ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား
တစ်စုံတစ်ဦးက ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ခြင်းဖြင့် ယုံကြည်သလောဟူသည်ကို မြင်ရန် အရေးအကြီးဆုံးသောအရာမှာ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားကို လေ့လာရန် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် ကြောက်ရွံ့ပြီး ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် ဘုရားသခင်ကို ဆက်ဆံလျှင် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိကြသည်။ သို့သော် ၎င်းတို့တွင် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိလျှင် ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်း မရှိပေ။ လူတို့သည် ဘုရားသခင်အပေါ် မည်သည့် သဘောထားမျိုး ရှိသင့်သနည်း။ ၎င်းတို့သည် သူ့ကို ကြောက်ရွံ့ကာ ကျိုးနွံနာခံသင့်သည်။ ဘုရားသခင်ကို ကြောက်ရွံ့နိုင်သော သူတို့သည် သမ္မာတရားကို ရှာဖွေကာ လက်ခံနိုင်စွမ်းရှိကြသည်။ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သောသူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် အလေးထားမှု ပြနိုင်စွမ်း ရှိကြသည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ကြိုးပမ်းကြသည်။ သမ္မာတရားကို လိုက်စားသောသူ မည်သူမဆိုသည် ဤအရည်အသွေးနှစ်ခု ပိုင်ဆိုင်ကြသည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး သို့မဟုတ် ဘုရားသခင်အပေါ် ကျိုးနွံနာခံမှု မရှိသူတို့သည် သမ္မာတရားကို လိုက်စားသူများ မုချ မဟုတ်ကြပေ။
သမ္မာတရားကို လိုက်စားခြင်းအား မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သင်တို့၏တာဝန်ကို နေ့စဉ်ထမ်းဆောင်ရာတွင် ဘုရားသခင်၏ အမှုကို သင်တို့ တွေ့ကြုံကြသလော။ ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်ထံ သင် ဆုတောင်းပြီးပြီလော။ ပြီးလျှင် ယင်းတို့ကို သမ္မာတရား ရှာဖွေခြင်းအားဖြင့် သင် ဖြေရှင်းနိုင်သလော။ ဤသည်မှာ အသက်ဝင်ရောက်မှု ကိစ္စနှင့် ဆက်နွှယ်သည်။ သင်တို့၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို သင်တို့ ထုတ်ဖော်သည့်အခါ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များအတိုင်း မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ဖြေရှင်းနိုင်သလော။ ထိုပြဿနာကို ဤနည်းဖြင့် သင် လက်တွေ့လုပ်ဆောင်ကာ မတွေ့ကြုံနိုင်လျှင် ထိုအရာသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မည်သို့မျှ မပတ်သက်ပေ။ မည်သည့်တာဝန်ကို သင် ထမ်းဆောင်နေပါစေ၊ သို့မဟုတ် မည်သည့်အရာကို သင် လုပ်နေပါစေ သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ မည်သည့် ရှုထောင့်များ ပါဝင်ပတ်သက်သည်ဟူသည်ကိုသာမက လူသား၏ အခြေအနေ အစိတ်အပိုင်းများအားလုံး ဖြစ်ကြသော သင်ကိုယ်တိုင်၏ အတွေးအခေါ်များ၊ ထင်မြင်ချက်များ သို့မဟုတ် မမှန်ကန်သော ရည်ရွယ်ချက်များကိုလည်း နားလည်ရန် ကြိုးစားရမည်။ လူသား၏ အခြေအနေတွင် မည်သည့်အရာများ ပါဝင်သနည်း။ ယင်း၌ လူတို့၏ ရပ်တည်ချက်များ၊ သဘောထားများ၊ ရည်ရွယ်ချက်များနှင့် အမြင်များသာမက အချို့သော စာတန်ဆန်သည့် သဘောတရားခံယူချက်များ၊ တွေးခေါ်နိုင်စွမ်းနှင့် အသိပညာတို့ ပါဝင်ပြီးလျှင်၊ အချုပ်အားဖြင့် ဤအရာများအားလုံးမှာ လူတို့၏ လုပ်ဆောင်မှုနှင့် အခြားသူများအပေါ် ဆက်ဆံမှုဆိုင်ရာ ဖြစ်နေကျ ပုံစံများနှင့် နည်းလမ်းများနှင့် ဆက်စပ်လေသည်။ အခြေအနေတစ်ခုကို ရင်ဆိုင်သောအခါ မိမိအမြင်က မည်သည့်အရာဖြစ်သည်ကို ဦးစွာ ဆန်းစစ်ရမည်၊ ဤသည်မှာ ပထမအဆင့်ပင်ဖြစ်သည်။ ဒုတိယအဆင့်မှာ ထိုအမြင်က မှန်ကန်မှုရှိသည်၊ မရှိသည်ကို ဆန်းစစ်ရန်ဖြစ်သည်။ သို့ဆိုလျှင် မိမိအမြင် မှန်ကန်မှုရှိမရှိကို မည်သို့ ဆုံးဖြတ်သင့်သနည်း။ ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆုံးဖြတ်သည်ဟူသော်လည်း၊ အဆိုပါ အခြေအနေ၏ အခြေခံသဘောတရားများအရလည်း ဖြစ်သည်။ သာဓကအားဖြင့် ဘုရားသခင့်အိမ်တော်၏ အလုပ်အစီအစဉ်များ၊ အကျိုးစီးပွားများနှင့် စည်းမျဥ်းမျာအပြင်၊ တိကျသည့် ဘုရားနှုတ်ကပတ်တော်များက အမြင်တစ်ခုက မှန်ကန်မှုရှိသည် မရှိသည်ကို ဆုံးဖြတ်ရန် ဤအရာများကို အသုံးပြုသည်။ ၎င်းတို့မှာ တိုင်းတာမှုစံနှုန်းများပင် ဖြစ်သည်။ အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ရသည့်အခါ သင်တို့၏ အမြင်များကို သင်တို့ ဆန်းစစ်ကြသလော။ ယင်းတို့ကို သင် အမှန်တကယ် ခွဲခြားဖော်ထုတ်နိုင်သည်ဖြစ်စေ၊ မဖော်ထုတ်နိုင်သည်ဖြစ်စေ ပထမခြေလှမ်းမှာ ဤသို့ သင် လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည်။ လူတို့လုပ်ဆောင်သည့်အရာက မည်သည့်အရာဖြစ်စေ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့အားလုံးတွင် အမြင်တစ်ခုခု ရှိကြသည်။ ဤအမြင်သည် မည်သို့ ပုံပေါ်သနည်း။ ထိုအရာသည် အခြေအနေကို သင် မြင်သည့်ပုံစံ၊ သင်၏ ရှုထောင့်အမြင်ကို မည်သည့်အရာအပေါ် သင် အခြေခံသည်၊ ထိုအရာကို ကိုင်တွယ်ရန် မည်သို့ သင် စီစဉ်သည်ဆိုသည်နှင့် ထိုအရာကို သင်၏ ကိုင်တွယ်ခြင်းနည်းစနစ်အား မည်သည့်အရာအပေါ် သင် အခြေခံသည်ဟူသည်တို့ ဖြစ်သည်။ ဤအရာအားလုံးက သင့်အမြင်နှင့် သက်ဆိုင်သည်။ သာဓကအနေဖြင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းအပေါ် သင် မည်သို့ တွေးထင်သနည်း။ သင်၏ ရှုထောင့်အမြင်က မည်သည့်အရာအပေါ် အခြေခံသနည်း။ ဤကိစ္စရပ်ကို သင် မည်သို့ ချဉ်းကပ်သနည်း။ ဤအရာအားလုံးက ကိစ္စရပ်များအပေါ် လူတစ်ဦး၏ အမြင်များနှင့် သက်ဆိုင်လေသည်။ ဤသည်မှာလည်း ကိစ္စရပ်တစ်ခုအပေါ် လူတစ်ဦး၏ အမြင်နှင့်ပတ်သက်၍ မှန်ကန်လေသည်။ အခြေအနေက မည်သို့ဖြစ်စေ လူတိုင်းတွင် ကိစ္စရပ်များကို ၎င်းတို့၏ ကိုင်တွယ်ခြင်း သဘောထားနှင့် နည်းစနစ်တို့နောက်ကွယ်တွင် အမြင်တစ်ခု ရှိသည်။ ဤအမြင်က ၎င်းတို့ ပြုမူဆောင်ရွက်ပုံကို လမ်းပြကာ စိုးမိုးလိမ့်မည်။ အမှန်ဖြစ်စေ၊ အမှားဖြစ်စေ ဆုံးဖြတ်သည်မှာ ဤအမြင်၏ ဇာစ်မြစ်ဖြစ်သည်။ ဥပမာအနေဖြင့် သင်၏ အမြင်သည် စာတန်ဆန်သော အတွေးအခေါ်နှင့် တွေးခေါ်မြော်မြင်မှုစနစ်ပေါ်တွင် အခြေခံပြီး သင့်စကား၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်က ကျော်ကြားမှုနှင့် ဝင့်ဝါမှု ရရှိရန်၊ သင့်ကို ပိုများသော လူတို့အား သိရှိကာ နားလည်စေရန်၊ သင့်ကို အမှတ်ရပြီး အသိအမှတ်ပြုစေရန်ဖြစ်လျှင် ဤသည်မှာ ပြုမူဆောင်ရွက်ခြင်းအတွက် သင်၏ ရပ်တည်ချက်ဖြစ်သည်။ သင်သည် ဤကဲ့သို့ မှားယွင်းသော ရည်ရွယ်ချက်ရှိလျှင် ထိုရည်ရွယ်ချက်မှ ထွက်ပေါ်သည့် အမြင်များနှင့် နည်းစနစ်များသည်လည်း မုချ မှားယွင်းလိမ့်မည် ဖြစ်ပြီး သမ္မာတရားနှင့် မုချ ကိုက်ညီလိမ့်မည် မဟုတ်။ သင်သည် မှားယွင်းသော အမြင်များ၊ သဘောထားများနှင့် နည်းလမ်းများ ထားရှိလျှင် ယင်းတို့ကို သင် ခွဲခြားဖော်ထုတ်နိုင်သလော။ ယင်းတို့၏ မှန်ကန်မှု သို့မဟုတ် မှားယွင်းမှုကို သင် ဆန်းစစ်နိုင်လျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်ခြင်းအတွက် အခြေခံသတ်မှတ်ချက်တစ်ခု သင် ပြည့်မီပေသည်။ သို့ရာတွင် ဤသည်မှာ အကြွင်းမဲ့ သတ်မှတ်ချက်တစ်ရပ် မဟုတ်ချေ။ အကြွင်းမဲ့ သတ်မှတ်ချက်မှာ အဘယ်နည်း။ သင်၏ အမြင်များ မှားယွင်းသည်ကို သင် အကဲဖြတ်ပြီးသည့်အခါ၊ သင့်ထံတွင် မမှန်ကန်သည့် ရည်ရွယ်ချက်များ၊ ကိုယ်ရေးကိုယ်တာ အစီအစဉ်များနှင့် လိုအင်ဆန္ဒများ ရှိသည့်အခါ ဤမှားယွင်းသော အမြင်များအတိုင်း မပြုမူရန် သင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ဤအရာက သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များနှင့် အမြင်များကို လက်လွှတ်ရန် လိုအပ်ပြီး တစ်ချိန်တည်းတွင် သမ္မာတရားကို ရှာဖွေရန် လိုအပ်သည်။ သင်၏ အမြင်များ မမှန်ကန်ကြောင်း၊ ယင်းတို့သည် သမ္မာတရားနှင့်ဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ဖြစ်စေ မကိုက်ညီကြောင်း၊ ဘုရားသခင်က ယင်းတို့ကို စက်ဆုပ်ကြောင်း အပြည်အဝ ကောင်းစွာ သိမြင်သောကြောင့် ထိုအရာများကို သင် ဆန့်ကျင်တွန်းလှန်သင့်ပေသည်။ ဇာတိပကတိကို ပုန်ကန်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း အမှုအရာများကို လုပ်ဆောင်ရန်၊ သမ္မာတရားနှင့် ကိုက်ညီသည့်အရာများကို လုပ်ဆောင်ရန်နှင့်၊ ထိုသို့ဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန် ဖြစ်သည်။ သို့သော် သင်သည် သင်၏ မှားယွင်းသော အမြင်များကို မပုန်ကန်နိုင်လျှင် သမ္မာတရားကို လက်တွေ့မလုပ်ဆာင်နိုင်ပေ၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်နိုင်ခြင်း မရှိပေ။ ဤအရာက သင် နားလည်သည့်အရာသည် အယူဝါဒသာဖြစ်သည်ဟု ဆိုလိုသည်။ သင် ပြောဆိုသည့်အရာက သင်၏ အပြုအမူကို မချုပ်ထိန်းနိုင်၊ သင်၏ လုပ်ရပ်များကို လမ်းညွှန်နိုင်ခြင်းမရှိ၊ သို့မဟုတ် သင်၏ မှားသော အမြင်များကို မပြုပြင်နိုင်ပေ။ ယင်းက ထိုအရာသည် အယူဝါဒမျှသာ ဖြစ်ကြောင်း နောက်ထပ် သက်သေပြပေသည်။ ထို့ကြောင့် ပထမခြေလှမ်းမှာ သင်၏ အမြင်များကို ဆန်းစစ်ရန် ဖြစ်သည်။ ဒုတိယခြေလှမ်းမှာ ထိုအမြင်များ၏ မှန်ကန်မှုကို တိုင်းတာရန် ဖြစ်သည်။ မှားယွင်းသည့် အမြင်များကို ပုန်ကန်ကာ ဖယ်ရှားရမည်။ မှန်ကန်သည့် အမြင်များကို လိုက်နာကာ ထိန်းသိမ်းရမည်ဖြစ်သည်။ ယခုတွင် သင်တို့အတွက် အခက်အခဲက မည်သည့်နေရာတွင် ရှိနေသနည်း။ တစ်ဖက်တွင် သင်သည် သင့်ကိုယ်သင် ဆန်းစစ်သည်မှာ အလွန်ရှားပါးသည်။ ထိုအရာသည် သင့်အတွက် အလေ့အကျင့်တစ်ခု မဟုတ်။ အခြားတစ်ဖက်တွင် သင့်ကိုယ်သင် ဆန်းစစ်သည့်အခါတွင်ပင် သင်၏ ရည်ရွယ်ချက်များနှင့် အမြင်များက မှန်ကန်ခြင်း ရှိမရှိဟူသည်ကို သင် မသိပေ။ ထိုအရာနှစ်ခုလုံးက သင့်အတွက် မှန်ကန်ပုံပေါ်သကဲ့သို့ မမှန်ကန်သည့်ပုံလည်းပေါ်သည်။ ထို့ကြောင့် အဆုံးတွင် သင်သည် မကြည်မလင်ဖြစ်ကာ စိတ်ရှုပ်ထွေးသွားပြီး အမှုအရာများကို မိမိသဘောအတိုင်း လုပ်ဆောင်လေသည်။ ဤသည်မှာ အခြေအနေတစ်မျိုး ဖြစ်သည်။ အခြားမည်သည့် အခြေအနေများ ရှိသနည်း။ (တစ်ခါတစ်ရံ ကျွန်ုပ်ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် အမြင်များကို ကျွန်ုပ် ခွဲခြားဖော်ထုတ်ပြီး ယင်းတို့ကို ပုန်ကန်ရန် လိုအင်ဆန္ဒ ရှိသော်လည်း ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကျွန်ုပ် မအောင်မြင်နိုင်ပါ။ ထို့ကြောင့် ကျွန်ုပ် မှန်ကန်ကြောင်းပြရန် အကြောင်းပြချက်များနှင့် ဆင်ခြေများ ဖန်တီးလျက် ကျွန်ုပ် အလျှော့ပေးလိုက်ရသည်။ ထိုအခါ ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ပြီး နောက်ပိုင်းတွင် နောင်တရပါသည်။) ဤသည်မှာ သမ္မာတရားကို ကျိုးနွံနာခံပြီး သမ္မာတရားကို ချစ်ရန် စိတ်နှလုံး အတော်အသင့် ကင်းမဲ့ခြင်း ဖြစ်သည်။ အကြင်သူ၏ စိတ်နှလုံးက သမ္မာတရားကို အလွန်ချစ်လျှင် ၎င်း၏ အချို့သော မှားယွင်းသည့် ရည်ရွယ်ချက်များနှင့် အမြင်များကို မကြာခဏ အောင်မြင်ကျော်လွှားနိုင်လိမ့်မည်ဖြစ်ပြီး ယင်းတို့ကို ပုန်ကန်နိုင်လိမ့်မည် ဖြစ်သည်။ လူအများစုက အောင်မြင်ကျော်လွှားရန် အခက်တွေ့သည့် အထူးအခြေအနေအချို့ ရှိသည်မှာ အမှန်ဖြစ်၏။ သင်သည်လည်း မအောင်မြင်သေးလျှင် ယင်းမှာ ပုံမှန်ဖြစ်သည်။ သို့သော် သာမန်လူအများစုက အောင်မြင်နိုင်သော်လည်း သင်က အလွန်အခက်တွေ့နေလျှင် ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ သမ္မာတရားအတွက် သင်၏ ချစ်ခြင်းမေတ္တာက မကြီးမြတ်ကြောင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက သင့်အတွက် ထိုမျှ အရေးမကြီးကြောင်း ပြသပေသည်။ သင့်အတွက် မည်သည့်အရာက သာ၍ အရေးကြီးသနည်း။ သင်၏ ကိုယ်ပိုင်အမြင်များကို မလျှော့တမ်းလုပ်ဆောင်ခြင်း၊ သင်၏ ကိုယ်ပိုင်စိတ်ကို အေးချမ်းစေခြင်း၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဖြည့်ဆည်းခြင်းတို့ ဖြစ်သည်။ ဤသည်တို့မှာ သင့်အတွက် အရေးကြီးသည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေခြင်းနင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဟူသည့် ဤအရာများထဲမှ တစ်ခုမျှသည် သင်၏ စိတ်နှလုံးတွင် အရေးမကြီးပေ။ ဤအရာက သင်၏ အတွင်းပိုင်း ရည်ရွယ်ချက်များနှင့် သင် လိုက်စားသည့် အမြင်များကို ထုတ်ဖော်ပြသည်။
လူတစ်ဦး၏ အခြေအနေတွင် အဓိကအားဖြင့် မည်သည့်အရာ ပါဝင်သနည်း။ (၎င်း၏ ရည်ရွယ်ချက်များ၊ ရပ်တည်ချက်များနှင့် အမြင်များဖြစ်သည်။) ၎င်းတို့၏ အခြေအနေတွင် အဓိကအားဖြင့် ဤအရာများ ပါဝင်သည်။ လူတို့၏ အခြေအနေများတွင် မည်သည့်အရာက တွေ့မြင်နေကျအဖြစ်ဆုံး ဖြစ်သနည်း။ ထိုအရာသည် လူတို့က တစ်စုံတစ်ရာကို ကြုံရသည့်အခါ ၎င်းတို့၏ စိတ်နှလုံးများတွင် ရံဖန်ရံခါ ထွက်ပေါ်တတ်ပြီး ၎င်းတို့၏ အတွေးများတွင် သတိရှိရှိ သတိပြုမိနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ထိုအရာက မည်သည့်အရာ ဖြစ်သည်ဟု သင်တို့ ပြောမည်နည်း။ (သူတို့၏ ရည်ရွယ်ချက်များ ဖြစ်သည်။) မှန်ပေ၏။ ရည်ရွယ်ချက်များသည် လူတို့၏ အခြေအနေများ၏ ရှင်းလင်းသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အတွေ့ရအများဆုံးတစ်ခု ဖြစ်သည်။ လူတို့တွင် မိမိတို့၏ ကိုယ်ပိုင်အတွေးများနှင့် ရည်ရွယ်ချက်များ ရှိသည်။ ထိုသို့သော အတွေးများနှင့် ရည်ရွယ်ချက်များဖြစ်ပေါ်သောအခါ လူတို့သည် ယင်းတို့ကို သဘာဝကျသည်ဟု ထင်မြင်ကြသည်။ သို့သော် အချိန်အများစုတွင် ယင်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအတွက်၊ ၎င်းတို့၏ ကိုယ်ပိုင်မာနနှင့် အကျိုးစီးပွားများအတွက်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် တစ်စုံတစ်ခုကို ဖုံးကွယ်ရန်၊ သို့မဟုတ် မိမိတို့ကိုယ်ကို နည်းလမ်းအချို့ဖြင့် ကျေနပ်စေရန်ဖြစ်သည်။ ထိုသို့သော အချိန်များတွင် သင်သည် သင်၏ ရည်ရွယ်ချက်များ မည်သို့ဖြစ်ပေါ်လာသည်၊ အဘယ်ကြောင့် ထိုအရာ ဖြစ်ပေါ်သည်ကို စစ်ဆေးရမည်။ ဥပမာ ဘုရားအိမ်တော်က သင့်ကို အသင်းတော် ရှင်းလင်းရေးအလုပ် လုပ်ဆောင်ရန် စေခိုင်းပြီး မိမိတာဝန်တွင် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပြုသော၊ အစဉ်သဖြင့် လျှော့ပေါ့လုပ်ဆောင်ရန် နည်းများကို ရှာဖွေနေသောသူတစ်ယောက်ရှိသည်။ စည်းမျဉ်းအရ ဤလူကို ရှင်းလင်းပစ်သင့်သည်။ သို့သော် သင်သည် ထိုသူနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ဤသို့ဆိုလျှင် သင့်၌ မည်သို့သောအတွေးများနှင့် ရည်ရွယ်ချက်များ ဖြစ်ပေါ်မည်နည်း။ သင် မည်သို့ လက်တွေ့လုပ်ဆောင်လိမ့်မည်နည်း။ (ကျွန်ုပ်၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သည်။) ဤနှစ်သက်မှုများကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဤလူသည် သင့်အပေါ် ကောင်းသောကြောင့်၊ သို့မဟုတ် သင့်အတွက် ကိစ္စများ ဆောင်ရွက်ပေးသောကြောင့် ထိုသူအပေါ်တွင် သင်သည် ကောင်းသောအမြင်တစ်ခုရှိသည်။ ထို့ကြောင့် ဤအချိန်တွင် သင်သည် ထိုသူကို ကာကွယ်ချင်သည်။ ခုခံပေးချင်သည်။ ဤသည်မှာ စိတ်ခံစားချက်များ၏ သက်ရောက်မှုမဟုတ်သလော။ သင်သည် ထိုသူအပေါ် စိတ်ခံစားချက်ဖြစ်သည်။ ထို့ကြောင့် “အထက်အာဏာပိုင်များက မူဝါဒများရှိစဉ်တွင် နယ်ခံများက တန်ပြန်သော နည်းလမ်းများရှိသည်” ဟူသည့် နည်းလမ်းကို သင် အသုံးပြုသည်။ သင်သည် လိမ်ညာလှည့်စားနေခြင်းဖြစ်သည်။ တစ်ဖက်တွင် သင်က “ကိစ္စတွေကို လုပ်တဲ့အခါမှာ သင် နည်းနည်းပိုကြိုးစားရမယ်။ ဝတ်ကျေတမ်းကျေလုပ်နေတာကို ရပ်ပါ။ နည်းနည်း ဆင်းရဲဒုက္ခခံရမယ်။ ဒါ ကျွန်တော်တို့တာဝန်ဖြစ်တယ်” ဟူ၍ ထိုသူကို ပြောသည်။ အခြားတစ်ဖက်တွင် သင်က အထက်ကို ပြန်ပြောပြီး “သူက ပိုကောင်းလာပါတယ်။ အခု တာဝန်ထမ်းဆောင်တဲ့အခါမှာ ပိုထိရောက်လာတယ်” ဟူ၍ ပြောသည်။ သို့သော် သင်၏ စိတ်တွင် အမှန်တကယ်စဉ်းစားနေသည်မှာ “ဒါ ငါ သူ့အပေါ် လုပ်ပေးလိုက်လို့ပဲ။ ငါမလုပ်ခဲ့ရင် သူက အရင်လိုပဲ ဖြစ်နေမှာပဲ” ဟူ၍ ဖြစ်သည်။ သင်၏ စိတ်တွင် “သူက ငါ့အပေါ်ကောင်းတယ်။ သူ့ကို ရှင်းလင်းပစ်လို့ မရဘူး” ဟူ၍ သင်က အစဉ် စဉ်းစားနေသည်။ ဤသို့သောအရာများသည် သင်၏ ရည်ရွယ်ချက်တွင်ရှိသောအခါ ဤသည်မှာ မည်သည့်အခြေအနေ ဖြစ်သနည်း။ ဤသည်မှာ တစ်ကိုယ်ရေ စိတ်ခံစားချက်ဆိုင်ရာ ဆက်ဆံရေးများကို ကာကွယ်ခြင်းအားဖြင့် အသင်းတော်၏ အလုပ်ကို ထိခိုက်နေခြင်းဖြစ်သည်။ ဤသို့ပြုမူဆောင်ရွက်ခြင်းက သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ဤအရာကို သင်လုပ်ဆောင်ရာတွင် ကျိုးနွံနာခံခြင်းရှိပါသလော။ (မရှိပါ။) ကျိုးနွံနာခံခြင်းမရှိပေ။ သင့်စိတ်နှလုံးတွင် အာခံခြင်းရှိသည်။ သင်သည် ကိုယ်ပိုင်စိတ်ကူးများရှိပြီး သင့်တွင်ဖြစ်ပျက်သောအရာများနှင့် သင်လုပ်ဆောင်ရမည့်အလုပ်တွင် သင်၏ ကိုယ်ပိုင် စိတ်ကူးများတွင် ခံစားချက်အရဖြစ်သော ဝေဖန်မှုများ ပါရှိနေပြီး ဤတွင် စိတ်ခံစားချက်ဆိုင်ရာ အချက်များ ရောနှောနေသည်။ သင်သည် ခံစားချက်များအရ အမှုအရာများကို လုပ်ဆောင်နေသည်။ သို့တိုင်အောင် သင်သည် မျက်နှာမလိုက်ဘဲ ဆောင်ရွက်နေသည်၊ သင်သည် လူတို့ကို နောင်တရရန် အခွင့်အရေးပေးနေသည်၊ သင်သည် ၎င်းတို့ကို ချစ်ခင်သော အကူအညီပေးနေသည်ဟု ယုံကြည်နေဆဲဖြစ်သည်။ ထို့ကြောင့် သင်က သင်ဆန္ဒရှိသလိုပြုမူသည်၊ ဘုရားသခင်ပြောသည့်အတိုင်း မပြုလုပ်ပေ။ ဤသို့ လုပ်ဆောင်ခြင်းသည် အလုပ်၏ အရည်အသွေးကို လျော့ပါးစေသည်၊ ယင်းသည် ထိရောက်မှုကို လျော့နည်းစေပြီး အသင်းတော်အလုပ်ကို ထိခိုက်သည်။ ထိုအရာအားလုံးသည် ခံစားချက်အတိုင်း ဆောင်ရွက်ခြင်း၏ ရလဒ်ဖြစ်သည်။ သင့်ကိုယ်သင် မဆန်းစစ်လျှင် ဤနေရာတွင် ပြဿနာကို သင် ခွဲခြားဖော်ထုတ်နိုင်မည်လော။ မည်သည့်အခါမျှ ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤနည်းဖြင့် ဆောင်ရွက်ခြင်းသည် မှားယွင်းကြောင်း၊ ဤသည်မှာ ကျိုးနွံနာခံမှုကင်းမဲ့ခြင်းဖြစ်ကြောင်း သင် သိကောင်းသိနိုင်သည်။ သို့သော် သင်သည် ယင်းကို သေချာစဉ်းစားပြီး “ငါ သူ့ကို ချစ်ခြင်းနဲ့ ကူညီရမယ်။ သူ့ကို ကူညီပေးပြီး ပိုကောင်းလာပြီးတဲ့နောက်မှာ သူ့ကို ရှင်းပစ်ဖို့ လိုမှာမဟုတ်ဘူး။ ဘုရားသခင်က လူတွေကို နောင်တရဖို့ အခွင့်အရေးမပေးဘူးလား။ ဘုရားက လူတွေကို ချစ်တယ်။ ဒါကြောင့် ငါသူတို့ကို ချစ်ခြင်းနဲ့ ကူညီရမယ်။ ဘုရားသခင် ခိုင်းတဲ့အတိုင်း ငါလုပ်ရမယ်” ဟု သင့်ကိုယ်သင် ပြောသည်။ ဤအရာများကို စဉ်းစားပြီးနောက် သင်သည် အမှုအရာများကို မိမိသဘောအတိုင်း လုပ်ဆောင်သည်။ ထို့နောက်တွင် သင်၏ စိတ်နှလုံးသည် သက်သာရာရသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ခံစားရသည်။ ဤဖြစ်စဉ်အတောအတွင်းတွင် သင်သည် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခဲ့သလော၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် ရည်ရွယ်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သလော။ သင်၏ လုပ်ဆောင်မှုများသည် လုံးဝ သင်၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် ရည်ရွယ်ချက်များနှင့်အညီပင် ဖြစ်သည်။ ဖြစ်စဉ်တစ်ခုလုံးတွင် သင်သည် ကိစ္စများ ချောမွေ့စေရန်အတွက် သင်၏ ကြင်နာခြင်းနှင့် ချစ်ခြင်းဆိုသောအရာ၊ ခံစားချက်များနှင့် လောကီ ဆက်ဆံရေးအတွက်ဖြစ်သော အတွေးအခေါ်များကို အသုံးပြုသည်။ သင်သည် ကြားနေဖို့ ကြိုးစားသည်။ သင်က ဤလူကို ချစ်ခြင်းနှင့် ကူညီသကဲ့သို့ရှိသည်။ သို့သော် သင်၏ စိတ်နှလုံးတွင် သင်သည် အမှန်တွင် ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို ခံရပြီး အထက်က သိရှိသွားမည်ကို ကြောက်ရွံ့ကာ ထိုသူကို ညှိနှိုင်းပြီး စည်းရုံးရန် ကြိုးစားသည်။ ဤသို့ဖြင့် မည်သူမျှ စိတ်မကျေမနပ်မဖြစ်ဘဲ အလုပ်ပြီးသွားရန်ဖြစ်သည်။ ယင်းမှာ ဘာသာတရားမရှိသူများ ကြားနေရန် ကြိုးစားသည့်အရာနှင့် အတူတူပင်ဖြစ်သည်။ အမှန်တွင် ဘုရားသခင်က ဤအခြေအနေကို မည်သို့ နှိုင်းချင့်သုံးသပ်သနည်း။ သူသည် သင့်ကို သမ္မာတရားကို ကျိုးနွံနာခံခြင်းမရှိသူ၊ သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအပေါ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည့်၊ ပိုင်းခြားစိတ်ဖြာသော သဘောထားကို မကြာခဏ ခံယူသည့်သူတစ်ဦးအဖြစ် အမျိုးအစားသတ်မှတ်လိမ့်မည်။ သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဤနည်းလမ်းအသုံးပြုလျက် သင် ချဉ်းကပ်သည့်အခါတွင်လည်းကောင်း၊ သင်၏ တာဝန်များကို ဤသဘောထားဖြင့် ထမ်းဆောင်သည့်အခါ သင်၏ ရည်ရွယ်ချက်က မည်သည့် အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်သနည်း။ ဘုရားသခင်၏ တောင်းဆိုချက်များကို မည်သို့မျှ အလေးထားခြင်း မရှိသကဲ့သို့ သင်၏ ကိုယ်ပိုင် တာဝန်များ သို့မဟုတ် အသင်းတော် အလုပ်အပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှုတစ်ခုမျှ မရှိဘဲ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများ၊ သင်၏ ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် သင်၏ အပြန်အလှန်ဆက်ဆံရေးများကို ကာကွယ်ရန် အသုံးခံလေသည်။ ထိုသို့သော လူတစ်ဦးသည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် လုံးဝ အသက်ရှင်နေခြင်း ဖြစ်သည်။ ၎င်းတို့ ပြောဆိုပြီး လုပ်ဆောင်သမျှတိုင်းသည် မိမိကိုယ်ပိုင် ဂုဏ်သိက္ခာ၊ ခံစားချက်များနှင့် အပြန်အလှန်ဆက်ဆံရေးများကို စောင့်ရှောက်ကာကွယ်ရန် ဖြစ်သည့်တိုင် ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်အပေါ် စစ်မှန်သည့် ကျိုးနွံနာခံမှု မရှိသကဲ့သို့ ဤပြဿနာများကို ကြေညာရန် သို့မဟုတ် ဝန်ခံရန် ကြိုးပမ်းမှုတစ်ခုမျှ မပြုလုပ်ကြချေ။ ၎င်းတို့သည် မိမိကိုယ်ကို အပြစ်တင်စိတ်တစ်စက်မျှ မရှိသကဲ့သို့ ပြဿနာများ၏ သဘောသဘာဝကို လုံးလုံးလျားလျား မသိနားမလည်ဘဲ ရှိနေကြသည်။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ကင်းမဲ့လျှင်၊ ဘုရားသခင်က ၎င်းတို့၏ စိတ်နှလုံးများတွင် နေရာမရှိလျှင် မည်သည့် တာဝန်များကို ၎င်းတို့ ထမ်းဆောင်နေကြသည်ဖြစ်စေ၊ မည်သည့် ပြဿနာများကို ၎င်းတို့ ကိုင်တွယ်ဖြေရှင်းနေကြသည်ဖြစ်စေ စည်းမျဉ်းများကို ၎င်းတို့ မည်သည့်အခါတွင်မျှ ဆောင်ရွက်နိုင်ခြင်း မရှိကြပေ။ မိမိတို့၏ ရည်ရွယ်ချက်များနှင့် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ အတွင်း၌ အသက်ရှင်ကြသည့် လူများသည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိကြပေ။ ဤအကြောင်းကြောင့် ပြဿနာတစ်ခုကို ၎င်းတို့ ကြုံရပြီး မိမိတို့၏ ရည်ရွယ်ချက်များကို မဆန်းစစ်သကဲ့သို့ ၎င်းတို့၏ ရည်ရွယ်ချက်များက မည်သည့်နေရာတွင် မှားယွင်းနေသည်ကို သတိမပြုနိုင်ဘဲ ထိုအစား အလိမ်အညာများနှင့် မိမိတို့ကိုယ်တိုင်အတွက် ဆင်ခြေများ ထွင်ရန် ကျိုးကြောင်းပြချက်မျိုးစုံ အသုံးပြုလျှင် အဆုံးတွင် မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများ၊ ဂုဏ်သိက္ခာနှင့် အပြန်အလှန်ဆက်ဆံရေးများအား ကာကွယ်ခြင်းနှင့်ပတ်သက်၍ အတော်လေး တော်ကြသော်လည်း ဘုရားသခင်နှင့် ၎င်းတို့၏ ပုံမှန်ဆက်ဆံရေး ဆုံးရှုံးကြပြီး ဖြစ်သည်။ လူအချို့သည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပြီး ဖြစ်သော်လည်း ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံအချို့နှင့် ပတ်သက်၍ မိတ်သဟာယပြုရန် တောင်းဆိုခံရသည့်အခါ ပြောစရာ မည်သည့်အရာမျှ မရှိကြချေ။ ၎င်းတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် စပ်လျဉ်း၍ အတွေ့အကြုံဆိုင်ရာ မည်သည့် သက်သေခံချက်မျှ မမျှဝေနိုင်ကြပေ။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်သည်မှာ အလွန် ရှားပါးပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်သည်မှာလည်း အလွန် ရှားပါလေသည်။ ထိုအစား ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုအတွင်း၌ အသက်ရှင်လျက် မိမိတို့ကိုယ်ပိုင် လမ်းကြောင်းအတွင်း လျှောက်လှမ်းရန် နှစ်သက်ကြသည်။ ၎င်းတို့၏ လုပ်ရပ်များသည် ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ အမြင်များ၊ လိုအင်ဆန္ဒများနှင့် အစီအစဉ်များ၏ ညွှန်းကြားခြင်းခံရပြီး တစ်ချိန်တည်းတွင်ပင် နောင်တမရဘဲ ရှိနေကြသည်။ ၎င်းတို့ ယုံကြည်သည်မှာ ဘုရားသခင်ဖြစ်ပြီး ၎င်းတို့ နားထောင်သည်မှာ ဘုရားနှုတ်ကပတ်တော်များ ဖြစ်သည်။ ၎င်းတို့ လက်ခံရရှိသည်မှာ သမ္မာတရားဖြစ်ပြီး ၎င်းတို့ မိတ်သဟာယပြုကာ ဟောပြောသည်မှာလည်း သမ္မာတရား ဖြစ်သည်။ သို့သော် ၎င်းတို့ အမှန်တကယ် လက်တွေ့လုပ်ဆောင်ကြသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း မဟုတ်ဘဲ ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် စိတ်ကူးများအတိုင်းသာ လက်တွေ့လုပ်ဆောင်ကြသည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များကို ၎င်းတို့ မည်သို့ သဘောထားကြသနည်း။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်း၏ မည်သည့် သွင်ပြင်လက္ခဏာကို လူတို့က တာဝန်အသိတတ်ဆုံး ဖြစ်သင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မည်သို့ တွေ့ကြုံပြီး သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည် ဟူသည်မှာ အရေးအပါဆုံး ကိစ္စဖြစ်သည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို ကြားကာ တရားဒေသနာများကို နားထောင်ပြီးနောက် ယင်းတို့ကို သွားပြီး လက်တွေ့လုပ်ဆောင်ခြင်း မရှိလျှင် ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ယုံကြည်နေခြင်း ဖြစ်သလော။ သူ၏ အမှုတော်ကို ၎င်းတို့ အမှန်တကယ် တွေ့ကြုံနေကြသလော။ ၎င်းတို့သည် တာဝန်သိတတ်သင့်သည့် နေရာတွင် အဘယ်ကြောင့် သိတတ်ခြင်း မရှိကြသနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည့် အချိန်တွင် ဘုရားသခင်နှင့် သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ အဘယ်ကြောင့် သံသယဝင်ကြသနည်း။ “ဘုရားသခင်တွင် အဘယ်ကြောင့် ဤတောင်းဆိုချက်များ ရှိသနည်း။ ယင်းတို့သည် သူ၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသလော။ ဘုရားသခင်သည် ဤကဲ့သို့တောင်းဆိုချက်များ ပြုလုပ်လျှင် ချစ်ခြင်းမေတ္တာ ဖြစ်သေးသလော။ ဤတောင်းဆိုချက်များရှိခြင်းသည် သူ လုပ်ဆောင်မည့် အရာတစ်ခုနှင့် မတူဟုထင်ရသည်၊ မှန်ပါသလော။ ကျွန်ုပ် လက်မခံနိုင်ပါ။ ဘုရားသခင်၏ တောင်းဆိုချက်များက တော်တော် မစာမနာဖြစ်သည်။ လူသား အယူအဆများနှင့် စိတ်ကူးများကို များစွာ ဆန့်ကျင်နေသည်”ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ကိစ္စရပ်များကို ဤကဲ့သို့ ချိန်ဆသောသူသည် သမ္မာတရားကို လက်ခံနိုင်သလော။ (လက်မခံနိုင်ပါ။) ဤသည်မှာ သမ္မာတရားကို လက်ခံသည့် သဘောထား မဟုတ်ပေ။ ဤသဘောထားနှင့် ဤရည်ရွယ်ချက်များဖြင့် ဘုရားသခင်၏ တောင်းဆိုချက်များကို တိုင်းတာပြီး ချဉ်းကပ်ခြင်းဟူသည်မှာ ဘုရားသခင်ထံ မိမိ၏ စိတ်နှလုံးကို ဖွင့်ဟခြင်းဖြစ်သလော၊ ပိတ်ခြင်း ဖြစ်သလော။ (ပိတ်ခြင်း ဖြစ်ပါသည်။) ထိုအရာသည် လက်ခံသည့် သဘောထား မဟုတ်ဘဲ အတိုက်အခံလုပ်သည့် သဘောထားတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် စပ်လျဉ်း၍ ထိုသို့သော လူများသည် ဦးစွာပထမ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ၎င်းတို့ထဲမှ အချို့က “ဘုရားသည် အသင်းတော်၏ ညီအစ်ကို မောင်နှမများနှင့် များစွာ ဆက်ဆံခြင်း မရှိလေပြီ။ အသင်းတော်၏ အရေးကိစ္စများကို သူ မသိပါ။ ဘုရားအိမ်တော်သည် အမှုကိစ္စများကို အနည်းငယ် တစ်ယူသန်လွန်းစွာ ကိုင်တွယ်နေသည် မဟုတ်လော။ ဤသည်မှာ အမှုအရာများကို ကျွန်ုပ်တို့ လုပ်ဆောင်သည့်ပုံစံ မဟုတ်ပါ။ ကျွန်ုပ်တို့သည် အမှုအရာများကို ညီအစ်ကို မောင်နှမများကို အခွင့်အရေးများ ပေးလျက် သူတို့၏ အခြေအနေများကို အခြေခံ၍ လုပ်ဆောင်သည်။ ထို့အပြင် လူ့ဇာတိခံ ဘုရားသည် လူသား အားနည်းချက်ကို နားလည်မှုရှိသင့်သည်။ သူ့အနေဖြင့် ထောက်ထားမည် မဟုတ်လျှင် ကျွန်ုပ်တို့ ထောက်ထားမည်။ ဘုရား မထောက်ထားသည့် အရာအချို့ ရှိသော်လည်း ကျွန်ုပ်တို့ ထောက်ထားမည်”ဟုပင် သရော်ကြသည်။ မည်သည့်သဘောထားမျိုးကို ၎င်းတို့ ခံယူနေကြသနည်း။ ထိုအရာမှာ အတိုက်အခံလုပ်၊ ဝေဖန်ပြီး ပြစ်တင်ရှုတ်ချသည့် သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ကိစ္စရပ်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြပြီးနောက် ဝေဖန်ကြသည်။ ၎င်းတို့ မည်သို့ ဝေဖန်ကြသနည်း။ ၎င်းတို့က “မည်သို့ဆိုစေ ဘုရားသည် ဖြောင့်မတ်ပြီး ကျွန်ုပ် ယုံကြည်သည်မှာ ဘုရားဖြစ်သည်၊ လူသား မဟုတ်ပါ။ ဘုရားသခင်သည် လူတို့၏ အတွင်းကျကျ စိတ်နှလုံးများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်”ဟု ပြောကြသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (လူ့ဇာတိခံ ဘုရားသခင်ကို ၎င်းတို့ ငြင်းပယ်ကြပါသည်။) မှန်ပေ၏။ ၎င်းတို့၏ စိတ်နှလုံးများတွင် ခရစ်တော်၏ စကားများက ဘုရားသခင်ကို သေချာပေါက် ကိုယ်စားပြုခြင်းမရှိဟု သွယ်ဝိုက်ညွှန်းဆိုလျက် ခရစ်တော်ကို ငြင်းပယ်ကြသည်။ ခရစ်တော်၏ လုပ်ရပ်များနှင့် စကားများက ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၊ ရည်ရွယ်ချက်များ၊ အမြင်များနှင့် ကွဲလွဲသည့်အခါ သို့မဟုတ် ဆန့်ကျင်သည့်အခါ ဘုရားသခင်ကို ငြင်းပယ်ကြသည်။ “မည်သို့ဆိုစေ၊ ကျွန်ုပ်ယုံကြည်သည်မှာ ဘုရား ဖြစ်ပြီး ဘုရားသည် ဖြောင့်မတ်ပါသည်။ လူတို့၏ အတွင်းကျကျ စိတ်နှလုံးများကို သူ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်” ဟူ၍ဖြစ်သည်။ ဤပြောဆိုချက်များက အဘယ်နည်း။ ဝေဖန်ချက်များ ဖြစ်သလော။ ဤပြောဆိုချက်များ၏ သဘောသဘာဝမှာ အဘယ်နည်း။ (ပြစ်မှားစော်ကားခြင်းဖြစ်သည်။) လူတို့အကြောင်းကို ၎င်းတို့၏ နောက်ကွယ်တွင် ပြောဆိုခြင်းသည် ဝေဖန်တိကပြုရာရောက်သည်။ ဘုရားသခင်အကြောင်းကို သူ၏ နောက်ကွယ်တွင် ပြောဆိုခြင်းသည် ဝေဖန်တိကပြုရာမျှ ရောက်သည် မဟုတ်။ ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ဘုရားသခင်ကို ပြစ်မှားစော်ကားနိုင်စွမ်းရှိသောသူတို့သည် စစ်မှန်သော ယုံကြည်သူများ ဖြစ်နိုင်သလော။ ၎င်းတို့သည် အသိတရားနှင့် အသိစိတ် ရှိသည့် လူများ ဖြစ်သလော။ ဘုရားသခင် ကယ်တင်မည့်လူများ ဖြစ်သလော။ ဤလူများသည် စာတန်၏ လက်ပါးစေ စစ်စစ်များဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သော လူများဖြစ်ပြီး ငြင်းပယ်ကာ ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်ပေသည်။
အသင်းတော်များတွင် ဘုရားသခင်နှင့် ပတ်သက်၍ မှတ်ချက်ပေးခြင်းနှင့် သူ၏ အမှုတော်ကို စီရင်ဝေဖန်ခြင်း သရုပ်သကန်များ ရှိသလော။ ယင်းတို့သည် ပျံ့နှံ့ခြင်းမရှိသော်လည်း၊ မုချ ဖြစ်ပွားသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့် အသင်းတော်တွင်မဆို အချို့သော မယုံကြည်သူများနှင့် ဆိုးယုတ်သော လူများ တည်ရှိသောကြောင့် ဖြစ်သည်။ ယခုအခါတွင် သတ်သတ်မှတ်မှတ် ဖြစ်သော အခြေအနေများတွင် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သည့်သူများ၏ စိတ်နှလုံးများတွင် ဤအခြေအနေမျိုး ဖြစ်ပေါ်နိုင်မည်လော။ သင်တို့အထဲတွင် ဝေဖန်ခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းကဲ့သို့သော အရာများ ဖြစ်ပေါ်လျှင် သင်တို့၏ အတွင်းပိုင်း တုံ့ပြန်ချက်မှာ အဘယ်နည်း။ ပြဿနာ၏ ပြင်းထန်သော သဘောသဘာဝကို သင် သဘောပေါက်နိုင်သလော။ ဥပမာအနေဖြင့် သင် အိမ်ထောင် မပြုဖူးသော်လည်း သင့်တင့်လျောက်ပတ်သည့် ပတ်ဝန်းကျင်တစ်ခုတွင် ရှိပြီး၊ သင် တွဲလိုသည့် သဘောကောင်းသော လက်တွဲဖော်ဖြစ်ဖို့ အလားအလာရှိသူတစ်ဦးကို ဆုံတွေ့ရသည်ဆိုပါစို့။ သင့်အနေဖြင့် သင့်ဘဝတစ်ခုလုံးကို ဘုရားသခင်ထံ ဆက်ကပ်မည်ဖြစ်ပြီး လက်တွဲဖော် ရှာမည်မဟုတ်ဟု ယခင်က ဘုရားသခင်ကို ကတိပေးခဲ့သော်လည်း သင်၏ စိတ်နှလုံးတွင် ဤလူနှင့်ပတ်သက်၍ ခံစားချက်ကောင်းတစ်ခု ရှိနေဆဲဖြစ်သောကြောင့် ၎င်းနှင့်တွဲရန် သင် ဆုံးဖြတ်သည်။ သို့သော် တွဲပြီးနောက်တွင် အတားအဆီးများစွာ ရှိသည်ကို သင် တွေ့ရှိရပြီး သူနှင့်တွဲခြင်းက မသင့်လျော်ကြောင်း၊ ဘုရားသခင်က အခွင့်မပေးကြောင်းကို သင် သဘောပေါက်လေသည်။ သူ့ကို သင် စွန့်ပစ်လိုက်ချင်သော်လည်း၊ သင် လက်မလွှတ်နိုင်သောကြောင့် ဘုရားသခင်ထံ သင် ဆုတောင်းပြီး သင့်ကိုယ်သင် ကျိန်ဆဲကာ ပုန်ကန်သည်။ ပြီးလျှင် အဆုံးတွင် သင်တို့နှစ်ဦးလုံး လမ်းခွဲရသည်။ လမ်းခွဲပြီးနောက်တွင် သင်သည် စိတ်ဝေဒနာ အကြီးအကျယ် ခံစားရသည်။ ဤသည်မှာ ပုံမှန်ဖြစ်၏။ ဤသည်မှာ လူ့သဘာဝ၏ ပုံမှန် အားနည်းချက် ဖြစ်သည်။ သို့သော် သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်မဖြစ်ရ။ လူအများစုသည် ဤအတွေ့အကြုံကို ဖြတ်သန်းပြီး ဘုရားသခင်နှင့်ပတ်သက်၍ စောဒကမတက်ဘဲ ရှိနိုင်မည်လော။ အများစုက ရှိနိုင်မည် မဟုတ်သကဲ့သို့ ဤအရာက သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားကို ထင်ဟပ်စေသည်။ ဤကဲ့သို့သော အခြေအနေတစ်ခုတွင် ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်သည်မှာ မည်သည့် မှားယွင်းသော အတွေးများ ရှိခြင်း ဖြစ်ရမည်နည်း။ (ဘုရားသခင်ကို ကျွန်ုပ် မယုံကြည်ခဲ့လျှင် လက်တွဲဖော်တစ်ဦးကို ကျွန်ုပ် ရှာတွေ့နိုင်ခဲ့မည်ဖြစ်သည်ဟူ၍ ဖြစ်သည်။) ဤကဲ့သို့သော အတွေးတစ်ခုသည် ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်သလော။ ၎င်းတို့သည် အတော်အတန် ဘုရားသခင်ကို မယုံကြည်ချင်ကြ။ ၎င်းတို့ လက်လျှော့ချင်ကြသည်။ ၎င်းတို့က “ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းအား ငါ အဘယ်ကြောင့် ရွေးချယ်ခဲ့ရသနည်း။ ဘုရားသခင်ကို မယုံကြည်ခြင်းက အလွန် ကောင်းမည်။ ငါ လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်နိုင်မည်။ ထိုသို့သော သင့်တော်သည့် လက်တွဲဖော်တစ်ဦးကို ရှာတွေ့ရန် မလွယ်ပါ။ ၎င်းကို ငါ လက်လွှတ်ခံလျှင် မကြာမီ ငါ့ကို လိုချင်သူမည်သူမဆိုအတွက် ငါ အလွန် အရွယ်လွန်သွားလိမ့်မည်။ တစ်စုံတစ်ဦးကို တစ်ဖန် ရှာတွေ့ရန် ငါ လုံးဝ မကြိုးစားသင့်ဘူးလော။ ဤသည်မှာ ငါ့ဘဝ၏ ကျန်သည့် အချိန်ကို ကုန်ဆုံးမည့်ပုံစံ ဖြစ်သလော”ဟု တွေးကြသည်။ ဤလူက မယုံကြည်ချင်တော့သည်အထိပင် အပျက်သဘောဆောင်သော၊ နောင်တရသော အတွေးများက ၎င်းတို့ခေါင်းထဲ ဝင်လာသည်။ ဤသည်တို့မှာ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် သစ္စာဖောက်ခြင်းတို့၏ သရုပ်သကန်များ ဖြစ်သည်။ သို့သော် ဤသည်မှာ အဆိုးရွားဆုံး မဟုတ်ပေ။ မည်သည့် အတွေးများက ဤအရာထက် သာ၍ ဆိုးရွားသနည်း။ ဤအရာမျိုးကို သင်တို့ တွေ့ကြုံပြီးပြီလော။ (မတွေ့ကြုံရသေးပါ။) ထိုအရာကို မတွေ့ကြုံရခြင်းက အမှန်တကယ်ကို တော်တော် အန္တရာယ်များ၏။ ထိုသို့သော အရာများကို တွေ့ကြုံသူများသည် ယင်းတို့၏ သွင်ပြင်လက္ခဏာအချို့ကို ရှင်းလင်းစွာ မြင်နိုင်ကြသည်။ အကြွင်းမဲ့ အာမခံချက်တစ်ခု မဟုတ်သော်လည်း၊ ၎င်းတို့သည် အတော်အတန် သာ၍ ဘေးကင်းလုံခြုံကြသည်။ ထိုသို့သော အတွေ့အကြုံများမရှိသည့် သူများက ရင်ဆိုင်ရသည့် စုံစမ်းသွေးဆောင်ခြင်းသည် အသေးအဖွဲမဟုတ်ပေ။ ၎င်းတို့အနေဖြင့် နိုးနိုးကြားကြား ရှိရမည်။ အကြောင်းမှာ နိုးနိုးကြားကြား ရှိခြင်း တစ်ခုတလေ လစ်ဟင်းသည်နှင့် စုံစမ်းသွေးဆောင်ခြင်းကို ၎င်းတို့ မလွန်ဆန်နိုင်ဖြစ်ကြလိမ့်မည်ဖြစ်သည်။ လူအချို့က “နောက်ဆုံးသော ကာလတွင် မွေးဖွားပြီး ဘုရားသခင်၏ ရွေးချယ်ခြင်းခံရခြင်းက ကောင်းသည်။ ထို့အပြင် ကျွန်ုပ်သည် ငယ်ရွယ်သည်၊ မိသားစု အနှောင်အဖွဲ့များ မရှိသဖြင့် ကျွန်ုပ်၏ တာဝန်များကို လွတ်လွတ်လပ်လပ် လုပ်ဆောင်၍ရသွားသည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ မကောင်းသည့်ဘက်တစ်ခု ရှိသည်မှာ တကယ့်ကို အလွန် ဆိုးသည်။ ယင်းမှာ သင့်တော်သည့် လက်တွဲဖော်တစ်ဦးကို ငါ တွေ့ဆုံရလျှင်ပင် သူ့ကို ငါ လိုက်၍မရ သို့မဟုတ် အိမ်ထောင်ပြု၍ မရခြင်း ဖြစ်သည်။ သို့သော် အဘယ်ကြောင့် အဖော်တစ်ဦးကို ငါ ရှာဖွေ၍ မရသနည်း။ အိမ်ထောင်ပြုခြင်းက အပြစ်တစ်ခုလော။ အိမ်ထောင်ဖက်နှင့် သားသမီးများရှိသည့် ညီအစ်ကို မောင်နှမများစွာ ရှိသည် မဟုတ်လော။ ပြီးလျှင် ၎င်းတို့သည်လည်း ဘုရားသခင်ကို မယုံကြည်ကြပါ။ ငါက လက်တွဲဖော် ရှာခွင့်မရသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားသခင် မဖြောင့်မတ်ပါ”ဟု တွေးဆကြသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ဝေဖန်မှုနှင့် သူနှင့်ပတ်သက်သည့် မကျေနပ်မှုတို့က ထွက်ပေါ်လာသည်။ ဤအရာအားလုံး ဘုရားသခင်၏ လုပ်ဆော်ချက်များသာဖြစ်သည်၊ အားလုံးက ဘုရားသခင်ထံမှ လာသည်ဟု ၎င်းတို့က ဆုံးဖြတ်ချက်ချကြသည်။ ထို့ကြောင့် ၎င်းတို့သည် သူ့ကို မကျေမချမ်းဖြစ်ကာ မိမိတို့၏ စောဒကတက်ခြင်းများကို ဖွင့်ထုတ်ကြသည်။ “ဘုရားသခင်သည် ငါ့အတွက် အလွန်မျှတခြင်း မရှိပါ။ သူသည် အလွန် မငဲ့ကွက်တတ်ပါ။ အခြားလူများက အိမ်ထောင်ပြုနိုင်သည်၊ ငါ အဘယ်ကြောင့် အိမ်ထောင်ပြု၍ မရသနည်း။ အခြားလူများက သားသမီးများ ရှိနိုင်သည်၊ ငါ အဘယ်ကြောင့် ရှိ၍ မရသနည်း။ ဘုရားသခင်က အခြားလူတို့ကို ဤအခွင့်အရေးပေးသည်၊ အဘယ်ကြောင့် သူက ကျွန်ုပ်ကို မပေးသနည်း”ဟူ၍ ဖြစ်သည်။ စောဒကတက်ခြင်းများနှင့် ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ဤသည်မှာ မည်သည့်အခြေအနေ ဖြစ်သနည်း။ (အတိုက်အခံလုပ်၊ ဆန့်ကျင်တတ်သော အခြေအနေတစ်ခု ဖြစ်သည်။) အတိုက်အခံလုပ်ခြင်း၊ မကျေနပ်ခြင်း၊ အင်တင်တင်ဖြစ်နေခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်နေသည့်အရာကို လက်ခံခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက် စိုးစဉ်းမျှ မဟုတ်ပေ။ ၎င်းတို့သည် သူ့အား အခြားအရာကိုသာ လုပ်ဆောင်စေချင်ကြသည်။ သို့သော်လည်း ၎င်းတို့ အိမ်ထောင်ပြုပြီး သံယောဇဉ်များ ရှိခဲ့လျှင် မလွတ်လပ်မည်ကိုလည်းကောင်း၊ ၎င်းတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်တော့မည် မဟုတ်သည်ကိုလည်းကောင်း၊ ထိုသို့ဖြင့် နောက်ပိုင်းတွင် ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းမှ ၎င်းတို့အား တားဆီးမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် အိမ်ထောင်ပြုဖို့ ရွေးချယ်ရန် ဝန်လေးနေကြဆဲ ဖြစ်သည်။ ထိုသို့သော နောင်တဖြင့် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြမည်နည်း။ အမှန်တွင် ဤသည်မှာ သင်ကိုယ်တိုင် ရွေးချယ်သော လမ်းကြောင်း ဖြစ်သည်။ ဘုရားသခင်က လူသားများကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ပေးထားသည်။ သင့်အနေဖြင့် လက်တွဲဖော်ကို ရှာကာ အိမ်ထောင်ပြုချင်သည်ဖြစ်စေ၊ သမ္မာတရားနှင့် ကယ်တင်ခြင်းကို လိုက်စားချင်သည်ဖြစ်စေ သင် ရွေးချယ်နိုင်သည်။ ဤသည်မှာ လုံးဝ ကိုယ်ရေးကိုယ်တာ ရွေးချယ်မှုတစ်ခု ဖြစ်သည်။ မှန်ကန်စွာ သင် ရွေးချယ်ခြင်း ရှိမရှိက ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ ထို့ကြောင့် သင်သည် သူနှင့်ပတ်သက်၍ အဘယ်ကြောင့် စောဒကတက်ရသနည်း။ သူသည် ဖြောင့်မတ်ခြင်းမရှိဟု သင် အဘယ်ကြောင့် စောဒကတက်ရသနည်း။ သင့်ထံတွင် အဘယ်ကြောင့် အလွန်များသည့် စောဒကတက်ခြင်းများရှိသနည်း။ (အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ ကိုယ်ပိုင် အကျိုးစီးပွားများက မပြည့်ဝသောကြောင့် ဖြစ်သည်။) သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ထိုအရာက ထိခိုက်သည့်အခါ စိတ်ထဲတွင် သင် မကျေမနပ်ဖြစ်လာသည်။ ဆုံးရှုံးမှုတစ်ခုကို သင် ခံစားရပြီဟု ထင်သောကြောင့် ဘုရားသခင်ကို သင် အပြစ်တင်ပြီး မဲရန် အကြောင်းပြချက်များကိုပင် ရှာဖွေလေသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ (မလိုမုန်းထားသော စိတ်သဘောထားတစ်ခု ဖြစ်သည်။) ဤသည်မှာ မလိုမုန်းထားခြင်း ဖြစ်သည်။ ဘုရားသခင်ကို အပြစ်တင်ခြင်း၊ သူသည် ဖြောင့်မတ်ခြင်းမရှိဟု ညည်းညူခြင်း၊ သူ၏ အစီအစဉ်များက မိမိ၏ ကိုယ်ပိုင် အကျိုးစီးပွားများ မပြည့်ဝသောအခါတိုင်းတွင် သူ၏ အစီအစဉ်များက သင့်တော်ခြင်းမရှိဟု ညည်းညူခြင်းဖြစ်သည့် ဤသည်မှာ မလိုမုန်းထားပြီး စိတ်နှလုံးခိုင်မာသည့် စိတ်သဘောထားတစ်ခုနှင့် သမ္မာတရားကို မချစ်ခင်ခြင်း ဖြစ်သည်။ ဤအခြေအနေများနှင့် အတွေးများသည် လူတို့ထဲတွင် အဘယ်သို့ ထွက်ပေါ်သနည်း။ ဤအခြေအနေများကြောင်းသာ မဟုတ်ခဲ့လျှင် ဤအရာများသည် ထွက်ပေါ်ကာ ထုတ်ဖော်ခံရဦးမည်လော။ (ထုတ်ဖော်ခံရမည် မဟုတ်ပါ။) ထိုသို့သော အခြေအနေတစ်ခုကို ရင်ဆိုင်နေရချိန်တွင် သင်၏ သက်ဆိုင်သော အကျိုးစီးပွားများသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဆန့်ကျင်လိမ့်မည် မဟုတ်သကဲ့သို့ သင်၏ အကျိုးစီးပွားများသည် မည်သည့်နည်းနှင့်မျှ ထိခိုက်ခံရလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်အပါ် သင်၏ ချစ်ခြင်းနှင့် လိုက်စားခြင်းတို့က အခြားလူတိုင်းထက် ပိုကောင်းမွန်ကာ ပိုအားကောင်းသည်ဟု သင် တွေးထင်လေသည်။ သို့သော် ဤအခြေအနေကို သင် ရင်ဆိုင်ရပြီး သင်၏ အကျိုးစီးပွားများ ပါဝင်ပတ်သက်သည့်အခါ သင်၏ အကျိုးစီးပွားများကို သင် လက်မလွှတ်နိုင်သောကြောင့် ဘုရားသခင်နှင့်ပတ်သက်၍ သင် စောဒကတက်ခြင်း ဖြစ်သည်။ ဤကိစ္စရပ်မှ မည်သည့်အရာကို သင် မြင်နိုင်သနည်း။ လူတို့ကို မကြာခဏ ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူကာ ဝေဖန်စေသည့်အရာမှာ အဘယ်နည်း။ (၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ မပြည့်ဝသည့်အခါတွင် ဖြစ်သည်။) ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့်သက်ဆိုင်သည့်အခါ ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ လိုအင်ဆန္ဒများနှင့် အစီအစဉ်များ မပြည့်ဝသည့်အခါ လူတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်၊ ဝေဖန်ပြီး စောဒကတက်ကြကာ ပြစ်မှားပင်ပြစ်မှားစော်ကားနိုင်သည်။ အမှန်တွင် ဝေဖန်ပြစ်တင်ခြင်း ကိုယ်၌က အတိုက်အခံလုပ်သည့် အခြေအနေတစ်မျိုး ဖြစ်သည်။ ပြစ်မှားစော်ကားခြင်းက သာ၍ပင် ဆိုးရွား၏။ ၎င်းတို့၏ အကျိုးစီးပွားများ ထိခိုက်သည့်အခါ ထိုအကြောင်းကို တွေးလေ၊ ပိုဒေါသထွက်လေဖြစ်ကြသည်၊ ပိုမကျေမနပ်ဖြစ်လာကြပြီး မတရားခံရသည်ဟု ခံစားရလေ ဖြစ်ကြသည်။ ၎င်းတို့သည် စတင် အတိုက်အခံလုပ်ကာ မိမိတို့၏ စိတ်တွင် ဤအတွေးများဖြင့် ၎င်းတို့၏ နှုတ်ခမ်းများမှ စောဒကတက်ခြင်းများ လျှံထွက်လာကာ စတင်ဝေဖန်အပြစ်တင်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လက္ခဏာတစ်ခု ဖြစ်သည်။
ဘုရားသခင်ကို လူတစ်ဦး အတိုက်အခံလုပ်ခြင်း၏ ခိုင်လုံသော သရုပ်သကန်အချို့မှာ အဘယ်နည်း။ (မိမိတာဝန်ကို လုံ့လရှိစွာ မလုပ်ဆောင်ခြင်း၊ မိမိတို့တာဝန်တွင် ဝတ်ကျေတမ်းကျေဖြစ်ခြင်းတို့ ဖြစ်သည်။) ဤသည်မှာ သွင်ပြင်လက္ခဏာ တစ်ခုဖြစ်သည်။ ယခင်က၊ ဤလူသည် မိမိတာဝန်ကို ထမ်းဆောင်ခြင်းအတွက် မိမိအားအင်၏ ၇၀ ရာခိုင်နှုန်း သို့မဟုတ် ၈၀ ရာခိုင်နှုန်းကို ပေးအပ်မြှုပ်နှံနိုင်ပြီး မည်သည့်အရာကိုမဆို လုပ်ဆောင်သည်ဖြစ်စေ မိမိကိုယ်ကိုယ် ပေးအပ်မြှုပ်နှံနိုင်ခဲ့ကြသော်လည်း၊ ယခုတွင် ဘုရားသခင်နှင့်ပတ်သက်သည့် အတွေးများ ထားရှိကြပြီး၊ မိမိတာဝန်ကို ထမ်းဆောင်လင့်ကစား ဘုရားသခင်၏ ကောင်းချီးများ သို့မဟုတ် ကျေးဇူးတော်ကို မရရှိသေးဟု ခံစားရသည်။ ဘုရားသခင်ကို မဖြောင့်မတ်သောသူအဖြစ် ဝေဖန်ခြင်းအပြင်၊ ၎င်း၏ စိတ်နှလုံးထဲတွင် ဝန်လေးမှုလည်းရှိသည်။ ထို့ကြောင့် လုံးဝ ဝတ်ကျေတမ်းကျေ ပုံစံတစ်ခုဖြင့် ပြုမူလျက်၊ မိမိတာဝန်ကို ထမ်းဆောင်သည့်အခါ မိမိအားထုတ်မှု၏ ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၂၀ ရာခိုင်နှုန်းသာ ၎င်းက အသုံးပြုသည်။ ဤသည်မှာ ပုန်ကန်တတ်သော အခြေအနေတစ်ခုကြောင့် ဖြစ်သည့် အတိုက်အခံလုပ်သော အပြုအမူတစ်မျိုး ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း (မဆင်မခြင် ပစ်ပယ်လိုက်ခြင်းဖြစ်သည်။) ဤအရာ မည်သို့ ထင်ရှားသနည်း။ ဥပမာအနေဖြင့်၊ တစ်စုံတစ်ဦးက အဖွဲ့ခေါင်းဆောင်အဖြစ် ပြုမူဆောင်ရွက်နေချိန်တွင် ဝိညာဉ်ရေးရာ ဝတ်ပြုမှုများတွင် ဆုတောင်း၊ ပါဝင်ရန်နှင့် ပြင်ဆင်ရန်အလို့ငှာ နံနက် ၈ နာရီ စုဝေးပွဲအတွက် နံနက် ၅ နာရီတွင် ထလေ့ရှိသည်ဆိုပါစို့။ ထို့နောက် စုဝေးပွဲတွင် မိတ်သဟာယပြုရန် အကြောင်းအရာကို ၎င်းတို့ မှတ်တမ်းတင်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အပြည့်အဝ ပေးအပ်မြှုပ်နှံလျက် တာဝန်ထမ်းဆောင်မှုအပေါ် လေးနက်သည့် သဘောထားတစ်ခု ရှိခဲ့ကြသည်။ သို့သော် တစ်ကြိမ် ပြုပြင်ခံရသည့်နောက်တွင်၊ ၎င်းတို့က၊ “စောစောထရသည့် ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်က မမြင်သကဲ့သို့ ထိုအတွက် မည်သူကမျှ ငါ့ကို မချီးမွမ်းပါ။ ငါ့တာဝန်ကို ငါ သစ္စာစောင့်သိစွာ လုပ်ဆောင်သည်ဟု ပြောသည့်သူ တစ်ဦးတစ်လေမျှ မရှိပါ။ ထို့အပြင်၊ ငါ အလုပ်ကြိုးစားမှုရှိသော်လည်း၊ အမြဲ ပြုပြင်ခံရသည်။ ပြီးလျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကိုလည်း ငါ မရရှိသေးပါ။ အနာဂတ် ဆုလာဘ်များပင်လျှင် ယခု ထိခိုက်နိုင်ခြေရှိသည့်ပုံပေါ်သည်”ဟု စတင် တွေးဆလေသည်။ ထို့ကြောင့် လာမည့် စုဝေးပွဲတွင် ၎င်းတို့သည် ကြိုတင် ပြင်ဆင်ခြင်းမရှိ၊ သို့မဟုတ် စိတ်ထက်သန်စွာ မိတ်သဟာယပြုခြင်း မရှိကြသကဲ့သို့ မှတ်တမ်းများ ရေးမှတ်ခြင်းကို ရပ်လိုက်ကြသည်။ ဤသည်မှာ မည်သည့် သဘောထား ဖြစ်သနည်း။ (တာဝန်မဲ့သော သဘောထားတစ်ခု ဖြစ်သည်။) ၎င်းတို့သည် တာဝန်မဲ့ကြပြီး ဝတ်ကျေတမ်းကျေဖြစ်ကာ မိမိတို့၏ စိတ်နှလုံးနှင့် အစွမ်းခွန်အားရှိသမျှကို ပေးအပ်မြှုပ်နှံလိုခြင်း မရှိကြတော့ချေ။ ၎င်းတို့သည် အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ကြသနည်း။ ၎င်းတို့ထဲတွင် ပြဿနာဖြစ်စေသည့် အရာတစ်ခု ရှိသည်။ ၎င်းတို့သည် “ကိုယ်တော်၏ ပြုပြင်ခြင်းက ကျွန်ုပ်ကို စိတ်မသက်မသာဖြစ်စေသည်။ ထို့ကြောင့် ဤသည်မှာ ကျွန်ုပ်က ကိုယ်တော်ကို ဆက်ဆံပုံသာ ဖြစ်သည်။ ငါ့စိတ်နှလုံးကို အကြွင်းမဲ့ ငါ ပေးအပ်မြှုပ်နှံလေ့ရှိသော်လည်း၊ ဘုရားသခင်က ငါ့ကို အသိအမှတ်မပြုခဲ့ပါ။ ဘုရားသခင်က လူတို့ကို မမျှမတဆက်ဆံသည်။ ထို့ကြောင့် ငါ့တာဝန်ကို ထမ်းဆောင်ရန် ငါအကောင်းဆုံး လုပ်မည် မဟုတ်တော့ပါ”ဟု တွေးလျက်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဖက်ပြိုင်လေသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့၏ လူမဆန်မှုက ပေါ်လွင်နေသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်ကြသည်။ လူ၏ အတွင်းကျကျ စိတ်နှလုံးကို ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ကို ငြင်းပယ်ကြသည်။ ဘုရားသခင်က လူအား အမှန်တကယ်ချစ်သည်ကို ငြင်းပယ်ကြသည်။ ဘုရားသခင်၏ အနှစ်သာရကို ငြင်းပယ်ကြပြီး၊ မိမိတို့ကိုယ်ပိုင် အယူအဆကိုအခြေခံ၍သာ ဘုရားသခင်ကို ဆက်ဆံကြလေသည်။ ဘုရားသခင်ကို ဤနည်းဖြင့် ဆက်ဆံခြင်းမှ မည်သည့် အပြုအမူများ ထွက်ပေါ်သနည်း။ အမှုမဲ့အမှတ်မဲ့ဖြစ်ခြင်း၊ မဆင်မခြင် ပစ်ပယ်ခြင်းနှင့် တာဝန်မဲ့ခြင်းတို့အပြင်၊ မကျေနပ်ချက်များနှင့် အထင်လွဲမှုများ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများကိုပင် ဖြန့်ပြီး အခြားသူများကို သွေးထိုးလှုံ့ဆော်ကြလိမ့်မည်။ “ဘုရားသခင်ကို ယုံကြည်ခြင်းက ကောင်းချီးမင်္ဂလာများ သင် ရရှိလိမ့်မည်ကို မသေချာစေပါ။ ထို့အပြင် မည်သည့် ကောင်းချီးများဖြစ်သနည်း။ ယင်းတို့ကို တစ်ဦးတလေက မြင်ရလေပြီလော။ ကျွန်ုပ်တို့အားလုံးသည် ပေါလု၏ လမ်းကြောင်းကို လျှောက်နေကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ထဲမှ မည်မျှသည် ပေတရုကဲ့သို့ ဖြစ်နိုင်သနည်း။ ဘုရားသခင်က စုံလင်အောင်ပြုခြင်း ခံရဖို့ ကံကောင်းကြပါစေ”ဟူ၍ ဖြစ်သည်။ ၎င်းတို့ ဖြန့်နေသည့်အရာမှာ အဘယ်နည်း။ ဘုရားသခင်အပေါ် ၎င်းတို့၏ ဝေဖန်ခြင်းနှင့် အယူအဆများအပြင်၊ သူနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်မကျေနပ်မှုတို့ ဖြစ်သည်။ ဤအပြုအမူ၏ သဘောသဘာဝမှာ အဘယ်နည်း။ ထိပ်တိုက်ရင်ဆိုင်ခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အဘယ်ကြောင့် အလွန် ထိပ်တိုက်ရင်ဆိုင်တတ်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ စွဲကိုင်သည့် အမြင်များက မမှန်ကန်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အပေါ် ဘုရားသခင်၏ သဘောထား၊ ၎င်းတို့အတွက် သူ၏ သတ်မှတ်ချက်များနှင့် ၎င်းတို့အပေါ် သူ၏ ချဉ်းကပ်မှုတို့ကို အထင်လွဲကြသည်။ ဤအရာများအပေါ် သိနားလည်မှု ကင်းမဲ့ကြသည်။ ၎င်းတို့၌ ဘုရားသခင် အမှုပြုသည့်အခါ၊ လက်မခံနိုင်၊ ကျိုးနွံနာခံနိုင်ခြင်းမရှိကြသကဲ့သို့၊ သမ္မာတရားကိုလည်း မရှာဖွေနိုင်ကြပေ။ ဤအရာကြောင့် နောက်ဆုံးတွင် ထွက်ပေါ်သည့်အရာမှာ အဘယ်နည်း။ အတိုက်အခံလုပ်ခြင်း၊ ဝေဖန်ခြင်း၊ ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသော လူတိုင်းက ဤအရာများကို အလိုအလျောက် ပြသလိမ့်မည်။ တစ်ခုတည်းသော ကွာခြားချက်မှာ မည်သည့်အတိုင်းအတာထိဖြစ်သည် ဟူသည့်အရာ ဖြစ်သည်။ ဆိုးယုတ်သောလူတို့သည်သာ ဤသို့ပြုမူကြသည်မှာ လုံးဝ မဟုတ်ပေ။ သင်တို့ သဘောတူကြမည်လော။ (သဘောတူပါသည်။ သမ္မာတရားကို မလိုက်စားသူတိုင်းက ဤသို့ ပြုမူကြပါသည်။) မှန်ပေ၏။ သမ္မာတရားကို မလိုက်စားသူများနှင့် အငြိုးထားသော လူ့သဘာဝရှိသည့်သူအားလုံးသည် အတိုင်းအတာ အမျိုးမျိုးထိ ဤလက္ခဏာများကို ပြသကာ ထုတ်ဖော်ကြသည်။ သမ္မာတရားကို လိုက်စားရာတွင် ပို၍ လုံ့လရှိသောသူတို့သည် မလိုလားအပ်သော အရာတစ်ခုခု ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ မူမမှန်သည့် အခြေအနေများကိုလည်း ဖြစ်ပေါ်စေကြလိမ့်မည်ဖြစ်သည်။ သို့သော် ၎င်းတို့သည် ဆုတောင်းခြင်း၊ ဘုရားနှုတ်ကပတ်တော်များနှင့် မိမိကိုယ်ကိုယ် ဆန်းစစ်ခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတို့ဖြင့် မိမိတို့ကိုယ်ကိုယ် ပြောင်းလဲနိုင်ကြသည်။ မိမိတို့ကိုယ်ကိုယ် ပြောင်းလဲပြီးသည့်နောက်တွင်၊ ဘုရားသခင်ကို အထင်လွဲခြင်းအား ရပ်တန့်စေကာ ကျိုးနွံနာခံမှုအချို့ ဖြစ်ပေါ်စေလျက် နောင်တတရား ရှိလိမ့်မည်။ ဤကျိုးနွံနာခံမှုသည် တစ်ခါတရံ မစင်ကြယ်မှုအချို့ ရှိသော်လည်း၊ အနည်းငယ် မရမကလုပ်ဆောင်ခြင်းဖြစ်သော်လည်း သို့မဟုတ် အနည်းငယ် စံနှုန်း မမီသော်လည်း၊ ၎င်းတို့က ကျိုးနွံနာခံရန် လိုလားပြီး၊ သမ္မာတရား အနည်းငယ်ကိုပင် လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ သမ္မာတရား၏ သွင်ပြင်လက္ခဏာအားလုံးနှင့်ပတ်သက်၍ ရှင်းလင်းမှုကို တဖြည်းဖြည်း ရရှိလိမ့်မည် ဖြစ်သည်။ သို့သော် မည်သို့ဆိုစေ သင်သည် ကျိုးနွံနာခံရန် အလိုဆန္ဒမရှိသကဲ့သို့၊ သင့်ကိုယ်သင် ဆန်းစစ်ကာ ဤပြဿနာကို နားလည်သဘောပေါက်ပြီးနောက်တွင်ပင် ဘုရားသခင်က သင့်ကို ဆက်ဆံသည့် နည်းလမ်းအား လက်ခံရန် မဆိုထားနှင့်၊ သမ္မာတရားကို သင် ရှာဖွေခြင်း သို့မဟုတ် လက်ခံခြင်းပင်မရှိလျှင်၊ ပြဿနာ ရှိလိမ့်မည်။ ဤအရာက မည်သည့်အကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည်နည်း။ သင်သည် မကျေနပ်ချက်များကို ထုတ်ဖော်လိမ့်မည်၊ ဝေဖန်မှုများကို မဆင်မခြင် ပြုလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးစိုးစဉ်းမျှ မရှိဘဲလျက်၊ ချုပ်တည်းခြင်းမရှိဘဲ စကားပြောလိမ့်မည်။ ဤမျှလောက် မပြင်းထန်သောကိစ္စများတွင်၊ သင်သည် အိမ်၌ ညည်းညူလိမ့်မည်ဖြစ်ပြီး သင်၏ ဒေါသကို ဖွင့်ထုတ်ရန် ပန်းကန်ခွက်ယောက်များကို ရိုက်ခွဲလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် ခပ်တန်းတန်း ဖြစ်သွားလိမ့်မည်ဖြစ်ပြီး သူ့ရှေ့သို့လာကာ ဆုတောင်းဖို့ မလိုမလား ဖြစ်လိမ့်မည်။ ပို၍ ဆိုးရွားပြင်းထန်သော ကိစ္စများတွင်၊ သင်သည် ညီအစ်ကို မောင်နှမများကို မြင်သည့်အခါ သင်၏ အပျက်သဘောဆောင်ခြင်းနှင့် အယူအဆများကို ဖြန့်ပြီး အနှောင့်အယှက်နှင့် အဖျက်အမှောင့်များ ဖြစ်စေလိမ့်မည်။ ထိုအခါ သင် နောင်တမရသေးလျှင်၊ ၎င်းတို့၏ မခံမရပ်နိုင်ဖြစ်ခြင်းကို ဖြစ်ပေါ်စေဖို့ အလားအလာများပြီး၊ အသင်းတော်မှ သင် ရှင်းလင်းပစ်ခံရလိမ့်မည်၊ သို့မဟုတ် နှင်ထုတ်ခံရလိမ့်မည်။
