မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်
လူများစွာတို့သည် တစ်နှစ် သို့မဟုတ် နှစ်နှစ်မျှသာဖြစ်စေ၊ သုံးနှစ်မှ ငါးနှစ်မျှသာဖြစ်စေ တာဝန်များကို ထမ်းဆောင်ပြီးနောက်တွင် ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရသည်။ ဤအရာ၏ အဓိကအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ထိုလူများတွင် အရင်းခံအားဖြင့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်ကြသည့်အပြင် လူ့သဘာဝ ကင်းမဲ့သောကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြရုံသာမက အနှောင့်အယှက်နှင့် အဖျက်အမှောင့်များကိုလည်း ဖြစ်စေကြသည်။ ထို့အပြင် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေလုပ်ကြသည်။ ၎င်းတို့နှင့် သမ္မာတရားအကြောင်း မည်မျှမိတ်သဟာယဖွဲ့ပါစေ ၎င်းတို့သည် မည်သည့်အခါမျှ နားမထောင်ကြသည့်အပြင် ပြုပြင်ခြင်းခံရသည့်အခါတွင် ၎င်းတို့သည် အလျှော့ပေးခြင်း မရှိဘဲ အာခံကြသည်။ နောက်ဆုံးတွင်မူ ၎င်းတို့ကို ရှင်းထုတ်၍ ဖယ်ရှားရှင်းလင်းရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ဤအရာက မည်သည့်ပြဿနာကို ဖော်ပြသနည်း။ တာဝန်များကို ထမ်းဆောင်ဖို့အတွက် လူများသည် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ရမည်။ ဤအရာတို့ မရှိဘဲ ခိုင်မာစွာ ရပ်တည်နေနိုင်ဖို့ ၎င်းတို့အတွက် ခဲယဉ်းလိမ့်မည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသောသူအားလုံးတွင် လူ့သဘာဝ မရှိကြသကဲ့သို့ သမ္မာတရားကို လက်မခံနိုင်ကြချေ။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့ကို မကယ်တင်နိုင်ပေ။ ထို့အပြင် ၎င်းတို့သည် အလုပ်လုပ်ပေးလျှင်ပင် ပြည့်ပြည့်ဝဝ လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။ ဤသည်မှာ သင် ရှင်းလင်းပြတ်သားစွာ မြင်ရမည့် ပြဿနာတစ်ခုဖြစ်သည်။ အနာဂတ်တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိသည့်လူများ၊ ဆိုလိုသည်မှာ လူ့သဘာဝမရှိသောလူများကို သင်ကြုံတွေ့ရသောအခါ သင်သည် ၎င်းတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ရှင်းထုတ်ပစ်ရမည်။
လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ မည်သည့်တာဝန်ကိုမျှ ခံယူမှုမရှိပေ။ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်ကြသည်။ ၎င်းတို့က ပြဿနာကို မြင်နိုင်သော်လည်း ဖြေရှင်းချက်ရှာရန် မလိုလားကြသကဲ့သို့ လူများကို စော်ကားမိမည်ကို စိုးကြသည်။ ထို့ကြောင့် အမှုအရာများကို အလျင်စလိုသာ ပြုလုပ်ပြီး ရလဒ်အနေဖြင့် အလုပ်ကို ပြန်လုပ်ရသည်။ ဤတာဝန်ကို သင်ထမ်းဆောင်နေသည့်အတွက်၊ ထိုအရာအတွက် သင်တာဝန်ယူသင့်သည်။ အဘယ်ကြောင့် အလေးအနက်မထားသနည်း။ အဘယ်ကြောင့် ဝတ်ကျေတမ်းကျေ ဖြစ်သနည်း။ သင်၏ တာဝန်ကို ဤနည်းဖြင့်ထမ်းဆောင်သောအခါ သင်၏ တာဝန်များတွင် ပေါ့လျော့သလော။ အဓိကတာဝန်ကို မည်သူက ခံယူသည်ဖြစ်စေ အခြားလူတိုင်းက အမှုအရာများကို စောင့်ကြည့်ရန် တာဝန်ရှိသည်။ လူတိုင်းက ဤဝန်ထုပ်ဝန်ပိုးနှင့် တာဝန်သိစိတ်ရှိရမည်။ သို့သော် သင်တို့အထဲမှ မည်သူကမျှ အရေးမထားပေ။ အမှန်တကယ်ပင် ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ သစ္စာစောင့်သိခြင်းမရှိပေ။ သင်တို့သည် သင်တို့တာဝန်များတွင် ပေါ့လျော့သည်။ သင်တို့သည် ပြဿနာကို မမြင်နိုင်ခြင်းမဟုတ်ဘဲ တာဝန်ခံဖို့ မလိုလားခြင်းဖြစ်သကဲ့သို့ ပြဿနာကို မြင်သောအခါ ဤကိစ္စကို မည်သို့မျှ အရေးမစိုက်လိုခြင်းဖြစ်သည်။ “ကောင်းနေပြီ” ဟူ၍ သင်က ထားလိုက်တော့သည်။ ဤသို့ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို လှည့်စားဖို့ ကြိုးပမ်းခြင်း မဟုတ်သလော။ ငါသည် သင်တို့ထံ သမ္မာတရားနှင့်ပတ်သက်၍ အလုပ်လုပ်ပြီး မိတ်သဟာယပြုသောအခါတွင် ငါသည် “ကောင်းနေပြီ” ဟူသည်ကို လက်သင့်ခံဖွယ်ဖြစ်သည်ဟု ခံစားရလျှင် သင်တို့တစ်ဦးချင်းစီ၏ အစွမ်းအစ၊ လိုက်စားမှုများအတွက် သင့်တော်သည်နှင့်အမျှ ထိုအရာမှ မည်သည့်အရာကို သင်တို့ရရှိနိုင်မည်နည်း။ ငါသည် သင်တို့ကဲ့သို့ တူညီသော သဘောထားရှိလျှင် မည်သည့်အရာကိုမျှ သင်တို့ ရရှိနိုင်မည် မဟုတ်ပေ။ ဤအရာကို ငါအဘယ်ကြောင့် ပြောရသနည်း။ တစ်ပိုင်းမှာ သင်တို့သည် မည်သည့်အရာကိုမျှ စိတ်ပါလက်ပါ မလုပ်ဆောင်ဘဲ နောက်တစ်ပိုင်းမှာ သင်တို့သည် အစွမ်းအစ အလွန်ညံ့ဖျင်းကာ အတော်အတန် ထုံထိုင်းကြ၍ ဖြစ်သည်။ အကြောင်းမှာ သင်တို့အားလုံး ထုံထိုင်းပြီး သမ္မာတရားအတွက် ချစ်ခြင်းမရှိဘဲ သင်တို့၏ ညံ့ဖျင်းသော အစွမ်းအစနှင့်တကွ သမ္မာတရားကို လိုက်စားခြင်းလည်း မရှိသည်ကို ငါမြင်သောကြောင့် ငါသည် အသေးစိတ် ပြောရမည်ဖြစ်သည်။ ငါသည် ငါ၏ စကားထဲတွင် အရာအားလုံးကို နားရှင်းအောင်ပြောကာ ဂဃနဏ ခွဲခြမ်းစိတ်ဖြာပြီး တစ်ပိုင်းတစ်စစီ ပြောရမည်ဖြစ်သည်။ ပြီးလျှင် အမှုကိစ္စများကို ရှုထောင့်တိုင်းမှနေ၍ ဘက်ပေါင်းစုံမှ ငါ ပြောရမည်ဖြစ်သည်။ ထိုမှသာလျှင် သင်တို့ အနည်းငယ် နားလည်ပေသည်။ သင်တို့နှင့် ငါဝတ်ကျေတမ်းကျေပြုကာ သေချာမတွေးသလို မကြိုးစားဘဲ စိတ်မပါ့တပါဖြင့် ငါစိတ်ပါသည့်အချိန်တိုင်း မည်သည့်အကြောင်းအရာကိုမဆို အနည်းငယ်ပြောဆိုကာ စိတ်မပါသည့်အချိန်တွင် စကားမပြောလျှင် သင်တို့ မည်သည့်အရာကို ရနိုင်မည်နည်း။ သင်တို့ကဲ့သို့ အစွမ်းအစဖြင့် သင်တို့သည် သမ္မာတရားကို နားလည်မည်မဟုတ်။ ကယ်တင်ခြင်းကို ရရှိဖို့မဆိုထားနှင့် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်ချေ။ သို့ရာတွင် ထိုအရာကို ငါမပြုလုပ်နိုင်ပေ။ ထိုအစား အသေးစိတ် စကားပြောရမည်။ ငါ အသေးစိတ် ဆွေးနွေးပြီး လူအမျိုးအစားတစ်ခုစီတိုင်း၏ အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သမ္မာတရားအပေါ် လူများက ထားရှိသော သဘောထားနှင့်နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးအစား တစ်ခုစီတိုင်းနှင့်စပ်လျဉ်း၍လည်းကောင်း ဥပမာများပေးရမည် ဖြစ်သည်။ ထိုအခါမှသာ ငါပြောနေသည့်အရာကို သင်တို့ နားလည်သဘောပေါက်လိမ့်မည်ဖြစ်ပြီး ကြားသည့်အရာကို သင် နားလည်လိမ့်မည်။ သမ္မာတရား၏ မည်သည့်ကဏ္ဍကို မိတ်သဟာယပြုသည်ဖြစ်စေ ငါသည် အမျိုးမျိုးသောနည်းလမ်းများဖြင့် စကားပြောသည်။ လူကြီးများအတွက်၊ ကလေးများအတွက် မိတ်သဟာယပုံစံများဖြင့် ပြောသည်။ သီအိုရီနှင့် ကျင့်သုံးမှုကို အသုံးပြုလျက်၊ အတွေ့အကြုံများကို ပြောဆိုလျက်ဖြင့် သဘောတရားနှင့် ပုံပြင်များပုံစံဖြင့်လည်း ပြောသည်။ သမ္မာတရားကို လူတို့နားလည်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ရန်ဖြစ်သည်။ ဤနည်းဖြင့် အစွမ်းအစရှိပြီး စိတ်နှလုံး ပိုင်ဆိုင်သူတို့သည် သမ္မာတရားကို နားလည်လက်ခံပြီး ကယ်တင်ခြင်းခံရရန် အခွင့်အရေး ရှိလိမ့်မည်။ သို့သော် သင်၏တာဝန်အပေါ် သင်တို့၏ သဘောထားသည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်သည်။ အချိန်ဆွဲနေသည့် သဘောထားဖြစ်သည်။ ပြီးလျှင် သင့်ကြောင့် မည်မျှနှောင့်နှေးသွားသည်ကို သင်သည် အရေးမထားပေ။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ရှာဖွေရမည်နှင့်ပတ်သက်ပြီး ဆင်ခြင်သုံးသပ်ခြင်းမရှိ။ ဘုရားသခင်ကို သက်သေခံနိုင်ရန်အတွက် သင်၏ တာဝန်ကို မည်သို့မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို မစဉ်းစားပေ။ ဤသည်မှာ သင်၏ တာဝန်ကို လျစ်လျူရှုခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့၏ အသက်တာအလွန်ဖြည်းညှင်းစွာ ကြီးထွားသော်လည်း သင်မည်မျှ အချိန်ဖြုန်းခဲ့သည်နှင့်ပတ်သက်ပြီး စိတ်မချမ်းမသာ မဖြစ်ပေ။ အမှန်တကယ်တွင် သင်၏ တာဝန်ကို ကျေပွန်စွာ၊ တာဝန်သိတတ်စွာ ထမ်းဆောင်လျှင် သင်၏ အတွေ့အကြုံများကိုပြောပြီး ဘုရားသခင်အတွက် သက်သေခံနိုင်ဖို့ ငါးနှစ်၊ သို့မဟုတ် ခြောက်နှစ်ပင်ကြာမည် မဟုတ်ဘဲ အမျိုးမျိုးသော အလုပ်များသည် အလွန်ကောင်းသော ရလဒ်များရရှိသည့်အဖြစ်သို့ ဆောင်ရွက်ခြင်းခံရလိမ့်မည်။ သို့သော် သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားဖို့ မလိုလားသကဲ့သို့ သမ္မာတရားကိုလည်း အားထုတ်ခြင်း မရှိပေ။ မည်သို့ပြုလုပ်ရမည်ကို သင်တို့မသိသည့် အရာအချို့ရှိသည်။ ထို့ကြောင့် ညွှန်ကြားချက်အတိအကျကို သင်တို့ကို ငါပေးသည်။ သင်တို့က စဉ်းစားရန်မလိုပေ။ နားထောင်ပြီး ထိုအရာနှင့်ပတ်သက်၍ ဆက်လက် လုပ်ဆောင်ရန်သာ လိုသည်။ ယင်းမှာ သင်ခံယူရမည့် အနည်းငယ်သော တာဝန်သာဖြစ်သည်။ သို့သော် ယင်းသည်ပင်လျှင် သင်တို့ မလုပ်နိုင်ပေ။ သင်တို့၏ သစ္စာစောင့်သိမှုသည် မည်သည့်နေရာတွင်ရှိသနည်း။ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ သင်တို့လုပ်သမျှမှာ ကြား၍ကောင်းသောအရာများကို ပြောခြင်းသာဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာကို လုပ်သင့်သည်ကို သိသည်။ သို့သော် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း ဖြစ်သည်။ အခြေခံအရင်းအမြစ်တွင် ယင်းသည် သမ္မာတရားကို ချစ်ခြင်းကင်းမဲ့ခြင်းဖြစ်သည်။ သမ္မာတရားနှင့်အညီ မည်သို့ဆောင်ရွက်ရမည်ကို သင်တို့၏ စိတ်နှလုံးထဲတွင် အပြည့်အဝကောင်းစွာ သိသည်။ လက်တွေ့မလုပ်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ အရေးကြီးသော ပြဿနာတစ်ခုဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ ယင်းကို စိုက်ကြည့်နေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသူ လုံးဝ မဟုတ်ပေ။ ဘုရားအိမ်တော်တွင် တာဝန်တစ်ခုထမ်းဆောင်ရန် သင် အနည်းဆုံး လုပ်ဆောင်ရမည့်အရာမှာ သမ္မာတရားကို ရှာဖွေကာ လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရန်ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်လျှင် သမ္မာတရားကို မည်သည့်နေရာတွင် သင် လုပ်ဆောင်နိုင်သနည်း။ ပြီးလျှင် မည်သည့်သမ္မာတရားကိုမျှ သင် လက်တွေ့မလုပ်ဆောင်လျှင် သင်က မယုံကြည်သူတစ်ယောက် ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်။ သမ္မာတရားကို လက်မခံဘဲ ဘုရားအိမ်တော်တွင် ကြုံရာကျပန်းသာပြုလုပ်နေလျှင် သင်၏ ရည်ရွယ်ချက်သည် အမှန်တကယ်တွင် အဘယ်နည်း။ သင်သည် ဘုရားသခင်၏ အိမ်တော်ကို သင်အငြိမ်းစားယူသည့်အိမ်၊ သို့မဟုတ် အလှူဂေဟာတစ်ခုအဖြစ် ပြုလုပ်လိုသလော။ ဤသို့ဆိုလျှင် သင်သည် မှားယွင်းနေပြီဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် ကပ်ပါးရပ်ပါးများကို၊ အပျင်းခိုသူများကို မစောင့်ရှောက်ပေ။ ညံ့ဖျင်းသော လူ့သဘာဝရှိသူ၊ မိမိတို့၏ တာဝန်ကို ဝမ်းမြောက်စွာ မထမ်းဆောင်သူ၊ တာဝန်ထမ်းဆောင်ရန် မသင့်တော်သူမည်သူမဆို အားလုံး ရှင်းလင်းခြင်းခံရမည်။ သမ္မာတရားကို လုံးဝ လက်မခံသည့် မယုံကြည်သူအားလုံး ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ လူအချို့သည် သမ္မာတရားကို နားလည်သော်လည်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ယင်းကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ပြဿနာတစ်ခုကို မြင်သောအခါ မဖြေရှင်းသကဲ့သို့၊ ယင်းသည် ၎င်းတို့၏ တာဝန်ဖြစ်သည်ကို သိသော်ငြားလည်း အစွမ်းကုန် မလုပ်ဆောင်ပေ။ သင်စွမ်းဆောင်နိုင်သော တာဝန်များကိုပင် မဆောင်ရွက်လျှင် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်းတွင် မည်သည့်တန်ဖိုး၊ သို့မဟုတ် မည်သည့်သက်ရောက်မှု ရှိနိုင်သနည်း။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်ရှိသလော။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သော၊ ခံယူသင့်သော အခက်အခဲများကို မခံနိုင်သောသူ၊ ထိုသို့သောသူသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ တာဝန်ထမ်းဆောင်သောသူအချို့သည် အမှန်တကယ်ပင် အစာစားရန်အတွက်သာ တာဝန်ထမ်းဆောင်ကြသည်။ ၎င်းတို့သည် သူတောင်းစားများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင် အလုပ်အနည်းငယ်လုပ်လျှင် နေစရာ၊ စားစရာ စားရိတ်ငြိမ်းလိမ့်မည်၊ အလုပ်ရှာရန်မလိုအပ်ဘဲ ထောက်ပံ့ခံရလိမ့်မည်ဟု ထင်ကြသည်။ ဤသို့သော အပေးအယူမျိုးရှိသလော။ ဘုရားအိမ်တော်သည် ငပျင်းများကို မပံ့ပိုးပေ။ သမ္မာတရားကို အနည်းငယ်မျှပင် လက်တွေ့မလုပ်ဆောင်သော၊ မိမိတို့၏ တာဝန်ထမ်းဆောင်ရာတွင် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပြုသောမည်သူမဆိုက ဘုရားသခင်ကို ယုံကြည်သည်ဟု ဆိုလျှင် ဘုရားသခင်က ၎င်းတို့အား အသိအမှတ်ပြုမည်လော။ ဤသို့သောသူအားလုံးသည် မယုံကြည်သူများဖြစ်ပြီး ဘုရားသခင် မြင်သည့်အတိုင်း မကောင်းမှုပြုသူများဖြစ်သည်။
ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော လူတို့သည် ၎င်းတို့ကိုယ်ပိုင် အကျိုးအမြတ်များနှင့် နစ်နာဆုံးရှုံးမှုများကို တွက်ချက်မနေဘဲ ၎င်းတို့၏ တာဝန်များကို တလိုတလား ထမ်းဆောင်ကြသည်။ သင်သည် သမ္မာတရားကို လိုက်စားသောသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင်၏ တာဝန်ကို ထမ်းဆောင်သောအခါ သင်၏ အသိတရားနှင့် အသိစိတ်ကို အားထားပြီး အမှန်တကယ် အားထုတ်ရမည်။ အမှန်တကယ် အားထုတ်ခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။ အလုပ်ဖြစ်ရုံမျှသာရှိသော အားစိုက်မှုအချို့ကို လုပ်ဆောင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ အနည်းငယ်ခံစားခြင်းမျှဖြင့်သာ ကျေနပ်ပြီး သင်၏တာဝန်ကို လုံးဝ အလေးအနက်မထားလျှင်၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကို မရှာဖွေလျှင် ဤသည်မှာ ဝတ်ကျေတမ်းကျေပြုခြင်းမှလွဲ၍ အခြားမဟုတ်ပေ။ ဤသည်မှာ အမှန်တကယ် အားစိုက်ထုတ်ခြင်းမဟုတ်ပေ။ အားစိုက်ထုတ်ရာတွင် အဓိကသော့ချက်သည် မိမိ၏စိတ်နှလုံးကို နှစ်မြှုပ်လုပ်ဆောင်ခြင်း၊ မိမိစိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားခြင်း၊ ဘုရားသခင်ကို မနာခံဘဲ ဘုရားသခင်ကို ပုန်ကန်ခြင်းအား ကြောက်လန့်ခြင်း၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခံခြင်းတို့ဖြစ်သည်။ သင့်တွင် ဤနည်းဖြင့် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခုရှိလျှင် သင်၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းမရှိလျှင် သင်၏တာဝန်ကိုထမ်းဆောင်သောအခါ တာဝန်ခံမှု ရှိမည်မဟုတ်ပေ။ စိတ်ဝင်စားမှု ရှိမည်မဟုတ်ပေ။ မလွဲမသွေပင် ဝတ်ကျေတမ်းကျေပြုလိမ့်မည်။ မည်သည့် စစ်မှန်သောအကျိုးမျှ မဖြစ်ထွန်းဘဲ အပေါ်ယံသာ လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ သင့်တွင် အမှန်တကယ်ပင် တာဝန်သိစိတ်ရှိလျှင်၊ သင်၏တာဝန်ကိုထမ်းဆောင်ခြင်းသည် သင်၏ တစ်ကိုယ်ရေတာဝန်ဖြစ်ကာ၊ တာဝန်မထမ်းဆောင်လျှင်၊ သင်သည် အသက်ရှင်ရန် မထိုက်တန်ဘဲ သားရဲတစ်ကောင် ဖြစ်သည်ဟူ၍လည်းကောင်း၊ သင်၏တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်မှသာ လူသားဟု ခေါ်ဆိုထိုက်သည်ဟူ၍လည်းကောင်း၊ သင်၏ ကိုယ်ပိုင်အသိတရားကို ရင်ဆိုင်နိုင်သည်ဟူ၍လည်းကောင်း ခံစားရလျှင်၊ သင့်တာဝန်ကိုထမ်းဆောင်ရာတွင် ဤတာဝန်ခံယူစိတ်ရှိလျှင် သင်သည် အရာရာတိုင်းကို တာဝန်ကျေပွန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေနိုင်ကာ အမှုအရာများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည်။ ဤသို့ဖြင့် သင်၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်လိမ့်မည်။ အကယ်၍ သင့်အား ဘုရားသခင်ပေးအပ်သည့် တာဝန်နှင့် သင်ထိုက်တန်လျှင်၊ သင့်အတွက် ဘုရားသခင်အနစ်နာခံ စွန့်လွှတ်ခဲ့သော အရာအားလုံးနှင့်လည်းကောင်း၊ သင့်အပေါ် ဘုရားသခင်၏ မျှော်မှန်းချက်များနှင့်လည်းကောင်း သင်ထိုက်တန်လျှင် ဤသည်မှာ အမှန်တကယ် အားထုတ်ခြင်းဖြစ်သည်။ ယခုတွင် သင် နားလည်သလော။ သင်သည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေပြီး ရလဒ်များ စွမ်းဆောင်ရရှိဖို့ လုံးဝ မကြိုးစားပါက သင်သည် သူတော်ကောင်းအယောင်ဆောင်တစ်ဦး၊ သိုးရေခြုံသော ဝံပုလွေတစ်ကောင်ဖြစ်သည်။ လူတို့ကို သင် လှည့်စားကောင်း လှည့်စားနိုင်သော်လည်း ဘုရားသခင်ကို အရူးမလုပ်နိုင်ပေ။ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ စစ်မှန်သည့် အဖိုးအခနှင့် သစ္စာစောင့်သိမှုမရှိပါက စံမမီပေ။ သင်သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းနှင့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် အမှန်တကယ် အားစိုက်ထုတ်ခြင်းမရှိလျှင်၊ သင်သည် ဘာသာတရားမရှိသူတစ်ယောက်က သူ၏ အထက်လူကြီးအတွက် အလုပ်လုပ်နေသကဲ့သို့ သင်၏ လုပ်ဆောင်မှုများတွင် အစဉ်သဖြင့် ဟန်ဆောင်လုပ်ပြချင်ပြီး ဝတ်ကျေတမ်းကျေလုပ်ဆောင်ချင်လျှင်၊ ဖြစ်ရုံသာ အားစိုက်ပြီး သင်၏ စိတ်ကို အသုံးမပြုလျှင်၊ တစ်ရက်ပြီး တစ်ရက် အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားလျှင်၊ ပြဿနာများကိုမြင်သောအခါ မတင်ပြလျှင်၊ ဖိတ်စင်သည်ကိုမြင်သော်လည်း မသန့်ရှင်းလျှင်၊ သင်၏ ကိုယ်ပိုင်အကျိုးအတွက်မဟုတ်သည့် အရာရာတိုင်းကို လက်လွတ်စပယ် ဖယ်ထုတ်နေလျှင် ဤသည်မှာ ပြဿနာမဟုတ်လော။ ဤသို့သောသူတစ်ယောက်သည် ဘုရားအိမ်တော်၏ အသင်းသားတစ်ဦး မည်သို့ ဖြစ်နိုင်သနည်း။ ဤသို့သောသူတို့သည် ဘာသာတရားမရှိသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်နှင့် မသက်ဆိုင်ပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မခံရပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် သင်သည် စစ်မှန်ခြင်းရှိမရှိနှင့် အားစိုက်ထုတ်ခြင်း ရှိမရှိကို ဘုရားသခင်က မှတ်သားထားပြီး သင်သည်လည်း ကောင်းစွာ အပြည့်အဝ သိရှိပေသည်။ ထို့ကြောင့် မိမိ၏ တာဝန်ကို ထမ်းဆောင်ဖို့ သင်တို့သည် အမှန်တကယ် အားစိုက်ထုတ်ဖူးသလော။ ယင်းကို အလေးအနက် သင်ခံယူဖူးပါသလော။ ယင်းကို သင်၏ တာဝန်၊ ဝတ္တရားကဲ့သို့ သဘောထားဖူးပါသလော။ ယင်းအပေါ် သင် တာဝန်ခံယူဖူးပါသလော။ သင်သည် ဤကိစ္စရပ်များကို မှန်မှန်ကန်ကန် သုံးသပ်ပြီး သိရမည်။ ယင်းက သင်၏ တာဝန်ထမ်းဆောင်ခြင်းတွင် တည်ရှိသည့် ပြဿနာများကို ကိုင်တွယ်ဖို့ လွယ်ကူစေမည်ဖြစ်ပြီး သင်၏ အသက်ဝင်ရောက်မှုကို အကျိုးပြုလိမ့်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင် သင်သည် အမြဲ တာဝန်မဲ့နေပြီး ပြဿနာများကို သင် ရှာတွေ့ချိန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များထံ အကြောင်းမကြားသကဲ့သို့ “ဒုက္ခနည်းလေ ကောင်းလေ”ဟု အမြဲ တွေးထင်ရင်း လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များဖြင့် အမြဲ အသက်ရှင်ရင်း သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် အမြဲ ဝတ်ကျေတမ်းကျေဖြစ်လျက် သစ္စာစောင့်သိမှု လုံးဝ မရှိသကဲ့သို့ ပြုပြင်ခံရချိန်တွင် သမ္မာတရားကို လုံးဝ လက်ခံခြင်းမရှိဘဲ ယင်းတို့ကို မိမိဘာသာ ဖြေရှင်းဖို့ သမ္မာတရား မရှာဖွေပါက၊ သင်၏ တာဝန်ကို ဤနည်းဖြင့် သင် ထမ်းဆောင်ပါက သင်သည် အန္တရာယ်ရှိပေသည်။ သင်သည် အလုပ်လုပ်ပေးသူများထဲမှ တစ်ဦးဖြစ်သည်။ အလုပ်လုပ်ပေးသူများသည် ဘုရားအိမ်တော်သားများ မဟုတ်ဘဲ ဝန်ထမ်းများ၊ ငှားရမ်းထားသော အလုပ်သမားများဖြစ်သည်။ အလုပ်ပြီးဆုံးသည့်အခါ ၎င်းတို့အားလုံး ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည် ဖြစ်ပြီး ဘေးဒုက္ခထဲသို့ အလိုအလျောက် ကျရောက်လိမ့်မည် ဖြစ်သည်။ ဘုရားအိမ်တော်၏ လူများက ကွဲပြားခြားနားသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ငွေကြေး၊ အားစိုက်ထုတ်မှု၊ သို့မဟုတ် ကောင်းချီးများရရှိဖို့အတွက် မဟုတ်ပေ။ ၎င်းတို့က “ငါက ဘုရားအိမ်တော်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ ဘုရားအိမ်တော်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေက ငါနဲ့ သက်ဆိုင်တယ်။ ဘုရားအိမ်တော်ရဲ့ ကိစ္စတွေက ငါ့ရဲ့ ကိစ္စတွေပဲ။ ဘုရားအိမ်တော်မှာ ငါ စိတ်နှစ်ထားသင့်တယ်” ဟူ၍ တွေးကြသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် သက်ဆိုင်သော ကိစ္စတိုင်းကို စိတ်နှစ်လုပ်ဆောင်ကြပြီး ထိုအရာအတွက် တာဝန်ယူကြသည်။ ၎င်းတို့ စဉ်းစားပြီး မြင်နိုင်သမျှအရာရာတိုင်းအတွက် တာဝန်ယူကြသည်။ ၎င်းတို့သည် ကိုင်တွယ်ရန် လိုအပ်သည့်အရာများကို မပြတ် ရှာဖွေနေပြီး ကိစ္စများကို စိတ်နှစ်လုပ်ဆောင်ကြသည်။ ဤလူတို့သည် ဘုရားအိမ်တော်၏ လူများဖြစ်သည်။ သင်တို့သည် ထိုနည်းတူ ဖြစ်ကြသလော။ (မဖြစ်ပါ။) သင်တို့သည် ဇာတိပကတိ သက်သာမှုများကိုသာ တပ်မက်လျှင်၊ ဘုရားအိမ်တော်တွင် ကိုင်တွယ်ရန် လိုအပ်သည့်အရာများ ရှိနေသည်ကို မြင်သောအခါ အရေးမစိုက်လျှင်၊ အောက်ကျသွားသည့် ဆီပုလင်းကို မကောက်ယူလျှင်၊ ပြဿနာတစ်ခုရှိသည်ကို သင်၏ စိတ်နှလုံးကသိပြီး မဖြေရှင်းလိုလျှင် သင်သည် ဘုရားအိမ်တော်ကို သင်၏ ကိုယ်ပိုင်အဖြစ် မှတ်ယူနေခြင်းမဟုတ်ပေ။ ဤသည်မှာ သင်တို့၏ ပုံစံဖြစ်သလော။ ထိုသို့ဖြစ်လျှင် သင်တို့သည် အလွန်ပင် ပြိုလဲကျသွားသည်မှာ သင်တို့နှင့် ဘာသာတရားမရှိသူများကြား ကွာခြားချက်မရှိတော့ပေ။ နောင်တမရလျှင် သင်တို့သည် ဘုရားအိမ်တော်၏ ပြင်ပတွင်ရှိနေခြင်းအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ သင်တို့ကို ချောင်ထိုးထားပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရမည်။ အမှန်မှာ ဘုရားသခင်သည် သင်တို့ကို သူ၏ မိသားစုဝင်များကဲ့သို့ ဆက်ဆံဖို့ သူ၏ စိတ်နှလုံးတွင် ဆန္ဒရှိသော်လည်း သမ္မာတရားကို သင်တို့ လက်မခံကြသကဲ့သို့ သင်တို့တာဝန်များကို ထမ်းဆောင်ရာတွင် အမြဲ ဝတ်ကျေတမ်းကျေဖြစ်ပြီး တာဝန်မဲ့ကြပေသည်။ သင်တို့အား သမ္မာတရားအကြောင်း မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ သင်တို့ နောင်တမရပေ။ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်၏ အိမ်တော် ပြင်ပတွင် ထားသည်မှာ သင်တို့ကိုယ်တိုင်ဖြစ်သည်။ ဘုရားသခင်သည် သင်တို့ကို ကယ်တင်ပြီး သူ၏ မိသားစုဝင်များအဖြစ် ပြောင်းလဲစေဖို့ ဆန္ဒရှိသော်လည်း သင်တို့သည် ယင်းကို လက်မခံကြပေ။ ထိုအခါ သင်တို့သည် သူ၏ အိမ်တော်ပြင်ပတွင် ရှိကြပေသည်။ သင်တို့သည် ဘာသာတရားမရှိသူများ ဖြစ်သည်။ သမ္မာတရားကို နည်းနည်းမျှ လက်မခံသောသူတိုင်းသည် ဘာသာတရားမရှိသူတစ်ဦး ကိုင်တွယ်ခံရမည့်အတိုင်းသာ ကိုင်တွယ်ခံရနိုင်သည်။ သင်တို့၏ ကိုယ်ပိုင် ရလဒ်နှင့် ရာထူးကို ထူထောင်ထားသည်မှာ သင်တို့ ဖြစ်သည်။ သင်သည် ယင်းကို ဘုရားသခင်၏ အိမ်တော် ပြင်ပတွင် ထူထောင်ပြီး ဖြစ်သည်။ ယင်းအတွက် သင်တို့အပြင် မည်သူ့ကို အပြစ်တင်စရာ ရှိသနည်း။ လူများစွာတို့သည် စိတ်ဝိညာဉ်ကင်းမဲ့နေသည့် တိရစ္ဆာန်များကဲ့သို့ဖြစ်နေကြသည်ကို ငါ သတိထားမိသည်။ နေ့တိုင်း မနက်နေထွက်ချိန်မှ ညနေစောင်း နေဝင်ချိန်အထိ ၎င်းတို့သည် မည်သို့စားသောက်ရမည်နှင့် မည်သို့အလုပ်လုပ်ရမည်တို့ကိုသာ သိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မစားသောက်ကြပေ၊ သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြပေ။ အသက်တာရှိ ဝိညာဉ်ရေးရာ ကိစ္စရပ်များအကြောင်း တစ်ခုမျှ ၎င်းတို့ နားမလည်ကြဘဲ တစ်ချိန်လုံး ဘာသာတရား မရှိသူများအဖြစ် အသက်ရှင်နေထိုင်ကြသည်။ ၎င်းတို့သည် လူသားများကဲ့သို့ ရုပ်ဖျက်ဟန်ဆောင်ထားကြသည့် လူ့တိရစ္ဆာန်များဖြစ်ကြသည်။ ထိုကဲ့သို့သောလူများသည် လုံးဝ အသုံးမကျကြသည့်အပြင် အလုပ်လုပ်ပေးဖို့ပင်လျှင် သုံး၍ မရနိုင်ပေ။ ၎င်းတို့သည် အပျင်းခိုသူများဖြစ်ကြသည်။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းသင့်ပြီး အဝေးသို့ မြန်မြန် ပို့ပစ်သင့်သည်။ ပြီးလျှင် ၎င်းတို့အထဲမှ တစ်ယောက်ကိုမျှ နေခွင့်မပြုသင့်ပေ။ ဘုရားသခင်အပေါ် အစစ်အမှန် ယုံကြည်သောလူများသည် ၎င်းတို့အား သမ္မာတရားကို မည်သို့မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ပြုပြင်ခြင်းခံထားရသည်ဖြစ်စေ သမ္မာတရားကို လက်ခံနိုင်သောသူများ၊ ကျိုးနွံနာခံနိုင်သောသူများဖြစ်ကြသည်။ ၎င်းတို့သည် ဤအသိစိတ်ကို ပိုင်ဆိုင်သောလူများဖြစ်ကြပြီး ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သောအခါ နားထောင်နိုင်ပြီး ကျိုးနွံနာခံနိုင်သောသူများလည်း ဖြစ်ကြသည်။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေပါစေ၊ ၎င်းတို့သည် တာဝန်ယူနိုင်ကြသည်၊ လုပ်ငန်းတာဝန်ကို သင့်တင့်လျောက်ပတ်စွာဖြင့် ပြီးမြောက်အောင် ထမ်းဆောင်နိုင်ကြပြီး ဤအလုပ်ကို စတင်ဆောင်ရွက်နိုင်ကြသည်။ ထိုကဲ့သို့သော လူပုဂ္ဂိုလ်များသာလျှင် လူသားဟု ခေါ်ဆိုခံရဖို့ ထိုက်တန်ပြီး ဤလူများသာလျှင် ဘုရားအိမ်တော်၏ အိမ်တော်သားများ ဖြစ်ကြသည်။ အလုပ်လုပ်ပေးသူများသည် ကပ်ပါးရပ်ပါးများသာ ဖြစ်ကြသည်။ ၎င်းတို့ကို ဘုရားသခင်က ပစ်ပစ်ခါခါ ငြင်းသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများမဟုတ်ကြပေ။ ပြီးလျှင် ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို ညီအစ်ကိုမောင်နှမများကဲ့သို့ ဆက်ဆံပါက သင်သည် မျက်စိကန်းပြီး မိုက်မဲသည်။ ယခုအချိန်သည် လူတိုင်းအတွက် ၎င်းတို့၏အမျိုးအစားအလိုက်အုပ်စုဖွဲ့ရမည့်အချိန် ဖြစ်သည်။ ဘုရားသခင်က လူများကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းမည့် အချိန်ဖြစ်သည်။ အကယ်၍ သင်တို့သည် ဘုရားသခင်အပေါ် အစစ်အမှန် ယုံကြည်သူများဖြစ်ကြပါက သင်သည် သမ္မာတရားကို ကောင်းစွာ လိုက်စားရမည်၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ အကယ်၍ သင်သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့ကို ဝေမျှနိုင်ပါက ယင်းမှာ သင်သည် သမ္မာတရားကို ချစ်သောလူတစ်ယောက်ဖြစ်ကြောင်းနှင့် သမ္မာတရားစစ်မှန်မှုအချို့ကို သင်ပိုင်ဆိုင်ကြောင်းကို သက်သေပြသည်။ သို့သော် အကယ်၍ သင်သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်စုံတစ်ရာကို မဝေမျှနိုင်ပါက သင်သည် အလုပ်လုပ်ပေးသူတစ်ဦးဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရဖို့ အန္တရာယ်ရှိနေပေပြီ။ အကယ်၍ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး တာဝန်ယူမှုရှိကာ သစ္စာရှိပါက သင်သည် သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်ပြီး သင်သည် ဆက်လက်နေနိုင်သည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူတစ်ဦး မဟုတ်သည့် မည်သူမဆိုသည် ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ ထို့ကြောင့် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းဖြင့်သာ သင်သည် ဘုရားအိမ်တော်တွင် ခိုင်မြဲစွာ ရပ်တည်နေနိုင်မည်ဖြစ်ပြီး ကပ်ဘေးမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းသည် အရေးပါသည်။ အနည်းဆုံးအနေဖြင့် ဘုရားအိမ်တော်မှ လူများသည် ရိုးသားသောလူများဖြစ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်တွင် ယုံကြည်ကိုးစားထိုက်သောလူများ ဖြစ်ကြသည်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံနိုင်သောသူများဖြစ်ကြပြီး ၎င်းတို့၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်ကြသည်။ အကယ်၍ လူများတွင် စစ်မှန်သောယုံကြည်ခြင်း၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ မရှိပါက၊ ကြောက်ရွံ့သော စိတ်နှလုံးနှင့် ဘုရားသခင်ထံ ကျိုးနွံနာခံသော စိတ်နှလုံး မရှိပါက ၎င်းတို့သည် တာဝန်များကို ထမ်းဆောင်ဖို့ မသင့်တော်ချေ။ ၎င်းတို့၏တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေလျှင်ပင် တာဝန်ထမ်းဆောင်နေစဉ်တွင် ၎င်းတို့သည် ဖြစ်ကတတ်ဆန်း လုပ်ကြသည်။ ၎င်းတို့သည် အစစ်အမှန် နောင်တမရကြသည့်လူများ၊ အလုပ်လုပ်ပေးသူများ ဖြစ်ကြသည်။ ဤကဲ့သို့သော အလုပ်လုပ်ပေးသူများသည် အနှေးနှင့်အမြန်ဆိုသလို ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရလိမ့်မည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများသာလျှင် လွတ်လိမ့်မည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများတွင် သမ္မာတရားစစ်မှန်မှုများ မရှိကြသော်လည်း ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်။ ၎င်းတို့သည် မိမိတို့၏တာဝန်များကို စစ်မှန်စွာ ထမ်းဆောင်နိုင်ကြသည့်အပြင် ဘုရားသခင်သည် ၎င်းတို့ကို သက်ညှာဖို့ ခွင့်ပြုသည်။ သမ္မာတရားစစ်မှန်မှုများကို ပိုင်ဆိုင်သောသူများနှင့် ဘုရားသခင်အတွက် ထူးကဲသော သက်သေခံချက်ကို ပြုနိုင်သောသူများသည် သူ၏လူများ ဖြစ်ကြသည်။ ၎င်းတို့သည်လည်း သက်ညှာခြင်းခံရကာ သူ၏နိုင်ငံတော်အတွင်းသို့ ဆောင်ယူခြင်းကို ခံရလိမ့်မည်။
ယခုအခါတွင် သင်တို့၏တာဝန်များအပေါ် သင်တို့ ထားရှိသည့်သဘောထားများ၊ ကိစ္စများကို လုပ်ရာတွင် သင်တို့၏စွမ်းဆောင်ရည်နှင့် သင်တို့၏တာဝန်များတွင် သင်တို့ ရသည့်ရလဒ်များအရ အကဲဖြတ်ရလျှင် သင်တို့သည် သင်တို့၏ တာဝန်များကို ပြည့်ပြည့်ဝဝ မထမ်းဆောင်ရသေးပေ။ ဤသည်မှာ သင်တို့သည် ဝတ်ကျေတမ်းကျေလုပ်လွန်းသောကြောင့်ဖြစ်သည်။ ထို့အပြင် ဟန်ဆောင်လုပ်ပြရုံဖြင့် များပြားလွန်းသည့်ကိစ္စများအပေါ် သင်ချဉ်းကပ်သည်။ သင်သည် ကိစ္စအတော်များများအပေါ်တွင် စိတ်မပါပေ၊ ထို့အပြင် စည်းမျဉ်းစည်းကမ်းများနောက်သို့ လိုက်ခြင်း၏ သရုပ်သကန်များလွန်းစွာကို ပြသည်။ ဤအရာ၏ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းက သင်၏အစွမ်းအစ၊ လိုက်စားခြင်းတို့နှင့် ဆက်စပ်နေသလော။ ဤသည်မှာ အလွန်အစွမ်းအစ ညံ့ဖျင်းသည့်လူများနှင့် နားဝေတိမ်တောင် ဖြစ်သည့်လူများ တာဝန်များကို ထမ်းဆောင်ပုံဖြစ်သည်။ ထို့အပြင် ယင်းသည် သမ္မာတရားမလိုက်စားသော သူများအားလုံး တာဝန်များကို ထမ်းဆောင်သည့်ပုံလည်း ဖြစ်သည်။ ထို့ကြောင့် သင်တို့အားလုံးသည် အတိအကျ မည်သည့်အရာကို လိုက်စားနေကြသနည်း။ သင်တို့သည် သမ္မာတရားလိုက်စားသောလူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) သင်တို့သည် သမ္မာတရားလိုက်စားသောလူများ မဟုတ်ကြသည်မှာ အတော်အတန် သိသာသည်။ သင်တို့အားလုံးအတွက် သင်တို့၏ လက်ရှိဝိညာဉ်ရင့်ကျက်မှုကို ထည့်သွင်းစဉ်းစားရင်း သင်တို့၏ သမ္မာတရားအပေါ်နားလည်မှုသည် မည်မျှနက်နဲသည်ဖြစ်စေ၊ မည်မျှတိမ်သည်ဖြစ်စေ ယင်းတို့ထဲမှ သင်နားလည်သလောက်ကို လက်တွေ့လုပ်ဆောင်သင့်သည်။ ထိုသို့လုပ်ဖို့ သင့်အတွက် လွယ်ကူသလော။ သင်၏ပြင်ပပတ်ဝန်းကျင်နှင့် ခံစားချက်အရဖြစ်သော အကြောင်းရင်းများအပေါ် အခြေခံ၍ ထိုသို့လုပ်ဆောင်ဖို့ သင်တို့အားလုံးအတွက် အခက်အခဲအချို့ရှိကြသည်မှာ ဖြစ်တန်သည်။ သို့ရာတွင် သင်တို့သည် ဆိုးယုတ်သောလူများမဟုတ်ကြပေ၊ အန္တိခရစ်များလည်း မဟုတ်ကြပေ၊ ထို့အပြင် သင်တို့၏လူ့သဘာဝသည် ထိုမျှမဆိုးပေ။ ထို့အပြင် သင်တို့အများစုတွင် သာမန်အစွမ်းအစသာ ရှိကြသော်လည်း သင်တို့သည် သမ္မာတရားကို နားလည်သဘောပေါက်နိုင်ကြသေးသည်။ ဤအရာက သင်တို့အတွက် သမ္မာတရားလိုက်စားဖို့ ထိုမျှခက်ခဲမည်မဟုတ်ဆိုသည်ကို သေချာစေသည်။ ပိုနက်နဲသည့်သမ္မာတရားအချို့သည် သင့်အတွက် နားလည်ဖို့ ခက်ခဲလွန်းနေနိုင်သော်လည်း အကယ်၍ ငါက ယင်းတို့ကို ပို၍ခိုင်လုံပြီး အသေးစိတ်ကျသည့်ဝေါဟာရအသုံးအနှုန်းများဖြင့် ပြောပါက သင်တို့ နားလည်ပြီး သဘောပေါက်နိုင်လိမ့်မည်။ သင်တို့သည် သမ္မာတရားကို နားလည်နိုင်သရွေ့ သင်တို့၏နားလည်ခြင်းက မည်မျှနက်နဲသည်ဖြစ်စေ၊ တိမ်သည်ဖြစ်စေ၊ ထို့အပြင် သင့်တွင် လမ်းကြောင်းတစ်ခုရှိနေသရွေ့ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သင်သိလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားမှု ရရှိခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့အတွက် အခြေခံသတ်မှတ်ချက်တစ်ရပ်ဖြစ်ပြီး သင်တို့အားလုံး တွေ့ကြုံရင်ဆိုင်ရမည့်အခြေအနေတစ်ခုဖြစ်သည်။ သို့ဖြစ်၍ သင်တို့အားလုံးသည် သမ္မာတရားကို လိုက်စားဖို့နှင့် လက်တွေ့လုပ်ဆောင်ဖို့ တတ်နိုင်အပ်သည်။ သို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း။ သင်တို့၏ လမ်းခရီးတွင် တစ်ခုခု ရှိနေသလော။ မည်သည့်အရာမှ မရှိနေသင့်ပေ။ ထို့အပြင် သင်တို့အားလုံးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ တတ်နိုင်သင့်သည်၊ သင့်တာဝန်များ၏ ဘောင်အတိုင်းအတာအတွင်းတွင် စည်းမျဉ်းများအတိုင်း ကိစ္စများကို လုပ်ဆောင်နိုင်အပ်သည်။ သင့်တွင် အံ့ဖွယ်ရာ ဤအခွင့်အလမ်း ရှိနေသော်လည်း ဤသည်ကို သင်မရယူနိုင်သေးပေ။ ဤသည်က မည်သည့်အရာကို လက်တွေ့ပြနေသနည်း။ ပထမအနေဖြင့် ယင်းက သင်သည် သမ္မာတရားကို မနှစ်သက်ဘဲ စိတ်ဝင်စားမှု မရှိကြောင်း ထင်ရှားစေသည်။ ဒုတိယအနေဖြင့် သင့်တွင် သမ္မာတရားကို မည်သို့လိုက်စားပြီး မည်သို့လက်တွေ့လုပ်ဆောင်ရမည်နှင့်ပတ်သက်သည့် စစ်မှန်သော နားလည်ခြင်းတစ်ခု ကင်းမဲ့နေသည်ကိုလည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟူသည်မှာ အဘယ်အရာ ဖြစ်ကြောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အရေးပါမှုနှင့် တန်ဖိုးတို့အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အဖိုးထိုက်သည့်အရာတို့ကို နားလည်ခြင်း သင့်တွင် ကင်းမဲ့နေသည်ကိုလည်းကောင်း ယင်းက ထင်ရှားစေသည်။ ဤအရာများကို နားလည်ခြင်းတစ်စုံတစ်ရာ မရှိပါက သင်သည် ကိစ္စများကို အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားရုံသာဖြစ်ကာ သမ္မာတရားအပေါ်ဖြစ်စေ၊ ယင်းကို လက်တွေ့လုပ်ဆောင်ဖို့ဖြစ်စေ စိတ်ဝင်စားခြင်းမရှိဘဲ “စည်းမျဉ်းများအတိုင်း ကိစ္စများကို လုပ်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့၏ အားသာချက်က အဘယ်နည်း” ဟူ၍ သင့်ကိုယ်သင် တွေးနေဆဲဖြစ်သည်။ သင်သည် သမ္မာတရား၏တန်ဖိုးကို နားမလည်ကြောင်း၊ စည်းမျဉ်းများအတိုင်း ကိစ္စများကို လုပ်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့၏ အကျိုးကျေးဇူးများကို ကိုယ်တိုင်ကိုယ်ကျ သင်မတွေ့ကြုံဖူးသေးကြောင်းနှင့် ယင်းတို့၏ အရေးပါမှုအကြောင်းကို သင်မသိသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် သင်၏စိတ်ဝင်စားမှုကင်းမဲ့ခြင်းအကြောင်းတို့ကို ဤအတွေးများက သက်သေပြသည်။ သင်သည် တရားဒေသနာများကို နားထောင်ရာတွင် အတန်အသင့် စိတ်ဝင်စားပြီး သိချင်စိတ်ပြင်းပြမှုအချို့ ရှိသော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအကြောင်းခေါင်းစဉ် လာသောအခါ သင်သည် စိတ်ဝင်စားမှု အနည်းငယ်သာ ပြသည်။ လူအချို့သည် တရားဒေသနာများကို နားထောင်ဖို့နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ဖို့ ဆန္ဒရှိကြသည့်အပြင်၊ ကိစ္စများကို လုပ်ဆောင်ရင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ၎င်းတို့သည် ဆန္ဒရှိကြသော်လည်း သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ဖို့ အချိန်ကျရောက်လာသောအခါ ၎င်းတို့သည် စံမမီကြချေ။ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် ၎င်းတို့၏နှစ်သက်လိုလားမှုများနှင့် အတွေးအခေါ်များ ထွက်ပေါ်လာသည်။ ထို့အပြင် ပျင်းရိမှု၊ ဇိမ်ခံစရာကို တပ်မက်ခြင်း၊ လှည့်ဖြားခြင်းနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ခြင်းတို့ကဲ့သို့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခံရသည်။ ၎င်းတို့၏တာဝန်များတွင် ၎င်းတို့သည် လုံးဝ တာဝန်မဲ့ကြသကဲ့သို့ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ကိစ္စများကို လုံးဝ မကိုင်တွယ်ကြပေ။ ၎င်းတို့သည် အားသွန်ခွန်စိုက်ပြီး အလုပ်လုပ်ကြသည်။ ဆင်းရဲဒုက္ခခံရခြင်းကို ၎င်းတို့ ရှောင်ကြဉ်နိုင်နေသရွေ့ ၎င်းတို့ တင်းတိမ်ရောင့်ရဲနေကြသည်။ ထို့အပြင် ၎င်းတို့သည် မည်သည့်အရာနှင့်ပတ်သက်၍မျှ တာဝန်မသိကြပေ။ ၎င်းတို့၏တာဝန်များကို ပြည့်ပြည့်ဝဝ ၎င်းတို့ မပြီးမြောက်သေးကြောင်းကို ၎င်းတို့သိသောအခါတွင်ပင်လျှင် ၎င်းတို့သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမလုပ်ကြဘဲ ၎င်းတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေ နည်းလမ်းဖြင့် ဆက်၍ ထမ်းဆောင်ကြသည်။ ရေရှည်တွင် ၎င်းတို့သည် ထုံထိုင်းလာသည်၊ တုံးအလာပြီး မထုံတက်တေးနိုင်လာကြသည်။ ဤသည်မှာ အလုပ်လုပ်ပေးသူတစ်ဦး၏အခြေအနေဖြစ်သည်။
