(ဂ) မိမိကိုယ်ကိုယ် သိကျွမ်းသည့်နည်းလမ်းနှင့် စစ်မှန်သော နောင်တရရှိသည့်နည်းလမ်းတို့နှင့် ပတ်သက်၍
(၃၅၈) နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်- အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်- လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲတစ်ကောင်၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်၊ ပြီးလျှင် ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်ပုံပေါက်ဖို့ သူ မည်မျှကြိုးစားသော်လည်း၊ ငါသည် သူ့ကို မည်သည့်အခါမျှ သနားကရုဏာ ထားရှိမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသား၏အသိစိတ်သည် ထုံထိုင်းလှသော်လည်း၊ ကောင်းချီးမင်္ဂလာများကို ရရှိရန် သူ တောင့်တဆဲဖြစ်သည်။ သူ၏ လူ့သဘာဝသည် အလွန်ဂုဏ်အသရေမဲ့သော်လည်း၊ သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒရှိဆဲဖြစ်သည်။ ထိုကဲ့သို့သော အသိစိတ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် သူ မည်သို့တက်ထိုင်နိုင်မည်နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပေတကား။ သူသည် စိတ်ကြီးဝင်နေသော အကောင်ယုတ် ဖြစ်ပေသည်။ သင်တို့အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများအတွက် ကြည့်မှန်တစ်ခုကို အရင်ရှာပြီး အကျည်းတန်သော မိမိ၏ ပုံရိပ်ကို ရှုစားကြရန် ငါအကြံပြုသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ရန်အရည်အသွေး ရှိသလော။ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သင်သည် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသော်လည်း၊ အံ့မခန်းဖွယ် မနက်ဖြန်ကို တောင့်တနေသေးသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေ၏။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ အသက်ရှင်သန်ခြင်းအတွက် စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။ အမှောင်ထုတွင် နေထိုင်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါ၌ပင်၊ လက်တွေ့လုပ်ဆောင်ရန် မတွေးတောကြသကဲ့သို့၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဖူးမြင်ခဲ့ရလျှင်ပင် ဘုရားသခင်ကို ရှာဖွေလိုခြင်း မရှိကြပေ။ ထိုမျှလောက် စာရိတ္တပျက်ပြားသော လူသားမျိုးနွယ်တစ်ရပ်သည် ကယ်တင်ခြင်းရရှိရန် အခွင့်အရေး မည်သို့ ရှိနိုင်မည်နည်း။ ထိုမျှ ယိုယွင်းသော လူသားမျိုးနွယ်တစ်ရပ်သည် အလင်းထဲတွင် မည်သို့နေနိုင်မည်နည်း။
လူ့စိတ်သဘောထားကို ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရကို သိခြင်းနှင့်သူ၏အတွေးအခေါ်၊ သဘာဝ၊ စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်တို့ ပြောင်းလဲခြင်းများ အားဖြင့်- အခြေခံကျသော ပြောင်းလဲမှုများအားဖြင့် စတင်သည်။ ဤနည်းဖြင့်သာ လူ့စိတ်သဘောထားအတွင်း အစစ်အမှန် ပြောင်းလဲခြင်းများ ဖြစ်မြောက်ပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်၏ အဆိပ်ခတ်ခြင်းနှင့် နင်းခြေခြင်းကို ခံရခြင်းမှ၊ ၎င်း၏စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန် ဒုက္ခပေးသည့် လွန်ကဲစွာ ဘေးသင့်စေမှုတို့မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းမှာ လူသား၏ ဤအခြေခံကျသော အရာများသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို နားမလည်ခြင်း အတိအကျပင် ဖြစ်သည်။ ထိုကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲမှုသည် ဘုရားသခင်နှင့် သမ္မာတရားတို့နှင့် ပတ်သက်သည့် သူ၏ အသိပညာကို ပြောင်းလဲစေမည့် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့ ပြောင်းလဲခြင်းများဖြင့် အစပြုရမည်။ နယ်မြေအားလုံးအနက် အလွန်အမင်း ဖောက်ပြန်ပျက်စီးဆုံး မြေပေါ်၌ မွေးဖွားလာခဲ့သူများသည် ဘုရားသခင်၏ ဖြစ်ခြင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာအား ဆိုလိုသည်တို့နှင့်ပတ်သက်၍ သာ၍ပင် မသိနားမလည်ဘဲ ရှိကြသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးလေလေ၊ ဘုရားသခင် တည်ရှိခြင်းကို ၎င်းတို့ မသိလေလေဖြစ်ပြီး၊ ၎င်းတို့၏ အသိစိတ်နှင့် ထိုးထွင်းအမြင် ညံ့ဖျင်းလေလေဖြစ်သည်။ လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ၊ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ကျိုးကြောင်းမမြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီဖို့လည်း မဖြစ်နိုင်ချေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။ “ပုံမှန်အသိစိတ်” ဟူသည်မှာ ဘုရားသခင်ကို နာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို တမ်းတခြင်း၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ ဖြစ်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း တို့ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ဘုရားသခင်ကို တမင်တကာ မဆန့်ကျင်ခြင်းကို ရည်ညွှန်းသည်။ မူမမှန်သော အသိစိတ် ရှိခြင်းသည် ဤသို့မဟုတ်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ ဖြစ်ပေါ်ကာ၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း မဆိုထားဘိ၊ ဘုရားသခင်ကို သစ္စာမရှိသကဲ့သို့ တမ်းတခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ပြီး သူ့ကို ဝေဖန်အကဲဖြတ်သည်၊ ထို့အပြင် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဆဲရေးခြင်းများ ပြုလုပ်သည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက်၊ လူသားသည် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကာ ဘုရားသခင်ကို နာခံဖို့ ရည်ရွယ်ချက် မရှိပေ၊ ပြီးလျှင် သူ့ကို ကျိုးကြောင်းမမြင် တောင်းဆိုခြင်းနှင့် တောင်းခံခြင်းတို့ကိုသာ ပြုလုပ်သည်။ မူမမှန်သော အသိစိတ် ရှိသည့်- ဤကဲ့သို့လူများသည် မိမိကိုယ်တိုင်၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူကို သိနိုင်စွမ်း သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရနိုင်စွမ်း မရှိပေ။ အကယ်၍ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်စွမ်းရှိသော်၊ ၎င်းတို့၏ အသိစိတ် အနည်းငယ်မျှ ပြန်လည် ရရှိလာပြီးဖြစ်သည်။ မိမိတို့ကိုယ်ကို မသိနိုင်သေးသည့်လူများသည် ဘုရားသခင်ကို ပုန်ကန်လေလေ၊ မိမိတို့ကိုယ်ကိုယ် မသိလေလေ၊ ၎င်းတို့တွင် ခြေခြေမြစ်မြစ်ရှိသော အသိစိတ် နည်းပါးလေလေ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်
