ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်

တပါးအမျိုးသား နိုင်ငံများအကြား ငါသည် ငါ၏အမှုကို ပျံ့နှံ့အောင် လုပ်ဆောင်နေသည်။ ငါ၏ဘုန်းအသရေသည် စကြဝဠာတစ်ခွင်လုံး တောက်ပလျက်ရှိသည်။ ကြယ်အစက်အစက် လူသားများအားလုံးသည် ၎င်းတို့အတွင်းရှိ ငါ၏ အလိုတော်ကို ပြနေပြီး ၎င်းတို့အားလုံးကို ငါ၏လက်ဖြင့် ဦးတည် ပေးနေကာ ၎င်းတို့သည် ငါတာဝန်ပေးထားရာ အမှုကို ဆောင်ရွက်နေကြသည်။ ယခုအချိန်မှစ၍ လူသားအားလုံးကို အခြားကမ္ဘာတစ်ခုအတွင်း ခေါ်ဆောင်လျက်၊ ငါသည် ခေတ်သစ်တစ်ခုအတွင်း ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ ငါ “ဇာတိမြေ” သို့ ပြန်သည့်အခါ၊ လူသားသည် ငါ့ကို ပိုမိုလေးနက်စွာ သိကျွမ်းစေခြင်းငှာ ငါ၏မူလအစီအစဉ်ရှိ အမှု၏ နောက်အစိတ်အပိုင်းတစ်ခုကို စတင်ခဲ့သည်။ ငါသည် စကြဝဠာ တစ်ခုလုံးကို ကြည့်လျက်၊ ငါ၏အမှုဆောင်ရွက်ရန် အချိန်ကောင်း ဖြစ်ကြောင်းတွေ့က သဖြင့် ငါသည် လူသားအပေါ် ငါ၏အမှုသစ်ကို ဆောင်ရွက်နေလျက်၊ ငါသည် အလုံးစုံ သုတ်သီးသုတ်ပျာ လုပ်ဆောင်သည်။ အကယ်စင်စစ် ဤသည်မှာ ခေတ်သစ်ဖြစ်ပြီး ဤခေတ်သစ်အတွင်း လူသစ်များကို ပို၍ ခေါ်လာနိုင်ကာ ငါပယ်ထုတ်ရမည့် လူများကို ပို၍ပယ်ထုတ်ရန်အလို့ငှာ ငါသည် အမှုသစ်ယူလာခဲ့သည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါသည် လူသားများ မတွေးတတ်အောင် ခက်ခဲနက်နဲသော အမှုအဆင့် တစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အား လေတွင်ယိမ်းထိုးစေပြီးနောက် ၎င်းတို့အများအပြားသည် လေတိုက်သည့်အထဲတွင် တိတ်ဆိတ်စွာ လွင့်မျောသွားသည်။ အကယ်စင်စစ် ဤသည်မှာ ငါရှင်းလိုက်တော့မည့် “တလင်းပြင်” ဖြစ်သည်၊ ယင်းသည် ငါတောင့်တသည့်အရာနှင့် ငါ၏အစီအစဉ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးသွမ်းသူ အများအပြားသည် ငါအမှုပြုနေစဉ် တိတ်တဆိတ် ဝင်ရောက်လာခဲ့သော်လည်း၊ ငါသည် ၎င်းတို့ကို မောင်းနှင်ထုတ်ရန် အလျင်မလို သောကြောင့်ဖြစ်၏။ ထိုသို့မောင်းနှင်မည့်အစား အချိန်တန်သည့်အခါ၊ ငါသည် ၎င်းတို့အား တကွဲတပြား ပျံ့နှံ့သွားစေမည်။ ထို့နောက်မှသာလျှင် ငါသည် အသက်စမ်းရေဖြစ်ပြီး ငါ့ကို အမှန်တကယ် ချစ်မြတ်နိုးသူတို့အား ငါ့ထံမှ သင်္ဘောသဖန်းသီးနှင့် ကြာ၏ မွှေးကြိုင်သည့်ရနံ့တို့ကို ရယူခွင့်ပေးမည်။ စာတန် ခေတ္တ ကျင်လည်ရာ ဖုန်တောနယ်တွင် ရွှေစင်မရှိ၊ သဲသာရှိသဖြင့် ဤအခြေအနေများကို ရင်ဆိုင်လျက်၊ ငါသည် ထိုကဲ့သို့သော အမှု၏အဆင့်ကို ဆောင်ရွက်သည်။ ငါရရှိသည်မှာ အညစ်အကြေးကင်းသည့် ရွှေစင်ဖြစ်ပြီး သဲမဟုတ်ကြောင်းကို သင်သိသင့်သည်။ ဆိုးညစ်သောသူများသည် ငါ၏အိမ်တွင် အဘယ်သို့ ကျန်ရှိနိုင်မည်နည်း။ ငါ၏ပရဒိသုဘုံတွင် ကပ်ပါးကောင်များအဖြစ် မြေခွေးတို့ကို ငါအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ၎င်းတို့အားနှင်ထုတ်ရန် ကြံစည်၍ရသော နည်းတိုင်းကို ငါသည် အသုံးပြု၏။ ငါ၏အလိုကို ဖော်ထုတ်ခြင်းမပြုမီ၊ ငါပြုလုပ်တော့မည့်အရာကို မည်သူမျှ မသိချေ။ ဤအခွင့်အရေးကို အရယူလျက်၊ ငါသည် ထိုဆိုးညစ်သောသူတို့အား မောင်းထုတ်ပြီး ထိုသူတို့သည် ငါ၏ မျက်မှောက်မှ အတင်းအကျပ် နှင်ထုတ်ခံကြရသည်။ ငါသည် ဆိုးညစ်သောသူတို့ကို ဤသို့ပြု၏၊ သို့သော်လည်း ငါ့အတွက် အစေခံဖို့နေ့ ၎င်းတို့အတွက် ရှိပါဦးမည်။ လူသားတို့၏ ကောင်းချီးမင်္ဂလာ ခံစားလိုစိတ်မှာ ပြင်းပြ လွန်းသည်။ ထို့ကြောင့် ငါသည် ပြောဆိုထိုက်သည့် နှုတ်ကပတ်တော်များကို ပြောဆိုကာ လူသားတို့အား ၎င်းတို့ လိုအပ်သည်များကို ထောက်ပံ့ပေးစဉ်၊ လူသားတို့သည် ၎င်းတို့၏ လောကအတွင်း နေထိုင်လျက်၊ မိမိတို့ကိုယ်ကိုယ် ဝေဖန်အကဲဖြတ်နိုင်ခြင်း အလို့ငှာ၊ ငါသည် ငါ၏ကိုယ်ကိုလှည့်၍ ငါ၏ ဘုန်းအသရေရှိသော မျက်နှာကို တပါးအမျိုးသားတို့အားပြ၏။ လူသားတို့ အသိတရား ဝင်လာသောအခါ၊ ငါသည် ငါ၏အမှုကို ပျံ့နှံ့စေ ပြီးသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။ ထိုအခါ ငါသည် ငါ၏ဆန္ဒကို လူသားတို့အား ထုတ်ဖော်ပြပြီး လူသားတို့အပေါ် ငါ၏အမှု ဒုတိယအပိုင်းကို စတင် ဆောင်ရွက်မည်။ လူသား အားလုံးတို့အား ငါ၏အမှုနှင့် ညှိနှိုင်းဆောင်ရွက်ရန် ငါ့နောက် အနီးကပ် လိုက်စေလျက်၊ ငါဆောင်ရွက်ရမည့်အမှုကို ၎င်းတို့တတ်စွမ်းသမျှ ငါနှင့်အတူ ဆောင်ရွက် စေမည်။

ငါ၏ ဘုန်းတော်ကို တွေ့လိမ့်မည်ဟု ၎င်းတို့ တစ်ယောက်တွင်မျှ ယုံကြည်ခြင်းမရှိ၊ ငါသည်လည်း ၎င်းတို့အား အတင်းအကျပ် ခိုင်းမည့်အစား၊ ငါ၏ ဘုန်းတော်ကို လူသားအလယ်မှ ဖယ်ရှားလျက်၊ အခြားကမ္ဘာသို့ ယူဆောင်သွားသည်။ လူသားတို့ နောင်တစ်ကြိမ် နောင်တရသည့်အခါ၊ ငါ၏ဘုန်းတော်ကို ယူဆောင်ကာ ယုံကြည်သူတို့အား ပို၍ပြမည်။ ဤသည်မှာ ငါအမှုပြုသည့် အခြေခံသဘောတရားဖြစ်သည်။ ငါ၏ ဘုန်းတော်သည် ခါနာန်ပြည်မှ စွန့်ခွာသည့်အချိန်ရှိပြီး ရွေးချယ်ထားသူတို့ ထံမှလည်း စွန့်ခွာသည့်အချိန် ရှိသောကြောင့် ဖြစ်၏။ ထို့အပြင် တစ်ကမ္ဘာလုံး မှိန်သွားပြီး အမှောင်ထုအတွင်း သက်ဆင်းသွားစေလျက်၊ တစ်ကမ္ဘာလုံးကို ငါ၏ဘုန်းတော် စွန့်ခွာသည့်အချိန်ရှိသည်။ ခါနာန်ပြည်ပင်လျှင် နေရောင်ကို မမြင်စေရ။ လူသားအားလုံး ယုံကြည်မှု ပျောက်ဆုံး သော်လည်း၊ မည်သူမျှ မွှေးကြိုင်သည့် ခါနာန်ပြည်ကို စွန့်ခွာနိုင်ခြင်းငှာ မစွမ်းချေ။ ငါသည် ကောင်းကင်ဘုံအသစ်နှင့် မြေကြီးအသစ်အတွင်း ဝင်ရောက်သည့်အခါမှ၊ ငါ့ဘုန်းတော်၏ အခြားအစိတ်အပိုင်းကို ယူဆောင်ပြီး ယင်းကို ခါနာန်ပြည်တွင် ဦးစွာဖော်ပြသည်၊ ည၏ ပိန်းပိတ်အောင် မှောင်သော အမှောင်ထုအတွင်း နစ်မြုပ်နေသည့် တစ်ကမ္ဘာလုံး အလင်းသို့ ရောက်ရှိနိုင်စေရန်အတွက် အလင်းရောင် အနည်းငယ်ကို တစ်ကမ္ဘာလုံး၌ ထွန်းလင်းသွားစေသည်။ ငါ၏ ဘုန်းတော်ကို တိုင်းနိုင်ငံတိုင်းတွင် တိုးပွားပြီး အသစ်ပေါ်ထွန်းစေလျက်၊ တစ်ကမ္ဘာလုံးရှိ လူသားများအား အလင်း၏စွမ်းအားမှ ခွန်အားရယူရန် လာရောက်နိုင်သည်။ ပြီးလျှင် ငါသည် လူ့ကမ္ဘာကို ရှေးကာလက လာရောက်ခဲ့ပြီး ငါ၏ဘုန်းတော်ကို ဣသရေလပြည်မှ အရှေ့အရပ်သို့ ယူဆောင်လာခဲ့ကြောင်း လူသားမျိုးနွယ် တစ်ရပ်လုံးကို သိစေမည်။ အကြောင်းမူကား ငါ၏ ဘုန်းတော်သည် အရှေ့အရပ်မှ ထွန်းလင်းပြီး ကျေးဇူးတော်ခေတ်မှ ယနေ့တိုင် ယူဆောင် လာခဲ့သောကြောင့် ဖြစ်သည်။ ငါထွက်ခွာလာသည့်အရပ်သည် ဣသရေလပြည် ဖြစ်လင့်ကစား၊ ထိုနေရာမှ အရှေ့အရပ်သို့ ငါ ရောက်ရှိခဲ့ပေသည်။ အရှေ့အရပ်၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့်အခါမှသာ၊ ကမ္ဘာတစ်ဝန်းရှိ အမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည် ရှေးကာလက ဣသရေလပြည်မှ ထွက်သွား၍ အရှေ့အရပ်တွင် အသစ်တစ်ဖန် ပေါ်ထွန်းလာနေသည်ကို လူသားက တွေ့ရှိမည် ဖြစ်သည်။ ဣသရေလပြည်အတွင်းသို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ထိုနေရာမှ ထွက်ခွာလာခဲ့ပြီးနောက်၊ ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပေ၊ အကြောင်းမူကား ငါ၏အမှုသည် စကြဝဠာတစ်ခုလုံးကို ဦးဆောင်လမ်းပြခြင်း ဖြစ်သည့်အပြင်၊ အရှေ့အရပ်မှ အနောက်အရပ်သို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ထိုအကြောင်းရင်းကြောင့် ငါသည် အရှေ့အရပ်၌ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့အရပ် သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင်မည် ဖြစ်သောကြောင့်၊ စကြဝဠာ တစ်ခုလုံးကို ထိန်းချုပ်ဖို့ ခါနာန်ပြည်တွင် ငါသည် မိန့်မြွက်ချက်များကို ဆက်လက် ထုတ်ပြန်လေသည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ ကမ္ဘာမြေပြင်တစ်ခုလုံး၌ အလင်းမရှိပေ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ဒုက္ခရောက်နေ၏။ ငါသည် ငါ၏ ဘုန်းတော်ကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏၊ ထိုနည်းအားဖြင့် ဣသရေလ လူမျိုးတို့အား အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်စည်းလုံး၍ ပေါင်းသင်းကာ၊ ယင်းကို ရှာဖွေခြင်း မပြုရတော့ရန်အလို့ငှာ၊ ငါသည် ၎င်းတို့ကို အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ရှာဖွေနေသူ အားလုံးအား အလင်းကို