မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ

ဘုရားသခင်ကို ယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သူ၏သတ်မှတ်ချက်များနှင့်အညီ ယုံကြည်ခြင်းလမ်းကို လျှောက်လှမ်းရမည်ဖြစ်သည်။ ယုံကြည်သူများသည် သမ္မာတရားအတိုင်း မိမိကိုယ်ကိုယ် ပြုမူနေထိုင်ရမည်။ လူတို့သည် သမ္မာတရားမရှိကြဘဲ စာတန်၏ဒဿနများနှင့်အညီ နေထိုင်ပါက၊ အဆုံးတွင် ၎င်းတို့သည် အပြုသဘောဆောင်သောရလဒ် သို့မဟုတ် အဆုံးသတ်ကို ရရှိလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်သာလျှင် ထာဝရ၊ မပြောင်းလဲသော သမ္မာတရားဖြစ်သည်။ အကယ်၍ ယုံကြည်သူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် အသက်မရှင်ပါက သို့မဟုတ် သမ္မာတရားအတိုင်း ကိုယ်ကိုကိုယ် မပြုမူပါက၊ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ လူများထက်ပင် ပို၍ မျက်စိကွယ်ကာ မျှော်လင့်ချက်မဲ့စွာ မျက်ကန်းကြသည်။ လောကီနယ်ပယ်တစ်ခုတွင် အောင်မြင်မှုအနည်းငယ်ရပြီး ကျော်ကြားလာသူ များစွာသည် ကျော်ကြားမှုနှင့် ကံကောင်းခြင်းဖြင့် စိတ်ကူးယဥ်ကြပြီး မိမိကိုယ်ကိုယ် စ၍ အထင်ကြီးလာကြသည်။ အမှန်တွင်၊ သူတပါးကပေးသော လေးစားမှု၊ ချီးမွမ်းမှု၊ အတည်ပြုမှုနှင့် အသိအမှတ်ပြုမှုတို့သည် ယာယီဂုဏ်ပြုခြင်းများသာလျှင် ဖြစ်သည်။ ယင်းတို့သည် အသက်ကို ကိုယ်စားမပြုသကဲ့သို့ ယင်းက လူသည် မှန်ကန်သောလမ်းကြောင်းကို လျှောက်နေသည်ဟုလည်း မဆိုလိုပေ။ ၎င်းတို့သည် ယာယီဂုဏ်ပြုခြင်းနှင့် ဂုဏ်ကျက်သရေများသာလျှင် ဖြစ်သည်။ ဤဂုဏ်ကျက်သရေများကား အဘယ်နည်း။ ၎င်းတို့သည် အစစ်အမှန် သို့မဟုတ် ဗလာဖြစ်သလော။ (ဗလာဖြစ်သည်။) ယင်းတို့သည် ကြယ်ပျံများနှင့် တူကာ၊ ရုတ်ချည်းလင်းလက်ပြီး ပျောက်ကွယ်သွားကြသည်။ လူတို့သည် ထိုကဲ့သို့သော ဂုဏ်ကျက်သရေ၊ ဂုဏ်ပြုခြင်း၊ လက်ခုပ်သြဘာ၊ အောင်ပန်းနှင့် ချီးမွမ်းခြင်းများကို ရရှိပြီးနောက်၊ သူတို့သည် လက်တွေ့ဘဝသို့ ပြန်သွားကာ အသက်ရှင်သင့်သည့်အတိုင်း နေထိုင်ကြရန်လိုသေးသည်။ အချို့သောလူများသည် ဤအရာကို မမြင်နိုင်ဘဲ လက်တွေ့မကျသော ဤအရာများနှင့်အတူ ထာဝရနေသွားဖို့ ဆန္ဒရှိကြသည်။ လူတို့သည် ယင်းတို့က ခံစားစေသည့်ပုံကြောင့် ဤကဲ့သို့သော ပတ်ဝန်းကျင်နှင့် လေထုမျိုးထဲတွင် အသက်ရှင်လိုကြသည်။ ဤခံစားမှုကို ထာဝရပျော်မွေ့ချင်ကြသည်။ အကယ်၍ ယင်းကို မပျော်မွေ့နိုင်လျှင် မှားသောလမ်းကြောင်းကို စတင်လျှောက်ကြတော့သည်။ အချို့က ကိုယ့်ကိုယ်ကိုယ် ထုံထိုင်းစေရန် အရက်သောက်ခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းကဲ့သို့သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်— ဤသည်မှာ စာတန်၏ကမ္ဘာတွင် နေထိုင်ကြသော လူသားများသည် ကျော်ကြားမှုနှင့် ကံကောင်းခြင်းကို ချဉ်းကပ်ပုံဖြစ်သည်။ လူတစ်ဦးသည် ကျော်ကြားလာပြီး ဂုဏ်အသရေအနည်းငယ် ရလာသည်နှင့် ၎င်းတို့သည် ဦးတည်ချက်ပျောက်သွားတတ်ကြပြီး မည်သို့ပြုမူသင့်မည်၊ ဘာလုပ်သင့်သည်ကို မသိကြပေ။ သူတို့သည် စိတ်ကူးယဥ်ပြီး ပြန်မဆင်းနိုင်ကြတော့—ယင်းသည် အန္တရာယ်ရှိ၏။ ထိုသို့သော အခြေအနေမျိုး၌ သင်တို့နေဖူးသလော သို့မဟုတ် ထိုအပြုအမူမျိုး ပြသဖူးသလော။ (ဤသို့လုပ်ဖူးပါ၏။) အဘယ်အတွက်ကြောင့်နည်း။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်ဖြစ်သည်- ၎င်းတို့သည် အလွန်ဂုဏ်မောက်ပြီး မာနကြီးလွန်းသည်၊ စုံစမ်းသွေးဆောင်ခြင်း သို့မဟုတ် ချီးမွမ်းခြင်းကို မခံနိုင်ကြသည့်အပြင် သမ္မာတရားကို မလိုက်စား သို့မဟုတ် နားမလည်ကြပေ။ ၎င်းတို့သည် သေးငယ်သော အောင်မြင်မှု သို့မဟုတ် ဂုဏ်အသရေကြောင့်ပင် ထူးခြားနေသည်ဟု တွေးထင်ကြသည်။ သူတို့သည် ကြီးမြတ်သောပုဂ္ဂိုလ် သို့မဟုတ် မဟာသူရဲကောင်း ဖြစ်လာပြီဟု ထင်မြင်ကြသည်။ ဤကျော်ကြားမှု၊ ကံကောင်းခြင်းနှင့် ဂုဏ်အသရေတို့အားလုံးကို တွေ့ကြုံရသည်တွင် မိမိကိုယ်ကို အထင်မကြီးမိလျှင် အမှားတစ်ခုဖြစ်မည်ဟု ထင်မှတ်ကြသည်။ သမ္မာတရားကို နားမလည်သောလူများသည် မည်သည့်အချိန် (သို့) နေရာ၌မဆို မိမိတို့ကိုယ်ကိုယ် အထင်ကြီးနိုင်ဖွယ်ရှိကြသည်— ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အလွန်အမင်း စတင် အထင်ကြီးသည့်အခါတွင်၊ ၎င်းတို့အနေဖြင့် ပြန်လည်နှိမ့်ချရန် လွယ်ကူသလော။ (မလွယ်ကူပါ။) အသိစိတ်အနည်းငယ်ရှိသည့် လူများသည် အကြောင်းပြချက် မရှိဘဲ မိမိတို့ကိုယ်ကိုယ် အထင်မကြီးကြချေ။ ၎င်းတို့ မည်သည့်အရာမျှ စွမ်းဆောင်မရရှိသေးသည့်အခါ၊ မည်သည့်အရာမျှ ပေးစရာမရှိသည့်အခါ၊ ပြီးလျှင် အုပ်စုထဲမှ မည်သူမျှ ၎င်းတို့အား အာရုံမစိုက်သည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အထင်ကြီးလိုခဲ့လျှင်ပင် အထင်မကြီးနိုင်ကြချေ။ ၎င်းတို့သည် အနည်းငယ် မာနထောင်လွှားပြီး အတ္တသဘောရှိနိုင်သည်၊ သို့မဟုတ် ၎င်းတို့၌ အတော်အတန် ပါရမီရှိသည်၊ အခြားသူများထက် တော်သည်ဟု ၎င်းတို့ ခံစားကောင်းခံစားနိုင်သည်၊ သို့ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အထင်ကြီးနိုင်ဖွယ် မရှိကြချေ။ မည်သည့်အခြေအနေမျိုးတွင် လူများသည် မိမိတို့ကိုယ်ကိုယ် အထင်ကြီးကြသနည်း။ အခြားသူများက ၎င်းတို့အား အောင်မြင်မှုအချို့အတွက် ချီးမွမ်းသည့်အချိန်တွင် ဖြစ်သည်။ ၎င်းတို့သည် အခြားသူများထက်တော်သည်၊ အခြားသူများသည် သာမန်ဖြစ်ပြီး သာမညောင်ညဖြစ်သည်၊ ၎င်းတို့သာလျှင် ဂုဏ်အဆင့်အတန်းရှိသည့် သူတစ်ဦးဖြစ်ပြီး၊ အခြားသူများနှင့် အလွှာအတန်းအစားချင်း သို့မဟုတ် အဆင့်ချင်းမတူ၊ ၎င်းတို့သည် ထိုသူတို့ထက် ပို၍မြင့်မားသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်မှာ ၎င်းတို့သည် မိမိတို့အရှိအတိုင်းထက် သာ၍ မြင့်မားလာသည့်ပုံဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အထင်ကြီးရာတွင် လျော်ကန်သည်ဟု မိမိတို့ကိုယ်ကိုယ် ထင်ကြသည်။ ၎င်းတို့သည် ဤအရာကို မည်သို့ တွက်ဆကြသနည်း။ ၎င်းတို့ ယုံကြည်သည့်အရာမှာ “ငါ၌ ထူးခြားသော ခွန်အား၊ အစွမ်းအစနှင့် ဦးနှောက်ရှိသည်၊ ပြီးလျှင် ငါသည် သမ္မာတရားကို လိုက်စားဖို့ ဆန္ဒရှိနေသည်။ ငါသည် ယခု တစ်စုံတစ်ခုကို အထမြောက်အောင်မြင်ပြီးဖြစ်သည်— ငါသည် လူသိများပြီး၊ ငါ၏ဂုဏ်သတင်းနှင့် တန်ဖိုးတို့သည် အခြားသူများ၏ ဂုဏ်သတင်းနှင့် တန်ဖိုးတို့ထက် မြင့်မားသည်။ ထို့ကြောင့် ငါသည် လူအုပ်ထဲတွင် ထင်ပေါ်နေသည်မှာ သေချာပြီး၊ လူတိုင်း အထင်ကြီးသည့်သူတစ်ဦး ဖြစ်သည်၊ ထို့ကြောင့် ငါ့ကိုယ်ငါ အထင်ကြီးသည်မှာ မှန်ပေသည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏စိတ်ထဲတွင် တွေးထင်သည့်အရာဖြစ်ပြီး အဆုံးတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အထင်ကြီးသင့်သည်မှာ— ပုံမှန်ဖြစ်သည့်အရာနှင့် သူဖြစ်နေကျအရာတစ်ခု ဖြစ်လာလေသည်။ ဤသည်မှာ မေးစရာမလိုဘဲ မှန်ကန်ပြီး ယုတ္တိတန်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကို အထင်မကြီးပါက၊ ၎င်းတို့အနေဖြင့် မိမိကိုယ်ကို လျှော့တွက်နေပြီး အခြားလူများ၏ ထောက်ခံမှုနှင့် ကိုက်ညီအောင် နေထိုင်ခြင်းမရှိသည့်အလား၊ ကမောက်ကမ ဖြစ်သည်ဟု ခံစားရကာ၊ ထို့ကြောင့် မိမိတို့ကိုယ်ကို အထင်ကြီးသည်မှာ သဘာဝကျသည်ဟု ထင်ကြသည်။ ကိုယ့်ကိုကိုယ် အထင်ကြီးကြတာ သဘာဝပါပဲ။ မိမိကိုယ်ကို အလွန်အမင်း အထင်ကြီးခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ (သူတို့သည် အခြားသူများနှင့် ကောင်းစွာ အလုပ်မလုပ်တော့ဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အမှုအရာများကို လုပ်ချင်လာမည်။) ဤသည်မှာ သူတို့အပြုအမူ၏ လက္ခဏာတစ်ခုပင်ဖြစ်၏။ နောက်ထပ်ရှိသေးသလော။ (သူတို့သည် အခြေအမြစ်မရှိကြတော့၊ သူတို့၏ လုပ်ငန်းနယ်ပယ်တွင် တိုးတက်မှုကို မရှာဖွေတော့ဘဲ သူတို့ကမ်းလှမ်းနေသည့်အရာတွေအပေါ် အလွန်အမင်း အမှီပြုကြသည်။) (သူတို့မကြိုက်သည့် အခြေအနေများကို ကျိုးနွံနာခံဖို့ ငြင်းဆန်ကြသည်။) အဘယ့်ကြောင့် ကျိုးနွံနာခံဖို့ ငြင်းဆန်ကြသနည်း။ ယခင်က ငြင်းဆန်နိုင်ခဲ့ကြသလော။ (သူတို့သည် ယခင်က မာနကြီးရန် အခွင့်အလမ်းမရှိ၊ မိမိကိုယ်ကို ချုပ်တည်းပြီး ဖိနှိပ်နိုင်သောကြောင့် အတိုင်းအတာတစ်ခုအထိ ကျိုးနွံနာခံနိုင်ခဲ့သည်။ သို့သော် ယခုမူ ၎င်းတို့တွင် အခွင့်အလမ်းနှင့် အရည်အချင်းများရှိပြီး အခြားသူများနှင့် မတူဟု ခံစားလာကြသည်။ ထို့ကြောင့် သူတို့သည် မိမိကိုယ်ပိုင်စည်းကမ်းချက်များကို သတ်မှတ်ပြီး ကျိုးနွံနာခံဖို့ ငြင်းဆန်နိုင်သည်ဟု ထင်ကြသည်။) သူတို့သည် ယခင်က မိမိဖြစ်ခဲ့သည်နှင့်မတူ၊ အဆင့်အတန်းရှိသည်၊ နာမည်ကြီးသည့်အပြင် အခြားသူများကို လွယ်လွယ်နှင့် မနာခံသင့်ဟု ထင်ကြသည်။ အကယ်၍ နာခံလျှင် သူတို့၏ အဆင့်အတန်းနှင့် လိုက်လျောညီထွေဖြစ်မည်မဟုတ်၊ သူတို့၏ ဂုဏ်သတင်းနှင့် လျော်ညီအောင်နေရမည် မဟုတ်တော့ချေ။ သူတို့သည် “ဟင့်အင်း” ဟု ပြောပိုင်ခွင့်နှင့် အခြားသူများကို နာခံဖို့ ငြင်းပိုင်ခွင့်ရှိသည်ဟု ခံစားကြတယ်။ အခြားမည်သည့်အမူအကျင့်များကို ၎င်းတို့ပြသသနည်း။ (သူတို့၏အရေးကိစ္စသည် ပြင်းထန်လာပါက၊ ပေါလုကဲ့သို့ပင်၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈) ဟု ဆိုကြမည် ဖြစ်ကာ၊ ဘုရားသခင်နှင့် စတင်ညှိနှိုင်းပြီး ၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါဖြစ်ကြောင်း မေ့လျော့သွားကြမည်။) သူတို့သည် မည်သူဖြစ်သည်ကို မေ့လျော့နေကြသည်။ လူတစ်ယောက်သည် ကိုယ့်ကိုယ်ကို အထင်ကြီးဖို့ ကောင်းသည်ဟု သင်တို့ထင်ကြသလော။ (မထင်ကြပါ။) မထင်ပေ၊ သို့ဆိုလျှင် လူတို့သည် အဘယ့်ကြောင့် ကိုယ့်ကိုယ်ကို အထင်ကြီးကြသနည်း။ (သူတို့အတွင်း၌ရှိသော စာတန်စိတ်ထားကြောင့် ဖြစ်သည်။) စာတန်စိတ်ထားရှိခြင်းသည် မလွှဲမရှောင်သာဖြစ်ပြီး ဤအရာက ပြဿနာ၏အရင်းခံဖြစ်သည်မှာ သေချာသည်။ အခြား မည်သည့်အကြောင်းပြချက်များရှိသနည်း။ လက်တွေ့ကျသော အကြောင်းရင်းများကို ပြောကြစို့။ (လူတို့သည် သူတို့၏အောင်မြင်မှုများကို လွန်စွာ အလေးပေးကြပြီး ယင်းတို့ကို ဘဝကဲ့သို့ပင် အရေးကြီးသည်ဟု သဘောထားကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏အောင်မြင်မှုထဲ၌ အမြဲတမ်း