(၃၅၉) လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ ဒုစရိုက်ကိုပြုသူအချို့ကို ၎င်းတို့ အဘယ်ကြောင့် မကောင်းမှုပြုကြသည်ကို သင်မေးပါက၊ သူတို့က “လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်” ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသောစကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ သူတို့သည် အမှုအရာများကို ဤရည်ရွယ်ချက် သို့မဟုတ် ထိုရည်ရွယ်ချက်အတွက် ပြုလုပ်ကောင်းပြုလုပ်ကြသော်လည်း၊ ထိုသူတို့သည် ယင်းကို မိမိတို့အတွက်သာ ပြုကြခြင်းဖြစ်သည်။ ကိုယ့်အတွက်သာ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်၊ သူတို့သည် မိမိတို့၏ကိုယ်ပိုင် အကျိုးအတွက်သာ အသက်ရှင်သင့်ပြီး၊ အစားအစာနှင့် ကောင်းမွန်သော အဝတ်အစားအတွက် ရာထူးကောင်းတစ်နေရာ ရရှိရန် သူတို့ အရာရာကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်သင့်သည်ဟု အယောက်တိုင်းက ထင်မှတ်ကြသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ၎င်းက လူသား၏ သဘာဝဗီဇကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။ စာတန်ပြုသမျှအရာတိုင်းမှာ ၎င်းအတွက်သာပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်ထက် သာလွန်ရန်၊ ဘုရားသခင်ထံမှ လွတ်မြောက်ကင်းကွာရန်၊ ၎င်းကိုယ်တိုင် တန်ခိုးကိုင်စွဲရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခြင်း အားလုံးကို ပိုင်ဆိုင်ရန် ဆန္ဒရှိသည်။ ထို့ကြောင့် လူသား၏ သဘာဝဗီဇသည် စာတန်၏ သဘာဝဗီဇဖြစ်သည်။ အမှန်တွင် လူများစွာတို့၏ ဆောင်ပုဒ်များသည် ၎င်းတို့၏ သဘာဝကို ကိုယ်စားပြုပြီး ထင်ဟပ်နိုင်၏။ လူတို့သည် မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်ရန် မည်သို့ ကြိုးစားပါစေ၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် ပြောသမျှတိုင်းတွင်၊ ၎င်းတို့ မည်သူဖြစ်သည်ကို မဖုံးကွယ်နိုင်ကြ။ အမှန်တရားကို ဘယ်သောအခါမျှ မပြောဘဲ ဟန်ဆောင်ကောင်းသောသူ အချို့ရှိ၏၊ သို့သော် အခြားသူများက ၎င်းတို့နှင့် တစ်ခဏကြာ အပြန်အလှန် ဆက်ဆံပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ လှည့်ဖြားတတ်သော သဘာဝနှင့် လုံးဝ မရိုးဖြောင့်မှုကို မြင်တွေ့ရပေသည်။ နောက်ဆုံးတွင် အခြားသူတို့သည် အောက်ပါ ကောက်ချက်ကို ချကြလေသည်- ထိုလူသည် ဘယ်သောအခါမျှ မှန်သည့်စကား တစ်လုံးကို မပြောသကဲ့သို့ လှည့်ဖြားတတ်၏။ ဤထွက်ဆိုချက်သည် လူတစ်ဦး၏ သဘာဝကဲ့သို့သောအရာကို ကိုယ်စားပြုပေသည်။ ယင်းသည် ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့်ဆိုင်သော အကောင်းဆုံး သာဓကနှင့် သက်သေ ဖြစ်၏။ ၎င်းတို့၏ ဘဝဒဿနမှာ မည်သူ့ကိုမျှ အမှန်တရား မပြောရန်ဖြစ်သည့်အပြင်၊ မည်သူ့ကိုမျှလည်း မယုံကြည်ရန် ဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝတွင် ဤအတွေးအခေါ် အမြောက်အမြား ပါဝင်သည်။ သင်သည် တစ်ခါတစ်ရံ သင်ကိုယ်တိုင် ယင်းကို သတိပင်မထားမိသကဲ့သို့ နားမလည်ပေ၊ သို့သော် သင့်ဘဝ၏ တဒင်္ဂတိုင်းသည် ယင်းအပေါ် အခြေခံလေသည်။ ထို့အပြင် ဤအတွေးအခေါ်မှာ အတော်အတန် မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်ကာ လုံးဝ မမှားယွင်းဟု သင်ထင်သည်။ ဤသည်မှာ စာတန်၏ အတွေးအခေါ်သည် လူတို့၏ သဘာဝ ဖြစ်လာပြီးဖြစ်ကာ၊ ၎င်းတို့သည် ယင်းကို စိုးစဉ်းမျှ တွန်းလှန်ခြင်းမရှိဘဲ၊ ယင်းနှင့်လုံးဝအညီ အသက်ရှင်နေကြသည်ကို ပြသရန် လုံလောက်ပေသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကို စဉ်ဆက်မပြတ် ထုတ်ဖော်နေကြပြီး၊ ကဏ္ဍအားလုံးတွင် ၎င်းတို့သည် စာတန်၏ အတွေးအခေါ်အားဖြင့် ဆက်လက် အသက်ရှင်ကြလေသည်။ စာတန်၏ သဘာဝသည် လူသားမျိုးနွယ်၏ အသက်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း
