သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၆)

ငါတို့၏ ပြီးခဲ့သော စုဝေးပွဲတွင် မည်သည့်အကြောင်းအရာအား ငါတို့ မိတ်သဟာယပြုခဲ့သည်ကို သင်တို့မှတ်မိကြသလော။ (အပြုအမူကောင်းများဟု လူတို့မြင်သော အရာများနှင့် ဘုရားတောင်းဆိုသည့်အတိုင်း သာမန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းအား ယှဉ်ကြည့်လျှင် ရှိနေသော ခြားနားချက်များအပေါ် ဘုရားသခင်က ရှေးဦးစွာ မိတ်သဟာယပြုခဲ့ပါသည်။ ထို့နောက် ရိုးရာယဉ်ကျေးမှုရှိ လူ့အကျင့်စာရိတ္တကို မိတ်သဟာယပြုပြပြီး လူ့အကျင့်စာရိတ္တနှင့် ပတ်သက်သည့် အဆိုနှစ်ဆယ့်တစ်ချက်ကို အကျဉ်းချုပ် ဆွေးနွေးပြခဲ့ပါသည်။) ငါတို့၏ ပြီးခဲ့သော စုဝေးပွဲတွင် အကြောင်းအရာနှစ်ခုကို ငါမိတ်သဟာယပြုပေးခဲ့သည်။ ပထမဦးစွာ ကောင်းသော အပြုအမူဟူသည့် အကြောင်းအရာကို အနည်းငယ် ဖြည့်စွက်ပြီး ငါမိတ်သဟာယပြုပေးခဲ့၏။ ထို့နောက် လူ၏ စရိုက်လက္ခဏာ၊ ကျင့်ကြံပြုမူပုံနှင့် အကျင့်သီလကောင်းတို့ကို ခရေစေ့တွင်းကျ မရှင်းပြတော့ဘဲ ရိုးရိုးရှင်းရှင်းနှင့် မိတ်ဆက်သဘော မိတ်သဟာယပြုပေးခဲ့သည်။ သမ္မာတရားကို လိုက်စားခြင်း ဆိုသည်မှာဟူသည့် အကြောင်းအရာကိုလည်း သုံးလေးကြိမ်ခန့် ငါတို့ မိတ်သဟာယ ပြုပြီးခဲ့ကြပြီ။ သမ္မာတရားကို လိုက်စားခြင်းနှင့် ဆက်စပ်နေပြီး ဖော်ထုတ်ကာ ခွဲခြမ်းစိတ်ဖြာပြဖို့ လိုအပ်သည့် အပြုအမူကောင်းများအကြောင်း အားလုံးကိုလည်း ငါမိတ်သဟာယပြုပေးခဲ့ပြီ။ ယခင်အခေါက်၌ လူ့အကျင့်စာရိတ္တနှင့် စပ်လျဉ်းသည့် အခြေခံ အကြောင်းအရာတချို့ကိုလည်း ငါအနည်းငယ် မိတ်သဟာယပြုပေးခဲ့၏။ အကျင့်စာရိတ္တအကြောင်း ဤပြောဆိုချက်များကို အသေးစိတ် ထုတ်ဖော်ပြခြင်း၊ သို့မဟုတ် ခွဲခြမ်းစိတ်ဖြာပြခြင်းတို့ မရှိခဲ့သော်လည်း လူ့အကျင့်စာရိတ္တနှင့် ပတ်သက်သည့် မတူညီသော အဆိုများ၏ ဥပမာအတော်များများကိုကား ငါတို့ ဖော်ပြခဲ့ကြသည်။ အတိအကျ ပြောရလျှင် ဥပမာနှစ်ဆယ့်တစ်ခု ဖြစ်၏။ ဤဥပမာ နှစ်ဆယ့်တစ်ခုသည် အခြေခံအားဖြင့် တရုတ်ရိုးရာယဉ်ကျေးမှုက လူတို့အတွင်း သွတ်သွင်းထားပြီး ကျေးဇူးပြုလိုခြင်း၊ ဖြောင့်မတ်ခြင်း၊ သင့်တင့်လျောက်ပတ်ခြင်း၊ အမြော်အမြင်ရှိခြင်း၊ ယုံကြည်စိတ်ချရခြင်းဟူသည့် အတွေးအခေါ်များ ကြီးစိုးနေသော ပြောဆိုချက်အမျိုးမျိုး ဖြစ်သည်။ ဥပမာအားဖြင့် သစ္စာရှိခြင်း၊ ဖြောင့်မတ်ခြင်း၊ လျောက်ပတ်ခြင်း၊ ယုံကြည်ရခြင်းတို့နှင့်သာမက အမျိုးသားများ၊ အမျိုးသမီးများ၊ အရာရှိအမှုထမ်းများ၊ ကလေးများ အစရှိသည်တို့၏ ပြုမူသင့်ပုံနှင့်ပါ ဆက်စပ်နေသည့် လူ့အကျင့်စာရိတ္တနှင့် ပတ်သက်သော ဆိုရိုးအမျိုးမျိုးကို ငါတို့ ပြောဆိုခဲ့ကြသည်။ ဤဆိုရိုးနှစ်ဆယ့်တစ်ခုသည် ပြည့်စုံခြင်း သို့မဟုတ် အလုံးစုံ ခြုံငုံခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ လူ့အကျင့်စာရိတ္တနှင့် ဆက်စပ်၍ သဘောတရား ရှုထောင့်မှရော ခြေခြေမြစ်မြစ် ရှိသည့် ရှုထောင့်မှပါ တရုတ်ရိုးရာယဉ်ကျေးမှုက ထုတ်ပြန်ထားသည့် တောင်းဆိုမှု အမျိုးမျိုးတို့၏ အနှစ်သာရကို အခြေခံအားဖြင့် ကိုယ်စားပြုနိုင်စွမ်း ရှိပေသည်။ ဤဥပမာများကို ငါတို့ဖော်ပြပြီးသည့်နောက်၌ သင်တို့သည် ထိုဥပမာများအပေါ် ချင့်ချိန်တွေးဆကြည့်ကြပြီး မိတ်သဟာယပြုကြသလော။ (ကျွန်ုပ်တို့၏ စုဝေးပွဲများအတွင်း ထိုအရာများကို အနည်းငယ် မိတ်သဟာယပြုကြည့်ခဲ့ပါသည်။ ထိုအခါ အဆိုပါ ပြောဆိုချက်များထဲမှ တချို့မှာ သမ္မာတရားနှင့် အလွယ်တကူ ရောထွေးနိုင်ကြောင်း တွေ့ရပါ၏။ ဥပမာအားဖြင့် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ”၊ “မိတ်ဆွေအတွက် အသက်စွန့်မည်”၊ ထို့ပြင် “လူတို့ သင့်ကို အပ်သည့်အရာတိုင်းကို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ပါ” နှင့် အခြားဆိုရိုးများ ဖြစ်ပါသည်။) အခြားဆိုရိုးများဖြစ်သော “ညောင်စေ့ခန့် ကျေးဇူးပြုခံရလျှင် ညောင်ပင်ကြီးမျှ ကျေးဇူးပြန်ဆပ်ရမည်”၊ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်”၊ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်”၊ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ”၊ “ရေတွင်းတစ်တွင်းရှိ ရေကိုသောက်သောအခါ မည်သူက တူးခဲ့သည်ကို လုံးဝ မမေ့လျော့သင့်” အစရှိသည်တို့လည်း ပါဝင်သည်။ အနီးကပ် လေ့လာစစ်ဆေးကြည့်ပါက လူအများစုသည် ၎င်းတို့၏ ကျင့်ကြံပြုမူချက်၊ ၎င်းတို့ကိုယ်တိုင်နှင့် အခြားသူများ၏ အကျင့်စာရိတ္တအပေါ် ၎င်းတို့၏ သုံးသပ်ချက်များကို အကျင့်စာရိတ္တနှင့် ပတ်သက်သည့် အဆိုပါ ပြောဆိုချက်များအပေါ် အခြေခံအားဖြင့် အခြေပြုထားကြောင်း တွေ့ရလိမ့်မည်။ ဤအရာများသည် လူတိုင်း၏ စိတ်နှလုံးထဲတွင် အနည်းနှင့်အများ တည်ရှိကြ၏။ ဤအတွက် အဓိက အကြောင်းရင်းတစ်ခုမှာ လူတို့ နေထိုင်နေကြသော လူမှုဝန်းကျင်နှင့် ၎င်းတို့၏ အစိုးရများထံမှ ၎င်းတို့ခံယူရသော ပညာရေးဖြစ်သည်။ နောက်တစ်ခုမှာ ၎င်းတို့၏ မိသားစုများထံမှ ခံယူရသည့် ပြုစုပျိုးထောင်ပေးမှုနှင့် ၎င်းတို့၏ ရှေးဘိုးဘေးများထံမှ လက်ဆင့်ကမ်း ဆင်းသက်လာသည့် ရိုးရာများကြောင့် ဖြစ်သည်။ အချို့မိသားစုများက မိမိတို့ သားသမီးများအား ကောက်ရသည့် ငွေကို ဘယ်သောအခါမျှ အပိုင်မယူဖို့ သွန်သင်ကြ၏။ အခြားမိသားစုများကမူ မိမိတို့ သားသမီးများကို မျိုးချစ်စိတ် ရှိရမည်ဟု သွန်သင်ကြပြီး “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟု သွန်သင်ကြသည်။ အကြောင်းမှာ မိသားစုတိုင်းက ၎င်းတို့၏ နိုင်ငံအပေါ် အားထားရသောကြောင့် ဖြစ်သည်ဟူ၏။ အချို့သော မိသားစုများကမူ မိမိတို့ သားသမီးများကို “အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်” ဟု သွန်သင်ကြပြီး မိမိတို့၏ မျိုးရိုးဇာစ်မြစ်ကို ဘယ်သောအခါမျှ မမေ့ရဟု သွန်သင်ကြသည်။ အချို့မိဘများက ၎င်းတို့၏ သားသမီးများကို အကျင့်စာရိတ္တအကြောင်း သွန်သင်ရန် ရှင်းလင်းသော ပြောဆိုချက်များ သုံးကြ၏။ အခြားသော မိဘများကမူ အကျင့်စာရိတ္တနှင့် ပတ်သက်သည့် ၎င်းတို့၏ ခံယူချက်များကို ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ကြပေ။ သို့သော် ၎င်းတို့၏ သားသမီးများအတွက် စံပြပုဂ္ဂိုလ်အနေနှင့် ပြုမူနေထိုင်ကြပြီး ပုံသက်သေပြခြင်းဖြင့် သွန်သင်ပေးကြသည်။ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များမှတစ်ဆင့် နောက်မျိုးဆက်ကို လွှမ်းမိုးကာ ပညာပေးကြသည်။ ဤစကားများနှင့် လုပ်ရပ်များတွင် “ညောင်စေ့ခန့် ကျေးဇူးပြုခံရလျှင် ညောင်ပင်ကြီးမျှ ကျေးဇူးပြန်ဆပ်ရမည်”၊ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ”၊ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဟူသည်တို့အပြင် “ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွားပါ” အစရှိသည့် ကြီးကျယ်သော ပြောဆိုချက်များလည်း ပါဝင်နေနိုင်သည်။ မိဘများက မိမိတို့ သားသမီးများကို သွန်သင်ပေးသော အရာများ၏ အဓိကဆိုလိုရင်းများနှင့် အနှစ်သာရတို့ အားလုံးသည် တရုတ်ရိုးရာယဉ်ကျေးမှုက တောင်းဆိုထားသည့် အကျင့်စာရိတ္တနယ်ပယ်အတွင်း အများအားဖြင့် ကျရောက်နေသည်။ ကျောင်းသူ ကျောင်းသားများ ကျောင်းတက်ကြသည့်အချိန်တွင် ဆရာ ဆရာမများက ပထမဦးဆုံး ပြောသည့်အရာမှာ အခြားသူများအပေါ် ကြင်နာသင့်ကြောင်း၊ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ပီတိဖြာသင့်ကြောင်း၊ ကောက်ရသည့် ငွေကို အပိုင်မသိမ်းသင့်ကြောင်းနှင့် မိမိတို့၏ ဆရာ ဆရာမများကို ရိုသေပြီး ဆရာ ဆရာမတို့၏ သွန်သင်ချက်များကို အလေးအမြတ်ထားသင့်ကြောင်းတို့ ဖြစ်သည်။ ကျောင်းသူ ကျောင်းသားများက ရှေးတရုတ်စကားပြေများအကြောင်း၊ သို့မဟုတ် ရှေးခတ်မှ သူရဲကောင်းတို့၏ အတ္ထုပတ္တိများအကြောင်း သင်ယူရသောအခါ “မိတ်ဆွေအတွက် အသက်စွန့်မည်”၊ “သစ္စာရှိသော ငယ်သားသည် ဘုရင်နှစ်ပါးကို အစေမခံနိုင်၊ မိန်းမကောင်းသည် လင်နှစ်ဦးနှင့် လက်မထပ်နိုင်”၊ “ရိုးမြေကျသည်အထိ တာဝန်ကို ဦးဆွေးဆံမြည့် လုပ်ပြီး အစွမ်းကုန် ဆောင်ရွက်ဖို့ ကြိုးပမ်းပါ”၊ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”၊ “လမ်းမပေါ်တွင် တွေ့ရသော ကျပျောက်ထားသည့် ပစ္စည်းများကို မည်သူမျှ အပိုင်မယူသင့်” အစရှိသည်တို့ကို သင်ပေးခံရသည်။ ဤအရာများ အားလုံးက ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာ၏။ တိုင်းနိုင်ငံများကလည်း ဤအတွေးအခေါ်များကို ထောက်ခံကာ ပြန့်ပွားစေသည်။ အမှန်တကယ်တွင် နိုင်ငံအဆင့် ပညာရေးသည် မိသားစုအဆင့် ပညာရေးက အားပေးမြှင့်တင်သော ထပ်တူညီသည့် အရာများကိုပင် အနည်းနှင့်အများဆိုသလို အားပေးမြှင့်တင်ကြသည်ချည်း ဖြစ်၏။ ၎င်းတို့အားလုံးက ရိုးရာယဉ်ကျေးမှုမှ လာသည့် ဤအတွေးအခေါ်များကိုပင် ဗဟိုပြုထားကြသည်။ ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာသည့် အတွေးအခေါ်များသည် လူ၏ စရိုက်လက္ခဏာ၊ အကျင့်သီလကောင်း၊ ကျင့်ကြံပြုမူပုံ အစရှိသည်တို့နှင့် သက်ဆိုင်သော သတ်မှတ်ပြဋ္ဌာန်းချက်များ အားလုံးတွင် အခြေခံအားဖြင့် စိမ့်ဝင်ပျံ့နှံ့နေသည်။ တစ်ဖက်တွင် ထိုအရာများက လူတို့အား ကျင့်ဝတ်ထုံးတမ်းများနှင့် အမူအကျင့်ကောင်းများကို အပြင်ပန်းအားဖြင့် ပြသကြရန်၊ အခြားသူများ နှစ်သက်လက်ခံသည့် ပုံစံဖြင့် ပြုမူကာ ကျင့်ကြံဆောင်ရွက်ကြရန်၊ အခြားသူများ မြင်နိုင်ရန်အလို့ငှာ ကောင်းသော အပြုအမူများနှင့် လုပ်ရပ်များကို ပြသပြီး တစ်ချိန်တည်းတွင် မိမိတို့ စိတ်နှလုံး နက်ရှိုင်းရာထဲမှ ဆိုးယုတ်သော လက္ခဏာသွင်ပြင်များကို ကွယ်ဝှက်ထားကြရန် တောင်းဆိုသည်။ အခြားတစ်ဖက်တွင်မူ ထိုအရာများက လူတစ်ဦး၏ ကျင့်ကြံပြုမူပုံ၊ လူတို့ကို ချဉ်းကပ်ပုံ၊ ကိစ္စရပ်များကို ကိုင်တွယ်ပုံ၊ မိမိ၏ မိသားစုနှင့် မိတ်ဆွေများကို ဆက်ဆံပုံ၊ အမျိုးမျိုးအဖုံဖုံသော လူများ၊ အမှုအရာများကို ချဉ်းကပ်ပုံတို့နှင့် ဆက်စပ်နေသည့် သဘောထားများ၊ အပြုအမူများ၊ လုပ်ရပ်များကို အကျင့်စာရိတ္တ အဆင့်အတန်းသို့ မြှင့်တင်ပေးပြီး ထိုသို့အားဖြင့် အခြားသူများထံမှ ချီးမွမ်းမှုနှင့် လေးစားမှုကို ရရှိစေသည်။ ရိုးရာယဉ်ကျေးမှုက လူတို့အပေါ် ချမှတ်ထားသော တောင်းဆိုမှုများသည် အခြေခံအားဖြင့် ဤအရာများကို ဗဟိုပြုထားသည်။ ကျယ်ပြန့်သော လူ့ဘောင်အဖွဲ့အစည်း အတိုင်းအတာဖြင့် လူတို့ ထောက်ခံအားပေးသော အတွေးအမြင်များ ဖြစ်စေ၊ သေးငယ်သော အတိုင်းအတာဖြင့် မိသားစုများအတွင်း၌ လူတို့ အားပေးမြှင့်တင်ကာ ထိန်းသိမ်းကြသော အကျင့်စာရိတ္တနှင့် ပတ်သက်သည့် ထင်မြင်ချက်များ၊ ကျင့်ကြံပြုမူပုံနှင့် စပ်လျဉ်း၍ လူတို့အတွက် တင်ပြထားသည့် သတ်မှတ်ချက်များ ဖြစ်စေ ဤအရာများ အားလုံးသည် အခြေခံအားဖြင့် အဆိုပါ နယ်ပယ်အတွင်း ကျရောက်နေ၏။ ထို့ကြောင့် တရုတ်ရိုးရာယဉ်ကျေးမှုပင် ဖြစ်စေ၊ အနောက်တိုင်း ယဉ်ကျေးမှုများ အပါအဝင် အခြားသော နိုင်ငံများ၏ ရိုးရာယဉ်ကျေးမှုပင် ဖြစ်စေ လူတို့အကြားရှိ အကျင့်စာရိတ္တနှင့် ပတ်သက်သော ဤအတွေးအခေါ်များ အားလုံးသည် လူတို့ စွမ်းဆောင်နိုင်ပြီး အကြံထုတ်နိုင်သော အရာများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ထိုအရာများသည် လူတို့က ၎င်းတို့၏ အသိတရားနှင့် အသိစိတ်ကို အခြေပြု၍ ဆောင်ရွက်နိုင်သော အရာများ ဖြစ်သည်။ အနည်းဆုံးအနေဖြင့် မိမိတို့အပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော အကျင့်စာရိတ္တ တချို့ကို ဖြည့်ဆည်းနိုင်သည့် လူတချို့ ရှိကြသည်။ ဤတောင်းဆိုချက်များကို လူတို့၏ အကျင့်စရိုက်၊ ပင်ကိုစရိုက်နှင့် နှစ်သက်မှုများ၏ နယ်ပယ်အတွင်း၌သာ ကန့်သတ်ထားလေသည်။ ငါ့ကို မယုံလျှင် လူတို့၏ အကျင့်စာရိတ္တနှင့် ပတ်သက်နေသော အဆိုပါ တောင်းဆိုချက်များထဲမှ မည်သည့်အချက်က လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဦးတည်ထားကြောင်း အနီးကပ် လေ့လာပြီး ကြည့်ရန် သင့်ကို ငါတိုက်တွန်းသည်။ မည်သည့်အချက်က သမ္မာတရားကို လူတို့ ငြီးငွေ့နေသည့်အဖြစ်၊ သမ္မာတရားကို လူတို့ မနှစ်သက်သည့်အဖြစ်၊ လူတို့၏ အနှစ်သာရကိုယ်၌တွင် ဘုရားသခင်အား ခုခံနေကြသည့် အဖြစ်ကို ရည်စူးထားသနည်း။ ဤတောင်းဆိုချက်များထဲမှ မည်သည့်အချက်က သမ္မာတရားနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိသနည်း။ ဤတောင်းဆိုချက်များထဲမှ မည်သည့်အချက်က သမ္မာတရား၏ အဆင့်အတန်းကို မီနိုင်သနည်း။ (မည်သည့်အချက်မျှ မမီနိုင်ပါ။) ဤတောင်းဆိုချက်များကို မည်သို့ကြည့်ကြည့် ယင်းတို့ထဲမှ မည်သည့်အချက်ကမျှ သမ္မာတရား၏ အဆင့်အတန်းကို မမီနိုင်ပေ။ မည်သည့်အချက်ကမျှ သမ္မာတရားနှင့် တစ်စုံတစ်ရာ ပတ်သက်မှုမရှိသကဲ့သို့ မည်သည့်အချက်ကမျှလည်း သမ္မာတရားနှင့် စိုးစဉ်းမျှပင် ဆက်နွှယ်နေခြင်း မရှိပေ။ ယခုအချိန်ထိ ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်လာကြသူများ၊ အတွေ့အကြုံတချို့ ရှိထားသူများ၊ သမ္မာတရား အနည်းငယ်ကို နားလည်ကြသူများသည် ဤကိစ္စအပေါ် စစ်မှန်သော နားလည်မှု အသင့်အတင့်မျှ ရှိကြလိမ့်မည် ဖြစ်သည်။ သို့သော် လူအများစုကမူ ယခုတိုင် အယူဝါဒများကိုသာ သဘောပေါက်ကြတုန်း၊ ဤအတွေးအမြင်ကို သီအိုရီအရသာ သဘောတူကြတုန်း ဖြစ်သည်။ သမ္မာတရားကို စစ်မှန်စွာ နားလည်နိုင်သည့် အဆင့်ကိုကား မရောက်နိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူအများစုသည် ရိုးရာယဉ်ကျေးမှု၏ ဤလက္ခဏာသွင်ပြင်များက သမ္မာတရားနှင့် မကိုက်ညီကြောင်း၊ သမ္မာတရားနှင့် မဆက်နွှယ်ကြောင်းကို ရိုးရာယဉ်ကျေးမှုမှ လာသည့် ဤစည်းမျဉ်းများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တောင်းဆိုထားချက်များနှင့် နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့်သာ နားလည်လာကြ၍ ဖြစ်သည်။ ဤအရာများက သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်းကို ၎င်းတို့သည် နှုတ်အားဖြင့် အပြည့်အဝ အသိအမှတ်ပြုကောင်း ပြုကြမည် ဖြစ်သော်လည်း ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာထဲတွင် စွဲလမ်းတောင့်တကြသည့်၊ နှစ်သက်လက်ခံကြသည့်၊ ပိုလိုလားကြသည့်၊ အလွယ်တကူ လက်ခံကြသည့် အရာများကမူ အခြေခံအားဖြင့် လူသားတို့၏ ရိုးရာယဉ်ကျေးမှုမှ ထွက်ပေါ်လာသော အဆိုပါ အတွေးအခေါ်များ ဖြစ်နေလေသည်။ ထိုအရာများထဲမှ တချို့မှာ ၎င်းတို့၏ နိုင်ငံက ထောက်ခံပြီး အားပေးမြှင့်တင်သော အရာများ ဖြစ်သည်။ လူတို့သည် ထိုအရာများကို အပြုသဘောဆောင်သော အရာများအဖြစ် မှတ်ယူကြသည်၊ သို့မဟုတ် သမ္မာတရားအဖြစ် သဘောထားကြလေသည်။ ဤသို့ပင် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) တွေ့သည့်အတိုင်းပင် ရိုးရာယဉ်ကျေးမှု၏ ဤလက္ခဏာ သွင်ပြင်များသည် လူ့စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေကြပြီ ဖြစ်သည်။ ၎င်းတို့ကို အချိန်တိုအတွင်း ချေမှုန်းသုတ်သင်၍ မရ၊ အမြစ်လှန်၍ မရပေ။

လူ့အကျင့်စာရိတ္တနှင့် ပတ်သက်သော ငါတို့ဖော်ပြခဲ့သည့် တောင်းဆိုချက် နှစ်ဆယ့်တစ်ချက်သည် တရုတ်ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်နေသော်လည်း လူ့အကျင့်စာရိတ္တနှင့် စပ်လျဉ်း၍ တရုတ်ရိုးရာယဉ်ကျေးမှုက ထုတ်ပြန်ထားသော သတ်မှတ်ချက်များ အားလုံးကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုနိုင်သည့် အရာများအဖြစ်ကား အသုံးဝင်ပေသည်။ ဤအဆို နှစ်ဆယ့်တစ်ချက် တစ်ခုမကျန်ကို လူက အပြုသဘောဆောင်သော အရာအဖြစ် မှတ်ယူကာ မြင့်မြတ်ပြီး မှန်ကန်သည်ဟု မှတ်ယူ၏။ ထို့အပြင် လူတို့သည် သိက္ခာရှိရှိ နေနိုင်အောင် ဤအဆိုများက ထောက်ကူပေးကြောင်း၊ ဤအဆိုများမှာ ရိုသေလေးစားထိုက်ပြီး တန်ဖိုးထားထိုက်သည့် အကျင့်စာရိတ္တတစ်မျိုး ဖြစ်ကြောင်းလည်း ယုံကြည်ကြလေ၏။ ကောက်ရသော ငွေကို အပိုင်မယူခြင်း၊ သို့မဟုတ် သူတစ်ပါးတို့အား ကူညီပေးခြင်းဖြင့် ပီတိဖြာခြင်းတို့ ကဲ့သို့သော အတော်အတန် အပေါ်ယံဆန်သည့် ဆိုရိုးများကို ယခုလောလောဆယ် ငါတို့ ဘေးဖယ်ထားကြမည်။ ထိုအစား လူက အထူးသဖြင့် တန်ဖိုးထားပြီး မြင့်မြတ်သည်ဟု ယုံကြည်သော အကျင့်စာရိတ္တအကြောင်း ပြောဆိုသွားကြမည်။ ဥပမာအားဖြင့် “အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်” ဟူသည့် ဆိုရိုးကို ကြည့်လော့။ ဤပြောဆိုချက်၏ အဓိပ္ပာယ်ကို အရိုးရှင်းဆုံး နည်းလမ်းဖြင့် အကျဉ်းချုပ်ပြရလျှင် လူတစ်ဦးသည် မိမိ၏ မျိုးရိုးဇာစ်မြစ်ကို ဘယ်သောအခါမျှ မမေ့သင့်ဟူ၍ပင် ဖြစ်သည်။ လူတစ်ဦးသည် ဤအကျင့်စာရိတ္တကို ပိုင်ဆိုင်လျှင် လူတိုင်းက ထိုသူ၌ အင်မတန် မြင့်မြတ်သော ကိုယ်ရည်ကိုယ်သွေး ရှိသည်၊ ထိုသူမှာ အမှန်တကယ်ပင် “ရွှံ့နွံထဲမှ နှင်းပန်းတစ်ပွင့်ကဲ့သို့ ပြစ်မျိုးမှဲ့မထင် ကြီးထွားလာသည်” ဟု တွေးကြမည် ဖြစ်သည်။ လူတို့က ဤစကားကို အလွန် တန်ဖိုးထားကြ၏။ ဤစကားကို လူတို့ အလွန်အမင်း တန်ဖိုးထားသည့် အချက်က ဤသို့သော ပြောဆိုချက်မျိုးကို ၎င်းတို့အမှန်တကယ် နှစ်သက်လက်ခံပြီး သဘောတူကြသည့် အဓိပ္ပာယ်ကို ဆောင်လေသည်။ ဤအကျင့်စာရိတ္တကို ဆောင်ရွက်နိုင်သူတို့အား ၎င်းတို့ အကြီးအကျယ် အားကျလေးစားကြသည်ကိုမူ ပြောနေရန်ပင် မလို။ ဘုရားသခင်ကို ယုံကြည်သော်လည်း ရိုးရာယဉ်ကျေးမှုက အားပေးမြှင့်တင်သည့် ဤအရာများကို ယခုတိုင် အမှန်တကယ် နှစ်သက်လက်ခံနေကြသော လူများစွာ ရှိသည်။ ၎င်းတို့သည် အဆိုပါ အပြုအမူကောင်းများကို လက်တွေ့လုပ်ဆောင်ဖို့ လိုလားနေကြ၏။ ဤလူများသည် သမ္မာတရားကို နားမလည်ကြ။ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ လူကောင်းတစ်ယောက်ဖြစ်ခြင်း၊ အခြားသော လူများကို ကူညီပေးခြင်း၊ သူတစ်ပါးတို့ကို ကူညီပေးခြင်းဖြင့် ပီတိဖြာခြင်း၊ အခြားသော လူများကို ဘယ်သောအခါမျှ မလှည့်ဖြားခြင်း သို့မဟုတ် ဒုက္ခမပေးခြင်း၊ လောကီအရာများကို မလိုက်စားခြင်း၊ စည်းစိမ်ဥစ္စာ သို့မဟုတ် အပျော်အပါးကို ငမ်းငမ်းတက် မဖြစ်ခြင်းတို့ ဖြစ်သည်ဟု တွေးထင်ကြသည်။ “အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်” ဟူသည့် ပြောဆိုချက်က မှန်ကန်သည်ဟု ၎င်းတို့အားလုံးက စိတ်နှလုံးထဲတွင် သဘောတူလက်ခံကြ၏။ အချို့လူများက “အကယ်၍ လူတစ်ဦးသည် ဘုရားသခင်ကို မယုံကြည်လာမီတွင် ‘အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်’ ကဲ့သို့သော အကျင့်စာရိတ္တကို လိုက်နာနေပြီးသား ဖြစ်လျှင်၊ မိမိ၏ မျိုးရိုးဇာစ်မြစ်ကို မမေ့သော အလွန်ကောင်းပြီး ကြင်နာတတ်သူတစ်ဦး ဖြစ်လျှင် ယုံကြည်သက်ဝင်ပြီးနောက် ဘုရားသခင်၏ ရွှင်လန်းအားရမှုကို အလျင်အမြန် ရရှိနိုင်လိမ့်မည် ဖြစ်သည်။ ထိုသို့သော လူများအတွက် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လွယ်ကူ၏။ ၎င်းတို့သည် ဘုရား၏ ကောင်းချီးများကို ရရှိနိုင်ကြသည်” ဟု ပြောကြပေလိမ့်မည်။ များစွာသော လူတို့သည် အခြားသူများကို သုံးသပ်ပြီး ရှုမြင်ကြသည့်အခါ ဘုရား၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အခြေခံ၍ ထိုသူတို့၏ အနှစ်သာရကို ကြည့်ကြခြင်း မဟုတ်ပေ။ ထိုအစား လူတို့၏ အကျင့်စာရိတ္တနှင့် ပတ်သက်၍ ရိုးရာယဉ်ကျေးမှုက တောင်းဆိုထားချက်များနှင့်အညီ ထိုသူတို့ကို သုံးသပ်ကာ ရှုမြင်ကြခြင်း ဖြစ်သည်။ ဤရှုထောင့်မှဆိုလျှင် သမ္မာတရားကို နားမလည်ကြသော လူတို့သည် ကောင်းမွန်ပြီး မှန်ကန်သည်ဟု လူက ယုံကြည်ထားသော အရာများကို သမ္မာတရား ဖြစ်သည်ဟု တလွဲထင်မည်မှာ ဖြစ်နိုင်ခြေ ရှိသည် မဟုတ်လော။ ကောင်းသည်ဟု လူက ယူဆသော လူများကို ကောင်းသည်ဟု ဘုရားက ယူဆသော လူများအဖြစ် သဘောထားနိုင်ခြေ ရှိသည် မဟုတ်လော။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အတွေးအခေါ်များကို ဘုရားသခင်အပေါ် အစဉ်အမြဲ သွတ်သွင်းလိုကြသည်။ ထိုသို့လုပ်ခြင်းအားဖြင့် ၎င်းတို့သည် အခြေခံမူနှင့်ဆိုင်သော အမှားတစ်ခုကို ကျူးလွန်နေကြခြင်း ဖြစ်သည် မဟုတ်လော။ ဤအရာက ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ အလွန်ကြီးလေးသော ပြဿနာဖြစ်၏။ လူတို့သည် အသိစိတ်ကို အမှန်တကယ် ပိုင်ဆိုင်ကြသည်ဆိုလျှင် မိမိတို့ နားမလည်နိုင်သော ကိစ္စရပ်များ၌ သမ္မာတရားကို ရှာဖွေသင့်သည်။ ဘုရားအလိုတော်ကို နားလည်လာသင့်သည်။ ပေါက်ကရတစ်ပုံတစ်ခေါင်းကို ပေါ့ပေါ့ဆဆနှင့် ကရားရေလွှတ် မပြောသင့်ပေ။ လူကို ဘုရားသခင် သုံးသပ်သည့် စံနှုန်းများနှင့် အခြေခံမူများတွင် “မိမိတို့၏ မျိုးရိုးဇာစ်မြစ်ကို မမေ့လျော့သော လူတို့သည် လူကောင်းများ ဖြစ်ကြပြီး လူကောင်းတစ်ဦး၏ ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ကြသည်” ဟု ဆိုထားသော စာကြောင်းမျိုး ရှိသလော။ ထိုသို့သော အရာမျိုးကို ဘုရားသခင် ပြောဖူးသလော။ (မပြောဖူးပါ။) လူအတွက် ဘုရားသခင် ထုတ်ပြန်ထားသော အသေးစိတ်ကျသည့် တောင်းဆိုချက်များထဲတွင် “သင်သည် ဆင်းရဲနွမ်းပါးလျှင် မခိုးမယူရ။ သင်သည် ချမ်းသာကြွယ်ဝလျှင် လိင်ကိစ္စ ရှုပ်ပွေခြင်း မပြုရ။ ခြိမ်းခြောက်ခြင်း သို့မဟုတ် ကြိမ်းဝါးခြင်းတို့နှင့် ရင်ဆိုင်ရသောအခါ လုံးဝ အညံ့မခံရ” ဟူ၍ ဘုရားသခင် ပြောဖူးသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ထိုကဲ့သို့သော တောင်းဆိုချက်များ ပါဝင်သလော။ (မပါဝင်ပါ။) ဧကန်အမှန်ပင် မပါဝင်ပေ။ “အကြင်သူသည် ချမ်းသာကြွယ်ဝမှုအားဖြင့် လုံးဝ အကျင့်မပျက်သင့်၊ ဆင်းရဲခြင်းဖြင့် မပြောင်းလဲသင့်၊ အဓမ္မလုပ်ဆောင်မှုဖြင့် အလျှော့မပေးသင့်” ဟူသည့် ပြောဆိုချက်ကို လူက ပြောထားခြင်း ဖြစ်ကြောင်း တော်တော် သိသာလှသည်။ ဤအဆိုက လူအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီခြင်း မရှိ။ သမ္မာတရားနှင့် အပ်စပ်ခြင်းလည်း မရှိ။ သမ္မာတရားနှင့် အခြေခံအားဖြင့်လည်း ထပ်တူမကျ။ မိမိတို့၏ မျိုးရိုးဇာစ်မြစ်ကို ဖန်ဆင်းခံများ မမေ့ကြဖို့ ဘုရားသခင်က လုံးဝ မတောင်းဆိုထားပေ။ မိမိတို့၏ မျိုးရိုးဇာစ်မြစ်ကို မမေ့ကြဖို့ ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ငါဥပမာတစ်ခုပေးမည်။ သင်၏ ဘိုးဘေးများက လယ်သမားများ ဖြစ်ကြလျှင် သင်သည် ၎င်းတို့အပေါ် အောက်မေ့သတိရစိတ်ကို အစဉ်အမြဲ ရင်ဝယ်ပိုက်ထားရသည်။ သင်၏ ဘိုးဘေးများက လက်မှုပညာတစ်ခုကို လုပ်ခဲ့ကြသည်ဆိုလျှင် သင်သည် ထိုလက်မှုပညာ အစဉ်အလာကို ထိန်းသိမ်းရပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပေးရသည်။ ဘုရားသခင်ကို စတင် ယုံကြည်လာပြီးသည့်နောက်တွင်ပင် သင်သည် ဤအရာများကို မေ့ပစ်၍ မရ။ သင်၏ ဘိုးဘေးများထံမှ လက်ဆင့်ကမ်း ဆင်းသက်လာသည့် သွန်သင်ချက်များကို ဖြစ်စေ၊ လက်မှုပညာများကိုဖြစ်စေ၊ မည်သည့်အရာကိုမဆိုဖြစ်စေ မေ့ပစ်၍ မရ။ သင်၏ ဘိုးဘေးများက သူတောင်းစားများ ဖြစ်ခဲ့လျှင် ခွေးများကို ရိုက်လွှတ်ဖို့ ၎င်းတို့ သုံးခဲ့ဖူးသော တုတ်ချောင်းများကို သင်သည် သိမ်းဆည်းထားရသည်။ ဘိုးဘေးများက ဖွဲဆန်ကွဲနှင့် အလေ့ကျပေါက်သော အပင်များကို စားသောက်၍ အသက်ဆက်ခဲ့ရသည်ဆိုလျှင် ၎င်းတို့၏ သားမြေးစဉ်ဆက်ကလည်း ဖွဲဆန်ကွဲနှင့် အလေ့ကျပေါက်သော အပင်များကို စားသောက်ကြည့်ရသည်။ ဤသည်မှာ မျက်မှောက်ကာလ၏ သာယာရွှင်လန်းမှုများကို အရသာခံရန် အတိတ်ကာလ၏ ဝမ်းနည်းကြေကွဲမှုများကို ပြန်အောက်မေ့ခြင်း ဖြစ်သည်။ ဤသည်မှာ မိမိ၏ မျိုးရိုးဇာစ်မြစ်ကို မမေ့ခြင်း ဟူ၍ဖြစ်သည်။ သင်၏ ဘိုးဘေးများက မည်သည့်အရာကို လုပ်ခဲ့သည်ဖြစ်စေ ထိုအရာကို သင်ထိန်းသိမ်းရသည်။ သင်သည် ပညာတတ်ပြီး အဆင့်အတန်း ရှိထားရုံဖြင့် သင်၏ ဘိုးဘေးများကို မေ့ပစ်လိုက်၍ မရ။ တရုတ်လူမျိုးများသည် ဤကိစ္စများကို စစ်စစ်ပေါက်ပေါက် ဂရုအထားတတ်ဆုံး ဖြစ်သည်။ မိမိတို့၏ မျိုးရိုးဇာစ်မြစ်ကို မမေ့သူများသာ အသိတရားနှင့် အသိစိတ် ရှိကြသည်၊ ထိုသို့သော လူများသာ တည်ကြည်သည့် နည်းလမ်းဖြင့် ပြုမူနိုင်ပြီး သိက္ခာရှိရှိ နေထိုင်နိုင်ကြသည်ဟု ၎င်းတို့၏ စိတ်နှလုံးထဲ၌ ထင်မြင်ကြလေသည်။ ဤအမြင်က မှန်ကန်သလော။ ဘုရားနှုတ်ကပတ်တော်များထဲတွင် ဤကဲ့သို့သော အရာမျိုး ရှိသလော။ (မရှိပါ။) ဤသို့သော အရာမျိုးကို ဘုရားသခင်က လုံးဝပင် မပြောခဲ့ဖူးပေ။ ဤဥပမာမှ ငါတို့မြင်နိုင်သည်မှာ အကျင့်သီလကောင်း နယ်ပယ်တစ်ခုကို လူက တန်ဖိုးထားနိုင်ပြီး စွဲလမ်းတောင့်တနိုင်သော်လည်း၊ ထိုနယ်ပယ်က အပြုသဘောဆောင်သော အရာတစ်ခု၊ လူ့အကျင့်စာရိတ္တကို ထိန်းညှိပေးနိုင်သော အရာတစ်ခု၊ ဆိုးယုတ်သည့် လမ်းကို လူတို့လျှောက်ပြီး အကျင့်ပျက်ပြားလာခြင်း မရှိအောင် တားဆီးပေးနိုင်သော အရာတစ်ခု ဖြစ်သည့်ပုံရနိုင်သော်လည်း၊ ထို့အပြင် လူတို့အကြား ပျံ့နှံ့နေပြီး အပြုသဘောဆောင်သည့် အရာတစ်ခုအဖြစ် လူအားလုံးက လက်ခံထားသော အရာတစ်ခု ဖြစ်သော်လည်း ထိုနယ်ပယ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ရော သမ္မာတရားနှင့်ပါ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ရိုးရာယဉ်ကျေးမှုမှ လာသော ဤအဆိုများနှင့် အတွေးအခေါ်များသည် လုံးလုံးလျားလျား အဓိပ္ပာယ်မရှိကြောင်း သင်မြင်ရလိမ့်မည်။ ယင်းတို့သည် ထုတ်ပြောဖို့ရန်ပင် မတန်ကြောင်း၊ သမ္မာတရားနှင့် ဆက်နွှယ်မှု စိုးစဉ်းမျှပင် မရှိကြောင်း၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဘုရားသခင်၏ အလိုတော်တို့ ဖြစ်ရန်မှာမူ ပို၍ပင် ဝေးနေသေးကြောင်းတို့ကို သင်မြင်ရလိမ့်မည်။ ဤအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များကို ထောက်ခံရာတွင်၊ လူ၏ အကျင့်စာရိတ္တနှင့် စပ်လျဉ်းသည့် ပြောဆိုချက်အမျိုးမျိုးကို ထုတ်ပြန်ရာတွင် လူတို့သည် မူရင်းအစစ်ဖြစ်မှုနှင့် ဆန်းသစ်မှုကို ပြစားရန်၊ မိမိတို့၏ ကြီးမြတ်မှုနှင့် မှန်ကန်မှုကို ကြွားလုံးထုတ်ရန်၊ မိမိတို့အပေါ် လူတို့ကိုးကွယ်လာအောင် လုပ်ရန် လူ့တွေးခေါ်မှု နယ်ပယ်ကို ကျော်လွန်သည့် အချို့သော အရာများကို အသုံးပြုနေခြင်းမျှသာ ဖြစ်သည်။ အရှေ့တိုင်းတွင် ဖြစ်စေ၊ အနောက်တိုင်းတွင် ဖြစ်စေ လူတို့အားလုံးသည် တစ်ပုံစံတည်း တွေးခေါ်ကြ၏။ လူ့အကျင့်စာရိတ္တနှင့် စပ်လျဉ်း၍ လူတို့ ထောက်ခံပြီး ထုတ်ပြန်ထားလေသော တောင်းဆိုချက်များ၏ သဘောတရားများနှင့် အစပြုမှတ်များ၊ ထိုတောင်းဆိုချက်များမှတစ်ဆင့် ၎င်းတို့ စွမ်းဆောင်ရရှိလိုသော ပန်းတိုင်များသည် အခြေခံအားဖြင့် အားလုံး အတူတူပင် ဖြစ်သည်။ အနောက်တိုင်းမှ လူတို့တွင် အရှေ့တိုင်းမှ လူတို့ အလေးထားကြသည့် “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ” နှင့် “ညောင်စေ့ခန့် ကျေးဇူးပြုခံရလျှင် ညောင်ပင်ကြီးမျှ ကျေးဇူးပြန်ဆပ်ရမည်” ကဲ့သို့ သတ်သတ်မှတ်မှတ် ဖြစ်သည့် အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များ မရှိကြသော်လည်း၊ တရုတ်ရိုးရာ ယဉ်ကျေးမှုမှ လာသည့် အထက်ပါ ဆိုရိုးများသဖွယ် တိကျပြတ်သားသော ဆိုရိုးများကို ၎င်းတို့ မပိုင်ဆိုင်ကြသော်လည်း ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုတွင် ဤအတွေးအခေါ်များနှင့်သာ ပြည့်နှက်နေသည်။ ငါတို့ မိတ်သဟာယဖွဲ့နေပြီး ပြောဆိုနေသည့် အရာများမှာ တရုတ်ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သော်လည်း အကျင့်စာရိတ္တနှင့် ပတ်သက်သော ဤအဆိုများနှင့် တောင်းဆိုချက်များသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် အားလုံး၏ အဓိကထင်ရှားသော အတွေးအခေါ်များကို အတိုင်းအတာတစ်ခုအထိ အနှစ်သာရအားဖြင့် ကိုယ်စားပြုလေသည်။