ကြည်နူးပျော်ရွှင်နေကြပြီး သူတို့မလွတ်မြောက်နိုင်သော စိတ်ကျေနပ်မှုအခြေအနေသို့ ခေါ်ဆောင်သွားသည်။) ဤသည်မှာ ပြဿနာ၏ အဓိကအချက်ဖြစ်သည်။ ၎င်းသည် လူတို့က မိမိတို့စိတ်နှလုံးထဲတွင် လိုက်စားပြီး လိုချင်တပ်မက်သည့်အရာနှင့် လည်းကောင်း၊ သူတို့ လိုက်လျှောက်ဖို့ ရွေးချယ်သည့်လမ်းကြောင်းနှင့် လည်းကောင်း သက်ဆိုင်သည်။ လူများစွာသည် အချို့သော လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုလိုအပ်သည့် တာဝန်အချို့ကို ဖြည့်ဆည်းနိုင်သရွေ့ သူတို့တွင် ဝိညာဥ်ရင့်ကျက်မှုရှိသည်ဟု ယုံကြည်ကြသည်။ သူတို့၏အလုပ်သည် ပိုကျွမ်းကျင်ကာ၊ ထူးခြားပြီး ပြောင်မြောက်လေလေ၊ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ကြောင်း၊ ဘုရားသခင်ကို ချစ်ကြောင်းနှင့် သူ့အား နာခံကြောင်း သက်သေထူလေလေပင် ဖြစ်သည်။ ဤသည်ကို သူတို့ဘဝဟု မှတ်ယူကြသည်။ ထိုသို့ဖြစ်၍ သူတို့သည် ၎င်းကို မြတ်နိုးပြီး သူတို့၏ ဘဝပန်းတိုင်အဖြစ် လိုက်လျှောက်ကြသော်လည်း သူတို့၏ ပန်းတိုင်နှင့် ဦးတည်ချက်မှာ သူတို့၏ လမ်းကြောင်းကဲ့သို့ပင် မှားယွင်းနေသည်။ ထို့အပြင် ယင်း၏အကြောင်းရင်း၌ ဘဝ၊ သမ္မာတရားကို လိုက်စားခြင်းနှင့် သမ္မာတရားစစ်မှန်မှုကို ရရှိခြင်း၏ အဓိပ္ပာယ်နှင့်ပတ်သက်၍ လူတို့၏ နားလည်မှုက ချို့ယွင်းချက်ရှိနေခြင်းကြောင့် ဖြစ်သည်။ လူတို့၏ နားလည်မှု ချို့ယွင်းသောအခါ သူတို့၏ အသိပညာနှင့် တစ်စုံတစ်ခုအပေါ် အဆုံးစွန်သော ခန့်မှန်းချက်တို့၌လည်း ချို့ယွင်းချက် ရှိရမည်။ သင်၏ နားလည်မှု ချို့ယွင်းပါက၊ သင်လိုက်စားသည့်အရာသည်လည်း ချို့ယွင်းရမည်ဖြစ်သည်။ ရလဒ်အနေဖြင့် သင်ရွေးချယ်သောလမ်းကြောင်းသည် ပြဿနာဖြစ်ရန် ဦးတည်နေပြီး သင်၏ ဘဝဦးတည်ချက်နှင့် ပန်းတိုင်များလည်း ချို့ယွင်းသွားမည်ဖြစ်သည်။

လူတစ်ဦးသည် သူ၏ တာဝန်၌ အချို့သောရလဒ်များ ရရှိအောင်မြင်နိုင်ခြင်းကြောင့် မိမိကိုယ်ကို အထင်ကြီးခြင်းသည် မကောင်းကြောင်း လူတိုင်းသိသည်။ သို့ဆိုလျှင် လူတို့က အဘယ့်ကြောင့် မိမိကိုယ်ကို အထင်ကြီးတတ်ကြသေးသနည်း။ တစ်စိတ်တစ်ပိုင်းတစ်ခုမှာ လူတို့၏ မောက်မာမှုနှင့် အပေါ်ယံဆန်မှုတို့ကြောင့် ဖြစ်သည်။ အခြားအကြောင်းပြချက်များ ရှိသေးသလော။ (ယင်းမှာ ဤရလဒ်များရရှိရန် သူတို့ကို ပို့ဆောင်ပေးသူမှာ ဘုရားသခင်ဖြစ်ကြောင်း လူတို့ သဘောမပေါက်ကြသောကြောင့်ဖြစ်သည်။ သူတို့သည် ချီးကျူးလေးစားမှုအလုံးစုံနှင့် ထိုက်တန်ပြီး အခွင့်အလမ်းကို ပိုင်ဆိုင်ထားသည်ဟု ထင်သောကြောင့် သူတို့ကိုယ်သူတို့ အထင်ကြီးကြခြင်းဖြစ်သည်။ အမှန်တွင်၊ ဘုရားသခင်၏အလုပ်မပါဘဲ လူတို့သည် ဘာမျှ မလုပ်နိုင်သော်လည်း ယင်းကို မမြင်နိုင်ကြချေ။) ဤပြောဆိုချက်သည် မှန်ကန်ပြီး ပြဿနာ၏ အချက်အချာလည်း ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကိုမသိ၊ သူတို့ကို အလင်းပေးမည့် သန့်ရှင်းသော ဝိညာဉ်တော်ကို မရရှိလျှင် သူတို့သည် မည်သည့်အရာကိုမဆို တတ်စွမ်းနိုင်သည်ဟု အမြဲတမ်း ထင်နေကြလိမ့်မည်။ ထို့ကြောင့် သူတို့၌ အခွင့်အလမ်းကို ပိုင်ဆိုင်ထားပါက မာနကြီးပြီး ကိုယ့်ကိုယ်ကို အထင်ကြီးလာနိုင်သည်။ သင်တို့၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်တို့သည် ဘုရားသခင်၏ လမ်းညွှန်မှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို သတိပြုမိနိုင်ကြသလော။ (သတိပြုမိနိုင်ပါသည်။) အကယ်၍ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သတိပြုနိုင်သည့်တိုင် သင့်ကိုယ်သင် အထင်ကြီးနေသေးကာ စစ်မှန်မှုကို ပိုင်ဆိုင်သည်ဟု ယူဆပါက၊ ဤနေရာတွင် ဘာဖြစ်နေသနည်း။ (ကျွန်ုပ်တို့ တာဝန်ကို ကျွန်ုပ်တို့ ထမ်းဆောင်ခြင်းသည် အသီးအပွင့်အချို့ ဖြစ်ထွန်းသည့်အခါ၊ ဂုဏ်ပြုခြင်းတစ်ဝက်သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး တစ်ဝက်က ကျွန်ုပ်တို့နှင့် သက်ဆိုင်သည်ဟု ထင်မြင်ကြမည်။ ထို့နောက်တွင်ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းထက် သာ၍ အရေးကြီးသည့်အရာ မရှိဟုလည်းကောင်း၊ ထိုအရာမပါဘဲ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းသည်လည်း မဖြစ်နိုင်ဟုလည်းကောင်း တွေးထင်လျက်၊ ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းကို အကန့်အသတ်မရှိသော အတိုင်းအတာတစ်ခုအထိ ပုံကြီးချဲ့ကြသည်။) သို့ဆိုလျှင် ဘုရားသခင်သည် သင့်ကို အဘယ့်ကြောင့် ဉာဏ်အလင်းပေးသနည်း။ ဘုရားသခင်သည် အခြားသူများကိုရော ဉာဏ်အလင်းပေး၍ ရနိုင်သလော။ (ရနိုင်ပါသည်။) ဘုရားသခင်သည် တစ်စုံတစ်ဦးကို ဉာဏ်အလင်းပေးသည့်အခါ၊ ယင်းက ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြစ်သည်။ ပြီးလျှင် သင်၏အပိုင်းတွင် အနည်းငယ်သော ထိုပူးပေါင်းဆောင်ရွက်ခြင်းက အဘယ်နည်း။ ယင်းမှာ သင် နာမည်ကောင်းရဖို့ ထိုက်တန်သည့် အရာတစ်ခုဖြစ်သလော— သို့မဟုတ် ယင်းမှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သလော။ (ယင်းသည် ကျွန်ုပ်တို့၏ တာဝန်နှင့် ဝတ္တရားတို့ ဖြစ်ပါသည်။) ယင်းသည် သင်တို့၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်ဟု သင် သတိပြုမိသည့်အခါ၊ သင်သည် မှန်ကန်သော စိတ်နေစိတ်ထားရှိပြီး ယင်းအတွက် နာမည်ကောင်းယူဖို့ ကြိုးစားလိမ့်မည် မဟုတ်ချေ။ အကယ်၍ သင်သည် “ဤသည်မှာ ကျွန်ုပ်၏ ကူညီထောက်ပံ့မှုဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းသည် ကျွန်ုပ်၏ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ဖြစ်နိုင်ခဲ့မည်လော။ ဤလုပ်ငန်းသည် လူ၏ ပူးပေါင်းဆောင်ရွက်ခြင်းကို တောင်းဆိုသည်။ အောင်မြင်မှုအများစုသည် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်သာ ဖြစ်သည်” ဟု အစဉ်အမြဲ ထင်မှတ်ပါက၊ သင်မှားယွင်းပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းမပေးခဲ့ပါက၊ မည်သူကမျှ သမ္မာတရား စည်းမျဉ်းများကို သင့်ထံ မိတ်သဟာယမပြုခဲ့ပါက မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း။ ဘုရားသခင် တောင်းဆိုသည့်အရာကို သင် သိမည်မဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကိုလည်း သင် သိမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို နာခံပြီး ပူးပေါင်းဆောင်ရွက်လိုလျှင် မည်သို့ပြုရမည်ကို သင် သိမည်မဟုတ်ပေ။ သင်၏ ဤ “ပူးပေါင်းဆောင်ရွက်ခြင်း” သည် အနှစ်မဲ့သော စကားများသာ မဟုတ်လော။ စစ်မှန်သော ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ၊ သင်သည် သင်၏ကိုယ်ပိုင် အကြံဉာဏ်များအတိုင်း ပြုမူဆောင်ရွက်နေခြင်းသာ ဖြစ်ပေသည်— ထိုအခြေအနေတွင် သင်ထမ်းဆောင်သည့် တာဝန်သည် စံနှုန်းမီသလော။ လုံးဝမမီပေ၊ ယင်းက လက်ရှိအရေးကိစ္စကို ရည်ညွှန်းပေသည်။ အရေးကိစ္စမှာ အဘယ်နည်း။ လူတစ်ယောက်က မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ သူသည် ရလဒ်များရရှိခြင်း၊ တာဝန်ကို စံနှုန်းနှင့် ကိုက်ညီစွာ ထမ်းဆောင်ခြင်း၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိခြင်းရှိမရှိသည် ဘုရားသခင်၏ လုပ်ရပ်များအပေါ်တွင် မူတည်သည်။ သင်သည် သင့်တာဝန်ဝတ္တရားများကို ထမ်းဆောင်လျှင်ပင် ဘုရားသခင်က အလုပ်မလုပ်လျှင်၊ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး လမ်းမပြလျှင် သင်၏ လမ်းကြောင်း၊ သင်၏ ဦးတည်ချက်၊ သို့မဟုတ် သင်၏ ပန်းတိုင်များကို သိမည်မဟုတ်ပေ။ အဆုံးတွင် မည်သည့်ရလဒ်ကို ရရှိသနည်း။ ထိုအချိန်တစ်လျှောက်လုံးပင်ပန်းစွာလုပ်ဆောင်ပြီးနောက် သင်သည် သင်၏တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်ပြီးဖြစ်မည်မဟုတ်သကဲ့သို့ သမ္မာတရား၊ သို့မဟုတ် အသက်ကိုလည်း ရရှိပြီးဖြစ်မည်မဟုတ်ပေ။ အားလုံးက အချည်းနှီးသာဖြစ်လိမ့်မည်။ ထို့ကြောင့် သင်၏တာဝန်က စံနှုန်းနှင့်ညီစွာ ထမ်းဆောင်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများကို ပြုပြင်တည်ဆောက်ပေးခြင်း၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိခြင်းအားလုံးသည် ဘုရားသခင်အပေါ်တွင် မူတည်သည်။ လူများသည် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ တတ်နိုင်စွမ်းသည့် အရာများ၊ ၎င်းတို့ လုပ်ဆောင်သင့်သည့် အရာများ၊ ၎င်းတို့၏ ပင်ကိုစွမ်းရည်များအတွင်း ရှိသည့် အရာများကိုသာ လုပ်ဆောင်နိုင်သည်။ ထို့ထက်ပို၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ပါ။ ထို့နောက် အဆုံးတွင် သင့်တာဝန်များကို ထိရောက်သောပုံစံဖြင့် ထမ်းဆောင်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် ခေါင်းဆောင်မှုအပေါ်တွင် မူတည်သည်။ သို့မှသာ သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး သင့်အား ဘုရားသခင်ပေးသောလမ်းကြောင်းနှင့် သူ သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ ဘုရားသခင်၏ စေခိုင်းချက်ကို ပြီးမြောက်စေနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာဖြစ်ပြီး၊ ယင်းကို လူတို့ မမြင်နိုင်ပါက သူတို့သည် မျက်ကန်းနေကြသည်။ လူတစ်ဦးသည် ဘုရားသခင်၏အိမ်တော်၌ မည်သည့်အလုပ်မျိုးကို လုပ်ရသည်ဖြစ်စေ ရလဒ်က ဘာဖြစ်သင့်သနည်း။ ယင်း၏ အစိတ်အပိုင်းတစ်ခုမှာ ဘုရားသခင်အား သက်သေခံပြီး ဧဝံဂေလိတရားကို ဖြန့်ဝေရန်ဖြစ်သင့်ကာ၊ အခြားတစ်ပိုင်းက ညီအစ်ကို မောင်နှမများအတွက် ပြုပြင်တည်ဆောက်ရန်နှင့် အကျိုးရှိစေရန် ဖြစ်သင့်သည်။ သူသည် နယ်ပယ်နှစ်ခုစလုံးတွင် ရလဒ်များရရှိရန် ကြိုးပမ်းသင့်သည်။ ဘုရားသခင်၏အိမ်တော်၌ သင်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ရသည်ဖြစ်စေ၊ ဘုရားသခင်၏ လမ်းညွှန်မှုမပါဘဲ ရလဒ်များ ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ ဘုရားသခင်၏ လမ်းညွှန်မှုမရှိလျှင်၊ သင်လုပ်သောအရာသည် အခြေခံအားဖြင့် အသုံးမဝင်ဟု ဆိုနိုင်သည်။ နှစ်ကာလ ကြာလာသည်နှင့်အမျှ၊ သင်တို့သည် မိမိတာဝန်များကို ဆက်လက်၍ ထမ်းဆောင်နေသည့်အခါ၊ ဤတာဝန်များကို ပို၍ဖြည့်ဆည်းလေလေ၊ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပို၍နီးကပ်လေလေ၊ သူ၏ ရည်ရွယ်ချက်များကို ပို၍နားလည်ထားလေလေ၊ စည်းမျဥ်းများကို