(၃၆၀) လူ၏သဘာဝကို သိရှိခြင်းနှင့် ပတ်သက်လာသည့်အခါ၊ အရေးကြီးဆုံးသော အရာမှာ ယင်းကို လူသား၏ လောကအမြင်၊ ဘဝအမြင်နှင့် တန်ဖိုးများ၏ ရှုထောင့်မှ ကြည့်ရန် ဖြစ်သည်။ နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသကဲ့သို့သော စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် ကမ္ဘာမြေ၏ အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် စကားများသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။ အထူးသဖြင့်၊ တရုတ်လူမျိုးများက “ပညာရှိ”ဟု အမွှမ်းတင်ခံရသူ ကွန်ဖြူးရှပ်၏ စကားအများစုမှာ လူသား၏ ဘဝ ဖြစ်လာပြီးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဒေါင်အယူဝါဒတို့၏ နာမည်ကျော် စကားပုံများနှင့် နာမည်ကျော် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ မကြာခဏ ကိုးကားခံရသည့် ဂန္တဝင် ဆိုရိုးစကားများလည်း ရှိပေသည်၊ ဤအရာအားလုံးသည် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ သဘာဝတို့၏ အနှစ်ချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ သဘာဝနှင့်ဆိုင်သော အကောင်းဆုံး သာဓကများနှင့် ရှင်းပြချက်များလည်း ဖြစ်ကြသည်။ လူသား၏ စိတ်နှလုံးထဲသို့ သွင်းပေးခံခဲ့ရသည့် ဤအဆိပ်များအားလုံး စာတန်ထံမှ လာလေသည်၊ ၎င်းတို့ထဲမှ နည်းနည်းမျှ ဘုရားသခင်ထံမှ မလာပေ။ ထိုသို့သော ဆိုးယုတ်သည့် စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လည်း တိုက်ရိုက် ဆန့်ကျင်လျက် ရှိ၏။ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားများသည် ဘုရားသခင်ထံမှ လာပြီး၊ လူသားကို အဆိပ်ခတ်သည့် အပျက်သဘောဆောင်သော အရာများအားလုံးက စာတန်ထံမှာ လာသည်မှာ လုံးဝ ရှင်းသည်။ ထို့ကြောင့်၊ သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများမှ သင် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူ့အဖွဲ့အစည်းထဲ၌ ဆယ်စုနှစ်ချီ၍ တက်ကြွလှုပ်ရှားလာပြီးဖြစ်သော လူတစ်ဦးအား- “သင့်အနေဖြင့် လောကကြီးထဲ၌ ကြာမြင့်စွာ အသက်ရှင်လာခဲ့ပြီး များစွာ စွမ်းဆောင်ရရှိပြီးသည်ကို ထောက်ဆလျှင်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများ အဘယ်နည်း။” ဟူ၍ မေးသည်ဟု စိတ်ကူးကြည့်လော့။ “‘အရာရှိများသည် တံစိုးလက်ဆောင်ပေးသူများကို မရိုက်ပုတ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။’ ဟူသည်မှာ အရေးအကြီးဆုံးတစ်ခုပင် ဖြစ်သည်” ဟု သူပြောကောင်း ပြောလိမ့်မည်။ ဤစကားများသည် ထိုလူ၏သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝဗီဇ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ခြင်းသည် သူ့ကိုအသက်ပေးသောအရာ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။ ဤနည်းဖြင့် ၎င်း၏သဘာဝကို ခွဲခြမ်းစိတ်ဖြာကြည့်၍ရပါက၊ လူသားသည် သူ့ကိုယ်သူ အလွယ်တကူ သိလာနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း