လူများစွာတို့သည် တာဝန်များကို ထမ်းဆောင်လိုကြသည်။ ထို့အပြင် အချို့မှာ တာဝန်များကို ထမ်းဆောင်ဖို့ ဆန္ဒရှိကြသော်လည်း ၎င်းတို့အားလုံးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အဘယ်ကြောင့် အလွန်ခက်ခဲနေကြသနည်း။ ၎င်းတို့နားလည်သည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ကြည့်ဖို့ပင်လျှင် အဘယ်ကြောင့် ၎င်းတို့ မလုပ်ဆောင်နိုင်ရသနည်း။ ဤနေရာတွင် အတိအကျ မည်သည့်အရာဖြစ်နေသနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ခက်ခဲသည်ဟု သင်တို့ ထင်ကြသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းကို သင်တို့သည် အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း။ (ကျွန်ုပ်တို့သည် သမ္မာတရားကို မနှစ်သက်ကြပါ။) သမ္မာတရားကို မနှစ်သက်ခြင်းက မည်သည့်အရာနှင့်ဆက်စပ်နေသနည်း။ (လူတစ်ဦး၏ သဘာဝနှင့်ဆက်စပ်နေသည်။) ယင်းသည် လူတစ်ဦး၏ လူ့သဘာဝနှင့်လည်းကောင်း၊ သဘာဝနှင့်လည်းကောင်း ဆက်စပ်နေသည်။ လူ့သဘာဝ မရှိသောလူများတွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိပေ။ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို မချစ်နိုင်ပေ။ ထို့အပြင် ၎င်းတို့က ယင်းသည် အနည်းငယ်သာ အသုံးဝင်သည်ဟု ခံစားကြရသည်။ အကယ်၍ ၎င်းတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက ၎င်းတို့သည် အခွင့်အရေးများကို လက်လွှတ်ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် လူနုံလူအများအတွက် ဖြစ်သည်ဟုလည်း ၎င်းတို့က ယုံကြည်ကြသောကြောင့် သမ္မာတရားကို လိုက်စားဖို့ မလိုအပ်ဟု ၎င်းတို့က ထင်ကြသည်။ ဥပမာအနေဖြင့် လူအချို့ကို အခြားသူများက စိတ်အနှောင့်အယှက်ဖြစ်စေသောအခါ “ငါသည် လက်စားချေရအောင် တစ်ခုခုပြန်လုပ်ဖို့ လိုအပ်သည်။ ငါ မည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို ၎င်းတို့ သိစေရမည်” ဟု ၎င်းတို့သည် တွေးစပြုလာသည်။ ၎င်းတို့၏အထဲတွင် ဤကဲ့သို့သောအတွေးတစ်ခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အတွေးများဖြစ်မြောက်အောင် လုပ်ဆောင်ဖို့ လိုအပ်သလော။ လူများတွင် မကောင်းသောအတွေးများ ပေါ်ပေါက်လာသည်မှာ ၎င်းတို့သည် မိမိတို့သဘာဝများ၏ လွှမ်းမိုးခြင်းကို ခံထားရသောကြောင့် ဖြစ်သော်လည်း ဤကဲ့သို့သော အတွေးများအပေါ် လူအားလုံးက လက်တွေ့ ဆောင်ရွက်သလော၊ ယင်းတို့ကို အလေးဂရုပြုမိကြသလော။ (ကိစ္စများအားလုံးအပေါ်တွင် မဟုတ်ပါ။) မတူကွဲပြားသည့်ကိစ္စများ မည်မျှရှိကြသနည်း။ (တစ်ခါတစ်ရံတွင် အခြေအနေ မပေးပါ၊ ထို့ကြောင့် လူများသည် ၎င်းတို့၏ ဆိုးယုတ်သောအတွေးများကို ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိကြပြီး ၎င်းတို့၏ အတွေးများသည် ဆိုးယုတ်သည်ကို သတိပြုမိသောကြောင့် မိမိတို့ကိုယ်ကို အသိရှိစွာ ထိန်းချုပ်ကြ၍လည်း ဖြစ်နိုင်သည်။) မှန်သည်၊ လူအချို့သည် ၎င်းတို့၏ ဆိုးယုတ်သော အတွေးများကို အလေးဂရုထားကြသည့်အပြင် အခွင့်အရေးရသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို စိတ်ဖြည့်ဆည်းရန် ထိုအတွေးများကို လက်တွေ့ဆောင်ရွက်ကြသည်။ ဤသည်တို့မှာ ဆိုးယုတ်သော လူများဖြစ်ကြသည်။ ဆိုးယုတ်သော လူတစ်ယောက်က သူ့ခေါင်းထဲတွင် မည်သည့်ဆိုးယုတ်သော အကြံအစည်မျိုးရှိပါစေ ယင်းသည် မှန်ကန်သည်ဟု ၎င်းတို့ အစဉ်သဖြင့် ထင်ကြသည်။ ထို့အပြင် ယင်းအကြံအစည်ကို လက်တွေ့အရှိတရားဖြစ်အောင် ပြောင်းလဲပစ်ဖို့ အခွင့်အလမ်းတစ်ခုကို ၎င်းတို့သည် အမြဲတစေ ရှာဖွေလိုကြသည်။ ဆိုလိုသည်မှာ ယင်းတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ရယူဖို့အလို့ငှာ ၎င်းတို့၏စိတ်ကို တကယ့်လုပ်ရပ်များအဖြစ်သို့ ပြောင်းပစ်လိုက်ကြကာ ၎င်းတို့၏ဆိုးယုတ်သောအတွေးများကို လုပ်ရပ်များအဖြစ်သို့ ၎င်းတို့ ပြောင်းလဲပစ်ကြသည်။ ၎င်းတို့သည် ယုတ္တိမရှိကြပေ၊ ၎င်းတို့သည် မချုပ်တည်းထားကြပေ၊ ထို့အပြင် မိမိတို့ကိုယ်ကို ချုပ်ထိန်းဖို့ ၎င်းတို့၏အသိစိတ်ကို မသုံးကြသကဲ့သို့ ၎င်းတို့၏လုပ်ရပ်များ လျော်ကန်မှုရှိခြင်းကိုဖြစ်စေ၊ အကျိုးဆက်များကိုဖြစ်စေ၊ မိမိတို့ကိုယ်ကို သို့မဟုတ် အခြားသူများအပေါ် ဖြစ်ပေါ်စေနိုင်သည့် အကျိုးသက်ရောက်မှု သို့မဟုတ် အန္တရာယ်တို့ကိုဖြစ်စေ အကဲဖြတ်ဖို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ခြင်းလည်း ၎င်းတို့ မလုပ်ကြပေ။ ဤအရာများအကြောင်း ၎င်းတို့သည် သတိပင်မပြုမိကြချေ။ ၎င်းတို့၏ စိတ်တိုင်းကျ လုပ်ဆောင်ကြပြီး “ယောက်ျားအစစ်အမှန်ဟူသည် ရက်စက်ရမည်။ လူများသည် ဆိုးယုတ်ပြီး ရက်စက်ရမည်။ ၎င်းတို့ မရက်စက်လျှင် ၎င်းတို့ကို လူတိုင်းက အနိုင်ကျင့်ကြလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် လူတိုင်းက ဆိုးယုတ်သောလူတစ်ဦးကို ကြောက်ရွံ့သည်” ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ၎င်းတို့ ပိုတွေးလေလေ၊ ဤနည်းအတိုင်း တွေးသည်မှာ မှန်ကန်သည်ဟု ၎င်းတို့ ပိုလက်ခံယုံကြည်လာစေလေလေ ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဤနည်းအတိုင်း ပြုမူကြတော့သည်။ ထိုကဲ့သို့သော လူတစ်ယောက်၏ အပြုအမူကို ဆင်ခြင်တုံတရားနှင့် အသိစိတ်တို့ဖြင့် ချုပ်ထိန်းထားသလော။ (ချုပ်ထိန်းမထားပါ။) ယင်းသည် ထိုကဲ့သို့သောကန့်သတ်ချက်အောက်တွင် မရှိပေ။ နောက်ထပ်လူတစ်မျိုးတွင်လည်း ဤကဲ့သို့သော အတွေးများရှိသည်။ ထို့အပြင် ၎င်းတို့ တွေးသောအခါ ၎င်းတို့၏ အားမလိုအားမရဖြစ်မှုကို ထွက်ပေါက်ရှာဖို့ ၎င်းတို့သည် ပစ္စည်းများကို ရိုက်ခွဲပစ်ကောင်း ရိုက်ခွဲလိုက်နိုင်သော်လည်း လုပ်ဆောင်ရမည့်အချိန်သို့ ရောက်လာသောအခါ ၎င်းတို့၏ အတွေးများကို လုပ်ရပ်များအဖြစ်သို့ ၎င်းတို့ ပြောင်းလဲပစ်မည်မဟုတ်ချေ။ အဘယ်ကြောင့် ၎င်းတို့ မပြောင်းလဲမည်နည်း။ (အကြောင်းမှာ ၎င်းတို့၏အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ဒုစရိုက်အမှုများကို ကျူးလွန်ခြင်းမှ ၎င်းတို့ကို ဟန့်တားနိုင်သောကြောင့်ဖြစ်ပါသည်။) ၎င်းတို့တွင် အမှားနှင့် အမှန်ကို ကောင်းစွာသိမြင်ဖို့ စွမ်းရည်အပါအဝင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ရှိသည်။ ထို့အပြင် “ကျွန်ုပ်သည် ဤနည်းဖြင့် မလုပ်ဆောင်နိုင်ပါ။ ထိုသို့လုပ်ဆောင်ခြင်းသည် အကျိုးဆက်အနေဖြင့် အခြားသူများကို ဒုက္ခပေးသည့်အပြင် မိမိကိုယ်ကိုပါ ဆုံးရှုံးမှုများ ဖြစ်စေမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဝဋ်လည်ခြင်းပင် ဖြစ်နိုင်သည်” ဟု ၎င်းတို့ စိတ်ပိုင်းဖြတ်ထားနိုင်သည်။ ၎င်းတို့၏ အတွေးများသည် မှန်သည် သို့မဟုတ် မှားသည်၊ သို့မဟုတ် ကောင်းသည်၊ သို့မဟုတ် ဆိုးယုတ်သည်ကို ၎င်းတို့ အကဲဖြတ်နိုင်သည်။ ဒေါသပေါက်ကွဲပြီးနောက် “ငါက မည်သည့်နေရာတွင်မဆို အတတ်နိုင်ဆုံး ညှာညှာတာတာဖြစ်သင့်သည်။ ကိစ္စမရှိပါ။ နောင်တွင် ထိုလူနှင့် မဆက်ဆံရုံသာ ရှိသည်။ ဤအရာမှ ငါ သင်ခန်းစာယူရမည်။ ပြီးလျှင် နောင်တွင် ထပ်၍ အလိမ်မခံရဖို့ ကြိုးစားရမည်။ လက်စားချေဖို့မလိုပါ” ဟု ၎င်းတို့သည် ဆင်ခြင်စဉ်းစားကြလိမ့်မည်။ ထို့နောက်တွင် ဤသည်က ၎င်းတို့ကို မိမိကိုယ်ကို ချုပ်တည်းစေလိမ့်မည်။ ဤ “ကန့်သတ်ချက်” သည် မည်သည့်အခြေခံအကြောင်းရင်းအပေါ်တွင် တည်ဆောက်ထားသနည်း။ ၎င်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ မည်သည့်အရာက မှန်သည်နှင့် မည်သည့်အရာက မှားသည်တို့ကို ဆုံးဖြတ်နိုင်သည့် စွမ်းရည်တစ်ခု၊ ၎င်းတို့၏အပြုအမူအနေအထိုင်အတွက် အခြေခံစည်းတစ်ခုနှင့် ၎င်းတို့၏ရွေးချယ်မှုများနှင့် အထုံဝါသနာတို့ ၎င်းတို့တွင် ရှိခြင်းဟူသည့် အခြေခံအကြောင်းရင်းအပေါ်တွင် တည်ဆောက်ထားသည်။ ၎င်းတို့၏အထုံဝါသနာဟူသည် အဘယ်နည်း။ ၎င်းတို့သည် မကောင်းမှုကို မကောင်းမှုဖြင့် တုံ့ပြန်ဖို့ မလိုလားကြပေ။ ထိုအစား မကောင်းသောကိစ္စများနှင့် ဆိုးယုတ်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ဖို့ ပို၍လိုလားကြသည်။ ထို့ကြောင့်သာ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းဖို့နှင့် ၎င်းတို့၏အတွေးများကို လက်တွေ့မဆောင်ရွက်ဖို့ နောက်ဆုံးတွင် ဆုံးဖြတ်ကြသည်။ ၎င်းတို့သည် စိတ်လည်းဆိုးကြသည်။ ထို့အပြင် ၎င်းတို့သည် ဒေါသအလျောက်လည်း ရက်စက်သောလုပ်ရပ်အချို့ကို ကျူးလွန်ချင်ကြသည် သို့မဟုတ် ရက်စက်သော စကားလုံးအချို့ကို ပြောချင်ကြသည်။ သို့ရာတွင် လက်တွေ့ယူဆောင်ရွက်ဖို့ အချိန်ကျရောက်လာသောအခါ ၎င်းတို့သည် ချုပ်တည်းထားကြသည်၊ မိမိတို့ကိုယ်ကို ဟန့်တားကြပြီး လက်တွေ့ဆောင်ရွက်ခြင်း မရှိကြပေ။ ၎င်းတို့၏အတွေးနယ်ပယ်အတွင်းတွင် ဆိုးယုတ်မှုကို ကန့်သတ်ထိန်းချုပ်ထားပြီး လုပ်ဆောင်ချက် သို့မဟုတ် ဖြစ်ရပ်မှန်တစ်ခု ဖြစ်မလာတော့ပေ။ ဤလူစားမျိုး နှစ်မျိုးလုံးတွင် မကောင်းသောအတွေးများ ရှိကြသည်။ ထို့ကြောင့် ဤတစ်မျိုးနှင့် ယခင်က ဖော်ပြထားသည့် ၎င်းတို့၏လုပ်ရပ်များကို ၎င်းတို့၏ ဆိုးယုတ်သော အတွေးများက ဦးဆောင်လမ်းပြသည်ကို ခွင့်ပေးသည့် လူစားမျိုးတို့အကြားရှိ သဘာဝအရ ကွာခြားချက်သည် အဘယ်နည်း။ (ဤလူစားမျိုးတွင် မွန်မြတ်သော သဘာဝတစ်ခုရှိသောကြောင့် ၎င်းတို့ကို ဆိုးယုတ်သော အတွေးများဖြင့် မထိန်းချုပ်နိုင်ပါ။) ဤလူအမျိုးအစားနှစ်မျိုး၏ သဘာဝများအကြား ကွာခြားချက်တစ်ခုရှိသည်။ လူအချို့သည် မိမိတို့အား အခြားသူများ၏ ဝေဖန်ခြင်း၊ ဖော်ထုတ်ခြင်း၊ သို့မဟုတ် ပြုပြင်ခြင်းကို ခံရသောအခါ အမုန်းတရား၊ မနာခံမှုနှင့် စိတ်မကျေနပ်ချက်တို့ဖြင့် ပြည့်နှက်နေကြသည်။ ပြီးလျှင် ၎င်းတို့သည် ရန်ငြိုးထားသည့် သဘောတစ်ခုကို ခံယူကြသည်။ သို့ရာတွင် အခြားလူများသည် ဤအခြေအနေများကို မှန်ကန်စွာနှင့် ယုတ္တိရှိရှိ ရင်ဆိုင်နိုင်ကြသည်။ အကယ်၍ ပြောခဲ့သည့်အရာက မှန်နေပါက ၎င်းတို့သည် လက်ခံနိုင်ကြသည်၊ ပြီးနောက် ယင်းမှ သင်ခန်းစာတစ်ခုကို ယူကြသည်။ ၎င်းတို့သည် ကျိုးနွံနာခံပြီး လက်ခံသည့် သဘောထားတစ်ခုကို ခံယူကြသည်။ ဤလူအမျိုးအစားနှစ်မျိုးအနက်မှ မည်သည့်တစ်မျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သနည်း။ (အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံနိုင်ကာ ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်သည့် လူစားမျိုးဖြစ်ပါသည်။) ထိုကဲ့သို့သော လူတစ်ယောက်တွင် အသိစိတ် အတန်ငယ်ရှိသည်ဟု အဘယ်ကြောင့် သင်ဆိုသနည်း။ (အကြောင်းမှာ ၎င်းတို့၏အသိစိတ်က ၎င်းတို့အပေါ် အကျိုးသက်ရောက်မှုတစ်ခု ရှိသောကြောင့်ဖြစ်ပါသည်၊ ၎င်းက ၎င်းတို့၏ဆိုးယုတ်သည့် အတွေးများကို ထိန်းချုပ်သည်။) မှန်သည်၊ ထိုသို့ ဖြစ်နေသည်။ ၎င်းတို့၏အသိစိတ်သည် ၎င်းတို့အပေါ် ထိန်းချုပ်ခြင်း၊ ဦးဆောင်လမ်းပြခြင်းနှင့် ၎င်းတို့၏အတွေးများကို ယုတ္တိတန်အောင်လုပ်ပေးခြင်းဖြင့် အကျိုးသက်ရောက်မှုတစ်ခု ရှိနေပါသည်။ ယင်းတွင် အကျိုးသက်ရောက်မှုတစ်ခုရှိပါသည်။ အခြားလူစားမျိုး၏ အသိစိတ်တွင် အကျိုးသက်ရောက်မှုတစ်ခုရှိသလော။ မရှိပေ၊ အကျိုးသက်ရောက်မှုတစ်ခု မရှိပေ။ ထိုလူများသည် တစ်ခါတစ်ရံတွင် စဉ်းစားရုံသာစဉ်းစားကြသော်လည်း နောက်ပိုင်းတွင်မူ ၎င်းတို့သည် ၎င်းတို့ ပုံမှန်လုပ်နေကျအတိုင်း ပြုမူနေဆဲပင်ဖြစ်သည်။ ၎င်းတို့၏အသိစိတ်သည် အလှဆင်ခြင်းထက် မည်သည့်အရာမျှ မပိုပေ။ ထို့အပြင် ယင်း၏ တည်ရှိမှုသည် အကျိုးမရှိပေ။ ဤလူအမျိုးအစားများအနက်မှ မည်သည့်လူစားမျိုးသည် လူ့သဘာဝကို အတော်အသင့် ပိုင်ဆိုင်သနည်း။ (သူ၏အသိစိတ်နှင့် ဆင်ခြင်တုံတရားတွင် အကျိုးသက်ရောက်မှုတစ်ခုရှိသောသူဖြစ်ပါသည်။) အသိစိတ်တွင် အကျိုးသက်ရောက်မှုတစ်ခုရှိသောသူများတွင် အမှား၊ အမှန် ခွဲခြားနိုင်စွမ်းရှိပြီး ၎င်းတို့၏ဒုစရိုက်မှုများကို ထိန်းချုပ်နိုင်ကြသည်။ ဤကဲ့သို့သောလူစားမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး သမ္မာတရားလိုက်စားခြင်းကို ရယူနိုင်သည်။ ကောင်းသောကိစ္စများကို လုပ်ဖို့ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများအတိုင်း ကိစ္စများကို ကိုင်တွယ်ဖို့ လူအချို့ကို သင်မေးသောအခါ ၎င်းတို့၏အသိစိတ်သည် ၎င်းတို့အပေါ်တွင် အကျိုးသက်ရောက်မှုမရှိပေ။ မှန်ကန်သည်ဟု ၎င်းတို့သိထားသည့်အရာကို လုပ်ရမည့်အစား ၎င်းတို့နှစ်သက်သလိုသာ လုပ်ကြသည်။ ၎င်းတို့သည် အတင်းအဖျင်းပြောဖို့၊ တစ်ပါးသူတို့ကို ဝေဖန်အပြစ်တင်ဖို့နှင့် အခြားသူများကို မြှောက်ပင့်ဖို့ သို့မဟုတ် ဖော်လံဖားဖို့ ဆန္ဒရှိကြသည်။ ထို့အပြင် ၎င်းတို့သည် ဤအရာများကို တုံ့ဆိုင်းခြင်းမရှိဘဲ လုပ်ကြသည်။ သင်တို့သည် မည်သည့်လူစားမျိုးဖြစ်ကြသနည်း။ (ကျွန်ုပ်သည် လူ့အကြိုက်လိုက်သူတစ်ဦးဟု ထင်သည်။) လူ့အကြိုက်လိုက်သူများသည် ၎င်းတို့၏အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ဖြင့် ချုပ်တည်းသလော။ ၎င်းတို့သည် အမှားနှင့် အမှန်ကြားက ကွာခြားချက်ကို ခွဲခြားသိမြင်နိုင်သလော။ (လူ့အကြိုက်လိုက်သူများသည် မည်သူက မှန်ပြီး မည်သူက မှားသည်ကို အမှန်တကယ် ပြောနိုင်သည်ဟု ကျွန်ုပ် ထင်သည်၊ သို့သော် ၎င်းတို့တွင် တရားမျှတစိတ်မရှိပေ၊ အသင်းတော်၏အလုပ်ကို မကာကွယ်ပေ၊ ထို့အပြင် စာတန်ဆန်သော အတွေးအခေါ်များဖြင့် အတန်အသင့် ပြင်းထန်သောအဆင့်တစ်ခုအထိ ရောက်အောင် လွှမ်းမိုးခြင်း ခံထားရသည်။ ဥပမာအနေဖြင့် တစ်ခုခုအကြောင်း တစ်စုံတစ်ယောက်က ကျွန်ုပ်ကို မေးသောအခါ ကျွန်ုပ်က ထိုနေရာတွင် မရှိသောအခြားလူတစ်ဦးကို ရည်ညွှန်းပါက ကျွန်ုပ်သည် ရိုးသားစွာ စကားပြောနိုင်သည်၊ သို့သော် အကယ်၍ ၎င်းတို့က ထိုနေရာတွင် ရှိနေပါက ကျွန်ုပ် ချုပ်တည်းထားပြီး တိုက်ရိုက်မပြောတော့ပါ။) လူများစွာတို့သည် သမ္မာတရားကို မချစ်သော်လည်း သို့မဟုတ် ၎င်းကို မလိုက်စားသော်လည်း စင်စစ်အားဖြင့် ၎င်းတို့တွင် ၎င်းတို့၏ အမျိုးမျိုးသောအခြေအနေများကို နားလည်ခြင်းအချို့ရှိကြသည်။ သင်သည် သမ္မာတရားကို ချစ်၊ မချစ် သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဆိုသည့်အကြောင်းကို လောလောဆယ်တွင် မေ့ထားလော့။ ပထမဦးစွာ သင်အမျိုးအစား ခွဲခြားနိုင်သည့် သင်၏ထိုဖောက်ပြန်ပျက်စီးသည့်အခြေအနေများကို တဖြည်းဖြည်း တိုးတက်ဖို့နှင့် ပြောင်းလဲဖို့ ကြိုးစားကြည့်လော့။ ထိုနည်းဖြင့် သင်သည် လမ်းကြောင်းမှန်ပေါ်သို့ ဖြည်းဖြည်းချင်း ရောက်လာလိမ့်မည်။ သင်သတိပြုမိသည့်အရာများကို ပြောင်းလဲခြင်းဖြင့် စတင်လော့။ ဆိုလိုသည်မှာ သင်၏အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့က သိမြင်နိုင်သည့်အရာများ သို့မဟုတ် မမှန်ကန်သည့် အခြေအနေများ၊ အဆိုပြုချက်များ၊ စိတ်ကူးအကြံအစည်များနှင့် သင့်စိတ်က သိနိုင်ပြီး အမျိုးအစားခွဲခြားနိုင်သောအမြင်များ စသဖြင့် ဖြစ်သည်။ သင်သတိပြုခံစားမိနိုင်သည့် ဤအရာများကို ပြောင်းလဲခြင်းဖြင့် စတင်လော့။ အကယ်၍ သင်သည် ဤအရာများကို ပြောင်းလဲနိုင်ပါက သင်သည် တော်တော်များများကို ရပြီးဖြစ်လိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ယောက်ဖြစ်လိမ့်မည်၊ သင်သည် ယုတ္တိရှိရှိ ပြုမူလိမ့်မည်။ သင်၏ကိုယ်ပိုင် မမှန်ကန်သောအခြေအနေများကို ကောင်းစွာ သိမြင်နိုင်လိမ့်မည်၊ ထို့အပြင် သမ္မာတရားရဖို့ ကြိုးပမ်းနိုင်လိမ့်မည်။ ဤနည်းဖြင့် သင်သည် အမှုကိစ္စများကို စည်းမျဉ်းများဖြင့်ကိုင်တွယ်နိုင်လိမ့်မည်၊ ပြီးလျှင် သမ္မာတရားစစ်မှန်မှုများအတွင်းသို့ ဝင်ရောက်နိုင်လိမ့်မည်။ ထို့နောက်တွင် သင်၏တာဝန်ကို စံချိန်မီမီ ထမ်းဆောင်နိုင်လိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး သင်၏တာဝန်တွင် လက်တွေ့ကျသောပြဿနာများကို ဖြေရှင်းနိုင်ပါက သင်သည် ပို၍နည်းနည်းလာသော အခက်အခဲများကို ရင်ဆိုင်လာရလိမ့်မည်။ ဥပမာအနေဖြင့် ယခင်က သင့်ကို လွတ်လပ်စွာ စကားပြောခြင်းမှ ဟန့်တားနေခဲ့သည့် အရာတစ်ခု သင်၏စိတ်နှလုံးထဲတွင် အစဉ်သဖြင့် ရှိနေခဲ့သောကြောင့် သင်သည် အခြားသူများထံတွင် သင်မြင်ခဲ့သည့်ပြဿနာများကို တိုက်ရိုက် မထောက်ပြခဲ့ဟု ဆိုကြပါစို့။ ထိုအစား သင်သည် ကြားကောင်းသည့် စကားလုံးများဖြင့် အစဉ်သဖြင့် ဝေ့လည်ကြောင်ပတ် လုပ်သည်။ အကြောင်းမှာ သင်သည် အခြားသူများကို ထိခိုက်နာကျင်အောင်လုပ်မိမည်ကို ကြောက်ရွံ့ခဲ့သောကြောင့်ဖြစ်သည်။ ထို့အပြင် မာန၊ ခံစားချက်များနှင့် လူအချင်းချင်း ဆက်ဆံရေးများအတွက် အမြဲ စိုးရိမ်ခဲ့သောကြောင့်ဖြစ်သည်။ ယခုတွင်မူ သင်သည် ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ပေ။ ပြဿနာတစ်ခုရှိသောအခါ သင်သည် ယင်းနှင့်ပတ်သက်၍ တိုက်ရိုက် ရှင်းလင်းပြတ်သားစွာ ပြောသည်။ ထို့အပြင် သင်သည် အခြားသူများ၏ပြဿနာများကို ထောက်ပြနိုင်ပြီး သင်၏တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသည်။ သင်၏စိတ်နှလုံးထဲတွင် စိုးရိမ်မှုများ သို့မဟုတ် အခက်အခဲများ မရှိတော့ပေ။ ထို့အပြင် သင်ပါးစပ်ဟလိုက်သောအခါ အခြားအကြောင်းအရင်း တစ်ခုခု၏ ထိခိုက်ခြင်းဖြစ်စေ၊ ဘောင်ခတ်ခြင်းဖြစ်စေ မခံရဘဲ သင်သည် စိတ်နှလုံးထဲမှနေ၍ တိုက်ရိုက် စကားပြောနိုင်ပြီဖြစ်သည်။ ယခုအခါတွင် သင်သည် သင်လုပ်သည့်အရာတွင် စည်းမျဉ်းများကို သင်လိုက်လျှောက်ရမည်၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များနှင့်အညီ သင်နေထိုင်၍ မဖြစ်သည့်အပြင် သင်၏မာနကို သင်သည် ဘေးဖယ်ထားရမည်ဖြစ်ပြီး စည်းမျဉ်းများကို ဆုပ်ကိုင်ထားရမည်ဟု သင်သိသည်။ ဤအရာများသည် ပို၍ပို၍ ရှင်းလင်းလာပြီး သင်၏မာနသည် သင့်အပေါ်တွင် အလွန် ပြင်းထန်သော အကျိုးသက်ရောက်မှုတစ်ခု ရှိတော့မည်မဟုတ်ပေ။ ထို့အပြင် သင်၏မာန သို့မဟုတ် ခံစားချက်များ၏ ဘောင်ခတ်ခံရခြင်းမရှိတော့ဘဲ သင် စကားပြောနိုင်လာသည်။ တရားမျှတသောစကားလုံးအချို့ကို သင်ပြောနိုင်လာပြီး သင်၏စိတ်နှလုံးထဲတွင် ကသိကအောက်နိုင်မှုကို မခံစားရတော့ပေ။ တစ်နည်းဆိုရလျှင် သင့်ကို အနှောင့်အယှက် ပေးနိုင်သောအရာများ ပို၍နည်းနည်းလာသည်။ သင်သည် ၎င်းတို့ကို ထိုးဖောက်ကျော်လွှားနိုင်သည်၊ ၎င်းတို့ကို လက်လွှတ်နိုင်သည်၊ ထို့အပြင် ၎င်းတို့၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်လာသည်။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများအတိုင်း အလုပ်လုပ်၍ စကားပြောဆိုသောအခါ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ ထို့အပြင် သင်၏စိတ်နှလုံးသည် ဆင်းရဲဒုက္ခကို ခံရတော့မည်မဟုတ်ပေ။ ထိုအစား ဤအရာက လုံးလုံးလျားလျား သဘာဝကျမှုကို ခံစားရစေလိမ့်မည်၊ သင်၏အသိစိတ်သည် ငြိမ်းချမ်းနေလိမ့်မည်၊ ထို့အပြင် သင်၏လုပ်ရပ်များသည် ၎င်းတို့ဖြစ်သင့်သည့်အတိုင်း ကွက်တိဖြစ်နေသည့်အလား သင်ခံစားရလိမ့်မည်။ သင်၏မျက်နှာအမူအရာနှင့် လုပ်ရပ်များသည် သဘာဝကျနေလိမ့်မည်ဖြစ်ပြီး သင်၏အခက်အခဲများသည် အသေးအဖွဲသာဖြစ်နေလိမ့်မည်။ ဤသည်က အပြောင်းအလဲမဟုတ်ဘူးလော။
လူတို့၏ အပြုအမူနှင့် ကမ္ဘာလောကကို ဆက်ဆံသည့်နည်းလမ်းများသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံရမည်။ ဤသည်မှာ လူသား၏ ပြုမူနေထိုင်ခြင်းအတွက် အခြေခံအကျဆုံး စည်းမျဉ်း ဖြစ်သည်။ လူတို့သည် လူသား၏ ပြုမူနေထိုင်ခြင်း စည်းမျဉ်းများကို နားမလည်လျှင် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အနှစ်မရှိသော စကားလုံးများကို ပြောဆိုခြင်း သို့မဟုတ် ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်း မဟုတ်ပေ။ ထိုအစား လူများသည် ဘဝတွင် မည်သည့်အရာကို တွေ့ကြုံရပါစေ လူသား၏ ပြုမူနေထိုင်မှုဆိုင်ရာ စည်းမျဉ်းများ၊ အမှုကိစ္စများအပေါ် ၎င်းတို့၏ အမြင်ရှုထောင့်များ၊ သို့မဟုတ် မိမိတို့၏ တာဝန်များ ထမ်းဆောင်ခြင်းကိစ္စ ပါဝင်နေသရွေ့ ၎င်းတို့သည် ရွေးချယ်မှုတစ်ခု ပြုလုပ်ခြင်းကို ရင်ဆိုင်ရပြီး သမ္မာတရားကို ၎င်းတို့ ရှာဖွေသင့်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲ၌ အခြေခံအကြောင်းရင်းနှင့် စည်းမျဉ်းများကို ရှာဖွေသင့်သည်။ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ၎င်းတို့ ရှာဖွေသင့်သည်။ ဤနည်းအားဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည့် ထိုလူများသည် သမ္မာတရားကို လိုက်စားသူများဖြစ်သည်။ မည်မျှကြီးမားသော အခက်အခဲဖြင့် ကြုံရပါစေ ဤနည်းအားဖြင့် သမ္မာတရားကို လိုက်စားနိုင်ခြင်းသည် ပေတရု၏ လမ်းကြောင်းနှင့် သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်။ ဥပမာအနေဖြင့် အခြားသူများနှင့် ဆက်ဆံသည့်အခါ မည်သည့်စည်းမျဉ်းကို လိုက်နာသင့်သနည်း။ သင်၏ နဂိုမူလအမြင်က “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်။ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်” နှင့် လူတိုင်းက အကောင်းမြင်အောင် မပြတ်လုပ်ဆောင်သင့်သည်၊ အခြားလူများအား သိက္ခာကျစေခြင်းကို ရှောင်ကြဉ်သင့်ပြီး မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မပေးသင့်၊ ဤနည်းအားဖြင့် အခြားလူများနှင့် ကောင်းသော ဆက်ဆံရေးကို ရရှိသင့်သည်ဟု ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤအမြင်၏ ထိန်းချုပ်ခြင်းကို ခံရပြီး သင်သည် အခြားလူများက မကောင်းသောအရာများ လုပ်ဆောင်သည်ကိုဖြစ်စေ၊ စည်းမျဉ်းများ ချိုးဖောက်သည်ကိုဖြစ်စေ မျက်မြင် မြင်တွေ့သောအခါတွင် ဆက်လက်၍ တိတ်ဆိတ်နေလေသည်။ လူတစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခြင်းထက် အသင်းတော်၏အလုပ် ဆုံးရှုံးမှုများ ခံစားရဖို့ကို သင်ပိုလိုလားသည်။ ၎င်းတို့က မည်သူဖြစ်နေပါစေ လူတိုင်းက သင့်ကို အကောင်းမြင်နေအောင် သင်ကြိုးစားသည်။ သင်စကားပြောသောအခါ လူတို့၏ တွယ်တာမှုများနှင့် သိက္ခာဆည်ခြင်းအကြောင်းတို့ကိုသာ သင်စဉ်းစားသည်၊ ထို့အပြင် အခြားလူများ စိတ်ကျေနပ်စေဖို့ နားထောင်၍ကောင်းသော စကားလုံးများကို အမြဲတမ်း သင်ပြောသည်။ အကယ်၍ လူတစ်ယောက်တွင် ပြဿနာများ ရှိနေသည်ကို သင် သိရှိလျှင်ပင် ၎င်းတို့ကို သင် သည်းခံဖို့ ရွေးချယ်သည့်အပြင် ၎င်းတို့၏ရှေ့တွင် မပြောဘဲ နောက်ကွယ်တွင် ၎င်းတို့အကြောင်း မကောင်းပြောရုံသာပြောကာ ငြိမ်းချမ်းရေးကို ဆက်ထိန်းထားပြီး သင်၏ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ဤကဲ့သို့ ပြုမူနေထိုင်ခြင်းကို သင်မည်သို့ထင်သနည်း။ ယင်းမှာ လူ့အကြိုက်လိုက်သူတစ်ဦး၏ အပြုအမူမျိုး မဟုတ်လော။ ယင်းက အတော်အတန် စိတ်မချရဖြစ်သည် မဟုတ်လော။ ယင်းက လူသား၏ ပြုမူနေထိုင်ခြင်းစည်းမျဉ်းများကို ချိုးဖောက်သည်။ ထိုကဲ့သို့သောပုံစံမျိုးဖြင့် ပြုမူနေထိုင်ခြင်းသည် အောက်တန်းကျသည် မဟုတ်လော။ ဤကဲ့သို့ပြုမူသောသူများသည် လူကောင်းများ မဟုတ်ကြပေ။ ဤသည်မှာ လူတစ်ဦးအနေဖြင့် ဂုဏ်သရေရှိသော ပြုမူနေထိုင်နည်းတစ်ခု မဟုတ်ပေ။ သင်သည် ဒုက္ခဆင်းရဲ မည်မျှများများ ခံရပြီးဖြစ်နေပါစေ၊ သင်သည် အဖိုးအခ မည်မျှများများ ပေးဆပ်ခဲ့ပြီးဖြစ်နေပါစေ အကယ်၍ သင်သည် စည်းမျဉ်းများမရှိဘဲ ပြုမူနေထိုင်ပါက ဤအချက်တွင် သင်ကျရှုံးခဲ့ပြီဖြစ်သည်။ ထို့အပြင် သင်၏ အပြုအမူအနေအထိုင်သည် ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အသိအမှတ်ပြုခံရလိမ့်မည် မဟုတ်၊ အောက်မေ့သတိရခြင်း ခံရမည်မဟုတ် သို့မဟုတ် လက်ခံခြင်းခံရလိမ့်မည် မဟုတ်ချေ။ ဤပြဿနာကို သဘောပေါက်သွားသောအခါ သင်သည် စိတ်သောကရောက်ခြင်းကို ခံစားရသလော။ (ခံစားရပါသည်။) ဤစိတ်သောကရောက်ခြင်းက မည်သည့်အရာကို သက်သေပြသနည်း။ ယင်းက သင်သည် သမ္မာတရားကို ချစ်နေသေးကြောင်းနှင့် သင့်တွင် သမ္မာတရားကို ချစ်သောစိတ်နှလုံးတစ်ခုနှင့် သမ္မာတရားကို ချစ်ဖို့ ဆန္ဒတစ်ခုတို့ ရှိကြောင်းကို သက်သေပြသည်။ ယင်းက သင်၏အသိစိတ်တွင် အသိရှိနေဆဲဖြစ်ကြောင်းနှင့် သင်၏အသိစိတ်သည် အကုန်အစင် သေဆုံးမသွားကြောင်းတို့ကို သက်သေပြသည်။ သင်သည် မည်မျှနက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေပါစေ၊ သို့မဟုတ် သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မည်မျှများများ ရှိနေပါစေ သင်၏လူ့သဘာဝတွင် သင်သည် သမ္မာတရားနှင့် အပြုသဘောဆောင်သည့် အရာများကို ချစ်သော အနှစ်သာရတစ်ခု ရှိနေသေးသည်။ သင့်တွင် သတိပြုမိခြင်း ရှိနေသေးသရွေ့၊ သင်၏လူ့သဘာဝ၊ စိတ်သဘောထားများ၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်ကို သင်ဆက်ဆံသည့်ပုံတို့နှင့်ပတ်သက်၍ မည်သည့်ပြဿနာများ ရှိနေသည်ကို သိနေသေးသရွေ့၊ ထို့အပြင် သင်၏စကားများနှင့် လုပ်ရပ်များက အမြင်များ၊ ရပ်တည်ချက်များနှင့် သဘောထားများနှင့် ပတ်သက်လာသောအခါတွင် သင့်တွင် အသိပင်ရှိနေသေးပြီး သင်၏အမြင်များသည် မှားယွင်းနေကြောင်း၊ ယင်းတို့သည် သမ္မာတရားနှင့်ဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ဖြစ်စေ မကိုက်ညီကြောင်းတို့ကို သဘောပေါက်နိုင်သော်လည်း ယင်းတို့ကို လက်လွှတ်ဖို့မှာ မလွယ်ကူသည့်အပြင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်သော်လည်း ထိုသို့လက်တွေ့လုပ်ဆောင်ဖို့ မတတ်နိုင်ဘဲ သင်၏စိတ်နှလုံးသည် ရုန်းကန်လှုပ်ရှားနေရသည်၊ နာကျင်နေပြီး ညှဉ်းဆဲခံနေရသည့်အပြင် သင်သည် အကြွေးတင်နေသလို ခံစားနေရသရွေ့ ဤသည်မှာ အပြုသဘောဆောင်သောအရာများကို ချစ်သောလူ့သဘာဝ၏ သရုပ်သကန်တစ်ခုဖြစ်သည်။ ဤသည်မှာ အသိစိတ်ကို သတိပြုမိနေခြင်းဖြစ်သည်။ အကယ်၍ သင်၏လူ့သဘာဝတွင် အသိစိတ်ကို သတိပြုမိနေပါက၊ ထို့အပြင် သမ္မာတရားနှင့် အပြုသဘောဆောင်သည့်အရာများကို ချစ်သည့် အရာ၏ တစ်စိတ်တစ်ပိုင်းရှိနေပါက သင့်တွင် ဤခံစားချက်များ ရှိနေလိမ့်မည်။ ဤခံစားချက်များ ရှိခြင်းက သင့်တွင် အပြုသဘောဆောင်သည့် အရာများနှင့် အပျက်သဘောဆောင်သည့် အရာများအကြား ခွဲခြားသိမြင်နိုင်စွမ်းရှိကြောင်းနှင့် ဤအရာများအပေါ် အလေးမထားသည့် သို့မဟုတ် စိတ်မဝင်စားသည့် သဘောထားတစ်ခု မရှိကြောင်းတို့ကို သက်သေပြသည်။ သင်သည် မထုံထိုင်းပေ သို့မဟုတ် အသိမရှိခြင်း မဟုတ်ပေ။ ထိုအစား သင့်တွင် အသိရှိသည်။ ထို့အပြင် သင့်တွင် အသိရှိသောကြောင့် အမှန်နှင့် အမှားအကြားနှင့် အပြုသဘောဆောင်သည့်အရာများနှင့် အပျက်သဘောဆောင်သည့်အရာများအကြား ခွဲခြားသိမြင်နိုင်စွမ်းကို သင်ပိုင်ဆိုင်သည်။ အကယ်၍ သင့်တွင် သတိပြုမိခြင်းနှင့် ဤစွမ်းရည် ရှိလျှင် ဤအပျက်သဘောဆောင်သည့်အရာများ၊ ဤမှားယွင်းသည့်အမြင်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မုန်းတီးဖို့ သင့်အတွက် လွယ်ကူလိမ့်မည် မဟုတ်လော။ ယင်းက အတော်အတန် လွယ်ကူလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်ပါက လူ့ဇာတိ၏ကိစ္စများနှင့် အပျက်သဘောဆောင်သည့်အရာများကို လုံးဝအသေအချာ မုန်းတီးနိုင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်တွင် ကိစ္စများ၏ အနည်းဆုံးနှင့် အခြေခံအကျဆုံးဖြစ်သည့် အသိစိတ်ကို သတိပြုမိခြင်းအား ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ မည်သည့်အရာက မှန်သည်နှင့် မည်သည့်အရာက မှားသည်ဆိုသည်တို့အကြား ခွဲခြားနိုင်စွမ်းရှိခြင်းနှင့် အပြုသဘောဆောင်သည့်အရာများကို ချစ်ခြင်းနှင့်ပတ်သက်လာပါက တရားမျှတစိတ် ရှိခြင်းတို့ကဲ့သို့ပင် အသိစိတ်ကို သတိပြုမိခြင်းသည် အလွန်အဖိုးထိုက်တန်သည်။ ဤအရာသုံးခုတို့သည် ပုံမှန်လူ့သဘာဝတွင် နှစ်လိုဖွယ်အကောင်းဆုံးနှင့် အဖိုးအတန်ဆုံးသောအရာများ ဖြစ်ကြသည်။ အကယ်၍ ဤအရာသုံးခုတို့ကို သင်ပိုင်ဆိုင်ပါက သင်သည် သမ္မာတရားကို လုံးဝအသေအချာ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ အကယ်၍ သင့်တွင် ဤအရာများအနက်မှ တစ်ခုမျှသာ သို့မဟုတ် နှစ်ခုမျှသာ ရှိလျှင်ပင် သမ္မာတရားအချို့ကို သင်သည် လက်တွေ့လုပ်ဆောင်နိုင်ဆဲ ဖြစ်လိမ့်မည်။ အသိစိတ်ကို သတိပြုမိခြင်းကို ငါတို့ တစ်ချက်ကြည့်ကြည့်ကြပါစို့။ ဥပမာအနေဖြင့် အကယ်၍ သင်သည် အသင်းတော်၏အမှုကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် ဆိုးယုတ်သောလူတစ်ဦးနှင့် ကြုံရပါက ထိုသူကို ခွဲခြားသိမြင်နိုင်လိမ့်မည်လော။ သင်သည် သိသာထင်ရှားသည့် ဒုစရိုက်အမှုများကို ရွေးထုတ်နိုင်သလော။ မှန်ပေသည်၊ သင်ရွေးထုတ်နိုင်သည်။ ဆိုးယုတ်သောလူများသည် မကောင်းသောအရာများကို လုပ်ဆောင်ကြပြီး ကောင်းသောလူများသည် ကောင်းသောအရာများကို လုပ်ဆောင်ကြသည်။ သာမန်လူသည် တစ်ချက်ကြည့်ရုံဖြင့် ကွာခြားချက်ကို သိမြင်နိုင်သည်။ အကယ်၍ အသိစိတ်ကို သတိပြုမိခြင်းကို သင်ပိုင်ဆိုင်ပါက သင့်တွင် ခံစားချက်များနှင့် အမြင်များရှိလိမ့်မည် မဟုတ်လော။ အကယ်၍ သင်တို့တွင် အမြင်များနှင့် ခံစားချက်များရှိပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် အခြေခံအကျဆုံး အခြေအနေများအနက်မှ တစ်ခုကို ပိုင်ဆိုင်ပြီဖြစ်သည်။ အကယ်၍ သင်သည် ဤလူက မကောင်းမှုလုပ်နေခြင်းဖြစ်သည်ဟု သိမြင်နိုင်ပြီး ခံစားနိုင်ပါက၊ ထို့အပြင် သင်သည် ယင်းကို ပိုင်းခြားသိမြင်နိုင်ပြီးနောက် ထိုလူကို ဖော်ထုတ်နိုင်ကာ ဤကိစ္စအပေါ် ပိုင်းခြားသိမြင်ဖို့ ဘုရားသခင်က ရွေးချယ်ထားသောလူများကို ထောက်ကူပေးနိုင်ပါက ပြဿနာသည် ပြေလည်လိမ့်မည်မဟုတ်လော။ ဤအရာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများကို ကိုင်စွဲထားခြင်း မဟုတ်လော။ ဤနေရာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် မည်သည့်နည်းလမ်းများကို သုံးသနည်း။ (ထုတ်ဖော်ခြင်း၊ တိုင်ကြားခြင်းနှင့် မကောင်းမှု ပြုလုပ်ခြင်းကို ဟန့်တားခြင်းတို့ ဖြစ်ပါသည်။) မှန်ပေသည်။ ဤနည်းအတိုင်း ပြုမူခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့အပြင် ဤအရာကို လုပ်ဆောင်ခြင်းဖြင့် သင်၏တာဝန်များကို သင်သည် ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ အကယ်၍ သင်သည် ဤကဲ့သို့သောအခြေအနေများနှင့် ကြုံရသောအခါ သင်နားလည်သော သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူနိုင်ပါက ဤအရာသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်၊ ဤအရာသည် အမှုကိစ္စများကို စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် အကယ်၍ သင်သည် အသိစိတ်ကို သတိပြုမိခြင်းကို မပိုင်ဆိုင်ခဲ့ဘဲ ဆိုးယုတ်သောလူများက မကောင်းမှုလုပ်နေသည်ကို သင်မြင်ခဲ့ပါက သင်သည် ဤအရာကို သတိမူမိခဲ့လိမ့်မည်လော။ (ကျွန်ုပ်သည် သတိမူမိခဲ့မည် မဟုတ်ပါ။) ပြီးလျှင် သတိမူမိခြင်း မရှိသောလူများသည် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကို တွေးထင်ကြမည်နည်း။ “အဲဒီလူက မကောင်းမှုလုပ်ရင် ငါနဲ့ဘာဆိုင်လို့လဲ။ သူတို့က ငါ့ကို ထိခိုက်နေတာ မဟုတ်ဘူး၊ ဒါဆို ငါက သူတို့ကို ဘာကြောင့် စိတ်အနှောင့်အယှက်ပေးရမလဲ။ ဒါက လုပ်ဖို့ တကယ်ကို လိုအပ်လို့လား။ ဒီလိုလုပ်တာကနေ ငါ့အတွက် ဘယ်လိုအကျိုးရှိမလဲ” ဟူ၍ တွေးကြသည်။ ဤကဲ့သို့သောလူများသည် ဆိုးယုတ်သောလူများ မကောင်းမှုလုပ်ခြင်းကို ထုတ်ဖော်သလော၊ တိုင်ကြားသလော၊ ပြီးလျှင် တားဆီးသလော။ သေချာပေါက် မလုပ်ပေ။ ၎င်းတို့သည် သမ္မာတရားကို နားလည်သော်လည်း ယင်းကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ထိုကဲ့သို့သောလူများတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိကြသလော။ ၎င်းတို့တွင် အသိစိတ်ရော၊ ဆင်ခြင်တုံတရားပါ မရှိကြချေ။ အဘယ်ကြောင့် ငါသည် ဤအရာကို ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို နားလည်သော်လည်း ယင်းကို လက်တွေ့မလုပ်ဆောင်ကြချေ။ ဆိုလိုသည်မှာ ၎င်းတို့တွင် အသိစိတ်ဖြစ်စေ၊ ဆင်ခြင်တုံတရားဖြစ်စေ မရှိကြပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်နေကြခြင်းဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ မထိခိုက်အောင် ကာကွယ်ခြင်းအပေါ်တွင်သာ ၎င်းတို့ အာရုံစိုက်ကြသည်။ အသင်းတော်၏အလုပ်က ဆုံးရှုံးမှုများ ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အကျိုးစီးပွားများ ပျက်စီးဆုံးရှုံးမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့ အလေးထားခြင်း မရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ဖို့ကိုသာ ကြိုးစားကြသည်။ ထို့အပြင် အကယ်၍ ပြဿနာများကို ၎င်းတို့ ရှာဖွေတွေ့ရှိပါက ယင်းတို့ကို လျစ်လျူရှုကြသည်။ တစ်ယောက်ယောက်က မကောင်းမှု ကျူးလွန်နေခြင်းကို ၎င်းတို့ တွေ့မြင်သည့်အချိန်တွင်ပင် ၎င်းတို့သည် ယင်းကို မမြင်ချင်ယောင်ဆောင်ကြပြီး ယင်းက ၎င်းတို့၏ အကျိုးစီးပွားများကို မထိခိုက်သရွေ့ အဆင်ပြေသည်ဟု တွေးထင်ကြသည်။ အခြားလူများက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းက ၎င်းတို့၏ ကိစ္စမဟုတ်သယောင် ထင်ရသည်။ ၎င်းတို့တွင် တာဝန်သိစိတ်ကို မခံစားရချေ၊ ထို့အပြင် ၎င်းတို့၏အသိစိတ်များက ၎င်းတို့အပေါ် အကျိုးသက်ရောက်မှုတစ်စုံတစ်ရာ မရှိပေ။ ဤသရုပ်သကန်များအပေါ် မူတည်၍ ဤလူများတွင် လူ့သဘာဝရှိကြသလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့်လူတစ်ယောက်သည် လူ့သဘာဝ မရှိသည့်လူတစ်ယောက် ဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့်လူများသည် အားလုံး ဆိုးယုတ်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် လူသားများအဖြစ် ရုပ်ဖျက်ဟန်ဆောင်ထားကြသော မကောင်းသည့်အရာမျိုးစုံကို လုပ်ဆောင်နိုင်စွမ်းရှိသည့် လူ့တိရစ္ဆာန်များ ဖြစ်ကြသည်။