ယနေ့ ငါတို့သည် ရိုးရာယဉ်ကျေးမှုက လူ့အကျင့်စာရိတ္တနှင့် ဆက်စပ်သည့် ၎င်း၏ အဆိုများနှင့် တောင်းဆိုချက်များမှတစ်ဆင့် လူတို့အပေါ် မည်သို့သော အပျက်သဘောဆောင်သည့် သက်ရောက်မှုမျိုး ကျရောက်စေသည့် အကြောင်းကို အဓိကထား၍ မိတ်သဟာယပြုခဲ့ကြသည်။ ဤအရာကို နားလည်ပြီးသွားသည့်နောက် လူတို့အနေနှင့် နားလည်ထားရမည့် နောက်ထပ် အရေးအကြီးဆုံးသော အရာမှာ စင်စစ်အားဖြင့် ဖန်ဆင်းခြင်း၏ သခင်ဖြစ်သည့် ဘုရား၌ လူသားမျိုးနွယ်၏ အကျင့်စာရိတ္တနှင့် စပ်လျဉ်း၍ မည်သည့်သတ်မှတ်ပြဋ္ဌာန်းထားချက်များ ရှိသည်၊ မည်သည့်အရာကို သူအတိအကျ ပြောဆိုထားသည်၊ မည်သည့်တောင်းဆိုချက်များ သူထုတ်ပြန်ထားသည်တို့ ဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ် နားလည်လာရမည့် အရာပင် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုသည် လူအပေါ် ဘုရားသခင်၏ တောင်းဆိုထားချက်များမှာ အဘယ်အရာများ ဖြစ်သည်ကို သက်သေခံခြင်း သို့မဟုတ် ဘုရားပြောထားသော နှုတ်ကပတ်တော်များကို သက်သေခံခြင်း စိုးစဉ်းမျှပင် မရှိကြောင်း၊ ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ သမ္မာတရားကို လူတို့ ရှာဖွေကြခြင်း မရှိကြောင်း ယခုတွင် ငါတို့သည် ရှင်းလင်းစွာ မြင်ရလေပြီ။ သို့ဖြစ်၍ ရိုးရာယဉ်ကျေးမှုသည် လူတို့ ရှေးဦးစွာ သင်ယူခဲ့ရသော အရာဖြစ်ပြီး လူတို့ကို ကြီးစိုးထား၏။ လူတို့၏ စိတ်နှလုံးထဲ ချဉ်းနင်းဝင်ရောက်ထားပြီး လူသားတို့ ရှင်သန်နေထိုင်သည့် နည်းလမ်းကို နှစ်ပေါင်းထောင်နှင့်ချီ၍ လမ်းပြလာခဲ့၏။ ဤသည်မှာ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့် အဓိက နည်းလမ်းပင် ဖြစ်သည်။ ဤအချက်ကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုပြီးလျှင် လူတို့အနေနှင့် ယခု နားလည်ရမည့် အရေးအကြီးဆုံးသော အရာမှာ ဖန်ဆင်းခံ လူသားများ၏ လူ့သဘာဝ၊ ကိုယ်ကျင့်တရားနှင့် စပ်လျဉ်း၍ ဖန်ဆင်းခြင်း၏ သခင်တွင် မည်သည့်တောင်းဆိုချက်များ ရှိသည်၊ သို့မဟုတ် တစ်နည်းအားဖြင့် သမ္မာတရား၏ ဤရှုထောင့်နှင့် ပတ်သက်၍ မည်သည့်စံနှုန်းများ ရှိသည်တို့ပင် ဖြစ်သည်။ တစ်ချိန်တည်းတွင် လူတို့သည် ရိုးရာယဉ်ကျေးမှုက ထုတ်ပြန်ထားသည့် တောင်းဆိုချက်များနှင့် လူသားမျိုးနွယ်ကို ဘုရားသခင် တောင်းဆိုထားသည့် အရာများတွင် အဘယ်တစ်ခုက သမ္မာတရားဖြစ်သည်ကို နားလည်လာရမည်။ ယင်းတို့အထဲမှ မည်သည့်အရာက လူတို့ကို သန့်စင်စေပြီး ကယ်တင်ပေးနိုင်သည်၊ အသက်တာတွင် လမ်းကြောင်းမှန်သို့ ရောက်အောင် လမ်းပြပေးနိုင်သည်ကို နားလည်ရမည်။ ယင်းတို့အထဲမှ မည်သည့်အရာက လူတို့ကို လှည့်စားပြီး ဒုက္ခပေးနိုင်သည့်၊ လမ်းမှားသို့ တွန်းပို့နိုင်သည့်၊ အပြစ်နှင့်ပြည့်သည့် ဘဝသို့ တွန်းပို့နိုင်သည့် ယုတ္တိအမှားဖြစ်သည်ကို နားလည်ရမည်။ ဤပိုင်းခြားသိမြင်မှု လူတို့တွင် ရှိသွားသည်နှင့် လူသားမျိုးနွယ်အပေါ် ဖန်ဆင်းခြင်း သခင်၏ တောင်းဆိုချက်များကို ကောင်းကင်ဘုံက စီရင်ချမှတ်ထားပြီး မြေကြီးက အသိအမှတ်ပြုထားကြောင်း၊ ထိုအရာများက လူတို့ လက်တွေ့လုပ်သင့်သည့် သမ္မာတရား အခြေခံမူများ ဖြစ်ကြောင်း ၎င်းတို့ သိမြင်နိုင်ကြလိမ့်မည်။ သမ္မာတရားကို လူတို့၏ လိုက်စားမှုသာမက လူများနှင့် အမှုအရာများကို လူတို့၏ ရှုမြင်မှုများ၊ လူတို့၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုများအပေါ်တွင် သက်ရောက်မှုရှိကာ ရိုးရာယဉ်ကျေးမှုမှ လာပြီး အကျင့်စာရိတ္တနှင့် ဆိုင်သည့် အဆိုများ၊ အကဲဖြတ်မှု စံနှုန်းများနှင့် ပတ်သက်လျှင်မူ လူတို့သည် ထိုအရာများကို အနည်းငယ် ပိုင်းခြားသိမြင်နိုင်ပါက၊ ထိုအရာများမှာ အနှစ်သာရအားဖြင့် အဓိပ္ပာယ်ကင်းမဲ့ကြောင်း ရိပ်စားမိကာ သိမှတ်နိုင်ပါက၊ ထိုအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲမှ စွန့်လွှတ်နိုင်ပါက အကျင့်စာရိတ္တနှင့် ပတ်သက်၍ လူတို့တွင် ရှိသော စိတ်ရှုပ်ထွေးမှုတချို့ သို့မဟုတ် ပြဿနာတချို့ကို ဖြေရှင်း၍ ရနိုင်ပေသည်။ ဤအရာများကို ဖြေရှင်းလိုက်လျှင် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်း၌ လူတို့ရင်ဆိုင်ရသော အတားအဆီးနှင့် အခက်အခဲများသည် အရေအတွက်အားဖြင့် အတော်အတန် လျော့ကျသွားလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် သမ္မာတရားကို နားမလည်သောအခါ အကျင့်စာရိတ္တနှင့် ပတ်သက်၍ ယေဘုယျ အသိအမှတ်ပြုထားကြသော အတွေးအခေါ်များကို သမ္မာတရား ဖြစ်သည်ဟု တလွဲထင်နိုင်ခြေ ရှိ၏။ ထိုအတွေးအခေါ်များကို သမ္မာတရားသဖွယ် လိုက်စားကာ လိုက်နာနိုင်ခြေ ရှိ၏။ ဤအရာက သမ္မာတရားအား လူတို့၏ နားလည်နိုင်စွမ်းနှင့် လက်တွေ့လုပ်ဆောင်နိုင်စွမ်းကိုသာမက စိတ်သဘောထား ပြောင်းလဲမှုကို ဖန်တီးယူရန် သမ္မာတရားကို လိုက်စားနေစဉ် လူတို့ရရှိသော ရလဒ်များကိုပါ အကြီးအကျယ် ထိခိုက်လေသည်။ ဤသည်မှာ သင်တို့တစ်ဦးတစ်ယောက်ကမျှ မမြင်လိုသည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်လည်း မမြင်လိုသည့်အရာ ဖြစ်သည်ကိုကား ပြောနေရန်ပင် မလို။ ထို့ကြောင့် အကျင့်စာရိတ္တနှင့် ပတ်သက်၍ လူတို့ စွဲကိုင်ထားကြပြီး အပြုသဘောဆောင်သည်ဟု ဆိုလေသော ဤပြောဆိုချက်များ၊ အတွေးအခေါ်များ၊ ရှုထောင့်အမြင်များနှင့် စပ်လျဉ်းပါက လူတို့သည် ရှေးဦးစွာ ဘုရား၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အခြေပြု၍ ထိုအရာများကို ရှင်းရှင်းလင်းလင်း သိကျွမ်းပြီး ပိုင်းခြားသိမြင်ရမည်။ ထိုအရာများ၏ တကယ့် အနှစ်သာရကို ရိပ်စားမိရမည်။ ထိုသို့ဖြင့် ၎င်းတို့ စိတ်နှလုံး၏ နက်ရှိုင်းရာထဲတွင် အဆိုပါ အရာများအပေါ် မှန်ကန်တိကျသည့် သုံးသပ်ချက်နှင့် ရပ်တည်ချက်တို့ ဖြစ်တည်လာရမည်။ ထို့နောက်တွင်ကား အဆိုပါ အရာများကို နည်းနည်းချင်းစီ ရှာဖွေဖော်ထုတ်ပစ်ကာ သုတ်သင်ဖယ်ရှားပြီး စွန့်ပစ်နိုင်ရမည်။ နောင်အနာဂတ်တွင် လူတို့သည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲနေသည့် အပြုသဘောဆောင်သည်ဟု ဆိုလေသော အဆိုပါ ပြောဆိုချက်များကို မြင်သည့်အခါတိုင်း သမ္မာတရားကို ဦးစွာ ရွေးချယ်သင့်သည်။ လူ၏ အယူအဆများထဲတွင် အပြုသဘောဆောင်သည်ဟု မှတ်ယူထားသော ထိုပြောဆိုချက်များကို မရွေးချယ်သင့်။ အဘယ်ကြောင့်ဆိုသော် အပြုသဘောဆောင်သည်ဟု ဆိုလေသော အဆိုပါ ပြောဆိုချက်များသည် လူ၏ အမြင်များသာ ဖြစ်ပြီး သမ္မာတရားနှင့် အမှန်တကယ် မကိုက်ညီ၍ ဖြစ်သည်။ မည်သည့်ရှုထောင့်မှ ငါတို့ပြောဆိုနေသည် ဖြစ်စေ ဤအကြောင်းအရာများကို ယနေ့ မိတ်သဟာယပြုရာ၌ ငါတို့၏ အဓိက ပန်းတိုင်မှာ သမ္မာတရားကို လူတို့ လိုက်စားသည့် ဖြစ်စဉ်တွင် ပေါ်ပေါက်လာသော အတားအဆီးအမျိုးမျိုးကို ဖယ်ရှားရန်၊ အထူးသဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရား၏ စံနှုန်းများနှင့် စပ်လျဉ်း၍ လူတို့၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသော မသေချာ မရေရာမှုများကို ဖယ်ရှားရန် ဖြစ်သည်။ ဤမသေချာ မရေရာမှုများ ဆိုသည်မှာ သမ္မာတရားကို သင်လက်ခံပြီး လက်တွေ့လုပ်ဆောင်သောအခါ၌ မည်သည့်အရာများက အကျင့်စာရိတ္တနှင့် ပတ်သက်၍ လူသားတို့ ထောက်ခံသည့် ဆိုရိုးများဖြစ်သည်၊ မည်သည့်အရာများက လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ ဖြစ်သည်၊ မည်သည့်အရာများက စစ်မှန်သော စည်းမျဉ်းများနှင့် စံနှုန်းများ ဖြစ်သည်တို့ကို မပြောနိုင်သည့် အဖြစ်အား ဆိုလိုသည်။ လူတို့သည် ဤအရာများကို ရှင်းရှင်းလင်းလင်း မသိကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ (သမ္မာတရားကို ၎င်းတို့နားမလည်ကြ၍ ဖြစ်ပါသည်။) တစ်ပိုင်းက သမ္မာတရားကို ၎င်းတို့ နားမလည်ကြ၍ ဖြစ်သည်။ နောက်တစ်ပိုင်းက အကျင့်စာရိတ္တနှင့် ပတ်သက်၍ လူသားတို့၏ ရိုးရာယဉ်ကျေးမှုက ထုတ်ထားသော အဆိုများကို ပိုင်းခြားသိမြင်နိုင်စွမ်း ၎င်းတို့တွင် ကင်းမဲ့နေပြီး ဤအဆိုများ၏ အနှစ်သာရကို ရိပ်စားမိနိုင်စွမ်း မရှိမြဲ မရှိကြ၍ ဖြစ်သည်။ အဆုံးတွင် သင်သည် သင်ပထမဦးဆုံး သင်ယူခဲ့ရသည့် ထိုအရာများ၊ သင့်စိတ်ထဲတွင် ခိုင်မာစွာ အမြစ်တွယ်နေသည့် အရာများကို မှန်ကန်သည်ဟု မရေမရာ ဖြစ်နေသော စိတ်အခြေအနေဖြင့် သတ်မှတ်လိုက်လိမ့်မည်။ မှန်သည်ဟု လူတိုင်းက ယေဘုယျအားဖြင့် အသိအမှတ် ပြုထားသော ထိုအရာများကို မှန်ကန်ကြောင်း သတ်မှတ်လိုက်လိမ့်မည်။ ထို့နောက် သင်သည် သင်နှစ်သက်သော၊ သင်စွမ်းဆောင်ရရှိနိုင်သော၊ သင့်အကြိုက်၊ သင့်အယူအဆများနှင့် ကိုက်ညီနေသော ဤအရာများကို ရွေးချယ်လိမ့်မည်။ ဤအရာများကို သမ္မာတရားဖြစ်သည့်အလား ချဉ်းကပ်၊ ဖက်တွယ်ပြီး စောင့်ထိန်းလိမ့်မည်။ ဤသို့ပြုခြင်း၏ ရလဒ်အနေဖြင့် လူတို့၏ အပြုအမူနှင့် အကျင့်အကြံတို့အပြင် လူတို့ လိုက်စား၊ ရွေးချယ်၊ ဖက်တွယ်သော အရာများ အားလုံးကပါ သမ္မာတရားနှင့် လုံးဝ ဆက်စပ်မှုမရှိဘဲ ဖြစ်သွားလိမ့်မည်။ ထိုအရာများ အားလုံးသည် သမ္မာတရား နယ်ပယ်ပြင်ပတွင် ကျရောက်နေသော လူ့အပြုအမူများ၊ လူ၏ ကိုယ်ကျင့်တရား ဗန်းပြချက်များနှင့် သက်ဆိုင်သွားလိမ့်မည်။ လူတို့သည် ရိုးရာယဉ်ကျေးမှု၏ ဤလက္ခဏာသွင်ပြင်များကို သမ္မာတရားသဖွယ် ချဉ်းကပ်၊ ဖက်တွယ်သော်လည်း လူ့အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားတောင်းဆိုထားချက်များနှင့် ပတ်သက်သည့် သမ္မာတရားများကိုမူ ဘေးသို့ တွန်းပို့ကာ လျစ်လျူရှုထားကြလေသည်။ လူတစ်ဦးသည် ကောင်းသည်ဟု လူက မှတ်ယူထားသော အပြုအမူမည်မျှကို ပိုင်ဆိုင်ထားပါစေ ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ဘယ်သောအခါမျှ ရရှိလိမ့်မည် မဟုတ်။ ဤသည်မှာ သမ္မာတရား နယ်ပယ်ပြင်ပရှိ ကိစ္စများအပေါ် လူတို့က အလဟဿသက်သက် အကြီးအကျယ် အားထုတ်နေသည့် အခြေအနေ ဖြစ်သည်။ ထို့အပြင် လူထံမှ ဆင်းသက်လာပြီး သမ္မာတရားနှင့် မကိုက်ညီသော ဤအရာများကို သမ္မာတရား ဖြစ်သည်ဟု မှတ်ယူခြင်းအားဖြင့် လူတို့သည် လမ်းလွဲသွားကြနှင့်ပြီး ဖြစ်သည်။ လူတို့သည် ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများကို ဦးစွာ သင်ယူခဲ့ရ၍ ထိုအရာများ၏ ကြီးစိုးခြင်းကို ခံရလေသည်။ ဤအရာများက လူတို့အတွင်း၌ မှားယွင်းသော အမြင်မျိုးစုံကို ပေါက်ပေါက်လာစေသည့်အပြင် သမ္မာတရားကို နားလည်ဖို့နှင့် လက်တွေ့လုပ်ဖို့ လူတို့ ကြိုးပမ်းသည့်အခါ၌လည်း လူတို့အတွက် ကြီးမားသော အခက်အခဲများ၊ အတားအဆီးများ ဖြစ်စေသည်။ ကောင်းမြတ်သော အပြုအမူများကို ပိုင်ဆိုင်ထားလျှင် ဘုရားသခင်က နှစ်သက်လက်ခံလိမ့်မည်၊ ဘုရား၏ ကောင်းချီးများနှင့် ဘုရား၏ ကတိတော်ကို လက်ခံရရှိဖို့ အရည်အချင်း ပြည့်မီလိမ့်မည်ဟု လူတို့အားလုံး ယုံကြည်ကြသည်။ သို့သော် ၎င်းတို့တွင် ဤအမြင်နှင့် စိတ်ထားတို့ ခိုအောင်းနေသည်ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံနိုင်ကြသလော။ ထိုကဲ့သို့သော စိတ်နေစိတ်ထားမျိုးက လူတို့၏ သန့်စင်ခံရခြင်းနှင့် ကယ်တင်ခံရခြင်းအတွက် မည်မျှကြီးမားသည့် အတားအဆီးကို ဖြစ်စေသနည်း။ ဤစိတ်ကူးအမြင်များနှင့် အယူအဆများသည် ဘုရားသခင်အား လူတို့ အထင်လွဲအောင်၊ ပုန်ကန်အောင်၊ ခုခံအောင် မလုပ်လေသလော။ အကျိုးဆက်များက ဤအရာများ ဖြစ်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအကြောင်းအရာအား မိတ်သဟာယပြုရခြင်း၏ ရည်ရွယ်ချက်ကို အထိုက်အလျောက် ငါဖော်ပြပြီးလေပြီ။ ယေဘုယျသဘောမှာ ဤသို့ပင် ဖြစ်၏။

ဆက်လက်၍ တရုတ်ရိုးရာ ယဉ်ကျေးမှုရှိ အကျင့်စာရိတ္တနှင့် ပတ်သက်သော ဆိုရိုးအမျိုးမျိုးတို့ကို ငါတို့သည် တစ်ခုပြီးတစ်ခု ခွဲခြမ်းစိတ်ဖြာကာ လေ့လာဆန်းစစ်သွားမည်။ ထို့နောက် ၎င်းတို့ကို ကောက်ချက်ချကြမည်။ ထိုသို့အားဖြင့် လူတိုင်းတွင် ထိုဆိုရိုးများနှင့် စပ်လျဉ်း၍ အခြေခံ အတည်ပြုချက်နှင့် အဖြေတစ်ခု ရှိကြလိမ့်မည်။ အနည်းဆုံးအနေဖြင့် လူတိုင်းတွင် ထိုဆိုရိုးများအပေါ် အတော်အတန် မှန်ကန်တိကျသည့် နားလည်ချက်နှင့် ရှုမြင်ချက်တို့ ရှိကြလိမ့်မည်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ပထမ ဆိုရိုးဖြင့် စတင်လိုက်ကြစို့။ ဤဆိုရိုးစကား၏ မှန်ကန်တိကျသည့် အဓိပ္ပာယ်ရှင်းလင်းချက်က မည်သို့ဖြစ်သနည်း။ (တစ်စုံတစ်ခုကို ကောက်ရလျှင် အပိုင်ယူပြီး မိမိဥစ္စာဖြစ်သည်ဟု မပြောသင့်ပါ။ ထိုဆိုရိုးစကားက ကောင်းသော ကိုယ်ကျင့်တရားနှင့် လူမှုထုံးတမ်းတစ်မျိုးကို ရည်ညွှန်းပါသည်။) ဤအရာကို စွမ်းဆောင်ဖို့ လွယ်ကူသလော။ (အတော်အတန် လွယ်ကူပါသည်။) လူအများစုအတွက်မူ ဤအရာကို စွမ်းဆောင်ဖို့ လွယ်ကူသည်။ တစ်စုံတစ်ခုကို ကောက်ရလျှင် မည်သည့်အရာပင် ဖြစ်နေပါစေ အခြားသူတစ်ဦး ပိုင်ဆိုင်သောအရာ ဖြစ်သောကြောင့် မိမိအပိုင်အဖြစ် မယူထားရ။ သင့်အနေနှင့် ထိုအရာကို ယူထားဖို့ မထိုက်တန်။ ပိုင်ရှင်အမှန်ထံ ပြန်ပေးသင့်၏။ ပိုင်ရှင်အမှန်ကို ရှာမတွေ့နိုင်ပါက အာဏာပိုင်များလက်ထဲသို့ အပ်သင့်၏။ မည်သို့ပင် ဖြစ်စေကာမူ မိမိအပိုင်အဖြစ် မယူထားရ။ ဤသည်မှာ အခြားလူများပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းကို မတပ်မက်ခြင်းနှင့် အခြားသူများအပေါ် အခွင့်အရေး မယူခြင်းဟူသည့် စိတ်ဓာတ်ပင် ဖြစ်သည်။ လူ့အကျင့်စာရိတ္တအပေါ် ချမှတ်ထားသော တောင်းဆိုချက်တစ်ခုလည်း ဖြစ်သည်။ လူတို့၏ အကျင့်စာရိတ္တနှင့်ပတ်သက်၍ ဤသို့သော တောင်းဆိုချက်မျိုး ချမှတ်ခြင်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ ဤကဲ့သို့သော အကျင့်စာရိတ္တမျိုးကို လူတို့က ပိုင်ဆိုင်လျှင် လူမှုဝန်းကျင်အခြေအနေအပေါ် ကောင်းမွန်ပြီး အပြုသဘောဆောင်သည့် သက်ရောက်မှု ရှိပေသည်။ လူတို့အထဲသို့ ဤအတွေးအခေါ်များ ရိုက်သွင်းပေးရသည့် ရည်ရွယ်ချက်မှာ အခြားသူများအပေါ် ၎င်းတို့အခွင့်အရေးမယူအောင် တားဆီးရန်ဖြစ်ပြီး ထိုသို့အားဖြင့် ၎င်းတို့၏ အကျင့်စာရိတ္တကောင်းကို ထိန်းသိမ်းထားရန် ဖြစ်သည်။ ဤကဲ့သို့သော အကျင့်စာရိတ္တကောင်းမျိုးကို လူတိုင်းက ပိုင်ဆိုင်ထားလျှင် လူမှုဝန်းကျင်အခြေအနေက တိုးတက်လာလိမ့်မည်။ လမ်းမပေါ်တွင် တွေ့ရသော ကျပျောက်ထားသည့် ပစ္စည်းများကို မည်သူမျှ အပိုင်မယူသည့် အဆင့်၊ ညအခါ အိမ်တံခါးများကို မည်သူမျှ သော့ခတ်ထားစရာ မလိုသည့် အဆင့်သို့ ရောက်လာလိမ့်မည်။ ဤကဲ့သို့သော လူမှုဝန်းကျင်အခြေအနေမျိုး ရှိလျှင် အများပြည်သူ ငြိမ်ဝပ်ပိပြားမှုသည် တိုးတက်လာလိမ့်မည်ဖြစ်ပြီး လူတို့လည်း ပို၍ အေးအေးချမ်းချမ်း နေနိုင်ကြလိမ့်မည်။ ခိုးယူမှုနှင့် လုယက်မှုတို့ နည်းသွားလိမ့်မည်။ ခိုက်ရန်ဖြစ်ပွားမှုနှင့် လက်စားချေ သတ်ဖြတ်မှုတို့ နည်းသွားလိမ့်မည်။ ဤသို့သော လူ့အဖွဲ့အစည်းမျိုး၌ နေထိုင်ကြသည့် လူတို့တွင် ဘေးကင်းလုံခြုံသော ခံစားမှုနှင့် ပိုကြီးမားသော အလုံးစုံ သုခချမ်းသာတို့ ရှိလိမ့်မည်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်မှာ လူမှုဝန်းကျင်နှင့် လူနေမှုဝန်းကျင်များရှိ လူတို့၏ အကျင့်စာရိတ္တနှင့် စပ်လျဉ်းပြီး ထုတ်ပြန်ထားသော တောင်းဆိုချက်တစ်ခုဖြစ်သည်။ ဤတောင်းဆိုချက်၏ ရည်မှန်းချက် ပန်းတိုင်မှာ လူမှုဝန်းကျင်အခြေအနေနှင့် လူတို့၏ လူနေမှုဝန်းကျင်ကို ကာကွယ်ရန် ဖြစ်သည်။ ဤအရာကို စွမ်းဆောင်ရရှိဖို့ လွယ်ကူသလော။ ဤအရာကို လူတို့ စွမ်းဆောင်နိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူ့အကျင့်စာရိတ္တနှင့် ပတ်သက်နေသည့် ဤအတွေးအခေါ်နှင့် တောင်းဆိုမှုကို ထုတ်ပြန်ခဲ့သောသူများက လူတို့တောင့်တသည့် စံပြ လူမှုဝန်းကျင်နှင့် လူနေမှုဝန်းကျင် အကောင်အထည်ပေါ်လာအောင် လုပ်ဖို့ ရည်မှန်းခဲ့ကြခြင်း ဖြစ်သည်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်မှာ လူ၏ ကျင့်ကြံပြုမူမှုဆိုင်ရာ စံနှုန်းနှင့် မည်သို့မျှ မပတ်သက်ချေ။ တစ်စုံတစ်ခုကို လူတို့ကောက်ရသည့် အခါတိုင်းတွင် ၎င်းတို့၏ အကျင့်စာရိတ္တနှင့်ပတ်သက်၍ ချမှတ်ထားသည့် တောင်းဆိုချက်တစ်ခုမျှသာ ဖြစ်၏။ လူ့အနှစ်သာရနှင့် ဆက်စပ်နေမှု မရှိ။ လူ့အကျင့်စာရိတ္တနှင့် ပတ်သက်သည့် ဤတောင်းဆိုချက်ကို လူသားမျိုးနွယ်က ထုတ်ထားသည်မှာ နှစ်ပေါင်း ထောင်နှင့်ချီလာပြီ ဖြစ်သည်။ ဤတောင်းဆိုချက်ကို လူတို့ လိုက်နာကြသည့်အခါ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုသည် ရာဇဝတ်မှု လျော့နည်းသော အချိန်ကာလတစ်ခုကို ကြုံတွေ့ရနိုင်ပြီး ညအခါ အိမ်တံခါးများကို သော့ခတ်ထားစရာ မလိုသော အဆင့်၊ လမ်းမပေါ်တွင် တွေ့ရသော ကျပျောက်ထားသည့် ပစ္စည်းများကို မည်သူမျှ အပိုင်မယူသော အဆင့်၊ လူအများစုက မိမိတို့ ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်သည့် အဆင့်သို့ပင် ရောက်သွားနိုင်သည်ကား အမှန်ပင် ဖြစ်သည်။ ဤကာလများတွင် လူမှုဝန်းကျင်အခြေအနေ၊ အများပြည်သူ ငြိမ်ဝပ်ပိပြားမှုနှင့် လူနေမှု ပတ်ဝန်းကျင်တို့ အားလုံးသည် အတော်အတန် တည်ငြိမ်ကာ သဟဇာတ ဖြစ်နေလိမ့်မည်။ သို့သော် ဤဝန်းကျင်အခြေအနေနှင့် လူမှုဝန်းကျင်ကို ယာယီသာ သို့မဟုတ် အချိန်အပိုင်းအခြားတစ်ခုသာ သို့မဟုတ် သတ်မှတ်ထားသည့် အချိန်တစ်ခုအထိသာ ထိန်းထား၍ ရသည်။ တစ်နည်းဆိုရလျှင် လူတို့သည် ဤအကျင့်စာရိတ္တမျိုးကို အချို့သော လူမှုဝန်းကျင်များတွင်သာ စွမ်းဆောင်နိုင်၏ သို့မဟုတ် ထိန်းထားနိုင်၏။ သူတို့၏ လူနေမှု ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး လူမှုဝန်းကျင်အခြေအနေဟောင်းက ပြိုလဲသွားသည်နှင့် တစ်ပြိုင်နက် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်ခြင်း” ကဲ့သို့သော ကိုယ်ကျင့်တရားများသည် လူမှုဝန်းကျင် ပြောင်းလဲမှု၊ လူမှုဝန်းကျင် အခြေအနေ ပြောင်းလဲမှု၊ လူမှုလားရာများ ပြောင်းလဲမှုတို့နှင့်အတူ လိုက်ပါပြောင်းလဲသွားမည့် အလားအလာရှိသည်။ အဆင်းနီသော နဂါးကြီးသည် အာဏာရလာပြီးနောက် လူ့အဖွဲ့အစည်း တည်ငြိမ်ရေး သေချာစေရန်အလို့ငှာ ဆိုရိုးစကားမျိုးစုံကို အားပေးမြှင့်တင်ခြင်းဖြင့် လူတို့အား လှည့်ဖြားခဲ့သည့် အဖြစ်ကို ကြည့်လော့။ ၈၀ ပြည့်နှစ်လွန် ခုနှစ်များတွင် အောက်ပါ စာသားများပါသည့် လူကြိုက်များသော သီချင်းတစ်ပုဒ်ပင် ရှိခဲ့၏။ “လမ်းနံဘေး မြေကြီးပေါ်မှ ပြားစေ့တစ်စေ့ကို ကျွန်ုပ်ကောက်ရသည်။ ရဲအရာရှိလက် အပ်လိုက်၏။ ရဲအရာရှိက ထိုပြားစေ့ကို ယူကာ ကျွန်ုပ်ကို ခေါင်းညိတ်ပြသည်။ ‘နောက်မှ တွေ့ကြမယ်’ ဟု ကျွန်ုပ်ပျော်ရွှင်စွာ ပြောခဲ့သည်” ဟူ၍ ဖြစ်သည်။ ကြည့်ရသည်မှာ ပြားစေ့တစ်စေ့ကို လွှဲပြောင်းပေးသည့် သေးငယ်သော ကိစ္စရပ်လေးကိုပင် ထုတ်ပြောကာ တေးဖွဲ့သီဆိုထိုက်သည့်သဘော ဖြစ်နေသည်။ ထိုလုပ်ရပ်က အင်မတန် “မြင့်မြတ်သည့်” လူမှုရေး ကိုယ်ကျင့်တရားနှင့် အပြုအမူတစ်ခု ဖြစ်နေတော့၏။ သို့သော် ထိုသို့ အမှန်တကယ် ဟုတ်သလော။ လူတို့သည် သူတို့တွေ့ရှိရသော ပြားစေ့ကို ရဲအရာရှိထံ အပ်နိုင်သော်လည်း ယွမ်တစ်ရာ သို့မဟုတ် ယွမ်တစ်ထောင်ဆိုလျှင် အပ်ကြမည်လော။ ပြောရ ခက်ပေသည်။ လူတစ်ဦးက ရွှေ၊ ငွေတချို့ သို့မဟုတ် အဖိုးတန်သော ဥစ္စာတချို့ သို့တည်းမဟုတ် သာ၍ပင် တန်ဖိုးကြီးသော ပစ္စည်းတစ်ခုခုကို တွေ့ရှိရလျှင် မိမိ၏ လောဘကို ထိန်းချုပ်နိုင်မည် မဟုတ်ဘဲ အတွင်းထဲက မတော်လောဘစိတ်သည် ပွင့်ထွက်လာလိမ့်မည်။ လူများကို အနာတရဖြစ်အောင်နှင့် ဒုက္ခရောက်အောင် လုပ်နိုင်စွမ်း၊ အခြားသူများကို အမှုဆင်ပြီး ထောင်ဖမ်းနိုင်စွမ်း ရှိလိမ့်မည်။ လူတစ်ဦး၏ ငွေကြေးကို လက်ဦးမှုယူကာ လုယက်ခြင်းနှင့် တစ်စုံတစ်ဦးအား သတ်ဖြတ်ခြင်းကိုပင် လုပ်နိုင်လိမ့်မည်။ ထိုအချိန်၌ လူ၏ အဆင့်မြင့်သော ရိုးရာယဉ်ကျေးမှုနှင့် အစဉ်အလာ ကိုယ်ကျင့်တရားများထဲမှ မည်သည့်အရာက ကြွင်းကျန်နေမည်နည်း။ ထိုအခါ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ကိုယ်ကျင့်တရား စံနှုန်းက မည်သည့်နေရာ ရောက်သွားမည်နည်း။ ဤအချက်က ငါတို့အား မည်သည့်အရာကို ပြသနည်း။ ဤစိတ်ဓာတ်နှင့် အကျင့်စာရိတ္တကို လူတို့က ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်ဆိုင်သည်ဖြစ်စေ ဤတောင်းဆိုချက်နှင့် ဆိုရိုးစကားတို့မှာ အကောင်အထည်ဖော်နိုင်ဖို့နှင့် စွမ်းဆောင်ရရှိနိုင်ဖို့ လူတို့စိတ်ကူးကာ တောင့်တပြီး လိုလားကြသည့်အရာ တစ်စုံတစ်ခုသာ ဖြစ်သည်။ အချို့သော လူမှုရေးအခြေအနေများတွင်၊ သင့်လျော်သော ပတ်ဝန်းကျင်များတွင် အသိစိတ်နှင့် အသိတရား ပမာဏတချို့ကို ရှိထားသည့် လူများသည် မိမိတို့ ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ရေးအား လက်တွေ့လုပ်နိုင်သော်လည်း ဤသည်မှာ တဒင်္ဂ အပြုအမူကောင်းမျှသာ ဖြစ်သည်။ သူတို့ကျင့်ကြံပြုမူမှု၏ စံနှုန်း သို့မဟုတ် သူတို့အသက်တာ၏ စံနှုန်းကား မဖြစ်လာနိုင်ပေ။ ထိုလူများ နေထိုင်နေသည့် လူမှုဝန်းကျင်နှင့် လူမှုအခြေအနေများ ပြောင်းသွားလျှင် ပြောင်းသွားချင်း ဤဝါဒရေးရာ ရေသောက်မြစ်နှင့် လူ၏ အယူအဆများအရ စံပြဖြစ်နေသည့် ဤအကျင့်စာရိတ္တသည် လူတို့ထံမှ အလွန်တရာ ဝေးကွာသွားမည် ဖြစ်သည်။ ဤအရာက ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်။ ၎င်းတို့၏ ဒုစရိုက် လုပ်ရပ်များကို ကန့်သတ်ပေးနိုင်စွမ်း သာ၍ပင် ရှိမည်မဟုတ်သည်ကိုကား ပြောနေရန်ပင် မလို။ ဤသည်မှာ ယာယီ အပြုအမူကောင်းတစ်ခုမျှသာ ဖြစ်သည်။ လူတို့၏ စံများအရ အတော်အတန် မြင့်မြတ်သည့် ကိုယ်ကျင့်တရား အရည်အသွေး တစ်ခုမျှသာ ဖြစ်သည်။ လက်တွေ့အရှိတရား၊ ကိုယ်ကျိုးစီးပွားတို့နှင့် ထိပ်တိုက်တွေ့သည့်အခါ၊ လူတို့၏ စံများနှင့် ကွဲလွဲနေသောအခါ ဤကိုယ်ကျင့်တရားမျိုးသည် လူတို့၏ အပြုအမူကို မထိန်းချုပ်နိုင်၊ သို့မဟုတ် ၎င်းတို့၏ အပြုအမူနှင့် အတွေးအခေါ်များကို လမ်းမပြနိုင်ပေ။ အဆုံးတွင် လူတို့သည် ထိုအရာကို ဆန့်ကျင်ရန် ဆုံးဖြတ်ကြမည် ဖြစ်သည်။ ကိုယ်ကျင့်တရားနှင့် ပတ်သက်သည့် ဤအစဉ်အလာ အယူအဆကို ချိုးဖောက်ပြီး မိမိတို့၏ ကိုယ်ကျိုးစီးပွားများကို ရွေးချယ်ကြမည် ဖြစ်သည်။ ထို့ကြောင့် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်ခြင်း” ဟူသော ကိုယ်ကျင့်တရားနှင့် ပတ်သက်လာလျှင် လူတို့သည် ကောက်ရသော ပြားစေ့တစ်စေ့ကို ရဲလက်အပ်ပေးနိုင်ကြသည်။ သို့သော် ယွမ်တစ်ထောင် သို့မဟုတ် ယွမ်တစ်သောင်း သို့မဟုတ် ရွှေဒင်္ဂါးတစ်ပြားကို သူတို့တွေ့ရှိရလျှင် ရဲအရာရှိလက် အပ်နိုင်ကြဦးမည်လော။ အပ်နိုင်ကြမည် မဟုတ်ပေ။ ထိုငွေကို ယူလျှင် ရလာမည့် အကျိုးအမြတ်က လူ့ကိုယ်ကျင့်တရား စွမ်းဆောင်နိုင်သည့် နယ်ပယ်ကို ကျော်လွန်သွားသည့်အခါ သူတို့သည် ထိုငွေကို ရဲလက် အပ်နိုင်ကြမည် မဟုတ်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ကိုယ်ကျင့်တရားကို တကယ် လုပ်ဆောင်နိုင်ကြမည် မဟုတ်ပေ။ သို့ဖြစ်၍ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” သည် လူတစ်ဦး၏ လူ့သဘာဝဆိုင်ရာ အနှစ်သာရကို ကိုယ်စားပြုလေသလော။ သူ၏ လူ့သဘာဝဆိုင်ရာ အနှစ်သာရကို လုံးဝပင် ကိုယ်စားမပြုနိုင်ချေ။ လူ့သဘာဝကို လူတစ်ဦး ပိုင်ဆိုင်ခြင်း ရှိမရှိ သုံးသပ်ဖို့ အခြေပြုချက်အနေနှင့် လူ့အကျင့်စာရိတ္တနှင့် ဆိုင်သော ဤတောင်းဆိုချက်ကို အသုံးပြု၍ မရကြောင်း၊ ဤတောင်းဆိုချက်က လူ့ကျင့်ကြံပြုမူမှု၏ စံနှုန်းအဖြစ် အသုံးမဝင်နိုင်ကြောင်း အတော်ပင် သိသာလှသည်။

ကောက်ယူရရှိသည့် ပိုက်ဆံကို လူတစ်ဦး အိတ်ထဲ ထည့်မထည့် အရင်ဆုံး ကြည့်ရှုခြင်းက ထိုသူ၏ ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာကို သုံးသပ်ဖို့ မှန်ကန်တိကျသည့် နည်းလမ်းတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) အဘယ်ကြောင့် မဟုတ်သနည်း။ (လူတို့သည် အဆိုပါ သတ်မှတ်ချက်ကို အမှန်တကယ် လိုက်နာနိုင်စွမ်း မရှိကြပါ။ ငွေပမာဏ အနည်းငယ် သို့မဟုတ် တန်ဖိုးနည်းသည့် တစ်စုံတစ်ရာကို သူတို့တွေ့ရှိရလျှင် လွှဲပြောင်းပေးနိုင်ကြပါလိမ့်မည်။ သို့သော် အဖိုးတန်သည့်အရာ ဖြစ်နေလျှင်မူ လွှဲပြောင်းပေးနိုင်ခြေ နည်းသွားပါလိမ့်မည်။ အင်မတန် အဖိုးတန်လှသည့် ပစ္စည်းဖြစ်နေလျှင် လွှဲပြောင်းပေးနိုင်ခြေ ပို၍ပင် နည်းသွားပါလိမ့်မည်။ ထိုပစ္စည်းကို ဖြစ်သည့်နည်းနှင့် သူတို့သိမ်းထားနိုင်ခြေပင် ရှိပါသည်။) လူတို့သည် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့်အရာကို စွမ်းဆောင်နိုင်ခြင်း မရှိသဖြင့် လူတို့၏ လူ့သဘာဝကို သုံးသပ်ဖို့ စံနှုန်းတစ်ခုအနေနှင့် ထိုအရာက အသုံးမဝင်နိုင်ဟု သင်ဆိုလိုသည်။ သို့ဖြစ်လျှင် ဤသတ်မှတ်ချက်ကို လူတို့လိုက်နာနိုင်သည် ဆိုပါက ယင်းကို သူတို့၏ လူ့သဘာဝအား သုံးသပ်ဖို့ စံနှုန်းတစ်ခုအဖြစ် မှတ်ယူ၍ ရမည်လော။ (ရမည်မဟုတ်ပါ။) ထိုသတ်မှတ်ချက်ကို လူတို့က လိုက်နာနိုင်သည်ဆိုလျှင်ပင် လူတို့၏ လူ့သဘာဝအား သုံးသပ်ဖို့ စံနှုန်းတစ်ခုအဖြစ် အဘယ်ကြောင့် မှတ်ယူ၍ မရသနည်း။ (“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်ကို တစ်စုံတစ်ယောက်က လိုက်နာနိုင်စွမ်း ရှိခြင်း မရှိခြင်းသည် ထိုသူ၏ လူ့သဘာဝ အရည်အသွေးကို အမှန်ပင် ထင်ဟပ်ခြင်း မရှိပါ။ ဤအချက်က ထိုသူ၏ လူ့သဘာဝ မည်မျှကောင်း၏၊ ဆိုး၏နှင့် ဘာမျှ မပတ်သက်သကဲ့သို့ လူတို့၏ လူ့သဘာဝကို သုံးသပ်ဖို့ စံနှုန်းတစ်ခုလည်း မဟုတ်ပါ။) ဤသည်မှာ ဤကိစ္စကို နားလည်ပုံ နားလည်နည်းတစ်ခု ဖြစ်သည်။ ကောက်ရသည့် ပိုက်ဆံကို လူတစ်ဦးက အိတ်ထဲ မထည့်ခြင်းနှင့် ထိုသူ၏ လူ့သဘာဝ အရည်အသွေးအကြား၌ မည်သည့်ဆက်နွှယ်မှုမျှ မရှိချေ။ သို့ဖြစ်၍ မိမိကောက်ယူရရှိသော ပိုက်ဆံကို အိတ်ထဲ မထည့်ဖို့ရာ အမှန်တကယ် တတ်စွမ်းနိုင်သည့် လူတစ်ဦးနှင့် ကြုံကြိုက်ရလျှင် သင်တို့သည် ထိုသူကို မည်သို့ရှုမြင်ကြမည်နည်း။ ထိုသူကို လူ့သဘာဝ ပိုင်ဆိုင်သော လူတစ်ဦးအဖြစ်၊ ရိုးသားသော လူတစ်ဦးအဖြစ်၊ ဘုရားသခင်ကို ကျိုးနွံနာခံသော လူတစ်ဦးအဖြစ် မှတ်ယူနိုင်သလော။ ကောက်ယူရရှိသော ပိုက်ဆံကို အိတ်ထဲ မထည့်ခြင်းအား လူ့သဘာဝကို ပိုင်ဆိုင်ခြင်း၏ စံနှုန်းတစ်ခုအဖြစ် သတ်မှတ်နိုင်သလော။ ဤကိစ္စကို ငါတို့ မိတ်သဟာယပြုသင့်၏။ ဤအကြောင်းကို မည်သူပြောမည်နည်း။ (ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်ဘဲ တစ်စုံတစ်ဦး နေနိုင်စွမ်းက ထိုလူ၏ လူ့သဘာဝဆိုင်ရာ အနှစ်သာရကို အဓိပ္ပာယ် ဖွင့်ဆိုရေးနှင့် ဆက်စပ်မှု မရှိပါ။ သူ့အနှစ်သာရကို သမ္မာတရားနှင့်အညီ သုံးသပ်ရပါသည်။) နောက်ထပ် အဘယ်အရာများ ရှိသေးသနည်း။ (အချို့လူများသည် ငွေပမာဏအမြောက်အမြား ဖြစ်နေလျှင်ပင် ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်ဘဲ နေနိုင်စွမ်း ရှိပါသည်။ သို့မဟုတ် အခြားလုပ်ရပ်ကောင်း အများအပြားကို လုပ်ကြပါသည်။ သို့သော် သူတို့၌ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များ ရှိကြပါ၏။ သူတို့သည် မိမိတို့၏ ချီးမွမ်းထိုက်သော လုပ်ရပ်များအတွက် ဆုချီးမြှင့်ခံလိုပြီး နာမည်ကောင်း ရလိုကြပါသည်။ ထို့ကြောင့် သူတို့၏ အပြင်ပန်း အပြုအမူများက သူတို့၏ လူ့သဘာဝ အရည်အသွေးကို အဆုံးအဖြတ် မပေးနိုင်ပါ။) နောက်ထပ် ရှိသေးသလော။ (တစ်စုံတစ်ဦးသည် သူကောက်ယူရရှိသော ပိုက်ဆံကို အိတ်ထဲ မထည့်ဘဲ နေနိုင်စွမ်းရှိသော်လည်း သမ္မာတရားအပေါ်ကိုမူ ခုခံတတ်သည့် သဘောထား၊ သမ္မာတရားကို စိတ်ကုန်သည့် သဘောထားနှင့် ချဉ်းကပ်သည်ဟု ဆိုကြပါစို့။ ထိုသူကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ကျွန်ုပ်တို့ သုံးသပ်ကြည့်ပါက သူသည် လူ့သဘာဝကို မပိုင်ဆိုင်ပါ။ ထို့ကြောင့် လူ့သဘာဝကို တစ်စုံတစ်ဦး ပိုင်ဆိုင်ခြင်းရှိမရှိ ချင့်ချိန်အကဲဖြတ်ရန် အဆိုပါစံနှုန်းကို သုံးခြင်းသည် မှန်ကန်တိကျမှု မရှိပါ။) လူ့သဘာဝကို လူတစ်ဦး ပိုင်ဆိုင်ခြင်းရှိမရှိ သုံးသပ်ရန် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်ကို အသုံးပြုခြင်းက မှားယွင်းကြောင်း သင်တို့ထဲမှ လူတချို့သည် သဘောပေါက်ကြပြီးသား ဖြစ်သည်။ လူတစ်ယောက်၌ လူ့သဘာဝ ရှိမရှိကို သုံးသပ်ရန် စံနှုန်းတစ်ခုအဖြစ် ထိုအရာအား အသုံးပြုခြင်းကို သင်တို့သည် သဘောမတူကြ။ ဤရှုထောင့်အမြင်က မှန်ကန်၏။ လူတစ်ယောက်သည် မိမိကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ဘဲ နေနိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤအချက်က ထိုသူ၏ ကျင့်ကြံပြုမူမှုဆိုင်ရာ အခြေခံမူများနှင့်သာမက သူရွေးချယ်သော လမ်းကြောင်းနှင့်ပါ ပတ်သက်မှု မရှိချေ။ ငါအဘယ်ကြောင့် ဤသို့ ပြောရသနည်း။ ပထမဆုံးအနေနှင့် လူတစ်ဦးသည် မိမိကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်သောအခါ တဒင်္ဂ အပြုအမူကိုသာ ကိုယ်စားပြုသည်။ သူအိတ်ထဲ မထည့်ခြင်းက ကောက်ယူရရှိသော ပစ္စည်းမှာ တန်ဖိုးမဲ့သောကြောင့် ဖြစ်သလော၊ သို့မဟုတ် လူအများက သူ့ကို ကြည့်နေကြပြီး ထိုလူတို့၏ ချီးမွမ်းမှုနှင့် အထင်ကြီးမှုကို သူ ရလိုသောကြောင့် ဖြစ်သလော ဆိုသည်ကိုမူ ပြောရခက်လေသည်။ သူ၏ လုပ်ရပ်က ညစ်စွန်းမှု မရှိလျှင်ပင် အပြုအမူကောင်းတစ်မျိုးသာ ဖြစ်သည်။ သူ၏ လိုက်စားမှု၊ ကျင့်ကြံပြုမူမှုနှင့် မည်မည်ရရ ဆက်စပ်မှု မရှိချေ။ အလွန်ဆုံးအနေဖြင့် ဤလူ၌ ကောင်းသော အပြုအမူ အနည်းငယ်နှင့် မြင့်မြတ်သော စရိုက်လက္ခဏာ ရှိသည်ဟုသာ ပြောနိုင်သည်။ ဤအပြုအမူကို အပျက်သဘောဆောင်သည့်အရာ ဖြစ်သည်ဟု ခေါ်၍ မရနိုင်စေကာမူ အပြုသဘောဆောင်သည့် အရာတစ်ခုအဖြစ်လည်း အမျိုးအစား သတ်မှတ်၍ မရနိုင်ပေ။ ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်ရုံနှင့် လူတစ်ဦးကို အပြုသဘောဆောင်သည်ဟု သတ်မှတ်လိုက်၍လည်း ဧကန်အမှန် မရချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သမ္မာတရားနှင့် ဆက်စပ်မှု မရှိသောကြောင့်၊ လူအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ပတ်သက်မှု မရှိသောကြောင့် ဖြစ်သည်။ လူတချို့က “ဤသည်မှာ အပြုသဘောဆောင်သည့်အရာ မည်သို့မဖြစ်နိုင်ရမည်နည်း။ ဤမျှ မြင့်မြတ်လှသော အပြုအမူကို အပြုသဘောဆောင်သည်ဟု မည်သို့လျှင် မသတ်မှတ်နိုင်ရမည်နည်း။ တစ်စုံတစ်ဦးက ကိုယ်ကျင့်တရား ပျက်ပြားပြီး လူ့သဘာဝလည်း မရှိလျှင် ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ဘဲ နေနိုင်စွမ်း ရှိပါ့မည်လော” ဟူ၍ ပြောကြသည်။ ဤသို့ ပြောဆိုခြင်းက ကျိန်းသေ မှန်ကန်တိကျနေသည်ကား မဟုတ်။ မာရ်နတ်လည်း ကောင်းသော အရာတချို့ကို လုပ်ဆောင်နိုင်စွမ်း ရှိသည်ပင်။ သို့ဖြစ်၍ ၎င်းကို မာရ်နတ်မဟုတ်ဟု သင်ပြောမည်လော။ နတ်ဆိုးရှင်ဘုရင်တချို့လည်း သူတို့နာမည် တွင်ဖို့နှင့် သမိုင်းတွင် နေရာတစ်နေရာကို အခိုင်အမာ ရဖို့အတွက် လုပ်ရပ်ကောင်း တစ်ခုနှစ်ခုမျှ လုပ်ကြသည်ပင်။ သို့ဖြစ်၍ သူတို့ကို လူကောင်းများဟု သင်ခေါ်ဆိုမည်လော။ လူ့သဘာဝအား လူတစ်ဦး ပိုင်ဆိုင်ခြင်း ရှိသလော၊ မရှိသလော သို့မဟုတ် ထိုသူ၏ စရိုက်လက္ခဏာက ကောင်းသလော၊ ဆိုးသလောဆိုသည်တို့ကို သူလုပ်ခဲ့သည့် ကောင်းသောအရာတစ်ခု သို့မဟုတ် ဆိုးသောအရာတစ်ခုအပေါ်၌သာ အခြေခံပြီး ဆုံးဖြတ်၍ မရပေ။ သုံးသပ်ချက် မှန်ကန်တိကျဖို့ဆိုလျှင် ထိုသူ၏ ယေဘုယျ ကျင့်ကြံပြုမူမှုအပေါ် အခြေခံသင့်သည်။ ထိုသူတွင် မှန်ကန်သော အတွေးအခေါ်နှင့် ရှုမြင်ချက်များ ရှိမရှိအပေါ် အခြေခံသင့်သည်။ တစ်စုံတစ်ဦးသည် သူတွေ့ရှိရသော အင်မတန် အဖိုးတန်သည့် ပစ္စည်းတစ်ခုကို ပိုင်ရှင်အမှန်အား ပြန်ပေးနိုင်ပါက သူသည် လောဘမကြီးကြောင်း၊ အခြားလူများပိုင်သည့် ဥစ္စာပစ္စည်းကို မတပ်မက်ကြောင်းသာ ပြသသည်။ ကောင်းသော အကျင့်စာရိတ္တ၏ ဤသွင်ပြင်လက္ခဏာကို သူပိုင်ဆိုင်၏။ သို့သော် ဤအရာက သူ၏ ကျင့်ကြံပြုမူမှု၊ အပြုသဘောဆောင်သော အရာများအပေါ် သူ၏ သဘောထားနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိသလော။ (မရှိပါ။) လူတချို့က ဤအရာကို သဘောမတူနိုင်ဖွယ် ရှိသည်။ ဤအခိုင်အမာ ပြောဆိုချက်မှာ အနည်းငယ် ပုဂ္ဂလဓိဋ္ဌာန်ဆန်နေပြီး တိကျမှန်ကန်မှု မရှိဟု မှတ်ယူနိုင်ဖွယ် ရှိသည်။ သို့သော် ဤအရာကို မတူညီသည့် ရှုထောင့်မှ သုံးသပ်ဆင်ခြင်ကြည့်လျှင် တစ်စုံတစ်ဦးသည် အသုံးဝင်သော အရာတစ်ခုကို ပျောက်သွားသည်ဆိုပါက အင်မတန် စိတ်ပူနေလိမ့်မည် မဟုတ်လော။ သို့ဖြစ်၍ ထိုပစ္စည်းကို တွေ့ရှိရသော လူတစ်ဦးအနေနှင့် သူတွေ့သော ပစ္စည်းက မည်သည့်အရာ ဖြစ်ပါစေ သူ့ပစ္စည်းမဟုတ်သောကြောင့် အပိုင်မယူထားသင့်။ ရုပ်ဝတ္ထုပစ္စည်း ဖြစ်စေ၊ ပိုက်ဆံဖြစ်စေ၊ အဖိုးတန်သည်ဖြစ်စေ၊ တန်ဖိုးမဲ့သည်ဖြစ်စေ သူပိုင်သောအရာ မဟုတ်၍ ထိုပစ္စည်းကို ပိုင်ရှင်အမှန်ထံ ပြန်ပေးဖို့မှာ သူ၏ တာဝန်ပင် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူတို့ လုပ်သင့်လုပ်ထိုက်သည့် အရာပင် ဖြစ်သည် မဟုတ်လော။ ဤအရာကို အားပေးမြှင့်တင်ခြင်းက အဘယ်တန်ဖိုးရှိသနည်း။ ဤသည်မှာ ဘာမျှ မဟုတ်သည့်အရာကို ရေးကြီးခွင့်ကျယ်လုပ်နေခြင်း မဟုတ်လော။ ကောက်ရသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ခြင်းအား မြင့်မြတ်သည့် ကိုယ်ကျင့်တရား အရည်အသွေးတစ်မျိုးအဖြစ် သဘောထားခြင်းနှင့် မြင့်မားလှသည့် ဝိညာဉ်ရေးရာ နယ်ပယ်သို့ မြှင့်တင်လိုက်ခြင်းက မလွန်လွန်းလေသလော။ ဤအပြုအမူကောင်းတစ်ခုကို လူကောင်းတို့ အလယ်တွင် ထုတ်ပြောဖို့ရန်ပင် ထိုက်တန်သလော။ ဤအရာထက် ပိုကောင်းမွန်ပြီး ပိုမြင့်မားလှသည့် အပြုအမူ အမြောက်အမြား ရှိ၏။ ထို့ကြောင့် ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ခြင်းအား ထုတ်ပြောဖို့ရန်ပင် မထိုက်တန်။ သို့သော် ဤအပြုအမူကောင်းကို သူတောင်းစားများနှင့် သူခိုးများအကြား အားတက်သရော ဖြန့်ဝေကာ အားပေးမြှင့်တင်မည်ဆိုလျှင်မူ သင့်တော်ပေလိမ့်မည်။ တစ်စုံတစ်ရာ အကျိုးရှိကောင်း ရှိပေလိမ့်မည်။ အကယ်၍ နိုင်ငံတစ်နိုင်ငံသည် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့်အရာကို အားတက်သရော အားပေးမြှင့်တင်နေသည်ဆိုလျှင် ထိုနိုင်ငံအတွင်းရှိ လူတို့မှာ အလွန်အမင်း ဆိုးယုတ်နေကြပြီးသား ဖြစ်ကြောင်း၊ ထိုနိုင်ငံတွင် သူခိုးဓားပြများ မှိုလိုပေါက်နေပြီး ၎င်းတို့ကို တားဆီးကာကွယ်၍ မရဘဲ ဖြစ်နေကြောင်း ပြသည်။ ထို့ကြောင့် ဤပြဿနာကို ဖြေရှင်းရန် ထိုနိုင်ငံ၏ တစ်ခုတည်းသော အားထားရာမှာ အဆိုပါ အပြုအမူမျိုးကို အားပေးမြှင့်တင်ပြီး ဖြန့်ဝေဖို့ပင် ဖြစ်နေသည်။ စင်စစ်အားဖြင့် ဤအပြုအမူသည် အစဉ်အမြဲပင် လူတို့၏တာဝန် ဖြစ်နေခဲ့သည်။ ဥပမာ တစ်စုံတစ်ဦးက လမ်းမပေါ်တွင် ယွမ်ငွေငါးဆယ် တွေ့ရသဖြင့် ပိုင်ရှင်အမှန်ဆီ အလွယ်တကူ ပြန်ပေးလိုက်သည်ဆိုလျှင် ဤသည်မှာ အလွန်ပင် အရေးမပါလွန်းလှ၍ ထုတ်ပြောဖို့ရန်ပင် မထိုက်တန်ဘူး မဟုတ်လော။ ဤအရာကို ချီးကျူးဖို့ အမှန်တကယ် လိုအပ်သလော။ ပိုက်ဆံကို ကျပျောက်ထားသည့် ပုဂ္ဂိုလ်ထံ ထိုသူပြန်ပေးလိုက်ရုံနှင့် ဘာမျှ မဟုတ်သည့်အရာကို ဗာရာဏသီချဲ့နေဖို့၊ ထိုသူကို ချီးမွမ်းခန်း ဖွင့်ဖို့၊ သူ၏ မြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိသည့် အကျင့်စာရိတ္တအတွက် အမွှမ်းတင်ချီးကျူးခြင်းပင် ပြုဖို့ လိုအပ်သလော။ ကျပျောက်ထားသည့် ပိုက်ဆံကို ပိုင်ရှင်အမှန်ဆီ ပြန်ပေးခြင်းသည် သာမန်ဖြစ်ပြီး သဘာဝကျသည့် လုပ်ရပ်မျှသာ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ သာမန် အသိစိတ်ကို ပိုင်ဆိုင်ထားသည့် လူတစ်ဦးက လုပ်ထိုက်သော အရာတစ်ခုဖြစ်သည် မဟုတ်လော။ လူမှုရေး ကိုယ်ကျင့်တရားများကို နားမလည်သည့် ကလေးငယ်လေး တစ်ယောက်ပင်လျှင် ဤအရာကို လုပ်နိုင်စွမ်း ရှိမည်ဆိုပါက ယင်းကို ဇာချဲ့ပြောနေစရာ အမှန်တကယ် လိုအပ်သလော။ ဤအပြုအမူကို လူ့ကိုယ်ကျင့်တရား အဆင့်သို့ မြှင့်တင်ဖို့ အမှန်တကယ် ထိုက်တန်သလော။ ငါ့အမြင်တွင်မူ ယင်းကို ထိုအဆင့်သို့ မြှင့်တင်၍ မရသည်သာမက ချီးမွမ်းဖို့ရန်ပင် မထိုက်တန်။ ယင်းက ယာယီ အပြုအမူကောင်းမျှသာ ဖြစ်ပြီး လူကောင်းတစ်ဦး အမှန်တကယ် ဖြစ်ခြင်းနှင့် အခြေခံအဆင့်တွင် မည်သည့်ဆက်စပ်မှုမျှ မရှိ။ ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ခြင်းသည် အလွန် မဖြစ်စလောက် ကိစ္စရပ်တစ်ခု ဖြစ်သည်။ မည်သည့်သာမန်လူမဆို၊ လူ့အရေကို ခြုံထားသော သို့မဟုတ် လူ့ဘာသာစကားကို ပြောဆိုသော မည်သူမဆို လုပ်ဆောင်နိုင်သင့်သည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ လူတို့ ကြိုးစားလုပ်ဆောင်လျှင် လုပ်နိုင်သော အရာတစ်ခု ဖြစ်၏။ လုပ်ဖို့ သင်ပြပေးမည့် နည်းပေးလမ်းပြဆရာ သို့မဟုတ် အတွေးအခေါ်ပညာရှင်ကို သူတို့မလိုအပ်။ သုံးနှစ်သား ကလေးသည် ဤအရာကို လုပ်နိုင်၏။ သို့တိုင်အောင် အတွေးအခေါ် ပညာရှင်များနှင့် နည်းပေးလမ်းပြဆရာများသည် ထိုအရာကို လူ့အကျင့်စာရိတ္တ၏ အရေးပါလှသော သတ်မှတ်ချက်တစ်ခုအဖြစ် မှတ်ယူကြသည်။ ထိုသို့ပြုခြင်းဖြင့် သူတို့သည် ဘာမျှ မဟုတ်သည့် အရာကို တစ်ဆိတ် ဗာရာဏသီချဲ့နေကြခြင်းပင် ဖြစ်တော့သည်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်မှာ လူ့အကျင့်စာရိတ္တကို သုံးသပ်သော ပြောဆိုချက်တစ်ခု ဖြစ်သော်လည်း လူ့သဘာဝ သို့မဟုတ် မြင့်မြတ်သော ကိုယ်ကျင့်တရားကို လူတစ်ဦး ပိုင်ဆိုင်ခြင်း ရှိမရှိအား တိုင်းတာသည့် အဆင့်သို့ မရောက်လာနိုင်ပေ။ ထို့ကြောင့် တစ်စုံတစ်ဦး၏ လူ့သဘာဝ အရည်အသွေးကို သုံးသပ်ရန် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့်အရာကို အသုံးပြုခြင်းသည် မှန်ကန်တိကျမှုရော သင့်တော်မှုပါ မရှိ။

“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်မှာ အကျင့်စာရိတ္တနှင့် ပတ်သက်၍ ရိုးရာယဉ်ကျေးမှု၏ တောင်းဆိုချက်ထားများထဲတွင် အပေါ်ယံအဆန်ဆုံး ဖြစ်သည်။ လူ့အဖွဲ့အစည်းများ အားလုံးသည် ဤအတွေးအခေါ်မျိုးကို အားပေးမြှင့်တင်ပြီး သွန်သင်ကြသော်ငြားလည်း လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေသောကြောင့်၊ လူသားမျိုးနွယ်၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများက နေရာအနှံ့ရှိနေသောကြောင့် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်ကို လူတို့က လက်တွေ့လုပ်နိုင်လျှင်ပင် သို့တည်းမဟုတ် ဤသို့သော အကျင့်စာရိတ္တကောင်းမျိုးကို အချိန်အတိုင်းအတာတစ်ခုကြာ ပိုင်ဆိုင်ထားလျှင်ပင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သူတို့၏ အတွေးများနှင့် အပြုအမူများကို အစဉ်တစိုက် စိုးမိုးထားပြီး တစ်ချိန်တည်း၌ သူတို့၏ ကျင့်ကြံပြုမူမှုနှင့် လိုက်စားမှုများကိုပါ စိုးမိုးကာ ထိန်းချုပ်ထားသည့် အဖြစ်မှန်က မပြောင်းလဲသွားချေ။ ခေတ္တခဏသာ ကြာသည့် အကျင့်စာရိတ္တကောင်း ဖြစ်စဉ်များသည် လူတစ်ဦး၏ လိုက်စားမှုအပေါ် အကျိုးသက်ရောက်မှု မရှိသကဲ့သို့ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို လူတစ်ဦး၏ လွန်ကဲစွာ ချီးမွမ်းမှု၊ အားကျလေးစားမှု၊ လိုက်နာမှုတို့ကိုလည်း ဧကန်မုချ မပြောင်းလဲပေးနိုင်ချေ။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အတိတ်တွင် လူတို့ သီဆိုခဲ့ကြသည့် “လမ်းနံဘေး မြေကြီးပေါ်မှ ပြားစေ့တစ်စေ့ကို ကျွန်ုပ်ကောက်ရသည်” ဟူသည့် သီချင်းမှာ ယခုတွင် ကလေးကဗျာတေး တစ်ပုဒ်မျှသာ ဖြစ်နေတော့သည်။ ထိုသီချင်းက အမှတ်ရစရာတစ်ခု ဖြစ်သွားချေပြီ။ လူတို့သည် ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ခြင်း ဟူသည့် အခြေခံ အပြုအမူကောင်းကိုပင် မလိုက်နာနိုင်ကြတော့။ လူတို့သည် အကျင့်စာရိတ္တကောင်းကို အားပေးမြှင့်တင်ခြင်းဖြင့် လူသားမျိုးနွယ်၏ လိုက်စားမှုများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲအောင် လုပ်လိုကြသည်။ လူသားမျိုးနွယ်၏ ယိုယွင်းကျဆင်းလာမှု၊ လူ့အဖွဲ့အစည်း၏ တစ်ရက်ပြီးတစ်ရက် ယိုယွင်းကျဆင်းလာမှုကို ရပ်တန့်ပစ်ဖို့ ကြိုးစားကြသည်။ သို့သော် အဆုံးတွင်မူ ဤရည်မှန်းချက်များကို အထမြောက်အောင် သူတို့မလုပ်နိုင်ကြပေ။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ကိုယ်ကျင့်တရားသည် လူ၏ အကောင်းဆုံး ကမ္ဘာထဲတွင်သာ တည်ရှိနိုင်သည်။ လူတို့သည် ဤကိုယ်ကျင့်တရားကို စံတစ်မျိုးအဖြစ်၊ ပိုမိုကောင်းမွန်သည့် လောကကြီးကို ရည်သန်မျှော်မှန်းချက်တစ်ခုအဖြစ် မှတ်ယူကြ၏။ ဤကိုယ်ကျင့်တရားသည် လူ၏ ဝိညာဉ်ရေးရာ လောကအတွင်း၌ တည်ရှိသည်။ နောင်အနာဂတ် လောကအပေါ် လူက ထားရှိသော မျှော်လင့်ချက်တစ်မျိုးလည်း ဖြစ်၏။ သို့သော် လူ့အသက်တာ၏ လက်တွေ့အရှိတရားနှင့်ရော လူတို့၏ တကယ့်လူ့သဘာဝနှင့်ပါ သဟဇာတဖြစ်ခြင်း မရှိချေ။ အဆိုပါ ကိုယ်ကျင့်တရားက လူ၏ ကျင့်ကြံပြုမူမှုဆိုင်ရာ အခြေခံမူများ၊ လူတို့လျှောက်လှမ်းသော လမ်းကြောင်းများနှင့်သာမက လူတို့လိုက်စားသော အရာများ၊ လူတို့ ပိုင်ဆိုင်ထားသင့်ပြီး စွမ်းဆောင်သင့်သည့် အရာများနှင့်ပါ ကွဲလွဲဆန့်ကျင်နေသည်။ သာမန်လူ့သဘာဝ၏ သရုပ်သကန်များ၊ ပွင့်အံထုတ်ပြခြင်းများနှင့်သာမက လူလူချင်း ဆက်ဆံရေးတို့၏ အခြေခံမူများ၊ အမှုကိစ္စများ ကိုင်တွယ်ပုံတို့၏ အခြေခံမူများနှင့်ပါ သဟဇာတဖြစ်ခြင်း မရှိပေ။ ထို့ကြောင့် လူသားမျိုးနွယ်၏ အကျင့်စာရိတ္တကို ချင့်ချိန်အကဲဖြတ်ဖို့ဖြစ်သည့် ဤစံနှုန်းသည် ရှေးယခင်ကာလများမှ မျက်မှောက်ကာလအထိ အစဉ်အမြဲ အခြေမခိုင်ဘဲ ဖြစ်နေခဲ့သည်။ လူက အားပေးမြှင့်တင်သော “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် အတွေးအခေါ်နှင့် ရှုထောင့်အမြင်သည် အထူးသဖြင့် အဓိပ္ပာယ် မရှိသည့်အပြင် လူအများစုကလည်း ထိုအရာကို လျစ်လျူရှုကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက လူတို့ ကျင့်ကြံပြုမူမှု၏ ဦးတည်ချက်ကိုသော်လည်းကောင်း၊ လူတို့၏ လိုက်စားမှုများကို သော်လည်းကောင်း မပြောင်းလဲပေးနိုင်သည့်အပြင် လူတို့၏ စာရိတ္တပျက်ပြားမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ ကိုယ်ကျိုးကြည့်မှုကိုဖြစ်စေ၊ ဆိုးယုတ်မှုထံ ပိုပို၍သာ ဦးတိုက်ပြေးလိုသည့် ၎င်းတို့၏စိတ်ကိုဖြစ်စေ ဧကန်မုချ မပြောင်းလဲပေးနိုင်သောကြောင့် ဖြစ်သည်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် အပေါ်ယံအဆန်ဆုံးဖြစ်သော ဤတောင်းဆိုချက်သည် ရယ်စရာကောင်းသော သရော်ပြက်လုံးတစ်ခု ဖြစ်လာလေပြီ။ ယခုအခါတွင် ကလေးများပင်လျှင် “လမ်းနံဘေး မြေကြီးပေါ်မှ ပြားစေ့တစ်စေ့ကို ကျွန်ုပ်ကောက်ရသည်” ဟု မသီဆိုချင်ကြတော့။ ဤသည်မှာ နည်းနည်းမျှပင် အဓိပ္ပာယ်မရှိပေ။ အကျင့်ပျက်သော နိုင်ငံရေးသမားများနှင့် ပြည့်နှက်နေသည့် လောကကြီးထဲတွင် ဤသီချင်းက အလွန်ပင် မှန်းချက်နှင့် နှမ်းထွက် မကိုက်လေပြီ။ လူတို့ကောင်းကောင်းကြီး သိရှိထားကြသော လက်တွေ့အရှိတရားမှာ လူတစ်ဦးသည် ကျပျောက်ထားသည့် ပြားစေ့တစ်စေ့ကို ရဲလက်ထဲ အပ်ကောင်း အပ်နိုင်မည် ဖြစ်သော်လည်း ယွမ်ငွေ ဆယ်သိန်း သို့မဟုတ် သိန်းတစ်ရာကို ကောက်ရသည်ဆိုပါက သူ့အိတ်ထဲ တန်းရောက်သွားမည်ဟူသည့် အချက်ပင် ဖြစ်သည်။ ဤဖြစ်စဉ်မှ ငါတို့မြင်နိုင်သည်မှာ အကျင့်စာရိတ္တနှင့် ပတ်သက်သည့် အဆိုပါ တောင်းဆိုချက်ကို လူသားမျိုးနွယ်အပေါ် အားပေးမြှင့်တင်ရန် လူတို့၏ ကြိုးပမ်းချက်များက မအောင်မြင်ကြောင်းပင် ဖြစ်သည်။ ဤအရာက လူတို့အနေနှင့် အခြေခံ အပြုအမူကောင်းများကိုပင် လက်တွေ့လုပ်နိုင်စွမ်း မရှိကြောင်း ဆိုလိုသည်။ အခြေခံ အပြုအမူကောင်းများကိုပင် လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ မိမိကောက်ရသည့် အရာမှာ အခြားလူတစ်ဦး ပိုင်သောအရာ ဖြစ်နေပါက အပိုင်မယူခြင်း ကဲ့သို့သော လုပ်သင့်သည့် အခြေခံကိစ္စများကိုပင် လူတို့အနေနှင့် လက်တွေ့မလုပ်ဆောင်နိုင်ကြောင်း ဆိုလိုသည်။ ထို့အပြင် လူတို့သည် အမှားတစ်ခုခု လုပ်မိသည့်အခါ ထိုအကြောင်းနှင့် ပတ်သက်၍ ရိုးသားသော စကားတစ်ခွန်းကိုမျှ ပြောကြလိမ့်မည် မဟုတ်။ သူတို့၏ အမှားကို ဝန်ခံမည့်အစား သေသာ အသေခံလိုက်ကြမည် ဖြစ်သည်။ မုသားများ မပြောဆိုခြင်းကဲ့သို့ အခြေခံကျလွန်းသည့် အရာတစ်ခုကိုပင် သူတို့သည် လိုက်နာနိုင်ခြင်း မရှိကြသည်ဖြစ်၍ ကိုယ်ကျင့်တရားအကြောင်း ပြောဆိုဖို့ ဧကန်မုချ မထိုက်တန်ကြ။ သူတို့သည် အသိတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်လိုသည့်စိတ်ပင် မရှိကြသောကြောင့် ကိုယ်ကျင့်တရားအကြောင်း မည်သို့လျှင် ပြောဆိုနိုင်ကြမည်နည်း။ အရာရှိအမှုထမ်းများနှင့် သြဇာအာဏာ ရှိသူများသည် အခြားလူများထံမှ အကျိုးအမြတ်ကို ပိုရအောင် ညှစ်ထုတ် လုယူနိုင်မည့် နည်းလမ်းများ၊ သူတို့မပိုင်သော ဥစ္စာပစ္စည်းများကို သိမ်းယူနိုင်မည့် နည်းလမ်းများအား ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ တရားဥပဒေကပင် သူတို့ကို မထိန်းချုပ်နိုင်ချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ လူသည် ဤအခြေအနေသို့ မည်သို့မည်ပုံ ရောက်သွားသနည်း။ ဤအရာအားလုံးမှာ လူတို့၏ ဖောက်ပြန်ပျက်စီး၍ ဆိုးယုတ်သော စိတ်သဘောထားများကြောင့် ဖြစ်သည်။ သူတို့၏ ဆိုးယုတ်သော သဘာဝက သူတို့အပေါ် ထိန်းချုပ်ထားပြီး ကြီးစိုးထားသောကြောင့် ဖြစ်သည်။ ဤအရာမှ လှည့်ဖြားတတ်သော၊ ထိခိုက်နစ်နာစေသော အပြုအမူမျိုးစုံ ပေါ်ထွက်လာ၏။ ဤကြောင်သူတော်များသည် “အများပြည်သူကို အလုပ်အကျွေးပြုခြင်း” ဟူ၍ ဟန်ပြကာ စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်တရားကင်းမဲ့သော ကိစ္စများစွာကို လုပ်ဆောင်ကြသည်။ သူတို့၌ ရှက်စိတ် လုံးလုံး ပျောက်သွားကြပြီ မဟုတ်လော။ ယခုကာလတွင် ကြောင်သူတော်များ များပြားလွန်းလှ၏။ ဆိုးယုတ်သည့် လူများ သောင်းကျန်း ပျံ့နှံ့နေပြီး လူကောင်းများ ဖိနှိပ်ခံနေရသည့် လောကကြီးတွင် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ကဲ့သို့သော အယူဝါဒသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ချုပ်ထိန်းခြင်းငှာ လုံးဝ မစွမ်းသာချေ။ လူတို့၏ သဘာဝနှင့် အနှစ်သာရကို သို့မဟုတ် လူတို့လျှောက်သော လမ်းကြောင်းကို လုံးဝ မပြောင်းလဲပေးနိုင်ပေ။

“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် အကြောင်းအရာအပေါ် ယခု မိတ်သဟာယပြုချက်တွင် ငါပြောခဲ့သည့် အရာများကို သင်တို့နားလည်ကြသလော။ အဆိုပါ ဆိုရိုးက ဖောက်ပြန်ပျက်စီးသော လူသားများအတွက် မည်သည့် အဓိပ္ပာယ်ကို ဆောင်သနည်း။ ဤကိုယ်ကျင့်တရားကို မည်ကဲ့သို့ နားလည်သင့်သနည်း။ (“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်မှာ လူတို့၏ ကျင့်ကြံပြုမူမှုနှင့်ဖြစ်စေ၊ လူတို့ လျှောက်လှမ်းသော လမ်းကြောင်းနှင့်ဖြစ်စေ ဆက်စပ်နေမှု မရှိပါ။ လူတို့ လျှောက်လှမ်းသော လမ်းကြောင်းကို ပြောင်းလဲပေးနိုင်ခြင်း မရှိပါ။) မှန်ပေသည်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ဆိုရိုးစကားကို အခြေခံ၍ တစ်စုံတစ်ဦး၏ လူ့သဘာဝကို လူတို့သုံးသပ်ဖို့ရာ မသင့်တော်ချေ။ လူတစ်ဦး၏ လူ့သဘာဝကို တိုင်းတာဖို့ ဤဆိုရိုးစကားကို သုံး၍ မရသည့်အပြင် တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားကို အကဲဖြတ်ဖို့ ဤဆိုရိုးစကားကို အသုံးပြုခြင်းကလည်း မှားယွင်းပေသည်။ ဤဆိုရိုးစကားမှာ လူ၏ ယာယီ အပြုအမူတစ်ခုမျှသာ ဖြစ်၏။ လူတစ်ဦး၏ အနှစ်သာရကို အကဲဖြတ်ဖို့ လုံးဝ သုံး၍ မရ။ အကျင့်စာရိတ္တနှင့် ပတ်သက်သည့် ဆိုရိုးစကားဖြစ်သော “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်ကို အဆိုပြုခဲ့ကြသည့် လူများဖြစ်လေသော အမည်ခံ အတွေးအခေါ် ပညာရှင်များနှင့် နည်းပေးလမ်းပြ ဆရာများသည် စိတ်ကူးယဉ်သမားများသာ ဖြစ်သည်။ သူတို့သည် လူ၏ လူ့သဘာဝကိုဖြစ်စေ၊ အနှစ်သာရကိုဖြစ်စေ နားမလည်ကြ။ လူသည် မည်သည့်အတိုင်းအတာအထိ စာရိတ္တပျက်ပြားလာကာ ဖောက်ပြန်ပျက်စီးလာပြီး ဖြစ်သည်ကို သူတို့သဘောမပေါက်ကြ။ သို့ဖြစ်သောကြောင့် အကျင့်စာရိတ္တနှင့် ပတ်သက်၍ သူတို့ ထုတ်ပြန်ထားသည့် ဤဆိုရိုးသည် အလွန်အမင်း အနှစ်မဲ့နေကာ လုံးဝပင် လက်တွေ့မကျချေ။ လူ၏ တကယ့်အခြေအနေများနှင့် ကိုက်ညီခြင်းလည်း မရှိ။ ကိုယ်ကျင့်တရားနှင့် ပတ်သက်သည့် ဤဆိုရိုးသည် လူ၏ အနှစ်သာရနှင့်ဖြစ်စေ၊ လူတို့ ထုတ်ပြသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအမျိုးမျိုးနှင့်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ ကြီးစိုးခြင်းကို ခံထားရစဉ် လူတို့ထံမှ ထွက်ပေါ်လာနိုင်သည့် အယူအဆများ၊ အတွေးအမြင်များ၊ အပြုအမူများနှင့်ဖြစ်စေ အနည်းငယ်မျှပင် ဆက်စပ်နေခြင်း မရှိ။ ဤသည်ကား တစ်ချက် ဖြစ်သည်။ နောက်တစ်ချက်မှာ ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ခြင်းသည် သာမန်လူတစ်ဦး လုပ်သင့်လုပ်ထိုက်သည့် အရာတစ်ခုမျှသာ ဖြစ်သည်။ ဥပမာအားဖြင့် သင်၏ မိဘများက သင့်ကို မွေးဖွားကာ ပြုစုပျိုးထောင်ပေးခဲ့သော်လည်း သင်သည် အသိပညာမဲ့နေပြီး မရင့်ကျက်သေးသည့် အချိန်တွင် သင့်မိဘထံမှ အစားအစာနှင့် အဝတ်အစားများ တောင်းဖို့သာ သိပေလိမ့်မည်။ သို့သော် ရင့်ကျက်လာပြီး အမှုကိစ္စများကို ပိုနားလည်လာသည်နှင့် သင်သည် သင့်မိဘကို နှစ်နှစ်ကာကာ ချစ်ဖို့၊ သူတို့စိတ်ပူအောင် သို့မဟုတ် ဒေါသထွက်အောင် လုပ်ခြင်းကို ရှောင်ဖို့၊ သူတို့၏ အလုပ်ဝန်များ သို့မဟုတ် ဆင်းရဲဒုက္ခများအပေါ် ဗူးလေးရာ ဖရုံဆင့် မလုပ်မိရန် ကြိုးစားဖို့၊ မိမိတတ်နိုင်သည့် အရာအားလုံးကို မိမိဘာသာ လုပ်ဖို့ အလိုအလျောက် သိလာပေသည်။ သင်သည် ဤအရာများကို အလိုလို သိနားလည်လာ၏။ မည်သူမျှ သင့်ကို သင်ပေးဖို့ရန် မလိုအပ်ချေ။ သင်သည် လူတစ်ဦးဖြစ်နေပြီး အသိတရားနှင့် အသိစိတ်တို့ ရှိ၏။ ထို့ကြောင့် ဤအရာများကို သင်လုပ်နိုင်စွမ်း ရှိသည်။ လုပ်လည်း လုပ်သင့်၏။ ဤအရာတို့ကို ထုတ်ပြောနေဖို့ရန်ပင် မထိုက်တန်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်ကို မြင့်မြတ်သော ကိုယ်ကျင့်စရိုက်အဆင့်သို့ မြှင့်တင်ခြင်းအားဖြင့် လူတို့သည် ဘာမျှ မဟုတ်သည့်အရာလေးကို ရေးကြီးခွင့်ကျယ် လုပ်နေကြခြင်း၊ ဗာရာဏသီချဲ့နေကြခြင်း ဖြစ်သည်။ အဆိုပါ အပြုအမူကို ထိုနည်းဖြင့် အဓိပ္ပာယ်မဖွင့်ဆိုသင့်ပေ။ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) ဤအရာမှ မည်သည့်အရာကို သင်ခန်းစာယူနိုင်သနည်း။ သာမန်လူ့သဘာဝ နယ်ပယ်အတွင်းရှိ မိမိလုပ်သင့်သည့် အရာနှင့် လုပ်နိုင်သည့် အရာကို လုပ်ခြင်းသည် လူတစ်ဦး၌ သာမန်လူ့သဘာဝ ရှိသည့် အမှတ်အသား ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးတွင် သာမန်အသိစိတ် ရှိနေလျှင် သာမန် လူ့သဘာဝ ရှိကြကုန်သော လူတို့က လုပ်ဖို့ တွေးတောကြပြီး လုပ်သင့်သည်ဟု သဘောပေါက်မိကြမည့် အဆိုပါ အရာများကို ထိုလူလည်း လုပ်နိုင်ကြောင်း ဖြစ်သည်။ ဤသည်မှာ အလွန်ပင် သာမန်ကျသော ဖြစ်စဉ်တစ်ခု မဟုတ်လော။ သာမန်လူ့သဘာဝ ရှိထားသည့် မည်သူမဆို လုပ်နိုင်စွမ်းရှိသော တစ်စုံတစ်ရာကို သင်လုပ်လျှင် ယင်းကို အကျင့်စာရိတ္တကောင်းဟု အမှန်တကယ် ခေါ်ဆို၍ ရနိုင်သလော။ အားပေးအားမြှောက်ပြုဖို့ လိုသလော။ (မလိုပါ။) မြင့်မြတ်သော လူ့သဘာဝအဖြစ် အမှန်တကယ် သတ်မှတ်၍ ရသလော။ လူ့သဘာဝကို ပိုင်ဆိုင်ခြင်းအဖြစ် သတ်မှတ်၍ ရသလော။ (သတ်မှတ်၍ မရပါ။) ထိုကဲ့သို့သော အပြုအမူများကို ပြသခြင်းသည် လူတစ်ဦးကို လူ့သဘာဝအား ပိုင်ဆိုင်ခြင်းအဆင့်သို့ မမြှင့်တင်ပေးပေ။ လူတစ်ဦး၌ လူ့သဘာဝ ရှိသည်ဟု ပြောလျှင် ပြဿနာများကို သူရှုမြင်သည့် ရှုထောင့်နှင့် ရပ်တည်ချက်တို့အပြင် ပြဿနာများကို သူကိုင်တွယ်သည့် နည်းလမ်းနှင့် နည်းစနစ်များသည် အတော်အတန် အပြုသဘော ဆောင်ပြီး တက်ကြွမှုရှိသည်ဟု ဆိုလိုသည်။ အပြုသဘော ဆောင်မှုနှင့် တက်ကြွမှုတို့၏ အမှတ်အသားက အဘယ်အရာ ဖြစ်သနည်း။ ထိုသူတွင် အသိတရားနှင့် ရှက်စိတ်တို့ ရှိလိမ့်မည်။ အပြုသဘောဆောင်မှုနှင့် တက်ကြွမှုတို့၏ နောက်အမှတ်အသား တစ်ခုမှာ ဖြောင့်မတ်ခြင်းသဘော ဖြစ်သည်။ ထိုသူတွင် ညဉ့်နက်မှ အိပ်ရာဝင်ပြီး နောက်ကျမှ ထခြင်း၊ အစားအစာ ဇီဇာကြောင်ခြင်း၊ သို့မဟုတ် အရသာကဲသည့် အစားအစာများကို ပိုကြိုက်တတ်ခြင်းကဲ့သို့ မကောင်းသည့် အလေ့အကျင့်များ ရှိနေနိုင်သော်လည်း ဤအလေ့အကျင့်ဆိုးများမှလွဲလျှင် ထိုသူ၌ ကောင်းသော အရည်အသွေးတချို့ ရှိနေပေလိမ့်မည်။ သူ၏ ကျင့်ကြံပြုမူမှုများ၊ လုပ်ရပ်များနှင့် ပတ်သက်လာလျှင် သူ့တွင် အခြေခံမူများနှင့် ကန့်သတ်ချက်တို့ ရှိနေလိမ့်မည်။ သူ့တွင် ရှက်စိတ်နှင့် ဖြောင့်မတ်ခြင်းသဘောတို့ ရှိလိမ့်မည်။ အပြုသဘောဆောင်သော အထုံဝသီများက ပိုများပြီး အပျက်သဘောဆောင်သော အထုံဝသီများက ပိုနည်းနေလိမ့်မည်။ ထိုသူသည် သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်နိုင်ပါက ပို၍ပင် ကောင်းမည်ဖြစ်ပြီး သမ္မာတရားအား လိုက်စားသည့် လမ်းကို စတင်လျှောက်လှမ်းရန် သူ့အတွက် လွယ်ကူနေလိမ့်မည်။ အပြန်အလှန်အားဖြင့် လူတစ်ယောက်သည် မကောင်းမှုကို ချစ်ပါက၊ ကျော်စောမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကို ရှာပါက၊ ငွေကို မြတ်နိုးပါက၊ စည်းစိမ်ရှိရှိ နေရသည့် ဘဝကို ကြိုက်ပါက၊ အပျော်အပါးများ လိုက်ရှာရင်း မိမိ၏ အချိန်အား ဖြုန်းရသည်ကို နှစ်သက်ပါက လူများနှင့် အမှုအရာများကို ထိုသူ ရှုမြင်သည့် ရှုထောင့်၊ ထိုသူ၏ ဘဝအပေါ် သဘောထားပုံနှင့် စံတန်ဖိုးစနစ်တို့ အားလုံးသည် အပျက်သဘောဆောင်ကာ မိုက်မှောင်နေလိမ့်မည်။ ထိုသူ၌ ရှက်စိတ်နှင့် ဖြောင့်မြတ်ခြင်းသဘောတို့ ကင်းမဲ့နေလိမ့်မည်။ ဤသို့သော လူတစ်ဦးသည် လူ့သဘာဝကို ပိုင်ဆိုင်မည် မဟုတ်။ သမ္မာတရားကို လက်ခံဖို့ သို့မဟုတ် ဘုရား၏ ကယ်တင်ခြင်းကို လက်ခံဖို့လည်း သူ့အတွက် ဧကန်မုချ လွယ်ကူလိမ့်မည် မဟုတ်။ ဤသည်မှာ လူတို့ကို သုံးသပ်ဖို့ ရိုးစင်းသော အခြေခံမူပင် ဖြစ်၏။ လူတစ်ဦး၏ အကျင့်စာရိတ္တကို သုံးသပ်ချက်သည် ထိုသူ့တွင် လူ့သဘာဝ ရှိမရှိကို တိုင်းတာဖို့ သုံးရမည့် စံနှုန်းတစ်ခု မဟုတ်ပေ။ လူတစ်ဦး ကောင်းသလော သို့မဟုတ် ဆိုးသလော ဆိုသည်ကို သုံးသပ်ဖို့ဆိုလျှင် ထိုသူ၏ အကျင့်စာရိတ္တအပေါ် မဟုတ်ဘဲ သူ၏ လူ့သဘာဝအပေါ် အခြေခံ၍ သူ့ကို အကဲဖြတ်ရမည် ဖြစ်သည်။ အကျင့်စာရိတ္တဟူသည်မှာ အပေါ်ယံဆန်တတ်သည့်အပြင် လူတစ်ဦး၏ လူမှုဝန်းကျင်အခြေအနေ၊ လူမှုရေးနောက်ခံနှင့် လူမှုပတ်ဝန်းကျင်တို့၏ သြဇာလွှမ်းမိုးခြင်းကိုလည်း ခံရသည်။ အချို့သော လုပ်နည်းကိုင်နည်းများနှင့် သရုပ်သကန်များမှာ အစဉ်အမြဲ ပြောင်းလဲလျက် ရှိသဖြင့် လူတစ်ဦး၏ အကျင့်စာရိတ္တ တစ်ခုတည်းအပေါ် အခြေခံ၍ သူ၏ လူ့သဘာဝ အရည်အသွေးကို စိစစ်ကြည့်ဖို့က ခက်ခဲပေသည်။ ဥပမာ လူတစ်ဦးသည် လူမှုရေး ကိုယ်ကျင့်တရားများကို အလွန်အလေးထားကောင်း ထားနိုင်ပြီး သွားလေရာရာတွင်လည်း စည်းမျဉ်းများကို လိုက်နာကောင်း လိုက်နာနိုင်မည်။ လုပ်သမျှတွင် ချုပ်တည်းမှုကို ပြခြင်း၊ အစိုးရ ဥပဒေများကို လိုက်နာခြင်း၊ လူကြားထဲတွင် ရုတ်ရုတ်သဲသဲ မလုပ်မိအောင် သို့မဟုတ် အခြားလူတို့၏ အကျိုးစီးပွားများကို မထိပါးမိအောင် ချုပ်တည်းခြင်းတို့လည်း ရှိနေနိုင်သည်။ ထို့ပြင် ရိုသေလေးစားတတ်ပြီး ကူညီပေးတတ်ခြင်း၊ ငယ်ရွယ်သူများနှင့် လူကြီးသူမများကို ဂရုစိုက်တတ်ခြင်းတို့လည်း ရှိနေနိုင်သည်။ ဤလူတွင် အထုံဝသီကောင်း အမြောက်အမြား ရှိနေသည့် အချက်က ထိုသူသည် သာမန် လူ့သဘာဝကို အသက်ရှင် နေထိုင်နေသည်၊ လူကောင်းတစ်ဦး ဖြစ်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) လူတစ်ဦးသည် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်ကို အလွန်ကောင်းမွန်စွာ လက်တွေ့ လုပ်ကောင်း လုပ်နိုင်မည်။ လူသားမျိုးနွယ်က အားပေးမြှင့်တင်ပြီး ထောက်ခံသော အဆိုပါ ကိုယ်ကျင့်တရားကို တစ်သမတ်တည်း လိုက်နာကောင်း လိုက်နာနိုင်လိမ့်မည်။ သို့သော်ငြားလည်း သူ၏ လူ့သဘာဝကား မည်သို့ရှိသနည်း။ ကောက်ရသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ခြင်းအား သူလက်တွေ့လုပ်နိုင်သည့် အချက်သည် သူ၏ လူ့သဘာဝနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မညွှန်ပြ။ ထိုသူ၏ လူ့သဘာဝက ကောင်းသလော သို့မဟုတ် ဆိုးသလော ဆိုသည်ကို သုံးသပ်ရန် ဤအကျင့်စာရိတ္တကို အသုံးပြု၍ မရပေ။ သို့ဖြစ်လျှင် သူ၏ လူ့သဘာဝကို မည်ကဲ့သို့ တိုင်းတာသင့်သနည်း။ သူပြရုပ်တင်ထားသည့် ဤအကျင့်စာရိတ္တကို ခွာချွတ်ပစ်ရမည်။ ကောင်းသည်ဟု လူက မြင်သည့် အကျင့်စာရိတ္တနှင့် အပြုအမူများ၊ သာမန်လူ့သဘာဝ ရှိထားသော မည်သူမဆို စွမ်းဆောင်နိုင်သည့် အနိမ့်ဆုံးအရာများ ဖြစ်သော အကျင့်စာရိတ္တနှင့် အပြုအမူများကို ဖယ်ထုတ်ပစ်ရမည်။ ထို့နောက် သူ၏ ကျင့်ကြံပြုမူမှုနှင့် ဆိုင်သည့် အခြေခံမူများ၊ သူကျင့်ကြံပြုမူရာ၌ မကျော်မည့် စည်းများအပြင် သမ္မာတရားနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထားများ ကဲ့သို့သော အရေးအကြီးဆုံး ဖြစ်သည့် သူ၏ သရုပ်သကန်များကို ကြည့်လော့။ ဤသည်မှာ သူ့လူ့သဘာဝ၏ အနှစ်သာရနှင့် သူ၏ အတွင်းသဘောသဘာဝတို့ကို မြင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ လူများကို ဤနည်းလမ်းဖြင့် ရှုမြင်ခြင်းသည် အတော်အတန် ဓမ္မဓိဋ္ဌာန်ကျပြီး မှန်ကန်တိကျမှု ရှိပေသည်။ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ကိုယ်ကျင့်တရားအပေါ် ငါတို့၏ ဆွေးနွေးချက်မှာ ဤမျှသာ ဖြစ်ပေသည်။ ယခု မိတ်သဟာယပြုချက်ကို သင်တို့အားလုံး နားလည်ကြသလော။ (နားလည်ပါသည်။) ငါပြောသည့် အရာကို သင်တို့ အမှန်တကယ် နားမလည်ကြသည့် အဖြစ်ကိုလည်းကောင်း၊ ငါပြောသည့် အရာနှင့် စပ်လျဉ်းသည့် အယူဝါဒ အနည်းငယ်ကိုသာ သင်တို့ သဘောပေါက်ပြီး ထိုအရာ၏ အနှစ်သာရနှင့် ဆက်စပ်နေသည့် အပိုင်းများကိုမူ နားမလည်ဘဲ ရှိနေကြသည့် အဖြစ်ကိုလည်းကောင်း ငါသည် မကြာခဏပင် စိတ်ပူမိ၏။ သို့ဖြစ်၍ ငါလုပ်နိုင်သည့်အရာမှာ ဤသဘောတရားအပေါ် အနည်းငယ် ဆက်လက် ရှင်းပြပေးဖို့သာ ဖြစ်သည်။ သင်တို့ နားလည်သွားပြီဟု ငါခံစားရသည့်အခါမှသာ ငါသည် စိတ်အေးလက်အေး ရှိလိမ့်မည်။ သင်တို့ နားလည်သွားပြီ ဖြစ်ကြောင်း ငါမည်သို့ပြောနိုင်သနည်း။ သင်တို့၏ မျက်နှာပေါ်၌ ရွှင်လန်းအားရသည့် အကြည့်ကို ငါမြင်ရသောအခါ သင်တို့သည် ငါပြောနေသည့်အရာကို နားလည်သွားလောက်ပြီ ဖြစ်သည်။ ထိုအရာကို ငါစွမ်းဆောင်နိုင်သည်ဆိုလျှင် ဤအကြောင်းအရာကို ငါအနည်းငယ် ထပ်မံ ပြောဆိုရကျိုး နပ်ပေသည်။

“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်နှင့်ပတ်သက်၍ ငါ၏ မိတ်သဟာယပြုချက်က ပြီးသလောက် ရှိပေပြီ။ ဤကိုယ်ကျင့်တရားက သမ္မာတရားနှင့် မည်ကဲ့သို့ ဆန့်ကျင်နေကြောင်း၊ သို့မဟုတ် ယင်းကို သမ္မာတရား အဆင့်သို့ အဘယ်ကြောင့် မြှင့်တင်၍ မရကြောင်း၊ သို့မဟုတ် လူတို့၏ အပြုအမူနှင့် အကျင့်စာရိတ္တအပေါ် မည်သည့်တောင်းဆိုချက်များ ဘုရားသခင် ချမှတ်ထားကြောင်းတို့ကို သင်တို့အား ငါတိုက်ရိုက် မပြောပြခဲ့သော်လည်း ဤအရာများ အားလုံးကို ငါထည့်သွင်းရှင်းပြခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ကဲ့သို့သော ကိုယ်ကျင့်တရားများကို ဘုရားအိမ်တော်က အားပေးမြှင့်တင်ခြင်း ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ဘုရားအိမ်တော်က ဤဆိုရိုးကို မည်သို့ရှုမြင်သနည်း။ သင်တို့၏ နားလည်ထားချက်ကို ဝေမျှနိုင်သည်။ (“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်မှာ သာမန်လူ့သဘာဝ ရှိထားသည့် မည်သူမဆို လိုက်နာသင့်ပြီး လုပ်သင့်သည့် အရာတစ်ခုသာ ဖြစ်သဖြင့် အားပေးမြှင့်တင်ဖို့ မလိုအပ်ပါ။ ထို့အပြင် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်မှာ လူ့ကိုယ်ကျင့်တရား၏ သရုပ်သကန် တစ်ခုမျှသာ ဖြစ်ပါသည်။ လူတို့ ကျင့်ကြံပြုမူမှု၏ အခြေခံမူများ၊ သူတို့လိုက်စားမှုများအပေါ် သူတို့၏ ရှုမြင်ချက်များ၊ သူတို့ လျှောက်သော လမ်းကြောင်းများ၊ သို့မဟုတ် သူတို့ လူ့သဘာဝ၏ အရည်အသွေးနှင့် ဆက်စပ်နေခြင်း မရှိပါ။) အကျင့်စာရိတ္တသည် လူ့သဘာဝ၏ လက္ခဏာတစ်ခု ဟုတ်သလော။ (လူ့သဘာဝ၏ လက္ခဏာတစ်ခု မဟုတ်ပါ။ အကျင့်စာရိတ္တ၏ အင်္ဂါရပ်တချို့သည် သာမန်လူ့သဘာဝ ရှိသည့် လူတို့ ပိုင်ဆိုင်သင့်သော အရာများသာ ဖြစ်ပါသည်။) ဘုရားအိမ်တော်က လူ့သဘာဝအကြောင်းနှင့် လူတို့ကို ပိုင်းခြားသိမြင်ခြင်းအကြောင်း ပြောသောအခါ သမ္မာတရားကို လိုက်စားခြင်းဟူသည့် အဓိကကျသော ဆက်စပ် အကြောင်းအရာအတွင်း ပြောဆိုခြင်း ဖြစ်၏။ ယေဘုယျအားဖြင့် ပြောရလျှင် ဘုရားအိမ်တော်သည် လူတစ်ဦး၏ အကျင့်စာရိတ္တက မည်သို့ရှိကြောင်း သုံးသပ်လိမ့်မည် မဟုတ်။ အနည်းဆုံးအနေဖြင့် ဘုရားအိမ်တော်သည် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ဆိုရိုးအား လူတစ်ဦး လိုက်နာခြင်း ရှိမရှိကို သုံးသပ်လိမ့်မည် မဟုတ်ပေ။ ဘုရားအိမ်တော်သည် ဤအရာကို စစ်ဆေးလိမ့်မည် မဟုတ်။ ထိုအစား ဘုရားအိမ်တော်သည် ထိုလူ၏ လူ့သဘာဝ အရည်အသွေးကို စစ်ဆေးလိမ့်မည်ဖြစ်ပြီး အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို ထိုသူ ချစ်မြတ်နိုးခြင်း ရှိမရှိအပြင် သမ္မာတရားနှင့် ဘုရားသခင်အပေါ် မည်သည့်သဘောထားမျိုး ထိုသူ၌ ရှိသည်တို့ကို စစ်ဆေးလိမ့်မည် ဖြစ်သည်။ လောကီလူ့ဘောင်ထဲတွင် ရှိနေစဉ် လူတစ်ဦးသည် ကောက်ယူရရှိသော ပိုက်ဆံကို အိတ်ထဲ မထည့်ဘဲ နေကောင်း နေနိုင်မည် ဖြစ်သော်လည်း ယုံကြည်သူတစ်ဦး ဖြစ်လာပြီးနောက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးဝ မကာကွယ်ပါက၊ လှူဖွယ်ပစ္စည်းများကို စီမံခန့်ခွဲဖို့ အခွင့်အရေး ပေးခံရသောအခါ ထိုပစ္စည်းများကို ခိုးယူပစ်ခြင်း၊ ဖြုန်းတီးပစ်ခြင်း၊ သို့မဟုတ် ရောင်းထုတ်ပစ်ခြင်းပင် လုပ်နိုင်စွမ်း ရှိပါက၊ မကောင်းသည့်အရာ မျိုးစုံကို လုပ်နိုင်စွမ်း ရှိပါက သူသည် မည်သည့်အရာ ဖြစ်သနည်း။ (ဆိုးယုတ်သော လူတစ်ဦးဖြစ်ပါသည်။) ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ထိုသူသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ ရပ်တည်ခြင်း လုံးဝ မရှိပေ။ ဤသို့သော လူများ မရှိသလော။ (ရှိပါသည်။) သို့ဖြစ်၍ ၎င်းတို့၏ လူ့သဘာဝကို သုံးသပ်ဖို့ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ဆိုရိုးကို သုံးလျှင် သင့်လျော်ပါ့မည်လော။ သင့်လျော်မည် မဟုတ်ချေ။ အချို့သော လူများက “ထိုသူသည် လူကောင်းတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သူ့တွင် မြင့်မြတ်သော ကိုယ်ကျင့်စရိုက် ရှိပြီး လူတိုင်းက သူ့ကို နှစ်သက်လက်ခံကြ၏။ သို့ဖြစ်၍ ဘုရားအိမ်တော်သို့ ရောက်လာပြီးသည့် နောက်ပိုင်းတွင် သူအဘယ်ကြောင့် ပြောင်းလဲသွားရသနည်း” ဟု ပြောကြသည်။ ထိုသူက အမှန်တကယ် ပြောင်းလဲသွားခြင်း ဟုတ်သလော။ အမှန်တရားမှာ ထိုသူသည် ပြောင်းလဲသွားခြင်း မဟုတ်ပေ။ အကျင့်စာရိတ္တ အနည်းငယ်နှင့် အပြုအမူကောင်း အနည်းငယ်ကို သူပိုင်ဆိုင်ထားသည်မှလွဲ၍ ဤသည်က အမြဲပင် သူ့လူ့သဘာဝ၏ အနှစ်သာရ ဖြစ်နေခဲ့၏။ ဤအနှစ်သာရက လုံးဝ မပြောင်းလဲချေ။ သူသည် သွားလေရာရာ၌ ဤကဲ့သို့ အစဉ်အမြဲ ကျင့်ကြံပြုမူသည်။ ယခင်က လူတို့သည် သူ၏ လူ့သဘာဝကို ချင့်ချိန်အကဲဖြတ်ရန် သမ္မာတရားကို သုံးရမည့်အစား အကျင့်စာရိတ္တဟူသည့် စံနှုန်းကို သုံးလျက် သူ့ကို အကဲဖြတ်ခဲ့ကြခြင်းသာ ဖြစ်သည်။ ထိုသူသည် တစ်နည်းနည်းဖြင့် ပြောင်းလဲသွားပြီဟု လူတို့က ထင်ကြသော်လည်း တကယ်တမ်း၌ ထိုသူသည် ပြောင်းလဲသွားခြင်း မရှိချေ။ လူတချို့ကမူ “သူသည် ယခင်က ထိုကဲ့သို့ မဟုတ်ပါ” ဟူ၍ ပြောကြ၏။ သူယခင်က ထိုကဲ့သို့ မဟုတ်ရသည့် အကြောင်းရင်းမှာ ဤအခြေအနေများကို သူယခင်က မရင်ဆိုင်ခဲ့ရသောကြောင့်၊ ဤပတ်ဝန်းကျင်မျိုးထဲ သူယခင်က မရောက်ဖူးသောကြောင့် ဖြစ်သည်။ ထို့ပြင် လူတို့သည် သမ္မာတရားကို နားမလည်ကြသလို ထိုသူကို ပိုင်းခြားသိမြင်နိုင်စွမ်းလည်း မရှိကြ။ အခြားသူများကို သူတို့ လူ့သဘာဝ၏ အနှစ်သာရအစား အပြုအမူကောင်းတစ်ခုအပေါ် အခြေခံ၍ လူတို့ ရှုမြင်ပြီး ချင့်ချိန်အကဲဖြတ်ခြင်း၏ နောက်ဆုံး ရလဒ်ကား အဘယ်အရာနည်း။ လူတို့သည် အခြားသူများကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း မရှိမည်သာမက အခြားသူများ၏ အပြင်ပန်း အကျင့်စာရိတ္တကောင်းကြောင့် ကျိုးကြောင်းမမြင်တော့ဘဲ လှည့်စားခြင်းကိုလည်း ခံကြရမည် ဖြစ်သည်။ လူတို့သည် အခြားလူများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြသည့်အခါ မလျော်ကန်သော လူများကို ယုံကြည်စိတ်ချကာ အားပေးမြှင့်တင်ပြီး တာဝန်ပေးကြလိမ့်မည်။ အခြားသော လူများ၏ လှည့်ဖြားခြင်းနှင့် လိမ်လည်ခြင်းကို ခံကြရလိမ့်မည်။ အချို့ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူတို့ကို ရွေးချယ်ပြီး တာဝန်ပေးသောအခါ ဤအမှားကို မကြာခဏ လုပ်မိတတ်ကြ၏။ သူတို့သည် အပြုအမူကောင်းတချို့နှင့် အကျင့်စာရိတ္တကောင်းတချို့ကို အပြင်ပန်းတွင် ပိုင်ဆိုင်ကြသော လူများ၏ လှည့်ဖြားခြင်းကို ခံရပြီး ထိုလူများကို အရေးကြီးသည့် အလုပ်များ လုပ်ခိုင်းဖို့ သို့မဟုတ် အရေးကြီးသည့် ပစ္စည်းတချို့ သိမ်းထားခိုင်းဖို့ စီစဉ်ပေးကြသည်။ ရလဒ်အနေနှင့် တစ်ခုခုက မှားသွားပြီး ဘုရားအိမ်တော်သည် ဆုံးရှုံးနစ်နာမှုတချို့ ခံစားရလေတော့သည်။ အဘယ်ကြောင့် တစ်ခုခုက မှားသွားရသနည်း။ ဤလူများ၏ သဘာဝနှင့် အနှစ်သာရကို ခေါင်းဆောင်များနှင့် အမှုဆောင်များက မရိပ်စားမိနိုင်ခဲ့သောကြောင့် မှားသွားရခြင်း ဖြစ်သည်။ ထိုသူများ၏ သဘာဝနှင့် အနှစ်သာရကို ၎င်းတို့က အဘယ်ကြောင့် မရိပ်စားမိနိုင်ခဲ့ခြင်း ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို နားမလည်သောကြောင့်၊ လူတို့ကို သုံးသပ်နိုင်စွမ်းနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသောကြောင့် ဖြစ်လေသည်။ သူတို့သည် လူများ၏ သဘာဝနှင့် အနှစ်သာရကို မရိပ်စားမိနိုင်ကြ။ ဘုရားသခင်အပေါ်၊ သမ္မာတရားအပေါ်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် လူတို့က မည်သည့်သဘောထားမျိုး ထားသည်ကို သူတို့မသိကြ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူများနှင့် အမှုအရာများကို မှားယွင်းသော ရှုထောင့်မှ ရှုမြင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် လူများကို လူသား၏ အယူအဆနှင့် စိတ်ကူးအမြင်များအပေါ် အခြေခံ၍သာ ရှုမြင်ကြ၏။ လူတို့၏ အနှစ်သာရကို ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရား၏ အခြေခံမူများနှင့်အညီ မရှုမြင်ကြပေ။ ထိုအစား သူတို့သည် လူများကို ၎င်းတို့၏ အကျင့်စာရိတ္တအပေါ်၊ အပြင်ပန်း အပြုအမူများနှင့် သရုပ်သကန်များအပေါ် အခြေခံပြီး ရှုမြင်ကြသည်။ လူတို့အပေါ် သူတို့၏ ရှုမြင်ချက်များက အခြေခံမူများ ကင်းမဲ့နေသောကြောင့် သူတို့သည် မလျော်ကန်သော လူများကို ယုံကြည်စိတ်ချကာ မလျော်ကန်သော လူများကို တာဝန်ပေးကြသည်။ ထို့ကြောင့် သူတို့သည် ထိုလူများ၏ လှည့်ဖြားခြင်း၊ လိမ်လည်ခြင်း၊ အသုံးချခြင်းကို ခံရပြီး အဆုံးတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားက ထိခိုက်နစ်နာရလေသည်။ ဤသည်တို့မှာ လူတို့ကို မသိမြင်နိုင်ခြင်း သို့မဟုတ် မရိပ်စားမိနိုင်ခြင်း၏ အကျိုးဆက်များပင် ဖြစ်တော့၏။ ထို့ကြောင့် တစ်စုံတစ်ဦးသည် သမ္မာတရားကို လိုက်စားလိုသောအခါ သင်ယူရမည့် ပထမဆုံး သင်ခန်းစာသည် လူများကို ပိုင်းခြားသိမြင်နည်းနှင့် ရှုမြင်နည်းပင် ဖြစ်သည်။ ဤသင်ခန်းစာကို သင်ယူဖို့ အချိန်အကြာကြီး ယူရ၏။ ဤသည်မှာ လူတို့မဖြစ်မနေ သင်ယူရမည့် အခြေခံအကျဆုံးသော သင်ခန်းစာများထဲမှ တစ်ခုလည်း ဖြစ်သည်။ အကယ်၍ သင်သည် လူတစ်ဦးကို ရှင်းလင်းစွာ သိမြင်လိုပြီး ဖော်ထုတ်တတ်လိုပါက လူတို့ကို သုံးသပ်ဖို့ မည်သည့်စံနှုန်းများကို ဘုရားအသုံးပြုသည်၊ အခြားသူများကို လူတို့ ရှုမြင်ပြီး သုံးသပ်သည့် နည်းလမ်းအပေါ် မည်သို့သော မူမမှန် အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များက ထိန်းချုပ်၍ ကြီးစိုးထားသည်၊ လူတို့ကို သုံးသပ်ဖို့ ဘုရားသုံးသည့် စံနှုန်းများနှင့် ထိုအရာများက ဆန့်ကျင်နေခြင်း ရှိမရှိနှင့် မည်ကဲ့သို့ ဆန့်ကျင်နေသည်တို့ကို ပထမဦးစွာ နားလည်ရမည်။ လူတို့ကို သင်သုံးသပ်သည့် နည်းစနစ်များနှင့် စံနှုန်းများသည် ဘုရား၏ တောင်းဆိုချက်များအပေါ် အခြေပြုထားသလော။ ယင်းတို့က ဘုရား၏ နှုတ်ကပတ်တော်များအပေါ် အခြေပြုထားသလော။ သမ္မာတရားတွင် အခြေပြုထားချက် ရှိသလော။ မရှိသည့်အပြင် သင်သည် အခြားသူများကို သုံးသပ်ဖို့ သင်၏ အတွေ့အကြုံနှင့် စိတ်ကူးအမြင်များအပေါ်သာ လုံးလုံး အမှီပြုလျှင်ဖြစ်စေ၊ သင်၏ သုံးသပ်မှုများကို လူ့အဖွဲ့အစည်းအတွင်း အားပေးမြှင့်တင်သော လူမှုရေး ကိုယ်ကျင့်တရားများအပေါ် သို့မဟုတ် သင့်ကိုယ်ပိုင် မျက်စိနှစ်လုံးနှင့် စောင့်ကြည့်လေ့လာထားသော အရာများအပေါ် အခြေပြုသည်အထိပင် လုပ်ဆောင်လျှင်ဖြစ်စေ ပိုင်းခြားသိမြင်ဖို့ သင်ကြိုးစားနေသည့် လူသည် သင့်အတွက် မရှင်းမလင်းသာ ဆက်ရှိနေမည် ဖြစ်သည်။ သင်သည် ထိုသူကို ရိပ်စားမိနိုင်မည် မဟုတ်။ သင့်အနေဖြင့် ထိုသူကို ယုံကြည်စိတ်ချပြီး တာဝန်များ ချပေးလျှင် အတိုင်းအတာတစ်ခုထိ စွန့်စားရာကျနေမည် ဖြစ်၏။ ဤအရာက ဘုရား၏ လှူဖွယ်ပစ္စည်းများအပြင် အသင်းတော်၏ အလုပ်နှင့် ဘုရားရွေးချယ်ခံ လူများ၏ အသက်ဝင်ရောက်မှုတို့ကို မလွဲမသွေ ထိခိုက်ဖျက်ဆီးနိုင်ခြေလည်း ရှိသည်။ သင်သည် သမ္မာတရားကို လိုက်စားလိုပါက လူတို့ကို ပိုင်းခြားသိမြင်ရေးမှာ သင်ယူရမည့် ပထမဆုံးသော သင်ခန်းစာ ဖြစ်သည်။ ယင်းက လူတို့ပိုင်ဆိုင်သင့်သည့် သမ္မာတရား၏ အခြေခံအကျဆုံးသော လက္ခဏာသွင်ပြင်များထဲမှ တစ်ခုလည်း ဖြစ်သည်ကို ပြောရန်ပင် မလိုချေ။ လူတို့ကို ပိုင်းခြားသိမြင်ဖို့ သင်ယူခြင်းမှာ ယနေ့ မိတ်သဟာယပြုချက်၏ အကြောင်းအရာနှင့် ခွဲခြား၍ မရပေ။ လူ၏ အကျင့်စာရိတ္တကောင်း၊ အရည်အသွေးကောင်းများနှင့် သာမန် လူ့သဘာဝ ရှိသည့် လူတစ်ဦး ပိုင်ဆိုင်ထားသင့်သော အရာများအကြား သင်သည် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရမည်။ ဤအရာနှစ်ခုကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိဖို့က အင်မတန်မှပင် အရေးကြီးလှ၏။ ထိုအခါမှသာ သင်သည် လူတစ်ဦး၏ အနှစ်သာရကို သိရှိနိုင်ကာ မှန်ကန်တိကျစွာ သိမြင်နိုင်လိမ့်မည်။ မည်သူ၌ လူ့သဘာဝရှိပြီး မည်သူ၌ လူ့သဘာဝ မရှိကြောင်းကို နောက်ဆုံးတွင် ဆုံးဖြတ်နိုင်လိမ့်မည်။ ဤအရာများကို ပိုင်းခြားသိမြင်ဖို့အလို့ငှာ လူတစ်ဦးသည် ရှေးဦးစွာ မည်သည့်အရာနှင့် ပြည့်စုံအောင် လုပ်ထားရမည်နည်း။ ဘုရား၏ နှုတ်ကပတ်တော်များကိုရော သမ္မာတရား၏ ဤရှုထောင့်ကိုပါ နားလည်ရပေမည်။ သမ္မာတရားကို မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိကာ ဘုရား၏ နှုတ်ကပတ်တော်များနှင့်အညီ လူတို့ကို ရှုမြင်သည့် အဆင့်သို့ ရောက်လာရပေမည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားနေစဉ် လူတစ်ဦး လက်တွေ့လုပ်ဆောင်သင့်ပြီး ပိုင်ဆိုင်ထားသင့်သည့် သမ္မာတရား၏ အခြေခံမူတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ ဤအကြောင်းအရာများကို ငါတို့ မိတ်သဟာယပြုဖို့ အလွန်အမင်း အရေးပါလှ၏။

သိသာထင်ရှားစွာပင် လူ့အကျင့်စာရိတ္တတစ်မျိုး ဖြစ်သော “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည့် ပထမ ဆိုရိုးကို ယခုလေးတင် ငါမိတ်သဟာယပြုပြီးခဲ့ပြီ။ ဤဆိုရိုးမှာ လူတို့ထဲ၌ ထင်မြင်ချက်ကောင်း စွဲကျန်ရစ်စေသည့် ကိုယ်ကျင့်စရိုက်တစ်မျိုးနှင့် ယာယီအပြုအမူတစ်မျိုး ဖြစ်သည်။ သို့သော်လည်း အကြောင်းမသင့်သဖြင့် လူ့သဘာဝကို လူတစ်ဦး ပိုင်ဆိုင်ခြင်းရှိမရှိ အကဲဖြတ်ဖို့ စံနှုန်းတစ်ခုအဖြစ် သုံး၍ကား မရ။ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ” ဟူသည့် ဒုတိယ ဆိုရိုးစကားကလည်း အတူတူပင် ဖြစ်သည်။ ဤပြောဆိုချက်၏ စကားသုံးနှုန်းထားပုံအရ ဤဆိုရိုးသည်လည်း လူတို့က နှစ်သက်ပြီး အပြုအမူကောင်းဟု မှတ်ယူထားသည့် အရာတစ်ခု ဖြစ်ကြောင်း သိသာထင်ရှားနေ၏။ ဤကောင်းသော အပြုအမူအား ပြသကြသည့် လူတို့ကို အကျင့်စာရိတ္တကောင်းနှင့် မြင့်မြတ်သော စရိုက်လက္ခဏာတို့ ပိုင်ဆိုင်သည့် လူများအဖြစ် အလွန်အမင်း ကြည်ညိုလေးစားကြသည်။ အတိုချုပ်ပြောရလျှင် ထိုသူတို့သည် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားကြသော လူများဖြစ်ပြီး အကောင်းဆုံး ကိုယ်ကျင့်စရိုက် ရှိကြသူများ ဖြစ်သည်ဟု မှတ်ယူခြင်းကို ခံကြရလေသည်။ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ” ဟူသည်မှာ“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်နှင့် ဆင်တူချက်တချို့ ရှိသည်။ ဤဆိုရိုးသည်လည်း အချို့သော လူမှုဝန်းကျင်အခြေအနေများအတွင်းရှိ လူတို့အထဲ၌ ပေါ်ပေါက်လာသော အပြုအမူကောင်းတစ်ခု ဖြစ်သည်။ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ” ၏ တိုက်ရိုက် အဓိပ္ပာယ်မှာ အခြားလူများကို ကူညီပေးခြင်းဖြင့် ပီတိဖြာတတ်ဖို့ ဖြစ်သည်။ လူများကို ကူညီပေးဖို့မှာ လူတစ်ဦး၏ တာဝန်ဖြစ်သည်ဟု အဓိပ္ပာယ်မရ။ ဆိုရိုးက “သူတစ်ပါးတို့အား ကူညီပေးဖို့သည် သင်၏ တာဝန်ဖြစ်သည်” ဟူ၍ မဟုတ်ပေ။ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ” ဟု ဖြစ်သည်။ အခြားသူများကို ကူညီဖို့ လူတို့အား မည်သည့်အရာက တွန်းအားပေးကြောင်း ဤအရာမှ ငါတို့ မြင်နိုင်သည်။ ၎င်းတို့ ကူညီပေးသည်မှာ အခြားသော လူများအကျိုးအတွက် မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင်၏ အကျိုးအတွက်သာ ဖြစ်သည်။ လူတို့သည် သောကဗျာပါဒနှင့် ဒုက္ခဝေဒနာတို့ ပြည့်နှက်နေသောကြောင့် အကူအညီ လိုအပ်နေသော အခြားလူများကို လိုက်ရှာကြပြီး ထိုသူတို့အား အလှူဒါနပြုကာ ကူညီထောက်ပံ့ပေးကြ၏။ မိမိတို့ကိုယ်ကို ပျော်ရွှင်အောင်၊ ကျေနပ်အောင်၊ ငြိမ်းချမ်းအောင်၊ ဝမ်းမြောက်အောင် လုပ်ရန်၊ မိမိတို့၏ နေ့ရက်များ အဓိပ္ပာယ်နှင့် ပြည့်ဝနေအောင် လုပ်ရန် လက်ကမ်းကာ ကူညီပေးကြပြီး မိမိတို့ လုပ်ဆောင်နိုင်စွမ်းရှိသည့် ကောင်းမှုမှန်သမျှကို လုပ်ဆောင်ကြ၏။ ထိုသို့အားဖြင့် အလွန်အမင်း ဟာတာတာ ဖြစ်ခြင်းနှင့် မချိတင်ကဲ ဖြစ်ခြင်းတို့ကို မခံစားရရန် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးသား နယ်ပယ်ကို စင်ကြယ်အောင် လုပ်ရန်နှင့် မြှင့်တင်ရန် ဖြစ်သည့် ၎င်းတို့၏ ရည်မှန်းချက် အထမြောက်ဖို့ ၎င်းတို့၏ အကျင့်စာရိတ္တကို တိုးတက်အောင် လုပ်ကြသည်။ ဤသည်မှာ မည်သို့သော အပြုအမူမျိုး ဖြစ်သနည်း။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားကြသော လူများကို ဤရှင်းပြချက်၏ ရှုထောင့်မှ ကြည့်မည်ဆိုပါက ၎င်းတို့သည် လူကောင်းများ မဟုတ်ကြပေ။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျင့်တရား သို့မဟုတ် အသိတရား သို့မဟုတ် လူ့သဘာဝတို့၏ တွန်းအားပေးမှုကို ခံရ၍ မိမိတို့ လုပ်သင့်သည့် အရာကို လုပ်ကြခြင်း မဟုတ်။ မိမိတို့၏ လူမှုရေးရာ တာဝန်များနှင့် မိသားစုရေးရာ တာဝန်များကို ဖြည့်ဆည်းကြခြင်း မဟုတ်။ ယင်းအစား ပီတိခံစားရန်၊ ဝိညာဉ်ရေးရာ နှစ်သိမ့်မှု၊ စိတ်ပိုင်းဆိုင်ရာ သက်သာမှုတို့ ရရှိရန်နှင့် ပျော်ရွှင်စွာ နေထိုင်သွားနိုင်ရန်အလို့ငှာ လူများကို ၎င်းတို့ကူညီပေးကြခြင်း ဖြစ်သည်။ ဤကဲ့သို့သော အကျင့်စာရိတ္တမျိုးကို မည်ကဲ့သို့ ရှုမြင်သုံးသပ်သင့်သနည်း။ ဤဆိုရိုး၏ သဘောသဘာဝကို ကြည့်လျှင် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသော ဆိုရိုးထက်ပင် သာ၍ ဆိုးဝါးနေသေးသည်။ အနည်းဆုံးအနေဖြင့် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသော ဆိုရိုးတွင် တစ်ကိုယ်ကောင်းဆန်သည့် သွင်ပြင်လက္ခဏာ မရှိချေ။ သို့ဖြစ်လျှင် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ” ဟူသည်ကရော မည်သို့ရှိသနည်း။ ဤအပြုအမူတွင် တစ်ကိုယ်ကောင်းဆန်သော အရိပ်လက္ခဏာများနှင့် အောက်တန်းကျသော ရည်ရွယ်ချက်များ ပါဝင်နေကြောင်း “ပီတိ” ဟူသည့် စကားလုံးက ညွှန်ပြနေသည်။ လူတို့၏ အကျိုးအတွက်ဖြစ်စေ၊ ကိုယ်ကျိုးမဖက်သော ကမ်းလှမ်းမှုအနေနှင့်ဖြစ်စေ ၎င်းတို့ကို ကူညီပေးခြင်း မဟုတ်ပေ။ မိမိကိုယ်တိုင် ပီတိခံစားဖို့အတွက် ကူညီပေးခြင်း ဖြစ်သည်။ ဤသည်ကို လုံးဝ အားပေးအားမြှောက်မပြုထိုက်။ ဥပမာအားဖြင့် လမ်းမကြီးတစ်ခုပေါ်တွင် သက်ကြီးရွယ်အိုတစ်ဦး လဲကျသွားသည်ကို သင်မြင်ပြီး “ယခုတလော ငါစိတ်ဓာတ်ကျနေသည်။ ဤသက်ကြီးရွယ်အို လဲကျသွားသည်မှာ အလွန်ကောင်းသော အခွင့်အရေးတစ်ခုပင် ဖြစ်၏။ ‘သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ငါခံစားပစ်လိုက်မည်’ ဟု တွေးသည် ဆိုပါစို့။” သင်သည် သွား၍ ထိုသက်ကြီးရွယ်အိုကို ကူညီကာ ဆွဲထူပေး၏။ ထိုသူက မတ်တပ်ရပ်နိုင်သွားသောအခါ “အချင်းသူငယ်၊ သင်ကား အမှန်ပင် လူကောင်းတစ်ဦး ဖြစ်ပေ၏။ ဘေးကင်း၍ ပျော်ရွှင်ပြီး အိုမင်းသည်အထိ သင်နေသွားရပါစေသား” ဟု ပြောကာ သင့်ကို ချီးမွမ်းသည်။ ဤနှစ်လိုဖွယ် စကားများကို ရွှန်းရွှန်းဝေနေအောင် ပြောသည်။ ထိုစကားများကို ကြားပြီးနောက်တွင် သင်၏ သောကဗျာပါဒများက ပျောက်ကွယ်သွားပြီး သင်သည်လည်း ကျေနပ်အားရသွားတော့သည်။ လူတို့အား ကူညီပေးရခြင်းက ကောင်းသည်ဟု သင်တွေးပြီး အားလပ်ချိန်တွင် လမ်းမများထက် လျှောက်သွားကာ လဲကျသည့် မည်သူ့ကိုမဆို ကူညီဆွဲထူပေးဖို့ စိတ်ပိုင်းဖြတ်လိုက်သည်။ လူတို့သည် ဤသို့သော အတွေးအခေါ်၏ လွှမ်းမိုးမှုအောက်၌ အပြုအမူကောင်းတချို့ကို ပြသကြသည်။ လူ့အဖွဲ့အစည်းကလည်း ဤအရာကို သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားသော အစဉ်အလာကောင်းအဖြစ်၊ အလွန်ကောင်းသော ဤအစဉ်အလာကို လက်ဆင့်ကမ်းပေးသည့် မြင့်မြတ်သော ကိုယ်ကျင့်စရိုက်တစ်မျိုးအဖြစ် အမျိုးအစားသတ်မှတ်ထား၏။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်း၏ နောက်ခံအကြောင်းရင်းမှာ ကူညီပေးသည့် လူများက သူတို့ကိုယ်သူတို့ ကိုယ်ကျင့်တရား အကောင်းဆုံးသောသူအဖြစ် မှတ်ယူလေ့ရှိကြခြင်း ဖြစ်သည်။ သူတို့ကိုယ်သူတို့ ကြီးမြတ်သော ပရဟိတဒါနရှင်များအဖြစ် ပုံဖော်တွေးထင်ကြ၏။ လူများက သူတို့ကို ပိုချီးမွမ်းလေလေ သူတို့သည် ကူညီပေးဖို့၊ အလှူဒါန ပေးဖို့၊ အခြားသူများအတွက် ဤထက်မက လုပ်ပေးဖို့ ပို၍ လိုလားလေလေ ဖြစ်သည်။ ဤအရာက သူရဲကောင်းဖြစ်လိုပြီး လူသားမျိုးနွယ်၏ ကယ်တင်ရှင်ဖြစ်လိုသည့် ၎င်းတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးသည့်အပြင် အခြားသူများ၏ လိုအပ်ခြင်းကို ခံရသည့် အဖြစ်မှ အားရကျေနပ်မှုတစ်မျိုးကို ရရှိခံစားလိုသည့် ၎င်းတို့၏ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးသည်။ မိမိကို လိုအပ်ကြသည်ဟူ၍ လူသားအားလုံးက ခံစားလိုကြသည် မဟုတ်လော။ လူတို့သည် မိမိကို အခြားသူများ လိုအပ်ကြသည်ဟု ခံစားရသောအခါ သူတို့ကိုယ်သူတို့ အထူးသဖြင့် အသုံးဝင်သည်၊ သူတို့၏ ဘဝက အဓိပ္ပာယ်ရှိသည်ဟု တွေးထင်ကြသည်။ ဤသည်မှာ အများ၏ အာရုံစိုက်မှုကို ရအောင် ကြိုးစားခြင်းတစ်မျိုးပင် ဖြစ်သည် မဟုတ်လော။ အများ၏ အာရုံစိုက်မှုကို ရအောင် ကြိုးစားခြင်းမှာ လူတို့ကို ပီတိခံစားရစေသည့် တစ်ခုတည်းသော အရာပင် ဖြစ်သည်။ ယင်းမှာ သူတို့၏ ဘဝနေထိုင်မှုပုံစံပင် ဖြစ်သည်။ စင်စစ်အားဖြင့် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းကိစ္စအား မည်သည့်ရှုထောင့်မှ ငါတို့ကြည့်သည်ဖြစ်စေ ယင်းသည် လူ၏ ကိုယ်ကျင့်တရားများကို အကဲဖြတ်ဖို့ စံနှုန်းတစ်ခု မဟုတ်။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားသော လုပ်ရပ်သည် များသောအားဖြင့် မဖြစ်စလောက် အားထုတ်မှုသာ လိုအပ်သည်။ သင်သည် ထိုအရာကို လုပ်ဆောင်ဖို့ လိုလားပါက သင်၏ လူမှုရေး တာဝန်ကို ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။ ထိုအရာကို သင်လုပ်ဆောင်ဖို့ မလိုလားလျှင်လည်း မည်သူကမျှ သင့်ကို တာဝန်ခံခိုင်းမည် မဟုတ်။ အများ၏ ရှုတ်ချခြင်းကိုလည်း သင်ခံရမည် မဟုတ်။ လူက ချီးကျူးသည့် ကောင်းသော အပြုအမူများနှင့် ပတ်သက်လာလျှင် လူတစ်ဦးအနေနှင့် ထိုအပြုအမူများကို လက်တွေ့လုပ်ဖို့ ရွေးချယ်လည်း ရသည်၊ လက်တွေ့မလုပ်ဘဲ ရှောင်ကြဉ်၍လည်း ရသည်။ နှစ်ခုစလုံး အဆင်ပြေ၏။ ဤဆိုရိုးနှင့် လူတို့ကို ချုပ်ချယ်ထားဖို့ မလိုအပ်။ သို့မဟုတ် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို မည်သို့ခံစားရမည်ကို သင်ယူခိုင်းဖို့ မလိုအပ်။ အကြောင်းမှာ ထိုအရာကိုယ်၌က ယာယီ အပြုအမူကောင်းတစ်ခုမျှသာ ဖြစ်၍ ဖြစ်သည်။ တစ်စုံတစ်ယောက်သည် မိမိ၏ လူမှုရေး တာဝန်ကို ဖြည့်ဆည်းလိုသည့် ဆန္ဒ၏ တွန်းအားပေးမှုကြောင့် ဖြစ်စေ၊ ပြည်သူ့ကျင့်ဝတ် သဘောအရဖြစ်စေ ဤကောင်းသော အပြုအမူကို လက်တွေ့လုပ်ဆောင်လျှင် နောက်ဆုံးရလဒ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ လူကောင်းတစ်ဦး ဖြစ်လိုသည့် မိမိ၏ ဆန္ဒ၊ လေးဖုန်းစိတ်ဓာတ်ကို ရုပ်လုံးဖော်လိုသည့် မိမိ၏ ဆန္ဒအား ဤတစ်ကြိမ်တစ်ခါတွင် သူဖြည့်ဆည်းခြင်းမျှသာ ဖြစ်လိမ့်မည်။ ထိုသို့ပြုခြင်းဖြင့် ပီတိနှင့် ကိုယ်စိတ်ချမ်းသာမှု တချို့ကို သူရရှိခံစားရလိမ့်မည်ဖြစ်ပြီး ဤနည်းအားဖြင့် သူ၏ အတွေးအခေါ် နယ်ပယ်က ပိုမိုမြင့်မားသော အဆင့်သို့ တိုးမြင့်သွားလိမ့်မည်။ ထိုမျှသာ ဖြစ်၏။ ဤသည်မှာ သူလုပ်နေသည့် အရာ၏ အနှစ်သာရပင် ဖြစ်သည်။ ဤသို့ဖြစ်၍ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသော ဆိုရိုးအပေါ် ဤမိတ်သဟာယ မတိုင်မီတွင် သင်တို့၏ နားလည်မှုက မည်သို့ဖြစ်နေခဲ့သနည်း။ (ထိုဆိုရိုးနောက်ကွယ်ရှိ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ရည်ရွယ်ချက်များကို ယခင်က ကျွန်ုပ် သတိမထားမိခဲ့ပါ။) သင့်တွင် တစ်စုံတစ်ခုကို လုပ်ရမည့် တာဝန်တစ်ခု၊ သင့်အနေနှင့် ခေါင်းရှောင်၍ မရသည့် ဝတ္တရားတစ်ခု၊ အတော်အတန် ခက်ခဲသည့် အရာတစ်ခု ရှိနေပြီး ထိုအရာကို အထမြောက်အောင် ဆောင်ရွက်ရန်အတွက် ဆင်းရဲဒုက္ခအနည်းငယ်ကို ခါးစည်းခံရမည်ဖြစ်ကာ အချို့သော အရာများကို စွန့်လွှတ်ပြီး အဖိုးအခ ပေးရမည် ဖြစ်သော်လည်း သင်သည် ဤတာဝန်ကို မည်သည့်နည်းနှင့်မျှ ဖြည့်ဆည်းနိုင်စွမ်း မရှိဘဲ ဖြစ်နေသည့် အခြေအနေတစ်ခုကို ဥပမာယူကြည့်လော့။ ထိုအရာကို လုပ်ဆောင်နေစဉ် သင်သည် ကျေနပ်အားရမှုကို သိပ်ခံစားရမည် မဟုတ်။ အဖိုးအခ ပေးဆပ်ပြီးကာ ဤတာဝန်ကို ဖြည့်ဆည်းပြီးသည့်နောက် သင့်အားထုတ်မှု၏ ရလဒ်များက သင့်အား မည်သည့်ပီတိ သို့မဟုတ် မည်သည့်ကိုယ်စိတ်ချမ်းသာမှုမျှ ပေးမည် မဟုတ်ပေ။ သို့သော် ထိုအရာက သင်၏ တာဝန်နှင့် ဝတ္တရား ဖြစ်သောကြောင့် မည်သို့ပင်ဖြစ်စေ သင်လုပ်ဆောင်၏။ ဤအရာကို သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းနှင့် ငါတို့နှိုင်းယှဉ်ကြည့်လျှင် အဘယ်တစ်ခုက လူ့သဘာဝကို ပိုမို ပြသသနည်း။ (မိမိတို့၏ တာဝန်နှင့် ဝတ္တရာများကို ဖြည့်ဆည်းသော လူတို့က လူ့သဘာဝ ပိုရှိကြပါသည်။) သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားမှုသည် တာဝန်တစ်ခုကို ဖြည့်ဆည်းခြင်းနှင့် မသက်ဆိုင်ပေ။ အချို့သော လူမှုရေးအခြေအနေများအတွင်း ရှိသည့် လူတို့၏ အကျင့်စာရိတ္တအပြင် လူတို့၏ လူမှုရေး တာဝန်များနှင့် ပတ်သက်သော သတ်မှတ်ချက်တစ်ခုသာ ဖြစ်၏။ ယင်းက ရေပန်းစားသော အမြင်မှ၊ လူမှုရေး ကိုယ်ကျင့်တရားများမှ၊ သို့မဟုတ် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေများမှပင် ဆင်းသက်လာပြီး ယင်းကို လူတစ်ဦး၌ ကိုယ်ကျင့်တရားများ ရှိမရှိကိုလည်းကောင်း၊ ထိုသူ၏ လူ့သဘာဝ အရည်အသွေးကိုလည်းကောင်း အကဲဖြတ်ဖို့ အသုံးပြု၏။ တစ်နည်းအားဖြင့် ဆိုရလျှင် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသည်မှာ လူ၏ အတွေးအခေါ် နယ်ပယ်ကို မြှင့်တင်ရန် လူ့အဖွဲ့အစည်းက ထုတ်ပြန်ထားပြီး လူတို့၏ အပြုအမူကို ကန့်သတ်ပေးသော ဆိုရိုးတစ်ခုမျှသာ ဖြစ်၏။ ဤသို့သော ဆိုရိုးကို အပြုအမူကောင်းတချို့အား လူတို့ လက်တွေ့လုပ်အောင် စေခိုင်းရာ၌သာ သုံးသည်။ ထိုကောင်းသော အပြုအမူများကို ချင့်ချိန်အကဲဖြတ်ဖို့ စံနှုန်းများမှာ လူမှုရေး ကိုယ်ကျင့်တရားများ၊ လူအများ၏ အမြင် သို့မဟုတ် တရားဥပဒေပင် ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် အကူအညီ လိုအပ်နေသော လူတစ်ဦးကို အများပြည်သူ သွားလာရာ နေရာတွင် တွေ့ပြီး ထိုသူကို သွားကူညီပေးသင့်သည့် ပထမဆုံး ပုဂ္ဂိုလ်မှာ သင်ဖြစ်နေသော်လည်း သွား၍ မကူညီပေးလျှင် အခြားသူများက သင့်ကို မည်သို့ထင်ကြမည်နည်း။ သင်၌ အမူအကျင့်ကောင်းများ မရှိ၍ သူတို့က သင့်ကို ကြိမ်းမောင်းကြပေလိမ့်မည်။ လူအများ၏ အမြင်ဟု ငါတို့ပြောရာ၌ ဤအရာကို ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် လူမှုရေး ကိုယ်ကျင့်တရားများ ဆိုသည်ကရော အဘယ်အရာများနည်း။ လူ့အဖွဲ့အစည်းက ထောက်ခံပြီး အားပေးအားမြှောက်ပြုထားသော အပြုသဘောဆောင်ကာ တိုးတက်ရာ တိုးတက်ကြောင်းကို ရည်သန်သည့် အရာများနှင့် အလေ့အကျင့်များ ဖြစ်၏။ သဘာဝအလျောက်ပင် ထိုအရာများ၌ အသေးစိတ် သတ်မှတ်ချက်များစွာ ပါဝင်သည်။ ဥပမာ အကာအကွယ်မဲ့သော လူများကို အားပေးထောက်ပံ့ခြင်း၊ အခြားသူတို့ အခက်အခဲများ ကြုံရစဉ် လက်ကမ်းကူညီပေးခြင်း၊ ဤအတိုင်း လက်ပိုက်ကာ မရပ်ကြည့်နေခြင်းတို့ ဖြစ်သည်။ ဤသို့သော အကျင့်စာရိတ္တမျိုးကို လူတို့ လက်တွေ့လုပ်သင့်၏။ လူမှုရေး ကိုယ်ကျင့်တရားများ ပိုင်ဆိုင်ခြင်းဟူသည်မှာ ယင်းကို ဆိုလိုသည်။ သင်သည် တစ်စုံတစ်ဦး ဒုက္ခရောက်နေသည်ကို တွေ့သော်လည်း မျက်ကွယ်ပြုကာ လျစ်လျူရှုပြီး ဘာတစ်ခုမျှ မလုပ်ပါက သင့်တွင် လူမှုရေး ကိုယ်ကျင့်တရား ကင်းမဲ့ပေသည်။ သို့ဖြစ်၍ တရားဥပဒေက လူ့အကျင့်စာရိတ္တအပေါ် မည်သို့သော တောင်းဆိုချက်များ ချမှတ်ထားသနည်း။ ဤကိစ္စနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံသည် တစ်မူထူးခြား၏။ လူမှုရေး တာဝန်များ၊ လူမှုရေး ကိုယ်ကျင့်တရားများနှင့် ပတ်သက်၍ တရုတ်ဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားချက်များ တစ်ခုမျှ မရှိပေ။ လူတို့သည် ဤအရာများကို မိသားစုတွင်း ပျိုးထောင်ပေးမှုမှတစ်ဆင့်၊ ကျောင်းတွင်း ပညာရေးမှတစ်ဆင့်၊ လူ့အဖွဲ့အစည်းတွင် ၎င်းတို့ ကြားနာကာ စောင့်ကြည့်လေ့လာမိသည့် အရာများမှတစ်ဆင့် အနည်းငယ် တတ်မြောက်လာကြခြင်းသာ ဖြစ်သည်။ ယင်းနှင့် ခြားနားလျက် အနောက်တိုင်း နိုင်ငံများတွင်မူ ဤအရာများကို ဥပဒေထဲ၌ တရားဝင် ထည့်သွင်းပြဋ္ဌာန်းထားလေသည်။ ဥပမာ လမ်းပေါ်တွင် လူတစ်ဦး လဲကျသွားသည်ကို သင်တွေ့ပါက အနည်းဆုံးအနေဖြင့် ထိုသူထံ သွား၍ “သင်အဆင်ပြေသလော။ အကူအညီ လိုပါသလော” ဟု မေးရမည် ဖြစ်သည်။ ထိုသူက “အဆင်ပြေပါသည်။ ကျေးဇူးတင်ပါ၏” ဟု ပြန်ဖြေပါက သင့်အနေနှင့် သူ့ကို ကူညီပေးဖို့ မလို။ ထိုတာဝန်ကို ဖြည့်ဆည်းဖို့ မလိုအပ်။ အကယ်၍ ထိုသူက “ကျွန်ုပ် အကူအညီလိုပါသည်။ ကျေးဇူးပြု၍ ကူညီလှည့်ပါ” ဟု ပြောလာလျှင် သင်သည် ကူညီပေးရမည် ဖြစ်သည်။ သူ့ကို မကူညီပေးပါက သင်သည် ဥပဒေကြောင်းအရ တာဝန်ခံရပေလိမ့်မည်။ ဤသည်မှာ လူတို့၏ အကျင့်စာရိတ္တနှင့် စပ်လျဉ်း၍ နိုင်ငံတချို့က ထုတ်ပြန်ထားသော အထူးသတ်မှတ်ချက် ဖြစ်သည်။ ၎င်းတို့၏ ဥပဒေများထဲတွင် အတိအလင်း သတ်မှတ်ပြဋ္ဌာန်းချက်မှတစ်ဆင့် ပြည်သူတို့အပေါ် ဤတောင်းဆိုချက်ကို ချမှတ်ထားကြသည်။ လူအများ၏ အမြင်၊ လူမှုရေး ကိုယ်ကျင့်တရားများဖြင့်သာမက တရားဥပဒေဖြင့်ပင် လူတို့၏ အကျင့်စာရိတ္တအပေါ် ချမှတ်ထားသော ဤတောင်းဆိုချက်များသည် လူတို့၏ အပြုအမူတွင်သာ ကန့်သတ်ထား၏။ ဤအပြုအမူဆိုင်ရာ အခြေခံ စံသတ်မှတ်ချက်များသည် လူတစ်ဦး၏ အကျင့်စာရိတ္တကို အကဲဖြတ်ဖို့ စံနှုန်းများ ဖြစ်သည်။ အပေါ်ယံတွင် ဤကိုယ်ကျင့်တရား စံနှုန်းများသည် လူတို့၏ အပြုအမူကို အကဲဖြတ်သည့်ပုံ ပေါက်နေသော်လည်း တစ်နည်းဆိုရလျှင် မိမိတို့၏ လူမှုရေး တာဝန်များကို လူတို့ဖြည့်ဆည်းခြင်း ရှိရှိမရှိရှိ ထိုစံနှုန်းများသည် အနှစ်သာရတွင်မူ လူတို့၏ အတွင်းသဘော အရည်အသွေးကို အကဲဖြတ်နေခြင်း ဖြစ်သည်။ လူအများ၏ အမြင်ပင်ဖြစ်စေ၊ လူမှုရေး ကိုယ်ကျင့်တရားများပင် ဖြစ်စေ၊ တရားဥပဒေပင် ဖြစ်စေ ဤအရာများသည် လူတို့လုပ်သည့် အရာများကိုသာ အကဲဖြတ်ပြီး လူတို့လုပ်သည့် အရာများနှင့် ပတ်သက်သည့် တောင်းဆိုချက်များကိုသာ ချမှတ်သည်။ ဤတိုင်းတာချက်များနှင့် တောင်းဆိုချက်များသည် လူတို့၏ အပြုအမူတွင်သာ ကန့်သတ်ထား၏။ ၎င်းတို့သည် လူတစ်ဦး၏ အရည်အသွေးနှင့် အကျင့်စာရိတ္တကို ထိုသူ၏ အပြုအမူအပေါ် အခြေခံ၍ ချင့်ချိန်သုံးသပ်သည်။ ဤသည်မှာ ၎င်းတို့ ချင့်ချိန်အကဲဖြတ်ချက်၏ အတိုင်းအတာပင် ဖြစ်သည်။ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသော ပြောဆိုချက်၏ သဘောသဘာဝလည်း ဖြစ်သည်။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းနှင့် ပတ်သက်လာလျှင် အနောက်တိုင်း နိုင်ငံများသည် တရားဥပဒေ ပြဋ္ဌာန်းချက်များမှတစ်ဆင့် လူတို့အပေါ် တောင်းဆိုချက်များ ချမှတ်ထား၏။ တရုတ်နိုင်ငံတွင်မူ ဤအတွေးအခေါ်များနှင့် လူတို့ကို သွန်သင်ပေးကာ ပုံသွင်းယူရန် ရိုးရာယဉ်ကျေးမှုကို အသုံးပြုသည်။ အရှေ့တိုင်းနှင့် အနောက်တိုင်းကြားတွင် ဤခြားနားချက် ရှိနေသော်လည်း သဘောသဘာဝအရကား အတူတူပင် ဖြစ်သည်။ နှစ်ခုစလုံးက လူတို့၏ အပြုအမူနှင့် ကိုယ်ကျင့်တရားကို ကန့်သတ်ပြီး ထိန်းညှိရန် ဆိုရိုးစကားများကို အသုံးပြုကြ၏။ သို့သော် အနောက်တိုင်း နိုင်ငံများ၏ တရားဥပဒေများပင် ဖြစ်စေ၊ အရှေ့တိုင်း၏ ရိုးရာယဉ်ကျေးမှုပင် ဖြစ်စေ အားလုံးသည် လူ့အပြုအမူနှင့် အကျင့်စာရိတ္တအပေါ် ချမှတ်ထားသော တောင်းဆိုချက်များနှင့် စည်းမျဉ်းများသာ ဖြစ်သည်။ ဤစံသတ်မှတ်ချက်များက လူတို့၏ အပြုအမူနှင့် အကျင့်စာရိတ္တကိုသာ ထိန်းညှိပေး၏။ သို့သော် ထိုစံသတ်မှတ်ချက် တစ်ခုတလေက လူတို့၏ လူ့သဘာဝကို ဦးတည်ရည်ရွယ်ထားသလော။ မည်သည့်အပြုအမူများကို လူတစ်ဦး လက်တွေ့လုပ်သင့်ကြောင်းသာ ပြဋ္ဌာန်းထားသည့် စည်းမျဉ်းများကို ထိုလူ၏ လူ့သဘာဝအား အကဲဖြတ်ဖို့ စံနှုန်းများအဖြစ် အသုံးပြု၍ ရသလော။ (မရပါ။) “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသော ဆိုရိုးကို ငါတို့ကြည့်လျှင် ဆိုးယုတ်သော လူတချို့သည် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားနိုင်စွမ်း ရှိသော်လည်း ၎င်းတို့ကို ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ ရည်မှန်းချက် ပန်းတိုင်များက တွန်းအားပေးခြင်း ဖြစ်သည်။ နတ်ဆိုးများက ကောင်းမှုအသေးစား တစ်ခုခုကို လုပ်သောအခါ ထိုသို့လုပ်ဆောင်ခြင်းအတွက် ၎င်းတို့တွင် ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက် ပန်းတိုင်များ ရှိနေဖို့ ပို၍ပင် ဖြစ်နိုင်ခြေ ရှိသည်။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားကြသော လူတိုင်းသည် သမ္မာတရားကို ချစ်သော ဖြောင့်မတ်သူ ဖြစ်သည်ဟု သင်တို့ ထင်သလော။ တရုတ်နိုင်ငံ၌ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားကြသည့် သူများဟု ဆိုလေသော ကူညီဖေးမတတ်သည့် ပုဂ္ဂိုလ်များ သို့မဟုတ် လူချမ်းသာများထံမှ လုယက်ပြီး ဆင်းရဲသားများအား ပေးကမ်းကြသော လူများ သို့မဟုတ် အကာအကွယ်မဲ့သော လူစုများနှင့် ဒုက္ခိတများအား မကြာခဏ ကူညီပေးကြသော သူများ အစရှိသူတို့ကို ဥပမာယူကြည့်လော့။ ၎င်းတို့အားလုံး၌ လူ့သဘာဝ ရှိသလော။ ၎င်းတို့အားလုံးတွင် အပြုသဘောဆောင်သော အရာများကို ချစ်စိတ်နှင့် ဖြောင့်မတ်ခြင်းသဘော ရှိသလော။ (မရှိပါ။) အလွန်ဆုံးအားဖြင့် ၎င်းတို့သည် အတော်အတန် ပိုကောင်းသည့် စရိုက်လက္ခဏာ ရှိကြသော လူများသာ ဖြစ်၏။ ၎င်းတို့သည် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်း ဟူသော ဤစိတ်ဓာတ်၏ အုပ်စိုးမှုကို ခံထားရသောကြောင့် မိမိတို့ထံ ပီတိ၊ ကိုယ်စိတ်ချမ်းသာမှုတို့ ယူဆောင်လာပေးပြီး မိမိတို့အား ပျော်ရွှင်သည့် စိတ်ခံစားချက်ကို အပြည့်အဝ မွေ့လျော်ခွင့် ပေးသော ကောင်းမှုအများအပြားကို လုပ်ဆောင်ကြသည်။ သို့သော် ထိုသို့သော အပြုအမူများကို လက်တွေ့လုပ်ခြင်းက ၎င်းတို့တွင် လူ့သဘာဝ ရှိသည်ဟု မဆိုလိုပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ဝိညာဉ်ရေး အဆင့်တွင် ၎င်းတို့ လိုက်စားသောအရာ နှစ်ခုလုံးက မရှင်းလင်းသောကြောင့် ဖြစ်သည်။ အမျိုးအမည် မသိရဘဲ ပြောင်းလဲနိုင်သော အရာများ ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ဤကောင်းသော အကျင့်စာရိတ္တအပေါ် အခြေခံပြီး ၎င်းတို့ကို လူ့သဘာဝနှင့် အသိတရား ရှိသော လူများအဖြစ် မှတ်ယူ၍ ရသလော။ (မရပါ။) အကာအကွယ်မဲ့သည့် လူစုများနှင့် ဒုက္ခိတများကို ကူညီပေးပြီး သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားသည်ဟု ဆိုလေသော ဖောင်ဒေးရှင်းများနှင့် လူမှုဖူလုံရေး အေဂျင်စီများကဲ့သို့ အဖွဲ့အစည်းတချို့သည် အလွန်ဆုံးအားဖြင့် ၎င်းတို့၏ လူမှုရေး တာဝန်အနည်းငယ်ကို ဖြည့်ဆည်းနေခြင်းမျှသာ ဖြစ်သည်။ အများအမြင်တွင် ၎င်းတို့၏ပုံရိပ် တိုးတက်ကောင်းမွန်လာစေရန်၊ ၎င်းတို့ ပို၍ ထင်ပေါ်အောင် လုပ်ရန်၊ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းဟူသော စိတ်ထားကို လိုဘဖြည့်ရန် ထိုအရာများကို ၎င်းတို့ လုပ်ကြခြင်း ဖြစ်သည်။ ဤအရာက “လူ့သဘာဝကို ၎င်းတို့ ပိုင်ဆိုင်သည်” ဟူ၍ ရည်ညွှန်းသော အဆင့်ကို လုံးဝဥဿုံ မမီပေ။ ထို့အပြင် ၎င်းတို့ ကူညီပေးကာ ပီတိဖြာခြင်းကို ခံရသော ထိုလူများသည်လည်း အမှန်တကယ် အကူအညီ လိုအပ်သလော။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားသည့် လုပ်ရပ်ကိုယ်၌က ဖြောင့်မတ်ရာ ကျသလော။ ထိုသို့လည်း မုချ မဟုတ်ပေ။ လူ့အဖွဲ့အစည်းအနှံ့ ဖြစ်ပွားနေသော အမျိုးစုံသည့် အဖြစ်အပျက် ကြီးငယ်မှန်သမျှကို သင်သည် အချိန်အတန်ကြာ စစ်ကြောကြည့်လျှင် ယင်းတို့ထဲမှ အဖြစ်အပျက်တချို့မှာ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို လူတို့ခံစားကြသော ကိစ္စသက်သက်သာ ဖြစ်ကြောင်း တွေ့ရလိမ့်မည်။ အခြားဖြစ်ရပ်များစွာတွင်မူ လူ့အဖွဲ့အစည်း၏ နောက်ထပ် မရေမတွက်နိုင်သော လျှို့ဝှက်ချက်များနှင့် မကောင်းသည့် သွင်ပြင်လက္ခဏာများသည် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို လူတို့ခံစားသော ဖြစ်စဉ်များနှင့် နှီးနွှယ်ဆက်စပ်နေကြောင်း သင်တွေ့ရလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းနောက်ကွယ်တွင် ထင်ပေါ်ကျော်ကြားဖို့နှင့် ကျန်သော လူများထက် ပိုသာဖို့ဖြစ်စေ၊ လူမှုရေးကိုယ်ကျင့်တရားများကို လိုက်နာပြီး ဥပဒေ မချိုးဖောက်ဖို့ဖြစ်စေ၊ လူ့အဖွဲ့အစည်း တစ်ခုလုံးမှ ပို၍ အပြုသဘောဆောင်သော အကဲဖြတ်ချက်ကို ရရှိဖို့ဖြစ်စေ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက် ပန်းတိုင်များ ရှိနေသည်။ မည်သို့ကြည့်ကြည့် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းသည် လူ၏ အပြင်ပန်း အပြုအမူများထဲမှ တစ်ခုသာ ဖြစ်ပြီး အလွန်ဆုံးအားဖြင့် ကောင်းသော အကျင့်စာရိတ္တတစ်မျိုးနှင့်သာ ညီမျှသည်။ ဘုရားသခင် တောင်းဆိုသော သာမန် လူ့သဘာဝနှင့် လုံးဝ ပတ်သက်မှု မရှိပေ။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားနိုင်စွမ်း ရှိသူများသည် ရည်မှန်းချက် မည်မည်ရရ တစ်ခုမျှ မရှိသော သာမန်လူများ ဖြစ်နေနိုင်သည်။ သို့မဟုတ် လူ့အဖွဲ့အစည်းတွင် အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အတော်အတန် ကြင်နာစိတ်ရှိသော လူများလည်း ဖြစ်နေနိုင်သည်။ သို့သော် မလိုမုန်းထားတတ်သည့် စိတ်နှလုံး ရှိသူများလည်း ဖြစ်ကောင်းဖြစ်နေနိုင်၏။ မည်သို့သော လူစားမျိုးမဆို ဖြစ်နေနိုင်သည်။ လူတိုင်းက ဤအပြုအမူကို တဒင်္ဂအခိုက်အတန့်တွင် လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိကြသည်ချည်းပင် ဖြစ်သည်။ ထို့ကြောင့် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသည့် အကျင့်စာရိတ္တနှင့် ပတ်သက်သော အဆိုသည် လူတို့၏ လူ့သဘာဝကို အကဲဖြတ်ရေး စံနှုန်းတစ်ခုအဖြစ် အရည်အသွေး ပြည့်မီခြင်း ဧကန်မုချ မရှိပေ။

“သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသည့် အကျင့်စာရိတ္တနှင့် ပတ်သက်သော ဤဆိုရိုးသည် စင်စစ်အားဖြင့် လူတို့၏ လူ့သဘာဝဆိုင်ရာ အနှစ်သာရကို ကိုယ်စားမပြုပေ။ လူတို့၏ သဘောသဘာဝ၊ အနှစ်သာရတို့နှင့် မည်မည်ရရ ဆက်နွှယ်မှု မရှိပေ။ ထို့ကြောင့် တစ်စုံတစ်ဦး၏ လူ့သဘာဝ အရည်အသွေးကို အကဲဖြတ်ဖို့ ထိုဆိုရိုးကို အသုံးပြုခြင်းက သင့်လျော်မှု မရှိ။ သို့ဖြစ်လျှင် လူတစ်ဦး၏ လူ့သဘာဝကို အကဲဖြတ်ဖို့ မည်သည့်နည်းလမ်းက သင့်လျော်သည့် နည်းလမ်း ဖြစ်သနည်း။ အနည်းဆုံးအနေဖြင့် လူ့သဘာဝ ရှိသော လူတစ်ဦးသည် တစ်စုံတစ်ယောက်ကို ကူညီဖို့ မကူညီဖို့ သို့မဟုတ် မိမိ၏ တာဝန်များကို ဖြည့်ဆည်းဖို့ မဖြည့်ဆည်းဖို့ ဆုံးဖြတ်ရာတွင် ထိုသို့ပြုခြင်းက မိမိအား ပျော်အောင် လုပ်ပေးမည်၊ မလုပ်ပေးမည်အပေါ် အခြေမခံသင့်ပေ။ ထိုအစား သူ၏ ဆုံးဖြတ်ချက်ကို သူ၏ အသိတရားနှင့် အသိစိတ်အပေါ် အခြေခံထားသင့်သည်။ ထို့ပြင် သူသည် မည်သည့်အကျိုးကို မိမိရဖို့ ရှိသည် သို့မဟုတ် ထိုပုဂ္ဂိုလ်ကို ကူညီပေးခြင်းက မိမိအပေါ် မည်သည့် အကျိုးဆက်များ ရှိလာမည် သို့မဟုတ် အနာဂတ်တွင် မိမိအပေါ် မည်သည့်အကျိုးသက်ရောက်မှု ရှိလာနိုင်သည်တို့ကို ထည့်မတွက်သင့်ပေ။ သူ့အနေနှင့် ဤအရာတစ်ခုတလေကိုမျှ ထည့်မတွက်သင့်ဘဲ မိမိ၏ တာဝန်များကို ဖြည့်ဆည်းသင့်သည်။ သူတစ်ပါးကို ကူညီပေးသင့်သည်။ ဆင်းရဲဒုက္ခကို သူတစ်ပါးတို့ မတွေ့ကြုံမခံစားရလေအောင် ကာကွယ်တားဆီးပေးသင့်သည်။ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်တစ်ခုမျှ မရှိဘဲ ဖြူစင်သော နည်းလမ်းဖြင့် လူတို့ကို ကူညီပေးသင့်သည်။ ဤသည်မှာ လူ့သဘာဝကို အမှန်တကယ် ပိုင်ဆိုင်သော လူတစ်ဦးက လုပ်မည့်အရာ ဖြစ်သည်။ သူတစ်ပါးကို ကူညီရာ၌ လူတစ်ဦး၏ ရည်မှန်းချက် ပန်းတိုင်သည် မိမိကျေနပ်အားရဖို့ သို့မဟုတ် မိမိအတွက် ဂုဏ်သတင်းကောင်းကို ဖန်တီးယူဖို့ ဖြစ်နေလျှင် ဤတွင် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သော အရည်အသွေး ရှိနေ၏။ အသိတရားနှင့် အသိစိတ်ကို အမှန်တကယ် ပိုင်ဆိုင်ထားသော လူများကမူ ဤနည်းဖြင့် ပြုမူကြမည် မဟုတ်ပေ။ သူတစ်ပါးတို့အပေါ် အစစ်အမှန် ချစ်ခင်စိတ် ရှိကြကုန်သော လူတို့သည် တစ်နည်းနည်း ခံစားလိုသည့် ၎င်းတို့ဆန္ဒကို ဖြည့်ဆည်းရန် တစ်ခုတည်းအတွက် မပြုမူကြ။ ထိုအစား ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရန်၊ သူတစ်ပါးတို့အား ကူညီပေးဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ရန်သာ ထိုသို့ ပြုမူကြသည်။ ၎င်းတို့သည် ဆုလာဘ်ရဖို့အတွက် လူတို့ကို ကူညီပေးကြခြင်း မဟုတ်။ ၎င်းတို့တွင် အခြား ရည်ရွယ်ချက်များ သို့မဟုတ် စေ့ဆော်ချက်များ တစ်ခုမျှ မရှိချေ။ ဤနည်းဖြင့် ပြုမူခြင်းက ခက်ခဲနိုင်သော်လည်း၊ ၎င်းတို့သည် အခြားသူများ၏ ဝေဖန်အကဲဖြတ်ခြင်းကို ခံရနိုင်သော်လည်း သို့မဟုတ် အန္တရာယ် အနည်းငယ်ကိုပင် ရင်ဆိုင်ရနိုင်သော်လည်း ဤသည်မှာ လူတို့ ဖြည့်ဆည်းသင့်သော တာဝန်ဖြစ်ကြောင်း၊ လူတို့၏ ဝတ္တရား ဖြစ်ကြောင်း၊ ဤနည်းဖြင့် ၎င်းတို့ မပြုမူပါက အခြားသူများနှင့် ဘုရားသခင်အပေါ် ၎င်းတို့ တင်နေသည့် အကြွေးကို မဆပ်နိုင်ဘဲ ရာသက်ပန် နောင်တနှင့် နေရစ်သွားရမည် ဖြစ်ကြောင်းတို့ကို အသိအမှတ်ပြုကြသည်။ ထိုသို့ဖြစ်၍ ၎င်းတို့သည် တုံ့ဆိုင်းခြင်း မရှိဘဲ ရှေ့ဆက်လုပ်ဆောင်ကြသည်။ အစွမ်းကုန် လုပ်ကြသည်။ ကောင်းကင်ဘုံ၏ အလိုကို နာခံကြသည်။ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းကြလေသည်။ အခြားလူများက ၎င်းတို့ကို မည်သို့ပင် ဝေဖန်အကဲဖြတ်သည်ဖြစ်စေ၊ အခြားလူများက ၎င်းတို့အား ကျေးဇူးတင်စိတ် ပြသပြီး ရိုသေလေးစားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုပ်ဖို့ လိုအပ်သည့် မည်သည့်အရာမဆိုကို ထိုအခြားလူ လုပ်နိုင်အောင် ၎င်းတို့ကူညီပေးနိုင်စွမ်း ရှိနေသရွေ့၊ ၎င်းတို့၏ စိတ်နှလုံး အကြွင်းမဲ့ဖြင့် ထိုသို့ ကူညီပေးနေနိုင်သရွေ့ ၎င်းတို့သည် အားရကျေနပ်ကြပေလိမ့်မည်။ ဤနည်းလမ်းဖြင့် ပြုမူနိုင်စွမ်း ရှိကြကုန်သော သူတို့သည် အသိတရားနှင့် အသိစိတ် ရှိကြသည်။ ကိုယ်ကျင့်စရိုက်နှင့် အကျင့်စာရိတ္တ နယ်ပယ်၌သာ တွေ့ရသော အပြုအမူတစ်မျိုးမျှကိုသာ မဟုတ်ဘဲ လူ့သဘာဝ၏ သရုပ်သကန်များကို ၎င်းတို့ပိုင်ဆိုင်ကြသည်။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းသည် အပြုအမူ တစ်မျိုးသာ ဖြစ်သည်။ တစ်ခါတစ်ရံဆိုလျှင် သီးသန့် နောက်ခံ အခြေအနေတချို့တွင် ထွက်ပေါ်လာသော အပြုအမူတစ်ခုသာ ဖြစ်သည်။ လူတစ်ဦးသည် ဤသို့သော တဒင်္ဂ အပြုအမူမျိုး လုပ်ဆောင်ဖို့ သူ၏ ဆုံးဖြတ်ချက်ကို သူ၏ စိတ်နေစိတ်ထား၊ စိတ်ခံစားမှု၊ လူမှုပတ်ဝန်းကျင်တို့အပေါ်တွင်သာမက တိုက်ရိုက် ဆက်စပ်နေသည့် အခြေအနေအပြင် ထိုနည်းနှင့် ပြုမူခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများ သို့မဟုတ် ချွတ်ယွင်းချက်များ ထွက်ပေါ်လာနိုင်သည်တို့အပေါ်တွင်ပါ အခြေခံ၍ ချမှတ်၏။ လူ့သဘာဝ ရှိကြသော သူတို့ကမူ လူတို့ကို ကူညီသည့်အခါ ဤအရာများကို ထည့်မတွက်ကြ။ ပို၍ အပြုသဘောဆောင်သော၊ သာမန် လူ့သဘာဝ၏ အသိတရား၊ အသိစိတ်တို့နှင့် ပို၍ ကိုက်ညီသော အကဲဖြတ်ချိန်ဆသည့် စံနှုန်းတစ်ခုအပေါ် အခြေခံပြီး ဆုံးဖြတ်ချက် ချကြသည်။ တစ်ခါတစ်ရံ၌ လူတို့ကို ကူညီပေးခြင်းက ကိုယ်ကျင့်တရား၏ စံနှုန်းများနှင့် ကွဲလွဲဆန့်ကျင်နေသည့်အခါတွင် ၎င်းတို့သည် စွဲစွဲမြဲမြဲ ကူညီပေးနိုင်စွမ်းပင် ရှိကြသည်။ ကိုယ်ကျင့်တရား၏ စံသတ်မှတ်ချက်၊ အတွေးအခေါ်များနှင့် အမြင်များသည် လူတို့၏ တဒင်္ဂ အပြုအမူများကိုသာ ချုပ်ထိန်းနိုင်၏။ ဤအပြုအမူများက ကောင်းသလော သို့မဟုတ် ဆိုးသလော ဆိုသည့်အချက်သည် ထိုသူ၏ စိတ်နေစိတ်ထား၊ စိတ်ခံစားမှုများအပြင် သူ့အတွင်းရှိ အကောင်းနှင့် အဆိုး၊ သူ၏ ကောင်းသော သို့မဟုတ် ဆိုးသော တဒင်္ဂ ရည်ရွယ်ချက်များအပေါ် မူတည်၍ ပြောင်းလဲလိမ့်မည်။ သဘာဝအလျောက်ပင် လူမှုဝန်းကျင်အခြေအနေနှင့် လူမှုပတ်ဝန်းကျင်တို့သည်လည်း ထိုအချက်အပေါ် သက်ရောက်မှု ရှိလိမ့်မည်။ ဤအပြုအမူများထဲ၌ မစင်ကြယ်မှု အများအပြား ရှိနေသည်။ အားလုံးသည် အပေါ်ယံ အပြုအမူများ ဖြစ်၏။ တစ်စုံတစ်ဦးတွင် လူ့သဘာဝ ရှိမရှိကို လူတို့သည် ထိုအပြုအမူများ အသုံးပြုပြီး ချင့်ချိန်ကြည့်၍ မရပေ။ ယင်းနှင့် ဆန့်ကျင်လျက် တစ်စုံတစ်ဦးတွင် လူ့သဘာဝ ရှိမရှိကို ထိုသူ၏ လူ့သဘာဝဆိုင်ရာ အနှစ်သာရ၊ သူလိုက်စားသောအရာ၊ သူ၏ ဘဝအပေါ် သဘောထားပုံနှင့် စံတန်ဖိုးစနစ်၊ သူလျှောက်သော လမ်းကြောင်း၊ သူ့ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့၏ အရင်းခံအချက်အပေါ် အခြေခံပြီး ချင့်ချိန်ကြည့်ခြင်းက များစွာပို၍ မှန်ကန်တိကျပြီး လက်တွေ့ကျသည်။ ငါ့ကို ပြောလော့။ မည်သည့်အရာက သမ္မာတရားနှင့် ညီညွတ်သနည်း။ လူ့သဘာဝကို အကဲဖြတ်ခြင်း၏ အရင်းခံအချက်များလော၊ သို့တည်းမဟုတ် အကျင့်စာရိတ္တကို အကဲဖြတ်ခြင်း၏ အရင်းခံအချက်များလော။ သမ္မာတရားနှင့် ညီညွတ်သည်မှာ အကျင့်စာရိတ္တကို အကဲဖြတ်ရေး စံနှုန်းများလော သို့မဟုတ် တစ်စုံတစ်ဦး၌ လူ့သဘာဝရှိမရှိ အကဲဖြတ်ရေး စံနှုန်းများလော။ ဤစံနှုန်းများထဲမှ အဘယ်တစ်ခုက သမ္မာတရားနှင့် ညီညွတ်သနည်း။ အမှန်တကယ်တမ်းအားဖြင့် သမ္မာတရားနှင့် ညီညွတ်သည်မှာ တစ်စုံတစ်ဦး၌ လူ့သဘာဝရှိမရှိ အကဲဖြတ်ရေး စံနှုန်းများ ဖြစ်သည်။ ဤသည်မှာ သံသယရှိရန် မလိုသည်အထိ သေချာ၏။ လူတို့၏ အကျင့်စာရိတ္တကို အကဲဖြတ်ရာ၌ သုံးသည့် အရာများကို စံသတ်မှတ်ချက်များအဖြစ် အသုံးပြု၍ မရသည့် အကြောင်းရင်းမှာ ထိုအရာများက ဖောက်လှဲဖောက်ပြန် ဖြစ်တတ်ကြသောကြောင့် ဖြစ်သည်။ ထိုအရာများသည် လူတို့၏ အပေးအယူများ၊ အကျိုးစီးပွားများ၊ ကြိုက်နှစ်သက်မှုများ၊ လိုက်စားမှုများ၊ စိတ်ခံစားမှုများ၊ ဆိုးယုတ်သော အတွေးများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အစရှိသည့် မစင်ကြယ်မှု အများအပြားနှင့် ပြည့်နှက်နေသည်။ ထိုအရာများထဲ၌ အမှားများနှင့် မစင်ကြယ်မှုများ များလွန်းလှ၏။ ယင်းတို့သည် ရိုးစင်းဖြောင့်မှန်ခြင်း မရှိပေ။ ထို့ကြောင့် လူတို့ကို ချိန်ဆအကဲဖြတ်ရေး စံသတ်မှတ်ချက်များအဖြစ် အသုံးပြု၍ မရ။ ထိုအရာများသည် လူအထဲ စာတန်က သွတ်သွင်းထားသော အရာမျိုးစုံနှင့်ရော လူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်လာသည့် နောက်ထပ် အခြေအနေများနှင့်ပါ ပြည့်နှက်နေ၏။ ထို့ကြောင့် ယင်းတို့သည် သမ္မာတရား မဟုတ်ပေ။ အတိုချုပ် ပြောရလျှင် လူတို့သည် အကျင့်စာရိတ္တ၏ ဤစံသတ်မှတ်ချက်များကို ပြည့်မီနိုင်ဖို့ လွယ်သည်ဟု ယူဆသည်ဖြစ်စေ၊ ခက်သည်ဟု ယူဆသည်ဖြစ်စေ၊ ထိုစံသတ်မှတ်ချက်များ၏ တန်ဖိုးက မြင့်မားသည် သို့မဟုတ် နိမ့်ကျသည် သို့မဟုတ် ပျမ်းမျှဖြစ်သည်ဟု မှန်းဆသည်ဖြစ်စေ မည်သို့ပင်ဖြစ်ဖြစ် ယင်းတို့အားလုံးက လူတို့၏ အပြုအမူကို ကန့်သတ်ပြီး ထိန်းညှိပေးသော ဆိုရိုးများသာ ဖြစ်သည်။ ယင်းတို့သည် လူ့ကိုယ်ကျင့်တရား အရည်အသွေး၏ အဆင့်ကိုသာ မီနိုင်သည်။ လူတစ်ဦး၏ လူ့သဘာဝကို ချင့်ချိန်အကဲဖြတ်ဖို့ သမ္မာတရားကို အသုံးပြုရမည်ဟူသည့် ဘုရားသခင်၏ တောင်းဆိုချက်နှင့် ဆက်နွှယ်မှု စိုးစဉ်းမျှ မရှိ။ လူ့သဘာဝရှိသူတို့ ပိုင်ဆိုင်သင့်ပြီး ဖြည့်ဆည်းသင့်သည့် အခြေခံအကျဆုံးသော စံနှုန်းများပင်လျှင် ယင်းတို့အထဲ၌ မပါချေ။ ယင်းတို့သည် ထိုအရာအားလုံးကို ပြည့်မီခြင်း မရှိ။ လူတို့သည် အခြားသူများကို ရှုမြင်သည့်အခါ ထိုသူတို့၏ အကျင့်စာရိတ္တ ပြသချက်များကို အကဲဖြတ်ရေးသာ အာရုံစိုက်ကြသည်။ ရိုးရာယဉ်ကျေးမှု၏ တောင်းဆိုချက်များနှင့် လုံးဝအညီသာ အခြားသူများကို ၎င်းတို့ရှုမြင်ပြီး အကဲဖြတ်သည်။ ဘုရားသခင်ကမူ လူတို့ကို ၎င်းတို့၏ အကျင့်စာရိတ္တ ပြသချက်များအပေါ် အခြေခံ၍သာ မရှုမြင်ပေ။ ဘုရားသည် ၎င်းတို့လူ့သဘာဝ၏ အနှစ်သာရအပေါ် အာရုံစိုက်သည်။ လူတစ်ဦး၏ လူ့သဘာဝဆိုင်ရာ အနှစ်သာရ၌ အဘယ်အရာများ ပါဝင်သနည်း။ ထိုသူ၏ ကြိုက်နှစ်သက်မှုများ၊ အမှုအရာများကို သူ၏ ရှုမြင်ချက်များ၊ သူ၏ ဘဝအပေါ် သဘောထားပုံနှင့် စံတန်ဖိုးစနစ်၊ သူလိုက်စားသည့်အရာ၊ သူ့တွင် ဖြောင့်မတ်ခြင်း သဘော ရှိမရှိ၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို သူချစ်မြတ်နိုးခြင်း ရှိမရှိ၊ သမ္မာတရားကို သူ၏ လက်ခံနိုင်စွမ်းနှင့် နာခံနိုင်စွမ်း၊ သူရွေးချယ်သော လမ်းကြောင်း အစရှိသည်တို့ ပါဝင်သည်။ ဤအရာများနှင့်အညီ လူတစ်ဦး၏ လူ့သဘာဝဆိုင်ရာ အနှစ်သာရကို အကဲဖြတ်ခြင်းသည် မှန်ကန်တိကျမှု ရှိ၏။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းအပေါ် ငါ၏ မိတ်သဟာယပြုချက်မှာ ပြီးသလောက် ရှိပေပြီ။ အကျင့်စာရိတ္တကို အကဲဖြတ်ရန် နည်းလမ်းအပေါ်၊ ထို့အပြင် လူတို့ကို အကဲဖြတ်ခြင်းအတွက် ဘုရားသခင်၏ စံနှုန်းများနှင့် လူတို့ပြောသော အကျင့်စာရိတ္တတို့ အကြားရှိ ခြားနားချက်အပေါ် ထိုးထွင်းသိမြင်ခြင်းအတွက် အခြေခံ စည်းမျဉ်းများကို အကျင့်စာရိတ္တနှင့် ပတ်သက်သော အဆိုပါ တောင်းဆိုချက်နှစ်ခုအပေါ် ဤမိတ်သဟာယပြုချက်မှ တစ်ဆင့် သင်တို့ ယခု နားလည်ကြပြီလော။ (နားလည်ပါပြီ။)

ရိုးရာယဉ်ကျေးမှုက လူ့အကျင့်စာရိတ္တအပေါ် ချမှတ်ထားသည့် တောင်းဆိုချက်နှစ်ချက်ဖြစ်သော “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” နှင့် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ” ဟူသည်တို့ကို ယခုလေးတင် ငါမိတ်သဟာယပြုခဲ့ပြီ။ ဤဆိုရိုးနှစ်ခုအပေါ် ငါ၏ မိတ်သဟာယပြုချက်မှ မည်သည့်အရာကို သင်တို့ သိနားလည်သွားသနည်း။ (လူတို့၏ အကျင့်စာရိတ္တသည် သူတို့ လူ့သဘာဝ၏ အနှစ်သာရနှင့် ဆက်စပ်မှု မရှိကြောင်း သိနားလည်ရပါသည်။ အလွန်ဆုံးအားဖြင့် ဤသို့သော အကျင့်စာရိတ္တမျိုး ပြသကြသည့် လူတို့သည် သူတို့၏ ကိုယ်ကျင့်တရား အရည်အသွေးပိုင်းအရ ကောင်းသော အပြုအမူနှင့် သရုပ်သကန်တချို့ကို ပိုင်ဆိုင်ခြင်းသာ ဖြစ်ပါသည်။ သို့သော် ဤအရာက သူတို့တွင် လူ့သဘာဝ ရှိသည် သို့မဟုတ် လူသားသဏ္ဌာန်ကို သူတို့ အသက်ရှင်နေထိုင်သည်ဟု မဆိုလိုပါ။ ဤကိစ္စကို အနည်းငယ် ပိုရှင်းရှင်းလင်းလင်း ကျွန်ုပ် နားလည်သွားပါသည်။) အကျင့်စာရိတ္တကောင်းကို ပြသကြသော လူတို့၌ လူ့သဘာဝ သေချာပေါက် ရှိသည်ဟူ၍လည်း မဟုတ်ချေ။ ဤအရာကို လူတိုင်း အသိအမှတ်ပြုနိုင်၏။ တကယ့်အခြေအနေက အမှန်ပင် ထိုအတိုင်း ဖြစ်သည်။ လူအားလုံးသည် လူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနောက်ကို လိုက်ကြပြီး အသိတရားနှင့် အသိစိတ်တို့ တဖြည်းဖြည်း ပျောက်သွားကြလေပြီ။ လူအနည်းငယ်သာ လူသားသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်။ တစ်ခါက လူသွားစင်္ကြန်ပေါ် ကောက်တွေ့ရသည့် ပြားစေ့တစ်စေ့ကို ရဲလက်ထဲ အပ်ခဲ့ဖူးသော လူတိုင်းသည် လူကောင်းဖြစ်လာသလော။ ထိုသို့လည်း သေချာပေါက် မဟုတ်ပေ။ သူရဲကောင်းများအဖြစ် တစ်ကြိမ်တစ်ခါက ချီးကျူးခံရဖူးသူများသည်လည်း နောက်ပိုင်းတွင် မည်သို့သော အဆုံးသတ်ရလဒ်ကို ကြုံတွေ့ရသနည်း။ လူအားလုံးက ဤမေးခွန်းများ၏ အဖြေကို သူတို့စိတ်နှလုံးထဲတွင် သိကြသည်။ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို မကြာမကြာ ခံစားတတ်ကြသောသူများ၊ ဂုဏ်ပြုပန်းနီနီများ ဆင်မြန်းထားပြီး လူတို့၏ ထောမနာပြုခြင်းကို ခံရသောသူများဖြစ်သည့် လူမှုရေး ကိုယ်ကျင့်တရားပိုင်းတွင် စံတင်လောက်သူများနှင့် ကြီးကျယ်သော ပရဟိတဒါနရှင်များသည်လည်း မည်သို့ဖြစ်လာကြသနည်း။ သူတို့ အများစုသည် လူကောင်းများ မဖြစ်လာကြချေ။ သူတို့သည် ထင်ရှားကျော်ကြားလာဖို့ ကောင်းမှုအနည်းငယ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြခြင်းသာ ဖြစ်သည်။ အမှန်အားဖြင့် သူတို့၏ တကယ့်အပြုအမူ၊ တကယ့်ဘဝ၊ တကယ့်အကျင့်စရိုက် အများစုက ထိုမျှလောက်လည်း လုံးဝ ကောင်းနေသည် မဟုတ်။ သူတို့ တကယ် ကျွမ်းကျင်သည့် တစ်ခုတည်းသော အရာမှာ မြှောက်ပင့်ပြောခြင်းနှင့် မျက်နှာလိုမျက်နှာရလုပ်ခြင်းသာ ဖြစ်သည်။ သူတို့သည် မိမိတို့၏ ဂုဏ်ပြုပန်းနီနီများကို ဖယ်လိုက်ပြီး လူမှုရေး ကိုယ်ကျင့်တရားပိုင်း၌ စံတင်လောက်သူ ဖြစ်ခြင်းဟူသော အပေါ်ယံ ရွှေမှုန်ကြဲအလွှာကို ခွာချလိုက်သောအခါ မည်ကဲ့သို့ ကျင့်ကြံပြုမူရမည် သို့မဟုတ် မိမိတို့ဘဝအား မည်ကဲ့သို့ ရှင်သန်သွားရမည်ကို သိပင် မသိကြချေ။ ဤတွင် အဘယ်အရာက ပြဿနာဖြစ်နေသနည်း။ သူတို့သည် လူ့အဖွဲ့အစည်းက သူတို့အပေါ် နှင်းအပ်ထားသော “ကိုယ်ကျင့်တရား စံတင်လောက်သူ” ဟူသည့် သရဖူ၏ ထောင်ချောက်ထဲ ကျော့ကွင်းမိသွားကြသည် မဟုတ်လော။ သူတို့ကိုယ်သူတို့ အဘယ်အရာဖြစ်သည်ကို တကယ်မသိကြချေ။ သူတို့သည် အလွန်အမင်း မြှောက်ပင့်ခံရသဖြင့် သူတို့ကိုယ်သူတို့ ကြီးမြတ်လွန်းလှသည်၊ သူတို့သည် သာမန်လူများ မဖြစ်နိုင်တော့ဟု စတင် တွေးထင်လာကြလေသည်။ ဤသို့ဖြင့် အဆုံး၌ သူတို့သည် မည်ကဲ့သို့ အသက်ရှင်ရမည်ကိုပင် မသိကြဘဲ သူတို့၏ နေ့စဉ် အသက်တာသည်လည်း လုံးဝ ဗြောင်းဆန်လာ၏။ တချို့ဆိုလျှင် နောက်ဆုံး၌ အရက်သေစာ အလွန်အကျွံ သောက်သုံးပြီး စိတ်ကျဝေဒနာ ခံစားလာရကာ မိမိတို့ကိုယ်ကို အဆုံးပင် စီရင်ကြလေသည်။ ဤအမျိုးအစားထဲ ကျရောက်နေသော လူများ ဧကန်အမှန် ရှိသည်။ သူတို့သည် ခံစားမှုတစ်ခုကို အမြဲတမ်း လိုက်ရှာနေကြသည်။ သူရဲကောင်းများနှင့် စံပြပုဂ္ဂိုလ်များ ဖြစ်ဖို့ သို့မဟုတ် ထင်ပေါ်ကျော်ကြားဖို့ သို့မဟုတ် ကိုယ်ကျင့်တရား အထူး ကောင်းမွန်သည့် အပိုင်း၌ အထွတ်အထိပ် ရောက်နေသောသူဖြစ်ဖို့ အမြဲတမ်း လိုလားနေကြသည်။ သူတို့သည် လက်တွေ့ကမ္ဘာကို ဘယ်သောအခါမျှ ပြန်မလာနိုင်ကြ။ လက်တွေ့ဘဝ၏ နေ့စဉ် လိုအပ်သောအရာများက သူတို့အတွက်မူ အမြဲတစေ စိတ်အနှောင့်အယှက် ဖြစ်ရပြီး စိတ်ဒုက္ခရောက်ရသည့် အကြောင်းတစ်ခု ဖြစ်နေသည်။ ဤဝေဒနာအား မည်သို့ဖယ်ရှားရမည် သို့မဟုတ် အသက်တာတွင် လမ်းမှန်အား မည်သို့ရွေးချယ်ရမည်ကို သူတို့မသိကြ။ ပီတိဖြာဖို့ ရှာပုံတော်ဖွင့်ရာ၌ တချို့က မူးယစ်ဆေးဝါးကို အားကိုးကုန်သည်။ အခြားလူများကမူ ဟာတာတာ ဖြစ်နေသည့် ခံစားချက်များမှ လွတ်မြောက်ဖို့ သူတို့ဘဝကို အဆုံးသတ်ပစ်ရန် ရွေးချယ်ကြသည်။ မိမိကိုယ်ကို အဆုံးမစီရင်ကြသည့် လူတချို့သည်လည်း နောက်ဆုံးတွင် များသောအားဖြင့် စိတ်ကျရောဂါကြောင့် သေဆုံးကုန်လေ့ရှိသည်။ ဤဖြစ်ရပ်၏ သာဓကများ အများအပြား မရှိသလော။ (ရှိပါသည်။) ဤသည်မှာ ရိုးရာယဉ်ကျေးမှုက လူတို့အပေါ် သင့်ရောက်စေသည့် ထိခိုက်ပျက်စီးမှုမျိုး ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုသည် လူတို့အား လူ့သဘာဝအကြောင်း မှန်ကန်တိကျသည့် နားလည်မှုကို ရရှိခွင့် မပေးရုံ သို့မဟုတ် သူတို့လိုက်လျှောက်သင့်သည့် လမ်းမှန်ပေါ်သို့ လမ်းမပြပေးရုံသာ မဟုတ်ပေ။ ထိုမျှသာ မဟုတ်ဘဲ တကယ်တမ်း၌ လူတို့ကို လမ်းလွဲစေပြီး စိတ်လှည့်စားမှုနှင့် စိတ်ကူးယဉ် နယ်ပယ်သို့ ဦးတည်ပေး၏။ ဤအရာက လူတို့ကို ထိခိုက်ဖျက်ဆီးလေသည်။ အတော်အတန် နက်ရှိုင်းသည့် နည်းလမ်းဖြင့် ထိခိုက်ဖျက်ဆီးခြင်း ဖြစ်သည်။ တချို့ကမူ “အခြေအနေ အားလုံးတွင် ထိုသို့ ဖြစ်နေခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ အဆင်ပြေနေသည်ပင် မဟုတ်ပါလော” ဟု ပြောကောင်း ပြောနိုင်သည်။ သင်တို့ ယခု အဆင်ပြေနေကြသည့် အချက်က ဘုရားကွယ်ကာပေးမှု၏ ရလဒ်ပင်ဖြစ်သည် မဟုတ်လော။ ဘုရားသခင်က သင်တို့ကို ရွေးချယ်ခဲ့ပြီး သင်တို့တွင် ဘုရား၏ ကွယ်ကာပေးမှု ရှိနေသောကြောင့်သာလျှင် သင်တို့သည် ဘုရား၏ အမှုကို လက်ခံနိုင်လောက်အောင် ကံကောင်းကြခြင်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုကာ စုဝေးပွဲများ တက်ရောက်ပြီး အပြန်အလှန် မိတ်သဟာယပြု၍ ဤအရပ်၌ မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနိုင်လောက်အောင် ကံကောင်းကြခြင်း ဖြစ်သည်။ ဘုရား၏ ကွယ်ကာပေးမှုကြောင့်သာလျှင် သင်တို့သည် သာမန် လူတစ်ဦး၏ ဘဝကို ရှင်သန်နိုင်ပြီး နေ့စဉ် ဘဝ၏ ကဏ္ဍပေါင်းစုံကို ကိုင်တွယ် ဖြေရှင်းဖို့ သာမန်အသိစိတ်ကို ပိုင်ဆိုင်နိုင်ခြင်း ဖြစ်သည်။ သို့သော် သင်တို့၏ စိတ်အတွင်းပိုင်း နက်ရှိုင်းရာများ၌ “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်နှင့် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသော အတွေးအခေါ်နှင့် အမြင်များ ရှိနေသေးကြောင်းကိုမူ ငြင်း၍ မရ။ တစ်ချိန်တည်းတွင် သင်တို့သည် လူသားမျိုးနွယ်ထံမှ လာသော ဤအတွေးအခေါ်နှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များ၏ အကျဉ်းချမှုကို ခံနေရဆဲပင် ဖြစ်သည်။ ဤအရာများ၏ အကျဉ်းချမှုကို သင်တို့ခံနေရသည်ဟု ငါအဘယ်ကြောင့် ပြောသနည်း။ အကြောင်းမှာ အသက်တာ၌ လျှောက်လှမ်းဖို့ သင်တို့ရွေးချယ်သော လမ်းကြောင်း၊ သင်တို့၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုများ၏ ဦးတည်ချက်နှင့် အခြေခံမူများ၊ လူများနှင့် အမှုအရာများကို သင်တို့ရှုမြင်သည့် အခြေခံမူများ၊ နည်းစနစ်များ၊ စံသတ်မှတ်ချက်များ အစရှိသည်တို့ အားလုံးသည် အဆိုပါအတွေးအခေါ်နှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များ၏ လွှမ်းမိုးမှု သို့မဟုတ် ကန့်သတ်ချုပ်ချယ်မှုနှင့် ထိန်းချုပ်မှုတို့ကိုပင် မတူညီသော အတိုင်းအတာ အမျိုးမျိုးအထိ ခံနေရဆဲ ဖြစ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကမူ လူများနှင့် အမှုအရာများကို သင်တို့၏ ရှုမြင်ချက်အတွက်၊ သင်တို့၏ ပြုမူကျင့်ကြံမှုနှင့် လုပ်ဆောင်မှုတို့အတွက် အရင်းခံအချက်နှင့် စံသတ်မှတ်ချက်များ မဖြစ်လာသေးချေ။ လက်ရှိတွင် သင်တို့သည် အသက်တာ၌ မှန်သော ဦးတည်ချက်ကိုသာ ရွေးချယ်ရသေးသည်။ ထို့ပြင် သမ္မာတရား လိုက်စားသည့် လမ်းကို စတင်လျှောက်လှမ်းဖို့ စိတ်ဆန္ဒ၊ ရည်မှန်းချက်၊ မျှော်လင့်ချက်တို့ သင်တို့၌ ရှိသည်။ သို့သော် လက်တွေ့၌မူ သင်တို့အများစုသည် ဤလမ်းကြောင်းပေါ် လုံးဝ မလျှောက်လှမ်းကြသေး။ တစ်နည်းဆိုရလျှင် လူအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသော လမ်းမှန်ပေါ်သို့ သင်တို့သည် ခြေပင် မချကြသေးပေ။ တချို့က “ကျွန်ုပ်တို့သည် လမ်းမှန်ပေါ်သို့ ခြေမချရသေးဆိုလျှင် ကျွန်ုပ်တို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်စွမ်း ရှိနေဆဲ ဖြစ်နေသည်မှာ အဘယ်ကြောင့်နည်း” ဟု ပြောလိမ့်မည်။ ဤသည်မှာ လူ၏ ရွေးချယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အသိတရားနှင့် စိတ်ဆန္ဒတို့၏ ရလဒ်ဖြစ်သည်။ ယခုတွင် သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပူးပေါင်းလုပ်ဆောင်ပြီး တိုးတက်အောင် အကောင်းဆုံး ကြိုးစားနေသည်။ သို့သော်လည်း တိုးတက်အောင် ကြိုးစားနေရုံနှင့် သမ္မာတရားကို လိုက်စားသည့် လမ်းပေါ် သင်ခြေချပြီး ဖြစ်သည်ဟု အဓိပ္ပာယ်မရပေ။ ဤသို့ဖြစ်ရသည့် အကြောင်းရင်းတစ်ခုမှာ သင်တို့သည် ရိုးရာယဉ်ကျေးမှုက သင်တို့ကို စွဲမှတ်အောင် သွန်သင်ပေးထားသော အတွေးအခေါ်များ၏ လွှမ်းမိုးမှုကို ခံနေရဆဲ ဖြစ်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်နှင့် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသော အဆိုများအား ငါမိတ်သဟာယပြုပြီး ဖော်ထုတ်ပြသည်ကို ကြားနာပြီးသည့်နောက် သင်တို့သည် ထိုအဆိုများ၏ အနှစ်သာရကို ကောင်းကောင်း နားလည်သွားနိုင်သည်။ သို့သော် သုံးလေးရက် အကြာတွင်မူ သင်တို့စိတ်က ပြောင်းသွားနိုင်၏။ သင်တို့သည် ဤသို့ တွေးလာနိုင်သည်။ “‘ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်’ ဟူသည့် အဆိုနှင့် ပတ်သက်၍ အဘယ်အရာကများ အလွန်ဆိုးဝါးနေသနည်း။ ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်သော လူများကို ငါနှစ်သက်မိခြင်းသာ ဖြစ်သည်။ အနည်းဆုံး အနေဖြင့် သူတို့သည် လောဘမကြီးကြ။ ‘သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ’ ဟူသည်ကရော အဘယ်အရာများ မှားနေသနည်း။ ယုတ်စွအဆုံး သင်အကူအညီ လိုအပ်သည့်အခါ လက်ကမ်းကာ ကူညီပေးမည့် တစ်စုံတစ်ဦးကို အားထား၍ ရသည်ပင်။ ဤသည်မှာ ကောင်းသောအရာ ဖြစ်၏။ လူတိုင်း လိုအပ်သော အရာလည်း ဖြစ်သည်။ ထို့အပြင် မည်သို့ပင် ကြည့်ကြည့် သူတစ်ပါးတို့အား ကူညီပေးခြင်းဖြင့် လူတို့ ပီတိဖြာတတ်ခြင်းက ကောင်းသောအရာ၊ အပြုသဘောဆောင်သော အရာသာလျှင် ဖြစ်သည်။ ငါတို့ ဆောင်ရွက်ရမည့် တာဝန်ဖြစ်သည်။ ထိုအရာကို သွားမဝေဖန်သင့်” ဟူ၍ ဖြစ်သည်။ သင်တွေ့သလော။ လှုပ်နိုးခံရပြီးသည့်နောက် သုံးလေးရက် အကြာတွင်ပင် တစ်ညတာ အိပ်စက်လိုက်ရုံနှင့် သင်ပြောင်းလဲသွားဖို့ လုံလောက်၏။ တစ်ညတာ အိပ်စက်လိုက်ရုံနှင့် သင်သည် ယခင်က ရှိနေခဲ့သည့် နေရာဆီသို့ ပြန်ရောက်သွားလိမ့်မည်။ ရိုးရာယဉ်ကျေးမှု၏ အကျဉ်းချမှုအောက် နောက်တစ်ဖန် ပြန်ရောက်သွားလိမ့်မည်။ တစ်နည်းတစ်ဖုံ ဆိုရလျှင် သင်၏ စိတ်အတွင်းပိုင်း နက်ရှိုင်းရာထဲတွင် ခိုအောင်းနေသော ဤအရာများသည် သင်၏ အတွေးအခေါ်များနှင့် အမြင်များအပြင် သင်ရွေးချယ်သော လမ်းကိုပါ မကြာမကြာ လာလွှမ်းမိုးတတ်သည်။ ထိုအရာများက သင့်အပေါ် လွှမ်းမိုးနေသည့် တစ်ချိန်တည်းတွင်ပင် အသက်တာ၌ လမ်းမှန်ပေါ် ခြေချလိုသည့် သင့်ဆန္ဒ၊ သမ္မာတရားကို လိုက်စားသည့် လမ်းပေါ် စတင်လျှောက်လှမ်းလိုသည့် သင့်ဆန္ဒ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ အရင်းခံအချက် ဖြစ်နေပြီး သမ္မာတရားက သင်၏ စံသတ်မှတ်ချက် ဖြစ်နေသည့် လမ်းကြောင်းကို အသက်တာတွင် လျှောက်လိုသည့် သင့်ဆန္ဒတို့ကို သင်မဖြည့်ဆည်းနိုင်အောင်လည်း သင့်အား အမြဲတစေ ချုပ်ချယ်ပြီး တားဆီးနေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ဤလမ်းကြောင်းကို လျှောက်လှမ်းဖို့ သင်အလွန်အမင်း လိုလားနေလျှင်ပင်၊ ထိုသို့ လျှောက်လှမ်းဖို့ သင်တောင့်တပြီး စိတ်လှုပ်ရှားနေလျှင်ပင်၊ ထိုအတွက် ရက်နှင့်ချီ တွေးတောကာ ကြိုတင်စီစဉ်ပြီး သန္နိဋ္ဌာန်များ ချမှတ်၍ ဆုတောင်းနေလျှင်ပင် ကိစ္စရပ်များက သင်ဖြစ်စေချင်သလို ဖြစ်လာဦးမည် မဟုတ်။ ဤသို့ဖြစ်ရသည့် အကြောင်းရင်းမှာ ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများက သင်၏ စိတ်နှလုံး နက်ရှိုင်းရာထဲတွင် အလွန်အမင်း ခိုင်မာစွာ အမြစ်တွယ်လွန်းနေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ တချို့ကမူ “ဤသည်မှာ မမှန်ပါ။ ရိုးရာယဉ်ကျေးမှုက လူတို့၏ စိတ်နှလုံးထဲတွင် အလွန်အမင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသည်ဟု ကိုယ်တော်ပြောသည်။ သို့သော် ထိုအရာက မှန်သည်ဟု ကျွန်ုပ်မထင်ပါ။ ကျွန်ုပ်မှာ နှစ်ဆယ်ကျော်ကျော်လေးသာ ရှိပါသေးသည်။ ခုနစ်ဆယ်၊ ရှစ်ဆယ်ကျော် အရွယ်လည်း မဟုတ်ပါ။ သို့ဖြစ်၍ ဤအရာများက ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ အဘယ်သို့လျှင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ဖြစ်မည်နည်း” ဟု ပြောနိုင်သည်။ ဤအတွေးအခေါ်များက သင့်စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ဖြစ်သည်ဟု ငါအဘယ်ကြောင့် ပြောသနည်း။ တွေးကြည့်လော့။ သင်မှတ်မိသည့် အစောဆုံး အချိန်မှစ၍ သင်သည် မိဘများက ထိုသို့သော အတွေးအခေါ်များကို သင့်အထဲသို့ မသွတ်သွင်းပေးခဲ့လျှင်ပင် မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ဖို့ အစဉ်အမြဲ ဆန္ဒပြင်းပြနေခဲ့သည် မဟုတ်လော။ ဥပမာအားဖြင့် လူအများစုသည် သူရဲကောင်းများအကြောင်း ပါသည့် ရုပ်ရှင်များ ကြည့်ပြီး ဝတ္ထုများ ဖတ်ရသည်ကို နှစ်သက်ကြသည်။ သူတို့သည် ဤဇာတ်လမ်းများထဲက နစ်နာသူများကို အလွန်အမင်း စာနာကြပြီး အခြားလူများကို ထိခိုက်အနာတရ ဖြစ်စေသော လူကြမ်းများနှင့် ရက်စက်သည့် ဇာတ်ကောင်များကိုမူ စက်ဆုပ်ကြသည်။ ဤသို့သော နောက်ခံအနေအထားမျိုးနှင့် ကြီးပြင်းလာရသည့်အခါ သင်သည် ယေဘုယျ လူ့ဘောင်အဖွဲ့အစည်းက စုပေါင်း သဘောတူထားသည့် အရာများကို မသိစိတ်မှ လက်ခံလေသည်။ သို့ဖြစ်လျှင် သင်သည် ထိုအရာများကို အဘယ်ကြောင့် လက်ခံခဲ့ရသနည်း။ အကြောင်းမှာ လူတို့သည် သမ္မာတရားကို ပိုင်ဆိုင်လျက်သားနှင့် မွေးဖွားလာခဲ့ခြင်း မဟုတ်သည့်အပြင် သူတို့၌ အမှုကိစ္စများကို ပိုင်းခြားသိမြင်နိုင်သည့် မွေးရာပါ အစွမ်းအစ မရှိကြသောကြောင့် ဖြစ်သည်။ သင်သည် ဤပင်ကို အသိစိတ်ကို မပိုင်ဆိုင်ပေ။ လူသားတို့ ပိုင်ဆိုင်သော ပင်ကို အသိစိတ်မှာ ကောင်းသောအရာ၊ အပြုသဘောဆောင်သော အရာ၊ တက်ကြွသော အရာများကို မွေးရာပါ ကြိုက်နှစ်သက်လိုစိတ်သာ ဖြစ်သည်။ ဤတက်ကြွပြီး အပြုသဘောဆောင်သော အရာများက သင့်ကို ပိုကောင်းအောင် လုပ်ဆောင်ဖို့နှင့် ကောင်းမွန်ပြီး သူရသတ္တိ ရှိကာ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာဖို့ ဆန္ဒပြင်းပြစေသည်။ အများအမြင်နှင့် လူမှုရေး ကိုယ်ကျင့်တရားများမှ အရင်းခံလာသည့် ဆိုရိုးများနှင့် သင်ထိတွေ့ရသောအခါ ဤအရာများက သင်၏ စိတ်နှလုံးထဲတွင် တဖြည်းဖြည်းနှင့် စတင်၍ ရုပ်လုံးပေါ်လာသည်။ ရိုးရာယဉ်ကျေးမှု၏ ကိုယ်ကျင့်တရားမှ လာသည့် အဆိုများက သင့်ထံ စိမ့်ဝင်လာပြီး သင့်အတွင်းကမ္ဘာထဲ ဝင်ရောက်လာသည်နှင့် သင်၏ စိတ်နှလုံးတွင် အမြစ်တွယ်ကာ သင်၏ အသက်တာကို စတင် စိုးမိုးခြယ်လှယ်တော့သည်။ ဤသို့ ဖြစ်ပျက်သောအခါ သင်သည် ဤအရာများကို ပိုင်းခြားသိမြင်ခြင်း သို့မဟုတ် ခုခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့ မရှိဘဲ ထိုအစား ထိုအရာများကို လိုအပ်သည်ဟု နက်နက်နဲနဲ ခံစားရလေသည်။ သင်၏ ပထမဆုံး လုပ်ဆောင်ချက်က ဤဆိုရိုးများ၏ အလိုအတိုင်း လိုက်လုပ်ဖို့ပင် ဖြစ်နေသည်။ ယင်းမှာ အဘယ်ကြောင့်များနည်း။ အဘယ်ကြောင့်ဆိုသော် ဤဆိုရိုးများက လူတို့၏ အကြိုက်များ၊ အယူအဆများနှင့် စပ်ဟပ်လှသောကြောင့်၊ လူတို့၏ ဝိညာဉ်ရေးရာ လောကဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီနေသောကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် သင်သည် ဤအဆိုများကို သတိဖြင့် တားဆီးကာကွယ်ခြင်း လုံးဝဥဿုံ မရှိဘဲ အလိုအလျောက် လက်ခံ၏။ တဖြည်းဖြည်းနှင့် သင်သည် မိသားစု၏ ပျိုးထောင်ပေးမှုမှတစ်ဆင့်၊ ကျောင်းတွင်း ပညာရေးမှတစ်ဆင့်၊ သင်ကိုယ်တိုင်၏ စိတ်ကူးအမြင်များနှင့်တကွ လူ့အဖွဲ့အစည်း၏ ပုံစံသွင်းမှုနှင့် အယူဝါဒ သွတ်သွင်းမှုတို့မှတစ်ဆင့် ဤဆိုရိုးများက အပြုသဘောဆောင်သော အရာများဖြစ်သည်ဟု အဆုံးတွင် နက်နက်ရှိုင်းရှိုင်း လက်ခံယုံကြည်သွားတော့သည်။ အချိန်ကာလ၏ ပြုပြင်မွမ်းမံပေးမှုမှတစ်ဆင့်သာမက တဖြည်းဖြည်းနှင့် သင်သည် အသက်အရွယ် ရလာသည်နှင့်အမျှ ဆက်စပ်သည့် အခြေအနေနှင့် အနေအထားမျိုးစုံတွင် ဤဆိုရိုးများကို လိုက်နာဖို့၊ လူသားများက မွေးရာပါ ပိုနှစ်သက်ပြီး ကောင်းမွန်သည်ဟု ယုံကြည်ထားကြသည့် ဤအရာများကို လိုက်နာဖို့ သင်ကြိုးပမ်းလေသည်။ ထိုအရာများက သင့်အတွင်း၌ တိုး၍ တိုး၍ ရုပ်လုံးပေါ်လာပြီး သင့်အတွင်းတွင် ပို၍ ပို၍ အမြစ်စွဲလာသည်။ တစ်ချိန်တည်းတွင် ဤအရာများက သင်၏ ဘဝအပေါ် သဘောထားပုံနှင့် သင်ရရှိအောင် အားထုတ်နေသည့် ပန်းတိုင်များကို စိုးမိုးခြယ်လှယ်လာ၏။ လူများနှင့် အမှုအရာများကို သင်အကဲဖြတ်သည့် စံနှုန်းများ ဖြစ်လာ၏။ ရိုးရာယဉ်ကျေးမှုမှ လာသည့် ဤဆိုရိုးများက လူတို့အတွင်း၌ ရုပ်လုံးပေါ်လာသည်နှင့် ဘုရားသခင်နှင့် သမ္မာတရားအား ခုခံဖို့ ၎င်းတို့ကို ဦးတည်ပေးသည့် အခြေခံ သတ်မှတ်ချက်များ အားလုံးသည် ခြေကုပ်နေရာယူသွားပြီ ဖြစ်သည်။ လူတို့သည် ထိုသို့ လုပ်ဆောင်ဖို့ ကိုယ်ပိုင် အကြောင်းပြချက်များနှင့် ကိုယ်ပိုင် အရင်းခံအချက်များကို ရှာတွေ့ကြသည့်အလား ဖြစ်နေ၏။ သို့ဖြစ်၍ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အနှစ်သာရကို ဘုရားသခင်က ဖော်ထုတ်ပြပြီး လူတို့ကို အလျှံပယ် ပြစ်တင်ဆုံးမ၍ တရားစီရင်သည့်အခါ လူတို့တွင် ဘုရားသခင်နှင့် ပတ်သက်၍ အမျိုးစုံသော အယူအဆများ ဖြစ်ပေါ်လာလေသည်။ သူတို့ တွေးကြသည်မှာ “လူတို့က ‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဟူသည်နှင့် ‘ကွပ်မျက်ပြီးသား လူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့် နေရာတိုင်းတွင် သက်ညှာပါ’ ဟူသည်ကို မကြာခဏ ပြောတတ်ကြ၏။ သို့ဖြစ်၍ ဘုရားသခင်သည် အဘယ်ကြောင့် ထိုကဲ့သို့ ပြောနိုင်ရသနည်း။ ဤသည်မှာ ဧကန်အမှန် ဘုရားသခင် ဖြစ်သလော။ ဘုရားသခင်ကမူ ထိုကဲ့သို့ ပြောဆိုမည် မဟုတ်။ ဘုရားသခင်သည် အမြင့်ဆုံးသော ရပ်တည်ချက်မှ ညင်သာသော လေသံဖြင့်၊ လူသားအားလုံးကို ဆင်းရဲဒုက္ခမှ လွတ်ကင်းစေသည့် ဗုဒ္ဓလေသံဖြင့်၊ ဗောဓိသတ်လေသံဖြင့် လူတို့ကို ပြောဆိုသင့်သည်။ ဘုရားသခင်သည် ထိုကဲ့သို့ ဖြစ်၏။ အလွန်တရာ ညင်သာပြီး ကြီးကျယ်ခမ်းနားလှသော ပုဂ္ဂိုလ်တော် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤအတွေးအခေါ်၊ အမြင်နှင့် အယူအဆ တသီတသန်းကြီးသည် တရိပ်ရိပ် တိုးပွားနေသော ပမာဏနှင့် သင့်စိတ်နှလုံးထဲမှ ဒလဟော ဆက်တိုက် ထွက်လာသည်။ ဤသို့ဖြင့် အဆုံးတွင် သင်သည် နောက်ထပ် မခံရပ်နိုင်တော့ဘဲ ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံဖို့ တစ်စုံတစ်ရာကို မရည်ရွယ်ဘဲ လုပ်မိလေတော့သည်။ ဤနည်းဖြင့် သင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးအမြင်များကြောင့် ပျက်စီးခြင်းသို့ ရောက်ရသည်။ ဤအချက်မှ ငါတို့မြင်နိုင်သည်မှာ သင့်အနေနှင့် အသက်အရွယ်မည်မျှ ရှိနေသည်ဖြစ်စေ ရိုးရာယဉ်ကျေးမှု၏ သွန်သင်ချက်ကို လက်ခံရရှိထားကာ အရွယ်ရောက်ပြီးသူ တစ်ဦး၏ စိတ်စွမ်းရည်ကို ပိုင်ဆိုင်ထားသရွေ့ သင်၏ စိတ်နှလုံးသည် ရိုးရာယဉ်ကျေးမှု၏ ကိုယ်ကျင့်တရားနှင့် ဆိုင်သော ဤသွင်ပြင် လက္ခဏာများနှင့် ပြည့်နှက်နေမည် ဖြစ်ပြီး ထိုလက္ခဏာများက သင့်အတွင်းတွင် တဖြည်းဖြည်းနှင့် အမြစ်စွဲလာမည့် အချက်ပင် ဖြစ်သည်။ ထိုအရာများက သင့်ကို စိုးမိုးခြယ်လှယ်နှင့်ပြီး ဖြစ်သည်။ သင်သည်လည်း ဤအရာများအတိုင်း နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာခဲ့ပြီးပြီ ဖြစ်သည်။ သင်၏ အသက်တာနှင့် သင်၏ တကယ့် သဘာဝတို့သည် ရိုးရာယဉ်ကျေးမှု၏ ကိုယ်ကျင့်တရားနှင့် ဆိုင်သော ဤသွင်ပြင်လက္ခဏာများ၏ နေရာယူသိမ်းပိုက်ခြင်းကို ကြာမြင့်စွာကတည်းက ခံထားရပြီး ဖြစ်သည်။ ဥပမာ အသက် ငါးနှစ်၊ ခြောက်နှစ်အရွယ်မှ စ၍ သင်သည် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားတတ်ဖို့ သင်ယူခဲ့ရသည်။ ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်ဖို့ သင်ယူခဲ့ရသည်။ ဤအရာများက သင့်ကို လွှမ်းမိုးပြီး သင်၏ ပြုမူပုံပြုမူနည်းကို လုံးလုံးလျားလျား လမ်းညွှန်စေစားခဲ့သည်။ ယခု သက်လတ်ပိုင်းအရွယ် ရောက်နေသည့် လူတစ်ဦးအနေဖြင့် သင်သည် ဤအရာများအတိုင်း နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် လူအပေါ် ဘုရားသခင် တောင်းဆိုထားသော စံနှုန်းများနှင့် ဝေးကွာလွန်းနေ၏။ ရိုးရာယဉ်ကျေးမှုက အားပေးမြှင့်တင်သော အကျင့်စာရိတ္တနှင့် ပတ်သက်သည့် ဤဆိုရိုးစကားများကို လက်ခံခဲ့ချိန်မှစ၍ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များမှ ပို၍ ပို၍ သွေဖည်သွားခဲ့သည်။ သင်ကိုယ်တိုင်၏ လူ့သဘာဝ စံနှုန်းများနှင့် ဘုရားတောင်းဆိုသည့် လူ့သဘာဝ စံနှုန်းများအကြား ကွာဟချက်ကလည်း ကြီးသည်ထက် ကြီးထွားလာခဲ့သည်။ ရလဒ်အနေဖြင့် သင်သည် ဘုရားသခင်ထံမှ ပို၍ ပို၍ လမ်းလွဲသွား၏။ ဤအတိုင်းပင် ဖြစ်သည် မဟုတ်လော။ ဤစကားများကို သင်တို့အချိန်ယူကာ တွေးဆကြည့်ကြလော့။

အကျင့်စာရိတ္တနှင့် စပ်လျဉ်းသည့် နောက်ဆိုရိုးစကားတစ်ခုဖြစ်သော “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည်ကို ငါတို့ ယခု မိတ်သဟာယပြုကြစို့။ ဤဆိုရိုးစကားသည် မည်သည့်အရာကို ဆိုလိုသနည်း။ သင့်ကိုယ်သင် တင်းကျပ်သော တောင်းဆိုမှုများပြုလုပ်ပြီး အခြားလူတို့ကို သက်ညှာသင့်သည်၊ ဤသို့ဖြင့် သင်သည် မည်မျှရက်ရောပြီး သဘောထားကြီးသည်ကို ၎င်းတို့က မြင်နိုင်သည်ဟု ဆိုလိုသည်။ ဤသို့ဆိုလျှင် လူတို့သည် ဤအရာကို အဘယ်ကြောင့် လုပ်ဆောင်သင့်သနည်း။ မည်သည့်အရာကို ရရှိရန် ရည်ရွယ်သနည်း။ ဤသည်မှာ လုပ်ဆောင်၍ ရနိုင်သောအရာဖြစ်သလော။ ဤသည်မှာ အမှန်တကယ်ပင် လူတို့၏ လူ့သဘာဝနှင့်ပတ်သက်သော သဘာဝဖော်ပြချက်တစ်ခုဖြစ်သလော။ ဤအရာကို လက်ခံလုပ်ဆောင်ရန် သင့်ကိုယ်သင် အလွန်အမင်း အထိခိုက်ခံရပေမည်။ သင်သည် ဆန္ဒများ၊ တောင်းဆိုမှုများ လွတ်ကင်းရမည်။ ဝမ်းမြောက်မှုကို လျှော့၍ ခံစားရန် လိုအပ်သည်။ အနည်းငယ်ပို၍ ဒုက္ခခံရမည်။ အခြားလူများ မပင်ပန်းစေရန်အတွက် အဖိုးအခပို၍ ပေးဆပ်ပြီး ပို၍ အလုပ်လုပ်ရမည်။ အခြားလူများက ညည်းလျှင်၊ စောဒကတက်လျှင်၊ သို့မဟုတ် ညံ့ဖျင်းစွာ ထမ်းဆောင်လျှင် သင်က ၎င်းတို့ကို အလွန်အမင်း မတောင်းဆိုရပေ။ အနည်းနှင့်အများ လုပ်ဆောင်ခြင်းက လုံလောက်ပြီဖြစ်သည်။ ဤသည်မှာ မြင့်မြတ်သော ကိုယ်ကျင့်တရားများ၏ လက္ခဏာဖြစ်သည်ဟု လူတို့က ယုံကြည်ကြသည်။ သို့သော် ယင်းသည် အဘယ်ကြောင့် ငါ့အတွက် မှားယွင်းသည့် ပုံစံရှိသနည်း။ ယင်းသည် မမှားယွင်းသလော။ (မှားယွင်းပါသည်။) သာမန်အခြေအနေများတွင် သာမန်လူတစ်ယောက်၏ လူ့သဘာဝနှင့်ပတ်သက်သော သဘာဝဖော်ပြချက်သည် မိမိကိုယ်ကို သည်းခံပြီး သူတစ်ပါးတို့အပေါ် တင်းကျပ်ရန်ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ လူတို့သည် အခြားလူတိုင်း၏ ပြဿနာများကို သတိမူမိကြသည်။ “ဤလူက မာနထောင်လွှားသည်။ ဤလူက ဆိုးသည်။ ဤတစ်ယောက်ကမူ တစ်ကိုယ်ကောင်းဆန်သည်။ ထိုတစ်ယောက်က သူ့တာဝန်ကို ထမ်းဆောင်သည့်နေရာ၌ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ လုပ်သည်။ ဤလူက အင်မတန် ပျင်းသည်” ဟူ၍ ပြောသော်လည်း မိမိကိုယ်ကိုဆိုလျှင်မူ “ငါ နည်းနည်းပါးပါး ပျင်းမိလျှင်လည်း ကိစ္စမရှိ။ ငါကား အစွမ်းအစကောင်း၏။ ငါသည် ပျင်းတတ်သော်လည်း ငါလုပ်သည်မှာ သူများထက် ပိုကောင်းသည်” ဟူ၍ တွေးကြသည်။ အခြားလူများတို့အပေါ် အမှားရှာပြီး ကြေးများကြသည်။ မိမိတို့ကိုယ်ကိုအတွက်မူ ဖြစ်နိုင်သည့်နေရာမှန်သမျှတွင် သည်းခံပြီး လိုက်လျောကြသည်။ ဤသည်မှာ ၎င်းတို့ လူ့သဘာဝ၏ သဘာဝဖော်ပြချက်တစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) လူတို့သည် “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုသည့် အယူအဆအတိုင်း နေထိုင်ရန် မျှော်လင့်ခြင်းခံရလျှင် မည်သို့သော သောကဝေဒနာကို ၎င်းတို့ ခံစားရမည်နည်း။ ယင်းကို ၎င်းတို့ အမှန်တကယ် ခံနိုင်သလော။ လူမည်မျှက ဤသို့ လုပ်ဆောင်နိုင်မည်နည်း။ (မည်သူမျှ မလုပ်ဆောင်နိုင်ပါ။) အဘယ်ကြောင့်နည်း။ (လူတို့သည် သဘာဝအရ တစ်ကိုယ်ကောင်းဆန်သည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည့် စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ကြသည်။) အမှန်ပင် လူသည် မွေးကတည်းက တစ်ကိုယ်ကောင်းဆန်သည်။ လူသည် တစ်ကိုယ်ကောင်းဆန်သည့် သတ္တဝါဖြစ်သည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည့် ဆိုးယုတ်သော အတွေးအခေါ်အပေါ် အလွန်အမင်း စွဲမြဲစွာစောင့်ထိန်းကြသည်။ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ တစ်ကိုယ်ကောင်းဆန်ပြီး မိမိကိုယ်ကို စောင့်ရှောက်ခြင်း မပြုလုပ်လျှင် ၎င်းတို့ ကြီးစွာသော ဒုက္ခရောက်ပြီး သဘာဝမကျဖြစ်မည်ဟု လူတို့က ထင်ကြသည်။ ဤသည်မှာ လူတို့ ယုံကြည်သည့်အရာနှင့် လုပ်ဆောင်သည့်ပုံစံဖြစ်သည်။ လူတို့သည် တစ်ကိုယ်ကောင်းမဆန်ရန်၊ မိမိတို့ကိုယ်ကို တင်းကျပ်သော တောင်းဆိုမှုများ လုပ်ဆောင်ရန်၊ အခြားလူများအပေါ် အခွင့်အရေးယူမည့်အစား လိုလိုလားလားဖြင့် လက်လွှတ်အဆုံးရှုံးခံရန် မျှော်လင့်ခံရလျှင် ဤသည်မှာ လက်တွေ့ကျသော မျှော်လင့်ချက်တစ်ခုဖြစ်သလော။ လူတို့သည် ၎င်းတို့အပေါ် တစ်ယောက်ယောက်က အခွင့်အရေးယူသောအခါ “မင်းက အခွင့်အရေးယူနေတယ်။ ဒါပေမဲ့ ငါက ရေးကြီးခွင့်ကျယ်မလုပ်ပါဘူး။ ငါက သည်းခံတဲ့သူပဲ။ ငါ မင်းကို မကောင်းမပြောဘူး။ ဒါမှမဟုတ် လက်စားချေမှာ မဟုတ်ဘူး။ မင်းက အခွင့်အရေးကို လုံလုံလောက်လောက် မယူရသေးဘူးဆိုရင် လွတ်လွတ်လပ်လပ် ဆက်ယူပါ” ဟု ပျော်ရွှင်စွာပြောရန် မျှော်လင့်ခြင်းခံရလျှင် ဤသည်မှာ လက်တွေ့ကျသော မျှော်လင့်ချက်တစ်ခုလော။ လူမည်မျှက ဤအရာကို လုပ်ဆောင်နိုင်သနည်း။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ပုံမှန်အားဖြင့် ပြုမူသော ပုံစံဟုတ်သလော။ ဤသို့ဖြစ်ခြင်းသည် ပုံမှန်မဟုတ်သည်မှာ သိသာသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသော လူတို့သည်၊ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းသောလူများသည် မိမိတို့ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် ရုန်းကန်ကြသည်။ အခြားလူများအတွက် ထည့်တွက်စဉ်းစားပေးခြင်းက ၎င်းတို့ကို လုံးဝ စိတ်ကျေနပ်စေမည် မဟုတ်။ ထို့ကြောင့် ဤဖြစ်ရပ်သည် ဖြစ်ပျက်သောအခါတွင် ပုံမှန်မဟုတ်ပေ။ အကျင့်စာရိတ္တနှင့် ပတ်သက်သော “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် ဤအဆိုသည် အချက်အလက်များနှင့် ဖြစ်စေ၊ လူ့သဘာဝနှင့်ဖြစ်စေ ကိုက်ညီမှု မရှိသည့် တောင်းဆိုချက်တစ်ခုသာ ဖြစ်သည်မှာ ရှင်းလှ၏။ လူ့သဘာဝကို နားမလည်ကြသော လူမှုရေး ကိုယ်ကျင့်တရားကို အားပေးမြှင့်တင်သူများက အဆိုပါ တောင်းဆိုချက်ကို လူအပေါ် ချမှတ်ထားခြင်း ဖြစ်သည်။ ဤအဆိုသည် ကြွက်တစ်ကောင်ကို တွင်းများတူးခွင့် မရှိဟု သွားပြောခြင်း သို့မဟုတ် ကြောင်တစ်ကောင်ကို ကြွက်များဖမ်းခွင့် မရှိဟု သွားပြောခြင်းနှင့် အလားတူသည်။ ထိုကဲ့သို့သော တောင်းဆိုချက်ကို ပြုလုပ်ခြင်းက မှန်ကန်သလော။ (မမှန်ကန်ပါ။ လူ့သဘာဝ၏ နိယာမများကို ဆန့်ကျင်ဖီဆန်နေပါသည်။) ဤတောင်းဆိုချက်က လက်တွေ့အရှိတရားနှင့် သိသာထင်ရှားစွာပင် ကိုက်ညီခြင်း မရှိသကဲ့သို့ အလွန်အမင်းလည်း ပေါ့တန်လှ၏။ ဤတောင်းဆိုချက်ကို အတင်းပြဋ္ဌာန်းထားကြသော သူတို့ကိုယ်တိုင်လည်း လိုက်နာနိုင်သလော။ (မလိုက်နာနိုင်ပါ။) ၎င်းတို့သည် မိမိတို့ကိုယ်တိုင် မဖြည့်ဆည်းနိုင်သော တောင်းဆိုချက်ကို အခြားသူများ လိုက်နာဖို့ မျှော်လင့်ကြ၏။ ဤတွင် မည်သည့်အရာက ပြဿနာဖြစ်နေသနည်း။ ဤသည်မှာ အနည်းငယ် တာဝန်မဲ့ရာ မကျသလော။ အနည်းဆုံးအနေဖြင့် ထိုသူတို့သည် တာဝန်မဲ့ရာကျပြီး ပေါက်ကရများ ပြောနေခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ တစ်ဆင့်တိုး၍ ပြောရလျှင် ဤပြဿနာ၏ သဘောသဘာဝမှာ အဘယ်အရာ ဖြစ်သနည်း။ (ကြောင်သူတော်ဆန်မှု ဖြစ်ပါသည်။) မှန်၏။ ဤသည်မှာ ကြောင်သူတော်ဆန်မှု၏ ဥပမာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဤတောင်းဆိုချက်ကို ကိုယ်တိုင် မလိုက်နာနိုင်သည်မှာ ရှင်းနေသော်လည်း သူတို့ကိုယ်သူတို့ အလွန် သည်းခံတတ်သည်၊ အလွန် သဘောထားကြီးသည်၊ အင်မတန် ဂုဏ်မြင့်မားသော ကိုယ်ကျင့်တရား ရှိသည်ဟု အခိုင်အမာ ဆိုနေကြဆဲ ဖြစ်သည်။ ဤသည်မှာ ကြောင်သူတော်ဆန်မှုသာ ဖြစ်သည် မဟုတ်လော။ ကြည့်ကောင်းအောင် မည်သို့ပင်ပြောပြော ဤသည်မှာ လှည့်စားမှားယွင်းမှုတချို့ ပါဝင်နေသော အနှစ်မဲ့သည့် ဆိုရိုးစကားတစ်ခုသာ ဖြစ်သောကြောင့် ကြောင်သူတော်ဆန်သည့် ဆိုရိုးစကားတစ်ခုအဖြစ် ငါတို့ အမျိုးအစား သတ်မှတ်ကြမည်။ ဤဆိုရိုးသည် ဖာရိရှဲများ အားပေးခဲ့သည့် ဆိုရိုးစကား အမျိုးအစားများနှင့် ဆင်တူသည်။ ဤဆိုရိုးနောက်ကွယ်တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက် ရှိနေ၏။ ထိုရည်ရွယ်ချက်မှာ ဝါကြွားဖို့၊ မိမိကိုယ်ကို မြင့်မြတ်သော အကျင့်စာရိတ္တရှိသည့် လူတစ်ဦးအဖြစ် ပုံဖော်ဖို့၊ မြင့်မြတ်သည့် အကျင့်စာရိတ္တပိုင်း၌ စံတင်ထိုက်သူနှင့် နမူနာယူထိုက်သူဟု အခြားသူများ ချီးမွမ်းသည်ကို ခံရဖို့ ဖြစ်သည်မှာ သိသာထင်ရှားလှသည်။ သို့ဖြစ်လျှင် မည်သို့သော လူများက မိမိတို့ကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်း ရှိကြသနည်း။ ဆရာဆရာမများနှင့် ဆရာဝန်များက ဤဆိုရိုးကို လိုက်နာနိုင်ကြသလော။ ကျော်ကြားသည့် လူများ၊ ကြီးမြတ်သည့် လူများ၊ ပညာရှိများဟု ဆိုလေသည့် ကွန်ဖြူးရှပ်၊ မင်စီးယပ်၊ လောင်ဇီတို့ကဲ့သို့သော သူများသည်လည်း ဤဆိုရိုးစကားကို လိုက်နာနိုင်ခဲ့ကြသလော။ (မလိုက်နာနိုင်ခဲ့ကြပါ။) အတိုချုပ်၍ ပြောရလျှင် လူက ထုတ်ပြန်ထားသော ဤဆိုရိုးစကားသည် မည်မျှပင် အဓိပ္ပာယ်မရှိ ဖြစ်နေပါစေ သို့မဟုတ် ဤတောင်းဆိုချက်က ယုတ္တိတန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ နောက်ဆုံးတွင်မူ ယင်းသည် လူတို့၏ အကျင့်စရိုက်နှင့် အပြုအမူအပေါ် ချမှတ်ထားသည့် တောင်းဆိုချက်တစ်ခုမျှသာ ဖြစ်သည်။ ယုတ်စွအဆုံး လူတို့သည် ဤတောင်းဆိုချက်ကို လိုက်နာရန် မလိုလားကြ။ ဤတောင်းဆိုချက်က သူတို့အတွက် လက်တွေ့လုပ်ရန် မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူ၏ သာမန် လူ့သဘာဝက စွမ်းဆောင်ရရှိနိုင်သည့် စံနှုန်းများနှင့် ဆန့်ကျင်နေသောကြောင့် ဖြစ်သည်။ သို့သော်လည်း မည်သို့ပင် ဖြစ်စေကာမူ ယင်းသည် ရိုးရာယဉ်ကျေးမှုက အားပေးမြှင့်တင်ထားပြီး လူ့အကျင့်စာရိတ္တနှင့် ပတ်သက်နေသည့် စံနှုန်းနှင့် တောင်းဆိုချက်တစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည်မှာ လူအနည်းငယ်သာ လိုက်နာနိုင်သည့် အနှစ်မဲ့သော စကားရပ်တစ်ခု ဖြစ်နေသော်လည်း “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်နှင့်ရော “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသည်နှင့်ပါ အတူတူပင် ဖြစ်သည်။ ထိုဆိုရိုးကို လက်တွေ့လုပ်ကြသည့် လူတို့၌ မည်သို့သော ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များ သိုထားပါစေ သို့မဟုတ် ထိုဆိုရိုးကို လက်တွေ့လုပ်ဆောင်နိုင်သည့်လူ တစ်ဦးတလေမျှ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သို့ပင်ဖြစ်ဖြစ် ဤသတ်မှတ်ချက်ကို အားပေးမြှင့်တင်သော လူများက သူတို့ကိုယ်သူတို့ ကိုယ်ကျင့်တရားပိုင်း၌ အထွတ်အထိပ်အဖြစ် သတ်မှတ်ထားကြသည့် အချက်သက်သက်ကို အခြေခံကြည့်လျှင် ၎င်းတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ရာ ကျနေသည် မဟုတ်လော။ အတော်ပင် မူမမှန်သည့် အကြောင်းပြချက်ကို စိတ်စွဲနေကြသည် မဟုတ်လော။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် ဆိုရိုးကို လိုက်နာနိုင်သလောဟု ထိုသူတို့အား သင်မေးမည်ဆိုလျှင် သူတို့က “လိုက်နာနိုင်သည်” ဟု ပြောကြလိမ့်မည်။ သို့သော် အမှန်တကယ် အတင်းအကျပ် လိုက်နာခိုင်းပါက သူတို့သည် လိုက်နာနိုင်ကြမည် မဟုတ်။ သူတို့သည် အဘယ်ကြောင့် မလိုက်နာနိုင်ကြလိမ့်မည်နည်း။ အကြောင်းမှာ သူတို့၌ မာနထောင်လွှားပြီး ဆိုးယုတ်သော စိတ်သဘောထား ရှိ၍ ဖြစ်သည်။ အဆင့်အတန်း၊ အာဏာ၊ ဂုဏ်သိက္ခာ၊ အကျိုးအမြတ်တို့ရဖို့ အခြားသူများက ၎င်းတို့နှင့် လာယှဉ်ပြိုင်နေချိန်တွင် ဤကိုယ်ကျင့်တရားကို လိုက်နာရန် ၎င်းတို့အား တောင်းဆိုကြည့်လော့။ ထိုအခါ ၎င်းတို့ လိုက်နာနိုင်ခြင်း ရှိမရှိ ကြည့်လော့။ ၎င်းတို့သည် လုံးဝ လိုက်နာနိုင်ကြမည် မဟုတ်။ သင့်အပေါ် ရန်ပင် လိုလာကြလိမ့်မည်။ အကယ်၍ သင်သည် ၎င်းတို့ကို “ဤဆိုရိုးကို သင်ကိုယ်တိုင်ပင် မလိုက်နာနိုင်ဘဲနှင့် အဘယ်ကြောင့် ယခုထက်ထိတိုင် အားပေးမြှင့်တင်နေသနည်း။ ဤဆိုရိုးအတိုင်း လိုက်လုပ်ဖို့ အခြားသူများကို အဘယ်ကြောင့် ယခုထက်ထိတိုင် သင်တောင်းဆိုနေသနည်း။ သင်သည် ဤသို့ ပြုခြင်းဖြင့် ကြောင်သူတော်မဆန်နေသလော” ဟု မေးမည်ဆိုလျှင် သူတို့ လက်ခံကြမည်လော။ သူတို့ကို သင်ဖော်ထုတ်ပါက သူတို့သည် လက်ခံကြမည် မဟုတ်။ သင့်အနေနှင့် သူတို့ကို မည်သို့ပင် ဖော်ထုတ်ပါစေ သူတို့သည် လက်ခံမည် မဟုတ် သို့မဟုတ် အမှားကို ဝန်ခံမည် မဟုတ်။ ဤအချက်က သူတို့သည် လူကောင်းများ မဟုတ်ကြောင်း ပြသနေသည်။ မိမိတို့ကိုယ်တိုင်၏ တောင်းဆိုချက်များအတိုင်း လိုက်မလုပ်နိုင်သော်လည်း မြင့်မားသော ကိုယ်ကျင့်တရား ရှိသယောင် ၎င်းတို့ဟန်ဆောင်ကြသည့် အချက်က လူလိမ်အကြီးစားများနှင့် ကြောင်သူတော်ဆန်သည့် အယောင်ဆောင်သူများဟု ၎င်းတို့ အခေါ်ခံရခြင်းမှာ တရားနည်းလမ်း ကျကြောင်းကို ပြသနေသည်။

“ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်” ဟူသည်နှင့် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသည့် ဆိုရိုးစကားများ နည်းတူပင် “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုသည်မှာလည်း ရိုးရာယဉ်ကျေးမှုက လူတို့၏ အကျင့်စာရိတ္တနှင့် စပ်လျဉ်း၍ ချမှတ်ထားသည့် တောင်းဆိုချက်များထဲမှ တစ်ခုဖြစ်သည်။ အလားတူပင် တစ်စုံတစ်ယောက်က ဤအကျင့်စာရိတ္တကို ကြိုးပမ်းရယူနိုင်သည်ဖြစ်စေ၊ ကျင့်သုံးနိုင်သည်ဖြစ်စေ ၎င်းတို့၏ လူ့သဘာဝကို တိုင်းတာခြင်းအတွက် စံနှုန်း၊ သို့မဟုတ် စံသတ်မှတ်ချက် မဟုတ်သေးပေ။ သင်က အမှန်တကယ်ပင် သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်းရှိကာ အလွန်မြင့်သော စံနှုန်းကို ကိုင်စွဲနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် တစ်ကိုယ်ကောင်းဆန်ပြီး သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများနောက်သို့ လိုက်ခြင်းမရှိဘဲ လုံးဝ အစွန်းအထင်းမရှိဖြစ်ပြီး သူတစ်ပါးတို့အတွက် အစဉ် စဉ်းစားပေးခြင်းနှင့် စာနာထောက်ထားမှု ပြသခြင်းတို့ ရှိကောင်း ရှိနိုင်သည်။ သင်သည် အလွန်ပင် သဘောထားကြီးပြီး ကိုယ်ကျိုးမကြည့်သည့်ပုံစံ ရှိကောင်းရှိနိုင်သည်။ လူမှုရေး ဝတ္တရားနှင့် လူမှုရေး ကိုယ်ကျင့်တရားများအပေါ် အားကောင်းသော အသိစိတ် ရှိကောင်း ရှိနိုင်သည်။ သင်၏ မြင့်မြတ်သော ပင်ကိုစရိုက်နှင့် အရည်အသွေးများကို သင်နှင့် ရင်းနှီးသောသူများက၊ သင်ကြုံတွေ့ပြီး အပြန်အလှန်ဆက်ဆံသည့် သူများက မြင်ကောင်းမြင်နိုင်သည်။ သင်၏ အပြုအမူက သူတစ်ပါးတို့အား သင့်ကို အပြစ်တင်ရန်၊ သို့မဟုတ် ဝေဖန်ရန် အကြောင်းပြချက်တစ်ခုတလေ ပေးခြင်း လုံးဝ မရှိနိုင်ဘဲ ထိုအစား အလွန်အမင်း ချီးမွမ်းပြီး လေးစားခြင်းတို့ကိုပင် ဖြစ်ပေါ်စေသည်။ သင်သည် မိမိကိုယ်ကို အမှန်တကယ် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံသော သူတစ်ယောက်အဖြစ် လူတို့က မှတ်ယူကောင်း မှတ်ယူနိုင်သည်။ သို့ရာတွင် ဤအရာများသည် အပြင်ပန်း အပြုအမူများထက် မပိုပေ။ သင်၏ စိတ်နှလုံးတွင်ရှိသော အတွေးများနှင့် ဆန္ဒများသည် ဤအပြင်ပန်း အပြုအမူများနှင့်၊ အပြင်ပန်းတွင် သင်အသက်ရှင်နေထိုင်သည့် ဤလုပ်ရပ်များနှင့် ကိုက်ညီသလော။ အဖြေမှာ မကိုက်ညီပေ။ သင်က ဤသို့ လုပ်ဆောင်ရသည့် အကြောင်းပြချက်သည် ဤနောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုရှိခြင်းကြောင့်ဖြစ်သည်။ ထိုရည်ရွယ်ချက်မှာ အတိအကျ မည်သည့်အရာဖြစ်သနည်း။ သင်သည် ထိုရည်ရွယ်ချက်ကို လူသိရှင်ကြား အဖြစ်ခံနိုင်သလော။ လုံးဝ အဖြစ်ခံနိုင်မည် မဟုတ်။ ဤအချက်က အဆိုပါ ရည်ရွယ်ချက်သည် လူကြားထဲ ပြောမကောင်းသည့်အရာ၊ မှောင်မိုက်ပြီး ဆိုးယုတ်သည့်အရာ ဖြစ်သည်ကို သက်သေပြနေ၏။ အဆိုပါ ရည်ရွယ်ချက်က အဘယ်ကြောင့် ထုတ်မပြောအပ်ဘဲ ဆိုးယုတ်နေသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့၏ လူ့သဘာဝကို ဖောက်ပြန်ပျက်စီးသော သူတို့စိတ်သဘောထားများက စိုးမိုးကာ တွန်းအားပေးထားသောကြောင့် ဖြစ်သည်။ လူတို့သည် လူ့သဘာဝ၏ အတွေးများကို စကားလုပ်၍ ပြောခြင်း သို့မဟုတ် ပွင့်အံထုတ်ပြခြင်း ရှိရှိမရှိရှိ ထိုအတွေးများ အားလုံးကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သိသိသာသာပင် စိုးမိုး၍ ထိန်းချုပ်ကာ ကြိုးကိုင်ထား၏။ ရလဒ်အနေနှင့် လူတို့၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ အားလုံးသည်လည်း ယုတ်မာပြီး ဆိုးယုတ်နေသည်။ လူတို့အနေနှင့် သူတို့ကိုယ်သူတို့ စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဤကိုယ်ကျင့်တရားကို အပြင်ပန်းအားဖြင့် ပြီးပြည့်စုံစွာ ဖော်ပြသည်ဖြစ်စေ၊ မဖော်ပြသည်ဖြစ်စေ ဤကိုယ်ကျင့်တရားက ၎င်းတို့၏ လူ့သဘာဝအပေါ် ထိန်းချုပ်မှု သို့မဟုတ် လွှမ်းမိုးမှုတို့ မရှိမည်မှာကား ဧကန်မုချပင် ဖြစ်သည်။ သို့ဖြစ်လျှင် လူတို့၏ လူ့သဘာဝကို အဘယ်အရာက ထိန်းချုပ်ထားသနည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် ကိုယ်ကျင့်တရားအောက်၌ မထင်မရှား ရှိနေသော ၎င်းတို့ လူ့သဘာဝ၏ အနှစ်သာရ ဖြစ်သည်။ ထိုအနှစ်သာရက သူတို့၏ သဘောသဘာဝအစစ် ဖြစ်၏။ လူတစ်ဦး၏ သဘောသဘာဝအစစ်သည် ထိုသူ့ လူ့သဘာဝ၏ အနှစ်သာရပင် ဖြစ်သည်။ သို့ဖြစ်လျှင် သူ့လူ့သဘာဝ၏ အနှစ်သာရ၌ မည်သည့်အရာတို့ ပါဝင်သနည်း။ အဓိကအားဖြင့် ထိုသူ၏ အကြိုက်များ၊ သူလိုက်စားသော အရာများအပြင် သူ၏ ဘဝအပေါ် သဘောထားပုံနှင့် စံတန်ဖိုးစနစ်သာမက သမ္မာတရားနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထား အစရှိသည်တို့ ပါဝင်နေသည်။ ဤအရာများကသာ လူတို့၏ လူ့သဘာဝဆိုင်ရာ အနှစ်သာရကို အမှန်တကယ် ကိုယ်စားပြု၏။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံ” ဟူသည့် ကိုယ်ကျင့်တရားကို ဖြည့်ဆည်းဖို့ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုကြသော လူအများစုသည် အဆင့်အတန်းကို စွဲလမ်းနေကြသည်ဟု အခိုင်အမာ ပြော၍ ရသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက တွန်းအားပေးသောကြောင့် ၎င်းတို့သည် လူတို့အကြား ဂုဏ်သိက္ခာရှိမှု၊ လူမှုရေးပိုင်း၌ ထင်ပေါ်ကျော်စောမှု၊ သူတစ်ပါးတို့၏ အမြင်တွင် ဂုဏ်အဆင့်အတန်း ရှိမှုတို့ကို မလိုက်စားဘဲ မနေနိုင်ပေ။ ဤအရာများ အားလုံးသည် ဂုဏ်အဆင့်အတန်းကို လိုချင်သည့် ၎င်းတို့၏ ဆန္ဒနှင့် ဆက်နွှယ်နေပြီး မိမိတို့၏ အကျင့်စာရိတ္တကောင်းကို အကာအကွယ်ယူ၍ ၎င်းတို့လိုက်စားသည့် အရာများလည်း ဖြစ်သည်။ ၎င်းတို့၏ ဤလိုက်စားမှုများက မည်သို့ဖြစ်ပေါ်လာသနည်း။ ထိုအရာများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ အလုံးစုံ ဖြစ်ပေါ်လာပြီး ထိုစိတ်သဘောထားများ၏ တွန်းအားပေးမှုကို ခံထားရသည်။ ထို့ကြောင့် မည်သို့ဖြစ်ဖြစ် တစ်စုံတစ်ယောက်က “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုသည့် ကိုယ်ကျင့်တရားကို ဖြည့်ဆည်းခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အပြစ်ဆိုဖွယ် မရှိသည်အထိ ထိုသို့ သူဖြည့်ဆည်းသည်ဖြစ်စေ၊ မဖြည့်ဆည်းသည်ဖြစ်စေ သူ့လူ့သဘာဝ၏ အနှစ်သာရကို လုံးဝ မပြောင်းလဲပေးနိုင်ပေ။ သဘောသက်ရောက်သည်မှာ ယင်းသည် ထိုသူ၏ ဘဝအပေါ် သဘောထားပုံ သို့မဟုတ် ထိုသူ၏ စံတန်ဖိုးစနစ်ကို မည်သည့်နည်းနှင့်မျှ မပြောင်းလဲပေးနိုင်ကြောင်း၊ သို့မဟုတ် လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးစုံအပေါ် ထိုသူ၏ သဘောထားများနှင့် အမြင်ရှုထောင့်များကို လမ်းမပြပေးနိုင်ကြောင်း အဓိပ္ပာယ်ရသည်။ ယင်းမှာ မမှန်ကန်သလော။ (မှန်ကန်ပါသည်။) တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်းရှိလေလေ၊ ဟန်လုပ်ရာတွင်၊ အယောင်ဆောင်ရာတွင်၊ ကောင်းသော အပြုအမူနှင့် ကျေနပ်ဖွယ်ဖြစ်သော စကားများဖြင့် သူတစ်ပါးတို့အား လှည့်ဖြားရာတွင် ကျွမ်းကျင်လေလေဖြစ်ပြီး ပင်ကိုအားဖြင့် လှည့်စားတတ်ကာ ဆိုးယုတ်လေလေ ဖြစ်သည်။ သူသည် ဤလူအမျိုးအစား ဖြစ်လေလေ၊ ဂုဏ်အဆင့်အတန်းနှင့် အာဏာကို သူ၏ ချစ်ခြင်းနှင့် လိုက်စားခြင်းက နက်ရှိုင်းလာလေလေ ဖြစ်သည်။ သူ၏ အပြင်ပန်း အကျင့်စာရိတ္တက မည်မျှပင် ကြီးမား၊ မွန်မြတ်ကာ မှန်ကန်သည့်ပုံ ပေါက်နေပါစေ၊ လူတို့အတွက် ရှုမြင်ရသည်မှာ မည်မျှပင် ကျေနပ်ဖွယ်ဖြစ်နေပါစေ သူ့စိတ်နှလုံးအတွင်းထဲ၌ ခိုအောင်းနေသည့် မြုံထားသော လိုက်စားမှု၊ သူ၏ သဘာဝနှင့် အနှစ်သာရတို့သာမက သူ၏ ရည်မှန်းချက်များသည်ပင် သူ့ထံမှ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်၏။ ထို့ကြောင့် သူ့အကျင့်စာရိတ္တသည် မည်မျှပင် ကောင်းမွန်နေပါစေ သူ့လူ့သဘာဝ၏ ပင်ကိုအနှစ်သာရကို သော်လည်းကောင်း၊ သူ၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများကို သော်လည်းကောင်း ဖုံးကွယ်ပေးနိုင်ခြင်း မရှိ။ အပြုသဘောဆောင်သည့် အရာများကို မချစ်သော၊ သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးသော အကျည်းတန်သည့် သူ့သဘာဝနှင့် အနှစ်သာရကို ဖုံးကွယ်ပေးနိုင်ခြင်း မရှိ။ ဤအဖြစ်မှန်များက ပြသည့်အတိုင်း “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် ဆိုရိုးသည် ရိုးရိုးတန်းတန်း အဓိပ္ပာယ်မရှိရုံမျှသာ မဟုတ်ပေ။ ထိုသို့သော ဆိုရိုးများနှင့် အပြုအမူများကို အသုံးချပြီး မိမိတို့၏ ထုတ်ပြော၍ မရလောက်အောင် ဆိုးရွားသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖုံးကွယ်ဖို့ ကြိုးစားကြသည့် ရည်မှန်းချက်ကြီးသော လူစားများကို အဆိုပါ ဆိုရိုးက ဖော်ထုတ်ပြသည်။ ဤအရာကို အသင်းတော်ထဲရှိ အန္တိခရစ်တချို့၊ ဆိုးယုတ်သော လူတချို့နှင့် သင်တို့ နှိုင်းယှဉ်ကြည့်နိုင်သည်။ ထိုသူတို့သည် အသင်းတော်အတွင်းတွင် ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို ခိုင်မြဲအောင် လုပ်ဖို့၊ အခြားသော အသင်းသူ အသင်းသားများအကြား ပိုကောင်းမွန်သည့် နာမည်ဂုဏ်သတင်း ရရှိဖို့အတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် ဆင်းရဲဒုက္ခ ခံနိုင်စွမ်းနှင့် အဖိုးအခ ပေးနိုင်စွမ်း ရှိကြသည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် အလုပ်အကိုင်နှင့် မိသားစုကို စွန့်လွှတ်ခြင်း၊ မိမိတို့၌ ရှိသမျှကို ရောင်းထုတ်ခြင်းတို့ပင် ပြုကောင်း ပြုနိုင်မည်။ အချို့သော အခြေအနေများတွင်ဆိုလျှင် ဘုရားအတွက် မိမိတို့ကိုယ်ကို အသုံးခံရာ၌ သူတို့ပေးသော အဖိုးအခနှင့် သူတို့ခံစားသော ဆင်းရဲဒုက္ခတို့သည် သာမန် လူတစ်ဦး တောင့်ခံနိုင်သော ပမာဏထက် ကျော်လွန်နေ၏။ သူတို့သည် မိမိတို့ အဆင့်အတန်းကို ထိန်းထားဖို့ အလွန်အမင်း ချုပ်တည်းခြိုးခြံသည့် စိတ်ဓာတ်ကို ရုပ်လုံးဖော်နိုင်စွမ်း ရှိကြ၏။ သို့သော်လည်း သူတို့အနေဖြင့် မည်မျှပင် ဆင်းရဲဒုက္ခခံသည်ဖြစ်စေ၊ မည်သည့်အဖိုးအခကို ပေးသည်ဖြစ်စေ သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်၏ သက်သေခံချက် သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးခြင်း မရှိသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ခြင်းလည်း မရှိကြချေ။ ၎င်းတို့ ရရှိဖို့ အားထုတ်နေကြသည့် ပန်းတိုင်မှာ အဆင့်အတန်း၊ အာဏာရဖို့နှင့် ဘုရား၏ ဆုလာဘ်များကို ရရှိဖို့သာ ဖြစ်၏။ ၎င်းတို့လုပ်သည့် မည်သည့်အရာကမျှ သမ္မာတရားနှင့် စိုးစဉ်းမျှပင် ဆက်နွှယ်နေခြင်း မရှိ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်မျှပင် စည်းကမ်းတင်းကျပ်သည်ဖြစ်စေ၊ သူတစ်ပါးတို့အား မည်မျှပင် သည်းခံပေးသည်ဖြစ်စေ ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်ရလဒ်က အဘယ်အရာ ဖြစ်မည်နည်း။ ဘုရားသခင်က ၎င်းတို့ကို မည်သို့သဘောထားမည်နည်း။ ဘုရားက ၎င်းတို့၏ အဆုံးသတ်ကို ၎င်းတို့ အသက်ရှင်နေထိုင်သည့် အပြင်ပန်း အပြုအမူကောင်းများအပေါ် အခြေခံ၍ အဆုံးအဖြတ်ပေးလိမ့်မည်လော။ လုံးဝ အဆုံးအဖြတ်ပေးလိမ့်မည် မဟုတ်။ လူတို့သည် ဤအပြုအမူများနှင့် သရုပ်သကန်များအပေါ် အခြေခံ၍ အခြားလူများကို ရှုမြင်ပြီး ချင့်ချိန်အကဲဖြတ်ကြ၏။ ၎င်းတို့သည် အခြားသော လူများ၏ အနှစ်သာရကို ထိုးဖောက်မြင်နိုင်စွမ်း မရှိသောကြောင့် အဆုံးတွင် ထိုလူတို့၏ လှည့်ဖြားခြင်းကို ခံကြရလေသည်။ သို့ရာတွင် ဘုရားသခင်ကမူ လူ၏ လှည့်ဖြားခြင်းကို ဘယ်သောအခါမျှ မခံရ။ လူတို့တွင် မိမိတို့ကိုယ်ကို စည်းကမ်းတင်းကျပ်နိုင်စွမ်းနှင့် သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်း ရှိနေရုံနှင့် ဘုရားက လူတို့၏ အကျင့်စာရိတ္တကို လုံးဝ ချီးကျူးလိမ့်မည် မဟုတ်၊ လုံးဝ အောက်မေ့လိမ့်မည် မဟုတ်။ ထိုအစား ၎င်းတို့၏ ရည်မှန်းချက်များအတွက်၊ အဆင့်အတန်းရဖို့ အားထုတ်ရာ၌ ၎င်းတို့လျှောက်သော လမ်းများအတွက် ဘုရားက ၎င်းတို့ကို ပြစ်တင်ရှုတ်ချလိမ့်မည်။ ထို့ကြောင့် သမ္မာတရားကို လိုက်စားကြသူများသည် လူတို့ကို အကဲဖြတ်သည့် ဤစံသတ်မှတ်ချက်ကို ပိုင်းခြားသိမြင်ထားသင့်သည်။ ၎င်းတို့သည် အဓိပ္ပာယ် မရှိသည့် ဤစံနှုန်းကို လုံးလုံးလျားလျား ငြင်းပယ်ပြီး စွန့်ပစ်သင့်ကာ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ၊ သမ္မာတရား၏ အခြေခံမူများနှင့်အညီ ပိုင်းခြားရှုမြင်သင့်သည်။ အပြုသဘောဆောင်သော အရာများကို လူတစ်ဦး ချစ်မြတ်နိုးခြင်း ရှိမရှိ၊ သမ္မာတရားကို ထိုသူ လက်ခံနိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ပေးမှုများကို ထိုသူ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိတို့ကိုသာမက ထိုသူရွေးချယ်ပြီး လျှောက်လှမ်းသော လမ်းကြောင်းကိုပါ အဓိကထား၍ ၎င်းတို့ကြည့်သင့်၏။ ဤအရာများအပေါ် အခြေခံ၍ ထိုသူသည် မည်သည့် လူစားမျိုးဖြစ်သည်၊ ထိုသူတွင် မည်သည့် လူ့သဘာဝမျိုး ရှိသည်တို့ကို ၎င်းတို့ အမျိုးအစား သတ်မှတ်သင့်၏။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် စံနှုန်းကို အခြေခံ၍ အခြားသူများကို လူတို့ ချင့်ချိန်ကြသည့်အခါ မူမမှန်မှုများနှင့် အမှားများ ပေါ်ပေါက်လာဖို့ အလွန် လွယ်ကူလွန်းလှသည်။ လူတို့ထံမှ အရင်းခံလာသည့် အခြေခံမူများနှင့် ဆိုရိုးများအပေါ် အခြေခံ၍ သင်သည် လူတစ်ဦးကို မှားယွင်းစွာ ပိုင်းခြားသိမြင်ကာ ရှုမြင်ပါက ထိုကိစ္စတွင် သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားသခင်ကို ခုခံရာကျမည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဖြစ်သနည်း။ အကြောင်းရင်းမှာ လူတို့အပေါ် သင့်ရှုမြင်ချက်များ၏ အရင်းခံအချက်သည် မှားယွင်းနေမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ရော သမ္မာတရားနှင့်ပါ ကိုက်ညီမည် မဟုတ်သောကြောင့်ဖြစ်သည်။ သင်၏ အရင်းခံအချက်က ထိုအရာများနှင့် ဆန့်ကျင်နေပြီး ပြောင်းပြန်ပင် ဖြစ်နေနိုင်သည်။ ဘုရားသခင်သည် လူတို့၏ လူ့သဘာဝကို အကျင့်စာရိတ္တနှင့် ပတ်သက်သော “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် အဆိုအပေါ် အခြေခံ၍ မသုံးသပ်ပေ။ ထို့ကြောင့် သင့်အနေဖြင့် လူတို့၏ ကိုယ်ကျင့်တရားကို ချင့်ချိန်အကဲဖြတ်ရာတွင်လည်းကောင်း၊ ထိုလူတို့မှာ မည်သည့်လူစားမျိုး ဖြစ်သည်ကို ဆုံးဖြတ်ရာတွင်လည်းကောင်း ဤစံသတ်မှတ်ချက်အတိုင်းသာ မလျှော့တမ်း လုပ်နေဆဲဖြစ်လျှင် သမ္မာတရား၏ အခြေခံမူများကို သင်လုံးဝ ချိုးဖောက်မိပြီး ဖြစ်သည်။ ထို့ပြင် သင်သည် အမှားများ လုပ်မိဖို့၊ မှားယွင်းမှုနှင့် သွေဖည်မှုတချို့ ဖြစ်ပေါ်မိစေဖို့ သေချာသည်။ ဤသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ဤအရာများကို သဘောပေါက်သည့်အခါ အနည်းဆုံးအနေဖြင့် လူများနှင့် အမှုအရာများကို ဘုရားသခင် ရှုမြင်သည့် အရင်းခံအချက်၊ အခြေခံမူများနှင့် စံသတ်မှတ်ချက်များကို အတိုင်းအတာတစ်ခုအထိ နားလည်သွားလိမ့်မည်။ သင်သည် အနည်းဆုံးအနေဖြင့် ဤအရာများအပေါ် ဘုရား၏ ချဉ်းကပ်ပုံကို နားလည်၍ သဘောပေါက်မိလိမ့်မည်။ သို့ဖြစ်၍ သင်၏ ရှုထောင့်မှဆိုလျှင် မည်သို့ရှိသနည်း။ ယုတ်စွအဆုံး သင်သည် လူတစ်ဦးကို ရှုမြင်ခြင်းအတွက် မှန်ကန်သည့် အရင်းခံအချက်က အဘယ်အရာဖြစ်သည်ကို သိသင့်သည်။ လူတို့ကို ရှုမြင်ခြင်းအတွက် အဘယ်အရင်းခံအချက်က သမ္မာတရားနှင့်၊ တကယ့်အချက်အလက်များနှင့် ကိုက်ညီပြီး အမှားတစ်ခုတလေ သို့မဟုတ် သွေဖည်မှုတစ်ခုတလေကိုမျှ လုံးဝ မဖြစ်စေနိုင်မည်ကို သိထားသင့်သည်။ ဤကိစ္စရပ်များကို သင်သည် အမှန်တကယ် ရှင်းလင်းစွာ သိလာလျှင် ရိုးရာယဉ်ကျေးမှု၏ ဤလက္ခဏာသွင်ပြင်များသာမက လူ၏ အမျိုးမျိုးသော အဆိုများ၊ သီအိုရီများအပြင် အခြားလူများအပေါ် ရှုမြင်ပုံရှုမြင်နည်းတို့ကိုပါ ပိုင်းခြားသိမြင်လာလိမ့်မည်။ သင်သည် ရိုးရာယဉ်ကျေးမှု၏ ဤလက္ခဏာ သွင်ပြင်များ၊ လူထံမှ ဆင်းသက်လာသည့် အမျိုးမျိုးသော ဆိုရိုးများနှင့် အမြင်များကို လုံးလုံးလျားလျား စွန့်လွှတ်နိုင်လိမ့်မည်။ ဤနည်းဖြင့် သင်သည် အတိုင်းအတာတစ်ခုအထိ သမ္မာတရား၏ အခြေခံမူများအပေါ် အခြေခံ၍ လူတို့ကို ရှုမြင်ကာ ပိုင်းခြားသိမြင်လိမ့်မည်။ သင်သည် ဘုရားသခင်နှင့် သဟဇာတ ဖြစ်လိမ့်မည်။ သင်၌ ဘုရားကို ပုန်ကန်ခြင်း သို့မဟုတ် ခုခံခြင်း သို့မဟုတ် ဆန့်ကျင်ဘက်ပြုခြင်းတို့ ရှိလိမ့်မည် မဟုတ်။ သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်အောင် တဖြည်းဖြည်း စွမ်းဆောင်နိုင်သည်နှင့်အမျှ လူများနှင့် အမှုအရာများ၏ အနှစ်သာရအပေါ် ရှင်းလင်းသည့် ထိုးထွင်းအမြင် တိုး၍ တိုး၍ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ပြီး ဘုရား၏ နှုတ်ကပတ်တော်များထဲတွင် ဤအရာ၏ အတည်ပြုချက်ကို တွေ့ရလိမ့်မည်။ လူသားမျိုးနွယ်ကို ထုတ်ဖော်သော ဘုရားသခင်၏ ပြောဆိုချက်အမျိုးမျိုးနှင့် လူသားမျိုးနွယ်ကို ဘုရား၏ သရုပ်ဖော်ချက်များ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အားလုံး မှန်ကန်ကြောင်း၊ ထိုအရာများ အားလုံးက သမ္မာတရားဖြစ်ကြောင်း မြင်ရလိမ့်မည်။ ပြောစရာ မလိုသည်မှာ ဤအရာ၏ အတည်ပြုချက်ကို တွေ့သည်နှင့် သင်သည် ဘုရားသခင်နှင့် ဆိုင်သည့်၊ ဘုရား၏ နှုတ်ကပတ်တော်များနှင့် ဆိုင်သည့် ယုံကြည်မှုနှင့် အသိပညာတို့ကို ပို၍ ပို၍ ရရှိလာလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်ကြောင်း၊ လူက အသက်ရှင်နေထိုင်သင့်သည့် လက်တွေ့ အရှိတရား ဖြစ်ကြောင်း တိုး၍ တိုး၍ သေချာလာလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို လက်ခံခြင်းနှင့် ရရှိခြင်းတွင် ပါဝင်နေသည့် ဖြစ်စဉ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရားကို လက်ခံခြင်းနှင့် ရရှိခြင်း ဖြစ်စဉ်ပင် ဖြစ်သည်။

သမ္မာတရားကို လိုက်စားခြင်း ပန်းတိုင်မှာ သမ္မာတရားကို မိမိ၏ အသက်အဖြစ် လက်ခံဖို့ ဖြစ်သည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်ခံနိုင်သည့်အခါ သူတို့၏ အတွင်းလူ့သဘာဝနှင့် အသက်တာတို့က တဖြည်းဖြည်း စတင်ပြောင်းလဲလာသည်။ နောက်ဆုံးတွင် ဤပြောင်းလဲမှုက သူတို့၏ ဆုလာဘ် ဖြစ်သွားသည်။ အတိတ်တွင် သင်သည် လူများနှင့် အမှုအရာများကို ရိုးရာယဉ်ကျေးမှုနှင့်အညီ ရှုမြင်ခဲ့၏။ သို့သော် ယခုတွင်မူ ဤအရာက မှားယွင်းကြောင်း သင်သဘောပေါက်သွားလေပြီ။ သင်သည် အမှုအရာများကို အဆိုပါ ရှုထောင့်မှ ရှုမြင်တော့မည် မဟုတ်။ သို့မဟုတ် ရိုးရာယဉ်ကျေးမှုက ပြဋ္ဌာန်းထားသည့် အရာများအပေါ် အခြေခံကာ မည်သည့်ပုဂ္ဂိုလ်ကိုမျှ ရှုမြင်တော့မည် မဟုတ်။ သို့ဖြစ်လျှင် ယခုတွင် မည်သည့်အရင်းခံအချက်အပေါ် အခြေခံကာ လူများနှင့် အမှုအရာများကို သင်ရှုမြင်မည်နည်း။ သင်မသိပါက သမ္မာတရားကို လက်မခံသေးကြောင်း သက်သေပြနေ၏။ လူများနှင့် အမှုအရာများကို မည်သည့်သမ္မာတရား အခြေခံမူများနှင့်အညီ ရှုမြင်သင့်ကြောင်းကို သင်သိနေပြီးသား ဖြစ်လျှင်၊ သင်၏ အရင်းခံအချက်၊ လမ်းကြောင်း၊ စံသတ်မှတ်ချက်၊ အခြေခံမူများကို မှန်ကန်တိကျစွာနှင့် ရှင်းလင်းစွာ သင်ဖော်ပြနိုင်လျှင်၊ ဤသမ္မာတရား အခြေခံမူများနှင့်အညီ လူတို့ကို ပိုင်းခြားသိမြင်ကာ ချဉ်းကပ်ခြင်းလည်း ပြုနိုင်လျှင် သမ္မာတရားသည် သင့်အတွင်းတွင် စတင်၍ အကျိုးသက်ရောက်နေနှင့်ပြီ ဖြစ်သည်။ သမ္မာတရားသည် သင်၏ အတွေးအခေါ်များကို လမ်းပြနေပြီး လူများနှင့် အမှုအရာများကို သင်ရှုမြင်သည့် ရှုထောင့်ကို ကြီးစိုးနေပြီ ဖြစ်သည်။ ဤအရာက သမ္မာတရားသည် သင့်အထဲ၌ အမြစ်တွယ်နေနှင့်ပြီ ဖြစ်ပြီး သင်၏ အသက်ဖြစ်လာပြီ ဖြစ်ကြောင်း သက်သေပြ၏။ သို့ဖြစ်လျှင် သင့်အပေါ် သမ္မာတရား၏ အကျိုးသက်ရောက်မှုက နောက်ဆုံးတွင် သင့်ကို မည်ကဲ့သို့ အထောက်အကူပြုလိမ့်မည်နည်း။ သမ္မာတရားက သင်၏ ကျင့်ကြံပြုမူပုံ၊ သင်ရွေးချယ်သော လမ်းကြောင်း၊ အသက်တာရှိ သင်၏ ဦးတည်ချက်တို့ကို လွှမ်းမိုးလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရားက သင်၏ ကျင့်ကြံပြုမူပုံနှင့် သင်လျှောက်သော လမ်းကြောင်းကို လွှမ်းမိုးနိုင်လျှင် ဘုရားသခင်နှင့် သင့်ဆက်ဆံရေးကိုလည်း လွှမ်းမိုးလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို သမ္မာတရားက လွှမ်းမိုးထားခြင်းမှ မည်သည့်ရလဒ် ထွက်လာမည်နည်း။ သင်သည် ပိုရင်းနှီးလာမည်လော သို့မဟုတ် ပိုစိမ်းသွားမည်လော။ (ကျွန်ုပ်သည် ဘုရားသခင်နှင့် ပို၍ ရင်းနှီးလာပါမည်။) ကျိန်းသေပေါက်ပင် ဘုရားနှင့် ပိုရင်းနှီးလာပေမည်။ သင်သည် ဘုရားသခင်နှင့် ပိုရင်းနှီးလာသည့်အခါ ဘုရားနောက် လိုက်လိုစိတ်နှင့် ဘုရားရှေ့ ပျပ်ဝပ်လိုစိတ် ပိုရှိလာမည်လော သို့မဟုတ် သံသယများ၊ အထင်လွဲမှုများ၏ ဟန့်တားမှုကို ခံရလျက် ဘုရား၏ တည်ရှိမှုကို ချီတုံချတုံနှင့် ယုံကြည်မည်လော။ (ကျွန်ုပ်သည် ဘုရားနောက် လိုက်ဖို့နှင့် ဘုရားရှေ့ ပျပ်ဝပ်ဖို့ လိုလိုလားလား ရှိနေမည် ဖြစ်ပါသည်။) ယင်းက သေချာ၏။ ဤကဲ့သို့ လိုလိုလားလား ဖြစ်နေအောင် သင်မည်သို့ စွမ်းဆောင်မည်နည်း။ ဘုရားနှုတ်ကပတ်တော်များ၏ အတည်ပြုချက်ကို လက်တွေ့ဘဝထဲတွင် သင်တွေ့ရလိမ့်မည်။ သမ္မာတရားက သင့်အတွင်း၌ စတင်၍ အကျိုးသက်ရောက်မှု ရှိလာလိမ့်မည် ဖြစ်ပြီး ထိုအရာ၏ အတည်ပြုချက်ကို သင်တွေ့ရလိမ့်မည်။ အမှုအရာအားလုံး ဖြစ်ပေါ်လာနေသည့် ဖြစ်စဉ်တွင် ဤအရာများ အားလုံး၏ ဖုံးကွယ်ထားသော အရင်းအမြစ်က သင့်အတွင်းတွင် အတည်ပြုခြင်း ခံရလိမ့်မည်ဖြစ်ပြီး ထိုအရင်းအမြစ်က ဘုရား၏ နှုတ်ကပတ်တော်များနှင့် လုံးလုံးလျားလျား ကိုက်ညီကြောင်း သင်တွေ့ရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးသည် သမ္မာတရားဖြစ်ကြောင်း သင်ဆန်းစစ်အတည်ပြုမည် ဖြစ်ပြီး ဤအရာက ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို တိုးပွားစေလိမ့်မည်။ သင့်တွင် ဘုရားသခင်အပေါ် ယုံကြည်မှု ပိုရှိလေလေ ဘုရားနှင့် သင့်ဆက်ဆံရေးက ပို၍ ပုံမှန်ဖြစ်လာလေလေ ဖြစ်ပြီး သင်သည် ဖန်ဆင်းခံတစ်ဦးကဲ့သို့ ပြုမူဖို့၊ ဘုရားသခင်ကို သင်၏ အချုပ်အခြာအာဏာရှင်အဖြစ် မှတ်ယူဖို့ တိုး၍ တိုး၍ လိုလိုလားလား ရှိလာမည် ဖြစ်သည့်အပြင် ဘုရားသခင်ကို ကျိုးနွံနာခံသည့် သင့်ကဏ္ဍများသည်လည်း အရေအတွက် တိုးပွားလာလိမ့်မည်။ သင့်ဆက်ဆံရေးရှိ ဤတိုးတက်မှုကို မည်သို့သဘောရသနည်း။ အလွန် ကောင်းသည် မဟုတ်လော။ ဤသည်မှာ ကောင်းမွန်ပြီး အပြုသဘော ဆောင်သည့် တိုးတက်မှုဖြစ်စဉ်၏ ရလဒ်ဖြစ်သည်။ ဤသို့ဆိုလျှင် ဆိုးရွားပြီး ဒုက္ခပေးနိုင်သော တိုးတက်မှုဖြစ်စဉ်၏ အကျိုးဆက်များက အဘယ်အရာ ဖြစ်မည်နည်း။ (ဘုရားသခင်၏ တည်ရှိမှုအပေါ် ယုံကြည်မှုက တိုး၍ တိုး၍ အားနည်းလာမည် ဖြစ်ပြီး ဘုရားသခင်နှင့် ပတ်သက်၍ အထင်လွဲမှုများ၊ သံသယများ ရှိလာပါလိမ့်မည်။) ယုတ်စွအဆုံးအနေဖြင့် အဆိုပါအရာများသည် အကျိုးဆက်များ ဖြစ်ပေလိမ့်မည်။ သင်သည် မည်သည့်ကိစ္စရပ်တွင်မျှ အတည်ပြုချက်ကို ရမည် မဟုတ်။ သင်၏ ယုံကြည်မှုတွင် သမ္မာတရားကို ရယူနိုင်စွမ်း မရှိမည်သာမက အယူအဆမျိုးစုံလည်း သင့်တွင် ဖြစ်ပေါ်လာလိမ့်မည်။ သင်သည် ဘုရားကို အထင်လွဲ၊ အပြစ်တင်ကာ ခုခံတားဆီးလိမ့်မည်ဖြစ်ပြီး အဆုံးတွင် ဘုရားကို ငြင်းပယ်လိမ့်မည်။ သင်၏ စိတ်နှလုံးထဲ၌ ဘုရားကို ငြင်းပယ်လျှင် သင်သည် ဘုရားနောက် လိုက်နေနိုင်ဆဲ ဖြစ်မည်လော။ (ထိုသို့ဖြစ်မည် မဟုတ်ပါ။) သင့်တွင် ဘုရားနောက် လိုက်လိုစိတ် ရှိတော့မည် မဟုတ်။ ထို့နောက်ပိုင်း၌ မည်သည့်အရာ ဖြစ်လာမည်နည်း။ ဘုရားသခင် လုပ်ဆောင်ပြောဆိုသည့် အရာအပေါ် သင်သည် စိတ်ဝင်စားမှု ပျောက်ဆုံးသွားလိမ့်မည်။ ဘုရားက “လူသားမျိုးနွယ်၏ အဆုံးသတ်နိဂုံးသည် နီးကပ်လာပြီ” ဟု ပြောသည့်အခါ “အဘယ်အရာကိုမျှ ကျွန်ုပ်မမြင်ပါ” ဟု သင်ပြန်ပြောလိမ့်မည်။ ဘုရားကို သင်ယုံမည် မဟုတ်။ “သမ္မာတရားကို လိုက်စားပြီးသည့်အခါ သင်သည် ကောင်းမွန်သော ခရီးပန်းတိုင်ကို ရလိမ့်မည်” ဟု ဘုရားသခင်က ပြောသည့်အခါ သင်သည် “ကိုယ်တော်မိန့်တော်မူသော ဤကောင်းမွန်သည့် ခရီးပန်းတိုင်ကား အဘယ်မှာနည်း။ ကျွန်ုပ်မမြင်ပါ” ဟု ပြန်ပြောလိမ့်မည်။ သင်သည် စိတ်ဝင်စားမှုမရှိဘဲ ဖြစ်နေမည်။ “စစ်မှန်သည့် ဖန်ဆင်းခံတစ်ဦးကဲ့သို့ သင်ပြုမူရမည်” ဟု ဘုရားသခင်က ပြောသောအခါ သင်သည် “စစ်မှန်သည့် ဖန်ဆင်းခံတစ်ဦးကဲ့သို့ ပြုမူခြင်းတွင် အကျိုးကျေးဇူးတစ်စုံတစ်ရာ ရှိပါသလော။ ထိုအရာမှ ကောင်းချီးမည်မျှကို ကျွန်ုပ်ရရှိနိုင်မည်နည်း။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ကောင်းချီးများကို ကျွန်ုပ် အမှန်တကယ် ရနိုင်ပါသလော။ ထိုအရာက ကောင်းချီးများ ရရှိခြင်းနှင့် ဆက်နွှယ်နေပါသလော” ဟု ပြန်ပြောလိမ့်မည်။ “ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်လက်ခံပြီး ကျိုးနွံနာခံရမည်” ဟု ဘုရားက ပြောသည့်အခါ သင်သည် “အဘယ်အချုပ်အခြာအာဏာနည်း။ ဘုရား၏ အချုပ်အခြာအာဏာကို ကျွန်ုပ်အဘယ်ကြောင့် ခံစား၍ မရနိုင်သနည်း။ ဘုရားသခင်က အမှန်တကယ်ပင် အချုပ်အခြာအာဏာ ပိုင်စိုးသည်ဆိုလျှင် ကျွန်ုပ်ကို အဘယ်ကြောင့် ဆင်းဆင်းရဲရဲ အသက်ရှင်စေသနည်း။ ကျွန်ုပ်ကို အဘယ်ကြောင့် ဖျားနာစေသနည်း။ ဘုရားသခင်က အချုပ်အခြာအာဏာ ပိုင်စိုးသည်ဆိုလျှင် အမှုကိစ္စများက ကျွန်ုပ်အတွက် အဘယ်ကြောင့် အမြဲပင် အလွန်တရာ ခက်ခဲနေရပါသနည်း” ဟု ပြန်ပြောလိမ့်မည်။ သင့်စိတ်နှလုံးက မကျေနပ်ချက်များနှင့် ပြည့်နေမည်ဖြစ်ပြီး သင်သည် ဘုရားသခင်ပြောသည့်အရာ တစ်ခုကိုမျှ ယုံကြည်လိမ့်မည် မဟုတ်။ ဤအရာက သင့်ထံ၌ ဘုရားအပေါ် စစ်မှန်သော ယုံကြည်မှု ကင်းမဲ့နေပုံကို ထင်ရှားစေလိမ့်မည်။ ဤအကြောင်းကြောင့်ပင် သင်သည် အမှုကိစ္စအမျိုးမျိုးကို ကြုံရသည့်အခါ နာခံမှု စိုးစဉ်းမျှပင် မရှိဘဲ ညည်းညူခြင်းသာ ပြုလိမ့်မည်။ ယင်းသည် ဒုက္ခပေးနိုင်သည့် ဤအဆုံးသတ်သို့ သင်ဆိုက်ရောက်လာမည့်ပုံ ဖြစ်သည်။ လူတချို့က ပြောကြသည်မှာ “ဘုရားသခင်သည် အချုပ်အခြာအာဏာ ပိုင်စိုးသည်ဖြစ်၍ ကျွန်ုပ်ကို နာမကျန်းဖြစ်နေခြင်းမှ ချက်ချင်း ပြန်လည် ကျန်းမာလာအောင် ကူညီပေးသင့်သည်။ ကိုယ်လိုချင်သည့်အရာ မှန်သမျှကို ကျွန်ုပ်စွမ်းဆောင်ရရှိနိုင်အောင် ကူညီပေးသင့်သည်။ အဘယ်ကြောင့်များ ယခု ကျွန်ုပ်ဘဝသည် ဆင်းရဲဒုက္ခ၊ အဆင်မပြေမှုများနှင့် ပြည့်နေရသနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်မှု ပျောက်ဆုံးသွားပြီး ယခင်က ၎င်းတို့တွင် ရှိခဲ့ဖူးသည့် မရေမရာ ယုံကြည်မှု၏ အရိပ်အယောင် စိုးစဉ်းမျှပင် ကျန်မနေတော့ပေ။ ယုံကြည်မှုက လုံးဝ ပျောက်ကွယ်သွား၏။ ဤသည်မှာ ဤကိစ္စတစ်ခုလုံး၏ ဒုက္ခပေးနိုင်သည့် အကျိုးဆက်နှင့် ဆိုးယုတ်သည့် ရလဒ်ဖြစ်သည်။ ဤအဆင့်အထိ သင်တို့ ရောက်လိုသလော။ (မရောက်လိုပါ။) ဤအဆင့်အထိ နိမ့်ကျမသွားလေအောင် မည်သို့ရှောင်၍ ရနိုင်သနည်း။ သမ္မာတရားနှင့် ပတ်သက်လာသောအခါ လုံ့လစိုက်ရမည်။ ဤအရာအားလုံးအတွက် သော့ချက်နှင့် လမ်းကြောင်းက သမ္မာတရားထဲနှင့် ဘုရားနှုတ်ကပတ်တော်များထဲတွင် ရှိ၏။ ဘုရားနှုတ်ကပတ်တော်များအပြင် သမ္မာတရားနှင့် ပတ်သက်လာသောအခါ သင်သည် လုံ့လစိုက်ထုတ်ပါက သင်ကိုယ်တိုင်ပင် မသိလိုက်ပါဘဲနှင့် သင့်အား ဘုရားသခင် သွန်သင်ထားပြီး လမ်းပြပေးထားသော လမ်းကြောင်းကို ပို၍ ရှင်းလင်းစွာ စတင် မြင်လာမည် ဖြစ်ကာ ဘုရားသခင် စီစဉ်ညွှန်ကြားသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ၏ အနှစ်သာရကို မြင်လာလိမ့်မည်။ ဤအတွေ့အကြုံ၏ အဆင့်တိုင်းမှတစ်ဆင့် သင်သည် လူများနှင့် အမှုအရာများကို ရှုမြင်ခြင်းအတွက်၊ ဘုရား၏ နှုတ်ကပတ်တော်များအတွင်း ကျင့်ကြံပြုမူပြီး လုပ်ဆောင်ခြင်းအတွက် အခြေခံမူများနှင့် အရင်းခံအချက်ကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာလိမ့်မည်။ သမ္မာတရားကို လက်ခံပြီး နားလည်လာခြင်းဖြင့် သင်သည် သင်ကြုံကြိုက်ရသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများထဲတွင် အခြေခံမူများနှင့် လက်တွေ့လုပ်ဖို့ လမ်းကြောင်းများကို တွေ့ရှိရလိမ့်မည်။ ဤလမ်းကြောင်းများအတိုင်း သင်လက်တွေ့လုပ်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်ထံ ဝင်ရောက်လာမည် ဖြစ်ပြီး သင့်အသက် ဖြစ်လာလိမ့်မည်။ ဤသို့ဖြင့် ကိုယ်တိုင်ပင် မသိလိုက်ပါဘဲနှင့် သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်၊ စီစဉ်ညွှန်ကြားမှုများအောက်၌ စတင် အသက်ရှင်လာလိမ့်မည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများအောက်၌ အသက်ရှင်သည့်အခါ သင်သည် ဘုရား၏ နှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများအား ရှုမြင်နည်းကို မရည်ရွယ်ဘဲ တတ်မြောက်သွားလိမ့်မည်။ သင့်လျော်သည့် ရပ်တည်ချက်၊ ရှုထောင့်၊ သဘောထားအမြင်တို့မှ အမှုအရာများကို သင်ရှုမြင်လိမ့်မည်။ အမှုအရာများအပေါ် သင့်ရှုမြင်ချက်တို့၏ ရလဒ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ရော သမ္မာတရားနှင့်ပါ ကိုက်ညီလိမ့်မည်။ ယင်းတို့က သင့်ကို ဘုရားသခင်နှင့် တိုး၍ တိုး၍ ရင်းနှီးစေမည် ဖြစ်ပြီး သမ္မာတရားကို ပို၍ ပို၍ ဆာငတ်တောင့်တစေလိမ့်မည်။ သို့သော်လည်း သင်သည် သမ္မာတရားကို မလိုက်စားပါက၊ သို့မဟုတ် သမ္မာတရားနှင့် စပ်လျဉ်း၍ လုံ့လမစိုက်ထုတ်ပါက၊ ထို့ပြင် သမ္မာတရားကို စိတ်မဝင်စားပါက အဆုံး၌ မည်သည့်အခြေအနေသို့ သင်ရောက်သွားမည်ကို ပြောဖို့ ခက်၏။ နောက်ဆုံးတွင်မူ အဆိုးတကာ့ အဆိုးဆုံး အဆုံးသတ်သည် လူတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ဖို့ မည်မျှပင် ကြိုးစားပါစေ ဘုရား၏ လုပ်ဆောင်ချက်များကို မမြင်နိုင်ကြသည့်အခါ သို့မဟုတ် ဘုရား၏ အချုပ်အခြာအာဏာကို မခံစားနိုင်ကြသည့်အခါတွင် ဖြစ်သည်။ အမှုအရာမည်မျှကို ၎င်းတို့တွေ့ကြုံသည်ဖြစ်စေ ဘုရားသခင်၏ အကြွင်းမဲ့ တန်ခိုးနှင့် ဉာဏ်ပညာတို့ကို သတိမမူမိနိုင်ကြသည့်အခါတွင် ဖြစ်သည်။ ထိုသို့သော အခြေအနေများတွင် လူတို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းကိုသာ အသိအမှတ် ပြုလိမ့်မည်။ သို့ရာတွင် ၎င်းတို့ ကယ်တင်ခံရမည့် မျှော်လင့်ချက်ကိုမူ မြင်ရလိမ့်မည် မဟုတ်။ ဘုရားသခင်၏ စိတ်သဘောထားမှာ ဖြောင့်မတ်ပြီး သန့်ရှင်းကြောင်းကို ၎င်းတို့ မြင်ရန်မှာမူ ဝေလာဝေးပင် ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုက ဝိုးတိုးဝါးတား ဖြစ်နေသည်ဟု အစဉ်အမြဲ ခံစားရလိမ့်မည်။ ဤအရာက ၎င်းတို့သည် သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကိုဖြစ်စေ မရရှိထားကြောင်း၊ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာပြီးသည့် နောက်တွင် မည်သည့်အရာကိုမျှ မရရှိခဲ့ကြောင်း သက်သေပြနေသည်။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဟူသည့် တတိယမြောက် ဆိုရိုးအပေါ် ငါ၏ မိတ်သဟာယပြုချက် ဤတွင် ပြီး၏။

အကျင့်စာရိတ္တနှင့် ပတ်သက်သည့် စတုတ္ထ အဆိုမှာ အဘယ်နည်း။ (အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ။) လူတို့သည် အဆိုးကို အကောင်းဖြင့် တုံ့ပြန်သည့်အခါ ရည်ရွယ်ချက် တစ်ခုခု သိုထားကြသလော။ မိမိတို့အတွက် အမှုအရာများကို သာ၍ လွယ်ကူစေဖို့အလို့ငှာ ၎င်းတို့ နောက်ခြေတစ်လှမ်း ဆုတ်ကြခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အမှုအရာများကို ကျေရာကျေကြောင်း ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းတစ်ခု မဟုတ်လော။ လူတို့သည် မပြီးနိုင်မဆုံးနိုင်သော လက်တုံ့ပြန်သည့် သံသရာထဲ မပိတ်မိလိုကြ။ ၎င်းတို့အနေဖြင့် သာ၍ အနည်းငယ် အေးချမ်းစွာ အသက်ရှင်နိုင်ရန်အလို့ငှာ အမှုအရာများကို ပြေလည်သင့်မြတ်ရန် ဆန္ဒရှိကြသည်။ လူတစ်ဦး၏ ဘဝသည် အထူးသဖြင့် ရှည်ကြာခြင်းမရှိသကဲ့သို့ ၎င်းတို့အနေဖြင့် နှစ်တစ်ရာ အသက်အရွယ်၊ သို့မဟုတ် နှစ်ရာချီ အိုမင်းသည်အထိ အသက်ရှင်သည်ဖြစ်စေ ၎င်းတို့ ဘဝများက တိုတောင်းသည်ကို ၎င်းတို့ တွေ့ရှိရလေသည်။ တစ်နေ့လုံး လက်တုံ့ပြန်ခြင်းနှင့် သတ်ဖြတ်ခြင်း အတွေးများဖြင့် ၎င်းတို့ မိမိတို့ကိုယ်ကို ဖိစီးစေကြသည်။ ၎င်းတို့၏ အတွင်းနယ်ပယ်များသည် ဝရုန်းသုန်းကား အခြေအနေဖြင့် ပြည့်ကာ ပျော်ရွှင်ချမ်းမြေ့ခြင်းမရှိသည့် အသက်တာများကို အသက်ရှင်ကြသည်။ ထို့ကြောင့် သာ၍ ပျော်ရွှင်သည့်၊ သာ၍ ဝမ်းမြောက်ဖွယ် ဘဝတစ်ခုကို အသက်ရှင်ရန်နှင့် မိမိတို့ကိုယ်ကို မှန်ကန်စွာ သဘောထားရန် နည်းလမ်းတစ်ခု ရှာတွေ့ဖို့ ၎င်းတို့ ကြိုးစားကြသည်။ ထိုနည်းလမ်းမှာ အဆိုးကို အကောင်းဖြင့် တုံ့ပြန်ခြင်း ဖြစ်သည်။ လူတို့အနေဖြင့် အချင်းချင်း စိတ်အနှောင့်အယှက် ဖြစ်စေမည်ဖြစ်ပြီး မိမိတို့ ဘဝများအတွင်းတွင် အချင်းချင်း အကြံအစည်များ၏ သားကောင်များ ဖြစ်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ၎င်းတို့သည် အငြိုးကြီးပြီး ခါးသီးသည့် ခံစားချက်များဖြင့် အစဉ် ဖိစီးကာ အတော်အတန် ယုတ်ညံသော ဖြစ်တည်မှုများဖြင့် အသက်ရှင်နေထိုင်ကြလေသည်။ ထို့ကြောင့် လူမှု အခြေအနေ၊ လူမှု တည်ငြိမ်မှုနှင့် စည်းလုံးရေးအတွက် ထိုအရာကို မိမိတို့၏ စိတ်လှုံ့ဆော်မှုအဖြစ် ထားရှိလျက် ဘုရားဖြစ်မည့် အုတ်ခဲများသည် ဤကိုယ်ကျင့်တရား စံကို ကမ္ဘာလောကထံ ကြော်ငြာကြလေသည်။ ၎င်းတို့သည် အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ရန်နှင့် ထိုအစား အဆိုးကို အကောင်းဖြင့် တုံ့ပြန်ဖို့ သင်ယူရန် လူများကို တိုက်တွန်းရင်း မုန်းတီးမှုနှင့် သတ်ဖြတ်မှုတို့ကို ရှောင်ကြဉ်ရန် လူတို့အား သတိပေးကြလေသည်။ အတိတ်တွင် တစ်စုံတစ်ဦးက သင့်ကို ထိခိုက်နစ်နာစေခဲ့လျှင်ပင် ၎င်းတို့အပေါ် သင် လက်တုံ့ပြန်မည့်အစား ၎င်းတို့ကို သင် ကူညီသင့်သည်၊ ၎င်းတို့၏ အတိတ်က အမှားများကို ခွင့်လွှတ်သင့်သည်၊ ၎င်းတို့နှင့် ပုံမှန် ဆက်ဆံသင့်ပြီး သင်တို့ကြားရှိ မလိုမုန်းထားစိတ်ကို ထိန်းသိမ်းလျက်၊ ပြီးလျှင် သဘောညီညွတ်သည့် ဆက်ဆံရေးတစ်ခုကို ဖန်တီးရယူလျက် ၎င်းတို့ကို တဖြည်းဖြည်း ပြောင်းလဲစေသင့်သည်ဟု ဆိုကြသည်။ ဤအရာက လူ့အဖွဲ့အစည်းတွင် စိတ်သဘောညီညွတ်ခြင်းအဖြစ်သို့ ဆိုက်ရောက်စေလိမ့်မည် မဟုတ်လော။ သင့်ကို မည်သူက စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်ပြီးဖြစ်စေ၊ မိသားစုဝင်တစ်ဦး၊ မိတ်ဆွေ၊ အိမ်နီးချင်း၊ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်စေ ၎င်းတို့၏ အဆိုးကို အကောင်းဖြင့် သင် တုံ့ပြန်ရမည်ဖြစ်ပြီး အာဃာတ ထားခြင်းကို ရှောင်ကြဉ်ရမည်ဟု ၎င်းတို့ ပြောကြသည်။ လူတိုင်းက ဤအရာကို လုပ်ဆောင်နိုင်ပါက ယင်းမှာ လူတို့က “လူတိုင်းက မေတ္တာတရား အနည်းငယ်စီ ပေးမည်ဆိုလျှင် ကမ္ဘာလောကသည် နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းသော နေရာတစ်ခု ဖြစ်လာလိမ့်မည်”ဟု ပြောကြသည့်အတိုင်းသာ ဖြစ်လိမ့်မည်ဟု ၎င်းတို့ အခိုင်အမာဆိုကြသည်။ ဤအခိုင်အမာပြောဆိုချက်များသည် စိတ်ကူးများအပေါ် အခြေခံထားသည် မဟုတ်လော။ နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းသော နေရာတစ်ခုဟု ဆိုသွားသလော။ ကျားသားမိုးကြိုးပေတည်း။ ကမ္ဘာလောကကို စီမံသောသူနှင့် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသောသူမှာ အဘယ်သူဖြစ်သည်ကို တစ်ချက်ကြည့်လော့။ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည့် အကျင့်စာရိတ္တနှင့် ပတ်သက်သည့် အဆိုက အမှန်တကယ် မည်သည့်ပြောင်းလဲမှုကို ဖန်တီးရယူနိုင်သနည်း။ ယင်းသည် မည်သည့်အရာကိုမျှ မပြောင်းလဲပေးနိုင်ပေ။ အခြားအရာများကဲ့သို့ပင် ဤအဆိုက လူတို့၏ ကိုယ်ကျင့်တရား အရည်အသွေးအပေါ် အချို့သော တောင်းဆိုချက်များ ထားရှိသည်၊ သို့မဟုတ် ၎င်းတို့အပေါ် စည်းမျဉ်းအချို့ကို ပြဋ္ဌာန်းလေသည်။ ထိုအရာက ၎င်းတို့အနေဖြင့် အခြားလူများထံမှ မုန်းတီးမှုနှင့် သတ်ဖြတ်မှုတို့ကို ရင်ဆိုင်ရသည့်အခါ မုန်းတီးမှုနှင့် သတ်ဖြတ်မှုတို့ကို ကျင့်သုံးခြင်းမှ ရှောင်ကြဉ်ရန်နှင့် မိမိတို့ကို ထိခိုက်နစ်နာစေသည့် လူတို့ကို အလွယ်တကူ ဒေါသမထွက်တတ်သည့် စိတ်ဖြင့် အေးအေးဆေးဆေး ဆက်ဆံပြီး ထိုမလိုမုန်းထားစိတ်နှင့် သတ်ဖြတ်မှုတို့ကို ထိန်းသိမ်းရန်နှင့် သွေးထွက်သံယိုဖြစ်သည့် ပမာဏကို လျော့နည်းစေရန် မိမိတို့၏ အကျင့်စာရိတ္တကို အသုံးပြုကြရန်တို့ကို တောင်းဆိုလေသည်။ အကျင့်စာရိတ္တနှင့်ပတ်သက်၍ ဤအဆိုသည် လူတို့အပေါ် အတိုင်းအတာ တစ်ခုအထိ ထိရောက်သည်မှာ အမှန်ဖြစ်၏။ ထိုအရာက မလိုမုန်းထားစိတ်နှင့် မကျေမချမ်းဖြစ်ခြင်းတို့ကို ဖြေဖျောက်ပေးနိုင်ပြီး လက်တုံ့ပြန် သတ်ဖြတ်မှုများကို အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားစေနိုင်သည်။ ပြီးလျှင် လူမှု အခြေအနေ၊ အများပြည်သူ ဖွဲ့စည်းပုံစနစ်နှင့် လူမှု သဟဇာတဖြစ်ခြင်းတို့အပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှု အတိုင်းအတာတစ်ခုခု ရှိနိုင်သော်လည်း ထိုသက်ရောက်မှုရှိရန် ဤအဆိုအတွက် မည်သည့် ကြိုတင်သတ်မှတ်ချက်များ ရှိပါသနည်း။ လူမှု ပတ်ဝန်းကျင်အရ အရေးပါသည့် ကြိုတင်သတ်မှတ်ချက်များ ရှိ၏။ တစ်ခုမှာ လူတို့ ပိုင်ဆိုင်သည့် ပုံမှန် ဆင်ခြင်တုံတရားနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်း ဖြစ်သည်။ လူတို့က “ငါ လက်တုံ့ပြန်လိုသည့် ဤလူသည် ငါ့ထက် သာ၍ တန်ခိုးအာဏာ ရှိပါသလား၊ သာ၍ တန်ခိုးအာဏာ နည်းပါးပါသလား။ သူတို့အပေါ် ငါ လက်တုံ့ပြန်လျှင် ငါ့ရည်မှန်းချက်ပန်းတိုင်ကို ငါ စွမ်းဆောင်ရရှိနိုင်လိမ့်မည်လား။ ငါ လက်တုံ့ပြန်ပြီး သူတို့ကို သတ်မည်ဆိုလျှင် ကိုယ့်သေတွင်း ကိုယ်တူးသလိုများ ဖြစ်လေမလား”ဟု တွေးကြသည်။ ၎င်းတို့သည် အကျိုးဆက်များကို ပထမဦးစွာ ချိန်ဆကြသည်။ ဤအရာများကို အချိန်ယူ စဉ်းစားပြီးနောက်တွင် လူအများစုက “သူတို့က အဆက်အသွယ်ကောင်းသည်၊ လူမှုရေးလည်း အရှိန်အဝါများစွာ ရှိပြီး ၎င်းတို့ ရက်စက်ကာ ကြမ်းကြုတ်ကြသည်။ ထို့ကြောင့် ၎င်းတို့က ငါ့ကို ထိခိုက်နစ်နာစေခဲ့သော်လည်း ၎င်းတို့အပေါ် လက်တုံ့ပြန်ဖို့ ငါကြိုးစား၍ မဖြစ်ပါ။ စော်ကားမှုကို တိတ်ဆိတ်စွာ ငါမျိုသိပ်ရမည်။ သို့ရာတွင် ဤဘဝ၌ ၎င်းတို့အပေါ် လက်တုံ့ပြန်ခွင့် တစ်ကြိမ်တစ်ခါ ရလျှင် ငါ ယူလိုက်မည်”ဟု သဘောပေါက်ကြလေသည်။ “လက်စားချေရန် အားမထုတ်သူသည် လူမဟုတ်”ဆိုသည်နှင့် “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ”ဟူသည့် ရေပန်းစားသော ဆိုရိုးများကဲ့သို့ ဖြစ်သည်။ လူတို့သည် ရှင်သန်ခြင်းအတွက် ဤအတွေးအခေါ် အမျိုးအစားများကို သိုထားဆဲဖြစ်သည်။ တစ်နည်းအားဖြင့် လူမှု ပတ်ဝန်းကျင်နှင့်လည်းကောင်း၊ လူ၏ ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးခြင်းနှင့်လည်းကောင်း တိုက်ရိုက် ဆက်နွှယ်သောကြောင့် အဆိုးကို အကောင်းဖြင့် တုံ့ပြန်ခြင်းနှင့်ဆိုင်သော ရှင်သန်ခြင်းအတွက် အတွေးအခေါ်ကို လူတို့က စွဲကိုင်ထားကြလေသည်။ လူတို့၏ အယူအဆများနှင့် ၎င်းတို့၏ ဆင်ခြင်တုံတရား၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းတို့ကြောင့် ထိုအရာ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ လူအများစုသည် ဤအခြေအနေမျိုးများကို ကြုံရသည့်အခါ စော်ကားမှုများကို တိတ်ဆိတ်စွာ မျိုသိပ်ပြီး အဆိုးကို အကောင်းဖြင့် တုံ့ပြန်ခြင်းအား အပြင်ပန်းအားဖြင့် လက်တွေ့လုပ်ဆောင်ပြီး မိမိတို့၏ အမုန်းတရားနှင့် သွေးကြွေးဆပ်မှုများကို ဘေးဖယ်ထားရုံသာ လုပ်ဆောင်နိုင်သည်။ လူတို့သည် ရှင်သန်ခြင်းအတွက် ဤအတွေးအခေါ်ကို စွဲကိုင်ရသည့် နောက်ထပ် အကြောင်းရင်းမှာ အချို့သော ကိစ္စများတွင် ပါဝင်ပတ်သက်သည့် အဖွဲ့နှစ်ဖွဲ့ကြား၌ ကြီးမားသည့် တန်ခိုးအာဏာ ဟန်ချက်မညီမျှမှုတစ်ခု ရှိသောကြောင့် မတရားခံရသည့် အဖွဲ့သည် ကလဲ့စားချေခြင်းကို မကြိုးစားဝံ့သကဲ့သို့ ၎င်းတို့ လုပ်ဆောင်နိုင်သည့် အခြားအရာ မည်သည့်အရာမျှ မရှိသည့်အလား အဆိုးကို အကောင်းဖြင့် တုံ့ပြန်ရန် ဖိအားပေးခြင်းခံရလေသည်။ ၎င်းတို့အနေဖြင့် လက်စားချေရမည်ဆိုပါက ၎င်းတို့ တစ်မိသားစုလုံး၏ အသက်များကို အန္တရာယ်ဖြစ်စေမည်ဖြစ်ပြီး ထိုအရာ၏ အကျိုးဆက်များက မတွေးတတ်အောင်ဖြစ်လေသည်။ ထိုသို့သော ကိစ္စများတွင် လူတို့က စော်ကားမှုကို မျိုသိပ်ခြင်းဖြင့် ဆက်လက် အသက်ရှင်ခြင်းကိုသာ ပိုမိုနှစ်သက်ဖွယ် ဖြစ်သည်ဟု တွေ့ရှိရသည်။ သို့ရာတွင် ထိုသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် မိမိတို့၏ မကျေမချမ်းမှုကို ချိုးနှိမ်နိုင်ကြပြီလော။ လူတစ်ဦးတစ်ယောက်သည် အာဃာတတစ်ခုကို မေ့ပစ်နိုင်စွမ်း ရှိသလော။ (မရှိပါ။) အထူးသဖြင့် အလွန် ပြင်းထန်ဆိုးရွားသော အာဃာတထားသည့် အခြေအနေများတွင် ဥပမာအနေဖြင့် တစ်စုံတစ်ဦးက သင်၏ သွေးသားရင်းချာကို သတ်ဖြတ်ပြီး သင်၏ မိသားစုကို ဖျက်ဆီးကာ သင့်ကို နာမည်ပျက်စေ၍ သင့်အနေဖြင့် ၎င်းအပေါ် ပြင်းထန်သော မလိုမုန်းထားမှု ဖြစ်ပေါ်လာအောင် လုပ်သည့်အခါ ထိုသို့သော အာဃာတကို မည်သူကမျှ လက်မလွှတ်နိုင်ပေ။ ဤသည်မှာ လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူသားမျိုးနွယ်က မချိုးနှိမ်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ လူတို့သည် ထိုသို့သော အခြေအနေများတွင် အမုန်းတရား ခံစားချက်များ အလိုအလျောက် ဖြစ်ပေါ်သည်မှာ အတော်ကို ပုံမှန်ဖြစ်၏။ ထိုခံစားချက်များသည် တဇောက်ကန်းစိတ်၊ ဗီဇ၊ သို့မဟုတ် အသိစိတ်ကြောင့် ဖြစ်ပေါ်သည်ဖြစ်စေ၊ မည်သို့ဆိုစေ ယင်းမှာ ပုံမှန်တုံ့ပြန်မှုတစ်ခု ဖြစ်သည်။ ခွေးများပင်လျှင် မိမိတို့ကို ကောင်းမွန်စွာ ဆက်ဆံပြီး ပုံမှန် အစာကျွေးသည့်၊ သို့မဟုတ် ကူညီသည့် လူများနှင့် ပို၍ ရင်းနှီးကြပြီး ထိုလူများကို ယုံကြည်လာသော်လည်း ၎င်းတို့ကို အနိုင်ကျင့်ပြီး နှိပ်စက်သူများကို စက်ဆုပ်ကြသည်။ ထိုမျှသာမဟုတ်။ မိမိတို့ကို အနိုင်ကျင့်သူများနှင့် အနံ့၊ သို့မဟုတ် အသံ တူသည့် လူများကိုပင်လျှင် စက်ဆုပ်ကြလိမ့်မည်ဖြစ်သည်။ သင်မြင်သလော၊ ခွေးများပင်လျှင် ဤဗီဇ ပိုင်ဆိုင်ကြသည်၊ လူများဆိုလျှင်မူ ပြောစရာ ဘာမျှမရှိတော့ပေ။ လူတို့သည် တိရစ္ဆာန်များထက် သာ၍ များစွာ ရှုပ်ထွေးသည့် စိတ်များကို ရှိကြသည်ကို ထောက်သော် လက်တုံ့ပြန် သတ်ဖြတ်ခြင်း၊ သို့မဟုတ် တရားမမျှတသည့် ဆက်ဆံမှုတို့နှင့် ရင်ဆိုင်ရသည့်အခါ မလိုမုန်းထားစိတ် ခံစားကြသည်မှာ ၎င်းတို့အတွက် လုံးဝ ပုံမှန်ဖြစ်၏။ သို့ရာတွင် အကြောင်းရင်း အချို့နှင့် သီးသန့်အခြေအနေများကြောင့် လူတို့သည် မကြာခဏဆိုသလို မဖြစ်မနေ အလျှော့ပေးကြရပြီး စော်ကားမှုများကို မျိုသိပ်ကာ အမှုအရာများကို သည်းညည်းခံရကြလေသည်။ သို့ရာတွင် ဤသည်မှာ ၎င်းတို့အနေဖြင့် အဆိုးကို အကောင်းဖြင့် တုံ့ပြန်ရန် ဆန္ဒရှိကြောင်း၊ သို့မဟုတ် ထိုသို့ တုံ့ပြန်နိုင်စွမ်းရှိကြောင်း မဆိုလိုပေ။ ယခုတင် ငါ ပြောပြီးသည့်အရာသည် လူ့သဘာဝနှင့်ဆိုင်သည့် ရှုထောင့်အမြင်နှင့် လူ၏ အလိုလိုဖြစ်သော တုံ့ပြန်မှုများအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ယခုတွင် ဤအရာကို လူမှုအဖွဲ့အစည်းနှင့် ပတ်သက်သည့် ဓမ္မဓိဋ္ဌာန်ကျသော အချက်များ၏ ရှုထောင့်အမြင်မှ ကြည့်ပါက တစ်စုံတစ်ဦးသည် အဆိုးကို အကောင်းဖြင့် မတုံ့ပြန်ဘဲ ထိုအစား လက်စားချေပြီး လူသတ်မှု ကျူးလွန်ပါက အကျိုးဆက်များက မည်သည့်အရာများ ဖြစ်မည်နည်း။ ၎င်းတွင် တာဝန်ရှိသဖြင့် ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်သည်။ ၎င်းသည် ထိန်းသိမ်းခြင်းခံရမည်၊ ထောင်ဒဏ် စီရင်ချက်ချခံရမည်ဖြစ်ပြီး သေဒဏ်ပေးခြင်းပင် ခံရနိုင်ပေသည်။ ဤအရာပေါ် အခြေခံ၍ လူ့သဘာဝ၏ ရှုထောင့်အမြင်မှဖြစ်စေ၊ လူမှုအဖွဲ့အစည်းနှင့် ဥပဒေတို့မှ ကန့်သတ်ထားသည့် တန်ခိုးအာဏာ၏ ရှုထောင့်အမြင်မှဖြစ်စေ လူတို့သည် မတရားသည့် ဆက်ဆံမှုနှင့် လက်စားချေ သတ်ဖြတ်ခြင်းတို့ကို ကြုံဆုံရသည့်အခါ မည်သည့်လူတစ်ဦးမျှ မိမိတို့၏ စိတ်များမှ၊ သို့မဟုတ် မိမိတို့ စိတ်နှလုံး၏ အတွင်းနက်နက် နေရာများမှ အမုန်းတရားကို ဖယ်ရှားနိုင်စွမ်းမရှိကြဟု ငါတို့ ကောက်ချက်ချနိုင်သည်။ စကားဖြင့် တိုက်ခိုက်ခံရခြင်း၊ လှောင်ပြောင်ခံရခြင်း၊ ရယ်သွမ်းသွေးခံရခြင်းကဲ့သို့ အနည်းငယ်မျှသော ထိခိုက်မှုများ ခံရသည့်အခါ၌ပင် လူတို့သည် အဆိုးကို အကောင်းဖြင့် တုံ့ပြန်နိုင်ခြင်း မရှိကြချေ။ အဆိုးကို အကောင်းဖြင့် တုံ့ပြန်နိုင်စွမ်းသည် လူ့သဘာဝ၏ ပုံမှန် သရုပ်သကန်တစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ထို့ကြောင့် လူတစ်ဦးသည် အနိုင်ကျင့်ခံရသည့်အခါ၊ သို့မဟုတ် ထိခိုက်နစ်နာစေခြင်းခံရသည့်အခါ ၎င်းတို့၏ လူ့သဘာဝသည် အနည်းဆုံးအနေဖြင့် မည်သည့်အရာကို လိုအပ်ပြီး တောင်းဆိုသနည်း။ လူတစ်ဦးဦးက “ဆက်ပြီး ကျွန်ုပ်ကို အနိုင်ကျင့်ပါ။ သင်သည် တန်ခိုးအာဏာရှိပြီး ဆိုးယုတ်သည်။ သင် အလိုရှိသည့် မည်သည့်ပုံဖြင့်မဆို ကျွန်ုပ်ကို အနိုင်ကျင့်နိုင်ပြီး သင်၏ အဆိုးကို အကောင်းဖြင့် ကျွန်ုပ် တုံ့ပြန်မည်ဖြစ်သည်။ သင်သည် ကျွန်ုပ်၏ မြင့်မြတ်သည့် အကျင့်စရိုက်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အားကောင်းသည့် အသိစိတ်ကို ရလိမ့်မည်ဖြစ်ပြီး သင့်အပေါ် ကျွန်ုပ် မုချ လက်စားချေမည်မဟုတ်၊ သင်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ ဖြစ်ပေါ်လိမ့်မည် မဟုတ်ပါ။ သင့်ကို ကျွန်ုပ် ဒေါသထွက်မည်မဟုတ်ပါ။ အားလုံးကို ရယ်စရာ တစ်ခုကဲ့သို့သာ ကျွန်ုပ် ခံယူမည်ဖြစ်သည်။ သင်ပြောဆိုသည့်အရာများက ကျွန်ုပ်၏ အကျင့်စရိုက်ကို မည်မျှစော်ကားသည်ဖြစ်စေ၊ ကျွန်ုပ်၏ မာနကို ထိခိုက်သည်ဖြစ်စေ၊ သို့မဟုတ် ကျွန်ုပ်၏ အကျိုးစီးပွားကို ပျက်စီးစေသည်ဖြစ်စေ အားလုံး ကိစ္စမရှိပါ။ သင်နှစ်သက်သည့် မည်သည့်အရာကိုမဆို လွတ်လပ်စွာ ပြောဆိုသင့်သည်”ဟု ရွှင်လန်းတက်ကြွစွာနှင့် ပျော်ရွှင်စွာ ဆိုမည်လော။ ထိုသို့သောလူများ တည်ရှိသလော။ (မရှိပါ။) မည်သူမျှသည် မိမိတို့၏ အာဃာတများကို အမှန်တကယ် လုံးဝ လက်လွတ်နိုင်စွမ်းမရှိပေ။ ၎င်းတို့အနေဖြင့် မိမိတို့၏ ရန်သူကို လက်စားချေသည့်အနေဖြင့် သတ်ဖြတ်ခြင်းမရှိဘဲ အတန်ကြာ အသက်ရှင်နိုင်ပါက အခြေအနေကောင်းပြီးသားဖြစ်၏။ ထို့ကြောင့် မည်သူမျှ အဆိုးကို အကောင်းဖြင့် အမှန်တကယ် တုံ့ပြန်နိုင်စွမ်းမရှိသကဲ့သို့ လူတို့သည် ဤအကျင့်စာရိတ္တကို လက်တွေ့လုပ်ဆောင်လျှင်ပင် ထိုအချိန်က အခြေအနေတစ်ခုခု၏ ကန့်သတ်မှုများကြောင့် ထိုသို့ မဖြစ်မနေ ပြုမူဆောင်ရွက်ခဲ့ရခြင်းကြောင့်၊ သို့မဟုတ် ဖြစ်ရပ်တစ်ခုလုံးသည် အမှန်တကယ်တွင် လုပ်ကြံဖန်တီးထားပြီး စိတ်ကူးယဉ်ဖြစ်ခဲ့သောကြောင့်သာ ဖြစ်လိမ့်မည်။ သာမန်အခြေအနေများအောက်တွင် လူတို့သည် ပြင်းထန်သော နှိပ်စက်ညှဉ်းပန်းမှု၊ သို့မဟုတ် မတရားဖိနှိပ်ခြင်း၏ သားကောင် ဖြစ်သွားသည့်အခါ အငြိုးထားမှုများ ဖြစ်ပေါ်လာကာ အငြိုးကြီးလာကြလိမ့်မည်။ တစ်စုံတစ်ဦးသည် မိမိ၏ မုန်းတီးမှုကို သတိမပြုမိ၊ သို့မဟုတ် တုံ့ပြန်မည်မဟုတ်သည့် တစ်ခုတည်းသော အခြေအနေမှာ ထိုမုန်းတီးမှု အလွန် များလွန်းပြီး အလွန် ထိတ်လန့်တုန်လှုပ်သွားမည့်အခြေအနေ၊ ၎င်းတို့၏မှတ်ဉာဏ်၊ သို့မဟုတ် သူတို့၏ အသိဉာဏ် ပျောက်ဆုံးသွားမည့် အခြေအနေတွင်သာ ဖြစ်သည်။ သို့ရာတွင် ပုံမှန်လူ့သဘာဝနှင့် ဆင်ခြင်တုံတရားရှိသည့် မည်သည့်လူမဆိုသည် စော်ကားမှုများ၊ ခွဲခြားဆက်ဆံခြင်း၊ မတရားသဖြင့် ချိုးနှိမ်ခြင်း၊ ပြက်ရယ်ပြုခြင်း၊ ထိကပါးရိကပါးပြောခြင်း၊ လှောင်ပြောင်ခြင်း၊ ထိခိုက်နစ်နာစေခြင်း စသည်တို့ဖြင့် ဆက်ဆံခံချင်ကြမည်မဟုတ်ပေ၊ သို့မဟုတ် တစ်စုံတစ်ဦးသည် ၎င်းတို့၏ အကျင့်စရိုက်နှင့် ဂုဏ်သက္ခာကို နင်းချေကာ စော်ကားသည်အထိ လုပ်ဆောင်ခြင်းကို လိုချင်မည်မဟုတ်ပေ။ အကျင့်စာရိတ္တနှင့် ပတ်သက်၍ ၎င်းတို့ကို ယခင်က အနှောင့်အယှက်ပေးခဲ့သူ၊ သို့မဟုတ် ထိခိုက်နစ်နာစေခဲ့သူများကို မမှန်မကန် အပြန်အလှန်တုံ့ပြန်ရန် မည်သူမျှ ဝမ်းသာမည်မဟုတ်။ မည်သူမျှ ထိုသို့ လုပ်ဆောင်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် အဆိုးကို အကောင်းဖြင့် တုံ့ပြန်ခြင်းဆိုင်ရာ အကျင့်စာရိတ္တနှင့် စပ်လျဉ်းသည့် ဤအဆိုသည် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်အတွက် အလွန်အားနည်းကာ အားရစရာ မကောင်းသလို အနှစ်မဲ့ပြီး အဓိပ္ပာယ်မဲ့ပုံရလေသည်။

ဤအရာကို ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှုထောင့်အမြင်မှ ငါတို့ ကြည့်ပါက လူတစ်ဦးသည် မည်မျှ ဖောက်ပြန်ပျက်စီးသည်ဖြစ်စေ၊ ၎င်းတို့က ဆိုးယုတ်သည့် လူတစ်ဦး၊ သို့မဟုတ် အတော်အတန် ကောင်းမွန်သည့် လူ့သဘာဝ ပိုင်ဆိုင်သည့် လူတစ်ဦး ဖြစ်လင့်ကစား အခြားသူများက ၎င်းတို့ကို ကောင်းမွန်စွာနှင့် အခြေခံအဆင့် လေးစားမှုဖြင့် ဆက်ဆံလိမ့်မည်ဟု ၎င်းတို့အားလုံးက မျှော်လင့်ကြသည်။ သင့်အပေါ် အကြောင်းရင်းမရှိဘဲ တစ်စုံတစ်ဦးက စတင်မြှောက်ပင့်နေပြီး မျက်နှာလိုမျက်နှာရ လုပ်နေပါက ထိုအရာက သင့်ကို ပျော်ရွှင်စေမည်လော။ ထိုအရာကို သင် နှစ်သက်မည်လော။ (နှစ်သက်မည်မဟုတ်ပါ။) အဘယ်ကြောင့် ထိုအရာကို သင်မနှစ်သက်မည်နည်း။ သင် လှည့်စားခံနေခဲ့ရသည့်အလား ခံစားရမည်လော။ သင်က “ငါသည် သင့်အဖို့ သုံးနှစ်အရွယ် ကလေးတစ်ဦးကဲ့သို့ ထင်ရပါသလား။ ဤအရာများကို ငါ့အား ပြောဆိုရန် လိုအပ်ကြောင်း သင် ခံစားရသည့် အကြောင်းရင်းကို ငါ အဘယ်သို့များ နားမလည်နိုင်ဖြစ်နေရသနည်း။ ငါသည် သင် ပြောသလောက် တော်ပါသလား။ ထိုအရာများ တစ်ခုတလေကို ငါလုပ်ဆောင်ခဲ့ပါသလား။ ဤမိုက်မဲသည့် မြှောက်ပင့်မှုအားလုံးသည် မည်သည့်အရာအတွက် ဖြစ်ပါသနည်း။ သင်သည် မိမိကိုယ်ကို အဘယ်သို့များ မစက်ဆုပ်ဘဲ နေရသနည်း”ဟု တွေးပေမည်။ လူတို့သည် မြှောက်ပင့်သည့် စကားများကို မကြားလိုကြသကဲ့သို့ စော်ကားမှုတစ်မျိုးအဖြစ် ယူကြသည်။ အခြေခံအဆင့် ရိုသေလေးစားမှုရှိခြင်းမှတစ်ပါး လူတို့သည် အခြားသူများအား မိမိတို့ကို မည်သို့ဆက်ဆံစေလိုကြသနည်း။ (ရိုးသားစစ်မှန်မှုဖြင့် ဆက်ဆံစေလိုပါသည်။) အခြားသူများကို ရိုးသားစစ်မှန်မှုဖြင့် ဆက်ဆံရန် လူတို့ကို တောင်းဆိုခြင်းသည် ဖြစ်နိုင်မည်မဟုတ်။ အခြားသူများကို အနိုင်ကျင့်ခြင်းမှ ၎င်းတို့ ရှောင်ကြဉ်ပါက ယင်းမှာ အတော်လေး ကောင်းမွန်ပြီးသား ဖြစ်သည်။ အချင်းချင်း အနိုင်မကျင့်ရန် လူတို့ကို စေခိုင်းခြင်းသည် ယှဉ်ကြည့်လျှင် ဓမ္မဓိဋ္ဌာန်ကျသော တောင်းဆိုချက်တစ်ခု ဖြစ်သည်။ အခြားသူတို့က ၎င်းတို့ကို လေးစားရန်၊ ၎င်းတို့ကို အနိုင်မကျင့်ရန်နှင့် အရေးအကြီးဆုံးမှာ ၎င်းတို့ကို မျှမျှတတ ဆက်ဆံရန် လူတို့ မျှော်လင့်ကြသည်။ ၎င်းတို့ ခုခံနိုင်စွမ်းမရှိသည့်အချိန်တွင် အခြားသူများက ၎င်းတို့ကို မနှောင့်ယှက်ရန်၊ သို့မဟုတ် ၎င်းတို့၏ ပြစ်ချက်များ ဖော်ထုတ်ခံရသည့်အခါ ဝိုင်းမပယ်ကြရန်၊ သို့မဟုတ် ၎င်းတို့အပေါ် စဉ်ဆက်မပြတ် မြှောက်ပင့်ပြီး မျက်နှာလိုမျက်နှာရ မလုပ်ရန် မျှော်လင့်ကြသည်။ လူတို့က ဤအပြုအမူမျိုးကို စက်ဆုပ်ဖွယ်အဖြစ် မြင်ပြီး မျှမျှတတ ဆက်ဆံခံရဖို့သာ ဆန္ဒရှိကြသည်။ ယင်းမှာ မှန်ကန်သည် မဟုတ်လော။ အခြားသူများကို မျှမျှတတ ဆက်ဆံခြင်းသည် လူ့လောကနှင့် လူ့အတွေးနယ်ပယ်တွင် အတော်အတန် အပြုသဘောဆောင်သော စံတစ်ခုဖြစ်သည်။ ငါသည် အဘယ်ကြောင့် ထိုသို့ပြောဆိုသနည်း။ ထိုအကြောင်းကို တွေးကြည့်လော။ လူအားလုံးသည် အဘယ်ကြောင့် ပေါင်ချိန်ကို နှစ်သက်ကြသနည်း။ အမှုများက စိတ်ကူးယဉ်ဖြစ်ပြီး လုံးဝ လုပ်ကြံဖန်တီးထားခြင်း ဖြစ်သော်လည်း ထိုအမှုများကို ပေါင်ချိန် ဆုံးဖြတ်သည့် သရုပ်ဖော်ချက်များကို ကြည့်ရှုရန် လူတို့က နှစ်သက်ကြသည်။ လူတို့သည် အဘယ်ကြောင့် ထိုအရာများကို နှစ်သက်ကြဆဲ ဖြစ်သနည်း။ ထိုအရာများကို အဘယ်ကြောင့် ကြည့်ရှုရန် လိုလားနေကြဆဲ ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စံလောကတွင် ၎င်းတို့၏ အတွေးနယ်ပယ်နှင့် ၎င်းတို့ စိတ်နှလုံး၏ အတွင်းနက်နက်နေရာများတွင် ၎င်းတို့အားလုံးက အပြုသဘောဆောင်ပြီး အနည်းငယ် ပိုကောင်းမွန်သည့် လောကကို အလိုရှိကြသောကြောင့် ဖြစ်သည်။ လူတိုင်းအတွက် အတော်အတန် မျှတပြီး တရားသည့် လူမှုဝန်းကျင်နှင့်ပတ်သက်၍ အာမခံချက်ရှိသည့် လောကတစ်ခုတွင် လူသားတို့ အသက်ရှင်နိုင်ဖို့ကို ၎င်းတို့ ဆန္ဒရှိကြသည်။ ထိုသို့ဖြင့် အနည်းဆုံးအနေဖြင့် ဆိုးယုတ်သည့် အင်အားစုများ၏ နှောင့်ယှက်ခြင်း သင်ခံရသည့်အခါ တရားမျှတမှုကို ထိန်းသိမ်းသည့် နေရာ၊ သင်၏ နစ်နာချက်များနှင့် ပတ်သက်၍ တိုင်ကြားချက်တစ်ခုကို အမှုဖွင့်နိုင်သည့် နေရာ၊ သင် စောဒကတက်ခွင့် ရှိသည့်နေရာနှင့် နောက်ဆုံးတွင် သင် ဒုက္ခခံစားခဲ့ရသည့် မတရားမှုများကို ဖော်ထုတ်ပေးမည့် နေရာတစ်ခု ရှိပေမည်။ ဤလူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်တွင် သင်သည် အပြစ်ကင်းကြောင်း သက်သေပြနိုင်ပြီး အရှက်ခွဲခံရခြင်း တစ်စုံတစ်ရာကို ခံစားရခြင်း၊ သို့မဟုတ် နစ်နာချက် တစ်စုံတစ်ရာကို ခံထားရခြင်းမှ မိမိကိုယ်ကို ကာကွယ်ရန် နေရာတစ်ခု ရှိပေမည်။ ဤသည်မှာ လူတို့ စံထားရသည့် လူ့အဖွဲ့အစည်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူတိုင်း တောင့်တသည့်အရာ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လူတိုင်း၏ အိပ်မက်ဖြစ်သည်။ လူတို့က ၎င်းတို့ မျှမျှတတ ဆက်ဆံခံရလိမ့်မည်ဟု မျှော်လင့်ကြသည်။ မမျှတသည့် ဆက်ဆံမှုတစ်ခုခုကို ခံရရန်ကိုဖြစ်စေ၊ မမျှမတ ဆက်ဆံခံရပါက စောဒကတက်ဖို့ မည်သည့်နေရာမျှ မရှိမည်ကိုဖြစ်စေ ၎င်းတို့ အလိုမရှိကြသကဲ့သို့ ယင်းကို အလွန် စိတ်သောကဖြစ်စရာဟု ၎င်းတို့ မြင်ကြသည်။ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ခြင်း”နှင့်ဆိုင်သည့် လူ၏ အကျင့်စာရိတ္တအပေါ် ထားရှိသည့် စံနှုန်းနှင့် တောင်းဆိုချက်တို့သည် တကယ့်ဘဝတွင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း လက်တွေ့အရှိတရားနှင့် အလွန်ကွာခြားသည်ဟု ဆိုနိုင်ပေ၏။ ထို့ကြောင့် လူ၏ အကျင့်စာရိတ္တအပေါ် ထားရှိသည့် ဤတောင်းဆိုချက်သည် လူ့အတွက် ထောက်ထားခြင်းမရှိသကဲ့သို့ ဓမ္မဓိဋ္ဌာန်ကျသည့် အချက်၊ တကယ့် ဘဝတို့နှင့် အလွန် ကွာခြားလေသည်။ ထိုအရာမှာ မတရားခံရပြီး အရှက်ခွဲခံခဲ့ရကြသည့် ချို့ငဲ့သော လူများ၏ စိတ်အတွင်းကျကျ နယ်ပယ်များအပေါ် သိနားလည်မှုမရှိကြသည့် အတွေးအခေါ်ပညာရှင်များက အဆိုပြုထားသော အဆိုတစ်ခုဖြစ်သည်။ ဤအတွေးအမြင် ပဓာနဝါဒီများသည် ဤလူများ မတရားခံရပြီးဖြစ်သည့် အတိုင်းအတာနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် အကျင့်စရိုက်များ စော်ကားခံခဲ့ရသည့် အတိုင်းအတာ၊ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုပင်လျှင် မည်မျှ ခြိမ်းခြောက်ခံရသည်ဆိုသည်တို့ကို နားလည်ခြင်း မရှိကြချေ။ ဤလက်တွေ့အရှိတရားများကို ၎င်းတို့ နားမလည်ကြသည့်တိုင် ၎င်းတို့က “သင်သည် နှိပ်စက်ခံရဖို့ မွေးဖွားခြင်းဖြစ်ပြီး သင်၏ ကံကြမ္မာကို သင် လက်ခံရမည်။ သင်သည် လူမှုအဖွဲ့အစည်း၏ အနိမ့်ကျဆုံး အလွှာအတန်းအစားတွင် မွေးဖွားခဲ့ပြီး ကျွန်များ၏ သဘာဝအနှစ်သာရဖြင့် မွေးဖွားလာခြင်း ဖြစ်သည်။ သင်သည် အခြားသူများ၏ အုပ်စိုးခြင်းခံရဖို့ မွေးဖွာခဲ့ခြင်း ဖြစ်သည်။ သင့်ကို ထိခိုက်နစ်နာစေခဲ့သည့်သူများကို သင် လက်စားချေမည့်အစား အဆိုးကို အကောင်းဖြင့် တုံ့ပြန်သင့်သည်။ လူမှု အခြေအနေနှင့် လူ့အဖွဲ့အစည်း သဟဇာတဖြစ်ခြင်း၏ ကောင်းကျိုးအတွက် သင့် ကဏ္ဍကို သင် လုပ်ဆောင်သင့်ပြီး သင်၏ အပြုသဘောဆောင်သော အားထုတ်မှုနှင့် သင်၏ အကောင်းဆုံး အကျင့်စာရိတ္တတို့ကို ပြသခြင်းအားဖြင့် လူ့အဖွဲ့အစည်းကို ပံ့ပိုးပေးသင့်သည်” ဟူသကဲ့သို့သော အရာများကို ပြောဆိုလျက် ခံရသူများက ကိုယ်ထိလက်ရောက် ပြုမူသူများနှင့် ပြေလည်သင့်မြတ်ကာ ထိုသူတို့အပေါ် လက်စားချေခြင်းကို ရှောင်ကြဉ်ဖို့ တောင်းဆိုကြဆဲဖြစ်သည်။ ဤအရာအားလုံးသည် အထက်တန်းစားနှင့် အုပ်ချုပ်သူလူတန်းစားတို့အတွက် အဆင်ပြေလွယ်ကူစေသလို ၎င်းတို့ကိုယ်စား ချို့ငဲ့သူများ၏ စိတ်နှလုံးများနှင့် စိတ်ခံစားချက်များကို ငြိမ်သက်အေးချမ်းစေရင်း ၎င်းတို့၏ အမြတ်ထုတ်ခြင်းကို နိမ့်ကျသည့်လူတန်းစားများ ခံရသည့်အတွက် ဆင်ခြေပေးရန် ပြောထားသည်မှာ သိသာထင်ရှားလှပေသည်။ ဤသည်မှာ ထိုသို့သော အရာများကို ပြောဆိုခြင်း၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) နိုင်ငံတိုင်း၏ တရားဥပဒေနှင့် လူမှုစနစ်များ၊ လူမျိုးနှင့် မျိုးနွယ်စုတိုင်း၏ စနစ်များနှင့် စည်းကမ်းများသည် မျှတပြီး တင်းကျပ်စွာ ပြဋ္ဌာန်းထားပါက လူသားမျိုးနွယ်၏ ဥပဒေများနှင့် ဆန့်ကျင်သည့် ဤဓမ္မဓိဋ္ဌာန်မကျသော အဆိုကို အားပေးအားမြှောက်ပြုရန်မှာ လိုအပ်ဦးမည်လော။ လိုအပ်မည် မဟုတ်ပေ။ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်လော့”ဟူသည့် အဆိုကို ချို့ငဲ့သူများအပေါ် အမြတ်ထုတ်ပြီး နင်းခြေဖို့ အုပ်ချုပ်သူ လူတန်းစားများ၊ အခွင့်အာဏာနှင့် တန်ခိုး ပိုင်ဆိုင်သည့် ဆိုးယုတ်သောလူများအတွက် လမ်းကြောင်းနှင့် နည်းလမ်းတစ်ခုအဖြစ် သိသိသာသာ အားပေးအားမြှောက်ပြုထားခြင်းသာ ဖြစ်သည်။ တစ်ချိန်တည်းတွင် ချို့ငဲ့သည့် လူတန်းစားကို ချွေးသိပ်ရန်နှင့် ၎င်းတို့ ကြွယ်ဝချမ်းသာသူ၊ အထက်တန်းစားများနှင့် အုပ်ချုပ်သူ လူတန်းစားများအပေါ် လက်စားချေရန် ကြိုးစားခြင်း၊ သို့မဟုတ် ရန်လိုလာခြင်းမှ တားဆီးရန်အလို့ငှာ ဤအတွေးအခေါ် ပညာရှင်များနှင့် ပညာသင်ကြားပေးသူများဟု ဆိုလေသောသူများသည် လူတိုင်း အကျင့်စာရိတ္တကောင်းကို ကျင့်သုံးကြရန် လိုအပ်သည်ဟူသည့် ဟန်ဆောင်မှုအောက်တွင် ဤအဆိုကို အားပေးအားမြှောက်ပြုလျက် မိမိတို့ကိုယ်ကို ကိုယ်ကျင့်တရား ကြီးစိုးမှု၏ အထွတ်အထိပ်တွင် ထားရှိကြလေသည်။ ဤအရာက လူ့အဖွဲ့အစည်းအတွင်း၌ သာ၍ပင် ဆန့်ကျင်ကွဲလွဲမှုများ ဖန်တီးသည် မဟုတ်လော။ လူများကို သင် ဖိနှိပ်လေ၊ လူ့အဖွဲ့အစည်းက မျှတခြင်းမရှိဟု သက်သေပြလေ ဖြစ်သည်။ လူ့အဖွဲ့အစည်းသည် အမှန်ကတယ် မျှတပြီး တရားပါက ဤအဆိုကို အသုံးပြုလျက် လူတို့၏ အကျင့်စာရိတ္တအပေါ် ဝေဖန်အကဲဖြတ်ပြီး တောင်းဆိုချက်များ ထားရှိရန် လိုအပ်ဦးမည်လော။ ဤသည်မှာ သိသာထင်ရှားစွာ လူမှုအဖွဲ့အစည်းထဲတွင်၊ သို့မဟုတ် လူသားမျိုးနွယ်ထဲတွင် တရားမျှတမှု မရှိသည့် အချက်ကြောင့်ဖြစ်ပေသည်။ မကောင်းမှုပြုသူများကို ဥပဒေဖြင့် အပြစ်ပေးနိုင်မည်ဆိုပါက၊ သို့မဟုတ် ငွေနှင့် တန်ခိုးအာဏာရှိသူများသည်လည်း တာဝန်ရှိသဖြင့် ဥပဒေအရ အရေးယူခံခဲ့ရမည်ဆိုပါက “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည့် အဆိုသည် ခိုင်လုံမည်မဟုတ်သကဲ့သို့ တည်ရှိမည်မဟုတ်ပေ။ အရာရှိတစ်ဦးကို သာမန်လူမည်မျှက ထိခိုက်နစ်နာစေနိုင်မည်နည်း။ ကြွယ်ဝချမ်းသာသူကို ဆင်းရဲနုံချာသူမည်မျှက ထိခိုက်နစ်နာစေနိုင်မည်နည်း။ ယင်းမှာ ၎င်းတို့အတွက် စွမ်းဆောင်ရရှိရန် ခက်ခဲပေမည်။ ထို့ကြောင့် “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည့် အဆိုသည် သာမန်လူများ၊ ဆင်းရဲနုံချာသူနှင့် နိမ့်ကျသည့် လူတန်းစားများကို သိသာထင်ရှားစွာ ရည်ရွယ်ပေသည်။ ထိုအရာမှာ စောင့်စည်းမှုရှိသကဲ့သို့ တရားမျှတမှုမရှိသည့် အဆိုတစ်ခု ဖြစ်သည်။ ဥပမာအနေဖြင့် အစိုးရ အရာရှိတစ်ဦးအား အဆိုးကို အကောင်းဖြင့် တုံ့ပြန်ရန် သင် တောင်းဆိုပါက ၎င်းတို့က သင့်ကို “မည်သည့် အဆိုးကို ငါတုံ့ပြန်ရမည်နည်း။ မည်သူသည် ငါ့ကို ထိဝံ့မည်နည်း။ မည်သူသည် ငါ့ကို အနှောင့်အယှက်ပေးဝံ့မည်နည်း။ မည်သူသည် ငါ့ကို ငြင်းဆိုဝံ့မည်နည်း။ ငါ့ကို ငြင်းဆိုသောသူ မည်သူကိုမဆို ငါ သတ်မည်။ ထိုသူ၏ တစ်မိသားစုလုံးနှင့် ထိုသူ၏ ဆွေမျိုး တစ်ဦးမကျန် ငါ မျိုးဖြုတ်ပစ်မည်”ဟု ဆိုပေမည်။ မြင်သလော၊ အရာရှိများအတွက် တုံ့ပြန်စရာ အဆိုးမရှိ၊ ထို့ကြောင့် “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည့် အဆိုသည် ၎င်းတို့အတွက် တည်ပင်မတည်ရှိပေ။ သင်က ၎င်းတို့ကို “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ခြင်းနှင့်ဆိုင်သော ဤအကျင့်စာရိတ္တကို သင်လက်တွေ့လုပ်ဆောင်ရမည်၊ ဤအကျင့်စာရိတ္တကို သင်ပိုင်ဆိုင်ရမည်”ဟု ပြောပါက ၎င်းတို့က “မှန်ပါ့၊ ထိုအရာကို ကျွန်ုပ် လုပ်နိုင်ပါသည်”ဟု ပြန်ဖြေလိမ့်မည်။ ဤသည်မှာ လုံးလုံးလျားလျား လှည့်ဖြားတတ်သည့် အလိမ်အညာတစ်ခု ဖြစ်သည်။ မည်သို့ဆိုစေ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည်မှာ အခြေခံအားဖြင့် နိမ့်ကျသည့် လူတန်းစားများကို ချွေးသိပ်ခြင်း နည်းလမ်းတစ်ခုအဖြစ် လူမှုရေးဆိုင်ရာ ဘုရားဖြစ်မည့်အုတ်နီခဲများက အားပေးအားမြှောက်ပြုကြသည့် အဆိုတစ်ခုသာဖြစ်သည်။ ထိုထက်ပို၍ပင် နိမ့်ကျသည့် လူတန်းစားများကို ကျွန်ပြုရန်အလို့ငှာ အားပေးအားမြှောက်ပြုထားသည့် အဆိုတစ်ခု ဖြစ်သည်။ အုပ်ချုပ်သူ လူတန်းစား၏ အခွင့်အာဏာကို ပို၍ တည်ငြိမ်စေရန်၊ အုပ်ချုပ်သူ လူတန်းစားကို မျက်နှာလိုမျက်နှာရ လုပ်ရန်နှင့် နိမ့်ကျသည့် လူတန်းစားများ မျိုးဆက်နှင့်ချီ၍ ကျွန်ပြုခံရလျှင်ပင် စောဒကမတက်ကြရန်အလို့ငှာ ၎င်းတို့ကို ကျွန်ပြုခြင်းအား ဆက်လက်တည်တံ့စေရန် ထိုအဆိုကို အားပေးအားမြှောက် ပြုထားခြင်း ဖြစ်သည်။ ဤအရာမှ ငါတို့ မြင်နိုင်သည်မှာ ဤလူမှုအဖွဲ့အစည်းမျိုးတွင် ဥပဒေများနှင့် စနစ်များသည် သိသာထင်ရှားစွာ တရားမျှတမှု မရှိခြင်း ဖြစ်သည်။ ဤလူ့အဖွဲ့အစည်းမျိုးကို အမှန်တရားက ထိန်းချုပ်ထားခြင်း မရှိချေ။ ယင်းကို သမ္မာတရား၊ တရားမျှတမှု၊ သို့မဟုတ် ဖြောင့်မတ်ခြင်းတရားက အုပ်စိုးခြင်း မရှိပေ။ ထိုအစား မည်သူက အရာရှိများအဖြစ် အမှုထမ်းသည်ဖြစ်စေ လူ၏ ဆိုးယုတ်မှုနှင့် တန်ခိုးအာဏာတို့က အုပ်စိုးထားပေသည်။ သာမန်လူများသည် အရာရှိများအဖြစ် အမှုထမ်းရမည်ဆိုပါက အခြေအနေသည် အလားတူသာ ဖြစ်ပေမည်။ ဤသည်မှာ ဤလူ့အဖွဲ့အစည်း စနစ်၏ အနှစ်သာရ ဖြစ်သည်။ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည်က ဤအရာကို ဖော်ထုတ်သည်။ အဆိုပါစကားရပ်တွင် ထိုအရာအတွက် နိုင်ငံရေး ကြန်အင်လက္ခာတစ်ခုခု ရှိသည်မှာ သိသာထင်ရှား၏။ ထိုအရာမှာ အုပ်ချုပ်သူ လူတန်းစားများ၏ ကြီးစိုးမှုနှင့် နိမ့်ကျသည့် လူတန်းစားများအပေါ် ကျွန်ပြုခြင်းတို့အား အားကောင်းစေရန်အလို့ငှာ လူ၏ အကျင့်စာရိတ္တအပေါ် ထားရှိသည့် တောင်းဆိုချက်တစ်ခု ဖြစ်သည်။

လူတို့က အဆိုးကို အကောင်းဖြင့် တုံ့ပြန်ရန် တောင်းဆိုချက်သည် လူ့သဘာဝ၏ သာမန် လိုအပ်ချက်များ၊ သို့မဟုတ် တောင်းဆိုချက်များ၊ သို့မဟုတ် လူ့သဘာဝ၏ အကျင့်စရိုက်၊ ဂုဏ်သိက္ခာတို့နှင့် မကိုက်ညီရုံမက လူတစ်ဦး၏ လူ့သဘာဝ အရည်အသွေးကို ဆန်းစစ်ခြင်းအတွက် သင့်တင့်လျောက်ပတ်သည့် စံနှုန်းတစ်ခုလည်း သာ၍ မဟုတ်ပေ။ ဤတောင်းဆိုချက်သည် တကယ့် လူ့သဘာဝနှင့် အလွန် ကွာခြားပေသည်။ ထိုတောင်းဆိုချက်ကို စွမ်းဆောင်မရနိုင်ခြင်း မဟုတ်ရုံသာမက အစကတည်းက ထိုအရာကို လုံးဝ အားပေးအားမြှောက်မပြုသင့်ပေ။ ထိုအရာမှာ လူထုအပေါ် မိမိတို့၏ အုပ်စိုးမှုနှင့် ထိန်းချုပ်မှုတို့ကို အားကောင်းစေရန် အုပ်ချုပ်သူ လူတန်းစားက အသုံးပြုသည့် အဆိုတစ်ခုနှင့် နည်းဗျူဟာတစ်ခုသာ ဖြစ်သည်။ ပင်ကိုအားဖြင့် ဘုရားသခင်သည် ပညတ်တော်ခေတ်တွင် ဖြစ်စေ၊ ကျေးဇူးတော်ခေတ်တွင်ဖြစ်စေ၊ သို့မဟုတ် လက်ရှိ နိုင်ငံတော်ခေတ်တွင်ဖြစ်စေ ဤအဆိုမျိုးကို လုံးဝ မြှင့်တင်ခြင်း မရှိသကဲ့သို့ ဤနည်းစနစ်၊ အဆို၊ သို့မဟုတ် တောင်းဆိုချက်မျိုးကို လူတို့၏ လူ့သဘာဝ အရည်အသွေးကို ဆန်းစစ်ခြင်းအတွက် အခြေခံအကြောင်းရင်းတစ်ခုအဖြစ် ဘုရားသခင်က လုံးဝ အသုံးမပြုခဲ့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ဦးသည် ကိုယ်ကျင့်တရားရှိသည်ဖြစ်စေ၊ အကျင့်ပျက်သည်ဖြစ်စေ ၎င်းတို့၏ အကျင့်စာရိတ္တက မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘုရားသခင်သည် ၎င်းတို့၏ အနှစ်သာရကိုသာ သုံးသပ်ဆင်ခြင်သောကြောင့်ဖြစ်သည်။ အကျင့်စာရိတ္တနှင့်ပတ်သက်သည့် ဤအဆိုများသည် ဘုရားသခင်၏ ပိုင်နက်ထဲတွင် တကယ်ကို မတည်ရှိပေ။ ထို့ကြောင့် “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည့် အကျင့်စာရိတ္တနှင့်ပတ်သက်သည့် အဆိုသည် ဘုရားအိမ်တော်တွင် ခိုင်လုံမှုမရှိသကဲ့သို့ စိစစ်ထိုက်ခြင်း မရှိပေ။ သင်သည် အဆိုးကို အကောင်းဖြင့် တုံ့ပြန်သည်ဖြစ်စေ၊ အဆိုးကို ကလဲ့စားချေခြင်းဖြင့် တုံ့ပြန်သည်ဖြစ်စေ ဘုရားသခင်ကို ယုံကြည်သူများသည် “အဆိုးကို တုံ့ပြန်ခြင်း” ကိစ္စရပ်အား မည်သို့ ရှုမြင်သင့်သနည်း။ ဤကိစ္စရပ်ကို မည်သည့် သဘောထားနှင့် မည်သည့် ရှုထောင့်အမြင်မှ ၎င်းတို့ ချဉ်းကပ်သင့်သနည်း။ တစ်စုံတစ်ဦးသည် အသင်းတော်ထဲတွင် ဆိုးယုတ်သည့် လုပ်ရပ်တစ်ခုကို ကျူးလွန်ပါက ထိုလူကို ကိုင်တွယ်ခြင်းအတွက် ဘုရားအိမ်တော်တွင် ကိုယ်ပိုင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် စည်းမျဉ်းများ ရှိ၏။ ခံရသူအတွက် တစ်ဦးတစ်ယောက်က လက်စားချေရန်၊ သို့မဟုတ် ၎င်းတို့ကို မတရားမှုမှ ကာကွယ်ပေးရန် မလိုအပ်ပေ။ ဘုရားအိမ်တော်တွင် ထိုသို့လုပ်ဆောင်ရန် မလိုအပ်သကဲ့သို့ အသင်းတော်က ပြဿနာကို စည်းမျဉ်းများအတိုင်း အလိုအလျောက် ကိုင်တွယ်လိမ့်မည်။ ဤသည်မှာ လူတို့က သတိပြုမိပြီး ကြုံရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ အလွန် ရှင်းလင်းစွာနှင့် တိကျစွာ ပြောရလျှင် လူတို့ကို ကိုင်တွယ်ခြင်းအတွက် အသင်းတော်တွင် စည်းမျဉ်းများရှိပြီး ဘုရားအိမ်တော်တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ရှိသည်။ သို့ဆိုလျှင် ဘုရားသခင်ရော အဘယ်သို့နည်း။ ဘုရားသခင်နှင့် စပ်လျဉ်း၍ မကောင်းမှု ပြုသည့် မည်သူမဆို လျော်ညီစွာ အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး ၎င်းတို့ အပြစ်ပေးခံရမည့် အချိန်နှင့် ပုံစံတို့ကို ဘုရားသခင်က ချမှတ်လိမ့်မည်။ အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စည်းမျဉ်းများသည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့မှ လုံးဝ ခွဲခြားမရနိုင်ပေ။ ဘုရားသခင်တွင် ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားမရနိုင်သည့် စိတ်သဘောထားတစ်ခု ရှိ၏။ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသရှိပြီး မကောင်းမှု ကျူးလွန်သူအားလုံးသည် သူ့အားဖြင့် လျော်ညီစွာ အပြစ်ပေးခံရလိမ့်မည်။ ဤသည်မှာ လူ၏ ဥပဒေများထက် များစွာ သာ၍ ကြီးမားသည်။ လူ့သဘာဝနှင့် လောကီ ဥပဒေများအားလုံးကို ကျော်လွန်သည်။ တရားမျှတ၊ ကျိုးကြောင်းသင့်လျော်ပြီး လူ့သဘာဝ၏ စိတ်ဆန္ဒများနှင့် ကိုက်ညီရုံမက လူတိုင်း၏ ထောက်ခံမှုများနှင့် အတည်ပြုချက်တို့ကိုလည်း မလိုအပ်ပေ။ ထိုအရာက ကိုယ်ကျင့်တရား ကြီးစိုးမှု၏ အထွတ်အထိပ်မှ ကိစ္စရပ်များကို သင့် အကဲဖြတ်ပေးရန် မလိုအပ်ပေ။ ဤအရာများကို ဘုရားသခင် လုပ်ဆောင်သည့်အခါ သူ၏ ကိုယ်ပိုင် စည်းမျဉ်းများနှင့် အချိန်ကိုက်မှု ရှိသည်။ ထိုအရာကို သူ ဆောင်ရွက်နိုင်သည့်အတိုင်း ဆောင်ရွက်ရန် ဘုရားသခင်ကို အပ်ထားသင့်ပြီး လူတို့အနေဖြင့် ဤသည်မှာ ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိသည့်အလား ကြားဝင်စွက်ဖက်ခြင်းကို ရှောင်ကြဉ်သင့်ကြပေသည်။ “အဆိုးကို တုံ့ပြန်ခြင်း” နှင့် စပ်လျဉ်း၍ လူတို့အပေါ် မည်သည့်အရာကို ဘုရားသခင် တောင်းဆိုသနည်း။ တဇောက်ကန်းစိတ်ဖြင့် မပြုမူရန်၊ သို့မဟုတ် အခြားလူများအပေါ် လက်စားမချေရန် ဖြစ်သည်။ တစ်စုံတစ်ဦးက သင့်ကို စိတ်အနှောင့်အယှက်ပေးလျှင်၊ အမြဲ ဒုက္ခပေးနှောင့်ယှက်လျှင်၊ သို့မဟုတ် သင့်ကို အန္တရာယ်ပြုရန်ပင် ဆန္ဒရှိလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အရာများကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများ ရှိပါသလော။ (ရှိပါသည်။) ဤအရာများအတွက် ဖြေရှင်းချက်များနှင့် စည်းမျဉ်းများအပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတွင် အခြေခံတစ်ခု ရှိပေသည်။ အခြားမည်သည့်အရာမဆိုဖြစ်စေ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”ဟူသည့် အကျင့်စာရိတ္တနှင့်ပတ်သက်သော အဆိုသည် လူတို့၏ လူ့သဘာဝ အရည်အသွေးကို အကဲဖြတ်ရန် အသုံးပြုရမည့် စံနှုန်းတစ်ခုလည်း မဟုတ်ပေ။ အလွန်ဆုံးအနေဖြင့် တစ်စုံတစ်ဦးသည် အဆိုးကို အကောင်းဖြင့် တုံ့ပြန်နိုင်စွမ်းရှိပါက ၎င်းသည် အတော်အတန် စိတ်ရှည်၊ ရိုးရှင်း၊ စိတ်ထားကောင်းပြီး သဘောထားကြီးကြောင်း၊ ၎င်းသည် သဘောထားမသေးကြောင်းနှင့် လက်သင့်ခံနိုင်ဖွယ် အကျင့်စာရိတ္တ ပိုင်ဆိုင်ကြောင်း ဆိုနိုင်ပေသည်။ သို့ရာတွင် ဤလူ၏ လူ့သဘာဝ အရည်အသွေးကို ဤအဆိုတစ်ခုအရ ဆန်းစစ်ကာ အကဲဖြတ်၍ ရနိုင်သလော။ လုံးဝ မရနိုင်ပေ။ ၎င်းတို့ လိုက်စားသည့်အရာ၊ လျှောက်သည့် လမ်းကြောင်းနှင့် သမ္မာတရား၊ အပြုသဘောဆောင်သည့် အရာများ စသည်တို့အပေါ် ၎င်းတို့၏ သဘောထားတို့ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ ယင်းမှာ ၎င်းတို့တွင် လူ့သဘာဝ ရှိမရှိဆိုသည်ကို မှန်ကန်တိကျစွာ အကဲဖြတ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ယနေ့အတွက် ငါတို့၏ မိတ်သဟာယ ဤတွင် အဆုံးသတ်၏။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၆ ရက်

အရှေ့သို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၅)

နောက်တစ်ခုသို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။