(၃၆၁) လူသားသဘာဝကို သင် မည်သို့ နားလည်ပါသနည်း။ သင်၏ သဘာဝကို နားလည်ခြင်းသည် အမှန်တကယ်တွင် သင့်စိတ်ဝိညာဉ်၏ အတွင်းကျကျအရာများကို စိတ်ဖြာလေ့လာခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် သင်၏အသက်၌ ရှိသည့်အရာ နှင့် ပတ်သက်သည်။ သင် အသက်ရှင်နေခဲ့သည်မှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် စာတန်၏ ရှုထောင့်အမြင်များ ဖြစ်၏။ ဆိုလိုသည်မှာ ယင်းသည် သင် အသက်ရှင်နေခဲ့သည့် စာတန်၏ အသက်ဖြစ်၏။ သင့်ဝိညာဉ်၏ နက်ရှိုင်းသော အတွင်းနေရာက အစိတ်အပိုင်းများကို တူးဖော်ခြင်းအားဖြင့်သာ၊ သင်၏ သဘာဝကို သင် နားလည်နိုင်သည်။ ဤအရာများကို မည်သို့ တူးဖော်နိုင်သနည်း။ ၎င်းတို့သည် ဖြစ်ရပ် တစ်ခု၊ နှစ်ခုမျှဖြင့် တူးဖော်၍မရနိုင်ပေ သို့မဟုတ် စိတ်ဖြာလေ့လာ၍ မရနိုင်ပေ။ အကြိမ်များစွာ၊ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်း သင် ပြီးစီးသည့်နောက်တွင်၊ သိနားလည်ခြင်းသို့ သင် ရောက်ရှိခြင်းမရှိသေးပေ။ သဘောပေါက်မိခြင်းနှင့် သိနားလည်ခြင်း အနည်းငယ်မျှကို သင်ရရှိဖို့ သုံးနှစ် သို့မဟုတ် ငါးနှစ် ကြာနိုင်ပေသည်။ အခြေအနေများစွာတွင်၊ သင်သည် မိမိကိုယ်ကိုယ် ဆန်းစစ်ရမည်ဖြစ်ပြီး၊ မိမိကိုယ်ကိုယ် သိလာရမည်ဖြစ်ကာ၊ နက်နက်တူးဖော်ခြင်းကို သင် လုပ်ဆောင်ပြီးသည့်အခါမှသာ၊ ရလဒ်များကို သင် မြင်ရလိမ့်မည်။ သမ္မာတရားနှင့်ဆိုင်သော သင်၏ သိနားလည်မှု တိုး၍ နက်နဲသထက်နက်နဲလာသည်နှင့်အမျှ၊ သင်သည် မိမိကိုယ်ကိုယ် ဆန်းစစ်ခြင်းနှင့် မိမိကိုယ်ကိုယ် သိရှိခြင်းတို့မှတစ်ဆင့် သင်၏ ကိုယ်ပိုင်သဘာဝ အနှစ်သာရကို တဖြည်းဖြည်း သိရှိလာလိမ့်မည်။ သင်၏ သဘာဝကို သိရှိဖို့ရန်အလို့ငှာ၊ အရာအချို့ကို သင် ပြီးမြောက်ရမည်။ ပထမဦးစွာ၊ သင်နှစ်သက်သောအရာကို သင် ရှင်းရှင်းလင်းလင်း သိရမည်။ ဤအရာက သင် စားလို၊ ဝတ်လိုသည့်အရာကို မရည်ညွှန်းပါ။ ယင်းထက်၊ သင် မွေ့လျော်သည့် အရာများ၊ သင် အားကျသည့် အရာများ၊ သင် ကိုးကွယ်သည့်အရာများ၊ သင် ရှာဖွေသည့်အရာများနှင့် သင်၏ စိတ်နှလုံးတွင် သင် အာရုံစိုက်သည့် အရာမျိုးများကို ဆိုလိုသည်။ ထိတွေ့ဆက်သွယ်ရာ၌ သင်ပျော်မွေ့သည့် လူအမျိုးအစားများ၊ သင်ပြုလုပ်လိုသည့် အရာများနှင့် သင့်စိတ်နှလုံးတွင် သင်ပုဂ္ဂိုလ်ရေး ကိုးကွယ်မိသည့် လူအမျိုးအစားများပင်ဖြစ်သည်။ ဥပမာအားဖြင့် လူအများစုက ကြီးမြတ်သည့် အဆင့်အတန်းရှိသည့် လူများ၊ ၎င်းတို့၏ ပြောပုံဆိုပုံနှင့် ကိုယ်ဟန်အမူအရာတို့တွင် ရည်မွန်သော လူတို့ကို နှစ်သက်ကြသည်၊ သို့မဟုတ် မြှောက်လုံးပင့်လုံး စကားပြောကောင်းသော သူများ သို့မဟုတ် ဟန်ဆောင်တတ်သော သူတို့ကို နှစ်သက်ကြသည်၊ အထက်ရည်ညွှန်းပါ ပုဂ္ဂိုလ်မှာ မည်သည့်လူတို့ကို ၎င်းတို့ အပြန်အလှန်ဆက်ဆံချင်သည့် အကြောင်းဖြစ်သည်။ လူတို့ နှစ်သက်သည့် အရာများအတွက်မူ၊ လုပ်ရန် လွယ်ကူသည့် အချို့သော အရာများကို လုပ်ဆောင်လိုခြင်း၊ အခြားသူများက ကောင်းမြတ်သည်ဟု ထင်ပြီး လူတို့ကို ချီးမွမ်းသီဆိုစေပြီး ချီးကျူးစကားများ ပြောစေသည့် အရာများကို လုပ်ဆောင်ခြင်းအား ပျော်မွေ့ခြင်းတို့ ပါဝင်သည်။ လူတို့၏ သဘာဝများတွင်၊ ၎င်းတို့ နှစ်သက်သည့် အမှုအရာများ၏ ဖြစ်နေကျလက္ခဏာရပ်တစ်ခု ရှိ၏။ ယင်းမှာ၊ အခြားသူများက အပြင်ပန်း ပုံသဏ္ဌာန်များကြောင့် မနာလိုဖြစ်ကြရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ နှစ်သက်ကြသည်၊ လှပပြီး ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံပုံရသည့် အရာများကို ၎င်းတို့ နှစ်သက်ကြကာ၊ ပုံပန်းများကြောင့် အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ နှစ်သက်ကြလေသည်။ လူတို့ မြတ်နိုးသော ဤအရာများမှာ ကြီးမြတ်သည်၊ ထူးချွန်ပြောင်မြောက်သည်၊ အလွန်လှပပြီး ခမ်းနားပေသည်။ လူအားလုံးက ဤအရာများကို ကိုးကွယ်ကြ၏။ လူတို့သည် မည်သည့် သမ္မာတရားမျှ မပိုင်ဆိုင်သကဲ့သို့၊ စစ်မှန်သော လူသားများ၏ ပုံသဏ္ဌာန်ကို ၎င်းတို့ မပိုင်ဆိုင်သည်ကို မြင်နိုင်ပေသည်။ ဤအရာများကို ကိုးကွယ်ရာတွင် အရေးပါမှု အတိုင်းအတာအနည်းငယ်မျှ မရှိသော်လည်း၊ လူတို့သည် ၎င်းတို့ကို နှစ်သက်ကြဆဲဖြစ်၏။...သင်နှစ်သက်သောအရာ၊ သင် အာရုံစိုက်သည့်အရာ၊ သင် ကိုးကွယ်သည့်အရာ၊ သင် အားကျသည့်အရာနှင့် သင့်စိတ်နှလုံးတွင် နေ့တိုင်း သင် တွေးသည့်အရာအားလုံးတို့သည် သင့်သဘာဝ၏ ကိုးစားပြုချက်များ ဖြစ်ကြသည်။ ယင်းမှာ သင့် သဘာဝက မဖြောင့်မတ်ခြင်းကို နှစ်သက်ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်၊ သင့် သဘာဝသည် ဆိုးယုတ်ပြီး ကုသ၍မရနိုင်သည်ကို သက်သေပြရန် လုံလောက်၏။ ဤနည်းဖြင့် သင်၏ သဘာဝကို သင် စိစစ်သင့်၏။ ဆိုလိုသည်မှာ၊ သင့် ဘဝတွင် သင် မြတ်နိုးသောအရာနှင့် သင် စွန့်လွှတ်သောအရာကို ဆန်းစစ်လော့။ သင်သည် တစ်စုံတစ်ဦးအပေါ် အချိန်တစ်ခုကြာ ကောင်းနေနိုင်သည်၊ သို့သော် ဤအရာက ၎င်းတို့ကို သင် နှစ်သက်သည်ဟု သက်သေမပြပေ။ သင်အမှန်တကယ် နှစ်သက်သောအရာများသည် သင်၏သဘာဝတွင် ရှိသည့်အရာ အတိအကျပင်ဖြစ်၏။ သင်၏ အရိုးများ ကွဲကြေခဲ့လျှင်ပင်၊ ယင်းကို သင် နှစ်သက်ပျော်မွေ့ဆဲဖြစ်လိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ စွန့်ပစ်နိုင်မည်မဟုတ်။ ဤသည်မှာ ပြောင်းလဲရန် မလွယ်ကူပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ
(၃၆၂) စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိခြင်းတွင် အဓိကသော့ချက်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိရှိရန်ဖြစ်ပြီး၊ ဤအရာသည် ဘုရားသခင်ထံမှ ထုတ်ဖော်ခြင်းနှင့်အညီ ဖြစ်ပျက်ရမည်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ တစ်ဦးတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အကျည်းတန်သော သဘာဝကို သိရှိနိုင်သည်၊ မိမိ၏ ကိုယ်ပိုင်သဘာဝထဲက စာတန်၏ အမျိုးမျိုးသော အဆိပ်များကို သတိပြုနိုင်သည်၊ မိမိ မိုက်မဲပြီး မသိနားမလည်သည်ကို နားလည်နိုင်ပြီး မိမိ၏ သဘာဝထဲက အားနည်းပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို သတိပြုမိနိုင်သည်။ ဤအရာများကို အပြည့်အဝ သိရှိပြီး၊ မိမိကိုယ်ကိုယ် စစ်မှန်စွာ မုန်းတီးနိုင်ပြီး ဇာတိပကတိကို စွန့်လွှတ်ပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်သမတ်တည်း ဆောင်ရွက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံးဝ ကျိုးနွံနာခံဖို့ အလိုဆန္ဒ ရှိပြီးနောက်တွင်၊ ပေတရု၏ လမ်းကြောင်းပေါ် သင် စတင်ပြီး ခဲ့လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်မပါဘဲနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ မပါဘဲ၊ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြသကဲ့သို့၊ မိမိတို့ကိုယ်ကိုယ် သစ္စာမဖောက်နိုင်ကြသောကြောင့် ဤလမ်းကြောင်းကို လျှောက်လှမ်းဖို့ ခက်ခဲပေလိမ့်မည်။ ပေတရု၏ စုံလင်ခြင်းလမ်းကြောင်းကို လိုက်လျှောက်ခြင်းသည် အဓိကအားဖြင့် စိတ်ဆုံးဖြတ်ထားခြင်း၊ ယုံကြည်ချက် ရှိခြင်းနှင့် ဘုရားသခင်ကို