လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်
အကယ်၍ လူတို့သည် လူ့ဘဝ၏ မှန်ကန်သောလမ်းကြောင်းအပြင်၊ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲမှု ရည်ရွယ်ချက်အား အမှန်တကယ် ရှင်းလင်းစွာ မြင်နိုင်ပါက၊ သူတို့သည် သူတို့တစ်ဦးချင်းစီ၏ အနာဂတ်နှင့် ကံတရားကို သူတို့၏ စိတ်နှလုံးထဲတွင် ရတနာတစ်ပါးသဖွယ် ထိန်းသိမ်းထားမည် မဟုတ်ပေ။ ထိုသို့ဖြစ်လျှင် သူတို့သည် ဝက်များနှင့် ခွေးများထက်ဆိုးသော သူတို့၏မိဘများကို အစေခံရာတွင် စိတ်ဝင်စားကြတော့မည်မဟုတ်ပေ။ လူသား၏ အနာဂတ်နှင့် ကံတရားတို့သည် ပေတရု၏ မျက်မှောက်ခေတ် “မိဘများ” ဟုဆိုသော အရာများ အတိအကျ မဟုတ်ကြသလော။ ၎င်းတို့သည် လူ့အသွေးအသားကဲ့သို့ပင် ဖြစ်ကြသည်။ ခန္ဓာ၏ခရီးပန်းတိုင်နှင့် အနာဂတ်တို့သည် မည်သည့်အရာပင် ဖြစ်လိမ့်မည်နည်း။ ယင်းသည် အသက်ရှင်နေဆဲအခိုက် ဘုရားသခင်ကို မြင်ရန် ဖြစ်လိမ့်မည်လော၊ သို့မဟုတ် သေလွန်ပြီးနောက် ဝိညာဉ်အနေဖြင့် ဘုရားသခင်နှင့် တွေ့ဆုံရန် ဖြစ်လိမ့်မည်လော။ မနက်ဖြန်၌ ခန္ဓာသည် ကြီးမားသော အတိဒုက္ခ မီးပြင်းဖို တစ်ခုထဲတွင် သို့မဟုတ် ပြင်းစွာလောင်သောမီးထဲတွင် အဆုံးသတ် လိမ့်မည်လော။ ဤသို့သော မေးခွန်းများမှာ လူ့ခန္ဓာသည် ကံဆိုးမိုးမှောင်ကျမှုကို ကြံ့ကြံ့ခံလိမ့်မည် သို့မဟုတ် ဤမျက်မှောက်ရေစီးကြောင်းထဲရှိ ဦးနှောက်ရှိပြီး စဉ်းစားချင့်ချိန်တတ်သူ မည်သူမဆို စိတ်အပူပန်ဆုံးသော အကြီးမားဆုံး သတင်းကို ခံစားရလိမ့်မည်ဆိုသည်နှင့် သက်ဆိုင်သည် မဟုတ်လော။ (ဤနေရာတွင် ခံစားရခြင်းဟူသည်မှာ ကောင်းချီးမင်္ဂလာများ ရရှိခြင်းကို ရည်ညွှန်းသည်။ ယင်းမှာ အနာဂတ်စမ်းသပ်မှုများသည် လူသား၏ ပန်းတိုင်အတွက် အကျိုးပြုသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကံဆိုးမိုးမှောင်ကျမှု ဟူသည်မှာ ခိုင်မာစွာမရပ်တည်နိုင်ခြင်း သို့မဟုတ် လိမ်လည်လှည့်ဖြားခံရခြင်းကို ရည်ညွှန်းသည်၊ သို့မဟုတ် လူတစ်ဦးသည် ကံမကောင်းအကြောင်းမလှသော အခြေအနေများနှင့် ကြုံတွေ့ရလိမ့်မည်ဖြစ်ပြီး ဘေးဒုက္ခအလယ်တွင် မိမိ၏ အသက်ကို ဆုံးရှုံးရလိမ့်မည်၊ ပြီးလျှင် လူတစ်ဦး၏ ဝိညာဉ်အတွက် သင့်လျော်သော ပန်းတိုင်မရှိဟု ဆိုလိုခြင်းဖြစ်သည်)။ လူသားတို့တွင် ကြောင်းကျိုးခိုင်လုံသော အကြောင်းပြချက်ရှိသော်လည်း၊ သူတို့တွေးတောသော အရာသည် သူတို့၏ အကြောင်းပြချက်က ကုံလုံပြည့်စုံသင့်သည့်အရာနှင့် လုံးဝ ကိုက်ညီကောင်း ကိုက်ညီမည်မဟုတ်ပေ။ ဤသည်မှာ သူတို့အားလုံးသည် အတော်စိတ်ရှုပ်ထွေးကြပြီး အမှုအရာတို့ကို ကျိုးကြောင်းမမြင်ဘဲ လိုက်လျှောက် ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးသည် ၎င်းတို့ဝင်ရောက်သင့်သော အရာမည်သည့်အရာဖြစ်သည်ကို စေ့စပ်သေချာသည့် နားလည်သဘောပေါက်မှု တစ်ခု ရှိသင့်ပြီး အထူးသဖြင့် ၎င်းတို့သည် အတိဒုက္ခရောက်စဉ်တွင် (ဆိုလိုသည်မှာ မီးပြင်းဖိုထဲတွင် စစ်ဆေးခြင်း အချိန်အတွင်း) ဝင်ရောက်သင့်သည့် အရာအပြင် မီး၏စမ်းသပ်မှုများအတွင်းတွင် ၎င်းတို့ ကုံလုံပြည့်စုံနေသင့်သည့် အရာတို့ကို အဖြေရှာသင့်ပေသည်။ ဝက်များ၊ ခွေးများနှင့် အလားတူကြပြီး ပုရွက်ဆိတ်များနှင့် ပိုးကောင်များထက်ပင် သာ၍ဆိုးရွားကြသော သင့်မိဘများကို (ဇာတိပကတိကို ဆိုလိုခြင်း) အစဉ်အမြဲ အစေမခံကြနှင့်။ ၎င်းအပေါ် မချိတင်ကဲ ခံစားခြင်း၊ အလွန်ပြင်းထန်စွာ တွေးတောခြင်းနှင့် ဦးနှောက်ခြောက်အောင် စဉ်းစားခြင်းတို့၏ အကျိုးမှာ အဘယ်နည်း။ ဇာတိပကတိသည် သင်နှင့် မသက်ဆိုင်ပေ၊ သို့သော် ယင်းသည် သင့်ကို ထိန်းချုပ်ရုံသာမက စာတန်အပေါ်လည်း ဩဇာအာဏာရှိသော ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ (ဤသည်မှာ ဇာတိပကတိသည် မူလက စာတန်နှင့် သက်ဆိုင်သည်ဟု ဆိုလို၏။ စာတန်သည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသောကြောင့်၊ ၎င်းကို ဤသို့သာ စကားလုံး ရွေးချယ်သုံးနှုန်း၍ ရပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းကို ထိုနည်းလမ်းအတိုင်းပြောဆိုခြင်းသည် ပို၍ယုံကြည်လောက်သောကြောင့် ဖြစ်သည်။ လူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် လုံးလုံးလျားလျားရှိမနေကြဘဲ၊ ဘုရားသခင်၏ လက်များတွင် ရှိကြသည်ဟု ယင်းက ဖော်ပြပေသည်။) သင်သည် ဇာတိပကတိ၏ ညှဉ်းပန်းမှုဒဏ်အောက်တွင် အသက်ရှင်နေရသည်- သို့သော် ဇာတိပကတိကို သင်ပိုင်သလော။ ယင်းသည် သင်၏ထိန်းချုပ်မှုအောက်တွင် ရှိသလော။ ယင်းအပေါ်တွင် အဘယ်ကြောင့် ဦးနှောက်ခြောက်ခံသနည်း။ စီရင်ချက်ချခံရကာ၊ ကျိန်ခြင်းခံရပြီးဖြစ်သကဲ့သို့ ညစ်ညူးသောဝိညာဉ်များက ညစ်ညမ်းစေသည်မှာ ရှည်ကြာလှပြီဖြစ်သော အော်ဂလီဆန်စရာကောင်းသည့် သင်၏ဇာတိပကတိ အတွက် အဘယ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခံပြီး ဘုရားသခင်ထံ သဲသဲမဲမဲ အသနားခံသနည်း။ စာတန်၏ အပေါင်းအပါများကို သင့်စိတ်နှလုံးနှင့် အစဉ်အမြဲ အလွန်နီးကပ်စွာ ထိန်းသိမ်းထားဖို့ မည်သည့်လိုအပ်မှု ရှိသနည်း။ ဇာတိပကတိသည် သင်၏ တကယ့်အနာဂတ်၊ သင်၏ နှစ်သက်ပျော်ရွှင်ဖွယ်ရာ မျှော်လင့်ချက်များနှင့် သင့်အသက်တာ၏ စစ်မှန်သော ပန်းတိုင်ကို ပျက်စီးစေနိုင်သည်ကို သင်မစိုးရိမ်သလော။