လူတို့အပေါ်တွင် မတူညီသောအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့တွင် ကောင်းသော လူ့သဘာဝနှင့် ဆိုးသော လူ့သဘာဝကြား ကွာခြားမှုကိုပြသော သရုပ်သကန်မျိုးစုံရှိကြသည်။ ဤသို့ဆိုလျှင် လူ့သဘာဝကို တိုင်းတာသော စံများမှာ အဘယ်နည်း။ လူတစ်ယောက်သည် မည်သည့်လူအမျိုးအစား ဖြစ်သည်နှင့် ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်းရှိမရှိကို မည်သို့ တိုင်းတာသင့်သနည်း။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို ချစ်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ လူတို့အားလုံးသည် ၎င်းတို့အထဲ၌ အယူအဆများ၊ ပုန်ကန်မှုများရှိကြသည်။ ၎င်းတို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြသည်။ ထို့ကြောင့် ဘုရားသခင် တောင်းဆိုသောအရာသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ကွဲလွဲနေသည့်အချိန်များကို ကြုံတွေ့ရမည်ဖြစ်ပြီး ၎င်းတို့သည် ရွေးချယ်မှုတစ်ခု ပြုရမည်။ ဤအရာများသည် ၎င်းတို့အားလုံး မကြာခဏ ကြုံတွေ့မည့်အရာများဖြစ်သည်။ မည်သူကမျှ ဤအရာတို့ကို မရှောင်ကြဉ်နိုင်ပေ။ လူတိုင်းသည် ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲပြီး ဘုရားသခင်အပေါ် အယူအဆများရှိသည့်အချိန်၊ သို့မဟုတ် သူနှင့်ပတ်သက်သည့် မကျေနပ်ချက်များရှိပြီး အတိုက်အခံလုပ်သည့်အချိန် သို့မဟုတ် သူ့အပေါ် ပုန်ကန်သည့် အချိန်များလည်း ရှိလိမ့်မည်။ သို့သော် လူတို့သည် သမ္မာတရားအပေါ် မတူညီသော သဘောထားများရှိသောကြောင့် ၎င်းတို့ ချဉ်းကပ်သည့်နည်းလမ်းသည် ကွဲပြားသည်။ လူအချို့သည် ၎င်းတို့၏ အယူအဆများကို မည်သည့်အခါမျှ မပြောဆိုပေ။ သို့သော် သမ္မာတရားကို ရှာဖွေပြီး ထိုအယူအဆများကို ၎င်းတို့ဘာသာ ဖြေရှင်းကြသည်။ ထိုအယူအဆများကို အဘယ်ကြောင့် ၎င်းတို့က မပြောကြသနည်း။ (၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။) မှန်ပေသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။ ယင်းတို့ကို ထုတ်ဖော်ပြောဆိုခြင်းသည် အပျက်သဘောဆောင်သော သက်ရောက်မှုရှိမည်ကို ကြောက်ရွံ့ကြပြီး အခြားမည်သူ့ကိုမျှ သက်ရောက်မှုမရှိဘဲ ၎င်းတို့ စိတ်နှလုံးတွင် ဤအရာကို ဖြေရှင်းဖို့ကိုသာ ကြိုးစားကြသည်။ အလားတူအခြေအနေတွင်ရှိသော အခြားလူများကို ၎င်းတို့ တွေ့ကြုံသောအခါ ၎င်းတို့ကို ကူညီရန် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို အသုံးပြုကြသည်။ ဤသည်မှာ ကြင်နာမှုရှိခြင်း ဖြစ်သည်။ ကြင်နာမှုရှိသော လူတို့သည် အခြားလူများအပေါ် ချစ်ခင်ကြသည်။ သူတစ်ပါးတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရန် လိုလားကြသည်။ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ပြီး သူတစ်ပါးတို့ကို ကူညီသောအခါ စည်းမျဉ်းများရှိကြသည်။ ၎င်းတို့သည် သူတစ်ပါးတို့ အကျိုးပြုရန်အတွက် ပြဿနာများကို ကူညီဖြေရှင်းပေးကြပြီး သူတစ်ပါးတို့အတွက် အကျိုးမဖြစ်သော မည်သည့်အရာကိုမျှ ၎င်းတို့ မပြောကြပေ။ ဤသည်မှာ ချစ်ခြင်းဖြစ်သည်။ ဤသို့သောလူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပြီး ၎င်းတို့၏ လုပ်ရပ်များသည် စည်းမျဉ်းနှင့်ညီကာ ဉာဏ်ပညာရှိသည်။ ဤအရာတို့သည် လူတို့၏ လူ့သဘာဝက ကောင်းသည်၊ မကောင်းသည်ကို တိုင်းတာသော စံများဖြစ်သည်။ အပျက်သဘောဆောင်သော အရာများသည် မည်သည့်အတွက်မျှ အကျိုးမဖြစ်သည်ကို ၎င်းတို့ သိကြသည်။ ဤအရာတို့ကို သူတစ်ပါးတို့ကြားအောင် ပြောဆိုလျှင် သူတစ်ပါးတို့အပေါ် သက်ရောက်မှုရှိမည်ကို သိကြသည်။ ထို့ကြောင့် ၎င်းတို့သည် စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ဆုတောင်းပြီး ဖြေရှင်းချက်အတွက် သမ္မာတရားကို ရှာဖွေဖို့ ရွေးချယ်ကြသည်။ ၎င်းတို့တွင် မည်သည့်အယူအဆအမျိုးအစားများရှိပါစေ ၎င်းတို့သည် ဘုရားသခင်အပေါ် ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် ထိုအရာများကို ချဉ်းကပ်ပြီး ကိုင်တွယ်နိုင်ကြသည်။ ထို့နောက် သမ္မာတရားအပေါ် နားလည်မှုကို ရရှိကြသည်။ ဘုရားသခင်ကို အပြည့်အဝ ကျိုးနွံနာခံနိုင်စွမ်းရှိကြသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် အယူအဆများ ပိုပို၍ နည်းလာလိမ့်မည်။ သို့သော် အချို့လူများမှာ ဆင်ခြင်တုံတရားမရှိပေ။ ၎င်းတို့တွင် အယူအဆများ ရှိသည့်အခါ ထိုအရာများကို မည်သူမဆိုနှင့် လူတိုင်းနှင့် မိတ်သဟာယဖွဲ့ခြင်းကို နှစ်သက်ကြသည်။ သို့သော် ဤသည်မှာ ပြဿနာကို မဖြေရှင်းဘဲ သူတစ်ပါးတို့ကို အယူအဆများဖြစ်စေသည်။ ဤသည်မှာ ၎င်းတို့ကို မထိခိုက်စေသလော။ အချို့လူတို့သည် အယူအဆများရှိသည့်အခါ ညီအစ်ကိုမောင်နှမများကို မပြောကြပေ။ အခြားသူတို့က ၎င်းတို့တွင် အယူအဆများရှိကြသည်ကို ပြောနိုင်ပြီး ၎င်းတို့ကို ဆန့်ကျင်၍ ဤအရာအား အသုံးချမည်ကို ကြောက်ရွံ့ကြသည်။ သို့သော် နေအိမ်တွင် ၎င်းတို့သည် စိတ်မလုံမလဲဖြစ်ခြင်းမရှိဘဲ ပြောဆိုကြသည်။ ၎င်းတို့ ပြောလိုသည့်အရာ မှန်သမျှကို ပြောသည်။ ၎င်းတို့မိသားစုထဲရှိ ဘာသာမဲ့သူများကို အသင်းတော်က ညီအစ်ကိုမောင်နှမများကဲ့သို့ ဆက်ဆံသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် မည်သည့်အကျိုးဆက်များရရှိလိမ့်မည်ဆိုသည်ကို မည်သို့မျှ မစဉ်းစားပေ။ ဤသည်မှာ စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သလော။ ဥပမာ ၎င်းတို့၏ ဆွေမျိုးများထဲတွင် ဘုရားသခင်ကို ယုံကြည်သူနှင့် မယုံကြည်သူများရှိနိုင်သည်၊ သို့မဟုတ် တစ်ဝက်ယုံကြည်ပြီး တစ်ဝက် သံသယရှိသည့်သူများရှိနိုင်သည်။ ၎င်းတို့တွင် အယူအဆများရှိသောအခါ မိသားစုဝင်များကြားတွင် ထိုအယူအဆများကို ဖြန့်ကြပြီး ရလဒ်အနေဖြင့် ဤလူများအားလုံးက ၎င်းတို့နှင့်အတူ အောက်သို့ ဆွဲချခြင်းခံရသည်။ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ၊ နားလည်မှုလွဲခြင်းများ စတင်ရှိလာကြသည်။ အယူအဆများနှင့် နားလည်မှုလွဲခြင်းတို့သည် ပင်ကိုအားဖြင့် စိတ်ရှုပ်ဖွယ်ရာဖြစ်သည်။ ထိုအရာများ ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် ထိုအရာများကို အရှိအတိုင်း မသိနိုင်သောသူတို့သည် ထိခိုက်မှုရှိနိုင်သည်။ အထူးသဖြင့် မရေရာသောသူတို့သည် ထိုအရာများကို ကြားပြီးနောက်တွင် ပို၍ပင် မရှင်းမရှင်းဖြစ်သွားနိုင်ခြေရှိသည်။ သမ္မာတရားကိုနားလည်ပြီး ထိုအရာများကို ခွဲခြားဖော်ထုတ်နိုင်စွမ်း ရှိသောသူတို့သည်သာ ဤကောင်းကျိုးမပြုသောအရာများ ဖြစ်သော အယူအဆများ၊ အပျက်သဘောဆောင်မှုများနှင့် နားလည်မှုလွဲခြင်းများကို ငြင်းပယ်နိုင်ကြကာ ဘုရားသခင်ကို ကွယ်ကာခြင်းကို ခံရသည်။ လူအများစုသည် ဤသို့သော ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ကြသည်။ ဤအရာများက မှားယွင်းသည်ဟု အချို့က ခံစားမိနိုင်သည်။ ဤသည်မှာ အတော်အတန် အထင်ကြီးလောက်ဖွယ်ရာ ရှိနေပြီးသားဖြစ်သည်။ သို့သော် ဤအရာများကို အရှိအတိုင်း လုံးဝမသိနိုင်ကြပေ။ ထို့ကြောင့် အယူအဆများနှင့် အပျက်သဘောဆောင်မှုများကို မကြာခဏ ဖြန့်ဝေသောသူများရှိသောအခါ လူအများစုသည် ဤကောင်းကျိုးမပြုသောအရာများ၏ နှောင့်ယှက်ခြင်းကို ခံရပြီး အားနည်းကာ အပျက်သဘောဆောင်လာကြသည်။ ဤသည်မှာ သေချာသည်။ ဤအပျက်သဘောဆောင်သော၊ ကောင်းကျိုးမပြုသောအရာများသည် ယုံကြည်သူအသစ်များကို အထင်အမြင်မှားစေပြီး နစ်နာစေရန် ကြီးမားသော အစွမ်းရှိကြသည်။ အခြေခံအုတ်မြစ် ရှိနှင့်ပြီးသောသူတို့အပေါ်တွင် သက်ရောက်မှု အနည်းငယ်သာရှိသည်။ အချိန်တစ်ခုကြာပြီးနောက်တွင် ထိုသို့သော လူတို့က သမ္မာတရားကို နားလည်ကာမိမိတို့ကိုယ်ကို ပြောင်းလဲကြလိမ့်မည်။သို့သော် အခြေခံအုတ်မြစ်မရှိသော ယုံကြည်သူအသစ်များက ဤကောင်းကျိုးမပြုသော အရာများကို ကြားပြီးနောက်တွင် ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာကြလိမ့်မည်။ သမ္မာတရားကို မချစ်သောသူတို့သည် နောက်ဆုတ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းကိုပင် ရပ်တန့်ကြလိမ့်မည်။ ထိုဆိုးယုတ်သောလူများသည် အယူအဆများကိုပင် ဖြန့်ဝေနိုင်ပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်နိုင်ကြသည်။ စိတ်မလုံမလဲဖြစ်ခြင်းမရှိဘဲ အပျက်သဘောဆောင်မှုနှင့် အယူအဆများကို ဖြန့်ဝေသောသူတို့သည် မည်သို့သောလူများဖြစ်သနည်း။ ၎င်းတို့အားလုံးက ဆိုးယုတ်သောလူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများဖြစ်ပြီး ထုတ်ဖော်ခြင်းခံရကာ ရှင်းလင်းခံရမည်ဖြစ်သည်။ လူအချို့က၊ “ဤအရာများကို သူစိမ်းများထံ ကျွန်ုပ် မဖြန့်ပါ။ ၎င်းတို့အကြောင်းကို အိမ်တွင် ကျွန်ုပ် ပြောခြင်းသာ ဖြစ်သည်”ဟု ပြောကြသည်။ ၎င်းတို့ကို အပြင်တွင် ပြောသည်ဖြစ်စေ၊ အိမ်တွင် ပြောသည်ဖြစ်စေ၊ ကိစ္စရပ်၏ သဘောသဘာဝမှာ အားလုံး အတူတူပင် ဖြစ်သည်။ ၎င်းတို့အကြောင်းကို အိမ်တွင် သင် ပြောနိုင်ခြင်းက သင့်ထံတွင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် အထင်လွဲမှုများရှိသည်ဟု ဆိုလိုသည်။ ဤအရာများကို ထုတ်ပြောနိုင်ခြင်းက သင်သည် သမ္မာတရားကို မရှာဖွေကြောင်း သို့မဟုတ် မချစ်ကြောင်း သက်သေပြပေသည်။ ဤအယူအဆများကို ပပျောက်စေရန် သင့်အား ကူညီမည့် သမ္မာတရားကို သင် မရှာဖွေခဲ့သကဲ့သို့ ယင်းတို့ကို စွန့်လွှတ်ရန် သင် မစီစဉ်ပေ။ ထို့ကြောင့် မည်သူ့ကို သင် ပြောဆိုသည်ဖြစ်စေ၊ သင့်စကား၏ သဘောသဘာဝမှာ အတူတူပင် ဖြစ်သည်။ မိမိတို့၏ အယူအဆများကို မိမိတို့ သွားသည့်နေရာတိုင်းနှင့် မိမိတို့ ဆုံတွေ့သည့်သူတိုင်းထံ ဖြန့်သည့်လူအချို့ ရှိသည်။ ဥပမာအနေဖြင့်၊ တစ်စုံတစ်ဦးသည် မိမိတာဝန်ကို လုပ်ဆောင်နေစဉ် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ ဖြစ်စေသောကြောင့် အိမ်သို့ပြန်ပို့ခံရသည် ဆိုပါစို့။ အဘယ်ကြောင့် ၎င်းတို့ အိမ်သို့ပြန်ပို့ခံရသည်ကို မေးသည့်အခါ၊ ၎င်းတို့က၊ “ပင်ကိုအားဖြင့် ကျွန်ုပ် ပွင့်လင်းခြင်းသာ ဖြစ်သည်။ ကျွန်ုပ်စိတ်တွင်ရှိသည့်အရာကို ကျွန်ုပ် ပြောသည်။ ကျွန်ုပ် သတိလက်လွတ်ဖြစ်ပြီး ကျွန်ုပ်လုပ်လေ့ရှိသည့် မကောင်းသည့်အရာအချို့အကြောင်းကို ပြောမိခဲ့သည်။ ဤအကြောင်းကို ခေါင်းဆောင်များနှင့် အမှုဆောင်များက ကြားသည့်အခါ၊ ကျွန်ုပ်ကို ဆိုးယုတ်သော လူတစ်ဦးအဖြစ် အမည်တပ်ပြီး အိမ်သို့ပို့လိုက်ကြသည်။ ကျွန်ုပ်၏ အတွေအကြုံမှ သင်တို့အားလုံး သင်ယူသင့်သည်။ ဘုရားအိမ်တော်တွင် မဆင်မခြင် စကားပြော၍ မရပါ။ ဘုရားသခင်က ရိုးသားရန် ပြောသော်လည်း၊ သင်၏ ပရိသတ်ကို ထည့်စဉ်းစားရမည်ဖြစ်သည်။ သင်၏ မိသားစုနှင့်ပတ်သက်၍ သင် ရိုးသားခြင်းက ကိစ္စမရှိသော်လည်း၊ အပြင်လူများနှင့် ရိုးသားကြည့်လျှင် ဆုံးရှုံးမှုများ သင် ခံစားရလိမ့်မည်ဖြစ်သည်။ ထိုအရာကြောင့် ကျွန်ုပ်သည် ယခုလေးတင် ဆုံးရှုံးမှုတစ်ခု ခံစားခဲ့ရသည် မဟုတ်လော။ ဤအရာကို သင်ခန်းစာတစ်ခုအဖြစ် ယူလော့”ဟု ပြန်ဖြေကြသည်။ ဤအရာကို ကြားပြီးနောက်တွင် လူအချို့သည် အချိန်ယူစဉ်းစားကြလိမ့်မည်။ “ဘုရားအိမ်တော်တွင် ဤကိစ္စမျိုး ဖြစ်သလော။ ယခုမှစ၍ ငါတို့၏ စကားများနှင့်ပတ်သက်၍ သတိထားခြင်းက ပိုကောင်းမည် ထင်သည်”ဟူ၍။ ဤလူများသည် နားဝေတိမ်တောင် ဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင်က အလွန်များစွာ ပြောဆိုပြီးဖြစ်သော်လည်း၊ ဆယ်စုနှစ်တစ်ခုကျော်ကြာ နားထောင်ပြီးနောက်တွင်၊ စာကြောင်းတစ်ကြောင်းကိုမျှ ၎င်းတို့ မမှတ်မိနိုင်ကြပေ။ သို့သော ဆိုးယုတ်သော လူတစ်ဦးက အကြောင်းအရာတစ်ခု ပြောပြီး ထိုအရာကို မိမိတို့ စိတ်နှလုံးတွင် ထည့်ထားလျက် ၎င်းတို့က ခိုင်မာစွာ သတိရကြပြီး ထို့နောက်တွင် မိမိတို့၏ စကားနှင့် လုပ်ရပ်များတွင် သတိရှိလာကြလေသည်။ ၎င်းတို့သည် အထင်အမြင်မှားစေခြင်းနှင့် အဆိပ်ခတ်ခြင်းခံရကြပြီး ဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် အဆိပ်ခတ်ခြင်းခံရနိုင်သနည်း။ တစ်နည်းအားဖြင့်၊ ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းပြီး၊ ၎င်းတို့က အလွန်မရေမရာဖြစ်ကြသည်၊ အခြားလူတို့၏ စကားနှင့် အပြုအမူတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသကဲ့သို့ မိမိတို့ကိုယ်ပိုင် ရပ်တည်ချက် ကင်းမဲ့ကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ထိုသမ္မာတရားကို ထိန်းသိမ်းနိုင်ခြင်း မရှိကြပေ။ နောက်တစ်နည်းအားဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း မရှိကြသကဲ့သို့ အခြေခံအားဖြင့် လူတို့ကို သူ ဆက်ဆံသည့် နည်းလမ်းကို နားမလည်ကြပေ။ ဤအရာအားလုံးကြောင့်၊ ၎င်းတို့သည် အခြားသူတို့၏ အထင်အမြင်မှားစေခြင်း ခံရနိုင်သည်။ ၎င်းတို့သည်လည်း လူကောင်းများ မုချ မဟုတ်ကြ၊ နတ်ဆိုး၏ စကားများကို လက်ခံယုံကြည်နိုင်ကြသည်။ နတ်ဆိုးများသည် အယူအဆများကို ဖြန့်နေချိန်တွင် မည်သည့် ရည်ရွယ်ချက်များနှင့် ပန်းတိုင်များ ရှိကြသနည်း။ ၎င်းတို့သည် လူတိုင်းကို ၎င်းတို့နှင့်ပတ်သက်၍ စာနာစေချင်ကြသည်။ လူတိုင်းက ဘုရားသခင်အကြောင်း အပြစ်တင်နေကြလျှင် ၎င်းတို့ အလွန့်အလွန် ဝမ်းသာကြသည်။ ဤသည်မှာ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ ဖြစ်စေသည့် တစ်စုံတစ်ဦး ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ကြောင်းကျိုးမမြင်ဘဲ ပြဿနာကို လှုံ့ဆော်နေကြသည် မဟုတ်လော။ ထိုသို့သော လူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ပြောရန်ပင် လိုအပ်သလော။ အသင်းတော်မှ ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်လော့။ နောက်ထပ် တစ်ရက်ပင် နေခွင့်မပေးနှင့်။ ၎င်းတို့ကဲ့သို့သော ဆိုးယုတ်သည့်လူများက ဘုရားအိမ်တော်၌ ရှိနေခြင်းသည် ဘေးဒုက္ခသာ ဖြစ်ပေါ်စေလိမ့်မည်။ ၎င်းတို့သည် ကွယ်ဝှက်ထားသော အန္တရာယ်၊ အချက်ပေး ချိန်ကိုက်ဗုန်းတစ်လုံး ဖြစ်သည်။ အကောင်းဆုံး ပြုမူဆောင်ရွက်ရန်နည်းလမ်းမှာ ၎င်းတို့ကို ရှင်းလင်းပစ်ရန် ဖြစ်သည်။ အသင်းတော်ပြင်ပတွင် ၎င်းတို့ ယုံကြည်ချင်သည့် မည်သည့်ပုံစံဖြင့်ဆို ယုံကြည်ကြပါစေ။ ယင်းမှာ ဘုရားအိမ်တော်နှင့် မပတ်သက်ပေ။ ထိုသို့သော လူများသည် မသိမသာနှင့် အထိခိုက်တတ်ဆုံးဖြစ်ပြီး အဖတ်ဆယ်၍ မရနိုင်ပေ။ ငါ့ကိုပြောလော့၊ ဘုရားအိမ်တော်၌ မည်သူသည် ခဏတာ နှုတ်ကျွံခြင်းကြောင့် မောင်းထုတ်ခံရဖူးသနည်း။ မည်သူသည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့် မိမိကိုယ်ကိုယ် ပွင့်လင်းစွာ အသိအမှတ်ပြုခြင်းအတွက် ထွက်သွားစေခြင်းခံရဖူးသနည်း။ ဘုရားအိမ်တော်သည် အသင်းတော်ကို ရှင်းလင်းသည့်အလုပ်ကို အမြဲ လုပ်ဆောင်နေပြီး၊ ရှင်းလင်းပစ်ခံရသူများမှာ အဘယ်သူများဖြစ်သနည်း။ မိမိတို့ တာဝန်များကို ကောင်းမွန်စွာ အမြဲ မလုပ်ဆောင်သကဲ့သည့်၊ မကောင်းမှုကိုပင် လုပ်ဆောင်ကာ အဖျက်အမှောင့်များဖြစ်စေသော ဆိုးယုတ်သည့်လူများ၊ အန္တိခရစ်များနှင့် မယုံကြည်သူများသာ ဖြစ်သည်။ ရိုးသားသော လူတစ်ဦးဖြစ်ရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် တစ်ဦးတလေ ရှင်းလင်းပစ်ခံရဖို့ မဆိုထားနှင့်၊ ခဏတာ ပြစ်မှားခြင်း သို့မဟုတ် ခဏတာ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြချက်ကြောင့် လူတစ်ဦးမျှ စွန့်ပစ်ခြင်းမခံရဖူးပေ။ ဤသည်မှာ လက်ခံထားကြသည့် အချက်ဖြစ်သည်။ လူအချို့က၊ “သမ္မာတရားကို လိုက်စားသောသူတို့သည် အသင်းတော်တွင် လူနည်းစု ဖြစ်သည်။ သမ္မာတရားကို မလိုက်စားသောလူတို့သည် လူအများစု ဖြစ်သည်။ လူအများစုက ရှင်းလင်းပစ်ခံရလျှင်၊ မည်သူက အလုပ်လုပ်ပေးမည်နည်း။ လူအများစုက ရှင်းလင်းပစ်ခံရလျှင် လူမည်မျှက ကယ်တင်ခံရနိုင်ဦးမည်နည်း”ဟု ပြောကြသည်။ ဤသည်မှာ မှန်ကန်သည့် စဉ်းစားနည်း မဟုတ်။ အချိန်ကြာမြင့်စွာက ငါတို့ ပြောခဲ့သည့်၊ “ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူ နည်း၏” ဟူသည့်အတိုင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် အလွန် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်မှာ သမ္မာတရားကို ချစ်သောသူ အနည်းငယ်သာ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင် အလိုရှိသည်မှာ အလွန်များသည့် လူများမဟုတ်ဘဲ၊ ထူးချွန်မှုရှိသော လူများဖြစ်သည်။ ဘုရားအိမ်တော်တွင် ကျန်ရှိသည့်သူများမှာ နားထောင်ပြီး ကျိုးနွံနာခံနိုင်သူများ၊ ဘုရားအိမ်တော်၏ အလုပ်ကို စောင့်ရှောက်နိုင်သူများဖြစ်သည်။ ၎င်းတို့ အများစုသည် သမ္မာတရားကို လက်ခံနိုင်သူများ ဖြစ်သည်။ လူအချို့သည် ညံ့ဖျင်းသော အစွမ်းအစ ရှိကြပြီး သမ္မာတရားကို နားလည်ကောင်းနားလည်ကြမည် မဟုတ်သော်လည်း၊ ၎င်းတို့သည် နားထောင်နိုင်ကြသည်၊ ကျိုးနွံနာခံနိုင်ကြပြီး အပြစ်ကို ရှောင်ကြဉ်နိုင်ကြသည်။ ထို့ကြောင့် ထိုသို့သော လူများသည် အလုပ်ကို ထိန်းသိမ်းကောင်းထိန်းသိမ်းနိုင်ကြသည်။ အလုပ်လုပ်ပေးသူများကြားတွင် နေထိုင်နိုင်သူများသည် သစ္စာစောင့်သိသူများသာ ဖြစ်သည်။ ၎င်းတို့ မည်မျှ ကြိုးစားအလုပ်လုပ်ကြသည်ဖြစ်စေ၊ ညည်းညူခြင်း မရှိကြ။ ၎င်းတို့သည် နားထောင်ပြီး ကျိုးနွံနာခံသူများ ဖြစ်သည်။ နားထောင်သည့်သူများ သို့မဟုတ် ကျိုးနွံနာခံသည့်သူများသည် ကျန်ရှိနေလျှင် အဖျက်အမှောင့်များသာ ဖြစ်စေမည် မဟုတ်လော။ ၎င်းတို့ အနည်းငယ် အလုပ်လုပ်လျှင်ပင်၊ ကြီးကြပ်မှု အမြဲ လိုအပ်သည်။ ၎င်းတို့ကို မစောင့်ကြည့်သည်နှင့်၊ အပြစ်များ ကျူးလွန်နိုင်ပြီး ပြဿနာများ ဖန်တီးနိုင်ကြသည်။ ထိုသို့သော လူများ၏ အလုပ်လုပ်ခြင်းသည် ကောင်းကျိုးထက် ထိခိုက်နစ်နာမှု ပိုဖြစ်စေသည်။ ဤကဲ့သို့သော အလုပ်လုပ်ပေးသူများကို ရှင်းလင်းပစ်ရမည်။ မဟုတ်လျှင် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသည့် လူများသည် နှောင့်ယှက်ခံရလိမ့်မည်ဖြစ်ပြီး အသင်းတော်အသက်တာသည်လည်း ထို့အတူပင်ဖြစ်သည်။ ဆိုးယုတ်သည့်လူများသည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်းမခံရလျှင်၊ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများ အမှန်တကယ် ထိခိုက်နစ်နာလာလိမ့်မည်ဖြစ်ပြီး၊ ဖျက်ဆီးခြင်းခံရလိမ့်မည်။ ထို့ကြောင့် နှောင့်ယှက်ခြင်းမခံရသည့် အသင်းတော်အသက်တာကို ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများက တွေ့ကြုံနိုင်ဖို့ အာမခံသည့် တစ်ခုတည်းသော နည်းလမ်းမှာ ဆိုးယုတ်သော လူများကို ရှင်းလင်းပစ်ရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသည့်လူများက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် မှန်ကန်သည့် လမ်းကြောင်းထဲသို့ ဝင်ရောက်ကာ ကယ်တင်ခြင်း ရရှိဖို့ သေချာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဆိုးယုတ်သောလူများကို ရှင်းလင်းပစ်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အပြည့်အဝ ကိုက်ညီသည်။