ပို၍သဘောပေါက်လေလေ ဖြစ်သည်။ ဤအရာအားလုံးကို မည်သို့ရရှိသနည်း။ (ဘုရားသခင်၏ လမ်းညွှန်မှုဖြင့်ရရှိသည်။) ဘုရားသခင်၏လမ်းညွှန်မှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမပါဘဲ၊ လူတို့သည် အမှန်တကယ် “ပံ့ပိုးကူညီ” ပေးနိုင်သည့်အရာမှာ အဘယ်နည်း။ သူတို့၏ “ပံ့ပိုးကူညီမှု” အစိတ်အပိုင်းတစ်ခုမှာ လူ၏ စိတ်ကူးစိတ်သန်းများဖြစ်သည်။ တစ်ခါတစ်ရံတွင်၊ လူတို့သည် မိမိတို့ကိုယ်ပိုင် စိတ်ကူးများအတိုင်း တာဝန်များကို ထမ်းဆောင်ကြပြီး၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်အား သက်သေခံနိုင်သည်ဟု ထင်မြင်ကြသည်။ သို့သော်လည်း ရလဒ်မှာ ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းတို့ ထုတ်လုပ်သည့်အရာသည် ဘုရားသခင်အား သက်သေခံခြင်းနှင့်ပတ်သက်၍ လိုချင်သော အကျိုးသက်ရောက်မှုကို မရရှိရုံသာမက၊ ထို့အစား လူ၏ စိတ်ကူးစိတ်သန်းများနှင့် တီထွင်ဖန်တီးမှုတို့၏ ထုတ်ကုန်သက်သက်အဖြစ် စစ်မှန်မှုမရှိ၊ လက်တွေ့မကျ ဖြစ်လာတတ်ကာ၊ နောက်ဆုံးတွင် ဘုရားသခင်ကို အသရေပျက်စေပါသည်။ နောက်တစ်ပိုင်းမှာ လူ့အယူအဆများ ဖြစ်သည်။ လူတို့သည် သူတို့၏အယူအဆများကို အခြေခံ၍ ပြုမူလိုကြပြီး၊ သူတို့၏ အယူအဆများက သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ကြလေသည်။ သူတို့သည် မိမိတို့၏ အယူအဆများအတိုင်း ပြုမူသောအခါတွင်၊ အခြားသူများထံမှ ထောက်ခံမှုကို ရရှိပြီး ဘုရားသခင်ကို ချီးမြှောက်နေသည်ဟု ထင်မြင်ကြသည်။ ရလဒ်အနေဖြင့်၊ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများအပေါ် အခြေခံ၍ အမှုအရာများစွာကို လုပ်ဆောင်ကြကာ၊ ဘုရားသခင်အားသက်သေခံခြင်းနှင့် ပတ်သက်၍ လိုချင်သော အကျိုးသက်ရောက်မှုကို မရရှိနိုင်သည်သာမက၊ ထို့ထက် ဤအယူအဆများကို သမ္မာတရားအဖြစ် လက်ခံစေရန် အခြားသူများကို လမ်းလွဲစေကြသည်။ ဤအရာက ဘုရားသခင်အား နာခံခြင်းမှ တားဆီးသည်သာမက နားလည်မှုလွဲမှားခြင်း၊ သံသယများ၊ ပြစ်တင်ရှုံ့ချခြင်းများနှင့် ဘုရားသခင်အား မထီမဲ့မြင်ပြုခြင်းတို့ဆီသို့လည်း ခေါ်ဆောင်သည်။ ဤသည်တို့မှာ မိမိကိုယ်ပိုင် အယူအဆများအပေါ် အခြေခံ၍ ပြုမူခြင်းနှင့် ဤအယူအဆများအား ပြန့်ပွားစေခြင်း၏ အကျိုးဆက်များပင် ဖြစ်သည်။ လူတို့သည် သမ္မာတရားနားလည်မှု ကင်းမဲ့သောအခါ သူတို့ရ၏လုပ်ရပ်များကို လမ်းညွှန်ဖို့အတွက် စိတ်ကူးများနှင့် အယူအဆများကို အားကိုးကြသည်။ စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအပြင် လူတို့ “ပံ့ပိုးကူညီ” သည့် အခြားလက္ခဏာမှာ လူ၏အသိပညာဖြစ်သည်။ မတူညီသော နယ်ပယ်များတွင် အသိပညာ အမြောက်အမြားကို ရရှိပြီးနောက်၊ သူတို့သည် ဘုရားသခင်၏တောင်းဆိုချက်များကို သုံးသပ်ရန်၊ သမ္မာတရားဟူသည် အဘယ်အရာဖြစ်သည်ကို စိတ်ကူးရန်နှင့်၊ ၎င်းတို့၏တာဝန်ကို မည်သို့ဖြည့်ဆည်းပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျေနပ်စေရမည်ကို ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ရန်အတွက် ဤအသိပညာကို အသုံးပြုကြသည်။ ထိုသို့သောလုပ်ရပ်များ၏ ရလဒ်မှာ အဘယ်နည်း။ လူ့အသိပညာသည် သမ္မာတရားနှင့် ကွဲလွဲပြီး ဆန့်ကျင်ဘက် ဖြစ်နေသောကြောင့် ထိုသူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကွဲလွဲဆန့်ကျင်ကြသည်မှာ သေချာသည်။ လူ့အသိပညာကို အခြေခံ၍ လူတို့သည် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသောအခါ၊ အသင်းတော်ထဲ၌ မည်သို့သော အခြေအနေမျိုးကို ဖန်တီးသနည်း။ လူတို့သည် အသိပညာကို စတင်၍ မြတ်နိုးကိုးကွယ်ပြီး မည်သူက ပို၍သိသည်၊ မည်သူက စာအုပ်ပိုများများဖတ်ထားသည်၊ သို့မဟုတ် မည်သူက ပိုမြင့်သော ပညာရေးဆိုင်ရာ အရည်အချင်းများကို ပိုင်ဆိုင်သည်ကို သိမြင်ရဖို့ တစ်ဦးနှင့်တစ်ဦးကို နှိုင်းယှဉ်ကြမည် ဖြစ်သည်။ ဤသည်တို့မှာ သူတို့ နှိုင်းယှဥ်တတ်ကြသော အရာမျိုးများပင်ဖြစ်၏။ အသင်းတော်အတွင်း၌ ထိုအခြေအနေမျိုး ပေါ်ပေါက်လာသောအခါ၊ ဤအရာက ဘုရားသခင်အား အစေခံရန်နှင့် သက်သေခံရန် လူ့အသိပညာကို အသုံးပြုသောသူတို့နှင့် သက်ဆိုင်သလော။ သက်ဆိုင်သည်မှာ အသေအချာပင်။ မိမိ၏တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်အား သက်သေခံရာ၌ အသိပညာကို အသုံးပြုခြင်း၏ အကျိုးဆက်ကား အဘယ်နည်း။ ဤအရာသည် သမ္မာတရားကို ချစ်မြတ်နိုးခြင်းထက် လူ့အသိပညာကို ဦးစားပေးကာ၊ လူတို့အား လူ့အသိပညာကိုလိုက်စားသည့် လမ်းကြောင်းသို့ လမ်းလွှဲသည်။ ယင်းသည် မှားယွင်းနေပြီး လူတစ်ဦးအား စစ်မှန်သောလမ်းမှ လုံးဝသွေဖည်သွားစေသည်။ ဘုရားသခင်အား သက်သေခံပြီး သူ့အား အစေခံရန်အတွက် စိတ်ကူးစိတ်သန်းများ၊ အယူအဆများ၊ သို့မဟုတ် လူ့အသိပညာကို အသုံးပြုခြင်းဖြင့်ဖြစ်စေ၊ ဤနည်းလမ်းများတစ်ခုကမျှ လူတို့အား ဘုရားသခင်ကို သိပြီး နာခံစေရန် ကူညီပေးခြင်း၏ လိုချင်သောရလဒ်ကို မရရှိနိုင်ချေ။ ထို့အစား၊ ၎င်းတို့သည် လူတို့ကို ဘုရားသခင်အား မှီခိုအားထားခြင်းမှ အလွယ်တကူ ဟန့်တားနိုင်သည်။ ထို့ကြောင့် ဘုရားသခင်အား သက်သေခံရန် စိတ်ကူးစိတ်သန်းများ၊ အယူအဆများ၊ သို့မဟုတ် လူ့အသိပညာကို အသုံးပြုခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတစ်မျိုးပင် ဖြစ်ချေတော့သည်။ ဤအရာက ဘုရားသခင်၏အလုပ်ကို ဖျက်ဆီးနှောင့်ယှက်သည့်အပြင်၊ သူသည် ထိုသို့သောလုပ်ရပ်များကို လက်မခံပေ။

လူ၏ စိတ်ကူးစိတ်သန်းများ၊ အယူအဆများနှင့် အသိပညာတို့သည် အတွေးနယ်ပယ်၏ အလုံးစုံသော လက္ခဏာများဖြစ်သည်။ လူသားတို့၏ လုပ်ရပ်များ အခြေခံသော အရာတစ်ခုမှာ လူတစ်ဦး၏ ကိုယ်ပိုင်အတွေးအမြင်များနှင့် ရှုထောင့်များဖြစ်ကာ၊ နောက်တစ်ခုမှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို နားမလည်၊ မိမိကိုယ်ကို မသိ၊ သမ္မာတရားကို လက်မခံ၊ သမ္မာတရားကို လက်တွေ့မကျင့်သုံးဘဲ၊ ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်စွမ်းမရှိလျှင် ၎င်းတို့၏တာဝန် ထမ်းဆောင်ခြင်းကို မည်သည့်အရာအပေါ် အခြေခံကြသနည်း။ ၎င်းတို့သည် သူတို့၏ ဖောက်ပြန်သော စိတ်သဘောထား၏ အလုံးစုံသောလက္ခဏာများဖြစ်သည့် သူတို့၏ မောက်မာမှု၊ လှည့်စားမှု၊ ဆိုးယုတ်မှု၊ ရက်စက်မှုနှင့် ခေါင်းမာမှုတို့ကို အခြေခံ၍ ပြုမူနေကြသည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံ၍ သူတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ (လူများသည် အခြားသူများနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် အသင်းတော်၏ အလုပ်ကိုလည်း နှောင့်ယှက်ဖျက်ဆီးနိုင်သည်။) ဤအကျိုးဆက်များကို သိထားသင့်သည်။ လူတိုင်းသည် သမ္မာတရားကို လက်တွေ့မကျင့်သုံးဘဲ မိမိနှစ်သက်သလို ပြုလုပ်ကြသည်။ လူတစ်ဦးစီသည် မိမိ၏ကိုယ်ပိုင်အရေးကိုသာ ပြုလုပ်ကာ၊ စည်းလုံးမှုကင်းမဲ့စွာ လုပ်ဆောင်ပြီးလျှင် ဖျက်ဆီးနှောင့်ယှက်မှုများကို ဖြစ်ပေါ်စေသည်။ ကောင်းစွာ စီမံဆောင်ရွက်နိုင်ရမည့် အလုပ်တစ်ခုက ဖရိုဖရဲနှင့် စည်းမဲ့ကမ်းမဲ့ ဖြစ်လာသည်။ မယုံကြည်သူများကြားတွင် ပြုလုပ်သည့်အရာများနှင့် မည်သို့မျှ မထူးတော့ချေ။ လူ့အဖွဲ့အစည်းတွင်ဖြစ်စေ အရာရှိအသိုင်းအ၀ိုင်းတွင်ဖြစ်စေ စာတန်၏ အခြေစိုက်စခန်းတွင် လွှမ်းမိုးနေသော အငွေ့အသက်မှာ အဘယ်နည်း။ မည်သည့်အလေ့အထများက လူကြိုက်များသနည်း။ သင်တို့သည် ဤအရာများအား နားလည်ခြင်း အနည်းငယ်ရှိသင့်သည်။ အယောက်တိုင်းက ထင်ရာစိုင်းကြပြီး အယောက်တိုင်းက မိမိလုပ်ချင်ရာ လုပ်ကြသည်။ သူတို့သည် မိမိကိုယ်ကျိုးအတွက် ပြုမူကြပြီး မိမိနှစ်သက်သလို လုပ်ကြသည်။ သြဇာအာဏာရှိသူ မည်သူမဆို အပြီးသတ်ပြောပိုင်ခွင့် ရှိကြသည်။ သူတို့သည် အခြားသူများအား ခဏမျှပင် စဥ်းစားမပေးကြချေ။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ ရာထူးအဆင့်အတန်းအတွက် ကြိုးပမ်းရင်းနှင့် မိမိတို့၏ကိုယ်ပိုင် ဦးစားပေးမှုအတိုင်း လုံးလုံးပြုမူရင်း မိမိတို့စိတ်ကြိုက်ပင် လုပ်ဆောင်ကြသည်။ သူတို့သည် အာဏာရရှိသည်နှင့်တပြိုင်နက် ဤအာဏာကို အခြားသူများအပေါ် အလျင်အမြန် အသုံးချကြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို စော်ကားလျှင်၊ ၎င်းတို့သည် သင့်အား အကျဥ်းအကျပ်ထဲ ထည့်လိုပြီး ၎င်းတို့အား လက်ဆောင်ပေးရုံမှတပါး သင် ဘာမျှမတတ်နိုင်ပေ။ သူတို့သည် ကင်းမြီးကောက်ကဲ့သို့ ကြောက်စရာကောင်းလျက်၊ ဥပဒေများ၊ အစိုးရစည်းမျဉ်းများကို ဖောက်ဖျက်ပြီး ရာဇဝတ်မှုများကိုပင် ကျူးလွန်လိုစိတ်ရှိကြသည်။ ဤအရာအားလုံးမှာ သူတို့ တတ်စွမ်းနိုင်သော အရာများဖြစ်၏။ ဤသည်မှာ စာတန်၏တပ်စခန်းတွင် မှောင်မိုက်ပြီး ဆိုးရွားသည့်ပုံဖြစ်သည်။ ယခုအခါ၊ ဘုရားသခင်သည် လူသားတို့ကို ကယ်တင်ရန်၊ လူတို့အား သမ္မာတရားကို လက်ခံဖို့၊ သမ္မာတရားကို နားလည်ပြီးလျှင် စာတန်၏ အနှောင်အဖွဲ့နှင့် တန်ခိုးမှ လွတ်မြောက်ဖို့ အခွင့်ပေးရန် ကြွလာခဲ့ပြီးဖြစ်သည်။ အကယ်၍ သင်တို့သည် သမ္မာတရားကို လက်မခံ၊ သမ္မာတရားကို မကျင့်သုံးလျှင်၊ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်နေသေးသည် မဟုတ်လော။ ထိုကိစ္စတွင်၊ သင်တို့၏ လက်ရှိအခြေအနေနှင့် မာရ်နတ်စာတန်၏ အခြေအနေက ဘာကွာခြားသနည်း။ သင်တို့သည် မယုံကြည်သူများ ယှဉ်ပြိုင်ကြ သည့်အတိုင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ သင်တို့သည် မယုံကြည်သူများ တိုက်ခိုက်သကဲ့သို့ပင် တိုက်ခိုက်ကြမည် ဖြစ်သည်။ နံနက်မှ ညတိုင်အောင် သင်တို့သည် လျှို့ဝှက်ကြံစည်၊ လုပ်ကြံပြီး၊ မနာလိုကာ၊ ငြင်းခုန်ပွဲများ၌ ပါဝင်ကြမည် ဖြစ်သည်။ ဤပြဿနာ၏ အရင်းအမြစ်ကား အဘယ်နည်း။ ယင်းမှာ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း အသက်ရှင်ကြသောကြောင့် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ကြီးစိုးမှုမှာ စာတန်၏ ကြီးစိုးမှုပင် ဖြစ်သည်။ ဖောက်ပြန်ဖျက်ဆီးခံရသော လူသားမျိုးနွယ်က ဆိုးယုတ်သော စိတ်သဘောထားအတွင်း၌ နေထိုင်ပြီး မည်သူမျှ မလွတ်ကင်းပေ။ ထို့ကြောင့် သင်သည် တန်ခိုးအာဏာနှင့် အကျိုးအမြတ်ရအောင် ကြိုးပမ်းမှုများထဲ ပါဝင်ဖို့အတွက် ကောင်းမြတ်လွန်းသည်၊ နှိမ့်ချလွန်းသည်၊ သို့မဟုတ် ရိုးသားလွန်းသည်ဟု မထင်မှတ်သင့်ချေ။ အကယ်၍ သမ္မာတရားကို