လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်

လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်းသည် လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းအတွက် လိုအပ်ပါသည်။ လူအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး သမ္မာတရားကို မည်သူမျှ မပိုင်ဆိုင်ကြသောကြောင့် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်မှုအားဖြင့်သာ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်မှုသည် လူတို့၏ အသက်တာ ဝင်ရောက်မှုအတွက်သာမက ၎င်းတို့၏တာဝန်များနှင့် အသင်းတော်၏အလုပ်ကို လျော်ကန်စွာ ဖြည့်ဆည်းခြင်းအတွက်လည်း အကျိုးပြုပါသည်။ လိုက်ဖက်ညီအောင် ပူးပေါင်းလုပ်ဆောင်သောသူတို့သည် အတော်ပင် ကောင်းမွန်သော လူ့သဘာဝနှင့် ရိုးသားမှု ရှိကြသော်လည်း လူတစ်ဦး၏ လူ့သဘာဝ မကောင်းပါက၊ အလွန်မာနကြီးပြီး မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ထင်ပါက သို့မဟုတ် ကောက်ကျစ်စဉ်းလဲလွန်းပါက အခြားသူများနှင့် လိုက်ဖက်ညီအောင် ပူးပေါင်းလုပ်ဆောင်ဖို့ နည်းလမ်းမရှိပါ။ လူအချို့သည် ရိုးသားသောအလုပ်၌ မပါဝင်ကြ၊ မိမိတို့တာဝန်ကို ဖြည့်ဆည်းသောအခါ မကျေပွန်ကြသည့်အပြင် ဆိုးယုတ်သော လုပ်ရပ်များကို အမြဲကျူးလွန်ကြသည်။ ဤကဲ့သို့သောလူများသည် အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိသည့်အပြင် မည်သူနှင့်မျှ သဟဇာတဖြစ်ခြင်း သို့မဟုတ် အဆင်ပြေခြင်း ရှိနိုင်မည်မဟုတ်ပေ။ ထိုသို့သောလူများသည် လူ့သဘာဝမရှိဘဲ၊ သားရဲများနှင့် စာတန်မာရ်နတ်တို့နှင့် သက်ဆိုင်သည်။ နာခံပြီး ကျိုးနွံတတ်သော လူအားလုံးတို့သည် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသောအခါတွင် ရလဒ်ကောင်းများ အသေအချာ ရရှိကြမည်ဖြစ်ပြီး အခြားသူများနှင့် အလွယ်တကူ ပူးပေါင်းလုပ်ဆောင်ကြမည်ဖြစ်သည်။ မိမိတို့တာဝန်ကို ဖြည့်ဆည်းရန်အတွက် ရိုးသားစွာ အာရုံမစိုက်သူ၊ စိတ်ပေါက်ပေါက်နှင့် လုပ်တတ်သူ၊ သို့တည်းမဟုတ် မိမိတို့တာဝန်ကို ဆောင်ရွက်နေကြသော အခြားသူများကို နှောင့်ယှက်သူတို့အနေဖြင့်- ၎င်းတို့သည် ကြိမ်ဖန်များစွာ တိုက်တွန်းနှိုးဆော်ပြီးနောက် ပြုပြင်မရသည့်အပြင် နောင်တရလိုစိတ် လုံးဝမရှိ၊ ၎င်းတို့၏ တာဝန်များ၌ ပွဲဖျက်ခြင်းများနှင့် အနှောင့်အယှက်များကို အမြဲဖြစ်ပွားစေကာ၊ ၎င်းတို့၏ လူ့သဘာဝအရည်အသွေးက ယုတ်ညံ့ပါက အသင်းတော်၏အလုပ်အပေါ် ပြဿနာ သို့မဟုတ် ဘေးဆိုး ဆောင်ကျဥ်းလာခြင်းကို ရှောင်ကျဥ်ရန်အတွက် ထိုသူတို့ကို မဆိုင်းမတွ ရှင်းလင်းသင့်သည်။ ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြေရှင်းရမည့် ပြဿနာဖြစ်သည်။

လူတစ်ချို့သည် ကိုယ့်တာဝန်ကို ဖြည့်ဆည်းသောအခါ တာဝန်မဲ့သဖြင့် အလုပ်ကို အမြဲပြန်လုပ်ရတတ်ပါသည်။ ဤအရာက အလုပ်၏ ထိရောက်မှုကို အကြီးအကျယ် ထိခိုက်စေသည်။ ကျွမ်းကျင်သော အသိပညာ ချို့တဲ့ပြီး အတွေ့အကြုံ နည်းပါးသော လူတစ်ဦးမှလွဲ၍ ဤပြဿနာ ပေါ်ပေါက်ရခြင်း၏ အခြားအကြောင်းရင်းများ ရှိသလော။ (လူတစ်ဦးသည် သိသိသာသာပင် မောက်မာပြီး မိမိကိုယ်မိမိ ဖြောင့်မှန်သည်ထင်လျက်၊ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက် ချမှတ်သည့်အပြင် ၎င်းတို့၏တာဝန်ကို စည်းမျဥ်းအတိုင်း မထမ်းဆောင်သောအချိန်တွင် ဖြစ်သည်။) အထူးကျွမ်းကျင်သော အသိပညာနှင့် အတွေ့အကြုံတို့ကို သင်ယူပြီး တစ်စတစ်စချင်း စုဆောင်းနိုင်သော်လည်း လူတစ်ဦး၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိလျှင်၊ ယင်းကိုဖြေရှင်းဖို့ လွယ်ကူသည်ဟု သင်တို့ထင်သလော။ (မထင်ပါ၊ ယင်းက မလွယ်ကူပေ။) သို့ဆိုလျှင် ယင်းကို မည်သို့ဖြေရှင်းသင့်သနည်း။ (ထိုသူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို တွေ့ကြုံရမည်ဖြစ်ပြီး ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရမည်ဖြစ်သည်။) ၎င်းတို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံရန်လိုအပ်ပြီး ပြုပြင်ရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်— ဤစကားများသည် မှန်ကန်သော်လည်း ယင်းကို သမ္မာတရားကို လိုက်စားသူများကသာ ရရှိနိုင်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်မည်လော။ သူတို့ လက်ခံနိုင်မည်မဟုတ်ပေ။ လူများသည် မိမိတို့ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ၊ အလုပ်ကို အစဉ် ပြန်လုပ်ဖို့ လိုအပ်သည့်အခါ၊ အကြီးမားဆုံး ပြဿနာမှာ အထူးကျွမ်းကျင်မှု အသိပညာတွင် ချို့တဲ့ခြင်း၊ သို့မဟုတ် အတွေ့အကြုံ မရှိခြင်း မဟုတ်ဘဲ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မှန်သည်ဟု အလွန်မှတ်ယူကာ မာနထောင်လွှားသောကြောင့်၊ လိုက်ဖက်ညီစွာ အလုပ်မလုပ်ဘဲ၊ တစ်ဦးတည်း ဆုံးဖြတ်ပြီး ပြုမူသောကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အလုပ်၌ အမှားများလုပ်ပြီး မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခြင်း မရှိသကဲ့သို့၊ အားထုတ်မှုအားလုံး အချည်းနှီးဖြစ်ရလေသည်။ ဤတွင် အဆိုးရွားဆုံးသော ပြဿနာမှာ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အလွန် ဆိုးရွားသည့်အခါ၊ ၎င်းတို့သည် လူကောင်းများ မဟုတ်ကြတော့ပေ၊ ဆိုးယုတ်သော လူများဖြစ်ကြသည်။ ဆိုးယုတ်သော လူများ၏ စိတ်သဘောထားများသည် သာမန်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထက် များစွာသာ၍ ပြင်းထန်ဆိုးရွားလေသည်။ ဆိုးယုတ်သော လူများသည် ဆိုးယုတ်သော လုပ်ဆောင်ချက်များကို ကျူးလွန်တတ်ကြသည်။ ၎င်းတို့သည် အသင်းတော်အလုပ်တွင် ဝင်ရောက်စွက်ဖက်ပြီး နှောင့်ယှက်တတ်သည်။ ဆိုးယုတ်သော လူများသည် တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ ၎င်းတို့ လုပ်နိုင်စွမ်းရှိသမျှမှာ ကိစ္စများကို ဆိုးရွားစွာ လုပ်ဆောင်ခြင်းနှင့် အမှားများလုပ်ခြင်း ဖြစ်သည်။ ၎င်းတို့၏အစေခံမှုသည် ထိုက်တန်သည်ထက် ပို၍ဒုက္ခရောက်စေတတ်သည်။ အချို့သောလူများသည် ဆိုးယုတ်ခြင်း မရှိသော်လည်း၊ မိမိတို့တာဝန်ကို မိမိတို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအတိုင်း ထမ်းဆောင်ကြသည်။ ပြီးလျှင် ထိုနည်းတူစွာ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း မရှိကြချေ။ အတိုချုပ်အားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူများ မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရာတွင် အလွန်အမင်း အဟန့်အတားဖြစ်လေသည်။ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ မည်သည့်သွင်ပြင်လက္ခဏာသည် မိမိတို့၏ တာဝန်ကို ၎င်းတို့ထမ်းဆောင်ရာ၌ ထိရောက်ခြင်းအပေါ် အကြီးမားဆုံး သက်ရောက်မှုရှိသည်ဟု သင်တို့ ပြောမည်နည်း။ (မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်းဖြစ်ပါသည်။) ပြီးလျှင် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်း၏ အဓိက သရုပ်သကန်များမှာ အဘယ်နည်း။ တစ်ဦးတည်း ဆုံးဖြတ်ချက်ချခြင်း၊ မိမိသဘောကျ လုပ်ဆောင်ခြင်း၊ အခြားသူများ၏ အကြံပြုချက်များကို နားမထောင်ခြင်း၊ အခြားသူများနှင့် မတိုင်ပင်ခြင်း၊ လိုက်ဖက်ညီစွာ ပူပေါင်းမလုပ်ဆောင်ခြင်းနှင့် အမှုအရာများကို အမြဲ နောက်ဆုံးအဆုံးအဖြတ် ပေးဖို့ ကြိုးစားခြင်း တို့ဖြစ်သည်။ အသီးသီးက မိမိတို့၏ ကိုယ်ပိုင်အလုပ်ကို အာရုံစိုက်လျက်၊ ကောင်းမြတ်သော ညီအစ်ကို မောင်နှမများ အနည်းငယ်သည် သီးသန့်တာဝန်တစ်ခုကို ဆောင်ရွက်ဖို့ ပူးပေါင်း လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း၊ အချို့သော အဖွဲ့ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်သူများက နောက်ဆုံးအဆုံးအဖြတ် အမြဲပေးချင်ကြလေသည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင် နေကြပါစေ၊ အခြားသူများနှင့် လိုက်ဖက်ညီစွာ ဘယ်သောအခါမျှ ၎င်းတို့ ပူးပေါင်းမလုပ်ဆောင်သကဲ့သို့ မိတ်သဟာယတွင် မပါဝင်ကြပေ၊ ပြီးလျှင် ပထမဦးစွာ အခြားသူများနှင့်အတူ အများသဘော ယူခြင်းမရှိဘဲ အမှုအရာများကို မဆင်မခြင် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုသာ အယောက်တိုင်းအား နားထောင်စေပြီး ဤတွင် ပြဿနာ ရှိလေသည်။ ထို့အပြင်၊ အခြားသူများက ပြဿနာကို မြင်ကြသော်လည်း ကြီးကြပ်ကွပ်ကဲသည့်လူကို တားဆီဖို့ ထွက်မလာသည့်အခါ၊ နောက်ဆုံးတွင် မိမိတို့တာဝန်၌ မထိရောက်ဘဲ၊ အလုပ်နှင့်ပတ်သက်၍ ရှုပ်ထွေးမှုအတိ ဖြစ်သွားပြီးလျှင် ပါဝင်သည့် အယောက်တိုင်းက လုပ်ငန်းစဉ်တွင် မိမိတို့ကိုယ်ကိုယ် ခြေကုန်လက်ပန်းကျစေလျက် မိမိတို့၏ အလုပ်ကို ပြန်လုပ်ဖို့ ဖြစ်ရသည့် အခြေအနေတစ်ခုထဲ ရောက်ရှိရသည့် အကျိုးဆက် ဖြစ်ပေါ်လေသည်။ ထိုမျှဆိုးရွားသော ရလဒ်ကို ဖြစ်ပွားစေရာ၌ မည်သူတာဝန်ရှိသနည်း။ (ကြီးကြပ်ကွပ်ကဲသူ ဖြစ်သည်။) အခြား ပါဝင်သည့်လူများသည်လည်း တာဝန်ရှိပါသလော။ (ရှိပါသည်။) ကြီးကြပ်ကွပ်ကဲသူသည် ၎င်းတို့၏ နည်းလမ်းအတိုင်း အမှုအရာများကို မရမက လုပ်ဆောင်ရင်း ၎င်းတို့၏သဘောအတိုင်း ဆုံးဖြတ်ချက်ချမှတ်ပြီး၊ အခြားသူများက ပြဿနာကို တွေ့မြင်သော်လည်း ၎င်းတို့ကို ရပ်တန့်ဖို့ ဘာမျှ မလုပ်ဆောင်ကြပေ၊ ပို၍ဆိုးရွားသည့်အရာမှာ ၎င်းတို့က ရှေ့ဆက် လိုက်ပါ၍ပင် သွားကြလေသည်။ ဤအရာက ၎င်းတို့ကို ကြံရာပါများဖြစ်စေသည် မဟုတ်လော။ ဤလူကို သင့်အနေဖြင့် ကန့်သတ်ခြင်းမရှိ၊ တားဆီးခြင်းမရှိ၊ သို့မဟုတ် ဖော်ထုတ်ခြင်းမရှိဘဲ ယင်းအစား ၎င်းတို့နောက်လိုက်ပြီး သင့်ကို ကြိုးကိုင်ခြယ်လှယ်ခွင့်ပေးပါက၊ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ရန်အတွက် စာတန်အား သင် ဇက်ပုံပေးလိုက်ခြင်း ဖြစ်သည်မဟုတ်လော။ ဤသည်မှာ သေချာပေါက် သင်တို့၏ ပြဿနာဖြစ်သည်။ သင်တို့သည် ပြဿနာတစ်ခုကို တွေ့သော်လည်း ရပ်တန့်ဖို့ မည်သည့်အရာမျှမလုပ်၊ ယင်းနှင့်ပတ်သက်၍ မိတ်သဟာယမပြု၊ ယင်းကို ကန့်သတ်ရန် မကြိုးစားသည့်အပြင် သင့်အထက်မှ လူများကို မတိုင်ကြားဘဲ လူ့အကြိုက်ဆောင်သူတစ်ဦး၏ အခန်းကို သရုပ်ဆောင်သည့်အခါ၊ ဤသည်မှာ သစ္စာမဲ့ခြင်း၏ လက္ခဏာဖြစ်သလော။ လူ့အကြိုက်ဆောင်သူများသည် ဘုရားသခင်ကို သစ္စာရှိသလော။ အနည်းငယ်မျှပင် သစ္စာမရှိပေ။ ထိုသို့သောလူတစ်ဦးသည် ဘုရားသခင်ကို သစ္စာမရှိရုံသာမက၊ စာတန်၏ ကြံရာပါ၊ ၎င်း၏ အခြွေအရံနှင့် နောက်လိုက်အဖြစ် ပြုမူဆောင်ရွက်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်နှင့် ဝတ္တရားတို့တွင် သစ္စာမဲ့ကြသော်လည်း စာတန်အပေါ်မူ အတော်အတန် သစ္စာရှိကြသည်။ ဤနေရာ၌ ပြဿနာ၏ အနှစ်သာရ တည်ရှိပေသည်။ အတတ်ပညာဆိုင်ရာ မပြည့်စုံခြင်းနှင့် စပ်လျဉ်း၍၊ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် စဉ်ဆက်မပြတ် သင်ယူဖို့နှင့် သင်၏ အတွေ့အကြုံကို အတူတကွ ရယူဖို့မှာ ဖြစ်နိုင်၏။ ထိုသို့သော ပြဿနာများကို အလွယ်တကူ ဖြေရှင်း၍ ရသည်။ ဖြေရှင်းဖို့ အခက်ခဲဆုံးသော အရာမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းဖို့ ဖြစ်သည်။ သမ္မာတရားကို သင်မလိုက်စားဘဲ၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းဘဲ အစဉ်သဖြင့် လူ့အကြိုက်ဆောင်သူအဖြစ် သရုပ်ဆောင်နေပြီး၊ စည်းမျဉ်းများကို ချိုးဖောက်သည်ဟု သင်မြင်ခဲ့သောသူများကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိ၊ ကူညီနေလျှင်၊ ၎င်းတို့ကို ဖော်ထုတ်ခြင်း၊ ဖွင့်ပြခြင်းမရှိဘဲ တာဝန်မခံယူဘဲ အစဉ် နောက်ဆုတ်နေလျှင် ဤသို့သော သင်၏ တာဝန်ထမ်းဆောင်မှုသည် အသင်းတော်၏ အလုပ်ကို ထိခိုက်ပြီး နှောင့်နှေးခြင်းသာ ဖြစ်စေလိမ့်မည်။ တာဝန်ဝတ္တရားကို တစ်စက်မျှမထမ်းဆောင်ဘဲ မိမိ၏တာဝန် ဖြည့်ဆည်းခြင်းကို အသေးအဖွဲလေးအဖြစ် သဘောထားခြင်းသည် အလုပ်၏ထိရောက်မှုကို ထိခိုက်စေရုံသာမက အသင်းတော်၏အလုပ်အား အကြိမ်ကြိမ် နှောင့်နှေးစေခြင်းသို့လည်း ခေါ်ဆောင်ပေသည်။ သင်သည် ဤနည်းဖြင့် မိမိတာဝန်ကို ဖြည့်ဆည်းသောအခါ၊ သင်သည် အနိမ့်ဆုံးသာသာကို လုပ်ရုံမျှလုပ်နေခြင်းဖြစ်ပြီး ဘုရားသခင်အား လှည့်စားနေသည် မဟုတ်လော။ ယင်းက ဘုရားသခင်အား ဆည်းကပ်မှုတစ်ခုခုကို ပြသပါသလော။ မိမိတာဝန်ကို ဖြည့်ဆည်းရာတွင် အနိမ့်ဆုံးသာသာဖြစ်အောင် အဆက်မပြတ် ကြိုးစားနေပြီး ခိုင်မာစွာ နောင်တမရပါက သင်သည် မလွဲမသွေ နှင်ထုတ်ခံရမည်ဖြစ်သည်။

မိမိတာဝန်ကို ထမ်းဆောင်နေစဉ် ကြုံတွေ့ရသော အခက်အခဲများကို မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ အကောင်းဆုံးနည်းလမ်းမှာ ပြဿနာတစ်ခုကို ဖြေရှင်းဖို့နှင့် သဘောတူညီမှုရရှိဖို့အတွက် လူတိုင်း သမ္မာတရားကို အတူတကွ ရှာဖွေရန်ဖြစ်သည်။ သင်သည် စည်းမျဥ်းများကို နားလည်သရွေ့ ဘာလုပ်ရမည်ကို သိလိမ့်မည်။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းရန် အသင့်ဆုံးနည်းလမ်းဖြစ်သည်။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဘဲ၊ သင့်ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးစိတ်သန်းတို့ဖြင့်သာ လုပ်ဆောင်လျှင် သင်သည် မိမိတာဝန်ကို ဖြည့်ဆည်းနေခြင်း မဟုတ်ပေ။ ဤအရာနှင့် လောကီလူ့အဖွဲ့အစည်း သို့မဟုတ် စာတန်၏လောက၌ အလုပ်လုပ်ခြင်းတို့အကြား ဘာကွာခြားချက်ရှိသနည်း။ ဘုရားသခင်၏အိမ်တော်ကို သမ္မာတရားနှင့် ဘုရားသခင်က အုပ်ချုပ်ခြင်းဖြစ်၏။ မည်သည့်ပြဿနာမျိုး ပေါ်လာပါစေ ယင်းကိုဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရမည်။ သဘောထားကွဲလွဲမှု မည်မျှပင် ရှိစေကာမူ သို့မဟုတ် မည်မျှကွဲပြားသည်ဖြစ်စေ ၎င်းတို့အားလုံးကို တင်ပြပြီး မိတ်သဟာယဖွဲ့သင့်ပါသည်။ ထို့နောက် သဘောတူညီမှုရရှိပါက စည်းမျဥ်းများနှင့်အညီ အရေးယူဆောင်ရွက်သင့်သည်။ ဤနည်းအားဖြင့် သင်သည် ပြဿနာကို ဖြေရှင်းနိုင်ရုံသာမက သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏တာဝန်ကိုလည်း ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ ပြဿနာဖြေရှင်းခြင်း လုပ်ငန်းစဉ်အတွင်း လျော်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်းကိုလည်း သင်ရရှိနိုင်မည် ဖြစ်သည်။ မိမိတို့တာဝန်ကို လုပ်ဆောင်ကြသူများအားလုံး သမ္မာတရားကို ချစ်မြတ်နိုးကြပါက ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံရန်နှင့် နာခံရန် လွယ်ကူပါသည်။ သို့သော် မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု ယူဆလျှင် လူတွေက ယင်းကို မိတ်သဟာယဖွဲ့သည့်အခါပင် သမ္မာတရားကို လက်ခံရန် မလွယ်ကူပေ။ သမ္မာတရားကို နားမလည်သောသူများ ရှိလင့်ကစား အခြားသူများအား မိမိတို့စကားကို အမြဲနားထောင်စေချင်ကြသည်။ ဤသို့သော လူတို့သည် မိမိတာဝန်ကို ထမ်းဆောင်နေသော အခြားသူများကို အနှောင့်အယှက်သာပေးတတ်သည်။ ဤသည်မှာ ပြဿနာ၏ မူလအရင်းအမြစ်ဖြစ်ပြီး မိမိတာဝန်ကို ကောင်းစွာမထမ်းဆောင်မီ ယင်းကို ဖြေရှင်းရမည် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် အမြဲတမ်း မောက်မာပြီး တစ်ဇွတ်ထိုးလုပ်ကာ၊ မိမိဘာသာ ဆုံးဖြတ်ချက်များ ချမှတ်လျက်၊ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း သို့မဟုတ် အမှုအရာများကို ဆွေးနွေးခြင်းမရှိဘဲ၊ သမ္မာတရားစည်းမျဥ်းကို မရှာဖွေဘဲ၊ အရာရာကို မဆင်မခြင်နှင့် သူကြုက်သလို လုပ်တတ်ပါက- ဤသည်မှာ မိမိတာဝန်အပေါ် မည်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ဤနည်းဖြင့် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်သလော။ ဤကဲ့သို့သောလူမျိုးက ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းကို မည်သည့်အခါမျှ လက်မခံ၊ သမ္မာတရားကို လုံးဝလက်မခံသည့်အပြင် အမှုအရာများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နောင်တရခြင်း သို့မဟုတ် ပြောင်းလဲခြင်းမရှိဘဲ၊ မဆင်မခြင်နှင့် သူတို့နှစ်သက်သလို ဆက်လက်လုပ်မိနေပါက- ယင်းမှာ စိတ်သဘောထား ပြဿနာသာမကဘဲ သူတို့၏ လူ့သဘာဝနှင့် စာရိတ္တဆိုင်ရာ ပြဿနာဖြစ်သည်။ ဤသည်မှာ လူ့သဘာဝမရှိသောသူ ဖြစ်သည်။ လူ့သဘာဝမရှိသူတစ်ဦးသည် ၎င်းတို့၏တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်မည်လော။ မဖြည့်ဆည်းနိုင်ချေ။ အကယ်၍ မိမိတာဝန်ကို ထမ်းဆောင်နေရင်း လူတစ်ဦးသည် တရားလွန်သော အပြုအမူမျိုးစုံကိုပင် ကျူးလွန်ပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်လျှင် ထိုသူသည် ဆိုးယုတ်သောသူဖြစ်၏။ ထိုသို့သောသူတို့သည် မိမိတာဝန်ကို မလုပ်ဆောင်နိုင်ကြချေ။ သူတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အနှောက်အယှက်နှင့် ပျက်စီးခြင်း၌သာ အဆုံးသတ်ပြီး ၎င်းတို့သည် ကောင်းကျိုးထက် ဆိုးကျိုးသာ ဖြစ်စေသောကြောင့် ၎င်းတို့ကို တာဝန်ထမ်းဆောင်ခြင်းမှ ပိတ်ပင်ကာ အသင်းတော်မှ ဖယ်ရှားသင့်သည်။ ယင်းမှာ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သောစွမ်းရည်သည် လူတစ်ဦး၏ အစွမ်းအစအပေါ်တွင် လုံးလုံးမူတည်သည် မဟုတ်၊ မိမိတာဝန်၊ မိမိစရိုက်၊ မိမိ၏ လူ့သဘာဝ ကောင်းမကောင်းနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိဟူသည့် သူတို့၏ သဘောထားအပေါ် အဓိကအားဖြင့် မူတည်သည်။ ဤအရာများသည် အရင်းခံပြဿနာများ ဖြစ်သည်။ သင်၏စိတ်နှလုံးက သင့်တာဝန်ထဲ၌ ရှိမရှိ၊ သင့်တာဝန်ကို အကောင်းဆုံး ထမ်းရွက်နေပြီး စိတ်ပါလက်ပါ လုပ်ဆောင်နေခြင်း ရှိမရှိ၊ တာဝန်ထမ်းဆောင်ခြင်းအပေါ် လေးနက်ပြီး တာဝန်သိသောစိတ်ထား ရှိမရှိ၊ သင်သည် အလေးအနက်ထားပြီး ကြိုးစားအားထုတ်ခြင်း ရှိမရှိ- ဤအရာများသည် ဘုရားသခင်ကြည့်ရှုပြီး လူတိုင်းကို စိစစ်သည့်အရာများ ဖြစ်သည်။ အကယ်၍ ၎င်းတို့အများစုမှာ တာဝန်မဲ့ပြီး မည်သူမျှ စိတ်အားထက်သန်မှု မရှိပါက လူတို့၏တာဝန်များကို လျော်ကန်စွာ ဖြည့်ဆည်းနိုင်မည်လော၊ ထို့ပြင် ဘာလုပ်သင့်သည်ဟူသည်ကို သူတို့စိတ်နှလုံးထဲ၌ သိလင့်ကစား စည်းမျဥ်းများအတွက် အားမထုတ်သည့်အပြင် မည်သူကမှ ယင်းကို အလေးအနက်မထားကြချေ။ ဤအခြေအနေမျိုးတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဆက်လက်ဆောင်ရွက်ရန်၊ စစ်ဆေးရန်နှင့် လမ်းညွှန်မှုပေးရန်လည်းကောင်း၊ အဖွဲ့ခေါင်းဆောင် သို့မဟုတ် တာဝန်ခံဖြစ်ရန် တာဝန်ယူမည့် ပုဂ္ဂိုလ်ကိုရှာဖွေဖို့ လိုအပ်သည်။ ဤနည်းဖြင့် လူအများစုကို အရေးယူဆောင်ရွက်လာအောင် လှုံ့ဆော်နိုင်ပြီး၊ ၎င်းတို့သည် တာဝန်ထမ်းဆောင်သည့်အခါ ရလဒ်ကောင်း ရရှိနိုင်သည်။ နှောင့်ယှက်ဖျက်ဆီးသူ တစ်စုံတစ်ဦး ပေါ်လာပါက၊ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းသည်နှင့်အမျှ လူတို့သည် ၎င်းတို့၏တာဝန်၌ ထိထိရောက်ရောက်ရှိရန် လွယ်ကူမည် ဖြစ်သကဲ့သို့ ထိုသူတို့ကို တိုက်ရိုက် ဖယ်ရှားစေလော့။ လူအချို့သည် အစွမ်းအစအနည်းငယ် ရှိနိုင်သော်လည်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် တာဝန်မဲ့သည်။ ၎င်းတို့တွင် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သို့မဟုတ် ပရော်ဖက်ရှင်နယ် အသိပညာများ ရှိကောင်းရှိနိုင်သော်လည်း ယင်းကို အခြားသူများအား မသင်ကြားပေးကြချေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤပြဿနာကို ဖြေရှင်းပေးရမည်။ ထိုသူတို့ကို မိတ်သဟာယဖွဲ့ပေးသင့်ပြီး၊ အခြားသူများအား သူတို့၏ စွမ်းရည်များကို သင်ကြားပေးရန် အားပေးသင့်သည်၊ သို့မှသာ အခြားသူများ၏ ထိုစွမ်းရည်များကို တတ်နိုင်သမျှ လျင်မြန်စွာ သင်ယူကာ ပရော်ဖက်ရှင်နယ် အသိပညာကို ကျွမ်းကျင်ပိုင်နိုင်မည် ဖြစ်သည်။ သင်သည် ပရော်ဖက်ရှင်နယ် အသိပညာကို ကောင်းစွာ တတ်မြောက်ထားသူဖြစ်သောကြောင့် သင်၏အရည်အချင်းများကို ဟန်ပန်ထုတ်ခြင်း သို့မဟုတ် အမွှမ်းတင်ခြင်း မပြုရပေ။ လူတိုင်းသည် မိမိတို့၏တာဝန်ကို ကောင်းစွာ အတူတကွ ထမ်းဆောင်နိုင်စေရန်အတွက် သင်၏ စွမ်းရည်များနှင့် အသိပညာတို့ကို လူသစ်များအား လိုလားတက်ကြွစွာ သင်ကြားပေးသင့်သည်။ သင်သည် သင့်လုပ်ငန်းနှင့်ပတ်သက်ပြီး အတတ်ပညာအရှိဆုံးဖြစ်ပြီး ကျွမ်းကျင်မှုအရ ဦးဆောင်နေသူ ဖြစ်နိုင်သော်လည်း ယင်းသည် သင့်အား ဘုရားသခင်ပေးထားသည့် ဆုကျေးဇူးတစ်ခုဖြစ်၍၊ တာဝန်ထမ်းဆောင်ရန် ၎င်းကို အသုံးပြုသင့်ပြီး သင်၏ အားသာချက်များကို အသုံးချသင့်ပေသည်။ သင်သည် မည်မျှပင် ကျွမ်းကျင်သည် သို့မဟုတ် ပါရမီရှိသည်ဖြစ်စေ၊ လုပ်ငန်းကို တစ်ဦးတည်း မလုပ်နိုင်ချေ။ လူတိုင်းသည် အသက်မွေးဝမ်းကြောင်းဆိုင်ရာ စွမ်းရည်များနှင့် အသိပညာကို ဖမ်းဆုပ်နိုင်လျှင် တာဝန်တစ်ရပ်ကို ပိုမိုထိရောက်စွာ ထမ်းဆောင်နိုင်သည်။ ဆိုရိုးစကားရှိသည်မှာ ခြံစည်းရိုးတစ်ခု၌ တိုင်သုံးတိုင်လို၏။ လူတစ်ဦးသည် မည်မျှအရည်အချင်းရှိပါစေ၊ သူတစ်ပါး၏ အကူအညီမပါဘဲ မလုံလောက်ချေ။ ထို့ကြောင့် မည်သူမျှ မာနမကြီးသင့်၊ မည်သူကမှ မိမိသဘောအတိုင်း လုပ်ဆောင်ရန် သို့မဟုတ် ဆုံးဖြတ်ချက်ချရန် ဆန္ဒမရှိသင့်ပေ။ လူတို့သည် ဇာတိပကတိကို စွန့်ပယ်၍ မိမိတို့၏ ကိုယ်ပိုင်အယူအဆနှင့် ထင်မြင်ချက်များကို ဘေးဖယ်ကာ အခြားသူများနှင့် သဟဇာတဖြစ်အောင် လုပ်ဆောင်သင့်သည်။ ပရော်ဖက်ရှင်နယ် အသိပညာရှိသူ မည်သူမဆို ဤစွမ်းရည်များနှင့် အသိပညာကို ကျွမ်းကျင်ပိုင်နိုင်စေဖို့အတွက်လည်း အခြားသူများကို ကြင်နာစွာ ကူညီသင့်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းအတွက် အကျိုးရှိသည်။ စွမ်းရည်တစ်ခုရှိခြင်းကို အစားအသောက်လက်မှတ်အဖြစ် အမြဲရှုမြင်သဘောထားလျက်၊ အခြားသူများအား သင်ကြားပေးခြင်းက သင့်ကိုယ်သင် ငတ်မွတ်ခေါင်းပါးစေမည်ဟု သင်တွေးကြောက်နေပါက— ဤသည်မှာ မယုံကြည်သူများ၏ အမြင်ဖြစ်၏။ ၎င်းသည် တစ်ကိုယ်ကောင်းဆန်ပြီး မထီမဲ့မြင်ပြုသော အလေ့အထတစ်ခုဖြစ်ပြီး ဘုရားသခင်၏အိမ်တော်တွင် အလုပ်ဖြစ်မည်မဟုတ်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို လုံးဝလက်မခံနိုင်သည့်အပြင် အစေခံခြင်းကို လုပ်ဆောင်ရန် လုံးဝဆန္ဒမရှိပါက သင်သည် နှင်ထုတ်ခြင်းသာ ခံရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားပြီး သူ့အိမ်တော်၏ အလုပ်ကို သစ္စာရှိလိုစိတ်ထားပါက၊ အခြားသူများလည်း သင်ယူပြီး ဖမ်းဆုပ်နိုင်စေရန်နှင့် ၎င်းတို့၏တာဝန်များကို ပိုကောင်းအောင် ထမ်းဆောင်နိုင်ရန် သင်သည် သင်၏စွမ်းအားများနှင့် ကျွမ်းကျင်မှုများအားလုံးကို ဆက်ကပ်သင့်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့်အရာဖြစ်၏။ ထိုကဲ့သို့သော လူများ၌သာ လူ့သဘာဝရှိကာ ဘုရားသခင်က ချစ်မြတ်နိုးပြီး ကောင်းချီးပေးလေသည်။

မိမိတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ မိမိတို့၏ စိတ်နှလုံး၊ အားအင်ရှိသမျှဖြင့် ထမ်းဆောင်ရမည်။ စိတ်နှလုံး၊ အားအင်ရှိသမျှကို အသုံးပြုခြင်းဆိုသည်မှာ တာဝန်ထမ်းဆောင်သည့်အပေါ်တွင် မိမိ၏ အတွေးများအားလုံးကို ထားရှိခြင်း၊ အခြားသောအရာများကို လွှမ်းမိုးခွင်မပေးခြင်း၊ ထို့နောက်တွင် မိမိတွင်ရှိသော အားအင်ကို အသုံးချခြင်း၊ မိမိ၏ အစွမ်းအလုံးစုံကို အသုံးပြုခြင်း၊ မိမိ၏ အစွမ်းအစ၊ ဆုကျေးဇူး၊ အားသာချက်များနှင့် တာဝန်ကို ခံယူရန် မိမိတို့နားလည်သည့်အရာများကို ယူဆောင်လာခြင်းအား ဆိုလိုသည်။ သင်သည် နားလည်သဘောပေါက်နိုင်စွမ်းရှိပြီး ကောင်းသောစိတ်ကူးတစ်ခုရှိလျှင် ယင်းကို အခြားလူတို့နှင့် ဆက်သွယ်ပြောဆိုရမည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်သည့် အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ပုံ၊ သင့်တာဝန်တွင် ကျေနပ်ဖွယ်စွမ်းဆောင်မှုကို ရရှိမည့်ပုံ ဖြစ်သည်။ အရာရာတိုင်းကို သင့်ဘာသာ တာဝန်ယူလုပ်ဆောင်ဖို့ ဆန္ဒရှိလျှင်၊ ကြီးမားသောအရာများကို သင်တစ်ဦးတည်းသာ အစဉ်သဖြင့် လုပ်ဆောင်လိုလျှင်၊ သင့်ကိုသာ အစဉ် အာရုံစိုက်ပြီး အခြားသူများကို အာရုံမစိုက်စေလိုလျှင် သင့်တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သလော။ သင်လုပ်ဆောင်သည့်အရာသည် အာဏာရှင်စနစ်ဟုခေါ်သည်။ ကြွားဝါနေခြင်းဖြစ်သည်။ ယင်းသည် ဆိုးယုတ်သော အပြုအမူဖြစ်ပြီး တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ မိမိတို့၏ အားသာချက်များ၊ ဆုကျေးဇူးများ၊ သို့မဟုတ် အထူးပါရမီများက မည်သို့ဖြစ်စေ မည်သူကမျှ အလုပ်အားလုံးကို မိမိတို့ဘာသာ တာဝန်မယူနိုင်ပေ။ အသင်းတော်အလုပ်ကို ကောင်းစွာလုပ်ဖို့ဆိုလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် သင်ယူရမည်။ ထိုအတွက်ကြောင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မိမိတာဝန်ထမ်းဆောင်ခြင်း၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံး၊ အားအင်ရှိသမျှကို၊ သင်၏ သစ္စာစောင့်သိမှုရှိသမျှကို အသုံးချပြီး သင်လုပ်နိုင်သည့်အရာရာတိုင်းအား ပေးဆပ်လျှင် သင်သည် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နေခြင်းဖြစ်သည်။ သင့်တွင် အတွေး၊ သို့မဟုတ် စိတ်ကူးတစ်ခုရှိလျှင် အခြားသူများသို့ ပြောလော့။ ထိန်းမထားနှင့်၊ သို့မဟုတ် လျှိုမထားနှင့်။ သင်၌ အကြံပြုချက်မျာရှိလျှင် ယင်းတို့ကို ပေးလော့။ သမ္မာတရားနှင့်ကိုက်ညီသည့် မည်သူ၏ စိတ်ကူးကိုမဆို လက်ခံပြီး လိုက်နာရမည်။ ဤအရာကို လုပ်ဆောင်လော့။ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကို သင် စွမ်းဆောင်ရရှိလိမ့်မည်။ ဤသည်မှာ မိမိတာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်သည့် အဓိပ္ပာယ်ဖြစ်သည်။ သင့်တာဝန်ကို ထမ်းဆောင်ရာတွင် အရာရာတိုင်းကို သင်ကိုယ်တိုင် တာဝန်မယူရသကဲ့သို့ အလွန်ပင်ပန်းစွာ အလုပ်မလုပ်ရပေ၊ သို့မဟုတ် “တစ်ပွင့်တည်းသောပန်း” မဖြစ်ရပေ၊ သို့မဟုတ် ထူးခြားမနေရပေ။ ထို့ထက် သူတစ်ပါးတို့နှင့် မည်သို့ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရမည်ကို သင်ယူရမည်။ သင်တတ်နိုင်သမျှ လုပ်ဆောင်ရမည်။ သင်၏ တာဝန်များကို ဖြည့်ဆည်းရမည်။ သင်၏ အားအင်အလုံးစုံကို အသုံးပြုရမည်။ ယင်းမှာ သင့်တာဝန်ကိုထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ရလဒ်တစ်ခုကို ရရှိရန်အလို့ငှာ် သင့်တွင်ရှိသော အစွမ်းနှင့် အလင်းအားလုံးကို ထုတ်ဖော်ပြရန် ဖြစ်သည်။ ယင်းမှာ လုံလောက်သည်။ အစဉ်သဖြင့် ကြွားဝါရန်၊ အစဉ်သဖြင့် အဆင့်မြင့်ပုံရသော အရာများကို ပြောဆိုရန် ကိစ္စများကို သင့်ဘာသာသင် လုပ်ဆောင်ရန် မကြိုးစားနှင့်။ အခြားသူများနှင့် အလုပ်လုပ်ဖို့ နည်းလမ်းကို သင်ယူသင့်ပြီး အခြားလူတို့၏ အကြံပြုချက်များကို နားထောင်ပြီး ၎င်းတို့၏ အားသာချက်များကို ရှာဖွေတွေ့ရှိဖို့ အာရုံစိုက်သင့်သည်။ ဤနည်းအားဖြင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် လွယ်ကူလာသည်။ သင်သည် အစဉ် ကြွားဝါပြီး သင်ပြောသည့်အတိုင်း ဖြစ်စေလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နေခြင်းမဟုတ်ပေ။ မည်သည့်အရာကို သင်လုပ်ဆောင်နေခြင်းဖြစ်သနည်း။ သင်သည် အခြားသူတို့ကို အနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေခြင်းဖြစ်သည်။ အခြားသူတို့အားအနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေခြင်းသည် စာတန်၏နေရာတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ယင်းသည် တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ အခြားသူတို့ကို အနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေသောအရာများကို အစဉ်လုပ်ဆောင်လျှင် သင်သည် မည်မျှ အားစိုက်ထုတ်ပါစေ၊ သို့မဟုတ် မည်မျှဂရုစိုက်ပါစေ ဘုရားသခင်က အမှတ်ရမည်မဟုတ်ပေ။ သင့်တွင် အားသာချက်အနည်းငယ်သာ ရှိကောင်းရှိနိုင်သည်။ သို့သော် သင်သည် သူတစ်ပါးတို့နှင့် အလုပ်လုပ်နိုင်စွမ်းရှိလျှင်၊ သင့်တော်သော အကြံပြုချက်များကို လက်ခံနိုင်လျှင်၊ မှန်ကန်သော အရင်းခံအကြောင်းများရှိပြီး၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်နိုင်လျှင် သင်သည် မှန်ကန်သောသူဖြစ်သည်။ တစ်ခါတစ်ရံတွင် ဝါကျတစ်ကြောင်းမျှဖြင့် ပြဿနာတစ်ခုကို သင် ဖြေရှင်းနိုင်ပြီး လူတိုင်းကို အကျိုးဖြစ်စေနိုင်သည်။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရား၏ ဖော်ပြချက်တစ်ခုအပေါ် မိတ်သဟာယဖွဲ့ပြီးနောက်တွင် လူတိုင်းက လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းတစ်ခုရှိပြီး အတူတကွ သဟဇာတဖြစ်စွာ လုပ်ဆောင်နိုင်ကြသည်။ အားလုံးက ဘုံပန်းတိုင်အတွက် ကြိုးပမ်းကြပြီး တူညီသော အမြင်နှင့် ထင်မြင်ချက်များရှိကြသည်။ ထို့ကြောင့် အလုပ်သည် အထူးသဖြင့် ထိရောက်မှုရှိသည်။ သင်သည် ဤအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်ကို မည်သူကမျှ မမှတ်မိခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ သင်က များစွာအားစိုက်ထုတ်ခဲ့သည်ဟု မခံစားရနိုင်သော်လည်း သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်သူ၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သောသူဖြစ်သည်ကို ဘုရားသခင်က မြင်လိမ့်မည်။ ဘုရားသခင်က သင်ထိုသို့လုပ်ဆောင်ခဲ့သည်ကို အမှတ်ရလိမ့်မည်။ ဤသည်မှာ သင့်တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်းဟု ခေါ်သည်။ တာဝန်ကို ဖြည့်ဆည်းရာမှာ သင်၌ အခက်အခဲများရှိပါစေ၊ အမှန်အားဖြင့် ၎င်းတို့အားလုံးကို လွယ်လွယ်ကူကူ ဖြေရှင်း၍ရသည်။ သင်သည် ဘုရားသခင်အား တောင့်တသော စိတ်နှလုံးရှိသည့် ရိုးသားသူတစ်ဦးဖြစ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သရွေ့၊ ဖြေရှင်း၍မရနိုင်သော ပြဿနာမရှိပေ။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်ပါက၊ သင်သည် နာခံတတ်ရန် သင်ယူရမည်ဖြစ်သည်။ သမ္မာတရားကို နားလည်သူ သို့မဟုတ် သမ္မာတရားနှင့်အညီ စကားပြောသူရှိပါက သင်သည် ယင်းကို လက်ခံပြီး နာခံရမည်။ သင်သည် အနှောက်အယှက်ဖြစ်စေသော သို့မဟုတ် ပျက်ပြားစေသော အရာများကို မည်သည့်နည်းဖြင့်မျှ မလုပ်သင့်သည့်အပြင်၊ မိမိသဘောအတိုင်း လုပ်ဆောင်ခြင်း သို့မဟုတ် ဆုံးဖြတ်ချက်ချခြင်းတို့ မလုပ်သင့်ပေ။ ဤနည်းအားဖြင့် သင်သည် ဒုစရိုက်ကို ပြုမိလိမ့်မည်မဟုတ်ပေ။ သင်မှတ်မိရမည်။ သင့်တာဝန်ကိုထမ်းဆောင်ခြင်းသည် သင်၏ကိုယ်ပိုင်ကြိုးပမ်းအားထုတ်မှုပြုခြင်း၊ သို့မဟုတ် သင်ကိုယ်တိုင်စီမံခန့်ခွဲခြင်း ကိစ္စမဟုတ်။ ဤသည်မှာ သင်၏ကိုယ်ပိုင် အလုပ်မဟုတ်ဘဲ၊ အသင်းတော်၏ အလုပ်ဖြစ်ပြီး သင့်တွင်ရှိသော အစွမ်းအစများကို ပံ့ပိုးခြင်းသာဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်၌ သင်လုပ်ဆောင်သည့်အရာသည် လူသား ပူးပေါင်းဆောင်ရွက်ခြင်း၏ သေးငယ်သော အစိတ်အပိုင်းသာ ဖြစ်သည်။ သင်၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် ချောင်တစ်ခုရှိ အသေးစား အခန်းကဏ္ဍတစ်ခုသာ ဖြစ်သည်။ ယင်းက သင်ယူထားသော တာဝန်ဝတ္တရားဖြစ်သည်။ သင်သည် စိတ်နှလုံးထဲတွင် ဤအသိစိတ် ရှိသင့်သည်။ ထို့ကြောင့် အလုပ်တာဝန်များကို လူမည်မျှက အတူတကွ ထမ်းဆောင်နေကြပါစေ၊ သို့မဟုတ် မည်သည့်အခက်အခဲများကို သူတို့ရင်ဆိုင်ရပါစေ၊ လူတိုင်းလုပ်ဆောင်သင့်သည့် ပထမဆုံးသော အရာမှာ ဘုရားထံ အတူတကွ ဆုတောင်းပြီး မိတ်သဟာယပြုဖို့၊ သမ္မာတရားကို ရှာဖွေဖို့နှင့်၊ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက မည်သည့်အရာများ ဖြစ်သည်ကို ဆုံးဖြတ်ဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ဤနည်းအတိုင်း ထမ်းဆောင်သည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ရှိလိမ့်မည်။ လူအချို့သည် ကြွားဝါဖို့ အစဉ်သဖြင့် ကြိုးစားနေကြပြီး၊ အလုပ်တစ်ခုအတွက် တာဝန်ပေးခြင်း ခံရသည့်အခါ၊ အမြဲ ဆုံးဖြတ်ပိုင်ခွင့် ရှိလိုကြသည်။ ဤသည်မှာ အဘယ်အပြုအမူမျိုးဖြစ်သနည်း။ ဤသည်မှာ ထင်ရာစိုင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သည့်အရာကို မိမိတို့ဘာသာ စီစဉ်ကြသည်၊ အခြားသူများကို အသိမပေးဘဲ ၎င်းတို့၏ ထင်မြင်ချက်များအား မည်သူနှင့်မျှ မဆွေးနွေးပေ။ မည်သူနှင့်မျှ ဝေမျှခြင်းမရှိသကဲ့သို့ ဖွင့်ပြောခြင်းလည်းမရှိဘဲ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ဖုံးကွယ်ထားသည်။ လုပ်ဆောင်ရမည့်အချိန်ကျလာသည့်အခါတွင် ၎င်းတို့၏ အလွန်တော်သော စွမ်းဆောင်မှုများဖြင့် သူတစ်ပါးတို့အား အစဉ် အံ့အားသင့်စေလိုသည်။ အခြားသူများက ၎င်းတို့အား အထင်ကြီးသွားစေဖို့အလို့ငှာ လူတိုင်းအား မျှော်လင့်မထားဘဲ အလွန်အံ့သြသွားစေလိုသည်။ ယင်းမှာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သလော။ ၎င်းတို့သည် ကြွားဝါဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။ ၎င်းတို့၌ ဂုဏ်အဆင့်အတန်းနှင့် ကျော်ကြားမှု ရှိသည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို စတင်စီမံခန့်ခွဲကြလိမ့်မည်။ ထိုသို့သော လူများသည် ရိုင်းစိုင်းသော ရည်မှန်းချက်များ ရှိသည်မဟုတ်လော။ သင်လုပ်ဆောင်နေသည့်အရာကို သင် အဘယ်ကြောင့် မည်သူ့ကိုမျှ မပြောပြသနည်း။ ဤအလုပ်သည် သင်တစ်ဦးတည်း၏အလုပ် မဟုတ်သောကြောင့် ဤအလုပ်ကို အဘယ့်ကြောင့် မည်သူနှင့်မျှမဆွေးနွေးဘဲ ဆောင်ရွက်ပြီး သင့်ဘာသာ ဆုံးဖြတ်ချက်များပြုလုပ်မည်နည်း။ မည်သူမျှ မသိစေရန်အတွက် ဖုံးကွယ်ပြီး လှုပ်ရှားလျက် အဘယ်ကြောင့် တိတ်တဆိတ် လုပ်ဆောင်မည်နည်း။ လူတို့အား သင်တစ်ဦးတည်းကိုသာ အာရုံစိုက်ရန် အဘယ်ကြောင့် အစဉ်ကြိုးစားမည်နည်း။ ဤအလုပ်အား သင်ကိုယ်တိုင်၏အလုပ်အဖြစ် သင်မြင်သည်မှာ ရှင်းသည်။ သင်က သူဌေးဖြစ်ပြီး အခြားလူတိုင်းက အလုပ်သမားဖြစ်သည်။ သူတို့အားလုံးက သင့်အတွက် အလုပ်လုပ်ကြသည်။ သင်၌ ဤစိတ်ဓာတ် အစဉ်မပြတ်ရှိသည့်အခါ၊ ဤသည်မှာ ပြဿနာမဟုတ်လော။ ဤကဲ့သို့သောသူမျိုးက ထုတ်ဖော်ပြသည့်အရာသည် အကယ်စင်စစ် စာတန်၏ စိတ်သဘောထား ဖြစ်သည်မဟုတ်လော။ ဤကဲ့သို့လူများက တာဝန်ထမ်းဆောင်သည့်အခါ၊ အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့ ထုတ်ပယ်ခံရလိမ့်မည် ဖြစ်သည်။

လူတို့သည် မိမိတို့တာဝန်ထမ်းဆောင်စဥ် အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ရင်း ပြဿနာများရှိလာသည့်အခါ မည်သို့ ကိုင်တွယ်ရမည်ကို လေ့လာဖို့လိုသည်။ ၎င်းတို့ကို ကိုင်တွယ်ဖို့ စည်းမျဥ်းမှာ အဘယ်နည်း။ မည်သည့် အကျိုးသက်ရောက်မှုကို ရယူသင့်သနည်း။ လူတိုင်းနှင့် သဟဇာတဖြစ်စွာ အလုပ်လုပ်ရန် သင်ယူလော့။ သမ္မာတရား၊ ဘုရားနှုတ်ကပတ်တော်၊ စည်းမျဉ်းများဖြင့် သူတစ်ပါးတို့နှင့် ဆက်ဆံပြီး စိတ်ခံစားချက်ဖြင့်၊ သို့မဟုတ် စိတ်မြန်လက်မြန်ဖြင့် မဆက်ဆံနှင့်။ ဤသို့ဖြင့် အသင်းတော်တွင် သမ္မာတရား စိုးမိုးမည်မဟုတ်လော။ သမ္မာတရားက စိုးမိုးသရွေ့ အမှုအရာများကို မျှတပြီး ကျိုးကြောင်းသင့်လျော်သည့် နည်းလမ်းဖြင့် ကိုင်တွယ်မည်မဟုတ်လော။ သဟဇာတဖြစ်စွာ ညှိုနှိုင်းဆောင်ရွက်ခြင်းသည် လူတိုင်းအတွက် အကျိုးဖြစ်စေသည်ဟု သင်တို့ မထင်သလော။ (အကျိုးဖြစ်စေပါသည်။) အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းသည် သင်တို့အတွက် အလွန်အကျိုးဖြစ်စေသည်။ ရှေးဦးစွာ သင့်တာဝန်များကို သင်ထမ်းဆောင်သည်နှင့်အမျှ သင့်အတွက် အပြုသဘောဆောင်စွာ စိတ်ဓာတ်မြှင့်တင်ပေးပြီး တန်ဖိုးရှိသည်။ ထို့အပြင် သင်တို့ကို အမှားများမပြုလုပ်မိစေရန်၊ အနှောင့်အယှက်အဖျက်အဆီးများ မဖြစ်ပေါ်စေရန်၊ အန္တိခရစ်လမ်းကြာင်းကို မလျှောက်စေရန် တားဆီးပေးသည်။ သင်တို့သည် အန္တိခရစ်တို့၏ လမ်းကြောင်းအား လျှောက်မိမည်ကို စိုးရွံ့သလော။ (စိုးရွံ့မိပါသည်။) အကြောက်တရားသည် သူ့ချည်းသက်သက် အသုံးတည့်သလော။ အသုံးမတည့်ပေ— အကြောက်တရားချည်းသက်သက်က ပြဿနာကို မပြုပြင်ပေးနိုင်ပေ။ အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်လှမ်းဖို့ ကြောက်ရွံ့ခြင်းက ပုံမှန်ဖြစ်ပါသည်။ ယင်းက အကြင်သူသည် သမ္မာတရားချစ်သူတစ်ဦး ဖြစ်ကြောင်း၊ သမ္မာတရားအပေါ် အားထုတ်ကြိုးပမ်းလိုပြီး သမ္မာတရားကို လိုက်စားဖို့ လိုလားသူတစ်ဦးဖြစ်ကြောင်း ပြသည်။ သင်သည် စိတ်နှလုံးထဲ၌ ကြောက်ရွံ့လျှင်၊ သမ္မာတရားကို ရှာဖွေသင့်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာသင့်သည်။ အခြားသူများနှင့် လိုက်ဖက်ညီစွာ ပူးပေါင်းဆောင်ရွက်ဖို့ သင်ယူခြင်းအားဖြင့် သင် စတင်ရမည်။ ပြဿနာတစ်ခုရှိလျှင်၊ လူတိုင်းက စည်းမျဉ်းများအပြင်၊ ဖြေရှင်းချက်နှင့် စပ်လျဉ်းသည့် တိကျသော တွေးခေါ်မြော်မြင်မှုနှင့် အစီအစဉ်တို့ကို သိနိုင်ဖို့အလို့ငှာ၊ ပြဿနာကို မိတ်သဟာယနှင့်လည်းကောင်း၊ ဆွေးနွေးခြင်းဖြင့်လည်းကောင်း ဖြေရှင်းလော့။ ဤအရာက သင့်ကို တစ်ဦးတည်း ဆုံးဖြတ်ချက်ချခြင်းမှ တားဆီးသည် မဟုတ်လော။ ထို့အပြင် သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိလျှင် သင်သည် ဘုရားသခင်၏ စိစစ်ခြင်းကို အလိုအလျောက် လက်ခံရရှိနိုင်စွမ်းရှိလိမ့်မည်။ သို့သော် ဘုရားသခင် ရွေးချယ်သောလူတို့၏ ကြီးကြပ်မှုကိုလည်း လက်ခံရန် သင်ယူရမည်။ ယင်းမှာ သင့်ထံမှ စိတ်ရှည်ခြင်း၊ လက်ခံခြင်းလိုအပ်သည်။ တစ်စုံတစ်ဦးက သင့်ကို ကြီးကြပ်နေကြောင်း၊ သင်၏အလုပ်ကို ကြည့်ရှုစစ်ဆေးနေကြောင်း၊ သို့မဟုတ် သင်မသိဘဲ သင့်ကို စုံစမ်းစစ်ဆေးနေကြောင်း သင်မြင်ပါက၊ သင် သွေးဆူပြီး ဤလူကို ရန်သူတစ်ဦးကဲ့သို့ သဘောထားကာ ၎င်းကို စက်ဆုပ်ပါက၊ ပြီးလျှင် ၎င်းပျောက်ကွယ်သွားစေဖို့ တောင့်တရင်း၊ ၎င်းကို သစ္စာဖောက်အဖြစ်ပင် တိုက်ခိုက်ကာ ကိုင်တွယ်ဖြေရှင်းပါက၊ ဤသည်မှာ ပြဿနာဖြစ်သည်။ ယင်းသည် အလွန်အမင်း မဆိုးယုတ်သလော။ ဤအရာနှင့် နတ်ဆိုးမင်းကြီးအကြား