သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်

ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာနှင့် စကြဝဠာရှိ အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာရှိ၏။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်၍ မည်သည့်အမှန်တရားကို လူတို့ မြင်ကြသနည်း။ ကမ္ဘာလောကသည် မည်မျှကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် စကြဝဠာက မည်မျှ အပြောကျယ်သည်ဖြစ်စေ ကြီးကျယ်ခမ်းနားသော အရာများမှနေ အလွန်သေးငယ်၍ မျက်စိဖြင့် မမြင်နိုင်သော အရာများအထိ အားလုံးအပေါ် အချုပ်အခြာအာဏာဖြင့် ဘုရားသခင် စိုးစံပြီး အရာခပ်သိမ်းအပေါ် စီစဉ်ညွှန်ကြား၏။ လူသား၏ ဆန္ဒများ၊ ရည်မှန်းချက်များ၊ တောင်းဆိုချက်များ၊ သို့မဟုတ် လူသားတိုးတက်ဖွံ့ဖြိုးရန် လိုလားသည့် ဦးတည်ချက်က မည်သည့်အရာဖြစ်စေ၊ ဘုရားသခင်၏ အမြင်အရဆိုလျှင် သူ၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများသည် ဤအရာများအားဖြင့် စိုးစဉ်းမျှ ထိခိုက်ခြင်း မရှိပေ။ အရာခပ်သိမ်းကို အချုပ်အခြာအာဏာဖြင့် ဘုရားသခင် စိုးစံပြီး စီစဉ်ညွှန်ကြားရာတွင် အသုံးပြုသည့် စည်းမျဉ်းမှာ အဘယ်နည်း။ ယင်းသည် မည်သည့်အရာအပေါ် အခြေပြုထားသနည်း။ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ယင်းက မည်သည့်အရာကို ဗဟိုပြုထားသနည်း။ (ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဗဟိုပြုပါသည်။) ဤအဖြေသည် မှန်၏။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဗဟိုပြုသည်။ ဤစကားများသည် အနည်းငယ် စိတ်ရှုပ်ထွေးစရာ ဖြစ်သော်လည်း သာ၍ နက်ရှိုင်းပြီး ဖုံးကွယ်နေသော အဓိပ္ပာယ်တစ်ခု ရှိသည်။ ယင်းအားဖြင့် ငါဆိုလိုသည်မှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် လူ့ဆန္ဒများ၏ စိုးမိုးခြယ်လှယ်မှု မခံရဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများ၊ နိုင်ငံများ၊ လူများ၊ သို့မဟုတ် လူမျိုးနွယ်အုပ်စုများကို သူ စီစဉ်ညွှန်ကြားသည့် နည်းလမ်း၊ သို့မဟုတ် သတ်မှတ်ထားသည့် ဒေသတွင် ဖြစ်ပျက်ရန် သူ စီစဉ်သည့်အရာများသည် လူ၏ ဆန္ဒများဖြင့် စိုးမိုးခြယ်လှယ်ခြင်း မခံရပေ။ ဘုရားသခင်သည် အချိန်၊ နေရာ၊ ပထဝီအနေအထား၊ သို့မဟုတ် လူတို့အားဖြင့် ကန့်သတ်မခံရပေ။ သူ လုပ်ဆောင်သမျှတိုင်းကို သူ၏ အကြံအစည်အတိုင်း အတိအကျ ဆောင်ရွက်ထားခြင်းဖြစ်ပြီး မည်သည့်လူကမျှ ထိုအရာကို ကဖျက်ကယက်မလုပ်နိုင်၊ သို့မဟုတ် မနှောင့်ယှက်နိုင်ပေ။ သင် လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ ပြီးလျှင် လူသားမျိုးနွယ်၊ သို့မဟုတ် သီးခြား လူမျိုးနွယ်စုတစ်စု၏ ဓမ္မဓိဋ္ဌာန်မကျသော ဆန္ဒများက မည်သည့်အရာဖြစ်စေ၊ မည်သည့်လူ၊ သို့မဟုတ် အမှုအရာကမျှ ဘုရားသခင် လုပ်ဆောင်ရန် ဆုံးဖြတ်ပြီးဖြစ်သည့်အရာကို နှောင့်ယှက်၊ ဖျက်ဆီးနိုင်စွမ်း၊ သို့မဟုတ် စိုးမိုးခြယ်လှယ်နိုင်စွမ်း မရှိပေ။ ဤအရာမှ မည်သည့်အရာကို သင် သင်ယူရပြီနည်း။ (ဘုရားသခင်၏ ဩဇာအာဏာကို သင်ယူပြီးဖြစ်ပါသည်။) ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာဖြစ်၏။ လူသားများကို ဘုရားသခင် ပထမဦးဆုံး ဖန်ဆင်းခဲ့ချိန်မှ ၎င်းတို့ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ခဲ့ချိန်ထိ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ရွေးချယ်ထားသော လူများ၊ တစ်ပါးအမျိုးသားများနှင့် ဘုရားသခင်အပေါ် ဆန့်ကျင်လိုသောသူများ အကျုံးဝင်လေသည်။ ဤလူအမျိုးအစားအားလုံးကို လူသားများအဖြစ် ဘုရားသခင်က ရှုမြင်သည်။ သို့သော် ဤလူအမျိုးအစားများကို ဘုရားသခင် ဆက်ဆံပုံတွင် ကွာခြားချက်တစ်ခု ရှိသလော။ ဘုရားသခင်သည် သူ ရွေချယ်ထားသူများကို အထူးနည်းလမ်းတစ်ခုဖြင့် ဦးဆောင်ပါသလော။ (ဦးဆောင်ပါသည်။) ဘုရားသခင်သည် အခြားသူများကို ဆက်ဆံသည်နှင့် မတူကွဲပြားစွာ သူ၏ ရွေးချယ်ထားသောလူများကို ဆက်ဆံသည်။ သို့ရာတွင် သူ၏ ရွေးချယ်ထားလူများအတွင်းတွင် အချို့သည် သူ့နောက်လိုက်ကာ နာခံနိုင်ကြပြီး အချို့မှာ သူ့ကို မနာခံသကဲ့သို့ အတိုက်အခံလုပ်ကြ၏။ သို့ဆိုလျှင် ဘုရားသခင်သည် ၎င်းတို့ကို အဘယ်သို့ ဆက်ဆံသနည်း။ သူ့အပေါ် ၎င်းတို့၏ သဘောထားကို သူ မည်သို့ ရှုမြင်သနည်း။ (ဘုရားသခင်သည် သူ့ကို နာခံသူတို့အပေါ် သနားကရုဏာရှိပြီး ချစ်ခင်သော်လည်း လူတို့သည် သူ့ကို မနာခံသည့်အခါ၊ သို့မဟုတ် အတိုက်အခံလုပ်သည့်အခါ ၎င်းတို့အပေါ် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျရောက်စေပါသည်။) မှန်ပေ၏။ သင်သည် ဘုရားသခင်၏ ရွေးချယ်ထားသော လူများထဲမှတစ်ဦး၊ သို့မဟုတ် သူ၏ နောက်လိုက်များထဲမှ တစ်ဦးဖြစ်သည်ဟု သင် တွေးထင်ပါစေ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို တစ်နည်းနည်းဖြင့် ပံ့ပိုးပေးပြီးဖြစ်သည်ဟု တွေးထင်ပါစေ ဘုရားသခင်၏ အမြင်အရဆိုလျှင် ဤအပြင်ပန်းအရာများကို သူ မကြည့်ပေ။ ဘုရားသခင်သည် ဖြောင့်မတ်သော စိတ်သဘောထားတစ်ခုရှိပြီး လူတို့အပေါ် သူ၏ ဆက်ဆံမှုတွင် စည်းမျဉ်းနှင့်ညီ၏။ တရားစီရင်ခံရသင့်သူတို့သည် တရားစီရင်ခံရ၏။ အပြစ်ပေးခံရသင့်သူတို့သည် အပြစ်ပေးခံရပြီး ဖျက်ဆီးခံရသင့်သူတို့သည် ဖျက်ဆီးခံရလေသည်။ ဥပမာအားဖြင့် ဂျူးလူမျိုးများက ယုဒပြည်မှ နှင်ထုတ်ခံရပြီး သခင်ယေရှု၏ နိုင်ငံတော် ဧဝံဂေလိတရားကို တစ်ပါးအမျိုးသားများထံ ဖြန့်ဝေခဲ့သည့် အချက်နှင့်ပတ်သက်၍ သင် မည်သို့ သဘောရသနည်း။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများအရ၊ ပြီးလျှင် ယုဒအယူဝါဒအရဆိုလျှင် ဂျူးလူမျိုးများသာ ဘုရားသခင်၏ ရွေးချယ်ထားသောလူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အဖိုးတန် သားသမီးများဖြစ်ပြီး ဘုရားသခင် သံယောဇဉ်အရှိဆုံးသော လူသားများ ဖြစ်သည်။ ၎င်းတို့သည် သူ၏ အသည်းကြော်လေးများ ဖြစ်သည်။ လူတို့ ပြောသည့်အရာအရ ဂျူးလူမျိုးများသည် သူ၏ အချစ်ခင်ဆုံးသော သားသမီးများဖြစ်ပြီး တစ်ဦးတစ်ယောက်သည် မိမိတို့ အချစ်ဆုံး ကလေးကို ဂရုစိုက်ပြီး မည်သည့်နည်းနှင့်မျှ ၎င်းတို့ကို မနာကျင်စေသင့်၊ သို့မဟုတ် မထိခိုက်စေသင့်ဟူ၍ ဖြစ်သည်။ ဂျူးလူမျိုးများက မည်သည့်အရာကို ဆုတောင်းသည်ဖြစ်စေ၊ ဘုရားသခင်က ၎င်းတို့ကို ပေးလိမ့်မည်ဖြစ်ပြီး ၎င်းတို့ တောင်းလျှောက်သည့်အရာ၊ သို့မဟုတ် စိတ်ကူးသည့်အရာထက် ပေးသနားလိမ့်မည်ဟု လူတို့ တွေးထင်ကြသည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်ခဲ့သနည်း။ ဂျူးလူမျိုးများက သခင်ယေရှုကို ကားတိုင်တွင် သံမှိုရိုက်နှက်ခဲ့သောကြောင့် ဘုရားသခင်သည် အလွန် ဒေါသထွက်လာခဲ့ပြီး ယုဒပြည်ကို သိမ်းပိုက်ကာ ဂျူးလူမျိုးများကို မိမိတို့ဇာတိဒေသမှ နှင်ထုတ်ရန် ရောမလူမျိုးများကို စစ်တပ်များစေလွှတ်စေခဲ့သည်။ ယင်းမှာ များစွာသော လူသတ်မှုနှင့် အစုအပြုံလိုက်လူသတ်ခြင်း ဖြစ်အင်တစ်ခု ဖြစ်ခဲ့သည်။ မရေမတွက်နိုင်သည့် လူများ သေဆုံးကာ မြစ်ရေများအလား သွေးချောင်းစီးသွားခဲ့သည်။ ဂျူးလူမျိုးများစွာ ရှင်ကျန်ခဲ့သည့် တစ်ခုတည်းသော နည်းလမ်းမှာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအမျိုးမျိုးဆီသို့ ရှောင်တိမ်းခြင်းအားဖြင့် ဖြစ်သည်။ ဤအချက်များမှ ဘုရားသခင်၏ စိတ်သဘောထား၌ မည်သည့် အနှစ်သာရကို သင်တို့ မြင်သနည်း။ (ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းမခံခြင်း ဖြစ်သည်။) ဘုရားသခင်၏ စိတ်သဘောထားအကြောင်း ပြောဆိုခြင်းဖြင့် အစမပြုကြစို့နှင့်၊ ပထမဦးစွာ လူတို့ကို ဥပမာတစ်ခုအဖြစ် အသုံးပြုကြစို့။ တကယ့်ဘဝတွင် တစ်စုံတစ်ဦးသည် မိမိအလွန်ချစ်ရသည့် ကလေးတစ်ဦးရှိပြီး မိမိတို့၏ ပိုင်ဆိုင်မှုနှင့် ရှိသမျှကို ထိုကလေးအား အမွေခံစေလိုပါက မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြလိမ့်မည်နည်း။ တစ်ဖက်တွင် ထိုကလေး ဖြစ်မြောက်အောင်မြင်ပြီး မိမိမိဘများ၏ အရိုက်အရာကို ခံယူနိုင်ရန်အလို့ငှာ သူနှင့်ပတ်သက်၍ ၎င်းတို့က တင်းကျပ်ကြလိမ့်မည် ဖြစ်သည်။ သို့ရာတွင် အရေးအကြီးဆုံးမှာ သူ့ကို ၎င်းတို့ ကာကွယ်ပေးလိမ့်မည်ဖြစ်ပြီး ထိခိုက်နစ်နာမှု၊ သို့မဟုတ် အန္တရာယ်တစ်ခုတလေ ရှိသည့် လမ်းကြောင်းထဲ ရောက်လာခွင့်ပေးမည် မဟုတ်ပေ။ ဤအရာ၏ ရည်ရွယ်ချက်မှာ ကလေးငယ်က အသက်ရှင်ပြီး မိဘများရှိသမျှကို အမွေခံနိုင်ရန်အလို့ငှာ ဖြစ်သည်။ ဤအရာအားလုံးကို လုပ်ဆောင်ရန် မည်သည့်အရာက ၎င်းတို့ကို လှုံ့ဆော်သနည်း။ လူတို့သည် မိမိတို့မချစ်သည့် ကလေးများ၊ သို့မဟုတ် သူစိမ်းများကို အလားတူ ဆက်ဆံကြသလော။ ၎င်းတို့ ထိုနည်းအတိုင်း ပြုမူကြသလော။ (မပြုမူကြပါ။) ၎င်းတို့ အချစ်ဆုံးဖြစ်သော ကလေးအတွက် လူတို့ လုပ်သမျှသည် တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ခံစားမှုနှင့် တစ်ကိုယ်ရေ စိတ်ဆန္ဒများက လှုံ့ဆော်သည်မှာ သိသာပေသည်။ ဤအရာများသည် လူ့သဘာဝ၏ အနှစ်သာရနှင့် သက်ဆိုင်ပေသည်။ လူတို့၏ စိတ်ခံစားချက်များနှင့် တစ်ကိုယ်ကောင်းဆန်ခြင်း၌ သမ္မာတရား ရှိသလော။ မျှတမှု ရှိသလော။ (မရှိပါ။) ယင်းမှာ လူသားမျိုးနွယ်က မိမိကိုယ်ကို ပေါ်လွင်စေပုံ ဖြစ်သည်။ သို့ရာတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာများကို ကြည့်လော့။ ဘုရားသခင်သည် သူရွေးချယ်ထားသော လူများဖြစ်သည့် ဂျူးလူမျိုးများအား ယုဒပြည်မှ ကမ္ဘာအနှံ့၊ အာရှ၊ ဥရောပ၊ အာဖရိကနှင့် အမေရိကတို့ရှိ တစ်ပါးအမျိုးသားများအားလုံးထံ ဧဝံဂေလိတရား ဖြန့်စေချင်ခဲ့၏။ ထိုဧဝံဂေလိတရားကို ၎င်းတို့ မည်သို့ ဖြန့်ရမည်နည်း။ ဘုရားသခင်သည် ဂျူးလူမျိုးတို့၏ နယ်မြေကို ဝင်ရောက်စီးနင်းကာ သိမ်းပိုက်ခဲ့သော နိုင်ငံရပ်ခြားကျူးကျော်သူများ အသုံးပြုသည့် နည်းလမ်းတစ်ခုကို သုံးကာ ထိုနေရာတွင် နေထိုင်နေသော ဂျူးလူမျိုးများ၊ ကယ်တင်ရှင် ယေရှုအကြောင်း သတင်းဖြန့်ဝေနေသည့်လူများကို အိမ်ယာများ ဆုံးရှုံးသွားပြီး မည်သည့်အခါမျှ ပြန်မလာအောင် မောင်းထုတ်ခဲ့သည်။ ထို့နောက်တွင် ဂျူးလူမျိုးများသည် ၎င်းတို့ အခြေချနေထိုင်ခဲ့ကြသည့် ကမ္ဘာမြေ၏ နေရာအမျိုးမျိုးတွင် ရှင်သန်နေထိုင်ကြပြီး ကယ်တင်ရှင် ယေရှု၏ ဧဝံဂေလိတရားကို ကမ္ဘာလောကရှိ နိုင်ငံတိုင်းနှင့် ဝေးလံခေါင်သီသော နေရာအနှံ့အပြား အားလုံးဆီသို့ တဖြည်းဖြည်း ရောက်ရှိသည်အထိ စတင်ဖြန့်ဝေခဲ့ကြသည်။ ဤအရာက ဘုရားသခင်၏ အမှုတော်သည် အလွန်လက်တွေ့ကျသည်ဆိုသည့် အချက်တစ်ခုကို သက်သေပြု၏။ ဤအရာသည် အဓိကအားဖြင့် မည်သည့်နေရာတွင် သိသာထင်ရှားသနည်း။ ဘုရားသခင်သည် ဣသရေလလူတို့ကို ဤအမျိုးမျိုးသော နိုင်ငံအားလုံးဆီသို့ တွန်းပို့ပြီး သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်စေရန် အလွန်တစ်မျိုးတစ်ဘာသာဖြစ်ပြီး တစ်မူထူးခြားသော နည်းတစ်နည်းကို အသုံးပြုခဲ့သည့်အချက်တွင် သိသာထင်ရှား၏။ သူသာ ဣသရေလလူတို့ကို နိုင်ငံတိုင်းဆီသို့ ပြောင်းပြီး ဧဝံဂေလိ ဖြန့်ကာ ဘုရားသခင်ကို သက်သေခံရန် ဆုံးဖြတ်ချက်ချခွင့်ပေးခဲ့ပါက ၎င်းတို့သည် မိမိတို့ မိသားစုများနှင့် ဘိုးဘွားပိုင် ဇာတိမြေကို မိမိတို့ဘာသာ စွန့်နိုင်မည်မဟုတ်ချေ။ ယင်းမှာ ၎င်းတို့အနေဖြင့် ထွက်သွားပြီး သခင်ယေရှု၏ ဧဝံဂေလိကို ဖြန့်ဝေနိုင်ရန်အလို့ငှာ စတင်နိုင်စေရန် ဘုရားသခင်က ၎င်းတို့ကို လှုံ့ဆော်မှုပေးလိုက်သည့်အလား ဖြစ်သည်။ ဤသည်မှာ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားအတွက် ဘုရားသခင် ပေးခဲ့သည့် အဖိုးအခ ဖြစ်သည်။ သူသည် သူရွေးချယ်ထားသော လူတို့အား စစ်ပွဲ၊ လူသတ်ပွဲနှင့် ပြည်နှင်ဒဏ်တို့ဖြင့် တွေ့ကြုံစေခဲ့သည်။ ဂျုးလူမျိုးများသည် နိုင်ငံတိုင်း၌ ဧဝံဂေလိတရား ဖြန့်ဝေရင်း နေအိမ်မရှိဘဲ ကမ္ဘာမြေပေါ် မဖြစ်မနေ လှည့်လည်သွားလာခဲ့ရသည်။ လူ၏ အမြင်တွင်၊ ဤနည်းစနစ်များသည် အလွန်ဂရုမစိုက်လွန်းရာကျသော်လည်း ဘုရားသခင်၏ အနှစ်သာရကို “ဂရုမစိုက်ခြင်း” အဖြစ် ဖော်ပြ၍ ရနိုင်သလော။ ဂရုမစိုက်ခြင်းမဟုတ်သည်နှင့်အမျှ ထိုသို့ဖော်ပြ၍ မရနိုင်သည်မှာ သိသာပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတွင် တစ်ကိုယ်ကောင်းဆန်ခြင်း၊ သို့မဟုတ် စိတ်ခံစားချက် မရှိသောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်၏ တိုးတက်မှု နောက်တစ်ဆင့် အောင်မြင်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များနှင့်အညီ အပြည့်အဝ အကောင်အထည်ပေါ်ရန်အလို့ငှာ လူသားမျိုးနွယ်တစ်ရပ်လုံး၏ တိုးတက်မှုအတွက် ဤအရာအားလုံးကို သူလုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာကို ဘုရားသခင် လုပ်ဆောင်ရမည် ဖြစ်သည်။ အခြားနည်းလမ်း မရှိပေ။ ဘုရားအမှုတော်၏ အဆင့်များသည် ဤအခြေအနေထိ တိုးတက်နှင့်ခဲ့ပြီးဖြစ်ကာ သူ၏ လုပ်ရပ်များက မြန်ဆန်ပြီး ကောင်းမွန်သော ရလဒ်များကို ယူဆောင်ပြီးဖြစ်သောကြောင့် ယင်းတို့သည် လုံးဝ သင့်လျော်ပေသည်။ ဘုရားသခင်၏ အနှစ်သာရကို ကြည့်သည့်အခါ ဤအရာကို ဘုရားသခင် တစ်ပါးတည်းသာ လုပ်နိုင်မည်ဖြစ်သည်၊ အခြားမည်သည့် နိုင်ငံ၊ သို့မဟုတ် လူမျိုးနွယ်ကမျှ လုပ်နိုင်မည်မဟုတ်။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်၏။ ဂျူးလူမျိုးများအပေါ် ဘုရားသခင်၏ သဘောထားကို ကြည့်ခြင်အားဖြင့် ယနေ့ခေတ် ဘုရားသခင်၏ ရွေးချယ်ထားသောလူများအတွက် ဉာဏ်အလင်းအချို့ကို ရရှိသင့်ပေသည်။ လူကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး လူသားအတွက် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်၊ သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းတို့ရှိသော်လည်း