နားမလည်၊ ဘုရားသခင်၏ ဦးဆောင်မှုကို မခံရပါက သင်သည် ခြွင်းချက်မဟုတ်သည်မှာ အသေအချာဖြစ်ပြီး သင်၏ ရိုးဖြောင့်မှု၊ သို့မဟုတ် ကြင်နာမှုကြောင့်ဖြစ်စေ၊ သင်၏ ငယ်ရွယ်မှုကြောင့်ဖြစ်စေ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်ခြင်းမှ မိမိကိုယ်ကို မည်သည့်နည်းနှင့်မျှ ရှောင်ကြဉ်မည်မဟုတ်ချေ။ အမှန်တွင်၊ သင့်မှာ အခွင့်အလမ်းနဲ့ အခြေအနေများ ခွင့်ပြုချက်ရှိထားသရွေ့ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို ရှာဖွေမည်ဖြစ်သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အမိအရယူခြင်းသည် စာတန်၏ ဆိုးယုတ်သော သဘောသဘာဝရှိသည့် လူသားတို့၏ အပြုအမူလက္ခဏာ ဖြစ်သည်။ မည်သူမျှ မကင်းလွတ်ချေ။ ဖောက်ပြန်ပျက်စီးသော လူသားအားလုံးသည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အသက်ရှင်ကြပြီး ၎င်းတို့သည် ဤအရာများအတွက် ၎င်းတို့ကြိုးပမ်းရာတွင် မည်သည့်အဖိုးအခကိုမဆို ပေးကြမည်ဖြစ်သည်။ စာတန်၏တန်ခိုးအောက်တွင် နေထိုင်သူအားလုံးသည်လည်း ထိုနည်းတူဖြစ်၏။ ထို့ကြောင့်၊ သမ္မာတရားကို လက်မခံသော သို့မဟုတ် နားမလည်သောသူ၊ စည်းမျဥ်းများအတိုင်း မလုပ်ဆောင်နိုင်သောသူသည် စာတန်စိတ်သဘောထားများ အလယ်တွင် အသက်ရှင်နေသူတစ်ဦးဖြစ်သည်။ စာတန်၏ စိတ်သဘောထားသည် သင်၏အတွေးအမြင်များကို လွှမ်းမိုးပြီး သင်၏အမူအကျင့်ကို ထိန်းချုပ်ရန် ရောက်ရှိလာပြီဖြစ်သည်။ စာတန်သည် သင့်အား သူ၏ထိန်းချုပ်မှုနှင့် ချုပ်နှောင်မှုအောက်တွင် လုံးလုံးလျားလျား ရရှိထားပြီး၊ အကယ်၍ သင်သည် သမ္မာတရားကို လက်မခံဘဲ စာတန်ကို စွန့်ပစ်ပါက၊ သင်သည် လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ယခုတွင် သင်သည် ဘုရားသခင့်အိမ်တော်ထဲ၌ မိမိတာဝန်ကို ထမ်းဆောင်သောအခါ အတော်ပင် နာခံတတ်သည်၊ အတော်ပင် ဒူပေနာပေခံနိုင်သော စိတ်နှလုံးရှိသည်၊ အတော်ပင် လေးနက်တည်ကြည်သည်၊ တာဝန်သိစိတ်တစ်ခုရှိသည်၊ သင့်ကိုယ်ပိုင် အဆင့်အတန်းအတွက် အလေးထားမှုကို ဘေးဖယ်ထားနိုင်သည်၊ ပြိုင်ဆိုင်မှုကို ယေဘုယျအားဖြင့် တွန်းလှန်နိုင်သည်၊ အခြားသူများကို လိုက်လျောပေးနိုင်စွမ်း ရှိသည်၊ အခြားသူများနှင့် လိုက်လျောညီထွေစွာ ပူးပေါင်းဆောင်ရွက်နိုင်ပြီးလျှင် သင်နားမလည်သော အရာများကို တွေ့ကြုံသည့်အခါတွင် ရှာဖွေလျက် စောင့်မျှော်နိုင်ကြသည်။ ဤစိတ်သဘောထားနှင့် အပြုအမူကို သင်မည်သို့ရရှိခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်၏ ပံ့ပိုးပေးမှု၊ လမ်းညွှန်မှု၊ ရေလောင်းခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ဤအရာအားလုံးသည် ဘုရားသခင် မိန့်မြွက်ထားသော နှုတ်ကပတ်တော်များစွာ၏ ရလဒ်ဖြစ်သည်။ သို့မဟုတ်ပါက လူတစ်ယောက်တွင် အရည်အချင်းကောင်းများ ရှိလင့်ကစား သူသည် သမ္မာတရားကို မတွေ့ရှိနိုင်သကဲ့သို့ နားလည်းမလည်နိုင်ချေ။ အကယ်၍ ဘုရားသခင်သည် ဤသမ္မာတရားများကို ဖော်ပြရန် ကြွမလာခဲ့ပါက၊ လူတို့သည် သမ္မာတရားကို မည်သည့်နေရာတွင် သွား၍ရှာဖွေကြမည်နည်း။ လူတို့သည် ကလေးဘဝကတည်းက ပညာရေးကိုရရှိပြီး နှစ်ပေါင်းများစွာ ကျောင်းတက်ခဲ့ကြသော်လည်း သမ္မာတရားကို သင်ယူခဲ့ကြသလော။ လုံးဝပင်။ လူတို့သည် ထင်ရှားကျော်ကြားသူများနှင့် ကြီးမြတ်သောပုဂ္ဂိုလ်များကို ကြည်ညိုပြီး၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာများကို အမွှမ်းတင်သော်လည်း သမ္မာတရားကို သင်ယူခဲ့ကြသလော။ မသင်ယူခဲ့ကြပေ။ စာအုပ်ပေါင်းများစွာကို ဖတ်ပြီးသည့်တိုင် သမ္မာတရားကို မလေ့လာခဲ့ဖူးကြပေ။ အမှန်အားဖြင့် လောက၌ သမ္မာတရားဟူသည် လုံးဝမရှိပေ။ ဘုရားသခင် ကြွလာပြီး သမ္မာတရားနှင့် ထာဝရအသက်လမ်းကို ယူဆောင်လာကာ နှစ်ပေါင်းများစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုကြပြီးနောက်မှသာ လူတို့သည် သမ္မာတရားကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိကြသည်။ ထိုမှသာ သမ္မာတရား၏ တန်ဖိုးနှင့် အဖိုးထိုက်မှုကို သိနားလည်ကြသည်။ ဤအချိန်တွင် လူတို့သည် အတိတ်ကာလ၌ ၎င်းတို့၏ စကားလုံးများ၊ လုပ်ဆောင်ချက်များနှင့် ကျင့်ကြံပုံသည် စိတ်ကူးစိတ်သန်းများ၊ အယူအဆများနှင့် လူ့အသိပညာတို့အပေါ် အခြေခံခဲ့ကြောင်း အသိအမှတ်ပြုလာကြသည်။ ဤအရာများမှလွဲ၍ ၎င်းတို့ကို မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မောင်းနှင်ခဲ့သည်။ လူတို့ စိတ်နှလုံးကို ပြည့်နှက်စေသည့် အယူအဆများ၊ လူ့အသိပညာနှင့် စိတ်ကူးစိတ်သန်းများမှာ သမ္မာတရား မဟုတ်ချေ။ ထို့ကြောင့်၊ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားလက္ခဏာ အမျိုးမျိုးအတိုင်း အသက်ရှင်တတ်ကြသည်။ သူတို့သည် လူသားပုံသဏ္ဍာန်အတိုင်း အသက်မရှင်နိုင် သို့မဟုတ် လိမ်ညာလိုလျှင်ပင် လိမ်ညာခြင်းမှ မရှောင်ကြဉ်နိုင်သောကြောင့်၊ ၎င်းတို့အနေဖြင့် ကောင်းမှုအနည်းငယ် ပြုရန်ပင် ခက်ခဲသည်။ စာတန်၏ စိတ်သဘောထားနှင့်အညီ အသက်ရှင်သူများသည် စာတန်၏ပုံသဏ္ဍာန်ကို သဘာဝအားဖြင့် ထင်ရှားစေကြသည်။ သူတို့၏ စကားလုံးများ၊ လုပ်ရပ်များနှင့် အပြုအမူအားလုံးကို စာတန်၏ စိတ်သဘောထားက လွှမ်းမိုးထားပြီး ၎င်းတို့ထဲမှ မည်သည့်အရာကမျှ ယင်းမှနေ၍ မလွတ်မြောက်နိုင်ပေ။ အကယ်၍ သင်တို့သည် ဤအချက်ကို အသိအမှတ်ပြုနိုင်လျှင် သင်၏တာဝန်ကို ထမ်းဆောင်စဥ်တွင်၊ သင်သည် ရလဒ်များအချို့ကို ရရှိသည်ဖြစ်စေ၊ ပံ့ပိုးကူညီမှုအချို့ကို ပြုလုပ်သည်ဖြစ်စေ၊ အပြုအမူကောင်းပြသခြင်း သို့မဟုတ် အပြောင်းအလဲအချို့ကို တွေ့ကြုံခံစားရခြင်းဖြစ်စေ သင့်တွင် မည်သည့်တွေးခေါ်မှုပုံစံမျိုး ရှိသင့်သနည်း။ (ဘုရားသခင်ကို ကျေးဇူးတင်တတ်ခြင်းမျိုးပင်။) သင်သည် ဘုရားသခင်ကို ကျေးဇူးတင်သင့်ပေသည်။ ဘုန်းအသရေရှိသမျှကို ဘုရားသခင်ပိုင်၏။ ဤအရာကိုပြုသူသည် ဘုရားသခင်ဖြစ်၍၊ လူတို့၌ ဝါကြွားစရာအကြောင်းမရှိ။ လူတစ်ယောက်ချင်းစီ၌ မတူညီသော ပင်ကိုစွမ်းရည်များ ရှိကြသည်။ ဥပမာအားဖြင့်၊ အချို့လူများသည် ဂီတ၏ စည်းချက်နှင့် တေးသွားကို အလိုအလျောက် ခံစားနားလည်ကြပြီး၊ အချို့မှာ အကတွင် ထူးချွန်ကြသည်။ လူတို့ပိုင်ဆိုင်သည့် သဘာဝပင်ကိုယ် အရည်အချင်းများ ရှိစေကာမူ ယင်းတို့အားလုံးကို ဘုရားသခင် ပေးအပ်ထားပြီး၊ လူများအတွက် ကြွားဝါစရာအကြောင်းမရှိပါ။ မိဘတွေကိုယ်တိုင်က ဤပါရမီများကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်မည် မဟုတ်သောကြောင့် ဤမွေးရာပါ ပါရမီများကို မိဘများထံမှ သေချာပေါက် မရရှိကြဘဲ၊ အကယ်၍ သူတို့က ပိုင်ဆိုင်လျှင်ပင် သားသမီးများက သဘာဝစွမ်းရည် ရှိမထားပါက ယင်းတို့ကို သားသမီးများအား သင်ပေး၍မရပေ။ ထို့ကြောင့် လူတို့ပိုင်ဆိုင်သော ပါရမီများနှင့် ဆုကျေးဇူးများသည် ၎င်းတို့၏ မိဘများနှင့် မသက်ဆိုင်ပါ။ ဤအရည်အချင်းများက သင်ယူမှုမှ ရရှိနိုင်သောအရာ လုံးဝ မဟုတ်ပါပေ။ လူတို့၏မွေးရာပါ ဆုကျေးဇူးများနှင့် စွမ်းရည်များကို ဘုရားသခင် အပ်နှင်းထားခြင်းဖြစ်သည်။ ယင်းတို့ကို ဘုရားသခင်က ရှေးယခင်ကတည်းက ကြိုတင်သတ်မှတ်ထားခဲ့သည်။ ဘုရားသခင်က သင့်အား မိုက်မဲအောင်ပြုပါက၊ သင်၏မိုက်မဲမှု၌ အဓိပ္ပာယ်ရှိပေသည်။ အကယ်၍ သူက သင့်အား ထက်မြက်အောင်ပြုပါက၊ သင်၏ထက်မြက်မှု၌ အဓိပ္ပာယ်ရှိ၏။ ဘုရားသခင်က သင့်အား မည်သည့်စွမ်းရည်များကိုမဆို ပေးပါစေ၊ သင်၏အားသာချက်များက မည်သည့်အရာဖြစ်ပါစေ၊ သင်၏ဉာဏ်ရည်ဉာဏ်ကဲက မည်မျှမြင့်မားပါစေ၊ ယင်းတို့အားလုံးသည် ဘုရားသခင်အတွက် ရည်ရွယ်ချက် တစ်ခုရှိလေသည်။ ဤအရာများအားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ သင်၏ ဘဝတွင် သင်ပါဝင်လုပ်ဆောင်ရသောနေရာနှင့် သင်ထမ်းဆောင်သောတာဝန်တို့ကို ရှေးယခင်ကတည်းက ဘုရားသခင်က သတ်မှတ်ထားပြီးဖြစ်သည်။ အချို့သောလူတို့သည် ၎င်းတို့မပိုင်ဆိုင်သော အားသာချက်များကို အခြားလူများက ပိုင်ဆိုင်သည်ကိုမြင်ပြီး မကျေမနပ်ဖြစ်ကြသည်။ ၎င်းတို့က သာ၍ သင်ယူလေ့လာခြင်း၊ သာ၍မြင်ခြင်းနှင့် သာ၍ လုံ့လဝီရိယရှိခြင်းတို့အားဖြင့် အမှုကိစ္စများကို ပြောင်းလဲလိုကြသည်။ သို့သော် ၎င်းတို့၏ လုံ့လဝီရိယက စွမ်းဆောင်ရရှိနိုင်သည့်အရာတွင် အကန့်အသတ်ရှိသည်။ ၎င်းတို့သည် ဆုကျေးဇူးများနှင့် ကျွမ်းကျင်မှုများ ရှိသည့်လူတို့ကို မကျော်နိုင်ပေ။ သင်မည်မျှ တွန်းလှန်တိုက်ခိုက်ပါစေ အသုံးမဝင်ပေ။ သင်ဖြစ်မည့်အရာကို ဘုရားသခင်က ချမှတ်ပြီးဖြစ်သည်။ ယင်းကိုပြောင်းလဲရန် မည်သူကမျှ လုပ်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ သင်သည် မည်သည့်အရာ၌ တော်ပါစေ၊ ယင်းသည် သင်အားထုတ်ကြိုးပမ်းသင့်သည့်နေရာဖြစ်သည်။ သင်နှင့် သင့်တော်သည့် မည်သည့်တာဝန်မဆိုသည် သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ သင်၏ကျွမ်းကျင်မှုအပိုင်းအခြား၏ ပြင်ပနယ်ပယ်များကို အတင်းလုပ်ဆောင်ရန် မကြိုးစားနှင့်၊ အခြားသူများကို အားမကျနှင့်။ လူတိုင်း၌ ၎င်းတို့၏အသုံးဝင်မှုရှိသည်။ အခြားလူများကို လူစားထိုးပြီး သင့်ကိုယ်သင် အများမြင်အောင် ပြသဖို့အတွက် အစဉ်ဆန္ဒရှိလျက် သင်သည် အရာရာတိုင်းကို ကောင်းစွာလုပ်ဆောင်နိုင်သည်၊ သို့မဟုတ် သင်သည် အခြားလူများထက်ပို၍ ပြည့်စုံသည်၊ သို့မဟုတ် တော်သည်ဟု မထင်နှင့်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြစ်သည်။ မည်သည့်အရာကိုမျှ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းမရှိ၊ ကျွမ်းကျင်မှုလုံးဝမရှိဟု တွေးသည့်သူများ ရှိပေသည်။ ယင်းမှာ မှန်ကန်ပါက၊ သင်သည် လက်တွေ့ကျကျ နားထောင်ကာ နာခံသည့်သူသာ ဖြစ်လော့။ သင်တတ်နိုင်သည့်အရာကို လုပ်ဆောင်ပြီး ယင်းကို အစွမ်းကုန် ကောင်းစွာ လုပ်ဆောင်လော့။ ယင်းမှာ လုံလောက်ပေသည်။ ဘုရားသခင် စိတ်ကျေနပ်ပေလိမ့်မည်။ လူတိုင်းအား ကျော်လွန်ရန်၊ သူတစ်ပါးတို့ထက် အရာရာတိုင်းကို ပိုကောင်းအောင် လုပ်ဆောင်ရန်၊ အဘက်ဘက်တွင် ထင်ပေါ်ရန် အစဉ် မစဉ်းစားနှင့်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးဖြစ်သနည်း။ (မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။) လူတို့သည် မာနထောင်လွှားသော စိတ်သဘောထားကို အစဉ်ပိုင်ဆိုင်ကြပြီး ၎င်းတို့သည် သမ္မာတရားအတွက် ကြိုးပမ်းပြီး ဘုရားသခင်ကို