အသိစိတ်ကို သတိပြုမိခြင်းကို မပိုင်ဆိုင်သော လူတစ်ယောက်သည် ကောင်းမှုများနှင့် ဆိုးယုတ်သောအရာများကို ပိုင်းခြားသိမြင်နိုင်သလော။ ၎င်းတို့တွင် အမှန်နှင့်အမှား၊ သို့မဟုတ် မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်း အယူအဆ တစ်စုံတစ်ရာ ရှိကြသလော။ (၎င်းတို့တွင် မရှိကြပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် အခြားလူများကို ချဉ်းကပ်ကြသနည်း။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ၎င်းတို့ မည်သို့ရှုမြင်ကြသနည်း။ လူသားမျိုးနွယ်အားလုံးသည် အတော်အတန် ဆိုးကြသည်ဟုလည်းကောင်း၊ ၎င်းတို့ကိုယ်တိုင်သည် လူသားမျိုးနွယ်အကြားတွင် အဆိုးဆုံး မဟုတ်ကြဟုလည်းကောင်း၊ လူအများစုသည် ၎င်းတို့ထက် ပို၍ဆိုးကြသည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ အကယ်၍ လူများတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိရမည် ဖြစ်ကြောင်းနှင့် လူများသည် ကောင်းမှုများကို ပြင်ဆင်သင့်ကြောင်း ၎င်းတို့ကို သင် ပြောပါက ထိုအရာသည် မုသားတစ်ခုဖြစ်ပြီး ယင်းကို မယုံကြည်ကြဖို့ ၎င်းတို့က ပြောကြလိမ့်မည်။ အသိစိတ်ကို သတိပြုမိခြင်းအား မပိုင်ဆိုင်ကြသည့် ဤကဲ့သို့သောလူများသည် ထိုအကြောင်းကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အဓိပ္ပာယ်နှင့် တန်ဖိုးကို မည်သည့်အခါမျှ သိကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဤလူစားမျိုးကို သမ္မာတရားကို ချစ်ခိုင်းဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ၎င်းတို့၏ သဘာဝအနှစ်သာရအတွင်းတွင် သမ္မာတရားကို ချစ်သည့်အရာတစ်ခုမျှ မရှိသောကြောင့် ၎င်းတို့သည် မည်သည့်အခါမျှ သမ္မာတရားကို ချစ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။ ဤလူစားမျိုးသည် သမ္မာတရားက မည်သည့်အရာ ဖြစ်သည်၊ ကောင်းသောအရာက မည်သည့်အရာ ဖြစ်သည်၊ သို့မဟုတ် မကောင်းမှုက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို မည်သည့်အခါမျှ နားလည်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့၏စိတ်ထဲတွင် အပြုသဘောဆောင်သောအရာများသည် အပျက်သဘောဆောင်ကြပြီး အပျက်သဘောဆောင်သော အရာများသည် အပြုသဘောဆောင်ကြသည်။ အယူအဆနှစ်မျိုးတို့သည် အတူတကွ မပြတ်မသား ဖြစ်နေကြသည်။ မည်သည့်စည်းမျဉ်းများအပေါ်တွင် ၎င်းတို့၏လုပ်ရပ်များကို ၎င်းတို့သည် အခြေခံကြသနည်း။ ၎င်းတို့သည် အမှန်နှင့်အမှား၊ သို့မဟုတ် အကောင်းနှင့်အဆိုးတို့အကြား ခွဲခြား၍ မသိမြင်ကြပေ။ ထို့အပြင် ၎င်းတို့သည် ဒဏ်ခတ်ခံရခြင်း သို့မဟုတ် အကျိုးခံစားရခြင်းတို့အကြောင်း ဂရုမစိုက်ကြပေ။ ၎င်းတို့လုပ်သမျှ သို့မဟုတ် ပြောသမျှသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးကျေးဇူးအတွက် ဖြစ်ဖို့သာ လိုအပ်သည်။ ၎င်းတို့၏အမြင်ရှုထောင့်များအတွက်မူ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ကိုက်ညီဖို့ လိုအပ်သည်နှင့်အညီ ၎င်းတို့၏ပတ်ဝန်းကျင်နှင့်အညီ ယင်းတို့ကို ပြောင်းလဲလိုက်ကြသည်။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များနှင့် လိုအင်ဆန္ဒများကို ၎င်းတို့ ရရှိပြီးသည်အထိ ၎င်းတို့၏ အကျိုးစီးပွားများကို ထောက်ကူပေးမည့် ထင်မြင်ချက်များကို ၎င်းတို့ ဆုပ်ကိုင်ထားသည်။ ဤလူ့သဘာဝမျိုးဖြင့်လူတစ်ဦး၊ ဤသဘာဝအနှစ်သာရဖြင့်လူတစ်ဦးအတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အလို့ငှာ လူတစ်ဦးသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ (အသိစိတ်ကို သတိပြုမိခြင်း၊ အမှန်နှင့်အမှားအကြား ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် တရားမျှတမှုနှင့် အပြုသဘောဆောင်သောအရာများအတွက် ချစ်သော စိတ်နှလုံးတစ်ခုတို့ ဖြစ်ပါသည်။) ဤအရာများအနက်မှ မည်သည့်အရာကို သင်တို့ ပိုင်ဆိုင်ကြသနည်း။ ဤအရာသုံးခုအနက်မှ အမှန်နှင့်အမှားအကြား ပိုင်းခြားသိမြင်နိုင်စွမ်းကို ရရှိခြင်းနှင့် တရားမျှတမှုနှင့် အပြုသဘောဆောင်သောအရာများကို ချစ်ခင်နှစ်သက်လာခြင်းတို့သည် အနည်းငယ် အားသွန်ခွန်စိုက် လုပ်ရနိုင်သည်။ ဤအရာနှစ်ခုတို့သည် သမ္မာတရားကို မချစ်သောသူများအတွက် ရယူဖို့ အလွန်ခက်ခဲသည်။ သို့ရာတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိသောလူများသည် အနည်းဆုံးအနေဖြင့် ၎င်းတို့၏အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့်အညီ ကိစ္စများကို လုပ်ရမည်၊ အနိမ့်ဆုံးအနေဖြင့် အခြားလူများကို မထိခိုက်ရ၊ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အခြားသူများကို ထိခိုက်နာကျင်မှုမဖြစ်စေရ၊ ထို့အပြင် မကောင်းမှု မလုပ်ရ သို့မဟုတ် ယုတ္တိမတန်သည့် လွန်လွန်ကဲကဲ ကိစ္စများကို မလုပ်ရ။ ထိုနည်းဖြင့် ၎င်းတို့၏အသိစိတ်သည် လိပ်ပြာသန့်နိုင်သည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်အပေါ် အမှန်တကယ် ယုံကြည်ပါက ၎င်းတို့သည် အနည်းဆုံး ရိုးသားရမည်။ ထို့အပြင် ၎င်းတို့လုပ်သမျှ အရာတိုင်းတွင် ၎င်းတို့၏အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့်အညီ ဖြစ်ရမည်။ ဤအရာများသည် လူကောင်းတစ်ယောက် ဖြစ်ခြင်းအတွက် စံနှုန်းများဖြစ်ကြသည်။ အကယ်၍ ၎င်းတို့တွင် အစွမ်းအစ အနည်းငယ်ရှိပြီး သမ္မာတရားကို နားလည်သဘောပေါက်နိုင်ပါက ပို၍ပင် ကောင်းသည်။ ထိုအခါတွင် ၎င်းတို့သည် ၎င်းတို့လုပ်သမျှအရာတိုင်းတွင် သမ္မာတရားကို ရှာဖွေနိုင်ပြီး စည်းမျဉ်းများကို ချိုးဖောက်ခြင်းများအတွက် ၎င်းတို့၏ လုပ်ရပ်များအပေါ်တွင် အဆက်မပြတ် ပြန်လည်သုံးသပ်နိုင်သည်။ သင်၏စိတ်နှလုံးထဲတွင် အကဲဖြတ်ခြင်းအတွက် စံနှုန်းတစ်ခု ရှိသလော။ အကယ်၍ သင်က တစ်ခုခု အမှားလုပ်မိပါက သို့မဟုတ် စည်းမျဉ်းများကို ချိုးဖောက်မိပါက၊ အကယ်၍ သင်သည် ဝတ်ကျေတမ်းကျေ လုပ်နေပါက သို့မဟုတ် အကယ်၍ သင်သည် သင်၏ ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများကို ကာကွယ်ပါက ဤသည်ကို သင်သတိထားမိသလော။ အကယ်၍ သင်သတိထားမိပါက သင့်တွင် အသိစိတ်အနည်းငယ်ရှိသည်။ အကယ်၍ သင့်တွင် အသိစိတ်ကို သတိပြုမိခြင်းမရှိပါက သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိဖို့အလို့ငှာ သင့်တွင် အနည်းဆုံး အသိစိတ်ကို သတိပြုမိခြင်းရှိရမည်။ အကယ်၍ သင်တို့တွင် ထိုအရာကိုပင် မရှိပါက သင်တို့သည် အန္တရာယ်ရှိနေပြီဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူ့သဘာဝ မရှိသောလူများကို ဘုရားသခင်က မကယ်တင်သောကြောင့် ဖြစ်သည်။ သင်၏လူ့သဘာဝအတွင်းတွင် အသိစိတ်ကို သတိပြုမိခြင်းက မည်သည့်အကျိုးသက်ရောက်မှု ရှိသနည်း။ အကျိုးသက်ရောက်မှုမှာ သင်ကိုယ်တိုင်တွေ့ကြုံရသည့်အရာများ မှန်ကန်ခြင်းနှင့် မှားယွင်းခြင်း၊ သင်၏မျက်လုံးများဖြင့် သင်မြင်သောအရာနှင့် သင်၏နားများဖြင့် သင်ကြားသောအရာ၊ သင်တွေးသည့်အရာ၊ သင်လုပ်ဖို့ အစီအစဉ်ဆွဲထားသောအရာနှင့် သင်လုပ်ပြီးသွားသောအရာတို့၏ မှန်ကန်ခြင်းနှင့် မှားယွင်းခြင်းကို အကဲဖြတ်ရန် သင်၏အသိစိတ်ကို သင်သုံးရမည်။ သင်၏အပြုအမူအနေအထိုင်နှင့် လုပ်ရပ်များတွင် အနည်းဆုံး အခြေခံစည်းမျဉ်းတစ်ခု ရှိရမည်။ ဥပမာအနေဖြင့် စိတ်အားထက်သန်မှုများစွာဖြင့် လိုက်စားသော်လည်း အလွန်ရိုးရှင်းပြီး မာယာကင်းသည့်လူတစ်ယောက်ကို သင်မြင်ပြီး သင်သည် ၎င်းအပေါ် အစဉ်သဖြင့် အထင်အမြင်သေးသည့်အပြင် ၎င်းကို အဆက်မပြတ် အနိုင်ကျင့်လိုသည်၊ သည်းမခံနိုင်ဖြစ်ပြီး သင်၏စကားလုံးများဖြင့် ၎င်းကို ပြက်ရယ်ပြုလိုသည်ဟု ဆိုကြပါစို့။ သင့်တွင် ဤအတွေးများရှိသည်။ ထို့အပြင် သင်သည် ဤကဲ့သို့သောအပြုအမူအချို့ကိုလည်း ရံဖန်ရံခါ ထုတ်ဖော်သည်။ သင်၏စိတ်နှလုံးထဲတွင် ဤအရာကို သင်သတိထားမိလိမ့်မည်လော။ ဤအတွေးများနှင့် လုပ်ရပ်များသည် မှားပြီး မြင်မကောင်း၊ ရှုမကောင်းဖြစ်နေသည်ကို သင်သိလိမ့်မည်လော။ သင်၏လုပ်ရပ်များ၏သဘာဝက မည်သည့်အရာ ဖြစ်သည်ကို သင်သဘောပေါက်လိမ့်မည်လော။ (သဘောပေါက်ပါမည်။) သို့ဆိုလျှင် ၎င်းက သင့်တွင် အသိစိတ်ကို သတိပြုမိခြင်းရှိသည်ဟု ဆိုလိုသည်။ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် သင်၏ အမြင်ရှုထောင့်များ၊ သို့မဟုတ် သင့်ကိုယ်ပိုင်စိတ်နှလုံးထဲရှိ အတွေးများက အကျည်းတန်ခြင်း ရှိမရှိကိုဖြစ်စေ၊ လှပပြီး ကောင်းမွန်ခြင်း ရှိမရှိကိုဖြစ်စေ၊ သင်၏ စိတ်နှလုံးထဲတွင် အကဲဖြတ်ရန် စံနှုန်း ရှိမရှိကိုဖြစ်စေ သင် ပိုင်းခြားသိမြင်နိုင်စွမ်းပင် မရှိပါက သင်သည် လူ့သဘာဝ မရှိချေ။ အသိစိတ်မရှိသောလူများတွင် လူ့သဘာဝ မရှိပေ။ အကယ်၍ သင်သည် အခြေခံလူ့သဘာဝကိုပင်လျှင် မသိပါက သင့်တွင် မည်သည့်တန်ဖိုးမျှ မရှိသည့်အပြင် ကယ်တင်ခြင်းမခံရနိုင်ပေ။ ဘုရားသခင်က အဘယ်ကြောင့် ယုဒကို သခင့်အား သစ္စာဖောက်သည့် ဇာတ်ကောင်နေရာတွင် တာဝန်ပေးထားခဲ့သနည်း။ ယုဒ၏သဘာဝနှင့်အညီ ထိုကဲ့သို့ သူလုပ်ခဲ့သည်။ ယုဒသည် သူ၏ကိုယ်ပိုင်အမြတ်အစွန်းအတွက် သူ၏သခင်ကိုပင် သစ္စာဖောက်ခဲ့သည်လူစားမျိုး ဖြစ်ခဲ့သည်။ ထို့အပြင် ဘုရားသခင်သည် ထိုကဲ့သို့သောလူများကို မကယ်တင်ပေ။ ယုဒသည် ငွေကို ခိုးယူနိုင်ခဲ့သောကြောင့် သူ့တွင် အသိစိတ်တစ်ခု ရှိခဲ့သလော။ (မရှိခဲ့ပါ။) ဤသည်မှာ အသိစိတ်တစ်ခု မရှိပုံပေါက်သည့်အရာဖြစ်သည်။ အထူးသဖြင့် သူ ခိုးယူခဲ့သောငွေသည် သခင့်၏ငွေ ဖြစ်နေခဲ့သည် ဟူသည့်အချက်မှာ သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အားလုံး ကင်းမဲ့နေခဲ့သည့် အရာတစ်ခုဖြစ်ကြောင်းကို ဆိုလိုသည်။ သူသည် မကောင်းသောအရာများကို လုပ်ခြင်းကို မည်သည့်နည်းလမ်းဖြင့်မျှ ချုပ်ထိန်း၍ မရခဲ့သော နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့သည်။ သူသည် အသိစိတ်ကို သတိပြုမိခြင်း မရှိခဲ့ဘဲ သူ့ကိုယ်သူ မချုပ်ထိန်းနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် ဘုရားသခင်အတွက် ဆက်ကပ်ထားသည့် ထိုလှူဖွယ်ပစ္စည်းများကို တိတ်တဆိတ် သုံးစွဲနိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်အတွက် ဆက်ကပ်ထားသည့် လှူဖွယ်ပစ္စည်းများကို တိတ်တဆိတ် သုံးစွဲနိုင်ခဲ့ပါက ၎င်းတို့တွင် မည်သည့်လူ့သဘာဝမျိုး ရှိသနည်း။ (ဆိုးယုတ်သောလူတစ်ယောက်၏ လူ့သဘာဝမျိုး ရှိပါသည်။) ၎င်းတို့တွင် လူ့သဘာဝမရှိကြပေ။ လူ့သဘာဝကင်းမဲ့ခြင်း၏ ပထမဆုံးအမှတ်အသားသည် အသိစိတ်ကို သတိပြုမိခြင်း မရှိမှုနှင့် လူတစ်ဦးလုပ်သမျှတိုင်းတွင် သူ၏အသိစိတ်က ထိန်းချုပ်မှု မရှိခြင်းဖြစ်သည်။ ယုဒတွင် ဤအခြေခံအကျဆုံးသောအရာပင်လျှင် မရှိပေ။ ဆိုလိုသည်မှာ သူ့တွင် လူ့သဘာဝ မရှိခဲ့ဟူ၍ဖြစ်သည်။ သို့ဖြစ်သောကြောင့် ထိုကဲ့သို့သောအရာတစ်ခုလုပ်ဖို့ သူ့အတွက် ပုံမှန်သာဖြစ်ခဲ့သည်။ ထို့ကြောင့် သခင့်ကို သစ္စာဖောက်သည့်အပိုင်းကို ပါဝင်ဆောင်ရွက်ဖို့ ယုဒအတွက် ဘုရားသခင်က စီစဉ်ခြင်းနှင့် သူ့အား ဤအစေခံမှုပေးစေခြင်းသည် အသင့်တော်ဆုံးသော ရွေးချယ်မှုဖြစ်ခဲ့သည်။ ဘုရားသခင်၏ မည်သည့်ပစ္စည်းမျှ အလဟဿမဖြစ်ရပေ၊ ဘုရားသခင် လုပ်သမျှအရာရာတိုင်းသည် မှန်ကန်သည်။ ငွေအိတ်ထဲမှ ငွေကို ယုဒ ခိုးယူခဲ့ပြီး ယင်းအကြောင်းကို မည်သူမျှ မသိခဲ့သည့်အချိန်က သူသည်လည်း ဘုရားသခင်က သူ ခိုးယူနေခြင်းကို မမြင်ခဲ့ဟု သူယုံကြည်ခဲ့သည်။ သူ့တွင် အသိစိတ်ကို သတိပြုမိခြင်း မရှိခဲ့ပေ၊ ထို့အပြင် အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ သိခဲ့မည်ဟု ထင်မထားခဲ့ပေ။ ပြီးလျှင် ဤအရာ၏ ရလဒ်မှာ အဘယ်နည်း။ သူသည် သခင့်ကို သစ္စာဖောက်ခြင်း ဖြစ်သော၊ သခင့်ကို ရန်သူလက်သို့ အပ်ခြင်းဖြစ်သော သေစေလောက်အောင်ကြီးမားသည့်အပြစ်ကို ကျူးလွန်ခဲ့ပြီး ခေတ်အဆက်ဆက်တစ်လျှောက်တွင် အပြစ်သားတစ်ဦးအဖြစ် လူသိများလာခဲ့သည်။ ထို့နောက်တွင် သူသည် သူ့ကိုယ်သူ ဆွဲကြိုးချပြီး သူ၏ဝမ်းဗိုက်သည် ဟောင်းလောင်းပွင့်လျက် သေဆုံးခဲ့သည်။ ထိုကဲ့သို့သော လူတစ်ယောက်ကို သနားသင့်သလော။ ထိုကဲ့သို့အပြစ်ပေးခြင်းကို ခံရသည့် လူ့သဘာဝမရှိသော လူ့တိရစ္ဆာန်တစ်ဦးသည် လုံးဝ မသနားထိုက်ပေ။
လူ့သဘာဝရှိသောလူများသည် ၎င်းတို့၏အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့်အညီ အရာရာတိုင်းကို လုပ်ကြသည်။ ၎င်းတို့၏ အပြုအမူအနေအထိုင်အတွက် အခြေခံစည်းမျဉ်းသည် အနည်းဆုံးအနေဖြင့် ၎င်းတို့အသိစိတ်များ၏ စံနှုန်းအောက်သို့ ကျဆင်းလိမ့်မည်မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် မှားယွင်းသည်ဟု ၎င်းတို့ သတိထားမိပါက ၎င်းတို့၏အပြုအမူကို ၎င်းတို့ ထိန်းချုပ်နိုင်လိမ့်မည်။ အသိစိတ်က လူများကို သင့်တော်သော ပြုမူဆောင်ရွက်နည်းကို ပြောပြနိုင်သည်။ သို့မှသာ အသိစိတ်ရှိသော လူများသည် ၎င်းတို့၏ အသိစိတ်အပေါ် အခြေခံ၍ ပြောဆိုနိုင်ပြီး ပြုမူနိုင်သည်။ ယုံကြည်သူများ ဖြစ်လာပြီးနောက်တွင် ၎င်းတို့၏အသိစိတ်သည် ယခင်က နေရာတွင် ဆက်လက်၍ ပါဝင်ဆောင်ရွက်လေသည်။ ထို့ကြောင့် ၎င်းတို့ ရှင်းလင်းပြတ်သားစွာ မမြင်နိုင်သည့် အရာများစွာရှိသောအခါ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် ၎င်းတို့၏အသိစိတ်အပေါ် အခြေခံ၍ ထိုအရာများကို ချဉ်းကပ်ကာ ကိုင်တွယ်နိုင်ကြသေးသည်။ အကယ်၍ ဤအခြေခံအချက်အပြင် ၎င်းတို့သည် သမ္မာတရားကို နားလည်ပါက ထိုအခါတွင် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအတိုင်း အမှုကိစ္စများကို ကိုင်တွယ်လိမ့်မည်။ ၎င်းတို့၏အသိစိတ်က ၎င်းတို့၏ လုပ်ရပ်သည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိကို သတိပြုနိုင်လိမ့်မည် ဖြစ်သည့်အပြင် ၎င်းတို့အပေါ်တွင် အကျိုးသက်ရောက်မှုတစ်ခု ရှိလိမ့်မည်။ အကယ်၍ လူများက စည်းမျဉ်းများကို ချိုးဖောက်ပြီး ၎င်းတို့၏ ဇာတိပကတိ အကျိုးစီးပွားများကို ကာကွယ်ပေးပါက ဤသည်မှာ ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက စိုးမိုးခြယ်လှယ်ထားသောကြောင့် ဖြစ်သည်။ ထို့အပြင် အသိစိတ်ရှိသောသူများသည် ဤသည်ကို သတိပြုမိသင့်သည်။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို နားလည်သော်လည်း ယင်းကို လက်တွေ့မလုပ်ဆောင်ပါက လိပ်ပြာမသန့်ခြင်းကို ၎င်းတို့ ခံစားကြရသလော။ ၎င်းတို့၏စိတ်နှလုံးသည် အေးဆေးသက်သာရှိနိုင်သလော။ ဤအရာကို လူများအားလုံးသည် တွေ့ကြုံနိုင်ကြသည်။ သင်တို့၏ နေ့စဉ်ဘဝထဲတွင် လူများနှင့် ဆက်ဆံနေသည်ဖြစ်စေ သို့မဟုတ် အမှုကိစ္စများကို လုပ်နေသည်ဖြစ်စေ သင်၏ အသိစိတ်ကို သတိပြုမိခြင်းသည် မသိသာမထင်ရှားဘူးလော။ သင်သည် တစ်ခါတစ်ရံတွင် အကြွေးတင်နေသည် သို့မဟုတ် ပြစ်တင်မောင်းမဲခံနေရသည်ဟု ခံစားမိသလော။ စိတ်ထဲတွင် ဘဝင်မကျခြင်းနှင့် စွပ်စွဲခြင်း၊ သို့မဟုတ် အတွင်းစိတ်ထဲက နာကျင်ခြင်းနှင့် ရုန်းကန်လှုပ်ရှားနေရခြင်းတို့ကို တစ်ခါတစ်ရံတွင် သင်ခံစားရသလော။ သင်တို့တွင် ဤခံစားချက်များ တစ်ချိန်လုံး ရှိနေသလော။ အကယ်၍ သင်တို့တွင် ရှိနေပါက ယင်းမှာ သိပ်မဆိုးလှပေ။ သို့သော် အကယ်၍ သင်တို့တွင် မရှိပါက သင်တို့သည် အန္တရာယ်ရှိနေပြီဖြစ်သည်။ သင်မည်သူဖြစ်နေပါစေ အကယ်၍ သင့်တွင် အသိစိတ်၏ခံစားချက်များ မရှိပါက သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် မယုံကြည်ပေ။ “ဤသည်မှာ လူတစ်ယောက်၏ ယုံကြည်ခြင်းက အစစ်အမှန်ဖြစ်သည် သို့မဟုတ် အတုအယောင်ဖြစ်သည်နှင့် မည်သို့များ သက်ဆိုင်သနည်း” ဟူ၍ လူအချို့က မေးသည်။ ဤအရာများအကြားရှိ ကွင်းဆက်သည် မည်သည့်အရာ ဖြစ်သည်ဟု သင်တို့ ပြောနိုင်သနည်း။ (အသိစိတ်ကို သတိပြုမိခြင်းရှိသော လူတစ်ယောက်သည် တစ်ခုခု အမှားအယွင်း လုပ်မိသောအခါ ၎င်းတို့ ခံစားရသည့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ နောင်တကြီးစွာရခြင်းနှင့် အကြွေးတင်သည့် စိတ်တို့အားလုံးသည် ဘုရားသခင်ထံမှ လာသည်။ ဘုရားသခင်၏ အပြစ်တင်ခြင်းကို ၎င်းတို့ ခံစား၍ရနိုင်သည်ဟူသည့်အချက်က ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏စိစစ်ခြင်းအား လက်ခံကြောင်းကို ဖော်ပြသည်။ လူအချို့တွင် ဤသတိပြုမိခြင်း လုံးဝ မရှိကြပေ။ ယင်းက ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် အရာခပ်သိမ်းကို စိစစ်နေသည်ကို လုံးဝ မယုံကြည်ကြကြောင်းကို ဖော်ပြသည်။ ၎င်းတို့ တစ်ခုခု အမှားလုပ်မိသောအခါ ၎င်းတို့သည် အကြွေးတင်နေသကဲ့သို့ မခံစားရပေ။ ၎င်းတို့တွင် ဤသတိပြုမိခြင်းမျိုး မရှိကြပါ။) ထိုသည်မှာ တစ်ဝက်တစ်ပျက် မှန်ကန်သည်။ အခြားတစ်စုံတစ်ရာ ရှိသေးသလော။ (အသိစိတ်ရှိသောလူများက ဘုရားသခင်တစ်ပါး ရှိကြောင်းကို အသိအမှတ်ပြုကြသည်။ ထို့အပြင် ၎င်းတို့ အမှားတစ်ခုခု လုပ်မိသောအခါ ဘုရားသခင်ဆီ ဆုတောင်း၍ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့နှင့် ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေဖို့ ၎င်းတို့ သိကြသည်။ အသိစိတ်ကင်းမဲ့သော လူတစ်ယောက်သည် ပြဿနာတစ်ခုကို ကြုံသောအခါ ၎င်းတို့သည် အသိစိတ်ကြောင့် ထိခိုက်ခြင်းမခံရပေ။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာမရှိချေ။ ထို့အပြင် ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ၎င်းတို့ မရှာဖွေကြပေ။ သမ္မာတရားသည် ၎င်းတို့ လိုအပ်နေသည့်အရာ တစ်စုံတစ်ခုဖြစ်သည်ဟူ၍ ၎င်းတို့ မယုံကြည်ကြပေ။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ၎င်းတို့ မကြိုးစားကြချေ။ ဘုရားသခင်အပေါ် ယုံကြည်သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။) ယုံကြည်ခြင်းအစစ်အမှန် ရှိသောလူတစ်ယောက်က မည်သည့်အရာကို ကြုံတွေ့ရသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်သည်။ ထို့အပြင် ဤနည်းဖြင့် ၎င်းတို့၏အသိစိတ်တွင် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်၊ သို့မဟုတ် မည်သည့်အရာက ကောင်းမွန်ပြီး မည်သည့်အရာက ဆိုးယုတ်သည်ဟူသည့် သတိပြုမိခြင်းတစ်ခုရှိသည်။ ပို၍ပင်အရေးကြီးသည်မှာ ၎င်းတို့သည် ဘုရားသခင် တည်ရှိကြောင်းကို ယုံကြည်ကြပြီး သူ၏နှုတ်ကပတ်တော်ကို ယုံကြည်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ၎င်းတို့ ကြားသည့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ထိန်းသိမ်းထားကြသည်။ နောက်ပိုင်းတွင် ယင်းက ၎င်းတို့၏ကိုယ်ပိုင် ကျင့်ကြံပြုမူချက်အတွက်လည်းကောင်း၊ လောကကြီးနှင့် ဆက်ဆံသည့် နည်းလမ်းတွင်လည်းကောင်း၊ ၎င်းတို့လုပ်သမျှအရာတိုင်းတွင်လည်းကောင်း ၎င်းတို့၏ အကဲဖြတ်ချက်စံနှုန်းအဖြစ် လုပ်ဆောင်သည်။ ဤစံနှုန်းက အဘယ်နည်း။ ၎င်းတို့ သမ္မာတရားကို နားလည်သည်ဖြစ်စေ သို့မဟုတ် နားမလည်သည်ဖြစ်စေ၊ အချိန်အတော်များများတွင် ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ၎င်းတို့၏စံနှုန်းအဖြစ် ယူကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ကြသောကြောင့်၊ သူတည်ရှိသည်ကို ၎င်းတို့ ယုံကြည်ကြသောကြောင့်၊ သူ၏နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ယုံကြည်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ယုံကြည်ကြသောကြောင့် ပြဿနာများကို ၎င်းတို့ ကြုံလာသောအခါ ယင်းတို့ကို အကဲဖြတ်ဖို့ သူ၏နှုတ်ကပတ်တော်ကို အလိုအလျောက် ၎င်းတို့ သုံးကြသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အတွေးများနှင့် အယူအဆများသည် သမ္မာတရားမဟုတ်ကြောင်းကို ၎င်းတို့ သိကြသည်။ ထို့ကြောင့် ပြဿနာများကို ၎င်းတို့ ကြုံလာသောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ၎င်းတို့၏ အခြေခံအဖြစ် ယူရမည်ဟု အသိစိတ်ကို သတိပြုမိခြင်းက ၎င်းတို့ကို ပြောသည်။ ထို့အပြင် အကယ်၍ ၎င်းတို့ ထိုသို့ မလုပ်နိုင်ပါက၊ ယင်းကို လက်တွေ့မလုပ်ဆောင်နိုင်ပါက ၎င်းတို့၏ အသိစိတ်သည် လိပ်ပြာသန့်နိုင်လိမ့်မည်မဟုတ်ဘဲ ညှဉ်းဆဲခံရသလို ခံစားရလိမ့်မည်။ ဥပမာအနေဖြင့် ၎င်းတို့၏ အခြားလူများနှင့်ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများကို ကာကွယ်ခြင်း၊ သက်သောင့်သက်သာရှိခြင်းတွင် အကြိုက်တွေ့နေခြင်းနှင့် လူ့အကြိုက်လိုက်သူများ ဖြစ်ခြင်းကဲ့သို့သော အရာများသည် အပျက်သဘောဆောင်သောအရာများဖြစ်သည်ကို လူများက မည်သို့သိကြသနည်း။ (ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ဖော်ထုတ်ထားပါသည်။) မှန်သည်၊ အကယ်၍ ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ထိုအရာများကို သင်တိုင်းတာပါက ၎င်းတို့သည် အားလုံး အပျက်သဘောဆောင်ကြသည်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းများဖြစ်ကြသည်၊ ထို့အပြင် လူများ၏ သဘာဝများကြောင့် ဖြစ်ကြရသည်။ ဤလူများက ထိုအရာများကို ထုတ်ဖော်သောအခါ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရသလော။ သို့မဟုတ် စိတ်မကောင်းဖြစ်ခြင်းနှင့် ဝမ်းနည်းနာကျင်ခြင်းတို့ကို ခံစားရသလော။ ၎င်းတို့သည် ၎င်းတို့ကို ဓားတစ်ချောင်းဖြင့် ထိုးလှည့်လိုက်သကဲ့သို့ အတွင်းစိတ်ထဲတွင် ရုန်းကန်လှုပ်ရှားမှုနှင့် စိတ်မကောင်းဖြစ်ခြင်းတို့ကို ခံစားရသည်။ ဤအရာများကို ၎င်းတို့ ကြုံရသည့်အကြိမ်တိုင်းတွင် သမ္မာတရားစည်းမျဉ်းများအတိုင်း ယင်းတို့ကို ၎င်းတို့ မကိုင်တွယ်နိုင်သောအခါ သို့မဟုတ် ၎င်းတို့ခံစားချက်များ၏ ဘောင်ခတ်မှုများကို မထိုးဖောက် မကျော်လွှားနိုင်သောအခါ ၎င်းတို့၏စိတ်နှလုံးများတွင် ဝမ်းနည်းနာကျင်ခြင်းကို ခံစားရသည်။ ဤဝမ်းနည်းနာကျင်ခြင်းသည် မည်သို့ဖြစ်လာသနည်း။ ၎င်းတို့တွင် အသိစိတ်ကို သတိပြုမိခြင်း ရှိပြီး ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို နားလည်သည့် အခြေအနေတွင် ဖြစ်လာသည်။ ဤနာကျင်ခြင်း၊ အပြစ်တင်ခြင်းနှင့် စွပ်စွဲခြင်းတို့အားလုံး ၎င်းတို့၏အတွင်းတွင် ပေါ်ပေါက်လာသောအခါ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အမုန်းတရားနှင့် စက်ဆုပ်ရွံရှာခြင်းတို့ကို ခံစားရပြီး “ဘုရားသခင်ကို ငါချစ်ချင်ပြီး သူ့ကို စိတ်ကျေနပ်စေချင်တယ်လို့ ကြားကောင်းအောင် မလိမ့်တပတ် ငါပြောမိကောင်းပြောမိမယ်။ ဒီဆောင်ပုဒ်တွေကို တော်တော် ကျယ်ကျယ်လောင်လောင် ငါကြေညာဖြစ်တယ်၊ ဒါပေမဲ့ ငါ့မှာ ကိစ္စတွေကို ကြုံရတဲ့အခါ ငါကိုယ်တိုင်ရဲ့မာနကို ငါအမြဲတမ်း ထည့်စဉ်းစားတယ်။ ငါဘယ်လောက် အကြိမ်ရေများများ ကြိုးစားပါစေ ဒီဘောင်ခတ်မှုကို ငါမထိုးဖောက် မကျော်လွှားနိုင်ဘူး။ ငါက တခြားလူတွေကို စိတ်အနှောင့်အယှက်မပေးချင်ရုံနဲ့ ဘုရားသခင်ကို အဆက်မပြတ် ပုန်ကန်ပြစ်မှားမိတာပါပဲ” ဟု ပြောရင်း မိမိတို့ကိုယ်ကို အထင်သေးသည့်အမြင်ဖြင့်ပင် ရှုမြင်နိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့စိတ်နှလုံးများ၏ နက်ရှိုင်းသည့်နေရာတွင် မိမိတို့ကိုယ်ကို ထင်မြင်ချက်တစ်ခု ဖြစ်လာသည်၊ ယင်းမှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့သည် ၎င်းတို့က လူကောင်းများဖြစ်ကြသည်ဟု မထင်ကြပေ။ ဆိုးသောအရာများစွာကို ၎င်းတို့ တတ်နိုင်သည်ကို ၎င်းတို့ သိသည်၊ ထို့အပြင် ၎င်းတို့သည် ဟန်လုပ်ပြောဆိုပြုမူရာတွင် အလွန်တော်ကြကြောင်းနှင့် ၎င်းတို့သည် ကြောင်သူတော်များ ဖြစ်ကြကြောင်းတို့ကို ၎င်းတို့ မြင်သည်။ ဤအခြေအနေများအောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ငြင်းပယ်စပြုလာကြပြီး မိမိတို့ကိုယ်ကို ဆက်၍ မယုံကြည်ကြတော့ပေ။ ဤရလဒ်များကို မည်သို့ ရလာသနည်း။ ၎င်းတို့၏အသိစိတ်များတွင် သတိပြုမိခြင်းရှိပြီး ၎င်းတို့၏အလုပ်တာဝန်ကို ဖြည့်ဆည်းသောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်ခြင်းအခြေခံအုတ်မြစ်အပေါ် မူတည်၍ ထိုရလဒ်များကို ရရှိလေသည်။
ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများသည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်းရှိသော သူများဖြစ်ကြသည်။ ၎င်းတို့တွင် ၎င်းတို့၏အသိတရားများနှင့် အသိစိတ်တို့က စေ့ဆော်တိုက်တွန်းသည့်ခံစားချက်များ ရှိကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ဟု ၎င်းတို့၏စိတ်နှလုံးများထဲတွင် ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်လုပ်သမျှအရာရာသည် မှန်ကန်သည့်အပြင် ယင်းသည် လူများကို ကယ်တင်ခြင်းနှင့် သန့်စင်ခြင်း လုပ်ဖို့အတွက် ရည်ရွယ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ယင်းသည် လူများ၏အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ယင်းသည် ၎င်းတို့အတွက် အကျိုးရှိသည်။ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်သောသူများတွင် အသိတရားများ မရှိကြပေ၊ အသိစိတ် မရှိကြသကဲ့သို့ ၎င်းတို့သည် အသိတရားများ သို့မဟုတ် အသိစိတ်တို့ ရှိဖို့အတွက်လည်း ဂရုမစိုက်ကြချေ။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် မယုံတဝက်၊ ယုံတဝက် သဘောထားတခု အမြဲတမ်း ရှိကြသည်။ ၎င်းတို့၏စိတ်နှလုံးများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု မခံစားနိုင်ကြချေ။ သို့ဆိုလျှင် ဘုရားသခင်၏တည်ရှိမှုအပေါ် ၎င်းတို့၏အမြင်က မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့၏စိတ်နှလုံးများထဲတွင်၊ ၎င်းတို့က “အကယ်၍ ဘုရားရှိသည်ဟုဆိုလျှင် သူက အဘယ်မှာနည်း။ သူ့ကို ကျွန်ုပ် မမြင်ရပါ။ ဘုရားအမှန်တကယ် ရှိသလောဟူသည်ကို ကျွန်ုပ် မသိပါ။ အကယ်၍ သူရှိသည်ဟု သင်တို့ ယုံကြည်လျှင် သူရှိသည်၊ အကယ်၍ သူမရှိဟု သင်တို့ ယုံကြည်လျှင် သူမရှိပေ” ဟု စဉ်းစားကြသည်။ ဤသည်မှာ သူတို့၏အမြင်ဖြစ်သည်။ သို့သော်လည်း “လူပေါင်းများစွာက ဘုရားကို ယုံကြည်ကြပြီး သူ့ကို သက်သေခံခဲ့ကြသည်။ ဘုရားတစ်ပါး အမှန်တကယ် ရှိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ရှိနေဖို့ ကျွန်ုပ် မျှော်လင့်ပါသည်၊ အဘယ်ကြောင့်ဆိုသော် သို့မှသာ အခြေအနေအပေါ် ကျွန်ုပ် အခွင့်ကောင်းယူနိုင်ပြီး ကောင်းချီးများကို ရနိုင်သောကြောင့် ဖြစ်သည်။ ကျွန်ုပ် ကံကောင်းလိမ့်မည်” ဟူ၍ တွေးရင်း ထိုအရာကို ၎င်းတို့ အချိန်ယူစဉ်းစားကြသည်။ ၎င်းတို့သည် ကံတရားနှင့် လောင်းကစားခြင်း စိတ်ထားမျိုးကို သုံးကာ အပျော်အပါး အနည်းငယ်အတွက်သက်သက်သာ ပါဝင်လိုကြသည်။ အကယ်၍ သူတို့သည် ကောင်းချီးပေးခြင်းမခံရလျှင်ပင် မည်သည်ကိုမှ မရင်းနှီးမြှုပ်နှံထားသောကြောင့် အရှုံးမရှိဟု ၎င်းတို့ ထင်ကြသည်။ ဘုရားသခင်၏တည်ရှိမှုအပေါ် သူတို့၏အမြင်နှင့် သဘောထားတို့မှာ “ဘုရားက တကယ်ကို ရှိသလော။ ကျွန်ုပ် ဘယ်နည်းနှင့်မျှ မပြောနိုင်ပါ။ ဘုရားက အဘယ်မှာနည်း။ ကျွန်ုပ် အတိအကျ အသေအချာ မသိပါ။ သက်သေခံခဲ့ကြသည့် ဤလူများအားလုံးသည် တကယ်လော။ သို့မဟုတ် သူတို့သည် လိမ်နေခြင်းလော။ တစ်ခုမျှ ကျွန်ုပ် သေချာမသိပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏စိတ်နှလုံးသည် ဤပြဿနာများအားလုံးအပေါ် သံသယဖြစ်နေကြသည်။ ၎င်းတို့သည် အဖြေရှာ၍ မရနိုင်ဖြစ်နေကြသည်။ သို့ဖြစ်၍ ယင်းကို ၎င်းတို့ အမြဲ သံသယဖြစ်နေကြသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ယုံကြည်မှုသည် သံသယစိတ်နှင့် မှားယွင်းသည့်အမြင်များဖြင့် စွန်းထင်းနေသည်။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြောဆိုသောအခါ သူ၏နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏သဘောထားက မည်သည့်အရာဖြစ်သနည်း။ (သံသယနှင့် မယုံနိုင်ခြင်းဖြစ်သည်။) ဤသည်မှာ ၎င်းတို့၏အဓိကအမြင် မဟုတ်ပေ။ သင်တို့သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်ကြပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် ၎င်းတို့ မှတ်ယူကြသလော။ (မမှတ်ယူကြပါ။) ၎င်းတို့ အဘယ်အရာ စဉ်းစားကြသနည်း။ “လူပေါင်းများစွာသည် ဘုရား၏နှုတ်ကပတ်တော်များကို ဖတ်ဖို့ နှစ်သက်ကြသည်၊ သို့ဖြစ်လျှင် အဘယ်ကြောင့် ကျွန်ုပ်က ယင်းကို စိတ်ဝင်စားစရာကောင်းသည်ဟု မမြင်နိုင်သနည်း။ ဘုရား၏နှုတ်ကပတ်တော်များကို ဖတ်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းဖြင့် မည်သည့်အရာကို ရနိုင်သနည်း။ အကျိုးကျေးဇူးက အဘယ်အရာနည်း။ ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် သင်ဝင်ရောက်နိုင်သလော။ လူများသည် ကောင်းကင်နိုင်ငံတော်ကို မမြင်နိုင်ကြပေ။ ကျွန်ုပ် မြင်သည့်အတိုင်းဆိုလျှင်၊ ဘုရားကို ယုံကြည်သည့်အတွက် အမှန်တကယ် အကျိုးကျေးဇူးအချို့ရှိရမည်။ စစ်မှန်သည့် အကျိုးအမြတ် အချို့ရှိရမည်” ဟူ၍ ဖြစ်သည်။ အကယ်၍ သူတို့သည် သမ္မာတရားကို နားမလည်ပါက ဖယ်ရှားရှင်းလင်းခံရမည်ကို သူတို့ စိုးရိမ်ကြသည်။ ထို့ကြောင့် သူတို့သည် တရားဒေသနာများကို ရံဖန်ရံခါ နားထောင်ကြသည်။ သို့သော် ထို့နောက်တွင် သူတို့က၊ “ဘုရား၏နှုတ်ကပတ်တော်များတွင် ဩဇာအာဏာနှင့် တန်ခိုးရှိကြသည်ဟု သူတို့ ဆိုကြသည်၊ သို့ဆိုလျှင် ယင်းကို ကျွန်ုပ် အဘယ်ကြောင့် မကြားရ၊ မခံစားရသနည်း။ ဘုရား၏နှုတ်ကပတ်တော်များသည် လူတို့ကို ပြောင်းလဲနိုင်သည်ဟု သူတို့ ဆိုကြသည်၊ သို့ဆိုလျှင် သူ၏နှုတ်ကပတ်တော်များသည် ကျွန်ုပ်ကို အဘယ်ကြောင့် မပြောင်းလဲသေးသနည်း။ ဇာတိပကတိ၏ဇိမ်ခံစရာများကို ယခင်ကအတိုင်းပင် ကျွန်ုပ် တပ်မက်ဆဲဖြစ်သည်။ အစားအစာနှင့် အဝတ်အစားများကို ကျွန်ုပ် ကြိုက်နှစ်သက်သည်။ ကျွန်ုပ်၏စိတ်မှာ ယခင်ကဲ့သို့ပင် ဆိုးနေမြဲသာ ဖြစ်သည်။ အဆင်းနီသောနဂါးကြီးက ကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်သောအခါ ကျွန်ုပ် ကြောက်ရွံ့ဆဲပင်ဖြစ်သည်။ ကျွန်ုပ်တွင် အဘယ်ကြောင့် ယုံကြည်ခြင်း မရှိသေးသနည်း။ ဘုရားသခင်က လူများကို ရိုးသားဖို့ တောင်းဆိုသည်။ သမ္မာတရားနှင့် လူ့သဘာဝရှိသော လူများဖြစ်ဖို့ သူတို့ကို သူတောင်းဆိုသည်။ ရိုးသားသောလူများသည် လူနုံလူအများဖြစ်ကြသည်မဟုတ်လော။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန် လူတို့ကို ဘုရားသခင် တောင်းဆိုသော်လည်း၊ လူမည်မျှက ဤအရာကို အမှန်တကယ် ဖြစ်မြောက်အောင်လုပ်နိုင်သနည်း။ လူသားသဘာဝသည် တကိုယ်ကောင်းဆန်သည်။ အကယ်၍ သင်သည် သင်၏လူသားသဘာဝအတိုင်း လိုက်လျှောက်ပါက သင့်ကိုယ်သင်အတွက် ကောင်းချီးများမည်သို့ရဖို့ကို သင်စဉ်းစားရမည်။ သင့်ကိုယ်သင် အကျိုးရှိစေရန် သင်ကျိတ်ကြံစည်ရမည်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်။ သင့်ကံကြမ္မာကို သင့်လက်ဖြင့် ဖန်တီးရမည်။ သင့်ပျော်ရွှင်မှုအတွက် သင်ကိုယ်တိုင် လုပ်ယူရမည်။ ဤသည်မှာ လက်တွေ့အကျဆုံးဖြစ်သည်။ အကယ်၍ လူများသည် သူတို့ကိုယ်သူတို့အတွက် ကြိုးပမ်းပြီး အမှုအရာများကို အရမယူပါက၊ ထို့အပြင် အကယ်၍ သူတို့သည် ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အကျိုးကျေးဇူးအတွက် အသက်မရှင်ပါက သူတို့ မည်သည့်အရာကိုမျှ ရလိမ့်မည်မဟုတ်ပေ။ သင်၏အိမ်တံခါးဝရှေ့သို့ ဤအရာများကို မည်သူကမျှ မိမိဘာသာ တာဝန်ယူလာချပေးထားလိမ့်မည်မဟုတ်ပါ။ မန္နမုန့်သည် အကယ်စင်စစ် ကောင်းကင်မှ ဘယ်တော့မှ ကျမလာပါ” ဟူ၍ တွေးရင်း သူတို့ စားမြုံ့ပြန်ကြသည်။ ဤသည်တို့မှာ သူတို့၏အတွေးများနှင့် အမြင်များ၊ လောကီဆက်ဆံမှုများအတွက် အတွေးအခေါ်များနှင့် သူတို့ရှင်သန်သည့် ယုတ္တိအတွေးနှင့် စည်းမျဉ်းများ ဖြစ်ကြသည်။ ဤအတွေးများနှင့် အမြင်များကို ပိုင်ဆိုင်သူများသည် မယုံကြည်သူများဖြစ်ကြသလော။ ဤသည်မှာ မယုံကြည်သူများက သမ္မာတရားအပေါ် ထားရှိသည့်သဘောထားမျိုး အတိအကျပင်ဖြစ်သည်။ သူတို့၏စိတ်များသည် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို မသိကြချေ၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ဩဇာအာဏာနှင့် တန်ခိုးတို့က မည်သည့်နေရာတွင် ထင်ရှားသည်ကို မသိကြသည့်အပြင် လူများ၏ အဆုံးသတ်အတွက် ဘုရားသခင်က မည်သို့စီစဉ်ပေးသည်ကို မသိကြပေ။ သူတို့သည် တန်ခိုးအာဏာကို ကိုးကွယ်ပြီး သူတို့၏ရှေ့တည့်တည့်တွင် ရှိသည့် အကျိုးကျေးဇူးများကို ရှာဖွေရုံရှာဖွေကြသည်။ အကယ်၍ သူတို့သည် ဘုရားသခင်အပေါ် ယုံကြည်ပါက ကောင်းချီးပေးခံရသင့်သည်ဟု သူတို့ ထင်ကြသည်။ ထို့အပြင် ဘုရားသခင်သည် လူများအား ကောင်းသည့်ကံကြမ္မာကိုသာ ပေးအပ်ပါက၊ သူတို့၏အသက်တာကို ချမ်းသာကြွယ်ဝမှုနှင့် အလျှံပယ်ရှိခြင်းတို့ဖြင့် ဖြည့်ပေးပြီး သူတို့ကို ပျော်ရွှင်စရာအသက်တာကို ပေးမှသာ ယင်းသည် စစ်မှန်သောလမ်းခရီးဖြစ်သည်ဟု သူတို့ တွေးကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ဟု သူတို့ မယုံကြည်ကြသည့်အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များက လူ၏စိတ်သဘောထား သို့မဟုတ် ကံကြမ္မာကို ပြောင်းလဲနိုင်သည်ဆိုသည်ကို မဆိုထားနှင့်၊ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်ဆိုသည်ကိုပင် သူတို့ မယုံကြည်ကြချေ။ ထို့ကြောင့် သူတို့သည် ဘုရားသခင်ကို ယုံကြည်စဉ်တွင် သမ္မာတရားကို မည်သည်အခါတွင်မျှ မလိုက်စားခဲ့ကြပေ။ တိုတိုပြောရလျှင်၊ သူတို့၏အသက်အဖြစ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့ လက်မခံကြသောကြောင့်လည်းကောင်း၊ သူတို့အသက်တာ၏ရည်မှန်းချက်ပန်းတိုင်၊ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းတို့သည် တိုး၍တိုး၍ အားနည်းလာသောကြောင့်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရာတွင်ဖြစ်စေ၊ တရားဒေသနာများကို နားထောင်ရာတွင်ဖြစ်စေ သူတို့သည် စိတ်ပါဝင်စားခြင်းမရှိကြပေ။ သမ္မာတရားအကြောင်း မိတ်သဟာယပြုနေစဉ်အတွင်းမှာပင် သူတို့သည် အိပ်ပျော်၍ပင်သွားကြလေသည်။ ဤအရာအပြင် သူတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အပိုဝန်ထုပ်တစ်ခုဖြစ်သည်၊ သူတို့သည် အချည်းနှီး အလုပ်လုပ်နေကြသည်ဟု သူတို့ ခံစားကြသည်။ သူတို့၏စိတ်နှလုံးများသည် ဘုရားသခင်၏အမှုတော် ပြီးပြည့်စုံမည့်အချိန်၊ ဘုရားသခင်က သူတို့ကို ဆုံးဖြတ်ချက်ကြေညာချက် ပေးမည့်အချိန်တို့ကို တမ်းတကြသည်။ ထို့အပြင် သူတို့ အမှန်တကယ် ကောင်းချီးများ ရမည်၊ မရမည်ဆိုသည်ကို သူတို့ မြင်နိုင်သည်။ ဘုရားသခင်အပေါ် ဤနည်းအတိုင်း ယုံကြည်ခြင်းဖြင့် ကောင်းချီးများကို မည်သည့်အခါတွင်မျှ ရလိမ့်မည်မဟုတ်ကြောင်း၊ သူတို့ ကျိန်းသေ ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်ဖြစ်ကြောင်း ကပ်ဘေးတစ်ခုတွင် သူတို့ သေနိုင်သေးကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ပါက သူတို့ ချက်ချင်း စွန့်ခွာနိုင်သည်။ ဘုရားသခင်အပေါ် ယုံကြည်သည်ဟု သူတို့ ပြောကြသော်လည်း သူတို့၏စိတ်နှလုံးများက သူ့ကို သံသယဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု သူတို့ ဆိုကြသော်လည်း၊ သူတို့၏စိတ်နှလုံးများသည် သမ္မာတရားအပေါ် မယုံကြည်ကြချေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့ မည်သည့်အခါကမျှ မဖတ်ကြသလို တရားဒေသနာတစ်ခုကို တစ်ကြိမ်တစ်ခါမျှ အမှန်တကယ် နားမထောင်ခဲ့ဖူးပေ။ သူတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါကမျှ မိတ်သဟာယမပြုဖူးသည့်အပြင် သူတို့၏တာဝန်ကို ထမ်းဆောင်နေစဉ် သူတို့သည် သမ္မာတရားကို မည်သည့်အခါကမျှ မရှာဖွေခဲ့ဖူးချေ။ သူတို့၏ကိုယ်တိုင်အားထုတ်မှုများကိုသာ အသုံးပြုကြသည်။ ဤသည်မှာ မယုံကြည်သူစစ်စစ်ဖြစ်သည်။ သူတို့သည် ဘာသာတရား မရှိသူများနှင့် ဘာမျှ မကွာခြားပေ။
ဘုရားသခင်တည်ရှိသည်ကို မယုံကြည်သူများက အသိအမှတ်ပြုကြသော်လည်း သူတို့သည် သမ္မာတရားကို မယုံကြည်သကဲ့သို့ ထိုသမ္မာတရားကို လက်မခံကြပေ။ သူတို့၏စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် မယုံကြည်သူများကို မကယ်တင်ကြောင်း သူတို့ သိသည်၊ သို့ဖြစ်လျှင် သူတို့သည် အဘယ်ကြောင့် ဘုရားသခင်၏အိမ်တော်တွင် အချိန်ဆွဲ၍ ဆက်နေကြသေးသနည်း။ (ကောင်းချီးများကို ရရန်ဖြစ်သည်။) သူတို့ ကောင်းချီးများကို ရနိုင်ရန်အလို့ငှာ ဖြစ်သည်။ ဤသည်မှာ သူတို့၏အကျိုးစီးပွားများနှင့် ဆက်စပ်နေသည်။ မယုံကြည်သူများ၏စိတ်နှလုံးများထဲတွင် ကောင်းချီးများရဖို့ မျှော်လင့်ချက်ရှိပြီး ဘုရားသခင်ကို ယုံကြည်ပါက၊ သူ့ကို အသိအမှတ်ပြုပြီူ သံသယမဖြစ်ပါက သို့မဟုတ် သူ့ကို မစွန့်ခွာပါက အဆုံးတွင် ကောင်းသောကံကြမ္မာသည် သူတို့ဆီသို့ လာလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။ ထို့ကြောင့် ဤ “ယုံကြည်ခြင်း” ဖြင့် ပြင်ဆင်လျက်၊ သူတို့သည် မိမိတို့ဘာသာ ဘုရားသခင်၏အိမ်တော်တွင် နေကြသည်။ ထို့အပြင် မည်သည့်အရာကမျှ သူတို့ကို မည်သို့မျှ ထွက်သွားစေလိမ့်မည် မဟုတ်ပေ။ သူတို့၏စိတ်များတွင် အရာရာကို သူတို့ နားလည်ပြီး၊ အနည်းငယ်မျှ မိုက်မဲခြင်း မရှိကြပေ။ သမ္မာတရားကို သူတို့ နားမလည်ခြင်းသာဖြစ်သည်။ မကောင်းသည့်အရာများကို သူတို့ မလုပ်သရွေ့ သို့မဟုတ် အသင်းတော်၏အလုပ်ကို မနှောင့်ယှက်သရွေ့ အသင်းတော်မှ သူတို့ ရှင်းလင်းခံရလိမ့်မည်မဟုတ် သို့မဟုတ် နှင်ထုတ်ခံရလိမ့်မည်မဟုတ်သကဲ့သို့၊ ထို့နောက်တွင် ဘုရားသခင်၏အမှုတော် ပြီးဆုံးသွားနေ့ထိတိုင် သူတို့ သည်းခံကာ စောင့်ဆိုင်းနေလိုက်ခြင်းဖြင့် အနိုင်ရသူများအဖြစ် ဇာတ်သိမ်းသွားမည်ဖြစ်ပြီး ကောင်းချီးများ ရလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။ သူတို့တွင် သူတို့၏ အပိုင်ကြံမှုများရှိသော်လည်း သူတို့ မပြောင်းလဲနိုင်သည့်အရာတစ်ခုရှိသည်။ လူ့ဇာတိခံဘုရားသခင်သည် စစ်မှန်သောဘုရားသခင်ဖြစ်သည်ဆိုသည်ကို သူတို့ မယုံကြည်ကြသကဲ့သို့၊ ဘုရားသခင်၏အရာခပ်သိမ်းအပေါ် ရှိသည့် အချုပ်အခြာအာဏာကို သူတို့ သံသယရှိသောကြောင့် သမ္မာတရားကို မည်သည့်အခါမှ သူတို့ လက်ခံလိမ့်မည်မဟုတ်ပေ။ သမ္မာတရားကို လက်မခံနိုင်သောသူများသည် အဆုံးတွင် မည်သို့ဖြစ်သွားသနည်း။ (သူတို့သည် ဖယ်ရှားရှင်းလင်းခံရသည်။) ဟုတ်ပေ၏၊ သူတို့အားလုံး ဖယ်ရှားရှင်းလင်းခံရသည်။ ဤမယုံကြည်သူများသည် သမ္မာတရားကို စိတ်မဝင်စားကြဘဲ ကောင်းချီးပေးခံရခြင်းနှင့်ပတ်သက်၍ မျှော်လင့်ချက်အမြဲ ထားရှိကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းအပေါ် သူတို့၏နားလည်ခြင်းနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်တို့မှာ သူတို့၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများနှင့် မျှော်လင့်ချက်များတို့ဖြင့် စွန်းထင်းနေပြီး သူတို့သည် ချစ်မြတ်နိုးရသောအသက်အတွက် “ဘုရားသခင်သည် ဖြောင့်မတ်သည်” ဟူသည့် စကားရပ်ကို တွယ်ဖက်ထားရင်း ကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြသည်။ သူတို့သည် ချစ်မြတ်နိုးရသောအသက်အတွက် ဤစကားရပ်ကို တွယ်ဖက်ထားကြသည်ဆိုသည်မှာ အတိအကျ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်ပတ်သက်၍ သူတို့တွင် ဘက်လိုက်မှုများနှင့် နားလည်မှုလွဲခြင်းများ အမြဲရှိကြသည်ဟု ဆိုလိုပေသည်။ “ဘုရားသခင်၊ ကိုယ်တော်သည် ဖြောင့်မတ်သဖြင့်၊ ဤဖြောင့်မတ်ခြင်းအပေါ် မူတည်၍ ကျွန်ုပ် လုပ်သမျှအားလုံးကို သင်ချဉ်းကပ်သင့်သည်။ ကျွန်ုပ်သည် မကောင်းမှုကို မကျူးလွန်ခဲ့သကဲ့သို့ နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကိုလည်း မဖြစ်စေခဲ့ပါ။ သို့ဖြစ်၍ ကိုယ်တော်သ် ကျွန်ုပ်ကို အလျှံပယ် သနားကရုဏာကို ပြသတော်မူသင့်ပြီး ကျွန်ုပ်ကို ဆက်၍နေစေသင့်ပါသည်” ဟု သူတို့ တွေးကြသည်။ ဤသည်မှာ ချစ်မြတ်နိုးရသောအသက်အတွက် သူတို့ တွယ်ဖက်ထားသည့် ကောက်ရိုးမျှင်ဖြစ်သည်။ သူတို့၏ဤစိတ်ကူးသည် မျှတပြီး လက်တွေ့ကျသလော။ (လက်တွေ့မကျပါ။) အဘယ်ကြောင့် လက်တွေ့မကျသနည်း။ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လုံးလုံးလျားလျား မယုံကြည်ကြပေ။ သူတို့သည် သူတို့၏ကံကို စမ်းသပ်သည့်သဘောဖြင့် ထိုအရာနှင့်ပတ်သက်၍ ရလိုရငှား မျှော်ကိုးရန် ဆန္ဒရှိကြပြီး ဘုရားသခင်က သူတို့၏လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။ ဤသည်မှာ ဖြစ်လိုသည်အတွေးသာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားက မည်သည့်အရာနှင့်တူသည်ဆိုသည်ကို သူတို့မသိကြချေ။ သူတို့သည် သမ္မာတရားကို မရှာဖွေကြသကဲ့သို့ ဘုရားသခင်ကို သိဖို့ မကြိုးစားကြပေ။ အထူးသဖြင့် သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မရှာဖွေကြပေ။ သူတို့သည် ဖြစ်လိုသည့် အတွေးဖြင့် ဤသို့သာ ယုံကြည်ကြပြီး၊ ထိုအရာအတွက် သူတို့၏ကံကို စမ်းသပ်ကြည့်ခြင်းနှင့်ဆိုင်သော စရိုက်တစ်ခုလည်းရှိသည်။ အဘယ်ကြောင့် ဤသို့ သူတို့ စဉ်းစားနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် သူတို့အတွက် အကျိုးရှိကြောင့်ဖြစ်သည်။ ဤကောက်ရိုးမျှင်သည် သူတို့၏ နောက်ဆုံးအသက်ကယ်ကြိုးဖြစ်သည်။ ယင်းသည် သူတို့၏ လောင်းကြေးများအားလုံးကို ပုံအောထားသည့် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။ သူတို့၏ကိုယ်ပိုင် အသက်တာများကို ဤဆန္ဒနှင့် စွန့်စားကြည့်ခြင်းဖြင့် သူတို့သည် ဆုံးရှုံးဖို့ မျှော်လင့်သလော။ (မမျှော်လင့်ပါ။) လူတို့သည် လောင်းကစားကြသောအခါ ထုံးစံအတိုင်း နိုင်ဖို့ကို မျှော်လင့်ကြသည်။ သို့ဖြစ်လျှင် ဤလူများသည် သူတို့အနိုင်ရနိုင်သကဲ့သို့ ခံစားရပြီး သူတို့နိုင်လိမ့်မည်ဖြစ်ကြောင်း သေချာခံစားသိရအောင် မည်သည့်အရာကိုကို ဆုပ်ကိုင်ထားဖို့ လိုအပ်သနည်း။ ၎င်းမှာ “ဘုရားသခင်သည် ဖြောင့်မတ်သည်” ဟူသောစကားရပ်ဖြစ်သည်။ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ဆိုသော ဤမယုံကြည်သူများသည် သူဖြောင့်မတ်ကြောင်းကို အမှန်တကယ် ယုံကြည်သလော။ သူသည် လူတစ်ဦးစီတိုင်းကို သူတို့လုပ်ရပ်များအတိုင်း ပြန်လည်ဆပ်ပေးလိမ့်မည်ဟု သူတို့ အမှန်တကယ် ယုံကြည်သလော။ သူတို့နားလည်ထားသညဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအစစ်အမှန်နှင့် အတူတူပဲလော။ (မတူပါ။) မတူကြောင်းကို သူတို့ သိသလော။ (သူတို့သိပါသည်။) သို့ဆိုလျှင် သူတို့သည် အဘယ်ကြောင့် “ဘုရားသခင်သည် ဖြောင့်မတ်သည်” ဟု ဆက်၍ပြောဆိုနေကြသေးသနည်း။ သူတို့၏ဤစကားရပ်အတွင်းတွင် မည်သည့်အရာ ပါဝင်သနည်း။ ထိုအရာအတွင်းတွင် မည်သည့်ရည်ရွယ်ချက်များပါဝင်သနည်း။ (ဘုရားသခင်အား သူတို့၏တောင်းဆိုချက်များကို ဖြည့်ဆည်းစေဖို့၊ သူတို့ကို ရှင်သန်ကျန်ရစ်ခွင့်ပေးကာ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခွင့်ပေးစေဖို့အတွက် ဤစကားလုံးများကို သူတို့ သုံးလိုသည်။) မှန်ပေ၏၊ ဤစကားရပ်၏နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိသည်။ သူတို့သည် ၎င်းနှင့် ဘုရားသခင်ကို အကျပ်ကိုင်ဖို့ကြိုးစားနေကြသည်။ ဤစကားလုံးများကို ပြောဆိုခြင်းဖြင့် “ကိုယ်တော်သည် ဖြောင့်မတ်သည် မဟုတ်လော။ ကျွန်ုပ်သည် အဖိုးများစွာ ပေးခဲ့ပြီးဖြစ်၍ သင်၏ဖြောင့်မတ်ခြင်းအတိုင်း သင်ပြုမူသင့်သည်။ ကျွန်ုပ်သည် အလုပ်အလွန့်အလွန်များခဲ့ပြီး ဆင်းရဲဒုက္ခများစွာကိုလည်း ခံစားခဲ့ရပြီးပြီ၊ ယခု ကျွန်ုပ် မည်သို့ ကောင်းချီးပေးခံရသင့်သနည်း” ဟု သူတို့ ဆိုလိုခြင်း ဖြစ်သည်။ ဤသည်မှာ အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်၍ တောင်းယူခြင်းနှင့် ပွက်လောညံအောင် တောင်းဆိုခြင်းဖြစ်သည်။ သူတို့သည် လူတစ်ဦးကို အကျပ်ကိုင်ပြီး မျက်နှာလိုမျက်နှာရလုပ်နေခြင်းဖြစ်ကာ ထိုသို့လုပ်ခြင်းဖြင့် ကောင်းချီးများခံစားရနိုင်ပြီး သူတို့လိုချင်သည့်အရာကို ရနိုင်သည်ဟု ထင်နေသည်။ ဘုရားသခင်သည် ဤနည်းအတိုင်း အမှန်တကယ် ပြုမူဆောင်ရွက်မည်လော။ ဆောင်ရွက်မည် မဟုတ်ပေ။ ယင်းမှာ သူတို့သည် ဘုရားသခင်ရှိသည်ဟု မယုံကြည်ကြသည့်အပြင် သူ၏စိတ်သဘောထားကို မယုံကြည်ကြသောကြောင့်၊ သူ၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ဟု မုချ မယုံကြည်ကြသောကြောင့်၊ သူတို့သည် ဘုရားသခင်ထံ ပြောင်ပြောင်တင်းတင်း ပွက်လောညံအောင် တောင်းဆိုရဲပြီး ဘုရားသခင်နှင့် ဖက်ပြိုင်ရင်ဆိုင်ရဲကာ ဤနည်းဖြင့် လောင်းရဲသောကြောင့်ဖြစ်သည်။ ထိုကဲ့သို့သောကိစ္စများကို သူတို့ လုပ်ကြခြင်းမှာ မယုံကြည်သူများဖြစ်ကြသောကြောင့် အတိအကျဖြစ်ပေသည်။ “ဆင်းရဲဒုက္ခများစွာကို ကျွန်ုပ် ကြံ့ကြံ့ခံခဲ့ရပြီးပြီ၊ ကျွန်ုပ် မည်သည့်အရာကို ရခဲ့သနည်း” သို့မဟုတ် “ဘုရားသခင်သည် ဖြောင့်မတ်ပြီးလူတို့ကို မဟုတ်ဘဲ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ခြင်းရှိသည်” ဟူ၍ မကြာခဏ ပြောဆိုရင်း မယုံကြည်သူများသည် ဤကဲ့သို့ ပြုမူသည်။ မယုံကြည်သူများသည် ဤနည်းအတိုင်း မကြာခဏ ပြောလေ့ရှိကြသည်။ ဤစိတ်သဘောထားမျိုးကို ထုတ်ဖော်ကြပြီး ဤအပြုအမူများကို ပြသကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် သူတို့၏သဘောထားဖြစ်သည်။ သူ၏တည်ရှိမှုအပေါ် သူတို့ မယုံကြည်ကြသော်လည်း သူတို့သည် အားထုတ်ကြိုးပမ်းခြင်းနှင့် အဖိုးအခများပေးဆပ်ခြင်းတို့ဖြင့် ဘုရားသခင်ကို မျက်နှာလိုမျက်နှာရ လုပ်လိုကြဆဲဖြစ်ပြီး၊ ကောင်းချီးများရရန်ဖြစ်သည့် သူတို့၏ရည်မှန်းချက်ကို ရယူဖို့အလို့ငှာ ဘုရားသခင်ကို အကျပ်ကိုင်ပြီး စွပ်စွဲဖို့အတွက် ဘုရားသခင်၏နှုတ်ကပတ်တော်၊ စကားလုံးများနှင့် အယူဝါဒများအပြင် ဤသဘောတရားများကို သုံးကြသည်။ သို့သော် သူတို့သည် ဤဖြစ်လိုသည့်အတွေးမျိုးဖြင့် အမှားလုပ်မိကြသည်မဟုတ်လော။ သူတို့၏ဤအလောင်းအစားသည် နောက်ဆုံးတွင် အကျိုးခံစားရလိမ့်မည်လော။ (အကျိုးခံစားရလိမ့်မည်မဟုတ်ပါ။) သူတို့ ရှုံးလိမ့်မည်ကို သူတို့ သိကြသလော။ သူတို့သည် လောင်းကြေးထပ်၍ လောင်းကစားလုပ်နေခြင်းဖြစ်ကြောင်းကို သိကြသလော။ (သိကြပါသည်။) သင်တို့ မှား၏။ သူတို့သည် လုံးဝ မသိကြပေ။ မိမိတို့၏ယုံကြည်ခြင်း စစ်မှန်သည်ဟု သူတို့ ယုံကြည်ကြသည်။ အဘယ်ကြောင့် သူတို့၏ယုံကြည်ခြင်းက စစ်မှန်သည်ဟု သူတို့ တွေးထင်ကြသနည်း။ ကျွန်ုပ်ကို ပြောလော့။ လူများသည် ဤသို့သောအခြေအနေများနှင့် စိတ်သဘောထားများကို မည်သို့ သတိပြုမိနိုင်သနည်း။ အကယ်၍ သူတို့သည် မယုံကြည်သူများ၏ လောကထဲတွင် နေထိုင်ပြီး “ကွန်ဖြူးရှပ်၏အတွေးအခေါ်များစုစည်းမှု” နှင့် “ဒေါင်ဒဲဂျင်း (စာရေးဆရာလောင်ဇူး)” တို့ကဲ့သို့သော ရိုးရာယဉ်ကျေးမှု၏ ဂန္ထဝင်လက်ရာအချို့ကို လေ့လာသင်ယူပါက ဤအပြုအမူများနှင့် အနှစ်သာရများကို သူတို့ သတိပြုမိနိုင်လိမ့်မည်လော။ (သတိမပြုမိနိုင်ပါ။) မည်သည့်အခါမှ သတိပြုနိုင်လိမ့်မည်မဟုတ်ပေ။ လူများသည် ဤပြဿနာများကို သူတို့၏သဘာဝအနှစ်သာရများဖြင့် သတိပြုမိနိုင်ဖို့အလို့ငှာ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ (ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်ခံရမည်ဖြစ်သည်။) ပထမအနေဖြင့် သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် သမ္မာတရားကို လက်ခံရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အားလုံး မှန်ကန်ကြောင်းကို သူတို့ ယုံကြည်ခြင်းရှိရမည်၊ ဘုရားနှုတ်ကပတ်တော်ကို လက်ခံရမည်ဖြစ်ပြီး သူတို့ကိုယ်သူတို့ ထိုနှုတ်ကပတ်တော်နှင့်နှိုင်းယှဉ်ကြည့်ဖို့ မှန်သဘောမျိုးအဖြစ် သဘောထားရမည်။ သို့မှသာ သူတို့သည် သူတို့စိတ်ထဲတွင် ရှိထားသည့်အခြေအနေများနှင့် အမြင်များ၊ သူတို့၏သဘာဝများအတွင်းတွင် တည်ရှိနေသည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ပြဿနာကို သတိပြုမိနိုင်ပေသည်။ အကယ်၍ သူတို့သည် သမ္မာတရားကို လက်မခံပါက သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် မမှတ်ယူပါက ဤမှန်သည် သူတို့အတွက် ရှိပါဦးမည်လော။ (ရှိလိမ့်မည် မဟုတ်ပါ။) ယင်းသည် သူတို့အတွက် လုံးဝတည်ရှိမည်မဟုတ်။ သူတို့သည် သူတို့၏စိတ်နှလုံးများအတွင်းမှနေ၍ ဘုရားသခင်ကို အလွန်ပြောင်ပြောင်တင်းတင်း ထိပ်တိုက်တွေ့ပြီး သူ့ထံ ပွက်လောညံအောင် တောင်းဆိုသောအခါ ဤသည်မှာ ပြဿနာဖြစ်သည်ကို သူတို့ သဘောပေါက်နိုင်သလော။ ဤအရာကို သူတို့ မည်သည့်အခါတွင်မျှ သဘောပေါက်လိမ့်မည်မဟုတ်ပေ။ သူတို့ စဉ်းစားပုံနှင့် ပြုမူပုံသည် မှန်ကန်ပြီး ယုတ္တိတန်ကာ တရားမျှတသည်ဟု သူတို့တွက်ဆသည်။ သူတို့သည် အမြဲပြုမူနေကျအတိုင်း ပြုမူပြီး အမြဲယုံကြည်နေကျအတိုင်း ယုံကြည်ကြသည်။ ထို့အပြင် သူတို့၏ လက်ရှိထင်မြင်ချက်များတခုခုကို ခွဲခြမ်းစိတ်ဖြာဖို့ သို့မဟုတ် စွန့်လွှတ်လိုက်ဖို့ မလိုအပ်ဟု ခံစားကြရပြီး၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်၏ ဖော်ထုတ်ခြင်းကို လက်ခံခြင်းက အသုံးမဝင်ဟု မြင်ကြသည်။ သူတို့သည် သူတို့၏ကိုယ်ပိုင် အတွင်း ကမ္ဘာများထဲတွင် နေထိုင်ကြရင်း မိမိကိုယ်ကိုယ်အတွက် အသက်ရှင်ကြသည်။ သူတို့လုပ်ဆောင်သည့် မည်သည့်အရာမျှ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ဆက်စပ်ခြင်း မရှိပေ။ သူတို့သည် သူတို့တွေးလိုသမျှ တွေးချင်ရာတွေးကြပြီး သူတို့ ယုံကြည်သည့်အရာ သို့မဟုတ် အကြံထုတ်သည့်အရာ မည်သည့်အရာကိုမဆို မှန်ကန်သည်၊ သမ္မာတရားဖြစ်သည်ဟု ယူဆကြလေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် သူတို့ထားသည့် သဘောထားအပေါ် အခြေခံ၍ သူတို့၏စိတ်နှလုံးများအတွင်းနက်နက်တွင် တည်ရှိနေသောပြဿနာများကို မည်သည့်အခါတွင်မျှ သတိပြုမိလိမ့်မည် မဟုတ်ပေ။ သူတို့သည် အဖိုးအခများကို ပေးပြီး နေ့တိုင်း အလုပ်များနေသောအခါ မည်သူနှင့် မည်သည့်အရာအတွက် သူတို့က အလုပ်များနေခြင်းဖြစ်သနည်း။ ဤအပြုအမူကို မည်သည့်အရာကက လွှမ်းမိုးထိန်းချုပ်သနည်း။ သူတို့၏အရင်းခံအကြောင်းမှာ အဘယ်နည်း။ တစ်နည်းအားဖြင့်၊ သူတို့တွင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း မရှိဘဲ၊ သူတို့၏ကံကို စမ်းသပ်ကြည့်သည့်သဘောအပေါ် အခြေခံ၍ ဘုရားသခင်နှင့် အလောင်းအစားလုပ်လိုကြသည်။ နောက်တစ်နည်းအားဖြင့်၊ သူတို့သည် ကောင်းချီးများအတွက် သူတို့၏လိုအင်ဆန္ဒက စိုးမိုးခြယ်လှယ်ခြင်းကို ခံနေရခြင်းဖြစ်သည်။ ကောင်းချီးများရခြင်းအကြောင်း၊ ဘုရားသခင်၏ကတိတော်ကို ရရှိခြင်းအကြောင်း သူတို့ စဉ်းစားမိသမျှအချိန်တိုင်းတွင် သူတို့သည် ပို၍စိတ်အားထက်သန်စွာ အလုပ်များနေကြသည်။ သူတို့စိတ်နှလုံးများ၏ အတွက်းနက်နက်နေရာများက ဝမ်းမြောက်ခြင်ဖြင့် ပွင့်လန်းနေပြီး ဘုရားသခင်သည် သူတို့ကို အလွန်များစွာပေးလေပြီ၊ သူသည် အလွန် ချစ်ဖွယ်ကောင်းသည်ဟု တွေးရင်း လူအချို့သည် စိတ်လှုပ်ရှားလာကြပြီး မျက်ရည်များကျစပြုလာကြသည်။ ဤသည်တို့မှာ နားလည်မှုလွဲခြင်းများ ဖြစ်သည် မဟုတ်လော။ ဤအခြေအနေများနှင့် ခံစားချက်များသည် သမ္မာတရားလိုက်စားသူများက ဘုရားသခင်၏ရိုက်နှက်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြစ်တင်မောင်းမဲခြင်းတို့ကို တွေ့ကြုံရသောအခါ သူတို့စိတ်နှလုံးများအတွင်းထဲတွင် ခံစားရသည့်အရာနှင့် တူသယောင်ထင်ရသည်။ သမ္မာတရားလိုက်စားသူများသည်လည်း မျက်ရည်များကျပြီး ဘုရားသခင်ကို ကျေးဇူးတင်ကြသော်လည်း သဘောသဘာဝအရ ဤလူနှစ်မျိုးနှစ်စားသည် မည်ပုံမည်နည်းကွဲပြားခြားနားကြသနည်း။ သမ္မာတရားကို လိုက်စားသူများသည် နာကျင်မှုနှင့် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံသောအခါ ထိုအရာမှာ သူတို့သည် ဘုရားသခင်ကို အကြွေးတင်နေပြီး ဘုရားသခင်၏ကတိတော်များ၊ ကောင်းချီးများနှင့် မထိုက်တန်ဟု ခံစားရသောကြောင့်ဖြစ်သည်။ ဘုရားသခင်က သူတို့ကို အလွန်များစွာပေးထားပြီးသဖြင့် သူတို့သည် အလွန်ပျော်ရွှင်ကြသော်လည်း သူတို့၏စိတ်နှလုံးများအတွင်းထဲတွင် ဝမ်းနည်းသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လုံလောက်အောင် မလုပ်ပေးရသေးသကဲ့သို့ ဘုရားသခင်ကို သူတို့ အကြွေးတင်နေသည်ဟု ခံစားရသောကြောင့်ဖြစ်သည်။ သူတို့သည် ရံဖန်ရံခါ စိတ်လှုပ်ရှားပြီး မျက်ရည်စက်လက်ဖြစ်ကြသော်လည်း ယင်းမှာ ဘုရားသခင်၏ကျေးဇူးတော်၊ သနားကရုဏာနှင့် သည်းခံနိုင်မှုတို့အတွက် သူ့ကို သူတို့ ကျေးဇူးတင်ကြခြင်းဖြစ်သည်။ ဘုရားသခင်က သူတို့၏ပြစ်မှားခြင်းများ၊ သို့မဟုတ် သူတို့၏ပုန်ကန်ခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို မကြည့်ဘဲ သူတို့ကို သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ပြသနေဆဲဖြစ်ကာ သူတို့ကို ကျေးဇူးတော် ပေးလျက် လမ်းညွှန်နေဆဲဖြစ်ပုံကို သူတို့ မြင်ကြသောအခါ သူတို့၏စိတ်နှလုံးများအတွင်းထဲတွင် တကယ့်ကို အကြွေးတင်နေသလိုခံစားရပြီး နာကျင်နေကြသည်။ သူတို့သည် ဝမ်းနည်း၊ နောင်တရသည့်အခြေအနေတွင်ရှိပြီး သူတို့သည် မထိုက်တန်ဟု ခံစားရသည်နှင့်အမျှ သူတို့တွင် ကောင်းချီးများရဖို့မျှော်လင့်ချက်ရှိမရှိဟူသည်ကိုပင် မတွေးရဲပေ။ မယုံကြည်သူများ၏မျက်ရည်များနှင့်ဆိုင်သော သဘောသဘာဝက အဘယ်နည်း။ သင်တို့ကို ကျွန်ုပ် ဖော်ပြချက်တစ်ခု ပေးပါရစေ၊ ပြီးလျှင် ထိုအရာမှန်ကန်တိကျမှုရှိမရှိကို သင်တို့ ကြည့်နိုင်ပါသည်။ သူတို့အပေါ် တစ်ခုခုဖြစ်ပျက်သောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ကြီးမြတ်သော အမှုတော်နှင့် ဘုရားသခင် ပေးသည့် ကျေးဇူးတော်တို့ကို မြင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်ကြောင့် သူတို့ စိတ်လှုပ်ရှားရပြီး ဘုရားသခင်၏လမ်းညွှန်မှုနှင့် ဉာဏ်အလင်ပေးခြင်းခံရကာ၊ သူတို့၏အလုပ်က အကျိုးဖြစ်ထွန်းလာသောအခါ သူတို့သည် ပျော်ရွှင်ကြပြီး “အိုး ဘုရားသခင်၊ ကိုယ်တော်၏ကောင်းချီးများနှင့် လမ်းညွှန်မှုတို့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။ ဤဂုဏ်ကျက်သရေအားလုံးကို ကိုယ်တော်ပိုင်ဆိုင်ပါသည်” ဟူ၍ သူတို့၏စိတ်နှလုံးများအတွင်းထဲတွင် ဘုရားသခင်ထံ ဆုတောင်းကြသည်။ သူတို့သည် သူတို့စိတ်နှလုံးများ၏အနက်ရှိုင်းဆုံးနေရာတွင် သူတို့ကိုယ်သူတို့ အလွန်ကျေနပ်အားရနေကြသည်။ သူတို့သည် သူတို့စိတ်နှလုံးများ၏အတွင်းနက်နက်နေရာများတွင် သူတို့ကိုယ်သူတို့ အလွန်ကျေနပ်အားရနေကြပြီး၊ “ဘုရားသခင်သည် ကျွန်ုပ်ကို မထားခဲ့သေးပေ။ မယုံကြည်သူကဲ့သို့ ဘုရားသခင်ကို ကျွန်ုပ် စစ်မှန်စွာ မယုံကြည်ခဲ့ဟု ကျွန်ုပ် ထင်လေ့ရှီသော်လည်း ယခုတွင်မူ ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးပေးနေဆဲဖြစ်ပြီး ကျွန်ုပ်ကို မထားရစ်ခဲ့သေးကြောင်းကို ကျွန်ုပ် မြင်ရပေပြီ။ ဆိုလိုသည်မှာ ကောင်းချီးများနှင့် လှပသောခရီးဆုံးပန်းတိုင်တို့ကို ရဖို့ ကျွန်ုပ်၏မျှော်လင့်ချက်နှင့် အခွင့်အရေးများသည် ပို၍ပို၍ကြီးထွားများပြားလာနေပေပြီ။ ဘုရားသခင်အပေါ် ယုံကြည်ဖို့ ကျွန်ုပ်၏ဆုံးဖြတ်ချက်သည် မှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်ခဲ့ပုံပေါ်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို ရွေးချယ်ခဲ့ပြီ” ဟု တွေးကြလေသည်။ သူတို့တွင် ဤကဲ့သို့သော အတွေးများရှိသောအခါ အကြွေးတင်နေသကဲ့သို့ သူတို့ ခံစားကြရသလော။ သူတို့သည် သူတို့ကိုယ်သူတို့ နားလည်ကြသလော။ သူတို့၏ စာတန်ဆန်သော သဘာဝများနှင့် မာနထောင်လွှားသော စိတ်သဘောထားများကို သူတို့ အမှန်တကယ် မုန်းတီးကြသလော။ (မမုန်းတီးကြပါ။) သူတို့အပေါ် ဘုရားသခင် ပြုပြီးသည့် အမှုအတွက် အမှန်တကယ် ကျေးဇူးတင်ခြင်းကို သူတို့ ခံစားရသလော။ (သူတို့ မခံစားရပါ။) အကယ်၍ သူတို့က အပေါ်ယံ ကျေးဇူးတင်ရှိမှုတစ်ခုခုကို ဖော်ပြလျှင်ပင်၊ “ဘုရားက ကျွန်ုပ်ကို ရွေးချယ်သည်မှာ သေချာပေါက် မှန်ကန်သည်။ သူကျွန်ုပ်ကို မရွေးချယ်ခဲ့လျှင် သူ့ကို ကျွန်ုပ် မည်သို့ယုံကြည်နိုင်မည်နည်း” ဟု သူတို့စိတ်နှလုံးများအတွင်းထဲတွင် တွေးကြသည်။ အဆုံးတွင် သူတို့ကြံ့ကြံ့ခံခဲ့သည့်ဆင်းရဲဒုက္ခနှင့် သူတို့ပေးဆပ်ခဲ့သည့် အဖိုးအခများအားလုံးအတွက် ပြန်လည်ပေးဆပ်ခံရသည့်အကြောင်းတရားအဖြစ် အားလုံးကို ယူဆကြပြီး ကောင်းချီးများရဖို့ သေချာသလောက်ဖြစ်သည်ဟု ထင်ကြသည်။ ဘုရားသခင်အပေါ် အကြွေးတင်နေသကဲ့သို့ သူတို့ မခံစားရချေ။ သူတို့တွင် ကိုယ့်ကိုယ်ကိုယ် သိနားလည်ခြင်းမရှိသည့်အပြင် ကောင်းချီးများရလိုသော သူတို့၏လိုအင်ဆန္ဒများ ပို၍ပင် ပြင်းထန်လာနေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်အပေါ် စစ်မှန်သောကျေးဇူးတင်ခြင်း ပို၍ပင် နည်းပါးလာသည်။ ကောင်းချီးများရချင်သော လိုအင်ဆန္ဒ ပို၍ပြင်းထန်လာသည့်လူများနှင့် ကောင်းချီးများရဖို့ မထိုက်တန်၊ ဘုရားသခင်၏ကတိတော်ကိုရဖို့ မထိုက်တန်သကဲ့သို့ ဘုရားသခင်၏ လမ်းညွှန်ခြင်းနှင့် ဦးဆောင်လမ်းပြခြင်းတို့ကို ခံရဖို့ မထိုက်တန်ဟု ခံစားရသောလူများအကြားတွင် ကွဲပြားခြားနားချက်မှာ အဘယ်နည်း။ အခြားလူက အမြဲ တိုက်ခိုက်လိုပြီး အမြဲ ကျိတ်ကြံစည်နေကာ၊ “ကျွန်ုပ်သည် ယုံကြည်သူဖြစ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီး ဤရွေ့ဤမျှ ဒုက္ခခံခဲ့ရပြီးပြီ၊ သို့ဖြစ်၍ ကောင်းချီးများရဖို့ ကျွန်ုပ်၏အလားအလာ မည်မျှကောင်းသနည်း။ နောင်တွင် ဘုရားသခင်က ကျွန်ုပ်ကို ကောင်းချီးများ ပေးလိမ့်မည်လော” ဟု တွေးရင်း ဘုရားသခင်နှင့် စာရင်းရှင်းဖို့နည်းကို အပိုင်ကြံနေစဉ်၊ ပထမလူသည် တိုက်ခိုက်ဖို့ဆန္ဒမရှိဘဲ ကောင်းချီးများရဖို့ မထိုက်တန်ဟု ခံစားရလျက် နောက်သို့ဆုတ်နေသည်။ ခြားနားချက်မှာ သိသာလှသည်။ အခြားလူက မထိုက်တန်ဟု ခံစားနေရစဉ်တွင် တစ်ဦးက ကြိုးပမ်းမေသည်။ ဤလူစားနှစ်မျိုးအနက်မှ မည်သည့်လူစားမျိုးတွင် အသိတရားနှင့် အသစိတ်တို့ရှိသနည်း။ (ကောင်းချီးများရဖို့ မထိုက်တန်ဟု ခံစားရသောသူ ဖြစ်သည်။) ကောင်းချီးများရဖို့ မထိုက်တန်ဟု ခံစားရသောသူသည် တကယ့်အခြေအနေမှန်ကို နားလည်သည်။ သူတို့သည် ဖန်ဆင်းရှင်၏ရှေ့တွင် အရေးမပါသည့်ဖန်ဆင်းခံသတ္တဝါသည် ကောင်းချီးများနှင့် မထိုက်တန်ဟု ခံစားရသည်။ စစ်မှန်သော သိနားလည်ခြင်းလည်း ရှိပြီး သူတို့စိတ်နှလုံးများ၏အတွင်းနက်နက်နေရာတွင် ဘုရားသခင်အပေါ် စစ်မှန်သောကျေးဇူးတင်ခြင်းပို၍ ပင်ရှိနေစဉ်မှာပင် သူတို့သည် အကြွေးတင်သကဲ့သို့ ခံစားကြရပြီး နောင်တရကြသည်။ သူတို့၏စစ်မှန်သောနေရာကို သူတို့ တွေ့ရှိကြပြီး ဖြစ်သည်။ အခြားလူစားမျိုးက ကြိုးပမ်းနေသည်၊ ခရီးပန်းတိုင်အတွက်၊ အဆင့်အတန်းအတွက်နှင့် ကောင်းချီးများအတွက် ကြိုးပမ်းနေသည်။ ဤဆင်းရဲဒုက္ခအားလုံးကို ကြံ့ကြံ့ခံပြီး၊ ဤအဖိုးအခများအားလုံးကို ပေးဆပ်ရာတွင် သူတို့၏ရည်မှန်းချက်ပန်းတိုင်က အဘယ်နည်း။ သူတို့သည် ကောင်းချီးများနှင့် ခရီးပန်းတိုင်တို့အတွက် ထိုအရာများကို အလဲအလှယ်လုပ်ရန် ဤအရာများကို လုပ်ဆောင်ကြခြင်း ဖြစ်သည်။ သူတို့သည် ဘုရားသခင်ထံမှ ဆုလာဘ်ကို ရဖို့အလို့ငှာ သူတို့၏ကိုယ်ပိုင်လုပ်အားကို ရောင်းစားဖို့ မျှော်လင့်သည်။ ထိုကဲ့သို့သောလူသည် ဘုရားသခင်၏အမြင်တွင် စစ်မှန်သောဖန်ဆင်းခံသတ္တဝါဖြစ်သလော။ ဤသည်မှာ ဘုရားသခင်က အလိုရှိသည့် ဖန်ဆင်းခံသတ္တဝါဖြစ်သလော။ (မဟုတ်ပါ။) ကောင်းချီးများ သို့မဟုတ် ဆုလာဘ်များ ရဖို့ တခုတည်းသောနည်းလမ်းမှာ ထိုအရာများအတွက် ကြိုးပမ်းရန်ဖြစ်သည်ဟု ဘုရားသခင်က တစ်ကြိမ်တစ်ခါမျှ ပြောခဲ့ဖူးပါသလော။ (မပြောခဲ့ဖူးပါ။) သို့ဆိုလျှင် ဘုရားသခင်သည် လူများထံမှ မည်သည့်အရာကို တောင်းဆိုသနည်း။ (ဖန်ဆင်းခံသတ္တဝါ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့ ကျွန်ုပ်တို့ ကောင်းစွာပြုမူရန်ဖြစ်သည်။) (ကျွန်ုပ်တို့သည် ရိုးသားသောလူများဖြစ်လာကြဖို့ ဖြစ်သည်။) ထိုအရာများမှာ ခိုင်လုံသော တောင်းဆိုချက်အချို့ဖြစ်ကြသည်၊ အခြားမည်သည့်အရာများရှိသေးသနည်း။ (ကျွန်ုပ်တို့၏ လုပ်ရပ်များတွင် ဘုရားသခင်၏နှုတ်ကပတ်တော် နှင့် တောင်းဆိုချက်များကို လိုက်လျှောက်ရန် ဖြစ်သည်။) (ကျွန်ုပ်တို့သိသမျှ သမ္မာတရားများကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ဖို့ဖြစ်သည်။) ဤသည်တို့မှာ ရည်ရွယ်ချက်မဟုတ်ပါ။ သင်တို့သည် ကိစ္စရပ်၏အခရာကို မေ့နေသည်။ လူများအပေါ်ဘုရားသခင် တောင်းဆိုသည့်အရာကို သင်တို့ မသိသေးပေ။ သူ၏ သတ်မှတ်ချက်များမှာ အမှန်တွင် အလွန်ရိုးရှင်းပါသည်။ သူ၏နှုတ်ကပတ်တော်ကို နားထောင်ပြီး သူ့ကို ကျိုးနွံနာခံလော့။ ယင်းတို့သည် သတ်မှတ်ချက်များဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ခြင်းဆိုသည်မှာ လူများအတွက် သူ၏သတ်မှတ်ချက်များကို လက်တွေ့လုပ်ဆောင်ခြင်းအား ဆိုလိုသည်။ သင်တို့ ယခုတင် ပြောခဲ့ပြီးသည့် သတ်မှတ်ချက်များအပြင် အမှန်တွင် နောက်ထပ်များစွာရှိပါသေးသည်။ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းဟူသည်ကရော အဘယ်သို့နည်း။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အမြဲ နားမလည်သော်လည်း သူ့ကို ကျိုးနွံနာခံနိုင်သလော။ ဤအရာက ဖန်ဆင်းရှင်အပေါ်ထားသည့် ဖန်ဆင်းခံသတ္တဝါ၏သဘောထားကို ထည့်သွင်းစဉ်းစားသည်။ ရံဖန်ရံခါတွင် သူက သင့်ကို အမိန့်ပေးရုံပေးလိုက်သကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ပြီးနောက် သင်သည် နားမလည်ဖြစ်နိုင်သည်။ သင်သည် ထိုနှုတ်ကပတ်တော်ကို နားထောင်နေသလော။ သင်သည် ထိုအရာ မှန်သလော၊ မှားသလောဟူသည်ကို သို့မဟုတ် ထိုအရာ၏နောက်ကွယ်က အကြောင်းရင်းကို မမေးဘဲ နားထောင်ရမည်။ ဘုရားသခင် သင့်ကို ပြောသမျှ သို့မဟုတ် သူပြောပြသမျှ၊ သို့မဟုတ် သင့်ကို သူလုပ်ဖို့ အမိန့်ပေးသမျှကို သင်နားထောင်ရမည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းဖြစ်သည်။ သင်သည် ကျိုးနွံနာခံမှုကို စွမ်းဆောင်ရရှိသည့်အခါမှသာ ဘုရားသခင်၏အမြင်တွင် ဖန်ဆင်းခံသတ္တဝါဖြစ်လေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ခြင်းနှင့် သူ့ကို ကျိုးနွံနာခံခြင်း။ ဤသည်တို့သည် လူများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ ဖြစ်ကြသည်။ ဘုရားသခင်၏လမ်းခရီးကို လိုက်လျှောက်ခြင်းတည်းဟူသော အခြားစကားရပ်တခုလည်း ရှိသေးသည်။ ဤ “လိုက်လျှောက်ခြင်း” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း၊ သူ့နှုတ်ကပတ်တော်ကို လက်ခံခြင်းနှင့် သူ၏လမ်းခရီးကို လိုက်လျှောက်သည့်လူဖြစ်ခြင်းတို့ကို ဆိုလိုသည်။ သူ၏လမ်းခရီးဆိုသည်မှာ အဘယ်နည်း။ သူ၏နှုတ်ကပတ်တော်ဖြစ်သည်။ အမှန်တွင် “ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ခြင်းနှင့် သူ့ကို ကျိုးနွံနာခံခြင်း” နှင့် “ဘုရားသခင်၏လမ်းခရီးကို လိုက်လျှောက်ခြင်း” နှစ်ခုလုံးသည် ဆိုလိုရင်းအတူတူပင်ဖြစ်ကာ၊ ဤသည်မှာ ဘုရားသခင်လိုချင်သည့် လူစားမျိုးဖြစ်သည်။ ဘုရားသခင်က လူတို့အား၊ “ငါ၏နှုတ်ကပတ်တော်ကို သင်နားထောင်ဖို့ မလိုအပ်ပါ။ ကောင်းချီးများကိုသာ သင် လိုက်စားနိုင်သည်။ သင်သည် ကောင်းချီးပေးခြင်းခံရနိုင်သည်ကို ဘယ်တော့မှ မမေ့နှင့်။ ဤရည်မှန်းချက်အတွက် သင်သည် အရာရာကို စွန့်သင့်သည်၊ ဆင်းရဲဒုက္ခများကို ပိုကြံ့ကြံ့ခံသင့်သည်၊ အဖိုးအခများကို ပိုပေးဆပ်သင့်သည့်အပြင် ပို၍အလုပ်များနေသင့်သည်” ဟူ၍ ဘုရားသခင်က လူများကို တကြိမ်တခါမျှပင် ပြောခဲ့ဖူးသလော။ ဘုရားသခင်တွင် ဤသတ်မှတ်ချက်များရှိသလော။ ယင်းတို့ကို သူ့နှုတ်ကပတ်တော်၏တစ်နေရာရာတွင် မြင်ရသလော။ (မမြင်ရပါ။) ထိုစကားများသည် သမ္မာတရားဖြစ်ကြသလော။ (မဟုတ်ကြပါ။) မယုံကြည်သူများအတွက် ဤစကားများကို သမ္မာတရားအဖြစ် မှတ်ယူခြင်းက ပုန်ကန်ခြင်းပင်မဟုတ်လော။ ဤစကားများကို သမ္မာတရားအဖြစ် သူတို့မှတ်ယူသောအခါတွင် မည်သို့ဖြစ်မည်နည်း။ ဤစကားများမှ သူတို့ အကျိုးကျေးဇူးရနိုင်သည်။ ယင်းတို့သည် သူတို့၏လိုက်စားခြင်းနှင့် သူတို့၏ရည်မှန်းချက် အတိအကျပင်ဖြစ်ကြသည်။ သူတို့သည် လူများအပေါ် ဘုရားသခင်တောင်းဆိုထားသောအရာကို သူတို့စိတ်နှလုံးများထဲတွင် မှတ်သားကြသလော။ သူတို့သည် ဤသတ်မှတ်ချက်များကို လိုက်နာနိုင်ကြသလော သို့မဟုတ် ပြီးမြောက်အောင်လုပ်နိုင်ကြသလော။ (သူတို့မလုပ်နိုင်ကြပါ။) အဘယ်ကြောင့် သူတို့မလုပ်နိုင်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ခြင်းနှင့် သူ့ကို ကျိုးနွံနာခံခြင်းဖြစ်သည့် ဤသတ်မှတ်ချက်တို့ကို သူတို့ ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် ထိုအရာက သူတို့အနေဖြင့် ကောင်းချီးပေးခံရချင်သည့် သူတို့၏လိုအင်ဆန္ဒ၊ ပြီးလျှင်ကောင်းချီးများနှင့် ဆုလာဘ်များကို လိုက်စားဖို့ သူတို့တွင်အခွင့်အရေးရှိသည်ဟူသည့် စိတ်ကူးအကြံအစည်တို့ကို စွန့်လွှတ်ဖို့ လိုအပ်သည်ဟု ဆိုလိုသောကြောင့် ဖြစ်သည်။ ကောင်းချီးများနှင့် ဆုလာဘ်များသည် သူတို့၏ အသက်သွေးကြောဖြစ်ကြသောကြောင့် ယင်းတို့ကို စွန့်လွှတ်ဖို့ သူတို့ သဘောတူလိမ့်မည်လော။ (သဘောတူလိမ့်မည် မဟုတ်ပါ။) ဤအရာများသည် သူတို့၏ တကယ့် အသက်ဖြစ်သောကြောင့် ယင်းတို့ကို သူတို့စွန့်လွှတ်လိုက်ပါက သူတို့၏စိတ်ဝိညာဉ်များကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး သူတို့၏အသက်တာများသည် မည်သည့်အဓိပ္ပာယ်မျှ ရှိတော့မည်မဟုတ်ချေ။ သူတို့သည် ကောင်းချီးများအတွက် အသက်ရှင်ကြသောကြောင့် သင်က သူတို့ကို ကောင်းချီးများရရေးနှင့်ပတ်သက်၍ စွန့်လွှတ်ဖို့ ပြောပါက သင်သည် ၎င်းတို့အပြုအမူ၏ စည်းမျဉ်းများနှင့် သဘောထားတို့ကို ဆန့်ကျင်ဖို့နှင့် သူတို့ကိုယ်သူတို့ ဆန့်ကျင်တွန်းလှန်ရန် သင် စေခိုင်းနေခြင်း ဖြစ်သောကြောင့် ဤအရာကို သူတို့ လက်မခံနိုင်ကြပေ။ ဤအရာက သူတို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ဖို့နှင့် သူ့ကို ကျိုးနွံနာခံဖို့ တောင်းဆိုခြင်းသည် သူတို့အတွက် တကယ်ကို ခက်ခဲလွန်းသည်ဟု ဆိုလိုသည်။ နွားအိုတစ်ကောင်ကို သစ်ပင်တက်ခိုင်းခြင်းထက် ခက်ခဲပင်ပန်းလေသည်။ ဤအရာများကို သူတို့ မလုပ်နိုင်ကြောင်း သူတို့၏သဘာဝဗီဇစင်စစ်က ဆုံးဖြတ်ပေးသည်။
သင်တို့သည် ကောင်းချီးများရလိုသော လိုအင်ဆန္ဒနှင့် ရည်ရွယ်ချက်တို့ဖြင့် အသက်ရှင်လိုသလော၊ သို့မဟုတ် သင်၏တာဝန်ကို အသိတရားရှိရှိ လက်တွေ့ကျသည့် သဘောထားဖြင့် ကောင်းမွန်စွာ ထမ်းဆောင်လိုသလော၊ ပြည့်စုံလုံလောက်သော ဖန်ဆင်းခံသတ္တဝါနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ပြီး သူ့ကို ကျိုးနွံနာခံသောလူတစ်ဦး ဖြစ်လိုသလော။ သင်တို့သည် မည်သည့်လူစားမျိုးဖြစ်လိုကြသနည်း။ (ကျွန်ုပ်သည် အသိတရားရှိရှိ လက်တွေ့ကျသည့် သဘောထားရှိသော ဖန်ဆင်းခံသတ္တဝါဖြစ်လိုပါသည်။) လူအချို့သည် ဤသည်ကို လုပ်ဖို့ ဆန္ဒမရှိကြပေ။ သူတို့က၊ “ထိုကဲ့သို့ရှင်သန်နေထိုင်ခြင်းသည် ဖိနှိပ်ချုပ်ချယ်ရာကျလွန်းသည်။ ကျွန်ုပ်ကတော့ သေဖို့ကိုသာ ပိုလိုလားသည်၊ သို့မဟုတ် ယုံကြည်ခြင်းကို ရပ်လိုက်ဖို့ကိုသာ ပိုလိုလားသည်။ ကောင်းချီးများအတွက် လိုအင်ဆန္ဒအနည်းငယ်မရှိဘဲ၊ ရည်မှန်းချက်အနည်းငယ်မရှိဘဲနှင့် လူများတွင် တွန်းအားပေးသည့်အရင်းခံအကြောင်းရင်း ကင်းမဲ့သည်။ ကျွန်ုပ်သည် ထိုသို့အသက်ရှင်နိုင်ဖို့ မဖြစ်နိုင်ပါ၊ ယင်းသည် ဖိနှိပ်ချုပ်ချယ်ရာကျလွန်းသည်” ဟု ပြောဆိုကြသည်။ သင်တို့အထဲမှ လူတစ်ဦးတစ်ယောက်သည် ဤကဲ့သို့ဖြစ်သလော။ (ဘုရားသခင်၊ ကျွန်ုပ်သည် ရံဖန်ရံခါတွင် ဤကဲ့သို့ဖြစ်သည်။ ကျွန်ုပ်သည် မကြာခဏဆိုသလို ထိုကဲ့သို့သောအခြေအနေတွင်ရှိနေတတ်သည်။) အခြေအနေများသည် ဖြစ်လေ့ဖြစ်ထရှိသလော။ သင့်တွင် ထိုအခြေအနေများ မကြာခဏဖြစ်သလော၊ သို့မဟုတ် ဖြစ်ခေါင့်ဖြစ်ခဲဖြစ်သလော။ ကောင်းချီးများအတွက် သင်တို့၏လိုအင်ဆန္ဒ၊ သို့မဟုတ် ဖန်ဆင်းခံသတ္တဝါဖြစ်ဖို့ သင်၏ဆန္ဒတို့အနက် မည်သည့်အရာက ပို၍အားကောင်းသနည်း။ ကောင်းချီးများအတွက် လိုအင်ဆန္ဒကို စွန့်လွှတ်ဖို့ စိတ်ကူးအကြံအစည်နှင့် သင်၏တာဝန်ကို အသိတရားရှိရှိ လက်တွေ့ကျသော သဘောထားဖြင့် ထမ်းဆောင်ခြင်းတို့သည် သင်တို့အထဲက တစ်ဦးတလေကို သင်၏အသက်တာက အဓိပ္ပါယ်မရှိသည့်အလား၊ သင်သည် မည်သည့်အရာကိုမျှ စိတ်ပါဝင်စားခြင်းမရှိသကဲ့သို့၊ သင်၏အားအင်ကို မနှိုးဆွနိုင်သကဲ့သို့ဖြစ်ကာ လေလျှော့ခံထားရသည့်ပူဖောင်းပမာ ခံစားရစေသလော။ (ယင်းက ကျွန်ုပ်အကြောင်းကို ကွက်တိ သရုပ်ဖော်ပြသည်။) ထိုအခါတွင် ဤအခြေအနေသည် ပြင်းထန်သလော။ ကောင်းချီးများရဖို့ အခါအားလျော်စွာ သေးငယ်သည့် ပြင်းပြသောဆန္ဒကို သင်ခံစားရသလော၊ သို့မဟုတ် ဤသည်မှာ သင့်အတွက် စံသတ်မှတ်ချက်ပင်ဖြစ်သလော။ မည်သည့်အရာဖြစ်သနည်း။ သင်သည် စစ်မှန်သောယုံကြည်သူဖြစ်သလော သို့မဟုတ် မယုံကြည်သူဖြစ်သလောဆိုသည်ကို သင်တို့ ယခု သိကြပြီလော။ သင်၏အခြေအနေများနှင့် အပြုအမူများအားလုံးသည် မယုံကြည်သူကဲ့သို့မဟုတ်ဘဲ စစ်မှန်သောယုံကြည်သူကဲ့သို့ဖြစ်ပြီး၊ ဘုရားသခင်၏တည်ရှိမှုအပေါ် သင်စစ်မှန်စွာယုံကြည်ကာ သူ၏နှုတ်ကပတ်တော်ကို လက်ခံဖို့ဆန္ဒရှိသည်ဟု ခံစားရသော်လည်း၊ သင့်တွင် ရည်မှန်းချက်အနည်းငယ်နှင့် ဝင့်ဝါခြင်းအချို့သာရှိကာ ကောင်းချီးများရဖို့ မျှော်လင့်နေပါက ဤသည်မှာ ပြဿနာမဟုတ်ပေ။ သင်သည် ကယ်တင်ခြင်းခံရနိုင်သေးပြီး ပြောင်းလဲနိုင်သေးသည်။ အကယ်၍ သင်သည် အထူးသဖြင့် ကောင်းချီးများအတွက် ပြင်းပြသည့်လိုအင်ဆန္ဒရှိသော မယုံကြည်သူဖြစ်ပါက သင်သည် ဒုက္ခရောက်ပေပြီ။ ဤကဲ့သို့သောလူများသည် မည်သည့်လမ်းကြောင်းသို့ ဦးတည်၍သွားနေသနည်း။ (အန္တိခရစ်လမ်းကြောင်း ဖြစ်ပါသည်။) အကယ်၍ သူတို့သည် အန္တိခရစ်လမ်းကြောင်းသို့ ဦးတည်သွားနိုင်ပါက ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးသည် နောက်ဆုံးတွင် မည်သည့်အခြေအနေသို့ ဆိုက်ရောက်သွားမည်နည်း။ (ဘုရားသခင်ကို ဆန့်ကျင်သည့်အခြေအနေ ဖြစ်သည်။) ဘုရားသခင်နှင့် ဆန့်ကျင်ဘက်တွင်ရှိသည်အထိ သင်တို့ လုပ်ဆောင်နိုင်မည်လော။ (ကျွန်ုပ်သည် သူ့ကို မဆန့်ကျင်လိုပါ။) မလုပ်လိုခြင်းသည် သင်၏ဆန္ဒသက်သက်သာဖြစ်သည်။ ဤအရာများသည် သင့်သဘာဝအနှစ်သာရနှင့် သက်ဆိုင်သလော။ ထိုလမ်းကြောင်းကို သွားဖို့ သင့်အတွက် ဖြစ်နိုင်မည်လော။ (အကယ်၍ ကျွန်ုပ်သည် သမ္မာတရားနှင့်စပ်လျဉ်း၍ အားမစိုက်ထုတ်ပါက မိမိကိုယ်ကို ထိုလမ်းကြောင်းပေါ် လျှောက်နေသည်ကို အလွယ်တကူ တွေ့မြင်နိုင်သော်လည်း အကယ်၍ ကျွန်ုပ်သည် ဤအကြောင်းကို သတိပြုမိပြီး ပြောင်းလဲလိုပါက၊ ကျွန်ုပ်၏လမ်းကြောင်းကို ပြောင်းပြန်လှန်လိုပါပြီး၊ ဤလမ်းကြောင်းကို မလျှောက်လိုပါက ကျွန်ုပ် အနည်းငယ် ပို၍ကောင်းစွာလုပ်နိုင်ပါသည်။) ဤအကြောင်းကို သတိပြုမိခြင်းက သင့်စိတ်နှလုံးထဲတွင် အသိအချို့ရှိနေသေးကြောင်း၊ သင့်တွင် ပြင်းပြသောဆန္ဒရှိနေသေးကြောင်းနှင့် သမ္မာတရားအတွက် အားထုတ်ကြိုးပမ်းဖို့ ဆန္ဒရှိနေသေးကြောင်းတို့ကို ဖော်ပြနေသော်လည်း၊ သင့်စိတ်နှလုံးထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက နက်ရှိုင်းစွာအမြစ်တွယ်နေသောကြောင့် ထိုနေရာတွင် အမြဲ ပဋိပက္ခဖြစ်နေသည်။ သမ္မာတရားအတွက် သင်တို့လှမ်းသည့်ခြေလှမ်းတိုင်းနှင့် သမ္မာတရားကို သင်တို့လက်ခံသည့်အချိန်တိုင်းတွင် သင်တို့စိတ်နှလုံးထဲတွင် ပဋိပက္ခဖြစ်နေပြီး သင်တို့သည် ရုန်းကန်လှုပ်ရှားနေရသည့် အချိန်ကာလအပိုင်းအခြားတွင် စဉ်ဆက်မပြတ် အသက်ရှင်နေသည်။ ဤသည်မှာ ယုံကြည်သူအသစ်များ ဖြစ်တတ်သည့်ပုံဖြစ်သည်။ ပဋိပက္ခဖြစ်သည်မှာ ပုံမှန်သာဖြစ်ပြီး သမ္မာတရားလိုက်စားလိုသောသူများအတွက် ရှောင်လွှဲ၍မရချေ။ ဤပဋိပက္ခသည် သူတို့သမ္မာတရားရသောအခါ၊ စာတန်ကို အနိုင်ယူပြီးသောအခါ၊ သူတို့၏စာတန်ဆန်သော စိတ်သဘောထားများ၊ ဒဿနများနှင့် ဆင်ခြင်တွေးခေါ်မှုတို့ ပျက်စီးသွားသောအခါနှင့် သမ္မာတရားက သူတို့၏စိတ်နှလုံးများကို လွှမ်းမိုးအောင်နိုင်သွားပြီး ဦးဆောင်သွားသောအခါတို့တွင် အဆုံးသတ်သွားသည်။ သမ္မာတရားမလိုက်စားသောသူများ၊ သူတို့၏စာတန်ဆန်သော စိတ်သဘောထားများအတိုင်း ရှင်သန်နေထိုင်သောသူများသည် သူတို့၏စိတ်နှလုံးများထဲတွင် အားလုံး အဆင်ပြေသည်၊ ထိုနေရာတွင် ပဋိပက္ခ လုံးဝမရှိဟူ၍ ခံစားရသည်။ သူတို့သည် ထုံထိုင်းပြီး ဉာဏ်နုံအကြသည်။ သူတို့သည် လူသေများထဲမှ တစ်ဦးဖြစ်သည်။ သမ္မာတရားကို လက်မခံသောသူများအားလုံးသည် သေဆုံးကြသည်။ လူ့စိတ်နှလုံးထဲတွင် ပဋိပက္ခဖြစ်ခြင်း၏ အကျိုးကျေးဇူးမှာ အဘယ်နည်း။ ဥပမာအနေဖြင့် သင်တို့အတွေးများ၏ထက်ဝက်သည် အပျက်သဘောဆောင်ပြီး ကျန်ထက်ဝက်က အပြုသဘောဆောင်ပါက ပဋိပက္ခပြီးဆုံးသွားပြီးနောက်တွင် သမ္မာတရားလိုက်စားခြင်းလမ်းကြောင်းပေါ်သို့ စတင်ရန် ရွေးချယ်ဖို့အခွင့်အရေးကို ထိုအပြုသဘောဆောင်သည့်အတွေးများက သင့်အား ပေးလိမ့်မည်။ ဆိုလိုသည်မှာ သင့်တွင် ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်မှာ ၅၀/၅၀ ဖြစ်လိမ့်မည်။ အပျက်သဘောဆောင်သော အတွေးများက ပဋိပက္ခအတွင်းတွင် သင့်ကို သင်၏လူ့ဇာတိဆိုင်ရာ အတွေးများနှင့် စိတ်ကူးအကြံအစည်များနောက်သို့၊ သို့မဟုတ် သင့်ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ အရင်းခံအကြောင်းများနှင့် ထင်မြင်ချက်များနောက်သို့ လိုက်ကောင်းလိုက်စေနိုင်သည်။ ဤအရာက သင့်ကို အန္တိခရစ်လမ်းကြောင်းပေါ်သို့ ရောက်သွားစေနိုင်ပြီး ဘုရားသခင်ကို ဆန့်ကျင်သည့် လမ်းကြောင်းပေါ်သို့ သင့်ကို ဦးတည်သွားစေနိုင်သည်။ သို့ရာတွင် သမ္မာတရားအပေါ် သင်၏ချစ်ခြင်းသည် ကြီးမားပြီး သင်သည် သမ္မာတရားကို လက်ခံနိုင်ကာ စာတန်ကို ဆန့်ကျင်ပုန်ကန်နိုင်ပါက ကယ်တင်ခြင်းခံရဖို့ သင်၏အခွင့်အရေးများသည်လည်း အလွန်ကောင်း၏။ ဤအရာကို သမ္မာတရားအား သင်လက်ခံနိုင်ခြင်း ရှိမရှိဆိုသည်နှင့် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ သင်ကိုယ်တိုင် သန့်စင်စေဖို့ ထိုသမ္မာတရားကို အသုံးပြုခြင်းရှိမရှိဆိုသည်တို့ဖြင့်ဆုံးဖြတ်သည်။ ဤသည်မှာ သင့်အပေါ် လုံးလုံးလျားလျား မူတည်သည်၊ အခြားမည်သူကမျှ သင့်ကို မကူညီနိုင်ပေ။ ဤသည်မှာ သင်နှင့် သက်ဆိုင်သောကိစ္စဖြစ်သည်။ သမ္မာတရားကို သင်ချစ်မချစ်ဆိုသည်မှာ သင်နှင့် သက်ဆိုင်သေကိစ္စဖြစ်ပြီး၊ သင့်စိတ်နှလုံး၏အနက်ရှိုင်းဆုံးနေရာတွင် ပဋိပက္ခဖြစ်သောအခါ သင်သည် သမ္မာတရားကို ရွေးချယ်လိမ့်မည်လော သို့မဟုတ် အဆုံးတွင် သင်၏တကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးလိမ့်မည်လောဆိုသည်ကို ဆုံးဖြတ်ဖို့ မည်သူကမျှ သင့်ကို မကူညီနိုင်ပေ။ ဤသည်မှာ သင်၏ကိုယ်ပိုင်အတွင်းစိတ်အရေးကိစ္စဖြစ်သည်။ အခြားလူများက မိတ်သဟာယပြုခြင်းနှင့် အကြံပေးခြင်းတို့မှတဆင့်သာ သင့်ကို လမ်းညွှန်ပေးနိုင်သည်။ သို့ပေမည့် နောက်ဆုံးတွင် သင်ရွေးချယ်လိုက်သည့်လမ်းကြောင်းသည် အခြားမည်သူမျှနှင့်ဆိုင်သော ကိစ္စမဟုတ်ဘဲ၊ သင်နှင့် ဆိုင်သော ကိစ္စသာ ဖြစ်သည်။ ဤသည်ကို လူတိုင်း နားလည်သင့်ပေသည်။
ဩဂုတ်လ ၂၂ ရက်၊ ၂၀၁၉