လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

သင်တို့သည် သမ္မာကျမ်းစာ နောက်ကွယ်က အဖြစ်အပျက်နှင့် ယင်း၏ အကောင်အထည်ဖော်ခြင်းတို့ကို သိသင့်သည်။ ဤအသိပညာသည် ဘုရားသခင်၏ အမှုသစ်ကို လက်မခံသေးသူများ နှင့် မသက်ဆိုင်ပေ။ ၎င်းတို့ မသိကြ။ သင်သည် အနှစ်သာရနှင့် ဆိုင်သည့် ဤကိစ္စရပ်များကို ၎င်းတို့အား ထင်ထင်ရှားရှား ပြောဆိုခဲ့မည်ဆိုပါက၊ ၎င်းတို့သည် သမ္မာကျမ်းစာနှင့် ပတ်သက်၍ သင်နှင့်အတူ စည်းကမ်းကြီးသူများ ဖြစ်မည် မဟုတ်တော့ပေ။ ၎င်းတို့သည် ပရောဖက်ပြုထားသည့်အရာများကို စဉ်ဆက်မပြတ် ရှာဖွေလေ့လာနေကြသည်။ ဤထုတ်ပြန်ချက် ဖြစ်လာပြီးပြီလော။ ထိုထုတ်ပြန်ချက် ဖြစ်လာပြီးပြီလော။ ၎င်းတို့၏ ဧဝံဂေလိတရားကို လက်ခံမှုသည် သမ္မာကျမ်းစာနှင့်အညီ ဖြစ်ပြီး၊ ၎င်းတို့သည် ဧဝံဂေလိကို သမ္မာကျမ်းစာအတိုင်း ဟောပြောကြသည်။ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာ၏ စကားလုံးများအပေါ် တည်ထားသည်။ သမ္မာကျမ်းစာမရှိဘဲနှင့်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြလိမ့်မည် မဟုတ်။ ဤသည်မှာ သမ္မာကျမ်းစာကို သိမ်ဖျင်းစွာ စေ့စေ့စပ်စပ် စစ်ဆေးခံရစေလျက်၊ ၎င်းတို့ အသက်ရှင်သော ပုံစံဖြစ်သည်။ သမ္မာကျမ်းစာကို ၎င်းတို့ နောက်တစ်ဖန် ရှာဖွေလေ့လာပြီး သင့်ကို ရှင်းပြချက်များ တောင်းဆိုသည့်အခါ၊ သင်က “ပထမဦးစွာ၊ ထုတ်ပြန်ချက် အသီးသီးကို အတည်ပြု မစစ်ဆေးဘဲ နေကြစို့။ ထိုအစား သန့်ရှင်းသော ဝိညာဉ်တော် မည်သို့ အလုပ်လုပ်သည်ကို ကြည့်ကြစို့။ ကျွန်ုပ်တို့ လျှောက်သော လမ်းကြောင်းသည် ဧကန်အမှန် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ဟုတ်မဟုတ်ကို သိရဖို့ ယင်းကို ယူပြီး သမ္မာတရားနှင့် နှိုင်းယှဉ် ကြည့်ကြစို့၊ ပြီးလျှင် ထိုသို့သော လမ်းကြောင်းသည် မှန်ကန်ခြင်း ရှိ မရှိဆိုသည်ကို စစ်ဆေးရန် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အသုံးပြုကြစို့။ ဤထုတ်ပြန်ချက်သည် သို့မဟုတ် ထိုထုတ်ပြန်ချက်သည် ကြိုတင်ဟောကိန်းထုတ်ထားသည့်အတိုင်း ဖြစ်လာပြီးခြင်း ရှိ မရှိ ဆိုသည်အတွက်မူ၊ ကျွန်ုပ်တို့ လူသားများသည် ဝင်ရောက်မစွက်ဖက်သင့်ပေ။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင် လုပ်ဆောင်နေပြီးဖြစ်သည့် နောက်ဆုံးအမှုတို့ကို ပြောသည်မှာ ကျွန်ုပ်တို့အတွက် ပိုကောင်းပေသည်။” ဟု ပြောသည်။ သမ္မာကျမ်းစာထဲရှိ ပရောဖက်ပြုချက်များသည် ထိုအချိန်က ပရောဖက်များအားဖြင့် တစ်ဆင့်ပေးပို့ခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် အသုံးပြုခဲ့သည့် လူသားများက လှုံ့ဆော်မှု ရရှိလျက်၊ ရေးသားခဲ့ကြသည့် စကားများ ဖြစ်သည်။ ထိုစကားများကို ဘုရားသခင် ကိုယ်တိုင်သာ ရှင်းပြနိုင်သည်၊ ထိုစကားများ၏ အဓိပ္ပာယ်ကို သန့်ရှင်းသောဝိညာဉ်တော်ကသာ သိစေနိုင်ပြီး ဘုရားသခင် ကိုယ်တိုင်ကသာ တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်နိုင်ကာ စာစောင်ကို ဖွင့်နိုင်သည်။ သင်က- “သင်သည် ဘုရားသခင် မဟုတ်သကဲ့သို့၊ ကျွန်ုပ်သည်လည်း မဟုတ်သောကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သူက ပေါ့ပေါ့တန်တန် ရှင်းပြဝံ့သနည်း။ ထိုနှုတ်ကပတ်တော်များကို သင် ရှင်းပြဝံ့ပါသလား။ ပရောဖက်များ ဖြစ်သော ယေရမိ၊ ယောဟန်နှင့် ဧလိယ တို့လာခဲ့ကြလျှင်ပင်၊ ၎င်းတို့သည် သိုးသငယ် မဟုတ်သည့်အတွက်၊ ထိုနှုတ်ကပတ်တော်များကို ကြိုးစားကာ ရှင်းပြဝံ့မည် မဟုတ်ပါ။ သိုးသငယ်သည်သာ တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်နိုင်ပြီး စာစောင်ကို ဖွင့်နိုင်ကာ၊ သူ၏ နှုတ်ကပတ်တော်များကို အခြားသူမည်သူမျှ ရှင်းမပြနိုင်ပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှင်းပြဝံ့ဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ နာမတော်ကို မလုယူဝံ့ပါ။ ကျွန်ုပ်သည် ဘုရားသခင်အား နာခံသူတစ်ဦးသာ ဖြစ်နိုင်သည်။ သင်က ဘုရားသခင်လား။ ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါများထဲမှ မည်သူမျှ စာစောင်ကို မဖွင့်ဝံ့သကဲ့သို့ ထိုနှုတ်ကပတ်တော်များကိုလည်း ရှင်းမပြဝံ့ပါ၊ ထို့ကြောင့် ကျွန်ုပ်သည်လည်း ရှင်းမပြဝံ့ပါ။ သင်သည် ယင်းတို့ကို ရှင်းပြရန် မကြိုးစားသင့်ပါ။ မည်သူမျှ ထိုအရာများကို ရှင်းပြရန် မကြိုးစားသင့်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် အကြောင်းကို ပြောကြပါစို့။ ဤမျှကို လူသား လုပ်ဆောင်နိုင်ပါသည်။ ကျွန်ုပ်သည် ယေဟောဝါနှင့် ယေရှု၏ အလုပ်ကို အနည်းငယ်သာ သိသည်၊ သို့ရာတွင် ကျွန်ုပ်သည် ထိုသို့သော အလုပ်နှင့်သက်ဆိုင်သည့် ကိုယ်ပိုင် အတွေ့အကြုံ မရှိသည်နှင့်အမျှ ကျွန်ုပ်သည် ယင်းနှင့်ပတ်သက်၍ အတိုင်းအတာ အနည်းငယ်မျှသာ ပြောနိုင်သည်။ ဟေရှာယ သို့မဟုတ် ယေရှုက မိမိတို့ အချိန်ကာလတွင် ပြောခဲ့သော နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်အတွက်မူ၊ ကျွန်ုပ်သည် ရှင်းလင်းချက် ထုတ်မည် မဟုတ်ပါ။ ကျွန်ုပ်သည် သမ္မာကျမ်းစာကို မလေ့လာဘဲ၊ ယင်းထက် ဘုရားသခင်၏ လက်ရှိ အလုပ်နောက်ကို လိုက်သည်။ သင်သည် သမ္မာကျမ်းစာကို စာစောင်ငယ်အဖြစ် အမှန်တကယ် မှတ်ယူသော်လည်း၊ ယင်းသည် သိုးသငယ်ကသာ ဖွင့်နိုင်သည့် အရာတစ်ခု ဖြစ်သည် မဟုတ်လော။ သိုးသငယ်မှလွဲ၍ အဘယ်သူသည် ယင်းကို ဖွင့်နိုင်ပါသနည်း။ သင်သည် သိုးသငယ်မဟုတ်သကဲ့သို့၊ ကျွန်ုပ်သည်လည်း ဘုရားသခင် ကိုယ်တော်တိုင်အဖြစ် အခိုင်အမာ ပြောဆိုရန် ပို၍ပင် မဝံ့ရဲသောကြောင့်၊ သမ္မာကျမ်းစာကို စိစစ်ခြင်း သို့မဟုတ် ကောင်းကောင်း လေ့လာဆန်းစစ်ခြင်း မလုပ်ကြပါစို့နှင့်။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့် လက်ရှိ အမှုဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်သော အလုပ်ကို ဆွေးနွေးသည်က ပို၍ကောင်းသည်။ ယနေ့ ကျွန်ုပ်တို့ လျှောက်လှမ်းသော လမ်းသည် မှန်ကန်ခြင်း ရှိ မရှိဆိုသည်ကို အတည်ပြုစစ်ဆေးဖို့ အသုံးပြုလျက်၊ ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် သူ၏ အမှု အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို ကြည့်ကြစို့၊ ပြီးလျှင် ဤနည်းဖြင့် ယင်းကို သေချာစေကြစို့။” ဟု ပြောသည်။ အကယ်၍ သင်တို့သည် အထူးသဖြင့် ဘာသာရေး လောကထဲရှိသူတို့ကို ဧဝံဂေလိတရား ဟောပြောလိုပါက၊ သမ္မာကျမ်းစာကို နားလည်ရမည် ဖြစ်ပြီး ယင်း၏ အတွင်းပိုင်း အဖြစ်အပျက် ကျွမ်းကျင်ပိုင်နိုင်မှု ရှိရမည်။ သို့မဟုတ်ပါက သင်တို့အတွက် ဧဝံဂေလိတရား ဟောပြောရန် နည်းလမ်းရှိမည် မဟုတ်ပေ။ သင်သည် အရေးကြီးဆုံးသော အချက်များကို ကျွမ်းကျင်ပိုင်နိုင်ပြီး သမ္မာကျမ်းစာ၏ အသက်မဲ့သော စကားလုံးများကို သိမ်ဖျင်းသော နည်းလမ်းဖြင့် စေ့စေ့စပ်စပ်ကြည့်ရှု စစ်ဆေးခြင်းကို ရပ်စဲသော်လည်း၊ ဘုရားသခင်၏ အမှုနှင့် အသက် သမ္မာတရားကိုသာ ပြောသည်နှင့်တစ်ပြိုင်နက်၊ သင်သည် မှန်ကန်သော စိတ်နှလုံးနှင့် ရှာဖွေသူတို့ကို ရယူနိုင်လိမ့်မည်။

ယေဟောဝါ၏ အမှု၊ သူထားရှိသော ပညတ်တရားများနှင့် လူသားများကို ၎င်းတို့၏ အသက်တာများ ရှင်သန်ခြင်းတွင် လမ်းပြသည့် အခြေခံသဘောတရားများ၊ ပညတ်တော်ခေတ်တွင် သူလုပ်ဆောင်သော အမှု၏ အကြောင်းအရာ၊ သူ၏ ပညတ်တရားများကို သူ ထားရှိခြင်း၏ အရေးပါမှု၊ ကျေးဇူးတော်ခေတ်အဖို့ သူ့အမှု၏ အရေးပါမှုနှင့် ဤနောက်ဆုံး အဆင့်တွင် မည်သည့် အမှု ဘုရားသခင် လုပ်ဆောင်သည်- ဤအရာတို့သည် သင်တို့ နားလည်သင့်သည့် အရာများ ဖြစ်သည်။ ပထမအဆင့်သည် ပညတ်တော်ခေတ်၏ အမှုဖြစ်သည်၊ ဒုတိယသည် ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ တတိယသည် နောက်ဆုံးသောကာလ၏ အမှုဖြစ်သည်။ သင်တို့သည် ဘုရားသခင်အမှု၏ ဤအဆင့်များကို ရှင်းလင်းနေရမည်။ အစမှအဆုံးအထိ၊ စုစုပေါင်း အဆင့် သုံးဆင့်ရှိသည်။ အမှု၏ အဆင့်အသီးသီးနှင့်ဆိုင်သည့် အနှစ်သာရမှာ အဘယ်နည်း။ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အမှုတွင် အဆင့်မည်မျှ ဆောင်ရွက်ပါသနည်း။ ဤအဆင့်များကို မည်သို့ ဆောင်ရွက်ပြီး အသီးသီးကို ယင်း၏ သီးသန့်နည်းလမ်းဖြင့် အဘယ်ကြောင့် ဆောင်ရွက်ပါသနည်း။ ဤအရာအားလုံးမှာ အရေးပါလှသော မေးခွန်းများ ဖြစ်သည်။ ခေတ်အသီးသီး၏ အမှုသည် သရုပ်ဖော်ခြင်းဆိုင်ရာ တန်ဖိုး ရှိသည်။ ယေဟောဝါသည် မည်သည့် အမှုကို လုပ်ဆောင်ခဲ့သနည်း။ သူသည် အဘယ်ကြောင့် ထိုသီးသန့်နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့သနည်း။ သူ့ကို အဘယ်ကြောင့် ယေဟောဝါဟု ခေါ်သနည်း။ တစ်ဖန် ယေရှုသည် ကျေးဇူးတော်ခေတ်တွင် မည်သည့်အမှုကို ဆောင်ရွက်ခဲ့ပြီး၊ ယင်းကို မည်သည့်ပုံစံဖြင့် လုပ်ဆောင်ခဲ့သနည်း။ အမှု၏ အဆင့်အသီးသီးနှင့် ခေတ်အသီးသီးက ဘုရားသခင် စိတ်သဘောထား၏ မည်သည့် ရှုထောင့်များကို ကိုယ်စားပြုသနည်း။ ပညတ်တော်ခေတ်တွင် သူ၏ စိတ်သဘောထား၏ မည်သည့်ရှုထောင့်များကို ဖော်ပြခဲ့သနည်း။ ကျေးဇူးတော် ခေတ်တွင် မည်သည့်ရှုထောင့်နည်း။ ပြီးလျှင် နောက်ဆုံး ကာလတွင် မည်သည့်ရှုထောင့်နည်း။ ဤသည်တို့သည် သင်တို့ ရှင်းလင်းနေရမည့် ပဓာနကျသော မေးခွန်းများ ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးသည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်လျှောက်တွင် ထုတ်ဖော်ပြပြီးဖြစ်သည်။ ယင်းကို နောက်ဆုံးသော ခေတ်၏ ဤကာလတွင် မဆိုထားနှင့်၊ ကျေးဇူးတော်ခေတ်တွင်သာ ထုတ်ဖော်ပြထားခြင်း မဟုတ်သကဲ့သို့၊ ပညတ်တော်ခေတ်တွင်သာလည်း ထုတ်ဖော်ပြထားခြင်း မဟုတ်ပေ။ နောက်ဆုံးကာလတွင် ဆောင်ရွက်သော အမှုသည် တရားစီရင်ခြင်း၊ အမျက်ဒေါသနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကိုယ်စားပြုသည်။ နောက်ဆုံးသောကာလတွင် ဆောင်ရွက်သော အမှုသည် ပညတ်တော်ခေတ်၏ အမှု သို့မဟုတ် ကျေးဇူးတော်ခေတ်၏ အမှုကို အစားမထိုးနိုင်ပေ။ သို့ရာတွင် အဆင့်သုံးဆင့်သည် ဆက်သွယ်လျက် တစ်ခုတည်းအဖြစ် ပုံဖော်ပြီး၊ အားလုံးသည် ဘုရားသခင် တစ်ပါးတည်း၏ အမှု ဖြစ်သည်။ ပင်ကိုအားဖြင့် ဤအမှု၏ အကောင်အထည်ဖော်မှုကို သီးခြားခေတ်များအဖြစ်သို့ ပိုင်းခြား ထားပေသည်။ နောက်ဆုံးသောကာလတွင် လုပ်ဆောင်သောအမှုသည် အရာခပ်သိမ်းကို အဆုံးတစ်ခုသို့ ဆောင်ကြဉ်း၏။ ပညတ်တော်ခေတ်တွင် လုပ်ဆောင်သော အရာသည် အစပြုခြင်း အမှုဖြစ်သည်။ ပြီးလျှင် ကျေးဇူးတော်ခေတ်၌ လုပ်ဆောင်သော အရာသည် ရွေးနုတ်ခြင်းအမှု ဖြစ်သည်။ ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးရှိ အမှု၏ ရူပါရုံများအတွက်မူ၊ မည်သူမျှ ထိုးထွင်းသိမြင်မှု သို့မဟုတ် သိနားလည်ခြင်းတို့ မရရှိနိုင်သကဲ့သို့၊ ဤရူပါရုံများသည် ပဟေဠိများအဖြစ် ဆက်ရှိနေသည်။ နောက်ဆုံးသော ကာလတွင် နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ပေးရန် အလို့ငှာ နှုတ်ကပတ်တော်နှင့်ဆိုင်သော အမှုကိုသာ ဆောင်ရွက်ခြင်း ဖြစ်သော်လည်း၊ ယင်းသည် ခေတ်အားလုံးကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလသည် နောက်ဆုံးသောကာလထက် မပိုသကဲ့သို့ နိုင်ငံတော်ခေတ်ထက်လည်း မပိုပေ၊ ပြီးလျှင် ယင်းတို့သည် ကျေးဇူးတော်ခေတ် သို့မဟုတ် ပညတ်တော်ခေတ်တို့ကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလ အတွင်းတွင် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ထဲက အမှုအားလုံးကို သင်တို့ထံ ထုတ်ဖော်ပြသလေသည်။ ဤသည်မှာ နက်နဲမှုကို ဖော်ထုတ်ပြသခြင်း ဖြစ်သည်။ ဤနက်နဲမှုမျိုးသည် မည်သည့် လူကမျှ ထုတ်ဖော်မပြနိုင်သည့် အရာတစ်ခု ဖြစ်သည်။ လူသားသည် သမ္မာကျမ်းစာနှင့်ဆိုင်သည့် မည်မျှ ကြီးမားသော သိနားလည်မှုရှိပါစေ၊ လူသားသည် သမ္မာကျမ်းစာ၏ အနှစ်သာရကို နားမလည်သည့်အတွက် ယင်းသည် စကားလုံးများထက် ဘာမျှမပိုပေ။ သမ္မာကျမ်းစာကို ဖတ်ရှုရာတွင်၊ လူသည် သမ္မာတရား အချို့ကို နားလည်ကောင်း နားလည်နိုင်သည်၊ စကားလုံးအချို့ကို ရှင်းပြကောင်း ရှင်းပြနိုင်သည် သို့မဟုတ် ကျော်ကြားသော ကျမ်းပိုဒ်အချို့နှင့် အခန်းကြီးအချို့ကို ကောင်းကောင်း လေ့လာဆန်းစစ်နိုင်သည်၊ သို့သော်လည်း လူအားလုံး မြင်သည်မှာ အသက်မရှိသော စကားလုံးများသာ ဖြစ်ပြီး ယေဟောဝါနှင့် ယေရှုတို့ အမှု၏ မြင်ကွင်းများ မဟုတ်သည့်အတွက် ထိုစကားလုံးများတွင် ပါဝင်သော အဓိပ္ပာယ်ကိုမူ သူသည် မည်သည့်အခါမျှ ထုတ်ယူနိုင်မည် မဟုတ်သကဲ့သို့၊ လူသားသည် ဤအမှု၏ နက်နဲမှုကို ဖြေရှင်းခြင်းငှာ နည်းလမ်းမရှိပေ။ သို့ဖြစ်ရာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုသည် အကြီးမားဆုံး နက်နဲမှု ဖြစ်သည်၊ လူသားအဖို့ အနက်နဲဆုံး ကွယ်ဝှက်ထားပြီး လုံးလုံးလျားလျား နားမလည်နိုင်သည့်အရာ ဖြစ်သည်။ ဘုရားသခင်က လူသားကို ကိုယ်တိုင် ရှင်းပြပြီး ထုတ်ဖော်မပြပါက၊ မည်သူမျှ ဘုရားသခင်၏ အလိုကို သဘောမပေါက်နိုင်ပေ။ သို့မဟုတ်ပါက၊ ဤအရာတို့သည် အလုံပိတ်ထားသော နက်နဲရာများအဖြစ် အစဉ်အမြဲ ကျန်ရှိလျက်၊ လူသားအဖို့ အစဉ်အမြဲ ပဟေဠိ ဖြစ်ကျန်လိမ့်မည် ဖြစ်သည်။ ဘာသာရေးလောကထဲ လူတိုကို မဆိုထားနှင့်။ ယနေ့ သင်တို့ကို ပြောပြထားပြီး မဟုတ်ပါက၊ ယင်းကို သင်တို့လည်း သဘောပေါက်ပြီးဖြစ်မည် မဟုတ်။ ဤအနှစ်ခြောက်ထောင် အမှုသည် ပရောဖက်များ၏ ပရောဖက်ပြုချက် အားလုံးထက် သာ၍ နက်နဲသည်။ ဤနက်နဲမှုကို နောက်ဆုံးသောခတ်တွင်သာ ဖွင့်ဟထားပြီး ယခင်က လုံးဝ ထုတ်ဖော်မပြဖူးသည့်အတွက်၊ ယင်းသည် ဖန်ဆင်းခြင်းမှသည် လက်ရှိအထိ အကြီးမားဆုံးသော နက်နဲမှု ဖြစ်ပြီး၊ ခေတ်များတစ်လျှောက် ပရောဖက်များထဲမှ မည်သူမျှ ယင်းကို တစ်ကြိမ်တစ်ခါမျှ သဘောမပေါက်နိုင်ဖူးကြချေ။ သင်တို့သည် ဤနက်နဲမှုကို သဘောပေါက်နိုင်ပါက၊ ပြီးလျှင် ယင်းကို အလုံးစုံဖြင့် ရရှိနိုင်ပါက၊ ဘာသာရေး ပုဂ္ဂိုလ်များအားလုံးသည် ဤနက်နဲမှုအားဖြင့် နှိမ်နင်းခံရကြလိမ့်မည် ဖြစ်သည်။ ဤအရာသည်သာလျှင် ရူပါရုံများထဲမှ အကြီးမြတ်ဆုံး ဖြစ်သည်။ ယင်းသည် လူသားက သဘောပေါက်ဖို့ အပြင်းပြဆုံး တောင့်တသည့်အရာ ဖြစ်သော်လည်း၊ သူ့အဖို့ မရှင်းလင်းဆုံးသောအရာလည်း ဖြစ်သောကြောင့် ဖြစ်သည်။ သင်တို့သည် ကျေးဇူးတော်ခေတ်တွင် ရှိသောအခါ၊ သင်တို့သည် ယေရှု သို့မဟုတ် ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုက မည်သည့်အရာ ဖြစ်သည်ကို သင်တို့ မသိခဲ့ကြပေ။ ယေဟောဝါသည် အဘယ်ကြောင့် ပညတ်တော်များကို ချမှတ်သည်၊ သူက အဘယ်ကြောင့် လူထုကို ပညတ်တော်များအား စောင့်ထိန်းရန် စေခိုင်းခဲ့သည်၊ သို့မဟုတ် ဗိမာန်တော်ကို အဘယ်ကြောင့် တည်ဆောက်ခဲ့ရမည်တို့ကို နားမလည်ခဲ့ကြသကဲ့သို့၊ ဣသရေလ လူမျိုးတို့ကို အဲဂုတ္တုပြည်မှ တောထဲသို့ ခေါ်သွားခံခဲ့ရပြီးနောက် ခါနာန်ပြည်သို့ အဘယ်ကြောင့် ခေါ်ဆောင် သွားခံခဲ့ရသည်ကို သာ၍ နားမလည်နိုင်သေးချေ။ ဤနေ့သို့ မရောက်မီအထိ ဤကိစ္စများကို ထုတ်ဖော်ပြမထားလေပြီ။

နောက်ဆုံးသောကာလရှိ အလုပ်သည် အဆင့်သုံးဆင့်အနက်မှ နောက်ဆုံးအဆင့်ဖြစ်သည်။ ယင်းသည် နောက်ထပ်ခေတ်သစ်၏ အမှုဖြစ်ပြီး စီမံခန့်ခွဲခြင်း အမှု အလုံးစုံကို ကိုယ်စားမပြုပေ။ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အမှု၏အဆင့် သုံးဆင့်အဖြစ်သို့ ခွဲခြားထားသည်။ မည်သည့်တစ်ခုတည်းကမျှ ခေတ်သုံးခေတ်၏အမှုကို ကိုယ်စားမပြုနိုင်ဘဲ၊ တစ်ခုလုံး၏ အစိတ်အပိုင်း တစ်ခုကိုသာ ကိုယ်စားပြုနိုင်သည်။ ယေဟောဝါဟူသော အမည်သည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ပေ။ ပညတ်တော်ခေတ်တွင် သူ့အလုပ်ကို သူ ဆောင်ရွက်ခဲ့သည်ဟူသည့် အချက်က ဘုရားသခင်သည် ပညတ်တော် အောက်၌သာ ဘုရားသခင် ဖြစ်နိုင်သည်ဟု သက်သေမပြပေ။ ယေဟောဝါသည် လူသားကို ဗိမာန်တော်နှင့် ယဇ်ပလ္လင်များကို ဆောက်လုပ်ဖို့ စေခိုင်းလျက်၊ လူသားအတွက် ပညတ်တရားများကို ပြဌာန်းပြီး ပညတ်ချက်များကို ထုတ်ပြန် ကြေညာခဲ့သည်။ သူလုပ်ဆောင်ခဲ့သော အမှုသည် ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုသည်။ သူလုပ်ဆောင်ခဲ့သော ဤအမှုသည် ဘုရားသခင်မှာ လူသားအား ပညတ်တော်ကို စောင့်ရှောက်ရန်သာ စေခိုင်းသော ဘုရားသခင်၊ သို့မဟုတ် ဗိမာန်တော်ထဲ၌ ရှိသော ဘုရားသခင်၊ သို့မဟုတ် ယဇ်ပလ္လင်ရှေ့၌ ရှိသော ဘုရားသခင်သာ ဖြစ်သည်ဟု သက်သေမပြပေ။ ဤသို့ပြောရန်မှာ မမှန်ကန်ပေ။ ပညတ်တော်အောက် လုပ်ဆောင်သော အမှုသည် ခေတ်တစ်ခေတ်ကိုသာ ကိုယ်စားပြုနိုင်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ပညတ်တော်ခေတ်တွင်သာ အမှုကို လုပ်ဆောင်ခဲ့ပါက၊ လူသည် “ဘုရားသခင်သည် ဗိမာန်တော်ထဲက ဘုရားသခင် ဖြစ်ပြီး၊ ဘုရားသခင်ကို အစေခံရန်အလို့ငှာ ကျွန်ုပ်တို့သည် ယဇ်ပရောဟိတ် ဝတ်ရုံဝတ်ပြီး ဗိမာန်တော်ထဲသို့ ဝင်ကြရမည်။” ဟု ပြောလျက်၊ ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ပေလိမ့်မည်။ ကျေးဇူးတော်ခေတ်ထဲက အမှုကို မည်သည့်အခါကမျှ မဆောင်ရွက်ခဲ့ဖူးသကဲ့သို့၊ ပညတ်တော်ခေတ်သည် လက်ရှိအချိန်ထိ ဆက်လက် တည်ရှိနေခဲ့မည်ဆိုပါက၊ ဘုရားသခင်သည် သနားကြင်နာတတ်ပြီး ချစ်ခင်တတ်သည်ကိုလည်း လူက သိလိမ့်မည် မဟုတ်ပေ။ ပညတ်တော်ခေတ်ထဲက အမှုသည် မလုပ်ဆောင်ပြီးခဲ့ဘဲ၊ ယင်းအစား ကျေးဇူးတော်ခေတ်ထဲက အမှုကိုသာ လုပ်ဆောင်ပြီးခဲ့ပါက၊ လူအားလုံး သိကြမည်မှာ ဘုရားသခင်သည် လူသားကို ရွေးနုတ်ရုံသာ ရွေးနုတ်နိုင်ပြီး၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ပေးရုံသာ ခွင့်လွှတ်ပေးနိုင်သော ဘုရားသခင် ဖြစ်သည် ဟူ၍ ဖြစ်သည်။ လူသားက ဘုရားသခင်သည် သန့်ရှင်းပြီး အပြစ်ကင်းသည်၊ ပြီးလျှင် သူသည် လူသားအတွက် မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်ပြီး ကားစင်တင်ခြင်းခံနိုင်သည်ဟုသာ သိပေမည်။ လူသည် ဤအရာများကိုသာ သိမည်ဖြစ်သော်လည်း၊ အခြားမည်သည့်အရာကိုမျှ နားလည်ခြင်း ရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာ ခေတ်အသီးသီးသည် ဘုရားသခင်၏ စိတ်သဘောထား၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုသည်။ ပညတ်တော်ခေတ်၌ ဘုရားသခင်၏ စိတ်သဘောထား၏ မည်သည့်ရှုထောင့်အား ကိုယ်စားပြုသည်၊ ကျေးဇူးတော်ခေတ်၌ မည်သည့်ရှုထောင့်များကို ကိုယ်စားပြုသည်၊ ယခုခေတ်၌ မည်သည့်ရှုထောင့်များကို ကိုယ်စားပြုသည်တို့အတွက်မူ- အဆင့်သုံးဆင့်အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်သည့်အခါတွင်သာ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားအလုံးစုံကို ထုတ်ဖော်ပြနိုင်ပေသည်။ လူသည် အဆင့်သုံးဆင့်လုံးကို သိရှိလာသည့်အခါတွင်သာ၊ ယင်းကို အပြည့်အဝ နားလည်နိုင်ပေသည်။ အဆင့်သုံးဆင့်အနက် မည်သည့် အဆင့်ကိုမျှ ချန်လှပ်၍ မရပေ။ သင်သည် ဤအမှု၏ အဆင့် သုံးဆင့်ကို သိရှိလာသည့်နောက်တွင်သာ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို မြင်ရလိမ့်မည်။ ပညတ်တော်ခေတ်တွင် ဘုရားသခင်က သူ၏အမှုကို ပြီးစီးခဲ့သည်ဆိုသည့်အချက်က သူသည် ပညတ်တော်အောက်က ဘုရားသခင်သာလျှင် ဖြစ်သည်ကို သက်သေမပြသကဲ့သို့၊ ရွေးနုတ်ခြင်းအမှုကို သူ ပြီးစီးခဲ့သည် ဆိုသည့်အချက်က ဘုရားသခင်သည် လူသားမျိုးနွယ်ကို အစဉ်ထာဝရ ရွေးနုတ်မည်ဟု မဆိုလိုပေ။ ဤအရာအားလုံးသည် လူက ကောက်ချက်ချသည့် ကောက်ချက်များသာ ဖြစ်ပေသည်။ ကျေးဇူးတော်ခေတ် အဆုံးသို့ရောက်လာလျက်ဖြင့်၊ ဘုရားသခင်သည် ကားတိုင်နှင့်သာ သက်ဆိုင်ပြီး၊ ကားတိုင်တစ်ခုတည်းက ဘုရားသခင်၏ ကယ်တင်ခြင်းကို ကိုယ်စားပြုသည်ဟု သင် ပြော၍မရပေ။ ထိုသို့ပြုရန်မှာ ဘုရားသခင်ကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း ဖြစ်လိမ့်မည်။ လက်ရှိအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်၏ အမှုကို အဓိက လုပ်ဆောင်နေသော်လည်း၊ ဘုရားသခင်သည် လူသားကို သနားကရုဏာ လုံးဝ မရှိသကဲ့သို့၊ သူ ဆောင်ကြဉ်းပြီးသမျှမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သာ ဖြစ်သည်ဟု သင် ပြော၍မရပေ။ နောက်ဆုံးကာလထဲက အမှုသည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်နှင့် အဆုံးသတ်၊ ပြီးလျှင် လူသားမျိုးနွယ်အလယ် ကယ်တင်ခြင်း အမှုအားလုံး၏ အဆုံးသတ်ကို ထုတ်ဖော်ပြရန်အလို့ငှာ၊ ယေဟောဝါနှင့် ယေရှုတို့၏အမှုနှင့် လူတို့ နားမလည်သော နက်နဲမှုအားလုံးကို ဖွင့်ချလေသည်။ နောက်ဆုံးသောကာလထဲက အမှု၏ ဤအဆင့်သည် အရာရာကို အဆုံးတစ်ခုသို့ ဆောင်ကြဉ်းသည်။ ယင်းတို့၏ နက်နဲမှုများအထိ လူသားအား လေ့လာစူးစမ်းခွင့်ပေးပြီး သူ၏ စိတ်နှလုံးထဲတွင် လုံးဝ ရှင်းလင်းသော သိနားလည်မှု တစ်ခု ရှိခွင့်ပေးရန် လူသား နားမလည်သည့် နက်နဲသောအရာ အားလုံးကို ဖြေရှင်းရန် လိုအပ်ပေသည်။ ထိုအခါတွင်သာ လူသားမျိုးနွယ်သည် အမျိုးအစားအလိုက် ခွဲခြားခံရနိုင်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ထို့နောက်တွင် အဆုံးသတ်သို့ ရောက်လာပြီးဖြစ်မည် ဖြစ်သည့်အတွက်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးစီးသည့်နောက်တွင်သာ ဘုရားသခင်၏ စိတ်သဘောထားကို လူသားက အလုံးစုံ နားလည်လာလိမ့်မည် ဖြစ်သည်။ ယခုတွင် သင်တို့သည် နောက်ဆုံးကာလထဲက ဘုရားသခင်၏ အမှုကို တွေ့ကြုံကြပြီး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ စိတ်သဘောထားသည် မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များကိုသာ ပြောပြီး နောက်ထပ် မည်သည့်အရာမျှ မပြုသော ဘုရားသခင် ဖြစ်သည်ဟု သင် ပြောဝံပါသလော။ သင်သည် ထိုသို့သော သုံးသပ်ချက်ကို ပေးဝံ့မည် မဟုတ်ပေ။ အချို့က ဘုရားသခင်သည် နက်နဲမှုများကို ဖွင့်ဟသည့် ဘုရားဖြစ်သည်၊ ဘုရားသခင်သည် သိုးသငယ်ဖြစ်ပြီး တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်သူ ဖြစ်သည်ဟု ပြောကြပေမည်။ သို့သော် မည်သူမျှ ထိုသို့သော ကောက်ချက် မပေးဝံ့ပေ။ အခြားသူတို့က ဘုရားသခင်သည် လူ့ဇာတိခံ ခန္ဓာဖြစ်သည်ဟု ပြောကောင်းပြောကြမည် ဖြစ်သော်လည်း ဤသည်မှာ မှန်ဦးမည် မဟုတ်။ အချို့က လူ့ဇာတိခံ ဘုရားသခင်သည် နှုတ်ကပတ်တော်များသာ ပြောပြီး နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မလုပ်ဆောင်ဟု ပြောကောင်းပြောပေဦးမည် ဖြစ်သော်လည်း၊ သင်သည် ဤနည်းဖြင့် သာ၍ပင် ပြောဝံ့မည် မဟုတ်ပေ၊ ယေရှုသည် လူ့ဇာတိခံလာခဲ့ပြီး နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာအမှုများကို ပြုခဲ့သည့်အတွက်၊ ထို့ကြောင့် သင်သည် ဘုရားသခင်ကို ပေါ့ပေါ့တန်တန် အဓိပ္ပာယ် ဖွင့်ဆိုဝံ့မည် မဟုတ်ပေ။ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်လျှောက်လုံးတွင် လုပ်ဆောင်ခဲ့သော အမှုအားလုံးသည် ယခုမှသာ အဆုံးတစ်ခုသို့ ရောက်လာပြီဖြစ်သည်။ ဤအမှုများအားလုံးကို လူသားထံ ထုတ်ဖော်ပြပြီး လူသားမျိုးနွယ်အလယ် ဆောင်ရွက်ပြီးသည့် နောက်တွင်သာ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း အားလုံးတို့ကို သိလိမ့်မည် ဖြစ်သည်။ ဤအဆင့်၏ အမှု အပြည့်အဝ ပြီးစီးသည့်အခါတွင်၊ လူသား နားမလည်သည့် နက်နဲမှုအားလုံး ထုတ်ဖော်ပြပြီး ဖြစ်လိမ့်မည်၊ ယခင်က နားမလည်ခဲ့သော သမ္မာတရား အားလုံးသည် ရှင်းလင်းပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်အား ၎င်းတို့၏ အနာဂတ် လမ်းကြောင်းနှင့် ခရီးဆုံး ပန်းတိုင်တို့ကို ပြောပြပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ လက်ရှိခေတ်တွင် လုပ်ဆောင်ရမည့် အမှုတစ်ခုလုံး ဖြစ်သည်။ ယနေ့ လူသား လျှောက်လှမ်းသော လမ်းကြောင်းသည် ကားတိုင် လမ်းကြောင်းဖြစ်ပြီး ဆင်းရဲဒုက္ခနှင့်ဆိုင်သော လမ်းကြောင်း ဖြစ်သော်လည်း၊ ယနေ့ လူသား လက်တွေ့လုပ်ဆောင်သည့်အရာနှင့် သူစားသောက်ပြီး မွေ့လျော် ခံစားသည့်အရာတို့သည် ပညတ်တော်အောက်နှင့် ကျေးဇူးတော်ခေတ်ထဲတွင် လူသားကို ဖြစ်ပျက်ခဲ့သည့်အရာနှင့် အလွန် ကွာခြားပေသည်။ ဤနေ့တွင် လူသားအပေါ် တောင်းဆိုသည့် အရာသည် အတိတ်ကာလကနှင့် မတူသကဲ့သို့ ပညတ်တော်ခေတ်တွင် လူသားအပေါ် တောင်းဆိုသည့်အရာနှင့် ပို၍ပင် မတူညီပေ။ ဣသရေလ၌ ဘုရားသခင်က သူ၏အမှု လုပ်ဆောင်နေခဲ့ချိန် ပညတ်တော် အောက်တွင် လူသားအပေါ် အဘယ်အရာ တောင်းဆိုခဲ့ပါသနည်း။ ယင်းမှာ လူသားက ဥပုသ်နေ့နှင့် ယေဟောဝါ၏ ပညတ်တော်များကို ထိန်းသိမ်းသင့်သည်ဆိုသည်ထက် မပိုခဲ့ပေ။ မည်သူမျှ ဥပုသ်နေ့တွင် အလုပ်လုပ်ခြင်း သို့မဟုတ် ယေဟောဝါ၏ ပညတ်တော်များကို ဖောက်ဖျက်ခြင်း မလုပ်ခဲ့ကြပေ။ သို့ရာတွင် ယခု ထိုသို့ မဟုတ်ပေ။ ဥပုသ်နေ့တွင် လူသည် အလုပ်လုပ်သည်၊ စုဝေးပြီး ပုံမှန်အတိုင်း ဆုတောင်းသည်၊ ပြီးလျှင် မည်သည့် ကန့်သတ်မှုမှ သူ့အပေါ် ချမှတ်မထားပေ။ ကျေးဇူးတော်ခေတ်ထဲက လူများသည် ဗတ္တိဇံခံခဲ့ကြရပြီး၊ ၎င်းတို့ကို သူတို့ကို အစာရှောင်ရန်၊ မုန့်ချိုးဖဲ့ရန်၊ စပျစ်ရည် သောက်ရန်၊ ၎င်းတို့၏ ဦးခေါင်းများကို ဖုံးအုပ်ရန်နှင့် အခြားသူများ၏ ခြေများကို ဆေးကြောပေးရန် နောက်ထပ် စေခိုင်းခံခဲ့ရသည်။ ယခုတွင် ဘုရားသခင်၏ အမှုသည် ယခင်ထက် တိုး၍ နက်ရှိုင်းလာပြီး လူသား၏ ဝင်ရောက်မှုသည် ပိုမို မြင့်မားလာခဲ့သည့်အတွက်၊ ဤစည်းမျဉ်းများကို ပယ်ဖျက်ထားပြီးဖြစ်သော်လည်း၊ လူသားနှင့်ပတ်သက်၍ သာ၍ ကြီးမားသော တောင်းဆိုမှုများ ပြုထားပေသည်။ အတိတ်တွင် ယေရှုသည် လူသား အပေါ် သူ၏ လက်ကိုတင်၍ ဆုတောင်းခဲ့သော်လည်း၊ ယခုအခါ အရာရာကို ပြောထားပြီးဖြစ်ရာ၊ လက်များတင်ခြင်းသည် အဘယ်အသုံးဝင်ပါသနည်း။ နှုတ်ကပတ်တော်များ တစ်ခုတည်းဖြင့် ရလဒ်များကို ရရှိနိုင်သည်။ အတိတ်က သူသည် လူသားအပေါ် လက်တင်ခဲ့ချိန်တွင်၊ လူသားကို ကောင်းချီးပေးရန်နှင့် သူ၏ အနာရောဂါများကို ငြိမ်းစေရန်လည်း ဖြစ်ခဲ့သည်။ ဤသည်မှာ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ခဲ့ပုံ ဖြစ်ခဲ့သော်လည်း၊ ယခုအခါ ထိုသို့ မဟုတ်ချေ။ ယခုတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ဖို့ရန်နှင့် ရလဒ်များ စွမ်းဆောင်ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူ၏ နှုတ်ကပတ်တော်များကို သင်တို့အဖို့ ရှင်းလင်းစေပြီးဖြစ်သကဲ့သို့၊ သင်တို့သည် သင်တို့ကို ပြေားထားပြီးသည့်အတိုင်းပင် ယင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်ပေသည်။ သူ၏ နှုတ်ကပတ်တော်များသည် သူ၏ အလိုဖြစ်သည်။ ယင်းတို့သည် သူလုပ်ဆောင်လိုသည့် အလုပ်ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သင်သည် သူ၏ အလိုနှင့် ကြိုးပမ်းရရှိဖို့ သူက သင့်ကို စေခိုင်းသည့်အရာကို သင် နားလည်လိမ့်မည်ဖြစ်ပြီး၊ လက်တင်ရန် လိုအပ်မှုတစ်ခုတစ်လေ မရှိဘဲ၊ သူ၏ နှုတ်ကပတ်တော်များကို သင်သည် တိုက်ရိုက်သာ လက်တွေ့လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပေသည်။ အချို့က “ကိုယ်တော်၏ လက်ကို ကျွန်ုပ်အပေါ်သို့ တင်ပါ။ ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် ရရှိနိုင်ဖို့နှင့် ကိုယ်တော့်ကို ကျွန်ုပ်အပေါ်သို့ တင်တော်မူပါ။”ဟု ပြောကောင်းပြောနိုင်သည်။ ဤအရာအားလုံးမှာ အတိတ်က ခေတ်မမီတော့သော အလေ့အထများ ဖြစ်ပြီး ခေတ်ပြောင်းလာပြီး ဖြစ်သည့်အတွက် ယခုအခါ အသုံးမဝင်တော့ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကြုံရာကျပန်း အလုပ် မလုပ်သကဲ့သို့၊ ချမှတ်ထားသော စည်းမျဉ်းများအရလည်း အလုပ်မလုပ်ဘဲ၊ ခေတ်နှင့်အညီ အလုပ်လုပ်သည်။ ခေတ်က ပြောင်းလဲပြီးဖြစ်သကဲ့သို့၊ ခေတ်သစ်သည် ယင်းနှင့်အတူ အမှုသစ်ကို သေချာပေါက် ယူဆောင်လာပေသည်။ ဤသည်မှာ အမှု၏ အဆင့်တိုင်းနှင့်သက်ဆိုင်၍ မှန်ကန်သောကြောင့် သူ၏ အမှုကို မည်သည့်အခါမျှ ထပ်မကျော့ပေ။ ကျေးဇူးတော်ခေတ်တွင် ယေရှုသည် နာမကျန်းမှုကို အနာငြိမ်းစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ လူအတွက် ဆုတောင်းပေးရန်နှင့် လူကို ကောင်းချီးပေးရန် သူ့အပေါ် လက်ကို တင်ခြင်းတို့ကဲ့သို့သော အလုပ်မျိုးကို ပမာဏအတော်အတန် လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် မျက်မှောက်ခေတ်တွင် ထိုသို့ တစ်ဖန်လုပ်ဆောင်ရန်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ချေ။ ယင်းသည် ကျေးဇူးတော်ခေတ် ဖြစ်ခဲ့ပြီး