ဘုရားသခင်က လူတို့ကို စေခိုင်းချက်တာဝန်တစ်ခု ပေးသည့်အခါ ဘုရားသခင်၏ အမြင်တွင် လူတို့သည် မည်သည့်အရာ ဖြစ်သနည်း။ ဤအဓိပ္ပာယ်အဆင့်ကို သင်တို့ သဘောပေါက်နိုင်သလော။ လူအချို့က “ဤရှုထောင့်အမြင်မှကြည့်လျှင် လူတို့သည် ဘုရားသခင်၏ အမြင်၌ မည်သည့်တန်ဖိုးမျှ မရှိပါ။ သူတို့သည် အသုံးခံများသာ ဖြစ်သည်။ သင်သည် သူ ပြောသည့်နေရာသို့ သွားပြီး သူ ခိုင်းသည့်အတိုင်းသာ လုပ်သည်”ဟု ဆိုကြသည်။ ဤစကားများသည် မှန်ကန်ပါ၏လော။ မမှန်ချေ။ အပေါ်ယံတွင် ဤအရာက ဟုတ်ပုံရသော်လည်း အမှန်တွင် မဟုတ်ပေ။ လူတို့၏ စကားများကို သုံးပြီးပြောရလျှင် ဘုရားသခင်သည် ပြုမူဆောင်ရွက်သည့်အခါ ထိုမျှစိတ်မဝင်စားပေ။ ဘုရားသခင်သည် လူ၏ အစဉ်အလာ အတွေး၊ သို့မဟုတ် အယူအဆများ မရှိသကဲ့သို့ မည်သည့်အရာဖြင့်မျှ ကန့်သတ်မခံရပေ။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ချုပ်ချယ်မှုကင်းသည်၊ လွတ်လပ်ကာ ပွင့်လင်း၍ မြင်သာပြီး ဖြောင့်မှန်သည်။ တစ်ဖက်တွင် သူသည် အရာရာ ပုံမှန် တိုးတက်ရန်အလို့ငှာ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များအတိုင်း သူ လိုက်နာသည်။ အခြားတစ်ဖက်တွင် ယင်းမှာ အနာဂတ်ရှိ လူတို့သည် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်အညီ ဘုရားသခင်၏ လက်ထဲတွင် ပုံမှန်တိုးတက်ကာ ရှေ့ဆက်နိုင်ကြစေရန်အလို့ငှာ ဖြစ်သည်။ လူ၏ တိုးတက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် အတွင်းကျကျ ဆက်နွှယ်၏။ ဘုရားသခင်သည် ဤခြေလှမ်းကို လှမ်းရန် သူချစ်သည့် တစ်စုံတစ်ရာကို စွန့်ရသည့်နာကျင်မှုကို သည်းညည်းခံရင်း ဤသို့ မပြုမူပါက လူအတွက် အနည်းငယ်မျှပင် တိုးတက်ရန် ခက်ခဲပေမည်။ ယင်းမှာ ဘုရားသခင်သည် သူ ပြုလုပ်သည့် ရွေးချယ်မှုတိုင်း၊ သူ လှမ်းသည့် ခြေလှမ်းတိုင်းနှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ရှိ အရာရာတိုင်းကို စဉ်းစားပြီးဖြစ်သည်ဟု ငါပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ယင်းတွင် သူ၏ အစွမ်းခွန်အား၊ ဩဇာအာဏာနှင့် ဉာဏ်ပညာတို့ ပါဝင်သည်။ လူတို့နားမလည်သော ဘုရားသခင် လုပ်ဆောင်သည့်အရာ အချို့ အမြဲရှိသည်။ ၎င်းတို့ အဘယ်ကြောင့် နားမလည်နိုင်သနည်း။ လူတို့တွင် အယူအဆများ ရှိသောကြောင့် ဖြစ်သည်။ ဤအယူအဆများထဲမှ အချို့သည် စိတ်ကူးများဖြစ်၏။ အချို့မှာ လူ၏ ရိုးရာယဉ်ကျေးမှုနှင့် အတွေး၏ လွှမ်းမိုးခြင်းခံရပြီး အချို့မှာ လူ၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် ဝေဖန်မှုများ ဖြစ်သည်။ ဤအရာများက ဘုရားသခင်အပေါ် လူ၏ သိနားလည်မှုအပြင် ဘုရားသခင်အပေါ် သူ၏ အမြင်ကိုပါ လွှမ်းမိုးလေသည်။

ယုဒပြည်မှ ဂျူးလူမျိုးများ နှင်ထုတ်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့် ကောက်ချက်ကို သင်တို့ ချနိုင်ကြသနည်း။ (ဘုရားသခင်သည် လူသားများကဲ့သို့ တစ်ကိုယ်ကောင်းဆန်သော စိတ်နှလုံး မရှိခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သမျှသည် ဖြောင့်မှန်ပြီး လူသားမျိုးနွယ်အားလုံး၏ တိုးတက်မှုအတွက် ဖြစ်ပါသည်။) သင်တို့ထံ ဤအခြေအနေဖြစ်ပျက်ပြီး လူသတ်ပွဲ၊ သွေးစီးချောင်းများ၊ ပျက်စီးမှုတို့ရှိကာ သေခြင်းက သင်တို့ အိမ်ထောင်အပေါ် အလည်ရောက်ရှိ၍ သင်၏ မိသားစု တစ်စစီပြိုကွဲပါက သင်တို့၏ သိနားလည်မှုသည် မည်သည့်အရာ ဖြစ်မည်နည်း။ (ကျွန်ုပ်တို့၏ လူ့သဘာဝနှင့် စာတန်အားဖြင့် ကျွန်ုပ်တို့ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာပေါ် မူတည်၍ ကျွန်ုပ်တို့တွင် အထင်လွဲမှုများ၊ မကျေမချမ်းဖြစ်ခြင်းနှင့် အဓိပ္ပာယ်ကောက်လွဲမှုများ ရှိကောင်းရှိနိုင်သော်လည်း ယခုတွင် ဘုရားသခင်၏ မိတ်သဟာယမှတစ်ဆင့် ဘုရားသခင် လုပ်ဆောင်သမျှသည် အဓိပ္ပာယ်နှင့် သူ၏ အလိုတော် ပိုင်ဆိုင်ကြောင်း ကျွန်ုပ်တို့ သဘောပေါက်ပါသည်။ ဆင်းရဲဒုက္ခမည်မျှ ကျွန်ုပ်တို့ တွေ့ကြုံခံစားရသည်ဖြစ်စေ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအားလုံးကို ကျွန်ုပ်တို့ လိုလိုလားလား ကျိုးနွံနာခံပြီး ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ဝေမျှကာ သက်သေခံလျက် သူနှင့်အတူ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သင့်ပါသည်။) ဤအချက်များကို ရင်ဆိုင်ရာတွင် လူသည် ရွေးချယ်မှုတစ်ခု ရှိပါသလော။ ဘုရားသခင်က လုပ်ဆောင်ရန် ဆုံးဖြတ်သည့်အရာကို လူက ရွေးချယ်ပိုင်ခွင့်မရှိပေ။ ဤစကားများကို ကြားပြီးနောက်တွင် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်း လူတို့ ခံစားရသေးသလော။ ၎င်းတို့ စိတ်ပျက်အားလျော့လာကြပြီး “ဤအချက်များနှင့် ပတ်သက်၍ လူတို့တွင် ရွေးချယ်ပိုင်ခွင့်မရှိပါက ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ လုပ်ဆောင်ချက်တွင် လူသည် မည်သည့်အခန်းကဏ္ဍ၌ အတိအကျ ပါဝင်ပါသနည်း”ဟု ဆိုကြသည်။ သင်တို့ သိကြသလော။ (ကျွန်ုပ်တို့သည် အဖန်ဆင်းခံများ ဖြစ်ကြပါသည်။) သင်တို့သည် အဖန်ဆင်းခံများသာ မဟုတ်ပေ။ အဖြည့်ခံများအဖြစ် ပြုမူဆောင်ရွက်ကြ၏။ သင်တို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ခံရသည့်သူများဖြစ်ရုံသာမက သူ၏ ကယ်တင်ခြင်း ခံရသည့်သူများလည်း ဖြစ်၏။ ယင်းမှာ သင်တို့ ပါဝင်ဆောင်ရွက်သည့် အခန်းကဏ္ဍဖြစ်သည်။ အဖန်ဆင်းခံများအနေဖြင့် သင်တို့၏ လုပ်ငန်းဆောင်တာမှာ အဘယ်နည်း။ ဤသည်မှာ လူတစ်ဦး၏ လက်တွေ့လုပ်ဆောင်မှု၊ တာဝန်တို့နှင့် ဆက်နွှယ်ပေသည်။ သင်သည် အဖန်ဆင်းခံတစ်ဦးဖြစ်ပြီး ဘုရားသခင်က သင့်ကို တေးသီချင်းနှင့်ဆိုင်သည့် ဆုကျေးဇူးပေးကာ ဘုရားအိမ်တော်က သင် သီချင်းဆိုဖို့အတွက် စီစဉ်ပါက ကောင်းစွာ သီဆိုရမည်ဖြစ်သည်။ သင်သည် ဧဝံဂေလိ ဆုကျေးဇူးရှိပြီး ဘုရားအိမ်တော်က ဧဝံဂေလိ သွားဖြန့်ရန် သင့်အတွက် စီစဉ်ပါက သင်သည် ဧဝံဂေလိကို ကောင်းစွာ သွား၍ ဖြန့်ဝေသင့်ပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့က သင့်ကို ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြောက်သည့်အခါ သင့်အနေဖြင့် ခေါင်းဆောင်မှုနှင့်ဆိုင်သည့် စေခိုင်းချက်တာဝန်ကို ယူသင့်ပြီး ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန်၊ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုရန်နှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့ကို ဦးဆောင်သင့်သည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်၏ တာဝန်ကို ကောင်းစွာ သင် ဆောင်ရွက်ပြီးဖြစ်လိမ့်မည်။ လူကို ဘုရားသခင် ပေးသည့် စေခိုင်းချက်တာဝန်သည် အလွန့်အလွန် အရေးကြီးပြီး အဓိပ္ပာယ်ရှိ၏။ ထို့ကြောင့် ဤစေခိုင်းချက်တာဝန်ကို သင် မည်သို့ ယူပြီး မိမိလုပ်ငန်းဆောင်တာကို ဖြည့်ဆည်းသင့်သနည်း။ ဤသည်မှာ သင် ရင်ဆိုင်သည့် အကြီးမားဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်ပြီး ရွေးချယ်မှုတစ်ခု သင် ပြုလုပ်ရမည်။ ဤသည်မှာ သမ္မာတရားကို သင် ရရှိနိုင်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းခံရနိုင်ခြင်း ရှိမရှိဆိုသည်ကို ဆုံးဖြတ်သည့် အရေးပါသော အခိုက်အတန့်တစ်ခု ဖြစ်သည်ဟု သင် ဆိုနိုင်သည်။ သင်၏ ကိုယ်ပိုင် အလိုဆန္ဒကို သင်မှီခိုခြင်းဖြင့် ဆောင်ရွက်ကာ မအပ်မရာအမှုမျိုးစုံကို သင်ကျူးလွန်မိပါက ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သင်ဖြည့်ဆည်းလိမ့်မည် မဟုတ်သည်သာမက ဘုရားအိမ်တော်၏ အလုပ်ကိုလည်း နှောင့်ယှက်မိလိမ့်မည်။ သို့ဖြစ်၍ ပေါလု အပြစ်ပေးခံခဲ့ရသကဲ့သို့ သင်အပြစ်ပေးခံရဖို့ လိုအပ်လိမ့်မည်။ တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ဘုရားသခင်က သင့်ကို ပြောသည့်အခါ သင်၏ လုပ်ငန်းဆောင်တာမှာ အဘယ်နည်း။ ထိုတာဝန်ကို ကောင်းစွာလုပ်ပြီး အမှားမလုပ်မိရန် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် အစေခံမှုကို ကောင်းစွာ သင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ မည်သည့် အစေခံမှုကို ဆောင်ရွက်ရန် ဘုရားသခင်က သင့်ကို ပြောသည်ဖြစ်စေ သင်ကောင်းမွန်စွာ ကျိုးကျိုးနွံနွံ လုပ်ဆောင်ရမည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်သည် နားထောင်ပြီး နာခံသောလူတစ်ဦး ဖြစ်သည်။ အစေခံမှုကို ရိုးသားစွာ သင်မဆောင်ရွက်သကဲ့သို့ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ အစဉ်ထားရှိပြီး ရှင်ဘုရင်တစ်ပါးကဲ့သို့ အမြဲ အုပ်စိုးလိုပါက သင်သည် စာတန်တစ်ဦးနှင့် အန္တိခရစ်တစ်ဦး ဖြစ်ကာ အပြစ်ပေးခံရမည်။ လူအချို့သည် သမ္မာတရားကို နားမလည်၊ သို့မဟုတ် မလိုက်စားကြချေ။ မိမိတို့၏ အလုပ်ကိုသာ အားထုတ်ကြ၏။ သို့ဆိုလျှင် အဖန်ဆင်းခံတစ်ဦးအဖြစ် ၎င်းတို့၏ လုပ်ငန်းဆောင်တာမှာ မည်သည့်အရာနည်း။ အလုပ်လုပ်ပြီး အစေခံရန်သာ ဖြစ်သည်။ ထို့နောက် ပေါင်းရုံးသုံးသပ်ရလျှင် ဘုရားသခင်၏ အမြင်၌ အဖန်ဆင်းခံများက ဆောင်ရွက်သင့်သည့် တိကျသော တာဝန်များက မည်သည့်အရာဖြစ်ပြီး ၎င်းတို့ မည်သည့် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်သင့်သနည်း။ ဤသည်မှာ သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့် သက်ဆိုင်သည်။ လူ၏ အယူအဆများနှင့် စိတ်ကူးများအရ ဘုရားသခင်သည် သူ၏အမြင်၌ အဖန်ဆင်းခံများကို သံယောဇဉ်ရှိသည်၊ ချစ်ခင်ယုယသည်၊ ကွယ်ကာသည်၊ ကြည့်ရှုစောင့်ရှောက်ပြီး ကျေးဇူးတော်ကို ပေးသနားသည်။ ထို့နောက် ၎င်းတို့ကို ဆုံးမပဲ့ပြင်သည်၊ ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းသည်၊ ၎င်းတို့ကို မိမိစိတ်နှလုံးဖြင့် ချစ်ပြီး ၎င်းတို့သည် သူ၏လက်ထဲတွင် ရှိသည်။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို စုံလင်စေရန်၊ ၎င်းတို့ကို အသေအချာ လုံခြုံဘေးကင်းစေပြီး ၎င်းတို့ စုံလင်စေခြင်း ခံရသည်အထိ ၎င်းတို့ထံ မည်သည့်အရာမျှ မဖြစ်ပျက်ရန် သေချာစေဖို့ မြဲမြံသော ကြံရွယ်ချက်ရှိလေသည်။ ၎င်းတို့အဖို့ ဤသည်မှာ ဘုရားသခင်၏ အမြင်တွင် အဖန်ဆင်းခံများ ဖြစ်သည့်အရာ ဖြစ်သည်။ ဤအရာကို လူတို့ တွေ့ကြုံသည့်အခါ ၎င်းတို့က “ဘုရားသခင်သည် ထူးထူးကဲကဲ ချစ်ဖွယ်ကောင်းသည်။ ကျွန်ုပ်တို့ ဘုရားသခင် ကြီးမြတ်လိုက်လေခြင်း။ သူသည် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည်။ ဘုရားသခင်သည် သနားကရုဏာရှိပြီး ချစ်ခင်ဖွယ်ရာဖြစ်သည်။ ဘုရားသခင်သည် အံ့ဩဖွယ်ဖြစ်သည်”ဟု တွေးထင်ကြသည်။ သို့ရာတွင် ဤအရာကို အမှန်တရားများနှင့် သင် ယှဉ်ကြည့်သည့်အခါ ဤသည်တို့မှာ အဖန်ဆင်းခံများကို ဘုရားသခင် ဆက်ဆံသည့် တစ်ခုတည်းသော နည်းလမ်းများ ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် လူတို့ကို ဘုရားသခင် မည်သို့ ဆက်ဆံသနည်း။ လူနှင့်သက်ဆိုင်သည့် သူ၏ ဆက်ဆံမှုအပေါ် ဘုရားသခင် ခံယူသည့် သဘောထားနှင့် ပတ်သက်၍ လူတို့သည် အခြားမည်သည့် အယူအဆများနှင့် စိတ်ကူးများ ရှိကြသနည်း။ လူတို့ လက်မခံနိုင်သည့်အရာ တစ်ခုတလေ ရှိသလော။ ယင်းမှာ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများ၊ စစ်ဆေးမှု၊ ပြုပြင်ခြင်း၊ ပဲ့ပြင်ဆုံးမခြင်း၊ ခံစားခွင့်ပိတ်ပင်ခြင်းနှင့် လူတို့ကို သူ၏ ကိုင်တွယ်ဖြေရှင်းခြင်း ဖြစ်သည်မှာ ဧကန်မုချဖြစ်ပေသည်။ မည်သည့်လူစားမျိုးများသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်မခံနိုင်သူများ ဖြစ်သနည်း။ ၎င်းတို့မှာ သမ္မာတရားကို လက်မခံသူများဖြစ်ကြောင်း သင် ဆိုနိုင်ပြီး သမ္မာတရားကို လက်မခံသူများမှာ မယုံကြည်သူများဖြစ်ကြောင်း သင် ဧကန်မုချ ဆိုနိုင်ပေသည်။ လူတစ်ဦးသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်မခံနိုင်ပါက ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ လက်မခံနိုင်ပေ။ ဤပြဿနာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့က သမ္မာတရားကို လက်မခံသကဲ့သို့ ဘုရားသခင်၏ အမှုတော်ကို ငြင်းပယ်ကြခြင်း ဖြစ်သည်။ ဤသို့သော လူများသည် ကပ်ဘေးနှင့် အပြစ်ဒဏ်ဖြင့်သာ တွေ့ကြုံရိလိမ့်မည်။ သင်သည် မည်သည့်လူစားမျိုးဖြစ်ပါစေ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံပါက သင်ကယ်တင်မခံရနိုင်ပေ။ လူတစ်ဦးသည် ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင် ဘုရားသခင်က ၎င်းတို့ကို ဖော်ထုတ်ဖို့ မည်သည့် အခြေအနေဖြင့် ဝိုင်းရံစေသည်ဖြစ်စေ ဖော်ထုတ်ခံရသည့် ဖြစ်စဉ်အတောအတွင်းတွင် ဘုရားသခင်၏ ကောင်းချီးများ၊ ကျေးဇူးတော်၊ ဂရုစိုက်ခြင်း၊ သို့မဟုတ် ကွယ်ကာမှုတို့ကို ၎င်းတို့ မြင်နိုင်သလော။ (မမြင်နိုင်ပါ။) အပေါ်ယံအားဖြင့် ၎င်းတို့ မမြင်နိုင်သော်လည်း စမ်းသပ်မှုများနှင့် စစ်ဆေးမှုကို ၎င်းတို့ ဖြတ်သန်းပြီးနောက်တွင် ထိုအရာကို ၎င်းတို့ မြင်နိုင်လိမ့်မည်လော။ ၎င်းတို့ သေချာပေါက် မြင်နိုင်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံပြီးနောက်တွင် သူ၏ ကွယ်ကာမှုနှင့် ကောင်းချီးများကို မြင်နိုင်ကြသည့် လူများစွာ ရှိသည်။ သို့ရာတွင် သမ္မာတရားကို မချစ်သောလူများသည် ဤအရာများကို လုံးဝ မမြင်နိုင်ကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကို ဖက်တွယ်ကြဆဲဖြစ်ကာ ဘုရားသခင်အပေါ် မုန်းတီးမှုနှင့် ပုန်ကန်မှုအပြည့်ရှိကြသည်။ ဤသည်တို့မှာ မယုံကြည်သူများ၊ ဆိုးယုတ်သောသူများနှင့် အန္တိခရစ်များဖြစ်ကြသည့် လူစားမျိုးများ ဖြစ်သည်။ ၎င်းတို့ လုပ်သမျှသည် မလုပ်ဆောင်ရမည့်အရာနှင့်ဆိုင်သည့် စံနမူနာတစ်ခု ဖြစ်သည်။ ပေါလုသည် စံနမူနတစ်ခု ဖြစ်သည်။ ပေါလုကို ကြည့်သည့်အခါ လူတို့သည် မည်သည့်အရာကို မြင်ကြသနည်း။ (ပေါလုသည် အန္တိခရစ်လမ်းကြောင်းပေါ်တွင် ရှိပြီး သူ၏ ဇာတ်ကြောင်းသည် ကျွန်ုပ်တို့အတွက် သတိပေးချက်တစ်ခုအဖြစ် အသုံးတော်ခံပါသည်။) ပေါလုသည် သမ္မာတရားကို မလိုက်စားခဲ့ပေ။ သူသည် သူ၏ ဇာတိပကတိအတွက် အနာဂတ်နှင့် ခရီးပန်းတိုင်တစ်ခု ရှာသောကြောင့်သာ ဘုရားသခင်ကို ယုံကြည်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဆုလာဘ်နှင့် သရဖူများရရှိရန်သာ ကြိုးစားခဲ့သည်။ ဘုရားသခင်က သူ့ကို နှုတ်ကပတ်တော်များစွာ ပြောခဲ့သည်၊ များစွာ ဆုံးမပဲ့ပြင်၊ ဉာဏ်အလင်းပေးကာ အလင်းပြခဲ့သည့်တိုင် ဘုရားသခင်ကို သူ မနာခံ၊ သမ္မာတရားကို လက်မခံခဲ့ပေ။ သူသည် ဘုရားသခင်ကို အမြဲ မနာခံခဲ့သကဲ့သို့ အတိုက်အခံလုပ်ခဲ့ကာ အဆုံးတွင် သူသည် အန္တိခရစ်တစ်ဦးဖြစ်လာပြီး ရှုတ်ချကာ အပြစ်ပေးခြင်းခံခဲ့ရသည်။ ပေါလုသည် မလုပ်ဆောင်ရမည့်အရာ၏ စံနမူနာအဖြစ် အသုံးတော်ခံ၏။ သမားရိုးကျ အန္တိခရစ်တစ်ဦးအဖြစ် ပေါလု၏ စံနမူနာကို ဆန်းစစ်ခြင်းအားဖြင့် ပေါလုသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လမ်းကြောင်းနှင့် ပျက်စီးခြင်း လမ်းကြောင်းပေါ်တွင် ရှိခဲ့ကြောင်း ငါတို့ မြင်နိုင်သည်။ လူများစွာတို့သည် ဤအရာမှ သင်ယူကြပြီးဖြစ်ကာ အကျိုးကျေးဇူးခံစားရပြီး ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်နှင့် ယုံကြည်သူတစ်ဦး၏ မှန်ကန်သည့် လမ်းကြောင်းပေါ် ခြေလှမ်းကြပြီး ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သူနှင့် ပေါလု၏ သင်ခန်းစာမှ အကျိုးကျေးဇူးခံစားရပြီးသူများအတွက် ဘုရားသခင်၏ အလိုတော်မှာ အဘယ်နည်း။ (ကယ်တင်ခြင်းနှင့် ချစ်ခြင်းမေတ္တာဖြစ်သည်။) သို့ဆိုလျှင် ပေါလုအပေါ် ဘုရားသခင်၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်းနှင့် ရှုတ်ချခြင်းတို့မှ ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သည့် မည်သည့်သွင်ပြင်လက္ခဏာကို လူတို့ မြင်နိုင်သနည်း။ (သူ၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်သည်။) သို့ဆိုလျှင် ဘုရားသခင်၏ အမြင်တွင် ပေါလုသည် အဖန်ဆင်းခံတစ်ဦးအနေဖြင့် မည်သည့်အရာ ဖြစ်လာခဲ့ပြီနည်း။ သူသည် အသုံးတော်ခံသည့်သူတစ်ဦး ဖြစ်လာခဲ့ပေပြီ။ အကျိုးကျေးဇူးခံစားရသူတို့ရော၊ ဖော်ထုတ်ခံရသူတို့ပါ လူအားလုံးတို့သည်အဖန်ဆင်းခံများသာ ဖြစ်ကြသည်။ သို့ရာတွင် ဘုရားသခင်သည် ဤလူနှစ်မျိုးနှစ်စားကို လုံးဝ မတူကွဲပြားစွာ ဆက်ဆံလေသည်။ အမှန်တွင် ဘုရားသခင်၏ အမြင်၌ ဤလူနှစ်မျိုးလုံးသည် ပုရွတ်ဆိတ်နှင့် လောက်များလောက် တန်ဖိုးမဲ့ကြသော်လည်း ဘုရားသခင်သည် တစ်ဦးနှင့်တစ်ဦး မတူကွဲပြားစွာ ဆက်ဆံသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဖြစ်၏။ ဤလူနှစ်မျိုးနှစ်စားအပေါ် ဘုရားသခင်၏ မတူကွဲပြားသော သဘောထားသည် မည်သည့်အရာအပေါ် အခြေပြုထားသနည်း။ (၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းအပေါ် အခြေပြုထားပါသည်။) လူတစ်ဦးက မိမိကိုယ်ကို ပေါ်လွင်စေပုံ၊ ၎င်းတို့၏ အနှစ်သာရ၊ သမ္မာတရားအပေါ် ၎င်းတို့၏သဘောထားနှင့် လူတစ်ဦး လျှောက်လှမ်းသည့် လမ်းကြောင်းတို့ပေါ်တွင် အခြေပြုထားပေသည်။ အပြင်ပန်းတွင် လူအတွက် ဘုရားသခင်က စာနာမှုကင်းမဲ့သည့်အလား၊ သူသည် စိတ်ခံစားချက်မဲ့ပြီး သူ၏ လုပ်ရပ်များက ရက်စက်သည့်အလား ထင်ရ၏။ လူ၏ အယူအဆများနှင့် စိတ်ကူးများအရ လူတို့က “ဘုရားသခင်သည် ပေါလုကို ထိုသို့မဆက်ဆံသင့်ပါ။ ပေါလုသည် များစွာ လုပ်ဆောင်ခဲ့ပြီး အလွန်များစွာ ဆင်းရဲဒုက္ခခံခဲ့လေပြီ။ ထို့အပြင် သူသည် ဘုရားသခင်ကို အလွန့်အလွန် သစ္စာစောင့်သိသည်။ အဘယ်ကြောင့် ဘုရားသခင်က သူ့ကို ထိုသို့ ဆက်ဆံမည်နည်း”ဟု တွေးထင်ကြသည်။ လူတို့သည် ဤအရာကို ပြောဆိုသည်မှာ မှန်ကန်ပါသလော။ သမ္မာတရားနှင့် ကိုက်ညီပါသလော။ မည်သည့် နည်းလမ်းဖြင့် ပေါလုသည် ဘုရားသခင်ကို အလွန် သစ္စာစောင့်သိ၊ ဆက်ကပ်ပါသနည်း။ ၎င်းတို့သည် အမှန်တရားကို မလိမ့်တပတ်လုပ်နေကြခြင်း မဟုတ်လော။ ပေါလုသည် မိမိအတွက် ကောင်းချီးများ ရရှိရန် သစ္စာစောင့်သိကာ ဆက်ကပ်ခဲ့ပေသည်။ ယင်းသည် ဘုရားသခင်ကို သစ္စာစောင့်သိခြင်း ဖြစ်သလော။ လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါ၊ ပြဿနာ၏ အနှစ်သာရကို ရှင်းလင်းစွာ မမြင်နိုင်သကဲ့သို့ မိမိတို့ခံစားချက်များအပေါ် အခြေခံ၍ ကြောင်းကျိုးမမြင်ဘဲ စကားပြောဆိုသည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်နေခြင်း မဟုတ်လော။ လူတိုင်းက ပေါလုကို ကြည်ညိုကြသည်မှာ မထူးဆန်းပေ။ စာတန်နှင့် သက်ဆိုင်သူတို့သည် စာတန်ကို ကြည်ညိုကြပြီး မိမိတို့ စိတ်ခံစားချက်များကို အခြေခံ၍ စာတန်အတွက်ပင် စကားပြောကြသည်။ ဤအရာက လူတို့သည် စာတန်နှင့် သီးခြားဖြစ်ပုံရနိုင်သော်လည်း ဆက်နွှယ်မှုရှိနေဆဲဖြစ်သည်ကို ဆိုလိုပေသည်။ အမှန်တွင် စာတန်အတွက် လူတို့ စကားပြောသည့်အခါ မိမိတို့အတွက်လည်း စကားပြောနေကြခြင်း ဖြစ်သည်။ လူတို့သည် ပေါလုနှင့်တူကြပြီး သူကဲ့သို့ တစ်လမ်းတည်းပေါ်တွင် ရှိကြသောကြောင့် သူ့ကို စာနာကြပေသည်။ လူ၏ ဘဝပေးအသိအရ ဘုရားသခင်သည် ပေါလုကို ထိုသို့ မဆက်ဆံသင့်ပေ။ သို့သော် ဘုရားသခင် လုပ်ခဲ့သည့်အရာသည် လူသား၏ တွေးခေါ်မှုစနစ်နှင့် ဆန့်ကျင်ဖက် အတိအကျဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်ပြီး သမ္မာတရား ဖြစ်သည်။ လူတစ်ဦးသည် လူ၏ ဘဝပေးအသိနှင့်အညီ စကားပြောဆိုပါက ၎င်းတို့က “ပေါလုသည် များစွာ စွမ်းဆောင်ရရှိခြင်း မရှိခဲ့လျှင်ပင် သူသည် အလုပ်နှင့် အားထုတ်မှုများစွာ ရှိခဲ့သည်။ သူဆင်းရဲဒုက္ခခံခဲ့သည့် နှစ်အရေအတွက်ကြောင့်ပင် သူသည် ချမ်းသာပေးခံရသင့်သည်။ သူသည် အစေခံသူတစ်ဦး ဖြစ်လျှင်ပင် အဆင်ပြေမည်။ အပြစ်ပေးမခံရသင့်၊ သို့မဟုတ် ငရဲသို့ အပို့မခံရသင့်ပါ”ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသည်တို့မှာ လူ၏ တွေးခေါ်မြော်မြင်ချက်နှင့် စိတ်ခံစားချက်များ ဖြစ်သည်။ သမ္မာတရား မဟုတ်ပေ။ ဘုရားသခင်၏ ချစ်ခင်ဖွယ်အကောင်းဆုံး သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ သူသည် လူ၏ ဘဝပေးအသိ မရှိခြင်း ဖြစ်သည်။ သူလုပ်သမျှတိုင်းသည် သမ္မာတရား၊ သူ၏ အနှစ်သာရတို့နှင့် အညီဖြစ်သည်။ သူသည် ဖြောင့်မတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြသ၏။ ဘုရားသခင်သည် သင်၏ ဓမ္မဓိဋ္ဌာန်ကျသော ဆန္ဒများကို အလေးမထားသကဲ့သို့ သင် လုပ်ဆောင်ပြီးသည့်အရာ၏ ဓမ္မဓိဋ္ဌာန်ကျသော အချက်များကိုလည်း အလေးမထားပေ။ ဘုရားသခင်သည် သင်လုပ်ဆောင်သည့်အရာ၊ သင် ထုတ်ဖော်ပြသည့်အရာနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းပေါ် အခြေခံ၍ သင် မည်သည့်လူစားမျိုးဖြစ်သည်ကို ဆုံးဖြတ်ပြီး သင့်အပေါ် သင့်လျော်သည့် သဘောထားကို ခံယူလေသည်။ ဤသည်မှာ ပေါလု၏ အဆုံးသတ် ရောက်လာပုံ ဖြစ်သည်။ ပေါလု၏ ကိစ္စရပ်ကို ကြည့်သည့်အခါ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ မရှိသည့်အလား ထင်ရသည်။ ပေတရုနှင့် ပေါလုတို့ နှစ်ဦးလုံးသည် အဖန်ဆင်းခံများဖြစ်ကြသော်လည်း ဘုရားသခင်က ပေတရုကို ချီးကျူးကာ ကောင်းချီးပေးစဉ်တွင် သူသည် ပေါလုကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာ၊ တရားစီရင်ပြီး ရှုတ်ချခဲ့သည်။ ပေါလု၏ အဆုံးသတ်ကို ဘုရားသခင် ဆုံးဖြတ်သည့် နည်းလမ်းတွင် သူ၏ ချစ်ခြင်းမေတ္တာကို သင် မမြင်နိုင်ပေ။ ထို့ကြောင့် ပေါလုထံ ဖြစ်ပျက်သည့်အရာကို အခြေခံ၍ ဘုရားသခင်သည် မချစ်ပါဟု သင် ဆိုနိုင်မည်လော။ မဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အကြိမ်များစွာ ဘုရားသခင်က သူ့ကို ဆုံးမပဲ့ပြင်ခဲ့ကာ နောင်တရရန် အခွင့်အရေးများစွာ ပေးလျက် အလင်းပေးခဲ့သော်လည်း ပေါလုသည် ခေါင်းမာစွာ ငြင်းပယ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လမ်းကြောင်းကို လျှောက်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အဆုံးတွင် ဘုရားသခင်သည် သူ့ကို ရှုတ်ချကာ အပြစ်ပေးခဲ့သည်။ ဤကိစ္စကို အပေါ်ယံအားဖြင့် ကြည့်သည့်အခါ ဘုရားသခင်၏ အမှုတော်နှင့် ကယ်တင်ခြင်းတွင် လူတို့သည် ရွေးချယ်စရာမရှိသည့်အလား ထင်ရသည်။ လူတို့၏ ရွေးချယ်မှုများတွင် ဘုရားသခင်က ကြားဝင်နှောင့်ယှက်ခြင်း မရှိသော်လည်း လူတစ်ဦးသည် ကောင်းချီးများရှာဖွေသည့် လမ်းကြောင်းကို ရွေးချယ်ပါက ဘုရားသခင်သည် ၎င်းတို့ကို ရှုတ်ချပြီး အပြစ်ပေးလိမ့်မည်။ ယင်းမှာ ဘုရားသခင်က လူတို့အား မိမိတို့ကိုယ်ပိုင် လမ်းကြောင်းကို ရွေးချယ်ခွင့်မပေးဘဲ၊ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကိုသာ ၎င်းတို့အား ရွေးချယ်ခွင့်ပေးသည်ဟုလည်းကောင်း၊ လူတစ်ဦး တရားစီရင်ခံရခြင်း၊ သန့်စင်ခံရခြင်း၊ သို့မဟုတ် စုံလင်ခံရခြင်း ရှိမရှိမှာ ဘုရားသခင် သဘောအတိုင်းသာ ဖြစ်သည်ဟုလည်းကောင်း ထင်ရသည်။ ဘုရားသခင်၏ အမှုတော်ကို ဤသို့မြင်ခြင်းနှင့် ဘုရားသခင်ကို ဤသို့ တံဆပ်တပ်ခြင်းသည် အဓိပ္ပာယ်မရှိသော အမှားတစ်ခုနှင့် လုံးဝ ရယ်ဖွယ်ရာဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်ကို လူက လုံးဝ သတိမပြုမိပေ။ ၎င်းသည် မိမိကိုယ်ပိုင်လမ်းကြောင်း၊ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လမ်းကြောင်းအား လျှောက်ရန် အမြဲ ရွေးချယ်သော်လည်း ဘုရားသခင်၏ တရားစီရင်ခြင်း၊ သို့မဟုတ် ရှုတ်ချခြင်းကို လက်မခံချင်ပေ။ ဤသည်မှာ လုံးဝ မလျော်ကန်ပေ။ “လူတို့သည် မိမိတို့ကို ဘုရားသခင် ဆက်ဆံပုံ၊ မည်သည့် စေခိုင်းချက်တာဝန်ကို ဘုရားသခင် ပေးသည်၊ ဘုရားသခင်က ၎င်းတို့ကို လုပ်စေသည့်အလုပ်၊ သို့မဟုတ် ထမ်းဆောင်စေသည့် တာဝန်တို့ကို ရွေးချယ်၍မရပါ။ နောက်ဆုံးတွင် မိမိတို့ကိုယ်ပိုင် လမ်းကြောင်းလျှောက်ရန် ရွေးချယ်သူ မည်သူမဆို ရှုတ်ချခြင်းခံရသည်။ သူ သင့်ကို ဦးဆောင်သည့် လမ်းကြောင်းကို သင် ရွေးချင်လျှင်သာ၊ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို သင် ရွေးချယ်လျှင်သာ ဘုရားသခင်က ကောင်းချီးပေးပြီး သင့်ကို ချီးကျူးသည်”ဟု တွေးထင်သော လူများစွာ ရှိသည်။ လူအချို့က ဤအရာကို ဘုရားသခင်သည် မမျှတသကဲ့သို့ လူတို့၏ လွတ်လပ်သော ရွေးချယ်မှုကို ကြားဝင်နှောင့်ယှက်နေသကဲ့သို့ မြင်ကြသည်။ သို့ရာတွင် ဤသည်မှာ ထိုကိစ္စရပ်၏ အမှန်တရားဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် ဤအရာအားလုံးကို စည်းမျဉ်းအတိုင်း လုပ်ဆောင်ပေသည်။ အမှန်တရားများနှင့် သမ္မာတရားကို သင် နာမလည်သည့်အခါ ဘုရားသခင်ကို အထင်လွဲပြီး ဝေဖန်ရန် သင့်အတွက် လွယ်ကူလိမ့်မည် ဖြစ်သော်လည်း အမှန်တရားများနှင့် သမ္မာတရားကို သင် နားလည်သည့်အခါ ဤအထင်လွဲမှုများသည် လုံးဝ တန်ဖိုးမဲ့ပြီး လုံးဝ စက်ဆုပ်စရာဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ထိုအထင်လွဲမှုများကို မည်သည့်အခါမျှ မထားရှိခဲ့၊ ထုတ်ဖော်မပြောခဲ့သင့်ကြောင်း သင် တွေးမိလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင် လုပ်ဆောင်သမျှတိုင်း မှန်ကန်ကြောင်း သင် သိလိမ့်မည်။ လူတို့သည် အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မိုက်မဲသောကြောင့် ဤအရာကို မမြင်နိုင်ကြချေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ ထို့ကြောင့် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း ဘုရားသခင်ကို တံဆိပ်တပ်ကြသည်။ ဤအရာကို သင် နားလည်သည်နှင့် ပေါလုကို ခုခံပြောဆိုပေးတော့မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို အထင်လွဲတော့မည် မဟုတ်ပေ။ သင်က “ဘုရားသခင် လုပ်ဆောင်သည့်အရာသည် လုံးဝ မှန်ကန်သည်။ လူသားများသည် ဖောက်ပြန်ပျက်စီးသောသူများ ဖြစ်သည်။ သူတို့သည် သဘောထားကျဉ်းမြောင်းပြီး မိုက်မဲကြသည်။ အခြေအနေကို ရှင်းလင်းစွာ မမြင်နိုင်ကြပါ။ လူတစ်ဦးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ၊ သို့မဟုတ် ဤကိစ္စရပ်မှ သူ၏ မေတ္တာကို သူတို့ မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ ဘုရားသခင် လုပ်သမျှတိုင်းသည် မှန်ကန်ပြီး သူ၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် အနှစ်သာရ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် အားလုံး ကိုက်ညီပြီး မမှားယွင်းပါ”ဟု ပြောလိမ့်မည်။ ယနေ့တွင် သင်တို့၌ ဘုရားသခင် အမှုပြုပြီး ကယ်တင်သည့်အခါ မည်သည့် လမ်းကြောင်းကို သင်တို့ ရွေးချယ်သင့်သနည်း။ ဘုရားသခင်သည် သင်တို့နှင့်ပတ်သက်၍ ကြားဝင်နှောင့်ယှက်နေသလော။ မည်သည့် ရွေးချယ်မှုကို သင် ပြုလုပ်သင့်သနည်း။ ပေါလု၏ အမှားများမှ သင် သင်ယူသင့်သလော။ ပေတရုကဲ့သို့ ဖြစ်ပြီး သမ္မာတရားလိုက်စားသည့် လမ်းကြောင်းကို လျှောက်သင့်သလော။ ဤကိစ္စရပ်ကို သင် မည်သို့ ချဉ်းကပ်သနည်း။ ယင်းမှာ သမ္မာတရားကို သင် နားလည်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သမ္မာတရားကို သိနားလည်ခြင်းက မည်သည့်ပြဿနာကို ဖြေရှင်းပေးလိမ့်မည်နည်း။ သမ္မာတရားကို သိနားလည်ခြင်း၏ ရည်ရွယ်ချက်မှာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အမျိုးမျိုးသော အခက်အခဲများကို ဖြေရှင်းရန် ဖြစ်သည်။ ဖြေရှင်းမရသည့် ပြဿနာများ၊ သင်၏ အယူအဆများနှင့် မကိုက်ညီသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် အမှတ်မထင်တွေ့ရသည့်အခါ သမ္မာတရားက သင့်အတွင်း၌ သူ၏ လုပ်ငန်းဆောင်တာကို စတင် ထမ်းဆောင်လိမ့်မည်။ ထို့ကြောင့် ပေါလု၏ အရေးကိစ္စသည် သင်၏ ကိုယ်ရေးကိုယ်တာ အသက်ဝင်ရောက်မှုနှင့် သင်၏ လမ်းကြောင်း ရွေးချယ်မှုတို့နှင့် ပတ်သက်၍ မည်သို့ အထောက်အကူပြုပါသနည်း။ (ဘုရားသခင်ရှေ့လာပြီး မိမိတို့ကိုယ်ကို သုံးသပ်ရန် စေ့ဆော်ပါသည်။) (ဘုရားသခင်နှင့် လူကြားရှိ တံတိုင်းများကို ဖြိုချပြီး အထင်လွဲမှုများကို ဖယ်ရှားပေးနိုင်ပါသည်။) ယင်းမှာ ထိုအရာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဤဆွေးနွေးချက်မှ တစ်စုံတစ်ရာကို သင်တို့ ရရှိပြီး ဖြစ်သည်။ နားလည်ရန် အရေးအပါဆုံးသော အရာမှာ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်ခြင်း၏ အရေးပါမှုနှင့် ထိုသို့လုပ်ဆောင်သူတို့ကို ဘုရားသခင် ချီးကျုးကာ ကောင်းချီးပေးရသည့် အကြောင်းဖြစ်သည်။ ဤမေးခွန်းအဖို့ အဖြေကို သိနားလည်ခြင်းသည် အရေးအပါဆုံးသောအရာဖြစ်သည်။

ဂျူးလူမျိုးများ ပြည်နှင်ဒဏ်ခံရပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတိုင်းသို့ လူစုကွဲသွားကြပုံကို ယခုပင် ငါဖော်ပြခဲ့သည်။ ဤအချက်နှင့် ပတ်သက်၍ မည်သည့်အရာကို လူတို့ မြင်ကြသနည်း။ မည်သည့် သမ္မာတရားကို နားလည်ကြသနည်း။ ဤအဖြစ်အပျက်က လူတို့ကို အနည်းငယ် ဆင်ခြင်သုံးသပ်စေသင့်ပေသည်။ ပထမဦးစွာ လူတို့ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့် ပတ်သက်သက်၍ ဖြစ်ပြီး ဒုတိယမှာ ဤအဖြစ်အပျက်မှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ နားလည်ရန်အလို့ငှာ ဖြစ်သည်။ ဤအခြေအနေများတွင် လူများ မည်သို့ လက်တွေ့လုပ်ဆောင်သင့်ပုံနှင့် ပတ်သက်၍ ပထမဆုံး ဆွေးနွေးပြောဆိုကြစို့။ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမျှသည် လူ့စိတ်ဆန္ဒ၏ စိုးမိုးခြယ်လှယ်ခြင်း မခံရပေ။ ဘုရားသခင်တွင် အမှုအရာများ လုပ်ဆောင်ခြင်းအတွက် သူ၏ ကိုယ်ပိုင် အကြံအစည်နှင့် စည်းမျဉ်းများရှိ၏။ ထို့ကြောင့် လူတို့သည် မည်သည့် သဘောထား ရှိသင့်ကြသနည်း။ မည်သည့် အခြေအနေကို ၎င်းတို့ ကြုံရသည်ဖြစ်စေ၊ သို့မဟုတ် ယင်းက သူတို့၏ အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ လူတို့သည် ဘုရားသခင်နှင့် မည်သည့်အခါတွင်မျှ လုံးဝ မဆန်ကျင်သင့်ပေ။ လူအချို့က “ကျွန်ုပ်သည် မနာခံသကဲ့သို့ ဘုရားသခင်ကို အတိုက်အခံလုပ်သော်လည်း ကျွန်ုပ်တာဝန်ကို ကျွန်ုပ် ထမ်းဆောင်သည်မှာ မလုံလောက်ပါသလား”ဟု ဆိုကြသည်။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ လက်ခံနိုင်ဖွယ်မဟုတ်သည်မှာ သိသာ၏။ ယင်းသည် စစ်မှန်သော နာခံခြင်း မဟုတ်။ သို့ဆိုလျှင် လူတို့သည် “ဘုရားသခင်နှင့် မဆန့်ကျင်ခြင်း”အား မည်သို့ အတိအကျ လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်သင့်သနည်း။ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းနှစ်ခု ရှိ၏။ ပထမမှာ ဘုရားသခင်၏ အလိုတော်ကိုလည်းကောင်း၊ လူတို့ နားလည်သင့်သည့် သမ္မာတရားများကိုလည်းကောင်း၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို မည်သို့ ပူးပေါင်းဆောင်ရွက်ပြီး ပြည့်စုံစေရမည်ကိုလည်းကောင်း တက်ကြွစွာ ရှာဖွေရန်ဖြစ်သည်။ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ၏ တက်ကြွသောရှုထောင့် ဖြစ်သည်။ ဒုတိယမှာ ဘုရားသခင်နှင့် ပတ်သက်၍ မည်သည့်နေရာတွင် သင် အထင်လွဲမှုများရှိကြောင်း၊ မည်သည့်နေရာတွင် သူ့ကို မနာခံကြောင်း၊ အယူအဆများ၊ စိတ်ကူးများနင့် သူနှင့် သဟဇာတမဖြစ်သော အရာများ ရှိကြောင်းတို့ကို ဆန်းစစ်ကာ သတိပြုရန် ဖြစ်သည်။ ဤအရာက သင်၏ တာဝန်ကို လုပ်ဆောင်စဉ်အတောအတွင်း သမ္မာတရားကို မှန်ကန်တိကျစွာ လက်တွေ့လုပ်ဆောင်နိုင်ရန်၊ စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်နိုင်ရန်၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြီးမြောက်ရန်နှင့် ဘုရားသခင်၏ ချီးကျူးဂုဏ်ပြုခြင်းခံရနိုင်ရန် သေချာစေလိမ်မည်။ ဤလက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများသည် ရိုးရှင်းပါသလော။ (ရိုးရှင်းပါသည်။) “ရိုးရှင်းသည်” ဆိုခြင်းအားဖြင့် မည်သည့်အရာကို ငါဆိုလိုသနည်း။ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် စကားလုံးများက အတော် ရှင်းလင်းပေသည်။ “တစ်”သည် “တစ်”ဟု ဆိုလိုပြီး “နှစ်”သည် “နှစ်”ဟု ဆိုလိုသည်။ ထိုအရာကို သင် ကြားသည်နှင့် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သိ၏။ သို့ရာတွင် လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ထိုအရာကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်းသည် သိပ်မရိုးရှင်းပေ။ ၎င်းတို့သည် အမှုအရာများကို ငြင်းခုံကြပြီး စိတ်ကူးများနှင့် အယူအဆများစွာအပြင် ဘုရားသခင်နှင့် ပတ်သက်၍ အထင်လွဲမှုများ ရှိကြ၏။ လူတို့သည် ဤအရာများကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရမည်ဖြစ်သော်လည်း ဤအရာက ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သောလူတို့ကို အယူအဆသစ်များ ဖြစ်ပေါ်လာစေသည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်ဟု လူတို့က ပြောကြသည်။ ထို့ကြောင့် လူတို့၏ အတွေးများနှင့် အယူအဆများကို ဘုရားသခင်က အဘယ်ကြောင့် အမြဲဖော်ထုတ်ကာ တရားစီရင်ပါသနည်း။ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မမြင်နိုင်ပါ။ ဘုရားသခင်၏ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းမခံခြင်းသာ ကျွန်ုပ် မြင်သည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူ့အယူအဆများထဲမှ တစ်ခုမဟုတ်လော။ ဖောက်ပြန်ပျက်စီးသော လူသားများ၏ အယူအဆများနှင့် စိတ်ကူးများထဲကအတိုင်း လူသားမျိုးနွယ်အားလုံး၏ တိုးတက်ဖွံ့ဖြိုးမှုအတောအတွင်းတွင် ဘုရားသခင်က သနားကရုဏာနှင့် ကြင်နာခြင်းတို့ကိုသာ အမြဲ ပြသခဲ့ပါက၊ ဖြောင့်မတ်ခြင်း၊ သို့မဟုတ် အမျက်ဒေါသကို မည်သည့်အခါမျှ မပြသခဲ့ပါက လူသည် မျက်မှောက်အချိန်ထိ ရှင်ကျန်နိုင်မည်လော။ (ရှင်ကျန်နိုင်မည် မဟုတ်ပါ။) လူသည် အချိန်ကြာမြင့်စွာက စာတန်၏ ဝါးမြိုခြင်းခံရပြီး ဖြစ်လိမ်မည်။ မကောင်းဆိုးဝါးများ၊ စာတန်နှင့်ဆိုင်သာ ကိစ္စများနင့် ဘုရားသခင်ကို အတိုက်အခံလုပ်သော ဖောက်ပြန်ပျက်စီးသည့် လူသားများကို ကိုင်တွယ်သည့်အခါ ဘုရားသခင် ပြသသည့်အရာနှင့် မိမိကိုယ်ကို သူ ထင်ရှားစေပုံမှာ လူတို့ပြောဆိုသည့် ချစ်ခြင်းမေတ္တာမဟုတ်ဘဲ ထို့ထက် ဖြောင့်မတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ယင်းသည် မုန်းတီးခြင်း၊ စက်ဆုပ်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ အပြစ်ပေးခြင်းနှင့် ဖျက်ဆီးခြင်းတို့ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်သည် သူ၏ စိတ်သဘောထားက ဖြောင့်မတ်ကာ သန့်ရှင်းကြောင်းနှင့် ပုန်ကန်ပြစ်မှားမှုကို သည်းမခံကြောင်း ထုတ်ဖော်ပြနိုင်ပေသည်။ စာတန်ကို လုံးလုံးလျားလျား အရှက်ရစေပြီး စစ်မှန်သော လူ့သဘာဝကို ထိရောက်စွာ ကာကွယ်နိုင်ပေသည်။ ဤသည်မှာ လူသားမျိူးနွယ်ကို ဘုရားသခင်က အမြဲ ဦးဆောင်ပြီး တစ်ချိန်တည်းမှာပင် ကယ်တင်သည့်ပုံစံ ဖြစ်သည်။

လူတို့သည် ၎င်းတို့ စိတ်နှလုံးထဲရှိ ဘုရားသခင်နှင့် သဟဇာတမဖြစ်သည့်၊ သို့မဟုတ် သူ့အပေါ် အထင်လွဲမှုဖြစ်သည့် မည်သည့်အရာကိုမဆို မကြာခဏ ဆန်းစစ်ရမည်။ အထင်လွဲမှုများသည် မည်သို့ ထွက်ပေါ်လာသနည်း။ အဘယ်ကြောင့် ဘုရားသခင်ကို လူတို့ အထင်လွဲကြသနည်း။ (၎င်းတို့၏ ကိုယ်ကျိုးစီးပွား ထိခိုက်သောကြောင့်ဖြစ်ပါသည်။) ဂျုးလူမျိုးများက ယုဒပြည်မှ ပြည်နှင်ဒဏ်ခံရသည့် အဖြစ်များကို လူတို့ မြင်ပြီးနောက်တွင် နာကျင်ခံစားရပြီး “အစပထမတွင် ဘုရားသခင်က ဣသရေလလူမျိုးများကို အလွန်ချစ်ခဲ့သည်။ သူတို့ကို အဲဂုတ္တုပြည်မှ ပင်လယ်နီကို ဖြတ်လျက် ခေါ်ဆောင်ခဲ့သည်၊ ကောင်းကင်မှ မန္နနှင့် သောက်ဖို့ စမ်းရေကို ပေးခဲ့ပြီးနောက် သူတို့ကို ဦးဆောင်ဖို့ ပညတ်တရားများ ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့ပြီး မည်သို့ အသက်ရှင်ရမည်ကို သွန်သင်ပေးခဲ့သည်။ လူအတွက် ဘုရားသခင်၏ မေတ္တာမှာ ပေါများကြွယ်ဝနေခဲ့သည်။ ထိုစဉ်အချိန်က အသက်ရှင်ခဲ့သည့် လူများသည် အလွန်ကောင်းချီးခံစားခဲ့ရသည်။ ဘုရားသခင်၏ သဘောထားက မျက်တောင်တစ်ချက်အခတ်တွင် မည်သို့များ ပြောင်းပြန်ဖြစ်သွားရသနည်း။ သူ၏ ချစ်ခြင်းမေတ္တာအားလုံး မည်သည့်နေရာသို့ ရောက်သွားသနည်း”ဟု ဆိုကြသည်။ လူတို့၏ စိတ်ခံစားချက်များက ဤအရာကို မကျော်လွန်နိုင်သကဲ့သို့ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဟုတ်ပါသလား၊ မဟုတ်ပါသလား။ ဣသရေလလူမျိုးများအပေါ် သူ၏ နဂိုမူလ သဘောထားသည် အဘယ်ကြောင့် ထင်သာမြင်သာ မရှိတော့ပါသနည်း။ သူ၏ မေတ္တာသည် သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားပေပြီ။ သူသည် လုံးဝ ချစ်ခြင်းမေတ္တာတစ်ခုတလေ ရှိပါသေးသလား”ဟု ဆိုလျက် စတင်သံသယရှိကြသည်။ ဤသည်မှာ လူတို့၏ အထင်လွဲမှုများ စတင်သည့်နေရာ ဖြစ်သည်။ လူတို့ အထင်လွဲမှုများဖြစ်ပေါ်သည့် ဆက်စပ်အခြေအနေမှာ အဘယ်နည်း။ ဘုရားသခင်၏ လုပ်ရပ်များက လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် သဟဇာတမဖြစ်သောကြောင့် ဖြစ်နိုင်မည်လော။ ဤအချက်သည် လူတို့အား ဘုရားသခင်ကို အထင်လွဲစေသည့်အရာ ဖြစ်သလော။ လူတို့ ဘုရားသခင်ကို အထင်လွဲသည့် အကြောင်းရင်းမှာ သူ၏ ချစ်ခြင်းမေတ္တာအပေါ် ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အား ၎င်းတို့ ကန့်သတ်ထားသောကြောင့် ဖြစ်သည် မဟုတ်လော။ ၎င်းတို့က “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ထို့ကြောင့် သူသည် လူတို့ကို စောင့်ရှောက်ကာ ကွယ်ကာသင့်ပြီး ကျေးဇူးတော်နှင့် ကောင်းချီးများ ပုံပေးသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ မေတ္တာ ဖြစ်သည့်အရာဖြစ်၏။ ဘုရားသခင်က လူတို့ကို ဤသို့ချစ်သောအခါ ငါ နှစ်သက်သည်။ ဘုရားသခင်က လူတို့ကို ပင်လယ်နီဖြတ်လျက် ဦးဆောင်ခဲ့ချိန်တွင် သူတို့ကို သူမည်မျှချစ်သည်ကို ငါ အထူးသဖြင့် မြင်ရသည်။ ထိုအချိန်က လူများသည် အလွန် ကောင်းချီးခံစားခဲ့ရသည်။ ငါသည် သူတို့ထဲမှ တစ်ယောက် ဖြစ်ချင်သည်”ဟု တွေးကြ၏။ သင်သည် ဤဇာတ်ကြောင်းကို စွဲလမ်းသည့်အခါ ထိုအဖြစ်ပျက်တွင် ဘုရားသခင် ပြသခဲ့သည် မေတ္တာကို အမြင့်မားဆုံးသော သမ္မာတရားအဖြစ်လည်းကောင်း၊ သူ၏ အနှစ်သာရနှင့်ဆိုင်သည့် တစ်ခုတည်းသော ပြယုဂ်အဖြစ်လည်းကောင်း သဘောထားမိလေသည်။ သင်၏ စိတ်နှလုံးထဲတွင် သူ့အပေါ် သင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အား သင်ကန့်သတ်မိကာ ထိုအခိုက်အတန့်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာတိုင်းကို အမြင့်ဆုံးသော သမ္မာတရားအဖြစ် သဘောထားလေသည်။ ဤသည်မှာ ဘုရားသခင်၏ နှစ်သက်ဖွယ်အကောင်းဆုံးသော ဘက်ဖြစ်ပြီး လူတို့အား သူ့ကို လေးစားရိုသေ၍ ကြောက်ရွံ့ရန် အလှုံ့ဆော်ဆုံးသောအရာဖြစ်ကာ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်ဟု သင် တွေးထင်၏။ အမှန်တွင် ဘုရားသခင်၏ လုပ်ရပ်များကိုယ်၌က အပြုသဘောဆောင်သော်လည်း သင်၏ ကန့်သတ်ထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကြောင့် ယင်းတို့သည် သင့်စိတ်ထဲ၌ အယူအဆများဖြစ်လာပြီး ဘုရားသခင်ကို သင် သတ်မှတ်သည့် အခြေခံအကြောင်းရင်းတစ်ခု ဖြစ်လာသည်။ ယင်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ သနားကရုဏာ၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်း၊ လမ်းပြခြင်း၊ ကျေးဇူးတော်နှင့် ကောင်းချီးများထက် အခြားမည်သည့်အရာမျှ မဟုတ်သည့်အလား သင့်အား ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ထိုမျှသာဖြစ်သည်ဟု အထင်လွဲစေ၏။ သင်သည် ချစ်ခြင်းမေတ္တာ၏ ဤသွင်ပြင်လက္ခဏာများကို အဘယ်ကြောင့် အလွန်ချစ်ခင်မြတ်နိုးသနည်း။ အဘယ်ကြာင့်ဆိုသော် ယင်းသည် သင်၏ ကိုယ်ကျိုးစီးပွားနှင့် ဆက်နွှယ်သောကြောင့် ဖြစ်သည်။ (ဟုတ်ပါသည်။) မည်သည့် ကိုယ်ကျိုးစီးပွားနှင့် ယင်းသည် ဆက်နွှယ်ပါသနည်း။ (ဇာတိပကတိ၏ အပျော်အပါးများနှင့် သက်သောင့်သက်သာဖြစ်သော ဘဝတစ်ခု ဖြစ်သည်။) လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည့်အခါ သူ့ထံမှ ဤအရာများကို ရလိုကြသော်လည်း အခြားအရာများကို မရလိုကြချေ။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများ၊ စစ်ဆေးခြင်း၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံခြင်း၊ အမှုအရာများကို စွန့်ခြင်းနှင့် မိမိတို့ကိုယ်ကို အသုံးခံခြင်း သို့မဟုတ် မိမိတို့ကိုယ်ပိုင် အသက်များကိုပင် စတေးခြင်းတို့ကို လူတို့က မစဉ်းစားချင်ကြချေ။ ဘုရားသခင်၏ မေတ္တာ၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်းနှင့် လမ်းပြခြင်းတို့ကိုသာ လူတို့ မွေ့လျော်ခံစားလိုကြ၏။ ထို့ကြောင့် ဘုရားသခင်၏ မေတ္တာကို သူ၏ အနှစ်သာရနှင့်ဆိုင်သည့် တစ်ခုတည်းသော ထူးခြားသော လက္ခဏာတစ်ခုနှင့် သူ၏ တစ်ခုတည်းသော အနှစ်သာရအဖြစ်သာ အဓိပ္ပာယ်ဖွင့်ဆိုကြလေသည်။ ဣသရေလလူမျိုးများကို ပင်လယ်နီဖြတ်သန်း၍ ဦးဆောင်လမ်းပြခဲ့ချိန်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများသည် လူတို့အယူအဆများ၏ အရင်းအမြစ် ဖြစ်လာခဲ့သည် မဟုတ်လော။ (ဖြစ်လာခဲ့ပါသည်။) ဤအရာက ဘုရားသခင်နှင့် ပတ်သက်၍ လူတို့ အယူအဆများကို ဖြစ်ပေါ်သည့် ဆက်စပ်အခြေအနေတစ်ခုကို ဖြစ်ပေါ်စေသည်။ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ လူတို့ ဖြစ်ပေါ်သည့်အခါ ဘုရားသခင်၏ အမှုတော်နှင့် စိတ်သဘောထားတို့အပေါ် စစ်မှန်သည့် သိနားလည်မှုကို ၎င်းတို့ ရရှိနိုင်သလော။ ၎င်းတို့ နားလည်လိမ့်မည် မဟုတ်သည်သာမက အဓိပ္ပာယ်ကောက်လွဲလိမ့်မည်ဖြစ်ကာ ထိုအရာနှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ကြလိမ့်မည်မှာ သိသာပေသည်။ ဤအရာက လူ၏ သိနားလည်မှုသည် အလွန် ကျဉ်းမြောင်းပြီး စစ်မှန်သည့် သိနားလည်မှုမဟုတ်သည်ကို သက်သေပြ၏။ အကြောင်းမှာ ယင်းသည် သမ္မာတရား မဟုတ်ဘဲ ဘုရားသခင်ကို လူတို့က မိမိတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများ၊ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများနှင့် စိစစ်မှုတို့ကို အခြေခံ၍ အဓိပ္ပာယ်ကောက်သည့် ချစ်ခြင်းမေတ္တာနှင့် သိနားလည်မှုမျိုး ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရနှင့် သဟဇာတမဖြစ်ပေ။ ဘုရားသခင်က လူတို့ကို သနားကရုဏာ၊ ကယ်တင်ခြင်း၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်းတို့အပြင် ၎င်းတို့ ဆုတောင်းချက်များကို နားညောင်းခြင်းအားဖြင့် ချစ်ခြင်းထက် အခြား မည်သည့်နည်းလမ်းများဖြင့် ချစ်သေးသနည်း။ (ရိုက်နှက်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ဖြင့် ဖြစ်သည်။) မှန်ပေ၏။ ဘုရားသခင်သည် သူ၏ မေတ္တာကို အလျှံပယ် နည်းလမ်းများဖြင့် ပြသသည်။ ရိုက်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ အပြစ်တင်ခြင်းအားဖြင့်၊ ပြီးလျှင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများ၊ စစ်ဆေးခြင်း စသည်တို့ဖြင့် ဖြစ်သည်။ ဤအရာအားလုံးမှာ ဘုရားမေတ္တာ၏ သွင်ပြင်လက္ခဏာများ ဖြစ်သည်။ ဤရှုထောင့်အမြင်သည်သာ ပြည့်စုံပြီး သမ္မာတရားနှင့် ကိုက်ညီ၏။ ဤအရာကို သင် နားလည်ပါက သင့်ကိုယ်သင် ဆန်းစစ်ပြီး ဘုရားသခင်အပေါ် အထင်လွဲမှုများ သင် ရှိသည်ဟု သဘောပေါက်ပါက သင်၏ အမှားကို သင် သတိပြုမိနိုင်ကာ မည်သည့်နေရာတွင် သင် မှားသွားခဲ့သည်ကို ကောင်းစွာ သုံးသပ်ဆင်ခြင်နိုင်သည် မဟုတ်လော။ ဤအရာက ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ သိနားလည်မှုများကို ကူဖြေရှင်းပေးနိုင်သည် မဟုတ်လော။ (ကူဖြေရှင်းပေးနိုင်ပါသည်။) ဤအရာကို သင်ပြီးမြောက်ရန်အလို့ငှာ သမ္မာတရားကို သင် ရှာဖွေရမည်။ သမ္မာတရားကို လူတို့ ရှာဖွေသရွေ့ ဘုရားသခင်နှင့် ပတ်သက်၍ မိမိတို့၏ အထင်လွဲမှုများကို ၎င်းတို့ ဖယ်ရှားနိုင်ပြီး ဘုရားသခင်နှင့် ပတ်သက်၍ မိမိတို့၏ အထင်လွဲမှုများကို ၎င်းတို့ ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အစီအစဉ်အားလုံးကို ၎င်းတို့ ကျိုးနွံနာခံနိုင်ပေသည်။ ဘုရားသခင်နှင့် ပတ်သက်၍ မိမိတို့၏ အထင်လွဲမှုများကို သင် ဖယ်ရှားနိုင်ပါက ယုဒပြည်မှ ဂျူးလူမျိုးများ ပြည်နှင်ဒဏ်ခံရခြင်းကို သင် ကြည့်သည့်အခါ သင်က “သူ၏ အဖန်ဆင်းခံဖြစ်သည့် လူသားအပေါ် ဘုရားသခင်၏ သဘောထားမှာ ချစ်ခြင်မေတ္တာနှင့် ဆိုင်ရုံမျှမဟုတ်ပါ။ ရိုက်နှက်ခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းအားဖြင့်လည်း သူက ဦးဆောင်ပါသည်။ ဘုရားသခင်အပေါ် မိမိတို့၏ သဘောထားတွင် လူတို့သည် မိမိတို့ကိုယ်တိုင် မရွေးချယ်သင့်ပေ။ ယင်းသည် အတိုက်အခံလုပ်ခြင်း မဟုတ်ဘဲ ကျိုးနွံနာခံခြင်း သဘောထားတစ်ခု ဖြစ်သင့်သည်”ဟု ပြောလိမ့်မည်။ လူ၏ အယူအဆများနှင့် စိတ်ကူးများ၏ ရှုထောင့်အမြင်မှကြည့်လျှင် ဂျူးလူမျိုးများအပေါ် ဘုရားသခင်၏ သဘောထားမှာ ဂရုမစိုက်ခြင်း ဖြစ်ပုံရခဲ့သော်လည်း ယခုတွင် ကြည့်သည့်အခါ ဘုရားသခင်သည် မယုံနိုင်လောက်အောင် ထူးခြားသည့် အလုပ်တစ်ခုကို လုပ်ခဲ့ပေသည်။ သူ ပြသခဲ့သည့်အရာဟူသမျှသည် ဖြောင့်မတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးများ ချပေးသနားပြီး ၎င်းတို့အား အသက်မွေးလောက်သောအစာကို နေ့ရက်အစဉ်တိုင်း ပေးသနားနိုင်သော်လည်း ထိုအားလုံးကိုလည်း ရုပ်သိမ်းနိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ ဩဇာအာဏာ၊ အနှစ်သာရနှင့် စိတ်သဘောထား ဖြစ်သည်။

လူများစွာတို့သည် ယုဒပြည်မှ ဂျူးလူမျိုးများ ပြည်နှင်ဒဏ်ခံရခြင်းနှင့် ပတ်သက်၍ အယူအဆများ ရှိကြသော်လည်း သမ္မာတရားကို ရှာဖွေသောလူတို့သည် ဤအဖြစ်အပျက်မှ ဉာဏ်အလင်းပေးခြင်းကို ရရှိနိုင်၏။ လူတစ်ဦးသည် သိနားလည်နိုင်စွမ်းရှိပါက ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းမခံကြောင်း ဤအဖြစ်အပျက်က ၎င်းတို့ကို မြင်စေလိမ့်မည်။ သို့ရာတွင် အချို့သောလူတို့သည် သိနားလည်နိုင်စွမ်းမရှိကြချေ။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာသည် မိမိတို့ အယူအဆများနှင့် မကိုက်ဟု ခံစားရပါက ဘုရားသခင်သည် ဖြောင့်မတ်ကြောင်းနှင့် သူ၏ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းမခံကြောင်း ပထမဦးစွာ ၎င်းတို့ သဘောတူညီသင့်ကြပေသည်။ ဤသည်မှာ သေချာ၏။ ထို့နောက် ၎င်းတို့သည် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်ကာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး သူ၏ အမျက်ဒေါသကို ခံရရန် မည်သည့်အရာကို ဂျူးလူမျိုးများက လုပ်ဆောင်ခဲ့သည်ကို ကြည့်သင့်သည်။ ဤနည်းဖြင့်သာ လူတို့သည် မိမိတို့၏ အယူအဆများကို လုံးလုံးလျားလျား ဖြေရှင်းနိုင်ပေသည်၊ ဤအဖြစ်အပျက်မှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကို သိနားလည်လာသင့်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်ပေသည်။ လူများအတွက် သမ္မာတရားကို နားလည်ရန်မှာ လွယ်ကူသည့် လုပ်ငန်းဆောင်တာ မဟုတ်ချေ။ သင့်အနေဖြင့် ယခင်က ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို မွေ့လျော်ခံစားပြီးသည်ဖြစ်စေ၊ သို့မဟုတ် သူ၏ ဦးဆောင်လမ်းပြမှုနှင့် စေခိုင်းချက်တာဝန်ကို လက်ခံခြင်းမှတစ်ဆင့် အလုပ်လုပ်ပြီးသည်ဖြစ်စေ၊ သို့မဟုတ် အမှုအရာများကို ပူဇော်ပြီးသည်ဖြစ်စေ၊ သို့မဟုတ် တစ်စုံတစ်ခုကို စွန့်လွှတ်ပြီးသည်ဖြစ်စေ သင့်အနေဖြင့် အချို့သော ပံ့ပိုးမှုမျိုးကို ပြုလုပ်ပြီးဖြစ်သည့်အလား လူတို့က သင့်ကို ရှုမြင်လျှင်ပင် မည်သည့်အခြေအနေတွင်မျှ ဤအရာများကို အရင်းအနှီးအဖြစ် သင်မရှုမြင်သင့်ပေ။ ယင်းမှာ ပထမအချက်ဖြစ်သည်။ ဒုတိယအချက်မှာ ဤအရာများကို ဘုရားသခင်အပေါ် နိုင်ကွက်အဖြစ် သင် အသုံးချပြီး သင့်ကို သူဆက်ဆံပုံအား သတ်မှတ်ပေးသည့် တုံကင်များအဖြစ် မည်သည့်အခါမျှ သင် မရှုမြင်သင့်ပေ။ အရေးကြီးဆုံးသော အချက်မှာ သင့်အပေါ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သဘောထားက သင်၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ၊ သို့မဟုတ် တွေ့နေကျ လောကဝတ်နှင့် ဆန့်ကျင်နေသည့်အခါ သူ့ကို သင် အတိုက်အခံမလုပ်သင့်၊ သို့မဟုတ် မဆန့်ကျင်သင့်ပေ။ ဤသည်မှာ တတိယအချက်ဖြစ်သည်။ ဤအရာသုံးချက်ကို သင်တို့ ပြီးမြောက်နိုင်သလော။ ဤအရာသုံးချက်သည် စစ်မှန်မှုနှင့် ဆက်စပ်၏။ ဤအခြေအနေများ လူတို့တွင် ဖြစ်ပွားရန် လွယ်ကူသလော။ (လွယ်ပါသည်။) ဤအခြေအနေများက အဘယ်ကြောင့် လူတို့တွင် ဖြစ်ပွားသနည်း။ ယင်းတို့သည် မိမိတို့ဘာသာ ဤသို့ အဘယ်ကြောင့် သိသာထင်ရှားသနည်း။ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို စီမံပြီး အရာခပ်သိမ်းပေါ် အချုပ်အခြာအာဏာဖြင့် အုပ်စိုးသော်လည်း ဤအရာများကို အရင်းအနှီးများအဖြစ် ဘုရားသခင်က ရှုမြင်သလော။ ယင်းအတွက် ဘုရားသခင်က ချီးကျူးမှုယူသလော။ ဘုရားသခင်က “ငါသည် သင့်အတွက် ဤကြီးမြတ်သော အရာအားလုံးကို လုပ်ဆောင်ပေးလေပြီ။ အဘယ်ကြောင့် ငါ့ကို သင် ကျေးဇူးမတင်လေသနည်း”ဟု ဆိုလျက် မိမိကိုယ်ကိုယ် ထင်ရှားစေသလော။ (မထင်ရှားပါ။) ဘုရားသခင်သည် မိမိစိတ်တွင် ဤအရာများ မရှိပေ။ ထို့ကြောင့် လူသည် သူစွန့်သည့်၊ အသုံးခံသည့် သေးငယ်သောအရာတိုင်းအတွက်၊ သို့မဟုတ် သူပြုလုပ်သည့် ပံ့ပိုးမှုတိုင်းအတွက် ဘုရားသခင်ထံမှ ချီးကျူးမှုကို အဘယ်ကြောင့် မျှော်လင့်သနည်း။ လူသည် အဘယ်ကြောင့် မိမိကိုယ်ကို ဤသို့ ပေါ်လွင်စေကာ ပြသရသနည်း။ အဖြေမှာ ရိုးရှင်း၏။ လူ၏ စိတ်သဘောထားက ဖောက်ပြန်ပျက်စီးသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် မိမိကိုယ်ကို ဤသို့ ပေါ်လွင်စေခြင်း၊ သို့မဟုတ် ပြသခြင်း မရှိရသနည်း။ အကြောင်းမှာ ဘုရားသခင်၏ အနှစ်သာရသည် သမ္မာတရားဖြစ်ပြီး သမ္မာတရားသည် သန့်ရှင်းသောကြောင့် ဖြစ်သည်။ ဤသည်မှာ အဖြေဖြစ်၏။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘာထားများ ရှိကြသောကြောင့် မိမိတို့ကိုယ်ကို ဤသို့ ပေါ်လွင်စေကာ ပြသခြင်း ဖြစ်ပေသည်။ ဤပြဿနာကို ဖြေရှင်း၍ ရနိုင်သလော။ ငါ ယခုတင် ဖော်ပြခဲ့သည့် အချက်သုံးချက်က ဤပြဿနာကို ဖြေရှင်းနိုင်သလော။ (ဖြေရှင်းနိုင်ပါသည်။) ငါ ဖော်ပြသည့် အချက်သုံးချက်ထဲမှ တစ်ခုမျှသည် လက်တွေ့လုပ်ဆောင်ရန် မလွယ်ကူသော်လည်း ဖြေရှင်းချက်တစ်ခု ရှိ၏။ ဤအချက်သုံးချက်ကို ကြားပြီးနောက်တွင် လူတို့က “ဤအရာကို ကျွန်ုပ်တို့ လုပ်ဆောင်ခွင့်မရှိသကဲ့သို့ ထိုအရာကို လုပ်ဆောင်ခွင့်မရှိပါ။ ကျွန်ုပ်တို့သည် ဉာဏ်မရှိသော ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်ရမည်ဟု ထင်သည်”ဟု တွေးကောင်းတွေးကြပေမည်။ ဤသို့ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အဘယ်သို့နည်း။ သင်တို့ကို ငါ ပြောပါရစေ၊ သင်ကိုယ်တိုင် အန္တရာယ်ကင်းရေးအတွက်ကြောင့် ဘုရားသခင်က သင့်ကို ဤအရာများ လုပ်ဆောင်ခွင့်မပေးခြင်း ဖြစ်သည်။ ဤသည်မှာ ပထမအချက် ဖြစ်သည်။ သင်၏ လိုက်စားခြင်းနည်းလမ်းသည် သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ မှန်ကန်သည့် လမ်းကြောင်းမဟုတ်ပေ။ သင့်ရှေ့က လူများ၏ အမှားများကို ထပ်မလုပ်နှင့်။ သင်စွန့်လွှတ်ပြီး အသုံးခံသည့်အရာများကို အရင်းအနှီးနှင့် အမြတ်ထုတ်၍ရသည့် တုံကင်များအဖြစ် သဘောထားပြီးနောက် သင့်အပေါ် ဘုရားသခင်၏ သဘောထားက သင်၏ ဆန္ဒများနှင့် ဆန့်ကျင်၍ သူ့ကို သင်ဆန့်ကျင်သည့်အခါ သင်၏ သဘောထားသည် သမ္မာတရားနှင့် မကိုက်ညီ၊ လူ့သဘာဝမရှိသကဲ့သို့ မှန်ကန်မှု မရှိပေ။ သင့်ထံတွင် အကြောင်းပြချက် ထောင်ချီရှိလျှင်ပင် သင်၏ သဘောထား မှားယွင်းဆဲဖြစ်၏။ မည်သည့်နည်းနှင့်မျှ သမ္မာတရားနှင့် သဟဇာတမဖြစ်သကဲ့သို့ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း သဘောသက်ရောက်ပေသည်။ ယင်းမှာ လူတစ်ဦးရှိသင့်သည့် သဘောထား မဟုတ်။ ဤသည်မှာ ဒုတိယအချက် ဖြစ်သည်။ တတိယအချက်မှာ သင်သည် ဤသဘောထားကို ဖက်တွယ်ပါက သမ္မာတရားကို မည်သည့်အခါတွင်မျှ နားလည်လိမ့်မည်မဟုတ်၊ သို့မဟုတ် ရရှိလိမ့်မည်မဟုတ်ပေ။ သင်သည် သမ္မာတရားကို ရရှိလိမ့်မည် မဟုတ်သည်သာမက သင့်ကိုယ်သင် အခွင့်အရေးလည်း ဆုံးရှုံးသွားစေလိမ့်မည်။ သင်သည် အဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် ဂုဏ်သိက္ခာနှင့် တာဝန် ဆုံးရှုံးလိမ့်မည်။ သင်က “ငါ၏ သဘောထားကို ငါ စွဲစွဲမြဲမြဲထားရှိပြီး ထိုအရာနှင့်ပတ်သက်၍ မည်သူကမျှ မည်သည့်အရာကိုမျှ လုပ်ဆောင်၍မရပါ။ ငါ မှန်သည်ဟု ငါ ယုံကြည်သည်၊ ထို့ကြောင့် ငါ၏ အတွေးဖြင့် ငါ ရပ်တည်မည်။ ငါ၏ အတွေးသည် ဘဝပေးအသိ၊ လောကဝတ်တို့နှင့် ကိုက်ညီသောကြောင့် အဆုံးထိ ထိုအရာဖြင့် ငါ ရပ်တည်မည်”ဟု တွေးပါက တစ်စုံတစ်ခုကို အလွန်တရာ မဆုတ်မနစ် ဖက်တွယ်ခြင်းသည် မည်သည့်နည်းနှင့်မျှ သင့်ကို အကျိုးပြုလိမ့်မည် မဟုတ်။ သင်၏ စိတ်ဆုံးဖြတ်ကြောင့်၊ သို့မဟုတ် တစ်စုံတစ်ခုကို သင် စွဲစွဲမြဲမြဲ ကိုင်စွဲသောကြောင့် ဘုရားသခင်သည် သူ၏ သဘောထားကို ပြောင်းလဲလိမ့်မည် မဟုတ်။ တစ်နည်းအားဖြင့် သင်၏ သဘောထားကို သင် ဖက်တွယ်ထားရုံဖြင့် ဘုရားသခင်က သူ၏ သဘောထားကို မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်သည် သင့်အပေါ် သင်၏ ပုန်ကန်မှု၊ မဆုတ်နစ်သော အတိုက်အခံလုပ်ခြင်းတို့နှင့် ညီမျှသော သဘောထားကို ခံယူလိမ့်မည်။ ဤသည်မှာ စတုတ္ထနှင့် အရေးအကြီးဆုံးသောအချက် ဖြစ်သည်။ ဤအချက်လေးချက်နှင့် ပတ်သက်၍ သင် နားမလည်သည့်အရာ တစ်ခုတလေ ရှိသလော။ ငါ ဖော်ပြခဲ့သည့် အမှုအရာများထဲမှ တစ်ခုတလေသည် လူ၏ တကယ့် အခြေအနေနှင့် မကိုက်ညီသကဲ့သို့ လူ့ဘဝ၏ လက်တွေ့ကျသော ရှုထောင့်အဖို့ အထောက်အကူမဖြစ်သည့် အနှစ်မဲ့သော စကားများသက်သက် ဖြစ်သလော။ (မဟုတ်ပါ၊ အားလုံး အထောက်အကူဖြစ်ပါသည်။) ထိုအရာများထဲမှ တစ်ခုတလေသည် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းများထက် အနှစ်မဲ့ သဘောတရားများ ဖြစ်သလော။ (မဟုတ်ပါ။) လူတို့က မိမိတို့၏ နေ့စဉ် ဘဝများတွင် သမ္မာတရား၏ စစ်မှန်မှုများထဲသို့ ဝင်ရောက်သင့်ပုံနှင့် စပ်လျဉ်း၍ ဤအချက်လေးချက်သည် အထောက်အကူ ဖြစ်သလော။ (ဖြစ်ပါသည်။) ဤအချက်လေးချက်အပေါ် သင်တို့၏ သိနားလည်မှု ရှင်းလင်းပါက ယင်းတို့ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ရှိနေလိမ့်မည်။ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းများ အတောအတွင်းတွင်၊ သို့မဟုတ် လူမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံ၊ အမှုအရာမျိုးစုံတို့နှင့် ရင်ဆိုင်ရသည့်အခါ ဤအချက်လေးချက်က သင့်ကို ကွယ်ကာလိမ့်မည်။ သင်သည် ပုန်ကန်တတ်သည့် အခြေအနေတွင် ရှိသည့်အခါ ဤသမ္မာတရား၏ သွင်ပြင်လက္ခဏာများကို စဉ်းစားလော့၊ သင့်ကိုယ်သင် ထိုအရာများနှင့် ယှဉ်ကြည့်ပြီး လျော်ညီစွာ လက်တွေ့လုပ်ဆောင်လော့။ အစပထမတွင် သင် ထိုအရာများကို လက်တွေ့မလုပ်ဆောင်နိုင်ပါက ဆုတောင်းသင့်ပြီး တစ်ချိန်တည်းတွင် ဘုရားသခင်က သူပြုမူခဲ့သည့်အတိုင်း အဘယ်ကြောင့် ပြုမူခဲ့သည်ကို သတိပြုသင့်သည်။ သင့်ကို လက်တွေ့မလုပ်ဆောင်နိုင်စေသည့်၊ သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိနိုင်စေသည့် မည်သည့် ဖောက်ပြန်ပျက်စီးသော အခြေအနေများနှင့် လက္ခဏာများ သင့်တွင် ရှိသည်ဆိုသည်ကို သင် သုံးသပ်ဆင်ခြင်ပြီး သတိပြုမိသင့်ပေသည်။ သမ္မာတရားကို ဤသို့ သင်ရှာဖွေနိုင်ပါက သင်၏ အခြေအနေသည် ပုံမှန်ရှိနေလိမ့်မည်ဖြစ်ပြီး သင်သည် ဤသမ္မာတရား၏ စစ်မှန်မှုများထဲသို့ အလိုအလျောက် ဝင်ရောက်သွားလိမ့်မည်။

မည်သည့် ပြဿနာဖြစ်စေ သမ္မာတရားကို သင်နားမလည်ပါက သင်သည် အယူအဆများနှင့် စိတ်ကူးများအရ ပြုမူဆောင်ရွက်နေခြင်း၊ သို့မဟုတ် နာခံမှုမရှိစွာ ပြုမူဆောင်ရွက်ကာ အတိုက်အခံလုပ်နေခြင်း ဖြစ်လိမ့်မည်။ ဤသည်မှာ ရာခိုင်နှုန်းပြည့် သေချာ၏။ တစ်ခါတစ်ရံ အပြင်ပန်းမှကြည့်လျှင် သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်နေပုံ၊ မကောင်းသည့် အရာများ ပြုနေပုံ၊ သို့မဟုတ် အနှောင့်အယှက်၊ အတားအဆီး ဖြစ်စေပုံ မရနိုင်သော်လည်း ယင်းမှာ သင်၏ လုပ်ရပ်များသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု သေချာပေါက် မဆိုလိုပေ။ တစ်ခါတစ်ရံ သင်သည် အယူအဆများနှင့် စိတ်ကူးများအရ ပြုမူနေနိုင်ပြီး ယင်းသည် အတားအဆီးတစ်ခု မဖြစ်နိုင်သော်လည်း၊ သို့မဟုတ် ထိခိုက်ဆုံးရှုံးမှု မဖြစ်စေနိုင်သော်လည်း သမ္မာတရားနှင့် မကိုက်ညီသရွေ့ သင်၏ လုပ်ရပ်များသည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်ကွဲလွဲပေသည်။ သင်၏ စိတ်တွင် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ရှိနေနိုင်သည့် အခြားသော အချိန်များရှိသည်။ ယင်းတို့ကို သင် မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိလျှင်ပင် ဘုရားသခင်က ဤအရာ၊ ထိုအရာကို လုပ်သင့်သည်ဟု တွေးထင်ရင်းနှင့် သူမည်သို့ဖြစ်သင့်သည်ကို သတ်မှတ်နေရင်း စိတ်ထဲတွင် ဤအယူအဆများနှင့် စိတ်ကူးများကို သင် ဖက်တွယ်ထားနေ၏။ အပြင်ပန်းတွင် သင်သည် မည်သည့်အမှားမျှ မလုပ်ခဲ့သော်လည်း စိတ်ထဲတွင် ဘုရားသခင်ကို အဆက်မပြတ် ပုန်ကန်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း အခြေအနေတစ်ခုတွင် သင် ရှိနေသည်။ ဥပမာအားဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်သည့် အယူအဆများနှင့် ကန့်သတ်ထားသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်များအကြောင်းကို ငါ ယခုတင် ဆွေးနွေးပြောဆိုခဲ့သည်။ သင်၏ အယူအဆများနှင့် စိတ်ကူးများက ဘုရားအမှုတော်အဖို့ အတားအဆီး၊ သို့မဟုတ် အနှောင့်အယှက် တစ်ခုတလေ မဖြစ်စေလျှင်ပင် သင်၏ အခြေအနေက သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို စဉ်ဆက်မပြတ် ကန့်သတ်ပြီး အထင်လွဲနေကြောင်း သက်သေပြပေသည်။ ဤအရာမှ မည်သည့်အရာကို ငါတို့ ကောက်ချက်ချနိုင်သနည်း။ သင်သည် အဆက်မပြတ် ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်း ဖြစ်သည်။ အမှန်တရားကို ငါ မပြောသလော။ (ဟုတ်ပါသည်။) ယုဒပြည်မှ ဂျူးလူမျိုးများ ပြည်နှင်ဒဏ်ခံရခြင်းနှင့် ဆင်တူသည့် အရာတစ်ခုခု ဖြစ်ပျက်သည့်နေ့တစ်နေ့ ရောက်လာပါက သင်၏ အယူအဆများကြောင့် သင်သည် ဘုရားသခင်၏လုပ်ရပ်များအား “အာမင်”ဟု ပြောနိုင်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ လုပ်ရပ်များကို တုံ့ပြန်ချက်အဖြစ် ချီးမွမ်းခြင်း၊ ကြောက်ရွံ့ခြင်း၊ သို့မဟုတ် နာခံမှုတို့ကို ရှိစေနိုင်မည် မဟုတ်ချေ။ ထိုအစား သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အပေါ် အထင်လွဲ၍ စောဒကတက်ကာ အနည်းငယ်မျှပင် ရန်လိုလိမ့်မည် ဖြစ်သည်။ စိတ်ထဲတွင် သင်က သူ့ကို “ဘုရားသခင်၊ ယင်းကို ကိုယ်တော် မလုပ်ခဲ့သင့်ပါ။ ထိုအရာသည် လူတို့၏ ဆန္ဒများနှင့် ဆန့်ကျင်နေသည်။ ကိုယ်တော်၏ ဖန်ဆင်းခြင်းကို ကိုယ်တော် အဘယ်ကြောင့် ဤသို့ ဆက်ဆံနိုင်ရသနည်း။ ကိုယ်တော် ရွေးချယ်ထားသောလူများကို ကိုယ်တော် အဘယ်ကြောင့် ဤသို့ ဆက်ဆံနိုင်ရသနည်း။ ကိုယ်တော်လုပ်ခဲ့သည့်အရာကို မြင်ပြီးနောက်တွင် ကိုယ်တော်နှင့်ပတ်သက်သော ချီးမွမ်းခြင်းများကို ကျွန်ုပ် မဆိုနိုင်၊ သို့မဟုတ် ကိုယ်တော်၏ လုပ်ရပ်များကို မချီးကျူးနိုင်ပါ။ ကျွန်ုပ်ကိုးကွယ်သည့် ဘုရားကို အကန့်အသတ်မရှိ မှီခို၍မရသကဲ့သို့ စိတ်ထဲတွင် ကျွန်ုပ် ဒုက္ခခံစားနေရပြီး ခိုကိုးရာမဲ့ နေသည်။ ကျွန်ုပ် ယုံကြည်သည့် ဘုရားသည် ဤသို့မဟုတ်ပါ။ ကျွန်ုပ် ယုံကြည်သည့် ဘုရားသခင်သည် သူ၏ အဖန်ဆင်းခံများကို ဤသို့မဆက်ဆံသင့်ပါ။ ကျွန်ုပ် ယုံကြည်သည့် ဘုရားသခင်သည် ဤသို့ သွေးမအေးပါ၊ သို့မဟုတ် မရက်စက်ပါ။ ကျွန်ုပ် ယုံကြည်သည့် ဘုရားသည် လူသားများကို ယခုလို ရေခဲတမျှ အေးစက်သကဲ့သို့၊ သို့မဟုတ် ဂရုမစိုက်သကဲ့သို့ မဟုတ်ဘဲ အလျှံပယ် ကောင်းချီးခံစားရပြီး နွေးထွေးမှုအပြည့် ခံစားရစေလျက် ကလေးသူငယ်များအလား နူးညံ့သိမ်မွေ့စွာနှင့် အာရုံစူးစိုက်စွာ ဆက်ဆံသည်”ဟု ပြောလိမ့်မည်။ စိတ်ထဲတွင် ဤညည်းညူခြင်း ဖြစ်ပေါ်လာသည့်အခါ သင့်ရှေ့တွင် ဖြစ်ပျက်သည့် အဖြစ်မှန်များကို ဘုရားသခင်၏ အမှုအဖြစ် သင် မရှုမြင်။ ထိုအရာကို ချီးမွမ်းဖို့မဆိုထားနှင့်၊ ဝန်မခံချေ၊ သို့မဟုတ် “အာမင်”ဟုပင် သင် မပြောချေ။ ထိုသို့ဖြင့် သင်၏ စိတ်ခံစားချက်များနှင့် ထိုသို့သော အခြေအနေသည် ဘုရားသခင်ကို နာခံခြင်းလော၊ သို့မဟုတ် ဆန့်ကျင်ခြင်းလော။ (ဆန့်ကျင်ခြင်း ဖြစ်ပါသည်။) စစ်မှန်သည့် နာခံခြင်း မဟုတ်သည်မှာ သိသာသည်။ ဤနေရာတွင် နာခံမှုမရှိ၊ မကျေမချမ်းဖြစ်ခြင်း၊ ဆန့်ကျင်ခြင်း၊ မနာခံခြင်းတို့သာရှိပြီး ဒေါသပင် ရှိလေသည်။ ဤသည်မှာ မိမိ၏ ဖန်ဆင်းရှင်အပေါ် အဖန်ဆင်းခံတစ်ဦးက ရှိသင့်သည့် သဘောထား ဖြစ်သလော။ မဟုတ်ပေ။ သင်၏ စိတ်နှလုံးသည် အတိုက်အခံလုပ်ခြင်းတစ်ခု ဖြစ်သည်။ သင်က “ဤအရာကို ဘုရားသခင် လုပ်လျှင် ငါ၏ စိတ်နှလုံးက အဘယ်ကြောင့် မထောက်ခံသနည်း။ အဘယ်ကြောင့် လူအများစုက လက်မခံသနည်း။ သူ၏ လုပ်ရပ်များသည် အဘယ်ကြောင့် လူ၏ ဆန္ဒများနှင့် အလွန်ဆန့်ကျင်ပြီး သွေးနှင့် လူသတ်ပွဲတို့ဖြင့် ပြည့်ရသနည်း”ဟု တွေးသည်။ ထိုအခိုက်တွင် သင့်စိတ်နှလုံးထဲရှိ ဘုရားနှင့် တကယ့်ဘဝတွင် အမှန်တကယ် တည်ရှိသည့် ဖန်ဆင်းရှင်တို့သည် ကွဲလွဲပြီး အချင်းချင်း ဆန့်ကျင်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် မည်သည့်ဘုရားကို သင် ယုံကြည်သင့်သနည်း။ ဤအချိန်တွင် သင်၏ စိတ်နှလုံးနက်နက်တွင်ရှိသည့် အယူအဆများနှင့်ဆိုင်သော ဘုရားသခင်ကို ယုံကြည်ရန် သင် ရွေးချယ်သင့်သလော၊ သို့မဟုတ် သင့်ရှေ့တည့်တည့်တွင် တကယ့် လုပ်ဆောင်ချက်များ ဆောင်ရွက်နေသည့် ဘုရားကို ရွေးချယ်သင့်သလော။ (ကျွန်ုပ်တို့ ရှေ့တည့်တည့်တွင် တကယ့် လုပ်ဆောင်ချက်များ ဆောင်ရွက်နေသည့် ဘုရားကို ရွေးချယ်သင့်ပါသည်။) ၎င်းတို့၏ ဓမ္မဓိဋ္ဌာန်ကျသော ဆန္ဒများအရ လူတို့သည် မိမိတို့ ရှေ့တည့်တည့်ရှိ တကယ့် လုပ်ဆောင်ချက်များ ဆောင်ရွက်နေသည့် ဘုရားသခင်ကို ယုံကြည်ရန် အလွန် လိုလားကြသော်လည်း လူ၏ အယူအဆများ၊ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် စိတ်ခံစားချက်များကြောင့် မိမိတို့ စိတ်နှလုံးထဲရှိ ဘုရားသခင်ကို ဖုံးဖိပြီး မိမိတို့ ရှေ့တည့်တည့်တွင် တကယ့် လုပ်ဆောင်ချက်များ ဆောင်ရွက်နေသည့် ဘုရားသခင်ကို လက်ခံဖို့ မိမိကိုယ်ကို အတင်းအကျပ် တွန်းအားပေးရန် ဆုံးဖြတ်ကြလေသည်။ သို့ရာတွင် စိတ်ထဲတွင် ဖန်ဆင်းရှင် လုပ်ဆောင်နေသည့် အရာနှင့်သက်ဆိုင်သည့် အချက်များအားလုံးကို ၎င်းတို့ လက်မခံနိုင်ကြသေးချေ။ စစ်မှန်သည့် ဘုရားသခင်က အမြဲ မရေမရာဖြစ်နေပုံရစဉ်တွင် ၎င်းတို့သည် မိမိတို့ စိတ်ကူးထဲမှ ဘုရားသခင်ကို မမောနိုင်မပန်းနိုင် စကားပြောကာ ဆက်ဆံလျက် မိမိတို့ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲတွင် ဆက်လက် ပုန်းကွယ်ကာ အသက်ရှင်ကြဆဲ ဖြစ်သည်။ “စစ်မှန်သည့် ဘုရားသခင်ကို ကျွန်ုပ် မတည်ရှိစေချင်ပါ။ ကျွန်ုပ်၏ ဘုရားသခင်သည် ကျွန်ုပ် စိတ်နှလုံးထဲတွင် စိတ်ကူးသည့် ဘုရားသခင်၊ ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝပြီး လူတို့ကို သူ၏ နွေးထွေးမှု ခံစားစေသည့် ဘုရားသခင် ဖြစ်သည်။ သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်သည် ကျွန်ုပ် စိတ်ကူးသည့် ဘုရားမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူလုပ်ဆောင်သည့်အရာများက ကျွန်ုပ်ကို စိတ်ပျက်စေပြီး သူ့ထံမှ မည်သည့်နွေးထွေးမှုမျှ ကျွန်ုပ် မခံစားရပါ။ အထူးသဖြင့် သူ လူများစွာတို့ကို တရားစီရင်ပုံ၊ ရိုက်နှက်ဆုံးမ၊ ရှုတ်ချပြီး ဖယ်ရှားပုံကို ကျွန်ုပ် လျစ်လျူမရှုနိုင်ပါ”ဟု ဆိုသောလူများပင် ရှိသည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယင်းမှာ မယုံကြည်သူများနှင့် သမ္မာတရား လက်မခံသောသူများ ပြောသည့်အရာ ဖြစ်သည်။ ဤသည်တို့မှာ လူတို့က ဘုရားသခင်၏ အမှုတော်ကို နားမလည်ကြသည့်အခါ၊ ၎င်းတို့ စိတ်ကူးသည့်အရာနှင့် ဘုရားသခင် အမှန်တကယ် လုပ်ဆောင်သည့် အရာနှစ်ခုကြား ခြားနားချက်တစ်ခု ရှိသည့်အခါ ၎င်းတို့တွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသောအခြေအနေများ ဖြစ်သည်။ သို့ဆိုလျှင် ဤအခြေအနေများ မည်သို့ ဖြစ်ပေါ်သနည်း။ အချက်တစ်ချက်မှာ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်။ အခြားအချက်တစ်မှာ တစ်စုံတစ်ရာဖြစ်ပျက်ပြီး အဖြစ်မှန်များက လူတို့၏ အယူအများ၊ စိတ်ကူးများနှင့် မကိုက်သည့်အခါ၊ ၎င်းတို့၏ လက်တွေ့မကျသော မျှော်လင့်ချက်များကို အစိတ်စိတ်အမွှာမွှာ ဖြိုခွဲသည့်အခါ၊ ၎င်းတို့၏ အိပ်မက်များကို အစိတ်စိတ်အမြွှာမြွှာခွဲပြီး ကောင်းချီးများအတွက် ၎င်းတို့၏ ကြံရွယ်ချက်နှင့် စိတ်ဆန္ဒတို့ ဖြည့်ဆည်းမခံရနိုင်ကြောင်း ခံစားရစေသည့်အခါ နောက်ဆုံးတွင် မည်သည့်အရာကို လုပ်ဆောင်ရန် ၎င်းတို့ ဆုံးဖြတ်ပါသနည်း။ ထွက်ပြေးသည်၊ အပေးအယူလုပ်ပြီး ခေါင်းမာသည်။ လူအချို့သည် “နှစ်ဖက်လုံးကို ကျွန်ုပ် လက်ခံမည်။ ကျွန်ုပ်စိတ်နှလုံးထဲတွင် နဂိုကရှိခဲ့သည့် ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ကျွန်ုပ်၏ မျက်စိရှေ့တွင် ကြီးမြတ်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်နေပြီး ဩဇာအာဏာ စွဲကိုင်သောသူသည်လည်း ဘုရားသခင် ဖြစ်သည်။ နှစ်ဦးလုံးကို ကျွန်ုပ် လက်ခံပြီး မည်သူ့ကိုမျှ စွန့်မည်မဟုတ်ပါ”ဟု ဆိုလျက် လှေနံနှစ်ဖက်နင်းသည့်လူအချို့ပင် ရှိသည်။ လှေနံနှစ်ဖက်နင်းလျက် ဤအခြေအနေမျိုးတွင် လူတို့ မကြာခဏ အသက်ရှင်ကြသည်။ လူတို့သည် မိမိတို့ စိတ်ထဲရှိ ဘုရားနှင့်ဆိုင်သည့် စိတ်ကူးဖြင့် မကြာခဏ ပိတ်မိကြသည်။ ၎င်းတို့သည် ဤမရေရာသည့် ဘုရားအတွက် ဟိုသည်ပြေးကြသည်၊ မိမိတို့ကိုယ်ကို အသုံးခံကြသည်၊ ပူဇော်မှုများ ပြုလုပ်ကြပြီး အလုပ်လုပ်ကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ အသက်ကိုပင် စွန့်ကာ ရှိသမျှကို စတေးရင်း မိမိတို့တာဝန်များကို ထမ်းဆောင်ရန် မည်သည့်အဖိုးအခကိုမဆို ပေးကြလိမ့်မည် ဖြစ်သည်။ လူတို့ မည်သို့ ပြုမူကြသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့တွင် မည်သည့် အခြေအနေ ထွက်ပေါ်သည်ဖြစ်စေ ဤသို့သော ဘုရားက ၎င်းတို့စိတ်တွင် တည်ရှိသည့်အခါ လူတို့၏ လုပ်ရပ်များသည် စစ်မှန်သည့် ဖန်ဆင်းရှင်၏ အမြင်တွင် ကောင်းမြတ်သလော၊ သို့မဟုတ် ဆိုးယုတ်သလော။ ယင်းသည် နာခံခြင်းလော၊ သို့မဟုတ် အတိုက်အခံပြုခြင်းလော။ ယင်းတို့သည် ကောင်းမွန်သည့် လုပ်ဆောင်ချက်များ မဟုတ်သကဲ့သို့ ဂုဏ်မပြုထိုက်သည်မှာ သိသာပေသည်။ ယင်းက လူတို့သည် အမှန်တကယ် မနာခံကြ၊ သို့မဟုတ် မိမိတို့ကိုယ်ကို မဆက်ကပ်ကြကြောင်းကိုလည်း ထုတ်ဖော်ပြသည်။ ထို့ထက် ၎င်းတို့သည် အတိုက်အခံလုပ်ခြင်း၊ ပုန်ကန်ခြင်းနှင့် ဆန့်ကျင်မှုတို့ဖြင့် ပြည့်ကြသည်။ လူတို့သည် ဤအခြေအနေများရှိပြီး ဤအခြေအနေများအတွင်းတွင် မကြာခဏ အသက်ရှင်နေထိုင်ကြသောကြောင့်ပင် ၎င်းတို့၏ အိပ်မက်မှ နိုးထပြီး လက်တွေ့ကမ္ဘာလောကတွင် အသက်ရှင်နေထိုင်သည့်အခါ လက်တွေ့ဘဝရှိ ဘုရားသခင်၏ လုပ်ရပ်များသည် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးရာ လိုအပ်ချက်များ မဖြည့်ဆည်းပေးနိုင်ကြောင်းကို သဘောပေါက်ကြလေသည်။ ထို့ထက် သူ၏ လုပ်ရပ်များက လူတို့အား နည်းလမ်းအမျိုးမျိုဖြင့် ထိခိုက်နာကျင်စေသည်၊ သူသည် နည်းလမ်းအမျိုးမျိုးဖြင့် ဂရုမစိုက်ဘဲရှိနေပြီး လူ၏ဆန္ဒများနှင့် ဆန့်ကျင်ပြုမူသည်ဟု ခံစားရစေသည်။ “ဘုရားသခင်သည် ချစ်ခြင်း မေတ္တာဖြစ်ပါသလား။ လူတို့ကို သူ ချစ်နေဆဲလား။ ဘုရားသခင်သည် လူအတွက် ပူပန်ပြီး လူကို ကိုယ်နှင့်တမျှ ချစ်သည်ဟု ဆိုသည်။ ယင်းကို မည်သည့်နေရာတွင် သင် မြင်သနည်း။ ကျွန်ုပ် အဘယ်ကြောင့် လုံးဝ မမြင်ဖူးရသနည်း”ဟု ဆိုလျက် သံသယရှိသူအချို့ပင် ရှိသည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်၏။ လူတို့သည် လူနှင့် ဘုရားကြား ကွဲလွဲမှုကို ယခင်ထက်သာ၍ ပြင်းထန်လာစေလျက် ၎င်းတို့ကြား စိမ်းကားမှုကို ပို၍များလာစေရင်း ဤအခြေအနေများ၌ မကြာခဏ အသက်ရှင်ကြလေသည်။ ဘုရားသခင်က ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီသည့် တစ်စုံတစ်ရာ လုပ်ဆောင်သည်ကို မြင်သည့်အခါ “ငါ့ ဘုရားသည် ကမ္ဘာတုန်လောက်သည့် တစ်စုံတစ်ရာကို လုပ်လေပြီ။ သူသည် ငါအမှန်တကယ် ယုံကြည်ချင်သည့် ဘုရားဖြစ်သည်။ သူသည်သာ ငါ့ဘုရားဖြစ်သည်။ သူ၏ အဖန်ဆင်းခံဖြစ်ရန် ငါ လိုလားသည်။ သူသည်သာ ကျွန်ုပ်၏ ဖန်ဆင်းရှင်ဖြစ်သည်”ဟု တွေးကြသည်။ သို့ရာတွင် ၎င်းတို့၏ နေ့စဉ်အသက်တာများ၌ အခက်အခဲများ၊ မတက်မကြွဖြစ်ခြင်း၊ သို့မဟုတ် အားနည်းချက်များဖြစ်ပေါ်ပြီး ၎င်းတို့ စိတ်ကူးသည့် ဘုရားက ၎င်းတို့ကို မကူညီနိုင်၊ သို့မဟုတ် ၎င်းတို့၏ လိုအပ်ချက်များကို တစ်ချိန်လုံး မဖြည့်ဆည်းနိုင်သည့်အခါ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်း အားနည်းသွားသည်၊ သို့မဟုတ် ပျောက်ပင် ပျောက်ကွယ်သွားသည်။ လူတို့တွင် ရှိသည့် အခြေအနေများ အားလုံးကိုလည်းကောင်း၊ ၎င်းတို့ ပြုမူလုပ်ဆောင်ပြီး မိမိကိုယ်ကို ပြသသည့် နည်းလမ်းများအားလုံးကိုလည်းကောင်း မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ယင်းမှာ ဖန်ဆင်းရှင်ကို လူတို့ လုံးဝမသိကြသောကြောင့် ဖြစ်သည်။ သင်သည် သူ့ကို နားမလည်ချေ။ ယင်းမှာ တစ်ခုတည်းသော အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ လူနှင့် ဘုရားကြား ကွဲလွဲမှုများ၊ ဝေးကွာမှုနှင့် အထင်လွဲမှုများအားလုံး၏ ရင်းမြစ် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဤပြဿနာကို မည်သို့ ဖြေရှင်းကြသနည်း။ ပထမဦးစွာ မိမိတို့၏ အယူအဆများကို ၎င်းတို့ ဖြေရှင်းရမည်။ ဒုတိယအနေဖြင့် လူတို့သည် မိမိတို့၌ ဘုရားသခင် ပြုသည့် အမှု၏ အချက်တိုင်းကို တွေ့ကြုံ၊ ရှာဖွေကာ တွေးဆရမည်ဖြစ်ပြီး ၎င်းတို့အတွက် ဘုရားသခင် စီစဉ်သည့် အစီအစဉ်တိုင်းနှင့် ၎င်းတို့အတွက် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို လုံးဝ ကျိုးနွံနာခံနိုင်သည့် အဆင့်ထိရောက်ရှိရမည်။ ကျိုးနွံနာခံခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤသမ္မာတရားအားလုံးကို သတိပြုကာ နားလည်ရန် ဖြစ်သည်။

