သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)

များမကြာမီက ကိုယ်ကျင့်တရား အပြုအမူအကြောင်း ရိုးရာယဉ်ကျေးမှုမှ ဆိုရိုးမျိုးစုံနှင့်ပတ်သက်၍ ငါမိတ်သဟာယပြုပေးပြီးဖြစ်သည်။ သတ်သတ်မှတ်မှတ်ဖြစ်သော ဆိုရိုးအချို့နှင့် စပ်လျဉ်း၍ ငါများစွာ မိတ်သဟာယပြုပြီးဖြစ်သည်။ သို့ဆိုလျှင် ဤခေါင်းစဉ်နှင့် အကြောင်းအရာသည် သမ္မာတရားနှင့် ပတ်သက်မှုတစ်စုံတစ်ရာ ရှိသလော။ (ရှိပါသည်။) ဤခေါင်းစဉ်နှင့် အကြောင်းအရာသည် သမ္မာတရားနှင့် ဆက်နွှယ်ပုံမရဟု တွေးထင်သူ တစ်ဦးတလေများ ရှိသလော။ ထိုသို့ တွေးပါက ထိုသူသည် အမှန်တကယ် အစွမ်းအစ ညံ့ဖျင်းလှပြီး ချင့်ချိန်နိုင်စွမ်းလည်း အနည်းငယ်မျှပင် မရှိ။ ဤအကြောင်းအရာအပေါ် ငါ၏ မိတ်သဟာယပြုချက်က နားလည်ရန် လွယ်လေပြီလော။ (လွယ်ပါသည်။) ငါ့အနေနှင့် ဤသို့ မိတ်သဟာယပြုကာ စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိခဲ့ပါက အတော်အတန် အပြုသဘောဆောင်သည့်အရာအဖြစ် လူတို့မှတ်ယူကြပြီး ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော ဤဆိုရိုးများကို သမ္မာတရားအဖြစ် သင်တို့ အထင်မှားကာ ဆက်လက် ထိန်းသိမ်းနေကြဦးမည်လော။ ပထမဦးစွာ လူအများစုက ဤဆိုရိုးများကို အပြုသဘောဆောင်သော အရာများအဖြစ်၊ လူ့သဘာဝနှင့် ကိုက်ညီပြီး လိုက်နာစောင့်ထိန်းသင့်သည့် အရာများအဖြစ် မှတ်ယူကြကာ အသိစိတ်၊ ဆင်ခြင်တုံတရား၊ တောင်းဆိုချက်များ၊ အယူအဆများနှင့်သာမက လူ့သဘာဝနှင့် ဆက်နွှယ်သည့် အခြား ထိုသို့သော အရာများနှင့်ပါ ကိုက်ညီသည်ဟု မှတ်ယူကြကြောင်း ငါ သေချာ ပြောနိုင်သည်။ ဤအကြောင်းအရာအပေါ် ငါ၏ မိတ်သဟာယမတိုင်မီတွင် လူတိုင်းနီးပါးက ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် ဤအမျိုးမျိုးသော ဆိုရိုးများကို အပြုသဘောဆောင်ကာ သမ္မာတရားနှင့် ကိုက်ညီသည်ဟု မှတ်ယူခဲ့ကြကြောင်း ပြော၍ရနိုင်သည်။ ငါ၏ မိတ်သဟာယပြုချက်နှင့် စိတ်ဖြာလေ့လာဆွေးနွေးချက်တို့ကို ကြားနာပြီးနောက်တွင် သင်တို့သည် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် ဤဆိုရိုးများနှင့် သမ္မာတရားကြား ယခု ခွဲခြားသိမြင်နိုင်ကြပြီလော။ ဤချင့်ချိန်နိုင်စွမ်းမျိုးကို သင်တို့ ပိုင်ဆိုင်ကြသလော။ လူအချို့က “ထိုအရာများကြား ကျွန်ုပ် ခွဲခြားသိမြင်နိုင်ခြင်း မရှိသော်လည်း မည်သို့ဆိုစေ ဘုရားသခင်၏ မိတ်သဟာယပြုချက်ကို ကြားသည့်အခါ ဤအရာများနှင့် သမ္မာတရားကြား ခြားနားချက်တစ်ခု ရှိသည်ကို ကျွန်ုပ် ယခု မြင်ရပါပြီ။ ထိုအရာများကို အပြုသဘောဆောင်သည် သို့မဟုတ် သမ္မာတရားဖြစ်သည်ဟု ပြော၍ရနိုင်ရန် မဆိုထားနှင့်၊ ထိုအရာများက သမ္မာတရား၏ နေရာကိုပင် ဝင်မယူနိုင်ပါ။ ထိုအရာများကို ဘုရားနှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ တောင်းဆိုချက်များ၊ သို့မဟုတ် သမ္မာတရား၏ စံများနှင့် ကိုက်ညီသည်ဟု သဘောထားရန်မှာမူ အလျှင်း မဖြစ်နိုင်သည်ကိုကား ပြောနေရန်ပင် မလိုပါ။ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ တောင်းဆိုချက်များ၊ သို့မဟုတ် သမ္မာတရား၏ စံများနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိပါ။ အချုပ်ပြောရလျှင် ထိုအရာများသည် လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ကျွန်ုပ်၏ စိတ်နှလုံးတွင် ထိုအရာများကို မကိုးကွယ်တော့သကဲ့သို့ သမ္မာတရားအဖြစ်လည်း မယူဆတော့ပါ” ဟု ပြောလိမ့်မည်။ ဤအရာက ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများသည် လူတို့၏ စိတ်နှလုံးထဲတွင် လမ်းညွှန်ပေးသည့် အခန်းကဏ္ဍ၌ မရှိတော့ကြောင်း ပြပေသည်။ လူတို့သည် ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သည့် ဤဆိုရိုးများကို ကြားသည့်အခါ မသိစိတ်၏ စေ့ဆော်မှုအရ ယင်းတို့ကို သမ္မာတရားမှ ခွဲခြားသိမြင်ကြလိမ့်မည်ဖြစ်ပြီး အလွန်ဆုံးအနေဖြင့် လူတို့က မိမိတို့၏ အသိစိတ်တွင် သဘောကျလက်ခံကြသည့် အရာအဖြစ် ယင်းတို့ကို သဘောထားကြလိမ့်မည်ဖြစ်သည်။ သို့ရာတွင် ဤဆိုရိုးများသည် သမ္မာတရားနှင့် မတူကွဲပြားဆဲဖြစ်ကာ သမ္မာတရားကို လုံးဝ အစားမထိုးနိုင်ကြောင်း ၎င်းတို့ သိကြသည်။ လူတို့သည် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် ဤဆိုရိုးများ၏ အနှစ်သာရကို သဘောပေါက်သည်နှင့် ယင်းတို့ကို သမ္မာတရားအဖြစ် မှတ်ယူပြီး လိုက်နာစောင့်ထိန်းခြင်း၊ ကိုးကွယ်ခြင်း၊ သို့မဟုတ် ထိုသို့သောအရာအဖြစ် ရှာဖွေခြင်းတို့ကို ရပ်တန့်ကြလိမ့်မည်။ ဤသည်မှာ စွမ်းဆောင်ရရှိသည့် အခြေခံ အကျိုးတရား ဖြစ်သည်။ ဤအရာအားလုံးကို သိနားလည်ခြင်းက လူတို့၏ သမ္မာတရား လိုက်စားခြင်းအပေါ် မည်သည့် အပြုသဘောဆောင်သော သက်ရောက်မှုများ ရှိသနည်း။ အပြုသဘောဆောင်သော သက်ရောက်မှုတစ်ခု သေချာပေါက် ရှိလိမ့်မည်ဖြစ်သော်လည်း ထိုသက်ရောက်မှု၏ ပမာဏသည် သမ္မာတရားကို သင် နားလည်သည့် အတိုင်းအတာ၊ သို့မဟုတ် သမ္မာတရားမည်မျှကို သင် သိသည်ဆိုသည့်အပေါ် မူတည်လိမ့်မည် ဖြစ်သည်။ ဤအချက်များကို စဉ်းစားသည့်အခါ လူတို့ ထိန်းသိမ်းပြီး ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီသည့် ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများကို စိတ်ဖြာလေ့လာဆွေးနွေးရန် အတော်ပင် လိုအပ်ကြောင်း သိသာလှသည်။ အနည်းဆုံးအနေဖြင့် ဤစိတ်ဖြာလေ့လာဆွေးနွေးမှုက သမ္မာတရားအား သိနားလည်ခြင်း စစ်စစ်တစ်ခုကို လူတို့ရရှိအောင် ကူညီပေးသည့်၊ ၎င်းတို့၏ အားထုတ်မှုများတွင် အချည်းနှီးမဖြစ်အောင်၊ သို့မဟုတ် မိမိတို့၏ သမ္မာတရား လိုက်စားမှုတွင် မှားယွင်းသော လမ်းကြောင်းကို ၎င်းတို့မလျှောက်အောင် တားဆီးပေးသည့် အကျိုးတရား ရှိလိမ့်မည် ဖြစ်သည်။ ဤသည်တို့မှာ စွမ်းဆောင်ရရှိနိုင်သည့် အကျိုးတရားများ ဖြစ်သည်။

ပြီးခဲ့သည့်အခေါက်တွင် ကိုယ်ကျင့်တရားအပြုအမူနှင့် ပတ်သက်သော ဆိုရိုးလေးခုကို ငါတို့မိတ်သဟာယပြုကာ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည်။ အတိအကျပြောရသော် “ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်နှင့်”၊ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ”၊ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ”၊ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ” ဟူသည်တို့ ဖြစ်သည်။ ယနေ့တွင်မူ အခြား ဆိုရိုးများကို မိတ်သဟာယပြုခြင်းအားဖြင့် ငါတို့ ဆက်သွားကြမည်။ တရုတ်ရိုးရာယဉ်ကျေးမှုသည် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် တိကျပြတ်သားသော အဆိုများစွာကို အဆိုပြုထားသည်။ ဤအဆိုများကို နဂိုမူလ၌ မည်သည့် ခေတ် သို့မဟုတ် မည်သည့် သမိုင်းကာလအတွင်း တင်ပြထားသည်ဖြစ်စေ အဆိုအားလုံးကို မျက်မှောက်ခေတ်အထိ လက်ဆင့်ကမ်းလာကြပြီးဖြစ်ကာ လူတို့၏ စိတ်နှလုံးများတွင် အခိုင်အမာ အမြစ်စွဲနေပြီး ဖြစ်သည်။ အချိန်ကုန်လွန်ကာ အသစ်သော အရာများ တဖြည်းဖြည်း ပေါ်ပေါက်လာသည်နှင့်အမျှ လူသည် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် ဆန်းသစ်ပြီး ကွဲပြားခြားနားသော အဆိုများစွာကို အဆိုပြုလာခဲ့သည်။ ဤအဆိုများသည် အခြေခံအားဖြင့် လူတို့၏ ကိုယ်ကျင့်စရိုက်နှင့် အပြုအမူတို့အပေါ် ချမှတ်ထားသည့် တောင်းဆိုချက်များ ဖြစ်၏။ ပြီးခဲ့သည့်အခေါက်တွင် ငါတို့ မိတ်သဟာယပြုခဲ့သည့် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော ဆိုရိုးလေးခုအပေါ် သင်တို့အားလုံး အနည်းနှင့်အများ ရှင်းလင်းကြသလော။ (ရှင်းလင်းပါသည်။) ယခုတွင် “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဟူသည့် နောက်ထပ် ဆိုရိုးကို ငါတို့ ဆက်လက် မိတ်သဟာယပြုကြစို့။ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုသည့် အယူအဆသည် တရုတ်ရိုးရာယဉ်ကျေးမှုတွင် လူတစ်ယောက်က ကိုယ်ကျင့်တရားရှိသည်၊ မရှိသည်ကို အကဲဖြတ်သည့် အကောင်းဆုံးသော စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။ လူတစ်ယောက်က ကောင်းသော၊ သို့မဟုတ် ဆိုးသော လူ့သဘာဝရှိသလော၊ မွန်မြတ်ခြင်းရှိမရှိ ဆိုသည်ကို အကဲဖြတ်သောအခါ စံအမှတ်တစ်ခုမှာ သူရရှိသော အခွင့်အရေး၊ သို့မဟုတ် အကူအညီကို ပြန်လည်ပေးဆပ်ခြင်းရှိမရှိ၊ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုသည်ကို ကျင့်သုံးသောသူဟုတ်မဟုတ်ဟူ၍ ဖြစ်သည်။ တရုတ်ရိုးရာယဉ်ကျေးမှုအတွင်းတွင်၊ ဧကန်အမှန် လူသားရိုးရာယဉ်ကျေးမှုတစ်ခုလုံးအတွင်းတွင် လူတို့သည် ဤအရာကို သူတော်ကောင်းတရား၏ အရေးကြီးသောအတိုင်းအတာအဖြစ် မှတ်ယူကြသည်။ လူတစ်ယောက်က “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုသည်ကို မကျင့်သုံးလျှင် ထိုသူသည် ကျေးဇူးမသိတတ်သူဖြစ်ပြီး အသိစိတ်ကင်းမဲ့ကာ ပေါင်းသင်းဆက်ဆံရန် မထိုက်တန်ဟု ယူဆကြသည်။ ၎င်းတို့ကို အားလုံးက အထင်အမြင်သေးသည်။ ပစ်ပယ်သည်၊ သို့မဟုတ် ငြင်းဆန်ကြသည်။ အခြားတစ်ဖက်တွင် လူတစ်ယောက်က “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုသည်ကို ကျင့်သုံးလျှင်၊ ထိုသူသည် ကျေးဇူးသိတတ်ပြီး တတ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် အခွင့်အရေးနှင့် အကူအညီကို ပြန်ပေးလျှင် ထိုသူကို အသိစိတ်နှင့် လူ့သဘာဝရှိသည့်သူအဖြစ် မှတ်ယူသည်။ တစ်စုံတစ်ယောက်က အခြားလူတစ်ယောက်ထံမှ အကျိုးအမြတ်၊ သို့မဟုတ် အကူအညီတစ်ခုကို လက်ခံရရှိသော်လည်း ပြန်လည်မပေးဆပ်လျှင်၊ သို့မဟုတ် ရိုးရှင်းသည့် “ကျေးဇူးတင်ပါတယ်။” ဟူသည့်စကားဖြင့် အနည်းငယ် ကျေးဇူးသိတတ်မှုကို ဖော်ပြပြီး ထို့ထက် မည်သည့်အရာမျှမပိုလျှင် အခြားလူက မည်သို့ ထင်မည်နည်း။ စိတ်အနှောင့်အယှက် ဖြစ်ကောင်းဖြစ်မည်လော။ ထိုသူက “ဒီလူက ကူညီပေးဖို့ မတန်ဘူး။ လူကောင်းမဟုတ်ဘူး။ ငါက သူ့ကို အများကြီးကူညီပြီး သူက ဒီလိုတုံ့ပြန်တာဆိုရင် သူက အသိတရား၊ ဒါမှမဟုတ် လူ့သဘာဝမရှိဘူး။ ပေါင်းဖို့ မတန်ဘူး” ဟူ၍ စဉ်းစားကောင်း စဉ်းစားမည်လော။ ထိုသူသည် ဤသို့သောလူစားမျိုးနှင့် တဖန် ကြုံတွေ့လျှင် ထိုသူကို ကူညီဦးမည်လော။ အနည်းဆုံးအနေဖြင့် ကူညီလိုစိတ်ရှိမည်မဟုတ်ပေ။ သင်တို့သည် အလားတူ အခြေအနေများတွင် အမှန်တကယ် ကူညီသင့်သည်၊ မကူညီသင့်သည်ကို တွေးတောမည်မဟုတ်လော။ သင်၏ ယခင်အတွေ့အကြုံမှ သင်သိလိုက်ရသော သင်ခန်းစာသည် “ငါ ဘယ်သူကိုမဆို ကူညီပေးလိုက်လို့မဖြစ်ဘူး။ ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုတာကို နားလည်ရမယ်။ သူတို့က ငါ ပေးတဲ့အကူအညီအတွက် ပြန်ပေးဆပ်မှာမဟုတ်တဲ့ ကျေးဇူးမသိတတ်တဲ့သူမျိုးဆိုရင် မကူညီတာကောင်းတယ်” ဟူ၍ ဖြစ်ပေမည်။ ထိုကိစ္စတွင် သင်တို့၏ အမြင်မှာ ထိုသို့ဖြစ်မည်မဟုတ်လော။ (ဟုတ်ပါသည်။) ယေဘုယျအားဖြင့် လူတို့သည် အခြားသူများကို အကူအညီပေးသည့်အခါ ၎င်းတို့၏ ကူညီပေးသည့် လုပ်ရပ်နှင့်ပတ်သက်၍ အတိအကျအားဖြင့် မည်သည့်အရာကို ၎င်းတို့ တွေးကြသနည်း။ ၎င်းတို့ ကူညီလိုက်သည့် လူအပေါ် မျှော်လင့်ချက်တစ်ခုခု၊ သို့မဟုတ် တောင်းဆိုချက်တစ်ခုခု ရှိကြသလော။ တစ်ဦးတလေက “ကျွန်ုပ်သည် ကျေးဇူးပြန်ဆပ်ခံရဖို့ မမျှော်လင့်ဘဲ သင့်ကို ကူညီနေခြင်း ဖြစ်သည်။ သင့်ထံမှ မည်သည့်အရာကိုမျှ ကျွန်ုပ် မရချင်ပါ။ သင် အခက်အခဲများ ကြုံရသည့်အခါ သင့်ကို ကူညီခြင်းသည် ကျွန်ုပ် လုပ်ဆောင်သင့်သည့်အရာသာ ဖြစ်ပြီး ကျွန်ုပ်၏ တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့သည် အချင်းချင်း ဆက်နွှယ်မှုတစ်စုံတစ်ရာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အနာဂတ်တွင် ကျွန်ုပ်ကို သင် ပြန်ဆပ်ပေးနိုင်မည်ဖြစ်စေ၊ မဆပ်ပေးနိုင်မည်ဖြစ်စေ ကျွန်ုပ်သည် သာမန်လူတစ်ဦးအဖြစ် ကျွန်ုပ်၏ အခြေခံကျသော တာဝန်ကို လုပ်ဆောင်နေခြင်းသာ ဖြစ်ပြီး တစ်စုံတစ်ရာ ကျေးဇူးပြန်ဆပ်ပေးဖို့ တောင်းဆိုမည် မဟုတ်ပါ။ ကျွန်ုပ်ကို သင် ကျေးဇူးပြန်ဆပ်ပေးခြင်း ရှိရှိမရှိရှိ ကျွန်ုပ်အတွက် ကိစ္စမရှိပါ” ဟု ပြောသလော။ ထိုသို့သော စကားများကို ပြောဆိုသော လူများ တည်ရှိသလော။ ထိုသို့သော လူများရှိလျှင်ပင် ၎င်းတို့သည် လုပ်ကြံဖန်တီးမှုများသာဖြစ်ပြီး အမှန်တရားများနှင့် ကိုက်ညီခြင်း မရှိပေ။ တရုတ် သမိုင်းဝတ္ထုများတွင် ဖန်တီးယူထားသည့် သူရဲကောင်း ဇာတ်ကောင်များ အလွန်များလှ၏။ ခေတ်သစ် လူ့အဖွဲ့အစည်းတွင် အဆင်းနီသော နဂါးကြီး၏ နိုင်ငံက လုပ်ကြံဖန်တီးထားသည့် သူရဲကောင်းများဆိုလျှင် သာ၍ပင် စိတ်ကူးယဉ်ဆန်လေသည်။ ထိုလူများ တည်ရှိခဲ့ကြသော်လည်း ၎င်းတို့နှင့်ပတ်သက်သည့် ဇာတ်လမ်းများကမူ ထွင်ထားခြင်းဖြစ်သည်။ ဤအမှန်တရားများအပေါ် အခြေခံ၍ ကြည့်လိုက်သည့်အခါ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဟူသော ဆိုရိုး၏ ဇာစ်မြစ်၊ လူတို့၏ ကိုယ်ကျင့်တရား အပြုအမူကို အကဲဖြတ်ဖို့ဖြစ်သည့် ဤစံသတ်မှတ်ချက်၏ ဇာစ်မြစ်၊ ထို့အပြင် မည်သူ့ထံမှ ထိုအရာ ဆင်းသက်လာသည်တို့ကို ယခု ရှင်းလင်းသွားပြီလော။ ဤအရာနှင့်ပတ်သက်၍ လူအချို့ မရှင်းမလင်း ရှိနေဆဲ ဖြစ်နိုင်သည်။ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွင်းတွင် လူအားလုံးသည် လူ့ဘောင်အဖွဲ့အစည်းအပေါ် စံထားချက်တစ်မျိုးနှင့် မျှော်လင့်ချက်တစ်ခုခု ရှိကြ၏။ မည်သည့် မျှော်လင့်ချက် ရှိကြသနည်း။ “လူတိုင်းက မေတ္တာတရား အနည်းငယ်စီ ပေးမည်ဆိုလျှင် ကမ္ဘာလောကသည် နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်လာလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤမျှော်လင့်ချက်အပြင် လူတို့သည် ၎င်းတို့၏ ချစ်ခင်တတ်သော စိတ်နှလုံးနှင့် ၎င်းတို့ပေးသည့် အဖိုးအခအတွက် ပြန်ပေးခံရဖို့နှင့် ကျေးဇူးပြန်ဆပ်ခံရဖို့ကိုလည်း မျှော်လင့်ကြသည်။ တစ်ဖက်တွင် ဤသည်မှာ ငွေကြေး လက်ဆောင်၊ သို့မဟုတ် ရုပ်ဝတ္ထု ဆုလာဘ်တစ်ခုကဲ့သို့ ရုပ်ပစ္စည်းသဘောအရ ကျေးဇူးပြန်ဆပ်ခံရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အခြားတစ်ဖက်တွင်မူ ဝိညာဉ်ရေးရာ သဘောအရ ကျေးဇူးပြန်ဆပ်ခံရခြင်းကို ဆိုလိုကောင်း ဆိုလိုပေမည်။ ယင်းမှာ လူတို့ကို “စံပြအလုပ်သမား”၊ “ကိုယ်ကျင့်တရားဆိုင်ရာ စံနမူနာ”၊ သို့မဟုတ် “ကိုယ်ကျင့်တရားဆိုင်ရာ စံနမူနာ”ကဲ့သို့သော ဂုဏ်ပုဒ်တစ်ခုကို ပေးသည့် ၎င်းတို့၏ နာမည်ဂုဏ်သတင်းကို အထောက်အပံ့ပြုရန် ဆုလာဘ်တစ်ခု ပေးခြင်းအားဖြင့် လူတို့အား ဝိညာဉ်ရေးရာ စိတ်ကျေနပ်မှုကို ဆောင်ကြဉ်းပေးခြင်း ဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်းတွင် လူတိုင်းနီးပါး၌ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာလောကအပေါ် ဤမျှော်လင့်ချက်မျိုး ရှိကြသည်။ ၎င်းတို့အားလုံးက လူကောင်းများဖြစ်ရန်၊ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ရန်နှင့် လူတို့အား ၎င်းတို့၏ အကူအညီကို ရရှိခွင့်ပေးကာ အချို့သော အကျိုးကျေးဇူးများကို ရရှိခွင့်ပေးလျက် လိုအပ်နေသော သူတို့ကို လက်ကမ်းကူညီရန် မျှော်လင့်ကြသည်။ ၎င်းတို့၏ အကူအညီကို ရရှိသူများသည် အကူအညီ ပေးခဲ့သောသူနှင့် မိမိတို့ အကျိုးခံစားခဲ့ရသည့် နည်းလမ်းများကို သတိရကြလိမ့်မည်ဟု ၎င်းတို့ မျှော်လင့်ကြသည်။ ၎င်းတို့ကိုယ်တိုင် လိုအပ်သည့်အခါ လက်ကမ်း၍ ကူညီပေးမည့် တစ်စုံတစ်ဦး ရှိလိမ့်မည်ဟုလည်း မျှော်လင့်ကြသည်မှာ အမှန်ဖြစ်၏။ တစ်ဖက်တွင် တစ်စုံတစ်ဦးသည် အကူအညီ လိုအပ်သောအခါ လူအချို့က ထိုသူကို ချစ်ခင်သည့် စိတ်နှလုံး ပြသလိမ့်မည်ဟု ၎င်းတို့ မျှော်လင့်ကြသည်။ အခြားတစ်ဖက်တွင် ချစ်ခင်သည့် စိတ်နှလုံး ပြသသောသူတို့ အကျပ်တွေ့ကြသည့်အခါ ထိုသူတို့သည်လည်း လိုအပ်သည့် အကူအညီ ရကြလိမ့်မည်ဟု မျှော်လင့်ကြသည်။ လူတို့သည် လူ့အဖွဲ့အစည်းနှင့် ကမ္ဘာလောကအပေါ် ဤမျှော်လင့်ချက်မျိုး ရှိကြ၏။ စင်စစ်အားဖြင့် ၎င်းတို့၏ နောက်ဆုံး ရည်မှန်းချက်မှာ သင့်မြတ်၊ အေးချမ်းပြီး တည်ငြိမ်သော လူ့အဖွဲ့အစည်းတစ်ခုတွင် လူသားမျိုးနွယ် နေထိုင်ရန် ဖြစ်သည်။ ဤမျှော်လင့်ချက်က အဘယ်သို့ ပေါ်ပေါက်လာသနည်း။ ဤမျှော်လင့်ချက်နှင့် ဆက်စပ်သည့် အဆိုတို့သည်က လူတို့က ဤလူမှုပတ်ဝန်းကျင်မျိုးတွင် ဘေးကင်းလုံခြုံခြင်းနှင့် ပျော်ရွှင်ခြင်းတို့ မခံစားရသောကြောင့် အလိုအလျောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုသို့ဖြင့် လူတို့သည် လူတစ်ဦး၏ ကိုယ်ကျင့်တရား အပြုအမူနှင့် ထိုသူ၏ အကျင့်စရိုက် မြင့်မြတ်မှုတို့ကို အခြားသူများ၏ ကြင်နာပြမှုအား ထိုသူပြန်ဆပ်ပေးခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံ၍ စတင် ဆန်းစစ်ကြလေရာ လူတို့၏ ကိုယ်ကျင့်တရား အပြုအမူကို ဆန်းစစ်ရေးအတွက် စံသတ်မှတ်ချက်တစ်ခုဖြစ်သည့် “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဟူသည့် ဆိုရိုးသည် ဤအခြေအနေမှ ပေါ်ပေါက်လာခဲ့ပေသည်။ ဤဆိုရိုး ဖြစ်လာခဲ့ပုံက အတော်ဆန်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) မျက်မှောက်ခေတ်တွင် လူသည် သမ္မာတရားကို ရှာဖွေခြင်း၊ လက်ခံခြင်း မရှိသကဲ့သို့ သမ္မာတရားကို စိတ်လည်းကုန်လာပြီ ဖြစ်သည်။ လူတို့သည် ပရမ်းပတာ အခြေအနေတစ်ခုတွင် ရှိနေကြ၏။ အချင်းချင်းကြား အသက်ရှင်နေကြသော်ငြား မည်သည့် ဝတ္တရားများကို ၎င်းတို့ ဆောင်ရွက်သင့်သည်၊ မည်သည့် တာဝန်များကို ၎င်းတို့ ဖြည့်ဆည်းသင့်ပြီး မည်သည့် နေရာကို ၎င်းတို့ ယူသင့်ကာ လူများနှင့် အမှုအရာများကို ရှုမြင်ချိန်တွင် မည်သည့် ရှုထောင့်၌ ရပ်တည်သင့်သည် ဆိုသည်တို့နှင့်ပတ်သက်၍ အားလုံး မရှင်းမလင်း ဖြစ်နေကြသည်။ ထို့အပြင် လူ့အဖွဲ့အစည်းအတွက် မည်သည့် ဝတ္တရားများနှင့် တာဝန်များ ၎င်းတို့တွင် ရှိသည်ကို လူတို့ မရှင်းမလင်း ဖြစ်နေကြပြီး လူ့အဖွဲ့အစည်းကို မည်သည့် ရပ်တည်ချက်၊ သို့မဟုတ် ရှုထောင့်အမြင်မှ ရှုမြင်ကာ ချဉ်းကပ်သင့်သည်ကိုလည်း မသေမချာ ဖြစ်နေကြသည်။ ကမ္ဘာလောကထဲ ဖြစ်ပွားသမျှ အရာရာတိုင်းအတွက် တိကျမှန်ကန်သည့် ရှင်းလင်းချက်နှင့် ထင်မြင်ချက်တို့ ၎င်းတို့တွင် ကင်းမဲ့နေ၏။ ၎င်းတို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်ပုံကို သတ်မှတ်ရန် မှန်ကန်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကိုလည်း ရှာမတွေ့နိုင်ကြပေ။ တိုက်ခိုက်ခြင်း၊ လက်စားချေ သတ်ဖြတ်ခြင်းနှင့် စစ်ပွဲတို့အပြင် မမျှတသည့် ဆက်ဆံမှုမျိုးစုံ ပတ်ချာဝိုင်းနေသော တိုး၍ တိုး၍ မှောင်မိုက်လာနေသည့် ထိတ်လန့်စရာ လောကနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ကယ်တင်ရှင် ကြွအလာကို တောင့်တပြီး ယုံကြည်မျှော်လင့်စွာ စောင့်စားကြလေသည်။ သို့တိုင် ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားကြသကဲ့သို့ မည်သူကမျှလည်း ဘုရားသခင်ကို၊ သို့မဟုတ် သူ၏ အမှုတော်ကို တက်ကြွစွာ မရှာဖွေကြချေ။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို ၎င်းတို့ ဧကန်ကြားလျှင်ပင် လက်ခံရန် မဆိုထားနှင့်၊ ရှာပင်မရှာဖွေကြ။ လူအားလုံးသည် ဤကူကယ်ရာမဲ့သည့် အခြေအနေတွင် အသက်ရှင်ကြပြီး လူ့အဖွဲ့အစည်းသည် အလွန့်အလွန် တရားမျှတခြင်း မရှိ၊ လုံခြုံဘေးကင်းခြင်းပင် မရှိဟု အားလုံး ခံစားကြရသည်။ လူတိုင်းသည် ဤလူ့အဖွဲ့အစည်းနှင့် ဤကမ္ဘာလောကကို လုံးလုံးလျားလျား စိတ်ကုန်ကာ ယင်းတို့အပေါ် ရန်လိုမှုအပြည့် ရှိနေကြ၏။ သို့သော် ထိုသို့ ရန်လိုမှုအပြည့် ရှိနေကြသော်ငြား တစ်နေ့တွင် လူ့အဖွဲ့အစည်းက တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ကြဆဲ ဖြစ်သည်။ တိုးတက်သည့် လူ့အဖွဲ့အစည်းသည် ၎င်းတို့အတွက် မည်သည့်ပုံစံ ဖြစ်သနည်း။ တိုက်ခိုက်မှုနှင့် လက်စားချေ သတ်ဖြတ်မှုတို့ မရှိတော့သည့်၊ လူတိုင်းက သဘောသင့်မြတ်စွာ ဆက်ဆံကြသည့်၊ မည်သူမျှ ဖိနှိပ်မှု၊ ဆင်းရဲဒုက္ခ၊ သို့မဟုတ် ဘဝ၏ ချုပ်ချယ်မှုများ မခံရသည့်၊ အားလုံးက စိုးရိမ်သောကကင်းကာ အချုပ်အချယ်လည်း မရှိဘဲ စိတ်လက်ချမ်းသာပြီး ပျော်ရွှင်သော ဘဝတစ်ခုကို အသက်ရှင်နေထိုင်နိုင်သည့်၊ အခြားသူများနှင့် ပုံမှန် ဆက်ဆံနိုင်သည့်၊ အခြားသူများကို မျှတစွာ ၎င်းတို့ဆက်ဆံပြီး ၎င်းတို့ကိုယ်တိုင်လည်း အခြားသူများ၏ မျှတစွာ ဆက်ဆံခြင်းကို အမှန်ခံရနိုင်သည့် လူ့အဖွဲ့အစည်းတစ်ခုကို ၎င်းတို့ မျှော်မှန်းကြသည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာလောကနှင့် လူသားမျိုးနွယ်ကြားတွင် တရားမျှတမှု မရှိဖူးသောကြောင့် ဖြစ်သည်။ တိုက်ခိုက်ခြင်းများနှင့် လက်စားချေ သတ်ဖြတ်ခြင်းတို့သာ အမြဲ ရှိနေပြီး လူတို့ကြား စိတ်သဘောသင့်မြတ်ခြင်းမူကား လုံးဝ မရှိပေ။ မည်သည့် သမိုင်းကာလတွင်မဆို အမြဲ ဤသို့သာ ဖြစ်နေခဲ့သည်။ ဤရက်စက်ကြမ်းကြုတ်သည့် လူမှုရေး အခြေအနေနှင့် အနေအထားတို့ဖြင့် ရင်ဆိုင်ရသည့်အခါ ဤပြဿနာများကို မည်သို့ ဖြေရှင်းရမည်၊ လူတို့ကြား တိုက်ခိုက်မှုများနှင့် လက်စားချေ သတ်ဖြတ်မှုများ၊ သို့မဟုတ် လူ့အဖွဲ့အစည်းတွင် ဖြစ်ပေါ်လာသည့် မမျှတ၊ မတရားသော အခြေအနေတစ်ခုတလေကို မည်သို့ ဖြေရှင်းရမည်ဆိုသည်တို့ကို လူတစ်ဦးတစ်ယောက်ကမျှ မသိချေ။ ၎င်းတို့၏ စိတ်တွင် ဤစိတ်ကူးယဉ်ဆန်သော ရူပါရုံမျိုး ဖြစ်ပေါ်လာသည်မှာ ဤပြဿနာများ တည်ရှိနေပြီး လူတို့က ယင်းတို့အား မည်သို့ ဖြေရှင်းရမည်၊ ဤပြဿနာများအား မည်သည့် ရပ်တည်ချက်၊ သို့မဟုတ် ရှုထောင့်မှ ချဉ်းကပ်ရမည်၊ သို့တည်းမဟုတ် ယင်းတို့ကို ဖြေရှင်းရန် မည်သည့် နည်းစနစ်ကို အသုံးပြုသင့်သည်ဆိုသည်တို့ကို မသိသော အချက်ကြောင့် အတိအကျ ဖြစ်သည်။ ဤစိတ်ကူးယဉ်ဆန်သော ရူပါရုံထဲတွင်မူ လူတို့သည် စိတ်သဘောထားသင့်သင့်မြတ်မြတ်ဖြင့် အတူတကွ နေထိုင်နိုင်ကြပြီး လူတိုင်းသည် လူ့အဖွဲ့အစည်းနှင့် ၎င်းတို့ အနီးဝန်းကျင်ရှိ လူတို့၏ မျှတစွာ ဆက်ခံခြင်းကို ခံရသည်။ လူတိုင်းက “အခြားသူများအပေါ် လူတို့လေးစားလျှင် ဆယ်ဆ ပြန်လေးစားခံရလိမ့်မည်။ သင် ကျွန်ုပ်ကို ကူညီလျှင် သင့်ကို ကျွန်ုပ် ပြန်ကျေးဇူးဆပ်မည်။ သင် အကူအညီ လိုသောအခါ လက်ကမ်း၍ ကူညီပေးပြီး မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်သည့် လူများစွာ လူ့အဖွဲ့အစည်းတွင် ရှိလိမ့်မည်။ ကျွန်ုပ် အကူအညီ လိုအပ်သောအခါ ယခင်က ကျွန်ုပ်၏ အကူအညီကြောင့် အကျိုးကျေးဇူး ခံစားခဲ့ရသူများသည် ကျွန်ုပ်ကို လာကူညီပေးကြလိမ့်မည်။ ဤသည်မှာ လူတို့ အချင်းချင်း ကူညီပေးကြသည့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်သင့်သည်” ဟု မျှော်လင့်ကြသည်။ ဤနည်းဖြင့်သာ လူသည် ပျော်ရွှင်ချမ်းမြေ့စွာ၊ စိတ်သဘောသင့်မြတ်စွာ နေထိုင်နိုင်ပြီး တည်ငြိမ်၍ အေးချမ်းသော လူ့အဖွဲ့အစည်းတစ်ခုတွင် နေထိုင်နိုင်မည်ဟု လူတို့ ယုံကြည်ကြသည်။ ဤနည်းဖြင့်သာ လူတို့အချင်းချင်း ယှဉ်ပြိုင်ရုန်းကန်ခြင်းများသည် လုံးလုံးလျားလျား အမြစ်ဖြတ်ခံရပြီး ပြေလည်သွားနိုင်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤပြဿနာများ ပြေလည်သွားသည်နှင့် ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက် နေရာများတွင် ၎င်းတို့ ထားရှိသည့် မျှော်လင့်ချက်များနှင့် စံထားရာများသည် အကောင်အထည် ပေါ်လာလိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြလေသည်။