လူသားအတွက် မွေ့လျော်ရန် လုံလောက်သော ကျေးဇူးတော်ရှိခဲ့သည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုအချိန်က ထိုနည်းလမ်းဖြင့် အလုပ်လုပ်ခဲ့သည်။ လူသားထံမှ မည်သည့် ပေးဆပ်မှုမျိုးကိုမျှ မတောင်းဆိုခဲ့သကဲ့သို့၊ သူ့တွင် ယုံကြည်ခြင်း ရှိခဲ့သရွေ့ ကျေးဇူးတော် ရရှိမည် ဖြစ်သည်။ အားလုံးသည် အလွန် ကျေးဇူးပြုခြင်းဖြင့် ဆက်ဆံ ခံခဲ့ကြရသည်။ ယခုတွင် ခေတ်ပြောင်းသွားပြီဖြစ်ပြီး ဘုရားသခင်၏ အမှုသည် နောက်ထပ် ရှေ့ဆက်တိုးတက်ပြီးဖြစ်သည်။ လူသား၏ ပုန်ကန်မှုနှင့် ၎င်း၏ အတွင်းရှိ မသန့်ရှင်းသည့်အရာများကို သန့်စင်ပစ်စေသည်မှာ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖြစ်သည်။ ယင်းအဆင့်သည် ရွေးနုတ်ခြင်း၏ အဆင့်ဖြစ်လျက်၊ လူသည် အပြစ်မှ ရွေးနုတ်ခံရကာ ကျေးဇူးတော်အားဖြင့် ၎င်း၏ အပြစ်များ ခွင့်လွှတ်ခံရနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် လူသားအတွက် မွေ့လျော်ခံစားဖို့ လုံလောက်သော ကျေးဇူးတော်ကို ပြသရင်း ထိုနည်းလမ်းဖြင့် အမှုပြုအပ်ခဲ့သည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်သည် ကယ်တင်ခံရဖို့အလို့ငှာ၊ ဤလက်ရှိအဆင့်သည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ နှုတ်ကပတ်တော်များ၏ ပြင်းစွာရိုက်နှက်ခြင်းအပြင် နှုတ်ကပတ်တော်များ၏ ပဲ့ပြင် ဆုံးမခြင်းနှင့် ထုတ်ဖော်ပြခြင်းတို့အားဖြင့် လူသားအတွင်းရှိ မဖြောင့်မတ်မှုများကို ဖော်ထုတ်ပေသည်။ ဤသည်မှာ ရွေးနုတ်ခြင်းထက် သာ၍ ခြေခြေမြစ်မြစ်ရှိသော အမှု ဖြစ်သည်။ ကျေးဇူးတော်ခေတ်ထဲက ကျေးဇူးတော်သည် လူသား၏ မွေ့လျော်ခံစားခြင်းအတွက် လုံလောက်ခဲ့သည်။ ယခုတွင် လူသားသည် ဤကျေးဇူးတော်ကို မွေ့လျော်ခံစားနှင့်ပြီးဖြစ်ရာ၊ သူသည် ယင်းကို မွေ့လျော်ခံစားရဖို့ မရှိတော့ပေ။ ဤအမှုသည် ယင်း၏ အချိန်ကာလကို လွန်သွားပြီဖြစ်သကဲ့သို့ လုပ်ဆောင်ရန် မဟုတ်တော့ပေ။ ယခုတွင် လူသည် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်းခံရဖို့ ဖြစ်သည်။ လူသည် တရားစီရင်ခံရပြီးနောက်၊ ပြစ်တင်ဆုံးမခံရကာ စစ်ဆေးခံရပြီးသည့်နောက်တွင်၊ သူ၏ စိတ်သဘောထားသည် ထိုသို့ဖြင့် ပြောင်းလဲသွားပေသည်။ ဤသည်မှာ ငါပြောဆိုပြီးဖြစ်သည့် နှုတ်ကပတ်တော်များကြောင့် ဖြစ်သည် မဟုတ်လော။ အမှု၏ အဆင့်အသီးသီးသည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ တိုးတက်မှုနှင့် ခေတ်တို့နှင့် အညီ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ အမှုသည် လုံးလုံး အရေးပါပြီး၊ လူသားမျိုးနွယ်အနေဖြင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု အနာဂတ်တွင် ရှိနိုင်ဖို့ရန်နှင့် လူသားမျိုးနွယ်သည် အဆုံးတွင် အမျိုးအစားအလိုက် ခွဲခြားခံရနိုင်ဖို့အလို့ငှာ နောက်ဆုံးသော ကယ်တင်ခြင်းအတွက် အားလုံးကို လုပ်ဆောင်ခြင်း ဖြစ်သည်။

နောက်ဆုံးသောကာလ၏ အမှုသည် နှုတ်ကပတ်တော်များကို ပြောဆိုရန် ဖြစ်သည်။ နှုတ်ကပတ်တော်များအားဖြင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။ ဤနှုတ်ကပတ်တော်များကို လက်ခံခြင်းဖြင့် ဤလူများတွင် ယခု သက်ရောက်သော အပြောင်းအလဲများသည် ကျေးဇူးတော်ခေတ်၏ နိမိတ်လက္ခဏာများ နှင့် အံ့သြဖွယ်ရာများကို လက်ခံသောသူများပေါ် သက်ရောက်ခဲ့သော အပြောင်းအလဲများထက် များစွာ ပိုမို ကြီးမားလှသည်။ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် မကောင်းဆိုးဝါးများသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူသားထံမှ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း၊ လူသားအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ကျန်ရှိနေဆဲ ဖြစ်ခဲ့သည်။ လူသည် သူ၏အနာရောဂါမှ ကုသပျောက်ကင်းခဲ့ပြီး သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ၎င်းအတွင်းရှိ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားများကို မည်သို့ ဖယ်ရှားရမည်ဆိုသည်အတွက်မူ၊ ဤအမှုကို လုပ်ဆောင်ဖို့ ရှိသေး၏။ လူသည် သူ၏ယုံကြည်ခြင်းအတွက် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝသည် ပပျောက်စေခြင်း မရှိခဲ့သကဲ့သို့၊ ၎င်းအတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ဤအရာက လူသည် သူ၏အတွင်း၌ အပြစ်မရှိတော့ဟု မဆိုလိုပေ။ လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။ ယေရှုသည် သူ၏အမှုကို လုပ်ဆောင်နေခဲ့သည့်အချိန်တွင်၊ သူနှင့်ပတ်သက်သည့် လူ၏ အသိပညာသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ လူသားက သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် အမြဲ ယုံကြည်ခဲ့ပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနုတ်ခဲ့သော စေတနာရှိသော အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့က ၎င်းတို့၏ ယုံကြည်ခြင်း ခွန်အားအပေါ် သူ့ဝတ်ရုံ၏ အစွန်းကို ထိတွေ့ခြင်းမှ အနာရောဂါငြိမ်းခဲ့ကြသည်။ မျက်စိကန်းသူ မြင်နိုင်ခဲ့ပြီး သေသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် မိမိကိုယ်ကိုယ်အတွင်း နက်ရှိုင်းစွာ အမြစ်တွယ်သည့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ရှာဖွေမတွေ့ရှိနိုင်ခဲ့သကဲ့သို့၊ ယင်းကို မည်သို့ စွန့်ပစ်ရမည်ကိုလည်း မသိခဲ့ပေ။ လူသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှု၊ မိသားစုဝင်တစ်ဦး၏ ယုံကြည်ခြင်းက မိသားစုတစ်ခုလုံးအပေါ် ကောင်းချီးမင်္ဂလာဆောင်ကြဉ်းခြင်း၊ နာမကျန်းမှုကို ပျောက်ကင်းစေခြင်း စသည်တို့ကဲ့သို့သော ကျေးဇူးတော်များစွာကို ရရှိခဲ့သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းသော လုပ်ဆောင်ချက်များနှင့် သူ၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤအရာများကို အခြေခံ၍ အသက်ရှင်နိုင်ပါက၊ ၎င်းတို့ကို လက်သင့်ခံ၍ရနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဤယုံကြည်သူမျိုးများသာ သေဆုံးပြီးနောက် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ပေသည်၊ ယင်းမှာ ၎င်းတို့ ကယ်တင်ခြင်းခံခဲ့ရသည်ဟု ဆိုလိုခဲ့ပေသည်။ သို့ရာတွင် ဤလူများက ၎င်းတို့၏ တစ်သက်တာတွင် အသက်၏လမ်းခရီးကို လုံးဝ နားမလည်ခဲ့ကြပေ။ ၎င်းတို့ လုပ်ဆောင်ခဲ့သမျှအားလုံးမှာ အပြစ်များကို ကျူးလွန်ပြီးနောက် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲရန် မည်သည့်လမ်းကြောင်းမျှ မရှိဘဲ၊ အတောမသတ်သော သံသရာစက်ဝိုင်းတစ်ခုထဲတွင် ၎င်းတို့၏ အပြစ်များကို ဝန်ချရန် ဖြစ်ခဲ့သည်။ ယင်းမှာ ကျေးဇူးတော်ခေတ်တွင် ရှိသော လူ၏အခြေအနေဖြစ်ခဲ့သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိပြီးဖြစ်ပါသလော။ မရရှိပေ။ ထို့ကြောင့် အမှု၏ ထိုအဆင့် ပြီးဆုံးခဲ့သည့်နောက်တွင်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှု ကျန်ရှိခဲ့သေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်အားဖြင့် ဖြူစင်စေရန်ဖြစ်ပြီး ထိုသို့ဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ့အား ပေးရန် ဖြစ်သည်။ လူသား၏ အပြစ်နှင့်ပြည့်သော သဘာဝကို ပပျောက်စေနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ လူသားသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်လာမည် ဖြစ်သည့်အတွက်၊ အကယ်၍ နတ်ဆိုးများကို နှင်ထုတ်ခြင်းကိုဆက်လက် လုပ်ဆောင်ခဲ့ပါက၊ ဤအဆင့်သည် အကျိုးဖြစ်ထွန်းမည် မဟုတ်သကဲ့သို့ အဓိပ္ပာယ်လည်းရှိမည် မဟုတ်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် အဆုံးသို့ ရောက်ရှိလာပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်သည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သည့်အတွက်၊ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်၊ လူသည် အပြစ်ပြုနိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ဆဲဖြစ်ကာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရယူသေးပေ။ ယင်းမှာ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်စေလျက်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးပြီး လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ပြုပြင်စေနိုင်သည်မှာ နှုတ်ကပတ်တော် ဖြစ်သည့်အတွက်၊ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိသည့်အပြင် အကျိုးလည်း ပိုမို ဖြစ်ထွန်းလေသည်။ ယင်းသည် များစွာ သာ၍ စေ့စပ်သေချာသော အမှု၏ အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံစေပြီးဖြစ်သကဲ့သို့၊ လူသား၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝ ပြီးဆုံးစေပြီး ဖြစ်သည်။

ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် တိုးဝင်ချဉ်းကပ်နိုင်ခြင်းလည်း မရှိသည့်အတွက်၊ ဘုရားသခင်၏ လူကိုကယ်တင်ခြင်းသည် ဝိညာဉ်တော်၏ နည်းစနစ်နှင့် ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာတို့ကို တိုက်ရိုက် အသုံးပြု၍ လုပ်ဆောင်ခြင်း မဟုတ်ပေ။ သူ့အနေဖြင့် ဝိညာဉ်တော်၏ ပြုမူပုံကို တိုက်ရိုက် အသုံးပြုလျက် လူသားကို ကယ်တင်ရန် ကြိုးစားခဲ့ပါက၊ လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံ လူသားတစ်ဦး၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက၊ လူသားအတွက် ဤကယ်တင်ခြင်းကို ရရှိဖို့ မဖြစ်နိုင်ပေ။ အကြောင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်အနီးသို့ မသွားနိုင်ကြသလောက်၊ လူသည် သူ့ကို ချဉ်းကပ်ခြင်းငှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူဖြစ်လာတော့မည့် ဇာတိခန္ဓာအထဲသို့ ထားရှိခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ အမှုပြုစေနိုင်ပေသည်။ ထိုအခါမှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်ကာ ကြားနိုင်သည့်အပြင်၊ သူ၏နှုတ်ကပတ်တော် ပိုင်ဆိုင်ခြင်းထဲသို့ ဝင်ရောက်နိုင်ပြီး၊ ဤနည်းဖြင့် အပြည့်အဝ ကယ်တင်ခံရနိုင်ပေသည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက၊ အသွေးအသားရှိသော မည်သူကမျှ ထိုသို့သော ကြီးမြတ်သည့် ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ မည်သည့်လူသားတစ်ဦး တစ်ယောက်ကမျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူမျိုးနွယ်အလယ်တွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက၊ လူသားမျိုးနွယ်အားလုံးသည် ဒဏ်ခတ်ခံရမည် ဖြစ်သည် သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် မဖြစ်နိုင်ဘဲလျက်၊ ၎င်းတို့သည် စာတန်၏ လုံးဝ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြမည် ဖြစ်သည်။ ပထမ လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန် ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ကားတိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း၊ ဖောက်ပြန်ပျက်စီးနေသော ဆိုးယုတ်သည့် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိခဲ့သေး၏။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အသုံးတော်ခံရန် မဟုတ်တော့ဘဲ၊ ထို့ထက် အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ခွင့်လွှတ်ခြင်း ခံရသူတို့သည် ၎င်းတို့၏အပြစ်များမှ ကယ်ဆယ်ခံရပြီး အပြည့်အဝ သန့်ရှင်းစေခြင်းခံရနိုင်ကာ၊ ပြောင်းလဲသော စိတ်သဘောထားတစ်ခုကို ရရှိခြင်းဖြင့် စာတန်၏ အမှောင်စွမ်းအားမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာနိုင်ကြဖို့အလို့ငှာ ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ လူသားသည် အပြည့်အဝ သန့်ရှင်းခြင်း ခံရနိုင်သည်။ ပညတ်တော်ခေတ် ပြီးဆုံးလာခဲ့ပြီး ကျေးဇူးတော်ခေတ်ဖြင့် အစပြုခြင်းနောက်တွင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း အမှုကို စတင်ခဲ့သည်၊ ယင်းသည် ဘုရားသခင်က လူသားမျိုးနွယ်ကို ၎င်းတို့၏ ပုန်ကန်မှုအတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် လူသားမျိုးနွယ်ကို လုံးဝ သန့်စင်စေမည့် အချိန်ဖြစ်သည့် နောက်ဆုံးသောကာလအထိ ဆက်လက် လုပ်ဆောင်လေသည်။ ထိုအခါမှသာ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်း အမှုကို အဆုံးသတ်လိမ့်မည် ဖြစ်ပြီး ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်လိမ့်မည်။ သို့ဖြစ်ရာ အမှု၏ အဆင့်သုံးဆင့်တွင် ဘုရားသခင်သည် လူသားအလယ် သူ၏ အမှုကို ကိုယ်တိုင် ဆောင်ရွက်ရန် နှစ်ကြိမ်သာ လူ့ဇာတိခံယူခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အမှု၏ အဆင့်သုံးဆင့်တွင် တစ်ဆင့်သည်သာလျှင် လူသားတို့ကို ၎င်းတို့၏အသက်တာများအား အသက်ရှင်နေထိုင်ရာတွင် လမ်းပြရန်ဖြစ်စဉ်တွင်၊ အခြားနှစ်ဆင့်မှာ ကယ်တင်ခြင်းအမှု ပါရှိသောကြောင့်ဖြစ်သည်။ လူ့ဇာတိခံခြင်းအားဖြင့်သာ ဘုရားသခင်သည် လူသားနှင့်အတူ အသက်ရှင်နိုင်သည်၊ ကမ္ဘာလောက၏ ဆင်းရဲဒုက္ခကို တွေ့ကြုံနိုင်ပြီး၊ ပုံမှန်ဇာတိခန္ဓာထဲတွင် အသက်ရှင်နိုင်သည်။ ဤနည်းဖြင့်သာ သူသည် လူတို့ကို ဖန်ဆင်းခံသတ္တဝါများအနေဖြင့် ၎င်းတို့လိုအပ်သည့် လက်တွေ့ကျသော နည်းလမ်းဖြင့် ထောက်ပံ့ပေးနိုင်သည်။ လူသားက ဘုရားသခင်၏ ပြည့်ဝသည့် ကယ်တင်ခြင်းကို ရရှိသည်မှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းမှတစ်ဆင့်ဖြစ်ပြီး၊ သူ၏ဆုတောင်းခြင်းများ အဖြေပေးခြင်းဖြင့် ကောင်းကင်ဘုံမှ တိုက်ရိုက် ရရှိခြင်း မဟုတ်ပေ။ အကြောင်းမှာ အသွေးနှင့်အသားရှိသည့် လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ချဉ်းကပ်ရန်မဆိုထားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို မြင်တွေ့ရန်ပင် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ လူသားအနေဖြင့် ထိတွေ့ဆက်ဆံလာနိုင်သည့်အရာ အားလုံးမှာ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကိုယ်သာဖြစ်ပြီး ဤနည်းဖြင့်သာလျှင် လူသားသည် လမ်းခရီးများအားလုံးနှင့် သမ္မာတရားအားလုံးကို သဘောပေါက်နိုင်ကာ ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းသည် လူသား၏ အပြစ်များကို သန့်စင်ဖယ်ရှားရန်နှင့် လူသားကို အပြည့်အဝ သန့်စင်စေရန် လုံလောက်လိမ့်မည်။ သို့ဖြစ်ရာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့်အတူ လူ့ဇာတိ၌ ဘုရားသခင်၏အမှု အလုံးစုံသည် အဆုံးတစ်ခုသို့ ရောက်ရှိသွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အရေးပါမှုသည် ပြည့်စုံ သွားလိမ့်မည်။ ထိုအချိန်မှစ၍ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုသည် အဆုံးတစ်ခုသို့ လုံးဝ ရောက်လာပြီးဖြစ်လိမ့်မည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနောက်တွင်၊ သူသည် သူ၏အမှုအတွက် တတိယအကြိမ် လူ့ဇာတိခံလာလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ သူ၏စီမံခန့်ခွဲမှု အလုံးစုံသည် အဆုံးတစ်ခုသို့ ရောက်လာပြီး ဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံယူခြင်းသည် သူ၏ ရွေးချယ်ထားသော လူတို့ကို အပြည့်အဝ ရယူပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ နောက်ဆုံးသော ကာလရှိ လူသားမျိုးနွယ်သည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်း အားလုံး ခံကြရပြီးဖြစ်ပေလိမ့်မည်။ သူသည် ကယ်တင်ခြင်းအမှုကို လုပ်ဆောင်တော့မည် မဟုတ်သကဲ့သို့၊ မည်သည့်အမှုကိုမျှ ဆောင်ရွက်ရန် လူ့ဇာတိသို့ ပြန်လာလိမ့်မည် မဟုတ်ပေ။ နောက်ဆုံးသောကာလ၏ အမှုတွင်၊ နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမို တန်ခိုးကြီးမားပြီး၊ နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နှံထားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ အားလုံးကို ဖော်ထုတ်သည်။ သင်သည် မိမိဘာသာ ထိုအရာများကို သတိပြုမိဖို့ ဖြစ်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ချထားသည့်အခါတွင်၊ သင်သည် အလိုအလျောက် ယင်းတို့ကို ရှာတွေ့လာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည် မဟုတ်သကဲ့သို့၊ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤသည်ကား နှုတ်ကပတ်တော်၏ သြဇာအာဏာ မဟုတ်လော။ ဤသည်မှာ ယနေ့ နှုတ်ကပတ်တော်၏ အမှုက ရရှိသည့် ရလဒ် ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရသည်မှာ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့မှတစ်ဆင့် မဟုတ်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသခြင်းအားဖြင့်လည်း သူသည် အပြည့်အဝ စုံလင်စေခြင်း မခံရနိုင်ပေ။ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ရန် ဩဇာအာဏာသည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော် လူသား၏ ဇာတိပကတိသည် စာတန်နှင့် သက်ဆိုင်ဆဲ ဖြစ်ပြီး၊ လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ သန့်ရှင်းစေခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့နှင့် နှီးနွှယ်ဆဲ ဖြစ်ပေသည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုဖြင့် သန့်စင်စေခြင်းခံရသည့် နောက်မှသာ သူသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်း ခံရလာနိုင်ပေသည်။ လူသားထဲ နတ်ဆိုးများကို နှင်ထုတ်ပြီး သူသည် ရွေးနုတ်ခံခဲ့ရသည့်နောက်တွင်၊ ဤသည်မှာ သူသည် စာတန်လက်ထဲမှ ဆွဲလုယူခြင်း ခံခဲ့ရပြီး၊ ဘုရားသခင်ထံသို့ ပြန်လာခဲ့သည်ကိုသာ ဆိုလိုသည်။ သို့ရာတွင် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်း သို့မဟုတ် ပြောင်းလဲစေခြင်းကို မခံရဘဲနှင့်၊ သူသည် ဖောက်ပြန်ပျက်စီးသော လူအဖြစ် ရှိနေသည်။ လူသားအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိနေဆဲ ဖြစ်သည်။ လူသည် ရွေးနုတ်ခြင်းမှတစ်ဆင့် ဘုရားသခင်ထံ ပြန်လာခဲ့ခြင်းသာ ဖြစ်သော်လည်း၊ သူသည် ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှ မရှိသကဲ့သို့၊ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။ လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခံရခြင်း အဖြစ်သို့ ရောက်ရှိသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ဦးချင်း ပြင်းပြသောဆန္ဒများ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ စစ်ဆေးဖို့၊ တရားစီရင်ဖို့နှင့် ဖွင့်ဟဖို့ နှုတ်ကပတ်တော်ကို အသုံးပြုခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများနှင့်အညီ မဆက်ဆံခြင်းဟုသာ မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။ ဥပမာအားဖြင့်၊ လူများက ၎င်းတို့သည် မောဘမှ ဆင်းသက်ခဲ့ကြသည်ကို သဘောပေါက်ကြသည့်အခါ၊ ၎င်းတို့သည် စောဒကတက်သည့် စကားများကို တင်လျှောက်ခဲ့ကြသည်၊ အသက်ကို လိုက်စားခြင်းအား ရပ်စဲခဲ့ကြပြီး၊ လုံးဝ အပျက်သဘောဆောင် လာခဲ့ကြသည်။ ဤအရာက လူသားမျိုးနွယ်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အပြည့်အဝ မကျိုးနွံမနာခံနိုင်ဆဲ ဖြစ်သည်ကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတိအကျ ဖြစ်သည် မဟုတ်လော။ သင်သည် ပြစ်တင်ဆုံးမခြင်းကို ခံရခြင်း မရှိခဲ့ချိန်တွင်၊ သင်၏ လက်များသည် အခြားသူများထက် ယေရှု၏ လက်များထက်ပင် သာ၍ မြင့်အောင် မြှောက်ထားခဲ့သည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့်၊ “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ပျပ်ဝပ်ဖို့ထက် အသေခံကြမည်။ စာတန်အိုကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးသည် တန်ခိုးအာဏာမှ လက်မှိုင်ချလျက် ကျဆင်းပါစေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်။”ဟု အော်သည်။ သင်၏ အော်ဟစ်မှုများသည် အခြားသူများ အားလုံးထက် ပိုမို ကျယ်လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမခြင်း အချိန်ကာလ ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်ပြခံရလေသည်။ ထိုအခါ ၎င်းတို့၏ ဟစ်အော်မှုများ ရပ်စဲသွားခဲ့ပြီး၊ ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက် ကျရှုံးသွားခဲ့သည်။ ဤသည်မှာ လူ၏ ဖောက်ပြန်ပျက်စီးခြင်း ဖြစ်သည်။ အပြစ်ထက်ပို၍ နက်ရှိုင်းနေလျက်၊ ယင်းသည် စာတန်က အခိုင်အမာတည်ထားသည့်အရာတစ်ခု ဖြစ်ပြီး၊ လူသား၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည်။ လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။ လူသည် သူ၏ မွေးရာပါ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နားလည်ခြင်း မရှိခဲ့သောကြောင့်၊ ထိုသို့ အော်ဟစ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ လူ့အတွင်း၌ရှိသော မသန့်စင်မှုများ ဖြစ်သည်။ ထိုသို့သော ရှည်ကြာသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ကာလတစ်လျှောက်တွင်၊ လူသည် တင်းမာမှုရှိသော အခြေအနေ တစ်ခုတွင် အသက်ရှင်ခဲ့ရသည်။ ဤအရာအားလုံးကို နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းပေးမှုဖြင့် စွမ်းဆောင်ရရှိခဲ့သည် မဟုတ်လော။ အစေခံသူများနှင့်ဆိုင်သည့် စမ်းသပ်မှုများမတိုင်မီတွင် သင်သည်လည်း အလွန်ကျယ်လောင်သော အသံဖြင့် ဟစ်အော်ခဲ့သည် မဟုတ်လော။ “နိုင်ငံတော်ထဲသို့ ဝင်ရောက် ကြလော့။ ဤနာမတော်ကို လက်ခံသူအားလုံးတို့သည် နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြလိမ့်မည်။ အားလုံးသည် ဘုရားသခင်၌ ပါဝင်ကြလိမ့်မည်။” အစေခံသူများနှင့်ဆိုင်သည့် စမ်းသပ်မှု ရောက်လာသည့်အခါတွင်၊ သင်သည် မအော်ဟစ်တော့ပေ။ တကယ့်အစတွင်၊ အားလုံးက “အို ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်ကို မည်သည့်နေရာ၌ ထားသည်ဖြစ်စေ၊ ကိုယ်တော်၏ လမ်းကြောင်း ပေးခြင်းခံလျက်၊ ကျွန်ုပ်သည် ကိုယ်တော်ကို ကျိုးနွံနာခံပါမည်။” ဟု ဟစ်အော်ခဲ့ကြသည်။ “မည်သူသည် ငါ၏ ပေါလု ဖြစ်မည်နည်း။” ဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ၊ လူတို့က “ကျွန်ုပ် ဖြစ်လိုပါသည်။”ဟု ပြောကြသည်။ ထို့နောက် ၎င်းတို့က “ပြီးလျှင် ယောဘ၏ ယုံကြည်ခြင်းကား အဘယ်နည်း။” ဟူသော နှုတ်ကပတ်တော်များကို မြင်ခဲ့ကြပြီး၊ “ကျွန်ုပ်သည် ယောဘ၏ ယုံကြည်ခြင်းကို မိမိဘာသာ ခံယူလိုပါသည်။ ဘုရားသခင် ကျွန်ုပ်ကို စမ်းသပ်တော်မူပါ။” ဟုပြောခဲ့ကြသည်။ အစေခံသူများနှင့်ဆိုင်သည့် စမ်းသပ်မှု ရောက်လာသည့်အခါတွင်၊ ၎င်းတို့သည် ချက်ချင်း လဲပြိုသွားကြပြီး၊ တစ်ဖန် ပြန်မရပ်နိုင်ကြချေ။ ထို့နောက်တွင် ၎င်းတို့၏ စိတ်နှလုံးများထဲက မသန့်စင်မှုများသည် နည်းနည်းချင်း တဖြည်းဖြည်း လျော့လာခဲ့သည်။ ဤအရာကို နှုတ်ကပတ်တော်မှတစ်ဆင့် စွမ်းဆောင်ရရှိခဲ့သည် မဟုတ်လော။ သို့ဆိုလျှင် ယနေ့ သင်တို့ တွေ့ကြုံပြီးသည့် အရာများမှာ နှုတ်ကပတ်တော်မှ တစ်ဆင့် စွမ်းဆောင်ရရှိသော ရလဒ်များ ဖြစ်ပြီး ယေရှု၏ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာ အမှုများနှင့်ဆိုင်သည့် အမှုမှတစ်ဆင့် စွမ်းဆောင်ရရှိခဲ့သည့် အရာများထက်ပင် သာ၍ ကြီးမားသည်။ သင် မြင်သည့် ဘုရားသခင်၏ ဘုန်းသရေနှင့် သင် မြင်သည့် ဘုရားသခင် ကိုယ်တော်တိုင်၏ ဩဇာအာဏာတို့သည် ကားစင်တင်ခံရခြင်းအားဖြင့်၊ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုး များကို နှင်ထုတ်ခြင်းအားဖြင့် မြင်တွေ့ရုံမျှ မြင်တွေ့ရသည်မဟုတ်ဘဲ၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအားဖြင့် သာ၍ပင် ထိုသို့ မြင်တွေ့ရပေသည်။ ဤအရာက ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးတို့သည် နိမိတ်လက္ခဏာများ ပြုခြင်း၊ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့သာ ပါရှိသည် မဟုတ်ဘဲ၊ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ ဩဇာအာဏာကို သာ၍ ကိုယ်စားပြုနိုင်ပြီး သူ၏ အနန္တတန်ခိုးကို သာ၍ ထုတ်ဖော်ပြပြုနိုင်ပေသည်။

ယခု လူသားက စွမ်းဆောင်ရရှိသည့်အရာများ- လူ၏ လက်ရှိ ဝိညာဉ်ရင့်ကျက်မှု၊ အသိပညာ၊ ချစ်ခြင်းမေတ္တာ၊ သစ္စာစောင့်သိမှု၊ နာခံမှုနှင့် ထိုးထွင်းသိမြင်မှု- ဤအရာတို့သည် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းမှတစ်ဆင့် ကြိုးပမ်းရရှိသော ရလဒ်များ ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိတိုင် သစ္စာစောင့်သိမှု ရှိနိုင်ခြင်းနှင့် ဆက်လက် ရပ်တည်နေနိုင်ခြင်းတို့ကို နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းပေးမှု မှတစ်ဆင့် ကြိုးပမ်းရရှိပေသည်။ ယခုတွင် လူသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုက ဧကန်အမှန် ထူးခြားသကဲ့သို့၊ ထိုအထဲတွင် လူသားက ကြိုးပမ်းမရရှိနိုင်သောအရာ အများအပြား ရှိကာ၊ နက်နဲမှုများနှင့် အံ့သြဖွယ်ရာများ ရှိသည်ကို မြင်ရလေသည်။ သို့ဖြစ်ရာ များစွာတို့သည် ကျိုးနွံနာခံကြပြီးဖြစ်သည်။ အချို့သောသူများသည် ၎င်းတို့မွေးဖွားသည့် နေ့ရက်ကတည်းက မည်သည့်လူကိုမျှ ကျိုးနွံနာခံဖူးခြင်း မရှိဘဲ၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့မြင်သည့်အခါ၊ ၎င်းတို့ ထိုသို့ပြုမူသည်ကို သတိမထားမိဘဲ အပြည့်အဝ ကျိုးနွံနာခံကြပြီး၊ အခြားမည်သည့်အရာကိုမျှ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် သို့မဟုတ် ပြောဆိုရန် အရဲမစွန့်ကြချေ။ လူသားမျိုးနွယ်သည် နှုတ်ကပတ်တော် အောက်သို့ ကျရောက်ကြပြီးဖြစ်ကာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်း အောက်တွင် ပျပ်ဝပ်လျက် ရှိနေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသားထံ တိုက်ရိုက်စကားပြောဆိုခဲ့ပါက၊ လူသားမျိုးနွယ်သည် ဒမာသက်မြို့သို့ သွားရာလမ်းတွင် ပေါလုသည် အလင်းရောင်ထဲ၌ မြေကြီးပေါ် လဲကျသွားသကဲ့သို့ပင်၊ ထုတ်ဖော်ပြခြင်း နှုတ်ကပတ်တော်များမရှိဘဲ လဲကျလျက်၊ အားလုံးက အသံတော်ကို ကျိုးနွံနာခံကြပေမည်။ ဘုရားသခင်သည် ဤနည်းဖြင့် ဆက်လက်အမှုပြုခဲ့ပါက၊ လူသည် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်း မှတစ်ဆင့် သူ၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို မည်သည့်အခါမျှ သိလာနိုင်မည် မဟုတ်သကဲ့သို့၊ ထိုသို့ဖြင့် ကယ်တင်ခြင်းကို ရရှိမည် မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင်၊ နားရှိသော သူအားလုံးတို့သည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး နှုတ်ကပတ်တော်အားဖြင့် သူ၏ တရားစီရင်ခြင်းအမှုကို ရရှိနိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို လူသားအယောက်စီတိုင်း၏ နားများထဲသို့ ကိုယ်တိုင်ကိုယ်ကျ ပေးပို့နိုင်သည်။ ဤအရာသည်သာ လူသားကို ကျိုးနွံနာခံစေခြင်း အဖြစ်သို့ ခြောက်လှန့်ရန် ဝိညာဉ်တော်က ထင်ရှားခြင်းထက်၊ သူ၏နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသောရလဒ် ဖြစ်သည်။ လူသည် အသိအမှတ်ပြုပြီး ပြောင်းလဲနိုင်ရန် အလို့ငှာ၊ နှစ်ပေါင်းများစွာ အတွင်းတွင် နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည့် လူ၏ စိတ်သဘောထားဟောင်းများကို အပြည့်အဝ ဖော်ထုတ် ပေးနိုင်သည်မှာ၊ ဤလက်တွေ့ကျသော်လည်း ထူးခြားသည့် အမှုမှတစ်ဆင့်သာ ဖြစ်ပေသည်။ ဤအရာများသည် လက်တွေ့ကျသည့် နည်းဟန်ဖြင့် စကားပြောဆိုခြင်းနှင့် တရားစီရင်ခြင်းကို စီမံဆောင်ရွက်သည့် လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျသော အမှုအားလုံးဖြစ်သည်၊ သူသည် လူအပေါ် တရားစီရင်ခြင်း၏ ရလဒ်များကို နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ ဩဇာအာဏာနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အရေးပါမှု ဖြစ်သည်။ ယင်းကို လူ့ဇာတိခံ ဘုရားသခင်၏ ဩဇာအာဏာကို သိရှိစေဖို့၊ နှုတ်ကပတ်တော်၏ အမှုအားဖြင့် စွမ်းဆောင်ရရှိသော ရလဒ်များကို သိရှိစေဖို့နှင့် ဝိညာဉ်တော်သည် လူ့ဇာတိခံယူပြီး