ယခုတင် ငါတို့ မိတ်သဟာယပြုခဲ့ကြသည့် အကြောင်းကိစ္စကို နက်ရှိုင်းသည်ဟု သင်တို့ မြင်သလော။ သင်တို့ နားလည်နိုင်ကြသလော။ သဘောပေါက်နိုင်ကြသလော။ (သဘောပေါက်နိုင်ပါသည်။) သဘောတရားအရ သင်တို့ နားလည်နိုင်သင့်သော်လည်း သဘောတရားအရ သိနားလည်ခြင်းသည် သမ္မာတရားကို သိနားလည်ခြင်း၊ လက်ခံခြင်းတို့နှင့် ညီမျှသလော။ (မညီမျှပါ။) သို့ဆိုလျှင် မည်သည့်အရာသည် သမ္မာတရားကို သိနားလည်ခြင်း၊ လက်ခံခြင်းတို့နှင့် ညီမျှပါသနည်း။ သင်သည် မိမိ၏ နေ့စဉ်အသက်တာများ၌ မိမိကိုယ်ကို မကြာခဏ ဆန်းစစ်ရမည်ဖြစ်သော်လည်း မည်သည့်အရာကို ဆန်းစစ်သင့်သနည်း။ (ကျွန်ုပ်တို့တွင် ဘုရားသခင် ပြောဆိုသည့် အခြေအနေများ ရှိမရှိ၊ ဘုရားသခင် ပြောဆိုသည့် ပုံစံဖြင့် ကျွန်ုပ်တို့ မိမိတို့ကိုယ်ကို ပြသခြင်း ရှိမရှိဆိုသည်နှင့် ဘုရားသခင်နှင့် ပတ်သက်၍ မည်သည့် အယူအဆများနှင့် အထင်လွဲမှုများ လူတို့ရှိကြသည်ဆိုသည်တို့ကို ဆန်းစစ်ပါ။) သိပ်ဟုတ်ပေ၏။ ဤအရာများကို သင် ဆန်းစစ်ရမည်။ မည်သည့် ဖောက်ပြန်ပျက်စီးခြင်း သင် ပြသသည်ဆိုသည်နှင့် မည်သည့် အယူအဆများနှင့် စိတ်ကူးများရှိသည်ဆိုသည်တို့ကို ဆန်းစစ်လော့။ လူအချို့က မိမိတို့ကိုယ်ကို မဆန်းစစ်နိုင်ကြဟု ပြောသည်။ အခြားသူများကို ဦးစွာ ကြည့်ခြင်းအားဖြင့် ယင်းကို အလွယ်တကူ ကုစားရပေသည်။ အခြားလူများသည် သင်ကိုယ်တိုင်၏ မှန်တစ်ချပ် ဖြစ်သည်။ စိတ်သဘောထား၊ သို့မဟုတ် အခြေအနေတစ်ခုခု လူတို့ ပြသနေသည်ကို သင် မြင်သည့်အခါ သူ့အခြေအနေတွင် ကိုယ်ဝင်လိုက်ပြီး မိမိကိုယ်ကို ဆန်းစစ်ကာ မိမိကိုယ်ကို ယှဉ်ကြည့်လော့။ ဤအလားတူ အယူအဆများနှင့် စိတ်ကူးများ သင်၌ ရှိမရှိဆိုသည်နှင့် အလားတူ အခြေအနေတွင် သင် ရှိမရှိဆိုသည်ကို ကြည့်လော့။ ရှိပါက ထိုအရာနှင့် ပတ်သက်၍ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်သည် မိမိကိုယ်ကို ဖွင့်ချကာ ဤအရာများကို စိတ်ဖြာလေ့လာသင့်သလော၊ သို့မဟုတ် ယင်းတို့ကို ဖက်တွယ်ကာ ၎င်းတို့ “ပွင့်လန်းပြီး သီးပွင့်လာ”ရန် စောင့်ဆိုင်းသင့်သလော။ (ကျွန်ုပ်တို့ မိမိတို့ကိုယ်ကို ဖွင့်ချကာ ထိုအရာများကို စိတ်ဖြာလေ့လာသင့်ပါသည်။) သင်သည် လူတိုင်း အကျိုးခံစားနိုင်ရန်၊ ထိုအရာမှတစ်ဆင့် လူတိုင်း ဖောက်ပြန်ပျက်စီးသည့် အခြေအနေများကို မှန်ကန်တိကျစွာ သတိပြုမိနိုင်ရန်၊ သမ္မာတရားကို နားလည်နိုင်ရန်၊ ထွက်ပေါက်ရှာပြီး ဤပြဿနာအမျိုးအစားများကို အတူတကွ ဖြေရှင်းနိုင်ရန်အလို့ငှာ ဤအရာများကို ချခင်းကာ စိတ်ဖြာလေ့လာဆွေးနွေးသင့်၏။ အယူအဆများနှင့် မတက်ကြွသည့်၊ အပျက်သဘောဆောင်သော အခြေအနေများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (မိမိတို့ အယူအဆများနှင့် မတက်ကြွသည့် အခြေအနေများမှ ထွက်ပေါက်တစ်ခုကို လူတို့ ရှာတွေ့နိုင်ကြဖို့အလို့ငှာ ဖြစ်ပါသည်။) ထွက်ပေါက်တစ်ခုကို ရှာခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သမ္မာတရား ရရှိရန် ဖြစ်သည်။ သင်၏ အယူအဆများကို ပြင်ခြင်း၏ ရည်ရွယ်ချက်မှာ ယင်းတို့သည် မှားယွင်းကြောင်းနှင့် သင် ပိုင်ဆိုင်သင့်သည့် အရာတစ်ခုမဟုတ်ကြောင်း သင့်ကို သတိပြုမိစေရန်ဖြစ်သည်။ သင်သည် ထိုအရာများကို လက်လွှတ်သင့်သည်၊ ဖက်တွယ်မထားသင့်ပေ။ ထို့နောက် မည်သည့်အရာ မှန်ကန်သည်၊ အမှန်တကယ်တွင် အပြုသဘောဆောင်သည့် အရာများက မည်သည့်အရာများဖြစ်သည်ဆိုသည်နှင့် သမ္မာတရားက အမှန်တကယ်တွင် မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို တက်ကြွစွာ ရှာဖွေလော့။ အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို သင်လက်ခံပြီး ယင်းတို့ကို သင် ပိုင်ဆိုင်သင့်သည့် လက်တွေ့လုပ်ဆောင်ခြင်း၊ တွေးခေါ်ခြင်းနှင့် ရှုထောင့်အမြင်များ၏ စည်းမျဉ်းများအဖြစ် သဘောထားပါက ပြောင်းလဲမှုရှိပြီး သမ္မာတရားကို သင် ရရှိပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် ယုဒပြည်မှ ဂျူးလူမျိုးများ ပြည်နှင်ဒဏ်ခံရခြင်းကို ဤသမ္မာတရားများအရ မည်သို့ ငါတို့ ရှုမြင်သင့်သနည်း။ ဤဖြစ်ရပ်နှင့်ပတ်သက်၍ လူများတွင် အဖြစ်များသည့် အယူအဆမှာ အဘယ်နည်း။ (ဘုရားသခင်သည် ဂျူးလူမျိုးများကို ယုဒပြည်မှ မနှင်ထုတ်သင့်ကြောင်းနှင့် ဂျူးလူမျိုးများကို သူ ကွယ်ကာသင့်ကြောင်းတို့ ဖြစ်သည်။ သူ့ကို သူတို့ မည်သို့ အတိုက်အခံလုပ်ခဲ့ကြသည်ဖြစ်စေ၊ ပြီးလျှင် သူ့ကို ကားတိုင်ထက်တွင် သူတို့ သံမှိုရိုက်နှက်ခဲ့သည့်အချက် ရှိလင့်ကစား သူတို့၏ အပြစ်များမှ သူတို့ကို သူ ခွင့်လွှတ်သင့်ကြောင်းနှင့် ဤသည်သာ ဘုရားသခင်၏ မေတ္တာဖြစ်ကြောင်းတို့ ဖြစ်သည်။) ဤသည်တို့မှာ လူ၏အယူအဆများ ဖြစ်သည်။ ယင်းတို့သည် အဓိပ္ပာယ် မမဲ့သလော။ ဘုရားသခင်သည် လူ၏အယူအဆများအတိုင်း ပြုမူဆောင်ရွက်ခဲ့ပါက ဖြောင့်မတ်သော စိတ်သဘောထား ရှိပါဦးမည်လော။ ပြည်နှင်ဒဏ်ခံရခြင်းနှင့် ပတ်သက်၍ လူတို့ မကျေမချမ်း ဖြစ်ခဲ့ကြပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ အတိုက်အခံလုပ်ခြင်းနှင့် ရှုတ်ချခြင်းသည် ဘုရားသခင်အတွက် ဘောင်ကျော်သွားခဲ့သည်။ ၎င်းတို့၏ လုပ်ရပ်များသည် စာတန်၏ လုပ်ရပ်များနှင့် မကွာခြားသောကြောင့် ထိုအရာနှင့်ပတ်သက်၍ အဘယ်သို့ ဘုရားသခင် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ လူအချို့သည် သမ္မာတရားကို လက်မခံနိုင်ကြသကဲ့သို့ “ဘုရားသခင်သည် လူတို့ကို အဘယ်သို့ ဤသို့ ဆက်ဆံနိုင်ရသနည်း။ လူတို့သည် ဤချစ်ခြင်းမေတ္တာမျိုးကို လက်မခံနိုင်ပါ။ ဘဝပေးအသိနှင့် လုံးဝဆန့်ကျင်သည်။ ချစ်ခြင်းမေတ္တာနှင့် မတူပါ။ ဤသည်မှာ ဂျူးလူမျိုးများကို သူ ဆက်ဆံပုံဖြစ်လျှင် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ မရှိပါ”ဟု တွေးကြသည်။ ဘုရားသခင်၏ မေတ္တာကို ငြင်းပယ်ခြင်းသည် လူ၏ အယူအဆဖြစ်သည်။ လူ၏အယူအဆမှာ အဘယ်နည်း။ (လူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပေါ် သူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကန့်သတ်ပါသည်။) ဟုတ်ပေသည်။ တစ်စုံတစ်ခုအပေါ် မိမိတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လူတို့ ကန့်သတ်သည့်အခါ ယင်းသည် အယူအဆတစ်ခုဖြစ်ပြီး ယင်းသည် သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ သမ္မာတရား မဟုတ်ပေ။ လူတို့သည် မည်သည့်အရာအပေါ် မိမိတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကန့်သတ်ကြသနည်း။ ဘုရားသခင် အမှုပြုပုံအပေါ် မိမိတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ၎င်းတို့ ကန့်သတ်ကြ၏။ ဘုရားသခင်၏ အမှုတော် ဖြစ်ဖို့ရန်အတွက် ဘုရားသခင်သည် သေချာသည့် နည်းလမ်းများဖြင့် အမှုပြုရမည်ဖြစ်ကြောင်းနှင့် ဤသည်တို့မှာ ဘုရားသခင် အမှုပြုသင့်သည့် နည်းလမ်းများဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ လူတို့သည် ဘုရားသခင် အမှုပြုပုံအပေါ် ကန့်သတ်ထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုရှိပြီး ဤကန့်သတ်ထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ၎င်းတို့၏ အယူအဆဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုများအပေါ် မည်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး လူတို့တွင် ရှိသနည်း။ ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ မည်သည့်အရာက ဤအခြေအနေ၌ ဘုရားသခင် ပြုမူပုံအပေါ် ၎င်းတို့အား မနှစ်သက်စေသကဲ့သို့ သူ့ကို အထင်လွဲကာ ဆန့်ကျင်စေသနည်း။ (ဘုရားသခင်က ဂျူးလူမျိုးများအပေါ် ကျေးဇူးတော်နှင့် ကောင်းချီးများ အလျှံပယ် ပေးသနားခဲ့သင့်သည်ဟု လူတို့ ထင်သော်လည်း ထိုအစား သူသည် ဤအယူအဆများနှင့် စိတ်ကူးများ၊ ၎င်းတို့၏ မျှော်လင့်ချက်များ ပြင်ပတွင် ပြုမူဆောင်ရွက်ခဲ့သည်။ ဂျူးလူမျိုးများကို သူ နှင်ထုတ်ခဲ့ပြီး ကမ္ဘာမြေအနှံ့ ခြေဦးတည့်ရာ ရောက်စေခဲ့သည်။ ဤအရာကို လူတို့က နားမလည်ကြသကဲ့သို့ ယင်းက များပြားသော အယူအဆများကို ဖြစ်ပေါ်စေခဲ့ပါသည်။) ဂျူးလူမျိုးများအပေါ် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များနှင့် ပတ်သက်၍ လူများစွာက အယူအဆများနှင့် အထင်လွဲမှုများ ရှိကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ လုပ်ရပ်များနှင့် ပတ်သက်၍ လူတို့သည် အနေရခက်ပြီး သူသည် ထိုသို့ မပြုမူသင့်ခဲ့ဟု တွေးကြသည်။ ဤသည်မှာ အယူအဆတစ်ခုလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်က သူ လုပ်ခဲ့သည့်အရာကို “မလုပ်ခဲ့သင့်”ဟု လူတို့ တွေးထင်ကြသည့်အခါ ယင်းမှာ ဘုရားသခင်၏ လုပ်ရပ်များအပေါ် မိမိတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကန့်သတ်နေခြင်း မဟုတ်လော။ ဘုရားသခင်က ထိုသို့ မပြုမူသင့်ဟု သင် မည်သို့ သိသနည်း။ ဘုရားသခင် ဤသို့ မပြုမူသင့်ဟု သင် ပြောရခြင်းအတွက် သင်၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ သူ မပြုမူခဲ့သင့်ဟု သင်ထင်ခဲ့သော်လည်း သူပြုမူခဲ့ပါက ယင်းမှာ ဘုရားသခင်သည် ဘုရားမဟုတ်သည့် သဘောလော။ ဘုရားသခင် လုပ်ခဲ့သည့်အရာ မှားယွင်းပြီး သမ္မာတရားနှင့် မကိုက်ညီဟု ဆိုလိုသလော။ ဤရှုထောင့်အရ လူသည် မိုက်မဲသည် မဟုတ်လော။ လူသည် အလွန့်အလွန် မိုက်မဲပြီး မသိနားမလည်ဖြစ်သည်၊ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသည်။ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ရန်နှင့် ဘုရားသခင်အပေါ် သူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကန့်သတ်ရန် ၎င်းအတွက် အလွယ်ဆုံး ဖြစ်သည်။ ဤသို့သော လူများသည် သမ္မာတရားကို လက်မခံနိုင်ပါက အလွန်အန္တရာယ်များပြီး ဖယ်ရှားခံရဖို့ ဖြစ်နိုင်ဖွယ်အရှိဆုံး ဖြစ်သည်။

ယုဒပြည်မှ ဂျူးလူမျိုးများ ပြည်နှင်ဒဏ်ခံရခြင်းနှင့် ပတ်သက်၍ များစွာသော လူတို့သည် အယူအဆများနှင့် ထင်မြင်ချက်များ ရှိကြပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြချေ။ သို့သော် ဤသည်မှာ ဖြေရှင်းရန် အလွန်လွယ်သည့် ပြဿနာတစ်ခု ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် ရိုးရှင်းသော နည်းလမ်းတစ်ခုကို သင်တို့အား ငါ ပြောမည်။ ထိုအရာက သင်၏ ဤအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိမရှိဆိုသည်ကို နားထောင်ကာ ကြည့်လော့။ ပထမဦးစွာ အရိုးရှင်းဆုံး နည်းလမ်းမှာ လူတို့သည် အဖန်ဆင်းခံများဖြစ်ကြောင်းနှင့် အဖန်ဆင်းခံများအတွက် ဖန်ဆင်းရှင်ကို နာခံရန်မှာ ကောင်းကင်က စီမံပြီး မြေကြီးက အသိအမှတ်ပြုထားကြောင်းကို လူတို့ သိရန်အတွက် ဖြစ်သည်။ အဖန်ဆင်းခံများသည် မိမိတို့၏ ဖန်ဆင်းရှင်နှင့်ပတ်သက်၍ အယူအဆများ စဉ်ဆက်မပြတ် ရှိပြီး သူ့ကို ကျိုးနွံနာခံနိုင်ခြင်း မရှိပါက ယင်းသည် ကြီးမားသော မနာခံမှု ဖြစ်ပေမည်။ ဖန်ဆင်းခံများကို ဖန်ဆင်းရှင်၏ ပြုမူဆက်ဆံခြင်းနှင့်သက်ဆိုင်သည့် အဓိကကျသော ဥပဒေသတစ်ခု ရှိပြီး ယင်းမှာ အမြင့်မားဆုံးသော ဥပဒေသလည်း ဖြစ်သည်ကို လူတို့ နားလည်ရမည်။ ဖန်ဆင်းခံ သတ္တဝါများကို ဖန်ဆင်းရှင် ပြုမူဆက်ဆံပုံသည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သူ၏ အလုပ်ု သတ်မှတ်ချက်များအပေါ်တွင် လုံးလုံးလျားလျား အခြေခံသည်။ ကိုယ်တော်သည် မည်သည့် လူတစ်ဦးတစ်ယောက်နှင့်မျှ ဆွေးနွေးတိုင်ပင်စရာ မလိုသကဲ့သို့၊ သူသည် သူနှင့် သဘောတူညီမှု ရယူရန် မည်သည့် လူတစ်ဦးတစ်ယောက်ကိုမျှ မလိုအပ်ပေ။ သူသည် သူလုပ်ဆောင်သင့်သည့်အရာ မည်သည့်အရာမဆိုနှင့် လူတို့ကို သူပြုမူဆက်ဆံရမည့် မည်သည့်ပုံစံကိုမဆို လုပ်ဆောင်ပြီး သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့ကို သူ မည်သို့ ဆက်ဆံသည်ဖြစ်စေ အားလုံးသည် သမ္မာတရားစည်းမျဉ်းများ၊ ဖန်ဆင်းရှင် အမှုပြုသည့် စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် လုပ်ဆောင်ရန် တစ်ခုတည်းသော အရာမှာ ဖန်ဆင်းရှင်ကို ကျိုးနွံနာခံဖို့ဖြစ်သည်။ အကြင်သူသည် မိမိ၏ကိုယ်ပိုင်ရွေးချယ်မှု တစ်ခုမျှ မလုပ်သင့်ချေ။ ဤသည်မှာ ဖန်ဆင်းခံများ ရှိသင့်သည့် ဆင်ခြင်တုံတရားဖြစ်ပြီး လူတစ်ဦး၌ ဤအရာ မရှိလျှင်၊ ၎င်းကို လူတစ်ဦးဟု ခေါ်ဆိုဖို့ မထိုက်တန်ပေ။ ဖန်ဆင်းရှင်သည် အစဉ်အမြဲ ဖန်ဆင်းခြင်းသခင်ဖြစ်သည်ကို လူများ နားလည်ရမည်ဖြစ်သည်။ သူသည် မည်သည့် ဖန်ဆင်းခံ သတ္တဝါအပေါ်မဆို သူသဘောတွေ့သလို စီစဉ်ညွှန်ကြားဖို့နှင့် အုပ်ချုပ်ဖို့ တန်ခိုးအာဏာနှင့် အရည်အချင်းများကို ပိုင်ဆိုင်ပြီး ထိုသို့ပြုရန် အကြောင်းပြချက် တစ်ခုမျှ မလိုအပ်ချေ။ ဤသည်မှာ သူ၏ ဩဇာအာဏာပင်ဖြစ်သည်။ ဖန်ဆင်းခံများထဲတွင် ဖန်ဆင်းရှင်က လုပ်ဆောင်သည့်အရာသည် မှန်သလော၊ မှားသလော၊ သို့မဟုတ် သူသည် မည်သို့လုပ်ဆောင်သင့်သည်ဆိုသည်ကို ဝေဖန်အကဲဖြတ်ရန် အခွင့်ရှိသည့်၊ သို့မဟုတ် အရည်အသွေးပြည့်မီသည့်သူ တစ်ဦးမျှမရှိပေ။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုနှင့် အစီအစဉ်များကို လက်ခံရန်၊ လက်မခံရန်ကို ရွေးချယ်ရန် မည်သည့်ဖန်ဆင်းခံကမျှ အခွင့်မရှိပေ။ ဖန်ဆင်းခံက ၎င်းတို့၏ ကံကြမ္မာကို အုပ်စိုးပြီး စီစဉ်သည်ပုံစံနှင့်ပတ်သက်ပြီး တောင်းဆိုချက်များပြုလုပ်ရန် မည်သည့်ဖန်ဆင်းခံမျှ အခွင့်မရှိပေ။ ဤသည်မှာ အမြင့်ဆုံး အမှန်တရားပင် ဖြစ်သည်။ ဖန်ဆင်းရှင်က သူ၏ ဖန်ဆင်းခံသတ္တဝါများအပေါ် မည်သည့်အရာ ပြုလုပ်ထားသည်ဖြစ်စေ၊ ထို့ပြင် သူ မည်သို့ပြုလုပ်ထားသည်ဖြစ်စေ သူဖန်ဆင်းခဲ့သည့် လူသားများအနေဖြင့် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်သင့်၏- ဖန်ဆင်းရှင်က နေရာတကျ တည်ထားသည့် အရာရာတိုင်းကို ရှာဖွေရန်၊ ကျိုးနွံနာခံရန်၊ သိနားလည်ရန်နှင့် လက်ခံရန်သာ ဖြစ်ပါသည်။ နောက်ဆုံးရလဒ်ကား သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို မည်သည့် ဖျက်ဆီးပိတ်ဆို့မှုမှမရှိဘဲ တိုးတက်စေရင်း၊ ဖန်ဆင်းရှင်က သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြီးမြောက်ကာ သူ၏အလုပ်ကို ပြည့်စုံစေပြီးဖြစ်မည် ဟူသည့်အချက်ပင် ဖြစ်လိမ့်မည်။ ထိုအတောအတွင်း၌ ဖန်ဆင်းခံ သတ္တဝါများက ဖန်ဆင်းရှင်၏ အုပ်ချုပ်မှုနှင့် စီစဉ်မှုများကို လက်ခံကာ သူ၏ အုပ်ချုပ်မှုနှင့် စီစဉ်မှုများအား ကျိုးနွံနာခံထားပြီး ဖြစ်သောကြောင့်၊ သူတို့သည် သမ္မာတရားကို ရရှိပြီး ဖြစ်လိမ့်မည်၊ ဖန်ဆင်းရှင်၏ အလိုတော်ကို နားလည်ပြီးဖြစ်လိမ့်မည်၊ ထို့ပြင် သူ၏ စိတ်နေသဘောထားကို သိကျွမ်းလာပြီး ဖြစ်လိမ့်မည်ဖြစ်သည်။ သင်တို့ကို ငါ ပြောရမည့် နောက်ထပ် အခြေခံသဘောတရားတစ်ခု ရှိသေး၏- ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူမည်သည့်အရာကို ထင်ရှားစေသည်ဖြစ်စေ၊ ပြီးလျှင် သူလုပ်ဆောင်သည့် အရာသည် ကြီးမြတ်သည့် လုပ်ဆောင်ချက်ဖြစ်စေ သေးငယ်သည့်လုပ်ဆောင်ချက် တစ်ခု ဖြစ်စေ၊ သူသည် ဖန်ဆင်းရှင် ဖြစ်နေဆဲ ဖြစ်သည်။ သူဖန်ဆင်းထားသည့် လူသားမျိုးနွယ်အားလုံးမှာမူ၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပြီးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့အနေဖြင့် မည်မျှ ပါရမီရှိပါစေ သို့မဟုတ် ဆုကျေးဇူးရှိပါစေ၊ အဖန်ဆင်းခံ သတ္တဝါများ ဖြစ်မြဲဖြစ်ကြလေသည်။ အဖန်ဆင်းခံ လူသားမျိုးနွယ်အတွက်မူ၊ ၎င်းတို့အနေဖြင့် ဖန်ဆင်းရှင်ထံမှ မည်မျှများပြားသော ကျေးဇူးတော်နှင့် မည်မျှများပြားသော ကောင်းချီးမင်္ဂလာများ ရရှိကြပြီးဖြစ်ပါစေ၊ သို့မဟုတ် သနားကရုဏာ၊ ကြင်နာမှု သို့မဟုတ် စေတနာ မည်မျှရရှိကြပြီးဖြစ်ပါစေ၊ ၎င်းတို့အနေဖြင့် လူစုများမှ သီးခြား ရပ်တည်ဖို့ မိမိတို့ကိုယ်ကိုယ် မယုံကြည်သင့်ပေ သို့မဟုတ် ဘုရားသခင်နှင့် အဆင့်အတန်းတူနိုင်ပြီး၊ အဖန်ဆင်းခံ သတ္တဝါများအလယ်တွင် ၎င်းတို့သည် အဆင့်မြင့်မားလာကြပြီးဖြစ်သည်ဟု မထင်မှတ်သင့်ပေ။ ဘုရားသခင်က သင့်အပေါ် ဆုကျေးဇူးများ မည်မျှ အပ်နှင်းပြီးဖြစ်ပါစေ၊ သို့မဟုတ် ကျေးဇူးတော် မည်မျှ သင့်ကို သူပေးပြီးဖြစ်ပါစေ၊ သို့မဟုတ် သူက သင့်ကို မည်မျှ ကြင်နာစွာ ဆက်ဆံပြီးဖြစ်ပါစေ၊ သို့မဟုတ် သင့်ကို အထူးပါရမီအနည်းငယ် ပေးပြီးပါစေ၊ ဤအရာများထဲမှ မည်သည့်အရာမျှ သင်၏အဖိုးတန် အရည်အချင်းများ မဟုတ်ပေ။ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ပြီး၊ ထို့ကြောင့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး အစဉ်အမြဲ ဖြစ်လိမ့်မည်။ သင့်အနေဖြင့်၊ “ငါသည် ဘုရားသခင်၏လက်ထဲက ချစ်ခင်မြတ်နိုးရသူလေးတစ်ဦး ဖြစ်သည်။ ဘုရားသခင်သည် ငါ့ကို မည်သည့်အခါမျှ ဘေးဖယ်ထားမည်မဟုတ်။ ငါ့အပေါ် ဘုရားသခင်၏ သဘောထားမှာ နှစ်သိမ့်ပြီး ခွန်အားပေးသည့် နွေးထွေးသော တီးတိုးပြောဆိုသံဖြင့် ချစ်ခြင်းမေတ္တာ၊ စောင့်ရှောက်ခြင်းနှင့် နူးညံ့သော ကြင်နာစွာထွေးပိုက်ခြင်းနှင့် သက်ဆိုင်သောအရာတစ်ခု အမြဲဖြစ်လိမ့်မည်။” ဟု မည်သည့်အခါတွင်မျှ မတွေးရ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဖန်ဆင်းရှင်၏ အမြင်တွင်၊ သင်သည် အခြားအဖန်ဆင်းခံ သတ္တဝါအားလုံးနှင့် တူညီပေသည်။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံအလယ်တွင် မည်သည့်အခန်းကဏ္ဍတွင်မဆို သင် ပါဝင်လုပ်ဆောင်ဖို့ ဘုရားသခင်သည် သင့်ကို သူဆန္ဒရှိသည်အတိုင်း အသုံးပြုနိုင်ပြီး၊ သူဆန္ဒရှိသည်အတိုင်း သင့်ကို စီစဉ်ညွှန်ကြားနိုင်ကာ၊ သူဆန္ဒရှိသည်အတိုင်း စီစဉ်နိုင်ပေသည်။ ဤသည်မှာ လူတို့ ရှိသင့်သည့် အသိဖြစ်ပြီး၊ ၎င်းတို့ ပိုင်ဆိုင်သင့်သည့် ကောင်းမြတ်သော အသိစိတ်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး လက်ခံနိုင်ပါက၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် အမျှတဆုံးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်လိမ့်မည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး လက်ခံနိုင်ပါက ၎င်းတို့သည် မိမိတို့၏ ရာထူးအဆင့်အတန်းကို ကောင်းကောင်းမွန်မွန် ရှာဖွေဖော်ထုတ်လိမ့်မည်၊ မိမိတို့၏ နေရာကို လက်ခံလိမ့်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို ထိန်းသိမ်းလိမ့်မည်ဖြစ်သည်။

ဤစကားများကို နားထောင်ပြီးသည့်နောက်တွင် မည်သည့်အရာကို သင်တို့ တွေးကြသနည်း။ ဘုရားသခင်ကို အထင်လွဲကြလိမ့်ဦးမည်လော။ လူအချို့က “ဘုရားသခင်သည် လူတို့ကို ဤသို့ ဆက်ဆံသည်ကို ထောက်သော် သူ၏ အမြင်တွင် လူများက ပုရွတ်ဆိတ်များကဲ့သို့ဖြစ်ပြီး လောက်များထက် နိမ့်ကျကြသည်ဟု ဘုရားသခင် ပြောသည့်အခါ ဤသည်မှာ အယူအဆဆိုင်ရာမဟုတ်ဘဲ လက်တွေ့အရှိတရား ဖြစ်ပုံရသည်။ လူသည် ဘုရားသခင်အဖို့ ချစ်ခင်ဖွယ် မဟုတ်သကဲ့သို့ ဘုရားသခင်သည် လူတို့ စိတ်ကူးသလောက် လူနှင့် မရင်းနှီးပါ”ဟု ပြောကြသည်။ မီးတောက်တစ်ခုကို ရေလောင်းလိုက်သကဲ့သို့ လူတို့၏ စိတ်နှလုံးများ အေးစက်သွားပြီး ၎င်းတို့၏ စိတ်အားထက်သန်မှု လျော့နည်းသွားသည်။ ၎င်းတို့၏ စိတ်နှလုံးများ အေးစက်သွားသည်က ပိုကောင်းသည်ဟု သင်တို့ ပြောမည်လော၊ သို့မဟုတ် ဘုရားသခင်နှင့် ပတ်သက်၍ အထင်လွဲမှုများ စဉ်ဆက်မပြတ်ရှိခြင်းက ၎င်းတို့အတွက် ပိုကောင်းသည်ဟု သင်တို့ ပြောမည်လော။ (သူတို့၏ စိတ်နှလုံးများ အေးစက်သွားသည်မှာ ပိုကောင်းပါသည်။) အတန်ကြာ ငြိမ်သွားအားဖြင့်သာ ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ နားလည်နိုင်ပေသည်။ အဖန်ဆင်းခံများ ပိုင်ဆိုင်သင့်သည့် အသိစိတ်မှာ သမ္မာတရားကို အရာရာအတွက် မိမိတို့၏ စည်းမျဉ်းအဖြစ် အသုံးပြုရန် ဖြစ်သည်။ ၎င်းတို့သည် အရာရာကို ရှုမြင်ပုံအတွက် သမ္မာတရားကို မိမိတို့၏ အခြေခံအကြောင်းရင်းအဖြစ် အသုံးပြုသင့်ပြီး ၎င်းတို့ လုပ်သမျှအတွက် ၎င်းတို့၏ စည်းမျဉ်းနှင့် အခြေခံအုတ်မြစ်အဖြစ် သမ္မာတရားကို အသုံးပြုသင့်ပေသည်။ ဤသည်မှာ ဖြစ်ရမည့် မှန်ကန်သော နည်းလမ်း ဖြစ်သည်။ သို့ရာတွင် ဆန့်ကျင်ဖက်အနေဖြင့် လူတို့သည် ဘုရားသခင်နှင့် မိမိတို့၏ ဆက်ဆံရေးသည် အခြားလူတစ်ဦးနှင့် မိမိတို့ ဆက်ဆံရေးနှင့်တူကြောင်း၊ ပြီးလျှင် ၎င်းတို့၏ ဆက်ဆံရေးများသည် တူညီသည့် အဆင့်အတန်း ရှိသင့်ကြောင်း မိမိတို့ စိတ်နှလုံးများတွင် အမြဲ ခံစားကြရသည်။ ဤသည်မှာ ကောင်းမွန်သော အခြေအနေဖြစ်သလော။ (မဟုတ်ပါ။) အဘယ်သို့ မဟုတ်သနည်း။ လူတို့သည် မိမိတို့ကိုယ်ကို မမှန်သည့်နေရာတွင် ထားကြပေသည်။ ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ သဘောမထားကြချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့တွင် ဘုရားသခင်နှင့် ပတ်သက်၍ အထင်လွဲမှုများစွာ ရှိသော်လည်း လူတို့၏ အထင်လွဲမှုများ၊ သို့မဟုတ် စိတ်ကျဉ်းကျပ်မှုများ၏ အကျိုးဆက်တစ်ခုအဖြစ် သူ၏သဘောထားကို ဘုရားသခင် ပြောင်းလဲလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့် သူ၏ သဘောထားကို သူ ပြောင်းလဲလိမ့်မည် မဟုတ်သည်သာမက ယခင်ကဲ့သို့ပင် စည်းမျဉ်းများအတိုင်း လူတို့၌ သူ ဆက်လက် အမှုပြုလိမ့်မည်ဖြစ်ကာ လူသားမျိုးနွယ်အားလုံး၏ ဘဝများအပေါ် စီစဉ်ပြီး အချုပ်အခြာအာဏာဖြင့် စိုးစံလိမ့်မည်လည်း ဖြစ်သည်။ သို့ရာတွင် လူသည် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်လေ့ရှိတတ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ပုန်ကန်တတ်လေ့ရှိသောကြောင့် လူသည် အလွန် ဆင်းရဲဒုက္ခရောက်ရမည်။ လူတို့သည် ဘုရားသခင်ကို ပါးနပ်စွာ မျက်နှာချိုသွေးပြီး ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်နွှယ်မှုကို ပုံကြီးချဲ့အမွှမ်းတင်လိုကာ ၎င်းတို့၏ ခံစားချက်များ၊ အရင်းအနှီး၊ ပါရမီများ၊ အစွမ်းအစများကိုလည်းကောင်း၊ ၎င်းတို့ မည်မျှပေးပြီးဖြစ်ကြောင်း၊ ၎င်းတို့၏ အတိတ်က အောင်မြင်မှုများနှင့် အခြား အကြောင်းပြချက် ရှိသမျှကိုလည်းကောင်း ပြောဆိုလိုကြသည်။ ဤအခြေအနေများတွင် လူတို့ အမြဲ အသက်ရှင်ကြသည့်အခါ သမ္မာတရားကို ရရှိနိုင်ကြသလော။ မရရှိနိုင်ပေ။ သင်သည် ဘုရားသခင်ကို နာခံသည့် စိတ်နှလုံးမရှိပါက၊ မမှန်ကန်သည့် အမြင်များ အမြဲရှိပါက၊ အဖန်ဆင်းခံတစ်ဦး၏ နေရာကို ရယူနိုင်ခြင်းမရှိပါက ပြင်းပြသော ရည်မှန်းချက်များ ရှိပြီး ပိုမြင့်သည့် ရာထူးတစ်ခုကို အမြဲ မက်မောပါက ထိုအရာက နောက်ဆုံးတွင် သင့်အား သင်၏ တာဝန်ကို မှန်ကန်စွာ မချဉ်းကပ်နိုင်ဖြစ်စေလိမ့်မည်၊ သို့မဟုတ် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သဘောထားကို မှန်ကန်စွာ နားမလည်နိုင် ဖြစ်စေလိမ့်မည်။ သင်သည် စဉ်ဆက်မပြတ် စစ်ဆေးခံရကာ ဆင်းရဲဒုက္ခခံရသော်လည်း သင်၏ အယူအဆများနှင့် စိတ်ကူးများကို သင်လက်မလွှတ်နိုင်သကဲ့သို့ သင်သည် ဘုရားသခင် အချစ်ဆုံးသောသူနှင့် သံယောဇဉ်အရှိဆုံးသောသူဖြစ်သည်ဟုပင် တွေးထင်သည်။ အကျိုးဆက်အနေဖြင့် အမှန်တွင် ဘုရားသခင် ထိုသို့ မပြုမူကြောင်းနှင့် ယင်းသည် သင့်ဘက်မှ ဆန္ဒရှိသည့် အတွေးသာဖြစ်ကြောင်း သင်မြင်သည့်အခါ ဆုတ်ဆိုင်းမှုတစ်ခုကို သင် တွေ့ကြုံရပြီး တိုက်ခိုက်ခံရသည်ဟု ခံစားရလေသည်။ သင်သည် မကျေမချမ်းဖြစ်ပြီး အထိအခိုက်ခံရပြီးသကဲ့သို့ ခံစားရသည်။ သင်၏ ခံစားချက်များကလည်း ထိုးနှက်ခံရသည်။ ဤဆင်းရဲဒုက္ခခံစားရခြင်းသည် ထိုက်တန်ပါ၏လော။ (မထိုက်တန်ပါ။) လူတို့သည် မိမိတို့ ဆန္ဒရှိသော အတွေး၊ အယူအဆများနှင့် စိတ်ကူးများကြောင့် မိမိတို့ကိုယ်ကို ဒုက္ခရောက်စေကြလေပြီ။ ဤသည်မှာ ၎င်းတို့အတွက် အခက်ခဲဆုံးသော အရာဖြစ်ပြီး ၎င်းတို့ မိမိတို့ကိုယ်ကို ပြောင်းလဲရန် လိုအပ်သည်။ ဤအရာကို ၎င်းတို့ မည်သို့ လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်သည် လူတိုင်းအပေါ် ဖြောင့်မတ်ကြောင်းနှင့် ဘုရားသခင် ဆောင်ရွက်သည့် အမှုအားလုံးသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းအားဖြင့် ဖြစ်သည်။ သူ့ထံတွင် အခြားဖုံးကွယ်ထားသော ကြံရွယ်ချက် မရှိပေ။ လူတို့ လုပ်ဆောင်သင့်သည့်အရာမှာ အဖန်ဆင်းခံတစ်ဦး၏ နေရာကို ရယူရန်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်၊ ဖန်ဆင်းရှင် လုပ်ဆောင်သမျှတိုင်းကို လက်ခံကာ ကျိုးနွံနာခံရန်၊ အရာခပ်သိမ်း၌ သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန်နှင့် ဘုရားသခင်၏ လုပ်ဆောင်မှုကို အသိအမှတ်ပြုရန် ဖြစ်သည်။ ဘုရားသခင်၏ လုပ်ရပ်များကို နှိုင်းချင့်သုံးသပ်ပြီး အဓိပ္ပာယ်ဖွင့်ရန် လူတို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများကို အမြဲ အသုံးပြုပါက ဘုရားသခင်အပေါ် ယုတ္တိမတန်သည့် တောင်းဆိုချက်များ အမြဲပြုလုပ်ပြီး အမှုအရာများကို မိမိတို့သဘောအတိုင်း ဘုရားသခင်က လုပ်ဆောင်ပါရန် မရမကပြောဆိုပါက ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်နေကြခြင်းဖြစ်ကာ သမ္မာတရားကို နားလည်ကြလိမ့်မည် မဟုတ်သည်သာမက၊ နောက်ဆုံးတွင် ၎င်းတို့အတွက် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ဖယ်ရှားခြင်း ခံရရုံမှလွဲ၍ မည်သည့်အရာမျှ ကျန်ရှိလိမ့်မည် မဟုတ်ချေ။ လူတို့သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရလိုပါက ၎င်းတို့ လုပ်ဆောင်ရန်လိုအပ်သည့် တစ်ခုတည်းသော အရာမှာ ဖန်ဆင်းရှင် လုပ်ဆောင်သမျှကို ရှာဖွေ၊ ကျိုးနွံနာခံ၊ အသိအမှတ်ပြုပြီး လက်ခံရန် ဖြစ်သည်။ ဤသည်မှာ လူတို့အတွက် သမ္မာတရားကို နားလည်ရန်၊ ဘုရားသခင်ကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သော နာခံမှုရရှိရန်နှင့် ကယ်တင်ခံရရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

၂၀၁၈ ခုနှစ်၊ မေလ ၁၈ ရက်

အရှေ့သို့- ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်

နောက်တစ်ခုသို့- ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။