ကွာခြားချက်မှာ အဘယ်နည်း။ ဤသည်မှာ လူများကို မျှတစွာ ဆက်ဆံခြင်း ဖြစ်သလော။ သင်သည် လမ်းကြောင်းမှန်ကို လျှောက်ပြီး မှန်ကန်သော နည်းလမ်းဖြင့် ပြုမူဆောင်ရွက်လျှင် လူများက သင့်အား စုံစမ်းစစ်ဆေးခြင်းမှ သင်သည် မည်သည့်အရာကို ကြောက်ဖို့လိုသနည်း။ သင်ကြောက်ရွံ့နေလျှင် ယင်းက သင်၏စိတ်နှလုံးထဲတွင် ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေသည့် အရာတစ်ခုရှိကြောင်း ပြသသည်။ သင်၏စိတ်နှလုံးထဲတွင် ပြဿနာရှိကြောင်း သင်သိလျှင်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင်လက်ခံသင့်သည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်ပေသည်။ သင်၌ ပြဿနာရှိသည်ကို သင်သိသော်လည်း၊ သင့်ကို ကြီးကြပ်ဖို့၊ သင်၏ အလုပ်ကို ကြည့်ရှုစစ်ဆေးဖို့၊ သင်၏ ပြဿနာကို စုံစမ်းစစ်ဆေးဖို့ မည်သူ့ကိုမျှ ခွင့်မပြုပါက၊ သင်သည် အလွန်အမင်း ယုတ္တိမတန်ခြင်း ဖြစ်သည်၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး ခုခံနေခြင်း ဖြစ်သည်။ ဤအခြေအနေတွင် သင်၏ ပြဿနာသည် ပို၍ပင် ဆိုးရွားလေသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်သည် မကောင်းမှုပြုသူတစ်ဦး၊ သို့မဟုတ် မယုံကြည်သူတစ်ဦး ဖြစ်သည်ဟု သိမြင်ပါက၊ အကျိုးဆက်များသည် သာ၍ပင် ဒုက္ခပေးမည်ဖြစ်သည်။ ထို့ကြောင့် အခြားသူများ၏ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းတို့ကို လက်ခံနိုင်သည့် သူများသည် အသိတရားအရှိဆုံးဖြစ်ကြသည်။ ၎င်းတို့၌ သည်းခံခြင်းနှင့် ပုံမှန်လူ့သဘာဝ ရှိလေသည်။ သင်သည် မှားသည့်အရာတစ်ခုခု ပြုလုပ်နေသည်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ပြခြင်း ရှိသည်ကို သင်သိရသည့်အခါ၊ လူများနှင့် သင် ဖွင့်ပြောနိုင်ပြီး ဆွေးနွေးပြောဆိုနိုင်ပါက၊ ဤအရာက သင့်အနီးအနားရှိလူများကို သင့်အား စောင့်ကြည့်ဖို့ ကူညီပေးလိမ့်မည် ဖြစ်သည်။ ကြီးကြပ်မှုကို လက်ခံဖို့ သေချာပေါက် လိုအပ်‌သော်လည်း အဓိကအချက်မှာ မိမိကိုယ်ကိုယ် အစဉ်မပြတ် ဆင်ခြင်သုံးသပ်လျက်၊ ဘုရားသခင်ထံ ဆုတောင်းဖို့နှင့် သူ့အပေါ် မှီခိုကိုးစားဖို့ဖြစ်သည်။ အထူးသဖြင့် မှားယွင်းသောလမ်းကို သင်လျှောက်ပြီးဖြစ်သည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ခုကို မမှန်မကန်ပြုပြီးသည့်အခါ၊ သို့မဟုတ် သင်သည် မိမိသဘောအတိုင်း လုပ်ဆောင်တော့မည် သို့မဟုတ် တစ်စုံတစ်ခုကို ဆုံးဖြတ်တော့မည်ဖြစ်ပြီး အနီးရှိ တစ်စုံတစ်ဦးက ယင်းကို ဖော်ပြပြောဆိုပြီး သင့်ကို သတိပေးသည့်အခါ၊ ယင်းကို သင် လက်ခံဖို့ လိုအပ်ပြီး သင့်ကိုယ်သင် အမြန်ဆင်ခြင်သုံးသပ်ကာ သင်၏အမှားကို ဝန်ခံဖို့နှင့် ယင်းကို ပြုပြင်ဖို့ လိုအပ်သည်။ ဤအရာက သင့်အား အန္တိခရစ်တို့၏ လမ်းကြောင်းပေါ် ခြေချခြင်းမှ တားဆီးနိုင်သည်။ သင့်ကို ဤနည်းအားဖြင့် ကူညီပြီး သတိပေးသူ တစ်စုံတစ်ဦးရှိပါက၊ သင့်ကို ယင်းက မသိလိုက်ဘဲ ထိန်းသိမ်းနေခြင်းမဟုတ်လော။ ဟုတ်ပါသည်- ယင်းသည် သင့်အား ထိန်းသိမ်းခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် သင်၏ ညီအစ်ကိုမောင်နှမများ၊ သို့မဟုတ် သင့်ပတ်ဝန်းကျင်ရှိ လူများမှနေ၍ မိမိကိုယ်ကို အမြဲ မကာကွယ်သင့်ပါ။ သင့်ကို အခြားသူများက နားလည်အောင် သို့မဟုတ် သင်၏ဖြစ်ခြင်းကိုမြင်အောင် ခွင့်မပြုဘဲ၊ သင့်ကိုယ်သင် အမြဲတမ်း ဖုံးကွယ်ထားပြီး ကိုယ့်ကိုယ်ကို ကွယ်ဝှက်မထားပါနှင့်။ သင်၏စိတ်နှလုံးသည် အခြားသူများမှ ကိုယ့်ကိုယ်ကို အမြဲစောင့်ကြပ်နေပါက၊ ၎င်းသည် သင်၏ သမ္မာတရားရှာဖွေခြင်းကို ထိခိုက်စေမည်ဖြစ်ပြီး၊ သင့်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးသွားရဖို့ လွယ်မည်ဖြစ်သည်သာမက၊ စုံလင်အောင်ပြုရမည့် အခွင့်အရေးများကိုလည်း ဆုံးရှုံးစေမည်ဖြစ်သည်။ အခြားသူများမှ ကိုယ့်ကိုယ်ကို အမြဲကာကွယ်လျှင်၊ သင့်စိတ်နှလုံးထဲတွင် တံတိုင်းတစ်ခုရှိလာပြီး၊ လူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည် မဟုတ်ချေ။ သင့်အနေဖြင့် အမှားများလုပ်မိပြီး လမ်းမှားလျှောက်မိဖို့ လွယ်လိမ့်မည်ဖြစ်ပြီး၊ သင်သည် အမှားလုပ်မိသောအခါ ထိတ်လန့်တုန်လှုပ်သွားလိမ့်မည်။ ထိုအချိန်တွင် သင် မည်သို့ထင်မည်နည်း။ “ကျွန်ုပ်သာ သိခဲ့မည်ဆိုလျှင် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန်အတွက် အစကတည်းက ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းပြီး ပြဿနာတစ်စုံတစ်ရာ ရှိမည်မဟုတ်သည်မှာ သေချာသည်။ သို့သော် ကျွန်ုပ်အား အခြားသူများက ရိပ်စားမိမှာကို အမြဲကြောက်နေသောကြောင့် အခြားသူများမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် အခြားမည်သူမှ အမှားမလုပ်ခဲ့- ပထမဆုံးအမှားကို လုပ်ခဲ့သူက ကျွန်ုပ်ပင်ဖြစ်သည်။ ရှက်စရာကောင်းပြီး မိုက်မဲသောအရာပင်။” သင်သည် သမ္မာတရားကိုရှာဖွေရာ၌ အာရုံစိုက်နိုင်ပြီး အခက်အခဲများ ရှိလာသည့်အခါ ညီအစ်ကိုညီအစ်မများနှင့် မိတ်သဟာယဖွဲ့ရာ၌ ပွင့်လင်းနိုင်မည်ဆိုလျှင် သင့်ညီအစ်ကို မောင်နှမများက သင့်ကို ကူညီပေးနိုင်ပြီး မှန်ကန်သော လက်တွေ့ကျင့်သုံးမှု လမ်းကြောင်းနှင့် လက်တွေ့ကျင့်သုံးမှု စည်းမျဥ်းများကို နားလည်အောင် ကူညီပေးနိုင်သည်။ ယင်းသည် သင်၏ တာဝန်ထမ်းဆောင်ရာတွင် မှားယွင်းသောလမ်းကြောင်းကို လျှောက်လှမ်းခြင်းမှ ကာကွယ်ပေးနိုင်သောကြောင့် သင်သည် ကျရှုံးခြင်း သို့မဟုတ် လဲကျသွားခြင်း ရှိမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းအပြင် နှင်ထုတ်ခြင်းကို ခံရမည်မဟုတ်ချေ။ ထို့အစား သင်သည် အကာအကွယ် ရရှိမည်ဖြစ်ပြီး၊ သင်၏တာဝန်ကို လျော်ညီစွာလုပ်ဆောင်ကာ ဘုရားသခင်၏ ထောက်ခံမှုကို ရရှိမည်ဖြစ်သည်။ လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်းမှ လူတို့ရရှိသော အကျိုးကျေးဇူးများမှာ အဘယ်မျှကြီးမားလိုက်သနည်း။

“သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု” ဟူသော စကားလုံးများသည် ဆိုလိုရင်းအဓိပ္ပာယ်အတိုင်း နားလည်ရန် လွယ်ကူသော်လည်း လက်တွေ့လုပ်ဆောင်ရန် ခက်ခဲသည်။ ဤစကားများ၏ လက်တွေ့ကျသော သဘောထားကို အသက်ရှင်နေထိုင်ဖို့မှာ လွယ်ကူသည့်အရာ မဟုတ်ချေ။ အဘယ်ကြောင့် မလွယ်ကူသနည်း။ (လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်။ လူသား၌ မာနထောင်လွှားခြင်း၊ ဆိုးယုတ်ခြင်း၊ ခေါင်းမာခြင်း စသည်တို့ကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး ဤအရာများက သမ္မာတရားကို ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုအား နှောင့်ယှက်ဟန့်တားကြသည်။ သင်သည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်သည့်အခါ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးမျိုးကို သင် ထုတ်ဖော်ပြသည်။ ဥပမာ “သင်က ကျွန်ုပ်ကို ထိုလူနှင့် ပူးပေါင်းဆောင်ရွက်စေသော်လည်း ထိုသူသည် အဆင့်မီသလော။ ကျွန်ုပ်က အစွမ်းအစ မရှိသည့်သူတစ်ဦးနှင့် ပူးပေါင်းဆောင်ရွက်လျှင် လူများက ကျွန်ုပ်ကို အထင်သေးမည် မဟုတ်လော” ဟု တွေးသည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် “ထိုလူသည် အလွန် ထုံထိုင်းလွန်းပြီး ငါပြောသည့်အရာကို သူနားမလည်ပေ၊” သို့မဟုတ် “ငါပြောစရာရှိသည့်အရာသည် စဉ်းစဉ်းစားစားဖြစ်ပြီး ထိုးထွင်းအမြင်ရှိသည်။ သူတို့ကို ပြောလိုက်ပြီး သူတို့ဘာသာသူတို့ လုပ်ဆောင်စေလျှင် ငါထင်ပေါ်ပါဦးမည်လော။ ငါ၏အဆိုပြုချက်သည် အကောင်းဆုံးဖြစ်သည်။ ယင်းကို ငါပြောရုံသာ ပြောလိုက်ပြီး ၎င်းတို့ကို လုပ်ဆောင်ခွင့် ပေးလိုက်လျှင် ငါပံ့ပိုးကူညီပေးခဲ့သည်သည်ကို မည်သူက သိမည်နည်း” ဟုပင် သင်တွေးနိုင်သည်။ ထိုသို့သော အတွေးများနှင့် ထင်မြင်ချက်များ၊ ထိုသို့သော ဆိုးယုတ်သော စကားများကို ကြားနေကျ၊ မြင်နေကျဖြစ်သည်။ သင်၌ ထိုသို့သော အတွေးများနှင့် ထင်မြင်ချက်များ ရှိလျှင်၊ သင်သည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုလားသလော။ သင်သည် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းကို စွမ်းဆောင်ရရှိနိုင်သလော။ ယင်းမှာ မလွယ်ကူပေ။ စိန်ခေါ်မှုအတိုင်းအတာ ရှိသည်။ “သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု” ဟူသည့် စကားများသည် ပြောရန် လွယ်ကူသည်။ သင်၏ နှုတ်ကိုသာ ဖွင့်လိုက်ပါ၊ ထိုစကားများ ချက်ချင်းထွက်လာပေသည်။ သို့သော် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့ အချိန်ကျလာသည့်အခါ၊ သင့်ထဲ၌ တားဆီးပိတ်ပင်မှုများ ဘွားခနဲ အမြောက်အမြား ပေါ်လာလေသည်။ သင်သည် ဟိုဟိုသည်သည် တွေးလေသည်။ တစ်ခါတစ်ရံတွင် သင်သည် စိတ်ကောင်းဝင်နေသည့်အခါ၊ အခြားသူများနှင့် မိတ်သဟာယအနည်းငယ် ပြုနိုင်ကောင်း ပြုနိုင်ဦးမည်ဖြစ်သော်လည်း၊ သင်၏ စိတ်အခြေအနေ မကောင်းသကဲ့သို့၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားဖြင့် နှောင့်ယှက်ခံရလျှင်၊ သင် လုံးဝ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ခေါင်းဆောင်များအနေဖြင့် လူအချို့သည် မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် အခြားသူများကို အစဉ် အထင်သေးသည်။ အခြားသူများနှင့်ပတ်သက်၍ အစဉ် ဇီဇာကြောင်သည်။ ပြီးလျှင် အခြားသူများ၏ အားနည်းချက်များကို ၎င်းတို့မြင်သည့်အခါ၊ ထိုလူများကို ၎င်းတို့ ဝေဖန်အပြစ်တင်ပြီး တိုက်ခိုက်လေသည်။ ဤအရာက ထိုသို့သော ခေါင်းဆောင်များကို အကျင့်ပျက်သောသူများ ဖြစ်စေပြီး ၎င်းတို့သည် လူစားထိုး ခံကြရသည်။ “သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု” ဟူသည့် စကားများသည် မည်သည့်အရာကို ဆိုလိုသည်ကို ၎င်းတို့နားမလည်ကြသလော။ အမှန်မှာမူ ၎င်းတို့သည် အတော်အတန် နားလည်ကြသော်လည်း၊ ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း တကယ်ကို မရှိကြပေ။ ၎င်းတို့သည် အဘယ်ကြောင့် လုပ်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းကို အလွန် ချစ်မြတ်နိုးပြီး ၎င်းတို့၏ စိတ်သဘောထားသည် အလွန် မာနထောင်လွှားသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကြွားဝါလိုကြသည်။ ၎င်းတို့ ဂုဏ်အဆင့်အတန်း ရရှိသောအခါ၊ အခြားသူများလက်ထဲ ကျရောက်သွားပြီး ၎င်းတို့ တကယ့်အာဏာ မရှိဘဲ ကျန်ရစ်မည်ကို စိုးရွံ့သည့်အတွက်၊ ယင်းကို လက်လွှတ်ကြမည် မဟုတ်ချေ။ အခြားသူများ၏ ဖယ်ကြဉ်ခြင်းကို ခံရပြီး အထင်ကြီးလေးစားခြင်း မခံရမည်ကိုလည်းကောင်း၊ ၎င်းတို့၏စကားများသည် အာဏာ၊ သို့မဟုတ် ဩဇာမရှိမည်ကိုလည်းကောင်း စိုးရွံ့ကြသည်။ ယင်းမှာ ၎င်းတို့ စိုးရွံ့သည့်အရာဖြစ်သည်။ ၎င်းတို့သည် မည်မျှ မာနထောင်လွှားကြသနည်း။ ၎င်းတို့သည် မိမိတို့၏ အသိစိတ်များ ပျောက်ဆုံးပြီး ထင်ရာမြင်ရာ မဆင်မခြင် လုပ်ရပ်ကို လုပ်ဆောင်ကြသည်။ ပြီးလျှင် ယင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ညံ့ဖျင်းစွာ ထမ်းဆောင်ရုံသာမက၊ ၎င်းတို့၏ လုပ်ရပ်များသည်လည်း ဖျက်လိုဖျက်ဆီးလုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို ဖြစ်စေသည်။ ၎င်းတို့သည် ရာထူးပြောင်းရွှေ့ခြင်းနှင့် လူစားထိုးခြင်း ခံကြရသည်။ ငါ့ကိုပြောလော့။ ထိုသို့သော စိတ်သဘောထားရှိသည့် ထိုသို့သော လူတစ်ဦးသည် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ သင့်တော်သည့် နေရာတစ်ခုတလေ ရှိသလော။ ၎င်းတို့ကို မည်သည့်နေရာတွင် ထားပါစေ၊ ၎င်းတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်လိမ့်မည် မဟုတ်သည်ကို ငါစိုးရွံ့သည်။ ၎င်းတို့သည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပေ။ သို့ဆိုလျှင် ၎င်းတို့သည် တာဝန်တစ်ခုကို မိမိတို့ဘာသာ ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည်ဟု ဆိုလိုသလော။ သေချာပေါက် မဟုတ်ချေ။ ၎င်းတို့သည် မိမိတို့ဘာသာ တာဝန်တစ်ခုကို ထမ်းဆောင်လျှင်၊ ပို၍ပင် ချုပ်တည်းမှုနည်းလိမ့်မည် ဖြစ်သည်။ ထင်ရာမြင်ရာ မဆင်မခြင် လုပ်ရပ်ကို ပို၍ပင် လုပ်နိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။ သင်၏တာဝန်ကို သင် ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိသည် သင်၏ ပင်ကိုစွမ်းရည်များ၊ သင်၏အစွမ်းအစ ကြီးမားခြင်း၊ သင်၏ လူ့သဘာဝ၊ သင်၏ စွမ်းရည်များ၊ သို့မဟုတ် သင်၏ ကျွမ်းကျင်မှုများနှင့် သက်ဆိုင်သော ကိစ္စတစ်ခုမဟုတ်ပေ။ ယင်းမှာ သင်သည် သမ္မာတရားကို လက်ခံသူတစ်ဦး ဟုတ်မဟုတ်နှင့် သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အခြားလူများကို မျှတစွာ ဆက်ဆံနိုင်လျှင် အခြားလူများနှင့် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို ရရှိနိုင်သည်။ လူတစ်ယောက်သည် သူ၏ တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ပြီး အခြားလူများနှင့် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို ရရှိနိုင်ခြင်းရှိမရှိတွင် အဓိကအချက်သည် ထိုသူက သမ္မာတရားကို လက်ခံပြီး နာခံနိုင်ခြင်းရှိမရှိပေါ်တွင် မူတည်သည်။ လူတို့၏ အစွမ်းအစ၊ ဆုကျေးဇူး၊ ပင်ကိုစွမ်းရည်၊ အသက် စသဖြင့်တို့သည် အဓိကအရာမဟုတ်ပေ။ ထိုအရာများအားလုံးသည် အရံများဖြစ်သည်။ အရေးကြီးဆုံးအရာမှာ လူတစ်ယောက်က သမ္မာတရားကို ချစ်မချစ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို ကြည့်ရန်ဖြစ်သည်။ တရားဒေသနာတစ်ခုကို နားထောင်ပြီးနောက်တွင် သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူများက ဤသည်မှာ မှန်ကန်သည်ကို ဝန်ခံလိမ့်မည်။ လက်တွေ့ဘဝတွင် ၎င်းတို့သည် လူများ၊ ဖြစ်ရပ်များ၊ ရည်မှန်းချက်များကို ကြုံရသောအခါ ဤသမ္မာတရားများကို အကောင်အထည်ဖော်လိမ့်မည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ သမ္မာတရားသည် ၎င်းတို့၏ ကိုယ်ပိုင်စစ်မှန်မှု၊ ၎င်းတို့ကိုယ်တိုင်၏ ဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာလိမ့်မည်။ ၎င်းတို့ပြုမူနေထိုင်ပြီး အမှုအရာများကို လုပ်ဆောင်သည့် စံချိန်စံညွှန်းနှင့် စည်းမျဉ်းများဖြစ်လာလိမ့်မည်။ ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ပြသသည့် အရာဖြစ်လာလိမ့်မည်။ တရားဒေသနာတစ်ခုကို နားထောင်သောအခါ သမ္မာတရားကို မချစ်သောသူများသည်လည်း ယင်းသည် မှန်ကန်သည်ဟု ဝန်ခံလိမ့်မည်။ ၎င်းတို့က အားလုံးနားလည်သည်ဟု ထင်လိမ့်မည်။ ၎င်းတို့သည် အယူဝါဒများကို ၎င်းတို့စိတ်နှလုံးတွင် မှတ်သားပြီးဖြစ်သည်။ သို့သော် တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားရန် အသုံးပြုသောစည်းမျဉ်းများနှင့် စံချိန်စံညွှန်းများက အဘယ်နည်း။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများအရ အစဉ် စဉ်းစားသည်။ သမ္မာတရားကို အသုံးပြု၍ အမှုအရာများကို မစဉ်းစားပေ။ သမ္မာတရားကို လက်တွေ့လုပ်ခြင်းဖြင့် ၎င်းတို့က ဆုံးရှုံးမှုရှိလိမ့်မည်ကို ကြောက်ရွံ့ပြီး အခြားလူများက ဝေဖန်အပြစ်တင်ပြီး အထင်သေးခံရမည်ကို၊ သိက္ခာကျမည်ကို ကြောက်ရွံ့ကြသည်။ ၎င်းတို့က အပြန်အလှန်စဉ်းစားပြီး နောက်ဆုံးတွင် “ငါ့ရဲ့ အဆင့်အတန်း၊ ဂုဏ်သတင်းနဲ့ အကျိုးစီးပွားတွေကိုပဲ ကာကွယ်မယ်။ ဒါက အဓိကပဲ။ ဒါတွေ ပြည့်စုံသွားရင် ငါကျေနပ်မယ်။ ဒါတွေ မပြည့်စုံရင် သမ္မာတရားကို လက်တွေ့လုပ်ဖို့ပျော်မှာမဟုတ်ဘူး။ ပျော်စရာကောင်းတယ်လို့လည်း မြင်မှာမဟုတ်ဘူး။” ဟူ၍ တွေးကြသည်။ ဤသည်မှာ သမ္မာတရားကို ချစ်သောသူဟုတ်သလော။ လုံးဝ မဟုတ်ပေ။ အချို့သောလူတို့သည် တရားဒေသနာများကို နားထောင်သောအခါ အလွန်အလေးအနက်ထားပြီး မှတ်စုပင် ရေးတတ်ကြသည်။ သော့ချက်စကားလုံး သို့မဟုတ် အရေးကြီးသော စကားစုတစ်ခုကို ကြားလိုက်တိုင်း ၎င်းကို မှတ်စုစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော်လည်း နောက်ပိုင်းတွင် ၎င်းကို အသုံးမပြုကြပေ။ အချိန်မည်မျှ ကြာသွားပါစေ တကယ့်အပြောင်းအလဲကို မမြင်ရချေ။ ယင်းကို သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦးကဲ့သို့ ထင်ရသလော။ သမ္မာတရားကို ချစ်မြတ်နိုးပြီး နားလည်သူသည် ယင်းကို လက်တွေ့ကျင့်သုံးနိုင်လင့်ကစား သမ္မာတရားကို နားလည်သော်လည်း မချစ်သောသူသည် ယင်းကို လက်တွေ့မကျင့်သုံးပေ။ တစ်စုံတစ်ယောက်သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်းရှိမရှိဟူသည့် အကြီးမားဆုံးသော ညွှန်ပြချက်မှာ ၎င်းကို လက်တွေ့ကျင့်သုံးနိုင်ခြင်းရှိမရှိ ဟူသည်ပင်။ သမ္မာတရားကို မချစ်သောသူသည် အမှားနှင့်အမှန်ကို ခွဲခြားနိုင်သည်ဟု သင်တို့ထင်သလော။ (မခွဲခြားနိုင်ကြပေ။) အမှန်တွင် သူတို့ ခွဲခြားနိုင်သည်။ ဥပမာအားဖြင့်၊ သူတို့သည် ယခင်က တစ်စုံတစ်ဦးကို သနားကြင်နာခဲ့သော်လည်း ထိုလူက ၎င်းတို့၏ အကျိုးစီးပွားကို အနှောင့်အယှက်ပေးလျှင် “ထိုသူသည် လွန်လွန်းသည်၊ ကျွန်ုပ် သူ့အား ယခင်က ကူညီခဲ့သည်၊ ယခု သူ ကျွန်ုပ်ကို ဤကဲ့သို့ ဆက်ဆံသည်” ဟု ပြောကြမည်ဖြစ်သည်။ ကြည့်လော့၊ သူတို့သည် အသိစိတ်အကြောင်းကို ပြောဆိုနေကြသော်လည်း လူတစ်ဦး၏ အသိစိတ်သို့မဟုတ် အမှားအမှန်ကို တိုင်းတာရန် မည်သည့်စံနှုန်းကို အသုံးပြုကြသနည်း။ ၎င်းတို့အတွက် အသုံးဝင်သော မည်သူဖြစ်စေ၊ ထို့ပြင် သူတို့အတွက် အကျိုးရှိသော မည်သည့်စကားလုံး သို့မဟုတ် လုပ်ရပ်ဖြစ်စေ- ဤအရာများသည် အပြုသဘောဆောင်ပြီး ၎င်းတို့အတွက် အကျိုးမရှိသော မည်သည့်အရာမဆို အဖျက်သဘောဆောင်သည်။ ဤသည်မှာ ထိုသူတို့၏ တစ်ကိုယ်ကောင်းဆန်သော ရှုမြင်ပုံဖြစ်သည်။ ဤသို့သော လူစားမျိုးက သမ္မာတရားကို ရနိုင်မည်ဟု သင်တို့ထင်သလော။ (မရနိုင်ပါ။) အဘယ့်ကြောင့် မရနိုင်သနည်း။ (ထိုသူတို့၏ လုပ်ရပ်များသည် စည်းမျဥ်းမရှိသည့်အပြင် သမ္မာတရားနှင့်အညီ လက်တွေ့မလုပ်ဆောင်ဘဲ၊ ယင်းအစား ၎င်းတို့သည် မိမိတို့ကိုယ်ကျိုးအတွက် လုပ်ဆောင်ပြီး အရာတိုင်းတွင် မိမိတို့ကိုယ်နှိုက်အတွက် လျှို့ဝှက်ကြံစည်ကြသောကြောင့် သမ္မာတရားကို မရနိုင်ပါ။) အမှန်ပင်။ သူတို့က သမ္မာတရားကို မရနိုင်ကြပေ။ သမ္မာတရားကို မည်သို့သောလူစားမျိုးအတွက် ပြင်ဆင်ထားသောကြောင့်နည်း။ သမ္မာတရားကို ချစ်ပြီးလျှင် သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်နိုင်သူများအတွက် ပြင်ဆင်ထားသည်။ ဤသူတို့သည် သမ္မာတရားကို ရရှိနိုင်သူများဖြစ်ကြပြီး နောက်ဆုံးတွင် သမ္မာတရားကို ပိုင်ဆိုင်ပြီး ပေးရမည့်သူများဖြစ်ကြသည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ခြင်း၊ မိမိတစ်ကိုယ်ရေ အကျိုးစီးပွားများ သို့မဟုတ် မိမိအနှစ်သက်ဆုံးသော အရာများကိုပင် စွန့်လွှတ်ရစေကာမူ မဖြစ်ဖြစ်သည့်နည်းဖြင့် သမ္မာတရားအတိုင်း အသက်ရှင်နိုင်ခြင်းနှင့် ယင်းတို့အားလုံးကို ဆက်ကပ်ပူဇော်ခြင်းကို ဆိုလိုသည်။ ဤနည်းဖြင့် သမ္မာတရားကို ရရှိနိုင်သည်။

လူတို့က မည်သည့်အရာကို တန်ဖိုးအထားဆုံးဟု သင်တို့ ထင်သနည်း။ လူ့ဘဝလော။ (ဟုတ်ပါသည်။) အမှန်မှာ လူ့ဘဝမဟုတ်ပေ။ ဘုရားသခင်အတွက် အသက်စွန့်ရန် သင့်အား တောင်းဆိုခဲ့သည်ဆိုပါစို့။ သင်စွန့်လွှတ်နိုင်မည်လော။ သင့်အား ဘုရားသခင်အတွက် မိမိကိုယ်ကို ဆက်ကပ်ပူဇော်ပြီး ချက်ခြင်းသေရန် တောင်းဆိုခဲ့တယ်ဆိုပါစို့၊ ယင်းကို သင်လုပ်နိုင်မည်လော။ ဤသို့လုပ်နိုင်သောသူ အချို့ရှိသည်။ ထို့ကြောင့် လူတို့အတွက် အသက်သည် အရေးကြီးဆုံးအရာမဟုတ်၊ အမှန်တွင် အချို့သည် ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် ဆက်ကပ်ရန်၊ သို့မဟုတ် ဘုရားသခင်အတွက် အချိန်မရွေး၊ နေရာမရွေး သူတို့အသက်ကို ပေးလှူရန် အသင့်ရှိကြသည့်အတိုင်းပင်ဖြစ်သည်။ သို့သော် အထူးသဖြင့် ၎င်းတို့၏အနာဂတ်နှင့် ကံကြမ္မာတို့ပါဝင်သည့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား သို့မဟုတ် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းက ခြိမ်းခြောက်ခံရသည့်အခါ၊ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သူတို့၏ ဇာတိပကတိကို စွန့်လွှတ်နိုင်သလော။ ဤသည်မှာ လုပ်ရအခက်ဆုံးဖြစ်၏။ ဤအခြေအနေတွင် လူတစ်ဦးအတွက် အရေးကြီးဆုံးအရာမှာ အဘယ်နည်း။ (သူတို့၏ အကျိုးစီးပွား၊ အနာဂတ်နှင့် ကံကြမ္မာဖြစ်သည်။) မှန်၏။ ယင်းသည် အသက်မဟုတ်၊ ၎င်းတို့၏ အကျိုးစီးပွား၊ အဆင့်အတန်း၊ အနာဂတ်နှင့် ကံကြမ္မာ— ဤသည်တို့မှာ လူတို့ တန်ဖိုးအထားဆုံးနှင့် အမြတ်နိုးဆုံးအရာများ ဖြစ်သည်။ ဘုရားသခင်အတွက် မိမိ၏အသက်ကို ပေးလှူနိုင်သူတစ်ဦးသည် သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးသူဟူ၍ သေချာပေါက် မဟုတ်ပါပေ။ ဘုရားသခင်အတွက် အသက်စွန့်နိုင်ခြင်းသည် ဆောင်ပုဒ်တစ်ခုသာ ဖြစ်နိုင်လိမ့်မည်။ သင်သည် မိမိအသက်ကို ဘုရားသခင်ထံ ဆက်ကပ်ပူဇော်နိုင်သည်ဟု သင်ပြောသော်လည်း သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို စွန့်လွှတ်နိုင်ပါသလော။ မာနကို စွန့်လွှတ်ဖို့လော့။ မည်သည့်အရာကို စွန့်လွှတ်ဖို့ ပိုလွယ်သနည်း။ (အသက်ကိုစွန့်လွှတ်ဖို့ ပိုလွယ်သည်။) မှန်၏။ လူအချို့သည် ရွေးချယ်စရာ ရင်ဆိုင်ရသောအခါတွင် မိမိတို့၏ ကိုယ်ပိုင်အသက်ကို စတေးနိုင်သော်လည်း အဆင့်အတန်း၏ အကျိုးကျေးဇူးများကို စွန့်လွှတ်နိုင်ခြင်း သို့မဟုတ် မိမိတို့၏ မှားယွင်းသောလမ်းကြောင်းကို စွန့်လွှတ်နိုင်ခြင်း မရှိကြပေ။ သင်သည် လမ်းနှစ်လမ်းအနက် ရွေးရမည်ဆိုပါစို့။ တစ်လမ်းမှာ ရိုးသားသူတစ်ဦးဖြစ်ဖို့ ရွေးချယ်ခြင်း၊ အမှန်တရားပြောဖို့နှင့် သင့်စိတ်နှလုံးထဲ ရှိသည့်အရာကို ပြောခြင်း၊ အခြားသူများနှင့် သင့်စိတ်ထဲရှိသည့်အရာကို ဖွင့်ပြောခြင်း၊ သို့မဟုတ် သင်၏အမှားများကို ဝန်ခံခြင်းနှင့် အမှန်တရားများကို အရှိအတိုင်းပြောခြင်း၊ အခြားသူများကို သင်၏ဖောက်ပြန်ပျက်စီးသော အကျည်းတန်မှုကို ပြခြင်းနှင့် သင့်ကိုယ်သင် အရှက်ရစေခြင်းလမ်းဖြစ်သည်။ အခြားတစ်ခုမှာ ဘုရားသခင်အတွက် သင့်အသက်ကို အာဇာနည်အဖြစ်ပေးခြင်းနှင့် သင်သေဆုံးသည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းလမ်းဖြစ်သည်။ သင် အဘယ်လမ်းကို ရွေးသနည်း။ အချို့က “ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏အသက်ကိုစွန့်ဖို့ ရွေးချယ်သည်။ ကိုယ်တော့်အတွက် ကျွန်ုပ်သေဖို့ လိုလားသည်။ သေပြီးနောက်တွင် ကျွန်ုပ်၏ ဆုလာဘ်ကို ကျွန်ုပ်ရရှိပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်လိမ့်မည်” ဟု ပြောကောင်းပြောနိုင်သည်။ ဘုရားသခင်အတွက် မိမိ၏အသက်ကို ချခင်းပေးခြင်းသည် စိတ်ပိုင်းဖြတ်ချက်ရှိသူများအားဖြင့် တစ်ခုတည်းသော အားမာန်ပါသော တွန်းအားတစ်ခုဖြင့် ဖြစ်မြောက်စေနိုင်သည်။ သို့ရာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းက ထိုသို့သောတွန်းအားတစ်ခုဖြင့် ဖြစ်မြောက်စေနိုင်သလော။ တွန်းအားနှစ်ခုဖြင့်ပင် မလုပ်ဆောင်နိုင်ပေ။ တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါ သင်သည် စိတ်ဆန္ဒရှိပါက သင်သည် တွန်းအားတစ်ခုတည်းဖြင့် ကောင်းစွာ လုပ်ဆောင်နိုင်သော်လည်း မုသားမပါဘဲ အမှန်တရားကို ပြောခြင်း ဖြစ်ရပ်တစ်ခုတည်းက အပြီးအပိုင် ရိုးသားသောလူတစ်ဦး မဖြစ်စေပေ။ ရိုးသားသူတစ်ဦးဖြစ်ခြင်းသည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုပါဝင်ပြီး ယင်းက အတွေ့အကြုံ ဆယ်နှစ်၊ သို့မဟုတ် အနှစ်နှစ်ဆယ် လိုအပ်သည်။ ရိုးသားသောသူတစ်ဦးဖြစ်ခြင်း၏ အခြေခံစံနှုန်းကို မရောက်ရှိနိုင်မီ သင်၏လှည့်စားတတ်သော စိတ်သဘောထားဖြစ်သည့် မုသားများနှင့် လိမ်လည်လှည့်စားခြင်းများကို ဖယ်ရှားပစ်ရမည်။ ဤသည်မှာ လူတိုင်းအတွက် ခက်ခဲသည် မဟုတ်လော။ ယင်းက အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ဘုရားသခင်သည် ယခုအခါတွင် လူတစ်စုကို စုံလင်စေပြီး ရရှိလိုပြီး သမ္မာတရားကို လိုက်စားသူအားလုံးသည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို လက်ခံရမည်ဖြစ်ကာ ယင်း၏ ရည်ရယ်ချက်မှာ ၎င်းတို့၏ လှည့်စားတတ်သော စိတ်သဘောထားများကို ဖြေရှင်းဖို့နှင့် ၎င်းတို့ကို ရိုးသားသောလူများဖြစ်စေဖို့၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့်လူများ ဖြစ်စေဖို့ဖြစ်သည်။ ဤသည်မှာ တစ်ချက်တည်းသောတွန်းအားဖြင့် စွမ်းဆောင်ရရှိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ယင်းက စစ်မှန်သော ယုံကြည်ခြင်း လိုအပ်ပြီး ယင်းကို မရရှိနိုင်မီတွင် အကြင်သူသည် စမ်းသပ်မှုများစွာနှင့် စစ်ဆေးမှုများစွာကို ခံစားရမည် ဖြစ်သည်။ ဘုရားသခင်က သင့်အား ရိုးသားသောသူတစ်ဦးဖြစ်ဖို့နှင့် အမှန်တရားကို ပြောရန် ယခုတောင်းဆိုလျှင် အမှန်တရားများ၊ သင်၏ အနာဂတ်နှင့် ကံကြမ္မာ၊ သင့်အတွက် အကျိုးဖြစ်ကောင်းဖြစ်မည်မဟုတ်သော အကျိုးဆက်များပါဝင်သော အရာတစ်ခုခုကို ပြောရမည်ဖြစ်ကာ၊ အခြားလူတို့က သင့်ကို အထင်မကြီးတော့လျှင်၊ သင်၏ ဂုဏ်သတင်း ပျက်စီးပြီဟု ခံစားရလျှင် ထိုသို့သော အခြေအနေမျိုးတွင် သင်သည် ပွင့်လင်းပြီး အမှန်ကိုပြောနိုင်သလော။ သင်သည် ရိုးသားနိုင်သေးသလော။ ဤသည်မှာ လုပ်ဆောင်ရန် အခက်ခဲဆုံးအရာဖြစ်သည်။ သင်၏ အသက်ကို စွန့်လွှတ်ခြင်းထက် များစွာ်ပို၍ ခက်ခဲသည်။ သင်က “ကျွန်ုပ်အား အမှန်တရားကို ပြောစေခြင်းက အလုပ်ဖြစ်မည်မဟုတ်ပေ။ အမှန်တရားကိုပြောခြင်းထက် ဘုရားအတွက် အသေသာခံလိုက်မည်။ ကျွန်ုပ်သည် ရိုးသားသောလူတစ်ဦး လုံးဝ မဖြစ်လိုပါ။ လူတိုင်းအား ကျွန်ုပ်ကို အထင်သေးပြီး ကျွန်ုပ်သည် သာမန်လူတစ်ယောက်ဖြစ်သည်ဟု တွေးထင်ခွင့် ပေးမည့်အစား သေသာ သေလိုက်မည်” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤအရာက လူတို့ အမြတ်နိုးဆုံးအရာကို ပြသလော။ လူတို့ အမြတ်နိုးဆုံးအရာမှာ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းဖြစ်သည်။ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအားဖြင့် ထိန်းချုပ်ခြင်းခံရသည့် အရာများဖြစ်သည်။ အသက်က ဒုတိယသာဖြစ်သည်။ အခြေအနေက တွန်းအားပေးလာလျှင် ၎င်းတို့သည် မိမိတို့၏ အသက်ကို ပေးဖို့ အားအင်အကုန်ထုတ်မည် ဖြစ်သော်လည်း အဆန့်အတန်းနှင့် ဂုဏ်သတင်းကို စွန့်လွှတ်ရန် မလွယ်ကူပေ။ ဘုရားသခင်ကို ယုံကြည်သည့်လူများအတွက်မူ မိမိတို့၏အသက်ကို ပေးခြင်းသည် အဆုံးစွန် အရေးမပါသောကြောင့် ဖြစ်သည်။ လူများကို သမ္မာတရားကို လက်ခံဖို့၊ သူတို့၏စိတ်နှလုံးတွင်ရှိသော မည်သည့်အရာကိုမဆို ပြောဆိုပြီး ပွင့်လင်းကာ လူတိုင်းအား ဖော်ထုတ်ပြသသော အမှန်တကယ် ရိုးသားသည့် လူများဖြစ်ဖို့ ဘုရားသခင်က တောင်းဆိုသည်။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသလော။ (မလွယ်ကူပါ။) အမှန်မှာမူ ဘုရားသခင်က သင့်ကို သင်၏အသက်ကို စွန့်လွှတ်ရန် မခိုင်းစေပေ။ သင်၏အသက်ကို ဘုရားသခင်က ပေးထားသည်မဟုတ်လော။ သင်၏အသက်သည် ဘုရားသခင်အတွက် အဘယ်အသုံးကျမည်နည်း။ ယင်းကို ဘုရားသခင်က အလိုမရှိပေ။ ဘုရားသခင်သည် သင့်အား ရိုးသားစွာ စကားပြောဆိုစေလိုသည်။ သင်သည် မည်သူဖြစ်ပြီး သင့်စိတ်နှလုံးတွင် မည်သည့်အရာ စဉ်းစားသည်ကို ပြောဆိုစေလိုသည်။ ဤအရာများကို သင်ပြောနိုင်သလော။ ဤတွင် လုပ်ဆောင်ရမည့်အရာသည် ခက်ခဲလာသည်။ သင်က “ကျွန်ုပ်အား ကြိုးစားလုပ်ကိုင်စေပါ။ ကျွန်ုပ်တွင် လုပ်ဆောင်ရန် အားအင်ရှိပါမည်။ ကျွန်ုပ် ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများအားလုံးကို စွန့်လွှတ်စေပါ၊ ကျွန်ုပ်စွန့်လွှတ်နိုင်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိဘနှင့် သားသမီး၊ ကျွန်ုပ်၏ အိမ်ထောင်နှင့် အသက်မွေးအလုပ်တို့ကို လွယ်ကူစွာ စွန့်ခွာပါမည်။ သို့သော် ကျွန်ုပ်၏ စိတ်နှလုံးတွင် ရှိသောအရာကို ပြောခြင်း၊ ရိုးသားစွာ ပြောဆိုခြင်းတို့မှာ ကျွန်ုပ်မလုပ်နိုင်သော အရာဖြစ်သည်” ဟု ပြောဆိုနိုင်သည်။ ယင်းကို သင် မလုပ်ဆောင်နိုင်သည့် အကြောင်းရင်းမှာ အဘယ်နည်း။ သင်လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက် သင်နှင့်သိသော၊ သို့မဟုတ် ရင်းနှီးသောမည်သူမဆိုသည် သင့်အပေါ် ထင်မြင်ပုံ ကွဲပြားသွားမည်ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် သင့်ကို