အခန်း ၃၀
နိုးထလော့၊ ညီအစ်ကိုတို့။ နိုးထလော့၊ ညီအစ်မတို့။ ငါ၏နေ့ရက်သည် ကြန့်ကြာလိမ့်မည်မဟုတ်။ အချိန်သည် အသက်ဖြစ်ပြီး၊ အချိန်ကို ပြန်လည် မလွှတ်တမ်း အသုံးချဖို့ဆိုသည်မှာ အသက်ကို ကယ်တင်ဖို့ဖြစ်၏။ အချိန်သည် အလှမ်းမဝေးလှပေ။ အကယ်၍ သင်တို့သည် ကောလိပ် ဝင်ခွင့်စာမေးပွဲ ကျရှုံး ပါက၊ သင်တို့ ကြိုက်နှစ်သက်သလောက် အကြိမ်များစွာ လေ့လာပြီး ပြန်ဖြေနိုင်သည်။ သို့သော် ငါ၏နေ့ရက်သည် နောက်ထပ် ကြန့်ကြာခြင်းကို သည်းခံလိမ့်မည်မဟုတ်။ အမှတ်ရကြလော့။ အမှတ်ရကြလော့။ ငါသည် သင်တို့ကို ဤကောင်းမြတ်သော နှုတ်ကပတ်တော်များဖြင့် တိုက်တွန်း၏။ ကမ္ဘာကြီး၏ နိဂုံးသည် သင်တို့၏မျက်စိရှေ့တွင် ဖွင့်ဟကာ ကြီးမားသော ဘေးဒုက္ခတို့သည် ရုတ်ခြည်းနီးကပ် လာကြ၏။ မည်သည့်အရာ သာ၍ အရေးကြီးသနည်း- သင်တို့၏ အသက်တာလော သို့မဟုတ် သင်တို့၏အိပ်စက်ခြင်း၊ သင်တို့၏အစားအသောက်နှင့် အဝတ်အစားတို့လော။ ဤအရာများကို ချိန်ဆရန် သင့်အတွက် အချိန်ကျရောက်လာလေပြီ။ သံသယ မရှိလေတော့နှင့်၊ ပြီးလျှင် သေချာရေရာခြင်းကို မရှောင်ရှားနှင့်။
သနားဖွယ်ကောင်းလေစွ။ နုံချာလိုက်လေစွ။ ကျိုးကြောင်းမမြင်လေစွ။ လူသားမျိုးနွယ်သည် ရက်စက်လှပေသည်တကား။ ဧကန်အမှန်၊ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်ကို နားမထောင်ပေ- ငါသည် သင်တို့ကို အချည်းနှီး ပြောဆိုနေသည်လော။ သင်တို့သည် အလွန်ပင် ပေါ့လျော့နေဆဲဖြစ်သည်- အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် ထိုသို့ဖြစ်သနည်း။ သင်တို့သည် ထိုသို့သော အတွေးတစ်ခု အမှန်တကယ် လုံးဝ မရှိဖူးကြသလော။ ငါသည် မည်သူ့အတွက် ဤအရာများကို ပြောဆိုသနည်း။ ငါ့ကို ယုံကြည်လော့။ ငါသည် သင်တို့၏ ကယ်တင်ရှင်ဖြစ်သည်။ ငါသည် သင်တို့၏ အနန္တတန်ခိုးရှင် ဖြစ်သည်။ ဆက်စောင့်ကြည့်လော့။ ဆက်စောင့်ကြည့်လော့။ ဆုံးရှုံးသွားသောအချိန်သည် မည်သည့်အခါတွင်မျှ တစ်ဖန် လာလိမ့်မည် မဟုတ်- ဤသည်ကို အမှတ်ရကြလော့။ နောင်တကို ကုသပျောက်ကင်းစေသောဆေး လောကတွင် မရှိ။ ထို့ကြောင့်၊ ငါသည် သင်တို့ကို အဘယ်သို့ ပြောဆိုသင့်သနည်း။ ငါ၏နှုတ်ကပတ်တော်သည် သင်တို့၏ သတိရှိသည့်၊ အဖန်ဖန် စဉ်းစားဆင်ခြင်ခြင်းနှင့် မထိုက်တန်သလော။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်နှင့်ပတ်သက်၍ အလွန် အရေးမထားသကဲ့သို့၊ သင်တို့၏အသက်တာနှင့်ပတ်သက်၍ အလွန် တာဝန်မဲ့လေသည်။ ငါသည် ယင်းကို မည်သို့ သည်းခံနိုင်မည်နည်း။ ငါ မည်သို့ သည်းခံနိုင်မည်နည်း။
ဤတစ်ချိန်လုံး၊ မှန်ကန်သော အသင်းတော် အသက်တာတစ်ခုသည် သင်တို့အလယ် အဘယ်ကြောင့် မပေါ်ထွက်နိုင်သေးသနည်း။ အဘယ်ကြောင့် ဆိုသော် သင်တို့သည် ယုံကြည်ခြင်း ကင်းမဲ့သောကြောင့် ဖြစ်သည်။ သင်တို့သည် အဖိုးအခကို ပေးဆပ်ရန်၊ မိမိတို့ကိုယ်ကိုယ် ဆက်ကပ်ရန်၊ ငါ၏ရှေ့မှောက်တွင် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် လိုလားခြင်းမရှိကြပေ။ နိုးထကြလော့၊ ငါ့သားတို့။ ငါ့ကို ယုံကြည်ကြလော့၊ ငါ့သားတို့။ ငါ၏ချစ်လှစွာသော သူတို့၊ သင်တို့သည် ငါ၏ စိတ်နှလုံး၌ မည်သည့်အရာ ရှိသည်ကို အဘယ်ကြောင့် မစဉ်းစားကြလိမ့်မည်နည်း။