မယုံကြည်သူများ၏ လူ့အဖွဲ့အစည်းတွင် “မနက်ဖြန် အဆင်ပြေလာလိမ့်မည်” ဟူသော လူကြိုက်များသည့် သီချင်းတစ်ပုဒ် ရှိ၏။ လူတို့သည် အနာဂတ်တွင် အမှုအရာများ အဆင်ပြေလာလိမ့်မည်ဟု အမြဲ မျှော်လင့်ကြသည်။ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မမှားယွင်းချေ။ သို့သော်လည်း လက်တွေ့အရှိတရား၌မူ အမှုအရာများသည် မနက်ဖြန်တွင် အဆင်ပြေလာလိမ့်မည်လော။ အဆင်ပြေလာလိမ့်မည်မဟုတ်၊ ဤသည်မှာ မဖြစ်နိုင်။ လူသားမျိုးနွယ်သည် တိုး၍ တိုး၍ ဆိုးယုတ်လာနေပြီး ကမ္ဘာလောကသည်လည်း တိုး၍ တိုး၍ မှောင်မိုက်လာနေသောကြောင့် အမှုအရာများက ပို၍သာ ဆိုးရွားသွားနိုင်ပေသည်။ လူသားမျိုးနွယ်ထဲတွင် မိမိတို့ လက်ခံရရှိသည့် ကျေးဇူးကို ပြန်ဆပ်သည့်လူ နည်းပါးသည်ထက် နည်းပါးလာသည်သာမက ပိုများသည်ထက် များသော လူတို့သည် ကျေးဇူးကန်းကာ မိမိတို့အား ကျွေးသည့်လက်ကို ပြန်ကိုက်ကြလေသည်။ ထိုအစား ယခုတွင် ဤသည်မှာ အခြေအနေ၏ လက်တွေ့အရှိတရား ဖြစ်သည်။ ဤသည်မှာ အမှန်တရား မဟုတ်လော။ (ဟုတ်ပါသည်။) အမှုအရာများက ဤပုံဤနည်း မည်ကဲ့သို့ ဖြစ်သွားခဲ့သနည်း။ ကိုယ်ကျင့်တရားပညာရှင်များ၊ နည်းပေးလမ်းပြ ဆရာများနှင့် လူမှုဗေဒပညာရှင်များက အားပေးထောက်ခံကြသည့် “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်” ဟူသော ကိုယ်ကျင့်တရား အပြုအမူ စံသတ်မှတ်ချက်သည် အဘယ်ကြောင့် လူတို့အပေါ် ချည်နှောင်လိုက်နာစေသည့် အကျိုးတရား မရှိရသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့် ဖြစ်ပါသည်။) လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့် ဖြစ်သည်။ သို့ရာတွင် ဤကိုယ်ကျင့်တရားပညာရှင်များ၊ နည်းပေးလမ်းပြ ဆရာများနှင့် လူမှုဗေဒပညာရှင်များက ယင်းကို သိကြသလော။ (မသိကြပါ။) လူတို့အကြား လက်စားချေ သတ်ဖြတ်ခြင်းနှင့် ယှဉ်ပြိုင်ရုန်းကန်ခြင်းများ၏ အကြောင်းရင်းမြစ်မှာ ၎င်းတို့၏ အကျင့်စာရိတ္တနှင့်ပတ်သက်သည့် ပြဿနာကြောင့်မဟုတ်ဘဲ ထို့ထက် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်သည်ကို ၎င်းတို့ မသိကြချေ။ လူတို့သည် မည်သည့်စံသတ်မှတ်ချက်များနှင့်အညီ ကျင့်ကြံပြုမူသင့်သည်ကို လုံးဝ မသိကြချေ။ ဆိုလိုသည်မှာ ၎င်းတို့သည် မည်သို့ မှန်ကန်စွာ ကျင့်ကြံပြုမူရမည်ကို မသိကြသကဲ့သို့ ကျင့်ကြံပြုမူခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းများက မည်သည့်အရာ အတိအကျဖြစ်သည်ကိုလည်း မသိကြချေ။ ထို့အပြင် လူအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆိုးယုတ်သော သဘာဝများ ရှိကြသည်၊ လူအားလုံးသည် အကျိုးအမြတ်အတွက် အသက်ရှင်ကြပြီး အရာရာထက် မိမိတို့၏ ကိုယ်ကျိုးစီးပွားများကို ဦးစားပေးကြသည်။ အကျိုးဆက်အနေဖြင့် လူတို့အကြား လက်စားချေ သတ်ဖြတ်ခြင်းများ၊ ယှဉ်ပြိုင်ရုန်းကန်ခြင်းများနှင့်ဆိုင်သော ပြဿနာသည် တိုး၍ ဆိုးရွားလာလေသည်။ ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် လူများသည် “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်” ဟူသကဲ့သို့သော ကိုယ်ကျင့်တရား အပြုအမူနှင့်ဆိုင်သော စံသတ်မှတ်ချက်များကို လိုက်နာစောင့်ထိန်းနိုင်သလော။ လူများက အခြေခံအကျဆုံးသော ဆင်ခြင်တုံတရားနှင့် အသိစိတ်တို့ပင် ဆုံးရှုံးပြီးဖြစ်သည်ကို ထောက်သော် ၎င်းတို့ လက်ခံရရှိသည့် ကြင်နာမှုကို ကျေးဇူးသိတတ်စွာ အဘယ်သို့ ပြန်ဆပ်နိုင်မည်နည်း။ ဘုရားသခင်သည် လူတို့ ရှင်သန်ရန် လိုအပ်သည့် အရာတိုင်းကို ပြင်ဆင်ပေးလျက်၊ နေရောင်၊ လေ၊ အစားအစာ၊ ရေ၊ စသည်တို့ကို ၎င်းတို့အား ထောက်ပံ့ပေးလျက်၊ လူတို့ကို အမြဲ လမ်းပြနေခဲ့သည့်တိုင် ၎င်းတို့ထဲတွင် လူမည်မျှသည် ဘုရားကို ကျေးဇူးတင်သနည်း။ ၎င်းတို့ထဲတွင် လူမည်မျှသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို သတိမူမိနိုင်သနည်း။ ဘုရားသခင်၏ ကျေးဇူးတော်များစွာကို မွေ့လျော်ခံစားနေရလင့်ကစား ဘုရားသခင်က ၎င်းတို့၏ စိတ်ဆန္ဒများကို တစ်ကြိမ်၊ နှစ်ကြိမ်မျှ မဖြည့်ဆည်းပေးသည်နှင့်တစ်ပြိုင်နက် ယမ်းပုံမီးကျဖြစ်ကာ ဘုရားသခင်ကို ဒေါသဖြင့် ဝေဖန်ပြောဆိုပြီး စောဒကတက်ကြသည့် ယုံကြည်သူများစွာ ရှိသည်။ လူအချို့ထံမှ လက်ခံရရှိသည့် ကြင်နာမှုကို ကျေးဇူးတင်စွာ ပြန်ဆပ်နိုင်ကြသည့် လူအချို့ ရှိလျှင်ပင် ယင်းက မည်သည့်ပြဿနာများကို ဖြေရှင်းပေးလိမ့်မည်နည်း။ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် ဤဆိုရိုးကို အဆိုပြုခဲ့ကြသော လူများတွင် ကောင်းမွန်သည့် ရည်ရွယ်ချက်များ ရှိခဲ့သည်မှာကား အမှန်ဖြစ်၏။ လူတို့အနေဖြင့် မိမိတို့၏ ရန်လိုမှုကို ဖြေရှင်းနိုင်မည်၊ သဘောထားကွဲလွဲမှုကို ရှောင်ရှားနိုင်မည်၊ အချင်းချင်း ကူညီပေးနိုင်မည်၊ စိတ်သဘောထားသင့်သင့်မြတ်မြတ်ဖြင့် အသက်ရှင်နေထိုင်နိုင်မည်၊ တစ်ယောက်အပေါ် တစ်ယောက် ပြုပြင်တည့်မတ်ပေးသော လွှမ်းမိုးမှု ရှိနိုင်မည်၊ အချင်းချင်း နွေးထွေးမှု ပြနိုင်မည်ဖြစ်ပြီး လိုအပ်သည့် အချိန်များတွင် အတူတကွ စည်းရုံးကာ အချင်းချင်း ကူညီပေးနိုင်မည်ဟူသည့် မျှော်လင့်ချက်ဖြင့် ၎င်းတို့ လှုံ့ဆော်ခံခဲ့ရခြင်း ဖြစ်သည်။ လူသားမျိုးနွယ်သည် ထိုသို့သော အခြေအနေတစ်ခုထဲသို့ ဝင်ရောက်နိုင်ပါက မည်မျှ နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လေမည်နည်း။ သို့သော် အလိုလေး၊ လူ့အဖွဲ့အစည်းသည် အတွင်းရှိ ဖောက်ပြန်ပျက်စီးသော လူများအားလုံး စုပေါင်းထားခြင်းသာ ဖြစ်သောကြောင့် ထိုသို့သော လူ့အဖွဲ့အစည်းတစ်ခုသည် လုံးဝ တည်ရှိလိမ့်မည် မဟုတ်ပါတကား။ လူ၏ ဖောက်ပြန်ပျက်စီးမှုကြောင့် လူ့အဖွဲ့အစည်းသည် တိုး၍ မှောင်မိုက်ကာ ဆိုးယုတ်လာနေသည်ဖြစ်ရာ လူ၏ အကောင်းဆုံးဖြစ်သည့် စိတ်သဘောသင့်မြတ်သော လူ့အဖွဲ့အစည်းကို မည်သည့်အခါတွင်မျှ စွမ်းဆောင်ရရှိလိမ့်မည် မဟုတ်ပေ။ ဤအကောင်းဆုံးသော လူ့အဖွဲ့အစည်းကို အဘယ်ကြောင့် စွမ်းဆောင်မရရှိနိုင်သနည်း။ အခြေခံကျပြီး အယူအဆဆိုင်ရာ ရှုထောင့်အမြင်တစ်ခုမှ ကြည့်လျှင် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ထိုသို့သော လူမှုအဖွဲ့အစည်းတစ်ခုကို စွမ်းဆောင်မရရှိနိုင်ပေ။ လက်တွေ့အရှိတရားတွင် ယာယီ အပြုအမူကောင်းများ၊ တစ်ကြိမ်တစ်ခါတည်း ဖြစ်သော ကိုယ်ကျင့်တရား အပြုအမူ လုပ်ရပ်များနှင့် အခြားသူများအပေါ် ယာယီ ချစ်ခြင်းမေတ္တာ ပြသခြင်း၊ အကူအညီပေးခြင်း၊ ထောက်ပံ့အားပေးခြင်းများ စသည်တို့သည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေကိုဖြေရှင်းပေးနိုင်ခြင်း မရှိပေ။ သာ၍ပင် အရေးကြီးသည်မှာ ဤအရာများသည် လူတို့အနေနှင့် မည်သို့ ကျင့်ကြံပြုမူသင့်သည်၊ ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းကို မည်သို့ လျှောက်သင့်သည်ဆိုသည်တို့နှင့်ဆိုင်သော မေးခွန်းများကို မဖြေရှင်းပေးနိုင်ပေ။ ဤပြဿနာများ ဖြေရှင်း၍ မရနိုင်သည်ကို ထောက်သော် လူတို့ စံထားပြီး မျှော်လင့်ကြသည့် စိတ်သဘောသင့်မြတ်သော အခြေအနေကို စွမ်းဆောင်ရရှိရန် ဤလူ့အဖွဲ့အစည်းအတွက် ဖြစ်နိုင်လိမ့်မည်လော။ ထိုအရာမှာ အခြေခံအားဖြင့် အချည်းနှီးဖြစ်သော အိပ်မက်တစ်ခုသာဖြစ်ပြီး ဖြစ်ပျက်လာနိုင်မည့် အခွင့်အရေးများက အလှမ်းဝေးလှ၏။ ကိုယ်ကျင့်တရား ကျမ်းချက်များကို ထောက်ခံအားပေးခြင်းနှင့် လူတို့ကို ပညာပေးခြင်းအားဖြင့် ဤကိုယ်ကျင့်တရားပညာရှင်များသည် လူ့အဖွဲ့အစည်းကို လွှမ်းမိုးကာ တိုးတက်စေမည့် ရည်မှန်းချက်ဖြင့် လူတို့အား အခြားသူများကို ကူညီပေးပြီး အခြားသူများအပေါ် ပြုပြင်တည့်မတ်ပေးသော လွှမ်းမိုးမှု သက်ရောက်စေရန်အလို့ငှာ ကိုယ်ကျင့်တရား အပြုအမူကို အသုံးပြုဖို့ တိုက်တွန်းခွန်အားပေးရန် ကြိုးစားကြလေသည်။ သို့တိုင် ၎င်းတို့၏ ဤစိတ်ကူး၊ ဤရည်သန်မျှော်မှန်းချက်သည် မှန်သလော၊ မှားသလော။ သေချာပေါက် မှားယွင်းပြီး အကောင်အထည်ဖော်၍ မရနိုင်ပေ။ အဘယ်ကြောင့် ငါထိုသို့ ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူတို့၏ အပြုအမူများ၊ အတွေးများနှင့် ရှုထောင့်အမြင်များ၊ ပြီးလျှင် ကိုယ်ကျင့်တရား အပြုအမူတို့ကိုသာ နားလည်ပြီး လူ၏ အနှစ်သာရ၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ လူ၏ ဖောက်ပြန်ပျက်စီးခြင်း ရင်းမြစ်နှင့် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား မည်သို့ ဖြေရှင်းရမည်ဟူသကဲ့သို့ သာ၍ နက်နဲသိမ်မွေ့သည့် ပြဿနာတို့ကိုမူ လုံးဝဥဿုံ သိနားလည်မှု မရှိကြသောကြောင့် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်” ဟူသကဲ့သို့သော မိုက်မဲသည့် ကိုယ်ကျင့်တရား အပြုအမူ စံသတ်မှတ်ချက်များကို အဆိုပြုကြလေသည်။ ထို့နောက်၌ ၎င်းတို့သည် တစ်ချိန်တည်းတွင် လူမှုဝန်းကျင်အခြေအနေကို တဖြည်းဖြည်း ပြောင်းလဲကာ လူများအကြားရှိ ဆက်ဆံရေးများ၊ အုပ်စိုးသူများနှင့် အုပ်စိုးခံရသူများအကြားရှိ ဆက်ဆံရေးများကို တဖြည်းဖြည်း ပြောင်းလဲရင်း လူသားမျိုးနွယ်ကို လွှမ်းမိုးရန်၊ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လွှမ်းမိုးရန်၊ လူ၏ အပြုအမူဆိုင်ရာ စံသတ်မှတ်ချက်များကို ပြောင်းလဲပြီး လူ၏ အပြုအမူများအတွက် ဦးတည်ချက်နှင့် ရည်မှန်းချက်များကို ပြောင်းလဲရန် ဤဆိုရိုးမျိုး၊ ကိုယ်ကျင့်တရား အပြုအမူအတွက် ဤစံသတ်မှတ်ချက်မျိုးကို အသုံးပြုဖို့ မျှော်လင့်ကြလေသည်။ ဤဆက်ဆံရေးများ ပြောင်းလဲသွားသည်နှင့် လူ့အဖွဲ့အစည်းသည် တရားမျှတမှု အလွန် ကင်းမဲ့နေခြင်းနှင့် တိုက်ခိုက်ခြင်း၊ ရန်လိုခြင်း၊ သတ်ဖြတ်ခြင်းတို့ အလွန် ထူပြောနေခြင်းကို ရပ်တန့်လိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ ဤအရာက သာမန်လူတန်းစားကို အနည်းအကျဉ်း အကျိုးပြုလိမ့်မည်ဖြစ်ပြီး ထိုသူတို့သည် သာတူညီမျှဖြစ်သော လူမှုဘဝပတ်ဝန်းကျင်တစ်ခုကို ရရှိကာ နှိုင်းယှဉ်၍ ပြောရလျှင် အတော်အတန် ပို၍ ရောင့်ရဲတင်းတိမ်သည့် ဘဝကိုလည်း နေထိုင်ကြလိမ့်မည် ဖြစ်သည်။ သို့ရာတွင် အကြီးမားဆုံး အကျိုးခံစားရမည့်သူမှာ သာမန်လူများ မဟုတ်ဘဲ၊ ထို့ထက် အုပ်စိုးသူများ၊ အုပ်ချုပ်သူ လူတန်းစားနှင့် အသက်အရွယ်စုံ အထက်တန်းလွှာများသာ ဖြစ်လိမ့်မည်။ ကိုယ်ကျင့်တရားဆိုင်ရာ အယူဝါဒများကို အားပေးအားမြှောက်ပြုသည့် ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများနှင့် ပညာရှိကြီးများဟု ဆိုလေသူတို့သည် ယဉ်ကျေးသည့် သို့မဟုတ် ကိုယ်ကျင့်တရား စံနှုန်းအချို့ရှိသည့် လူမှု ပတ်ဝန်းကျင်တစ်ခုတွင် လူတို့အနေဖြင့် ဆန္ဒအလျောက် အသက်ရှင်ကြရန်အလို့ငှာ ၎င်းတို့အား ပညာပေးပြီး လွှမ်းမိုးဖို့နှင့် ၎င်းတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ အမြင်များကို ပြောင်းလဲဖို့အတွက် အတော်အတန် မြင့်မြတ်ပြီး လူ့သဘာဝနှင့်ရော မိမိတို့၏ အသိစိတ် သဘောနှင့်ပါ ကိုက်ညီသည်ဟု လူသားမျိုးနွယ်က မြင်ကြသည့် ကိုယ်ကျင့်တရားဆိုင်ရာ အယူဝါဒများကို အဆက်မပြတ် အသုံးပြုနေကြလေသည်။ ဤအရာက တစ်နည်းအားဖြင့် လူတို့ နေထိုင်သည့် လူမှု ပတ်ဝန်းကျင်ကို သာ၍ သဟဇာတရှိစေ၊ အေးချမ်းစေပြီး ယဉ်ကျေးစေသောကြောင့် သာမန်လူတန်းစား၏ နေ့စဉ် ဘဝများကို အကျိုးပြုပေသည်။ နောက်တစ်နည်းအားဖြင့် ဤအရာက အုပ်စိုးသူများအတွက် လူတို့အပေါ် အုပ်ချုပ်ရန် ပို၍ အလေးပေးသော အခြေအနေများကိုလည်း ဖန်တီးလေသည်။ ကိုယ်ကျင့်တရား အပြုအမူအတွက် စံသတ်မှတ်ချက်များကို သိရှိစေသည့် ဤဆိုရိုးများသည် လူအများစု၏ စိတ်ကူးများ၊ အယူအဆများနှင့် ကိုက်ညီနေပြီး၊ သာယာလှပသော အနာဂတ်နှင့်ဆိုင်သည့် လူတို့၏ စိတ်ကူးယဉ်ဆန်သော ရူပါရုံနှင့်လည်း ကိုက်ညီပေသည်။ ဤဆိုရိုးများကို အားပေးအားမြှောက်ပြုရာတွင် ၎င်းတို့၏ အဓိကကြံရွယ်ချက်မှာ အုပ်စိုးသူများအတွက် အုပ်ချုပ်ရန် သာ၍ အလေးပေးသော အခြေအနေများကို ဖန်တီးပေးဖို့ ဖြစ်သည်မှာကား အမှန်ပင်။ ထိုသို့သော အခြေအနေများအောက်တွင် သာမန်လူတန်းစားများက ပြဿနာရှာကြလိမ့်မည် မဟုတ်၊ အငြင်းပွားမှု မရှိဘဲ စိတ်သဘောသင့်သင့်မြတ်မြတ်ဖြင့် အသက်ရှင်ကာ လူမှုရေး အပြုအမူကို ထိန်းချုပ်သည့် ကိုယ်ကျင့်တရား စံသတ်မှတ်ချက်များကို အားလုံးက လိုလိုလားလား လိုက်နာစောင့်ထိန်းနိုင်လိမ့်မည်ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ဤဆိုရိုးများကို အားပေးအားမြှောက်ပြုခြင်း၏ ရည်ရွယ်ချက်မှာ အစိုးရ၏ အုပ်စိုးခံ ပြည်သူများ၊ သာမန်အများပြည်သူများသည် လူ့အဖွဲ့အစည်းရှိ ကိုယ်ကျင့်တရား စံသတ်မှတ်ချက်များ၏ ကန့်သတ်ချုပ်ချယ်မှုအောက်တွင် နာခံစွာနှင့် သင့်တင့်လျောက်ပတ်စွာ ပြုမူဆောင်ရွက်ရန်၊ စည်းမျဉ်းများကို နာခံတတ်လာရန်၊ သိမ်မွေ့သော နိုင်ငံသားများ ဖြစ်လာရန်အလို့ငှာ ပြုလုပ်ပေးဖို့ ဖြစ်သည်။ ထိုအခါ အုပ်စိုးသူများသည် အတော်အတန် စိတ်အေးလက်အေးဖြစ်ပြီး စိတ်ချလက်ချရှိကြမည် မဟုတ်လော။ အုပ်စိုးသူများသည် အများပြည်သူက ၎င်းတို့ကို ဆန့်ကျင်ထကြွပြီး ၎င်းတို့၏ ဩဇာအာဏာကို လုယူကြမည့်အကြောင်းအား စိုးရိမ်စရာ မလိုလျှင် ဤအရာက စိတ်သဘောသင့်မြတ်သည်ဟု ဆိုလေသော လူ့အဖွဲ့အစည်းကို ပေါ်ပေါက်လာစေမည် မဟုတ်လော။ ဤအရာက အုပ်စိုးသူများ၏ နိုင်ငံရေး တန်ခိုးအာဏာကို ခိုင်မာစေမည် မဟုတ်လော။ ဤသည်မှာ အခြေခံအားဖြင့် ဤကိုယ်ကျင့်တရား ကျမ်းများ၏ ဇာစ်မြစ်နှင့် ထိုအရာများ ပေါ်ပေါက်လာသည့် ဆက်စပ်အခြေအနေ ဖြစ်သည်။ သက်သက်ညှာညှာ ပြောရလျှင် အများပြည်သူ၏ အပြုအမူများနှင့် အကျင့်စာရိတ္တကို ထိန်းညှိပေးရန် ၎င်းတို့အတွက် လူမှုကိုယ်ကျင့်တရားနှင့်ဆိုင်သည့် အခြေခံစံသတ်မှတ်ချက်အချို့ကို ဖန်တီးထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဤဆိုရိုးများသည် လူတစ်ဦးချင်းအတွက် ဖြစ်သည်။ အနှစ်သာရအနေဖြင့် ယင်းတို့ကို အမှန်တွင် လူ့အဖွဲ့အစည်းနှင့် နိုင်ငံ၏ တည်ငြိမ်မှုအတွက်၊ ပြီးလျှင် အုပ်စိုးသူများ အချိန်ကြာမြင့်စွာ၊ အစဉ်ထာဝရ အုပ်ချုပ်သွားနိုင်အောင် ကူညီပေးရန်အတွက် အားပေးအားမြှောက်ပြုထားခြင်း ဖြစ်သည်။ ဤသည်မှာ ရိုးရာယဉ်ကျေးမှုကို အားပေးအားမြှောက်ပြုရာတွင် ကိုယ်ကျင့်တရားပညာရှင်များဟု ဆိုလေသူတို့၏ စစ်မှန်သော ရည်မှန်းချက်ဖြစ်သည်။ အုပ်စိုးသူများသည် အမှန်တကယ်တွင် အများပြည်သူ၏ ကောင်းစားရေးနှင့်ပတ်သက်၍ ဂရုမစိုက်ကြပေ။ ၎င်းတို့အနေဖြင့် ဂရုစိုက်ပုံရသည့် အချိန်တွင်ပင် ၎င်းတို့၏ နိုင်ငံရေး တန်ခိုးအာဏာ တည်ငြိမ်မှုကို ထိန်းသိမ်းထားရန်အလို့ငှာသာ ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင် ပျော်ရွှင်မှု၊ ၎င်းတို့၏ တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်း တည်ငြိမ်မှု၊ အများပြည်သူအပေါ် ၎င်းတို့၏ အစဉ်အမြဲ အုပ်စိုးနိုင်စွမ်းနှင့် ကမ္ဘာလောကတစ်ခုလုံးကို သိမ်းပိုက်မည့် နောက်ဆုံး ရည်မှန်းချက်ဖြင့် သာ၍ပင် ပိုများသော နိုင်ငံများအပေါ် အုပ်စိုးနိုင်မည့် အလားအလာတို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်။ ဤသည်တို့မှာ ဆိုးယုတ်သော ရှင်ဘုရင်များ၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များ ဖြစ်သည်။ ဥပမာအနေဖြင့် လူအချို့က ပြောကြသည်မှာ “ကျွန်ုပ်တို့သည် မြေပိုင်ရှင်များအတွက် အလုပ်လုပ်ပေးသည့် ရေရှည် သူရင်းငှားများအဖြစ် ပင်ပန်းကြီးစွာ လုပ်ကိုင်ခဲ့ပြီး ကိုယ်ပိုင်မြေဟူ၍ တစ်ခုမျှ မရှိခဲ့ဖူးသည့် ဘိုးစဉ်ဘောင်ဆက် တောင်သူလယ်သမားမျိုးရိုးမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးသည့်နောက်တွင် ကွန်မြူနစ်ပါတီသည် မြေပိုင်ရှင်များနှင့် ဓနရှင်များကို ဖြုတ်ချပြီး ကျွန်ုပ်တို့ကို ကိုယ်ပိုင်မြေကွက် ပေးခဲ့၍ လယ်သမားများအဖြစ်မှ ပိုင်ရှင်များအဖြစ်သို့ ကျွန်ုပ်တို့ ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။ ကွန်မြူနစ်ပါတီကို ကျွန်ုပ်တို့ အရာရာ အကြွေးတင်နေပါသည်။ သူတို့သည် တရုတ်လူမျိုးများ၏ ကယ်တင်ရှင်များဖြစ်ပြီး သူတို့၏ ကြင်နာမှုကို ကျွန်ုပ်တို့ ကျေးဇူးသိစွာ ပြန်ဆပ်ရပါမည်။ ကျေးဇူးကန်း၍ မရပါ။ လူအချို့က ကွန်မြူနစ်ပါတီကို ထကြွဆန့်ကျင်လိုကြသည်။ ကျေးဇူးကန်းလိုက်လေခြင်း။ သူတို့သည် မိမိတို့အား ကျွေးသည့်လက်ကို ပြန်ကိုက်နေကြခြင်း ဖြစ်သည် မဟုတ်ပါလား။ လူတို့သည် အသိစိတ် အလွန် မကင်းမဲ့သင့်သကဲ့သို့ မိမိတို့၏ မျိုးရိုးဇာစ်မြစ်ကိုလည်း မမေ့လျော့သင့်ပါ” ဟူ၍ ဖြစ်သည်။ ဤပြောဆိုချက်တွင် သွယ်ဝိုက်ညွှန်းဆိုထားသည့် အရာမှာ လက်ရှိ၌ မည်သည့် အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်တွင် သင်နေထိုင်နေသည်ဖြစ်စေ၊ မည်သည့် ဆက်ဆံမှုမျိုးကို သင် ခံထားရသည်ဖြစ်စေ၊ သင်၏ လူ့အခွင့်အရေးများက အာမခံချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ တည်ရှိပိုင်ခွင့်က ခြိမ်းခြောက်ခံနေရသည်ဖြစ်စေ၊ ဖယ်ရှားခံထားရသည်ဖြစ်စေ သင် ရရှိထားသည့် ကြင်နာမှုကို ကျေးဇူးသိစွာ ပြန်ဆပ်ရန်နှင့် သင်၏ မျိုးရိုးဇာစ်မြစ်ကို မမေ့လျော့ရန် သင် အမြဲ အမှတ်ရနေရမည်။ မနှစ်မြို့ဖွယ်၊ ကျေးဇူးကန်းသော လူတစ်ဦးကဲ့သို့ မပြုမူသင့်သည့်အပြင် အခကြေးငွေ မျှော်လင့်ခြင်းမရှိဘဲ ၎င်းတို့၏ ကျေးဇူးကို အဆက်မပြတ် အမြဲတစေ ပြန်ဆပ်သင့်သည်ဟူ၍ ဖြစ်သည်။ ထိုသို့သော လူများသည် ကျွန်များအဖြစ် အသက်ရှင်နေကြဆဲ ဖြစ်သည် မဟုတ်လော။ မြေပိုင်ရှင်များနှင့် ဓနရှင်များ၏ ကျွန်များဖြစ်ခဲ့သည်ဟု ၎င်းတို့ တွေးထင်ကြသော်လည်း ဓနရှင်များနှင့် မြေပိုင်ရှင်များသည် သာမန်လူတန်းစားတို့ကို အမှန်တကယ် ခေါင်းပုံဖြတ်ခဲ့ကြသလော။ ထိုအချိန်က တောင်သူလယ်သမားများသည် ယခုလူတို့နှင့် နှိုင်းယှဉ်ကြည့်လျှင် အမှန်တကယ် အခြေအနေ ပိုမိုဆိုးရွားခဲ့ကြသလော။ မဟုတ်ပေ၊ ဤသည်မှာ ကွန်မြူနစ်ပါတီက လုပ်ကြံဖန်တီးထားသည့် အလိမ်အညာ ဖြစ်သည်။ အခြေအနေ၏ အမှန်တရားများနှင့် လက်တွေ့အရှိတရားတို့က ယခုတွင် ဖြည်းဖြည်းချင်း ပေါ်လွင်လာနေပြီ ဖြစ်သည်။ ဓနရှင်များက သာမန်လူတန်းစား အမြောက်အမြား၏ ချွေးမြေကျ လုပ်အားကို ခေါင်းပုံဖြတ်ခဲ့ကြသည်ဟူသည့် ၎င်းတို့၏ အဆိုနှင့် “ဆံဖြူမိန်းကလေး” ဇာတ်လမ်းတို့သည် လုပ်ကြံဖန်တီးမှုများနှင့် မုသားများသာ ဖြစ်သည်။ ထိုအရာတစ်ခုမျှ မမှန်ပေ။ ဤလုပ်ကြံဖန်တီးမှုများနှင့် မုသားများ၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ထိုမြေပိုင်ရှင်များနှင့် ဓနရှင်များကို လူတို့မုန်းတီးပြီး ကွန်မြူနစ်ပါတီကိုမူ အစဉ်အမြဲပင် အလွန်အကြူး ချီးမြှောက်ပြောဆိုကာ ပါတီအပေါ် အစဉ်ထာဝရ ကျိုးနွံနာခံအောင် လုပ်ရန် ဖြစ်သည်။ အတိတ်တွင် လူများစွာတို့က “ကွန်မြူနစ်ပါတီ မရှိလျှင် တရုတ်ပြည်သစ် ရှိမည်မဟုတ်” ဟူသည့် တေးသီချင်းကို သီဆိုခဲ့ကြသည်။ ဤတေးသီချင်းကို တရုတ်ပြည် နေရာအနှံ့တွင် ဆယ်စုနှစ်အတော်ကြာ သီဆိုခဲ့ကြသော်လည်း ယခုတွင်မူ မည်သူကမျှ သီဆိုခြင်း မရှိပေ။ ကွန်မြူနစ်ပါတီ၏ လုပ်ကြံဖန်တီးမှုများနှင့် မုသားများ၏ သာဓကတို့မှာ အလွန်များလွန်းလှသည်။ ထိုအရာအားလုံးမှာ အရှိပကတိ အမှန်တရားများနှင့် ဆန့်ကျင်နေသည်။ ယခုတွင် လူအချို့သည် အခြေအနေ၏ လက်တွေ့အရှိတရားကို လူတိုင်းအား ပြသရန် အမှန်တရားကို လူသိရှင်ကြား ဖော်ထုတ်နေကြသည်။ “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်” ဟူသည့် ကိုယ်ကျင့်တရား အပြုအမူ စံသတ်မှတ်ချက်သည် လူ့ဘောင်အဖွဲ့အစည်းတွင် မည်သည့်ခေတ်ဖြစ်ဖြစ် လူတို့၏ အပြုအမူများကို ဘောင်ခတ်ရာ၌၊ လူတို့၏ လူ့သဘာဝအတွက် စံအမှတ်တစ်ခုအဖြစ် အသုံးပြုခြင်းခံရာ၌ အတိုင်းအတာတစ်ခုအထိ ထိရောက်မှု အမြဲရှိနေခဲ့သည်။ ထိုသို့သော ဆိုရိုး၏ သာ၍ အရေးကြီးသည့် သက်ရောက်မှုတစ်ခုမှာ အုပ်စိုးသူများ၏ အများပြည်သူအပေါ် အုပ်ချုပ်စိုးစံမှုကို ခိုင်ခံ့အောင် အားဖြည့်ကူညီပေးရာ၌ ထိုဆိုရိုးကို အသုံးပြုခဲ့ကြခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ဤဆိုရိုးသည် လူတို့၏ အပြုအမူများနှင့် ကိုယ်ကျင့်တရား အပြုအမူကို ဘောင်ခတ်သည့် နည်းလမ်းတစ်ခု၊ ပြဿနာများကို အကျင့်စာရိတ္တဆိုင်ရာ ဤစံသတ်မှတ်ချက်၏ ဘောင်အတွင်း လူတို့ကို စဉ်းစားစေပြီး ရှုမြင်စေကာ ထို့နောက်တွင် ဤစံသတ်မှတ်ချက်ကို အခြေခံ၍ အကဲဖြတ်မှုများနှင့် ရွေးချယ်မှုများ ပြုလုပ်စေသည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခံရသည်ဟု အခိုင်အမာ ဆို၍ရနိုင်သည်။ ထိုဆိုရိုးက လူတို့အား မိမိတို့၏ မိသားစုအတွက်ရော လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်ပါ မိမိတို့ ဖြည့်ဆည်းသင့်သည့် တာဝန်အားလုံးကို ဖြည့်ဆည်းရန် တွန်းအားမပေးပေ။ ထို့ထက် ပုံမှန် လူ့သဘာဝ၏ စံနှုန်းများနှင့် စိတ်ဆန္ဒများကို အကြီးအကျယ် ဆန့်ကျင်ဖောက်ဖျက်ပြီး ယင်းတို့က လူတို့အား မည်သည့်အရာ စဉ်းစားရမည်၊ မည်သို့ စဉ်းစားရမည်၊ မည်သည့်အရာ လုပ်ဆောင်ရမည်၊ မည်သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို အတင်းအကျပ် ခိုင်းလေသည်။ ဤဆိုရိုးသည် လူတို့အား လမ်းပြရန်၊ ကန့်သတ်ပြီး ချုပ်ချယ်ရန်၊ ၎င်းတို့ လုပ်ဆောင်သင့်သည့် အရာနှင့် မလုပ်ဆောင်သင့်သည့် အရာတို့ကို ၎င်းတို့အား အသိပေးရန်အတွက် မသိမသာဖြစ်သော နည်းစနစ်နှင့် မမြင်နိုင်သော ဘောင်တစ်မျိုးအဖြစ် အလုပ်လုပ်သည်။ ဤအရာ၏ ရည်မှန်းချက်မှာ လူတို့၏ အတွေးများ၊ ရှုထောင့်အမြင်များနှင့် ၎င်းတို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်သည့် နည်းလမ်းများကို လွှမ်းမိုးရန် လူမှုရေး ကိုယ်ကျင့်တရားအတွက် ဤလူထုသဘောထားမျိုးနှင့် စံသတ်မှတ်ချက်မျိုးကို အသုံးပြုရန် ဖြစ်သည်။

လူအဖွဲ့အစည်းအတွင်းနှင့် လူသားမျိုးနွယ်ကြားတွင် “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်” ဆိုသည့်အရာကဲ့သို့သော ကိုယ့်ကျင့်တရားအပြုအမူအပေါ် ထုတ်ပြန်ချက်များသည် လူတို့အား ၎င်းတို့၏ တာဝန်သည် အတိအကျ မည်သည့်အရာ ဖြစ်သည်ကို မပြောပြပေ။ ထိုအစား လူတို့ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဤသနားကြင်နာမှု လုပ်ရပ်များ ၎င်းတို့အပေါ် ကျရောက်သည့် အခြေအနေ၊ သို့မဟုတ် ဆက်စပ်အကြောင်းအရာက မည်သို့ရှိသည်ဖြစ်စေ ဤအရာများသည် လူတို့အား နည်းလမ်းတစ်ခုဖြင့် ပြုမူစဉ်းစားရန် ချည်နှောင်သော၊ သို့မဟုတ် ဖိအားပေးသော နည်းလမ်းတစ်ခု ဖြစ်သည်။ ရှေးတရုတ်ပြည်တွင် ကျေးဇူးပြန်ဆပ်ခြင်းနှင့်ဆိုင်သည့် ဥပမာများစွာရှိသည်။ ဥပမာ ဆာလောင်နေသော သူတောင်းစား ကောင်လေးတစ်ယောက်ကို မိသားစုတစ်စုက ယူဆောင်ပြီး ကျွေးမွေးသည်။ အဝတ်ဆင်ပေးသည်။ ကိုယ်ခံပညာများ လေ့ကျင့်ပေးပြီး၊ အသိပညာမျိုးစုံကို သင်ကြားပေးသည်။ သူကြီးလာသည်အထိ စောင့်ပြီးနောက် သူ့အား ဝင်ငွေအရင်းအမြစ်အဖြစ် စ၍ အသုံးပြုသည်။ မကောင်းမှုလုပ်ရန်၊ လူများအား သတ်ရန်၊ သူမလုပ်လိုသည့်အရာများကို လုပ်ရန် စေလွှတ်သည်။ သူလက်ခံရရှိသည့် အကူအညီများအရ သူ၏ ဇာတ်လမ်းကို ကြည့်လျှင် သူ ကယ်တင်ခံရခြင်းသည် ကောင်းသည့်အရာဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် သူ့အား လုပ်ဆောင်ရန် အတင်းခိုင်းစေသည့်အရာကို ထည့်တွက်လျှင် ဤသည်မှာ အမှန်တကယ်တွင် ကောင်းသလော၊ ဆိုးသလော။ (ဆိုးသည်။) သို့သော် “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်” ကဲ့သို့သော ရိုးရာယဉ်ကျေးမှု၏ သတ်မှတ်ချက်အောက်တွင် လူတို့သည် ဤအရာကို မခွဲခြားနိုင်ပေ။ အပေါ်ယံတွင် ထိုကလေးသည် မကောင်းမှုများကို လုပ်ဆောင်ပြီး လူတို့အား ထိခိုက်ခြင်း၊ လူသတ်သမားဖြစ်ခြင်း၊ လူအများစုက လုပ်ဆောင်ရန် ဆန္ဒရှိမည်မဟုတ်သည့်အရာများကို လုပ်ဆောင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိသည့် ပုံစံရှိသည်။ သို့သော် သူ၏ အရှင်သခင်၏ အမိန့်အရ မကောင်းသောအရာများကို ပြုလုပ်ပြီး သတ်ဖြတ်သည့် အချက်သည် စိတ်အတွင်း၌ သူ၏ ကြင်နာမှုအတွက် ပြန်ပေးဆပ်ရန် ဆန္ဒမှ လာသည်မဟုတ်လော။ အထူးသဖြင့် “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်” ဟူသကဲ့သို့သော တရုတ်ရိုးရာ ယဉ်ကျေးမှု၏ သတ်မှတ်ချက်ကြောင့် လူတို့သည် ဤအယူအဆများ၏ လွှမ်းမိုးထိန်းချုပ်ခြင်းကို မဖြစ်မနေခံရသည်။ လူတို့ပြုမူပုံ၊ ဤလုပ်ရပ်များနောက်ရှိ ရည်ရွယ်ချက်နှင့် အရင်းခံကြောင်းများသည် ဤအရာများ၏ သေချာပေါက် ချုပ်ချယ်ခြင်းကို ခံရသည်။ ထိုကလေးသည် ထိုအခြေအနေသို့ အပို့ခံရသောအခါ သူ၏ ပထမဆုံးအတွေးသည် မည်သည့်အရာ ဖြစ်မည်နည်း။ “ငါ့ကို ဒီမိသားစုက ကယ်တင်ခဲ့တယ်။ သူတို့က ငါ့အပေါ် ကောင်းတယ်။ ငါ ကျေးဇူးမသိတတ်လို့မဖြစ်ဘူး။ သူတို့ ကြင်နာမှုကို ပြန်ပေးဆပ်ရမယ်။ ငါ သူတို့ကို အသက်ကြွေး တင်ထားတယ်။ ဒါကြောင့် ငါ့အသက်ကို သူတို့အတွက် အပ်နှံရမယ်။ သူတို့ငါ့ကို ခိုင်းတာမှန်သမျှကို လုပ်သင့်တယ်။ မကောင်းမှုလုပ်ပြီး လူတွေကို သတ်ဖို့ဆိုရင်တောင်မှပေါ့။ မှန်သလား၊ မှားသလားဆိုတာ စဉ်းစားလို့မရဘူး။ သူတို့ကြင်နာမှုကိုပဲ ပြန်ပေးဆပ်ရမယ်။ ငါ မလုပ်ရင် လူသားဟု ခေါ်ထိုက်ပါဦးမလား”ဟူ၍ ဖြစ်သည်။ ရလဒ်အနေဖြင့် ထိုမိသားစုက သူ့အား တစ်စုံတစ်ယောက်ကို သတ်စေလိုသည့်၊ သို့မဟုတ် မကောင်းသည့်အရာတစ်ခုကို လုပ်စေလိုသည့် အချိန်တိုင်းတွင် သူက တုံ့ဆိုင်းခြင်း၊ သို့မဟုတ် သံသယတစ်ခုမျှ မရှိဘဲ လုပ်ဆောင်သည်။ ထို့ကြောင့် သူ၏ ပြုမူဆောင်ရွက်မှုများ၊ ပြန်လှန်မေးခွန်းမထုတ်သည့် နာခံမှုအားလုံးတို့သည် “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်” ဆိုသည့် အယူအဆနှင့် အမြင်၏ အမိန့်ပေးခြင်းကို ခံရသည်မဟုတ်လော။ သူသည် ထိုကိုယ်ကျင့်တရားစံကို ဖြည့်ဆည်းနေခြင်းမဟုတ်သလော။ (ဟုတ်သည်။) ဤဥပမာမှ မည်သည့်အရာကို သင်မြင်သနည်း။ “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်” ဆိုသည်မှာ ကောင်းသည့်အရာ ဟုတ်သလော၊ မဟုတ်သလော။ (မဟုတ်ပါ။ ထိုအရာတွင် စည်းမျဉ်းမရှိပါ။) အမှန်တကယ်တွင် ကြင်နာမှုကို ပြန်လည်ပေးဆပ်သောသူတွင် စည်းမျဉ်းတစ်ခုရှိသည်။ အတိအကျပြောရသော် “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်” ဟူ၍ ဖြစ်သည်။ တစ်စုံတစ်ယောက်က သင့်ကို ကြင်နာမှုပြုလျှင် အပြန်အလှန်အနေဖြင့် သင်သည် ဤသို့ လုပ်ဆောင်ရမည်။ သင်သည် ဤသို့လုပ်ဆောင်ရန် ပျက်ကွက်လျှင် သင်က လူသားမဟုတ်ပေ။ ဤအတွက် သင်က ရှုတ်ချခံရလျှင် သင်ပြောနိုင်သည့်အရာ တစ်ခုမျှမရှိပေ။ “ညောင်စေ့လောက် ကျေးဇူးပြုခံရလျှင် ညောင်ပင်ကြီးလောက် ပြန်ဆပ်သင့်သည်” ဟူသော ဆိုရိုးစကားရှိသည်။ သို့သော် ဤဖြစ်ရပ်တွင် ထိုကလေးက သေးငယ်သည့် ကြင်နာမှု လုပ်ရပ်တစ်ခုကို ရရှိခြင်းမဟုတ်ဘဲ ဘဝကို ကယ်တင်ပေးသော ကြင်နာမှုကို လက်ခံရရှိခဲ့ခြင်း ဖြစ်သောကြောင့် အပြန်အလှန်အနေဖြင့် ဘဝဖြင့် ပြန်ပေးဆပ်ရမည့် အကြောင်းရင်း သာ၍ ရှိပေသည်။ ကြင်နာမှုကို ပြန်ပေးဆပ်သည့် အကန့်အသတ်၊ သို့မဟုတ် စည်းမျဉ်းများကို သူမသိပေ။ သူ၏ အသက်ကို ဤမိသားစုကပေးထားသည်ဟု သူယုံကြည်သည်။ ထို့ကြောင့် အပြန်အလှန်အနေဖြင့် သူ၏ အသက်ကို ၎င်းတို့ထံ ဆက်ကပ်အပ်နှံရပြီး လူသတ်ခြင်း၊ သို့မဟုတ် အခြားမကောင်းမှုများအပါအဝင် သူ့အပေါ် ၎င်းတို့ တောင်းဆိုသမျှကို လုပ်ဆောင်ရသည်။ ကြင်နာမှုကို ပြန်ပေးဆပ်သည့် ဤနည်းလမ်းသည် စည်းမျဉ်း၊ သို့မဟုတ် ကန့်သတ်ချက်မရှိပေ။ သူသည် မကောင်းမှုပြုသူများကို ကြံရာပါတစ်ဦးအဖြစ် အလုပ်အကျွေးပြုခဲ့ပြီး ထိုသို့လုပ်ဆောင်ရာတွင် သူ့ကိုယ်သူ ပျက်စီးစေခဲ့သည်။ ကြင်နာခြင်းကို ဤသို့ ပြန်ပေးဆပ်ခြင်းမှာ သူ့အတွက် မှန်ကန်သလော။ မည်သို့ မှန်ကန်မည်နည်း။ ယင်းသည် အမှုအရာများကို လုပ်ဆောင်သည့် မိုက်မဲသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။ ဤမိသားစုက သူ့ကို ကယ်တင်ခဲ့ပြီး ဆက်ရှင်သန်ခွင့် ပေးခဲ့သည်မှာ မှန်ကန်သော်လည်း ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ရာတွင် စည်းမျဉ်းများ၊ အကန့်အသတ်များနှင့် အတန်အသင့်ဖြစ်ခြင်းတို့ ရှိရမည်။ ၎င်းတို့သည် သူ့အသက်ကို ကယ်ခဲ့သော်လည်း သူ့ဘဝ၏ ရည်ရွယ်ချက်မှာ မကောင်းမှု ပြုရန် မဟုတ်ပေ။ ဘဝ၏ အဓိပ္ပာယ်နှင့် တန်ဖိုး၊ ထို့အပြင် လူ၏ တာဝန်တို့မှာ မကောင်းမှု ပြုပြီး လူသတ်မှု ကျူးလွန်ရန် မဟုတ်၍ ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ဖို့ဟူသည့် ရည်ရွယ်ချက်တစ်ခုတည်းအတွက် သူ အသက်မရှင်သင့်ပေ။ ဘဝ၏ အဓိပ္ပာယ်နှင့် တန်ဖိုးမှာ လက်ခံရရှိသည့် ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်ဆပ်ရန်ဖြစ်သည်ဟု ထိုကောင်လေးက တလွဲ ယုံကြည်ခဲ့သည်။ ဤသည်မှာ စိုးရိမ်ဖွယ်ဖြစ်သော အထင်လွဲခြင်း ဖြစ်သည်။ ဤသည်မှာ “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်” ဟူသည့် ကိုယ်ကျင့်တရား အပြုအမူနှင့်ဆိုင်သော ဤစံအားဖြင့် လွှမ်းမိုးခံရခြင်း ရလဒ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ခြင်းနှင့်ပတ်သက်သည့် ဤဆိုရိုး၏ လွှမ်းမိုးမှုကြောင့် သူသည် လမ်းလွဲသွားခဲ့သလော၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ မှန်ကန်သည့် လမ်းကြောင်းနှင့် စည်းမျဉ်းများကို ရှာတွေ့ခဲ့သလော။ သူလမ်းလွဲသွားပြီ ဖြစ်ကြောင်း အတော်ပင် သိသာလှသည်။ ဤသည်မှာ အလွန်ရှင်း၏။ ဤကိုယ်ကျင့်တရား အပြုအမူ စံသတ်မှတ်ချက် မတည်ရှိပါက ရိုးရှင်းသည့် အမှန်နှင့်အမှား ကိစ္စများတွင် အကဲဖြတ်မှုများကို လူတို့ လုပ်နိုင်ကြမည်လော။ (လုပ်နိုင်ကြပါလိမ့်မည်။) ထိုကောင်လေးက တွေးခဲ့မည်မှာ “ဤမိသားစုက ငါ့ကို ကယ်ဆယ်ခဲ့သည်ဆိုသော်လည်း မိမိတို့၏ စီးပွားရေးလုပ်ငန်းနှင့် အနာဂတ်အတွက် ထိုသို့ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ပုံရသည်။ ငါသည် သူတို့၏ စီးပွားရေး လုပ်ငန်းများကို နှောင့်ယှက်သည့်၊ ဟန့်တားသည့် မည်သူကိုမဆို ထိခိုက်နစ်နာစေရန်၊ သို့မဟုတ် သတ်ဖြတ်ရန် သူတို့ အသုံးပြု၍ရသည့် တန်ဆာပလာတစ်ခုသာ ဖြစ်နေသည်။ ဤသည်မှာ သူတို့ ငါ့ကို ကယ်တင်ခဲ့သည့် တကယ့် အကြောင်းရင်း ဖြစ်သည်။ သူတို့သည် ငါ့ကို မကောင်းမှု လုပ်စေပြီး လူသတ်မှု ကျူးလွန်စေရန်အတွက်သာ သေမင်းနှုတ်ခမ်းဝမှ ဆွဲထုတ်ပေးခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် ငါ့ကို ငရဲသို့ သွားရာလမ်းပေါ် ပို့နေကြခြင်းသာ ဖြစ်သည် မဟုတ်လော။ ဤအရာက ငါ့ကို ပို၍ပင် ဆင်းရဲဒုက္ခခံစေမည် မဟုတ်လော။ ထိုသို့ဖြစ်ပါက သူတို့ငါ့ကို ဤအတိုင်း သေခွင့်ပေးခဲ့လျှင်ပင် ပို၍ ကောင်းနေဦးမည် ဖြစ်သည်။ သူတို့သည် ငါ့ကို တကယ် ကယ်ဆယ်ခဲ့ခြင်း မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ဤမိသားစုသည် သူတောင်းစားကောင်လေးကို ပရဟိတစိတ်ရင်းအခံကြောင့် ကယ်ဆယ်ခဲ့ခြင်း မဟုတ်၊ သူပိုကောင်းမွန်စွာ နေထိုင်ခွင့်ရစေရန် ကယ်ဆယ်ခဲ့ခြင်းလည်း မဟုတ်။ သူ့အပေါ် ထိန်းချုပ်မှု ရရှိရန်နှင့် အခြားသူများ နာကျင်အောင်၊ ထိခိုက်နစ်နာအောင် သူ့ကို လုပ်ခိုင်းပြီး အခြားသူများအား သတ်ဖြတ်ခိုင်းရန်သာ ထိုသို့ ကယ်ဆယ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အမှန်တကယ်တွင် ကောင်းသောအရာ လုပ်ဆောင်နေခဲ့ကြခြင်းလော၊ မကောင်းမှုကို လုပ်ဆောင်နေခဲ့ကြခြင်းလော။ ၎င်းတို့သည် ကောင်းမှုမဟုတ်ဘဲ မကောင်းမှုကို လုပ်ဆောင်နေခဲ့ကြခြင်း ဖြစ်ကြောင်း အတော်ပင် သိသာလှသည်။ ဤကျေးဇူးရှင်များက ဆိုးယုတ်သော လူများ ဖြစ်သွားကြလေပြီ။ ဆိုးယုတ်သော လူတို့သည် ပြန်ကျေးဇူးဆပ်ခြင်း ခံထိုက်ကြသလော။ ၎င်းတို့ကို ကျေးဇူးဆပ်သင့်သလော။ မဆပ်သင့်ပေ။ သို့ဖြစ်လျှင် ၎င်းတို့ ဆိုးယုတ်သည်ကို သိရသည်နှင့် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့နှင့် ကင်းအောင် နေသင့်သည်။ ၎င်းတို့ကို ရှောင်ရှားသင့်သည်။ ၎င်းတို့ထံမှ ထွက်ပြေးဖို့ နည်းလမ်းရှာသင့်သည်။ ဤသည်မှာ ဉာဏ်ပညာဖြစ်၏။ လူအချို့က “ဤဆိုးယုတ်သော လူများသည် ကျွန်ုပ်အပေါ် ထိန်းချုပ်ထားနှင့်ကြပြီဖြစ်သောကြောင့် ၎င်းတို့ထံမှ ထွက်ပြေးရန်မှာ သိပ်မလွယ်ပါ။ ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်ပါ” ဟု ဆိုကောင်း ဆိုကြပေမည်။ များသောအားဖြင့် ဤသည်မှာ လက်ခံရရှိသည့် ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်ဆပ်ခြင်း၏ အကျိုးဆက်များ ဖြစ်သည်။ အကြောင်းမှာ လူကောင်းများ အလွန်နည်းပါးလှပြီး ဆိုးယုတ်သော လူများကမူ အလွန်များလွန်းသောကြောင့် လူကောင်းတစ်ဦးနှင့် ကံအားလျော်စွာ ဆုံရပါက ၎င်းတို့၏ ကျေးဇူးကို ပြန်ဆပ်ခြင်းက ကိစ္စမရှိသော်လည်း ဆိုးယုတ်သော လူတစ်ဦး၏ လက်ထဲသို့ ကျရောက်သွားလျှင်မူ မကောင်းဆိုးဝါး၊ စာတန်၏ လက်ထဲသို့ ကျရောက်သွားခြင်း အဖြစ်နှင့် သဘောညီမျှပေသည်။ ၎င်းတို့သည် သင့်အပေါ် မကောင်းကြံပြီး သင့်ကို ကစားကြလိမ့်မည်ဖြစ်ကာ ၎င်းတို့လက်ထဲ ကျရောက်သွားခြင်း အဖြစ်မှ ကောင်းသည့်အရာတစ်ခုမျှ ဖြစ်မလာနိုင်ပေ။ သမိုင်းတစ်လျှောက်လုံးတွင် ဤအရာနှင့်ဆိုင်သည့် သာဓကများ အလွန်များ၏။ လက်ခံရရှိသည့် ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်ဆပ်ခြင်းသည် ကျင့်ကြံပြုမူကာ လုပ်ဆောင်ပုံအတွက် သဘာဝကျသော စံသတ်မှတ်ချက်တစ်ခု မဟုတ်သည်ကို သင်တို့ ယခု သိသွားကြပြီဖြစ်သဖြင့် တစ်စုံတစ်ဦးက ကြင်နာမှု ပေးသနားသည့်အခါ မည်သို့ ပြုမူဆောင်ရွက်သင့်သနည်း။ ဤအရာအပေါ် သင်တို့၏ အမြင်များမှာ အဘယ်နည်း။ (မည်သူက ကျွန်ုပ်တို့ကို ကူညီသည်ဖြစ်စေ သူတို့၏ အကူအညီအား လက်ခံရန်၊ မလက်ခံရန်ကို အခြေအနေအပေါ် မူတည်၍ ကျွန်ုပ်တို့ ဆုံးဖြတ်သင့်ပါသည်။ အချို့သော ကိစ္စများတွင် အကူအညီကို လက်ခံရန် အဆင်ပြေသော်လည်း အခြားကိစ္စများတွင်မူ ၎င်းတို့၏ အကူအညီကို ကြောင်းကျိုးမမြင်ဘဲ လက်မခံရပါ။ အကူအညီကို ကျွန်ုပ်တို့ လက်ခံလျှင်လည်း ဆိုးယုတ်သော လူများ၏ လှည့်ဖြားခြင်း သို့မဟုတ် အသုံးချခြင်းကို ရှောင်ရှားဖို့အလို့ငှာ သူတို့၏ ကျေးဇူးအား ကျွန်ုပ်တို့ ပြန်ဆပ်ပုံတွင် စည်းမျဉ်းများ လက်ကိုင်ထားရန်၊ ကန့်သတ်ချက်များ ချမှတ်ရန် လိုအပ်ဆဲ ဖြစ်ပါသည်။) ဤသည်မှာ စည်းမျဉ်းများ လက်ကိုင်ထားပြီး အခြေအနေကို ချဉ်းကပ်နည်း ဖြစ်သည်။ ထို့အပြင် အခြေအနေကို သင် ရှင်းလင်းစွာ မမြင်နိုင်ပါက၊ သို့မဟုတ် လမ်းဆုံးတွင် ရောက်နေပါက ဘုရားသခင်ထံ ဆုတောင်းပြီး သင့်အတွက် လမ်းကြောင်းဖွင့်ပေးပါရန် တောင်းလျှောက်ရမည်။ ဤအရာက စုံစမ်းသွေးဆောင်ခြင်းကို သင်ရှောင်ရှားဖို့နှင့် စာတန်၏ လက်ခုပ်မှ ထွက်ပြေးလွတ်မြောက်ဖို့ လမ်းဖွင့်ပေးလိမ့်မည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် လူတို့ကို ကူညီရန် စာတန်၏ အစေခံမှုကို အသုံးပြုလိမ့်မည်။ သို့သော်လည်း ထိုသို့သော ကိစ္စများတွင် ငါတို့သည် ဘုရားသခင်ကို အသေအချာ ကျေးဇူးတင်ရမည်ဖြစ်ပြီး စာတန်ကို ကျေးဇူးပြန်ဆပ်ရမည် မဟုတ်။ ဤသည်မှာ စည်းမျဉ်းနှင့်ဆိုင်သော ကိစ္စဖြစ်သည်။ စုံစမ်းသွေးဆောင်ခြင်းသည် ကြင်နာမှု ပေးသနားသည့် ဆိုးယုတ်သော လူတစ်ဦးအသွင်ဖြင့် လာသည့်အခါ အတိအကျ မည်သူက သင့်ကို ကူညီမစနေပြီး အကူအညီပေးနေသည်၊ သင်၏ ကိုယ်ပိုင် အခြေအနေက မည်သို့ရှိသည်၊ သင် လျှောက်နိုင်သည့် အခြားလမ်းကြောင်းများ ရှိမရှိဆိုသည်တို့နှင့်ပတ်သက်၍ သင် ပထမဦးစွာ ရှင်းလင်းအောင် လုပ်ထားရမည်ဖြစ်သည်။ ထိုသို့သော အခြေအနေများတွင် ထိရောက်ပြတ်သားစွာ ချက်ချင်းလက်ငင်းတုံ့ပြန်ရမည် ဖြစ်သည်။ ဘုရားသခင်က သင့်ကို ကယ်တင်ချင်ပါက ယင်းကို ပြီးမြောက်ရန် မည်သူ၏ အစေခံမှုများကို သူ အသုံးပြုသည်ဖြစ်စေ ပထမဦးစွာ ဘုရားသခင်ကို သင် ကျေးဇူးတင်ပြီး ယင်းကို ဘုရားသခင်ထံမှ လာသကဲ့သို့ လက်ခံသင့်ပေသည်။ ကျေးဇူးတင်စိတ်ဖြင့် တစ်စုံတစ်ဦးထံ မိမိ၏ ဘဝကို ပေးအပ်ဖို့ မဆိုထားနှင့်၊ သင်၏ ကျေးဇူးတင်စိတ်ကို လူတို့ထံ အဓိက မရှေးရှုထားသင့်ပေ။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ အရေးကြီးသည့်အရာမှာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို ကျေးဇူးတင်ရှိပြီး ယင်းကို ဘုရားသခင်ထံမှ လာသကဲ့သို့ သင်လက်ခံခြင်း ဖြစ်သည်။ သင့်အပေါ် ကြင်နာမှုပေးသည့် လူ၊ သင့်ကို ကူညီသည့်လူ၊ သို့မဟုတ် သင့်ကို ကယ်ဆယ်သည့်လူသည် လူကောင်းတစ်ဦးဖြစ်ပါက ထိုသူ၏ ကြင်နာမှုကို သင် ပြန်ကျေးဇူးဆပ်သင့်သော်လည်း မိမိအခြေအနေများကို ကြည့်ပြီး သင် စွမ်းဆောင်နိုင်သည့် အရာကိုသာ လုပ်ဆောင်သင့်၏။ သင့်ကို ကူညီခဲ့သည့်လူသည် မှားယွင်းသည့် ရည်ရွယ်ချက်များ ရှိပြီး သင့်အပေါ် မကောင်းကြံရန်နှင့် သူ့ကိုယ်ပိုင် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် သင့်အား အသုံးပြုဖို့ တွေးနေပါက မည်သည့် အခြေအနေမျိုးဖြစ်ပါစေ ၎င်းတို့ကို ကျေးဇူးပြန်ဆပ်ရန် မလိုပေ။ တိုတိုပြောရလျှင် ဘုရားသခင်သည် လူ၏ စိတ်နှလုံးကို စိစစ်သောကြောင့် သင့်ထံတွင် အပြစ်ရှိသည့်စိတ်တစ်ခု မရှိသကဲ့သို့ မှန်ကန်သည့် အရင်းခံအကြောင်းများ ရှိနေသရွေ့ ပြဿနာ မဟုတ်ပေ။ ဆိုလိုသည်မှာ သမ္မာတရားကို သင်နားမလည်လာမီတွင် အနည်းဆုံးအနေဖြင့် သင်၏ လုပ်ရပ်များသည် လူသား အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီနေရန် လိုအပ်၏။ အနာဂတ် မည်သည့် အချိန်တွင်မဆို မိမိတို့၏ လုပ်ရပ်များအပေါ် လုံးဝ နောင်တမရရန်အလို့ငှာ ဤအခြေအနေကို အကျိုးသင့်အကြောင်းသင့် ချဉ်းကပ်နိုင်သင့်သည်။ သင်တို့အားလုံးသည် အရွယ်ရောက်သူများ ဖြစ်ပြီး အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် အားလုံးက ကိစ္စအတော်များများကို တွေ့ကြုံဖြတ်သန်းခဲ့ကြရပြီး ဖြစ်သည်။ သင်တို့ဘဝတွင် ဖိနှိပ်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ စော်ကားခံရခြင်း၊ သို့မဟုတ် အရှက်ခွဲခံရခြင်းတို့ မရှိဘဲ ဖြစ်နေခဲ့သလော။ လူသားမျိုးနွယ်သည် မည်မျှ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးလာပြီးဖြစ်သည်ကို သင်တို့အားလုံး ရှင်းလင်းစွာ မြင်ကြသည်။ ထို့ကြောင့် မည်သည့် စုံစမ်းသွေးဆောင်ခြင်းကို ကြုံရသည်ဖြစ်စေ ထိုအရာကို ဉာဏ်ပညာဖြင့် ချဉ်းကပ်ရမည်ဖြစ်ပြီး စာတန်၏ ဒုက္ခပေးတတ်သော အကြံအစည်များကို ယုံစားလိုက်၍ မရပေ။ မည်သည့်အခြေအနေကို ရင်ဆိုင်ရသည်ဖြစ်စေ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး ဆုတောင်းခြင်းနှင့် မိတ်သဟာယမှတစ်ဆင့် စည်းမျဉ်းများကို သိနားလည်လာသည့်နောက်တွင်သာ ဆုံးဖြတ်ချက်များ ပြုလုပ်ရမည်။ ဤလွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် အသင်းတော်က သန့်စင်ခြင်းအလုပ်ကို ဆောင်ရွက်နေသည်ဖြစ်၍ များစွာသော ဆိုးယုတ်သည့် လူများ၊ ယုံကြည်ခြင်း မရှိသူများနှင့် အန္တိခရစ်များသည် ဖော်ထုတ်ခံရကာ ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်းကို ခံရပြီးဖြစ်သည်။ ဤအရာ ဖြစ်ပျက်လာမည်ဟု လူအများစုက လုံးဝ ကြိုတင်မခန့်မှန်းမိခဲ့ကြပေ။ အသင်းတော်အတွင်းတွင်ပင် နားဝေတိမ်တောင်ဖြစ်နေသော လူများ၊ ဆိုးယုတ်သော လူများနှင့် ယုံကြည်ခြင်း မရှိသူများ အလွန်များနေဆဲ ဖြစ်သည်ကို ထောက်သော် မယုံကြည်သူများဆိုလျှင် မည်မျှအထိ ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်နေလိမ့်မည် ဆိုသည်နှင့်ပတ်သက်၍ သင်တို့ ရှင်းသည်ဟု ငါ ယူဆသည်။ သမ္မာတရားနှင့် ဉာဏ်ပညာ မရှိလျှင် လူတို့သည် မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မမြင်နိုင်ဘဲ လှည့်ဖြားခြင်းနှင့် တစ်ပတ်ရိုက်ခြင်းတို့ကိုသာ ခံရလိမ့်မည်ဖြစ်ပြီး ဆိုးယုတ်သော လူများနှင့် စာတန်၏ ကစားခြင်းကိုသာ ခံရလိမ့်မည် ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် စာတန်၏ လက်ပါးစေများ ဖြစ်လာကြသည်။ သမ္မာတရားကို နားမလည်သကဲ့သို့ စည်းမျဉ်းများလည်း ကင်းမဲ့နေသောသူတို့သည် မိုက်မဲသည့် အရာများကိုသာ လုပ်ဆောင်ကြသည်။

လူအချို့သည် အခက်အခဲ၊ သို့မဟုတ် အန္တရာယ်ရှိနေစဉ် ၎င်းတို့၏ အကျဉ်းအကျပ်မှ ၎င်းတို့ကို လွတ်မြောက်အောင် လမ်းဖွင့်ပေးသည့် ဆိုးယုတ်သော လူတစ်ဦးထံမှ အကူအညီကို တိုက်တိုက်ဆိုင်ဆိုင် ရရှိသည့်အခါ ထိုဆိုးယုတ်သော လူသည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်လာပြီး မိမိတို့၏ ကျေးဇူးတင်စိတ်ကို ပြရန် ထိုသူအတွက် တစ်စုံတစ်ရာကို လုပ်ဆောင်ပေးဖို့ လိုလားနေကြလေသည်။ သို့ရာတွင် ထိုသို့သော အခြေအနေများ၌ ဆိုးယုတ်သောလူသည် သူ၏ ယုတ်ညံ့သော လုပ်ဆောင်ချက်များတွင် ၎င်းတို့အား ပါဝင်ပတ်သက်ခိုင်းဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး မကောင်းသည့် လုပ်ရပ်များ ဆောင်ရွက်ဖို့ ၎င်းတို့ကို အသုံးပြုလိမ့်မည် ဖြစ်သည်။ ၎င်းတို့ ငြင်းပယ်နိုင်ခြင်း မရှိပါက အန္တရာယ်များလာနိုင်၏။ ထိုသို့သော လူအချို့သည် ဤအခြေအနေများတွင် ဝိရောဓိစိတ်ကို ခံစားရမည် ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့၏ ထိုဆိုးယုတ်သော မိတ်ဆွေကို မကောင်းသည့် လုပ်ရပ်အနည်းငယ် လုပ်ဆောင်ရာတွင် မကူညီပေးပါက ဤခင်မင်မှုကို ၎င်းတို့ လုံလောက်စွာ တုံ့ပြန်ခြင်း မရှိသည့်အလား ထင်ရလိမ့်မည် ဖြစ်သော်လည်း မှားယွင်းသည့် တစ်စုံတစ်ရာကို လုပ်ဆောင်ရန်မှာမူ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ချိုးဖောက်ရာကျလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြင့် ဤအကျပ်ရိုက်သည့် အခြေအနေတွင် ၎င်းတို့ ပိတ်မိကြလေတော့သည်။ ဤသည်မှာ ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ပေးခြင်းဟူသော ရိုးရာယဉ်ကျေးမှုရှိ ဤအယူအဆ၏ လွှမ်းမိုးမှုကို ခံရခြင်းနှင့်ဆိုင်သည့် အကျိုးရလဒ်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဤအယူအဆ၏ ချုပ်ချယ်ခြင်းခံရကာ ချည်နှောင်ခြင်းခံရပြီး ထိန်းချုပ်ခြင်းလည်း ခံရလေသည်။ ဖြစ်ရပ်များစွာတွင် ရိုးရာယဉ်ကျေးမှုမှ လာသည့် ဤဆိုရိုးများသည် လူ၏ အသိစိတ်သဘောနှင့် ပုံမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းတို့၏ နေရာကို ဝင်ယူလေသည်။ ထိုအရာများသည် လူ၏ ပုံမှန် စဉ်းစားတွေးခေါ်ပုံနှင့် မှန်ကန်သည့် ဆုံးဖြတ်ချက်ချခြင်းတို့ကိုလည်း လွှမ်းမိုးကြောင်းကိုမူ ပြောနေရန်ပင် မလို။ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အယူအဆများသည် မှန်ကန်ခြင်း မရှိသကဲ့သို့ လူကို မကောင်းသည့် ဆုံးဖြတ်ချက်များ ပြုလုပ်စေလျက် အမှုအရာများအပေါ် လူ၏ အမြင်များကိုလည်း တိုက်ရိုက် လာထိခိုက်သည်။ ရှေးခေတ်မှ မျက်မှောက်ခေတ်အထိ မရေမတွက်နိုင်သည့် လူတို့သည် ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ခြင်းနှင့် စပ်လျဉ်းသည့် ဤအယူအဆ၊ အမြင်နှင့် စံသတ်မှတ်ချက်တို့၏ လွှမ်းမိုးခြင်းကို ခံကြရပြီးဖြစ်သည်။ ၎င်းတို့အပေါ် ကြင်နာမှုပေးသည့် လူသည် ဆိုးယုတ်သည့်၊ သို့မဟုတ် မကောင်းသည့် လူတစ်ဦး ဖြစ်နေကာ ယုတ်ညံ့သည့် လုပ်ရပ်များနှင့် မကောင်းသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် ၎င်းတို့ကို အတင်းအကျပ်ခိုင်းသည့် အချိန်တွင်ပင် ၎င်းတို့သည် ထိုသူတို့၏ ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ရန်အလို့ငှာ မိမိတို့ ကိုယ်ပိုင် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်၍ ဆိုးရွားသော အကျိုးဆက်များစွာဖြင့် မျက်စိစုံမှိတ် လိုက်လျောဆဲပင် ဖြစ်သည်။ လူများစွာတို့သည် အကျင့်စာရိတ္တဆိုင်ရာ ဤစံသတ်မှတ်ချက်၏ လွှမ်းမိုးခြင်း၊ ချုပ်ချယ်ခြင်း၊ ဘောင်ခတ်ခြင်း၊ ချည်နှောင်ခြင်းတို့ ခံထားရသည်ဖြစ်ရာ ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ခြင်းဟူသည့် ဤအမြင်ကို မျက်စိစုံမှိတ်လျက် လွဲမှားစွာ ထိန်းသိမ်းကြပြီး ဆိုးယုတ်သည့် လူများကိုပင် အထောက်အကူပြုကာ အားပေးကူညီမည့် အလားအလာရှိပေသည်။ ယခု သင်တို့သည် ငါ၏ မိတ်သဟာယကို နာယူပြီးကြပြီဖြစ်သဖြင့် ဤအခြေအနေကို ရှင်းလင်းစွာ မြင်ကာ ဤသည်မှာ မိုက်မဲသည့် သစ္စာစောင့်သိမှု ဖြစ်ကြောင်း၊ ဤအပြုအမူသည် မည်သည့် အကန့်အသတ်မျှ ချမှတ်ခြင်းမရှိဘဲ ကျင့်ကြံပြုမူခြင်း၊ မည်သည့် ချင့်ချိန်နိုင်စွမ်းမရှိဘဲ မဆင်မခြင် ကျေးဇူးဆပ်ခြင်းအဖြစ် ယူဆရကြောင်းနှင့် ယင်းသည် အဓိပ္ပာယ်နှင့် တန်ဖိုး ကင်းမဲ့ကြောင်းတို့ကို သင်တို့ ချင့်ချိန်ဆုံးဖြတ်နိုင်ကြပေပြီ။ လူတို့သည် အများအမြင်တွင် ပြင်းထန်စွာ ဝေဖန်ခံရမည်၊ သို့မဟုတ် အခြားသူများ၏ ရှုတ်ချခြင်း ခံရမည်ကို ကြောက်ရွံ့သောကြောင့် အခြားသူများ၏ ကြင်နာမှုကို ပြန်ဆပ်ရာတွင် မိမိတို့၏ ဘဝကို အင်တင်တင်ဖြင့် ပေးအပ်မြှုပ်နှံကြပြီး ထိုဖြစ်စဉ်၌ မိမိတို့၏ အသက်ကိုပင် စတေးခံကြလေသည်။ ယင်းမှာ အဓိပ္ပာယ်မဲ့ပြီး မိုက်မဲသော လုပ်ဆောင်ပုံလုပ်ဆောင်နည်း ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုမှ လာသည့် ဤဆိုရိုးသည် လူတို့၏ အတွေးကို ချုပ်ချယ်သည်သာမက ၎င်းတို့၏ ဘဝအပေါ် မလိုအပ်သော ပူပန်သောကနှင့် အဆင်မပြေမှုကိုလည်း ကျရောက်စေကာ နောက်ထပ်ဆင်းရဲဒုက္ခနှင့် ဝန်ထုပ်ဝန်ပိုးများဖြင့် ၎င်းတို့၏ မိသားစုကိုလည်း ဝန်ပိအောင် လုပ်ထားသည်။ လူများစွာတို့သည် လက်ခံရရှိသည့် ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ရန်အလို့ငှာ ကြီးမားသည့် အဖိုးအခများကို ပေးကြပြီးဖြစ်သည်။ ၎င်းတို့က ကြင်နာမှုအား ပြန်ကျေးဇူးဆပ်ပေးခြင်းကို လူမှုရေး တာဝန်တစ်ခု သို့မဟုတ် မိမိတို့ကိုယ်ပိုင် တာဝန်တစ်ခုအဖြစ် ရှုမြင်ကြပြီး အခြားသူများ၏ ကြင်နာမှုကို ပြန်ဆပ်ရင်း မိမိတို့ ဘဝတစ်ခုလုံးကိုပင် ဖြုန်းပစ်ကောင်း ဖြုန်းပစ်နိုင်ကြလေသည်။ ဤအရာသည် လုပ်ဆောင်ရန် လုံးဝ သဘာဝကျပြီး တရားသောအရာ ဖြစ်သည်၊ ခေါင်းရှောင်၍ မရနိုင်သည့် တာဝန်တစ်ခုဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤရှုထောင့်အမြင်နှင့် လုပ်ဆောင်ပုံလုပ်ဆောင်နည်းသည် မိုက်မဲပြီး အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ထိုအရာက လူတို့ မည်မျှ မသိနားမလည်ဖြစ်ကာ ဉာဏ်အလင်းကွယ်ကြသည်ကို လုံးဝ ထုတ်ဖော်ပြပေသည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော ဆိုရိုးဖြစ်သည့် “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဟူသည်မှာ လူတို့၏ အယူအဆများနှင့် ကိုက်ညီကောင်း ကိုက်ညီနိုင်သော်လည်း သမ္မာတရား စည်းမျဉ်းများနှင့်ကား ကိုက်ညီခြင်း မရှိပေ။ ဘုရားနှုတ်ကပတ်တော်များနှင့် သဟဇာတမဖြစ်သည့်အပြင် မမှန်ကန်သည့် အမြင်နှင့် လုပ်ဆောင်ပုံလုပ်ဆောင်နည်း ဖြစ်သည်။

ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ခြင်းသည် သမ္မာတရားနှင့်ရော လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ပါ ဆက်စပ်ခြင်း မရှိသကဲ့သို့ ငါတို့ဝေဖန်သည့် အရာလည်း ဖြစ်နေသည်ကို ထောက်ဆသော် ဤဆိုရိုးကို ဘုရားသခင်ကရော မည်သို့ အတိအကျ ရှုမြင်သနည်း။ ဤဆိုရိုးကို တုံ့ပြန်ရာတွင် ပုံမှန်လူတို့၌ မည်သည့် အမြင်မျိုးနှင့် လုပ်ရပ်မျိုးများ ရှိသင့်ကြသနည်း။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းကြသလော။ တစ်စုံတစ်ဦးသည် သင့်ကို ကြီးမားစွာ အကျိုးပြုသည့် ကြင်နာမှုကို ယခင်က သင့်အား ပေးခဲ့ပါက၊ သို့မဟုတ် သင့်ကို ကြီးမားသည့် အကူအညီတစ်ခု ပြုခဲ့ပါက ယင်းတို့ကို သင် ပြန်ဆပ်သင့်သလော။ ဤအခြေအနေမျိုးကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ဤသည်မှာ လူတို့၏ အမြင်များနှင့် သက်ဆိုင်သော ကိစ္စတစ်ခု မဟုတ်လော။ လူတို့၏ အမြင်များအပြင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများနှင့်လည်း သက်ဆိုင်သည့် ကိစ္စတစ်ခု ဖြစ်သည်။ ဤကိစ္စရပ်အပေါ် သင်တို့၏ အမြင်ကို ငါ့အား ပြောလော့။ တစ်စုံတစ်ဦးသည် သင့်အပေါ် ကြင်နာပြပါက ထိုသူကို သင်ပြန်ကျေးဇူးဆပ်သင့်သလော။ ဤကိစ္စကို သင်တို့ နားမလည်နိုင်သေးပါက ပြဿနာရှိပေလိမ့်မည်။ ယခင်က သင်တို့သည် သမ္မာတရားကို နားမလည်ခဲ့ကြ၍ ကြင်နာမှုအား ပြန်ကျေးဇူးဆပ်ပေးခြင်းကို သမ္မာတရား ဖြစ်သည့်အလား လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။ ယခု၊ ငါ၏ စိတ်ဖြာလေ့လာဆွေးနွေးမှုနှင့် ဝေဖန်မှုတို့ကို နာယူပြီးသည့်နောက်တွင် ပြဿနာ တည်ရှိသည့်နေရာကို သင်တို့ မြင်ကြပြီးပြီဖြစ်သော်လည်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည် သို့မဟုတ် ဤကိစ္စအား မည်သို့ ဖြေရှင်းရမည်ကို မသိကြသေး။ ဤပြဿနာကို သင်တို့ နားမလည်နိုင်ဆဲပင် ဖြစ်နေကြသလော။ သမ္မာတရားကို သဘောမပေါက်မီတွင် သင်၏ အသိစိတ်ဖြင့် သင်အသက်ရှင်ခဲ့ပြီး မည်သူက သင့်ကို ကြင်နာမှု ပေးသည်ဖြစ်စေ၊ သင့်ကို ကူညီသည်ဖြစ်စေ ၎င်းတို့က ဆိုးယုတ်သော လူများ သို့မဟုတ် လူဆိုးဂိုဏ်းဝင်များ ဖြစ်နေလျှင်ပင် ၎င်းတို့ကို သင် သေချာပေါက် ပြန်ကျေးဇူးဆပ်ခဲ့သည်။ သင်၏ မိတ်ဆွေများကို ရေကုန်ရေခန်း ကာကွယ်ပေးရန်နှင့် ၎င်းတို့အတွက် သင်၏ အသက်ကို စွန့်စားရန်ပင် လိုအပ်သည်ဟု သင်ခံစားခဲ့ရသည်။ အမျိုးသားများသည် ပြန်ကျေးဇူးဆပ်သည့်အနေနှင့် မိမိတို့၏ ကျေးဇူးရှင်များထံ ကျွန်ခံသင့်သည်၊ အမျိုးသမီးများကမူ အိမ်ထောင်ပြုဖို့ ကတိပေးသင့်ကာ ကျေးဇူးရှင်တို့အတွက် ကလေးများ မွေးပေးသင့်သည်ဟူသည်မှာ ရိုးရာယဉ်ကျေးမှုက လူတို့အား လက်ခံရရှိသည့် ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်ဆပ်ရန် ညွှန်ကြားလျက် လူတို့အပေါ် စွဲမှတ်စေသည့် အယူအဆဖြစ်သည်။ အကျိုးဆက်အနေဖြင့် လူတို့က “ကြင်နာမှုကို ပြန်ဆပ်ပေးသည့် လူများသာ အသိစိတ်ရှိသည်။ ကြင်နာမှုကို ပြန်ကျေးဇူးမဆပ်ပါက အသိစိတ်မဲ့ကာ လူမဆန်သောသူ ဖြစ်ရမည်” ဟု တွေးကြလေသည်။ ဤအယူအဆသည် လူတို့၏ စိတ်နှလုံးတွင် ခိုင်မာစွာ အမြစ်တွယ်ထား၏။ ငါ့ကို ပြောလော့၊ တိရစ္ဆာန်များသည် ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ရန် သိကြသလော။ (သိကြပါသည်။) ထိုသို့ဖြစ်သဖြင့် လူသားများသည် ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ရန် သိကြရုံသက်သက်နှင့် အဆင့်မြင့်သည်ဟု အမှန်တကယ် ယူဆ၍ ရနိုင်သလော။ ကြင်နာမှုအား ပြန်ကျေးဇူးဆပ်သည့် လူ၏ အလေ့အကျင့်ကို လူ့သဘာဝ၏ လက္ခဏာတစ်ရပ်အဖြစ် ယူဆ၍ ရနိုင်သလော။ (ယူဆ၍ မရနိုင်ပါ။) သို့ဖြစ်လျှင် ဤကိစ္စရပ်အပေါ် လူတို့သည် မည်သည့်အမြင် ထားရှိသင့်ကြသနည်း။ ဤအရာမျိုးကို မည်သို့ နားလည်သင့်သနည်း။ နားလည်ပြီးသည့်နောက်တွင် ထိုအရာအပေါ် မည်သည့် ချဉ်းကပ်နည်းကို ခံယူသင့်သနည်း။ ဤသည်တို့မှာ ဤအခိုက်အတန့်တွင် သင်တို့ အားလုံး ဖြေရှင်းရန် ရည်ရွယ်သင့်သည့် မေးခွန်းများ ဖြစ်သည်။ ဤကိစ္စရပ်အပေါ် သင်တို့၏ အမြင်များကို ကျေးဇူးပြုပြီး ဝေမျှကြလော့။ (တစ်စုံတစ်ဦးက ကျွန်ုပ်ကို ကိစ္စရပ်တစ်ခု သို့မဟုတ် ပြဿနာတစ်ခု အမှန်တကယ် ကူဖြေရှင်းပေးလျှင် ပထမဦးစွာ ထိုသူကို ကျွန်ုပ် စစ်မှန်ရိုးသားစွာ ကျေးဇူးတင်ရှိမည် ဖြစ်သော်လည်း ဤအခြေအနေ၏ ဘောင်ခတ်၊ ထိန်းချုပ်မှုကို ကျွန်ုပ် ခံမည်မဟုတ်ပါ။ သူ့အနေနှင့် အခက်အခဲများ ကြုံရပါကလည်း ကျွန်ုပ်၏ လုပ်နိုင်စွမ်းအတွင်းတွင်ရှိသော အရာကို သူ့အတွက် ကျွန်ုပ် လုပ်ဆောင်ပေးမည် ဖြစ်ပါသည်။ တတ်နိုင်သည့်နေရာတွင် သူ့ကို ကျွန်ုပ် ကူညီပေးမည် ဖြစ်သော်လည်း ကျွန်ုပ်တတ်နိုင်သည်ထက် ကျော်လွန်လုပ်ဆောင်ဖို့ မိမိကိုယ်ကို ကျွန်ုပ် ဖိအားပေးမည် မဟုတ်ပါ။) ဤသည်မှာ မှန်ကန်သည့် အမြင်ဖြစ်ပြီး ဤပြုမူဆောင်ရွက်ပုံနည်းလမ်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ နောက်ထပ် မည်သူက ဤအရာအပေါ် မိမိတို့၏ အမြင်ကို ဝေမျှလိုသေးသနည်း။ (အတိတ်ကာလတွင် ကျွန်ုပ်၏ အမြင်မှာ တစ်စုံတစ်ဦးက ကျွန်ုပ်ကို ကူညီခဲ့လျှင် ထိုသူ ဒုက္ခကြုံသည့်အခါ ပြန်လည် ကူညီပေးသင့်သည်ဟူ၍ ဖြစ်ပါသည်။ အခြားသူများကို ကူညီသည့်အခါ စည်းမျဉ်းများကို လိုက်လျှောက်ရမည်ဖြစ်ကြောင်း “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဆိုသည်နှင့် “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဟူသည့် အမြင်များအပေါ် ဘုရားသခင်၏ မိတ်သဟာယပြုချက်နှင့် စိတ်ဖြာလေ့လာဆွေးနွေးချက်တို့မှတစ်ဆင့် ကျွန်ုပ် သဘောပေါက်ရပါသည်။ တစ်စုံတစ်ဦးက ကျွန်ုပ်အပေါ် ကြင်နာမှုပြခဲ့၊ ကူညီခဲ့လျှင် ကျွန်ုပ်သည်လည်း ထိုသူကို ကူညီသင့်သည်ဟု ကျွန်ုပ်၏ အသိစိတ်က လမ်းညွှန်စေစားသော်လည်း ကျွန်ုပ် ပေးသည့် အကူအညီသည် ကျွန်ုပ်၏ အခြေအနေများနှင့် ကျွန်ုပ် ပေးစွမ်းနိုင်သည့် အရာပေါ် အခြေခံထားရမည် ဖြစ်ပါသည်။ ထို့အပြင် ကျွန်ုပ်သည် ထိုသူ၏ အခက်အခဲများကိုသာ ကူဖြေရှင်းပေးသင့်ပြီး ဘဝ လိုအပ်ချက်များကိုသာ ဂရုတစိုက် ကူညီပေးသင့်ပါသည်။ ၎င်းတို့ကို မကောင်းမှု ကျူးလွန်ဖို့၊ သို့မဟုတ် မကောင်းသည့် လုပ်ရပ်များ ဆောင်ရွက်ဖို့ မကူညီသင့်ပါ။ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက အခက်အခဲ တွေ့ကြုံနေရသည်ကို မြင်လျှင် တစ်ချိန်က ကျွန်ုပ်ကို သူတို့ ကူညီခဲ့သောကြောင့် မဟုတ်ဘဲ ကျွန်ုပ်၏ တာဝန်၊ ဝတ္တရားဖြစ်သောကြောင့် သူတို့ကို ကျွန်ုပ် ကူညီပါမည်။) နောက်ထပ် ရှိသေးသလော။ (“တစ်စုံတစ်ယောက်က ငါတို့ကို ကူညီစောင်မပေးလျှင် ငါတို့သည် ယင်းကို ဘုရားသခင်ထံမှ လက်ခံသင့်သည်။” ဟု ပြောခဲ့သည့် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် အမှတ်ရပါသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ဦးက ကျွန်ုပ်တို့အပေါ် ကောင်းစွာ ပြုမူသည့်အခါတိုင်း ထိုသူ၏ ကြင်နာမှုကို ဘုရားသခင်ထံမှ ဆင်းသက်လာသည့် အရာအဖြစ် ကျွန်ုပ်တို့ လက်ခံသင့်ပြီး မှန်ကန်စွာ ကိုင်တွယ်နိုင်သင့်ကြောင်း ဖြစ်ပါသည်။ ထိုသို့ဖြင့် ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ခြင်းနှင့် ပတ်သက်သည့် ဤအမြင်ကို ကျွန်ုပ်တို့ မှန်ကန်စွာ နားလည်နိုင်ပါသည်။ ထို့အပြင် ဘုရားချစ်သောအရာကို ကျွန်ုပ်တို့ ချစ်ရမည်ဖြစ်ပြီး ဘုရားမုန်းသောအရာကို မုန်းရမည်ဟု ဘုရားသခင်က ပြောပါသည်။ အခြားလူများကို ကူညီသည့်အခါ ထိုလူသည် ဘုရားသခင် ချစ်သောသူလော၊ မုန်းသောသူလော ဆိုသည်ကို ကျွန်ုပ်တို့ ပိုင်းခြားသိမြင်ရမည် ဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့ ပြုမူဆောင်ရွက်ရမည့် စည်းမျဉ်းဖြစ်ပါသည်။) ဤအရာသည် သမ္မာတရားနှင့် ဆက်စပ်၏။ မှန်ကန်သည့် စည်းမျဉ်းဖြစ်ပြီး အခြေခံအကြောင်းရင်းလည်း ရှိသည်။ ယခုတွင်မူ သမ္မာတရားနှင့် ဆက်စပ်သောအရာအကြောင်းကို မပြောဘဲ ထို့ထက် ဤကိစ္စရပ်ကို လူတို့ မည်သို့ ချဉ်းကပ်သင့်ကြောင်း လူ့သဘာဝ ရှုထောင့်အမြင်မှ ဆွေးနွေးကြစို့။ တကယ်တမ်း၌ သင် ကြုံနိုင်သည့် အခြေအနေများသည် အမြဲတမ်း အလွန်ရိုးရှင်းနေခြင်း မရှိပေ။ ထိုအခြေအနေများသည် အသင်းတော်အတွင်းနှင့် ညီအစ်ကို မောင်နှမများကြားတွင် အမြဲ မဖြစ်ပွားတတ်ပေ။ မကြာခဏဆိုသကဲ့သို့ ထိုအရာများသည် အသင်းတော်၏ ပြင်ပ နယ်ပယ်တွင် ဖြစ်ပွား၏။ ဥပမာအနေဖြင့် မယုံကြည်သည့် ဆွေမျိုး၊ မိတ်ဆွေ၊ အသိအကျွမ်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ဦးက သင့်ကို ကြင်နာမှု ပြကောင်းပြနိုင်သည်၊ ကူညီကောင်း ကူညီနိုင်သည်။ သင်သည် ဤကိစ္စရပ်ကို မှန်ကန်သည့် နည်းလမ်း၊ အတိအကျပြောရလျှင် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသကဲ့သို့ အခြားသူများအတွက်လည်း သင့်လျော်ပုံရသည့် နည်းလမ်းဖြင့် ချဉ်းကပ်နိုင်ကာ ထိုလူကို ဆက်ဆံနိုင်ပါက ဤကိစ္စရပ်အပေါ် သင်၏ သဘောထားနှင့် အယူအဆများသည် အတော်အတန် တိကျမှန်ကန်လိမ့်မည်။ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုသည့် ရိုးရာယဉ်ကျေးမှုအယူအဆကို ပိုင်းခြားသိမြင်ဖို့ လိုသည်။ အရေးကြီးဆုံးအပိုင်းမှာ “ကြင်နာမှု” ဆိုသည့် စကားဖြစ်သည်။ ဤကြင်နာမှုကို မည်သို့ ရှုမြင်သင့်သနည်း။ ထိုအရာက “ကြင်နာခြင်း”၏ မည်သည့်ရှုထောင့်နှင့် သဘာဝကို ရည်ညွှန်းသနည်း။ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုသည့်အရာ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့အနေဖြင့် ဤမေးခွန်းများကို အဖြေရှာရမည် ဖြစ်ပြီး မည်သည့် အခြေအနေအောက်တွင်မျှ ဤကျေးဇူးဆပ်ခြင်း အယူအဆ၏ ဘောင်ခတ်ခြင်း မခံရပေ။ သမ္မာတရား လိုက်စားသူ မည်သူမဆိုအတွက်၊ ဤသည်မှာ လုံးဝ ပဓာနကျပေသည်။ လူသား၏ အယူအဆများအရ “ကြင်နာခြင်း” ဆိုသည်မှာ အဘယ်နည်း။ သာ၍သေးငယ်သောအဆင့်တွင် ကြင်နာခြင်းသည် သင်ဒုက္ခရောက်သောအခါ တစ်စုံတစ်ယောက်က ကူညီခြင်းဖြစ်သည်။ ဥပမာ သင် ဆာလောင်နေသောအခါတွင် တစ်စုံတစ်ယောက်က သင့်အား ထမင်းတစ်ဇလုံပေးခြင်း၊ သို့မဟုတ် သင် ရေအလွန်ငတ်နေသောအချိန်တွင် ရေတစ်ဘူးပေးခြင်း၊ သို့မဟုတ် သင်လဲကျပြီး ပြန်မထနိုင်သောအခါတွင် သင့်အား ထနိုင်ရန် ကူညီပေးခြင်းတို့ ဖြစ်သည်။ ဤအရာများအားလုံးက ကြင်နာခြင်း အပြုအမူများ ဖြစ်သည်။ ကြီးမားသော ကြင်နာခြင်းအပြုအမူမှာ စိုးရိမ်ဖွယ်ကောင်းသော အကျပ်အတည်း၌ သင်ရှိနေသောအခါတွင် တစ်စုံတစ်ယောက်က သင့်အား ကယ်တင်ခြင်းဖြစ်သည်။ ဤသည်မှာ အသက် ကယ်သော ကြင်နာခြင်းဖြစ်သည်။ သင်သည် သေလောက်သည့် အန္တရာယ်ရှိပြီး တစ်စုံတစ်ဦးက သင့်အား သေခြင်းကို ရှောင်ရှားရန် ကူညီသည့်အခါ၊ ၎င်းတို့သည် အခြေခံအားဖြင့် သင့်အသက်ကို ကယ်တင်ပေးခြင်းဖြစ်သည်။ ဤအရာများသည် လူတို့က “ကြင်နာမှု” အဖြစ် မြင်သော အရာအချို့ဖြစ်သည်။ ဤကြင်နာခြင်းမျိုးသည် သေးနုပ်သော၊ ရုပ်ဝတ္ထုဆန်သော အကူအညီတိုင်းထက် သာလွန်သည်။ ဤသည်မှာ ငွေကြေး၊ သို့မဟုတ် ရုပ်ဝတ္ထုများနှင့် တိုင်းတာ၍မရသော ကြီးမြတ်သည့် ကြင်နာခြင်းဖြစ်သည်။ ထိုအရာကို လက်ခံရရှိသောသူတို့သည် ကျေးဇူးတင်စကား အနည်းငယ်မျှဖြင့် ဖော်ပြရန် မဖြစ်နိုင်သော ကျေးဇူးတင်ရှိခြင်းမျိုးကို ခံစားရသည်။ သို့သော် လူတို့အနေဖြင့် ဤနည်းဖြင့် ကြင်နာခြင်းကို တိုင်းတာခြင်းသည် တိကျမှန်ကန်သလော။ (မတိကျပါ။) အဘယ်ကြောင့် တိကျမှန်ကန်ခြင်းမရှိဟု သင် ပြောသနည်း။ (ဤတိုင်းတာမှုသည် ရိုးရာယဉ်ကျေးမှု၏ စံနှုန်းများတွင် အခြေခံထားသောကြောင့် ဖြစ်သည်။) ဤသည်မှာ သီအိုရီနှင့် အယူဝါဒကို အခြေခံသော အဖြေဖြစ်ပြီး မှန်သည့်ပုံစံရှိနိုင်သော်လည်း ထိုကိစ္စ၏ အနှစ်သာရသို့ မရောက်ရှိပေ။ ဤသို့ဆိုလျှင် ဤအရာကို လက်တွေ့ကျသည့် အသုံးအနှုန်းဖြင့် မည်သို့ရှင်းပြ၍ရနိုင်သနည်း။ ထိုအကြောင်းကို သေချာ စဉ်းစားလော့။ မကြာသေးခင်က လူတစ်ဦးသည် သူ၏ ပိုက်ဆံအိတ်ကျပြီး သတိမထားမိသည့် အွန်လိုင်းဗီဒီယိုတစ်ခုအကြောင်းကို ငါ ကြားရသည်။ ပိုက်ဆံအိတ်ကို ထိုသူ့နောက်လိုက်သော ခွေးငယ်တစ်ကောင်က ကောက်ယူလိုက်ပြီး ထိုလူက ဤအရာကို မြင်သောအခါ ခွေးအား သူ၏ ပိုက်ဆံအိတ်ကို ခိုးသည့်အတွက် ရိုက်သည်။ အဓိပ္ပာယ်မဲ့သည်မဟုတ်လော။ ထိုလူသည် ခွေးလောက် ကိုယ်ကျင့်တရားမရှိပေ။ ခွေး၏ လုပ်ရပ်များသည် လူသား၏ ကိုယ်ကျင့်တရားစံနှုန်းများနှင့် လုံးဝ ကိုက်ညီသည်။ လူသားက “ပိုက်ဆံအိတ်ကျခဲ့တယ်” ဟု အော်ခေါ်မည်ဖြစ်သည်။ သို့သော် ခွေးက စကားမပြောနိုင်သောကြောင့် ပိုက်ဆံအိတ်ကို တိတ်တဆိတ်ကောက်ယူပြီး ထိုလူနောက်သို့ ပြေးလိုက်သွားသည်။ ဤသို့ဆိုလျှင် ခွေးတစ်ကောင်သည် ရိုးရာယဉ်ကျေးမှုက အားပေးသော အပြုအမူကောင်းအချို့ကို လုပ်ဆောင်နိုင်လျှင် ဤအရာက လူသားများနှင့် ပတ်သက်ပြီး မည်သည့်အရာကို ပြောသနည်း။ လူသားများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် မွေးဖွားလာသည်။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ဤအရာများကို ပို၍ လုပ်ဆောင်နိုင်စွမ်းရှိသည်။ တစ်စုံတစ်ယောက်က ၎င်းတို့၏ အသိစိတ်အပေါ် နားလည်ခံယူတတ်ခြင်းရှိသရွေ့ ဤတာဝန်နှင့် ဝတ္တရားမျိုးကို ဖြည့်ဆည်းနိုင်သည်။ အလုပ်ကြိုးစားလုပ်ရန်၊ သို့မဟုတ် အဖိုးအခပေးဆပ်ရန် မလိုအပ်ပေ။ အားစိုက်မှုအနည်းငယ်သာ လိုအပ်ပြီး အကူအညီဖြစ်သည့်အရာ၊ အခြားလူများအတွက် အကျိုးရှိသည့်အရာတစ်ခုကို လုပ်ဆောင်ခြင်းနှင့်သာ ဆိုင်သည်။ သို့သော် ဤလုပ်ဆောင်မှု၏ သဘောသဘာဝကို “ကြင်နာမှု” အဖြစ် အမှန်တကယ် အသိအမှတ်ပြုသလော။ ကြင်နာမှုပြုခြင်း အဆင့်သို့ ရောက်သလော။ (မရောက်ပါ။) မရောက်သောကြောင့် လူတို့က ပြန်လည်ပေးဆပ်ရန် ပြောဖို့ လိုအပ်သလော။ လိုအပ်မည် မဟုတ်ပေ။

လူ၏ ကြင်နာခြင်းဟု ဆိုလေသော အကြောင်းအရာဘက်ကို ယခု ငါတို့ အာရုံလှည့်ကြစို့။ ဥပမာအားဖြင့် အပြင်ဘက် နှင်းထဲတွင် ဆာလောင်မှုကြောင့် ပြိုလဲကျနေသည့် သူတောင်းစားတစ်ဦးကို ကယ်ဆယ်ခဲ့သော ကြင်နာတတ်သည့် လူတစ်ဦး၏ ဖြစ်ရပ်ကို ကြည့်လော့။ ထိုသူသည် သူတောင်းစားကို မိမိ၏ အိမ်ထဲ ခေါ်ဆောင်၍ အစာလည်းကျွေး၊ အဝတ်လည်း ဝတ်ပေးပြီး သူ၏ မိသားစုနှင့်အတူ နေထိုင်ခွင့်ပေးကာ သူ့အတွက် အလုပ်လုပ်ခွင့် ပေးသည် ဆိုပါစို့။ သူတောင်းစားက မိမိ၏ လွတ်လပ်သော ဆန္ဒအလျောက် စေတနာဖြင့် အလုပ်လုပ်ပေးခဲ့သည်ဖြစ်စေ၊ ကြင်နာမှု ကျေးဇူးကြွေးကို ပြန်ဆပ်ရန် ထိုသို့ သူ လုပ်ဆောင်ခဲ့သည်ဖြစ်စေ သူ၏ ကယ်ဆယ်ခံရခြင်းသည် ကြင်နာမှု လုပ်ရပ်တစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) တိရစ္ဆာန်ငယ်လေးများပင် အချင်းချင်း ကူညီကာ ကယ်မနိုင်ကြသည်။ ထိုသို့သော လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် လူတို့အတွက် အားထုတ်မှု အနည်းငယ်သာ လိုအပ်ပြီး လူ့သဘာဝရှိသူ မည်သူမဆိုက ထိုသို့သော အရာများကို လုပ်ဆောင်နိုင်ကာ ကြိုးပမ်းစွမ်းဆောင်နိုင်သည်။ ထိုသို့သော လုပ်ဆောင်ချက်များသည် လူ့သဘာဝရှိသည့် မည်သူမဆိုက ဖြည့်ဆည်းသင့်သည့် လူမှုရေး တာဝန်နှင့် ဝတ္တရားဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းတို့ကို ကြင်နာမှုအဖြစ် လူ၏ သရုပ်ဖော်ခြင်းက အနည်းငယ် လွန်လွန်းရာ ကျနေသည် မဟုတ်လော။ ထိုအရာသည် လျော်ကန်သော သရုပ်ဖော်ချက် ဟုတ်သလော။ ဥပမာအနေဖြင့် လူများစွာ ဆောင်လောင်ငတ်မွတ်နိုင်သည့် အငတ်ဘေးကာလတစ်ခု အတောအတွင်းတွင် ကြွယ်ဝချမ်းသာသော လူတစ်ဦးသည် ဤခက်ခဲသော အချိန်ကာလကို ဆင်းရဲသော အိမ်ထောင်စုများ ဖြတ်ကျော်နိုင်ရန် ကူညီပေးဖို့ ၎င်းတို့အား ဆန်အိတ်များ ဝေပေးပါက ဤသည်မှာ လူများကြားတွင် ဖြစ်ပေါ်သင့်သည့် အခြေခံ ကိုယ်ကျင့်တရား အကူအညီမျိုး၊ ထောက်ပံ့မှုမျိုးနှင့်ဆိုင်သော ဥပမာတစ်ခုသာ ဖြစ်သည် မဟုတ်လော။ သူသည် ၎င်းတို့ကို ဆန်အနည်းငယ်သာ ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ အစားအစာရှိသမျှ အားလုံးကို အခြားသူများအား ပေးပစ်ပြီး ကိုယ်တိုင်ကမူ အငတ်ခံခြင်းမျိုး မဟုတ်ပေ။ ဤသည်ကို ကြင်နာမှုအဖြစ် မှတ်ယူ၍ အမှန်တကယ် ရသလော။ (မရပါ။) လူက ဖြည့်ဆည်းနိုင်စွမ်း ရှိသည့် လူမှုရေး တာဝန်များနှင့် ဝတ္တရားများ၊ လူက အလိုအလျောက် လုပ်ဆောင်နိုင်စွမ်း ရှိသင့်ပြီး လုပ်လည်း လုပ်သင့်သည့် ထိုလုပ်ဆောင်ချက်များ၊ အခြားသူများအဖို့ အထောက်အကူဖြစ်ပြီး အကျိုးရှိသည့် ရိုးရှင်းသော အကျိုးဆောင် လုပ်ရပ်များ အားလုံးသည် လူက ကူညီရုံသက်သက်ဖြစ်သည့် ကိစ္စများသာ ဖြစ်သောကြောင့် ဤအရာများကို မည်သည့်နည်းနှင့်မျှ ကြင်နာမှုအဖြစ် ယူဆ၍ မရနိုင်ပေ။ သင့်လျော်သည့် အချိန်နှင့် နေရာတွင် လိုအပ်သောသူတစ်ဦးကို အကူအညီပေးခြင်းသည် အလွန် ပုံမှန်ဖြစ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ်ဝင်တိုင်း၏ တာဝန်လည်း ဖြစ်သည်။ ဤသည်မှာ တာဝန်နှင့် ဝတ္တရားမျိုးတစ်ခု သက်သက် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို ဖန်ဆင်းခဲ့ချိန်တွင် ဤဗီဇများကို ပေးခဲ့သည်။ ဤနေရာတွင် မည်သည့် ဗီဇများကို ငါ ရည်ညွှန်းနေခြင်း ဖြစ်သနည်း။ လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ငါ ရည်ညွှန်းနေခြင်း ဖြစ်သည်။ တစ်စုံတစ်ဦး မြေပေါ် လဲကျသွားသည်ကို သင် မြင်သည့်အခါ သင်၏ အလိုလိုဖြစ်သော တုံ့ပြန်မှုက “ငါ သွားပြီး သူတို့ကို ထူမသင့်သည်” ဟူ၍ ဖြစ်သည်။ ထိုသူလဲကျသွားသည်ကို သင် မြင်သော်လည်း မမြင်သယောင် ဟန်ဆောင်ကာ သွား၍ ကူညီမထူမပေးလျှင် ထိုအရာက သင်၏ အသိစိတ်ကို သောကရောက်စေမည်ဖြစ်ပြီး ဤသို့ ပြုမူခြင်းအတွက် သင် စိတ်မချမ်းမမြေ့ ဖြစ်မည် ဖြစ်သည်။ လူ့သဘာဝ အမှန်တကယ် ရှိသည့် တစ်စုံတစ်ဦးသည် လူတစ်ဦး လဲကျနေသည်ကို မြင်သည့်အခါ ကူညီထူမပေးရန် ချက်ချင်း စဉ်းစားလိမ့်မည် ဖြစ်သည်။ ယင်းမှာ သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်ဟု ယုံကြည်ပြီး ထိုကိစ္စကို မည်သို့မျှ ရှည်ရှည်ဝေးဝေး စဉ်းစားရန် မလိုအပ်သည်ကို မြင်သောကြောင့် ထိုလူက သူ့အပေါ် ကျေးဇူးတင်ခြင်း ရှိမရှိဆိုသည်ကို သူဂရုစိုက်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ လူတို့ကို ဘုရားသခင် ပေးထားသည့် ဗီဇများဖြစ်ပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည့် မည်သူမဆိုက ဤအရာကို လုပ်ဆောင်ရန် စဉ်းစားမည်ဖြစ်ကာ ဤသို့ ပြုမူဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဘုရားသခင်သည် လူကို အသိစိတ်နှင့် လူသား စိတ်နှလုံးတစ်ခု ပေးခဲ့သည်။ လူတွင် လူသား စိတ်နှလုံးတစ်ခု ရှိသောကြောင့် လူသား အတွေးများ ပိုင်ဆိုင်သည့်အပြင် အချို့သော ကိစ္စများနှင့် စပ်လျဉ်း၍ ရှိသင့်သည့် ရှုထောင့်အမြင်များနှင့် ချဉ်းကပ်နည်းများလည်း ပိုင်ဆိုင်သည်။ ထို့ကြောင့် သူသည် ဤအရာများကို အလိုအလျောက် လွယ်ကူစွာ လုပ်ဆောင်နိုင်လေသည်။ သူသည် မည်သည့် ပြင်ပအင်အားစုများထံမှ အကူအညီတစ်စုံတစ်ရာ သို့မဟုတ် သဘောတရားဆိုင်ရာ လမ်းပြမှုတစ်စုံတစ်ရာ မလိုအပ်သကဲ့သို့ ပညာရေး သို့မဟုတ် အပြုသဘောဆောင်သော ခေါင်းဆောင်မှုကိုပင် မလိုအပ်ပေ။ ထိုအရာတစ်ခုမျှ သူ မလိုအပ်။ လူတို့ ဆာလောင်သည့်အခါ အစားအစာရှာသကဲ့သို့ သို့မဟုတ် ရေငတ်သည့်အခါ ရေကို ရှာဖွေသကဲ့သို့သာ ဖြစ်သည်။ ဗီဇတစ်ခုဖြစ်ပြီး မိဘများ သို့မဟုတ် ဆရာသမားများက သွန်သင်ပေးရန် မလိုအပ်။ လူတွင် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုရှိသောကြောင့် ထိုအရာက အလိုအလျောက် ဖြစ်လာပေသည်။ ထိုနည်းတူ လူတို့သည် ဘုရားအိမ်တော်တွင် မိမိတို့၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းနိုင်စွမ်း ရှိကြပြီး ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည့် မည်သူမဆို လုပ်ဆောင်သင့်သော အရာဖြစ်သည်။ သို့ဖြစ်၍၊ လူတို့ကို ကူညီခြင်းနှင့် ၎င်းတို့အပေါ် ကြင်နာခြင်းသည် လူသားတို့အတွက် အားထုတ်စရာ မလိုသလောက်ပင် ဖြစ်သည်၊ ယင်းသည် လူသား ဗီဇ၏ နယ်ပယ်အတွင်းတွင် ရှိပြီး၊ လူတို့ လုံးဝ ပြီးမြောက်နိုင်စွမ်းရှိသည့် အရာတစ်ခု ဖြစ်သည်။ ယင်းကို ကြင်နာမှုလောက် မြင့်မြင့်မားမား အဆင့်သတ်မှတ်ဖို့ မလိုအပ်ပေ။ သို့ရာတွင် လူများစွာက အခြားသူများ၏ အကူအညီကို ကြင်နာမှုနှင့် တန်းတူထားကြပြီး၊ ထိုအကြောင်း အမြဲ ပြောကာ ပြန်မပေးဆပ်ပါက ၎င်းတို့ အသိစိတ်မရှိဟု တွေးထင်လျက်၊ ယင်းကို စဉ်ဆက်မပြတ် ပြန်ပေးဆပ်ကြသည်။ ၎င်းတို့သည် အများပြည်သူ သဘောထားအားဖြင့် အပြစ်ဖော်ဆုံးမခြင်း ခံရမည်ဟုပင် စိုးရိမ်လျက် မိမိတို့ကိုယ်ကို အထင်သေးပြီး စက်ဆုပ်ကြသည်။ ဤအရာများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာ လိုအပ်ပါသလော။ (မလိုအပ်ပါ။) ဤအရာကို မရိပ်စားမိသည့် လူများစွာရှိပြီး ဤကိစ္စအားဖြင့် စဉ်ဆက်မပြတ် ဘောင်ခတ်ခြင်းခံရကြသည်။ သမ္မာတရား စည်းမျဉ်းများကို နားမလည်ခြင်း ဟူသည်မှာ ဤအရာပင် ဖြစ်သည်။ ဥပမာအနေဖြင့် ကန္တာရထဲသို့ မိတ်ဆွေတစ်ဦးနှင့်အတူ သင် ခရီးသွားစဉ် သူရေကုန်သွားပါက သင်၏ ရေအချို့ကို သူ့အား သင် သေချာပေါက် ပေးမည် ဖြစ်သည်။ သူရေငတ်၍ သေသွားမည်ကို သင် ဤအတိုင်း ထိုင်ကြည့်နေမည် မဟုတ်။ သင်၏ ရေတစ်ဘူးတည်းကို လူနှစ်ဦးက သောက်နေသဖြင့် ကြာချိန် ထက်ဝက်သာ ခံမည်ကို သင် သိမည်ဖြစ်သော်လည်း ရေကို သင်၏ မိတ်ဆွေနှင့် သင် မျှဝေသောက်သုံးနေဦးမည် ဖြစ်သည်။ သင်သည် အဘယ်ကြောင့် ထိုသို့ လုပ်မည်နည်း။ ရေငတ်ဒဏ်ကို ခံစားနေရသည့် သင်၏ မိတ်ဆွေက နံဘေး၌ ရပ်နေစဉ်တွင် သင့်အနေနှင့် မိမိရေကို သောက်ရက်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထိုမြင်ကွင်းကို သင် မြင်ကို မြင်ရက်နိုင်မည် မဟုတ်ပေ။ သင်၏ မိတ်ဆွေ ရေငတ်ဒဏ် ခံစားနေရသည့် မြင်ကွင်းကို သင်မမြင်ရက်နိုင်အောင် မည်သည့်အရာက ဖြစ်စေသနည်း။ ဤခံစားချက်ကို ဖြစ်စေသည်မှာ သင်၏အသိစိတ် သဘောဖြစ်သည်။ သင်သည် ဤတာဝန်နှင့် ဝတ္တရားမျိုးကို မဖြည့်ဆည်းလိုလျှင်ပင် သင်၏ အသိစိတ်က သင့်ကို မဖြည့်ဆည်းဘဲ မနေရက်နိုင်အောင် ဖြစ်စေသည်၊ သင့်ကို စိတ်မကောင်းဖြစ်စေသည်။ ဤသည်မှာ လူသား ဗီဇများ၏ ရလဒ်သာ ဖြစ်သည် မဟုတ်လော။ ဤအရာကို လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့က ဆုံးဖြတ်ထားခြင်းသာ ဖြစ်သည် မဟုတ်လော။ သင့်မိတ်ဆွေက “ထိုအခြေအနေတွင် ကျွန်ုပ်ကို သင်၏ ရေအနည်းငယ် တိုက်ခြင်းအတွက် သင့်အပေါ် ကျွန်ုပ် ကျေးဇူးကြွေးတစ်ခု တင်ရှိပါသည်” ဟု ပြောပါက ဤသို့ ပြောဆိုခြင်းသည်လည်း မှားယွင်းနေသည် မဟုတ်လော။ ဤသည်မှာ ကြင်နာမှုနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ အခြေအနေများ ပြောင်းပြန်ဖြစ်နေပြီး ထိုမိတ်ဆွေတွင် လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိပါက သူသည်လည်း သူ၏ ရေကို သင်နှင့် မျှဝေသောက်သုံးမည်ပင် ဖြစ်သည်။ ဤသည်မှာ လူတို့ကြားရှိ အခြေခံကျသော လူမှုရေး တာဝန် သို့မဟုတ် လူမှုဆက်ဆံရေးတစ်ခုသာ ဖြစ်သည်။ ဤအခြေခံအကျဆုံးသော လူမှုဆက်ဆံရေးများ သို့မဟုတ် လူမှုရေး တာဝန်များ သို့မဟုတ် လူမှုရေး ဝတ္တရားများသည် လူကို ဖန်ဆင်းခဲ့သည့် အချိန်ကာလတွင် ဘုရားသခင်က လူအား ပေးသနားခဲ့သည့် လူ၏ အသိစိတ် သဘော၊ သူ၏ လူ့သဘာဝနှင့် ဗီဇများကြောင့်သာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ပုံမှန် အခြေအနေများအောက်တွင် ဤအရာများကို မိဘများက သွန်သင်ပေးရန် သို့မဟုတ် လူ့အဖွဲ့အစည်းက စွဲမှတ်အောင် သွန်သင်ပေးရန် မလိုအပ်သကဲ့သို့ ယင်းတို့ကို သင်လုပ်ဆောင်ဖို့ ပြောသည့် အခြားသူများ၏ အကြိမ်ကြိမ် သတိပေး နှိုးဆော်ချက်များကိုလည်း သာ၍ပင် မလိုအပ်ပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမဲ့သော သူများအတွက်၊ ပုံမှန် သိမှုစွမ်းရည်များ ကင်းမဲ့သူများ၊ ဥပမာအားဖြင့် ကျပ်မပြည့်သည့် လူများ သို့မဟုတ် ငအများအတွက်၊ သို့တည်းမဟုတ် ညံ့ဖျင်းသည့် အစွမ်းအစ ရှိပြီး မသိနားမလည်ဖြစ်ကာ ခေါင်းမာသော သူများအတွက်သာ သင်ကြားလေ့ကျင့်ပေးဖို့ လိုအပ်ပေမည်။ ပုံမှန် လူ့သဘာဝရှိသောသူများကိုမူ ဤအရာများ သွန်သင်ပေးရန် မလိုအပ်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသည့် လူအားလုံးက ယင်းတို့ကို ပိုင်ဆိုင်ပေသည်။ ထို့ကြောင့် အပြုအမူတစ်ခုခု သို့မဟုတ် လုပ်ရပ်တစ်ခုခုသည် အလိုလိုသာ ဖြစ်ပြီး အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီနေချိန်တွင် ယင်းကို ကြင်နာမှု အသွင်တစ်ခုအဖြစ် အလွန့်အလွန် ပုံကြီးချဲ့ခြင်းမှာ သင့်လျော်ခြင်း မရှိ။ အဘယ်ကြောင့် သင့်လျော်ခြင်း မရှိသနည်း။ ထိုသို့သော အပြုအမူများကို ဤနယ်ပယ်အထိ မြှင့်တင်ခြင်းအားဖြင့် သင်သည် လူတိုင်းကို လေးလံသည့် ပူပန်သောကနှင့် ဝန်ထုပ်ဝန်ပိုးဖြင့် ဝန်ပိစေခြင်း ဖြစ်သည်။ ထို့ပြင် ဤအရာက လူတို့ကို ချည်နှောင်သည်မှာ အမှန်ဖြစ်၏။ ဥပမာအားဖြင့် အတိတ်ကာလတွင် တစ်စုံတစ်ဦးက သင့်ကို ငွေပေးခဲ့ပါက သို့မဟုတ် ခက်ခဲသည့် အခြေအနေတစ်ခုကို ဖြတ်ကျော်ရန် သင့်ကို ကူညီပေးခဲ့ပါက သို့မဟုတ် သင့်ကို အလုပ် ကူရှာပေးခဲ့ပါက သို့မဟုတ် သင့်ကို ကယ်မခဲ့ပါက သင်သည် “ငါ ကျေးဇူးကန်း၍ မဖြစ်ပါ။ ငါ တာဝန်သိတတ်ပြီး သူ၏ ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ရမည်။ ကြင်နာမှုကို ပြန်ကျေးဇူးမဆပ်လျှင် ငါ လူသားမှ ဟုတ်ပါသေးသလော” ဟု စဉ်းစားလိမ့်မည်။ လက်တွေ့တွင်မူ ယင်းတို့ကို သင် ပြန်ကျေးဇူးဆပ်သည်ဖြစ်စေ၊ မဆပ်သည်ဖြစ်စေ သင်သည် လူသား ဖြစ်နေဆဲဖြစ်ပြီး ပုံမှန် လူ့သဘာဝ ဘောင်အတွင်း အသက်ရှင်နေဆဲ ဖြစ်သည်။ ထိုသို့သော ပြန်ကျေးဇူးဆပ်ခြင်းသည် အမှုအရာတစ်ခုကိုမျှ ပြောင်းလဲပေးလိမ့်မည် မဟုတ်။ သင် ကောင်းမွန်စွာ ပြန်ကျေးဇူးဆပ်ရုံသက်သက်နှင့် သင်၏ လူ့သဘာဝသည် ပြောင်းလဲမှုကို ကြုံရလိမ့်မည် မဟုတ်သကဲ့သို့ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည်လည်း ချိုးနှိမ်ခြင်းကို ခံရလိမ့်မည် မဟုတ်။ ထိုနည်းတူ သင် ဆိုးရွားစွာ ပြန်ကျေးဇူးဆပ်ရုံသက်သက်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပိုမိုဆိုးရွားလာလိမ့်မည် မဟုတ်ပေ။ ကြင်နာမှုကို သင် ပြန်ကျေးဇူးဆပ်ပြီး ပေးအပ်ခြင်း ရှိမရှိဆိုသည့် အချက်က သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် မည်သည့် ဆက်စပ်မှုမျှ လုံးဝ မရှိပေ။ ဆက်စပ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ငါ့အတွက် ဤ “ကြင်နာမှု”မျိုး မရှိသည်မှာ အမှန်ဖြစ်ပြီး၊ သင်တို့အတွက်လည်း ထိုသို့ဖြစ်ရန် ငါမျှော်လင့်သည်။ ဤသို့ဆိုလျှင် မည်သို့ သင်မှတ်ယူသင့်သနည်း။ ရိုးရှင်းစွာဖြင့် ယင်းကို ဝတ္တရားတစ်ခုနှင့် တာဝန်တစ်ခု၊ ဗီဇများရှိသည့် လူတစ်ဦး လုပ်ဆောင်သင့်သည့် တစ်စုံတစ်ရာအဖြစ် မှတ်ယူလော့။ လူသားအနေဖြင့် ထိုအရာကို သင်၏ တာဝန်၊ ဝတ္တရားအဖြစ် မှတ်ယူပြီး အစွမ်းရှိသမျှဖြင့် လုပ်ဆောင်သင့်သည်။ ထိုမျှသာဖြစ်သည်။ လူအချို့က “ဤသည်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်သည်ကို ကျွန်ုပ် သိသော်လည်း မဆောင်ရွက်ချင်ပါ” ဟု ပြောကောင်း ပြောနိုင်သည်။ ယင်းကလည်း ကိစ္စမရှိပေ။ သင်၏ အနေအထားနှင့် အခြေအနေများပေါ် အခြေခံ၍ မိမိကိုယ်ကိုအတွက် သင် ရွေးချယ်နိုင်သည်။ သင်၏ လက်ငင်း စိတ်အခြေအနေပေါ် အခြေခံပြီး ပို၍ ပြောင်းလွယ်ပြင်လွယ်ရှိရှိလည်း ဆုံးဖြတ်နိုင်သည်။ သင်၏ တာဝန်ကို ဆောင်ရွက်ပြီးသည့်နောက်တွင် အဆင်မပြေမှုနှင့် အနှောင့်အယှက်တစ်ခု ဖြစ်လာသည်အထိ အကျိုးခံစားရသူက သင့်ကို ပြန်ကျေးဇူးဆပ်ဖို့ ထပ်တလဲလဲ ကြိုးစားပြီး သင့်ကို ရှာကာ မကြာခဏ သင့်အပေါ် ကျေးဇူးစကား ဆိုမည်ကို သင်စိတ်ပူ၍ အကျိုးဆက်အနေဖြင့် ထိုတာဝန်ကို သင် ဆောင်ရွက်ချင်စိတ် မရှိပါက ယင်းသည်လည်း ကိစ္စမရှိပေ။ သင့်သဘောအတိုင်း ဖြစ်သည်။ လူအချို့က “ဤလူမှုရေး တာဝန်မျိုးကို မဖြည့်ဆည်းလိုသော လူတို့တွင် ညံ့ဖျင်းသော လူ့သဘာဝ ရှိကြပါသလော” ဟု မေးကြလိမ့်မည်။ ဤသည်မှာ လူတစ်ဦး၏ လူ့သဘာဝကို အကဲဖြတ်ရန် မှန်ကန်သော နည်းလမ်း ဟုတ်သလော။ (မဟုတ်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ ဤဆိုးယုတ်သော လူ့အဖွဲ့အစည်းတွင် လူကို သူ၏ အပြုအမူဖြင့် အကဲခတ်ရမည်ဖြစ်ပြီး လူ လုပ်ဆောင်သမျှတိုင်းတွင် သင့်တင့်လျောက်ပတ်သည့် သဘောရှိရမည်။ လက်ငင်း ပတ်ဝန်းကျင်နှင့် ဆက်စပ် အကြောင်းအရာကို သူ အချိန်မီ အသိအမှတ်ပြုဖို့ သာ၍ပင် လိုအပ်သည်မှာလည်း အမှန်ပင်ဖြစ်၏။ မယုံကြည်သူများက ပြောဆိုသည့်အတိုင်းပင် ဤကစဉ့်ကလျား လောက၌ လူတို့သည် မိမိတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆိုတွင် လိမ္မာပါးနပ်ရမည်၊ ဉာဏ်ရည်ဉာဏ်စွမ်းရှိပြီး အမြော်အမြင်ရှိရမည် ဖြစ်သည်။ ၎င်းတို့သည် မသိနားမလည် မဖြစ်ရ။ မိုက်မဲသည့် လုပ်ရပ်များကို သေချာပေါက် မဆောင်ရွက်ရ။ ဥပမာအားဖြင့် အချို့သော နိုင်ငံများရှိ လူမြင်သူမြင် နေရာများတွင် လူတို့သည် မတော်တဆ ထိခိုက်ဒဏ်ရာရသယောင် ဟန်ဆောင် လုပ်ယူပြီးသည့်နောက် လိမ်လည်လှည့်ဖြားလျက် လျော်ကြေးတောင်းကြသည့် ရိုက်စားခွင်များ ဖန်တီးကြသည်။ ၎င်းတို့၏ ရိုက်စားခွင်ကို မရိပ်စားမိဘဲ သင်၏ အသိစိတ်အတိုင်း မျက်စိစုံမှိတ် ပြုမူဆောင်ရွက်ပါက သင်သည် လှည့်စားခံရပြီး မိမိကိုယ်ကို ဒုက္ခရောက်သွားအောင် လုပ်မိနိုင်ဖွယ် ရှိပေသည်။ ဥပမာအားဖြင့် လမ်းမထက်တွင် လဲကျနေသည့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ယောက်ကို သင် မြင်ပါက သင်တွေးကောင်း တွေးမည်မှာ “လူ့အဖွဲ့အစည်းအဖို့ ငါ၏ တာဝန်များကို ငါ ဆောင်ရွက်ရမည်။ သူ ငါ့ကို ပြန်ကျေးဇူးဆပ်ပေးရန် မလိုပါ။ ငါ့ထံတွင် လူ့သဘာဝနှင့် ငါ၏ အသိစိတ် သဘောရှိသောကြောင့် သူ့ကို ငါ ကူညီသင့်သည်။ ထို့ကြောင့် ငါ သူ့ကို သွားကူညီမည်” ဟူ၍ ဖြစ်သည်။ သို့တိုင် သူ့ကို သင် သွားထူမသည့်အခါ သူသည် သင့်ကို ခြိမ်းခြောက်ငွေညှစ်လေတော့၏။ နောက်ဆုံးတွင် သင်သည် ဆေးရုံသို့ သူ့ကို ခေါ်ဆောင်သွားရကာ သူ၏ ဆေးကုသစရိတ်များ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် လျော်ကြေးငွေများ၊ အငြိမ်းစားယူခြင်း စရိတ်စကများကို စိုက်ပေးလိုက်ရသည်။ သင် မစိုက်ပေးပါက ရဲစခန်းသို့ ဆင့်ခေါ်ခံရလိမ့်မည် ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ဒုက္ခရောက်သွားအောင် လုပ်မိလိုက်သည့်ပုံ ရသည် မဟုတ်လော။ ဤအခြေအနေသည် မည်သို့ ဖြစ်လာခဲ့သနည်း။ (မိမိ၏ စေတနာစိတ်အတိုင်း လိုက်လုပ်ပြီး ဉာဏ်ပညာမဲ့ခြင်းကြောင့် ဖြစ်လာပါသည်။) သင်သည် ကြောင်းကျိုးမမြင်ဖြစ်ခဲ့သည်၊ ချင့်ချိန်နိုင်စွမ်းမဲ့ခဲ့သည်၊ လက်ရှိ ခေတ်ရေစီးကြောင်းများကို သတိမပြုနိုင်ဖြစ်ခဲ့ပြီး အခြေအနေ၏ အခင်းအကျင်းကို သင် မသိမြင်ခဲ့ပေ။ ဤကဲ့သို့သော ဆိုးယုတ်သည့် လူ့အဖွဲ့အစည်းတွင် လဲကျနေသည့် သက်ကြီးရွယ်အိုတစ်ဦးကို တစ်ချက်မျှ ကူထူပေးလိုက်ရုံနှင့်ပင် အဖိုးအခတစ်ခု ပေးရမည် ဖြစ်သည်။ ထိုအမျိုးသမီး အမှန်တကယ် လဲကျပြီး သင်၏ အကူအညီကို လိုအပ်ခဲ့ပါက သင်၏ အပြုအမူသည် လူ့သဘာဝ၊ လူ၏ အသိစိတ် သဘောတို့နှင့် ကိုက်ညီနေ၍ လူမှုရေး တာဝန်များကို ဆောင်ရွက်ခြင်းအတွက် သင်သည် ရှုတ်ချခြင်း မခံရသင့်ဘဲ ချီးမွမ်းခြင်း ခံရသင့်ပေသည်။ သို့တိုင် ဤသက်ကြီးရွယ်အို အမျိုးသမီးတွင် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်တစ်ခု ရှိခဲ့သည်။ သူသည် သင်၏ အကူအညီကို အမှန်တကယ် မလိုအပ်ဘဲ သင့်ကို ရိုက်စားခွင် ဖန်နေခြင်းသာ ဖြစ်သည်။ သင်ကမူ သူ၏ ကောက်ကျစ်သည့် အကြံကို မရိပ်စားမိခဲ့ပေ။ လူသားချင်းအနေဖြင့် သူ့အတွက် သင်၏ တာဝန်များကို ဆောင်ရွက်ခြင်းကြောင့် သင်သည် သူ၏ အကွက်ထဲ ဝင်သွားပြီဖြစ်ရာ ယခုမူ သူလွတ်ပေးတော့မည် မဟုတ်ဘဲ သင့်ထံမှ ပိုများသည့် ငွေများကိုပင် ခြိမ်းခြောက်ညှစ်ယူတော့မည် ဖြစ်သည်။ လူမှုရေး တာဝန်များကို ဆောင်ရွက်ခြင်းသည် လိုအပ်မှုရှိသည့် လူများကို ကူညီခြင်းနှင့် မိမိကိုယ်ပိုင် တာဝန်များကို ဖြည့်ဆည်းခြင်းအကြောင်း ဖြစ်သင့်ပေသည်။ လှည့်စားခံရသည့် သို့မဟုတ် ထောင်ချောက်တွင် အမိခံလိုက်ရသည့် အကျိုးဆက်ကို မဖြစ်ပေါ်စေသင့်ပေ။ လူများစွာသည် ဤရိုက်စားခွင်များ၏ သားကောင်များ ဖြစ်သွားကြပြီး ယခုတွင် လူတို့ မည်မျှ ဆိုးယုတ်ကြောင်းနှင့် အခြားသူများကို လိမ်လည်လှည့်စားရာ၌ မည်မျှ ကျွမ်းကျင်ကြောင်းတို့ကို ရှင်းလင်းစွာ သိမြင်လာကြပြီ ဖြစ်သည်။ သူစိမ်းများဖြစ်စေ၊ မိတ်ဆွေများနှင့် ဆွေမျိုးများဖြစ်စေ မည်သူကိုမဆို ၎င်းတို့ လိမ်လည်လှည့်စားကြလိမ့်မည် ဖြစ်သည်။ ဆိုးရွားလိုက်သည့် အခြင်းအရာပါတကား။ ဤဖောက်ပြန်ပျက်စီးခြင်းကို မည်သူ ဖြစ်စေခဲ့သနည်း။ အဆင်းနီသော နဂါးကြီးဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် လူသားမျိုးနွယ်ကို အကြီးအကျယ် လူမဆန်စွာ ဖောက်ပြန်ပျက်စီးစေပြီး ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် မိမိ၏ ကိုယ်ပိုင် အကျိုးစီးပွားများကို တိုးမြှင့်ရန် အကျင့်ပျက်သော အရာမျိုးစုံကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး လူတို့သည် ၎င်း၏ မကောင်းသည့် ပုံသက်သေဖြင့် လမ်းလွဲသွားကြပြီး ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ယခုတွင် ရိုက်စားခွင် ဖန်သူများနှင့် သူခိုးများ ပြည့်နေချေပြီ။ လူများစွာတို့သည် ခွေးများနှင့် ဘာမျှ မခြားသည်ကို ဤအမှန်တရားများအပေါ် အခြေခံကြည့်လျှင် မြင်နိုင်၏။ အချို့သည် ဤပြောဆိုမှုမျိုးကို နားထောင်ရန် မလိုလားဘဲ ရှိနေနိုင်သည်။ ထိုအရာနှင့် ပတ်သက်၍ ၎င်းတို့ အနေရခက်လိမ့်မည်ဖြစ်ကာ “ကျွန်ုပ်တို့သည် အမှန်တကယ်ပင် ခွေးများနှင့် ဘာမျှ မခြားသလော။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ခွေးများနှင့် အမြဲ နှိုင်းခြင်းအားဖြင့် ကျွန်ုပ်တို့ကို မလေးမစားလုပ်ကာ အထင်သေးနေခြင်း ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို လူသားများအဖြစ် မှတ်ယူခြင်း လုံးဝမရှိ” ဟု တွေးကြပေမည်။ သင်တို့ကို လူသားများအဖြစ် ငါ ရှုမြင်လိုလှသော်လည်း လူတို့သည် မည်သည့် အပြုအမူမျိုးကို ပြသကြလေပြီနည်း။ အမှန်အားဖြင့် လူအချို့သည် အမှန်တကယ်ပင် ခွေးများနှင့် ဘာမျှ မခြားကြပေ။ ယခုလောလောဆယ် ဤကိစ္စရပ်နှင့်ပတ်သက်၍ ငါ ပြောရန်ရှိသည်မှာ ထိုမျှသာ ဖြစ်၏။

အခြားသူများအား လူတို့ အနည်းငယ်မျှ ကူညီပေးခြင်းကို ကြင်နာမှုအဖြစ် ယူဆ၍ မရဘဲ လူမှုရေး တာဝန်တစ်ခုသာ ဖြစ်ပုံနှင့်ပတ်သက်၍ ငါ ယခုတင် မိတ်သဟာယပြုပြီးပြီ ဖြစ်သည်။ မည်သည့် လူမှုရေး တာဝန်များအား မိမိတို့၏ အစွမ်းအစ အကောင်းဆုံးဖြင့် ဖြည့်ဆည်းနိုင်သည်ကို လူတို့ ရွေးချယ်နိုင်သည်မှာကား အမှန်ဖြစ်၏။ ၎င်းတို့သည် မိမိတို့ ဖြည့်ဆည်းရန် သင့်တော်သည့် တာဝန်များကို ဖြည့်ဆည်းနိုင်ပြီး သင့်တော်ခြင်းမရှိဟု ၎င်းတို့ မြင်သည့် တာဝန်များကို မဖြည့်ဆည်းဖို့ ရွေးချယ်နိုင်ကြသည်။ ဤသည်မှာ လူတွင်ရှိသည့် လွတ်လပ်မှုနှင့် ရွေးချယ်ပိုင်ခွင့် ဖြစ်သည်။ သင်၏ အခြေအနေများ၊ တတ်စွမ်းနိုင်မှုများအပြင် လက်ငင်း ဆက်စပ်အကြောင်းအရာနှင့် အခြေအနေများပေါ် အခြေခံ၍ မည်သည့် လူမှုရေး တာဝန်များနှင့် ဝတ္တရားများအား သင် ဖြည့်ဆည်းသင့်သည်ကို သင် ရွေးချယ်နိုင်သည်။ ဤသည်မှာ သင်၏ လုပ်ပိုင်ခွင့် ဖြစ်သည်။ ဤလုပ်ပိုင်ခွင့်သည် မည်သည့် အခြေအနေတွင် ပေါ်ပေါက်လာခဲ့သနည်း။ လောကကြီးသည် အလွန် မှောင်မိုက်သည့် နေရာဖြစ်ကာ လူသားမျိုးနွယ်သည် အလွန် ဆိုးယုတ်ပြီး လူ့အဖွဲ့အစည်းသည် တရားမျှတမှု ကင်းမဲ့၏။ ဤအခြေအနေများအောက်တွင် သင်သည် ပထမဦးစွာ မိမိကိုယ်ကို ကာကွယ်ရမည်။ မိုက်မဲစွာနှင့် မသိနားမလည်စွာ ပြုမူခြင်းကို ရှောင်ကြဉ်ပြီး ဉာဏ်ပညာကို လွှာသုံးရမည်။ မိမိကိုယ်ကို ကာကွယ်ခြင်းဆိုရာ၌ သင်၏ ပိုက်ဆံအိတ်နှင့် ပစ္စည်းဥစ္စာကို အခိုးမခံရအောင် ကာကွယ်ရန် ငါ ဆိုလိုသည် မဟုတ်ဘဲ ထို့ထက် အန္တရာယ်မှ မိမိကိုယ်ကို ကာကွယ်ခြင်းကို ဆိုလိုပေသည်။ ဤသည်မှာ အဓိက အရေးကြီးသောအရာ ဖြစ်သည်။ သင်၏ ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုကိုလည်း သေချာစေရင်း သင်၏ တာဝန်များနှင့် ဝတ္တရားများကို သင် အစွမ်းရှိသမျှ ဖြည့်ဆည်းသင့်ပေသည်။ အခြားသူများ၏ လေးစားမှုကို ရရှိဖို့ အာရုံမစိုက်နှင့်။ ပြီးလျှင် အများ၏ သဘောထားကြောင့် စိတ်ယိမ်းယိုင်ခြင်း သို့မဟုတ် ဘောင်ခတ်ခံရခြင်း မရှိစေနှင့်။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းရန်သာ ဖြစ်သည်။ သင်၏ ကိုယ်ပိုင် အခြေအနေပေါ် မူတည်၍ သင်၏ တာဝန်အား မည်သို့ ဖြည့်ဆည်းရမည်ကို သင် ဆုံးဖြတ်သင့်သည်။ သင်၏ အခြေအနေများနှင့် တတ်စွမ်းနိုင်မှုများကို ထောက်၍ သင် ကိုင်တွယ်နိုင်သည်ထက် ပို၍ တာဝန်မယူနှင့်။ သင် မပိုင်ဆိုင်သည့် အစွမ်းအစများကို ပိုင်ဆိုင်သယောင် ဟန်ဆောင်ခြင်းအားဖြင့် လူတို့ အထင်ကြီးအောင် လုပ်ရန် သင် မကြိုးစားသင့်သကဲ့သို့ အခြားသူများ၏ မလေးစားမှု သို့မဟုတ် ဝေဖန်မှု သို့မဟုတ် ရှုတ်ချမှုတို့ကိုလည်း သင် မကြောက်ရွံ့သင့်ပေ။ သင်၏ ကိုယ်ပိုင် ဝင့်ဝါမှုကို ဖြည့်ဆည်းရန်အတွက် အမှုအရာများကို လုပ်ဆောင်ခြင်းက မှားယွင်း၏။ သင် လုပ်ဆောင်နိုင်သလောက်သာ လုပ်ဆောင်လော့။ သင်၏ တာဝန်သိစိတ်က စေစားသလောက်သာ တာဝန်ယူပြီး သင် ဖြည့်ဆည်းနိုင်စွမ်းရှိသည့် ဝတ္တရားပမာဏကိုသာ ဖြည့်ဆည်းလော့။ ဤသည်မှာ သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ သင့်အပေါ် ဘုရားသခင် မတောင်းဆိုထားသည့် အမှုအရာများကို အတင်းဖျစ်ညှစ်၍ လုပ်ဆောင်ဖို့ မလိုအပ်။ သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှ မရှိသော အရာများကို လုပ်ဆောင်ရန် သင်၏ အသိစိတ်နောက် လိုက်ခြင်းက ဘာအဓိပ္ပာယ်မျှ မရှိပေ။ သင် မည်မျှ လုပ်ဆောင်သည်ဖြစ်စေ ထိုအတွက် ဘုရားသခင်က သင့်အား ချီးကျူးလိမ့်မည် မဟုတ်။ ထိုအရာက သင်သည် မိမိကိုယ်ကို ကောင်းမွန်သည့် လုပ်ဆောင်ချက်များဖြင့် ပံ့ပိုးပြီးဖြစ်ကြောင်း ညွှန်ပြဖို့ မဆိုထားနှင့်၊ သင့်အနေဖြင့် စစ်မှန်သည့် သက်သေကို ခံထားပြီဖြစ်ကြောင်းပင် မညွှန်ပြပေ။ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဆက်စပ်ခြင်းမရှိဘဲ သင် လုပ်ဆောင်ရန် လူတို့ တောင်းဆိုသည့် အရာများအတွက်မူ သင့်ကိုယ်ပိုင် ရွေးချယ်မှုနှင့် စည်းမျဉ်းများ ရှိသင့်ပေသည်။ လူတို့၏ ဘောင်ခတ်ခြင်းကို မခံနှင့်။ သင်၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် သမ္မာတရားတို့ကို ချိုးဖောက်သည့်အရာ တစ်ခုတလေကိုမျှ သင် မလုပ်ဆောင်ပါက လုံလောက်ပေသည်။ သင်သည် တစ်စုံတစ်ဦးကို ယာယီ ပြဿနာတစ်ခု ဖြေရှင်းပေးခြင်းအားဖြင့် ကူညီလိုက်ပါက ထိုသူသည် သင့်အပေါ် အားကိုးလာလိမ့်မည်ဖြစ်ကာ သူ၏ ပြဿနာများကို သင် ဖြေရှင်းပေးသင့်ပြီး ဖြေလည်း ဖြေရှင်းပေးရမည်ဟု ယုံကြည်လာလိမ့်မည်။ သူသည် သင့်အပေါ် အပြည့်အဝ အားထားမှီခိုလာလိမ့်မည်ဖြစ်ကာ သူ၏ ပြဿနာများကို ဖြေရှင်းပေးရန် တစ်ကြိမ်တစ်ခါကလေးပင် သင် ပျက်ကွက်ပါက သင့်ကို ဘက်ပြန်တိုက်ခိုက်လိမ့်မည်။ ဤအရာက သင့်ကို ဒုက္ခရောက်စေပြီဖြစ်ကာ သင် မြင်လိုသည့် ရလဒ်မျိုး မဟုတ်ပေ။ ဤရလဒ်မျိုးကို သင် ကြိုတင်ခန့်မှန်းမိပါက ထိုသူကို မကူညီရန် သင် ရွေးချယ်နိုင်သည်။ တစ်နည်းအားဖြင့် ဤအခြေအနေတွင် ထိုတာဝန် သို့မဟုတ် ဝတ္တရားကို မဆောင်ရွက်ဘဲ ရှောင်ကြဉ်ခြင်းက မှားမည်မဟုတ်ပေ။ ဤသည်မှာ လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်အပေါ်၊ သာ၍ တိကျစွာ ပြောရလျှင် သင် နေထိုင်သည့် လူမှုအသိုင်းအဝိုင်းအပေါ် သင် ထားရှိသင့်သည့် အမြင်နှင့် သဘောထားမျိုး ဖြစ်သည်။ တစ်နည်းဆိုရလျှင် တစ်စုံတစ်ဦးအား သင် ပေးရမည့် ချစ်ခြင်းမေတ္တာ မည်ရွေ့မည်မျှကိုသာ ပေးပြီး သင် တတ်နိုင်သမျှသာ လုပ်ဆောင်လော့။ သင်၏ ခံယူချက်များကို ဆန့်ကျင်ပြီး ကြွားဝါရန် အားထုတ်ခြင်း မပြုနှင့်။ သင် လုပ်ဆောင်နိုင်စွမ်း မရှိသည့်အရာများကို လုပ်ဆောင်ရန် မကြိုးစားနှင့်။ သာမန်လူတစ်ဦးက မပေးစွမ်းနိုင်သည့် အဖိုးအခတစ်ခုကို အတင်းဖျစ်ညှစ်၍ ပေးရန်လည်း မလိုအပ်ပေ။ တိုတိုပြောရလျှင် မိမိကိုယ်ကိုအပေါ် မတန်တဆ မတောင်းဆိုနှင့်။ သင် လုပ်ဆောင်နိုင်စွမ်း ရှိသည့်အရာကိုသာ လုပ်ဆောင်လော့။ ဤစည်မျဉ်းကို မည်သို့သဘောရသနည်း။ (ကောင်းပါသည်။) ဥပမာအနေဖြင့် သင်၏ မိတ်ဆွေက သင့်ကားကို ငှားရမ်းပေးဖို့ တောင်းဆိုလာ၍ သင့်အနေနှင့် သေချာစဉ်းစားသည်။ “အတိတ်တွင် သူက ငါ့ကို ပစ္စည်းများ ငှားရမ်းပေးခဲ့သောကြောင့် တရားသဖြင့်ဆိုလျှင် သူ့ကို ငါ၏ကား ငှားရမ်းခွင့် ပေးလိုက်သင့်သည်။ သို့သော် သူသည် ပစ္စည်းများကို ကောင်းကောင်း ဂရုစိုက်သည်မဟုတ် သို့မဟုတ် ညှာညှာတာတာ သုံးသည်မဟုတ်။ ငါ့ကားကို သူ ပျက်ပင် ပျက်စီးသွားစေနိုင်သည်။ သူ့ကို ငှားရမ်းခွင့် မပေးသင့်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် သူ့အား သင်၏ ကားကို ငှားရမ်းခွင့် မပေးဖို့ သင်ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ မှန်ကန်သည့် လုပ်ရပ်ဖြစ်သလော။ ထိုကားကို သင် ငှားပေးသည်ဖြစ်စေ၊ မငှားပေးသည်ဖြစ်စေ ကြီးမားသည့် ပြဿနာ မဟုတ်ချေ။ ထိုကိစ္စရပ်အပေါ် မှန်ကန်တိကျပြီး ထိုးထွင်းအမြင်ရှိသည့် သိနားလည်မှုတစ်ခု သင့်တွင် ရှိနေသရွေ့ အသင့်တော်ဆုံး ဆောင်ရွက်ပုံနည်းလမ်းဖြစ်သည်ဟု သင် ယုံကြည်သည့် မည်သည့်အရာမဆိုကိုသာ သင် လုပ်ဆောင်သင့်သည်။ ထိုသို့ပြုလျှင် တရားနည်းလမ်းကျလိမ့်မည်။ သို့ရာတွင် သင်က မိမိကိုယ်ကို “ကောင်းပြီ၊ သူ့ကို ငှားခွင့်ပေးလိုက်မည်။ ယခင်က သူ့ထံမှ ပစ္စည်းများ ငှားရန် ငါ တောင်းဆိုခဲ့ချိန်တွင် သူ မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပါ။ ပစ္စည်းများကို အသုံးပြုသည့်အခါ သူသည် အလွန် မချွေတာတတ် သို့မဟုတ် ဂရုမစိုက်တတ်သော်လည်း ကိစ္စမရှိ။ ငါ့ကား ပျက်စီးသွားလျှင် ငွေနည်းနည်း သုံးပြီး ပြင်လိုက်ရုံပင်” ဟု တွေးပြီးနောက် သင်၏ ကားကို သူ့အား ငှားရမ်းပေးရန် သဘောတူလိုက်ပြီး သူ့ကို သင် မငြင်းပါက ဤသည်မှာ မှန်ကန်သည့် လုပ်ရပ် ဖြစ်သလော။ ဤအရာနှင့် ပတ်သက်၍လည်း မည်သည့်အရာမျှ မမှားပေ။ ဥပမာအနေဖြင့် ယခင်က သင့်ကို ကူညီခဲ့သည့် တစ်စုံတစ်ဦးသည် သူ့မိသားစု အခက်အခဲအချို့ ကြုံရချိန် သင့်ထံ လာပါက သင် ကူညီသင့်သလော၊ မကူညီသင့်သလော။ ဤသည်မှာ သင်၏ အခြေအနေအပေါ် မူတည်၏။ ကူညီရန်ဖြစ်စေ၊ မကူညီရန်ဖြစ်စေ သင်၏ ဆုံးဖြတ်ချက်သည် စည်းမျဉ်းနှင့် သက်ဆိုင်လိမ့်မည် မဟုတ်။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ ရိုးသားစစ်မှန်မှုနှင့် ဗီဇကို အရင်းတည်ပြီး သင်၏ တာဝန်များကို သင်အစွမ်းအစရှိသမျှ ဖြည့်ဆည်းရန်သာ ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် သင်သည် မိမိ၏ လူ့သဘာဝနှင့် မိမိ၏ အသိစိတ်သဘော ဘောင်အတွင်းတွင် ပြုမူဆောင်ရွက်နေခြင်း ဖြစ်လိမ့်မည်။ ဤတာဝန်ကို သင် လုံးလုံး ဖြည့်ဆည်းခြင်း ရှိမရှိ သို့မဟုတ် ကောင်းစွာ လုပ်ဆောင်ခြင်း ရှိမရှိသည် အရေးမကြီးပေ။ သင့်ထံတွင် သဘောတူပိုင်ခွင့် သို့မဟုတ် ငြင်းပယ်ပိုင်ခွင့် ရှိ၏။ သင် ငြင်းပယ်ပါက အသိစိတ်ကင်းမဲ့သည်ဟု ပြော၍ မရနိုင်သကဲ့သို့ သင့်မိတ်ဆွေသည်လည်း သင့်ကို ကူညီမစသောကြောင့် ကြင်နာမှု လုပ်ရပ်တစ်ခု ပြခဲ့သည်ဟု ပြော၍ မရနိုင်ပေ။ ဤလုပ်ရပ်များသည် ထိုအဆင့်သို့ မရောက်ပေ။ သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) ဤသည်မှာ ကြင်နာမှုအကြောင်း ဆွေးနွေးမှု ဖြစ်သည်။ အတိအကျပြောရလျှင် ကြင်နာမှုကို မည်သို့ ရှုမြင်သင့်ပုံ၊ အခြားသူများကို ကူညီခြင်း ကိစ္စရပ်အား ချဉ်းကပ်ပုံချဉ်းကပ်နည်းနှင့် မိမိ၏ လူမှုရေး တာဝန်များကို မည်သို့ ဖြည့်ဆည်းသင့်ပုံတို့အကြောင်း ဆွေးနွေးမှု ဖြစ်သည်။ ဤကိစ္စရပ်များတွင် လူတို့သည် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရမည်။ မိမိ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် မှီခိုအားကိုးခြင်းအားဖြင့်သာ ဤပြဿနာများကို ဖြေရှင်း၍ မရနိုင်ပေ။ အချို့သော အထူး အခြေအနေများသည် အတော်လေး ခက်ခဲရှုပ်ထွေးနေနိုင်၏။ ယင်းတို့ကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ မကိုင်တွယ်ပါက ဒုက္ခပြဿနာနှင့် အပျက်သဘောဆောင်သော အကျိုးဆက်များ ဖြစ်လာနိုင်ဖွယ် ရှိပေသည်။ သို့ဖြစ်၍ ဤကိစ္စရပ်များတွင် ဘုရားသခင် ရွေးချယ်ထားသည့် လူများသည် သူ၏ အလိုတော်ကို နားလည်ရမည်ဖြစ်ပြီး လူ့သဘာဝ၊ ဆင်ခြင်တုံတရား၊ ဉာဏ်ပညာနှင့် သမ္မာတရား စည်းမျဉ်းများဖြင့် ပြုမူဆောင်ရွက်ရမည်ဖြစ်သည်။ ဤသည်မှာ အသင့်လျော်ဆုံး ချဉ်းကပ်နည်း ဖြစ်ပေမည်။

“တစ်လုတ်စားဖူး သူ့ကျေးဇူး” ဟူသည့် ဆိုရိုးနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာနိုင်သည့် နောက်ထပ် အခြေအနေမှာ သင် လက်ခံရရှိသည့် အကူအညီသည် ရေတစ်ဘူး သို့မဟုတ် ဟင်းသီးဟင်းရွက် လက်တစ်ဆုပ်စာ သို့မဟုတ် ဆန်တစ်အိတ်ကဲ့သို့သော အသေးအမွှား ကိစ္စတစ်ခုခု မဟုတ်ဘဲ သင်နှင့် သင့်မိသားစု၏ အသက်မွေးမှုအပေါ် အကျိုးသက်ရောက်မှု ရှိသည့်အပြင် သင်၏ ကံကြမ္မာနှင့် အနာဂတ် အလားအလာများအပေါ် ဂယက်ရိုက်ခတ်မှုများပင် ရှိသော အကူအညီပုံစံတစ်ခု ဖြစ်နေခြင်းမျိုး ဖြစ်သည်။ ဥပမာအနေဖြင့် တစ်စုံတစ်ဦးသည် သင့်ကို တက္ကသိုလ်ကောင်းတစ်ခု တက်နိုင်အောင်၊ အလုပ်ကောင်းတစ်ခု ရှာတွေ့နိုင်အောင်၊ အိမ်ထောင်ဖက်ကောင်း ရအောင်၊ သင့်ဘဝတွင် ကောင်းသော အရာများ တသီတတန်းကြီး ဖြစ်ပျက်လာအောင် ထောက်ကူပေးသည့် နည်းပေးလမ်းပြမှုတစ်ခုခု သို့မဟုတ် ငွေရေးကြေးရေး အကူအညီတစ်ခုခု ပေးကောင်းပေးနိုင်သည်။ ဤသည်မှာ သေးငယ်သည့် အကူအညီ သို့မဟုတ် မပြောပလောက်သော အနည်းငယ် ကူညီခြင်းမျှသာ မဟုတ်။ လူများစွာတို့က ဤအရာမျိုးကို ကြီးမားသည့် ကြင်နာမှု လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်ကြသည်။ ဤအခြေအနေမျိုးကို သင်တို့အနေဖြင့် မည်သို့ ချဉ်းကပ်သင့်သနည်း။ ထိုသို့သော အကူအညီ ပုံစံများသည် ငါတို့ ယခုတင် ဆွေးနွေးခဲ့ကြသည့် လူက ထမ်းဆောင်သော လူမှုရေး တာဝန်၊ ဝတ္တရားများနှင့် ဆက်စပ်သော်လည်း ထိုအရာများသည် လူ၏ ရှင်သန်မှု၊ ကံကြမ္မာနှင့် အနာဂတ် အလားအလာများအပေါ် ဂယက်ရိုက်ခတ်မှုများ ရှိသောကြောင့် ရေတစ်ဘူး သို့မဟုတ် ဆန်တစ်အိတ်မျှထက် များစွာ ပို၍ တန်ဖိုးရှိသည်။ ယင်းတို့သည် လူတို့၏ ဘဝများ၊ ၎င်းတို့၏ အသက်မွေးမှုများနှင့် ဤကမ္ဘာမြေရှိ ၎င်းတို့၏ ဘဝအချိန်တို့အပေါ် များစွာ သာ၍ ကြီးမားသော သက်ရောက်မှုတစ်ခု ရှိ၏။ ထိုသို့ဖြင့် ယင်းတို့၏ တန်ဖိုးသည် များစွာ သာ၍ ကြီးမားလေသည်။ ဤအကူအညီ ပုံစံများကို ကြင်နာမှု အဆင့်သို့ မြှင့်တင်သင့်သလော။ အလားတူစွာပင် ဤအကူအညီမျိုးများကို ကြင်နာမှုအဖြစ် ရှုမြင်ခြင်းကို ငါ မထောက်ခံပေ။ ဤအကူအညီပုံစံများကို ကြင်နာမှုအဖြစ် သဘောမထားသင့်ကြောင်းကို ထောက်ရှုသော် ဤအခြေအနေမျိုးကို ကိုင်တွယ်ရန် သင့်တော်ပြီး မှန်ကန်သည့် နည်းလမ်းမှာ အဘယ်နည်း။ ဤသည်မှာ လူတို့ ရင်ဆိုင်ရသည့် ပြဿနာတစ်ခု မဟုတ်လော။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက သင့်ကို ရာဇဝတ်မှုကျူးလွန်သည့် ဘဝမှ လမ်းကြောင်းပြောင်းပေးပြီး ပြုပြင်တည့်မတ်ပေးကာ တရားဝင် အလုပ်ခွင်တစ်ခုတွင် အလုပ်ရှာပေး၍ ကောင်းမွန်သည့် ဘဝကို သင်နေထိုင်နိုင်အောင်၊ အိမ်ထောင်ပြုပြီး အတည်တကျနေနိုင်အောင်နှင့် သင့် ကံကြမ္မာကို အကောင်းဘက်သို့ ပြောင်းလဲနိုင်အောင် လမ်းဖွင့်ပေးခြင်း ရှိကောင်း ရှိနိုင်သည်။ သို့မဟုတ် ခက်ခဲသည့် အခြေအနေတစ်ခုတွင် သင်ရောက်နေပြီး ခိုကိုးရာမဲ့ဖြစ်နေချိန်၌ လူကောင်းတစ်ဦးက သင့်အား အကူအညီအချို့နှင့် လမ်းပြမှုအချို့ ပေးခဲ့သောကြောင့် သင်၏ အနာဂတ် အလားအလာများသည် အပြုသဘောနည်းဖြင့် ပြောင်းလဲသွား၍ ကျန်သည့်လူများကို သင်ကျော်လွှားနိုင်ပြီး ကောင်းမွန်သော ဘဝကို နေထိုင်နိုင်ခွင့် ရသွားခြင်း ရှိကောင်းရှိနိုင်သည်။ ထိုသို့သော အခြေအနေများကို သင် မည်သို့ ချဉ်းကပ်သင့်သနည်း။ ၎င်းတို့၏ ကြင်နာမှုကို အမှတ်ရပြီး ပြန်ကျေးဇူးဆပ်သင့်သလော။ ယင်းတို့ကို အလျော်ပေးပြီး တုံ့ပြန်ရန် နည်းလမ်းများ ရှာဖွေသင့်သလော။ ဤအခြေအနေတွင် ဆုံးဖြတ်ချက်များ ချရာ၌ စည်းမျဉ်း၏ လမ်းညွှန်မှုကို ခံယူသင့်သည် မဟုတ်လော။ သင့်ကို ကူညီသောသူသည် မည်သည့် လူစားမျိုး ဖြစ်သည်ကို သင် ဆုံးဖြတ်သင့်သည်။ ထိုသူသည် လူကောင်းတစ်ဦး၊ အပြုသဘောဆောင်သော လူတစ်ဦးဖြစ်ပါက သင့်အနေဖြင့် သူ့ကို “ကျေးဇူးတင်ပါသည်” ဟု ပြောနိုင်သည့်အပြင် သူနှင့် ပုံမှန် ဆက်လက် ဆက်ဆံ၍ ရသည်။ မိတ်ဆွေများ ဖြစ်လာ၍ ရသည်။ ပြီးနောက် သူအကူအညီ လိုအပ်သည့်အခါ သင်၏ တာဝန်နှင့် ဝတ္တရားကို သင် အစွမ်းကုန် ဖြည့်ဆည်း၍ ရသည်။ သို့ရာတွင် တာဝန်နှင့် ဝတ္တရားကို ဤသို့ဖြည့်ဆည်းခြင်းသည် အကြွင်းမဲ့ ပေးကမ်းခြင်း ပုံစံ မဖြစ်သင့်ဘဲ ထို့ထက် သင်၏ အခြေအနေများအရ သင်လုပ်ဆောင်နိုင်သည့် အရာအားဖြင့် ကန့်သတ်ထားသင့်ပေသည်။ ဤသည်မှာ ထိုသို့သော လူများကို ဤအခြေအနေများတွင် ဆက်ဆံရန် သင့်တော်သော နည်းလမ်းဖြစ်သည်။ သင်တို့နှစ်ဦးကြားတွင် အဆင့်အနေအထား ခြားနားမှု မရှိပေ။ သူက သင့်ကို ကူညီပြီး သင့်အပေါ် ကြင်နာမှုပေးခဲ့သော်လည်း ဘုရားသခင်သာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်သောကြောင့် ထိုသူကို သင်၏ ကယ်တင်ရှင်အဖြစ် ခေါ်၍မရမြဲ မရဆဲပင်။ ထိုသူ လုပ်ဆောင်ခဲ့သမျှမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များမှတစ်ဆင့် ပြုမူဆောင်ရွက်ပြီး သင့်ကို လက်ကမ်း၍ ကူညီပေးခြင်းသာ ဖြစ်သည်။ ထိုသူက သင့်ကို ပိုင်ဆိုင်ပြီး သင့်ကို ကြိုးကိုင်ခြယ်လှယ်ကာ ထိန်းချုပ်၍ရသည့် သဘောဖြစ်နေရန် မဆိုထားနှင့်၊ ထိုသူက သင့်ထက် သာလွန်သည်ဟူသည့် သဘောပင် ဧကန်မုချ မဟုတ်ပေ။ ထိုသူသည် သင့်ကံကြမ္မာအပေါ် ဩဇာလွှမ်းမိုးပိုင်ခွင့် မရှိ၍ သင့်ဘဝကို မဝေဖန်သင့် သို့မဟုတ် မှတ်ချက်ချပြောဆိုခြင်း မပြုသင့်ပေ။ သင်တို့သည် တန်းတူ ဖြစ်နေဆဲ ဖြစ်သည်။ တန်းတူဖြစ်သည်ကို ထောက်ရှုသော် သင်တို့သည် အချင်းချင်း မိတ်ဆွေများအဖြစ် ဆက်ဆံနိုင်ပြီး သင့်တင့်လျောက်ပတ်သည့်အချိန်တွင် သူ့ကို သင် အစွမ်းကုန် ကူညီနိုင်ပေသည်။ ဤသည်မှာ လူ့သဘာဝ နယ်ပယ်အတွင်းတွင် သင်၏ လူမှုရေး တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းခြင်း၊ လူ့သဘာဝကို အခြေပြု၍ ထိုနယ်ပယ်အတွင်းတွင် သင် လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ခြင်း ဖြစ်နေဆဲ ဖြစ်သည်။ သင်သည် သတ်သတ်မှတ်မှတ်ဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဤအရာကို သင် လုပ်ဆောင်သင့်သနည်း။ ထိုသူက သင့်ကို အတိတ်တွင် ကူညီခဲ့ပြီး အကျိုးကျေးဇူးများကို သင် ရိတ်သိမ်းနိုင်အောင်နှင့် များပြားလှသော အကျိုးအမြတ်များ ရအောင် လမ်းဖွင့်ပေးခဲ့သောကြောင့် သူ့ကို မိတ်ဆွေတစ်ဦးအဖြစ် သဘောထားသင့်ကြောင်း သင်၏ လူ့သဘာဝမှလာသော အသိစိတ်၏ သဘောက လမ်းညွှန်စေစားလေသည်။ လူအချို့က “သူ့ကို ကျွန်ုပ်၏ ရင်းနှီးသော လူယုံတစ်ဦးအဖြစ် သဘောထား၍ ရပါသလော” ဟု မေးကြလိမ့်မည်။ ဤသည်မှာ သင်တို့နှစ်ဦး မည်မျှ အဆင်ပြေသည်ဆိုသည့်အပေါ် မူတည်သည့်အပြင် သင်တို့၏ လူ့သဘာဝနှင့် နှစ်ခြိုက်မှုများသာမက သင်တို့ ရှာဖွေသည့်အရာနှင့် လောကကို သင်တို့၏ ရှုမြင်ပုံတို့ တူညီခြင်း ရှိမရှိဆိုသည်တို့အပေါ်လည်း မူတည်ပေသည်။ အဖြေသည် သင်ကိုယ်တိုင်အပေါ် မူတည်လိမ့်မည်။ ဤထူးခြားသော ဆက်ဆံရေးမျိုးတွင် သင်၏ ကျေးဇူးရှင်ကို သင့်ဘဝဖြင့် ပြန်ကျေးဇူးဆပ်သင့်သလော။ ထိုသူက သင့်ကို အလွန်များစွာ ကူညီခဲ့ပြီး သင့်အပေါ် ကြီးမားလှသည့် လွှမ်းမိုးမှုလည်း ရှိခဲ့သည်ကို ထောက်၍ သူ့ကို သင်၏ ဘဝဖြင့် သင် ပြန်ကျေးဇူးဆပ်သင့်သလော။ ဤသည်မှာ မလိုအပ်ပေ။ သင်သည် သင့်ကိုယ်ပိုင် ဘဝ၏ ထာဝစဉ် ပိုင်ရှင်ဖြစ်သည်။ ဘုရားသခင်သည် သင့်ဘဝကို သင့်အား ပေးခဲ့ပြီး ထိုအရာသည် သင့်အပိုင်ဖြစ်ကာ အခြားမည်သူကမျှ စီမံရမည့်အရာ မဟုတ်။ ဤဆက်စပ် အကြောင်းအရာနှင့် အခြေအနေကြောင့် အခြားတစ်စုံတစ်ဦးအား သင့်ဘဝကို စီခံခွင့် ပေါ့ပေါ့ဆဆ ပေးပစ်ဖို့ မလိုအပ်ပေ။ ဤသည်မှာ အမှုအရာများကို အလွန့်အလွန် မိုက်မဲသည့် လုပ်ဆောင်နည်း ဖြစ်၏။ ယုတ္တိလည်း မရှိကြောင်းကိုမူ ပြောနေရန်ပင် မလို။ သင်တို့သည် မိတ်ဆွေများအဖြစ် မည်မျှ ရင်းနှီးကြသည်ဖြစ်စေ၊ မည်မျှ ခိုင်မာသည့် သံယောဇဉ်မျိုး ရှိကြသည်ဖြစ်စေ သင်သည် လူတစ်ဦးအဖြစ်သာ သင်၏ တာဝန်များကို ဆောင်ရွက်နိုင်သည်။ လူ့သဘာဝနှင့် ဆင်ခြင်တုံတရား နယ်ပယ်အတွင်းတွင်သာ အချင်းချင်း ပုံမှန် ဆက်ဆံကာ အကူအညီ ပေးနိုင်သည်။ ဤဆက်ဆံရေး အဆင့်သည် သာ၍ ဆင်ခြင်တုံတရားကို အခြေခံပြီး တန်းတူညီမျှ ဖြစ်ပေသည်။ သင်တို့ မိတ်ဆွေများဖြစ်လာသည့် နောက်ဆုံး အကြောင်းရင်းမှာ အခြေခံအားဖြင့် ဆိုရလျှင် ထိုလူက သင့်ကို တစ်ချိန်က ကူညီခဲ့သည်ဖြစ်ရာ သူ့ကို မိတ်ဆွေအဖြစ် ပေါင်းထိုက်ကြောင်းနှင့် သင်၏ မိတ်ဆွေများအပေါ် သင် တောင်းဆိုသည့် စံနှုန်းကို သူပြည့်မီကြောင်း သင် ခံစားခဲ့ရသောကြောင့် ဖြစ်သည်။ သင်သည် ထိုသူနှင့် မိတ်ဆွေများ ဖြစ်ရန် လိုလားနေခဲ့ခြင်းမှာ ဤအကြောင်းရင်းကြောင့်သာ ဖြစ်သည်။ ဤအခြေအနေကိုလည်း သုံးသပ်စဉ်းစားကြည့်လော့။ တစ်စုံတစ်ဦးက အတိတ်တွင် သင့်ကို ကူညီခဲ့ကာ နည်းလမ်းအချို့ဖြင့် သင့်အပေါ် ကြင်နာပြခဲ့ပြီး သင့်ဘဝအပေါ် သို့မဟုတ် အဓိက အဖြစ်အပျက်တစ်ခုခုအပေါ် သက်ရောက်မှု ရှိခဲ့သော်လည်း သူ၏ လူ့သဘာဝနှင့် သူလျှောက်သည့် လမ်းကြောင်းတို့ကမူ သင်၏ ကိုယ်ပိုင် လမ်းကြောင်း၊ သင် ရှာဖွေသည့်အရာတို့နှင့် ကိုက်ညီခြင်း မရှိ။ သင်သည် စိတ်တူ၊ သဘောတူ နားလည်ခံစားပေးနိုင်ခြင်း မရှိ၊ ဤလူကို သင် မနှစ်သက်သကဲ့သို့ တစ်နည်းတစ်ဖုံအားဖြင့် သင်၏ စိတ်ဝင်စားမှုများနှင့် သင် ရှာဖွေသည့်အရာတို့သည် လုံးဝ ကွဲပြားခြားနားသည်ဟု ဆို၍ရနိုင်သည်။ သင်၏ ဘဝလမ်းကြောင်းများ၊ သင်၏ လောကကို ရှုမြင်ပုံများနှင့် ဘဝအမြင်များသည်လည်း အားလုံး ကွဲပြားနေ၏။ သင်တို့သည် လုံးဝ ကွဲပြားခြားနားသော လူနှစ်မျိုးနှစ်စား ဖြစ်နေသည်။ ထို့ကြောင့် ယခင်က သင့်အား ထိုသူ ပေးခဲ့သည့် အကူအညီကို သင် မည်သို့ ချဉ်းကပ်ပြီး တုံ့ပြန်သင့်သနည်း။ ဤသည်မှာ ဖြစ်ပေါ်လာနိုင်သည့် လက်တွေ့ကျသော အခြေအနေတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤသည်မှာလည်း ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသည့် အခြေအနေတစ်ခု ဖြစ်သည်။ သင်တို့နှစ်ဦးသည် မတူကွဲပြားသည့် လမ်းကြောင်းများ လျှောက်လှမ်းနေကြသည်ကို ထောက်ရှုသော် သင်၏ လုပ်နိုင်စွမ်းအရ သင် တတ်နိုင်သည့် ရုပ်ဝတ္ထု ကျေးဇူးကြွေးကို ၎င်းတို့အား ဆပ်ပြီးသည့်နောက်တွင် သင်တို့၏ ယုံကြည်မှုများက အလွန် ကွဲလွဲနေကြောင်း၊ တူညီသည့် လမ်းကြောင်းကို သင်တို့ မလျှောက်လှမ်းနိုင်၊ မိတ်ဆွေများပင် ဖြစ်၍ မရနိုင်သကဲ့သို့ ဆက်ဆံ၍ မရနိုင်တော့ကြောင်း သင် တွေ့ရှိရသည်။ ဆက်ဆံ၍ မရတော့သည်ဖြစ်ရာ မည်သို့ ရှေ့ဆက်လုပ်ဆောင်သင့်သနည်း။ ထိုသူနှင့် မရောမိအောင် နေလော့။ အတိတ်တွင် သူသည် သင့်ကို ကြင်နာခဲ့နိုင်သော်လည်း ဆိုးသွမ်းသည့် လုပ်ရပ်မျိုးစုံကို ကျူးလွန်လျက် လူ့အဖွဲ့အစည်းတွင် လှည့်စားပြီး လိမ်လည်လှည့်ဖြား၍ ဤလူကို သင် မနှစ်သက်ပေ။ ထို့ကြောင့် သူနှင့် မရောမိအောင် နေခြင်းသည် လုံးဝ ကျိုးကြောင်းသင့်ပေသည်။ အချို့က “ထိုသို့ ပြုမူဆောင်ရွက်ခြင်းက အသိစိတ်မဲ့ခြင်းဖြစ်သည် မဟုတ်လော” ဟု ဆိုနိုင်သည်။ ဤသည်မှာ အသိစိတ်မဲ့ခြင်း မဟုတ်ပေ။ ထိုသူက ဘဝ၌ အခက်အခဲအချို့ကို အမှန်တကယ် ကြုံရလျှင် သူ့ကို သင် ကူညီမစနိုင်ဆဲဖြစ်သော်လည်း သူ၏ ဘောင်ခတ်ခြင်းကိုကား ခံ၍မဖြစ် သို့မဟုတ် မကောင်းမှုကို၊ အသိစိတ်နှင့် မညီသည့် လုပ်ဆောင်ချက်များကို သူနှင့်အတူ သင် လိုက်ပါလုပ်ဆောင်၍ မဖြစ်ပေ။ အတိတ်တွင် သူက သင့်ကို ကူညီခဲ့ရုံသက်သက်ကြောင့် သို့မဟုတ် သင့်အတွက် ကြီးမားသည့် အကူအညီတစ်ခု လုပ်ပေးခဲ့ရုံသက်သက်ကြောင့် သူ့အတွက် သင် ပင်ပင်ပန်းပန်း မနားတမ်း လုပ်ပေးရန်လည်း မလိုအပ်။ ဤသည်မှာ သင်၏ ဝတ္တရားမဟုတ်သကဲ့သို့ ဤဆက်ဆံမှုမျိုးနှင့် ထိုသူ ထိုက်တန်ခြင်းလည်း မရှိပေ။ သင် နှစ်သက်ပြီး ပလဲနံပသင့်သည့် လူများ၊ မှန်ကန်သည့် လူများနှင့် ဆက်ဆံရန်၊ အတူအချိန်ကုန်ဆုံးပြီး မိတ်ဆွေများပင် ဖြစ်လာရန် သင့်တွင် ရွေးချယ်ပိုင်ခွင့် ရှိသည်။ သင်သည် ဤလူအဖို့ သင်၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနိုင်သည်။ ဤသည်မှာ သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ သင် မနှစ်သက်သည့် လူများနှင့် မိတ်ဆွေများ မဖြစ်လာဖို့၊ အဆက်အဆံ မလုပ်ဖို့လည်း သင် ငြင်းပယ်နိုင်ပြီး ၎င်းတို့အတွက် မည်သည့် ဝတ္တရား၊ တာဝန်မျှ ဖြည့်ဆည်းရန် မလိုအပ်သည်မှာလည်း အမှန်ပင်။ ဤသည်မှာလည်း သင်၏ လုပ်ပိုင်ခွင့် ဖြစ်သည်။ သင်သည် ဤလူကို စွန့်ပစ်ရန် ဆုံးဖြတ်ပြီး သူနှင့် ဆက်ဆံဖို့ဖြစ်စေ၊ သူ့အတွက် တာဝန် သို့မဟုတ် ဝတ္တရားတစ်ခုတလေ ဖြည့်ဆည်းပေးဖို့ဖြစ်စေ ငြင်းပယ်လျှင်ပင် မှားယွင်းမည် မဟုတ်ပေ။ သင်သည် သင်၏ ကျင့်ကြံပြုမူပုံနှင့်ပတ်သက်၍ အချို့သော ကန့်သတ်ချက်များ ချမှတ်ရမည်ဖြစ်ပြီး လူအမျိုးမျိုးကို မတူကွဲပြားသော နည်းလမ်းများဖြင့် ဆက်ဆံရမည်။ ဆိုးယုတ်သည့် လူများနှင့် သင် မပေါင်းသင်းသင့် သို့မဟုတ် ၎င်းတို့၏ မကောင်းသည့် ပုံသက်သေများနောက် မလိုက်သင့်ပေ။ ဤသည်မှာ အမြော်အမြင်ရှိသော ရွေးချယ်မှု ဖြစ်သည်။ ကျေးဇူးတရား၊ စိတ်ခံစားမှုများနှင့် အများပြည်သူ သဘောထားတို့ကဲ့သို့သော အကြောင်းခံအမျိုးမျိုး၏ လွှမ်းမိုးခြင်းကို မခံနှင့်။ ဤသည်မှာ ရပ်တည်ချက်ယူခြင်းနှင့် စည်းမျဉ်းများ ရှိခြင်းဖြစ်ကာ သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဤနည်းစနစ်များနှင့် အဆိုများကို သင်တို့ လက်ခံနိုင်သလော။ (လက်ခံနိုင်ပါသည်။) ငါ ဆွေးနွေးနေခဲ့သည့် အမြင်များ၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများနှင့် စည်းမျဉ်းများသည် ရိုးရာ အယူအဆများနှင့် ယဉ်ကျေးမှုတွင် ဝေဖန်ခံရသော်လည်း ဤအမြင်များနှင့် စည်းမျဉ်းများသည် လူ့သဘာဝနှင့် အသိစိတ် သဘောတို့ ရှိကြသည့် လူတိုင်း၏ လုပ်ပိုင်ခွင့်များနှင့် ဂုဏ်သိက္ခာတို့ကို အားသွန်ခွန်စိုက် ကာကွယ်ပေးလိမ့်မည်ဖြစ်သည်။ ထိုအရာများက လူတို့အား ရိုးရာယဉ်ကျေးမှု၏ အကျင့်စာရိတ္တ စံနှုန်းများဟု ဆိုလေသော အရာများ၏ ဘောင်ခတ်ခြင်းနှင့် ချုပ်ချယ်ခြင်းမခံရဖို့ ထောက်ကူပေးလိမ့်မည်ဖြစ်ကာ အတုအယောင် ဟန်ပြသာဖြစ်ပြီး ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားယွင်းနေသော ဤအရာများ၏ လှည့်ဖြားခြင်းနှင့် လှည့်စားခြင်းတို့မှ ချိုးဖောက်လွတ်မြောက်နိုင်အောင် ထောက်ကူပေးလိမ့်မည်။ ဤအမြင်များနှင့် စည်းမျဉ်းများသည် ၎င်းတို့အား ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် သမ္မာတရားကို နားလည်အောင်၊ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားဖြင့် အသက်ရှင်အောင်၊ ကိုယ်ကျင့်တရားနှင့် ပတ်သက်သည့် ဤအများပြည်သူ သဘောထားများ၏ လွှမ်းမိုးခြင်း မခံရအောင်၊ လောကီနည်းလမ်းများဟု ဆိုလေသည့် အရာများ၏ ကန့်သတ်မှုများနှင့် ချုပ်ချယ်မှုများမှ လွတ်မြောက်နိုင်အောင် လမ်းဖွင့်ပေးလိမ့်မည်။ ဤသို့အားဖြင့် လူများနှင့် အရာခပ်သိမ်းတို့ကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ မှန်ကန်သည့် အမြင်များ သုံး၍ ၎င်းတို့ဆက်ဆံနိုင်ရန်၊ လောကီအရာများ၊ ရိုးရာဓလေ့နှင့် လူမှုရေး ကိုယ်ကျင့်တရားတို့ကို ၎င်းတို့ လုံးလုံးလျားလျား စွန့်ပယ်နိုင်ရန် ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် အလင်းတွင် အသက်ရှင်နိုင်ကြလိမ့်မည်။ ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်ကြလိမ့်မည်။ ဂုဏ်သိက္ခာဖြင့် တည်ရှိကာ ဘုရားသခင်၏ ချီးကျူးခြင်းကို ရရှိကြလိမ့်မည်။

“လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်” ဟူသည်နှင့် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားပါ” ဟူသကဲ့သို့သော လူမှုကိုယ်ကျင့်တရားနှင့်ပတ်သက်သည့် ဆိုရိုးများသည် လူတို့တွင် မည်သည့် အပြောင်းအလဲမျိုး အမှန်တကယ် သက်ရောက်စေနိုင်သနည်း။ ထိုအရာများသည် အဆင့်အတန်းနှင့် အကျိုးအမြတ်ကို လုယူတတ်သော ဆိုးယုတ်သည့် လူ့စိတ်သဘောထားကို ပြောင်းလဲပေးနိုင်သလော။ လူ၏ ရည်မှန်းချက်နှင့် စိတ်ဆန္ဒတို့ကို ပြောင်းလဲပေးနိုင်သလော။ လူတို့ကြားရှိ ပဋိပက္ခနှင့် သတ်ဖြတ်မှုတို့ကို ဖြေရှင်းပေးနိုင်သလော။ လူတို့အား ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းပေါ် ခြေချစေကာ ပျော်ရွှင်ချမ်းမြေ့သည့် ဘဝကို နေထိုင်ခွင့်ပေးနိုင်သလော။ (မပေးနိုင်ပါ။) သို့ဆိုလျှင် ဤလူမှုကိုယ်ကျင့်တရား စံသတ်မှတ်ချက်များက အမှန်တကယ်၌ မည်သည့် အကျိုးတရား ရှိသနည်း။ အလွန်ဆုံးအနေဖြင့် ယင်းတို့သည် လူကောင်းအနည်းငယ်ကို ကောင်းမွန်သည့် လုပ်ဆောင်ချက်များ လုပ်ရန်နှင့် လူ့အဖွဲ့အစည်း၏ ဘေးကင်းရေးနှင့် လုံခြုံရေးကို အထောက်အကူပြုရန် တိုက်တွန်းရုံသာ တိုက်တွန်းသလော။ (ဟုတ်ပါသည်။) ထိုစံသတ်မှတ်ချက်များ လုပ်ပေးသမျှက ထိုမျှသာ ဖြစ်၏။ ယင်းတို့သည် ပြဿနာတစ်ခုကိုမျှပင် မဖြေရှင်းပေးချေ။ အကျင့်စာရိတ္တ စံသတ်မှတ်ချက်များဟု ဆိုလေသည့် ဤအရာများ၏ ပုံသွင်းပေးမှု အောက်တွင် လူတို့သည် ယင်းတို့ကို နောက်ဆုံး၌ လိုက်နာစောင့်ထိန်းနိုင်ပြီး အသက်ရှင်နေထိုင်နိုင်လျှင်ပင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ချိုးဖောက်လွတ်မြောက်ပြီး လူသားအသွင်ကို အသက်ရှင်နေထိုင်နိုင်ကြမည်ဟု မဆိုလိုပေ။ ဥပမာအနေဖြင့် လူတစ်ဦးက သင့်အတွက် အကူအညီတစ်ခု လုပ်ပေးထားသောကြောင့် သင်သည် ထိုသူကို ပြန်ကျေးဇူးဆပ်ရန် လုပ်နိုင်သမျှအရာတိုင်းကို လုပ်ဆောင်သည်ဆိုပါစို့။ ၎င်းတို့က သင့်ကို ဆန်တစ်အိတ်ပေးသည့်အချိန်တွင် သင်သည် ၎င်းတို့အား ကြီးမားသည့် ခေါက်ဆွဲအိတ်တစ်အိတ်ဖြင့် ပြန်ကျေးဇူးဆပ်ပြီး ၎င်းတို့က သင့်အား ဝက်သားအချိန် ငါးပေါင်ပေးသည့်အခါ ၎င်းတို့အား အမဲသားအချိန် ငါးပေါင် သင် ပြန်ပေးသည်ဆိုပါစို့။ သင်တို့ အချင်းချင်း အဆက်မပြတ် ပြန်ကျေးဇူးဆပ်နေကြခြင်း၏ ရလဒ်မှာ အဘယ်အရာဖြစ်လိမ့်မည်နည်း။ မမြင်ကွယ်ရာ၌ သင်တို့နှစ်ဦးလုံးသည် ဤအပေးအယူတွင် မည်သူက မြတ်သွား၍ မည်သူက နစ်နာသွားသည်ဆိုသည်တို့ကို တွက်ချက်ကြလိမ့်မည် ဖြစ်ပြီး ဤအရာက သင်တို့နှစ်ဦးကြား အထင်လွဲမှုများ၊ ရန်ပွဲနှင့် မကောင်းကြံခြင်းများ ဖြစ်စေလိမ့်မည်။ ဤသို့ ပြောခြင်းအားဖြင့် မည်သည့်အရာကို ငါ ဆိုလိုသနည်း။ “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်” ဟူသည့် အကျင့်စာရိတ္တအတွက် သတ်မှတ်ချက်သည် လူတို့၏ တွေးခေါ်မှု ပုံစံကို ဘောင်ခတ်ကာ လွဲမှားစေသည်သာမက အဆင်မပြေမှုများစွာ၊ ဝန်ထုပ်များစွာနှင့် စိတ်ဖိစီးမှုများစွာဖြင့်ပင် လူတို့၏ ဘဝကိုလည်း ဝန်ပိစေသည်ဟု ငါဆိုလိုခြင်း ဖြစ်သည်။ ထိုအရာက သင့်အား တစ်စုံတစ်ဦး၏ ရန်သူအဖြစ်သို့ ပြောင်းလဲသွားစေပါက သင်သည် သာ၍ပင် ဒုက္ခရောက်ပြီး ပြောရက်စရာမရှိအောင် ဆင်းရဲဒုက္ခခံရဖို့ ရှိပေသည်။ အပေးအယူပေါ်တွင် တည်ဆောက်ထားသည့် ဤဆက်ဆံရေးများတွင် ပါဝင်ခြင်းသည် လူတို့ လျှောက်လှမ်းသင့်သည့် လမ်းကြောင်း မဟုတ်ပေ။ လူတို့သည် ထိုသို့သော စိတ်ခံစားချက်များနှင့် လောကီနည်းဟန်များဖြင့် အမြဲ အသက်ရှင်ကြ၏။ ယင်းက နောက်ဆုံးတွင် မလိုလားအပ်သည့် ဒုက္ခပြဿနာများစွာကိုသာ ဖြစ်စေလိမ့်မည်။ ဤသည်မှာ မိမိကိုယ်ကို ညှဉ်းဆဲခြင်းနှင့် အဓိပ္ပာယ်မဲ့သည့် အလွန်အမင်း စိတ်ဆင်းရဲခြင်းသာ ဖြစ်သည်။ ဤသည်မှာ အကျင့်စာရိတ္တနှင့်ပတ်သက်သည့် ရိုးရာယဉ်ကျေးမှုနှင့် အဆိုများက လူတို့၏ စိတ်များတွင် ဝင်ရောက်နေရာယူကာ ၎င်းတို့အား လမ်းလွဲသွားစေသည့်ပုံ ဖြစ်သည်။ မိမိတို့၏ ချင့်ချိန်နိုင်စွမ်း လုံးဝ ကင်းမဲ့မှုကြောင့် လူတို့သည် ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများက မှန်ကန်သည်ဟု တလွဲ ယုံကြည်ကြကာ ဤဆိုရိုးများကို တင်းကျပ်စွာ လိုက်နာစောင့်ထိန်းရင်းနှင့် အများပြည်သူ သဘောထား၏ ကြီးကြပ်မှုအောက်တွင် အသက်ရှင်ရင်း ယင်းတို့ကို ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့် လမ်းညွှန်အိမ်မြှောင်အဖြစ် သဘောထားကြလေသည်။ တဖြည်းဖြည်းနှင့် အမှတ်တမဲ့ ၎င်းတို့သည် ဤအရာများ၏ ပုံစံသွင်းခြင်း၊ လွှမ်းမိုးခြင်း၊ ထိန်းချုပ်ခြင်းတို့ ခံရကာ ကူကယ်ရမဲ့နှင့် မချိတင်ကဲ ခံစားလာကြရသော်လည်း ချိုးဖောက်လွတ်မြောက်ရန် အစွမ်းမဲ့ကြလေသည်။ လူတို့စိတ်ထဲတွင်ရှိသည့် ဤရိုးရာယဉ်ကျေးမှု သွင်ပြင်လက္ခဏာများကို ဖော်ထုတ်ကာ တရားစီရင်ရန် ဘုရားသခင် စကားပြောသည့်အခါ များစွာသောလူတို့ကို စိတ်မချမ်းမသာပင် ဖြစ်စေသည်။ လူတို့၏ စိတ်များ၊ အတွေးများနှင့် အယူအဆများမှ ဤအရာများ လုံးလုံးလျားလျား သန့်စင်ခြင်းခံရသည့်အခါ လူတို့သည် ၎င်းတို့ ဆုပ်ကိုင်ထားရမည့်အရာ မည်သည့်အရာမျှ မရှိသည့်အလား အတော်လေး ဗလာဖြစ်သည့်စိတ်ကို ရုတ်တရက် ခံစားကြရပြီး “အနာဂတ်တွင် မည်သည့်အရာကို ကျွန်ုပ် လုပ်ဆောင်သင့်သနည်း။ ကျွန်ုပ် မည်သို့ အသက်ရှင်သင့်သနည်း။ ဤအရာများမရှိလျှင် ကျွန်ုပ်ဘဝတွင် လမ်းကြောင်းဖြစ်စေ၊ ဦးတည်ချက်ဖြစ်စေ မရှိပါ။ ယခု ဤအရာများ ကျွန်ပ်၏ စိတ်မှ သန့်စင်ခံရပြီးချိန်တွင် အဘယ်ကြောင့် ကျွန်ုပ် အလွန် ဟာတာတာဖြစ်ကာ ဦးတည်ရာမဲ့ ခံစားရပါသနည်း။ လူတို့သည် ဤဆိုရိုးများအားဖြင့် အသက်မရှင်ကြလျှင် သူတို့ကို လူသားအဖြစ် ယူဆ၍ ရနိုင်ပါသေးသလော။ သူတို့တွင် လူ့သဘာဝ ရှိပါလိမ့်ဦးမည်လော” ဟု မေးကြလိမ့်မည်။ ဤသည်မှာ မမှန်ကန်သည့် တွေးခေါ်နည်း ဖြစ်သည်။ အမှန်တွင် သင်သည် ဤရိုးရာယဉ်ကျေးမှု သွင်ပြင်လက္ခဏာများမှ သန့်စင်သွားသည်နှင့် သင်၏ စိတ်နှလုံးသည် သန့်စင်သွား၏။ သင်သည် ဤအရာများ၏ ဘောင်ခတ်ခြင်းနှင့် ချုပ်ချယ်ခြင်း မခံရတော့ပေ။ သင်သည် လွတ်လပ်မှုနှင့် လွတ်မြောက်မှု ရရှိကာ ဤဒုက္ခများ မရှိတော့ပေ။ အဘယ်သို့ သင်သည် ထိုအရာများမှ သန့်စင်ခြင်း မခံရလိုဘဲ ရှိနိုင်မည်နည်း။ အနည်းဆုံးအနေဖြင့် သမ္မာတရား မဟုတ်သည့် ဤရိုးရာယဉ်ကျေးမှု သွင်ပြင်လက္ခဏာများကို စွန့်ပစ်သည့်အခါ သင်သည် ဆင်းရဲဒုက္ခနှင့် မချတင်ကဲဝေဒနာ ခံစားရမှု လျော့နည်းသွားလိမ့်မည်ဖြစ်ပြီး အဓိပ္ပာယ်မဲ့သည့် အချုပ်အချယ်များနှင့် စိုးရိမ်မှုများကိုလည်း ဖယ်ရှားနိုင်လိမ့်မည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်ပါက ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းပေါ် သင် ခြေချမိလိမ့်မည်ဖြစ်ပြီး အလင်းတွင် အသက်ရှင်နိုင်လိမ့်မည်။ အကျင့်စာရိတ္တနှင့်ဆိုင်သော ရိုးရာယဉ်ကျေးမှု၏ စံသတ်မှတ်ချက်များကို ထိန်းသိမ်းခြင်းက လုံးဝ လျော်ကန်ပုံရနေနိုင်သော်လည်း လူသားအသွင်တစ်ခုကို သင် အသက်ရှင်နေထိုင်နေသလော။ ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းပေါ် သင် ခြေချပြီးပြီလော။ ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများသည် မည်သည့်အရာကိုမျှ ပြောင်းကို ပြောင်းလဲမပေးနိုင်ပေ။ လူတို့၏ ဖောက်ပြန်ပျက်စီးသော အတွေးကိုဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုဖြစ်စေ ပြောင်းလဲမပေးနိုင်သကဲ့သို့ လူတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သာ၍ပင် ပြောင်းလဲမပေးနိုင်ပေ။ ထိုအရာများတွင် အပြုသဘောဆောင်သည့် အကျိုးတရားတစ်ခုမျှ မရှိဘဲ ထိုအစား ထိုအရာများ၏ သွန်သင်မှုများ၊ ပုံသွင်းပေးမှုနှင့် လွှမ်းမိုးမှုတို့မှတစ်ဆင့် လူ၏ လူ့သဘာဝအား မူမမှန်ဖြစ်စေကာ မလျော်မကန်ဖြစ်စေသည်။ ၎င်းတို့အပေါ် ကြင်နာမှုပေးသည့် လူသည် လူကောင်းတစ်ယောက် မဟုတ်ကြောင်း လူတို့ ရှင်းလင်းစွာ သတိပြုမိသော်လည်း ထိုသူက အတိတ်တွင် ၎င်းတို့အတွက် အကူအညီတစ်ခု လုပ်ပေးခဲ့ရုံသက်သက်နှင့် မိမိတို့ကိုယ်ပိုင် ခံယူချက်များကို ဆန့်ကျင်ကာ ထိုသူကို ၎င်းတို့ ပြန်ကျေးဇူးဆပ်ကြဆဲဖြစ်သည်။ လူတို့သည် ကိုယ်ပိုင် ခံယူချက်များ ရှိသော်ငြားလည်း အဘယ်အကြောင်းကြောင့် အခြားသူများကို ပြန်ကျေးဇူးဆပ်ကြသနည်း။ ရိုးရာယဉ်ကျေးမှုမှ လာပြီး လက်ခံရရှိသည့် ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်ဆပ်ခြင်းနှင့်ဆိုင်သည့် ဤအယူအဆသည် ၎င်းတို့၏ စိတ်နှလုံးများတွင် အမြစ်တွယ်ပြီးဖြစ်သောကြောင့် ဤအရာကို ၎င်းတို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့အား ကူညီခဲ့သူများကို မိမိတို့၏ ခံယူချက်များကို ဆန့်ကျင်ကာ ပြန်ကျေးဇူးဆပ်ခြင်း မရှိပါက အများအမြင်တွင် ပြင်းထန်စွာ ဝေဖန်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး လက်ခံရရှိသည့် ကြင်နာမှုကို ပြန်ဆပ်ရန် ပျက်ကွက်ထားသည့် ကျေးဇူးကန်းသူများအဖြစ်၊ ယုတ်ညံ့၊ ဆိုးယုတ်သော လူစားများအဖြစ်၊ အသိစိတ် သို့မဟုတ် လူ့သဘာဝမရှိသည့် လူများအဖြစ် အမြင်ခံရလိမ့်မည်ကို ကြောက်ရွံ့ကြသည်။ လက်ခံရရှိသည့် ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်ဆပ်ခြင်းနှင့်ဆိုင်သည့် ဤရိုးရာယဉ်ကျေးမှု အယူအဆ၏ ပုံသွင်းခြင်းနှင့် အချုပ်အချယ်များအောက်တွင် မည်သို့မျှ မတတ်နိုင်ဘဲ ၎င်းတို့အသက်ရှင်ရခြင်းမှာ ဤအရာအားလုံးကို ၎င်းတို့ ကြောက်ရွံ့ပြီး အနာဂတ်တွင် ၎င်းတို့ကို ကူညီမည့်သူ မည်သူမျှမရှိမည်ကို စိုးရိမ်သောကြောင့် အတိအကျဖြစ်ပေသည်။ အကျိုးဆက်အနေဖြင့် လူအားလုံးသည် မိမိတို့ ကိုယ်ပိုင် ခံယူချက်များကို ဆန့်ကျင်ပြုမူသည့် မလျော်ကန်သော၊ မချိတင်ကဲဝေဒနာ ခံစားရသော ဘဝကို အသက်ရှင်ကြပြီး မိမိတို့ ကိုယ်ပိုင် အခက်အခဲများကို ထုတ်မပြောနိုင်ကြပေ။ ဤသည်မှာ ဆင်းရဲဒုက္ခအားလုံးနှင့် တန်ပါသလော။ ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်ဆပ်ခြင်းနှင့်ဆိုင်သည့် ဤအယူအဆသည် လူတို့အား ဆင်းရဲဒုက္ခခံစားစေပြီ မဟုတ်လော။

“လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်” ဟူသည့် ဆိုရိုးနှင့် စပ်လျဉ်း၍ “ကြင်နာမှု” က အတိအကျ မည်သည့်အရာဖြစ်သည်၊ ကြင်နာမှုအပေါ် လူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဘုရားသခင် မည်သို့ရှုမြင်သည်၊ လူက ဤကြင်နာမှုအား မည်သို့သဘောထားသင့်သည်၊ မိမိကို ကြင်နာမှုပြသခဲ့သူများ သို့မဟုတ် မိမိ၏အသက်ကို ကယ်တင်ခဲ့သူများအား မည်သို့သဘောထားရမည်၊ မှန်ကန်သည့် ရှုထောင့်အမြင်နှင့် လမ်းကြောင်းက အမှန်တကယ် မည်သည့်အရာဖြစ်ပြီး ယင်းတို့ကို သင့်ဘဝတွင် မည်သို့ ထားရှိသင့်သည်၊ မိမိတို့၏ ဝတ္တရားများကို လူတို့ မည်သို့ ထမ်းဆောင်သင့်သည်၊ ထို့အပြင် လူသည် အချို့သော အထူးအခြေအနေများကို မည်သို့ကိုင်တွယ်သင့်ပြီး မည်သည့်ရှုထောင့်အမြင်မှ ရှုမြင်သင့်သည်ဆိုသည်တို့ကို ငါ ယခုတင် မိတ်သဟာယပြုပြီးပြီ ဖြစ်သည်။ ဤသည်တို့မှာ တိုတောင်းသော မှတ်ချက်အနည်းငယ်မျှဖြင့် ရှင်းလင်းသွားအောင် ပြောပြ၍ မရနိုင်သည့် အတော်အတန် ခက်ခဲရှုပ်ထွေးသော ကိစ္စရပ်များ ဖြစ်၏။ သို့သော်လည်း အခရာကျသော ကိစ္စများ၊ ဤအကြောင်းအရာနှင့် ပတ်သက်သည့် ကိစ္စများ၏ အနှစ်သာရ အစရှိသည်တို့ကို သင်တို့အား ငါ ဝေမျှပြီးပြီ ဖြစ်သည်။ ဤကိစ္စမျိုးကို တစ်ဖန် ကြုံရမည်ဆိုပါက မည်သည့်ရှုထောင့်အမြင်ကို သင်တို့ခံယူသင့်ပြီး မည်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအား လျှောက်သင့်သည်ကို သင်တို့ အနည်းနှင့်အများ ရှင်းလင်းသွားပြီဟု ယခု မခံစားရသလော။ လူအချို့က ပြောကြသည်မှာ “သဘောတရားအနေဖြင့် ကျွန်ုပ်ရှင်းသော်လည်း လူသည် အသွေးအသားနှင့် ဖြစ်ပါသည်။ ဤလောကထဲ အသက်ရှင်ရင်း ကျွန်ုပ်တို့သည် ဤကိုယ်ကျင့်တရား စံသတ်မှတ်ချက်များ၏ လွှမ်းမိုးခြင်းခံရကာ အများပြည်သူ သဘောထားကြောင့် စိတ်ယိမ်းယိုင်ကြဖို့ သေချာပါသည်။ လူများစွာသည် ကြင်နာမှုလုပ်ရပ်များကို တန်ဖိုးထားကာ လက်ခံရရှိသည့် မည်သည့် ကြင်နာမှုကိုမဆို ကျေးဇူးသိတတ်စွာ ပြန်ဆပ်ရင်း ဤသို့ အသက်ရှင်နေကြပါသည်။ ကျွန်ုပ်သည် ဤသို့ အသက်ရှင်ခြင်း မရှိလျှင် အခြားသူများ၏ ပြင်းထန်စွာ ဝေဖန်ခြင်းနှင့် ပစ်ပယ်ခြင်းတို့ကို သေချာပေါက် ခံရပါလိမ့်မည်။ လူတို့က ကျွန်ုပ်ကို လူမဆန်သူအဖြစ် စွပ်စွဲရှုတ်ချကြပြီး အပယ်ခံတစ်ဦးအဖြစ် ကျွန်ုပ်နေသွားရမည်ကို ကြောက်ပါ၏။ ယင်းကို ကျွန်ုပ် မခံနိုင်ပါ” ဟူ၍ ဖြစ်သည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ လူတို့သည် အဘယ်ကြောင့် ဤအရာ၏ ဘောင်ခတ်ခြင်းခံရသနည်း။ ဤသည်မှာ ဖြေရှင်းရလွယ်ကူသည့် ပြဿနာတစ်ခုလော။ ဟုတ်ပါ၏။ မည်သို့ဖြေရှင်းရမည်ကို သင့်အား ငါ ပြောပြမည်။ “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်” ဟူသည့် ရိုးရာယဉ်ကျေးမှု၏ အမြင်အတိုင်း အသက်မရှင်ခဲ့သည့်အခါ လူမှုရေးအပယ်ခံတစ်ဦးကဲ့သို့ အသက်ရှင်သွားရမည်ဟု သင်ခံစားရပါက၊ သင်သည် သမားရိုးကျ တရုတ်လူမျိုးတစ်ဦးနှင့် မတူတော့ကြောင်း၊ ရိုးရာယဉ်ကျေးမှုမှ သွေဖည်ခြင်းအားဖြင့် သင်သည် လူသားတစ်ဦးကဲ့သို့ အသက်ရှင်နေခြင်းမရှိကြောင်းနှင့် သင့်ကို လူသားဖြစ်စေသည့် လက္ခဏာများ ကင်းမဲ့သွားကြောင်း သင် ခံစားရပါက၊ တရုတ်အသိုင်းအဝိုင်းထဲတွင် ဝင်ဆံ့မည်မဟုတ်ကြောင်း၊ တရုတ်လူမျိုးအချင်းချင်း၏ အထင်သေးခြင်းနှင့် ငါးခုံးမတစ်ကောင်အဖြစ် ရှုမြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ကြောင်း သင်စိုးရိမ်ပါက လူမှုရေး ခေတ်ရေစီးကြောင်းနောက် လိုက်ရန် ရွေးချယ်လော့။ မည်သူကမျှ သင့်ကို အတင်းအကျပ်ပြုနေခြင်း မရှိသကဲ့သို့ မည်သူကမျှ သင့်ကို ရှုတ်ချလိမ့်မည်လည်း မဟုတ်ပေ။ သို့ရာတွင် ရိုးရာယဉ်ကျေးမှုက ပြဋ္ဌာန်းထားပုံအတိုင်း အသက်ရှင်ခြင်းနှင့် ကြင်နာမှုလုပ်ရပ်များကို အစဉ်အမြဲ တန်ဖိုးထားခြင်းက နှစ်များတစ်လျှောက် သင့်ကို သိပ်အကျိုးမပြုခဲ့ပါက၊ ပင်ပန်းသော အသက်ရှင်နည်းတစ်ခု ဖြစ်ခဲ့ပါက၊ ထို့အပြင်ဤဘဝနေထိုင်မှုပုံစံကို လက်လွှတ်ပြီး ငါ၏ နှုတ်ကပတ်တော်များအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန် ကြိုးစားဖို့ သင် စိတ်ပိုင်းဖြတ်ထားပါက ယင်းသည် သာ၍ပင် ကောင်းမွန်မည်မှာ အမှန်ဖြစ်၏။ ယခု ဤအရာများကို စည်းမျဉ်းသဘောအရ သင်တို့ နားလည်ကာ အခြေအနေကို ကောင်းစွာ သဘောပေါက်သော်လည်း ရှေ့လျှောက်တွင် လူများနှင့် အမှုအရာများကို သင်တို့ အတိအကျ မည်သို့ရှုမြင်၍ မည်သို့အသက်ရှင်ပြီး ကျင့်ကြံပြုမူသည် ဆိုသည်တို့မှာ သင်တို့၏ ကိုယ်ပိုင်အရေးကိစ္စများ ဖြစ်သည်။ ငါပြောပြီးသည့်အရာကို သင် မည်သည့်အတိုင်းအတာထိ လက်ခံနိုင်သည်၊ မည်သည့်အတိုင်းအတာထိ အားလုံးကို လက်တွေ့လုပ်ဆောင်နိုင်သည်နှင့် မည်မျှအထိ အထမြောက်အောင် သင် လုပ်မည်ဆိုသည်တို့မှာ သင်၏ ရွေးချယ်မှုဖြစ်ပြီး သင်၏ သဘောအတိုင်းသာ ဖြစ်သည်။ ငါသည် သင့်ကို အတင်းအကျပ် မပြုပေ။ ငါသည် သင့်ကို လမ်းခရီး ပြနေခြင်းသာ ဖြစ်သည်။ သို့ရာတွင် တစ်ခုကား သေချာ၏။ သင်သည် ရိုးရာယဉ်ကျေးမှုအတိုင်း အသက်ရှင်ပါက တိုး၍တိုး၍ လူမဆန်တော့ဘဲ သိက္ခာမဲ့လာသော ဘဝတစ်ခုကို အသက်ရှင်ရလိမ့်မည်ဖြစ်ပြီး သင်၏အသိစိတ် သဘောသည် ပိုပို၍ အာရုံခံစားမှု လျော့နည်းလာမည်ဖြစ်ကြောင်း သင်တွေ့ရှိရလိမ့်မည်ဟု ပြောဆိုခြင်းဖြင့် အမှန်တရားကို သင့်အား ငါပြောမည်။ တဖြည်းဖြည်းနှင့် သင်သည် လူသားနှင့်ရော တစ္ဆေသရဲနှင့်ပါ ဆင်တူမည်မဟုတ်သည့် စိတ်မချမ်းမြေ့စရာ ဘဝတစ်ခုကို အသက်ရှင်ရလိမ့်မည်။ သို့ရာတွင် ငါပြောဆိုထားသည့် ငါ၏ နှုတ်ကပတ်တော်များနှင့် စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ပါက သင်သည် လူသားပုံသဏ္ဌာန်၊ အသိစိတ်၊ ဆင်ခြင်တုံတရား၊ သိက္ခာတို့ ပိုရှိစွာ အသက်ရှင်ရလိမ့်မည်ဟု ငါအာမခံသည်။ ဤသည်မှာ သေချာ၏။ နောက်ပိုင်းတွင် သင်သည် ထိုသို့သော အခြေအနေများကို ကြုံရသည့်အခါ လွတ်လွတ်လပ်လပ်နှင့် အချုပ်အချယ်မရှိ အသက်ရှင်နိုင်လိမ့်မည်ဖြစ်ပြီး စိတ်အေးချမ်းကာ ဝမ်းမြောက်လိမ့်မည်။ သင်၏စိတ်နှလုံးထဲရှိ မှောင်ရိပ်များနှင့် ဝန်ထုပ်များသည် လျော့ပါးလာလိမ့်မည်ဖြစ်ပြီး သင်သည်လည်း စိတ်ချလက်ချဖြစ်ကာ ခေါင်းမော့ရင်ကော့နိုင်လိမ့်မည်။ လောကီကမ္ဘာ၏ လမ်းစဉ်များဖြင့် ဖိစီးခံရ၊ လှည့်စားခံရ၊ သို့မဟုတ် လွှမ်းမိုးခံရလိမ့်မည် မဟုတ်တော့ဘဲ သင်သည် သိက္ခာဖြင့် အသက်ရှင်ရလိမ့်မည်။ နေ့စဉ်နေ့တိုင်း သင်သည် အခြေခိုင်ပြီဟု ခံစားရလိမ့်မည်ဖြစ်ကာ သွေဖည်မှုအတော်များများနှင့် မကြုံတွေ့ရသင့်သည့် ဆင်းရဲဒုက္ခများစွာကို ရှောင်ရှားရင်း အရေးကိစ္စတစ်ခုစီတိုင်းကို အတိကျဆုံးသော ပုံစံဖြင့် ကိုင်တွယ်ပြုမူမ့်မည် ဖြစ်သည်။ မလုပ်ဆောင်သင့်သည့် မည်သည့်အရာကိုမျှ သင် လုပ်ဆောင်လိမ့်မည် မဟုတ်သကဲ့သို့ မပေးသင့်သည့် မည်သည့် အဖိုးအခကိုမျှ သင် ပေးဆပ်ရလိမ့်မည်လည်း မဟုတ်ပေ။ သင်သည် အခြားလူများအတွက် အသက်ရှင်ရတော့မည် မဟုတ်။ လူတို့၏ ရှုထောင့်အမြင်များနှင့် အယူအဆများ၏ လွှမ်းမိုးခြင်းကို ခံရတော့မည် မဟုတ်။ လူ့အဖွဲ့အစည်း၏ အယူအဆများနှင့် ရှုတ်ချမှုများ၏ ဘောင်ခတ်ခြင်းကို ခံရတော့မည် မဟုတ်။ ဤသည်မှာ သိက္ခာရှိသည့် ဘဝတစ်ခုမဟုတ်လော။ ဤသည်မှာ လွတ်လပ်ပြီး အချုပ်အချယ်ကင်းသည့် ဘဝတစ်ခု မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ခြင်းသည် ဘဝတွင် တစ်ခုတည်းသော မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး အကြင်သူသည် ဤပုံစံအတိုင်း အသက်ရှင်ခြင်းအားဖြင့်သာ လူသား ပုံသဏ္ဌာန်ကိုဆောင်ပြီး ပျော်ရွှင်မှုရှိကြောင်းကို သင် ခံစားရမည့် အချိန်မှာ ဤအချိန်တွင် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုဟူသော မှိုင်းထဲတွင် အသက်ရှင်သည့်အခါ သင်သည် လမ်းကြောင်းကို ရှင်းလင်းစွာ မမြင်နိုင်ဘဲ လူ့လောကတွင် တည်ရှိသည့် လက်တွေ့မကျသော စိတ်ကူးယဉ် လောကတစ်ခုခုသို့ သွားနေသည်ဟု လွဲမှားစွာ ယုံကြည်မိပေသည်။ သို့ရာတွင် နောက်ဆုံး၌ သင်သည် လမ်းလွဲသွားရကာ စာတန်၏ အရူးလုပ်ခြင်းနှင့် ညှဉ်းဆဲခြင်းကို ခံရခြင်းဖြင့် ဇာတ်သိမ်းသွားရလေသည်။ ယနေ့တွင် ဘုရားသခင်၏ အသံတော်ကို သင် ကြားပြီးပြီဖြစ်သဖြင့်၊ သမ္မာတရားကို ရှာဖွေတွေ့ရှိပြီးဖြစ်ကာ လူ့လောကသို့ ရောက်လာသည့် အလင်းကို မြင်တွေ့ပြီးပြီဖြစ်သဖြင့် သင်သည် ထိုမှိုင်းကို လွင့်ပြယ်သွားစေပြီးဖြစ်ကာ သင်၏ဘဝ လျှောက်လှမ်းရမည့် လမ်းကြောင်းနှင့် ဦးတည်ချက်ကို ရှင်းလင်းစွာ မြင်တွေ့ပြီးပြီဖြစ်သည်။သင်သည် အလောတကြီး ရှေးရှုသွားပြီး ဘုရားသခင် ရှေ့မှောက်သို့ ပြန်လာသည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးဖြစ်သည် မဟုတ်လော။ သို့ဖြစ်လေရာ သင်တို့သည် ထိုမှိုင်းကို ယခုလွင့်ပြယ်စေကာ ကြည်လင်သည့် အထက်မိုးကောင်းကင်ကို မြင်ကြပြီလော။ သင်တို့သည် မှုန်ဝါးဝါးအလင်းရောင်ကို မြင်ထားပြီးဖြစ်ကာ ထိုအလင်းဆီသို့ ရှေးရှုသွားနေခြင်း ဖြစ်ကောင်းဖြစ်မည်။ ဤသည်မှာ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာဖြစ်သည်။ ဘုရားသခင်၏ အသံတော်ကို ကြားနိုင်ပါက၊ သမ္မာတရားကို လက်ခံပြီး နားလည်နိုင်ပါက၊ မှိုင်းကို လွင့်ပြယ်စေနိုင်ပါက၊ ရိုးရာယဉ်ကျေးမှု၌ရှိသည့် မမှန်ကန်သော ဤအရာများအားလုံးကို စွန့်ပစ်နိုင်ပြီး အတားအဆီးများအားလုံးကို ဖယ်ရှားနိုင်ပါက ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ သင် ခြေချနိုင်ပေသည်။ “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်” ဟူသည့် အကျင့်စာရိတ္တဆိုရိုးနှင့် စပ်လျဉ်း၍ ငါ မိတ်သဟာယပြုစရာ ရှိသမျှမှာ ဤမျှသာဖြစ်သည်။ ရှေ့လျှောက် ဤနှုတ်ကပတ်တော်များကို သင်တို့ အတူတကွ ဆက်လက် မိတ်သဟာယပြုနိုင်သည်။ ထိုသို့ဆိုလျှင် ပြီးပြည့်စုံသော သိနားလည်မှုကို ရရှိကြလိမ့်မည်။ တစ်ကြိမ်ကလေးမျှ စုဝေးကာ မိတ်သဟာယဖွဲ့ပြီးသည့်နောက် ဤကိစ္စရပ်များ၌ ချက်ချင်း ဝင်ရောက်၍ မရပေ။ အကျင့်စာရိတ္တနှင့်ပတ်သက်သည့် ဤဆိုရိုးအပေါ် ငါ၏ မိတ်သဟာယပြုချက်ကို ငါယခု နိဂုံးချုပ်ပြီးဖြစ်ကာ သင်တို့သည် ထိုအရာကို သဘောတရားနှင့် စည်းမျဉ်းအရ နားလည်သော်လည်း ဟောင်းနေသည့် ဤရိုးရာ အယူအဆများကို ခွာချခြင်းသည် တကယ့်ဘဝတွင် မလွယ်ကူပေ။ သင်တို့အနေဖြင့် ဤအယူအဆဟောင်းများကို အချိန်အတန်ငယ်ကြာအောင် ဖက်တွယ်ကာ ရုန်းကန်နေရဆဲ ဖြစ်နေနိုင်သည်။ ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများကို သင် လုံးဝစွန့်ပစ်နိုင်ကာ ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို အပြည့်အဝ လက်ခံနိုင်ခြင်းမရှိမီ အနည်းဆုံးအနေဖြင့် အချိန်အတန်အသင့်ကြာလိမ့်မည်ဖြစ်သည်။ သင်သည် တကယ့်ဘဝတွင်သာမက လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်ကို ရင်ဆိုင်ရချိန်တွင် တဖြည်းဖြည်းချင်း တွေ့ကြုံရမည်၊ ဖြတ်သန်းကျော်လွှားရမည် ဖြစ်ကာ အတည်ပြုချက်ကို ရှာဖွေရမည်ဖြစ်သည်။ ဤအတွေ့အကြုံများမှတစ်ဆင့် ဘုရားနှုတ်ကပတ်တော်များကို သင် တဖြည်းဖြည်း သိလာလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို သဘောပေါက်လိမ့်မည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်သည် စတင်၍ အကျိုးခံစားရလိမ့်မည်၊ အကျိုးကျေးဇူးများ ရရှိကာ ဆုလာဘ်များ ခံစားရရှိလိမ့်မည်ဖြစ်သည့်အပြင် လူမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံ၊ အမှုအရာမျိုးစုံတို့နှင့်ပတ်သက်၍ သင်၏ မှားယွင်းသော အမြင်များနှင့် အယူအဆများကို ပြုပြင်သွားလိမ့်မည် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားလိုက်စားခြင်း ဖြစ်စဉ်နှင့် လမ်းကြောင်း ဖြစ်သည်။

ဆက်လက်၍ “အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံပါ” ဟူသည့် ဆိုရိုးကို ငါ မိတ်သဟာယပြုသွားမည်။ တရုတ်ရိုးရာယဉ်ကျေးမှုရှိ မြင့်မြတ်ပြီး ကြီးမြတ်သည်ဟု လူတို့မြင်ကြသော သူတော်ကောင်းတရားတစ်ခုကို ဤဆိုရိုးက ရည်ညွှန်းပေသည်။ ဤအယူအဆများသည် အနည်းငယ် ချဲ့ကားထားပြီး လက်တွေ့ကျခြင်း မရှိသည်မှာ အမှန်ဖြစ်သော်လည်း မည်သို့ဆိုစေ ထိုအရာကို သူတော်ကောင်းတရားတစ်ခုအဖြစ် လူတကာက အသိအမှတ်ပြုထား၏။ ဤသူတော်ကောင်းတရားအကြောင်းကို မည်သူမဆို ကြားသည့်အခါတိုင်းတွင် ၎င်းတို့စိတ်က ဤသို့သော မြင်ကွင်းအချို့ကို မြင်ယောင်ကြလေသည်။ လူတို့ အတူတကွ အစာစားကြသည့်အခါ တစ်ယောက်၏ ပန်းကန်ပေါ် တစ်ယောက်က အစားအစာထည့်ပေးခြင်းနှင့် အခြားသူများအတွက် အကောင်းဆုံး အစားအစာကို ချန်ထားခြင်း၊ ကုန်စုံဆိုင်တွင် လူတို့တန်းစီနေချိန် အခြားသူများကို မိမိတို့ရှေ့ သွားခွင့်ပြုခြင်း၊ ရထားဘူတာရုံ သို့မဟုတ် လေယာဉ်ကွင်းတွင် အခြားသူတို့ကို လက်မှတ် ဦးစွာ ဝယ်ခွင့်ပေးခြင်း၊ လမ်းလျှောက်နေချိန် သို့မဟုတ် ကားမောင်းနေချိန် အခြာသူများကို လမ်းဦးစားပေးခြင်းနှင့် ဦးစွာ သွားခွင့်ပေးခြင်း အစရှိသည်တို့ ဖြစ်သည်။ ဤအရာအားလုံးသည် “တစ်ဦးအတွက် အားလုံးနှင့် အားလုံးအတွက် တစ်ဦး” နှင့်ဆိုင်သည့် အင်မတန် “နှစ်သက်ဖွယ်” ဥပမာများ ဖြစ်နေလေတော့၏။ ဤမြင်ကွင်းများ တစ်ခုစီတိုင်းက လူ့အဖွဲ့အစည်းနှင့် လောကသည် မည်မျှ နွေးထွေး၊ ညီညွတ်၊ ပျော်ရွှင်ပြီး အေးချမ်းဖွယ်ဖြစ်သည်ကို ပြသနေတော့သည်။ ပျော်ရွှင်မှု အဆင့်က အလွန် မြင့်မားလွန်းသဖြင့် တိုင်းတာ၍ပင် မရတော့ချေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို “သင်တို့ အဘယ်ကြောင့် အလွန် ပျော်ရွှင်နေသနည်း” ဟု မေးလျှင် ၎င်းတို့က ပြန်ဖြေသည်မှာ “အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံခြင်းအား တရုတ်ရိုးရာ ယဉ်ကျေးမှုက ထောက်ခံသည်။ ကျွန်ုပ်တို့အားလုံးသည် ဤအယူအဆကို လက်တွေ့လုပ်ဆောင်ကြပြီး ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ်တို့အတွက် လုံးဝ ခက်ခဲခြင်း မရှိပါ။ ကျွန်ုပ်တို့ အလွန်သာ ကောင်းချီးခံစားရပါသည်” ဟူ၍ ဖြစ်လေသည်။ ထိုသို့သော မြင်ကွင်းများ သင်တို့ စိတ်ကူးထဲ ပေါ်ဖူးသလော။ (ပေါ်ဖူးပါသည်။) ဤမြင်ကွင်းများကို မည်သည့်နေရာတွင် တွေ့ရှိနိုင်သနည်း။ ယင်းတို့ကို ၁၉၉၀ ခုနှစ် ဝန်းကျင်မတိုင်မီ တရုတ်နှစ်သစ်ကူးကာလ အတောအတွင်း နံရံများပေါ်၌ ကပ်ထားလေ့ရှိသော နွေဦးပွဲတော် ပန်းချီကားများတွင် တွေ့ရှိနိုင်၏။ လူတို့၏ စိတ်ထဲတွင် တွေ့ရှိနိုင်ပြီး တံလျှပ်ဟု ဆိုလေသည့်အရာများထဲတွင် သို့မဟုတ် မဖြစ်နိုင်သည့် စိတ်ကူးယဉ်များထဲတွင်ပင် တွေ့ရှိနိုင်ပေသည်။ တိုတိုပြောရလျှင် ထိုသို့သော မြင်ကွင်းများသည် တကယ့်ဘဝတွင် မတည်ရှိပေ။ “အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံပါ” ဟူသည်မှာလည်း ကိုယ်ကျင့်တရား စံသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ကိုယ်ကျင့်တရားပညာရှင်များက ချမှတ်ထားသည့် တောင်းဆိုချက်တစ်ခု ဖြစ်သည်ကိုကား ပြောနေရန်ပင် မလို။ ထိုအရာမှာ လူတို့အနေဖြင့် ပြုမူဆောင်ရွက်ခြင်း မပြုမီ မိမိတို့ကိုယ်တိုင်ထက် အခြားသူများကို ဦးစွာ ထည့်သွင်းစဉ်းစားပေးသင့်ကြောင်း တောင်းဆိုသည့် လူ၏ အကျင့်စာရိတ္တနှင့် စပ်လျဉ်းသည့် ဆိုရိုးတစ်ခု ဖြစ်သည်။ ၎င်းတို့အနေဖြင့် အခြားလူတို့၏ အကျိုးစွားပွားများကို ဦးစွာ ထည့်သွင်းစဉ်းစားပေးသင့်ပြီး မိမိတို့ကိုယ်ပိုင် အကျိုးစွားပွားများကို ထည့်သွင်းမစဉ်းစားသင့်။ ၎င်းတို့သည် အခြားသူများအကြောင်း စဉ်းစားပေးသင့်ပြီး မိမိတို့ကိုယ်ကို စွန့်လွှတ်အနစ်နာခံရန် သင်ယူသင့်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများ၊ တောင်းဆိုချက်များ၊ စိတ်ဆန္ဒများ၊ ရည်မှန်းချက်များကို စွန့်ပစ်ရမည်ဖြစ်ပြီး မိမိတို့ကိုယ်ပိုင်ဖြစ်သည့် အရာအားလုံးကို စွန့်ပစ်ကာ အခြားသူများအတွက် ဦးစွာ စဉ်းစားပေးသည်အထိပင် လုပ်ဆောင်ရမည်ဟူ၍ ဖြစ်သည်။ ဤတောင်းဆိုချက်ကို လူက စွမ်းဆောင်ရရှိနိုင်သည်ဖြစ်စေ၊ မရရှိနိုင်သည်ဖြစ်စေ ဦးစွာပထမ ဤသို့ မေးရမည်။ ဤအမြင်ကို အဆိုပြုသောသူများမှာ မည်သည့် လူစားမျိုးများ ဖြစ်သနည်း။ လူ့သဘာဝကို ၎င်းတို့ နားလည်ကြသလော။ လူဖြစ်သော ဤဖန်ဆင်းခံသတ္တဝါ၏ ဗီဇများနှင့် လူ့သဘာဝ အနှစ်သာရတို့ကို ၎င်းတို့ နားလည်ကြသလော။ ၎င်းတို့၌ သိနားလည်မှု အနည်းငယ်မျှပင် မရှိကြပေ။ ဤဆိုရိုးကို အဆိုပြုကြသည့် လူများသည် လူကဲ့သို့သော အတွေးများနှင့် လွတ်လပ်သည့် အလိုဆန္ဒများ ရှိရုံသာမက ရည်မှန်းချက်များ၊ စိတ်ဆန္ဒများဖြင့်လည်း ပြည့်နေသည့် တစ်ကိုယ်ကောင်းဆန်သော သတ္တဝါတစ်ဦးအပေါ် အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံရန်ဟူသည့် လက်တွေ့မကျသော တောင်းဆိုချက်ကို ချမှတ်ခြင်းမှာ အလွန့်အလွန် မိုက်မဲ၍ပင် ဖြစ်ရမည်။ ဤတောင်းဆိုချက်ကို လူတို့ စွမ်းဆောင်ရရှိနိုင်သည်ဖြစ်စေ၊ မရရှိနိုင်သည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများအဖြစ် လူတို့၏ အနှစ်သာရနှင့် ဗီဇများကို ထောက်ရှုသော် ဤတောင်းဆိုချက်ကို တင်ပြခဲ့ကြသည့် ကိုယ်ကျင့်တရားပညာရှင်များသည် အမှန်တကယ်ကို လူမဆန်ကြပေ။ ၎င်းတို့ လူမဆန်ကြဟု အဘယ်ကြောင့် ငါ ပြောသနည်း။ ဥပမာအားဖြင့် တစ်စုံတစ်ဦး ဆာလောင်သည့်အခါ ထိုသူသည် မိမိ၏ ဆာလောင်မှုကို အလိုအလျောက် ခံစားရလိမ့်မည်ဖြစ်ပြီး အခြားတစ်စုံတစ်ဦး ဆာလောင်ခြင်း ရှိမရှိဆိုသည်ကို စဉ်းစားလိမ့်မည် မဟုတ်ပေ။ “ငါဗိုက်ဆာသည်၊ တစ်စုံတစ်ခုကို စားချင်သည်” ဟု သူပြောလိမ့်မည်။ ပထမဦးစွာ သူသည် “ငါ” ဟူ၍ စဉ်းစား၏။ ဤသည်မှာ ပုံမှန်ဖြစ်၍ သဘာဝကျပြီး သင့်တင့်လျောက်ပတ်ပေသည်။ မိမိတို့ကိုယ်တိုင် ဆာလောင်နေသည့် မည်သူကမျှ မိမိတို့၏ စစ်မှန်သော ခံစားချက်များကို ဆန့်ကျင်၍ “သင် မည်သည့်အရာကို စားချင်သနည်း” ဟု မေးမြန်းကြလိမ့်မည် မဟုတ်ပေ။ မိမိကိုယ်တိုင် ဆာလောင်နေချိန်တွင် အခြားတစ်ဦးအား မည်သည့်အရာကို စားချင်သနည်းဟု တစ်စုံတစ်ဦးက မေးမြန်းခြင်းသည် ပုံမှန်ဟုတ်သလော။ (ပုံမှန်မဟုတ်ပါ။) ညဘက်၌ တစ်စုံတစ်ဦးက ပင်ပန်းကာ နွမ်းနယ်နေချိန်တွင် သူသည် “ကျွန်ုပ် ပင်ပန်းသည်။ အိပ်ချင်သည်” ဟု ပြောလိမ့်မည်ဖြစ်သည်။ မည်သူကမျှ “ကျွန်ုပ် ပင်ပန်းသည်၊ ထို့ကြောင့် သင်ကျွန်ုပ်အတွက် အိပ်ရာဝင်ကာ အိပ်ပေးနိုင်ပါသလော။ သင် အိပ်သည့်အခါ ကျွန်ုပ် ပင်ပန်းခြင်း လျော့သွားသည်” ဟု ဆိုလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဤပုံစံဖြင့် ပြောဆိုပြုမူပါက မူမမှန်ဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့ အလိုအလျောက် စဉ်းစားနိုင်စွမ်းရှိပြီး လုပ်ဆောင်နိုင်စွမ်း ရှိသမျှသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို တာဝန်ယူနိုင်ပါက အတော်လေး အဆင်ပြေနှင့်နေပြီ ဖြစ်သည်။ ဤသည်မှာ လူသားဗီဇဖြစ်သည်။ သင်သည် မိမိဘာသာ အသက်ရှင်ကာ ကိစ္စရပ်များကို မိမိဘာသာ ကိုင်တွယ်နိုင်သည့် အဆင့်ထိ ရောက်ရှိလျက် အမှီအခိုကင်းစွာ အသက်ရှင်နိုင်ပါက၊ မိမိကိုယ်ကို တာဝန်ယူနိုင်ပါက၊ နာမကျန်းဖြစ်သည့်အခါ ဆရာဝန်ထံ သွားဖို့ သိပါက၊ နာမကျန်းမှုမှ မည်သို့ နာလန်ထူအောင် လုပ်ရမည်ကို သိနားလည်ပြီး ဘဝတွင် ဖြစ်ပေါ်လာသည့် ပြဿနာများနှင့် အခက်အခဲများအားလုံးအား မည်သို့ ဖြေရှင်းရမည်ကို သိရှိပါက အတော်လေး အဆင်ပြေနှင့်နေပြီ ဖြစ်သည်။ သို့ရာတွင် အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံခြင်းသည် အခြားသူများ၏ အကျိုးစီးပွားများကို အလေးပေးခြင်းဖြင့် သင်၌ ရှိသော ဤလိုအပ်ချက်များကို စွန့်ပစ်ရန်၊ မိမိကိုယ်ကိုအတွက် မည်သည့်အရာမျှ မလုပ်ဆောင်ရန် လိုအပ်ပေသည်။ ထိုအစား အခြားသူများ၏ အကျိုးစီးပွားများကို ဦးစွာ ထည့်သွင်းစဉ်းစားပေးပြီး အခြားသူတို့အတွက် အရာရာကို လုပ်ဆောင်ပေးရန် လိုအပ်ပေသည်။ ဤသည်မှာ လူမဆန်ခြင်း ဖြစ်သည်မဟုတ်လော။ ငါ မြင်သည့်အတိုင်းဆိုပါက ဤအရာသည် လူတို့၏ အသက်ရှင်ပိုင်ခွင့်ကို လုံးဝ ပိတ်ပင်ထားခြင်း ဖြစ်သည်။ ဘဝ၏ အခြေခံကျသော မရှိမဖြစ် လိုအပ်ရာများမှာ သင့်ဘာသာ ကိုင်တွယ်သင့်သည့်အရာ ဖြစ်သည်။ ထို့ကြောင့် အခြားသူများသည် သင့်အတွက် ဤအရာများကို လုပ်ဆောင်ပြီး ကိုင်တွယ်ပေးရန် အဘယ်ကြောင့် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကို စွန့်လွှတ်အနစ်နာခံရမည်နည်း။ ယင်းက သင့်အား မည်သည့် လူစားမျိုး ဖြစ်စေမည်နည်း။ သင်သည် တစ်နည်းနည်းဖြင့် စိတ်မနှံ့ဘဲ ဒုက္ခိတဖြစ်နေသလော သို့မဟုတ် အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဖြစ်နေသလော။ ဤသည်တို့မှာ လူတို့က အလိုအလျောက် လုပ်ဆောင်သင့်သည့် အရာများသာ ဖြစ်သည်။ အဘယ်ကြောင့် အခြားသူများသည် သင့်အတွက် ဤအရာများကို လုပ်ဆောင်ပေးဖို့ ၎င်းတို့ လုပ်ဆောင်နေသင့်သည့် အရာများကို စွန့်ပစ်ကာ မိမိတို့ အားအင်ကို စတေးပေးရမည်နည်း။ ယင်းမှာ သင့်တင့်လျောက်ပတ်သလော။ အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံရန်ဟူသည့် ဤသတ်မှတ်ချက်သည် စကားကြီး စကားကျယ်တစ်ခုသာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤစကားသည် မည်သည့်လေသံပေါက်နေပြီး မည်သည့်နေရာမှ လာသနည်း။ လူ၏ ဗီဇများ၊ လိုအပ်ချက်များနှင့် အနှစ်သာရတို့ကို ဤကိုယ်ကျင့်တရား ပညာရှင်များဟု ဆိုလေသူများက အနည်းငယ်မျှပင် သိနားလည်မှု မရှိခြင်းနှင့် ၎င်းတို့၏ ကိုယ်ကျင့်တရား သာလွန်မှုအကြောင်း ကြွားဝါရန် စိတ်အားထက်သန်နေကြခြင်းတို့မှ ပေါက်ဖွားလာခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လူမဆန်ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတိုင်းက အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံပါက မိမိတို့ကိုယ်ပိုင် အရေးကိစ္စများအား မည်သို့ ကိုင်တွယ်ကြမည်နည်း။ အခြားလူတိုင်းအား မိမိတို့ကိုယ်ပိုင် ဘဝများကို စီမံခန့်ခွဲနိုင်စွမ်း မရှိသည့် ဒုက္ခိတများအဖြစ်၊ စိတ်မနှံ့သည့် အရူးများအဖြစ် သို့မဟုတ် ဉာဏ်နုံ့သူများအဖြစ် သင် အမှန်တကယ် မြင်သလော။ မမြင်ပါက သင်သည် အဘယ်ကြောင့် အခြားသူများအတွက် မိမိကိုယ်ပိုင် အကျိုးစီးပွားများကို စွန့်ပစ်ပြီး အခြားသူများအားလည်း သင့်အတွက် ၎င်းတို့၏ အကျိုးစီးပွားများကို စွန့်ပစ်ရန် တောင်းဆိုရမည်နည်း။ အချို့သော ဒုက္ခိတများသည်ပင် မိမိတို့အား အခြားသူများ လက်ကမ်းကူညီပေးမည်ကို မလိုချင်ကြဘဲ ထိုအစား မိမိတို့ကိုယ်ပိုင် အသက်မွေးမှုကို ရှာကာ မိမိတို့ကိုယ်ပိုင် ဘဝကို စီမံခန့်ခွဲလိုကြသည်။ ၎င်းတို့အတွက် အခြားသူများက အပိုဆောင်း အဖိုးအခတစ်ခု ပေးရန် သို့မဟုတ် နောက်ထပ် အကူအညီတစ်ခုတလေ ပေးရန် ၎င်းတို့ မလိုအပ်ကြပေ။ ၎င်းတို့သည် အခြားသူများကို ၎င်းတို့အပေါ် သင့်တင့်လျောက်ပတ်စွာ ဆက်ဆံစေလိုကြသည်။ ဤသည်မှာ ၎င်းတို့အတွက် မိမိတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ အခြားသူများထံမှ ၎င်းတို့ လိုအပ်သည့်အရာမှာ လေးစားမှုဖြစ်သည်၊ စာနာခြင်းနှင့် သနားခြင်း မဟုတ်ပေ။ ဤသည်မှာ မိမိတို့ကိုယ်ကို တာဝန်ယူနိုင်ကြသူများအတွက် သာ၍ပင် မှန်ကန်၏၊ ဟုတ်သလော။ သို့ဖြစ်၍ အခြားများသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံရန်ဟူသည့် ဤသတ်မှတ်ချက်သည် ငါ၏ အမြင်တွင် ခိုင်လုံခြင်း မရှိပေ။ ထိုအရာက လူ၏ ဗီဇများနှင့် သူ၏ အသိစိတ်သဘောကို ချိုးဖောက်ကာ အနည်းဆုံးအနေဖြင့် လူမဆန်ပေ။ ရည်မှန်းချက်က လူမှုစံနှုန်းများအပြင် အများပြည်သူ ငြိမ်ဝပ်ပိပြားရေးနှင့် ပုံမှန် လူလူချင်း ဆက်ဆံရေးများကို ထိန်းသိမ်းရန် ဖြစ်လျှင်ပင် လူတိုင်း မိမိတို့ အလိုဆန္ဒကို ဆန့်ကျင်ကာ အခြားသူများအတွက် အသက်ရှင်ကြပါဟူ၍ ဤမလျော်ကန်သကဲ့သို့ လူလည်းမဆန်သော ပုံစံဖြင့် တောင်းဆိုရန် မလိုအပ်ပေ။ လူတို့သည် မိမိတို့ကိုယ်တိုင်အတွက် မဟုတ်ဘဲ အခြားသူများအတွက် အသက်ရှင်ကြပါက ထိုအရာမှာ အနည်းငယ် ဖောက်ပြန်ကာ မူမမှန်ဖြစ်နေမည် မဟုတ်လော။

အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံရန် ဟူသည့် သတ်မှတ်ချက်ကို မည်သည့် အခြေအနေများတွင် အသုံးချ၍ ရသနည်း။ ထိုသို့သော အခြေအနေတစ်ခုမှာ မိဘများက မိမိတို့၏ သားသမီးများအတွက် ပြုမူဆောင်ရွက်ကြသည့်အခါတွင် ဖြစ်သည်။ ဤသည်ကိုလည်း အချိန်အကန့်အသတ်တစ်ခုအထိသာ လုပ်ဆောင်ပေးဖွယ် ရှိသည်။ သားသမီးများက အရွယ်ရောက်သူများ မဖြစ်လာမီတွင် မိဘများသည် ၎င်းတို့ကို ကြည့်ရှုစောင့်ရှောက်ရန် အကောင်းဆုံး လုပ်ဆောင်သင့်ကြ၏။ မိမိတို့ သားသမီးများကို လူလားမြောက်အရွယ်အထိ ကျွေးမွေးပြုစုရန်နှင့် ကျန်းမာ၊ ပျော်ရွှင်ပြီး ဝမ်းမြောက်သည့် ဘဝကို ၎င်းတို့အသက်ရှင်နိုင်အောင် သေချာလုပ်ပေးရန် မိဘများသည် မိမိတို့၏ ပျိုရွယ်ချိန်ကို စတေးကြသည်။ မိမိတို့၏ အားအင်ကို သုံးစွဲကြသည်။ ဇာတိ အပျော်အပါးများကို ဘေးဖယ်ကာ မိမိတို့၏ အသက်မွေးမှုလုပ်ငန်းများနှင့် ဝါသနာများကိုပင် စွန့်လွှတ်ကြလေသည်။ ဤအရာအားလုံးကို မိမိတို့၏ သားသမီးများအတွက် ၎င်းတို့ လုပ်ဆောင်ကြသည်။ ဤသည်မှာ တာဝန်တစ်ခု ဖြစ်၏။ မိဘများသည် အဘယ်ကြောင့် ဤတာဝန်ကို ဖြည့်ဆည်းရမည်နည်း။ အဘယ်ကြောင့်ဆိုသော် မိဘတိုင်းတွင် မိမိတို့ သားသမီးများကို ကျွေးမွေးပြုစုရမည့် တာဝန်ဝတ္တရား ရှိသောကြောင့် ဖြစ်သည်။ ယင်းသည် ၎င်းတို့၏ ခေါင်းရှောင်၍ မရသော တာဝန်ဝတ္တရား ဖြစ်သည်။ သို့ရာတွင် လူတို့၌မူ လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်အတွက် ဤတာဝန်ဝတ္တရား မရှိကြပေ။ သင်သည် မိမိကိုယ်ကို တာဝန်ယူပါက၊ ပြဿနာမဖြစ်စေသကဲ့သို့ အခြားသူများအတွက်လည်း ဒုက္ခပြဿနာ မဖန်တီးပါက အတော် အဆင်ပြေနှင့်နေပြီ ဖြစ်သည်။ ရုပ်ခန္ဓာပိုင်း ချွတ်ယွင်းနေသူတို့က မိမိတို့ကိုယ်ကို မစောင့်ရှောက်နိုင်ဘဲ ၎င်းတို့ဘဝတွင် ၎င်းတို့ကို ထောက်ကူပေးပြီး ရှင်သန်နိုင်အောင် ကူညီပေးမည့် ၎င်းတို့၏ မိဘများနှင့် မွေးချင်းများအပြင် လူမှုဖူလုံရေး အဖွဲ့အစည်းများကိုပင် လိုအပ်ကြသည့် နောက်ထပ် အခြေအနေတစ်ခု ရှိ၏။ နောက်ထပ် အထူး အခြေအနေတစ်ခုမှာ လူများ သို့မဟုတ် ဒေသများသည် သဘာဝ ဘေးဒဏ်တစ်ခု ခံရကာ အရေးပေါ် ကယ်ဆယ်ရေးမရှိဘဲ မရှင်သန်နိုင်ကြသည့်အချိန်တွင် ဖြစ်သည်။ ဤသည်မှာ အခြားသူများ၏ အကူအညီကို ၎င်းတို့ လိုအပ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ဤအရာများအပြင် လူတို့က အခြားသူများကို ကူညီရေးအတွက် မိမိတို့၏ ကိုယ်ကျိုးစီးပွားများကို စွန့်လွှတ်အနစ်နာခံသင့်သည့် အခြားသော အခြေအနေတစ်ခုတလေ ရှိသလော။ ရှိမည်မဟုတ်။ တကယ့်ဘဝတွင် လူ့အဖွဲ့အစည်းသည် အကြိတ်အနယ် ပြိုင်ဆိုင်ရ၍ အကြင်သူသည် မိမိ၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ဖို့ ဉာဏ်စွမ်းရှိသမျှ အားထုတ်ခြင်းမရှိပါက ပြည့်စုံဖူလုံရန်၊ ရှင်သန်ရန် ခက်ခဲပေသည်။ လူသားမျိုးနွယ်သည် အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံနိုင်စွမ်း မရှိပေ။ မိမိတို့ကိုယ်ပိုင် ရှင်သန်ရေးကို သေချာအောင် လုပ်နိုင်ပြီး အခြားသူတို့၏ အကျိုးစီးပွားများကို ထိပါးခြင်း မရှိပါက အတော် အဆင်ပြေနှင့်နေပြီဖြစ်သည်။ အမှန်တွင် တကယ့်ဘဝ၏ လူမှုရေး ဆက်စပ်အကြောင်းအရာနှင့် အခြေအနေများထဲ၌ လူသားမျိုးနွယ်တို့ ပါဝင်လုပ်ဆောင်ကြသည့် ပဋိပက္ခများနှင့် လက်စားချေ သတ်ဖြတ်မှုများက ၎င်းတို့၏ စစ်မှန်သည့် မျက်နှာထားကို သာ၍ပင် တိကျမှန်ကန်စွာ ထင်ဟပ်ပြနေပေသည်။ အားကစားပွဲများတွင် အားကစားသမားများက မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်း ပြရန် အားအင်ရှိသမျှ သုံးစွဲကြပြီး နောက်ဆုံး၌ အောင်မြင်သွားကြသည့်အခါ ၎င်းတို့ထဲမှ မည်သူတစ်ဦးကမျှ “ချန်ပီယံဘွဲ့ကို ကျွန်ုပ် မလိုချင်ပါ။ ထိုအရာကို သင် ပိုင်ဆိုင်သင့်သည်ဟု ကျွန်ုပ် ထင်သည်” ဟူ၍ ပြောလိမ့်မည် မဟုတ်ပေ။ မည်သူကမျှ ထိုသို့ တစ်ကြိမ်တစ်ခါမျှ လုပ်ဆောင်မည် မဟုတ်။ ပထမဖြစ်ရေး၊ အတော်ဆုံးဖြစ်ရေး၊ ထိပ်ဆုံးတွင်ရှိရေး ယှဉ်ပြိုင်ရန်မှာ လူတို့၏ ဗီဇဖြစ်သည်။ အမှန်တွင် လူတို့သည် အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံနိုင်စွမ်း တကယ်ပင် မရှိကြချေ။ အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံဖို့ဟူသည့် ဤလိုအပ်ချက် သို့မဟုတ် ဤအလိုဆန္ဒမှာ လူတို့၏ ဗီဇအတွင်းတွင် မရှိပေ။ လူ၏ အနှစ်သာရနှင့် သဘာဝကို ထောက်ရှုသော် သူသည် မိမိကိုယ်ကိုအတွက်သာ ပြုမူဆောင်ရွက်နိုင်ပြီး မိမိကိုယ်ကိုအတွက်သာ ပြုမူဆောင်ရွက်လိမ့်မည်ဖြစ်သည်။ လူတစ်ဦးသည် မိမိကိုယ်ပိုင် အကျိုးစီးပွားများအတွက်သာ ပြုမူဆောင်ရွက်၍ ထိုသို့လုပ်ဆောင်ရာတွင် မှန်ကန်သည့် လမ်းကြောင်းကို လျှောက်နိုင်ပါက ဤသည်မှာ ကောင်းမွန်သည့် အရာတစ်ခုဖြစ်ပြီး ဤလူကို လူတို့ထဲတွင် ကောင်းမွန်သည့် ဖန်ဆင်းခံတစ်ဦးအဖြစ် ယူဆ၍ရနိုင်ပေသည်။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားအတွက် ပြုမူဆောင်ရွက်ရာတွင် မှန်ကန်သည့် လမ်းကြောင်းကို လျှောက်နိုင်ပါက၊ သမ္မာတရားနှင့် အပြုသဘောဆောင်သည့် အရာများကို လိုက်စားနိုင်ပြီး သင့်အနီးအနားရှိ လူတို့အပေါ် အပြုသဘောဆောင်သည့် လွှမ်းမိုးမှု ရှိနိုင်ပါက သင်သည် အတော်လေး အဆင်ပြေနှင့်နေပြီ ဖြစ်သည်။ အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံခြင်းဟူသည့် စိတ်ကူးကို အားပေးအားမြှောက်ပြုကာ မြှင့်တင်ခြင်းသည် စကားကြီးစကားကျယ်ထက် ဘာမျှ မပိုပေ။ လူသားမျိုးနွယ်၏ လတ်တလော အခြေအနေကို မဆိုထားနှင့်၊ လူ၏ လိုအပ်ချက်များနှင့်ပင် မကိုက်ညီပေ။ အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံရန် တောင်းဆိုချက်သည် လက်တွေ့အရှိတရားနှင့် မကိုက်ညီသကဲ့သို့ လူလည်းမဆန်လင့်ကစား လူတို့၏ စိတ်နှလုံး နက်ရှိုင်းရာအတွင်း၌ နေရာတစ်ခုကို ယူထားဆဲဖြစ်ပြီး ၎င်းတို့၏ အတွေးများသည်လည်း ထိုအရာ၏ လွှမ်းမိုးခြင်းနှင့် ချုပ်ချယ်ခြင်းကို အတိုင်းအတာ အမျိုးမျိုးထိ ခံနေရဆဲ ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်တိုင်အတွက်သာ ပြုမူဆောင်ရွက်သည့်အခါ၊ အခြားသူများအတွက် ပြုမူဆောင်ရွက်ခြင်းမရှိသည့်အခါ၊ အခြားသူများကို မကူညီသည့်အခါ၌ဖြစ်စေ၊ အခြားသူများအပေါ် မစဉ်းစားသည့်အခါ သို့မဟုတ် အခြားသူများအတွက် ထည့်သွင်းစဉ်းစားပေးခြင်း မရှိသည့်အခါ၌ဖြစ်စေ စိတ်နှလုံးတွင် မကြာခဏ ပြစ်တင်ဝေဖန်ခြင်း ခံစားကြရသည်။ မမြင်နိုင်သည့် ဖိအားတစ်ခုကို ၎င်းတို့ ခံစားရပြီး တစ်ခါတစ်ရံ၌ဆိုလျှင် ၎င်းတို့ကို စိုက်ကြည့်နေသည့် အခြားသူများ၏ အပြစ်မြင်သော မျက်လုံးများကိုပင် ခံစားကြရသည်။ ထိုသို့သော ခံစားချက်များအားလုံးသည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာအတွင်း အမြစ်တွယ်ထားသည့် ရိုးရာ လူ့ကျင့်ဝတ် သဘောတရား၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သင်တို့သည်လည်း အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံရမည်ဟူ၍ ပြဋ္ဌာန်းထားသည့် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းကို အတိုင်းအတာ အမျိုးမျိုးအထိ ခံထားရသလော။ (ခံထားရပါသည်။) များစွာသော လူတို့သည် ရိုးရာယဉ်ကျေးမှုရှိ သတ်မှတ်ချက်များကို ထောက်ခံနေကြဆဲဖြစ်ပြီး တစ်စုံတစ်ဦးက ဤသတ်မှတ်ချက်များကို လိုက်နာစောင့်ထိန်းနိုင်လျှင် လူတို့သည် ထိုသူအပေါ် အကောင်းမြင်ကြလိမ့်မည်ဖြစ်ကာ ဤသတ်မှတ်ချက်များ မည်မျှကို သူဖြည့်ဆည်းသည်ဖြစ်စေ သူ့အား မည်သူကမျှ ပြစ်တင်ဝေဖန်ကြလိမ့်မည် မဟုတ်ပေ သို့မဟုတ် ဆန့်ကျင်ကြလိမ့်မည် မဟုတ်ပေ။ လူတစ်ဦးသည် လမ်းမပေါ် တစ်စုံတစ်ဦး လဲကျသွားသည်ကို တွေ့သော်လည်း ကူထူပေးခြင်း မရှိသည်ကို တစ်ယောက်ယောက်က မြင်လျှင် ထိုလူကို လူတိုင်းက အလွန် လူမဆန်ကြောင်း ပြောဆိုလျက် လိုလားကြမည် မဟုတ်ပေ။ ရိုးရာယဉ်ကျေးမှုက တောင်းဆိုထားပြီး လူတို့နှင့် သက်ဆိုင်နေသော စံနှုန်းများသည် လူတို့၏ စိတ်နှလုံးတွင် နေရာတစ်ခု ယူထားကြောင်း ဤအရာက ပြသပေသည်။ ထို့ကြောင့် လူတစ်ဦးသည် ရိုးရာယဉ်ကျေးမှုမှ လာသည့် ဤအရာများအပေါ် အခြေခံ၍ အကဲဖြတ်ခြင်းခံရပါက မှန်ကန်တိကျသလော။ သမ္မာတရားကို နားမလည်သည့်သူတို့သည် ဤကိစ္စရပ်ကို မည်သည့်အခါတွင်မျှ အပြည့်အဝ နားလည်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ရိုးရာယဉ်ကျေးမှုသည် လူသားဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့သည်မှာ ထောင်စုနှစ်ချီ ကြာပြီဟု ဆိုနိုင်သော်လည်း ထိုအရာက မည်သည့် အကျိုးတရားကို တကယ်တမ်း စွမ်းဆောင်ရရှိပြီး ဖြစ်သနည်း။ လူသားမျိုးနွယ်၏ ဝိညာဉ်ရေးအမြင်ကို ပြောင်းလဲစေပြီး ဖြစ်သလော။ ယဉ်ကျေးမှုနှင့် တိုးတက်မှုတို့ကို လူ့အဖွဲ့အစည်းထံ ဆောင်ကြဉ်းလေပြီလော။ လူ့အဖွဲ့အစည်းရှိ အများပြည်သူ ဘေးကင်းလုံခြုံမှု ပြဿနာများကို ထိုအရာက ဖြေရှင်းပေးပြီလော။ ဤအရာတစ်ခုမျှ ဖြေရှင်းပေးခြင်း မရှိပြီ။ ရိုးရာယဉ်ကျေးမှုသည် လုံးဝ ထိရောက်ခြင်း မရှိလေပြီ။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုက တောင်းဆိုထားပြီး လူနှင့် သက်ဆိုင်သော ထိုစံနှုန်းများကို စံသတ်မှတ်ချက်များအဖြစ် ယူဆ၍မရနိုင်ဟု ငါတို့ အသေအချာပြောနိုင်သည်။ ထိုအရာများသည် လူတို့၏ လက်နှင့် ခြေများကို ချည်နှောင်ရန်၊ ၎င်းတို့၏ အတွေးများကို ဘောင်ခတ်ပြီး ၎င်းတို့၏ အပြုအမူကို ထိန်းညှိပေးရန် ရည်ရွယ်သည့် အချုပ်အချယ်များသာ ဖြစ်သည်။ လူက မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ကောင်းစွာပြုမူရန်၊ စည်းမျဉ်းများကို လိုက်လျှောက်ရန်၊ လူသားမျိုးနွယ်အသွင်တစ်ခု ရှိရန်၊ သက်ကြီးသူကို လေးစားရန်၊ ငယ်ရွယ်သူကို ဂရုစိုက်ရန်၊ သက်ကြီးဝါကြီးများအား မည်သို့ လေးစားရမည်ကို သိရှိရန်အလို့ငှာ ထိုစံနှုန်းများက လုပ်ထားခြင်း ဖြစ်သည်။ လူတစ်ဦးသည် နုံအကာ မယဉ်ကျေးသည့်ပုံပေါ်ခြင်းကြောင့် အခြားသူတို့ စိတ်မချမ်းမသာ မဖြစ်ရရန်အလို့ငှာ ထိုအရာများက လုပ်ထားခြင်း ဖြစ်သည်။ အလွန်ဆုံးအနေဖြင့် ဤစံနှုန်းများက လုပ်ဆောင်သမျှမှာ လူတို့အား အနည်းငယ် ပို၍ ကြည့်ကောင်းစေကာ ယဉ်ကျေးဖွယ်ရာ ရှိစေခြင်းသာ ဖြစ်သည်။ အမှန်တွင်မူ ဤသည်မှာ လူတို့၏ အနှစ်သာရနှင့် မည်သည့် ပတ်သက်မှုမျှ မရှိဘဲ အခြားသူများထံမှ ယာယီ ထောက်ခံမှုကို ရရှိဖို့နှင့် မိမိ၏ ဝင့်ဝါမှုကို ဖြည့်ဆည်းဖို့အတွက်သာ အသုံးတည့်သည်။ လူတို့က ၎င်းတို့အတွက် သင် တောက်တိုမည်ရ လုပ်ဆောင်ပေးခြင်းကြောင့် သင် အဘယ်မျှ လူကောင်းတစ်ဦး ဖြစ်သည်ကို ပြောကြချိန်တွင် သင် အလွန် သာယာကြည်နူးမိသည်။ သင်သည် ဘတ်စကားပေါ်တွင် ငယ်ရွယ်သူနှင့် သက်ကြီးသူတို့အတွက် ထိုင်ခုံဖယ်ပေးခြင်းအားဖြင့် သူတို့ကို ဂရုစိုက်နိုင်ကြောင်း ပြသ၍ သင့်ကို လိမ္မာလိုက်သည့် ကလေးတစ်ဦးဖြစ်ကြောင်းနှင့် နိုင်ငံ၏ အနာဂတ်ဖြစ်ကြောင်း အခြားသူများက ပြောကြသည့်အခါတွင်လည်း သင် အလွန် သာယာကြည်နူးမိလေသည်။ လက်မှတ် ဝယ်ယူရန် တန်းစီနေစဉ် သင့်နောက်ရှိ တစ်စုံတစ်ဦးကို လက်မှတ် ဦးစွာ သင် ဝယ်ခွင့်ပေး၍ အခြားသူများက သင့်အား ထောက်ထားစာနာပေးတတ်ခြင်းအတွက် ချီးမွမ်းကြသည့်အခါတွင်လည်း သင် သာယာကြည်နူးသည်။ စည်းမျဉ်းအနည်းငယ် လိုက်လျှောက်ကာ အပြုအမူကောင်းနှင့်ဆိုင်သည့် လုပ်ရပ်အနည်းငယ် ပြပြီးနောက်တွင် သင့်ထံ၌ မြင့်မြတ်သည့် အကျင့်စရိုက်ရှိသည်ဟု သင် ခံစားရသည်။ တစ်ကြိမ်တစ်ခါတည်း ဖြစ်သော လုပ်ရပ်ကောင်း အနည်းငယ်ကို လုပ်ပြီးနောက်တွင် အခြားသူများထက် သင်သည် သာ၍ မြင့်မားသော အဆင့်အတန်းတစ်ခု ရှိသည်ဟု ယုံကြည်ပါက ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ ဤမိုက်မဲမှုက သင့်အား လမ်းပျောက်သွားအောင်နှင့် ဆင်ခြင်တုံတရား ပျောက်သွားအောင် လုပ်ပစ်လိုက်နိုင်သည်။ အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံရန်ဟူသည့် ဤအကျင့်စာရိတ္တ ဆိုရိုးအကြောင်း မတန်တဆ အချိန်ယူ၍ မိတ်သဟာယပြုရန်မှာ အကျိုးမရှိပေ။ ထိုအရာနှင့် ဆက်စပ်နေသည့် ပြဿနာများမှာ ပိုင်းခြားသိမြင်ရန် အတော်အတန် လွယ်ကူ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက လူတို့၏ လူ့သဘာဝ၊ အကျင့်စရိုက်၊ ဂုဏ်သိက္ခာတို့ကို အင်မတန် ကြီးမားလှသည့် အတိုင်းအတာတစ်ခုအထိ ဖောက်ပြန်စေကာ ပုံပျက်စေသောကြောင့် ဖြစ်သည်။ ထိုအရာက ၎င်းတို့အား သာ၍ မရိုးမသား၊ လက်တွေ့မကျ ဖြစ်လာစေသည်။ မိမိကိုယ်မိမိ ကျေနပ်လာစေသည်။ ၎င်းတို့ မည်သို့ အသက်ရှင်သင့်သည်၊ တကယ့်ဘဝတွင် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများအား မည်သို့ ပိုင်းခြားသိမြင်ရမည်ဆိုသည်နှင့် တကယ့်ဘဝတွင် ၎င်းတို့အပေါ် ဖြစ်ပျက်လာသည့် ပြဿနာအမျိုးမျိုးအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်တို့ကို သိရှိနိုင်စွမ်း သာ၍ လျော့နည်းစေလေသည်။ လူတို့သည် အကူအညီအချို့သာ ပေးနိုင်စွမ်းရှိကြပြီး အခြားသူတို့အား ၎င်းတို့၏ စိုးရိမ်ပူပန်မှုများနှင့် ပြဿနာများမှ သက်သာရာရအောင် လုပ်ပေးနိုင်စွမ်းသာ ရှိကြကာ ဘဝတွင် ၎င်းတို့ လျှောက်သင့်သည့် လမ်းကြောင်းနှင့် ပတ်သက်၍မူ ဦးတည်ရာမဲ့ ဖြစ်နေကြ၍ စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းခံရကာ စာတန်၏ လှောင်ရယ်ခြင်းကို ခံရသည့်သူများ ဖြစ်လာလေသည်။ ဤသည်မှာ အရှက်ကွဲခြင်း အမှတ်လက္ခဏာတစ်ခု မဟုတ်လော။ မည်သို့ဆိုစေ အခြားသူများအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည့် ဤကိုယ်ကျင့်တရား စံနှုန်းဟု ဆိုလေသောအရာသည် မရိုးသားသကဲ့သို့ လျော်လည်း မလျော်ကန်သော ဆိုရိုးတစ်ခု ဖြစ်သည်။ ပြောစရာ မလိုသည်မှာ ဤကိစ္စနှင့်စပ်လျဉ်း၍ ဘုရားသခင်ကမူ လူသားများအား အပ်နှင်းထားသည့် တာဝန်များ၊ ဝတ္တရားများ၊ အလုပ်များကို ဖြည့်ဆည်းရန်၊ လူတို့ကို နာကျင်အောင်၊ ထိခိုက်နစ်နာအောင် သို့မဟုတ် အကျိုးပျက်ပြားအောင် မလုပ်ရန်နှင့် အခြားသူများ အကျိုးရှိကာ အကျိုးခံစားနိုင်သည့် နည်းလမ်းဖြင့် ပြုမူကြရန်သာ တောင်းဆိုပေသည်။ ဤမျှနှင့် လောက်ပြီဖြစ်၏။ အပိုဆောင်း တာဝန်တစ်ခုတလေ သို့မဟုတ် ဝတ္တရားတစ်ခုတလေကို တာဝန်ယူရန် လူတို့အား ဘုရားသခင် မတောင်းဆိုပေ။ သင်၏ အလုပ်၊ တာဝန်၊ ဝတ္တရားများ အားလုံးကို သင် ဖြည့်ဆည်းနိုင်ပါက သင် အဆင်ပြေနှင့်နေပြီ ဖြစ်သည်။ ယင်းသည် ရိုးရှင်းသည် မဟုတ်လော။ (ရိုးရှင်းပါသည်။) ဤအရာသည် ဖြစ်မြောက်အောင် လုပ်ဖို့ လွယ်ကူ၏။ ဤအရာသည် အလွန် ရိုးရှင်းပြီး လူတိုင်းကလည်း သိနားလည်ကို ထောက်ရှုသော် သာ၍ အသေးစိတ်ကျကျ မိတ်သဟာယပြုပေးရန် မလိုအပ်ပေ။

ဆက်လက်၍ “အမျိုးသမီးတစ်ဦးသည် အကျင့်သီလကောင်းရမည်၊ ကြင်နာတတ်ရမည်၊ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားရှိရမည်” ဟူသည့် အကျင့်စာရိတ္တဆိုင်ရာ အဆိုကို ငါဆွေးနွေးသွားမည်။ ဤအဆိုနှင့် အကျင့်စာရိတ္တအတွက် သတ်မှတ်ထားသည့် အခြားစံနှုန်းများကြားရှိ ခြားနားချက်မှာ ဤစံနှုန်းက အမျိုးသမီးများကို အထူးသဖြင့် ရည်ညွှန်းထားခြင်းပင် ဖြစ်သည်။ “အမျိုးသမီးတစ်ဦးသည် အကျင့်သီလကောင်းရမည်၊ ကြင်နာတတ်ရမည်၊ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားရှိရမည်” ဟူသည်မှာ ကိုယ်ကျင့်တရားပညာရှင်များဟု ဆိုလေသူများက အဆိုပြုထားသည့် အမျိုးသမီးများအပေါ် လူမဆန်သကဲ့သို့ လက်တွေ့လည်းမကျသော တောင်းဆိုချက်တစ်ခု ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ ငါပြောရသနည်း။ သမီးများဖြစ်စေ၊ ဇနီးမယားများဖြစ်စေ အမျိုးသမီးများအားလုံးသည် အကျင့်သီလကောင်းရမည်၊ ကြင်နာတတ်ရမည်၊ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားရှိရမည်ဟု ဤစံနှုန်းက တောင်းဆို၏။ ကောင်းမြတ်ပြီး ဂုဏ်သရေရှိသော အမျိုးသမီးတစ်ဦးအဖြစ် ယူဆခံရရန်အလို့ငှာ ၎င်းတို့သည် ဤအကျင့်စာရိတ္တမျိုးကို လက်တွေ့လုပ်ဆောင်ကာ ဤကိုယ်ကျင့်စရိုက်ကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ဤအရာက အမျိုးသားများကို သွယ်ဝိုက်ညွှန်းဆိုသည့်အရာမှာ အမျိုးသမီးများသည် အကျင့်သီလကောင်းရမည်၊ ကြင်နာရမည်၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရမည်ဖြစ်သော်လည်း အမျိုးသားများမှာမူ ထိုသို့ လုပ်ဖို့ မလိုအပ်၊ အမျိုးသားများမှာ အကျင့်သီလကောင်းရန် သို့မဟုတ် ကြင်နာတတ်ရန် မလိုအပ်သကဲ့သို့ နူးညံ့သိမ်မွေ့ရန် သို့မဟုတ် ကိုယ်ကျင့်တရားရှိရန်လည်း သာ၍ပင် မလိုအပ်ဟူ၍ ဖြစ်သည်။ အမျိုးသားများက မည်သည့်အရာ လုပ်ဆောင်ရသနည်း။ ၎င်းတို့၏ ဇနီးမယားများက အကျင့်သီလကောင်းရန်၊ ကြင်နာတတ်ရန်၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရန် ပျက်ကွက်ပါက ထိုဇနီးမယားများကို ၎င်းတို့ ကွာရှင်းနိုင်၊ စွန့်ပစ်နိုင်သည်ဟူ၏။ အမျိုးသားတစ်ဦးသည် သူ၏ ဇနီးကို မစွန့်ပစ်ရက်နိုင်ပါက မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ မိမိ၏ ဇနီးအား အကျင့်သီလကောင်းသည့်၊ ကြင်နာတတ်သည့်၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိသည့် အမျိုးသမီးအဖြစ်သို့ ပြောင်းလဲပေးသင့်သည် ဟူသတတ်။ ဤသည်မှာ သူ၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ အမျိုးသားများ၏ လူမှုရေးတာဝန်မှာ အမျိုးသမီးများကို တင်းကျပ်စွာ ကွပ်ကဲ၊ လမ်းပြပြီး ကြီးကြပ်ရန် ဖြစ်သည်။ ၎င်းတို့သည် ကြီးကြပ်သူများဟူသည့် မိမိတို့၏ အခန်းကဏ္ဍကို လုံးလုံးလျားလျား အကောင်အထည်ဖော်ရသည်။ အကျင့်သီလကောင်းသည့်၊ ကြင်နာတတ်သည့်၊ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိသည့် အမျိုးသမီးများကို ၎င်းတို့ဖိနှိပ်ထားရပြီး ထိုအမျိုးသမီးများ၏ အရှင်သခင်များနှင့် အိမ်ဦးခေါင်းများအဖြစ် ဆောင်ရွက်ကြရကာ အမျိုးသမီးများက မိမိတို့ လုပ်ဆောင်သင့်သည့် အရာကို လုပ်ဆောင်ပြီး မိမိတို့ ဖြည့်ဆည်းထိုက်သော ဝတ္တရားများကို ဖြည့်ဆည်းကြလေအောင် ၎င်းတို့သေချာလုပ်ရသည်။ ဆန့်ကျင်ဖက်အနေဖြင့် အမျိုးသားများသည် ဤအကျင့်စာရိတ္တကို လက်တွေ့လုပ်ဆောင်ရန် မလိုအပ်။ ၎င်းတို့သည် ဤစည်းမျဉ်း၏ ခြွင်းချက်တစ်ခု ဖြစ်နေသည်။ အမျိုးသားများသည် ဤစည်းမျဉ်း၏ ခြွင်းချက်တစ်ခု ဖြစ်သည်ကို ထောက်ရှုသော် အကျင့်စာရိတ္တနှင့်ပတ်သက်သည့် ဤအဆိုသည် အမျိုးသားများက အမျိုးသမီးများကို ဝေဖန်အကဲဖြတ်နိုင်သည့် စံနှုန်းတစ်ခုသာ ဖြစ်သည်။ ဆိုလိုသည်မှာ အမျိုးသားတစ်ဦးသည် အကျင့်စာရိတ္တကောင်း ရှိသော အမျိုးသမီးတစ်ဦးကို လက်ထပ်လိုသည့်အခါ ထိုအမျိုးသမီးကို မည်သို့ ဝေဖန်အကဲဖြတ်သင့်သနည်း။ ထိုအမျိုးသမီးက အကျင့်သီလကောင်းခြင်း၊ ကြင်နာတတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကိုယ်ကျင့်တရားရှိခြင်းတို့ ရှိမရှိကို သူဆုံးဖြတ်လိုက်ရုံပင် ဖြစ်၏။ ထိုအမျိုးသမီးသည် အကျင့်သီလကောင်း၍ ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိပါက သူလက်ထပ်နိုင်သည်။ ထိုအမျိုးသမီးက ထိုသို့ မဟုတ်လျှင် သူလက်မထပ်သင့်ပေ။ ထိုသို့သော အမျိုးသမီးကို သူလက်ထပ်မည်ဆိုလျှင် အခြားသူတို့က ထိုအမျိုးသမီးကို အထင်သေးကာ လူကောင်းတစ်ဦး မဟုတ်ဟူ၍ပင် ပြောဆိုပေမည်။ ထို့ကြောင့် အမျိုးသမီးတစ်ဦးအနေဖြင့် အကျင့်သီလကောင်းသည်၊ ကြင်နာတတ်သည်၊ နူးညံ့သိမ်မွေ့သည်၊ ကိုယ်ကျင့်တရားရှိသည်ဟု ယူဆခံရရန်အလို့ငှာ မည်သည့်တိကျသော သတ်မှတ်ချက်များကို ဖြည့်ဆည်းရမည်ဟု ကိုယ်ကျင့်တရားပညာရှင်တို့က ဆိုကြသနည်း။ ဤနာမဝိသေသနများတွင် တိကျသည့် အဓိပ္ပာယ်များ ရှိသလော။ “အကျင့်သီလကောင်းသော”၊ “ကြင်နာတတ်သော”၊ “နူးညံ့သိမ်မွေ့သော”၊ “ကိုယ်ကျင့်တရားရှိသော” ဟူသည့် စကားလေးလုံး တစ်ခုစီ၏ နောက်ကွယ်တွင် အဓိပ္ပာယ်များစွာ ရှိပြီး ဤလက္ခဏာများထဲမှ အဘယ်တစ်ခုကမျှ လျော်ညီအောင်နေရန် မည်သူအတွက်မျှ မလွယ်ကူပေ။ မည်သည့်လူ သို့မဟုတ် မည်သည့်ပညာရှင်ကမျှ ဤလက္ခဏာများနှင့် လျော်ညီအောင် မနေနိုင်သည့်တိုင် သာမန်အမျိုးသမီးများကို ထိုသို့နေရန် ၎င်းတို့က တောင်းဆိုကြလေသည်။ ဤသည်မှာ အမျိုးသမီးများအတွက် အလွန့်အလွန် မတရားပေ။ သို့ဖြစ်ရကား အမျိုးသမီးများအနေဖြင့် အကျင့်သီလကောင်းသည်၊ ကြင်နာတတ်သည်၊ နူးညံ့သိမ်မွေ့သည်၊ ကိုယ်ကျင့်တရားရှိသည်ဟု ယူဆခံရရန်အလို့ငှာ ပြသရမည့် အခြေခံကျသော အပြုအမူများနှင့် အကျင့်စာရိတ္တဆိုင်ရာ တိကျသော ပုံစံများမှာ မည်သည့်အရာများ ဖြစ်သနည်း။ ဦးဆုံးအနေဖြင့် အမျိုးသမီးများသည် မိမိတို့နေအိမ်၏ အတွင်းခန်းအပြင်ဘက်သို့ လုံးဝ ခြေမချရသကဲ့သို့ ၎င်းတို့ခြေထောက်ကိုလည်း သုံးလက်မအကွာ စည်းနှောင်ထားရသည်။ ယင်းမှာ ကလေးငယ်တစ်ဦး၏ လက်ဖဝါးအလျားခန့်ပင် မရှိပေ။ ဤအရာက အမျိုးသမီးများကို ချုပ်ချယ်ထားပြီး ၎င်းတို့ကြိုက်သည့်နေရာတိုင်းသို့ မသွားနိုင်အောင် သေချာလုပ်ထားသည်။ အိမ်ထောင်မပြုမီတွင် အမျိုးသမီးများကို မိမိတို့ နေအိမ်အတွင်းခန်း၏ အပြင်သို့ ထွက်ခွင့်မပေးထားပေ။ ၎င်းတို့သည် ပြင်ပလောကနှင့် ကင်းပြတ်သော သီးသန့်အခန်းငယ်ထဲတွင် မိမိတို့ကိုယ်ကို ပိတ်လှောင်ထားရပြီး မိမိတို့မျက်နှာကို လူကြားထဲ မပြရပေ။ ဤစည်းမျဉ်းများကို ၎င်းတို့လိုက်နာနိုင်ပါက အကျင့်သီလရှိသည့်၊ ကြင်နာတတ်သည့်၊ နူးညံ့သိမ်မွေ့သည့်၊ ကိုယ်ကျင့်တရားရှိသည့် အိမ်ထောင်မကျသေးသော အမျိုးသမီးတစ်ဦး၏ ကိုယ်ကျင့်စရိုက်ကို ပိုင်ဆိုင်ကြသည်ဟူ၏။ အိမ်ထောင်ပြုပြီးနောက်တွင်လည်း အမျိုးသမီးတစ်ဦးသည် မိမိ၏ ယောက္ခမများကို သားသမီးဝတ်နှင့်ဆိုင်သော နာခံမှုပြရပြီး မိမိလင်ယောက်ျား၏ အခြားသော ဆွေမျိုးများကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံရသည်။ သူ့ယောက်ျား၏ မိသားစုက သူ့ကို မည်သို့ဆက်ဆံသည်ဖြစ်စေ၊ မည်သို့နှိပ်စက်ညှဉ်းပန်းသည်ဖြစ်စေ သစ္စာရှိသည့် ဒူပေနာပေခံလုပ်သားတစ်ဦးကဲ့သို့ အခက်အခဲနှင့် ဝေဖန်မှုတို့ကို သူသည်းညည်းခံရသည်။ ငယ်သူရော ကြီးသူပါမကျန် မိသားစုဝင်အားလုံးကို သူအလုပ်အကျွးပြုရသည်။ ဘိုးဘေးမျိုးရိုးကို ဆက်ထိန်းထားရန် သားသမီးများလည်း မွေးပေးရသေးသည်။ အားလုံးကို အနည်းငယ်မျှ စောဒကတက်ခြင်းမရှိဘဲ သူလုပ်ဆောင်ရ၏။ မိမိယောက္ခမများ၏ လက်ထဲတွင် သူမည်မျှ ရိုက်နှက်ခံရသည်ဖြစ်စေ၊ မတရားမှုများ မည်မျှခံစားရသည်ဖြစ်စေ၊ သူမည်မျှ ပင်ပန်းနွမ်းလျပြီး အလုပ်မည်မျှ ကြိုးစားလုပ်ရသည်ဖြစ်စေ ဤအရာတစ်ခုတလေကိုမျှ မိမိ၏ လင်ယောက်ျားထံ လုံးဝ ညည်းညူပြ၍ မရပေ။ မိမိယောက္ခမများ၏ အနိုင်ကျင့်ခြင်းကို သူမည်မျှ ခံရသည်ဖြစ်စေ မိသားစုပြင်ပရှိ မည်သူ့ကိုမျှ သူအသိပေး၍ မရသကဲ့သို့ သူ့မိသားစုအကြောင်း အတင်းအဖျင်းစကား ဖြန့်၍လည်း မရပေ။ သူမည်မျှ မတရားခံထားရသည်ဖြစ်စေ ထုတ်ဖော်ပြောဆို၍ မရဘဲ စော်ကားမှုများနှင့် အရှက်ကွဲမှုများကို တိတ်ဆိတ်စွာ မျိုသိပ်ထားရသည်။ အခက်အခဲနှင့် ဝေဖန်မှုတို့ကို သူသည်းညည်းခံရသည်သာမက ဖိနှိပ်မှုကို အောက်ကျို့စွာ ကျိုးနွံနာခံရန်၊ သူ၏ ခံပြင်းဒေါသထွက်စိတ်ကို အောင့်အည်းထားရန်၊ အရှက်ကွဲခြင်းနှင့် တာဝန်ဟူသည့် ဝန်ထုပ်ကို သည်းညည်းခံရန် သင်ယူရသည်။ ခံနိုင်ရည်ရှိခြင်းနှင့် စိတ်ရှည်သည်းခံခြင်း ပညာကို သူသင်ယူရ၏။ အစာစားရာတွင် မည်သည့်အစားအသောက်ကောင်းများ ရှိသည်ဖြစ်စေ အခြားမိသားစုဝင်များကို ဦးစွာ စားခွင့်ပေးရသည်။ သူ၏ သားသမီးဝတ်ဆိုင်ရာ နာခံမှုကို ပြသရန် ပထမဦးစွာ သူ၏ ယောက္ခမများကို စားခွင့်ပေးရပြီး ထို့နောက်တွင် သူ၏ လင်ယောက်ျားနှင့် သားသမီးများကို စားခွင့်ပေးရသည်။ အခြားလူတိုင်း စားပြီးသွားကြကာ စားကောင်းသောက်ဖွယ်အားလုံး ကုန်သွားသည့်နောက်တွင် ကျန်နေသည့် စားကြွင်းစားကျန် ရှိသမျှလေးဖြင့် မိမိ၏ ဝမ်းကို သူဖြည့်ရရှာသည်။ ငါယခုတင် ဆွေးနွေးပြသွားသည့် သတ်မှတ်ချက်များအပြင် မျက်မှောက်ခေတ်ကာလတွင် အမျိုးသမီးများသည် “အိမ်တွင်း၊ အိမ်ပြင် မိသားစုအရေးကိစ္စများကို ကိုင်တွယ်ရန်” လည်း မျှော်လင့်ခံကြရသည်။ ဤစကားရပ်ကို ငါကြားခဲ့ချိန်တွင် တွေးမိသည်မှာ အမျိုးသမီးများက အိမ်တွင်း၊ အိမ်ပြင် မိသားစုအရေးကိစ္စများကို ကိုင်တွယ်ရန် မျှော်လင့်ခံရသည်ဆိုလျှင် အမျိုးသားများအားလုံးက မည်သည့်အရာ လုပ်နေကြသနည်းဟူ၍ပင်။ အမျိုးသမီးများသည် တစ်မိသားစုလုံးအတွက် ချက်ပြုတ်ပေးရသည်။ အိမ်မှုဝေယျာဝစ္စများကို လုပ်ကာ အိမ်တွင် ကလေးများကို စောင့်ရှောက်ပေးရသည်။ လယ်ကွင်းများထဲသို့ သွားကာ အလုပ်ကြမ်းလည်း လုပ်ရသည်။ ဤအလုပ်အားလုံးကို ပြီးစီးအောင် လုပ်ခြင်းအားဖြင့် အိမ်တွင်ရော အိမ်ပြင်ပတွင်ပါ ၎င်းတို့ ထူးချွန်နေရသည်။ ဆန့်ကျင်ဖက်အနေဖြင့် အမျိုးသားများကမူ အလုပ်သွားဖို့သာ လိုအပ်၏။ ထို့နောက် အိမ်ပြန်လာကာ အပျော်အပါးဖြင့် မိမိတို့ အချိန်ကို ဖြုန်းတီးပြီး မည်သည့်အိမ်မှုဝေယျာဝစ္စများကိုမျှ မလုပ်ဆောင်ကြချေ။ အလုပ်တွင် တစ်စုံတစ်ရာက ၎င်းတို့ကို ဒေါသထွက်စေလျှင် မိမိတို့ ဇနီးမယားနှင့် သားသမီးများအပေါ် ဒေါသပေါက်ကွဲကြလေသည်။ ဤသည်မှာ တရားမျှတသလော။ ငါဆွေးနွေးသွားသည့် ဤကိစ္စရပ်များမှ မည်သည့်အရာကို သင်တို့လေ့လာမိထားကြသနည်း။ မည်သူကမျှ အမျိုးသားများ၏ အကျင့်စာရိတ္တအပေါ် တောင်းဆိုချက်တစ်ခုတလေမျှ မချမှတ်ထားသော်လည်း အမျိုးသမီးများမှာမူ အကျင့်သီလကောင်းသည့်၊ ကြင်နာတတ်သည့်၊ နူးညံ့သိမ်မွေ့သည့်၊ ကိုယ်ကျင့်တရားရှိသည့် အကျင့်စရိုက်တစ်ခုကို ထိန်းသိမ်းထားရန်အပြင် အိမ်တွင်း၊ အိမ်ပြင် မိသားစု အရေးကိစ္စများကို ကိုင်တွယ်ရန်လည်း မျှော်လင့်ခံရသည်။ ထိုသို့သော သတ်မှတ်ချက်များကို အမျိုးသမီးမည်မျှက ဖြည့်ဆည်းနိုင်သနည်း။ အမျိုးသမီးများအပေါ် ထိုသို့သော တောင်းဆိုချက်များ ပြုလုပ်ခြင်းက တရားမျှတခြင်း မရှိသည် မဟုတ်လော။ အမျိုးသမီးတစ်ဦးသည် အမှားအနည်းငယ်မျှ ပြုလုပ်မိပါက ရိုက်နှက်ခံရသည်။ စော်ကားခံရသည်။ မိမိယောက်ျား၏ စွန့်ပစ်ခြင်းကိုပင် ခံရနိုင်သည်။ အမျိုးသမီးများသည် ဤအရာအားလုံးကို သည်းညည်းခံရုံသာ ရှိ၏။ အမှန်တကယ် ၎င်းတို့ မည်သို့မျှ မခံနိုင်တော့သည့်အခါ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့သာ ရွေးချယ်နိုင်ကြလေသည်။ အမျိုးသမီးများသည် အမျိုးသားများထက် ကိုယ်ကာယပိုင်းတွင် သာ၍ အားနည်းနေပြီး အားသန်မှုနှင့် ကာယစွမ်းရည် လျော့နည်းနေချိန်တွင် ၎င်းတို့အပေါ် ထိုသို့သော တောင်းဆိုချက်များ အတိအကျပြုလုပ်ခြင်းက အတန်ငယ် ဖိနှိပ်ချုပ်ချယ်ရာ ကျနေသည် မဟုတ်လော။ ယနေ့ ဤနေရာတွင် ရှိသည့် အမျိုးသမီးများဖြစ်ကြကုန်သော သင်တို့အပေါ် လက်တွေ့ဘဝ၌ ထိုသို့သော တောင်းဆိုချက်များကို လူတို့ပြုလုပ်ပါက လွန်ကဲသည်ဟု သင်တို့မြင်မည် မဟုတ်လော။ အမျိုးသားများသည် အမျိုးသမီးများအပေါ် ထိန်းချုပ်မှုရှိရန် အမှန်တကယ် ရည်ရွယ်ခံထားရခြင်း ဖြစ်သလော။ ၎င်းတို့သည် အမျိုးသမီးများ၏ ကျွန်သခင်များဖြစ်ရန်နှင့် အမျိုးသမီးများကို အတင်းခိုင်းပြီး အခက်အခဲများ သည်းညည်းခံစေရန် ရည်ရွယ်ခံထားရခြင်း ဖြစ်သလော။ မလျော်ကန်သော ဤအခြေအနေကို ထောက်ရှုသော် “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်၊ ကြင်နာတတ်ရမည်၊ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားရှိရမည်” ဟူသော ဆိုရိုးသည် လူ့အဖွဲ့အစည်းတွင် စိတ်ဝမ်းကွဲမှုများကို လက်တွေ့အားဖြင့် ဖြစ်စေနေသည်ဟု ငါတို့ ကောက်ချက်ချ၍ ရနိုင်သည် မဟုတ်လော။ ထိုဆိုရိုးသည် လူ့အဖွဲ့အစည်း၌ အမျိုးသားများ၏ အဆင့်အတန်းကို သိသာစွာ မြှင့်တင်ပေးနေစဉ် အမျိုးသမီးများ၏ အဆင့်အတန်းကိုမူ တမင်တကာ လျော့ပါးစေသည် မဟုတ်လော။ ဤသတ်မှတ်ချက်က အမျိုးသားနှင့် အမျိုးသမီးများအား အခိုင်အမာ ယုံကြည်စေသည်မှာ လူ့အဖွဲ့အစည်းအတွက် အမျိုးသမီးများ၏ လူမှုအဆင့်အတန်းနှင့် တန်ဖိုးသည် အမျိုးသားများ၏ လူမှုအဆင့်အတန်း၊ တန်ဖိုးတို့နှင့် တန်းတူဖြစ်ရမည့်အစား သာ၍ လျော့နည်းသည်။ ထို့ကြောင့် အမျိုးသမီးများသည် အကျင့်သီလကောင်းသင့်သည်၊ ကြင်နာတတ်သင့်သည်၊ နူးညံ့သိမ်မွေ့သင့်သည်၊ ကိုယ်ကျင့်တရားရှိသင့်သည်၊ နှိပ်စက်ခြင်းကို ခံစားသင့်သည်၊ လူ့အဖွဲ့အစည်းတွင် ခွဲခြားဆက်ဆံခြင်းကို ခံရသင့်ပြီး အရှက်ခွဲခြင်း ခံရသင့်ကာ လူ့အခွင့်အရေးများ ပိတ်ပင်ခြင်း ခံရသင့်သည်ဟူ၍ ဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့် အမျိုးသားများသည် သူတို့ကိုယ်သူတို့ အိမ်ထောင်ဦးစီးဖြစ်သည်ဟု အလိုလိုပင် မှတ်ယူကာ အမျိုးသမီးများအား အကျင့်သီလကောင်းဖို့၊ ကြင်နာတတ်ဖို့၊ နူးညံ့သိမ်မွေ့ဖို့၊ ကိုယ်ကျင့်တရားရှိဖို့ တောင်းဆိုရန်မှာ ကျိုးကြောင့်သင့်သည်ဟု တွေးထင်ကြလေသည်။ ဤသည်မှာ လူမှုအဖွဲ့အစည်းတွင် သဘောကွဲလွဲမှု တမင်တကာ ဖြစ်စေခြင်း မဟုတ်လော။ ဤသည်မှာ လူမှုအဖွဲ့အစည်းတွင် စိတ်ဝမ်းကွဲမှုများ တမင်တကာ ဖန်တီးနေခြင်း မဟုတ်လော။ နှိပ်စက်မှုကို ကာလကြာရှည်စွာ ခံစားရပြီးနောက်တွင် အမျိုးသမီးတချို့သည် ပုန်ကန်၍ ထကြွကြလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) မတရားမှု ဖြစ်ပွားသည့် နေရာတိုင်းတွင် ပုန်ကန်မှု ရှိလိမ့်မည်ပင်။ အကျင့်စာရိတ္တနှင့်ပတ်သက်သည့် ဤဆိုရိုးသည် အမျိုးသမီးများအတွက် မျှတပြီး တရားသလော။ အနည်းဆုံးအနေဖြင့် အမျိုးသမီးများအတွက် မမျှတသကဲ့သို့ တရားလည်း မတရားပေ။ ထိုဆိုရိုးက အမျိုးသားများအား သာ၍ပင် မျက်နှာပြောင်တိုက် ပြုမူရန် လိုင်စင်ထုတ်ပေးရုံသာ ရှိ၏။ လူ့အဖွဲ့အစည်းရှိ သဘောကွဲမှုများကို နက်သည်ထက် နက်စေရုံသာ ရှိ၏။ လူ့အဖွဲ့အစည်းတွင် အမျိုးသားများ၏ အဆင့်အတန်းကို တိုးမြှင့်စေပြီး အမျိုးသမီးများ၏ အဆင့်အတန်းကို လျော့ပါးစေရုံသာ ရှိသည့်အပြင် တစ်ချိန်တည်းတွင် အမျိုးသမီးများ၏ ဖြစ်တည်ပိုင်ခွင့်ကိုလည်း သာ၍ပင် ပိတ်ပင်ကာ လူ့အဖွဲ့အစည်းတွင် အမျိုးသားများနှင့် အမျိုးသမီးများ၏ အဆင့်အတန်းချင်း မညီမျှမှုကိုလည်း မသိမသာ ပိုမိုဆိုးဝါးစေရုံသာ ရှိ၏။ အိမ်ထဲနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် အမျိုးသမီးများ ဆောင်ရွက်သည့် အခန်းကဏ္ဍအပြင် ၎င်းတို့ပြသသည့် အကျင့်စာရိတ္တမျိုးကို လက်ဝှေ့အိတ်ဟူသည့် စကားတစ်ခွန်းတည်းဖြင့် ငါအကျဉ်းချုပ်၍ ရသည်။ “အမျိုးသမီးတစ်ဦးသည် အကျင့်သီလကောင်းရမည်၊ ကြင်နာတတ်ရမည်၊ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားရှိရမည်” ဟူသည့် အကျင့်စာရိတ္တနှင့် စပ်လျဉ်းသော ဆိုရိုးသည် အမျိုးသမီးများအား မိသားစုထဲရှိ သက်ကြီးရွယ်အိုများကို လေးစားရန်၊ ငယ်ရွယ်သော မိသားစုဝင်များကို ချစ်ခင်ကာ ဂရုစိုက်ရန်၊ မိမိတို့၏ အမျိုးသားကို အထူးသဖြင့် လေးစားလိုက်နာပြီး လိုလေသေးမရှိ ပြုစုပေးရန် တောင်းဆိုလေသည်။ ၎င်းတို့သည် အိမ်တွင်း၊ အိမ်ပြင် မိသားစု အရေးကိစ္စရှိသမျှကို ကိုင်တွယ်ရပြီး အခက်အခဲမည်မျှကို သည်းညည်းခံရသည်ဖြစ်စေ လုံးဝ စောဒကတက်၍ မရပေ။ ဤသည်မှာ အမျိုးသမီးများ၏ ရပိုင်ခွင့်များကို ပိတ်ပင်ထားခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမျိုးသမီးများ၏ လွတ်လပ်မှု၊ ၎င်းတို့၏ လွတ်လပ်စွာ ပြောဆိုခွင့်၊ ၎င်းတို့၏ အသက်ရှင်ခွင့်တို့ကို ပိတ်ပင်ထားခြင်း ဖြစ်သည်။ အမျိုးသမီးများ၏ ဤလုပ်ပိုင်ခွင့်အားလုံးကို ပိတ်ပင်ထားလျက် ၎င်းတို့အား မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းဖို့ တောင်းဆိုနေသေးခြင်းက လူသားဆန်သလော။ ဤသည်မှာ အမျိုးသမီးများကို နင်းခြေခြင်း၊ ၎င်းတို့ကို ကျာပွတ်ဖြင့် ရိုက်ခြင်းတို့နှင့် သဘောသွားညီမျှပေသည်။