ကျေနပ်စေလိုလျှင်ပင် စံမမီကြပေ။ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု၏ ထိန်းချုပ်ခြင်းခံရခြင်းသည် လူတို့ကို လမ်းလွဲနိုင်ဖွယ်အရှိဆုံး ဖြစ်စေသည်။ ဥပမာအနေဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်များအစား မိမိတို့၏ ရည်ရွယ်ချက်ကောင်းများကို ဖော်ပြခြင်းအားဖြင့် အစဉ် ကြွားဝါလိုသည့်လူအချို့ရှိသည်။ ဘုရားသခင်သည် ထိုသို့သော ရည်ရွယ်ချက်ကောင်းများကို ဖော်ပြခြင်းမျိုးကို ချီးမွမ်းမည်လော။ ဘုရားသခင်၏ အလိုတော်ကို သတိရှိဖို့ဟူသည်မှာ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လိုက်နာရမည်။ ပြီးလျှင် သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို သင်ကျိုးနွံနာခံရမည်ဖြစ်သည်။ ရည်ရွယ်ချက်ကောင်းများကို ဖော်ပြသည့်လူများသည် ဘုရားသခင်၏ အလိုတော်ကို သတိမရှိဘဲ၊ ထိုအစား လှည့်ကွက်အသစ်များကို လုပ်ဖို့ အစဉ်ကြိုးစားနေပြီး မြင့်မြတ်သည့် လေသံပေါက်သော စကားလုံးများကို ပြောနေကြသည်။ ဤနည်းဖြင့် သတိရှိဖို့ သင့်ကို ဘုရားသခင်က မတောင်းဆိုပါ။ ဤသည်မှာ မိမိတို့ ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်ဟု လူအချို့က ဆိုကြသည်။ ယှဉ်ပြိုင်ခြင်းသည် ယင်းကိုယ်၌က အပျက်သဘောဆောင်သောအရာတစ်ခု ဖြစ်သည်။ ယင်းသည် စာတန်၏ ထောင်လွှားသောစိတ်သဘောထား ထုတ်ဖော်ပြချက်၊ သရုပ်သကန်တစ်ခု ဖြစ်သည်။ သင့်တွင် ထိုကဲ့သို့သော စိတ်သဘောထားတစ်ခု ရှိသောအခါ သင်သည် သူတစ်ပါးတို့ကို အောက်ခြေတွင်ထားရန် အစဉ်ကြိုးစားနေသည်၊ ၎င်းတို့ရှေ့ရောက်ရန် အစဉ်ကြိုးစားနေသည်၊ ဖြတ်စားလျှပ်စား အစဉ်လုပ်နေသည်၊ လူတို့ထံမှ ရယူရန် အစဉ်ကြိုးစားနေသည်။ သင်သည် အလွန်အမင်း မနာလိုဖြစ်သည်၊ မည်သူ့ကိုမျှ အလျှော့မပေး၊ ထို့ပြင် လူပုံအလယ်၌ မိမိကိုယ်ကို သိသာထင်ရှားစေရန် အစဉ်ကြိုးစားနေသည်။ ဤသည်မှာ ပြဿနာသဘောသက်ရောက်သည်။ ဤသည်မှာ စာတန်လုပ်ဆောင်သည့်ပုံစံဖြစ်သည်။ သင်သည် ဘုရားသခင်၏ လက်ခံနိုင်ဖွယ်ရှိသော ဖန်ဆင်းခံတစ်ယောက် အမှန်တကယ် ဖြစ်လိုလျှင် သင်၏ ကိုယ်ပိုင်အိပ်မက်များ နောက်သို့မလိုက်နှင့်။ သင်၏ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် သင့်ကိုယ်သင်ထက် ပို၍ သာလွန်ပြီး စွမ်းဆောင်နိုင်အောင် ကြိုးစားခြင်းသည် မကောင်းပေ။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် သင်ယူသင့်ကာ မိမိအဆင့်ထက် မြင့်သည့်နေရာကို မသွားသင့်ပေ။ ဤသည်ကသာ အသိစိတ်ကို ထင်ရှားစေသည်။

သင်တို့ကိုယ်သင်တို့ ပြုမူနေထိုင်ခြင်းအတွက် သင်တို့၏ အခြေခံသဘောတရားများမှာ အဘယ်နည်း။ သင်၏ ရာထူးအဆင့်အတန်းနှင့်အညီ သင့်ကိုယ်သင် ပြုမူဆောင်ရွက်သင့်သည်။ သင့်အတွက် သင့်တော်သော နေရာကို ရှာဖွေသင့်သည်။ သင် ထမ်းဆောင်သင့်သည့်တာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်ကသာ အသိစိတ်ရှိသောသူဖြစ်သည်။ ဥပမာအားဖြင့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု တစ်ခုခုတွင် ကျွမ်းကျင်ပြီး အခြေခံသဘောတရားများကို နားလည်သဘောပေါက်သူများ ရှိကြသည်၊ ၎င်းတို့သည် တာဝန်ကို ယူဆောင်သင့်ပြီး ထိုနယ်ပယ်၌ နောက်ဆုံး စစ်ဆေးမှုများ ပြုလုပ်သင့်သည်။ စိတ်ကူးများနှင့် အသိအမြင်များကို ပေးနိုင်ပြီး အခြားလူများကို လှုံ့ဆော်ပေးပြီး ၎င်းတို့၏ တာဝန်များကို ပို၍ကောင်းမွန်စွာ ထမ်းဆောင်ရန် ကူညီပေးသည့်လူများရှိသည်။ သို့ဆိုလျှင် ၎င်းတို့သည် စိတ်ကူးများကို ထောက်ပံ့ပေး သင့်သည်။ သင့်အတွက် သင့်တော်သည့် နေရာကို သင် ရှာဖွေနိုင်ပြီး၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်အောင် သင် အလုပ်လုပ်နိုင်ပါက၊ သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းနေလိမ့်မည်ဖြစ်ကာ၊ သင်၏ ရာထူး အဆင့်အတန်းအတိုင်း သင့်ကိုယ်သင် ပြုမူနေထိုင် လိမ့်မည်။ အစကနဦးတွင် သင်သည် စိတ်ကူးတစ်ချို့ကိုသာ ပေးကောင်းပေးနိုင်မည် ဖြစ်သော်လည်း၊ အကယ်၍ သင်သည် အခြားတစ်ခုခုကို ပေးရန်ကြိုးစားပြီး၊ ထိုသို့လုပ်ဆောင်ရန် သင်သည် အလွန်ကြိုးစား လုပ်ဆောင်သော်လည်း၊ မလုပ်ဆောင်နိုင်သေးဘဲ ဇာတ်သိမ်းလျက်၊ ထို့နောက်တွင် အခြားသူများက ထိုအရာများကို ထောက်ပံ့ပေးသောအခါ၊ သင်သည် သက်သောင့်သက်သာမဖြစ်တော့ဘဲ၊ နားထောင်ဖို့လည်း ဆန္ဒမရှိကာ၊ သင်၏ စိတ်နှလုံးသည် နာကျင်ပြီး ဘောင်ခတ်ခြင်းခံရသည်၊ ပြီးလျှင် ဘုရားသခင်ကို အပြစ်တင်ပြီး ဘုရားသခင်သည် တရားမမျှတဟု သင်ပြောပါက- ဤအရာသည် ရည်မှန်းချက်ဖြစ်သည်။ လူတစ်ယောက်တွင် ရည်မှန်းချက် ဖြစ်ပေါ်စေသည်မှာ မည်သည့် စိတ်သဘောထားနည်း။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ရည်မှန်းချက် ဖြစ်ပေါ်စေသည်။ ဤအခြေအနေများသည် သင်တို့ထဲ၌ သေချာပေါက် အချိန်မရွေး ပေါ်ပေါက်လာနိုင်ပြီး၊ ၎င်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို သင်တို့ မရှာဖွေဘဲ၊ အသက်တာ ဝင်ရောက်မှု မရှိကာ၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍လည်း ပြောင်းလဲ၍မရနိုင်ပါက၊ သင်တို့၏ တာဝန်များကို သင်တို့ ထမ်းဆောင်ရာတွင် အသုံးပြုသည့် အရည်အချင်း အတိုင်းအတာနှင့် စင်ကြယ်ခြင်းတို့သည် နိမ့်ကျပေလိမ့်မည်။ ပြီးလျှင် ရလဒ်များကလည်း အလွန်ကောင်းမည်မဟုတ်ပေ။ ဤသည်မှာ သင့်တာဝန်ကို ကျေနပ်ဖွယ်ဖြစ်စွာ ထမ်းဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်သည် သင်တို့ထံမှ ဂုဏ်ကျက်သရေကို မရရှိဟု ဆိုလိုသည်။ ဘုရားသခင်သည် လူတိုင်းအား မတူညီသော ပင်ကိုစွမ်းရည်များ၊ ဆုကျေးဇူးများပေးပြီးဖြစ်သည်။ လူအချို့က နယ်ပယ် နှစ်ခု သုံးခုတွင် ပါရမီများရှိကြသည်၊ အချို့က နယ်ပယ် တစ်ခုတွင် ပါရမီရှိပြီး၊ အချို့က ပါရမီလုံးဝ မရှိကြပေ- သင်တို့သည် ဤအရေးကိစ္စများကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါက၊ သင်သည် အသိတရားရှိလေည်။ အသိတရားရှိသည့် လူတစ်ဦးသည် ၎င်းတို့၏ နေရာကို ရှာတွေ့နိုင်မည်။ ၎င်းတို့၏ ရာထူး အဆင့်အတန်းများအတိုင်း မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်နိုင်ပြီး ၎င်းတို့၏ တာဝန်များကိုလည်း ကောင်းစွာ ထမ်းဆောင်နိုင်သည်။ မိမိ၏ နေရာကို လုံးဝ ရှာမတွေ့နိုင်သောသူသည် အစဉ်သဖြင့် ရည်မှန်းချက်ရှိသောသူဖြစ်သည်။ သူသည် အစဉ်သဖြင့် ဂုဏ်အဆင့်အတန်းနှင့် အကျိုးအမြတ်နောက်သို့ လိုက်သည်။ ရှိသည့်အရာဖြင့် မည်သည့်အခါမျှ သူ မကျေနပ်ပေ။ အကျိုးအမြတ် ပိုရရှိရန်အတွက် ရနိုင်သမျှကို ယူရန် သူကြိုးစားသည်။ သူ၏ လွန်ကျူးသော ဆန္ဒများကို ဖြည့်ဆည်းရန် အစဉ် မျှော်လင့်သည်။ ဆုကျေးဇူးရှိပြီး မိမိ၏ ကောင်းမွန်သောအစွမ်းအစရှိလျှင် ဘုရားကျေးဇူးတော်ကို ပို၍ ခံစားသင့်သည်၊ လွန်ကျူးသော ဆန္ဒအချို့ရှိခြင်းက အမှားမဟုတ်ဟု သူထင်သည်။ ဤသို့သောလူစားမျိုးသည် အသိတရားရှိသလော။ လွန်ကျူးသော ဆန္ဒများအစဉ်ရှိခြင်းမှာ အရှက်မဲ့သည် မဟုတ်လော။ အရှက်မဲ့သည်ကို အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောလူများက ခံစားနိုင်သည်။ သမ္မာတရားကို နားလည်သောသူများသည် ဤမိုက်မဲသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရန် သင်၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ဖို့ မျှော်လင့်လျှင် ဤသည်မှာ လွန်ကျူးသော ဆန္ဒမဟုတ်ပေ။ သာမန်လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ကိုက်ညီသည်။ ဤအရာက ဘုရားသခင်ကို ပျော်ရွှင်စေသည်။ သင်၏တာဝန်ကို အမှန်ပင် ကောင်းစွာထမ်းဆောင်လိုလျှင် ရှေးဦးစွာ သင့်အတွက် သင့်တော်သော ရာထူးအဆင့်အတန်းကို ရှာရမည်ဖြစ်ပြီး ထို့နောက်တွင် သင် လုပ်ဆောင်နိုင်သမျှကို သင်၏ စိတ်နှလုံး အကြွင်းမဲ့ရှိသမျှနှင့်၊ ဉာဏ်ရှိသမျှနှင့် အစွမ်းသတ္တိ ရှိသမျှနှင့် လုပ်ဆောင်ပြီး သင်တတ်နိုင်သမျှ လုပ်ဆောင်လော့။ ဤသည်မှာ လက်ခံနိုင်ဖွယ်ဖြစ်ပြီး၊ ထိုကဲ့သို့သော တာဝန်ထမ်းဆောင်မှုတွင် စင်ကြယ်မှု အတိုင်းအတာတစ်ခု ရှိသည်။ ဤသည်မှာ စစ်မှန်သော ဖန်ဆင်းခံ တစ်ယောက် လုပ်သင့်သည့်အရာ ဖြစ်သည်။ ပထမဦးစွာ စစ်မှန်သော ဖန်ဆင်းခံတစ်ယောက်သည် အဘယ်ဖြစ်သည်ကို သင် နားလည်ရမည်- စစ်မှန်သည့် ဖန်ဆင်းခံတစ်ယောက်သည် အာဂလူ တစ်ယောက် မဟုတ်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ရိုးရိုးစင်းစင်းနှင့် လက်တွေ့ကျကျ အသက်ရှင် နေထိုင်သူတစ်ယောက် ဖြစ်သည်။ သူတို့သည် သာမန်ထက် လွန်ကဲခြင်း လုံးဝ မရှိသည့်အပြင် ထူးခြားခြင်း စိုးစဉ်းမျှမရှိဘဲ သာမန်လူတစ်ဦးနှင့် တူညီပေသည်။ အခြားသူများထက် အမြဲသာလွန်ဖို့၊ အခြားသူများထက် အဆင့်အတန်းရှိဖို့ သင်ဆန္ဒရှိပါက၊ ဤအရာက သင်၏ မာနထောင်လွှားသော၊ စာတန်ဆန်သော စိတ်သဘောထားတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး၊ ယင်းမှာ သင်၏ ရည်မှန်းချက်က ဖြစ်ပွားစေသော ထင်ယောင်ထင်မှားဖြစ်ခြင်းတစ်ခု ဖြစ်လေသည်။ အမှန်မှာမူ ဤအရာကို သင် မရရှိနိုင်ဘဲ၊ သင့်အတွက် ထိုသို့လုပ်ဆောင်ရန်လည်း မဖြစ်နိုင်ချေ။ ဘုရားသခင်က သင့်အား ထိုသို့သော ပါရမီ သို့မဟုတ် ကျွမ်းကျင်မှုတို့ကို မပေးခဲ့သကဲ့သို့၊ ထိုသို့သော အနှစ်သာရတစ်ခုကိုလည်း သူက သင့်အား မပေးခဲ့ချေ။ သင်၏ ပုံပန်းသဏ္ဌာန်၊ မိသားစုနှင့် ကြီးပြင်းခဲ့ပုံက ကွဲပြားနိုင်ပြီး၊ သင်၏ ပါရမီများနှင့် အစွမ်းအစများတွင် ကွဲပြားချက်အချို့ ရှိနိုင်သော်လည်း၊ သင်သည် အခြားသူများနှင့် လုံးလုံး ကွဲပြားမှုမရှိဘဲ၊ ရိုးရိုး လူသားမျိုးနွယ်ဝင်တစ်ယောက် ဖြစ်သည်ကို မမေ့လျော့နှင့်။ သို့သော် ဤအရာကို မမေ့နှင့်- သင်သည် မည်မျှပင် ထူးခြားနေပါစေ၊ ဤသေးငယ်သော နည်းလမ်းများနှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့၌သာလျှင် အခြားသူများနှင့် တထေရာတည်းဖြစ်သည်၊ သင်၌ ရှိသင့်သည့် စိတ်နေစိတ်ထားနှင့် သင်၏တာဝန် ထမ်းဆောင်ခြင်းတွင် လိုက်နာရမည့် အခြေခံ သဘောတရားများ သည် အခြားသူများနှင့် ချွတ်စွပ်တူသည်။ ၎င်းတို့၏ ခွန်အားများနှင့် အစွမ်းအစများတွင်မျှသာ လူများသည် ကွဲပြားကြလေသည်။ ဘုရားကျောင်းတွင် လူအချို့က ဂစ်တာတီးနိုင်သည်၊ အချို့က အားဟူကိုတီးနိုင်ပြီး အချို့မှာ ဒရမ်တီးနိုင်သည်။ အကယ်၍ သင်သည် ဤနယ်ပယ်များထဲမှ တစ်ခုခုကို စိတ်ဝင်စားပါက၊ သင်ယူနိုင်သည်။ သတ်သတ်မှတ်မှတ်ရှိသော မည်သည့် ကျွမ်းကျင်မှု သို့မဟုတ် နည်းပညာကိုမဆို သင်ယူရသည်ကို ပျော်ပြီး ကျွမ်းကျင်ပါက သင်ယူနိုင်သည်။ သင်သည် ကျွမ်းကျင်မှုအသစ်တစ်ခုကို သင်ယူပြီးသည်နှင့်၊ လူတို့ကို နှစ်သက်စေရုံသာမက ဘုရားသခင်ကို နှစ်သက်စေမည့် နောက်ထပ်တာဝန်တစ်ခုကို ထမ်းဆောင်ရန် ယင်းကို သင်အသုံးပြုနိုင်သည်။ စွမ်းရည်များ ပိုမိုရရှိပြီး ဘုရားသခင့်အိမ်တော်၏ အလုပ်၌ ပံ့ပိုးကူညီရခြင်းသည် မင်္ဂလာအရှိဆုံးအရာဖြစ်သည်။ လူတစ်ဦးသည် ငယ်ရွယ်ပြီး မှတ်ဉာဏ်ကောင်းနေချိန်တွင် အသစ်အသစ်များကို သင်ယူရာ၌ အမှားမရှိချေ။ ဤအရာ၌ အကျိုးကျေးဇူးသာ ရှိပြီး ထိခိုက်နစ်နာခြင်းမရှိပေ။ ယင်းသည် တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင့်အိမ်တော်၏ အလုပ်အတွက် အကျိုးကျေးဇူးရှိသည်။ မိမိ၏တာဝန်ကို ဖြည့်ဆည်းနေစဥ် အမျိုးမျိုးသော အသစ်အဆန်းများကို သင်ယူခြင်းအပေါ် အာရုံစူးစိုက်ခြင်းသည် လုံ့လဝီရိယရှိပြီး တာဝန်ရှိလေသည်။ ထိုသူတို့သည် အလုပ်၌ နှစ်မြှုပ်မထားသော သူများထက် များစွာသာလွန်သည်။ သို့သော်လည်း သင်သည် တစ်ခုခုကို အချိန်အတော်ကြာ လေ့လာနေပြီး နားမလည်သေးပါက၊ သင်သည် ထိုနယ်ပယ်တွင် အထုံပါရမီမရှိကြောင်း ညွှန်ပြနေပါသည်။ ကောင်းစွာ ကခုန်နိုင်သော်လည်း သီချင်းဆိုလျှင် ကီးကြောင်သော သို့မဟုတ် တေးဂီတအရည်အသွေး ကင်းမဲ့သော လူတစ်ချို့ကဲ့သို့ပင်၊ ယင်းသည် မွေးရာပါဖြစ်ပြီး ပြောင်းလဲ၍မရပါ။ ထိုအခြေအနေမျိုးကို မှန်ကန်သော စိတ်သဘောထားဖြင့် ဖြေရှင်းသင့်သည်။ သင်ကနိုင်လျှင် ကောင်းစွာကလော့။ သင်သည် ဘုရားသခင်ကို ချီးမွမ်းလိုသော နှလုံးသားရှိပါက၊ သီချင်းဆိုသောအခါ ကီးမမှန်လင့်ကစား ဘုရားသခင် ဂရုမစိုက်ပေ။ သင်သည် စိတ်နှလုံးထဲ၌ ပျော်ရွှင်မှုရှိနေသရွေ့ လုံလောက်ပေပြီ။ မည်သည့်နေရာ၌ သင်၏ကိုယ်ပိုင်စွမ်းရည်များ ရှိသည်ဖြစ်စေ ၎င်းတို့ကို သင်အသုံးပြုနေသရွေ့ ယင်းမှာ ကောင်းသောအရာဖြစ်သည်။ သင်၏တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လော့၊ ယင်းမှာ သင်၏ ရာထူးအဆင့်အတန်းနှင့်အညီ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။

မည်သူတစ်ယောက်ကိုမျှ မိမိတို့ကိုယ်ကိုယ် စုံလင်သည် ခံ့ညားသည်၊ မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် ကွဲပြားခြားနားသည်ဟု မတွေးထင်စေနှင့်။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို အထူးသီးသန့်ဖြစ်သည်ဟု အမြဲတမ်း တွေးထင်ခြင်း— ဤသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ မိမိတို့၏ အားနည်းချက်များကို မည်သည့် အခါမျှ လက်ခံနိုင်ခြင်းမရှိဘဲ၊ မိမိတို့၏ အမှားများနှင့် ရှုံးနိမ့်မှုများကို မည်သည့်အခါမျှ ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိခြင်း— ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက် မည်သည့်အခါမျှ ပို၍မြင့်မားခွင့်မပြု၊ သို့မဟုတ် မိမိတို့ထက် ပို၍သာခွင့်မပြု— ဤအရာကို မာန ထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက်ပို၍ သာလွန်သွားဖို့ဖြစ်စေ၊ ပိုကောင်းသွားဖို့ဖြစ်စေ မည်သည့်အခါမျှ ခွင့်မပြုပေ— ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက် ပို၍ကောင်းသော အတွေးအခေါ်များ၊ အကြံပြုချက်များနှင့် အမြင်ရှုထောင့်များ မည်သည့်အခါမျှ ရှိခွင့်မပြု၊ ပြီးလျှင် ၎င်းတို့က အခြားသူများသည် မိမိတို့ထက် ပိုကောင်းသည်ကို တွေ့ရှိလာသည့်အခါတွင်လည်း အပျက်သဘောဆောင်လာကာ၊ စကားပြောဖို့ ဆန္ဒမရှိဘဲ၊ စိတ်သောကရောက်ပြီး၊ စိတ်ပျက် အားလျော့ကာ စိတ်ညစ်လာကြသည်— ဤအရာများ အားလုံးသည် မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် သင့်ကို အခြားသူများ၏ အမှားပြုပြင်မှုကို လက်ခံနိုင်စွမ်း မရှိစေဘဲ၊ သင်၏ အားနည်းချက်များကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိဖြစ်စေကာ၊ သင်ကိုယ်တိုင်၏ ရှုံးနိမ့်ခြင်းများနှင့် အမှားများကို လက်ခံနိုင်စွမ်း မရှိစေဘဲ၊ သင်၏ ဂုဏ်သတင်းကို ကာကွယ်စေနိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်ထက် ပိုသာသည့်အခါ၊ ယင်းက သင်၏ စိတ်နှလုံးတွင် အမုန်းတရားနှင့် မနာလိုစိတ်များ ပေါ်ပေါက်စေနိုင်ပြီး၊ သင်သည် ဘောင်ခတ်ခံရနိုင်သည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ဘဲ၊ ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်အထိပင် ဖြစ်တော့သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ဤအပြုအမူများနှင့် အလေ့အကျင့်များကို သင်၌ ပေါ်ပေါက်စေသည်။ သင်တို့သည် ဤအသေးစိတ် အချက်အလက်များ အားလုံးကို နည်းနည်းချင်း ပိုမိုနက်ရှိုင်းစွာ တူးဆွရှာဖွေနိုင်ကာ၊ ထိုးဖောက်ကျော်လွှားမှုများရှိပြီး ယင်းတို့ကို နားလည်သဘောပေါက်မှုတစ်ခု ရရှိနိုင်စွမ်းရှိပါက၊ ပြီးလျှင် ဤအတွေးအခေါ်များကို ဖြည်းဖြည်းချင်း စွန့်လွှတ်နိုင်စွမ်းရှိပြီး၊ ဤမှားယွင်းသော အယူအဆများကို ဖြည်းဖြည်းချင်း စွန့်လွှတ်နိုင်စွမ်းရှိပြီး၊ ၎င်းတို့အားဖြင့် ဘောင်ခတ်ခြင်း မခံရပါက၊ ပြီးလျှင် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင်၊ သင့်အတွက် သင့်တော်သည့် ရာထူးအဆင့်အတန်းကို ရှာဖွေနိုင်ပြီး အခြေခံ သဘောတရားများအတိုင်း ပြုမူကာ သင် ထမ်းဆောင်နိုင်ပြီး ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ပါက၊ အချိန်ကြာလာသည်နှင့်အမျှ သင်တို့၏ တာဝန်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်။ ဤအရာက သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုကို ဖြစ်ပေါ်စေသည်။ သင်သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်ပါက၊ သင်သည် လူသားပုံသဏ္ဌာန်တစ်ခု ရှိပုံပေါ်လိမ့်မည်ဖြစ်ပြီး၊ လူများက “ဒီလူက သူ့ရာထူးအဆင့်အတန်းအတိုင်း သူ့ကိုယ်သူ ပြုမူနေထိုင်ပြီး သူက သူ့ရဲ့ တာဝန်ကို စဉ်းစားချင့်ချိန်တတ်တဲ့ နည်းလမ်းတစ်ခုနဲ့ ဖြည့်ဆည်းနေတယ်။ သူက သူ့ရဲ့ တာဝန်ကို ဖြည့်ဆည်းဖို့ သဘာဝကျခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ဒါမှမဟုတ် သူ့ရဲ့ ဖောက်ပြန်ပျက်စီးပြီး စာတန်ဆန်တဲ့ စိတ်သဘောထားတို့ပေါ်မှာ မှီခိုခြင်း မရှိဘူး။ သူက ထိန်းထိန်းသိမ်းသိမ်း ပြုမူတယ်၊ သူ့မှာ ဘုရားသခင်ကို ချစ်ကြောက်ရိုသေတဲ့ စိတ်နှလုံးတစ်ခု ရှိတယ်၊ သူက သမ္မာတရားကို ချစ်စိတ်ရှိပြီး၊ သူကိုယ်တိုင်ရဲ့ ဇာတိပကတိနဲ့ သူ့ရဲ့ နှစ်သက်လိုလားမှုတွေကို သူစွန့်လွှတ်ထားပြီးပြီလို့ သူ့ရဲ့ အပြုအမူနဲ့ အမူအရာတွေက ဖွင့်ပြနေတယ်။” ဟု ပြောလိမ့်မည်။ မိမိကိုယ်ကိုယ် ထိုနည်းလမ်းအတိုင်း ပြုမူနေထိုင်ခြင်းသည် ချီးကျူးဖွယ်ကောင်းလိုက်လေတကား။ သင်၏ အားနည်းချက်များကို အခြားသူများက တင်ပြလာသည့် အခါသမယများတွင် သင်သည် သင်၏ အားနည်းချက်များနှင့် ပျော့ကွက်များကို လက်ခံနိုင်စွမ်း ရှိရုံသာမက၊ အကောင်းမြင်ကာ၊ သင်၏ အားနည်းချက်များနှင့် ပျော့ကွက်များကို ဣန္ဒြေဖြင့် ရင်ဆိုင်နိုင်လေသည်။ သင်၏ စိတ်အခြေအနေသည် အစွန်းရောက်မှုများ၊ စိတ်ပြင်းထန်မှုများ ကင်းဝေးလျက် အတော်အတန် ပုံမှန်ဖြစ်လေသည်။ ဤသည်မှာ လူသားပုံသဏ္ဌာန် တစ်ခုရှိခြင်း ဆိုသည့်အရာ မဟုတ်လော။ ထိုကဲ့သို့သော လူများသာလျှင် အသိစိတ်ရှိလေသည်။

လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဆိုက်ထုတ်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ၊ ယင်းက အဘယ်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်၏ စိတ်သဘောထား ဖြစ်သည်၊ ဆိုးယုတ်သည့်အရာတစ်ခု ဖြစ်သည်။ ဆိုးယုတ်သောအစိုးရစနစ်၏ အဖွဲ့ဝင်များကို ကြည့်လော့။ ၎င်းတို့သည် အမှောင်ထဲတွင် မည်မျှတိုက်ခိုက်ပါစေ၊ မည်မျှရန်စပါစေ၊ မည်မျှသတ်ဖြတ်ပါစေ ထိုသူတို့ကို မည်သူကမျှ တိုင်ကြားခွင့်၊ သို့မဟုတ် ဖော်ထုတ်ခွင့်မရှိချေ။ ၎င်းတို့၏ မကောင်းဆိုးဝါး မျက်နှာကို လူများမြင်မည်ကို ကြောက်ကြသည်။ ယင်းကို ဖုံးကွယ်ဖို့ ၎င်းတို့တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ကြသည်။ လူပုံအလယ်တွင် ၎င်းတို့သည် လူများကို မည်မျှချစ်ကြောင်း၊ ၎င်းတို့သည် မည်မျှကြီးမြတ်ကာ၊ ဘုန်းကျက်သရေရှိပြီး မမှားနိုင်ကြောင်းပြောလျက်၊ မိမိတို့ကိုယ်ကို ဖုံးဖိဖာထေးဖို့ အဆုံးစွန် လုပ်ဆောင်ကြသည်။ ဤသည်မှာ စာတန်၏သဘာဝ ဖြစ်သည်။ စာတန့်သဘာဝ၏ အထင်ရှားဆုံးအင်္ဂါရပ်မှာ လှည့်ကွက်နှင့် လှည့်ဖြားမှုဖြစ်သည်။ ဤလှည့်ကွက်နှင့် လှည့်ဖြားမှုတို့၏ ရည်မှန်းချက်သည် အဘယ်နည်း။ လူများကို လှည့်စားဖို့၊ ၎င်း၏အဖြစ်အနေနှင့် စရိုက်မှန်တို့ကို မမြင်အောင် သူတို့အား တားဆီးပြီး ထိုသို့ဖြင့် ၎င်း၏အုပ်စိုးမှု ကြာရှည်စေဖို့ ပန်းတိုင်ကို အောင်မြင်ရရှိဖို့ ဖြစ်သည်။ သာမန်လူများ၌ ထိုသို့သော အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိချင်မှရှိမည် ဖြစ်သော်လည်း ၎င်းတို့သည်လည်း အခြားသူများအား ၎င်းတို့ကို အလေးပေးသောအမြင် စွဲကိုင်စေဖို့အပြင် လူများက သူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့အား မြင့်မားသော ထင်မြင်ယူဆချက်ရှိဖို့နှင့် ၎င်းတို့အား မြင့်မားသော ဂုဏ်အဆင့်အတန်းဆီသို့ မြှင့်တင်ပေးဖို့ကို ဆန္ဒရှိကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ဖြစ်ပေသည်။ သမ္မာတရားကို လူတို့က နားမလည်လျှင် ဤအရာကို သတိပြုမိနိုင်စွမ်းမရှိပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သတိပြုမိရန် အခက်ခဲဆုံးဖြစ်သည်- သင်ကိုယ်တိုင်၏ အမှားများနှင့် အားနည်းချက်များကို သတိပြုမိခြင်းသည် လွယ်ကူသော်လည်း သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သတိပြုမိခြင်းက မလွယ်ကူချေ။ မိမိတို့ကိုယ်ကို မသိကြသောလူများသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများအကြောင်း မည်သည့်အခါမျှ မပြောကြပေ။ ၎င်းတို့သည် အဆင်ပြေနေသည်ဟု အစဉ် တွေးထင်ကြသည်။ ပြီးလျှင် ၎င်းတို့သည် ကိုယ်တိုင်သတိမပြုမိဘဲ စတင် ကြွားလုံးထုတ်ကြသည်။ “ကျွန်ုပ်၏ယုံကြည်ခြင်း နှစ်များတစ်လျှောက်လုံး များပြားလှသော ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီး များပြားလှသော ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရသည်။ ယင်းတို့အားလုံးကို မည်သို့အောင်မြင်ကျော်လွှားရမည်ကို သင်တို့သိကြသလော” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုလော။ မိမိတို့ကိုယ်ကို ပြသခြင်း၏ နောက်ကွယ်မှ အရင်းခံအကြောင်းသည် အဘယ်နည်း။ (လူများအား ၎င်းတို့ကို အထင်ကြီးစေဖို့ ဖြစ်သည်။) လူများအား ၎င်းတို့ကို အထင်ကြီးစေခြင်းနှင့်ပတ်သက်သည့် ၎င်းတို့၏ အကြောင်းရင်းမှာ အဘယ်နည်း။ (ထိုသို့သောလူများ၏ စိတ်များထဲတွင် ဂုဏ်အဆင့်အတန်း ပေးအပ်ခံရဖို့ဖြစ်သည်။) အခြားလူတစ်ဦး၏ စိတ်ထဲတွင် သင့်ကို ဂုဏ်အဆင့်အတန်း ပေးအပ်သည့်အခါ၊ ထို့နောက်တွင် ၎င်းတို့သည် သင်နှင့် အပေါင်းအဖော်ပြုသည့်အခါ၊ ၎င်းတို့သည် သင့်အပေါ် ရိုသေကြပြီး သင့်ကို ၎င်းတို့ စကားပြောသည့်အခါ အထူးသဖြင့် ယဉ်ကျေးကြသည်။ ၎င်းတို့သည် သင့်အပေါ် အစဉ် ကြည်ညိုလေးစားကြသည်၊ အရာအားလုံး၌ သင့်အား အစဉ် ဦးစားပေးကြသည်၊ ၎င်းတို့က သင့်အား အလျှော့ပေးကြပြီး သင့်အား မြှောက်ပင့်ကာ နာခံကြသည်။ အရာရာတွင် ၎င်းတို့က သင့်အား ရှာဖွေပြီး သင့်အား ဆုံးဖြတ်ချက်များ ချခွင့်ပြုကြသည်။ ပြီးလျှင် ဤအရာမှ သင်သည် သာယာကြည်နူးစိတ်ကို ရရှိသည်။ သင်သည် ပို၍စိတ်ဓာတ်ကြံ့ခိုင်ပြီး အခြားလူတိုင်းထက် ပိုသာသည်ဟု ခံစားရသည်။ လူတိုင်းက ဤခံစားချက်ကို နှစ်သက်ကြသည်။ ဤသည်မှာ လူတစ်ဦး၏စိတ်နှလုံးထဲတွင် အဆင့်အတန်းရှိခြင်း ခံစားချက်ဖြစ်သည်။ လူများက ဤအရာတွင် စိတ်အလိုလိုက်လိုကြသည်။ ဤသည်မှာ လူများက အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည့် အကြောင်းအရင်းဖြစ်ပြီး အားလုံးသည် အခြားလူများ၏ စိတ်နှလုံးထဲတွင် အဆင့်အတန်းပေးအပ်ခံလိုကြသည်။ အခြားသူများ၏ အထင်ကြီးခြင်းနှင့် ကိုးကွယ်ခြင်းတို့ကို ခံလိုကြသည်။ ၎င်းတို့သည် ယင်းမှ ထိုမျှပျော်ရွှင်မှုကို မရရှိနိုင်လျှင် အဆင့်အတန်းကို လိုက်စားကြမည် မဟုတ်ချေ။ ဥပမာအားဖြင့်၊ သင်သည် လူတစ်ဦး၏ စိတ်ထဲတွင် အဆင့်အတန်းမရှိဟု ဆိုလျှင် ၎င်းတို့သည် သင့်ကို အဆင့်အတန်းတစ်ပြေးညီ ထိတွေ့ရင်ဆိုင်ကာ၊ သင့်ကို တန်းတူကဲ့သို့ ဆက်ဆံကြမည်။ သူတို့သည် လိုအပ်သည့်အခါတွင် သင့်ကို ဆန့်ကျင်ကြလိမ့်မည်။ ၎င်းတို့သည် သင့်အပေါ် ယဉ်ကျေးမှုရှိမည်မဟုတ်၊ သို့မဟုတ် လေးစားမည်မဟုတ်။ သင်သည် စကားပြော၍ မပြီးဆုံးသေးခင်၌ပင် ထွက်ခွာသွားကောင်း သွားနိုင်သည်။ သင် စိတ်ဆိုးမည်လော။ လူတို့က သင့်ကို ဤသို့ဆက်ဆံသောအခါ သင်မကြိုက်ပေ။ သူတို့ သင့်ကို မြှောက်ပင့်သောအခါ၊ သင့်ကို လေးစားပြီး သင့်ကို အချိန်တိုင်း ကြည်ညိုကိုးကွယ်သောအခါ သင်သဘောကျသည်။ သင်သည် အရာအားလုံး၏ အချက်အချာဖြစ်သောအခါ၊ အရာအားလုံးက သင့်ကို ဗဟိုပြုသောအခါ၊ ထို့ပြင် လူတိုင်းက သင့်ကို နားထောင်သောအခါ၊ သင့်ကို လေးစားပြီး သင်၏ လမ်းညွှန်မှုကို လိုက်နာသောအခါ ယင်းကို သင်နှစ်သက်သည်။ ဤသည်မှာ ရှင်ဘုရင်အဖြစ် စိုးစံ၍ အာဏာရလိုသော ဆန္ဒမဟုတ်လော။ သင်၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များသည် အဆင့်အတန်းကို လိုက်စားခြင်းနှင့် ရယူခြင်းက တွန်းအားပေးပြီး၊ ယင်းအတွက် အခြားသူများနှင့် ရင်ဆိုင်ပြီး လုယူကာ ပြိုင်ဆိုင်လေသည်။ သင်၏ပန်းတိုင်က ရာထူးနေရာတစ်ခုကို အရယူပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သင်၏စကားကို နားထောင်စေရန်၊ သင့်ကို ထောက်ခံစေရန်နှင့် ကြည်ညိုကိုးကွယ်စေရန် ဖြစ်သည်။ ထိုရာထူးကို သင်အရယူပြီးသည်နှင့် သင်သည် သြဇာအာဏာရရှိပြီး အဆင့်အတန်း၏ အကျိုးအမြတ်များ၊ အခြားသူများထံမှ အထင်ကြီးလေးစားမှုသာမက ထိုရာထူးနှင့် အတူပါလာသည့် အခြားသော အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်သည်။ လူတို့သည် အခြားလူများက ၎င်းတို့ကို ပြည့်စုံသည်ဟု ထင်စေရန်အတွက် အစဉ်သဖြင့် မိမိတို့ကိုယ်ကို အယောင်ဆောင်နေကြသည်။ အခြားလူများရှေ့တွင် ကြွားဝါကြသည်။ ပုံပန်းသဏ္ဌာန်ဖမ်းပြီး ဟန်လုပ်ကြသည်။ မိမိတို့ကိုယ်ကို တန်ဆာဆင်ကြသည်။ ဤတွင် ၎င်းတို့၏ ရည်ရွယ်ချက်သည် ဂုဏ်အဆင့်အတန်းရရှိရန်ဖြစ်သည်။ ဤသို့ဖြင့် ဂုဏ်အဆင့်အတန်း၏ အဆောင်အယောင်များကို ခံစားရနိုင်ရန်ဖြစ်သည်။ သင်သည် ဤအရာကို မယုံကြည်ပါက၊ ယင်းကို သေချာစွာ တွေးတောဆင်ခြင်လော့- သင်သည် အဘယ့်ကြောင့် လူများအား သင့်ကို အစဉ် အထင်ကြီးစေချင်ရသနည်း။ သင်သည် လူတို့ကို သင့်အား ကိုးကွယ်ပြီး အထင်ကြီးလေးစားစေရန် ပြုလုပ်လိုသည်။ ထို့ကြောင့် သင်သည် နောက်ဆုံးတွင် အာဏာရယူပြီး ဂုဏ်အဆင့်အတန်း၏ အဆောင်အယောင်များကို ခံစားနိုင်သည်။ သင်အရူးအမူးရှာဖွေသည့် ဂုဏ်အဆင့်အတန်းက သင့်အား အကျိုးအမြတ်များစွာကို ယူဆောင်လာပေးမည်ဖြစ်ပြီး၊ ဤအကျိုးအမြတ်များမှာ အခြားလူများက အားကျပြီး၊ စိတ်ဆန္ဒသည့်အရာ အတိအကျပင်ဖြစ်သည်။ ဂုဏ်အဆင့်အတန်းက ပေးသည့် အကျိုးအမြတ်များစွာကို လူတို့က မြည်းစမ်းရသောအခါ၊ ၎င်းတို့ကို အဆိပ်သင့်စေပြီး ထိုစည်းစိမ်ကြွယ်ဝသော ဘဝတွင် မွေ့လျော်ကြသည်။ ဤအရာသာလျှင် အချည်းနှီးမဟုတ်သော ဘဝဖြစ်သည်ဟု လူတို့က ထင်ကြသည်။ ဖောက်ပြန်ပျက်စီးနေသော လူသားများသည် ဤအရာများအား ခံစားမွေ့လျော်ခြင်း၌ ပျော်ရွှင်ကြသည်။ ထို့ကြောင့် လူတစ်ဦးသည် တစ်စုံတစ်ခုသော ရာထူးတစ်ခုကို ရရှိ၍ ၎င်းကယူဆောင်လာသည့် အမျိုးမျိုးသော အကျိုးကျေးဇူးများကို စတင်ခံစားသည်နှင့် တစ်ပြိုင်နက် သူသည် ဤလွဲမှားသော သာယာမှုများကို မဆုတ်မနစ်ဖြင့် မစွန့်လွှတ်နိုင်သည်အထိပင် လိုချက်တပ်မက်ကြ၏။ အနှစ်သာရအားဖြင့်၊ ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုက်စားခြင်းသည် ရှင်ဘုရင်အဖြစ် အုပ်စိုးရန်၊ ဘုရားသခင် ရွေးချယ်ထားသော လူများကို ချုပ်ကိုင်ရန်၊ အရာခပ်သိမ်းကို အုပ်စိုးရန်နှင့် မိမိတို့၏ ရာထူးအခွင့်ထူးများဖြင့် ဇိမ်ခံကာ လွဲမှားသော သာယာမှုများ၌ သူတို့ပျော်မွေ့နိုင်သည့် လွတ်လပ်သောနိုင်ငံတော်ကို တည်ထောင်ရန်အတွက် ရာထူးတစ်ခုခုနှင့်အတူ လိုက်လာသည့် အကျိုးကျေးဇူးများ၌ အရိပ်ခိုလိုသော စိတ်ဆန္ဒက တွန်းအားပေးခြင်း ဖြစ်သည်။ စာတန်သည် လူတို့ကို လှည့်စားရန်၊ လိမ်လည်လှည့်ဖြားရန်၊ အတုအယောင် ပုံဖမ်းသရုပ်ဆောင်ခြင်းများကို ပြလျက် ၎င်းတို့ကို အရူးလုပ်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ ၎င်းကို နာခံပြီး ကိုးကွယ်အောင်ပြုလုပ်ရန် အဆုံးစွန်ပန်းတိုင်ဖြင့် လူတို့ကို လေးစားပြီး ကြောက်ရွံ့စေရန် ခြောက်လှန့်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကိုပင် စာတန် အသုံးပြုသည်။ ဤသည်မှာ စာတန်ကို ကျေနပ်စေသည့်အရာ ဖြစ်သည်။ ဤသည်မှာ လူတို့ကို စည်းရုံးသိမ်းသွင်းရန် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရာတွင် စာတန်၏ ပန်းတိုင်လည်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် အခြားလူများကြားတွင် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ယှဉ်ပြိုင်ကြသောအခါ သင်တို့သည် မည်သည့်အရာအတွက် ယှဉ်ပြိုင်နေကြသနည်း။ အမှန်တကယ်ပင် ကျော်ကြားမှုအတွက် ဖြစ်သလော။ မဟုတ်ပေ။ စင်စစ်အားဖြင့် သင်သည် သင့်အား ကျော်ကြားမှုက ဆောင်ကျဥ်းပေးသည့် အကျိုးကျေးဇူးများအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ အကယ်၍ သင်သည် ထိုအကျိုးကျေးဇူးများကို အမြဲခံစားချင်ပါက၊ ၎င်းတို့အတွက် သင် တိုက်ပွဲဝင်ရမည် ဖြစ်သည်။ သို့သော် သင်သည် ထိုအကျိုးကျေးဇူးများကို တန်ဖိုးမထားဘဲ “လူတို့က ကျွန်ုပ်ကို မည်သို့ဆက်ဆံသည်မှာ အရေးမကြီးပေ။ ကျွန်ုပ်သည် သာမန်လူတစ်ယောက်ပင်။ ကျွန်ုပ်သည် ထိုသို့သော ကောင်းမွန်စွာ ဆက်ဆံခြင်းကို မခံထိုက်သကဲ့သို့ ကျွန်ုပ်သည် လူတစ်ဦးကို ကိုးကွယ်လိုစိတ်လည်း မရှိပေ။ ဘုရားသခင်သည် ကျွန်ုပ် အမှန်တကယ် ကိုးကွယ်ကြောက်ရွံ့သင့်သည့် တစ်ပါးတည်းသော ဘုရားဖြစ်သည်။ ကိုယ်တော်သာလျှင် ကျွန်ုပ်၏ဘုရားသခင်နှင့် ကျွန်ုပ်၏သခင် ဖြစ်တော်မူ၏။ တစ်စုံတစ်ယောက်သည် မည်မျှကောင်းသည်၊ သူတို့၏ အစွမ်းအစများ မည်မျှကြီးမားသည်၊ သူတို့၏ ပါရမီ မည်မျှကျယ်ပြန့်သည်၊ သို့မဟုတ် သူတို့၏ပုံရိပ် မည်မျှ ကြီးကျယ်ခမ်းနားသည် သို့မဟုတ် ပြီးပြည့်စုံသည်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရား မဟုတ်သောကြောင့် ကျွန်ုပ်၏ ကြည်ညိုလေးစားရာ မဟုတ်ပါ။ သူတို့သည် ဖန်ဆင်းရှင်မဟုတ်၊ ၎င်းတို့သည် ကယ်တင်ရှင်မဟုတ်၊ ထို့ပြင် လူသား၏ကံကြမ္မာအပေါ် စီမံခန့်ခွဲခြင်း သို့မဟုတ် အချုပ်အခြာအာဏာဖြင့် အုပ်စိုးခြင်းမပြုနိုင်ပေ။ ၎င်းတို့သည် ကျွန်ုပ်၏ ကိုးကွယ်ရာမဟုတ်ပေ။ မည်သည့်လူသားကမျှ ငါ၏ကိုးကွယ်ခြင်းနှင့် မထိုက်တန်။” ဟုဆိုလျှင် ဤသည်မှာ သမ္မာတရားအတိုင်း မဟုတ်သလော။ ဆန့်ကျင်ဘက်အားဖြင့် သင်သည် အခြားသူများကို မကိုးကွယ်ပါက၊ ၎င်းတို့သည် သင့်ကို စတင်ကိုးကွယ်လာလျှင် ၎င်းတို့ကို မည်ကဲ့သို့ ဆက်ဆံသင့်သနည်း။ သင်သည် ၎င်းတို့အား ထိုသို့ပြုလုပ်ခြင်းမှ တားဆီးရန် နည်းလမ်းရှာရမည်ဖြစ်ပြီး ထိုကဲ့သို့သော စိတ်နေစိတ်ထားမှ လွတ်မြောက်အောင် ကူညီပေးရမည်။ သင်သည် သင်၏သရုပ်အမှန်ကို ပြသရန် နည်းလမ်းရှာရမည် ဖြစ်ပြီး သင်၏အကျည်းတန်မှုနှင့် စစ်မှန်သော သဘာဝဗီဇကို ၎င်းတို့ကို မြင်ခွင့်ပေးရမည်။ သော့ချက်မှာ သင်၏အစွမ်းအစများ မည်မျှကောင်းသည်၊ မည်မျှ မြင့်မားစွာ ပညာတတ်မြောက်သည်၊ သင်မည်မျှ ကျွမ်းကျင်နှံ့စပ်သည်၊ သို့မဟုတ် ဉာဏ်ရည်ထက်မြက်သည်ဖြစ်စေ သင်သည် သာမန်လူတစ်ဦးမျှသာ ဖြစ်နေသေးကြောင်း လူတို့ကို နားလည်စေရန်ဖြစ်သည်။ သင်သည် မည်သူ့အတွက်မျှ ကြည်ညိုစရာ သို့မဟုတ် ကိုးကွယ်စရာ မဟုတ်ပေ။ ဦးစွာပထမ၊ သင်သည် သင့်ရာထူးနေရာတွင် ခိုင်မာစွာရပ်တည်ရမည်၊ ထို့ပြင် အမှားလုပ်မိပြီးနောက် သို့မဟုတ် သင့်ကိုယ်သင် အရှက်ရစေပြီးနောက် နောက်ဆုတ်မသွားရပေ။ အမှားလုပ်မိပြီးနောက် သို့မဟုတ် ကိုယ့်ကိုယ်ကို အရှက်ရစေပြီးနောက် သင်သည် ယင်းကို အသိအမှတ်ပြုဖို့ ပျက်ကွက်သည်သာမက ဖုံးကွယ်ရန် သို့မဟုတ် အပေါ်ယံရွှေမှုန်ကြဲရန်အတွက်လည်း လှည့်စားမှုကို အသုံးပြုပါက သင်သည် သင့်အမှားကို ပိုဆိုးစေပြီး ကိုယ့်ကိုယ်ကို ပို၍ အကျည်းတန်ပုံပေါက်စေခြင်း ဖြစ်သည်။ သင်၏ရည်မှန်းချက်က ပို၍ပင် ပေါ်လွင်လာမည်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများသည် မိမိတို့ကိုယ်ကို ဟန်ဆောင်ရာတွင် ကျွမ်းကျင်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်ဖောက်ပြန်ပျက်စီးမှုကို သရုပ်ဆောင်ပြသည်ဖြစ်စေ မိမိတို့ကိုယ်ကို အစဉ် ဟန်ဆောင်ကြသည်။ တစ်စုံတစ်ခုမှားယွင်းလျှင်၊ သို့မဟုတ် ၎င်းတို့သည် တစ်ခုခုကို မှားယွင်းစွာ လုပ်ဆောင်လျှင် အပြစ်ကို သူတစ်ပါးတို့အပေါ် ပုံချချင်သည်။ ၎င်းတို့သည် ကောင်းသောအရာများအတွက် အသိအမှတ်ပြုခံရခြင်းကို ၎င်းတို့ကိုယ်တိုင်အတွက် ရချင်သည်။ မကောင်းသောအရာများအတွက် အပြစ်ကို သူတစ်ပါးတို့ထံသို့ ရောက်စေချင်သည်။ လက်တွေ့ဘဝတွင် ဤသို့ဖြစ်သော ဟန်ဆောင်မှုများစွာမရှိသလော။ အလွန်ပင်များလွန်းသည်။ အမှားပြုလုပ်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကို အယောင်ဆောင်ခြင်းတွင် မည်သည့်အရာက စိတ်သဘောထားနှင့် သက်ဆိုင်သနည်း။ အယောင်ဆောင်ခြင်းသည် စိတ်သဘောထားနှင့်ဆိုင်သည်။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထား၊ ဆိုးယုတ်မှု၊ သစ္စာဖောက်မှုပါဝင်သည်။ ဘုရားသခင်က အလွန်အမင်း အထင်သေးသည်။ အမှန်တကယ်တွင် သင်က သင့်ကိုယ်သင် အယောင်ဆောင်သောအခါ လူတိုင်းက မည်သည့်အရာဖြစ်ပျက်နေသည်ကို နားလည်သည်။ သို့သော် သူတစ်ပါးတို့က မမြင်ဟု သင်က ထင်သည်။ သင်သည် သိက္ခာဆည်ပြီး သင်သည် လုံးဝ အမှားမလုပ်ခဲ့ဟု လူတိုင်းကို ထင်စေရန် အားထုတ်သည့်အနေဖြင့် ငြင်းခုံပြီး သင့်ကိုယ်သင် မှန်ကန်ကြောင်းပြရန် အစွမ်းကုန်ကြိုးစားသည်။ ဤသည်မှာ မမိုက်မဲသလော။ ဤအရာကို သူတစ်ပါးတို့က မည်သို့ ထင်သနည်း။ မည်သို့ ခံစားရသနည်း။ စိတ်ကုန်ပြီး ရွံရှာကြသည်။ သင်သည် အမှားတစ်ခုကို ပြုလုပ်ပြီးနောက်တွင် ယင်းကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်လျှင်၊ ယင်းကို အခြားလူတိုင်းအား ပြောဆိုဆွေးနွေးခွင့်ပြုပြီး ယင်းနှင့်ပတ်သက်၍ ၎င်းတို့ မှတ်ချက်ပေးခြင်း၊ ပိုင်းခြားသိမြင်ခြင်းကို ခွင့်ပြုလျှင်၊ ယင်းနှင့်ပတ်သက်၍ ပွင့်လင်းစွာပြောဆိုနိုင်ပြီး ပိုင်းခြားစိစစ်နိုင်လျှင်၊ သင့်အပေါ် လူတိုင်း၏ ထင်မြင်ချက်သည် မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ ဖွင့်ဟထားသောကြောင့် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ၎င်းတို့က ပြောလိမ့်မည်။ သင်၏ လုပ်ရပ်များ၊ အပြုအမူများမှ တစ်ဆင့်သင့်စိတ်နှလုံးကို ၎င်းတို့ မြင်နိုင်လိမ့်မည်။ သို့သော် သင်သည် သင့်ကိုယ်သင် အယောင်ဆောင်ပြီး လူတိုင်းကို လှည့်စားဖို့ ကြိုးပမ်းလျှင် လူတို့သည် သင့်ကို အထင်အမြင်သေးလိမ့်မည်။ သင်သည် မိုက်မဲသောသူဖြစ်ပြီး ဉာဏ်မရှိသောသူတစ်ယောက်ဖြစ်သည်ဟု ပြောကြလိမ့်မည်။ သင်သည် ဟန်ဆောင်ဖို့၊ သို့မဟုတ် မိမိကိုယ်ကို ရှင်းချက်ထုတ်ဖို့ မကြိုးစားပါက၊ သင်၏ အမှားများကို ဝန်ခံနိုင်ပါက သင်သည် ရိုးသားပြီး ဉာဏ်ပညာရှိသည်ဟု လူတိုင်းက ပြောကြလိမ့်မည်။ ပြီးလျှင် သင့်ကို အဘယ်အရာက ဉာဏ်ပညာရှိစေသနည်း။ လူတိုင်း အမှားလုပ်ကြသည်။ လူတိုင်း၌ အမှားများနှင့် ချို့ယွင်းချက်များရှိကြသည်။ ပြီးလျှင် စင်စစ်အားဖြင့် လူတိုင်း၌ တူညီသော ‌ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိကြသည်။ သင်သည် အခြားသူများထက် သာ၍မြင့်မြတ်သည်၊ စုံလင်ပြီး ကြင်နာသည်ဟု သင့်ကိုယ်သင် မတွေးထင်လေနှင့်။ ယင်းမှာ လုံးလုံး ယုတ္တိမတန်ခြင်းဖြစ်ပေသည်။ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သ‌ဘောထားများအပြင် လူ့ဖောက်ပြန်ပျက်စီးခြင်း၏အဖြစ်အနေနှင့် အမှန်တရားတို့က သင့်အဖို့ ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက် သင်၏ကိုယ်ပိုင်အမှားများကို ဖုံးကွယ်ရန် ကြိုးစားမည်မဟုတ်သကဲ့သို့ အခြားလူများ၏ အမှားကို ဆုပ်ကိုင်အသုံးချခြင်းကိုလည်း လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် နှစ်ခုလုံးကို မှန်ကန်စွာ ရင်ဆိုင်နိုင်လိမ့်မည်။ သို့မှသာ သင်သည် ထိုးထွင်းအမြင်ရှိလာပြီး ရူးနှမ်းသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ၊ ယင်းက သင့်ကို ဉာဏ်ပညာရှိစေလိမ့်မည်။ ဉာဏ်ပညာမရှိသူများသည် မိုက်မဲသူများဖြစ်ပြီး နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက် လုပ်နေလျက် မိမိတို့၏ အသေးစားအမှားများကို တဝဲလည်လည် အစဉ်တွေးတောနေကြသည်။ တွေ့ကြုံရသည်မှာ ရွံရှာစက်ဆုပ်ဖွယ် ဖြစ်သည်။ အမှန်တွင် သင်လုပ်ဆောင်နေသည့် အရာသည် အခြားလူများအဖို့ ချက်ချင်း သိသာထင်ရှားသော်လည်း သင်သည် ပေါ်တင် သရုပ်ဆောင်နေဆဲဖြစ်သည်။ အခြားသူများအဖို့ ယင်းမှာ ကပြက်ကချော် ဖျော်ဖြေတင်ဆက်ခြင်း၏ အသွင်မျိုး ဖြစ်သည်။ ဤသည်မှာ မရူးနှမ်းသလော။ ယင်းမှာ အမှန်တကယ် ရူးနှမ်းပေသည်။ ရူးနှမ်းသောလူများ၌ မည်သည့် ဉာဏ်ပညာမျှ မရှိပေ။ ဒေသနာမည်မျှကို ၎င်းတို့ကြားပါစေ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဆဲဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ အရှိအတိုင်း မမြင်ဆဲဖြစ်သည်။ ၎င်းတို့သည် အခြားလူတိုင်းနှင့် ကွဲပြားခြားနားပြီး ဂုဏ်သိက္ခာရှိသည်ဟု ထင်မြင်ကြကာ၊ ၎င်းတို့သည် အမြဲပင် ဘဝင်မြင့်ကြသည်။ ဤသည်မှာ မာနကြီးခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု ထင်မြင်ခြင်းဖြစ်သည်။ ဤသည်မှာ မိုက်မဲခြင်းဖြစ်သည်။ အရူးများသည် ဝိညာဉ်ရေးရာနားလည်မှု မရှိသည်မဟုတ်လော။ သင်ရူးနှမ်းပြီး ဉာဏ်ပညာမရှိသည့် အရေးကိစ္စများသည် သင်၌ ဝိညာဉ်ရေးရာ နားလည်မှုမရှိသော အရေးကိစ္စ၊ သမ္မာတရားကို သင် အလွယ်တကူနားမလည်နိုင်သော အရေးကိစ္စများဖြစ်လေသည်။ ဤသည်မှာ ထိုကိစ္စ၏ လက်တွေ့အရှိတရားပင် ဖြစ်၏။

ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အသွင်ပြောင်းလဲခြင်းသည် နေ့ချင်းညချင်း ဖြစ်မလာပေ။ လူတစ်ဦးသည် ကိစ္စရပ်တိုင်းတွင် မိမိကိုယ်ကို အမြဲမပြတ် ဆင်ခြင်ပြီး ဆန်းစစ်နေရမည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများကို ဆန်းစစ်ရမည်၊ မိမိကိုယ်ကို နားလည်ရန် ကြိုးစားပြီး၊ သမ္မာတရားအား လက်တွေ့ကျင့်သုံးသည့် လမ်းကြောင်းကို ရှာဖွေရမည်ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် နည်းလမ်းဖြစ်သည်။ နေ့စဉ်အသက်တာ၌ ၎င်းတို့ဘာသာ ထင်ရှားပေါ်လွင်နေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဆင်ခြင်သုံးသပ်ပြီး ဖော်ထုတ်စစ်ဆေးရန်၊ သမ္မာတရားအပေါ် သူ၏နားလည်မှုကို အခြေခံ၍ ပိုင်းခြားစိတ်ဖြာမှုနှင့် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးရန်နှင့် ဖြည်းဖြည်းချင်း ဖြတ်ကျော်ရန် လိုအပ်သည်၊ သို့မှသာ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ပြီး မိမိ၏ လုပ်ဆောင်ချက်များအားလုံးကို သမ္မာတရားနှင့် ညီညွတ်စေနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သော လိုက်စားမှု၊ လက်တွေ့ကျင့်သုံးမှုနှင့် မိမိကိုယ်ကို သိနားလည်မှုတို့အားဖြင့် ဤဖောက်ပြန်ပျက်စီးသော သရုပ်သကန်များ စတင်လျော့နည်းလာကာ၊ နောက်ဆုံးတွင် သူ၏စိတ်သဘောထား ပြောင်းလဲလာမည်ဟု မျှော်လင့်ချက်ရှိသည်။ ဤသည်မှာ လမ်းကြောင်းပင်ဖြစ်သည်။ လူတစ်ဦး၏ စိတ်သဘောထားကို ပြုပြင်ပြောင်းလဲခြင်းသည် ၎င်းတို့၏ဘဝတွင် ကြီးထွားတိုးတက်မှုကိစ္စဖြစ်သည်။ သူသည် သမ္မာတရားကို နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးရမည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့်သာ သူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ အကယ်၍ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အပြုအမူတိုင်းနှင့် စကားလုံးတိုင်းတွင် သူ့ဘာသာ ထင်ရှားပေါ်လွင်လာသည်အထိ ဆက်လက်၍ သူ့ဘာသာ အစဥ်အမြဲ ပေါ်လွင်နေပါက၊ ယင်းမှာ သူ၏စိတ်သဘောထား မပြောင်းလဲသေးဟု ဆိုလိုခြင်းဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဆက်စပ်သည့် မည်သည့်ကိစ္စရပ်ကိုမဆို စိတ်အားထက်သန်စွာ ခွဲခြမ်းစိပ်ဖြာပြီး စစ်ဆေးဖော်ထုတ်သင့်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မူလဇစ်မြစ်တို့ကို ရှာဖွေဖြေရှင်းနိုင်ဖို့အတွက် သမ္မာတရားကို ရှာဖွေသင့်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို အပြီးသတ် ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤလမ်းကြောင်းကို သင်တွေ့ရှိပြီးသည်နှင့်တစ်ပြိုင်နက် သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုဖြစ်လာရန် မျှော်လင့်ချက်ရှိပေသည်။ ဤအရာများသည် ပေါ့တန်သောကိစ္စရပ်များ မဟုတ်ပေ။ ယင်းတို့သည် လက်တွေ့ဘဝနှင့် ဆက်စပ်သည်။ သော့ချက်မှာ လူအယောက်တိုင်းသည် သမ္မာတရား၏ စစ်မှန်မှုများရရှိအောင် မိမိကိုယ်ကို စိတ်နှလုံးအကြွင်းမဲ့ ဝီရိယရှိရှိ အသုံးချနိုင်ခြင်း ရှိမရှိနှင့် သမ္မာတရားကို သူတို့ လက်တွေ့ကျင့်သုံးနိုင်ခြင်း ရှိမရှိ ဟူသည့်အထဲ၌ တည်မှီသည်။ သူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်သရွေ့ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စတင်၍ ဖြည်းဖြည်းချင်း ခဝါချနိုင်သည်။ ထို့နောက် သူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ သူတို့၏ ရာထူးအဆင့်အတန်းအတိုင်း မိမိကိုယ်ကို ပြုမူနေထိုင်နိုင်မည် ဖြစ်သည်။ မိမိတို့၏နေရာကို ရှာဖွေတွေ့ရှိခြင်း၊ ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတို့၏ အခန်းကဏ္ဍတွင် အခိုင်အမာရပ်တည်ခြင်းနှင့် ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်ပြီး ကျိုးနွံနာခံသူဖြစ်လာခြင်းအားဖြင့်၊ ထိုသူတို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံရမည်ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်

အရှေ့သို့- လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်

နောက်တစ်ခုသို့- သမ္မာတရားနှင့် ဘုရားသခင်အား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။