက တကယ့်အယောင်ဆောင်ခေါင်းဆောင်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကိုယ် ကျူးလွန်ခဲ့တဲ့ မကောင်းမှုကို နားလည်မိတဲ့အချိန်မှာ ကျွန်မ ကြောက်သွားတယ်၊ အရမ်းလည်း နောင်တရတယ်။ ဖန့်လင်အပေါ် အကဲဖြတ်ချက်တွေ ပေးကြဖို့ လူတိုင်းကို ကမန်းကတန်း တောင်းမိတယ်။ အကဲဖြတ်ချက်တွေကနေ ဖတ်ကြည့်ရင်းနဲ့၊ သူက ဧဝံဂေလိအလုပ်အပေါ် အပျက်သဘော သက်ရောက်မှု ရှိခဲ့ရုံမကဘူး၊ မညီညွတ်အောင်လည်း သွေးထိုးပေးခဲ့တယ်၊ အသင်းတော်ထဲမှာလည်း ထိခိုက်နစ်နာအောင် လုပ်ခဲ့တယ်ဆိုတာ ကျွန်မ သဘောပေါက်မိတယ်။ အပျက်သဘောဆောင်ခြင်းကို ဖြန့်ဝေတယ်၊ လူတွေအပေါ် မတရား အသာစီးယူတယ်၊ သူ့မှာ ချို့တဲ့နေတာ ဘာမှမရှိတာတောင်၊ တခြားလူတွေရဲ့ပစ္စည်းတွေကို သူ့အပိုင်အဖြစ် ရအောင် ကြိုးစားတယ်။ အဲဒီ အကဲဖြတ်ချက်တွေအားလုံးကို ဖတ်ကြည့်ရင်း ကျွန်မမှာ အရမ်းကို အပြစ်ရှိသလို ခံစားရတယ်၊ ဖန့်လင်ကို ကာကွယ်ပေးတာဟာ မကောင်းမှု လုပ်နေတာပဲလို့ သိသွားတယ်။ ကိုယ့်ချစ်ခင်မှုကို အခြေခံပြီး လုပ်ဆောင်တာကို ရပ်ပစ်ရမယ်၊ ဖန့်လင်ကို ဖယ်ရှားခြင်းအတွက် အချက်အလက်အားလုံး ပြင်ဆင်တာကိုလည်း စလုပ်ရမယ်ဆိုတာ သိသွားတယ်။ နောက်တော့ ညီအစ်ကိုမောင်နှမတွေကို လက်မှတ်ထိုးခိုင်းရတဲ့အချိန်မှာ ကျွန်မ စပြီး ပူပန်လာပြန်ရော၊ ကျွန်မရဲ့အမျိုးတွေ တော်တော်များများကိုလည်း လက်မှတ်ထိုးခိုင်းရဦးမှာလေ၊ ကျွန်မတို့က လျုဟွေကို ဖယ်ရှားပြီးခါစ ဖြစ်တဲ့အပြင်၊ အခုလည်း ဖန့်လင်ကို ဆက်ပြီး ဖယ်ရှားဦးမယ်ဆိုတော့၊ သူတို့က ကျွန်မကို ကျေးဇူးမသိတတ်ဘူးဆိုပြီး ပစ်ထားကြမှာလား။

ကျွန်မလည်း ကိုယ့်အခြေအနေနဲ့ပတ်သက်ပြီး ရှာဖွေရင်း၊ ဘုရားကို ဆုတောင်းတယ်၊ နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကို တွေ့ပြန်တယ်၊ “သင် လုပ်သည့်အရာတိုင်းတွင်၊ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင် ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပေသည်။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်လော့၊ ပြီးလျှင် မမှန်ကန်သော ရည်ရွယ်ချက်များ ထွက်ပေါ်သည်ကို ရှာတွေ့ပါက၊ ထိုအရာများကို ကျောခိုင်းနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိလော့။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူတစ်ဦး ဖြစ်လာလိမ့်မည်၊ အပြန်အလှန်အားဖြင့် ယင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည်ကို ပြသပြီး၊ သင်လုပ်ဆောင်သမျှတို့သည် သင် ကိုယ်တိုင်အတွက် မဟုတ်၊ ဘုရားသခင်အတွက် ဖြစ်သည်ကို ပြပေသည်။ သင် လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှတွင်၊ သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားနိုင်ပြီး၊ သင်၏ လုပ်ရပ်များတွင် ဖြောင့်မတ်နိုင်စွမ်းရှိလော့၊ ပြီးလျှင် သင့်စိတ်ခံစားမှုများ၏ ဦးဆောင်မှုကို မခံနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အလိုအတိုင်း မလုပ်ဆောင်နှင့်။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရမည့် အခြေခံစည်းမျဉ်းများဖြစ်သည်။...ဆိုလိုသည်မှာ လူသားများသည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို ထိန်းသိမ်းထားနိုင်ပြီး၊ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို မလိုက်စားပါက၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အလမ်းများကို (ဇာတိပကတိ အသိဖြင့်) တွေးတောခြင်း မပြုဘဲ၊ ယင်းအစား အသက် ဝင်ရောက်မှု ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ကာ၊ သမ္မာတရားကို လိုက်စားရန် အကောင်းဆုံး လုပ်ဆောင်ကြပြီး ဘုရားသခင်၏ အမှုကို နာခံကြပါက- ဤအရာကို သင် လုပ်ဆောင်နိုင်ပါက၊ သင်လိုက်စားသော ပန်းတိုင်များ မှန်ကန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာလိမ့်မည်။ ဘုရားသခင်နှင့် မိမိ၏ ဆက်ဆံရေးကို မှန်ကန်စေခြင်းကို မိမိ၏ ဝိညာဉ်ရေးရာ ခရီးထဲ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်ဟု ပြောနိုင်သည်။ လူသား၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိပြီး ဘုရားသခင်က ခွဲခန့်မှတ်သားထားပြီး ဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း သို့မဟုတ် ရယူခြင်းကိုခံနိုင်ခြင်း ရှိမရှိမှာ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သင့်တွင် အားနည်းသည့် သို့မဟုတ် မနာခံသည့် အစိတ်အပိုင်းများ ရှိကောင်းရှိနိုင်သည်- သို့သော် သင်၏အမြင်နှင့် ရည်ရွယ်ချက်များ မှန်ကန်သရွေ့၊ ပြီးလျှင် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်ပြီး လျော်ကန်သရွေ့၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အရည်အချင်းပြည့်မီပေသည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မရှိသည့်အပြင် ဇာတိပကတိအတွက်၊ သို့မဟုတ် သင်၏မိသားစုအတွက် လုပ်ဆောင်ပါက၊ သင်မည်မျှ ကြိုးစား လုပ်ဆောင်သည်ဖြစ်စေ အချည်းနှီး ဖြစ်လိမ့်မည်။ အကယ်၍ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပါက၊ အခြားအရာအားလုံးသည် နေရာတကျ ရှိလိမ့်မည်။ ဘုရားသခင်သည် အခြားမည်သည့်အရာကိုမျှ မကြည့်ဘဲ၊ သင်မည်သူ့ကို ယုံကြည်သည်၊ မည်သူ့အတွက် သင်ယုံကြည်သည်ဆိုသည်နှင့် အဘယ်ကြောင့် သင်ယုံကြည်သည်ဆိုသည့် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းရှိ သင်၏အမြင်များ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို ကြည့်၏။ ဤအရာများကို သင်သည် ရှင်းလင်းစွာ မြင်နိုင်ပြီး ကောင်းစွာ စီမံခန့်ခွဲထားသော သင်၏အမြင်များဖြင့် လက်တွေ့လုပ်ဆောင်နိုင်ပါက သင်သည် သင်၏အသက်တာတွင် တိုးတက်မှု လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကာ လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ရန်လည်း သေချာလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်မဖြစ်သကဲ့သို့၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း အမြင်များ လွဲချော်နေပါက အခြားအရာအားလုံး အချည်းနှီးဖြစ်ကာ မည်မျှ သင် ကြိုးစားယုံကြည်ပါစေ၊ အဘယ်အရာကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း) ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ရင်း ကျွန်မ နားလည်သွားတာက၊ တခြားလူတွေနဲ့ ပုံမှန်ဆက်ဆံရေး ရှိဖို့ဆိုရင်၊ ကျွန်မက ပထမဆုံး ဘုရားသခင်နဲ့ ပုံမှန်ဆက်ဆံရေးတစ်ခု ထူထောင်ဖို့ လိုတယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ အမြဲတမ်း လုပ်ဆောင်သင့်တယ်၊ ကိုယ့်လုပ်ဆောင်ချက်တွေကို ကိုယ်တော့်ရှေ့ ယူဆောင်သင့်တယ်။ လူတွေက သူတို့ရဲ့နာမည်၊ အဆင့်အတန်းနဲ့ လူ့ဇာတိအကျိုးအတွက်၊ တခြားလူတွေနဲ့ ဆက်ဆံရေးတွေကို ထိန်းသိမ်းရင်း၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ လုပ်ဆောင်တယ်ဆိုရင်၊ ဘုရားက ဒါကို မချီးမွမ်းပါဘူး။ ဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား၊ အချည်းနှီးပဲ ဖြစ်သွားလိမ့်မယ်။ ဖန့်လင်ကို မယုံကြည်သူတစ်ယောက်အဖြစ် ဖော်ထုတ်ပြီးချိန်ကစပြီး၊ ကျွန်မက ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကြောင့် ကျဉ်းထဲကျပ်ထဲ ရောက်ခဲ့တယ်၊ သူသာ ဖယ်ရှားခံရရင် သူရော၊ ငါ့မိသားစုကပါ ငါဟာ ကျေးဇူး မသိတတ်ဘူးဆိုပြီး အဆက်အသွယ်ဖြတ်၊ ပစ်ထားမှာကို ကြောက်တာ။ ဒါကြောင့် ကျွန်မက သူတို့အမြင်မှာ ကိုယ့်ပုံရိပ်ကို ထိန်းသိမ်းဖို့၊ စည်းမျဉ်းတွေနဲ့အညီ ကိုင်တွယ်တာကို ရှောင်ခဲ့မိတယ်။ တခြားလူတွေအမြင်မှာ ကျွန်မက ဘယ်လိုပဲ ကောင်းကောင်း၊ သူတို့က ကျွန်မကို ဘယ်လိုပဲ စံနမူနာပြုပြု၊ အဲဒါက အသုံးမဝင်ဘူးဆိုတာ ကျွန်မ နားလည်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားက အဲဒါကို မချီးကျူးဘူးလေ။ ကျွန်မက ဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့ အသင်းတော်ရဲ့အကျိုးကို စတေးပစ်ခဲ့တာပါ။ ဒါက ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာပဲ။ ကျွန်မက ယုံကြည်သူတစ်ယောက်လေ၊ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ လုပ်ဆောင်သင့်တယ်၊ အမှုကိစ္စအားလုံးမှာ ကိုယ်တော့်စစ်ဆေးမှုကို လက်ခံသင့်တယ်။ ကျွန်မက ဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့ အလုပ်အစီအမံတွေ ချိုးဖောက်တာကို ရပ်ပစ်ရမယ်၊ ဘုရားကို ခုခံနေမိတာကိုလည်း ရပ်ရမယ်၊ ပြီးတော့ သူတို့က ကျွန်မအပေါ် ဘယ်လို သဘောထားမျိုးပဲ ရှိရှိ၊ ကျွန်မကို ပစ်ထားပြီး မသိကျိုးကျွန်ပြုကြရင်တောင်၊ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ ဖန့်လင်ကို ဖော်ထုတ်ရမယ်။ ဖန့်လင်က မယုံကြည်သူတစ်ယောက် ဖြစ်တဲ့အပြင်၊ အသင်းတော်အသက်တာကိုလည်း မကြာမကြာ နှောင့်ယှက်ခဲ့တာပါ။ သူ ဖယ်ရှားခြင်း ခံရတာက သူ့အပြစ်ပဲ၊ တခြား ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး။ ကျွန်မအစ်ကို၊ သူ့မိန်းမနဲ့ ကျွန်မရဲ့အစ်မတွေကတော့ ယုံကြည်သူတွေလေ၊ ကျွန်မက သူတို့နဲ့ မိတ်သဟာယပြုဖို့၊ အမှုကိစ္စတွေကို စည်းမျဉ်းတွေနဲ့အညီ ကိုင်တွယ်ဖို့ကိုပဲ အာရုံစိုက်ရမယ်။ နောက်တော့ သူတို့ကို ဖန့်လင်ရဲ့အပြုအမူအကြောင်း ဖော်ပြချက်တစ်ခု ဖတ်ပြတဲ့အခါ၊ ကျွန်မကို အပြစ်မတင်ခဲ့ကြပါဘူး။ သူ ဖယ်ရှားခြင်းခံရတာ မှန်တယ်၊ သူ့ကို အသင်းတော်မှာ ဆက်ထားတာက ဘုရားရဲ့နာမတော်ကို အရှက်ရစေတယ်လို့တောင် ပြောကြတယ်။ ကျွန်မအစ်ကိုနဲ့ သူ့မိန်းမက ဖန့်လင်ရဲ့ မယုံကြည်တဲ့ တချို့အပြုအမူတွေကိုတောင် ပြောပြကြတယ်။ ကျွန်မလည်း အကြောင်းကိစ္စတွေ ဒီလိုမျိုး ဖြစ်လာတော့ ဘုရားကို ကျေးဇူးတင်မိတယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာဟာ ဘယ်လို ဝမ်းမြောက်ရတယ်၊ ငြိမ်းချမ်းတယ်ဆိုတဲ့ အသိတစ်ခုလည်း ရခဲ့တယ်။

နောက် သိပ်မကြာခင်၊ ဖန့်လင်ကို ဖယ်ရှားခြင်းအတွက် အကြောင်းကြားစာကို ကျွန်မ ရတယ်။ ဒါပေမဲ့ သူ့ကို အကြောင်းကြားစာ ဖတ်ပြရမှာကို တွေးမိတော့ ကျွန်မ ထပ်ပြီး ဝန်လေးလာပြန်ရော။ အချက်အလက်တွေကို ကျွန်မကိုယ်တိုင် ပြင်ဆင်ခဲ့တာလေ၊ ဖန့်လင်က ကျွန်မကို သေချာပေါက် မုန်းတော့မှာ။ အဲဒီကိစ္စ ပြီးရင် ကျွန်မတို့ ဘယ်လို ဆက်ပြီးတော့ ဆက်ဆံကြမှာလဲ။ သူက ဖယ်ရှားခြင်းခံရတာနဲ့တင် ဝမ်းနည်းနေပြီးသားပါ၊ သူ့ကို အကြောင်းကြားစာ ဖတ်ပြဖို့ဆိုတာ ဒဏ်ရာကို ထပ်တိုး စော်ကားသလို ဖြစ်မသွားဘူးလား။ ကျွန်မလည်း သူ့ကို ဖတ်ပြလို့ မရနိုင်လောက်ဘူးလို့ စဉ်းစားတယ်၊ သိပ်မကြီးလေးတဲ့ မကောင်းမှုတွေထဲက တချို့ကိုပဲ ပြောပြလိုက်မယ်၊ သူ့ကို ဖယ်ရှားလိုက်ပြီဆိုတာကိုလည်း အသိပေးလိုက်မယ်ပေါ့။ အဲဒါဆို ကျွန်မတို့ချင်း နောက်ပိုင်း ဆုံမိတဲ့အခါ နှစ်ယောက်လုံးအတွက် သိပ်ပြီး အနေမခက်တော့ဘူးပေါ့။ ကျွန်မနဲ့ ဖန့်လင် တွေ့ကြတဲ့အချိန်ရောက်တော့၊ သူက ဖယ်ရှားခြင်းခံရတာကို ဝမ်းနည်းတဲ့ စိတ်ကြောင့် အများကြီး ပိန်ကျသွားတာကို မြင်ရတယ်။ တကယ်ကို စိတ်ဓာတ်ကျနေပုံပေါက်တယ်။ ကျွန်မလည်း စိတ်မကောင်းဖြစ်ပြီး ရှေ့မဆက်နိုင်လုနီးပါး ဖြစ်မိတယ်၊ ဒါပေမဲ့ အကြောင်းကြားစာကို ဖတ်ပြဖို့ ကိုယ့်ကိုယ်ကိုယ် မရမက