ကိုးစားခြင်းတို့အပေါ် တည်မှီပေသည်။ ထို့အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကျိုးနွံနာခံရမည်။ အရာခပ်သိမ်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမပါဘဲ လုပ်ဆောင်၍ မရပေ။ ဤအရာများသည် အဓိက ရှုထောင့်များဖြစ်သည်၊ ယင်းထဲမှ မည်သည့်အရာကိုမျှ ချိုးဖောက်၍ မရပေ။ အတွေ့အကြုံမှတစ်ဆင့် မိမိကိုယ်ကိုယ် သိရှိခြင်းသည် အလွန် ခက်ခဲ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မရှိဘဲနှင့်၊ ထိုအရာထဲသို့ ဝင်ရောက်ဖို့ အလွန်ခက်ခဲပေသည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်ရန်၊ မိမိကိုယ်ကိုယ် သိရှိခြင်းနှင့် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း အပေါ် အာရုံစူးစိုက်ရမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး
(၃၆၃) တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ နိမ့်ကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှု ကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် မတူညီသော ပတ်ဝန်းကျင်များကို လူသား အတွက် ဖန်တီးပေး၏။ နာကျင်မှုသည် ကြီးမားပြီး တစ်ခါတစ်ရံ ပြင်းထန်သော ပူဆွေးမှုအဆင့်ကို ရောက်သည်အထိပင် မကျော်လွှားနိုင် ဖြစ်ရသော်လည်း၊ ၎င်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှနှစ်လိုဖွယ်ကောင်းကြောင်း မြင်လေ၏၊ ထို့ပြင် ဤအုတ်မြစ် အပေါ်၌သာ လူသားအတွင်းတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။ ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်
(၃၆၄) မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် ကိုယ့်ကိုကိုယ်သိခြင်း သော့ချက်မှာ ဤသို့ဖြစ်သည်- အချို့သော ကဏ္ဍများတွင် သင်ကောင်းစွာပြုခဲ့ပြီးသည် သို့မဟုတ် မှန်ကန်သောအရာကို ပြုလုပ်ခဲ့ပြီးသည်ဟု သင်ပို၍ခံစားရလေ၊ ထို့ပြင် သင်သည် ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေနိုင်သည် သို့မဟုတ် အချို့သောကဏ္ဍများတွင် ကြွားဝါ၍ရသည်ဟု ပိုထင်လေဆိုလျှင် ထိုကဏ္ဍများ၌ သင့်ကိုယ်သင်သိရန် ပို၍ထိုက်တန်ပြီး သင်၌ မည်သည့်မစင်ကြယ်မှုများ ရှိကြောင်းကိုသိရန် ၎င်းတို့ကို နက်နဲစွာတူးဖော်ရန်လည်းကောင်း၊ သင့်အထဲရှိ မည်သည့်အရာများသည် ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေနိုင်ခြင်း မရှိကြောင်းကို ကြည့်ရန် ပို၍ထိုက်တန်လေ ဖြစ်သည်။ ပေါလုကို ပုံဥပမာတစ်ခုအဖြစ် ယူကြစို့။ ပေါလုသည် အထူးနှံ့စပ်သိရှိပြီး သူ၏ ဟောပြောခြင်းအလုပ်တွင် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ပေသည်။ သူသည် အထူးသဖြင့် များစွာသောသူတို့၏ ကြည်ညိုမှုကို ခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့်၊ အလုပ်များစွာ ပြီးစီးသည့်နောက်တွင်၊ သူ့အတွက် သရဖူတစ်ခု ဖယ်ထားပြီးဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။ ဤအရာက သူ့ကို နောက်ဆုံး ဘုရားသခင်အားဖြင့် အပြစ်ပေးခံရသည်အထိ မှားယွင်းသော လမ်းကြောင်းတစ်လျှောက် သာ၍ ဝေးဝေး ဆက်သွားစေခဲ့သည်။ ထိုအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး စိတ်ဖြာလေ့လာခဲ့လျှင်၊ ယင်းကို သူ တွေးခဲ့လိမ့်မည် မဟုတ်ပေ။ တနည်းအားဖြင့်၊ ပေါလုသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များထဲက