ယနေ့၏ လမ်းကြောင်းသည် လျှောက်လှမ်းရန် မလွယ်ကူပေ။ ရရှိရန် အတော်အတန် ခက်ခဲသည်ဟု ဆိုနိုင်ပြီး ခေတ်များ တစ်လျှောက်လုံးတွင် ၎င်းသည် အလွန်အမင်း ရှားပါးခဲ့သည်။ သို့ရာတွင် လူ့ဇာတိပကတိ တစ်ခုတည်းက သူ့ကို ပျက်စီးစေနိုင်ရန် လုံလောက်လိမ့်မည်ဟု မည်သူ ထင်ခဲ့လိမ့်မည်နည်း။ ယနေ့၏ အမှုသည် နွေဦးမိုးပမာ သေချာပေါက် အဖိုးထိုက်ပြီး လူသားအပေါ် ဘုရားသခင်၏ ကြင်နာမှုပမာ တန်ဖိုးကြီးသည်။ သို့ရာတွင် အကယ်၍ လူသားသည် ကိုယ်တော်၏ လက်ရှိအမှု၏ ရည်ရွယ်ချက်ကို မသိလျှင် သို့မဟုတ် လူသားမျိုးနွယ်၏ အနှစ်သာရကို နားမလည်လျှင်၊ ၎င်း၏ အဖိုးထိုက်မှုနှင့် တန်ဖိုးကြီးမှုအကြောင်းကို အဘယ်သို့ ပြောဆိုနိုင်မည်နည်း။ ဇာတိပကတိကို လူသားတို့ကိုယ်တိုင် မပိုင်ပေ၊ ထို့ကြောင့် ၎င်း၏ ပန်းတိုင်သည် အမှန်တကယ် မည်သည့်နေရာ ဖြစ်လိမ့်မည်ကို မည်သူမျှ ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့သော်လည်း ဖန်ဆင်းခြင်း၏ အရှင်သည် ဖန်ဆင်းခြင်းခံရသော လူသားမျိုးနွယ်ကို ၎င်းတို့၏ နဂိုမူလနေရာသို့ ပြန်ပို့ကာ ဖန်ဆင်းသည့် အချိန်ကာလမှ ၎င်းတို့၏ မူလပုံသဏ္ဌာန်ကို ပြန်လည် ရရှိစေလိမ့်မည်ကို သင်ကောင်းစွာသိသင့်သည်။ လူသား၏ အရိုးများနှင့် ခန္ဓာကို ပြန်သိမ်းပြီး အားလုံးကို ဖန်ဆင်းခြင်း အရှင်ထံ ပြန်ပို့ရင်း၊ ဘုရားသခင်သည် လူသားထဲသို့ မှုတ်သွင်းခဲ့သော ဇီဝအသက်ကို လုံးဝ ပြန်ယူလိမ့်မည်ဖြစ်သည်။ ကိုယ်တော်သည် လူသားမျိုးနွယ်ကို လုံးဝ အသွင်ပြောင်းလဲစေပြီး အသစ်ဖြစ်စေကာ လူသားမျိုးနွယ်က မပိုင်ဘဲ ဘုရားသခင်ကပိုင်သော အလုံးစုံသောအမွေကို လူသားထံမှ ပြန်ယူလိမ့်မည်ဖြစ်ပြီး၊ ယင်းကို လူသားထံသို့ မည်သည့်အခါတွင်မျှ တဖန်လွှဲအပ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အစကတည်းက ထိုအရာများထဲမှ မည်သည်အရာမျှ လူသားမျိုးနွယ်နှင့် မသက်ဆိုင်သောကြောင့် ဖြစ်သည်။ ကိုယ်တော်သည် ထိုအရာအားလုံးကို ပြန်ယူလိမ့်မည်ဖြစ်သည်- ဤသည်မှာ မတရားသော အဓမ္မလုယက်ခြင်း မဟုတ်ပေ။ တကယ်တမ်းတွင်မူ ယင်းသည် ကောင်းကင်နှင့် မြေကြီးကို ၎င်းတို့၏ နဂိုမူလ အခြေအနေများသို့ ပြန်ရောက်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည့်အပြင်၊ လူသားကို အသွင်ပြောင်းလဲစေပြီး အသစ်ပြန်ဖြစ်စေရန်လည်း ဖြစ်သည်။ ယင်းသည် လူတို့ စိတ်ကူးနိုင်သကဲ့သို့ ပြစ်တင်ဆုံးမခြင်း ခံရပြီးနောက် ခန္ဓာကို ပြန်လည်ရယူခြင်း ဖြစ်ကောင်းဖြစ်မည် မဟုတ်သော်လည်း၊ ဤသည်မှာ လူသားအတွက် ကျိုးကြောင်းဆီလျော်သော ပန်းတိုင်ဖြစ်သည်။ ဘုရားသခင်သည် ခန္ဓာ၏ အရိုးစုများကို ၎င်းဖျက်ဆီးခံရပြီးနောက်တွင် ယင်းတို့ကို အလိုမရှိပေ။ သူသည် အစအဦး၌ ဘုရားသခင် ပိုင်ဆိုင်ခဲ့သော လူသားထဲက မူလအခြေခံအရာတို့ကို အလိုရှိပေသည်။ ထို့ကြောင့် လူသား၏ ခန္ဓာသည် ၎င်း၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုမဟုတ်သည့်အတွက်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အမြစ်ဖြတ်သုတ်သင်လိမ့်မည် မဟုတ်၊ သို့မဟုတ် လူသား၏ ခန္ဓာကို လုံးဝ ချေမှုန်းသုတ်သင်လိမ့်မည် မဟုတ်ပေ။ တကယ်တမ်းတွင်မူ ယင်းသည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသော ဘုရားသခင်၏ အဖြည့်ဖြစ်သည်။ ကိုယ်တော်သည် လူသား၏ ခန္ဓာကို သူ၏ “ပျော်ရွှင်မှု” အတွက် မည်သို့ အမြစ်ဖြတ်သုတ်သင်နိုင်မည်နည်း။ ယခုအချိန်တွင် သင်သည် တစ်ပဲနိမျှပင် မတန်သော သင်၏ ခန္ဓာနှင့်သက်ဆိုင်သည့် အလုံးစုံကို အမှန်တကယ် လက်လွှတ်ပြီး ဖြစ်သလော။ အကယ်၍ သင်သည် နောက်ဆုံးသောကာလအမှု၏ သုံးဆယ်ရာခိုင်နှုန်းကို သဘောပေါက် နားလည်နိုင်လျှင်၊ (ဤသုံးဆယ် ရာခိုင်နှုန်းမျှသည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအပြင် ဘုရားသခင်၏ နောက်ဆုံးသောကာလ နှုတ်ကပတ်တော်၏ အမှုကို သဘောပေါက်နားလည်ခြင်းကို ဆိုလိုသည်)၊ သင်သည် နှစ်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးပြီးဖြစ်သော သင်၏ဇာတိပကတိကို- ယနေ့ကဲ့သို့- ဆက်လက် “အစေခံ” မည်မဟုတ်ပေ သို့မဟုတ် “သားသမီးဝတ်” ကို ဆက်လက် လုပ်ဆောင်မည်မဟုတ်ပေ။ လူသားတို့သည် မကြုံစဖူးသော အခြေအနေတစ်ခုသို့ ယခုအခါ တက်လှမ်းခဲ့ကြပြီးဖြစ်ကာ၊ သမိုင်းဘီးများပမာ ရှေ့သို့ဆက်လက်၍ လိမ့်တော့မည် မဟုတ်သည်ကို သင်ရှင်းလင်းစွာ မြင်သင့်သည်။ သင်၏ ဟောင်းနွမ်းဆွေးမြေ့သော ခန္ဓာသည် အချိန်ကြာမြင့်စွာ ယင်ကောင်များဖြင့် ဖုံးလွှမ်းခံရပြီးဖြစ်သည်၊ ထို့ကြောင့် ယင်းသည် ဘုရားသခင်က ဤနေ့အထိ ဆက်လက်သွားနိုင်စေသည့် သမိုင်းဘီးများကို ပြောင်းပြန်လည်စေရန် တန်ခိုးအာဏာ မည်သို့ရှိနိုင်သနည်း။ နောက်ဆုံးသောကာလ၏ အသံတိတ်ဆိတ်စွာ လည်ပတ်နေသော နာရီကို နာရီသံတချက်ချက် တဖန်ပြန်မြည်စေရန်နှင့် ၎င်း၏လက်တံများကို လက်ယာရစ် ဆက်လက် ရွေ့လျားနေစေရန် ယင်းက မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ ထူထပ်သော မြူထဲတွင် အုပ်ဆိုင်းပိတ်ဆို့နေခဲ့ဟန် ရှိသော ကမ္ဘာလောကကို ယင်းက မည်သို့ အသွင်ပြန်လဲစေနိုင်မည်နည်း။ သင်၏ ခန္ဓာသည် တောင်များနှင့် မြစ်များကို ပြန်လည်ရှင်သန်စေနိုင်သလော။ အနည်းငယ် အသုံးဝင်မှုသာရှိသော သင်၏ ခန္ဓာသည် သင်တမ်းတဖူးသည့် လူ့လောကအမျိုးအစားကို အမှန်တကယ် နဂိုအတိုင်းပြန်ဖြစ်စေနိုင်သလော။ သင်၏ သားစဉ်မြေးဆက်တို့ကို “လူသားများ” ဖြစ်လာရန် သင်အမှန်တကယ် သင်ကြားပေးနိုင်သလော။ သင် ယခု နားလည်သလော။ သင်၏ ခန္ဓာသည် မည်သည့်အရာနှင့် အတိအကျ သက်ဆိုင်သနည်း။ လူသားကို ကယ်တင်ခြင်း အတွက်၊ လူသားကို စုံလင်စေခြင်းအတွက်နှင့် လူသားကို ပြောင်းလဲစေခြင်း အတွက် ဘုရားသခင်၏ မူလရည်ရွယ်ချက်မှာ သင့်ကို လှပသော ဇာတိမြေ တစ်ခုပေးရန် သို့မဟုတ် လူသား၏ ခန္ဓာကို ငြိမ်းချမ်းသော ငြိမ်သက်ခြင်းချမ်းသာကို ယူဆောင်လာရန် မဟုတ်ခဲ့ပေ။ ယင်းသည် ကိုယ်တော်၏ ဘုန်းအသရေနှင့် သူ၏ သက်သေခံချက်တို့အတွက်၊ အနာဂတ်တွင် လူသားမျိုးနွယ်၏ သာ၍ ကောင်းမွန်သော ပျော်ရွှင်မှုအတွက် ဖြစ်ခဲ့သည်၊ သို့မှသာ ၎င်းတို့သည် မကြာမီ အနားယူနိုင်ကြပေမည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု၏ အရင်းအနှီးဖြစ်ပြီး လူသား၏ ခန္ဓာသည် အဖြည့်တစ်ခုမျှသာ ဖြစ်သည့်အတွက် ယင်းသည် သင်၏ ခန္ဓာအတွက် မဟုတ်ခဲ့သေးပေ။ (လူတစ်ဦးသည် ဝိညာဉ်ရောခန္ဓာကိုယ်ပါ ရှိသည့် အရာဝတ္ထု တစ်ခုဖြစ်ပြီး ဇာတိခန္ဓာမှာမူ ယိုယွင်းပျက်စီးသော အရာတစ်ခုမျှသာ ဖြစ်သည်။ ဤအရာက ခန္ဓာသည် စီမံခန့်ခွဲမှု အစီအစဉ်တွင် အသုံးပြုဖို့အတွက် တန်ဆာပလာတစ်ခုဖြစ်သည်ဟု ဆိုလိုပေသည်)။ ဘုရားသခင်၏ စုံလင်ခြင်း၊ ပြည့်စုံခြင်းနှင့် လူသားတို့ကို ရယူခြင်းတို့သည် ဓားများနှင့် ၎င်းတို့၏ ခန္ဓာပေါ် ရိုက်နှက်ခုတ်ထစ်ခြင်းများနှင့် အဆုံးမရှိသော ဆင်းရဲဒုက္ခခံစားရခြင်း၊ မီးပြင်းစွာလောင်ခြင်း၊ သနားကရုဏာ ကင်းမဲ့သော တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းများနှင့် အကန့်အသတ်မဲ့ စမ်းသပ်မှုများသာ ဆောင်ကြဉ်းလာသည်ကို သင်သိသင့်သည်။ ယင်းမှာ လူသားကို စီမံခန့်ခွဲခြင်းအမှု၏ အတွင်းဇာတ်လမ်းနှင့် သမ္မာတရား ဖြစ်သည်။ သို့သော်၊ ဤအရာများအားလုံးသည် လူသား၏ခန္ဓာကို ဦးတည်ခြင်း ဖြစ်ပြီး၊ ရန်လိုမှုမြှားများအားလုံးသည် လူသား၏ခန္ဓာဆီသို့ သနားကရုဏာ ကင်းမဲ့စွာ ချိန်ရွယ်ထားပေသည် (လူသားသည် အပြစ်မဲ့သည့်အတွက် ဖြစ်၏)။ ဤအရာ အားလုံးသည် ကိုယ်တော်၏ ဘုန်းအသရေနှင့် သက်သေခံချက်တို့ အတွက်ဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှုအတွက် ဖြစ်လေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ၏အမှုသည် လူသားမျိုးနွယ်တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ၊ အစီအစဉ် တစ်ခုလုံး အတွက်လည်း ဖြစ်သည့်အပြင် လူသားမျိုးနွယ်ကို သူ ဖန်ဆင်းခဲ့စဉ်က သူ၏မူလအလိုကို ဖြည့်ဆည်းရန်လည်း ဖြစ်ပေသည်။ ထို့ကြောင့်၊ လူသားတွေ့ကြုံခံစားရသည့်အရာ၏ ကိုးဆယ် ရာခိုင်နှုန်းသည် ဆင်းရဲဒုက္ခ ခံစားရခြင်းများနှင့် မီးဖြင့်စမ်းသပ်မှုများ ပါဝင်ကောင်းပါဝင်နိုင်ပြီး၊ လူသား၏ခန္ဓာက တမ်းတဖူးသော ချိုမြိန်ကာ ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များမှာ အလွန်နည်းပါး၏၊ သို့မဟုတ် တစ်ခုမျှပင် မရှိပေ။ လူသားအဖို့ ဘုရားသခင်နှင့်အတူ နှစ်သက်ဖွယ် အချိန်များကို ကုန်လွန်ရင်း၊ ခန္ဓာ၌ ပျော်စရာအခိုက်အတန့်များကို မွေ့လျော်ခံစားနိုင်သည်မှာ များစွာသာ၍ နည်းပါး၏။ ခန္ဓာသည် ညစ်ညူးသည်၊ ထို့ကြောင့် လူ၏ခန္ဓာက မြင်သည့်အရာ သို့မဟုတ် မွေ့လျော်သည့်အရာမှာ ပုံမှန်အသိစိတ် ကင်းမဲ့နေသည့်အလား၊ လူသားက မနှစ်သက်သည့် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း တစ်ခုတည်းသာ ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လူသား၏သဘောကျခြင်း မခံရသော လူသား၏ ပုန်ကန်ပြစ်မှားခြင်းများကို သည်းညည်းမခံသကဲ့သို့ ရန်သူများကို စက်ဆုပ်ရွံရှာသော သူ၏ စိတ်သဘောထားကို ပေါ်လွင်ထင်ရှားစေမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စိတ်သဘောထား အလုံးစုံကို လိုအပ်သည့် မည်သည့်နည်းလမ်းနှင့်မဆို ပွင့်လင်းစွာ ထုတ်ဖော်ကာ၊ ထိုသို့ဖြင့် လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်းအမှုနှင့် ရှေးစာတန်ကို ဖျက်ဆီးခြင်းအမှုဖြစ်သည့် သူ၏ စာတန်နှင့် အနှစ်ခြောက်ထောင် တိုက်ပွဲနှင့် သက်ဆိုင်သော အမှုကို အဆုံးသတ်လေသည်။