အားတင်းရတာပေါ့။ သူ့ကို စာတစ်စောင်လုံး ဖတ်ပြလို့ သူက လက်ခံပါ့မလားဆိုတာကိုတောင် စိတ်ပူမိတယ်။ ဒါနဲ့ ကျွန်မလည်း သူ့ကို ဖော်ထုတ်တဲ့၊ ပြစ်တင်ဝေဖန်တဲ့ အပိုင်းတွေကို ကျော်ခဲ့လိုက်တယ်။ နောက်ပိုင်းမှာ သူ့ကို မြင်တဲ့အခါတိုင်း၊ ကျွန်မ နည်းနည်း အနေခက်သလို အမြဲတမ်း ခံစားရတယ်၊ သူ့အပေါ်ပဲ အမှားလုပ်ခဲ့သလိုမျိုးပေါ့။ ကျွန်မမှာ ဘာဖြစ်နေမှန်း ကျွန်မ မသိခဲ့ဘူး။ ဖန့်လင်က သမ္မာတရားကို မလိုက်စားဘဲ၊ ပြဿနာမျိုးစုံ ဖြစ်စေခဲ့တာကိုတော့ ကျွန်မ ကောင်းကောင်း သိတယ်၊ သူ ဖယ်ရှားခြင်းခံခဲ့ရတာက သူ့အပြစ်ပဲလေ၊ ဒါဆို ကျွန်မက ဘာဖြစ်လို့ ဒီအခြေအနေထဲ ရောက်နေရတာလဲ။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကို သွားတွေ့တယ်၊ “‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည့် အယူအဆသည် တရုတ်ရိုးရာယဉ်ကျေးမှုတွင် လူတစ်ယောက်က ကိုယ်ကျင့်တရားရှိသည်၊ မရှိသည်ကို အကဲဖြတ်သည့် အကောင်းဆုံးသော စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။ လူတစ်ယောက်က ကောင်းသော၊ သို့မဟုတ် ဆိုးသော လူ့သဘာဝရှိသလော၊ မွန်မြတ်ခြင်းရှိမရှိ ဆိုသည်ကို အကဲဖြတ်သောအခါ စံအမှတ်တစ်ခုမှာ သူရရှိသော အခွင့်အရေး၊ သို့မဟုတ် အကူအညီကို ပြန်လည်ပေးဆပ်ခြင်းရှိမရှိ၊ ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည်ကို ကျင့်သုံးသောသူဟုတ်မဟုတ်ဟူ၍ ဖြစ်သည်။ တရုတ်ရိုးရာယဉ်ကျေးမှုအတွင်းတွင်၊ ဧကန်အမှန် လူသားရိုးရာယဉ်ကျေးမှုတစ်ခုလုံးအတွင်းတွင် လူတို့သည် ဤအရာကို သူတော်ကောင်းတရား၏ အရေးကြီးသောအတိုင်းအတာအဖြစ် မှတ်ယူကြသည်။ လူတစ်ယောက်က ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည်ကို မကျင့်သုံးလျှင် ထိုသူသည် ကျေးဇူးမသိတတ်သူဖြစ်ပြီး အသိစိတ်ကင်းမဲ့ကာ ပေါင်းသင်းဆက်ဆံရန် မထိုက်တန်ဟု ယူဆကြသည်။ ၎င်းတို့ကို အားလုံးက အထင်အမြင်သေးသည်။ ပစ်ပယ်သည်၊ သို့မဟုတ် ငြင်းဆန်ကြသည်။ အခြားတစ်ဖက်တွင် လူတစ်ယောက်က ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည်ကို ကျင့်သုံးလျှင်၊ ထိုသူသည် ကျေးဇူးသိတတ်ပြီး တတ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် အခွင့်အရေးနှင့် အကူအညီကို ပြန်ပေးလျှင် ထိုသူကို အသိစိတ်နှင့် လူ့သဘာဝရှိသည့်သူအဖြစ် မှတ်ယူသည်။ တစ်စုံတစ်ယောက်က အခြားလူတစ်ယောက်ထံမှ အကျိုးအမြတ်၊ သို့မဟုတ် အကူအညီတစ်ခုကို လက်ခံရရှိသော်လည်း ပြန်လည်မပေးဆပ်လျှင်၊ သို့မဟုတ် ရိုးရှင်းသည့် ‘ကျေးဇူးတင်ပါတယ်။’ ဟူသည့်စကားဖြင့် အနည်းငယ် ကျေးဇူးသိတတ်မှုကို ဖော်ပြပြီး ထို့ထက် မည်သည့်အရာမျှမပိုလျှင် အခြားလူက မည်သို့ ထင်မည်နည်း။ စိတ်အနှောင့်အယှက် ဖြစ်ကောင်းဖြစ်မည်လော။ ထိုသူက ‘ဒီလူက ကူညီပေးဖို့ မတန်ဘူး။ လူကောင်းမဟုတ်ဘူး။ ငါက သူ့ကို အများကြီးကူညီပြီး သူက ဒီလိုတုံ့ပြန်တာဆိုရင် သူက အသိတရား၊ ဒါမှမဟုတ် လူ့သဘာဝမရှိဘူး။ ပေါင်းဖို့ မတန်ဘူး’ ဟူ၍ စဉ်းစားကောင်း စဉ်းစားမည်လော။ ထိုသူသည် ဤသို့သောလူစားမျိုးနှင့် တဖန် ကြုံတွေ့လျှင် ထိုသူကို ကူညီဦးမည်လော။ အနည်းဆုံးအနေဖြင့် ကူညီလိုစိတ်ရှိမည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇))ရှေးခေတ်မှ မျက်မှောက်ခေတ်အထိ မရေမတွက်နိုင်သည့် လူတို့သည် ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ခြင်းနှင့် စပ်လျဉ်းသည့် ဤအယူအဆ၊ အမြင်နှင့် စံသတ်မှတ်ချက်တို့၏ လွှမ်းမိုးခြင်းကို ခံကြရပြီးဖြစ်သည်။ ၎င်းတို့အပေါ် ကြင်နာမှုပေးသည့် လူသည် ဆိုးယုတ်သည့်၊ သို့မဟုတ် မကောင်းသည့် လူတစ်ဦး ဖြစ်နေကာ ယုတ်ညံ့သည့် လုပ်ရပ်များနှင့် မကောင်းသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် ၎င်းတို့ကို အတင်းအကျပ်ခိုင်းသည့် အချိန်တွင်ပင် ၎င်းတို့သည် ထိုသူတို့၏ ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ရန်အလို့ငှာ မိမိတို့ ကိုယ်ပိုင် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်၍ ဆိုးရွားသော အကျိုးဆက်များစွာဖြင့် မျက်စိစုံမှိတ် လိုက်လျောဆဲပင် ဖြစ်သည်။ လူများစွာတို့သည် အကျင့်စာရိတ္တဆိုင်ရာ ဤစံသတ်မှတ်ချက်၏ လွှမ်းမိုးခြင်း၊ ချုပ်ချယ်ခြင်း၊ ဘောင်ခတ်ခြင်း၊ ချည်နှောင်ခြင်းတို့ ခံထားရသည်ဖြစ်ရာ ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ခြင်းဟူသည့် ဤအမြင်ကို မျက်စိစုံမှိတ်လျက် လွဲမှားစွာ ထိန်းသိမ်းကြပြီး ဆိုးယုတ်သည့် လူများကိုပင် အထောက်အကူပြုကာ အားပေးကူညီမည့် အလားအလာရှိပေသည်။ ယခု သင်တို့သည် ငါ၏ မိတ်သဟာယကို နာယူပြီးကြပြီဖြစ်သဖြင့် ဤအခြေအနေကို ရှင်းလင်းစွာ မြင်ကာ ဤသည်မှာ မိုက်မဲသည့် သစ္စာစောင့်သိမှု ဖြစ်ကြောင်း၊ ဤအပြုအမူသည် မည်သည့် အကန့်အသတ်မျှ ချမှတ်ခြင်းမရှိဘဲ ကျင့်ကြံပြုမူခြင်း၊ မည်သည့် ချင့်ချိန်နိုင်စွမ်းမရှိဘဲ မဆင်မခြင် ကျေးဇူးဆပ်ခြင်းအဖြစ် ယူဆရကြောင်းနှင့် ယင်းသည် အဓိပ္ပာယ်နှင့် တန်ဖိုး ကင်းမဲ့ကြောင်းတို့ကို သင်တို့ ချင့်ချိန်ဆုံးဖြတ်နိုင်ကြပေပြီ။ လူတို့သည် အများအမြင်တွင် ပြင်းထန်စွာ ဝေဖန်ခံရမည်၊ သို့မဟုတ် အခြားသူများ၏ ရှုတ်ချခြင်း ခံရမည်ကို ကြောက်ရွံ့သောကြောင့် အခြားသူများ၏ ကြင်နာမှုကို ပြန်ဆပ်ရာတွင် မိမိတို့၏ ဘဝကို အင်တင်တင်ဖြင့် ပေးအပ်မြှုပ်နှံကြပြီး ထိုဖြစ်စဉ်၌ မိမိတို့၏ အသက်ကိုပင် စတေးခံကြလေသည်။ ယင်းမှာ အဓိပ္ပာယ်မဲ့ပြီး မိုက်မဲသော လုပ်ဆောင်ပုံလုပ်ဆောင်နည်း ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုမှ လာသည့် ဤဆိုရိုးသည် လူတို့၏ အတွေးကို ချုပ်ချယ်သည်သာမက ၎င်းတို့၏ ဘဝအပေါ် မလိုအပ်သော ပူပန်သောကနှင့် အဆင်မပြေမှုကိုလည်း ကျရောက်စေကာ နောက်ထပ်ဆင်းရဲဒုက္ခနှင့် ဝန်ထုပ်ဝန်ပိုးများဖြင့် ၎င်းတို့၏ မိသားစုကိုလည်း ဝန်ပိအောင် လုပ်ထားသည်။ လူများစွာတို့သည် လက်ခံရရှိသည့် ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ရန်အလို့ငှာ ကြီးမားသည့် အဖိုးအခများကို ပေးကြပြီးဖြစ်သည်။ ၎င်းတို့က ကြင်နာမှုအား ပြန်ကျေးဇူးဆပ်ပေးခြင်းကို လူမှုရေး တာဝန်တစ်ခု သို့မဟုတ် မိမိတို့ကိုယ်ပိုင် တာဝန်တစ်ခုအဖြစ် ရှုမြင်ကြပြီး အခြားသူများ၏ ကြင်နာမှုကို ပြန်ဆပ်ရင်း မိမိတို့ ဘဝတစ်ခုလုံးကိုပင် ဖြုန်းပစ်ကောင်း ဖြုန်းပစ်နိုင်ကြလေသည်။ ဤအရာသည် လုပ်ဆောင်ရန် လုံးဝ သဘာဝကျပြီး တရားသောအရာ ဖြစ်သည်၊ ခေါင်းရှောင်၍ မရနိုင်သည့် တာဝန်တစ်ခုဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤရှုထောင့်အမြင်နှင့် လုပ်ဆောင်ပုံလုပ်ဆောင်နည်းသည် မိုက်မဲပြီး အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ထိုအရာက လူတို့ မည်မျှ မသိနားမလည်ဖြစ်ကာ ဉာဏ်အလင်းကွယ်ကြသည်ကို လုံးဝ ထုတ်ဖော်ပြပေသည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော ဆိုရိုးဖြစ်သည့် ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဟူသည်မှာ လူတို့၏ အယူအဆများနှင့် ကိုက်ညီကောင်း ကိုက်ညီနိုင်သော်လည်း သမ္မာတရား စည်းမျဉ်းများနှင့်ကား ကိုက်ညီခြင်း မရှိပေ။ ဘုရားနှုတ်ကပတ်တော်များနှင့် သဟဇာတမဖြစ်သည့်အပြင် မမှန်ကန်သည့် အမြင်နှင့် လုပ်ဆောင်ပုံလုပ်ဆောင်နည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားရဲ့နှုတ်ကပတ်တော်တွေက အပြစ်အနာအဆာ ကင်းတဲ့ ထုတ်ဖော်ခြင်းပါပဲ။ ရှေးခေတ်ကာလတွေကတည်းက လူတွေရဲ့လူ့သဘာဝကို အမြဲတမ်း စံပြတိုင်းတာပုံတစ်ခုက လူတွေဟာ ရခဲ့ဖူးတဲ့ ကျေးဇူးတရားကို သိတတ်စွာနဲ့ ပြန်ပြီး ဆပ်မဆပ်ဆိုတာပါပဲ။ လူတစ်ယောက်က ကိုယ့်ကို ကူညီခဲ့တယ်၊ ညှာတာခဲ့တယ်ဆိုရင်၊ ကိုယ်က သူ့ကျေးဇူးကို ပြန်ဆပ်ရမယ်။ အဲဒီလို ပြန်ဆပ်တယ်ဆိုရင် ကိုယ်က လူကောင်းတစ်ယောက်ပဲ။ ပြန်မဆပ်ဘူးဆိုရင်တော့ ကိုယ့်ကို ပစ်ပယ်ကြလိမ့်မယ်၊ လူတွေက ကိုယ့်ကို ကျေးဇူးကန်းတဲ့လူဆိုပြီး အပြင်းအထန် ဝေဖန်ကြလိမ့်မယ်။ ရခဲ့ဖူးတဲ့ ကျေးဇူးတရားကို သိတတ်စွာနဲ့ ပြန်ဆပ်ရမယ်ဆိုတဲ့ ဒီအယူအဆရဲ့ လွှမ်းမိုးမှု၊ ရိုက်သွင်းထားမှုကို ခံကြရတော့၊ လူတွေက သူတို့ဘဝတွေကို ချုပ်ချယ်ကန့်သတ်ခံပြီး အမှုမဲ့အမှတ်မဲ့ နေထိုင်မိကြတယ်။ လူတစ်ယောက်က ကိုယ့်ကို ဟိုအရင်က ကူညီထားတယ်ဆိုရင်၊ ကိုယ်က ကျေးဇူးဆပ်ရမယ်။ အဲဒီလူတွေက ဘယ်လိုလူမျိုး ဖြစ်တယ်၊ ဘယ်လမ်းကို လျှောက်ကြတယ်၊ သူတို့ကို ကျေးဇူးဆပ်ဖို့ဆိုတာ သမ္မာတရားနဲ့ ကိုက်ညီရဲ့လားဆိုတာတွေကိုလည်း ချင့်ချိန်ဖို့ မလိုဘူးပေါ့။ ဒီ ကျေးဇူးဆပ်ရမယ်ဆိုတဲ့ လိုအပ်မှုကြောင့် တချို့လူတွေက သူတို့ဘဝတစ်ခုလုံးကို တခြားလူတွေရဲ့ ကန့်သတ်ချုပ်ချယ်မှုကို ခံရင်း နေကြတယ်၊ ကျေးဇူးဆပ်ဖို့အတွက် တခြားလူတွေရဲ့ အသုံးချတာကို ခံရပြီး၊ အဲဒီလူတွေအတွက် မကောင်းတဲ့အရာတွေ လုပ်ပေးကြရင်းနဲ့၊ ဆင်းရဲဒုက္ခရောက်ရတဲ့ ဘဝတွေကို နေထိုင်နေကြတဲ့ လူတချို့တောင် ရှိကြတယ်။ ငယ်ငယ်ကတည်းက အမေက ကျွန်မကို ကိုယ်ရခဲ့ဖူးတဲ့ ကျေးဇူးကို သိတတ်စွာနဲ့ ပြန်ဆပ်ဖို့ ဆုံးမတယ်၊ ကိုယ့်အပေါ်မှာ ရှိနေတဲ့ သူများတွေရဲ့ကျေးဇူးကို ဘယ်တော့မှ မမေ့သင့်ဘူးပေါ့၊ မဟုတ်ရင် လူတွေက ကျွန်မတို့ကို ကွယ်ရာမှာ မကောင်းပြောနိုင်တယ်တဲ့။ ကျွန်မဘဝထဲက လူတွေအများစုကလည်း သူများတွေရဲ့အပြုအမူကို အကဲဖြတ်ဖို့ ဒီစံနှုန်းကို သုံးကြတယ်။ ကျွန်မလည်း မျိုးဆက်နဲ့ချီပြီး လက်ဆင့်ကမ်းလာတဲ့ ဒီဆောင်ပုဒ်တွေနဲ့ နေထိုင်ခဲ့တာပဲ၊ “မိမိရရှိသော ကျေးဇူးကို သိတတ်စွာဖြင့် ပြန်ဆပ်သင့်သည်”၊ “မိမိအား ပေးသည်ထက် ဆယ်ဆ ပြန်ဆပ်ပါ”၊ “ရေတစ်ပေါက်မျှသော ကျေးဇူးတရားကို တသွင်သွင်စီးသော စမ်းရေပမာ ပြန်ဆပ်သင့်သည်” ဆိုတာတွေပေါ့။ လူတစ်ယောက်က ကျွန်မကို ကူညီခဲ့ရင်၊ အဲဒါကို အမြဲ အမှတ်ရပြီး ကျေးဇူးဆပ်ဖို့ အခွင့်အရေးကို ရှာဖွေရမယ်ပေါ့။ ကိုယ့်အပေါ် ညှာတာခဲ့သူတစ်ယောက်ကို ကျေးဇူးဆပ်ဖို့ ပျက်ကွက်တယ်ဆိုရင်၊ အပြစ်ရှိတယ်လို့ ခံစားရပြီး အနေရခက်လိမ့်မယ်၊ အဲဒီလူတွေကို ရင်ဆိုင်ဖို့လည်း ရှက်နေလိမ့်မယ်တဲ့။ လူတွေက ကျွန်မကို ကျေးဇူးမသိတတ်တဲ့လူလို့ ပြောမှာကို ကျွန်မက စိုးရိမ်မှာပဲလေ။ ကျွန်မက ဖန့်လင်ကို မယုံကြည်သူတစ်ယောက်ပဲလို့ ခွဲခြားသိမြင်ပြီးတာတောင်၊ သူ ကျွန်မကို ဟိုတုန်းက ကူညီခဲ့တာတွေကြောင့်၊ သူ့ကို စည်းမျဉ်းနဲ့အညီ အသင်းတော်က ဖယ်ရှားလိုက်ရင် ကိုယ့်ကို ဝေဖန်မှာပူခဲ့တယ်။ ဒါကြောင့် သူ့ကျေးဇူးကို ပြန်ဆပ်ဖို့အတွက်၊ သူ့ကို ခုခံကာကွယ်ပေးဖို့ ကြိုးစားမိတယ်။ ဖန့်လင်က ညီအစ်ကိုမောင်နှမတွေအပေါ် လုပ်ခဲ့တဲ့ မကောင်းမှု ဖော်ပြချက်ကို ကျွန်မက ဖတ်ပြရမယ့်အချိန်မှာ၊ ကျွန်မကို ကျေးဇူးကန်းတယ်လို့ ပြောကြမလားဆိုပြီး စိုးရိမ်တယ်၊ အဲဒီလူတွေကို ရင်ဆိုင်ရမှာလည်း ကြောက်မိတယ်။ ဖန့်လင်ကို ဖယ်ရှားခြင်း အကြောင်းကြားစာ ဖတ်ပြရတဲ့အချိန်မှာ၊ သူ ဖြူဖပ်ဖြူရော်နဲ့ ပိန်ကျနေပုံကို မြင်ရတော့၊ ကျွန်မလည်း အပြစ်ရှိတယ်လို့ မခံစားဘဲ မနေနိုင်တော့ဘူး၊ သူ့ရဲ့မကောင်းတဲ့အလုပ်တွေ ဖော်ပြချက်ကိုပဲ ဖတ်ပြဖို့ ဆုံးဖြတ်မိသွားတယ်။ ဖန့်လင်ကို ဖယ်ရှားပြီးသွားတော့ ကျွန်မလည်း သူနဲ့ မျက်နှာချင်း မဆိုင်ရဲခဲ့ဘူး။ သူက သမ္မာတရားကို မလိုက်စားလို့၊ မှန်တဲ့လမ်းကို မလျှောက်လို့၊ ဖယ်ရှားခံခဲ့ရတယ်ဆိုတာ ကျွန်မ ကောင်းကောင်း သိပါတယ်၊ ဒါပေမဲ့ ကျွန်မ သူ့အပေါ် အမှားလုပ်ခဲ့မိတယ်လို့ အမြဲ ခံစားရတယ်။ သူ ပေးခဲ့ဖူးတဲ့ အကူအညီဆိုတာ၊ ကျွန်မခန္ဓာကိုယ်ကို ဆွဲချနေတဲ့ ဝန်ထုပ်ကြီးတစ်ခုလို အသက်ရှုမဝအောင် ကျွန်မကို ဖိစီးနေတယ်။ ဒီ အစဉ်အလာ အယူအဆရဲ့ ကန့်သတ်ချုပ်ချယ်မှုကို ခံနေရတာကြောင့်၊ ကျွန်မမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ဖို့ ဝေးလို့၊ အမှန်နဲ့ အမှားကိုတောင် မခွဲခြားနိုင်ဘူးဆိုတာကို မြင်ခဲ့မိတယ်။ ကိုယ့်နာမည်ကို ထိန်းသိမ်းဖို့နဲ့၊ ကျေးဇူးကန်းတယ်လို့ သူများတွေက စွပ်စွဲတာကို မခံရဖို့အတွက်၊ ကျွန်မက အကောင်းအဆိုး မခွဲခြားတော့ဘဲ လက်လွတ်စပယ် ကျေးဇူးဆပ်လိုက်တယ်။ အခြေခံစည်းမျဉ်းလေး နည်းနည်းလောက်နဲ့ ပြုမူနေထိုင်တာမျိုး ရှိကို မရှိခဲ့ဘူး၊ ဘုရားသခင်ကိုလည်း ပုန်ကန်၊ ခုခံခဲ့မိတယ်။ ကျွန်မ သဘောပေါက်သွားတာက၊ လူတွေက ကိုယ့်အပြုအမူကို ဘယ်လိုပဲ ကာကွယ်ပေးကြ၊ ချီးမွမ်းကြ၊ သဘောတူကြပါစေ၊ ကျွန်မက အသင်းတော်ရဲ့အကျိုးကို စတေးပစ်နေတာပဲ၊ အဲဒါကြောင့် ကျွန်မရဲ့ယုံကြည်သူသက်တမ်းမှာ ဖျက်မရတဲ့ အစွန်းအထင်းတစ်ခု ကျန်ရစ်ခဲ့ပါပြီ။ ဒါရဲ့အကျိုးဆက်တွေက တော်တော် ပြင်းထန်တာပါ။ ဒီအတွေ့အကြုံကနေ ကျွန်မ မြင်လာတာက၊ ရိုးရာအစဉ်အလာဆိုတာ လူတွေကို လူ့ကျင့်ဝတ်ကတစ်ဆင့် သိမ်းယူနေတဲ့ စာတန်ရဲ့နည်းလမ်းပါပဲ။ လူတွေကို ချုပ်နှောင်တဲ့အပြင်၊ လူတွေကို လှည့်စားဖို့၊ အကျင့်ပျက်စေဖို့ စာတန် အသုံးပြုတဲ့ လက်နက်တစ်ခုပါပဲ။ ဒီ ချို့ယွင်းနေတဲ့ အယူအဆနဲ့ ချည်နှောင်ခံနေရတော့၊ ကျွန်မက သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်ပေမဲ့၊ လက်တွေ့မလုပ်ဆောင်နိုင်ဘဲ၊ ဘုရားကို ပုန်ကန်ခုခံနေခဲ့မိတာပါ။ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ ဆက်ပြီး မနေထိုင်ချင်တော့ပါဘူး။

ဘုရားရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ခုကိုလည်း ကျွန်မ တွေ့မိတယ်၊ “‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည့် ရိုးရာယဉ်ကျေးမှုအယူအဆကို ပိုင်းခြားသိမြင်ဖို့ လိုသည်။ အရေးကြီးဆုံးအပိုင်းမှာ ‘ကြင်နာမှု’ ဆိုသည့် စကားဖြစ်သည်။ ဤကြင်နာမှုကို မည်သို့ ရှုမြင်သင့်သနည်း။ ထိုအရာက ‘ကြင်နာခြင်း’၏ မည်သည့်ရှုထောင့်နှင့် သဘာဝကို ရည်ညွှန်းသနည်း။ ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည့်အရာ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့အနေဖြင့် ဤမေးခွန်းများကို အဖြေရှာရမည် ဖြစ်ပြီး မည်သည့် အခြေအနေအောက်တွင်မျှ ဤကျေးဇူးဆပ်ခြင်း အယူအဆ၏ ဘောင်ခတ်ခြင်း မခံရပေ။ သမ္မာတရား လိုက်စားသူ မည်သူမဆိုအတွက်၊ ဤသည်မှာ လုံးဝ ပဓာနကျပေသည်။လူသား၏ အယူအဆများအရ ‘ကြင်နာခြင်း’ ဆိုသည်မှာ အဘယ်နည်း။ သာ၍သေးငယ်သောအဆင့်တွင် ကြင်နာခြင်းသည် သင်ဒုက္ခရောက်သောအခါ တစ်စုံတစ်ယောက်က ကူညီခြင်းဖြစ်သည်။ ဥပမာ သင် ဆာလောင်နေသောအခါတွင် တစ်စုံတစ်ယောက်က သင့်အား ထမင်းတစ်ဇလုံပေးခြင်း၊ သို့မဟုတ် သင် ရေအလွန်ငတ်နေသောအချိန်တွင် ရေတစ်ဘူးပေးခြင်း၊ သို့မဟုတ် သင်လဲကျပြီး ပြန်မထနိုင်သောအခါတွင် သင့်အား ထနိုင်ရန် ကူညီပေးခြင်းတို့ ဖြစ်သည်။ ဤအရာများအားလုံးက ကြင်နာခြင်း အပြုအမူများ ဖြစ်သည်။ ကြီးမားသော ကြင်နာခြင်းအပြုအမူမှာ စိုးရိမ်ဖွယ်ကောင်းသော အကျပ်အတည်း၌ သင်ရှိနေသောအခါတွင် တစ်စုံတစ်ယောက်က သင့်အား ကယ်တင်ခြင်းဖြစ်သည်။ ဤသည်မှာ အသက် ကယ်သော ကြင်နာခြင်းဖြစ်သည်။ သင်သည် သေလောက်သည့် အန္တရာယ်ရှိပြီး တစ်စုံတစ်ဦးက သင့်အား သေခြင်းကို ရှောင်ရှားရန် ကူညီသည့်အခါ၊ ၎င်းတို့သည် အခြေခံအားဖြင့် သင့်အသက်ကို ကယ်တင်ပေးခြင်းဖြစ်သည်။ ဤအရာများသည် လူတို့က ‘ကြင်နာမှု’ အဖြစ် မြင်သော အရာအချို့ဖြစ်သည်။ ဤကြင်နာခြင်းမျိုးသည် သေးနုပ်သော၊ ရုပ်ဝတ္ထုဆန်သော အကူအညီတိုင်းထက် သာလွန်သည်။ ဤသည်မှာ ငွေကြေး၊ သို့မဟုတ် ရုပ်ဝတ္ထုများနှင့် တိုင်းတာ၍မရသော ကြီးမြတ်သည့် ကြင်နာခြင်းဖြစ်သည်။ ထိုအရာကို လက်ခံရရှိသောသူတို့သည် ကျေးဇူးတင်စကား အနည်းငယ်မျှဖြင့် ဖော်ပြရန် မဖြစ်နိုင်သော ကျေးဇူးတင်ရှိခြင်းမျိုးကို ခံစားရသည်။ သို့သော် လူတို့အနေဖြင့် ဤနည်းဖြင့် ကြင်နာခြင်းကို တိုင်းတာခြင်းသည် တိကျမှန်ကန်သလော။ (မတိကျပါ။) အဘယ်ကြောင့် တိကျမှန်ကန်ခြင်းမရှိဟု သင် ပြောသနည်း။ (ဤတိုင်းတာမှုသည် ရိုးရာယဉ်ကျေးမှု၏ စံနှုန်းများတွင် အခြေခံထားသောကြောင့် ဖြစ်သည်။) ဤသည်မှာ သီအိုရီနှင့် အယူဝါဒကို အခြေခံသော အဖြေဖြစ်ပြီး မှန်သည့်ပုံစံရှိနိုင်သော်လည်း ထိုကိစ္စ၏ အနှစ်သာရသို့ မရောက်ရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇))လူ၏ ကြင်နာခြင်းဟု ဆိုလေသော အကြောင်းအရာဘက်ကို ယခု ငါတို့ အာရုံလှည့်ကြစို့။ ဥပမာအားဖြင့် အပြင်ဘက် နှင်းထဲတွင် ဆာလောင်မှုကြောင့် ပြိုလဲကျနေသည့် သူတောင်းစားတစ်ဦးကို ကယ်ဆယ်ခဲ့သော ကြင်နာတတ်သည့် လူတစ်ဦး၏ ဖြစ်ရပ်ကို ကြည့်လော့။ ထိုသူသည် သူတောင်းစားကို မိမိ၏ အိမ်ထဲ ခေါ်ဆောင်၍ အစာလည်းကျွေး၊ အဝတ်လည်း ဝတ်ပေးပြီး သူ၏ မိသားစုနှင့်အတူ နေထိုင်ခွင့်ပေးကာ သူ့အတွက် အလုပ်လုပ်ခွင့် ပေးသည် ဆိုပါစို့။ သူတောင်းစားက မိမိ၏ လွတ်လပ်သော ဆန္ဒအလျောက် စေတနာဖြင့် အလုပ်လုပ်ပေးခဲ့သည်ဖြစ်စေ၊ ကြင်နာမှု ကျေးဇူးကြွေးကို ပြန်ဆပ်ရန် ထိုသို့ သူ လုပ်ဆောင်ခဲ့သည်ဖြစ်စေ သူ၏ ကယ်ဆယ်ခံရခြင်းသည် ကြင်နာမှု