လူကို နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ဩဇာအာဏာအား ပြသပြီးဖြစ်သည်ကို သိရှိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ သူ၏ ဇာတိခန္ဓာသည် သာမန်နှင့် ပုံမှန်လူ့သဘာဝ၏ ပြင်ပသဏ္ဌာန် ဖြစ်သော်လည်း၊ ယင်းသည် သူသည် ဩဇာအာဏာနှင့် ပြည့်ဝကြောင်း၊ သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ကြောင်းနှင့် သူ၏ နှုတ်ကပတ်တော်များသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ဖော်ပြချက် ဖြစ်ကြောင်းတို့ကို လူသားအားပြသသည့် သူ၏နှုတ်ကပတ်တော်များက စွမ်းဆောင်ရရှိသော ရလဒ်များဖြစ်သည်။ ဤနည်းလမ်းအားဖြင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ကြောင်း၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်း၊ သူ့ကို မည်သူမျှ ပုန်ကန်ပြစ်မှားဖို့ မဟုတ်ကြောင်းနှင့် နှုတ်ကပတ်တော်အားဖြင့် သူ၏ တရားစီရင်ခြင်းကို မည်သူမျှ မကျော်လွှားနိုင်သကဲ့သို့၊ မည်သည့် အမှောင် အင်အားစုကမျှ သူ၏ဩဇာအာဏာအပေါ် မလွှမ်းမိုးနိုင် ကြောင်းကို လူသားမျိုးနွယ် အားလုံးထံ ပြသပေသည်။ သူသည် လူ့ဇာတိကိုခံသည့် နှုတ်ကပတ်တော် ဖြစ်သောကြောင့်၊ သူ၏ဩဇာအာဏာကြောင့်၊ ပြီးလျှင် နှုတ်ကပတ်တော်အားဖြင့် သူ၏တရားစီရင်ခြင်းတို့ကြောင့် လူသည် သူ့ကို လုံးဝ ကျိုးနွံနာခံသည်။ သူ၏ လူ့ဇာတိခံ ခန္ဓာအားဖြင့် ဆောင်ကြဉ်းခဲ့သည့် အမှုသည် သူပိုင်ဆိုင်သော ဩဇာအာဏာ ဖြစ်သည်။ သူ လူ့ဇာတိခံယူသည့်အကြောင်းရင်းမှာ လူ့ဇာတိသည်လည်း ဩဇာအာဏာကို ပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်ပြီး၊ သူသည် လူသားတို့အလယ်တွင် လက်တွေ့ကျသော နည်းတစ်ခု၊ လူသားအဖို့ မြင်၍ရနိုင်ကာ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် နည်းလမ်းတစ်ခုဖြင့် အမှုကို ဆောင်ရွက်နိုင်စွမ်းရှိသောကြောင့်၊ ဖြစ်လေသည်။ ဤအမှုသည် ဩဇာအာဏာအားလုံးကို ပိုင်ဆိုင်သော ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှုထက် များစွာ ပိုမို လက်တွေ့ကျပြီး ယင်း၏ ရလဒ်များသည်လည်း သိသာထင်ရှားလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် လက်တွေ့ကျသော နည်းလမ်းဖြင့် စကားပြောဆိုနိုင်ပြီး အမှုပြုနိုင်သောကြောင့် ဖြစ်သည်။ သူ၏ လူ့ဇာတိခန္ဓာ၏ ပြင်ပသဏ္ဌာန်သည် မည်သည့် ဩဇာအာဏာကိုမျှ စွဲကိုင်ထားခြင်း မရှိသကဲ့သို့၊ လူသားအနေဖြင့် ချဉ်းကပ်၍ရနိုင်သည်၊ သူ၏ အနှစ်သာရမှာမူ ဩဇာအာဏာကို သယ်ဆောင်ထားသော်လည်း၊ သူ၏ ဩဇာအာဏာသည် မည်သူအဖို့မျှ မြင်၍မရနိုင်ပေ။ သူသည် စကားပြောဆိုပြီး အမှုပြုသောအခါတွင်၊ လူသည် သူ၏ အခွင့်အာဏာ၏ တည်ရှိမှုကို သတိမပြုမိနိုင်ပေ။ ဤအရာက လက်တွေ့ကျသော သဘာဝနှင့်ဆိုင်သည့် အမှုကို လုပ်ဆောင်ရာ၌ သူကို လွယ်ကူချောမောစေသည်။ ဤလက်တွေ့ကျသော အမှုအားလုံးသည် ရလဒ်များ စွမ်းဆောင် ရရှိနိုင်သည်။ သူသည် အခွင့်အာဏာအား ကိုင်စွဲထားသည်ကို မည်သည့်လူကမျှ မသိသော်လည်း၊ သို့မဟုတ် သူသည် ပုန်ကန်ပြစ်မှားခံရဖို့ မဟုတ်သည်ကို မမြင်နိုင်သော်လည်း၊ သို့မဟုတ် သူ၏အမျက်ဒေါသကို မမြင်နိုင်သော်လည်း၊ သူသည် သူ၏ ဖုံးကွယ်ထားသော ဩဇာအာဏာ၊ သူ၏ ကွယ်ဝှက်ထားသော အမျက်ဒေါသနှင့် သူ ပွင့်ပွင့်လင်းလင်း ပြောဆိုသည့် နှုတ်ကပတ်တော်များမှတစ်ဆင့် သူသည် သူ၏နှုတ်ကပတ်တော်များ၏ ရည်ရွယ်ထားသော ရလဒ်များကို စွမ်းဆောင်ရရှိလေသည်။ တစ်နည်းအားဖြင့်၊ သူ၏အသံနေအသံထား၊ သူ့ဟောပြောချက် ပြင်းထန်မှုနှင့် သူ့နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာ အားလုံးမှတစ်ဆင့် လူသည် လုံးဝ ယုံကြည်လက်ခံရပေသည်။ ဤနည်းဖြင့် လူသည် အမြင်အားဖြင့် ဩဇာအာဏာ ရှိပုံမရသော လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျိုးနွံနာခံ၏၊ ထိုသို့ဖြင့် လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ရည်မှန်းချက်ကို ဖြည့်ဆည်းလေသည်။ ဤသည်မှာ သူ၏လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သည့် အရေးပါမှု၏ အခြားသောရှုထောင့်ဖြစ်သည်- ယင်းမှာ လူသားသည် ဘုရားနှုတ်ကပတ်တော်၏ တန်ခိုးကို မျက်မြင်တွေ့ကြုံနိုင်ဖို့လို့ငှာ၊ သာ၍ လက်တွေ့ကျစွာ ပြောဆိုရန်နှင့် သူ့နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို လူသားအပေါ်သို့ အကျိုးသက်ရောက်မှု ရှိစေရန် ဖြစ်သည်။ ထို့ကြောင့် ဤအမှုကို လူ့ဇာတိခံယူခြင်းအားဖြင့် မလုပ်ဆောင်ခဲ့ပါက၊ ရလဒ်များ စိုးစဉ်မျှ စွမ်းဆောင်ရရှိမည် မဟုတ်သကဲ့သို့၊ အပြစ်သားများကို အပြည့်အဝ ကယ်တင်နိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက၊ သူသည် လူသားအဖို့ မြင်၍မရနိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင် ပြ၍လည်း မရနိုင်သည့် ဝိညာဉ်တော်အဖြစ် ကျန်ရှိနေမည် ဖြစ်သည်။ လူသားသည် ဇာတိပကတိရှိသည့် ဖန်ဆင်းခံ ဖြစ်လျက်၊ သူနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး မတူကွဲပြားသော သဘာဝများကို ပိုင်ဆိုင်ကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိရှိသည့် လူသားနှင့် သဟဇာတ မဖြစ်သကဲ့သို့၊ လူသားသည် ဝိညာဉ်တစ်ပါးအဖြစ်သို့ ပြောင်းလဲနိုင်စွမ်း မရှိသည်ကို ပြောစရာပင် မလိုဘဲ၊ ၎င်းတို့အကြားတွင် ဆက်ဆံရေးများ တည်ဆောက်ရန် တကယ့်ကို မဖြစ်နိုင်ပေ။ ဤသို့ဖြစ်ရာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏မူလအမှုကို လုပ်ဆောင်ရန်အလို့ငှာ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်လာရမည် ဖြစ်သည်။ ဘုရားသခင်သည် အမြင့်ဆုံးသောနေရာသို့ တက်ကြွ သွားနိုင်သကဲ့သို့၊ လူသားမျိုးနွယ်အလယ်တွင် အလုပ်လုပ်ရင်းနှင့် ၎င်းတို့အလယ်၌ အသက်ရှင်ရင်း၊ ဖန်ဆင်းခံ လူသားတစ်ဦးဖြစ်လာရန် မိမိကိုယ်ကိုယ် နှိမ့်ချနိုင်သည်၊ သို့သော် လူသားသည် အနိမ့်ဆုံးသော နေရာသို့ ဆင်းသက်နိုင်ဖို့ မဆိုထားနှင့်၊ အမြင့်ဆုံးသောနေရာသို့ မတက်နိုင်သကဲ့သို့ ဝိညာဉ်တစ်ပါးလည်း မဖြစ်လာနိုင်ပေ။ ဤသည်မှာ ဘုရားသခင်က သူ၏အမှုကို ဆောင်ရွက်ရန် လူ့ဇာတိကို ခံယူရမည့် အကြောင်းရင်း ဖြစ်သည်။ ထိုနည်းတူ ပထမအကြိမ် လူ့ဇာတိ ခံယူစဉ်အတောအတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာသည်သာ သူ၏ကားစင်တင် ခံရခြင်းမှတစ်ဆင့် လူသားကို ရွေးနုတ်နိုင်ခဲ့သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်အတွက်မူ လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ် ကားစင်တင်ခံရဖို့ ဆိုသည်မှာ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားအတွက် အပြစ်ဖြေရာ ယဇ်အနေနှင့် အစေခံရန် တိုက်ရိုက် လူ့ဇာတိ ခံယူနိုင်ခဲ့သော်လည်း၊ လူသားသည် ဘုရားသခင်က သူ့အတွက် ပြင်ဆင်ထားပေးသော အပြစ်ဖြေရာယဇ်ကို ယူဆောင်ရန် ကောင်းကင်ဘုံသို့ တိုက်ရိုက် တက်မသွားနိုင်ပေ။ ဤသို့ဖြစ်ရာ လူသားသည် အပြစ်ဖြေရာယဇ်ကို ရရှိနိုင်ရန် မဆိုထားနှင့်၊ သူသည် ကျဆုံးခဲ့ပြီးဖြစ်သည့်အပြင် လူသားသည် ကောင်းကင်ဘုံသို့ တကယ်ကို တက်မသွားနိုင်သည့်အတွက်၊ ဖြစ်နိုင်သမျှမှာ ဤကယ်တင်ခြင်းကို ရယူရန် လူသားအား ကောင်းကင်ဘုံသို့ မတက်စေဘဲ၊ ကောင်းကင်နှင့် မြေကြီးအကြား အကြိမ်အနည်းငယ် ခေါက်တုံ့ခေါက်ပြန် သွားလာပေးရန် ဘုရားသခင်ကို တောင်းဆိုရန်သာ ဖြစ်ပေမည်။ ထို့ကြောင့် ယေရှုအတွက် လူသားမျိုးနွယ်အလယ် ကြွလာပြီး လူသားက တကယ်ကို မပြီးမြောက်မအောင်မြင်နိုင်သည့် အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် လိုအပ်ခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံယူသည့်အကြိမ်တိုင်းတွင်၊ ယင်းသည် အကြွင်းမဲ့ လိုအပ်မှုကြောင့် ဖြစ်သည်။ အကယ်၍ မည်သည့် အဆင့်ကိုမဆို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်နိုင်ခဲ့မည် ဆိုပါက၊ သူသည် လူ့ဇာတိခံယူရခြင်း၏ သိက္ခာကျခြင်း အဖြစ်သို့ ကျိုးနွံနာခံပြီးဖြစ်မည် မဟုတ်ပေ။