သမ္မာတရားကို ရှာဖွေခြင်းအပေါ် အာရုံမစိုက်ခဲ့ပေ၊ သူသည် သူ၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကိုသာ ယုံကြည်ခဲ့သည်။ ကောင်းမွန်သော အရာအနည်းငယ်ကို သူ လုပ်ဆောင်ပြီး အပြုအမူကောင်းကို ပြသသရွေ့၊ ဘုရားသခင်၏ ချီးမွမ်းခြင်းနှင့် ဆုချီးမြှင့်ခြင်းခံရမည်ဟု သူ ထင်ခဲ့သည်။ နောက်ဆုံးတွင်၊ သူ၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများက သူ၏ စိတ်ဝိညာဉ်ကို ကန်းစေခဲ့ပြီး သူ၏ စရိုက်မှန်ကို ဖုံးကွယ်ခဲ့သည်။ သို့သော်၊ ဤအရာကို လူတို့သည် မသိခဲ့ကြဘဲ၊ ဤအရာကို ဘုရားသခင်၏ ဖော်ထုတ်ပေးခြင်းမရှိဘဲနှင့် ပေါလုကို သူတို့ ရည်မှန်းရမည့် စံနှုန်းတစ်ခု၊ အသက်ရှင်ရမည့် စံနမူနာတစ်ခုအဖြစ် ဆက်လက်ထားရှိခဲ့ကြပြီး၊ သူ့ကို ၎င်းတို့ ဖြစ်လိုသည့်သူ တစ်ဦးအဖြစ် ၎င်းတို့ ရှာဖွေလိုက်စားခြင်း၏ ရည်မှန်းချက်နှင့် အတုယူရမည့် တစ်စုံတစ်ဦးအဖြစ် မှတ်ယူကြလေသည်။ ပေါလုနှင့်ပတ်သက်သော ဤအဖြစ်အပျက်သည် ဘုရားသခင်၌ ယုံကြည်သောသူတိုင်းအတွက် သတိပေးချက်တစ်ခုအဖြစ် အသုံးဝင်သည်၊ ယင်းမှာ ကျွန်ုပ်တို့သည် အထူးသဖြင့် ကောင်းစွာပြုလုပ်ပြီးပြီဟု ခံစားရသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့သည် အချို့သောအရာ၌ အထူးသဖြင့် အထုံပါရမီရှိသည်ဟု ယုံကြည်သည့်အခါ သို့မဟုတ် အချို့သောအရာ၌ ကျွန်ုပ်တို့သည် ပြောင်းလဲရန် သို့မဟုတ် ကိုင်တွယ်ခံခြင်းခံရရန် မလိုအပ်ကြောင်း ထင်ရသည့်အခါ ကျွန်ုပ်တို့သည် ထိုအရာ၌ မိမိကိုယ်ကိုယ် ဆင်ခြင်ရန်နှင့် ပို၍သိနားလည်ရန် ကြိုးပမ်းသင့်လေသည်၊ ဤသည်မှာ အရေးပါလှသည်။ ဤသည်မှာ သင်တို့ကိုယ်တိုင်၏ ကဏ္ဍများ၌ ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခုခု အမှန်တကယ်ပါရှိသည် မပါရှိသည်ကို သိမြင်ဖို့အလို့ငှာ ကောင်းမြတ်သည်ဟု သင် ယုံကြည်သည့် ကဏ္ဍများကို သင် ဧကန်မုချ တူးဖော်ခြင်း၊ အာရုံစိုက်ခြင်း သို့မဟုတ် ခွဲခြမ်းလေ့လာခြင်း မပြုခဲ့သေးခြင်းကြောင့်ပင် ဖြစ်ပါသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်
(၃၆၅) လူတို့၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်- ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကိုယ်၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကိုယ် စတင်စက်ဆုပ်ရွံရှာလိမ့်မည်။ မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး အခက်အခဲမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ “ကျွန်ုပ်သည် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်ခြင်းတွင် အရာအချို့ ပါဝင်၏- ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား။” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ချေမှုန်းခံသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ဤအချိန်တွင် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့ မိမိကိုယ်ကိုယ် အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်ကဲ့သို့သော လူတစ်ဦးပင် သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတစ်လေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏- သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ နောင်တရဖို့ အလွန် နောက်ကျခဲ့ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး