သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၅)

ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲတွင် မည်သည့်အရာနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြသနည်း။ (ရှောင်ရှောင်နှင့် ရှောင်ဂျီတို့၏ ဇာတ်လမ်းများနှင့်ပတ်သက်၍ ဘုရားက ပထမဦးစွာ မိတ်သဟာယ ပြုခဲ့ပါသည်။ ထို့နောက် ကိုယ်တော်က လူသားက ကောင်းသည်ဟု မှတ်ယူသော အပြုအမူများက မည်သည့်အရာကို ကိုယ်စားပြုသည်ဆိုသည်ကို မိတ်သဟာယပြုခဲ့သည်။ လူသားအတွက် ဘုရားသခင်ထားရှိသည့် သတ်မှတ်ချက်အချို့နှင့်ပတ်သက်၍လည်း ကိုယ်တော် ပြောဆိုခဲ့ပြီး မိမိ၏ မိဘများကို ဂုဏ်ဆောင်ပေးခြင်းနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ နားလည်သင့်သည့် သမ္မာတရား စည်းမျဉ်းများအပေါ်လည်း အထူးအလေးထား ပြောကြားသွားခဲ့ပါသည်။) ပြီးခဲ့သည့်အကြိမ်တွင် လူသား၏ အယူအဆများနှင့် အကိုက်ညီဆုံးသော သမ္မာတရား လိုက်စားခြင်းနှင့် ဆက်နွှယ်သည့် အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ယင်းသည် အပျက်သဘောဆောင်သော အကြောင်းအရာတစ်ခုလည်း ဖြစ်၏။ အတိအကျပြောရသော် လူသား၏ အယူအဆများအရ မှန်ကန်ပြီး ကောင်းမြတ်သည်ဟု ယူဆသော အပြုအမူများဖြစ်သည်။ ဤအကြောင်းအရာကို ကိုင်တွယ်ဖြေရှင်းသည့် ဥပမာအချို့ကိုလည်းကောင်း၊ လူသား၏ အပြုအမူကို ထိန်းညှိပေးရန် ဘုရားသခင် ပြဋ္ဌာန်းထားသည့် တောင်းဆိုချက်များနှင့်ဆိုင်သည့် နောက်ထပ် ဥပမာအနည်းငယ်ကိုလည်းကောင်း ငါတို့ပေးပြီးဖြစ်သည်။ ဤသည်တို့မှာ အနည်းနှင့်အများ ငါတို့ မိတ်သဟာယပြုခဲ့ကြသည့် အသေးစိတ်အကြောင်းအရာများ ဖြစ်သည်။ ဤမိတ်သဟာယနှင့်ပတ်သက်၍ ကြီးမားသော ကဏ္ဍများစွာ မရှိခဲ့သော်လည်း သမ္မာတရားအပေါ် လူတို့၏ အသိပညာ၊ လက်တွေ့လုပ်ဆောင်မှုနှင့် ၎င်းတို့၏ သိနားလည်မှုတို့နှင့်စပ်လျဉ်းသော အသေးစိတ်အချက်များစွာကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ ယနေ့တွင် ဤအရာများကို ငါတို့ အကျဉ်းချုပ် ပြန်ကြည့်မည်။ ယေဘုယျအားဖြင့် ပြောရလျှင် လူသည် မည်သည့်အရာကို ကောင်းသော အပြုအမူအဖြစ် မှတ်ယူသနည်း။ ဤအရာအပေါ် ကောက်ချက်၊ သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ငါတို့ ရှိသင့်သည်မဟုတ်လော။ ကောက်ချက်တစ်ခုကို သင်တို့ တွေးမိပြီးပြီလော။ ဤအရာများနှင့် ပတ်သက်၍ စုဝေးပွဲများတွင် သင်တို့ မိတ်သဟာယပြုပြီးပြီလော။ (ပြုပြီးပါပြီ။ ဘုရားသခင်က ကျွန်ုပ်တို့နှင့် အကြိမ်အနည်းငယ် မိတ်သဟာယပြုပြီးသည့်နောက်တွင် မှန်ကန်သည်ဟု လူတို့ သိမှတ်နားလည်မိသည့် ကောင်းမွန်သော အပြုအမူများသည် အပြုအမူတစ်မျိုးမျှသာဖြစ်သည်ကို ကျွန်ုပ်တို့ မြင်နိုင်ခဲ့ကြသည်။ ယင်းတို့သည် သမ္မာတရားကို ကိုယ်စားမပြုပါ။ လူတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်သည့် နည်းလမ်းများသာ ဖြစ်ပါသည်။) အပြင်ပန်း အပြုအမူများနှင့် စပ်လျဉ်း၍ လူသားမျိုးနွယ်က အနှစ်ချုပ်ပြီးဖြစ်သည့် အဆိုအမိန့်အချို့ကို အခြေခံကြည့်လျှင် ဤအပြုအမူများ၏ အနှစ်သာရမှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ လူသား၏ အနှစ်သာရနှင့် လူသားမျိုးနွယ်၏ အပြင်ပိုင်း ကောင်းမွန်သော အပြုအမူများကြား ဆက်နွှယ်မှုတစ်ခု ရှိသလော။ ဤအပြင်ပိုင်း ကောင်းမွန်သော အပြုအမူများသည် လူတို့အား အလွန်ရည်မွန်ပြီး သိက္ခာရှိပုံပေါ်စေသည်။ ယင်းတို့ကို ပိုင်ဆိုင်သောသူတို့သည် အခြားသူများ၏ လေးစားခြင်းနှင့် ချီးမွမ်းခြင်းခံရသည်။ ၎င်းတို့သည် အလွန်အထင်ကြီးခံရပြီး အထင်ကြီးလေးစားမှု ခံရသည်။ ဤအထင်ကြီးလေးစားမှုသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရနှင့် ကိုက်ညီပါသလော။ (မကိုက်ညီပါ။) သို့ဆိုလျှင် ဤရှုထောင့်အမြင်မကြည့်လျှင် လူ၏ အပြုအမူကောင်းများ၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းတို့သည် အပေါ်ယံအဆင့် လုပ်နည်းကိုင်နည်းများနှင့် ပြရုပ်တင်ခြင်းသက်သက် မဟုတ်သလော။ (ဟုတ်ပါသည်။) ဤအပေါ်ယံအဆင့် လုပ်နည်းကိုင်နည်းများနှင့် ပြရုပ်တင်ခြင်းတို့သည် ပုံမှန်လူ့သဘာဝ၏ မှန်ကန်သော သရုပ်သကန်များ ဖြစ်သလော။ (မဖြစ်ပါ။) ယင်းမှာ လူတို့က မိမိတို့၏ အယူအဆများအတွင်း၌ မှန်ကန်သည်၊ ကောင်းမွန်သည်ဟု မှတ်ယူသည့် အပြုအမူများမှာ အမှန်တွင် လူသားမျိုးနွယ်၏ အပေါ်ယံအဆင့် လုပ်နည်းကိုင်နည်းများနှင့် ပြရုပ်တင်ခြင်းများသာဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ ယင်းမှာ ထိုအပြုအမူများ၏ သဘောသဘာဝ ဖြစ်သည်။ ယင်းတို့သည် ပုံမှန်လူ့သဘာဝ အသက်ရှင်ခြင်းကို မဖြစ်စေသကဲ့သို့ ပုံမှန်လူ့သဘာဝ ပွင့်အံထွက်ခြင်းများလည်း မဖြစ်စေပေ။ ယင်းတို့သည် အပြင်ပန်း လုပ်နည်း ကိုင်နည်းများသာ ဖြစ်သည်။ ဤလုပ်နည်းကိုင်နည်းများက လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖုံးဖိပေးသည်။ လူ၏ ဆိုးယုတ်သော သဘာဝ အနှစ်သာရတို့ကို ဖုံးဖိပေးပြီး အခြားလူတို့၏ အမြင်ကို လှည့်စားသည်။ လူတို့သည် အခြားသူများ၏ ထောက်ခံမှု၊ ရိုသေကြည်ညိုမှုနှင့် လေးစားမှုတို့ကို ရရှိရန်အလို့ငှာ ဤကောင်းမွန်သော အပြုအမူများကို ကျင့်သုံးလုပ်ဆောင်ကြသည်။ ထိုသို့သော အပြုအမူများသည် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ဖို့ မပြောနှင့်၊ လူတို့အား အချင်းချင်း ရိုးသားမှုဖြင့် ဆက်ဆံရန် သို့မဟုတ် ရိုးသားစစ်မှန်မှုဖြင့် အချင်းချင်း အပြန်အလှန်ဆက်ဆံရန် မကူညီပေးနိုင်ပေ။ ဤကောင်းမွန်သော အပြုအမူများသည် စိတ်နှလုံးအတွင်းမှလာသော ရိုးသားမှုအားဖြင့် ဖြစ်ပေါ်လာသည့် လုပ်နည်းကိုင်နည်းများ မဟုတ်သကဲ့သို့ ပုံမှန်လူ့သဘာဝ၏ သဘာဝအလျောက် ပွင့်အံထွက်ခြင်းများလည်း မဟုတ်ပေ။ ယင်းတို့သည် လူ၏ အနှစ်သာရကို မည်သည့်နည်းနှင့်မျှ ကိုယ်စားမပြုပေ။ ယင်းတို့သည် လူက ဝတ်ဆင်ထားသည့် အယောင်ဆောင် အသွင်အပြင်နှင့် အတုအယောင်တစ်ခု သက်သက် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အဆင်တန်ဆာများ ဖြစ်သည်။ ယင်းတို့သည် လူသားမျိုးနွယ်၏ ဆိုးယုတ်သော အနှစ်သာရကို ဖုံးဖိပေးသည်။ ယင်းမှာ လူ၏ ကောင်းမွန်သော အပြုအမူများ၏ အနှစ်သာရဖြစ်သည်။ ထိုအရာများနောက်ကွယ်ရှိ အမှန်တရား ဖြစ်၏။ ဤသို့ဆိုလျှင်လူသားထံမှ ဘုရားသခင် တောင်းဆိုသည့် အပြုအမူများ၏ အနှစ်သာရမှာ အဘယ်နည်း။ ငါတို့ မိတ်သဟာယပြုခဲ့သော ပြီးခဲ့သည့် နှစ်ကြိမ်တွင် လူတို့၏ အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင် တောင်းဆိုသည့် လုပ်နည်းကိုင်နည်းအချို့နှင့် ၎င်းတို့အား အသက်ရှင်နေထိုင်ရန် သူ တောင်းဆိုသည့်အရာကို ငါတို့ ဖော်ပြခဲ့ကြသည်။ ယင်းတို့တွင် မည်သည့်အရာ ပါဝင်သနည်း။ (လူတို့အနေဖြင့် ဆေးလိပ်မသောက်သင့်၊ အရက်မသောက်သင့်သကဲ့သို့ အခြားသူများကို မရိုက်နှက်သင့်၊ သို့မဟုတ် နှုတ်ဖြင့် မစော်ကားသင့်ပါ။ မိမိတို့၏ မိဘများကို လေးစားပြီး သူတော်စင်ကဲ့သို့ ယဉ်ကျေးဖွယ်ရာရှိသင့်ကြသည်။ ရုပ်တုဆင်းတုများကို မကိုးကွယ်သင့်၊ သူ့မယားကို မပြစ်မှားသင့်၊ အခြားသူများ၏ ပိုင်ဆိုင်မှုများကို မခိုးယူသင့်၊ အလွဲသုံးစားမပြုသင့်၊ သို့မဟုတ် မမှန်သော သက်သေမခံသင့် စသည်တို့ ဖြစ်ပါသည်။) ဤတောင်းဆိုချက်များ၏ အနှစ်သာရမှာ အဘယ်နည်း။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်က မည်သည့်အကြောင်းပြချက်များအရ ဤတောင်းဆိုချက်များကို ပြုလုပ်ရသနည်း။ မည်သည့် အခြေခံကျသော အခြေအနေများပေါ်တွင် ယင်းတို့ကို အခြေပြုထားသနည်း။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ လူတွင် အပြစ်နှင့်ပြည့်သော သဘာဝရှိသည်ဟူသည့် အခြေအနေနှင့် အကြောင်းပြချက်ပေါ်တွင် ဤတောင်းဆိုချက်များကို အဆိုပြုခဲ့ခြင်း မဟုတ်လော။ ဤတောင်းဆိုချက်များသည်သာမန်လူ့သဘာဝ၏ ဘောင်အတွင်းတွင် ရှိသည်မဟုတ်လော။ ထိုအရာများသည် သာမန်လူ့သဘာဝရှိသူများ စွမ်းဆောင်ရရှိနိုင်သည့် အရာများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤတောင်းဆိုချက်များကို ပုံမှန်လူ့သဘာဝရှိသော လူတစ်ဦးက စွမ်းဆောင်ရရှိနိုင်သည့် အခြေခံကျသော အခြေအနေပေါ်တွင် လုံးဝ အခြေခံ၍ တင်ပြထားပေသည်။ သို့ဆိုလျှင် ဤအရာနှင့်စပ်လျဉ်း၍ လူသားထံမှ ဘုရားသခင် တောင်းဆိုသည့် အပြုအမူများ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းသည် ပုံမှန်လူ့သဘာဝက အသက်ရှင်နေထိုင်သည့် စစ်မှန်သော ပုံသဏ္ဌာန်အပြင် ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အနိမ့်ဆုံးသာသာ ဖြစ်သည်ဟု ငါတို့ ဆို၍ရနိုင်သလော။ ငါတို့ ပေးထားသည့် ဥပမာများမှာ လူတို့သည် သူတော်စင်ကဲ့သို့သော ယဉ်ကျေးဖွယ်ရာရှိသင့်ကြောင်းနှင့် မိမိတို့ကိုယ်ကိုယ် ချုပ်တည်းသင့်ကာ အပျော်အပါး၌ မပျော်မွေ့သင့်ကြောင်း၊ အခြားသူများကို မရိုက်နှက်၊ သို့မဟုတ် နှုတ်ဖြင့် မစော်ကားသင့်ကြောင်း၊ သို့မဟုတ် ဆေးလိပ်မသောက်၊ အရက်မသောက်သင့်ကြောင်း၊ သူ့မယားကို မပြစ်မှားသင့်၊ သူတစ်ပါးပစ္စည်းဥစ္စာကို မခိုးသင့်၊ ရုပ်တုဆင်းတုများ မကိုးကွယ်သင့်ကြောင်းနှင့် မိမိတို့၏ မိဘများကို ရိုသေသင့်ကြောင်းတို့ဖြစ်သည်။ ပြီးလျှင် ကျေးဇူးတော်ခေတ်တွင် လူတို့ကို သည်းခံ၊ စိတ်ရှည်ရန်လည်း ပြောခဲ့သည် စသည်ဖြင့်ဖြစ်သော ဘုရားသခင် သတ်မှတ်သည့် ဤတောင်းဆိုချက်များမှာ လုပ်နည်းကိုင်နည်းတစ်မျိုးအထိမျှသာ ကန့်သတ်ထားသလော။ မကန့်သတ်ပါ၊ ပုံမှန်လူ့သဘာဝကို လူတို့ အသက်ရှင်နေထိုင်သင့်ပုံအတွက် စံများကို ဘုရားသခင်က ခင်းကျင်းထားပြီး ဖြစ်သည်။ “စံများ”ဆိုသည်မှာ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ ဘုရားသခင်၏ သတ်မှတ်ချက် စံနှုန်းများကို ငါဆိုလိုသည်။ လူတစ်ဦးအနေဖြင့် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ရန်အလို့ငှာ မည်သည့်အရာကို သင် အသက်ရှင်နေထိုင်ဖို့ လိုအပ်သနည်း။ ဘုရားသခင် တင်ပြသည့် သတ်မှတ်ချက်များကို သင် ဖြည့်ဆည်းရမည်။ လူသားအပေါ် ဘုရားသခင် ပြုလုပ်ပြီးဖြစ်သည့် တောင်းဆိုချက် တစ်စိတ်တစ်ပိုင်းကိုသာ ငါတို့ စာရင်းပြုစုထားသည်။ အခြားသူများကို မရိုက်ရခြင်း၊ နှုတ်ဖြင့် မစော်ကားရခြင်း၊ ဆေးလိပ်မသောက်ရခြင်း၊ အရက်သေစာ မသောက်စားရခြင်း၊ သူ့မယားကို မပြစ်မှားရခြင်း၊ သို့မဟုတ် မခိုးရခြင်း စသည်တို့ကဲ့သို့သော တောင်းဆိုချက်များသည် ပုံမှန်လူ့သဘာဝရှိသူတို့ စွမ်းဆောင်ရရှိနိုင်သည့် အရာများဖြစ်သည်။ ဤအရာများသည် သမ္မာတရားထက် နိမ့်ကျပြီး သမ္မာတရား စံမမီသော်လည်း လူတစ်ဦးတွင် လူ့သဘာဝရှိမရှိဆိုသည်ကို ဆန်းစစ်ခြင်းအတွက် အခြေခံစံနှုန်းအချို့ ဖြစ်သည်။

ငါတို့ ယခုတင် အကျဉ်းချုပ်ခဲ့ကြသည့် လူသားအပေါ် ဘုရားသခင် တောင်းဆိုသည့် အပြုအမူများ၏ အနှစ်သာရမှာ အဘယ်နည်း။ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင် တောင်းဆိုသည့် နည်းလမ်းများဖြင့် အသက်ရှင်နေထိုင်နိုင်ပါက၊ သို့မဟုတ် ပြုမူနိုင်ပါက ဤလူသည် ဘုရားသခင်၏ အမြင်တွင် ပုံမှန်လူ့သဘာဝပိုင်ဆိုင်၏။ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတစ်ဦးသည် ဘုရားသခင် တောင်းဆိုသည့်နည်းလမ်းဖြင့် ပုံမှန်လူ့သဘာဝကို ဖွင့်ထုတ်ကာ အသက်ရှင်နေထိုင်သောကြောင့် ၎င်း၏ အပြုအမူ၊ လုပ်နည်းကိုင်နည်းများနှင့် ၎င်းအသက်ရှင်နေထိုင်သည့်အရာတို့အရ ထိုလူသည် ဘုရားသခင် တောင်းဆိုသည့် အပြုအမူဆိုင်ရာ စံများကို ပိုင်ဆိုင်ပြီး ပုံမှန်လူ့သဘာဝ၏ စံနှုန်းများကို ပြည့်မီပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ထိုသို့ပြော၍ ရသလော။ (ရပါသည်။) လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ထိုလူတွင် စစ်မှန်သော ယုံကြည်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခြားလူများထံမှ ခိုးယူပါက၊ လှည့်စားပါက၊ သို့မဟုတ် အခွင့်အရေးယူပါက ညစ်ညမ်းသော စကားကို မကြာခဏ သုံးပါက၊ ၎င်းတို့၏ ကိုယ်ပိုင် နာမည်ဂုဏ်သတင်း၊ အဆင့်အတန်း၊ ပုံရိပ် သို့မဟုတ် အခြားအကျိုးစီးပွားများ အန္တရာယ်ရှိသည့်အခါ မည်သည့်သိက္ခာ စောင့်စည်းမှုမျှ လုံးဝမရှိဘဲ အခြားလူများကို ရိုက်နှက်ပြီး ထိခိုက်နာကျင်စေပါက၊ သူ့မယားပြစ်မှားခြင်း အပြစ်ကို ကျူးလွန်သည်အထိပင် ၎င်းတို့ လုပ်ဆောင်ပါက၊ အထူးသဖြင့် ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ပြီးသည့်နောက်တွင် လူ့သဘာဝကို ၎င်းတို့ အသက်ရှင်နေထိုင်ပုံ၌ ပြဿနာများ ရှိနေဆဲဖြစ်ပါက ၎င်းတို့၏ လူ့သဘာဝသည် ပုံမှန်ဖြစ်ပါသလော။ (ပုံမှန်မဟုတ်ပါ။) မယုံကြည်သူများကို သင် ဆန်းစစ်သည်ဖြစ်စေ၊ သို့မဟုတ် ယုံကြည်သူများကို သင် ဆန်းစစ်သည်ဖြစ်စေ ဘုရားသခင် ချပြထားသည့် ဤအပြုအမူဆိုင်ရာ စံနှုန်းများသည် လူတစ်ဦး၏ လူ့သဘာဝကို ဆန်းစစ်ခြင်းအတွက် အနိမ့်ဆုံးနှင့် အနည်းဆုံး စံနှုန်းများမျှသာ ဖြစ်သည်။ ယုံကြည်သူများ ဖြစ်လာပြီးနောက်တွင် မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်ပြီး အနည်းငယ် အသုံးခံကာ အဖိုးအခ အနည်းငယ် ပေးနိုင်သော်လည်း ဘုရားသခင် ချပြထားသည့် စံနှုန်းများကို လုံးဝ မပြည့်မီသည့် သူအချို့ရှိသည်။ ဤလူစားမျိုးများသည် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း မရှိသည်မှာ ရှင်းပေသည်။ အခြေခံအကျဆုံး လူသားပုံသဏ္ဌာန်ကိုပင် ၎င်းတို့ အသက်ရှင်နေထိုင်ခြင်း မရှိကြချေ။ လူတစ်ဦးက ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်း မရှိသည့်အခါ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့က ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်ခြင်းမရှိဟု ဆိုလိုသည်။ လူ့သဘာဝကို အသက်ရှင်နေထိုင်ရာတွင် လူသားမျိုးနွယ်၏ အပြုအမူအတွက် ဘုရားသခင်ထားရှိသည့် သတ်မှတ်ချက် စံနှုန်းများကိုပင် ၎င်းတို့ မပြည့်မီနိုင်သောကြောင့် ၎င်းတို့၏ လူ့သဘာဝသည် အလွန်ညံ့ဖျင်းကာ အားရစရာမကောင်းသော ဆန်းစစ်ချက်တစ်ခုသာ ၎င်းတို့ကို ပေးနိုင်သည်။ လူတစ်ဦး၏ လူ့သဘာဝကို ဆန်းစစ်ခြင်းအတွက် အနိမ့်ဆုံး စံနှုန်းမှာ ၎င်းတို့၏ အပြုအမူက လူသားမျိုးနွယ်၏ အပြုအမူအတွက် ဘုရားသခင် သတ်မှတ်ထားသည့် သတ်မှတ်ချက်စံနှုန်းများကို ပြည့်မီခြင်းရှိမရှိ ကြည့်ရန်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် မိမိတို့ကိုယ်ကိုယ် ချုပ်တည်းခြင်းရှိမရှိ၊ ၎င်းတို့ ပြောဆို၊ လုပ်ဆောင်သည့်အရာတွင် သူတော်စင်ကဲ့သို့သော လူမှုရေးကျင့်ဝတ် ရှိမရှိ၊ အခြားသူများနှင့် ဆက်ဆံရာတွင် အခွင့်အရေးယူခြင်း ရှိမရှိ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် အသင်းတော်ထဲရှိ ညီအစ်ကို မောင်နှမများကို ချစ်ခြင်း၊ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ဖြင့် ဆက်ဆံခြင်းရှိမရှိ၊ ၎င်းတို့၏ မိဘများအပေါ် ၎င်းတို့၏ တာဝန်ဝတ္တရားများကို အစွမ်းကုန် ဖြည့်ဆည်းခြင်း ရှိမရှိ၊ မည်သူမျှ ကြည့်မနေချိန်တွင် ရုပ်တုဆင်းတုများကို ၎င်းတို့ ကိုးကွယ်နေဆဲ ရှိမရှိ စသည်တို့ကို ကြည့်လော့။ လူတစ်ဦး၏ လူ့သဘာဝကို ဆန်းစစ်ရန် ဤအရာများကို ငါတို့ သုံးနိုင်သည်။ ထိုလူက သမ္မာတရားကို ချစ်ပြီး လိုက်စားခြင်း ရှိမရှိကို ဘေးဖယ်လျက် ၎င်းတို့တွင် ပုံမှန်လူ့သဘာဝ ရှိမရှိ၊ ၎င်းတို့၏ စကားများနှင့် အပြုအမူက ဘုရားသခင် သတ်မှတ်ထားသည့် အပြုအမူဆိုင်ရာ စံနှုန်းများကို ပြည့်မီခြင်း ရှိမရှိဆိုသည်ကို ပထမဦးစွာ ဆန်းစစ်လော့။ ထိုအပြုအမူဆိုင်ရာ စံနှုန်းများကို ၎င်းတို့ မပြည့်မီပါက သာမန်ဖြစ်စေ၊ ညံ့ဖျင်းသည်ဖြစ်စေ၊ အလွန်ညံ့ဖျင်းသည်ဖြစ်စေ၊ ဆိုးရွားသည်ဖြစ်စေ ထိုသို့သော အစီအစဉ်ဖြင့် ၎င်းတို့ အသက်ရှင်နေထိုင်သည့် အတိုင်းအတာအတိုင်း ၎င်းတို့၏ လူ့သဘာဝကို ဆန်းစစ်နိုင်သည်။ ဤသည်မှာ တိကျမှန်ကန်ပေသည်။ ယုံကြည်သူတစ်ဦးသည် စူပါမားကတ် သို့မဟုတ် လူအများ သွားလာရာနေရာများသို့ သွားသည့်အခါ ဆိုင်ပစ္စည်းအလစ်သုတ်ပြီး ခါးပိုက်နှိုက်ပါက၊ ခိုးသည့်အလေ့အထရှိပါက၊ မည်သည့် လူ့သဘာဝမျိုး ၎င်းတို့ ရှိကြသနည်း။ (မကောင်းသည့် လူ့သဘာဝ ဖြစ်ပါသည်။) တစ်စုံတစ်ရာက ၎င်းတို့ကို ဒေါသထွက်စေသည့်အခါ အခြားလူများကို အော်ဟစ်အနိုင်ကျင့်ကာ ရိုက်ပင်ရိုက်နှက်သည့် လူအချို့ ရှိသည်။ ၎င်းတို့၏ စော်ကားမှုများသည် အခြားလူတစ်ဦး၏ အနှစ်သာရအပေါ် မျှတသည့် အကဲဖြတ်ချက်မဟုတ်ပါ။ ထို့ထက် ထင်ရာမြင်ရာ စွပ်စွဲချက်များဖြစ်ပြီး ဆိုးယုတ်သော စကားနှင့် ပြည့်၏။ ထိုသို့သောလူများသည် မည်သည့်အရာမျှ ထိန်းချုပ်မထားဘဲ မိမိတို့၏ အမုန်းတရားကို ဖွင့်ထုတ်ခွင့်ပေးသည့် မည်သည့်အရာကိုမဆို ပြောကြသည်။ အထူးသဖြင့် အချို့သောလူများသည် နားမခံသာသဖြင့် သင်ဆိုလျှင်ပင် ကြားချင်မည်မဟုတ်သည့် စကားများကို မယုံကြည်သူဖြစ်သည့် မိမိတို့၏ မိဘများ၊ ညီအစ်ကို မောင်နှမများ၊ ဆွေမျိုးများအပြင် မယုံကြည်သူများဖြစ်သည့် မိတ်ဆွေများကို ပြောဆိုကြသည်။ ဤလူစားမျိုးသည် မည်သည့်လူ့သဘာဝမျိုး ရှိသနည်း။ (မကောင်းသည့် လူ့သဘာဝဖြစ်သည်။) ၎င်းတို့တွင် လူ့သဘာဝမရှိဟူ၍လည်း သင် ဆိုနိုင်သည်။ ထို့နောက် ငွေများကိုသာ အာရုံစိုက်နေသည့် အခြားသောသူများ ရှိသည်။ ဤလူများသည် ငွေရှိသည့်၊ ကောင်းကောင်း စားနိုင်ပြီး ဝတ်ကောင်းစားလှများ ဝတ်ကာ ကြွယ်ဝသောဘဝ ရှိသည့် တစ်စုံတစ်ဦးကို မြင်သည့်အခါ ၎င်းတို့အပေါ် အမြဲ အခွင့်အရေး ယူချင်ကြ၏။ ၎င်းတို့သည် ဝေ့လည်ကြောင်ပတ်နည်းလမ်းဖြင့် ထိုသူများထံမှ ပစ္စည်းများ အမြဲ တောင်းကြသည်၊ သို့မဟုတ် ၎င်းတို့၏ အစားအစာကို စားပြီး၊ ၎င်းတို့၏ ပစ္စည်းများကို သုံးကြသည်၊ သို့မဟုတ် ၎င်းတို့ထံမှ ပစ္စည်းများ ငှားပြီး ပြန်မပေးကြချေ။ ကြီးမားသော နည်းလမ်းတစ်ခုတစ်လေဖြင့် အခြားသူများအပေါ် ၎င်းတို့ အခွင့်အရေးမယူခဲ့ကြသကဲ့သို့ ၎င်းတို့၏ လုပ်ရပ်များက အလွဲသုံးစားလုပ်ခြင်း၊ သို့မဟုတ် လာဘ်စားခြင်း သဘောမသက်ရောက်သော်လည်း ၎င်းတို့၏ ဤခိုးယူတတ်သည့် အထုံပါရှိသည့် အပြုအမူများသည် အမှန်တကယ် နိမ့်ကျပြီး စက်ဆုပ်ဖွယ်ဖြစ်ကာ အခြားသူများ၏ အထင်သေးမှု ခံရသည်။ ပိုဆိုးသည်မှာ ဆန့်ကျင်ဘက်လိင်၏ အလှအပကို အစွဲအလမ်းကြီးသူများ ရှိသည်။ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ကို မကြာခဏ ကြည့်သည့်အပြင် ဆန့်ကျင်ဘက်လိင်များဖြင့် အပြစ်ကျူးလွန်လျက် သူတစ်ပါး၏ သားမယားကိုပင် ပြစ်မှားကြသည်။ ဤလူအချို့မှာ အိမ်ထောင်မရှိသူများဖြစ်စဉ်တွင် အခြားသူများမှာ မိသားစုများ ရှိကြသည်။ အလွန်အသက်ကြီးရင့်သော်ငြား သူ့မယားပြစ်မှားရာတွင် ပါဝင်ပတ်သက်သူအချို့ပင် ရှိသည်။ ပို၍ပင် ဆိုးသည်မှာ လူအချို့သည် လိင်တူချင်းကို သွေးဆောင်ဖြားယောင်းပြီး ၎င်းတို့နှင့် လိင်ဆက်ဆံရန်ပင် ကြိုးစားကြသည်။ အလွန် စက်ဆုပ်စရာဖြစ်၏။ သာ၍ပင် မယုံနိုင်စရာဖြစ်သည့်အရာမှာ ဘုရားသခင်ကို နှစ်ချီ ယုံကြည်ပြီးဖြစ်သော်လည်း သမ္မာတရားက အခြားအရာအားလုံးထက် သာလွန်ကြောင်း၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များက အရာရာကို ပြီးမြောက်စေကြောင်း မယုံကြည်ကြသူများ အချို့ရှိသည်။ ဤလူများသည် မိမိတို့၏ ရှေ့ဖြစ်ကိုပြောစေရန် မကြာခဏ ဗေဒင်ဆရာများထံ တိတ်တဆိတ် သွားကြသည်။ ဗုဒ္ဓ သို့မဟုတ် အခြားရုပ်တုဆင်းတုများကို ကိုးကွယ်ရန် အမွှေးနံ့သာထွန်းကြပြီး အချို့မှာ အခြားလူများကို ကျိန်စာတိုက်ရန် စုန်းကဝေအရုပ်များကိုပင် သုံးကြသည်၊ သို့မဟုတ် နတ်မေးခြင်း စသည်တို့ကို လုပ်ကြသည်။ ဤသို့ ဆိုးယုတ်သော မှော်အတတ်မျိုးကို လုပ်ဆောင်ခြင်းသည် သာ၍ပင် ဆိုးရွားသည့် ပြဿနာဖြစ်သည်။ ဤကဲ့သို့သော လူများသည် မယုံကြည်သူများဖြစ်ပြီး မယုံကြည်သူများနှင့် မကွဲပြားပေ။ အခြေအနေများက သာမညဖြစ်သည်ဖြစ်စေ၊ ဆိုးရွားပြင်းထန်သည်ဖြစ်စေ လူတစ်ဦးသည် ဤသရုပ်သကန်များ ရှိသည်နှင့် ၎င်းတို့သည် မူမမှန်သကဲ့သို့ စွန်းထင်းသည့် နည်းလမ်းဖြင့် လူ့သဘာဝကို အသက်ရှင်နေထိုင်ကြကြောင်းနှင့် ၎င်းတို့၏ အပြုအမူအချို့မှာ သာ၍ပင် မှားယွင်းကြောင်း၊ အဓိပ္ပာယ်မဲ့ကြောင်း၊ ယင်းတို့သည် အမှန်တကယ် အပြစ်နှင့်ပြည့်သော အပြုအမူများဖြစ်ကြောင်းကို ငါတို့ ပြောနိုင်၏။ ဘုရားသခင်ကို ယုံကြည်လာပြီးသည့်နောက်တွင် လူအချို့သည် အလွန် မပေါ်တပေါ် ဝတ်ဆင်ကြသည်။ မယုံကြည်သူများကဲ့သို့ ရမ္မက်ကြွစေသာ သွင်ပြင်အပေါ် အလွန်အရေးထားကြပြီး လောကီ ရေပန်းစားမှုများနောက် လိုက်ကြသည်။ ၎င်းတို့သည် သန့်ရှင်းသူများနှင့် လုံးဝ မဆင်တူကြချေ။ လူအချို့သည် စုဝေးပွဲများကို သွားသည့်အခါ ပိုရည်ရည်မွန်မွန် ဝတ်ဆင်ကြသော်လည်း အိမ်ရောက်သည့်အခါ မယုံကြည်သူများ၏ ခေတ်ဆန်သော အဝတ်အစားများကို ပြောင်းဝတ်လိုက်ကြသည်။ ၎င်းတို့ ဝတ်ဆင်နေကြသည့်အရာကိုကြည့်လျှင် ၎င်းတို့သည် ယုံကြည်သူများနှင့် မတူကြချေ။ ၎င်းတို့နှင့် မယုံကြည်သူများကြားတွင် ကွာခြားမှု မရှိချေ။ ၎င်းတို့သည် အမှုကိစ္စများကို ရယ်စရာလုပ်ပြီး ပြက်လုံးထုတ်ကြသည်။ အလွန့်အလွန် မိမိကိုယ်ကိုယ် အလိုလိုက်ကြပြီး ချုပ်တည်းမှု မရှိသည်ကို ပြကြသည်။ ဤသို့သော လူများသည် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်နေကြသလော။ (မနေထိုင်ကြပါ။) ၎င်းတို့သည် လောကီ ရေပန်းစားမှုများနှင့် ရမ္မက်ကြွစေဖို့နှင့် အခြားသူများကို စွဲဆောင်ကာ အာရုံစိုက်စေရန် အားထုတ်ကြသည်။ ၎င်းတို့သည် ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်ရန် ကြိုးစားလျက်၊ မိမိတို့ကိုယ်ကိုယ် ဟန်ကျပန်ကျ ဆင်ယင်ရင်းနှင့် မိတ်ကပ်အလွန်အကျွံ လိမ်းရင်း တစ်နေ့လုံး အချိန်ကုန်ကြသည်။ ဤလူများ အသက်ရှင်နေထိုင်သည့်အရာမှာ အတော်ညံ့ဖျင်း၏။ ၎င်းတို့သည် ၎င်းတို့ ဝတ်ဆင်ပုံ၊ ပြောဆို၊ ပြုမူပုံအရ မိမိတို့ကိုယ်ကိုယ်ပင် မချုပ်တည်းနိုင်ကြသကဲ့သို့ သူတော်စင်ကဲ့သို့သော လူမှုကျင့်ဝတ်မရှိကြချေ။ ထို့ကြောင့် ဘုရားသခင် တောင်းဆိုသည့် အပြုအမူဆိုင်ရာ စံများအရ ၎င်းတို့ကို ငါတို့ ဆန်းစစ်သည့်အခါ ၎င်းတို့ အသက်ရှင်နေထိုင်သည့် လူ့သဘာဝသည် အလွန်ညံ့ဖျင်းကြောင်း သိသာပေသည်။ လူတို့၏ အပြုအမှု၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာတို့နှင့် စပ်လျဉ်းသည့် ဘုရားသခင်၏ တောင်းဆိုချက်များ ပုံမှန်လူ့သဘာဝအတွက် တောင်းဆိုချက်များနှင့် လုံးဝ ကိုက်ညီသည်ကို ဤခိုင်လုံသော ဥပမာများမှ ငါတို့မြင်နိုင်သည်။ ထို့ကြောင့် ပုံမှန်လူ့သဘာဝရှိသောသူများသည် ယင်းတို့ကို အလိုအလျောက် စွမ်းဆောင်ရရှိနိုင်ကြပေသည်။ ဤပြောဆိုချက်သည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ သင် အသက်ရှင်နေထိုင်သည့်အရာဖြစ်ပါက သင်သည် လူသားသဏ္ဌာန်ကိုသာ ပိုင်ဆိုင်ကာ ပုံမှန်လူနှင့်ဆင်ပြီး ပုံမှန်လူ့သဘာဝ၏ အနိမ့်ဆုံးအဆင့် ရှိသည်ဟု ဆိုလို၏။ ဘုရားသခင်၏ တောင်းဆိုချက်များ၏ တိကျသည့် အသေးစိတ်အချက်များကို ကြည့်ခြင်းအားဖြင့် လူ့သဘာဝကို ဤသို့ အသက်ရှင်နေထိုင်ခြင်းသည် အတုအယောင်၊ သို့မဟုတ် ဟန်ဆောင်ခြင်း မဟုတ်သကဲ့သို့ အခြားသူများကို လှည့်စားခြင်း မဟုတ်သည်ကို ငါတို့ မြင်နိုင်သည်။ ထို့ထက် ပုံမှန် လူ့သဘာဝက ထင်ရှားပေါ်လွင်သင့်သည့် နည်းလမ်းနှင့် ယင်းက ပိုင်ဆိုင်သင့်သည့် စစ်မှန်မှု ဖြစ်၏။ ဤပုံမှန်လူ့သဘာဝအား ဖွင့်ထုတ်ခြင်းများဖြင့် အသက်ရှင်နေထိုင်သူတို့သည်သာ လှည့်စားချက် စိုးစဉ်းမျှမရှိဘဲ လူသားပုံသဏ္ဌာန်ကို ပိုင်ဆိုင်ပေသည်။ လူတို့သည် ပုံမှန်လူ့သဘာဝကို ဤသို့ အသက်ရှင်နေထိုင်ခြင်းအားဖြင့်သာ အခြားသူများ၏ လေးစားမှုကို ရရှိနိုင်ပြီး သိက္ခာဖြင့် အသက်ရှင်နိုင်သည်။ ပြီးလျှင် ပုံမှန် လူ့သဘာဝကို ဤသို့အသက်ရှင်နေထိုင်ခြင်းနှင့် သူတော်စင်ကဲ့သို့သော လူမှုကျင့်ဝတ်ကို ပိုင်ဆိုင်ခြင်းအားဖြင့်သာ လူတို့၏ ပုံမှန်ဖွင့်ထုတ်ခြင်းများက ဘုရားသခင်ကို ဘုန်းထင်ရှားစေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအခါ သင်အသက်ရှင်နေထိုင်သမျှတိုင်းသည် အပြုသဘောဆောင်ကာ အပြုသဘောဆောင်သော အရာများ၏ စစ်မှန်မှု ဖြစ်လိမ့်မည်ဖြစ်ပြီး ဟန်ဆောင်မှု ဖြစ်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်လိမ့်မည်။

လူသား၏ ကောင်းမွန်သော အပြုအမူ၏ အနှစ်သာရနှင့် ဘုရားသခင် တောင်းဆိုသည့် အပြုအမူ၏ အနှစ်သာရ နှစ်ခုလုံးကို ရှင်းရှင်းလင်းလင်းနှင့် နားလည်နိုင်ရန် ရှင်းပြပြီးဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်နှင့် ပုံမှန် လူ့သဘာဝကို ၎င်းတို့ မည်သို့ အသက်ရှင်နေထိုင်သင့်သည်ဆိုသည်တို့မှာလည်း ရှင်းလင်းသင့်သည်မဟုတ်လော။ လူများသည် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းအကြောင်း မေးခွန်းများနှင့် ပတ်သက်၍ မြှောက်ပြောလွန်းလိမ့်မည်မဟုတ်၊ သို့မဟုတ် ချစ်တီးခေါင်းသန်းရှာ လုပ်လိမ့်မည် မဟုတ်ပေ။ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းသည် လူတို့၏ ဘဝတွင် လူ့သဘာဝနှင့် မည်သို့မျှ မသက်ဆိုင်သည့် အရေးမပါသော အရာများနှင့် ဆက်နွှယ်မှု ရှိသလော။ ဤကိစ္စကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့် အဓိပ္ပာယ်မဲ့သော လူအချို့ရှိသည်။ ၎င်းတို့က “ဘုရားသခင်၏ မိတ်သဟာယက အလွန်အသေးစိတ်ကျသည့်အတွက် ကျွန်ုပ်တို့ ဘဝ၏ သေးငယ်သည့် ကဏ္ဍတိုင်းနှင့် ပတ်သက်လာသည့်အခါ ကျွန်ုပ်တို့သည်လည်း စေ့စပ်သင့်ကြသည်။ ဥပမာအားဖြင့် ကန်စွန်းဥများ ပိုမိုအာဟာရဖြစ်သည်မှာ ပေါင်းသောအခါတွင်လော၊ သို့မဟုတ် ကင်သောအခါတွင်လော”ဟု ဆိုကြသည်။ ဤသည်မှာ ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းနှင့် ဆက်နွှယ်သလော။ လုံးဝ မဆက်နွှယ်ပါ။ မည်သည့်အရာကို လူတို့ စားသင့်ပြီး မည်သို့စားသင့်သည်ဆိုသည်မှာ ယခုတွင် လူအားလုံး ပိုင်ဆိုင်သည့် ဘဝပေးအသိဖြစ်သည်။ တစ်စုံတစ်ရာကို စားသုံးခြင်းနှင့် ပတ်သက်၍ ပြဿနာမရှိသရွေ့၊ သင် စားချင်သည့် မည်သည့်အရာကိုမဆို စားနိုင်သည်။ ထိုသို့သော ရိုးရှင်းသည့် ဘဝပေးအသိ ကိစ္စများတွင် တစ်စုံတစ်ဦးက သမ္မာတရား ရှာဖွေသင့်ကြောင်းနှင့် ထိုသို့သောအရာများကို သမ္မာတရား ဖြစ်သည့်အလား လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်သည်ဟု တွေးထင်ပါက ထိုလူသည် ရယ်ဖွယ်ဖြစ်ပြီး အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ယခုတွင် သမ္မာတရားနှင့် မည်သို့မျှ မပတ်သက်သည့် ဤသို့သော ကိစ္စများတွင် အလွန်စေ့စပ်သော လူအချို့ရှိ၏။ ဤလူများက သမ္မာတရားကို ၎င်းတို့ လိုက်စားနေသည်ဟု တွေးထင်ကြပြီး မပြောပလောက်သော ကိစ္စများကို သမ္မာတရား ဖြစ်သည့်အလား စုံစမ်းကာ ဆန်းစစ်ကြသည်။ အချို့မှာ ဤအရာများအကြောင်း ငြင်းခုံရင်း အရှက်ပင်ရကြသည်။ ဤသည်မှာ မည်သည့် ပြဿနာမျိုး ဖြစ်သနည်း။ ဝိညာဉ်ရေးရာ သိနားလည်မှု အကြီးအကျယ် ကင်းမဲ့ခြင်း ကိစ္စတစ်ခု မဟုတ်လော။ လူအချို့သည် ကန်စွန်းဥများကို စားခြင်းကိစ္စနှင့် ပတ်သက်၍ သမ္မာတရား ဖြစ်သည့်အလား ရှာဖွေကြသည့်အချက်မှာ အမှန်တကယ် ရယ်ဖွယ်ဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်သည်။ ဤကဲ့သို့သော လူများသည် ဘုရားနှုတ်ကပတ်တော်များကို နားမလည်ကြသကဲ့သို့ သမ္မာတရား လိုက်စားခြင်းက ဆိုသည်မှာ အဘယ်ဖြစ်သည်ကို မသိကြသောကြောင့် မျှော်လင့်ချက်မဲ့သူများဖြစ်ကြသည်။ ၎င်းတို့သည် ဘဝတွင် အရိုးရှင်းဆုံးသော ကိစ္စများကို မရိပ်စားမိနိုင်ကြသကဲ့သို့ ဤပြဿနာများကို မဖြေရှင်းနိုင်ကြချေ။ ထို့ကြောင့် ဤနှစ်များတစ်လျှောက်လုံးတွင် ၎င်းတို့ အသက်ရှင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤလူများသည် မည်မည်ရရ မဟုတ်သော ကိစ္စရပ်များကို စုဝေးပွဲများထဲသို့ ယူဆောင်လာပြီး ယင်းတို့တွင် တစ်ဦးတစ်ယောက်က သမ္မာတရား ရှာဖွေနိုင်သည့် အကြောင်းအရာများဖြစ်သည့်အလား မည်သို့များ ဆွေးနွေးကာ မိတ်သဟာယပြုကြနိုင်သနည်း။ အကြောင်းရင်းမှာ အဓိကအားဖြင့် ဤလူများသည် မူမမှန်သော သဘောပေါက်မှုများရှိပြီး ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့ကြ၏။ ၎င်းတို့သည် မည်သည့် ဆက်စပ်အကြောင်းအရာ၌ စေ့စပ်ကြသနည်း။ ဤအတွေးများနှင့် စိတ်ကူးများက အဘယ်ကြောင့် ၎င်းတို့တွင် ပေါ်ထွက်ခဲ့သနည်း။ စုဝေးပွဲများတွင် ကန်စွန်းဥများကို မည်သို့စားရမည်နှင့်ပတ်သက်၍ မည်သို့များ ၎င်းတို့ ဆွေးနွေးကာ မိတ်သဟာယပြုနိုင်ကြရသနည်း။ ယင်းမှာ ငါ မိတ်သဟာယပြုနေခဲ့သည့် ကိစ္စရပ်များက အလွန် ခိုင်လုံကာ ဤအရာက ဇီဇာကြောင်ကာ ချစ်တီးခေါင်းသန်းရှာချင်ကြသူများအကြား နားလည်မှုလွဲခြင်းအချို့ ဖြစ်ပေါ်စေခဲ့သောကြောင့် ဖြစ်သလော။ ဤပြဿနာနှင့် အခြေအနေများ ဖြစ်ပေါ်သည့်အခါ ဤလူများကို စကားပြောခြင်းသည် မျောက်များကို လူသားများဖြစ်သည့်အလား ဆက်ဆံခြင်းကဲ့သို့ ငါခံစားရ၏။ မျောက်များသည် တောင်များနှင့် တောကြီးမျက်မည်းများထဲတွင် အသက်ရှင်သည့် သတ္တဝါများ ဖြစ်သည်။ လူသားများနှင့် ဆင်တူကြပြီး ၎င်းတို့၏ အပြုအမူများနှင့် အလေ့အကျင့်တို့သည် လူသားများနှင့် တူသော်လည်း၊ ပြီးလျှင် လူသားများက မျောက်များကို မိမိတို့၏ ဘိုးဘေးများကဲ့သို့ မြင်ခဲ့သည့် အချိန်ကာလတစ်ခု ရှိခဲ့သော်လည်း မည်သို့ပင်ဆိုစေ မျောက်များသည် မျောက်များသာ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် သစ်တောများနှင့် တောင်များတွင် နေထိုင်သင့်သည်။ လူသားများနှင့်အတူ နေထိုင်ရန် ၎င်းတို့ကို အိမ်များတွင် ထားဖို့ရန်မှာ မှားမည်မဟုတ်လော။ မျောက်များကို လူသားများဖြစ်သည့်အလား ငါတို့ ဆက်ဆံသင့်သလော။ (မဆက်ဆံသင့်ပါ။) ထို့ကြောင့် သင်တို့သည် မျောက်များလော၊ သို့မဟုတ် လူသားလော။ သင်တို့သည် လူသားဖြစ်ပါက မည်မျှ ငါစကားပြောရမည်ဖြစ်စေ၊ မည်မျှကြိုးစား အလုပ်လုပ်ရမည်ဖြစ်စေ ငါ့အတွက်မူ ဤအရာများကို သင်တို့အား ပြောရန်မှာ သင့်လျော်ပြီး ပြောရကျိုးနပ်ပေသည်။ သင်တို့သည် မျောက်များဖြစ်ကြပါက လူသားများကဲ့သို့ သင့်တို့ကို ဆက်ဆံရန်နှင့် သင်တို့နှင့်အတူ သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်ကို ဆွေးနွေးရင်း ငါ၏လေကို ဖြုန်းတီးရန်မှာ ငါ့အတွက် သင့်လျော်ပါ၏လော။ ယင်းမှာ အကျိုးရှိသလော။ (အကျိုးမရှိပါ) သို့ဆိုလျှင် သင်တို့သည် လူသားများလော၊ သို့မဟုတ် မျောက်များလော။ (လူသားများ ဖြစ်ပါသည်။) သင်တို့သည် လူသားများဖြစ်ကြသည်ဟု မျှော်လင့်၏။ စုဝေးပွဲများတွင် ကန်စွန်းဥများကို မည်သို့စားရမည်နှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းကို သင်တို့ မည်ကဲ့သို့ ရှုမြင်ကြသနည်း။ ဤသို့သော ကိစ္စများတွင်လည်း စေ့စပ်ကြမည်လော။ ဥပမာအားဖြင့် လူတို့က “ကျွန်ုပ် အင်္ကျီပြာဝတ်သင့်သလား၊ အင်္ကျီဖြူဝတ်သင့်သလား။ အင်္ကျီဖြူများ ဝတ်ပါက မည်သည့် အဖြူမျိုးနည်း။ မည်သည့် အဖြူမျိုးက သန့်ရှင်းမှုကို ကိုယ်စားပြုပြီး သန့်ရှင်းသူတစ်ဦးနှင့် သင့်လျော်သနည်း။ အင်္ကျီပြာက ကျွန်ုပ်အတွက် သင့်လျော်ပါက မည်သည့် အပြာဖြစ်သနည်း။ မည်သည့် အပြာက လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များ၊ စံများနှင့် အသင့်လျော်ဆုံးဖြစ်ကာ ဘုရားသခင်ကို ဂုဏ်အသရေအများဆုံး ဆောင်ကြဉ်းပေးနိုင်သနည်း” ဟု မေးကြသည်။ ဤကိစ္စများတွင် သင် စေ့စပ်တိကျဖူးသလော။ မည်သည့် ဆံပင်ပုံစံ၊ မည်သည့် စကားပြောပုံနှင့် လေယူလေသိမ်းက သန့်ရှင်းသူတစ်ဦးနှင့် သင့်လျော်သည်ဟု တစ်ဦးတစ်လေက တစ်ကြိမ်တစ်ခါမျှ စဉ်းစားမိဖူးသလော။ ဤအရာများနှင့် ပတ်သက်၍ သင်တို့ စေ့စပ်တိကျဖူးသလော။ လူအချို့သည် စေ့စပ်ပြီးဖြစ်ကာ ဤအရာများ၌ အားထုတ်ကြပြီး ဖြစ်သည်။ မိမိတို့၏ဆံပင်ကို ရွှေရောင်ဖျော့ဖျော့ ဆိုးချင်သူ၊ အနီရောင် သို့မဟုတ် အခြားထူးဆန်းသည့် အရောင် ဆိုးချင်သူအချို့ ရှိကြသော်လည်း ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် အသင်းတော်ရှိ အခြားသော ညီအစ်ကို မောင်နှမများသည် မိမိတို့၏ ဆံပင်ကို ဆေးမဆိုးကြကြောင်း တွေ့ကြသောကြောင့် ၎င်းတို့လည်း ဆေးမဆိုးကြတော့ချေ။ နှစ်အတော်ကြာပြီးသည့်နောက်တွင်သာ တစ်ဦးတစ်ယောက်က မည်သည့် ဆံပင်အရောင်၊ ဆံပင်ပုံစံရှိသည်ဖြစ်စေ အ‌ရေးမပါကြောင်း ၎င်းတို့ အပြည့်အဝ နားလည်သွားကြသည်။ အရေးပါသည်မှာ ပုံမှန်လူ့သဘာဝ အသက်ရှင်နေထိုင်ခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရားကို ချစ်မချစ်ဆိုသည့်အရာ ဖြစ်သည်။ ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းနှင့် မည်သို့မျှ မပတ်သက်သည့် ထိုသို့သော ကိစ္စများတွင် စေ့စပ်တိကျကြသည့်လူများသည် ဤအရာများက သမ္မာတရားနှင့် လုံးဝ မဆက်နွှယ်သောကြောင့် ဤအရာများ၌ အားထုတ်ခြင်းသည် အဓိပ္ပာယ်မဲ့ကြောင်း တဖြည်းဖြည်း နားလည်လာကြသည်။ ယင်းတို့မှာ ပုံမှန်လူ့သဘာဝ နယ်ပယ်အတွင်းရှိ ပြဿနာအချို့သာ ဖြစ်ပြီး၊ သမ္မာတရား စံမမီကြချေ။ သင် အသက်ရှင်နေထိုင်သည့် လူ့သဘာဝသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် စံနှုန်များကို ပြည့်မီပါက လုံလောက်ပေသည်။ ယခင်က ဤကိစ္စများဖြင့် သင်တို့အားလုံး ဇဝေဇဝါဖြစ်ကာ ရှုပ်ထွေးခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် စုဝေးပွဲများအတွင်း ကန်စွန်းဥများအား မည်သို့ စားရမည်ဆိုသည်နှင့် ပတ်သက်၍ စကားအချေအတင် ပြောခြင်းလောက် မလွန်ကဲလျှင်ပင် သင်တို့သည်လည်း သေးငယ်၊ အရေးမပါသည့် ဘဝ၏ အရေးကိစ္စအချို့ကြောင့် စိတ်ရှုပ်ထွေးကြလေပြီဖြစ်သည်။ ဤသည်တို့မှာ အမှန်တရားများ ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စရပ်များနှင့် ပတ်သက်၍ ခိုင်မာသော ကောက်ချက်တစ်ခု ရှိသင့်သည်မဟုတ်လော။ လူတို့သည် ဘုရားသခင်၏တောင်းဆိုချက်များနှင့် စံနှုန်းများအတိုင်း ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်သည့်အခါ မည်သည့် စည်းမျဉ်းများ လိုက်လျှောက်သင့်သည်ကို သင်တို့ ရှင်းလင်းကြသလော။ အချို့သော အထူး အခြေအနေများ နောက်ထပ် ကြုံရသည့်အခါ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို သင် သိသလော။ လူအချို့က “ကန်စွန်းဥများ မည်သို့စားရမည်ကို မေးမြန်းခြင်းကဲ့သို့သော လွန်ကဲသည့်အရာများ မလုပ်သော်လည်း ကျွန်ုပ်၏ နေ့စဉ်ဘဝတွင် အချို့သော ပြဿနာများ ပေါ်ပေါက်လျှင် အတန်ကြာ ကျွန်ုပ် စိတ်ရှုပ်ထွေးဦးမည်ဖြစ်သည်”ဟု ဆိုကြသည်။ ထို့ကြောင့် ငါ့ကို ဥပမာတစ်ခု ပေးလော့။ မည်သည့် ပြဿနာက သင့်အား အတန်ကြာ စိတ်ရှုပ်ထွေးစေမည်နည်း။ အမျိုးသမီးများအတွက် မိတ်ကပ်လိမ်းရန်မှာ မှားသည်ဟု သင် ပြောမည်လော။ ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းအတွက် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီသလော။ (မမှားပါ။) ဤနေရာတွင် “မမှားပါ”ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ (အကြင်သူ၏ မိတ်ကပ်သည် သန့်ရှင်းသူနှင့် သင့်လျော်ပြီး အလွန်အကျွံမဟုတ်သရွေ့ အဆင်ပြေပါသည်။) အလွန်အကျွံဖြစ်သော မိတ်ကပ်မဟုတ်သရွေ့ သင့်လျော်၏။ “အလွန်အကျွံမဟုတ်သည့် မိတ်ကပ်ကို လိမ်းရန် သင့်လျော်ပါက ယင်းမှာ ကိုယ်တော်က ကျွန်မတို့ကို မိတ်ကပ်လိမ်းစေချင်သည့် သဘောဖြစ်ပါသလား”ဟု မေးသောသူအချို့ရှိသည်။ ယင်းကို ငါ ပြောခဲ့သလော။ (ကိုယ်တော် မပြောခဲ့ပါ။) မိတ်ကပ်လိမ်းခြင်းသည် ပြဿနာမဟုတ်။ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းနှင့် ကိုက်ညီ၏။ ဤအရာအတွက် အဆုံးအဖြတ်ပေးသည့် စည်းမျဉ်းမှာ မိတ်ကပ် အလွန်အကျွံမဟုတ်သရွေ့ အဆင်ပြေသည်ဟူ၍ ဖြစ်သည်။ ယင်းသည် စံနှုန်းဖြစ်၏။ ထို့ကြောင့် ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းကို လိုက်နာရန်အလို့ငှာ အမျိုးသမီးများသည် မိမိတို့၏ မိတ်ကပ်ကို မည်သည့် အတိုင်းအတာအတွင်း ထိန်းသိမ်းရမည်နည်း။ အကန့်အသတ်ဘောင်မှာ အဘယ်နည်း။ “အလွန်အကျွံဖြစ်သော မိတ်ကပ်”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မည်သည့် မိတ်ကပ်မျိုးကို အလွန်အကျွံဖြစ်သည်ဟု မှတ်ယူသနည်း။ အကန့်အသတ်ဘောင်ကို ရှင်းလင်းစွာ ထားရှိပါက မည်သည့်အရာ လုပ်ဆောင်ရမည်ကို လူတို့ သိကြလိမ့်မည်။ ဤသည်မှာ အသေးစိတ် အချက်အလက်တစ်ခု မဟုတ်လော။ အလွန်အကျွံဖြစ်သော မိတ်ကပ်က မည်သည့်အရာ ဆိုလိုကြောင်း ရှင်းပြသည့် ဥပမာတစ်ခုကို ငါ့အား ပေးလော့။ (ကြည့်ရန် အလွန့်အလွန် သဘာဝမကျသကဲ့သို့ သက်သောင့်သက်သာ မဖြစ်ရန်အလို့ငှာ တစ်ဦးတစ်ယောက်၏ မျက်နှာ အလွန်ဖြူဖွေးအောင်၊ သူတို့၏ နှုတ်ခမ်းများ အလွန်နီရဲအောင်နှင့် သူတို့ မျက်လုံးများ အလွန် မဲအောင် လိမ်းသည့်အခါတွင် ဖြစ်သည်။) ယင်းက တစ္ဆေသရဲကဲ့သို့ လူတို့မြင်သည့်အခါ လန့်ဖျပ်စေပြီး အခြားသူများက ထိုလူ၏ သဘာဝဆန်သော သွင်ပြင်၊ သို့မဟုတ် မျက်နှာကို မမြင်နိုင်ဖြစ်စေသည်။ အချို့သော နိုင်ငံများနှင့် လူမျိုးစုနိုင်ငံများအပြင် အချို့သော အလုပ်အကိုင်များတွင် အထူးသဖြင့် အလွန်အကျွံဖြစ်သော မိတ်ကပ်ကို လိမ်းကြသည်။ ဥပမာအားဖြင့် ဘားများနှင့် နိုက်ကလပ်များတွင် လူတို့ လိမ်းကြသည့် မိတ်ကပ်သည် ဤအရာကို ကိုယ်စားပြုသည့် အရာတစ်ခု မဟုတ်လော။ ဤလူအားလုံးသည် အလွန်အကျွံ ဖြစ်သော မိတ်ကပ်ကို လိမ်းကြကာ တည်ဆောက်စရာ မဖြစ်ပေ။ ၎င်းတို့ မိတ်ကပ်၏ ရည်ရွယ်ချက်မှာ အခြားသူများကို သွေးဆောင်ရန် ဖြစ်သည်။ ဤမိတ်ကပ်မျိုးသည် အလွန်အကျွံဖြစ်သော မိတ်ကပ်ဖြစ်သည်။ ထို့နောက်တွင် မည်သည့် မိတ်ကပ်မျိုးသည် ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းနှင့် ကိုက်ညီသနည်း။ လုပ်ငန်းခွင်တွင် အမျိုးသမီးများ လိမ်းတတ်သကဲ့သို့သော ဖျော့သော မိတ်ကပ်၊ အလွန် သိက္ခာရှိပြီး ရည်မွန်ပုံရသော မိတ်ကပ်ဖြစ်သည်။ သင်၏ မိတ်ကပ်သည် ဤအကန့်အသတ်ဘောင် အပြင်သို့ မသွေဖည်သရွေ့ အဆင်ပြေသည်။ တရုတ်ပြည်တွင် ပိုမို အသက်အရွယ်ကြီးရင့်သော မျိုးဆက်များတွင် မိတ်ကပ်လိမ်းရန်မှာ ရေပန်းမစားချေ။ လူမှုအဖွဲ့အစည်းတွင် အထူး အဆင့်အတန်း၊ သို့မဟုတ် ရပ်တည်ချက် တစ်ခုတလေ မရှိသည့် သာမန်ဖြစ်ပြီး ပိုအသက်ကြီးသော လူတစ်ဦးသည် အိမ်မှထွက်သည့်အခါ အမြဲ ဝတ်စားဆင်ယင်ပြီး မိတ်ကပ်လိမ်းပါက ၎င်းတို့သည် မိမိတို့၏ အသက်အရွယ်အတွက် သိက္ခာရှိစွာ ပြုမူခြင်းမရှိဟု ဆိုကြလိမ့်မည်။ သို့ရာတွင် အနောက်တိုင်းတွင် ထိုသို့ မဟုတ်ပေ။ သင်သည် တစ်စုံတစ်ဦးကို တွေ့မည်၊ သို့မဟုတ် အလုပ်သွားမည်ဖြစ်ပြီး မိတ်ကပ် အနည်းငယ် မလိမ်းသကဲ့သို့ မိမိကိုယ်ကိုယ် ဖီးလိမ်းပြင်ဆင်ခြင်းမရှိပါက သင်၏ အလုပ်ကို သင် လေးစားခြင်းမရှိ၊ ပညာရှင်မဆန်သကဲ့သို့ အခြားလူများအပေါ် လေးစားခြင်းမရှိဟု ပြောကြလိမ့်မည်။ ဤသည်မှာ ယဉ်ကျေးမှုတစ်မျိုး ဖြစ်သည်။ ပင်ကိုအားဖြင့် ဤအခြေအနေမျိုးတွင် သင် သိက္ခာရှိကာ တည်ကြည်ပုံရပြီး အခြားလူများအဖို့ ဂုဏ်သရေရှိသော လူတစ်ဦးဖြစ်ပုံပေါက်သည့် အဆင့်တစ်ခုထိသာ မိတ်ကပ်လိမ်းရန် ကန့်သတ်ထားသင့်သည်။ စာတစ်ကြောင်းဖြင့် ပေါင်းရုံးသုံးသပ်ရမည်ဆိုပါက သင် မိတ်ကပ်လိမ်းလျှင် သင့်ကို ဂုဏ်သရေရှိသော လူတစ်ဦးဖြစ်ပုံ ပေါ်စေသင့်ပြီး လူတို့၏ စိတ်နှလုံးတွင် တပ်မက်မှု မနိုးကြွစေသင့်ပေ။ ဤမိတ်ကပ်မျိုးသည် သင့်လျော်၏။ ယင်းသည် စည်းမျဉ်းဖြစ်ပြီး ထိုမျှလောက် ရိုးရှင်း၏။ လူအချို့က “အိမ်ကထွက်သည့်အခါ မိတ်ကပ်မလိမ်းလျှင် ရပါသလား။ ကျွန်ုပ် မိတ်ကပ် လိမ်းလေ့လိမ်းထမရှိပါ”ဟု မေးကြသည်။ ဘုရားနှုတ်ကပတ်တော်များအတွင်း သင် ရှာဖွေသင့်သည်။ မိတ်ကပ်မလိမ်းခြင်းက မှားသည်ဟု ဘုရားသခင် ပြောခဲ့သလော။ ဘုရားသခင်က ဤသို့ မပြောခဲ့ပါ။ ဘုရားအိမ်တော်က လူတို့အား မိတ်ကပ်လိမ်းရန် မည်သည့်အခါတွင်မျှ မတောင်းဆိုပေ။ သင်သည် မိတ်ကပ်လိမ်းချင်လျှင် ဤစံနှင့် ကန့်သတ်ချက်ကို သင့်အား ငါ ပေးပြီးဖြစ်ကာ သင်၏ မိတ်ကပ် သင့်လျော်ရန်အလို့ငှာ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကို ပြောပြပြီး ဖြစ်သည်။ သင်သည် မိတ်ကပ်မလိမ်းချင်ပါက ဘုရားအိမ်တော်က မတောင်းဆိုပေ။ သို့ရာတွင် တစ်ခုသောအရာကို သင် သတိရရမည်။ သင့်ကို မိတ်ကပ်လိမ်းရန် မတောင်းဆိုထားသော်လည်း သူတောင်းစားတစ်ဦးကဲ့သို့ အိမ်မှ ညစ်ပတ်ပေရေပြီး ဖိုသီဖတ်သီ ထွက်မလာရ။ ဥပမာအားဖြင့် ဧဝံဂေလိ ဝေမျှဖို့ အပြင်ထွက်သည့်အခါ အိမ်မှ မထွက်လာမီ သင့်မျက်နှာကို ကြည့်ပျော်ရှုပျော်ဖြစ်ရန် မလုပ်ပါက၊ သို့မဟုတ် သင်၏ မျက်နှာကို မသစ်သကဲ့သို့ “အဆင်ပြေပါသည်။ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်သရွေ့ ကျွန်ုပ်တို့ ဝတ်စားပုံက ကိစ္စမရှိပါ”ဟု ဆိုလျက် မသပ်မရပ်သည့်ပုံစံ ဝတ်ဆင်ပါက ယင်းသည် အပြုသဘောဆောင်သလော။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သင်၏ အဝတ်အစားနှင့် အသွင်အပြင်တွင်လည်း စည်းမျဉ်းများ ရှိသင့်သည်။ ဤစည်းမျဉ်း၏ အနိမ့်ဆုံး စံနှုန်းမှာ ပုံမှန်လူ့သဘာဝကို သင် အသက်ရှင်နေထိုင်ရမည်ဖြစ်ပြီး ဘုရားသခင်ကို အရှက်ရစေရန်၊ သို့မဟုတ် သင်၏ ကိုယ်ပိုင် အကျင့်စရိုက်နှင့် သိက္ခာကို အရှက်ရစေရန် မည်သည့်အရာမျှ မလုပ်ဆောင်ရဟူ၍ ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင့်အပေါ် အခြားသူများကို လေးစားစေသင့်သည်။ သင်သည် ဘာသာတရား ကိုင်းရှိုင်းမှုစံမမီလျှင်ပင် မိမိကိုယ်ကိုယ် အနည်းဆုံး ချုပ်တည်းနိုင်သင့်ပြီး သိက္ခာရှိကာ တည်ကြည်သင့်သကဲ့သို့ သူတော်စင်ကဲ့သို့သော လူမှုကျင့်ဝတ်ရှိသင့်သည်။ လူတို့ကို ဤအထင်အမြင် သင်ပေးနိုင်ပါက လုံလောက်ပေသည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် အခြေခံအကျဆုံး သတ်မှတ်ချက်ဖြစ်သည်။

ဘုရားသခင်ကို ယုံကြည်သူတို့အတွက် လူတို့၏ အပြင်ပိုင်း အပြုအမူများနှင့် ပုံမှန် လူ့သဘာဝ အသက်ရှင်နေထိုင်ခြင်းအကြောင်း ဤမေးခွန်းများသည် ပုံမှန်လူတစ်ဦးက အနည်းဆုံး ပိုင်ဆိုင်သင့်သည့် အခြေခံအကျဆုံးသော အရာများဖြစ်သောကြောင့် ဝန်ထုပ်များ၊ သို့မဟုတ် အခက်အခဲများ မဖြစ်သင့်ပေ။ ဤကိစ္စရပ်များသည် နားလည်ရန် လွယ်ကူသင့်၏။ ယင်းတို့သည် စိတ်ကူးသက်သက် မဟုတ်ချေ။ ထို့ကြောင့် လူတို့၏ အပြင်ပိုင်း အပြုအမူများနှင့် ပုံမှန် လူ့သဘာဝ အသက်ရှင်နေထိုင်ခြင်းအကြောင်း ဤမေးခွန်းများသည် အသင်းတော် အသက်တာတွင် မကြာခဏ ဆွေးနွေးသည့် အရေးကြီးသော ကိစ္စများ ဖြစ်မလာသင့်ပေ။ အခါအားလျော်စွာ ယင်းတို့အကြောင်း ပြောရန်မှာ အဆင်ပြေသော်လည်း ယင်းတို့ကို စိတ်ထက်သန်စွာနှင့် လေးနက်စွာ ဆွေးနွေးရင်း သမ္မာတရား ရှာဖွေရမည့် အကြောင်းအရာများအဖြစ် ယင်းတို့ကို သဘောထားပြီး မကြာခဏ တင်ပြပါက သင်သည် မိမိ၏ တကယ့် တာဝန်များကို အတော်အတန် လျစ်လျူရှုနေခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် မည်သည့်လူများသည် မိမိတို့၏ တကယ့်တာဝန်များကို လျစ်လျူရှုနေသူများ ဖြစ်သနည်း။ စုဝေးပွဲများတွင်လည်းကောင်း၊ တစ်ခါတရံ စုဝေးပွဲများစွာတွင်လည်းကောင်း ကန်စွန်းဥစားနည်းကဲ့သို့ မေးခွန်းများကို တင်ပြခြင်း၊ ဤမေးခွန်းများကို သမ္မာတရား ရှာဖွေရမည့် အကြောင်းအရာများဖြစ်သည့်အလား သဘောထားပြီး စုံစမ်းစစ်ဆေးကာ မိတ်သဟာယပြုခြင်း၊ ခေါင်းဆောင်များကလည်း ယင်းတို့ကို တားဆီးဖို့ မည်သည့်အရာမျှ မလုပ်ဆောင်ခြင်းတို့သည် ဝိညာဉ်ရေးရာ သိနားလည်မှုကင်းမဲ့သည့် မူမမှန်သော လူများ၏ သရုပ်သကန်သာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) စုဝေးပွဲများတွင် မည်သည့် မေးခွန်းများကို အများဆုံး ဆွေးနွေးသင့်သနည်း။ သမ္မာတရားနှင့်လည်းကောင်း၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်လည်းကောင်း ဆက်စပ်သော အရာများဖြစ်၏။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များသည် အသင်းတော် အသက်တာ၏ မပြောင်းလဲသော အကြောင်းအရာများ ဖြစ်သည်။ ပုံမှန်လူ့သဘာဝ၏ အပြင်ပိုင်း အပြုအမူများနှင့်ဆိုင်သည့် အခြေခံကျပြီး သာမန်အဖြစ်ဆုံးသော အကြောင်းအရာများသည် အသင်းတော် အသက်တာနှင့် စုဝေးပွဲများတွင် မိတ်သဟာယ၏ အဓိကအကြောင်းအရာ မဖြစ်သင့်ပေ။ ညီအစ်ကို မောင်နှမများက စုဝေးပွဲပြင်ပတွင် ဤအရာများနှင့် ပတ်သက်၍ အချင်းချင်း အကြံပြု၊ သတိပေးကာ မိတ်သဟာယပြုပါက ဤပြဿနာများကို ဖြေရှင်းရန် လုံလောက်ပေသည်။ ယင်းတို့ကို မိတ်သဟာယပြုကာ ဆွေးနွေးရင်း အချိန်ပမာဏများစွာ ကုန်ဆုံးရန် မလိုအပ်ပေ။ ယင်းက လူတို့၏ ပုံမှန် စုဝေးခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းအား သက်ရောက်မည်ဖြစ်ကာ ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် ထိခိုက်မှု ရှိမည်ဖြစ်သည်။ အသင်းတော် အသက်တာမှာ ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့် အသက်တာ ဖြစ်သည်။ အသင်းတော်အသက်တာသည် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းနှင့် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းခြင်းတို့ကို အလေးထားသင့်၏။ ထိုသို့ဖြင့် အကြင်သူ၏ အသက်တာ တိုးတက်မှုသည် နှောင့်နှေးလိမ့်မည် မဟုတ်။ သင်သည် ပုံမှန်လူ့သဘာဝ အသိစိတ်ပိုင်ဆိုင်ပါက ဤအရာများအား စည်းမျဉ်းများနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်မှာ သင့်အဖို့ ရှင်းလင်းသင့်ပေသည်။ အရေးမပါသည့် ကိစ္စများ၊ သမ္မာတရား စည်းမျဉ်းများနှင့် မည်သို့မျှ မပတ်သက်သည့် အမှုအရာများကို သင် အမြဲ အပြစ်မရှိအပြစ်ရှာပါက၊ အမြဲ ချစ်တီးခေါင်းသန်းရှာလုပ်သည့်တိုင် သင်သည် နှံ့စပ်ပြီး သုတကြွယ်သည်ဟု ခံစားပါက ဤကိစ္စကို စိတ်ဖြာလေ့လာ ဆွေးနွေးသင့်သည် မဟုတ်လော။ ဥပမာအားဖြင့် လူအချို့သည် ၎င်းတို့၏ ဝတ်စားဆင်ယင်ပုံအပေါ် များစွာ အလေးထားကြပြီး ယုံကြည်သူများက ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်၍ ရမရဆိုသည်ကို အမြဲ မေးကြသည်။ ဘုရားသခင်ကို လတ်တလော ယုံကြည်လာကြသည့် လူအချို့က ယုံကြည်သူများက အရက်သောက်သင့်ခြင်း ရှိမရှိဆိုသည်ကို အမြဲ မေးကြ၏။ လူအချို့မှာ စီးပွားရေး လုပ်ရသည်ကို ပျော်မွေ့ပြီး ယုံကြည်သူများက ငွေများစွာ ရှာ၍ ရမရဆိုသည်ကို အမြဲ မေးကာ လူအချို့မှာမူ ဘုရားသခင်၏ နေ့ရက် မည်သည့်အချိန်တွင် ရောက်လာလိမ့်မည်ကို အမြဲ မေးကြသည်။ ဤလူများသည် ဤကိစ္စရပ်များတွင် အဖြေမှန်များကို ရှာတွေ့ရန် သမ္မာတရားကို ရှာဖွေဖို့ လိုလားနေခြင်း မရှိပေ။ ဤအကြောင်းအရာများနှင့် ပတ်သက်၍ တိကျသည့် စကားလုံးများမရှိသော်လည်း ဤကိစ္စများကို ချဉ်းကပ်ခြင်းအတွက် စည်းမျဉ်းများကို ဘုရားသခင်က အလွန်ရှင်းလင်းစွာ ရှင်းပြပြီး ဖြစ်သည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရာတွင် အားမထုတ်ပါက အဖြေများရှာတွေ့လိမ့်မည် မဟုတ်။ အမှန်တွင် ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်နှင့် ယင်းမှ မည်သည့်အရာ ရရှိရမည်ဆိုသည်ကို လူတိုင်း သိကြ၏။ သမ္မာတရားကို မချစ်ဘဲ ကောင်းချီးမင်္ဂလာများ ရရှိရန် ဆန္ဒရှိနေဆဲဖြစ်သော လူအချို့ ရှိနေခြင်းသာ ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ အခက်အခဲပြဿနာ ရှိသောနေရာ ဖြစ်သည်။ ထို့ကြောင့် အရေးအပါဆုံးသော အရာမှာ လူတစ်ဦးက သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းနှင့် ပတ်သက်၍ မည်သည့်အခါတွင်မျှ အရေးမထားသောသူအချို့ ရှိသည်။ ၎င်းတို့သည် အရေးမပါသည့်အရာနှင့်သက်ဆိုင်သော မေးခွန်းများအပေါ် အစဉ် စိတ်စွဲနေကြပြီး စုဝေးပွဲများတွင် ဤမေးခွန်းများနှင့် ပတ်သက်၍ အမြဲ မိတ်သဟာယပြုချင်ကြကာ ယင်းတို့အတွက် အပြီးသတ်ဖြစ်သော အဖြေများကို ရချင်ကြသည်။ ခေါင်းဆောင်နှင့် အမှုဆောင်များက ၎င်းတို့ကို ချုပ်ထိန်း၍ မရပေ။ ဤသည်မှာ မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ဤလူများသည် မိမိတို့၏ တကယ့်တာဝန်များကို လျစ်လျူရှုနေသည် မဟုတ်လော။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသကဲ့သို့ မှားယွင်းသည့် လမ်းကြောင်းကို အမြဲလျှောက်လှမ်းချင်ပါက သင့်ကိုယ်သင့် အဘယ်ကြောင့် မသုံးသပ်၊ မသိလာသကဲ့သို့ မစိစစ်ပါသနည်း။ သင်သည် အမြဲ လူ့အကြိုက်လိုက်သူဖြစ်၏။ သင်၏ တာဝန်တွင် တာဝန်မသိတတ်ပေ။ သင်သည် တစ်ဇွတ်ထိုးဆန်ပြီး ထင်ရာစိုင်း၏၊ ထင်ရာမြင်ရာလုပ်ပြီး မဆင်မခြင်လုပ်သည်။ သင်သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ အဘယ်သို့ တာဝန်မသိတတ်ဘဲ နေနိုင်သနည်း။ မည်သည့်အရာ အတိအကျဖြစ်နေသည်ကို သိရှိရန် သင်သည် အဘယ်သို့ မဆန်းစစ်သကဲ့သို့ စိတ်ဖြာလေ့လာခြင်း မရှိနိုင်ရသနည်း။ သင့်ထံ တစ်ခုတလေ ဖြစ်ပျက်သည့်အခါတိုင်းတွင် အဘယ်ကြောင့် ဘုရားသခင်ကို အပြစ်တင်ကာ အထင်လွဲရသနည်း။ အဘယ်ကြောင့် သင်သည် အစဉ် မိမိကိုယ်ကို ဝေဖန်အပြစ်တင်နေပြီး ဘုရားသခင်က မဖြောင့်မတ်သကဲ့သို့ အသင်းတော်က မျှတခြင်းမရှိဟု ညည်းသနည်း။ ဤသည်တို့မှာ ပြဿနာများ မဟုတ်လော။ အသင်းတော် အသက်တာတွင် ဤအရာများကို သင်မိတ်သဟာယပြုကာ စိတ်ဖြာလေ့လာဆွေးနွေးသင့်သည် မဟုတ်လော။ ဘုရားအိမ်တော်က အသင်းတော်ကို ပိုင်းခြားပြီး လူတို့ကို ဖယ်ရှင်းသည့်အခါ သင်သည် မည်သည့်အခါတွင်မျှ ကျိုးနွံနာခံခြင်းမရှိသကဲ့သို့ မည်သည့်အခါတွင်မျှ စိတ်ကျေနပ်ခြင်းမရှိ၊ အယူအဆများ အမြဲရှိကာ အပျက်သဘောဆောင်ခြင်းကို အမြဲ ဖြန့်၏။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ ဤကိစ္စရပ်ကို သင် ဆန်းစစ်ကာ စိတ်ဖြာလေ့လာဆွေးနွေးသင့်သည် မဟုတ်လော။ သင်သည် အဆင့်အတန်းကို အမြဲ လိုက်စားပြီး နိုင်ငံရေးများ ဆောင်ရွက်ကာ သင်၏ အဆင့်အတန်းကို စီမံ၏။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ ဤကိစ္စရပ်များကို သင် ဆန်းစစ်ကာ စိတ်ဖြာလေ့လာဆွေးနွေးသင့်သည် မဟုတ်လော။ အသင်းတော်သည် လတ်တလောတွင် ဖယ်ရှားသည့်အလုပ်ကို ဆောင်ရွက်နေပြီး အချို့က “လူတို့သည် မိမိတို့၏ တာဝန်များတွင် အတော်အတန် ထိရောက်သရွေ့ ဖယ်ရှားခံရမည်မဟုတ်။ ထို့ကြောင့် ကျွန်ုပ်၏ တာဝန်တွင် ကျွန်ုပ် အတော်အတန် ဆက်လက်၍သာ ထိရောက်နေပြီး မဖယ်ရှားခံရပါက တော်လောက်ပြီ”ဟု ဆိုကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဤလူများသည် မထုံတက်သေးဖြင့် ဆန့်ကျင်လျက် ရှိကြသည် မဟုတ်လော။ အကြင်သူသည် လှည့်ဖြားတတ်သော ဤစိတ်သဘောထားမျိုးကို ဖွင့်ထုတ်နိုင်ပါက ဤအရာကို ဖြေရှင်းဖို့ လိုအပ်သည် မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ လူ၏ သဘာဝ အနှစ်သာရတို့နှင့် ပတ်သက်သည့် ပြဿနာများသည် ကန်စွန်းဥများအား မည်သို့စားရမည်ဆိုသည်ထက် သာ၍ ဆိုးရွားသည် မဟုတ်လော။ ဘုရားသခင် ရွေးချယ်ထားသော လူများက ချင့်ချိန်နိုင်စွမ်း ရရှိနိုင်ကြရန်အလို့ငှာ ယင်းတို့ကို စုဝေးပွဲများနှင့် အသင်းတော်အသက်တာတွင် တင်ပြ၍ မိတ်သဟာယပြုကာ စိတ်ဖြာလေ့လာသင့်သည် မဟုတ်လော။ ဤသည်မှာ အပျက်သဘောဆောင်သည့် အပြုအမူများနှင့်ဆိုင်သော ကောင်းမွန်သည့်၊ သမားရိုးကျ ဥပမာများ ဖြစ်သည် မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စပ်လျဉ်းသည့် ပြဿနာများသည် လူ၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် တိုက်ရိုက် ဆက်နွှယ်ပြီး လူ၏ ကယ်တင်ခြင်းနှင့် ပတ်သက်ဆက်နွှယ်နေသည်။ ဤသည်တို့မှာ သေးငယ်သည့် ကိစ္စများ မဟုတ်သောကြောင့် ဤကိစ္စများကို အဘယ်ကြောင့် စုဝေးပွဲများတွင် သင်တို့ မိတ်သဟာယပြုကာ စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိကြသနည်း။ စုဝေးပွဲများတွင် ဤကဲ့သို့သော အရေးပါသည့် ကိစ္စများကို ဖြေရှင်းရန် သမ္မာတရား လုံးဝ မရှာဖွေသကဲ့သို့ ထိုအစား သေးငယ်သည့် ကိစ္စတစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယပြုရင်း စုဝေးပွဲတစ်ခုလုံးကို အချိန်ကုန်ဆုံးစေလျက် အရေးမပါသကဲ့သို့ ငြီးငွေ့ဖွယ်ဖြစ်သော အရာများကို မပြီးနိုင်မဆုံးနိုင် မိတ်သဟာယပြုပါက၊ အချိန်ကိုလည်း ဖြုန်းတီးရင်း ခြေခြေမြစ်မြစ်ဖြစ်သော မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ပါက သင်၏ တကယ့် တာဝန်များကို သင်လျစ်လျူရှုနေခြင်း မဟုတ်လော။ ဤသို့ဆက်ဖြစ်ပါက သင်တို့အားလုံးသည် နားဝေတိမ်တောင်ဖြစ်ပြီး မိမိတို့၏တာဝန်များကို ကောင်းစွာ မထမ်းဆောင်သကဲ့သို့ သမ္မာတရား စံမမီသည့် ညံ့ဖျင်းသော အစွမ်းအစရှိသည့် အသုံးမကျသောသူများသာ ဖြစ်လာကြလိမ့်မည်။ စုဝေးပွဲများတွင် မိတ်သဟာယပြုသင့်သည့်အရာများကို သင်တို့ မိတ်သဟာယမပြုသကဲ့သို့ စုဝေးပွဲများတွင် မိတ်သဟာယမပြုသင့်သည့်အရာများကို မပြီးနိုင်မဆုံးနိုင် သင်တို့ မိတ်သဟာယပြုကြသည်။ စုဝေးပွဲများတွင် အဓိပ္ပာယ်မဲ့ အချိန်ဖြုန်းတီးရင်း လူတိုင်းကို သင်တို့နှင့်အတူ လိုက်၍ စုံစမ်းစစ်ဆေးစေလျက် သမ္မာတရားနှင့် မည်သို့မျှ မပတ်သက်သည့် အရာများ သင်တို့ကိုယ်ပိုင် လွဲချော်သော သိနားလည်မှုများနှင့် အရေးမပါသော ကိုယ်ရေးကိုယ်တာ ကိစ္စများကို သင်တို့ အစဉ် မိတ်သဟာယပြုကြသည်။ ဤအရာက ဘုရားသခင် ရွေးချယ်ထားသူများ၏ အသက်ဝင်ရောက်မှုကို ထိခိုက်သည်သာမက အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကိုလည်း နှောင့်နှေးစေသည်။ ဤအရာက အသင်းတော် အလုပ်ကို မွှေနှောက်ပြီး နှောင့်ယှက်နေသည် မဟုတ်လော။ ဤကဲ့သို့သော အပြုအမူကို အနှောင့်အယှက်တစ်ခုအဖြစ် အမည်တပ်သင့်၏။ တမင်တကာလုပ်သော အနှောင့်အယှက်ဖြစ်ပြီး ဤသို့ပြုမူသောလူများကို ကန့်သတ်သင့်သည်။ အနာဂတ်တွင် စုဝေးပွဲများတွင် ဘုရားနှုတ်ကပတ်တော်များ စားသောက်ခြင်း၊ သမ္မာတရားကို မိတ်သဟာယပြုခြင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းခြင်းနှင့် လူတို့၏ တာဝန်များရှိ အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းခြင်းတို့သာ ပြုလုပ်ရန် ကန့်သတ်သင့်သည်။ အရေးမပါသကဲ့သို့ မဆီလျော်သော ကိစ္စများ၊ သို့မဟုတ် နေ့စဉ် ဘဝပေးအသိ ကိစ္စများနှင့် စပ်လျဉ်းသောအရာများ တစ်ခုတလေကို စုဝေးပွဲများတွင် မိတ်သဟာယမပြုသင့်ပေ။ ညီအစ်ကို မောင်နှမများက မိမိတို့ကြားတွင် မိတ်သဟာယပြုခြင်းအားဖြင့် ဤကိစ္စများကို ဖြေရှင်းနိုင်ပေသည်။ ယင်းတို့ကို စုဝေးပွဲများတွင် မိတ်သဟာယပြုရန် မလိုအပ်ပေ။

အသင်းတော်တွင် ဘုရားနှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မူမမှန်သော သိနားလည်မှုရှိသည့် ချစ်တီးခေါင်းသန်းရှာလုပ်သောလူများ အမြဲရှိသည်။ လူ၏ ကောင်းမွန်သော အပြုအမူများအကြောင်း ငါမိတ်သဟာယပြုသည့်အခါ ဤလူများသည် မိမိတို့အပြုအမူတွင် အမှန်တကယ် အားထုတ်ကြ၏။ ဤအရာများနှင့် ပတ်သက်၍ အဘယ်ကြောင့် ငါတို့ မိတ်သဟာယပြုရမည်ကို ၎င်းတို့ မသိကြချေ။ ငါ့ကို ပြောလော့၊ ဤကိစ္စနှင့် ပတ်သက်၍ ငါတို့ အဘယ်ကြောင့် မိတ်သဟာယပြုရန် လိုအပ်သနည်း။ ဤကိစ္စနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းအားဖြင့် မည်သည့်အရာကို ငါတို့ ရရှိချင်ကြသနည်း။ ဤကိစ္စနှင့် ပတ်သက်၍ အဘယ်ကြောင့် မိတ်သဟာရပြုရမည်ဆိုသည်ကို ပထမဦးစွာ ပြောကြစို့။ လူ၏ ကောင်းမွန်သော အပြုအမူများ၏ အကြောင်းအရာနှင့် ဘုရားသခင် တောင်းဆိုသည့် အပြုအမူများအတွက် စံများသည် မည်သည့် ဆက်စပ်အကြောင်းအရာဖြင့် ဖြစ်ပေါ်ကြသနည်း။ “သမ္မာတရားကို လိုက်စားခြင်း ဆိုသည်မှာ”နှင့်ဆိုင်သည့် အကြောင်းအရာအပေါ် ငါတို့ မိတ်သဟာယပြုနေစဉ်တွင် ဖြစ်ပေါ်၏။ ဤကိစ္စသည် လူက သမ္မာတရား လိုက်စားသင့်ပုံနှင့် တိုက်ရိုက်ဆက်နွှယ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၏ အကျိုးဆက်တစ်ခုအနေဖြင့် လူတို့ ထုတ်ဖော်ပြသည့် အပြုအမူကောင်းများမှာ သမ္မာတရားနှင့် သက်ဆိုင်ပြီး သမ္မာတရားနှင့် ဆက်နွှယ်၏။ အပြုအမူတစ်ရပ်သည် လူတစ်ဦးအတွက် မည်မျှကောင်းမွန်ပုံရပါစေ သမ္မာတရား လိုက်စားခြင်း မပါဝင်ပါက ယင်းသည် သမ္မာတရားနှင့် မဆက်နွှယ်သည့်အရာတစ်ခု ဖြစ်သည်။ လူအချို့က “မှားသည်။ အပြုအမူကောင်းများသည် သမ္မာတရား စံမမီဟု ကိုယ်တော် ပြောခဲ့သည် မဟုတ်ပါလား။ ကျွန်ုပ် နားမလည်ပါ”ဟု ဆိုကြလိမ့်မည်။ ဤကိစ္စရပ်ကို သင်တို့ ရှင်းပြနိုင်သလော။ “သမ္မာတရားကို လိုက်စားခြင်း ဆိုသည်မှာ”နှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်း၏ ဆက်စပ်အကြောင်းအရာဖြင့် လူတို့က မိမိတို့၏ အယူအဆများအတိုင်း ကောင်းမည်ဟု ယုံကြည်ထားသည့် အပြုအမူများကို ငါ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ပြီး ယင်းတို့ကို ငါ ဆန်းစစ်ဝေဖန်ကာ ရှုတ်ချခဲ့သည်။ တစ်ချိန်တည်းတွင်ပင် လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ မည်သည့် စံများကို ဘုရားသခင် သတ်မှတ်ပြီးဖြစ်ကြောင်း လူတို့အား ငါ အသိပေးခဲ့ကာ ပုံမှန်လူ့သဘာဝ အသက်ရှင်နေထိုင်ရန် မှန်ကန်သော လမ်းကြောင်းကို ငါ ပေးခဲ့၍ ထိုသို့ဖြင့် ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းကို ဆန်းစစ်ရန် စံများကို ၎င်းတို့အား ပိုင်ဆိုင်စေခဲ့သည်။ ဤအခြေခံအုတ်မြစ်အပေါ်တွင် ငါနောက်ဆုံး စွမ်းဆောင်ရရှိခဲ့သည့် အကျိုးတရားမှာ လူတို့အား မိမိတို့၏ အယူအဆများအတိုင်း ကောင်းမွန်သည်ဟု ၎င်းတို့ ထင်မြင်ကြသည့် အပြုအမူများမှာ သမ္မာတရား၏ စံများမဟုတ်သကဲ့သို့ သမ္မာတရား မပါဝင်ကြောင်းနှင့် သမ္မာတရားနှင့် မဆက်နွှယ်ကြောင်း အသိပေးခြင်းဖြစ်ကာ ထိုသို့ဖြင့် ထိုအပြုအမူကောင်းများကို လိုက်နာစောင့်ထိန်းခြင်းသည် သမ္မာတရား လိုက်စားခြင်းဖြစ်သည်ဟု တလွဲယုံကြည်နေခြင်းမှ လူတို့ကို တားဆီးခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် ၎င်းတို့အနေဖြင့် ဘုရားသခင် တောင်းဆိုသည့် အပြုအမူများအတွက် စံများကို ပြည့်မီသည့်အခါတွင်သာ ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းအတွက် စံနှုန်းများကို ဖြည့်ဆည်းပြီးဖြစ်ကြောင်း လူတို့ကို ငါ အသိပေးပြီးဖြစ်သည်။ လူက ထောက်ခံသည့် အပြုအမူကောင်းအားလုံးမှာ အယောင်ဆောင်ခြင်းနှင့် အတုအယောင်ဖြစ်ကြောင်း၊ ယင်းတို့သည် ဟန်ဆောင်ခြင်းနှင့် ပြစားခြင်းတစ်ခုသာ ဖြစ်ကြောင်း၊ အားလုံးက မမှန်ကန်ကြောင်း၊ အားလုံးသည် စာတန်၏ အကြံများဖြင့် ရောနှောနေကြောင်း၊ ယခု ဤအရာများအားလုံးသည် ပျောက်သွားပြီး လူတို့ထဲတွင် မရှိတော့ကြောင်း ငါ ပြောပြီးဖြစ်သည့်အတွက် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့ မသိကြသလော။ ၎င်းတို့က “သို့ဆိုလျှင် မည်သည့်အရာအားဖြင့် ကျွန်ုပ် အသက်ရှင်သင့်သနည်း။ ဘုရားသခင် တောင်းဆိုသည့် အပြုအမူ၏ တကယ့် စံများမှာ အဘယ်နည်း”ဟု မိမိတို့ကိုယ်ကို တွေးကြသည်။ လူ၏ အပြုအမူနှင့် ပတ်သက်၍ ဘုရားသခင်တွင် ရှိသည့် တောင်းဆိုချက်များ၊ စံများနှင့် ခိုင်လုံသော ပြောဆိုချက်များဖြစ်သည်မှာ ရိုးရှင်းလှပေ၏။ လူတို့သည် ဘုရားသခင် တောင်းဆိုသည့် စစ်မှန်မှုများကို အသက်ရှင်နေထိုင်သရွေ့ ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းအတွက် စံနှုန်းများကို ၎င်းတို့ ပြည့်မီပြီးဖြစ်လိမ့်မည်။ ၎င်းတို့အနေဖြင့် ချစ်တီးခေါင်း သန်းရှာလုပ်ကြလိမ့်မည် မဟုတ်၊ ဦးနှောက်ခြောက်ကြလိမ့်မည် မဟုတ်၊ သို့မဟုတ် ဤကိစ္စနှင့် ပတ်သက်၍ မရှင်းမလင်း ဖြစ်ကြလိမ့်မည် မဟုတ်ပေ။ ပုံမှန် လူ့သဘာဝက အသက်ရှင်နေထိုင်သင့်သည့် စံများကို လူတစ်ဦးက ပြည့်မီသည့်အခါ သမ္မာတရား လိုက်စားခြင်း လမ်းပေါ်ရှိ လက်တွေ့ကျသော ပြဿနာတစ်ခုကို ၎င်းတို့ ဖြေရှင်းပြီးဖြစ်သည် မဟုတ်လော။ ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်ဖို့ အတားအဆီးတစ်ခုကို ဖယ်ရှားကာ အဟန့်အတားတစ်ခုကို ဖြေရှင်းပြီး ဖြစ်သည် မဟုတ်လော။ ယခုဆိုလျှင် အနည်းဆုံးအနေဖြင့် ပညာကောင်းကောင်း တတ်ခြင်းနှင့် အသိတရားရှိခြင်း၊ ကြည်သာခြင်းနှင့် ဖော်ရွေခြင်းတို့ကဲ့သို့သော လူသားမျိုးနွယ်က ချီးမွမ်းကြသည့် အပြင်ပိုင်း လုပ်နည်းကိုင်နည်းများမှာ လူ၏ လိုက်စားခြင်းအတွက် ရည်မှန်းချက်ပန်းတိုင်များ မဟုတ်တော့ပေ။ သို့မဟုတ် ပိုမိုတိကျသော ဝေါဟာရဖြင့် ပြောရလျှင် သမ္မာတရား လိုက်စားသည့် လူတို့က အပြင်ပန်း အသက်ရှင်နေထိုင်ဖို့ ကြိုးပမ်းသည့် ပန်းတိုင်တစ်ခု မဟုတ်တော့သကဲ့သို့ ယင်းမှာ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်သင့်သည့် စံနှုန်းတစ်ခုလည်း မဟုတ်တော့ချေ။ ချုပ်တည်းရန်နှင့် သူတော်စင်ကဲ့သို့ လူမှုကျင့်ဝတ်ပိုင်ဆိုင်ရန် စသည့်လိုအပ်ချက်ဖြင့် အစားထိုးပြီး ဖြစ်သည်။ ဘုရားသခင်၏ ဤတောင်းဆိုချက်များသည် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် လူသားအတွက် စံများ ဖြစ်သည်။ ယင်းတို့သည် ပုံမှန်လူ့သဘာဝက အသက်ရှင်နေထိုင်သင့်သည့် ပုံသဏ္ဌာန် ဖြစ်သည်။ ဤနည်းဖြင့် သမ္မာတရား လိုက်စားခြင်းအတွက် အခြေခံအကျဆုံး သတ်မှတ်ချက်၊ ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို အတည်ပြုပြီး ဖြစ်သည် မဟုတ်လော။ ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း၏ ပန်းတိုင်မှာ လူတို့က ပညာကောင်းကောင်းတတ်ရန်နှင့် အသိတရားရှိရန်၊ နူးညံ့သိမ်မွေ့ရန်နှင့် ယဉ်ကျေးရန်၊ ဖော်ရွေရန်၊ ရည်မွန်ရန်၊ သက်ကြီးသူကို ရိုသေပြီး ငယ်သူကို ဂရုစိုက်ရန် စသည်တို့ မဟုတ်ကြောင်းဖြစ်သည့် အဓိကအကျဆုံး၊ အခြေခံအကျဆုံး အရာကို အတည်ပြုပြီးဖြစ်သည်။ ထို့ထက် ဘုရားသခင် တောင်းဆိုသည့် ပုံမှန်လူ့သဘာဝကို ၎င်းတို့ အသက်ရှင်နေထိုင်ရန် ဖြစ်သည်။ ဤအရာတွင် အယောင်ဆောင်မှုများနှင့် စာတန်၏ အကြံတစ်ခုမျှ မရှိပေ။ ထိုအစား ယင်းမှာ ပုံမှန် လူ့သဘာဝကို အမှန်တကယ် အသက်ရှင်နေထိုင်ခြင်း၊ ဖွင့်ထုတ်ခြင်းများနှင့် အပြုအမူတို့ ဖြစ်သည်။ ထိုသို့ပင် မဟုတ်သလော။ (ဟုတ်ပါသည်။) ဤရှုထောင့်အမြင်မှကြည့်လျှင် လူတစ်ဦးက သူ၏အယူအဆများတွင် မှန်ကန်ပြီး ကောင်းမြတ်သည်ဟု ကိုင်စွဲထားသည့်အရာများ အကြောင်းအရာအောက်တွင် ရှိသည့် လူ၏ အပြုအမူကောင်းများနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယပြုသည့်အပြင် ဘုရားသခင် တောင်းဆိုသည့် အပြုအမူအတွက် စံများကိုလည်း ငါတို့ မိတ်သဟာယပြုသည့်အခါ ဤအရာများသည် သမ္မာတရား လိုက်စားခြင်းနှင့် ဆက်နွှယ်ကြသလော။ (ဆက်နွှယ်ပါသည်။) ဟုတ်ပေ၏၊ ဆက်နွှယ်ပေသည်။ ဤအရာက လူ၏ သမ္မာတရား လိုက်စားခြင်းအတွက် အခြေခံကျသော ဦးတည်ချက်နှင့် ပန်းတိုင်ကို အတိုင်းအတာတစ်ခုထိ အတည်ပြုသည်။ ဤအရာက အနည်းဆုံးအနေဖြင့် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းအတွက် သင်၏ ပန်းတိုင်မှာ သမ္မာတရားကို သင် စတင်မလိုက်စားမီတွင် မှန်ကန်လိမ့်မည်ဟု ဆိုလိုပေသည်။ ဤပန်းတိုင်သည် လူလုပ်နည်းလမ်းတစ်ခု မဟုတ်။ ပြရုပ်တင်ခြင်း၊ သို့မဟုတ် အယောင်ဆောင်ခြင်း မဟုတ်။ ထို့ထက် ဘုရားသခင် တောင်းဆိုသည့် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ဤအကြောင်းအရာသည် တကယ့် သမ္မာတရား လိုက်စားခြင်းနှင့် အတော်အတန် ကွာခြားနေသေးသော်လည်း သမ္မာတရား လိုက်စားခြင်း၏ အဓိကကျသော ရည်မှန်းချက်အတွက်မူ မုချလိုအပ်ပေသည်။ ယင်းမှာ အပြုအမူအတွက် လူတို့ နားလည်သင့်သည့် အရိုးရှင်းဆုံးနှင့် အခြေခံအကျဆုံး စံဖြစ်သည်။ ဤမိတ်သဟာယအကြောင်းအရာသည် သမ္မာတရား လိုက်စားခြင်းနှင့် မည်မျှ ကွာခြားသည်ဖြစ်စေ၊ သမ္မာတရား၏ စံများနှင့် မည်မျှ ကွာခြားသည်ဖြစ်စေ ယင်းသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် လူသားမျိုးနွယ်ကို ဘုရားသခင် ပေးထားပြီးဖြစ်သည့် အပြုအမူဆိုင်ရာ စံများနှင့် ဆက်စပ်နေသောကြောင့် သမ္မာတရား၏ စံများနှင့်လည်း အတိုင်းအတာတစ်ခုထိ ဆက်စပ်ပေသည်။ ထို့ကြောင့် ဤကိစ္စများကို လူတို့ နားလည်သင့်၏။ လူ၏ အပြုအမူအတွက် ဘုရားသခင်ထားရှိသည့် ဤတောင်းဆိုချက်များမှာ လူတို့လိုက်နာသင့်သည့် စံများဖြစ်ပြီး လျစ်လျူမရှုရပေ။ ဤကိစ္စများကို နားလည်ပြီးသည့်နောက်တွင် လူတို့သည် အနည်းဆုံးအနေဖြင့် ပုံမှန် လူ့သဘာဝ အသက်ရှင်နေထိုင်ရာတွင်လည်းကောင်း၊ ၎င်းတို့၏ အပြင်ပိုင်း လုပ်နည်းကိုင်နည်းများတွင်လည်းကောင်း အထူးသဖြင့် အနောက်တိုင်းသားများက အမျိုးသားများအား လူကြီးလူကောင်းများဖြစ်ရန်၊ အမျိုးသမီးများအတွက် တံခါးဖွင့်ပေးရန်၊ အမျိုးသမီးတစ်ဦး ထိုင်သည့်အခါ သူမအတွက် ထိုင်ခုံဆွဲထုတ်ပေးရန်နှင့် အများပြည်သူသွားလာသည့် နေရာများတွင် အမျိုးသမီးများကို ဦးစားပေးရန် မျှော်လင့်ကြပုံကဲ့သို့ ပညာကောင်းကောင်းတတ်ပြီး အသိတရားရှိသည့်၊ နူးညံ့သိမ်မွေ့သည့်၊ ယဉ်ကျေးဖွယ်ရာသည့်၊ ရည်မွန်၊ ဖော်ရွေသည့်၊ သို့မဟုတ် ကြည်သာသည့် လူစားမျိုးဖြစ်ရန် ကြိုးစားကြလိမ့်မည် မဟုတ်ချေ။ ဤအပြုအမူကောင်းများအပေါ် လူတို့က ချင့်ချိန်နိုင်စွမ်း ရရှိကြသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် ကြိုးပမ်းကြသည့်အခါ၊ သို့မဟုတ် ပုံမှန်လူ့သဘာဝ၏ အပြုအမူများကို ၎င်းတို့ လိုက်စားကြသည့်အခါ အနည်းဆုံးအနေဖြင့် ယင်းတို့ကို မိမိတို့၏ စံနှုန်းများအဖြစ် မှတ်ယူကြလိမ့်မည် မဟုတ်ပေ။ ထိုအစား မိမိတို့၏ နှလုံးသားနှင့် စိတ်များတွင် ဤအရာများကို စွန့်ပစ်ကြလိမ့်မည်။ ယင်းတို့၏ လွှမ်းမိုးမှုနှင့် ချည်နှောင်မှုကို ၎င်းတို့ ခံရလိမ့်မည် မဟုတ်တော့ချေ။ ဤသည်မှာ သင်တို့ လုပ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်သည်။ “ကောင်းပြီ၊ ထိုလူသည် ပညာကောင်းကောင်းမတတ်သကဲ့သို့ အသိတရားမရှိပါ”ဟု ပြောသေးသည့် တစ်စုံတစ်ဦးရှိပါက သင်၏ တုံ့ပြန်မှုက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်သည် ၎င်းတို့ကို စိုက်ကြည့်ကာ “သင် တလွဲပြောပြီ။ ဤသည်မှာ ဘုရားအိမ်တော်ဖြစ်သည်။ ‘ပညာကောင်းကောင်းတတ်ပြီး အသိတရားရှိသည်’ ဆိုသည်မှာ မည်သည့်အရာကို သင် ဆိုလိုသနည်း။ ယင်းသည် သမ္မာတရား မဟုတ်သကဲ့သို့ ကျွန်ုပ်တို့ အသက်ရှင်နေထိုင်သင့်သည့် လူသားပုံသဏ္ဌာန် မဟုတ်ပါ”ဟု ၎င်းတို့ကို ရိုးတိုးရိပ်တိပ် ပြောလိမ့်မည်။ လူအချို့က “ကျွန်ုပ်တို့ ခေါင်းဆောင်သည် သက်ကြီးသူကို မရိုသေသကဲ့သို့ ငယ်ရွယ်သူကို ဂရုမစိုက်ပါ။ ကျွန်ုပ်သည် အသက်အရွယ် ကြီးရင့်ပြီးသား ဖြစ်သည့်တိုင် ကျွန်ုပ်ကို အန်တီဟု သူ မခေါ်ပါ။ ကျွန်ုပ်၏ နာမည် ရှေ့ဆုံးစာလုံးကိုသာ ခေါ်သည်။ ထိုသို့ သူ မလုပ်သင့်ပါ။ ကျွန်ုပ်၏ မြေးများသည် သူ့ထက် အသက်ကြီးကြသည်။ ဤသို့လုပ်ခြင်းအားဖြင့် သူသည် ကျွန်မကို အထင်သေးခြင်း မဟုတ်လော။ သူသည် လူများနှင့် ပတ်သက်၍ မဖော်ရွေပါ၊ သို့မဟုတ် သဘောမကောင်းပါ။ သူ၏ အပြုအမူမှ အကဲဖြတ်ရလျှင် သူသည် ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ပါ”ဟု ဆိုကြသည်။ ဤအမြင်ကို သင် အဘယ်သို့ တွေးထင်သနည်း။ သက်ကြီးသူကို ရိုသေပြီး ငယ်သူကို ဂရုစိုက်ခြင်းသည် သမ္မာတရား မဟုတ်ပေ။ သင်သည် လူတို့ကို ၎င်းတို့၏ အပြင်ပိုင်း အပြုအမူများနှင့် သရုပ်သကန်များအပေါ် အခြေခံ၍ မဆန်းစစ်သင့်ဘဲ ဘုရားနှုတ်ကပတ်တော်များအတိုင်း သမ္မာတရားကို သင်၏စံအဖြစ် ထားလျက် ဆန်းစစ်သင့်သည်။ ဤအရာများသာ လူတို့ကို ဆန်းစစ်ခြင်းအတွက် စည်းမျဉ်းများ ဖြစ်သည်။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ငါတို့ မည်သို့ ဆန်းစစ်သင့်သနည်း။ ၎င်းတို့အနေဖြင့် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်း ရှိမရှိ၊ ဘုရားရွေးချယ်ထားသောလူတို့အား ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် သမ္မာတရား နားလည်ရန် ဦးဆောင်နိုင်ခြင်း ရှိမရှိ၊ အသင်းတော်ထဲရှိ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်းနှင့် အရေးပါသည့် အလုပ်အချို့ကို ပြီးမြောက်နိုင်ခြင်းရှိမရှိတို့ကို သင် ကြည့်သင့်သည်။ ဥပမာအားဖြင့် ဧဝံဂေလိအလုပ်သည် မည်သည့် အခြေအနေ ရှိသနည်း။ အသင်းတော် အသက်တာ မည်သည့် အခြေအနေရှိသနည်း။ ဘုရားသခင် ရွေးချယ်ထားသူများသည် မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်နေကြသလော။ မတူကွဲပြားသော အထူးပြုအလုပ်တာဝန်များအားလုံး မည်သို့ ခရီးပေါက်နေကြသနည်း။ မယုံကြည်သူများ၊ ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များ ဖယ်ထုတ်ခြင်း ခံရပြီးပြီလော။ ဤသည်တို့မှာ အသင်းတော်၏ အရေးပါသော အလုပ်များ ဖြစ်၏။ ခေါင်းဆောင်များနှင့် အမှုဆောင်များအား အကဲဖြတ်ရာတွင် အဓိကအားဖြင့် ၎င်းတို့က ဤအလုပ်များကို မည်မျှကောင်းမွန်စွာ ထမ်းဆောင်ကြသည်ကို ကြည့်ခြင်းဖြင့် လုပ်ဆောင်ရပေသည်။ ၎င်းတို့သည် ဤကဏ္ဍအားလုံးတွင် ထိရောက်ကြလျှင် အရည်အချင်းရှိသော ခေါင်းဆောင်များ ဖြစ်သည်။ ၎င်းတို့၏ အပြုအမူက အနည်းငယ် ချို့တဲ့နေလျှင်ပင် ကြီးမားသည့် ပြဿနာ မဟုတ်ပေ။ အပြင်ပိုင်း အပြုအမူကိုသာ ကြည့်ခြင်းသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦး သင့်တော်ခြင်း ရှိမရှိဆိုသည်ကို ဆန်းစစ်ခြင်းအတွက် စံနှုန်းမဟုတ်ပေ။ လူတစ်ဦးသည် ဤအရာကို လူ၏ရှုထောင့်အမြင်မှကြည့်ပါက ခေါင်းဆောင်သည် ပိုမိုအသက်ကြီးသော အမျိုးသမီးကို အန်တီ၊ သို့မဟုတ် အဖွားဟု မခေါ်သောကြောင့် ရိုင်းပုံပေါ်မည်ဖြစ်သည်။ သို့ရာတွင် သူ့ကို ဆန်းစစ်ရန် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပါက ဤခေါင်းဆောင်သည် အသင်းတော်အလုပ်၏ ကဏ္ဍတိုင်းကို ထမ်းနိုင်သောကြောင့် စိတ်ကျေနပ်ဖွယ်ဖြစ်ကာ သင့်တော်သည့်လူကို ဘုရားရွေးချယ်ထားသူတို့က ရွေးချယ်ခဲ့ပေသည်။ သူသည် ဘုရားရွေးချယ်ထားသူတိုင်း၏ အသက်ဝင်ရောက်မှုအတွက် အထောက်အကူဖြစ်ပြီး အကျိုးပြုကာ ဧဝံဂေလိအလုပ်ကို ကောင်းစွာ လုပ်ဆောင်ပေသည်။ လူတိုင်းက သူ၏ ခေါင်းဆောင်မှုကို လက်ခံကာ သူ၏အလုပ်နှင့်ပတ်သက်၍ ပူးပေါင်းလုပ်ဆောင်သင့်သည်။ တစ်စုံတစ်ဦးသည် ဤခေါင်းဆောင်၏ အလုပ်နှင့် ပတ်သက်၍ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိပါက၊ သို့မဟုတ် အမှုအရာများကို သူ့အတွက် ခက်ခဲစေပါက၊ သို့မဟုတ် ဤခေါင်းဆောင်က ကြီးသူကို ရိုသေခြင်းနှင့် ငယ်သူကို ဂရုစိုက်ခြင်းကဲ့သို့သော အပြင်ပိုင်း အပြုအမူကောင်းများကို မပိုင်ဆိုင်ရုံသက်သက်ကြောင့် သူ့ကို ဝေဖန်ရန် နိုင်ကွက်ကို ရှာဖွေပါက ဤသည်မှာ အသင်းတော်အလုပ်အတွက် အကျိုးမပြုပေ။ ဤသည်မှာ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးအပေါ် စည်းမျဉ်းနှင့်အညီ ပြုမူခြင်း မဟုတ်ဘဲ အသင်းတော် အလုပ်ကို နှောင့်ယှက်ကာ ဟန့်တားခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤသို့သော လူများသည် မှန်ကန်သည့်ဘက်တွင် မရှိ။ မကောင်းမှုကို လုပ်ဆောင်နေကြခြင်း ဖြစ်၏။ မိမိတို့၏ အကြီးအကဲများကို မလေးစားသည့် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦးကို သင် တွေ့ပါက ပြီးလျှင် အကျိုးဆက်အနေဖြင့် ၎င်းက ထိုမျှကောင်းသည့် လူမဟုတ်ဟု တွေးထင်ပြီး ၎င်း၏ ခေါင်းဆောင်မှုကို လက်မခံသကဲ့သို့ ၎င်းကို ရှုတ်ပင်ရှုတ်ချပါက မည်သည့်အမှားကို သင် ပြုလုပ်နေမိသနည်း။ ဤသည်မှာ လူတို့ကို ရိုးရာယဉ်ကျေးမှု၏ အမြင်များအရ လူ၏ စံနှုန်းများ အသုံးပြုလျက်၊ ဆန်းစစ်ခြင်း၏ ဆိုးယုတ်သည့် ရလဒ်ဖြစ်သည်။ လူတိုင်းက ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားနှင့်အညီ လူများကို ဆန်းစစ်ကာ ခေါင်းဆောင်နှင့် အမှုဆောင်များကို ရွေးချယ်နိုင်ပါက ယင်းသည် မှန်ကန်တိကျကာ ဘုရားအလိုတော်နှင့် ကိုက်ညီလိမ့်မည်။ လူတို့သည် အခြားသူများကို မျှမျှတတ ဆက်ဆံနိုင်လိမ့်မည်ဖြစ်ပြီး အသင်းတော် အလုပ်၏ ပုံမှန်တိုးတက်မှုကို ထိန်းသိမ်းနိုင်ကြလိမ့်မည်။ ဘုရားသခင်သည် စိတ်ကျေနပ်လိမ့်မည်ဖြစ်ပြီး လူသည် စိတ်ကျေနပ်လိမ့်မည်။ ဤသည်မှာ မှန်သည် မဟုတ်လော။

လူတို့၏ “အပြုအမူကောင်း”ဟု ခေါ်သည့်အရာကို ငါ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ပြီး လူ၏ အပြုအမူအတွက် ဘုရားသခင်၏ တောင်းဆိုချက်များရှိ စံနှုန်းများ၊ အခြားသူများကို လူတို့ ရှုမြင်သည့် ရှုထောင့်အမြင်နှင့် ဆန်းစစ်ရန် ၎င်းတို့ အသုံးပြုသည့် စံနှုန်းများ ပြောင်းလဲပြီးဖြစ်ကြောင်းအပေါ် မိတ်သဟာယပြုခဲ့သည့်အတွက်၊ အခြားသူများကို လူတို့ မြင်သည့် အမြင်နယ်ပယ်သည် ကွဲပြားသည့်အတွက် လူတို့၏ ဆန်းစစ်ချက်များသည်လည်း ကွဲပြား၏။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို မိမိတို့ ဆန်းစစ်ချက်များ၏ အခြေခံအဖြစ် အသုံးပြုပါက ရလဒ်သည် မုချ မှန်ကန်၍ တရားမျှတကာ ဓမ္မဓိဋ္ဌာန်ကျလိမ့်မည်ဖြစ်ကာ လူတိုင်းအတွက် အကျိုးရှိလိမ့်မည်။ လူတို့ ဆန်းစစ်ချက်များ၏ ရှုထောင့်အမြင်၊ နည်းစနစ်နှင့် အခြေခံတို့သည် လူက မှန်ကန်ပြီး ကောင်းမွန်သည်ဟု တွေးထင်သည့်အရာများ ဖြစ်ပါက ရလဒ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ တစ်စုံတစ်ဦးက လူကောင်းများကို မမှန်မကန် စွပ်စွဲ၊ ရှုတ်ချမိသွားမည်၊ သို့မဟုတ် ကြောင်သူတော်များ၏ လှည့်စားခြင်း ခံရကောင်းခံရနိုင်ပြီး လူတစ်ဦးကို တရားမျှတစွာ အကဲဖြတ်ကာ ဆက်ဆံနိုင်မည်မဟုတ်ပေ။ လူ၏ အခြေခံမှားယွင်းသည်နှင့်အမျှ နောက်ဆုံးရလဒ်သည် ဧကန်မုချ မှားယွင်းလိမ့်မည်၊ တရားမျှတခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့ ဘုရားအလိုတော်နှင့် ကိုက်ညီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အပြုအမူကောင်းအပေါ် လူတို့၏ အယူအဆများ၏ အနှစ်သာရနှင့် ပတ်သက်၍ စိတ်ဖြာလေ့လာဆွေးနွေးကာ မိတ်သဟာယပြုဖို့ လိုအပ်သလော။ ဤအရာသည် သမ္မာတရား လိုက်စားခြင်းနှင့် တစ်ခုတစ်လေ ဆက်နွှယ်မှု ရှိသလော။ အလွန်နီးကပ်စွာ ဆက်နွှယ်၏။ ဤအကြောင်းအရာသည် ပုံမှန် လူ့သဘာဝကို လူတို့ အသက်ရှင်နေထိုင်ခြင်း၊ လူ၏ အပြင်ပန်း လုပ်နည်းကိုင်နည်းများနှင့် ဖွင့်ထုတ်မှုတို့နှင့်သာ ဆက်နွှယ်နေသော်လည်း ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းအတွက် ဘုရားသခင် တောင်းဆိုသည့် မှန်ကန်သော စံများ လူတို့ ရှိကြသည့်အခါ အခြားသူများကို ဆန်းစစ်ခြင်းအတွက်၊ လူများနှင့် အမှုအရာများကို ရှုမြင်ခြင်းနှင့် ပြုမူနေထိုင်ကာ ဆောင်ရွက်ခြင်းတို့အတွက် မှန်ကန်ပြီး စံကိုက်သည့် အခြေခံများနှင့် စံများ ရှိကြလိမ့်မည်။ ထို့ကြောင့် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ၎င်းတို့ သမ္မာတရား လိုက်စားခြင်း၏ ဦးတည်ချက်၊ လမ်းကြောင်းနှင့် ပန်းတိုင်တို့သည် သာ၍ မှန်ကန်တိကျလိမ့်မည် မဟုတ်လော။ (တိကျပါလိမ့်မည်။) သာ၍ တိကျကာ သာ၍ စံကိုက်ဖြစ်လိမ့်မည် ဖြစ်သည်။ ဤအကြောင်းအရာများသည် အတော်အတန် ရိုးရှင်းသော်လည်း လူများနှင့် အမှုအရာများအပေါ် လူ၏ အမြင်များ၊ လူ၏ ပြုမူနေထိုင်ခြင်း၊ လုပ်ရပ်တို့နှင့် လက်တွေ့အကျဆုံး၊ အစစ်အမှန်ဆုံးနှင့် အနီးကပ်ဆုံး နည်းလမ်းဖြင့် ဆက်နွှယ်ပေသည်။ ၎င်းတို့သည် လုံးဝ အနှစ်မဲ့ခြင်း မရှိပေ။

လူတို့က မိမိတို့၏ အယူအဆများအတိုင်း မှန်ကန်ပြီး ကောင်းမွန်သည်ဟု ယုံကြည်သောအရာနှင့်ဆိုင်သည့် အကြောင်းအရာကို ငါ များစွာပြောနှင့်ပြီး ဖြစ်သည်။ ဤအကြောင်းအရာများသည် အတိုင်းအတာတစ်ခုထိ သမ္မာတရားနှင့် ကွာခြားကာ သမ္မာတရားလောက် မြင့်မားခြင်း မရှိသော်လည်း လူများနှင့် အမှုအရာများအပေါ် လူ၏ အမြင်များ၊ လူ၏ ပြုမူနေထိုင်ခြင်းနှင့် လုပ်ရပ်များနှင့် ဆက်နွှယ်ကြောင်းကို သင်တို့ နားလည်သဘောပေါက်စေရန်အတွက် ငါအဖန်ဖန်ပြောပြီး ဖြစ်သည်။ ထို့ကြောင့် ဤအကြောင်းအရာများကို သမ္မာတရား မဟုတ်သည့် အကြောင်းအရာများ၊ အသိပညာ၊ သို့မဟုတ် သဘောတရားတစ်ခုအဖြစ် မယူမှတ်နှင့်။ ယင်းတို့သည် အနှစ်မမဲ့ပေ။ လူတို့က မိမိတို့၏ အယူအဆများဖြင့် မှန်ကန်ကာ ကောင်းမွန်သည်ဟု မှတ်ယူသောအရာများသည် ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရင်း၊ လူများနှင့် အမှုအရာတို့ကို ၎င်းတို့ ရှုမြင်သည့် ရှုထောင့်အမြင်နှင့် ရပ်တည်ချက် ပြီးလျှင် ၎င်းတို့ပြုမူနေထိုင်ပုံနှင့် ဆောင်ရွက်ပုံတို့ကို ထိန်းချုပ်ရင်း ၎င်းတို့ စိတ်နှလုံး၏ အနက်ဆုံးသောနေရာများတွင် အမြဲ ရှိနေသည်။ ထို့ကြောင့် ၎င်းတို့အပေါ် လူတို့က နားလည်ကာ ချင့်ချိန်နိုင်စွမ်း ရရှိနိုင်ပြီး ထိုသို့ဖြင့် ဤသို့သော အပြုအမူကောင်းများနှင့် အမှုအရာများအပေါ် လူ၏ အယူအဆများကို လက်လွှတ်ကာ ဤအရာများကို အပြုသဘောအဖြစ်၊ သို့မဟုတ် လူများနှင့် အမှုအရာများအပေါ် ၎င်းတို့ အမြင်များအတွက်လည်းကောင်း၊ ၎င်းတို့၏ ပြုမူနေထိုင်ခြင်းနှင့် လုပ်ရပ်များအတွက် အပြုအမူဆိုင်ရာ စံများအဖြစ်လည်းကောင်း မည်သည့်အခါတွင်မျှ နောက်တစ်ဖန် သဘောမထားဖို့အလို့ငှာ ဤအရာများကို ရှင်းရှင်းလင်းလင်း ရှင်းပြရမည်။ ထိုအရာများသည် သမ္မာတရား ဖြစ်ဖို့ မဆိုထားနှင့်၊ ဘုရားနှုတ်ကပတ်တော်များ လုံးဝ မဟုတ်ချေ။ သင်တို့ လုပ်ရန်လိုအပ်သည်မှာ လူများနှင့် အမှုအရာများကို သင်တို့ ရှုမြင်သည့် ရှုထောင့်အမြင်နှင့် ရပ်တည်ချက်တို့ကို စဉ်ဆက်မပြတ် ပြုပြင်ရန် ဖြစ်ပြီး သင့်စိတ်တွင် ဖြစ်ပေါ်သည့် အယူအဆနှင့် ရှုထောင့်အမြင်တို့သည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကိုလည်း စဉ်ဆက်မပြတ် ဆန်းစစ်ရင်းဖြင့် ပြုမူနေထိုင်ကာ ဆောင်ရွက်ရန် ဖြစ်သည်။ သင်၏ မှားယွင်းသော အယူအဆများနှင့် ရှုထောင့်အမြင်များကို ချက်ချင်း ပြောင်းပြန်လှန်ပစ်ရမည်ဖြစ်ပြီး ထို့နောက်တွင် မှန်ကန်သော ရပ်တည်ချက်ကို စွဲကိုင်ကာ ဘုရားသခင် တောင်းဆိုသည့် အပြုအမူဆိုင်ရာ စံများကို အသုံးပြုလျက် လူများနှင့် အမှုအရာများ ရှုမြင်၍ ပြုမူနေထိုင်ပြီး ဆောင်ရွက်ရမည်။ ဤသည်မှာသမ္မာတရား လိုက်စားခြင်း၏ အခြေခံအကျဆုံးသော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ကယ်တင်ခြင်း ရရှိရန်နှင့် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် ကြိုးပမ်းနေချိန်တွင် သင် ပိုင်ဆိုင်သင့်သည့် ဦးတည်ချက်နှင့် လိုက်စားမှု ပန်းတိုင် အမျိုးအစားတစ်ခုလည်း ဖြစ်၏။ ဤစကားများကို သင်တို့ ယခုတင် နားထောင်ပြီးဖြစ်သည်နှင့်အမျှ ယင်းတို့အပေါ် သင်၏ သိနားလည်မှုသည် ထိုမျှနက်ရှိုင်းနိုင်မည်မဟုတ်သော်လည်း၊ သို့မဟုတ် ခိုင်မာနိုင်မည်မဟုတ်သော်လည်း မစိုးရိမ်နှင့်။ ဘုရားနှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် သင်တို့၏ အတွေ့အကြုံ ဆက်လက် နက်သည်ထက်နက်လာကာ ရိုးရာယဉ်ကျေးမှု၏ အယူအဆများအတွင်း မှန်ကန်သည်ဟု ယုံကြည်ထားကြသည့် အရာများကို သင်တို့ ဆက်လက် စိတ်ဖြာလေ့လာဆွေးနွေးကာ ပိုင်းခြားသိမြင်ပြီးသည့်နောက်တွင် ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အဆိုအမိန့်များကို နောက်ဆုံးတွင် သင် စွန့်ပစ်နိုင်လိမ့်မည်။ လူတို့၏ အပြုအမူကို ရိုးရာယဉ်ကျေးမှုအတိုင်း မည်သည့်အခါတွင်မျှ သင် ထပ်မံ ဆန်းစစ်လိမ့်မည်မဟုတ်။ ထိုအစား ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအတိုင်း လူတို့ကို သင်ဆန်းစစ်လိမ့်မည်။ ဤနည်းဖြင့် ရိုးရာယဉ်ကျေးမှု၏ အယူအဆများကို သင် လုံးဝဖယ်ထုတ်ကာ စွန့်ပစ်ပြီး ဖြစ်လိမ့်မည်။ သမ္မာတရားကို သင် နားမလည်သကဲ့သို့ ရိုးရှင်းသော အယူဝါဒများကိုသာ သင် နားလည်ပြီး ရိုးရာယဉ်ကျေးမှုက တောင်းဆိုသည့် အပြုအမူများသည် မခိုင်လုံကြောင်း သင် သိရှိပါက “ငါသည် ခေတ်မီသောလူတစ်ဦးဖြစ်သည်၊ လောကီ လူစုလူဝေးများမှ ခွဲခြားခံထားရသည်။ ငါသည် ရှေးရိုးစွဲ သိပ်မဟုတ်သကဲ့သို့ ရိုးရာယဉ်ကျေးမှုကို ငါ တကယ် ငြီးငွေ့၏။ ငြီးငွေ့ဖွယ် အလေ့အထနှင့် ရိုးရာထုံးတမ်းဓလေ့များကို ငါမလိုက်နာချင်ပါ”ဟု သင် တွေးကောင်းတွေးလိမ့်မည်။ သို့ရာတွင် သင်သည် လူများနှင့် အမှုအရာများကို ရှုမြင်သည့်အခါ ၎င်းတို့ကို ရှုမြင်ပြီး ဆန်းစစ်ရန် သင်၏ အတိတ်မှ အယူအဆများကို တကယ်ပင် အလိုအလျောက် သုံးမိလျက်သားဖြစ်လိမ့်မည်။ ထိုအချိန်တွင် ခေတ်နောက်ကျသူ၊ သို့မဟုတ် အစဉ်အလာသမား သိပ်မဟုတ်သကဲ့သို့ သမ္မာတရား လက်ခံနိုင်သည့် ခေတ်မီသူတစ်ဦးဖြစ်ကြောင်း သင်၏ ပြောဆိုချက်များအားလုံးမှာ စင်စစ်အားဖြင့် မမှန်သကဲ့သို့ မှားယွင်းကြောင်းနှင့် သင်သည် မိမိကိုယ်ပိုင် ခံစားချက်များ၏ လှည့်စားခြင်း ခံခဲ့ရကြောင်း သင်သဘောပေါက်လိမ့်မည်။ သင်၏ စိတ်နှလုံးအတွင်း၌ အတွေးဟောင်းများ၊ အမြင်ဟောင်းများနှင့် အယူအဆဟောင်းများက သူတို့ဘာသာသူတို့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့ပြီးသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် သင်၏ အယူအဆများကို ပြောင်းလဲပြီး အချို့သော အတွေးများကို စွန့်ပစ်သည့်အခါ ထိုအရာများက ချက်ချင်း ပျောက်ပြယ်မသွားကြောင်းတို့ကို ထိုအချိန်မှသာ သင်သဘောပေါက်လိမ့်မည်။ သင်သည် ခေတ်သစ်လူတစ်ဦး၊ ခေတ်မီသောလူတစ်ဦးဖြစ်ကြောင်း ပြောခြင်းသည် အပေါ်ယံအဆင့် အမည်တစ်ခုသာ ဖြစ်သည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သင်သည် မတူသောမျိုးဆက်နှင့် ခေတ်ကာလတွင် မွေးဖွားသော်လည်း ခေတ်နောက်ကျပြီး ဘုရားသခင်အပေါ် ရန်လိုဆန့်ကျင်သော ထိုအရာများနှင့် လူသားမျိုးနွယ်အားလုံးတွင် ဖြစ်နေကျအရာများအားလုံးသည် သင့်တွင်လည်း လုံးဝဥဿုံ တည်ရှိသောကြောင့်သာ ဖြစ်သည်။ သင်သည် လူသားဖြစ်သရွေ့ သင့်အထဲတွင် ဤအရာများ ရှိလိမ့်မည်။ ဤအရာကို သင် မယုံကြည်ပါက ပိုများသော အတွေ့အကြုံရှိအောင်လုပ်လော့။ သင်က ငါ၏ ဤစကားများကို “အာမင်”ဟု ပြောသော နေ့တစ်နေ့ ရောက်လာလိမ့်မည်။ ဝိညာဉ်ရေးရာ ကိစ္စများကို နားမလည်သည့်လူများနှင့် မောက်မာပြီး အတ္တဆန်သည့်လူများက “ငါ့တွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ရှိသည်။ ဤလူမှုအဖွဲ့အစည်းတွင် နှစ်များစွာ ငါနေထိုင်ပြီး ဖြစ်ကာ ခေတ်သစ်၏ ယဉ်ကျေးမှုနှင့် ပညာရေး၊ အထူးသဖြင့် အနောက်တိုင်း ပညာရေးကို ငါ ထိတွေ့ပြီး ဖြစ်သည်။ ထိုခေတ်နောက်ကျသော အရာများကို အဘယ်သို့ ငါသိုထားဆဲရှိသနည်း။ ရိုးရာဓလေ့များက အဆိုးဆုံး ဖြစ်၏။ ထိုအဓိပ္ပာယ်မဲ့သော စည်းမျဉ်းများကို ငါ စက်ဆုပ်သည်။ ငါ့မိသားစု အတူစုဝေးပြီး ရိုးရာဓလေ့နှင့်ဆိုင်သော အရာများနှင့် စည်းမျဉ်းများအကြောင်း ပြောဆိုကြသည့်အခါ ငါ လုံးဝနားမထောင်ချင်ပါ”ဟု တွေးကြသည်။ အလောတကြီး မငြင်းလိုက်နှင့်။ နောက်ဆုံးတွင် သင်၏ ဤစိတ်ကူးများကို လက်လွှတ်ရသည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ စာတန် ဖောက်ပြန်ဖျက်ဆီးထားသည့် လူသားမျိုးနွယ်ဝင်ထဲတွင် သင့်ထက် ပို၍ သာမန်ဖြစ်သော သူတစ်ဦး ရှိနိုင်မည်မဟုတ်ဟု သင် ဝန်ခံလိမ့်မည်။ သင့်အထဲရှိ ခေတ်နောက်ကျသော အယူအဆများကို သင် လိုလိုလားလား လက်မခံခဲ့သော်လည်း၊ သို့မဟုတ် မဖွင့်ထုတ်ခဲ့သော်လည်း လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုနှင့် ဘိုးဘေးများက ထိုအရာများဖြင့် သင့်ကို အချိန်ကြာမြင့်စွာက ကူးစက်စေကာ ပုံသွင်းခဲ့ပေသည်။ ဤအရာများသည် သင်၏ စိတ်အတွင်းကျကျနယ်ပယ်နှင့် သင်၏ အတွေးများ၊ အယူအဆများတွင် ခြွင်းချက်မရှိ တည်ရှိ၏။ ဤသို့ အဘယ်ကြောင့် ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများသည် ရိုးရှင်းသော အဆိုအမိန့်များ မဟုတ်သကဲ့သို့ ရိုးရှင်းသော ဆိုရိုးများ၊ သို့မဟုတ် လုပ်နည်းကိုင်နည်းများ မဟုတ်ပေ။ ထို့ထက် တွေးခေါ်မှုနှင့် သဘောတရား အမျိုးအစားတစ်ခု ဖြစ်သည်။ ယင်းတို့တွင် လူကို လှည့်စားခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်း အကျိုးဆက်ရှိသည်။ ဤဆိုရိုးများနှင့် လုပ်နည်းကိုင်နည်းများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်မှ မလာပေ၊ စာတန်ထံမှ လာ၏။ စာတန်၏ တန်ခိုးအောက်တွင် သင် အသက်ရှင်နေသရွေ့ ဤအရာများ၏ ပုံသွင်းခြင်း၊ လှည့်စားခြင်းနှင့် ဖောက်ပြန်ဖျက်ဆီးခြင်းတို့ကို မရှောင်ရှားနိုင်ပေ။ ယခုတွင် ငါ၏ စကားများကို သင် ကြားပြီးဖြစ်သဖြင့် ထိုအရာများအားလုံးသည် အမှန်တရားများနှင့် သမ္မာတရားဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ငါ၏ ဤစကားများကို သင် တွေ့ကြုံပြီးဖြစ်သည့်အခါ ရိုးရာယဉ်ကျေးမှု၊ သို့မဟုတ် ငြီးငွေ့ဖွယ် အလေ့အထများနှင့် ရိုးရာထုံးတမ်းဓလေ့များ၊ သို့မဟုတ် အဓိပ္ပာယ်မဲ့ စည်းမျဉ်းများကို သင် မကြိုက်သော်လည်း လူများနှင့် အမှုအရာများအပေါ် သင်၏ အမြင်များ၊ သင်၏ ပြုမူနေထိုင်ခြင်းနှင့် လုပ်ရပ်များအတွက် အခြေခံများမှာ မလွဲမသွေ လူထံမှလာခြင်းဖြစ်သည်ကို သင်သိရှိရလိမ့်မည်။ ယင်းတို့သည် ရိုးရာယဉ်ကျေးမှု၏ အဓိကအပိုင်းနှင့် သက်ဆိုင်၏။ ရိုးရာယဉ်ကျေးမှုအတွင်းရှိ အရာများ ဖြစ်သည်။ သမ္မာတရားကို သင်၏ စံအဖြစ် မထားရှိဘဲ လူများနှင့် အမှုအရာများအပေါ် သင်၏ အမြင်များ၊ သင်၏ ပြုမူနေထိုင်ခြင်းနှင့် လုပ်ရပ်များသည် ဘုရားနှုတ်ကပတ်တော်များတွင် အခြေခံခြင်း မရှိပေ။ ထိုအချိန်တွင် သမ္မာတရားကို လူတို့ မရရှိမီ သမ္မာတရားကို မလိုက်စားပါက၊ သို့မဟုတ် နားမလည်ပါက အခြေခံအကျဆုံး ပုံမှန်လူ့သဘာဝကို ၎င်းတို့ အသက်ရှင်သည်နှင့်အမျှ စာတန်၏ အဆိပ်၊ စာတန်၏ အစိတ်အပိုင်းတစ်ခုနှင့် စာတန်၏ အကြံများကို ၎င်းတို့ သယ်ဆောင်ကြသည်ကို သင် သိလိမ့်မည်ဖြစ်ကာ ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မည်။ ၎င်းတို့ အသက်ရှင်နေထိုင်သမျှတိုင်းမှာ အပျက်သဘောဆောင်ပြီး ဘုရားသခင်၏ စက်ဆုပ်ကာ ငြင်းပယ်ခြင်း ခံရသည်။ ယင်းသည် ဇာတိပကတိသာဖြစ်ပြီး ဘုရားသခင် သတ်မှတ်ကာ နှစ်သက်၍ သူ၏ အလိုတော်နှင့် ကိုက်ညီသော အပြုသဘောဆောင်သည့် အရာများနှင့် မည်သို့မျှ မပတ်သက်ပေ။ ထပ်တူဖြစ်ခြင်း လုံးဝ မရှိ။ ၎င်းတို့ကြားတွင် တူညီမှုတစ်ခုမျှပင် မရှိချေ။ ဤပြဿနာများကို ရှင်းလင်းစွာ မြင်ရန် အလွန် အရေးကြီး၏။ သို့မဟုတ်လျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့်အရာ ဖြစ်သည်ကို လူတို့ သိကြလိမ့်မည် မဟုတ်။ လူက အပြုသဘောဆောင်သောအရာများအဖြစ် ယုံကြည်သည့် အပြုအမူကောင်းများကို အစဉ်အမြဲ ဖက်တွယ်ကြလိမ့်မည်။ ထို့ကြောင့် ၎င်းတို့၏ အပြုအမူနှင့် သရုပ်သကန်များသည် ဘုရားသခင်၏ လက်သင့်ခံနိုင်ဖွယ် လုံးဝ ဖြစ်လိမ့်မည် မဟုတ်ပေ။ လူတစ်ဦးသည် သမ္မာတရားကို ချစ်ပါက ထိုသမ္မာတရားကို ၎င်းတို့ လက်ခံကာ လိုက်စားနိုင်လိမ့်မည်။ ၎င်းတို့သည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိလျက် လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ကြလိမ့်မည်။ ဤသို့ဖြင့် ဘုရားသခင်က လူကို ညွှန်သည့် အသက်လမ်းကြောင်းပေါ် ၎င်းတို့ စတင်နိုင်ကြလိမ့်မည်။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းဟူသည့် ဤသမ္မာတရား စည်းမျဉ်းသည် လူအတွက် အလွန့်အလွန် အရေးကြီးကာ မရှိမဖြစ်သောအရာ ဖြစ်သည်။ ယင်းသည် ကယ်တင်ခြင်းကို လိုက်စားပြီး အဓိပ္ပာယ်ရှိသော ဘဝတစ်ခုကို အသက်ရှင်နေထိုင်ဖို့ ကြိုးပမ်းနေချိန်တွင် အကြင်သူတစ်ဦး ပိုင်ဆိုင်ရမည့် သမ္မာတရား စည်းမျဉ်းဖြစ်သည်။ ဤအရာကို သင် လက်ခံရမည်။ ဤကိစ္စရပ်တွင် ရွေးချယ်စရာ မရှိသကဲ့သို့ မည်သူ့အတွက်မျှ ခြွင်းချက်မရှိပေ။ သမ္မာတရားကို မလိုက်စားသကဲ့သို့ ဤသမ္မာတရား စည်းမျဉ်းကို လက်မခံပါက သင်သည် အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ နှံ့စပ်သည်ဖြစ်စေ၊ မနှံ့စပ်သည်ဖြစ်စေ၊ သင်သည် ယုံကြည်ခြင်းရှိသော လူတစ်ဦး၊ သို့မဟုတ် ယုံကြည်ခြင်း အားနည်းသောလူတစ်ဦး ဖြစ်သည်ဖြစ်စေ၊ မည်သည့် လူမှုအဆင့်အတန်း၊ သို့မဟုတ် မည်သည့် လူမျိုးနွယ်နှင့် သင် သက်ဆိုင်သည်ဖြစ်စေ ခြွင်းချက်မရှိဘဲ ဘုရားသခင် တောင်းဆိုသည့် စံနှုန်းနှင့် သင် မည်သို့မျှ ပတ်သက်လိမ့်မည် မဟုတ်။ သင် လုပ်ဆောင်ရမည်မှာ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိလျက် လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်မှာ သင် လိုက်စားသင့်သည့် တစ်ခုတည်းသော လမ်းဖြစ်သည်။ သင်သည် “ကျွန်ုပ်၏ အယူအဆနှင့် ကိုက်လျှင် တစ်စုံတစ်ရာကို သမ္မာတရားအဖြစ် ကျွန်ုပ် လက်ခံမည်။ သို့ရာတွင် မကိုက်ညီလျှင် လက်ခံဖို့ ငြင်းမည်။ အမှုအရာများကို မိမိဘာသာ လုပ်ဆောင်မည်၊ ကျွန်ုပ်အတွက် သမ္မာတရား လိုက်စားရန် မလိုပါ။ ဘုရားနှုတ်ကပတ်တော်များ၏ ရပ်တည်ချက်မှ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများကို ကျွန်ုပ် ကြည့်ရန် မလိုအပ်ပါ။ ကျွန်ုပ်တွင် မိမိကိုယ်ပိုင် အမြင်များရှိပြီး အတော်လေး မြင့်မြတ်၊ ဓမ္မဓိဋ္ဌာန်ကျကာ အပြုသဘောဆောင်သည်။ ယင်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် မကွာခြားပါ။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အစားထိုးနိုင်သည်မှာ အမှန်ဖြစ်၏။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့၊ သို့မဟုတ် ယင်းတို့အတိုင်း ပြုမူဖို့ မလိုအပ်ပါ”ဟု ပြောလျက် ကြေးမများသင့်ပေ။ ဤလိုက်စားမှုအမြင်နှင့် နည်းစနစ်မျိုးသည် မှားယွင်း၏။ လူတစ်ဦး၏ အမြင်များက မည်မျှ ကောင်းမွန်၊ မှန်ကန်သည်ဖြစ်စေ၊ မှားနေဆဲ ဖြစ်သည်။ ယင်းတို့သည် သမ္မာတရားကို မည်သည့်နည်းဖြင့်မျှ အစားမထိုးနိုင်။ သင်သည် သမ္မာတရားကို လက်မခံနိုင်ပါက သင် လိုက်စားသည့်အရာတိုင်း မှားလိမ့်မည်။ ယင်းကြောင့် သင်သည် “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း” ကိစ္စတွင် ရွေးချယ်စရာမရှိဟု ငါ ပြောပေသည်။ သင် လုပ်နိုင်သမျှမှာ ဤစကားရပ်အတိုင်း တာဝန်သိစိတ်ဖြင့် ပြုမူပြီး ဆောင်ရွက်ကာ ထိုအရာနှင့်ဆိုင်သည့် အသိပညာကို တဖြည်းဖြည်း ရရှိလျက် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိမှတ်ရင်း၊ ဤစကားရပ်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရင်းဖြင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရန် ဖြစ်သည်။ ထိုအခါတွင်မှ နောက်ဆုံးတွင် သင် စွမ်းဆောင်ရရှိမည့် ပန်းတိုင်မှာ သမ္မာတရား လိုက်စားခြင်းအားဖြင့် သင် စွမ်းဆောင်ရရှိသင့်သည့် ပန်းတိုင်ဖြစ်လိမ့်မည်။ သို့မဟုတ်ပါက သင်၏ ကြိုးစားအလုပ်လုပ်ခြင်း၊ သင် စွန့်လွတ်ပြီးသမျှတိုင်းနှင့် ပေးဆပ်ပြီးသမျှ အဖိုးအခအားလုံး ပျောက်ပျက်လိမ့်မည်။ အားလုံး အချည်းနှီး ဖြစ်လိမ့်မည်။ သင် နားလည်သလော။

သမ္မာတရား လိုက်စားခြင်း ဆိုသည်မှာ အဘယ်နည်း။ (သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိလျက် လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း ဖြစ်သည်။) မှန်ပေ၏။ ဤစကားများကို တာဝန်သိစွာ၊ အသေအချာနှင့် အပြည့်အဝ လက်တွေ့လုပ်ဆောင်လော့။ ဤစကားရပ်ကို သင်၏ လိုက်စားမှု ပန်းတိုင်နှင့် သင့်ဘဝ၏ စစ်မှန်မှု ဖြစ်စေလော့၊ ထို့နောက်တွင် သင်သည် သမ္မာတရား လိုက်စားသော လူတစ်ဦး ဖြစ်လိမ့်မည်။ မည်သည့်နည်းဖြင့်မျှ အစွန်းထင်းမခံနှင့်၊ မည်သည့် လူ့အလိုဆန္ဒဖြင့်မျှ အစွန်းထင်းမခံနှင့်၊ ပြီးလျှင် ကံနှင့်ဆိုင်သော မည်သည့် စိတ်နေသဘောထားကိုမျှ ဖက်တွယ်မထားနှင့်။ ယင်းသည် ပြုမူရန် မှန်ကန်သည့် နည်းလမ်းဖြစ်ပြီး ထို့နောက်တွင် သင်သည် သမ္မာတရား ရရှိမည့် မျှော်လင့်ချက် ရှိလိမ့်မည်။ ထို့ကြောင့် အပြုအမူကောင်းနှင့်ဆိုင်သည့် လူ၏ အယူအဆများကို မိတ်သဟာယပြုပြီး စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ထိုအရာက သင်တို့အား မည်သည့် အပြုသဘောဆောင်သော လမ်းပြမှုနှင့် အထောက်အကူ ပေးနိုင်သနည်း။ ဤစကားများသည် လူများနှင့် အမှုအရာများကို သင် ရှုမြင်ပုံနှင့် ကျင့်ကြံပြုမူကာ ဆောင်ရွက်ပုံအတွက် အခြေခံနှင့် စံများ ဖြစ်လာနိုင်သလော။ (ဖြစ်လာနိုင်ပါသည်။) ဖြစ်နိုင်ပါက သင်တို့၏ စုဝေးပွဲများနှင့် ဝတ်ပြုခြင်းများ အတောအတွင်းတွင် ဤမိတ်သဟာယနှစ်ခုကို ကောင်းစွာ ဆုတောင်း ဖတ်ရွတ်လော့။ သင်သည် ဤစကားများနှင့် ပတ်သက်၍ နှံ့စပ်သော သဘောပေါက်ခြင်း ရှိသည်နှင့်တစ်ပြိုင်နက် လူများနှင့် အမှုအရာများကို မှန်ကန်တိကျစွာ ရှုမြင်နိုင်လိမ့်မည် ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း ကျင့်ကြံပြုမူကာ ဆောင်ရွက်နိုင်လိမ့်မည်။ ထိုသို့ဖြင့် သင် ပြောဆို၊ လုပ်ဆောင်သည့်အရာအတွက် အခြေခံနှင့် စံတစ်ခု သင် ရှိလိမ့်မည်။ လူတို့ကို မှန်ကန်တိကျစွာ သင် မြင်လိမ့်မည်ဖြစ်ပြီး အမှုအရာများကို သင် ရှုမြင်သည့် ရှုထောင့်အမြင်နှင့် ရပ်တည်ချက်တို့သည်လည်း မှန်ကန်လိမ့်မည်။ သင်သည် လူများနှင့် အမှုအရာများကို မိမိ၏ စိတ်ခံစားချက်များ၊ သို့မဟုတ် ခံစားချက်များအပေါ် အခြေခံ၍ ရှုမြင်တော့မည်မဟုတ်သကဲ့သို့ ရိုးရာယဉ်ကျေးမှု၊ သို့မဟုတ် ဆိုးယုတ်သော အတွေးအခေါ်များအပေါ် အခြေခံ၍ ရှုမြင်တော့မည် မဟုတ်ပေ။ သင့်တွင် မှန်ကန်သည့် အခြေခံအကြောင်းရင်း ရှိသည့်အခါ လူများနှင့် အမှုအရာများအပေါ် သင့်အမြင်များ၏ ရလဒ်များသည် အတော်အတန် မှန်ကန်လိမ့်မည်။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤစကားများကို သင်တို့ ဤအတိုင်း မှတ်ယူ၍မရ၊ သို့မဟုတ် ထားလိုက်၍ မရပေ။ အချိန်ဖြုန်းဖို့ သက်သက်၊ သို့မဟုတ် ငါ ငြီးငွေ့သောကြောင့် မိမိကိုယ်ကို အပျင်းဖြေဖို့သက်သက်ဖြင့် သင်တို့နှင့် အတူ စုဝေးပြီး ဤအကြောင်းအရာများနှင့် ပတ်သက်၍ မိတ်သဟာယပြုနေခြင်း မဟုတ်။ ဤပြဿနာများသည် လူအားလုံးထံတွင် ဖြစ်နေကျဖြစ်ပြီး လူတို့က ၎င်းတို့ သမ္မာတရား လိုက်စားခြင်းနှင့် ကယ်တင်ခြင်း စွမ်းဆောင်ရရှိခြင်း လမ်းကြောင်းပေါ်တွင် နားလည်ရမည့် ပြဿနာများဖြစ်သောကြောင့် ငါ လုပ်ရခြင်း ဖြစ်သည်။ သို့တိုင် လူများသည် ဤကိစ္စရပ်များနှင့် ပတ်သက်၍ မရှင်းကြသေးချေ။ ၎င်းတို့သည် ဤကိစ္စများဖြင့် မကြာခဏ ပိတ်မိကာ ရစ်ပတ်ငြိတွယ်လာကြရသည်။ ဤပြဿနာများက ၎င်းတို့ကို ပိတ်ဆို့ကာ နှောင့်ယှက်သည်။ ကယ်တင်ခြင်း ရရှိသည့် လမ်းကြောင်းကိုလည်း လူတို့ နားမလည်ကြသည်မှာ အမှန်ဖြစ်၏။ ယင်းသည် မတုန်မလှုပ်သည့် ရှုထောင့်အမြင်မှဖြစ်စေ၊ သို့မဟုတ် နိုးကြားတက်ကြွသည့် ရှုထောင့်အမြင်မှဖြစ်စေ၊ အပြုသဘောဆောင်သည့် အမြင်ရှုထောင့်မှဖြစ်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည့် အမြင်ရှုထောင့်မှ ဖြစ်သည်ဖြစ်စေ လူတို့အနေဖြင့် ဤပြဿနာများနှင့် ပတ်သက်၍ ၎င်းတို့ ရှင်းလင်းပြီး၊ နားလည်သည်ကို သေချာစေသင့်သည်။ ဤသို့ဖြင့် တကယ့် ဘဝတွင် ဤကဲ့သို့သော ပြဿနာများကို သင် ကြုံရပြီး ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ ပြဿနာကို သင် ရှုမြင်သည့် ရှုထောင့်အမြင်နှင့် ရပ်တည်ချက်တို့သည် မှန်ကန်လိမ့်မည်ဖြစ်ပြီး စည်းမျဉ်းများကို သင် လိုက်နာစောင့်ထိန်းနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်၏ ဆုံးဖြတ်ချက်များနှင့် ရွေးချယ်မှုများသည် အခြေခံအကြောင်းရင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီလိမ့်မည်။ သင်သည် ဆိုးယုတ်သော အတွေးအခေါ်များနှင့် အတွေးမှားများဖြင့် မည်သည့်အခါတွင်မျှ တစ်ဖန် လှည့်စားခံရလိမ့်မည် မဟုတ်။ စာတန်၏ အဆိပ်များနှင့် အဓိပ္ပာယ်မဲ့သော ပြောဆိုချက်များဖြင့် သင်သည် မည်သည့်အခါတွင်မျှ တစ်ဖန် သောကရောက်လိမ့်မည် မဟုတ်ပေ။ ထို့နောက် အခြေခံအကျဆုံး အဆင့်ဖြစ်သည့် လူများနှင့် အမှုအရာများကို ရှုမြင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင်သည် အမှုအရာ၊ သို့မဟုတ် လူတစ်ဦးကို ရှုမြင်ပုံတွင် ဓမ္မဓိဋ္ဌာန်ကျကာ တရားမျှတနိုင်စွမ်း ရှိလိမ့်မည်။ သင်သည် မိမိ၏ ခံစားချက်များ၊ သို့မဟုတ် ဆိုးယုတ်သော အတွေးအခေါ်များ၏ လွှမ်းမိုးမှု သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရလိမ့်မည် မဟုတ်။ ထို့ကြောင့် လူတို့က မိမိတို့၏ အယူအဆများအတိုင်း ကောင်းမွန်သည်ဟု ယုံကြည်ကြသည့် အပြုအမူများကို အသိအမှတ်ပြုခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းသည် သမ္မာတရား လိုက်စားခြင်း ဖြစ်စဉ်တွင် အဓိကကျသော ကိစ္စတစ်ခု မဟုတ်သော်လည်း ယင်းသည် လူတို့၏ နေ့စဉ် ဘဝများနှင့် နီးကပ်စွာ ဆက်နွှယ်ပေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် လူတို့သည် မိမိတို့၏ နေ့စဉ်ဘဝများ၌ ဤအရာများကို မကြာခဏ ကြုံကြရ၏။ ဥပမာအားဖြင့် တစ်စုံတစ်ခု ဖြစ်ပျက်ပြီး သင်က နည်းလမ်းတစ်ခုဖြင့် ဆောင်ရွက်ချင်သော်လည်း အခြားလူက ကွဲပြားသော အမြင်တစ်ခု တင်ပြကာ ထိုလူက ပြုမူနေကျအတိုင်း ပြုမူပုံနှင့် ပတ်သက်၍ စိတ်လက်ချမ်းသာခြင်းမရှိဟု ဆိုပါစို့။ ထိုသူ၏ အမြင်ကို သင် မည်သို့ သဘောထားသင့်သနည်း။ ဤကိစ္စကို သင် မည်သို့ ကိုင်တွယ်သင့်သနည်း။ ယင်းတို့ကို လျစ်လျူရှုလိုက်ခြင်းသည် သင့်အတွက် မှားပေလိမ့်မည်။ ၎င်းတို့နှင့်ပတ်သက်၍ သီးသန့်အမြင်၊ သို့မဟုတ် အကဲဖြတ်ချက်တစ်ခု၊ သို့မဟုတ် ၎င်းတို့နှင့် ပတ်သက်၍ သင် ဆွဲထားသည့် ကောက်ချက်တစ်ခု ရှိသောကြောင့် ဤအရာများက သင်၏ အတွေးနှင့် အကဲဖြတ်မှုကို စိုးမိုးခြယ်လှယ်လိမ့်မည်ဖြစ်ပြီး ယင်းတို့က ဤကိစ္စနှင့် ပတ်သက်၍ သင်၏ ထင်မြင်ချက်ကို လွှမ်းမိုးဖို့ ဖြစ်နိုင်ဖွယ်ရှိသည်။ ယင်းမှာ ၎င်းတို့၏ မတူသော အမြင်များကို သမ္မာတရားတိုင်း ပိုင်းခြားသိမြင်ကာ ရှင်းရှင်းလင်းလင်း မြင်လျက် တည်ငြိမ်စွာ ချဉ်းကပ်ရမည့် အကြောင်းရင်း ဖြစ်သည်။ ၎င်းတို့ ပြောသည့်အရာသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပါက သင် လက်ခံသင့်၏။ ကိစ္စရပ်ကို ရှင်းရှင်းလင်းလင်း သင် မမြင်နိုင်ပါက ဤသို့သော အခြေအနေ၊ သို့မဟုတ် လူတစ်ဦးကို တစ်ဖန် သင် ကြုံသည့်အခါ အမြဲ စိတ်ရှုပ်ထွေးလိမ့်မည်၊ အဆင်သင့်ဖြစ်လိမ့်မည်မဟုတ်၊ စိတ်လှုပ်ရှားကာ ပျာယာခတ်လိမ့်မည်။ လူအချို့က ထိုအခြေအနေကို ချဉ်းကပ်ကာ ကိုင်တွယ်ဖြေရှင်းရန် ပြင်းထန်သော လုပ်ဆောင်ချက်များပင် ကျင့်သုံးကြ၏။ ယင်း၏ နောက်ဆုံး ရလဒ်ကို မုချ မည်သူမျှ မြင်ချင်ကြမည်မဟုတ်ပေ။ လူတစ်ဦးကို ရှုမြင်ရန် ဘုရားသခင် တောင်းဆိုသည့် တိုင်းတာချက် စံနှုန်းများကို သင် အသုံးပြုပါက နောက်ဆုံး ရလဒ်သည် ကောင်းမွန်ပြီး အပြုသဘောဆောင်ဖို့ ဖြစ်ဖွယ်ရှိသည်။ သင်တို့ နှစ်ဦးကြားတွင် အငြင်းပွားမှု ရှိလိမ့်မည် မဟုတ်သကဲ့သို့ အဆင်ပြေကြလိမ့်မည်။ သို့ရာတွင် လူတစ်ဦးကို ရှုမြင်ရန် အပြုအမူကောင်းအပေါ် လူ၏ အယူအဆများနှင့် သက်ဆိုင်သည့် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် စံနှုန်းများကို သင်အသုံးပြုပါက သင်တို့နှစ်ဦးသည် အဆုံးတွင် ခိုက်ရန်ဖြစ်ပွားပြီး အငြင်းပွားရဖွယ်ရှိသည်။ ရလဒ်မှာ သင်တို့သည် အဆင်မပြေနိုင်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် အမှုအရာများစွာ ဖြစ်ပွားလိမ့်မည်။ သင်တို့သည် အချင်းချင်း ထိခိုက်နိုင်သည်။ အချင်းချင်း သေးသိမ်စေနိုင်ပြီး တစ်ယောက်နှင့်တစ်ယောက် ဝေဖန်အပြစ်တင်နိုင်သည်။ ဆိုးရွားသော ကိစ္စများတွင် သင်တို့သည် လက်ပါသည့် ခိုက်ရန်ဖြစ်ပွားခြင်းသို့ပင် ရောက်သွားနိုင်ပြီး အဆုံးတွင် နှစ်ဦးနှစ်ဘက်လုံး ထိခိုက်နာကျင်ကာ ဆုံးရှုံးရလိမ့်မည်။ ယင်းကို မည်သူမျှ မမြင်ချင်ပေ။ ထို့ကြောင့် လူတို့ထဲတွင် စာတန် သွတ်သွင်းသည့် အရာများသည် လူတစ်ဦး သို့မဟုတ် အမှုအရာတစ်ခုကို ဓမ္မဓိဋ္ဌာန်ကျစွာ၊ တရားမျှတစွာ၊ သို့မဟုတ် အကျိုးသင့်အကြောင်းသင့် ရှုမြင်ရန် ၎င်းတို့ကို မည်သည့်အခါတွင်မျှ မကူညီနိုင်ပေ။ စင်စစ်အားဖြင့် လူတို့သည် ဘုရားသခင်က လူတို့ကိုတောင်းဆိုပြီး အသိပေးထားသည့် အပြုအမူဆိုင်ရာ စံများအတိုင်း၊ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအတိုင်း အမှုအရာ၊ သို့မဟုတ် လူတစ်ဦးကို ရှုမြင်သည့်အခါ စိတ်မြန်လက်မြန်ဖြစ်ခြင်း၊ သို့မဟုတ် လူ၏ စိတ်ခံစားချက်များနှင့် ခံစားချက်များဖြင့် မစွန်းထင်းသောကြောင့် အဆုံးသတ်ရလဒ်သည် မုချ ဓမ္မဓိဋ္ဌာန်ကျလိမ့်မည်။ ဤအရာမှ ကောင်းသောအရာများသာ လာနိုင်သည်။ ဤအရာအရ မည်သည့်အရာကို လူတို့ လက်ခံဖို့ လိုအပ်သနည်း။ ကောင်းသောအရာများနှင့်ဆိုင်သည့် လူ၏ အယူအဆများ ဖြစ်သလော၊ သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့် အပြုအမူဆိုင်ရာ စံများဖြစ်သလော။ (ဘုရားသခင်တောင်းဆိုသည့် အပြုအမူဆိုင်ရာ စံများ ဖြစ်သည်။) ထိုမေးခွန်းအတွက် အဖြေကို သင်တို့အားလုံး သိကြပြီး မှန်မှန်ကန်ကန် တုံ့ပြန်နိုင်သည်။ ကောင်းပြီ၊ ဤအကြောင်းအရာနှင့် ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် ထားခဲ့မည်။ ဆက်လက်၍ သင်တို့ လုပ်ဆောင်ရန် လိုအပ်သောအရာမှာ ဤအရာများနှင့် ပတ်သက်၍ ဆက်လက်တွေးဆကာ မိတ်သဟာယပြုရန်၊ စနစ်ကျသည့်ပုံစံဖြင့် ဤကိစ္စရပ်များကို စုစည်းရန်၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း အတော်များများကို ကြံဆရန်ဖြစ်ပြီး ထို့နောက်တွင် သင်တို့၏ နေ့စဉ်ဘဝများတွင် ထိုအရာများကို ဆက်လက် ခံစားပြီး တွေ့ကြုံကာ ဤစကားများ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဖြစ်သည်။ ပင်ကိုအားဖြင့် ဤစကားများ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းသည် လူတို့ ပထမဆုံး လိုက်စားပြီး ဝင်ရောက်သည့် သမ္မာတရား စစ်မှန်မှု ဖြစ်သည်။ ဤသို့ဖြင့် တွေ့ကြုံသည့်လမ်းကြောင်းမှတစ်ဆင့် ဤမိတ်သဟာယ အကြောင်းအရာ၏ ရှုထောင့်တစ်ခုစီနှင့် သက်ဆိုင်သည့် အမျိုးမျိုးသော သိနားလည်မှုနှင့် အသိပညာ အတိုင်းအတာများကို လူတို့ တဖြည်းဖြည်း ရောက်လာကြလိမ့်မည်ဖြစ်ပြီး မတူကွဲပြားသော ရှုထောင့်အမြင်များမှ အကျိုးများကို အဆင့်ဆင့် ဖန်တီးကြပေသည်။ သင် ပိုမိုရရှိလေ၊ ဤစကားများ၌ သင်၏ အတွေ့အကြုံဆိုင်ရာအသိပညာနှင့် ဝင်ရောက်မှုတို့ သာ၍ နက်ရှိုင်းလေ ဖြစ်လာလိမ့်မည်။ ယင်းတို့ကို သင် သာ၍ နက်ရှိုင်းစွာ ဝင်ရောက်ပြီး တွေ့ကြုံလေ၊ သင်၏ ဝင်ရောက်မှုနှင့် လူများ၊ အမှုအရာများအပေါ် သင့်အမြင်နှင့်ဆိုင်သည့် အတွေ့အကြုံဆိုင်ရာ အသိပညာအပြင် သင်၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ရပ်များ သာ၍ နက်ရှိုင်းလာလေ ဖြစ်လိမ့်မည်။ ဆန့်ကျင်ဖက်အနေဖြင့် ဤစကားများထဲသို့ သင် လုံးဝ ဝင်ရောက်ခြင်း မရှိသကဲ့သို့ ဤစကားများ၏ တိုက်ရိုက် အဓိပ္ပာယ်ကို ကြည်ရုံကြည့်ကာ နားလည်ပြီး သင် အမြဲအသက်ရှင်ခဲ့သည့်အတိုင်း အသက်ရှင်လျက် ပြဿနာများ ပေါ်ပေါက်သည့်အခါ သမ္မာတရား မရှာဖွေသကဲ့သို့ ထိုပြဿနာများကို ဘုရားနှုတ်ကပတ်တော်များနှင့် မယှဉ်ကြည့်ဘဲ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များအတိုင်း မဖြေရှင်းဘဲ ထိုသို့ ထားခဲ့ပါက သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ လုံးဝ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ သမ္မာတရား စစ်မှန်မှုထဲသို့ သင် လုံးဝ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ဟု ပြောခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် သမ္မာတရားကို ချစ်သော လူတစ်ဦး မဟုတ်သလို သမ္မာတရားအား မိမိ၏ စံအဖြစ်ထားလျက် ဘုရားနှုတ်ကပတ်တော်များအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူကာ ဆောင်ရွက်ခြင်း မည်သည့်အခါမျှ မရှိသောကြောင့် သင်သည် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်ဟု ဆိုလိုသည်။ သင်က “ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်၏ အခြေခံအဖြစ်ဖြစ်စေ၊ သမ္မာတရားကို ကျွန်ုပ်၏ စံအဖြစ်ဖြစ်စေ မယူသော်လည်း ကောင်းစွာ ငါ အသက်ရှင်ဆဲ ဖြစ်သည်”ဟု ဆိုသည်။ “ကောင်းစွာ အသက်ရှင်သည်”ဆိုသည်မှာ မည်သည့်အရာကို သင် ဆိုလိုသနည်း။ သင် မသေသရွေ့ အမှုအရာများက အဆင်ပြေနေသလော။ သင့် လိုက်စားမှု၏ ပန်းတိုင်မှာ ကယ်တင်ခြင်းအား ရရှိဖို့ မဟုတ်သကဲ့သို့ သင်သည် သမ္မာတရားကို လက်မခံ၊ သို့မဟုတ် နားမလည်သည့်တိုင် ကောင်းစွာ အသက်ရှင်နေသည်ဟု သင် ဆိုသည်။ ထိုသို့ဖြစ်ပါက သင်၏ ဘဝအရည်အသွေးသည် အလွန် စံမမီသကဲ့သို့ သင် အသက်ရှင်နေထိုင်သည့် လူ့သဘာဝ အရည်အသွေးသည် အလွန်နိမ့်ကျပေသည်။ အရပ်သုံး စကားမှ ခဏယူပြောရမည်ဆိုပါက သင်သည် ဘုရားနှုတ်ကပတ်တော်များကို မစားသောက်သကဲ့သို့၊ သမ္မာတရားကို နားမလည်သောကြောင့်၊ သင်သည် ဆိုးယုတ်သော စိတ်သဘောထားနှင့် ဆိုးယုတ်သော အတွေးအခေါ်များဖြင့် အသက်ရှင်နေဆဲဖြစ်သောကြောင့် သင်သည် လူတစ်ဦးထက် မိစ္ဆာကောင်တစ်ဦးနှင့် သာ၍တူပေသည်။ သင်သည် လူ့အရေခြုံထားသော လူမဟုတ်သောအရာတစ်ခုမျှသာ ဖြစ်သည်။ ထိုသို့သော လူတစ်ဦး၏ ဘဝသည် မည်သည့် အရည်အသွေး၊ သို့မဟုတ် တန်ဖိုး ရှိပါသနည်း။ ယင်းသည် သင့်အဖို့၊ သို့မဟုတ် အခြားသူများအဖို့ အကျိုး မရှိပေ။ ဤဘဝမျိုး၏ အရည်အသွေးသည် အလွန် ညံ့ဖျင်း၏၊ တန်ဖိုးမရှိပေ။

ယနေ့တွင် ဤရိုးရာဓလေ့ အယူအဆများနှင့် ရိုးရာယဉ်ကျေးမှုတို့ကို ငါ အဘယ်ကြောင့် မိတ်သဟာယပြုကာ စိတ်ဖြာလေ့လာဆွေးနွေးနေသည်ကို သင်တို့ သိကြသလော။ ယင်းတို့ကို ငါ မနှစ်သက်သောကြောင့် ဖြစ်သလော။ (ယင်းသည် အကြောင်းရင်း မဟုတ်ပါ။) သို့ဆိုလျှင် ဤအကြောင်းအရာများနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ ထိုအရာ၏ နောက်ဆုံး ပန်းတိုင်မှာ အဘယ်နည်း။ (ရိုးရာယဉ်ကျေးမှုက ဩဇာလွှမ်းမိုးထားပြီး ဆိုးယုတ်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည့် မည်သည့် အပြုအမူများနှင့် သရုပ်သကန်များ ကျွန်ုပ်တို့တွင် ရှိကြသေးသည်ကို ဆန်းစစ်ရန် ထိုအရာက အထောက်အကူပြုပါသည်။ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်လာပြီး ချင့်ချိန်နိုင်စွမ်း ရရှိလာကြသည့်နောက်တွင် ဘုရားသခင်က ကျွန်ုပ်တို့ကို ပေးပြီးဖြစ်သည့် တောင်းဆိုချက်များနှင့် စံများအတိုင်း ပုံမှန်လူ့သဘာဝကို ကျွန်ုပ်တို့ အသက်ရှင်နေထိုင်နိုင်ကြလိမ့်မည်ဖြစ်ကာ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လျှောက်နိုင်ကြလိမ့်မည်။) ဤသည်မှာ မှန်ပေ၏၊ သို့သော် အနည်းငယ် စကားလုံးဖောင်းပွသည်။ မည်သည့်အရာက အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံး အဖြေဖြစ်သနည်း။ ဤအကြောင်းအရာများကို မိတ်သဟာယပြုခြင်း၏ အဆုံးစွန် ပန်းတိုင်တစ်ခုတည်းသာရှိပြီး ယင်းမှာ သမ္မာတရားက မည်သည့်အရာဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့်အရာဖြစ်ကြောင်း လူတို့အား နားလည်စေရန် ဖြစ်သည်။ ဤအရာနှစ်ခုအပေါ် လူတို့ ရှင်းသွားသည်နှင့်တစ်ပြိုင်နက် ရိုးရာယဉ်ကျေးမှုက အားပေးသည့် အပြုအမူကောင်းများအပေါ် ချင့်ချိန်နိုင်စွမ်း ရှိကြလိမ့်မည်။ ၎င်းတို့သည် ထိုအပြုအမူကောင်းများကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းအတွက် စံနှုန်းများအဖြစ် သဘောထားကြတော့မည် မဟုတ်ပေ။ သမ္မာတရားကို သိနားလည်ခြင်းအားဖြင့်သာ လူတို့သည် ရိုးရာယဉ်ကျေးမှု၏ အချုပ်အနှောင်ကို စွန့်ပယ်နိုင်ပြီး သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းနှင့် လူတို့ ပိုင်ဆိုင်သင့်သည့် အပြုအမူကောင်းများနှင့် ပတ်သက်၍ ၎င်းတို့၏ မှားယွင်းသော သိနားလည်မှုများနှင့် အမြင်များကို စွန့်ပယ်နိုင်ကြပေသည်။ ဤနည်းဖြင့်သာ လူတို့သည် သမ္မာတရားကို မှန်ကန်စွာ လက်တွေ့လုပ်ဆောင်ပြီး လိုက်စားနိုင်သည်။ သမ္မာတရား မည်သည့်အရာဖြစ်သည်ကို လူတို့ မသိသကဲ့သို့ ရိုးရာယဉ်ကျေးမှုကို သမ္မာတရားအဖြစ် မှတ်ယူပါက ၎င်းတို့ လိုက်စားမှု၏ ဦးတည်ချက်၊ ပန်းတိုင်များနှင့် လမ်းကြောင်းအားလုံး မှားယွင်းလိမ့်မည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များမှ ကင်းကွာလိမ့်မည်၊ သမ္မာတရားကို ဆန့်ကျင်ကာ မှန်သော လမ်းခရီးမှ သွေဖည်ကြလိမ့်မည်။ ထိုသို့ဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် လမ်းကြောင်း လျှောက်ပြီး လမ်းလွဲသွားကြလိမ့်မည်။ သမ္မာတရား နားမလည်သည့် လူများသည် ထိုသမ္မာတရားကို ရှာဖွေနိုင်စွမ်းနှင့် လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိပါက အဆုံးသတ် ရလဒ်က မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သမ္မာတရားကို ရရှိကြလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို မရရှိပါက ထိုလူများ မည်မျှကြိုးစား ယုံကြည်ပါစေ မည်သည့်အရာမျှ ဖြစ်မြောက်မည်မဟုတ်။ ထို့ကြောင့် ဤရိုးရာအယူအဆများနှင့် ရိုးရာယဉ်ကျေးမှု၏ ဤအဆိုအမိန့်များနှင့် ပတ်သက်၍ ယနေ့ မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းသည် ယုံကြည်သူအားလုံးအတွက် အလွန် အရေးကြီးပြီး အလွန် အရေးပါသော အကြောင်းအရာ ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို အမှန်တကယ် နားလည်ကြပါသလော။ သမ္မာတရားအား မည်သို့ လိုက်စားရမည်ကို သင်တို့ အမှန်တကယ် သိကြသလော။ သင်တို့၏ ပန်းတိုင်များနှင့်ပတ်သက်၍ သင်တို့ သေချာသလော။ သင်တို့၏ လမ်းကြောင်းနှင့် ပတ်သက်၍ သင်တို့ သေချာသလော။ မည်သည့်အရာကိုမျှ မသေချာပါက သမ္မာတရားကို သင် မည်သို့ လိုက်စားနိုင်မည်နည်း။ မှားယွင်းသော အရာကို သင်တို့ လိုက်စားနေခြင်းများ ဖြစ်နိုင်မည်လော။ လမ်းကြောင်းမှ သင် သွေဖည်နေခြင်းများ ဖြစ်နိုင်မည်လော။ ဤသည်မှာ အလွန့်အလွန် ဖြစ်နိုင်ဖွယ်ရှိ၏။ ထို့ကြောင့် ယနေ့ ငါ မိတ်သဟာယပြုနေသည့် စကားလုံးများသည် အပေါ်ယံအားဖြင့် အလွန်ရိုးရှင်းပုံပေါ်သော်လည်း ယင်းတို့ကို ကြားသည်နှင့် လူတို့ ချက်ချင်းနားလည်သည့် စကားများဖြစ်ပုံရပြီး သင်၏ ရှုထောင့်အမြင်မှ ထိုစကားများသည် မှတ်သားလောက်ဖွယ် ဖြစ်ပုံမရသော်လည်း ဤခေါင်းစဉ်နှင့် ပါဝင်သည့် အကြောင်းအရာတို့သည် သမ္မာတရားနှင့် တိုက်ရိုက် ဆက်နွှယ်ကာ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သက်ဆိုင်ပေသည်။ ဤသည်မှာ သင်တို့ အများစု သတိမထားမိသည့်အရာ ဖြစ်သည်။ အယူဝါဒအရ ရိုးရာယဉ်ကျေးမှုနှင့် လူသားမျိုးနွယ်၏ လူမှုရေး အသိတို့သည် သမ္မာတရား မဟုတ်ကြောင်းနှင့် လူသားမျိုးနွယ် အလေ့အထများနှင့် အလေ့အကျင့်များက မုချ သမ္မာတရား မဟုတ်ကြောင်း သင်တို့ နားလည်ကြသော်လည်း ဤအရာများ၏ အနှစ်သာရကို သင်တို့ အမှန်တကယ် မြင်ကြပါသလော။ ဤအရာများ၏ အချုပ်အနှောင်ကို သင်တို့ အမှန်တကယ် စွန့်ပယ်ပြီလော။ သေချာပေါက် မဟုတ်ပေ။ ဘုရားအိမ်တော်က လူသားမျိုးနွယ် ယဉ်ကျေးမှု၊ အလေ့အထများနှင့် အလေ့အကျင့်တို့ကို လေ့လာရာတွင် အားထုတ်ဖို့ လူတို့ကို မည်သည့်အခါတွင်မျှ မတောင်းဆိုသကဲ့သို့ ရိုးရာယဉ်ကျေးမှုမှ တစ်ခုတလေကို ဘုရားအိမ်တော်က လူတို့အား ဧကန်မုချ လက်ခံခိုင်းခြင်း မရှိပေ။ ဤအရာများကို ဘုရားအိမ်တော်က မည်သည့်အခါတွင်မျှ မဖော်ပြပေ။ သို့ရာတွင် ယနေ့ ငါ မိတ်သဟာယပြုနေသည့် အကြောင်းအရာသည် အလွန် အရေးကြီး၏။ သင်တို့ နားလည်ရန်အလို့ငှာ ဤအရာကို ရှင်းလင်းစွာ ပြောရန် ငါ့အတွက် လိုအပ်ပေသည်။ ဤအရာများကို ငါ ပြောဆိုရခြင်း၏ ပန်းတိုင်မှာ သမ္မာတရားနှင့် ဘုရားအလိုတော်ကို လူတို့ နားလည်စေရန်သာဖြစ်၏။ သို့သော် ငါ ပြောနေသည့်အရာကို သင်တို့ အားလုံး နားလည်နိုင်ကြသလော။ သင်တို့ အနည်းငယ် အားထုတ်ပါက၊ အဖိုးအခ အနည်းငယ်ပေးပြီး အားအင် အနည်းငယ် စိုက်ထုတ်ပါက နောက်ဆုံးတွင် ဤနယ်ပယ်၌ အကျိုးအမြတ်များရအောင် ပြုလုပ်နိုင်လိမ့်မည်ဖြစ်ပြီး ဤသမ္မာတရားကို နားလည်ရာတွင် အောင်မြင်လိမ့်မည်။ ဤသမ္မာတရားများကို နားလည်လာခြင်းအားဖြင့် ထို့နောက် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ကြိုးစားခြင်းအားဖြင့် ရလဒ်များရရှိရန် သင့်အတွက် လွယ်ကူလိမ့်မည်။

လူတစ်ဦးက သူ၏ အယူအဆများတွင် မှန်ကန်ပြီး ကောင်းမြတ်သည်ဟု ကိုင်စွဲထားသည့်အရာများနှင့် ပတ်သက်၍ ငါတို့ ယခင်က မိတ်သဟာယပြုခဲ့ရာတွင် ထိုအရာများ၏ သွင်ပြင်လက္ခဏာတစ်ခုမှာ လူတို့၏ အပြုအမူကောင်းများ ဖြစ်သည်။ အခြား သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ (လူ၏ လူ့သဘာဝ၏ ကိုယ်ကျင့်တရားနှင့် အရည်အသွေးဖြစ်သည်။) ရိုးရှင်းသော ဝေါဟာရဖြင့်ဆိုရလျှင် လူ၏ ကိုယ်ကျင့်တရား အပြုအမူ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားအားလုံးက မိမိတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအတိုင်း အသက်ရှင်ကြသော်လည်း မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်ရာတွင် တစ်မူထူးစွာ တော်ကြ၏။ အပေါ်ယံအဆင့်ရှိသော လုပ်နည်းကိုင်နည်းများ၊ အပြုအမူများနှင့် အတိအကျ ဆက်နွှယ်သည့် ဆိုရိုးများအပြင်၊ လူ၏ ကိုယ်ကျင့်တရား အပြုအမူနှင့် သက်ဆိုင်သော ဆိုရိုးများနှင့် သတ်မှတ်ချက်များစွာကိုလည်း ဖန်တီးကြသည်။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် မည်သည့်ဆိုရိုးများသည် လူတို့ကြားတွင် ပျံ့နှံ့သနည်း။ သင်တို့သိပြီး ရင်းနှီးသည့်အရာများကို စာရင်းပြုစုကြလော့၊ ထို့နောက်တွင် စိတ်ဖြာလေ့လာဆွေးနွေးပြီး မိတ်သဟာယပြုရန် ပြောနေကျ ဆိုရိုးအနည်းငယ်ကို ငါတို့ ရွေးမည်။ (ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်နှင့်။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ။) (တစ်လုတ်စားဖူး သူ့ကျေးဇူး။) (အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံပါ။) (အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ။) (အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာ၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရမည်။) (သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ။) ဟုတ်ပေ၏၊ ထိုအရာအားလုံးသည် ကောင်းမွန်သော ဥပမာများ ဖြစ်သည်။ ထို့အပြင် “ရေတွင်းတစ်တွင်းရှိ ရေကိုသောက်သောအခါ မည်သူက တူးခဲ့သည်ကို လုံးဝ မမေ့လျော့သင့်”၊ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” နှင့် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့်အရာများ ရှိသည်။ ဤအရာအားလုံးမှာ လူ၏ ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်း၍ တင်ပြထားသည့် သတ်မှတ်ချက်များ ဖြစ်သည်။ အခြားတစ်ခုတလေ ရှိသေးသလော။ (ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်။) ဤသည်မှာလည်း လူ၏ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုက အဆိုပြုသည့် သတ်မှတ်ချက်တစ်ခုနှင့် လူတို့၏ ကိုယ်ကျင့်တရား အပြုအမူကို ဆန်းစစ်ခြင်းအတွက် စံနှုန်းတစ်ခု ဖြစ်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်။) ဤတစ်ခုသည် အနည်းငယ် ပိုရိုးရှင်းသည်၊ အရေးလည်းပါသည်။ “မိတ်ဆွေအတွက် အသက်စွန့်မည်”၊ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ”၊ “အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်”၊ နှင့် “အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး၊ သေသည်အထိ အစွမ်းကုန် ကြိုးစားပါ”တို့လည်း ရှိသည်။ ဤသည်တို့မှာ အခြားသော ဥပမာများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) “နွေဦးပိုးများသည် သေသည်ထိ ရက်လုပ်ကြလိမ့်မည်ဖြစ်ပြီး ဖယောင်းတိုင်များသည် မီးစာကုန်သည်အထိ လင်းကြလိမ့်မည်။” ဟူသည်မှာလည်း အခြားနမူနာများထဲမှ တစ်ခုဖြစ်သည်။ လူ၏ အပြုအမူနှင့် ကျင့်ကြံပြုမူခြင်းတို့အတွက် ထိုအရာများ၏ မျှော်လင့်ချက်များ မည်မျှ မြင့်မားသည်ကို ကြည့်လော့။ ယင်းတို့က လူတို့အား မိမိတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ လောင်ကျွမ်းပြီး ပြာဖြစ်လာစေချင်ကြသည်။ လူတစ်ဦးသည် ဤသို့ ကျင့်ကြံပြုမူသည့်အခါတွင်သာ မြင့်မားသော ကိုယ်ကျင့်တရား စရိုက်လက္ခဏာကို ပိုင်ဆိုင်မည်ဟု ယူဆရသည်။ ဤသည်မှာ မြင့်မားသည့် မျှော်လင့်ချက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများဖြင့် နှစ်ထောင်ချီ လွှမ်းမိုးခံရပြီး ချည်နှောင်ခံရပြီး ဖြစ်ကာ ရလဒ်မှာ အဘယ်နည်း။ လူသား ပုံသဏ္ဌာန်ကို ၎င်းတို့ အသက်ရှင်နေထိုင်နေကြသလော။ အဓိပ္ပာယ်ရှိသော ဘဝများကို ၎င်းတို့ အသက်ရှင်နေထိုင်နေကြသလော။ လူတို့သည် မိမိတို့၏ပျိုရွယ်မှုများ သို့မဟုတ် မိမိတို့၏ ဘဝတစ်ခုလုံးကိုပင် ထိုအရာများအတွက် စတေးရင်း မိမိတို့၏ ဘဝများက အလွန် ဂုဏ်ယူရပြီး ကျက်သရေရှိသည်ဟု ယုံကြည်ရင်း တစ်ချိန်တည်းမှာပင် ရိုးရာယဉ်ကျေးမှုက တောင်းဆိုသည့် ဤအရာများအတွက် အသက်ရှင်ကြသည်။ အဆုံးတွင် ၎င်းတို့ သေဆုံးကြသည့်အခါ မည်သည့်အရာအတွက် ၎င်းတို့ သေဆုံးကြသည်၊ သို့မဟုတ် ၎င်းတို့၏ သေဆုံးခြင်းများက တန်ဖိုးနှင့် အဓိပ္ပာယ်တစ်ခုခု ရှိမရှိ၊ သို့မဟုတ် မိမိတို့ ဖန်ဆင်းရှင်၏ တောင်းဆိုချက်များကို ၎င်းတို့ ပြည့်မီခြင်း ရှိမရှိဆိုသည်တို့ကို မသိကြချေ။ လူတို့သည် ဤအရာများကို လုံးဝ မသိနားမလည်ကြချေ။ လူတို့၏ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ ရိုးရာယဉ်ကျေးမှုက မည်သည့် အခြားသော ဆိုရိုးများနှင့် သတ်မှတ်ချက်များ ရှိသနည်း။ “လူတိုင်း ၎င်းတို့နိုင်ငံ၏ကံကြမ္မာအတွက် တာဝန်မျှဝေယူကြ၏”နှင့် “လူတို့ သင့်ကို အပ်သည့်အရာတိုင်းကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ပါ”တို့ဖြစ်သည်။ ဤအရာများက ကွက်တိပင်ဖြစ်၏။ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်”ဆိုသည့်အရာလည်း ရှိ၏။ ဤသည်မှာ လူ၏ ယုံကြည်ထိုက်ခြင်းနှင့်ဆိုင်သည့် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ အခြားတစ်ခုတလေ ရှိသလော။ (ခြောက်ပြစ်ကင်း သဲလဲစင်သည့် ရွှံ့နွံမှ တောပန်းတစ်ပွင့်ကဲ့သို့ ကြီးထွားပါ။) ဤစကားရပ်သည် ဤအကြောင်းအရာနှင့် တချို့တလေသာ ဆက်နွှယ်မှုရှိ၏။ လုံလောက်သည့် ဥပမာများကို ငါတို့ စာရင်းပြုစုပြီးဖြစ်သည်ဟု ငါထင်သည်။ ငါတို့ ယခုတင် လေ့လာဖော်ထုတ်သွားသည့် ဆိုရိုးများသည် လူ၏ ဆက်ကပ်မှု၊ မျိုးချစ်စိတ်၊ ယုံကြည်ထိုက်မှု၊ လူမှုကျင့်ဝတ်အပြင်၊ အခြားသူများနှင့် ဆက်ဆံခြင်းအတွက် စည်းမျဉ်းများ၊ လူတို့က ၎င်းတို့ကို ကူညီခဲ့သည့် လူတစ်ဦးအား မည်သို့ဆက်ဆံရမည်၊ သို့မဟုတ် ကြင်နာမှုကို မည်သို့ ပြန်ဆပ်ရမည် စသည်တို့နှင့်စပ်လျဉ်း၍ အဆိုပြုထားသည့် သတ်မှတ်ချက်များ ပါဝင်သည်။ အခြားဆိုရိုးများ အနည်းငယ် နက်နဲစဉ်တွင် ဤဆိုရိုးများထဲမှ အချို့မှာ ပိုမိုရိုးရှင်းပေသည်။ အရိုးရှင်းဆုံး ဆိုရိုးများမှာ၊ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ”၊ “ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်နှင့်” နှင့် “အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်”တို့ ဖြစ်သည်။ ဤသည်တို့မှာ လူ၏ ကျင့်ကြံပြုမူခြင်းနှင့် သက်ဆိုင်သည့် တောင်းဆိုချက်များ ဖြစ်သည်။ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ”၊ သည် လူတို့၏ ကိုယ်ကျင့် သိက္ခာနှင့် လူမှုကျင့်ဝတ်တို့နှင့် ဆက်နွှယ်သည့် တောင်းဆိုချက်တစ်ခု ဖြစ်သည်။ ဤအရာများသည် ရိုးရာ တရုတ်ယဉ်ကျေးမှု၏ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့နှင့်ဆိုင်သည့် အယူအဆများ၏ နယ်ပယ်အတွင်းတွင် အနည်းနှင့် အများ ကျရောက်သည်။ ယခုလေးတင် ဆိုးရိုးမည်မျှကို ငါတို့စာရင်းပြုစုခဲ့သနည်း။ (နှစ်ဆယ့်တစ်ခုဖြစ်သည်။) ငါ့ကို ဖတ်ပြကြလော့။ (“ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်နှင့်”၊ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ”၊ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ”၊ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”၊ “တစ်လုတ်စားဖူး သူ့ကျေးဇူး”၊ “အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံပါ”၊ “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာ၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရမည်”၊ “ရေတွင်းတစ်တွင်းရှိ ရေကိုသောက်သောအခါ မည်သူက တူးခဲ့သည်ကို လုံးဝ မမေ့လျော့သင့်”၊ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်”၊ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ”၊ “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်”၊ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်”၊ “မိတ်ဆွေအတွက် အသက်စွန့်မည်”၊ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ”၊ “အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်”၊ “အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး၊ သေသည်အထိ အစွမ်းကုန် ကြိုးစားပါ”၊ “နွေဦးပိုးများသည် သေသည်ထိ ရက်လုပ်ကြလိမ့်မည်ဖြစ်ပြီး ဖယောင်းတိုင်များသည် မီးစာကုန်သည်အထိ လင်းကြလိမ့်မည်”၊ “လူတိုင်း ၎င်းတို့နိုင်ငံ၏ကံကြမ္မာအတွက် တာဝန်မျှဝေယူကြ၏”၊ “လူတို့ သင့်ကို အပ်သည့်အရာတိုင်းကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ပါ”၊ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” နှင့် “ခြောက်ပြစ်ကင်း သဲလဲစင်သည့် ရွှံ့နွံမှ တောပန်းတစ်ပွင့်ကဲ့သို့ ကြီးထွားပါ”တို့ ဖြစ်သည်။) ယနေ့တွင် ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်း၍ လူသားမျိုးနွယ်က ပေါင်းရုံးသည့် “ကောင်းမွန်သော” အရည်အသွေး အမျိုးအစားများအားလုံးနှင့် ဆိုင်သည့် ကြိုတင်လေ့လာမှုတစ်ခု ငါတို့ လုပ်ကြမည်။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ ရိုးရာ ယဉ်ကျေးမှု၏ အမျိုးမျိုးသော အဆိုအမိန့်များသည် လူ၏ လူ့သဘာဝနှင့် ကိုယ်ကျင့်တရား အပြုအမူအတွက် မတူကွဲပြားသော သတ်မှတ်ချက်များကို အဆိုပြုကြသည်။ အချို့က လူတို့အား မိမိတို့ ရရှိသည့် ကြင်နာမှုကို ပြန်ဆပ်ရန် တောင်းဆိုသည်၊ အချို့က အခြားသူများကို ကူညီရာတွင် ဝမ်းမြောက်ရန် တောင်းဆိုသည်။ အချို့မှာ တစ်ဦးတစ်ယောက်က မနှစ်သက်သည့် လူများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် နည်းစနစ်များဖြစ်သော်လည်း အခြားအဆိုအမိန့်များမှာ လူတို့၏ အပြစ်အနာအဆာများနှင့် အားနည်းချက်များ၊ သို့မဟုတ် ပြဿနာများရှိသည့် လူများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် နည်းလမ်းများ ဖြစ်သည်။ ဤနယ်ပယ်များတွင် ယင်းတို့သည် လူတို့အား ကန့်သတ်ချက်များဖြင့် ပံ့ပိုးကြပြီး အချို့သော တောင်းဆိုချက်များနှင့် စံနှုန်းများကို အဆိုပြုကြသည်။ ဤအရာအားလုံးမှာ လူ၏ ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်း၍ ရိုးရာယဉ်ကျေးမှုက ထားရှိသည့် တောင်းဆိုချက်များနှင့် စံနှုန်းများ ဖြစ်ပြီး လူတို့ကြား ပျံ့နှံ့သည့် အရာများအားလုံး ဖြစ်သည်။ တရုတ်ပြည်တွင် ကြီးပြင်းသည့်သူ မည်သူမဆိုက ဤဆိုရိုးများကို မကြာခဏ ကြားကြလိမ့်မည်ဖြစ်ပြီး အလွတ်ရကြပေလိမ့်မည်။ ရိုးရာယဉ်ကျေးမှုမှ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ ဤအဆိုအမိန့်များအားလုံး အနည်းနှင့်အများ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့၏ နယ်ပယ်အတွင်းတွင် ကျရောက်၏။ ဤနယ်ပယ်၏ ပြင်ပတွင် ရှိသည့် ဆိုရိုးအချို့ ရှိသည်မှာ အမှန်ဖြစ်သော်လည်း အဓိကဆိုရိုးအားလုံးက အနည်းနှင့်အများ ထိုအတွင်း၌ ကျရောက်ပေသည်။ ဤအရာနှင့် ပတ်သက်၍ သင်တို့ ရှင်းလင်းသင့်ပေသည်။

ယနေ့တွင် ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍ အထူးအဆိုအမိန့်က မည်သည့်အရာအကြောင်းသာ ဖြစ်သည်ကို ခိုင်လုံသော နည်းလမ်းဖြင့် ငါတို့ မိတ်သဟာယ ပြုမည်မဟုတ်သကဲ့သို့ အထူးဆိုရိုးတစ်ခုတလေ၏ အနှစ်သာရက မည်သည့်အရာဖြစ်ကြောင်းကိုလည်း ခိုင်လုံသည့် နည်းလမ်းဖြင့်လည်း ငါတို့ စိစစ်မည်မဟုတ်။ ပထမဦးစွာ အကြိုပြင်ဆင်သော လေ့လာမှုအနည်းငယ်ကို သင်တို့အား ငါလုပ်စေမည်။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်များနှင့် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းအတွက် လူသားအပေါ် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများကြား မည်သည့် ခြားနားချက်များရှိသည်ကို ကြည့်လော့။ ရိုးရာယဉ်ကျေးမှုမှ မည်သည့် ဆိုရိုးများသည် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် သိသိသာသာ ဆန့်ကျင်ကွဲလွဲပါသနည်း။ တိုက်ရိုက် အနက်ပြန်ရမည်ဆိုပါက မည်သည့်ဆိုရိုးများသည် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားတို့နှင့် ဆင်တူပါသနည်း၊ သို့မဟုတ် ယင်းတို့နှင့် အတော်အတန် ဆက်သွယ်မှုရှိပါသနည်း။ ဤဆိုရိုးများထဲမှ မည်သည့်အရာကို အပြုသဘောဆောင်သော အရာများအဖြစ် သင်ယုံကြည်ပြီး ဘုရားသခင်ကို သင် ယုံကြည်ပြီးနောက်တွင် ဤဆိုရိုးများထဲမှ မည်သည့်အရာကို သင်၏ သမ္မာတရား လိုက်စားခြင်းအတွက် စံဖြစ်သည့်အလား လက်တွေ့လုပ်ဆောင်ကာ လိုက်နာလျက် တစ်ချိန်က မိမိကိုယ်တိုင် တစ်သဝေမတိမ်း စောင့်ထိန်းလိုက်နာခဲ့ပါသနည်း။ ဥပမာအားဖြင့် “အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံပါ” သင်တို့အားလုံး ဤဆိုရိုးဖြင့် ရင်းနှီးပါသလော။ ဘုရားသခင်ကို ယုံကြည်လာသည့်နောက်တွင် သင်သည် ဤကဲ့သို့ လူကောင်းတစ်ဦး ဖြစ်သင့်သည်ဟု မထင်သလော။ အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံသည့်အခါ သင်သည် အတော်လေး ကောင်းမွန်သည့် လူ့သဘာဝ ရှိသည်ဟုလည်းကောင်း၊ ဘုရားသခင်က သင့်ကို မုချနှစ်သက်မည်ဟုလည်းကောင်း သင် မထင်သလော။ သို့မဟုတ် ဘုရားသခင်ကို သင် မယုံကြည်မီတွင် “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ” အရည်အသွေး ပိုင်ဆိုင်သည့် လူများသည် လူကောင်းများ ဖြစ်သည်ဟု သင် ယုံကြည်ကောင်းယုံကြည်ခဲ့နိုင်သည်။ ထိုအရာကို သင်လုပ်ဆောင်ရန် မလိုမလားဖြစ်နေခဲ့ခြင်းသာ ဖြစ်ပြီး ထိုအရာကို သင် မလုပ်နိုင်သည့်အပြင် မထိန်းသိမ်းနိုင်ခဲ့ဘဲ ဘုရားသခင်ကို ယုံကြည်လာသည့်နောက်တွင် သင်သည် မိမိကိုယ်ကို ထိုစံနှုန်းကို စောင့်ထိန်းလိုက်နာစေကာ အတိတ်တွင် သင့်ကို ထိခိုက်နာကျင်စေသည့် လူများ၊ သို့မဟုတ် သင်မကျေမချမ်း ဖြစ်ခဲ့ဖူးသူများ၊ သို့မဟုတ် မုန်းတီးခဲ့ဖူးသူများအပေါ် “ခွင့်လွှတ်ကာ မေ့လျော့ခြင်း”အား လက်တွေ့လုပ်နိုင်ကောင်း လုပ်နိုင်ခဲ့မည်။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ဤဆိုရိုးသည် သခင်ယေရှုက လူတို့ကို အကြိမ်ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်ရန် ပြောဆိုသည့်အချိန်နှင့် ကိုက်ညီသည်ဟု ထင်ကောင်းထင်နိုင်ပြီး ထိုသို့ဖြင့် ထိုအတိုင်း မိမိကိုယ်ကို ချုပ်တည်းရန် အလွန်လိုလားနေနိုင်သည်။ ထိုအရာကို သမ္မာတရား ဖြစ်သည့်အလား သင် လက်တွေ့ပင်လုပ်ဆောင်ကာ လိုက်နာစောင့်ထိန်းနိုင်ပြီး ဆိုးယုတ်ခြင်းကို ကောင်းမြတ်ခြင်းဖြင့် တုံ့ပြန်ခြင်းအား လက်တွေ့လုပ်ဆောင်သည့်လူများအား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ လမ်းခရီး လိုက်လျှောက်သူများအဖြစ် သင် တွေးထင်ကောင်း တွေးထင်နိုင်သည်။ ဤကဲ့သို့သော အတွေးများ၊ သို့မဟုတ် သရုပ်သကန်များကို သင်တို့ ပိုင်ဆိုင်သလော။ မည်သည့်ဆိုရိုးက အနှစ်သာရအားဖြင့် သမ္မာတရား၊ ဘုရားနှုတ်ကပတ်တော်တို့နှင့် ဆင်တူရိုးမှားဖြစ်သဖြင့် သမ္မာတရားကိုပင် အစားထိုးနိုင်ကာ ယင်းကို သမ္မာတရားဖြစ်သည်ဟု ဆိုလျှင်ပင် မလွန်ပေဟု သင်တို့ တွေးထင်နေဆဲဖြစ်သနည်း။ “လူတိုင်း ၎င်းတို့နိုင်ငံ၏ကံကြမ္မာအတွက် တာဝန်မျှဝေယူကြ၏။” ဟူသည့် ဆိုရိုးကို ပိုင်းခြားသိမြင်ရန် လွယ်ကူမည်မှာ အမှန်ဖြစ်၏။ ဤဆိုရိုးက သမ္မာတရား မဟုတ်ကြောင်းနှင့် လှည့်စားနေသည့်၊ ကြီးကျယ်သော ဆောင်ပုဒ်တစ်ခုသာ ဖြစ်ကြောင်းကို လူအများစုက မြင်နိုင်သည်။ “လူတိုင်း ၎င်းတို့နိုင်ငံ၏ကံကြမ္မာအတွက် တာဝန်မျှဝေယူကြ၏၊” ဆိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း မရှိသည့် မယုံကြည်သူများထံ ပြောထားသော အရာတစ်ခုဖြစ်သည်။ ယင်းသည် နိုင်ငံတစ်နိုင်ငံ၏ အစိုးရက သူ၏ ပြည်သူတို့အပေါ် ထားသည့်၊ ပြည်သူအား မိမိတို့၏ နိုင်ငံကို ချစ်ဖို့ သွင်သင်ရန် ပြုလုပ်သည့် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ ဤဆိုရိုးသည် သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များတွင် အခြေပြုချက် လုံးဝ မရှိပေ။ ဤဆိုရိုးသည် အခြေခံအားဖြင့် သမ္မာတရား မဟုတ်ကြောင်းနှင့် သမ္မာတရားကို အစားမထိုးနိုင်ကြောင်း ပြော၍ရပေသည်။ ဤဆိုရိုးသည် စာတန်ထံမှ လုံးဝလာပြီး စာတန်၌ ပေါ်ပေါက်ကာ အာဏာရလူတန်းစားကို အလုပ်အကျွေးပြုသည့် ရှုထောင့်အမြင်တစ်ခု ဖြစ်သည်။ ယင်းသည် ဘုရားနှုတ်ကပတ်တော်များ၊ သို့မဟုတ် သမ္မာတရားနှင့် မည်သို့မျှ မပတ်သက်ပေ။ ထို့ကြောင့် “လူတိုင်း ၎င်းတို့နိုင်ငံ၏ကံကြမ္မာအတွက် တာဝန်မျှဝေယူကြ၏၊”ဟူသည့် ဆိုရိုးသည် သမ္မာတရား လုံးဝ မဟုတ်သကဲ့သို့ ပုံမှန်လူ့သဘာဝရှိသည့် လူတစ်ဦးက ထိန်းသိမ်းသင့်သည့်အရာတစ်ခု မဟုတ်ရခြင်း အကြောင်းအရင်း ဖြစ်ပေသည်။ သို့ဆိုလျှင် မည်သည့်လူစားမျိုးသည် ဤဆိုရိုးကို သမ္မာတရားအတွက် တလွဲထင်နိုင်စွမ်း ရှိကြသနည်း။ နာမည်ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို ရရှိရန် နည်းလမ်းများ အမြဲ ဖန်တီးနေသူများနှင့် အရာရှိများဖြစ်ချင်သူတို့ ဖြစ်သည်။ ၎င်းတို့သည် အာဏာရ လူတန်းစားများကို မျက်နှာလိုမျက်နှာရ လုပ်ပြီး မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်အလို့ငှာ ဤဆိုရိုးများကို သမ္မာတရားဖြစ်သည့်အလား လက်တွေ့လုပ်ဆောင်ကြ၏။ လူတို့အတွက် ပိုင်းခြားသိမြင်ရန် မလွယ်ကူသည့် ဆိုရိုးအချို့ရှိသည်။ ဤဆိုရိုးများက သမ္မာတရားမဟုတ်သည်ကို လူတို့ သိကြသော်လည်း ဆိုရိုးများက မှန်ကန်ပြီး အယူဝါဒနှင့် ကိုက်ညီသည်ဟု ၎င်းတို့ စိတ်နှလုံးများတွင် ခံစားရဆဲ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျင့်တရား အဆင့်ကို မြှင့်တင်ရန်နှင့် မိမိတို့၏ ကိုယ်တိုင် ဩဇာရှိခြင်းအား အရှိန်မြှင့်ရန်အလို့ငှာ ဤဆိုရိုးများအတိုင်း အသက်ရှင်ချင်ကြပြီး ထိုသို့ ကျင့်ကြံပြုမူချင်ကြကာ တစ်ချိန်တည်းတွင်ပင် အခြားသူများက ၎င်းတို့တွင် လူ့သဘာဝရှိကြောင်းနှင့် လူမဆန်သည့် လူများမဟုတ်ကြောင်း တွေးစေရန်အလို့ငှာ ပြုလုပ်ကြသည်။ မည်သည့် ဆိုရိုးသည် သင်တို့အတွက် ပိုင်းခြားသိမြင်ရန် ခက်ခဲသနည်း။ (“တစ်လုတ်စားဖူး သူ့ကျေးဇူး”က ပိုင်းခြားသိမြင်ရန် အလွန်ခက်သည်ဟု ကျွန်ုပ် ထင်ပါသည်။ ထိုအရာကို အပြုသဘောဆောင်သောအရာကဲ့သို့ ကျွန်ုပ် သဘောထားခဲ့ပြီး ကြင်နာမှုကို ကျေးဇူးတင်စွာဖြင့် ပြန်ဆပ်သောသူတို့ကို အသိတရား ပိုင်ဆိုင်သော လူများအဖြစ် တွေးထင်ခဲ့သည်။ “လူတို့ သင့်ကို အပ်သည့်အရာတိုင်းကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ပါ” သည် နောက်တစ်ခု ဖြစ်သည်။ ယင်းမှာ တစ်ဦးတစ်ယောက်သည် အခြားတစ်စုံတစ်ဦးထံမှ အလုပ်တာဝန်တစ်ခုကို လက်ခံပြီးသည့်အတွက် ထိုအရာ ကောင်းစွာလုပ်ထားကြောင်း သေချာစေရန် တတ်နိုင်သမျှ ၎င်းတို့ လုပ်သင့်သည်။ ဤသည်မှာ အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည့် လူတစ်ဦး လုပ်သင့်သော အရာတစ်ခုဖြစ်သည်ဟု ကျွန်ုပ် ခံစားမိသည်။) အခြားမည်သူ ရှိသေးသနည်း။ (“ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်” လည်း ရှိသေးသည်။ ဤအရာကို လုပ်ဆောင်နိုင်သော လူတစ်ဦးသည် အတော် လူ့သဘာဝနှင့် ကိုယ်ကျင့်တရားရှိသည့် လူတစ်ဦးဖြစ်သည်ဟု ကျွန်ုပ် တွေးထင်ခဲ့သည်။) အခြားတစ်ခုတလေ ရှိသေးသလော။ (“လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” တစ်စုံတစ်ဦးသည် ပြောသည့်အရာကို လုပ်ပြီး ယုံကြည်ထိုက်ပါက ယင်းသည် ကောင်းမွန်သည့် ကိုယ်ကျင့်တရား အပြုအမူဖြစ်သည်ဟု ကျွန်ုပ် ထင်ခဲ့သည်။) ယခင်က ဤသည်မှာ ကိုယ်ကျင့်တရား အပြုအမူကောင်းဖြစ်သည်ဟု သင်တို့ တွေးထင်ခဲ့ကြသည်။ ယခုတွင် မည်သို့ မြင်ကြသနည်း။ (ထို “စကား”၏ သဘောသဘာဝက မည်သည့်အရာဖြစ်သည်၊ မှန်သလော၊ မှားသလော၊ အပြုသဘောဆောင်သလော၊ အပျက်သဘောဆောင်သလောဆိုသည်ကို ကျွန်ုပ်တို့ ကြည့်ရမည်။ တစ်စုံတစ်ဦးက မကောင်းသောလူများနှင့် အန္တိခရစ်များကို “သင့်ကို ငါ ကာကွယ်ပေးမည်။ လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်”ဟု ပြောပြီးနောက် ဘုရားအိမ်တော်က ထိုအခြေအနေကို စုံစမ်းကာ စစ်ဆေးသည့်အခါ ဤလူက ထိုမကောင်းသောလူများနှင့် အန္တိခရစ်များကို ကာကွယ်ပေးပါက သူသည် မကောင်းမှုပြုနေခြင်းဖြစ်ပြီး ဘုရားသခင်ကို အတိုက်အခံ လုပ်နေခြင်း ဖြစ်သည်။) ဤချင့်ချိန်နိုင်စွမ်းသည် မှန်ကန်၏။ ဤ“စကား”သည် အပြုသဘောဆောင်ခြင်း ရှိမရှိ၊ အပျက်သဘောဆောင်ခြင်း ရှိမရှိကို သိရဖို့ ယင်း၏ သဘောသဘာဝကို သင် ကြည့်ရမည်။ တစ်စုံတစ်ဦးသည် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဟူသည်ကို လက်တွေ့လုပ်ဆောင်နေစဉ်တွင် မကောင်းသည့်အရာ၊ သို့မဟုတ် ဆိုးယုတ်သည့်အရာတစ်ခုခုကို လုပ်ဆောင်နေပါက ၎င်းတို့ မကောင်းမှု၏ ခြေလှမ်းများသည် ငရဲထဲသို့ တန်းပြေးကာ အနက်ဆုံး တွင်းထဲသို့ ကျကုန်သည့် မြန်ဆန်သော မြင်းများ၏ ကမူးရှူးထိုး ပြေးလွှားခြင်းနှင့် တူပေသည်။ သို့သော် ၎င်းတို့၏ “စကား”သည် သမ္မာတရားနှင့် ကိုက်ညီကာ ဖြောင့်မတ်ခြင်း အဓိပ္ပာယ်ရှိပြီး ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ကာ ဘုရားသခင်ကို ကျေနပ်စေပါက “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဆိုသည်ကို လက်တွေ့လုပ်ဆောင်သည်မှာ မှန်ကန်ပေသည်။ ဤဥပမာများမှ သင်တို့အနေဖြင့် ရိုးရာယဉ်ကျေးမှု၏ စကားများကို ပိုင်းခြားသိမြင်ရမည် ဖြစ်သည်ကို မြင်နိုင်ပေသည်။ မတူကွဲပြားသည့် အခြေအနေများနှင့် နောက်ခံများကြား သင်ပိုင်းခြားသိမြင်ရမည်ဖြစ်ပြီး ဤစကားလုံးများကို လက်လွတ်စပယ် သုံး၍ မဖြစ်ပေ။ စစ်မှန်မှုနှင့် သိသိသာသာ ကိုက်ညီခြင်းမရှိသကဲ့သို့ ရှင်းရှင်းလင်းလင်း မှားနေသည့် စကားအချို့ရှိသည်။ ဤစကားများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ အထူးသဖြင့် သင် သတိထားရမည်။ ယင်းတို့ကို မိစ္ဆာအယူများနှင့် အတွေးမှားများကဲ့သို့ ကိုင်တွယ်ရမည်။ အချို့သော ဆက်စပ်အကြောင်းအရာနှင့် နယ်ပယ်များအတွင်း၌သာ မှန်ကန်သည့် စကားအချို့ ရှိသည်။ မတူကွဲပြားသော ဆက်စပ်အကြောင်းအရာ၊ သို့မဟုတ် အခြေအနေတွင် ထိုစကားလုံးများသည် ခိုင်လုံခြင်း မရှိတော့ပေ။ လူတို့အတွက် မှားပြီး ထိခိုက်နစ်နာစရာ ဖြစ်သည်။ ယင်းတို့ကို သင် ပိုင်းခြားသိမြင်ခြင်း မရှိနိုင်ပါက ထိုစကားများအားဖြင့် အဆိပ်ခတ်ခြင်းခံရကာ ထိခိုက်နစ်နာနိုင်ဖွယ်ရှိသည်။ ရိုးရာယဉ်ကျေးမှု၏ စကားများက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ လူ၏ အမြင်တွင် ယင်းတို့က ခိုင်လုံခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယင်းတို့ထဲမှ တစ်ခုမျှသည် သမ္မာတရား မဟုတ်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များနှင့် မကိုက်ညီပေ။ ဤသည်မှာ သေချာ၏။ မှန်ကန်သည်ဟု လူမြင်သည့်အရာများသည် မှန်ကန်သည်ဟု ဘုရားသခင် မြင်သည့်အရာများ သေချာပေါက် မဟုတ်ပေ။ ကောင်းမွန်သည်ဟု လူတို့ ရှုမြင်သည့် စကားများသည် လက်တွေ့လုပ်ဆောင်သည့်အခါ လူတို့အပေါ် သေချာပေါက် အကျိုးမရှိပေ။ မည်သို့ဆိုစေ ယင်းတို့ကို လူတို့က လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့အတွက် အသုံးတည့်သည်ဖြစ်စေ၊ မတည့်သည်ဖြစ်စေ၊ သမ္မာတရားနှင့် မကိုက်ညီသည့်အရာများ၊ သမ္မာတရား မဟုတ်သည့်အရာများအားလုံးသည် လူအတွက် အန္တရာယ်ရှိသည်။ လက်မခံသင့်သကဲ့သို့ အသုံးမပြုရပေ။ ဤအရာများကို ပိုင်းခြားသိမြင်ခြင်း မရှိနိုင်သည့် လူများစွာရှိ၏။ လူက မှန်ကန်သည်ဟု ရှုမြင်သည့်အရာ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က အများအားဖြင့် မှန်ကန်သည်ဟု သဘောတူကြသည့်အရာများကို သမ္မာတရားအဖြစ် သဘောထားကြကာ လိုက်နာကြပြီး သမ္မာတရားဖြစ်သည့်အလား လက်တွေ့လုပ်ဆောင်ကြသည်။ ဤသည်မှာ သင့်လျော်ပါ၏လော။ အကြင်သူသည် မှားသည့် သမ္မာတရားများနှင့် အတုအယောင် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်သလော။ လူသားမျိုးနွယ်က မှန်ကန်ပြီး သမ္မာတရားဖြစ်သည်ဟု အများအားဖြင့် သဘောတူသည့်အရာ မည်သည့်အရာမဆို မှားယွင်းပြီး အတုအယောင်ဖြစ်ကာ အစဉ်အမြဲ ငြင်းပယ်သင့်၏။ ယခုတွင် မှန်ကန်ပြီး အပြုသဘောဆောင်သည်ဟု သင်တို့ တွေးထင်သည့် အရာများသည် အမှန်တကယ် သမ္မာတရား ဖြစ်သလော။ နှစ်ထောင်ချီ မည်သည့်လူကမျှ ဤစကားများကို မငြင်းဖူးပေ။ ဤစကားများက မှန်ကန်ပြီး အပြုသဘောဆောင်သည်ဟု လူအားလုံးက ယုံကြည်ကြသည်။ သို့သော် ဤစကားများသည် အမှန်တကယ် သမ္မာတရား ဖြစ်လာနိုင်သလော။ (မဖြစ်နိုင်ပါ။) ဤစကားများသည် သမ္မာတရား ဖြစ်မလာနိုင်ပါက ယင်းတို့ကိုယ်တိုင်သည် သမ္မာတရား ဖြစ်သလော။ (မဟုတ်ပါ။) သမ္မာတရား မဟုတ်ပေ။ လူတို့က ဤစကားများကို သမ္မာတရားအဖြစ် သဘောထားပြီး ဘုရားနှုတ်ကပတ်တော်များနှင့် ရောနှောကာ အတူတကွ လက်တွေ့လုပ်ဆောင်ပါက ထိုစကားများနှင့် ဆိုရိုးများသည် သမ္မာတရားအဆင့်သို့ မြင့်တက်သွားနိုင်သလော။ လုံးဝ မမြင့်တက်နိုင်ပေ။ လူတို့က ဤအရာများကို မည်မျှ လိုက်စားသည်ဖြစ်စေ၊ ဖက်တွယ်သည်ဖြစ်စေ ဘုရားသခင်သည် သန့်ရှင်းသောကြောင့် ထိုအရာများကို လုံးဝ လက်ခံမည်မဟုတ်။ ဖောက်ပြန်ပျက်စီးသော လူသားများအား ဆိုးယုတ်သော အရာများကို သမ္မာတရား၊ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များနှင့် ရောနှောဖို့ သူ လုံးဝ ခွင့်မပြုပေ။ လူ၏ အတွေးများနှင့် အမြင်များမှ ပေါ်ပေါက်သမျှ အရာအားလုံးသည် စာတန်ထံမှ လာ၏။ ယင်းတို့သည် မည်မျှ ကောင်းမွန်သည်ဖြစ်စေ သမ္မာတရား မဟုတ်သေးသကဲ့သို့ လူတစ်ဦး၏ အသက် ဖြစ်မလာနိုင်ပေ။

ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ ဆိုရိုးများသည် စာတန်ထံမှ လာ၏။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားများကြားတွင် ဖြစ်ပေါ်ပြီး မယုံကြည်သူများနှင့် သမ္မာတရားကို မချစ်သောသူတို့အတွက်သာ သင့်လျော်သည်။ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရား လိုက်စားသောသူတို့သည် ဤအရာများကို ဦးစွာပထမ ပိုင်းခြားသိမြင်နိုင်သင့်ပြီး ငြင်းပယ်နိုင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤဆိုရိုးများသည် လူတို့အပေါ် အပျက်သဘောဆောင်သော အကျိုးများရှိလိမ့်မည်၊ ၎င်းတို့ကို စိတ်ရှုပ်ထွေးစေပြီး မှားယွင်းသည့် လမ်းကြောင်း လျှောက်စေမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ငါတို့ ယခုတင် ပေးခဲ့သည့် ဥပမာများအနက်၊ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ။” ဟူသည့် ဆိုရိုးရှိသည်။ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ။” ဆိုသည့်အရာနှင့် ပတ်သက်၍ ဦးစွာပထမ ပြောကြစို့။ ဤဘုရင်သည် အမြော်အမြင်ရှိပါက စွမ်းဆောင်နိုင်ပြီး ဖြောင့်မတ်တည်ကြည်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါက သင်က သူ့ကို အားပေးခြင်း၊ သူ၏နောက်လိုက်ခြင်းနှင့် သူ့ကို ခုခံကာကွယ်ပြောဆိုခြင်းတို့သည် သင်၌ လူ့သဘာဝ၊ ကိုယ်ကျင့်တရားနှင့် မြင့်မြတ်သော အကျင့်စရိုက်ရှိကြောင်း ပြပေသည်။ သို့ရာတွင် ရှင်ဘုရင်သည် အာဏာရှင်ဆန်ပြီး ပေါကြောင်ပါက၊ နတ်ဆိုးဖြစ်ပြီး သင်က သူ့နောက်လိုက်နေဆဲ ဖြစ်ကာ သူ့ကို ခုခံကာကွယ်ကာ မဆန့်ကျင်ပါက သင်ပိုင်ဆိုင်သည့် ဤ “သစ္စာစောင့်သိခြင်း”သည် မည်သည့်အရာ ဖြစ်သနည်း။ မိုက်မဲသည့်၊ ကြောင်းကျိုးမမြင်သည့် သစ္စာစောင့်သိခြင်း ဖြစ်သည်။ ကြောင်းကျိုးမမြင်သကဲ့သို့ မိုက်မဲ၏။ ဤကိစ္စတွင် သင်၏ သစ္စာစောင့်သိခြင်းသည် မှားယွင်းပြီး အပျက်သဘောဆောင်သောအရာ ဖြစ်လာသည်။ မကောင်းဆိုးဝါး ရှင်ဘုရင်၊ နတ်ဆိုးနှင့် ပတ်သက်လာသည့်အခါ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ”ဟူသည့် ဆိုရိုးကို သင် မလိုက်နာသင့်တော့ပေ။ ဤရှင်ဘုရင်ကို စွန့်ပစ်၍ ငြင်းပယ်ကာ ခပ်ဝေးဝေး နေသင့်သည်။ သင်သည် အမှောင်ကို ငြင်းကာ အလင်းကို ရွေးချယ်သင့်၏။ ဤမကောင်းဆိုးဝါး ရှင်ဘုရင်ကို ဆက်သစ္စာစောင့်သိရန် သင် ရွေးချယ်ဆဲဖြစ်ပါက သင်သည် သူ၏ လက်ပါးစေနှင့် ကြံရာပါ ဖြစ်သည်။ ထို့ကြောင့် အချို့သော အခြေအနေများနှင့် ဆက်စပ်အကြောင်းအရာများတွင် ဤဆိုရိုးက အမွှမ်းတင်သည့် စိတ်ကူး၊ သို့မဟုတ် အပြုသဘောဆောင်သော အဓိပ္ပာယ်နှင့် တန်ဖိုးများသည် မတည်ရှိပေ။ ဤဆိုရိုးများသည် အလွန်ဖြောင့်မတ်ပြီး အပြုသဘောဆောင်ပုံရသော်လည်း ယင်း၏ အသုံးဝင်မှုက အနည်းငယ်သော သီးသန့် အခြေအနေများနှင့် ဆက်စပ်အကြောင်းအရာများအထိသာ ကန့်သတ်ထားကြောင်း ဤအရာမှ သင်မြင်နိုင်ပေသည်။ အခြေအနေတိုင်း၊ သို့မဟုတ် ဆက်စပ်အကြောင်းအရာတိုင်းတွင် သက်ဆိုင်မှုမရှိပေ။ လူတို့က ဤဆိုရိုးကို ကြောင်းကျိုးမမြင်စွာနှင့် မိုက်မဲစွာ လိုက်နာပါက မိမိတို့၏ လမ်းခရီးကိုသာ ဆုံးရှုံးပြီး မှားယွင်းသည့် လမ်းကြောင်းပေါ်သို့သာ ကျရောက်သွားလိမ့်မည်။ ဤအရာ၏ အကျိုးဆက်များမှာ မတွေးဝံ့စရာ ဖြစ်သည်။ ဤဆိုရိုးရှိ နောက်ထပ် အပိုဒ်ငယ်မှာ “အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဖြစ်၏။ ဤနေရာတွင် “အမျိုးသမီးကောင်း”တစ်ဦးမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဖြူစင်သည့် အမျိုးသမီးတစ်ဦး၊ လင်ယောက်ျားတစ်ဦးတည်းကိုသာ သစ္စာရှိသော အမျိုးသမီးတစ်ဦးကို ရည်ညွှန်း၏။ သူသည် လင်ယောက်ျားကို အဆုံးထိ သစ္စာရှိရမည်ဖြစ်ပြီး လင်ယောက်ျားက လူကောင်းဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ လုံးဝ စိတ်နှလုံး မပြောင်းလဲရပေ။ သူ၏ လင်ယောက်ျား သေဆုံးလျှင်ပင် သူ၏ နောက်ဆုံးအချိန်ထိ မုဆိုးမအဖြစ် ရှိနေရမည်ဖြစ်သည်။ ဤသည်မှာ ဖြူစင်ပြီး သစ္စာရှိသော ဇနီးမယားဟု ခေါ်သောသူတစ်ဦး ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုက အမျိုးသမီးအားလုံးကို ဖြူစင်ပြီး သစ္စာရှိသော ဇနီးမယားများဖြစ်ရန် တောင်းဆိုသည်။ ဤသည်မှာ အမျိုးသမီးများကို မျှတသည့် ဆက်ဆံမှု ဖြစ်သလော။ အမျိုးသားများသည် ဇနီးမယားတစ်ဦးထက်ပို၍ ယူနိုင်သော်လည်း အမျိုးသမီးများက ၎င်းတို့၏ လင်ယောက်ျားများ ဆုံးပါးလျှင်ပင် အဘယ်ကြောင့် နောက်ထပ်အိမ်ထောင်ပြု၍ မရပါသနည်း။ အမျိုးသားများနှင့် အမျိုးသမီးများသည် တန်းတူ အဆင့်အတန်း မရှိကြချေ။ အမျိုးသမီးတစ်ဦးသည် “အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ”ဟူသည့် စကားများဖြင့် ဘောင်ခတ်ခံရပြီး ဖြူစင်ကာ သစ္စာရှိသည့် ဇနီးမယားဖြစ်ဖို့ ရွေးချယ်ပါက မည်သည့်အရာကို သူ ရရှိနိုင်မည်နည်း။ အလွန်ဆုံးအနေဖြင့် သူသေဆုံးပြီးသည့်နောက်တွင် သူ၏ ဖြူစင်မှု အထိမ်းအမှတ် မော်ကွန်းတိုင်ကို ထူကြမည်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိသလော။ အမျိုးသမီးများက ဘဝတွင် ခက်ခဲကြမ်းတမ်းသော ကံကြမ္မာ ရှိကြသည်ဟု သင် သဘောတူပါသလော။ ၎င်းတို့၏ လင်ယောက်ျားများ ဆုံးပါးပြီးသည့်နောက်တွင် အဘယ်ကြောင့် ၎င်းတို့က နောက်အိမ်ထောင်ပြုခွင့် မရှိကြသနည်း။ ဤသည်မှာ ရိုးရာယဉ်ကျေးမှုက အမွှမ်းတင်သည့် အမြင်ဖြစ်ပြီး လူသားမျိုးနွယ်က အမြဲ ဖက်တွယ်ခဲ့ကြသည့် အယူအဆတစ်ခု ဖြစ်သည်။ အမျိုးသမီးတစ်ဦး၏ လင်ယောက်ျားက ကလေးခုနစ်ယောက် ချန်ထားလျက် သေဆုံးသွားပြီး ၎င်းတို့ကို သူ မထောက်ပံ့နိုင်ပါက မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ အစားအစာအတွက် တောင်းရမ်းရမည်ဖြစ်သည်။ သူသည် သူ၏ ကလေးများ ဆင်းရဲဒုက္ခမခံစေချင်သကဲ့သို့ ရှင်သန်ဖို့ နည်းလမ်း ရှာတွေ့ချင်ပါက နောက်အိမ်ထောင်ပြုပြီး သူ၏ နာမည်အပျက်ခံရလျက် အများပြည်သူ၏ ရှုတ်ချသော သဘောထား၊ လူမှုအဖွဲ့အစည်းနှင့် အများစု၏ ဖယ်ကြဉ်ခြင်းနှင့် အထင်သေးခြင်းတို့ဖြင့် အသက်ရှင်ရမည်ဖြစ်သည်။ သူ၏ ကလေးများ ပုံမှန်ကြီးပြင်းလာရနိုင်ရန်အလို့ငှာ အရှက်ခွဲခြင်းများ ခံရကာ လူမှုအဖွဲ့စည်း၏ စော်ကားမှုများကို ရင်ဆိုင်ရမည်။ ဤရှုထောင့်အမြင်မှကြည့်လျှင် သူသည် “အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဆိုသည့် စံနှုန်းနှင့် လျော်ညီအောင်မနေခဲ့သော်လည်း သူ၏ အပြုအမူများ၊ လုပ်နည်းကိုင်နည်းများနှင့် စတေးမှုများက လေးစားထိုက်သည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် သူ၏ ကလေးများ ကြီးပြင်းလာပြီး ၎င်းတို့အတွက် ၎င်းတို့ မိခင်၏ မေတ္တာကို နားလည်သည့်အခါ သူ့ကို ၎င်းတို့ လေးစားကြမည်ဖြစ်ပြီး သေချာပေါက် အထင်သေးမည်မဟုတ်၊ သို့မဟုတ် သူ၏ အပြုအမူအတွက် သူ့ကို ရှောင်ကြဉ်ကြမည် မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ကျေးဇူးတင်ရှိကာ ၎င်းတို့၏ မိခင်ကဲ့သို့သော မိခင်တစ်ဦးသည် ထူးခြားသည်ဟု တွေးကြပေမည်။ သို့ရာတွင် အများစု၏ သဘောထားအမြင်က ၎င်းတို့နှင့် ကိုက်ညီမည် မဟုတ်ချေ။ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဆိုသည့်အရာ၏ ရှုထောင့်အမြင်နှင့် တူသည့်၊ လူက ထောက်ခံသည့် လူမှုအဖွဲ့အစည်း၏ အယူအဆ ရှုထောင့်အမြင်မှကြည့်လျှင် သင် မည်သို့ ကြည့်သည်ဖြစ်စေ၊ ဤမိခင်သည် ကိုယ်ကျင့်တရားနှင့်ဆိုင်သည့် ဤရိုးရာအယူအဆကို ဆန့်ကျင်သောကြောင့် လူကောင်းတစ်ဦး မဟုတ်ပေ။ အကျိုးဆက်အနေဖြင့် ပြဿနာရှိသော ကိုယ်ကျင့်အပြုအမူရှိသူအဖြစ် သူ့ကို အမည်တပ်ကြမည်။ ထို့ကြောင့် သူ့အပေါ် ကလေးများ၏ အတွေးများနှင့် အမြင်များသည် သူ့အပေါ် ရိုးရာယဉ်ကျေးမှု၏ အမြင်များနှင့် အဘယ်ကြောင့် ကွာခြားသနည်း။ အဘယ်ကြောင့်ဆိုသော် သူ၏ ကလေးများသည် ဤကိစ္စကို ရှင်သန်ရေး ရှုထောင့်အမြင်မှ ရှုမြင်သောကြောင့် ဖြစ်သည်။ ဤအမျိုးသမီးသည် နောက်အိမ်ထောင် မပြုခဲ့ပါက သူနှင့် သူ၏ကလေးများသည် ရှင်သန်ဖို့ နည်းလမ်းရှိမည် မဟုတ်ချေ။ သူသည် ဤရိုးရာယဉ်ကျေးမှုအယူအဆကို ကိုင်စွဲခဲ့ပါက သူ့အတွက် အသက်ရှင်မည့် နည်းလမ်းရှိခဲ့မည် မဟုတ်။ အစာရေစာငတ်ပြတ်ပြီး သေဆုံးခဲ့မည် ဖြစ်သည်။ သူ၏ ကလေးများနှင့် သူကိုယ်တိုင်၏ အသက်ကို ကယ်တင်ရန် နောက်အိမ်ထောင်ပြုဖို့ သူ ရွေးချယ်ခဲ့သည်။ ဤအခြေအနေအရဆိုလျှင် သူ့အပေါ် ရိုးရာယဉ်ကျေးမှုနှင့် အများစု၏ သဘောထားအမြင်က ရှုတ်ချခြင်းသည် လုံးဝ မှားသည်မဟုတ်လော။ လူများ သေသည်၊ ရှင်သည်ကို ယင်းတို့က လုံးဝ အရေးမစိုက်ပေ။ သို့ဆိုလျှင် ကိုယ်ကျင့်တရားနှင့်ဆိုင်သည့် ဤရိုးရာအယူအဆကို ကိုင်စွဲခြင်း၏ အဓိပ္ပာယ်နှင့် တန်ဖိုးမှာ အဘယ်နည်း။ ယင်း၌ တန်ဖိုးလုံးဝ မရှိဟု ဆိုကောင်းဆိုနိုင်သည်။ ယင်းသည် လူများကို နာကျင်စေကာ ထိခိုက်နစ်နာစေသည့် အရာတစ်ခု ဖြစ်သည်။ ဤအယူအဆကြောင့် ဒုက္ခခံရသူများအဖြစ် ဤအမျိုးသမီးနှင့် သူ၏ ကလေးများသည် ဤအဖြစ်မှန်ကို ကိုယ်တွေ့ကြုံခဲ့ရသော်လည်း မည်သူကမျှ ၎င်းတို့ကို အလေးဂရုပြုခြင်းမရှိ၊ သို့မဟုတ် စာနာခြင်း မရှိခဲ့ပေ။ ၎င်းတို့အနေဖြင့် မိမိတို့၏ နာကျင်မှုကို မျိုသိပ်ရုံသာ တတ်နိုင်ခဲ့ကြသည်။ သင် မည်သို့ တွေးထင်သနည်း၊ ဤလူမှုအဖွဲ့အစည်းသည် မျှတပါသလော။ ဤလူမှုအဖွဲ့အစည်းနှင့် နိုင်ငံမျိုးသည် အဘယ်ကြောင့် အလွန် ဆိုးယုတ်ကာ မှောင်မိုက်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူ့အထဲ၌ စာတန်က သွတ်သွင်းပြီးဖြစ်သည့် ရိုးရာယဉ်ကျေးမှုသည် လူတို့၏ အတွေးကို ထိန်းချုပ်ကာ အများပြည်သူ၏ သဘောထားကို စိုးမိုးဆဲဖြစ်သောကြောင့် ဖြစ်သည်။ ယနေ့ခေတ်ထိ မည်သူကမျှ ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ကြသေးချေ။ မယုံကြည်သူများသည် ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် အမြင်များကို ဖက်တွယ်ထားဆဲဖြစ်ကာ မှန်ကန်သည်ဟု တွေးထင်ကြဆဲ ဖြစ်သည်။ ယနေ့ထိ ဤအရာများကို ၎င်းတို့ မစွန့်ပစ်ကြသေးချေ။

ယခုတွင်၊ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဟူသည့် ဆိုရိုးကို ငါတို့ ကြည့်သည့်အခါ ယင်းကို မည်သည့် ရှုထောင့်အမြင်မှ ကြည့်သည်ဖြစ်စေ အပြုသဘောဆောင်သော အရာတစ်ခုမဟုတ်ကြောင်း၊ လူ၏ အယူအဆနှင့် စိတ်ကူးဖြစ်ကြောင်း သင် မြင်နိုင်သည်။ ယင်းမှာ အပြုသဘောဆောင်သောအရာ မဟုတ်ဟု အဘယ်ကြောင့် ငါ ဆိုသနည်း။ (ယင်းမှာ သမ္မာတရား မဟုတ်သောကြောင့်၊ လူ၏ အယူအဆနှင့် စိတ်ကူး ဖြစ်သောကြောင့် ဖြစ်သည်။) အမှန်တွင် ဤစကားရပ်က တောင်းဆိုသည့်အရာကို အလွန်နည်းပါးသော လူတို့ကသာ လုပ်ဆောင်နိုင်၏။ ယင်းသည် အနှစ်မဲ့ သီအိုရီဖြစ်ပြီး လူ၏ အယူအဆနှင့် စိတ်ကူးဖြစ်သော်လည်း လူတို့၏ စိတ်နှလုံးများတွင် အမြစ်တွယ်သောကြောင့် လူအများစု၏ သဘောထား ဖြစ်လာကာ လူများစွာက ထိုသဘောထားအတိုင်း ဤကိစ္စမျိုးကို ဝေဖန်အကဲဖြတ်ကြလေသည်။ ထို့ကြောင့် ဤကိစ္စမျိုးကို လူအများစု၏ သဘောထားက ဝေဖန်အကဲဖြတ်သည့် ရှုထောင့်အမြင်နှင့် ရပ်တည်ချက်တို့၏ အနှစ်သာရမှာ အဘယ်နည်း။ လူအများစု၏ သဘောထားက နောက်အိမ်ထောင်ပြုသော အမျိုးသမီးကို အဘယ်ကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်အကဲဖြတ်ပါသနည်း။ လူတို့သည် ဤလူစားမျိုးကို အဘယ်ကြောင့် ဝေဖန်ကာ ရှောင်ကြဉ်ပြီး အထင်သေးပါသနည်း။ အကြောင်းရင်းမှာ အဘယ်နည်း။ သင်တို့ နားမလည်ကြသည် မဟုတ်လော။ အမှန်တရားများနှင့် ပတ်သက်လာသည့်အခါ သင်တို့ မရှင်းကြချေ။ ယင်းက သမ္မာတရား မဟုတ်ကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များနှင့် မကိုက်ညီကြောင်းကိုသာ သင်တို့ သိကြသည်။ ကောင်းပြီ၊ သင်တို့ကို ငါ ပြောမည်။ ငါ ပြောပြီးသည့်အခါ ဤအရာမျိုးကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်ကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် လူအများစု၏ သဘောထားသည် ဤအမျိုးသမီးကို တစ်ခုသောအရာ၊ တစ်ခုသော လုပ်ရပ်ဖြစ်သည့် သူ၏ နောက်အိမ်ထောင်ပြုခြင်းအပေါ်သာ အခြေခံ၍ ဝေဖန်အကဲဖြတ်ပြီး သူ၏ တကယ့် လူ့သဘာဝ အရည်အသွေးကို ကြည့်ခြင်းထက် ထိုတစ်ခုတည်းသောအရာအပေါ် အခြေခံ၍ သူ၏ လူ့သဘာဝ အရည်အသွေးကို ကျဉ်းမြောင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုသောကြောင့် ဖြစ်သည်။ ယင်းသည် မမျှတသကဲ့သို့ မတရားသည် မဟုတ်လော။ လူအများစု၏ သဘောထားက အမျိုးသမီး၏ လူ့သဘာဝသည် ပုံမှန်အားဖြင့် မည်သို့ဖြစ်သည်၊ သူသည် ဆိုးယုတ်သော လူတစ်ဦး၊ သို့မဟုတ် ကြင်နာတတ်သော လူတစ်ဦး ဟုတ်မဟုတ်၊ အပြုသဘောဆောင်သော အရာများကို သူ နှစ်သက်ခြင်း ရှိမရှိ၊ အခြားသူများကို သူ နာကျင်စေခြင်း၊ ထိခိုက်နစ်နာစေခြင်း ရှိမရှိ၊ သို့မဟုတ် နောက်အိမ်ထောင်မပြုမီတွင် သူသည် စာရိတ္တပျက်သော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ခြင်း ရှိမရှိဆိုသည်တို့ကို မကြည့်ချေ။ လူမှုအဖွဲ့အစည်းရှိ လူများနှင့် လူအများစု၏ သဘောထားသည် ဤအရာများအပေါ် အခြေခံ၍ ဤအမျိုးသမီးကို ပြည့်စုံစွာ ဆန်းစစ်ခဲ့သလော။ (မဆန်းစစ်ခဲ့ပါ။) သို့ဆိုလျှင် ထိုအချိန်က လူတို့သည် မိမိတို့၏ ဆန်းစစ်ချက်ကို မည်သည့်အရာအပေါ် အခြေခံခဲ့ကြသနည်း။ “အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဟူသည့် ဆိုရိုးအပေါ် အခြေခံခဲ့၏။ လူတိုင်းက “အမျိုးသမီးများသည် တစ်ကြိမ်သာ အိမ်ထောင်ပြုသင့်သည်။ သင်၏ လင်ယောက်ျား ဆုံးလျှင်ပင် သင်၏ ကျန်သည့်ဘဝတစ်လျှောက်လုံး မုဆိုးမအဖြစ် ရှိနေသင့်သည်။ အမှန်တွင်တော့ သင်သည် အမျိုးသမီးတစ်ဦးဖြစ်သည်။ သင်သည် သွားလေသူ သင်၏ လင်ယောက်ျားကို သစ္စာရှိနေပြီး နောက်အိမ်ထောင်မပြုပါက သင်၏ ဖြူစင်မှုကို အထိမ်းအမှတ်ပြုသည့် မော်ကွန်းတစ်ခုကို ငါတို့ ထူပေးမည်။ ဆယ်ခုပင် ထူပေးနိုင်သည်။ သင် မည်မျှ ဆင်းရဲဒုက္ခခံရသည်ကို၊ သို့မဟုတ် သင်၏ ကလေးများကို ပျိုးထောင်ဖို့ သင့်အတွက် မည်မျှ ခက်ခဲသည်ကို မည်သူမျှ ဂရုမစိုက်ပါ။ အစားအစာအတွက် လမ်းများပေါ်တွင် သင် တောင်းရမ်းရလျှင်ပင် မည်သူကမျှ ဂရုစိုက်လိမ့်မည်မဟုတ်။ ‘အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ’ဟူသည့် ဆိုရိုးစကားကို သင် လိုက်နာဆဲ ဖြစ်ရမည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် အမျိုးသမီးကောင်းတစ်ဦးဖြစ်လိမ့်မည်ဖြစ်ပြီး လူ့သဘာဝနှင့် ကိုယ်ကျင့်တရား ပိုင်ဆိုင်လိမ့်မည်။ သင် နောက်အိမ်ထောင်ပြုလျှင် သင်သည် မကောင်းသော အမျိုးသမီးနှင့် မိန်းမပျက် ဖြစ်သည်”ဟု တွေးကြသည်။ ဤအရာက သွယ်ဝိုက်ညွှန်းဆိုသည့်အရာမှာ နောက်အိမ်ထောင်မပြုခြင်းအားဖြင့်သာ အမျိုးသမီးတစ်ဦးသည် မြင့်မြတ်သည့် ကိုယ်ကျင့်တရား အပြုအမူနှင့် အကျင့်စရိုက်ရှိသည့် လူကောင်းတစ်ဦး၊ ဖြူစင်ပြီး သစ္စာရှိသည့် လူတစ်ဦး ဖြစ်နိုင်သည်ဟူ၍ ဖြစ်သည်။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်း၊ နှင့်ဆိုင်သည့် ရိုးရာယဉ်ကျေးမှု၏ အယူအဆများအတွင်းတွင် “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဟူသည့် ဆိုရိုးစကားသည် လူတို့ကို ချင့်ချိန်သုံးသပ်သည့် အခြေခံဖြစ်လာခဲ့သည်။ လူတို့က ဤဆိုရိုးစကားကို သမ္မာတရား ဖြစ်သည့်အလား သဘောထားကြပြီး အခြားသူများကို ဆန်းစစ်ခြင်းအတွက် စံနှုန်းများအဖြစ် သုံးကြသည်။ ဤသည်မှာ ဤကိစ္စ၏ အနှစ်သာရဖြစ်၏။ အကြောင်းမှာ တစ်စုံတစ်ဦးသည် ရိုးရာယဉ်ကျေးမှုက အဆိုပြုသည့် သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် မကိုက်ညီသည့် အပြုအမူမျိုးတစ်ခု ပိုင်ဆိုင်သည့်အခါ ၎င်းတို့သည် အရည်အသွေး နိမ့်ကျသည့် လူ့သဘာဝနှင့် နိမ့်ကျသည့် ကိုယ်ကျင့်တရား အပြုအမူတို့ ရှိကြခြင်း၊ ညံ့ဖျင်းပြီး ဆိုးရွားသည့် လူ့သဘာဝ ရှိခြင်းအဖြစ် အမည်တပ်ခံကြရသည်။ ယင်းမှာ လုံးဝ မျှတသလော။ (မမျှတပါ။) သို့ဆိုလျှင် အမျိုးသမီးကောင်းတစ်ဦး ဖြစ်ဖို့ရန်အလို့ငှာ မည်သည့် အခြေအနေများ ဖြစ်ရမည်ဖြစ်ပြီး မည်သည့်အဖိုးအခကို ပေးရမည်နည်း။ သင်သည် အမျိုးသမီးကောင်းတစ်ဦး ဖြစ်လိုပါက လင်ယောက်ျားတစ်ဦးတည်းကိုသာ သစ္စာရှိရမည်ဖြစ်ပြီး သင်၏ လင်ယောက်ျား ဆုံးပါးသွားလျှင် မုဆိုးမအဖြစ်သာ နေရမည်ဖြစ်သည်။ သင်နှင့် သင်၏ ကလေးများသည် လမ်းများတွင် သွားတောင်းရမ်းရမည်ဖြစ်ပြီး အခြားသူများ၏ လှောင်ပြောင်၊ ရိုက်နှက်၊ အော်ဟစ်၊ အနိုင်ကျင့်ကာ စော်ကားခြင်းတို့ကို အောင့်ခံရမည်ဖြစ်သည်။ ယင်းမှာ အမျိုးသမီးတစ်ဦးကို ဆက်ဆံရန် သင့်လျော်သည့် နည်းလမ်းတစ်ခုလော။ (မဟုတ်ပါ။) သို့တိုင် ယင်းမှာ လူသားများ လုပ်သည့်အရာ ဖြစ်သည်။ ၎င်းတို့က သင်သည် နေစရာအိမ်မရှိဘဲ၊ နောက်ထပ် စားရမည့်အစားအစာက မည်သည့်နေရာမှ လာမည်ကို မသိဘဲ လမ်းများတစ်လျှောက်တွင် တောင်းရမ်းနေသည်ကို ပိုမြင်ချင်ကြပြီး မည်သူကမျှ သင့်ကို ဂရုစိုက်မည်မဟုတ်၊ စာနာမည်မဟုတ်၊ အာရုံစိုက်မည် မဟုတ်ပေ။ ကလေးမည်မျှရှိသည်ဖြစ်စေ၊ သင့်ဘဝက မည်မျှခက်ခဲသည်ဖြစ်စေ သင့်ကလေးများက အစာရေစာငတ်ကာ သေလျှင်ပင် မည်သူမျှ ဂရုစိုက်လိမ့်မည် မဟုတ်။ သို့သော် သင်အိမ်ထောင်ထပ်ပြုလျှင် အမျိုးသမီးကောင်းတစ်ဦး မဟုတ်ပေ။ သင့်ကို အထင်သေးပြီး စက်ဆုပ်သည့် စကားများဖြင့် ဒုက္ခပေးမည်ဖြစ်ကာ သင်သည် စော်ကားပြီး ရှုတ်ချသည့် စကားအနည်းငယ်ထက်ပို၍ ကြုံရလိမ့်မည်။ သင့်ကို မျိုးစုံပြောသည်ကို ကြုံရလိမ့်မည်ဖြစ်ပြီး သင်၏ ကလေးများ၊ ဆွေမျိုးများနှင့် မိတ်ဆွေအနည်းငယ်တို့ကသာ စာနာပြီး အားပေးသည့် စကားများကို အားဖြည့်ပေးကြလိမ့်မည်။ ဤသို့ အဘယ်သို့ ဖြစ်လာရသနည်း။ ယင်းသည် ရိုးရာယဉ်ကျေးမှု၏ ပညာရေးနှင့် ပုံသွင်းခြင်းတို့ဖြင့် တိုက်ရိုက်ဆက်နွှယ်ပေသည်။ ယင်းသည် ရိုးရာယဉ်ကျေးမှုက ထောက်ခံသည့် “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဟူသည့် ဆိုရိုးစကား၏ ရလဒ်ဖြစ်သည်။ ဤအရာများမှ မည်သည့်အရာကို မြင်နိုင်သနည်း။ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဟူသည့် ဆိုရိုးစကား အတွင်းတွင် မည်သည့်အရာ ကွယ်ဝှက်ထားသနည်း။ လူ၏ အယောင်ဆောင်မှု၊ ကြောင်သူတော်ဖြစ်ခြင်းနှင့် လူမဆန်မှုတို့ ဖြစ်သည်။ အမျိုးသမီးတစ်ဦးသည် စားစရာ မည်သည့်အရာမျှ မရှိဖြစ်နိုင်သည်၊ မရှင်သန်နိုင် ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ အစာရေစာငတ်ပြတ်ခြင်းမှ သေလုမျောပါး ဖြစ်ချင်ဖြစ်မည်၊ သူ့ကို မည်သူကမျှ စာနာလိမ့်မည်မဟုတ်ပေ။ ထိုအစား သူ၏ ဖြူစင်မှုကို ထိန်းသိမ်းရန် လူတိုင်းက တောင်းဆိုလိမ့်မည်။ လူတို့သည် သူ့အား ရှင်သန်ဖို့ ရွေးချယ်ခွင့်ပေးခြင်းထက် အစာငတ်သေကာ သူ့ကို ဂုဏ်ပြုသည့်အနေဖြင့် မော်ကွန်းကျောက်တိုင်တစ်ခု ထူသည်ကိုသာ မြင်ချင်ကြမည်။ တစ်နည်းအားဖြင့် ဤကိစ္စက လူသားမျိုးနွယ်၏ ခေါင်းမာခြင်းကို ပေါ်လွင်စေ၏။ နောက်တစ်နည်းအားဖြင့် လူသားမျိုးနွယ်၏ အယောင်ဆောင်ခြင်းနှင့် ရက်စက်မှုတို့ကို ပေါ်လွင်စေသည်။ လူသားမျိုးနွယ်သည် ခုခံနိုင်စွမ်းမရှိသော လူစုများကို၊ သို့မဟုတ် သနားထိုက်သောသူတို့ကို မည်သည့် စာနာမှု၊ နားလည်မှု သို့မဟုတ် အကူအညီမျှ မပေးပေ။ ထို့အပြင် လူသားမျိုးနွယ်သည် လူတို့ကို ရှုတ်ချပြီး သေခြင်းသို့ တွန်းပို့ရန် “အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဟူသည့် အဓိပ္ပာယ်မဲ့သော သီအိုရီနှင့် စည်းမျဉ်းကို အသုံးပြုခြင်းအားဖြင့် စော်ကားရင်း အနာပေါ်အနာဆင့်ဖြစ်စေကြသည်။ ယင်းမှာ လူတို့အတွက် မမျှတပေ။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်နှင့်လည်းကောင်း၊ ဖန်ဆင်းခြင်း၏ အရှင်က လူသားမျိုးနွယ်ကို ပြုလုပ်သည့် တောင်းဆိုချက်များနှင့်လည်းကောင်း ဆန့်ကျင်ရုံသာမက တစ်ချိန်တည်းတွင်ပင် လူ၏ အသိတရား၊ ဆင်ခြင်တုံတရားတို့နှင့်လည်း ဆန့်ကျင်ပေသည်။ သို့ဆိုလျှင် ထိုအမျိုးသမီး၏ ကလေးများ ရှုမြင်သည့် ရှုထောင့်အမြင်သည် မျှတပါသလော။ ၎င်းတို့သည် ၎င်းတို့ မိခင်၏ ဒုတိယ အိမ်ထောင်နှင့် သူပေးဆပ်သည့် အဖိုးအခမှ အမှန်တကယ် အကျိုးခံစားခဲ့ရသည် မဟုတ်လော။ ထိုလုပ်ရပ်နှင့် စပ်လျဉ်း၍ ကလေးများက မိမိတို့၏ မိခင်ကို လေးစားကာ အားပေးခဲ့ကြသည်၊ သို့ဆိုလျှင် ဤအားပေးမှုသည် မည်သည့်နေရာမှ လာသနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မိခင်သည် ၎င်းတို့ကို ဆက်လက်ရှင်သန်ခွင့်ပေးကာ ၎င်းတို့၏ အသက်များကို ကယ်တင်လျက် ၎င်းတို့၏ ရှင်သန်မှုအတွက် နောက်အိမ်ထောင်ပြုရန် ရွေးချယ်ခဲ့သောကြောင့်သာ ဖြစ်သည်။ ၎င်းတို့၏ မိခင်က ထိုအရာကို ၎င်းတို့၏ အသက်ကို ကယ်တင်ဖို့ မလုပ်ဆောင်ခဲ့ပါက နောက်အိမ်ထောင်ပြုဖို့ သူ၏ ဆုံးဖြတ်ချက်ကို ၎င်းတို့ ထောက်ခံကြမည်မဟုတ်ပေ၊ သို့မဟုတ် အားပေးကြမည် မဟုတ်ပေ။ ထို့ကြောင့် သူ၏ ကလေးများအနေဖြင့် ၎င်းတို့ မိခင်၏ နောက်အိမ်ထောင်အပေါ် ၎င်းတို့၏ အမြင်များသည် အမှန်တကယ် မမျှတပေ။ လူအများစု၏ သဘောထားမှဖြစ်စေ၊ သို့မဟုတ် သူ၏ ကလေးများ၏ ရှုထောင့်အမြင်မှဖြစ်စေ တစ်နည်းမဟုတ် တစ်နည်းဖြင့် ဤမိခင်အပေါ် လူတို့ ဆက်ဆံသည့် နည်းလမ်းနှင့် သူ့ကို ဆန်းစစ်ရန် ၎င်းတို့ အသုံးပြုသည့် စံနှုန်းများသည် သူ၏ လူ့သဘာဝ၏ စစ်မှန်သော သဘောသဘာဝအပေါ် အခြေမခံခဲ့ပေ။ ယင်းမှာ နောက်အိမ်ထောင်ပြုသည့် အမျိုးသမီးတစ်ဦးကို လူသားများက ဆက်ဆံပုံတွင် ပြုလုပ်မိကြသည့် အမှားဖြစ်သည်။ ဤအရာမှ ရိုးရာယဉ်ကျေးမှုက အဆိုပြုသည့် “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ” ဟူသော ဆိုရိုးစကားမှာ ဘုရားသခင်ထံမှ မလာဘဲ စာတန်ထံမှလာပြီး သမ္မာတရားနှင့် လုံးဝ မပတ်သက်သည်ကို ရှင်းရှင်း မြင်ရပေသည်။ အမှုအရာအားလုံးကို လူတို့ ရှုမြင်သည့် ရှုထောင့်အမြင်များနှင့် အဆိုပါလူတစ်ဦးဦး၏ ကိုယ်ကျင့်တရား၊ သို့မဟုတ် မကောင်းမှုကို ၎င်းတို့ ယူမှတ်သည့် နည်းလမ်းများမှာ ဘုရားနှုတ်ကပတ်တော်များတွင် အခြေမခံပေ။ ယင်းတို့သည် ရိုးရာယဉ်ကျေးမှု၏ အမြင်များနှင့် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်း တို့နှင့်ဆိုင်သည့် ရိုးရာယဉ်ကျေးမှု၏ အယူအဆများအားဖြင့် လူသားက ဖန်တီးသည့် တောင်းဆိုချက်များတွင် အခြေခံလေသည်။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်း တို့မှာ မည်သည့်အရာများ ဖြစ်သနည်း။ ဤအယူအဆများက မည်သည့်နေရာမှ လာသနည်း။ အပေါ်ယံအားဖြင့် ယင်းတို့သည် အသက်အရွယ်ကြီးပြီး ကျော်ကြားသော ပညာရှိများထံမှ လာသည့်အလား ထင်ရသော်လည်း အမှန်တွင် စာတန်ထံမှ လာပေသည်။ ယင်းတို့သည် စာတန်က လူတို့၏ အပြုအမူကို ထိန်းချုပ်ကာ ကန့်သတ်ရန်နှင့် လူတို့၏ ကိုယ်ကျင့်တရား အပြုအမူအတွက် စံ၊ စံပြနှင့် ပုံစံတစ်ခု သတ်မှတ်ဖို့အလို့ငှာ အဆိုပြုခဲ့သည့် အမျိုးမျိုးသော ဆိုရိုးစကားများ ဖြစ်သည်။ အမှန်တွင် ဤအသက်အရွယ်ကြီးရင့်ကာ ကျော်ကြားသော ပညာရှိများ အားလုံးသည် ဆိုးယုတ်သော သဘာဝများရှိခဲ့ကြပြီး အားလုံးက စာတန်အတွက် အစေခံမှုပေးခဲ့ကြသည်။ ၎င်းတို့သည် လူတို့ကို လှည့်စားသည့် နတ်ဆိုးများ ဖြစ်သည်။ ထို့ကြောင့် ဤအယူအဆများက စာတန်ထံမှ လာသည်ဟု ပြောရန်မှာ လုံးဝ မှန်ပေသည်။

လူတို့သည် အခြားသူများ၏ ကိုယ်ကျင့် စရိုက်လက္ခဏာနှင့် ၎င်းတို့၏ လူ့သဘာဝက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်တို့ကို ဆန်းစစ်သည့်အခါ ရိုးရာယဉ်ကျေးမှုမှ ကျော်ကြားသော ဆိုးရိုးတစ်ခုကို အခြေပြု၍သာ ထိုသို့ ဆန်းစစ်ကြသည်။ ၎င်းတို့သည် တစ်ခုသော ကိစ္စကို ချဉ်းကပ်ပုံအပေါ် အခြေခံ၍ အခြားသူများ၏ လူ့သဘာဝ အရည်အသွေးအပေါ် ဆုံးဖြတ်ချက်နှင့် ကောက်ချက်ချကြသည်။ ဤသည်မှာ မှားယွင်းကာ မှန်ကန်ခြင်းမရှိ‌သည်မှာ သိသာထင်ရှားပေ၏။ ထို့ကြောင့် တစ်စုံတစ်ဦး၏ လူ့သဘာဝက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို မှန်ကန်တိကျကာ ဓမ္မဓိဋ္ဌာန်ကျပြီး မျှတသောနည်းလမ်းဖြင့် မည်သို့ ဆန်းစစ်နိုင်သနည်း။ ၎င်းတို့ကို ဆန်းစစ်ခြင်းအတွက် စည်းမျဉ်းများနှင့် စံနှုန်းများမှာ အဘယ်နည်း။ မှန်ကန်တိကျသည့် စကားရပ်အနေဖြင့်ဆိုရလျှင် ဤဆန်းစစ်ခြင်းအတွက် စည်းမျဉ်းများနှင့် စံနှုန်းများမှာ သမ္မာတရား ဖြစ်ရပေမည်။ ဖန်ဆင်းရှင်၏ စကားများသည်သာ သမ္မာတရား ဖြစ်ပြီး ယင်းတို့သည်သာ ဩဇာအာဏာနှင့် တန်ခိုးရှိ၏။ ဖောက်ပြန်ပျက်စီးသော လူသားများ၏ စကားများမှာ သမ္မာတရားမဟုတ်ပေ၊ ယင်းတို့တွင် ဩဇာအာဏာမရှိသကဲ့သို့ တစ်စုံတစ်ဦးကို ဆန်းစစ်ခြင်းအတွက် အခြေခံ၊ သို့မဟုတ် စည်းမျဉ်းများအဖြစ် အသုံးမပြုသင့်ပေ။ ထို့ကြောင့် လူတို့၏ ကိုယ်ကျင့် စရိုက်လက္ခဏာနှင့် ၎င်းတို့၏ လူ့သဘာဝ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်တို့ကို ဆန်းစစ်ရာတွင် တစ်ခုတည်းသော မှန်ကန်တိကျကာ ဓမ္မဓိဋ္ဌာန်ကျပြီး မျှတသောနည်းလမ်းမှာ မိမိ၏ အခြေခံအဖြစ် ဖန်ဆင်းရှင်၏ စကားများနှင့် သမ္မာတရားကို အသုံးပြုခြင်းအားဖြင့် ဖြစ်သည်။ “သစ္စာရှိသော ပြည်သားများသည် ရှင်ဘုရင်နှစ်ပါးကို အမှုထမ်း၍မရ၊ အမျိုးကောင်းသမီးတစ်ဦးသည် လင်ယောက်ျားနှစ်ဦးကို အိမ်ထောင်ပြု၍မရ”ဆိုသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားများကြား ကျော်ကြားသော ဆိုရိုးစကားတစ်ခု ဖြစ်သည်။ ယင်း၏ အရင်းအမြစ်မှာ မမှန်ကန်၊ စာတန်ထံမှ လာသည်။ လူတို့သည် အခြားသူများ၏ လူ့သဘာဝ အရည်အသွေးကို စာတန်၏ စကားများပေါ် အခြေခံ၍ အကဲဖြတ်ပါက ၎င်းတို့၏ ကောက်ချက်သည် မုချ မှားယွင်းလိမ့်မည်ဖြစ်ပြီး မျှတလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦး၏ ကိုယ်ကျင့်တရားများ၏ အရည်အသွေးနှင့် ၎င်းတို့၏ လူ့သဘာဝ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်တို့ကို မည်သို့ မျှတစွာနှင့် မှန်ကန်တိကျစွာ ဆန်းစစ်နိုင်မည်နည်း။ အပြုဘောဆောင်သော အရာများကို ၎င်းတို့ သဘောထားပုံအရ ၎င်းတို့၏ အမြင်များနှင့် ၎င်းတို့ ပြုလုပ်သည့် ရွေးချယ်မှုများကို အခြေခံစဉ်တွင် ထိုလူ့ လုပ်ရပ်များ၏ ရည်ရွယ်ချက်၊ ပန်းတိုင်နှင့် အကျိုးဆက်များအပြင် ၎င်းတို့ လုပ်ဆောင်သည့် အရာ၏ အဓိပ္ပာယ်နှင့် တန်ဖိုးတို့ကိုလည်း အခြေခံရမည်။ ယင်းသည် လုံးဝ တိကျမှန်ကန်လိမ့်မည်။ ထိုလူသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်ဖို့ သေချာပေါက်မလိုအပ်ပေ။ ၎င်းတို့ကို ဘုရားသခင်က မရွေးချယ်ခဲ့သော်လည်း မိမိတို့၏ လူ့သဘာဝ အရည်အသွေးက ဘုရားသခင်ကို ယုံကြည်သူအချို့ထက်ပင် ပို၍မြင့်မားသည့်အတိုင်းအတာအထိ အရှိအတိုင်း သင့်တင့်လျောက်ပတ်သော လူ့သဘာဝရှိကြသည့် မယုံကြည်သူအချို့ရှိသည်ကို သင် မြင်နိုင်သည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးဖြစ်ကာ နှစ်များစွာ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည့် ဘာသာရေးသမားအချို့က ငွေနှင့် ဥစ္စာပစ္စည်းများအား လိုချင်စိတ်ပြင်းပြမှုကို စိတ်ထဲသိုထားရင်း ညီအစ်ကို မောင်နှမများကို ဧည့်ခံသည့်အခါ အသင်းတော်မှ ငွေတောင်းဖို့အတွက် အမြဲ စဉ်းစားပြီး ၎င်းတို့က ဆင်းရဲလှကြောင်းကို ထိုညီအစ်ကို မောင်နှမများအား အစဉ်သဖြင့် ညည်းပြနေကြသကဲ့သို့သာ ဖြစ်လေသည်။ ဧည့်ခံနေစဉ် ၎င်းတို့ အသုံးပြုဖို့ အသား၊ ဟင်းသီးဟင်းရွက်များ၊ ဂျုံစပါးများ၊ စသည်တို့ကို ညီအစ်ကို မောင်နှမများက ပေးသည့်အခါ မိမိတို့ကိုယ်ပိုင် မိသားစု စားသုံးဖို့ရန် ထိုအရာများကို တိတ်တဆိတ် သိမ်းထားကြသည်။ ဤလူများမှာ မည်သည့်လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့၏ လူ့သဘာဝက ကောင်းသလော၊ ဆိုးသလော။ (ဆိုးပါသည်။) ဤသို့သောလူများသည် လောဘကြီးကြသည်။ လူတို့ကို အခွင့်အရေးယူချင်ကြပြီး နိမ့်ကျသော စရိုက်လက္ခဏာရှိကြသည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို တိုက်ရိုက်လက်ခံခဲ့ကြသည့် မယုံကြည်သူအချို့သည် ညီအစ်ကို မောင်နှမများကို ဧည့်ခံရန် အလွန်လိုလားနေကြသည်။ ၎င်းတို့ကို ဧည့်ခံရန် မိမိတို့ငွေများကို မရမကသုံးကြပြီး အသင်းတော်ငွေကို ငြင်းကြသည်။ အသင်းတော်က ၎င်းတို့ကို ငွေမည်မျှပေးသည်ဖြစ်စေ၊ တစ်ပြားမျှ မသုံးကြသကဲ့သို့ ထိုငွေတစ်ခုတလေကိုမျှ မမက်မောကြချေ။ အားလုံးကို စုထားပြီး နောက်ပိုင်းတွင် အသင်းတော်ကို ပြန်ပေးကြသည်။ ဧည့်ခံနေစဉ် အသုံးပြုဖို့ ညီအစ်ကို မောင်နှမများက ၎င်းတို့အတွက် ပစ္စည်းများဝေးပေးကြသည့်အခါ ၎င်းတို့ ဧည့်ခံသည့် ညီအစ်ကို မောင်နှမများ အသုံးပြုကာ စားသုံးဖို့ အားလုံးကို ချန်ထားကြသည်။ ထိုညီအစ်ကို မောင်နှမများ ပြန်သွားကြသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က ဤအရာများကို သိုလှောင်ခန်းထဲ ထည့်ထားကြပြီး နောက်တစ်ကြိမ်ညီအစ်ကို မောင်နှမအချို့ လာနေကြသည့်အခါမှသာ ထိုအရာများကို ထုတ်ကြသည်။ ၎င်းတို့၏ စိတ်ထဲတွင် အလွန်ရှင်းလင်းသော ထူးခြားမှုတစ်ခုရှိပြီး အသင်းတော်၏ ပစ္စည်းတစ်ခုတလေကိုမျှ ၎င်းတို့ လုံးဝ အလွဲသုံးစားမလုပ်ကြချေ။ မည်သူက ၎င်းတို့ကို ဤအရာ သွန်သင်သနည်း။ မည်သူမျှက မပြောပါ၊ ထို့ကြောင့် မည်သည့်အရာ လုပ်ရမည်ကို ၎င်းတို့ မည်သို့သိရှိကြသနည်း။ ထိုအရာကို ၎င်းတို့ မည်သို့ လုပ်နိုင်ခဲ့ကြသနည်း။ လူအများစုက ဤအရာကို မလုပ်နိုင်ကြသော်လည်း ၎င်းတို့ လုပ်နိုင်ကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ လူ့သဘာဝရှိ ခြားနားမှုတစ်ခု မဟုတ်လော။ ၎င်းတို့ လူ့သဘာဝ အရည်အသွေးရှိ ခြားနားမှုတစ်ခုဖြစ်ပြီး ၎င်းတို့၏ ကိုယ်ကျင့်တရားများရှိ ခြားနားမှုတစ်ခု ဖြစ်သည်။ ဤလူနှစ်မျိုးနှစ်စား၏ ကိုယ်ကျင့်တရားများကြား ခြားနားချက်တစ်ခုရှိသည့်အတွက် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ သဘောထားများကြားတွင် ခြားနားချက်တစ်ခု ရှိသလော။ (ရှိပါသည်။) ဤလူနှစ်မျိုးထဲမှ မည်သည့်အမျိုးအစားက သမ္မာတရားထဲ ဝင်ရောက်ရန် ပိုလွယ်ကူကြောင်း တွေ့ရှိလိမ့်မည်နည်း။ မည်သည့်အမျိုးအစားက သမ္မာတရားလိုက်စားရန် ပိုမို ဖြစ်နိုင်ဖွယ်ရှိသနည်း။ ကောင်းမွန်သော ကိုယ်ကျင့်တရားများရှိသူတို့သည် သမ္မာတရား လိုက်စားရန် ဖြစ်နိုင်ဖွယ်ပိုရှိသည်။ ဤသည်မှာ သင်တို့ မြင်သည့်ပုံလော။ ဤသို့ သင်တို့ မမြင်ကြဘဲ စကားများနှင့် အယူဝါဒများကို မည်သို့ အာဂုံဆောင်ရမည်ကို သိကြသည့် ဘာသာရေးသမားများက ဤအရာကို လုပ်နိုင်စွမ်းရှိသင့်ကြောင်းနှင့် စကားများနှင့် အယူဝါဒ များကို အာဂုံမဆောင်နိုင်သေးသည့် ဘုရားသခင်ကို စယုံကြည်ကာစဖြစ်သော မယုံကြည်သူများက ထိုအရာကို လုပ်နိုင်စွမ်းမရှိကြောင်း တွေးထင်လျက် သင်တို့ လုပ်ဆောင်သမျှမှာ စည်းမျဉ်းများကို ကြောင်းကျိုးမမြင်ဘဲ ကျင့်သုံးကြခြင်း ဖြစ်သည်။ သို့ရာတွင် လက်တွေ့အရှိတရားမှာ ဆန့်ကျင်ဘက်သာဖြစ်သည်။ သင်တို့အတွက် လူများနှင့် အမှုအရာများကို ဤသို့ ရှုမြင်ရန်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ငါသည် အမှုအရာများကို ဤသို့ မရှုမြင်ပေ။ လူတို့နှင့် ငါ ဆက်ဆံသည့်အခါ မတူကွဲပြားသော အရာများအပေါ် ၎င်းတို့ရှိသည့် သဘောထားကို ငါ အကျယ်တဝင့် ကြည့်သည်၊ အထူးသဖြင့် တူညီသော အခြေအနေကို ချဉ်းကပ်သည့်အခါ မတူကွဲပြားသော လူနှစ်မျိုးက မည်သို့ပြုမူကြသည်ဆိုသည်နှင့် ၎င်းတို့ မည်သည့်ရွေးချယ်မှုများပြုလုပ်ကြသည်ကို ငါ ကြည့်သည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝက မည်သည့်အရာနှင့် တူကြောင်း ပိုကောင်းမွန်သည့် သရုပ်ဖော်ချက်တစ်ခု ဖြစ်သည်။ ဤချဉ်းကပ်နည်းနှစ်ခုထဲမှ မည်သည့်အရာက ပိုမိုမျှတပြီး ပိုမို ဓမ္မဓိဋ္ဌာန်ကျသနည်း။ လူတစ်ဦးကို ၎င်း၏ အပြင်ပန်း လုပ်ရပ်များထက် ၎င်းတို့၏ သဘာဝ အနှစ်သာရအပေါ် အခြေခံ၍ ဝေဖန်သုံးသပ်ရန်မှာ ပိုမိုမျှတပေသည်။ အကြင်သူသည် အခြေအနေတစ်ခု၌ လူတစ်ဦး၏ လုပ်ဆောင်ချက်များကို ယူပြီး ၎င်းအပေါ် ဆုံးဖြတ်ချက်နှင့် ကောက်ချက်တစ်ခုပေးဖို့ရန်အလို့ငှာ ၎င်းတို့အပေါ် တိုက်ခိုက်ရန် ထိုလုပ်ရပ်များကို အသုံးချပါက ယင်းမှာ မှားယွင်းပြီး ထိုလူအတွက် မမျှတပေ။ ၎င်းတို့၏ လူ့သဘာဝ အရည်အသွေး၊ ယေဘုယျအားဖြင့် ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့ လျှောက်သည့်လမ်းကြောင်းတို့ကို အခြေခံ၍ မှန်ကန်တိကျသော ဆန်းစစ်ချက်တစ်ခု ပြုလုပ်ရမည်ဖြစ်သည်။ ဤအရာသည်သာ တရားမျှတပြီး၊ ယုတ္တိတန်ကာ ထိုလူအတွက်လည်း မျှတပေသည်။

ယနေ့ ငါတို့ ဤနေရာတွင် စာရင်းပြုစုထားသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ အဆိုအမိန့်တစ်ခုမျှသည် ဘုရားနှုတ်ကပတ်တော်များနှင့် မည်သည့် သက်ဆိုင်မှုမျှ မရှိသကဲ့သို့ ၎င်းတို့ထဲမှ မည်သည့်အရာမျှ သမ္မာတရားနှင့် မကိုက်ညီပေ။ ဆိုရိုးတစ်ခုသည် မည်မျှ အစဉ်အလာရှိပါစေ၊ အပြုသဘောဆောင်ပါစေ သမ္မာတရား ဖြစ်မလာနိုင်။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ဆိုရိုးများသည် ရိုးရာယဉ်ကျေးမှုက အမွှမ်းတင်ထားသော အရာများမှ ဖြစ်ပေါ်လာခြင်းဖြစ်ကာ ယင်းတို့သည် ဘုရားသခင်က လူသားအား လိုက်စားရန် တောင်းဆိုသော သမ္မာတရားများနှင့် မည်သည့်သက်ဆိုင်မှုမျှ မရှိပေ။ လူသား၏ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော ဤမတူကွဲပြားသည့် ဆိုရိုးများကို လူတို့ မည်မျှကောင်းစွာ ပြောဆိုကြပါစေ၊ သို့မဟုတ် ယင်းတို့အတိုင်း မည်မျှကောင်းစွာ အသက်ရှင်ကြပါစေ၊ သို့မဟုတ် ယင်းတို့ကို မည်မျှ ခိုင်ခိုင်မာမာ ဖက်တွယ်ကြပါစေ ဤဆိုရိုးစကားများက သမ္မာတရားဖြစ်သည်ဟု မဆိုလိုပေ။ ကမ္ဘာမြေပေါ်ရှိ လူအများစုက ဤအရာများကို ဖက်တွယ်ပြီး ယုံကြည်ကြလျှင်ပင် ယင်းတို့က သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်။ အကြိမ်ထောင်ချီပြောလျှင်ပင် မုသားက မုသားဖြစ်နေဆဲဖြစ်သကဲ့သို့သာ ဖြစ်သည်။ မုသားသည် မည်သည့်အခါတွင်မျှ အမှန်တရား ဖြစ်မလာနိုင်။ မုသားများမှာ စာတန်၏ အကြံများပါရှိသည့် မှားယွင်းသော စိတ်ကူးဖြစ်သောကြောင့် သမ္မာတရား ဖြစ်လာဖို့မပြောနှင့်၊ သမ္မာတရားကို အစားမထိုးနိုင်ပေ။ ထိုနည်းတူ ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်း၍ လူတို့ ရှေ့တန်းတင်သည့် မတူကွဲပြားသော သတ်မှတ်ချက်များမှာ သမ္မာတရား ဖြစ်မလာနိုင်။ ယင်းတို့ကို သင် မည်မျှ ဖက်တွယ်သည်ဖြစ်စေ၊ မည်သို့ကောင်းစွာ ဖက်တွယ်သည်ဖြစ်စေ သင့်အကြောင်း ပြောသမျှမှာ သင်သည် လူ့အမြင်တွင် ကောင်းမွန်သည့် ကိုယ်ကျင့်တရား အပြုအမူရှိကြောင်းဖြစ်၏။ သို့သော် ဘုရားသခင်၏ အမြင်တွင် သင်သည် လူ့သဘာဝ ရှိသလော။ သေချာပေါက် မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်း တို့နှင့်ဆိုင်သည့် ရိုးရာယဉ်ကျေးမှု အယူအဆများ၏ ရှုထောင့်နှင့် စည်းမျဉ်းတိုင်းကို သင်သည် အလွန်ကောင်းမွန်စွာနှင့် အသေအချာ စွဲကိုင်ခဲ့လျှင် သမ္မာတရားမှ လွန်စွာ သွေဖည်ပြီးဖြစ်ပေမည်။ အဘယ်ကြောင့်နည်း။ သင်သည် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် ဤအဆိုအမိန့်များအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ကာ ပြုမူနေထိုင်နေပြီး သင်၏ စံများအဖြစ် အသုံးပြုနေခဲ့မည် ဖြစ်သောကြောင့်တည်း။ ယင်းမှာ နာရီကို ခေါင်းစောင်းပြီး ကြည့်နေသကဲ့သို့သာ ဖြစ်သည်။ သင်၏ ရှုထောင့်အမြင် မှန်ကန်လိမ့်မည်မဟုတ်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ လူများနှင့် အမှုအရာများအပေါ် သင်၏ အမြင်များ၊ သင်၏ ပြုမူနေထိုင်ခြင်းနှင့် လုပ်ရပ်များသည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် မည်သည့်သက်ဆိုင်မှုမျှ ရှိမည်မဟုတ်သကဲ့သို့ သင်လိုက်လျှောက်နေသင့်သည့် ဘုရားသခင်၏ လမ်းခရီးမှ သင် ဝေးကွာနေမည်ဖြစ်သည်။ ဆန့်ကျင်ဘက်ဆီသို့ပင် သင်ပြေးနေနိုင်ပြီး သင့်ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်များကို ပျက်ပြားသွားစေသည့်နည်းလမ်းဖြင့် ပြုမူနေနိုင်သည်။ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် ဤဆိုရိုးများကို သင် ပိုမိုဖက်တွယ်ပြီး တန်ဖိုးထားလေလေ၊ သင့်ကို ဘုရားသခင်က စိတ်ကုန်လာလေဖြစ်လိမ့်မည်၊ ဘုရားသခင်နှင့် သမ္မာတရားမှ ဝေးရာသို့ သင် ပိုရောက်သွားလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် ပိုမိုဆန့်ကျင်လေ ဖြစ်လိမ့်မည်။ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် ဤဆိုရိုးများထဲမှ တစ်ခုကို မှန်ကန်သည်ဟု သင်မည်မျှတွေးထင်သည်ဖြစ်စေ၊ သို့မဟုတ် အချိန်မည်မျှကြာ ဖက်တွယ်သည်ဖြစ်စေ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေသည်ဟု မဆိုလိုပေ။ ရိုးရာယဉ်ကျေးမှု၏ အပြုအမူဆိုင်ရာ စံနှုန်းများထဲမှ မည်သည့်အရာက မှန်ကန်ပြီး ယုတ္တိတန်သည်ဟု သင်တွေးထင်ပါစေ ယင်းသည် အပြုသဘောဆောင်သော အရာများ၏ လက်တွေ့အရှိတရား မဟုတ်ပေ။ သမ္မာတရား လုံးဝ မဟုတ်သကဲ့သို့ သမ္မာတရားနှင့် မကိုက်ညီပေ။ သင့်ကိုယ်သင် အမြန်သုံးသပ်ဆင်ခြင်ရန် ငါ တိုက်တွန်းသည်။ သင် ဖက်တွယ်သည့် ဤအရာများက မည်သည့်နေရာမှ လာသနည်း။ လူတို့ကို ဆန်းစစ်ကာ တောင်းဆိုချက်များ ပြုလုပ်ခြင်းအတွက် ယင်းကို စည်းမျဉ်းနှင့် စံနှုန်းအဖြစ် အသုံးပြုခြင်းသည် ဘုရားနှုတ်ကပတ်တော်များတွင် အခြေပြုချက်တစ်ခု ရှိပါသလော။ သမ္မာတရားတွင် အခြေပြုချက်တစ်ခု ရှိသလော။ ရိုးရာယဉ်ကျေးမှု၏ ဤတောင်းဆိုချက်ကို သင် လက်တွေ့လုပ်ဆောင်ခြင်း၏ အကျိုးဆက်များက မည်သည့်အရာဖြစ်သည်ကို သင် ရှင်းလင်းပါ၏လော။ သမ္မာတရားနှင့် သက်ဆိုင်မှု တစ်ခုတလေ ရှိသလော။ ရိုးရာယဉ်ကျးမှု၏ ဤတောင်းဆိုချက်ကို သင်၏လုပ်ရပ်များအတွက် အခြေပြုချက်အဖြစ်၊ သင်၏ စံအဖြစ် အသုံးပြုခြင်းအားဖြင့် ပြီးလျှင် ယင်းကို အပြုသဘောဆောင်သောအရာအဖြစ် မြင်ခြင်းအားဖြင့် သမ္မာတရားကို သင် ဆန့်ကျင်နေခြင်းရှိမရှိ၊ ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သမ္မာတရားကို ချိုးဖောက်နေခြင်းရှိမရှိ သင် ပိုင်းခြားသိမြင်ကာ စိတ်ဖြာလေ့လာသင့်သည်။ ရိုးရာယဉ်ကျေးမှုက အမွှမ်းတင်ထားသည့် အမြင်များနှင့် ဆိုရိုးများကို ကြောင်းကျိုးမမြင်ဘဲ သင် ဖက်တွယ်ပါက ယင်း၏ အကျိုးဆက်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ဤဆိုရိုးများအားဖြင့် သင်သည် အထင်အမြင်မှားပါက၊ သို့မဟုတ် လှည့်စားခံရပါက သင်၏ ရလဒ်နှင့် အဆုံးသတ် မည်သည့်အရာ ဖြစ်လိမ့်မည်ကို စိတ်ကူးကြည့်နိုင်သည်။ သင်သည် လူများနှင့် အမှုအရာများကို ရိုးရာယဉ်ကျေးမှု ရှုထောင့်အမြင်မှ ရှုမြင်ပါက သမ္မာတရားကို လက်ခံဖို့ သင့်အတွက် ခက်ပေလိမ့်မည်။ လူများနှင့် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအတိုင်း သင် လုံးဝ ရှုမြင်နိုင်လိမ့်မည် မဟုတ်။ သမ္မာတရားကို နားလည်သောလူတစ်ဦးသည် ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်းသည့် ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အဆိုအမိန့်များနှင့် တောင်းဆိုချက်များကို စိစစ်သင့်သည်။ ထိုအရာများထဲမှ မည်သည့်အရာကို သင် တန်ဖိုးအထားဆုံးဖြစ်ပြီး အမြဲ ဖက်တွယ်ကြောင်း၊ လူများနှင့် အမှုအရာများကို သင် ရှုမြင်ပုံနှင့် ပြုမူနေထိုင်ပြီး ဆောင်ရွက်ပုံအတွက် အခြေခံနှင့် စံအဖြစ် မည်သည့်အရာကို အစဉ် အသုံးပြုသည်ကို သင် စိတ်ဖြာလေ့လာသင့်သည်။ ထို့နောက် သင် ဖက်တွယ်သည့်အရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များဖြင့် နှိုင်းယှဉ်စစ်ဆေးကာ ရိုးရာယဉ်ကျေးမှု၏ ဤရှုထောင့်များက ဘုရားသခင် ဖော်ပြသည့် သမ္မာတရားနှင့် ဆန့်ကျင်၊ ကွဲလွဲခြင်း ရှိမရှိဆိုသည်ကို ကြည့်သင့်သည်။ သင်သည် ပြဿနာတစ်ခုကို အမှန်တကယ် ရှာတွေ့ပါက ရိုးရာယဉ်ကျေးမှု၏ ဤရှုထောင့်များက မည်သည့်နေရာအတိအကျတွင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့နေသည်ကို သင် ချက်ချင်း စိစစ်ရမည်။ ဤကိစ္စရပ်များနှင့် ပတ်သက်၍ သင်ရှင်းလင်းသွားသည့်အခါ မည်သည့်အရာက သမ္မာတရားဖြစ်ပြီး မည်သည့်အရာက အတွေးမှားဖြစ်သည်ကို သင် သိလိမ့်မည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး သင် လျှောက်လှမ်းသင့်သည့် လမ်းကြောင်းကို ရွေးချယ်နိုင်လိမ့်မည်။ ဤသို့ သမ္မာတရားကို ရှာဖွေလော့၊ ပြီးလျှင် သင်၏ နည်းလမ်းများကို သင် ပြုပြင်နိုင်လိမ့်မည်။ လူတို့၏ ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်၍ လူသားမျိုးနွယ်၏ လိုအပ်ချက်များ၊ ဆိုရိုးများ ဟူ၍ခေါ်ဆိုသည့်အရာများကို မည်သို့စံသတ်မှတ်ထားပါစေ၊ သို့မဟုတ် ထိုအရာများသည် လူများစွာ၏ နှစ်သက်မှု၊ အမြင်၊ လိုအင်ဆန္ဒအပြင်၊ အကျိုးစီးပွားတို့နှင့် မည်မျှကိုက်ညီပါစေ ထိုအရာများက သမ္မာတရားမဟုတ်ပေ။ ဤသည်မှာ သင်နားလည်ရမည့် အရာတစ်ခုဖြစ်သည်။ ပြီးလျှင် ထိုအရာများသည် သမ္မာတရားမဟုတ်သည့်အတွက် ထိုအရာများကို ငြင်းပယ်ပြီး စွန့်ပစ်ရန် အလျင်အမြန်လုပ်ဆောင်သင့်သည်။ ထိုအရာများ၏ အနှစ်သာရနှင့် လူများက ထိုအရာများအားဖြင့် အသက်ရှင်ခြင်းမှ ဖြစ်ပေါ်လာသည့် အကျိုးဆက်များကိုပါ သင်ပိုင်းခြားစိစစ်ရမည်။ ထိုအရာများသည် သင့်အတွင်းမှ စစ်မှန်သောနောင်တကို အမှန်တကယ် ဖြစ်ပေါ်စေနိုင်သလော။ ထိုအရာများသည် သင့်ကိုယ်သင် သိမြင်ရန် အမှန်တကယ် ကူညီနိုင်သလော။ သင့်ကို လူသားပုံသဏ္ဌာန်အတိုင်း အမှန်တကယ် အသက်ရှင်နေထိုင်စေသလော။ ဤအရာများထဲမှ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ထိုအရာများသည် သင့်အား ကြောင်သူတော်ဆန်ပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်ခြင်းကိုသာ ဖြစ်ပေါ်စေလိမ့်မည်။ ထိုအရာများသည် သင့်အား ပို၍ စဉ်းလဲစေပြီး ဆိုးယုတ်စေလိမ့်မည်။ “အရင်တုန်းက ဒီရိုးရာယဉ်ကျေးမှုတွေရဲ့ ရှုထောင့်တွေကို ငါတို့ စွဲကိုင်တဲ့အခါမှာ ငါတို့က လူကောင်းတွေလို့ ခံစားရတယ်။ ငါတို့ပြုမူနေထိုင်တဲ့ပုံစံကို တခြားလူတွေမြင်တဲ့အခါမှာ ငါတို့က လူကောင်းတွေလို့ သူတို့ကလည်း ထင်ကြတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဘယ်လိုမကောင်းမှုမျိုးကို ငါတို့ လုပ်နိုင်တယ်ဆိုတာ ငါတို့စိတ်နှလုံးထဲကနေ သိကြတယ်။ ကောင်းတာ နည်းနည်းလုပ်တာက ဒါကို ဖုံးကွယ်ရုံသက်သက်ပဲ။ ဒါပေမဲ့ ရိုးရာယဉ်ကျေးမှုက ငါတို့ကို တောင်းဆိုတဲ့ အပြုအမူကောင်းတွေကို စွန့်ပစ်ရင် ဒါတွေအစား ဘာကိုလုပ်သင့်လဲ။ ဘယ်လိုအပြုအမူတွေနဲ့ သရုပ်သကန်တွေက ဘုရားကို ဘုန်းထင်ရှားစေမှာလဲ” ဟူ၍ ပြောသည့် လူအချို့ရှိကြသည်။ ဤမေးခွန်းကို မည်သို့ထင်သနည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် မည်သည့်သမ္မာတရားများကို လက်တွေ့လုပ်ဆောင်သင့်သည်ကို ၎င်းတို့ မသိကြသေးသလော။ ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြပြီးဖြစ်သည်။ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားများစွာရှိသည်။ ထို့ကြောင့် အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ငြင်းဆန်ပြီး အယောင်ဆောင် လူကောင်းများ၊ ကြောင်သူတော်များဖြစ်ရန် မရမက ဆက်လက်လုပ်ဆောင်နေရသနည်း။ သင်သည် အဘယ်ကြောင့် ဟန်ဆောင်နေသနည်း။ “ရိုးရာယဉ်ကျေးမှု၏ ကောင်းမွန်သော သွင်ပြင်လက္ခဏာများစွာ ရှိသည်။ ‘ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်’ဟူသကဲ့သို့ ဖြစ်သည်။ ဤသည်မှာ သိပ်ကောင်းသော ဆိုရိုးတစ်ခု ဖြစ်သည်။ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အဘယ်သို့ ကိုယ်တော်က ယင်းကို ပစ်ပယ်နိုင်ရသနည်း။ ပြီးလျှင် ‘မိတ်ဆွေအတွက် အသက်စွန့်မည်’ဆိုသည့်အရာရှိသည်။ သစ္စာရှိကာ သူရဲကောင်းဆန်လိုက်လေခြင်း။ ထိုသို့သော မိတ်ဆွေမျိုး ရှိရန်မှာ ဘဝတွင် ဂုဏ်တက်စရာ ဖြစ်သည်။ ‘နွေဦးပိုးများသည် သေသည်ထိ ရက်လုပ်ကြလိမ့်မည်ဖြစ်ပြီး ဖယောင်းတိုင်များသည် မီးစာကုန်သည်အထိ လင်းကြလိမ့်မည်’ ဆိုသည့်အရာလည်း ရှိသည်။ ဤဆိုရိုးများသည် အလွန် နက်နဲပြီး ရိုးရာယဉ်ကျေးမှု စိမ့်ဝင်ပျံ့နှံ့နေသည်။ ဤအရာများဖြင့် ကိုယ်တော်က ကျွန်ုပ်တို့ကို အသက်ရှင်ခွင့်မပေးပါက မည်သည့်အရာဖြင့် အသက်ရှင်သင့်ပါသနည်း”ဟု ဆိုသောသူအချို့ ရှိသည်။ ဤသည်မှာ သင် တွေးထင်သည့်အရာဖြစ်ပါက တရားဒေသနာ နားထောင်ရင်း သင် ကုန်ဆုံးခဲ့သည့် နှစ်များအားလုံး အချည်းနှီးဖြစ်လေပြီ။ အနည်းဆုံးအနေဖြင့် လူတစ်ဦးသည် အသိတရားနှင့် ဆင်ခြင်တုံတရားတို့၏ စံနှုန်းများအတိုင်း အသက်ရှင်ခြင်းအားဖြင့် ပြုမူနေထိုင်ရမည်ဆိုသည်ကိုပင် သင် နားမလည်ပေ။ သင်သည် သမ္မာတရား တစ်စက်မျှ မရရှိသကဲ့သို့ ဤနှစ်ကာလများကို အချည်းနှီး အသက်ရှင်လေပြီ။

တိုတိုပြောရလျှင် ရိုးရာယဉ်ကျေးမှုမှလာသော ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ဤဆိုရိုးများကို ငါတို့ စာရင်းပြုစုထားပြီးဖြစ်သော်လည်း ဤအရာ၏ ရည်မှန်းချက် ပန်းတိုင်မှာ ယင်းတို့က လူတို့၏ အယူအဆများနှင့် စိတ်ကူးများဖြစ်ကြောင်းနှင့် စာတန်ထံမှ လာကြောင်း၊ ပြီးလျှင် နောက်ထပ် မည်သည့်အရာမျှ မဟုတ်ကြောင်း အသိပေးရန်မျှသာ မဟုတ်ပေ။ ယင်းမှာ ဤအရာများ၏ အနှစ်သာရသည် မှားယွင်းကြောင်း၊ အယောင်ဆောင်ထားပြီး လှည့်စားတတ်ကြောင်းကို သင် ရှင်းရှင်းလင်းလင်း နားလည်စေဖို့ ဖြစ်သည်။ ဤအပြုအမူများကို လူတို့ ပိုင်ဆိုင်လျှင်ပင် ပုံမှန် လူ့သဘာဝကို ၎င်းတို့ အသက်ရှင်နေထိုင်နေကြသည်ဟု မည်သို့မျှ မဆိုလိုပေ။ ထို့ထက် ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို ဖုံးဖိရန်နှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သဘာဝ အနှစ်သာရတို့ကို ဖုံးကွယ်ရန် ဤအတုအယောင်အပြုအမူများကို ၎င်းတို့ အသုံးပြုနေကြခြင်း ဖြစ်သည်။ အကျိုးဆက်အနေဖြင့် လူတို့သည် ဟန်ဆောင်ခြင်းနှင့် အခြားသူများအား လှည့်စားခြင်းတွင် ပိုတော်သည်ထက် တော်လာနေကြသည်။ ထိုနည်းအားဖြင့် ၎င်းတို့အား ပို၍ပင် ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်လာစေသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ဖက်တွယ်သည့် ရိုးရာယဉ်ကျေးမှု၏ ကိုယ်ကျင့်တရား စံနှုန်းများသည် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများနှင့် သဟဇာတမဖြစ်သကဲ့သို့ လူတို့ကို ဘုရားသခင် သွန်သင်သည့် မည်သည့် နှုတ်ကပတ်တော်မျှနှင့် မကိုက်ညီပေ။ ယင်းတို့သည် မည်သို့မျှ ဆက်နွှယ်မှုမရှိပေ။ ရိုးရာယဉ်ကျေးမှု၏ သွင်ပြင်လက္ခဏာများကို သင် ဖက်တွယ်နေဆဲဖြစ်ပါက သင်သည် လုံးလုံးလျားလျား လှည့်စားခံရကာ အဆိပ်ခတ်ခံရပြီး ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုကို သင် ဖက်တွယ်ပြီး ယင်း၏ စည်းမျဉ်းများနှင့် အမြင်များကို လိုက်နာသည့် အကြောင်းကိစ္စတစ်ခုတစ်လေရှိပါက သင်သည် ဘုရားသခင်ကို ပုန်ကန်ကာ သမ္မာတရားကို ချိုးဖောက်နေပြီး ထိုကိစ္စရပ်တွင် ဘုရားသခင်ကို ဆန့်ကျင်နေပေသည်။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ဤအဆိုအမိန့်များထဲမှ တစ်ခုတလေကို သင်ဖက်တွယ်ပြီး မိမိကိုယ်ကို ဆက်ကပ်ကာ၊ လူများ သို့မဟုတ် အမှုအရာများကို သင် ရှုမြင်ပုံအတွက် စံ သို့မဟုတ် အခြေခံအကြောင်းရင်းအဖြစ် သဘောထားပါက၊ ယင်းမှာ သင် မှားသည့်နေရာဖြစ်ပြီး လူတို့ကို အတိုင်းအတာတစ်ခုထိ သင် ဝေဖန်၊ ထိခိုက်နစ်နာစေပါက အပြစ်တစ်ခုကို သင် ကျုးလွန်မိပြီး ဖြစ်လိမ့်မည်။ သင်သည် လူတိုင်းကို ရိုးရာယဉ်ကျေးမှု၏ ကိုယ်ကျင့်တရား စံနှုန်းများဖြင့် အမြဲ မရမက အကဲဖြတ်ပါက သင်ရှုတ်ချမိပြီး အထင်လွဲသည့် လူအရေအတွက် တိုးမြဲတိုးနေလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို သင် ဧကန်မုချ ရှုတ်ချကာ အတိုက်အခံလုပ်မိလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင် သင်သည် မဟာအပြစ်သားတစ်ဦး ဖြစ်လိမ့်မည်။ ရိုးရာယဉ်ကျေးမှု၏ ပညာရေးနှင့် ပုံသွင်းခြင်းအောက်တွင် လူသားမျိုးနွယ်အားလုံးက တိုး၍ ဆိုးယုတ်လာနေသည်ကို သင်မမြင်သလော။ လောကသည် သာ၍ မှောင်မိုက်နေသည် မဟုတ်လော။ တစ်စုံတစ်ဦးသည် စာတန်နှင့် နတ်ဆိုးများနှင့် သက်ဆိုင်လေလေ၊ အကိုးကွယ်ခံရလေ ဖြစ်သည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေ၊ ဘုရားသခင်အတွက် သက်သေခံပြီး ဘုရားသခင်ကို ကျေနပ်စေလေလေ၊ သာ၍ ဖိနှိပ်ကာ ဖယ်ကြဉ်၍ ရှုတ်ချခံရလေ၊ သို့မဟုတ် ကားစင်တင်ခြင်းအားဖြင့် အသေသတ်ခြင်းကိုပင်ခံရလေ ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ ရှေ့ဆက်၍၊ ယနေ့ ဤနေရာတွင် ငါတို့ မိတ်သဟာယပြုခဲ့သည့် အကြောင်းကို မကြာခဏ သင်တို့ မိတ်သဟာယပြုသင့်သည်။ ယင်းတို့နှင့်ပတ်သက်၍ မိတ်သဟာယပြုပြီးနောက်တွင် သင်တို့ နားမလည်သည့် အရာများရှိပါက တစ်ခဏမျှ ဘေးဖယ်ထားပြီး နားလည်သည်အထိ သင်တို့ကိုင်တွယ်နိုင်သည့်အပိုင်းများကို မိတ်သဟာယပြုလော့။ လုံးဝ ရှင်းလင်းသွားကာ လုံးဝ နားလည်သည်အထိ ဤစကားများကို မိတ်သဟာယပြုလော့။ ထို့နောက်တွင် သမ္မာတရားကို သင်တို့ မှန်ကန်တိကျစွာ လက်တွေ့လုပ်ဆောင်နိုင်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ်မ့ည်။ ဆိုးရိုး သို့မဟုတ် အမှုအရာတစ်ခုတလေသည် သမ္မာတရား ဟုတ်မဟုတ်၊ ရိုးရာယဉ်ကျေးမှုဖြစ်ပြီး သမ္မာတရား ဟုတ်မဟုတ်ဆိုသည်ကို သင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည့်အခါ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် လမ်းကြောင်းတစ်ခု ပိုရှိလိမ့်မည်။ နောက်ဆုံးတွင် မိတ်သဟာယမှတစ်ဆင့် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားတိုင်းကို သင် နားလည်နိုင်ပြီး သဘောတူညီမှု ရရှိပြီးသည့်အခါ၊ သင်၏ အမြင်များနှင့် နားလည်မှုများတွင် တစ်သမတ်တည်းဖြစ်သည့်အခါ၊ မည်သည့်အရာများက အပြုသဘောဆောင်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သည်၊ မည်သည့်အရာများက ဘုရားသခင်ထံမှ လာပြီး မည်သည့်အရာများက စာတန်ထံမှ လာသည်ကို သိရှိသည့်အခါ၊ ပြီးလျှင် ဤအရာများ သင့်အဖို့ ရှင်းလင်းပြီး ဒွိဟဖြစ်စရာမလိုတော့သည်အထိ ထိုအကြောင်းအရာနှင့်ပတ်သက်၍ သင်မိတ်သဟာယပြုပြီးသည့်အခါမှသာ သမ္မာတရားကို သင်သိနားလည်ပြီးဖြစ်လိမ့်မည်။ ထို့နောက်တွင် သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရား စည်းမျဉ်းများကို ရွေးချယ်လော့။ ဤသို့ဖြင့် ဘုရားသခင် ချခင်းထားသည့် အပြုအမူဆိုင်ရာ စံနှုန်းများကို သင် ပြည့်မီလိမ့်မည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် သင်သည် လူသားပုံသဏ္ဌာန်အချို့ ရှိလိမ့်မည်။ သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက လူသားပုံသဏ္ဌာန်ကို လုံးဝ အသက်ရှင်နိုင်လိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝကိုက်ညီမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၅ ရက်

အရှေ့သို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၄)

နောက်တစ်ခုသို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၆)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။