အမှု၏ ဤနောက်ဆုံးအဆင့်တွင် ရလဒ်များကို နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုဖြင့် စွမ်းဆောင်ရရှိပေသည်။ နှုတ်ကပတ်တော်မှတစ်ဆင့် လူသည် နက်နဲမှုများစွာနှင့် အတိတ် မျိုးဆက်များတစ်လျှောက် ဘုရားသခင်လုပ်ဆောင်ခဲ့သော အမှုတို့ကို နားလည်လာသည်။ နှုတ်ကပတ်တော်မှတစ်ဆင့် လူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ခံရသည်။ နှုတ်ကပတ်တော်မှတစ်ဆင့်၊ လူသည် ယခင်မျိုးဆက်များက မည်သည့်အခါမျှ လုံးဝ မဖြေရှင်းဖူးသည့် နက်နဲမှုများအပြင်၊ အတိတ်အချိန်ကာလများမှ ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်နှင့် ၎င်းတို့အလုပ်လုပ်ရာတွင် အသုံးပြုခဲ့သည့် အခြေခံသဘောတရားများကို နားလည်လာသည်။ နှုတ်ကပတ်တော်မှတစ်ဆင့်၊ လူသည် ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားအပြင် လူ၏ ပုန်ကန်မှုနှင့် ခုခံခြင်းတို့ကိုလည်း နားလည်လာပြီး၊ သူကိုယ်တိုင်၏ အနှစ်သာရကို သိနားလည်လာသည်။ အမှု၏ ဤအဆင့်များမှတစ်ဆင့်၊ ပြီးလျှင် ပြောကြားခဲ့သော နှုတ်ကပတ်တော်များအားလုံးမှတစ်ဆင့်၊ လူသည် ဝိညာဉ်တော်၏ အလုပ်၊ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာ လုပ်ဆောင်သည့် အမှုနှင့် ထို့ထက်ပင်သာ၍ သူ၏ အလုံးစုံသော စိတ်သဘောထားကို သိလာသည်။ ဘုရားသခင်၏ အနှစ်ခြောက်ထောင်ကျော်ကြာ စီမံခန့်ခွဲခြင်း အမှုနှင့်ဆိုင်သည့် သင်၏ အသိပညာကိုလည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိပေသည်။ သင်၏ ယခင်က အယူအဆများနှင့် ယင်းတို့ကို ဘေးဖယ်ထားရာ၌ သင်၏ အောင်မြင်မှုနှင့်ဆိုင်သော အသိပညာသည်လည်း နှုတ်ကပတ်တော် မှတစ်ဆင့် ကြိုးပမ်းရရှိခဲ့သည်မဟုတ်လော။ ယခင်အဆင့်တွင်၊ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုခဲ့သော်လည်း၊ ဤအဆင့်တွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ မရှိပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အဘယ်ကြောင့် ထုတ်ဖော်မပြသည်နှင့်ဆိုင်သည့် သင်၏နားလည်မှုသည်လည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိသည်မဟုတ်လော။ ထို့ကြောင့် ဤအဆင့်တွင် ပြောဆိုထားသော နှုတ်ကပတ်တော်တို့သည် အတိတ်မျိုးဆက်များမှ တမန်တော်များနှင့် ပရောဖက်များ လုပ်ဆောင်ခဲ့ကြသော အလုပ်ကို ကျော်လွန်သည်။ ပရောဖက်များ ပြောကြားခဲ့ကြသော ပရောဖက်ပြုချက်များသည်ပင်လျှင် ဤရလဒ်ကို မရရှိနိုင်ဖူးပေ။ ပရောဖက်များသည် ပရောဖက်ပြုချက်များကိုသာ ပြောဆိုခဲ့ကြသည်၊ ၎င်းတို့သည် အနာဂတ်တွင် မည်သည့်အရာ ဖြစ်မည်ဆိုသည်ကို ပြောဆိုခဲ့ကြသော်လည်း၊ ထိုအချိန်က ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိခဲ့သည့် အမှုကို မပြောဆိုခဲ့ကြပေ။ ၎င်းတို့သည် အသက်ကို အပ်နှင်းရန် မဆိုထားနှင့်၊ လူသားမျိုးနွယ်ကို ၎င်းတို့၏ အသက်တာများတွင် ဦးဆောင်လမ်းပြရန် သို့မဟုတ် လူသားမျိုးနွယ် အပေါ် သမ္မာတရားများ အပ်နှင်းရန် သို့မဟုတ် ၎င်းတို့ထံ နက်နဲမှုများကို ထုတ်ဖော်ပြရန် မပြောဆိုခဲ့ကြချေ။ ဤအဆင့်တွင် ပြောဆိုခဲ့သော စကားများထဲတွင်၊ ပရောဖက်ပြုချက်နှင့် သမ္မာတရားများ ရှိသော်လည်း၊ ဤစကားများသည် အဓိကအားဖြင့် လူသားအပေါ် အသက်ကို အပ်နှင်းရန် အသုံးတော်ခံကြလေသည်။ လက်ရှိ စကားများမှာ ပရောဖက်များ၏ ပရောဖက်ပြုချက်များနှင့် မတူပေ။ ဤသည်မှာ လူ၏ အသက်တာအတွက်၊ လူ၏ အသက် စိတ်သဘောထားကို ပြောင်းလဲရန်ဖြစ်သည့် အမှု၏ အဆင့်တစ်ခု ဖြစ်ပြီး၊ ပရောဖက်ပြုချက်များကို ပြောဆိုခြင်းအတွက် မဟုတ်ပေ။ ပထမအဆင့်မှာ ယေဟောဝါ၏ အမှုဖြစ်ခဲ့သည်- သူ၏ အမှုမှာ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို ကိုးကွယ်ရန် လူသားအတွက် လမ်းကြောင်းတစ်ခု ပြင်ဆင်ပေးရန် ဖြစ်ခဲ့သည်။ ယင်းမှာ ကမ္ဘာမြေပေါ်ရှိ အမှုအတွက် မူလနေရာတစ်ခုကို ရှာတွေ့ဖို့ အစပြုခြင်း အမှု ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ယေဟောဝါက ဣသရေလ လူမျိုးတို့ကို ဥပုသ်နေ့အား စောင့်ထိန်းရန်၊ ၎င်းတို့၏ မိဘများကို ရိုသေရန်နှင့် အချင်းချင်း ငြိမ်းချမ်းစွာ အသက်ရှင်ရန် သွန်သင်ပေးခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က လူတို့သည် လူကို မည်သည့်အရာဖြင့် ဖွဲ့စည်းထားသည်ကို နားမလည်ခဲ့သကဲ့သို့၊ ကမ္ဘာမြေကြီးပေါ်တွင် မည်သို့ အသက်ရှင်ရမည် နားမလည်ခဲ့သောကြောင့် ဖြစ်သည်။ သူ့အတွက် အမှု၏ ပထမအဆင့်အတွင် လူသားမျိုးနွယ်အား ၎င်းတို့၏ အသက်တာများကို အသက်ရှင်နေထိုင်ရာတွင် လမ်းပြရန် လိုအပ်ခဲ့ပေသည်။ ယေဟောဝါက ၎င်းတို့ကို ပြောကြားသည့်အရာအားလုံးအား လူသားမျိုးနွယ်က ယခင်က မသိရှိခဲ့ကြသေးပေ သို့မဟုတ် ၎င်းတို့၏ ပိုင်ဆိုင်မှုတွင် မရှိခဲ့သေးပေ။ ထိုအချိန်က ဘုရားသခင်သည် ပရောဖက်များစွာကို ပရောဖက်ပြုချက်များ ပြောဆိုရန် ပျိုးထောင်ပေးခဲ့ပြီး၊ ၎င်းတို့အားလုံးသည် ယေဟောဝါ၏ လမ်းပြမှုအောက်တွင် ထိုသို့ လုပ်ဆောင်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုထဲက အချက်တစ်ချက်သာ ဖြစ်သည်။ ပထမဆင့်တွင်၊ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့သောကြောင့်၊ သူသည် လူမျိုးနွယ်စုနှင့် တိုင်းနိုင်ငံအားလုံးကို ပရောဖက်များမှ တစ်ဆင့် ညွှန်ကြားခဲ့သည်။ ယေရှုသည် သူ၏ အချိန်ကာလတွင် အမှုပြုခဲ့ချိန်တွင်၊ သူသည် မျက်မှောက်ခေတ်လောက် စကားမပြော ခဲ့ချေ။ နောက်ဆုံးသော ကာလတွင် နှုတ်ကပတ်တော်၏ အမှုနှင့်ဆိုင်သော ဤအဆင့်ကို အတိတ် ခေတ်များနှင့် မျိုးဆက်များတွင် မည်သည့်အခါမျှ မလုပ်ဆောင်ဖူးသေးပေ။ ဟေရှာယ၊ ဒံယေလနှင့် ယောဟန်တို့သည် ပရောဖက်ပြုချက်များစွာ ပြောဆိုခဲ့သော်လည်း၊ ၎င်းတို့၏ ပရောဖက်ပြုချက်များသည် ယခု ပြောဆိုသော နှုတ်ကပတ်တော်များနှင့် လုံးဝ ခြားနားသည်။ ၎င်းတို့ ပြောဆိုခဲ့သည့်အရာများမှာ ပရောဖက်ပြုချက်များသာ ဖြစ်သော်လည်း၊ ယခု ပြောဆိုသော နှုတ်ကပတ်တော်များမှာ ထိုသို့မဟုတ်ပေ။ ငါသည် ယခု ငါ ပြောဆိုသည့်အရာအားလုံးကို ပရောဖက်ပြုချက်များအဖြစ် ပြောင်းလဲခဲ့မည်ဆိုပါက၊ သင်တို့ နားလည်နိုင်မည်လော။ အကယ်၍ ငါပြောဆိုသော အရာသည် ငါမရှိတော့သည့်နောက် ကိစ္စရပ်များ ဖြစ်သည်ဆိုပါက၊ သင် မည်သို့ သိနားလည်မှု ရရှိနိုင်မည်နည်း။ နှုတ်ကပတ်တော်၏ အမှုသည် ယေရှု၏ အချိန် သို့မဟုတ် ပညတ်တော်ခေတ်တွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ပေ။ အချို့က “ယေဟောဝါသည်လည်း သူ၏ အမှုနှင့်ဆိုင်သည့် အချိန်ကာလတွင် နှုတ်ကပတ်တော်များ ပြောဆိုခဲ့သည် မဟုတ်လော။ ယေရှုသည် အနာရောဂါ ပျောက်ကင်းစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုခြင်းအပြင် သူအမှုပြုနေခဲ့သည့် ထိုအချိန်တွင် နှုတ်ကပတ်တော်များကိုလည်း ပြောဆိုခဲ့သည် မဟုတ်လော။” ဟု ပြောကောင်းပြောပေမည်။ ပြောဆိုသည့်အရာများအကြားတွင် ခြားနားချက်များရှိသည်။ ယေဟောဝါ မိန့်မြွက်ခဲ့သည့် နှုတ်ကပတ်တော်များ၏ အနှစ်သာရမှာ အဘယ်နည်း။ သူသည် လူသားမျိုးနွယ်ကို ကမ္ဘာမြေပေါ်၌ ၎င်းတို့၏ အသက်တာများအား နေထိုင်ရာတွင်သာ လမ်းပြနေခဲ့သည်၊ ယင်းသည် အသက်တာထဲက ဝိညာဉ်ရေးရာ ကိစ္စရပ်များ မပါဝင်ခဲ့ပေ။ ယေဟောဝါ စကားပြောဆိုသည့်အခါ၊ ယင်းသည် နေရာတကာရှိ လူတို့ကို ညွှန်ကြားရန် ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ “ညွှန်ကြားသည်” ဆိုသည့်စကားမှာ တိကျပြတ်သားစွာနှင့် တိုက်ရိုက် အမိန့်ပေးသည်ကို ဆိုလိုပါသည်။ သူသည် လူကို အသက် မထောက်ပံ့ခဲ့ပေ။ ယင်းထက် သူသည် လူကို လက်ဖြင့် ဆောင်ယူခဲ့ပြီး သူ့ကို မည်သို့ ရိုသေလေးမြတ်ရမည်ကိုသာ ပုံဆောင်ဝတ္ထုနည်းလမ်းသိပ်မပါဘဲ သွန်သင်ခဲ့သည်။ ဣသရေလတွင် ယေဟောဝါပြုခဲ့သည့် အမှုသည် လူသားကို ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် ပဲ့ပြင်ဆုံးမရန် သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ပေးရန် မဟုတ်ခဲ့ပေ၊ ယင်းမှာ လူသားကို လမ်းပြရန် ဖြစ်သည်။ ယေဟောဝါက တောထဲတွင် မန္နမုန့်ကို စုဆောင်းရန် သူ၏ လူတို့ကို ပြောဖို့ မောရှေကို အမိန့်ပေးခဲ့သည်။ နေမထွက်မီ နံနက်တိုင်းတွင်၊ ၎င်းတို့သည် ထိုနေ့ ၎င်းတို့အတွက် စားလောက်ရုံမျှသာ မန္နမုန့်များကို စုကြရသည်။ မန္နမုန့်များသည် မှိုတက်ကုန်မည် ဖြစ်သည်နှင့်အမျှ နောက်နေ့ထိ သိမ်းဆည်းထား၍ မရနိုင်ပေ။ သူသည် လူတို့ကို ဩဝါဒမပေးခဲ့ပေ သို့မဟုတ် ၎င်းတို့၏ သဘာဝများကို မဖော်ထုတ်ခဲ့သကဲ့သို့ ၎င်းတို့၏ စိတ်ကူးများနှင့် အတွေးများကိုလည်း မဖော်ထုတ်ခဲ့ပေ။ သူသည် လူတို့ကို မပြောင်းလဲခဲ့ဘဲ ၎င်းတို့၏ အသက်တာများကို နေထိုင်အသက်ရှင်ရာတွင် ၎င်းလမ်းပြခဲ့သည်။ ထိုအချိန်က လူတို့သည် ကလေးသူငယ်များအလား မည်သည့်အရာကိုမျှ နားလည်ခြင်း မရှိသကဲ့သို့၊ အခြေခံ သဘာဝလှုပ်ရှားမှုနှင့် ကျိုးကြောင်းဆက်စပ်သော အခြေခံ လှုပ်ရှားမှုအချို့ကိုသာ လုပ်နိုင်စွမ်းရှိခဲ့ကြသည်၊ ထို့ကြောင့် ယေဟောဝါသည် လူထုတို့ကို လမ်းပြရန် ပညတ်တရားများကိုသာ ထုတ်ပြန်ကြေငြာခဲ့သည်။

မှန်ကန်သော စိတ်နှလုံးဖြင့် ရှာဖွေသူအားလုံးသည် ယနေ့တွင် လုပ်ဆောင်သည့် အမှုနှင့်ဆိုင်သည့် အသိပညာကို ရရှိစေနိုင်ရန်နှင့် လုံးလုံးလျားလျား လက်ခံယုံကြည်နိုင်ရန်အလို့ငှာ၊ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့၊ သင်သည် ခေတ်အသီးသီးတွင် လုပ်ဆောင်သည့် အမှု၏ အတွင်းပိုင်း ဇာတ်လမ်း၊ အနှစ်သာရနှင့် အရေးပါမှုတို့ကို ရှင်းလင်းသည့် သိနားလည်မှုတစ်ခုသို့ ရောက်ရှိရမည်။ သင်၏ မိတ်သဟာယကို ကြားနာခြင်းအားဖြင့် အခြားသူတို့သည် ယေဟောဝါ၏ အမှု၊ ယေရှု၏ အမှုနှင့် ထို့ထက်ပို၍ ယနေ့ ဘုရားသခင်၏ အမှုအားလုံးအပြင်၊ အမှု၏ အဆင့် သုံးဆင့်ကြားက ဆက်နွှယ်မှုများနှင့် ကွာခြားချက်များကို နားလည်လာနိုင်ရန်အလို့ငှာ ယင်းကို ပြုလော့။ ၎င်းတို့ နားထောင်ပြီးသည့်အခါတွင်၊ အဆင့်သုံးဆင့်သည် အချင်းချင်း မနှောင့်ယှက်ကြဘဲ၊ အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ အလုပ်ဖြစ်သည်ကို အခြားသူတို့ မြင်ကြဖို့အလို့ငှာ ယင်းကို ပြုလော့။ ၎င်းတို့သည် မတူကွဲပြားသည့် ခေတ်များတွင် အမှုပြုခဲ့ကြသော်လည်း၊ ၎င်းတို့ ဆောင်ရွက်သည့် အမှု၏ ပါဝင်သည့်အကြောင်းအရာ ကွဲပြားပြီး ၎င်းတို့ ပြောဆိုသည့် စကားများက မတူကွဲပြားကြသော်လည်း၊ ၎င်းတို့ အမှုပြုသည့် အခြေခံသဘောတရားများက တစ်ခုတည်းပင် ဖြစ်သည်။ ဤအရာတို့သည် ဘုရားသခင်နောက်လိုက်သော လူအားလုံး နားလည်သင့်သည့် အကြီးမားဆုံးသော ရူပါရုံများ ဖြစ်သည်။

အရှေ့သို့- လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃)

နောက်တစ်ခုသို့- လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။