လူတိုင်းအပေါ် ချစ်ခင်ပြီး သည်းခံတတ်ကာ မည်သူကိုမဆို ကူညီလိုသည့် လူစားတစ်မျိုး ရှိသည်။ ၎င်းတို့ စိတ်မဝင်စားသည့် တစ်ခုတည်းသောအရာမှာ သမ္မာတရားဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အမြဲ ဆန့်ကျင်ပြီး၊ သူနှင့် စေ့စပ်၍မရနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခေါင်းမာသောရန်သူများ ဖြစ်သည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မယုံကြည်သူများနှင့် နတ်ဆိုးများ ဖြစ်သည်။ နတ်ဆိုးများသည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ဆုံးသောသူများနှင့် သမ္မာတရားကို အမုန်းဆုံးသောသူများ ဖြစ်သည်။ တစ်စုံတစ်ရာက သမ္မာတရား ပါဝင်ပတ်သက်သရွေ့ သို့မဟုတ် ဘုရားသခင် ပြောသည့်အရာ သို့မဟုတ် တောင်းဆိုသည့်အရာ ပါဝင်ပတ်သက်သရွေ့၊ထိုအရာကို ၎င်းတို့ လက်မခံရုံမက သံသယလည်း ရှိကြသည်။ ထိုအရာကို အတိုက်အခံဖြစ်ကြပြီး ထိုအရာနှင့်ပတ်သက်၍ မိမိတို့၏ အယူအဆများကို ဖြန့်ကြသည်။ ၎င်းတို့သည် အသင်းတော် အလုပ်ကို ထိခိုက်နစ်နာစေသော အရာများစွာကိုလည်း လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများ ထိခိုက်ခံရသည့်အခါ ဘုရားသခင်ကို လူသိရှင်ကြားပင် ကန့်ကွက်ကြသည်။ ဤကဲ့သို့သော လူများသည် နတ်ဆိုးများ ဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို မုန်းပြီး ဘုရားသခင်ကို မုန်းသည့် လူများ ဖြစ်သည်။ လူတိုင်း၏ သဘောသဘာဝအတွင်းတွင်ရှိသည်မှာ သမ္မာတရားကို မုန်းသည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထို့ကြောင့် လူတိုင်းတွင် ဘုရားသခင်ကို မုန်းသည့် အနှစ်သာရတစ်ခု ရှိသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ညင်သာသည်ဖြစ်စေ၊ ပြင်းထန်သည်ဖြစ်စေ ဤအမုန်း၏ အတိုင်းအတာ ဖြစ်သည်။ လူအချို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် မကောင်းမှုကို လုပ်နိုင်စွမ်းရှိစဉ်တွင်၊ အခြားသူတို့မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား သို့မဟုတ် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကိုသာ ထုတ်ဖော်ပြကြသည်။ သို့ဆိုလျှင် လူအချို့သည် အဘယ်ကြောင့် ဘုရားသခင်ကို မုန်းနိုင်စွမ်းရှိကြသနည်း။ မည်သည့် အခန်းကဏ္ဍတွင် ၎င်းတို့ ပါဝင်ကြသနည်း။ ၎င်းတို့တွင် သမ္မာတရားကို မုန်းသည့် စိတ်သဘောထားရှိသောကြောင့် ဘုရားသခင်ကို မုန်းနိုင်ကြခြင်း ဖြစ်သည်။ ဤစိတ်သဘောထား ရှိခြင်းသည် ၎င်းတို့က နတ်ဆိုးနှင့် ဘုရားသခင်၏ ရန်သူဖြစ်သည်ဟုဆိုလိုသည်။ နတ်ဆိုးဟူသည်မှာ အဘယ်နည်း။ နတ်ဆိုးများမှာ သမ္မာတရားနှင့် ဘုရားသခင်ကို မုန်းသောသူများသာ ဖြစ်သည်။ နတ်ဆိုးများက ကယ်တင်ခံရနိုင်သလော။ လုံးဝ ကယ်တင်မခံရနိုင်ပေ။ လူသားမျိုးနွယ်ကို ဘုရားသခင် ကယ်တင်သော်လည်း၊ လူများစွာ ပေါ်ထွက်ကာ သူ့ကို ဆန့်ကျင်ကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ကြလိမ့်မည်။ ဤကဲ့သို့သော လူများသည် နတ်ဆိုးများဖြစ်၏။ ၎င်းတို့ကို အသက်ရှင်သည့် မကောင်းဆိုးဝါးများဟုလည်း ခေါ်နိုင်သည်။ နေရာတိုင်းရှိ အသင်းတော်များတွင်၊ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်သူ မည်သူမဆိုသည် နတ်ဆိုးနှင့် အသက်ရှင်သော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။ အသင်းတော်ကို နိုင်လိုမင်းထက်ပြုမူပြီး မည်သည့်အတိုင်းအတာထိမျှ သမ္မာတရားကို လက်မခံသည့်သူ မည်သူမဆိုသည် အသက်ရှင်သည့် မကောင်းဆိုးဝါး ဖြစ်သည်။ ထို့ကြောင့် သင်တို့အနေဖြင့် မည်သည့်လူများက အသက်ရှင်သည့် မကောင်းဆိုးဝါးများဖြစ်သည်ကို မှန်ကန်စွာ ပိုင်းခြားသိမြင်လျှင်၊ ၎င်းတို့ကို ရှင်းလင်းပစ်ရန် အလျင်အမြန် ပြုမူဆောင်ရွက်ရမည်။ ၎င်းတို့၏ အပြုအမူက ထုံးစံအတိုင်း အလွန်ကောင်းမွန်သော်လည်း၊ ရံဖန်ရံခါ ၎င်းတို့၏ အခြေအနေက မကောင်းသည့် လူအချို့ရှိလျှင်၊ သို့မဟုတ် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် သေးငယ်ပြီး၊ သမ္မာတရားကို နားမလည်နိုင်သကဲ့သို့ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များဖြစ်စေသည့် တစ်စုံတစ်ရာကို လုပ်ဆောင်သော်လည်း၊ ထိုအရာက ၎င်းတို့၏ အမူအကျင့်မဟုတ်သကဲ့သို့ ၎င်းတို့သည် ပင်ကိုအားဖြင့် ဤလူစားမျိုး မဟုတ်လျှင်၊ ၎င်းတို့ ဆက်နေ၍ရသည်။ လူအချို့၏ လူ့သဘာဝသည် သိပ်မကောင်းပေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေလျှင်၊ ထိုအရာကို ၎င်းတို့ လုံးဝ လက်လွှတ်လိမ့်မည် မဟုတ်။ ၎င်းတို့ တရားသည်ဟု ခံစားရသည့်အခါ သနားညှာတာမှု မပြဘဲ ထိုလူနှင့် မပြီးနိုင်မဆုံးနိုင် ငြင်းခုံကြလိမ့်မည်။ သို့တိုင် ဤလူများတွင် ကောင်းမြတ်ခြင်းတစ်ခု ရှိသည်။ ယင်းမှာ ၎င်းတို့သည် အလုပ်လုပ်ပြီး အခက်အခဲကို သည်းညည်းခံရန် လိုလားကြခြင်း ဖြစ်သည်။ ဤကဲ့သို့သော လူများသည် လက်ရှိအချိန်တွင် ဆက်နေ၍ရသည်။ ဤလူများသည် မကြာခဏ မကောင်းမှုပြုကာ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်လျှင်၊ ၎င်းတို့သည် နတ်ဆိုးများနှင့်လည်းကောင်း၊ စာတန်နှင့်လည်းကောင်း သက်ဆိုင်ကြပြီး လုံးဝ ကယ်တင်မခံရနိုင်ပေ။ ယင်းမှာ တစ်ရာရာခိုင်နှုန်း သေချာပေသည်။ ဤလူစားမျိုးကို အသင်းတော်မှ ရှင်းလင်းပစ်ရမည်။ ၎င်းတို့ကို လုံးဝ နေခွင့်ပေး၍မရပေ။ အဘယ်ကြောင့် ၎င်းတို့ကို ရှင်းလင်းပစ်ရမည်နည်း။ မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် ၎င်းတို့ ရှင်းလင်းပစ်ခံရသနည်း။ အချို့သည် နောင်တရခွင့်ပေးရန်၊ သင်ခန်းစာတစ်ခု သွန်သင်ပေးရန် ရှင်းလင်းပစ်ခြင်းခံရကြသည်။ အခြားသူတို့မှာ် ၎င်းတို့၏ သဘောသဘာဝကို အရှိအတိုင်း မြင်ရပြီးဖြစ်သကဲ့သို့ ကယ်တင်ခံရနိုင်ကြသောကြောင့် ရှင်းလင်းပစ်ခြင်း ခံရသည်။ ထို့ကြောင့် သင် မြင်သလော၊ လူတို့သည် တစ်ဦးနှင့်တစ်ဦး တူကိုမတူကြပေ။ ရှင်းလင်းပစ်ခြင်းခံရသူအချို့သည် ၎င်းတို့၏ အစွန်းရောက်သော အပျက်သဘောနှင့် မည်းမှောင်သော နှလုံးသားရှိလင့်ကစား၊ မိမိတို့ တာဝန်ကို မစွန့်ပစ်ကြသေးဘဲ ဆက်လက် ထမ်းဆောင်ကြသည်။ ၎င်းတို့သည် ရှင်းလင်းပစ်ခံရပြီးနောက် မိမိတို့တာဝန်ကို လုံးဝ မလုပ်ဆောင်ကြသည့် လူများနှင့် အခြေအနေ မတူသကဲ့သို့ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းများ မတူကြပေ။ ရှင်းလင်းပစ်ခံရပြီးနောက် မိမိတို့တာဝန်ကို ဆက်လက် လုပ်ဆောင်ကြသည့်သူများ၏ အတွင်း အခြေအနေသည် အဘယ်နည်း။ မည်သည့်အရာကို ၎င်းတို့ လိုက်စားကြသနည်း။ ဤသည်မှာ မိမိတို့တာဝန်ကို မထမ်းဆောင်ကြသည့် သူများနှင့် ကွဲပြား၏။ ထိုအရာကို သင် မပိုင်းခြားမသိမြင်နိုင်လျှင်၊ သင်၏ အစွမ်းအစ ညံ့ဖျင်းသည်၊ ဝိညာဉ်ရေးရာ သိနားလည်မှု သင် ကင်းမဲ့ပြီး အသင်းတော်၏ အလုပ်ကို မလုပ်ဆောင်နိုင်ဟု ဆိုလိုပေသည်။ ကွဲပြားခြားနားမှုကို သင် မြင်နိုင်လျှင်၊ ၎င်းတို့ကို သင် မတူကွဲပြားစွာ ဆက်ဆံလိမ့်မည်။ ဤလူနှစ်မျိုးနှစ်စားကြားတွင် ကွဲပြားခြားနားမှုက မည်သည့်နေရာတွင် တည်ရှိသနည်း။ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများတွင် ကွဲပြားခြားနားမှုက မည်သည့်အရာဖြစ်သနည်း။ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ၎င်းတို့၏ သဘောထားတွင် ကွဲပြားခြားနားမှုမှာ အဘယ်နည်း။ ဤအရာများကို သင်တို့ ပိုင်းခြား သိမြင်နိုင်သလော။ (လူအချို့သည် ရှင်းလင်းပစ်ခံရပြီးနောက် တာဝန်အချို့ကို ဆက်လက်ထမ်းဆောင်နိုင်ကြပြီး ၎င်းတို့တွင် အသိစိတ်အချို့ ရှိသေးကြောင်းကို ညွှန်ပြသည်။်။ ၎င်းတို့သည်လည်း ကယ်တင်မခံရနိုင်တော့ဟု ခံစားကောင်းခံစားရနိုင်သော်လည်း၊ ၎င်းတို့က “ဘုရားသခင်ကို ငါ ယုံကြည်သည်။ ဤဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည်မှာ ကျွန်ုပ် သေချာသည်။ အသင်းတော်က ငါ့ကို ရှင်းလင်းပစ်ခဲ့သော်လည်း၊ ဘုရားသခင်ကို ငါ ယုံကြည်ရဦးမည်။ ငါသည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး ငါ၏ ဖန်ဆင်းရှင်ကို ငါ အသိအမှတ်ပြုသည်”ဟု စဉ်းစားကြသည်။ ၎င်းတို့ထဲတွင် ဤအသိစိတ် အနည်းငယ် ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် ရှင်းလင်းပစ်ခံရပြီးနောက် မိမိတို့တာဝန်ကိုပင် မလုပ်ဆောင်သကဲ့သို့ ဘုရားသခင်ကို ယုံကြည်ခြင်းပင်မရှိတော့လျှင်၊ မယုံကြည်သူအဖြစ် မိမိတို့ကိုယ်ကိုယ် ပေါ်လွင်စေခြင်း ဖြစ်သည်။) နောက်ထပ် မည်သူ ပြောချင်သနည်း။ (လူအချို့သည် ယခင်က မိမိတို့ လုပ်ဆောင်ခဲ့သည့် အရာများအတွက် ဘုရားသခင်ကို အကြွေးတင်သည်ဟု မိမိတို့ စိတ်နှလုံးတွင် သဘောပေါက်နှင့်ပြီးဖြစ်ကာ ဖာထေးပြုပြင်ရန် ဆန္ဒရှိကြသောကြောင့် ရှင်းလင်းပစ်ခြင်းခံရသည့်နောက်တွင် မိမိတို့တာဝန်ကို ဆက်လက် ထမ်းဆောင်ကောင်းထမ်းဆောင်နိုင်သည်။ သို့သော် တစ်စုံတစ်ဦးသည် ရှင်းလင်းပစ်ခံရပြီးနောက် မိမိတာဝန်ကို လုပ်ဆောင်ခြင်းမရှိတော့လျှင်၊ ၎င်းသည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မိမိတာဝန်ကို လုပ်ဆောင်နေခဲ့ခြင်း မဟုတ်ဘဲ၊ ကောင်းချီးများ ရမည့် မျှော်လင့်ချက်ဖြင့် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေခဲ့ခြင်းဖြစ်ကြောင်း ပြသည်။ မည်သည့် ကောင်းချီးမျှ မရမည်ကို သတ်မှတ်ဆုံးဖြတ်ပြီးနောက်၊ တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် မလိုအပ်သည်ကို မြင်သောကြောင့် အလုပ်လုပ်ခြင်းကို ရပ်လိုက်ကြသည်။) ဤလူနှစ်မျိုးနှစ်စားထဲတွင်၊ မည်သူက အသိစိတ်တစ်ခုခု ရှိသနည်း။ (ရှင်းလင်းပစ်ခံရပြီးနောက် မိမိတို့တာဝန်ကို ဆက်လက်လုပ်ဆောင်သူများဖြစ်သည်။) မိမိတို့တာဝန်ကို ဆက်လက်လုပ်ဆောင်သည့် လူစားမျိုးသည် လူတစ်ဦးဖြစ်ခြင်းအတွက် အသိစိတ်နှင့် အခြေခံတစ်ခု ရှိနေဆဲဖြစ်သည်။ ဘုရားသခင်က မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ ၎င်းတို့ကို ဘုရားသခင် အလိုရှိသည်ဖြစ်စေ၊ အလိုမရှိသည်ဖြစ်စေ၊ လူသားတစ်ဦးအနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြစ်နေကြဆဲ ဖြစ်သည်။ ဘုရားသခင်၏ လက်တော်ကို ၎င်းတို့ မလွတ်မြောက်နိုင်ကြပေ။ မည်သည့်နေရာကို ၎င်းတို့ သွားသည်ဖြစ်စေ၊ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်ရဦးမည်ဖြစ်သည်။ ဤအရာက ၎င်းတို့တွင် လူတစ်ဦးဖြစ်ခြင်းအတွက် အသိစိတ်နှင့် အခြေခံတစ်ခု ရှိနေသည်ကို ပြသသည်။ ထို့အပြင်၊ မည်သည့်နေရာသို့ ၎င်းတို့ သွားသည်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်ဟု ဝန်ခံနိုင်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို အသိအမှတ်ပြုနိုင်ကြသည်။ ၎င်းတို့ကို မိမိတို့တာဝန်များအား ထမ်းဆောင်နိုင်စေသည်မှာ ၎င်းတို့ စိတ်နှလုံးထဲရှိ ဤယုံကြည်ခြင်း ဖြစ်သည်။ ဤလူစားမျိုးသည် ယုံကြည်ခြင်းအချို့ အမှန်တကယ် ရှိပြီး၊ နောင်တရနိုင်စွမ်း ရှိကောင်းရှိနိုင်သည်။ ရှင်းလင်းပစ်ခံရပြီးနောက် မိမိတို့တာဝန်များကို ထမ်းဆောင်မှု ရပ်လိုက်ကြသူများမှာမူ၊ ၎င်းတို့ စဉ်းစားနေကြသည်မှာ၊ “ဘုရားသခင်က ငါ့ကို အလိုမရှိလျှင်၊ ဘုရားသခင်ကို ငါ ယုံကြည်မည်မဟုတ်တော့ပါ။ ငါ၏ ယုံကြည်ခြင်းက မည်သို့ဆိုစေ အချည်းနှီးဖြစ်သည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည်ယုံကြည်ခြင်းကို ရပ်ကာ ဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းပယ်ကြပြီး ယခင်က မိမိတို့ လုပ်ဆောင်ခဲ့သည့်အရာတိုင်းကို ငြင်းဆိုလျက် လူတစ်ဦးဖြစ်ခြင်းအတွက် မိမိတို့၏ အခြေခံကိုပင် စွန့်ပစ်ကြသည်။ ထိုသို့သော လူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြပြီး၊ ယင်းမှာ ဤနှစ်မျိုးနှစ်စားများကြား ကွဲပြားခြားနားမှု တည်ရှိသောနေရာ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဘုရားသခင်က ဤအရာကို သိသလော။ အားလုံးကို သူ အလွန် ကောင်းစွာ သိရှိ၏။ အရာခပ်သိမ်းကို သူ ဖန်ဆင်းခဲ့သည်။ အရာခပ်သိမ်းကို သူ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်ပြီး၊ ယင်းတို့အားလုံးအပေါ် အချုပ်အခြာအာဏာဖြင့် စိုးစံနိုင်သည်။ အသိစိတ်မဲ့သည့် မယုံကြည်သူများက၊ “ဘုရားသခင် အဘယ်မှာနည်း။ သူ့ကို ငါ မတွေ့ရသည်မှာ အဘယ်သို့ဖြစ်သနည်း။ ထို့ကြောင့် အသင်းတော်က ငါ့ကို ရှင်းလင်းပစ်လျှင် အဘယ်အရေးနည်း။ ငါ သွားသည့်နေရာတိုင်းတွင် အရင်အတိုင်းပင် ငါ အသက်ရှင်နိုင်သည်။ ကိုယ်တော့်ကို ကျွန်ုပ် စွန့်ခွှာသောကြောင့်သက်သက် ကျွန်ုပ် အသက်ဆက်မရှင်နိုင်ဟု ကိုယ်တော် ထင်သလော။ ကျွန်ုပ်၏ တာဝန်ကို မထမ်းဆောင်ခြင်းက ကျွန်ုပ်ကို သာ၍ပင် လွတ်လပ်မှု ပေးသည်”ဟု တွေးထင်ကြသည်။ ဤသည်မှာ ယုံကြည်ခြင်း မရှိသူအဖြစ် ၎င်းတို့ကို ထုတ်ဖော်ပြသည့် ၎င်းတို့၏ သဘောထားဖြစ်ပြီး၊ ထိုအရာက ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းသည် မှန်ကန်ကြောင်း သက်သေပြ၏။ ဤကဲ့သို့သော ယုံကြည်ခြင်းမရှိသူများသည် ရှင်းလင်းပစ်ခံရသင့်သည်။ ၎င်းတို့ မရှိခြင်းကပဲ အေးသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းရှိကြသည့်လူများသည် ရှင်းလင်းပစ်ခံရသည့်အခါ မတူကွဲပြားစွာ တုံ့ပြန်ကြသည်။ ဥပမာအနေဖြင့်၊ ရှင်းလင်းပစ်ခြင်းခံပြီးနောက်၊ လူအချို့က၊ “ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်ခြင်းမရှိဘဲ ကျွန်ုပ် အသက်မရှင်နိုင်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းမရှိဘဲ ကျွန်ုပ် အသက်မရှင်နိုင်ပါ။ ဘုရားသခင်မရှိဘဲ ကျွန်ုပ် ဆက်အသက်မရှင်နိုင်ပါ။ ကျွန်ုပ် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ ဘုရားလက်တော်ထဲတွင် ကျွန်ုပ် ရှိသည်”ဟု ဆိုကောင်းဆိုကြပေမည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့တာဝန်ကို ဆက်လုပ်ဆောင်ကြသည်။ ဤရွေးချယ်မှုဆီသို့ ၎င်းတို့ကို ဆိုက်ရောက်စေသည်မှာ မျက်ကန်း ယုံကြည်မှု သို့မဟုတ် မိုက်မဲမှု မဟုတ်ပေ။ ၎င်းတို့အနေဖြင့် မိမိတို့တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နိုင်သည်မှာ ဤအတွေးများ၏ စိုးမိုးခြင်းခံရကြသောကြောင့် ဖြစ်သည်။ ၎င်းတို့တွင်လည်း မကျေမချမ်းဖြစ်ခြင်းများနှင့် အယူအဆများလည်းကောင်း၊ မကျေနပ်ချက်များလည်းကောင်း ရှိကြသည်။ သို့သော် ၎င်းတို့က မိမိတို့တာဝန်ကို ထမ်းဆောင်နိုင်ကြသေးသည်မှာ အဘယ်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ လူ့သဘာဝအတွင်းတွင် အသိစိတ်အချို့ အလုပ်လုပ်နေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။ အသိစိတ်လည်ပတ်မှု မရှိသည့်သူများသည် မိမိတို့တာဝန်ကို လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းအား ရှောင်ကြဉ်နိုင်ကြသည်။ ဤသည်မှာ ကွာခြားမှုဖြစ်၏။ လူတို့သည် ဧကန်အမှန် တစ်ဦးနှင့်တစ်ဦး မတူကြပေ။ လူတိုင်းကြားတွင် ကွာခြားချက်များ ရှိသည်။ အချက်အချာကျသော အခိုက်အတန့်အချိန်များတွင်၊ တစ်စုံတစ်ဦး၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိဟူသည်က အလွန်များစွာသော အမှုအရာများကို အဆုံးအဖြတ်ပေးကာ အကျိုးသက်ရောက်မှုရှိနိုင်သည်။
လူတစ်ဦး၏ အခြေအနေတွင်ရှိသော ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ယခုတင် ငါ မိတ်သဟာယပြုခဲ့သည်။ ဆက်လက်၍ ရှုထောင့်နှင့် သဘောထားအပေါ် ငါ မိတ်သဟာယပြုမည်။ ထိုအရာသည် စကားအသုံးအနှုန်း ကဏ္ဍတစ်ခုဖြစ်စေ၊ သမ္မာတရား သွင်ပြင်လက္ခဏာတစ်ခုဖြစ်စေ ဤတွင် ပါဝင်သော အသေးစိတ်အချက်များစွာ ပါဝင်သည်။ အပေါ်ယံအဆင့် စကားများ သို့မဟုတ် ပြောဆိုထားသည့် စာကြောင်းများလောက် မရိုးရှင်းပေ။ သင်သည် သင်၏ သိနားလည်မှုကို စကားတစ်လုံး၊ အယူအဆတစ်ခု သို့မဟုတ် စာကြောင်းအချို့နှင့်ဆိုင်သည့် တိုက်ရိုက်အဓိပ္ပာယ်ထိသာ ကန့်သတ်လိုက်လျှင် ထိုအရာသည် အယူဝါဒတစ်မျိုးသာ အစဉ်ဖြစ်လိမ့်မည်။ သို့သော် ဤတိုက်ရိုက်စကားစုများ သို့မဟုတ် စာကြောင်းများအား လူတို့က မိမိတို့၏ လက်တွေ့ကျသော ဘဝများတွင် ထုတ်ဖော်ကြသည့် တကယ့် အခြေအနေများနှင့် စိတ်ကူးများ၊ အမြင်များ သို့မဟုတ် နည်းစနစ်များနှင့် သင် ပေါင်းစပ်ကာ နှိုင်းယှဉ်ကြည့်ပါက သင်၏ ကိုယ်ပိုင် ပြဿနာများစွာကို သင် ရှာဖွေတွေ့ရှိနိုင်လိမ့်မည်။ အချို့သော ပြဿနာများက သမ္မာတရားနှင့် ဆန့်ကျင်သည်။ အခြားပြဿနာများမှာ အယူဝါဒနှင့် ကိုက်ညီမှုရှိပုံရသည်။ ယင်းတို့သည် စည်းမျဉ်းစည်းကမ်းများ၊ လူသား အယူအဆများ၊ နည်းလမ်းများနှင့် ကိုက်ညီပုံရသော်လည်း အမှန်တွင် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီပေ။ ဥပမာအနေဖြင့် လူတို့တွင်ရှိသည့် အချို့သော အမြင်များနှင့် ရှုထောင့်များသည် လူသား အယူအဆများ၊ စိတ်ကူးများနှင့်သာ ကိုက်ညီကြသော်လည်း သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီပေ။ ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်များအတိုင်း အကဲဖြတ်ကာ ပိုင်းခြားသိမြင်ခြင်း မရှိလျှင် လူတို့အလယ် လက်ခံမှုကို ရရှိနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ဘုရားနှုတ်ကပတ်တော်များနှင့်ယှဉ်ကာ စစ်ဆေးသည်နှင့်တစ်ပြိုင်နက် လူသား အတွေးများနှင့် အမြင်များသည် မှားယွင်းသော အရာများ ဖြစ်လာကြသည်၊ အပျက်သဘောဆောင်သော အရာများဖြစ်လာကြသည်။ အခြားမည်သည့် ပြဿနာများကို သင်တို့ ရှာဖွေတွေ့ရှိသနည်း။ (ဘုရားသခင်၊ လူတို့က မှန်ကန်ပြီး လျော်ကန်သော အရာအဖြစ် မြင်သော်လည်း သမ္မာတရား ရှုထောင့်အမြင်မှနေ၍ သမ္မာတရားနှင့် မကိုက်ညီသော “မိမိ၏ မိဘများကို သားသမီးဝတ်ကျေပွန်ခြင်း” နှင့် “ဇနီးကောင်းနှင့် ချစ်ခင်သော မိခင်တစ်ဦးဖြစ်ခြင်း”ကဲ့သို့သော ရိုးရာယဉ်ကျေးမှုမှ စိတ်ကူးများနှင့် အမြင်များကို ကျွန်ုပ် စဉ်းစားနေပါသည်။) ယင်းတို့သည် သမ္မာတရားနှင့် မကိုက်ညီပေ။ ဤသည်မှာ ဘုရားသခင်၏ လိုအင်ဆန္ဒများကို ယင်းတို့က ဆန့်ကျင်သည်ဟု ဆိုလိုသည်။ ဥပမာအနေဖြင့် လူအချို့သည် မိမိတို့၏ မိဘများကို သားသမီးဝတ်ဆိုင်ရာ ဆက်ကပ်မှုကို ပြနိုင်ကြသည် သို့မဟုတ် ဇနီးကောင်းနှင့် ချစ်ခင်သော မိခင်တစ်ဦး ဖြစ်နိုင်ကြသည်။ ၎င်းတို့၏ အပြုအမူနှင့် စွမ်းဆောင်မှုအရ ဤတွင် ပြဿနာမရှိဟု ထင်ရသည်။ သို့သော် ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ကြသလော။ သမ္မာတရားကို လက်ခံနိုင်ကြသလော။ ဤအပြုအမူနှစ်ခုကို အပြင်ပန်းအားဖြင့် ပြသခြင်းမျှသည် ပြဿနာ မဟုတ်ပေ။ သို့သော် မိမိတို့၏ သဘာဝ အနှစ်သာရကို အကဲဖြတ်ခြင်းအရ၊ ဘုရားသခင်ကို ၎င်းတို့ ဆက်ဆံသည့်နည်းလမ်းတွင် ကျိုးနွံနာခံမှုတစ်ခုတလေ ရှိကြသလော။ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ကြသလော။ ဤသွင်ပြင်လက္ခဏာနှစ်ခုနှင့် ပတ်သက်၍ ပြဿနာများရှိလျှင် ကယ်တင်ခြင်းကို ၎င်းတို့ ရရှိနိုင်ကြလိမ့်မည်လော။ သေချာပေါက် ရရှိကြလိမ့်မည် မဟုတ်။ ထို့ကြောင့် ဤအပြုအမူနှစ်ခုသည် ကောင်းမြတ်မှုများအဖြစ် ထင်ရသော်လည်း လူတစ်ဦး၏ အနှစ်သာရကို မထင်ဟပ်နိုင်ပေ။ တစ်စုံတစ်ဦးသည် အပေါ်ယံတွင် မည်မျှပင် သားသမီးဝတ်ကျေသည်ဖြစ်စေ၊ ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး ဖြစ်ပါစေ ၎င်းတို့သည် စာတန်၏ လွမ်းမိုးမှုမှ ရုန်းထွက်လွတ်မြောက်ပြီးသောသူတစ်ဦး ဖြစ်သည်ဟု ဆိုလိုရန် မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံသော သူတစ်ဦးဖြစ်သည်ဟုပင် မဆိုလိုပေ။ ၎င်းတို့၏ ဤကောင်းမြတ်ခြင်းနှစ်ခုနှင့် သမ္မာတရားကြားတွင် မည်သည့် ဆက်နွှယ်မှုမျှ မရှိပေ။ ထို့ကြောင့် ဤကောင်းမြတ်ခြင်းနှစ်ခုကို ပိုင်ဆိုင်သော တစ်စုံတစ်ဦးသည် ဘုရားသခင် အသိအမှတ်ပြုသည့် လူတစ်ဦး မုချ မဟုတ်သကဲ့သို့ ၎င်းတို့သည် ဖြောင့်မတ်သော လူတစ်ဦး၏ စံနှုန်းကို အလွန်အလှမ်းဝေးလေသည်။ ဖောက်ပြန်ပျက်စီးသော လူသားများ၏ စိတ်နှလုံးများသည် စာတန်၏ အတွေးအခေါ်များနှင့် ပြည့်နေသည်။ ၎င်းတို့အားလုံးသည် အခြားသူတို့၏ ချီးမွမ်းခြင်းနှင့် အသိအမှတ်ပြုခြင်းကို လက်ခံရရှိခြင်းအား နှစ်သက်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန် ၎င်းတို့၏ အချင်းချင်း ဆက်ဆံမှုများကို ထိန်းသိမ်းခြင်းအား နှစ်သက်ကြသည်။ အခြားသူများအား ၎င်းတို့ကို အထင်ကြီးစေရန် ထင်ပေါ်ခြင်းနှင့် ကြွားဝါခြင်းတို့ကို ၎င်းတို့အားလုံး နှစ်သက်ကြသည်။ ဤစာတန်ဆန်သော အတွေးအခေါ်များကို အခြေခံ၍ အသင်ရှင်ခြင်းဟူသမျှသည် စမှတ် အခြေအနေတစ်ခုခုမှ အစပြုသည်။ ဤစမှတ်က စွမ်းဆောင်ရရှိရန် ရည်မှန်းသည့် ပန်းတိုင်မှာ အဘယ်နည်း။ (လူတို့က ၎င်းတို့ကို ထောက်ခံအားပေးကာ အသိအမှတ်ပြုရန်အလို့ငှာ လူတို့အား ၎င်းတို့ကို ကောင်းမြတ်သော ပုဂ္ဂိုလ်များအဖြစ် ချီးမွမ်းစေရန်နှင့် ချစ်ခင်တတ်ပြီး ထောက်ထားတတ်သည်ဟု ပြောစေရန် ဖြစ်သည်။) စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ရင်း လူတို့သည် “လူကောင်းများက ဆုချီးမြှင့်ခံရသည်”ဟူသည်နှင့် “ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်”ဟူသော အယူအဆနှင့် စိတ်ကူးတစ်မျိုးကို ထားရှိကြသည်။ သို့တိုင်အောင် “လူကောင်းများက ဆုချီးမြှင့်ခံရသည်”ဟူသည်နှင့် “ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်းကို မည်သူကမျှ ရှင်းလင်းစွာကို မပြောနိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မကောင်းသည့် လူများက အသက်ရှည်ရှည်နေရချိန်တွင် လူကောင်းများက မနေရသည်ကို မြင်သည့်အခါ ဤအရေးကိစ္စများ၏ အခြေအနေနှင့်ဆိုင်သော ဖြစ်ကြောင်းရင်းမြစ်ကို မည်သူကမျှ အမှန်တကယ် သဘောမပေါက်နိုင်ပေ။ သို့သော် လူတို့ကြားတွင် အများအားဖြင့် လက်ခံထားသည့် အမြဲရှိနေသော စည်းမျဉ်းတစ်ခု ရှိသည်။ “ကောင်းသောအရာကို ကောင်းသောအရာ ဖြင့်လည်းကောင်း၊ မကောင်းမှုကို မကောင်းမှုအားဖြင့်လည်းကောင်း ပြန်လည်ဆပ်ပေးခံရသည်”ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် လူတစ်ဦးစီတိုင်းကို ၎င်းတို့၏ ကိုယ်ပိုင် လုပ်ဆောင်ချက်များအား အခြေခံ၍ ချီးမြှင့်သည်။ ဤအရာကို ဘုရားသခင်က ကြိုတင်စီမံထားခြင်းဖြစ်ပြီး မည်သူကမျှ မပြောင်းလဲနိုင်သည့်တိုင် များစွာသောလူတို့က ဤအရာကို သတိမပြုမိကြပေ။ ထို့ကြောင့် လူတို့သည် စာတန်ဆန်သော အတွေးအခေါ်များအတိုင်း အသက်ရှင်ကြသည့်အခါ ပြောင်းလဲရန် လွယ်ကူသလော။ (မလွယ်ကူပါ။) အဘယ်ကြောင့် မလွယ်ကူသနည်း။ (ဤအတွေးအခေါ်များသည် ၎င်းတို့၏ ရှင်သန်မှု နည်းဥပဒေသ ဖြစ်လာပြီးဖြစ်သည်။ သမ္မာတရားကို ရှာဖွေခြင်းမရှိဘဲ၊ ဤအယူအဆများကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဘဲ ပြောင်းလဲရန် ခက်ခဲသည်။) ထိုအရာသည် သိပ်မရိုးရှင်းပေ။ အမှန်တွင် ဤရည်ရွယ်ချက်များ၊ လုပ်ရပ်များနှင့်ပတ်သက်သည့် အခြေအနေများကို ရင်ဆိုင်ရသည့်အခါ မည်သည့်အရာကိုမျှ သင် မခံစားရဟု ဆိုလျှင် မမှန်ပေ။ ဘာသာတရားမရှိသောသူများအတွက် ၎င်းတို့သည် စာတန်ဆန်သော အတွေးအခေါ်များနှင့် နည်းဥပဒေသများအတိုင်း လုံးလုံး အသက်ရှင်ကြသောကြောင့် မည်သည့်အရာကိုမျှ မခံစားရခြင်းသည် ပုံမှန်ဖြစ်သည်။ ၎င်းတို့က ဤအရာများကို တန်ဖိုးရှိသည်ဟု စဉ်းစားကြပြီး မှားယွင်းသည်ဟု မထင်ကြပေ။ ယခုတွင် သင်တို့အားလုံးသည် ထိုမျှအချိန်ကြာမြင့်စွာ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်ကာ အလွန်များသော တရားဒေသနာများကို နားထောင်ကြပြီးဖြစ်သည်။ စိတ်ထဲတွင် ဤအရာများအပေါ် အကဲဖြတ်ချက်တစ်ခု သင်တို့တွင် ရှိသင့်သည်။ ယင်းတို့သည် မှန်သလော၊ မှားသလော။ ဤအရာများ မှားယွင်းသည်ကို သင်တို့ သတိပြုနိုင်သင့်သည်။ ယင်းတို့အပေါ် သင်တို့၏ သဘောထားသည် အပျက်သဘောဆောင်သင့်သည်၊ ထောက်ခံသည့်သဘော မဖြစ်သင့်ပေ။ သို့ဆိုလျှင် ယင်းတို့ မှားယွင်းကြောင်း ကောင်းစွာ အပြည့်အဝ သိလင့်ကစား အဘယ်ကြောင့် ယင်းတို့ကို သင် လက်မလွှတ်နိုင်သနည်း။ ပြဿနာက မည်သည့်နေရာတွင် တည်ရှိသနည်း။ (ကျွန်ုပ်တို့သည် အလွန် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ကာ ဇာတိပကတိကို ပုန်ကန်ရန် မလိုလားကြပါ။ တစ်စုံတစ်ခုနှင့် ထိပ်တိုက်တွေ့သည့်အခါ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းအကြောင်းအား ကျွန်ုပ်တို့ မစဉ်းစားဘဲ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အနည်းငယ်မျှ အလေးထားခြင်း မရှိပါ။ ထိုအစား ကျွန်ုပ်တို့ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ စဉ်းစားကြသည်။ ကျွန်ုပ်တို့၏ အတွင်းပိုင်း ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ ပုန်ကန်နိုင်ခြင်း မရှိကြပါ။) ဇာတိပကတိကို ပုန်ကန်ရန် လိုလားမှု မရှိခြင်း။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ အကြီးစား အကျိုးစီးပွားများနှင့် ပတ်သက်လာသည့်အခါ သင်သည် စိတ်သောကရောက်ပြီး မချိတင်ကဲဖြစ်ကာ လက်မလွှတ်နိုင်ပေ။ ထို့ကြောင့် အကြီးစား အကျိုးစီးပွားများ မပါဝင်သည့် သင်၏ နေ့စဉ် ဘဝနှင့်ဆိုင်သော လူလူချင်း ဆက်ဆံမှုများတွင် သင်တို့သည် ဤစာတန်ဆန်သော အတွေးအခေါ်များနှင့် နည်းဥပဒေသများကို ဆန်းစစ်ဖူးကြသလော။ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို သင်တို့ ရှာဖွေပြီးပြီလော။ သင်တို့ လုံးဝ ပြောင်းလဲပြီးပြီလော။ (အချို့သောအရာများကို ကျွန်ုပ် ဆန်းစစ်ပြီး ကျွန်ုပ် သတိပြုမိသောအရာကို ပြောင်းလဲရန် ကြိုးစားပါသည်။ သို့သော် မကြာခဏဆိုသလို ထိုအရာကို အရေးကြီးသည့် ကိစ္စတစ်ခုကဲ့သို့ သဘောမထားသည့်အပြင် ဆန်းစစ်ခြင်းလည်း မရှိပါ။) သို့ဆိုလျှင် ပြောင်းလဲရန် မလွယ်ပေ။ သင်၏ လှုပ်ရှားမှုတိုင်း၊ စကားနှင့် လုပ်ရပ်တိုင်း၊ သင်၏ အကြည့်တိုင်းသည်ပင်လျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်မှုများသာဖြစ်သည်။ အားလုံးကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အုပ်စိုးထားသည်။ ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို သင် မရှာဖွေသေးလျှင် ကယ်တင်ခြင်းကို လက်ခံရရှိရန် အလွန် ခက်ခဲလိမ့်မည်။ ဇာတိပကတိကို ပုန်ကန်ရန်မှာ သင်၏ပင်ကိုစရိုက်ကို နှစ်ခုအဖြစ်သို့ ခွဲရန် လိုအပ်သည့်အလား ကြီးမားသော အားထုတ်မှုနှင့် အားအင်လိုအပ်သည်ဟု သင် တွေးထင်လျှင် သင် ပြဿနာရှိပေပြီ။ ပြောင်းလဲရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ နေ့စဉ်ဘဝ၊ သင်၏ စကားနှင့် လုပ်ဆောင်ချက်တိုင်းမှ စ၍ အထူးသဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ပါဝင်သည့် ထိုကိစ္စရပ်များတွင် သင့်ကိုယ်သင် ဆန်းစစ်ကာ သမ္မာတရားကို သင် ရှာဖွေနိုင်လျှင်၊ သင်၏ ကိုယ်ပိုင် ဇာတိပကတိကို ပုန်ကန်နိုင်လျှင် အချို့သော ပြောင်းလဲမှုများကို သင် ပြုလုပ်နိုင်လိမ့်မည်။ ယခုတွင် စာတန်၏ ဤအတွေးအခေါ်များနှင့် နည်းဥပဒေသများကို စွန့်ပစ်ရန် သင်တို့အားလုံးက အခက်တွေ့ကြသည်။ သို့ဆိုလျှင် သင်တို့၏ နေ့စဉ်ဘဝများတွင် သမ္မာတရားနှင့် မကိုက်ညီသော ဤအမြင်များ၊ အပြုအမူများနှင့် လုပ်ရပ်များ၌ စစ်မှန်သော ပြောင်းလဲမှုတစ်ခုတလေ ရှိပြီလော။ (တစ်ခါတစ်ရံ ကျွန်ုပ် စကားပြောသည့်အခါ၊ ပြုမူဆောင်ရွက်သည့်အခါ ကျွန်ုပ်တွင် မမှန်ကန်သော ရည်ရွယ်ချက်များ ရှိသည်ကို သတိပြုမိပြီး ယင်းတို့ကို ပြုပြင်ချင်ပါသည်။ ဆုတောင်းပြီးနောက်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည်။ သို့သော် ထိုသို့လုပ်ဆောင်ပြီးသည့်နောက်တွင် ကျွန်ုပ်၏ လုပ်ရပ်များနောက်ကွယ်ရှိ ရည်ရွယ်ချက်များက အမှန်တကယ် ပြေလည်သွားခြင်းမရှိသေးသည်ကို ကျွန်ုပ် တွေ့ရှိရသည်။ ပြောင်းလဲပြီးဖြစ်သည်မှာ ကျွန်ုပ်၏ အပြင်ပန်း နည်းလမ်းများသာ ဖြစ်သည်။ ဥပမာအားဖြင့် ကျွန်ုပ်ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ရန် ကျွန်ုပ် လိမ်ညာလျှင် ဤအရာကို နားလည်သဘောပေါက်ပြီးနောက်တွင် ဇာတိပကတိကို ကျွန်ုပ် ချက်ချင်း ပုန်ကန်လိမ့်မည်ဖြစ်ပြီး “ယခုတင် စကားပြောနေချိန် ကျွန်ုပ်၏ ရည်ရွယ်ချက် မမှန်ကန်ပါ။ ကျွန်ုပ် လှည့်ဖြားတတ်နေပါသည်”ဟု ပြောလျက် အခြားသူများထံ မိမိကိုယ်ကို ဖွင့်ဟကာ ဖော်ထုတ်ပြလိမ့်မည် ဖြစ်သည်။ သို့သော် ထိုအခြေအနေမျိုးကိုပင် နောက်တစ်ကြိမ် ကျွန်ုပ် ကြုံရသည့်အခါ ထိုရည်ရွယ်ချက်သည် ကျွန်ုပ်အပေါ် ထိန်းချုပ်ရန် ကြိုးစားလိမ့်ဦးမည်ဖြစ်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကျွန်ုပ် ကာကွယ်လိုပြီး လိမ်ညာလိုမည်ဖြစ်သည်။ ထိုရည်ရွယ်ချက်သည် အလွန် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပုံရသည်။ ယင်းသည် ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ထပ်ကာတလဲလဲ ပြန်ပေါ်လာသည်။) သို့ဆိုလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ဖြည့်ဆည်းရန်ဖြစ်သော ဤရည်ရွယ်ချက်သည် မည်သည့်နေရာမှ လာသနည်း။ ယင်းမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ရလဒ်ဖြစ်သည်။ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက ဖြစ်စေသည့် ရည်ရွယ်ချက်များသည် သဘာဝအားဖြင့် အားလုံး ကွဲပြားသည်။ အချို့သည် သဘာဝအားဖြင့် ကောက်ကျစ်ဆိုးယုတ်သည်၊ အချို့က ရက်စက်တတ်သည်၊ အချို့မှာ အဓိပ္ပာယ်မရှိ၊ အချို့မှာ ရယ်ဖွယ်ဖြစ်ပြီး အချို့သည် စိတ်နှလုံးခိုင်မာသည်။ အသီးသီးက သူ့သဘာဝနှင့်သူ ရှိသည်။ ထို့ကြောင့် တစ်ခုတည်းသော ရည်ရွယ်ချက်က မတူကွဲပြားသော အခြေအနေများတွင် ဖြစ်ပေါ်ခြင်းသည် အလွန်ပုံမှန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သင့်အတွင်းတွင်ရှိသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက ပြောင်းလဲခြင်း မရှိသောကြောင့် ဖြစ်သည်။ ဤစိတ်သဘောထားတစ်ခုက မတူကွဲပြားသော အခြေအနေများတွင် မတူကွဲပြားသော ရည်ရွယ်ချက်များ ဖြစ်ပေါ်စေနိုင်လျှင် ယင်းက လူတို့အား အလွန်များသော ဒုက္ခပြဿနာများစွာကို ဖြစ်စေမည်ဖြစ်ပြီး ၎င်းတို့၏ စိတ်များကို ပရမ်းပတာအခြေအနေထဲသို့ ရောက်သွားစေမည်ဖြစ်သည်။ ရည်ရွယ်ချက်တစ်မျိုးပင်လျှင် ရှည်ကြာသည့် အပြောင်းအလဲကာလတစ်ခု လိုအပ်လျက် ဖြေရှင်းရန် ခက်ခဲနိုင်သည်။ စိတ်သဘောထားတစ်ခုက ရည်ရွယ်ချက်အမျိုးအစား များစွာကို ဖြစ်စေလျှင် ယင်းသည် သာ၍ပင် ပြောင်းလဲရန် ခက်ခဲမည်ဖြစ်သည်။ သင်သည် မတူကွဲပြားသော အနေအထားများနှင့် အခြေအနေများတွင်လည်းကောင်း၊ မတူကွဲပြားသော လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအလယ်တွင်လည်းကောင်း ထိုရည်ရွယ်ချက်တစ်မျိုးတည်းကို ကိုင်တွယ်ကာ ဖြေရှင်းရင်း ထိုအရာနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ရန် လိုအပ်ပေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သွင်ပြင်လက္ခဏာတစ်ခုနှင့် စစ်တိုက်နေခြင်း ဖြစ်သည်။ လူအချို့သည် စစ်ပွဲအနည်းငယ် ရှုံးနိမ့်ပြီးနောက်တွင် တိုး၍ ပူပန်သောကရောက်ကာ ၎င်းတို့ ပြောင်းလဲနိုင်စွမ်းမရှိဟူ၍ပင် ကောက်ချက်ချကြသည်။ ပူပန်သောကရောက်ခြင်းသည် အသုံးမဝင်ပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ချက်ချင်း ပြောင်းလဲ၍မရနိုင်ပေ။ ဇာတိပကတိကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပုန်ကန်ခြင်းက အပြောင်းအလဲအချို့ကို ဖြစ်စေသင့်သည်ဟု သင် ထင်ကောင်းထင်မည်။ သို့သော် နောက်ပိုင်းတွင် သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား အမြဲ ထုတ်ဖော်မိဆဲဖြစ်သည်ကို တွေ့ရှိကာ အဘယ်ကြောင့်ဟူသည်ကို သင် နားမလည်ပေ။ ဤအရာက သင်သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ဖြစ်စဉ်ကို သိနားလည်မှု ကင်းမဲ့ကြောင်း ညွှန်ပြပေသည်။ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် ရိုးရှင်းသော ကိစ္စရပ် မဟုတ်ပေ။ သမ္မာတရားအပေါ် သင်၏ သိနားလည်မှုက အလွန်ပေါ့တန်လျှင် လုံလောက်မည်မဟုတ်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရကို သင် အမှန်တကယ် သတိပြုမိသည့်အခါတွင် ထိုအရာကို သင် လုံးဝ ပုန်ကန်နိုင်ပေသည်။ ယခု သင် လုပ်ဆောင်သည့် နည်းလမ်းကို လက်တွေ့လုပ်ဆောင်ရင်း အခြေအနေများကို သင် ကြုံရသည့်အခါ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ထုတ်ဖော်ဆဲ ဖြစ်လိမ့်မည် ဖြစ်သော်လည်း သင် ပြောင်းလဲနှင့်ပြီးဖြစ်သည်ကိုမူ ငြင်းမရနိုင်ပေ။ အနည်းဆုံးအနေဖြင့် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့ကိုယ်၌က ထုတ်ဖော်မှု လျော့နည်းသွားပြီး သင့်ထံတွင် များစွာပိုမိုနည်းပါးသော ရည်ရွယ်ချက်များနှင့် မသန့်စင်မှုများ ရှိလေသည်။ ယခုတွင် သင်သည် သူတော်ကောင်းယောင်ဆောင်မှုနှင့် မရိုးသားမှုများစွာဖြင့် စကားမပြောပေ။ ထိုအစား သင်၏ စိတ်နှလုံးတွင် ရှိသည့်အတိုင်း သင် မကြာခဏ စကားပြောကာ အမှန်တရားကို ပြောလေသည်။ ဤအရာက သင် ပြောင်းလဲနှင့်ပြီးဖြစ်သည်ကို ညွှန်ပြသည်။ သို့သော် သင်က “ကျွန်ုပ်၏ လက်တွေ့လုပ်ဆောင်မှုနှင့် နည်းလမ်းများတွင် ပြောင်းလဲမှုတစ်ခုသာ ရှိခဲ့သည်။ ကျွန်ုပ်၏ ရည်ရွယ်ချက်များက မပြောင်းမလဲ ရှိနေသည်။ ထို့ကြောင့် ကျွန်ုပ် တကယ်ကို လုံးဝ မပြောင်းလဲသေးပါ၊ ဟုတ်ပါသလော။ ဤသည်မှာ ကျွန်ုပ်သည် ကယ်တင်၍မရနိုင်ဟု ဆိုလိုသလော”ဟု တွေးကောင်းတွေးမည်။ ဤအတွေးများသည် မှန်ကန်သလော။ (မမှန်ပါ။) ယင်းတို့သည် လွဲချော်သော အတွေးများဖြစ်သည်။ သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် ဖြစ်စဉ်များစွာကို တွေ့ကြုံခြင်း လိုအပ်သည်။ သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့် နည်းလမ်းတို့ ဦးစွာ ပြောင်းလဲသည်မှာ မှန်ကန်သည်။ လူတို့၏ အတွင်းပိုင်း ရည်ရွယ်ချက်များမှာမူ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားအား ရှာဖွေခြင်းအားဖြင့်သာ ပြောင်းလဲနိုင်သည်။ လက်တွေ့လုပ်ဆောင်မှုနှင့် နည်းလမ်းများအရ ပြောင်းလဲနိုင်ခြင်းသည် တစ်စုံတစ်ဦးက ပြောင်းလဲရန် အစပြုပြီးဖြစ်သည်ကို သက်သေပြသည်။ သင်၏ လူသား ရည်ရွယ်ချက်များနှင့် မသန့်စင်မှုများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရာတွင် သင် မလျှော့တမ်းလုပ်ဆောင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ယင်းဘာသာ ထုတ်ဖော်ပြမှု နည်းသည်ထက် နည်းသွားလိမ့်မည်။ သင်သည် ဘုရားသခင်ကို သိရှိလာပြီးဖြစ်လျှင်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကာ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လျှင် ယင်းက သင်၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးသားဖြစ်သည်ကို သက်သေပြသည်။ ဤသည်မှာ အမှုအရာများကို ကြည့်ရှုရမည့် မှန်ကန်သော နည်းလမ်းဖြစ်သည်။ သင်၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းသည် မှန်ကန်ပြီး သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ကာ စည်းမျဉ်းအချို့နှင့် သင် ပြုမူဆောင်ရွက်နိုင်လျှင် ယင်းက သင် ပြောင်းလဲနှင့်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို တစ်ခါတစ်ရံ ထုတ်ဖော်ပြဆဲဖြစ်ရုံဖြင့် သင် လုံးဝ မပြောင်းလဲသေးဟု ယုံကြည်ခြင်းက မှားယွင်းပေသည်။ သင်က “သို့ဆိုလျှင် အဘယ်ကြောင့် ဖောက်ပြန်ပျက်စီးမှုကို ကျွန်ုပ် ထုတ်ဖော်ကာ နည်းလမ်းဟောင်းများထဲသို့ ပြန်ရောက်နေဆဲဖြစ်သနည်း။ ဤအရာက ကျွန်ုပ် မပြောင်းလဲသေးသည်ကို သက်သေပြသည်”ဟု သင် ပြောကောင်းပြောမည်။ ဤသည်မှာ အမှုအရာများကို ကြည့်ရှုရန် မှားယွင်းသော နည်းလမ်းဖြစ်သည်။ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်သည့် ပြဿနာကို နှစ်အနည်းငယ်မျှ အတွေ့အကြုံနောက်တွင် အကုန်အစင် ဖြေရှင်း၍ မရနိုင်ပေ။ အကုန်အစင် ဖြေရှင်းရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် ရေရှည် မဆုတ်မနစ်ကြိုးပမ်းခြင်း လိုအပ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးမှုအား ထုတ်ဖော်မှုများ လျော့နည်းခြင်းသည် သင့်အထဲ၌ ပြောင်းလဲမှု ရှိနှင့်ပြီးဖြစ်ကြောင်း သက်သေပြရန် လုံလောက်ပေသည်။ မည်သည့် ပြောင်းလဲမှုမျှ လုံးဝမရှိဟု ပြောခြင်းသည် တကယ့် အခြေအနေနှင့် မကိုက်ညီပေ။ သင်တို့သည် ဤအရာနှင့် ပတ်သက်၍ သင်တို့၏ စိတ်နှလုံးတွင် ရှင်းလင်းနေရမည်။ လွဲချော်သော သိနားလည်မှု ရှိ၍မရပေ။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းအားဖြင့် ကယ်တင်ခြင်းကို ရရှိခြင်းသည် တိုတောင်းသော နှစ်အနည်းငယ်မျှဖြင့် လုံးဝ စွမ်းဆောင်ရရှိနိုင်ခြင်း မရှိသည့် ရေရှည်အားထုတ်မှုတစ်ခု ဖြစ်သည်။ သင်သည် ဤနားလည်သဘောပေါက်မှုရှိရမည်။
ယခုတင် ရှုထောင့်များ၊ ရည်ရွယ်ချက်များ၊ သဘောထားများနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ရှုထောင့်က သဘောထားများကို ဆုံးဖြတ်သည်၊ ဟုတ်သည် မဟုတ်လော။ အမှန်ပင် ရှုထောင့်များနှင့် အမြင်များသည် လူတို့၏ သဘောထားများကို ဆုံးဖြတ်ပေသည်။ အလားတူစွာပင် အခြေအနေ သို့မဟုတ် အနအထားတစ်ခုခုကို သင် ကြုံရသည့်အခါ သင်၏ အမြင်သည် သင် ရပ်တည်သည့်နေရာအပေါ် မူတည်သည်။ သင်သည် သင်၏ လူလူချင်း ဆက်ဆံရေးများကို ထိန်းသိမ်းရန် ကြိုးစားလျက် ဘုရားသခင်နှင့်အတူ မရပ်တည်ဘဲ လူ၏ဘက်တွင် ရပ်တည်လျှင် သင်၏ အမြင်နှင့် နည်းလမ်းများအားလုံးသည် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဂုဏ်သိက္ခာကို ကာကွယ်ကာ စိတ်ချလုံခြုံစေရန်နှင့် သင့်ကိုယ်သင် ထွက်ပေါက်တစ်ခု ချန်ထားရန် ဧကန်မုချ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သို့သော် သင်၏ ရှုထောင့်မှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်၊ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ကာ သင်၏ သစ္စာစောင့်သိမှုကို အသုံးပြုရန်ဖြစ်လျှင် သင်၏ သဘောထားမှာ အခြေအနေတိုင်းတွင် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်၊ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ သင်၏ သစ္စာစောင့်သိမှုကို အသုံးပြုရန်နှင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြီးမြောက်ရန် ဖြစ်လိမ့်မည်။ ဤအရိပ်လက္ခဏာအားလုံးက ကိုက်ညီပေသည်။ သင်တို့ အတူတကွ မိတ်သဟာယဖွဲ့ရာ၌ သင် ကြားဖူးသော သို့မဟုတ် အမှတ်ရခဲ့သော သြဝါဒများ၊ သို့တည်းမဟုတ် သင် နားလည်သဘောပေါက်ထားသော ဝိညာဉ်ရေးရာ သဘောတရားများနှင့် ပတ်သက်၍ မိတ်သဟာယ မပြုသော်လည်း သင်ကိုယ်တိုင်၏ လတ်တလော အခြေအနေများအကြောင်း၊ အဖြစ်အပျက် တစ်စုံတစ်ရာအပေါ် သင်၏ အမြင်များနှင့် ရှုထောင့်များက ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရပြီး အသစ်သော ရှာဖွေတွေ့ရှိမှုများနှင့် အသစ်သော နားလည်မှုများကို ရရှိခဲ့သည့် နည်းလမ်းများအကြောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ သမ္မာတရားနှင့် ဆန့်ကျင်သော သင်၏ အမှုအရာများအကြောင်း မိတ်သဟာယပြုနိုင်သောအခါ ထိုကဲ့သို့သော အရာများကို သင်တို့ မိတ်သဟာယ ပြုနိုင်သည့် ထိုကဲ့သို့သော အချိန်များတွင် သင်သည် ဝိညာဉ်ရင့်သန်မှု ရှိလိမ့်မည်။ အကယ်၍ သင်တို့၏ အမြင်များ၊ ရှုထောင့်များ၊ ရည်ရွယ်ချက်များနှင့် အတွေးအခေါ်များ၏ ကဏ္ဍများတစ်ခုတလေကို သင်တို့ လုံးဝ မဆန်းစစ်ဖူးပါက သို့မဟုတ် ယင်းတို့ကို ဆန်းစစ်ပြီးနောက် ယင်းတို့ မှန်သည်၊ မှားသည်ဟု မပြောနိုင်ဘဲ ယင်းတို့အပေါ် သင်တို့၏ ယူဆခြင်းက နားဝေတိမ်တောင်ဖြစ်နေလျှင်၊ သင်တို့သည် အသင်းတော်၏ ခေါင်းဆောင်တစ်ဦးကဲ့သို့ ပြုမူဆောင်ရွက်လျှင် တစ်ပါးသူများကို မည်သည့်အရာဖြင့် သင်တို့ ရေလောင်းပေးမည်နည်း။ (စကားများနှင့် အယူဝါဒများဖြင့် ဖြစ်ပါသည်။) ငါ့အတွက်မူ သင်တို့သည် တစ်ပါးသူများကို စကားများနှင့် အယူဝါဒများ၊ ဝိညာဉ်ရေးရာ သဘောတရားများ၊ ဓမ္မပညာဆိုင်ရာ အသိသာမက သင်တို့၏ လွဲချော်သောအမြင်များ၊ ဘုရားသခင်အပေါ် သင်တို့၏ ကိုယ်ပိုင်အယူအဆများနှင့် ဝေဖန်ချက်များ၊ ထို့ထက်ပို၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တောင်းဆိုချက်များနှင့် လုံးလုံးလျားလျား ကွဲလွဲသည့် ဘုရားသခင်နှင့် ပတ်သက်သော သင်တို့၏ တစ်ဖက်သတ် အမြင်များနှင့် နားလည်မှုများဖြင့်ပါ ရေလောင်းပေးမည့်ဟန် ရှိသည်။ သို့ဆိုလျှင် ထိုကဲ့သို့သော ခေါင်းဆောင်မှုအောက်၌ ကြီးပြင်းလာသည့် လူတိုင်းက ဘာဖြစ်သွားမည်နည်း။ သူတို့သည် စကားများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်လာကြသည်။ အကယ်၍ ဘုရားသခင်က သူတို့အထဲ၌ စမ်းသပ်မှုများနှင့် သန့်စေခြင်းဆိုင်ရာ အလုပ်တချို့ကို လုပ်ဆောင်လိုလျှင် ယင်းအား သူတို့မခုခံခြင်းက ကျေနပ်အားရဖွယ်ကောင်းသော အဆုံးသတ် ဖြစ်လိမ့်မည်။ သူတို့သည် ထိုအရာကို စစ်မှန်ရိုးသားစွာ ကျိုးနွံနာခံရန် မဆိုထားနှင့်၊ ယင်းအား မှန်ကန်စွာ သဘောထားနိုင်စွမ်းပင် သိပ်ရှိမည်မဟုတ်ပေ။ ဤအရာက မည်သည့်အရာကို ပြသနည်း။ ယင်းသည် တစ်ပါးသူများထဲ၌ သင် သွတ်သွင်းပေးသည့်အရာမှာ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ ဖြစ်ကြောင်း ပြသည်။ အကယ်၍ တစ်ပါးသူများက သူတို့၏ နားလည်မှုကို မတိုးပွားစေသည့်အပြင် သင်တို့၏ ရေလောင်းပေးခြင်းနှင့် ဦးဆောင်မှုကြောင့် သူတို့၏ ဘုရားသခင်အပေါ် နားလည်လွဲမှားမှုများကို မလျော့နည်းစေခဲ့လျှင် သင်တို့၏ တာဝန်ထမ်းဆောင်မှုက အဘယ်သို့ ရှိလာပြီနည်း။ ယင်းကို သင် ပြည့်မီစွာ ထမ်းရွက်ခဲ့သလော၊ မပြည့်မီစွာ ထမ်းရွက်ခဲ့သလော။ (မပြည့်မီစွာ ထမ်းရွက်ခဲ့ပါသည်။) သင်တို့ လုပ်ဆောင်သည့် အလုပ်၏ မည်သည့်အပိုင်းတို့နှင့် သင်တို့ မိတ်သဟာယပြုသည့် မည်သည့်သမ္မာတရားများက လူတို့အား ၎င်းတို့၏ အပျက်သဘောဆောင်ခြင်း၊ ၎င်းတို့၏ အယူအဆများနှင့် ဘုရားသခင်အပေါ် အထင်လွဲမှုများကို ဖြေရှင်းပေးရုံမက ဘုရားသခင်အပေါ် စစ်မှန်သော သိနားလည်မှုတစ်ခုနှင့် သူနှင့် ပုံမှန် ပေါင်းသင်းဆက်ဆံရေး တစ်ခုကိုလည်း ရရှိခွင့်ပေးလျက် ၎င်းတို့အတွက် အမှန်တကယ်ပင် အထောက်အကူဖြစ်ပြီး အကျိုးကျေးဇူး ရရှိစေသည်ကို သင်တို့ ယခု ဆုံးဖြတ်နိုင်ကြပြီလော။ သင်တို့၏အလုပ်၌ ဤရလဒ်များကို ရရှိနိုင်ပါက သင်တို့သည် လက်တွေ့ကျသောအလုပ်ကို လုပ်နိုင်ပြီး သင်တို့၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပြီဖြစ်သည်။ သင်တို့သည် ဤအလုပ်ကို ထမ်းဆောင်နိုင်ခြင်းမရှိလျှင် အသင်းတော်အတွင်း၌ မည်သည့်အရာကိုများ သင်တို့ လုပ်ဆောင်နေခဲ့ကြသနည်း။ သင်တို့ လုပ်ဆောင်ပြီးသည့် အလုပ်၏ မည်သည့် အစိတ်အပိုင်းများနှင့် သင်တို့ ပြောပြီးသည့် မည်သည့်စကားများက ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် အမှန်တကယ် အကျိုးရှိကာ တည်ဆောက်စရာဖြစ်နေခဲ့သည်ကို သင်တို့ အကဲဖြတ်နိုင်ကြသလော။ ဝိညာဉ်ရေးရာ သဘောတရားကို ပြောခြင်း၊ သင့်ကိုယ်သင် သက်သေခံကာ ကြွားဝါခြင်းမျှတည်းဟူသော သင်တို့ ထမ်းဆောင်သည့် အလုပ်နှင့် သင်တို့ ပြောသည့်စကားများသည် ပေါလုလုပ်ဆောင်ခဲ့သည့်အရာနှင့် ထပ်တူဖြစ်သလော သို့မဟုတ် ယင်းတို့သည် ပေါလုပြောဆိုခဲ့သည့်အရာထက် ပို၍ပင် ဗြောင်ကျကာ စက်ဆုပ်ဖွယ်ဖြစ်ကြသလော။ ယင်းကို သင်တို့ အကဲဖြတ်နိုင်ကြသလော။ သင်တို့ အမှန်တကယ် အကဲဖြတ်နိုင်ကြလျှင် အမှန်တကယ် တိုးတက်မှု ပြုကြပြီးဖြစ်သည်။ ဥပမာအနေဖြင့် ဘုရားသခင်ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာထိသာ ယုံကြည်ပြီးဖြစ်သည့် လူတစ်ဦးသည် ဘုရားသခင်နှင့်ပတ်သက်၍ သူ၏ တာဝန်ကို ထမ်းဆောင်မှုအား ထိခိုက်သည့် အယူအဆများနှင့် အထင်လွဲမှုများရှိလေသည်။ ထို့ကြောင့် သင်သည် သူ့ကို “ဘုရားသခင်ကို သင်ချစ်ရမည်။ ဘုရားသခင်ကို ချစ်သောစိတ်နှလုံးမရှိဘဲ သင် နေ၍မရပါ။ ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံရမည်ကို သင် သင်ယူရမည်။ သင့်အနေဖြင့် ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်များနှင့် လိုအင်ဆန္ဒများ ရှိ၍မရပါ”ဟု အဆက်မပြတ် ပြောဆိုသည်။ သို့သော် ဤသည်မှာ ၎င်းတို့နှင့်ပတ်သက်၍ ပြဿနာတည်ရှိသောနေရာ မဟုတ်ပေ။ အမှန်တွင် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့သူတစ်ဦး နှင်ထုတ်ခံရကာ ယုံကြည်သူသစ်က ဤလူ၏ အနှစ်သာရကို သဘောမပေါက်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဤကိစ္စရပ်ကို ဘုရားအိမ်တော်၏ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ သံသယများ ဖြစ်ကြခြင်း ဖြစ်သည်။ ၎င်းတို့တွင် သံသယများရှိကြသောကြောင့် သင် ဖြေရှင်းရမည်မှာ ဤသံသယများ ဖြစ်သည်။ ၎င်းတို့က မိမိတို့၏ တာဝန်ကို မထမ်းဆောင်လိုခြင်း သို့မဟုတ် ၎င်းတို့ အချောင်ခိုလိုခြင်း သို့မဟုတ် အခက်အခဲကို သည်းညည်းမခံနိုင်ခြင်း မဟုတ်ပေ။ သို့တိုင်အောင် သင်က ၎င်းတို့ကို “ငယ်ရွယ်သောလူများသည် အခက်အခဲကို သည်းညည်းခံနိုင်သင့်ပြီး လုံ့လဝီရိယရှိကာ ဇွဲကောင်းသင့်သည်”ဟု အမြဲ ပြောနေသည်။ ဤစကားများက မှန်ကန်သော်လည်း ဤလူ၏ အခြေအနေနှင့် မသင့်တော်ပေ။ ထို့ကြောင့် ၎င်းတို့သည် နားထောင်ပြီးနောက်တွင် လှုံ့ဆော်ခံရခြင်းမရှိပေ။ ဘုရားသခင်နှင့်ပတ်သက်သော အထင်လွဲမှုများကို ဖြေရှင်းခြင်းသည် အယူဝါဒအချို့ကို ပြောခြင်းသက်သက်ဖြင့် လုပ်ဆောင်၍မရပေ။ သင်သည် အဖြစ်မှန်များကို နားလည်ကာ ဖြစ်ကြောင်းရင်းမြစ်ကို ရှင်းလင်းစေရမည်။ ဤသည်မှာ ကိစ္စရပ်၏ အကြောင်းရင်းမှန်ကို စူးစမ်းဖော်ထုတ်ခြင်းဟု သိကြသည့်အရာ ဖြစ်သည်။ အမှန်တကယ် ဖြစ်နေသည့်အရာကို အဖြေရှာကာ ကိစ္စရပ်ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်သည်။ ၎င်းတို့ကို သင် စုံစမ်းစစ်ဆေးကောင်း စစ်ဆေးပေမည်။ “သင် မည်သို့ အထင်လွဲနေသနည်း။ သင့်တွင် မည်သည့် အထင်လွဲမှုများ ရှိသနည်း။ ဘုရားသခင်သည် သင့်အတွက် အလွန် ကောင်းမြတ်ပြီး သင့်ကို အလွန်ဂရုစိုက်သော်လည်း သင်က သူ့ကို အထင်လွဲသေးသည်။ သင်သည် အသိစိတ်ကင်းမဲ့ပေသည်”ဟူ၍ဖြစ်သည်။ သို့သော် ဤအရာက ပြဿနာကို မဖြေရှင်းပေးနိုင်ပေ။ ဤသည်မှာ တိုက်တွန်းခြင်းနှင့် ဩဝါဒပေးခြင်း ဖြစ်သည်၊ သမ္မာတရားကို မိတ်သဟာယပြုခြင်း မဟုတ်။ သို့ဆိုလျှင် သမ္မာတရားကို အမှန်တကယ် မိတ်သဟာယပြုရန် မည်သည့်အရာကို ပြောဆိုသင့်သနည်း။ (ဘုရားသခင် ဖြောင့်မတ်ကြောင်း ၎င်းတို့ ယုံကြည်ရန် ကူညီပါ။ “နှင်ထုတ်ခံခဲ့ရသည့် လူကို သင် မရိပ်စားမိနိုင်လျှင်ပင် ကျိုးနွံနာခံတတ်သည့် စိတ်နှလုံးကို သင် ထိန်းသိမ်းသင့်သည်။ သမ္မာတရားကို သင် နားလည်သည့်အခါ ထိုလူကို သင် အလိုအလျောက် ရိပ်စားမိလိမ့်မည်”ဟု ပြောပါ။) ဤသည်မှာ အတော်လေးကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ အရိုးရှင်းဆုံး နည်းလမ်းဖြစ်သည်။ ထိုအရာက အရာရာကို မရှင်းပြသော်လည်း ပြဿနာအချို့ကို ဖြေရှင်းပေးနိုင်သည်။ ငါ့ကို ပြောလော့၊ လူတို့သည် ၎င်းတို့ထဲတွင် အထင်လွဲမှုများ ဖြစ်ပေါ်သည့်အခါ ယေဘုယျအားဖြင့် မည်သည့်အရာကို စဉ်းစားနေကြသနည်း။ ထိုအရာက ၎င်းတို့ကို အဘယ်ကြောင့် စိတ်မကောင်းဖြစ်စေခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာတွင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ ပါဝင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အခြားလူ၏ နေရာတွင် နားလည်ခံစားပေးကြပြီး ထိုအရာက မိမိတို့အား မည်သို့ ထိခိုက်နိုင်မည်ကို တွေးကြသည်။ “သူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက်တွင်ပင် နှင်ထုတ်ခံရသေးသည်။ ငါသည် သူတို့လောက် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ မယုံကြည်ရသေးပါ။ ငါ့ကို ဘုရားက အလိုမရှိ ဖြစ်လိမ့်မည်လော” ဟူ၍ဖြစ်သည်။ ဤအထင်လွဲမှုသည် ၎င်းတို့အတွင်း၌ ပေါ်ထွက်လာ၏။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် လူတို့ကို သူ၏ ဆက်ဆံပုံအပေါ် အထင်လွဲမှုတစ်ခု ဖြစ်သည်။ ဘုရားသခင်အပေါ် ဤအထင်လွဲမှုနှစ်ခုအား မည်သို့ ဖြေရှင်းသင့်သနည်း။ တစ်စုံတစ်ဦးသည် ဘုရားသခင်အပေါ် အထင်လွဲပြီးသည့်အခါ ဤအထင်လွဲခြင်း၏ သဘာဝမှာ အဘယ်နည်း။ ဘုရားသခင်၏ အမှုတော်ကို သဘောတူထောက်ခံခြင်း ဖြစ်သလော သို့မဟုတ် ထိုအမှုတော်ကို မေးခွန်းထုတ်ခြင်းဖြစ်သလော။ (မေးခွန်းထုတ်ခြင်း ဖြစ်သည်။) ဤမေးခွန်းထုတ်ခြင်းသည် မှန်သလော၊ မမှန်သလော။ ဦးစွာပထမ မှန်ကန်ခြင်းမရှိပေ။ သို့ဆိုလျှင် သင်၏ ဆင်ခြင်တုံတရားက ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှုတစ်ခု သင် ဖြစ်ပြီးကြောင်းနှင့် သင်၏ ဤအပြုအမူမျိုး၊ သဘောထားမျိုး သို့မဟုတ် အခြေအနေမျိုးက မမှန်ကန်ကြောင်းကို သင့်အား သတိပြုမိရန် ထောက်ကူပေးလိမ့်မည်လော။ ဤဆင်ခြင်တုံတရားကို သင် ပိုင်ဆိုင်လျှင် သင် မှားယွင်းကြောင်းနှင့် ဘုရားသခင်က မုချ မှန်ကန်ကြောင်းတို့ကို သင် ရှင်းလင်းစွာ သဘောပေါက်နိုင်လိမ့်မည်။ ဤအခြေခံအုတ်မြစ်ဖြင့် သင်သည် ဆက်လက်၍ မည်သည့် သမ္မာတရားကို မိတ်သဟာယပြုသည်ဖြစ်စေ အလွယ်တကူ လက်ခံနိုင်လိမ့်မည်။ သို့သော် သင်က “ဘုရားသခင် လုပ်ဆောင်သည့်အရာသည် မလွဲမသွေ မှန်ခြင်းမျိုး မဖြစ်နိုင်ပေ။ ဘုရားသခင်တွင်လည်း လူတို့ အပြစ်ရှာ၍ရသည့် ကဏ္ဍများရှိသည်။ ဘုရားသခင်သည်လည်း အမှားများလုပ်ကာ လူတို့ကို မမျှမတ ဆက်ဆံတတ်သည်။ လူတို့အပေါ် သူ၏ မငဲ့ကွက်ခြင်းသည် မျှတခြင်းမရှိပါ” ဟု မသိစိတ်၏ စေ့ဆော်မှုအရ တွေးလျှင် သင့်အတွင်းတွင် ဤအတွေးများ ဖြစ်ပေါ်နိုင်လျှင် ယင်းက ဘုရားသခင် လုပ်ဆောင်သည့်အရာကို မသိစိတ်၏ စေ့ဆော်မှုအရ သင် ထောက်ခံသည် သို့မဟုတ် ငြင်းပယ်သည်ဟု ဆိုလိုသလော။ (ငြင်းပယ်သည်ဟု ဆိုလိုပါသည်။) ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင် ငြင်းပယ်ပေသည်။ သို့ဆိုလျှင် မသိစိတ်၏ စေ့ဆော်မှုအရ ဘုရားသခင်အပေါ် သင်၏ အထင်လွဲခြင်းက မှန်ကန်သည်ဟု သင် ယုံကြည်သလော သို့မဟုတ် မှန်ကန်ခြင်းမရှိဟု ယုံကြည်သလော။ သင် မှန်ကန်သည်ဟု မသိစိတ်၏ စေ့ဆော်မှုအရ သင် ယုံကြည်လျှင် ဤသည်မှာ သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာနှင့် ပတ်သက်သည့် မိတ်သဟာယပြုခြင်း ပမာဏကမျှ ကိုင်တွယ်၍မရနိုင်သည့် ပြဿနာတစ်ခု ဖြစ်သည်။ ဤအမြင်နှစ်မျိုး၊ မသိစိတ်နှင့်ဆိုင်သော တွေးခေါ်မှုအလေ့အထနှစ်မျိုးထဲမှ မည်သည့် အမျိုးအစားက သင့်ကိုယ်တိုင်အား ဖန်ဆင်းရှင်က ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ လူကလူဖြစ်ကြောင်းနှင့် ဘုရားသခင်က ဘုရားသခင်ဖြစ်ကြောင်း အသိအမှတ်ပြုသည့် ဖန်ဆင်းခံတစ်ဦး၏ နေရာတွင် ထားရှိသနည်း။ (ပထမအမျိုးအစား ဖြစ်သည်။) ဒုတိယအမျိုးအစားကရော အဘယ်သို့နည်း။ ဤဒုတိယအမြင်မျိုးရှိသည့် တစ်စုံတစ်ဦးက ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည်ဟူသော အမှန်တရားကို လက်ခံနိုင်သလော။ (လက်မခံနိုင်ပါ။) ဤသည်မှာ အဘယ်သို့ ပေါ်လွင်သနည်း။ မည်သည့်အရာက ဖြစ်စေသနည်း။ ၎င်းတို့က ဘုရားသခင်အပေါ် ယုံကြည်လက်ခံမှု၊ ကျိုးနွံနာခံခြင်းနှင့် လက်ခံခြင်းဆိုင်ရာ သဘောထားတစ်ခုကို ထိန်းသိမ်းခြင်းမရှိကြပေ။ ထိုအစား အမြဲ စောင့်ကြည့်ကာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည့်၊ စိစစ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည့် သဘောထားတစ်ခုကို ထားရှိကြသည်။ ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်သမျှအားလုံးကို သူနှင့် တန်းတူ အဆင့်အတန်း နေရာတစ်ခုမှနေ၍ သဘောထားကြသည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာကို လုပ်ဆောင်ပြီးဖြစ်ကြောင်း ၎င်းတို့ ရုတ်တရက် သိရှိရသည့်အခါ ဘုရားသခင်ကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည့် တစ်စုံတစ်ရာကို ရရှိရန်နှင့် ဘုရားသခင်ကို ဝေဖန်ကာ ပြစ်တင်ရှုတ်ချရန် ကြိုးစားဝံ့ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားကြဘဲ လူတစ်ဦးအဖြစ် သဘောထားကြသည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်မည့် တစ်စုံတစ်ရာကို ရရှိရန်၊ သူနှင့်ပတ်သက်၍ အပြစ်ရှာရန်နှင့် ဝေဖန်ရန် ကြိုးစားဝံ့ကြသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၏ နေရာမှနေ၍ စကားပြောခြင်း ဖြစ်သလော။ (မဟုတ်ပါ။) တစ်စုံတစ်ဦးသည် ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှုများရှိသည့်အခါ ဘုရားသခင် လုပ်ဆောင်သည့်အရာများက မတွေးတတ်အောင် ခက်ခဲနက်နဲသည်ကို ၎င်းတို့ နားလည်သင့်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် လူသည် ဘုရားသခင်ကို ဝေဖန်ကာ အကဲဖြတ်ရန် ကျိုးကြောင်းပြချက် သို့မဟုတ် အရည်အချင်း မရှိပေ။ ဤအရာ ဖြစ်ပျက်သည့်အခါ ထိုသို့သော လူတစ်ဦးနှင့် သင်တို့ မည်သို့ မိတ်သဟာယပြုသင့်သနည်း။ သင်က ဤသို့ပြောရမည်။ “ဘုရားသခင်နှင့်ပတ်သက်၍ သင့်တွင် အထင်လွဲမှုများရှိသည်။ ယင်းကိုယ်၌က မှားယွင်းသည်။ သင်၏ အယူအဆများနှင့် မကိုက်ညီသည့် မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကြောက်ရွံ့သည့်စိတ်နှလုံး သင့်တွင် ရှိသင့်သည်။ တစ်စုံတစ်ရာကို သင် နားမလည်နိုင်လျှင်၊ ကျိုးကြောင်းမမြင်ဘဲ အကဲဖြတ်မှုများနှင့် ပြစ်ရှုတ်ချမှုများမပြုနှင့်။ ဘုရားသခင်ထံ သင် ဆုတောင်းပြီး သမ္မာတရားကို ရှာသင့်သည်။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ကျွန်ုပ်တို့သည် လူများ၊ ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်ပြီး မည်သည့်အခါတွင်မျှ ဘုရားသခင် ဖြစ်မလာနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားတိုင်းကို ကျွန်ုပ်တို့ ရရှိကာ နားလည်ခဲ့လျှင်ပင် ဖောက်ပြန်ပျက်စီးသော လူသားများသာ ဖြစ်နေဦးမည်ဖြစ်ပြီး ဘုရားသခင်သည် အမြဲ ဘုရားသခင် ဖြစ်လိမ့်မည်။ သမ္မာတရားကို ကျွန်ုပ်တို့ ရရှိကာ ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရလျှင်ပင် ဘုရားသခင်က ကျွန်ုပ်တို့ကို မနှစ်သက်ဘဲ ဖျက်ဆီးလိုလျှင် မကျေနပ်ချက်များကို ကျွန်ုပ်တို့ ထုတ်ပြောရမည်မဟုတ်သေးပေ။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး ကျိုးနွံနာခံသင့်သည့်အရာဖြစ်သည်။ အလွန်သေးငယ်သော အရာတစ်ခုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိပြီး သူ့ကို ဝေဖန်သေးလျှင် ယင်းက ကျွန်ုပ်တို့လူသားများအနေဖြင့် မည်မျှ ဖောက်ပြန်ပျက်စီးကြောင်း၊ မာနထောင်လွှားကြောင်း၊ ကောက်ကျစ်ဆိုးယုတ်ကာ အသိစိတ် မရှိကြကြောင်းကိုသာ သက်သေပြပေသည်။ ဦးစွာပထမ ကျွန်ုပ်တို့သည် ဖန်ဆင်းခံတစ်ဦး နေရာတွင် မိမိကိုယ်ကို လုံးဝ မထားရှိကြဘဲ ထို့နောက်တွင် ဘုရားသခင်ကို ထိုသို့ ဆက်ဆံမိကြလေပြီ။ ဤသည်မှာ ပထမဆုံး အမှားဖြစ်သည်။ ဒုတိယအမှားမှာ ဘုရားသခင်ကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည့် တစ်စုံတစ်ရာကို မည်သို့ ရရှိမည်ဆိုသည်ကို စဉ်းစားပြီးနောက် လေ့လာရင်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ စိစစ်ရင်း ဘုရားသခင်ကို အမြဲ ကျွန်ုပ်တို့ စောင့်ကြည့်နေကြခြင်းဖြစ်သည်။ ဤသည်မှာ သာ၍ပင် မှားယွင်း၏။ ဘုရားသခင်ကို ကျွန်ုပ်တို့ မယုံကြည်သကဲ့သို့ သမ္မာတရားကို လက်ခံခြင်း၊ သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိသည်သာမက စာတန်၏ ဘက်တွင် ကျွန်ုပ်တို့ ရပ်တည်ကာ ဘုရားသခင်အပေါ် ကန့်ကွက်ရန်၊ ဘုရားသခင်နှင့် ပြိုင်ဆိုင်ကာ ထိပ်တိုက်တွေ့ရန် အင်အားစုများကို ပူးပေါင်းလျက် သူ၏ ကြံရာပါအဖြစ် ပြုမူဆောင်ရွက်နေကြသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာတစ်ခု မဟုတ်ပေ။ ယခုအခါ ဘုရားသခင် လုပ်ဆောင်နေသည့်အရာကို လူတို့က မှန်သည်ဟုတွေးထင်သည်ဖြစ်စေ၊ မှားသည်ဟု တွေးထင်သည်ဖြစ်စေ၊ ထိုအရာက သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာနှင့် ကိုက်ညီသည်ဖြစ်စေ၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် မည်သို့ ကိုက်ညီသည်ဖြစ်စေ ထိုအရာတစ်ခုမျှသည် ကျွန်ုပ်တို့နှင့် ပတ်သက်ခြင်း မရှိပါ။ ကျွန်ုပ်တို့သည် ဖန်ဆင်းခံများဖြစ်သည်။ မည်သည့်အရာက ကျွန်ုပ်တို့၏ တာဝန်များ၊ ဝတ္တရားများနှင့် အလုပ်များ ဖြစ်သင့်သနည်း။ အကြွင်းမဲ့ကျိုးနွံနာခံကာ လက်ခံရန် ဖြစ်သည်။ ကျွန်ုပ်တို့က ဖန်ဆင်းခံများဖြစ်ကြောင်း၊ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆို မှန်ကန်ကြောင်း ကျွန်ုပ်တို့ ယုံကြည်လျှင်၊ ထိုအရာက ကျွန်ုပ်တို့ကို အကျိုးပြုသည်၊ ပိတ်ပင်ထားသည်၊ ထိခိုက်နစ်နာစေသည် သို့မဟုတ် နာကျင်စေသည်ဟု ခံစားရသည်ဖြစ်စေ ကျွန်ုပ်တို့ လက်ခံရမည်ဆိုလျှင် ဤအရာကို ကျိုးနွံနာခံခြင်းဟု ခေါ်သည်။ ဤအရာကို ဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်းဟု ခေါ်သည်။ ဤသည်မှာ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးက ဖြစ်သင့်သည့်အရာ ဖြစ်သည်။ ကျွန်ုပ်တို့ အဘယ်သို့ အာဗြဟံ၊ ယောဘ၊ ပေတရုတို့နှင့် နှိုင်းယှဉ်ကြသနည်း။ ၎င်းတို့ကို ကျွန်ုပ်တို့ စံမမီပါ။ အရည်အချင်းများနှင့် ပတ်သက်၍ ပြောရလျှင် ကျွန်ုပ်တို့တွင် ဘုရားသခင်ကို စကားပြောရန် မည်သည့်အရည်အချင်းမျှ မရှိပါ။ ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှုများရှိရန် မည်သည့် အရည်အချင်းမျှ မရှိသကဲ့သို့ ဘုရားသခင် လုပ်ဆောင်သည့်အရာတစ်ခုကို နှိုင်းချင့်သုံးသပ်ကာ ဝေဖန်ရန် မည်သည့်အရည်အချင်းမျှ မရှိပါ”ဟူ၍ဖြစ်သည်။ လူတို့က ၎င်းတို့တွင် ဤအရည်အချင်းတစ်ခုမျှ မရှိကြောင်း ကြားရသည်ကို နှစ်သက်မည်မဟုတ်သည်မှာ မှန်သော်လည်း ဖောက်ပြန်ပျက်စီးသော လူသားများကို အကျိုးသင့်အကြောင်းသင့်ပြော၍ မရသောကြောင့် ဤသည်မှာ ၎င်းတို့ကို သင် ပြောရမည့်အရာ ဖြစ်သည်။ ဖန်ဆင်းရှင်နှင့်ပတ်သက်၍ အရည်အချင်းများနှင့် ကျိုးကြောင်းပြချက်များအကြောင်း ပြောဝံ့ခြင်းဟူသည်မှာ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်းနှင့် အသိခေါက်ခက်အဝင်နက်ခြင်း ဖြစ်သည် မဟုတ်လော။ ထို့ကြောင့် ထိုသို့သော တဲ့တိုးပုံစံဖြင့် စကားပြောခြင်းအားဖြင့်သာ ၎င်းတို့ နားလည်နိုင်ကြသည်။ ဤကဲ့သို့ မိတ်သဟာယပြုခြင်းကသာ အချို့သော ပြဿနာများကို ဖြေရှင်းနိုင်သည်။
ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ကျိုးနွံနာခံပြီး သမ္မာတရားကို ရိုးသားစစ်မှန်စွာ လက်ခံသောသူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှုများ မဖြစ်သင့်သကဲ့သို့ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ ၎င်းတို့၏ နှိုင်းချင့်သုံးသပ်မှုဖြစ်စေ၊ အကဲဖြတ်မှုဖြစ်စေ မထားရှိသင့်ပေ။ ပညတ်တော်ခေတ်တွင် ဘုရားသခင်က အာဗြဟံကို သားတစ်ဦးပေးမည်ဟု ပြောခဲ့သည်။ ယင်းကို အာဗြဟံက မည်သည့်အရာ ပြောဆိုခဲ့သနည်း။ မည်သည့်အရာကိုမျှ သူ မပြောခဲ့ပေ။ ဘုရားသခင် ပြောသည့်အရာကို သူ ယုံကြည်ခဲ့သည်။ ဤသည်မှာ အာဗြဟံ၏ သဘောထားဖြစ်သည်။ အကဲဖြတ်မှုတစ်ခုခုကို သူ ပြုလုပ်ခဲ့သလော။ သူ လှောင်ခဲ့သလော။ တစ်ခုတလေကို သူ ခိုးကြောင်ခိုးဝှက် လုပ်ခဲ့သလော။ မလုပ်ခဲ့သကဲ့သို့ အရေးမပါသော မည်သည့် အကွက်ဆင်မှုကိုမျှ သူမလုပ်ဆောင်ခဲ့ပေ။ ဤအရာကို ကျိုးနွံနာခံခြင်းဟု ခေါ်သည်။ မိမိ၏ နေရာနှင့် မိမိ၏တာဝန်ကို မြဲမြဲမြံမြံ ထိန်းသိမ်းခြင်းဟု ခေါ်သည်။ သူ၏ ဇနီးသည် စာရာမှာမူ သူမသည် အာဗြဟံနှင့် ကွဲပြားခဲ့သည် မဟုတ်လော။ ဘုရားသခင်အပေါ် သူမ၏ သဘောထားမှာ မည်သည့်အရာဖြစ်ခဲ့သနည်း။ သူမက မေးခွန်းထုတ်ခဲ့သည်၊ လှောင်ခဲ့သည်၊ မယုံကြည်ခဲ့ပေ။ ပြီးလျှင် ဝေဖန်ပြီး အာဗြဟံအား ကိုယ်လုပ်တော်တစ်ဦးအဖြစ် သူမ၏ အစေခံကျွန်မတစ်ဦးကို ပေးလျက် ထိုသို့သော အဓိပ္ပာယ် မရှိသည့်အရာတစ်ခုကို လုပ်ဆောင်ရင်း အရေးမပါသည့် အကွက်ဆင်မှုကို ပါဝင်လုပ်ဆောင်ခဲ့သည်။ ဤသည်မှာ လူ၏ အလိုဆန္ဒမှ လာခဲ့ပေသည်။ စာရာသည် သူမ၏ ကိုယ်ပိုင် နေရာကို မြဲမြဲမြံမြံ ထိန်းသိမ်းခဲ့ခြင်း မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူမ သံသယဝင်ခဲ့ပြီး ဘုရားသခင်၏ အနန္တတန်ခိုးကို မယုံကြည်ခဲ့ပေ။ သူမ၏ မယုံကြည်မှု ဖြစ်ရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းတရားများနှင့် ဆက်စပ်အကြောင်းအရာ နှစ်ခု ရှိသည်။ တစ်ခုမှာ ထိုစဉ်အချိန်က အာဗြဟံသည် အလွန်အိုမင်းခဲ့သောကြောင့် ဖြစ်သည်။ အခြားတစ်ခုမှာ သူမကိုယ်တိုင်သည်လည်း အလွန်အိုမင်းကာ ကလေးမရနိုင်သောကြောင့် သူမက “ဤသည်မှာ မဖြစ်နိုင်ပါ။ ဘုရားသခင်က ဤအရာကို အဘယ်သို့ ဖြစ်မြောက်စေလိမ့်မည်နည်း။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ဤသည်မှာ ကလေးတစ်ဦးအပေါ် လှည့်စားရန် ကြိုးစားခြင်းကဲ့သို့ ဖြစ်သည် မဟုတ်လော”ဟု တွေးခဲ့သည်။ ဘုရားသခင်ပြောသည့်အရာကို သမ္မာတရားအဖြစ် သူမ လက်ခံခြင်း၊ သို့မဟုတ် ယုံကြည်ခြင်းမရှိခဲ့ဘဲ ဘုရားသခင်က လူတို့နှင့်ပတ်သက်၍ ရယ်စရာပြောနေသည်ဟု တွေးထင်လျက် ပြက်လုံးတစ်ခုအဖြစ် သဘောထားခဲ့သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ အကြင်သူက ဖန်ဆင်းရှင်ကို ဆက်ဆံသင့်သည့် သဘောထားဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူမသည် သူမ၏ နေရာကို မြဲမြဲမြံမြံ ထိန်းသိမ်းခဲ့သလော။ (မထိန်းသိမ်းခဲ့ပါ။) မြဲမြံစွာ ထိန်းသိမ်းခဲ့ခြင်းမရှိပေ။ သူမသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ပြက်လုံးအနေဖြင့် သဘောထားခဲ့ပြီး သမ္မာတရားအဖြစ် သဘောမထားခဲ့သောကြောင့်လည်းကောင်း၊ ဘုရားသခင် ပြောသည့်အရာ၊ သူ လုပ်ဆောင်မည့်အရာကို သူမ မယုံကြည်ခဲ့သောကြောင့်လည်းကောင်း သူမသည် လူ၏ အလိုဆန္ဒတစ်ခုတည်းမှ ဖြစ်လာသည့် အကျိုးဆက် တစ်သီတစ်တန်းကို ဖြစ်စေလျက် အဓိပ္ပာယ်မဲ့စွာ ပြုမူဆောင်ရွက်ခဲ့သည်။ အချုပ်အားဖြင့် “ဘုရားသခင်သည် ဤအရာကို လုပ်နိုင်သလော။ အကယ်၍ ဘုရားသခင်မလုပ်နိုင်ပါက ကိုယ်တော်၏နှုတ်ကပတ်တော်များ ပြည့်စုံအောင် ကူညီပေးရန် ငါ့အနေဖြင့် လှုပ်ရှားမှရပေမည်” ဟု သူပြောဆိုနေခဲ့ခြင်းဖြစ်သည်။ သူ့အထဲ၌ နားလည်မှုလွဲခြင်းများ၊ ထင်မြင်ချက်များ၊ မှန်းဆချက်များနှင့် မေးခွန်းများ ရှိနေခဲ့ပြီး ဖောက်ပြန်သော စိတ်သဘောထားရှိသည့် လူပုဂ္ဂိုလ်တစ်ဦး၏ ဘုရားသခင်အား ပုန်ကန်သည့်လုပ်ရပ်ကို ယင်းတို့အားလုံးက ဖြစ်စေသည်။ အာဗြဟံသည် ဤအရာများကို လုပ်ဆောင်ခဲ့သလော။ မလုပ်ဆောင်ခဲ့ပေ၊ ထို့ကြောင့် သူသည် ဤကောင်းချီးကို နှင်းအပ်ခံခဲ့ရခြင်းဖြစ်၏။ ဘုရားသခင်သည် သူ့အပေါ် အာဗြဟံ၏ သဘောထား၊ သူ၏ ဘုရားကို ကြောက်ရွံ့သော စိတ်နှလုံး၊ သူ၏ သစ္စာစောင့်သိမှုနှင့် သူ၏ စစ်မှန်သော ကျိုးနွံနာခံမှုတို့ကို မြင်ခဲ့၏၊ ထို့ပြင် အာဗြဟံအနေဖြင့် တိုင်းနိုင်ငံများစွာ၏ ဖခင်ဖြစ်နိုင်ရန် ဘုရားသခင်က သူ့အား သားတစ်ဦး ပေးသနားခဲ့ပေသည်။ ဤသည်မှာ အာဗြဟံကို ကတိပေးထားသည့် အရာဖြစ်ပြီး စာရာသည် ထိုအရာမှ မမျှော်လင့်ဘဲ အကျိုးခံစားခဲ့ရသည်။ ထို့ကြောင့် ကျိုးနွံနာခံခြင်းသည် အလွန်အရေးပါ၏။ ကျိုးနွံနာခံခြင်းထဲ၌ မေးခွန်းထုတ်ခြင်း ရှိသလော။ (မရှိပါ။) ရှိသည်ဆိုလျှင် ၎င်းကို စစ်မှန်သော ကျိုးနွံနာခံခြင်းအဖြစ် မှတ်ယူ၍ ရသလော။ (မှတ်ယူ၍မရပါ။) သို့ဆိုလျှင် ၎င်းအထဲ၌ ဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်းတို့ ရှိသည်ဆိုလျှင် ၎င်းကို ကျိုးနွံနာခံခြင်းအဖြစ် မှတ်ယူ၍ ရသလော။ (မရပါ။) အပြစ်ရှာရန် ကြိုးစားလျှင်ကော အဘယ်သို့နည်း။ သို့ဆိုလျှင်သာ၍ပင် မှတ်ယူ၍မရပေ။ ထိုသို့ဆိုလျှင် စစ်မှန်သည်ဟု အပြည့်အဝ သက်သေပြ၍ရသည့် ကျိုးနွံနာခံခြင်းအထဲ၌ မည်သည့်အရာက ပေါ်လွင်ပြီး ထုတ်ဖော်ခြင်းခံရသနည်း၊ ပြုမူလုပ်ဆောင်ပုံက မည်သို့ဖြစ်သနည်း။ (ယုံကြည်လက်ခံခြင်းဖြစ်ပါသည်။) စစ်မှန်သော ယုံကြည်လက်ခံခြင်းက တစ်ခုဖြစ်၏။ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်ပြောသောအရာနှင့် ပြုသောအရာတို့ကို မှန်ကန်စွာ နားလည်ရမည်ဖြစ်ပြီး ဘုရားသခင် ပြုသမျှတို့သည် မှန်ကန်ကြောင်းနှင့် သမ္မာတရားဖြစ်ကြောင်းကို အတည်ပြုပေးရမည်၊ ယင်းကို မေးခွန်းထုတ်နေစရာ မလိုသကဲ့သို့ အခြားသူများကို ယင်းအကြောင်း မေးစရာမလိုသည့်အပြင် ယင်းကို လေ့လာချိန်ဆရန် သို့တည်းမဟုတ် မိမိ၏စိတ်နှလုံးအတွင်း၌ ခွဲခြမ်းစိတ်ဖြာကြည့်ရန်လည်း မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်ပြုလေသမျှ အရာခပ်သိမ်းသည် မှန်ကန်ကြောင်း ယုံကြည်ခြင်းတည်းဟူသော ကျိုးနွံနာခံခြင်းနှင့်ဆိုင်သော အကြောင်းအရာ၏ ရှုထောင့်တစ်ခုဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် တစ်စုံတစ်ရာကို ပြုသည့်အခါ မည်သည့်ပုဂ္ဂိုလ်က ထိုအရာကို လုပ်ခဲ့ကြောင်း၊ ထိုသူက မည်သည့်နောက်ခံမျိုးရှိသည်၊ မကောင်းသည့် လုပ်ဆောင်ချက်တစ်ခုခုကို လုပ်ဆောင်ထားခြင်း ရှိမရှိဆိုသည်နှင့် သူ၏ အကျင့်စရိုက်က မည်သို့မည်ပုံ ဖြစ်သည်ဆိုသည်တို့ကို သူကြည့်ကောင်း ကြည့်ကြမည်ဖြစ်သည်။ ဤအရာများသည် ခွဲခြမ်းစိတ်ဖြာကြည့်ရန် လိုအပ်သည်။ အကယ်၍ အခြားတစ်ဖက်တွင် တစ်စုံတစ်ရာသည် ဘုရားသခင်ထံမှလာပြီး သူပြုထားသည့်အရာ ဖြစ်သည်ဆိုပါက သင်တို့အနေဖြင့် သင်တို့၏နှုတ်များကို ချက်ချင်းပိတ်ထားရမည်ဖြစ်ကာ ဒွိဟစိတ် မထားရှိရပေ။ ထိုအရာကို မေးခွန်းမထုတ်နှင့်၊ စောဒကတက်ခြင်းများ မပြုဘဲ၊ ထိုအရာအလုံးစုံကို လက်ခံလော့။ ထို့နောက်တွင် လုပ်စရာဘာရှိသနည်း။ ဤနေရာ၌ လူတို့သိပ်နားမလည်သည့် သမ္မာတရားတချို့ ပါဝင်ပြီး ၎င်းတို့သည် ဘုရားသခင်ကို မသိကြပေ။ ဘုရားသခင် လုပ်ဆောင်ခြင်းဖြစ်သည်ကို ၎င်းတို့ယုံကြည်ကြပြီး ကျိုးနွံနာခံနိုင်စွမ်း ရှိကြသော်လည်း သမ္မာတရားကို စစ်မှန်စွာ နားမလည်ကြပေ။ ၎င်းတို့ နားလည်သည့်အရာတွင် အယူဝါဒဆိုင်ရာ သဘာဝ အတော်အတန် ရှိနေသေးသည်။ ထို့ပြင် ၎င်းတို့သည် စိတ်နှလုံး၌ မငြိမ်မသက်ဖြစ်ကြ၏။ ထိုသို့သောအချိန်မျိုးတွင် ၎င်းတို့အနေဖြင့် “ဤအထဲ၌ မည်သည့်သမ္မာတရား ရှိသနည်း။ ငါ့အတွေးအခေါ်၏ မည်သည့်နေရာ၌ အမှားပါနေသနည်း။ ဘုရားသခင်နှင့် ငါမည်ကဲ့သို့အလှမ်းဝေးသွားသနည်း။ ငါ၏မည်သည့်အမြင်များက ဘုရားသခင်ပြောသည့်အရာနှင့် ကွဲလွဲဆန့်ကျင်နေသနည်း” ဟူ၍ မေးမြန်းကာ ရှာဖွေရသည်။ ဆက်လက်၍ ဤအရာများကို ၎င်းတို့ ရှာဖွေသင့်သည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းနှင့်ဆိုင်သော သဘောထားနှင့် လက်တွေ့လုပ်ဆောင်မှုဖြစ်၏။ ကျိုးနွံနာခံမှုရှိသည်ဟု ပြောသော်လည်း နောင်သောအခါ တစ်စုံတစ်ခုက ၎င်းတို့အပေါ် ကျရောက်လာသည့်အချိန်၌ “ဘုရားသခင်ပြုသည်မှာ အဘယ်အရာဖြစ်ကြောင်း မည်သူသိသနည်း။ ဖန်ဆင်းခံသတ္တဝါများဖြစ်သည့် ငါတို့သည် ဝင်ရောက်စွက်ဖက်၍ မရနိုင်။ ဘုရားသခင်ကို သူ့စိတ်ကြိုက် ဘာမဆိုလုပ်ခွင့်ပေးကြစို့” ဟု တွေးသောသူများ ရှိကြသည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ မည်သို့သောသဘောထားဖြစ်သနည်း။ ယင်းသည် တာဝန်ယူခြင်းကို မနှစ်မြို့ခြင်းဖြစ်၏၊ ဘုရားသခင်ပြုသည့်အရာကို အလေးထားမှု ကင်းမဲ့ခြင်းနှင့် ထိုအရာအပေါ် အေးစက်စက်နိုင်သော ဥပေက္ခာပြုခြင်းဖြစ်၏။ အာဗြဟံသည် အခြေခံသဘောတရားများကို စောင့်ထိန်းသောကြောင့် ကျိုးနွံနာခံနိုင်ခဲ့ခြင်းဖြစ်သည်၊ ထို့ပြင် ဘုရားသခင်ပြောသောအရာသည် ဖြစ်မြောက်ရမည်ဖြစ်ပြီး ပြည့်စုံရမည် ဖြစ်ကြောင်းကို သူ၏ယုံကြည်လက်ခံမှုသည် ခိုင်မာခဲ့၏။ ဤ “ဖြစ်ရမည့်” အရာနှစ်ခုနှင့်ပတ်သက်၍ ရာနှုန်းပြည့် သူ သေချာခဲ့သည်။ ထို့ကြောင့် သူ မေးခွန်းမထုတ်ခဲ့ပေ။ မည်သည့်အကဲဖြတ်မှုကိုမျှ သူမချခဲ့သကဲ့သို့ သိမ်ဖျင်းသော မည်သည့်လှည့်ကွက်ကိုမျှ သူမသုံးခဲ့ပေ။ ဤသည်မှာ သူ၏ ကျိုးနွံနာမှုဖြင့် အာဗြဟံ ပြုမူခဲ့ပုံ ဖြစ်သည်။
ဘုရားသခင်ထံမှ အာဗြဟံရရှိခဲ့သည်မှာ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်။ သူသည် မည်သည့် သံသယမျှ မဖြစ်ပေါ်ခဲ့သကဲ့သို့ သူ လုပ်ဆောင်ခဲ့သမျှတွင် လူသား၏ဆန္ဒကို မရောနှောခဲ့ပေ။ သို့သော် ယောဘ ကြုံခဲ့ရသည့် အခြေအနေမှာ အာဗြဟံနှင့် ထင်ထင်ရှားရှား ကွဲပြားခြားနားသည်။ ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာ ကွဲပြားခြားနားသနည်း။ အာဗြဟံကြုံခဲ့သည့်အရာမှာ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်၊ ကောင်းမွန်သည့်အရာတစ်ခု ဖြစ်သည်။ အသက် ၁၀၀ နီးပါးအရွယ်တွင် သူသည် သားသမီးမဲ့ကာ ဘုရားသခင်က သားတစ်ဦးပေးမည်ဟု သူ့ကို ကတိပေးခဲ့ချိန်တွင် ကလေးတစ်ဦးကို မျှော်လင့်နေခဲ့သည်။ သူ အဘယ်သို့ ဝမ်းမသာဘဲ နေနိုင်မည်နည်း။ သူသည် သေချာပေါက် ကျိုးနွံနာခံလိုစိတ် ရှိခဲ့သည်။ သို့သော် ယောဘ ကြုံခဲ့သည့်အရာသည် ကံအကြောင်းမလှသည့်အဖြစ် ဖြစ်ခဲ့သည်။ သူသည် အဘယ်ကြောင့် ကျိုးနွံနာခံနိုင်ဆဲဖြစ်ခဲ့သနည်း။ (အရာရာကို ဘုရားသခင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သူ၏ စိတ်နှလုံးတွင် သူ ယုံကြည်ခဲ့သောကြောင့်ဖြစ်သည်။) ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ နောက်ထပ်ရှုထောင့်တစ်ခု ရှိ၏။ မကြာခဏဆိုသလို လူတို့သည် အလွန်များသော ဆင်းရဲဒုက္ခကို မခံစားရသည့်အခါ ကျိုးနွံနာခံနိုင်ကြပြီး ဘုရားသခင်က ကောင်းချီးမင်္ဂလာများ ပေးသနားသည့်အခါ ကျိုးနွံနာခံနိုင်ကြသည်။ သို့သော် ဘုရားသခင်က သိမ်းယူသွားသည့်အခါ ကျိုးနွံနာခံရန် ၎င်းတို့အတွက် မလွယ်ကူတော့ပေ။ ယောဘမှာမူ ထိုကံအကြောင်း မလှသည့်အဖြစ်ကို လက်ခံကာ ကျိုးနွံနာခံနိုင်ရန်အတွက် မည်သည့်အမြင်မျိုးကို သူ ထားရှိခဲ့သနည်း၊ မည်သည့် ဆင်ခြင်တုံတရားမျိုးကို သူ ပိုင်ဆိုင်ခဲ့သနည်း၊ မည်သည့် သမ္မာတရာများကို သူ နားလည်ခဲ့သနည်း သို့မဟုတ် ဘုရားသခင်နှင့် ပတ်သက်၍ မည်သည့် သိနားလည်မှု သွင်ပြင်လက္ခဏာ သူ့ထံတွင် ရှိခဲ့သနည်း။ (ဘုရားသခင် လုပ်ဆောင်သမျှတိုင်းက ကောင်းမြတ်သည်ဟု သူ ယုံကြည်ခဲ့သည်။ သူ့တွင် ရှိခဲ့သမျှ အရာရာတိုင်းကို ဘုရားသခင်က ပေးထားခြင်းဖြစ်ကြောင်း၊ သူ၏ ကိုယ်ပိုင် အလုပ်ဖြင့် ရရှိခြင်း မဟုတ်ကြောင်း၊ ထိုအရာကို ဘုရားသခင် သိမ်းယူခြင်းသည်လည်း ဘုရားသခင်၏ ဩဇာအာဏာဖြစ်ကြောင်းတို့ကို သူ၏ စိတ်နှလုံးထဲတွင် သူ ယုံကြည်ခဲ့သည်။ ဤဆင်ခြင်တုံတရားမျိုးကို သူ ပိုင်ဆိုင်ခဲ့သောကြောင့် လက်ခံကာ ကျိုးနွံနာခံနိုင်ခဲ့ခြင်း ဖြစ်သည်။) ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်း ကောင်းမြတ်သည်ဟု လူတို့ ယုံကြည်လျှင် ကျိုးနွံနာခံရန် ၎င်းတို့အတွက် လွယ်ကူပေသည်။ သို့သော် ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းက လူတို့အတွက် ကံအကြောင်း မလှသည့်အဖြစ်ကို ဆောင်ကြဉ်းပေးသည်ဟု ထင်ရသည့်အခါ ကျိုးနွံနာခံရန် လွယ်ကူသေးသလော။ မည်သည့်အရာသည် စစ်မှန်သော ကျိုးနွံနာခံခြင်းကို ပိုမိုညွှန်ပြသနည်း။ (ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းက လူတို့အတွက် ကံအကြောင်းမလှသည့်အဖြစ်ကို ဆောင်ကြဉ်းပေးသည်ဟု ထင်ရသည့်အခါ ကျိုးနွံနာခံနိုင်ဆဲဖြစ်ခြင်းသည် ဖြစ်ပါသည်။) ထိုကံအကြောင်းမလှသည့် ဖြစ်ရပ်ကို လက်ခံနိုင်ရန် မည်သည့် ဆင်ခြင်တုံတရားနှင့် သမ္မာတရားမျိုးကို ယောဘ ပိုင်ဆိုင်ခဲ့သနည်း။ (ယောဘသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောထားခဲ့သည်။ ဘုရားသခင်က ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်ကို ပေးသနားသောသူသက်သက် မဟုတ်၊ သူ သိမ်းယူသည့်အခါတွင်ပင် သူသည် ဘုရားဖြစ်နေဆဲဖြစ်ကြောင်း ယောဘ နားလည်ခဲ့သည်။ တစ်ဦးတစ်ယောက်က ဘေးဒုက္ခများနှင့် ကြုံတွေ့ရလျှင်ပင် ဘုရားသခင်က အခွင့်ပေးသောကြောင့် ဖြစ်သည်ဟုလည်း သူ နားလည်ခဲ့သည်။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူသည် ဘုရားသခင်အဖြစ် ရှိနေပြီး လူသားများက သူ့ကို အမြဲ ကိုးကွယ်သင့်သည်။) အဓိကအနေဖြင့် ယောဘသည် ဘုရားသခင်အပေါ် သိနားလည်မှုအချို့ ရှိခဲ့ပြီး သူ၏ နေရာကို ကောင်းစွာ လက်ခံခဲ့ခြင်း ဖြစ်သည်။ အပြင်ပန်း လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ ပြောင်းလဲရုံဖြင့် ဘုရားသခင်၏ အနှစ်သာရ ပြောင်းလဲလိမ့်မည်မဟုတ်ကြောင်း၊ ဘုရားသခင်၏ အနှစ်သာရသည် အမြဲတစေ အစဉ်ထာဝရ ဘုရားသခင်၏ အနှစ်သာရဖြစ်ကြောင်း၊ မပြောင်းလဲကြောင်း သူ အသိအမှတ်ပြုခဲ့သည်။ ဘုရားသခင်က လူတို့အပေါ် ကောင်းချီးမင်္ဂလာများ ပေးသနားလျှင် ဘုရားသခင် ဖြစ်သည်ဟူ၍လည်းကောင်း၊ သူ လုပ်ဆောင်သမျှအားလုံးက လူတို့ထံ ဘေးဒုက္ခ ဆောင်ကြဉ်းလျှင်၊ ၎င်းတို့အပေါ် ဆင်းရဲဒုက္ခနှင့် အပြစ်ဒဏ် သင့်ရောက်စေလျှင် သို့မဟုတ် ၎င်းတို့ကို ဖျက်ဆီးလျှင် သူ၏ အနှစ်သာရ ပြောင်းလဲပြီး ဘုရားသခင် ဖြစ်ခြင်း ရပ်တန့်သွားသည်ဟူ၍လည်းကောင်း မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရက မည်သည့်အခါတွင်မျှ မပြောင်းလဲပေ။ လူ၏ အနှစ်သာရလည်း မပြောင်းလဲပေ။ ဆိုလိုသည်မှာ ဖန်ဆင်းခံတစ်ဦးအဖြစ် လူ၏ အဆင့်အတန်းနှင့် အနှစ်သာရတို့သည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ သူ့ကို သိကျွမ်းနိုင်လျှင်ပင် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ သင်၏ အနှစ်သာရ မပြောင်းလဲပေ။ ဘုရားသခင်သည် ထိုမျှကြီးမားသော စမ်းသပ်မှုကို ယောဘအား ဖြတ်သန်းစေခဲ့သည့်တိုင် ယောဘက ကျိုးနွံနာခံနိုင်ဆဲဖြစ်ပြီး မညည်းညူခဲ့ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် အသိအချို့ ရှိခြင်းအပြင် သူ့အား ကျိုးနွံနာခံပြီး ညည်းညူခြင်းကို ရှောင်ကြဉ်ရန် ထောက်ကူပေးခဲ့သည့် သူ၏ အကြီးမားဆုံး အစွမ်းအစမှာ အဘယ်နည်း။ လူသားများက အမြဲ လူသားများ ဖြစ်လိမ့်မည် ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ဘုရားသခင် ဆက်ဆံသည့် မည်သည့်ပုံစံမဆို လုံးဝ မှန်ကန်ကြောင်းတို့ကို သူ သိရှိခဲ့ခြင်း ဖြစ်သည်။ ရိုးရှင်းစွာ ပြောရလျှင် ဘုရားသခင်က သင့်ကို ဆက်ဆံသည့် မည်သည့်ပုံစံမဆိုသည် သင် ဆက်ဆံခံရသင့်သည့်ပုံစံ ဖြစ်သည်။ ဤအရာက အမှုအရာများကို မရှင်းပြသလော။ ဘုရားသခင်က သင့်ကို မည်သို့ ဆက်ဆံသင့်သည်၊ သင့်ကို သူ မည်သည့် ကောင်းချီးများပေးသင့်သည်၊ သို့မဟုတ် သင့်ကို မည်သည့်စမ်းသပ်မှုများ ဖြတ်သန်းစေသင့်သည်ဆိုသည်နှင့် သင့်အပေါ် သူပြုသောအမှုက မည်သည့် အရေးပါမှု ရှိသင့်သည်ဟူ၍ မတောင်းဆိုနှင့်။ ဤအရာများကို သင် မတောင်းဆိုသင့်ပေ။ ဤတောင်းဆိုချက်များကို ပြုလုပ်ခြင်းသည် မလျော်ကန်ပေ။ လူအချို့သည် အေးချမ်းကာ လုံခြုံဘေးကင်းသည့် အချိန်ကာလများ အတောအတွင်းတွင် ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆို ကောင်းမြတ်သည်ဟု ပြောကြသော်လည်း ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာ ဖြစ်ပျက်သောအခါ ထိုအရာကို လက်မခံနိုင်ကြပေ။ ဤအရာကို သမ္မာတရားနှင့် ဖြေရှင်းရမည်ဖြစ်သည်။ သမ္မာတရားဟူသည်မှာ အဘယ်နည်း။ သင်၏ ကိုယ်ပိုင် နေရာတွင် ခိုင်မြဲစွာ ရပ်တည်ခြင်းဖြစ်သည်။ ဘုရားသခင်က သင့်ကို ဆက်ဆံသည့် မည်သည့်ပုံစံမဆိုသည် ထိုက်သင့်ပြီး အမှားကင်းသည်။ ဘုရားသခင်က သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ သူသည် ဘုရားသခင် ဖြစ်နေဆဲဖြစ်သည်။ လူတို့သည် သူ့အပေါ် တောင်းဆိုချက်များ မပြုသင့်ပေ။ ဘုရားသခင်၏ မှန်ကန်မှုကို မဆန်းစစ်နှင့်၊ ပြီးလျှင် သူ့လုပ်ရပ်များ၏ အကြောင်းရင်းများ၊ ရည်မှန်းချက်ပန်းတိုင်များ သို့မဟုတ် အရေးပါမှုကို အကဲမဖြတ်နှင့်။ ဤအရာများသည် သင်၏ အကဲဖြတ်မှု မလိုအပ်ပေ။ သင်၏ တာဝန်နှင့် ဝတ္တရားမှာ ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ နေရာတွင် ခိုင်မာစွာ ရပ်တည်ရန်ဖြစ်ပြီး ဘုရားသခင်က သူအလိုရှိသည့်အတိုင်း စီစဉ်ညွှန်ကြားသည်ကို ခွင့်ပြုရန် ဖြစ်သည်။ ယင်းမှာ မှန်ကန်သော နည်းလမ်းဖြစ်၏။ ဤသည်မှာ ပြောရန်လွယ်ကူသော်လည်း လက်တွေ့လုပ်ဆောင်ရန် ခက်ခဲသည်။ သို့တိုင် လူတို့သည် ဤသမ္မာတရားကို သိနားလည်ရမည်။ သမ္မာတရားကို သိနားလည်ခြင်းအားဖြင့်သာ သင့်အပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အခါ စစ်မှန်သောကျိုးနွံနာခံမှု သင် ရရှိနိုင်ပေသည်။
ယခုထိတိုင် ဘုရားသခင်ကို ယုံကြည်ပြီး တရားဒေသနာများကို နားထောင်ပြီးဖြစ်သည့် လူအချို့က “ယောဘသည် ဘုရားသခင်၏ လက်တော်မှ အရာရာဖြစ်လာသည်ဟု သိခဲ့သောကြောင့် သူ့ကို ဘုရားသခင်ပေးသည့် စမ်းသပ်မှုများအား ကျိုးနွံနာခံနိုင်ခဲ့သည်။ လူတစ်ဦးက ကျွဲနွားတိရစ္ဆာန်နှင့် သိုးများမည်မျှရှိသည်ဖြစ်စေ၊ သို့မဟုတ် ဥစ္စာပစ္စည်း၊ ကြွယ်ဝမှုနှင့် သားသမီးများ မည်မျှရှိသည်ဖြစ်စေ ယင်းတို့အားလုံးကို ဘုရားသခင်က ပေးသနားထားခြင်း ဖြစ်သည်။ ယင်းကို လူတို့က ထိန်းချုပ်ထားခြင်း မရှိပေ။ လူတို့သည် ဘုရားသခင်ရှေ့တွင် ကျွန်များကဲ့သို့ဖြစ်သည်။ ၎င်းတို့ကို သူ ဆက်ဆံသည့် မည်သည့်ပုံစံကိုမဆို ၎င်းတို့ သည်းညည်းခံရမည်”ဟု တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို သိကျွမ်းရန် ဤအပျက်သဘောဆောင်သော သဘောထားမျိုးကို အသုံးပြုကြသည်။ ဤသို့ ဘုရားသခင်ကို သိကျွမ်းခြင်းသည် မှန်ကန်သလော။ သေချာပေါက် မမှန်ကန်ပေ။ သို့ဆိုလျှင် ဘုရားသခင်ကို သိကျွန်းရန် မည်သည့်အရာက မှန်ကန်တိကျသည့် နည်းလမ်းတစ်ခု ဖြစ်မည်နည်း။ (လူတို့သည် ဖန်ဆင်းခံများဖြစ်ကြပြီး ဘုရားသခင်သည် အစဉ်ထာဝရ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်က မည်သို့ပြုမူဆောင်ရွက်သည်ဖြစ်စေ သူ ဆန္ဒရှိသည့်အတိုင်း ဘုရားသခင်က လူတို့က စီစဉ်ညွှန်ကြားသည်ကိုသာ ခွင့်ပြုသင့်သည်။) မှန်ပေ၏။ ဘုရားသခင်အနေဖြင့် ပုံစံတစ်မျိုးမျိုးဖြင့် ပြုမူဆောင်ရွက်သင့်သည်ဟု မတောင်းဆိုနှင့်။ ဘုရားသခင်က မိတ်သဟာယတွင် သင့်အတွက် အရာရာကို ရှင်းလင်းစွာ အသေးစိတ်ပြောသင့်သည်ဟု မတောင်းဆိုနှင့်။ သူက ရှင်းလင်းအောင် မပြောလျှင် သင့်ထံတွင် အကြောင်းပြချက်ရှိသည်ဟု တွေးထင်လျက် ဘုရားသခင်ကို ရင်ဆိုင်တွန်းလှန်ခြင်း မပြုသင့်ပေ။ ဤသည်မှာ မှားယွင်း၏။ အလွန့်လွန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်းဖြစ်ကာ အသိတရားနှင့်အသိစိတ် ကြီးမားစွာ ကင်းမဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး ပြောသင့်သည့်အရာ မဟုတ်ပေ။ စာတန်သည်ပင်လျှင် ထိုသို့သော ကယောင်ချောက်ချား ဖြစ်သည့်ပုံစံဖြင့် ဘုရားသခင်ကို စကားမပြောဝံ့ပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်သည်၊ အဘယ်သို့များ စာတန်ထက်ပင် မာနထောင်လွှားနိုင်ရသနည်း။ ဘုရားသခင်ကို စကားပြောနေချိန်တွင် လူတို့သည် မည်သည့်နေရာကိုသာ လက်ခံသင့်သနည်း။ ဤကိစ္စရပ်ကို မည်သို့ နားလည်သင့်သနည်း။ အမှန်တွင် ယောဘ၏ စကားဖြစ်သည့် “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟူသည့်အရာက ဘုရားသခင်ကို သူ အဘယ်ကြောင့် ကျိုးနွံနာခံနိုင်ခဲ့သည်ကို ရှင်းလင်းသွားစေပြီးသားဖြစ်ကာ ထိုအရာအတွင်းတွင် ရှာဖွေရမည့် သမ္မာတရားရှိပေသည်။ သူသည် ဤစကားကို ပြောခဲ့ချိန်တွင် မကျေနပ်ချက် သို့မဟုတ် နာကြည်းချက်တစ်ခုတလေကို ဖော်ပြခဲ့သလော။ (မဖော်ပြခဲ့ပါ။) မပြတ်သားခြင်း သို့မဟုတ် အပျက်သဘောဆောင်သော သွယ်ဝိုက်ညွှန်းဆိုခြင်း တစ်ခုတလေ ရှိသလော။ (မရှိပေ။) သေချာပေါက် မရှိပေ။ ဖန်ဆင်းရှင်က လူတို့ကို မည်သို့ဆက်ဆံသည်ကို လူတို့ ဆုံးဖြတ်ခွင့်မရှိကြောင်းကို သူ၏ အတွေ့အကြုံမှတစ်ဆင့် ယောဘက နောက်ဆုံးတွင် သဘောပေါက်ခဲ့သည်။ ဤအရာက အနည်းငယ် ကြားကောင်းမည်မဟုတ်သော်လည်း အမှန်တရားတစ်ခု ဖြစ်သည်။ ဘုရားသခင်က လူတိုင်း၏ ကံကြမ္မာကို ၎င်းတို့၏ တစ်ဘဝလုံးအတွက် စီစဉ်ပြီးဖြစ်သည်။ ထိုအရာကို သင် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အမှန်တရားတစ်ခု ဖြစ်သည်။ သင်၏ ကံကြမ္မာကို သင် ပြောင်းလဲ၍မရပေ။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို သင် ကျိုးနွံနာခံသင့်သည်။ ဘုရားသခင်သည် သမ္မာတရားဖြစ်သောကြောင့် ပြုမူဆောင်ရွက်သည့် မည်သည့်ပုံစံမဆိုသည် မှန်ကန်ပြီး သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိကာ လူတို့က သူ့ကို ကျိုးနွံနာခံသင့်ကြသည်။ ဤ “အရာခပ်သိမ်း”တွင် သင် ပါဝင်ပြီး ဖန်ဆင်းခံများအားလုံး ပါဝင်သည်။ သို့ဆိုလျှင် သင် အမြဲ အတိုက်အခံ လုပ်လိုခြင်းသည် မည်သူ၏ အပြစ်ဖြစ်သနည်း။ (ကျွန်ုပ်တို့ကိုယ်တိုင်၏ အပြစ်ဖြစ်သည်။) ထိုအရာသည် သင်၏ ပြဿနာဖြစ်သည်။ သင်သည် အကြောင်းပြချက်များ အမြဲ ပေးလိုပြီး အပြစ်ရှာလိုသည်။ ဤအရာ မှန်သလော။ သင်သည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် အကျိုးကျေးဇူးများကို အမြဲ ရရှိချင်သည်။ ဤအရာ မှန်သလော။ တစ်ခုမျှ မမှန်ပေ။ ဤအမြင်များသည် ဘုရားသခင်အပေါ် မမှန်ကန်သော အသိနှင့် သိနားလည်မှုတို့ကို ထင်ဟပ်လေသည်။ ကိုယ်စားပြုသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် သင်၏ အမြင်သည် အတိအကျပင် မမှန်ကန်သောကြောင့် အခြေအနေတစ်ခုခုကို သင် ရင်ဆိုင်ရသည့်အခါတိုင်းတွင် “ဘုရားသခင်က ဤအရာကို လုပ်ဆောင်ခြင်းက မှားသည်။ ငါ နားမလည်နိုင်ပါ။ ဤနည်းအားဖြင့် သူ၏ လုပ်ဆောင်ချက်ကို လူတိုင်းက ဆန္ဒပြကြပေမည်။ ဘုရားသခင်သည် ထိုသို့သောပုံစံမျိုးကို လုပ်ဆောင်လေ့မရှိပါ” ဟု အမြဲ စဉ်းစားလျက် ဘုရားသခင်ကို မလွဲမသွေ ရင်ဆိုင်တိုက်ခိုက်လိမ့်မည်၊ ရင်ဆိုင်တွန်းလှန်ကာ ဆန့်ကျင်လိမ့်မည်ဖြစ်သည်။ သို့သော် ဤကိစ္စရပ်သည် ဘုရားသခင်၏ သဘောသဘာဝနှင့် သက်ဆိုင်သော ကိစ္စတစ်ခု မဟုတ်ပေ။ မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သည်ဖြစ်စေ သူသည် ဘုရားသခင် ဖြစ်နေဆဲဖြစ်သည်။ သင်သည် နေစဉ် သင့်အပေါ် အမူအရာများ ဖြစ်ပျက်သည့်အခါ အမြဲ စိစစ်ကာ အကျိုးသင့်အကြောင်းသင့် တွက်ဆချက်များ အမြဲပြုလုပ်လျက် ဤအသိစိတ်နှင့် သိနားလည်မှု ကင်းမဲ့လျှင် ရလဒ်မှာ သင်သည် အချိန်တိုင်း ဘုရားသခင်နှင့် ရင်ဆိုင်တွန်းလှန်ကာ ဆန့်ကျင်ခြင်းသာ ဖြစ်လိမ့်မည်ဖြစ်ပြီး ဤအခြေအနေမှ သင် ရုန်းထွက်လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သို့သော် သင်သည် ဤသိနားလည်မှု ရှိပြီး ဖန်ဆင်းခံတစ်ဦး၏ နေရာကို ယူနိုင်ကာ အခြေအနေများ ကြုံရသည့်အခါ သင့်ကိုယ်သင် ဤသမ္မာတရား သွင်ပြင်လက္ခဏာများနှင့် ယှဉ်ကြည့်ပြီး လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်နိုင်လျှင် ဘုရားသခင်အပေါ် သင်၏ အတွင်းစိတ် ကြောက်ရွံ့ခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ တိုးပွားလိမ့်မည်။ သင်က “လက်စသတ်တော့ ဘုရားသခင် လုပ်ဆောင်သည့်အရာ မမှားပါ။ ဘုရားသခင် လုပ်ဆောင်သည့်အရာက ကောင်းမြတ်သည်ချည်းသာဖြစ်သည်။ ထိုအရာကို လူတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ စိစစ်ရန် မလိုအပ်ပါ။ ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကိုသာ ခံလိုက်ပါ”ဟု အမှုမဲ့အမှတ်မဲ့ ခံစားလာရလိမ့်မည်။ သင့်ကိုယ်သင် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း သို့မဟုတ် သူ၏ စီစဉ်ညွှန်ကြားမှုများကို လက်ခံနိုင်ခြင်း မရှိသည်ကို တွေ့ရသည့်အခါ သင်၏ စိတ်နှလုံးက ပြစ်တင်မောင်းမဲခြင်းခံရလိမ့်မည်။ “ငါသည် ကောင်းမွန်သော ဖန်ဆင်းခံတစ်ဦး မဟုတ်လေပြီ။ အဘယ်ကြောင့် ငါ ကျိုးနွံနာခံခြင်းသာ မပြုနိုင်သနည်း။ ဤအရာက ဖန်ဆင်းရှင်ကို ဝမ်းနည်းစေသည် မဟုတ်လော”ဟူ၍ဖြစ်သည်။ ကောင်းမွန်သော ဖန်ဆင်းခံတစ်ဦးဖြစ်ရန် သင် ဆန္ဒရှိလေ၊ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအပေါ် သင်၏ သိနားလည်မှုနှင့် ရှင်းလင်းမှုက တိုးလေဖြစ်သည်။ သို့သော် ဘုရားသခင်က သင့်ကို ထိုသို့ မဆက်ဆံသင့်၊ သင့်ကို သူ ထိုပုံစံဖြင့် မဆုံးမသင့်၊ သင့်ကို သူ ထိုသို့ ပြုပြင်ကာ စီစဉ်ညွှန်ကြားခြင်းမပြုသင့်ဟု ယုံကြည်လျက် သင့်ကိုယ်သင် အရေးပါသောသူ တစ်စုံတစ်ဦးအဖြစ် ပိုတွေးထင်လေ သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အပေါ် တောင်းဆိုချက်များစွာ ရှိလျှင်၊ ဘုရားသခင် မလုပ်ဆောင်ခဲ့သင့်သည့် အရာများစွာရှိသည်ဟု သင် ခံစားလျှင် မှားယွင်းသည့် လမ်းကြောင်းကို သင် ဦးတည်သွားနေခြင်း ဖြစ်သည်။ အယူအဆများ၊ ဝေဖန်မှုများနှင့် ပြစ်မှားစော်ကားမှုများ ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး မကောင်းမှု လုပ်ဆောင်ခြင်းနှင့် သင် အလှမ်းမဝေးပေ။ သမ္မာတရားကို မချစ်သောလူများသည် ဘုရားနှုတ်ကပတ်တော်များကို ကြားသည့်အခါ သံသယများနှင့် ပြက်ရယ်ပြုခြင်းကို တဖြည်းဖြည်း ဖြစ်ပေါ်စေလျက် ၎င်းတို့ စတင်စိစစ်ကာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြလေသည်။ ထို့နောက်တွင် ၎င်းတို့က စတင် ဝေဖန်အပြစ်တင်၊ ငြင်းပယ်ကာ ရှုတ်ချကြသည်။ ဤသည်မှာ ရလဒ်ဖြစ်သည်။ ဘုရားသခင်ကို ဤနည်းဖြင့် ဆက်ဆံသော လူများ အလွန်များသည်။ ထိုအရာအားလုံးမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားဖြင့် ဖြစ်ပေသည်။
လူအချို့က “ငါသည် လူတစ်ဦးဖြစ်သည်။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည်မှာ မှန်သော်လည်း သူက ငါ့ကို လေးစားကာ နားလည်ပေးရမည်။ သူ ငါ့ကို ချစ်ကာ ကာကွယ်ပေးရမည်”ဟု အမြဲ စဉ်းစားကြသည်။ ဤအမြင် မှန်ကန်သလော။ ဘုရားသခင်သည် လူတို့ကို သူ ချစ်သည့်ပုံစံတွင် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသည်။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်။ ဖန်ဆင်းခံများကို သူ ဆက်ဆံပုံသည် သူ၏ ကိစ္စဖြစ်သည်။ ဘုရားသခင်တွင် သူ၏ စည်းမျဉ်းများနှင့် သူ၏ စိတ်သဘောထားများ ရှိသည်။ တောင်းဆိုချက်များရှိရန်မှာ လူတို့အတွက် အချည်းနှီးဖြစ်သည်။ ထိုအစား ဘုရားသခင်ကို မည်သို့ နားလည်ကာ သူ့ကို ကျိုးနွံနာခံရမည်ဟူသည်ကို ၎င်းတို့ သင်ယူသင့်သည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် အသိစိတ်ဖြစ်သည်။ လူအချို့က “ဘုရားသခင်သည် လူတို့အပေါ် အလွန်ရိုင်းစိုင်းသည်။ အမှုအရာများကို ဤကဲ့သို့ လုပ်ဆောင်ခြင်းသည် လူတို့ကို ချစ်ခြင်းမဟုတ်ပါ။ သူသည် လူတို့ကို မလေးစားပါ၊ ၎င်းတို့ကို လူသားအဖြစ် သဘောမထားပါ”ဟု ပြောကြသည်။ လူအချို့သည် လူသားများမဟုတ်၊ နတ်ဆိုးများဖြစ်သည်။ ၎င်းတို့ကို ဆက်ဆံသည့် မည်သည့်ပုံစံမဆို လက်ခံနိုင်ဖွယ်ဖြစ်သည်။ ၎င်းတို့သည် ကျိန်ခြင်းခံထိုက်ပြီး လေးစားခြင်း မခံရထိုက်ပေ။ “ကျွန်ုပ်သည် အတော်အတန် ကောင်းမြတ်သည့် လူတစ်ဦးဖြစ်သည်။ ဘုရားသခင်ကို အတိုက်အခံလုပ်ရန် မည်သည့်အရာကိုမျှ ကျွန်ုပ် မလုပ်ဆောင်ခဲ့ပါ။ သူ့အတွက် ဆင်းရဲဒုက္ခများစွာ ကျွန်ုပ် ခံရပြီးဖြစ်သည်။ အဘယ်ကြောင့် သူက ကျွန်ုပ်ကို ထိုသို့ ပြုပြင်နေသေးသနည်း။ အဘယ်ကြောင့် ကျွန်ုပ်ကို သူ အမြဲ လျစ်လျူရှုသနည်း။ အဘယ်ကြောင့် ကျွန်ုပ်ကို သူ တစ်ကြိမ်တစ်ခါမျှ အသိအမှတ်ပြုခြင်း၊ သို့မဟုတ် ချီးမြှောက်ခြင်း မရှိသနည်း”ဟု ပြောသောသူများ ရှိသည်။ အခြားသူတို့က “ကျွန်ုပ်သည် ရိုးရှင်းပြီး မာယာကင်းသော လူတစ်ဦးဖြစ်သည်။ အမိဝမ်းထဲကပင် ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပြီးဖြစ်ကာ ယခု သူ့ကို ယုံကြည်နေဆဲဖြစ်သည်။ ကျွန်ုပ် အလွန်ဖြူစင်သည်။ ဘုရားသခင်အတွက် ကျွန်ုပ်ကိုယ်ကျွန်ုပ် အသုံးခံရန် ကျွန်ုပ်၏ မိသားစုကို စွန့်ကာ ကျွန်ုပ်၏ အလုပ်ကို ထွက်ခဲ့ပြီး ဘုရားသခင်က ကျွန်ုပ်ကို မည်မျှချစ်သည်ကို ကျွန်ုပ် တွေးခဲ့သည်။ ယခုတွင် ဘုရားသခင်က လူတို့ကို သိပ်မချစ်ဟု ထင်ရပြီး ကျွန်ုပ် စွန့်ပစ်ခြင်းခံရသည်ဟုခံစားရသည်။ သူနှင့်ပတ်သက်၍ စိတ်ပျက်ပြီး တုန်လှုပ်မိပါသည်”ဟု ပြောကြဆဲဖြစ်သည်။ ဤသည်မှာ ဒုက္ခပေးတတ်သည် မဟုတ်လော။ ဤလူတို့သည် မည်သည့်အရာကို မှားယွင်းစွာ လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် ၎င်းတို့၏ မှန်ကန်သော နေရာတွင် ရှိမနေကြလေပြီ။ ၎င်းတို့ အဘယ်သူဖြစ်သည်ကို ၎င်းတို့ မသိကြသကဲ့သို့ ၎င်းတို့အနေဖြင့် အရေးပါသော တစ်စုံတစ်ဦး၊ ဘုရားသခင် လေးစားကာ ပျိုးထောင်ပေးသင့်သူ သို့မဟုတ် တန်ဖိုးထားကာ ချစ်မြတ်နိုးသင့်သည့်သူဖြစ်သည်ဟု အမြဲ တွေးထင်ကြသည်။ လူတို့အနေဖြင့် ထိုသို့သော နားလည်မှုလွဲခြင်းများ၊ ထိုသို့သော လွဲချော်ပြီး မလျော်ကန်သည့် တောင်းဆိုချက်များ အမြဲရှိလျှင် အလွန် အန္တရာယ်များပေသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် မုန်းတီးခြင်း ခံရလိမ့်မည်ဖြစ်ပြီး နောင်တမရလျှင် ဖယ်ရှားရှင်းလင်းခံရမည့် အန္တရာယ်ရှိပေသည်။ ထို့ကြောင့် မည်သည့်အရာကို လူတို့ လုပ်ဆောင်သင့်သနည်း၊ ၎င်းတို့ မိမိတို့ကိုယ်ကို မည်သို့ သိမြင်သင့်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီရန်၊ ဤအခက်အခဲများကို ဖြေရှင်းရန်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ တောင်းဆိုချက်များကို လက်လွှန်ရန်အလို့ငှာ မိမိတို့ကိုယ်ကို မည်သို့ သဘောထားသင့်သနည်း။ လူအချို့သည် ခေါင်းဆောင်များဖြစ်ဖို့ ဘုရားအိမ်တော်၏ စီစဉ်ခြင်းကိုခံရပြီး အထူးသဖြင့် စိတ်ထက်သန်ကြသည်။ အတန်ကြာ အလုပ်လုပ်ပြီးနောက်တွင် ပြင်ပအလုပ်တာဝန်အချို့ကို ၎င်းတို့ ကောင်းမွန်လုံလောက်စွာ လုပ်ဆောင်နိုင်ကြောင်း တွေ့ရှိရသော်လည်း ပြဿနာဖြေရှင်းခြင်းကိုမူ မကိုင်တွယ်နိုင်ကြပေ။ ကိစ္စရပ်များကို ဖြေရှင်းရန် သမ္မာတရားကို ၎င်းတို့ မိတ်သဟာယမပြုနိုင်ကြပေ။ ထို့ကြောင့် အသင်းတော်ထဲမှ ၎င်းတို့၏ အခန်းကဏ္ဍမှာ လူစားထိုးခံရသည်။ ဤသည်မှာ အလွန် သင့်တင့်လျောက်ပတ်သည် မဟုတ်လော။ သို့သော် ၎င်းတို့က “ထိုအယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် မိမိတို့၏ တာဝန်ယူထားသည့် အလုပ်များကို ကောင်းစွာ ထမ်းဆောင်ခြင်းမရှိခဲ့ကြပါ။ ၎င်းတို့ လုပ်ဆောင်သမျှမှာ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ ဖြစ်စေခြင်း ဖြစ်သည်။ ၎င်းတို့ ဧကန်အမှန် အစားထိုးခံရသင့်ပြီး ဖယ်ရှားရှင်းလင်းခံရသင့်သည်။ သို့သော် ကျွန်ုပ်သည် မကောင်းသည့်အရာ မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပါ။ အဘယ်ကြောင့် ကျွန်ုပ်လည်း လူစားထိုးခံနေရသနည်း”ဟု ပြောလျက် စတင်ငြင်းခုံကာ မကျေမနပ်ပြောကြသည်။ ၎င်းတို့ အနည်းငယ် ဒေါသထွက်ကြသည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ မကောင်းသည့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ခဲ့သည့်အတွက် ၎င်းတို့အနေဖြင့် ခေါင်းဆောင်တစ်ဦး ဖြစ်သင့်ဆဲဖြစ်ကာ လူစားထိုးမခံရသင့်ဟု ၎င်းတို့ ခံစားကြသည်။ ဘုရားအိမ်တော်က ၎င်းတို့ကို အလွန်ပင် မမျှမတလုပ်ခဲ့သည်ဟု ခံစားကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ညည်းညူမှုများ၊ အတိုက်အခံများနှင့် ပြည့်နေပြီး ၎င်းတို့ထဲတွင် အတွင်းပိုင်း မညီမျှမှုကို ဦးတည်စေသည့် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများ ဖြစ်ပေါ်လေသည်။ “ခေါင်းဆောင်များ ရွေးကောက်တင်မြှောက်ခြင်းနှင့် ဖယ်ရှားခြင်းအတွက် စည်းမျဉ်းများရှိသည်ဟု မဆိုထားသလော။ ဖြစ်ခဲ့သည့်အရာတွင် စည်းမျဉ်းမရှိဟု ကျွန်ုပ်မြင်မိသည်။ ဘုရားသခင်က အမှားတစ်ခု ပြုလုပ်ခဲ့ပြီ” ဟူ၍ စတင် စောဒကတက်လာကြသည်။ အချုပ်အားဖြင့်ဆိုလျှင် ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်စေပြီး ၎င်းတို့၏ ခံစားချက်ကို ထိခိုက်နာကျင်စေသောအရာတစ်ခုခုကို ဘုရားသခင်က လုပ်ဆောင်သရွေ့ ၎င်းတို့က စတင်၍ အမှားရှာလာကြသည်။ ဤသည်မှာ ပြဿနာတစ်ခုလော။ ဤပြဿနာကို မည်သို့ဖြေရှင်းနိုင်သနည်း။ သင်သည် သင်၏ ပင်ကိုလက္ခဏာကို အသိအမှတ်ပြုရမည်၊ သင် မည်သူဖြစ်သည်ကို သင် သိရမည်။ မည်သည့် ဆုကျေးဇူး အမျိုးအစားများ သို့မဟုတ် အားသာချက်များ ရှိသည်ဖြစ်စေ၊ ကျွမ်းကျင်မှု သို့မဟုတ် အစွမ်းအစ မည်မျှ ရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ အိမ်တော်တွင် ကောင်းကျိုးမည်မျှပင် သင် ရရှိပြီးသည်ဖြစ်စေ၊ သင် မည်မျှ ပြေးလွှားလုပ်ဆောင်ပြီးသည်ဖြစ်စေ၊ အရင်းအနှီး မည်မျှ သင် တိုးပွားပြီးသည်ဖြစ်စေ ဤအရာများသည် ဘုရားသခင်အတွက် အချည်းနှီးကဲ့သို့ ဖြစ်ပြီး သင်၏ ရပ်တည်ချက်မှ ယင်းတို့သည် အရေးကြီးပုံရပါက သင်နှင့် ဘုရားသခင်ကြားတွင် နားလည်မှုလွဲခြင်းများနှင့် ဆန့်ကျင်မှုများ ထွက်ပေါ်လေပြီ မဟုတ်လော။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် သင်နှင့် ဘုရားသခင်ကြားရှိ အကွာအဝေးကို ကျုံ့စေပြီး ဤဆန့်ကျင်ကွဲလွဲမှုများကို ဖြေရှင်းရန် လိုအင်ဆန္ဒရှိလျှင် ဤအရာကို မည်သို့ လုပ်ဆောင်သင့်သနည်း။ သင် မှန်သည်ဟု ထင်သည့်အရာများနှင့် သင် ဖက်တွယ်သည့်အရာများကို သင် ငြင်းပယ်ရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင်၊ သင်နှင့် ဘုရားသခင်ကြားတွင် အကွာအဝေးတစ်ခု ရှိတော့မည်မဟုတ်သကဲ့သို့ သင်သည် သင်၏ ရာထူးအဆင့်အတန်းတွင် မှန်ကန်စွာ ရပ်တည်လိမ့်မည်ဖြစ်ပြီး သင်သည် ကျိုးနွံနာခံနိုင်လိမ့်မည်၊ ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံး မှန်ကန်သည်ဟု အသိအမှတ်ပြုနိုင်လိမ့်မည်၊ မိမိကိုယ်ကို ငြင်းပယ်နိုင်လိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကို လက်လွှတ်နိုင်လိမ့်မည်။ သင် ရရှိပြီးဖြစ်သည့် ကောင်းမြတ်ခြင်းကို အရင်းအနှီး အမျိုးအစားတစ်ခုအဖြစ် သင် သဘောထားတော့မည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် သတ်မှတ်ချက်များမှ ချမှတ်ရန် ကြိုးတော့မည်မဟုတ်၊ သို့မဟုတ် သူ့ကို တောင်းဆိုချက်များ ပြုတော့မည်မဟုတ် သို့မဟုတ် သူ့ကို ဆုလာဘ်များ တောင်းဆိုတော့မည် မဟုတ်ပေ။ ဤအချိန်တွင် သင်သည် အခက်အခဲများ ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူသား၏ နားလည်မှုလွဲခြင်းများသည် အဘယ်ကြောင့် ထွက်ပေါ်ရသနည်း။ လူတို့က မိမိတို့ကိုယ်တိုင်၏ စွမ်းဆောင်နိုင်မှုများကို မတိုင်းတာနိုင်သောကြောင့် ထွက်ပေါ်ရပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန် မြင့်မားစွာ သတ်မှတ်ကြပြီး ဘုရားသခင်၏ အမြင်ရှိ ၎င်းတို့၏ နေရာကို အလွန်မြင့်မားစွာ ခန့်မှန်းကြပြီး လူတစ်ဦး၏ တန်ဖိုးနှင့် အရင်းအနှီးအဖြစ် ၎င်းတို့ ယူဆသည့်အရာအား သမ္မာတရားအဖြစ်၊ ၎င်းတို့ ကယ်တင်ခံရမည်၊ မခံရမည်ကို ဘုရားသခင် တိုင်းတာသည့် စံနှုန်းများအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးတွင် မည်သည့် နေရာမျိုး ရှိသည်၊ ဘုရားသခင် သင့်ကို မည်သို့မြင်သည်ဆိုသည်နှင့် ဘုရားသခင်ကို ချဉ်းကပ်သည့်အခါ သင် ခံယူသင့်သည့် သင့်တင့်လျောက်ပတ်သော နေရာတို့ကို သင် သိရမည်ဖြစ်သည်။ ဤစည်းမျဉ်းကို သင် သိသင့်သည်။ ဤသို့ဖြင့် သင်၏ အမြင်များသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အမြင်များနှင့် သဟဇာတဖြစ်လိမ့်မည်။ သင်သည် ဤအသိစိတ်ကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ရမည်။ သူက သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ သင် ကျိုးနွံနာခံရမည်။ ထို့နောက် သင်နှင့် ဘုရားသခင်ကြားတွင် မည်သည့် ဆန့်ကျင်ကွဲလွဲမှုမျှ ရှိတော့မည် မဟုတ်ပေ။ ပြီးလျှင် ဘုရားသခင်က သူ၏ ပုံစံဖြင့် သင့်ကို တစ်ဖန် ဆက်ဆံသည့်အခါ သင် ကျိုးနွံနာခံနိုင်လိမ့်မည် မဟုတ်လော။ သင်သည် ဘုရားသခင်နှင့် ရင်ဆိုင်တွန်းလှန်ကာ သူ့ကို ဆန့်ကျင်လိမ့်ဦးမည်လော။ သင် ဆန့်ကျင်လိမ့်မည် မဟုတ်ပေ။ သင်၏ စိတ်နှလုံးတွင် ကသိကအောက်ဖြစ်ခြင်းတစ်ခုခု ခံစားရလျှင်ပင်၊ သို့မဟုတ် သင့်အပေါ် ဘုရားသခင်၏ ဆက်ဆံမှုက သင် ဆန္ဒရှိမည့်အတိုင်း မဟုတ်ဟု ခံစားရပြီး အဘယ်ကြောင့် သူက သင့်ကို ထိုသို့ ဆက်ဆံသည်ကို သင် မသိလျှင်ပင် မည်သို့ဆိုစေ သင့်အနေဖြင့် သမ္မာတရားအချို့ကို နားလည်နှင့်ပြီးဖြစ်ကာ စစ်မှန်မှုအချို့ကို ပိုင်ဆိုင်သောကြောင့်လည်းကောင်း၊ သင်၏ နေရာတွင် သင် စွဲမြဲစွာ ရပ်တည်နိုင်သောကြောင့်လည်းကောင်း သင်သည် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်လိမ့်မည် မဟုတ်တော့ပေ။ ယင်းမှာ သင့်ကို ပျက်စီးဆုံးရှုံးစေမည့် သင်၏ ထိုလုပ်ရပ်များနှင့် အပြုအမူများသည် ရပ်စဲသွားလိမ့်မည်ဟု ဆိုလိုပေသည်။ ထိုအခါ သင်သည် ဘေးကင်းလုံခြုံလိမ့်မည် မဟုတ်လော။ သင် ဘေးကင်းလုံခြုံသည်နှင့်တစ်ပြိုင်နက် သင် တည်ငြိမ်သည်ဟု ခံစားရလိမ့်မည်။ ယင်းမှာ သင်သည် ပေတရု၏ လမ်းကြောင်းကို စလျှောက်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ သင် မြင်သလော၊ ပေတရုသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည်၊ သူ၏ လမ်းကို နှစ်ပေါင်းများစွာ စမ်းတဝါးဝါး သွားခဲ့ပြီး ဆင်းရဲဒုက္ခများစွာ ခံစားခဲ့သည်။ စမ်းသပ်မှုများစွာကို သူ တွေ့ကြုံပြီးနောက်တွင်သာ နောက်ဆုံးတွင် သမ္မာတရားအချို့ကို သူ နားလည်ပြီး သမ္မာတရား စစ်မှန်မှုအချို့ကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု သင်တို့အားလုံးအတွက်မူ ငါသည် များစွာ ပြောဆိုပြီးဖြစ်သည်၊ အရာရာကို အသေအချာ ရှင်းပြပြီးဖြစ်သည်။ ထိုအရာသည် အဆင်သင့် ခူးခပ်ကျွေးမွေးခြင်းနှင့် သဘောညီမျှသည် မဟုတ်လော။ မည်သည့် လမ်းလွဲကိုမျှ လျှောက်သွားခြင်းမရှိဘဲ သင်တို့သည် အလွန်များစွာ အကျိုးရပြီးဖြစ်သည်။ အကျိုးခံစားခွင့်များစွာ သင်တို့အားလုံး ရရှိပြီးဖြစ်သည်။ သို့ဆိုလျှင် သင်တို့သည် တင်းတိမ်ရောင့်ရဲခြင်းကို အဘယ်ကြောင့် မကြုံကြရသေးသနည်း။ နောက်ထပ် မည်သည့် တောင်းဆိုချက်မျှ သင်တို့ မရှိသင့်ပေ။
ယနေ့တွင် အဓိကအားဖြင့် မည်သည့်အရာကို ငါတို့ မိတ်သဟာယပြုပြီးပြီနည်း။ ရှုထောင့်တစ်ခုမှာ သင့်အခြေအနေ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများအား ဆန်းစစ်ခြင်းကို ပုံမှန် အာရုံစိုက်ခြင်းနှင့် ထို့နောက်တွင် ယင်းတို့ မှန်ကန်ခြင်း ရှိမရှိသိရှိရန် စိစစ်ခြင်း ဖြစ်သည်။ နောက်ထပ်ရှုထောင့်တစ်ခုမှာ သင့်အထဲတွင် ဖြစ်ပေါ်သည့် ဘုရားသခင်အပေါ် အထင်လွဲမှု အမျိုးမျိုးကို ဖြေရှင်းခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်အကြောင်း နားလည်လွဲမှားမှုများ ရှိသောအခါ သမ္မာတရားကို ရှာဖွေခြင်းမှ သင့်ကို တားဆီးမည့် နှလုံးခိုင်မာပြီး အစွဲရှိသော အခြေခံသဘောတရားများ သင့်အထဲတွင် ရှိလေသည်။ ဘုရားသခင်အပေါ် သင်၏ နားလည်လွဲမှားမှုများကို ဖယ်ရှားပါက သမ္မာတရားကို သင် ရှာဖွေနိုင်လိမ့်မည်။ ယင်းတို့ကို မဖယ်ရှားပါက သင်၏စိတ်နှလုံးထဲတွင် သူစိမ်းဆန်သွားခြင်း ခံစားချက်တစ်ခု ရှိလိမ့်မည်ဖြစ်ပြီး သင်သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် ဆုတောင်းလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို လိမ်လည်လှည့်စားခြင်း ဖြစ်ပြီး သူက လုံးဝ နားထောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်နှင့် သင့်ကြားတွင် အလှမ်းဝေးပြီး ခပ်တန်းတန်းဖြစ်စေရန် ဖန်တီးလျက် ဘုရားသခင်အပေါ် နားလည်မှုလွဲမှားခြင်းများရှိပြီး သင်၏စိတ်နှလုံးက ဘုရားသခင်အတွက် ပိတ်ထားလျှင် သူ၏နှုတ်ကပတ်တော်များကို သင် နားမထောင်ချင်မည်မဟုတ်၊ သမ္မာတရားကို ရှာဖွေချင်မည် မဟုတ်ပေ။ သင် မည်သည့်အရာ ပြုလုပ်သည်ဖြစ်စေ ဟန်ဆောင်လုပ်ပြခြင်း၊ သင့်ကိုယ်သင် အယောင်ဆောင်ခြင်းနှင့် လှည့်စားတတ်ခြင်းသာ ဖြစ်လိမ့်မည်။ ဘုရားသခင်အကြောင်း လူ၏ နားလည်လွဲမှားမှုများက ပြေလည်ပြီး ဤအကျပ်အတည်းကို သူ ကျော်လွန်နင်းဖြတ်သောအခါ သူက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များ တစ်ခုစီကို ရိုးသားမှန်ကန်မှုဖြင့် သဘောထားပြီး သူ၏ရှေ့မှောက်သို့ လေးနက်စွာနှင့် ရိုးသားသော စိတ်နှလုံးဖြင့် လာရောက်လိမ့်မည်။ လူနှင့် ဘုရားသခင်ကြားတွင် အတိုက်အခံလုပ်ခြင်း၊ ဝေးကွာခြင်းနှင့် နားလည်လွဲမှားမှု ရှိပါက လူသည် မည်သည့် အခန်းကဏ္ဍကို ဆောင်ရွက်နေသနည်း။ စာတန်၏ အခန်းကဏ္ဍ ဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်လျက် ရှိနေခြင်းဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမှ မည်သည့် အကျိုးဆက်များ ဖြစ်ပေါ်သနည်း။ ထိုကဲ့သို့သော လူတစ်ဦးက ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ ထိုသူတို့က သမ္မာတရားကို လက်ခံနိုင်သလော။ လက်မခံနိုင်ကြပေ။ သူတို့သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်လျှင် ထိုလူသည် အချည်းနှီး ဖြစ်သွားရလိမ့်မည်ဖြစ်ပြီး သူတို့၏ စိတ်သဘောထား၌ရှိသော အပြောင်းအလဲများက လုံးဝရပ်တန့်ခြင်းသို့ ရောက်လာလိမ့်မည်။ ထို့ကြောင့် လူတစ်ဦးက သူ၏ အခြေအနေအမျိုးမျိုးကို ဆန်းစစ်သောအခါ ကဏ္ဍတစ်ရပ်အနေဖြင့် ယင်းကို မိမိကိုယ်ကို သိနားလည်ရန် ပြုလုပ်ခြင်းဖြစ်ကာ အခြားကဏ္ဍတစ်ရပ်တွင် ဘုရားသခင်အပေါ် သူက မည်သည့် နားလည်လွဲမှားမှုများရှိကြောင်း ဆန်းစစ်ရာ၌ အာရုံစိုက်ခြင်းကို ယင်းက လိုအပ်လာစေသည်။ ဤနားလည်လွဲမှားမှုများက မည်သည်တို့ကို ဖြစ်ပေါ်စေသနည်း။ အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ ဘောင်ခတ်ခြင်းများ၊ သံသယများ၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းများနှင့် ထင်ကြေးပေးခြင်းများကို ဖြစ်ပေါ်စေသည်။ အဓိကအားဖြင့် ဤအရာများဖြစ်သည်။ လူတစ်ဦးသည် မိမိအတွင်းတွင် ဤအရာများရှိသည့်အခါ ဘုရားသခင်ကို အထင်လွဲလေသည်။ သင်သည် ဤအခြေအနေများ၌ ပါဝင်ပတ်သက်မိသောအခါ ဘုရားသခင်နှင့် သင်၏ ဆက်သွယ်ရေးတွင် ပြဿနာတစ်ခု ပေါ်ပေါက်လာပေမည်။ ယင်းကို ဖြေရှင်းရန် သမ္မာတရားကို ချက်ချင်း ရှာဖွေပြီးလျှင် ယင်းကို သင်ဖြေရှင်းရမည်။ အချို့က “ငါသည် ဘုရားသခင်အပေါ် အထင်လွဲမှုတစ်ခု ဖြစ်ပေါ်သောကြောင့် ဤကိစ္စရပ်ကို မဖြေရှင်းပြီးမချင်း ငါ၏တာဝန်ကို မထမ်းဆောင်နိုင်”ဟု တွေးကြသည်။ ဤသည်မှာ လက်ခံနိုင်ဖွယ်ဖြစ်သလော။ လက်ခံနိုင်ဖွယ်မဖြစ်ပါ။ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို မရွှေ့ဆိုင်းဘဲ ထမ်းဆောင်ပြီး တစ်ချိန်တည်းတွင် သင့်ကိစ္စရပ်ကို ဖြေရှင်းလော့။ သင့်တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ ဘုရားသခင်အပေါ် သင်၏ အထင်လွဲမှုသည် သင် သတိမထားလိုက်ဘဲ ပိုကောင်းဖို့အတွက် စတင်၍ ပြောင်းလဲနေလိမ့်မည်ဖြစ်ပြီး သင်၏ ပြဿနာက မည်သည့်နေရာမှ အစပြုခဲ့ပြီး အဘယ်မျှဆိုးဝါးသည်ကို သင် ရှာဖွေတွေ့ရှိလာလိမ့်မည်။ သင်တို့သည် တစ်နေ့နေ့တွင် “လူသည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပြီး ဖန်ဆင်းရှင်က ထာဝရ ကျွန်ုပ်၏သခင် ဖြစ်သည်။ ဤအရာ၏ အနှစ်သာရက မပြောင်းလဲပေ။ လူ၏ အဆင့်အတန်း မပြောင်းလဲသကဲ့သို့ ဘုရား၏ အဆင့်အတန်းလည်း မပြောင်းလဲချေ။ ဘုရားသခင် မည်သည့်အရာ ပြုလုပ်ပါစေ ထို့ပြင် လူသားမျိုးနွယ်တစ်ရပ်လုံးက သူပြုလုပ်သည့် အရာကို မှားယွင်းသည်ဟု မြင်တွေ့လျှင်ပင် သူပြုခဲ့ပြီးသည့်အရာကို ကျွန်ုပ် မငြင်းဆိုနိုင်သကဲ့သို့ သူသည် သမ္မာတရားပင် ဖြစ်ကြောင်းလည်း ကျွနုပ် မငြင်းဆိုနိုင်ပါချေ။ ဘုရားသခင်သည် ထာဝစဉ် မလွဲမှားသော၊ အမြင့်ဆုံးသော သမ္မာတရားဖြစ်သည်။ လူသည် သူ၏ သင့်တင့်လျောက်ပတ်သော နေရာကို မြဲမြံစွာ ထိန်းသိမ်းသင့်သည်။ သူသည် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မပြုသင့်ဘဲ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို လက်ခံပြီး သူ၏ နှုတ်ကပတ်တော်များ အားလုံးကို လက်ခံသင့်ပေသည်။ ဘုရားသခင် မြွက်ဆိုသမျှနှင့် ပြုလုပ်သမျှက မှန်ကန်သည်။ လူက ဘုရားသခင်အား တောင်းဆိုချက်အမျိုးမျိုးကို မပြုသင့်၊ ဖန်ဆင်းခံများက ထိုသို့ပြုရန် အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်က ကျွန်ုပ်ကို ကစားစရာသဖွယ် ဆက်ဆံပြုမူခဲ့လျှင်ပင် ကျွန်ုပ် ကျိုးနွံနာခံရဦးမည် ဖြစ်ကာ မနာခံပါက ကျွန်ုပ်၏ပြဿနာဖြစ်ပြီး ဘုရား၏ပြဿနာ မဟုတ်ပါ” ဟု သဘောပေါက်လာနိုင်မည်။ သင်သည် သမ္မာတရား၏ ဤကဏ္ဍအပေါ် အတွေ့အကြုံနှင့် အသိပညာ ရှိသောအခါ ဘုရားသခင်အား ကျိုးနွံနာခံခြင်းထဲသို့ သင် အမှန်တကယ် ဝင်ရောက်မည်ဖြစ်ပြီး သင်၌ ကြီးမားသော အခက်အခဲများ နောက်ထပ် ရှိတော့မည်မဟုတ်ဘဲ၊ သင်၏တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် သမ္မာတရား၏ ကဏ္ဍအမျိုးမျိုးကို လက်တွေ့လုပ်ဆောင်နေသည်ဖြစ်စေ အခက်အခဲများစွာ ပြေလည်သွားလိမ့်မည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် အကြီးမားဆုံး သမ္မာတရားနှင့် အလေးနက်ဆုံးသော သမ္မာတရားပင်ဖြစ်သည်။ ကြိမ်ဖန်များစွာ လူတို့သည် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ရလျှင်၊ အတားအဆီး အမျိုးမျိုးရှိလျှင် သို့မဟုတ် သူတို့နှင့် အဆင်မပြေနိုင်သည့် တစ်စုံတစ်ရာကို ကြုံတွေ့ရလျှင် အကြောင်းတရားမှာ အဘယ်နည်း။ (၎င်းတို့က မှန်ကန်သောနေရာတွင် မရပ်တည်ကြခြင်းဖြစ်သည်။) သူတို့က မှားယွင်းသော ရပ်တည်ချက်၌ ရပ်နေကြသောကြောင့်ပင် ဖြစ်သည်။ သူတို့တွင် ဘုရားသခင်အကြောင်း နားလည်လွဲမှားမှုများ ရှိသည်၊ သူတို့က ဘုရားသခင်ကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးလိုပြီး သူ့ကို ဘုရားအဖြစ် သဘောမထားလိုကြပေ၊ သူတို့က ဘုရားသခင်၏ မှန်ကန်မှုကို ငြင်းဆန်လိုကြပြီးလျှင် ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်းကို သူတို့ ငြင်းဆန်လိုကြသည်။ ဤအရာက လူသည် ဖန်ဆင်းခံ မဖြစ်လိုဘဲ ဘုရားသခင်နှင့် အဆင့်အတန်း တူညီကာ သူ့ကို အပြစ်ရှာလိုကြောင်း ပေါ်လွင်စေသည်။ ဤအရာက ဒုက္ခပြဿနာကို ဖြစ်ပေါ်စေမည်။ သင်သည် ကောင်းစွာ တာဝန်ထမ်းဆောင်နိုင်ပြီး သင့်နေရာအဆင့်အတန်းကို ဖန်ဆင်းခံတစ်ဦးအဖြစ် မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ပါက အခြေခံအားဖြင့် သင့်အထဲတွင် ဘုရားသခင်ပြုလုပ်သည့်အပေါ် ခုခံတော်လှန်ခြင်း ပေါ်ထွက်လာမည် မဟုတ်ချေ။ သင်၌ နားလည်လွဲမှားမှုများတချို့ ရှိကောင်းရှိပြီး အယူအဆများတချို့ ရှိကောင်းရှိနိုင်သော်လည်း အနည်းဆုံးအနေဖြင့် သင်၏ စိတ်နေစိတ်ထားမှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို လက်ခံရန် ဆန္ဒရှိခြင်းမျိုး ဖြစ်လာပြီး သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် ဆန္ဒရှိခြင်းဟူသော နေရာအဆင့်အတန်း၌ ရပ်တည်နေလိမ့်မည် ဖြစ်သောကြောင့် သင့်အထဲ၌ ဘုရားသခင်အား ခုခံတော်လှန်ခြင်း ပေါ်ထွက်လာမည် မဟုတ်ချေ။
ယောဘတွင် ယုံကြည်ခြင်းရှိခဲ့သော်လည်း ဘုရားသခင်၏ စမ်းသပ်မှုများ သူ့အပေါ် ရောက်လာသောအခါ အစတွင် မည်သည့်အရာ ဖြစ်နေသည်ကို သူ သိခဲ့သလော။ (မသိခဲ့ပါ။) လူသားများသည် ဝိညာဉ်ရေးရာ နယ်ပယ်ကို တိုက်ရိုက် ထိုးထွင်းသိမြင်ရန် အစွမ်းအစ မရှိကြပေ။ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ယောဘက ဘာမျှ မသိခဲ့ပေ။ မည်သည့်အရာကိုမျှ သူ လုံးဝ သတိမထားမိဘဲ ရှိနေခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ စမ်းသပ်မှုများ သူ့အပေါ် ရောက်လာသည့်အခါ သူသည် “အို၊ အဘယ်အရာ ဖြစ်နေသနည်း။ အရာရာက အလွန် အေးချမ်းခဲ့သည်၊ အဘယ်ကြာင့် ဤအရာ ရုတ်တရက် ဖြစ်ပျက်ခဲ့သနည်း။ အဘယ်ကြောင့် ငါ၏ ခြံမွေးတိရစ္ဆာန်များနှင့် ပိုင်ဆိုင်မှုများကို ငါ ရုတ်တရက် ဆုံးရှုံးလိုက်ရသနည်း”ဟုတွေးလျက် သေချာပေါက် စိတ်ရှုပ်ထွေးသွားခဲ့သည်။ အစတွင် သူ စိတ်ရှုပ်ထွေးသွားခဲ့သော်လည်း စိတ်ရှုပ်ထွေးခြင်းသည် ဘုရားသခင်အပေါ် အထင်လွဲမှုများရှိခြင်းနှင့် မတူညီပေ။ စိတ်ရှုပ်ထွေးခြင်းသည် ဘုရားသခင် လုပ်ဆောင်နေသည့် အရာကို နားမလည်နိုင်ခြင်းနှင့် မတူညီပေ။ အရာရာက အလွန်ရုတ်တရက် ဖြစ်ပျက်သွားခြင်းသာ ဖြစ်သည်။ ယောဘတွင် ကြိုတင်သိမြင်ခြင်း တစ်ခုမျှ မရှိခဲ့သကဲ့သို့ သူ့ကို မည်သူကမျှ ကြိုတင်အသိပေးချက် မပေးခဲ့ပေ။ သူသည် လုံးလုံးလျားလျား ပြင်ဆင်ထားခြင်းမရှိခဲ့ပေ။ သို့သော် ဤအရာက သူသည် မှားယွင်းသော ရွေးချယ်မှုများ ပြုလုပ်မည် သို့မဟုတ် မှားယွင်းသော လမ်းကြောင်းကို လျှောက်မည်ဟု မဆိုလိုပေ၊ သို့မဟုတ် သူ ကျိုးနွံနာခံနိုင်ခြင်း မရှိခဲ့ဟု မဆိုလိုပေ။ သို့ဆိုလျှင် ဆက်လက်၍ မည်သည့်အရာကို ယောဘ လုပ်ဆောင်ခဲ့သနည်း။ သူသည် သူ၏ စိတ်နှလုံးကို မုချ ငြိမ်သက်စေကာ သူ၏ လုပ်ရပ်များကို အပြင်းအထန် ပြန်လည်သုံးသပ်ပြီး ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ရက်အနည်းငယ် ရှာဖွေပြီးနောက်တွင် ကောက်ချက်တစ်ခု သူချခဲ့သည်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ယောဘ ဤစကားကို ပြောဆိုခြင်းက သူ၏ အမြင်နှင့် သူ လျှောက်ခဲ့သည့် လမ်းကြောင်းကို ထင်ဟပ်သည်။ ယောဘသည် စမ်းသပ်မှုများ သူ့အပေါ် ရောက်လာခဲ့ချိန်တွင် အစကနဦး၌ စိတ်ရှုပ်ထွေးခဲ့သော်လည်း ထိုအရာက ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်ပြီး လူ၏ အလိုဆန္ဒနှင့် မသက်ဆိုင်သည်ကို သူ သိခဲ့သည်။ ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲနှင့် လူတို့ကို ဘုရားသခင် ပေးပြီးသည့်အရာအား မည်သူကမျှ ထိပါးနိုင်မည်မဟုတ်၊ စာတန်ပင် ထိပါးနိုင်မည် မဟုတ်ပေ။ အပေါ်ယံတွင် ယောဘသည် ဘုရားသခင် လုပ်ဆောင်နေသည့် အရာအပေါ် အထင်လွဲမှုအချို့ ရှိသည်၊ သူ့ထံ ဤအရာ အဘယ်ကြောင့် ဖြစ်ပျက်နေသည် သို့မဟုတ် ထိုအရာအားဖြင့် ဘုရားသခင်က မည်သည့်အရာ ရည်ရွယ်သည်ကို သူ မသိခဲ့ဟု ထင်ရသည်။ သူသည် အပြည့်အဝ နားမလည်ခဲ့သော်လည်း သူ၏ အထင်လွဲခြင်းသည် ဘုရားသခင် လုပ်ဆောင်နေသည့်အရာကို ငြင်းပယ်ခြင်း သို့မဟုတ် မေးခွန်းထုတ်ခြင်း မဟုတ်ပေ။ ယောဘ၏ အထင်လွဲခြင်းသည် ဘုရားသခင်က လက်သင့်ခံနိုင်သည်ဟု မြင်သောအရာမျိုး ဖြစ်သည်။ ဤအရာနောက်တွင် ယေဟောဝါက သူ့တွင် ရှိခဲ့သမျှအရာရာတိုင်းကို သိမ်းယူသွားဖို့ ရည်ရွယ်ခဲ့ကြောင်းနှင့် ဘုရားသခင် လုပ်ဆောင်သည့်အရာက မှန်ကန်ကြောင်းကို သူ အလျင်အမြန် သဘောပေါက်သွားခဲ့သည်။ သူသည် ထိုအရာကို လက်ခံရန် ချက်ချင်း ဒူးထောက်ခဲ့သည်။ သာမန်လူတို့သည် ဤအဆင့်ကို ရောက်ရှိနိုင်သလော။ မရောက်ရှိနိုင်ပေ။ ထိုအချိန်တွင် ယောဘက မည်သို့ စိတ်ရှုပ်နေခဲ့သည်ဖြစ်စေ၊ ဒူးထောက်ပြီး သူ့အပေါ် ရောက်လာသည့်အရာ အားလုံးကို လက်ခံရန် သူ့အတွက် အချိန်မည်မျှကြာခဲ့သည်ဖြစ်စေ၊ သူ၏ သဘောထားမှာ ဖန်ဆင်းခံတစ်ဦး၏ နေရာတွင် ရပ်တည်ရန် အမြဲဖြစ်ခဲ့သည်။ ဤအဖြစ်အပျက်နှင့် ရင်ဆိုင်ရသည့်အခါ သူက “ကျွန်ုပ်သည် ချမ်းသာကြွယ်ဝပြီး အလွန်များသော အစေခံများရှိသည်၊ ဤအရာများသည် အဘယ်သို့ဖြစ်ပြီး ဆိုင်းမဆင့်ဗုံမဆင့် သိမ်းယူခြင်းခံရနိုင်သနည်း။ ထိုအရာများအား ချက်ချင်း ပြန်ယူရန် ကျွန်ုပ်၏ အစေခံများကို ကျွန်ုပ် ပြောရန်လိုအပ်သည်”ဟု မပြောခဲ့ပေ။ ထိုသို့ သူ လုပ်ဆောင်ခဲ့သလော။ မလုပ်ဆောင်ခဲ့။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်ကြောင်းနှင့် လူက ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်းကို သူ၏ စိတ်နှလုံးထဲတွင် ရှင်းလင်းနေခဲ့သည်။ ပါဝင်ပတ်သက်ခြင်းက ဘုရားသခင် လုပ်ဆောင်ခဲ့ပြီးသည့်အရာကို ဆန့်ကျင်ခြင်းနှင့် သူ့အပေါ် ရောက်လာသမျှအားလုံးကို ဆန့်ကျင်ခြင်းဟု ဆိုလိုပေသည်။ ထိုအချိန်တွင် သူသည် ညည်းညူသောစကားတစ်ခွန်းမျှ မပြောခဲ့သကဲ့သို့ ဖြစ်ပျက်နေခဲ့သည့်အရာကို သူ ဝေဖန်ခြင်း သို့မဟုတ် အရာရာကို ပြောင်းပြန်ဖြစ်စေရန် ကြိုးစားဖို့ ကြားဝင်စွက်ဖက်ခြင်း မရှိခဲ့ပေ။ ဘုရားသခင် လုပ်ဆောင်မည့်အရာကို ကြည့်လျက် အမှုအရာများ မည်သို့ ဖွင့်ဟလာမည်ကို ရိုးရှင်းစွာ စောင့်ဆိုင်းကာ တိတ်ဆိတ်စွာ စောင့်ကြည့်ခဲ့လေသည်။ အစမှ အဆုံးထိတိုင် ယောဘ လုပ်ဆောင်ခဲ့သည့်အရာမှာ သူ၏ သင့်တင့်လျောက်ပတ်သော နေရာကို စွဲမြဲစွာ ထိန်းသိမ်းခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ဖန်ဆင်းခံတစ်ဦး၏ နေရာကို စွဲမြဲစွာ ထိန်းသိမ်းခဲ့လေသည်။ ဤသည်မှာ သူ၏ ဆောင်ရွက်ချက်ဖြစ်သည်။ သူ့အပေါ် ဤအဖြစ်အပျက်များ ဖြစ်လာခဲ့ချိန်တွင် ယောဘသည် အတော်အတန် စိတ်ရှုပ်ထွေးခဲ့သော်လည်း ဖန်ဆင်းရှင် လုပ်ဆောင်ခဲ့သမျှ မှန်ကန်ကြောင်း သူ ရှာဖွေကာ အသိအမှတ်ပြုနိုင်ခဲ့ပြီးနောက် ကျိုးနွံနာခံခဲ့သည်။ သူသည် ပြဿနာကို ဖြေရှင်းရန် လူသား နည်းလမ်းများကို အသုံးမချခဲ့ပေ။ ဓားပြများ ရောက်လာသည့်အခါ ၎င်းတို့ သိမ်းယူနိုင်မည့်အရာကို သိမ်းယူခွင့်ပေးခဲ့သည်။ ၎င်းတို့၏ တိုက်ခိုက်ရန် သူ၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းအတိုင်း ပြုမူဆောင်ရွက်ခြင်း မရှိခဲ့ပေ။ သူ၏ စိတ်နှလုံးထဲတွင် “ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲနှင့် သူတို့ မည်သည့်အရာကိုမျှ သိမ်းယူနိုင်မည်မဟုတ်ပါ။ ယခုတွင် အရာရာကို သူတို့ ယူဆောင်သွားပြီဖြစ်သည့်အတွက် ထိုအရာကို ဘုရားသခင် ခွင့်ပြုသည်မှာ သိသာထင်ရှားသည်။ လူသား ကြားဝင်စွက်ဖက်မှု တစ်ခုတလေသည် အချည်းနှီးဖြစ်ပေမည်။ လူတို့အနေဖြင့် မိမိတို့၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းအတိုင်း ပြုမူဆောင်ရွက်၍ မရပါ။ သူတို့ ကြားဝင်စွက်ဖက်၍ မရနိုင်ပါ”ဟု သူ တွေးခဲ့သည်။ ကြားဝင်မစွက်ဖက်ခြင်းမှာ သူသည် ဓားပြများကို သည်းခံနေခဲ့သည်ဟု မဆိုလိုပေ။ အားနည်းချက် သို့မဟုတ် ဓားပြများကို ကြောက်ရွံ့မှု လက္ခဏာတစ်ခု မဟုတ်ပေ။ ထို့ထက် သူသည် ဘုရားသခင်၏ လက်တော်ကို အလွန်ကြောက်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးတစ်ခု ရှိခဲ့ခြင်း ဖြစ်သည်။ သူက “သူတို့ ယူသွားပါစေ။ အမှန်တွင် ဤအရာများကို ဘုရားသခင် ပေးထားခဲ့ခြင်းဖြစ်သည်”ဟု ပြောခဲ့သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး ပြောသင့်သည့် အရာမဟုတ်လော။ (ဟုတ်ပါသည်။) သူ့ထံတွင် မည်သည့် မကျေနပ်ချက်မျှ မရှိခဲ့ပေ။ တိုက်ခိုက်ရန် သို့မဟုတ် သူ၏ ပစ္စည်းများကို ပြန်ယူရန် သို့မဟုတ် သူ၏ ပစ္စည်းများကို ကာကွယ်ရန် မည်သူကိုမျှ သူ မစေလွှတ်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် စစ်မှန်သော သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သူသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် စစ်မှန်သော သိနားလည်မှုတစ်ခု ရှိခဲ့သောကြောင့်သာ ဤအရာကို လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသိနားလည်မှုမရှိဘဲနှင့် သူသည် တိုက်ခိုက်ကာ သူ၏ ပစ္စည်းဥစ္စာများကို ပြန်ရယူရန် လူသားနည်းလမ်းများကို အသုံးပြုပြီး ဖြစ်မည်ဖြစ်ပြီး ဤသည်ကို ဘုရားသခင်က မည်သို့ ရှုမြင်ခဲ့မည်နည်း။ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်း မဟုတ်ပေ။ ထိုအရာသည် ဘုရားသခင်၏ လက်တော်ဖြင့် လုပ်ဆောင်သည့် အရာများအပေါ် သိနားလည်မှု ကင်းမဲ့ပြီး ဤနှစ်ကာလများတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်ပြီးပေမည်။ ဘုရားသခင်ပေးသည့်အခါ ဝမ်းသားသော်လည်း သူ ဥစ္စာပစ္စည်းများကို သိမ်းယူသွားသည့်အခါ မကျေမချမ်းဖြစ်ခြင်း၊ တွန့်ဆုတ်ကာ ထိုအရာများကို အတင်းအဓမ္မဖြင့် ပြန်သိမ်းပိုက်ရယူလိုခြင်း၊ ဘုရားသခင် လုပ်ဆောင်နေသည့်အရာနှင့်ပတ်သက်၍ မရောင့်ရဲခြင်း၊ ဤအရာများကို ဆုံးရှုံးလိုစိတ် မရှိခြင်း၊ ဘုရားသခင်၏ ဆုလာဘ်များကိုသာ လက်ခံသော်လည်း သူ၏ ပိတ်ပင်မှုများကို လက်မခံခြင်း၊ ဘုရားလက်တော်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံလိုစိတ် မရှိခြင်းတို့သည် ဖန်ဆင်းခံတစ်ဦး၏ နေရာမှ ပြုမူဆောင်ရွက်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ပုန်ကန်ခြင်းဖြစ်သည်၊ ဆန့်ကျင်ခြင်း ဖြစ်သည်။ လူတို့သည် မကြာခဏ ဤအပြုအမူများကို ပြကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ယောဘလုပ်ဆောင်ခဲ့သည့်အရာနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ ယောဘသည် ဖန်ဆင်းခံတစ်ဦး၏ နေရာတွင် ယေဟောဝါကို ကြောက်ရွံ့နိုင်ကြောင်း၊ ဘုရားသခင်၏ စမ်းသပ်မှုများကို ကျိုးနွံနာခံကာ လက်ခံနိုင်ကြောင်းနှင့် သူ့အပေါ် ဘုရားသခင် ပေးသနားသည့်အရာကို လက်ခံနိုင်ကြောင်း မည်သို့ ဖော်ပြခဲ့သနည်း။ သူ အော်ဟစ်ခဲ့သလော။ သူ ညည်းညူခဲ့သလော။ အရာရာကို ပြန်လည်ရရှိရန် လူသား နည်းလမ်းနှင့် နည်းစနစ်မျိုးစုံကို သူ အသုံးပြုခဲ့သလော။ မဟုတ်ပေ။ သူသည် လွတ်လွတ်လပ်လပ် သိမ်းယူရန် ဘုရားသခင်ကို အခွင့်ပေးခဲ့သည်။ ဤသည်မှာ ယုံကြည်ခြင်း ရှိခြင်း မဟုတ်လော။ သူသည် စစ်မှန်သော ယုံကြည်ခြင်း၊ စစ်မှန်သော သိနားလည်မှုနှင့် စစ်မှန်သော ကျိုးနွံနာခံမှုရှိခဲ့သည်။ ဤအရာများထဲမှ မည်သည့်အရာမျှ မရိုးရှင်းပေ။ ယင်းတို့အားလုံးသည် တွေ့ကြုံရန်၊ ရှာဖွေကာ လက်ခံရန် အချိန်အတိုင်းအတာ တစ်ခုခု လိုအပ်သည်။ ယောဘသည် ဖန်ဆင်းရှင်အပေါ် သိနားလည်မှု အဆင့်တစ်ခုခု ရှိသည့်အချိန်တွင်သာ ဤသရုပ်သကန်များကို ပြနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆုံးတွင် မည်သည့်အရာကို ယောဘက ပြောခဲ့သနည်း။ ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။ (ယောဘ ဝတ္ထု ၁:၂၁) ယောဘ၏ ဇနီး ပြောခဲ့သည်မှာ မည်သည့်အရာဖြစ်သနည်း။ “ဘုရားသခင်ကို စွန့်ပယ်၍ သေလော့။” (ယောဘ ဝတ္ထု ၂:၉)။ သူ ဆိုလိုသည်မှာ “မယုံကြည်တော့နှင့်။ ထိုအရာသည် အမှန်တကယ် သင် ယုံကြည်သည့် ဘုရားဖြစ်လျှင် ဘေးဒုက္ခကို အဘယ်ကြောင့် သင် ရင်ဆိုင်နေရသနည်း။ ဤသည်မှာ ပြစ်ဒဏ်ခတ်ခြင်း မဟုတ်လော။ သင်သည် မှားယွင်းသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပါ၊ ဤအရာသည် အဘယ်ကြောင့် သင့်ထံ ဖြစ်ပျက်နေသနည်း။ သင်၏ ယုံကြည်ခြင်းက မမှန်ကန်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်”ဟူ၍ ဖြစ်သည်။ သူ၏ ဇနီးကို ယောဘက မည်သို့ တုံ့ပြန်ခဲ့သနည်း။ သူက “မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ (ယောဘဝတ္ထု ၂:၁၀)ဟူ၍ ပြောခဲ့သည်။ သူ၏ ဇနီးက မိုက်မဲသည်၊ သူမသည် စစ်မှန်သော ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို သိနားလည်ခြင်းမရှိဟု ယောဘ ပြောခဲ့သည်။ ယင်းမှာ သူမအနေဖြင့် ဘုရားသခင်ကို အာခံသည့် စကားများ ပြောနိုင်ခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ယောဘ၏ ဇနီးက ဘုရားသခင်ကို မသိခဲ့ပေ။ သိသိသာသာပင် ဘုရားသခင်၏ လုပ်ဆောင်ချက် ဖြစ်သည့် ထိုသို့သော ကြီးမားသည့်အရာတစ်ခု ဖြစ်ပျက်သည့်အခါ သူမသည် အံ့အားသင့်ဖွယ်ကောင်းစွာ ဤအရာကို သတိပြုမိနိုင်ခဲ့သကဲ့သို့ “သင်သည် မှားယွင်းသော လမ်းကြောင်းကို လျှောက်လေပြီ။ ယုံကြည်ခြင်းကို ရပ်ကာ သင်၏ ဘုရားကို စွန့်ပယ်ပါ”ဟု ပြောလျက် ယောဘကို အကြံပင်ပေးခဲ့သည်။ ကြားရသည်မှာ ဒေါသထွက်စရာကောင်းလိုက်လေခြင်းပါတကား။ သူမသည် ယောဘကို အဘယ်ကြောင့် ဘုရားသခင်အား စွန့်ပယ်ရန် တိုက်တွန်းခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် သူမ၏ ပစ္စည်းဥစ္စာကို သူမ ဆုံးရှုံးကာ ယင်း၏ အသုံးဝင်မှုများကို မွေ့လျော်ခံစားနိုင်ခြင်း မရှိတော့သောကြောင့် ဖြစ်သည်။ သူမသည် ချမ်းသာကြွယ်ဝသော အမျိုးသမီးအဖြစ်မှ ပိုင်ဆိုင်သည့်အရာ တစ်ခုမျှမရှိသည့် လူမွဲတစ်ဦးအဖြစ်သို့ ရောက်သွားခဲ့သည်။ သူမသည် ဘုရားသခင်၏ ပိတ်ပင်မှုနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ခဲ့သည်။ ထို့ကြောင့် ယောဘအား ယုံကြည်ခြင်းကို ရပ်ရန် ပြောခဲ့ခြင်းဖြစ်သည်။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ “ကျွန်ုပ် မယုံကြည်တော့သကဲ့သို့ သင်လည်း မယုံကြည်သင့်တော့ပါ။ လုံးဝ ကောင်းမွန်သည့် အိမ်ထောင်စုတစ်စုသည် ဘာမျှမကျန်ဘဲ ပြောင်သလင်းခါသွားပေပြီ။ မျက်တောင်တစ်ချက်အခတ်တွင် အရာရာကို ကျွန်ုပ်တို့ ဆုံးရှုံးခဲ့ရသည်၊ ကျွန်ုပ်တို့၏ ကြွယ်ဝမှုများက ဆင်းရဲမွဲတေမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုသို့သော ဘုရားတစ်ပါးကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယုံကြည်ခြင်းကို ရပ်လိုက်ပါ”ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ မိုက်မဲသော စကားများ မဟုတ်လော။ ဤသည်မှာ သူမ ဆောင်ရွက်သည့်ပုံစံဖြစ်သည်။ ယောဘက သူမကို နားထောင်ခဲ့သလော။ နားမထောင်ခဲ့ပေ။ သူသည် သူမ၏ အထင်အမြင်မှားစေခြင်း၊ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းကို မခံခဲ့သကဲ့သို့ သူမ၏ အမြင်များကိုလည်း လက်မခံခဲ့ပေ။ အဘယ်ကြောင့် လက်မခံခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ယောဘက ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော (ယောဘ ဝတ္ထု ၂:၁၀) ဟူသော စကားကို စောင့်ထိန်းခဲ့သောကြောင့်ဖြစ်သည်။ သူက “ဤအရာအားလုံးသည် အလွန့်အလွန် ပုံမှန်ဖြစ်သည်။ ဘုရားသခင် ပြုမူဆောင်ရွက်သည့် မည်သည့်ပုံစံမဆို မှန်ကန်သည်။ ထိုအရာကို လူတို့က လက်ခံလိုက်သင့်သည်။ ကောင်းချီးမင်္ဂလာများကို ရှာဖွေရန်သက်သက်အတွက် ဘုရားသခင်ကို လူတို့ မယုံကြည်သင့်ပေ။ ငါသည် ဘုရားသခင်အတွက် မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်းမရှိဘဲ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို နှစ်ပေါင်းများစွာ မွေ့လျော်ခံစားပြီး ဖြစ်သည်။ ယခုအချိန်သည် သူ့အတွက် သက်သေခံရမည့်အချိန် ဖြစ်သည်။ ဘုရားသခင် သိမ်းယူသည့်အရာသည် သူ၏ဥစ္စာ ဖြစ်သည်။ သူ အလိုရှိသည့် မည်သည့်အချိန်တွင်မဆို သူ ယူဆောင်နိုင်သည်။ လူတို့အနေဖြင့် တောင်းဆိုချက်များ မရှိသင့်ပါ။ ၎င်းတို့အနေဖြင့် လက်ခံပြီး ကျိုးနွံနာခံလိုက်သင့်သည်”ဟု တွေးခဲ့သည်။ သို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကောင်းချီးမင်္ဂလာများကို သင် ရရှိသင့်သလော။ ဤသည်မှာ ဖြစ်သင့်သည့်ပုံစံ ဖြစ်သလော။ လူတစ်ဦးသည် ဤကိစ္စရပ်ကို အပြည့်အဝ သဘောပေါက်နိုင်သည့်အခါ ယုံကြည်ခြင်း ရှိလိမ့်မည်။
ဖန်ဆင်းရှင် လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် မှန်ကန်ပြီး သမ္မာတရား ဖြစ်သည်။ မည်သည့်အရာကို သူ လုပ်ဆောင်သည်ဖြစ်စေ သူ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း မပြောင်းလဲပေ။ လူအားလုံးက သူ့ကို ကိုးကွယ်သင့်သည်။ သူသည် လူသားမျိုးနွယ်၏ ထာဝရ သခင်နှင့် ထာဝရ ဘုရားသခင် ဖြစ်သည်။ ဤအချက်သည် မည်သည့်အခါတွင်မျှ မပြောင်းလဲနိုင်ပေ။ လူတို့သည် ၎င်းတို့အပေါ် လက်ဆောင်များ သူ ပေးသနားသည့်အခါတွင်သာ သူ့ကို ဘုရားသခင်အဖြစ် အသိအမှတ်ပြု၍ မရပေ၊ သို့မဟုတ် ၎င်းတို့ထံမှ အမှုအရာများ ယူဆောင်သွားသည့်အခါ သူ့ကို ဘုရားသခင်အဖြစ် အသိအမှတ်ပြုမဘဲနေ၍ မရပေ။ ဤသည်မှာ လူ၏ မှားယွင်းသော အမြင်ဖြစ်သည်၊ ဘုရားသခင်၏ လုပ်ရပ်များရှိ အမှားတစ်ခု မဟုတ်ပေ။ လူတို့သည် သမ္မာတရားကို နားလည်လျှင် ဤအရာကို ရှင်းလင်းစွာ မြင်နိုင်ကြလိမ့်မည်ဖြစ်ပြီး ဤအရာက သမ္မာတရားဖြစ်သည်ဟု စိတ်ထဲတွင် ၎င်းတို့ လက်ခံနိုင်လျှင် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် ပိုပိုပြီး ပုံမှန်ဖြစ်လာလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု သင်အသိအမှတ်ပြုကြောင်း ပြောသော်လည်း သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သူ့ကို သင် နားလည်ခြင်းမရှိသကဲ့သို့ သူ့ကို အပြစ်ပင်တင်ကာ သူ့ကို အမှန်တကယ် ကျိုးနွံနာခံတတ်ခြင်း မရှိလျှင် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို သင် အသိအမှတ်ပြုကြောင်း ပြောသည့်အခါ အဓိပ္ပာယ်မဲ့ပေသည်။ အရေးအကြီးဆုံးသောအရာမှာ သင်၏ စိတ်နှလုံးက သမ္မာတရားကို လက်ခံနိုင်သင့်ပြီး မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဘုရားသခင်၏ လုပ်ရပ်များက မှန်ကန်ကြောင်းနှင့် သူ ဖြောင့်မတ်ကြောင်း သင် မြင်နိုင်သင့်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို နားလည်သော လူစားမျိုး ဖြစ်သည်။ အယူဝါဒကို သိနားလည်ခြင်းအပေါ်သာ အာရုံစိုက်သော ယုံကြည်သူများစွာ ရှိသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ သဘောတရားကို အသိအမှတ်ပြုသော်လည်း ၎င်းတို့ထံ တစ်စုံတစ်ခု ကျရောက်သည့်အခါ သမ္မာတရားကို လက်မခံကြသကဲ့သို့ ကျိုးနွံနာခံခြင်း မရှိကြချေ။ ဤသည်တို့မှာ သူတော်ကောင်းယောင်ဆောင်သော လူများ ဖြစ်သည်။ သင် ပုံမှန်အားဖြင့် ပြောဆိုသည့် အရာအားလုံး မှန်ကန်သော်လည်း သင်၏ ကိုယ်ပိုင် အယူအဆများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ထိုအရာကို သင် လက်မခံနိုင်ပေ။ ဘုရားသခင်က ဤအရာ၊ ထိုအရာကို လုပ်ဆောင်ခဲ့သင့်သည်ဟု တွေးထင်လျက် ဘုရားသခင်နှင့် သင် ငြင်းခုံသည်။ ဘုရားသခင်၏ အမှုတော်ကို သင် ကျိုးနွံနာခံနိုင်ခြင်းမရှိသကဲ့သို့ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် သင်၏ ပုန်ကန်မှုအပေါ် ပြန်လည်သုံးသပ်ခြင်း မရှိပေ။ ဤအရာက သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိဟု ဆိုလိုသည်။ သင်သည် ဘုရားသခင်နှင့် အမြဲ ငြင်းခုံလိုသည်။ သင်၏ အကြောင်းပြချက်များက သမ္မာတရားထက် သာလွန်သည်၊ ယင်းတို့ကို မျှဝေရန် စင်ပေါ်တက်နိုင်လျှင် လူများစွာက သင့်ကို ထောက်ခံအားပေးကြမည်ဟု သင် အမြဲ တွေးထင်သည်။ သို့သော် လူများစွာ သင့်ကို ထောက်ခံအားပေးကြလျှင်ပင် ၎င်းတို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်သည်။ အားပေးထောက်ခံသူများနှင့် အားပေးထောက်ခံခြင်းခံရသူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားများချည်းသာ ဖြစ်သည် မဟုတ်လော။ ၎င်းတို့အားလုံး သမ္မာတရား ကင်းမဲ့ကြသည် မဟုတ်လော။ လူသားမျိုးနွယ်အားလုံးက သင့်ကို ထောက်ခံအားပေးကာ ဘုရားသခင်ကို ဆန့်ကျင်ကြလျှင်ပင် ဘုရားသခင်က မှန်ကန်နေဦးမည် ဖြစ်သည်။ မှားယွင်းသောသူ၊ ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်ကာ အတိုက်အခံလုပ်သောသူမှာ လူသားမျိုးနွယ်ဖြစ်ဦးမည်ဖြစ်သည်။ ဤသည်မှာ စကားအသုံးအနှုန်းတစ်ခုသာ ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ သမ္မာတရား ဖြစ်သည်။ လူတို့သည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို မကြာခဏ တွေးဆကာ တွေ့ကြုံရမည်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အမှုတော်ကို အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်ခဲ့ပြီး အဆင့်တစ်ခုစီတွင် ဆန့်ကျင်သော လူများစွာ ရှိခဲ့သည်။ ယေရှုက သူ၏ ရွေးနုတ်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် ကြွလာခဲ့ချိန်က ဣသရေလတစ်မျိုးလုံးက သူ့ကို ထကြွဆန့်ကျင်ခဲ့ကြသကဲ့သို့ပင် ဖြစ်သည်။ သို့သော် ယခုတွင် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် အသိအမှတ်ပြုကြသည့် ဘီလျံနှင့်ချီသောလူအားလုံးသည် လူသားမျိုးနွယ်ထဲတွင် ရှိနေပြီဖြစ်သည်။ သူ၏ ယုံကြည်သူများအားလုံးသည် ကမ္ဘာအနှံ့ ပျံ့နှံ့နေသည်။ သခင်ယေရှုသည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ကယ်တင်ပြီးသား ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်၏။ ဤအရာကို မည်သည့် နိုင်ငံ၏ လူမျိုးက ငြင်းပယ်လိုသည်ဖြစ်စေ မထိရောက်ပေ။ ဘုရားသခင်၏ အမှုတော်ကို ဖောက်ပြန်ပျက်စီးသော လူသားများက မည်သို့ အကဲဖြတ်သည်ဖြစ်စေ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင် ပြောဆိုသည့် သမ္မာတရားများက အမြဲ နည်းလမ်းကျကာ မှန်ကန်သည်။ လူသားမျိုးနွယ်တစ်ခုလုံးတွင် လူပေါင်းမည်မျှက ဘုရားသခင်ကို ထကြွဆန့်ကျင်ကြသည်ဖြစ်စေ အချည်းနှီးဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းက မှန်ကန်သည်။ အသေးငယ်ဆုံး အမှားကိုပင် သူ မပြုလုပ်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားများတွင် သမ္မာတရား မရှိသကဲ့သို့ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် အရေးပါမှုနှင့် အနှစ်သာရကို ရှင်းလင်းစွာ လုံးဝ မမြင်နိုင်ကြသောကြောင့် ၎င်းတို့ ပြောဆိုသည့် မည်သည့်အရာမျှသည် သမ္မာတရားနှင့် ကိုက်ညီခြင်း မရှိပေ။ လူသားမျိုးနွယ်၏ သဘောတရားအားလုံးကို သင် ပေါင်းရုံးသုံးသပ်မည်ဆိုလျှင်ပင် သမ္မာတရား ဖြစ်ဦးမည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များထဲမှ တစ်ခွန်းကိုမျှ သို့မဟုတ် သမ္မာတရား တစ်ခွန်းကိုမျှ ထိုအရာများက အလေးသာနိုင်မည် မဟုတ်။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ဤအရာကို လူတို့ နားမလည်လျှင် ဖြည်းဖြည်းချင်း တွေ့ကြုံရမည်ဖြစ်သည်။ ဤအတွေ့အကြုံအတွက် မရှိမဖြစ် လိုအပ်ချက်မှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ဦးစွာပထမ သင် အသိအမှတ်ပြုကာ လက်ခံရမည်ဖြစ်သည်။ ထို့နောက်တွင် ယင်းတို့ကို သင် ဆက်လက် လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံရမည်။ သင် မသိလိုက်မီတွင် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း သင် ရှာဖွေတွေ့ရှိလိမ့်မည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ ထိုအချိန်တွင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို စတင်၍ ချစ်မြတ်နိုးလိမ့်မည်၊ သမ္မာတရား လိုက်စားခြင်းကို အရေးထားလိမ့်မည်ဖြစ်ပြီး သင့်နှလုံးသားထဲသို့ သမ္မာတရားကို လက်ခံနိုင်လိမ့်မည်ဖြစ်ကာ သင်၏ အသက် ဖြစ်စေနိုင်လိမ့်မည်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်