လုပ်ရပ်တစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) တိရစ္ဆာန်ငယ်လေးများပင် အချင်းချင်း ကူညီကာ ကယ်မနိုင်ကြသည်။ ထိုသို့သော လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် လူတို့အတွက် အားထုတ်မှု အနည်းငယ်သာ လိုအပ်ပြီး လူ့သဘာဝရှိသူ မည်သူမဆိုက ထိုသို့သော အရာများကို လုပ်ဆောင်နိုင်ကာ ကြိုးပမ်းစွမ်းဆောင်နိုင်သည်။ ထိုသို့သော လုပ်ဆောင်ချက်များသည် လူ့သဘာဝရှိသည့် မည်သူမဆိုက ဖြည့်ဆည်းသင့်သည့် လူမှုရေး တာဝန်နှင့် ဝတ္တရားဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းတို့ကို ကြင်နာမှုအဖြစ် လူ၏ သရုပ်ဖော်ခြင်းက အနည်းငယ် လွန်လွန်းရာ ကျနေသည် မဟုတ်လော။ ထိုအရာသည် လျော်ကန်သော သရုပ်ဖော်ချက် ဟုတ်သလော။ ဥပမာအနေဖြင့် လူများစွာ ဆောင်လောင်ငတ်မွတ်နိုင်သည့် အငတ်ဘေးကာလတစ်ခု အတောအတွင်းတွင် ကြွယ်ဝချမ်းသာသော လူတစ်ဦးသည် ဤခက်ခဲသော အချိန်ကာလကို ဆင်းရဲသော အိမ်ထောင်စုများ ဖြတ်ကျော်နိုင်ရန် ကူညီပေးဖို့ ၎င်းတို့အား ဆန်အိတ်များ ဝေပေးပါက ဤသည်မှာ လူများကြားတွင် ဖြစ်ပေါ်သင့်သည့် အခြေခံ ကိုယ်ကျင့်တရား အကူအညီမျိုး၊ ထောက်ပံ့မှုမျိုးနှင့်ဆိုင်သော ဥပမာတစ်ခုသာ ဖြစ်သည် မဟုတ်လော။ သူသည် ၎င်းတို့ကို ဆန်အနည်းငယ်သာ ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ အစားအစာရှိသမျှ အားလုံးကို အခြားသူများအား ပေးပစ်ပြီး ကိုယ်တိုင်ကမူ အငတ်ခံခြင်းမျိုး မဟုတ်ပေ။ ဤသည်ကို ကြင်နာမှုအဖြစ် မှတ်ယူ၍ အမှန်တကယ် ရသလော။ (မရပါ။) လူက ဖြည့်ဆည်းနိုင်စွမ်း ရှိသည့် လူမှုရေး တာဝန်များနှင့် ဝတ္တရားများ၊ လူက အလိုအလျောက် လုပ်ဆောင်နိုင်စွမ်း ရှိသင့်ပြီး လုပ်လည်း လုပ်သင့်သည့် ထိုလုပ်ဆောင်ချက်များ၊ အခြားသူများအဖို့ အထောက်အကူဖြစ်ပြီး အကျိုးရှိသည့် ရိုးရှင်းသော အကျိုးဆောင် လုပ်ရပ်များ အားလုံးသည် လူက ကူညီရုံသက်သက်ဖြစ်သည့် ကိစ္စများသာ ဖြစ်သောကြောင့် ဤအရာများကို မည်သည့်နည်းနှင့်မျှ ကြင်နာမှုအဖြစ် ယူဆ၍ မရနိုင်ပေ။ သင့်လျော်သည့် အချိန်နှင့် နေရာတွင် လိုအပ်သောသူတစ်ဦးကို အကူအညီပေးခြင်းသည် အလွန် ပုံမှန်ဖြစ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ်ဝင်တိုင်း၏ တာဝန်လည်း ဖြစ်သည်။ ဤသည်မှာ တာဝန်နှင့် ဝတ္တရားမျိုးတစ်ခု သက်သက် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို ဖန်ဆင်းခဲ့ချိန်တွင် ဤဗီဇများကို ပေးခဲ့သည်။ ဤနေရာတွင် မည်သည့် ဗီဇများကို ငါ ရည်ညွှန်းနေခြင်း ဖြစ်သနည်း။ လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ငါ ရည်ညွှန်းနေခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ရင်းကနေ၊ ကျွန်မကို အမြဲ ချုပ်နှောင်ခဲ့တဲ့ “ကိုယ်ရခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ခြင်း” ဆိုတာထဲက “ကျေးဇူး” ဆိုတာကို နားလည်မှုအသစ်တစ်ခု ရခဲ့တယ်။ လူတစ်ယောက်က ခက်ခဲတဲ့အချိန်တွေ ကြုံရတဲ့အခါ၊ အဲဒါတွေကို ကျော်ဖြတ်နိုင်အောင် ကူညီပံ့ပိုးပေးတယ်၊ ကိုယ်တတ်နိုင်သမျှ အစွမ်းကုန် ထောက်ပံ့ပေးတယ်ဆိုတာ၊ လူတိုင်း လက်ခံသင့်တဲ့ လူမှုတာဝန်တစ်ခုပါပဲ။ တကယ့် ကျေးဇူးတရား မဟုတ်ဘူး။ ကျွန်မရဲ့အခက်ခဲဆုံးအချိန်မှာ ဖန့်လင်က အကြောသေနေတဲ့ ကျွန်မအမျိုးသားကို ကူညီ ပြုစုပေးတယ်၊ ကျွန်မတို့စိုက်ခင်းတွေထဲက သီးနှံတွေကို ထိန်းသိမ်းပေးခဲ့တယ်ဆိုတာမျိုးပေါ့၊ ဒါက ပုံမှန် လူသားချင်းဆက်ဆံရေးပါပဲ။ လူအချင်းချင်းကြား အပြန်အလှန် ပံ့ပိုးတာမျိုးပဲ။ ပြီးတော့ သူက ကျွန်မအမျိုးသားရဲ့ညီမပဲလေ၊ သူ့အစ်ကို ဒုက္ခရောက်နေတဲ့ အချိန်တွေမှာ သူ တတ်နိုင်သမျှ၊ အကောင်းဆုံး ကူညီပေးမှာပဲ။ ဒါက ကျေးဇူးတရားအဖြစ် တကယ် မှတ်ယူလို့ မရနိုင်ဘူး။ ကျွန်မအမျိုးသား ဆုံးသွားပြီး၊ ကျွန်မလည်း အပျက်သဘောဆောင်လာတဲ့အချိန်မှာ၊ ဖန့်လင်က ကျွန်မကို မိတ်သဟာယပေးပြီး ပံ့ပိုးခဲ့တယ်။ ဒါပေမဲ့ အဲဒါက ညီအစ်မရောင်းရင်းအချင်းချင်း လုပ်ဆောင်ပေးတာမျိုးပဲ။ ကျေးဇူးတရားလို့ မခေါ်နိုင်ဘူး။ ဖန့်လင်ရဲ့မိသားစု အခက်အခဲ ဖြစ်နေတယ်ဆိုရင်၊ ကျွန်မလည်း သူတို့ကို ထောက်ပံ့ပေးမှာပဲ။ သူက အပျက်သဘောဆောင်ပြီး ပျော့ညံ့လာတယ်ဆိုရင်၊ ကျွန်မက သူ့အတွက် ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြပြီး ပံ့ပိုးပေးမှာပဲ။ ဒါက သာမန်လူ့သဘာဝ ရှိကြတဲ့ လူတွေ လုပ်သင့်တဲ့ အရာပါပဲ။ ဒါပေမဲ့ ကျွန်မက ဖန့်လင် လုပ်ပေးခဲ့သမျှကို ကျေးဇူးတရားအဖြစ် မြင်ပြီး၊ သူ့ကို ဘယ်လို ကျေးဇူးပြန်ဆပ်နိုင်မလဲဆိုတာကိုပဲ အမြဲ စဉ်းစားနေခဲ့တယ်။ သူ့အကူအညီ မပါရင်၊ အဲဒီအခက်အခဲကြီးကို လုံးဝ ကျော်ဖြတ်နိုင်ခဲ့မှာ မဟုတ်ဘူး ဆိုတာမျိုးပေါ့။ တကယ်တော့ ကျွန်မကို လက်ရှိနေရာဆီ ရောက်စေခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုနဲ့ အကူအညီတွေပါပဲ။ ကျွန်မအမျိုးသား ဆုံးပြီးတဲ့နောက်မှာ၊ ကျွန်မက သမ္မာတရားကို နားမလည်ခဲ့ဘူး၊ ဘယ်လို ရှေ့ဆက်သင့်မှန်း မသိခဲ့ဘူးဆိုတော့၊ အားအနည်းဆုံး၊ အပျက်သဘော အဆောင်ဆုံး ဖြစ်နေတဲ့အချိန်မှာ၊ ကျွန်မကို ကူညီဖို့ အမှုကိစ္စတွေ၊ လူတွေနဲ့ နေရာတွေ အမျိုးမျိုးကို စီစဉ်ညွှန်ကြားခဲ့တာက ဘုရားသခင်ပါပဲ။ ကျွန်မကို ဆင်းရဲဒုက္ခက လွတ်အောင် ဉာဏ်အလင်းပေးပြီး လမ်းပြခဲ့တာတွေ၊ လက်ရှိနေရာကို ရောက်ရှိစေခဲ့တာတွေဟာ ဘုရားရဲ့နှုတ်ကပတ်တော်တွေပါပဲ။ ကျွန်မမှာ အခုဆို ဘာမှ မချို့တဲ့တဲ့အပြင်၊ တခြားလူတွေလိုပဲ ပုံမှန်အတိုင်း နေထိုင်ရင်း၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်နေတယ်၊ ကိုယ့်တာဝန်ကို ထမ်းဆောင်နေတယ်။ ဒါတွေအားလုံးက