အမျိုးသမီးများအပေါ် ဤသတ်မှတ်ချက်ကို ချမှတ်ပြီး ထိုဖြစ်စဉ်တွင် ၎င်းတို့ကို နှိပ်ကွပ်သည့် ကိုယ်ကျင့်တရားပညာရှင်များသည် အမျိုးသားများဖြစ်ပြီး အမျိုးသမီးများ မဟုတ်သည်မှာ အတော် သိသာပေသည်။ အမျိုးသမီးများသည် မိမိတို့အမျိုးသမီးအချင်းချင်း အဆင့်အတန်းကျအောင် လုပ်ရန် ရွေးချယ်ကြမည် မဟုတ်သောကြောင့် ထိုအရာသည် သေချာပေါက် အမျိုးသားများ၏ လုပ်ဆောင်ချက် ဖြစ်သည်။ အမျိုးသမီးများက အလွန် တတ်စွမ်းနိုင်လာလျှင်၊ ဩဇာအာဏာ အဆမတန် ရရှိပြီး လွတ်လပ်မှု အဆမတန် ရှိလွန်းလျှင် ၎င်းတို့ကို တင်းကျပ်သည့် ကြီးကြပ်မှုနှင့် ထိန်းချုပ်မှုအောက်တွင် မထားရှိပါက အမျိုးသားများနှင့် တန်တူရည်တူများ ဖြစ်လာမည်ကို ၎င်းတို့စိုးရိမ်ကြသည်။ တဖြည်းဖြည်းနှင့် တတ်စွမ်းနိုင်သည့် အမျိုးသမီးများသည် အမျိုးသားများထက် သာ၍ မြင့်မားသော အဆင့်အတန်းကို ရရှိမည်၊ အိမ်ထောင်တွင် မိမိတို့ တာဝန်များကို မလုပ်ဆောင်ဘဲ ရပ်တန့်လိုက်မည်၊ ဤအရာက အိမ်တွင်း သဟဇာတဖြစ်ခြင်းအပေါ် သက်ရောက်မှုရှိမည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ အိမ်ထောင်တစ်ခုချင်းစီက သဟဇာတမဖြစ်လျှင် အဖွဲ့အစည်းတစ်ခုလုံးသည်လည်း သဟဇာတဖြစ်တော့မည် မဟုတ်၍ ဤသည်မှာ နိုင်ငံ၏ အုပ်စိုးသူမင်းများအတွက် စိုးရိမ်စရာ ဖြစ်ခဲ့သည်။ သင်မြင်သလော၊ မည်သည့်အရာကို ငါတို့ဆွေးနွေးသည်ဖြစ်စေ စကားက အာဏာရ လူတန်းစားဆီသို့ အမြဲ ပြန်ရောက်သွားသည့် လက္ခဏာရှိသည်။ ၎င်းတို့သည် ဆိုးယုတ်သည့် ရည်ရွယ်ချက်များ ထားရှိကာ အမျိုးသမီးများကို ကိုင်တွယ်ဖြေရှင်းပြီး အရေးယူရန် ဆန္ဒရှိကြသည်။ ဤသည်မှာ လူမဆန်ခြင်း ဖြစ်၏။ အိမ်တွင်ဖြစ်စေ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးတွင်ဖြစ်စေ အမျိုးသမီးများအနေဖြင့် လုံးလုံးလျားလျား နာခံရမည်၊ ဖိနှိပ်မှုကို ရိုကျိုးစွာ ကျိုးနွံနာခံရမည်၊ မိမိတို့ကိုယ်ကို နှိမ့်ချပြီး အဆင့်အတန်း ကျစေရမည်၊ စော်ကားမှုများအားလုံးကို မျိုသိပ်ရမည်၊ ပညာတတ်ပြီး ချင့်ချိန်တတ်ရမည်၊ အောက်ကျို့တတ်ပြီး ထောက်ထားတတ်ရမည်၊ စောဒကတက်ခြင်းမရှိဘဲ အခက်အခဲအားလုံးကို သည်းညည်းခံရမည် စသည်တို့ကို ၎င်းတို့ တောင်းဆိုကြလေသည်။ သိသိသာသာပင် ၎င်းတို့သည် အမျိုးသမီးများအား လက်ဝှေ့အိတ်များနှင့် ခြေသုတ်ဖုံများကဲ့သို့ ဖြစ်ရန်သာ မျှော်လင့်ကြသည်။ ဤအရာအားလုံးကို လုပ်ရမည်ဆိုပါက ၎င်းတို့သည် လူသားပင် ဖြစ်နေပါဦးမည်လော။ ဤတောင်းဆိုချက်များအားလုံးကို အမှန်တကယ် လိုက်နာစောင့်ထိန်းနိုင်ပါက လူသားဖြစ်မည် မဟုတ်ပေ။ မယုံကြည်သူများ ကိုးကွယ်သော မစား၊ မသောက်သည့်၊ လောကီ ရုပ်ပိုင်းဆိုင်ရာ ပူပန်မှုများနှင့် ကင်းကွာနေသည့်၊ မည်သည့်အခါတွင်မျှ ဒေါသမထွက်သည့်၊ ပင်ကိုစရိုက် လုံးဝမရှိသည့် ရုပ်တုဆင်းတုများကဲ့သို့ ဖြစ်နေကြပေမည်။ သို့တည်းမဟုတ် တွေးတောစဉ်းစားခြင်းမရှိသည့် သို့မဟုတ် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် တုံ့ပြန်ခြင်း မရှိသည့် ရုပ်သေးရုပ်များကဲ့သို့ သော်လည်းကောင်း၊ စက်များကဲ့သို့သော်လည်းကောင်း ဖြစ်နေကြပေမည်။ အပြင်လောက၏ ဆိုရိုးများနှင့် ကန့်သတ်ချက်များအပေါ် တကယ့် မည်သည့်လူမဆိုသည် အယူအဆများနှင့် ရှုထောင့်အမြင်များ ရှိကြလိမ့်မည် ဖြစ်သည်။ ဖိနှိပ်မှုအားလုံးကို မည်သည့်နည်းနှင့်မျှ ရိုကျိုးစွာ ကျိုးနွံနာခံနိုင်မည် မဟုတ်ပေ။ ဤသည်မှာ မျက်မှောက်ကာလတွင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုများ ပေါ်ထွက်လာရသည့် အကြောင်းရင်း ဖြစ်သည်။ လူ့အဖွဲ့အစည်းရှိ အမျိုးသမီးများ၏ အဆင့်အတန်းသည် လွန်ခဲ့သည့် အနှစ်တစ်ရာ ဝန်းကျင်တွင် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး တစ်ချိန်က ၎င်းတို့ကို ချည်နှောင်ထားခဲ့သည့် ချုပ်ချယ်မှုများကို နောက်ဆုံး၌ ၎င်းတို့ချိုးဖျက်လွတ်မြောက်ခဲ့ကြပြီ ဖြစ်သည်။ အမျိုးသမီးများသည် ဤကျေးကျွန်ဘဝကို နှစ်ပေါင်းမည်မျှကြာ ခံခဲ့ရသနည်း။ အရှေ့အာရှတွင် ၎င်းတို့သည် အနည်းဆုံး နှစ်ထောင်ချီကြာ ဖိနှိပ်ချုပ်ချယ်ခံခဲ့ကြရသည်။ ဤကျေးကျွန်ဘဝသည် အလွန့်အလွန် ရက်စက်ကာ လူမဆန်ခဲ့ပေ။ ၎င်းတို့၏ ခြေထောက်များသည် လမ်းပင်မလျှောက်နိုင်သည်အထိ ချည်နှောင်ခံခဲ့ရပြီး မည်သူကမျှလည်း မတရားမှုကို ဆန့်ကျင်၍ ဤအမျိုးသမီးများကို တစ်ကြိမ်တစ်ခါမျှ ခုခံကာကွယ်ပေးခဲ့ခြင်း မရှိပေ။ ၁၇ ရာစုနှင့် ၁၈ ရာစုများတွင် အချို့သော အနောက်နိုင်ငံများနှင့် ဒေသများသည် အမျိုးသမီးများ၏ လွတ်လပ်မှုအပေါ် ကန့်သတ်မှုတချို့ ချမှတ်ထားခဲ့ကြသည်ကိုလည်း ငါကြားဖူးသည်။ ထိုခေတ်ကာလတွင် ၎င်းတို့သည် အမျိုးသမီးများကို မည်သို့ကန့်သတ်ချုပ်ချယ်ခဲ့ကြသနည်း။ ၎င်းတို့သည် သတ္တုချိတ်များဖြင့် ခါးတွင် တပ်ထားရပြီး တွဲကျလျက်ရှိသော သတ္တုကွင်းအလေးကြီးများဖြင့် ထောက်ကန်ထားသည့် ကွင်းစကတ်များကို အမျိုးသမီးများအား ဝတ်ဆင်စေခဲ့ကြသည်။ ဤအရာက အမျိုးသမီးများကို အိမ်ပြင်ထွက်ရန် သို့မဟုတ် သွားသွားလာလာ လုပ်ရန် အလွန် အဆင်မပြေဖြစ်စေပြီး ၎င်းတို့၏ ရွေ့လျားနိုင်မှုကို သိသာထင်ရှားစွာ လျော့နည်းသွားစေခဲ့သည်။ ထို့ကြောင့် အမျိုးသမီးများသည် ပိုမိုဝေးလံသည့် နေရာများကို ခြေကျင်သွားရန် သို့မဟုတ် မိမိတို့၏ အိမ်အပြင်သို့ ထွက်ရန် အလွန်အခက်တွေ့ခဲ့ကြလေသည်။ ဤခက်ခဲသော အခြေအနေများတွင် အမျိုးသမီးများသည် မည်သည့်အရာကို လုပ်ဆောင်ခဲ့ကြသနည်း။ ၎င်းတို့ လုပ်နိုင်သမျှမှာ ရေငုံနှုတ်ပိတ်နေ၍ မျက်စိမှိတ် ခေါင်းညိတ်ကာ အိမ်တွင် နေရန်သာ ဖြစ်၏။ ပိုဝေးလံသည့် နေရာများကို ခြေကျင်မသွားနိုင်ခဲ့ကြပေ။ ဟိုသည် လမ်းလျှောက်ရန်ဖြစ်စေ၊ ရှုခင်းများ ကြည့်ရန်ဖြစ်စေ၊ မိမိတို့၏ အမြင်များကို ကျယ်စေရန်ဖြစ်စေ၊ မိတ်ဆွေများထံ လည်ပတ်ရန် အပြင်ထွက်ဖို့ဖြစ်စေ လုံးဝမဖြစ်နိုင်ပေ။ ဤသည်မှာ အနောက်တိုင်း လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများကို ချုပ်ချယ်ရန် အသုံးပြုသည့် နည်းစနစ်ဖြစ်ခဲ့သည်။ အမျိုးသမီးများ အိမ်အပြင် ထွက်ခြင်းနှင့် မိမိတို့ ဆက်သွယ်လိုသည့် မည်သူ့ကိုမဆို ဆက်သွယ်ခြင်းကို ၎င်းတို့အလိုမရှိခဲ့ပေ။ ထိုခေတ်ကာလတွင် အမျိုးသားများသည် ၎င်းတို့အလိုရှိသည့် မည်သည့်နေရာတွင်မဆို မြင်းလှည်းများကို မည်သည့်ကန့်သတ်မှုမျှ မရှိဘဲ စီးနင်းနိုင်ခဲ့ကြသည့်တိုင် အမျိုးသမီးများမှာမူ အိမ်ပြင်ထွက်သည့်အခါတွင် ကန့်သတ်ချုပ်ချယ်မှုမျိုးစုံ ခံခဲ့ကြရသည်။ မျက်မှောက်ကာလတွင် အမျိုးသမီးများအပေါ် ယခု ချမှတ်ထားသည့် ကန့်သတ်မှုများသည် နည်းသည်ထက် ပိုနည်းလာပေသည်။ ခြေထောက်ချည်နှောင်ခြင်းကို တားမြစ်လိုက်ပြီဖြစ်ပြီး အရှေ့တိုင်း အမျိုးသမီးများသည် မိမိတို့မေတ္တာမျှလိုသည့်သူကို လွတ်လပ်စွာ ရွေးချယ်နိုင်ကြပြီ ဖြစ်သည်။ အမျိုးသမီးများသည် ယခုတွင် အတော်အတန် လွတ်မြောက်ကြပြီး ကျေးကျွန်ဘဝ၏ အရိပ်မှ တဖြည်းဖြည်း လွတ်လာကြပေသည်။ ဤအရိပ်မှ ၎င်းတို့ လွတ်လာကြသည်နှင့်အမျှ လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်လာကာ မိမိတို့နှင့် သင့်လျော်သော တာဝန်ဝေစုကို တဖြည်းဖြည်း စတင်ယူလာကြပြီ ဖြစ်သည်။ အမျိုးသမီးများသည် လူ့အဖွဲ့အစည်းတွင် အတော်အတန် မြင့်မားသည့် အဆင့်အတန်းကို စွမ်းဆောင်ရရှိပြီးဖြစ်ကာ ယခင်ထက် သာ၍ များပြားသည့် ရပိုင်ခွင့်များနှင့် အထူးအခွင့်အရေးများကို ခံစားရပေသည်။ တဖြည်းဖြည်းနှင့် အချို့သော နိုင်ငံများတွင် အမျိုးသမီး ဝန်ကြီးချုပ်များနှင့် သမ္မတများ စတင်၍ ရွေးကောက်တင်မြှောက်ခံလာရပြီ ဖြစ်သည်။ အမျိုးသမီးများ၏ အဆင့်အတန်း တဖြည်းဖြည်း တိုးမြှင့်လာနေခြင်းသည် လူသားမျိုးနွယ်အတွက် ကောင်းသည့်အရာလော၊ ဆိုးသည့်အရာလော။ အနည်းဆုံးအနေဖြင့် ဤကဲ့သို့ အဆင့်အတန်း တိုးမြှင့်လာခြင်းက အမျိုးသမီးများအား လွတ်လပ်မှုနှင့် လွတ်မြောက်မှု အတိုင်းအတာတစ်ခုထိ ပေး၏။ ဤသည်မှာ အမျိုးသမီးများနှင့် ပတ်သက်သရွေ့ သေချာပေါက် ကောင်းမွန်ပေသည်။ အမျိုးသမီးများ လွတ်လပ်မှုရှိပြီး မိမိတို့ကိုယ်ကို ထုတ်ဖော်ပြောဆိုပိုင်ခွင့် ရှိခြင်းသည် လူ့အဖွဲ့အစည်းအဖို့ အကျိုးကျေးဇူး ရှိသလော။ အမှန်တွင် အကျိုးကျေးဇူး ရှိပေသည်။ အမျိုးသမီးများသည် အမျိုးသားများက ကောင်းစွာ မလုပ်နိုင်သည့် သို့မဟုတ် မလုပ်ဆောင်လိုသည့် အရာများစွာကို လုပ်ဆောင်နိုင်စွမ်း တိုက်တိုက်ဆိုင်ဆိုင်ပင် ရှိနေကြသည်။ အမျိုးသမီးများသည် အလုပ်ခွင်များစွာတွင် ထူးချွန်ကြ၏။ ဤခေတ်တွင် အမျိုးသမီးများသည် ကားများကို မောင်းနှင်နိုင်ရုံမက လေယာဉ်များကိုလည်း မောင်းနှင်ပျံသန်းနိုင်ကြလေသည်။ အချို့အမျိုးသမီးများသည် တိုင်းနိုင်ငံများ၏ အရေးကိစ္စများကို ကြီးကြပ်ကွပ်ကဲသည့် အရာရှိများ သို့မဟုတ် သမ္မတများအဖြစ်လည်း အမှုထမ်းနေကြပြီး အမျိုးသားများကဲ့သို့ပင် မိမိတို့ အလုပ်များကို ကောင်းစွာ လုပ်ဆောင်နေကြပေသည်။ ဤသည်မှာ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူဖြစ်ကြောင်း ရှင်းလင်းသိသာသည့် ထင်ဟပ်မှုတစ်ခု ဖြစ်သည်။ ယခုတွင် အမျိုးသမီးများ ခံစားရသင့်သည့် ရပိုင်ခွင့်များမှာ အပြည့်အဝ ထောက်ခံအားပေးခြင်းနှင့် ကာကွယ်ခြင်း ခံထားရ၏။ ယင်းမှာ ပုံမှန် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ အမျိုးသမီးများအနေဖြင့် မိမိတို့၏ ရပိုင်ခွင့်များကို ခံစားရသင့်သည်မှာ လျော်ကန်ကြောင်း ပြောစရာပင် မလိုသော်လည်း အခြေအနေက နှစ်ထောင်ချီကြာ ပုံပျက်နေခဲ့ပြီးနောက် ယခုတွင်သာ ထိုအရာသည် နောက်တစ်ဖန် စံဖြစ်လာခြင်း၊ အမျိုးသားနှင့် အမျိုးသမီးများကြား တန်းတူညီမျှမှုကို အခြေခံအားဖြင့် စွမ်းဆောင်ရရှိပြီးခြင်း ဖြစ်သည်။ တကယ့်ဘဝ၏ ရှုထောင့်အမြင်မှ ကြည့်သည့်အခါ အမျိုးသမီးများသည် လူမှု အဆင့်အတန်းအားလုံးနှင့် လုပ်ငန်းများအားလုံးတွင် ၎င်းတို့၏ တည်ရှိမှု တဖြည်းဖြည်း တိုးပွားလာအောင် လုပ်နေကြပြီ ဖြစ်သည်။ ဤအရာက ငါတို့ကို မည်သည့်အရာ ပြောပြသနည်း။ မတူကွဲပြားသော ကျွမ်းကျင်မှုမျိုးစုံ ရှိသည့် အမျိုးသမီးများသည် မိမိတို့၏ ပါရမီများကို တဖြည်းဖြည်း အသုံးပြုနေကြပြီး လူသားမျိုးနွယ်နှင့် လူ့အဖွဲ့အစည်းအတွက် တန်ဖိုးကို တဖြည်းဖြည်း ဖြည့်ဆည်းပေးနေကြောင်း ပြောပြသည်။ ဤအခြေအနေကို မည်သို့ကြည့်သည်ဖြစ်စေ လူသားမျိုးနွယ်အတွက် သေချာပေါက် အကျိုးရှိပေသည်။ လူ့အဖွဲ့အစည်းရှိ အမျိုးသမီးများ၏ ရပိုင်ခွင့်များနှင့် အဆင့်အတန်းတို့ကို ပြန်လည်ပေးအပ်ခြင်းမရှိခဲ့ပါက မည်သည့်အလုပ်ကို ၎င်းတို့ လုပ်ဆောင်နေကြမည်နည်း။ ၎င်းတို့သည် မိမိတို့ လင်ယောက်ျားကို ကူညီပေးကာ မိမိတို့ သားသမီးများကို သွန်သင်ရင်း၊ အိမ်ထောင်၏ အရေးကိစ္စများကို အာရုံစိုက်၍ လုပ်ဆောင်ရင်း၊ ၎င်းတို့၏ အကျင့်သီလကောင်းသည့်၊ ကြင်နာတတ်သည့်၊ နူးညံ့သိမ်မွေ့သည့်၊ ကိုယ်ကျင့်တရားရှိသည့် အပြုအမူကို ကျင့်သုံးရင်း အိမ်တွင် နေနေကြမည် ဖြစ်သည်။ ၎င်းတို့၏ လူမှုရေးတာဝန်များကို လုံးဝ ဖြည့်ဆည်းနိုင်ကြမည် မဟုတ်ပေ။ ယခုတွင် ၎င်းတို့၏ ရပိုင်ခွင့်များသည် ထောက်ခံအားပေးခြင်း ခံရကာ ကာကွယ်ပေးခြင်း ခံထားရပြီဖြစ်၍ အမျိုးသမီးများသည် လူ့အဖွဲ့အစည်းကို ပုံမှန် ပံ့ပိုးပေးနိုင်ကြပြီး လူသားမျိုးနွယ်သည်လည်း လူ့အဖွဲ့အစည်းထံ အမျိုးသမီးများ ဆောင်ကြဉ်းပေးလာသည့် တန်ဖိုးနှင့် ပံ့ပိုးမှုများ၏ အကျိုးကျေးဇူးကို ခံစားနေကြရပြီ ဖြစ်သည်။ ဤအချက်မှ ကြည့်လျှင် အမျိုးသမီးများနှင့် အမျိုးသားများသည် တန်းတူဖြစ်ကြောင်း၊ အမျိုးသားများသည် အမျိုးသမီးများကို သေးသိမ်စေခြင်း သို့မဟုတ် နှိပ်စက်ခြင်းတို့ မလုပ်သင့်ကြောင်း၊ အမျိုးသမီးများ၏ လူမှုအဆင့်အတန်းသည် တိုးမြှင့်လာသင့်ကြောင်း မုချသေချာပေသည်။ ထိုအရာအားလုံးက လူ့အဖွဲ့အစည်း တိုးတက်နေကြောင်း ညွှန်ပြ၏။ ယခုတွင် လူသားမျိုးနွယ်သည် လိင်အမျိုးအစားအပေါ် သာ၍ ထိုးထွင်းအမြင်ရှိသည့်၊ မှန်ကန်သည့်၊ နည်းစနစ်ကျသည့် သိနားလည်မှု ရှိလာကြပြီဖြစ်၍ အကျိုးဆက်အနေဖြင့် အမျိုးသမီးများ လုပ်ဆောင်နိုင်စွမ်း မရှိဟု လူတို့ တွေးထင်လေ့ရှိခဲ့ကြဖူးသည့် အလုပ်များတွင် အမျိုးသမီးများ ရုတ်တရက် စတင်ထွက်ပေါ်လာကြပြီ ဖြစ်သည်။ အမျိုးသမီး အလုပ်သမများသည် ယခုတွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၌ မကြာခဏ အလုပ်ခန့်ခံရသည်သာမက သိပ္ပံသုတေသနဋ္ဌာနများရှိ ရာထူးနေရာများတွင် အမျိုးသမီးများ ခန့်အပ်ခံရခြင်းသည်လည်း ဖြစ်နေကျ ဖြစ်လာသည့်အပြင် နိုင်ငံ့ခေါင်းဆောင်ပိုင်း အခန်းကဏ္ဍများတွင် အမှုထမ်းနေသည့် အမျိုးသမီး အချိုးအစားမှာလည်း တိုးပွားလာနေပေသည်။ အမျိုးသမီး စာရေးသူများ၊ အဆိုတော်များ၊ စွန့်ဦးလုပ်ငန်းရှင်များ၊ သိပ္ပံပညာရှင်များအကြောင်းကိုလည်း ငါတို့အားလုံး ကြားနေရပြီဖြစ်သည်။ အမျိုးသမီးများစွာသည် အားကစားပွဲများတွင် ချန်ပီယံများနှင့် ဒုတိယရသူများ ဖြစ်လာကြပြီဖြစ်ကာ စစ်ပွဲကာလများတွင် အမျိုးသမီး သူရဲကောင်းများပင် ရှိလာကြပြီဖြစ်သည်။ ထိုအရာအားလုံးက အမျိုးသမီးများသည် မိမိတို့နှင့် အဆင့်တူသည့် အမျိုးသားများကဲ့သို့ပင် လုပ်နိုင်ကြောင်း သက်သေပြပေသည်။ လုပ်ငန်းတိုင်းတွင် အလုပ်ထမ်းဆောင်သည့် အမျိုးသမီး အချိုးအစားမှာ တိုးပွားလာနေပြီး ဤသည်မှာ အတော် ပုံမှန်ဖြစ်၏။ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းရှိ လုပ်ငန်းများနှင့် အလုပ်အကိုင်များအားလုံးအနှံ့တွင် အမျိုးသမီးများအပေါ် အမြင်စောင်းမှု လျော့နည်းသည်ထက် လျော့နည်းလာသည်။ လူ့အဖွဲ့အစည်းသည် ပိုမို တရားမျှတလာပြီး အမျိုးသားများနှင့် အမျိုးသမီးများကြားတွင် တန်းတူညီမျှမှု သာ၍ ရှိလာသည်။ အမျိုးသမီးများသည် “အမျိုးသမီးတစ်ဦးက အကျင့်သီလကောင်းရမည်၊ ကြင်နာတတ်ရမည်၊ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားရှိရမည်” သို့မဟုတ် “အမျိုးသမီးတစ်ဦးသည် ပြင်ပလောကနှင့် ကင်းပြတ်သော သီးသန့်အခန်းငယ်ထဲတွင် မိမိကိုယ်ကို ပိတ်လှောင်ထားရမည်” ဟူသကဲ့သို့သော အကျင့်စာရိတ္တဆိုင်ရာ စကားရပ်များနှင့် စံသတ်မှတ်ချက်များဖြင့် ဘောင်ခတ်ခံရကာ ဝေဖန်ခံရခြင်း မရှိတော့ပေ။ အမျိုးသမီးများ၏ အခွင့်အရေးများသည် ယခုတွင် အတော်အတန် ပိုမိုကာကွယ်ခံထားရပြီဖြစ်ရာ ကျားမတန်းတူညီမျှမှုနှင့်ဆိုင်သည့် လူမှုဝန်းကျင်အခြေအနေကို အမှန်တကယ် ထင်ဟပ်လျက်ရှိသည်။

အမျိုးသမီးများအနေဖြင့် အကျင့်သီလကောင်းရမည်၊ ကြင်နာတတ်ရမည်၊ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားရှိရမည်ဟူ၍ အမျိုးသားများ တောင်းဆိုကြသည်ကိုသာ ငါတို့တွေ့မြင်ရသည့် လက္ခဏာရှိသည်။ အမျိုးသမီးများက အမျိုးသားများအပေါ် အလားတူ တောင်းဆိုခြင်းကိုမူ လုံးဝ မတွေ့ရပေ။ ဤသည်မှာ အမျိုးသမီးများကို အလွန် မမျှတသည့် ဆက်ဆံနည်းဖြစ်ပြီး အတော်အတန်ပင် တစ်ကိုယ်ကောင်းဆန်၍ စက်ဆုပ်ဖွယ်ဖြစ်ကာ အရှက်မဲ့ရာ ကျပေသည်။ အမျိုးသမီးများကို ဤသို့ ဆက်ဆံခြင်းက ဥပဒေနှင့် ဆန့်ကျင်ပြီး နှိပ်စက်ရာ ကျသည်ဟူ၍လည်း ဆိုနိုင်သည်။ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းတွင် နိုင်ငံများစွာက အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် နှိပ်စက်ခြင်းကို တားမြစ်သည့် ဥပဒေများ အတည်ပြုပြဋ္ဌာန်းထားကြပြီ ဖြစ်သည်။ အမှန်တွင် အမျိုးသားများနှင့် အမျိုးသမီးများ နှစ်ဦးလုံးသည် ဘုရားသခင်၏ ဖန်ဆင်းရာများဖြစ်ကာ ဘုရားသခင်ထံမှ ဆင်းသက်လာသောကြောင့် လူသားမျိုးနွယ်၏ လိင်အမျိုးအစားများနှင့် စပ်လျဉ်း၍ ဘုရားသခင်တွင် ပြောစရာ တိတိပပ မည်သည့်အရာမျှ မရှိပေ။ လူသားမျိုးနွယ် ပြောဆိုသည့် စကားရပ်ကို သုံးရမည်ဆိုလျှင် “လက်ဖဝါးနှင့် လက်ဖမိုးနှစ်ခုလုံးသည် အသွေးအသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်”။ ဘုရားသခင်သည် အမျိုးသားများအပေါ်ဖြစ်စေ၊ အမျိုးသမီးများအပေါ်ဖြစ်စေ သီးသန့် ဘက်လိုက်မှု မရှိသကဲ့သို့ လိင်အမျိုးအစားတစ်ခုကိုဖြစ်စေ အခြားတစ်ခုကိုဖြစ်စေ ခြားနားသော တောင်းဆိုချက်များ မပြုပေ။ ၎င်းတို့ နှစ်ဦးလုံး အတူတူပင် ဖြစ်သည်။ ထို့ကြောင့် သင်သည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သင့်ကို တရားစီရင်ရန် ဘုရားသခင်သည် တူညီသည့် စံနှုန်းအနည်းငယ်ကို အသုံးပြု၏။ သင့်ထံတွင် မည်သည့်လူ့သဘာဝ အနှစ်သာရမျိုး ရှိသည်၊ မည်သည့်လမ်းကြောင်းကို သင်လျှောက်လှမ်းသည်၊ သမ္မာတရားအပေါ် သင်၏ သဘောထားက မည်သည့်အရာဖြစ်သည်၊ သမ္မာတရားကို သင်ချစ်ခြင်း ရှိမရှိ၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ရှိမရှိ၊ သူ့ကို သင်ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို သူကြည့်လိမ့်မည်။ အလုပ်တစ်ခုခု လုပ်ဆောင်ရန် သို့မဟုတ် တာဝန်တစ်ခုခု ဆောင်ရွက်ရန် တစ်စုံတစ်ဦးကို ရွေးချယ်ပြီး ပျိုးထောင်ပေးသည့်အခါ ထိုသူက အမျိုးသားတစ်ဦးလော၊ အမျိုးသမီးတစ်ဦးလောဆိုသည်ကို ဘုရားသခင် မကြည့်ပေ။ ၎င်းတို့တွင် အသိတရားနှင့် အသိစိတ်တို့ ရှိမရှိ၊ လက်ခံနိုင်ဖွယ် အစွမ်းအစရှိမရှိ၊ သမ္မာတရားကို ၎င်းတို့လက်ခံခြင်း ရှိမရှိဆိုသည်နှင့် မည်သည့်လမ်းကြောင်းကို ၎င်းတို့ လျှောက်လှမ်းကြသည်ဆိုသည်တို့ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် လူတို့ကို အမျိုးသားဖြစ်သည်ဖြစ်စေ၊ အမျိုးသမီးဖြစ်သည်ဖြစ်စေ အထောက်အကူပြုပြီး အသုံးပြုလေသည်။ လူသားမျိုးနွယ်ကို ကယ်တင်ကာ စုံလင်အောင် ပြုပေးသည့်အခါ ဘုရားသခင်သည် ၎င်းတို့၏ လိင်အမျိုးအစားကို ရပ်တန့်စဉ်းစားခြင်း မရှိသည်ကိုကား ပြောနေရန်ပင် မလို။ သင်သည် အကျင့်သီလကောင်းခြင်း သို့မဟုတ် ကြင်နာတတ်ခြင်း သို့မဟုတ် နူးညံ့သိမ်မွေ့ခြင်း သို့မဟုတ် ကိုယ်ကျင့်တရားရှိခြင်းတို့ ရှိမရှိ၊ ကောင်းမွန်စွာ ပြုမူခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင် ထည့်မတွက်သကဲ့သို့ အမျိုးသားများအားလည်း ၎င်းတို့၏ ခွန်အားဗလနှင့် ယောက်ျားပီသခြင်းတို့အပေါ် အခြေခံ၍ မဆန်းစစ်ပေ။ ဤသည်တို့မှာ အမျိုးသားများနှင့် အမျိုးသမီးများကို ဘုရားသခင် ဆန်းစစ်သည့် စံနှုန်းများ မဟုတ်ပေ။ သို့တိုင် အမျိုးသမီးများ၏ ရပိုင်ခွင့်များကို၊ ၎င်းတို့ရသင့်ရထိုက်သော လူမှုအဆင့်အတန်းကို၊ လူ့အဖွဲ့အစည်းအတွက် ၎င်းတို့တွင် ရှိသင့်သည့် တန်ဖိုးကို ပိတ်ပင်ရန် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံသူများ၊ အကျင့်ပျက်ပြီး လူမဆန်သည့် တောင်းဆိုချက်တချို့ကို အမျိုးသမီးများအပေါ် ချမှတ်ထားသူများ၊ အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်မှုအလေ့အထကို မူမမှန်ဖြစ်စေလျက် လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးများ၏ အပြုသဘောဆောင်သော တိုးတက်မှုနှင့် တည်ရှိမှုတို့ကို ကန့်သတ်ကာ ဘောင်ခတ်ရန် ကြိုးပမ်းသူများက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ လူတန်းစားများထဲတွင် အမြဲ ရှိလေသည်။ ဤအတွက်ကြောင့် အမျိုးသမီးများသည် မူမမှန်ဘဲ ဖောက်ပြန်နေသည့် ဤလူမှုရေးနှင့် ကိုယ်ကျင့်တရား ပတ်ဝန်းကျင်များတွင် အရှက်တကွဲ အကျိုးနည်းဖွယ်ရာ ဘဝနေထိုင်မှုပုံစံတစ်ခုကို သည်းညည်းခံနေသွားရုံမှ လွဲ၍ ရွေးချယ်စရာမရှိဘဲ ၎င်းတို့၏ ဘဝတစ်ခုလုံးကို စိတ်ဓာတ်ကျပြီး မချိတင်ကဲခံစားရသော အခြေအနေတွင် အသက်ရှင်သွားရလေတော့သည်။ ဤသို့ဖြစ်ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာလောကတစ်ခုလုံးသည် စာတန်၏ ထိန်းချုပ်ခြင်းကို ခံထားရကာ မကောင်းဆိုးဝါးမျိုးစုံတို့သည် လူသားမျိုးနွယ်ကို အကြောင်းမဲ့သက်သက် လှည့်ဖြားပြီး ဖောက်ပြန်ပျက်စီးစေသောကြောင့် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် လူတို့သည် စစ်မှန်သည့် အလင်းရောင်ကို မမြင်နိုင်ဖြစ်ကြကာ ဘုရားသခင်ကို မရှာဖွေကြဘဲ ထိုအစား စာတန်၏ လှည့်စားမှုနှင့် ကြိုးကိုင်ခြယ်လှယ်မှုအောက်တွင် မိမိတို့ကိုယ်ကို မလွတ်မြောက်စေနိုင်ဘဲ လိုလိုလားလားဖြစ်စေ၊ အမှုမဲ့အမှတ်မဲ့ဖြစ်စေ အသက်ရှင်မိကြလေသည်။ ၎င်းတို့၏ တစ်ခုတည်းသော ထွက်ပေါက်မှာ သမ္မာတရားအပေါ် သိနားလည်ခြင်းကို ရရှိပြီး စာတန်နှင့် ဆိုးယုတ်သော လူသားမျိုးနွယ်ထံမှ ဆင်းသက်လာသည့် အမျိုးမျိုးသော အတွေးမှားများ၊ အယူလွဲမှုများ၊ အလိမ်အညာများ၊ ယုတ္တိမရှိသည့် အဆိုများကို ရှင်းလင်းစွာ သိမြင်ကာ ပိုင်းခြားနိုင်စွမ်းရှိရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များအပြင် သူ၏ ပေါ်ထွန်းခြင်းနှင့် သူ၏ အမှုတော်တို့ကို ရှာဖွေရန်သာ ဖြစ်သည်။ ထို့နောက်တွင်မှ ၎င်းတို့သည် ဤချုပ်ချယ်မှုများ၊ ဖိအားများ၊ လွှမ်းမိုးမှုများမှ ချိုးဖျက်လွတ်မြောက်နိုင်ကြလိမ့်မည် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ခြင်းအားဖြင့်သာ အကြင်သူသည် လူသားအသွင်ကို အသက်ရှင်နေထိုင်နိုင်သည်။ အလင်းတွင် အသက်ရှင်နိုင်သည်။ မိမိလုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နိုင်သည်။ မိမိဖြည့်ဆည်းသင့်သည့် ဝတ္တရားများကို ဖြည့်ဆည်းနိုင်သည်။ ထို့ပြင် ပြောစရာ မလိုသည်မှာ မိမိ၏ တန်ဖိုးဖြင့် ပါဝင်ကူညီပေးနိုင်ကာ ဘုရားသခင်၏ ဦးဆောင်မှုနှင့် မှန်ကန်သော အတွေးများ၊ အမြင်များ၏ လမ်းပြခြင်းခံရလျက် ဘဝတွင် မိမိ၏ တာဝန်ကို ပြည့်စုံစေနိုင်ပေသည်။ ဤနည်းဖြင့် အသက်ရှင်ခြင်းမှာ အလွန် အဓိပ္ပာယ်ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်သည် အမျိုးသမီးများအပေါ် တောင်းဆိုချက်များ ချမှတ်ရန်နှင့် ထောင်စုနှစ်များစွာကြာ ၎င်းတို့ကို ကန့်သတ်၊ ထိန်းချုပ်ကာ ကျွန်ပင် ပြုရန်အတွက် “အမျိုးသမီးတစ်ဦးသည် အကျင့်သီလကောင်းရမည်၊ ကြင်နာတတ်ရမည်၊ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားရှိရမည်” ဟူသည့် ဆိုရိုးအား အသုံးပြုပုံအပေါ် ပြန်လည်သုံးသပ်ကြည့်သည့်အခါ သင်တို့၌ မည်သည့်ခံစားချက်များ ရှိသနည်း။ လူတို့က “အမျိုးသမီးတစ်ဦးသည် အကျင့်သီလကောင်းရမည်၊ ကြင်နာတတ်ရမည်၊ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားရှိရမည်” ဟူသည့် စကားရပ်အား ထုတ်ပြောလာသည်ကို အသင် အမျိုးသမီးများအားလုံးက ကြားသည့်အခါ ထိုအရာကို ချက်ချင်း ကန့်ကွက်မိကာ “ယင်းကို ထုတ်မပြောနှင့်။ ထိုအရာသည် ကျွန်ုပ်နှင့် ဘာမျှ မပတ်သက်ပါ။ ကျွန်ုပ်သည် အမျိုးသမီးတစ်ဦးဖြစ်သော်လည်း ဤစကားရပ်သည် အမျိုးသမီးများနှင့် ဘာမျှ ပတ်သက်ခြင်းမရှိဟု ဘုရားနှုတ်ကပတ်တော်များက ပြောပါသည်” ဟု ပြောသလော။ အချို့အမျိုးသားများက “သင်နှင့် ဘာမျှ ပတ်သက်ခြင်း မရှိပါက ဤစကားရပ်သည် မည်သူအတွက် ရည်ရွယ်ထားခြင်း ဖြစ်သနည်း။ သင်သည် အမျိုးသမီးတစ်ဦး မဟုတ်လော” ဟု ပြောလိမ့်မည်။ ထိုအခါ သင်က ပြန်ဖြေမည်မှာ “ကျွန်ုပ်ကား အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ ယင်းမှာ အမှန်တရားဖြစ်သည်။ သို့သော် ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်ထံမှ မလာပါ။ သမ္မာတရားလည်း မဟုတ်ပါ။ ထိုစကားများသည် မာရ်နတ်နှင့် လူသားမျိုးနွယ်ထံမှ လာသည်။ ထိုစကားများသည် အမျိုးသမီးများကို နင်းခြေပြီး ၎င်းတို့၏ ရှင်သန်နေထိုင်ပိုင်ခွင့်ကို ပိတ်ပင်သည်။ ထိုစကားများသည် အမျိုးသမီးများအဖို့ လူမဆန်သကဲ့သို့ မျှတခြင်းလည်း မရှိပါ။ ကျွန်ုပ်သည် အတိုက်အခံလုပ်၍ ထကြွနေသည်” ဟူ၍ ဖြစ်သည်။ အတိုက်အခံလုပ်၍ ထကြွဖို့ အမှန်တကယ် မလိုအပ်ပေ။ သင်လုပ်ဆောင်ရန် လိုအပ်သမျှမှာ ဤစကားရပ်မျိုးများကို မှန်ကန်သည့် ချဉ်းကပ်နည်း ရှိရန်၊ ယင်းတို့ကို ငြင်းပယ်ရန်၊ ယင်းတို့၏ လွှမ်းမိုးခြင်းနှင့် ဘောင်ခတ်ခြင်းကို မခံရန်သာ ဖြစ်သည်။ အနာဂတ်တွင် တစ်စုံတစ်ဦးက သင့်အား “သင်သည် အမျိုးသမီးတစ်ဦးနှင့် မတူ။ အမျိုးသားတစ်ဦးကဲ့သို့ အလွန် ကြမ်းတမ်းစွာ စကားပြောသည်။ အဘယ်သူသည် သင့်ကို လက်ထပ်ချင်မည်နည်း” ဟု ပြောပါက သင်မည်သို့ပြန်ဖြေသင့်သနည်း။ သင်ပြောနိုင်သည်မှာ “မည်သူကမျှ ကျွန်ုပ်ကို လက်မထပ်လျှင်လည်း ရှိပါစေတော့။ သိက္ခာဖြင့် အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အိမ်ထောင်ပြုရန်ဖြစ်သည်ဟု သင်အမှန်တကယ် ဆိုလိုသလော။ အကျင့်သီလကောင်းသည့်၊ ကြင်နာတတ်သည့်၊ နူးညံ့သိမ်မွေ့သည့်၊ ကိုယ်ကျင့်တရားရှိသည့်၊ အားလုံး၏ ချစ်ခြင်းကို ခံရသည့် အမျိုးသမီးများသာ စစ်မှန်သည့် အမျိုးသမီးများဖြစ်သည်ဟု သင်ဆိုလိုသလော။ ယင်းမှာ မမှန်နိုင်ပါ။ အကျင့်သီလကောင်းသော၊ ကြင်နာတတ်သော၊ နူးညံ့သိမ်မွေ့သော၊ ကိုယ်ကျင့်တရားရှိသော ဟူသည်တို့မှာ အမျိုးသမီးများကို အမှန်တကယ် အဓိပ္ပာယ်ဖွင့်ဆိုသည့် စကားလုံးများ မဖြစ်သင့်ပါ။ အမျိုးသမီးများကို သူတို့၏ လိင်အမျိုးအစားဖြင့် အဓိပ္ပာယ်မဖွင့်ဆိုသင့်ပါ။ အမျိုးသမီးများ အကျင့်သီလကောင်းခြင်း ရှိမရှိ၊ ကြင်နာတတ်ခြင်း ရှိမရှိ၊ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားရှိခြင်းတို့ ရှိမရှိဆိုသည့်အပေါ် အခြေခံ၍ သူတို့ကို အကဲမဖြတ်သင့်ဘဲ ထို့ထက် လူ၏ လူ့သဘာဝကို ဘုရားသခင်ဆန်းစစ်သည့် စံနှုန်းများကို အသုံးပြုလျက် အကဲဖြတ်သင့်ပါသည်။ ဤသည်မှာ သူတို့ကို ဆန်းစစ်ရန် တရားမျှတပြီး ဓမ္မဓိဋ္ဌာန်ကျသော နည်းလမ်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ “အမျိုးသမီးတစ်ဦးသည် အကျင့်သီလကောင်းရမည်၊ ကြင်နာတတ်ရမည်၊ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားရှိရမည်” ဟူသည့် ဤဆိုရိုးအပေါ် အခြေခံကျသော သိနားလည်မှုတစ်ခု ယခုတွင် သင်တို့၌ ရှိသွားကြပြီလော။ ငါ၏ မိတ်သဟာယပြုချက်ကြောင့် ဤဆိုရိုးနှင့်ဆိုင်သည့် ဆီလျော်သော သမ္မာတရားများနှင့် ဤဆိုရိုးကို လူတို့ ချဉ်းကပ်သင့်သည့် မှန်ကန်သော ရှုထောင့်အမြင်များမှာ ယခုတွင် ရှင်းလင်းသွားလောက်ပေပြီ။

“ရေတွင်းတစ်တွင်းရှိ ရေကို သောက်သောအခါ မည်သူက တူးခဲ့သည်ကို လုံးဝ မမေ့လျော့သင့်” ဟူသော နောက်ထပ် ဆိုရိုးရှိ၏။ ဤဆိုရိုးနှင့်ပတ်သက်၍ ငါမိတ်သဟာယမပြုလိုပေ။ ဤဆိုရိုးနှင့် ပတ်သက်၍ အဘယ်ကြောင့် ငါမိတ်သဟာယမပြုလိုသနည်း။ ဤဆိုရိုးသည် “အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံပါ” ဟူသည့် စကားရပ်နှင့် သဘောသဘာဝအားဖြင့် ဆင်တူနေပြီး ထိုအရာနှင့် ပတ်သက်၍လည်း အနည်းငယ် မလျော်ကန်သော အရာတစ်ခု ရှိပေသည်။ အကြင်သူသည် ရေတွင်းထဲမှ ရေကို သွားခပ်သည့် အကြိမ်တိုင်း ရေတွင်းတူးသူကို ဂုဏ်ပြုရမည်ဆိုပါက မည်မျှအဆင်မပြေ ဖြစ်မည်နည်း။ အချို့သော ရေတွင်းများကို ဖဲကြိုးနီများနှင့် အဆောင်များဖြင့် တန်ဆာဆင်ထားကြ၏။ ထိုနေရာတွင် လူတို့သည် အမွှေးနံ့သာများလည်း ထွန်းကာ သစ်သီး ပူဇော်ပသမှုများလည်း ပြုပါက အနည်းငယ် ထူးဆန်းနေမည် မဟုတ်လော။ “ရေတွင်းတစ်တွင်းရှိ ရေကို သောက်သောအခါ မည်သူက တူးခဲ့သည်ကို လုံးဝ မမေ့လျော့သင့်” ဟူသည့် စကားရပ်နှင့် နှိုင်းယဉ်ကြည့်ပါက ငါသည် “ယခင်မျိုးဆက်များ စိုက်ပျိုးခဲ့သည့် သစ်ပင်များ၏ အရိပ်အာဝါသကို အနာဂတ်မျိုးဆက်များက မွေ့လျော်ခံစားရသည်” ဟူသည့် ဆိုရိုးကို များစွာ ပိုမိုနှစ်သက်မိသည်။ အဘယ်ကြောင့်ဆိုသော် ဤဆိုရိုးသည် လူတို့က ကိုယ်တိုင်ကိုယ်ကျ အမှန်တကယ် တွေ့ကြုံခံစားပြီး ဖြတ်သန်းအသက်ရှင်နိုင်သည့် လက်တွေ့အရှိတရားတစ်ခုကို ထင်ဟပ်သောကြောင့် ဖြစ်သည်။ စိုက်ပျိုးထားသည့် သစ်ပင်တစ်ပင်သည် အရိပ်ပေးနိုင်သည့် အရွယ်အစားသို့ ကြီးထွားရန် ဆယ်နှစ်မှ အနှစ်နှစ်ဆယ်အထိ ကြာပေသည်။ ထို့ကြောင့် ထိုသစ်ပင်ကို စိုက်ပျိုးသော လူသည် ထိုအပင်၏ အရိပ်တွင် အချိန်ကြာကြာ နားနေနိုင်လိမ့်မည် မဟုတ်ဘဲ နောက်ပိုင်း မျိုးဆက်များကသာ မိမိတို့၏ ဘဝတစ်လျှောက်လုံးတွင် ထိုသစ်ပင်မှ အကျိုးကျေးဇူးခံစားကြရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ သဘာဝ နိယာမတရားပင် ဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့် အကြင်သူက ရေတွင်းမှ ရေကို သောက်သည့် အကြိမ်တိုင်း ရေတွင်းတူးသူကို အမှတ်ရခြင်းနှင့်ပတ်သက်၍ အနည်းငယ် အူကြောင်ကြောင်နိုင်သော အရာတစ်ခု ရှိနေသည်။ လူတိုင်းက ရေခပ်ရန် လာသည့် အကြိမ်တိုင်း ရေတွင်းတူးသူကို ဂုဏ်ပြုကာ အောက်မေ့ရမည်ဆိုပါက အနည်းငယ် ရူးသည့်ပုံပေါ်နေမည် မဟုတ်လော။ ထိုနှစ်တွင် မိုးခေါင်နေ၍ လူများစွာက ထိုရေတွင်းမှ ရေခပ်ရန် လိုအပ်လျှင် ထိုနေရာတွင် လူတိုင်းရပ်ကာ ရေမခပ်မီ ရေတွင်းတူးသူကို အောက်မေ့ရမည်ဆိုပါက လူတို့အား ရေမရအောင်နှင့် အစားအစာ မချက်ပြုတ်နိုင်အောင် တားဆီးလိမ့်မည် မဟုတ်လော။ ဤသည်မှာ အမှန်တကယ် လိုအပ်မည်လော။ ထိုအရာသည် လူတိုင်းကို ကြန့်ကြာစေရုံသာ ရှိမည် ဖြစ်သည်။ ရေတွင်းတူးသူ၏ ဝိညာဉ်သည် ရေတွင်းနားတွင် မှီတင်းနေသလော။ သူသည် ၎င်းတို့၏ ဂုဏ်ပြုခြင်းကို ကြားနိုင်သလော။ ဤအရာတစ်ခုကိုမျှ အတည်ပြု၍ မရနိုင်ပေ။ ထို့ကြောင့် “ရေတွင်းတစ်တွင်းရှိ ရေကို သောက်သောအခါ မည်သူက တူးခဲ့သည်ကို လုံးဝ မမေ့လျော့သင့်” ဟူသည့် ဤစကားရပ်သည် ဖြစ်နိုင်ခြေမရှိဘဲ လုံးဝ အဓိပ္ပာယ်မဲ့ပေသည်။ တရုတ်ရိုးရာယဉ်ကျေးမှုသည် အကျင့်စာရိတ္တနှင့် စပ်လျဉ်း၍ ထိုသို့သော ဆိုရိုးများစွာကို အဆိုးပြုထားသည်။ ထိုဆိုရိုးအများစုသည် ဖြစ်နိုင်ခြေမရှိ။ ဤသီးခြားဆိုရိုးကမူ အများစုထက် သာ၍ပင် ဖြစ်နိုင်ခြေမရှိပေ။ ထိုရေတွင်းကို တူးခဲ့သူသည် မည်သူဖြစ်သနည်း။ မည်သူ့အတွက် ထိုရေတွင်းကို သူတူးခဲ့ပြီး အဘယ်ကြောင့် တူးခဲ့သနည်း။ သူသည် ထိုရေတွင်းကို လူအားလုံးနှင့် နောက်မျိုးဆက်များအားလုံးအတွက် အမှန်တကယ် တူးခဲ့ခြင်း ဖြစ်သလော။ သေချာပေါက်လည်း မဟုတ်ပေ။ သူသည် ထိုအရာကို မိမိကိုယ်ကိုအတွက်၊ မိမိ၏ မိသားစုအား သောက်ရေရရှိခွင့်ပေးရန်အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ နောက်မျိုးဆက်များအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ။ သို့ဆိုလျှင် နောက်မျိုးဆက်အားလုံးအား ရေတွင်းတူးသူကို ဂုဏ်ပြုကာ ကျေးဇူးတင်စေခြင်းနှင့် ထိုသူက လူအားလုံးအတွက် တူးခဲ့ခြင်းဖြစ်ကြောင်း တွေးထင်စေခြင်းသည် လူတို့ကို လှည့်ဖြားခြင်းနှင့် လမ်းလွဲစေခြင်းဖြစ်သည် မဟုတ်လော။ ထို့ကြောင့် ဤအဆိုကို အဆိုပြုသောလူသည် မိမိ၏ ကိုယ်ပိုင် အတွေးများနှင့် ရှုထောင့်အမြင်များအား အခြားသူများအပေါ် အတင်း သွတ်သွင်းနေခြင်းသာဖြစ်ပြီး မိမိ၏ စိတ်ကူးများကို အခြားသူများလက်ခံရန် အနိုင်အထက်သွေးဆောင်နေခြင်းသာ ဖြစ်သည်။ ဤသည်မှာ အကျင့်ပျက်ခြင်းဖြစ်ကာ လူတို့အား ထိုသို့သော ဆိုရိုးတစ်ခုအပေါ် သာ၍ပင် စက်ဆုပ်စေမည်၊ ရွံရှာစေမည်၊ မနှစ်မြို့ဖြစ်စေမည်ဖြစ်သည်။ ဤဆိုရိုးမျိုးကို အားပေးအားမြှောက်ပြုသောသူများတွင် အဓိပ္ပာယ်မရှိသည့် အရာတချို့ကို ၎င်းတို့ ပြောဆိုကာ လုပ်ဆောင်ရန် မလွဲမသွေ ဖြစ်စေသည့် အချို့သော အသိဉာဏ် ချို့ယွင်းမှုများ ရှိနေခြင်းသာ ဖြစ်သည်။ “ရေတွင်းတစ်တွင်းရှိ ရေကို သောက်သောအခါ မည်သူက တူးခဲ့သည်ကို လုံးဝ မမေ့လျော့သင့်” ဆိုသည်နှင့် “ညောင်စေ့ခန့် ကျေးဇူးပြုခံရလျှင် ညောင်ပင်ကြီးမျှ ကျေးဇူးပြန်ဆပ်ရမည်” ဟူသော ဆိုရိုးများကဲ့သို့ ရိုးရာယဉ်ကျေးမှုမှလာသော စိတ်ကူးများနှင့် အမြင်များက လူတို့အပေါ် မည်သည့်သက်ရောက်မှုများ ရှိသနည်း။ ပညာတတ်သော လူများနှင့် အသိပညာ အနည်းငယ်ရှိသော သူများသည် ရိုးရာယဉ်ကျေးမှုရှိ ဤဆိုရိုးများမှ မည်သည့်အရာကို ရရှိသနည်း။ ၎င်းတို့သည် အမှန်တကယ် လူကောင်းများ ဖြစ်လာကြပြီလော။ လူသားအသွင်တစ်ခုကို ၎င်းတို့ အသက်ရှင်နေထိုင်ကြပြီလော။ လုံးဝ မဟုတ်ပေ။ ရိုးရာယဉ်ကျေးမှုကို ကိုးကွယ်သည့် ဤကိုယ်ကျင့်တရား ကျွမ်းကျင်သူများသည် ကိုယ်ကျင့်တရား၏ အထွတ်အထိပ်ရှိ မိမိတို့၏ မြင့်မားသော နေရာများတွင် ထိုင်ကာ လူတို့အပေါ် ၎င်းတို့ဘဝများ၏ စစ်မှန်သည့် အခြေအနေများနှင့် အနည်းငယ်မျှ ကိုက်ညီခြင်းမရှိသည့် ကိုယ်ကျင့်တရား တောင်းဆိုချက်များကို ပြုလုပ်ကြလေသည်။ ဤသည်မှာ ဤကမ္ဘာမြေပေါ် အသက်ရှင်သူအားလုံးအပေါ် ယုတ်မာရာကျပြီး လူမဆန်ရာလည်း ကျပေသည်။ ရိုးရာယဉ်ကျေးမှုမှ ၎င်းတို့ အားပေးအားမြှောက်ပြုသည့် ကိုယ်ကျင့်တရား ရှုထောင့်အမြင်များသည် အတော်အတန် ပုံမှန်ဖြစ်သော ဆင်ခြင်တုံတရားရှိသည့် တစ်စုံတစ်ဦးကို အခြားသူများက မစဉ်းစားဝံ့သကဲ့သို့ နားလည်းမလည်နိုင်ကြမည့် အရာများကို ပြောနိုင်စွမ်းရှိသည့်သူ၊ မူမမှန်သော အသိစိတ်သဘောတစ်ခုရှိသည့် တစ်စုံတစ်ဦးအဖြစ်သို့ ပြောင်လဲသွားစေနိုင်ပေသည်။ ထိုသို့သော လူများ၏ လူ့သဘာဝသည် မူမမှန်သကဲ့သို့ ၎င်းတို့၏ စိတ်များကလည်း ဖောက်ပြန်နေသည်။ သို့ဖြစ်၍ အားကစားပွဲများ၊ အများပြည်သူရှိရာ နေရာများ၊ တရားဝင် အခမ်းအနားများတွင် တရုတ်လူမျိုးများစွာတို့က အနည်းငယ် ရူးနှမ်းပြီး နားလည်ရန် လူတို့ အပြင်းအထန် ကြိုးပမ်းရသည့် အရာများ ပြောတတ်ကြသည်မှာ အံ့ဩစရာမရှိပေ။ ၎င်းတို့ ပြောဆိုသမျှတိုင်းသည် အနှစ်မဲ့သည့်၊ အဓိပ္ပာယ်မဲ့သည့် သဘောတရားသာ ဖြစ်နေပြီး ရိုးသားစစ်မှန်သည့် သို့မဟုတ် လက်တွေ့ကျသည့် စကား အနည်းငယ်မျှ မပါရှိပေ။ ဤသည်မှာ လူသားမျိုးနွယ်အပေါ် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းဆိုင်ရာ စစ်မှန်သော သက်သေ၊ ရလဒ်ဖြစ်ပြီး ထောင်စုနှစ်များစွာကြာ ရိုးရာယဉ်ကျေးမှု၏ ပညာပေးမှုကို တရုတ်လူမျိုးများ ခံထားရသည့် အကျိုးဆက်ဖြစ်သည်။ ဤအရာအားလုံးက စိတ်ရင်းအမှန်နှင့် စစ်မှန်စွာ အသက်ရှင်ကြသည့် လူများကို မုသားများ ပြောဆိုကြသည့် လူများ၊ အခြားသူများကို လှည့်ဖြားရန် ဟန်ဆောင်ခြင်းနှင့် မိမိတို့ကိုယ်ကို ဖုံးကွယ်ခြင်းတွင် ထူးချွန်ကြသည့် လူများ၊ အလွန့်အလွန် ယဉ်ကျေးပြီး သဘောတရားနှင့်ပတ်သက်၍ မိမိတို့၏ အယူအဆများကို အာဝဇ္ဇန်းရွှင်ရွှင် ပြောဆိုနိုင်စွမ်းရှိသည့်တိုင် လက်တွေ့တွင် မူမမှန်သည့် စိတ်နေစိတ်ထားများ ရှိနေပြီး ချင့်ချင့်ချိန်ချိန် စကားပြောနိုင်စွမ်း မရှိသည့် သို့မဟုတ် လူတို့နှင့် ဆက်ဆံကာ ဆက်သွယ်ပြောဆိုနိုင်စွမ်း မရှိသည့် လူများအဖြစ်သို့ ပြောင်းလဲစေပြီး ဖြစ်သည်။ ၎င်းတို့သည် အခြေခံအားဖြင့် ဤသဘောသဘာဝသာ ရှိပေသည်။ အတိအကျပြောရလျှင် ထိုသို့သော လူများသည် စိတ်မကျန်းမာမှု ဖြစ်လုနီးနီး ဖြစ်ကြပေသည်။ ဤစကားများကို သင်လက်မခံနိုင်ပါက ယင်းတို့ကို တွေ့ကြုံရန် သင့်ကို ငါတိုက်တွန်း၏။ ဤတွင် ယနေ့ မိတ်သဟာယ အဆုံးသတ်ပေသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂ ရက်

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ဤအဆိုက...” ဟု ရေးသားဖော်ပြသည်။

အရှေ့သို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၆)

နောက်တစ်ခုသို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။