တစ်ဖန် ပြန်မြင်စေပြီး ဣသရေလတွင် ငါ၌ရှိခဲ့သော ဘုန်းတော်ကို မြင်စေမည်။ ရှေးလွန်လေပြီးသော ကာလက လူသားမျိုးနွယ်အကြား မိုးတိမ်ဖြူပေါ်မှ ငါကြွဆင်းခဲ့ကြောင်း သူတို့အားမြင်စေမည်၊ မရေတွက်နိုင်သော မိုးတိမ်ဖြူများ၊ ပြွတ်သိပ်လျက်ရှိသည့် အသီးများကို သူတို့အား မြင်စေမည့်အပြင် ဣသရေလ၏ ယေဟောဝါ ဘုရားသခင်ကို တွေ့စေမည်။ ယုဒလူမျိုးတို့၏ အရှင်၊ လူတို့တောင့်တနေသည့် မေရှိယနှင့် ခေတ်အဆက်ဆက် ရှင်ဘုရင်များ၏ ညှဉ်းပန်းခြင်းခံခဲ့ရသည့်ငါ၏ ရုပ်သွင်အပြည့်အဝကို ကြည့်စေမည်။ နောက်ဆုံးသောကာလတွင် ငါ၏ဘုန်းတော်နှင့် ငါ၏ ဆောင်ရွက်ချက် အားလုံးကို လူသားအား ထုတ်ဖော်ပြလျက်၊ ငါသည် စကြဝဠာတစ်ခုလုံး အပေါ် အမှုပြုပြီး ကြီးစွာသော အမှုကို ဆောင်ရွက်မည်။ ငါသည် ငါ၏ဘုန်းတော်ကို ရှေးကာလက ယူလိုက်ပြီး အရှေ့အရပ်သို့ ယူဆောင်ခဲ့ကာ ယင်းမှာ ယုဒပြည်တွင် မရှိစေတော့ကြောင်း အားလုံး သိစေခြင်းအလို့ငှာ၊ ငါ့ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သူများ၊ မိုးတိမ်ဖြူပေါ်မှ ငါကြွလာရန် တောင့်တခဲ့သူများ၊ ငါတစ်ဖန် ပေါ်ထွက်ရန် တောင့်တခဲ့သည့် ဣသရေလနှင့် ငါ့ကို နှိပ်စက်ညှဉ်းပန်းသည့် လူသားမျိုးနွယ် တစ်ခုလုံးအား ဘုန်းကြီးသော ငါ၏မျက်နှာ အပြည့်အဝ ပြမည်။ အကြောင်းမှာ နောက်ဆုံးသောကာလသည် ရောက်နှင့်ပြီး ဖြစ်သောကြောင့်ပင်တည်း။

စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရစေသည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ တန်ခိုးကြီးမားသည့် သူ့ကို မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား ငါ မျက်နှာချင်းဆိုင်မည် ဖြစ်ပြီး ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားမည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ လူသားအားလုံးသည် နို့စို့ကလေးငယ်တစ်ဦး ခုလေးတင် မွေးဖွားပြီးသည့်အလား၊ ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပျော်ရွှင်ကြလေသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ “သံလွင်တောင်” ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမြော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေဖို့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ်ပြုစေဖို့၊ လူသားတိုင်း ငါ့ကို ယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံဖို့အလို့ငှာ၊ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ဖြစ်ကြောင်းတွေ့” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်

နောက်တစ်ခုသို့- လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။