ဘုရားရဲ့ချစ်ခြင်းကြောင့်ပါပဲ။ ကျွန်မမှာ အသိတရား အမှန်တကယ် ရှိခဲ့ရင်၊ ဘုရားသခင်ကိုပဲ ကျေးဇူးဆပ်နေခဲ့သင့်တာပါ။ အဲဒီအစား ကိုယ်ရခဲ့တဲ့ ကျေးဇူးတရားကို သိတတ်စွာနဲ့ ပြန်ဆပ်ရမယ်ဆိုတဲ့ ဒီအယူအဆအမှားနဲ့ နေထိုင်ခဲ့မိတယ်၊ ကိုယ့်ပေါင်းသင်းဆက်ဆံရေးတွေကို အမြဲ တန်ဖိုးထားပြီး သူများတွေကို မေတ္တာထားနေမိတယ်၊ ကိုယ့်အပေါ် လူတစ်ယောက်က နည်းနည်းလေး ကူညီခဲ့ဖူးတာတောင် လုံးဝ မမေ့ခဲ့ဘူး၊ ဒါပေမဲ့ ကိုယ့်ကို အရာအားလုံး ပေးထားတဲ့ ဘုရားကိုတော့ ခုခံပုန်ကန်နေမိတယ်၊ ကျေးဇူးဆပ်ဖို့အတွက် စည်းမျဉ်းတွေ ချိုးဖောက်ဖို့၊ အသင်းတော်အကျိုးကို ထိခိုက်မယ်ဆိုလည်း ဝန်လေးမနေခဲ့ဘူး။ ဒါကမှ အမှန်တကယ် ကျေးဇူးမသိတတ်တာ၊ လူ့သဘာဝ ကင်းမဲ့တာပါ။ ကျွန်မလည်း ဒါကို နားလည်တဲ့အချိန်မှာ တော်တော်ကို ငြိမ်းချမ်းသွားတယ်၊ သမ္မာတရားကို မသိတာ ဘယ်လောက် သနားစရာကောင်းတယ်ဆိုတာလည်း တွေးမိတယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကို တွေ့မိရော၊ “တစ်စုံတစ်ဦးက အတိတ်တွင် သင့်ကို ကူညီခဲ့ကာ နည်းလမ်းအချို့ဖြင့် သင့်အပေါ် ကြင်နာပြခဲ့ပြီး သင့်ဘဝအပေါ် သို့မဟုတ် အဓိက အဖြစ်အပျက်တစ်ခုခုအပေါ် သက်ရောက်မှု ရှိခဲ့သော်လည်း သူ၏ လူ့သဘာဝနှင့် သူလျှောက်သည့် လမ်းကြောင်းတို့ကမူ သင်၏ ကိုယ်ပိုင် လမ်းကြောင်း၊ သင် ရှာဖွေသည့်အရာတို့နှင့် ကိုက်ညီခြင်း မရှိ။ သင်သည် စိတ်တူ၊ သဘောတူ နားလည်ခံစားပေးနိုင်ခြင်း မရှိ၊ ဤလူကို သင် မနှစ်သက်သကဲ့သို့ တစ်နည်းတစ်ဖုံအားဖြင့် သင်၏ စိတ်ဝင်စားမှုများနှင့် သင် ရှာဖွေသည့်အရာတို့သည် လုံးဝ ကွဲပြားခြားနားသည်ဟု ဆို၍ရနိုင်သည်။ သင်၏ ဘဝလမ်းကြောင်းများ၊ သင်၏ လောကကို ရှုမြင်ပုံများနှင့် ဘဝအမြင်များသည်လည်း အားလုံး ကွဲပြားနေ၏။ သင်တို့သည် လုံးဝ ကွဲပြားခြားနားသော လူနှစ်မျိုးနှစ်စား ဖြစ်နေသည်။ ထို့ကြောင့် ယခင်က သင့်အား ထိုသူ ပေးခဲ့သည့် အကူအညီကို သင် မည်သို့ ချဉ်းကပ်ပြီး တုံ့ပြန်သင့်သနည်း။ ဤသည်မှာ ဖြစ်ပေါ်လာနိုင်သည့် လက်တွေ့ကျသော အခြေအနေတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤသည်မှာလည်း ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသည့် အခြေအနေတစ်ခု ဖြစ်သည်။ သင်တို့နှစ်ဦးသည် မတူကွဲပြားသည့် လမ်းကြောင်းများ လျှောက်လှမ်းနေကြသည်ကို ထောက်ရှုသော် သင်၏ လုပ်နိုင်စွမ်းအရ သင် တတ်နိုင်သည့် ရုပ်ဝတ္ထု ကျေးဇူးကြွေးကို ၎င်းတို့အား ဆပ်ပြီးသည့်နောက်တွင် သင်တို့၏ ယုံကြည်မှုများက အလွန် ကွဲလွဲနေကြောင်း၊ တူညီသည့် လမ်းကြောင်းကို သင်တို့ မလျှောက်လှမ်းနိုင်၊ မိတ်ဆွေများပင် ဖြစ်၍ မရနိုင်သကဲ့သို့ ဆက်ဆံ၍ မရနိုင်တော့ကြောင်း သင် တွေ့ရှိရသည်။ ဆက်ဆံ၍ မရတော့သည်ဖြစ်ရာ မည်သို့ ရှေ့ဆက်လုပ်ဆောင်သင့်သနည်း။ ထိုသူနှင့် မရောမိအောင် နေလော့။ အတိတ်တွင် သူသည် သင့်ကို ကြင်နာခဲ့နိုင်သော်လည်း ဆိုးသွမ်းသည့် လုပ်ရပ်မျိုးစုံကို ကျူးလွန်လျက် လူ့အဖွဲ့အစည်းတွင် လှည့်စားပြီး လိမ်လည်လှည့်ဖြား၍ ဤလူကို သင် မနှစ်သက်ပေ။ ထို့ကြောင့် သူနှင့် မရောမိအောင် နေခြင်းသည် လုံးဝ ကျိုးကြောင်းသင့်ပေသည်။ အချို့က ‘ထိုသို့ ပြုမူဆောင်ရွက်ခြင်းက အသိစိတ်မဲ့ခြင်းဖြစ်သည် မဟုတ်လော’ ဟု ဆိုနိုင်သည်။ ဤသည်မှာ အသိစိတ်မဲ့ခြင်း မဟုတ်ပေ။ ထိုသူက ဘဝ၌ အခက်အခဲအချို့ကို အမှန်တကယ် ကြုံရလျှင် သူ့ကို သင် ကူညီမစနိုင်ဆဲဖြစ်သော်လည်း သူ၏ ဘောင်ခတ်ခြင်းကိုကား ခံ၍မဖြစ် သို့မဟုတ် မကောင်းမှုကို၊ အသိစိတ်နှင့် မညီသည့် လုပ်ဆောင်ချက်များကို သူနှင့်အတူ သင် လိုက်ပါလုပ်ဆောင်၍ မဖြစ်ပေ။ အတိတ်တွင် သူက သင့်ကို ကူညီခဲ့ရုံသက်သက်ကြောင့် သို့မဟုတ် သင့်အတွက် ကြီးမားသည့် အကူအညီတစ်ခု လုပ်ပေးခဲ့ရုံသက်သက်ကြောင့် သူ့အတွက် သင် ပင်ပင်ပန်းပန်း မနားတမ်း လုပ်ပေးရန်လည်း မလိုအပ်။ ဤသည်မှာ သင်၏ ဝတ္တရားမဟုတ်သကဲ့သို့ ဤဆက်ဆံမှုမျိုးနှင့် ထိုသူ ထိုက်တန်ခြင်းလည်း မရှိပေ။ သင် နှစ်သက်ပြီး ပလဲနံပသင့်သည့် လူများ၊ မှန်ကန်သည့် လူများနှင့် ဆက်ဆံရန်၊ အတူအချိန်ကုန်ဆုံးပြီး မိတ်ဆွေများပင် ဖြစ်လာရန် သင့်တွင် ရွေးချယ်ပိုင်ခွင့် ရှိသည်။ သင်သည် ဤလူအဖို့ သင်၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနိုင်သည်။ ဤသည်မှာ သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ သင် မနှစ်သက်သည့် လူများနှင့် မိတ်ဆွေများ မဖြစ်လာဖို့၊ အဆက်အဆံ မလုပ်ဖို့လည်း သင် ငြင်းပယ်နိုင်ပြီး ၎င်းတို့အတွက် မည်သည့် ဝတ္တရား၊ တာဝန်မျှ ဖြည့်ဆည်းရန် မလိုအပ်သည်မှာလည်း အမှန်ပင်။ ဤသည်မှာလည်း သင်၏ လုပ်ပိုင်ခွင့် ဖြစ်သည်။ သင်သည် ဤလူကို စွန့်ပစ်ရန် ဆုံးဖြတ်ပြီး သူနှင့် ဆက်ဆံဖို့ဖြစ်စေ၊ သူ့အတွက် တာဝန် သို့မဟုတ် ဝတ္တရားတစ်ခုတလေ ဖြည့်ဆည်းပေးဖို့ဖြစ်စေ ငြင်းပယ်လျှင်ပင် မှားယွင်းမည် မဟုတ်ပေ။ သင်သည် သင်၏ ကျင့်ကြံပြုမူပုံနှင့်ပတ်သက်၍ အချို့သော ကန့်သတ်ချက်များ ချမှတ်ရမည်ဖြစ်ပြီး လူအမျိုးမျိုးကို မတူကွဲပြားသော နည်းလမ်းများဖြင့် ဆက်ဆံရမည်။ ဆိုးယုတ်သည့် လူများနှင့် သင် မပေါင်းသင်းသင့် သို့မဟုတ် ၎င်းတို့၏ မကောင်းသည့် ပုံသက်သေများနောက် မလိုက်သင့်ပေ။ ဤသည်မှာ အမြော်အမြင်ရှိသော ရွေးချယ်မှု ဖြစ်သည်။ ကျေးဇူးတရား၊ စိတ်ခံစားမှုများနှင့် အများပြည်သူ သဘောထားတို့ကဲ့သို့သော အကြောင်းခံအမျိုးမျိုး၏ လွှမ်းမိုးခြင်းကို မခံနှင့်။ ဤသည်မှာ ရပ်တည်ချက်ယူခြင်းနှင့် စည်းမျဉ်းများ ရှိခြင်းဖြစ်ကာ သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားရဲ့နှုတ်ကပတ်တော်တွေက လူတွေကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြတာပါ။ လူတစ်ယောက်က ကျွန်မတို့ကို ဟိုအရင်က ကြီးကြီးမားမား ကူညီထားတယ်ဆိုရင်၊ ကျွန်မတို့က သူတို့ရဲ့လူ့သဘာဝ အရည်အသွေးနဲ့ သူတို့လျှောက်တဲ့လမ်းကို အခြေခံပြီး ဆက်ဆံရမယ်။ သူတို့က လူကောင်းဖြစ်တယ်၊ မှန်ကန်တဲ့လမ်းကို လျှောက်တယ်ဆိုရင်၊ ကျွန်မတို့က သူတို့နဲ့ ပုံမှန်အတိုင်း စကားလက်ဆုံ ပြောလို့ရတယ်၊ သူတို့ အကူအညီလိုတဲ့အခါ ကိုယ်အတတ်နိုင်ဆုံး ကူညီပေးနိုင်တယ်။ ကျွန်မတို့ကို ကူညီခဲ့တဲ့လူက မှန်ကန်တဲ့လမ်းကို မလျှောက်ဘူး၊ ရမ်းကားမှုတွေ ကျူးလွန်တယ်ဆိုရင်၊ ကျွန်မတို့က သူတို့နဲ့ဆက်ဆံရေးကို ဂရုစိုက်ရမယ့်အပြင်၊ သူတို့ ပြောတာတွေ၊ လုပ်တာတွေရဲ့သဘာဝကိုလည်း ချင့်ချိန်ရမယ်။ လိုအပ်ရင် သူတို့ကို ပစ်ပယ်တာမျိုး၊ သူတို့နဲ့ ဝေးဝေးနေတာမျိုး လုပ်ချင်လုပ်ရမယ်၊ သူတို့ကို ကိုယ်အတတ်နိုင်ဆုံး ပစ္စည်းအထောက်အပံ့ နည်းနည်း ပေးချင်ပေးလိုက်မယ်။ တကယ်လို့ သူတို့က ဘုရားကို ယုံကြည်ပေမဲ့၊ သမ္မာတရားကို မလိုက်စားဘူး၊ သူတို့တာဝန်တွေမှာ ဟန်ဆောင်လုပ်ကြတယ်၊ ပြဿနာ ဖြစ်စေတယ်၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်တယ်ဆိုရင်၊ ကျွန်မတို့က သူတို့ကို သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းရမယ်။ သူတို့က နောင်တမရသေးဘူးဆိုရင် ကျွန်မတို့က စည်းမျဉ်းတွေကို သေချာ ထိန်းသိမ်းပြီး၊ သတိပေးဖို့ လိုတဲ့သူတွေကို သတိပေးရမယ်၊ ဖယ်ရှားခြင်း ခံရသင့်သူတွေကို စည်းမျဉ်းတွေနဲ့အညီ ဖယ်ရှားရမယ်။ မကောင်းမှုနဲ့ ဆက်နွှယ်နေပြီး စည်းမျဉ်းတွေကို ချိုးဖောက်နေတဲ့၊ ဆိုးယုတ်တဲ့ ဥပဒေတွေအတိုင်း မလုပ်ဆောင်ရဘူး။ ကျွန်မလည်း လူတွေကို စည်းမျဉ်းတွေနဲ့အညီ မဆက်ဆံခဲ့တာတွေ၊ မသိနားမလည်စွာနဲ့ ထပ်တလဲလဲ လုပ်ဆောင်ခဲ့တာတွေ၊ အစဉ်အလာ အတွေးအခေါ်တွေနဲ့ ချုပ်နှောင်ခံခဲ့ရတာတွေ၊ အမှုမဲ့အမှတ်မဲ့နဲ့ စာတန်ရဲ့လက်ပါးစေ ဖြစ်လာပြီး အသင်းတော်အသက်တာကို အနှောင့်အယှက် ဖြစ်စေခဲ့တာတွေကို စဉ်းစားမိပါတယ်။ ကျွန်မတို့က ကိုယ့်ယုံကြည်ခြင်းမှာ သမ္မာတရားနဲ့ မနေထိုင်ဘူးဆိုရင်၊ ဘုရားကို ခုခံမိနိုင်တယ်၊ ကိုယ်တော့်စိတ်သဘောထားကို အချိန်မရွေး ပုန်ကန်ပြစ်မှားမိနိုင်တယ်။ ဖန့်လင်က ကျွန်မကို တစ်ခါတလေ ပစ္စည်းအထောက်အပံ့တချို့ ပေးနေတုန်းပါပဲ၊ ဒါပေမဲ့ ဒီအကူအညီကို ဘယ်လို မှတ်ယူရမယ်ဆိုတာ၊ ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ သိနေပါပြီ။ ဒီအကူအညီကို ကျွန်မအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံတာ၊ ကျေးဇူးပြုတာလို့ မြင်မယ့်အစား၊ ဘုရားရဲ့ချစ်ခြင်း သင်္ကေတတစ်ခုအဖြစ်ပဲ မြင်ပါတယ်။ ဘုရားက ကျွန်မကို ကူညီဖို့ သူ့ကို စေ့ဆော်ပေးခဲ့တာပါ၊ ဒါကြောင့် ကျွန်မက ဘုရားကို ကျေးဇူးတင်သင့်တယ်၊ ဘုရားကို ကျေးဇူးဆပ်ဖို့ ကိုယ့်တာဝန်ကို ထမ်းဆောင်သင့်တယ်။

ဟိုအရင်ကတော့ ကိုယ်ရခဲ့တဲ့ ကျေးဇူးတရားကို ပြန်ဆပ်ရမယ်၊ ကျေးဇူးသိတတ်ရမယ်လို့ အမြဲ ထင်ခဲ့မိတယ်၊ အဲဒါက လူကောင်းတွေ လုပ်တဲ့အရာပဲလို့ ထင်နေတာလေ။ ဒါပေမဲ့ စာတန်က လူတွေကို ချုပ်နှောင်ဖို့၊ လူတွေရဲ့အတွေးအခေါ်ကို ကန့်သတ်ချုပ်ချယ်ဖို့၊ လူတွေကို အမှန်နဲ့ အမှား ရောထွေးသွားစေဖို့၊ စည်းမျဉ်းတွေ မပါဘဲ လုပ်ဆောင်ကြဖို့၊ အမှုမဲ့အမှတ်မဲ့နဲ့ စာတန်ရဲ့တန်ဆာပလာတွေ ဖြစ်လာကြစေဖို့အတွက်၊ ကျေးဇူးဆပ်ခြင်းဆိုတဲ့ ဒီအစဉ်အလာ အယူအဆကို အသုံးချမှန်း၊ ကျွန်မရဲ့ကိုယ်ပိုင် အတွေ့အကြုံကနေ သိသွားတာပါ။ လူတွေက ဆိုးယုတ်တဲ့အရာတွေကို ဘယ်လိုကောင်းတယ်လို့ပဲ ထင်ချင်ထင်ကြပါစေ၊ အဲဒီအရာတွေက သမ္မာတရား မဟုတ်မှန်းလည်း ကျွန်မ သိသွားတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်တွေကသာ သမ္မာတရားပါပဲ။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မတို့ကို အမှန်နဲ့ အမှား ခွဲခြားသိမြင်စေတယ်၊ သာမန်လူ့သဘာဝနဲ့ အသက်ရှင်နေထိုင်စေတယ်။ ကျွန်မတို့က သမ္မာတရားနဲ့ နေထိုင်ပြီး၊ လူတွေနဲ့ အမှုကိစ္စတွေအပေါ် ဘုရားနှုတ်ကပတ်တော်တွေရဲ့ စည်းမျဉ်းတွေနဲ့အညီ၊ ပြုမူဆက်ဆံကြတဲ့အခါမှသာ ဘုရားရဲ့အလိုတော်နဲ့အညီ လုပ်ဆောင်နိုင်ကြတာပါ၊ အကျင့်၊ ဂုဏ်သိက္ခာ ရှိရှိနဲ့ နေထိုင်နိုင်ကြတာပါ။ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးအထူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူတစ်ဦးကို မျက်ကန်းယုံကြည်ခြင်း၏ အကျိုးဆက်များ

လီရွှမ်း ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာပေါ့၊ ညီအစ်ကိုမောင်နှမတချို့က ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် အစ်မဝမ်ကို လက်တွေ့ကျကျ...

တရားစီရင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်

ရှီးအင်း အမေရိကန်နိုင်ငံ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူသားသည် အဆုံး၌ ဘုရားသခင်အတွက် မည်သည့်သက်သေကိုခံသနည်း။ ဘုရားသခင်သည်...

လူလည်ကျပြီး လှည့်စားတတ်ခြင်းမှ ရရှိခဲ့သည့် နာကျင်စရာ သင်ခန်းစာ

အန်းန အီတာလီ ၂၀၂၀မှာ ကျွန်မက အသင်းတော်မှာ ဒီဇိုင်းအလုပ်လုပ်တယ်။ အဓိကက ပုံကြမ်းဆွဲတာပေါ့။ အချိန်နည်းနည်းကြာတော့ ပုံကြမ်းဆွဲရတာက...

ကျွန်ုပ် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပုံ

ရှင်ချွင်း တောင်ကိုရီးယားနိုင်ငံ ၂၀၁၉ နှစ်ကုန်မှာ၊ ကျွန်မ အသင်းတော်မှာ ဗီဒီယိုအလုပ်ကို ကြီးကြပ်ရတယ်။ အဲဒီတုန်းက အရမ်းစိတ်ဖိစီးခဲ့ရတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။