အထင်ကြီးတော့မည်မဟုတ်ပေ။ သင်သည် ဂုဏ်သိက္ခာ ဆုံးရှုံးသွားမည်ဖြစ်ပြီး လုံးလုံး အရှက်ကွဲပြီးဖြစ်ပေလိမ့်မည်။ သင်၏ သမာဓိနှင့် သိက္ခာသည်လည်း ရှိလိမ့်မည်မဟုတ်တော့ချေ။ အခြားလူတို့၏ စိတ်နှလုံးတွင်ရှိသော သင်၏ မြင့်မားသော ဂုဏ်အဆင့်အတန်းနှင့် သိက္ခာတို့သည် တည်ရှိတော့မည်မဟုတ်ပေ။ ဤအကြောင်းကြောင့် ဤသို့သော အခြေအနေမျိုးတွင် မည်သို့ပင်ဖြစ်စေ သင် အမှန်တရားကိုပြောလိမ့်မည်မဟုတ်ပေ။ ဤအရာကို လူတို့ ကြုံရ့သောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် တိုက်ပွဲတစ်ခုဖြစ်သည်။ ထိုတိုက်ပွဲပြီးဆုံးသောအခါတွင် အချို့က အဆုံး၌ ၎င်းတို့၏ အခက်အခဲများကို ကျော်လွှားသွားပြီး အခြားလူများကမူ မကျော်လွှားကြသေးဘဲ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော၊ ဆိုးယုတ်သော စိတ်သဘောထားများ၊ ၎င်းတို့၏ ဂုဏ်အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် သိက္ခာဆိုသောအရာများ၏ ထိန်းချုပ်ခြင်းကို ဆက်၍ ခံနေရဆဲဖြစ်သည်။ ဤသည်မှာ အခက်အခဲတစ်ခုဖြစ်သည် မဟုတ်လော။ ရိုးသားစွာပြောဆိုပြီး အမှန်တရားကို ပြောခြင်းသက်သက်သည် ကြီးကျယ်သော စွမ်းဆောင်ချက်တစ်ခုခု မဟုတ်၊ သို့တိုင် သတ္တိရှိသော သူရဲကောင်းများစွာ၊ ဘုရားသခင်အတွက် ဆက်ကပ်ပြီး သူတို့၏အသက်တာကို အသုံးခံဖို့ ကတိသစ္စာပြုထားကြသူ များစွာရှိသကဲ့သို့၊ ဘုရားသခင်အား ကြီးကျယ်ခမ်းနားသော အရာများကို ဆိုခဲ့ဖူးသောသူများကလည်း တကယ်လုပ်ဖို့ မဖြစ်နိုင်မှန်း တွေ့ရှိကြသည်။ ဤအရာအားဖြင့် ငါဘာကိုဆိုလိုသနည်း။ လူတို့သည် ၎င်းတို့၏တာဝန်ကို ကောင်းစွာဖြည့်ဆည်းရန် ဘုရားသခင် တောင်းဆိုသောအခါ၊ လုပ်ငန်းတစ်ချို့တစ်လေကို ပြီးမြောက်ရန် သို့မဟုတ် ကြီးကျယ်သော ကြိုးပမ်းမှုများကို ဆောင်ရွက်အောင်မြင်ရန်၊ သို့တည်းမဟုတ် ကြီးကြီးမားမား ဆောင်ရွက်ချက်တစ်ခုခုကို ပြုလုပ်ရန် တောင်းဆိုခြင်းမရှိပေ။ ဘုရားသခင်အလိုရှိသောအရာမှာ လူတို့အနေဖြင့် လက်တွေ့ကျသော နည်းလမ်းဖြင့် သူတို့တတ်နိုင်သမျှကို လုပ်ဆောင်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်အား ကြီးမြတ်ရန် သို့မဟုတ် မွန်မြတ်ရန်၊ သို့မဟုတ် အံ့ဖွယ်အမှုများ ဆောင်ကြဉ်းရန် မလိုအပ်သကဲ့သို့၊ သင့်တွင် ကျေနပ်စရာကောင်းသော အံ့သြဖွယ်ရာများကို မြင်လိုခြင်းမရှိပေ။ သူသည် ထိုသို့သောအရာများကို မလိုအပ်ပါချေ။ ဘုရားသခင်လိုအပ်သမျှမှာ သင့်အနေဖြင့် သူ၏နှုတ်ကပတ်တော်များအတိုင်း ခိုင်မြဲစွာ လက်တွေ့ကျင့်သုံးရန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်သောအခါ သင်နားလည်ထားသည့်အရာကို ပြုလုပ်လော့၊ သင်သဘောထားသည့်အရာကို ဆောင်ရွက်လော့၊ သင်ကြားခဲ့သည့်အရာကို ကောင်းစွာမှတ်သားလော့၊ ပြီးနောက် လက်တွေ့ကျင့်သုံးချိန် ရောက်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်လော့။ ၎င်းတို့ကို သင်၏ဘဝ၊ သင်၏ လက်တွေ့အရှိတရားများနှင့် သင်အသက်ရှင်နေသော အရာများ ဖြစ်စေလော့။ သို့ဖြစ်၍ ဘုရားသခင် ကျေနပ်လိမ့်မည်။ သင်သည် ကြီးမြတ်ခြင်း၊ မြင့်မြတ်ခြင်းနှင့် အဆင့်အတန်းကို အမြဲရှာဖွေသည်။ သင်သည် ချီးမြှောက်ခြင်းကို အမြဲရှာဖွေ၏။ ဤသည်ကိုမြင်သောအခါ ဘုရားသခင် မည်သို့ခံစားရသနည်း။ သူသည် ယင်းကို ရွံရှာ၍ သင်နှင့် ဝေးကွာလိမ့်မည်။ ကြီးမြတ်ခြင်း၊ မြင့်မြတ်ခြင်း၊ အခြားသူများထက် သာလွန်ခြင်း၊ ခံ့ညားကျော်ကြားခြင်း၊ ထူးကဲခြင်းနှင့် မှတ်သားထိုက်ခြင်းတို့ကို သင် ပို၍ လိုက်စားလေ၊ သင့်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ဟု ဘုရားသခင် ပို၍ တွေ့မြင်လေဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး နောင်တရခြင်းမရှိပါက၊ ဘုရားသခင်သည် သင့်အား မထီမဲ့မြင်ပြုကာ သင့်အား စွန့်ပစ်မည်ဖြစ်သည်။ ဘုရားသခင်က ရွံရှာစရာဟုမြင်သော သူတစ်ဦးမဖြစ်အောင် ရှောင်ကြဉ်လော့။ ဘုရားသခင်ချစ်သောလူတစ်ဦး ဖြစ်စေလော့။ သို့ဖြစ်၍ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မည်သို့ရရှိနိုင်မည်နည်း။ ဖန်ဆင်းခံလူတစ်ဦး၏ အနေအထားတွင် ရပ်တည်လျက်၊ အခြေခိုင်မြဲစွာဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ဆောင်ရွက်လျက်၊ မိမိ၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်လျက်၊ ရိုးသားသူဖြစ်သည့်အပြင် လူသားပုံသဏ္ဍာန်အတိုင်း အသက်ရှင်လျက် သမ္မာတရားကို နာခံမှုရှိရှိ လက်ခံခြင်းဖြင့် ရရှိနိုင်သည်။ ဤသည်မှာ လုံလောက်၏၊ ဘုရားသခင် ကျေနပ်လိမ့်မည်။ လူတို့သည် ရည်မှန်းချက်စွဲကိုင်ခြင်း သို့မဟုတ် အသုံးမကျသောအိပ်မက်များကို ဖျော်ဖြေခြင်းမပြုရန်၊ ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်းကို မရှာဖွေရန် သို့မဟုတ် လူစုလူဝေးမှ ထင်ရှားပေါ်လွင်စေဖို့ မလုပ်ဆောင်ရန် သေချာစေရမည်။ ထို့ထက်ပင် သူတို့သည် လူတို့ကြားတွင် မြင့်မြတ်ထူးကဲသော၊ သာလွန်သော ပုဂ္ဂိုလ်ဖြစ်ရန် မကြိုးစားရသည့်အပြင်၊ အခြားသူတို့က ထိုသူတို့ကို ကိုးကွယ်ဆည်းကပ်စေရန် မကြိုးစားရပါ။ ယင်းသည် ဖောက်ပြန်ပျက်စီးသော လူသားတို့၏ ဆန္ဒဖြစ်ပြီး ၎င်းသည် စာတန်၏လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သောလူတို့ကို မကယ်တင်ပေ။ အကယ်၍ လူတို့သည် နောင်တရခြင်းမရှိဘဲ ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်းတို့ကို မရပ်မနား လိုက်စားနေပါက ၎င်းတို့အတွက် ကုစားရာမရှိ၊ နှင်ထုတ်ခံရရန် တစ်ခုတည်းသော ရလဒ်ဖြစ်သည်။ ယနေ့ သင်တို့သည် အလျင်အမြန် နောင်တရပါက၊ အချိန်ရှိပါသေးသည်။ သို့သော် ဘုရားသခင်က သူ၏အမှုကို ပြီးမြောက်သည့်နေ့ ရောက်လာသောအခါ၊ ဘေးဒုက္ခများ ပို၍ကြီးမားလာပြီးနောက်၊ သင်သည် အခွင့်အလမ်းရှိတော့မည် မဟုတ်ချေ။ ထိုအချိန်ရောက်သောအခါ ကျော်ကြားမှု၊ အမြတ်အစွန်း၊ အဆင့်အတန်းကို လိုက်စားသော်လည်း နောင်တရရန် ဇွတ်အတင်းငြင်းဆန်သူများသည် နှင်ထုတ်ခံရလိမ့်မည်။ ဘုရားသခင်၏အလုပ်က ကယ်တင်သော လူအမျိုးအစားနှင့် ကယ်တင်ခြင်း၏ အဓိပ္ပါယ်ကို သင်တို့ ရှင်းရှင်းလင်းလင်း သိရပါမည်။ ဘုရားသခင်သည် လူတို့ကို သူ၏ရှေ့မှောက် ရောက်လာရန်၊ သူ၏ နှုတ်ကပတ်တော်များကို နားထောင်ရန်၊ သမ္မာတရားကို လက်ခံရန်၊ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ထုတ်ပြီး ဘုရားသခင်မြွက်ဆိုပြီး မိန့်မှာသည့်အတိုင်း လက်တွေ့ကျင့်သုံးရန် တောင်းဆိုသည်။ ဤသည်မှာ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် စာတန်ဆန်သော အတွေးအခေါ်များနှင့် ဆန့်ကျင်သော၊ သို့မဟုတ် လူသား၏ “ပျော်ရွှင်မှု” အား လိုက်စားခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမထောင်ဘဲ သို့မဟုတ် သမ္မာတရားကို လက်မခံဘဲ၊ စာတန်၏ အတွေးအခေါ်များနှင့် စာတန်ဆန်သော စိတ်သဘောထားဖြင့် နောင်တမရဘဲ အသက်ရှင်နေသေးသောသူ မည်သူဖြစ်စေ၊ ထိုလူစားမျိုးကို ဘုရားသခင်က မကယ်တင်နိုင်ပါ။ သင်သည် ဘုရားသခင်နောက်လိုက်သော်လည်း၊ ဤသည်မှာ ဘုရားသခင်က သင့်ကို ရွေးချယ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်— သို့သော် သင့်ကို ဘုရားသခင်က ရွေးချယ်သည့် အဓိပ္ပာယ်ကား အဘယ်နည်း။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သူ၊ အမှန်တကယ် ဘုရားသခင်နောက်လိုက်သူ၊ ဘုရားသခင်အတွက် အရာရာကို စွန့်လွှတ်နိုင်သူနှင့် ဘုရားသခင်၏လမ်းစဉ်ကို လိုက်နိုင်သူတစ်ဦးအဖြစ်သို့ သင့်အား ပြောင်းလဲရန်ဖြစ်သည်။ စာတန်နောက်မလိုက်ဘဲ၊ သို့မဟုတ် ၎င်း၏အုပ်စိုးမှုအောက်တွင် အသက်မရှင်တော့သော သူတို့၏ စာတန်ဆန်သော စိတ်သဘောထားကို ခဝါချထားခဲ့သူဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်နောက်လိုက်ကာ သူ၏အိမ်တော်၌ မိမိ၏တာဝန်ကို ထမ်းဆောင်သော်လည်း၊ အရာရာနှင့်စပ်လျဥ်း၍ သမ္မာတရားကို ချိုးဖောက်ပြီး သူ၏နှုတ်ကပတ်တော်များအတိုင်း လက်တွေ့ကျင့်သုံးခြင်း သို့မဟုတ် တွေ့ကြုံခံစားခြင်းမရှိ၊ သူ့ကိုပင် ဆန့်ကျင်ခြင်းရှိမည်ဆိုလျှင်၊ သင်သည် ဘုရားသခင်၏ လက်ခံမှု ရရှိနိုင်သလော။ လုံးဝမရရှိနိုင်ချေ။ ဤသို့ဆိုခြင်းဖြင့် ငါဘာကိုဆိုလိုသနည်း။ တာဝန်ထမ်းဆောင်ခြင်းက အမှန်တွင် မခက်သည်သာမက၊ သစ္စာရှိရှိနှင့် လက်ခံနိုင်လောက်သော စံနှုန်းတစ်ခုအဖြစ် ထိုသို့လုပ်ဖို့လည်း မခက်ပါချေ။ သင့်သည် အသက်စတေးရန် သို့မဟုတ် တစ်စုံတစ်ခုကို အထူး သို့မဟုတ် ခက်ခဲသည့်အရာအဖြစ် ပြုလုပ်ရန် မလိုအပ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညွှန်ကြားချက်များကို ရိုးသားစွာနှင့် ခိုင်မာစွာ လိုက်နာရုံသာဖြစ်ကာ၊ သင့်ကိုယ်ပိုင် အကြံဉာဏ်များကို ထည့်သွင်းခြင်း သို့မဟုတ် သင့်ကိုယ်ပိုင်ဆောင်ရွက်မှုကို မလုပ်ဘဲ သမ္မာတရားလိုက်စားသော လမ်းကြောင်းကို လျှောက်လှမ်းခြင်းသာ ဖြစ်သည်။ လူတို့သည် ဤအရာကို ပြုလုပ်နိုင်လျှင် သူတို့မှာ အခြေခံအားဖြင့် လူသားအသွင်သဏ္ဍာန် ရှိမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို စစ်မှန်သောနာခံမှုရှိပြီး ရိုးသားသောလူတစ်ဦး ဖြစ်လာသောအခါ စစ်မှန်သောလူသား၏ သဏ္ဍာန်ကို ပိုင်ဆိုင်ကြလိမ့်မည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်

အရှေ့သို့- သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်

နောက်တစ်ခုသို့- မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။